ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုး
ပုံနှိပ်မှတ်တမ်း
ပါရီစာပေ
PARIS PUBLISHING HOUSE
စာအုပ် (၁၂)
အမှတ် - ၇၉၁ B၊ စတုတ္ထထပ်၊ ကျော်သူ ၂၁ လမ်း၊ ၉ ရပ်ကွက်၊
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
ဖုန်း - ဝ၉၈၈၂၆၈၂၆ဝ၄
ဖြန့်ချိရေး - Genius Book House
အမှတ် ၂၉၄ (ပ) ထပ်၊ လမ်း (၄ဝ) အထက်ဘလောက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ဝ၉၇၉၉၄၅၅၉၆၃
ပုံနှိပ်ခြင်း - တတိယအကြိမ်၊ အုပ်ရေ ၁ဝဝဝ
ထုတ်ဝေခြင်း - ဇွန်လ၊ ၂ဝ၂၅
မျက်နှာဖုံး - ပန်းချီ - စိုးနိုင်၊ ဒီဇိုင်း - အံ့ဘွယ်ဇင်။
ထုတ်ဝေသူ - ဦးဘိုဘိုမျိုးကြည် (ဝ၃၂ဝ၄)၊ ပါရီစာပေ (Paris Publishing House) အမှတ် - ၇၉၁ B၊ စတုတ္ထထပ်၊ ကျော်သူ ၂၁ လမ်း၊ ၉ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
ပုံနှိပ်သူ - ဦးဝင်းကျော်ထွန်း၊ မုံရွေးပုံနှိပ်တိုက် (မြဲ-ဝဝ၁၃၅)၊ အမှတ်-၁၄ဝ၊ ၄၅ လမ်း၊ ဗိုလ်တထောင်မြို့နယ်။
ဖြန့်ချိရေး - ပါရီစာပေ၊ Paris Publishing House၊ ဖုန်း - ဝ၉၈၈၂၆၈၂၆ဝ၄
အဖုံးနှင့် အတွင်းဖလင် - Eagle
ကွန်ပျူတာစာစီ - Dream City-09 891259944
တန်ဖိုး - ၈ဝဝဝ ကျပ်
တင်ဦးခက်
ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုး/ တင်ဦးခက်။ - ရန်ကုန် ပါရီစာပေ၊ တတိယအကြိမ်၊ ၂ဝ၂၅။
၁၆၇ စာ၊ ၂၁ × ၁၃.၅ စင်တီ။ (၁) ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုး
တင်ဦးခက်၏ တင်ဦးခက်အတွက် အမှာစာ
အမှာစာရေးသားခြင်းတွင် ကျွန်တော့်၌ အကြောင်းနှစ်ကြောင်း ရှိ၏။ တစ်ကြောင်းသည် ဒေါ်စတိုယက်စကီး အကြောင်းဖြစ်၍ ကျန်တစ် ကြောင်းသည် ကျွန်တော့်အကြောင်း ဖြစ်သည်။
အမှာစာရေးသားရသော ရည်ရွယ်ချက်၏ ရိုးစင်းသောအနက်သည် စာဖတ်သူများအတွက် ကြိုတင်သိစေအပ်သော အကြောင်းအချက်များအား စာရေးဆရာဆိုသူက တင်ကူးသတိပေးခြင်းဟု ဆိုပါလျှင် သို့တည်းမဟုတ်၊ စာရေးသူ (သို့) သူ၏ စာအုပ်အား တစ်နည်းနည်းနှင့် ဝေ့လည်လည်နှင့် ကြော်ငြာပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုပါလျှင် ကျွန်တော်၏ စာအုပ်အတွက် အသိပေးစရာ အကြောင်းအချက်များအား ကျွန်တော်က ရေးသားအသိပေး၍ မိမိ၏ ကလောင်အမည်နှင့် စာအုပ်ကိုလည်း မိမိကိုယ်တိုင် အမှာစာရေးသား ကြော်ငြာလိုက်ရခြင်းသည် လွန်သည်ဟုမထင်ပါ။
အစဉ်အလာကြီးမားသောမြန်မာစာပေ၌ လူမသိသေးသော ကလောင် သစ်တစ်ချောင်း၏ ပွဲဦးထွက်စာအုပ်၌ လူသိများသော ကလောင်အိုကလောင် ကြီးတစ်ချောင်းက မိတ်ဆက်အမှာ ရေးသားခြင်းကိစ္စသည် ဘယ်ခေတ်၊ ဘယ်အခါ ဘယ်သူ့စာအုပ်၌ စတင်ခဲ့သည်တော့မသိ။
ကျွန်တော် ရေရေရာရာသိသောအချက်မှာ မည်သည့်စာရေးသူမဆို ကိုယ်တိုင်ရေးသားပြုစုသော စာအုပ်အား စာဖတ်သူများနှင့် မိတ်ဆက်နိဒါန်း ပျိုး၍ ပြောလိုသည်များကို ပြောချင်ကြပေလိမ့်မည်။
ထိုစိတ်၊ ထိုဆန္ဒသည် စာရေးသူတစ်ဦးအနေနှင့် ကျွန်တော့်၌လည်း ရှိ၏။ အထူးသဖြင့် ဒေါ်စတိုယက်စကီးကဲ့သို့ ဘဝနှင့်စာပေပါ လေးနက် ရှုပ်ထွေးသော ဝတ္ထုအတွက် အမှာစာရေးချင်သော ဆန္ဒသည် ကျွန်တော့်၌ ပို၍ပင် ဇောက်နက်နက် အမြစ်တွယ်ခဲ့၏။
တကယ်တော့ ကျော်ဇောခြင်းကြီးလှသော ဆရာကြီးများ၏ အမှာဖြင့် စာတစ်ပုဒ်အား မည်မျှပင်ကြော်ငြာ ကြော်ငြာ၊ စာပေနှင့် အနုပညာ ကိစ္စများ၌ မိမိ၏ အတတ်ပညာနှင့် အနုပညာအစွမ်း၊ တစ်စွန်းတစ်စမျှ မရှိပါဘဲ မည်သည့်အနုပညာနှင့် စာပေသည် အောင်မြင်ရိုးထုံးမရှိဟု ရိုးစင်း စွာ ကျွန်တော်က ယုံသည်။
ဤအထင်နှင့် ဤယုံကြည်မှုသည်ပင် ကျွန်တော်၏ အမှာကို ကျွန်တော် ကိုယ်တိုင် ရေးသားရခြင်း၏ အကြောင်းရင်းခံ ဖြစ်လာခဲ့၏။ သို့ အတွက် ကိုယ်ရေးမိခဲ့သောစာ၏ အပြစ်နှင့် အကျိုးအတွက်လည်း ကိုယ့်၌ တာဝန်ယူမှု ရှိရပေလိမ့်မည်။
ဤသို့ ညစ်ကျယ်ကျယ်နှင့် ကိုယ့်အမှာ ကိုယ်ရေး၍ ကိုယ့်စာအုပ် ကိုယ်ကြော်ငြာလိုက်ရသော အမှုကိစ္စသည်လည်း အချို့ အချို့သော လူပညာရှိများ၏ အမျက်သင့်စရာ ဖြစ်ကောင်း ဖြစ်နေလိမ့်မည်ဟု ထင်၏။
သို့သော် မျက်မှောက်ခေတ်၏ အသိတရားပြဿနာနှင့် အနုပညာ ရပ်များအား ကိုယ့်အကြောင်းနှင့်ကိုယ် ပါဝင်ထိတွေ့ ရေးသားရသောအခါ တစ်စုံတစ်ဦး၏ လွှမ်းမိုးမှုအောက်မှ ကင်းကင်းရှင်းရှင်း၊ လွတ်လွတ်လပ်လပ် နေလို၏။
ကိုယ်ခြေနဲ့ကိုယ်ရပ်၊ ကိုယ့်ပြဿနာ ကိုယ်ရှင်းလို၍လည်း ဖြစ်ပါ၏။ ဒေါ်စတိုယက်စကီး၏ စာပေများနှင့် ပတ်သက်၍ ဆရာဦးဆန်းလွင် ပြန်ဆိုသော ဖဲသမား၊ ဆရာနတ်နွယ်က မြန်မာမှုပြုထားသော မိုးညဖြူဖြူ၊ ဟု ထင်သည်။
ဤမျှလောက်သာ ကျွန်တော်တို့ ငယ်စဉ်က ဖတ်ဖူး၏။ သို့သော် သူ၏ အတွေးအခေါ်၊ သူ၏ ဘဝကို ပြည့်စုံစွာ သိခွင့်မရခဲ့။ နောက်ပိုင်း တက္ကသိုလ်၌ ဒဿနိကဗေဒကို သင်ယူသောအခါ ဒေါ်စတိုယက်စကီး၏ အတွေးအခေါ်အချို့ကို သိလာခဲ့၏။
အထူးသဖြင့် ဌာနမှ ကျွန်တော်တို့ ဆရာများ လက်ဖက်ရည်ဝိုင်းများ တွင် အလွတ်ပြောဆို ဆွေးနွေးကြသည့်အခါများ၌ ကြားနာခွင့်၊ သိခွင့်ရခဲ့၏။ ထိုအချိန်၌ပင် သူ၏ဝတ္ထုနှစ်အုပ်သည် ကျွန်တော့်လက်ဝယ်၌ ရှိနေ ပြီးဖြစ်၏၊ တစ်အုပ်သည် ဝတ္ထုတိုများ စုပေါင်းထားသော စာအုပ်ဖြစ်ပြီး ကျန်တစ်အုပ်မှာ Notes from the dead house ဖြစ်၏၊ စာအုပ်များမှာ ဆိုဗီယက်ထုတ် စာအုပ်များ ဖြစ်ကြသည်။ ထုံးစံအတိုင်း ကတ္ထူဖုံးနှင့် အခန့်ချုပ်ဖြစ်၏၊ သို့သော် ကျွန်တော့်စိတ်တွင် ဖတ်လိုသည့်ဆန္ဒမရှိခဲ့၊ ရုရှားစာအုပ် များကြောင့်ဟု ထင်မိသည်။
ပြီးခဲ့သော မြန်မာ့သမိုင်း၏ နှစ် ၃ဝ အတွင်းလူဖြစ်ခဲ့ရသော ကျွန်တော် တို့မျိုးဆက်သည် အထူးသဖြင့် လက်ဝဲစာပေ၊ ရုရှားစာပေ အများစုနှင့်သာ ရင်နှီးလာခဲ့ရ၏။
ထပ်ချီးတလဲလဲ ဖန်တရာတေနေသော ဆိုရှယ်လစ် သရုပ်မှန်စာပေ များကို မမုန်းသည့်တိုင် ကျွန်တော်တို့၏ ရသခံတွင်းတွင် သရုပ်ဖော်ချင်ခြင်း သည် ပျက်ယွင်းနေပြီဟုထင်၏။ သို့တည်းမဟုတ် တင်းကြပ်သော ယုတ္တိနှင့် ဆင်ခြင်တုံတရားတို့အောက်၌ သမိုင်းစဉ်နှင့် အန္တိမပန်းတိုင်သည် ရှိ၏ဆို သော အဘိဓမ္မာ၏ အနိုင်ကျင့်ခြင်းအောက်မှ ရုန်းထွက်ရန်လည်း အားသစ် ပျိုးနေချိန်ဟု မြင်မိ၏။
ဤနေရာတွင် အတွေးခေါ်ဒဿနအယူဝါဒတစ်ရပ်ကို မှားယွင်းစွာ လက်ခံမိခြင်းသည်လည်းကောင်း၊ မှားယွင်းစွာ ငြင်းပယ်မိလိုက်ခြင်းသည် လည်းကောင်း မိမိဘဝနှင့် အလျော်အစားလုပ်လိုက်ရခြင်းပင် ဖြစ်ပါသည်ဆိုသော ကျွန်တော်တို့၏ ဒဿနိကဗေဒဌာနမှ ဆရာဦးအေးကျော် (မောင်ကြည်သစ်) ၏ ကျမ်းထွက်စာတစ်ပိုဒ်သည်သာ ကျွန်တော့်ရင်၌ စူးငြိနေခဲ့၏။
ဤသို့သော အကြောင်းများကြောင့် စာအုပ်ဖတ်ရန် ပြင်သော ကျွန်တော့်စိတ်သည် ပေါ့ပါးသွက်လက်ခြင်း မရှိ၊ နွေနေ့လယ်ခင်း၌လည်း ဖြစ်၏။ သို့သော် ဖင့်တွဲလေးကန်သော လက်များနှင့်တော့ လှန်လှောကြည့် မိ၏။
မာတိကာအစဉ်၌ ညဖြူသည် နံပါတ် (၂) ၌ ရှိသော်လည်း မဖတ်မိ၊ နောက်ဆုံး နံပါတ် (၆) ၌ ကြောင်တောင်တောင် လူတစ်ယောက်ရဲ့ အိပ်မက် ဟု ဆိုထား၏၊ စိတ်ဝင်စားမိ၏၊ ဖတ်ဖြစ်၏၊ ဤသို့ဖြင့် သူ၏ အရေးသားများ က ကျွန်တော့်အား အဆုံးတိုင် ဆွဲခေါ်သွား လေတော့သည်”ဟု သမ္မဇဉ်အား ဖြင့် ကျွန်တော် ရေးလိုက်ချင်ပါသည်၊ သို့သော် မဟုတ်ပါ၊ ကျွန်တော့်အား လုံးလုံး ဆွဲခေါ်မသွားပါ၊ စိတ်ပျက်လက်ပျက်နှင်၍သာ ကျွန်တော် ကျန်ရစ်ခဲ့ ၏။ အင်အားအရာ၌လည်း မတ်မတ်ရပ်စာမျှပင်မကျန်၊ နှုံးခွေချိနဲ့သွားခဲ့၏။
တစ်ပုဒ်ပြီး တစ်ပုဒ် ကြိုးစား ဆက်ဖတ်ကြည့်မိပြန်၏။
ဖတ်ရင်းနှင့်ပင် ကျွန်တော် ကြောက်လန့်လာခဲ့ရ၏၊ ဒေါ်စတိုယက်စကီး တစ်ယောက် ဝတ္ထုရေးခဲ့တာမှ ဟုတ်ရဲ့ လားဟု ကျွန်တော် သံသယ ဝင်လာ၏။ သူ ဝင်ချင်သော သူတစ်ယောက်၏ ဝမ်းခေါင်းထဲဝင်ကာ သူပြော ချင်တာတွေကို တတွတ်တွတ် ပြောနေသည်ဟု ထင်လိုက်မိ၏၊ ဖုံးကွယ်ထား သော လူ၏ ဝိညာဉ်အား အကြောက်အလန့်မရှိ တူးဆွနေသူဟုလည်း မြင် မိ၏။
တစ်ခါတစ်ခါ ထိုလူ၏ရင်ညွန့်ကို ခွဲထွက်ကာ သွေးသံရဲရဲနှင့် လက် ထဲမှာ လူ့အသဲနှလုံးကို ဆုပ်ကိုင်ပြနေသော ဒေါ်စတိုယက်စကီးကို တွေ့လိုက်ရ၏။ ဘဝ၏အမှောင်ဘက်အခြမ်း၌ စုတ်စုတ်ပြတ်ပြတ်၊ ထိပ်ထိပ်ပြာပြာ နှင့် စိမ်းစိမ်းကြီး ရပ်ကြည့်နေသော လူတစ်ယောက်အဖြစ်လည်း တွေ့လိုက် ရပြန်၏။
နောက်တစ်ကြိမ် ဖတ်ကြည့်မိ၏။ တွေ့ကြည့်၏။ ရေးရေးနှင့် ကျွန်တော့်အတွေးများ မို့မောက် လှုပ်ခတ်လာတော့သည်။ ထိုတစ်ကြိမ် ဇာတ်လမ်းဆုံးသွားသည့်အချိန်မတော့ ချက်ချင်း ဘာသာပြန် ရေးချမိသည့် တိုင် အင်အားများက တွန်းကန် ဖြည့်တင်းပေးလိုက်ပြီလည်း ဖြစ်၏။
ပြန်ဆိုစဉ်က ကျွန်တော့်၌ ရည်ရွယ်ချက် မည်မည်ရရမရှိ၊ ထိုအတော အတွင်း အမေရိကန် စင်းနက်တိုက်မှ ထုတ်ဝေသော သူ၏ ဝတ္ထုတိုများ တစ်အုပ် ကျွန်တော် ရလိုက်ပြန်သည်။ ထုတ်ဝေသူ ကွဲလွဲသလို ပြန်ဆိုသူ ကွဲလွဲ၏၊ အရေးအသား ကွဲလွဲသလို အယူအဆနှင့် ချဉ်းကပ်မှုပါ ကွဲလွဲနေ၏၊ အယူအဆဆိုရာ၌ သဘောမျှသာ ကွဲလွဲသည်မဟုတ်၊ ဆန့်ကျင်ဘက် ကွဲလွဲခြင်းဖြစ်၏။ ရန်သူနှင့် မိတ်ဆွေ၏ အကွဲအလွဲလည်း ဖြစ်၏။
ထုံးစံအတိုင်း ဆိုဗီယက်မူသည် လူတန်းစားပြဿနာနှင့် ပဒေသရာဇ် အဖွဲ့ အစည်းဟောင်းအား ဝေဖန်တိုက်ခိုက်သော ရှုမြင်ချက်ဖြင့် သူ့ ဝတ္ထုများ ကို ချဉ်းကပ်ပြန်ဆို၏၊ စကားလုံးများသည် ရုပ်ဆန်၏၊ မာကြော၏၊ ကြိုတင် ပြဌာန်းထားသော အယူအဆနောက်သို့ ကောက်ကောက်ပါအောင် လိုက်၏၊ စင်းနက်မူသည် ပြောင်းပြန်၊ စကားလုံးများသည် ပျော့၏၊ ဖွဲ့ နွဲ့ မှုရှိ၏၊ လူ၏ တည်ရှိခြင်း၊ လွတ်လပ်ခြင်း၊ ဆောက်တည်ရာမဲ့ခြင်း စသည့် ဝါစင်္ကများဖြင့် ဖွဲ့စည်းထားသော လူ၏ဆန့်ကျင်ဘက် မျက်နှာပြင်တန်ဖိုး ရှုထောင့်မှ ချဉ်း ကပ် ပြန်ဆိုထားပြန်၏။ အဘယ်နည်း။
တကယ်တော့ ဒေါ်စတိုယက်စကီး၏ စာပေများအား ကိုယ်သန်ရာအမြင်နှင့် ချဉ်းကပ် ထုတ်ဝေလိုက်သော ရုရှားစာမူအား အံသြစရာမလို ဟု ထင်မိသည်၊ ရုရှား၌ ကွန်မြူနစ်တို့ အာဏာရလာသည့်အချိန်တွင် ဒေါ်စတိုယက်စကီး၏ စာများအား ပိတ်ပစ်လိုက်၏။
ကွန်မြူနစ်အတွေးအခေါ်အား သေးသိမ်စေသူ၊ တန်ပြန်တော်လှန်သူ အဖြစ် စွပ်စွဲ၏။ သမိုင်း၏ အမှိုက်ခြင်းထဲရောက်နေသော လူတန်းစားအတွေး အခေါ်များသည် သူ၏စာပေ၌ ထင်ဟပ်နေသည်ဟု ဆိုကြပြန်၏။ သို့သော် ဆိုဗီယက်အစိုးရ၏ ပိတ်ပင်မှုသည် မထိရောက်ခဲ့၊ ထိုခေတ်တစ်လျှောက်လုံး သူ၏စာပေများသည် တိုးတိုးတိတ်တိတ်နှင့် လူငယ်များအကြား သက်ဝင် ပြန့်နှံ့ နေခဲ့၏၊ သတ်၍ မသေသော အနုပညာ၏ ရှင်သန်ခြင်း ဟူ၍လည်း ဆိုနိုင်၏။
သို့သော် ၁၉၇၁ ခုနှစ်တဝိုက်တွင် သူ့အား ဆိုဗီယက်အစိုးရက သူ့အကြောင်းနှင့်သူ ပြန်၍ အသိမှတ်ပြုခဲ့ရပြန်သည်။ ဤသို့ပြုသည် ဆိုသော်လည်း သူ့စာပေများ အားလုံးကို စင်းလုံးချော လက်ခံပုံနှိပ်၍ အသိအမှတ်ပြုလိုက်သည်တော့ မဟုတ်၊ ဆိုဗီယက်အစိုးရ၏ မူဝါဒနှင့်အညီ ချွင်း ချက်နှင့်သာ လက်ခံလိုက်ခြင်း ဖြစ်နိုင်၏။
ထို့ပြင် ရုရှားစာပေ၏ မဟာဂန္ထဝင်စာရင်း၌လည်း ထည့်သွင်းဖော် ပြလိုက်ကြပြန်၏၊ ကမ္ဘာ၏ တစ်ဖက်ခြမ်းတွင် သူ့အား ဤသို့သဘောထားကြသော်လည်း အခြားတစ်ဖက်တွင်ကား ဤသို့မဟုတ်။ ကမ္ဘာ့ဂန္ထဝင်စင်မြင့် တွင် စောစောစီးစီး နေရာပေးခြင်းခံရ၏၊ သူ့ စာပေများအား အကြိမ်ပေါင်း များစွာ ပြန်လည်ထုတ်ဝေခဲ့ပြီး ရသစာပေ သက်သက်သာမဟုတ်၊ လူနှင့် ပတ်သက်၍ စဉ်းစားစရာများ ပေးထားသော ဒဿနိကဗေဒ၏ စည်းဝိုင်း အတွင်းသို့ပင် တိုးဝင်တွင်ကျယ်လာသော၊ စိတ်ပညာဆိုင်ရာ စာပေတစ်ရပ် ဟူ၍ပင် သဘောထားခြင်းခံရ၏။ အထူးသဖြင့် ပညာရှင်များဖြစ်ကြသော စိတ်ခွဲပညာရှင် ဖရိုက်နှင့် ဖြစ်တည်မှုဒဿနပညာရှင် ယမ်းပေါဆတ်ထတို့ သည်ပင် သူ၏စာပေများအား တလေးတစား ကိုင်တွယ် လေ့လာခဲ့သည်ဟု ဆို၏။
ထို့ပြင် ကမ္ဘာ့အတွေးအခေါ် အသိုင်းအဝိုင်းက သူ့ အား ဖြစ်တည်မှု ဝါဒီတို့၏ ရှေ့ပြေးဟူ၍လည်း နေရာပေးခဲ့ကြ၏။ တကယ်တော့ သူ့စာများ ထက် သူ့ဘဝကို ပို၍ပင် ကျွန်တော် စိတ်ဝင်စားမိသည်။
နဖူးကျယ်ကျယ်၊ မျက်လုံးအိမ်ကျဉ်းကျဉ်း၊ အသားဖြူရော်ရော်၊ မှုန် ကုပ်ကုပ်၊ အကြည့်တို့မှာ အမြဲဂဏာမငြိမ်၊ ကျီးကန်းတောင်းမှောက်၊ အတ္တ မာနအပြည့်နှင့် ကမ္ဘာ့စာပေ ဘီလူးကြီးများကြား၌ ပွဲဦးထွက် ဝတ္ထုတစ်ပုဒ် တည်းနှင့်ပင် လူစွာလုပ်နေသော ဒေါ်စတိုယက်စကီး။
ကျုပ် တွေ့ဖူးသမျှ လူတွေထဲမှာတော့ စိတ်ပျက်စရာ အကောင်းဆုံး လူပဲဗျာဟူ၍ ရုရှားဂန္ဓဝင်စာပေ၏ ဘိုးအေကြီး “တူဂေးနပ်ဖ်”ကပင် သြချ ခဲ့ရသောသူ။
“သားချော့တေးကို သီဆိုချင်ပါသော်လည်း မည်သို့မျှ မစွမ်းသာသည့် သူ့အဖြစ်ကို သူ ဝန်ခံထားသော သူ၏ စာတစ်ပိုဒ်ကို ကျွန်တော် ဖတ်လိုက် ရစဉ်က စာရေးဆရာတွေ ဒီလိုပဲ ပြောနေတာပဲ” ဟူ၍သာ ကျွန်တော်က ထင်၏။
တကယ်တော့ ဒေါ်စတိုယက်စကီးသည် သားချော့တေးကိုသာ မဟုတ် စ၊ လယ်၊ ဆုံး သုံးပါးညီညွတ်ပြေပြစ်၍ ပျော်ရွှင်စွာ နိဂုံးချုပ်ကြလေ သတည်းဟူသော အိပ်ရာဝင် ပုံပြင်တစ်ပုဒ်မျှကိုပင် ပြောနိုင်စွမ်း မရှိမှန်း နောင်မှ ကျွန်တော် သိလိုက်ရ၏။
အကြင်စာရေးဆရာတစ်ဦးသည် သေတွင်းဝ၌ ချွေးစီးပြိုက်ပြိုက်နှင့် မူးမိုက်ပြိုလဲကာ ကန်ကြောက် ရူးသွပ်သွားစေသော သေခြင်းတရားအား မည်မျှ ဈာန်ဝင်စားနိုင်သနည်း။
ဤအမေးကို ဒေါ်စတိုယက်စကီးလောက် ကျွမ်းကျင်စွာ ဖြေဆိုနိုင် သူသည် တော်တော်ပင် … ရှားလိမ့်မည်ဟု ကျွန်တော် ထင်၏။
ဧကရာဇ်မင်းမြတ်၏ အာဏာစက်အား ထောင်ထား ခြားနားရန် ကြံစည်မှုဖြင့် ဒေါ်စတိုယက်စကီးနှင့် အပေါင်းပါတို့ကို ဖမ်းဆီးလိုက်၏၊ ထို့အတွက် အပြစ်ဒဏ်သည် “သတ်မိန့်” ဖြစ်၏။ သတ်မိန့်ကို ကြိုးဖြင့် မစီ ရင်စေရ၊ ရင်ဝတည့်တည့် သေနတ်နှင့်ပစ်၍ အဆုံးစီရင်ရန်ဖြစ်၏။
၁၈၄၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် ဝေလီဝေလင်းအချိန် သူနှင့် အပေါင်းပါများအား လူသတ်ကုန်း၌ မတ်မတ်ရပ်တန်းစီနေကြသည်ကို တွေ့ နိုင်၏။
အချိန်ကျပြီဖြစ်၏။
ရှေ့တည့်တည့်ဆီမှ ဇာဘုရင်၏ သေနတ်သမားများသည် သေနတ် ကိုပြင် ပခုံးပေါ်တင်လိုက်ကြ၏၊ သေနတ်ပြောင်းဝများကိုလည်း အကျဉ်း သားများ၏ ရင်ညွန့်တည့်တည့်သို့ ချိန်ရွယ်လိုက်ကြ၏၊ ခေါင်းကို သေနတ်ဒင် ပေါ် ငဲ့စောင်း၊ မျက်လုံးတစ်ဖက်မှိတ်၊ ချိန်သီး၊ ရင်ဝ၊ မျဉ်းတဖြောင့်တည်း ကျ မကျ ကြည့်“ဟုတ်ပြီ” ခလုပ်မောင်းပေါ်က လက်ညှိုးတကွေး၊ အသက် အောင့်၊ မောင်းဖြုတ်တော့မယ့်အချိန်...
“ကျုပ်ဟာ နောက်ထပ် တစ်မိနစ်တောင် မနေရတော့ဘူးလေ၊ အဲဒီ အချိန်မှာပဲ ဇာဘုရင်ရဲ့ မြင်းစစ်သည်တစ်ဦး ရေးကြီးသုတ်ပြာနဲ့ ရောက်လာ ခဲ့တယ်”
နောက်ပိုင်းတွင် ဒေါ်စတိုယက်စကီးက ဤသို့ပြန်လည်ပြောပြခဲ့၏။ ထိုနေ့က ဒေါ်စတိုယက်စကီး မသေခဲ့၊ ကမ္ဘာ့စာပေ ဘဏ္ဍာတိုက် အတွက် အမွေရလိုက်ခြင်းပင် ဖြစ်သည်။ ထို့အချိန်မှစ၍ သူနှင့် အပေါင်းပါ တစ်စု၏ ဘဝအတ္ထုပ္ပတ္တိသည်လည်း စိတ်ကူးယဉ်ပြဇာတ်တစ်ပုဒ်လို ရုတ် တရက် ချိုးကွေ့သွားခဲ့ရ၏။
ဧကရာဇ်၏ မဟာကရုဏာတော်ဖြင့် ဒေါ်စတိုယက်စကီးတို့ လူစုအား သေဒဏ်အစား ထောင်ဒဏ်သို့ပြောင်း၍ စီရင်ခဲ့၏။
ထို့ကြောင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်လေးနှစ်အပြင် ဆိုက်ဗေးရီး ယားရှိ မြို့စောင့်တပ်တွင် ခြောက်နှစ်ထပ်မံ၍ အရပ်သားအနေနှင့် တာဝန် ထမ်းဆောင်ရမည်ဖြစ်၏။
ဇာဘုရင်၏အမိန့်ကို ဖတ်ကြားပြီးသည်နှင့် အချို့အကျဉ်းသားများ သည် ပြိုလဲမူးမေ့သွား၏။ အချို့သည် ယာယီရူးသွပ်သွားကြသည်ဟု ဆို၏။ ဒေါ်စတိုယက်စကီးသည်လည်း ထိုအချိန်မှစ၍ သေသည့်တိုင် သူ ၏ စိတ်နှလုံးသားတွင် အိပ်မက်ဆိုး အမာရွတ်ကြီးတစ်ခုအဖြစ် စွဲကျန်နေ ခဲ့၏။
ထို့အပြင် သူ့၌ ငယ်စဉ်ကပင် စွဲကပ်နေသော ဝက်ရူးပြန်ရောဂါသည်လည်း ပို၍ ပြင်းထန်ဆိုးရွား လာခဲ့၏။ သူ့ကို မော်စကိုမြို့တွင် ၁၈၂၁ ခုနှစ်၊ အောက်တိုဘာလ ၃ဝ ရက်နေ့တွင် မွေးခဲ့သည်၊ မွေးချင်း ခုနစ်ယောက်ရှိ၏။ ဖခင်သည် မော်စကို ပြည်သူ့ဆေးရုံတစ်ရုံမှ ကျန်းမာရေးအမှုထမ်းတစ်ဦး ဖြစ်၏၊ ဖခင်စရိုက်မှာ ကြမ်းတမ်း၏၊ မောက်မာ၏။ အရက်ကို အလွန်အကျွံ သောက်သူလည်း ဖြစ်၏။ ထို့ကြောင့်ပင် လက်အောက်ငယ်သားတစ်ဦး၏ လက်ချက်နှင့် သေဆုံးခဲ့၏။ မိခင်မှာ ဘာသာတရားကိုင်းရှိုင်းသူဖြစ်ပြီး နူးညံ့ သိမ်မွေ့မှုရှိ၏။
ဆေးရုံဝင်းအတွင်း ကျဉ်းကျပ်ညစ်ပတ်နေသော အလုပ်သမားတန်း လျားတွင် နေထိုင်ရပြီး နေ့စဉ်နှင့်အမျှ ရောဂါဝေဒနာဆိုးများ၊ သွေးရဲရဲ သံရဲရဲဝေဒနာများ၊ ဆင်းရဲမွဲတေ၍ စိတ်မချမ်းသာမှုများနှင့်သာ ကြီးပြင်း လာခဲ့ရသူလည်း ဖြစ်၏။ သို့သော် ဒေါ်စတိုယက်စကီးသည် ငယ်စဉ်ကပင် လေးနက်သော စာပေများကို ရွေးချယ်ဖတ်သူတစ်ဦး ဖြစ်၏။ အသက် ဆယ့်ခြောက်နှစ်တွင် သူနှင့် အစ်ကိုဖြစ်သူ မစ်ခေးတို့ကို စစ်အင်ဂျင်နီယာ ကျောင်းသို့ ပို့ခဲ့၏။
စစ်ကျောင်း၌ သူမပျော်၊ ထိုအတတ်ကိုလည်း ဘယ်လိုမှ စိတ်မဝင်စား၊ အချိန်ရသမျှ စာသာဖတ်နေခဲ့၏၊ သို့သော် လေးနှစ်ကြာသည့်အခါ ကျောင်းပြီးသွား၏၊ စစ်ဘက်တွင် နှစ်နှစ် တာဝန်ထမ်းဆောင်ပြီးသည်နှင့် အလုပ်မှထွက် လိုက်သည်။ ထိုအချိန်တွင် သူ့အဖေမှာလည်း မရှိတော့။ အသတ်ခံလိုက်ရပြီး ဖြစ်၏၊ သူ၌ ပိုက်ဆံလည်း တစ်ပြားမှမရှိ။ ထို့ကြောင့် စာရေးခြင်းဖြင့် အသက်မွေးရန် ဆုံးဖြတ်လိုက်၏၊ ခြောက်လလုံးလုံး စာထိုင်ရေးပြီးသည့်နောက်တွင် တော့ သူ၏ ပထမဦးဆုံးဝတ္ထု Poor Folk ထွက်လာခဲ့၏။ ၄င်းဝတ္ထုမှာ အံ့သြစရာကောင်းလောက်အောင် အောင်မြင်မှုရခဲ့၏။
ထို့ပြင် ဒေါ်စတိုယက်စကီးအား ထိုခေတ်က ထင်ရှားလှသော စာရေးဆရာကြီး ဂိုဂိုးနှင့်ပင် တစ်တန်းတည်းထား၍ ဝေဖန် သုံးသပ်ကြသည် ဟု ဆို၏။
အသက် ၂၈ နှစ်တွင် ဒေါ်စတိုယက်စကီးသည် တိုးတက်သော နိုင်ငံရေး အတွေးအခေါ်ရှိသည့် လူငယ်အဖွဲ့ တစ်ဖွဲ့ နှင့် ဆက်သွယ်မိ၏။ သူတို့ နှင့်အတူ ဆိုရှယ်လစ်သဘောတရားများကို လေ့လာခဲ့၏။
ထိုအချိန်တွင် ရုရှားနိုင်ငံ ဇာဘုရင်၏ ထီးနန်းမှာ လှုပ်ခါစပြုနေပြီ ဖြစ်၏။ ၁၈၄၈ ခုနှစ် ရုရှားတော်လှန်ရေးသည် လူငယ်များအား မျက်စိဖွင့် ပေးလိုက်ခြင်းလည်း ဖြစ်၏။ ထိုအချိန်က ဆိုရှယ်လစ်စာပေများကို လေ့လာ ခြင်းသည် အလွန်အန္တရာယ်ကြီးသော အလုပ်တစ်ခုလည်းဖြစ်၏၊ နိုင်ငံတော် သစ္စာဖောက်မှုဟူ၍ပင် သဘောထားခဲ့ကြ၏။
သို့ဖြင့် မကြာမီ သူနှင့် သူ့အဖွဲ့သားအားလုံး အဖမ်းခံလိုက်ရ၏။ အစတွင် သူတို့တစ်ဖွဲ့လုံးကို သေဒဏ် ပေးလိုက်သော်လည်း သတ်မည့်နေ့ တွင် သေဒဏ်အစား ထောင်ဒဏ်သို့ ပြောင်းလွဲစီရင်ခဲ့၏။ ထို့ကြောင့် သူ့ဘဝ၏ အနုပညာဖန်တီးမှု နှစ်ကာလ ဆယ်စုတစ်ခုနီးပါးသည် ဆိုက်ဗေးဒီးယား တွင် အကျဉ်းစံဘဝဖြင့်သာ ဆုံးရှုံးခံလိုက်ရ၏။
ဆိုက်ဗေးဒီးယား မြို့စောင့်တပ်တွင် တာဝန်ထမ်းဆောင်နေစဉ် “အီရှာရေဗာ”ဆိုသူ မုဆိုးမတစ်ဦးကို လက်ထပ်လိုက်၏။သူတို့အိမ်ထောင် ရေးသည် အဆင်မပြေ။ သို့သော် ထိုမိန်းမကို နှစ်နှစ်ကာကာ သူ ချစ်၏။
၁၈၅၉ ခုနှစ်တွင် အကျဉ်းစခန်းမှ လုံးဝ လွတ်မြောက်လာခဲ့၏။ ပီတာစပတ်သို့ ပြန်ရောက်ရောက်ချင်း စာပြန်ရေးဖို့ ကြိုးစား၏၊ ကျန်းမာရေး အခြေအနေသည်လည်း အတော်ပင် ဆိုးဝါးလာခဲ့၏၊ လောင်းကစားကို အလွန်အကျွံ စွဲလန်းလွန်း၍ ငွေကြေးအကျပ်အတည်းများ မကြာခဏဖြစ်ကာ ထုတ်ဝေသူများနှင့် အဆင်မပြေဖြစ်ခဲ့ရသည်ဟု ဆို၏။
၁၈၆၄ ခုနှစ်တွင် ဒေါ်စတိုယက်စကီးသည် အကြီးအကျယ် စိတ် ထိခိုက်စရာနှစ်ခုနှင့် ကြုံလာရ၏၊ သူ သိပ်ချစ်သော ဇနီးနှင့် အစ်ကိုနှစ်ဦးလုံး သေဆုံးခဲ့ခြင်းဖြစ်၏။
သို့သော် နောင်သုံးနှစ် အကြာတွင် သူ့ဘဝအတွက် အလင်းရောင် တစ်ခုရခဲ့၏၊ အင်နာနီကီတာ ဆိုသော အမျိုးသမီးငယ်တစ်ဦးနှင့် လက်ထပ် လိုက်ခြင်းဖြစ်၏၊ နှစ်ပေါင်း ၄ဝ နီးပါးမျှ ထို ဇနီးသည်နှင့် ပေါင်းသင်းခဲ့ပြီး သားသမီးများနှင့် အိမ်ထောင်ရေးသုခ ရရှိခဲ့သည်ဟု ဆို၏။
ထိုအချိန်တွင် ဒေါ်စတိုယက်စကီး၏ စာပေစာရင်းတွင် အဓိကကျသော ဝတ္ထုများဖြစ်သည့် Crime and Punishment (1886), The Brothers Karamazov (1880), Notes from Underground(1864), The Idiot (1864), The possessed (1871) စသည့် ဝတ္ထုရှည်ကြီးများကို ရေးသားပြီးခဲ့ပြီလည်း ဖြစ်၏ ။ တကယ်တော့ ကျွန်တော် ပြန်ဆိုထားသော (White-night) နှင့် (The Dream of A Ridiculous Man)သည် ဒေါ်စတိုယာက်စကီး၏ အတွေးအခေါ်လမ်းကြောင်းအား အလျားလိုက်မြင်နိုင်သော ဝတ္ထုများဖြစ်၏။ အဘယ်ကြောင့်ဆိုသော် “ညဖြူ”ပေါ်ထွက်လာသောအချိန်၌ သူ၏အသက် မှာ ၂၇ နှစ်သာ ရှိသေး၍ အတွေးအခေါ်အားဖြင့်လည်း ဆိုရှယ်လစ်စနစ်ကို သက်ဝင်ယုံကြည်နေသောအချိန် ဖြစ်၏။
The Dream of A Ridiculous Man ကို ရေးသားသော အချိန်သည် သူ့ ဘဝ၏ နောက်ဆုံးနှစ်ကာလများတွင်း ဖြစ်၏။ ယုံကြည်မှုသည်လည်း ပြောင်းလဲလာခဲ့ပြီး အနည်ထိုင်ချိန်ဟုလည်း ဆိုနိုင်၏။ အထူးသဖြင့် ဒေါ်စတို ယက်စကီး၏ နိုင်ငံရေး အတွေးအခေါ်သည် လုံးဝပြောင်းလဲသွားပြီ ဖြစ်၏။
ညဖြူကို ရေးသားပြီးချိန်အထိ သူ့အနေနှင့် ဆိုရှယ်လစ်စနစ်ကို သက် ဝင် ယုံကြည်နေဆဲဖြစ်၏။ လူမှုဘဝ၏ ဒုက္ခဆင်းရဲမှုများနှင့် အကျပ်အတည်း များကို ဆိုရှယ်လစ်စနစ်က အပြီးတိုင် ဖြေရှင်းနိုင်လိမ့်မည် ဟုလည်း ယုံကြည် ထား၏။
သို့သော် အဖမ်းခံရပြီးသည့် နောက်ပိုင်းတွင် သူ၏ နိုင်ငံရေးအတွေး အခေါ်နှင့် လူ့ဘဝအပေါ် ရှုမြင်ပုံတို့သည် ပြောင်းလဲလာခဲ့၏။
အဘယ့်ကြောင့် ဒေါ်စတိုယက်စကီး၏ အတွေးအခေါ်လမ်းကြောင်း သည် ပြောင်းလဲလာခဲ့ရသနည်း။
ဤအချက်သည် နောက်ပိုင်း စာပေပညာရှင်များ၊ အတွေးအခေါ် ပညာရှင်များ၏ စကားဝိုင်း၌ ကျယ်ကျယ်လောင်လောင် အငြင်းပွားခံရသော ပြဿနာတစ်ရပ်လည်း ဖြစ်၏။ ဤနေရာတွင် ရုရှားအမျိုးသား ကမ္မဇီဝ ပညာရှင် အိုင်ဗင်ပါးပလော့၏ လေ့လာမှုသည် စိတ်ဝင်စားစရာကောင်း၏။ ပါးပလော့၏ သီအိုရီအရ တိရစ္ဆာန်တစ်ကောင်၏ စိတ်ပိုင်း သို့မဟုတ် ရုပ်ပိုင်း ဘဝအား ပြင်းထန်သောဒဏ်တစ်ခု သက်ရောက်ခံလိုက်ရသောအခါ တိရစ္ဆာန်၏အာရုံကြောစနစ်များသည် ပြိုကွဲပျက်သွားပြီး အိမ်မွေ့ ချခံလိုက်ရသည့် အဆင့်သို့ ရောက်ရှိသွားသည်ဟု ဆို၏။
ထိုအဆင့်တွင် ယင်းသတ္တဝါအား လွယ်ကူစွာ အမိန့်ပေးနိုင်တော့သည် ဟူ၍လည်း ဆို၏။
ဤသီအိုရီကို နောက်ပိုင်းတွင် လူသားများက အသုံးချကာ ဦးနှောက် ဆေးကြောခြင်း (Brain Washing) ဟူ၍ တွင်ကျယ်လာခဲ့၏။
ဒေါ်စတိုယက်စကီးနှင့် အဖွဲ့သည် လူသတ်ကုန်းတွင် တန်းစီ၍ ရှေ့တည့်တည့် သေနတ်ပြောင်းဝများမှ ခန္ဓာကိုယ်ကို ခွဲထွက်၍ အသက်ကို ဆွဲ နုတ်ယူသွားမည့် ကျည်ဖူးများကို စောင့်နေရဆဲအချိန်က တချို့ မူးမိုက်ပြိုလဲ၍၊ အချို့ ယာယီ ရူးသွပ်သွားကြသည်ဟူ ဆိုခဲ့ခြင်းမှာ တကယ်တော့ မဆန်းပေ၊ သူကဲ့သို့ ငြိတွယ်လွယ်သော၊ ထိရှလွယ်သော နှလုံးသားနှင့် စိတ်ခံစားမှု မြင့်မားလွန်းသော အနုပညာရှင်တစ်ဦးအနေနှင့် ထိုအချိန်က သူ၏ အာရုံကြောစနစ်များ ထိခိုက်သွားနိုင်သည် ဟု အချို့ပညာရှင်များက စဉ်းစားခဲ့ကြ၏။
ထိုအချက်အပြင် ဆိုက်ဗေးဒီးယား အကျဉ်းစခန်းတွင် သူ ဖြတ်သန်းခဲ့ရသော အခြေအနေများ ကိုလည်း ထည့်သွင်း စဉ်းစားခဲ့ကြ၏၊ ဆိုက်ဗေးဒီးယားတွင် ကြုံတွေ့ခဲ့ရသောသူများမှာ ရာဇဝတ်သားများသာ ဖြစ်၏။ ရုရှား လူ့အဖွဲ့ အစည်း၏ အောက်ဆုံးအလွှာမှ လူငမွဲများ၊ ပညာမဲ့များ၊ အလုပ်ကြမ်း သမားများသာ ဖြစ်၏။
သို့သော် ထိုသူများ၏ ဘဝသည် သူ့အား ဆွဲဆောင်နိုင်ခဲ့၏။ စိတ် ဝင်စားစေ၏။ ထိုထိုသော ဘဝပေါင်းများစွာကိုလည်း လေ့လာခွင့်ရ၏။
သို့သော် ထိုအချိန်မှစ၍ ဒေါ်စတိုယက်စကီး၌ စံပြလူ့အဖွဲ့အစည်း အဖြစ် ပြောင်းလဲလိုသော အယူအဆများ၊ တော်လှန်လိုသော အတွေးအခေါ်များ မရှိတော့၊ ဆုံးရှုံးဖို့ ဖန်လာသမျှ အကြောင်းတရားများအား တားဆီးရန် ကြိုးစားအားထုတ်မှု မှန်သမျှသည် အချည်းနှီးသာ ဟူ၍လည်းကောင်း၊ လူ၏ ဆောက်တည်ရာနှင့် လျှောက်ရမည့် တစ်ခုတည်းသော လမ်းကြောင်းသည် ဘုရားသခင်၏ အလိုအတိုင်းသာ ဖြစ်သည် ဟူ၍လည်းကောင်း သူ၏လူ့ဘဝ အမြင်အား ဤသို့ နိဂုံးချုပ်ကာ ဘုရားသခင်လက်သို့ ထိုးအပ်လိုက်ပုံလည်း ရ၏။ ထို့အပြင် ဘဝ၏ တစ်ခုတည်းသောအချက်သည် ချစ်ခြင်းမေတ္တာနှင့် ဒုက္ခဝေဒနာများမှ ရွေးနုတ်ယူခြင်းဖြစ်သည် ဟူ၍လည်း ယုံကြည်လာခဲ့၏။
တကယ်တော့ သူ၏ ယုံကြည်မှုသည် ဆင်ခြင်တုံတရားမှ ရရှိသော အသိထက် ခံစားမှုသက်သက်မှ ရရှိလာသော ဘဝအမြင်တစ်ရပ်လည်းဖြစ်၏။
လူ့ဘဝ၌ ရှောင်လွှဲမရနိုင်သော ဒုက္ခဝေဒနာဆိုးများ၊ ကောက်ကျစ် ယုတ်မာမှုများ၊ ရက်စက်ရိုင်းစိုင်းမှုများ၊ လူ၏ ချစ်ခြင်းမေတ္တာနှင့် မျှော်လင့် ရာမဲ့သော ဘဝ၏ အနာဂတ်တို့အား သူ့ရင်တွင်းသို့ အလျင်မြန် ကူးစက်ခံစား နိုင်ပြီး ထိုဝေဒနာများကို ဇာတ်ကောင်များတွင် ထိတ်လန့် ကြောက်ရွံ့စရာ ကောင်းလောက်အောင် သွတ်သွင်း ဖန်တီးနိုင်သူတစ်ဦးလည်း ဖြစ်၏။
သို့သော် သူကိုယ်တိုင် ခံစား၍ သူကိုယ်တိုင် ဖန်တီးလိုက်သော ဇာတ်ကောင်များမှတစ်ဆင့် ဝိညာဉ်၏ လွတ်မြောက်ခြင်းနှင့် ဝေဒနာဆိုးများမှ ရွေးနုတ်ခြင်းဟူသော အယူအဆများ တင်ပြ ဆွေးနွေးခဲ့သည် ဆိုသော်လည်း ထာဝရဘုရားသခင်၏ တည်ရှိခြင်းကိုတော့ သူ့အနေနှင့် အတော်ကြိုးစား နားလည်ယူနေရဆဲ ဖြစ်၏။ တစ်နည်းအားဖြင့် ဤအချက်ကို ဒေါ်စတိုယက်စကီးတစ်ယောက် နာကျင်စွာ လက်ခံထားခဲ့ရသည် ဟုလည်း ဆို၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အား ငြင်းပယ်လိုက်သည်နှင့် ဝိညာဉ်၏ လွတ်မြောက်ခြင်းဟူ သော ခရစ်ယာန်တရား၏ ရပ်တည်ချက်အောက်၌ ဒုက္ခဝေဒနာများကို လက်ခံထားခြင်းမှာ အဓိပ္ပာယ်မဲ့သွားသော ကြောင့်လည်း ဖြစ်နိုင်၏။
ဒေါ်စတိုယက်စကီး၏ အယူအဆနှင့်ပတ်သက်၍ ဆန့်ကျင် ဝေဖန်သူ ပညာရှင်များလည်း များစွာရှိခဲ့၏။
ထိုသူများထဲတွင် သူနှင့် ခေတ်ပြိုင် စာပေပညာရှင်တစ်ဦးဖြစ်သော အလက်ဇန်းဒါးဟာမန်က……
“ကရုဏာတရားတွေ ဆွတ်ပျံ့နေတဲ့ ချစ်ခြင်းမေတ္တာဆိုတာကတော့ လောကမှာ အင်အားအကြီးဆုံး အရာတစ်ခုပဲပေါ့၊ ဒီအတွက် သောကတွေနဲ့ လောင်ကျွမ်းပူဆွေးကြရတယ်၊ ရင်ကွဲမတတ် ငိုကျွေးကြရတယ်။ အဲနောက် တော့... ဘာမှ မကျန်တော့ဘူး” လေဟု ခပ်ထေ့ထေ့ သရော်ခဲ့၏။
တစ်ခါ ဂျာမန် ဒဿနပညာရှင် ဖရက်ဒရစ်နစ်ချေး (၁၈၄၄-၁၉၀၀) သည်လည်း သူ့ အား ပြင်းထန်စွာ ဝေဖန်ရှုတ်ချခဲ့သူတစ်ဦးဖြစ်၏။
တကယ်တော့ ထိုသူနှစ်ဦး၏ အယူအဆများသည် ဆက်စပ်၍ မရ နိုင်လောက်အောင် ပြဒါးတစ်လမ်း သံတစ်လမ်းလည်းဖြစ်၏။
ထို့ကြောင့် ဒေါ်စတိုယက်စကီး၏ စာပေနှင့် အတွေးအခေါ်တို့အား ညစ်ပတ်ယုတ်ညံ့သော ကိုယ်ကျင့်တရား နှိပ်စက်မှုများဟူ၍လည်းကောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်လောက် ခရစ်ယာန်သာသနာ၌ ခန္ဓာ ကိုယ်ကို အရှင်လတ်လတ် ခွဲစိတ်၍ ဘာသာရေးအတွက် ကိုယ့်ကိုယ်ကိုယ် ကားစင်တင် စတေးခံခဲ့ရသူတစ်ဦးအနေနှင့်လည်းကောင်း ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့၏။ သို့သော် ဒေါ်စတိုယက်စကီးသည် ကျွန်တော်တို့အား ရူးသွပ်၍ ဖြစ်နိုင်စရာမရှိသော လောကတစ်ခုကို ဖန်ဆင်းပြခဲ့၏။ ထိုလောက ထဲတွင် တစ်လောကလုံးနှင့် အကျုံးဝင်သော ဥပဒေသများနှင့် စီမံဖော်စပ် ထားသော စိတ်ကူးဆန်းများ၊ အတွေးစိမ်းများအား ကြောက်စရာကောင်း လောက်သော သူ၏ အနုပညာလက်ဖြင့် ထုဆစ်ခဲ့သူလည်း ဖြစ်၏။
လူ၏ စိတ္တဘဝအမှောင်ဘက်ခြမ်း၌ ငုံ့လျှိုးဖုံးကွယ်ထားသော ထိတ် လန့် ရွံရှာဖွယ်ကောင်းသည့် ယုတ်မာကောက်ကျစ်မှုများ၊ အတ္တနှင့် ရမ္မက် စိတ်ရိုင်းများအား ဦးဆုံး တူးဆွဖော်ထုတ်ခဲ့သော စိတ်ပညာစာပေတစ်ရပ်ဖြစ်၏။
ထို့ပြင် အခွင့်အလမ်းမဲ့သော ဟင်းလင်းပြင်ထဲ၌ ဆောက်တည်ရာ မဲ့သော ဘဝ၏ဖြစ်တည်မှု၊ သက်သာခွင့်မပေးသော ဝေဒနာများနှင့် မျှော်လင့် ချက် ကင်းမဲ့လွန်းလှသော ဘဝ၏ အနာဂတ်အား ပုံဝတ္ထုတစ်ပုဒ်အနေနှင့် ဦးဆုံး ခင်းကျင်းပြခဲ့သူလည်း ဖြစ်၏။
ဤသို့ ဆိုသည့်အတွက် သူ၏ အယူအဆ အတွေးအခေါ်များအား ဒဿနိကစနစ်တစ်ရပ်အနေနှင့် စုစည်းတည်ပြ၍ ရနိုင်သည်တော့ မဟုတ်၊ အထူးသဖြင့် သူ၏ စာပေများတွင် ပဋိပက္ခများ၊ ရှေ့နောက် မညီညွတ်မှုများ နှင့် ရယ်စရာကောင်းသော မိုက်မဲမှုများ ရောပြွမ်းနေခြင်းကြောင့်လည်းဖြစ်၏။
သို့သော် သူ့ဝတ္ထုများမှတဆင့် တင်ပြထားသည့် လူ၏ ကံကြမ္မာနှင့် သက်ဆိုင်သော သူ၏ သဘောထားအမြင်တစ်ရပ်အား အကြင်သူတစ်ဦးသည် ခေါင်းမာမာနှင့် မျက်ကွယ်ပြုနိုင်သော်လည်း ငြင်းပယ်၍တော့ ရနိုင်ကောင်း သည် မဟုတ်ဟု ထင်လိုက်မိပါသည်။
တင်ဦးခက်
(၁၄-၇-၉၆)
ညဖြူဖြူ
White Nights
ကျွန်တော်တို့ဟာ ဘဝကံကြမ္မာကို အလိုမကျနေသူတွေ၊ ဘဝမော မောနေသူတွေလို့ သူက ခံစားမိပြန်တယ်။ တကယ်တော့ တစ်ချက်လေး စွေကြည့်လိုက်ရုံနဲ့ပဲ ဘဝ ဆိုတာ အေးစက်အုံ့မှိုင်းနေပြီး ဖော်ရွေမှု ဆိတ်သုဉ်းနေတဲ့ အဖြစ်ကို သူက စဉ်းစားမိပါတယ်။
Download Epub Kfx
Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။