အမေ
ကန်တော့ခန်း
ကျွန်ုပ် နိုင်ငံရေးလုပ်သမျှကို ဘယ်တော့မှ မပိတ်ပင် မတားမြစ်ဘဲ ကြည်ကြည်ဖြူဖြူ အခွင့်ပြုခဲ့သော ကွယ်လွန်သူ မွေးသမိခင်အားလည်းကောင်း၊
ကျွန်ုပ်အား စာပေပညာကို သင်ပြပို့ချပေးရုံမက အဖိုးမဖြတ်နိုင်သည့် မျိုးချစ်စိတ်ဓာတ်ကိုပါ မွေးမြူပေးခဲ့သည့် တောင်တွင်းကြီးမြို့ မြန်မာပညာရှိဆရာကြီး ဦးကွန့် (ကွယ်လွန်) နှင့် မင်းဘူးမြို့ ဆရာ ဦးစံပွင့် (ကွယ်လွန်) ဤဆရာ နှစ်ဆူတို့အားလည်းကောင်း၊
ဆရာကြီးဂေါ်ကီ၏ ဤ ‘အမေ’ ဝတ္ထုကို ဘာသာပြန်ခြင်းဖြင့် သဒ္ဓါညွတ်ပျောင်း၊ ဇောသိန်းသောင်းဖြင့် ဝပ်ညောင်း ရိုကျိုး ရှိခိုးကန်တော့အပ်ပါသတည်း။
တောင်တွင်း ကိုကိုကြီး
ဒုတိယ နိဒါန်း
ပထမ နိဒါန်းတွင် ဤ ‘အမေ’ ဝတ္ထုတွင် ဆရာကြီး ဂေါ်ကီသည် ဇာတ်အိမ်ဇာတ်ကွက်တို့ကို မည်ကဲ့သို့ဖွဲ့ခဲ့ပုံ၊ သူ့ဇာတ်ဆောင် ဇာတ်ရံတို့ကို မည်ကဲ့သို့ ရှာဖွေဖန်တီးတီထွင်ခဲ့ပုံတို့ကို လည်းကောင်း၊ ဤဝတ္ထုကို ရေးသားရာ၌ ဆရာကြီးသည် သူ အမြဲတစေ ဟောပြောသည့် ဆိုရှယ်လစ် ပရမတ္တသစ္စာ- ဟူသော စာပေရေးရာ သဘောတရားကို လက်တွေ့အားဖြင့် မည်ကဲ့သို့ လိုက်နာကျင့်သုံးခဲ့ပုံကိုလည်းကောင်း၊ ဤစာအုပ်ကို ဘာသာပြန်ဆိုရာတွင် တွေ့ကြုံခဲ့ရသည့် အခက်အခဲများနှင့် ထိုအခက်အခဲတို့ကို မည်ကဲ့သို့ ကျော်လွှားခဲ့ရပုံနှင့် စာရေးသူ၏ အာသီသတို့ကိုလည်းကောင်း အသေးစိတ် တင်ပြခဲ့ပြီး ဖြစ်ပါသည်။
ယခု ဒုတိယနိဒါန်းတွင် အနည်းငယ် ရေးသားလိုသည့် အချက်များကား ဤသို့ ….
ဆရာကြီး ဂေါ်ကီ၏ နှစ်တရာပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲအပြီး ၁၈၈၆ ခုနှစ် ‘အမေ’ ဝတ္ထုကို ရိုက်နှိပ် ဖြန့်ချိရေးနှင့် ပတ်သက်၍ စာရင်းကောက်ကြည့်ရာ၊ ကမ္ဘာတဝန်းလုံးအတွက် အကြိမ်ပေါင်း ၃ဝဝ ခန့် ပုံနှိပ်ဖြန့်ချိခဲ့ရကြောင်းနှင့် ဆိုဗီယက် ရုရှားတပြည်တည်းအတွင်းမှာပင် ဘာသာပေါင်းစုံဖြင့် ၁၉၇ ကြိမ် ပုံနှိပ်ခဲ့ပြီး၊ စာအုပ်ရေ ၆၄၅၄ဝ၀ဝ ခြောက်သန်း လေးသိန်း ငါးသောင်း လေးထောင်အထိ ရောင်းချခဲ့ရသည်ကို တွေ့ရပါသည်။
၁၉ဝ၇ ခုနှစ်တွင် ဤ ‘အမေ’ ဝတ္ထုကို ပထမဦးဆုံး ပုံနှိပ်ဖြန့်ချိခဲ့ရာ၊ ကမ္ဘာ့ပစ္စည်းမဲ့ ခေါင်းဆောင်ကြီး လီနင်က ဤဝတ္ထုနှင့် ပတ်သက်၍...
“ဒီစာအုပ်ဟာ အရေးအကြီးဆုံးစာအုပ်ဖြစ်တယ်။ တော်လှန်ရေး လှုပ်ရှားမှုထဲကို ကျကျနန နားလည်လို့ မဟုတ်ဘဲ၊ သဘောပေါက်လို့ မဟုတ်ဘဲ စိတ်ဆောင်လို့ ပါဝင် ဆင်နွှဲနေတဲ့ အလုပ်သမားများဟာ ဒီ ‘အမေ’ ဝတ္ထုကို ဖတ်ပြီးတော့ တော်လှန်ရေးအကြောင်းကို သဘောပေါက်လာကြလိမ့်မယ်” ဟု ပြောခဲ့ရာ ဤဝတ္ထုသည် အလုပ်သမား လူတန်းစားနှင့် ဆိုရှယ်လစ်တော်လှန်ရေးတွင် ပါဝင်ဆင်နွှဲနေကြသည့် လူများအတွက် မီးရှူးတန်ဆောင်တခု ဖြစ်ကြောင်းကို အထူးရေးသားဖော်ပြဖို့ လိုအပ်မည်မထင်တော့ပါ။
ဤဝတ္ထုထဲမှ အဓိက ဇာတ်ဆောင်ဖြစ်သည့် နစ်လော့ဗ်နာကြောင့်လည်းကောင်း၊ အမေ (နစ်လော့ဗ်နာကို ဆိုလိုပါသည်။) အပေါ်တွင် သူတို့ထားကြသည့် သဘောထားကြောင့် လည်းကောင်း၊ ဤဝတ္ထုထဲမှ တော်လှန်ရေးသမားတို့သည် သူတို့၏ တအူထုံဆင်း ညီအစ်ကိုရင်းကဲ့သို့ ချစ်ခင်ကြရမည်… ဟူသောအဖြစ်ကို သိမြင်ခဲ့ကြ၏။ အမေကြောင့်ပင် လူသားအားလုံးသည် တဦးနှင့်တဦး ညီရင်းအစ်ကိုများ ဖြစ်ကြရမည် ဟူသောအဖြစ်ကို နားလည်ခဲ့ကြ၏။ ပါဗယ်၏ အရင်းနှီးဆုံး၊ အချစ်ဆုံးဖြစ်သည့် အင်ဒရေးနက်ကိုဒ်ကာက “ကျုပ်တို့တတွေဟာ ကမ္ဘာတဝန်းလုံးမှ အလုပ်သမားတွေဟာ ညီအစ်ကိုများ ဖြစ်ကြတယ်ဆိုတဲ့ အချက်ကို မမှိတ်မသုန် ယုံကြည်နေကြတယ်ဆိုတဲ့ ယုံကြည်ချက်ဖြင့် မာကျောလာကြရတဲ့ တမိဝမ်းတွင်းမှ အတူတူ ဆင်းသက်လာကြရတဲ့ ကလေးတွေပဲ” ဟု ပြောခဲ့၏။ ဤအချက်ကို ဇာတ်ကောင်တကောင်ဖြစ်သည့် တောင်သူလယ်သမား ရိုင်ဘင်က “လူတွေဟာ တသွေးတည်း တသားတည်း ဖြစ်တယ်ဆိုတာကို သိလာအောင်၊ မြင်လာအောင် လုပ်ဖို့ရန်ဟာ အရေးအကြီးဆုံး ကိစ္စကြီးတခုဖြစ်တယ်။ သန်းပေါင်းများစွာသော လူသားတွေဟာ ကျုပ်တို့ လိုအပ်တာတွေကိုပဲ လိုနေကြတယ်ဆိုတာကို ခင်ဗျားတို့ သိလိုက်ရရင် ခင်ဗျားရဲ့အသည်းနှလုံးဟာ ပိုပြီး သနား ကြင်နာလာတတ်မှာပဲ...” ဟု ပြောရင်း ထောက်ခံခဲ့ပြန်၏။
ဤအချက်ကိုကြည့်လျှင် ဆရာကြီးဂေါ်ကီ၏ လူသားအချင်းချင်း ချစ်ခင်ကြင်နာကြရမည် ဟူသော လူသားဝါဒသည် အရင်းရှင် လူတန်းစားများက လက်ကိုင်ထားပြီး နာမည်ကောင်းရရုံမျှ ဟစ်ကြသည့် လူသားဝါဒကဲ့သို့ လူသားဝါဒ အခြောက် မဟုတ်ကြောင်းကို ကောင်းစွာ သိမြင်နိုင်ပါသည်။
နောက်ဆုံး ဆရာကြီး ဂေါ်ကီ၏ နှစ်ရာပြည့်အထိမ်းအမှတ်ဖြင့် အသစ်ရိုက်နှိပ် ဖြန့်ချိသည့် အမေဝတ္ထုနိဒါန်းတွင် ရုရှားစာရေးဆရာကြီး ဘားဆော့ဗ် ရေးသားခဲ့သည့်...
“အနုပညာဟူသည် လူတွေကို ညီညွတ်အောင် ဖန်တီးပေးတဲ့ နည်းလမ်းတခု ဖြစ်သည်” ဟူသော သဘောတရားကို ကျွန်ုပ်တို့ လက်ခံလိုက်နာသည်နှင့် တပြိုင်နက် ဂေါ်ကီ၏စာပေများ အထူးသဖြင့် ဝတ္ထု၏ အဓိပ္ပာယ် ထိရောက်ပုံကို ကျွန်ုပ်တို့သည် မသိမမြင်ဘဲ မနေနိုင်ပါ။ ကျွန်ုပ်တို့ အထက်တွင် ပြောခဲ့သည့်အတိုင်း ‘အမေ’ ဝတ္ထုသည် အလုပ်သမားလူတန်းစား၏ အကြောင်းကိုလည်းကောင်း၊ လူသားတို့၏ ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် ဖန်တီးရာ၌ အလုပ်သမားလူတန်းစား၏တာဝန်ကိုလည်းကောင်း ရေးသားထားသည့် စာအုပ် ဖြစ်၏။
ဆိုလိုသည့်သဘောကား ‘အမေ’ သည် အလုပ်သမား လူတန်းစားအတွက်သာ မဟုတ်ဘဲ ကမ္ဘာတဝန်းလုံးရှိ လူသားအားလုံးအတွက် စာအုပ်တအုပ် ဖြစ်သည်... ဟူသော အချက်ကိုပင် ဘာသာပြန် ဖောက်သည်ချအပ်ပါသတည်း။
တောင်တွင်း ကိုကိုကြီး
၁၂-၁၁-၇၂
ဘာသာပြန်ဆိုသူ၏ စကားဦး
ဆရာကြီးဂေါ်ကီ ရေးသားပြုစုခဲ့သည့် ကမ္ဘာ့ဂန္ထဝင်မြောက် ဝတ္ထုတို့၏ ဦးသျှောင် ဤ ‘အမေ’ ဝတ္ထုကို အစမှ အဆုံးထိ နှစ်ပိုင်းလုံး မြန်မာဘာသာဖြင့် ပြန်ဆိုခြင်းနှင့် ပတ်သက်၍ စကားဦးရေးရာ၌ အောက်ပါ အချက်သုံးချက်ကို အဓိကထား၍ တင်ပြလိုပါသည်။
ပထမအချက်အားဖြင့် ဆရာကြီးသည် ဤဝတ္ထု၏ ဇာတ်အိမ်၊ ဇာတ်ကွက်ကို မည်ကဲ့သို့ ဖွဲ့ယူသည်ကို ရေးသားပါရစေ။ ဆရာကြီးသည် လူ့အထက်တန်းစားများ၊ အလယ်တန်းစား ပညာတတ်များအဖြစ်မှ ကူးပြောင်းလာခဲ့သည့် ဘဝပြောင်း ပစ္စည်းမဲ့ စာရေးဆရာတယောက် မဟုတ်ဘဲ ရုရှားပစ္စည်းမဲ့လူတန်းစား၏ ရင်ခွင်ထဲ၌ ကြီးထွားခဲ့ရပြီး၊ ရုရှားပဒေသရာဇ်နှင့် အရင်းရှင်စနစ်တို့၏ဒဏ်ကို ပြော၍ မယုံကြည်နိုင်လောက်အောင် အလူးအလိမ့် ခံခဲ့ရပြီး ပေါ်ပေါက်ခဲ့ရသည့် ပစ္စည်းမဲ့ စာရေးဆရာကြီးတဆူ ဖြစ်လာခဲ့ရသူ ဖြစ်၏။ တနည်းအားဖြင့် ရုရှားလူ့ဘောင်ဟောင်း မုန်တိုင်းအတွင်းမှ ဇွတ်အတင်း ကုန်းရုန်းထွက်လာခဲ့ရသည့် စာပေ အာဇာနည် သူရဲကောင်းကြီးတဦး ဖြစ်၏။
သို့တပြီးကား ဆရာကြီးသည် ဤ ‘အမေ’ ဝတ္ထုကို ဇာတ်အိမ် ဇာတ်ကွက် ဖွဲ့ရာ၌ အခြားစာရေးဆရာတို့ကဲ့သို့ လူထုထဲ တမင်ဆင်းပြီး လေ့လာမနေရတော့ဘဲ သူနှင့် အတူတူနေ၊ အတူတူစား၊ အတူတူ အလုပ်လုပ်ကာ သူနှင့် ဘဝမခြား တသားတည်း၊ တပြားတည်း ဖြစ်ကြသည့် ပစ္စည်းမဲ့လူတန်းစား၏ လှုပ်ရှားမှု၊ တော်လှန်မှုတို့ထဲမှ သူ လိုချင်သည့် ဇာတ်ကွက်၊ ဇာတ်ဆောင်၊ ဇာတ်ရံများကို သဘာဝကျကျနှင့် လွယ်လင့်တကူ ဆွဲယူနိုင်ခဲ့ခြင်း ဖြစ်၏။
ဆရာကြီးသည် ဤ ‘အမေ’ ဝတ္ထုကို သူ၏ဇာတိချက်ကြွေဖြစ်သည့် နစ်(ဇ်) နီနော့(ဗ) ဂိုရော့ဒ်မြို့ကို နောက်ခံကားထားပြီး ထိုမြို့မှ ကရက်စ် နိုယေဆော်မိုဗို အလုပ်ရုံကို ဗဟိုပြု၍ ရေးသားခဲ့၏။ သူ၏ ဇာတ်ဆောင်၊ ဇာတ်ရံတို့ကိုလည်း ဤနိုယေဆော်မိုဗို အလုပ်ရုံမှ အလုပ်သမားများနှင့် သူတို့၏အိမ်ထောင်များမှ ဆွဲယူခဲ့၏။ ဤဝတ္ထုထဲမှ အဓိက ဇာတ်ဆောင် တယောက် ဖြစ်သည့် ပါဗယ်ဗလက်ဆော့သည် ထိုအလုပ်ရုံမှ အလုပ်သမား ပါဗယ်ဇာမိုလော့ပင် ဖြစ်၏။ ဇာမိုလော့သည် အလွန်တက်ကြွသည့် အလုပ်သမား ခေါင်းဆောင်တဦး ဖြစ်၏။ သူသည် ဆော်မိုဗို အလုပ်ရုံမှ အလုပ်သမားတို့ကို မေဒေးနေ့ ဆန္ဒပြပွဲတခုတွင် ခေါင်းဆောင်ခဲ့သဖြင့် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် အတော်ကြာ အပေးခံခဲ့ရ၏။
ပါဗယ်၏မိခင် နစ်လော့(ဗ)နာသည်ကား အမျိုးသမီး တဦးတယောက်တည်းကို ပုံတူယူထား သည့် ဇာတ်ဆောင် မဟုတ်ပါ။ သူသည် ဇာမိုလော့၏မိခင်နှင့် ကာဒွန် ဆက် ဟူသော အခြားအလုပ်သမားတဦး၏ မိခင်တို့ကို ပေါင်းစပ်ထားသည့် ဇာတ်ဆောင်ဖြစ်ပြီး အမျိုးသမီး အလုပ်သမားများ၏ တော်လှန်ရေးလုပ်ရပ်တို့ဖြင့် ဖြည့်ပေးလိုက်ရာ၊ ဆရာကြီး စိတ်တိုင်းကျ အလွန်ပီပြင် ပြည့်စုံလှသည့် အမျိုးသမီးဇာတ်ဆောင် ဖြစ်လာလေ၏။
နစ်လော့(ဗ)နာကဲ့သို့ပင် ဇာမိုလော့၏မိခင်သည် မယ်သီလရှင်တပါး၏ အဝတ်များကို ဝတ်ကာ ရုပ်ဖျက်၍ နစ်ဇ်နီနော့ဗ်ဂိုရော့ဒ် မြို့လက်ရန်းအတွင်းရှိ ကျေးလက်ဒေသတို့ကို သွားရောက်ကာ တော်လှန်ရေး ကြေညာစာတမ်းနှင့် စာပေများကို ဖြန့်ချိ ခဲ့၏။ ကာဒွန်ဆက်၏ မိခင်ကမူ သူ့သား ထောင်ဒဏ် ခံနေရစဉ်အတွင်း သူ့သားဆီသို့ ဗုံးတလုံးကို တိတ်တဆိတ် ခိုးသွင်းပေးခဲ့၏။ ဤဗုံးနှင့်ပင် ကာဒွန်ဆက်သည် အကျဉ်းထောင် နံရံတပိုင်းကို ပေါက်ခွဲပြီး သက်စွန့်ဆံဖျား စွန့်စားကာ ထွက်ပြေးခဲ့ရ၏။ ဤကဲ့သို့ ဗုံးကို ခိုးသွင်းပေးသည့် ပြစ်မှုနှင့် အခြားနိုင်ငံရေး ပြစ်မှုတို့အတွက် ထိုအမျိုးသမီးကြီးသည် ထောင်နန်း အတော်ကြာ စံခဲ့ရ၏။
ထိုစဉ်က သူတို့၏သားများ၊ သမီးများနှင့် လက်တွဲပြီး ပစ္စည်းမဲ့အလုပ်သမားတို့၏ တော်လှန်ရေး ထဲတွင် ပါဝင်ခဲ့ကြသဖြင့် ထောင်နန်းစံကြရသည့် အလုပ်သမား အမျိုးသမီးများလည်း အများအပြား ရှိကြ၏။
ဆရာကြီး၏ ဝတ္ထုထဲ၌ ဗဟိုပြုခဲ့သည့် ဆော်မို အလုပ်ရုံကြီးသည် ၁၉၄၉ ခုနှစ်က အနှစ်တရာပြည့် အထိမ်းအမှတ်ပွဲကြီးကို ကျင်းပသော်လည်း ဤအလုပ်ရုံမှ အလုပ်သမား တို့သည် သူတို့၏ အလုပ်ရုံကြီးကို အိုမင်းလှပြီ၊ လုပ်အားကျသွားပြီဟု အပြော မခံလိုကြ။ သူတို့စက်ရုံကို အနှစ်တရာ ပြန်ငယ်သွားပြီး အလွန်ရွှင်လန်း နုပျိုနေအောင် ကြိုးစားကြ၏။
တနည်းအားဖြင့် ကုန်လုပ်စွမ်းအားကို ယခင်ကထက်ပို၍ တိုးတက်အောင် ထုတ်ကြ၏။ ဆရာကြီးကိုယ်တိုင်က ကမ္ဘာ့ဂန္ထဝင်တွင် ကျောက်ထက်အက္ခရာ တင်လောက်သည့်၊ တင်လည်း တင်ပေးရမည့် ‘အမေ’ ဝတ္ထုထဲတွင် သူတို့၏အလုပ်ရုံကို ဖော်ထုတ် ချီးကျူးရသည့်အချက်ကို ဂုဏ်ယူသ သောအနေအားဖြင့်လည်းကောင်း၊ သူတို့၏ မိဘ ဘိုးဘွားတို့၏ တော်လှန်ရေး ဂုဏ်သိက္ခာကို ထိန်းသိမ်းသော အနေအားဖြင့်လည်းကောင် သူတို့၏ဖခင် ဆိုဗီယက် ဆိုရှယ်လစ်နိုင်ငံကြီးနှင့် ဖက်ဆစ်နာဇီဂျာမနီတို့ တိုက်ခိုက်ခဲ့ရသော မျိုးချစ်မဟာစစ်ပွဲကြီး အတွင်းက စတာလင်ဂရက် မြို့တော်ကြီးကို ကာကွယ်ထားခဲ့ရသည့် ရုရှား မျိုးချစ် ပြည်ချစ် တပ်နီတော်သားတို့အတွက် မီးရထားလမ်းပေါ်၌ ပြေးဆွဲရသည့် မော်တော်ယာဉ်ပေါင်း တသိန်းကျော်၊ တင့်ကားများ အမြောက်များနှင့် အခြား တပ်နီတော်အတွက် လိုအပ်သည့် အရေးကြီးသော ကိရိယာပစ္စည်းများစွာကို မနေမနား ကြိုးပမ်းတကုတ် ထုတ်လုပ်ပေးခဲ့ကြ၏။ ထိုကြောင့် ဆိုဗီယက် ဆိုရှယ်လစ်အစိုးရက ဤအလုပ်ရုံမှ အလုပ်သမားတို့အား ‘အလုပ်သမား သူရဲကောင်းများ’ ဟူသောဘွဲ့ထူး ဖြင့် ချီးကျူးထောပနာ ပြုခဲ့ရ၏။ ဆရာကြီးဂေါ်ကီ ခေတ်က အလုပ်သမားများ ဖြစ်ကြသဖြင့် အသက်အရွယ် ကြီးရင့်ကုန်ကြပြီ ဖြစ်သောကြောင့် အစိုးရ၏ အထောက်အပံ့ဖြင့် အနားယူလျက်ရှိကြသည့် အလုပ်သမားကြီးများကပင် ဤမျိုးချစ်မဟာ စစ်ပွဲအတွင်းက အလုပ်ခွင်သို့ ပြန်ဝင်ကြပြီး သူတို့ကိုယ်တိုင် တိုက်ပွဲဝင်၍ ဝိုင်းဝန်းထူထောင် ကြသော အဖဆိုရှယ်လစ်နိုင်ငံတော် စစ်အောင်နိုင်ရေးအတွက် လုပ်အားပင် ဝင်၍ပေးခဲ့ကြလေ သည်။
ဒုတိယအချက်ကား ဤသို့ ဖြစ်၏။ အချို့ စာပေဝေဖန်ရေးသမားများက ဆရာကြီး ဂေါ်ကီသည် ဤအမေ ဝတ္ထုတွင် အလုပ်သမားတို့၏ သံမဏိခေါင်းဆောင် ပါဗယ်ကို အဓိကဇာတ်ဆောင် မလုပ်ဘဲ ဘဝကို ကြောက်လှသည့် ကြောက်လန့်မှုတို့မှလည်းကောင်း၊ ဘာသာအယူဝါဒရေးရာ ထမ်းပိုးတုံးအောက်မှ လည်းကောင်း ပြင်းပြင်းထန်ထန် ရုန်းကန်း ထွက်လာခဲ့ရသည့် ပါဗယ်၏မိခင် နစ်လော့(ဗ်)နာကိုမှ အဘယ်ကြောင့် အဓိက ဇာတ်ဆောင် လုပ်ထားရသနည်း ဟူ၍ အမျိုးမျိုး ဝေဖန်ပြောဆိုကြ၏။
ဆရာကြီးသည် ထိုစဉ်က နိုးကြားတက်ကြွလျက် ဘဝသစ် ထူထောင်ရေးအတွက် သူတို့အပေါ်တွင် ဖိစီးနှိပ်စက်နေသော စနစ်ဟောင်း စနစ်ယုတ်တို့ကို တော်လှန်ဖြိုဖျက်လျက် ရှိသော အလုပ်သမားတို့ထက် နစ်လော့ဗ်နာကို ပွဲထုတ်ခဲ့သည်မှာ အကြောင်းရှိ၏။
ဆရာကြီးသည် တော်လှန်ရေးတိုက်ပွဲ အကြောင်းမျှလောက်ကိုသာ ရေးလိုက်၊ ဖွဲ့လိုက်လျှင် သူ၏ ဝတ္ထုတခုခုကို ဓာတ်ပုံရိုက်ပြသကဲ့သို့ အသက်မဝင်ဘဲ ခန်းခြောက်သွားမည်ဖြစ်၏။ ၎င်းပြင် ပြည်သူ့စာပေသမားတို့ အမြဲလက်ကိုင်ပြုကြရမည်ဟု သူ အမြဲတစေ ဟောပြောခဲ့သည့် ဆိုရှယ်လစ် ပရမတ္ထသစ္စာ ဟူသော စာပေရေးရာ သဘောတရားကို စွန့်ပယ်ရာလည်း ရောက်ပေမည်။ ဤသဘောတရားအရ ပြည်သူ့စာရေးဆရာ တယောက်သည် ရှိနေ၊ မြင်နေသော အခြေအနေတို့ကို အခြေခံ၍ ပြည်သူလူထုအား သူ၏စာပေဖြင့် ၎င်းတို့ကို ဖိနှိပ်နေသည့် စနစ်ဆိုး၊ စနစ်ယုတ်တို့ကို စက်ဆုပ်ရွံရှာလာအောင် ပြနိုင်ရမည်။ ဤစနစ်ဆိုး၊ စနစ်ယုတ်တို့၏ အဓိကအကြောင်းရင်းတို့ကို ကွင်းကွင်းကွက်ကွက် မြင်လာအောင် ဖော်ထုတ်ပြရမည်။ သူတို့၏စွမ်းပကား မည်မျှ ကြီးမား တောင့်တင်းသည်ကို မြင်အောင် ပြရမည်။ တော်လှန်ရေး၏ အလားအလာကို ညွှန်ပြနိုင်ရမည်။ ၎င်းပြင် တော်လှန်ရေး၏ အောင်ပွဲအတွက် သူတို့အား ပညာပေးနိုင်ရမည်။ စည်းရုံးနိုင်ရမည်။ တိုက်ပွဲအတွက် စစ်စည် စစ်မောင်းတို့ကို တီးပေးရမည်။ စစ်ခရာတို့ကိုလည်း မှုတ်ပေးရမည် ဖြစ်၏။
ဤဝတ္ထုတွင် ဆရာကြီးသည် ဤသဘောတရားအရ ပြည်သူ့ဘက်တော်သား ပြည်သူလူထု အတွက် တိုက်ပွဲဝင်နေသည့် အမျိုးသမီးတယောက်၏ စိတ်ဓာတ်သည် တော်လှန်ရေး မီးတောက်မီးလျှံများအကြားမှ မည်မျှမြင့်မြတ် မာကျော ပြင်းထန်လာသည်ကို ညွှန်ပြခဲ့၏။ အသိဉာဏ် ဆင်ခြင်တုံတရားနှင့် လူသားစိတ် လုံးဝမရှိဘဲ ဖုတ်သက်ဖြင့်သာ လှုပ်ရှားလျက် ရှိကြသည့် ဇာအစိုးရ၏ စစ်တပ်များ၊ စစ်ပုလိပ်များ၊ စုံထောက်များ၊ တရားရုံးများ၊ အကျဉ်းထောင်များကို ယခင်က အလွန်ကြောက်ခဲ့ပြီး တော်လှန်ရေး လင်းရောင်ခြည်ကို ရလျှင်ရချင်း လူသားအချင်းချင်း ဖိနှိပ်ချုပ်ချယ် ညှဉ်းပန်းရာတွင် အသုံးပြုနေသည့် ဤကိရိယာ တန်ဆာတို့၏ အားအင်ချည့်နဲ့မှု၊ ပျော့ညံ့မှု၊ ယုတ်မာမှုတို့ကို တဖက်မှ ကောင်းကောင်းကြီး သိမြင်နားလည်ပြီး အခြားတဖက်မှလည်း ပြည်သူလူထု၏ အားအင်ကို သိပ်သည်း ခိုင်မာလာအောင် စုစည်းနိုင်လိုက်သည်နှင့် တပြိုင်နက် ဇာအစိုးရကို အကာအကွယ် ပေးနေကြသည့် ဤအထက်ပါ နံရံတံတိုင်းဟောင်းတို့သည် ခြေထောက်နှင့် တချက်မျှ ဆောင့်ကန်လိုက်ရုံနှင့် ဒယိမ်းဒယိုင် ယိုင်လဲပြိုကွဲသွားရမည်ကို အခိုင်အမာ ယုံကြည်လာသည့် နစ်လော့ဗ်နာ၏စိတ်ဓာတ်သည် ယခင်က အလွန်ဟောင်းနွမ်း သိမ်ဖျင်းလှသည့်အဖြစ်မှ မည်ကဲ့သို့ သစ်လွင် မြင့်မားလာသည်ကိုလည်း လက်ဝါးပေါ်တွင် တင်၍ပြခဲ့၏။ ထိုမျှမက အလုပ်သမား လူတန်းစားသည် အရင်းရှင်တို့ကို တိုက်ရာတွင် သူ၏အဓိက အင်အားစုဖြစ်သည့် တောင်သူလယ်သမား လူတန်းစားကို မည်သို့ မည်ပုံ စည်းရုံးရမည်ကိုလည်း လမ်းညွှန်ခဲ့၏။ ဓနရှင်ပေါက်စ ပညာတတ် လူတန်းစားသည် ပစ္စည်းမဲ့လူတန်းစားနှင့် လက်တွဲပြီး မည်သို့ မည်ပုံ တော်လှန်ရေးကို အလုပ်အကျွေးပြုနိုင်သည်ကိုလည်း ဖော်ထုတ်ခဲ့၏။ တဖက်မှ ဤအချက်ကို ဖော်ထုတ်ပြီး အခြားတဖက်မှလည်း လယ်သမားလူတန်းစားနှင့် ဓနရှင်ပေါက်စ ပညာတတ်တို့ ၏ ဉာဉ်ဆိုးများ၊ ပျော့ကွက်များကိုလည်း မသိမသာ ဖော်ထုတ်၍ တိုက်ချွတ်ပေးခဲ့ပြန်၏။ ဤသည်တို့ကား ဆရာကြီး၏ ‘အမေ’ ဝတ္ထုထဲမှ ရသနှင့် ဂုဏ်မြောက်မှုတို့ကို ကျဉ်းချုံး၍ ဖော်ပြခြင်း ဖြစ်ပါသည်။
ထိုမျှမကသေး၊ ရုရှား စာပေသမိုင်းတွင် ဆရာကြီး စာပေနယ်ထဲသို့ မရောက်မီ ကျော်ကြား ထင်ရှားခဲ့ကြပြီး စာပေလောက၌ သြဇာတိက္ကမ ကြီးမားခဲ့ကြသည့် ဒေါ့တို ယက်ဗ်စကီးနှင့် တော်လ်စတွိုင်းတို့၏ အရှိန်အဝါကို ဆရာကြီးသည် သူ၏ဆိုရှယ်လစ် စာပေသဘောတရားဖြင့် မည်ကဲ့သို့ ဖြိုခွင်းခဲ့ကြောင်းကို ‘အမေ’ ဝတ္ထုကို စံချိန်ထား၍ အနည်းငယ် ဖော်ပြလိုပါသေးသည်။
ဒေါ့တိုယက်ဗ်စကီသည် တော်လှန်ရေးတိုက်ပွဲကြောင့် ပြည်သူလူထုသည် တဦးအပေါ်တဦး ပို၍ ရန်မူကြပြီး ပို၍ အကြင်နာမဲ့ကာ၊ ပို၍ ရက်စက်ကြမ်းကြုတ်လာမည်ကို ကြောက်၏။ လူသား၏ အနှစ်သာရကို ကောင်းစွာသိပြီး လူသားကို အရာရာ တီထွင် ဖန်တီးနိုင်စွမ်း ရှိသည့် ဘုရားသခင်အဖြစ် မြင်ထားသော ဆရာကြီးဂေါ်ကီကမူ တော်လှန်ရေးမီးပြင်း တိုက်ပေးမှသာ လူသားသည် လူမဆန်သည့် အမူအကျင့်များနှင့် အတ္တဝါဒများမှ ကင်းစင်ပပျောက်နိုင်သည်ကို ပြခဲ့၏။ ဤသို့မြင်သည်မှာလည်း ဆရာကြီးသည် စနစ်ဆိုး စနစ်ယုတ်တို့ကြောင့် လူသားသည် မယုတ်မာချင်ဘဲ ယုတ်မာ၊ မရက်စက်ချင်ဘဲ ရက်စက်၊ မကြမ်းတမ်းချင်ဘဲ ကြမ်းတမ်း၊ မရိုင်းစိုင်းချင်ဘဲ ရိုင်းစိုင်းပြီး အတ္တမဆန်ချင်ဘဲနှင့် ဆန်နေကြရသည်ကို သူ၏ ခက်ထန် ကြမ်းတမ်းလှသည့် ဘဝက သူ့ကို သင်ပြထားခြင်းကြောင့် ဖြစ်၏။ တဖန် တော်လ်စတွိုင်းက ရုရှားပြည်သူလူထုတို့အား ထာဝရ ဘုရားသခင်၏ ဒေသနာတော်ဖြင့် ကိုယ့်စိတ်ကို စင်ကြယ်အောင် ဆေးကြောခြင်း၊ နိုင်ငံရေးလုပ်ငန်းတို့ကို ရှောင်ကြဉ်ခြင်း၊ ဖိစီးနှိပ်စက်မှုတို့ကို အကြမ်းနည်းမဖက်ဘဲ မေတ္တာဝါဒ အနုနည်းသက်သက်ဖြင့် တွန်းလှန်ခြင်း စသည့် ကျင့်စဉ်တို့ဖြင့် သူတို့၏ အငတ်ငတ် အပြတ်ပြတ် လူချင်းမတူ သူချင်းမမျှသည့် ဘဝမှ လွတ်မြောက်အောင် ရုန်းကန်ရမည်ဟု ညွှန်ပြခဲ့၏။ သို့သော် ဆရာကြီးဂေါ်ကီကမူ တော်လှန်ရေး တိုက်ပွဲများတွင် ပါဝင် ဆင်နွှဲနေရာမှ အမေက...
“သင်းတို့တတွေက ငါရဲ့ရှင်သန် တက်ကြွနေတဲ့ စိတ်ဓာတ်ကို ဘယ်တော့မှ မသတ်နိုင်ဘူး” ဟု အော်ဝံ့၊ ကြုံးဝါးဝံ့သည်အထိ စိတ်အားထက်သန် မာကျော တောင့်တင်းလာသည်ကို ပြခဲ့၏။ ဤစကားတို့ဖြင့် မိမိခွန်အားကို မိမိ မည်မျှကြီးမားကြောင်း မသိဘဲ ဇာအစိုးရနှင့် အရင်းရှင်တို့၏ သံခွာအောက်တွင် ပြားပြားဝပ်နေကြရသည့် ရုရှားပြည်သူလူထုကို တပ်လှန့်၍ နှိုးခဲ့၏။ တော်လှန်ရေး လင်းရောင်ခြည် ထိုးပေးခဲ့၏။ သို့ တပ်လှန့်ခဲ့၊ လင်းရောင်ခြည် ထိုးခဲ့သဖြင့် ဆရာကြီးသည် မကြာခဏ ထောင်နန်းစံခဲ့ရ၏။ ထွက်ပြေး တိမ်းရှောင်ခဲ့ရ၏။
ဤဝတ္ထုကို အခန်းဆက်ဖြင့် မဂ္ဂဇင်းတစောင်ထဲ၌ ထည့်ခဲ့ရာ ပထမပိုင်း ရိုက်နှိပ်သည့် မဂ္ဂဇင်းတိုက်ကို ဇာအစိုးရက သိမ်း၍ ဖျက်ဆီးခဲ့၏။ ဒုတိယပိုင်းကိုမူ ဖြတ်တောက်ပစ်ရာ တခါတရံ အခန်းလိုက်ပင် ပြုတ်ခဲ့ရ၏။ ရုရှားပြည်အတွင်း လျှို့ဝှက်၍ ရိုက်နှိပ်ထုတ်ဝေသည့် စာအုပ်များနှင့် နိုင်ငံခြားတွင် ဘာသာပြန်၍ ထုတ်ဝေခဲ့သည့် စာအုပ်များမှအပ ရုရှားပြည်တွင် ဤဝတ္ထုကို နှစ်ပေါင်းအတော်ကြာ ပြည့်ပြည့်စုံစုံ မဖတ်ခဲ့ရချေ။ ‘အမေ’ သည် ဇာအစိုးရအား ဤမျှ ဒူးတုန်အောင် ခြိမ်းခြောက်နိုင်ခဲ့သည့်၊ တနည်းအားဖြင့် ဆိုရှယ်လစ်တော်လှန်ရေးအတွက် ဤမျှထက်မြက်သည့် လက်နက်တဆူ ဖြစ်ခဲ့လေသည်။
ဤနည်းဖြင့် ဆရာကြီးသည် ရုရှားစာပေသာမက ကမ္ဘာ့စာပေသမိုင်း၌ပါ သူ၏ ‘အမေ’ ဝတ္ထုဖြင့် တစ်ကဏ္ဍဖွင့်ခဲ့၏။
ထိုကြောင့်လည်း ဤဝတ္ထုကို ဘာသာပေါင်း ၄၂ ဘာသာနှင့် အကြိမ်ပေါင်း ၂၆ ကြိမ်ကျော် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရိုက်နှိပ်ထုတ်ဝေခဲ့ရသည်မှာ အံ့သြစရာ မဟုတ်ချေ။ အမှန်အားဖြင့် ‘အမေ’ ဝတ္ထုသည် အဖိနှိပ် အညှဉ်းဆဲခံ လူသားအားလုံးအတွက် သမ္မာကျမ်းစာ ဖြစ်သည်။
တတိယအချက်အနေနှင့် ဤစာအုပ်ကို ဘာသာပြန်ဆိုရာ၌ တွေ့ကြုံရသည့် အခက်အခဲတို့ကို တင်ပြလိုပါသည်။ ဘာသာပြန်ဆိုသူသည် ရုရှားစာကို တလုံးတပါဒမျှ တတ်သူ မဟုတ်သဖြင့် အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထားသည့်စာအုပ်ကို ပြန်ဆိုရခြင်းဖြစ်ရာ တဆင့်ခံ ဘာသာပြန် ဖြစ်နေရပါသည်။ လက်တွေ့ ပြန်ဆိုရာ၌လည်း ပထမပိုင်းတွင် အခက်အခဲ နည်းသလောက် ဒုတိယပိုင်း၌ အခက်အခဲ များနေသည်ကို တွေ့နေရပါသည်။ ဤအပိုင်း၌ အဘိဓမ္မောရေးရာ၊ စိတ္တဗေဒရေးရာ အသုံးအနှုန်း အရေးအဖွဲ့များ ပါနေ၏။ ဤကဲ့သို့ အခက်အခဲများနှင့် တွေ့ရသည့် အခါ အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထားသည့် စာမူ နှစ်ခုကို တခုနှင့်တခု တိုက်ကြည့်ရာ၊ ၎င်းတို့ချင်းလည်း မတူဘဲ ကွဲပြားနေသည်ကို တွေ့ရပြန်၏။ ဤစာမူနှစ်ခုအနက် တခုမှာ မော်စကိုမြို့ နိုင်ငံခြားစာပေ ဖြန့်ချိရေးဌာနမှ ထုတ်ဝေသည့်စာမူဖြစ်၍ အခြားတခုမှာမူ အိန္ဒိယပြည် ဂျိုက်ကိုစာပေတိုက်မှ ထုတ်ဝေသည့် စာမူ ဖြစ်၏။ သို့ဖြစ်၍ မည်သည့်စာမူက မှန်သည် မှားသည်ကို သိရန် မူရင်း ရုရှားဘာသာနှင့် ရိုက်နှိပ်ထားသည့်စာမူနှင့် တိုက်ကြည့်ရန် ဆိုဗီယက်သံရုံး ယဉ်ကျေးမှုဌာန ပထမအတွင်းဝန် မစ္စတာကစ်ရှားပ်ထံသို့ ပြေးရပြန်ပါသည်။
ဤကဲ့သို့ ကြိုးပမ်းရပြီး နောက်ဆုံး၌ မော်စကိုမြို့ နိုင်ငံခြားစာပေ ဖြန့်ချိရေးဌာနမှ ရိုက်နှိပ်သည့်စာမူကို မူမှန်ထားပြီး ဘာသာပြန်ဆိုခဲ့ပါသည်။
မည်သို့ပင်ဖြစ်စေ၊ ဗမာ့ခေတ်ပြောင်း တော်လှန်ရေးတွင် အဓိကအခန်းမှ ပါဝင်ဆောင်ရွက် ကြရမည့် ဗမာ့လူ့ဘောင်သစ်၏ ဗိသုကာများ ဖြစ်ကြရမည့် ဗမာပြည်သူလူထုအပေါ်နှင့် မူရင်းစာရေးဆရာ ဖြစ်သည့် ဆရာကြီးဂေါ်ကီတို့အပေါ်၌ ကျောက်တိုင်ကဲ့သို့ မယိမ်းမယိုင် ကြံ့ခိုင်လှသည့် သစ္စာတရားဖြင့် ပြန်ဆိုထားသည်ကိုမူ ရဲရဲကြီး အာမခံဝံ့ ပါသည်။ ထိုမျှမက အထက်တွင် ဖော်ပြခဲ့သည့် ခက်ခဲသော အကြောင်းအချက်တို့ကိုလည်း စာဖတ်သူတို့အဖို့ ရှင်းလင်းနားလည်သွားအောင် တတ်နိုင်သမျှ ကြိုးပမ်းထားပါသည်။ သို့ ကြိုးပမ်းထားချက် ကြောင့် ဆရာကြီးဂေါ်ကီ၏ မူရင်းစာပေကို မမီနိုင်စေကာမူ သူရေးသားလိုသည့် အခြေခံ သဘောထားနှင့် ရည်ရွယ်ချက်တို့ကိုမူ စာဖတ်သူ့ စိတ်ထဲ၌ ကောင်းစွာ ငုံမိနိုင်လိမ့်မည်ဟု ယုံကြည်ထားပါသည်။
နောက်ဆုံး၌ တိုင်းပြည်တပြည်အတွင်း တိုးတက်သည့် သစ်လွင်သာယာ ငြိမ်းချမ်းစိုပြည်သည့် စနစ်သစ်တရပ်ကို ထူထောင်တည်ဆောက်ရာတွင် စနစ်ဟောင်း၊ စနစ်ယုတ်တို့ကို တွယ်ဖက်၍ အကာအကွယ် ပေးနေကြပြီး လူသားအချင်းချင်း လူမဆန်ဘဲ၊ လူကို လူလို သဘောမထားဘဲ ခြယ်လှယ် ဖိစီးနှိပ်စက်ကာ စည်းစိမ်အမျိုးမျိုးကို ခံစားနေကြသူတို့၏ အင်အားသည် မည်သည့်ခေတ်၊ မည်သည့်ကာလမှာပဲဖြစ်ဖြစ် တကယ့်အင်အား၊ တကယ့်စွမ်းပကား မဟုတ်ဘဲ ပြည်သူလူထုက မှန်ကန်မွန်မြတ်လှသည့် တော်လှန်သော သစ္စာတရားကို လက်ကိုင်ထားပြီး တညီတည်း တညွတ်တည်း ရုန်းကန် တွန်းလှန်ပစ်လိုက်လျှင် အခြေမခိုင်ဘဲ ယိမ်းယိုင်နေသည့် အိမ်အိုအိမ်ဆွေးကြီးကဲ့သို့ ပြည်သူလူထု၏ တော်လှန်ရေးမုန်တိုင်းအောက်တွင် ပြား၍သွားရမည် ဟူသော တော်လှန်သော ဝိဇ္ဇာတရားသည် စာဖတ်သူ၏ စိတ်ထဲ၌ ပေါ်လာပြီး အမြဲတမ်း ထွန်းတောက်သွားမည်ဆိုလျှင် ဘာသာပြန်ဆိုသူသည် ‘ဇိတံ-မေ’ ‘ဇိတံ-မေ’ ဟူ၍ လက်သီး လက်မောင်းတန်းကာ ဥဒါန်းကျူးလိုက်ရုံသာ ရှိပါတော့သည်။
တောင်တွင်း ကိုကိုကြီး
၁၈၊ ၁၊ ၇၃
ပထမပိုင်း
အခန်း တစ်
မှိုင်းများ ထူထပ်၍ ဆီချေးနံ့ သက်နေသော လေထုသည် အလုပ်သမားတို့ နေထိုင်ရာ ရပ်ကွက်ကို ဖုံးအုပ်လျက်ရှိ၏။ နေ့စဉ် စက်ရုံမှ ဥသြသံသည် ဤလေထုအတွင်း၌ ကျယ်လောင် တုန်ယင်စွာ မြည်ဟည်းလေ့ရှိ၏။ ဥသြသံကြားလိုက်လျှင် တနေကုန် တနေခန်း အလုပ်ခွင်၌ ကုန်ခန်းခဲ့ရသော အားအင်တို့ကို ပြည့်အောင်ပင် မအိပ်လိုက်ရသေးသည့် အလုပ်သမားတို့သည် သုန်သုန်မှုန်မှုန်ဖြင့် သူတို့၏ ညစ်ထည်းထည်းအိမ်များမှ ထွက်လာကြ၏။ တစုံတခုကို ကြောက်ရွံ့ ထိတ်လန့်၍ မိမိတို့ ခိုအောင်းရာ ချောင်ကြိုချောင်ကြားတို့မှ ထွက်လာကြသည့် ပိုးဟပ်များသဖွယ် သုတ်သီးသုတ်ပျာနိုင်လှ၏။ အအေးထု၊ အမှောင်ထုအတွင်းမှဖြတ်၍ စက်ရုံဝင်းအတွင်းမှ ကျောက်များဖြင့် ဆောက်လုပ်ထားကြသည့် မြင့်မားသော အခန်းများဆီသို့ ရှေးရှုလျက်ရှိကြ၏။ သူတို့ လျှောက်လာကြသည့် လမ်းပေါ်သို့ စက်ရုံမှ မှိုင်းများတက်နေသည့် မီးအိမ်များမှ မီးရောင်သည် ဝိုးတိုးဝါးတား ထိုးကျနေ၏။ သူတို့၏ ခြေထောက်များအောက်၌ ရွှံ့များသည် တစွက်စွက် မြည်လျက်ရှိ၏။ သူတို့သည် ကြမ်းတမ်းသော လေသံများနှင့် အိပ်မှုန်စုံမွှား အော်ဟစ်နေကြရာ သူတို့၏ ကျိန်သံဆဲသံတို့ဖြင့် သောသောညံနေတော့၏။ စက်ရုံမှ လေးလံသော စက်သံနှင့် ရေနွေးငွေ့သံတို့ကား သူတို့ကို ဆီးကြိုနေကြ၏။ မြင့်မား၍ မည်းနက်သော စက်ရုံခေါင်းတိုင်ကြီးများသည် အထက်ပါ အလုပ်သမားများ ပျော်စံရာ ရပ်ကွက်ပေါ်မှ ကောင်းကင်ဆီသို့ ငွားငွားစွင့်စွင့် ထိုးတက်လျက် ရှိကြ၏။
အိမ်ပြတင်းပေါက်များပေါ်သို့ ထိုးကျနေသော ညနေချမ်း နေရောင်ခြည်သည် မှေးမှိန်စ ပြုလာသောအခါ အလုပ်သမားများသည်လည်း စက်ရုံဝင်းအတွင်းမှ ထွက်လာကြပြန်၏။ ဤအချိန်၌ သူတို့၏ပုံပန်းသည် စက်ရုံအစာအိမ်အတွင်းမှ စွန့်ထုတ်ပစ်လိုက်သည့် အညစ်အကြေးများနှင့် တူလှ၏။ နံနက်စောစောက စက်ရုံသို့သွားသည့် လမ်းပေါ်သို့ပင် တဖန် ပြန်တက်ကြပြန်၏။ သူတို့၏ မျက်နှာများကား ဆီချေး၊ အိုးမဲတို့ဖြင့် လိမ်းကျံ ညစ်ထေးလျက် ရှိကြ၏။ ထိုမည်းနက်နေသည့် မျက်နှာများမှ ဖြူဖွေးသည့် သွားများသည် သူတို့ ပြုံးလိုက် ရယ်လိုက်တိုင်း ပေါ်လာကြ၏။ သူတို့ကိုယ်များကမူ စေးကပ်သည့် စက်ဆီနံ့များ ထွက်လာကြ၏။ တနေ့တာ လုပ်ငန်းဆောင်တာများ ပြီးကြပြီဖြစ်၍ အိမ်ပြန်ရောက်လျှင် ညစာစားကာ အပန်းဖြေကြရတော့မည် ဖြစ်သဖြင့် မနက်စောစောကနှင့် မတူ၊ ပျော်ပျော်ရွှင်ရွှင် စကားများဖောင်လျက် ရှိကြလေသည်။
နေ့ကို စက်ရုံက မျိုဝါးလိုက်ပြီး အလုပ်သမားတို့၏ ခွန်အားတို့ကို စက်ရုံအတွင်းရှိ စက်ယန္တရား များကပင် စုပ်ယူလိုက်ချေပြီ။ တနေ့တာကား ဘာတခုမျှ အစအန မကျန်ရစ်တော့ဘဲ ကုန်ဆုံးခဲ့ရချေပြီ။ အလုပ်သမားတို့သည် သင်္ချိုင်းဆီသို့ တနေ့ပို၍ ခရီးပေါက်ခဲ့ချေလေပြီ။ သို့လျက်နှင့်ပင် သူတို့သည် အနားယူရတော့မည့်အရေးနှင့် ဆေးလိပ်ခိုး၊ ဆေးလိပ်ငွေ့တို့ဖြင့် ပြည့်နှက်လျက်ရှိသော အရက်ဆိုင်ကို မျှော်မှန်းလျက် စိတ်အချမ်းမြေ့ကြီး ချမ်းမြေ့လျက် ရှိကြ၏။ သူတို့ကား ကိုယ့်ဘဝနှင့်ကိုယ် ကျေနပ်နေကြလေသည်။
စနေ၊ တနင်္ဂနွေနေ့များ၌ သူတို့သည် နံနက် ၁ဝ နာရီထိ အိပ်ကြ၍ အရိုအသေခံ လူကြီးလူကောင်းတို့သည် လူငယ်များအား ဘာသာရေးကို ကိုင်းရှိုင်းမှု မရှိဟု ကြိမ်းမောင်း မာန်မဲကာ ဝတ်ကောင်းစားလှတို့ကို ဝတ်ဆင်လျက် ဘုရားရှိခိုးကျောင်းသို့ သွားကြ၏။ ဘုရားဝတ်တက်ကြပြီးနောက် အိမ်သို့ပြန်လာကြ၏။ ထိုနောက် သားငါးသွတ်ထားသည့် မုန့်များကို စားကြ၍ ညနေအထိ အိပ်ကြပြန်သည်။
ဤကဲ့သို့ နှစ်ကာလရှည်လျားစွာ ပင်ပင်ပန်းပန်း နွမ်းနွမ်းရိရိနှင့် အလုပ်လုပ်ကြရသဖြင့် အစားအစာတို့ကို မစားချင်၊ မသောက်ချင်ဖြစ်ကာ ခံတွင်းပျက်လာကြသောအခါ ခံတွင်း လိုက်အောင် အရက်ကို သောက်ကြ၏။ သို့ဖြင့် ဗော်ဒကာအရက်၏ ပူလောင်လှသည့် အစွမ်းသတ္တိဖြင့် သူတို့၏ ပျက်နေသော ခံတွင်းများသည် တဖန် ပြန်ကောင်းလာကြရ၏။
ညနေချမ်းအခါများ၌ လမ်းလျှောက်ကြ၏။ မိုးခံဖိနပ် လည်ရှည်ကြီးများကို ဝတ်နိုင်၊ စီးနိုင်သူ တို့သည် မိုးခြောက်ခြောက်၌ လမ်းလျှောက်ကြရသည့်တိုင်အောင် ထိုဖိနပ်ကြီးများကို စီးကြ၍ ထီးဝယ်ဆောင်းနိုင်သူများကလည်း မိုးရိပ်မိုးခြည် မရှိဘဲ ထီးများကို ကိုင်ကာ လမ်းလျှောက်ကြ လေသည်။
မိတ်ဆွေအချင်းချင်း တွေ့ကြလျှင် အလုပ်ရုံအကြောင်း၊ စက်များအကြောင်းနှင့် သူတို့၏ ဦးစီးခေါင်းကိုင် အလုပ်သမားများအကြောင်းကိုသာ ပြောကြ၏။ သူတို့သည် သူတို့လုပ်ငန်းနှင့် မပတ်သက်သည့် အရေးကိစ္စတို့နှင့် စပ်လျဉ်း၍ ဘယ်တော့မျှလည်း မတွေးခဲ့။ စကားစပ်၍လည်း မပြောကြချေ။ ဤကဲ့သို့ ထုံထိုင်းငြီးငွေ့ဖွယ်ရာ ဘဝအတွင်းမှာပင် ရံဖန်ရံခါ အတွေးသစ်ကလေး များသည် သူတို့၏ ဦးခေါင်းများအတွင်းသို့ လျှပ်ပြက်လိုက်သကဲ့သို့ ပြိုးပြိုးပြက်ပြက် ဝင်ဝင်လာကြသေး၏။ ယောက်ျားများသည် အလုပ်ခွင်မှ အိမ်သို့ပြန်လာလျှင် သူတို့၏ အိမ်သူဇနီးတို့အား ဆဲရေး ဆူပူကြ၏။ မကြာခဏလည်း ရိုက်ကြနှက်ကြ၏။ လူငယ်များကား အရက်ဆိုင်များ သို့မဟုတ် သူတို့၏ အပေါင်းအသင်းများ အိမ်သို့ သွားကြ၍ အကော်ဒီယံတို့ကို တီးကြ၏။ ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်း သီချင်းတို့ကို သီဆိုကြ၏။ ကကြခုန်ကြ၏။ တယောက်နှင့် တယောက်လည်း ကျိန်ကြ ဆဲကြ၏။ မူးလည်း မူးကြ၏။ အလုပ်ကြမ်း လုပ်ကြရသဖြင့် ပင်ပန်းနွမ်းရိနေကြရာ အရက်သောက်လျှင် မူးလွယ်ယစ်လွယ်ကြ၏။ မည်သည့်ကိစ္စ၊ မည်သည့်အရေးအခင်းကြောင့် ဖြစ်ရသည်ဟူ၍ အကြောင်းယုတ္တိ တတ်တတ်တူတူ မပြနိုင်သည့် ဒေါသအမျက်သည် သူတို့၏ရင်တွင်း၌ ကိန်းဝပ်လျက်ရှိရာ၊ ဤအမျက်ဒေါသသည် ထွက်ပေါက်ကို ရှာလျက်ရှိ၏။ ထိုကြောင့် တဦးနှင့်တဦး၊ တယောက်နှင့် တယောက် အချင်းချင်း တိရစ္ဆာန်များသဖွယ် ရက်ရက်စက်စက် သတ်ကြ ဖြတ်ကြရန် အကွက်ကောင်းကိုသာ စောင့်မျှော်နေကြ၏။ ဤနည်းဖြင့် သွေးထွက်သံယို ဖြစ်ကြရ၏။ တခါတရံ သေကြ ကျေကြရလေသည်။
သူတို့သည် လူသားအချင်းချင်း ဆက်ဆံရာ၌ ရန်ငြိုးသိုသည့် စိတ်ထားနှင့် ဆက်ဆံတတ်ကြ၏။ ဤစိတ်ထားသည် သူတို့နှလုံးအိမ်ထဲ၌ မည်သည့်အချိန်၊ မည်သည့်ကာလမှစ၍ ကိန်းဝပ်ခဲ့သည် ကား မသိချေ။ သူတို့သည် ဤညစ်ညမ်းသည့်စိတ်ထားကို သူတို့၏ မိဘဘိုးဘွားများထံမှ အမွေဆက်ခံခဲ့ကြရာ၊ ဤစိတ်ထားသည် သေသည်အထိ သူတို့၏နှလုံးအိမ်ထဲ၌ အမြဲတမ်း ကိန်းဝပ်နေ၍ အမြော်အမြင် ကင်းမဲ့လှသည့် ရက်စက် ကြမ်းကြုတ်မှုတို့ကိုပင် ကျူးလွန်ခဲ့ကြ လေသည်။
တနင်္ဂနွေနေ့များ၌ လူငယ်တို့သည် အဝတ်အစား ပြဲသူကပြဲ၊ ရွှံ့ညွန်များ လူးသူကလူး၊ နှာခေါင်းသွေး ထွက်သူကထွက်၊ မျက်ကွင်းများ ညိုသူကညိုနှင့် ညဉ့်အတော်နက်မှ ပြန်လာတတ်ကြ၏။ တခါတခါ သူတို့၏ အပေါင်းအသင်း ရောင်းရင်းတို့ကို သူတို့က ရိုက်ခဲ့၊ နှက်ခဲ့၊ ထိုးခဲ့၊ ကြိတ်ခဲ့ကြသည်ကို ပက်ပက်စက်စက် စားမြုံ့ပြန်နေတတ်ကြ၏။ တခါတခါ၌ လည်း သူတို့တတွေအား ရန်စလိုက်သည်ကို မကျေနိုင်၊ မချမ်းနိုင်၊ ဟစ်အော် ဆူပူနေကြပြန်၏။ သူတို့တတွေကား မူးနေကြ၏။ သနားစရာလည်း ကောင်း၏။ ဆင်းရဲဒုက္ခလည်း ရောက်နေကြ ၏။ မုန်းလည်း မုန်းတီးစရာကောင်း၏။ မကြာခဏ အမိအဖတို့သည် သူတို့၏သားများကို အိမ်ဝင်းထရံရိပ်များ သို့မဟုတ် အရက်ဆိုင်များ၌ လူမှန်းသူမှန်း မသိအောင် မူးယစ်ပြီး လေးဖက်ပစ်ကာ လဲနေကြသည်ကို တွေ့ကြရသည်။
ထိုကဲ့သို့သောအခါများတွင် သူတို့သည် အရက်နံ့ တထောင်းထောင်းထနေသည့် သူတို့၏ သားများကို ထုကြရိုက်ကြ၏။ ရုန့်ရင်းကြမ်းတမ်းစွာ ကျိန်ဆဲကြ၏။ အိမ်သို့ ခေါ်လာပြီး အတင်းသိပ်ကြ၏။ သို့ရာတွင် လူငယ်များကား နံနက်စောစော စက်ရုံ ဥသြမှုတ်လိုက်လျှင် မလင်းတလင်း အရုဏ်ရောင်အတွင်း၌ စီတန်း၍ ထွက်လာကြပြလေသည်။
မိဘများသည် သူတို့၏ ကလေးငယ်များကို အညှာအတာမရှိ ရိုက်ကြနှက်ကြ၏။ သို့ရာတွင် လူငယ်များ တယောက်နှင့်တယောက် သတ်ကြ၊ ပုတ်ကြ၊ သောက်ကြ၊ မူးကြခြင်းကား ထူးဆန်းသည့် အရေးကိစ္စများ မဟုတ်တော့ပြီ။ နေ့စဉ်လုပ်နေကျ လုပ်ငန်းများဖြစ်၍ ရိုးနေပေပြီ။ ဤလူငယ်တို့၏ဖခင်များလည်း ငယ်ရာက ကြီးလာကြရသည့်အလျောက် သူတို့ခေတ်၊ သူတို့အခါကလည်း ဤကဲ့သို့ပင် သောက်ကြ၊ စားကြ၊ မူးကြ၊ ယစ်ကြ၊ သတ်ကြ၊ ပုတ်ကြသဖြင့် သူတို့၏မိဘများ၏ အရိုက်အနှက်တို့ကို ခံခဲ့ကြရ၏။ ခေတ်အဆက်ဆက်မှ သူတို့၏ဘဝကား ဘာမျှ ပြောင်းလဲမှု၊ ထူးခြားမှု မရှိ၊ ဘဝရေစီးကြောင်းကား တနှစ်ကုန်၍ တနှစ်ဆန်းသော်လည်း ဆန်းမလာ၊ သစ်မလာချေ။ ရွှံ့ညွန်ထူပြောလှသည့် ချောင်းကြီးသဖွယ် တအိအိနှင့် တရွေ့ရွေ့ စီးဆင်းလျက်သာ နေတော့၏။ အရေးကိစ္စ ဟူသမျှသည် ရိုးတွင်းခြင်ဆီသို့ ခိုက်အောင် စွဲနေကြသည့် သမားရိုးကျ တွေးခေါ်ပုံ တွေးခေါ်နည်းတို့အရ၊ တခုနှင့်တခု ဆက်စပ်လျက် ရှိကြ၏။ တနေဝင်၍ တမိုးသောက်သော်လည်း သူတို့၏ အလုပ်ကား ထူးခြားသည် မရှိ၊ မူပြောင်းသည်မရှိ၊ အဖလက်ထက်လည်း ဤအလုပ်၊ သားခေတ် ရောက်ပြန်တော့လည်း ဤအလုပ်ကိုပင် အဖန်တလဲလဲ လုပ်ကိုင်နေကြရလေသည်။
တခါတခါ အလုပ်သမားများ ပျော်စံရာ ဤရပ်ကွက်အတွင်းသို့ အခြားဒေသများမှ လူသစ်များ အလုပ်လုပ်ရန် လာရောက်နေထိုင်ကြ၏။ ပထမ၌ အလုပ်သမားများသည် ဤလူသစ်များ အပေါ်၌ ဧည့်သည်များဖြစ်သည်ဟူသော သဘောထားနှင့် အာရုံ ညွှတ်မိကြ၏။ ထိုနောက် ဤလူသစ်များ ယခင်က နေထိုင်လုပ်ကိုင်ခဲ့ဖူးကြသည့် နယ်မြေဒေသများအကြောင်းကို ကြားကြသောအခါ တကယ်တမ်း စိတ်ပါဝင်စားမှု မရှိကြတော့ဘဲ “အင်း၊ ဟုတ်ကဲ့” စသည့် စကားတို့ဖြင့် ခေါင်းညိတ်ရုံသာ ညိတ်ကြတော့၏။ များမကြာမီ ဤလူသစ်များ ပြောကြ ဆိုကြသည့် စကားတို့တွင် အသစ်အဆန်းဟူ၍ မရှိတော့ဘဲ ၎င်းတို့ပြောကြသော အကြောင်းခြင်းရာများသည် ရိုးလာကြ၍ အိမ်ခံအလုပ်သမားတို့က အရေးဂရုမစိုက်ကြတော့ချေ။
ဤလူသစ်များ ပြောကြ၊ ဆိုကြသည့် စကားတို့ကို ထောက်လျှင် နယ်မြေဒေသချင်း ကွဲပြားငြားသော်လည်း အလုပ်သမားတို့၏ဘဝကား တနေရာနှင့် တနေရာ အတူတူပင် ဖြစ်နေ၏။ ဤကဲ့သို့ဖြစ်ရာ၊ လူသစ် အလုပ်သမားတို့အတွက် လူဟောင်း အလုပ်သမားတို့ စိတ်ပါဝင်စားဖွယ်ရာ ကောင်းလောက်အောင် ဘာမျှ အသစ်အဆန်းဟူ၍ ပြောစရာ မရှိကြတော့ပြီ။
သို့သော် အချို့လူသစ်အလုပ်သမားများ ပြောကြားသည့်စကားတို့ကား လူဟောင်းအလုပ်သမား တို့အတွက် အသစ်အဆန်း ဖြစ်နေ၏။ ဤကဲ့သို့သော စကားများကို ကြားကြရသည့်အခါများ၌ မည်သူကမျှ အတိုက်အခံ အငြင်းအခုံ မလုပ်ဘဲ မယုံသည့် သဘောလောက်ဖြင့်သာ နားထောင် နေတတ်ကြ၏။ ဤစကားများကြောင့် အချို့က ဒေါသထွက်မိကြ၏။ အချို့က မည်သည့် အရေးကိစ္စကြောင့်ဟူ၍ မပြောတတ်ဘဲ ကြောက်လန့် တုန်လှုပ်မိကြ၏။ အချို့ကမူ သူတို့၏ ဘဝအတွက် ဝိုးတိုးဝါးတား မျှော်လင့်ချက် ထားမိကြ၏။ ဤကဲ့သို့သောအခါများ၌ ကြောက်လန့် တုန်လှုပ်မှုများ ပြေပျောက်စေရန် အရက်ကို ပို၍ သောက်တတ်ကြရာ၊ သူတို့၏ဘဝသည် ပို၍ ရှုပ်ထွေးလာလေတော့သည်။
လူဟောင်းအလုပ်သမားများသည် လူသစ်အလုပ်သမားများထဲမှ တစုံတယောက်သောသူအား သူတို့နှင့် မတူဘဲ တစုံတခု ကွဲပြားခြားနားနေသည်ကိုတွေ့လျှင် မနှစ်ခြိုက်ကြပေ။ သူတို့သည် သူတို့နှင့် အနေအထိုင်၊ အမူအကျင့်၊ အတွေးအခေါ် အပြောအဆို မတူသူ တဦးတယောက်ကို တွေ့လျှင် အရောတဝင် ဆက်ဆံခြင်း မပြုကြတော့ဘဲ သတိထား၍ ပြောဆို ပြုမူတတ်ကြ၏။ သူတို့သည် ငြီးငွေ့ဖွယ်ရာ သူတို့၏ဘဝ ကပြောင်းကပြန် ဖြစ်သွားမည်ကိုပင် ကြောက်ရွံ့ တုန်လှုပ်မိကြ၏။ သူတို့၏ဘဝကား ခက်ခဲကျပ်တည်းလှသည် မှန်၏။ သို့ရာတွင် ဘာတခုမျှ လှုပ်လှုပ်ရွရွမရှိ အလွန်ငြိမ်သက်၏။ သူတို့သည် ခေတ်အဆက်ဆက်၊ မင်းအဆက်ဆက် ဘဝ၏ဒဏ်ကို ဤအတိုင်းပင် ခံလာခဲ့ကြ၏။ ၎င်းပြင် ဘဝ၏ ဤဖိစီးမှုမှ လွတ်မြောက်ရန် မျှော်လင့်ချက်ဟူ၍ လုံးဝ မရှိရကား တစုံတခု အပြောင်းအလဲ ဖြစ်လိုက်လျှင် သူတို့၏အပေါ်၌ ဖိစီးလျက်ရှိသည့် ဘဝ၏ဒဏ်သည် ပိုမို၍ ပြင်းထန်လာလိမ့်မည်ဟု တထစ်ချ ယုံကြည်ထားကြ လေသည်။
သူတို့သည် အတွေးအခေါ် အယူအဆသစ်တို့ကို ပြောဆိုသူနှင့် တွေ့လျှင် ဘာတခွန်းမျှ မပြောဘဲ ရှောင်ကွင်းတတ်ကြ၏။ ထိုကြောင့် လူသစ်အလုပ်သမားများသည် များသောအားဖြင့် ဤနေရာမှ ထွက်ခွာတတ်ကြ၏။ အကယ်၍ ဤလူဟောင်း အလုပ်သမားများနှင့် ကြုံခဲကြုံခေါင့် အတူတကွ နေခဲ့ရလျှင် သူတို့ကဲ့သို့ပင် ဘဝ၏ဒဏ်ကို ငြိမ်သက်စွာ ငုံ့၍ပင် ခံနေတတ်ကြ၏။ သို့မဟုတ်က သူတို့နှင့် ခပ်ခွာခွာ နေတတ်ကြလေသည်။
ဤကဲ့သို့ ရက်ကို လ စား၊ လကို နှစ်စားကာ ဘဝ၏ လေးလံလှသည့် ဒဏ်ကိုခံရင်း နှစ်ကာလအားဖြင့် ၅ဝ ခန့်ကြာလျှင် အလုပ်သမားတယောက်သည် သင်္ချိုင်းကုန်းသို့ မြန်းရလေသည်။ ဤကား အလုပ်သမားတို့၏ နိယာမတည်း။
အခန်း နှစ်
ထိုသို့သော ဘဝဖြင့် စက်ဆရာ မစ်ခေး ဗလက်ဆော့သည် ဤအလုပ်သမားများ ရပ်ကွက်၌ နေခဲ့၏။ ဗလက်ဆော့ကို ကြည့်လျှင် သူ၏မျက်နှာသည် ချိုသာပြုံးရွှင်သည်ဟူ၍ မရှိ၊ အမြဲတမ်း သုန်မှုန်နေတတ်၏။ သူ၏တကိုယ်လုံးသည်လည်း အမွေးအမှင် ထူထပ်၏။ သူသည် လူတဦး တယောက်ကို ကြည့်လျှင် သူ၏ မျက်ခုံးမွေးထူကြီးများအောက်မှ ကျဉ်းမြောင်းသည့် မျက်လုံးကလေးများနှင့် သံသယကြည့် ကြည့်တတ်၏။ တခါတရံ မျက်မှောင်ကုတ်၍ ကြည့်လိုက်လျှင် မုန်းတီးစရာ ကောင်းလှ၏။ သူသည် အလုပ်ရုံထဲ၌ အကောင်းဆုံး စက်ဆရာ ဖြစ်၏။
အလုပ်သမားများ ရပ်ကွက်ထဲ၌လည်း အသန်မာဆုံးဖြစ်၏။ သို့ရာတွင် အထက်လူများနှင့် ဆက်ဆံသောအခါ ဒေါသကြီး၏။ စိတ်တို၏။ ထိုကြောင့် သူသည် နေရာ ကောင်းကောင်း၊ လစာကောင်းကောင်း မရချေ။
အလုပ်ရုံပိတ်သည့်နေ့များတွင် သူသည် တယောက်ယောက်ကို အမြဲတမ်း ရိုက်လေ့ရှိ၏။ ထို့ကြောင့် သူ့ကို လူတိုင်းက မုန်းလည်း မုန်း၏။ ကြောက်လည်း ကြောက်၏။ သို့ရာတွင် သူ့ကို ရန်ရန်ချင်း တုံ့နှင်းရန်ကား အချည်းနှီးပင် ဖြစ်၏။ တစုံတယောက်က သူ့အား ရန်မူမည်လာလျှင် သူက ကျောက်ခဲ သို့မဟုတ် ပျဉ်ပြား သို့မဟုတ် သံချောင်းတချောင်းကို ကုန်းကောက်၍ ခပ်မတ်မတ်ရပ်ပြီး ပြန်၍ချရန် အသင့်စောင့်နေတတ်၏။ သို့ရာတွင် သူ၏ အမွေးအမှင် ထူထပ်သော လက်များနှင့် မျက်လုံးမှ လည်ပင်းအထိ ထူထပ်မည်းမှောင်သည့် အမွေးများနှင့် ဖုံးအုပ်လျက်ရှိသည့် သူ၏မျက်နှာကြီးကို မြင်ရလျှင် လန့်လန့်ပြေးကြ၏။ ဤလူများသည် အထူးသဖြင့် သူ့မျက်လုံးများကို ပို၍ ကြောက်ကြ၏။ သူ၏ စူးရှကျဉ်းမြောင်းလှသည့် မျက်လုံးကလေးများသည် လူများကို ထိုးဖောက်၍ မြင်နိုင်ဘိသကဲ့သို့ စူးရှတောက်ပြောင်လှ၏။ ဤစူးရှသော မျက်လုံးကလေးများကို မြင်ရသူတိုင်းသည် သူ့အား မကြောက်မရွံ့၊ အကြင်နာ အသနား မရှိ သတ်မည့် ဖြတ်မည့် အလွန်ရိုင်းစိုင်း ကြမ်းကြုတ်လှသည့် ရန်သူနှင့် ရင်ဆိုင်နေရပြီ ဟု ထင်မှတ်သွားတတ်လေသည်။
ဗလက်ဆော့ကမူ သူ၏ မည်းမှောင်လှသည့် မုတ်ဆိတ်မွေးများအကြားမှ သူ၏ ဝါကြန့်ကြန့် သွားကြီးများကို ဖြဲလျက် အလွန်ကြမ်းတမ်းလှသည့် လေသံဖြင့်...
“အေး... ခွေးမသားတွေ သွားကြနော်…” ဟု ဟိန်းဟောက်လိုက်လျှင် သူ၏ ရန်ဘက်များသည် မကြားတကြား ကျိန်ဆဲ၍ သွားတတ်ကြရာ၊ သူက စူးရှသည့်အကြည့်ဖြင့် မထီတထီ ကြည့်ရင်း...
“ခွေးမသားတွေ” ဟု ကြိမ်းဝါးပြီးနောက် ဦးခေါင်းကို မော့်ပြီး...
“အေး… ဘယ်သူတုံးကွ သေပန်းပွင့်နေတာ” ဟု ဟစ်အော်တတ်၏။
ထိုအခါ ဘယ်သူကမျှ ခွန်းတုံ့မပြန်ဝံ့ချေ။
ဗလက်ဆော့ကား အလွန် စကားနည်း၏။ ‘ခွေးမသား’ ဟူသော စကားသည် သူ၏ လက်သုံး ဖြစ်၏။ သူသည် ပုလိပ်သော၊ အရာရှိတွေသော၊ သူတို့အလုပ်ရုံမှ မန်နေဂျာတွေသော၊ အလုပ်ရှင်တွေသော ဘယ်သူ့ကိုမျှမရွေး ‘ခွေးမသား’ ဟု ခေါ်လေ့ရှိ၏။ သူ၏ ဇနီးကိုလည်း သဘောမကျလျှင် ‘တယ်၊ ဒီခွေးမ’ ဟုပင် ခေါ်တတ်သည်။ တခါသော် သူ့ဇနီးက သူ၏ပြဲနေသော ဘောင်းဘီကို မချုပ်သဖြင့် ဒေါသဖြစ်ကာ၊
“ဟဲ့… ခွေးမ၊ ဒီမှာ ငါ့ဘောင်းဘီတွေ ပြဲနေတာများ နင်မမြင်ဘူးလား… ဟင်” ဟု ငေါက်ငမ်းခဲ့ဖူး၏။
သူ့သား ပါဗယ် တဆယ့်လေးနှစ်သား အရွယ်တွင် သူသည် ဆံပင်ဆွဲမည် လုပ်ခဲ့ရာ၊ ပါဗယ်က တူကြီးတလုံးကို ဆွဲပြီး “ခင်ဗျား ကျုပ်ကိုမထိနဲ့” ဟု ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သောအခါ ပါဗယ်အနီးသို့ ချဉ်းကပ်လျက် “အေး၊ ဒါက ဘာလုပ်တာလဲကွ” ဟု မေးလိုက်၏။
ပါဗယ်က...
“အဖေ ကျုပ်ကို နှိပ်စက်တာ များလှပြီ၊ ကျုပ် နောက် မခံတော့ဘူး” ဟု ပြော၍ တူကို မြှောက်လိုက်၏။
ဗလက်ဆော့သည် သူ့ကို တချက်မျှကြည့်ပြီး သူ၏ အမွေးအမှင် ထူလှသည့် လက်များကို နောက်သို့ ပစ်ကာ၊
“အေး၊ ကောင်းပြီ” ဟု တချက် ရယ်၍ ပြောလိုက်၏။ ထို့နောက်…
“အေး၊ မင်းဟာ ခွေးမသားပဲ။ ကောင်းတယ်” ဟု သက်ပြင်းတချက် မှုတ်လိုက်ပြီး ဆိုပြန်၏။
ထိုနောက် များမကြာမီ သူ၏ဇနီးအား၊
“အေး၊ ငါ့ဆီက နောက်ထပ် ပိုက်ဆံမတောင်းနဲ့တော့။ ကနေ့ကစပြီး နင့်ကို ပါဗယ်က ကျွေးလိမ့်မယ်” ဟု ပြောလိုက်သဖြင့် သူ့ဇနီးက၊
“ဒါဖြင့် တော် ရသမျှပိုက်ဆံ အကုန်သောက်ပစ်တော့မယ်ပေါ့” ဟု မရဲတရဲ ခွန်းတုံ့ပြန်လိုက်ရာ၊
“အေး၊ ဒါက နင့်အလုပ်မဟုတ်ဘူး ခွေးမ၊ ငါ နောက်မိန်းမ ယူချင်လည်း ယူမယ်။ နင်ဘာမှ ပြောနေစရာ မလိုဘူး” ဟု ပြန်၍ ဟိန်းလိုက်လေသည်။
ဤကဲ့သို့ ပြောပြီးနောက် ဗလက်ဆော့သည် နောက်မိန်းမ မယူသော်လည်း သူ သေသည့်တိုင်အောင် နှစ်နှစ်တာမျှ သူ့သားကို အရေးဂရုလည်း မစိုက်၊ စကားလည်း မပြောတော့ချေ။
သူ့မှာ ခွေးကြီးတကောင် ရှိ၏။ ထိုခွေးကြီးသည် သူကဲ့သို့ပင် ထွားကျိုင်း၍ အမွေးထူ၏။ နံနက်တိုင်း ခွေးကြီးသည် အလုပ်ရုံထိ သူ့နောက်မှ လိုက်လာပြီး ညနေတိုင်း သူ့ကို အလုပ်ရုံဝမှ စောင့်နေတတ်၏။ အလုပ်အားသည့်နေ့များ၌ ဗလက်ဆော့သည် အရက်ဆိုင် တဆိုင်မှ တဆိုင်သို့ လှည့်လည်သွားလာလေ့ရှိ၏။ ဘယ်သူ့ကိုမျှ စကားမပြောဘဲ တစုံတယောက်ကို ရှာနေဘိသကဲ့သို့ ဟိုလူဒီလူ မျက်နှာကို ကြည့်ကြည့်သွားတတ်၏။ သူ့ခွေးကြီးကလည်း တနေ့လုံးလုံး သူ့နောက်မှ အမြီးကိုနန့်လျက် တကောက်ကောက်လိုက်နေ၏။ ဗလက်ဆော့သည် အိမ်သို့ အရက်မူးမူးနှင့် ပြန်လာသောအခါများ၌ ညစာထိုင်စားကာ သူ့ခွက်ထဲမှ သူ့ခွေးကို အစာကျွေးတတ်၏။ သူသည် သူ့ခွေးကို ကျိန်လည်း မကျိန်ဆဲ၊ ရိုက်လည်းမရိုက် သို့ရာတွင် ယုယုယယနှင့်လည်း တခါမျှ ပွတ်သပ်မပေးချေ။ သူ ညစာစားပြီး သူ့ဇနီးက စားပွဲပေါ်မှ ပန်းကန်းများ၊ ဇွန်းများ၊ ခက်ရင်းများကို တော်တော်နှင့် လာမသိမ်းလျှင် ပန်းကန်များ၊ ဇွန်းများကို ကြမ်းပေါ်သို့ ပစ်ချ၏။ ထိုနောက် ဗော်ဒကာ တပုလင်းကို ရှေ့၌ ထောင်လိုက်၏။ ဦးခေါင်းကို မော်လျက် ထရံသို့မှီပြီး မျက်လုံးများကို မှိတ်ကာ အလွမ်းသီချင်းတပုဒ်ကို ညည်းနေတတ်၏။ နားဝင်မချိုသည့် သူ့အသံကြီးနှင့် ဤကဲ့သို့ သီချင်းကို ညည်းနေရင်း ပေါင်မုန့်ကြွေများကို စားပွဲပေါ်မှ ယက်ချ၏။ သူ၏ တုတ်ခိုင်သော လက်ချောင်းကြီးများနှင့် သူ၏ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးနှင့် ပါးသိုင်းမွေးတို့ကိုလည်း ပွတ်သပ်နေတတ်၏။ သူ၏ သီချင်းသံသည် ပီပီသသ ပြတ်ပြတ်သားသား မဟုတ်။ ကပေါက်တိ ကပေါက်ချာ ဖြစ်ပြီး ဆောင်းဥတုအခါ ဝံပုလွေများ ဟိန်းသံ အော်သံနှင့် တူနေ၏။ သို့ရာတွင် သူ့ဝမ်းထဲမှ ဗော်ဒကာ အရက်တန်ခိုး ကုန်သည်အထိ သီချင်းဆိုပြီးနောက် သူသည် ရုတ်တရက် ခုံရှည်ပေါ်သို့ ခွေ၍ ကျသွားလျှင်လည်း ကျသွားတတ်၏။ သို့တည်းမဟုတ် စားပွဲပေါ်သို့ ခေါင်းငိုက်စိုက်သော်လည်း ကျသွားတတ်၏။ သို့ကျသွားရာမှ နံနက်စောစော စက်ရုံမှ ဥဩမှုတ်သည်အထိ အိပ်ပျော်သွား တတ်၏။ ခွေးကလည်း သူ့ဘေး၌ပင် အိပ်နေလေ့ရှိလေသည်။
သူသည် နှလုံးရောဂါနှင့် ကွယ်လွန်ရရှာ၏။ သူမသေမီ မျက်နှာတခုလုံး မည်းညိုပြီး မျက်လုံးများကို မှိတ်ကာ သွားများကို ကြိတ်လျက် ငါးရက်လုံးလုံး အိပ်ရာပေါ်၌ လူးလှိမ့်နေရ၏။
“ငါ့ကို စိန်ပေးစမ်းပါဟယ်၊ ငါ့ကို အဆိပ်ကျွေးပြီး သတ်လိုက်စမ်းပါ” ဟု သူ့ရောဂါဒဏ်ကို သူမခံနိုင်သဖြင့် သူ့ဇနီးအား သူ မကြာခဏ ပြော၏။
ဆရာဝန်က သူ့အား ရင်ဘတ်၌ ဆေးအအုံခိုင်း၏။ သူ့ကို ခွဲစိတ်ကုသရန် ထိုနေ့၌ပင် ဆေးရုံသို့ အပို့ခိုင်း၏။ ထိုအခါ သူက “အို ရှုပ်တယ်၊ မခွဲဘူးဗျာ မခွဲဘူး။ ခင်ဗျား ကျုပ်ကို ကုမနေနဲ့ ကျုပ်သေမယ်၊ အလကား ခွေးမသား” ဟု ဆရာဝန်ကို ကြိမ်းလွှတ်၏။
သို့နှင့် ဆရာဝန် ထွက်သွားပြီးနောက် သူ့မိန်းမက မျက်ရည်စက်လက်နှင့် ခွဲစိတ် အကုခံရန် တောင်းပန်နေလျှင် သူက လက်သီးဆုပ်ပြပြီး “အေး ငါ နေကောင်းလာရင်တော့ နင် သေမယ့်သာပြင်” ဟု ကြိမ်းမောင်းနေပြန်၏။
သူကား အလုပ်သမားများအား အလုပ်ဆင်းရန် စက်ရုံမှ ဥဩမှုတ်လိုက်သည့် နံနက်ခင်းမှာပင် အသက်ပျောက်သွားရ၏။ ခေါင်းထဲသို့ ထည့်ထားသည့် သူ့အလောင်းကို ကြည့်လျှင် သူ၏ ပါးစပ်သည် ဟနေပြီး မျက်နှာထားကား စိတ်မကျေမချမ်း ဖြစ်နေသည့် လက္ခဏာဖြင့် အောက်သိုးသိုး ဖြစ်နေသည်ကို တွေ့ရ၏။ သူ၏ အသုဘကို ပို့ကြသူများကား သူ့ဇနီး၊ သူ့သား၊ သူ့ခွေး၊ ဒန်နီလိုဗက်ဆော့ရှိကော့ (အလုပ်ရုံမှ အလုပ်ဖြုတ်ပစ်ခြင်းကို ခံခဲ့ရသည့် သူခိုး အရက်သမား) နှင့် သူတို့ အလုပ်သမားရပ်ကွက်မှ သူတောင်းစားအချို့တို့ပင် ဖြစ်၏။ သူ့ဇနီးသည် အော်ကြီးဟစ်ကြီး မငို။ အနည်းငယ်မျှသာ ကျိတ်၍ငို၏။ သူ့သား ပါဗယ်ကမူ လုံးဝမငိုချေ။ လူနည်းနည်းသာ လိုက်ပို့ကြသည့် ဤအသုဘနှင့် လမ်း၌ ပက်ပင်းပါ တွေ့နေကြ သူများကမူ ခေတ္တမျှ ရပ်နားကြ၍ သူတို့ကိုယ်သူတို့ လက်ဝါးကပ်တိုင် အမှတ်အသားများ ပြုလုပ်ကြ၏။ ထိုသူများထဲမှ အချို့က၊
“ပီလာ (ဗလက်ဆော့၏ဇနီး) ကတော့ကွာ သူသေတာကို သိပ်ပြီး ဝမ်းသာမှာပဲ” ဟု လည်းကောင်း၊ အချို့ကလည်း “ခွေးလိုလူဆိုတော့ ခွေးလိုပဲ သေရတာပေါ့” ဟု လည်းကောင်း ပြောကြဆိုကြ၏။
အသုဘကို လိုက်ပို့ကြသည့်သူများကမူ သူ့ခေါင်းကို မြှုပ်နှံပြီးနောက် ထွက်ခွာသွားကြသော် လည်း သူ့ခွေးကမူ သူ့မြေပုံပေါ်မှ ဖို့ထားသည့် မြေသားသစ်ကို အနံ့ခံရင်း ထိုမြေပုံပေါ်၌ ထိုင်၍ ကျန်ရစ်ခဲ့လေ၏။ ရက်မကြာမီအတွင်း သူ့ခွေးသည်လည်း အသတ်ခံ၍ သေရရှာလေသတည်း။
အခန်း သုံး
ဗလက်ဆော့ ကွယ်လွန်ပြီး နှစ်သီတင်းခန့်အလွန်၊ တနေ့သော တနင်္ဂနွေနေ့၌ ပါဗယ်သည် အိမ်သို့ လူမှန်းသူမှန်း မသိအောင် မူးလာ၏။ သူသည် အိမ်တွင်းသို့ ဒယိမ်းဒယိင်နှင့် ဝင်လာပြီး ထမင်းစားပွဲထိပ်မှ ကုလားထိုင်ထဲသို့ ကုန်းတက်ရ၏။ ထိုနောက် သူ့ဖခင်ကဲ့သို့ပင် စားပွဲကို လက်ဝါးဖြင့် ရိုက်ကာ “ထမင်းကော ထမင်း” ဟု အော်ဟစ်ပြီး ပြောနေလေ၏။
မိခင်ကား သူ့အနားသို့ ကပ်ထိုင်လျက် သူ့ကိုဖက်၍ သူ၏ဦးခေါင်းကို သူ့ရင်ခွင်ထဲသို့ အတင်းဆွဲသွင်း၏။ သို့ရာတွင် သူသည် သူ့မိခင်ကို ဘေးသို့ဖယ်ကာ
“လုပ်ပါ အမေရ၊ ထမင်းမြန်မြန်ခူးခဲ့စမ်းပါ” ဟု ပြောနေပြန်ရာ သူ့မိခင်က သူ့လက်ကိုဖယ်၍ ဤသားအတွက် ဝမ်းလည်းနည်း၊ ဤသားအပေါ်၌ မေတ္တာမိုးလည်း သွန်ဖြိုးကာ
“တကယ်မိုက်တဲ့ သားပဲကွယ်” ဟုသာ ပြန်၍ ပြောနိုင်တော့၏။
သို့ရာတွင် ပါဗယ်ကမူ အာလေးကြီးနှင့်
“ကျုပ် ဆေးလိပ်သောက်မလို့ဗျာ့၊ အဖေ့ဆေးတံ ပေးစမ်းဗျာ” ဟု ပြောနေပြန်၏။ ဤကား ပါဗယ် ပထမဆုံးမူးခြင်း ဖြစ်၏။ ဗော်ဒကာအရက်ကြောင့် သူသည် အားအင်နွမ်းသွား၏။ သို့ရာတွင် သူသည် သတိမလွတ်ချေ။ သူ့၏ဦးခေါင်းထဲ၌ကား “အင်း၊ ငါ မူးများနေသလားပဲ” ဟူသော မေးခွန်းသည် ပေါ်ပေါ်လာ၏။
သူ့မိခင်၏ နူးညံ့သိမ်မွေ့မှုကြောင့် သူသည် အနေရအထိုင်ရ ကျုံ့သွား၏။ သိူ့မိခင်၏ မျက်လုံးများထဲမှ ဝမ်းနည်းကြေကွဲသည့် အရိပ်အယောင်တို့ကြောင့် သူ့စိတ်နှလုံးလည်း အတော် ထိခိုက်သွား၏။ ထို့ကြောင့် သူသည် ငိုပစ်လိုက်ချင်၏။ သို့ရာတွင် သူ တကယ်မူးနေသည်ထက် ပို၍မူးဟန်ဆောင်ကာ မျက်ရည်များ မကျမိအောင် ထိန်းထားရရှာ၏။
သူ့မိခင်သည် သူ၏ရှုပ်ထွေးနေသည့် ဆံပင်များကို သပ်လျက် “သား ဒီလို သောက်လာတာ မကောင်းဘူးကွယ်” ဟု သာယာညင်းပျောင်းစွာ ပြောနေ၏။
ပါဗယ်သည် အရက်ငွေ့၊ အရက်ဒဏ်ဖြင့် မအီမသာ ဖြစ်လာ၏။ ထို့နောက် ပြင်းပြင်းထန်ထန် အန်လေရာ သူ့မိခင်က သူ့အား အိပ်ရာထဲသို့သွင်းပြီး သူ၏ ဖြူဖပ်ဖပ် ဖြစ်နေသော နဖူးပြင်ပေါ်၌ မျက်နှာသုတ်ပဝါတထည်ကို ရေဆွတ်၍ အုပ်ပေးလေ၏။
ဤကဲ့သို့ လုပ်ပေးသဖြင့် သူသည် အမူးပြေသင့်သလောက် ပြေသွားသော်လည်း သူ၏ ဦးခေါင်းကား ပတ်ချာလည်နေသကဲ့သို့ ဖြစ်နေ၍ သူ၏မျက်ခွံများသည် မျက်လုံးများ ဖွင့်မရလောက်အောင် လေးလံလျက်ရှိ၏။ သူ့ပါးစပ်ထဲမှ ဆိုးဆိုးရွားရွား ခါးသီးလှသည့် အရသာကလည်း ဖြေဖျောက်၍ မရနိုင်ဘဲ ဖြစ်နေ၏။ သို့လျက်နှင့် သူ့မိခင်၏ ကျယ်ပြန့်သည့် မျက်နှာကို မဖွင့်နိုင်ဖွင့်နိုင် မျက်လုံးများနှင့် အကဲခတ်၍ ကြည့်နေရင်း -
“အင်း ငါဟာ အသက်အရွယ် အတော်ကို ငယ်သေးတယ်။ တခြားလူတွေလည်း သောက်ကြတာပဲ၊ ဒါပေမဲ့ ဘာမျှမဖြစ်ကြဘူး။ ငါ့ကျတော့ နေမကောင်းတော့ဘူး” ဟု စဉ်းစားမိ၏။ ထိုအတွင်း သူ့မိခင်၏ -
“အေး… မင်း ဒီလို အသောက်ဖက်လာရင် အမေ့ကို ဘယ့်နှယ်လုပ်ပြီး လုပ်ကျွေးနိုင်ပါ့မလဲကွယ်” ဟု ပြောလိုက်သည့် စကားသံကို ခပ်သဲ့သဲ့ ကြားလိုက်ရာ သူ၏ မျက်စိများကို ဇွတ်မှိတ်၍ -
“အမေကလည်း လူတိုင်းသောက်နေတဲ့ဟာကို” ဟု ပြန်ဖြေလိုက်၏။
သူ့မိခင်ကား သက်ပြင်းချလိုက်၏။ ပါဗယ်ပြောသည့်စကားတို့သည် မှန်၏။ ဤမျှ ပူပြင်း ခြောက်သွေ့လှသည့်ဘဝထဲမှ လူအများ မနည်းကြိုးစား၍ အေးကွက်ကလေး တကွက်တလေမျှ ရအောင် ရှာဖွေရနိုင်သည့်နေရာကား အရက်ဆိုင်ပင် ဖြစ်သည်ဟူသောအချက်ကို သူကိုယ်တိုင် သိ၏။ သို့ရာတွင် -
“ဒါပေမဲ့… မင်းကတော့ မသောက်ရဘူးကွယ်။ မင်းအဖေဟာ မင်းနဲ့ ငါနဲ့ နှစ်ယောက်လုံး သူ့ဒဏ်ကို မခံနိုင်လောက်အောင် သောက်ခဲ့တယ်။ သူ့လက်ထဲမှာ အမေ ရောက်ခဲ့ရတဲ့ ဒုက္ခတွေဟာ အမေ့အတွက် မတော်လောက်သေးဘူးလား။ မင်းက မင်းအမေအပေါ်မှာ သနားစိတ်ကလေးများ နည်းနည်းလောက် မထားနိုင်ဘူးလားကွယ်” ဟု သူ့သားအား ဖျောင်းဖျနေလေ၏။
သူ့မိခင်၏ သာယာညင်းပျောင်းစွာ ပြောလိုက် ဆိုလိုက်သည့် ဝမ်းနည်းကြေကွဲဖွယ်ရာ စကားတို့ကို ကြားလျှင် သူ့ဖခင် အသက်ရှင်စဉ်က သူ့မိခင် တုတ်တုတ်မျှ မလှုပ်ဝံ့ပုံ၊ သူ့ဖခင်၏ အရိုက်အနှက် ခံရမည်ကို အလွန်ကြောက်ရွံ့ခဲ့ရပုံတို့နှင့်တကွ သူ့မိခင် အသက်ပင်ရှင်လျက် ရှိသည်ကို သူ သတိမပြုမိခဲ့ပုံတို့ကို တဖွားဖွား တွေးတောမိလာလေ၏။ သူကိုယ်တိုင်လည်း သူ့ဖခင်နှင့် မတွေ့ချင်လှသဖြင့် တတ်နိုင်သမျှ အိမ်တွင် မနေဘဲ အခြားသို့ သွားသွားနေရာ သူ့မိခင်နှင့် ကွဲကွာလျက်ပင် ကြီးပြင်းလာခဲ့ရ၏။ သို့နှင့် သူသည် တဖြည်းဖြည်း အမူးပြေလာသောအခါ သူ့မိခင်ကို သူ ဂရုတစိုက် အာရုံပြု၍ စိုက်ကြည့်နေမိလေသည်။
သူ့မိခင်သည် အရပ်ရှည်၏။ ခါးကိုင်း၏။ တဖက်က အလုပ်ကြမ်းကို ပင်ပင်ပန်းပန်း လုပ်ခဲ့ရပြီး အခြားတဖက်ကလည်း သူခင်ပွန်း၏ အရိုက်အနှက်ကို ခံခဲ့ရပါ များသဖြင့် ညောင်နာနာ ဖြစ်နေ၏။ ယခုလည်း တစုံတခုကို ဝင်၍ တိုက်မိ၊ ခိုက်မိမည်ကို စိုးရိမ်ပူပန်သည့်အနေဖြင့် ခပ်ယို့ယို့ကလေး ခြေသံများပင် မကြားအောင် ဖြည်းဖြည်းကလေး အခန်းတွင်း၌ သွားလျက် ရှိ၏။ သူ၏ ပြန့်ပြန့်ဝိုင်းဝိုင်း ခပ်ပွပွ မျက်နှာတွင် ပါးရေနားရေများသည် တွန့်လိပ်လျက်ရှိ၏။ သူ၏မည်းမှောင်သော မျက်လုံးများသည်ကား သူတို့ အလုပ်သမားရပ်ကွက်မှ မိန်းမအများစု တို့၏ မျက်လုံးများကဲ့သို့ပင် ကြောက်ရွံ့ခြင်း၊ စိတ်နှလုံး ညှိုးနွမ်းခြင်းအရောင်တို့ဖြင့် သန်းလျက်ရှိ၏။ သူ၏လက်ယာဘက် မျက်ခုံးပေါ်၌ အမာရွတ်နက်နက်တခုရှိရာ ထိုအမာရွတ် ကြောင့် အသားက တင်းနေသဖြင့် လက်ယာဘက် မျက်ခုံးကို ပင့်ထားသလို ဖြစ်နေ၏။ လက်ယာဘက်နားကလည်း လက်ဝဲဘက်နားထက် မြင့်နေသည်ဟု ထင်ရ၏။ ထို့ကြောင့် သူ၏ မျက်နှာထားသည် အမြဲတမ်း စိုးရိမ်တကြီးနှင့် သတိထားနေသည်ဟု ထင်ရ၏။ သူ့ခေါင်းမှ ဆံပင်များလည်း ကွက်တိကွက်ကျား ဖြူနေပြီဖြစ်၏။ သူသည် အလွန်သိမ်မွေ့၏။ အမြဲတမ်း ဝမ်းနည်းပူဆွေးနေ၏။ သူတပါးအား အမြဲတမ်း အောက်ကျို့လျက်လည်း နေတတ်လေသည်။
ပါဗယ်က သူ့မိခင်ကို ကြည့်လိုက်သောအခါ မိခင်၏ပါးပြင်ပေါ်မှ မျက်ရည်များ တစိမ့်စိမ့် ယိုစီးလျက် နေကြသည်ကို မြင်မိ၏။
ထို့ကြောင့်...
“အမေကလည်း ငိုမနေပါနဲ့၊ ကျုပ်ကို ရေတခွက်လောက် ပေးစမ်းပါဦး” ဟု သာယာ ညင်းပျောင်းစွာ ပြောလိုက်ရာ သူ့မိခင်က
“အေး... အေး... ရေခဲရေ ယူခဲ့မယ်” ဟု ပြော၍ ရေခပ်ရန် သွားလေ၏။
သို့ရာတွင် သူပြန်လာသောအခါတွင် ပါဗယ်သည် အိပ်ပျော်နေပြီဖြစ်၏။ သူ့လက်ထဲတွင် ရေချိုင့်ကို တုန်တုန်ယင်ယင်နှင့် ကိုင်ရင်း သား၏မျက်နှာကို တမိနစ်ခန့် ငုံ့ကြည့်နေ၏။ သံချိုင့်အတွင်းမှ ရေခဲသည် သံချိုင့်လှုပ်နေသဖြင့် သံချိုင့်ကို ရိုက်ခတ်လျက်ရှိ၏။ ထို့နောက် ရေချိုင့်ကို စားပွဲပေါ်သို့တင်ကာ ဘုရားရုပ်တုများရှေ့၌ ဒူးထောက်ချလိုက်၏။ အပြင်ဘက်မှ အရက်မူးသမားတို့၏ ဆူဆူညံညံ လုပ်သံသည် အိမ်တွင်းသို့ ဝင်လာလေ၏။ နွေဦး စိုစွတ်ထိုင်းမှိုင်းသည့် ညနေချမ်း အမှောင်ထုအတွင်းမှ အကော်ဒီယံ အသံတသံသည် ထွင်းဖောက်၍ လာလေ၏။ လူတယောက်၏ ယုတ်ယုတ် ညမ်းညမ်း ကျိန်သံ ဆဲသံတို့ကိုလည်း ကြားရ၏။ မိန်းမများ၏ ဒေါသဖြင့် ဆိုသံပြောသံများကိုလည်း တခါတခါ ကြားရလေသည်။
ဗလက်ဆော့တို့ အိမ်ကလေးအတွင်းမှ ဘဝသည် ယခင်ကထက် တည်ငြိမ်လာ၏။ အခြားပတ်ဝန်းကျင် အိမ်များနှင့် မတူချေ။ သူတို့အိမ်ကလေးသည် အလုပ်သမား ရပ်ကွက်၏ အစွန်အဖျားတွင်ရှိ၍ ထိုအိမ်ကလေးမှ အောက်သို့ ငုံ့ကြည့်လိုက်လျှင် ရေကာတာတခုရှိ၏။ ယင်းရေကာတာသည် အလွန် မမြင့်သော်လည်း စောက်မတ်၍ ရွှံ့ညွန်များ ထူထပ်သည့် အိုင်ကလေးတခု၌ သွား၍ ဆုံးနေလေသည်။ အိမ်၏သုံးပုံတပုံသည် မီးဖိုချောင်ဖြစ်၏။ ပါဗယ်၏ မိခင်ကား ကန့်ထားသည့် အခန်းငယ်ကလေးထဲ၌ အိပ်၏။ အိမ်တအိမ်လုံး၏ သုံးပုံနှစ်ပုံခန့် ရှိသည့် ကျန်ကွက်လပ်ကား လေးထောင့်ခန်းကြီးတခန်း ဖြစ်နေ၍ ပြတင်းပေါက်နှစ်ပေါက် ရှိလေသည်။
ထိုအခန်းကြီး၏ ထောင့်တထောင့်ထဲ၌ ပါဗယ်သည် ခုတင်တလုံးနှင့် အိပ်၍ အခြားထောင့် တထောင့်ထဲမှာမူ စားပွဲတလုံးနှင့် ခုံရှည်နှစ်လုံးရှိ၏။ အခြားပရိဘောဂများကား ကုလားထိုင် သုံးလေးလုံး၊ မှန်ငယ်တချပ် တင်ထားသည့် မှန်တင်ခုံတခုံ၊ အဝတ်များ ထည့်ထားသည့် သေတ္တာတလုံး၊ နံရံပေါ်မှ နာရီတလုံးနှင့် ထောင့်တထောင့်ထဲမှ ရုပ်တုနှစ်ခု ဖြစ်လေသည်။
ပါဗယ်သည် အခြားလူငယ်များ နေပုံထိုင်ပုံအတိုင်း နေ၏။ အကော်ဒီယံတခု ဝယ်ထား၏။ ရင်ဘတ်၌ ကော်တင်ထားသည့် ရှပ်အင်္ကျီတထည်၊ တောက်ပြောင်သည့် လည်စည်းတခု၊ လည်ရှည် ဖိနပ်ကြီးတရန်နှင့် ကြိမ်လုံးတလုံးလည်း ရှိသေး၏။ ဤအဆောင်အယောင်တို့နှင့်ပင် သူသည် သူ့ခေတ်မှ လူငယ်တို့၏ အဆင့်အတန်းနှင့် ကိုက်ညီလျက်ရှိ၏။ ရင်ပေါင်တန်း လိုက်နိုင်၏။ ညအခါများ၌ ကပွဲများသို့ သွား၍ တကြိမ်တည်း ယောက်ျား၊ မိန်းမ လေးစုံတွဲကရသည့်အကနှင့် တစုံတွဲတည်း ကရသည့် ကနည်းများကို သင်ကြားထား၏။ တနင်္ဂနွေနေ့များ၌ အိမ်သို့ မူး၍ ပြန်ပြန်လာ၏။ သို့ရာတွင် ဗော်ဒကာအရက်ကို သောက်လိုက်လျှင် သူ နေမကောင်းချေ။ တနင်္ဂနွေနေ့၌ အရက်သောက်ပြီး တနင်္လာနေ့ နံနက်များတွင် သူသည် ခေါင်းလည်းခဲ၊ ရင်လည်း ပူပြီး မျက်နှာသည် မကြည်လင်ဘဲ ရှုံ့တွနေတတ်လေသည်။
“မနေ့ညက မင်းတော်တော်များ ပျော်ခဲ့ရဲ့လား” ဟု သူ့မိခင်က သူ့ကို တခါက မေးခဲ့ဖူးရာ သူက စိတ်လက်မကြည်မသာနှင့် “စိတ်ညစ်စရာကောင်းလိုက်တာ အမေရာ၊ နောက်တခါကျရင် ကျွန်တော် ငါးဖမ်းရင်သွားမယ်။ ဒါမှမဟုတ်ရင်လည်း သေနတ်တလက်ဝယ်ပြီး အမဲရင်ထွက်ပစ် မယ်” ဟု ပြန်ပြောခဲ့ဖူး၏။ သူသည် အလုပ်ကို မခိုမကတ်ဘဲ ကြိုးကြိုးပမ်းပမ်း လုပ်၏။ အလုပ်ခွင်သို့ နေ့တိုင်းဆင်းပြီး တခါမျှ နောက်ကျသည့်အတွက် ဒဏ်တပ်မခံခဲ့ရဖူးချေ။ နှုတ်အလွန်ငြိမ်၍ သူ့မိခင်၏ မျက်လုံးများကဲ့သို့ ပြူးနေသည့် သူ၏ မျက်လုံးပြာကြီးများထဲ၌ တစုံတခုကို မကျေနပ်သည့် မကျေနပ်မှ အရိပ်လက္ခဏာသည် ပေါ်လွင်လျက်ရှိ၏။ သူ ယခင်က ရည်ရွယ်ထားသည့်အတိုင်း သေနတ်လည်း မဝယ်ဖြစ်၊ ငါးမျှားလည်း မထွက်ဖြစ်ချေ။ မကြာမီ သူနှင့်ရွယ်တူ အခြား လူကလေးများကဲ့သို့ သောက်လိုက် စားလိုက်၊ ပျော်လိုက်၊ ပါးလိုက်လည်း မနေတော့ပေ။ ညပျော်ပွဲများသို့ အသွားအလာနည်းပြီး တနင်္ဂနွေနေ့များ၌ ထွက်ထွက်သွားသော် လည်း ယခင်ကကဲ့သို့ မူး၍ ပြန်လာလေ့ မရှိ။ လူကဲခတ် မညံ့သည့် သူ့မိခင်သည် ယခုတလော သူ့သားမျက်နှာ တဖြည်းဖြည်း ချောင်ချောင်ကျလာသည်ကို လည်းကောင်း၊ သူ့သား မျက်လုံးများ ယခင်ကထက် တည်ငြိမ် စူးရှလာသည်ကို လည်းကောင်း၊ တစုံတခုကို စိတ်ထဲ၌ လေးလေးနက်နက် စဉ်းစား၍ နေသည်ကို လည်းကောင်း အကဲခတ်၏။ ဧကန္တ သူ့သားသည် တစုံတခု စိတ်ညစ်စရာများ ရှိနေရော့သလား၊ သို့တည်းမဟုတ် မကျန်းမမာဖြစ်၍ ပိန်ချုံးများ နေရော့သလားဟုလည်း သူ့မိခင်က စဉ်းစားနေမိ၏။
ယခင်က ပါဗယ်၏ သူငယ်ချင်း အပေါင်းအသင်းတို့သည် မကြာခဏ သူ့ဆီသို့ လာလာ လည်ကြ ပတ်ကြ၏။ သို့ရာတွင် ယခုအချိန်တွင် သူ့ကိုတွေ့ရန် လာကြသော်လည်း မတွေ့ကြသဖြင့် မလာကြတော့ချေ။ အလုပ်ရုံအတွင်းမှ အခြားလူငယ်များနှင့် သူ့သားသည် အနေအထိုင်၊ အသွားအလာ၊ အပြုအမူ၊ အပြောအဆို မတူဘဲ ကွဲပြားနေသည်ကို တွေ့ရသဖြင့် မိခင်သည် ဝမ်းသာမိ၏။ သို့ရာတွင် အခြားလူငယ်များ နေထိုင်လျက်ရှိသည့် မည်းမှောင်သည့် ဘဝလမ်းကြောင်းမှ ခွဲထွက်ရန် သူ့သားက ခေါင်းမာမာနှင့် ကြိုးပမ်းနေသည်ကို တဖက်မှ မြင်နေရပြန်ရာ သူ့စိတ်ထဲ၌ သူ့သားအတွက် ကြောက်သလိုလို၊ ထိတ်သလိုလို ဖြစ်နေပြန်လေ သည်။
တခါတရံ သူ့မိခင်က သူ့အား...
“သားရယ် တကယ်ကော နေကောင်းရဲ့လား” ဟု မေးလျှင် ပါဗယ်က “သား ဘာမျှမဖြစ်ပါဘူး အမေရယ်၊ တကယ့်ကို နေကောင်းပါတယ်” ဟု ပြန်ဖြေတတ်၏။ ထိုအခါ မိခင်က သက်ပြင်းချကာ “သားကတော့ သိပ်ပြီး ချုံးသွားတာပဲ” ဟုသာ ပြန်ပြောတတ်လေသည်။
ထိုနောက် ပါဗယ်သည် စာအုပ်များကို အိမ်သို့ သယ်လာ၏။ ထိုစာအုပ်များကို ခိုးကြောင်ခိုးဝှက် ဝှက်ထား၏။ တခါတရံ ထိုစာအုပ်များထဲမှ စာပိုဒ်များကို ကူး၍ ကူးပြီး စာရွက်တို့ကိုလည်း ဝှက်ထားပြန်၏။
သူနှင့် သူ့မိခင်တို့သည် တအိမ်တည်း၌ အတူတူ နေကြစေကာမူ တယောက်နှင့် တယောက် ဆုံမိခဲ၏။ ဆုံမိပြန်သော်လည်း တယောက်နှင့် တယောက် စကားမပြောကြချေ။ နံနက်ခင်း၌ ပါဗယ်သည် သူ့အတွက်ဖျော်ထားသည့် လက်ဖက်ရည်ကို ဘာစကားမျှမပြောဘဲ သောက်ပြီးလျှင် အလုပ်သို့ တန်းသွား၏။ မွန်းတည့်ချိန် ရောက်သောအခါ နေ့လယ်စာ လာစား၏။ ညစာစားပွဲ၌ သားအမိချင်း ဆုံမိကြပြန်သော်လည်း ပါဗယ်သည် “အမေ ဘယ်နှယ်နေတုံး၊ နေကောင်းရဲ့ မဟုတ်လား” အစရှိသည့် ပြောရိုးပြောစဉ် စကားတို့ကိုသာပြော၍ ထမင်းစားပြီးနောက် ထွက်သွားပြန်ရာ ညကျမှ ပြန်လာတတ်၏။ သို့ပြန်လာပြီးနောက် ရေမိုးချိုးပြီးလျှင် စာအုပ်တအုပ်နှင့် စားပွဲခုံ၌ ထိုင်ချလိုက်၏။ တနင်္ဂနွေနေ့များ၌ သူသည် အိမ်မှ နံနက်အချိန်၌ ထွက်သွား၍ ညညဉ့်နက်မှ ပြန်လာတတ်၏။ သူ့မိခင်က သူ မြို့သွား၍ တခါတရံ ပွဲများ ကြည့်သည်ကိုသိ၏။ သို့ရာတွင် သူ့ထံသို့ မြို့မှ တယောက်မှ မလာချေ။ သူ တဖြည်းဖြည်း စကားနည်းလာသည်ဟု သူ့မိခင်က ထင်၏။ သို့ရာတွင် စကားပြောပြန်လျှင် သူ နားမလည်သည့် စကားလုံးသစ်များ ထည့်ထည့်ပြောလာသည်ကို လည်းကောင်း၊ ယခင်က ပြောနေဆိုနေကျ ခပ်ရိုင်းရိုင်း စကားတို့ကို မပြောတော့သည်ကိုလည်းကောင်း သူ သတိထားမိ၏။ ပါဗယ်၏ အပြုအမူ အနေအထိုင်တို့ကို သူသည် ကောင်းကောင်းကြီး ဂရုစိုက်၍ အကဲခတ်မိ၏။ ပါဗယ်သည် ယခင်ကကဲ့သို့ အဝတ်အစားကို လှလှပပ မဝတ်တော့။ ဤကဲ့သို့ လှအောင်ပအောင် ဝတ်မည့်အစား သူ့ကိုယ်ကို သန့်ရှင်းအောင် နေ၍ အဝတ်အစားတို့ကိုလည်း သန့်သန့်ရှင်းရှင်း ဝတ်၏။ သွားပုံလာပုံလည်း အေးဆေး တည်ငြိမ်လာ၏။ အပြုအမူလည်း ရိုးသား တည်ကြည်လာ၏။ ကြမ်းတမ်းမှုလည်း လျော့ပါးလာ၏။ ဤကဲ့သို့ အကြောင်းယုတ္တိရှာမရအောင် ပြောင်းလဲလာသည့် ပြောင်းလဲလာမှုတို့ကြောင့် သူ၏မိခင်သည် စိတ်ထဲ၌ မချမ်းမြေ့၊ သူနှင့် ဆက်ဆံရာ၌လည်း ပါဗယ်သည် မူကွဲလာ၏။ တခါတရံ အိမ်ကို တံမြက်စည်း လှည်း၏။ တနင်္ဂနွေနေ့များ၌ သူ့အိပ်ရာသူ အမြဲတမ်း ခင်း၏။ သူ့မိခင်အလုပ်၌ နေရာတကာ သူ ဝင်ဝင်ကူ၏။ အလုပ်သမားရပ်ကွက်ထဲမှ မည်သည့်လူငယ်ကမျှ ဤကဲ့သို့ အိမ်တွင်းလုပ်ငန်း များကို ဘယ်တော့မျှ မလုပ်ခဲ့ဖူးချေ။
တနေ့သော် ပါဗယ်သည် အိမ်သို့ အရုပ်ကားတကား ယူလာ၍ နံရံပေါ်၌ ချိတ်ထား၏။ ထိုအရုပ်ကားထဲ၌ လူသုံးဦး စကားလက်ဆုံကျရင်း လမ်းလျှောက်နေကြပုံ ဖြစ်၏။ “အမေ ဒါက ခရစ်တော် ပြန်လည်ရှင်တော်မူလာပြီး အီမေးယပ်စ်ကို သွားနေတဲ့ပုံပေါ့” ဟု သူက သူ့မိခင်အား ရှင်းပြ၏။
သူ့မိခင်သည် သူယူလာသည့် အရုပ်ကားကို သဘောကျ၏။ သို့ရာတွင်…
“သူဟာ ခရစ်တော်ကို ဒီလောက်တောင် သဘောကျရဲ့သားနဲ့ ဘာပြုလို့ ဘုရားရှိခိုးကျောင်းကို မသွားတာပါလိမ့်” ဟု ဝမ်းထဲမှ ကျိတ်၍ တွေးနေမိ၏။
ပါဗယ်တွင် သူ အလွန်မြတ်နိုးလှသည့် စာအုပ်စင်များရှိရာ ထိုစာအုပ်စင်များပေါ်၌ စာအုပ်များသည် များများလာ၏။ အိမ်ရှေ့ခန်းကို ကြည့်လိုက်လျှင်လည်း အတော်ကလေး သပ်သပ်ရပ်ရပ် ရှိနေလေသည်။
ပါဗယ်သည် သူ့မိခင်အား “အမေ” ဟု ခေါ်လေ့ရှိ၏။ သို့ရာတွင် တခါတရံ သူ့မိခင်အား ပို၍ ချစ်စနိုးစွာ ခေါ်တတ်လေရာ သူ ညအပြန် နောက်ကျမည်ဟု ထင်သော အခါများ၌
“အမေ၊ သားအတွက် ဘာမျှစိုးရိမ်မနေနဲ့နော်။ သား ကနေ့ည အိမ်ပြန် နည်းနည်း နောက်ကျလိမ့်မယ်နော်” ဟု ပြောပြောသွားလေသည်။
သူ့မိခင်သည် သူက ဤကဲ့သို့ပြောသည်ကို အလွန်သဘောကျ၏။ သူ့သား စကားများထဲ၌ အားနှင့် လေးနက်မှု ပါကြောင်းကိုလည်း သတိပြုမိ၏။
သို့ရာတွင် တဖက်မှ သူ့စိတ်ထဲ၌ ထိတ်လန့်ကြောက်ရွံ့မှုတို့သည် တိုးတိုးလာ၏။ အဘယ်ကြောင့် ဤကဲ့သို့ ထိတ်လန့် ကြောက်ရွံ့နေရသနည်း ဟူသော အကြောင်းတရားကို တိတိကျကျ ထင်ထင်ရှားရှား လက်ဆုပ်လက်ကိုင် မပြနိုင်သော်လည်း သာမန် ကိစ္စမျိုးမဟုတ်ဘဲ တစုံတခု ထူးထူးခြားခြား ကိစ္စတရပ်ဖြင့် သူ့စိတ်သည် တနေ့ထက်တနေ့ လေးလေးလာ၏။ တခါတရံ သူသည် သူ့သား ပါဗယ်ကို မကျေမနပ် ဖြစ်နေမိပြီး...
“သူက ဘယ့်နှယ်ကြောင့် တခြားလူငယ်တွေ နေကြ၊ ထိုင်ကြသလို မနေနိုင် မထိုင်နိုင် ဖြစ်နေရတာလဲ။ လူ့ဘုန်းကြီးနဲ့တူပြီး အလွန်ဣန္ဒြေကြီး၊ သိက္ခာကြီးနဲ့ ဖြစ်နေလိုက်တာ၊ သူ့အသက် သူ့အရွယ်နဲ့ကို မလိုက်တော့ဘူး” ဟု စဉ်းစားနေမိ၏။ တဖန်...
“အင်း၊ သူ့မှာ ရည်းစားရှိနေပြန်ပြီ ထင်တယ်” ဟု တွေးမိပြန်၏။ သို့ရာတွင် ပါဗယ်၌ ရည်းစား မရှိနိုင်၊ ရည်းစားထားရသည်မှာ မလွယ်ကူ၊ ပိုက်ဆံ အကုန်အကျ ခံရ၏။ ယခုမူ သူရသမျှ ပိုက်ဆံကို သူ့မိခင်အား အကုန်ပုံအပ်လျက် ရှိလေသည်။ ပါဗယ်၏မိခင်သည် သူ့သားနှင့် ပတ်သက်၍ ဟိုဟိုဒီဒီ စဉ်းစားလိုက်၊ တွေးလိုက်၊ တခုခုကို ကြောက်လိုက်၊ စိုးရိမ်လိုက်နှင့် သားအမိ နှစ်ယောက် ငြိမ်ငြိမ်သက်သက် နေထိုင်လာခဲ့ကြသည်မှာ သတင်းများ၊ လများ ကုန်မှန်းမသိ ကုန်လာခဲ့သဖြင့် ကာလအားဖြင့် ၂ နှစ်ပင် ရှည်ကြာခဲ့လေပြီတည်း။
အခန်း လေး
တညခင်း၌ ပါဗယ်သည် သူ့အခန်းတွင်းမှ ပြတင်းပေါ်၌ ခန်းဆီးကို ဆွဲချ၍ သူထိုင်နေကျ ကုလားထိုင်ပေါ်မှ ချိတ်တွင် သံဖြူ မီးအိမ်တလုံးကို ဆွဲချိတ်ပြီး အခန်းထောင့်ထဲ၌ စာထိုင်ဖတ်လေ၏။ သူ့မိခင်သည် အိုးခွက် ပန်းကန်များကို ဆေးကြောပြီး မီးဖိုခန်းထဲမှ ထွက်လာကာ သူ့အနားသို့ တဖြည်းဖြည်း သွားလေ၏။ သူ့မိခင်အနားသို့ ရောက်လာလျှင် ပါဗယ်သည် ခေါင်းကိုမော်၍ သူ့မိခင်အား “ဘာများလုပ်ချင်လို့ လာတာပါလိမ့်” ဟူသော သိချင်သည့် သဘောဖြင့် မော်ကြည့်လိုက်၏။
ထိုအခါ သူ့မိခင်က “ဘာမှ မဟုတ်ပါဘူး သားရယ်” ဟု ပြောကာ ထိတ်လန့် စိုးရိမ်မှုမကင်းသည့် မျက်နှာထားနှင့် မီးဖိုခန်းထဲသို့ သုတ်သီးသုတ်ပျာနှင့် ပြန်ဝင်သွားလေ၏။ ထိုနောက် တခဏမျှ သူ့စိတ်ထဲ၌ ဖြစ်နေသည့် ထိတ်လန့်မှု၊ စိုးရိမ်မှုတို့ကို အားတင်း၍ ပယ်ဖျောက်ကာ သူ့လက်များကို ဆေးပြီး သူ့သားဆီသို့ ပြန်လာ၍
“သား ဘာတွေများ ဖတ်နေတယ်ဆိုတာကို အမေ သိချင်လို့ပါကွယ်” ဟု ဖြည်းညင်းစွာ မေးလေ၏။ ပါဗယ်သည် သူဖတ်နေသည့် စာအုပ်ကို ပိတ်ကာ...
“အမေ ထိုင်လေ” ဟု ပြောလျှင် သူ့မိခင်သည် လေးလံစွာ ထိုင်ချလိုက်ပြီး အရေးတကြီး ကိစ္စတခုခုကို နားထောင်မည့်လက္ခဏာဖြင့် ကိုယ်ကိုမတ်မတ်ထားကာ နားစွင့်နေလေ၏။
ပါဗယ်သည် သူ့မိခင်ကို မကြည့်ဘဲ လေသံကို နှိမ့်ချလျက် အလွန်တည်ငြိမ်စွာဖြင့်...
“အမေ၊ ကျွန်တော် အစိုးရက မဖတ်ရဘူးလို့ တားမြစ်ထားတဲ့ စာအုပ်တွေကို ဖတ်နေတယ်။ အစိုးရက ဘာပြုလို့ တားမြစ်ထားသလဲဆိုတော့ ဒီစာအုပ်တွေထဲမှာ ကျွန်တော်တို့ အလုပ်သမားတွေအကြောင်းကို ဟုတ်တဲ့မှန်တဲ့အတိုင်း ရေးထားလို့ပဲ ဒီစာအုပ်တွေကို လျှို့ဝှက်ပြီး တိတ်တိတ်ပုန်း ပုံနှိပ်ရတယ်။ တကယ်လို့များ ကျွန်တော့်လက်ထဲမှာ ဒီစာအုပ်တွေ မိရင် ကျွန်တော့်ကို သူတို့က ထောင်ချမှာပဲ။ အမှန်တရားကို သိချင်ရမလား ဆိုပြီးတော့ပေါ့ အမေရယ်၊ အမေ သဘောပေါက်ပြီမဟုတ်လား” ဟု ပြန်၍ ဖြေလိုက်၏။
ပါဗယ်၏စကားကို ကြားလိုက်လျှင် သူ့မိခင်၏ ရင်တွင်း၌ ဆို့တက်သွားလေ၏။ မျက်လုံး အပြူးသားနှင့် သူ့သားကို ကြည့်နေမိ၏။ သို့ရာတွင် သူ့သားကိုသူ မသိသလို ဖြစ်နေ၏။ သူ့သားအသံသည် လေးနက်လာ၏။ ခံ့ညားထည်ဝါလာ၏။ ယခင်ကထက် သြဇာနှင့် ပြည့်စုံလာ၏။ သူသည် နှုတ်ခမ်းမွေးနုနုကလေးကို လက်နှင့်ဆွဲ၍ မျက်မှောင်ကြုတ်ကာ အခန်းထောင့်ထဲကို ထူးထူးခြားခြား စိုက်ကြည့်နေ၏။ မိခင်ကမူ သားအတွက် စိုးရိမ်မိ၏။ ကြောက်ရွံ့မိ၏။ သနားလည်း သနားမိလေသည်။ ထိုနောက် ပါဗယ်အား “သားရယ်၊ ဘာပြုလို့ ဒီလိုလုပ်ရတာလဲ” ဟု မေးလေရာ ပါဗယ်သည် သူ့မိခင်ကို မော်ကြည့်ပြီး တည်ငြိမ် ဖြည်းညင်းလှသည့် လေသံဖြင့်
“ကျွန်တော်က အမှန်တရားကို သိချင်လွန်းလို့ပါ” ဟု ပြန်၍ ဖြေလေ၏။
ပါဗယ်၏အသံသည် သိမ်မွေ့၏။ သို့ရာတွင် တည်ငြိမ်၏။ သူ၏မျက်လုံးများထဲ၌လည်း တစုံတခုကို လုပ်လျှင် ဇွဲနပဲ သန်သန်နှင့် မဆုတ်မနစ် လုပ်မည့် အရိပ်အယောင် သန်းလျက်ရှိ၏။ လျှို့ဝှက်သည့် ကြောက်မက်ဖွယ်ရာ အလုပ်တခုခုကို အချိန်ရှိသရွေ့ မဖြစ်မနေ လုပ်တော့မည်ဟု သန္နိဋ္ဌာန် ချထားပြီဟုလည်း သူ့မိခင်သည် သိမြင်သွားလေ၏။ မည်သည့်ကိစ္စမဆို ဖြစ်လာလျှင် ကံစီမံတဲ့အတိုင်း ဖြစ်ရမှာပဲ၊ ဘယ်တတ်နိုင်ပါ့မလဲဟူသော သဘောဖြင့် ငုံ့၍သာ ခံနေလေ့နေထ ရှိခဲ့သော သူ့မိခင်သည် ကျိတ်၍သာ ငိုနေ၏။ ဘာမျှ မပြောနိုင်၊ မဆိုနိုင်လောက်အောင် စိတ်နှလုံး ညှိုးနွမ်း ပူပင်လျက် ရှိနေလေသည်။
ထိုအခါ ပါဗယ်က
“မငိုပါနဲ့ အမေရယ်” ဟု သာယာညင်းပျောင်းစွာ ပြောလိုက်သည်ကို သူ့မိခင်က သူအား သူ့သားက သူနှင့် ခွဲခွာတော့မည်ဟု နှုတ်ဆက်နေသည်ဟု ထင်မှတ်နေလေ၏။ တဖန် ပါဗယ်က ဆက်၍
“ကျွန်တော်တို့ နေကြရတဲ့ဘဝကို စဉ်းစားပါဦး အမေရယ်၊ အမေဆိုရင် အခု အသက် ၄၀ တောင် ရှိပြီ။ လောကအကြောင်းနဲ့ ပတ်သက်လို့ အမေ ဘာများသိတာ ရှိသေးတုံး။ အဖေက အမေ့ကို ရိုက်တယ်။ သူတွေ့ရသမျှ ဒုက္ခတွေ၊ သူ့ဘဝအတွင်း သူရင်ဆိုင်နေရတဲ့ ဘဝဒဏ်တွေကို အကုန်လုံး အမေ့အပေါ် ပုံချတော့တာပဲ။ သူ့အပေါ်မှာ တခုခုက ဖိစီးထားတယ်။ ဒါပေမဲ့ သူ့အပေါ်မှာ ဖိစီးနေတာဟာ ဘာလဲလို့ သူမသိဘူး။ နှစ်ပေါင်း ၃ဝ တိုင်တိုင် သူဟာ ဒီစက်ရုံထဲမှာ ကျိုးကျိုးနွံနွံနဲ့ ကုန်းရုန်းပြီး ကျွဲလို နွားလို လုပ်ခဲ့တယ်၊ အစက ဒီစက်ရုံထဲမှာ အလုပ်ရုံ ၂ ရုံသာ ရှိခဲ့တယ်။ အခုဆိုရင် အလုပ်ရုံ ၇ ရုံတောင် ရှိနေပြီ အမေရဲ့” ဟု ပြောနေလေ၏။
မိခင်သည် သူ့စကားများကို စိတ်အားထက်သန်စွာနှင့် နားထောင်နေ၏။ သို့ရာတွင် ကြောက်စိတ်တွေ လွှမ်းနေ၏။ ပါဗယ်၏ မျက်လုံးများသည် ချစ်စရာကောင်းသည့် အရောင်ဖြင့် တောက်ပြောင်လျက်ရှိ၏။ စားပွဲပေါ်၌ မှီပြီး မျက်ရည်ကြောင်းတွေ ထင်သည့် သူ့မိခင်၏ မျက်နှာအနီးသို့ ကပ်လျက် သူ ယခုမှ သိမြင်လာသည့် အမှန်တရားနှင့် ပတ်သက်၍ တရားဦး ဟောနေလေ၏။ သူ သိမြင်နားလည်ထားသည့် တရားတို့ကို လူငယ်တို့၌ ရှိတတ်သည့် အင်အား ဟူသမျှနှင့် လည်းကောင်း၊ မိမိ၏ပညာနှင့် ပတ်သက်၍ ဂုဏ်လည်းယူ၊ မိမိတတ်သိထားသည့် ပညာကိုလည်း အကြွင်းမဲ့ ယုံကြည်နေသည့် ကျောင်းသားတယောက်၏ စိတ်အားထက်သန်မှုနှင့် လည်းကောင်း ပြောပြနေ၏။ သူကား သူပြောပြသည့်စကားတို့ကို သူ့မိခင်၏ စိတ်ထဲ၌ အခိုင်အမြဲ ယုံကြည် စွဲလမ်းသွားစေဖို့ထက် သူ့ကိုယ်သူ သူယခုမှ သိမြင်နားလည်လာသည့် အမှန်တရားနှင့် ပတ်သက်၍ အဘယ်မျှ ပြောနိုင်ဟောနိုင်သည်ကို စမ်းသပ်ကြည့်ချင်သည့် ဇောက ပို၍ ပြင်းပြနေလေ၏။
သူပြောပြနေသည့်စကားတို့ကို နားထောင်ရင်း သူ့မိခင်၏မျက်နှာသည် တစုံတခုကို နာကြည်းသည့်အသွင်ကို ဆောင်လာ၏။ မျက်လုံးများထဲ၌လည်း မျက်ရည်များ ဝဲလာ၏။ ထိုမျက်ရည်များ ဝဲနေသည့် မျက်လုံးအိမ်များထဲမှပင် အံ့သြခြင်း၊ ကြောက်ရွံ့ခြင်းတို့ဖြင့် သူ့အား စိုက်ကြည့်နေလေ၏။ ထို့နောက် သူပြောရမည့်စကားတို့ကို ရှာမရသဖြင့် စကားပြောကိုရပ်ကာ သူ့မိခင်အား ကြည့်လိုက်သောအခါ စိတ်နာကြည်းနေသည့် သူ့မိခင်၏မျက်နှာနှင့် သူအား စိုက်ကြည့်နေသည့် ကရုဏာဓာတ်ဖြင့် တောက်ပြောင်နေသော သူ့မိခင်၏မျက်လုံးတို့ကို ကောင်းစွာသတိထားမိလေ၏။ သူ့မိခင်အတွက် ဝမ်းနည်းမိ၏။ တဖန်ဆက်၍ စကားပြောပြန်ရာ သူ့မိခင်အကြောင်းကိုသာ ပြောမိလေတော့သည်။
သူက သူ့မိခင်အား -
“ကဲ အမေ၊ အမေနေခဲ့ရတဲ့ဘဝမှာ ပျော်စရာရွှင်စရာ ဘာများတွေ့ခဲ့ဖူးတုံး၊ အမေ့ဘဝ တလျှောက်မှာ ကောင်းတာရယ်လို့ ဘာများ အမေ မှတ်မိသားမိတုံး။ ကဲ ပြောစမ်းပါ၊ သား သိပါရစေ” ဟု မေးလိုက်သောအခါ သူ့မိခင်က သူပြောသမျှကို နားထောင်ပြီး ဝမ်းနည်းစွာနှင့် ခေါင်းကို ခါနေလေ၏။ သူ့စိတ်ထဲ၌လည်း ဝမ်းမြောက်ခြင်း၊ စိတ်နာကြည်းခြင်း ဟူသော တရားနှစ်ပါးသည် ရောထွေးယှက်တင် ဖြစ်နေ၏။ ဤတရားနှစ်ပါးက သူ၏ နာကျင်နေသော အသည်းနှလုံးကို သက်သာအောင် ဖန်တီးပေးနေကြ၏။ သူ့အား မည်သူကမျှ သူ့ဘဝအကြောင်း နှင့် ပတ်သက်၍ မပြောခဲ့ဖူးပေ။ သူ့သား ပြောလိုက်သည့်စကားများက သူ ကာလအတန်ကြာ မေ့ပျောက်နေခဲ့သည့် ဝိုးတိုးဝါးတား အတွေးအခေါ်တို့ကို အစဖော်ပေးလျက်ရှိ၏။ သူ ငယ်စဉ်က တွေးခေါ်ခဲ့သည့် အတွေးအခေါ်များနှင့် ခံစားခဲ့ရသည့် ခံစားချက်တို့သည် မိုးဦးကျ မြက်ပင် ကလေးများ ပြန်ထလာသကဲ့သို့ အသစ်တဖန် ဖြစ်နေပြန်၏။ သူ ငယ်စဉ်က သူ၏သူငယ်ချင်း မိန်းကလေး အပေါင်းအဖော်တို့အား ဘဝအကြောင်းနှင့် ပတ်သက်၍ ပြောခဲ့ဖူး၏။ ဘဝနှင့် ပတ်သက်သည့် အရေးကိစ္စ ဟူသမျှကို ရှည်ရှည်လျားလျား ပြောခဲ့ကြဖူး၏။ သို့ရာတွင် သူနှင့်တကွ သူ့မိတ်ဆွေအားလုံးသည် ညည်းရုံသာ ညည်းကြညူကြ၏။ သူတို့ ဘဝ အဘယ်ကြောင့် ကျပ်တည်းဆင်းရဲရသနည်း ဟူသောအကြောင်းကို မရှာခဲ့ကြဖူးချေ။ ယခုမူ သူ့သားသည် သူ့ရှေ့တွင် ထိုင်လျက်ရှိပြီး သူ့သား၏မျက်လုံးများ၊ မျက်နှာ အမူအရာနှင့် သူ့စကားတို့အားလုံးက သူ့စိတ်ကို အလွန်ထိခိုက် လှုပ်ရှားစေခဲ့၏။
သူ့သားသည် သူ့ဘဝကို ကောင်းကောင်းနားလည်၏။ သူ့ဘဝတွင် သူ တွေ့ကြုံ ဆုံစည်းခဲ့ရသည့် ဒုက္ခတွေ၊ အနိဋ္ဌာရုံတွေအကြောင်းကို သူ့အား ပြောပြနေ၏။ သူ့ကို သနားလည်း သနား၏။ ထိုကြောင့် သူသည် သူ့သားနှင့် ပတ်သက်၍ ဂုဏ်အယူကြီး ယူမိလေသည်။
လူ့လောကတွင် မိခင်တို့ကို သနားခဲ၊ ကြင်နာခဲကြ၏။
သူသည် ဤအချက်ကို သိ၏။ အမျိုးသမီးများနှင့် ပတ်သက်၍ ပါဗယ် ပြောပြသည့် စကားအားလုံးသည် ခါးလည်း ခါးသီး၏။ လူအများသိထားသည့် အမှန်တရားလည်း ဖြစ်၏။ ဤစကားတို့ကြောင့် သူ့စိတ်ထဲ၌ ဝေဒနာ အမျိုးမျိုး ပေါ်ပေါက်လာရာ ဤဝေဒနာတရားတို့၏ ထူးခြားလှသည့် နူးညံ့သိမ်မွေ့မှုကြောင့် သူ၏စိတ်ဓာတ်သည် နေထိသည့် ဖယောင်းသားသဖွယ် ပျော့ပျောင်း အိညက်၍ သွားလေတော့သည်။
ထို့နောက် သူသည် ပါဗယ် ပြောနေသည့်စကားကို ဖြတ်လျက် “ကဲ ဒါဖြင့် ငါ့ သား ဘာလုပ်မလဲ” ဟု မေးလေ၏။ ထိုအခါ ပါဗယ်က “အမေ ကျွန်တော်ကတော့ ပထမဦးဆုံး လေ့လာမယ်၊ ပြီးတော့ သည့်ပြင်လူတွေကို သိလာအောင်၊ မြင်လာအောင် ဟောမယ်၊ ပြောမယ် လမ်းညွှန်မယ်။ ကျွန်တော်တို့ အလုပ်သမားတွေဟာ လေ့လာကြရမယ်။ ကျွန်တော်တို့ နေကြရတဲ့ဘဝဟာ ဘာပြုလို့ ဒီလောက်တောင် ကျပ်တည်းခက်ခဲရသလဲဆိုတာကို သိအောင်၊ နားလည်အောင် လုပ်ရမယ် အမေ” ဟု ပြန်ပြောလေ၏။
အမြဲတမ်း စူးရှပြင်းထန်လျက်ရှိသည့် သူ့သား၏ မျက်လုံးပြာကြီးများထဲ၌ အသိမ်မွေ့ဓာတ်၊ အကြင်နာဓာတ်များ ယခုကိန်းဝပ်လျက်ရှိသည်ကို မြင်ရသောအခါ သူသည် ဝမ်းမြောက်မိ၏။ သူ၏တွန့်နေသော ပါးရေများအကြား၌ မျက်ရည်များ ယိုစီးနေသော်လည်း သူ့နှုတ်ခမ်းများက ပြုံးနေ၏။ တဖက်မှ ဘဝ၏ ခါးသီးပြင်းထန်မှုကို ဤမျှ သိမြင်နားလည်နေသည့် သူ့သားအတွက် သူသည် ဂုဏ်ယူမိ၏။ အခြားတဖက်မှလည်း သူကိုယ်တိုင် အပါအဝင် လူတိုင်းက ယခု သူတို့ နေကြထိုင်ကြရသည့်ဘဝအား ပြုပြင် ပြောင်းလဲဖန်တီး၍ ရစကောင်းသည့် တရားမဟုတ်ဟု တထစ်ချ ယုံကြည်စွဲမှတ်ထားသည့်ဘဝကို သူတယောက်တည်း တကိုယ်တည်း တိုက်ခိုက် တွန်းလှန်မည်ကိုလည်းကောင်း၊ သူသည် ယခုတိုင် အသက်အရွယ်အားဖြင့် နုနယ်သေးသည်ကို လည်းကောင်း၊ သူသည် အခြားမည်သူနှင့်မျှ မတူသော စကားတို့ကို ပြောဆိုနေသည်ကို လည်းကောင်း သိမြင်နေ၏။ ဤဂုဏ်ယူမှုနှင့် ဤအသိအမြင်တို့အကြား၌ သူသည် သူ့သားအတွက် ဘာလုပ်ရမည်၊ ဘာကိုင်ရမည်ကို မသိချေ။ ထို့ကြောင့် ပါဗယ်အား...
“ဒါပေမဲ့ သားရယ်၊ ဒါတွေကို သားတယောက်တည်း ဒိုင်ခံပြီး လုပ်နိုင်ပါ့မလား” ဟု မေးလိုက်ချင်၏။
ပါဗယ်သည် သူတတ်သမျှ သိသမျှတို့ကို သူ့မိခင်အား ဖွင့်ပြောထားပြီးပြီ ဖြစ်၏။ သူ့မိခင်ကမူ သူ့သဘောနှင့် သူ့အကြောင်းကို လုံးလုံးနားမလည်ရှာချေ။ ထို့ကြောင့် အထက်ပါ မေးခွန်းကို မမေးလိုက်တော့ချေ။
ပါဗယ်သည် သူ့မိခင်ပြုံးနေပုံ၊ သူ့အပေါ်၌ အာရုံစူးစိုက်၍ ကြည့်နေပုံနှင့် သူ့အား မေတ္တာဓာတ်ဖြင့် ကြည့်နေပုံတို့ကို အကဲခတ်၍ လေ့လာမိ၏။ ထိုကြောင့် သူ့မိခင်သည် သူ၏ ဟောပြောချက်ဖြင့် သူတိုက်ပွဲဆင်နေသည့် အမှန်တရားကို ကောင်းစွာ သဘောပေါက်သွားပြီဟု ယုံကြည်သွားလေ သည်။
သူပြောပြလိုက်သည့် စကားများထဲ၌ အားပါသဖြင့် သူသည် ဂုဏ်ယူမိ၏။ ထို့ကြောင့် သူ့ကိုယ်သူလည်း ပို၍ ယုံကြည်လာမိ၏။ သူသည် တခါတရံ ပြင်းပြင်းထန်ထန်လည်းကောင်း၊ တခါတရံ ပြုံးလျက်လည်းကောင်း၊ တခါတရံ မျက်မှောင်ကြုတ်လျက်လည်းကောင်း သူ့မိခင်အား ပြောနေ၏။ တခါတရံ သူ့အသံသည် ဒေါသဓာတ်၊ အမုန်းဓာတ်တို့ဖြင့် တုန်ယင်လာသောအခါ သူ့မိခင်သည် ကြောက်ရွံ့လာမိ၏။ ထိုအခါမျိုး၌ သူ့အသံသည် အလွန်လည်း မာကျောပြီး အလွန့်လည်း စူးရှလှကား မိခင်သည် ဦးခေါင်းကို ယမ်းကာ
“ဖြစ်နိုင်ပါ့မလား သားရယ်” ဟု ဖြည်းညင်းသာယာစွာ မေးတတ်၏။
ဤကဲ့သို့မေးလျှင် ပါဗယ်က ခိုင်မြဲသည့် ယုံကြည်ချက်နှင့်
“ဖြစ်နိုင်ပါတယ် အမေရဲ့” ဟု ပြန်ဖြေတတ်ပြီး ကောင်းသည့်၊ မွန်မြတ်သည့် အလုပ်တို့ကို အလွန်လုပ်လို၊ ဆောင်ရွက်လိုကြသည့် လူများရှိကြောင်း၊ ဤလူများသည် ပြည်သူလူထု အကြား၌ အမှန်တရားကို မျိုးစေ့ချလျက်ရှိကြောင်း၊ ဤကဲ့သို့ အမှန်တရားကို ပြည်သူလူထုတို့ သိမြင်နားလည်လာအောင် ဟောပြောသည့် အပြစ်နှင့်ပင် ပြည်သူလူထု၏ ရန်သူများက တိရစ္ဆာန်များသဖွယ် လိုက်လံဖမ်းဆီးပြီး အကျဉ်းထောင်များထဲ၌ ချထားပုံ၊ ပြင်းပြင်းထန်ထန် အပြစ်ဒဏ်ပေးပုံတို့ကို ပြောပြလေ၏။
ထိုနောက် တဖန်… “ကျွန်တော် ဒီလူတွေကို သိတယ်။ သူတို့ကမှ ကမ္ဘာ့အနှစ်သာရတွေပဲ အမေရဲ့” ဟု ပြင်းပြင်းထန်ထန် လက်မောင်းတန်း၍ ပြောနေပြန်၏။
ပါဗယ်ပြောသည့် ဤလူတွေအကြောင်းကို ကြားလိုက်လျှင် အမေသည် ထိတ်လန့် တုန်လှုပ် သွားမိ၏။ တဖန် သူ့သားအား “သူတို့ကြိုးပမ်းနေကြသည့် အရေးသည် အောင်မြင်နိုင်ပါ့မလား” ဟု မေးလိုက်ချင်ပြန်၏။ သို့ရာတွင် မမေးဝံ့ချေ။ ဤကဲ့သို့ အစိုးရအပြစ်ဒဏ်နှင့် မကင်းသည့် အကြောင်းအချက်တို့ကို သူ့သား တွေးတတ် ခေါ်တတ်အောင်၊ ပြောတတ် ဟောတတ်အောင် သင်ပြပေးကြသည့် ဤလူများသည် အဘယ်ကြောင့် ဤကဲ့သို့သော အလုပ်မျိုးကို လုပ်နေသည် ကို သူသည် သဘောမပေါက်နိုင်၊ နားမလည်နိုင်ချေ။ ထို့ကြောင့် ပါဗယ်က သူတို့အကြောင်းကို ပြောပြလျှင် သူသည် အသက်ကိုပင် ပြင်းပြင်းမရှူဘဲ နားထောင်နေတတ်လေသည်။ ဤကဲ့သို့ သူ့သားပြောသည့်စကားများကို မိခင်က နားထောင်ရင်း အချိန်ကုန်သွားမှန်းမသိ ကုန်သွားရာ နောက်ဆုံး မိခင်က ပါဗယ်အား
“အို ဒါနဲ့ မိုးတောင်လင်းတော့မယ်။ ကဲ သားရယ် အိပ်ရာထဲသွားပြီး တရေးတမောတော့ အိပ်လိုက်ဦးကွဲ့” ဟု ပြောရာ ပါဗယ်က
“သားအိပ်ပါတော့မယ် အမေ” ဟု ပြော၍ သူ့မိခင်ဘက်သို့ ကုန်းလျက်
“ဒါပေမဲ့ သားပြောတာကို အမေ နားလည်ရဲ့လား” ဟု မေးလျှင် သူ့မိခင်က
“အေး နားလည်ပါတယ် သားရယ်” ဟု သက်ပြင်းချ၍ ပြန်ဖြေလေ၏။ တဖန် မျက်ရည်များ လည်လာ၍ ရုတ်တရက် ငိုယိုကာ
“အဲဒါကတော့ သားပျက်စီးဖို့ရာပဲ” ဟု ပြောနေလေ၏။
ပါဗယ်သည် မတ်တတ်ရပ်၍ အခန်းကို ဖြတ်သွားပြီး သူ့မိခင်အား
“ကဲ အမေ၊ အခု သားဘာလုပ်နေတယ် ဆိုတာရယ်၊ ဘယ်သွားတယ်ဆိုတာရယ်ကို အခု အမေ သိပြီပဲ။ သား အမေ့ကို အကုန်လုံးလည်း ပြောပြီးပါပြီ၊ အဲဒီတော့ အမေ သားကိုချစ်ရင် သားလုပ်တဲ့အလုပ်ကို မပိတ်ပင်ပါနဲ့တော့။ အမေ့ကို သား တောင်းပန်ပါတယ်” ဟု ပြောလျှင် သူ့မိခင်က
“အမယ်လေး အမေချစ်လှတဲ့သားရယ်၊ သား ဒါတွေ အမေ့ကို မပြောဘဲ ထားတာကမှ ကောင်းလိမ့်ဦးမယ်နော်” ဟု ငို၍ပြန်ပြောနေလေ၏။
ပါဗယ်သည် သူ့မိခင်၏လက်ကို ကိုင်၍ အတင်း ညှစ်ထားလေ၏။ သူ့သားက သူ့အား ချစ်ခင်ကြင်နာစွာနှင့် ‘အမေ’ ဟု ခေါ်လိုက်ပြီး သူ့လက်ကို တခါမျှ မညှစ်စဖူး ညှစ်ကိုင် ထားလိုက်ခြင်း ခံလိုက်ရသည့်အတွက် သူသည် ပီတိများပင် ဖြာနေမိလေတော့သည်။
ထို့နောက် ပါဗယ်အား အလွန်ဝမ်းနည်းကြေကွဲလှသော လေသံနှင့် “အမေ မပိတ်ပင်ပါဘူး သားရယ်။ ဒါပေမဲ့ သတိတော့ထားပါ။ သတိကိုတော့ ဘယ်တော့မှ မလွတ်ပါစေနဲ့ သားရယ်”
ဟု ပြောပြီးနောက် တဖန်ဆက်၍ အလွန်ပူပန်လှစွာ
“သားဟာ တနေ့တခြား ပိန်ပိန်လာတယ်ကွယ့်” ဟု ပြောပြန်ကာ အရပ်အမောင်း မြင့်မား၍ သန်မာတောင့်တင်းသည့် သူ့သားကို ချစ်ခင်စွာ ကြည့်လျက်
“သားရယ်၊ သားကောင်းတယ် ထင်သလိုလုပ်ပါ။ အမေက သားလုပ်တဲ့အလုပ်ကို ပိတ်ပင်လိမ့်မယ်လို့တော့ ဘယ်တော့မျှ မထင်နဲ့နော်။ ဒါပေမဲ့ သားကို အမေ တခုတော့ တောင်းပန်ပါရစေ၊ သားစကားပြောတဲ့အခါ လူကြည့်ပြောနော်။ လူတွေက ကြောက်စရာ ကောင်းတယ်။ လူတွေဟာ တယောက်နဲ့တယောက် မုန်းကြတယ်၊ ရွံကြတယ်၊ သူတို့ဟာ လောဘကြီးတယ်။ တယောက်နဲ့ တယောက်လည်း နစ်နာအောင်၊ ထိခိုက်အောင် လုပ်ချင်ကြ တယ်။ သားက သူတို့ကို လက်ညှိုးထိုးပြီး ဒါတွေ ဒါတွေကို ခင်ဗျားတို့တတွေဟာ ကျူးလွန်နေကြတယ်လို့ စွပ်စွဲလိုက်တာနဲ့ တပြိုင်နက် သားကို သူတို့က မုန်းပြီး သတ်ပစ်ချင်ကြလိမ့်မယ်” ဟု ပြောနေလေ၏။
ပါဗယ်သည် တံခါးဝ၌ရပ်လျက် သူ့မိခင်၏ စိုးရိမ်သောကကြီးစွာသော စကားတို့ကို နားထောင် နေ၏။ သူ့မိခင် စကားဆုံးသောအခါ သူသည် ပြုံး၍
“အမေပြောတာ မှန်ပါတယ်။ လူတွေဟာ မကောင်းဘူး၊ ဒါပေမဲ့ အမှန်တရားကို သိမြင်လာတဲ့ အခါ လူတွေဟာ ပိုပြီး ကောင်းလာပါတယ်” ဟု ပြန်ပြောပြ၏။ တဖန် ပြုံးရင်း
“သားဟာ ဘယ်လိုဖြစ်လာတယ်တော့ မသိဘူး၊ ဒါပေမဲ့ သား ငယ်ငယ်တုန်းကတော့ လူတိုင်းကို ကြောက်တယ်။ အဲဒီနောက် သားကြီးလာပြန်တော့ သားဟာ လူတိုင်းကို မုန်းလာပြန်တယ်။
တချို့ကိုတော့ တိရစ္ဆာန်တွေလို ရိုင်းစိုင်းလို့ပဲ။ တချို့ကိုတော့ ဘာ့ကြောင့်ရယ်လို့ မသိဘူး မုန်းနေတော့တာပဲ။ အခုတော့ အစစပြောင်းလဲနေပါပြီ။ သားဟာ လူသားတွေကို ချစ်လာပြီး သူတို့အတွက် ဝမ်းနည်းလာလို့ ဒီလိုပြောင်းလဲတာပဲ ထင်ပါရဲ့။ ဒီလို တိရစ္ဆာန်တွေလို လူတွေဟာ ရက်စက် ရိုင်းစိုင်းလာတဲ့အတွက် သူတို့ကိုချည်း အမြဲတမ်း အပြစ်တင်နေလို့ မဖြစ်ဘူးဆိုတာကို မြင်လာတဲ့အခါမှာ သားရဲ့အသည်းနှလုံးဟာ နူးညံ့သိမ်မွေ့သွားတာပဲ အမေ” ဟု ပြောရင်း သူ့အား တစုံတယောက်က ဆီး၍ပြောနေသည့်အသံကို နားထောင်နေဘိသကဲ့သို့ ခေတ္ တရပ်နေပြန်၏။ ထိုနောက် လေးလေးနက်နက် စဉ်းစားလျက် တည်ငြိမ်စွာ
“အဲဒါ အမှန်တရားကို သိမြင်လာလို့ ပြောင်းလဲလာတဲ့ ပြောင်းလဲမှုပဲ အမေ” ဟု ပြောလိုက်ပြန်၏။ ထိုအခါ သူ့မိခင်က သူ့အား တချက်မျှ ကြည့်ပြီး
“အလိုလေး ဘုရားဘုရား၊ အမေ့သားတော့ အလွန်အန္တရာယ်ကြီးတဲ့ ပြောင်းလဲမှုကို ရနေပါပကောလား” ဟု ရေရွတ်နေလေ၏။
ထို့နောက် ပါဗယ်သည် အိပ်ရာထဲသို့ဝင်၍ အိပ်ပျော်သွားသောအခါ သူ့မိခင်သည် အိပ်ရာမှထကာ သူ့ထံသို့ ဖြည်းညင်းစွာ သွားလေ၏။ ပါဗယ်သည် ပက်လက်လှန်ကာ အိပ်ပျော်လျက်ရှိရာ ခေါင်းအုံးဖြူဖြူပေါ်မှ သူ့မျက်နှာညိုညိုသည် ပို၍ ပေါ်လွင်နေလေ၏။ မိခင်သည် သူ့သားအနီး ဖိနပ်မပါ ညဝတ်ဝတ်စုံကို ဝတ်လျက် ရပ်နေ၏။ သူ့လက်များနှင့် ရင်ကို မပြီး သူ့ပါးစပ်မှ တစုံတခုကို ရေရွတ်နေသော်လည်း ဘာသံမျှ မကြားရပေ။ သူ့ပါးပြင်ပေါ်၌မူ မျက်ရည်ပေါက်ကြီး များသည် တလိမ့်လိမ့် ယိုစီးလျက် နေလေသတည်း။
အခန်း ငါး
တဖန် ပါဗယ်နှင့် သူ၏မိခင်တို့သည် တယောက်နှင့် တယောက် စကားများများ မပြောဘဲ ကိုယ့်စိတ်ကူးနှင့်ကိုယ် နေကြပြန်၏။ သူတို့ချင်း ဤကဲ့သို့ ခပ်ခွာခွာ နေကြသော်လည်း တဦးအပေါ်တဦး ယခင်ကထက်ပင် သံယောဇဉ်ကြီးနေကြ၏။
အလုပ်ရုံပိတ်သည့် သီတင်းလယ် နေ့တနေ့၌ ပါဗယ်သည် နေအိမ်မှ မထွက်မီ သူ့မိခင်အနီးသို့ သွားကာ
“စနေနေ့ကျရင် မြို့က တချို့လူတွေ သားဆီကိုလာကြလိမ့်မယ် အမေ” ဟု ပြောလိုက်သောအခါ
“မြို့ကတဲ့ ဟုတ်လား” ဟု သူ့မိခင်က ပြန်မေးပြီး ညည်းနေလေရာ ပါဗယ်က
“ဘာဖြစ်ရတာလဲ အမေ” ဟု စိတ်ခပ်တိုတိုနှင့် ပြန်မေးလေ၏။
သူ့မိခင်သည် မျက်ရည်များကိုသုတ်လျက် သက်ပြင်းတချက် ချကာ
“အမေကတော့ ဘာမှလည်းမသိဘူး၊ ဘာရယ်လို့လည်း ထူးထူးခြားခြား မဟုတ်ပါဘူး” ဟု ပြန်ပြောလေ၏။ ပါဗယ်က
“အမေက ကြောက်သလား” ဟု မေးသောအခါ သူက ကြောက်သည်ဟု အတိအလင်း ဝန်ခံလိုက်၏။
ထိုအခါ ပါဗယ်သည် သူ့မိခင်ဘက်သို့ ကိုယ်ကို ကိုင်းညွှတ်ပြီး သူ၏ဖခင် ဟန်ပန်မျိုးနှင့်
“အမေ၊ သားတို့ကို ဖျက်ဆီးနေတာ ဒီကြောက်စိတ်ပဲ။ သားတို့ အမေတို့ ကြောက်ကြတာကို အခွင့်ကောင်းယူပြီး ကျွန်တော်တို့အပေါ်မှာ သခင်လုပ်နေကြတဲ့လူတွေက ကျွန်တော်တို့ အပေါ်မှာ အနိုင်ကျင့်ချင်တိုင်းကျင့်ပြီး ဗိုလ်အကျကြီး ကျနေကြတာပေါ့” ဟု လေသံခပ်ပြင်းပြင်း နှင့် ပြောလိုက်လေ၏။
ထိုအခါ သူ့မိခင်က စိတ်မချမ်းမသာနှင့်
“သားရယ် စိတ်မဆိုးပါနဲ့၊ မကြောက်ဘဲ ဘယ့်နှယ်နေနိုင်ပါ့မလဲ။ အမေ့အမေဟာ တဘဝလုံးဟာ ကြောက်ချည်းလာခဲ့ရတာကိုး၊ အမေ့ရင်တွင်းမှာ အကြောက်တရားကပဲ ဖုံးနေတာပဲ” ဟု ညည်းညူနေလေ၏။ သူ့မိခင် ညည်းညူနေသံကို ကြားသောအခါ ပါဗယ်က လေသံပျော့ပျော့နှင့်
“အမေ့အတွက် သားစိတ်မကောင်းပါဘူး အမေရယ်။ ဒါပေမဲ့ နည်းကတော့ ဒီတနည်းပဲ ရှိတော့တယ်” ဟု ပြန်ပြောကာ ထွက်သွားလေ၏။
အမေသည် သုံးရက်လုံးလုံး ကြောက်နေ၏။ တုန်တုန်ယင်ယင် ဖြစ်နေ၏။ သူ့အိမ်သို့လာကြမည့် ထူးဆန်း၍ ကြောက်မက်ဖွယ်ရာမကင်းသည့် လူများအကြောင်းကို စဉ်းစားမိတိုင်း သူ့ရင်တွင်း၌ ထိတ်ထိတ်သွား၏။ အင်း၊ ဒီလူစုပဲ သူ့သားကို လမ်းညွှန်နေကြတာ။
စနေနေ့ ညနေ၌ ပါဗယ်သည် အလုပ်ရုံမှ ပြန်လာခဲ့၏။ ရေမိုးချိုးပြီး အဝတ်များကိုလဲ၍ ထွက်သွားပြန်၏။ သို့ထွက်မသွားမီ သူ့မိခင်အား မကြည့်ဘဲ တခြားသို့ လှည့်ကာ
“အမေ၊ တယောက်ယောက်များ လာလို့ရှိရင် သား ပြန်လာလိမ့်မယ်လို့ ပြောလိုက်ပါ။ ပြီးတော့ အမေလည်း ကြောက်မနေပါနဲ့” ဟု ပြောလိုက်၏။
အမေသည် ခုံရှည်ပေါ်သို့ ပင်ပန်းအားနည်းစွာ ထိုင်ချလိုက်၏။ ပါဗယ်သည် အမေ့အား စိတ်ချဉ်ချဉ်နှင့် ကြည့်ပြီး “အမေရင်လည်း ကနေ့ည တခြားသွားနေရင် ကောင်းလိမ့်မယ်” ဟု ပြောလိုက်ရာ သူ၏စကားများကြောင့် အမေ့စိတ်ထဲ၌ အတော်ပင် ထိခိုက်သွားလေ၏။ ထို့နောက် အမေက “မသွားပါဘူး၊ ဘာပြုလို့ သွားရမှာလဲ” ဟု ပြန်၍ပြောလေ၏။
အချိန်ကား နိုဝင်ဘာလကုန်ခါနီး ဖြစ်၏။ နွေအခါ၌ ဆီးနှင်းများကျ၍ ထိုဆီးနှင်းခဲများပေါ်၌ နင်းသွားသည့် ပါဗယ်၏ခြေသံတို့ကို အမေသည် ကြားနေရ၏။ စိတ်မချမ်းမြေ့စရာ အမှောင်ထုသည် သူတို့အိမ်ကို ဖုံးအုပ်လာရာ အမေသည် ခုံရှည်ကို လက်နှစ်ဖက်ဖြင့် တအားဆုပ်၍ ကိုင်ထားရင်း ထိုင်နေရာမှ တံခါးကိုသာစိုက်၍ ကြည့်နေလေ၏။
သူ့သားကို လမ်းညွှန်နေကြသည့် ဆိုးရွားသော လူတို့သည် အဝတ်များကို ထူးထူးဆန်းဆန်း ဝတ်ဆင်ကြလျက် အမှောင်ထုအတွင်းမှ ခိုးကြောင်ခိုးဝှက် လာနေကြသည်ဟု အမေသည် စိတ်ကူးနေမိ၏။ ထိုအတွင်း လူတဦးတယောက်သည် အိမ်ထရံများကို လက်နှင့်စမ်းလျက် အိမ်ကိုပတ်၍ သွားနေလေသည်။
အမေသည် လူတယောက် လေချွန်နေသံကို ကြား၏။ ကြေကွဲစရာ သာယာလှသည့် လေချွန်သံ ကလေးသည် ငြိမ်သက်လှသော အမှောင်ထုအတွင်း၌ တစုံတခုကို ရှာပုံတော် ဖွင့်နေသကဲ့သို့ ရှိနေရာမှ နီးသည်ထက် နီးကပ်လာလေ၏။ ထို့နောက် ထိုအသံကလေးသည် ထရံပျဉ်ပြား များထဲ၌ မြှုပ်ထားလိုက်သကဲ့သို့ အိမ်ပြတင်းပေါက်နားသို့ရောက်သောအခါ ပျောက်သွားလေ၏။
အိမ်အဝင်ဝမှ ဖိနပ်ရှပ်တိုက်သံများ ကြားလိုက်လျှင် အမေသည် ရင်ထဲ၌ ရုတ်တရက် ထိတ်လန့်သွားပြီး မျက်ခုံးကိုချီ၍ ကြည့်နေမိလေ၏။
တံခါးပွင့်သွားပြီး ခေါင်းစွပ်ကြီးတခုကို ဆောင်းထားသည့် ဦးခေါင်းတခု ပြူဝင်လာ၏။ ထို့နောက် အရပ်ခပ်ရှည်ရှည် လူတယောက်သည် ကုန်းဝင်လာ၍ အိမ်ထဲသို့ ရောက်သောအခါ မားမားမတ်မတ် ရပ်လိုက်၏။ ထိုလူက လက်ယာဘက်လက်ကို မြှောက်၍ ကျယ်လောင်သော အသံနှင့် “မင်္ဂလာရှိသော ညနေခင်းပါခင်ဗျာ” ဟု နှုတ်ဆက်လိုက်လျှင် အမေက ဘာမျှ စကားပြန်မပြောဘဲ ကိုယ်ကို အနည်းငယ် ညွှတ်လိုက်၏။ တဖန် ဧည့်သည်က....
“ပါဗယ်ရှိပါသလားခင်ဗျာ” ဟု မေးပြန်၍ သားမွေးအင်္ကျီကို တဖြည်းဖြည်း ချွတ်လိုက်၏။ ခြေထောက်တဖက်ကို မြှောက်ကာ သူ၏ ခေါင်းစွပ်ဖြင့် သူ့နဖူးမှ ဆီးနှင်းများကို ခါလိုက်ပြီး တဖန် နောက်တဖက်ကို ခါပြန်၏။ ထို့နောက် ခေါင်းစွပ်ကို ထောင့်ထဲသို့ပစ်၍ အခန်းအလယ်၌ ဖြည်းညင်းစွာ လမ်းလျှောက်နေရာမှ ကုလားထိုင်တလုံးပေါ်သို့ ထိုင်လိုက်၏။ လက်တဖက်ဖြင့် ပါးစပ်ကိုပိတ်လျက် သမ်းဝေနေပြန်၏။ သူ၏ခေါင်းသည် အချိုးကျ၏။ ဆံပင်ကိုလည်း ခပ်တိုတိုပင် ညှပ်ထား၏။ အောက်သို့ ကုတ်ကျနေသော နှုတ်ခမ်းမွေးမှအပ မျက်နှာပေါ်မှာ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးတို့ကိုမူ တပင်မျှမကျန်အောင် ကျကျနန ရိတ်ထား၏။ သူသည် အခန်းကို သူ၏ ပြူးကျယ်သော ပြာမွဲမွဲမျက်လုံးများနှင့် ဂရုတစိုက် အကဲခတ်၍ ကြည့်ပြီးနောက် ကုလားထိုင်ပေါ်၌ ခြေကလိမ် ကွတ်ကာ ရှေ့နောက် ယိမ်းထိုးနေရာမှ...
“ဒီအိမ်က ကိုယ်ပိုင်အိမ်လား၊ ငှားနေတာလားခင်ဗျာ” ဟု မေးလိုက်လျှင် သူနှင့် မျက်နှာချင်းဆိုင် ထိုင်လျက်ရှိသော အမေက “ငှားတာပါ” ဟု ဖြေလိုက်၏။ ထိုအခါ ထိုလူက “အင်း... နေရာကတော့ တယ်ပြီးမကောင်းလှဘူး” ဟု မှတ်ချက်ချလိုက်၏။ ထိုနောက် အမေက…
“ပါရှာ (ပါဗယ်၏နာမည်) မကြာခင် ပြန်လာပါလိမ့်မယ်၊ ခဏကလေး စောင့်ပါဦး” ဟု ပြောလိုက်လျှင် ထိုလူကျိုင်းကောင်းလှသည့် ဧည့်သည်က...
“ကျွန်တော် စောင့်နေပါမယ် ခင်ဗျာ” ဟု တည်ငြိမ်စွာ ပြန်ပြောလေ၏။
ထိုလူ၏ တည်ငြိမ်မှု၊ ပျော့ပျောင်းသည့် လေသံနှင့် ရိုးသားသည့် မျက်နှာတို့ကြောင့် အမေသည် ကြောက်ရွံ့ခြင်း ကင်းမဲ့သွား၏။ သူ၏မျက်နှာသည် ပွင့်လင်းသည့်အသွင်၊ ခင်မင်ရင်းနှီး တတ်သည့် အသွင်တို့ကို ဆောင်လျက်ရှိပြီး သူ၏ကြည်လင်သော မျက်လုံးများ၌လည်း ပျော်ရွှင်တတ်သည့် အရိပ်အယောင်တို့သည် ပေါ်လွင်လျက်ရှိကြ၏။ သူသည် ရိုးကြီး သားနည်း ဖြစ်၏။ လက်ပြင် အနည်းငယ် ကုန်း၏။ ခြေတံရှည်၏။ ပုံပန်းသဏ္ဌာန်တခုလုံးကို ခြုံကြည့်လျှင် ချစ်စရာကောင်း၏။ သူသည် အပြာရောင် အင်္ကျီပွပွနှင့် အနက်ရောင် ဘောင်းဘီပွပွတို့ကို ဝတ်ထားပြီး ဘောင်းဘီအောက်ဖျားများကို လည်ရှည် ဖိနပ်ကြီးများထဲသို့ ထည့်ထား၏။ အမေသည် ထိုဧည့်သည်အား ဘယ်သူလဲ၊ ဘယ်က လာရတာလဲ၊ သူ့သားကို သိတာ ကြာပြီလား စသည့် မေးခွန်းတို့ကို မေးချင်၏။ သို့ရာတွင် ဧည့်သည်သည် ရုတ်တရက် ချက်ချင်း သူ့ကိုယ်ကို အမေဘက်သို့ ကိုင်းလျက်
“အမေ... အမေ့မျက်နှာပေါ်က အမာရွတ်ဟာ ဘယ်သူရိုက်လို့ ဖြစ်ရတာလဲ” ဟု မေးနေလေ၏။ သူ၏အသံသည် သာယာပျော့ပျောင်း၏။ မျက်နှာကလည်း ပြုံးလျက် ရှိ၏။ သို့ရာတွင် အမေသည် အနည်းငယ် စိတ်ထဲ၌ ခုသွားပြီး ပါးစပ်ကို မပွင့်တပွင့်နှင့် စကားလုံးအားဖြင့် နူးညံ့သော်လည်း အနည်းငယ် မာကျောသည့် လေသံဖြင့်…
“သူငယ်ရဲ့၊ ဒါက မင်းမေးစရာအလုပ် မဟုတ်ပါဘူး” ဟု ပြန်ပြောလိုက်၏။ ထိုအခါ ထိုဧည့်သည်က အမေ့ဆီသို့ သူ့ကိုယ်ကို ကိုင်းလျက်
“စိတ်မဆိုးပါနဲ့ အမေရယ်။ ကျွန်တော် ဒီလိုမေးမိတာကတော့ ကျွန်တော့်ကို မွေးစားတဲ့ အမေမှာလည်း အမေ့အမာရွတ်မျိုး အမေ့လိုနေရာမှာပဲ ရှိနေလို့ပေါ့။ သူ့အမာရွတ်ကတော့ သူ့ယောက်ျားကရိုက်လို့ ရထားတဲ့ အမာရွတ်ပါ။ သူ့ယောက်ျားက ဖိနပ်ချုပ်သမား တယောက် ပါပဲ။ သူ့ယောက်ျားက ဖိနပ်ပုံနဲ့ ရိုက်ထားတာပေါ့။ ကျွန်တော့်မွေးစားအမေ ခဝါသည်မ၊ သူ့ယောက်ျားကတော့ ဖိနပ်ချုပ်သမားပါ။ သူတို့ချင်း ဘယ်နေရာမှ တွေ့ကြတယ်လို့တော့ မသိဘူး။ ကျွန်တော့်မွေးစားအမေမှာ ကံဆိုးချင်တော့ သူ့ဖိနပ်ချုပ်သမားက အရက်သမား ဖြစ်နေတာပေါ့။ ဒီလိုဖြစ်ရတာ ကျွန်တော့် မွေးစားပြီးမှပေါ့။ ဖိနပ်ချုပ်သမားက သိပ်ရိုက်တာပဲ။ ကျွန်တော်ကတော့ ကြောက်ချည်းနေတာပဲ” ဟု သူ့မွေးစားမိခင်၏ အဖြစ်အပျက်ကို ယုံယုံကြည်ကြည်နှင့် ပြောနေသဖြင့် အမေသည် အတော်ကလေး စိတ်ထဲ၌ မနေတတ် မထိုင်တတ် ဖြစ်သွားလေ၏။ ထို့နောက် ဤဧည့်သည် လူငယ်အား ခပ်ပြတ်ပြတ် စကား ပြောမိဆိုမိလိုက်သဖြင့် သူ့သား ပါဗယ်က သူ့အပေါ်၌ စိတ်ဆိုးမည်ကို ကြောက်နေမိပြန်၏။
ထို့နောက် သူ့ကိုယ်သူ မလုံသည့်အနေဖြင့် ပြုံးလျက်
“အမေက စိတ်မဆိုးပါဘူးကွယ်၊ ဒါပေမဲ့ မင်းက ဘုမသိဘမသိ ရုတ်ခနဲ မေးလိုက်တော့ အမေက ဘယ်လိုလုပ်ပြီး ပြန်ဖြေလိုက်ရမယ်လို့ မသိတော့ဘူးပေါ့။ အမေကလည်း အမေ့ယောက်ျားက ရိုက်လို့ပဲကွယ့်။ အို… မောင်မင်းကြီးသား ကောင်းရာသုဂတိ လားပါစေ၊ သူငယ်က ကရက်လူမျိုးလားကွယ့်” ဟု မေးလေရာ ဧည့်သည်က ရုတ်တရက် စုံရပ်လိုက်ပြီး ပြုံးလျက်
“မဟုတ်ပါဘူးခင်ဗျား” ဟု ဖြေလိုက်သောအခါ အမေကလည်း ပြုံးကာ
“ဒါပေမဲ့ မင်းလေသံက ရုရှားလေသံတော့ မဟုတ်ဘူးကွယ့်” ဟု ပြောလေ၏။ ထိုအခါ ဧည့်သည်က အလွန်ကျေနပ်နှစ်ခြိုက်စွာ
“အဲဒီလေသံက ရုရှားလေသံထက် သာတာပေါ့၊ ကျွန်တော်က ကာနက်(ဗ)နယ်က ယူကရိန်း လူမျိုးပါ” ဟု ပြန်ဖြေလေ၏။ တဖန် အမေက
“ဒီနေရာရောက်နေတာ ကြာပြီလားကွယ့်” ဟု မေးလျှင်
“ဒီမြို့ကို ရောက်နေတာကတော့ တနှစ်လောက်ရှိပါပြီ၊ ဒါပေမဲ့ အလုပ်ရုံထဲ ရောက်နေတာ ကတော့ တလလောက် ရှိပါသေးတယ်။ ဒီမှာ အမေ့သားလို လူတော် လူကောင်းတွေ ရှိကြတယ်။ ဒါကြောင့် ကျွန်တော် ဒီမှာနေမယ်လို့ စိတ်ကူးထားတာပဲ” ဟု သူ၏နှုတ်ခမ်းမွေးကို လက်နှင့် ဆွဲသပ်ရင်း ပြန်ဖြေလေ၏။ အမေက “လက်ဖက်ရည် တခွက်တော့ ဖျော်လိုက်ဦးမယ်လေ” ဟု ဆိုလျှင် သူက ပခုံးကိုတွန့်လျက်
“ကျွန်တော်ချည်း တယောက်တည်း သောက်ရမှာလား၊ တခြားလူတွေ လာအောင် စောင့်ပါဦးလား အမေ။ ပြီးတော့ ကျွန်တော်တို့အားလုံးကို တိုက်တာပေါ့”
အမေသည် သူ့စကားကို ကြားသောအခါ သူ ကြောက်ရွံ့မိခဲ့သည်ကို သတိရပြီး “အင်း၊ ကျန်တဲ့လူတွေကလည်း ဒီသူငယ်လိုပဲဆိုရင်တော့ ကောင်းမှာပဲ” ဟု တွေးနေမိလေ၏။
တဖန် အိမ်ဝဆီမှ ခြေသံများကို ကြားရပြန်၏။ ရှေ့တံခါးသည် ပွင့်သွားပြီး အမေသည် မတ်တတ်ရပ်လိုက်၏။ အခြားလူငယ်တယောက်ပင် ဝင်လာလိမ့်မည်ဟု အမေသည် မျှော်လင့် ထားရာမှ လူတယောက် မဟုတ်ဘဲ အမျိုးသမီးကလေးတယောက်သည် မီးဖိုခန်းထဲသို့ ဝင်လာသဖြင့် အံ့အားသင့်၍ သွားလေ၏။ ထိုမိန်းကလေးသည် ကာယဗလအားဖြင့် သေးငယ်၏။ မျက်နှာကမူ တောင်သူလယ်သမားတယောက်၏ မျက်နှာကဲ့သို့ ရိုးသားသည့် အသွင်ကို ဆောင်နေ၏။ ဆံပင်ကိုမူ ကျစ်ဆံမြီး ထုံးထား၏။ ထိုနောက် မိန်းကလေးက နူးညံ့သိမ်မွေ့စွာ
“ကျွန်မ နောက်များကျနေသလားပဲ” ဟု မေးလျှင် ယူကရိန်းလူငယ်က
“နောက်မကျပါဘူး၊ လာပါလေ” ဟု သူထိုင်နေသည့် အခန်းထဲသို့ လှမ်းခေါ် လိုက်၏။ ထို့နောက် မိန်းကလေးသည် အမေ့ဘက်သို့ လှည့်ကာ
“အမေဟာ ပါဗယ်ရဲ့အမေ မဟုတ်လားရှင်။ မင်္ဂလာရှိသော ညနေခင်းပါ။ ကျွန်မနာမည်က နာတာရှာပါရှင်” ဟု သွက်သွက်လက်လက် နှုတ်ဆက်ရင်း မေးလိုက်ရာ အမေက
“အေး၊ အမေက ပါဗယ်အမေပဲကွဲ့။ ညည်း ဘိုးဘ နာမည်ကကော”
“ဗာဆစ်(လ်)ယက်(ဗ်)နာပါတဲ့။ အမေရဲ့ဘိုးဘ နာမည်ကကော”
“နီလော့(ဗ်)နာတဲ့ကွဲ့။ ဖီလာဂီ-နိလော့(ဗ်)နာပေါ့”
“ကဲ၊ ကျွန်မတို့တတွေဟာ သူစိမ်းတွေ မဟုတ်ကြတော့ဘူးပေါ့ရှင်။ အသိအကျွမ်းတွေ ဖြစ်ကြပြီပေါ့”
“အေးပေါ့ကွယ်” ဟု အမေက မိန်းကလေးအား ကြည့်၍ ပြုံးနေရင်း ပြန်ဖြေလိုက်လေ၏။
ထိုနောက် ယူကရိန်းလူငယ်သည် မိန်းကလေး၏ အပေါ်အင်္ကျီကို ကူ၍ ချွတ်ပေးရင်း
“အေးသလား”
“သိပ်အေးတာပေါ့၊ ကွင်းပြင်ထဲမှာ တိုက်လိုက်တဲ့လေကဖြင့်”
မိန်းကလေး၏အသံသည် စီ၏။ ကြည်လင်၏။ သူ့ပါးစပ်သည် သိပ်မကျယ်။ နှုတ်ခမ်းများသည် စေ့၏။ သူ့ခန္ဓာကိုယ်ကလေးသည် လုံးကျစ်၏။ သူ့မျက်နှာသည် အမြဲရွှင်လန်း ကြည်လင်လျက် ရှိ၏။ သူ၏အင်္ကျီများကို ချွတ်ပြီးနောက် အအေးဓာတ်ဖြင့် နာကျင်နေသော သူ၏လက်များဖြင့် သူ၏ နှင်းဆီရောင်ထနေသော ပါးအို့နီနီကလေးများကို ပွတ်နေပြီးနောက် တဖက်ခန်းထဲသို့ ခပ်သွက်သွက်ကလေး ဝင်သွားလေ၏။
အမေသည် မိန်းကလေးကို ကြည့်ရင်း “အင်း၊ သူကတော့ မိုးကာဖိနပ်ရှည်ကြီးတွေကို မစီးဘူးနော်” ဟု စိတ်ထဲ၌ မှတ်ချက် ချလိုက်၏။
မိန်းကလေးသည် ခိုက်ခိုက်တုန်နေရာမှ
“အမယ်လေး၊ သွေးတွေတောင် ခဲမလားမသိဘူး အေးလိုက်တာ” ဟု ပြောလိုက်၏။
“ကဲ၊ လက်ဖက်ရည်အိုးသွားတည်လိုက်ဦးမယ်နော်၊ ခဏကလေးရယ်” ဟု ဆိုကာ အမေသည် မီးဖိုခန်းထဲသို့ သုတ်သီးသုတ်ပျာ ဝင်သွားလေသည်။ အမေသည် မိန်းကလေးအား နှစ်ကာလ ရှည်လျားစွာကပင် သိထားသကဲ့သို့ မှတ်ထင်မိ၏။ မိခင်တဦး၏ ယုယကြင်နာသည့် မေတ္တာနှင့် လည်း ချစ်မိ၏။ တဖက်ခန်းမှ မိန်းကလေးနှင့် ယူကရိန်းလူငယ်တို့ ပြောဆိုနေကြသည့် စကားတို့ကို နားထောင်ရင်း ပြုံးနေမိ၏။
မိန်းကလေးက ယူကရိန်းလူငယ်အား
“နက်ခိုဒါ၊ ဘာများငိုင်ပြီး တွေးနေရတာလဲဟင်” ဟု မေးလိုက်ရာ
“ဘာရယ်လို့ ထူးထူးခြားခြား တွေးနေတာ မဟုတ်ပါဘူး။ အမေက မျက်လုံးမျက်ဖန် သိပ်ကောင်းတယ်။ ကျွန်တော်ကလည်း ကျွန်တော့်အမေရဲ့မျက်လုံးတွေဟာ သူ့မျက်လုံးတွေလို ကောင်းမှာပဲလို့ တွေးနေမိတယ်။ ကျွန်တော်ဟာ အမေ့အကြောင်းကို ခဏခဏ တွေးမိတယ်။ အမေ အသက်ရှင်နေသေးတယ် ဆိုတာတော့ သိရတယ်”
“ဒါပေမဲ့ ရှင်ကတော့ ရှင့်အမေ သေပြီဆို”
“သေတာက ကျွန်တော့်ကို မွေးစားတဲ့အမေပါ။ အခု ကျွန်တော်ပြောနေတာက ကျွန်တော့်ကို မွေးဖွားတဲ့ အမေအရင်းပါ။ အင်း သူကတော့ ကီယက်မြို့ ဟိုလမ်း ဒီလမ်းတွေပေါ်မှာ လျှောက်ပြီး ပိုက်ဆံတောင်းနေမှာပါလေ။ ပြီးတော့ ဗော်ဒကာလည်း သောက်နေဦးမှာ။ သူ အရက်မူးတိုင်းမူးတိုင်း ပုလိပ်ကလည်း ပါးတွေ နားတွေကို ရိုက်တာပဲ”
ယူကရိန်းလူငယ် ပြောလိုက်သည့်စကားကို မီးဖိုခန်းထဲမှ အမေသည် ကြားလိုက်လျှင်
“အင်း၊ သနားစရာလူငယ်ပဲ” ဟု သက်ပြင်းချမိ၏။
ထိုအတွင်း နာတာရှာက တစုံတခုကို အသံခပ်တိုးတိုးနှင့် ခပ်မြန်မြန် ပြောလိုက်ရာ ယူကရိန်းလူငယ်က
“ခင်ဗျားက ငယ်သေးတယ်။ ဘဝအကြောင်းကို ကောင်းကောင်း မသိသေးဘူး။ အတွေ့အကြုံက နည်းသေးတယ်။ လူတယောက်ကို လူသားတယောက်ဖြစ်အောင် မွေးထုတ်လိုက်ဖို့က ခက်တယ်။ အဲဒီလူသားကို လူ့သိက္ခာ၊ လူ့ဂုဏ်နဲ့ လိုက်အောင်ဖြစ်ဖို့၊ သင်ပြဖို့ရာက ပိုပြီး ခက်သေးတယ်” ဟု အသံခပ်ကျယ်ကျယ်နှင့် ပြန်ပြောလိုက်၏။
ယူကရိန်းလူငယ်၏ စကားကိုကြားလျှင် အမေသည် “အမယ်လေး ဖြစ်မှဖြစ်ရလေ” ဟု တဦးတည်း ရေရွတ်မိ၏။ ယူကရိန်းလူငယ်ကိုလည်း စိတ်နှလုံး ချမ်းမြေ့ရာ ချမ်းမြေ့ကြောင်း အားပေးစကား ပြောလိုက်ချင်၏။ သို့ရာတွင် တံခါးသည် တဖြည်းဖြည်း ပွင့်ပြီး သူခိုးကြီး ဒန်နီလို၏သား နစ်ကိုလိုင် ဗက်ဆော့ရှီကော့သည် ဝင်လာလေ၏။ နစ်ကိုလိုင်ကို အလုပ်သမား ရပ်ကွက်တခုလုံးက အပေါင်းရအသင်းရ ခက်ခဲသည့် လူငယ်တယောက်အနေနှင့် ယူဆထား၏။ သူသည် အမြဲတမ်း သုန်မှုန်နေပြီး အများတကာနှင့် ခပ်ခွာခွာ လုပ်နေတတ်၏။ အခြားလူများ ကလည်း သူ့ကို ဤကိစ္စနှင့် ပတ်သက်၍ နောက်ကြပြောင်ကြ၊ လှောင်ကြ၏။ သူဝင်လာလျှင် လာချင်း အမေက
“ဘာကိစ္စရှိလို့လဲ နစ်ကိုလိုင်” ဟု မေးလိုက်ရာ နစ်ကိုလိုင်က အမေအား ဘာမျှ ပြန်မပြောဘဲ သူ၏ ကျယ်ပြန့်၍ ကျောက်ပေါက်မာ ထူလှသည့် မျက်နှာကြီးကို လက်ဖဝါးဖြင့် သုတ်ရင်း
“ပါဗယ် အိမ်မှာရှိရဲ့လား” ဟု ပြန်မေးလေ၏။
ထို့နောက် နစ်ကိုလိုင်သည် အခန်းတွင်းသို့ ကြည့်ပြီး ဝင်သွားလေ၏။
“မင်္ဂလာရှိသော ညနေခင်းပါ ရဲဘော်တို့”
“သူက ဘာလုပ်များလာရသလဲ” ဟု အမေသည် မကျေမနပ်ဖြစ်နေစဉ် နာတာရှာက နစ်ကိုလိုင်နှင့် လက်ဆွဲနှုတ်ဆက်ရန် လက်လှမ်းလိုက်သည်ကို မြင်ရပြန်သောအခါ “အမယ်၊ နာတာရှာကတောင် သူနဲ့တွေ့ရတာ ဝမ်းသာနေပါကလား” ဟု အံ့အားသင့်သွားလေ၏။
နစ်ကိုလိုင်နောက်မှ ဧည့်သည်နှစ်ယောက် ပါလာသေးရာ နှစ်ယောက်လုံးသည် အသက်အရွယ် အားဖြင့် ငယ်ကြသေးသည့် လူကလေးများသာ ဖြစ်ကြ၏။ အမေသည် ထိုလူကလေး နှစ်ယောက်ထဲမှ တယောက်ကို သိရ၏။ ထိုလူကလေးကား ဆံပင်ကောက်၏။ နဖူးကျယ်၍ လျင်မြန်ဖျတ်လတ်သည့် ရုပ်လက္ခဏာရှိ၏။ သူ၏နာမည်သည် ဖိယိုဒိုဖြစ်၍ စက်ရုံအလုပ်သမား ဟောင်း ဆီးဇော့၏တူဖြစ်၏။ အခြားတယောက်ကား အလွန်ရှက်တတ်၊ ကြောက်တတ်ဟန် လက္ခဏာရှိ၏။ ဆံပင်များကို ပိနေအောင် ဖြီးထား၏။ အမေသည် ထိုသူငယ်မကို မသိချေ။ သို့ရာတွင် သူ့ကို ကြည့်ရသည်မှာ ကြောက်စရာ လက္ခဏာမရှိ။ ထိုနောက် ပါဗယ်သည် စက်ရုံမှ အလုပ်သမား လူငယ်နှစ်ယောက်နှင့် ပေါက်လာလေ၏။ ထိုအလုပ်သမားကို အမေသိ၏။ ပါဗယ်သည် အမေအား...
“အမေ လက်ဖက်ရည် တည်ထားတယ်ပေါ့၊ ကျေးဇူးတင်လိုက်တာ အမေ” ဟု သာယာ ညင်းပျောင်းစွာ ပြောလိုက်ရာ အမေသည် သူ့စိတ်ထဲ၌ ဘာရယ်လို့ တိတိကျကျ မဖော်ပြနိုင်သော် လည်း ဝမ်းသာလှရကား
“အမေ၊ ဗော်ဒကာသွားပြီး ဝယ်လိုက်ရဦးမလား” ဟု မေးလိုက်လျှင် ပါဗယ်က မျက်နှာကို ချစ်ချင်စဖွယ် ပြုံးလျက်
“နေပါစေ အမေ၊ ကျွန်တော်တို့ မသောက်ပါဘူး” ဟု ပြန်ဖြေလေ၏။
သူ့သားက သူ့အား “ဒီလူစုဟာ အလွန်အန္တရာယ်များတဲ့ လူစုဖြစ်တယ်” ဟု ပြောလိုက်သော စကားမှာ ရယ်စရာဖြစ်နေ၏။ ထို့ကြောင့် ပါဗယ်အား...
“ဒီလူတွေက တရားမဝင်တဲ့ လူတွေလား” ဟု တိုးတိုး မေးကြည့်ရာ ပါဗယ်က အခြားတဖက်ခန်းထဲသို့ ဝင်သွားရင်း
“ဟုတ်တယ် အမေ” ဟု ပြန်ဖြေလေ၏။ ထို့နောက် အမေသည် သူ့သားနောက်မှ ထပ်၍ “တကယ်ပြောတာလား” ဟု လှမ်းမေးလိုက်ပြီး “အင်း၊ သူကတော့ တကယ့် ကလေးပဲ ရှိသေးတယ်ဟဲ့” ဟု သူ့သားသူ နှိမ်ချ၍ တွေးနေမိလေသတည်း။
အခန်း ခြောက်
လက်ဖက်ရည် အသင့်ဖြစ်သောအခါ အမေသည် ဧည့်ခန်းထဲသို့ လက်ဖက်ရည်ကို ယူလာလေ၏။ ဧည့်သည်များသည် စားပွဲကို ဝိုင်းလျက် ထိုင်နေကြ၏။ နာတာရှာ တယောက်တည်းသာ မီးအိမ်အောက် အခန်းထောင့်ထဲ၌ စာအုပ်တအုပ်ကို ကိုင်ရင်း ထိုင်နေ၏။
“လူတွေဟာ ဘာ့ကြောင့် ဒီလောက် ကျပ်ကျပ်တည်းတည်း ဆင်းဆင်းရဲရဲ နေရတယ်ဆိုတဲ့ အချက်ကို သဘောပေါက်အောင်” ဟု နာတာရှာက ပြောလိုက်လျှင်
“ဒါတင်မကဘူး၊ သူတို့ကိုယ်တိုင်လည်း ဘာ့ကြောင့် ကျပ်တည်းနေတယ် ဆိုတာကိုပါ” ဟု ယူကရိန်းလူငယ်က ဝင်၍ ပြောလိုက်၏။
တဖန် နာတာရှာက “ကျွန်မတို့တတွေက သူတို့ရဲ့လူမူရေးဇာစ်မြစ်ကို ဝေဖန် သုံးသပ် ကြည့်ရလိမ့်မယ်” ဟု ပြောလိုက်သောအခါ အမေသည် လက်ဖက်ရည်ဖျော်နေရာမှ “ကဲ၊ သုံးသပ်ကြလေ၊ သုံးသပ်ကြပေါ့” ဟု ပြောလိုက်၏။
အမေက ဤကဲ့သို့ ပြောလိုက်လျှင် ပါဗယ်တို့ဝိုင်းမှ လူအားလုံးသည် စကားပြော ရပ်သွားကြ၏။ ပါဗယ်ကမူ မျက်မှောင်ကြုတ်လျက် “ဘာပြောချင်တာလဲ အမေ” ဟု မေးလိုက်ရာ အမေက “ဘယ့်နှယ် ဘာပြောချင်တာလဲလို့” ဟု ပြောကာ မော်ကြည့်လိုက်ရာ အားလုံးက သူ့ကို ဝိုင်းကြည့်နေကြသည်ကို တွေ့နေရသဖြင့် ရှက်ကိုးရှက်ကန်းနှင့်
“အို၊ မင်းတို့တတွေကမှ သုံးသပ်နေချင်ရင် ဘာလို့ မသုံးသပ်ရမှာလဲလို့ စိတ်ကူးမိပြီး ညည်းလိုက်တာပါကွယ်” ဟု ပြန်ဖြေလိုက်၏။
ထိုအခါ နာတာရှာက ရယ်၍ ပါဗယ်က ပြုံးစေ့စေ့ကြီး လုပ်နေလေ၏။ ယူကရိန်းလူငယ်က အမေအား
“ဒီလို ကျွန်တော်တို့ကို လက်ဖက်ရည်နဲ့ ဧည့်ခံလို့ ကျေးဇူးတင်ပါတယ်” ဟု ဝင်ပြောလိုက်ရာ အမေက
“အမယ်၊ လက်ဖက်ရည်ကို အရင်သောက်ကြည့်ကြစမ်းပါဦး၊ နောက်ပြီးမှ ကျေးဇူးတွေဘာတွေ တင်ကြပါ” ဟု ပြောလိုက်၍ ပါဗယ်အား တချက်မျှ လှမ်းကြည့်ကာ
“ဒါပေမဲ့ အမေက မင်းတို့တတွေထဲ ဝင်ရှုပ်ရာ ရောက်နေပြန်ရော့မယ်ကွယ်” ဟု ထပ်ပြောလိုက်သောအခါ နာတာရှာက
“အိမ်ရှင်တယောက်က ဘယ့်နှယ်လုပ်ပြီး သူ့ဧည့်သည်တွေကို ဝင်ရှုပ်ရာရောက်ပါ့မလဲလို့။ ဒါပေမဲ့ ကျွန်မကို လက်ဖက်ရည် နည်းနည်းလောက် မြန်မြန်ပေးပါဦး၊ ကျွန်မတော့ တကိုယ်လုံး ခိုက်ခိုက်တုန်ပြီး ခြေထောက်တွေလည်း ရေခဲကျနေတာပဲ၊ အေးလိုက်တာ” ဆိုလေ၏။ နာတာရှာ၏ အသံသည်ကား ကေလးတယောက်၏ အသံကဲ့သို့ ရိုးသားသန့်ရှင်းလှ၏။
ထိုနောက် အမေက အရေးတကြီး
“ကဲ ပြောကြကွယ်၊ ပြောကြကွယ်” ဟု သူတို့အား တိုက်တွန်းနေလေ၏။
နာတာရှာသည် လက်ဖက်ရည် သောက်ပြီးနောက် နုသက်ပြန်ရှူကာ သူ၏ခေါင်းကို ယမ်းလျက် ဆံပင်ကျစ်ဆံမြီးကို ပခုံးပေါ်မှ ခါချလိုက်၏။ ထို့နောက် အဖုံးဝါ ဖုံးထားသည့် ရုပ်ပုံများပါသော စာအုပ်တအုပ်ကို စတင်ဖတ်လေ၏။ အမေသည် လက်ဖက်ရည်ကို ငြိမ်သက်စွာ ငှဲ့နေရာမှ နားထောင်နေ၏။
တခေတ်က ဂူများအထဲတွင် နေထိုင်ခဲ့ကြပြီး ကျောက်ခဲတို့ကို လက်နက်သဖွယ် အသုံးပြုကာ အမဲလိုက်ခဲ့ကြသည့် လူရိုင်းများ အဖြစ်အပျက်တို့ကို တခုပြီးတခု ဖတ်နေစဉ် နာတာရှာ၏ ကြည်လင်ပြတ်သားသော အသံတို့သည် လက်ဖက်ရည်ကရားမှ မှန်မှန်ထွက်လာသည့် ရေနွေးငွေ့အသံတို့နှင့် ရောယှက်၍ ထွက်လာကြ၏။ ဤအဖြစ်အပျက်တို့သည် ဒဏ္ဍာရီပုံပြင် များနှင့် တူနေကြပြီး အမေသည် ပါဗယ်ကိုကြည့်ပြီး ဤပုံဝတ္ထုတွေကို ဘာကြောင့် တားမြစ် ပိတ်ပင်ရတာလဲဟု မေးလိုက်ချင်၏။ သို့ရာတွင် မကြာမီ အမေသည် နာတာရှာ ဖတ်နေသည်ကို လိုက်၍ နားမထောင်တော့ဘဲ သူ့သားနှင့် အခြား ဧည့်သည်များ မသိအောင် ဧည့်သည်များကို တိတ်တဆိတ် အကဲခတ်နေလေသည်။
ပါဗယ်သည် နာတာရှာ၏အနီး၌ ကပ်ထိုင်နေ၏။ သူသည် အားလုံးထဲတွင် အချောဆုံးဖြစ်၏။ နာတာရှာသည် စာအုပ်ပေါ်သို့ ကုန်းလိုက်သောအခါ သူ၏ဆံပင်သည် နဖူးကို အုပ်အုပ်သွား၏။ ထိုအခါ သူသည် ဆံပင်ကို လက်နှင့် နောက်သို့ လှန်လှန်နေတတ်၏။ တခါတခါ စာအုပ်ကို မကြည့်ဘဲ မေးကိုထိုးလျက် အသံကိုနှိမ့်ကာ မှတ်ချက် ချနေတတ်ရင်း သူ့ပတ်ဝန်းကျင်မှ လူများ၏ မျက်နှာတို့ကို ခင်မင်ရင်းနှီးစွာ ကြည့်နေလေသည်။ ယူကရိန်းလူငယ်သည် စားပွဲထိပ်တဖက်၌ လက်ထောက်လျက် သူဆွဲကိုင်နေသည့် နှုတ်ခမ်းမွေးအဖျားကို တချက် တချက် စွေစွေကြည့်နေ၏။ ဗက်ဆော့ရှီကော့သည် သူ၏ ကုလားထိုင်ပေါ်၌ တုတ်တချောင်းကို စိုက်ထားသကဲ့သို့ မတ်မတ် ထိုင်နေ၏။ သူသည် သူ၏ဒူးများကို လက်ဖဝါးနှင့် ပွတ်သပ်နေ၏။
သူ၏ ကျောက်ပေါက်မာ သက်သက်နှင့် မျက်ခုံးမွေး ကျိုးတိုးကျဲတဲ၊ နှုတ်ခမ်းပါးပါး မျက်နှာသည် မည်သို့မျှ အမူအရာ မပြောင်းဘဲ တည်ငြိမ်လျက်ရှိရာ သူ့မျက်နှာသည် တကယ် လူ့မျက်နှာနှင့် မတူဘဲ မျက်နှာဖုံးနှင့် တူနေ၏။ ကြေးဝါ လက်ဖက်ရည် ကရားပေါ်၌ အရိပ်ထင်နေသည့် သူ၏မျက်နှာကို သူ၏ကျဉ်းမြောင်းသည့် မျက်လုံးကလေးနှင့် မျက်တောင်ပင် မခတ်ဘဲ စိုက်ကြည့်နေလေ၏။ အသက်ကိုပင် တချက် တချက်မျှသာ ရှူနေတော့သည်။ ဖီယိုဒိုကလေး ကမူ နာတာရှာ ဖတ်နေသည်ကို နားထောင်နေရင်း တခါတခါ နာတာရှာ ဖတ်လိုက်သည့် စာများကို လိုက်ရွတ်နေဘိသကဲ့သို့ အသံမထွက်ဘဲ သူ၏ နှုတ်ခမ်းများကို လှုပ်ရှားနေလေ၏။ ထိုအတွင်း သူ၏ မေးကို လက်နှစ်ဖက်နှင့် ထောက်ကာ တံတောင်ဆစ်ကို ဒူးပေါ်၌ တင်လျက် ရှေ့သို့ကုန်းနေရာမှ တခါတခါ ပြုံးနေပြန်၏။ ပါဗယ်နှင့်အတူ ပါလာသည့် လူငယ်တယောက်၏ ဆံပင်ကမူ နီ၍ ကောက်နေ၏။ မျက်လုံးကမူ စိမ်း၍ ကြည်လင်တောက်ပလျက်ရှိ၏။ သူသည် တစုံတခုကို ပြောချင်သည့် လက္ခဏာဖြင့် ကိုယ်ကို အငြိမ်မနေဘဲ တွန့်လိမ်နေ၏။ အခြား အသားဖြူဖြူ ဆံပင်ညိုညိုကို ခပ်တိုတို ညှပ်ထားသည့် လူငယ်ကား ကြမ်းပြင်ကို စိုက်ကြည့်လျက် သူ၏ဦးခေါင်းကို လက်နှင့် မကြာခဏ ပွတ်လိုက်သပ်လိုက် လုပ်နေ၏။ အမေသည် သူ့မျက်နှာကို ကောင်းစွာ မမြင်ရချေ။ သူတို့လူစု ထိုင်နေကြသည့် အခန်းသည် အတော်ကလေး နေချင့်စဖွယ်ကောင်းနေ၏။
ယခင်ကနှင့်မတူဘဲ အသွင်တမူထူးလျက်ရှိ၏။ နာတာရှာက စာကို ဆက်လက် ဖတ်နေစဉ် အမေသည် သူတို့ငယ်စဉ်က ပျော်ပျော်ရွှင်ရွှင်၊ ဆူဆူညံညံ နွှဲခဲ့ကြသည့် ပျော်ပွဲများ၊ ဗော်ဒကာ အရက်နံ့ထွက်နေသည့် လူငယ်များ၏ ကြမ်းတမ်းသော စကားများ၊ မုန်းတီးဖွယ်ရာ ပြက်ရယ် ကျီစယ်ပြုမှုများကို တစိမ့်စိမ့် သတိရလာလေ၏။ သို့ ရှေးဟောင်းနှောင်းဖြစ်တို့ကို စားမြုံ့ပြန်စဉ် သူ့ကိုယ်သူ ပြန်ပြန်သနားမိပြီး ရင်ထဲ၌ ဆို့ဆို့သွားလေသည်။
သူ့နှင့် ခင်ပွန်းနှင့် ဘယ်သို့ဘယ်ပုံ စေ့စပ်ကြောင်းလမ်းမိသည်ကိုလည်း သွား၍ အမှတ်ရ၏။ ပျော်ပွဲရွှင်ပွဲတခု၌ မှောင်မည်းသော လမ်းကြားကလေးတခုတွင် သူ့ခင်ပွန်းက သူ့ကို အတင်းဖမ်းပြီး နံရံနှင့် ဖိကပ်ထား၏။
ထိုနောက် သူက အမေအား “မင်း ကျုပ်ကို လက်ထပ်မလား” ဟု ခပ်ကြမ်းကြမ်း မေး၏။ အမေသည် စိတ်ထဲမှ နာကြည်းပြီး မခံမရပ်နိုင် ဖြစ်သွား၏။ သို့ရာတွင် အမေ့ရင်သားတို့ကို တအားဆုပ်ကိုင်ထားပြီး သူမှုတ်ထုတ်လိုက်သည့် ပူနွေးသောလေသည် အမေ၏ မျက်နှာကို လာလာရိုက်၏။ အမေသည် သူ့လက်ထဲမှ လွတ်မြောက်အောင် အတင်းရုန်းကန်၏။
သူက အမေအား “နေဦး၊ ကျုပ်မေးတာကိုဖြေပါ။ ကျုပ်ပြောတာကို ကြားရဲ့လား” ဟု မာန်မဲနေလေ၏။ အမေသည် ဤကဲ့သို့ အစော်ကားခံရသဖြင့် ရှက်လှသောကြောင့် အသက်ကိုပင် မရှူနိုင်တော့ချေ။ ထိုအတွင်း အခြားတယောက်က တံခါးဖွင့်၍ ထွက်လာသော ကြောင့် သူသည် အမေအား တဖြည်းဖြည်း လွှတ်လိုက်ပြီး
“အေး... တနင်္ဂနွေနေ့ကျရင် အောင်သွယ်တယောက် လွှတ်လိုက်မယ်” ဟု ပြောကာ ပြောသည့်အတိုင်းလည်း လွှတ်လိုက်၏။
ဤအဖြစ်အပျက်တို့ကို စဉ်းစားမိရင်း အမေသည် မျက်စိများကို မှိတ်၍ သက်ပြင်းကြီး ချလိုက်လေသည်။
ထိုအတွင်း ဗက်ဆော့ရှီကော့က
“ကျုပ်သိချင်တာက လူတွေဟာ ဘယ်လိုနေကြရမယ်ဆိုတဲ့အချက်ပဲ။ လူတွေ ဘယ်လိုနေခဲ့တယ် ဆိုတာကိုတော့ မသိချင်ဘူး” ဟု ထ၍ ကန့်ကွက်လိုက်၏။ ထိုအခါ ဆံပင်နီနီနှင့် လူငယ်က “အဲဒါ ဟုတ်တယ်” ဟု ဝင်ပြောလေ၏။ ဖီယိုဒိုကမူ “အို… အဲဒါ မဟုတ်ဘူး” ဟု ထ၍အော်လေသည်။
ထိုနောက် သူတို့ ငြင်းကြခုံကြရာ စကားလုံးများသည် မီးတောက်မီးလျှံများသဖွယ် ပေါ်ထွက်လာလေ၏။ အမေကား သူတို့ ဘာတွေ ဟစ်အော်နေကြသည်ကို နားမလည်ပေ။ သူတို့အားလုံး၏မျက်နှာများသည် စိတ်ဓာတ်တက်ကြွနေသည့်အလျောက် နီမြန်းနေကြ၏။ သို့ရာတွင် ဘယ်သူကမျှ ဒေါသမဖြစ်။ သူကြားနေကျ ရိုင်းစိုင်း ကြမ်းတမ်းသည့် စကားများကို လည်း မပြောမဆိုကြချေ။ ထို့ကြောင့် အမေသည်
“အင်း၊ သူတို့တတွေဟာ တယောက်နဲ့တယောက် အပြင်းအထန် ငြင်းခုံနေကြပေမဲ့ မိန်းကလေး တယောက်ရှိနေလို့ ရှက်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်း စကားတို့ကို မပြောဝံ့ မဆိုဝံ့ကြတာပဲ” ဟု အောက်မေ့မိ၏။ သူသည် ဤလူငယ်များအား ကလေးများသဖွယ် ဂရုစိုက်၍ လေ့လာနေသည့် နာတာရှာ၏ တည်ငြိမ် ပြင်းပြသည့် မျက်နှာထားကို သဘောကျနေ၏။ ထိုအတွင်း နာတာရှာက
“ခဏလေး နားထောင်ကြစမ်းပါဦး ရဲဘော်တို့” ဟု ရုတ်တရက် အော်လိုက်ရာ အားလုံးက စကားပြောရပ်ကာ သူ့ကို ကြည့်နေကြ၏။
“ကျုပ်တို့ဟာ အစကို သိရမယ်၊ နားလည်ရမယ်ဆိုတဲ့ ရဲဘော်တွေက မှန်ပါတယ်။ ကျွန်မတို့ဟာ ကျွန်မတို့ကိုယ်ထဲမှာကို ဝိဇ္ဇာတရားရဲ့ လင်းရောင်ခြည်ကို ထွန်း၍ ထားကြရမယ်။ ဒီလို ထွန်းညှိထားမှသာ အမှောင်ထဲမှာ ရုန်းကန် တွန်းလှန်ကြတဲ့ လူတွေဟာ ဒီအလင်းရောင်ကို မြင်နိုင်ကြမှာ။ ကျွန်မတို့တတွေဟာ အစစအတွက် မှန်ကန် ရိုးသားတဲ့ အဖြေကိုပေးကြရမယ်။ ကျွန်မတို့ဟာ အမှန်တရားရော၊ မမှန်တရားကိုပါ အကြွင်းမဲ့ သိထားကြရမယ်”
ယူကရိန်းလူငယ်သည် နာတာရှာ ပြောလိုက်သည့်စကားတို့ကို ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေလေ၏။ ဗက်ဆော့ရှီကော့၊ ဆံပင်နီနီလူငယ်နှင့် ပါဗယ်နှင့်အတူ ပါလာသည့် လူငယ်နှစ်ဦးအနက် တဦးတို့သည် စားပွဲတဖက်မှ တစုခွဲ၍ ရပ်လိုက်၏။ အမေသည် သူတို့သုံးယောက်ကို စိတ်ထဲမှာ မကျေနပ် ဖြစ်သွား၏။
နာတာရှာ စကားပြောပြီးနောက် ပါဗယ်က ထလိုက်ပြီး ထိုလူငယ်သုံးယောက် တစုကို ကြည့်ကာ တည်ငြိမ်စွာဖြင့်
“ကျုပ်တို့ဟာ အူမ တောင့်ချင်တာ အဓိကပဲလို့ ရဲဘော်တို့က ဆိုကြတယ်။ ဒါဟာ လုံးလုံး မဟုတ်ဘူး။ ကျုပ်တို့တတွေရဲ့ ကျောတွေပေါ်မှာ ခွစီးနေကြပြီး ကျုပ်တို့တတွေ မျက်လုံးတွေကို ပိတ်ထားကြတဲ့လူတွေကို ကျုပ်တို့က အစစ မြင်တယ်ဆိုတာကို ပြကြရလိမ့်မယ်။ ကျုပ်တို့ဟာ မမိုက်မဲဘူး၊ မအဘူး၊ ပြီးတော့ ကျုပ်တို့တတွေဟာ ဗိုက်ဝရအောင် စားရရင် တော်ပြီဆိုတဲ့ သဘောမျိုးနဲ့ နေကြတဲ့ တိရစ္ဆာန်တွေလည်း မဟုတ်ဘူး၊ ကျုပ်တို့ဟာ လူသားတွေပဲ။ အဲဒီတော့ လူသားနဲ့ ထိုက်တန်တဲ့ဘဝမျိုးနဲ့ နေချင်ကြတယ်။ ကျုပ်တို့တတွေအပေါ်မှာ ကျုပ်တို့ ရန်သူတွေက ဖိစီးထားကြတဲ့ ဘဝကြောင့် ကျုပ်တို့ဟာ သူတို့တတွေထက် အသိဉာဏ်ပညာ အားဖြင့် အောက်ကျနောက်ကျ ဖြစ်မနေကြဘူးဆိုတာ၊ ဒါတင်မကဘူး သူတို့ထက် အသိဉာဏ် ပညာအားဖြင့် အဆင့်အတန်းတောင် မြင့်နေကြတယ်ဆိုတာတို့ကို အထင်အရှား သက်သေပြကြ ရလိမ့်မယ်ဗျာ” ဟု ပြောပြလိုက်၏။
အမေသည် ပါဗယ်ပြောသည့်စကားတို့ကို နားထောင်ရင်း သားအတွက် ဂုဏ်ယူမိ၏။ အင်း ငါ့သားက တကယ်စကားပြောကောင်းပါကလား။
ထိုနောက် ယူကရိန်းလူငယ်က
“ဝဝလင်လင် စားနိုင်တဲ့ လူတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ ရိုးသားတဲ့လူတွေက ရှားပါတယ်။ ကျုပ်တို့တတွေကို ဒီလိုတိရစ္ဆာန်တွေလို ရိုင်းစိုင်းယုတ်မာလှတဲ့ ညွန်ဗွက်ပေါ်ကို ကျော်ပြီး လူသားအချင်းချင်း လူသားပီပီ ချစ်ကြည်လေးစားရမယ့် အနာဂတ် လူ့ဘောင်သစ်နဲ့ ပေါင်းကူးပေးကြရလိမ့်မယ်။ အဲဒါဟာ ကျုပ်တို့တတွေ ထမ်းဆောင်ရမယ့်တာဝန်ပဲ ရဲဘော်တို့” ဟု ပြောလိုက်ရာ ဗာဆော့ရှီကော့က အသံဩကြီးဖြင့်
“အခုဟာ တိုက်ဖို့၊ ခိုက်ဖို့ဆိုရင် ဘာပြုလို့ လက်ပိုက်ပြီး ဆိုင်နေကြရတာလဲ” ဟု ဝင်၍ ပြောလိုက်၏။
သန်းခေါင်ကျော်လောက်မှ ပါဗယ်တို့လူစု ကွဲသွား၏။ ဗက်ဆော့ရှီကော့နှင့် ဆံပင်နီနီနှင့် လူကလေးတို့သည် ပထမဦးဆုံး ပြန်သွားကြရာ အမေသည် ဤကဲ့သို့ ပြန်ကြသည်ကို သဘောမကျချေ။ “သူတို့တတွေက ဘာပြုလို့များ ဒီလောက် အရေးတကြီး ဖြစ်နေကြရတာလဲ” ဟု စိတ်ထဲမှ အပြစ်တင်ရင်း နှုတ်ဆက်လိုက်၏။
ထို့နောက် နာတာရှာက
“ကျွန်မကို အိမ်လိုက်ပို့မယ်မဟုတ်လား နက်ခိုဒါ” ဟု မေးလျှင် နက်ခိုဒါက “ပို့မှာပေါ့ဗျာ” ဟု ပြန်ပြောလိုက်၏။
နာတာရှာသည် မီးဖိုခန်းထဲ၌ သူ၏အဝတ်များကို ပြန်၍ ဝတ်နေစဉ် အမေက “ကလေးမရဲ့ ခြေအိတ်တွေက ဒီလိုအေးတဲ့ရာသီနဲ့ မလိုက်ဘူး၊ ပါးလှတယ်။ အမေ သိုးမွေးခြေအိတ်တစုံ ထိုးပေးရမလား” ဟု မေးလျှင် နာတာရှာက
“ကျေးဇူးတင်ပါတယ် အမေရယ်၊ ဒါပေမဲ့ သိုးမွေးခြေအိတ်တွေက ယားတယ်” ဟု ပြန်ပြောလိုက်သောအခါ အမေက “အို အမေက မယားတာကို ထိုးပေးမှာပေါ့” ဟု ဖြေလိုက်၏။
နာတာရှာသည် အမေအား မျက်လုံးများကို မှေးလျက် စိုက်ကြည့်နေလေရာ အမေသည် ရှိုးတိုးရှန့်တန့် ဖြစ်နေပြီး
“အမေက ဒီလိုပဲ အမေ့စိတ်ထဲမှာ ရှိတာကိုတော့ ဖွင့်ပြောတတ်တယ်။ ဘယ်လိုမှ စိတ်မရှိနဲ့နော် ကလေးမ” ဟု သာယာဖြည်းညင်းစွာ ပြန်ပြောလေရာ နာတာရှာကလည်း
“အမေဟာ သိပ်ချစ်စရာကောင်းတာပဲနော်” ဟု ပြောရင်း အမေ၏လက်ကို အတင်းဆုပ်ကိုင် ထားပြီး ထွက်သွားလေ၏။
ထိုနောက် ယူကရိန်းလူငယ်သည် နာတာရှာ၏နောက် လိုက်သွားရင်း အမေ့အား တချက် ကြည့်ကာ နှုတ်ဆက်သွားပြန်၏။
အမေသည် ပါဗယ်အား ကြည့်နေ၏။ ပါဗယ်ကမူ တံခါးဝမှရပ်လျက် ပြုံးနေလေသည်။ အမေက စိတ်မလုံသလိုလိုဖြင့်
“ဘာများပြုံးနေတာလဲ သားရယ်” ဟု မေးလေရာ
“ဘာရယ်လိုတော့ ထွေထွေထူးထူး မဟုတ်ပါဘူး အမေရယ်၊ သဘောကျနေလို့ပါ”
“အမေဟာ အသက်လည်း ကြီးပါပြီ။ အသိဉာဏ်လည်း မရှိပါဘူး။ ဒါပေမဲ့ ဘယ်ဟာ ကောင်းတယ်၊ ဘယ်ဟာ မကောင်းဘူး ဆိုတာကိုတော့ ပြောတတ်ပါတယ်” ဟု အမေက စိတ်ချဉ်ချဉ်နှင့် ပြန်ပြောလိုက်၏။
“ဒီလိုဆိုရင် သားဝမ်းသာပါတယ် အမေ။ ဒါပေမဲ့ အမေအိပ်ဖို့ အချိန်တော်ပြီ ထင်တယ်”
“အေး၊ အခုပဲ အိပ်ရာဝင်တော့မှာပါ”
ဤကဲ့သို့ ပြောပြီးနောက် အမေသည် စားပွဲပေါ်မှ လက်ဖက်ရည်ပွဲကို သိမ်းရင်း စိတ်ထဲ၌ အလွန်ပျော်နေ၏။ ချွေးများပင် စို့လာအောင် ပျော်နေလေ၏။ အစစ အဆင်ပြေ၍ ပါဗယ်တို့လူစု ဆွေးနွေးပွဲသည် ဤမျ ှအေးအေးချမ်းချမ်းနှင့် ပြီးဆုံးသွားသဖြင့် ဝမ်းမြောက်နေ၏။ ထို့နောက် ပါဗယ်အား
“သားက ဒီအိမ်မှာ ဒီလို ဆွေးနွေးဖို့ စီစဉ်တာဟာ ကောင်းတယ်။ ယူကရိန်းသားကလေးဟာ အလွန်ကောင်းတဲ့ သူငယ်ပဲ။ မိန်းကလေးကလည်း ဘယ်လောက် တော်သလဲဟင်၊ သူက ဘယ်သူတဲ့လဲ သားရဲ့” ဟု မေးလိုက်သောအခါ ပါဗယ်သည် အခန်းထဲ၌ လမ်းလျှောက်နေရာမှ
“ကျောင်းဆရာမ တယောက်ပဲ အမေ” ဟု ခပ်ပြတ်ပြတ် ပြန်ပြောလိုက်၏။
“သူကတော့ သိပ်ဆင်းရဲတယ်ထင်တယ်။ အဝတ်ကလည်း ညှိုးညှိုးနွမ်းနွမ်း ဝတ်ထားရရှာတယ်။ အအေးမိတော့မှာပဲ။ သူ့မိဘတွေက ဘယ်မှာလဲ”
“မော်စကိုမြို့တော်မှာပေါ့” ဟု ပါဗယ်က ပြန်ဖြေလိုက်၏။ ထို့နောက် သူ့မိခင်ရှေ့တွင်ရပ်လျက်
“သူ့ဖခင်က ချမ်းသာတယ်။ သူက သံထည်လုပ်ငန်းလုပ်ပြီး ပစ္စည်းဥစ္စာ အမြောက်အမြားရှိတယ်။ သူက ဒီလိုလုပ်နေရမလားဆိုပြီး သူ့အဖေက သူ့ကို သမီးအဖြစ်က စွန့်လိုက်တယ်။ သူဟာ ချမ်းချမ်းသာသာနဲ့၊ ဘာမဆို ပြည့်ပြည့်စုံစုံနဲ့ မကြောင့်မကြ၊ မတောင့်မတ နေခဲ့ရတယ်။ ဒါပေမဲ့ အခုတော့ သူဟာ တယောက်တည်း ညကြီးသန်းခေါင် ငါးမိုင်ကျော်ကျော် လမ်းလျှောက်နေရ တော့တယ်” ဟု ပြန်ပြောလေ၏။
ပါဗယ် ပြောလိုက်သည့်စကားတို့ကို ကြားလိုက်သောအခါ အမေသည် တုန်လှုပ်သွား၏။ မျက်ခုံးများကို ရှုံ့လျက် သူ့သားကို ကြည့်ရင်း အခန်းအလယ်တွင် ငြိမ်သက်စွာ ရပ်နေ၏။ ထို့နောက်
“အခု သူမြို့ကို သွားတာလား”
“ဟုတ်တယ် အမေ”
“အလိုလေး၊ ဘုရား ဘုရား။ မကြောက်ဘူးလား”
“အမေပဲ စဉ်းစားကြည့်တော့လေ။ သူက မကြောက်လို့ပေါ့”
“ဘာဖြစ်လို့များ သူသွားပါလိမ့်။ ဒီမှာပဲ အမေနဲ့အတူ အိပ်နိုင်ရဲ့သားနဲ့”
“ဒီလိုအိပ်လို့ ဘယ်ဖြစ်ပါ့မလဲ။ မနက်ကျ သူ့ကို လူတွေကမြင်ကုန်မှာပေါ့။ ကျွန်တော်တို့ကလည်း ဒီလိုအမြင်မခံနိုင်ဘူး အမေ”
အမေသည် ပြတင်းပေါက်မှ အပြင်သို့ စဉ်းစားရင်း ကြည့်နေရာမှ ဖြည်းညင်းစွာဖြင့်
“သားရယ် အမေကဖြင့် မင်းတို့တတွေ ပြောကြဆိုကြ၊ လုပ်ကြကိုင်ကြတာ ဒီလောက် အန္တရာယ် ရှိတယ်လို့လည်း မထင်ဘူး။ ဒါတွေကို ပိတ်ပင်တားမြစ်စရာလို့လည်း မမြင်ဘူး။ သားတို့တတွေက ဘာမျှမဟုတ်တာ၊ မတရားတာ လုပ်ကြတာမှမဟုတ်ဘဲနဲ့”
ဤပြဿနာသည် အမေ့စိတ်ကို အနှောင့်အယှက် ပေးနေသည့် ပြဿနာဖြစ်လာ၏။ အမေသည် သူ့သား ဘာမျှမဟုတ်တာ၊ မတရားတာ မလုပ်။ သူ့သားမှာ ဘာအန္တရာယ်မျှ မရှိဟု စိတ်နှလုံးကို တုံးတုံးချထားလိုက်ချင်၏။ ထိုအခါ ပါဗယ်က
“ကျွန်တော်တို့တတွေဟာ မတရားတာ၊ မဟုတ်တာဆိုလို့ ဘာမျှမလုပ်ကြပါဘူး အမေ။ ဒါပေမဲ့ ကျွန်တော်တို့လူစုဟာ တနေ့နေ့တော့ ထောင်ထဲရောက်ကြမှာ အမှန်ပဲ အမေ။ ဒါကိုတော့ သိထားနှင့်တယ်လို့ သားထင်ပါတယ်” ဟု အမေ၏ မျက်နှာကို တည်ငြိမ်စွာ ကြည့်၍ အခိုင်အမာ ပြောပြလေ၏။
ပါဗယ်တို့စကားကို ကြားလျှင် အမေ၏လက်များသည် တုန်နေ၏။ ထို့နောက် လေသံကိုနှိမ့်လျက်
“ကွယ်၊ ဘုရားသခင် မေတ္တာတော်နဲ့ မင်းတို့တတွေ တနည်းနည်းနဲ့ မလွတ်နိုင်ဘူးလား သားရယ်” ဟု မေးလျှင် ပါဗယ်က ဖြည်းညင်းစွာနှင့်
“မဖြစ်နိုင်ဘူး အမေ။ အမေ့ကို သားမလိမ်ချင်ဘူး။ ကျွန်တော်တို့တတွေဟာ ဘယ်နည်းနဲ့မျှ ဒီအန္တရာယ်က မလွတ်နိုင်ဘူး” ဟု ပြောကာ ပြုံးနေလေ၏။ ထိုနောက် အမေက
“ကဲ၊ သွားအိပ်ချေတော့ သားရယ်။ သားလည်း ပန်းလှပြီ” ဟုဆိုကာ ပါဗယ်အား အအိပ်ခိုင်းလေ၏။
ပါဗယ် အိပ်ရာဝင်လျှင် အမေသည် ပြတင်းပေါက်ဆီသို့ သွားပြီး အပြင်ဘက်သို့ ကြည့်ရင်း မတ်တတ်ရပ်နေလေ၏။ အပြင်ဘက်၌ အေး၍ မှုန်ဝေလျက်ရှိ၏။ အိမ်ကလေးများအတွင်း၌ အိမ်သူအိမ်သားများသည် အိပ်ပျော်နေကြ၏။ လေသည် ထိုအိမ်ကလေးများ၏ အမိုးများပေါ်မှ ဆီးနှင်းတို့ကို တိုက်ခတ်လျက်သော် လည်းကောင်း၊ ထရံတို့ကို ရိုက်ခတ်လျက်သော် လည်းကောင်း လမ်းပေါ်မှ ဆီးနှင်းခဲကလေးတို့ကို ဝှေ့ယမ်း တိုက်ခတ်ရင်း တဝီဝီ မြည်လျက်သော်လည်းကောင်း ရှိနေ၏။
“အို ချစ်လှစွာသော သခင်ယေရှုကိုယ်တော်မြတ်ဘုရား၊ တပည့်တော်တို့အား သနားကြင်နာ တော်မူပါဘုရား” ဟု သူသည် တိုးတိုးကလေး ရေရွတ်နေ၏။ သူ့မျက်လုံးများထဲ၌ မျက်ရည်များသည် လျှံလာ၏။ တည်ငြိမ်လှသည့် ယုံကြည်ချက်ဖြင့် သားက ပြောပြလိုက်သည့် ရှေ့တွင် တွေ့ကြုံရမည့် အန္တရာယ်သည် သူ၏ရင်ထဲ၌ တဖျပ်ဖျပ် လှုပ်ရှားလျက်ရှိ၏။ သူ၏ရှေ့၌ ဆီးနှင်းများ ဖုံးလျက်ရှိသော မြင်ကွင်းတခုကို မြင်ယောင်နေ၏။ ထိုမြင်ကွင်းထဲ၌ ဆီးနှင်းမှုန် ဆီးနှင်းဖွဲများ ပါလာသည့်လေသည် စူးရှသည့်အသံနှင့် တိုက်ခတ်လျက်ရှိ၏။ ကွင်းပြင်လယ်၌ မိန်းကလေးတယောက်၏ သေးငယ်သည့် ခပ်မည်းမည်းသဏ္ဌာန်သည် ဒယိမ်းဒယိုင်နှင့် သွားနေ၏။ လေသည် သူ့ခြေထောက်များ၌ ဝှေ့ယမ်းလိုက်ရာ သူဝတ်ထားသည့်ဂါဝန်သည် အထက်သို့လန်သွားပြီး ဆီးနှင်းများသည် သူ့မျက်နှာကို ရိုက်နေကြ၏။ ထိုမိန်းကလေး၏ ခြေထောက်များသည် ဆီးနှင်းများထဲ၌ နစ်မြုပ်လျက်ရှိရာ ရှေ့သို့ ခက်ခက်ခဲခဲနှင့် လှမ်းနေရ၏။ ညကား အေးလည်း အေး၏။ ဆိတ်ငြိမ်၍ ကြောက်မက်ဖွယ်လည်း ကောင်း၏။ သူ၏ကိုယ်ကလေးသည် နွေဦး လေဒဏ်ကြောင့် တရွက်တည်းသော မြက်ရွက်ကလေးသည် ကိုင်းနေဘိသကဲ့သို့ ရှေ့သို့ကိုင်းလျက်ရှိ၏။ သူ၏လက်ယာဘက် ညွန်အိုင်၌ တောတန်းကလေး တတန်းရှိ၍ သစ်ပင်သစ်ကိုင်းတို့ကို လေက ရိုက်ခတ်လျက်ရှိရာ ကြေကွဲဖွယ်အသံကလေး များပင် ကြားနေရ၏။ ရှေ့ခပ်လှမ်းလှမ်း၌ မြို့မှမီးရောင်တို့သည် လင်းချည်တလှည့် မှိန်ချည် တခါ ဖြစ်နေကြလေသည်။
အမေသည် ထိတ်လန့်တုန်လှုပ်လျက်
“အို ချစ်လှစွာသော ဘုရားသခင်ကိုယ်တော်မြတ်ဘုရား၊ သနားကရုဏာ ပွားတော်မူပါဘုရား” ဟု တိုးတိုးကလေး ရေရွတ်နေလေသတည်း။
အခန်း ခုနှစ်
တနေ့ညောင်း၍ တနေ့ ပြောင်းမှန်းမသိ ပြောင်းလာခဲ့ရာ၊ သီတင်းများ၊ လများပင် အတော် ကြာခဲ့လေပြီ။ စနေနေ့တိုင်း ပါဗယ်၏အိမ်၌ သူ့မိတ်ဆွေများ စုဝေးကြ၏။ သို့ စုဝေးတိုင်း စုဝေးတိုင်း လူများ ချီတက်နေကြသည့် အတော်ကွာလှမ်းလှသည့် ပန်းတိုင်ဆီသို့ တလှမ်းထက် တလှမ်း နီးကပ်လာပေပြီ။
လူသစ်များသည် လူဟောင်းများနှင့် ပူးပေါင်းလာကြ၏။ ပါဗယ်တို့အိမ်တွင်းမှ အခန်းကလေး သည် ပို၍ ပို၍ လူပြည့်ပြည့်လာ၏။ နာတာရှာသည် အမြဲတမ်း မောပန်း၍ ခိုက်ခိုက်တုန်အောင် ချမ်းချမ်းလာတတ်၏။ သို့ရာတွင် သူသည် စိတ်ညစ်သည်ဟူ၍ မရှိ၊ အမြဲတမ်း ရွှင်ပျနေ၏။ အမေသည် သူ့အတွက် ခြေအိတ်သစ်တစုံထိုး၍ သူ့ကို စွပ်ပေး၏။ နာတာရှာသည် ရယ်နေ၏။ ထို့နောက် ရုတ်တရက် ချက်ချင်း ငြိမ်သက်သွားပြီး စဉ်းစားနေရာမှ အမေ့အား သာယာ ဖြည်းညင်းစွာ
“တခါက ကျွန်မမှာ သိပ်ပြီး သနားကြင်နာတတ်တဲ့ အထိန်းတယောက် ရှိခဲ့ဖူးတယ်။ ကျပ်တည်းတဲ့၊ မတရားတဲ့ ဘဝမျိုးမှာ နေကြရတဲ့လူတွေဟာ သူတို့ထက် အစားအသောက် အနေအထိုင် ချောင်လည်ကြတဲ့ လူတွေထက် ပိုပြီး သနားစိတ်၊ ကြင်နာစိတ် ရှိနေကြတာဟာ ဘယ်လောက်များ အံ့ဩစရာကောင်းတုံး အမေ” ဟု ပြောပြလေရာ အမေက
“သမီးက ဘယ်လိုတုံးကွယ်၊ မင်းမိဘတွေ မရှိဘဲနဲ့ တယောက်တည်း” ဟု ပြန်မေးနေရင်း သက်ပြင်းချပြီး ငြိမ်သွား၏။ သူ့ဝမ်းထဲ၌ရှိနေသည့် စိတ်ကူးတို့ကို ဖော်ထုတ်၍ ပြောမပြတတ်ဘဲ ဖြစ်နေ၏။ သို့ရာတွင် နာတာရှာ၏မျက်နှာကို ကြည့်လိုက်သောအခါ သူကိုယ်တိုင် မည်သည့် အရာဟု မဖော်ပြနိုင်သည့် အရေးကိစ္စတခုခုအတွက် ကျေးဇူးတင်နေသော အမူအရာကို သတိပြုမိပြန်၏။ အမေသည် နာတာရှာ၏ရှေ့ ကြမ်းပြင်ပေါ်၌ ထိုင်လိုက်ရာ နာတာရှာက ဦးခေါင်းကလေးကို ရှေ့သို့ညွှတ်ပြီး တခုခုကို တွေးရင်း ပြုံးနေလေ၏။ ထိုနောက်
“ကျွန်မ မိဘတွေမရှိတာက အရေးမကြီးပါဘူး အမေရယ်။ ကျွန်မအဖေက ကြမ်းတမ်းတယ်။ ကျွန်မမောင်ကတော့ ကြမ်းတမ်းရုံတင် မကဘူး၊ သောက်လည်း သောက်သေးတယ်။ ကျွန်မအစ်မကတော့ စိတ်မချမ်းသာဘူး၊ သူက သူ့ထက် အသက် အတော်ကြီးတဲ့ လူတယောက်ကို ယူထားတယ်။ အဲဒီလူကြီးက သိပ်တော့ချမ်းသာပါရဲ့ ဒါပေမဲ့ လောဘ ကြီးတယ်။ ကျွန်မက ကျွန်မအမေအတွက် စိတ်မကောင်းတာပါဘဲ။ သူက အမေ့လိုပဲ ရိုးတယ်။ သေးသေးသွယ်သွယ်ကလေးပဲ။ ဒါပေမဲ့ အလွန်သွက်တယ်။ လူတိုင်းကိုလည်း ကြောက်နေတာ ချည်းပဲ၊ တခါတလေ ကျွန်မဟာ အမေ့ကို တွေ့ချင်တယ်။ အို သိပ်ကို တွေ့ချင်တာပဲ” ဟု ပြောပြရာ အမေသည် ဝမ်းနည်းစွာ ခေါင်းကိုခါလျက်
“ဖြစ်မှဖြစ်ရပါလေကွယ်” ဟု ညည်းနေလေ၏။ နာတာရှာသည် ဦးခေါင်းကိုမော့်၍ တစုံတခုကို လက်နှင့် တွန်းနေသကဲ့သို့ လက်များကို ဆန့်ထားလေ၏။
“အို မဟုတ်ဘူး၊ မဟုတ်ဘူး တခါတလေ ကျွန်မဟာ သိပ်ပျော်တာပဲ။ ပျော်သမှ သိပ်ပျော်တာပဲ” ဟု ပြောရင်း သူ့မျက်နှာသည် ဖြူရော်ရော် ဖြစ်သွား၏။ သူ၏မျက်လုံးများသည် တောက်ပြောင် လာ၏။ ထို့နောက် အမေ၏ ပခုံးပေါ်သို့ လက်များကို တင်ကာ
“ကျွန်မတို့ဟာ ဘယ်လောက်ကြီးမားတဲ့ လုပ်ငန်းကြီးတခုကို လုပ်နေကြတယ ်ဆိုတာကိုများ အမေ သိလိုက်ရင်” ဟု သာယာဖြည်းညင်းစွာနှင့် အားပါးတရ ပြောလိုက်လျှင် အမေ၏ စိတ်ထဲတွင် အားကျလာကာ
“အမေ အဲဒါတွေကို မလုပ်နိုင်လောက်အောင် အိုနေပြီကွယ့်။ ပြီးတော့ စာကလည်း မတတ်ဘူး” ဟု ထိုင်ရာမှထကာ အသက်ပင် ပြန်၍ငယ်လိုက်ချင်သကဲ့သို့ ပြန်ပြောလေ၏။
ပါဗယ်သည် ယခင်ကထက် ယခုပို၍ စကားပြော၏။ ပြောသည့်အခါ၌လည်း ပို၍ ရှည်ရှည် ပြော၏။ ပို၍ ပြင်းပြင်းထန်ထန်လည်း ပြော၏။ လူကမူ တဖြည်းဖြည်း ချုံးချုံးလာ၏။ ပါဗယ်သည် နာတာရှာကို ကြည့်၍ စကားပြောသည့်အခါများ၌ သူ့မျက်နှာထားသည် တင်းမာနေရာမှ နူးညံ့သိမ်မွေ့သွားသည်ဟု လည်းကောင်း၊ သူ၏အသံသည် ပျော့ပျောင်း သွားသည်ဟု လည်းကောင်း၊ သူ၏အမူအရာသည် မခက်ထန်တော့ဟုလည်းကောင်း အမေက ထင်မိ၏။
ထို့နောက် အမေသည် ပြုံးလျက် “အင်း၊ ဘုရားသခင်ကိုယ်တော်မြတ်က ဒီလိုဖြစ်အောင်ပဲ ဖန်တီးပေးတော်မူပါဘုရား” ဟု ကျိတ်၍ ဆုတောင်းနေမိလေသည်။
သူတို့လူစု တဦးနှင့်တဦး အချေအတင် ဆွေးနွေးနေကြရာမှ ဒေါသများ ပါလာပြီး ပြင်းထန်လာသည့်အခါတိုင်း ယူကရိန်းလူငယ်သည် မတ်တတ်ရပ်ပြီး ကိုယ်ကို ရှေ့တိုးနောက်ငင် ယိမ်းထိုးလျက် သာယာညင်းပျောင်းသည့် စကားများဖြင့် ဝင်၍ ဖျန်ဖြေတတ်၏။ သူက ဤကဲ့သို့ ပြောလိုက်သောအခါ အခြားလူငယ်များသည် ရုတ်တရက် ငြိမ်သက်၍ ဒေါသ ချုပ်ငြိမ်းသွားကြ ၏။ အမြဲတမ်း သုန်သုန်မှုန်မှုန်ကြီး နေတတ်သော ဗက်ဗဆော့ရှီကော့သည်ကား အခြားသူများ အား တစုံတခုကို လုပ်ရန် တိုက်တွန်းလေ့ ရှိ၏။ သူနှင့် သူတို့တတွေက ဆမွိုင်လော့ဟု ခေါ်လေ့ရှိကြသည့် ဆံပင်နီနီနှင့် လူငယ်သည် အချေအတင် အငြင်းအခုံတို့ကို အစပျိုးတတ်၏။ သူတို့နှစ်ဦးကို အိုင်ဗင် ဘူလင်ဆိုသူ လူငယ်က ထောက်ခံ၏။ သန့်သန့်ရှင်းရှင်း နေတတ် ထိုင်တတ်သည့် ယာကော့ ဆိုမော့သည် စကားနည်း၏။ သို့သော် စကားပြောသည့်အခါများ၌ စိတ်ရောကိုယ်ပါ အားတက်သရော ပြောတတ်၏။ သူနှင့် မျက်ခုံးမွေးကြီးကြီး ဖီယိုဒိုတို့သည် အမြဲတမ်း ပါဗယ်နှင့် ယူကရိန်းလူငယ်တို့ကို ထောက်ခံကြလေသည်။
တခါတရံ နာတာရှာ၏ကိုယ်စား နစ်ကိုလိုင် အိုင်နိုဗစ်ဆိုသူ လာတတ်၏။ သူသည် မျက်မှန် တပ်ထား၏။ မုတ်ဆိတ်မွေး ဖြူဖြူကလေးလည်း ရှိ၏။ သူသည် အလွန် ဝေးလံသည့် နယ်မြေဒေသ၌ မွေးဖွားသူတယောက် ဖြစ်သဖြင့် ‘အို’ ဟူသော စကားတို့ကို အသံခပ်ဝဲဝဲနှင့် ပြောတတ်၏။ သို့ရာတွင် သူသည် ဘဝနှင့် အလွန်နီးစပ်၏။ သူ စကားပြောလျှင် အိမ်ထောင်ရေး အကြောင်း၊ ကလေးများအကြောင်း၊ အလုပ်အကိုင်အကြောင်း၊ ပုလိပ်များအကြောင်း၊ ပေါင်မုန့်နှင့် သားငါးဈေးများအကြောင်း စသည့် ပြည်သူလူထု၏ နေ့စဉ် နေထိုင်ရေးဘဝနှင့် ပတ်သက်သည့်အကြောင်းတို့ကိုသာ ပြောတတ်၏။ ဤအကြောင်းတို့ကိုပြောရင်း မဟုတ်မမှန် သော၊ ကျိုးကြောင်း ယုတ္တိမရှိသော အရေးကိစ္စဟူသမျှ မိုက်မဲ၍ ရယ်စရာကောင်းရုံမျှမက လူထုအတွက် အန္တရာယ်ပင် ဖြစ်နေသော အကြောင်းကိစ္စတို့ကို ထင်ရှားလာအောင်၊ ကွင်းကွင်းကွက်ကွက် ပေါ်လာအောင် ရှင်းလင်းပြတတ်၏။ သူသည် အလွန် အလှမ်းကွာဝေး လှသည့် တတိုင်းတနိုင်ငံမှ တနည်းအားဖြင့် လူတိုင်း ရိုးရိုးဖြောင့်ဖြောင့် သက်သောင့်သက်သာ နေကြရသည့် တိုင်းနိုင်ငံမှ လာခဲ့သူတယောက် ဖြစ်သည်ဟု အမေက ထင်၏။ ယခု အလုပ်သမားတို့ရပ်ကွက်သို့ ရောက်လာသောအခါ မြင်မြင်သမျှသည် သူ့အတွက် အထူးအဆန်း ဖြစ်နေ၏။
သူသည် ဤအလုပ်သမားတို့၏ ဘဝမျိုး၌လည်း မနေတတ်။ ဤဘဝကို မုန်းတီး၏။ သို့မုန်းတီးခြင်းကြောင့် ဤဘဝကို သူ့နည်းနှင့်သူ ပြောင်းလဲပစ်လိုက်ချင်သည့် တည်ငြိမ် ခိုင်မြဲလှသည့်ဆန္ဒသည် သူ၏စိတ်တွင်း၌ ပေါက်ဖွားလာခဲ့လေ၏။ သူ၏ မျက်နှာသည် ဝါဖန့်ဖန့် ဖြစ်၍ မျက်လုံးမျက်ဖန်လှ၏။ သူ၏အသံသည် နူးညံ့သိမ်မွေ့ပြီး သူ၏လက်များသည် အမြဲတမ်း နွေးနေကြ၏။ အမေကို နှုတ်ဆက်တိုင်း သူသည် အမေ၏လက်ကို သူ၏ နွေးသောလက်များဖြင့် ခပ်တင်းတင်း ဆုပ်ထားတတ်၏။ အမေသည် ဤကဲ့သို့ ဆုပ်ကိုင်ထားသည်ကို သဘောကျ၏။
မြို့ထဲမှ အခြားသူများသည်လည်း ဤဆွေးနွေးပွဲများသို့ လာရောက်ကြရာ ၎င်းတို့အထဲမှ အများဆုံးလာသူကား ဆာရှာဟူသော မိန်းကလေးတယောက် ဖြစ်၏။ ဆာရှာသည် အရပ် ရှည်၏။ မျက်လုံးပြူး၏။ မျက်နှာက ဖြူရော်ရော် ဖြစ်နေ၏။ လှုပ်ရှားသွားလာရာ၌ ယောက်ျား ဆန်၏။ သူ၏မျက်ခုံးများသည် ထူထပ် မည်းမှောင်၍ သူသည် မျက်မှောင်ကြုတ်ကြုတ် ထားတတ်၏။ သူစကားပြောသောအခါ နှာခေါင်းသည် တဆတ်ဆတ် တုန်တုန်သွား၏။
သူတို့လူစုထဲမှ သူသည် “ကျွန်မတို့တတွေဟာ ဆိုရှယ်လစ်တွေပဲ” ဟု ပထမဦးဆုံး ကျယ်လောင် စူးရှသည့်အသံနှင့် ကြေညာခဲ့၏။
အမေသည် ဤစကားကို ကြားသောအခါ ဆာရှာအား ငြိမ်သက်စွာ ကြောင်၍ ကြည့်နေမိ၏။ သူငယ်ငယ်က ဇာဘုရင်ကို ဆိုရှယ်လစ်တို့က သတ်ပစ်ကြသည်ဟု ကြားခဲ့ဖူး၏။ ထိုအခါက မြေရှင်များသည် သူတို့၏ကျေးကျွန်များကို သူတို့၏လက်အောက်မှ ဇာဘုရင်က လွှတ်ပစ်လိုက် သည့်အတွက် ဇာဘုရင်ကို မသတ်ရမချင်း သူတို့၏ဆံပင်ကို မဖြတ်ဘဲထားမည်ဟု သစ္စာ ဆိုထားကြောင်း ကောလာဟလသတင်းတို့ကို ကြားခဲ့ရဖူး၏။ ဤနည်းဖြင့် မြေရှင်များကို ဆိုရှယ်လစ်များဟု ခေါ်ကြ၏။ ယခု သူ့သားနှင့် သူ့အပေါင်းအသင်းများက သူတို့ကိုယ်သူတို့ ဆိုရှယ်လစ်များဟု ခေါ်လိုက်ကြသည့်အခါ အမေသည် နားမလည်နိုင်ဘဲ ဖြစ်သွား၏။
သူတို့အားလုံး အိမ်ပြန်သွားကြသောအခါ အမေသည် ပါဗယ်၏ အနီးသို့သွားကာ
“ငါ့သား ဆိုရှယ်လစ်လား” ဟု မေးလိုက်လျှင် ပါဗယ်သည် ခါတိုင်းကဲ့သို့ပင် ကိုယ်ကို တောင့်တောင့်မတ်မတ်ရပ်လျက်
“ဟုတ်တယ် အမေ၊ ဘာပြုလို့လဲ” ဟု ပြန်မေးလေ၏။
ထိုအခါ အမေသည် သက်ပြင်းကြီး ချကာ မျက်လွှာများကို အောက်သို့ချလျက်
“တကယ်လား သားရယ်၊ သူတို့က ဇာဘုရင်ကို ဆန့်ကျင်ကြတယ်။ သူတို့က ဇာဘုရင် တပါးကိုတောင် သတ်ခဲ့ကြသေးတယ်” ဟု ပြောနေလေ၏။
ပါဗယ်သည် သူ့ပါးများကို လက်ဖဝါးများနှင့်ပွတ်လျက် အခန်းတွင်း၌ လမ်းလျှောက်နေလေ၏။ ထို့နောက် ရယ်လျက်
“သားတို့က ဒါမျိုးတွေလုပ်ဖို့ မလိုပါဘူး အမေရယ်” ဟု ပြန်ပြောလေ၏။
ထို့နောက် ပါဗယ်သည် အမေအား ဣန္ဒြေရရနှင့် တည်ငြိမ်စွာ စကားပြောနေ၏။
သူ၏မျက်နှာကိုကြည့်ရင်း “သူကတော့ ဘယ်တော့မှ မတရားတာ၊ မဟုတ်တာကို လုပ်မှာ မဟုတ်ဘူး။ သူ ဒါမျိုးတွေကို ဘယ်တော့မှ မလုပ်နိုင်ဘူး” ဟု အမေသည် စဉ်းစားနေမိ၏။
ဤကဲ့သို့ ဖြစ်ပွားပြီးနောက် အမေသည် ‘ဆိုရှယ်လစ်’ ဟူသော ကြောက်မက်ဖွယ်ရာ စကားကို ခဏခဏ ကြားရဖန်များသဖြင့် အမေ့အတွက် ‘ဆိုရှယ်လစ်’ ဟူသောစကားသည် ဘာမျှ စိုးရိမ်ထိတ်လန့်စရာ စကား မဟုတ်တော့ပြီ။ သူ့နားထဲ၌လည်း ဤစကားများသည် သူတို့ပြောနေကျ အခြားစကားများကဲ့သို့ ရိုးသွားလေ၏။ သို့ရာတွင် အမေသည် ဆာရှာကို သဘောမကျ။ ဆာရှာရှိလျှင် သူ့စိတ်ထဲ၌ မချမ်းမသာ ဖြစ်ဖြစ်သွားလေသည်။
တနေ့သ၌ အမေသည် စိတ်ထဲ၌ သဘောမကျသည့်အနေနှင့် နှုတ်ခမ်းကို မဲ့ကာ ရွဲ့ကာနှင့် ဆာရှာ၏အကြောင်းကို ယူကရိန်းလူငယ်အား
“သူက သိပ်ပြင်းထန်လှချည့်လားကွယ့်။ လူတိုင်းကို ဟိုဟာကို လုပ်လိုက်၊ ဒီဟာကို လုပ်လိုက်နဲ့ အမိန့်ချည်းပေးနေတာပဲ” ဟု ပြောလျှင်...
ယူကရိန်းလူငယ်သည် ဟက်ဟက်ပက်ပက်ကြီး ရယ်လိုက်၏။ “အမေပြောတာ တကယ် မှန်ပါတယ်။ ဘယ့်နှယ်လဲ ပါဗယ်” ဟု ပြောပြီး အမေအား မျက်စတချက် ပစ်လိုက်၍ “ဒါ အမေအား လူ့အထက်တန်းဖြစ်နေတာပေါ့” ဆိုလိုက်၏။
ပါဗယ်က
“သူဟာ တော်တဲ့ အမျိုးသမီးတယောက်ပါ” ဟု ပြောလိုက်လျှင် ယူကရိန်း လူငယ်က
“ဟုတ်ပါတယ်၊ သူဟာ တော်ပါတယ်။ ဒါပေမဲ့ သူနားမလည်တာ တခုရှိတယ်။ ကျွန်တော်တို့က ဒီအလုပ်ကိုဖြင့် ဘယ်ရဲဘော်က လုပ် ‘နိုင်’ ပါလိမ့်မယ်၊ ဟိုအလုပ်ကို ဖြင့် ဘယ်ရဲဘော်ကို လုပ် ‘စေ’ ချင်ပါတယ်” ဆိုတဲ့ စကားမျိုးတွေနဲ့ ရဲဘော်အချင်းချင်း တာဝန်ပေးနေကြပေမဲ့ သူကတော့ ဘယ်ရဲဘော်က ဘာလုပ်ရမယ်ဆိုတဲ့ လေသံနဲ့ အာဏာပေးသလို လုပ်နေတာပေါ့” ဟု ရှင်းပြနေလေသည်။
ထိုနောက် သူတို့သည် အမေ မသိသည့် နားမလည်သည့် အရေးကိစ္စတို့ကို ဆက်လက် ဆွေးနွေးကြလေ၏။
ဆာရှာသည် ပါဗယ်အပေါ်၌ အတင်းကျပ်ဆုံး ဆက်ဆံလျက်ရှိသည်ကို အမေသည် သတိပြုမိ၏။ တခါတရံ ဆာရှာက ပါဗယ်ကို အော်ပင် အော်ဟစ်တတ်၏။ ထိုကဲ့သို့ အော်သောအခါများ၌ ပါဗယ်က ဘာမျှမပြောချေ။ နာတာရှာကို ကြည့်သကဲ့သို့ပင် မျက်နှာချိုချိုနှင့် ကြည့်ပြီး ရယ်ရုံသာ ရယ်နေတတ်၏။ အမေသည် ဤအချက်ကို သဘောမကျချေ။
တခါတရံ ပါဗယ်တို့လူစု ရုတ်တရက် ချက်ချင်း ပျော်ရွှင်သွားကြသည်ကို ကြည့်ပြီး အံ့သြနေမိ၏။ များသောအားဖြင့် ညနေခင်း နိုင်ငံခြားမှ အလုပ်သမား လှုပ်ရှားမှု သတင်းများကို ဖတ်ကြသည့် အခါများ၌ သူတို့သည် ပျော်တတ်ကြ၏။ သူတို့၏မျက်နှာများသည် ရွှင်မြူးလာကြ၏။ ကလေးများသဖွယ် ထူးထူးခြားခြား ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြ၏။ ရယ်ကြမောကြ၏။ တယောက်ပခုံး တယောက် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနှင့် ပုတ်ကြခတ်ကြလေသည်။
တခါသော် သူတို့အထဲမှ တယောက်က အလွန်ရွှင်မြူးလှစွာ “ဟေး ဒါမှ တို့ဂျာမန်ရဲဘော်တွေကွ” ဟု ထပ်၍ အော်လိုက်၏။
တခါကလည်း သူတို့အားလုံးသည် “အီတလီအလုပ်သမားများ အသက်ရာကျော်ရှည်ကြပါစေ” ဟု သံပြိုင်ထ၍ အော်ကြ၏။
ဤကဲ့သို့ နိုင်ငံခြားမှ အလုပ်သမားများကို ချီးကျူး သြဘာပေးသည့်အခါများ၌ သူတို့ကိုလည်း မသိ၊ သူတို့ဘာသာစကားကိုလည်း နားပင်မလည်ကြသည့် အလုပ်သမားများက သူတို့ ချီးကျူး သြဘာပေးကြသည်ကို ကြားသည်ဟုလည်းကောင်း၊ သူတို့ ချီးကျူး သြဘာစကားတို့ကို နှစ်ထောင်းအားရ ဖြစ်ကြမည်ဟု လည်းကောင်း ယုံကြည်ဟန် ရှိလေသည်။
တညနေခင်း၌ ယူကရိန်းလူငယ်သည် ကျေနပ်ရွှင်ပြုံးသော မျက်နှာထားနှင့် “သူတို့နဲ့ ယုံကြည်ချက်ချင်းလည်း တူတယ်၊ အဲဒီ တခုတည်းသော ယုံကြည်ချက်ကိုပဲ ဝါဒဖြန့်နေကြပြီး သူတို့ရဲ့အောင်ပွဲတွေကို ကြားရတိုင်း ဝမ်းအသာကြီးသာနေကြတဲ့ သူတို့မိတ်ဆွေတွေဟာ ဒီရုရှားပြည်ကြီးမှာလည်း ရှိကြတဲ့အကြောင်း သူတို့တတွေ သိသွားအောင် သူတို့ဆီ စာရေးလိုက် ကြရင် မကောင်းဘူးလား” ဟု မေးနေလေ၏။
ပြင်သစ်အလုပ်သမားများ၊ အင်္ဂလိပ်အလုပ်သမားများနှင့် ဆွီဒင်လူမျိုး အလုပ်သမားများ အကြောင်းကို သူတို့၏မိတ်ဆွေများသဖွယ် သဘောထား၍ တပြုံးပြုံးနှင့် အားပါးတရ ပြောကြ၏။ ဤအလုပ်သမားများကို သူတို့သည် တကယ်ချစ်ကြ၏။ ခင်မင်ကြ၏။ လေးစားကြ ၏။ အေးအတူပူအမျှ သဘောထားကြလေသည်။
တကမ္ဘာလုံးမှ အလုပ်သမားတို့၏ စိတ်ဓာတ်သဘာဝချင်းတူမှု၊ ပူးပေါင်းမှုသည် ဤကျပ်တည်း ကျဉ်းမြောင်းလှသည့် အခန်းငယ်ကလေး၌ စတင်ပေါက်ဖွားခဲ့၏။ အမေကိုယ်တိုင်လည်း ဤအချက်ကို သဘောပေါက်၏။ ဤသဘာဝတူမှု၊ ညီညွတ်မှု၏ အကျိုးသည် မည်မျှ ကြီးမားသည်၊ လေးနက်သည်ကို မသိသော်လည်း အမေသည် အလွန်စွမ်းပကား ကြီးမားသည် ကိုမူ သတိပြုမိ၏။
တခါသော် အမေက ယူကရိန်းလူငယ်အား
“ကဲ၊ မင်းတို့ကိုပဲကြည့်ပါဦး၊ ရေဟူဒီလူမျိုးတွေ၊ အမေရိကန်လူမျိုးတွေ၊ သြစတြေးယား လူမျိုးတွေ၊ အားလုံး လူတွေဟာ မင်းတို့ရဲ့ရဲဘော်တွေချည်း ဖြစ်ကုန်ပြီ။ သူတို့အားလုံး ချမ်းသာကြရင် မင်းတို့တတွေလည်း ချမ်းသာကြမယ်။ သူတို့တတွေ အားလုံးအတွက် ဝမ်းမြောက်စရာ ရှိရင်လည်း မင်းတို့တတွေက ဝမ်းမြောက်ကြတယ်။ ဝမ်းနည်းစရာ ရှိရင်လည်း ဝမ်းနည်းကြတာပေါ့” ဟု ပြောလေရာ ယူကရိန်းလူငယ်က
“ဟုတ်တယ် အမေ၊ သူတို့တတွေ အားလုံးအတွက်ပဲ” ဟု အားပါးတရ ထ၍ အော်ဟစ်လိုက်ပြီး
“ကျွန်တော်တို့က လူမျိုးတွေ ဘာတွေရယ်လို့ ဘာမှမခွဲခြားဘူး။ ကျွန်တော်တို့မှာ ရဲဘော်နဲ့ ရန်သူပဲ ရှိတယ်၊ အားလုံး လုပ်သားပြည်သူတွေဟာ ကျွန်တော်တို့ရဲ့ ရဲဘော်တွေပဲ။ ချမ်းသာတဲ့ လူတွေ၊ အစိုးရတွေအားလုံးဟာ ကျွန်တော်တို့ရဲ့ရန်သူတွေပဲ။ ကမ္ဘာကြီးတခုလုံးကို ကြည့်ပြီး ကျွန်တော်တို့လို အလုပ်သမားတွေက ဘယ်လောက်ရှိတယ်၊ ကျွန်တော်တို့ရဲ့အင်အားဟာ ဘယ်လောက်ကြီးမားတယ် ဆိုတာကိုများ မြင်လိုက်ရရင် အမေဟာ ဝမ်းသာလို့လည်း ဆုံးမှာ မဟုတ်ဘူး။ ကြည်နူးလို့လည်း ဆုံးမှာ မဟုတ်ဘူး။ ပြင်သစ်လူမျိုး၊ ဂျာမန်လူမျိုး အလုပ်သမားတွေကလည်း ကမ္ဘာကိုကြည့်ပြီး ဒီလိုပဲ ဖြစ်တာပဲ။ အီတလီ အလုပ်သမားတွေ ကလည်း ဒီအတိုင်းပဲ အမေ၊ ကျွန်တော်တို့ဟာ တဦးတည်းသောမိခင်က မွေးထုတ်လိုက်တဲ့ သားသမီးတွေပဲ။ ကမ္ဘာတဝန်းလုံးမှာ အလုပ်သမားတွေဟာ ညီရင်းအစ်ကိုတွေ ဖြစ်ကြတယ် ဆိုတဲ့ အချက်ကို ဘယ်သူမှ ချေမှုန်းဖျက်ဆီးလို့ မရအောင် ခိုင်မာမြဲမြံစွာ ယုံကြည်ထားတဲ့ ယုံကြည်ချက်နဲ့ စိတ်ဓာတ်တက်ကြွနေကြသူတွေဖြစ်တယ်။ ဒါကို တွေးမိတိုင်း ကျွန်တော်တို့ တတွေဟာ အားတက်မိတာချည်းပဲ။ ဒီလို အားတက်မှု၊ စိတ်ဓာတ်ပြင်းမှုဟာ တရားမျှတတဲ့ ကောင်းကင်ဘုံနန်းထဲမှ ထွန်းလင်းတောက်ပနေတဲ့ နေမင်းကြီးပဲ။ အဲဒီ တရားမျှတတဲ့ ကောင်းကင်ဘုံနန်း ဆိုတာဟာလည်း တခြားမဟုတ်ဘူး အမေ၊ အလုပ်သမားတွေရဲ့ အသည်းနှလုံးပဲ။ သူဟာ ဘယ်သူပဲဖြစ်ဖြစ်၊ သူ့နာမည်ကို ဘယ်လိုပဲခေါ်ခေါ် သူဟာ ဆိုရှယ်လစ် ဖြစ်ရင် အတိတ်ကရော၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ပါ အစဉ်ထာဝရ ကျွန်တော်တို့ရဲ့ ညီအစ်ကိုပဲ အမေ” ဟု ဆက်လက် ပြောပြနေလေ၏။
ဤရိုးသားဖြူစင်၍ ခိုင်မြဲလှသော ယုံကြည်မှုသည် ပါဗယ်တို့လူစုထဲတွင် တနေ့ထက်တနေ့ ပေါ်လွင်ထင်ရှားလာ၏။ တခါထက်တခါလည်း တက်ကြွ ပြင်းပြလာရာ အလွန်ကြီးမားသည့် အင်အားကြီးတရပ် ဖြစ်လာလေ၏။ အမေသည် ဤအင်အားကြီးကို မြင်လာသောအခါ ကမ္ဘာကြီးကား နေမင်းကဲ့သို့ ခံ့ညားမွန်မြတ်လှသည့် ဧရာမ အင်အားတရပ်ကို ရချေပြီဟု အလိုလို ထိုးထွင်း၍ သဘောပေါက်လာ၏။ ဤအင်အားကို သူကိုယ်တိုင် ဒိဋ္ဌမျက်မြင် တွေ့မြင်နေ၏။
သူတို့လူစုသည် မကြာခဏ သီချင်းဆိုကြ၏။ လူတိုင်း သိပြီး၊ ကြားပြီးဖြစ်သည့် ရိုးရိုးသီချင်းများကို အသံကျယ်ကျယ်နှင့် ပျော်ပျော်ရွှင်ရွှင် သီချင်းများကို အလွန်ငြိမ့်ညောင်း သာယာသည့် အသံတို့ဖြင့် ဆိုကြ၏။ ဤသီချင်းများကိုမူ ဘုရားရှိခိုးကျောင်း၌ ဓမ္မဂီတကို ကျူးဘိသကဲ့သို့ အသံကို နှိမ့်၍ ဆိုကြ၏။ ထိုကဲ့သို့ ဆိုနေကြစဉ် သူတို့၏ မျက်နှာများသည် တခါတခါ သွေးရောင်များ လျှံတက်၍ နီမြန်းလာပြီး တခါတခါ ဖြူရော်ရော် ဖြစ်သွားတတ်၏။ ဤသီချင်းစာသားများ၌ပင် အလွန်ကြီးမားလှသည့် အင်အား ပါလာလေသည်။
ဤသီချင်းသစ်များထဲမှ သီချင်းတပုဒ်ကြောင့် အမေ၏စိတ်ဓာတ်သည် ထူးထူးခြားခြား တက်ကြွမိ၏။ ထိုသီချင်းသည် သံသယဖြစ်မှုနှင့် စိတ်ဓာတ်မခိုင်မြဲမှု ဝဲသြဃ အတွင်းမှ ထွက်ပေါက်မရဘဲ တဦးချင်း တဝဲလည်လည် ဖြစ်နေသော အနှိပ်စက် အညှဉ်းပန်းခံ လူသားတယောက်၏ စိတ်ဓာတ်မှ ပေါ်ထွက်လာသည့် စိတ္တဇဝေဒနာတို့ကို သီကုံးထားသည့် သီချင်းမဟုတ်။ လိုအင်ဆန္ဒ မပြည့်ဝသဖြင့် နွမ်းလျနေသော ကြောက်ရွံ့ခြင်းဖြင့် ပြားပြားဝပ်နေရသည့် လူသားရုပ်၊ လူသားလက္ခဏာ၊ လူသားသိက္ခာ၊ လူသားဂုဏ် ဟူ၍ လုံးဝမရှိတော့သည့် လူသားတို့၏ ညည်းသံ၊ ညူသံတို့ကိုလည်း သရုပ်မဖော်။ ဆင်ကန်း တောတိုး၊ မျှော်မှန်းချက်မဲ့၊ ရည်မှန်းချက်မဲ့နှင့် ဇွတ်အတင်း တိုးနေသည့် အင်အားစုတရပ်၏ ပူဆွေးသံ၊ ညည်းသံတို့ကိုလည်းကောင်း၊ အကောင်းရော အဆိုးပါ ဘာမျှ မရွေးဘဲ မိုက်ရူးရဲ ဇွတ်အတင်း တိုက်မည့်ခိုက်မည့် အင်အားစုတရပ်၏ စိန်ခေါ်သံကို အသိနှင့် တဖက်မှ ဖျက်ဆီးနိုင်စွမ်း ရှိသော်လည်း တဖက်မှ တည်ဆောက်နိုင်စွမ်းမရှိသည့် လက်စားချေလိုသည့် ဆန္ဒတို့ကို မခွဲမခြား တသဘောတည်း ထား၍ သီဆိုထားသည့် သီချင်းလည်း မဟုတ်။ ဤသီချင်းထဲ၌ ဟောင်းနွမ်းသည့်၊ ဘာမဆို အညံ့ခံသည့်၊ ဒူးထောက်သော လောဘအကြောင်း လည်း တခွန်းတပါဒမျှ မပါချေ။
အမေသည် ဤသီချင်းထဲမှ ကြမ်းတမ်းသည့် စကားနှင့် ခက်ထန်မာကျောသော စည်းဝါးတို့ကို သဘောမကျ။ သို့ရာတွင် ဤစကားများနှင့် ဤစည်းဝါးတို့၏ နောက်ကွယ်၌ အလွန်မြင့်မား ကြီးကျယ်သည့် သဘောတခုရှိ၏။ ဤသဘောကပင် ဤစကားများနှင့် အသံနေ၊ အသံထားတို့ အပေါ်၌ လွှမ်းဖုံးသွား၏။ တွေးဆ၍ မရနိုင်လောက်အောင် ကြီးမားကျယ်ပြန့်လှသော၊ တစုံတခုသော တရားကိုသိသော အသိကိုလည်း ဖော်ထုတ်ခဲ့၏။ အမေသည် ဤလူငယ်တို့၏ မျက်နှာများ၌ သူတို့သိထားကြသော ဤတရားကို အကဲခတ်မိ၏။ ဤတရားသည် သူတို့၏ အသည်းနှလုံးများထဲ၌ ကိန်းအောင်းလျက် ရှိသည်ကိုသိ၏။ စကားလုံးများ၊ စည်းဝါးများက မကန့်သတ်၊ မချုပ်ချယ်နိုင်လောက်အောင် ကြီးမားလှသော အင်အားစုတရပ်သည် အမေ့အပေါ်တွင် လွှမ်းမိုးလာ၏။ ဤလွှမ်းမိုးမှုအောက်မှပင် အမေသည် ဤသီချင်းကို အခြားသီချင်းများထက် ပို၍ အာရုံစိုက်စွာ၊ ပို၍ စိတ်ဓာတ်လှုပ်ရှားစွာနှင့် နားထောင်လေသည်။
ပါဗယ်တို့လူစုသည် ဤသီချင်းကို အခြားသီချင်းများထက် အသံကိုနှိမ့်၍ ဆိုကြ၏။ သို့ရာတွင် ဤသီချင်းသည် အခြားသီချင်းများထက် ပို၍အားရှိ၏။ မိုးဦးကျ မြေနံ့သင်းနေသော လေကလေးကို ရှူရှိုက်လိုက်ရသကဲ့သို့ စိတ်ထဲ၌ လတ်ဆတ် ကြည်လင်လာ၏။
ထိုအတွင်း ဗက်ဆော့ရှီကော့က မျက်နှာထား သုန်သုန်မှုန်မှုန်နှင့် “ကျုပ်တို့တတွေ ဒီသီချင်းကို လမ်းပေါ်မှာ ဗြောင်လျှောက်ပြီး ဆိုဖို့ အချိန်ကျလာပါပြီ” ဟု ပြော၏။
သူ့ဖခင်အား နောက်တကြိမ် ခိုးမှုဖြင့် အဖမ်းခံရသောအခါ သူ့ရဲဘော်များကို သူက
“ကျုပ်တို့တတွေ ကျုပ်အိမ်မှာ ဆုံနိုင်ကြပါပြီ” ဟု ပြောပြန်လေသည်။
ညနေတိုင်းလိုလိုပင် အလုပ်ခွင်မှ ဆင်းလာကြသောအခါ ပါဗယ်၏ မိတ်ဆွေတို့သည် ပါဗယ်နှင့် အတူ အိမ်သို့လိုက်လာကြ၍ ရေမိုးပင် မချိုးနိုင်လောက်အောင် သုတ်သီးသုတ်ပျာနှင့် စာတွေကို မှတ်ကြ၏။ သူတို့၏စာအုပ်များထဲ၌ သူတို့ မှတ်သားလိုသည့် အချက်အလက်တို့ကို ရေးကြ မှတ်ကြ၏။ လက်ထဲမှစာအုပ်များကို မချဘဲ တဖက်မှ စာကြည့်ရင်း လက်ဖက်ရည် သောက်ကြ၏။ ညစာစားကြ၏။ အမေသည်လည်း သူတို့အချင်းချင်း ပြောကြ၊ ဆွေးနွေးကြသော စကားတို့ကို တနေ့ထက်တနေ့ ပိုပိုပြီး နားမလည်နိုင်ဘဲ ဖြစ်လာလေ၏။
“ကျွန်တော်တို့တတွေဟာ သတင်းစာတစောင်ကို စပြီး ထုတ်သင့်ပြီ” ဟု ပါဗယ်က ခဏ ခဏ ပြော၏။
ပါဗယ်တို့လူစုသည် ပို၍အလုပ်များလာ၏။ ပို၍လှုပ်ရှားလာကြ၏။ ပျားကလေးများသည် ပန်းတပွင့်မှ ပန်းတပွင့်သို့ လူးလာ ပျံသန်းနေကြသကဲ့သို့ သူတို့သည် စာအုပ်များကို ဇယ်စက်သကဲ့သို့ တအုပ်ပြီးတအုပ် ဖတ်နေကြ၏။
တနေ့သော် ဗက်ဆော့ရှီကော့က
“သူတို့တတွေဟာ တို့တတွေအကြောင်းကို ပြောပြလာကြပြီကွ။ မကြာခင် တို့ကို ဖမ်းကြ၊ ဆီးကြလိမ့်မယ်” ဟု ပြောလျှင် ယူကရိန်းလူငယ်က “အဆန်းမဟုတ်ပါဘူး ရဲဘော်တို့။ ဒါမျိုးလုပ်ရင် ထောင်ကိုတော့ ခြင်ထောင်လို သဘောထားကြရလိမ့်မယ်” ဟု ပြန်ဖြေလေ၏။
အမေသည် ယူကရိန်းလူငယ်အား တနေ့ထက်တနေ့ ပို၍ ပို၍ သဘောကျလာ၏။ သူ့အား အမေဟု ခေါ်လိုက်လျှင် ကလေးငယ်တယောက်၏ နူးညံ့ပျော့ပျောင်းသည့် လက်ဖဝါးကလေး များနှင့် သူ၏ပါးပြင်တို့ကို ပွတ်လိုက်ဘိသကဲ့သို့ ပီတိဖြာဖြာသွား၏။ ပါဗယ် အလုပ်များသည့် တနင်္ဂနွေနေ့များ၌ ယူကရိန်းလူငယ်သည် ထင်းများကို ခုတ်ခုတ်ပေး၏။ တနေ့သော် သူသည် ပျဉ်ပြားကြီးတချပ်ကို ထမ်းလာပြီး ပဲကွတ်တခုဖြင့် ထိုပျဉ်ပြားကို ခွဲစိတ်ကာ အိမ်ရှေ့လှေကားမှ ဆွေးနေသည့် လှေကားထစ်နေရာ၌ အစားထည့်လိုက်လေ၏။ တခါကလည်း ယိုင်အိနေသည့် အိမ်ဝန်းထရံကို ပြင်ပေး၏။ ဤကဲ့သို့ အလုပ်လုပ်နေစဉ် သူသည် သာယာ၍ ဝမ်းနည်းဖွယ် ကောင်းအောင် လေကို ချွန်ချွန်နေတတ်လေသည်။
တနေ့သော် အမေက ပါဗယ်အား
“သားရေ၊ တို့ ယူကရိန်းလူငယ်ကို အိမ်ခေါ်ပြီး အငှားထားကြရအောင်။ အဲဒါ သားတို့ နှစ်ယောက်လုံးအတွက်လည်း ကောင်းမယ်၊ တယောက်နဲ့ တယောက် တွေ့ချင်ရင်လည်း ပြေးလွှားမနေရတော့ဘူး။ တအိမ်တည်းဆိုတော့ တွေ့ချင်တဲ့အချိန် တွေ့နိုင်တာပေါ့” ဟု ပြောရာ ပါဗယ်က ပခုံးကိုတွန့်ကာ
“အမေက ဘာပြုလို့ အပင်ပန်းခံချင်တာလဲ။ လူတယောက် တိုးလာရင် ချက်ရ ပြုတ်ရနဲ့ အမေ ပင်ပန်းမှာပေါ့” ဟု ပြောလိုက်သောအခါ
“သားကလည်းကွယ်၊ အမေဟာ တသက်လုံးလုံး အကြောင်းမဲ့ ပင်ပန်းခဲ့တာပါကွဲ့။ ဒီတော့ သူလို လူကောင်းတယောက်အတွက် ပင်ပန်းပါစေ။ အမေ အပင်ပန်းခံနိုင်ပါတယ်”
“အမေပဲ သူ့ကို ရွှေ့လာဖို့ပြောလိုက်ပါ။ ကျွန်တော်ကတော့ သူလာမယ်ဆိုရင် ဝမ်းသာတာပေါ့”
ဤနည်းဖြင့် ယူကရိန်းလူငယ်သည် အမေတို့အိမ်သို့ ရွှေ့လာလေသတည်း။
အခန်း ရှစ်
အလုပ်သမားရပ်ကွက် အစွန်အဖျားရှိ အမေတို့ အိမ်ကလေးကို လူအများက ဂရုစိုက်လာကြ၏။ ဟိုအရေးသည်အရေး စပ်စုချင်ကြသည့် လူများကလည်း ဤအိမ်ကလေးကို ချောင်းမြောင်း ကြည့်တတ်ကြ၏။ ကောလာဟလသတင်းကလည်း ပျံ့နေ၏။ လူများကလည်း ဤအိမ်အတွင်း လျှို့ဝှက်ချက်တခုခု ရှိနေပြီဟု ယူဆကြပြီး ဤလျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် ကြိုးပမ်း နေကြ၏။ ညအခါများ၌ ပြတင်းပေါက်များမှ လာရောက်၍ တိတ်တဆိတ် ခိုးကြည့်ကြ၏။ တခါတရံ ပြတင်းပေါက်ကို လာခေါက်ကြ၏။ သို့ရာတွင် ကြောက်၍ ထွက်ထွက်ပြေးကြလေ သည်။
တနေ့သ၌ ဘီဂန့်ဆော့ဆိုသူက လမ်းတွင် အမေ့ကို တားထား၏။ ဘီဂန့်ဆော့သည် ထမင်းဆိုင်ရှင်တယောက်ဖြစ်၍ အသက်ကြီးနေပြီ ဖြစ်သော်လည်း ရုပ်ရည် ချောမော၏။ သူသည် ခရမ်းရောင် ကတ္တီပါ အင်္ကျီရှည်ကြီးကို အမြဲတမ်းဝတ်ကာ သူ၏ တုတ်ခိုင်သော လည်ပင်းနီကြီးတွင် လက်ကိုင်ပဝါ အမည်းကို စည်းထားလေ့ရှိ၏။ သူသည် လိပ်ခွံကိုင်း မျက်မှန်များကို တပ်ထားသဖြင့် သူ့ကို ‘အရိုးမျက်လုံးများ’ ဟူ၍ သရော်ပြီး ခေါ်ကြလေသည်။
ဘီဂန့်ဆော့သည် အမေ၏အဖြေကို မစောင့်တော့ဘဲ ကရားက ရေသွန်သကဲ့သို့
“ဘယ့်နှယ်လဲ၊ နေကောင်းရဲ့လား နီလော့(ဗ်)နား။ ခင်ဗျားသားကော ဘယ့်နှယ်လဲ။ မိန်းမများ ယူမယ်လို့ စိတ်မကူးသေးဘူးလား။ မိန်းမယူဖို့ အရွယ်ကောင်းကောင်းကြီး ရောက်နေပြီလို့ ထင်တယ်။ သားသမီးတွေ အိမ်ထောင် စောစောကျလေ၊ မိဘတွေ သက်သာလေပေါ့ဗျာ။ လူဆိုတာ အိမ်ထောင်ကျလိုက်မှပဲ ရေထိတဲ့ ကြာပန်းလို လန်းနေတတ်တယ်။ ကျုပ်သာ ခင်ဗျားဖြစ်ရင် သူ့ကို မိန်းမပေးစားပစ်လိုက်တာ ကြာပြီ။ သားသမီးတွေ ဘယ်လိုနေတယ်၊ ဘယ်လိုထိုင်တယ်ဆိုတာကို သတိထား ကြည့်ကြရမယ့် ခေတ်ဗျာ့။ လူတွေက ကိုယ်ကြိုက်သလို ပစ်စလက်ခတ် နေကုန်ကြပြီ။ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာတွေးပြီး ပရမ်းပတာ လုပ်နေကြတော့ တာပဲ။ ဘုရားရှိခိုးကျောင်းလည်း မသွားကြတော့ဘူး။ လူများတဲ့နေရာတွေကို မသွားဘူး။ တိတ်တိတ်ပုန်း ချောင်ခိုပြီး သူတို့ လျှို့ဝှက်ချက်တွေကို တိုးတိုး တိုးတိုးနဲ့ ပြောနေကြတော့ တာပဲ။ ဘာပြုလို့ ဒီလိုတိတ်တိတ်ခိုး တိုးတိုး တိုးတိုးနဲ့ လုပ်နေကြတယ်ဆိုတာကို ကျုပ်သိချင်တယ်ဗျာ။ ဘာပြုလို့ လူတွေကို ရှောင်ကြရတာလဲ။ ဘာပြုလို့ လူကြားထဲမှာ မပြောဝံ့တာတဲ့လဲဗျာ။ လျှို့ဝှက်ချက်တွေတဲ့ဗျာ။ တကယ့်လျှို့ဝှက်ချက်တွေကို ပြောရဆိုရမယ့် နေရာကတော့ ဘုရားရှိခိုးကျောင်းဗျာ့၊ ချောင်ကြိုချောင်ကြားထဲမှာ တတိုးတိုးနဲ့ ပြောနေကြတဲ့ လျှို့ဝှက်ချက်တွေဟာ ဗရုတ်သုတ်ခ စိတ်ဓာတ်တွေက ပေါက်ဖွားလာတာချည်းပဲ။ ကဲ၊ သွားလိုက်ဦးမယ်ဗျာ။ ကျန်းမာပါစေ၊ ချမ်းသာပါစေ” ဟု တတွတ်တွတ် ပြောနေလေ၏။ ထို့နောက် ဘီဂန့်ဆော့သည် ဦးထုပ်ကိုချွတ်လျက် ဝှေ့ယမ်းကာ ထွက်သွားလေ၏။ အမေကား ဘာမျှ ပြန်မပြောနိုင်တော့ဘဲ ငိုင်၍ ငိုင်၍ ကျန်ရစ်ခဲ့လေသည်။
တကြိမ်ကလည်း အမေ၏အိမ်နီးချင်း မာရီယာကော်ဆူနိုဗာနှင့် ဈေးထဲတွင် တခါတွေ့ပြန်၏။ မာရီယာသည် သူ့ယောက်ျား ပန်းပဲသမား သေဆုံး၍ မုဆိုးမဘဝနှင့် စက်ရုံတံခါးဝ၌ မုန့်ပဲသရေစာတို့ကို ရောင်းစားနေရသူဖြစ်၏။ သူက အမေ့အား “တော့်သားကိုလည်း ဂရုစိုက်ဦးနော် နီလော့(ဗ်)နာ” ဟု ပြောလေ၏။
“ဘာဖြစ်လို့လဲ မာရီယာ”
“ကောလာဟလတွေ ဖြစ်နေတယ်တော့၊ ဒါပေမဲ့ ကောလာဟလက အကောင်း မဟုတ်ဘူးတော့။ သူတို့က ပြောကြတော့ တော့်သားဟာ လျှို့ဝှက်တဲ့ ဂိုဏ်းတဂိုဏ်း ထောင်မလို့တဲ့၊ အဲဒီဂိုဏ်းသားတွေဟာ တယောက်နဲ့တယောက် ကြာပွတ်နဲ့ ရိုက်ကြမယ့် အသင်းတဲ့တော့၊ သိရဲ့လား။ ကျုပ်က အဲဒါကြောင့် တော့်ကို တော့်သားအတွက် ဂရုစိုက်ပါလို့ ပြောနေတာတော့”
“အို မာရီယာကလည်း တကယ့် အဓိပ္ပာယ်မရှိတာတွေကို လာပြောနေပြန်ပြီ”
“ဘယ်အဓိပ္ပာယ်မရှိရမှာလဲတော့။ မပုပ်ဘဲနဲ့လည်း မပေါ်ဘူး၊ မဟုတ်ဘဲနဲ့လည်း မကျော်ဘူးတဲ့ တော်ရေ့”
အမေသည် အိမ်သို့ပြန်ရောက်သောအခါ မာရီယာပြောသည့် စကားတို့ကို ပါဗယ်အား ပြောပြသော် ပါဗယ်က ရယ်နေ၏။ ယူကရိန်းလူငယ်ကလည်း သူ၏အသံဩကြီးနှင့် ကျိတ်၍ ရယ်လေသည်။ တဖန် အမေက
“မိန်းကလေးတွေကလည်း မင်းတို့တတွေကို နာကြတယ်။ မင်းတို့ဟာ ရုပ်ရည်လည်း ပြောစရာ မရှိဘူး။ အလုပ်လည်း ကြိုးစားလုပ်ကြတယ်။ အသောက်အစားလည်း မရှိကြဘူး၊ ဒါပေမဲ့ မင်းတို့က သူတို့ကို နည်းနည်းမှ ဂရုမစိုက်ကြဘူး။ အဲဒီတော့ သူတို့က မြို့ပေါ်က မကောင်းတဲ့ မိန်းမတွေဟာ မင်းတို့ကို လာလာတွေ့တယ်လို့ ပြောနေကြတယ်” ဟု ပြောရာ ပါဗယ်က စက်ဆုပ်ရွံရှာသည့် မျက်နှာထားနှင့်
“အလကားဟာတွေပါ အမေရယ်” ဟု ပြန်ပြောလိုက်၏။ ယူကရိန်းလူငယ်ကမူ သက်ပြင်းချကာ
“ညွန်ဗွက်ထဲရောက်သွားရင် အားလုံး ညွန်ဗွက်စော်နံတာချည်းပဲ။ အမေက ဒီလူအတွေကို အိမ်ထောင်သည်ဘဝအကြောင်း နားလည်သွားအောင် ရှင်းပြလိုက်ရင် ကောင်းမှာပဲ။ ဒီလို ရှင်းပြလိုက်ရင် သူတို့ဟာ အိမ်ထောင်ရေးအတွက် ဒီလောက်အရေးတကြီး လောနေကြမှာ မဟုတ်ဘူး” ဟု ပြောလိုက်လျှင် အမေက
“အလိုလေး ဘုရားရေ၊ သူတို့ကိုယ်တိုင် ဒါတွေကိုသိသမှ နောနေတာပဲ။ အဲဒီတော့ သူတို့ဟာ ဒီလိုပြောရုံအပြင် ဘာများတတ်နိုင်သေးတုံး” ဟု ပြန်ပြောလိုက်၏။ ထိုအခါ ပါဗယ်က
“သူတို့ ဒီလိုနားလည်ကြရင် တခုခု ကြံဖန် လုပ်ကြလိမ့်ဦးမယ်” ဟု ဝင်ပြောလျှင်
အမေသည် သူ့သား၏ တည်ငြိမ်သော မျက်နှာကို ကြည့်လျက် “ဘာပြုလို့ သူတို့ကိုခေါ်ပြီး မဟောကြ မပြောကြတာလဲ။ သူတို့အထဲက အတော်အတန် ပါးရေနပ်ရေ ရှိတဲ့လူတွေကို ဒီခေါ်လိုက်ပါလား” ဆိုလျှင် ပါဗယ်က
“ဒီလိုလုပ်လို့လည်း မဖြစ်သေးဘူး အမေ”
ထိုအခါ ယူကရိန်းလူငယ်က
“သူတို့တတွေကို စမ်းကြည့်ရရင် မကောင်းဘူးလား” မေး၏။
ပါဗယ်သည် အတော်ကြာ စဉ်းစားပြီးမှ
“အေး၊ အဲဒီတော့မှ သူ့အတွဲနဲ့သူ ထွက်သွားကြလိမ့်မယ်ဗျာ။ တချို့ကလည်း လက်ထပ်ကြမယ်။ အဲဒါဟာ နောက်ဆုံး ဇာတ်သိမ်းဖြစ်မှာပဲ” ပြန်ပြောလိုက်၏။
အမေသည် ပါဗယ်၏စကားကို နားထောင်ပြီး စဉ်းစားနေ၏။ ဤမျှ အကျင့်သိက္ခာကို စောင့်ထိန်းပြီး လူ့ဘုန်းကြီးကဲ့သို့ ကျင့်ကြံနေသည့် သူ့သားအတွက် စိတ်မချမ်းမသာ ဖြစ်မိ၏။ သူ့ထက် အသက်ကြီးသည့် ယူကရိန်းလူငယ်ကဲ့သို့သော ရဲဘော်များကပင် သူ၏သြဝါဒကို ခံယူလျက် ရှိကြသည်ကို သိ၏။ သို့ရာတွင် သူ့သားကို သူတို့က ကြောက်နေကြပြီး သူ၏ ပြင်းထန်လှသည့် ကျင့်ဝတ် သိက္ခာတို့ကြောင့် သူ့ကို ဘယ်သူကမှ မေတ္တာရှိဟန်မတူဟု သူသည် ထင်မှတ်မိလေသည်။ တညသ၌ အမေသည် အိပ်ရာထဲသို့ ရောက်နေပြီး ပါဗယ်နှင့် ယူကရိန်း လူငယ်တို့သည် မအိပ်ကြသေးဘဲ စာများဖတ်နေကြစဉ် အမေသည် သူတို့နှစ်ယောက် တိုးတိုးတိုးတိုးနှင့် စကားပြောနေသံကို ကြားမိ၏။
သို့စကားပြောနေကြရာမှ ယူကရိန်းသားက ရုတ်တရက်ချက်ချင်း
“ငါကတော့ အဲဟို နာတာရှာကို သဘောကျနေပြီကွ” အော်ပြောလိုက်ရာ ပါဗယ်သည် ခဏလောက် စကားမပြောဘဲ ငြိမ်နေရာမှ “ကျုပ် သိပါတယ်ဗျာ”
ဤစကားသံများနောက် ယူကရိန်းသားသည် ထိုင်နေရာမှ ထ၍ အခန်းထဲမှ ဖိနပ် မစီးဘဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသံကို ကြားလိုက်၏။ သို့လမ်းလျှောက်နေရင်း အလွမ်းသံ၊ အဆွေးသံနှင့် ဆွဲဆွဲငင်ငင် လေချွန်နေရာမှ ယူကရိန်းသားသည် လေသံကို နှိမ့်လျက်
“သူက သူ့ကို ငါသဘောကျနေတာ သိများနေပြီလားကွာ” ဟု ပြောလိုက်ပြန်ရာ ပါဗယ်က ဘာမျှမဖြေသဖြင့် တဖန်ထပ်၍ “မင်းကကော ဘယ့်နှယ်ထင်တုံး” သူက တိုးတိုးကလေး မေးနေပြန်၏။ ပါဗယ်က
“သူက သိနေပြီ။ ဒါကြောင့် သူ မလာတာပေါ့”
ယူကရိန်းသားသည် ကြမ်းကို ခပ်ပြင်းပြင်းကလေး နင်းရင်း လေကို တိုးတိုးကလေး ချွန်နေရာမှ
“ငါ သူ့ကိုဖွင့်ပြီး ပြောလိုက်ရင်ကော”
“ဘာပြောမှာလဲဗျာ့”
“အေး၊ သူ့ကို ငါက သဘောကျ...”
“ဘာလို့ ခင်ဗျားက ပြောရမှာလဲ”
ပါဗယ်က ကြားဖြတ်၍ ပြောလိုက်၏။
ယူကရိန်းသား လမ်းလျှောက်ရပ်သွားသည်ကို အမေသိ၏။ ထိုမျှမက သူပြုံးစေ့စေ့ လုပ်နေမည် ကိုလည်း အမေ့စိတ်၌ ထင်မြင်လာ၏။
“ငါကတော့ မိန်းကလေးတယောက်ကို ကြိုက်လို့ရှိရင် ပြောသင့်တယ်လို့ထင်တယ်။ ဒီလိုမှ ဖွင့်မပြောဘဲ သူမသိငါပိုး ကျိတ်ပိုးနေလို့တော့ ဘာမှအကျိုးမရှိဘူးလို့ ထင်တယ်”
“ခင်ဗျားက ဘာအကျိုးများ ရှိစေချင်လို့လဲဗျာ”
သူတို့နှစ်ဦးစလုံး အချိန်အတော်ကြာ ငြိမ်သက်နေကြပြန်၏။ “ကောင်းပြီ၊ ဒါဖြင့်ရင် ဘာ...” ဟု ပြောရာ ပါဗယ်က
“ခင်ဗျား ဘာလိုချင်တယ်ဆိုတာကို ခင်ဗျားကိုယ်တိုင် ပြတ်ပြတ်သားသား သိထားဖို့ လိုပါတယ်။ တကယ်လို့များ သူက ခင်ဗျားကို ချစ်ရင် ကျုပ်ကတော့ ချစ်မယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့ လက်ထပ်ကြပြီပဲ ထားကြပါစို့။ တကယ့်ကို ရွှေနဲ့မြပါ သူက ပညာတတ်တယောက်၊ ခင်ဗျားက အလုပ်သမားတယောက်။ ကလေးတွေ မွေးလာတော့မယ်။ အဲဒီတော့ ဒီကလေးတွေနဲ့ အိမ်ထောင်ကြီး ကျွေးဖို့မွေးဖို့ နေ့မအား ညမအား တကုတ်ကုတ်နဲ့ အလုပ်လုပ်ရတော့မယ်။ ကလေးတွေကို ထမင်းဝအောင် ကျွေးဖို့၊ အိမ်လခပေးဖို့အတွက် တဘဝလုံး ခေါင်းမဖော်နိုင် အောင် ကုန်းရ ရုန်းရတော့မယ်။ ခင်ဗျားတို့နှစ်ယောက်လုံးဟာ ကိုယ့်မျှော်မှန်းချက်၊ ကိုယ့်ပန်းတိုင်ကို ရောက်ဖို့လည်း ဘာမှ လုပ်နိုင်ကြတော့မယ် မဟုတ်တော့ဘူး”
ထို့နောက် ငြိမ်နေကြပြန်၏။ တဖန် ပါဗယ်က ထပ်၍ ယခင်ကထက် လေသံပျော့ပျော့နှင့်
“ဒီအချစ်ရေးကို စွန့်လိုက်ပါတော့ဗျာ။ နာတာရှာလည်း အနေရ အထိုင်ရ ချောင်သွားအောင်”
တအိမ်လုံး တိတ်ဆိတ်သွားပြန်ရာ တချက်ချက်နှင့် မြည်နေသည့် နာရီသံတခုတည်းကသာ ကြီးစိုးလျက် ရှိချေ၏။ ထို့နောက် ယူကရိန်းသားက
“ငါ့စိတ်က ခက်တယ်ကွ။ သူ့ကိုချစ်တာက တဝက်၊ မုန်းတာတဝက် ဖြစ်နေတယ်။ အဲဒါကို ဘာခေါ်ရမလဲ” ပြောပြနေ၏။
ထို့နောက် အမေသည် ပါဗယ် စာအုပ်လှန်သံကို ကြားရ၏။ ပါဗယ်နှင့် ယူကရိန်းသားတို့က သူ တကယ် အိပ်ပျော်နေသည်ဟုထင်အောင် အသက်ကိုပင် ပြင်းပြင်းမရှူဝံ့ဘဲ မျက်စိများကို အတင်းမှိတ်ထားလေ၏။ သူသည် ယူကရိန်းသားကို သနား၏။ ပါဗယ်ကိုမူ သာ၍ပင် သနားမိ၏။
“အင်း သနားစရာပဲ သားရယ်” အမေက စိတ်ထဲမှ ညည်းမိ၏။ ထိုအတွင်း ယူကရိန်းသားသည်
“ဒါဖြင့် ငါ သူ့ကို ဘာမျှမပြောသင့်ဘူးလို့ မင်းယူဆတယ်ပေါ့” ဟု မေးလေရာ ပါဗယ်က ငြိမ်သက်စွာနှင့်
“ကျုပ်တော့ ဘာမျှမပြောဘဲ နေတာက ကောင်းတယ်လို့ ထင်တယ်”
“အေး၊ ငါမပြောတော့ပါဘူးကွာ” ယူကရိန်းသားက ပြန်ပြောပြီး စက္ကန့်အနည်းငယ်မျှ ငြိမ်နေသည်။ လေသံပျော့ပျော့နှင့် ဝမ်းနည်းစွာ
“ပါဗယ်၊ မင်းသာ ငါ့အဖြစ်မျိုးနဲ့ ကြုံနေခဲ့ရင် မင်း တော်တော်ကို စိတ်ဆင်းရဲရမယ်ကွ”
“အခုကိုပဲ ကျုပ်ဖြင့် စိတ်ဒုက္ခရောက်နေပါပြီဗျာ” ဟု ပါဗယ်က ပြန်ဖြေလေ၏။
လေသည် အိမ်ထရံများကို ရိုက်ခတ်လျက်ရှိ၏။ နာရီစက်သံသည်လည်း ပေါ်လွင်လာပြန်သည်။
“အေး၊ ရယ်စရာ မဟုတ်ဘူးကွ၊ ငါ့မှာ တကယ် ချစ်ဒုက္ခဖြစ်နေတာ” ဟု ယူကရိန်းသားက လေးလေးတွဲ့တွဲ့ ပြောနေပြန်လေသည်။
အမေသည် ပါဗယ်နှင့် ယူကရိန်းသားတို့၏ အပြန်ပြန် အလှန်လှန် ပြောနေကြသည့် စကားတို့ကို နားထောင်ရင်း ဝမ်းနည်းလာသဖြင့် မျက်နှာကို ခေါင်းအုံးနှင့်ကပ်ကာ ငိုနေမိလေတော့သည်။
နံနက်မိုးသောက်သော် အမေသည် ယူကရိန်းသားအား ငယ်သွားသည်၊ ပို၍ သဘောကျစရာ ကောင်းသည် ထင်မှတ်မိ၏။ ပါဗယ်ကမူ ခါတိုင်းကဲ့သို့ပင် ကိုယ်နေကိုယ်ထားအားဖြင့် မားမားမတ်မတ်နှင့် ပိန်လျက်ရှိ၏။ စကားလည်း နည်း၏။ ခါတိုင်း အမေသည် ယူကရိန်းသားကို အင်ဒရေ အိုမီနီမော်ဗစ်ဟုသာ ခေါ်လေ့ရှိရာ ယနေ့မူ သူ့ကိုယ်သူပင် သတိမထားမိတော့ဘဲ သူ့သားအရင်းသဖွယ် ချစ်ခင်ရင်းနှီးလှစွာနှင့်
“အင်ဒရေယူရှာ၊ မင်းဖိနပ်တွေကို ပြင်လိုက်ဦးနော် မင်း အအေးမိနေဦးမယ်” ပြောလိုက်ရာ၊
“အမေ ကျွန်တော် ဒီဖိနပ်ဟောင်းတွေကို မပြင်တော့ဘူး။ နောက်တခါ လစာ ထုတ်တော့မှပဲ အသစ်တရန် ဝယ်တော့မယ်လို့”
ယူကရိန်းသားသည် ရယ်ရွှန်းပတ်ရွှန်းပြောလျက် အမေ့ပခုံးကို လက်နှင့်ဖက်ကာ
“အမေသာ ကျွန်တော့်အမေအရင်းဖြစ်ရင် သိပ်ကောင်းမှာပဲ၊ အမေကသာ ကျွန်တော့်ကို အမေ့သားအရင်း မဖြစ်စေချင်တာပါ။ ကျွန်တော်က အရုပ်ဆိုးတာကိုး၊ ကျွန်တော်ပြောတာ မဟုတ်ဘူးလား”
အမေသည် သူ့လက်ကို လက်နှင့်သပ်နေ၏။ သူ့ကို ကြင်နာယုယသည့် စကားများပြောချင်၏။ သို့သော် သူ့အပေါ်၌ အလွန်သနားလှသဖြင့် သူပြောမည့်စကားတို့သည် နှုတ်ဖျားမှ မထွက်နိုင်ဘဲ ဖြစ်နေရလေသတည်း။
အခန်း ကိုး
အလုပ်သမားရပ်ကွက်ထဲမှ လူများသည် မင်ပြာနှင့် ရေးထားသည့် စာရွက်များကို ဖြန့်ဖြူးနေကြသည့် ဆိုရှယ်လစ်အကြောင်းကို ပြောစပြုလာကြ၏။ ဤစာရွက်များထဲ၌ အလုပ်ရုံ ကြီးကြပ် အုပ်ချုပ်သူတို့၏ အုပ်ချုပ်ပုံ၊ စီမံပုံတို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ထား၏။ ပီတာစဘတ်မြို့နှင့် ရုရှားပြည် တောင်ပိုင်းမှ အလုပ်သမားတို့၏ သပိတ်အကြောင်းများကို ရေးထား၏။ ထို့နောက် အလုပ်သမားတို့အား သူတို့၏ အခွင့်အရေးတို့နှင့် အကျိုးစီးပွားတို့ကို ခုခံရန်၊ ကာကွယ်ရန် လှုံ့ဆော်ထားလေသည်။
အလုပ်ရုံထဲ၌ ဝင်ငွေဖြောင့်နေကြသည့် အသက်အရွယ်အားဖြင့် လူလတ်ပိုင်းထဲမှ လူများသည် ဒေါသ အလွန်ဖြစ်ကြ၏။
“ဒီကောင်တွေဟာ နှောင့်ယှက်တဲ့ အကောင်တွေပဲ၊ ဒါမျိုးတွေ လုပ်တဲ့အတွက် မျက်နှာတွေကို ခြေဖနောင့်နဲ့ ပေါက်ပစ်ဖို့ကောင်းတယ်” ပြောကြပြီး ဤစာရွက်စာတမ်းများကို အလုပ်ရုံပိုင်ရှင်၊ အုပ်ချုပ်ရေးမှူး၊ စာရင်းကိုင် စသည့် သူတို့၏ သခင်များထံသို့ ယူသွားကြ၏။
လူငယ်ပိုင်းကမူ အားတက်သရော ဖတ်ကြ၏။
“ဒါတွေဟာ အကုန်မှန်တယ်ဟေ့” ပြောကြ၏။
နေ့စဉ် နေထွက်က နေဝင်ထိ၊ ခါးကျိုးလုဘိနန်း အလုပ်လုပ်ရဖန် များသဖြင့် နွမ်းရိ ခွေနုံးနေကြသည့် အလုပ်သမားအများစုကမူ ဘာမျှ ဂရုမစိုက်ဘဲ လျစ်လျူရှုကြ၏။
“ဒါက ဘာမျှအကျိုးဖြစ်ထွန်းလာမှာမဟုတ်ပါဘူး။ ဖြစ်လည်း မဖြစ်နိုင်ပါဘူး” ဟုလည်း မှတ်ချက်ချကြ၏။
မည်သို့ပင်ဖြစ်စေ ဤစာရွက်စာတမ်းများကြောင့် အလုပ်သမားများအကြားတွင် လှုပ်လှုပ်ရွရွ ဖြစ်သွားသည်ကိုမူ ငြင်းနိုင်လိမ့်မည်မဟုတ်။ စာရွက်စာတမ်းအသစ်များ တသီတင်းလောက် ပေါ်မလာလျှင် အလုပ်သမားများသည် တဦးနှင့်တဦး “ဒီလူတွေ နောက်ထပ် မရေးကြတော့ ပြန်ဘူး ထင်တယ်” ပြောကြ၏။
တနင်္ဂနွေနေ့ အလုပ်ရုံးပိတ်ပြီး တနင်္လာ ရောက်လာ၍ စာရွက်စာတမ်းသစ်များ ပေါ်လာပြန်လျှင် အလုပ်သမားများသည် တဦးနှင့်တဦး တိုးတိုး တိုးတိုးနှင့် ဆွေးနွေး ကြပြန်၏။
အလုပ်ရုံအတွင်း၌လည်းကောင်း၊ စားသောက်ဆိုင်အတွင်း၌လည်းကောင်း အလုပ်သမားထဲမှ ဘယ်သူမျှ မသိကြသည့် လူစိမ်းများကို တွေ့ကြရ၏။ သူတို့သည် ဟိုကြည့် သည်ကြည့် ကြည့်ကြ၏။ မကျေနပ်ချက်တို့ကို ပြ၏။ ဟိုအရေး သည်အရေးကို မေးကြ၏။ သူတို့ကိုယ်သူတို့ အစ သတိဝီရိယထားခြင်း၊ လူတိုင်း လူတိုင်း၏ အရေးကိစ္စတို့တွင် စူးစမ်းလေ့လာခြင်း စသည့် အပြုအမူတို့ကြောင့် အလုပ်သမားတို့က သူတို့အပေါ်တွင် သံသယ ရှိလာကြလေသည်။
သူ့သားကြောင့် ဤကဲ့သို့ အလုပ်သမားများ လှုပ်လှုပ်ရွရွ ဖြစ်လာရသည်ကို အမေ သိ၏။ လူတွေက သူ့သားထံသို့ စုရုံးစုရုံး လာကြသည်ကို တွေ့ရသဖြင့် ဂုဏ်ယူမိ၏။ သို့ရာတွင် သူ့သားအတွက် စိုးလည်း စိုးရိမ်မိလေသည်။
တညသော် မာရီယာကော်ဆူနိုဗာသည် အမေ၏ ပြတင်းပေါက်ကို လာခေါက်သဖြင့် အမေက ပြတင်းပေါက်ကို ဖွင့်လိုက်သောအခါ အမေအား
“ဂရုစိုက်နော် နစ်လော့ဗ်နာ၊ အကြံတွေပေါ်ကုန်ပြီ။ ကနေ့ည တော်တို့အိမ်ကို ရှာကြလိမ့်မယ် နော်၊ ဖီယိုဒိုမက်ဇင်တို့၊ ဗက်ဆော့ဗ်ကော့တို့ အိမ်တွေကိုလည်း ရှာကြလိမ့်မယ်” ဟု သတိပေးလေ၏။
မာရီယာသည် နှုတ်ခမ်းထူကြီးများကိုစေ့ပြီး နှာခေါင်းသံပါပါနှင့် စကားပြော၏။ မျက်လုံးကို မှိတ်တုတ်မှိတ်တုတ်လုပ်၍ ဟိုတချက် သည်တချက် ကြည့်ပြီး လမ်းပေါ်မှ တစုံတယောက်ကို လှမ်းကြည့်လိုက်၏။ ထိုနောက် နစ်လော့ဗ်နာအား
“ကျုပ် ဘာမှမသိဘူးနော်၊ ကျုပ် တော့်ကို ဘာမှမပြောဘူးနော်၊ ကနေ့ ကျုပ်နဲ့ တော်နဲ့လည်း မတွေ့ဘူးနော် သိလား” ပြောကာ နှုတ်ပိတ်၍ ထွက်သွားလေ၏။
အမေသည် ပြတင်းပေါက်ကိုပိတ်၍ ကုလားထိုင် တလုံးပေါ်၌ တဖြည်းဖြည်း ထိုင်ချလိုက်၏။ သို့သော် သားအတွက် အန္တရာယ် ဆိုက်ရောက်တော့မည်ကို စဉ်းစားလိုက်မိသည်နှင့် တပြိုင်နက် ရုတ်တရက် မတ်မတ်ရပ်လိုက်၏။ ထိုနောက် အဝတ်အစားများ လဲပြီး ခေါင်းကို တဘက်တထည်နှင့်ပတ်ကာ ဖီယိုဒိုတို့အိမ်သို့ ပြေးလေ၏။ ဖီယိုဒိုသည် နေမကောင်းသော ကြောင့် အလုပ်ရုံသို့ မသွားချေ။ အမေ အိမ်ထဲသို့ ဝင်သွားသောအခါ သူသည် စာအုပ်တအုပ်ကို ဖတ်နေရင်း နာနေသော လက်ယာဘက် လက်မကို တယုတယ ကိုင်နေသည်ကို တွေ့ရ၏။ အမေ ပြောသည့်သတင်းကို ကြားသောအခါ ထိတ်လန့်တုန်လှုပ်သွားပြီး ရုတ်တရက်ထ၍ ခုန်လိုက်၏။ ထိုနောက်
“အဲဒါနဲ့ပတ်သက်လို့ စဉ်းစားစမ်းပါဦး” ဟု ညည်းတွားနေလေ၏။ အမေသည် သူ၏ တုန်တုန်ယင်ယင် ဖြစ်နေသော လက်ဖြင့် နဖူးမှ ချွေးများကို သုတ်ရင်း
“တို့တတွေ ဘာလုပ်ကြမလဲကွယ်”
ဖီယိုဒိုသည် လက်ဝဲဘက်လက်ဖြင့် သူ၏ ကောက်ကွေးနေသော ဆံပင်များကို နောက်သို့ လှန်လိုက်ပြီး...
“ခဏလေး ခဏလေး၊ မကြောက်ပါနဲ့ အမေ”
“ဘာပြုတယ်၊ မင်းကိုယ်တိုင်ကတော့ ဘာလို့ ဒီလောက်များ ကြောက်နေရတာလဲ” ဟု အော်လိုက်လေ၏။
ဤကဲ့သို့ အမေက အော်လိုက်ရာမှ ဖီယိုဒိုသည် သူ့ကိုယ်သူ ပြန်သတိထားမိပြီး ပြုံး၍
“ကျုပ်လား၊ အင်း၊ အလကားဟာတွေပါဗျာ။ ပါဗယ်ကိုတော့ အသိပေးရလိမ့်မယ်။ ကျုပ် တယောက်ယောက်ကို သူ့ဆီ လွှတ်လိုက်မယ်၊ ဒါပေမဲ့ ခင်ဗျားတော့ အိမ်ပြန်ပါ၊ စိတ်မပူပါနဲ့၊ သူတို့က ကျုပ်တို့ကို မရိုက်တန်ကောင်းပါဘူးဗျာ” ဟု ပြောလေ၏။
သို့နှင့် အမေသည် အိမ်သို့ပြန်ရောက်လျှင် စာအုပ်တွေကို စုပြီးပွေ့လျက် မီးဖိုထဲ ကြည့်လိုက်၊ မီးဖိုအောက်ကြည့်လိုက်၊ နောက်ဆုံး ရေစည်ထဲကိုပင် ကြည့်လိုက်နှင့် အခန်းထဲ၌ ဟိုသွားဒီသွား သွားနေ၏။ ပါဗယ်သည် အလုပ်ရုံမှ ချက်ချင်းပြန်လာလိမ့်မည်ဟု ထင်၏။ သို့သော် ပေါ်မလာချေ။ နောက်ဆုံး၌ ဘာလုပ်ရမည်၊ ဘာကိုင်ရမည်ကို မသိသဖြင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းရိစွာ မီးဖိုခန်းထဲမှ ခုံရှည်တခုပေါ်၌ စာအုပ်တွေကို ဖင်ခုပြီး ထိုင်ချလိုက်၏။ ထိုနေရာ၌ပင် ဘယ်မျှ မထဝံ့၊ မသွားဝံ့ဘဲ ပါဗယ်နှင့် ယူကရိန်းသားတို့ ပေါက်လာကြသည်အထိ ထိုင်နေလေသည်။ သူတို့နှစ်ယောက် ဝင်လာသောအခါ ထိုင်နေရာမှ မထသေးဘဲ ပြုံးလျက်
“အေး၊ မင်းတို့နှစ်ယောက် ကြားကြပြီလား” ဟု ဆီး၍ မေးလိုက်ရာ ပါဗယ်က
“ဟုတ်ကဲ့ အမေ၊ အမေက ကြောက်နေသလား” ဟု ပြန်ဖြေလျှင် “ဟယ်၊ ကြောက်လိုက်ရပုံဖြင့် မပြောနဲ့တော့။ ငါဖြင့် နေစရာတောင် မရှိဘူး” ဟု အမေက ဖြေလေ၏။ ယူကရိန်းသားက
“အမေက ကြောက်မနေပါနဲ့၊ ကြောက်နေလို့ ဘာမှ အကြောင်းမထူးဘူး” ဟု ဝင်ပြော၏။ ထို့နောက် ပါဗယ်က
“ဟင် အမေ၊ လက်ဖက်ရည်အိုးတောင် မတည်ရသေးဘဲကိုး” ဟု ညည်းလိုက်လျှင် အမေသည် ထိုင်ရာမှထ၍ စာအုပ်များကို လက်ညှိုးထိုးပြလျက်၊
“ဒါတွေကြောင့် ဘာမှကို မလုပ်နိုင်ဘူးဟဲ့”
ပါဗယ်နှင့် ယူကရိန်းသားတို့က ဟက်ဟက်ပက်ပက် ရယ်ကြရာ အမေသည် စိတ်ချမ်းသာရာ ရသွား၏။ ပါဗယ်သည် စာအုပ်အနည်းငယ်ကို ရွေးချယ်၍ ဝှက်ရန် အပြင်သို့ ထုတ်ယူသွား လေ၏။
ယူကရိန်းသားသည် မီးဖိုမီးမွှေး၍ လက်ဖက်ရည်အိုးကို တည်ရင်း
“အမေကလည်း အဲဒါနဲ့ပတ်သက်လို့ ဘာမျှကြောက်စရာမရှိဘူး။ လူတွေဟာ ဒါတွေကို ကြောက်နေရတာ ရှက်စရာတော့ ကောင်းသေးတယ်၊ အဲ ခါးမှာ ဓားရှည်တွေ ချိတ်ပြီး ဖိနပ်မှာ ဆူးခက်တွေတပ်တဲ့ အသက်ကြီးကြီးလူတွေဟာ လာကြပြီး ရှာကြဖွေကြမှာပေါ့။ အိပ်ရာ အောက်မှာ ရှာမယ်၊ မီးဖိုအောက်မှာ ရှာမယ်၊ မြေတိုက်ထဲ ဆင်းမယ်၊ ထပ်ခိုးပေါ် တက်မယ်ပေါ့လေ။ အဲဒီတော့ သူတို့မျက်နှာမှာ ပင့်ကူးမြှေးတွေကပ်ပြီး သဘောမကျတဲ့ အမူအရာနဲ့ နွားများ နှာခေါင်းကြိုးတင်းသလို ရှူးရှူးရှားရှား ဖြစ်ကုန်ကြလိမ့်မယ်။ ရှက်လည်း ရှက်ကြမယ်။ အဲဒီတော့ သူတို့က သိပ်ဒေါသ ဖြစ်ချင်ယောင် ဆောင်ကြလိမ့်မယ်။ သူတို့အလုပ်ဟာ ဘယ်လောက် ယုတ်မာညစ်ညမ်းတဲ့ အလုပ်ဆိုတာကို သူတို့တတွေ ကောင်းကောင်းကြီး သိကြပါတယ်။ တခါက ကျွန်တော့်အိမ်မှာ ဒီလိုပဲ သန်းရှာသလိုရှာကြပြီး ဘာမှ ရှာမတွေ့တော့ ဦးနှောက်ခြောက်ပြီး တခါတည်း ပြန်သွားကြတော့တာပဲ။ တခါတော့ သူတို့က ကျွန်တော့်ကို ဆွဲသွားကြတယ်။ ထောင်ထဲမှာ လေးလလောက် ထည့်ထားတယ်။ ထောင်ထဲမှာ ဘာမှမလုပ်ရဘူး။ ထိုင်ပြီး စောင့်နေရုံပဲ။ သူတို့က သမ္မန်စာနဲ့ ချခေါ်တယ်။ စစ်သားတွေက ရုံးကို ထုတ်သွားတယ်။ အဲဒီနောက် ဧရာမလူကြီး တယောက်ယောက်က မေးခွန်းတွေမေးတယ်။ အဲဒီ ဧရာမလူကြီးတွေဟာ တကယ့်ကို ဘာမျှမသိတဲ့၊ မတတ်တဲ့လူတွေ မဟုတ်ဘူး။ မဟုတ်မဟတ် စကားတွေကိုတော့ အများကြီး ပြောတတ်ကြတယ်။ အဲဒီနောက် စစ်သားတွေက ထောင်ထဲ ပြန်ပို့ကြတာပဲ။ ဒီလိုပဲ ထောင်ပြန်ပို့လိုက်၊ ရုံးထုတ်လိုက်နဲ့ လုပ်နေတာပဲ။ သူတို့မှာလည်း လစာတွေ ရထားတော့ လူတွေကို ဒီလိုလုပ်ကြရတာပေါ့။ ဒါက သူတို့လုပ်ရမယ့် အလုပ်ပဲကိုး။ နောက်ဆုံးတော့ ပြန်လွှတ်လိုက်တာပဲ။ ဒီလိုနဲ့ ကိစ္စပြီးတော့တာပဲ
“ဟဲ့ အင်ဒရေယူရှာ၊ မင်းပြောနေလိုက်တာက ဘယ်လိုလဲဟင်” ဟု အမေက အော်လိုက်ရာ ယူကရိန်းသားသည် မီးဖိုကိုကုန်း၍ မီးမှုတ်နေရာမှ မော့၍ သူ၏ နှုတ်ခမ်းမွေးကို လက်နှင့်သပ်လျက်၊
“ဘယ့်နှယ် ဘယ်လို ပြောနေတာလဲလို့” ဟု ပြန်မေးလိုက်ရာ၊
“အမေက မင်းကို ဘယ်သူကမှ နာနာကြည်းကြည်း မလုပ်ခဲ့၊ မကိုင်ခဲ့ဘူး။ သည်လိုချည်း ပြောနေတာကိုးဟဲ့” ထပ်၍ ပြောသောအခါ ယူကရိန်းသားက ပြုံး၍ မတ်တတ်ရပ်လိုက်ပြီး ခေါင်းကိုခါလျက်၊
“ကမ္ဘာပေါ်မှာ နာကြည်းအောင် အလုပ်မခံရဘူးတဲ့၊ အနစ်နာမခံရဘူးတဲ့လူများ ရှိသေးသလား အမေ။ သူတို့က ကျွန်တော့်ကို နာကြည်းအောင် လုပ်ဖန်များလွန်းလို့ ကျွန်တော်ဖြင့် ထုံတောင်နေပါပြီ။ လူတွေဟာ ဒီလိုဖြစ်နေတော့ အမေကော ဘာလုပ်နိုင်ဦးမှာလဲလို့။ သူများက နာကြည်းအောင် လုပ်တာတွေကို ဂရုစိုက်နေရင် အလုပ်အကိုင် ပျက်ရုံပဲရှိမယ်။ ကိုယ်နစ်နာတာတွေကို လျှောက်ပြီး တွေးနေမယ်ဆိုရင် အချိန်ဖြုန်းရာပဲ ရောက်နေမှာပေါ့။ ကျွန်တော်တို့ဘဝဟာ ဒီအတိုင်းပဲ ဖြစ်နေတာပဲ။ ကျွန်တော်ဟာ လူတွေကို ဒေါသဖြစ်နေမိတယ်။ ဒါပေမဲ့ ဒီလိုဒေါသဖြစ်လို့ အကျိုးမရှိဘူးဆိုတာကို ကျွန်တော် သိလာတယ်။ လူတိုင်းဟာ သူ့အိမ်နီးချင်းက သူ့ကိုတွယ်မှာ ကြောက်တယ်။ အဲဒီတော့ သူက ဦးအောင်ချတယ်။ ကျွန်တော့် ဘဝကတော့ ဒီလိုပ ဲအမေ” ဟု ဖြေရှင်းနေပြန်၏။
သူ့စကားများသည် အထစ်အငေါ့ မရှိ၊ သွက်သွက်လက်လက် ရှိလှ၏။ အမေသည် သူ့စကားများကြောင့် သူ့ဝမ်းထဲမှ ကြောက်စိတ်များသည် ပပျောက်ကုန်၏။ သူ၏မျက်နှာသည် ရွှင်ပျနေ၏။ သူသည် အလုပ်အကိုင် မသေသပ်သော်လည်း လျင်လျင်မြန်မြန် ဖျတ်ဖျတ်လတ်လတ် ရှိသည်ကိုမူ အမေက သတိပြုမိလေသည်။
ထို့နောက် သက်ပြင်းတချက်ချပြီး “အေးကွယ်၊ အင်ဒရေယူရှာ တယောက်ကတော့ ဘုရားသခင် ကိုယ်တော်မြတ်ရဲ့မေတ္တာတော်အဟုန်ကြောင့် စိတ်ရွှင်လန်း ချမ်းသာပါစေတော်” ဟု အားတက်သရော ဆုတောင်းနေလေ၏။
ယူကရိန်းသားသည် မီးဖိုနားသို့သွား၍ မီးဖိုရှေ့၌ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး “စိတ်ချမ်းသာမှု ရရင်တော့ မငြင်းပါဘူး ယူမှာပေါ့။ ဒါပေမဲ့ ဒီချမ်းသာမှုကိုတော့ သူတောင်းစားတောင်း မတောင်းချင်ပါဘူး” ဟု ညည်းတွားနေပြန်၏။
ထိုအတွင်း ပါဗယ်သည် အပြင်ဘက်မှဝင်လာပြီး စိတ်ချလက်ချနှင့် “သူတို့တတွေကတော့ ဒါတွေကို ဘယ်တော့မျှ တွေ့မှာမဟုတ်” ဟု ပြော၏။
ထို့နောက် သူ့လက်များကို ဆေးပြီး သုတ်နေရင်း အမေ့ဘက်သို့ လှည့်ကာ “အမေက ကြောက်သလိုလို ရွံ့သလိုလို လုပ်နေရင် သူတို့က ဒီအိမ်ထဲမှာ ကြောက်ရွံ့နေလောက်အောင် ပစ္စည်းတခုခု ရှိနေပြီလို့ တွက်ကြမှာပေါ့။ ကျွန်တော်တို့ဟာ ဘာမျှမဟုတ်တာ၊ မမှန်တာ၊ မတရားတာကို မလုပ်ဘူး ဆိုတာကိုလည်း အမေအသိသားပဲ။ တရားမှု၊ မှန်ကန်မှုဟာ ကျွန်တော်တို့အတွက် အားပဲ၊ ဒီတရားမှု မှန်ကန်မှုအတွက် ကျွန်တော်တို့ဟာ တသက်လုံး အလုပ်လုပ်သွားကြမှာပဲ၊ အဲဒါကို သူတို့က ကျွန်တော်တို့ ကျူးလွန်ထားတဲ့ အပြစ်ပဲလို့ ဆိုကြတယ်။ အဲဒီတော့ ကျွန်တော်တို့က ဘာလို့ကြောက်ရမှာလဲ” ဟု ပြောလိုက်သည်။
“အမေက အမေ့ကိုယ်အမေ စိတ်တင်းထားပါမယ်” ဟု ကတိပေးလေ၏။ သို့ရာတွင် “သူတို့တတွေ မြန်မြန်လာရှာကြပြီး ကိစ္စသာ ပြီးစေချင်တာပါပဲ” ဟု စိတ်ညစ်ညစ်နှင့် ညည်းနေပြန်၏။
ထိုနေ့ည ပုလိပ်များသည် အမေတို့အိမ်သို့လာ၍ မရှာဖွေကြချေ။ အမေသည် နံနက်လင်းလျှင် ပါဗယ်နှင့် ယူကရိန်းသားတို့က သူ့ကို ပြောင်ကြလှောင်ကြလိမ့်မည်ဟု တွေးမိပြီး “အင်း၊ ငါကတော့ ဘာမျှ မဖြစ်သေးခင်ကဘဲ ဒူးတုန်လှပြီ” ဟု ရေရွတ်နေလေသတည်း။
အခန်း တဆယ်
ထိုကဲ့သို့ အထိတ်ထိတ် အလန့်လန့် ဖြစ်ရပြီး နောက်တလလောက်ကြာမှ စစ်ပုလိပ်များသည် အမေတို့အိမ်သို့ လာကြ၏။ ထိုနေ့ညက ဗက်ဆော့ရှီကော့သည် ပါဗယ်နှင့် တွေ့ရန်လာပြီး ပါဗယ်၊ ယူကရိန်းသားနှင့် သူတို့သုံးဦးသားသည် သူတို့၏ သတင်းစာနှင့် ပတ်သက်၍ ဆွေးနွေးနေကြ၏။ အချိန်ကား ညဉ့်နက်ပြီဖြစ်၍ သန်းခေါင်လောက် ရှိချေပြီ။ အမေကား အိပ်ရာထဲ ဝင်နေပြီဖြစ်၏။ အိပ်ချင်လှသဖြင့် မျက်စိများ မှေးနေစဉ် သူတို့သုံးယောက် စိုးရိမ်တကြီးနှင့် တီးတိုးပြောနေကြသည့် အသံများကို ကြားနေရ၏။ ထို့နောက် ယူကရိန်းသားသည် မီးဖိုခန်းကို ခြေဖျားထောက်၍ ဖြတ်ကျော်ကာ အပြင်သို့ ထွက်ပြီး တံခါးကို ပြန်စေ့ထားလိုက်၏။ ရေပုံးတခုကို အတင်းဖိသံ၊ ကြိတ်သံ ကြားလိုက်၏။ တဖန် တံခါးပွင့်လာပြီး ယူကရိန်းသားသည် မီးဖိုခန်းထဲသို့ ပြန်ဝင်လာလေသည်။
ထိုနောက် “အင်း၊ ဖိနပ်သံတွေတော့ ကြားနေတယ်” ဟု ပါဗယ်နှင့် အမေ ကြားလောက်ရုံ လေသံတိုးတိုးနှင့် ပြော၏။
အမေသည် အိပ်ရာမှ ဗြုန်းခနဲထပြီး အဝတ်များကို တုန်တုန်ယင်ယင်နှင့် ဆွဲကိုင်နေလေ၏။
သို့ရာတွင် ပါဗယ်သည် တံခါးဝမှရပ်၍ “အမေ နေမကောင်းဘူးလေ၊ အိပ်ရာထဲ ပြန်ဝင်ပါလား” ဟု တည်ငြိမ်စွာ ပြောလေ၏။
အပြင်မှ ရုတ်ရုတ်သဲသဲ ဖိနပ်သံများကို ကြားရ၏။ ပါဗယ်သည် တံခါးဆီသို့ သွား၍ဖွင့်ရင်း “ဘယ်သူလဲ၊ ဟိုဟာ” ဟု မေးလိုက်၏။
အရပ်ခပ်မြင့်မြင့် မည်းမည်းသဏ္ဌာန်တခုသည် ပေါ်လာ၏။ ထိုနောက် အခြား သဏ္ဌာန်တခု ပေါ်လာပြန်၏။ ထိုသဏ္ဌာန်များကား စစ်ပုလိပ်နှစ်ယောက်ဖြစ်၏။ သူတို့သည် ပါဗယ်ကို တွန်းဖယ်ပြီး သူ၏ ဘေးတဖက်တချက်၌ ရပ်လိုက်ကြ၏။
“အေး၊ တို့တတွေကတော့ မင်းတို့ မျှော်လင့်နေကြတဲ့ ဧည့်သည်တွေ မဟုတ်ဘူးပေါ့” ဟု စစ်ပုလိပ်တယောက်က အသံသြသြနှင့် လှောင်သလိုလို ပြောလိုက်၏။ ထို စစ်ပုလိပ်ကား ခြေတံရှည်ရှည် အရာရှိတယောက်ဖြစ်၏။ သူ၏နှုတ်ခမ်းမွေးများသည် ပုလိပ်သည် မဲ့၍ ကျိုးတိုးကျဲတဲ ပေါက်နေ၏။ ထိုနယ်မြေမှ ဖက်ယာကင် ဆိုသူ အမေ၏အိပ်ရာဆီသို့ သွားလေ၏။ ထို့နောက် ပုလိပ်အရာရှိဘက်သို့လှည့်၍ လက်တဖက်ဖြင့် သူ၏ဦးထုပ်ကို ထိ၍ (အလေးပြုလျက်) အခြားတဖက်ဖြင့် အမေ့ကို ညွှန်ပြကာ “ဒါက သူ့အမေပါ သခင်” ဟု ပြောပြ၏။
တဖန် ပါဗယ်အား လက်နှင့်ညွှန်၍ “ဒါကတော့ သူပါ” ဟု ပြောလိုက်ပြန်၏။
ပုလိပ်အရာရှိသည် သူ၏မျက်လုံးများကိုကျဉ်း၍ ကြည့်ပြီး “ပါဗယ်ဗလက်ဆော့ ဟုတ်လား” ဟု မေးရာ ပါဗယ်က ခေါင်းညိတ်လိုက်၏။ ထိုနောက် အရာရှိက သူ၏ နှုတ်ခမ်းမွေးကို လက်နှင့် လိမ်ကာ၊
“ငါ မင်းအိမ်ကို ရှာရလိမ့်မယ်” (တဖန် အမေ့အိပ်ရာဆီသို့ ခြေလှမ်းလျက်) “ကဲ.... မိန်းမကြီး ထစမ်း၊ ဟိုအထဲကကော ဘယ်သူလဲ” ဟု မေး၍ အခြားအခန်းထဲသို့ ဝင်သွားလေ၏။ “မင်းတို့နာမည်တွေကိုပြောစမ်း” ဟု ထပ်မေးပြန်၏။
ထို့နောက် ရပ်ကွက်ထဲမှ အသိသက်သေ နှစ်ယောက်သည် ဝင်လာ၏။ တယောက်ကား တွင်ခုံမှ အလုပ်သမားကြီး ဗာယာကော့ဖြစ်၍ အခြားတယောက်ကမူ မီးထိုးသမား ရိုင်ဘင်ဖြစ်၏။ ရိုင်ဘင်သည် ကိုယ်ကာယ တောင့်တင်း၏။ ဗာယာကော့အိမ်၌ အငှားနေရသူတယောက် ဖြစ်၏။
ရိုင်ဘင်က အမေအား “မင်္ဂလာရှိတဲ့ ညနေခင်းပါ နစ်လောဗ်နာ” ဟု အသံသြသြနှင့် နှုတ်ဆက်လိုက်၏။
အမေသည် အဝတ်များကိုဝတ်ရင်း သူ့ကိုယ်သူ ရဲဆေးတင်သည့်အနေနှင့် “ဒီလိုဟာမျိုးတော့ တခါမျှ မကြားဖူးဘူး၊ ဒီလို သန်းခေါင်သန်းလွှဲ အချိန်ကြီး လာရတယ်လို့၊ အိမ်သားတွေ အိပ်ရာထဲ ရောက်ကုန်မှပဲ လာကြသတဲ့” ဟု မြည်တွန် တောက်တီးနေလေ၏။
အခန်းထဲတွင် လူများပြည့်နေ၏။ မည်ကဲ့သို့သော အကြောင်းကြောင့်ဟူ၍ မပြောနိုင်သော်လည်း ဖိနပ်ဆေးစော် နံနေ၏။ စစ်ပုလိပ်နှစ်ယောက်နှင့် နယ်မြေပုလိပ်အရာရှိတို့က စင်များပေါ်မှ စာအုပ်များကိုယူ၍ ပုလိပ်အရာရှိရှေ့မှ စားပွဲပေါ်၌ တင်ထားလိုက်ကြ၏။ အခြားစစ်ပုလိပ် နှစ်ယောက်ကမူ ထရံများကို လက်သီးနှင့် ထုကြည့်နေကြ၏။ ကုလားထိုင်များအောက်၌ ငုံ့ကြည့်ကြ၏။ တယောက်ကမူ မီးဖိုအထက်မှ ကျပ်ခိုးစင်ပေါ်သို့ပင် တက်၍ ကြည့်နေကြပြန်၏။ ယူကရိန်းသားနှင့် ဗက်ဆော့ရှီကော့တို့သည် အခန်းထောင့်တခုထဲ၌ ပခုံးချင်းယှဉ်၍ ရပ်နေကြ၏။ နစ်ကိုလိုင်၏ ကျောက်ပေါက်ထူလှသည့် မျက်နှာသည် နီတွတ်လာ၏။ သူသည် ပုလိပ်အရာရှိကိုသာ စိုက်ကြည့်နေ၏။ ယူကရိန်းသားသည် သူ့နှုတ်ခမ်းမွေးကို လိမ်လျက် အခန်းထဲသို့ အမေ ဝင်လာသောအခါ တချက်မျှ ရယ်ပြီး အမေအား အားရှိအောင် ခေါင်းကို တချက်ညိတ်လိုက်လေသည်။
အမေကမူ သူ့စိတ်ကို သူတင်းသည့်အနေနှင့် ခါတိုင်းကဲ့သို့ အခန်းတွင်းသို့ ဘေးမှ ကပ်ပြီးမဝင်ဘဲ ရင်ကိုကော့ကာ အခန်းအလယ်တည့်တည့်မှ လျှောက်လာလေ၏။ ထို့ကြောင့် သူ့အမေကို ကြည့်လိုက်လျှင် သဘောကျစရာ ဝင့်ဝါသည့် ဟန်အမူအရာ အပြည့်နှင့် ဖြစ်နေ၏။ အမေသည် လမ်းလျှောက်ရာ၌လည်း ခြေကို ခပ်ဆောင့်ဆောင့်ကလေး နင်းလာ၏။ သို့ရာတွင် သူသည် မျက်မှောင်ကြုတ်ထားလေသည်။
ပုလိပ်အရာရှိသည် စာအုပ်များကို ကောက်ကိုင်၍ သူ၏ ဖြူဖွေးသေးသွယ်သည့် လက်ချောင်း များနဲ့ စာရွက်များကို လျင်မြန်စွာလှန်၍ စာအုပ်များကို တအုပ်ပြီး တအုပ် စားပွဲပေါ်သို့ ပစ်ပစ်ချလိုက်၏။ အချို့စာအုပ်များသည် အရှိန်လွန်၍ ကြမ်းပေါ်သို့ပင် လွင့်ကျကုန်၏။ မည်သူကမျှ စကားတခွန်းမျှ မပြော။ တခန်းလုံး တိတ်ဆိတ်နေ၏။ ချွေးဒီးဒီးကျနေသည့် စစ်ပုလိပ်များသည် အသက်ကို ပြင်းပြင်းရှူကာ ခဏခဏ သူတို့ အရာရှိအား သတိ အနေအထားနှင့် စကားပြောနေကြ၏။ မကြာခဏ သူတို့အရာရှိကို “ဒီနေရာကို ကြည့်ပြီးပြီလား သခင်” ဟု မေးကြ၏။
အမေသည် ပါဗယ်အနီး ကပ်လျက် ပါဗယ်ကဲ့သို့ပင် လက်ကိုပိုက်ကာ ရပ်နေရင်း ပုလိပ်အရာရှိ လုပ်သမျှ၊ ကိုင်သမျှကို သေသေချာချာကြည့်ပြီး အကဲခတ်နေ၏။ သူ၏ ဒူးများသည် တဆတ်ဆတ် တုန်လာ၏။ သူ၏ မျက်လုံးများသည် မှုန်ရီရီ ဖြစ်လာလေသည်။
တခန်းလုံး ငြိမ်သက်နေရာမှ “ခင်ဗျားတို့ စာအုပ်တွေကို ဒီလိုပဲ ကြမ်းပေါ်မှာ ပစ်ချရသလား” ဟု ရုတ်တရက် လေသံ ခပ်ကြမ်းကြမ်းနှင့် မေးလိုက်သည့် နစ်ကိုလိုင်၏ စကားတို့သည် ဆိတ်ငြိမ်မှုကို ဖျက်ဆီးပစ်လိုက်၏။
အမေသည် လန့်သွား၏။ ဗာယာကော့၏ဦးခေါင်းသည် ရုတ်တရက် တဦးတယောက်က နောက်မှနေ၍ တွန်းလိုက်သကဲ့သို့ ဆတ်ခနဲ မော်သွား၏။ ရိုင်ဘင်ကမူ နစ်ကိုလိုင်ကို စိုက်ကြည့်နေ၏။
ပုလိပ်အရာရှိသည် မျက်လုံးများကိုမှေး၍ နစ်ကိုလိုင်၏ မာကျောသည့်မျက်နှာကို လှမ်းပြီး တချက်ကြည့်လိုက်၏။ ထိုနောက် စာအုပ်များကို ယခင်ကထက်ပို၍ လျင်မြန်စွာ လှန်ကြည့်နေလေ၏။ တခါတရံ မခံမရပ်နိုင်သည့် ဝေဒနာတရပ်ကို ခံစားနေရပြီး ရုတ်တရက် ထ၍ အော်ဟစ်လိုက်တော့မည့်ဟန်ဖြင့် သူ၏ ပြူးကျယ်သည့် ပြာမွဲမွဲ မျက်လုံးများနှင့် အားကုန်ဖွင့်ကြည့်နေ၏။
တဖန် ဗက်ဆော့ရှီကော့က၊
“ဟေး စစ်သား၊ စာအုပ်တွေကို ကောက်ထားလိုက်ဦးလေ” ပြောပြန်၏။ စစ်ပုလိပ်အားလုံးသည် နောက်သို့လှည့်ပြီး ဗက်ဆော့ရှီကော့နှင့် သူတို့အရာရှိအား တလှည့်စီ ကြည့်နေကြ၏။ ပုလိပ်အရာရှိကမူ ဦးခေါင်းကို မော့်ပြီး ခပ်ညှိုးညှိုး မျက်လုံးများနှင့် ဗက်ဆော့ရှီကော့၏ ကျယ်ပြန့်သည့် ကိုယ်ခန္ဓာကို လှမ်း၍ တချက် ကြည့်လိုက်၏။ ထိုနောက် သူက -
“ဟင်း၊ အေး၊ စာအုပ်တွေကို ကောက်ထားလိုက်” ဟု စစ်ပုလိပ်များအား အမိန့်ပေးလိုက်လေ သည်။
စစ်ပုလိပ်တယောက်သည် ကုန်း၍ စုတ်ပြဲနေသည့်စာအုပ်များကို ကောက်ယူလေ၏။
အမေက ပါဗယ်အား “နစ်ကိုလိုင်ဟာ စကားမပြောဘဲ နေရင်ကောင်းမယ်” ဟု တိုးတိုးပြော၏။
နစ်ကိုလိုင်က ပခုံးကိုတွန့်လိုက်၏။ ယူကရိန်းသားကမူ ခေါင်းကိုငုံ့နေ၏။ ပုလိပ်အရာရှိက သမ္မာကျမ်းစာ စာအုပ်ကို ကိုင်ပြီး
“ဒီ သမ္မာကျမ်းစာကို ဘယ်သူက ဖတ်သလဲ” ဟု မေးလျှင် ပါဗယ်က
“ကျွန်တော် ဖတ်တာပါ” ဖြေ၏။
“ဒီစာအုပ်တွေက ဘယ်သူ့စာအုပ်တွေလဲ” ဟု မေးပြန်လျှင် ပါဗယ်က
“ကျွန်တော်ရဲ့ စာအုပ်တွေပါ” ဟု ပြန်ဖြေ၏။ ထိုအခါ ပုလိပ်အရာရှိက “ကောင်းပြီ” ဟု ပြော၍ ကုလားထိုင်ကို မှီလိုက်ပြီး သူ၏ သေးသွယ်သော လက်ချောင်းကလေးများကို ချိုးနေ၏။ သူ့ခြေထောက်ကို စားပွဲခုံအောက်၌ ဆန့်ထား၍ သူ့နှုတ်ခမ်းများကို လက်နှင့်သပ်ရင်း နစ်ကိုလိုင်အား
“မင်းဟာ အင်ဒရေး-နက်ခေါ့ကာလား” ဟု မေးလျှင် သူသည် ရှေ့ကိုတိုးသွားပြီး
“ဟုတ်ပါတယ်” ဟု ဖြေလိုက်လျှင် ယူကရိန်းသားက ပခုံးကိုဆွဲ၍ နောက်သို့ ပြန်တွန်းလိုက်ကာ
“မဟုတ်ပါဘူး၊ သူ မဟုတ်ပါဘူး။ ကျွန်တော်ကမှ အင်ဒရေး” ဟု ဝင်ပြောလိုက်ရာ ပုလိပ်အရာရှိက သူ့လက်ကိုမြှောက်၍ ဗက်ဆော့ရှီကော့ကို လက်ညှိုးနှင့်ထိုးကာ၊ “အေး၊ မင်း ကြပ်ကြပ်သတိထားနေ” ဟု သတိပေးလေ၏။ ထိုနောက် သူ၏ စာရွက်စာတမ်းတို့ကို လှန်လှောကြည့်နေ၏။
လရောင်သည် အေးမြကြည်လင်စွာ သာနေသော်လည်း အမေ့အိမ်တွင် လောလောဆယ် ဖြစ်နေသည့် ပြဿနာကို လုံးဝ သတိမမူ ဂရုမစိုက်သည့်အနေဖြင့် ပြတင်းပေါက် အတွင်းသို့ ထိုးဝင်လျက်ရှိ၏။ အိမ်အနီးမှ တဖြည်းဖြည်း လျှောက်လာသူ တယောက်၏ ခြေများအောက်၌ ဆီးနှင်းစိုင် ဆီးနှင်းခဲတို့သည် ကြေမွလျက်ရှိ၏။
ပုလိပ်အရာရှိက ယူကရိန်းသားအား၊
“နက်ခေါ့ကာ၊ အရင်က မင်းနိုင်ငံရေးနဲ့ ပတ်သက်လို့ အပြစ်ဒဏ် ခံခဲ့ရဖူးတယ် မဟုတ်လား ဟင်” ဟု မေးလေရာ၊ ယူကရိန်းသားက
“ဟုတ်တယ်၊ တခါက ရပ်စ်တောမြို့မှာ အပြစ်ဒဏ်ခံခဲ့ရပြီး နောက်တခါကတော့ ဆာရာတော့ မြို့မှာပါ။ ဒါပေမဲ့ အဲဒီမှာ စစ်ပုလိပ်တွေက ပိုပြီး ယဉ်ကျေးသိမ်မွေ့တယ်” ´ဟု ပြန်ဖြေလေ၏။
ပုလိပ်အရာရှိသည် သူ၏လက်ယာဘက် မျက်လုံးကိုမှိတ်၍ လက်နှင့်ပွတ်နေလေ၏။ ထိုနောက် သူ၏သွားကလေးများကို ဖြဲကာ၊ “မင်းအလုပ်ရုံထဲမှာ ရာဇဝတ်ပြစ်မှုနဲ့မကင်းတဲ့ ကြေညာချက် တွေကို လိုက်လံပြီး ဖြန့်ချိနေတဲ့ လူ့အမှိုက်သရိုက် အညစ်အကြေးတွေကို မင်းသိတယ် မဟုတ်လား”
ယူကရိန်းသားသည် ပြုံးဖြဲဖြဲ လုပ်လိုက်ပြီး ခြေဖျားကိုထောက်ကာ ကိုယ်ကို ယိမ်းထိုးလျက် ဖြေလိုက်တော့မည် လုပ်နေစဉ် နစ်ကိုလိုင်က ကြားဖြတ်၍
“ကျွန်တော်တို့ဟာ အခု လူ့အမှိုက်သရိုက်တွေကို ပထမဆုံးအကြိမ်အနေနဲ့ မြင်နေကြပါပြီ” ဟု ဝင်၍ တောလိုက်လေသည်။ နစ်ကိုလိုင်က ဤကဲ့သို့ ပြောလိုက်သောအခါ အားလုံးငြိမ်သွား၏။ မည်သူကမျှ ဘာမျှမပြောချေ။ အမေ၏မျက်နှာသည်လည်း ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး လက်ယာဘက် မျက်ခုံးသည် တွန့်တက်လာ၏။ ရိုင်ဘင်၏ မည်းနက်သော မုတ်ဆိတ်သည် ထူးထူးဆန်းဆန်း လှုပ်နေ၏။ သူသည် မုတ်ဆိတ်မွေးကို လက်နှင့်သပ်၍ မျက်လွှာကို ချထား၏။
ပုလိပ်အရာရှိကမူ
“အဲဒီ ခွေးဝဲစားကို တခြားခေါ်သွားစမ်း” ဟု အော်လိုက်၏။ စစ်ပုလိပ်နှစ်ယောက်သည် နစ်ကိုလိုင်ကို လက်မောင်းတဖက်တချက်စီဆွဲကာ မီးဖိုခန်းထဲသို့ အတင်းတွန်းထိုးပြီး ခေါ်သွားကြ၏။ မီးဖိုခန်းထဲသို့ရောက်လျှင် နစ်ကိုလိုင်က အတင်းစုံရပ်၍၊
“နေဦး၊ ငါ အင်္ကျီဝတ်ရဦးမယ်” ဟု ဆိုလေ၏။
နယ်မြေမှ ပုလိပ်အရာရှိသည် ဥယျာဉ်ထဲ ဝင်လာပြီး၊
“အပြင်ဘက်မှာတော့ ဘာမျှမရှိဘူး၊ ကျွန်တော်တို့ နေရာတကာ အနှံ့အပြား ရှာပြီးပါပြီ” ဟု ပြောသောအခါ ပုလိပ်အရာရှိက၊
“အေး၊ ဒီလိုပဲဖြစ်ရမှာပေါ့ကွာ” ဟု သရော်တော်တော် ပြောပြီး၊
“တို့က ဒီလိုဟာမျိုးကို လုပ်ဖူးကိုင်ဖူးတဲ့ အတွေ့အကြုံများပြီးသားနဲ့ ရင်ဆိုင်နေကြရတာကိုးကွ” ဟု ဆက်၍ ပြောလိုက်ပြန်၏။ အမေသည် သူ၏ ပျော့ညံ့ညံ့အသံကို နားထောင်ရင်း ဝါဖန့်ဖန့် မျက်နှာကို ကြည့်နေ၏။ သို့ကြည့်နေရင်း ဆင်းရဲသား ပြည်သူလူထုအပေါ်တွင် ဗိုလ်ကျပြီး မုန်းတီးရွံရှာနေသည့် ရက်စက်သော ရန်သူတယောက်နှင့် ရင်ဆိုင်နေရပြီဟု သဘောပေါက်သွား ၏။ ဤကဲ့သို့သော လူမျိုးနှင့် တခါမျှ မတွေ့ဖူး မကြုံဖူးသဖြင့် ဤလိုလူစားမျိုး လူ့လောကတွင် ရှိနေသည်ကိုပင် မေ့လျော့နေသလောက် ဖြစ်ခဲ့၏။
ထိုအတွင်း “အင်း၊ ဒီစာရွက်စာတမ်းတွေကြောင့် မငြိမ်မသက် ဖြစ်ရတဲ့ လူတွေဆိုတာ ဒီလူတန်းစားနဲ့ပဲ တူတယ်ဟဲ့” ဟု သူ့စိတ်ထဲ၌ အောက်မေ့မိ၏။ တဖန် ပုလိပ် အရာရှိက၊
“နက်ခေါ့ကာဆိုတဲ့ နာမည်ကို ယူထားတဲ့ လူလွန်မသား အင်ဒရေအိုနီဆီမော့၊ မင်းကို အခု တို့ ဖမ်းတယ်” ဟု ပြောလိုက်လျှင် ယူကရိန်းသားက မည်သို့မျှ မတုန်လှုပ် မချောက်ချားဘဲ၊
“ဘာပြုလို့ ဖမ်းရတာလဲ” ဟု ပြန်၍မေးလိုက်၏။ ပုလိပ်အရာရှိက မဲ့ပြုံးပြုံး၍၊
“ဘာ့ကြောင့် ဖမ်းတယ်ဆိုတာကို မင်းနောက်ကျရင် သိရမှာပေါ့ကွာ” ဟု ပြော၍ အမေ့ဘက်သို့ လှည့်ကာ၊
“ခင်ဗျား စာတတ်သလား” ဟု မေးလျှင် ပါဗယ်က ဝင်၍ “စာမတတ်ပါဘူး” ဟု ဖြေလိုက်၏။ အရာရှိက ပါဗယ်အား
“ငါ မင်းကို မေးနေတာမဟုတ်ဘူး” ဟု ခပ်ဆတ်ဆတ်ပြော၍ အမေ့အား၊
“ကဲ ဒီမိန်းမကြီးက ဖြေစမ်း” ဟု အော်လိုက်၏။
အမေသည် ပုလိပ်အရာရှိကို အလွန် မုန်းတီးသွား၏။ ရုတ်တရက် သွေးများ ခဲသွားမလောက် လည်း ကြောက်သွား၏။ သို့ရာတွင် သူ့စိတ်ကိုသူ တအားပြန်၍ တင်းလိုက်ရာ၊ သူ့မျက်နှာပေါ်မှ အမာရွတ်သည် ညိုမည်းလာပြီး သူ့မျက်နှာထားသည် အလွန် ခက်ထန်လာလေ၏။ ထို့နောက် သူ၏ လက်ကိုဆန့်ကာ၊
“တော် အော်ဖို့မလိုပါဘူး။ တော်က ငယ်သေးတယ်၊ အဲဒီတော့ ဒုက္ခဆိုတာ ဘာလဲလို့ တော်မသိသေးဘူး” ဟု ပြန်ပြောလိုက်ရာ၊ ပါဗယ်က အမေအား ဟန့်လိုက်ရင်း၊ “အမေ၊ အေးအေးပြောပါ” ဟု ပြော၏။
အမေက ပါဗယ်အား၊
“နေဦး ငါ့သား” ဟု ဆို၍ စားပွဲဆီသို့ အတင်းပြေးသွားကာ၊ “တော်က ဘာပြုလို့ ဒီလူတွေကို ဖမ်းရတာလဲ” ဟု ပုလိပ်အရာရှိအား မေးလိုက်၏။
ပုလိပ်အရာရှိက မတ်တတ်ရပ်လိုက်ပြီး၊
“ဒါ ခင်ဗျားအလုပ် မဟုတ်ပါဘူး” ဟု ပြန်အော်၍၊
“ဟေး၊ နစ်ကိုလိုင်ကိုလည်း ခေါ်ခဲ့၊ သူ့ကိုလည်း ဖမ်းတယ်” ဟု ပြောလိုက်၏။ ထိုနောက် စာရွက်တရွက်ကို သူ့မျက်စိနားသို့ ရောက်အောင် မြှောက်၍ ဖတ်နေ၏၊ စစ်ပုလိပ်များက နစ်ကိုလိုင်ကို ဆွဲခေါ်လာခဲ့ကြ၏။ ပုလိပ်အရာရှိသည် စာဖတ်နေရာမှ၊
“ဟေ့၊ မင်းဦးထုပ်ကို ချွတ်လိုက်” ဟု လှမ်းအော်လိုက်သည်။ ရိုင်ဘင်သည် အမေ့ထံသို့လာ၍ အမေအား သူ့ပခုံးနှင့်တွန်းကာ၊ “စိတ်မညစ်ပါနဲ့ အမေရယ်” ဟု အားပေး၏။
ထိုအတွင်း နစ်ကိုလိုင်က၊
“သူတို့က ကျုပ်လက်တွေကို ကိုင်ထားတာ၊ ဘယ့်နှယ်လုပ်ပြီး ဦးထုပ်ကို ချွတ်နိုင်ပါ့မလဲ” ဟု အော်လိုက်ရာ သူ့အသံသည် ပုလိပ်အရာရှိ စာဖတ်သံကို လွှမ်းသွားလေ၏။
ပုလိပ်အရာရှိသည် စာရွက်ကို စားပွဲပေါ်သို့ ပစ်ချလိုက်ပြီး၊ “ဟေ့ လက်မှတ်ထိုး” ဟု ဆို၏။
အမေသည် သူတို့လက်မှတ်ထိုးကြသည်ကို စောင့်ကြည့်နေရင်း သူ့ဒေါသအရှိန်သည် ကျသွား၏။ စိတ်အားလည်း ငယ်သွား၏။ သူ၏မျက်လုံးထဲ၌ နာကြည်းခြင်း အားကိုးရာမဲ့ခြင်းတို့ဖြင့် မျက်ရည်များ ဝိုင်းလာ၏။ သူ့အိမ်ထောင်သက် နှစ်ပေါင်း ၂၀ အတွင်း သူသည် မျက်ရည် ခဏခဏ ကျခဲ့ရ၏။ သို့ရာတွင် မျက်ရည်မကျရသည်မှာ ကြာမြင့်ပြီ ဖြစ်သဖြင့် မျက်ရည်၏ အပူဓာတ်ကိုပင် မမှတ်မိတော့သလိုလို ဖြစ်နေ၏။ ပုလိပ်အရာရှိသည် အမေ့ကိုကြည့်၍ မဲ့ကာ ရွဲ့ကာနှင့် ပြုံးလျက်၊
“အေး၊ ခင်ဗျား မျက်ရည်တွေကို အရမ်းသုံးမပစ်နဲ့နော်၊ ချန်ထားဦး။ ဒါမှမဟုတ်ရင် ရှေ့မျက်ရည်ကျစရာ အခန်းတွေမှာ မျက်ရည်တွေမရှိဘဲဖြစ်နေဦးမယ်” ဟု ပြောလိုက်သောအခါ အမေ၏အသည်းနှလုံးကို ဒေါသ လွှမ်းသွားပြန်၏။
“အမေဆိုတာ မျက်ရည်ကျစရာရှိရင် မျက်ရည်ကျတာချည်းပဲ။ ဒီလိုကျဖို့ မျက်ရည်ကတော့ အမြဲတမ်းရှိတယ်။ တော့်မှာ အမေရှိရင် အဲဒီအမေက ဒါကိုသိမှာပါ”
ပုလိပ်အရာရှိသည် သူ၏သော့ခလောက်အသစ်တလုံးနှင့် ခတ်ထားသည့် သားရေအိတ်အသစ် ထဲ၌ သူ၏စာရွက်များကို သုတ်သီးသုတ်ပျာနှင့်ထည့်၍ စစ်ပုလိပ်များအား၊
“သွားကြ” ဟု အမိန့်ပေးလိုက်၏။
ပါဗယ်သည် ယူကရိန်းသား အင်ဒရေနှင့် နစ်ကိုလိုင်တို့ကို လက်ဆွဲနှုတ်ဆက်ရင်း ချစ်ခင်လှစွာ နှင့် “သွားတော့ အင်ဒရေ၊ သွားတော့ နစ်ကိုလိုင်” ဟု နှုတ်ဆက်လေ၏။ ထိုအခါ ပုလိပ်အရာရှိက ရယ်လျက်
“အေး မင်းတို့ချင်း မကြာမီ တွေ့ကြရမှာပေါ့ကွာ” ဟု ပြောလေ၏။
နစ်ကိုလိုင်သည် ဒေါသဖြစ်နေသဖြင့် အသက်ကို ပြင်းပြင်းကြီးရှူနေ၏။ လည်ပင်းကြောကြီးများ သည် ထောင်လာ၏။ မျက်လုံးများသည် ဒေါသငွေ့၊ ဒေါသရောင်ဖြင့် တောက်ပြောင်လာလေ၏။ ယူကရိန်းသားကမူ ပြုံး၍ ဦးခေါင်းကို တချက်ညိတ်လိုက်၏။ အမေကား သူ့ကိုယ်သူ လက်ဝါးကပ်တိုင်သဖွယ် အမှတ်အသားပြုလျက်…
“ဘုရားသခင်ကိုယ်တော်မြတ်က ဘယ်သူဟာ တရားတယ်၊ ဘယ်သူဟာ မတရားဘူးဆိုတာကို သိပါတယ်” ဟု ပြောလိုက်၏။
နောက်ဆုံး၌ စစ်ပုလိပ်များသည် အိမ်အဝင်ပေါက်၌ စုရုံးကြပြီး ထွက်သွားကြလေ၏။ ရိုင်ဘင်သည် နောက်ဆုံးမှလိုက်၍ ပါဗယ်အား အတော်ကြာ ကြည့်နေကာ
“အေးကွာ သွားတော့မယ်” ဟု စဉ်းစားရင်း ပြောလျက် ချောင်းဆိုးရင်း ထွက်သွားလေ၏။
ပါဗယ်သည် လက်များကို နောက်သို့ပစ်ပြီး လက်ချောင်းချင်း ချိတ်လျက် ပြန့်ကြဲနေသည့် စာအုပ်များနှင့် အဝတ်များပေါ်၌ နင်းကာ အခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေ သည်။
“ကဲ ကြည့်တော့ အမေ၊ သူတို့တတွေ လုပ်ပုံကိုင်ပုံကို”
သူက အမေအား စိတ်ညှိုးနွမ်းစွာ ပြောပြလေ၏။
အမေကား ကစဉ့်ကလျား ဖြစ်နေကြသည့် စာအုပ်များနှင့် အဝတ်များကို ယုံပင် မယုံကြည်နိုင် လောက်အောင် ကြည့်နေလေ၏။
ထိုနောက် ဝမ်းနည်းစွာနှင့်…
“ဘာပြုလို့ နစ်ကိုလိုင်က ဒီလောက်တောင် စွာကျယ်ကျယ် လုပ်လိုက်ရတာလဲကွယ်”
“ကျွန်တော်ကတော့ သူဟာ ကြောက်လို့ ဒီလိုလုပ်တယ်လို့ ထင်တာပဲ” ပြန်ပြောလေ၏။ ထိုနောက် အမေသည်
“သူတို့တတွေကတော့ အိမ်ထဲဝင်လာတယ်။ ပြီးတော့ လူတွေကို ဆွဲသွားတယ်။ အင်း ဒီလိုပဲ ထင်ပါရဲ့” ဟု လက်တွေကိုယမ်းလျက် မြည်တွန် တောက်တီးနေလေ၏။
ပါဗယ်ကို ဖမ်းမသွားသဖြင့် သူ့စိတ်သည် အနည်းငယ် တည်ငြိမ်နေသေး၏။ သို့ရာတွင် သူမျက်မြင် တွေ့ကြုံလိုက်သည့် အတွေ့အကြုံတို့၏ အဆီအငေါ် မတည့်သောကြောင့် ဘာမျှ မစဉ်းစားတတ် မတွေးတောတတ်ဘဲ ဖြစ်နေလေ၏။
“ဟိုမျက်နှာဝါဖန့်ဖန့်နဲ့အကောင်က တို့တတွေကို သရော်သွားတယ်။ ပြီးတော့ လှန့်တောင် လှန့်လိုက်သေးတယ်” ဟု အမေက ပြောရာ၊ ပါဗယ်က…
“ဒါပေါ့ အမေရယ်၊ ကဲ လာပါ ကျွန်တော်တို့ ဒါတွေကို ရှင်းပစ်လိုက်ကြရအောင်” ဟု ရုတ်တရက် သူ့စိတ်ကိုယ်သူ ပိုင်းဖြတ်၍ ပြောလိုက်၏။
သူက အမေအား “အမေရယ်” ဟု ခေါ်လိုက်သည့် လေသံထဲ၌ အမေ့အပေါ် ငြိတွယ် ခင်မင်သည့် ဓာတ်သဘော ပါလာ၏။ ထို့ကြောင့် အမေသည် သူ့ဆီသွားကာ သူ့မျက်နှာကို ကြည့်ပြီး၊
“အင်း၊ သူတို့တတွေ ဒီလိုလုပ်သွားတာ သားစိတ်ထဲမှာ နာသွားသလား” ဟု မေးရာ သူက
“ဟုတ်တယ် အမေ၊ ဒီလိုလုပ်တာဟာ အခံရခက်တယ်။ ကျွန်တော်ကတော့ ကျွန်တော့်ကိုပါ သူတို့တတွေနဲ့ တခါတည်း အတူတူ ဖမ်းသွားစေချင်တာပဲ” ဟု ပြန်ပြောလေ၏။
အမေသည် ပါဗယ်၏ မျက်လုံးများထဲ၌ မျက်ရည်များဝဲနေသည်ကို မြင်နေရရာ၊
“အေး၊ ခဏစောင့်လိုက်ပါ။ သားကိုလည်းပဲ သူတို့က ဖမ်းကြလိမ့်မယ်” ဟု ပါဗယ် စိတ်သက်သာရာ ရအောင် ပြောလိုက်လေ၏။
“ကျွန်တော်ကလည်း ကျွန်တော့်ကို သူတို့ဖမ်းကြလိမ့်မယ်ဆိုတာကို သိပါတယ်” အမေသည် တခဏမျှ ငြိမ်နေရာမှ၊
“တယ်ခက်ပါကလား သားရယ်။ အမေ့ကိုများ ခဏလောက် စိတ်ချမ်းသာအောင် လုပ်ပါဦးကွယ်၊ သားက သားကို သူတို့က ဖမ်းကြလိမ့်မယ်လို့ မပြောဘဲနဲ့ အမေက သားကို သူတို့က ဖမ်းကြလိမ့်မယ်လို့ ပြောရတာဟာ အမေဖြင့် အတော်ကို စိတ်မချမ်းမသာ ဖြစ်နေပါပြီကွယ်” ဟု ဆိုလေ၏။
ပါဗယ်သည် အမေ့အား မော့်ကြည့်၍ အနီးသို့လာပြီး၊
“အမေ၊ ကျွန်တော့်ဖြင့် အမေ့ကို ဘယ်လိုလုပ်ပြီး စိတ်ချမ်းသာအောင် လုပ်ရမယ်ဆိုတာမသိဘူး။ ဒါပေမဲ့ ဒီလို သားကို ဖမ်းမှာ ဆီးမှာတွေကိုတော့ အမေ အကျင့်ရထားမှ ဖြစ်မှာ”
ထိုနောက် အမေသည် သက်ပြင်းချကာ တခဏလောက် ငြိမ်နေ၏။ တဖန် ငိုသံမပါအောင် သူ့စိတ်သူ အတော် ထိန်းထားလျက်၊
“သူတို့က လူတွေကို ညှဉ်းပန်းနှိပ်စက်ကြသလား။ လူတွေရဲ့အသားအရေတွေကို ဆွဲဆုတ်ပြီး အရိုးတွေကို ရိုက်ချိုးကြသလား။ အဲဒါတွေကို စဉ်းစားမိတိုင်း အို အမေဖြင့် ထိတ်ထိတ်သွား တာပဲ” ဟု မေးလေရာ၊ ပါဗယ်က၊
“သူတို့က စိတ်နှလုံးကိုမှ ဆင်းရဲအောင် နှိပ်စက်ညှဉ်းပန်းကြတာ။ သူတို့ရဲ့ ယုတ်မာညစ်ညမ်းတဲ့ နည်းတွေနဲ့ စိတ်နှလုံးကို ညှဉ်းပန်းမှ ပိုပြီးအခံရကျပ်တာ အမေ”
အခန်း တဆယ့်တစ်
နောက်တနေ့၌ ဘူကင်၊ ဆဗွိုင်းလော့၊ ဆိုမော့နှင့် အခြားသူ ငါးဦးကိုပါ ဖမ်းသွားသည်ဟု ကြားရလေ၏။ ဖီယိုဒိုသည် ညနေခင်းတွင် အမေတို့အိမ်သို့ ပေါက်လာ၏။ သူ့အိမ်ကိုလည်း အရှာအဖွေခံရ၍ သူ့ကိုယ်သူ သူရဲကောင်းသဖွယ် သဘောထားပြီး အလွန် ကျေနပ်လျက်ရှိ၏။
အမေက သူ့အား၊ “ကြောက်သလား ဖီယိုဒို” ဟု မေးလိုက်သောအခါ သူ၏ မျက်နှာသည် ကြောက်ရိပ်သန်းနေပြီး ဖြူဖပ်ဖြူရော် ဖြစ်သွားကာ နှာခေါင်းသည်လည်း လှုပ်သွားရာမှ၊
“ဟိုအရာရှိက ကျွန်တော့်ကို ရိုက်မှာ ကြောက်သွားမိတယ်။ သူက ဝတယ်။ မုတ်ဆိတ်မွေးက မည်းမည်း၊ လက်ချောင်းတွေကလည်း အမွေးထူပါဘိနဲ့၊ အကန်းလိုပဲ မျက်မှန်မည်းကြီးကို တပ်ထားလိုက်တာကလည်း။ သူက ခြေထောက်ကိုဆောင့်ပြီး “ငါ မင်းကို ထောင်ချပစ်မယ်ကွ သိလား” လို့ အော်လိုက်သေးတယ်။ ကျွန်တော့်ကို အဖေကရော အမေကပါ ဘယ်သူကမျှ မရိုက်ဖူးဘူး။ ကျွန်တော်က သားတယောက်တည်းဆိုတော့ သူတို့က ကျွန်တော့်ကို ချစ်ကြတာပေါ့” ပြန်ပြောလေ၏။
သူသည် တခဏမျှ မျက်လုံးများကိုမှိတ်၍ နှုတ်ခမ်းများကို စေ့ထားပြီး သူ၏ ဆံပင်များကို လက်နှစ်ဖက်ဖြင့် နောက်သို့ လျင်မြန်စွာ သပ်လိုက်၏။ ထိုနောက် ပါဗယ်အား နီရဲသော မျက်ခွံများဖြင့် ကြည့်ရင်း၊
“ငါ့များ ရိုက်များရိုက်လိုက်ရင်တော့ တခါတည်း အဲဒီလူကို ငါ့ကိုယ်လုံးနဲ့ ပစ်ပြီး ဆောင့်လိုက်မှာပဲကွ၊ သွားနဲ့လည်း ကိုက်မှာပဲ။ သူတို့က ငါ့ကို သတ်ချင်ရင် တခါတည်း သတ်ပစ်ပေစေပေါ့” ဟု ပြောရာ အမေက၊
“မင်းက ပိန်လွန်းတယ်ကွယ်၊ သိပ်ပြီး သတ်နိုင် ဖြတ်နိုင်မှာ မဟုတ်ပါဘူး”
“ဒါပေမဲ့ ကျွန်တော်ကတော့ ဘာပဲဖြစ်ဖြစ် ခံချမှာပဲ”
သို့ပြောပြီးနောက် ဖီယိုဒို ထွက်သွားသောအခါ အမေက ပါဗယ်အား “အင်း၊ သူပဲ ပထမဆုံး နောက်ဆုတ်ပြေးမှာ” ဟု ပြောလေ၏။
ပါဗယ်ကမူ ဘာမျှ ပြန်မပြောချေ။ မိနစ်အနည်းငယ်ကြာသောအခါ မီးဖိုခန်းတံခါးဖွင့်ပြီး ရိုင်ဘင် ဝင်လာကာ ရယ်လျက်၊
“ဗျို့ အိမ်ရှင်တို့ ကျုပ်တော့ လာပြန်ပြီဗျို့၊ မနေ့ညကတော့ သူတို့က ခေါ်လာလို့ ပါလာတာ။ ကနေ့တော့ ကျုပ်ဘာသာကျုပ် လာတာပါ” ပြော၍ ပါဗယ်၏ လက်ကို ခင်ခင်မင်မင်နှင့် ဆွဲကာ နှုတ်ဆက်ပြီး အမေ၏ပခုံးကို လက်နှင့်ပုတ်လေ၏။ ထိုနောက်၊
“လက်ဖက်ရည်တခွက်လောက် သောက်လိုက်ရရင်တော့ ကောင်းမှာပဲဗျာ”
မည်းနက်သော မုတ်ဆိတ်မွေးများ၊ နက်မှောင်သည့် မျက်လုံးများဖြင့် ကျယ်ပြန့် ညိုမည်းလျက် ရှိသော ရိုင်ဘင်၏ မျက်နှာကို ပါဗယ်သည် ငြိမ်သက်စွာ စိုက်ကြည့်နေ၏။ သူ၏အကြည့်တွင် အဓိပ္ပာယ်ပါ၏။
အမေသည် လက်ဖက်ရည် ကျိုရန် မီးဖိုထဲသို့ ဝင်သွား၏။ ရိုင်ဘင်သည် စားပွဲပေါ်၌ တံတောင်နှင့် ထောက်လျက် ထိုင်လိုက်ပြီး ပါဗယ်ကို ကြည့်နေလေ၏။ ထို့နောက် ပြတ်နေသည့်စကားကို ပြန်ကောက်သည့်အနေဖြင့်၊
“အေး၊ ငါကတော့ မင်းကို ပွင့်ပွင့်လင်းလင်းပဲပြောရဦးမယ်။ ငါ မင်းကိုစောင့်ပြီး အကဲခတ်နေတာ တော်တော်ကြာပြီကွ၊ ငါနဲ့ မင်းတို့နဲ့ဟာ အခန်းချင်းကပ်နေသလိုပဲ ဆိုတော့ မင်းတို့အိမ်ကို လူတော်တော်များများ လာကြတာကို အကဲခတ်မိတယ်။ ဒါပေမဲ့ သူတို့တတွေဟာ မသောက်လည်း မသောက်ဘူး၊ ဆူလည်း ဆူဆူညံညံ မလုပ်ကြဘူး။ အဲဒါက ပထမဆုံးအချက်ပဲ။ မင်းဟာ ကောင်းကောင်းမွန်မွန် နေတတ်ထိုင်တတ်တဲ့ လူတွေကို တကယ် သိတတ် မြင်တတ်တယ်။ ဘယ်ဟာ မှားတယ်ဆိုတာလည်း မင်းသိချင်တယ်။ ငါကလည်း မျက်စိ ဆံပင်မွေး စူးစရာလူပဲကွ။ ငါ့ဘာသာ ဘာသိဘာသာ နေတာပဲကွ”
သူပြောသည့် စကားများသည် လေးနက်၏။ သို့ရာတွင် အထစ်အငေါ့မရှိ သွက်လှ၏။ သူ၏ မည်းနက်သောလက်ဖြင့် သူ၏ မုတ်ဆိတ်မွေးများကိုသပ်လျက် ပါဗယ်၏ မျက်နှာကို စိုက်ကြည့်နေ၏။ တဖန်ဆက်၍
“လူတွေက မင်းအကြောင်း ပြောလာကြတယ်။ ဥပမာ ပြောရရင်ကွာ ငါ့အိမ်ရှင်ကတောင် ပြောလာတယ်။ ဘုရားရှိခိုးကျောင်း မသွားလို့ သူက မင်းကို ဒိဌိတဲ့ကွ။ ငါလည်းပဲ မသွားပါဘူး။ အဲ ဟိုစာရွက်တွေအကြောင်းလည်း ပြောကြပြန်တယ်၊ အဲဒီစာရွက်စာတမ်းတွေဟာ မင်းလက်ချက်ပဲလား”
“ဟုတ်ပါတယ်”
ထိုအခါ အမေသည် မီးဖိုတံခါးမှ ခေါင်းပြူ၍ ထိတ်လန့်တုန်လှုပ်စွာနှင့် ပါဗယ်အား
“သားက ဘာတွေလျှောက်ပြောနေတာလဲ ဟင်။ သားတယောက်တည်း လုပ်တာမှ မဟုတ်ဘဲနဲ့” ပြောလိုက်ရာ ပါဗယ်နှင့် ရိုင်ဘင်တို့က ရယ်ကြလေသည်။
ထိုနောက် ရိုင်ဘင်က “ကောင်းတယ်” ပြောလိုက်ရာ အမေသည် သူပြောလိုက်သည့်စကားကို သူတို့နှစ်ယောက်က အလေးဂရု မပြုသဖြင့် စိတ်ဆိုးဆိုးနှင့် မီးဖိုထဲသို့ ပြန်ဝင်သွားလေ၏။
“အဲဒီ စာရွက်စာတမ်းတွေ ထုတ်တာကတော့ တကယ့်ကောင်းတဲ့ စိတ်ကူးပဲကွ၊ လူတွေကို လှုံ့ဆော်ပေးတယ်။ အားလုံး ဆယ့်ကိုးရွက်တောင် ရှိပြီထင်တယ်။ ဟုတ်တယ် မဟုတ်လား”
“ဟုတ်ပါတယ်”
“အဲဒီလို ပြောတာက ငါ အားလုံးကို ဖတ်ပြီးပြီဆိုတဲ့ သဘောပဲကွ။ အဲဒီစာရွက်စာတမ်းတွေထဲက တချို့ဟာ တယ်ပြီး မရှင်းဘူးကွ။ တချို့ကတော့လည်း တကယ်မလိုအပ်ဘူး။ ဒါပေမဲ့ လူဆိုတာ ပြောစရာတွေ အများကြီး ရှိလာရင် စကားအပို တလုံးနှစ်လုံး ဆိုတာမျိုးတော့ ပါတတ်တာပဲကွ။ ဒါက ရှောင်လို့ရတာမျိုးမှ မဟုတ်ဘဲကိုး”
ဤကဲ့သို့ပြောရင်း ရိုင်ဘင်သည် ပြုံးလိုက်၏။
“အဲဒီနောက် မင်းတို့အိမ်ကို ရှာလား၊ ဖွေလား လုပ်ကြတော့တာပဲ။ အဲဒါ နောက်ဆုံး ငါ့ကို မင်းတို့ဘက်ကို ဆွဲသွင်းလိုက်တာပဲ။ မင်းရယ်၊ ယူကရိန်းသားရယ်၊ နစ်ကိုလိုင်ရယ်၊ မင်းတို့တတွေ အားလုံးက မင်းတို့ရဲ့”
ဤကဲ့သို့ပြောပြီး ခဏမျှရပ်တန့်၍ သူပြောလိုက်သမျှကို တိတိကျကျ အဓိပ္ပာယ် ဆောင်မည့် စကားတို့ကိုရှာရင်း ပြတင်းပေါက်မှ အပြင်ဘက်သို့ မျှော်ကြည့်ကာ သူ၏ လက်ချောင်းများနှင့် စားပွဲကို ခေါက်နေလေ၏။
တဖန် “မင်းတို့သဘောထားက ပြတ်သားတယ်။ ထင်ရှားတယ်။ မင်းတို့သဘောထားကလည်း ဘယ်လိုလဲဆိုတော့ အရာရှိ မင်းဘုရားတို့ကလည်း ခင်ဗျားတို့အလုပ်ကို လုပ်ကြပေါ့။ ကျုပ်တို့ကလည်း ကျုပ်တို့ လုပ်စရာရှိတာ လုပ်ကြမယ်ဆိုတဲ့ သဘောမျိုးပေါ့” ယူကရိန်းသား ကလည်း လူကောင်းတယောက်ပဲကွ။ တခါတခါ အလုပ်ရုံထဲမှာ သူစကားပြောသံကို ကြားတဲ့အခါ ‘အင်း သူကတော့ ဘယ်တော့မှ လျှော့ပေးမယ့်လူ မဟုတ်ဘူးကွ။ သေခါမှ လျှော့မယ့်လူပဲ။ တကယ့်ကို မာကျောတဲ့လူ’ လို့တောင် စဉ်းစားမိသေးတယ်။ ဒါထက် ငါ မင်းကို တခု မေးပါရစေဦး ပါဗယ်။ မင်းကတော့ ငါ့ကို ယုံရဲ့လား” မေးလိုက်လျှင် ပါဗယ်က ဦးခေါင်းကို ညိတ်ကာ “ယုံပါတယ်ဗျာ” ပြန်ဖြေလိုက်လေ၏။
“ကောင်းတယ်ဟေ့။ ငါ့ကို ကြည့်စမ်းပါဦးကွ။ ငါဟာ အသက် ၄၀ ရှိပြီ။ မင်းအသက်ရဲ့ နှစ်ဆပေါ့ကွာ။ အတွေ့အကြုံကျတော့ မင်းအတွေ့အကြုံထက် အဆပေါင်း နှစ်ဆယ်တောင် တွေ့ကြုံခဲ့ပြီ။ သုံးနှစ်ကျော်ကျော် စစ်သားဘဝနဲ့ နေခဲ့ဖူးတယ်။ အိမ်ထောင်ကျတာလည်း နှစ်ခါတောင် ရှိပြီ၊ ပထမဇနီးက ဆုံးသွားတယ်။ ဒုတိယဇနီးကိုတော့ မောင်းထုတ်လိုက်တယ်။ ကော့ကေးဆပ် ပြည်နယ်ထဲလည်း ရောက်ဖူးတယ်။ ဒရူခိုဘော့စကီ ဘာသာရေးဂိုဏ်းဝင်တွေ လည်း တွေ့ခဲ့ဖူးတယ်။ သူတို့တတွေဟာ ဘဝပြဿနာကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာကို မသိကြဘူး။ ငါ့ညီ တကယ်ကို မင်း မသိသေးဘူးကွ”
အမေသည် ရိုင်ဘင် အားပါးတရ ပြောနေသည့်စကားတို့ကို စူးစူးစိုက်စိုက် နားထောင်၏။ ဤကဲ့သို့ လူလတ်ပိုင်းအရွယ်တယောက်က သူ့သားအား သူ့ဝမ်းထဲ၌ရှိသမျှ ဖွင့်ဟပြောပြ နေသည်ကို ကြားရသဖြင့် သဘောလည်း ကျနေ၏။ သို့သော် ပါဗယ်သည် ရိုင်ဘင် ပြောသည့် စကားတို့ကို အားတက်သရော နားထောင်နေဟန် မရသဖြင့် ကြားထဲမှ ရိုင်ဘင်အား အားတောင့်အားနာဖြင့် ပို၍ ဧည့်ဝတ်ကျေပွန်စွာ ဆက်ဆံနေလေ၏။
သို့နှင့် အမေက “မုန့်စားဦးမယ် မဟုတ်လား ဟင်” ဟု မေးလိုက်လျှင်
“ကျေးဇူးတင်ပါတယ် အမေ၊ ကျွန်တော် ညစာစားခဲ့ပြီးပါပြီ” ပြန်ပြော၍ ပါဗယ်ဘက်သို့လှည့်ကာ “အဲဒီတော့ တို့ဘဝဟာ ဖြစ်သင့်သလို မဖြစ်ဘဲ ဖြစ်နေပြီလို့ မင်းက ယူဆတယ်ပေါ့ ပါဗယ်” ဟု မေးလေ၏။
ပါဗယ်သည် ထ၍ လက်များကို နောက်သို့ပစ်ကာ အခန်းတွင်း၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း
“ဘဝကတော့ လမ်းမှန်ရောက်တော့မှာပါ။ ခင်ဗျားကိုယ်တိုင် ကျွန်တော့်ဆီကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ ရောက်လာပြီ မဟုတ်လား။ တဖြည်းဖြည်း ကျွန်တော်တို့ လုပ်သားပြည်သူတွေဟာ စုစည်းနေကြပြီဗျာ။ နောက်ဆုံး အားလုံး ညီညွတ်တဲ့အချိန်ကို ရောက်လာလိမ့်မယ်။ ကျွန်တော်တို့အဖို့ ဘဝဟာ ကျပ်တည်းတယ်၊ မတရားဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ဘဝရဲ့ ခါးသီးတဲ့ သဘောတွေကို မြင်မြင်လာကြပြီး ဒီပြောင်းလဲမှုတွေကို ဘယ်လိုလုပ်ပြီး ပိုမြန်မြန်ဆန်ဆန် ဖြစ်လာအောင် လုပ်ရမယ်ဆိုတာကိုလည်း သိလာကြပြီဗျာ”
“အေးကွ၊ မင်းပြောတာမှန်တယ်။ လူတွေကို ကောင်းကောင်းကြီး ပြင်ပစ်လိုက်ဖို့ လိုတယ်။ လူတယောက်မှာ သန်းတွေ ထူနေရင် သူ့ကို ရေချိုးအိမ် ခေါ်သွားရမယ် ကျကျနန ချေးတွေ၊ ညှော်တွေကို တိုက်ပွတ်ပြီး ရေချိုးပေးရမယ်။ ပိုပြီးတော့ အဝတ်အစားတွေကို သန့်သန့်ရှင်းရှင်း ဝတ်ဆင်ပေးလိုက်ရင် အဲဒီလူဟာ လူကြားသူကြားထဲမှာ ကျကျနန သွားလို့လာလို့ ရသွားတာပဲ။ ဒါပေမဲ့ လူတယောက်ရဲ့အတွင်းစိတ်ဓာတ်ကိုကျတော့ မင်းဘယ်လိုလုပ်ပြီး သန့်ရှင်းစင်ကြယ် သွားအောင် လုပ်မလဲ။ အဲဒါက ပြဿနာပဲ”
ပါဗယ်သည် စိတ်အားထက်သန်စွာဖြင့် အလုပ်ရုံအကြောင်း၊ အလုပ်ရုံ ပိုင်ရှင်များနှင့် အုပ်ချုပ်ရေးမှူးများအကြောင်း စသည်တို့နှင့် နိုင်ငံခြားမှ အလုပ်သမားတို့သည် သူတို့၏ အခွင့်အရေးကို ရရန်အတွက် မည်သို့ မည်ပုံ တိုက်ပွဲဝင်နေကြသည်ကို ပြောပြလေ၏။ ရိုင်ဘင်သည် ပါဗယ်ပြောသည့်စကားတို့ကို အာရုံစိုက်ရင်း တခါတခါ သဘောကျကျပြီး စားပွဲကို လက်နှင့် ပုတ်ပုတ်နေ၏။ တကြိမ်သော် “အဲဒါ အစစ်ပဲကွ” ဟု ထ၍ပင် အော်လိုက်၏။ ထိုနောက် ရယ်၍ ငြိမ်သက်စွာဖြင့်၊
“မင်းက ငယ်သေးတယ်ကွ။ မင်းဟာ လူတွေအကြောင်းကို ကောင်းကောင်းမသိသေးပါဘူး” ပြောလိုက်ရာ ပါဗယ်က၊
“အသက်ကြီးတာ၊ ငယ်တာတွေ လျှောက်ပြီးမပြောပါနဲ့ဗျာ” လေးလေးနက်နက် ပြောရင်း ရိုင်ဘင်ရှေ့၌ မတ်တတ်ရပ်ကာ
“ဘယ်သူ့ အယူအဆက မှန်တယ်ဆိုတာကို ကျွန်တော်တို့ ကြည့်ဖို့လိုပါတယ်” ဟု ပြန်ပြော၏။
“ဒါဖြင့် ဘုရားသခင်နဲ့ ပတ်သက်လို့လည်း တို့ကို သူတို့က အရူးလုပ်နေကြတယ်လို့ မင်းက ပြောချင်တာပေါ့။ အင်း၊ ငါကလည်းပဲ ငါတို့ဘာသာ အယူဝါဒဟာ မကောင်းဘူးလို့ ထင်တာပါပဲ”
ဤတွင် အမေသည် ကြားဝင်လာလေ၏။ အမေသည် ဘုရားသခင်နှင့် ဘာသာအယူဝါဒကို အလွန်လည်း နှစ်သက်၏။ အမြတ်တနိုးလည်း ထား၏။ ထို့ကြောင့် ဘုရားသခင်အကြောင်း ကိုသော်လည်းကောင်း ထိုဘုရားသခင်နှင့် ပတ်သက်သည့် အကြောင်းအရာတို့ကိုသော် လည်းကောင်း သူ့သားက ပြောတိုင်း ပြောတိုင်း သူ့သား၏ မျက်လုံးများကို ကြည့်ပြီး ဘာမျှ နှုတ်က ဖွင့်မပြောဘဲ ဤကဲ့သို့ ဘာသာအယူဝါဒကို မယုံကြည်သည့် စူးရှထက်မြတ်လှသည့် စကားတို့နှင့် သူ၏ အသည်းနှလုံးကို မထိုးဆွရန် တောင်းပန်လေ့ရှိ၏။ သို့သော် သူ့သား၏ မယုံကြည်မှု နောက်ကွယ်၌ပင် အခြားယုံကြည်မှုတရပ် ရှိနေသည်ကို သတိပြုမိ၏။ ဤကဲ့သို့ သိရသည့်အတွက် သူသည် စိတ်ချမ်းသာရာ ရမိ၏။
“အင်း၊ သူ ဘာတွေများ တွေးနေ၊ စဉ်းစားနေတုန်းလဲ” ဟုလည်း လေးလေးနက်နက် စဉ်းစားနေမိပြန်သည်။
လူလတ်အရွယ်ပိုင်း ရိုင်ဘင်မှာလည်း ဘာသာအယူဝါဒနှင့် ပတ်သက်၍ သူ့သား ပြောလိုက်သည့် စကားတို့ကြောင့် သူကဲ့သို့ပင် စိတ်ထဲ၌ နာကြည်းသွားလိမ့်မည်ဟု ထင်မှတ်ခဲ့၏။ သို့ရာတွင် ရိုင်ဘင်က ဘာသာအယူဝါဒနှင့် ပတ်သက်၍ ပါဗယ်အား တည်ငြိမ်စွာဖြင့် မေးနေသည်ကို ကြားရသောအခါ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ၊
“အေး၊ ဘုရားသခင်ကိုယ်တော်မြတ်နဲ့ ပတ်သက်လာတဲ့အခါ မင်းတို့တတွေဟာ စကားကို ကြည့်ပြောတာ ကောင်းလိမ့်မယ် ထင်တယ်ကွဲ့” ဟု ပြောပြီး သက်ပြင်း တချက်ချကာ ပို၍ စိတ်ဓာတ်ပြင်းပြစွာဖြင့်၊
“မင်းတို့ကတော့ မင်းတို့သဘောကျသလို စဉ်းစားနိုင်တယ်၊ တွေးတောနိုင်တယ်။ ဒါပေမဲ့ တို့လို အဘွားအိုတယောက်အဖို့တော့ ဘုရားသခင် ကိုယ်တော်မြတ်ရှိရင် ဒုက္ခဆင်းရဲနဲ့ တွေ့တဲ့ကြုံတဲ့ အခါကျရင် ဘာမျှ ကိုးကွယ်စရာ ဆည်းကပ်စရာ မရှိတော့ဘူးကွဲ့” ဟု ပြောရင်း အမေ့ မျက်လုံးထဲ၌ မျက်ရည်များလည်လာပြီး လက်ဖက်ရည် ပန်းကန်များကို တုန်တုန်ယင်ယင်နှင့် ဆေးကြောနေလေ၏။
ထိုအခါ ပါဗယ်က သာယာညင်းပျောင်းစွာဖြင့်၊
“အမေက ကျွန်တော်တို့သဘောကို မသိပါဘူး” ဟု ပြောလိုက်၏။ ရိုင်ဘင်က သူ၏ အသံဩကြီးဖြင့် ဖြည်းညင်းစွာ “ကျွန်တော်တို့ ပြောတာတွေကိုတော့ ဗွေမယူပါနဲ့ အမေရယ်” ဟု တောင်းပန်ပြန်၏။ ပါဗယ်ကလည်း “အမေတို့က အသက်အရွယ် ကြီးပြီဖြစ်တော့ ကိုယ့်အယူအဆတို့၊ အယူဝါဒတို့ကို အတို့အဆိတ် မခံနိုင်တော့ဘူးဆိုတာကို ကျွန်တော် သတိမထားမိဘူး အမေ” ဟု ပြောပြန်၏။
တဖန် ဆက်၍၊
“ကျွန်တော်က အမေ ယုံကြည်ထားတဲ့၊ သနားတတ်တဲ့၊ ကရုဏာရှိတဲ့ ဘုရားသခင်ကို ပြောနေတာ မဟုတ်ပါဘူး အမေ။ ဒါပေမဲ့ ဘုရားသခင်ကို တင်းပုတ်လိုလုပ်ပြီး ဘုန်းကြီးတွေက ဒီတင်းပုတ်ကို ကိုင်ကိုင်ပြီး ကျွန်တော်တို့ကို ခြောက်ခြောက်နေတဲ့ ဘုရားသခင်အကြောင်းကို ပြောနေတာပါ။ လူနည်းစုရဲ့ ယုတ်မာညစ်ညမ်းတဲ့ ဆန္ဒအတိုင်း လူတွေအားလုံးဟာ လိုက်နာရမယ် ဆိုတာဟာ ဘုရားသခင်ရဲ့အလိုတော် ဆန္ဒတော်အရ ဖြစ်တယ်လို့ ဆိုနေကြတဲ့ ဘုရားသခင်အကြောင်းကို ပြောနေတာပါ” ဟု ပြောလိုက်သောအခါ ရိုင်ဘင်က စားပွဲကို လက်နှင့် ပုတ်လိုက်ပြီး၊
“အဲဒါဟုတ်တယ်” ဟု အားပါးတရ အော်ပြီးနောက်၊
“သူတို့က မူမမှန်တဲ့ ဘုရားသခင်တဆူကို ယုံကြည်နေရမယ်လို့ ကျွန်တော်တို့ကို အတင်းအကျပ် ကိုင်နေကြတယ်၊ ပြီးတော့ သူတို့အသုံးချရသမျှဟာကို ကိုင်ကိုင်ပြီး ကျွန်တော်တို့ကို တိုက်တယ်။ ဘုရားသခင် ကိုယ်တော်မြတ်က လူသားကို သူနဲ့တူအောင် ဖန်ဆင်းတော်မူတယ်ဆိုတဲ့ စကားကို အမေ တဆိတ်လောက် စဉ်းစားကြည့်စမ်းပါ၊ ဒီစကားအရ လူသားဟာ သူနဲ့တူရင် သူကလည်း လူသားနဲ့ တူရမယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့တတွေဟာ နတ်တွေ၊ သိကြားတွေနဲ့ မတူဘဲ တိရစ္ဆာန်အရိုင်းအစိုင်းတွေနဲ့ ပိုပြီး တူနေကြပြီ၊ ဘုရားရှိခိုးကျောင်းတွေကလည်း ကျွန်တော်တို့ကို ခြောက်ခြောက်ပြီးလွှတ်တယ်၊ ကျွန်တော်တို့ဟာ ဘုရားသခင်ကို ပြောင်းလဲပစ်ကြဖို့လိုတယ် အမေ။ ဘုရားသခင်ကို သန့်ရှင်းစင်ကြယ်သွားအောင် လုပ်ဖို့လည်းလိုတယ်။ သူတို့က ဘုရားသခင် ကိုယ်တော်မြတ်နဲ့ ပတ်သက်လို့ မဟုတ်တာတွေ အတင်းစကား အဖျင်းစကား တွေကို တွင်တွင်ကြီး ပြောကြတယ်။ ကျွန်တော်တို့ စိတ်ဓာတ်တွေကို ယုတ်ညံ့ ပျက်စီး သွားအောင်၊ ဘုရားသခင်ရဲ့ မျက်နှာတော်ကို ပုံပျက်ပန်းပျက်ဖြစ်အောင် လုပ်နေကြတယ်” ဟု ဆက်၍ပြောလေ၏။
သူသည် စကားကို လေသံပျော့ပျော့နှင့် ပြော၏။ သို့ရာတွင် သူပြောလိုက်သည့် စကားလုံးတိုင်း သည် အမေ့အတွက် မခံမရပ်နိုင်လောက်အောင် ပြင်းထန်ရင့်သီးလှ၏။ ၎င်းပြင် သူ၏ မည်းနက်သည့် မုတ်ဆိတ်မွေးများအကြားမှ ပေါ်ထွက်နေသည့် သူ၏ သုန်မှုန်နေသည့်မျက်နှာကို မြင်ရသဖြင့် အမေသည် ကြောက်ရွံ့မိ၏။ သူ့မျက်လုံး၏ တောက်ပြောင်လှသည့် အရောင်ဒဏ်ကို လည်း အမေ မခံနိုင်ချေ။ ထို့ကြောင့် အမေသည် အလွန် တုန်လှုပ် ချောက်ချားနေလေ၏။
“အင်း၊ သူတို့ပြောနေကြတဲ့စကားတွေကို ငါတော့ နားမထောင်ဝံ့တော့ဘူး။ သွားဦးမှပဲ” ဆိုကာ အမေသည် မီးဖိုခန်းထဲ၌ ခပ်သုတ်သုတ် ဝင်သွားလေ၏။
ထို့နောက် ရိုင်ဘင်က...
“ကြည့်စမ်းပါဦး ပါဗယ်။ ရုပ်ဝတ္ထုတွေ အားလုံးရဲ့ ဗဟိုချက်မဟာ လူသားရဲ့ဦးခေါင်း မဟုတ်ဘူး ကွ။ လူသားရဲ့အသည်းနှလုံးကွ။ လူသားရဲ့ ဝိညာဉ်ထဲမှ လူသားရဲ့ အသည်းနှလုံးမှအပ အခြား ဘာတခုမျှ မပေါ်နိုင်ဘူး” ဟု ပြောလိုက်လျှင် ပါဗယ်က
“ဝိဇ္ဇာတရားကသာ လူသားကို လွတ်မြောက်အောင်လုပ်နိုင်တယ်” ဟု အခိုင်အမာ ပြန်၍ပြော၏။ တဖန် ရိုင်ဘင်က
“ဝိဇ္ဇာတရားက လူသားကို စွမ်းအားမပေးနိုင်ဘူးကွ” ဟု အလျှော့မပေးဘဲ ထပ်၍ ပြောပြီးနောက်
“လူသားဟာ သူ့အသည်းနှလုံး (စိတ်ဓာတ်) ကသာ စွမ်းအားရတာ၊ သူ့ဦးနှောက် (သူ့အသိဉာဏ်) က စွမ်းအားရတာ မဟုတ်ဘူး” ဟု ဆက်၍ ပြောပြန်၏။
အမေသည် အဝတ်များကိုလဲ၍ ခါတိုင်းကဲ့သို့ ဘုရားဝတ်မပြုတော့ဘဲ အိပ်ရာဝင်လေ၏။ သူသည် စိတ်ဆင်းရဲနေ၏။ စိတ်ထဲတွင် အလွန်တတ်သိ လိမ္မာလှသည်ဟု မှတ်ထင်မိခဲ့သည့်၊ ပထမတွေ့စက သဘောအကျကြီး ကျခဲ့သည့် ရိုင်ဘင်ကို ယခု မုန်းတီးလာ၏။ ရိုင်ဘင် ပြောနေသည့်စကားတို့ကို နားထောင်ရင်း၊
“တကယ့် ဒိဋ္ဌိပဲ။ တကယ့်ကို ဘုရားသခင်ကို ပုန်ကန်နေတဲ့ သူပုန်ပဲ။ သူက ဘာပြုလို့ ဒီကိုလာရတာလဲ” ဟု သူ့ဘာသာသူ စဉ်းစားနေပြန်၏။
သို့ရာတွင် ရိုင်ဘင်ကမူ အလွန်တည်ငြိမ်သည့် ယုံကြည်ချက်ဖြင့် “ဒါပေမဲ့ ဘုရားသခင်ရဲ့ နေရာကိုတော့ အလွတ်ထားလို့ မဖြစ်ဘူးကွ။ လူသားရဲ့နှလုံးသည်းပွတ်ထဲမှာ ဘုရားသခင် ကိန်းဝပ်တဲ့နေရာက အနူးညံ့ဆုံး နေရာကွ။ အဲဒီနေရာကို ဓားနဲ့ လှီးထုတ်လိုက်ရင် အလွန်ကြီးမားတဲ့ ဒဏ်ရာကြီး ဖြစ်နေမှာပဲ။ တနည်းအားဖြင့် ဘုရားသခင်ကို ဆွဲထုတ်လိုက်ရင် အဲဒီဒဏ်ရာဟာ ကြီးကြီးလာမှာပဲကွ။ အဲဒီတော့ အဲဒီနေရာမှာ အစားသွင်းဖို့ တို့တတွေဟာ ယုံကြည်ချက် အသစ်တခု ရှာကြရလိမ့်မယ်။ လူသားအပေါ်မှာ ငဲ့ညှာမယ်၊ လူသားအပေါ်မှာ မိတ်ဆွေအဖြစ်နဲ့ ရပ်တည်မယ့် ဘုရားသခင်ကို တို့တတွေဟာ ရှာဖွေဖန်တီးကြရလိမ့်မယ်” ဟု ပြောလေရာ၊
“ခရစ်တော် အရှိသားပဲဗျာ့” ပါဗယ်က ပြန်ဖြေလိုက်၏။
“ခရစ်တော်က ပျော့တယ်ကွ။ သူက တန်ခိုးအာဏာကို သူ မယူပါဘူး၊ အခြားသူကို ပေးလိုက်ပါလို့ ပြောတယ်။ ပြီးတော့ ဆီးဇာကို သူက အသိအမှတ်ပြုတယ်။ လူသား အချင်းချင်းအပေါ်မှာ တန်ခိုးအာဏာ လွှမ်းမိုးတဲ့လူကို ဘုရားသခင်က ဘယ်လိုလုပ်ပြီး အသိအမှတ် ပြုနိုင်ရမှာလဲကွ။ သူကိုယ်တိုင်က တန်ခိုးတော်၊ အာဏာတော် အားလုံးရဲ့ပိုင်ရှင်ပဲ။ သူဟာ သူရဲ့ဝိညာဉ်ကို ဒါက ဘုရားသခင်ရဲ့ဝိညာဉ်၊ ဒါက လူသားရဲ့ဝိညာဉ်ဆိုပြီး ခွဲဝေမပစ်နိုင်ဘူး။ ဒါပေမဲ့ ခရစ်တော်ဟာ ကုန်ကူးသန်းရောင်းဝယ်တာတို့၊ လက်ထပ် ထိမ်းမြားတာတို့ကိုတော့ မကန့်ကွက်ဘူး။ ပြီးတော့ တည်ပင်ကို ကျိန်စာတိုက်တာ သူ မှားတယ်။ တည်ပင်ဟာ အသီး မသီးတာနဲ့ အပြစ်တင် ကျိန်ဆဲခံရတော့မှာလား။ လူသားရဲ့ ဝိညာဉ် (စိတ်ဓာတ်) ကိုလည်း မွန်မြတ်တဲ့တရားကို မဖော်ထုတ်နိုင်တာနဲ့ အပြစ်ဖို့ ရတော့မှာလား။ ငါ့ရဲ့စိတ်ထဲမှာ ဒီမကောင်းတဲ့၊ ယုတ်မာညစ်ညမ်းတဲ့တရားကို ငါကပဲ ထည့်သွင်းပေးတာလား” ဟု ရိုင်ဘင်က ဆက်လက် ပြောပြန်၏။
သူတို့နှစ်ဦး အိမ်ရှေ့ခန်းထဲမှ အပြင်းအထန် ငြင်းခုံနေကြ၏။ ပါဗယ်သည် အခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လျက်ရှိရာ ကြမ်းပြင်သည် တကျွိကျွိ မြည်၏။ ပါဗယ် စကားပြောသည့်အခါ၌ သူ၏အသံသည် အားလုံးသော အသံများကို လွှမ်းလွှမ်းသွား၏။ သို့ရာတွင် ရိုင်ဘင်က သူ၏ တည်ငြိမ်၍ နက်ရှိုင်းသောအသံဖြင့် စကားပြောသောအခါများ၌ အမေသည် နာရီချိန်သီးသွားသံနှင့် အိမ်ထရံကို ဆီးနှင်းများ လာရောက် ရိုက်ခတ်သံကိုပါ ကြားနေရ၏။
ရိုင်ဘင်က
“ငါကတော့ ငါ့စကားနဲ့၊ အို… တိုတိုပြောရရင်ကွာ မီးထိုးသမားတယောက်ရဲ့ စကားနဲ့ပြောရရင် ဘုရားသခင်ဟာ မီးတောက်မီးလျှံတခုပဲကွ။ သူဟာ တို့ရဲ့အသည်းနှလုံးထဲမှာ နေတယ်ကွ။ ‘အစကနဦးဆုံး တရားသည် မုခပါဌ်တော် ဖြစ်၍ ထိုမုခပါဌ်တော်သည် ဘုရားသခင် ကိုယ်တော်မြတ် ဖြစ်သည်’ လို့ ပြောထားတယ်။ ဒါကြောင့် မုခပါဌ်တော်ဟာ နာမ်တော်ပဲကွ” ဟု ပြောပြန်၏။
ပါဗယ်ကလည်း “မုခပါဌ်တော်ဟာ ဝိဇ္ဇာတရားပဲ ဖြစ်ရမယ်” ဟု ဇွတ်အတင်း ကိုင်နေလေ၏။
ထိုအခါ ရိုင်ဘင်က
“ကောင်းပြီ။ ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ဟာ အသည်းနှလုံးနဲ့ ဝိဇ္ဇာတရားထဲမှာ ပါရှိတယ်ပေါ့။ ဒါပေမဲ့ ဘုရားရှိခိုးကျောင်းထဲမှာ မရှိဘူး။ ဘုရားရှိခိုးကျောင်းဟာ ဘုရားသခင်ရဲ့ သင်္ချိုင်းတော်ပေါ့” ဟု ဆက်၍ ပြောနေကြလေ၏။ အမေသည် အိပ်ပျော်သွားပြီ ဖြစ်သဖြင့် ရိုင်ဘင် ထွက်သွားသည်ကိုပင် မသိလိုက်တော့ချေ။
ထိုအချိန်မှစ၍ ရိုင်ဘင်သည် အမေတို့အိမ်သို့ မကြာခဏ လာလာလည်လေ့ ရှိ၏။ သူလာလည်စဉ် ပါဗယ်၏ ရဲဘော်တယောက် ရှိနေလျှင် သူသည် ထောင့်တထောင့်ထဲ၌ ထိုင်ပြီး တခါတခါ “အေး အဲဒါပဲ” ဟု ပြောရုံမှအပ အခြားမည်သည့်ကိစ္စကိုမျှ မပြောချေ။
တနေ့သော် သူသည် ပါဗယ်နှင့် ရဲဘော်တစုတို့ စကားပြောနေကြသည်ကို သူ၏ မည်းမှောင်သည့် မျက်လုံးများနှင့် ကြည့်ပြီး သုန်သုန်မှုန်မှုန်နှင့်၊
“ရှိရှိသမျှသော တရားတို့ကို သူတို့ရှိနေတဲ့အတိုင်း ပြောကြရမယ်။ သူတို့ဟာ ဘယ်သူ ဖြစ်လိမ့်မယ်လို့ မပြောရဘူး။ ဘယ်သူက ဘာဖြစ်လိမ့်မယ်ဆိုတာ ဘာသိလို့တုံး။ လူတွေဟာ လွတ်မြောက်ကြတာနဲ့ တပြိုင်နက် သူတို့အတွက် ဘယ်ဟာက အကောင်းဆုံးလဲ ဆိုတာကို ဆုံးဖြတ်ကြလိမ့်မယ်။ သူတို့က သူတို့ကို ပြပေးပါလို့ မပြောဘဲ ခေါင်းထဲကို အတင်း ရိုက်သွင်းထားတဲ့ အသိဉာဏ်တွေက မနည်းဘူးဗျ။ အဲသည်တော့ သူတို့ဘာသာသူတို့ စဉ်းစားတတ်၊ တွေးဆတတ်တဲ့ အချိန်ကျလာပြီ။ သူတို့ဟာ ဘဝတခုလုံး၊ သင်ကြားလေ့လာမှု တွေ အကုန်လုံး အစစ အရာခပ်သိမ်းကို ငြင်းပယ်ချင် ငြင်းပယ်ကြလိမ့်မယ်။ ဘုရားရှိခိုးကျောင်းက ဘုရားသခင်လိုဟာမျိုးကို ရန်သူအနေနဲ့ မြင်ထားချင် မြင်ထားကြ လိမ့်မယ်။ စာအုပ်တွေကို သူတို့လက်ထဲ ထိုးအပ်လိုက်ပါ။ သူတို့အဖြေကို သူတို့ ရှာကြပါလိမ့်မယ်။ အဲဒါပဲ” ပြောလိုက်၏။
သူနှင့် ပါဗယ် နှစ်ဦးချင်း ရှိကြသောအခါ စကားကြောမပြတ်နိုင်အောင် ဆွေးနွေးကြ၏။ သို့ရာတွင် သူတို့နှစ်ယောက်လုံးသည် မည်သည့်အခါမျှ စိတ်မဆိုးကြချေ။ အမေသည် သူတို့နှစ်ယောက် ပြောကြ၊ ဆိုကြ၊ ငြင်းကြ၊ ခုံကြသည်ကို တလုံးမကျန် ဂရုတစိုက် နားထောင်၏။ သူတို့စကားများ၏အဓိပ္ပာယ်ကို နားလည်အောင်၊ သဘောပေါက်အောင် ကြိုးစား၏။ တခါတခါ လက်ပြင်ကျယ်ကြီးနှင့် မုတ်ဆိတ်မွေး မည်းမည်း ရိုင်ဘင်နှင့် သန်မာ၍ အရပ်မြင့်မြင့် ပါဗယ်တို့ နှစ်ဦးလုံးသည် ဘာမျှ မသိကြ၊ မမြင်ကြတော့ဘူးဟု သူသည် ထင်မှတ်မိ၏။ တခါတခါ သူတို့သည် ဟိုဘက်လှမ်းစမ်းလိုက်၊ သည်ဘက်လှမ်းစမ်းလိုက်နှင့် ထွက်ရပ်လမ်းတခုအား ရှာနေကြသည်နှင့်တူ၏၊ သို့ စမ်းရင်း စမ်းရင်း တွေ့မိ၊ စမ်းမိသော တရားဟူသမျှကို မြဲမြံစွာ ဆုပ်ကိုင်ကြည့်၏။ ထိုနောက် သူတို့ ဆုပ်ကိုင်မိသည့် တရားကို မခိုင်လုံကြောင်း၊ မမှန်ကန်ကြောင်း သိသည်နှင့် တပြိုင်နက် ချေမွဖျက်ဆီးပစ်ကြ၏။ တခါတခါ ဟိုတိုး သည်ဝှေ့နှင့်ပင် တိုးရင်း ဝှေ့ရင်း တွေ့ရှိသော တရားတို့ကို စမ်းသပ်ကြည့်ပြီး မခိုင်လုံလျှင်၊ မမှန်လျှင် လွှင့်ပစ်လိုက်ကြပြန်၏။ သို့ လွှင့်ပစ်သော်လည်း သူတို့တွင် အလွန်ခိုင်မြဲသော ယုံကြည်ချက်နှင့် အလွန်ခိုင်မာသော မျှော်လင့်ချက်များ ရှိကြ၏။
အတိုချုံးရသော် အလွန်ကြီးမား ခိုင်မြဲလှသော မျှော်လင့်ချက်၊ အလွန်မာကျောလှသော ဇွဲတို့ဖြင့် သစ္စာတရားကို ရှာဖွေနေသူများ ဖြစ်၏။
သူတို့နှစ်ဦး ပြောဆိုဆွေးနွေးသည်တို့ကို နားထောင်ရဖန် များလာသောအခါ အမေသည် သူတို့၏ ပွင့်လင်း၍ ထိတ်လန့်ဖွယ်ရာ စကားတို့ကို နားလည်လာ၏။ သဘောလည်း ပေါက်လာ၏။ လက်ဦးက ဤစကားများ ကြားရသောအခါတွင် သူ၏စိတ်ဓာတ်သည် တုန်လှုပ်ချောက်ချားခဲ့ သော်လည်း ယခု မတုန်လှုပ် မချောက်ချားတော့ချေ။ ။
ဤစကားများ၏ဒဏ်ကို ခံနိုင်စွမ်းရှိလာ၏။ တခါတရံ ဘုရားသခင်ကို ငြင်းပယ်နေသော စကားများ နောက်ကွယ်၌ ဘုရားသခင်ကို ခိုင်ခိုင်မြဲမြဲ ယုံကြည်သော ယုံကြည်မှုအား အမေ တွေ့ရ၏။ ထိုအခါ အမေသည် သူတို့အပေါ် ဗွေမယူတော့ဘဲ ရှိသမျှ အပြစ်များအား ခွင့်လွှတ်ပြီး ပြုံးမိ၏။ ၎င်းပြင် ရိုင်ဘင်အား သဘောမကျစေကာမူ ရန်သူကဲ့သို့ သဘောမထားတော့ချေ။ သီတင်းတိုင်း အမေသည် ယူကရိန်းသားအတွက် စာအုပ်များနှင့် ဖွပ်လျှော်ပြီး အဝတ်များကို ထောင်သို့ သွားပို့၏။ တခါသော် ရိုင်ဘင်နှင့် တွေ့၍ စကားပြောခွင့်ရခဲ့၏။ ထိုကြောင့် ထောင်မှ ပြန်လာသောအခါ၊
“အေး၊ သူကတော့ နည်းနည်းလေးမှ မပြောင်းဘူး၊ လူတိုင်းအပေါ်မှာ သိပ်ကောင်းတယ်။ လူတိုင်းနဲ့လည်း ရယ်စရာ မောစရာ ပြောတတ်တယ်။ ထောင်ထဲမှာနေရတာ သူ့အဖို့ ကျပ်တည်းတယ်။ ဒါပေမဲ့ သည်လို ကျပ်တည်းတယ်ဆိုတာကို လူမသိအောင် ဟန်ဆောင်နေ တယ်ကွဲ့” ပြော၏။
ထိုအခါ ပါဗယ်က “ဒါဟာ မှန်တယ် အမေ၊ ကျွန်တော်တို့တတွေဟာ ဒုက္ခ ဆင်းရဲတွေထဲမှာ နေရတာ၊ အဲသည်တော့ ဒီဒုက္ခဆင်းရဲတွေဟာ ကျွန်တော်တို့အတွက် ရိုးနေပြီ။ ကျွန်တော်တို့မှာ ကြွားစရာ ဝါစရာ ဘာမှမရှိဘူး။ လူတိုင်းက ဒါတွေကို မမြင်တာ မဟုတ်ပါဘူး၊ တချို့ မျက်လုံးကို ပိတ်ရုံပိတ်ထားတာပါ။ ဒါကြောင့် ကျွန်တော်တို့ မလိမ္မာရင် ပြုံးပြီး ခံရုံပဲပေါ့” ဟု ပြန်၍ ပြောလိုက်လေသတည်း။
အခန်း တဆယ့်နှစ်
အလုပ်သမားတို့သည် အမေတို့၏ အိမ်ကလေးပေါ်၌ ပို၍ပို၍ စိတ်ဝင်စားလာ၏။ ဤသို့ စိတ်ပါဝင်စားရာ၌ သံသယစိတ်နှင့် အမှတ်မထင် ဖြစ်ပေါ်လာသော မနှစ်မြို့သော စိတ်ဓာတ်တို့ လည်း ရောနှောလာလေ၏။ သို့ရာတွင် သူတို့အပေါ်၌ ယုံကြည်မှုလည်း ရှိလာပြန်၏။
တခါတရံ ပါဗယ်ထံသို့ တစုံတယောက်ကလာ၍ အိမ်တွင်း၌ ဟိုဟို သည်သည် ကြည့်ကာ၊ “ငါ့ညီရ၊ ငါ့ညီတို့ တခုလောက် ပြောပါရစေ။ မင်းဟာ စာအုပ်တွေကိုလည်း ဖတ်တယ်၊ တရားဥပဒေကိုလည်း သိတယ်။ အဲသည်တော့ ငါ့ကို တခုလောက် ရှင်းပြစမ်း” ပြောတတ်၏။
ထိုနောက် ထိုကဲ့သို့ လာရောက်မေးမြန်းသူသည် ပုလိပ်များက သို့မဟုတ် အလုပ်ရုံ အုပ်ချုပ်ရေးပိုင်းက သူ့အပေါ်၌ မတရားသဖြင့် ပြုမူထားသည့် အပြုအမူတို့ကို ပြောပြတတ်၏။ အချို့ ရှုပ်ထွေးသော ကိစ္စများတွင် ပါဗယ်သည် စာတစောင်ကို ရေးပြီး မြို့ပေါ်မှ သူ့မိတ်ဆွေ ရှေ့နေတယောက်ထံသို့ စေလွှတ်တတ်သည်။ သို့ရာတွင် သူကိုယ်တိုင် ရှင်းလင်းပြနိုင်လျှင် ထိုကိစ္စကို သူကိုယ်တိုင်ပင် ရှင်းပြလိုက်၏။
ပါဗယ်သည် တက်ကြွ၏။ စိတ်အားထက်သန်၏။ စကားပြောသောအခါ ရဲရင့်၏၊ ပြတ်သား၏၊ ရှင်း၏။ အရေးကိစ္စဟူသမျှကို လေ့လာ၏။ နားထောင်၏။ သဘော ကွဲလွဲမှုရှိလျှင် မူရင်းအကြောင်းကို မရောက်ရောက်အောင် နှိုက်၍ ကြည့်တတ်သည်။ လူအားလုံးအား ဆက်စပ်ပေးနေသည့် ဘုံကိစ္စ၊ ဘုံပြဿနာတို့ကို နေရာတကာ၌ အစဉ်မပြတ် ရှာတတ်၏။ ဖော်ထုတ်တတ်၏။ ထိုကြောင့် သူ့ကို အလုပ်သမားများက တဖြည်းဖြည်း လေးစားလာ၏။
‘ညွန်အိုင် ကိုပက်’ ကိစ္စဖြစ်ပွားပြီးနောက် သူ၏ဂုဏ်သိက္ခာသည် အထူးသဖြင့် တိုးတက်လာခဲ့၏။
ညွန်အိုင်ကိုပက် ကိစ္စသည် ဤကဲ့သို့ဖြစ်၏။ ထင်းရှူးပင်များနှင့် အခြား နွယ်ပင် ပေါင်းပင်တို့ဖြင့် ဖုံးအုပ်လျက်ရှိနေသော ညွန်အိုင်ကြီးတခုသည် အလုပ်ရုံတခုအာ ပိုင်းမိတော့မည်လောက် ဖြစ်နေ၏။ နွေအခါ၌ ဤညွန်အိုင်မှ ထူထပ်သော ဝါဝါအငွေ့များနှင့် ခြင်အုပ်ကြီးများ ထွက်လာ၍ အလုပ်သမားများသည် ဤခြင်များ အကိုက်ခဲခံရသဖြင့် ဖျားနာကြ၏။ ဤညွန်ဗွက်ကို အလုပ်ရုံကပိုင်၍ ညွှန်ကြားရေးမှူးသည် ထိုအိုင်မှ ရေများကို ထုတ်ပစ်ပြီး သစ်ဆွေးမြေကို ယူရန်နှင့် ထိုမြေမှ အမြတ်ထုတ်ရန် ဆုံးဖြတ်လိုက်၏။ သို့ရာတွင် အလုပ်သမားများ၏ ကျန်းမာရေးအတွက်ဟု အကြောင်းပြကာ သူ၏စီမံကိန်းကို အကောင်အထည် ဖော်ရန် အလုပ်သမားတို့အား အခကြေးငွေပေးရသည့် ရူဘဲဒင်္ဂါး တပြား တပြားမှ ကိုပက် တပြား တပြား ကောက်ရန် အမိန့်ထုတ်လိုက်၏။
ဤတွင် အလုပ်သမားများသည် မခံမရပ်နိုင် ဖြစ်လာကြ၏။ အထက်တန်းစား အလုပ်သမားများ၊ တနည်းအားဖြင့် လစာကြီးစား အလုပ်ရုံ တာဝန်ခံများ၏ လစာများထဲမှ တပြားတချပ်မှ နုတ်မယူသည်ကို ကန့်ကွက်ကြ၏။
ညွှန်ကြားရေးမှူးက အထက်ပါအမိန့်ကို ထုတ်လိုက်သည့် စနေနေ့တွင် ပါဗယ်သည် ဖျားနေသောကြောင့် အလုပ်မဆင်းနိုင်ချေ။ ထိုကြောင့် သူသည် ဤကိစ္စကို လုံးဝ မသိ။ နောက်တနေ့၌ သံရည်ကျိုရုံမှ အလုပ်သမားကြီး ဆီးဇော့နှင့် စက်ဆရာ မက်ခိုတင် တို့သည် ပါဗယ်ထံသို့ ပေါက်လာကြလေ၏။ ဆီးဇော့သည် အခြားအလုပ်သမားတို့၏ လေးစားမှုကိုခံရ၍ မက်ခိုတင်သည်ကား အရပ်ရှည်သလောက် စိတ်တိုသူတယောက် ဖြစ်၏။ သူတို့က ပါဗယ်အား ညွှန်ကြားရေးမှူး၏ ဆုံးဖြတ်ချက်ကို ပြောထားကြ၏။
“တို့လူကြီးတွေစုပြီး ဒီကိစ္စကို ပြောကြ ဆွေးနွေးကြတယ်ကွ။ ညွှန်ကြားရေးမှူးမှာ တို့ပိုက်ဆံတွေနဲ့ ခြင်တွေကို နှိမ်နင်းနိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုတဲ့ ဥပဒေများ ရှိ မရှိ မင်းဆီကို စုံစမ်းဖို့ တို့ရဲဘော်တွေက တို့နှစ်ယောက်ကို ကိုယ်စားလှယ်အဖြစ် ရွေးလွှတ်လိုက်တာပဲကွ”
ဆီးဇော့က ပါဗယ်အား အားတက်သရော ပြောပြ၏။ ထိုနောက် မက်ခိုတင်က၊ “အေး ကြည့်ဦးကွ၊ လွန်ခဲ့တဲ့ လေးနှစ်လောက်က လူ့ပိတ်ချီးကပ်တွေက ရေချိုး အိမ်တအိမ် ဆောက်ဖို့ ဆိုပြီး တို့ပိုက်ဆံတွေကို ယူကြတယ်ကွ။ အားလုံး ရူဘဲ သုံးထောင့် ရှစ်ရာတောင်မှပဲ စုလို့ရတာ။ အခုတော့ အဲဒီငွေတွေ ဘယ်ရောက်ကုန်ပြီလဲ။ ရေချိုးအိမ်ကလည်း ဘယ်မှာလဲ၊ ကဲ၊ ကြည့်စမ်းပါဦး” ဟု ပြောပြန်၏။
ပါဗယ်က သူတို့နှစ်ယောက်အား အလုပ်သမားများ လုပ်ခထဲမှ ပိုက်ဆံများ ဖြတ်ယူသည်မှာ မတရားကြောင်းနှင့် ဤညွန်အိုင်ထဲမှ ရေများ ထုတ်ပစ်ကာ အလုပ်ရုံပိုင်ရှင်က အမြတ်မည်မျှ ရမည်တို့ကို ရှင်းပြ၏။ ထိုနောက် အလုပ်သမားကြီး နှစ်ယောက်သည် မျက်မှောင်ကြုတ်၍ ပြန်သွားကြ၏။ သူတို့နှစ်ယောက်ကို အိမ်ပြင်သို့ ပို့ပြီးသောအခါ အမေက တချက်မျှ ရယ်၍ ပါဗယ်အား… “အင်း… အဘိုးကြီးတွေကတောင် ငါ့သားကို လေးစားလာကြပြီကွယ့်” ဟု ပြောနေလေ၏။
ပါဗယ်သည် အမေ့အား ဘာမျှပြန်မပြောဘဲ စားပွဲတွင်ထိုင်ကာ စာရေးနေ၏။ မိနစ်အနည်းငယ် ကြာလျှင်…
“အမေ၊ ကျွန်တော်တို့အတွက် အမေ တခုလောက် လုပ်ပေးပါလို့ တောင်းပန်ချင်ပါတယ်။ မြို့ကိုသွားပြီး ဒီစာကလေးကို ပေးဖို့ပါပဲ”
“အဲဒီဟာက ဘေးအန္တရာယ်များ ရှိသလား”
“ဟုတ်ပါတယ် အမေ၊ ကျွန်တော်တို့ သတင်းစာရိုက်တဲ့ နေရာကို သွားရမှာပါ အမေ၊ ဒီ ‘ညွန်အိုင်ကိုပက်’ နဲ့ ပတ်သက်လို့ နောက်တပတ် သတင်းစာထဲ ပါလာအောင် ကျွန်တော်တို့ ထည့်ကြရမှာ အမေ”
“ကောင်းပြီ၊ အမေ သွားပေးမယ်”
ဤကား ပါဗယ်က အမေအား ပထမဦးဆုံး ပေးအပ်သည့် တာဝန်ဖြစ်၏။ သူ့သားက သူ့ကို ဤကဲ့သို့ ဖွင့်ဟပြောဆိုသည့်အတွက် အမေသည် ဝမ်းသာနေ၏။ ထိုနောက် အမေသည် အဝတ်အစားများ လဲနေရင်း၊
“အမေ နားလည်ပါတယ် သားရယ်။ ဒီလိုအလုပ်သမားတွေရဲ့လုပ်ခထဲက ပိုက်ဆံ နုတ်ယူတာဟာ ဓားပြတိုက်တာ သက်သက်ပဲ။ အဲဟိုလူ နာမည်က ယေဂါအိုင်ဗင်နိုဗစ် မဟုတ်လား” လှမ်း၍ မေးလိုက်၏။
အမေသည် ထိုနေ့ညက တော်တော်ကလေးညဉ့်နက်မှ ပြန်လာ၏။ မောပန်းသော်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေ၏။ ထိုနောက် ပါဗယ်အား...
“အမေ ဆာရှာကိုတွေ့ခဲ့တယ်။ သားကို အမှတ်ရတဲ့အကြောင်း ပြောလိုက်သေးတယ်ကွဲ့၊ ယေဂါအိုင်ဗင်နိုဗစ်က လူရိုးပဲကွယ့်၊ ပျော်လည်း အလွန်ပျော်တတ်တယ်။ စကားပြောတော့လည်း ပျော်ပျော်ပဲ” ဟု ပြောပြ၏။
“အမေ သူတို့ကို သဘောကျတာ ကျွန်တော် ဝမ်းသာတယ် အမေ”
“အေး သူတို့က လူရိုးတွေပဲကွဲ့၊ လူတွေဟာ ဟန်ကြီးပန်ကြီး မလုပ်တာ ကောင်းတယ်။ ပြီးတော့ သူတို့တတွေက သားကိုလည်း တော်တော်ပဲ ဂရုစိုက်ကြတယ်”
တနင်္လာနေ့၌လည်း ပါဗယ်သည် ကောင်းကောင်း မကျန်းမာသေးသဖြင့် အလုပ်မဆင်းဘဲ အိမ်မှာပင် နေလေ၏။ ညနေစာစားချိန် ရောက်သောအခါ ဖီယိုဒိုသည် ဝမ်းလည်းသာ စိတ်ဓာတ်လည်း တက်ကြွစွာနှင့် မောကြီးပန်းကြီး ပြေးလာ၍ ပါဗယ်အား
“ဟေး လာကွ၊ အလုပ်ရုံတရုံလုံး လက်နက်တွေ ကိုင်နေကြပြီ။ ငါ့ကို သူတို့က မင်းဆီကို လွှတ်လိုက်တယ်။ ဆီးဇော့နဲ့ မက်ခိုတင်တို့က မင်းက တခြားလူတွေထက် ပိုရှင်းလင်းပြနိုင်တယ် တဲ့။ ဘာဖြစ်နေတယ်ဆိုတာကို လာကြည့်ပါဦးကွ” ပြောလေ၏။
ပါဗယ်သည် ဘာမျှမပြောဘဲ အဝတ်များကို ဝတ်နေ၏။ ဖီယိုဒိုက တဖန်…
“မိန်းမသိုက်ကလည်း လာကြပြီး ဆူပူနေကြတာပဲကွ” ဟု ပြောပြန်သည်။
အမေက “အေး… ငါလည်းပဲ လိုက်ခဲ့မယ်။ သူတို့က ဘာလုပ်ကြတာလဲ၊ ငါလည်း လိုက်မယ်” ဟု ပြောသည်။ ပါဗယ်က “ဒါဖြင့် လာလေ အမေ” ဟု ခေါ်လိုက်၏။
သူတို့သည် စကားမပြောဘဲ ခပ်သွက်သွက်ကလေး သွားကြ၏။ အမေသည် ရင်များခုန်နေပြီး အသက်ကိုပင် မှန်မှန်မရှူနိုင်၊ အလွန်အရေးပါသည့် အရေးကိစ္စတခုခု ဖြစ်လိမ့်မည်ဟု သူသည် ယုံကြည်နေ၏။ အလုပ်ရုံ ဝင်းတံခါးဝ၌ အော်ဟစ်၍ ရန်ဖြစ်နေကြသည့် အမျိုးသမီးတအုပ်ကို တွေ့ကြရ၏။ သူတို့သုံးဦး အလုပ်ရုံဝင်းထဲသို့ ဝင်သွားကြသောအခါ စိတ်အားထက်သန်စွာ ဟစ်အော်နေကြသော လူအုပ်ကြီးအလယ်သို့ ရောက်သွားကြ၏။ ဆီးဇော့၊ မက်ခိုတင်၊ ဗိုင်ယာလော့နှင့် အလုပ်သမားများအပေါ်၌ သြဇာရှိကြသည့် အခြား အလုပ်သမားကြီး လေးငါးခြောက်ယောက်တို့သည် အုတ်နံရံကို ကျောပေးကြပြီး သံတိုမယ်နပုံကြီး တပုံပေါ်၌ မတ်တတ်ရပ်နေကြရာ အလုပ်သမား အားလုံးသည် သူတို့တတွေအား မျက်နှာမူလျက်ရှိကြ၏။ ထိုအတွင်း တစုံတယောက်က
“ဟေး၊ ပါဗယ် လာပြီဟေ့” ဟု အော်လိုက်၏။
“ပါဗယ်လား၊ သူ့ကို လမ်းဖယ်ပေးလိုက်ပါ” (အသံတသံ)
“ငြိမ်ကြဟေ့၊ ငြိမ်ကြ” (အသံပေါင်းများစွာ)
ထိုနောက် ပါဗယ်တို့နှင့် မနီးမဝေးနေရာမှ ရိုင်ဘင်က၊
“တို့တတွေ တိုက်ကြမှာက တို့ဆီက သူတို့ယူကြမယ့် ကိုပက်ပြားအတွက် မဟုတ်ဘူး။ မတရားမှုကိုသာ တိုက်ကြမှာ။ တို့တတွေ မက်မက်မောမော ပြောနေကြတာက တို့ကိုပက်ပြားအတွက် မဟုတ်ဘူး။ ညွှန်ကြားရေးမှူးရဲ့ရူဘဲဒင်္ဂါးထက် တို့ကိုပက်ထဲမှာ လူသားရဲ့ အသွေးအသားတွေ အများကြီးပါနေပြီး ရူဘဲဒင်္ဂါးထက် တို့ ကိုပက်က အလေးချိန် ပိုပြီးစီးပေမဲ့ တခြား ကိုပက်ပြားထက် တို့ကိုပက်ပြားက ပိုပြီး မဝိုင်းပါဘူး။ တန်ဖိုးက ကိုပက်ပြားထဲမှာ မဟုတ်ဘူး။ လူသားရဲ့သွေးနဲ့ တရားမျှတမှုထဲမှာမှရှိတာ” ဟု လှမ်း၍ပြောလိုက်သည်။
တစုံတယောက်က၊
“ရိုင်ဘင်၊ ခင်ဗျားပြောတာမှန်တယ်” ဟုလည်းကောင်း၊ အခြားတယောက်က၊ “မီးထိုးသမား ပြောတာ ဟုတ်တယ်” ဟုလည်းကောင်း အော်လိုက်၏။ တဖန် တခြားတယောက်က၊
“ဟေး၊ ဒီမှာ ပါဗယ် လာနေပြီ” ဟု အော်လိုက်ပြန်၏။
ဤကဲ့သို့ တယောက်တပေါက်နှင့် ပြောကြဆိုကြ၊ အော်ကြဟစ်ကြသည့် အသံတို့သည် အလွန်ကြီးမားသည့် အသံကြီးတသံ ဖြစ်လာ၍ စက်ခုတ်သံ၊ ရေနွေးငွေ့သံ စသည့် အသံတို့ကို လွှမ်းသွား၏။ လူများသည်လည်း ဟိုမှ ဤမှ အသီးသီး ထွက်လာကြပြီး လက်တွေကိုယမ်းလျက် တယောက်နှင့်တယောက် ဟစ်အော် ကြွေးကြော်ရင်း စိတ်ဓာတ်ကို လှုံ့ဆွပေးနေကြ၏။ ရင်တွင်း၌ အမြဲတမ်း မျိုသိပ်ထားကြရသည့် မကျေနပ်မှုတို့ကို အုပ်မနိုင် ထိန်းမရတော့ချေ။ အမျိုးမျိုး ဖော်ထုတ်လာကြ၏။
ယခု ဤမကျေနပ်မှုသည် အလွန်မြင့်မားလာပြီး လူအများအား အလွန်ခိုင်ခံ့ တင်းကျပ်စွာ စုစည်းပေးကာ ရန်ကိုရန်ချင်း တုံ့နှင်းမည့် မီးတောက်မီးလျှံကြီး အဖြစ်သို့ ပြောင်းလာလေ၏။ လူအုပ်ကြီးကို ကြည့်လိုက်သောအခါ စိတ်ဓာတ် အလွန်တက်ကြွနေကြသည်။ ဖုန်မှုန့်၊ ကျပ်ခိုး၊ ချွေးများဖြင့် လိမ်းကျံထားသည့် မျက်နှာတို့ကို ပထမဆုံး မြင်နေရ၏။ ပါးပြင်များပေါ်၌ မည်းနက်သည့် မျက်ရည်ကြောင်းများကို တွေ့ရ၏။
ဤပေရေ ညစ်ပတ်လျက်ရှိသော မျက်နှာများမှ ဖြူဖွေးသည့် သွားများနှင့် မျက်လုံးများသည်ကား အရောင်တောက်လျက် ရှိကြလေသည်။
ပါဗယ်သည် ဆီးဇော့နှင့် မက်ခိုတင်တို့ ရပ်နေကြသည့် သံတိုမယ်နပုံပေါ်သို့ တက်လိုက်၏။
ထိုနောက် “ရဲဘော်တို့” ဟု စ၍ အော်လိုက်၏။
အမေသည် သူ့သားမျက်နှာ မည်မျှ ဖြူရော်ရော် ဖြစ်သွားသည်ကိုလည်းကောင်း၊ သူ၏ နှုတ်ခမ်းများ တဆတ်ဆတ် တုန်နေသည်ကိုလည်းကောင်း သတိပြုမိ၏။ လူအုပ်ကြီးထဲ၌ တိုးကာဝှေ့ကာနှင့် အမှတ်မထင် ရှေ့သို့ တိုးတိုးဝင်ခဲ့၏။ အချို့က သူ့ကို “မတိုးပါနဲ့” ဟု အော်ကြ၏။
အချို့ကလည်း သူ့ကို ပြန်ပြီးတိုးကြ၏။ သို့ရာတွင် အမေသည် လက်မလျှော့။ သူ၏ သားဘေး၌ မားမားမတ်မတ် ရပ်ချင်လှသဖြင့် ပခုံးရော တံတောင်တို့နှင့်ပါ တိုးဝှေ့ပြီး ရှေ့သို့ အတင်းတက်လေ၏ ။
သူ့အတွက် အလွန်လေးနက်သည့်သဘောကို ဆောင်သည့် “ရဲဘော်တို့” ဟူသော စကားကို အော်ဟစ်လိုက်ပြီး အလွန်ပီတိဖြစ်သွားရာ၊ သူ၏လည်ချောင်းသည် ဘာမျှ ဆက်မပြောနိုင်ဘဲ တစ်ဆို့သွားလေ၏။ သူ၏ အသည်းနှလုံးကား တရားမျှတရေးနှင့် ပတ်သက်သည့် စိတ်ကူးတို့ဖြင့် ရဲရဲတောက်နေ၏။ ဤရဲရဲတောက်နေသည့် အသည်းနှလုံးကို ဤလူများအား သူသည် ပေးအပ်လိုက်ချင်၏။
တဖန် သူသည် “ရဲဘော်တို့” ဟု အော်လိုက်ပြန်၏။ ဤသို့အော်လိုက်ခြင်းဖြင့် သူသည် စွမ်းအားလည်း ကြီးမားလာ၏။ အလွန်လည်း ဝမ်းမြောက်သွား၏။
ထို့နောက်၊
“ကျွန်တော်တို့ဟာ ဘုရားရှိခိုးကျောင်းတွေ၊ အလုပ်ရုံတွေကို ဆောက်တဲ့လူတွေလည်း ဖြစ်ရတယ်။ သံကြိုးတွေကို လုပ်တဲ့လူတွေလည်း ကျွန်တော်တို့ပဲ။ ပိုက်ဆံတွေ ပုံသွင်းတဲ့ လူတွေလည်း ကျွန်တော်တို့ပဲ။ လူသားအားလုံးကို ပုခက်တွင်းက သင်္ချိုင်းကုန်းအထိ စားနပ်ရိက္ခာ ပေးနေတဲ့၊ လူသားအားလုံးကို အသက်ရှင်အောင် လုပ်ပေးနေတဲ့ သက်ရှိ အင်အားစုကြီးဟာလည်း ကျွန်တော်တို့ပဲ” ဟု ပြောလိုက်ရာ ရိုင်ဘင်က၊
“အဲဒါ မှန်တယ်” ဟု အော်လိုက်၏။ ပါဗယ်က ဆက်၍၊
“အချိန်မရွေး နေရာမရွေး၊ ကျွန်တော်တို့ဟာ ပထမဦးဆုံး အလုပ်လုပ်ကြရပြီး၊ အခွင့်အရေး ကျတော့ နောက်ဆုံးမှ ရကြရတဲ့လူတွေပဲ။ ဘယ်သူကများ ကျွန်တော်တို့ကို အရေးစိုက်ကြတုံး၊ ဘယ်သူကများ ကျွန်တော်တို့အတွက် ဘာကလေးတခု လုပ်ပေးဖူးတုံး။ ဘယ်သူကများ ကျွန်တော်တို့ကို လူသားတွေပဲလို့ သဘောထားသလဲ။ ဘယ်သူကမှ လူသားတွေလို့ သဘော မထားဘူး” ဟု ပြောလိုက်၏။
လူတယောက်က၊ “ဟုတ်တယ်၊ သဘောမထားဘူး” ဟု ပြန်၍အော်လိုက်၏။
ထိုနောက် ပါဗယ်သည် ပို၍ ရိုးရိုးနှင့် ပို၍ တည်ငြိမ်စွာ ဟောပြောလေရာ လူအုပ်ကြီးသည် တဖြည်းဖြည်း သူ့အနီးသို့ တိုး၍ တိုး၍ လာလေ၏။ သူ့အား ရွှန်းရွှန်းစားစား ကြည့်ကြပြီး သူ၏စကားတို့ကို ဝမ်းသာအားရစွာ နားထောင်ကြ၏။
“ကျွန်တော်တို့အားလုံးဟာ ရဲဘော်ရဲဘက်တွေချည်းပဲလို့၊ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေ အတွက် တိုက်မယ်ဆိုတဲ့ ဆန္ဒတခုတည်းနဲ့ စုစည်းထားတဲ့ အိမ်ထောင်ကြီးတခု ဖြစ်တယ်လို့ သဘောမပေါက်မချင်း ကျွန်တော်တို့ဟာ ကျွန်တော်တို့အတွက် ဘဝသစ်ကို ဘယ်နည်းနဲ့မှ ရနိုင်မယ် မဟုတ်ဘူး”
“လိုရင်းအချက်ကိုသာ ပြောပါ"
အမေ့အနီး၌ ရပ်နေသည့် လူတယောက်က ခပ်ကြမ်းကြမ်း အော်လိုက်ရာ အခြားတဖက်မှ လူနှစ်ယောက်က၊
“ဝင်မရှုပ်ပါနဲ့” ဟု ပြန်၍ အော်လိုက်၏။
အချို့က ပါဗယ်ကို မယုံကြည်သလိုလိုနှင့် သုန်သုန်မှုန်မှုန် ကြည့်ကြ၏။ သို့ရာတွင် လူများစုကမူ ပါဗယ်၏ မျက်နှာကို လေးလေးနက်နက် အကဲခတ်ကြ၏။ ထိုအတွင်း တယောက်က၊
“ဆိုရှယ်လစ်တယောက်က လူမိုက်မဟုတ်ဘူး” အကဲခတ်ရင်း ပြောလိုက်၏။ မျက်စိ တဖက်လပ်နှင့် အရပ်ရှည်ရှည် အလုပ်သမားတယောက်ကမူ အမေအား တံတောင်နှင့် အသာတွက်၍ “စကားပြောတာ မရဲဘူးလားဗျာ” ဟု မေး၏။
“ကျွန်တော်တို့တတွေဟာ ကိုယ့်ဟာကိုယ်မှအပ ဘယ်သူကမျှ ကူညီမှာ မဟုတ်ဘူးဆိုတာကို သဘောပေါက်ဖို့ အချိန်ကျလာပြီ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ရန်သူတွေကို တိုက်ချင်ရင်၊ ခိုက်ချင်ရင် အားလုံးသည် လူတိုင်းအတွက်ဖြစ်ပြီး လူတိုင်းသည် အားလုံးအတွက်ဖြစ်ရမည် ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားကြရလိမ့်မယ်”
ထိုအခါ မက်ခိုတင်က လက်သီးလက်မောင်းတန်းကာ “ငါ့လူတို့ သူက အမှန်တွေကိုပြောနေတာ” ဟု အော်လိုက်၏။
တဖန် ပါဗယ်က…
‘ညွှန်ကြားရေးမှူးကို ခေါ်လိုက်ပါ’ ဟု ဆက်၍ပြော၏။ ပါဗယ်၏စကားကြောင့် လူအုပ်ကြီးသည် လေပြင်း၏ဒဏ်ကို ရုတ်တရက် ခံလိုက်ရသကဲ့သို့ လှုပ်ရှားသွား၏။ ထိုနောက်
“ညွှန်ကြားရေးမှူးကိုခေါ်ပါ”
“သူ့ဆီကို ကိုယ်စားလှယ်လွှတ်ပါ” ဟူသော အသံပေါင်း မြောက်မြားစွာ ပေါ်လာကြ၏။
အမေသည် ရှေ့သို့တဖန် တိုး၍တက်လာပြီး သူ့သား၏ မျက်နှာကို မော်ကြည့်လိုက်၏။ “ဒါ ငါ့သား” ဟူသော စိတ်ထားဖြင့် သူ၏မျက်နှာသည် ဝင့်ဝါလျက်ရှိ၏။ သူ့သားသည် အလုပ်သမား များက ရိုသေလေးစားကြသည့် သက်ကြီးရွယ်ကြီး အလုပ်သမားများအကြား၌ ရပ်လျက်ရှိ၏။ သူ့စကားကို လူတိုင်းက နားထောင်၏။ သူပြောသမျှကို သဘောတူ၏။ သူသည် အခြားအလုပ်သမားများကဲ့သို့ ဒေါသမဖြစ်၊ ကျိန်လည်း မကျိန်ဆဲ၊ ထိုကြောင့် အမေသည် ဝမ်းသာနေ၏။
ထိုအတွင်း ကျိန်ဆဲသံများ၊ ဒေါသဖြင့် ဟစ်အော်သံများသည် မိုးမွှန်၍ သွားလေ၏။ ပါဗယ် မျက်လုံးအစုံသည် တစုံတခုကို ရှာဖွေနေသကဲ့သို့ သူ၏ပရိသတ်အတွင်းသို့ လှည့်လည် ကြည့်လျက် ရှိ၏။ ထိုနောက်...
“ကဲ၊ ကိုယ်စားလှယ်တွေကို ရွေးကြပါဦး” ပြောလိုက်သောအခါ “ဆီးဇော့” ဟု အသံတသံကလည်းကောင်း “ပါဗယ်” ဟု အသံတသံကလည်းကောင်း အော်ဟစ်လိုက်၏။ ထိုနောက် အသံတသံက...
“ရိုင်ဘင်ကော့” ဟု အော်လိုက်၏။ ရုတ်တရက် လူအုပ်ထဲမှ လေသံခပ်အုပ်အုပ်နှင့် အော်သံတို့ကို ကြားရပြန်၏။
“ဟေး... သူ့ဘာသာသူ လာနေပြီဟေ့”
“ညွှန်ကြားရေးမှူးဟေ့”
လူအုပ်ကြီးက အရပ်ရှည်ရှည်၊ မျက်နှာသွယ်သွယ်၊ မုတ်ဆိတ်မွေး စုတ်ချွန်းချွန်းနှင့် လူတယောက်ကို လမ်းဖယ်ပေးနေ၏။ ထိုလူက အလုပ်သမားများကို သူ့လက်များနှင့် မထိမိအောင် သတိပြုလျက် သူ၏လက်များကို အနည်းငယ် ဝှေ့ယမ်းလျက် “ကျုပ် ရှေ့ကို သွားပါရစေ” ပြော၏။ သူ၏မျက်လုံးများကို မှေးပြီး လူတွေအပေါ်မှာ ဆရာလုပ်နေတာကြာပြီ ဟူသောသဘောဖြင့် အလုပ်သမားတို့၏ မျက်နှာများကို အကဲခတ်နေလေ၏။
အလုပ်သမားများက ခေါင်းစွပ်ဦးထုပ်များကို ချွတ်ကာ ဦးညွှတ်ကြ၏။ သူကမူ ၎င်းတို့အား ပြန်၍ ဦးမညွှတ်ဘဲ ရှေ့သို့တိုးသွား၏။ ဤကဲ့သို့ သူလာနေခိုက် အလုပ်သမားများသည် တစုံတခုကို လူကြီးများမသိအောင် လုပ်နေစဉ် လူကြီးများ မိသွားသည့် ကလေးများသဖွယ် သူတို့တတွေ ဤကဲ့သို့ လုပ်မိသည်မှာ မှားပါပြီဟူသော နောင်တမျိုးဖြင့် ပြုံးနေသူကပြုံး၊ ပါးစပ်မှ မပွင့်တပွင့် အသံများကို ရေရွတ်သူက ရေရွတ်နေကြ၊ သို့နှင့် လူအုပ်ကြီးသည် ဘာမျှ မအော်မဟစ်တော့ဘဲ ရုတ်ရုတ်သဲသဲ ဖြစ်သွားလေ၏။
သူသည် အမေ၏မျက်နှာကို တင်းမာသော မျက်နှာထားနှင့် ကြည့်ရင်း အမေ့အနားမှဖြတ်ကာ သံတိုမယ်နပုံရှေ့၌ ရပ်လိုက်၏။ လူတယောက်က သူ့အား လက်ကမ်းလိုက်၏။ သို့ရာတွင် ထိုလက်ကို မဆွဲချေ။ ထိုနောက် ခြေလှမ်းကျဲကြီးနှင့် သံတိုမယ်န ပုံပေါ်သို့ တက်ပြီး ပါဗယ်နှင့် ဆီးဇော့တို့ရှေ့၌ မားမားမတ်မတ်ရပ်ကာ၊
“ဒီလူစုလူဝေးက ဘာလူစုလူဝေးလဲ၊ ခင်ဗျားတို့တတွေက ဘာလို့ အလုပ်မလုပ်ဘဲ နေကြရတာလဲ”
လူအုပ်ကြီးသည် တခဏမျှ ငြိမ်သက်သွား၏။ အလုပ်သမားများသည် တယောက်နှင့်တယောက် ခေါင်းချင်းဆိုင်၍ တီးတိုး တီးတိုး ပြောကြ၏။ ဆီးဇော့သည် သူ၏ခေါင်းစွပ်ကို ဝှေ့လိုက်ပြီး ပခုံးများကို တွန့်ကာ ဦးခေါင်းကို ငိုက်စိုက်ချထား၏။ တဖန် ညွှန်ကြားရေးမှူးက
“ကျုပ်မေးတာကို ဖြေကြစမ်းပါ” အော်လိုက်၏။
ပါဗယ်သည် သူ့အနားသို့လာ၍ ဆီးဇော့နှင့် ရိုင်ဘင်တို့ကို လက်ညှိုးနှင့်ထိုးကာ၊ “ကျွန်တော်တို့ လုပ်ခထဲက ကိုပက်တွေကို ဖြတ်ရမယ်ဆိုတဲ့ ခင်ဗျားအမိန့်ကို ရုပ်သိမ်းဖို့ ခင်ဗျားကို လာပြောဖို့ ကျွန်တော်တို့သုံးယောက်ကို ကျွန်တော်တို့ ရဲဘော်တွေက ရွေးချယ်ထားကြတယ်” ဟု အသံကျယ်ကျယ်နှင့် ပြန်ဖြေလိုက်၏။
ညွှန်ကြားရေးမှူးက ပါဗယ်ကို မကြည့်ဘဲ
“ဘာပြုလို့လဲ” မေး၏။
“ကျွန်တော်တို့က ဒီလိုလခထဲက ဖြတ်တာကို မတရားဘူးလို့ ယူဆထားကြလို့ပဲ”
“ဒီ ရွှံ့အိုင်ထဲက ရေတွေကို ထုတ်ပစ်ဖို့၊ ငါ့ရည်ရွယ်ချက်က မင်းတို့အလုပ်သမားတွေရဲ့ နေမှုထိုင်မှုကို သည်ထက် ကောင်းမွန်လာအောင် လုပ်ဖို့ အရေးထက် မင်းတို့အလုပ်သမားတွေကို သွေးစုပ်ဖို့ လုပ်တယ်လို့များ မင်းတို့က ထင်နေကြသလား”
“ဟုတ်တယ်”
ထိုနောက် ညွှန်ကြားရေးမှူးသည် ရိုင်ဘင်ဘက်သို့ လှည့်ကာ… “မင်းကကော၊ သည်လိုပဲ ထင်တာပဲလား”
“ကျုပ်တို့အားလုံးကတော့ သည်လိုပဲ ထင်ကြတာပဲ”
တဖန် ဆီးဇော့ဘက်သို့လှည့်ပြီး “ကဲ… ကိုယ့်လူကြီးကကော”
“ကျုပ်ကလည်း သည်လိုပဲ၊ ကျုပ်တို့ ကိုပက်ပြားကို ကျုပ်တို့ပဲ သုံးချင်တာပေါ့ဗျာ”
ဆီးဇော့သည် ဦးခေါင်းတဖန်ငုံ့၍ သူ့ကိုယ်သူ မလုံသည့်အနေဖြင့် ပြုံးနေပြန်၏။
ညွှန်ကြားရေးမှူးသည် လူအုပ်ကြီးကို တဖြည်းဖြည်းကြည့်ပြီး သူ၏ပခုံးများကို တွန့်လိုက်ပြန် ၏။ ထိုနောက် သူသည် ပါဗယ်ကို စူးစူးစိုက်စိုက်ကြည့်ကာ၊
“မင်းဟာ ပညာ အတော်အတန်တတ်ဟန်တူတယ်။ အဲဒီတော့ မင်းလိုလူတယောက် ဒီလို ညွန်အိုင်ထဲက ရေတွေကို ထုတ်ပစ်လိုက်တာဟာ အလုပ်သမားတွေအတွက် အကျိုးကျေးဇူး ရှိလိမ့်မယ်ဆိုတဲ့အချက်ကို မသိဘူး၊ မမြင်ဘူးဆိုတာ ဟုတ်နိုင်ပါ့မလား” မေးရာ
ပါဗယ်က၊
“အလုပ်ရုံက အလုပ်ရုံငွေနဲ့ ဒီရေတွေကို ထုတ်ပစ်မယ်ဆိုရင်တော့ လူတိုင်းက ဒီအကျိုးကျေးဇူး တွေကို မြင်နိုင်မှာပေါ့”
အားလုံးက ကြားလောက်အောင် အသံကျယ်ကျယ်နဲ့ ပြန်ဖြေလိုက်လေ၏။
ထိုအခါ ညွှန်ကြားရေးမှူးက၊ “အေး၊ တို့အလုပ်ရုံက ဗြဟ္မစိုရ်ရအဖွဲ့ကြီး မဟုတ်ဘူးကွ” ခပ်ပြတ်ပြတ် ပြန်ပြော၍ အလုပ်သမားများဘက် ပြန်လှည့်ကာ…
“ခင်ဗျားတို့တတွေ အလုပ်ခွင် ပြန်ဝင်ကြရမယ်။ ဒါ ကျုပ်တို့အမိန့်ပဲ” ပြောပြီး မည်သူ့ကိုမျှ မကြည့်ဘဲနှင့် သံတိုမယ်နတို့ကို သေသေချာချာ ခြေထောက်ဖြင့်စမ်း၍ ဆင်းသွားလေ၏။
လူအုပ်ကြီးထဲမှ မကျေနပ်သံများ ပေါ်လာ၏။
အုပ်ချုပ်ရေးမှူးသည် ရှေ့သို့ ဆက်မသွားတော့ဘဲ ရပ်လျက်၊ “ဒီဟာက ဘာလဲ” ဟု လှမ်း၍ မေးနေပြန်၏။
ထိုအခါ ခပ်ဝေးဝေးမှ အလုပ်သမားတယောက်က “ခင်ဗျားဘာသာ ခင်ဗျား သွားလုပ်ပေါ့” ပြောလိုက်သည်။
“အေး၊ မင်းတို့တတွေ ဆယ့်ငါးမိနစ်အတွင်း အလုပ်ခွင်ကို ပြန်မဝင်ကြရင် မင်းတို့ကို ဒဏ်ရိုက်မယ်၊ အေး ဒါပဲ” ခပ်ပြတ်ပြတ် ပြော၍ လူအုပ်ထဲမှ ဖြတ်သွားလေ၏။
သို့ရာတွင် လူအုပ်ကြီးသည် အုတ်အုတ်သဲသဲ ဖြစ်ပြန်၍ သူ ဝေးသွားလေ၊ ထိုအသံကြီးသည် ကျယ်လောင်လာလေ ဖြစ်လေ၏။ ထိုအတွင်း အသံတသံက၊
“သူနဲ့ ထပ်တွေ့ပြီး ပြောစမ်းပါဦး” ဟုလည်းကောင်း၊ အခြားအသံတသံက “အဲဒါ တို့တတွေ အတွက် တရားမျှတမှုပဲကွ။ တို့ဘဝကတော့ကွာ” ဟု လည်းကောင်း ပြောနေပြန်၏။ ထိုနောက် သူတို့သည် ပါဗယ်ဘက်သို့လှည့်၍ တယောက်က
“ကဲ၊ တို့တတွေ အခု ဘာလုပ်ကြမလဲ ဓမ္မကထိကကလေး” ဟု လည်းကောင်း အခြားတယောက်ကမူ၊
“ဟင်၊ မင်းပြောလိုက်တဲ့ တရားကတော့ ကောင်းပါတယ်။ ဒါပေမဲ့ သခင်က သူ့မျက်နှာကို လှစ်ပြလိုက်တော့ ဘာဖြစ်သွားတုံး ကြည့်စမ်းပါဦး” ဟု လည်းကောင်း၊ တဖန် နောက်တယောက်က၊
“ကဲ၊ ပါဗယ်ပြောပါ။ တို့ဘာလုပ်ရမယ်ဆိုတာကို” ဟု လည်းကောင်း အသီးသီးပြောဆိုကြ၏။ အော်သံဟစ်သံများသည် ပို၍ ပြင်းထန်လာသောအခါ ပါဗယ်က၊
“ရဲဘော်တို့၊ ကျွန်တော်တို့ ကိုပက်တွေကို မဖြတ်တော့ပါဘူးလို့ ကတိမပေးမချင်း အလုပ် မဆင်းဘဲ နေကြရအောင်လို့ ကျွန်တော်ကတော့ အကြံပေးချင်တာပဲ” ပြန်ပြောလိုက်လျှင်…
“တို့ကို လူအတွေများ မှတ်နေသလားပဲ”
“အဲဒီဟာ သပိတ်မှောက်တာကွ”
“ဘာမျှ တန်ဖိုးမရှိတဲ့ ကိုပက်ကလေးက တပြား နှစ်ပြားအတွက်နဲ့”
“သပိတ်မှောက်တော့ ဘာဖြစ်ရမှာလဲ”
“သေနတ်ပစ်ခံကြမှာပေါ့”
“သူ့အဖို့ ဘယ်သူက အလုပ်ပေးမှာလဲ”
“အားတက်သရောလုပ်ပေးမယ့် လူတွေက အများကြီး”
“သပိတ်မှောက်သမားတွေကို ပြောတာလား”
စသည့် စကားတို့ကို လူအုပ်ကြီးထဲမှ လူများသည် စိတ်လိုက်မာန်ပါ တယောက်တပေါက် ဟစ်အော်နေကြလေသတည်း။
အခန်း တဆယ့်သုံး
ပါဗယ်သည် သံတိုမယ်နပုံပေါ်မှ အောက်သို့ ဆင်းပြီး အမေနှင့် ဘေးယှဉ်၍ ရပ်လိုက်၏။
လူအုပ်ကြီးသည် လှုပ်လှုပ်ရွရွ ဖြစ်လာပြီး လူတိုင်းသည် ငြင်းလိုက်ခုံလိုက်၊ အော်လိုက်ဟစ်လိုက် လုပ်နေ၏။
ရိုင်ဘင်သည် ပါဗယ်အနီးသို့လာ၍၊
“အေး၊ သူတို့ကို ဘယ်တော့မှ မင်း သပိတ်မှောက်ခိုင်းလို့ရမှာ မဟုတ်ဘူးကွ။ သူတို့တတွေဟာ လောဘကြီးတယ်။ ဒါပေမဲ့ သတ္တိကျတော့ တရွေးသားမှ ရှိကြတာ မဟုတ်ဘူး။ မင်းကို ထောက်ခံမယ့်လူက အများဆုံး သုံးရာပေါ့ကွာ။ ဒီလူစုကို တခါတည်းနဲ့ ဇိကုတ်နတ်ပြည် တင်ဖို့တော့ အခက်သားပဲ”
ပါဗယ်သည် ဘာမျှမပြောဘဲ ငြိမ်နေ၏။ လူအုပ်ကြီးသည် သူ့အား တစုံတခုကို အတင်းအကျပ် တောင်းဆိုနေသည့်အနေဖြင့် စူးစူးစိုက်စိုက် ကြည့်နေ၏။ သူ၏ ရင်များသည် ကြောက်ရွံ့ ထိတ်လန့်စွာနှင့် တဒိတ်ဒိတ် ခုန်နေ၏။ သူပြောလိုက်သည့်စကားများသည် အလွန် ပူပြင်း ခြောက်သွေ့လှသည့် မြေပြင်ပေါ်သို့ ကျလိုက်သည့် မိုးသီးမိုးပေါက်ကဲ့သို့ အရိပ်အငွေ့မျှပင် ရှာ၍မရနိုင်အောင် ပျောက်ကွယ်ကုန်ကြပြီ။
ထို့ကြောင့် သူသည် အိမ်သို့ ပင်ပန်းနွမ်းရိစွာဖြင့် ခေါင်းငိုက်စိုက်ချကာ ပြန်လာခဲ့၏။ အမေနှင့် ဆီးဇော့တို့သည် သူ့နောက်မှပါလာကြ၏။ ရိုင်ဘင်ကမူ သူနှင့် ရင်ပေါင်တန်း လမ်းလျှောက် လာပြီး တတွတ်တွတ်နှင့် ပြောနေ၏။
“မင်းစကားပြောတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ပစ်ကွင်းကို မထိဘူးကွ။ လိုရင်းကတော့ ဒါပဲ။ သူတို့အသည်းနှလုံးကို တခါတည်း ငြိသွားအောင် ပြောရမယ်။ မီးကွင်းကို အလယ်တည့်တည့် ရောက်သွားအောင် ပစ်ရမယ်။ မင်းက လူတွေကို အကျိုးအကြောင်းတွေ ပြပြီး စိတ်ထဲ စွဲသွားအောင် လုပ်လို့ မရနိုင်ဘူးကွ။ ဖိနပ်နဲ့ ခြေထောက်က မကိုက်ဘဲ ဖြစ်နေတယ်။ ဖိနပ်က သိပ်ကျဉ်းနေတယ်ကွ”
ဆီးဇော့ကမူ အမေ့အား၊
“ကျုပ်တို့လူကြီးတွေကတော့ သင်္ချိုင်းကုန်း ရောက်ခါနီးနေပြီဗျာ့။ အခုပုံစံအသစ်နဲ့ လူသစ်တွေ ပေါက်ဖွားနေကြပြီ။ ကျုပ်တို့ ခင်ဗျားတို့တတွေက ဘယ်လိုနေကြသလဲ။ ဒူးထောက်ပြီး ကျုပ်တို့ထက် အထက်တန်းကျတဲ့လူတွေကို မြေကြီးနဲ့ ခေါင်းနဲ့ ဆောင့်မိအောင် ဦးခိုက် ခိုက်နေကြရတာ။ ဒါပေမဲ့ လူတွေဟာ အသိဉာဏ်ပဲ ဝင်လာကြလို့လား၊ ဒါမှမဟုတ်ရင်လည်း ပိုပြီး မှောက်မှားချင်လို့လားဆိုတာကို ကျုပ်တော့ မပြောတတ်ဘူး။ သူတို့ဟာ ကျုပ်တို့နဲ့တော့ မတူဘူးဗျာ။ ကဲ လူငယ်တွေကို ကြည့်လေ၊ ညွှန်ကြားရေးမှူးကို သူတို့နဲ့ အဆင့်အတန်းတူလို့ပဲ ပြောကြဆိုကြတာကိုး။ အေးကွာ ပါဗယ်၊ ငါ မင်းကို နောက်တော့လာတွေ့ဦးမယ်။ အေး၊ မင်းက အများအတွက် ဒီလို မားမားမတ်မတ် ရပ်လိုက်တာကတော့ ကောင်းတယ်။ ဘုရားသခင် ကိုယ်တော်မြတ်က မင်းကို စောင့်ရှောက်တော်မူပါစေကွယ်။ ဒါပေမဲ့ မင်း ဒီအထဲက ထွက်ပေါက်တော့ ရပါလိမ့်မယ်” ဟု ပြောကာ ထွက်သွားလေ၏။
ရိုင်ဘင်က
“သွားစမ်းပါစေ၊ သွားစမ်းပါစေ။ သည်လိုဟာကြီးမျိုးတွေဟာ လူတောင်မဟုတ်ဘူးကွ၊ အလကား လူရွှံ့ပျော့တွေ၊ ဘာမျှ အသုံးချလို့ရတာ မဟုတ်ဘူး။ မင်းကို ကိုယ်စားလှယ်အဖြစ်နဲ့ ရွေးဖို့ အော်လိုက်တဲ့လူတွေကို သတိပြုမိရဲ့လား။ မင်းကို ဆိုရှယ်လစ်တယောက်ပဲ၊ လူတွေကို ဒုက္ခပေးနေတဲ့လူပဲ၊ ဘာပဲ ညာပဲလို့ ဝါဒဖြန့်နေကြတဲ့ လူတွေပဲကွ။ သူတို့က မင်းကို ‘ဒီအကောင်တော့ သေနတ်ပစ်ခံရရော၊ အဲဒါမှ ဒင်းနဲ့ ထိုက်တန်တဲ့ အပြစ်တဲ့’ လို့ ဝမ်းတွင်းက ကျိတ်ပြီး သဘောကျနေတဲ့ လူတွေပဲ” ပြောရာ ပါဗယ်က
“သူတို့အမြင်နဲ့ဆိုတော့ သူတို့ သိပ်မှန်တယ်ပေါ့ကွာ” ဟု ပြန်ပြောလေ၏။
“အေး ဝံပုလွေတွေဟာ ဇာတ်တူသား ဝံပုလွေအချင်းချင်း ကိုက်ကြ၊ ခဲကြ၊ သတ်ကြ၊ ဖြတ်ကြတာ မှန်တာပေါ့ကွာ”
ရိုင်ဘင်၏မျက်နှာသည် ညိုမည်းနေ၍ သူ့လေသံကလည်း သူ စိတ်ပျက်နေကြောင်းကို ပေါ်လွင်စေ၏။
“လူတွေက အဆန်မပါတဲ့စကားလုံးတွေကို နားမထောင်ချင်ကြဘူးခင်ဗျာ့။ ကျွန်တော့်တို့ ကိုယ်တိုင် ဒုက္ခဆင်းရဲတွေကို ခံပြရမယ်။ ကျွန်တော်တို့ စကားတွေကို ကျွန်တော်တို့ သွေးတွေနဲ့ စိမ်ပြမှဖြစ်မယ်”
တနေ့လုံးလုံး ပါဗယ်သည် ညှိုးညှိုးနွမ်းနွမ်း သုန်သုန်မှုန်မှုန်ဖြင့် ဟိုဟိုဒီဒီ လျှောက်သွားနေ၏။ အကြီးအကျယ် စိတ်မချမ်းမသာလည်း ဖြစ်နေ၏။ မျက်လုံးများကလည်း နီနေပြီး တစုံတခုကို ရှာဖွေနေဟန်ရှိ၏။
အမေသည် သူ့ကို အကဲခတ်မိသဖြင့် “ဘာဖြစ်တာလဲသားရယ်” ဟု စိတ်ညှိုးနွမ်းစွာ မေးလေရာ ပါဗယ်က၊
“ကျွန်တော် ခေါင်းကိုက်လို့ပါ အမေ”
“ဒါဖြင့် တုံးလုံးလှဲနေလေ၊ အမေ ဆရာဝန် ခေါ်လိုက်မယ်”
“အို အမေကလည်း နေပါစေ။ ဒီလောက်တောင်လည်း မဟုတ်ပါဘူး” ဟု ပြန်ပြောပြီး လေသံတိုးတိုးနှင့်၊
“ကျွန်တော်က ငယ်လည်း ငယ်လွန်းတယ်။ နုလည်း နုနယ်သေးတယ်။ အဲဒါဟာ ဒုက္ခပဲ။ သူတို့က ကျွန်တော်ကို မယုံကြဘူး။ ကျွန်တော်ပြောတဲ့အရေးကို သူတို့က လက်မခံကြဘူး။ အဲဒါ ကျွန်တော်ဟာ သူတို့ နားလည်အောင်၊ သဘောပေါက်အောင် မပြောတတ်တာဘဲ။ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုပြန်ပြီး မုန်းလာတယ်၊ ရွံလာတယ် အမေ”
အမေသည် သူ၏ငိုင်နေသည့် မျက်နှာကိုကြည့်ပြီး သူစိတ်ချမ်းသာလာအောင်၊ “ခဏလေးတော့ စောင့်ဦးပေါ့။ ကနေ့ သူတို့နားမလည်တာကို နက်ဖြန်ကျတော့ နားလည်လာကြမှာပေါ့” အားပေးစကား ပြောလိုက်၏။ ထိုအခါ ပါဗယ်က၊
“သူတို့ဟာ နားလည်လာကြရမယ် အမေ” ဟု အော်ဟစ်လိုက်၏။
“မင်းမှန်တယ်ဆိုတာကိုတော့ အမေတောင် သိတာပဲ” ပါဗယ်သည် အမေ့ထံသို့သွား၍၊
“အမေဟာ သိပ်ချစ်စရာကောင်းတာပဲ”ဟု ပြောကာ တဖက်သို့ လှည့်သွားလေ၏။
အမေသည် သူ့သား၏ ခင်မင်ယုယသည့်စကားတို့ကို အလွန်သဘောကျလျက် ပါဗယ်အနားမှ ခွာသွား၏။
ထိုနေ့ည အမေက အိပ်ပျော်နေပြီး ပါဗယ်က အိပ်ရာထဲ၌လှဲ၍ စာဖတ်နေစဉ် စစ်ပုလိပ်များ လာကြ၍ တအိမ်လုံး အထက်ထပ်နှင့် ခြံထဲပါ ဒေါသတကြီး လိုက်လံ ရှာဖွေကြ၏။ မျက်နှာ ဝါဝါဖန့်ဖန့်နှင့် အရာရှိသည် ပထမအကြိမ်ကဲ့သို့ပင် မုန်းတီးစရာကောင်းအောင် ခနဲ့တဲ့တဲ့ လုပ်၏။ စိတ်ထဲ၌ မခံချိမခံသာဖြစ်အောင် ပြောင်၏။ သရော်၏။ အမေသည် ထောင့်တထောင့် ထဲ၌ ထိုင်ကာ သူ့သား၏ မျက်နှာကိုသာ အာရုံစိုက်၍ ကြည့်နေ၏။ ပါဗယ်သည် သူ့စိတ်ထဲ၌ မည်မျှ ဒေါသဖြစ်နေသည်ကို မနည်းဖုံးကွယ်၍ ထားရ၏။ သို့ရာတွင် အရာရှိက ခနဲ့တဲ့တဲ့နှင့် ရယ်လိုက်သောအခါ လက်သီးတပြင်ပြင်နှင့် ဖြစ်နေ၏။ အမေသည် သူ့အခြေအနေကို ကောင်းစွာ သိ၏။ သူလည်း ပထမအကြိမ်ကကဲ့သို့ ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိ။ သူသည် ညအချိန်မတော် သူ့အိမ်သို့ ရှာဖွေနေကြသည့် စစ်ပုလိပ်တို့ကို အမုန်းတီးကြီး မုန်းတီးလျက်ရှိရာ ကြောက်စိတ် များပင် ခန်းကုန်လေသည်။ ပါဗယ်က အမေအား၊ “သူတို့ ကျွန်တော့်ကို ခေါ်သွားကြလိမ့်မယ်” ဟု တိုးတိုးပြောလိုက်လျှင် အမေက၊
“အမေ သိပါပြီကွယ်” ဟု ဦးခေါင်းကိုညွှတ်ကာ တိုးတိုးပင် ပြန်ပြောလေ၏။
ထိုနေ့က အလုပ်သမားများအား သူပြောလိုက်သည့်စကားများကြောင့် သူ့ကို ထောင်ချကြ လိမ့်မည်ဟု အမေသည် သိ၏။ သို့ရာတွင် လူတိုင်းက သူပြောလိုက်သည့်အချက်တို့ကို သဘောတူ၏။ ထို့ကြောင့် သူတို့က သူ့ကို ကာကွယ်ကြမည်ဖြစ်ရာ သူ့ကို ကြာရှည် ထောင်ထဲ၌ ထည့်ထားဝံ့မည် မဟုတ်ချေ။
အမေသည် သူ့သားကို အားပါးတရ ဖက်၍ ငိုပစ်လိုက်၏။ သို့ရာတွင် ပုလိပ်အရာရှိသည် သူ့အနားတွင် ရပ်လျက် သူ့ကို ဂရုစိုက်၍ ကြည့်နေ၏။ နှုတ်ခမ်းများကိုလည်း မဲ့လိုက် ရွဲ့လိုက် လုပ်နေ၏။ သူ့သားအတွက်နှင့် သူ့အား မျက်ရည်ခံထိုးပြီး တောင်းပန်တိုးလျှိုးရမည် ဟူသောသဘောဖြင့် အမေ့အား ကြည့်နေဟန်ရှိ၏။ ထိုနောက် အမေသည် သူ့စိတ်ကို တင်းနိုင်သမျှ တင်းကာ သူ့သား၏လက်ကို ဆုပ်ကိုင်လျက် လေသံ တိုးတိုးနှင့် ဖြည်းညင်းစွာ၊
“အေး၊ သွားဦးတော့ သားရယ်။ မင်းလိုတာကော အကုန်ယူပြီးပြီလား” ဟု မေးလိုက်၏။
“ဟုတ်ကဲ့၊ ယူပြီးပါပြီ အမေ။ အမေ အားငယ်မနေပါနဲ့”
“အေးကွယ်၊ ဘုရားသခင်ကိုယ်တော်မြတ်က သားကို စောင့်ရှောက်ပါစေ”
စစ်ပုလိပ်များက ပါဗယ်ကို ခေါ်သွားကြပြီးနောက် အမေသည် ခုံရှည်တခုပေါ်၌ ထိုင်ကာ တိုးတိုးငိုနေလေ၏။ သူ့ခင်ပွန်းရှိစဉ်က ထိုင်သကဲ့သို့ ထရံကို ကျောပေး၍ ထိုင်ပြီး သူ၏ ခိုကိုးရာမဲ့၊ အားကိုးရာမဲ့အဖြစ်ကို စဉ်းစားမိရင်း ပရိဒေဝ သောကမီးသည် ထိန်ညီးစွာ တောက်လောင်လျက် နေတော့၏။ အမေသည် ဦးခေါင်းကို နောက်သို့ မော့ကာ သူ့ရင်တွင်းမှ သားအတွက် ခံစားနေရသည့် စိတ္တဇဝေဒနာ အဟုန်ရှိသမျှဖြင့် အောချကာ ငိုလိုက်ပြန်၏။ သို့ငိုနေရင်း နှုတ်ခမ်းမွေးက သေးသေး၊ ပီတိရောင်ဖြင့် တောက်ပြောင်နေပြီး တမင် မှေးထားသည့် မျက်လုံးများဖြင့် မျက်နှာဖုံးနှင့်တူလှသည့် ပုလိပ်အရာရှိ၏ ဝါဖန့်ဖန့်မျက်နှာသည် မကြာခဏ အမေ၏အာရုံထဲ၌ ပေါ်ပေါ်လာ၏။ တရားမျှတမှုကို ရှာရုံမျှဖြင့် မိခင်တို့၏ သားများကို အတင်းဖမ်းဆီး ချုပ်နှောင်ကြသူတို့အား ခါးခါးသီးသီး မုန်းတီးရွံရှာသည့် မုန်းတီးမှုသည် အမေ၏ ရင်ထဲ၌ အဆောက်အအုံ တည်လာလေတော့၏။
ရာသီဥတုသည် အေးမြ၍ မိုးသည်လည်း ပြတင်းပေါက်ကို ရိုက်ခတ်လျက်ရှိ၏။ လက်တံရှည်ကြီးများ၊ မျက်လုံးမပါသည့် မျက်နှာနီကြီးများနှင့် မည်းမှောင်မှောင် သဏ္ဌာန်များသည် သူ၏အိမ်ပတ်ဝန်းကျင်၌ ကင်းများ စောင့်နေဘိသကဲ့သို့ လမ်းလျှောက်လျက် နေကြသည်ဟု အမေသည် ထင်မှတ်နေလေ၏။
“အင်း၊ ငါ့ကိုပါ ဖမ်းသွားကြရင် ကောင်းမှာပဲ” ဟုလည်း အောက်မေ့မိ၏။
ထိုအတွင်း အလုပ်သမားတို့အား အလုပ်ခွင်သို့ ဆင်းကြရန် ဆင့်ခေါ်သည့်အနေဖြင့် အလုပ်ရုံမှ ဥဩမှုတ်လေ၏။ ဥသြသံသည် ထိုနေ့နံနက်က ခါတိုင်းနှင့်မတူ တိမ်နေ၏။ ကြမ်းတမ်း၏။ တုန်တုန်ယင်ယင် ဖြစ်နေ၏။
မကြာမီ တံခါးပွင့်လာပြီး ရိုင်ဘင် ဝင်လာလေ၏။ ထို့နောက် သူ့မုတ်ဆိတ်မွေးမှ မိုးရေများကို လက်ဖဝါးဖြင့်သုတ်လျက်၊ “သူတို့ သူ့ကို ခေါ်သွားကြသလား” ဟု မေးရာ အမေက သက်ပြင်းတချက်ချကာ
“အေး၊ ခေါ်သွားကြတယ် လောင်မီးကျတွေက” ပြန်ပြောလိုက်လျှင် ရိုင်ဘင်က တချက်လောက် ရယ်လိုက်ပြီး၊
“ဒီလိုဖြစ်လိမ့်မယ်လို့ အစကတည်းက မျှော်လင့်သားပဲ။ ကျွန်တော့်အိမ်ကိုလည်း သူတို့ ရှာကြသေးတယ်။ တွေ့သမျှ မြင်သမျှကို လက်နဲ့ လိုက်စမ်းကြပြီး ကျိန်လိုက် ဆဲလိုက်တာလည်း လွန်ရောပဲ။ ဒါပေမဲ့ အန္တရာယ်တော့ နည်းနည်းပဲ ပေးပါတယ်။ ညွှန်ကြားရေးမှူးက မျက်စပစ်တော့ စစ်ပုလိပ်က ခေါင်းညိတ်လိုက်တာပေါ့။ ဒါနဲ့ ပါဗယ် ပါသွားတာပဲ။ ကျွန်တော်တို့တတွေ အလုပ်အတူတူ လုပ်ခဲ့ရတာကတော့ ကောင်းပါတယ်။ ဒီလုပ်ငန်းပိုင်ရှင်နဲ့ ပုလိပ်တွေဟာ တကျိတ်တည်း တဉာဏ်တည်းပဲ။ တယောက်က လူတွေကို မလှုပ်နိုင်အောင် ချိုကို ကိုင်ပေးပြီး တယောက်က လူတွေကို ဖြူသွားအောင် သွေးစုပ်တော့တာပဲ” ဟု ပြောရာ အမေက မတ်တတ်ရပ်ကာ၊
“မင်းက ပါဗယ်အတွက် မားမားမတ်မတ် ရပ်သင့်တယ်” ဟု အော်ပြီး တဖန်ဆက်၍
“သူ လုပ်တာဟာ လူတိုင်းအတွက်ပါ” ဟု ဆို၏။
“မားမားမတ်မတ် ရပ်သင့်တဲ့လူက ဘယ်သူလဲ”
“လူတိုင်းပဲ”
“ဟင့်အင်း၊ အဲဒါက ခင်ဗျားစိတ်ထဲမှာ ရှိတာပေါ့။ ဒါပေမဲ့ ဒါမျိုးက ဘယ်တော့မှဖြစ်မှာ မဟုတ်ဘူးဗျာ့”
ထို့နောက် ရိုင်ဘင်သည် ရယ်၍ ထွက်သွား၏။ သူ၏ မျှော်လင့်ချက် ကင်းမဲ့သည့် စကားတို့ကြောင့် အမေ့မှာ စိတ်မချမ်းမသာ ပို၍ ဖြစ်နေခဲ့ရ၏။
‘အင်း၊ ငါ့သားကိုများ သူတို့က ရိုက်ကြ ညှဉ်းပန်းကြမယ်ဆိုရင်တော့ အခက်ပဲ’ တယောက်တည်း ညည်းတွားနေမိ၏။
အမေသည် သားကို သူတို့က ဝိုင်း၍ ရိုက်ကြသဖြင့် သူ့တကိုယ်လုံး သွေးရဲရဲသံရဲရဲနှင့် ဖူးဖူးရောင်ကာ ညိုမည်းနေသည်ဟု သူ့စိတ်ထဲတွင် မြင်ယောင်လာ၏။ ထို့ကြောင့် သူ့အသည်းနှလုံးသည် ဆွဲ၍ အလှုပ်ခံလိုက်ရဘိသကဲ့သို့ နာကျင်သွား၏။ ငိုရဖန်များသဖြင့် သူ့မျက်လုံးများသည်လည်း ကျိန်းနေပြီ။
ထိုနေ့က သူသည် လက်ဖက်ရည်လည်း မဖျော်၊ ညစာလည်း မစားချေ။ အတော်ကလေး ညည့်နက်မှ ပေါင်မုန့်ကလေး နည်းနည်းစားလိုက်၏။ ညအိပ်ရာဝင်သောအခါ သူ့ဘဝတွင် တခါမျှ မကြုံဖူးအောင် ဟာတာတာလည်း ဖြစ်နေမိ၏။ စိတ်လည်း အပျက်ကြီး ပျက်နေ၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက တစုံတခု သူတို့အတွက် ကောင်းတာ ထင်ထင်ရှားရှား ဖြစ်လာလိမ့်မည်ဟု အမြဲတမ်း မျှော်မှန်းခဲ့၏။ အများအတွက် ကောင်းသော်လည်း အန္တရာယ် ထူပြောလှသည့် ဘဝမျိုးနှင့် ပတ်သက်၍ တာဝန်ရှိနေသော သူ့သား၏ စိတ်ဓာတ်တက်ကြွ လှသည့်မျက်နှာကို တဖက်မှ ကြည့်နေရင်း အခြားတဖက်မှလည်း ပျော်ပျော်ပါးပါး၊ ဆူဆူညံညံ နှင့် ငြင်းကြခုံကြ၊ ပြောကြဆိုကြသည့် လူငယ်များအကြား၌ နေခဲ့ရ၏။ ယခုမူ သူ့သားလည်း မရှိတော့ပြီ။ သူ့သား၏ ရဲဘော်ရဲဘက်များ ဖြစ်ကြသည့် ထိုလူငယ်များကိုလည်း မတွေ့ရတော့ပြီ တကား။
အခန်း တဆယ့်လေး
နောက်တနေ့ည၌လည်း အမေသည် တမှေးမျှ မှိတ်မရ။ ညကလည်း ပို၍ ကုန်ခဲ၏။ ထိုထက် နေ့အချိန်က ပို၍ ရှည်လျားနေပြန်၏။ ထိုနေ့ နေ့အချိန်တွင် သူ့ဆီသို့ တယောက်ယောက် လာလိမ့်မည်ဟု စောင့်မျှော်နေခဲ့၏။ သို့ရာတွင် တယောက်မျှ ပေါ်မလာချေ။ မှောင်စပြုပြီး တဖြည်းဖြည်း ညဘက် ချင်းနင်းလာ၏။ အေးမြသည့် မိုးသည် အိမ်ထရံကို အသံ မြည်ဟည်းလျက် လာရိုက်ခတ်နေ၏။ လေသည် မီးခိုးခေါင်တိုင် အတွင်းသို့ဝင်ပြီး တဝီဝီ မြည်လျက်ရှိ၏။ ကြမ်းပြင်အောက်မှ တစုံတခုသည် လှုပ်နေ၏။ မိုးပေါက်များသည် အိမ်အမိုးပေါ်သို့ ကျ၍ မိုးပေါက်သံများနှင့် နာရီစက်သွားသံများသည် ထူးထူးခြားခြား ရောဖျက်နေတော့၏။ အိမ်တအိမ်လုံး လှုပ်လီလှုပ်လီ ယိမ်းဟန်ချီလျက် ရှိ၏။ ပရိဒေဝ သောကမီးက အိမ်တွင်း ရှိရှိသမျှ ရုပ်ဝတ္ထုတို့ကို သက်မဲ့သဘော၊ ဘာမျှ အသုံးမဝင်သည့် သဘောအဖြစ်သို့ ပြောင်းလဲဖန်ဆင်းထားပြန်၏။
ထိုအတွင်း ပြတင်းပေါက်ကို တစုံတယောက်က လာ၍ခေါက်၏။ အမေသည် မကြား။ နောက်တကြိမ် လာခေါက်မှ အမေကြား၏။ အမေသည် ဤကဲ့သို့ ခေါက်သံမျိုးကို ကြားနေကျ ဖြစ်၏။ ဤအသံမျိုးကို ကြားလျှင် မကြောက်ရုံမျှမက ဝမ်းပင်သာသွားမိ၏။ ဘာဖြစ်မည်ဟု မထင်မရှား ဝိုးတိုးဝိုးဝါး မျှော်မှန်းချက်ဖြင့် သူသည် ရုတ်တရက် ထလိုက်၏။ ထို့နောက် တဘက်ကလေးတထည်ကို ခြုံကာ တံခါးကိုသွား၍ ဖွင့်ပေးလေသည်။ ဆမွိုင်းလော့သည် အဖော်တယောက်နှင့် ဝင်လာ၏။ သူနှင့် ပါလာသူသည် သူ၏ အင်္ကျီကော်လံကို ထောင်ထားပြီး ခေါင်းစွပ်ဦးထုပ်ကိုလည်း အောက်သို့ချ၍ ဆောင်းထား၏။
ဆမွိုင်းလော့သည် မည်သို့မျှ နှုတ်ဆက်မနေဘဲ “အမေ အိပ်ပျော်နေပြီလား” ဟု မေး၏။ သူ့အသံသည် ခါတိုင်းနှင့်မတူ။ တစုံတခုကို စိုးရိမ်သံနှင့် စိတ်နှလုံး ညည်းညူသံတို့ ပါလာ၏။
အမေသည် “အိပ်မပျော်ပါဘူးကွယ်” ဟု ပြန်ဖြေပြီး သူတို့နှစ်ဦးကို မျှော်တလင့်လင့်နှင့်ကြည့်ကာ ရပ်နေလေ၏။
ဆမွိုင်းလော့နှင့် ပါလာသည့်အဖော်သည် အသက်ကို ပြင်းပြင်းရှူကာ သူ၏ ဦးထုပ်ကိုချွတ်၍ တုတ်တုတ်တိုတို လက်ကို ရှေ့သို့ကမ်းလျက်၊
“အိုး အမေကလည်း၊ ကျွန်တော်တို့ကိုတောင် မမှတ်မိတော့ဘူးလား” ဟု မိတ်ဟောင်း ဆွေဟောင်း တယောက်သဖွယ် ရင်းရင်းနှီးနှီး နှုတ်ဆက်လေ၏။
အမေသည် ဝမ်းမြောက်ဝမ်းသာစွာ “အမလေးဟဲ့၊ ယေဂါ အိုင်ဗင်နိုဗစ် မဟုတ်လား” ဟု မေးလေရာ ထိုသူက ဓမ္မသီချင်းသည်၏ ဆံပင်မျှ ရှည်လျားသည့် ဆံပင်များနှင့် ဖုံးအုပ်လျက် ရှိသော သူ၏ခေါင်းကြီးကို ငုံ့ကာ၊
“ဟုတ်တာပေါ့ အမေရဲ့” ဟု ပြန်ဖြေလေ၏။ ယေဂါသည် တချက်မျှပြုံး၍ သူ၏ ညိုမည်းမည်း မျက်လုံးများဖြင့် အမေ့ကို ကရုဏာသက်စွာ ကြည့်နေ၏။ လည်ကုတ်က တုတ်ခိုင်၍ လက်မောင်း လက်တံများကလည်း တိုလျက်ရှိရာ သူ၏ ပုံသဏ္ဌာန်သည် ပုဝိုင်းဝိုင်းနှင့် ရေနွေးကျိုသည့်အိုးနှင့် တူလှ၏။ သူ့မျက်နှာသည် တောက်ပြောင်လျက်ရှိ၏။ အသက်ကို ပြင်းပြင်းရှူလျက် ရှိရာ သူ၏ရင်တွင်းမှ တစီစီမြည်လျက်ရှိ၏။
အမေက ယေဂါအား၊
“ငါ အဝတ်လဲနေတုန်း ဟိုဘက်ခန်းထဲ ခဏသွားနေပါဦး” ဟု ပြောရာ၊ ဆမွိုင်းလော့က အမေ့ကို မျက်မှောင်ကြုတ်၍ ကြည့်ပြီး၊
“ကျွန်တော်တို့ အမေ့ကို မေးစရာရှိလို့ပါ” ဟု အရေးတကြီး ပြောလေ၏။ ယေဂါသည် တဖက်ခန်းထဲသို့ ဝင်သွားပြီး ထိုအခန်းထဲမှပင်၊
‘ကနေ့မနက်ပဲ နစ်ကိုလိုင် ထောင်ထဲက လွတ်ပါတယ် အမေ၊ ပြီးတော့’ ဟု ပြောနေစဉ် အမေက၊
“ဟယ် သူ ထောင်ကျတာ ငါမသိလိုက်ဘူးဟဲ့” ဟု ကြားဖြတ်၍ ဝင်ပြောလေ၏။
“အို နှစ်လနဲ့ တဆယ့်တရက်တောင်ကြာခဲ့တယ်။ ယူကရိန်းသားကို သူ ဟိုအထဲမှာ တွေ့ခဲ့လို့ အမေ့ကိုတောင် ယူကရိန်းသားက အမှတ်ရကြောင်း ပြောလိုက်သေးတယ်။ ပါဗယ်ကိုလည်း တွေ့ခဲ့တယ်။ သူကလည်း အမေ ဘာမျှ စိတ်မပူပါနဲ့တဲ့။ သူက သူ အခုလုပ်နေတဲ့ လမ်းစဉ်ကို လိုက်တဲ့လူတိုင်း ထောင်ထဲမှာ လာလာပြီး အနားယူရလိမ့်မယ်တဲ့။ ဒါက ကျွန်တော်တို့ရဲ့ အလုပ်ရှင် သခင်များက စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန် အာမခံထားတာတဲ့။ ကဲ အခု ကျွန်တော် အမေ့ကို လုပ်ငန်းနဲ့ ပတ်သက်လို့ ပြောတော့မယ်။ မနေ့ကလူတွေ ဘယ်လောက်များ အဖမ်းခံရတယ်ဆိုတာကို အမေ သိရဲ့လား”
“ဟင်၊ ဘာပြုလို့လဲ၊ ပါဗယ်အပြင် တခြားဘယ်သူ့ကိုများ ဖမ်းသေးလို့တုံး” ဟု ပျာပျာသလဲ မေးလိုက်ရာ ယေဂါက၊
“ပါဗယ်အပြင် ဖမ်းထားတာ ၄၈ ယောက်တောင် ရှိသေးတယ်။ သူတို့က နောက်ထပ် တကျိပ်ကျော်ကျော်လောက် ဖမ်းလိမ့်ဦးမယ် အမေ။ ဟောဒီလူငယ်တောင် ဖမ်းလိမ့်ဦးမယ်” ဟု ဆမွိုင်းလော့ကို မေးငေါ့၍ပြရင်း ပြောလိုက်၏။ ဆမွိုင်းလော့ကလည်း မျက်နှာခပ်သိုးသိုးနှင့်၊
“ဟုတ်တယ်၊ ကျွန်တော့်ကိုလည်း ဖမ်းမှာပဲ” ဟု ဝင်၍ ပြော၏။ ဤစကားများကို ကြားရသဖြင့် အမေသည် အသက်ရှူဖြောင့်သွား၏။
“အင်း၊ ငါ့သားတော့ ဟိုမှာ တယောက်တည်း မဟုတ်ဘူးဟဲ့” ဟူသောအတွေးသည် သူ၏ဦးခေါင်းထဲသို့ ရုတ်ခြည်းဝင်လာလေ၏။
ထိုနောက် အမေသည် အဝတ်များကိုလဲပြီး အပြင်ခန်း၌ ဧည့်သည်များနှင့် သွား၍ထိုင်လျက် သူတို့အား ပြုံးပြုံးရွှင်ရွှင်နှင့် ကြည့်ကာ၊
“ဒီလောက်ထိအောင် လူတွေများများကြီးကို ဖမ်းထားရင် လူတွေကို ထောင်ထဲမှာ ကြာရှည် သူတို့ထားလိမ့်မယ်တော့ မထင်ဘူး” ဟု ပြောရာ ယေဂါက၊
“အမှန်ကတော့ သူတို့ကြာရှည်ထားမှာ မဟုတ်ဘူး၊ ဒီကိစ္စမှာ သူတို့စီမံကိန်းကို ကျွန်တော်တို့က ဖျက်နိုင်ရင် သူတို့တတွေဟာ အမြီးတွေကုပ်ပြီး နောက်ဆုတ်ဖို့ပဲ ရှိတယ်။ လိုရင်းအချက်ကတော့ ကျွန်တော်တို့ စာရွက်စာတမ်းတွေကို အရင်တုန်းကလို မဝေဘဲ ရပ်ပစ်လိုက်မယ်ဆိုရင် စစ်ပုလိပ်တွေက ဒါကို အကွက်ကောင်း ယူပြီးတော့ ပါဗယ်နဲ့ အချုပ်အနှောင် ခံနေကြရတဲ့ ကျွန်တော်တို့ရဲ့တကယ်တော်တဲ့ ရဲဘော်တွေအပေါ်မှာ အပြစ်ချကြလိမ့်မယ်” ဟု ပြောလိုက်လျှင် အမေက ထိတ်ထိတ်ပျာပျာနှင့်၊
“မင်းပြောတာက ဘယ်လို” ဟု မေးလေ၏။ ယေဂါက တည်ငြိမ်စွာဖြင့်၊
“ဒါက အရှင်းသားကလား အမေ၊ တခါတရံ စစ်ပုလိပ်တွေကတောင် စဉ်းစားတတ်တာပေါ့။ ကဲ၊ အမေပဲ စဉ်းစားကြည့်လေ။ ပါဗယ်ကို မဖမ်းခင်တုန်းက စာရွက်စာတမ်းတွေကို ဖြန့်ချိတာ တွေ့ရတယ်။ သူ့ကိုလည်း ဖမ်းလိုက်ရော စာရွက်စာတမ်းဆိုလို့ တရွက်မျှ မမြင်ရတော့ဘူးဆိုရင် အင်း၊ ဧကန္တ ဒီစာရွက်စာတမ်းတွေကို ဝေတဲ့လူဟာ ပါဗယ်ပဲလို့ တွက်ကြမှာပေါ့။ ကျွန်တော် ပြောတာ မဟုတ်ဘူးလား။ ကဲ၊ အဲဒီတော့ ပါဗယ် ထောင်ထဲမှာရှိတုန်း စာရွက်စာတမ်းတွေကို ထပ်ထပ်ပြီး တွေ့နေရင် ဟိုလူ့ကိုဖမ်း ဒီလူ့ကိုဖမ်းနဲ့ လျှောက်ဖမ်းကြလိမ့်မယ်။ စစ်ပုလိပ်တွေဟာ ဒီလိုအကျင့်မျိုး ရှိတယ်။ နောက်ဆုံး ကလေးပေါက်စတွေနဲ့ အိုမင်းမစွမ်းတွေပဲ ကျန်တော့မယ်” ဟု ရှင်းပြလိုက်၏။
အမေက ဝမ်းနည်းစွာ၊
“အမေ နားလည်ပါတယ်။ ဒါပေမဲ့ အဲဒါကို တို့တတွေက ဘာတတ်နိုင်မှာလဲ” လို့ ဟု ပြန်ပြောရာ ဆမွိုင်းလော့က မီးဖိုခန်းထဲမှနေ၍
“သူတို့တတွေ ဖမ်းတာ လူကုန်သလောက် ရှိသွားပြီ။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ အရေးတော်ပုံအတွက်သာ မဟုတ်ဘဲ ကျွန်တော်တို့ ရဲဘော်တွေကိုပါ ကယ်ဆယ်ရအောင် ကျွန်တော်တို့အလုပ်ကို ဆက်လုပ်ကြရလိမ့်မယ်” ဟု ဝင်ပြော၏။ ယေဂါက တချက်လောက် ရယ်ပြီး၊
“အေး၊ အလုပ်လုပ်မယ့် လူတယောက်မျှ မရှိဘူး။ ကျွန်တော်တို့တတွေမှာ ပထမတန်း စာပေတွေ အမြောက်အမြား ရှိတယ်။ အကုန်လုံး ကျွန်တော်တို့ရဲ့ လက်ဖြစ်တွေချည်းပဲ။ ဒါပေမဲ့ အလုပ်ရုံထဲ အဲဒီစာတွေရောက်ဖို့က ပြဿနာတခု ဖြစ်နေတယ်” ဟု ပြော၏။
ဆမွိုင်းလော့က၊
“အလုပ်ရုံအဝင်မှာ သူတို့က လူတိုင်းကို ရှာနေကြတယ်” ဟု ပြောပြန်ရာ အမေသည် သူတို့တတွေက သူ့ထံမှ အကူအညီ လိုချင်နေပြီဟု ရိပ်မိလာ၏။ ထို့ကြောင့်၊
“အဲဒါကို ဘယ်လိုလုပ်ရင် ဖြစ်ပါ့မလဲ” ဟု အရေးတကြီး မေးလိုက်၏။ ဆမွိုင်းလော့သည် တံခါးဝတွင် ရပ်လျက်၊
“အမေ၊ ဟိုဈေးသည်မ ကော်ဆူနိုဗာနဲ့ သိသလား” ဟု ပြန်မေးရာ၊ “အေး၊ သိတာပေါ့၊ ဘာပြုလို့တုံး”
“သူနဲ့ စကားနည်းနည်း ပြောကြည့်စမ်းပါ။ သူက ဒီစာတွေကို အလုပ်ရုံထဲ သယ်သွားချင်ရင် သွားမှာပါ”
အမေက သူတို့၏ အကြံအစည်ကို သဘောမတူသဖြင့် လက်ဖြင့် ယမ်း၍ ပြလိုက်၏။ ထို့နောက်၊
“အို မဖြစ်ပါဘူးကွယ်၊ သူက သိပ်စကားများတာ။ မကြာခင် သူတို့က ဒီစာရွက်စာတမ်းတွေကို ငါ့ဆီကတဆင့် ဒီအိမ်ကရတယ်ဆိုတာကို မကြာခင် သိကုန်ကြလိမ့်မယ်” ဟု ပြောပြီး တဖန် ရုတ်တရက် စိတ်ဝင်စားလာပြီး၊
“အဲဒီစာရွက်စာတမ်းတွေကို ငါ့ကိုသာ ပေးပါ။ ငါ အလုပ်ရုံထဲကို သွင်းပေးပါမယ်။ ငါနည်းလမ်းရှာပါမယ်။ ငါ မာရီယာကို ကူညီပြီး အလုပ်လုပ်ပေးမယ်ဆိုပြီး ငါ့ကို အခေါ် ခိုင်းပါမယ်။ ငါလည်းပဲ ငါ့ထမင်းကို ငါ ဖြစ်သလို ရှာဖွေစားရမှာပဲ။ အလုပ်ရုံထဲမှာ ရောင်းဖို့ ညစာတွေကို ငါက သယ်ပေးရမှာပေါ့။ ငါ ဒါကို ဖြစ်အောင် ကြိုးစားပါမယ်” ပြောပြန်၏။ ထို့နောက် သူ၏ရင်ဘတ်ကို လက်များနှင့် နှိမ်လျက် ဘယ်သူမျှ မသိအောင် မရိပ်မိအောင် ဘာမဆို သူလုပ်ပေးပါမည်ဟု အာမခံ၍ နောက်ဆုံး နိဂုံးချုပ်အနေဖြင့် အလွန် ဝမ်းမြောက် ဝမ်းသာစွာ၊
“အေး... ပါဗယ်ရဲ့လက်တွေဟာ အကျဉ်းထောင်အပြင်ဘက် ရောက်အောင်တောင် “အေး၊ လှမ်းနိုင်တယ်ဆိုတာကို သူတို့သိစေရမပေါ့” ဟု ပြောလေ၏။
အမေက ဤကဲ့သို့ပြောလိုက်သောအခါ အမေနှင့်တကွ ယေဂါရော ဆမွိုင်းလော့ပါ သူတို့သုံးဦး အလွန်ပျော်ရွှင်သွားကြလေသည်။ ထိုနောက် ယေဂါသည် ပြုံး၍ လက်ဖဝါးချင်း ပွတ်ကာ၊
‘အမေကတော့လေ တကယ့်ကို အံ့ဩစရာကောင်းတာပဲ။ အမေ့အစီအစဉ်ဟာ ကောင်းလိုက်သမှ ပြောလို့တောင်မဖြစ်ဘူး။ အံ့ဩစရာမှ အံ့သြစရာပဲ’ ဟု ပြောလိုက်ရာ ဆမွိုင်းလော့ကလည်း လက်ဖဝါးချင်း ပွတ်လျက်၊ “ကျွန်တော်တို့ကလည်း ဒါအောင်မြင်မယ်ဆိုရင် ထောင်ကို ခြင်ထောင်လို သဘောထားပြီး ဝင်ပြလိုက်ဦးမယ်” ဟု ပြောနေပြန်၏။ တဖန် ယေဂါက၊ “အမေဟာ တို့ပြည်ထဲမှာ အချောဆုံး၊ အလှဆုံး အမျိုးသမီးပဲ” ဟု အော်လိုက်၏။
အမေကား ပြုံးနေ၏။ အကယ်၍ စာရွက်စာတမ်းများကို ဆက်လက်ပြီး အလုပ်ရုံထဲတွင် ဖြန့်ချိနိုင်က အလုပ်ရုံအုပ်ချုပ်ရေးအဖွဲ့က ဤစာရွက်စာတမ်းများအတွက် ပါဗယ်ကို ဘယ်နည်းနှင့်မျှ အပြစ်ဖို့နိုင်မည် မဟုတ်သည်ကို သူသည် ကောင်းကောင်းကြီး သိ၏။ ၎င်းပြင် သူ ယခုယူထားသည့် တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်နိုင်ကြောင်း သူ့ကိုယ်သူသိပြီး တကိုယ်လုံး ပီတိလွှမ်းသွားလေသည်။ ယေဂါက ဆမွိုင်းလော့အား၊
“ခင်ဗျား ထောင်ထဲ ပါဗယ်ဆီ သွားလည်ရင် သူဟာ တကယ့်ကို မွန်မြတ်တဲ့ အမေကောင်း တယောက်ရဲ့သားဖြစ်တယ်လို့ ပြောခဲ့ပါဦး” ဟု ပြောရာ ဆမွိုင်းလော့က ရယ်လျက်၊
“အေး၊ ကျုပ်က ပထမဆုံး သွားတွေ့မှာပါ” ဟု ပြန်၍ပြော၏။ တဖန် ယေဂါက “တကယ်လို့များ သူတို့က ဆမွိုင်းလော့ကို ထောင်မချရင် ဘယ့်နှယ်လုပ်မလဲ” ဟု မေးလျှင်၊
အမေက “ဘယ်တတ်နိုင်ပါ့မလဲ” ဟု ဖြေလိုက်၏။
ထိုနောက် ယေဂါနှင့် ဆမွိုင်းလော့တို့သည် ရယ်ကြ၏။ အမေကလည်း ဟန်ဆောင်၍ရယ်ရင်း မျက်နှာအောက်ချလျက်၊ “အင်း၊ တခြားလူရဲ့ဒုက္ခကို ကိုယ့်ဒုက္ခလို သဘောထားပြီး မြင်နိုင်ဖို့ကတော့ ခဲယဉ်းတဲ့ဟာပဲ”
“ဒါကတော့ သဘာဝပဲ”
“အမေရယ်၊ ပါဗယ်အတွက် စိတ်ဓာတ်လည်း ကျမနေပါနဲ့၊ ပူပင်သောကလည်း ဖြစ်မနေပါနဲ့၊ သူ ထောင်က ပြန်လာတော့ သာတောင် ဟန်ကျပါလိမ့်ဦးမယ်။ ထောင်ထဲမှာ လူတွေဟာ အနားကောင်းကောင်းယူရတယ်၊ ပြီးတော့ ကောင်းကောင်းလည်း လေ့လာရတယ်။ ကျွန်တော်တို့လို လူတွေက အပြင်မှာ နေရတဲ့အခါ အနားယူဖို့၊ လေ့လာဖို့ အခွင့်အရေး မရဘူး။ ကျွန်တော် ထောင်ကျတာ သုံးခါရှိပြီ။ လွတ်လာတိုင်း၊ လွတ်လာတိုင်း အသိဉာဏ်ရော၊ စိတ်ဓာတ်ပါ တိုးတက် တိုးတက်လာတာချည်းပဲ။ ပျော်စရာ ကောင်းတယ်လို့တော့ မပြောနိုင်ဘူးပေါ့” ဟု ပြောလျှင် အမေက သူ၏ ရိုးသားသည့် မျက်နှာကို ခင်မင်ရင်းနှီးစွာ ကြည့်ရင်း၊
“အေး... မင်းတို့ အနားယူတာကတော့ ကျပ်တည်းလှတယ်” ဟု ပြောလိုက်သောအခါ လက်ညှိုးကိုထောင်ကာ၊
“ဒါနဲ့ပတ်သက်လို့ အကြောင်းထူးတခု ရှိတယ်ပေါ့။ ကဲ… ကောင်းပြီလေ။ ကျွန်တော်တို့ အစစပြဿနာတွေ ရှင်းသွားပြီ မဟုတ်လား အမေ။ မနက်ဖြန် ကျွန်တော်တို့ စာရွက်စာတမ်းတွေ ယူလာမယ်။ ပြီးတော့ ကျွန်တော်တို့ အလုပ်ကို ဆက်လုပ်ပြီး အခေတ်ခေတ်က အမှောင်ထုကို ဖြိုခွင်းလိုက်ဖို့ပဲ။ ကဲ၊ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် ကိုယ်ပြောချင်တာပြောရတဲ့အတွက်နဲ့ အမေရဲ့စိတ်ဓာတ်အတွက် သြဘာပေးကြစို့။ ကဲ၊ သွားပြီ အမေ” ဟု ယေဂါက နှုတ်ဆက်လေ၏။
ဆမွိုင်းလော့ကလည်း အမေကို လက်ဆွဲ၍ နှုတ်ဆက်ရင်း
“ကျွန်တော်ဟာ ကျွန်တော့်အမေကို ဒါမျိုးလုပ်ဖို့ ဘယ်တော့မျှ တိုက်တွန်းမှာ မဟုတ်ဘူး” ဟု ပြောရာ အမေက သူ စိတ်ချမ်းသာသွားအောင်၊
“အေး၊ သူတို့တတွေလည်း တနေ့ နားလည်လာကြမှာပေါ့” ဟု ပြန်ပြောလိုက်၏။
သူတို့နှစ်ယောက် ထွက်သွားသောအခါ အမေသည် အိမ်တံခါးကို သော့ခတ်၍ အခန်းလယ်၌ ထိုင်ပြီး ဘုရားဝတ်ပြုလေ၏။ သူ့ဘုရားရှိခိုးသံနှင့် မိုးသံသည် ရောလေ၏။ ထိုနောက် အမေသည် အသံမထွက်ဘဲ ပါဗယ်ကို အကြောင်းပြု၍ သူ ခင်မင်ရင်းနှီးလာကြသော သူများအတွက် အာရုံပြုကာ ဘုရားဆုတောင်းနေပြန်၏။ ဤလူစုသည် အမေနှင့် ရုပ်တုပ္ပားများအကြား၌ လှုပ်ရှားသွားလာနေဟန် ရှိကြလေသည်၊
နံနက်စောစောတွင် အမေသည် ဈေးသည်မ မာရီယာ ကော်ဆူနိုဗာထံသို့ သွား၍လည်လေ၏။ ဈေးသည်မသည် ခါတိုင်းကဲ့သို့ပင် ဆီချေးများ လိမ်းကျံလျက် ပါးစပ်မှ ဟောင်ဖွာ ဟောင်ဖွာနှင့် သူ့အား သနားကရုဏာဖြင့် ဆီးကြိုနှုတ်ဆက်၏။ အမေ့ပခုံးကို ပုတ်ကာ၊ “စိတ်ညစ်နေသလား” ဟု မေးပြီးနောက်
“စိတ်မပျက်ပါနဲ့ ယောက်မရယ်၊ သူ့ကို ခေါ်သွားသေးလား။ ဒါဘာဖြစ်သေးသလဲ။ ရှက်စရာ မဟုတ်ပါဘူး။ အရင်ကတော့ လူတွေကို ခိုးဝှက်လို့ ထောင်ချကြတယ်။ အခုတော့ ဒီလိုမဟုတ်ဘူး၊ လူတွေကို သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် ခုခံတိုက်ခိုက်လို့ ဖမ်းကြတယ်၊ ထောင်ချကြတယ်။ အင်း၊ ပါဗယ်က သူပြောသင့်တဲ့ စကားမပြောလို့ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ သူလုပ်တာဟာ လူတိုင်းအတွက်ပဲ။ လူတိုင်းကလည်း ဒီဟာကို သိတယ်။ ဒါကြောင့် ဒီကိစ္စအတွက် ဘာမျှ စိတ်ပူပင်နေစရာမလိုဘူး။ သူတို့တတွေဟာ ပါးစပ်ကဖွင့်ပြီး ဝန်မခံသည့်တိုင်အောင် ဘယ်ဟာ ကောင်းတယ်၊ ဘယ်ဟာ ဆိုးတယ်ဆိုတာကို လူတိုင်း သိတာချည်းပဲ။ ကျုပ်က ယောက်မကို လာတွေ့ချင်တယ်။ ဒါပေမဲ့ မအားတော့ဘူး။ တနေ့လုံးလုံး ချက်လိုက် ပြုတ်လိုက်၊ ဈေးထွက်ရောင်းလိုက်နဲ့ပဲ။ ဒါပေမဲ့ ယောက်မ မြင်တဲ့အတိုင်း သေတော့ သူတောင်းစားသေ သေရမှာပဲ။ ကျုပ်ကို ပိုးကြပန်းကြသူတွေက ကျုပ်ငွေကို လာလာဖြုန်းကြတယ်။ ပေါင်မုန့်ကို ပိုးဟပ်တွေ စားသလို တယောက်က နည်းနည်း၊ တယောက်နည်းနည်းနဲ့ ရသမျှငွေ ကုန်တော့တာပဲ။ ရူဘဲ ၁ဝ ပြားလောက် စုမိရင် လူလွန်မသား တယောက်ယောက်က ပေါက်လာပြီး ဆွဲသွားတော့တာပဲ။ အင်း၊ မိန်းမဖြစ်ရတာကတော့ တကယ့်ကို မကောင်းဘူး။ ကျုပ်ကတော့ ဘဝမှာ အေးအေးတယောက်တည်း နေချင်တာပဲ” ဟု ပြောလေ၏။
အမေကမူ သူစကားကြောရှည်နေသည်ကို ကြားဖြတ်၍ “ကျုပ်လာတာက ကျုပ်ကို တော့်အတွက် အကူအညီလိုဟာတွေကို လုပ်ပေးဖို့ အလုပ်သမားတယောက်လို သဘောထားပြီး အသုံးချစေချင်လို့ပါ” ဟု ပြောလိုက်ရာ မာရီယာက၊
“ဘာဖြစ်လို့တုံး” ဟု မေးလေ၏။ အမေက သူ့အား အကျိုးအကြောင်း ရှင်းပြသောအခါ၊
“စိတ်ချနေပါ၊ ယောက်မပြောသလို လုပ်ပါမယ်။ ယောက်မက ကျုပ်ကို ကျုပ်ယောက်ျား အန္တရာယ်က ကာကွယ်ပေးတာ မှတ်မိသေးတယ် မဟုတ်လား။ ကျုပ်ကလည်း အခု ယောက်မကို အငတ်ဘေးက ကာကွယ်ပေးရမှာပေါ့။ လူတိုင်းက ယောက်မကို အကူအညီ ပေးသင့်တယ်။ ဘာပြုလို့လဲဆိုတော့ ယောက်မသားက အားလုံးကောင်းဖို့ လုပ်ပေးလို့ အဖမ်းခံထားရတာပဲ။ လူတိုင်းက သူဟာ လူကောင်းတယောက်လို့ပြောတယ်။ အားလုံးကလည်း သူ့အတွက် ဝမ်းနည်းကြတယ်။ ကျုပ်ပြောတာယုံပါ။ အထက်က လူတွေဟာ ဒီလူတွေဖမ်းလို့ အကျိုးယုတ်မှာ သေချာတယ်။ အခုပဲ အလုပ်ရုံထဲမှာ ဘာဖြစ်နေတယ်ဆိုတာကို ကြည့်ပါ။ လုပ်ငန်းလည်း ပျက်ပြီး ခြောက်သွေ့နေပြီ။ ဒီ အထက်က လူတွေက တယောက်ယောက်ကို ဖမ်းလိုက်ရင် ငြိမ်သွားလိမ့်မယ်လို့ ထင်နေကြတယ်။ ဒါပေမဲ့ သူတို့က တကျိပ်လောက်ကို ဖမ်းလိုက်ရင် တရာလောက် ထလာတာပဲ” ဟု ပြန်ပြောလေ၏။
ထိုကဲ့သို့ ပြောဆိုပြီးနောက် နောက်တနေ့ မွန်းတည့်အချိန်၌ အမေသည် မာရီယာ၏ ထမင်းနှင့် ဟင်းနှစ်တောင်းကိုယူပြီး အလုပ်ရုံထဲသို့ လာလေ၏။ မာရီယာကိုယ်တိုင်ကမူ ဈေးထဲသို့ အရောင်းသွားလေသတည်း။
အခန်း တဆယ့်ငါး
အလုပ်သမားများသည် အမေ့ကို ရုတ်တရက် ချက်ချင်း မှတ်မိကြ၏။ သူတို့က “အမေ အလုပ်လုပ်နေတယ်ပေါ့” ပြောကာ သဘောကျသည့်အနေဖြင့် ခေါင်းညိတ်ကြ၏။
သူတို့အထဲမှ အချို့က ပါဗယ် မကြာမီ လွတ်လာလိမ့်မည်ဟု သူ့အား အခိုင်အမာ ပြောကြ၏။ အချို့က သူ့ကို သနားကြောင်း၊ သူ့အတွက် စိတ်မကောင်းကြောင်း ပြောကြ၏။ အချို့ကမူ ညွှန်ကြားရေးမှူးနှင့် စစ်ပုလိပ်များကို ကျိန်ဆဲကြ၏။ သူတို့ ကျိန်ဆဲသံကို ကြားရသောအခါ အမေကလည်း ဝမ်းထဲမှ ကျိန်ဆဲမိ၏။ ထိုအထဲ သူ့ကို မကျေနပ်သည့် မျက်နှာထားနှင့် ကြည့်ကြသူများလည်း ရှိသေး၏။ အလုပ်သမားများ လုပ်ခွင် မှတ်တမ်းစာရေး အိုင်ဆိုင်း ဆိုသူကမူ အမေ့အား၊
“ကျုပ်သာ ဒီနယ် တာဝန်ခံဖြစ်ရင် ခင်ဗျားသားကို စက်တိုင်တောင် တင်ပစ်ရဲ့ သိလား။ လူတွေကို လမ်းမှားပြတဲ့အကောင် သူ့အပြစ်နဲ့သူ ဟန်ကျသွားတာပေါ့” ဟု ဝင်ပြောလေ၏။
ဤ ဆိုးရွားယုတ်မာလှသည့် ခြိမ်းခြောက်မှုကြောင့် အမေသည် စိတ်နှလုံး ချောက်ချားသွား၏။ သို့ရာတွင် အမေသည် အိုင်ဆိုင်းကို တခွန်းမှ ပြန်မပြော၊ သူ၏ သေးနုပ်၍ မှဲ့ခြောက်များ ပေါက်ထားသော မျက်နှာကို ကြည့်ရုံသာ ကြည့်၍ ဦးခေါင်းကို ငုံ့ထားလေသည်။
အလုပ်ရုံသည် ရုတ်ရုတ်သဲသဲ ဖြစ်နေ၏။ အလုပ်သမားများသည် ဟိုတစု သည်တစု စုနေကြပြီး တီးတိုးတီးတိုး ပြောနေကြ၏။ ဖိုမင်တို့သည် စိတ်နှလုံး မသာမယာနှင့် ဟိုလူစုထဲ သွားလိုက်၊ သည်လူစုထဲ ဝင်လိုက်နှင့် လုပ်နေကြ၏။ ပြောင်လှောင် ရယ်မောသံနှင့် ကျိန်ဆဲသံတို့ကိုလည်း ကြားနေရလေသည်။
ထိုအတွင်း ပုလိပ်သားနှစ်ယောက်က ဆမွိုင်းလော့ကို အမေ့နားမှ ခေါ်သွားကြ၏။ ဆမွိုင်းလော့သည် လက်တဖက်ကို ဘောင်းဘီအိတ်ထဲ၌ နှိုက်၍ အခြားလက်တဖက်ဖြင့် ဆံပင်ကို နောက်ပြန်သပ်နေ၏။
ယောက်ျားရော၊ မိန်းမများပါ ၁၀၀ ခန့်တို့သည် ကျိန်ဆဲရင်း၊ လှောင်ရင်း၊ ပြောင်ရင်း သူတို့နောက်မှ ပါလာကြ၏။
“အင်း၊ ဆမွိုင်းလော့ကတော့ကွာ လမ်းလျှောက်ထွက် ပြန်ပြီ” ဟု အသံတသံက ပြော၏။
“ခုတလော သူတို့က တို့ကို ဂုဏ်ပြု ပြုနေကြတယ်ကွ” ဟု အခြားအသံတသံက ဆို၏။
“တို့ကိုလည်း လမ်းလျှောက်သွားရင် စောင့်ရှောက်ဖို့ ကိုယ်ရံတော်လေး ဘာလေး ပေးပါဦး” ဟု အခြားအသံတသံက ဝင်တောလိုက်ပြန်၏။ ထိုနောက် ပက်ပက်စက်စက် ကျိန်သံဆဲသံတခု ပေါ်လာ၏။
တဖန် မျက်စိတဖက်လပ်နှင့် အရပ်ရှည်ရှည် အလုပ်သမားတယောက်က... “အင်း၊ သူခိုးသူဝှက် ဖမ်းရတာက စားပေါက်စားလမ်း မတည့်တော့ လူရိုးလူကောင်းတွေကိုချည်း လျှောက်ဖမ်းနေ တော့တာပေါ့” ဟု ဝင်ပြီး မထိတထိ တွယ်လိုက်ပြန်၏။ လူအုပ်ထဲမှ အသံတသံက
“အင်း၊ လူတွေကို ညညမှ ဖမ်းတယ်ဆိုတဲ့ ဂုဏ်သိက္ခာလောက်ကိုတော့ အနည်းဆုံး ထိန်းသိမ်းလိမ့်မယ်လို့တော့ ခင်ဗျားတို့က ထင်ကြလိမ့်မယ်။ ဒါပေမဲ့ အခုတော့ ခွေးမသားတွေက နေ့ခင်းကြောင်တောင်မှာကို လူတွေကို ဆွဲနေကြပြီ” ဟု လှမ်း၍ ဆိုလိုက်ပြန်၏။
ပုလိပ်များသည် မျက်မှောင်ကြုတ်၍ ဘာမျှမသိဟန်၊ မကြားဟန်ဆောင်ကာ ခပ်သွက်သွက်က လေး ထွက်သွားကြလေ၏။ အလုပ်သမား သုံးယောက်တို့သည် အလွန် လေးလံသည့် သတ္တုပြားကြီးတချပ်ကို ထမ်းလာကြပြီး ပုလိပ်နှစ်ယောက်နှင့် တည့်တည့် ဝင်လာကာ...
“ဟေ့၊ တံငါသည်တွေ ဖယ်ကြနော်” ဟု အော်ကြ၏။
သို့ဖြတ်သွားစဉ် ဆမွိုင်းလော့က အမေအား ပြုံး၍
“ကဲ၊ ကျွန်တော်တို့သွားပြီ” ဟု လှမ်းပြီး နှုတ်ဆက်လိုက်ရာ အမေက သူ့အား ဘာမျှမပြောဘဲ ခေါင်းကို ညွှတ်လိုက်၏။ ဤကဲ့သို့ ရိုးသား၍ တည်ငြိမ်သည့် လူငယ်များ ထောင်သို့ အပြုံးမပျက် ပါပါသွားသည်ကို မြင်ရသောအခါ အမေ၏စိတ်ထဲ၌ အလွန်ထိခိုက်ပြီး မိခင်တယောက်၏ အချစ်၊ မိခင်တယောက်၏ ကရုဏာဖြင့် သူ၏ ရင်ထဲ၌ ဆို့ဆို့သွား၏။
အလုပ်ရုံမှ ပြန်လာပြီးနောက် နေကုန်သည်အထိ မာရီယာအား ကူညီလျက် သူ ပြောသည့်စကား တို့ကိုသာ နားထောင်နေလေ၏။ ညနေ တော်တော်ကလေး မိုးချုပ်မှ သူ၏ အေးမြ၍ စိတ်မချမ်းမြေ့ဖွယ်ရာ အိမ်သို့ပြန်ခဲ့၏။ အချိန်အတော်ကြာ စိတ်ချမ်းမြေ့စရာ တကွက်မျှလည်း မရှိ၊ သူ့ကိုယ်သူလည်း ဘာလုပ်ရမှန်းမသိဘဲ အိမ်ထဲ၌ ဟိုလျှောက်လိုက်၊ သည်လျှောက်လိုက် လုပ်နေလေ၏။ ညအတော်ကလေး ညဉ့်နက်လာသည့်တိုင်အောင် ယေဂါသည် သူပြောထားသည့် စာရွက်စာတမ်းများကို ယူမလာသဖြင့် စိတ်အနှောင့်အယှက် ဖြစ်နေလေ၏။
ဆောင်းနှောင်း ဆီးနှင်းလွှာတို့သည် ကျလျက်ရှိရာ ပြတင်းပေါက်မှန်များ၌ လာကပ်နေကြပြီး တဖြည်းဖြည်း အရည်ပျော်၍ လျောကျကုန်သဖြင့် ပြတင်းပေါက်မှန်ပေါ်၌ ဆီးနှင်းစီးကြောင်း များကို မြင်နေရ၏။ ဤအခါမျိုး၌ အမေသည် သူ့သားအကြောင်း ကို မစဉ်းစားဘဲ၊ မတွေးဘဲ မနေနိုင်တော့။
ထိုအတွင်း တံခါးကို ဖြည်းညင်းစွာလာ၍ ခေါက်သံကို အမေ ကြားလိုက်၏။ ထိုအသံကို ကြားလျှင်ကြားချင်း တံခါးကို ဖွင့်ပေးလိုက်သောအခါ ဆာရှာ ဝင်လာ၏။ အမေသည် သူ့ကို မတွေ့ရ မမြင်ရသည်မှာ ကြာပြီဖြစ်၍ ပထမဦးဆုံး သူသတိထားမိသည့် အချက်ကား ဆာရှာသည် အတော်ကြီး ဝလာခြင်းပင် ဖြစ်၏။
အမေသည် ဆာရှာကို နှုတ်ဆက်လိုက်၏။ အနည်းဆုံး ညအချိန် အတော်ကြာသည်အထိ တယောက်တည်းထီးထီး မနေရဘဲ အဖော်နှင့် နေရမည် ဖြစ်သဖြင့် အတော်ကလေး ဝမ်းသာမိ၏။ ထို့နောက်
“ငါ့တူမကြီး မတွေ့ရတာ တော်တော်တောင်ကြာသွားပြီ၊ တခြားများ သွားနေသလား” ဟု မေးလိုက်လျှင် ဆာရှာက ပြုံး၍၊
“ဘယ်မှမသွားပါဘူး အမေ၊ ကျွန်မ ထောင်ထဲရောက်နေတာပါ။ နစ်ကိုလိုင်နဲ့ အတူတူပေါ့၊ သူ့ကို မှတ်မိတယ်မဟုတ်လား အမေ” ဟု ပြန်၍ဖြေလိုက်၏။ ထိုအခါ အမေက၊
“အို၊ မှတ်မိတာပေါ့။ ယေဂါက မနေ့ကပဲ သူ့ကို ထောင်က လွှတ်လိုက်ပြီလို့ ပြောကြသေးတယ်၊ ဒါပေမဲ့ ငါ့တူမကြီးကို ဖမ်းထားတာ မသိလိုက်ဘူးကွယ့်။ ဘယ်သူကမှ ငါ့တူမကြီးအကြောင်းကို မပြောကြဘူး” ပြောလျှင် ဆာရှာက ဟိုဟိုဒီဒီကြည့်၍ လည်းကောင်း၊
“ဒါ အရေးမကြီးပါဘူး အမေ၊ ယေဂါမလာခင် ကျွန်မ အဝတ်တွေကို လဲလိုက်ဦးမှပဲ” ဟု ပြောလေ၏။
“ငါ့တူမလည်း တကိုယ်လုံး ရွှဲစိုနေတော့တာပဲ”
“ကျွန်မဆီမှာ စာရွက်စာတမ်းတွေ ပါလာတယ်”
အမေသည် ဝမ်းသာအားရနှင့်
“အဲဒါတွေ ထုတ်ပါဦး” ဟု ပျာယီးပျာယာ ပြောလေ၏။
ဆာရှာသည် သူ၏အင်္ကျီကြယ်သီးများကိုဖြုတ်၍ သူ့ကိုယ်မှ ခါချလိုက်သောအခါ စာရွက်စာတမ်း များသည် သစ်ရွက်များပမာ ကျလာလေ၏။ အမေသည် ထိုစာရွက်စာတမ်းများကို ကောက်ရင်း ရယ်နေလေ၏။
“အေး၊ ငါ့တူမကို မြင်လိုက်တော့ ငါ့တူမ တယ်ဝနေပါကလားလို့ အောက်မေ့နေတာ၊ အိမ်ထောင်တွေ ဘာတွေကျလို့ ကလေးတောင် ရှိနေပြီ ထင်တယ်။ အမယ်လေး ဟဲ့။ ဘယ်လောက်များ ယူလာခဲ့တာတုံးလို့၊ ဒီကို လမ်းလျှောက်ခဲ့တာပဲလား၊ ဟုတ်လား”
ဆာရှာက လမ်းလျှောက်လာခဲ့ရကြောင်း ပြန်ဖြေ၏။ သူ၏ မျက်နှာသည် ကျနေပြီး မျက်လုံးများသည် ပို၍ ပြူးလာသည်ဟု အကဲခတ်မိ၏။ မျက်စိများအောက်၌လည်း မျက်ကွင်းများ ထင်နေသည်ကို တွေ့နေရလေ၏။
အမေသည် သက်ပြင်းချကာ ခေါင်းကိုခါလျက်
“ဒီလို ထောင်က လွတ်လာခါစ အနားယူရမယ့်အစား ငါ့တူမက ဘာဖြစ်လို့ ဒါတွေကို လုပ်နေရတာလဲ” မေးလျှင် ဆာရှာသည် ခိုက်ခိုက်တုန်နေရာမှ
“ဒါက မလုပ်လို့မဖြစ်ဘူး အမေ၊ ကျွန်မကို ပါဗယ်အကြောင်း ပြောပြစမ်းပါဦး။ သူ့ကို ဖမ်းတုန်းက သူ အတော်ကလေး တုန်တုန်လှုပ်လှုပ် ဖြစ်သွားသေးသလား”
ဆာရှာသည် အမေ့အား ပြန်မေးနေသော်လည်း အမေ့ကို မကြည့်။ ခေါင်းကိုငုံ့ကာ သူ၏ ချမ်း၍တုန်နေသော လက်များနှင့် သူ့ဆံပင်ကို ကိုင်ဖြီးနေလေ၏။
“သိပ်ပြီး တုန်တုန်လှုပ်လှုပ် မဖြစ်ပါဘူး၊ သူကတော့ အားလျော့မဲ့လူ မဟုတ်ဘူးကွဲ့”
“သူ ကျန်းကျန်းမာမာပဲလား”
“တသက်လုံး တခါမှ မဖျားဖူးဘူး။ ဒါပေမဲ့ ငါ့တူမက တုန်နေတယ်။ ကဲ လက်ဖက်ရည် ဖျော်လိုက်ဦးမယ်။ ယိုကလေးနဲ့ သောက်လိုက်ပါဦး”
“အိုး၊ သောက်လိုက်ရရင်တော့ ကောင်းမှာပဲ။ သည်လိုညဉ့်နက်မှ လုပ်နေရတာ အမေ့ကို ဒုက္ခပေးသလို ဖြစ်နေတာပေါ့။ ကျွန်မဘာသာကျွန်မပဲ ဖျော်ပါ့မယ်”
အမေက သဘောမကျသည့်လေသံဖြင့်
“ငါ့တူမက ပန်းနေတာပါ” ပြောပြီး မီးဖိုထဲ၌ မီးမွှေးနေလေ၏။
ဆာရှာကလည်း မီးဖိုခန်းထဲသို့ လိုက်သွား၍ လက်နှစ်ဖက်ကို ဦးခေါင်းနောက်သို့ ပစ်လျက် ထိုင်ခုံရှည်တခုပေါ်၌ ထိုင်နေလေ၏။ ထိုနောက်
“ထောင်ထဲနေရတာက အလွန် ငြီးငွေ့စရာကောင်းတယ်။ တကယ့်ကို ဘာမျှမလုပ်ရ မကိုင်ရဘဲနဲ့ ပျင်းပျင်းရိရိ နေရတာ။ သည့်ထက်ဆိုးတာက ဘာရှိသေးတုံး။ အပြင်ဘက်မှာ လုပ်စရာ ကိုင်စရာတွေ အများကြီး ရှိနေမှန်း သိရဲ့သားနဲ့ ဟိုထောင်ထဲမှာ လှောင်အိမ်သွင်းထားတဲ့ သားကောင်ကြီးလို နေရတာဟာ” ဟု ပြောပြရာ အမေက သက်ပြင်း တချက်ချကာ၊
“အင်း၊ ဒါတွေလုပ်နေလို့ ငါ့တူမကို ဘယ်သူကများ ဆုတွေ လာဘ်တွေ ပေးမှာမို့လို့တုံး” မေးပြီးနောက်၊
“အင်း၊ ဘုရားသခင်ကိုယ်တော်မြတ်ကမှအပ ဘယ်သူကမှ ဆုတော်လာဘ်တော် ပေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါ့တူမတို့က ဘုရားသခင် ကိုယ်တော်မြတ်ကို မယုံဘူး ထင်ပါရဲ့” သူ့ဘာသာသူ ပြန်အဖြေပေးနေ၏။ ဆာရှာက ခေါင်းကို ယမ်းကာ…
“ဟင့်အင်း၊ မယုံဘူး” ခပ်တိုတို ဖြေလိုက်၏။
ထိုအခါ အမေက သူ့လက်များမှ ကျောက်မီးသွေးမှုန့်များကို ခါရင်း အလွန်ပြင်းထန်သည့် ယုံကြည်မှုဖြင့်၊
“ဒါက ဘယ့်နှယ်လုပ်ပြီး ဖြစ်နိုင်ပါ့မလဲ။ တူမက ကိုယ့်ဘာသာအယူဝါဒကိုတောင် ကိုယ်ပြန်ပြီး နားမလည်ဘဲကိုး။ ဘုရားသခင် ကိုယ်တော်မြတ်ကို မယုံကြည်ဘဲနဲ့ ဘဝမှာ ဘယ်လိုနေလို့ ရပါ့မလဲ” ပြောနေစဉ် တစုံတယောက်သည် အိမ်ဆင်ဝင် အပြင်ဘက်၌လာ၍ မတ်တတ်ရပ်ပြီး ပါးစပ်မှ မပွင့်တပွင့် စကားတခွန်းနှစ်ခွန်း ပြောသံကြားလိုက်၏။ အမေသည် လန့်သွား၏။ ဆာရှာကမူ ရုတ်တရက်ထပြီး အမေ့အား၊
“တံခါးကို မဖွင့်လိုက်နဲ့ စစ်ပုလိပ်တွေလာနေပြီ။ အမေ့ကို သူတို့ကမေးရင် ကျွန်မကို ဘယ်သူမှန်း မသိဘူးလို့ပြော။ ကျွန်မ အိမ်မှားပြီးလာတာ၊ အိမ်တံခါးဝမှာ အားပြတ်ပြီး လဲနေတယ်လို့ပြော။ အဲဒီနောက် ကျွန်မအဝတ်စိုတွေကို ချွတ်လိုက်တော့ ဒီစာရွက်စာတမ်းတွေကို တွေ့ရတယ်ပေါ့။ အဲသည်လိုပြောနော်” ပြောလေရာ အမေ၏ စိတ်နှလုံးတွင် အကြီးအကျယ် ထိခိုက်သွား၍၊ “အမလေး တူမရယ်၊ အမေဘာလို့ ဒီလိုပြောရမှာလဲ”
ထိုနောက် ဆာရှာသည် တံခါးခေါက်သံကို နားထောင်လျက် “ခဏလေးနေပါဦး အမေ၊ ဒါ ယေဂါ ဖြစ်ချင်ရင် ဖြစ်နေလိမ့်မယ်” ပြောလေ၏။
မှန်၏။ အိမ်တံခါး လာခေါက်သူမှာ ယေဂါ ဖြစ်၏။ သူ့တကိုယ်လုံး စိုနေပြီး မောနေသောကြောင့် အသက်ပင် ကောင်းကောင်းမရှူနိုင်ချေ။
“အင်း လက်ဖက်ရည်တောင် ကျိုနေပါပကော။ လက်ဖက်ရည်လောက် စိတ်ချမ်းသာစရာ ကောင်းတာတော့ ဘယ်ရှိပါ့မလဲ အမေ။ (တဖန် ဆာရှာကိုကြည့်လျက်) ဟင်၊ ဆာရှာလည်း သည်ကိုရောက်နေပါပကော” အစချီ၍ သူ၏လေးလံသော အင်္ကျီကြီးကို ချွတ်ရင်း မရပ်မနား စကားပြောနေလေ၏။
“ဒီ ကျွန်တော်တို့ ရဲဘော်အမျိုးသမီးကို ထောင်အာဏာပိုင်တွေက သဘောမကျဘူး အမေ၊ ထောင်မှူးက သူ့ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံလို့ ထောင်မှူးဟာ သူ့အပြစ် သူ ဝန်မချမချင်း၊ မတောင်းပန်မချင်း အစာငတ်ခံမယ်လို့ ရာဇသံ ပေးလိုက်တယ်။ ရာဇသံ ပေးတဲ့အတိုင်း ထောင်မှူးက မလိုက်လျောတော့ ရှစ်ရက်လုံးလုံး ဘာမျှမစားဘဲ အစာငတ် ခံလိုက်တယ်။ သူလည်း မသေရုံတမယ်ပဲ ကျန်တော့တယ်၊ တခါတည်း နုံးခွေသွားတာပဲ။ ကဲ… အမေ ဘယ့်နှယ်သဘောရတုံး၊ (ထိုနောက် အင်္ကျီအတွင်း သူ့ဗိုက်ပေါ်တွင် စာရွက်စာတမ်းများကိုကပ်၍ ယူလာသဖြင့် ဖောင်းပွနေသော သူ့ဗိုက်ကြီးကို ပြလျက်…) ကဲ .. အမေ၊ ကြည့်ပါဦး။ ကျွန်တော့် ဗိုက်ကြီးမျိုးကို မြင်ဖူးရဲ့လား” ဟု မေးနေပြန်၏။ သို့ပြောပြီးနောက် သူ၏ ရယ်စရာကောင်းသော ဗိုက်ကြီးကို လက်ဖြင့် ပွေ့လျက် တဖက်ခန်းထဲသို့ ဝင်သွား၍ တံခါးကို ပိတ်လိုက်လေ၏။ သို့ဝင်သွားသည့်တိုင်အောင် စကားကို အမျှင်မပြတ် ပြောနေလေသည်။
အမေက ကြားဖြတ်၍ ဆာရှာအား အံ့ဩစွာဖြင့် “ငါ့တူမက တကယ့်ကို ရှစ်ရက်လုံးလုံး ဘာမှ မစားဘူးလား” ဟုမေးလျှင် ဆာရှာသည် အအေးဓာတ်မပြေသေးသဖြင့် တုန်တုန်ယင်ယင်နှင့်ပင် “ကျွန်မက သူ့ကိုယ်သူ မှားပါတယ်လို့ ဝန်ခံလာအောင် လုပ်ရတာပေါ့” ပြန်ဖြေလိုက်၏။ ဆာရှာ၏ ပြင်းထန်မှုနှင့် တည်ငြိမ်မှုထဲ၌ အပြစ်တင်လိုသည့် သဘောမျိုး ပါနေသည်ကို အမေ သတိပြုမိ၏။
“အင်း… ဘယ်လို မိန်းကလေးမျိုးပါလိမ့်” စိတ်ထဲ၌ တွေးမိပြီး “တကယ်လို့ ငါ့တူမများ သေသွားရင်တော့...” ဟု ပြောလိုက်သောအခါ ဆာရှာက ဖြည်းညင်းစွာ၊
“ဘယ်တတ်နိုင်ပါ့မလဲ အမေရယ်၊ ဒါပေမဲ့ သူ ဝန်ချတောင်းပန်ရတာပဲ။ လူတွေက အခွင့်အရေး ယူတာကိုတော့ မခံနိုင်ဘူး အမေ”
“ဟင်း ယောက်ျားတွေဟာ ဒီလိုချည်းပဲ။ တို့မိန်းမသားတွေအပေါ်မှာ အခွင့်ကောင်း ယူကြတာချည်းပဲ”
ထိုအတွင်း ယေဂါသည် တဖက်ခန်းမှ တံခါးကိုဖွင့်၍ ဝင်လာပြီး၊
“အင်း၊ ကျွန်တော်ရဲ့ဝန်ထုပ်ဝန်ပိုးကြီးတော့ ကျသွားပြီလေ။ လက်ဖက်ရည် အသင့်ဖြစ်ပြီလား၊ ကျွန်တော် ယူခဲ့မယ်လေ” ပြောကာ လက်ဖက်ရည်အိုးကို ယူလာလေ၏။ တဖန်ဆက်၍
“ကျွန်တော်ရဲ့အဖေအရင်းဟာ တနေ့ကို လက်ဖက်ရည်ခွက်ပေါင်း နှစ်ဆယ်တောင် သောက်တယ်ဗျ။ ဒါပေမဲ့ အသက် ၇၃ နှစ်ထိအောင် ချမ်းချမ်းသာသာ ကျန်းကျန်းမာမာနဲ့ နေသွားတယ်။ အလေးချိန်ကလည်း ခွက် ၈၀ လောက် ရှိတယ်။ ဗော့စ်ကရီဆင် မြို့မှာ သတင်းထောက်အနေနဲ့ အလုပ်လုပ်သွားတာပေါ့ တသက်လုံး” ပြောလေရာ အမေက ပျာပျာသလဲဖြင့်
“အမယ် မင်းက ဒါဖြင့် ဘုန်းကြီးအိုင်ဗင်ရဲ့သားပေါ့”
“ဟုတ်ပါတယ်။ အမေ ဒါဖြင့်ရင် ကျွန်တော်ရဲ့အဖေကို သိတယ်ပေါ့”
“အမေကလည်း ဗော့(စ်)ကရီဆင်မြို့ကပဲကွဲ့”
“ဒါဖြင့် ကျွန်တော်တို့မြို့ကပဲပေါ့။ ဘယ်သူ့သမီးတုံး”
“မင်းတို့ရဲ့ အိမ်နီးချင်း ဆီရီဂျင်ရဲ့သမီးပေါ့ကွဲ့”
“ဪ ဒါဖြင့် ချေကျိုးနှစ်လ်ရဲ့သမီးပေါ့။ ဘယ့်နှယ်၊ ကျွန်တော် သူ့ကိုတော့ ကောင်းကောင်းကြီး သိတာပေါ့။ သူက ကျွန်တော့် နားရွက်ကို ခဏခဏ ဆွဲနေတာပေါ့ဗျ”
ထို့နောက် အမေနှင့် ယေဂါတို့သည် တယောက်နှင့်တယောက် မျက်နှာချင်းဆိုင်ကာ ရပ်နေကြပြီး တယောက်နှင့်တယောက် ဟိုအကြောင်းဒီအကြောင်း ရှေးဟောင်းနှောင်းဖြစ်တို့ကို မေးမြန်း ပြောဆိုနေကြ၏။ ဆာရှာကမူ လက်ဖက်ရည်ကျိုရင်း ပြုံးနေလေ၏။ အမေသည် ယေဂါနှင့် စကားလက်ဆုံကျနေသဖြင့် ဖန်ခွက်သံများကြားမှပင် သူ့ဧည့်သည်များအား လက်ဖက်ရည် တိုက်ရန် သတိရလာလေတော့၏။
“အမယ်လေးဟဲ့၊ ငါကလည်း ဘာကိုမျှ သတိမရတော့ဘူး။ အင်း ကိုယ့်ရပ်ကိုယ့်ရွာကလူကို တွေ့လိုက်ရတော့ ကိုယ်လုပ်မယ့်အလုပ်ကို မေ့လျော့နေတော့တာပေါ့”
“ကျွန်မ အမေ့ကို ဘာမျှ မပြောဘဲနဲ့ တခါတည်း ကိုယ့်အိမ်ကိုယ့်ရွာလိုပဲ ပိုင်စိုးပိုင်နင်း လုပ်မိတာပါ။ ဒါပေမဲ့ အခု ၁၁ နာရီတောင် ထိုးနေပြီ။ ကျွန်မ သွားစရာခရီးက တော်တော် ဝေးသေးတယ်”
“ဘယ်သွားမှာလဲ ငါ့တူမက၊ မြို့ကိုလား” ဟု အမေက အံ့သြစွာ မေးလိုက်၏။
“ဟုတ်တယ် အမေ”
“ဒါပေမဲ့ ငါ့တူမက ဘာလို့ သွားရမှာတုံး။ ဒီလောက်မှောင်ပြီး စိုစိုစွတ်စွတ်ကြီးထဲမှာ။ ပြီးတော့ ငါ့တူမလည်း အလွန်မောပန်း နွမ်းရိနေတဲ့ဟာ။ ဒီမှာပဲ ညအိပ်ဦးပေါ့။ ယေဂါက မီးဖိုခန်းထဲမှာ အိပ်ပြီး တို့နှစ်ယောက်က ဒီမှာအိပ်ကြတာပေါ့”
ထိုအခါ ယေဂါက
“သူက မသွားမဖြစ်ဘူး အမေ၊ သူတို့က သူ ဒီမှာရှိတယ်ဆိုတာကို သိနေကြတယ်။ နက်ဖြန် သူ့ကို ဒီမှာတွေ့နေလို့ မဖြစ်ဘူး” ဟု ဝင်၍ထောက်လိုက်၏။
“ဒါပေမဲ့ သူ ဘယ့်နှယ်လုပ်ပြီး သွားလို့ဖြစ်ပါမလဲ။ တကတည်း တယောက်တည်း ညကြီးမင်းကြီး အချိန်မတော်”
တဖန် ယေဂါက
“တယောက်တည်း ဟုတ်လား အမေ” ဟု ဆိုကာ ရယ်နေပြန်၏။ ဆာရှာသည် လက်ဖက်ရည်ကို ဖန်ခွက်တခွက်ထဲသို့ ငှဲ့၍ ပေါင်မုန့်မည်းမည်းတချပ်ကို ဆားနှင့် တို့ပြီး အမေ့ကို ကြည့်ရင်း စဉ်းစားခန်းထုတ်ကာ စားသောက်နေလေ၏။
“ငါ့တူမရယ်၊ နာတာရှာရယ်ဟာ ဒီလိုပဲ ညအချိန်မတော် တယောက်တည်း သွားလိုက် လာလိုက်နဲ့။ အမေကတော့ ကြောက်တယ်”
“သူလည်း ကြောက်ပါတယ်၊ ကြောက်တယ် မဟုတ်လား ဆာရှာ” ဟု ယေဂါက မေးလိုက်၏။
“အမှန်တော့ ကျွန်မလည်း ကြောက်တာပေါ့”
အမေသည် ဆာရှာနှင့် ယေဂါတို့ကိုကြည့်ပြီး
“အေး၊ မင်းတို့တတွေကတော့ တကယ့်ကို ပြင်းထန်ကြတာကိုး” ဟု အံ့သြတကြီး ပြောလေ၏။
လက်ဖက်ရည်သောက်ပြီးနောက် ဆာရှာသည် ယေဂါ၏လက်ကို အသာဆွဲကိုင်၍ နှုတ်ဆက်ကာ မီးဖိုခန်းထဲသို့ ဝင်သွားလေ၏။ အမေလည်း သူ့နောက်မှ လိုက်သွားလေ၏။
“အမေ ပါဗယ်ကို တွေ့ရင် ကျွန်မက သတိရတဲ့အကြောင်း ပြောပြလိုက်ပါ။ မမေ့နဲ့နော်”
ဆာရှာသည် တံခါးလက်လှည့်ကို ကိုင်လျက် အမေ့ဘက်သို့ ရုတ်တရက်လှည့်ပြီး၊
“အမေ့ကို ကျွန်မ တခါလောက် နမ်းချင်တယ်” ဟု ပြောရာ အမေက ရှေ့သို့ ကိုယ်ကိုကိုင်းလျက် ဆာရှာကိုဖက်ပြီး အလွန်ခင်မင်စွာနှင့် နမ်းလိုက်၏။
ဆာရှာက “ကျေးဇူးတင်ပါတယ် အမေ” ဟု ပြော၍ ဦးခေါင်းကို တချက်ညိတ်ပြီး ထွက်သွားလေ၏။
အမေသည် အခန်းထဲသို့ ပြန်ဝင်ပြီး ပြတင်းပေါက်မှ အိမ်အပြင်သို့ စိုးရိမ်တကြီး ကြည့်နေလေ၏။ ဆီးနှင်းလိပ်များသည် မှောင်ထဲ၌ တဖွဲဖွဲကျလျက် ရှိလေသည်။ ယေဂါက “အမေ ပရိုဇိုရော့တို့ အိမ်သားစုတွေကိုကော အမှတ်ရသေးသလား” ဟု မေးပြန်၏။
သူသည် ခြေထောက်များကို ကားထိုင်လျက် လက်ဖက်ရည်ကို မှုတ်နေလေ၏။ သူ့မျက်နှာသည် နီ၍ လက်ဖက်ရည်ငွေ့ဖြင့် သန်းနေ၏။ ဝမ်းထဲမှ ကျေနပ်နေ၏။ အမေက “အို မှတ်မိတာပေါ့” ဟု ပြန်ဖြေလိုက်၏။ သူသည် တခုခုကို စဉ်းစားရင်း စားပွဲခုံဘက်သို့ ခပ်မှီမှီကလေး ထိုင်နေရင်း ယေဂါကိုလည်း ဝမ်းနည်းစွာ ကြည့်နေ၏။ ထို့နောက် “အင်း ဆာရှာ၊ ဆာရှာ။ မြို့ကို ဘယ်လိုရောက်အောင် သွားပါ့မလဲ” ဟု ညည်းညူနေမိ၏။
ယေဂါက
“သူကတော့ ပင်ပန်းလှရော့မယ်။ ထောင်ထဲနေရလို့ သူ့အတွက် ဘာမျှမကောင်းခဲ့ဘူး၊ အရင်က တော်တော်ကို သန်မာတယ်။ ဒါတင်မကဘူး၊ သူက အေးအေးချမ်းချမ်း ဇိမ်နဲ့ နေရမယ့် ဘဝမျိုးမှာ နေရမယ့် လူတန်းစားထဲက ဖြစ်တယ်။ အဆုတ်နာများတောင် ဖြစ်နေဟန်တူတယ် အမေ” ဟု ပြောလိုက်သောအခါ အမေက
“သူက ဘယ်သူလဲ” ဟု မေးလိုက်၏။
“ကျေးလက်တောပိုင်းက လူကုံထံ ပိုက်ဆံရှိတယောက်ရဲ့သမီးပေါ့။ သူကတော့ သူ့အဖေဟာ အလွန်လောဘကြီးတဲ့ လူတယောက်တဲ့။ သူတို့ လက်ထပ်ချင်တာကိုကော အမေ သိရဲ့လား”
“ဘယ်သူတွေလဲ”
“သူနဲ့ ပါဗယ်ပေါ့။ ဒါပေမဲ့ အမေသိတဲ့အတိုင်း မအောင်မြင်ပါဘူး။ ဘာပြုလို့လဲဆိုတော့ ပါဗယ်က အပြင်ရောက်နေရင် သူက ထောင်ထဲ ရောက်နေပြီ။ သူက ထောင်ပြင်ရောက်နေရင် ပါဗယ်က ထောင်ထဲရောက်နေရော။ ဒီလိုနဲ့ တလှည့်စီ ဖြစ်နေတော့တာကိုး”
အမေက တခဏလောက် ဘာမျှမပြောဘဲ ငြိမ်နေပြီးနောက် “အမေ မသိဘူးကွယ့်။ ပါဗယ်က အမေ့ကို ဘယ်တော့မျှ သူ့အကြောင်း မပြောဘူး”
အမေသည် ယခုမှ ဆာရှာအတွက် ဝမ်းနည်းသည်ထက် နည်းလာပြီး ယေဂါဘက်သို့ သဘောမကျသည့်အနေနှင့် လှည့်လျက်
“ဒါနဲ့ဘာပြုလို့ မင်းက သူ့ကို အိမ်မှာ ခဏ ခေါ်မထားနိုင်တာတုံး”
“ကျွန်တော်ကလည်း မခေါ်နိုင်ဘူး။ ဒီအလုပ်သမားရပ်ကွက်ထဲမှာ ကျွန်တော့်မှာ လုပ်စရာ အလုပ်တွေကို အလွန်များတယ်။ မနက်စောစောကစပြီး ဟိုပြေးလိုက် သည်လွှားလိုက် လုပ်နေရတာ။ ကျွန်တော်လို ရင်ကျပ်ကျပ်နေတဲ့ လူအတွက် မလွယ်လှဘူးပေါ့”
“သူ တကယ်ကောင်းတဲ့ မိန်းကလေးတယောက်ကွယ့်”
အမေသည် ယေဂါပြောလိုက်သည့် ဆာရှာနှင့် ပါဗယ်တို့အကြောင်းကိုသာ စဉ်းစားနေမိ၏။ သူတို့နှစ်ယောက်အကြောင်းကို သူ့သားဆီက မကြားရ၊ မသိရဘဲ အခြား ဘေးလူက ပြောမှ သိရသည့်အတွက် စိတ်ထဲ၌ နာကြည်းမိ၏။ ထို့ကြောင့် သူသည် မျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းများကို ကိုက်နေလေ၏။
“ဟုတ်ပါတယ်။ အမေ သူ့အတွက် စိတ်မကောင်းဖြစ်နေတာကို ကျွန်တော် သိပါတယ်။ အဲဒါ ဘာမှအဓိပ္ပာယ်မရှိဘူး၊ ကျွန်တော်တို့ သူပုန်တွေ အားလုံးအတွက် အမေ စိတ်ဆင်းရဲနေမယ် ဆိုရင် အမေ့အသည်းဟာ ကြေမွသွားဖို့ပဲရှိတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်တို့အထဲက တယောက်မျှ သက်သက်သာသာ နေနိုင်တာ မဟုတ်ဘူး။ ကျွန်တော့် ရဲဘော်တယောက်ဟာ မကြာသေးမီကဘဲ ပြည်နှင်ဒဏ် အပေးခံရာက ပြန်ရောက်တယ်။ သူ နစ်ဇ်နီနော့ဗ်ရော့မြို့ကို ရောက်တော့ သူ့ဇနီးနဲ့ ကလေးက သူ့ကိုစောင့်ရင်း ဆမိုလင့်မြို့ကို ရောက်နေကြတယ်။ ဒါပေမဲ့ သူ ဆမိုလင့်မြို့ကို ရောက်တော့ သူတို့က မော်စကိုမြို့ ထောင်ထဲမှာ ရောက်နေကြတယ်။ အခု သူ့မိန်းမ ဆိုက်ဘေးရီးယားကို ရောက်နေတယ်။ ကျွန်တော်လည်းပဲ အရင်တုန်းက မိန်းမနဲ့ပဲ။ ဒါပေမဲ့ ကျွန်တော့်မိန်းမက အံ့သြစရာကောင်းတယ်။ အခုနက ဘဝမျိုးမှာ ငါးနှစ်လောက်လည်း နေရရော၊ တခါတည်း ဆုံးတော့တာပဲဗျာ”
ယေဂါသည် သူ၏လက်ဖက်ရည်ကို တကျိုက်နှင့် အကုန်သောက်လိုက်ပြီး သူ ထောင်ထဲတွင် နေခဲ့ရသည့်ဘဝနှင့် ပြည်နှင်ဒဏ်ခံခဲ့ရသည့်ဘဝများ၊ ထောင်ထဲတွင် အရိုက်နှက်ခံခဲ့ရပုံနှင့် ဆိုက်ဘေးရီးယားတွင် အစာရေစာ ငတ်ပြတ်ခဲ့ပုံများကို ဆက်၍ ပြောနေပြန်၏။ အမေသည် သူ့ကိုကြည့်၍ ဤမျှ နှိပ်စက်ညှဉ်းပန်းမှုမျိုးစုံ ဒုက္ခဆင်းရဲမှု မျိုးစုံတို့နှင့် ပွန်းတီးလျက်ရှိသည့် သူ့ဘဝအကြောင်းကို ရိုးရိုးရှင်းရှင်းဖြင့် ပြောနေသည်ကို အံ့သြနေမိလေ၏။ ထိုနောက် သူက၊
“ကဲ၊ ကျွန်တော်တို့လုပ်ငန်းနဲ့ ပတ်သက်လို့ ဆွေးနွေးကြဦးစို့” ပြောလိုက်ရာ သူ့အသံသည် ပြောင်းလဲသွား၍ သူ၏မျက်နှာသည်လည်း ပို၍တည်လာလေ၏။ အမေ့အား စာရွက်စာတမ်း များကို အလုပ်ရုံအတွင်းသို့ မည်သို့မည်ပုံ ယူဆောင်မည်က စ၍ မေးမြန်းလေရာ အမေသည် သူ၏ အသေးစိတ် ကိစ္စများမှအစ သိမြင်နားလည်နေသည်ကို တွေ့ရသဖြင့် အံ့အားသင့်သွား သည်။
စာရွက်စာတမ်းများ ဖြန့်ချိရမည့်ကိစ္စနှင့်ပတ်သက်၍ အားလုံးအသေးစိတ် ဆွေးနွေးကြပြီးနောက် သူတို့သည် သူတို့၏ ဇာတိမြို့အကြောင်းကို တဖန် ဆွေးနွေးကြပြန်၏ သူပြောသည့်ဆိုသည့် အသံသည် ရွှင်လန်းအားရစရာ ကောင်း၏။ သို့ရာတွင် အမေသည် သူ့အတိတ်ဘဝကို ပြန်၍ စဉ်းစားနေမိ၏။ ထိုအတိတ်ဘဝကား ထင်းရှူးပင်များ၊ နွယ်ပင် ပေါင်းပင်များ ပေါက်နေကြသည့် ရွှံ့ညွန်အိုင်နှင့် တူနေ၏။ နွယ်ပင်၊ ပေါင်းပင်များသည် အပေါက်နှေး၏။ သို့ရာတွင် ငါးနှစ်လောက် ရှိသောအခါ ဗွက်ပုပ်ထဲ၌လဲ၍ ဆွေးမြည့်ကုန်ကြပြန်၏။ ဤအဖြစ်အပျက်ကို မြင်ရသောအခါ အမေသည် ဝမ်းနည်း၍ ဆို့တက်လာ၏။ တဖန် သူ့မျက်စိထဲ၌ ပါးနပ်၍ ခေါင်းမာလှသည့် မိန်းကလေးတယောက် ဆီးနှင်းတွေ တဖွဲဖွဲကျနေသည့်အထဲ၌ တယောက်တည်း လမ်းလျှောက် နေသည်ကို မြင်နေ၏။ ထိုမိန်းကလေးကို မြင်နေရာမှ ထောင်ထဲတွင် ရောက်နေသည့် သူ့သားသည် သူ့မျက်စိထဲ၌ ပေါ်လာပြန်၏။ အင်း သူ့သားသည်လည်း အိပ်၍မပျော်သေးဘဲ အတွေး နယ်ချဲ့ချင် ချဲ့နေပေမည်။ သို့သော် သူ့အမေနှင့် ပတ်သက်၍မဟုတ်ဘဲ သူ့အမေထက် အချစ်ပိုနေသည့်သူ တယောက်ယောက်နှင့် ပတ်သက်နေပေမည်။ ဤနာကြည်းဖွယ်ရာ အတွေးတို့သည် ပျံ့လွင့်နေသည့် မိုးတိမ်များကဲ့သို့ ပေါ်လာလျက်ရှိရာ အမေ၏ အသည်း နှလုံးကို မှောင်အတိဖြင့် ဖုံးအုပ်သွားလေတော့သည်။
ထိုနောက် ယေဂါက ပြုံးလျက်၊
“ကဲ၊ အမေလည်း မောလှပြီ။ ကျွန်တော်တို့အိပ်ကြစို့” ပြောလေရာ အမေသည် သူ့ကိုနှုတ်ဆက်၍ ပြင်းထန်လှစွာသော စိတ္တဇဝေဒနာကို ခံစားလျက် မီးဖိုခန်းထဲသို့ ဝင်သွားလေသည်။
နောက်တနေ့ နံနက်စာ စားနေကြစဉ် ယေဂါက အမေ့အား၊ “တကယ်လို့များ သူတို့က အမေ့ကို မိပြီး ဒီမကောင်းဆိုးရွား စာရွက်စာတမ်းတွေကို ဘယ်ကရသလဲလို့မေးရင် အမေက ဘယ့်နှယ် ဖြေမလဲ” မေးလေ၏။
“ဒါက တော်တို့အလုပ် မဟုတ်ပါဘူးလို့ ပြောလိုက်မှာပေါ့"
“အင်း၊ အမေ့အဖြေကို သူတို့က လက်ခံကြမှာ မဟုတ်ဘူးထင်တယ်။ ဒါဟာ သူတို့အလုပ်ပဲလို့ သူတို့က တထစ်ချ ခံယူထားကြတာ။ သူတို့ အမေ့ကို တကယ့်ကို ဇွဲနပဲသန်သန်နဲ့ မရမနေ မေးကြမှာ”
“ဒါပေမဲ့ ငါကတော့ သူတို့ကို မပြောဘူး”
“အမေ့ကို ထောင်ချကြမှာတော့ သေချာတယ်”
“အဲဒီတော့ကော ဘာဖြစ်သေးတုံး။ ဘုရားသခင်ကိုယ်တော်မြတ်ရဲ့ ကျေးဇူးတော်ပေါ့။ ဒါဟာ အမေနဲ့ သင့်လျော် ထိုက်တန်တဲ့ဟာဆိုရင်လည်း” အမေက သက်ပြင်း တချက်ချ၍ ပြန်ပြောပြီးနောက်၊
“ဘယ်သူက အမေ့ကို အလိုရှိလို့လဲ၊ သူတို့က နှိပ်စက်ညှဉ်းပန်းလိမ့်မယ်လို့ မထင်ဘူး။ သူတို့က”
ဆက်ပြောသောအခါ ယေဂါက အမေအား စူးစူးစိုက်စိုက်ကြည့်လျက်၊ “ဟင်း၊ သူတို့က အမေ့ကို နှိပ်စက်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူကောင်းသူကောင်းတွေဟာ ဒီလို ထောင်တို့ တန်းတို့နဲ့ မတော်ဘူး အမေ” ထိုအခါ အမေက တချက်မျှ ရယ်လိုက်ပြီး၊
“မင်းကတော့ တကယ်ပြောတတ်တယ်ဟေ့” ယေဂါသည် ဘာမျှပြန်မပြောသေးဘဲ အခန်းထဲ၌ တခဏမျှ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေ၏။ ထိုနောက် အမေ့အနားသို့ သွားကာ၊
“ထောင်ထဲမှာနေရတာက သိပ်ကျပ်တည်းဆင်းရဲတယ် အမေ။ အမေ့အတွက် ဘယ်လောက် ကျပ်တည်းဆင်းရဲမယ်ဆိုတာကို ကျွန်တော်သိတယ် အမေ” ဟု ပြောလေရာ။
အမေက လက်ကို တချက်မျှ ယမ်းလိုက်၍၊
“အို၊ ထောင်ထဲနေရတယ်ဆိုတာကတော့ လူတိုင်းအတွက် ကျပ်တည်းဆင်းရဲတာပေါ့။ ဒါပေမဲ့ အသိဉာဏ်နဲ့ ယုံကြည်ချက်ရှိတဲ့ လူတွေအတွက်တော့ သက်သာချင် သက်သာမှာပေါ့။ လူကောင်းသူကောင်းတွေဟာ ဘာလုပ်ဖို့ ကြိုးစားနေတယ်ဆိုတာကို အမေလည်း တဖြည်းဖြည်း နားလည်လာပါပြီ” ပြန်ဖြေ၏။ ယေဂါက၊ “အမေ့ကို လူတိုင်းက အလိုရှိနေတယ် ဆိုတာကို အမေသာ သိထားမယ်ဆိုရင်တော့” ဟု စိတ်အားထက်သန်စွာ ပြောပြန်ရာ အမေသည် သူ့ကိုကြည့်၍ ပြုံးလိုက်၏။
မွန်းတည့်ချိန်လောက်၌ အမေသည် အလုပ်ရုံသို့သွားရန် အသင့်ပြင်လိုက်၏။ စာရွက်စာတမ်း များကို သူ၏အဝတ်များအောက်၌ ကျကျနန ထည့်ထားသည်ကို ယေဂါသည် အလွန် ကျေနပ်စွာ ကြည့်နေလေ၏။
“အိုး၊ ဟုတ်သမှ သိပ်ဟုတ်တာပဲ။ စာရွက်စာတမ်းတွေကို ဒီလို အထဲက ထည့်ထားလိုက်ပေမဲ့… အမေဟာ ဘာမျှပြောင်းလဲမသွားဘူး။ အရင်ကအတိုင်းပဲ၊ နည်းနည်ကလေး ဝလာသလိုလို ထင်ရတာပဲ၊ နတ်ဒေဝါအပေါင်းက အမေ့ကို ကူညီစောင့်ရှောက်ကြပါစေဗျား”
နာရီဝက်ခန့်ကြာသောအခါ အမေသည် သူ၏ အစားအစာထည့်သည့် တောင်းကြီးနှစ်လုံးကို ကုန်းနေအောင် ထမ်းလျက် အလုပ်ရုံတံခါးဝသို့ ရောက်နေလေ၏။ သူသည် ဤကဲ့သို့သော လျှို့ဝှက်လုပ်ငန်းများကို မလုပ်ကိုင်ဖူးသော်လည်း အတွေ့အကြုံ များသူကဲ့သို့ အလွန်ပိရိ တည်ငြိမ်လှ၏။ အစောင့်နှစ်ယောက်သည် အလုပ်ရုံအတွင်းသို့ ဝင်သည့်လူတိုင်းကို ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်းနှင့် ဆီး၍ ရှာဖွေစစ်ဆေးကြ၏။ သူတို့နှစ်ယောက်ကို အရှာခံရသူတိုင်းက ကျိန်ဆဲ၍ အလုပ်သမားများကလည်း လှောင်ကြ ပြောင်ကြ၏။ အဝင်ဝ တဖက်၌ စစ်ပုလိပ်တယောက်နှင့်အတူ ခြေတံရှည်ရှည်၊ မျက်နှာ နီကြမ်းကြမ်း၊ မျက်လုံးရှင်ရှင်နှင့် အစောင့်တယောက်သည် ရပ်နေ၏။ အမေသည် ထမ်းပိုးကို ပခုံးတဖက်မှ တဖက်သို့ ပြောင်းထမ်းပြီး ခြေတံရှည်ရှည် ပုလိပ်နှင့်အတူ ရပ်နေသူကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်၏။ ထိုသူသည် ပုလိပ်သူလျှို ဖြစ်ကြောင်း သိသည်။
အရပ်ရှည်ရှည်၊ ဆံပင်ကောက်ကောက်နှင့် အလုပ်သမားတယောက်ကမူ အဝတ်အစားများကို ရှာဖွေနေကြသည့် အစောင့်များအား၊
“အေး၊ မင်းတို့ ဘီလူး သဘက်တွေက တို့အိတ်တွေကို စမ်းနေကြမယ့်အစား တို့ခေါင်းတွေထဲမှာ ရှာဖို့ကောင်းတယ်ကွ” ပြောရာ အစောင့်တယောက်က၊
“မင်းတို့ခေါင်းထဲမှာ သန်းတွေပဲ ရှိမှာပေါ့” ပြန်ပြောလေ၏။
“အေးကွာ၊ သန်းပဲရှာပေါ့။ တို့တတွေကို နှောင့်ယှက်မနေပါနဲ့” ပုလိပ်သူလျှိုသည် ထိုအလုပ်သမားအား ရုတ်တရက် လှမ်းကြည့်ပြီး မုန်းတီးရွံရှာသည့်ဟန်ဖြင့် ထွီခနဲ တံတွေး တချက် ထွေးလိုက်၏။ အမေက၊
“ကဲ၊ ကျုပ်သွားပါရစေ၊ ဒီအထမ်းကြီးနဲ့ စောင့်နေလိုက်ရတာ။ တကတည်း ကျောရိုး ကျိုးတော့မတတ်ဘဲ” ဝင်၍ပြောလိုက်လျှင် အစောင့်က စိတ်မရှည်တော့သောဟန်နှင့်၊
“ကဲ ကဲ၊ သွား သွား။ ခင်ဗျားကလည်း စောင်ချမ်းပင်က မီးတကျီကျီ တကတည်း ဗျာ” ပြန်ပြောလိုက်၏။
အမေသည် သူ့နေရာသို့ရောက်လျှင် သူ၏တောင်းများကို မြေကြီးပေါ်သို့ချကာ သူ့မျက်နှာမှ ချွေးများကိုသုတ်၍ ဟိုဟိုသည်သည် ကြည့်လိုက်၏။
စက်ပြင်ဆရာများဖြစ်ကြသည့် ဂူဆက် ညီအစ်ကိုတို့သည် သူ့ထံသို့လာကြပြီး အကြီး ဗာဆီလီက မျက်မှောင်ကြုတ်လျက်၊
“မုန့်လုံးကြီး ပါသေးသလား အဒေါ်ကြီး” မေးလိုက်လျှင် အမေက၊ “နက်ဖြန်တော့ ရမှာပေါ့” ပြန်ဖြေလိုက်၏။
ဤကား အမေနှင့် သူတို့သာ နားလည်ကြသည့် စကားဝှက်ဖြစ်၏။ ဗာဆီလီနှင့် အိုင်ဗင် ညီအစ်ကို နှစ်ယောက်လုံးသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြ၏။ အိုင်ဗင်ကမူ
“အို၊ ဒါမှ အမေကွ။ တို့အမေ” အော်လိုက်၏။
ဗာဆီလီသည် ဆောင့်ကြောင့်ထိုင်၍ တောင်းထဲသို့ ငုံ့ကြည့်လိုက်၏။ သို့ ငုံ့ကြည့်ရင်း သူ့အင်္ကျီ ရင်ဘတ်ထဲသို့ စာတမ်းတထုပ်ကို ယူထည့်လိုက်၏။ တဖန် အသံခပ် ကျယ်ကျယ်ဖြင့်၊
“တို့ အိမ်မပြန်ဘဲ နေကြစို့ကွာ အိုင်ဗင်။ အဒေါ်ကြီးဆီကပဲ ညစာဝယ်စားကြတာပေါ့” ပြောလိုက်၏။ ဤကဲ့သို့ စကားဖာပြန်၏။ ထိုနောက် “အေး၊ ဈေးသည်အသစ် အဒေါ်ကြီးကို ကူရှာရမှာပေါ့ကွာ” ပြောလိုက်ရာ အိုင်ဗင်က ရယ်လျက်
“အေးပေါ့” ဆိုလေ၏။ အမေသည် ဘေးပတ်ဝန်းကျင်ကို သတိနှင့်ကြည့်၍ “စွပ်ပြုတ်ရမယ်၊ ခေါက်ဆွဲလည်းရမယ်” အော်လိုက်လေ၏။
အမေသည် စာတမ်းကို တထုပ်ပြီးတထုပ် တိတ်တိတ်ပုန်း ထုတ်ကာ ဗာဆီလီနှင့် အိုင်ဗင်တို့ လက်သို့ ပေးလိုက်၏။ အထုပ်တထုပ်ကို လှမ်း၍ ပေးလိုက်တိုင်း ပေးလိုက်တိုင်း ပုလိပ်အရာရှိ၏ ဝါဖန့်ဖန့်မျက်နှာကို သွားသွား မြင်ယောင်မိ၏။ သူ့စိတ်ထဲ၌လည်း “ဟောဒီမှာ တထုပ်ကွဲ့ ယူလိုက်ဦး။ ကဲ လာပြန်ပြီ နောက်တထုပ်ကွဲ့” ဝမ်းသာအားရနှင့် ရေရွတ်နေမိလေသည်။
အလုပ်သမားများသည် ခွက်များကို ကိုင်လာကြ၏။ အလုပ်သမားတယောက် အနားသို့ လာတိုင်း လာတိုင်း အိုင်ဗင်သည် အသံကျယ်ကျယ်နှင့် ရယ်သံပေးလိုက်၏။ ထိုအခါ အမေက စာရွက်များကို ဝှက်မြဲ ဝှက်ထားပြီး သူ့ခေါက်ဆွဲများကိုသာ ဂရုစိုက်နေ၏။
ဗာဆီလီ ညီအစ်ကိုက အမေ့အား၊ “အမေကတော့ တကယ့်ကို ပါးတယ်ဟေ့” ဟု ပြောကြ၏။ သူတို့အနားတွင် ရပ်နေသော မီးထိုးသမားတယောက်ကမူ သုန်သုန်မှုန်မှုန်နှင့်
“အင်း၊ အဒေါ်ကြီးကတော့ အလုပ် မလုပ်ရင် မဖြစ်တော့ဘူး။ ခွေးသားတွေ သူ့ကို ရှာကျွေးနေတဲ့ ကလေးကို ဖမ်းသွားသတဲ့ဗျာ။ ကဲ၊ ကျုပ်ကို ခေါက်ဆွဲ သုံးကိုပက် ပေးပါဦးဗျာ။ အမေ ဘာမျှစိတ်မပူနဲ့နော်။ ဒီလိုပဲ အထိုက်အလျောက်တော့ ဖြစ်သွားရမှာပေါ့ဗျာ” ပြောလျှင် အမေက၊
“ဒီလို အားပေးစကားပြောတာပဲ ကျေးဇူးတင်လှပါပြီ” ပြန်ပြောလေ၏။
အမေလည်း “အားပေးစကားတလုံးနှစ်လုံး ပြောရတာ ဝန်မလေးပါဘူး အမေ” ဟု ပြောကာ မီးထိုးသမားသည် ထွက်သွားလေ၏။
“စွပ်ပြုတ်ပူပူကလေးလည်း ရမယ်။ ခေါက်ဆွဲလည်း ရမယ်။ ဆန်ပြုတ်လည်း ရမယ်” ဟု အော်နေလေသည်။
ထိုအတွင်း စာရွက်စာတမ်းနှင့် ပတ်သက်၍ သူရရှိသည့် ပထမဦးဆုံး အတွေ့အကြုံကို သူ့သားအား မည်သို့မည်ပုံ ပြောရပါမည်နည်းဟု အမေသည် စဉ်းစားနေမိ၏။ တဖက်မှလည်း အကြံအိုက်၍ ဒေါသထွက်နေသည့် ပုလိပ်အရာရှိ မျက်နှာကို မြင်ယောင်နေမိ၏။ သူ၏ မည်းမှောင်သည့် နှုတ်ခမ်းနှင့် ဖြူဖွေးသည့် သွားတို့ကိုလည်း မြင်မိ၏။ အမေ၏ နှလုံးကား ဂွမ်းဆီထိသကဲ့သို့ ပီတိဖြစ်နေ၏။ သို့စာရွက်စာတမ်းများကို လျှို့ဝှက်စွာ ထုတ်ပေးလိုက်၊ အစားအစာတို့ကို တဖက်မှ ရောင်းလိုက်နှင့် အမေသည် မျက်ခုံးများကိုပင့်ကာ ပုလိပ်အရာရှိအား “ကဲ... ဒီမှာလေ ဒီဟာယူပါလား” ဟု စိတ်ကူးနှင့် ပြောနေမိလေသတည်း။
အခန်း တဆယ့်ခြောက်
ထိုနေ့ည လက်ဖက်ရည်သောက်နေစဉ်အတွင်း အမေသည် အပြင်ဘက်မှ ဖိနပ်သံနှင့် သူကြားနေကျ အသံတသံကို ကြားလိုက်ရာ ရုတ်တရက် မီးဖိုခန်းထဲမှဖြတ်၍ တံခါးဆီသို့ ပြေးလေ၏။ လှေကားထက်သို့ လျင်မြန်စွာ တက်လာသည့်အသံကို ကြားရပြီး သူ့မျက်စိထဲ၌ ဘာမျှမမြင်ရတော့ချေ။ ထိုနောက် တံခါးကိုဖွင့်၍ တံခါးလက်ကိုင်ကို ကိုင်ပြီး သူ့ကိုယ်သူ လဲမသွားအောင် ထိန်းထားရ၏။
အပြင်ဘက်မှလူသည် အိမ်ထဲသို့ဝင်လာပြီး “မင်္ဂလာပါ အမေ” ဟု နှုတ်ဆက်ကာ အမေ၏ ပခုံးနှစ်ဖက်ကို သူ၏ ရှည်လျားသေးသွယ်သည့် လက်မောင်းများနှင့် ဖက်ထားလိုက်၏။
အမေသည် သူ့ရင်တွင်းသို့ ဓားတလက် စူးဝင်သွားသကဲ့သို့ စိတ္တဇဝေဒနာ ခံစားလိုက်ရ၏။ ထိုနောက် အင်ဒရေကို မြင်သောအခါ ဝမ်းသာသွားပြန်၏။ ဤနည်းဖြင့် အမေ၏ ရင်တွင်း၌ ဝမ်းနည်းခြင်း၊ ဝမ်းမြောက်ခြင်း ဝေဒနာနှစ်ပါးသည် အလွန်ကြီးမားသည့် လှုပ်ရှားမှုကြီးတရပ် အဖြစ်ဖြင့် ပူးပေါင်းသွားရာ နောက်ဆုံး အမေ့အား မေတ္တာ ဒီလှိုင်းတခုက ဖုံးလွှမ်းသွားပြီး အင်ဒရေ၏ပခုံးပေါ်၌ မျက်နှာကို အပ်ကာ ငိုချမိလေ၏။ အင်ဒရေသည် အမေ့အား သူ၏တုန်ယင်နေသော လက်များနှင့် ဖက်ထား၏။ ထိုနောက် အမေ၏ ဆံပင်များကို လက်နှင့် သပ်ပေးရင်း
“အမေရယ် ငိုမနေပါနဲ့။ ဒါနဲ့ပတ်သက်လို့ အမေ စိတ်မချမ်းမသာ ဖြစ်မနေပါနဲ့။ သူ့ကို မကြာခင် သူတို့က လွှတ်ပစ်ရမှာ အမှန်ပဲ။ သူနဲ့ပတ်သက်လို့ ဘာမျှ အပြစ်ဖြစ်စရာ သူတို့ရှာမတွေ့ကြ ပါဘူး။ ဘယ်သူကမျှ မပြောဘူး။ ရေငုံနေကြပါတယ်” ဟု အားပေးစကားပြောနေရာ သူ၏စကားများသည် အမေ၏ နားထဲသို့ သကာရည် လောင်းလိုက်သကဲ့သို့ ရှိသွားလေ၏။
အင်ဒရေသည် အမေ၏ပခုံးများကို ဖက်ကာ အမေ့အား တဖက်ခန်းထဲသို့ ပို့လိုက်၏။ အမေကလည်း သူ့စကားကို အားပါးတရ နားထောင်လျက် မျက်ရည်များကို သုတ်ကာ လိုက်ပါသွားလေ၏။ ထိုနောက် အင်ဒရေက
“ပါဗယ်က အမေ့ကို နှုတ်ဆက်လိုက်ပါတယ် အမေ။ သူကတော့ ခါတိုင်းလိုပဲ ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ။ ထောင်ထဲမှာတော့ လူတွေတိုးကျပ်နေတာပဲ။ မြို့ကရော ကျွန်တော်တို့ အလုပ်သမားရပ်ကွက်ထဲကပါ ဖမ်းထားလိုက်တာ၊ လူပေါင်းတရာ ကျော်တယ်။ ပြီးတော့ အခန်းတခန်းထဲမှာ သုံးယောက် လေးယောက် ပိတ်ထားတယ်။ ထောင်အရာရှိတွေက လူကောင်းတွေပါ။ ဒီဘီလူးသဘက် စစ်ပုလိပ်တွေက ပေးပေးနေတဲ့ အလုပ်တွေ၊ တာဝန်တွေ ကြောင့် သူတို့တတွေလည်း ပင်ပန်းကြလှပြီ။ သူတို့တတွေက သိပ်လည်း ကျပ်ကျပ်တည်းတည်း မကိုင်ကြပါဘူး။ သူတို့က လူကြီးမင်းတို့ ငြိမ်ငြိမ်သက်သာ နေကြပါဗျာ။ နို့မို့ရင် ကျွန်တော်တို့ တတွေ ဒုက္ခရောက်ကုန်ကြလိမ့်မယ်လို့ ခဏခဏ ပြောရှာကြတယ်။ ဒါကြောင့် အစစ အဆင်ပြေပါတယ်။ ကျွန်တော်တို့တတွေဟာ စုစုပြီး စကားပြောကြတယ်။ တယောက်နဲ့ တယောက် စာအုပ်တွေ ငှားကြတယ်။ ဖတ်ကြတယ်။ အစားအစာကျတော့လည်း ဝေငှစားကြ တယ်။ ထောင်မှူးကြီးကတော့ အိုပြီး ညစ်ပတ်တယ်။ ဒါပေမဲ့ အကျဉ်းသမားတွေအပေါ်မှာတော့ သဘောကောင်းပါတယ်။ အခြားရာဇဝတ်မှုနဲ့ ခံကြရတဲ့ ထောင်ကျတွေကလည်း လူကောင်းတွေ ဖြစ်ပြီး ကျွန်တော်တို့ကို အများကြီး ကူညီကြပါတယ်။ ဘူကင်ရယ်၊ ကျွန်တော်ရယ်၊ သည့်ပြင် လူလေးယောက်ရယ်ကို လွှတ်လိုက်ပြီ။ မကြာမီ ပါဗယ်အလှည့် ရောက်တော့မယ်။ ဗက်ဆော့ရှီကော့ကိုတော့ နောက်ဆုံးမှ လွှတ်လိမ့်မယ်။ သူကတော့ သူ့ဝါသနာအတိုင်း သူတို့ကို ကျိန်လွန်း ဆဲလွန်းလို့ သူတို့အားလုံးက သူ့ကို ဝိုင်းပြီး နှိပ်စက်ညှဉ်းပန်းကြတယ်။ စစ်ပုလိပ်တွေက သူ့ကို ကြည့်လို့မရကြဘူး။ သူ့ကို ရုံးမှာ အမှုရင်လည်းတင်မယ်၊ ဒါမှမဟုတ်ရင် တနေ့နေ့ ရိုက်ကြလိမ့်မယ်။ ပါဗယ်က သူ့ကို ဒီလိုမလုပ်ပါနဲ့လို့ အမြဲတမ်း ပြောပါတယ်။ သူတို့ကို သည်လိုကျိန်လို့ဆဲလို့ သူတို့တတွေဟာ ကောင်းလာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ သင်းတို့ကို အနာဖေးခွာသလို ဒီလောကကြီးက ခွာပစ်လိုက်မယ်လို့ သူက အော်… အော်နေတယ်။ ပါဗယ်ကတော့ ကောင်းကောင်းနေတယ်၊ တည်ငြိမ်တယ်၊ အနေမှန်တယ်၊ ကျွန်တော်ကတော့ သူ့ကို သူတို့တတွေက မကြာခင် လွှတ်ပစ် လိမ့်မယ်လို့ ယုံကြည်တာပဲ” ဟု ပြောပြနေပြန်၏။
အမေသည် ကရုဏာပါသည့် အပြုံးဖြင့် ပြုံးလျက် စိတ်နှလုံး ချမ်းမြေ့စွာ “အေး … ငါကလည်း မကြာခင်ကို လွတ်လာလိမ့်မယ်လို့ ယုံကြည်ထားတာပဲ” ဟု တဖန် ပြန်၍ပြောလေ၏။
“ကဲ အားလုံးသဘောကျသွားပြီ မဟုတ်လား၊ ကျွန်တော့်ကို လက်ဖက်ရည် တခွက်လောက် ပေးပြီး အမေကော ဘာတွေ လုပ်နေတယ်ဆိုတာကို ပြောစမ်းပါဦး”
အမေသည် နူးညံ့သိမ်မွေ့ပြီး သနားကရုဏာတရားနှင့် ပြည့်ဝသည်ကို လည်းကောင်း၊ သူ၏ မျက်လုံးများတွင် မေတ္တာရောင်နှင့် ဝမ်းနည်းမှုရောင်များ သန်းလျက်နေသည်ကိုလည်းကောင်း အင်ဒရေသည် အကဲခတ်မိ၏။ အမေသည် မည်းနက်သော မုတ်ဆိတ်မွေးများ ပေါက်နေသည့် ယူကရိန်းသား၏ ပိန်ပါးပါးမျက်နှာကို သေသေချာချာ ကြည့်လျက်၊
“အင်ဒရေယူရှာ (ယူကရိန်းသား၏နာမည်) မင်းကို အမေက အခင်ဆုံးပဲ” ဟု ပြောရာ ယူကရိန်းသားသည် ကုလားထိုင်ပေါ်၌ ရှေ့တိုးနောက်ငင် ယိမ်းထိုးလျက်…
“အမေက ကျွန်တော့်ကို အများကြီးမဟုတ်ဘူး နည်းနည်းကလေးလောက် ချစ်တယ်ဆိုရင်ကို ကျွန်တော် ကျေနပ်လှပါပြီ။ အမေ ကျွန်တော့်ကို ချစ်တယ်ဆိုတာကို ကျွန်တော် သိပါတယ်။ အမေဟာ တကယ့်ကို လူတိုင်းအပေါ်မှာ မေတ္တာထားနိုင်လောက်အောင် စိတ်သဘောထား ကြီးလှပါတယ်” ဟု ပြန်ပြောလိုက်၏။
“ဒါပေမဲ့ ငါက မင်းကို ပိုပြီးခင်တယ်။ မင်းမှာသာ အမေရှိရင် လူတိုင်းက မင်းအမေကို သည်လိုသားမျိုး မွေးမှမွေးတတ်ပလေဆိုပြီး အားကျမှာ အမှန်ပဲ”
ယူကရိန်းသားသည် ခေါင်းကိုခါပြီး လက်နှစ်ဖက်ဖြင့် ပွတ်လျက် အသံနှိမ့်၍
“ကျွန်တော့်မှာလည်း တနေရာရာမှာ အမေရှိတာပေါ့” ဟု ပြန်ဖြေ၏။ တဖန် အမေက...
“ကဲ... ကနေ့ အမေ ဘာလုပ်နေသလဲ သိသလား ပြောစမ်း” ဟု မေးပြီး စာရွက်စာတမ်းများကို အလုပ်ရုံထဲသို့ သူ မည်သို့မည်ပုံ ယူဆောင်သွားပြီး တိုးတက်သည့် အလုပ်သမားများ၏ အကူအညီဖြင့် မည်သို့မည်ပုံ ဖြန့်ချိဝေငှသည်ကို အားပါးတရ ပြောပြလေ၏။
ပထမသော် ယူကရိန်းသားသည် အံ့သြစွာ မျက်လုံးများ ပြူးသွား၏။ ထို့နောက် ဟက်ဟက်ပက်ပက် ရယ်ကာ၊
“ဒါကို အထင်သေးလို့မရဘူး အမေ၊ ဒါဟာ တကယ့် အထောက်အကူပဲ၊ ပါဗယ်များသိရင် တကယ့်ကို ဝမ်းသာမှာ။ သိပ်အံ့ဩစရာကောင်းတာပဲ၊ အမေ၊ ပါဗယ်ရော လူတိုင်းကပါ တကယ်အံ့သြနေမှာ” ဟု ပြောပြလေ၏။
သို့ပြောရင်း သူ့ကိုယ်ကို ယိမ်းထိုးနေပြန်၏။ ထိုနောက် သူ့လက်ချောင်းများကို ချိုးရင်း ပျော်ပျော်ရွှင်ရွှင်ကြီး လေချွန်နေလေ၏။ အမေက “အင်ဒရေယူရှာ မင်းကတော့ တကယ် ကံကောင်းပါတယ်” ဟု အစချီကာ…
“အမေ့ဘဝကို အမေပြန်ပြီး စဉ်းစားကြည့်တဲ့အခါ အမယ်လေး ကရုဏာတော်ရှင် အရှင်ယေရှုသခင်ဘုရား၊ အမေဟာ ဘာပြုလို့ သည်လိုအသက်ရှင်နေရသလဲလို့ စဉ်းစားကြည့်တဲ့ အခါ အလုပ်ကို ပင်ပင်ပန်းပန်း လုပ်ခဲ့ရတာတို့၊ အရိုက်အနှက်ခံရတာတို့သာ တွေ့ရတယ်။ လူအများနဲ့ ပေါင်းသင်းဆက်ဆံဖို့ ဆိုတာမှာလည်း အမေ့ယောက်ျားနဲ့မှအပ ဘယ်သူနဲ့မှလည်း မသိမကျွမ်းခဲ့ဖူးဘူး။ ကြောက်ဖို့ဆိုတာအပြင် ဘာမျှလည်း မသိခဲ့ဖူးဘူး။ ဘယ်လောက် အသိဉာဏ် မဲ့ခဲ့သလဲဆိုရင် ကိုယ့်သား ပါဗယ်တောင် ဘယ်လို လူလားမြောက်လာတယ်၊ ကြီးထွားလာတယ်ဆိုတာကို မသိခဲ့မိဖူးဘူး။ အမေ့ယောက်ျား ရှိစဉ်ကတော့ ပါဗယ်ကိုတောင် အမေ ချစ်ရဲ့လား၊ မချစ်ဘူးလားဆိုတာ မပြောတတ်ဘူး။ အမေ့ယောက်ျား အဲဒီလူရိုင်းကြီးကို ‘ငါးခြောက်ဆို ဖုတ်ပြီးသားပါ ဘုရား’ ဆိုတာမျိုး ဖြစ်အောင် သူစားချင်တဲ့အစာကို ဘယ်လို ရှာကျွေးရပါ့၊ သူ သဘောကျအောင် ဘာကို လုပ်ပေးရပါ့ဆိုတဲ့ ကိစ္စတွေအတွက်ကိုသာ အချိန်ရှိသရွေ့ စဉ်းစားနေရပြီး၊ အချိန်ရှိသရွေ့ တွေးပြီး ပူပန်နေမိတော့တာပဲ။ ဒါမှ သူက အမေ့အပေါ်မှာ ဒေါသမဖြစ်မှာ၊ မရိုက်မှာ၊ မနှက်မှာပေါ့။ ပြီးတော့ တခါတလေ အမေ့အပေါ်မှာ သနားစိတ်၊ ကြင်နာစိတ် ထားနိုးနိုးနဲ့ပေါ့။ ဒါပေမဲ့ အမေဖြင့် သူက အမေ့အပေါ်မှာ သနားတာ၊ ကြင်နာတာကို တခါမှ မမှတ်မိပါဘူး။ သူက အမေ့ကို သူ့မိန်းမ မဟုတ်သလို၊ တကယ့် ရန်သူငြိုးဘက်လို သဘောထားပြီး ရိုက်ခဲ့တာပါပဲ။ အဲဒီလိုဘဝမျိုးမှာ အမေဟာ အနှစ် ၂ဝ လုံးလုံး နေခဲ့ရတာကွဲ့။ တို့ အိမ်ထောင်မကျခင်တုန်းက ဘယ်လိုလဲဆိုတာကို အမေဖြင့် မေ့တောင် မေ့နေပါပြီ။ နောက်ကြောင်းတွေကို ပြန်စဉ်းစားကြည့်ရင် ဘာမှ မှတ်မိသားမိ မရှိပါဘူး။ တကယ့် သဲကန္တာရကြီးလို ဟာလာဟင်းလင်းကြီးပဲကွဲ့။ ယေဂါလည်း ဒီမှာပဲ နေတယ်။ တို့နှစ်ယောက်ဟာ တမြို့တည်းသားချင်းပဲ၊ သူကတော့ ငယ်ငယ်က အဖြစ်အပျက် တို့ကို ပြောလိုက်တာ စုံနေတာပဲ။ အမေကတော့ တို့အိမ်နဲ့ လူတွေကိုသာ မှတ်မိတယ်။ ဒါပေမဲ့ သူတို့ ဘယ်လိုဖြစ်နေကြတယ်၊ သူတို့က ဘာပြောကြတယ်၊ သူတို့ ဘာတွေဖြစ်ကုန်ကြတယ် ဆိုတာကို မမှတ်မိဘူး။ မီး တခါလား၊ နှစ်ခါလား လောင်တာကိုပဲ သတိရမိတော့တယ်။ အို... အမေ့ဘဝကတော့ အမေ့ဝမ်းတွင်းမှာ ဘာမျှမကျန်အောင် ရိုက်ပုတ် ထုတ်ပြီး အမေ့စိတ်ထဲမှာ ဘာတခုမျှ မကျန်တော့အောင်၊ စိတ်မဝင်စားနိုင်အောင် လုပ်ထားသလိုပါပဲကွယ်” ဟု တအားအန်ချလိုက်လေ၏။
ထိုနောက် အမေသည် ရေထဲမှ ကုန်းပေါ်သို့ ပစ်တင်လိုက်သည့် ငါးသဖွယ် အသက်ကို မနည်း ကြိုးစား၍ ရှူနေလေ၏။ တဖန် ကိုယ်ကို ရှေ့သို့ကိုင်းကာ အသံကို နှိမ့်လျက်…
“အမေ့ယောက်ျားဆုံးတော့ အမေဟာ အမေရဲ့တဦးတည်းသားဘက် လှည့်တော့မယ်ဆိုပြီး လှည့်လည်းလှည့်လိုက်ပါရော သူကလည်း ဒီအလုပ်နဲ့ကို မအားတော့ဘူး။ အမေ့ကိုတောင် အရေးမစိုက်တော့ဘူး။ အဲဒါဟာ အလွန် အခံရ ကျပ်တယ်ကွဲ့၊ အမေဟာ သူ့အတွက် အစိုးရိမ်ဆုံးပဲ။ သူများ မဆိုစကောင်း တခုခုဖြစ်သွားရင် အမေ ဘယ့်နှယ်လုပ်ပြီးနေရပါ့။ အမေ ဘယ်လောက် စိတ်ဒုက္ခရောက်သွားမလဲ။ သူများ တခုခု ဖြစ်သွားရင်ဆိုတဲ့ အတွေးမျိုးကို တွေးမိတိုင်း အမေဟာ ရင်ကွဲတော့မတတ်ပါဘဲကွယ်” ဟု ပြောပြီး တခဏမျှ ရပ်သွားပြန်၏။ ထို့နောက် သူ၏ဦးခေါင်းကိုယမ်းလျက် အလွန် လေးနက်သော အမူအရာဖြင့်၊ “အမေတို့ မိန်းမသားတွေရဲ့မေတ္တာဟာ မေတ္တာသန့်သန့်တင် မဟုတ်ဘူးကွဲ့။ တို့တတွေက တို့တတွေ အကျိုးစီးပွားအတွက် လိုအပ်တဲ့ဟာကိုလည်း ချစ်တတ်၊ ခင်တတ်တယ်။ ဒါပေမဲ့ အမေက မင်းကို မြင်တဲ့အခါ မင်းအမေအတွက် စိတ်မချမ်းသာမိဘူး။ သည်လူတွေအားလုံးကို ကြည့်ပြန်တော့လည်း သူများအတွက် ဒုက္ခတွေ၊ ဆင်းရဲတွေကို ခံနေကြရတာ။ ထောင်ကျတဲ့ လူက ကျလိုက်၊ ဆိုက်ဘေးရီးယားကို ပြည်နှင်ဒဏ်ခံရတဲ့သူက ခံရလိုက်၊ မိန်းကလေးတွေက လည်း အသက်ကလေးငယ်ငယ်နဲ့ တယောက်တည်း အချိန်မတော် ရွှံ့ထဲ၊ မိုးထဲ၊ ဆီးနှင်းထဲမှာ ခရီး ၂ တိုင်ခွဲ ၃ တိုင် ဝေးတဲ့ မြို့နဲ့ တို့အိမ်ကို ကူးလိုက်ရ၊ သန်းလိုက်ရ၊ လာလိုက်ရနဲ့ လုပ်နေလိုက်ကြရတာ။ ဘာပြုလို့ဆိုတော့ သူတို့မှာ တကယ့်ကို ကြီးမားတဲ့၊ မွန်မြတ်တဲ့၊ သန့်ရှင်းတဲ့ မေတ္တာဓာတ် ရှိလို့ပဲ။ ဒါပေမဲ့ အမေကတော့ သည်လို မေတ္တာမထားတတ်ဘူး။ အမေကတော့ ကိုယ့်ဥမှ ဥထင်တာပဲ။ အမေနဲ့ နီးနီးကပ်ကပ် လူတွေကိုမှ မေတ္တာထားနိုင်တယ်” ဟု ပြောပြန်လျှင် ယူကရိန်းသားသည် ဦးခေါင်းကို တဖက်သို့လှည့်ပြီး သူ၏ဦးခေါင်း၊ ပါးနှင့် မျက်စိများကို သူ့အကျင့်အတိုင်း လက်ဝါးများဖြင့် ပွတ်ကာ...
“အမေလည်း အမေပြောသလို နီးစပ်တဲ့ လူတွေလောက်ကိုသာ ချစ်တာခင်တာ မဟုတ်ပါဘူး။ လူတိုင်းကတော့ ကိုယ့်ဥမှ ဥထင်တတ်တဲ့သဘော။ ကိုယ်နဲ့ နီးစပ်တဲ့လူကိုမှ ချစ်တတ် ခင်တတ်တဲ့ သဘောရှိတာပေါ့။ ဒါပေမဲ့ မေတ္တာဓာတ်ကြီးမားတဲ့ လူတွေကတော့ ကိုယ်နဲ့ အလှမ်းဝေးတဲ့၊ မနီးစပ်တဲ့ လူတွေအပေါ်မှာလည်း မေတ္တာဓာတ် ထားနိုင်တာပေါ့။ အမေဟာ အလွန်မွန်မြတ်ကြီးမားတဲ့ အလုပ်တွေကို လုပ်နိုင်ပါတယ်။ ဘာပြုလို့လဲဆိုတော့ အမေမှာ မိခင်မေတ္တာဓာတ် ရှိလို့ပါ” ဟု ပြန်ပြောလေ၏။
“အေး သည်မေတ္တာဓာတ်ကို ဘုရားသခင်ကိုယ်တော်မြတ်က ပေးသနားတော်မူပါစေ။ အမေက သည်လို မေတ္တာတရားနဲ့ နေရတာဟာ ကောင်းတယ်ဆိုတာသိတယ်၊ အခု မင်းကို အမေ ချစ်တယ်။ ပါဗယ်ထက်တောင် ချစ်သေးတယ်။ သူက သူ့ဘာသာသူ နေတယ်။ ကဲ... ကြည့်စမ်းပါဦး၊ သူက ဆာရှာနဲ့ လက်ထပ်ချင်တယ်။ ဒါတောင် အမေတယောက်လုံးကို သည်ကိစ္စနဲ့ ပတ်သက်လို့ တခွန်းမှမပြောဖူးဘူး”
“အဲဒါမဟုတ်ဘူး အမေ။ သည်ဟာ မဟုတ်ဘူးဆိုတာကို ကျွန်တော် ဒိဋ္ဌ သိပါတယ်၊ သူက ဆာရှာကို မေတ္တာရှိတယ်။ ဆာရှာကလည်း သူ့ကို မေတ္တာရှိတယ်။ အဲ မှန်တယ်။ ဒါပေမဲ့ သူတို့ ဘယ်တော့မှ လက်ထပ်ကြမှာ မဟုတ်ဘူး၊ ဆာရှာက လက်ထပ်ချင်တယ်။ သူက လက်မထပ်ချင်ဘူး အမေ”
အမေသည် ယူကရိန်းသား၏မျက်နှာကို ဝမ်းနည်းစွာကြည့်ပြီး လေးလေးနက်နက် တွေးတောကာ
“အမေ သိပါတယ်၊ ဒါပေါ့ လူတွေဟာ ကိုယ်ရဲ့ ချမ်းသာ ပျော်ရွှင်မှုကိုတောင် စွန့်နေကြတာဟာ” ဟု ပြောရာ ယူကရိန်းသားက ကြားဖြတ်၍၊
“ပါဗယ်လိုလူက ရှားတယ် အမေ၊ တကယ့်ကို စိတ်ဓာတ်က အလွန်ခိုင်မာတဲ့လူပဲ” ဟု ပြောလေ၏။
“အေး အခုတော့ သူက ထောင်ထဲရောက်နေပြီ။ အဲဒါဟာ ကြောက်စရာကောင်းတယ်။ ဒါပေမဲ့ သိပ်တော့ ကြောက်စရာမကောင်းဘူး။ ဘဝဟာ တမျိုးတဖုံဖြစ်လာပြီး အမေရဲ့ကြောက်စိတ်တွေ ကလည်း တမျိုးတဖုံ ဖြစ်သွားပြီ။ အခု အမေဟာ လူတိုင်းအတွက် ကြောက်ရွံ့ထိတ်လန့် နေတာပဲ။ အမေရဲ့အသိဉာဏ်က ပြောင်းလာတော့ အမေ့စိတ်ဓာတ်ကလည်း ပြောင်းလဲလာ တော့တာပေါ့။ အဲဒီလို ပြောင်းလဲလာတဲ့အခါ ကိုယ်ရေးကိုယ်တာလောက်သာ မဟုတ်ဘဲ အပြင်ပတ်ဝန်းကျင်ကိုပါ မျှော်ကြည့်လိုက်တော့ အမေဟာ ဝမ်းနည်းလာတယ်။ ဒါပေမဲ့ ဝမ်းလည်းသာတယ်။ အမေ မသိတာ၊ နားမလည်တာတွေ အများကြီးရှိတယ်။ ပြီးတော့ မင်းတို့တတွေက ဘုရားသခင် ကိုယ်တော်မြတ်ကို မယုံကြည်ကြတဲ့အတွက် အမေဟာ အလွန်ကို ဝမ်းနည်းတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ အမေ ဘာတတ်နိုင်ပါ့မလဲ။ မင်းတို့တတွေ အားလုံးဟာ တကယ် ကောင်းတယ်ဆိုတာကို အမေ သိနေတာပဲ။ မင်းတို့တတွေဟာ လူတွေအတွက် ကျပ်ကျပ်တည်းတည်း၊ ဆင်းဆင်းရဲရဲ နေကြရတယ်။ အမှန်တရားအတွက် အလွန် ခက်ခက်ခဲခဲ နေကြရတယ်။ အခု အမေဟာ မင်းတို့ရဲ့ အမှန်တရားကို နားလည်လာပြီ။ ချမ်းသာတဲ့ လူတွေရှိသမျှ ကာလပတ်လုံး ဆင်းရဲတဲ့လူတွေဟာ ဘာမျှရနိုင်မှာ မဟုတ်ဘူး။ သူတို့တတွေဟာ ဘယ်တော့မျှ ပျော်ပျော်ရွှင်ရွှင် နေကြရမှာလည်း မဟုတ်ဘူး။ တရားမျှတမှု ဆိုတာကိုလည်း ရကြမှာမဟုတ်ဘူး။ ဘာမျှကို ရကြမှာမဟုတ်ဘူး။ အခု အမေဟာ မင်းတို့တတွေနဲ့ အတူနေကြတော့ တခါတလေ ညည အတိတ်က အဖြစ်အပျက်တွေကို ပြန်စဉ်းစားမိတယ်။ အမေရဲ့နုနယ်တဲ့ခွန်အားကို ဖိနပ်အောက်မှာ အချေအမွခံရတာတွေ၊ လက်သီးဒဏ်နဲ့ အမေ့အသည်းနှလုံး တုန်ခဲ့ရတာတွေကို စဉ်းစားမိတယ်။ အဲဒီတော့ အမေဟာ ဝမ်းနည်းမိတယ်။ စိတ်လည်း အကြီးအကျယ် ညစ်မိတယ်။ ဒါပေမဲ့ အခုတော့ အမေ့ဘဝဟာ အတော်ကလေး ကောင်းလာပြီ။ တဖြည်းဖြည်း အမေဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲ၊ ဘာလဲဆိုတာကို မြင်မြင်လာပြီကွဲ့”
ယူကရိန်းသားသည် မတ်တတ်ရပ်လိုက်၏။ လေးလေးနက်နက် တွေးနေ၏။ အခန်းတွင်း၌ လမ်းလျှောက်နေ၏။ စကားတခွန်းမှမပြောဘဲ ငြိမ်နေ၏။ ထို့နောက် ဖြည်းညင်းစွာ၊
“အမေပြောတာ သိပ်ကောင်းတယ်။ တကယ့်ကို ကောင်းတယ်။ တခါက ကာ့ချ်မြို့မှာ ရေဟူဒီလူမျိုး လူငယ်ကလေးတယောက် နေခဲ့တယ်။ သူက ကဗျာလင်္ကာတွေကို ရေးလေ့ ရှိတယ်။ တနေ့တော့ သူက အသတ်ခံကြရတဲ့ အပြစ်မဲ့တဲ့သူတွေကို သစ္စာတရားက ပြန်လည် ကယ်တင်ပါလိမ့်မယ်လို့ ရေးခဲ့တယ်။
“သူ့ကိုလည်း ကာ့ချ်မြို့မှာ ပုလိပ်တွေက သတ်ပစ်လိုက်ကြတယ်။ ဒါပေမဲ့ အဲဒီဟာက အရေးမကြီးဘူး။ သူဟာ သစ္စာတရားကို သိတယ်၊ မြင်တယ်။ ပြီးတော့ ဒီသစ္စာတရားကို ပြည်သူလူထုအကြားမှာ မျိုးစေ့ချခဲ့တယ်။ အမေလည်းပဲ ဒီအပြစ်ကင်းစင်တဲ့ လူတွေမှာ တယောက် အပါအဝင်ပဲ”
“အခုတော့ အမေက စကားပြောလာပြီကွဲ့၊ အမေလည်း စကားပြောပြီး ကိုယ့်စကားကိုပြန်ပြီး နားထောင်ကြည့်တော့ ကိုယ့်ကိုယ်ကိုတောင် ပြန်မယုံနိုင်သလို ဖြစ်လာတယ်။ အမေ့ တဘဝလုံးလုံး အင်း တနေကုန်လို့ တမိုးသောက်လာရင် ငါ ဘယ်လိုလုပ် နေရပါ့မလဲ ဆိုတာကိုသာ စဉ်းစားနေမိတယ်။ ငါ့ကို ဘယ်သူကမျှ မနှိပ်စက်အောင် ငါ ဘယ်လိုလုပ်ပြီး နေရပါ့မလဲလို့သာ တွေးတွေးနေမိခဲ့တယ်။ အခုတော့ အမေဟာ အခြားသူတွေအတွက်ပါ စဉ်းစား စဉ်းစားလာတယ်။ မင်းတို့ အခု လုပ်ကိုင်နေကြတဲ့အရေးဟာ ဘယ်သူ့အရေးလဲ၊ ဘာအရေးလဲဆိုတာကိုတော့ နားလည်ချင်မှ နားလည်မပေါ့။ ဒါပေမဲ့ မင်းတို့အားလုံးနဲ့ ငါဟာ ခင်မင်ရင်းနှီးနေပြီ။ အဲဒီတော့ မင်းတို့တွေအတွက် သံယောဇဉ်တွေငြိပြီး မင်းတို့အားလုံး ပျော်ပျော်ရွှင်ရွှင် ဖြစ်နေစေချင်တယ်။ အထူးသဖြင့် မင်းကို စိတ်ချမ်းချမ်းသာသာ ဖြစ်နေစေချင်တယ်”
ယူကရိန်းသားသည် အမေ့ထံသို့လာပြီး “ကျေးဇူးတင်ပါတယ် အမေရယ်” ဟု ပြောကာ အမေ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေ၏။ ထို့နောက် ရုတ်တရက် အခြားတဖက်သို့ လှည့်သွား၏။ အမေသည် ဖန်ခွက်များနှင့် ပန်းကန်များကို တဖြည်းဖြည်း ဆေးရင်း ပီတိဖြစ်နေလေသည်။ တဖန် ယူကရိန်းသားသည် အခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း
“နစ်ကိုလိုင်ကိုလည်း နည်းနည်းလောက်တော့ ကြင်နာပါဦး အမေရယ်။ သူ့အဖေ အရက်အိုးကြီး ကလည်း ထောင်ထဲမှာ ရောက်နေတယ်။ နစ်ကိုလိုင်က သူ့ကို မြင်လိုက်တိုင်း မြင်လိုက်တိုင်း ကျိန်ဆဲတော့တာပဲ။ ဒါလည်း ကောင်းတာတော့ မဟုတ်ဘူးပေါ့။ နစ်ကိုလိုင်ဟာ ပင်ကိုသဘော အနေနဲ့ ကြင်နာတတ်တယ်။ သနားတတ်တယ်။ သူက ခွေးတွေ၊ ကြွက်တွေကအစ တိရစ္ဆာန်အားလုံးကို သနားတတ်တယ်။ ဒါပေမဲ့ လူတွေကိုတော့ သူက မုန်းတယ်။ လူသားတယောက်ဟာ ဘယ်လိုဖြစ်နိုင်တယ်ဆိုတာကိုသာ ကြည့်ပေတော့ အမေ” ဟု ပြောသောအခါ အမေက စဉ်းစားရင်း၊
“အင်း၊ အမေကလည်း ဆုံးပြီ။ အဖေက ခိုးလည်းခိုး၊ သောက်လည်းသောက် ဆိုတော့” ဟု ညည်းတွားနေလေ၏။
ယူကရိန်းသားသည် အိပ်ရန် ထွက်သွားသောအခါ အမေသည် သူ မသိအောင် သူ့အား လက်ဝါးကပ်တိုင်သဖွယ် လုပ်လိုက်သေး၏။ ထိုနောက် နာရီဝက်ခန့်ကြာသောအခါ ယူကရိန်းသားအား၊ “အိပ်ပြီလားကွယ့် အင်ဒရေယူရှာ” ဟု လှမ်းမေးလိုက်၏။
“မပျော်သေးပါဘူး အမေ၊ ဘာပြုလို့တုံး”
“မင်္ဂလာရှိတဲ့ ညပါကွယ်”
“ကျေးဇူးတင်ပါတယ် အမေ၊ ကျေးဇူးတင်ပါတယ်”
အခန်း တဆယ့်ခုနစ်
နောက်တနေ့ အမေ အလုပ်ရုံတံခါးဝသို့ ရောက်သောအခါ အစောင့်များက သူ့ကို တား၍ တောင်းများကို အချခိုင်းပြီး ကျကျနန ရှာကြလေ၏။
အစောင့်များက သူ၏အဝတ်များကို ကြမ်းကြမ်းတမ်းတမ်း စမ်းကြည့်နေကြစဉ် အမေက၊
“အင်း၊ ဟင်းတွေ၊ ခေါက်ဆွဲတွေကတော့ အကုန်လုံး အေးကုန်တော့မှာပဲ” ဟု ပြစ်တင်စကား ပြောလိုက်ရာ အစောင့်တယောက်က၊
“စကားရှည်မနေနဲ့ အသာနေစမ်း” ဟု ဟောက်လိုက်၏။ အခြား အစောင့်တယောက်ကမူ အမေကို အသာတွန်းလိုက်ပြီး
“သူတို့က ဒါတွေကို ဝင်းထရံပေါ်ကကျော်ပြီး ပစ်ပစ်ချတာ” ဟု ပြောနေပြန်၏။
ဤကဲ့သို့ အရှာအဖွေခံရပြီးနောက် အမေ အလုပ်ရုံထဲသို့ ရောက်လျှင်ရောက်ချင်း သူ့ထံသို့ ပထမဦးဆုံး ရောက်လာသူကား အလုပ်သမားကြီး ဆီးဇော့ပင် ဖြစ်၏။ သူက ဘေးပတ်ဝန်းကျင်ကို တချက်မျှကြည့်ပြီး အမေ့အား လေသံတိုးတိုးဖြင့်၊ “အမေ၊ ကြားပြီလား” ဟု မေးရာ အမေက၊ “ဘာလဲ” ဟု ပြန်မေးလေ၏။
“ဟိုစာရွက်စာတမ်းတွေပေါ့၊ အလုပ်ရုံထဲ ပေါ်လာပြန်ပြီလေ။ ခွေးလေးပျား တောနှံ့ ဆိုသလို နေရာတကာ နှံ့နေတော့တာပဲ။ အင်း သူတို့ကတော့ ရှာကြတယ်၊ ဖမ်းကြတယ်။ ကျုပ်တူ မက်ဇင်ကိုတောင် ဖမ်းပြီး ထောင်ချလိုက်သေးတယ်။ ဘာကိစ္စလဲဆိုတာဖြင့် မပြောတတ်ဘူး။ ခင်ဗျားသားကိုလည်း ဖမ်းကြတာပဲ။ ကဲ အခု သူတို့ကို ဖမ်းထားပေမဲ့ စာရွက်တွေက ပလူပျံသလို ဖြစ်လာပြန်တော့ ဒီစာရွက်စာတမ်းတွေဟာ သူတို့ လက်ချက်မဟုတ်ဘူး ဆိုတာကို လူတိုင်း သိမြင်လာတာပေါ့” ဟု ပြောကာ ဆီးဇော့သည် သူ၏မုတ်ဆိတ်မွေးကို လက်နှင့်ဆွဲပြီး အမေ့အား ရယ်စရာ မျက်နှာထားနှင့် ကြည့်၍
“အမေ ဘာပြုလို့ ကျုပ်ဆီ မလာတာလဲ။ တယောက်တည်း ပျင်းနေမှာပေါ့” ဟု ဆက်၍ပြောပြန်၏။
အမေသည် သူ့အား ကျေးဇူးတင်ကြောင်းပြော၍ သူ့တွင်ပါလာသည့် အစားအစာတို့ကို အော်ဟစ် ရောင်းချနေလေ၏။ အလုပ်ရုံအတွင်း၌ ခါတိုင်းနှင့်မတူဘဲ လှုပ်လှုပ်ရွ ဖြစ်နေသည်ကိုလည်း သတိပြုမိ၏။ အလုပ်သမားသည် ဟိုနေရာတစု၊ သည်နေရာတစု စုလိုက်ဝေးလိုက် လုပ်ကြပြီး လူစုခွဲကြပြန်၏။ အလုပ်ခန်း တခန်းမှ တခန်းသို့လည်း ကူးနေကြ၏။ တစုံတခုတော့ သူတို့တတွေ ရဲရဲရင့်ရင့် လုပ်ကြကိုင်ကြတော့မည်ဟု အမေသည် အကဲခတ်မိ၏။ ပြောင်သလို လှောင်သလို ပြောကြသည့်စကားသံများနှင့် သတ္တိရှိရှိနှင့် လုပ်ဖို့ အားပေးသည့်စကားများ ကိုလည်း မကြာခဏ ကြားနေရ၏။ အသက်အရွယ်ကြီးသည့် အလုပ်သမားကြီးများက တိတ်တိတ်ပုန်း ပြုံးနေကြ၏။ အလုပ်စုံ အုပ်ချုပ်ရေးမှူး၊ ညွှန်ကြားရေးမှူး စသည့်သူများကမူ စိုးရိမ်သောက မကင်းသည့် မျက်နှာများနှင့် ဖြတ်သန်းသွားလာနေကြ၏။ ပုလိပ်များမှာလည်း ဟိုပြေးလိုက်၊ သည်လွှားလိုက် လုပ်နေကြ၏။ လူစုလူဝိုင်းဖွဲ့၍ စကားပြောနေကြသည့် အလုပ်သမားများသည် ပုလိပ်များကို မြင်လျှင် လူစုခွဲလျှင်လည်း ခွဲပစ်ကြ၏။ စကားအပြောကို ရပ်လျှင်လည်း ရပ်ပစ်လိုက်ကြပြီး ဒေါသရောင် သန်းနေသည့် ပုလိပ်တို့၏ မျက်နှာများကို စိုက်ကြည့်နေကြလေသည်။
အလုပ်သမားတို့၏ မျက်နှာများသည် ကြည်လင်ရွှင်ပျလျက်ရှိကြ၏။ အမေသည် ဗာဆီလီကို မြင်လိုက်၏။ သူ့နောက်မှ သူ့ညီ အိုင်ဗင်သည် ရယ်ရယ်မောမောနှင့် ပါလာ၏။
လက်သမားရုံမှ ဖိုမင် ဗာဗီလော့နှင့် အလုပ်သမားများ၊ လုပ်ခွင် မှတ်တမ်းစာရေး အိုင်ဆိုင်တို့ နှစ်ယောက်သည် အမေ့အနားမှ ဖြတ်ကာ ဖြည်းညင်းစွာ လျှောက်လာကြ၏။ လူအိုနောက်ကျ သားကဲ့သို့ ကျုံ့ကျုံ့ယုံ့ယုံ သေးသေးကွေးကွေး အိုင်ဆိုင်သည် ဗာဗီလော့၏ ကြောက်မက်ဖွယ် ကောင်းသည့် မျက်နှာကို မော့မော့ကြည့်ရင်း စကားတပြောပြောနှင့် သွားနေရာမှ
“သူတို့တတွေက ဒါကို ပြောင်သလိုလို နောက်သလိုလို လုပ်နေကြတယ်။ အမှန်ကတော့ သည်ကိစ္စဟာ ကျုပ်တို့ရဲ့ညွှန်ကြားရေးမှူးက အမိန့်ရှိသလို နိုင်ငံတော်ကို ဖျက်ဆီးတာပဲ။ အဲဒီတော့ ဒီပေါင်းပင်တွေကို နုတ်နေဖို့ မဟုတ်ဘူးဗျာ့။ ပေါင်းပင်တွေအောက်ကမြေကို ထွန်နဲ့ လှန်ပြီး ထိုးပစ်ဖို့ပဲ”
ဗာဗီလော့သည် လက်သီးများကို ကျစ်နေအောင်ဆုပ်လျက် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ လမ်းလျှောက်ရင်း အသံကျယ်ကျယ်ဖြင့်၊
“အေး၊ ခွေးမသား ကြိုက်သလို ရေးလိုက်၊ နှိပ်လိုက်ပေါ့၊ ဒါပေမဲ့ ငါ့အကြောင်းများတော့ တလုံးလောက် ထည့်ရေးဝံ့ ရေးစမ်းပေါ့ကွာ” ဟု ပြောနေလေ၏။
ထိုအတွင်း ဗာဆီလီသည် အမေ့အနီးသို့လာ၍ “အင်း၊ အမေ့ ထမင်းတပွဲတော့ စားလိုက်ဦးမယ်။ အမေ့ ထမင်းဟင်းက ကောင်းတယ်” ဟု ပြောပြီး တဖန် အသံကိုနှိမ့်ကာ မျက်လုံးများကို မှေးလျက်၊
“ကျွန်တော်တို့ ဖြစ်နေစေချင်သလို ဖြစ်နေပြီ အမေ။ လုပ်ငန်းကတော့ ကောင်းပါတယ်” ဟု ဆက်ေပြာနေပြန်ရာ အမေက သူ့အား ခင်မင်စွာနှင့် ဦးခေါင်းကို ညိတ်လိုက်၏။
အလုပ်သမားရပ်ကွက်တွင် ဖျက်လိုဖျက်ဆီး အလုပ်တတ်ဆုံးလူဟု လူအများက ယူဆထားကြ သည့် ဤလိုလူက သူ့အား ရိုရိုသေသေ စကားပြောသဖြင့် အမေသည် ကျေနပ်နေ၏။ အလုပ်ရုံထဲ၌ လှုပ်လှုပ်ရွရွ ဖြစ်နေသည့် အခြေအနေကိုကြည့်ပြီး သဘောလည်း ကျနေမိ၏။ ထို့နောက် “အင်း၊ ငါသာ ဒီလိုမလုပ်လို့ရှိရင်” ဟု တွေးနေမိလေ၏။
လုပ်ငန်းမကျွမ်းကျင်သေးသည့် အလုပ်သမား သုံးယောက်သည် အမေနှင့် မလှမ်းမကမ်း၌ ရပ်နေကြ၏။ သူတို့အထဲမှ တယောက်က ဝမ်းနည်းသည့် အမူအရာဖြင့်၊ “ဘယ်မှာမှ ရှာမတွေ့ဘူးဗျာ” ဟု တိုးတိုးညည်းလိုက်၏။ အခြားတယောက်ကမူ၊
“အဲသည်အထဲ ဘာပါတယ်ဆိုတာကို ကြားချင်လိုက်တာ ကျုပ်ကိုယ်တိုင်တော့ စာမဖတ်တတ် ဘူး။ ဒါပေမဲ့ တော်တော်ကလေး ထိအောင် ရေးထားတာကတော့ သေချာတယ်” ဟု ပြော၏။ တတိယ အလုပ်သမားကမူ ဘေးပတ်ဝန်းကျင်ကို ကြည့်လျက်၊
“ကဲ ကျုပ်တို့ ဘွိုင်လာခန်းထဲ သွားကြစို့ဗျာ” ဟု ဆိုလေသည်။
ဗာဗီလော့သည် အမေ့ကိုကြည့်ပြီး မျက်စိကို မှိတ်ပြပြီးလျှင်… “ကဲ၊ အမေ ကြည့်လေ ဘာဖြစ်နေတုံးဆိုတာကို” ဟု ပြော၏။
အမေသည် အလွန်ကျေနပ်လှစွာ အိမ်သို့ ပြန်လာရာ မြေကြီးနှင့် ခြေထောက်များပင် ထိဟန်မတူတော့ချေ။
ထိုနောက် ယူကရိန်းသားအား၊
“လူတွေက စာမဖတ်တတ်လို့ စိတ်မကောင်းကြဘူး၊ အမေ ငယ်ငယ်တုန်းက ဖတ်တတ်တယ်။ ဒါပေမဲ့ အခုတော့ မေ့ကုန်ပြီကွဲ့”
“ဘာဖြစ်လို့ မသင်တာတုံး အမေ”
“အမေတို့ အရွယ်ကျမှ သင်လို့ဖြစ်ပါ့မလား၊ ဘေးက လူတွေမြင်ရင် ဝိုင်းပြီး ရယ်အောင်လို့လား”
သို့ရာတွင် ယူကရိန်းသားသည် စာအုပ်တအုပ်ကို ယူပြီး စာအုပ်အဖုံးပေါ်မှ စာလုံးတလုံးကို ထောက်ပြကာ၊
“ဒါ ဘာလဲ အမေ” ဟု မေးလျှင် အမေက ပြုံးလျက်၊
“အာ (ရ်)” ဟု ပြန်ဖြေလေ၏။
“ကဲ၊ ဒီဟာကတော့ကော”
“အေ”
အမေသည် သူ့ကိုယ်သူ ပြန်စဉ်းစားမိပြီး ရှက်သလိုလို ဖြစ်လာ၏။ ယူကရိန်းသား၏ မျက်လုံးများသည် သူ့ကို ကြည့်ပြီး တိတ်တိတ်ခိုး ရယ်နေသည်။ ထို့ကြောင့် သူသည် ယူကရိန်းသားနှင့် မျက်လုံးချင်း မဆိုင်ဝံ့ချေ။ သို့ရာတွင် သူ၏အသံသည် ဖြည်းညင်း၍သိမ်မွေ့ပြီး သူ၏မျက်နှာသည် တည်ငြိမ်လျက်ရှိ၏။ ထိုကြောင့် အမေ တချက်မျှ မရယ်ချင့်ရယ်ချင် ရယ်လျက် “ဟဲ့၊ မင်းက ငါ့ကို တကယ့်ကို စာသင်မယ်လို့လား အင်ဒရေယူရှာ” ဟု မေးလေ၏။
“ဘာပြုလို့ မသင်ရမှာလဲ အမေ၊ အမေ အရင်က ဖတ်တတ်ခဲ့ရင် လွယ်လွယ်ကလေးနဲ့ပြန်ပြီး အမှတ်ရလာမှာပါ။ အသက်ကြီးမှ စာသင်တာ ဘာအန္တရာယ်မှ မရှိဘူးလို့ ပြောကြပါတယ်”
“ဘုရားသခင်ကိုယ်တော်မြတ်ကို စိုက်ကြည့်နေရုံနဲ့ ရဟန္တာ မဖြစ်ဘူးလို့ ပြောတဲ့စကားကလည်း ရှိသေးတယ်”
ထိုအခါ ယူကရိန်းသားသည် ဦးခေါင်းကို ယမ်းလျက်၊
“ဒီလိုပြောတဲ့ စကားတွေကတော့ အများသားပဲ။ ပိုသိလေ ပိုစိတ်မချမ်းသာလေ ဆိုတဲ့ စကားကော။ ဒါပေမဲ့ ဒါတွေက ဦးခေါင်းထဲက တွေးတဲ့ အတွေးတွေ မဟုတ်ပါဘူး။ ဗိုက်ထဲက တွေးတဲ့ အတွေးတွေပါ။ ကဲ ဒီစာလုံးက ဘာလဲ” ဟု မေးလေ၏။
“အယ် (လ်) ပေါ့”
“ဟုတ်ပြီး ကဲ၊ ဒီစာလုံးကကော”
အမေသည် စာလုံးကို မျက်မှောင်ကြုတ်ကြည့်ပြီး သူမေ့နေသော စာလုံးများကို တအားပြန်၍ စဉ်းစားနေ၏။ အခြားကိစ္စများကိုလည်း သူ သတိမရတော့။ ကြာသော်၊ မျက်လုံးများ ညောင်းလာပြီး မျက်ရည်ပူများ ကျလာ၏။ ထို့နောက် စိတ်ပျက်လက်ပျက်နှင့် ငိုမိပြန်၏။ တဖန်၊
“အင်း၊ စာဖတ်သင်တယ်တဲ့။ အသက်လေးဆယ်ရှိကာမှ အေ-ဘီ-စီကို သင်ရသေးတယ်” ဟု ညည်းညူနေလေ၏။
ထိုအခါ ယူကရိန်းသားက နှစ်သိမ့်အားပေးသည့် လေသံဖြင့်
“မငိုပါနဲ့ အမေ၊ အမေဟာ အမေနေချင်တဲ့ဘဝကို အမေ့ဘာသာ အမေ မရွေးချယ်နိုင်ဘူး။ ဒါပေမဲ့ အမေ့ဘဝဟာ ဘယ်လောက်ယုတ်ညံ့ ဆိုးဝါးတယ် ဆိုတာကိုတော့ အမေဟာ သိနေပြီ။ လူထောင်ပေါင်းများစွာဟာ သူတို့ဘဝကို သည့်ထက်ကောင်းအောင် ဖန်တီးပြီး နေချင်တယ် ဆိုရင် နေလို့ရတယ်။ ဒါပေမဲ့ သူတို့က အရိုင်းအစိုင်းတွေလိုပဲ နေကြတယ်။ ပြီးတော့ အဲဒီဘဝကိုလည်း သိပ်ကောင်းလှပြီလို့တောင် ထင်နေကြသေးတယ်။ လူတဦးတယောက်ဟာ တနေ့လာလည်း အလုပ်လုပ်လိုက်၊ စားလိုက်၊ တနေ့လာလည်း အလုပ်လုပ်လိုက်၊ စားလိုက်နဲ့ချည်း တသက်လုံး နေသွားတာပဲ။ သူ့ဘဝဟာ အလုပ်လုပ်ရုံနဲ့ စားရုံပဲပေါ့၊ အဲဒါ ဘာများကောင်းတဲ့အကွက်ရှိလို့တုံး။ ဒီကြားထဲ ကလေးတွေကို မွေးကြပြန်တယ်။ သိပ်ပြီး မစားနိုင်၊ မသောက်နိုင်ခင်တော့ ဒီကလေးတွေကို ကြည့်ကြည့်ပြီး ပီတိဖြစ်ကြတယ်ပေါ့။ ဒါပေမဲ့ ဒီကလေးတွေအတွက် အဝတ်အစားက ကုန်လာတော့ သူတို့တတွေဟာ ဒေါသဖြစ်လာပြီးတော့ ‘ဟဲ့၊ သေနာကျလေးတွေ ကြီးရင်လည်း မြန်မြန်ကြီးကြစမ်း၊ အလုပ်လုပ်ဖို့ အချိန်ကျလာပြီ’ ဟု ကျိန်ကြ၊ ဆူကြပြန်တယ်။ သူတို့ကလေးတွေကို သူတို့က ကျွဲတွေ၊ နွားတွေလို ခိုင်းစားချင်ကြ တယ်။ ဒါပေမဲ့ သူတို့တတွေက သူတို့ဝမ်း သူတို့စားဖို့အတွက်သာ အလုပ်လုပ်ကြတယ်။ လူဆိုတဲ့ နာမည်နဲ့လိုက်အောင် နေနိုင်တဲ့လူတွေကတော့ လူသားရဲ့စိတ်ဓာတ်ကို လွတ်မြောက်အောင် တကယ်တမ်း မဆုတ်မနစ် ကြိုးပမ်းကြတဲ့လူတွေသာ ဖြစ်တယ်။ အမေလည်းပဲ အမေ တတ်နိုင်သလောက် ဒါကိုလုပ်နေတာပဲ”
“ငါလား၊ ငါကဖြင့် ဘာလုပ်နိုင်လို့တုံးကွယ်”
“ဒါတော့ မပြောနဲ့ အမေ၊ ကျွန်တော်တို့တတွေဟာ မိုးလိုပဲ အမေ။ မိုးပေါက်တိုင်း မိုးပေါက်တိုင်းဟာ သစ်စေ့တွေကို ရေဓာတ်ပေးသလိုပဲ။ ပြီးတော့ အမေ စာဖတ်တတ်မယ်ဆိုရင်”
ဤကဲ့သို့ပြောရင်း ယူကရိန်းသားသည် ရယ်၍ မတ်တတ်ရပ်လိုက်ပြီး အခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေ၏။ ထိုနောက်
“အမေသည် စာဖတ်တတ်အောင် သင်ဖို့ပဲ လိုတယ်။ မကြာခင် ပါဗယ် ပြန်လာမယ်။ အဲသည်နောက်တော့ဗျာ...” ဟု ပြောလေရာ၊ အမေက
“အား၊ အင်ဒရေယူရှာ၊ အေး၊ မင်းတို့က ငယ်သေးတော့ မင်းတို့အတွက် အားလုံး အလွယ်ကလေးချည်းပေါ့။ ဒါပေမဲ့ အသက်ကြီးလာတော့ သောကတွေက များလာတယ်။ အားအင်ကလည်း နည်းလာတယ်။ ပြီးတော့ ဦးနှောက်ကလည်း မကောင်းတော့ဘူးကွယ်” ဟု ပြန်၍ ပြောလိုက်လေသတည်း။
အခန်း တဆယ့်ရှစ်
ထိုနေ့ညနေ ယူကရိန်းသား အပြင်သို့ ထွက်သွားပြီးနောက် အမေသည် မီးအိမ်ကိုထွန်း၍ ခြေအိတ်တခုကို ထိုးနေလေ၏။ သို့ရာတွင် မတ်တတ်ထ၍ ဂနာမငြိမ်သဖြင့် အခန်းထဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေ၏။ ထို့နောက် မီးဖိုခန်းထဲ ဝင်လိုက်၊ တံခါးသော့ ခတ်လိုက်နှင့် လုပ်နေပြီး မျက်ခုံးများကိုတွန့်ကာ အခန်းထဲသို့ ပြန်ဝင်ခဲ့၏။ တဖန် ပြတင်းပေါက်များပေါ်မှ လိုက်ကာများကို ချပြီး စာအုပ်စင်ပေါ်မှ စာအုပ်တအုပ်ကို ယူ၍ စားပွဲခုံအနီး ထိုင်ချလိုက်၏။ ဤကဲ့သို့ ဘေးလူမမြင်စေရန် အပေါက်များကိုပိတ်လိုက်ကာများကို ချပြီးသည့်တိုင်အောင် စိတ်ကမလုံသေးသဖြင့် ဟိုဟိုသည်သည် လှည့်လည်ပြီး စာအုပ်ပေါ်သို့ ကုန်းကာ ပါးစပ်မှ သူသိထားသည့် စာလုံးများကို ရွတ်ကြည့်၏။ အပြင်ဘက်မှ အသံကြားတိုင်း ကြားတိုင်း သူသည် ထိတ်ထိတ်သွား၏။ စာအုပ်ကို လက်ဝါးနှင့် အုပ်ထားပြီး နားကိုစွင့်နေ၏။ ထို့နောက် သူ့မျက်စိများကို ဖွင့်လိုက်မှိတ်လိုက်နှင့် တဖန်ရွတ်နေလေ၏။
“အယ်(လ်) လက်တား (စာ)။ ဘီ-ဘောက်စ် (သေတ္တာ)”
ထိုအတွင်း တစုံတယောက်သောသူသည် တံခါးသို့ လာခေါက်လေရာ အမေသည် ထ၍ ခုန်လိုက်ပြီး စာအုပ်ကို စင်ပေါ်သို့ ထိုးတင်လိုက်ကာ ပျာပျာသလဲနှင့်၊
“ဟဲ့၊ ဘယ်သူလဲ”
“ကျွန်တော်ပါ”
ထိုအသံနှင့်အတူ ရိုင်ဘင်သည် မုတ်ဆိတ်မွေးကို လက်နှင့်သပ်ရင်း၊
“ဟဲ့ ဘယ်သူလဲလို့တခါမျှမမေးဘူးဘဲ၊ အမေကလည်း တယောက်တည်းပဲလား၊ ယူကရိန်းသားပါ ရှိတယ်မှတ်လို့၊ ကနေ့ ကျွန်တော် သူ့ကို တွေ့လိုက်သေးတယ်။ ထောင်ထဲရောက်ခဲ့ပေမဲ့ ဘာမျှဖြစ်ခဲ့ဟန်မတူဘူး အမေ” ဟု ပြောကာ ထိုင်၍ အမေ့ဘက်သို့လှည့်ပြီး၊
“ကဲ၊ ကျွန်တော်တို့ စကားလေး ဘာလေး ပြောကြရအောင်လို့လေ” ဟု ပြောလေ၏။ ထို့နောက် အမေ့အား အဓိပ္ပာယ်ပါသည့် အကြည့်မျိုးဖြင့် ခိုး၍ကြည့်လိုက်ရာ အမေသည် ဘုမသိဘမသိနှင့် အနည်းငယ် တုန်လှုပ်သွားမိလေ၏။ ရိုင်ဘင်က စ၍ သူ၏ လေးနက်သည့် အသံကြီးဖြင့်၊
“အစစ ပိုက်ဆံကတော့ ကုန်တာချည်းပဲ။ မွေးတာလည်း ပိုက်ဆံကုန်တာပဲ။ သေတော့လည်း ပိုက်ဆံကုန်တာပဲ။ စာအုပ်တွေ စာရွက်စာတမ်းတွေကလည်း ပိုက်ဆံ ကုန်တာပဲ၊ ဒီစာတွေဝေဖို့ ဘယ်က ပိုက်ဆံရသလဲဆိုတာကို သိရဲ့လား အမေ” ဟု မေးလျှင် အမေက ဖြည်းညင်းစွာ၊
“ငါဖြင့် မသိပါဘူးကွယ်” ဟု ဖြေလေ၏။
“ကျွန်တော်လည်း မသိဘူး။ နောက်တခုက ဒီစာအုပ်တွေကို ဘယ်သူရေးတယ် ဆိုတာပေါ့”
“စာတတ်တဲ့ လူတွေက”
ရိုင်ဘင်၏ မျက်နှာတွင် သွေးရောင်လျှံလာပြီး၊
“လူ့အထက်တန်းစားတွေပေါ့။ တနည်းအားဖြင့်ဆိုရင် လူ့အထက်တန်းစားတွေက စာအုပ်တွေကို ရေးပြီး ထုတ်ကြတာပေါ့။ ဒါပေမဲ့ ဒီစာအုပ်တွေက လူ့အထက်တန်းစားတွေကို ဆန့်ကျင်ပြီး ရေးထားတာဖြစ်တယ်။ ကဲ အဲဒီတော့ သူတို့တတွေက သူတို့ကို ဆင်းရဲသားတွေက ဆန့်ကျင်လာအောင် လှုံ့ဆော်ဖို့ ဘာလို့ ပိုက်ဆံတွေကို အကုန်ခံနေကြသလဲဆိုတာကို အမေ ကျွန်တော့်ကို ရှင်းပြစမ်းပါဦး” ဟု မေးလိုက်လျှင် အမေ၏ ရင်ထဲ၌ ခုန်သွားပြီး မျက်လုံးကို ပေကလတ်ပေကလတ် လုပ်လျက်
“မင်းက ဘယ်လိုထင်လို့လဲ” ဟု ပြန်၍ မေးလိုက်၏။ ရိုင်ဘင်သည် တစောင်းလှည့်လိုက်ပြီး၊
“အဲ အဲဒါပေါ့ အမေရ၊ ကျွန်တော်လည်း ဒီဟာကို တွေးမိလိုက်တာနဲ့ တပြိုင်နက် စိတ်ကို ပျက်သွားတာပဲ”
“တခုခုများ တွေ့ထားလို့လားဟယ်...”
“ကျွန်တော်တို့ အလိမ်ခံရတာပေါ့ အမေ။ ကျွန်တော်ကတော့ ကျွန်တော်တို့တတွေဟာ အလိမ်ခံကြရပြီလို့ပဲ သိနေတာပဲ။ ဘယ်လိုကြောင့် ဘာကြောင့်ရယ်လို့တော့ မပြောနိုင်ဘူး။ ဒါပေမဲ့ ဒီကိစ္စဟာ မရိုးသားတာကတော့ အမှန်ပဲ။ ဒါဟာ လူ့အထက်တန်းစားတွေ ပရိယာယ် ကြွယ်မှုပဲ။ ကျွန်တော်က အမှန်တရားကို လိုက်ရှာနေတာ၊ အခု ကျွန်တော်ဟာ အမှန်တရားကို နားလည်နေပြီ။ အဲဒီတော့ ဒီလူ့အထက်တန်းစားတွေနဲ့ ဆက်ပြီး မတွဲတော့ဘူး။ သူတို့နောက်ကို မလိုက်တော့ဘူး။ သူတို့အတွက် အကွက်ကောင်း အခါကောင်း ဆိုက်လာတိုင်း သူတို့ကို ကျွန်တော်တို့က အလဲထိုးပြီး ကျွန်တော်ရဲ့ ခေါင်းကို နင်းသွားကြမှာပဲ”
သူ့စကားများကို ကြားလိုက်လျှင် အမေသည် ရင်ထဲ၌ ကျပ်သွားပြီး ဝမ်းနည်းစွာ “အလို သခင်ယေရှု ကိုယ်တော်ဘုရား” အော်မိပြီးနောက်၊
“ဒါကို ပါဗယ် နားမလည်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလားဟယ်။ ပြီးတော့ သည့်ပြင်လူတွေ အားလုံးကလည်း သည်လိုပဲ” ဟု ပြောရင်း အမေသည် ယေဂါ၊ နစ်ကိုလိုင်နှင့် ဆာရှာတို့၏ တည်ငြိမ်၍ ရိုးသားသောမျက်နှာများကို သွား၍ မြင်ယောင်မိ၏။ သူ၏ ရင်များသည် တဒိတ်ဒိတ် ခုန်လာလေ၏။ ထိုနောက် ဦးခေါင်းကို ယမ်းလျက်၊
“မဟုတ်သေးဘူး၊ မဟုတ်သေးဘူး။ ဒါကိုတော့ အမေ မယုံနိုင်ဘူး၊ သူတို့ဟာ အသိဉာဏ်ရှိတဲ့ လူတွေပဲ...” ဟု ပြောရာ၊ ရိုင်ဘင်က လေးလေးနက်နက်တွေးကာ၊
“ဘယ်သူတွေကို ပြောတာလဲ အမေ”
“သူတို့တတွေ အကုန်လုံးပဲ။ ဒါကို အမေ မြင်ထားပြီးပြီ”
ထိုအခါ ရိုင်ဘင်က ဦးခေါင်းကို ငိုက်စိုက်ချလျက်၊
“အမေကြည့်တာက လွဲနေပြီ။ ဝေးဝေးလံလံကို ကြည့်ပါလား အမေ။ ကျွန်တော်တို့နဲ့ အတူတကွ ပူးပေါင်းပြီး အလုပ်လုပ်နေကြတဲ့လူတွေကတော့ ဘာမျှ သူတို့ကိုယ် သူတို့ သိကြ မြင်ကြမှာ မဟုတ်ဘူး။ သူတို့မှာ ယုံကြည်ချက် ရှိကြတယ်။ အဲဒါကတော့ ကောင်းပါတယ်။ ဒါပေမဲ့ သူတို့နောက်မှာ တခြားလူတွေက ရပ်နေကြမယ်။ အဲသည် သူတို့နောက်က ရပ်နေတဲ့လူတွေက သူတို့ကောင်းစားရေးအတွက်သာ စိတ်ပါဝင်စားနေတဲ့ လူတွေပဲ။ လူတဦးတယောက်ဟာ သက်သက်မဲ့ အကျိုးမရှိဘဲနဲ့တော့ သူ့ကိုယ်သူ ပြန်ဆန့်ကျင်မှာ မဟုတ်ဘူး” ဟု ပြော၍ တဖန် တောင်သူလယ်သမား တယောက်၏ ယုံကြည်ချက်မျိုးဖြင့်၊ “ဒီ လူ့အထက်တန်းစားတွေဆီက ကောင်းတာဆိုလို့တော့ ဘာမှထွက်လာမှာမဟုတ်ဘူး အမေ” ဟု ဆက်၍ ပြောလေ၏။
အမေသည် တဖန် သံသယဖြစ်လာ၍၊
“ကဲ ဒါဖြင့် မင်း ဘာလုပ်မယ်လို့ စိတ်ကူးတုံး” ဟု မေးလျှင် ရိုင်ဘင်သည် အမေ့အား မော့ကြည့်၍ ခဏမျှ ငြိမ်နေပြီးနောက်၊
“ကျွန်တော်လား၊ ကျွန်တော့်သဘောအရ ပြောရရင် ဒီလူ့အထက်တန်းစားတွေကို ဝေးရာက ရှောင်ဖို့ပဲလေ” ဟု ပြောကာ စိတ်နှလုံး မသာမယာနှင့် ငြိမ်သွားပြန်၏။
ထို့နောက်၊
“ကျွန်တော်ကတော့ ကျွန်တော့်ရဲဘော်တွေနဲ့ ပေါင်းပြီး သူတို့နဲ့ အတူတူ သွားချင်တာပဲ။ ကျွန်တော် စည်းရုံးမယ့်လူတွေကို ဘာပြောရမယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော် သွားတော့မယ်။ ကျွန်တော့်မှာ ယုံကြည်မှု မရှိတော့ဘူး။ ဒါကြောင့် ကျွန်တော် သွားရလိမ့်မယ်” ဟု ပြော၍ တဖန် ခေါင်းကို ငိုက်စိုက်ချပြီး တွေးနေရာမှ
“ကျွန်တော်တယောက်တည်း ကျေးလက် တောရွာတွေကို လျှောက်သွားပြီး လူတွေကို လှုံ့ဆော်မယ်။ လူတွေဟာ သူတို့ဘာသာသူတို့ ဖန်တီးကြလိမ့်မယ်။ သူတို့ဟာ အသိဉာဏ် ဝင်လာတာနဲ့ တပြိုင်နက် လမ်းစတွေ့ကြမှာပေါ့။ ကျွန်တော်ရဲ့အလုပ်က သူတို့ကို အသိဉာဏ် ဝင်လာအောင် လုပ်ဖို့ပဲ။ သူတို့တတွေ သူတို့ကိုယ်သူတို့ပဲ ယုံကြည်ဖို့၊ အားထားဖို့ပဲ။ သူတို့ဦးနှောက်ကို သူတို့သုံးဖို့ပဲ။ တခြားသူတွေ ဦးနှောက်ကို အားကိုးနေလို့မဖြစ်ဘူး” ဟု ပြောနေပြန်၏။
အမေသည် ရိုင်ဘင်ကို သနားလာ၏။ သူ့အတွက် စိုးရိမ်လာ၏။ ယခင်က သူ့ကို ကြည့်ရလျှင် အမေသည် စိတ်မချမ်းသာခဲ့။ ယခုမူ သူ့အပေါ်၌ သံယောဇဉ် ငြိတွယ်လာလေပြီ။
“အေး၊ မင်းတို့ကို သူတို့က ဖမ်းလိမ့်မယ်”
ရိုင်ဘင်သည် အမေ့အား မော့ကြည့်လျက်
“ဖမ်းတော့ ဖမ်းကြမှာပေါ့။ ဒါပေမဲ့ သူတို့ ကျွန်တော့်ကို လွှတ်ကြမှာပဲ။ အဲဒီတော့ ကျွန်တော်က ထပ်ပြီး ပြန်လုပ်ဦးမှာပေါ့”
“အေး၊ ကျေးလက်က ဆင်းရဲသားတွေ ကိုယ်တိုင်က မင်းကိုဖမ်းပြီး ထောင်ထဲ ပို့ကြလိမ့်မယ်”
“အဲဒီတော့ ထောင်ထဲမှာ အပြစ်ဒဏ်ခံပြီး လွတ်လာတော့ ဆက်လုပ်မှာပေါ့၊ ကျေးလက်က ဆင်းရဲသားတွေကတော့ ကျွန်တော့်ကို တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်ထိအောင် ဖမ်းချင်ရင် ဖမ်းကြလိမ့်မယ်။ အဲဒီနောက်တော့ ကျွန်တော့်ကို ဖမ်းဖမ်းနေမယ့်အစား ကျွန်တော်ပြောတာကို နားထောင်ရတာက ပိုပြီးကောင်းလိမ့်မယ်လို့ သိမြင်လာကြလိမ့်မယ်။ ကျွန်တော်ကလည်း သူတို့ကို ‘ခင်ဗျားတို့ ကျုပ်ပြောတာကို ယုံချင်မှယုံကြပါ။ ဒါပေမဲ့ ကျုပ်ပြောတာကိုတော့ နားထောင်ကြစမ်းပါလို့’ ပြောမှာပေါ့။ သူတို့က ကျွန်တော်ပြောတာကို နားထောင်လိုက်ရင် ကျွန်တော့်ကို ယုံကြည်လာမှာပဲ”
ရိုင်ဘင်သည် စကားကို ဖြည်းဖြည်းပြော၏။ စဉ်းစဉ်းစားစားလည်း ပြော၏။
“ကျွန်တော်ဟာ မကြာမတင်မီ အတွင်းက တော်တော်ကို အတွေ့အကြုံတွေ ရခဲ့ပါတယ်။ ဒါကြောင့် နည်းနည်းတော့ သိလာပါပြီ”
ထိုအခါ အမေသည် သူ၏ဦးခေါင်းကို ဝမ်းနည်းစွာခါလျက်…
“အေး၊ မင်းကတော့ အသက်တိုတော့မှာပဲ” ဟု ပြောလေ၏။
ရိုင်ဘင်သည် အမေ့အား သူ၏မည်းမှောင်၍ မျက်တွင်းချိုင့်နေသည့် မျက်လုံးများဖြင့် သရော်သလို လှောင်သလိုလိုနှင့် ကြည့်နေ၏။ သူ၏သန်မာတောင့်တင်းလှသည့် ကိုယ်ကို ရှေ့သို့ကိုင်းပြီး သူ၏လက်များဖြင့် သူ၏ ကုလားထိုင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား၏။ သူ၏ ညိုမည်းသော မျက်နှာသည် သူ၏မည်းနက်လှသည့် မုတ်ဆိတ်မွေးများအကြား၌ ဖြူဖပ် ဖြူရော် ဖြစ်နေလေသည်။ တဖန် သူက ဆက်၍၊
“ခရစ်တော်က မျိုးစေ့နဲ့ ပတ်သက်လို့ ပြောတဲ့အချက်ကို အမေ သတိထားဦးမှပေါ့။ မျိုးစေ့ဟာ နောက်ထပ်တဖန် ရှင်သန်လာဖို့ ပျက်စီးရတယ်လို့ ဆိုတယ်မဟုတ်လား အမေ။ ဒါပေမဲ့ အမေရယ် ကျွန်တော်က လူလည်ပါ။ တော်တော်နဲ့မသေနိုင်ပါဘူး” ဟု ပြော၍ ကုလားထိုင်ပေါ်မှ ခပ်ဖြည်းဖြည်း ထလိုက်ရင်း၊
“ကျွန်တော် ထမင်းဆိုင်သွားပြီး အဲဒီကလူတွေနဲ့ တအောင့်တော့ ထိုင်လိုက်ဦးမယ်လေ။ အင်း၊ ယူကရိန်းသားကတော့ လာပုံမပေါ်တော့ဘူး။ အလုပ်ဟောင်းကို ပြန်လုပ်နေပြီ ထင်တယ်”
အမေက ပြုံးလျက် “အေး အေး” ဟု ပြန်ဖြေလိုက်၏။
“ကောင်းပြီ အမေ၊ သူ့ကိုတော့ ကျွန်တော့်အကြောင်း ပြောပြလိုက်ပါဦး”
ဤကဲ့သို့ပြောပြီးနောက် တယောက်မျက်နှာကို တယောက်က မကြည့်ဘဲ စကားတပြောပြောနှင့် မီးဖိုခန်းသို့ တဖြည်းဖြည်း ဝင်သွားကြလေသည်။
“ကဲ၊ သွားတော့မယ် အမေ”
“အေး၊ သွားတော့ သွားတော့။ ဘယ်တော့ အလုပ်ရုံကို နို့တစ်ပေးသွားမလဲ”
“ကျွန်တော် ပေးပြီးသားပါ”
“ဒါဖြင့် ဘယ်တော့သွားမလဲ”
“နက်ဖြန်မနက်စောစောပဲ သွားတော့မယ်။ ကဲ၊ သွားပြီ အမေ”
ရိုင်တင်သည် မသွားချင် သွားချင်နှင့် အိမ်တံခါးဝမှ ကုန်း၍ အပြင်သို့ ထွက်သွားလေ၏။ အမေသည် ရင်ထဲမှ တဒိတ်ဒိတ်ခုန်လျက် သူ၏လေးလံသောခြေသံတို့ကို နားစိုက်ရင်း တမိနစ်မျှ ရပ်ကြည့်နေ၏။ ထိုနောက် နောက်သို့ ဖြည်းညင်းစွာ လှည့်၍ အခြားအခန်းထဲသို့ဝင်ပြီး ပြတင်းမှ ခန်းဆီးကို မ၍ ကြည့်နေ၏။ အပြင်ဘက်၌ မှောင်ပိန်းနေလေသည်။ ထို့နောက်
“အင်း၊ ငါကတော့ ဇီးကွက်လို ညသတ္တဝါဖြစ်နေပြီ” ဟု ညည်းမိ၏။ ပခုံးကလည်း ကျယ်ကျယ်၊ ခွန်အားဗလကလည်း တောင့်တင်းလှပြီး စိတ်သဘော မြင့်မားလှသည့် ဆင်းရဲသား လယ်သမား ရိုင်ဘင်အတွက် စိတ်မကောင်းဖြစ်နေစဉ် ယူကရိန်းသားသည် စိတ်ဓာတ်တက်ကြွစွာ အိမ်သို့ ပြန်လာလေ၏။ အမေသည် သူ့အား ရိုင်ဘင်အကြောင်း ပြောပြ၏။
“သူ့ကို ကျေးရွာတွေထဲလျှောက်ပြီး တရားမျှတမှုအတွက် သူအော်ချင်သလို အော်ပြီး လူတွေကို နိုးကြားအောင် လှုံ့ဆော်ချင်သလို လှုံ့ဆော်ပါစေ။ သူ့ခမျာ ကျွန်တော်တို့နဲ့ တွဲရတာ မလွယ်လှဘူး အမေ။ သူ့ခေါင်းထဲမှာ ဆင်းရဲသား လယ်သမား အယူအဆတွေ က ပြည့်နေတယ်။ သူ့ခေါင်းက ကျွန်တော်တို့ အယူအဆတွေကို လက်မခံနိုင်ဘူးဗျာ့”
ထိုအခါ အမေက
“သူက လူကုံထံတွေနဲ့ ပတ်သက်လို့ပြောတယ်။ သူပြောတာက ဟုတ်သလိုလိုပဲ။ အဲဒီတော့ ဒီလူကုံထံတွေက တို့ကို မလှည့်အောင် မပတ်အောင် ဂရုစိုက်ကြရလိမ့်မယ်” ဟု သူ့စကားကို မမှားအောင် သတိနှင့်ပြန်၍ ပြောလေ၏။
“သူတို့က အမေတို့စိတ်ကို နာကြည်းအောင် လုပ်ကြသလား” ဟု ယူကရိန်းသားက ရယ်၍ ပြန်မေးပြီး၊
“ပြဿနာက ပိုက်ဆံပြဿနာပဲ အမေ၊ ကျွန်တော်တို့မှာ ပိုက်ဆံများ ရှိလိုက်ရင်တော့ သိပ်ကောင်းမှာ။ အခုထက်ထိ ကျွန်တော်တို့တတွေဟာ သူများပိုက်ဆံနဲ့ချည်း အလုပ်လုပ်နေကြ ရတုန်းပဲ။ ဥပမာပြောရရင် နစ်ကိုလိုင်ဟာ တလကို ရူဘဲ ၇၅ ပြား ရတယ်။ အဲဒီအထဲက ကျွန်တော်တို့ကို ၅၀ ပေးတယ်။ သည့်ပြင်လူတွေကလည်း သည်လိုပဲ အမေ၊ တခါတလေ ငတ်တလှည့် ပြတ်တလှည့်နဲ့ နေကြရတဲ့ တက္ကသိုလ် ကျောင်းသားတွေက ကိုပက် တပြားစု၊ နှစ်ပြားစုနဲ့ စုလို့ဆောင်းလို့ရတဲ့ ငွေကလေးတွေကို လှမ်းလှမ်းပို့ရှာကြတယ်။ အမှန်ကတော့ လူကုံထံတို့၊ လူ့အထက်တန်းစားတို့ဆိုတာက အမျိုးမျိုးရှိတာပဲ။ တချို့ကတော့ အမေတို့ကို ဖြစ်ချင်တာဖြစ်ဆိုပြီး လျစ်လျူရှုကြတယ်။ တချို့ကတော့ ခင်ဗျားတို့ကို လိမ်တယ်၊ လှည့်တယ်၊ ဒါပေမဲ့ သူတို့အထဲက အကောင်းဆုံးလူတွေကတော့ အမေတို့နဲ့အတူ သူတို့ကိုယ်သူတို့ ကံတူအကျိုးပေး သဘောထားကြတယ်” ဟု ပြောကာ တဖန် ယုံကြည်ချက်ဖြင့် ဆက်၍
“ကျွန်တော်တို့ရဲ့ နောက်ဆုံးအောင်ပွဲက အလွန့်ကို ဝေးပါသေးတယ်။ ဒါပေမဲ့ အလုပ်သမားနေ့ မေဒေးမှာ အောင်ပွဲကလေး ကျင်းပကြဦးမယ်။ တော်တော်ကို ခံ့ခံ့ညားညား လုပ်မယ်လို့” ဟု ပြောနေပြန်၏။
ရိုင်ဘင် ပြောခဲ့သည့်စကားကြောင့် အမေ၏ စိတ်ထဲ၌ ဖြစ်ပေါ်လာသည့် သံသယတို့သည် ယူကရိန်းသား၏ အားတက်သရော ပြောနေသည့်စကားတို့ကြောင့် ပျောက်ပြယ်၍ သွားလေ၏။ ယူကရိန်းသားသည်ကား သူ၏ဆံပင်များကို သူ့လက်ချောင်းများနှင့် ဖွာကျဲနေအောင် ကုတ်လျက် တံခါးကို စိုက်ကြည့်နေလေ၏။ ထို့နောက်
“တခါတလေ အမေရဲ့စိတ်ဓာတ်ဟာ အလွန် ပြင်းပြလေတော့ အမေဟာ မခံမရပ်နိုင်ဘဲ ဖြစ်ချင်ရင်လည်းဖြစ်မယ်။ အမေဟာ ဘယ်သွားသွား၊ သွားလို့ရတယ်၊ လူတိုင်းဟာ အမေရဲ့ ရဲဘော်ချည်းပဲ။ လူတိုင်းရဲ့ရင်ထဲမှာ အမေ့လို ပြင်းပြတဲ့ စိတ်ဓာတ် ရှိကြတာချည်းပဲ။ သူတို့တတွေ အားလုံးဟာ သဘောကောင်းတယ်။ သနားကြင်နာတတ်တယ်။ ပျော်လည်း ပျော်ရွှင်တတ်တယ်၊ အချင်းချင်း တယောက်သဘော တယောက် နားလည်အောင် ပြောဖို့လည်း မလိုတော့ဘူး။ လူတိုင်းက ကိုယ့်ဝမ်းထဲရှိတာကို ကိုယ်ထုတ်ပြောလိုက်တာနဲ့ တပြိုင်နက် ဒီပြောပြချက်တွေဟာ ချောင်းအသီးသီးဟာ မြစ်ကြီးတမြစ်ထဲမှာ ပေါင်းဆုံမိကြသလို သွားပြီး ပေါင်းမိကြတာပေါ့။ အဲဒီနောက် ဒီမြစ်ကြီးဟာ ကျယ်လည်းကျယ်၊ လွတ်လည်း လွတ်လပ်စွာနဲ့ ဘဝသစ်ဆိုတဲ့ ရွှင်လန်း ကြည်နူးဖွယ်ရာ ပင်လယ်ကြီးထဲကို စီးဆင်းသွားပြန်တယ်” ဟု ပြောပြလေ၏။
အမေသည် သူ့အတွေးနှင့် သူ့စကားတို့ကို အနှောင့်အယှက် ဖြစ်မှာစိုးသဖြင့် ငြိမ်သက်စွာ နားထောင်နေ၏။ အခြားသူထက် ရိုင်ဘင်ပြောသည့်စကားတို့ကို ပို၍အမြဲတမ်း ဂရုတစိုက် နားထောင်လေ့ရှိ၏။ သူသည် အခြားသူများထက် ပို၍ ရှင်းရှင်းလင်းလင်း ပြောတတ်၏။ သူပြောသည့်စကားများသည် အခြားသူများ ပြောသည့်စကားများထက် စိတ်နှလုံးကို ထိခိုက်စေ၏။ ပါဗယ်သည် ရှေ့ရေးအတွက် သူကြိုတင်၍ မြင်ထားသည့် အမြင်ကို ဘယ်တော့မှ မပြော။ သို့ရာတွင် ယူကရိန်းသားသည်ကား အနာဂတ်ကို အမြဲတမ်း ကိုယ်စားပြုနေဟန်ရှိ၏။ သူစကားပြောလျှင် ကမ္ဘာ့လူမျိုးအားလုံးတို့ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေကြရမည့် အလွန်ရွှင်လန်းအားရဖွယ် ကောင်းလှသည့် ခေတ်ကြီးနှင့် ပတ်သက်၍ နိမိတ်ဖတ်ကာ ပြောတတ်၏။ အမေ့အတွက် ဤမျှော်မှန်းချက်ကြောင့် ဘဝသည်လည်းကောင်း၊ သူ့သားနှင့် သူ့သား၏ ရဲဘော်များ လုပ်ကိုင်ဆောင်ရွက်နေကြသည့် လုပ်ငန်းသည် လည်းကောင်း အကျိုးမဲ့ သက်သက် မဟုတ်ဘဲ တကယ့် အကျိုးတရားနှင့် ပြည့်စုံလာခဲ့ရလေသည်။ တဖန် ယူကရိန်းသားက သူ၏ဦးခေါင်းကို ယမ်းလျက်
“ကဲ အခုတော့ အမေ ရုတ်တရက် သဘောပေါက်လာပြီ မဟုတ်လား။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် တစစ အကြင်နာ ကင်းမဲ့တာတွေ၊ ညစ်ပတ်တာတွေကိုသာ မြင်နေရတယ် မဟုတ်လား။ လူတွေဟာ ဒေါသဖြစ်ပြီး နွမ်းနယ်နေတာပဲ” သူ၏အသံထဲ၌ ဝမ်းနည်းသံပါလာ၏။
“လူတွေကို မယုံနဲ့ အမေ။ သည်လိုဆိုတော့ အမေရဲ့စိတ်ထဲမှာ ထိခိုက်သွားလိမ့်မယ်။ ကျွန်တော်သိတယ်။ ဒါပေမဲ့ အမေ သူတို့ကို ကြောက်ရမယ်။ အို၊ မုန်းတောင်မုန်းရမယ်။ လူတယောက်မှာ ဘက်နှစ်ဖက်ရှိတယ်။ အမေက လူတယောက်ကို အကြွင်းမဲ့ ခြွင်းချက်မရှိ သဘောကျချင်ကျတယ်။ ဒါပေမဲ့ ဘယ့်နှယ်လုပ်ပြီး သဘောကျလို့ ဖြစ်နိုင်ပါ့မလဲ အမေ။ အမေ့ကို တကယ့် ရက်ရက်စက်စက် ကြမ်းကြမ်းတမ်းတမ်း သားရဲတိရစ္ဆာန်လို ကျင့်ကြံတဲ့လူ၊ အမေ့ကို လူသားတယောက်ရယ်လို့ သဘောမထားတဲ့လူ၊ အမေရဲ့ လူသားသိက္ခာကို ဖျက်ဆီးတဲ့လူ၊ ဒီလိုလူမျိုးတွေကို အမေ ဘယ့်နှယ်လုပ်ပြီး ခွင့်လွှတ်နိုင်ပါ့မလဲလို့။ အမေဟာ ဒါတွေကို ဘယ်တော့မှ အခွင့်မလွှတ်နိုင်ဘူး။ ဒီလို အခွင့်မလွှတ်နိုင်တာဟာ အမေ့ ကိုယ်ရေးကိုယ်တာအတွက် မဟုတ်ပါဘူး။ အမေ့ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ဆိုရင် အမေဟာ ဘာမဆို အခွင့်လွှတ်နိုင်တယ်။ ဒါပေမဲ့ သူတို့ ဒီလိုလုပ်တာကို အမေက သဘောကျတယ်၊ သဘောတူတယ်လို့ သူတို့ အထင်မခံနိုင်လို့ဘဲ။ အခြားလူတွေကို ရိုက်ဖို့ အကျင့်ရအောင် အမေက သူတို့ရိုက်တာကို ကုန်းမခံနိုင်လို့ဘဲ”
ဤကဲ့သို့ပြောရင်း သူ၏မျက်လုံးများတွင် အေးမြသည့် ဒေါသမီးလျှံများ ထလာ၏။ သူ၏ ဦးခေါင်းကို ငုံ့ထားပြီး ပို၍ခိုင်မြဲသော အသံဖြင့် တဖန်ဆက်၍၊
“ဘယ်သူက မတရားတာလုပ်လုပ်၊ အဲဒီမတရားမှုဟာ ကျွန်တော့်ကို မထိခိုက်သည့်တိုင်အောင် ကျွန်တော်ကတော့ အခွင့်လွှတ်ပိုင်ခွင့် မရှိဘူး။ ကမ္ဘာလောကကြီးထဲမှာ ကျွန်တော် တယောက်တည်း နေတာ မဟုတ်ဘူး။ ကနေ့ ကျွန်တော်က တယောက်ယောက်ကို ကျွန်တော့်အား ထိခိုက်နစ်နာအောင် တခုခု အလုပ်ခံလိုက်ရင်၊ ကျွန်တော်က သူလုပ်လိုက်တဲ့ မတရားမှုကို အရေးဂရုမစိုက်လိုက်လို့ ရယ်ပြီးတောင် နေလိုက်မယ်ဆိုရင် နက်ဖြန်ကျတော့ သူက ကျွန်တော့်ကို မတရားလုပ်ရတာ ငြီးငွေ့ပြီး သူက တခြားလူတယောက်ကို သွားပြီး အနိုင်ကျင့်လိမ့်မယ်။ အမေက လူတိုင်းကို တသဘောတည်း ထားကြည့်လို့ မဖြစ်ဘူး။ လူတွေအပေါ်မှာ ဘာသံယောဇဉ်မှ မထားဘဲ သည်လူကတော့ ငါနဲ့တူတယ်။ ဟိုလူကတော့ ငါနဲ့မတူဘူးဆိုတဲ့သဘောနဲ့ ရွေးချယ်ရမယ်။ စိတ်ချမ်းသာရာတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ဒါဟာ အမှန်တရားပဲ”
ထိုအခါ အမေသည် ဆာရှာကိုသွား၍ သတိရမိ၏။ ထိုနောက် စစ်ပုလိပ်အရာရှိအကြောင်းကို သွား၍ စဉ်းစားမိပြန်သည်။ ထိုနောက် သက်ပြင်းတချက်ချကာ
“အေးပေါ့ မောင်းမကောင်းဘဲနဲ့ ဆန်ဖြူဆန်ကောင်း ဘယ့်နှယ်လုပ်ရပါ့မလဲကွယ်”
“အဲဒါ ဒုက္ခပဲ အမေ”
“အေးကွဲ့” ဟု အမေသည် ပြန်ပြောပြီး သူ့ယောက်ျားကို ပြေး၍ သတိရမိ၏။ တဖန် ယူကရိန်းသားနှင့် နာတာရှာတို့ လက်ထပ်လိုက်လျှင်လည်းကောင်း၊ သူ့သာ ပါဗယ်နှင့် ဆာရှာတို့ လက်ထပ်လိုက်လျှင် လည်းကောင်း မည်သို့မည်ပုံနေမည်ကို တွေးကြည့်နေမိလေသည်။
ယူကရိန်းသားသည် သူ့စကားကို ပြန်ကောက်လျက်၊
“အဲဒါ ဘာပြုလို့လဲ၊ ကဲ စဉ်းစားကြည့်ပါဦး အမေ။ ဒါကတော့ လယ်ပြင်မှာ ဆင်သွားသလို အထင်အရှားကြီးပါ အမေ။ ဒါဟာ ဘာပြုလို့လဲဆိုတော့ လူတွေဟာ အဆင့်အတန်း မတူလို့ဘဲ။ ဒီလူတွေကို ကျွန်တော်တို့က ညီအောင် ညှိပစ်ကြစို့။ စိတ်ထဲက မြင်ကြသိကြတဲ့ အသိတွေ အမြင်တွေရော၊ လက်နဲ့ ပြုလုပ်ဖန်တီးထားတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကိုရော ကျွန်တော်တို့ တတွေဟာ ဝေခြမ်းပစ်ကြစို့။ လူတွေကို အကြောက်တရားတွေ၊ ဝန်တိုမစ္ဆေရိယ တရားတွေရဲ့ အတုပ်အနှောင် မခံရပေစေနဲ့။ လောဘတရားတွေ၊ အစဉ်းစား အဆင်ခြင်မဲ့မှုတွေရဲ့ အနှောင်အဖွဲ့ကို မခံကြရစေနဲ့” ဟု ပြောပြန်၏။
အမေနှင့် ယူကရိန်းသားတို့သည် ဤကဲ့သို့သော စကားမျိုးကို မကြာခဏ ဆွေးနွေးကြ၏။
မကြာမီ ယူကရိန်းသားသည် အလုပ်ရုံ၌ အလုပ်ပြန်ဝင်ရ၍ သူရသမျှ လုပ်ခတို့ကို အမေ့အား ပေးလေ၏။ အမေကလည်း သူ့ထံမှငွေကို ပါဗယ်ထံမှ ငွေလက်ခံသကဲ့သို့ပင် လက်ခံလေ၏။
တခါတခါ ယူကရိန်းသားသည် အမေ့အား မျက်စိကို တချက်မှိတ်ပြီး “အမေ စာကလေး နည်းနည်း ဖတ်ကြရရင် မကောင်းဘူးလား” ဟု မေးလျှင် အမေက ရယ်ပြီး “မဖတ်ချင်ဘူး” ဟု ခါးခါးသီးသီး ငြင်းလေ့ရှိ၏။ သူ ဤကဲ့သို့ မျက်စိကို မှိတ်လိုက်သည့်အတွက် အမေ၏စိတ်တွင် နာကြည်းသွားတတ်၏။
“ဒါကို အပြုသဘောထားရင် ဘာပြုလို့ ဒီလောက် ပူပင်နေရတာပါလိမ့်” ဟုလည်း သူ့ဘာသာသူ စဉ်းစားနေမိ၏။
သို့ရာတွင် မကြာခဏ အမေသည် ယူကရိန်းသားအား စကားလုံးများ၏ အဓိပ္ပာယ်ကို မေး၏။ သို့မေးသည့်အခါများ၌ သူသည် ယူကရိန်းသား မျက်နှာကိုလည်း မကြည့်၊ ဘာမျှအရေးမကြီး သည့် ဟန်မျိုးကိုလည်း ဆောင်နေတတ်၏။ ယူကရိန်းသားက အမေ တိတ်တိတ်ပုန်း စာဖတ်နေပြီဟု စဉ်းစားမိ၏။ ထိုကြောင့် သဘောကျပြီး အမေ့အား စာဖတ်မခိုင်းတော့ချေ။
တနေ့သော် အမေက သူ့အား
“အင်ဒရေယူရှာရယ် ငါ့မျက်လုံးတွေက မွဲမွဲလာပြီကွဲ့။ အဲဒီတော့ ငါတော့ မျက်မှန်လိုလာပြီ” ဟု ပြောလေရာ
“ဒါကတော့ လွယ်ပါတယ် အမေ။ တနင်္ဂနွေနေ့ကျတော့ အမေ့ကို ကျွန်တော် မြို့ထဲက ဆရာဝန်ဆီကို ခေါ်သွားပါမယ်။ အဲဒီတော့ အမေ့မျက်မှန် ရရောပေါ့” ဟု ပြန်၍ ဖြေလိုက်လေ သတည်း။
အခန်း တဆယ့်ကိုး
အမေသည် သုံးကြိမ်တိုင်တိုင် ပါဗယ်ကို တွေ့ခွင့်တောင်း၏။ သို့ရာတွင် ဤကဲ့သို့ အခွင့်တောင်းတိုင်း တောင်းတိုင်း စစ်ပုလိပ် ဗိုလ်မှူးက လိမ္မာပါးနပ်စွာ အချိုသတ် သတ်ကာ ငြင်းပယ်ခဲ့၏။ စစ်ပုလိပ် ဗိုလ်မှူးသည် အသက်အရွယ်အားဖြင့် ကြီးလှပြီဖြစ်၏။ ခေါင်းမွေးများက ဖြူနေပြီး ပါးများကလည်း ခရမ်းရောင်ထနေ၏။ နှာခေါင်းကြီးကလည်း ကြီးသေး၏။
“ခင်ဗျားသားကို တွေ့ဖို့ကိစ္စကိုတော့ အနည်းဆုံး တသီတင်းလောက် ဆိုင်းပါဦး၊ တသီတင်းလောက်အတွင်းမှာ ကျုပ်တို့ စဉ်းစားကြပါဦးမယ်။ အခုအတောအတွင်းတော့ ခင်ဗျား မတွေ့နိုင်သေးပါဘူး” ဟူသော အဖြေသည် သူ၏အဖြေ ဖြစ်၏။
သူ၏ ရုပ်သဏ္ဌာန်သည် ဝဖိုင့်ဖိုင့် လုံးတုံးတုံး ဖြစ်နေရာ ဆီးသီးမှည့်နှင့်တူနေ၏။ သူသည် သူ၏သေးငယ်၍ ချွန်ထက်နေသည့် သွားကလေးများကို ဝါနေသော သွားကြားထိုးတံနှင့် ထိုးနေလေ့ရှိ၏။ သူ၏စိမ်းနေသော မျက်လုံးများသည် သနားကြင်နာသည့် အသွင်ကို ဆောင်လျက်ရှိပြီး သူ၏အသံသည် ယဉ်ကျေး၍ ခင်မင်သည့် သဘောကို ဆောင်နေ၏။
ထိုကြောင့် အမေက ယူကရိန်းသားအား စစ်ပုလိပ် ဗိုလ်မှူးသည် အလွန် ယဉ်ကျေး သိမ်မွေ့၍ အမြဲတမ်း ပြုံးလျက်နေတတ်ကြောင်းကို ပြောလေရာ ယူကရိန်းသားက၊
“သူတို့တတွေ အားလုံးဟာ အလွန်ကောင်းတယ်၊ အလွန်နူးညံ့သိမ်မွေ့တယ်၊ အမြဲတမ်း ပြုံးနေတယ်ဆိုတာကို ကျွန်တော် ယုံပါတယ်။ ဘာမျှ သံသယ မရှိပါဘူး။ ဒီမှာ လိမ္မာရေးခြားရှိပြီး ရိုးသားပေမဲ့ အန္တရာယ်တော့ နည်းနည်းပေးတတ်တဲ့ လူဆိုရင်တော့ မင်းတို့အတွက် အရေးမကြီးရင် ကြိုးစင်တင်ပြီး သတ်ပစ်လိုက်ပေါ့ကွာ လို့ သူတို့ကို ပြောထားတော့ သူတို့ကလည်း ပြုံးပြုံးကလေးနဲ့ သတ်လိုက်တာပေါ့။ ကြိုးစင်တင်ပြီး သတ်ပြီးတဲ့နောက်တောင် သူတို့က အပြုံးမပျက်ဘူး၊ ဆက်ပြုံးနေဦးမှာပဲ” ဟု ပြန်ပြောလိုက်၏။
“အေး၊ တို့အိမ်ကိုလာပြီး ရှာတဲ့ဖွေတဲ့ အရာရှိနဲ့တော့ မတူဘူးကွဲ့။ အဲဒီအရာရှိကတော့ တကယ့်မုန်းစရာ သတ္တဝါပါပဲဟယ်”
“ဒီလူတွေဟာ တယောက်မှ လူသားတွေ မဟုတ်ဘူး အမေ။ သူတို့ဟာ ကျွန်တော်တို့ကို ထုဖို့ရိုက်ဖို့ထားတဲ့ တူတွေပဲ။ ကျွန်တော်တို့လူထုတွေကို ကိုင်လို့တွယ်လို့ ကောင်းအောင်၊ ချောမွေ့သွားအောင် လုပ်တဲ့နေရာမှာ အသုံးချတဲ့ ကိရိယာတန်ဆာပလာတွေပဲ။ သူတို့ကိုလည်း သူတို့အထက်က သူတို့သခင်တွေက ကိုင်လို့တွယ်လို့၊ အသုံးချလို့ ကောင်းအောင် ပုံသွင်းထား တာပဲ။ တနည်းအားဖြင့်ဆိုရင် ပြုပြင်ဖန်တီးထားတာပဲ သူတို့ကို အထက်က အမိန့်ပေးလိုက်ရင် ဘာအလုပ်မဆို မတွေးဘဲ၊ မတောဘဲ ပြန်ပြီး မမေးဘဲ၊ မစမ်းဘဲ လုပ်ကြတော့တာပဲ”
နောက်ဆုံး၌ အမေအား သူ့သား ပါဗယ်ကို တွေ့ခွင့်ပေးလိုက်ရာ၊ တနင်္ဂနွေနေ့ တနေ့၌ အမေသည် အကျဉ်းထောင် ရုံးခန်းထောင့်တထောင့်၌ ခပ်ကုပ်ကုပ်ကလေး ထိုင်နေလေ၏။ ညစ်ပတ်ပေရေ၍ အမိုးနိမ့်နိမ့် ကျဉ်းမြောင်းလှသည့် အခန်းကလေးအတွင်း၌ ထောင်ဝင်စာရရန် စောင့်နေကြသည့် အခြားသူများလည်း ရှိကြ၏။ အမှန်အားဖြင့် ဤလူများ တဦးနှင့်တဦး သိကျွမ်းကြပြီး စကားအမျှင်မပြတ်အောင် ပြောနေကြသည်ကို ထောက်ရှုခြင်းအားဖြင့် သူတို့သည် ဤနေရာသို့ ပထမဦးဆုံး အကြိမ်အနေနှင့် ရောက်လာကြခြင်း မဟုတ်သည်မှာ ထင်ရှားပေသည်။ ထိုလူစုထဲမှ မျက်နှာပွရောင်းရောင်း ခပ်ဖိုင့်ဖိုင့်နှင့် ခရီးဆောင်အိတ်တအိတ်ကို ရင်ခွင်ထဲ၌ ပွေ့ထားသည့် အမျိုးသမီးတဦးက
ကနေ့မနက်စောစော ဘုရားဝတ်ပြုချိန်မှာ ဘုရားရှိခိုးကျောင်း သုဘရာဇာက ဘုရားရှိခိုးကျောင်း ဓမ္မသီချင်းဆိုတဲ့ အဖွဲ့ထဲက ကလေးတယောက်ရဲ့ နားရွက်တဖက်ကို အတင်းဖြတ်ပစ်တယ် ဆိုတာကို ကြားကြပြီလား” မေးလိုက်ရာ အငြိမ်းစား အရာရှိတယောက်ဟု ထင်ရသည့် အသက်အရွယ် အတော်ကြီးကြီး လူတယောက်က၊ “ဓမ္မသီချင်းဆိုတဲ့ ကလေးတွေဟာ အားလုံး လမ်းသရဲတွေချည်းပဲ” ဟု ဝင်၍ပြောလေ၏။
ထိုအတွင်း ထိပ်ပြောင်ပြောင်၊ မေးရိုးငေါငေါ၊ လက်တံရှည်ရှည် ဂွတိုတို လူတယောက်က ရုံးခန်းအတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း အသံတုန်တုန်ယင်ယင်နှင့်၊
“အင်း၊ ကုန်ဈေးနှုန်းတွေက တက်နေကြပြီ။ ဒါကြောင့် လူတွေဟာ ညစ်ပတ်ကုန်ကြပြီ။ အမဲသား ခပ်ညံ့ညံ့ဈေးက တပေါင်ကို ၁၄ ကိုပက် ထိအောင် ဈေးတက်ပြီး ပေါင်မုန့်ကလည်း နှစ်ကိုပက်ခွဲ ဖြစ်လာပြန်ပြီ” ညည်းတွားနေလေ၏။
တခါတရံ အကျဉ်းသမားများသည် ဝင်လာကြ၏။ သူတို့အားလုံးသည် ပြာမွဲမွဲ ဝတ်စုံတို့ကို ဝတ်ဆင်ထားကြပြီး လေးလံသည့် သားရေဖိနပ်များကို စီးထားကြ၏။ မလင်းတလင်း မှုန်တိမှုန်မွှား အကျဉ်းထောင် ရုံးခန်းထဲသို့ ဝင်လာကြလျှင် မျက်စိကို မှိတ်တုတ်မှိတ်တုတ် နေကြ၏။ သူတို့အထဲမှ တယောက်မှာမူ ခြေချင်းများ ခတ်ထား၏။
အကျဉ်းထောင်အတွင်းတွင် ထူးထူးခြားခြား အေးချမ်းလျက်ရှိပြီး အစစသည် ရှင်းနေ၏။ အကျဉ်းသမားအားလုံးသည် ထောင်တွင်း၌ နေနေကျဖြစ်ပြီး ကံစီမံသည့်အတိုင်း ဒေါင်ကျကျ ပြားကျကျနေတော့မည် ဆုံးဖြတ်ထားကြဟန်ရှိ၏။ သူတို့အထဲမှ အချို့သည် သူတို့အပြစ်ဒဏ်ကို ခေါင်းငုံ့ပြီး ငြိမ်ငြိမ်သက်သက် ခံသွားကြ၏။ အစောင့်များကလည်း ပျင်းရိပျင်းတွဲ စောင့်နေကြ ၏။ ထိုအထဲ အကျဉ်းသမားများကို လာရောက် တွေ့ဆုံကြသည့်သူများကလည်း ပျင်းရိငြီးငွေ့စွာ အချိန်မှန်မှန် လာနေကြဟန်ရှိ၏။ အမေကား သည်းမခံဘဲ စိတ်ဓာတ် တုန်လှုပ်လျက်ရှိ၏။ သူ့ပတ်ဝန်းကျင်မှ အစစကို ကြည့်ပြီး အံ့သြမိလေသည်။
မျက်နှာက ပိန်ရွှံ့ရွှံ့ဖြစ်နေသော်လည်း မျက်လုံးများက ကြည်လင်လျက်ပင် ရှိသေးသည့် အဘွားကြီးတယောက်သည် အမေ့အနား၌ ကပ်ထိုင်လျက်ရှိ၏။ အဘွားကြီးသည် ဘေးမှ သူများပြောသမျှ ဆိုသမျှ စကားတို့ကို သူ၏သေးသွယ်သည့် လည်ပင်းကို ဟိုဘက်လှည့်လိုက် သည်ဘက်စောင်းလိုက်နှင့် နားထောင်နေ၏။ လူတိုင်းကိုလည်း သူ၏ ရဲဝံ့ တည်ငြိမ်သည့် မျက်လုံးများနှင့် ကြည့်နေလေသည်။
“ဘယ်သူ့ကိုတွေ့ဖို့လာတာလဲ ကြီးတော်” ဟု သာယာညင်းပျောင်းစွာမေးလျှင် ထိုအဘွားကြီးက၊
“ကြီးတော်သားကိုပါအေ။ တက္ကသိုလ်ကျောင်းသား တယောက်ပေါ့။ ညည်းကကော ဘယ်သူ့ကို တွေ့ဖို့လဲ” ဟု ပြန်မေးလေ၏။
“ကျွန်မကလည်း ကျွန်မသားကို လာတွေ့တာပါ။ အလုပ်သမားတယောက်ပါ”
“သူ့နာမည်က ဘယ်သူတဲ့တုံး”
“ပါဗယ်ပါ”
“သူ့ကို မကြားဖူးဘူး။ ထောင်ထဲရောက်နေတာ ကြာပြီလား”
“ခုနစ်သီတင်းလောက် ရှိပါသေးတယ်”
“ကြီးတော်သားကတော့ ဆယ်လလောက် ရှိပါသေးတယ်” အဘွားကြီးက ဂုဏ်ယူသည့် လေသံမျိုးနှင့် ပြန်ဖြေလေ၏။ ထိုအတွင်း ထိပ်ပြောင်ပြောင်နှင့်လူက၊
“ဟုတ်တယ် ဟုတ်တယ်။ သည်းမခံနိုင်ကြတော့ဘူး။ လူတွေက ဒေါသဖြစ်နေကြတယ်။ အော်ဟစ်နေကြတယ်။ ဈေးတွေကလည်း တတက်တည်း တက်နေကြတယ်။ အဲဒီလို ကုန်ဈေးနှုန်းတွေ တဖက်က တက်တာနဲ့အမျှ လူတွေကလည်း တဖက်က ဈေးပေါပေါလာပြီး ဘာမဆို ပိုက်ဆံရရင် လုပ်မယ်ဆိုတဲ့ကိန်းကို ဆိုက်နေကြပြီ။ မပြောတော့ဘူးဗျာ” ဟု ဆက်၍ပြောလိုက်လျှင် ပင်စင်စား အရာရှိကြီးက၊
“အေး၊ ခင်ဗျားပြောတာမှန်တယ်။ အင်း အစစ ရပ်တန်းကရပ်ဖို့ အချိန်ကျပြီ။ တယောက်က အာဏာရှိရှိနဲ့ ပြတ်ပြတ်သားသား ငြိမ်သွားအောင် အမိန့်ပေးပစ်လိုက်ဖို့ အချိန်တန်ပြီ။ အခု ကျုပ်တို့တတွေ လိုနေတာက ဒါပဲ။ တကယ့်အာဏာရှိတဲ့လူနဲ့မှ တော်မယ်” ဟု ပြန်ပြောနေလေ၏။
လူတိုင်းက ကိုယ့်ထင်မြင်ချက်ကို ကိုယ်ဝင်ပြောပြီး စကားဝိုင်းထဲ၌ စိတ်ပါဝင်စားလာလေ၏။ လူတိုင်းသည် သူ့သဘောထားကိုသူ အလွန်ပြောပြချင်၏။ သို့ရာတွင် ပွင့်ပွင့်လင်းလင်း မပြောဝံ့ဘဲ တိုးတိုးတိတ်တိတ် ပြောနေကြ၏။ အမေကား သူတို့နှင့် သဘောထားချင်း မတိုက်ချေ။ သူ့အိမ်၌ ပြောကြဆိုကြသည့်စကားတို့သည် ယခုပြောနေကြသည့် စကားများနှင့် မတူ။ ပို၍ပွင့်လင်း၏။ ပြတ်သား၏။ တိုးတိုးနှင့်တိတ်တိတ်လည်း မပြော။ လွတ်လွတ်လပ်လပ် နှင့် အသံကျယ်စွာ ပြောကြ၏။
ထိုအတွင်း နီကြင်ကြင် မုတ်ဆိတ်မွေးကားကားနှင့် ဝဖိုင့်ဖိုင့် ထောင်မှူးတယောက်သည် ထော့နဲ့ ထော့နဲ့နှင့် ထွက်လာပြီး အမေအား ဦးခေါင်းမှ ခြေထောက်အထိ အပြန်ပြန် အလှန်လှန် ကြည့်ကာ၊
“ကဲ၊ ကျုပ်နောက်ကိုလိုက်ခဲ့ကြ” ဟု ခေါ်လေ၏။ သို့နှင့် ထောင်မှူးသည် အမေ့ရှေ့မှ လေးတိလေးတွဲနှင့် သွားနေရာ အမေသည် သူ့သားကို တွေ့ချင်ဇောနှင့် သူ့ကို နောက်မှ တအားတွန်းပစ်လိုက်ချင်သည်။
ပါဗယ်သည် အခန်းကလေးထဲ၌ မတ်တတ်ရပ်နေပြီး လက်တဖက်ကို သံတိုင်ကြားမှလှမ်း၍ အပြင်သို့ ထုတ်ပေးထားရာ အမေက ရပ်လျက် သူ၏လက်ကို လှမ်းဆွဲလိုက်၏။ ထိုနောက် အမေသည် ပြောစရာ စကားစ ရှာမရသဖြင့်၊
“ဟဲ့သား၊ ဟဲ့သား” ဟုသာ ပြောနိုင်၏။ ထိုအခါ ပါဗယ်က အမေ့ကို ဆုပ်ကိုင်ထားရင်း၊
“ကိုယ့်ကိုယ်ကို ထိန်းစမ်းပါ အမေ” ဟု ပြောရာ အမေက၊
“အို၊ အမေ ဘာမှမဖြစ်ပါဘူးကွဲ့ သားရဲ့”
ထိုအတွင်း ထောင်မှူးက၊
“လက်စသတ်တော့ သူက မင်းအမေကိုး” ဟု သက်ပြင်းတခါချ၍ ပြောလိုက်၏။ တဖန်ဆက်၍၊
“အေး၊ မင်းတို့ချင်း ခပ်ဝေးဝေးကလေးရပ်ကွ၊ ဒီလို အနားကပ်နေလို့မဖြစ်ဘူး” ဟု ခပ်ကျယ်ကျယ် လှမ်း၍ပြောလိုက်၏။
ပါဗယ်သည် အမေ့အား နေကောင်း မကောင်းနှင့် အိမ်တွင်းအခြေအနေတို့ကို မေးမြန်း စုံစမ်းနေ၏။ အမေက အခြားအရေးကိစ္စတို့နှင့် ပတ်သက်၍ မေးလိမ့်ဦးမည်ဟု မျှော်တလင့်လင့်ဖြင့် ပါဗယ်၏ မျက်နှာကို အကဲခတ်၏။ သို့ရာတွင် ပါဗယ်က ဘာမျှမမေးချေ။ သူသည် ခါတိုင်းကဲ့သို့ပင် တည်ငြိမ်လျက် ရှိ၏။ သို့ရာတွင် သူ့အသားသည် အနည်းငယ် ဖြူရော်ရော်ဖြစ်ပြီး မျက်လုံးများသည် အနည်းငယ် ပြူးလာသည်ဟု ထင်ရလေသည်။ အမေက
“ဆာရှာက သတိရတဲ့အကြောင်း ပြောလိုက်ပါတဲ့” ဟု ပြောပြ၏။
ပါဗယ်သည် မျက်တောင်များကို နှစ်ချက် သုံးချက် မြန်မြန်ခတ်လိုက်၏။ မျက်နှာထားတင်းရာမှ ပျော့၍ ပြုံးလာ၏။ အမေသည် သူ့သားမျက်နှာထား ပြောင်းသွားသည်ကို ကြည့်ပြီး ရင်ထဲ၌ နင့်သွားလေသည်။ ထိုနောက် စိတ်ထဲ၌ နာကြည်းစွာနှင့်ပင်…
“ငါ့သားကို သူတို့က မကြာခင် လွှတ်လိမ့်မယ်လို့ ထင်သလားကွယ်။ ဘာပြုလို့များ သူတို့က သားကို ချုပ်ထားကြတာလဲ။ ဟိုစာရွက်စာတမ်းတွေက အလုပ်ရုံထဲမှာ ပလူပျံမြဲ ပျံနေကြတာပါပဲ” ဟု ပြောလေလျှင် ပါဗယ်၏ မျက်လုံးများသည် တောက်ပြောင်လာပြီး...
“တကယ်လား အမေ” ဟု အရေးတကြီး မေးလေ၏။
ထိုအခါ ထောင်မှူးက အိပ်မှုန်စုံမွှားအသံဖြင့်…
“ဒီလိုကိစ္စတွေကို မပြောရဘူးလို့ တားမြစ်ထားတယ်။ ကိုယ့်အိမ်ထောင်တွင်း အရေးကိစ္စ တို့ကိုသာ ပြောခွင့်ရတယ်ဗျာ” ဟု အမေအား ပြောပြလေသည်။
အမေက
“ဒီဟာကော အိမ်တွင်းရေးကိစ္စ မဟုတ်ဘူးလား” ဟု ပြန်၍ မေးလေလျှင် ထောင်မှူးက ဘာမျှ အရေးမစိုက်သည့်အနေဖြင့်
“အဲဒါကိုတော့ ကျုပ်မပြောတတ်ဘူး။ ဒါပေမဲ့ ပြောဖို့ အခွင့်မရှိဘူးဗျာ” ဟု ပြန်၍ ဖြေလေ၏။ ပါဗယ်က…
“ကဲ၊ ကောင်းပါပြီလေ၊ ကျွန်တော့်ကို အိမ်က အကြောင်းကိုပဲ ပြောပြပါ အမေ” ဟု ဆိုလေ၏။
ထိုအခါ အမေက သရော်တော်တော် မျက်နှာထားနှင့်…
“အို ဒါတွေအကုန်လုံးကို အမေပဲ အလုပ်ရုံထဲ ယူသွားတာပေါ့ကွယ်” ဟု ပြော၍ ခဏမျှ ရပ်နေပြီးနောက်
“အမေ ယူသွားတာတွေကတော့ မုန်လာဥဟင်းချိုတို့၊ ဆန်ပြုတ်တို့၊ မာရီယာ ချက်ပေးတဲ့ အစားအစာတွေပေါ့ကွယ်၊ ပြီးတော့ ဟိုဟာ ဒီဟာတွေပေါ့ကွယ်၊ စုံလို့ပါပဲ” ဟု ပြောလိုက်ရာ ပါဗယ်သည် အမေပြောလိုက်သည့်စကားများ၏ အဓိပ္ပာယ်ကို ကောင်းကောင်းကြီး နားလည်၍ သဘောပေါက်သွား၏။ သူ့လက်ချောင်းများဖြင့် သူ၏ဆံပင်ကို နောက်သို့လှန်ပြီး မရယ်မိအောင် မနည်းထိန်း၍ ပြုံးနေလေ၏။ ထို့နောက်
“အင်း၊ အမေ အလုပ်အအားမနေရအောင် အလုပ်တခုခုလုပ်နေရတာ ကောင်းတယ်။ တယောက်တည်း အဖော်မရှိ အပေါင်းမရှိနဲ့ နေဖို့ အချိန်မဟုတ်တော့ဘူးနော် အမေ” ဟု အမေ ယခင်က တခါမျှ မကြားဘူးသည့် ယုယကြင်နာလှသည့် လေသံဖြင့် ပြန်ပြောလိုက်ရာ အမေက
“အဲဒီစာရွက်စာတမ်းတွေ ပေါ်လာပြန်တော့ သူတို့တတွေက အံမယ် အမေ့ကိုတောင် ရှာလားဖွေလား လုပ်ကြသေးတယ်ကွဲ့” ဟု ခပ်ဝင့်ဝင့်နှင့် ပြန်ပြောလေ၏။
ထိုအခါ ထောင်မှူးက မကျေနပ်သည့်လေသံဖြင့်...
“အဒေါ်ကြီးကလည်း လုပ်ပြန်ပြီလား တခါ။ ဒါတွေကို မပြောဖို့ တားမြစ်ထားတယ်လို့ ကျုပ်ပြောထားပြီ မဟုတ်လား။ သူတို့က သူ့ကို (ပါဗယ်ကို ဆိုလိုသည်) ဘာဖြစ်နေတယ်ဆိုတာ မသိရအောင်၊ ခင်ဗျားနဲ့ မတွေ့ရအောင် ထောင်ထဲမှာ ထည့်ထားတာဗျ။ ဘယ်လိုကိစ္စမျိုးကိုမှ မပြောရဘူး” ဟု ပြောလေရာ ပါဗယ်က၊
“ကဲ၊ တော်ပါပြီ အမေ၊ မက်ဗေ၊ အိုင်ဗင်နိုဗစ် (အလှည့်ကျ ထောင်မှူး၏ နာမည်) က သဘော ကောင်းတယ်။ အဲဒီတော့ သူ့ကို စိတ်ဆိုးအောင်လုပ်ဖို့ မကောင်းဘူး။ သူနဲ့ ကျွန်တော်တို့နဲ့ တည့်တယ်။ ကနေ့ အမေလာတွေ့တုန်း သူ့အလှည့်ကျတာ သိပ်ကံကောင်းတာပဲ။ ခါတိုင်းဆိုရင် လက်ထောက် ထောင်ပိုင်ကြီးက လာလာစောင့်တယ်” ဟု အမေ့အား ပြောပြ၏။ ထောင်မှူးလည်း သူ့နာရီကိုကြည့်ပြီး၊
“အင်း အချိန်စေ့ပြီ” ဟု ဆိုလေ၏။
“ကျေးဇူးတင်ပါတယ် အမေရယ်၊ ဘာမျှ စိတ်ထဲက ပူပင်မနေပါနဲ့။ စိုးရိမ်စရာ မရှိပါဘူး။ သူတို့တတွေက ကျွန်တော့်ကို လွှတ်လိုက်ကြမှာပါ” ဟု ပြောကာ ပါဗယ်သည် အမေ့အား အားပါးတရ ဖက်၍နမ်းလေ၏။
အမေလည်း စိတ်ထဲ၌ အကျေနပ်ကြီး ကျေနပ်ပြီး မျက်ရည်များပင် ကျမိလေသည်။
ထိုနောက် ထောင်မှူးက အမေအား
“ကဲ… လာဗျာ၊ တော်ပြီ” ဟု ဆို၍ ခေါ်သွားပြီး အမေအား ၀ရန်တာအတိုင်း ရှေ့မှ လမ်းပြရင်း၊
“ငိုမနေပါနဲ့ဗျာ၊ သူ့ကိုလွှတ်ကြမှာပါ။ သူ့ကိုချည်းသာ မဟုတ်ဘူး၊ အားလုံးကို လွှတ်ပစ်မှာပါ၊ ဒီမှာ လူတွေက ပြွတ်ခဲနေပြီဗျ” ဟု ပြောနေပြန်၏။
အိမ်သို့ရောက်သောအခါ အမေက ယူကရိန်းသားအား ထောင်၌ တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံ အားလုံးတို့ကို ပြုံးပြုံးရွှင်ရွှင် ပြောပြလေ၏။ ထိုနောက် သက်ပြင်းချကာ
“ငါက ဒီအဖြစ်အပျက်တွေ၊ လုပ်ရပ်တွေကို ထောင်မှူးကို တပတ်ရိုက်ပြီး ပြောလိုက်တာ ဘယ်လောက်ဟန်သလဲကွဲ့။ သူလည်း ငါလှည့်ပြီး ပြောလိုက်တာကို နားလည် သဘောပေါက် ပါတယ်။ နားမလည်ဘဲမနေပါဘူးကွဲ့။ နားလည်လို့လည်း အမေကို ဒီလောက်ယုယုယယ ကြင်ကြင်နာနာနဲ့ ပြောတာပေါ့။ တခါမှ ဒီလို မယုယဖူးဘူးကွဲ့” ဟု ပြောပြသောအခါ ယူကရိန်းသားက ရယ်လျက်၊
“အမေကတော့ တကယ့်ကို ရယ်စရာကောင်းတာပဲ။ လူတွေဟာ သည့်ပြင်ဟာတွေကို တောင့်တကြတယ်။ လိုလားကြတယ်။ ဒါပေမဲ့ မိခင်တယောက်ကတော့ ချစ်ခင် ကြင်နာခြင်း ကိုသာ တောင့်တတယ်” ဟု ပြောလေ၏။
အမေသည် ရုတ်တရက် ရှိုက်ကြီးတငင်ငိုကာ၊
“ဒါပေမဲ့ အင်ဒရေယူရှာ၊ တခြားလူတွေကို မင်း မြင်စမ်းစေချင်တယ်ကွယ်။ သူတို့မှာ ထုသားပေသား ရနေကြတာတွေကိုး။ သူတို့သားသမီးတွေကို ဖမ်းကြတယ်။ ပြီးတော့ ထောင်ထဲမှာ ချုပ်နှောင်ထားကြတယ်။ ဒါပေမဲ့ သူတို့တတွေက ဘာမျှမဖြစ်သလိုဘဲ နေနိုင်ကြလိုက်တာ။ သူတို့လည်း ထောင်ကိုလာကြတယ်။ ထိုင်ပြီး စောင့်ကြတယ်။ ပြီးတော့ ဟိုသတင်း ဒီသတင်းတို့ကို ပြောကြဆိုကြတယ်။ သည်လို ပညာတတ်တဲ့ လူတွေကတောင် အခုပြောသလို အလေ့အကျင့် ရနေကြရင် တို့လိုပညာမရှိတဲ့လူ နလပိန်းတုံးတွေက ဘာလုပ်ကြရမလဲ။ ကဲ မင်းပဲ စဉ်းစားပါဦး” ဟု ပြောလျှင် ယူကရိန်းသားက၊
“အို ဒါကတော့ အမှန်ပဲ။ တရားဥပဒေက သူတို့အတွက် တမျိုးပဲ။ ကျွန်တော်တို့တတွေ အပေါ်မှာလောက် မပြင်းထန်ဘူး အမေ။ ပြီးတော့ တရားဥပဒေကို ကျွန်တော်တို့ထက် သူတို့က ပိုပြီး အသုံးချကြတယ်။ အဲဒီတော့ တခါလောက်များ တရားဥပဒေ ဒဏ်ကို ခံလိုက်ရရင် သူတို့က ရှုံ့မဲ့သွားတာပဲ။ ဒါပေမဲ့ သည်လောက်တော့ အရေးမထားကြပါဘူး။ ကိုယ့်တုတ်နဲ့ကိုယ် ရိုက်မိတာက သူများရိုက်တာကို ခံရတာထက်တော့ သက်သာတာပေါ့ဗျာ” ဟု သရော်သလိုလို၊ လှောင်သလိုလိုနှင့် ပြန်ပြောလေသတည်း။
အခန်း နှစ်ဆယ်
တနေ့ညနေချမ်း၌ အမေသည် စားပွဲ၌ထိုင်၍ ခြေအိတ်တဖက်ကို ထိုးနေ၏။ ယူကရိန်းသားသည် ရှေးရောမပြည်မှ ကျေးကျွန်များ တော်လှန်ခဲ့ကြသည့်အကြောင်းကို အမေအား ဖတ်ပြနေ၏။ ထိုအတွင်းမှ အပြင်မှ လူတယောက်က တံခါးကို ခပ်ကျယ်ကျယ် လာခေါက်သဖြင့် ယူကရိန်းသားက ဖွင့်ပေးသောအခါ နစ်ကိုလိုင် ဗက်ဆော့ရှီကော့သည် အထုပ်တထုပ်ကို ချိုင်းတွင်ညှပ်၍ ဝင်လာလေ၏။ သူသည် သူ၏ခေါင်းစွပ်ဦးထုပ်ကို နောက်သို့ လှန်ဆောင်းထား၏။ သူ့ခြေထောက်များ၌လည်း ဒူးအထိ ရွှံ့များပေလျက် ရှိလေသည်။
ထိုနောက် နစ်ကိုလိုင်က
“ကျွန်တော် ဒီအနားဖြတ်သွားတုန်း အိမ်ထဲက မီးမြင်တော့ နှုတ်ဆက်မယ်လို့ ဝင်လာခဲ့တာပဲ။ အခု ထောင်က တန်းလာခဲ့တာဗျာ့” ဟု ပြော၍ အမေ့လက်ကို စိတ်ရော ကိုယ်ပါ ဆွဲကိုင်နှုတ်ဆက်ပြီး၊
“ပါဗယ်က အမေ့ကိုသွားပြီး တွေ့ဖြစ်အောင် တွေ့လိုက်ပါလို့ မှာလိုက်တယ်” ဟု ပြောလေ၏။ သို့ပြောပြီးနောက် စိတ်နှလုံး မသက်မသာနှင့် ထိုင်၍ မျက်မှောင်ကြုတ်ပြီး သံသယရှိသလိုလိုဖြင့် အခန်းတွင်းသို့ ဟိုကြည့် သည်ကြည့် ကြည့်နေလေ၏။
အမေသည် သူ့ကို မနှစ်သက်ချေ။ သူ၏ ပြောင်နေအောင် ရိတ်ထားသည့် ဦးခေါင်းနှင့် သေးငယ်သော မျက်လုံးလေးများအား ကြောက်သလိုလို ဖြစ်နေ၏။ သို့ရာတွင် ထိုနေ့ညကမူ အမေသည် သူနှင့် တွေ့ရသဖြင့် ဝမ်းသာပြီး အတော် ခင်မင်ရင်းနှီးစွာ သူ့အား အားပေးစကား ပြောနေလေ၏။
“နစ်ကိုလိုင်လည်း တယ်ပိန်လှချည်လား” ဟု ပြောပြီး ယူကရိန်းသား၏ ဘက်သို့လှည့်ကာ "ကဲ အင်ဒရေယူရှာ သူ့ကို လက်ဖက်ရည် တခွက်လောက် တိုက်ကြစို့လား” ဟု ပြောလေ၏။ ယူကရိန်းသားက မီးဖိုခန်းထဲမှနေပြီး၊
“ကျွန်တော် လက်ဖက်ရည်အိုးတည်နေတယ်” ဟု လှမ်း၍ ပြောလိုက်၏။ အမေက တဖန်၊
“ပါဗယ်ကော ဘယ့်နှယ်လဲ။ မင်းအပြင် ဘယ်သူ့ကိုများ လွှတ်လိုက်သေးတုံး” ဟု မေး၏။
နစ်ကိုလိုင်သည် ဦးခေါင်းကို ငုံ့နေလေ၏။
“ပါဗယ်ကတော့ သည်းခံပြီး စောင့်နေတာပဲ။ အပြင်လွှတ်လိုက်တာကတော့ ကျွန်တော် တယောက်တည်းပဲ” ဟုပြောပြီး အမေ့မျက်နှာကို မော့ကြည့်လိုက်၏။ ထိုနောက် သွားကိုစေ့ပြီး ဖြည်းညင်းသည့် လေသံဖြင့်၊
“ကျွန်တော်ကတော့ သူတို့ကို ကျုပ်အပြစ်ဒဏ်ခံရတာ ကြာလှပြီ။ ကျုပ်ကို လွှတ်ပါတော့။ ကျုပ်ကို မလွှတ်ရင် ကျုပ်ကတော့ တယောက်ယောက်ကို သတ်ပြီး ကိုယ့်ကိုယ်ကို သတ်သေလိုက်မှာပဲလို့ ပြောတယ်။ ဒါကြောင့် သူတို့က ကျွန်တော့်ကို လွှတ်လိုက်ကြတာပဲ” ဟု ဆက်၍ ပြောနေလေ၏။ အမေသည် နောက်သို့တွန့်သွားပြီး...
“ဟင်း” ဟုသာ ပြောနိုင်တော့၏။ ထိုနောက် နစ်ကိုလိုင်၏ တောက်ပြောင်စူးရှသည့် မျက်လုံးကလေးများနှင့် သူ့မျက်လုံးများ အကြည့်ချင်းဆုံမိသည့်အခါ သူသည် မျက်လုံးများကို ပေကလတ် ပေကလတ် လုပ်နေလေ၏။
ထိုအတွင်း ယူကရိန်းသားက မီးဖိုခန်းထဲမှနေ၍...
“ဖီယိုဒို မက်ဇင်ကော ဘယ့်နှယ်လဲ။ အခုထက်ထိ လင်္ကာတွေကို ရေးနေတုန်းပဲလား” ဟု လှမ်း၍ မေးလိုက်သောအခါ နစ်ကိုလိုင်က ဦးခေါင်းကိုညိတ်လျက်…
“ဟုတ်တယ် ရေးနေတယ်။ ဒါပေမဲ့ ကဗျာတွေ၊ လင်္ကာတွေကို ကျုပ်က နားမလည်ဘူးဗျ။ သူကတော့ သူ့ကိုယ်သူ သာလိကာထင်နေတယ်။ သူ့ကို လှောင်အိမ်ထဲ ထားလိုက်ရင် သူက မြည်တော့တာပဲ။ ဒါထက် ကျုပ်အိမ်ကို ကျုပ်မပြန်ချင်ဘူးဗျ”
“အင်း၊ အိမ်ပြန်သွားတော့ကော ဘာလုပ်မှာလဲ။ အိမ်ကလည်း အခေါင်းချည်း၊ ဘယ်သူမျှမရှိဘူး။ မီးဖိုထဲမှာလည်း မီးမရှိ။ တအိမ်လုံး အေးစိမ့်နေမှာပေါ့” ဟု အမေသည် စဉ်းစားရင်း ပြောပြလေ၏။
နစ်ကိုလိုင်သည် ငြိမ်နေ၏။ အမေ့ကို စွေကြည့်နေလေ၏။ နောက်ဆုံး၌ စီးကရက် တဘူးကို ထုတ်၍ စီးကရက်တလိပ်ကို မီးညှိကာ တချက်လောက် ညည်းလိုက်၏။ ထိုနောက် သူ၏ဆေးလိပ်မှ အလိပ်လိပ်တက်နေသော မီးခိုးများကိုကြည့်ရင်း၊
“ဟုတ်တယ်၊ ကျွန်တော်လည်း အကုန်လုံးအေးမြနေလိမ့်မယ်လို့ ထင်တာပဲ။ ကြမ်းပြင်ပေါ်မှာ ပိုးဟပ်တွေရော၊ ကြွက်တွေရော သွေးတွေခဲပြီး စန့်နေကြရောပေါ့ဗျာ၊ အဲဒီတော့ ကျွန်တော် ဒီအိမ်မှာ တညလောက် အိပ်ပါရစေလား အမေ” ဟု အမေ့ကို မကြည့်ဘဲ အသံကွဲကြီးနှင့် မေးနေလေ၏။
“ဘာကွဲ့၊ အမယ် အခွင့်တွေဘာတွေ တောင်းမနေရပါဘူးတော်၊ အိပ်နိုင်ပါတယ်” ဟု ကပျာကယာ ပြန်ဖြေလိုက်၏။
သို့ရာတွင် သူသည် နစ်ကိုလိုင်ရှေ့တွင် နေရသည်မှာ အိုးတိုးအောင့်တောင့် ဖြစ်နေ၏။ ထိုနောက် နစ်ကိုလိုင်က “အခုခေတ်ကတော့ဗျာ၊ လူတွေက ကိုယ့်မိကိုယ့်ဖတောင် မိဘပြောရမှာ ရှက်နေကြတယ်” ဟု ပြောလိုက်ရာ အမေက “ဘယ့်နှယ်” ဟု အလန့်တကြား မေးလိုက်၏။
နစ်ကိုလိုင်သည် အမေ့ကိုကြည့်ပြီး သူ့မျက်လုံးများကို မှိတ်ထားလေရာ ကျောက်ပေါက်မာဗရပျစ် နှင့် သူ့မျက်နှာသည် မျက်မမြင်သဖွယ် ဖြစ်သွားလေ၏။ တဖန် သက်ပြင်းတချက်ချကာ…
“ကျွန်တော်က လူတွေဟာ ကိုယ့်မိဘကို မိဘပြောရမှာတောင် ရှက်နေကြတယ်လို့ ပြောတာပါ။ ပါဗယ်ကတော့ အမေ့အတွက် မရှက်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ ကျွန်တော့်အဘိုးကြီး အတွက် ရှက်တယ်ဗျာ။ သူ့အိမ်ရိပ်ကို ကျွန်တော် ဘယ်တော့မျှ မနင်းတော့ဘူး။ ကျွန်တော့်မှာ အဖေလည်း မရှိဘူး။ အိမ်လည်း မရှိဘူး။ ကျွန်တော့်ကို ပုလိပ်ကသာ ချုပ်မထားရင် ဆိုက်ဘေးရီးယားကို ထွက်သွားမှာပဲ။ အဲဒီမှာ ပြည်နှင်ဒဏ် ပေးထားတဲ့ လူတွေကို ထွက်ပြေးရအောင် အကူအညီ ပေးလိုက်မှာပဲ” ဟု ပြောလေ၏။
အမေသည် နစ်ကိုလိုင် ဆင်းရဲဒုက္ခ ခံစားနေရသည်ကို သိ၏။ သို့ရာတွင် သူ့အတွက် ဝမ်းမနည်းချေ။
အမေသည် သူ့အား စကားတခွန်းမျှ ပြန်မပြောလျှင် သူ့စိတ်ထဲ၌ ကျေနပ်မည်မဟုတ်သဖြင့်၊
“ဒီလိုမှဆိုရင်လည်း မင်းထွက်သွားလိုက်ရင် ကောင်းမှာပေါ့” ဟု ပြန်ပြောလိုက်၏။ ထိုအတွင်း ယူကရိန်းသားသည် မီးဖိုခန်းထဲမှ ထွက်လာ၍၊
“ဘာများပြောနေကြတာလဲ အမေ” ဟု မေးကာ ရယ်လိုက်၏။ အမေက “ကဲ၊ တို့ တခုခု စားရအောင် ထပ်ယူလိုက်ဦးမယ်” ဟု ဆိုကာ ထလိုက်၏။
ထိုနောက် နစ်ကိုလိုင်သည် ယူကရိန်းသားအား စူးစူးစိုက်စိုက် ကြည့်နေပြီး၊ “တချို့လူတွေကို သတ်ပစ်ရရင် ကောင်းမှာပဲဗျာ့” ဟု မမျှော်လင့်သည့်စကားကို ဆိုလိုက်၏။
“အိုး ဟိုး ဘာပြုလို့လဲဗျာ”
“ရှင်းသွားအောင်လို့ပေါ့ဗျာ”
အရပ်မြင့်မြင့်၊ ခြေတံကောကောနှင့် ယူကရိန်းသားသည် အလယ်ခန်း၌ သူ့ကိုယ်သူ ယိမ်းထိုးကာ မတ်တတ်ရပ်နေပြီး နစ်ကိုလိုင်ကို ငုံ့ကြည့်နေ၏။ နစ်ကိုလိုင်ကမူ ကုလားထိုင်ပေါ်၌ စီးကရက်ကို တွင်တွင်ဖွာကာ ငြိမ်သက်စွာ ထိုင်နေလေ၏။ သူ့မျက်နှာသည် နီရဲလာလေ၏။ တဖန်၊
“ဟောဟို အိုင်ဆိုင်ဂေါ်ဘော့ခေါင်းကို ကျုပ်ကတော့ ဖြတ်ပစ်ရလိမ့်မယ်။ ကြည့်ပါ၊ ကျုပ် တကယ်ကို လုပ် မလုပ်”
“ဘာပြုလို့လဲဗျာ” ဟု ယူကရိန်းသားက မေးလိုက်သောအခါ၊
“သူက သူလျှိုဗျ၊ ပုလိပ်သတင်းပေး။ သူပဲ ကျုပ်အဖေကို ဖျက်ဆီးပြီး ပုလိပ်ရဲ့တည်ကြက် ဖြစ်အောင် လုပ်ပစ်လိုက်တာ” ဟု ယူကရိန်းသားအား ခပ်ချဉ်ချဉ် ကြည့်ကာ ပြောနေလေ၏။ ထိုအခါ ယူကရိန်းသားက၊
“အိုး၊ ဒါကြောင့်ကိုး။ ဒါပေမဲ့ ခင်ဗျားအဖေကိစ္စနဲ့ ဘယ်သူကမှ ခင်ဗျားအပေါ်မှာ မကောင်းတဲ့ စိတ်ထားနဲ့ မဟုတ်ပါဘူး” ဟု ပြောလိုက်လျှင်၊
“လူတော်တွေရော လူအတွေပါ အတူတူပါပဲဗျာ။ ကဲ၊ ဥပမာ ခင်ဗျားနဲ့ ပါဗယ်ကို ကြည့်ပါဦး။ ခင်ဗျားတို့ နှစ်ယောက်လုံးဟာ လူတော်တွေချည်းပါပဲ။ ဒါပေမဲ့ ခင်ဗျားတို့က ကျုပ်အပေါ်မှာ ဖီယိုဒိုတို့၊ ဆမွိုင်းလော့တို့ သဘောထားသလို တသဘောတည်း ထားကြရဲ့လား။ ခင်ဗျားတို့ အချင်းချင်း တယောက်အပေါ် တယောက် သဘောထားသလိုကော ထားရဲ့လား။ ကဲ၊ ဟုတ်တဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ။ ကျုပ်က ခင်ဗျားတို့ကို ဘယ်နည်းနဲ့မှ မယုံဘူးဗျ။ ခင်ဗျားတို့အားလုံး ကျုပ်ကို ဘေးဖယ်ဖယ်ထားတယ်။ ကျုပ်နဲ့ တော်တဲ့နေရာမှာပေါ့ဗျာ” ဟု ခေါင်းမာမာနှင့် ပြန်ပြောလေ၏။
ထိုအခါ ယူကရိန်းသားက သူ့အနား၌ထိုင်ကာ ဖြည်းညင်း နူးညံ့သိမ်မွေ့စွာ၊
“နစ်ကိုလိုင်၊ ခင်ဗျားစိတ်က သောကတွေ များနေတယ်ဗျာ့” ဟု ပြောလိုက်လျှင် နစ်ကိုလိုင်က၊
“အေး ဟုတ်တယ်၊ ကျုပ်စိတ်က သောကတွေ များနေတယ်။ ဒါပေမဲ့ ခင်ဗျားစိတ်ကလည်း သောကများနေတာပဲ။ ခင်ဗျားက ခင်ဗျားသောကဟာ ကျုပ်သောကထက် အရည်အချင်း အားဖြင့် မြင့်မားတယ်လို့ ထင်နေတယ်။ ကျုပ်တို့တတွေဟာ တယောက်နဲ့ တယောက် အလကားကောင်တွေလို့ ထင်နေကြတယ်။ ဆက်ဆံနေကြတယ်။ ကဲ... မထင်ဘူးလားဗျာ။ ပြောစမ်းပါ ပွင့်ပွင့်လင်းလင်း” ဟု မေးကာ ယူကရိန်းသား၏မျက်နှာကို စူးစူးစိုက်စိုက်ကြည့်ရင်း အဖြေကို စောင့်နေလေ၏။ နှုတ်ခမ်းကိုလည်း ကိုက်ထား၏။ သူ၏ နီရဲသော မျက်နှာထားကား မပြောင်း။ နှုတ်ခမ်းများကသာ တွန့်လိုက် ရှုံ့လိုက် ဖြစ်နေကြ၏။ ယူကရိန်းသားသည် နစ်ကိုလိုင်၏ ရန်လိုနေသော မျက်နှာထားကို ဝမ်းနည်းစွာကြည့်ကာ၊
“ကျုပ်တော့ ဘာမျှမပြောတတ်ဘူးဗျာ့။ ကျုပ်သိတာကတော့ စိတ်ထဲမှာ အကျိတ်အခဲဖြစ်နေတဲ့ အနာတွေ အားလုံး အုံကြွနေတဲ့ လူတယောက်နဲ့ စကားအချေအတင် ပြောရတာဟာ မကောင်းဘူး၊ စိတ်ကို ထိခိုက်တယ်ဆိုတာပဲ ကျုပ်သိတယ်။ ဒါကို ကျုပ် သိတယ် နောင်တော်” ဟု ဖြေလိုက်ရာ နစ်ကိုလိုင်သည် မျက်လွှာကို အောက်သို့ချပြီး၊
“ခင်ဗျားနဲ့ ကျုပ်တော့ ငြင်းနေလို့မဖြစ်ဘူး။ ဘာကြောင့် ငြင်းမဖြစ်ဘူးဆိုတာကိုလည်း ကျုပ်မသိဘူး” ဟု ပြန်ပြောလေ၏။ တဖန် ယူကရိန်းသားက ဆက်၍၊
“ကျုပ်တို့တတွေဟာ လူတိုင်း လူတိုင်း ကိုယ့်ဟာနဲ့ကိုယ် အလွန်ကြမ်းတမ်းတဲ့ ဘဝခရီးကို လျှောက်နေကြရတာပဲ။ ပြီးတော့ လူတိုင်း လူတိုင်းဟာ ခင်ဗျားလိုပဲ အလွန် ကျပ်တည်း ကျဉ်းမြောင်းတဲ့အချိန်မှာ ညည်းကြရတာချည်းပဲ” ဟု ပြောလျှင်... နစ်ကိုလိုင်က၊
“ခင်ဗျား ကျုပ်ကို ဘာမျှရှင်းမပြနိုင်ပါဘူး။ ကျုပ်ကတော့ ဝံပုလွေလို ဟိန်းဟောက်နေတဲ့လူပဲ” ဟု ပြန်ပြောလျှင် ယူကရိန်းသားက၊
“ကျုပ်က ခင်ဗျားကို ဘာမှ ရှင်းမပြချင်ဘူး။ ဒါပေမဲ့ ကျုပ်သိတာကတော့ ဒီကိစ္စတွေဟာ မကြာမီ ပြေပျောက်သွားမယ့်ကိစ္စတွေပါ။ လုံးလုံးမပြေပျောက်သည့်တိုင်အောင် ပြေတော့ ပြေပျောက် ရမှာပေါ့ဗျာ” ဟု ပြောပြီး ရယ်လိုက်၏။ ထိုနောက် နစ်ကိုလိုင်၏ ပခုံးကို လက်နှင့်ပုတ်လျက်၊
“ဒါက ကလေးတွေမှာဖြစ်တတ်တဲ့ ဝက်သက်လိုပါပဲ။ ကျုပ်တို့အားလုံးဟာ တကြိမ်ကြိမ်မှာ ဝက်သက်ပေါက်ဖူးကြတာချည်းပဲ။ သန်သန်မာမာကလေးတွေမှာ ပေါက်ကြတော့ ပေါ့ပြီး၊ ချူချာတဲ့ကလေးတွေ ပေါက်ရင် အတော်ခံရတာပေါ့။ ကျုပ်တို့တတွေဟာ ကိုယ့်ကိုယ်ကို ငါဟာ ဘာလဲ၊ ငါ လူဖြစ်လာရတာဟာ ဘာလုပ်ဖို့လဲလို့ စဉ်းစားလိုက်တာနဲ့ တပြိုင်နက် ဒီလို စိတ်ဓာတ် ကျဆင်း ကျဆင်းလာရတော့တာပဲ။ ဒါပေမဲ့ ဘဝဟာ ဘာလဲ၊ တို့ဟာ ဒီဘဝမှာ ဘာလုပ်ကြရမလဲ ဆိုတာကို တိတိကျကျ မသိကြဘူး။ ပထမတော့ လူတိုင်းဟာ ကိုယ့်ကိုယ်ကို အကောင်းဆုံးလို့ ထင်တယ်။ တခြားလူတွေက သူ့ဆီမှ အမြတ်ထုတ်တယ်လို့ ထင်တယ်။
ဒါပေမဲ့ တော်တော်ကလေးကြာတော့ တခြားလူတွေလည်း သူ့ထက် စိတ်သဘော မညံ့ဘူး ဆိုတာကို သိမြင်လာတယ်။ အဲဒီတော့မှ သူလည်း နေသာထိုင်သာ ရှိတော့တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို တော်လှပြီ၊ ကောင်းလှပြီလို့ ပြောရမှာလည်း ရှက်လာတယ်။ လူတိုင်း လူတိုင်းဟာ ကိုယ်တတ်နိုင်သလောက် ကောင်းအောင် လုပ်နိုင်ရင် အားလုံး ကောင်းသွားမယ် ဆိုတာ သိလာပါလိမ့်မယ်။ အားလုံးကောင်းသွားတာနဲ့စာရင် လူတယောက်ရဲ့ကောင်းတဲ့ အကွက်ကလေးတကွက်ဟာ အလွန်သေးနုပ်တယ်ဆိုတာကို မြင်လာပါလိမ့်မယ်၊ ကျုပ်ပြောတာ ကို ခင်ဗျား သဘောပေါက်ရဲ့ မဟုတ်လား”
“အင်း… နားလည်လိမ့်မယ်တော့ ထင်ပါရဲ့ဗျား၊ ဒါပေမဲ့ ကျုပ် ဘာမှမယုံဘူး ဗျာ” ဟု ဆိုလေ၏။
ယူကရိန်းသားသည် ရယ်ပြီး ထခုန်လိုက်၏။ ထိုနောက် အခန်းတွင်း၌ ဟိုဟိုသည်သည် လမ်းလျှောက်နေရာမှ၊
“ကျုပ်လည်း ဒီလိုပဲ ဘာမှယုံခဲ့တဲ့လူ မဟုတ်ဘူးဗျ။ နတ်အိုးကွဲရဲ့” ဟု ပြောလျှင် နစ်ကိုလိုင်က ယူကရိန်းသားကို စိတ်ချဉ်ချဉ်နှင့် ကြည့်လျက်၊
“ဘယ့်နှယ်ကြောင့် နတ်အိုးကွဲလို့ ကျုပ်ကို ခေါ်ရတာလဲ” ဟု မေးလေလျှင် ယူကရိန်းသားက၊
“နတ်အိုးကွဲနဲ့ပေါ့” ပြန်ဖြေလိုက်၏။ ထိုနောက် နစ်ကိုလိုင်သည် ဟက်ဟက်ပက်ပက် ရယ်နေပြန်ရာ၊ ယူကရိန်းသည် သူ့ရှေ့၌ရပ်လျက်၊
“ဘယ့်နှယ်ကြောင့် ရယ်နေရတာလဲ” ဟု မေးလေ၏။
“ခင်ဗျားလို လူ့စိတ်နာကြည်းအောင် လုပ်တဲ့လူကတော့ တကယ့် လူမိုက်တယောက်ပဲလို့ ကျုပ် တွေးမိလို့ပါဗျာ”
“ဘယ်သူကများ ကျုပ်စိတ်ကို ထိခိုက်အောင် လုပ်နိုင်လို့လဲ” မေးလျှင် နစ်ကိုလိုင်သည် အကြံဆိုက်ပြီး ပြုံးလျက်၊
“ဒါကိုတော့ ကျုပ်မသိဘူးပေါ့ဗျာ၊ ခင်ဗျားစိတ်ကို ထိခိုက်နာကြည်းအောင်လုပ်တဲ့ လူဟာ သူ့စိတ်ထဲမှာ ထိခိုက်သွားမှာပဲလို့ ကျုပ် ပြောချင်တာပါ” ပြန်ပြောလေ၏။ ယူကရိန်းသားက၊
“ဒါပဲလားဗျ” ပြန်မေးလိုက်စဉ် အမေသည် မီးဖိုထဲမှနေ၍ ယူကရိန်းသားအား “အင်ဒရေယူရှာ” ဟု လှမ်း၍ခေါ်လိုက်ဖြင့် ယူကရိန်းသားသည် မီးဖိုထဲသို့ ဝင်သွားလေ၏ ။
သို့နှင့် အိမ်ရှေ့ခန်းထဲ၌ တယောက်တည်း ကျန်ရစ်ခဲ့သောအခါ နစ်ကိုလိုင်သည် ဟိုဟိုဒီဒီ လှည့်ကြည့်ပြီး သူ့ခြေထောက်များကို ဆန့်ကာ သူ၏တုတ်ခိုင်သော ခြေသလုံးများကို လက်နှင့် ကိုင်၍ ကြည့်နေလေ၏။ သူ့လက်ကို မြှောက်ပြီး ပြည့်ဖောင်းနေသည့် သူ၏ လက်ဖဝါးနှင့် တုတ်ခိုင်သည့် လက်ချောင်းများကို ကြည့်နေလေ၏။ ထိုနောက် တခုခုကို မုန်းတီးရွံရှာသည့် အနေနှင့် လက်ကို ဝှေ့ယမ်းပြီး မတ်တတ်ထရပ်လိုက်၏။ ယူကရိန်းသား လက်ဖက်ရည် ယူလာသောအခါ သူသည် မှန်ရှေ့၌ ရပ်နေပြီး၊
“ကျုပ်မျက်နှာ ကျုပ် မကြည့်ဖြစ်တာကို ကြာလှပြီ။ ဘယ်လိုများနေပါလိမ့်” ဟု ပြုံးပြောလိုက်ရာ ယူကရိန်းသားက သူ့ကိုကြည့်လျက်၊
“မျက်နှာက ဘယ်လိုနေနေ၊ ဘာဂရုစိုက်စရာလဲဗျာ” ဟု ဆိုလိုက်၏။
“ဆာရှာက လူ့ဝမ်းတွင်းသဘောဟာ မျက်နှာမှာ လာပေါ်တယ်တဲ့ဗျာ့”
“အဓိပ္ပာယ်မရှိတာဗျ။ သူ့ကို ကြည့်စမ်းပါဦး၊ သူ့နှာခေါင်းက ငါးမျှားချိတ်လို ကောက်တောက်တောက်နဲ့။ ပါးရိုးတွေကလည်း ငေါနေလိုက်တာ။ ဒါပေမဲ့ သူ့စိတ်ဓာတ်ကတော့ သောက်ရှူးကြယ်လိုပဲ သန့်ရှင်းကြည်လင်လိုက်သမှ”
နစ်ကိုလိုင်က သူ့ကိုကြည့်ပြီး ပြုံးလိုက်၏။ ထိုနောက် သူတို့သည် လက်ဖက်ရည် သောက်ကြ၏။
နစ်ကိုလိုင်သည် အာလူးပြုတ်တလုံးကို ယူလိုက်၏။ ပေါင်မုန့်တချပ်ပေါ်၌ ဆားဖြူးပြီး ဖြည်းဖြည်းစားနေရာမှ သူ့ပါးစပ် ပလုတ်ပလောင်းနှင့်၊ “ဒီမှာ အခြေအနေက ဘယ့်နှယ်နေတုံး" ဟု မေးလေ၏။
ယူကရိန်းသားက အလုပ်ရုံထဲ၌ သူတို့စာရွက်စာတမ်းတွေ မည်သို့မည်ပုံ ဖြန့်ဖြူးနေကြသည်ကို အားပါးတရ ပြောလိုက်လျှင် နစ်ကိုလိုင်၏မျက်နှာသည် တဖန် သုန်မှုန်လာပြီး၊
“ဒါက သိပ်အချိန်ကြာတာပဲဗျာ၊ သိပ်ကြာတာပဲ။ ကျုပ်တို့တတွေ ဒီထက် မြန်မြန်သွက်သွက် ကလေး အလုပ်လုပ်ကြရင်ကောင်းမယ်” ဟုပြောလေရာ အမေသည် စိတ်ထဲ၌ မကျေမနပ်ဖြစ်ပြီး သူ့ကို ကြည့်နေလေ၏။ ယူကရိန်းသားကမူ၊
“ဘဝက ကြာပွတ်နဲ့ရိုက်ပြီး မောင်းရ နှင်ရမယ့် မြင်းမဟုတ်ဘူးဗျာ” ဟုပြော၏။ နစ်ကိုလိုင်သည် ဦးခေါင်းကို တွင်တွင်ခါလျက်၊
“သိပ်ကြာတာပဲဗျာ၊ ကျုပ်က ဒီလိုစောင့်မနေချင်ဘူး။ အဲဒီတော့ ကျုပ် ဘာလုပ်ရမလဲ” ဟု ပြော၍ ယူကရိန်းသား၏ မျက်နှာကိုကြည့်ရင်း အဖြေကို စောင့်နေလေ၏။ ယူကရိန်းသားက မျက်လွှာချလျက်၊
“ကျုပ်တို့တတွေ အားလုံးဟာ လေ့လာရမယ်။ တယောက်နဲ့တယောက် သွန်သင်ကြရဖယ်။ အဲဒါ ကျုပ်တို့တတွေ လုပ်ကြမယ့် အလုပ်ပဲ” ဟု ပြန်ဖြေလိုက်၏။
“ဒါဖြင့် ကျုပ်တို့တိုက်ပွဲကို ဘယ်အချိန် စကြမှာလဲ”
“ဘယ်အချိန် တိုက်ပွဲစကြမယ် ဆိုတာကိုတော့ ကျုပ်မသိဘူး။ ဒါပေမဲ့ တိုက်ပွဲမစမီ ကျုပ်တို့တတွေ သူတို့က အကြိမ်ပေါင်းများစွာ ရိုက်ကြ၊ နှက်ကြ၊ ထုကြလိမ့်မယ် ဆိုတာကိုတော့ ကျုပ်သိတယ်” ဟု ယူကရိန်းသားက ရယ်၍ ပြော၏။ ထို့နောက် ဆက်၍
“ကျုပ်မြင်တဲ့အတိုင်း ပြောရရင်တော့ ကျုပ်တို့တတွေဟာ လက်က လက်နက်မကိုင်မီ သဘောတရားရေးရာ လက်နက်ကို တပ်ဆင်ပြီးသား ဖြစ်ကြရလိမ့်မယ်”
နစ်ကိုလိုင်သည် တဖန် အစားကို ယူစားနေပြန်၏။ အမေကမူ သူ၏တောင့်တင်းခိုင်မာလှသည့် ကိုယ်လုံးကိုယ်ထည်ကို ကြည့်နေလေ၏။ တခါတခါ အမေ့မျက်လုံးများနှင့် သူ၏ သေးငယ်သော မျက်လုံးကလေးများ အကြည့်ချင်းဆုံမိသောအခါ အမေသည် လန့်လန့်သွား၏။ ယူကရိန်းသား သည် ဂနာမငြိမ်ချေ။ သူသည် ရယ်၍ စကား ပြောလိုက်ချင်၏။ သို့ရာတွင် ဘာမျှမပြောဘဲ လေချွန်နေလေသည်။
အမေသည် ယူကရိန်းသားအား အဘယ်ကြောင့် စိတ်မချမ်းမြေ့ ဖြစ်နေရသည်ကို သိ၏။ နစ်ကိုလိုင်ကမူ ယူကရိန်းသားက ပြောသမျှစကားတို့ကို တခါတခါ တိုတိုတောင်းတောင်းနှင့် တခါတခါ မဖြေချင့်ဖြေချင်နှင့် ပြန်ပြောရင်း ငိုနေလေသည်။
အမေနှင့် ယူကရိန်းသားတို့အတွက် ထိုအခန်းထဲ၌ နေရသည်မှာ မွန်းကျပ်ကျပ်နှင့် နေမချိ ထိုင်မသာ ဖြစ်လာလေ၏။ ၎င်းနောက် သူတို့နှစ်ယောက်သည် နစ်ကိုလိုင်ကို တလှည့်စီ တိတ်တိတ်ခိုး ချောင်းကြည့်နေကြ၏။ နောက်ဆုံး၌ နစ်ကိုလိုင်သည် မတ်တတ်ရပ်ပြီး၊
“ကျွန်တော်တော့ အိပ်ချင်ပြီ အမေ။ ထောင်ထဲမှာ တထိုင်တည်း ထိုင်ထိုင်နေရတာ ကျွန်တော်တော့ ရူးရမလောက်ပါပဲ။ နောက်တော့ သူတို့က ကျွန်တော့်ကို ဗြုန်းဆို လွှတ်လိုက်ကြတယ်။ ဒါနဲ့ ကျွန်တော်လည်း ထွက်လာတော့တာပဲ။ ကျွန်တော်တော့ ပင်ပန်းလှ ပြီ” ဟု ဆိုလေ၏။
ထိုနောက် မီးဖိုခန်းထဲသို့ ကုန်းဝင်သွား၍ တခဏလောက် ဟိုဟိုဒီဒီ လမ်းလျှောက်ပြီးနောက် ငြိမ်သွားလေ၏။ အမေသည် နားစွင့်နေသေး၏။ သို့ရာတွင် ဘာသံမျှ မကြားတော့ချေ။
အမေက ယူကရိန်းသားအား၊
“သူ့အတွေးအခေါ်က တကယ့်ကို ကြောက်စရာကောင်းတဲ့ အတွေးအခေါ်တွေပဲ” ဟု ပြောလေလျှင် ယူကရိန်းသားက ဦးခေါင်းကိုယမ်းလျက်၊
“သူတော့ခက်တယ်။ ဒါပေမဲ့ တော်တော်ကြာရင် သူအမြင်မှန်ရလာပါလိမ့်မယ်။ ကျွန်တော်လည်း တခါက ဒီလိုပဲ ဖြစ်ခဲ့ဖူးတယ် အမေ။ မီးဟာ မတောက်ခင်ကတော့ မီးခိုးအူတတ်တာမျိုးပဲ။ ကဲ၊ အမေလည်း အိပ်ချေတော့လေ။ ကျွန်တော်လည်း စာခဏလောက် ဖတ်လိုက်ဦးမယ်” ဟု ပြန်ပြောလိုက်၏။
အမေသည် ထောင့်တထောင့်ထဲမှ ကန့်လန့်ကာ နောက်ကွယ်ရှိ အိပ်ရာသို့ သွားလေ၏။ ယူကရိန်းသားသည် အချိန်အတော်ကြာ အမေ သက်ပြင်းချနေသံနှင့် ဘုရားဝတ်ပြုသံကို ကြားနေလေ၏။ သူသည် စာအုပ်ကို ကပျာကသီ လှန်နေပြီး သူ၏နဖူးပြင်ကို လက်နှင့် သပ်နေ၏။ တဖန် နှုတ်ခမ်းမွေးများကို လက်နှင့် လိမ်နေပြီး ခဏမျှ လမ်းလျှောက်နေ၏။ နာရီစက်သံသည် ဆိတ်ငြိမ်ထုကို ထိုးဖောက်ပြီး မြည်နေစဉ် အိမ်အပြင်မှ လေသည်လည်း သစ်ပင်များအကြား၌ တဝီဝီနှင့် တိုက်ခတ်လျက် ရှိလေသည်။
ထိုအတွင်း “အင်း၊ လောကမှာ လူတွေ တွေ့လိုက်ရရင် ညည်းနေကြတဲ့ လူတွေချည်းပဲ။ အင်း၊ ချမ်းသာသုခနဲ့ ပြည့်စုံတဲ့လူများ ဘယ်မှာရှိပါ့မလဲဟယ်” ဟူသော အမေ၏ ညည်းသံကို ကြားလျက်လျှင် ယူကရိန်းသားက၊
“ချမ်းသာသုခနဲ့ ပြည့်စုံတဲ့လူတွေရှိပါတယ် အမေ၊ မကြာခင် အဲဒီလူမျိုးတွေဟာ အများကြီး ဖြစ်လာမှာပါ” ဟု ပြန်၍ ပြောနေလေတော့သတည်း။
အခန်း နှစ်ဆယ့်တစ်
ဘဝသည်ကား တဝေါဝေါ စီးနေသည့် မြစ်ချောင်းသဖွယ် အဟုန်ပြင်းစွာ စီးဆင်းလျက် ရှိရာ အရေးကိစ္စတရပ်ရပ် မကြုံဘဲနှင့် တနေ့မှ တနေ့သို့ ကူးသည်ဟူ၍ မရှိချေ။ ဤနည်းနှင့် နေ့စဉ် အရေးကိစ္စသစ်များ ပေါ်ပေါက်လာသော်လည်း အမေသည် ယခင်ကဲ့သို့ ထိတ်လန့်တုန်လှုပ်ခြင်း မရှိတော့ချေ။ သူ့အိမ်တွင် ဧည့်သည်များသည် ယခင်ထက်ပို၍ များလာ၏။ ထိုဧည့်သည်တို့သည် ညအချိန်၌လာကြ၍ ယူကရိန်းသားနှင့် တိုးတိုးတိတ်တိတ် ကျိတ်၍ ဆွေးနွေးကြ၏။ ထို့နောက် သူတို့ကို ဘယ်သူဘယ်ဝါမှန်း မသိကြရအောင် သူတို့ကော်လံများကို ထောင်ပြီး ဦးထုပ်များကို ရှေ့သို့ဆွဲချကာ မှောင်ရိပ်ခို၍ တိတ်တဆိတ် ထွက်သွားကြ၏။ သူတို့တတွေ လူမသိအောင် ပျာပျာသလဲ ဖြစ်နေကြသည်ကို အမေသည် သတိထားမိ၏။ သူတို့သည် သီချင်းများကိုဆိုပြီး ရယ်ချင်ကြ၏။ သို့သော် သူတို့တွင် အချိန်မရှိ။ အမြဲတမ်း သုတ်သီးသုတ်ပျာ ဖြစ်နေကြ၏။ ၎င်းတို့အထဲမှ အချို့သည် တည်ငြိမ်၏။ အချို့က လူငယ်များပီပီ ပျော်ကြရွှင်ကြ၏။ အချို့ကလည်း ငြိမ်ပြီး စဉ်းစားနေတတ်ကြ၏။ သူတို့အားလုံး သူတို့ကိုယ်သူတို့ ယုံကြည်စိတ် ရှိကြသည်ကိုလည်းကောင်း၊ ဇွဲရှိကြသည်ကိုလည်းကောင်း အမေ သိ၏။ သူတို့တတွေသည် တယောက်နှင့်တယောက် ရုပ်လက္ခဏာချင်း မတူကြသော်လည်း သူတို့၏ မျက်နှာများသည် ပိန်ချုံး၍ ခိုင်မြဲသည့် စိတ်ဓာတ်ကိုဆောင်လျက် ရှိကြ၏။ သူတို့၏ မည်းမှောင်၍ ကြည်လင်သည့် မျက်လုံးများသည် သိမ်မွေ့၍ တည်ငြိမ်ကြ၏။ ထို့ကြောင့် သခင်ယေရှုခရစ်၏ မျက်နှာနှင့် ဆင်နေကြလေသည်။
သူတို့ကို အမေသည် စိတ်ထဲမှ ရေတွက်ကြည့်မိ၏။ သူ့သား ပါဗယ်၏ဘေး၌ သူတို့တတွေက ဝိုင်းနေလိုက်လျှင် ပါဗယ်အား ဘယ်ရန်သူကမျှ မမြင်နိုင်ဟု သူသည် တွေးမိ၏။
တနေ့သော် ဆံပင်ကောက်ကောက်နဲ့ ရဲရင့်ပုံပေါ်သော မိန်းကလေးတယောက်သည် ယူကရိန်းသားအတွက် အထုပ်တထုပ်ကို ယူလာ၏။ ထိုနောက် သူအိမ်မှ ပြန်အထွက်တွင် အမေ့ဘက်သို့ ပြုံးရွှင်စွာ လှည့်ပြီး၊
“ကဲ… သွားပြီ အမေ” ဟု နှုတ်ဆက်လေရာ အမေကလည်း သူ့ကိုယ်သူ မပြုံးမိအောင် သတိထားကာ၊
“အေးကွယ် သွားတော့ သွားတော့” ဟု ပြန်၍ နှုတ်ဆက်လိုက်၏။ ထိုရဲဘော်မကလေးအား အိမ်ပြင်သို့ လိုက်ပို့ပြီးနောက် အိမ်ပြတင်းမှ ရပ်ကြည့်နေရင်း အမေသည် ပြုံးမိ၏။ မိန်းကလေးကား မိုးဦးကျ မိုးရေသောက်ထားသည့် ပွင့်သစ်စ ပန်းကလေးသဖွယ် လန်းဆန်းပြီး လိပ်ပြာကလေးသဖွယ် မျက်စိတဆုံး မျှော်၍ ကြည့်နေ ရင်း၊
“အင်း၊ ချစ်စရာကောင်းတဲ့ ရဲဘော်မကလေး။ အေးကွယ်၊ မင်း တကယ့်သစ္စာရှိတဲ့ ရဲဘော်ကောင်းတယောက်နဲ့ အတူတွဲပြီး ဘဝခရီးကို လျှောက်နိုင်ပါစေကွယ်” ဟု တိုးတိုး ဆုတောင်းနေလေ၏။
မြို့မှလူများသည် တနည်းအားဖြင့် ကလေးတွေနှင့် တူလှသဖြင့် အမေသည် ဝမ်းထဲမှ အသာကျိတ်၍ ပြုံးမိ၏။ သို့ရာတွင် သူတို့၌ ယုံကြည်မှုရှိကြသည်ကိုလည်းကောင်း၊ သူ့အပေါ်၌ သစ္စာရှိကြသည်ကို လည်းကောင်း တနေ့ထက်တနေ့ ပို၍ ပို၍ သိမြင်လာသောအခါ သူ၏ စိတ်ထဲ၌ ထိလည်းထိခိုက်သွား၏။ အံ့လည်းအံ့သြသွား၏။ အမှန်တရားသည် အောင်ရမည်ဟု သူတို့ယုံကြည်လျက်ရှိကြသည်ကို တွေ့ရသောအခါ သူ၏စိတ်နှလုံး ချမ်းမြေ့သွား၏။ သို့ရာတွင် သူတို့ပြောဆိုနေကြသည့် စကားတို့ကို ကြားရတိုင်း ကြားရတိုင်း ဝမ်းနည်းမိ၏။ သူတို့၏ ရိုးသားမှုနှင့် သူတို့၏ကိုယ်ကျိုးကို သူတို့ လုံးဝမငဲ့ကွက်မှုတို့ကို မြင်ရသောအခါ သူ့စိတ်ထဲ၌ ပို၍ပင် ထိခိုက်သွားလေ၏။
ဘဝနှင့်ပတ်သက်၍ သူတို့ ပြောဆိုနေကြသည့် စကားတို့ကို သူသည် နားလည်ထားပြီဖြစ်၏။ လူသားတို့၏ စိတ်နှလုံးသည် အဘယ်ကြောင့် ကြိမ်မီးအုံးထားသကဲ့သို့ ဖြစ်ရသနည်းဟူသော ပြဿနာ၏ အကြောင်းရင်းကို သူတို့ တွေ့နေကြပြီဟု သူသိ၏။ ၎င်းပြင် သူတို့၏ အယူဝါဒ အများအပြားကိုလည်း လက်ခံ၏။ သို့ရာတွင် သူတို့သည် ဘဝကို အသစ်တဖန် ပြန်လည် ထူထောင်နိုင်လိမ့်မည်ဟုလည်းကောင်း၊ သူတို့သိမြင်ထားသည့် အမှန်တရားဖြင့် လုပ်သား ပြည်သူကို စည်းရုံးနိုင်ကြလိမ့်မည်ဟု လည်းကောင်း သူ မယုံကြည်ချေ။ လူတိုင်းသည် သူ့ဝမ်းကို ယနေ့ဝဖို့အရေးအတွက် ခါးတောင်းကျိုက် မပြုတ်တမ်း ကုန်း၍ ရုန်းနေ၏။ နက်ဖြန်မှ ဝမ်းကို ဝအောင် စားတော့မည်။ ယနေ့မစားရလျှင် နေပေစေဟု မည်သူကမျှ သဘောမထားချေ။
လူနည်းစုကသာ ထိုရှည်လျား၍ ခက်ခဲလှသည့် လမ်းစဉ်ကိုလိုက်လို၏။ နောက်ဆုံး လူသားအချင်းချင်း ညီရင်းအစ်ကိုသဖွယ် ချစ်ခင်ကြင်နာကြမည့် နိုင်ငံတော်ကြီး ပေါ်ပေါက်လာရမည်ဟူသော ထူးဆန်းလှသည့်အမြင်ကို လူနည်းစုကသာ မြင်၏။ ထို့ကြောင့် ဤလူများ၏မျက်နှာတို့သည် ရင့်ရော်ပြီး မုတ်ဆိတ်မွေးများပေါက်ကာ ပင်ပန်းနွမ်းရိစွာ အလုပ် လုပ်ရသဖြင့် ရွံ့တွနေကြစေကာမူ သူက ၎င်းတို့အား ကလေးများသဖွယ် ရိုးကြ၊ အကြသည်ဟု သဘောထားလေသည်။
ထိုနောက် သူ၏ဦးခေါင်းကို ခါလျက်၊
“အင်း၊ တကယ်သနားစရာကောင်းတဲ့ လူတွေပဲနော်” ဟု တွေးနေမိလေ၏။ သို့ရာတွင် သူတို့အားလုံးသည် ရိုးသားဖြောင့်မတ်ကြ၏။ လေးနက်ကြ၏။ စဉ်းစား ဆင်ခြင်တတ်၏။ ကောင်းသည့်၊ မွန်မြတ်သည့်အလုပ်တို့ကို လုပ်ဖို့သာပြောကြ၏။ သူတို့သိထားကြသည့်၊ နားလည်ထားကြသည့် တရားတို့ကို အခြားသူများအား မနေမနား အားကြိုးတကုတ် ကြိုးပမ်း အားထုတ်ကြ၏။ ဤဘဝမျိုးသည် အန္တရာယ်ထူပြောလှသော်လည်း အလွန် တပ်မက်ဖွယ်ရာ ကောင်းသည်ကို သူသည် သိမြင်လာ၏။ ကျဉ်းမြောင်း မည်းမှောင်လှသည့် သူ၏ အတိတ်ဘဝ လမ်းကြောင်းကိုလည်း သက်ပြင်းတချက် ချ၍ ပြန်ကြည့်မိ၏။ ဤဘဝသစ်တွင် သူကိုယ်တိုင် အရေးပါ အရာရောက်သည်ကိုလည်း တဖြည်းဖြည်း သိမြင်လာ၏။ ယခင်က သူ့ကို ဘယ်သူကမျှ အလိုမရှိ။ မတောင့်တခဲ့သော်လည်း ယခုမူ သူ့ကို လူအများအပြားက လိုလားတောင့်တလျက် ရှိသည်ကို ထင်ထင်ရှားရှား သိမြင်လာ၏။ ဤသိမြင်မှုသည် သစ်လည်းသစ်လွင်၏။ စိတ်ကြည်နူးဖွယ်ရာလည်း ဖြစ်၏။ သို့ သိမြင်လာသဖြင့်လည်း သူသည် လူ့လောက အလယ်တွင် ဦးခေါင်းကို မော်လာနိုင်လေသည်။
သူသည် စာရွက်စာတမ်းတို့ကို အလုပ်ရုံအတွင်းသို့ မှန်မှန် ယူဆောင်သွားလေ့ ရှိ၏။ ဤကဲ့သို့ ယူဆောင်သွားခြင်းသည် သူ့အတွက် တာဝန်တရပ် ဖြစ်သည်ဟု ယူဆ၏။ စုံထောက်များသည် သူ့ကို မြင်နေကျ၊ တွေ့နေကျ ဖြစ်သဖြင့် သူ့ကို အလေးဂရု မပြုကြချေ။ သူ့ကို အကြိမ်များစွာ ရှာကြဖွေကြဖူး၏။ သို့ရာတွင် အလုပ်ရုံအတွင်း၌ စာရွက်စာတမ်းများတွေ့ပြီး နောက်တနေ့မှသာ သူတို့က ရှာကြ၏။ သူ့တွင် ဘာမူ မပါသည့်အခါ စုံထောက်များက သူ့အပေါ်၌ သံသယ ရှိလာအောင် သူက သူ့ကိုယ်သူ မလုံသလိုလို ကြောက်သလိုလို၊ ရွံ့သလိုလို လုပ်ပြတတ်၏။ ထိုအခါ စုံထောက်များက သူ့ကို သဲကြီးမဲကြီး ရှာတတ်ကြ၏။ သူက သူတို့ကို အတိုက်အခံ ပြောပြီး သူ့ကို စော်ကားရမလား ဟူသောမူဖြင့် ဒေါသထွက်ဟန်ဆောင်၏။ ဤကဲ့သို့ စုံထောက်များကို တပတ်ရိုက်ပြီးလျှင် သူသည် သူ့ကိုယ်သူ ဝမ်းထဲမှ အကျေနပ်ကြီးကျေနပ်ကာ ထွက်သွားတတ်လေသည်။
နစ်ကိုလိုင်ကို အလုပ်ရုံ၌ အလုပ်ပြန်မပေးတော့ချေ။ သူသည် သစ်ကုန်သည်တယောက်ထံ၌ အလုပ်လုပ်ပြီး သစ်တုံးများ၊ ပျဉ်များနှင့် ထင်းများကို တိုက်ပေးရ၏။ အမေသည် သူ့အား ဤသစ်များနှင့် ပျဉ်များကို တိုက်တိုက်သွားသည်ကို နေ့စဉ်နေ့တိုင်းလိုလိုပင် မြင်မြင်နေရ၏။ သူမောင်းနှင်နေသည့် မြင်းများသည် မြင်းနက် ပိန်ပိန်နှစ်ကောင် ဖြစ်ပြီး ဤမြင်းများသည် သစ်တုံးများနှင့် ပျဉ်များကို မနိုင့်တနိုင်နှင့် အတင်းရုန်းနေကြရ၏။ နစ်ကိုလိုင်သည် မြင်းများနှင့် ဘေးချင်းယှဉ်ပြီး ဇက်ကြိုးကို လျော့ရိလျော့ရဲကိုင်လျက် မောင်းနေလေ၏။ သူလည်း ညစ်ပတ် ပေကျံနေပြီး အဝတ်များသည်လည်း စုတ်ပြတ်နေ၏။ အလွန်လေးလံသည့် ဘွတ်ဖိနပ်ရှည်ကြီး များကို စီးထား၏။ သူ၏ဦးထုပ်ကိုမူ နောက်ဘက်ထိအောင် လှန်၍ဆောင်းထား၏။ သူသည် မြေကြီးထဲမှ ဖော်ခါစ သစ်ငုတ်တိုနှင့် တူလေသည်။ မြင်းများကို ခေါင်းတဆတ်ဆတ်နှင့် မောင်းရင်း မြေကြီးကို စိုက်စိုက်ကြည့်နေလေ့ရှိ၏။ သူ၏ မြင်းများသည်လည်း ခေါင်းများကို ငုံ့လျက် ရုန်းနေကြရာ သူတို့နှင့် မျက်နှာချင်းဆိုင် လာနေကြသည့်လူများနှင့် လှည်းများကို မကြာခဏ ဝင်ဝင်တိုက်မိလေ၏။ ထိုအခါ လူများက နစ်ကိုလိုင်ကို မိုးမွှန်သွားအောင် ကျိန်ကြ၊ ဆဲကြလေ၏။ သူကမူ ဘာမျှပြန်မပြောရုံမျှမက ဦးခေါင်းကိုပင် မော့၍ မကြည့်ချေ။ စူးရှစွာ လေကိုချွန်ပြီး၊ “ကဲ သွားကြလေ သွားကြ” ဟုသာ ပြောနေလေသည်။
ယူကရိန်းသားက သူ့ရဲဘော်များကိုခေါ်ပြီး နိုင်ငံခြားသတင်းစာ သို့မဟုတ် စာရွက်စာတမ်းတို့ကို ဖတ်ပြတိုင်းပြတိုင်း နစ်ကိုလိုင်သည် လာပြီး ထောင့်တထောင်ထဲ၌ ထိုင်ကာ တစ်နာရီ၊ နှစ်နာရီ ကြာအောင် ငြိမ်သက်စွာ နားထောင်လေ့ရှိ၏။ ဤကဲ့သို့ ယူကရိန်းသားက ဖတ်ပြပြီးနောက် ရဲဘော်များသည် ပြင်းပြင်းထန်ထန် ဝေဖန်ကြ၊ ဆွေးနွေးကြ၏။ သို့ရာတွင် ယူကရိန်းသားသည် ဘယ်တော့မျှ မဝေဖန်၊ မဆွေးနွေးပေ။ သူသည် အခြားသူများ ပြန်သွားသည့်တိုင်အောင် ထိုင်နေပြီး ယူကရိန်းသားတယောက်တည်း ကျန်နေသောအခါ စိတ်တိုတိုနှင့်၊
“ဘယ်သူဟာ အပြစ်တင်စရာ အကောင်းဆုံးလဲ” ဟု မေးလေ့ရှိ၏။ ထိုအခါ ယူကရိန်းသားက၊
“ဒီဟာက ငါ့ပစ္စည်းလို့ ပထမဆုံးပြောတဲ့လူဟာ အပြစ်တင်ရမယ့်လူပဲ။ အဲဒီလူ သေတာကလည်း နှစ်နဲ့ထောင်နဲ့ချီပြီး ကြာလှပြီ။ ဒါ့ကြောင့် သူ့ကို ဒေါပွနေလို့ အကြောင်းမထူးတော့ဘူး” ဟု ပြက်လုံးထုတ်လိုက်၏။ သို့ရာတွင် သူသည် ရှိုးတိုးရှန့်တန့် ဖြစ်နေလေ၏။
“ချမ်းသာတဲ့လူတွေနဲ့ သူတို့ကို အားပေးအားမြှောက်ပြုနေကြတဲ့ လူတွေကိုကော”
ယူကရိန်းသားသည် သူ့ဆံပင်ကို လက်နှင့်သပ်နေ၏။ တဖန် ဘဝနှင့် လူသားတို့၏ အကြောင်းကို သူသိသမျှ ရှင်းပြရန် လွယ်ကူ၍ နားလည်လွယ်သော စကားလုံးကို ရှာရင်း နှုတ်ခမ်းမွေးကို ဆွဲနေလေ၏။ သူက လူအားလုံးကို အပြစ်တင်ရမည်ဟု ပြော၏။ နစ်ကိုလိုင်ကမူ သူ့အဖြေကို မကျေနပ်ချေ။ ထို့ကြောင့် သူ၏ နှုတ်ခမ်းထူကြီးများကို အတင်းပိတ်ထားပြီး ဦးခေါင်းကိုခါကာ ငြင်းနေလေ၏။ နောက်ဆုံး သူသည် မကျေမနပ်နှင့် ထွက်သွားလေသည်။
တနေ့သော် သူက၊
“တချို့လူတွေကိုတော့ အပြစ်တင်ရမှာ အမှန်ပဲ” ဟုပြော၏။ တဖန်ဆက်၍ “ကျုပ်တို့တတွေဟာ ဒီလူ့ဘောင်ကြီးကို ပေါင်းပင်တွေထူထပ်တဲ့ လယ်ကွက်ကြီးကို ထွန်ပစ်လိုက်သလို မြေလှန်ပစ် ကြရလိမ့်မယ်။ နည်းနည်းကလေးမှ ညှာနေလို့ မဖြစ်ဘူး” ဟု ပြောပြန်ရာ၊
“အဲဒါပေါ့၊ အလုပ်သမားများ လုပ်ခွင့်မှတ်တမ်းစာရေး အိုင်ဆိုင်းက မင်းနဲ့ပတ်သက်လို့ တခါပြောတာ” ဟု အမေက ဝင်ပြောလိုက်၏။ ခဏလောက် ကြာသောအခါ နစ်ကိုလိုင်က၊
“အိုင်ဆိုင်းလား” ဟု မေး၏။
“ဟုတ်တယ်၊ သူက ကြောက်စရာကောင်းတယ်။ ဟိုလိုက်ချောင်း ဒီလိုက်ချောင်းနဲ့ တွေ့ရာ လျှောက်လျှောက် မေးနေတာပဲ။ သူ အခု ဒီကိုလာပြန်ပြီ။ ပြီးတော့ ပြတင်းပေါက်ကနေပြီး ချောင်းချောင်းကြည့်တယ်” ဟု အမေက ပြန်ပြောလိုက်ရာ၊
“ပြတင်းပေါက်မှနေပြီး ချောင်းချောင်းကြည့်သလား” ဟု နစ်ကိုလိုင်က ထပ်၍ မေးလေ၏။ အမေသည် အိပ်ရာတွင် ရောက်နေပြီဖြစ်၍ နစ်ကိုလိုင်၏ မျက်နှာကို မမြင်ချေ။
သို့ရာတွင်၊
“သူ့မှာ ဘာမျှ လုပ်စရာမရှိလို့ အားနေရင် လာလာချောင်းစမ်းပါစေ” ဟု ရုတ်တရက် ယူကရိန်းသားက ပြောလိုက်မှ ရလေ၏။ အမေသည် သူစကားပြော မှားသွားကြောင်း သတိရလေ၏။
နစ်ကိုလိုင်က၊
“သူက ဒီလိုဟာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူကောင်းတယောက်တော့ မဟုတ်ဘူး” ဟု ပြောလေ၏။ ထိုအခါ ယူကရိန်းသားက၊
“ဘာပြုလို့ လူကောင်းတယောက်မဟုတ်ရမှာလဲ၊ မိုက်မဲလို့လား” ဟု ချက်ချင်း ပြန်မေးလေ၏။
နစ်ကိုလိုင်သည် ဘာမျှပြန်မဖြေဘဲ ထွက်သွားလေ၏။ ယူကရိန်းသားသည် အခန်းတွင်း၌ ခြေတံရှည်ကြီးနှင့် ပင်ပန်းနွမ်းရိစွာနှင့် လမ်းလျှောက်နေ၏။ အမေအိပ်နေစဉ် အနှောင့်အယှက် မဖြစ်ရအောင် ခါတိုင်းကဲ့သို့ပင် သူ့ဖိနပ်များကို ချွတ်ထား၏။ သို့ရာတွင် အမေသည် အိပ်မပျော်သေးချေ။ နစ်ကိုလိုင် ထွက်သွားသောအခါ အမေက စိုးရိမ်တကြီးနှင့်၊ “ငါကတော့ သူ့ကိုကြောက်တယ်” ဟု ပြောလျှင် ယူကရိန်းသားက တချက်မျှ သမ်း၍၊
“သူဟာ သိပ်ပြီးတက်ကြွတယ်နော် အမေ။ အိုင်ဆိုင်းအကြောင်း သူ့ကို နောက် ထပ်မပြောနဲ့။ အမှန်တော့ အိုင်ဆိုင်းဟာ သူလျှိုပဲ” ဟု ပြန်ပြောလိုက်၏။ အမေသည် “ဒါကဖြင့် မဆန်းပါဘူး ကွယ်။ သူ့ကိုမွေးစားတဲ့ အဖေက စစ်ပုလိပ်ကွဲ့” ဟု ဆိုလေ၏။ ယူကရိန်းသားက စိတ်လက်မကြည်မသာနှင့်၊
“နစ်ကိုလိုင်ကတော့ တနေ့နေ့ အိုင်ဆိုင်းကို ရိုက်ပစ်လိမ့်မယ်။ ကြည့်နေပါ အမေ။ ဆင်းရဲသားတွေအပေါ်မှာ အာဏာရှိတဲ့ လူကြီးမင်းများက ဘယ်လို စိတ်နေသဘောထားမျိုး ထားတယ်ဆိုတာကို ကြည့်လေ။ နစ်ကိုလိုင်လို လူတယောက်က သူ့အပေါ်မှာ ဘယ်လို မတရားသဖြင့် လုပ်ထားတယ်ဆိုတာ သိလာတဲ့အခါ၊ သူသည်းမခံနိုင်တော့တဲ့အခါ၊ ဘာဖြစ်မယ် ထင်သလဲ။ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးဟာ သွေးတွေ လွှမ်းသွားလိမ့်မယ် အမေ” ဟု ပြောလိုက်သောအခါ အမေက ဖြည်းညင်းသာယာစွာနှင့်
“တကယ်တော့ ကြောက်စရာပဲ” ဟု ဆိုလေ၏။ ထိုအခါ ယူကရိန်းသားက
“အင်း၊ ဆုပ်လည်းစူး စာလည်းရူး ဆိုသလိုပေါ့ အမေ၊ ဒါပေမဲ့ ဒီလူ့အထက်တန်းစားတွေရဲ့ သွေးကို သူတို့က နှိပ်စက်ညှဉ်းပန်းလို့ ဆင်းရဲသားတွေ ကျကြရတဲ့ မျက်ရည်တွေနဲ့ နှိုင်းစာမယ် ဆိုရင် နွားခြေရာခွက်ထဲက ရေနဲ့ ပင်လယ်သမုဒ္ဒရာထဲက ရေတွေလောက် ကွာခြားပါတယ်ဗျာ” ဟု ပြောပြီးနောက် တချက်မျှ ရယ်လျက်
“အင်း၊ ကြားရသိရတာကတော့ စိတ်ချမ်းသာစရာမကောင်းဘူးပေါ့။ ဒါပေမဲ့ အခု ပြောတာဟာ အမှန်ပဲ အမေ” ဟု ဆက်၍ ပြောလိုက်ပြန်လေသတည်း။
အခန်း နှစ်ဆယ့်နှစ်
တနင်္ဂနွေနေ့တနေ့၌ အမေသည် ဈေးဝယ်ပြီး အိမ်သို့ပြန်လာခဲ့၏။ တံခါးကိုဖွင့်၍ အိမ်အဝင်ဝသို့ ရောက်သောအခါ အိမ်အတွင်းခန်းမှ ပါဗယ်၏ အောင်မာလှသည့် အသံကို ကြားရသဖြင့် ဝမ်းအသာကြီးသာကာ မှင်သက်မိနေလေ၏။ ထိုအတွင်း ယူကရိန်းသားက...
“ဟော၊ အမေရောက်လာပြီကွ” ဟု အော်လိုက်၏။
ပါဗယ်သည် ရုတ်တရက် လှည့်ကြည့်လိုက်၏။ အမေ၏ မျက်နှာသည် ရွှင်ပျသွားလေ၏။ သူ မမျှော်လင့်ဘဲနှင့် ပါဗယ် ပြန်ရောက်လာသဖြင့် အလွန်အံ့ဩလှသောကြောင့်
“ဟယ်၊ သားရောက်နေပါပကော” ဟူသော စကားများကိုပင် အထစ်ထစ် အငေါ့ငေါ့နှင့် ပြောနေလေ၏။
ပါဗယ်သည် သူ၏ ဖြူဖပ်ဖြူရော်ဖြစ်နေသည့် မျက်နှာနှင့် အမေ့အပေါ်သို့ ကုန်းကြည့်နေ၏။ သူ၏ နှုတ်ခမ်းများက တုန်နေပြီး သူ့မျက်လုံးထောင့်များထဲ၌ မျက်ရည်များ ဝဲလာလေ၏။ တစ်စက္ကန့်မျှ သူသည် ဘာမျှမပြောနိုင်။ အမေကလည်း ငြိမ်နေ၏။ ယူကရိန်းသားသည် သူတို့သားအမိကိုထားခဲ့ပြီး လေကို တိုးတိုးချွန်ရင်း ခြံထဲသို့ ထွက်သွားလေ၏။
ပါဗယ်သည် သူ၏တုန်ယင်နေသည့် လက်ချောင်းများနှင့် အမေ၏လက်ကို ညှစ်ကိုင်ထားလျက်...
“ကျေးဇူးတင်ပါတယ် သားအချစ်ဆုံးအမေ” ဟု ပြောလိုက်၏။ အမေသည် သူ့သား၏ သူ့အပေါ်၌ ချစ်ခင်ကြင်နာသည့် မျက်နှာထားကို မြင်ရပြီး သာယာညင်းပျောင်းသည့် အသံကို ကြားရသဖြင့် ပီတိအဖြစ်ကြီးဖြစ်ကာ သူ့သား၏ဦးခေါင်းကို လက်ဖြင့် ယုယုယယသပ်လျက် သူ၏ တဒိတ်ဒိတ် ခုန်နေသော ရင်ကို မနည်းငြိမ်အောင် ထိန်းထားရ၏။ ထိုနောက်...
“ဘာပြုလို့ သားက အမေ့ကို ကျေးဇူးတင်ရတာလဲကွယ်”
“ကျွန်တော်ရဲ့ အလွန်မွန်မြတ်တဲ့ လုပ်ငန်းမှာ ဝင်ပြီး ကူညီလိုပေါ့ အမေရဲ့။ သားနဲ့အမိ စိတ်ဓာတ်ချင်း တူနေတယ်ဆိုတာ အလွန်ရှားတယ် အမေ”
အမေသည် သူ့သား၏ စကားတို့ကို နားထောင်ရင်း သူ့ရှေ့၌ ဤမျှ သူချစ်လှသည့်သားကို တစိမ့်စိမ့်ကြည့်ရင်း သဘောအကျကြီးကျကာ ဘာမျှမပြောဘဲ ငြိမ်နေလေ၏။
“ကျွန်တော်တို့ လုပ်နေကြတဲ့အလုပ်မှာ အမေကိုယ်တိုင် ဒီလိုပါဝင်လာဖို့ရာ အမေ့အတွက် ဘယ်လောက် ခက်ခဲတယ်ဆိုတာကို ကျွန်တော်သိပါတယ် အမေ။ ဒီလုပ်ငန်းနဲ့ ပတ်သက်လို့ အမေ သဘောမကျတာတွေ ဘယ်လောက်ပါတယ် ဆိုတာကိုလည်း ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်တို့ အခုလုပ်နေကြတဲ့ အလုပ်ကို အမေ ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ အတွေးအခေါ် အယူအဆတွေကိုလည်း အမေ ဘယ်တော့မှ သဘောကျမှာ မဟုတ်ဘူးလို့လည်း ကျွန်တော် ထင်ခဲ့တယ်။ အမေဟာ တဘဝလုံး စိတ်ဒုက္ခ ခံခဲ့သလို ဘာမျှမပြောဘဲ ဒီအတိုင်းငြိမ်ပြီး စိတ်ဆင်းရဲခံနေမှာပဲလို့လည်း ထင်ခဲ့တယ်။ ကျွန်တော်က ဒီလိုတွေးထားတော့ ကျွန်တော့်အတွက်လည်း ခက်ခဲတော့တာပေါ့ အမေ”
“ယူကရိန်းသားက အမေ နားမလည်တာတွေကို အများကြီးပြောပြောပြတယ်ကွဲ့”
“သူက အမေ့အကြောင်း ကျွန်တော်တို့ကို ပြောပြပါတယ်”
“ယေဂါကလည်း ဒီလိုပဲကွဲ့။ သူနဲ့ငါက တရွာတည်းကပဲ၊ ယူကရိန်းသားကတော့ အမေ့ကို စာဖတ်တောင် သင်ချင်လိုက်သေးတယ်”
“အမေရှက်လို့ အမေ့ဘာသာ အမေ တိတ်တိတ် ဖတ်ဖတ်နေတယ်ဆို”
“ဒါဖြင့် အမေ ဒီလို တိတ်တိတ် ဖတ်နေတာကို သူရိပ်မိသွားတယ်ပေါ့။ ကဲ… သူ့ကို အထဲခေါ်လိုက်ကြစို့လား။ သူက တို့သားအမိနှစ်ယောက် စကားပြောတာ အနှောင့်အယှက် ဖြစ်မှာ ကြောက်လို့ တမင်ရှောင်သွားတာကွဲ့။ သူ့မှာလည်း အမေ မရှိဘူး”
ထိုနောက် ပါဗယ်က တံခါးကိုဖွင့်ပြီး...
“အင်ဒရေယူရှာ၊ ခင်ဗျား ဘယ်နားကလဲ” ဟု လှမ်းမေးလိုက်ရာ ယူကရိန်းသားက
“ငါ ဒီကပါကွ၊ ထင်းကလေးနည်းနည်း ခုတ်ချင်လို့ပါ” ဟု ပြန်ဖြေလေ၏။
“လာဗျာ၊ အိမ်ထဲကို”
သို့ရာတွင် ယူကရိန်းသားက တော်တော်နှင့် ပြန်ဝင်မလာချေ။ နောက်ဆုံး သူ အိမ်ထဲသို့ ဝင်လာသောအခါ သူသည် အိမ်မှု၊ အိမ်တာနှင့် ပတ်သက်သည့် စကားတို့ကိုသာ ပြောနေလေ၏။
“ကျွန်တော်လည်း နစ်ကိုလိုင်ကို ထင်းနည်းနည်းယူခဲ့ဖို့တော့ ပြောဦးမှပဲ။ ထင်း သိပ်မရှိတော့ဘူး အမေ၊ ပါဗယ်ကိုလည်း ကြည့်ပါဦး။ ကျွန်တော်တို့ မင်းဘုရင်များက သူပုန်တွေကို အပြစ်ပေးမယ့် အစား ထမင်းကောင်းကောင်းကျွေးထားတာနဲ့ တူတယ်"
အမေသည် ရယ်လိုက်၏။ သူသည် ယခုတိုင် ပျော်၍ မဆုံးသေး။ သူ့အသည်းနှလုံးသည် ခုန်လျက်ပင် ရှိသေး၏။ သူ့သား၏ တည်ငြိမ်သည့် ရုပ်လက္ခဏာကိုလည်း တစိမ့်စိမ့် ကြည့်နေချင်၏။ သူ့စိတ်ထဲ၌ အစစသည် နှစ်လိုဖွယ်ရာ ဖြစ်နေ၏။ တခါမျှ သူ့ဘဝတွင် ဤမျှလောက် မပျော်ခဲ့ မရွှင်ခဲ့ဖူးချေ။ ထို့ကြောင့် ငှက်တည်သမားတယောက်သည် အလွန်လှပ၍ ရှားပါးလှသည့်ငှက်ကို မရစဖူး ဖမ်း၍မိသောအခါ ထိုငှက်ကို ပျံမသွားနိုင်အောင် လှောင်အိမ်ထဲ၌ ထည့်၍ထားသကဲ့သို့ ဤပျော်မှုရွှင်မှုကို သူ့အသည်းနှလုံးတွင်း၌ လှောင်၍ ထားလိုက်ချင်၏။ ထိုနောက် အမေက၊
“တို့ ညစာစားကြစို့လား၊ ငါ့သားလည်း ဘယ်ကမျှ စားမလာရသေးဘူး မဟုတ်လား”
“မစားရသေးပါဘူး အမေ၊ ကျွန်တော့်ကို လွှတ်ဖို့ ဆုံးဖြတ်ထားတယ် ဆိုတာကို ထောင်မှူးက မနေ့က ပြောတာနဲ့ ကျွန်တော်ဟာ ဘာမျှမစားနိုင်၊ မသောက်နိုင် ဖြစ်သွားတယ်” ထိုနောက်တဖန် ဆက်၍၊
“ကျွန်တော် ထောင်ထဲက ထွက်ထွက်ချင်း ပထမဦးဆုံး တွေ့ရတဲ့လူကတော့ ဆီးဇော့ပဲ အမေ၊ သူက ကျွန်တော့်ကို မြင်တော့ နှုတ်ဆက်ရအောင် လမ်းကို ဖြတ်လာတယ်။ ကျွန်တော့်နောက်က ပုလိပ်တကောက်ကောက် လိုက်နေပြီး ကျွန်တော်နဲ့ပေါင်းရင် အန္တရာယ်များလိမ့်မယ် သတိနဲ့ ပေါင်းနော်လို့တောင် ပြောလိုက်သေးတယ်။ သူက ဒါက ကိစ္စမရှိပါဘူးလို့ ပြောပြီး သူ့တူအကြောင်းကို မေးလိုက်တာလည်း စုံနေတာပဲ။ ဖီယိုဒိုလည်း ထောင်ထဲမှာ ကောင်းကောင်းမွန်မွန် နေရဲ့လားလို့ မေးတယ်။ ကျွန်တော်က အဲဒီတော့ ထောင်ထဲမှာ ကောင်းကောင်းမွန်မွန် ဘယ်သူ နေဖြစ်လို့လဲလို့ ပြန်မေးလိုက်တယ်။ အဲဒီတော့ သူက အေးကွာ၊ အခုတော့ ရဲဘော်အချင်းချင်း အော်လိုက်ဟစ်လိုက်နဲ့ မလုပ်တော့ဘူး ထင်ပါရဲ့တဲ့၊ ကျွန်တော်က သူ့ကို ဖီယိုဒိုဟာ လူကောင်းတယောက်ပါလို့ ပြောလိုက်တော့ သူက တို့ ဆီးဇော့ အမျိုးအနွယ်ထဲမှာ လူဆိုးသူဆိုး မပါပါဘူးလို့ ခပ်ကြွားကြွား ပြန်ပြောတယ်ဗျ” ပြောလေရာ ယူကရိန်းသားက သူ၏ဦးခေါင်းကို ညိတ်လျက်၊
“ဒီအဘိုးကြီးက ဉာဏ်ရှိတယ်။ ကျုပ် သူနဲ့ စကားအများကြီးပြောဖူးတယ်။ လူကောင်းပါ။ သူတို့ ဖီယိုဒိုကို မကြာခင် လွှတ်ကြတော့မှာလား” ဟု မေးလျှင်၊
“ကျွန်တော်ကတော့ ဒီလူတွေအကုန်လုံးကို မကြာခင် သူတို့ လွှတ်ပစ်လိုက်လိမ့်မယ်လို့ ထင်တာပဲ။ သူတို့နဲ့ပတ်သက်လို့ အိုင်ဆိုင်းက ပြောထားတာမှအပ သူတို့အပေါ် မှာ ဘာအပြစ်မျှ သူတို့ရှာလို့ မတွေ့ကြဘူး” ဟု ပါဗယ်က ဖြေလိုက်၏။
အမေသည် ကုလားထိုင်ပေါ်၌ ထိုင်ရင်း သူ့ကိုယ်သူ ရှေ့ထိုးနောက်ငင် လုပ်နေပြီး ဘယ်ကိုမျှ မကြည့်ဘဲ သူ့သားကိုသာ စိုက်ကြည့်နေ၏။ ယူကရိန်းသားကမူ လက်ကို နောက်သို့ပစ်လျက် ပြတင်းပေါက်နားမှ ပါဗယ်ပြောသည့် စကားတို့ကို နားထောင်နေ၏။ ပါဗယ်သည် အခန်းတွင်း၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း စကားပြောနေ၏။ သူ့တွင် မုတ်ဆိတ်မွေးများ ပေါက်နေပြီ ဖြစ်၏။ ပါးပြင်များပေါ်၌လည်း ဆံပင်ဖျားသည် အလိပ်လိုက် အလိပ်လိုက် ပေါက်လျက်ရှိရာ သူ့မျက်နှာသည် မူလပကတိထက် ပို၍ အသားလတ်လာသည်ဟု ထင်ရလေသည်။ ထိုအတွင်း အမေသည် ညစာကို ယူလာပြီး၊ “ထိုင်လေ သား” ဟု ပြောလေ၏။
ထမင်းပွဲ၌ ယူကရိန်းသားက ပါဗယ်အား ရိုင်ဘင်အကြောင်းကို ပြောပြ၏။ ထိုအခါ ပါဗယ်က ဝမ်းနည်းစွာနှင့်
“ကျွန်တော်သာ အိမ်မှာရှိရင် ကျွန်တော် သူ့ကို တားထားမှာ၊ သူ ဘယ်ကိုမျှ မသွားရဘူး။ သူ့မှာ ဘာပစ္စည်းဥစ္စာမျှမရှိဘူး။ သူ့မှာရှိတဲ့ပစ္စည်းက ချောင်နေတဲ့ ဦးနှောက်နဲ့ နာကြည်းစရာ ကောင်းတဲ့ ခံစားမှုတွေချည်းပေါ့” ပြောရာ ယူကရိန်းသားက၊
“အေး၊ လူတဦးတယောက်ဟာ အသက် ၄ဝ ရှိပြီး သူ့စိတ်ထဲမှာရှိတဲ့ အယူအဆမှားတွေနဲ့ အချိန်ရှိသမျှ တိုက်ပွဲဝင်နေခဲ့ရရင် အဲဒီလူကို ပြောင်းလဲပစ်ဖို့ မလွယ်ကူဖူး မောင်ရ” ဟု ရယ်၍ ပြောလေ၏။
တခါသော် ယူကရိန်းသားနှင့် ပါဗယ်တို့သည် စကားအချေအတင် ငြင်းခုံ ဆွေးနွေးကြ၏။ သို့ရာတွင် အမေသည် သူတို့ပြောကြသည့်စကားတို့ကို နားမလည်နိုင်ချေ။ သူတို့သည် စကားကြီး စကားကျယ်တွေနှင့် တယောက်နှင့်တယောက် ငြင်းကြ၊ ခုံကြ၊ ပြောကြ ဆိုကြ၏။ တခါတခါ အလွန်ရိုးသား ရှင်းလင်းသည့် စကားတို့ကို သုံးကြ၏။ တခါသော်၊
“ကျွန်တော်တို့တတွေဟာ ရှေ့ကို အတင်းချီတက်ကြရမယ်။ တလှမ်းတလေမျှ နောက်ဆုတ်လို့ မဖြစ်ဘူး” ဟု ပါဗယ်က အခိုင်အမာ ပြောနေရာ ယူကရိန်းသားက
“အေး၊ အဲဒီတော့ သန်းပေါင်းများစွာသော လူတွေကို ဝင်တိုက်မိ ခိုက်မိပြီး သူ့လူတွေက တို့တတွေကို သူတို့ရဲ့ရန်သူတွေလို့ ယူဆကုန်မှာပေါ့” ဟု ပြန်ပြော၏။
အမေသည် သူတို့နှစ်ယောက် တယောက်နှင့်တယောက် အချေအတင် ပြောဆို ငြင်းခုံနေကြ သည်ကို နားထောင်ကြည့်လျှင် တဖက်မှ ယူကရိန်းသားက ကျေးလက် ဆင်းရဲသားများ အားလည်း အမှန်တရားကို သင်ပြပေးရမည်ဆိုကာ ဤကျေးလက်မှ ဆင်းရဲသားတို့အတွက် ရပ်တည်လျက်ရှိကြောင်းနှင့် အခြားတဖက်တွင် ပါဗယ်က တောင်သူလယ်သမားတို့အရေးကို ဂရုမပြုကြောင်းကို သိမြင်နားလည်လာ၏။ သူသည် ယူကရိန်းသား၏ သဘောထားကို ပို၍ နားလည်လာ၏။ သူက မှန်သည်ဟုလည်း ယူဆ၏။ သို့ရာတွင် ယူကရိန်းသားက ပါဗယ်အား တစုံတခုကို ပြောတိုင်း ပြောတိုင်း ပါဗယ်က ယူကရိန်းသားအပေါ်တွင် စိတ်မဆိုးကြောင်းသိ၏။ သူတို့နှစ်ယောက်သည် တယောက်နှင့်တယောက် တခါတခါ အော်ကြ ဟစ်ကြ၊ ငြင်းခုံကြသော် လည်း တယောက်နှင့်တယောက် ဘယ်တော့မျှ စိတ်မဆိုးကြချေ။
တခါတခါ အမေက ပါဗယ်အား၊
“ဟဲ့၊ အဲဒါ တကယ်ပဲလား” ဟု မေးလျှင် ပါဗယ်က
“ဟုတ်ပါတယ်။ ဒီအတိုင်းပါပဲ အမေ” ဟု ပြုံး၍ ဖြေတတ်၏။
ထိုအခါ ယူကရိန်းသားက၊
“ဒီမယ် ကိုရင်၊ ကိုရင့်မှာ ဖွယ်ဖွယ်ရာရာ ထမင်းတွေ ဟင်းတွေတော့ ရှိပါရဲ့၊ ဒါပေမဲ့ ကိုရင်က ဒီအစာတွေကို ကောင်းကောင်း မဝါးတတ်ဘူး။ ဒါကြောင့် ကိုယ့်လူ လည်ချောင်းထဲမှာ နင့်နေတာပေါ့။ အဲဒီတော့ ရေကလေး တကျိုက်လောက်တော့ သောက်လိုက်ဦး” ဟု ခပ်ရွှတ်ရွှတ်ကလေးပြောလျှင် ပါဗယ်က၊ “ခင်ဗျားက တကယ် ရယ်စရာကောင်းတဲ့လူပဲ” ဟု ပြန်ဖြေလိုက်၏။
ထိုအခါ ယူကရိန်းသားက၊ “အင်း၊ မင်္ဂလာဆောင်မှာစားရတဲ့ ထမင်းပွဲလို ပျော်စရာကောင်းပါပေ” ဟု ပြော၏။
အမေသည် သူတို့ပြောဆို ငြင်းခုံနေကြသည်ကို နားထောင်နေရာမှ ရယ်ပြီး ဦးခေါင်းကို ခါနေလေသတည်း။
အခန်း နှစ်ဆယ့်သုံး
ဆောင်းအကုန် နေအနည်းငယ် ပြင်းလာသဖြင့် ဆီးနှင်းများ အရည်ပျော်လာရာ ဆီးနှင်းပြင်အောက်မှ ရွှံ့ညွန် အမှိုက်သရိုက်တို့သည် ပေါ်လာကြကုန်၏။ တနေ့ထက်တနေ့ ရွှံ့ထူထူလာသည်နှင့်အမျှ အလုပ်သမားရပ်ကွက်ကလေးသည် ညစ်ပတ်စုတ်ပဲ့လာ၏။ နေ့အခါ၌ ခေါင်မိုးများမှ ရေများ တစက်တစက် ကျလာပြီး အိမ်နံရံများမှလည်း ရေစက်ရေပေါက်တို့သည် ချွေးသီးချွေးပေါက်ပမာ ယိုစီးလျက်ရှိကြ၏။ သို့ရာတွင် ညဉ့်အခါ၌ ဖြူဖွေးသည့် ရေခဲစီးချောင်းကလေးများကို မြင်ရ၏။ ဆီးနှင်းများပျော်လာ၍ ရေစီးချောင်း ကလေးများ ဖြစ်လာကြရာ ရွှံ့အိုင်ထဲသို့ ဤချောင်းကလေးများ၏ တသွင်သွင်စီးသံကို ကြားရလေသည်။
ထိုအတွင်း ပါဗယ်တို့လူစုသည် အလုပ်သမားနေ့ (မေဒေး) ကျင်းပရန် စီမံစိုင်းပြင်းနေကြလေ သည်။
အလုပ်သမားနေ့၏ ထူးခြားသည့် သဘောအဓိပ္ပာယ်ကို ရှင်းလင်းဖော်ပြထားသည့် စာရွက်စာတမ်းတို့သည် အလုပ်ရုံနှင့် အလုပ်သမားရပ်ကွက်၌ ပလူပျံသကဲ့သို့ ပျံ့နှံ့လျက် ရှိကြ၏။ ဤစာရွက်စာတမ်းတို့၌ ရေးသားထားသည့် သဘောတရားတို့ကို သဘောမပေါက်ကြသည့် လူငယ်လေးများပင် ဤစာရွက်စာတမ်းတို့ကို ဖတ်ရင်း “တို့တတွေ အလုပ်သမားနေ့အတွက် ပြင်ဆင်ကြရလိမ့်မယ်” ဟု ပြောကြဆိုကြ၏။
နစ်ကိုလိုင်က “အချိန်ကျပြီ ကိုယ့်လူတို့၊ တို့တတွေမှာ တူတူပုန်းနေရတာ ကြာလှပြီ” ဟု မချိုမချဉ် မျက်နှာထားနှင့် ပြောလေ၏။
ဖီယိုဒိုသည် အလွန်စိတ်ဓာတ်တက်ကြွလျက်ရှိ၏။ သူသည် အလွန်ပိန်ချုံးပြီး စကားပြောရာ၌ လည်း အလွန်တုန်လှုပ်လျက်ရှိရာ လှောင်အိမ်ထဲ၌ ထည့်ထားသည့် ငှက်ငယ်နှင့် တူနေလေ၏။ သူနှင့် အမြဲတမ်း တွဲနေသူကား ယာကော့ဟူသော လူငယ်တယောက်ဖြစ်၏။ သူသည် စကားနည်း၏။ သို့ရာတွင် အရွယ်နှင့်မလိုက်အောင် စိတ်ဓာတ်ပြင်းပြလှ၏။ သူသည် မြို့ထဲ၌ အလုပ်လုပ်၏။ ထောင်ထဲရောက်မှ ဆံပင်များ ပိုနီလာသော ဆမွိုင်းလော့၊ ဗာဆီလီ၊ ဘူကင်၊ ဒရက်ဂူနော့နှင့် အခြား လူငယ်တစုတို့က လက်နက်များ ကိုင်ဆောင်၍ စီတန်းလှည့်လည်ရန် အကြံဉာဏ်ပေးကြ၏။ သို့ရာတွင် ပါဗယ်၊ ယူကရိန်းသား၊ ဆိုမော့နှင့် အခြားလူများက ကန့်ကွက်ကြ၏။
သူတို့ ငြင်းကြ၊ ခုံကြ၊ ဆွေးနွေးကြသည်ကို ခါတိုင်းကဲ့သို့ပင် နွမ်းရှိပြီး ချွေးတလုံးလုံးနှင့် ဖြစ်နေသော ယေဂါက သောနေလေ၏။
လူမှုရေးစနစ်ကို ပြောင်းလဲပစ်ဖို့ “ရဲဘော်၊ ယနေ့လက်ရှိ ကြိုးပမ်းကြတဲ့ ကြိုးပမ်းချက်တွေဟာ အမှန်တော့ မြင့်မြတ်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့ကြိုးပမ်းချက်တွေ မြန်မြန် အောင်မြင်ဖို့ရာ (သူ၏ စိုစွတ်၍ စုတ်ပြတ်နေသော ဖိနပ်များကို လက်ညှိုးနှင့်ထိုးပြရင်း ကျုပ်ဟာ ဖိနပ်အသစ်တရန် မဝယ်ရင် မဖြစ်တော့ဘူးဗျာ။ ကျုပ်ရဲ့ မိုးရေခံ ဖိနပ်ကြီးကလည်း ပြန်မပြင်လို့ မဖြစ်တော့ဘူး။ ဒါကြောင့် နေ့တိုင်း ကျုပ်ခြေထောက်တွေကို ရေစိုရင် စနစ်ဟောင်းကို တိုင်းပြည်နဲ့အဝန်း မစေ့စပ်စတမ်း မပယ်ဖျက်နိုင်သေးသမျှ မသေချင်သေးဘူးဗျာ။ ဒါကြောင့် ကျွန်တော်က ရဲဘော် ဆမွိုင်းလော့ရဲ့ လက်နက်ကိုင်ပြီး စီတန်းလှည့်လည်ရမယ်ဆိုတဲ့ အကြံဉာဏ်ပေးချက်ကို ကန့်ကွက်ပြီး ကျုပ်ဖိနပ်သစ်တရန် ဝယ်စီးဖို့ဆိုတဲ့အဆိုကို တင်သွင်းခြင်း ဖြစ်တယ်။ ဘာပြုလို့လဲဆိုတော့ အားလုံးကို လွတ်လပ်ရေးပေးတာထက် ဒီလို ကျုပ်ဖိနပ်သစ်တရန် ရဖို့အရေးက ဆိုရှယ်လစ်စနစ်ရဲ့ အောင်ပွဲကို ပိုပြီးမြန်မြန်ရအောင် ဖန်တီးနိုင်လိမ့်မယ့်လို့ ကျုပ်က လေးလေးနက်နက် ယုံကြည်ထားလို့ ဖြစ်ပါတယ်” ဟု ပြက်လုံးထုတ်လေ၏။
ဤကဲ့သို့ ရွှန်းရွှန်းဝေသည့် စကားများနှင့်ပင် အခြားတိုင်းပြည်များမှ ပြည်သူလူထုတို့သည် သူတို့ဘဝ သက်သာချောင်ချိရေးအတွက် မည်ကဲ့သို့ ရုန်းကန်နေကြသည်ကိုလည်း သူက ပြောပြ၏။ အမေသည် သူ့စကားများကို နားထောင်ချင်၏။ သူ့စကားများကို နားထောင်ရသဖြင့် အမေ့စိတ်ထဲတွင် ထူးခြားသည့် အယူအဆများ ပေါ်ပေါက်လာ၏။ ပြည်သူလူထုအပေါ်တွင် သစ္စာအမဲ့ဆုံး၊ အရက်စက်ဆုံး ဖြစ်ကြသော ပြည်သူလူထု၏ အဆိုးရွားဆုံး ရန်သူများသည်ကား ဝလည်းဝ၊ မျက်နှာများကလည်းနီနီ၊ ကောက်လည်းကောက်ကျစ်၊ လောဘကလည်းကြီးပြီး ရက်လည်းရက်စက် ကြမ်းကြုတ်သည့် လူများဖြစ်သည်ဟု ထင်မြင်လာ၏။
သူတို့ကို သူတို့တိုင်းပြည်မှ ဇာဘုရင်က ဖိနှိပ်ညှဉ်းပန်းစဉ်အခါက သူတို့သည် ပြည်သူလူထု အားနှင့် ဇာဘုရင်ကို တိုက်ခဲ့ကြ၊ ခိုက်ခဲ့ကြ၏။ သို့နှင့် ဇာဘုရင် ကျသွားသောအခါ ဤလူများသည် ပြည်သူလူထုအား မောင်းနှင်ပစ်ကြ၏။ အကယ်၍ ပြည်သူ့လူထုက ခုခံလျှင် ရာနှင့်ထောင်နှင့်ချီ၍ သတ်ပစ်ကြပြီး အာဏာကို မတရားသည့်နည်းဖြင့် အတင်းအဓမ္မ လုပ်ယူကြ၏။ ဤကား အမေမြင်ထားသည့်အမြင် ဖြစ်၏။ တနေ့သော် အမေသည် သူ့ကိုယ်သူ ရဲဆေးတင်ပြီး ယေဂါ၏စကားများကို ကြားရသဖြင့် သူ့စိတ်ထဲ၌ ဖြစ်ပေါ်လာသည့် အယူအဆတို့ကို ယေဂါအား ဖွင့်ပြောကာ ခပ်အမ်းအမ်းနှင့်
“အမေပြောချင်တာက ဒါပဲကွယ်” ပြောလိုက်လျှင် ယေဂါက တဟားဟားနှင့် ရယ်လျက်…
“အခြေအနေမှန်ကတော့ ဒီအတိုင်းပဲ အမေ။ သမိုင်းရဲ့ တကယ့် သော့ချက်ကို အမေ ဆုပ်ကိုင်မိပါပြီ။ နည်းနည်းတော့ စိတ်ကူးနဲ့ ချဲ့ထားတာ ပါတာပေါ့။ ဒါပေမဲ့ တကယ်အဖြစ်အပျက်တွေကတော့ ဒီပုံသဏ္ဌာန်အတိုင်းပါပဲ။ ဒီဝဝဖိုင့်ဖိုင့် လူကလေးတွေဟာ လူ့လောကမှာ အကြီးမားဆုံး အကုသိုလ်သမားတွေပဲ။ လူသားအချင်းချင်း အပေါ်မှ ခွပြီး သွေးစုပ်နေကြတဲ့ အဆိပ်အပြင်းဆုံး လူ့ကျီးပေါင်းတွေလည်း သူတို့ပဲ။ ပြင်သစ်လူမျိုးတွေက သူတို့ကို အရင်းရှင် သွေးစုပ်ဖုတ်ကောင်တွေလို့ ခေါ်တာ မှန်တယ်။ ဘာပြုလို့လဲဆိုတော့ ဒီအရင်းရှင်တွေဟာ အသိဉာဏ်မရှိတဲ့ လူတွေအပေါ်မှာ အခွင့်ကောင်းယူပြီး သွေးစုပ်နေကြလို့ပဲ ပြောရာ အမေက…
“ချမ်းသာတဲ့လူတွေက ဒီလိုပဲ လုပ်တယ်လို့ မင်းက ပြောချင်တာပေါ့” မေး၏။ “ဟုတ်တယ်၊ သူတို့တတွေ ချမ်းသာကြတာဟာ ကုသိုလ်ကံဆိုးလို့ပဲ။ ကလေးတယောက်ရဲ့အစားထဲမှာ ကြေးပြားထည့်ထားရင် ကလေးဟာ မထွားတော့ဘဲ လူပုကလေးတယောက် ဖြစ်သွားတယ်။ ဒါပေမဲ့ လူတဦးတယောက်ရဲ့စိတ်ဓာတ်ကို ရွှေနဲ့ဖျက်လိုက်ရင် သူရဲ့စိတ်ဓာတ်ဟာ မကြီးထွားတော့ဘဲ ကလေးတွေ ငါးကိုပက် ပေးပြီး ဝယ်ဝယ်ကစားကြတဲ့ ကြက်ပေါင် ဘောလုံးကလေးလိုပဲ၊ တခါတည်း ဖြူဖပ်ဖြူရော် ဖြစ်ပြီး ဆွေးဆွေးသွားတော့တာပဲ” ပြန်ဖြေလေ၏။
တနေ့သ၌ ယူကရိန်းသားနှင့် ပါဗယ်တို့သည် ယေဂါအကြောင်းကို ပြောနေကြရာမှ ပါဗယ်က
“အမှန်ကတော့ အင်ဒရေယူရှာ အပျော်အပြက် အပြောဆုံးလူဟာ အနှိပ်စက် အညှဉ်းပန်း အခံရဆုံးလူပဲ” ပြောရာ ယူကရိန်းသားက မျက်စိများကို မှေး၍ နားထောင်နေရာ၊ “မင်းပြောတာကတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒီလိုဆိုရင် ရုရှားတပြည်လုံးဟာ ရယ်ရလွန်းလို့ သေဖို့ပဲရှိတော့တာပေါ့” ပြန်ပြောလေ၏။
ထိုအတွင်း နာတာရှာ ပေါက်လာလေ၏။ သူလည်း ထောင်နန်းစံခဲ့ရ၏။ သို့ရာတွင် ပါဗယ်တို့နှင့် တထောင်တည်း အတူမနေရ။ အခြားမြို့တမြို့၌ခံရ၏။ ဤကဲ့သို့ ထောင်ထဲ၌ နေခဲ့ရသော်လည်း သူသည် ဘာမျှမပြောင်းလဲချေ။ နာတာရှာရှိလျှင် ယူကရိန်းသားသည် အချိန်ရှိသရွေ့ ဟိုလူ့ကို အပြက်ပြောလိုက်၊ ဒီလူ့ကို ပြောလိုက်၊ နောက်လိုက်နှင့် ခါတိုင်းထက်ပိုပြီး ရွှင်နေသည်ကို အမေသည် သတိထားမိ၏။ သို့ရာတွင် နာတာရှာ ထွက်သွားသောအခါ အပူတိုက် သီချင်းတပုဒ်ကို လေချွန်လျက် လမ်းလျှောက်နေတတ်လေသည်။
ဆာရှာသည် ခဏခဏ ပြေးပြေးလာ၏။ သို့ရာတွင် အချိန်ကြာရှည်မနေ။ သူသည် အမြဲတမ်း မျက်မှောင်ကြုတ်ပြီး ပျာပျာသလဲ ဖြစ်နေ၏။
တခါသော် ပါဗယ်၊ ယူကရိန်းသားတို့သည် ဆာရှာကို အိမ်အပြင်သို့ လိုက်ပို့ရင်း အိမ်တံခါးကို မပိတ်ဘဲ ထားခဲ့၏။ ထိုကြောင့် အမေသည် သူတို့နှစ်ယောက် အရေးတကြီး ပြောနေကြသည့် စကားကို ဤကဲ့သို့ ကြားလိုက်ရ၏။
ဆာရှာက
“အလံကို ရှင် ကိုင်မလို့လား” မေး၏။
“ဟုတ်တယ်”
“ရှင်ဆုံးဖြတ်ပြီးပြီလား”
“ဟုတ်တယ်၊ အဲဒါ ကျွန်တော်ရဲ့အခွင့်အရေးပဲ”
“ဒါဖြင့် ထောင်ထဲ တခါ ပြန်သွားဖို့ပေါ့”
ပါဗယ်က ဘာမှပြန်မဖြေ။
“ရှင် ကိုယ်တိုင်မ…” စကားမဆုံးမီ ဆာရှာသည် ဆက်၍မပြောနိုင်တော့ချေ။
“ဘယ့်နှယ်”
“တခြားလူတယောက်ယောက်ကို အလံကိုင်ခိုင်းလို့ မဖြစ်ဘူးလား”
“မဖြစ်ဘူး” ဟု ပါဗယ် အခိုင်အမာပြော၏။
“စဉ်းစားစမ်းပါဦး။ ရှင့်မှာ သြဇာအများကြီးရှိပါတယ်။ လူတိုင်းက ရှင့်ကို သဘောကျတယ်။ ရှင်နဲ့ အင်ဒရေယူရှာဟာ လူချစ်လူခင်အများဆုံးပဲ။ အပြင်မှာနေပြီး ဘယ်လောက် ထိထိရောက်ရောက် လုပ်နိုင်မယ်ဆိုတာကို စဉ်းစားစမ်းပါဦး။ ဒါပေမဲ့ ရှင် အလံကိုင်ရင် အဝေးကြီးကို အချိန် အကြာကြီး နယ်နှင်ဒဏ် အပို့ခံရလိမ့်မယ်”
အမေသည် ဆာရှာ၏ စကားထဲတွင် စိုးရိမ်သံ၊ ကြောက်လန့်သံနှင့် ဆန္ဒပြင်းပြသံတို့ ရောပြွမ်းလျက် ရှိသည်ကို အကဲခတ်မိ၏။ ဆာရှာ၏ စကားများကို ကြားရသဖြင့် သူ၏ အသည်းနှလုံးသည် ထုံကျဉ်သွားလေ၏။
ပါဗယ်က၊
“ကျွန်တော့်စိတ်ကို ကျွန်တော်ဆုံးဖြတ်ပြီးပြီ။ ကျွန်တော်တော့ ဘယ်နည်းနဲ့မှ မပြင်နိုင်တော့ဘူး” ဟု ပြန်ပြောလေ၏။
“ကျွန်မက တောင်းပန်တာတောင်မှ မရဘူးပေါ့”
ထိုအခါ ပါဗယ်က၊
“ဒါက ခင်ဗျားကိစ္စလည်း မဟုတ်ဘူး။ ခင်ဗျားမှာ အခွင့်အရေးလည်း မရှိဘူး” ဟု ခပ်တိုတိုနှင့် ပြတ်ပြတ် ပြန်ပြောလိုက်သောအခါ ဆာရှာက လေသံပျော့ပျော့ကလေးနှင့်၊
“ကျွန်မလည်း လူသားတယောက်ပဲဟာ” ဟု ပြန်ပြော၏။ ပါဗယ်ကလည်း ရင်ထဲတွင် ဆို့တက်လာသကဲ့သို့ လေသံပျော့ပျော့နှင့်ပင်၊ “အလွန်ထူးဆန်းတဲ့ လူသားတယောက်ပဲ။ ကျွန်တော် သိပ်ချစ်တဲ့လူသားပဲ။ အဲဒါကြောင့် ခင်ဗျားဟာ ဒီလိုစကားမျိုးတွေ ပြောဖို့ မကောင်းတာပေါ့” ဟု ဆို၏။ ထိုနောက်၊
“ကဲ၊ သွားပြီနော်” ဟု ဆာရှာသည် နှုတ်ဆက်၍ ထွက်သွားလေသည်။ သူ၏ ခြေသံများကို ကြားရခြင်းအားဖြင့် သူ ပြေးသွားကြောင်းကို အမေသိ၏။ သူတို့ ဘာတွေကို ပြောနေကြသည်ကို သူသည် ကောင်းစွာ နားမလည်။ သို့ရာတွင် သူ့အတွက် ကံဆိုးမိုးမှောင်ကျတော့မည်ဟု အကဲခတ်၏။ ထို့ကြောင့်၊
“သူဘာလုပ်မယ်လို့များ စီစဉ်နေပါလိမ့်” ဟု တွေးတောနေလေသည်။ ပါဗယ်သည် ယူကရိန်းသားနှင့်အတူ ပြန်လာကြ၏။ ယူကရိန်းသားက၊
“ဪ၊ အိုင်ဆိုင်း အိုင်ဆိုင်း။ တို့တတွေ သူ့ကို ဘယ်လိုလုပ်ကြရပါ့” ဟု ဦးခေါင်းကိုခါလျက် ညည်းနေလေ၏။ ပါဗယ်က
“သူ ဒါကိုမလုပ်ရအောင် ကျွန်တော်တို့က တားမြစ်ပေးရမယ်ဗျာ” ဟု မျက်မှောင်ကြုတ်ကာ ပြောလေ၏။
အမေကမူ ဦးခေါင်းကို အောက်သို့စိုက်လျက်၊ “ငါ့သား ဘာလုပ်မယ်လို့များ စီစဉ်နေတုံး” ဟု မေး၏။
“ဘယ်တော့တုံး၊ အခုလား အမေ"
“အခုမဟုတ်ပါဘူး၊ မေလတရက်နေ့မှာ မေးတာပါ”
ထိုအခါ ပါဗယ်က အသံကိုနှိမ့်လျက်
“အိုး ကျွန်တော်က ကျွန်တော်တို့ လူတန်းစားကြီးရှေ့မှာ ကျွန်တော်တို့အလံကို ကိုင်မလို့ပါ။ ဒီလိုကိုင်လို့ သူတို့က ကျွန်တော့်ကို ထောင်ထဲ ပြန်ထည့်ချင်ရင် ထည့်ကြလိမ့်မယ် အမေ"
အမေ၏မျက်လုံးအိမ်တွင် မျက်ရည်စိမ့်လာ၏။ အာခေါင်လည်း ခြောက်လာ၏ ပါဗယ်က သူ့လက်ကို ကိုင်ပြီး ယုယစွာ ပွတ်နေလေ၏။
“ကျွန်တော်ကတော့ မကိုင်ရင် မဖြစ်ဘူး အမေ။ ဒါပေမဲ့ အမေ့ကို ကျွန်တော် နားလည်အောင် ရှင်းပြပါမယ်”
“အမေကတော့ ဘာမှမပြောပါလားကွယ်” ဟု ပြန်ဖြေပြီး သူ၏ဦးခေါင်းကို တဖြည်းဖြည်း မော်လိုက်၏။
သို့ရာတွင် ပါဗယ်၏ ထက်မြက်စူးရှလှသည့် မျက်လုံးများနှင့် အကြည့်ချင်းဆုံမိလျှင် သူသည် မျက်နှာကို တခြားသို့ လွှဲပစ်လိုက်၏။ ပါဗယ်သည် သက်ပြင်းတချက်ချပြီး အမေ့လက်ကို လွှတ်လိုက်၏။ ထိုနောက် အပြစ်တင်သည့် လေသံနှင့်
“ဒါဟာ အမေ့ စိတ်ဒုက္ခရောက်ရမယ့်အစား ဝမ်းသာရမယ့်ကိစ္စပါ အမေ။ ကိုယ့်သားကိုယ် ပြုံးပြီး သေလမ်းကိုပို့တဲ့ မိခင်တွေရယ်လို့တော့ ဘယ်မှာရှိပါ့မလဲ အမေ” ဟု ပြောလေ၏။
ထိုအတွင်း ယူကရိန်းသားက
“ဟင်း၊ မြို့တော်ဝန်ကြီးတော့ ခံ့ခံ့ညားညား ကြွတော်မူလာပြီ” ဟု ပြောလေ၏။
အမေက တဖန်ထပ်၍
“အမေက ဘာမှမပြောမိသေးပါဘူး၊ သားလုပ်ချင်တဲ့အလုပ်ကို အမေက မနှောင့်ယှက်ပါဘူး။ ဒါပေမဲ့ အမေ့အတွက်တော့ ဒီဟာက ခက်ခဲတာပေါ့။ အမေရယ်လို့ ဖြစ်လာတော့” ဟု ပြောလေ၏။
ပါဗယ်သည် အမေ့နားမှ ခွာသွားပြီး “လူတယောက်ကို သူလုပ်ချင်တာကို မလုပ်အောင် တားမြစ်တဲ့ ချစ်ခင်ခြင်းတမျိုးကရှိသေးတယ်” ဟု ပြောလိုက်ရာ အမေ၏ စိတ်ထဲ၌ နာကြည်း၍ သွားလေ၏။
အမေသည် နောက်ထပ် ပါဗယ်က သူ့စိတ်ကို ထိခိုက်အောင် တခုခုပြောလိုက်မည်ကို စိုးရိမ်ကြောက်ရွံ့စွာ
“အမေ နားလည်ပါတယ်ကွယ်၊ မင်းရဲဘော်တွေအတွက် မင်း ဒီလိုမလုပ်ရင် မဖြစ်ဘူးဆိုတာကို အမေ သိပါတယ်ကွယ်” ဟု ပြောရာ ပါဗယ်က
“သူတို့အတွက် မဟုတ်ပါဘူး အမေ။ ကျွန်တော့်အတွက်ပါ အမေ” ဟု အမေ၏ စကားကို ပြင်လိုက်၏။
ယူကရိန်းသားသည် တံခါးဝသို့ ရောက်လာလေ၏။ တံခါးပေါက်သည် အလွန် နိမ့်လှသဖြင့် သူသည် ကိုယ်ကို တစောင်းထား၍ ကုန်းဝင်နေရလေ၏။ ထိုနောက် ပါဗယ်၏ မျက်နှာကို စိုက်ကြည့်ပြီး စိတ်ခပ်ချဉ်ချဉ်နှင့်
“ကိုယ်တော်ကြီး၊ ဒီကိစ္စကို မဆွေးနွေးဘဲထားရင် ကောင်းပါလိမ့်မယ်” ဟု ပြောလေ၏။
အမေသည် ချုံးချ၍ ငိုတော့မလောက် ဖြစ်နေ၏။ ထိုကြောင့် သူ့သားက သူငိုသည်ကို မမြင်ရအောင်
“အမယ်လေး၊ ငါ့နှယ် မေ့နေလိုက်တာ” ဟု ပြောရင်း မီးဖိုထဲသို့ သုတ်သီးသုတ်ပျာ ဝင်သွားလေ၏။ မီးဖိုခန်းထဲသို့ ရောက်လျှင်ရောက်ချင်း ထောင့်တထောင့်ထဲ၌ ကပ်လျက် ငိုနေလေ၏။
ထိုအတွင်း မပွင့်တပွင့်တံခါးကြားအတွင်းမှ ပါဗယ်နှင့် ယူကရိန်းသားတို့ ကျိတ်၍ ဆွေးနွေး ငြင်းခုံနေသံကို ကြားရ၏။
“ဘယ်လို အယူအဆလဲ၊ မင်းက အမေ့စိတ်ကိုထိခိုက်အောင် ပြောလိုက်ရရင် ကျေနပ်နေသလား”
“ခင်ဗျား ဒီလိုတော့ မပြောနဲ့ဗျာ”
“မင်းကိုယ်မင်း သောက်ရူးဖြစ်အောင် လုပ်နေတာကို ငါက ဘာမှမပြောဘဲ ရေငုံနေရင် ငါ အလကားလူ ဖြစ်မှာပေါ့ကွ။ မင်း ဘယ့်နှယ်ကြောင့် ဒီလိုပြောရတာလဲ။ အခု ဘာဖြစ်နေတယ် ဆိုတာကို မင်း မသိဘူးလား”
“ခင်ဗျားဟာ စိတ်ဓာတ်ခိုင်မာရမယ်။ ဟုတ်ရင်ဟုတ်တယ် မဟုတ်ရင် မဟုတ်ဘူးဆိုတာကိုလည်း ပြောရဲရမယ်ဗျာ့”
“လူတိုင်းကိုပေါ့။ ကျွန်တော်ကတော့ လူကို နောက်ပြန်ဆွဲလားမယ့် ချစ်တာတွေ၊ ခင်တာတွေ၊ ရင်းနှီးတာတွေ ဆိုတာတွေကို အလိုမရှိဘူးဗျာ့”
“အေး၊ မင်းက တကယ့် သူရဲကောင်းကြီးပဲ။ ဒါတွေကို ဆာရှာကို ပြောပြပါ။ သူဟာ”
“အို၊ ကျွန်တော် သူ့ကို ပြောပြီးပြီဗျာ့”
“မင်း မပြောရသေးပါဘူး။ မင်းက သူ့ကိုပြောတော့ ပျော့ပျော့ပျောင်းပျောင်းနဲ့ ချစ်စနိုးဖွယ်ရာနဲ့ ပေါ့။ မင်း သူနဲ့ပြောတာကို ငါမကြားပေမဲ့ အဲဒီလို ပျော့မယ်ဆိုတာကိုတော့ ငါသိပါတယ်ကွာ။ ဒါပေမဲ့ အမေ့ပေါ်ကျရင် သူရဲကောင်းကြီးပေါ့။ မင်း သူနဲ့ကျတော့ လေလုံးထွားသမျှတွေဟာ”
အမေသည် သူ၏မျက်ရည်များကို အမြန်သုတ်ပစ်လိုက်၏။
ယူကရိန်းသားက အလွန်ကြမ်းကြမ်းတမ်းတမ်း ပြောပစ်လိုက်မည်စိုးသဖြင့် တံခါးကို ကပျာကယာ ဖွင့်၍ မီးဖိုခန်းထဲသို့ ဝင်လာလေ၏။ ထိုနောက် အသံကျယ်ကျယ်ဖြင့်
“အမယ်လေး ဘယ်လောက်အေးသလဲဟယ်” ဟု ပြောလိုက်၏။ သူမည်မျှပင် ဟန်ဆောင်နေ စေကာမူ သူ၏ အသံထဲ၌ ကြောက်ရွံ့သံနှင့် ဝမ်းနည်းသံတို့ ရော၍ပါလာ၏။
“အင်း၊ ဒီရာသီကို ဘယ်သူကများ နွေဦးလို့ပြောကြမလဲ။ ဒီလောက်တောင် အေးနေမှဖြင့်”
တဖန် တဖက်ခန်းမှ အသံများကို လွှမ်းသွားရန် မီးဖိုခန်းထဲမှ အိုးခွက်ပန်းကန်တို့ကို အကြောင်းမဲ့ ဟိုရွှေ့လိုက်ဒီပြောင်းလိုက်နှင့် လုပ်နေရာမှ ဆက်၍
“အင်း၊ အစစ ပြောင်းလဲနေတော့တာပဲ။ လူတွေကတော့ ပူပူလာတယ်။ ရာသီဥတုကတော့ အေးအေးလာတယ်။ အရင်ကများ ဒီလိုရာသီမှာ နေရောင်နဲ့၊ ကောင်းကင်ကလည်း စင်စင်ကြယ်ကြယ်နဲ့ နွေးနေတာပါပဲ။ အခုတော့ဖြင့်” ဟု ပြောနေလေ၏။
ပါဗယ်နှင့် ယူကရိန်းသားတို့သည် ငြိမ်သွားကြပြန်၏။ အမေသည် မီးဖိုခန်း အလယ်၌ ရပ်၍ နားထောင်နေလေ၏။
ယူကရိန်းသားက လေသံပျော့ပျော့နှင့်၊
“မင်း ငါပြောတာ ကြားရဲ့လား။ မင်းနားလည်ဖို့ အချိန်တန်ပြီကွ၊ အမေက မင်းထက် သတ္တိရှိတယ်ကွ” ဟု ပြောလေရာ အမေက အသံတုန်တုန်ယင်ယင်နှင့်၊
“ကဲ၊ တို့ လက်ဖက်ရည်သောက်ကြမယ် မဟုတ်လား” လှမ်း၍မေးလိုက်၏။ ထိုနောက် သူ့အသံတုန်နေသည်ကို ဘေးလူ အကဲမခတ်မိအောင်၊ “ဘုရားရေ၊ ငါတော့ သွေးတောင်ခဲနေပြီ ထင်ပါရဲ့” ပြောပြန်၏။
ထိုနောက် ပါဗယ်သည် အမေ့ဆီသို့ တဖြည်းဖြည်းလျှောက်သွားပြီး အမေ့အပေါ်သို့ ကုန်းလျက် သူ့ကိုယ်သူ အပြစ်ရှိကြောင်း ဝန်ခံသည့်သဘောဖြင့် ပြုံးကာ၊
“အမေ၊ သားကို ခွင့်ပြုပါနော်။ ကျွန်တော်က အသက်ကလည်းငယ်၊ မိုက်လည်းမိုက်ပါတယ်” ဟု ပြောလေ၏။ အမေသည် ငို၍ ပါဗယ်၏ ဦးခေါင်းကို သူ၏ရင်ခွင်ထဲသို့ အတင်း ဆွဲဖက်ထားပြီး၊
“အမေ့ဘာသာ အမေ နေပါရစေကွယ်။ ဘာမျှမပြောပါနဲ့တော့။ မင်းဘဝကိုတော့ မင်းဘာသာ သဘောကျသလို ဖန်တီးနိုင်တယ်ဆိုတာကို ဘုရားသခင်ကိုယ်တော်မြတ်က သိပါတယ်။ ဒါပေမဲ့ အမေ့စိတ်ကိုတော့ အနှောင့်အယှက်မပေးပါနဲ့။ မိခင်တယောက်ဟာ မချစ်ဘဲနေနိုင်ပါ့မလား။ သူကတော့ ချစ်ရလိမ့်မယ်။ ချစ်ရမယ်၊ ခင်ရမယ်ဆိုတာက သူ့တာဝန်ပဲ။ အမေကတော့ မင်းတို့တတွေ အားလုံးကို ချစ်တာပဲ။ မင်းတို့တတွေကလည်း ချစ်စရာကောင်းတယ်။ ချစ်ခြင်းမေတ္တာကိုလည်း ခံယူသင့်တယ်။ အမေကမှ တို့ကိုမချစ်ရင် မင်းတို့ကို ဘယ်သူက ချစ်မှာလဲ။ မင်းက အမေ့ကို ခွာသွားတော့ တခြားသူတွေကလည်း အမေ့ကို စွန့်သွားကြမှာပေါ့ သားရယ်” ဟု ပြောလေ၏။
အမေ၏ ရင်တွင်း၌ ကြီးမား၍ ပူပြင်းလှသည့် တွေးလုံးတောလုံးတို့ဖြင့် ဗလောင်ဆူလျက်ရှိ၏။ သူ၏ အသည်းနှလုံးသည် ဒေါမနဿပီတိဖြင့် ပေါ့ပါးနေ၏။ သို့ရာတွင် ထိုဒေါမနဿပီတိကိုမူ သူသည် မဖော်ပြနိုင်ပေ။ ဤစိတ်မချမ်းသာမှုဒဏ်ကို ခံရင်း စူးရှ၍ အလွန်ပြင်းထန်သည့် စိတ္တဇဝေဒနာဖြင့် တောက်ပနေသော မျက်လုံးများနှင့် သူ၏ သားကို ကြည့်နေလေ၏။ ထိုအခါ ပါဗယ်က၊
“ဟုတ်တယ် အမေ ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော် အခု ဒါတွေကို အကုန် နားလည်ပါပြီ။ ကျွန်တော် ဘယ်တော့မှ ဒါကို မမေ့တော့ပါဘူး။ ကျွန်တော် မမေ့တော့ပါဘူးလို့ ကျိန်ပါ့မယ်” ဟု ပြော၍ တဖက်သို့ ပြုံးကာ လှည့်သွားလေ၏။ သူသည် ဝမ်းမြောက်၏။ သို့သော် ရှက်နေလေသည်။
အမေကမူ သူ့အနားမှခွာ၍ တဖက်ခန်း တံခါးဆီသို့ သွားလေ၏။ ထိုနောက် ယူကရိန်းသားအား
“အင်ဒရေယူရှာ၊ သူ့ကို မအော်ပါနဲ့ကွယ်။ မင်းက အကြီးပါ” ဟု ဖျောင်းဖျ ပြောဆိုလေ၏။ ယူကရိန်းသားက နောက်သို့လှည့်မကြည့်ဘဲ၊
“အို၊ အမေကလည်း ကျွန်တော်က သူ့ကိုအော်ရုံတင် မဟုတ်ဘူး၊ ထောင်းထုပစ်လိုက်ချင်တယ်” ဟု အော်ပြောလေ၏။
အမေသည် သူ့နားသို့သွားပြီး၊ “မင်းကတော့ တကယ့်ကိုကောင်းတယ်” ဟု ပြောကာ လက်ကို လှမ်းလိုက်၏။
သူသည် လက်များကို နောက်သို့ပစ်ပြီး ဦးခေါင်းကို ငုံ့လျက် မီးဖိုခန်းထဲသို့ ဝင်သွားလေ၏။ ထို့နောက်
“ဟေ့၊ မင်းခေါင်းကို ငါမထုခင် သွားစမ်းကွာ တခြားကို၊ အမေ ကျွန်တော် နောက်နေတာနော်။ တကယ်ပြောတာ မဟုတ်ဘူး။ ကျွန်တော် မီးမွှေးလိုက်မယ်။ အင်း အမေ့မီးသွေးတွေကဖြင့် ကောင်းပါ့။ အကုန်လုံး အစိုချည်းပဲ” ဟု ပြောကာ နောက်ပြောင်လေ၏။
ထို့နောက် သူသည် ဘာမျှမပြောဘဲ ငြိမ်သွား၏။ အမေ မီးဖိုခန်းထဲသို့ ဝင်လာသောအခါ သူသည် ကြမ်းပြင်ပေါ်၌ ထိုင်ရင်း မီးဖိုထဲမှ မီးကို မှုတ်နေလေ၏။
“မစိုးရိမ်ပါနဲ့ အမေ။ ကျွန်တော်က သူ့ကို လက်ဖျားနဲ့တောင် မတို့ပါဘူး။ ကျွန်တော် သူ့ကို မမုန်းပါဘူး။ ဒါပေမဲ့ သူက လူထူထူရှိရင် မဏ္ဍပ်တိုင်ပေါ်တက်တက်ပြီး ဟစ်လွန်းလို့ မဏ္ဍပ်တိုင်ကိုသာ ဓားနဲ့ခုတ်ပစ်ချင်တာပါ” ဟု ခေါင်းငုံ့၍ ပြောနေလေရာ ပါဗယ်က ရယ်လျက်၊
“ခင်ဗျားက ဒါမျိုးတော့ ပြောတတ်တယ်။ တခါတုန်းကလည်း ဒီလို ကျွန်တော့်ကို ပြောဖူးတယ်” ဟု ပြန်ပြောလေ၏။
ယူကရိန်းသm;သည် မီးဖိုကို ကားရားခွထိုင်လျက် ပါဗယ်ကို မော့ကြည့်လိုက်၏။ အမေသည် တံခါးဝ၌ ရပ်၍ သူ့ဦးခေါင်းကို ချစ်ခင်ကြင်နာစွာနှင့် ကြည့်နေ၏။ ယူကရိန်းသားသည် သူ့ကိုယ်သူ ခါးကိုလိမ်ချိုးပြီး အမေနှင့် ပါဗယ်တို့ကို ကြည့်နေ၏။ သူ၏ မျက်လုံးများသည် ရုတ်တရက် နီလာလေ၏။ ထိုနောက် မျက်လုံးကို မှိတ်တုတ်မှိတ်တုတ် လုပ်လျက်၊
“အမေတို့ နှစ်ယောက်လုံးဟာ တကယ့်ကို သဘောကောင်းကြပါတယ်” ဟု ပြောလိုက်၏။
ပါဗယ်ကငုံ့၍ ယူကရိန်းသား၏ လက်ကို အတင်းဆုပ်ကိုင်ထားလိုက်၏။ ယူကရိန်းသားက၊
“ဟေး၊ မဆွဲနဲ့ကွ၊ ငါလဲသွားလိမ့်မယ်” ဟု ဆို၏။
အမေက “မင်းတို့ ဘာများ ကြောက်နေကြရတာလဲ။ ကဲ၊ တယောက်နဲ့တယောက် နမ်းကြစမ်း၊ ဖက်ထားကြစမ်း” ဟု ပြောရာ သူတို့နှစ်ယောက်သည် တယောက်နှင့်တယောက် တအား ဖက်ထားကြ၏။ လူနှစ်ကိုယ်ကွဲနေသော်လည်း တယောက်နှင့်တယောက် ချစ်ခင်ကြင်နာသည့် စိတ်ဓာတ်ကား တခုတည်းသာ ဖြစ်နေ၏။
အမေသည် မျက်ရည်များ မဆည်နိုင်ချေ။ သို့သော် ယခုကျသည့်မျက်ရည်များမှာ လွမ်းမျက်ရည် မဟုတ်ကြ၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်လှသဖြင့် ယိုစီးကျလာသည့် မျက်ရည်များ ဖြစ်၏။ သူ့မျက်ရည်များကို သုတ်ရင်း ခပ်ရှက်ရှက်ဖြင့်၊
“အင်း၊ မိန်းမတွေက ငိုချင်ကြတယ်။ ဝမ်းသာရင်လည်း ငိုတော့တာပဲ၊ ဝမ်းနည်းစရာရှိရင်လည်း ငိုတာပဲတဲ့” ဟု ပြော၏။
ယူကရိန်းသားက ပါဗယ်အား အသာဘေးသို့ ဖယ်ပြီး သူ၏ မျက်ရည်များကို သုတ်လျက်၊
“ကဲ တော်ပြီကွာ၊ နှစ်ပါးသွားပြီးပြီ၊ အပူတိုက်စကြရတော့မယ်။ အမေ့ မီးသွေးတွေကလည်း တကယ့် မီးသွေးတွေပဲ။ ကျွန်တော်ဖြင့် မျက်ရည်တောင်ထွက်ကုန်ပြီ” ဟု ပြောရာ ပါဗယ်က
“မျက်ရည်ကျတာ ရှက်စရာမရှိပါဘူးဗျာ” ဟု ပြော၍ ပြတင်းပေါက်နား၌ ထိုင်နေလေ၏။
အမေသည် ပါဗယ်အနီးသို့သွား၍ သူ့ဘေး၌ ကပ်ထိုင်လေ၏။ သူ၏စိတ်သည် သစ်လွင်သော သတ္တိဖြင့် ပြည့်ဝလာ၏။ ထိုကြောင့် ဝမ်းနည်းသော်လည်း တည်ငြိမ်၍ နှစ်သိမ့်လျက်ရှိ၏။ ယူကရိန်းသားသည် အခန်းပြင်ဘက်သို့ ထွက်သွားပြီး၊
“ကျွန်တော် လက်ဖက်ရည်ပွဲကို သယ်ခဲ့မယ်၊ အမေ မထနဲ့ နေပါစေ၊ အမေ စိတ်အတော်ညစ်သွားပြီလေ။ အဲဒီတော့ နည်းနည်းလောက် အနားယူလိုက်ပါဦး” ဟု ပြောလေ၏။ ထိုနောက်
“ကျွန်တော်တို့ အခုပဲ ဘဝရဲ့အရသာ၊ လူသားရဲ့ ချစ်ခင်တတ်တဲ့၊ ကြင်နာတတ်တဲ့ အရသာကို ခံလိုက်ရပြီ”ဟု သူ၏ အောင်မာလှသည့် အသံဖြင့် ပြောလိုက်ရာ ပါဗယ်က အမေ့ကိုကြည့်ရင်း၊
“ဟုတ်တယ်ဗျာ့" ပြန်ပြောလိုက်၏။ အမေက၊
“ပြီးတော့ အစစ ဘာမှမတူတော့ဘဲ ထူးခြားလာတယ်။ တို့တတွေ ခံစားရတဲ့ ဒုက္ခကလည်း မတူဘူး။ ဒီလိုပဲ၊ တို့တတွေရဲ့ ဝမ်းသာစရာတွေကလည်း မတူတော့ဘူး” ဟု ပြောလိုက်ရာ၊
“ဒါက ဒီလိုပဲ ဖြစ်ရမှာပဲ။ ဘာပြုလို့လဲဆိုတော့ စိတ်ဓာတ်အသစ် ပေါက်ဖွားလာလို့ပဲ အမေ။ ဘဝအတွက် သစ်လွင်တဲ့ စိတ်ဓာတ်က ပေါ်လာပြီး လူသားဟာ ရှေ့ကို ချီတက်နေတယ်။ ဒီလိုချီတက်ရင်း ကမ္ဘာလောကကြီးမှာ ဝိဇ္ဇာတရားရဲ့ရောင်ခြည်ကို ဖြန့်ပြီး တိုင်းပြည်အားလုံးမှ ပြည်သူလူထုတွေဟာ တအိမ်ထောင်တည်းအဖြစ်နဲ့ ညီညွတ်ကြ၊ စည်းလုံးကြလို့ ဟစ်အော် ကြွေးကြော်လျက် ရှိကြတယ်။ ဒီဟစ်အော်ကြွေးကြော်သံကို တုံ့ပြန်တဲ့အနေနဲ့ စိတ်ကောင်း နှလုံးကောင်း ရှိတဲ့လူတွေဟာ တစုတလုံးတည်း ပေါင်းမိကြပြီး စိတ်ဓာတ်ဟာ အလွန် ခိုင်မြဲလာကြတယ်” ဟု ယူကရိန်းသားက ရှင်းပြလိုက်သည်တွင် အမေက သူ့နှုတ်ခမ်းများ တုန်ယင်လာမည်စိုးသဖြင့် တင်းကျပ်စွာ ပိတ်ထားလိုက်၏။ မျက်လုံးများမှ မျက်ရည်များ စီးလာမည် စိုးသဖြင့်လည်း မှိတ်ထားလိုက်၏။
ပါဗယ်က စကားပြောလိုက်မည် ဟန်ပြင်လိုက်လျှင် အမေက ဟန့်တားလိုက်၏။ ယူကရိန်းသားသည် တဖန် ဆက်၍၊
“လူတွေဟာ ၀မ်းနည်းဖွယ်ရာတွေ အများကြီးနဲ့ ရင်ဆိုင်ကြရလိမ့်ဦးမယ်၊ သွေးချောင်းလည်း အများကြီး စီးကြလိမ့်ဦးမယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ ဦးခေါင်းထဲမှာ ရှိထားတဲ့ အသိဉာဏ်နဲ့ ကျွန်တော်ရဲ့ရင်တွင်းမှာရှိထားတဲ့ စိတ်ဓာတ်နဲ့စာရင် ကျွန်တော်ရဲ့ခံစားမှုဟာ အလွန်နည်းပြီး ကျွန်တော်ရဲ့သွေးဟာလည်း နည်းပါတယ်။ ကျွန်တော်ဟာ ကောင်းကင်က ကြယ်ကလေးလို အရောင်ဝါနဲ့ အလွန်ပြည့်စုံလှပါတယ်။ ကျွန်တော်ဟာ ဘာမဆို ခံနိုင်ရည်ရှိပါတယ်။ ဘာပြုလို့လဲ ဆိုတော့ ဘယ်သူကမှ၊ ဘာကိုမှ ကျွန်တော့်ဆီက လုယူ၊ ခိုးယူလို့မရနိုင်တဲ့၊ အလွန်ကြီးမားလှတဲ့ ရွှင်လန်းဝမ်းမြောက်မှု ကျွန်တော့်မှာ ရှိနေလို့ပဲ။ အဲဒီ ရွှင်လန်းဝမ်းမြောက်မှုဟာ ကျွန်တော်ရဲ့ ခွန်အားပဲ” ဟု ပြောလိုက်ပြန်၏။
ထိုနောက် သူတို့သုံးယောက်သည် လက်ဖက်ရည်သောက်ရင်း ဘဝအကြောင်း၊ ပြည်သူလူထု အကြောင်းနှင့် အနာဂတ်ကာလ အကြောင်းတို့နှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ပြောကြဆိုကြရာ သန်းခေါင်အချိန်သို့ ရောက်သွားလေ၏။
အမေသည် အယူအဆသစ်တခုကို ရတိုင်းရတိုင်း အတိတ်မှ ကြမ်းတမ်းသည့်၊ စိတ်မချမ်းမြေ့စရာ ဖြစ်သည့် အဖြစ်အပျက် တခုခုကို ပြန်ပြန်သတိရမိ၏။ ဤနည်းဖြင့် သူ၏ အယူအဆသစ်ကို အတိတ်မှ အဖြစ်အပျက်တို့ဖြင့် ပိုမိုခိုင်မြဲလာအောင် ဖန်တီး ပစ်လိုက်၏။
သူ၏ ကြောက်ရွံ့စိုးရိမ်မှုတို့သည် တဦးနှင့်တဦး ဤကဲ့သို့ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ပြောဆိုဆွေးနွေးနေကြရင်း ကွယ်ပျောက်သွားကြ၏။ သူငယ်စဉ်အခါက သူ့ဖခင်က သူ့အား
“ဘာမှ ပြီတီတီ ရိသဲ့သဲ့ လုပ်နေဖို့မလိုဘူး။ နင်နဲ့ အိမ်ထောင်ပြုချင်လောက်အောင် မိုက်မဲတဲ့ လူများ ပေါ်လာရင် လက်မလွတ်စေနဲ့၊ အမိသာ ဖမ်းဆွဲထားလိုက်။ ကြက်မတွေ အကုန်လုံး ကြည့်စမ်း၊ ကြက်ဖတွေနဲ့ချည်းပဲ။ သူတို့မှာ ကလေးတွေနဲ့။ ဒါပေမဲ့ ဒီကလေးတွေက သူတို့ကို ဒုက္ခသာပေးတယ်။ သည့်ပြင် ဘာမှမပေးဘူး။ နင်လည်းပဲ ဒီလိုပဲပေါ့။ ဘာမှမထူးဘူး။ နင့်ကို ဒုက္ခပေးမယ့် ကလေးတွေပဲရမှာပေါ့” ဟု ခပ်ထန်ထန် ပြောခဲ့ဖူး၏။ သူ့အဖေက သူ့အား ထိုကဲ့သို့ပြောစဉ်က သူ့စိတ်ထဲ၌ ခံစားခဲ့ရသကဲ့သို့ ယခု သူ့တွင် ခံစားနေရ၏။
ဤကဲ့သို့ သူ့အဖေက သူ့အားပြောပြီးနောက် သူ့အနာဂတ်ကာလတွင် လျှောက်ရမည့် ဘာမျှော်လင့်ချက်မှ မရှိသောလမ်းကို သူမြင်ခဲ့၏။ ဤမည်းမှောင်၍ ဘာမျှ ချမ်းမြေ့ဖွယ်ရာ မရှိသောလမ်းအတိုင်း မရှောင်မတိမ်းသာဘဲ လျှောက်ခဲ့ရသည်ကိုပင် ဘေးမမြင်၊ ရန်မမြင်နှင့် သာယာခဲ့၏။ ယခုလည်း ဤကဲ့သို့ပင် ဖြစ်နေ၏။ သို့ရာတွင် ဤ ဝမ်းနည်းဖွယ်ရာ အရေးကိစ္စသစ်နှင့် နီးကပ်လာပြီဟု သိမြင်လာသောအခါ...
“အို၊ ဒီအတိုင်းဖြစ်ရမှာပေါ့” ဟု ရေရွတ်၍ သူ့စိတ်သူ ချမ်းသာအောင် ဖန်တီးပစ်လိုက်လေသည်။
သို့သော် သူ့ဝမ်းတွင်း၌မူ “အင်း၊ ငါဘာတွေပဲ ဆုံးရှုံး ဆုံးရှုံး၊ အကုန်လုံးတော့ မဆုံးရှုံးနိုင် ပါဘူးလေ။ ငါ့သားတော့ ကျန်ရစ်ခဲ့ရဦးမှာပေါ့” ဟူသော မျှော်လင့်ချက်ကို ဘယ်တော့မှ လက်မလွှတ်ချေတကား။
အခန်း နှစ်ဆယ့်လေး
တနံနက်ခင်း အချိန်စောစော ပါဗယ်နှင့် ယူကရိန်းသားတို့သည် အလုပ်ခွင်သို့ သွားကြသောအခါ ကော်ဆူနိုဗာသည် အမေတို့အိမ် ပြတင်းပေါက်ကို လာ၍ခေါက်လေ၏။ အမေက တံခါးကို ဖွင့်လိုက်လျှင် …
“သူတို့တတွေက အိုင်ဆိုင်းကို သတ်ကုန်ကြပြီ၊ ကျုပ်တို့သွားပြီး ကြည့်ကြရအောင် ယောက်မရဲ့” ဟု ငို၍ ပြောလေ၏။
အမေသည် ရုတ်တရက်ထလိုက်၏။ သူ့စိတ်ထဲ၌ လူသတ်သမားသည် ချက်ချင်း ပေါ်လာလေ၏။ ထို့နောက် ပခုံးပေါ်တွင် တဘက်တထည်ကိုတင်ရင်း...
“ဘယ်သူသတ်တာလဲ” ဟု မေးလေ၏။ တဖန် ဆက်၍
“သတ်တဲ့လူဟာ အိုင်ဆိုင်းနဲ့အတူ ထိုင်နေတဲ့လူလို့ ထင်တယ်။ အိုင်ဆိုင်းကို ရိုက်ပြီးပြီးချင်း ထွက်ပြေးတာပဲ” ဟု ပြောပြန်၏။
သို့နှင့် သူတို့နှစ်ဦးသည် လျှောက်သွားကြရင်း
“ဘယ်သူ သတ်သွားတယ်ဆိုတာ ပေါ်အောင် အခု သူတို့ ရှာကြဖွေကြလိမ့်မယ်။ မနေ့ညက ယောက်မတို့လူတွေ အိမ်မှာရှိနေကြတာကောင်းတယ်။ အဲဒါကိုတော့ ကျုပ်က သက်သေ လိုက်မှာပေါ့။ ကျုပ် ညက သန်းခေါင်ကျော်မှ အိမ်ပြန်ရောက်ပြီး ယောက်မတို့ အိမ်ပြတင်းပေါက်ကို ချောင်းကြည့်သေးတယ်။ တော်တို့ လူစုအားလုံးဟာ စားပွဲကို ဝိုင်းပြီး ထိုင်နေကြတယ်” ဟု ထပ်၍ ပြောနေလေရာ...
“အလိုဘုရားရေ၊ ဘယ့်နှယ်လုပ်ပြီး ဘယ်သူက သူတို့ကို မယုံသင်္ကာရှိကြရမှာလဲလို့” ဟု အမေက ထိတ်ထိတ်ပျာပျာ ပြန်ပြောလေ၏။ ကော်ဆူနိုဗာက
“အင်း၊ ဘယ်သူက သူ့ကို သတ်ပါ့မလဲ။ ယောက်မတို့ လူတွေနဲ့ အဆက်အသွယ် ရှိတဲ့ လူတယောက်ယောက်က သတ်မှာပဲ” ဟု သူ့စိတ်ထဲ၌ တကယ်ယုံကြည်စွာ ပြောပြီး...
“ယောက်မတို့ လူတွေကို သူက လိုက်လိုက်ချောင်းနေတယ် ဆိုတာကို လူတိုင်းက သိတယ်” ဟု ဆိုလေ၏။
အမေသည် ရုတ်တရက် ရပ်လိုက်၏။ အသက်ကိုပင် မရှူနိုင်တော့ဘဲ ရင်ဘတ်ကို လက်နှင့် ဖိထားလေ၏။ ထိုအခါ ကော်ဆူနိုဗာက…
“ဘာဖြစ်တာလဲ ယောက်မရဲ့၊ ထိတ်လန့်မနေစမ်းပါနဲ့။ မြန်မြန်သွားကြရအောင်ပါ။ နို့မို့ရင် သူ့အလောင်းကို ယူကုန်ကြလိမ့်မယ်” ဟု ပြော၏။
အိုင်ဆိုင်းကို သတ်သူကား နစ်ကိုလိုင်ပင် ဖြစ်ရမည်ဟု အမေ၏ စိတ်ထဲ၌ ခိုင်မာသည့် သံသယသည် ဝင်လာလေ၏။
“အင်း၊ နစ်ကိုလိုင်တော့ လွန်ပြီထင်တယ်” ဟုလည်း စိတ်ထဲ၌ တွေးမိ၏။
အလုပ်ရုံနှင့် မလှမ်းမကမ်း မီးလောင်ထားသည့် အိမ်တအိမ်နေရာတွင် လူအုပ်တအုပ်သည် မီးသွေးများကို တက်နင်းပြီး ပျားအုံကို တုတ်နှင့်ဆွလိုက်သကဲ့သို့ တရွေ့ရွေ့ လှုပ်ရှားနေ၏။
ထိုလူအုပ်ထဲ၌ အမျိုးသမီးများစွာပါကြ၏။ အမျိုးသမီးများထက် ကလေးများက ပို၍ပင် များကြ၏။ ၎င်းပြင် ဈေးသည်များ၊ အစားအသောက်ဆိုင်များမှ အခိုင်းအစေများ၊ ပုလိပ်များနှင့် စစ်ပုလိပ်အိုကြီး ပက်တလင်တို့လည်း ပါကြ၏။ ပက်တလင်သည် အရပ်ရှည်၏။ သူ့မုတ်ဆိတ်မွေးသည် ဖြူရော်ရော်ဖြစ်နေ၏။ ရင်ဘတ်တခုလုံး၌လည်း တံဆိပ်များကို တွယ်ထားလေသည်။
အိုင်ဆိုင်းသည် မီးလောင်ထားသည့် သစ်တုံးတတုံးကို ကိုယ်အထက်ပိုင်းက မှီပြီး ခြေထောက်များကို ဆင်းထား၏။ သူ့ဦးခေါင်းသည် ရှေ့သို့ ငိုက်စိုက်ကျနေ၏။ ဘာမျှဆောင်းမထားချေ။ သူ၏ လက်ယာဘက်လက်သည် ဘောင်းဘီအိတ်တွင်း နှိုက်ထားပြီး လက်ဝဲဘက် လက်ချောင်းများသည် ပွနေသော မြေကြီးအတွင်းသို့ နှိုက်နေကြလေသည်။
အမေသည် သူ့မျက်နှာကို သေသေချာချာကြည့်၏။ သူ၏ မှိန်နေသည့် မျက်စိတဖက်သည် သူ၏ဆန့်နေသော ခြေထောက်နှစ်ဖက်ကြားရှိ ဦးထုပ်ကို စိုက်ကြည့် နေ၏။ သူ့ပါးစပ်ကြီးသည် အံ့သြသည့် အမူအရာဖြင့် ဖြဲနေ၏။ သူ၏ ကြုံလှီသည့် ကိုယ်ခန္ဓာသည် အသက်ရှင်စဉ်ကထက် ပို၍ သေးလှီသွား၏။ အမေသည် သူ့ကိုယ်သူ လက်ဝါးကပ်တိုင် အမှတ်အသားပြုပြီး သက်ပြင်းတချက် ချလိုက်၏။ အသက်ရှင်စဉ် အမေသည် သူ့ကို မုန်းတီးရွံရှာ၏။ သို့ရာတွင် ယခု သူ့ကို သနားနေလေသည်။
ထိုအတွင်း တစုံတယောက်သောသူက အသံကိုအုပ်လျက် “သွေးတော့မထွက်ဘူး။ အင်း လက်သီးနဲ့ထိုးတာနဲ့တူတယ်” ဟု ပြော၏။
တဖန် အခြားတယောက်က… “ညစ်ပတ်လှတဲ့ ပုလိပ်သူလျှို၊ သူ့ထိုက်နဲ့သူ့ကံ ဖန်တီးသွားတာ ပေါ့ကွာ”
လက်စားချေချင်လှသည့် ဇောနှင့် ဝင်၍တောလိုက်ပြန်၏။ စစ်ပုလိပ်ကြီးသည် ရုတ်တရက် သတိရလာပြီး အမျိုးသမီးများကို ဘေးသို့ တွန်းဖယ်၍၊
“အဲဟိုမှာ စကားတွေများနေတာ ဘယ်သူတွေလဲကွ” ဟု ခြိမ်းခြောက်သည့်လေသံနှင့် မေးလိုက်၏။ လူများက သူ့အား လမ်းဖယ်ပေးကြ၏။ အချို့က ထိုနေရာမှ သုတ်သီးသုတ်ပျာ ထွက်သွားကြ၏။ လူတယောက်ကမူ မုန်းတီးရွံရှာသည့် လေသံဖြင့် ရယ်လိုက်လေသည်။
အမေလည်း အိမ်သို့ပြန်ခဲ့၏။
“အင်း၊ ဘယ်သူကမှ သူ့အတွက် ဝမ်းမနည်းဘူး” ဟု သူ့စိတ်ထဲ၌ တွေးမိ၏။ တဆက်တည်းပင် ခင်တိုနစ်ကိုလိုင်သည် သူ၏ ခက်ထန်မာကျောလှသည့် မျက်လုံးများနှင့် သူ့ကိုကြည့်ပြီး သူ၏ညာဘက်လက်ကို ခိုက်မိသဖြင့် နာကျင်သောကြောင့် ဝှေ့ယမ်းနေသယောင်ယောင် သူ၏ စိတ်ထဲ၌ မြင်နေမိပြန်လေသည်။
ပါဗယ်နှင့် အင်ဒရေးယူရှာတို့ အိမ်သို့ ပြန်လာလျှင်လာချင်း အမေသည် သူတို့အား အိုင်ဆိုင်း သေသည့် ကိစ္စနှင့်ပတ်သက်၍ မည်သူ့ကို ဖမ်းထားပြီလဲဟု မေးရာ ယူကရိန်းသားက၊
“မကြားသေးဘူး အမေ” ဟု ပြန်ဖြေလိုက်၏။
သို့ရာတွင် သူတို့နှစ်ယောက်လုံး စိတ်မချမ်းမသာ ဖြစ်နေသည်ကိုသိ၏။
“တယောက်ယောက်ကများ နစ်ကိုလိုင် သတ်တယ်လို့များ ပြောသလားဟယ်” ဟု ခပ်တိုးတိုး မေးလိုက်၏။
ပါဗယ်က လေးနက်တည်ငြိမ်စွာဖြင့် “မပြောပါဘူး။ သူတို့တတွေက သူ့ကို သံသယရှိတယ်လို့ ကျွန်တော် မထင်ပါဘူး။ သူက တခြားရောက်နေတာပဲ။ ကျွန်တော်က သူ့အကြောင်းကို မေးကြည့်ပါတယ်။ သူ မနေ့က မွန်းတည့်လောက်မှာ မြစ်ဘက်ထွက်သွားတာ ပြန်မလာသေးဘူး တဲ့” ဟု ပြန်ဖြေလေ၏။
အမေသည် စိတ်နှလုံးချမ်းသာရာ ရသွားသဖြင့် သက်ပြင်းချကာ၊ “အင်း၊ ဘုရားသခင် ကျေးဇူးတော်ပဲ၊ ဘုရားသခင် ကျေးဇူးတော်ပဲ” ဟု ရေရွတ်နေလေ၏။
ယူကရိန်းသားသည် သူ့ကိုကြည့်ပြီး ဦးခေါင်းကို အောက်သို့ ငုံ့နေလေ၏။
“အင်း၊ သူ့အတွက် ဘယ်သူကမှ ဝမ်းမနည်းဘူး။ သူ့ကို သနားကြင်နာတဲ့စကားလည်း ဘယ်သူကမှ တခွန်းမှမပြောဘူး။ တကယ့်ကို အရေးမပါ၊ အရာမရောက်တဲ့ လူပဲ” ဟု အမေသည် စဉ်းစားနေလေ၏။
ထိုနေ့ညနေ ညစာစားနေကြစဉ် ပါဗယ်သည် သူ၏ဇွန်းကို ရုတ်တရက် ပစ်ချပြီး၊ “ဒါကို ကျွန်တော် နားမလည်နိုင်ဘူးဗျာ” ဟု အော်လိုက်၏။
ယူကရိန်းသားက၊ “ဘာကိုလဲကွ” ဟု မေး၏။
“ကျွန်တော်တို့ဟာ စားချင်လို့ ကျွဲနွားတိရစ္ဆာန်တွေကို သတ်ကြတယ်။ အဲဒါကိုက မကောင်းဘူး။ ပြီးတော့ သားရဲတိရစ္ဆာန်တွေကို အန္တရာယ်များလို့ သတ်ကြရတယ်။ လူသားတယောက်ယောက် ဟာ သားရဲတိရစ္ဆာန်ဖြစ်ပြီး လူသားအချင်းချင်းကို ပြန်ပြီး သတ်ဖြတ် စားသောက်မယ် ဆိုရင်တော့ ကျွန်တော်ကိုယ်တိုင် အဲဒီလူကို သတ်မိမှာပဲ။ ဒါပေမဲ့ ဒီလို သနားစရာ လူတယောက်ကို သတ်ရမယ်ဆိုရင် ဘယ်လိုလုပ်ပြီး သတ်ရက်ပါ့မလဲ” ပါဗယ်က ပြန်ပြော၏။
ယူကရိန်းသားက ပခုံးကိုတွန့်လိုက်ပြီး
“သူက သားရဲတိရစ္ဆာန်လိုပဲ အန္တရာယ်ကြီးတယ်။ တို့တတွေဟာ ခြင်တွေကို တို့သွေးတစက် စုပ်ရုံနဲ့တောင် သတ်ကြသေးတာပဲ” ဟု ဆို၏။
“အဲဒါမှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဒီလိုပြောချင်တာ မဟုတ်ပါဘူး။ စိတ်ထဲမှာ မကောင်းစရာ ဖြစ်နေတာကို ပြောတာပါ”
ယူကရိန်းသားက ပခုံးကိုတွန့်၍၊
“ဒါတော့ ဘယ်တတ်နိုင်ပါ့မလဲ” ဟု ပြော၏။
“ဒီလိုသတ္တဝါတကောင်ကို သတ်ရက်နိုင်ပါ့မလား” ဟု မေးရာ ယူကရိန်းသားသည် ပါဗယ်အား သူ၏မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်ပြီး တဖန် အမေ့အား ရုတ်တရက် လှည့်ကြည့်ကာ၊
“ငါ့ရဲဘော်တွေနဲ့ တို့ရဲ့ယုံကြည်မှုအတွက် ဘာမဆို ငါကတော့ လုပ်ရက်နိုင်တယ်။ ငါ့သားကိုတောင် ငါသတ်ရက်နိုင်တယ်” ဟု တည်ငြိမ်စွာနှင့် ပြန်ဖြေလေ၏။
အမေက... “အိုး အင်ဒရေယူရှာ” ဟု အသံခပ်အုပ်အုပ်နှင့် ယောင်ယမ်းပြီး အော်လိုက်၏။
“ဘယ်တတ်နိုင်ပါ့မလဲ အမေ။ ဘဝက ဒီလိုပဲဟာ” ဟု ယူကရိန်းသားက ပြုံး၍ ပြောပြ၏။ ပါဗယ်က၊
“ခင်ဗျားပြောတာမှန်တယ်။ ဘဝက ဒီလိုပဲဗျာ့” ဟု ယူကရိန်းသား၏ စကားကို ဝင်၍ ထောက်ခံလိုက်၏။
ယူကရိန်းသားသည် ရုတ်တရက် စိတ်အားတက်ကြွစွာ ထခုန်၍ လက်များကို ဝှေ့ယမ်းကာ၊
“ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဘာလုပ်နိုင်ပါ့မလဲ။ ကျွန်တော်တို့ဟာ လူကို မုန်းကို မုန်းရမယ်။ ဒါမှ ကျွန်တော်တို့တတွေဟာ လူတွေအားလုံးကို ချစ်ရမယ့်ခေတ်ကို ရောက်ကြမယ်။ ကျွန်တော်တို့ဟာ တိုးတက်ရာ တိုးတက်ကြောင်း လမ်းကြောင်းကို ဟန့်တား ကာဆီးနေတဲ့လူ၊ ကိုယ့်အတွက် ဂုဏ်တို့ လုံခြုံမှုတို့ကို ငွေနဲ့ဝယ်နိုင်အောင် လူတွေကို ပိုက်ဆံနဲ့ ရောင်းစားနေတဲ့ လူ၊ အဲဒီလိုလူမျိုးတွေဆိုရင် ဘယ်သူ့ကိုမဆို သုတ်သင် ဖယ်ရှားပစ်ကြရလိမ့်မယ်။ ရိုးသား ဖြောင့်မတ်တဲ့လူတွေကို ရှေ့ကို မတိုးတက်နိုင်အောင် ပိတ်ဆို့နေတဲ့ အဲဒီလူတွေကို သစ္စာဖောက်ဖို့ အခါအခွင့်ကောင်းကို ချောင်းနေတဲ့လူ၊ အဲဒီလို သစ္စာဖောက် လောက်ကောင်မျိုးကို တွေ့ရက်သားနဲ့ ကျွန်တော်က သူ့ကို မဖျက်ဆီးရင် ကျွန်တော်ကိုယ်တိုင် ကလည်း သစ္စာဖောက် လောက်ကောင်တယောက် ဖြစ်နေမှာပေါ့။ အဲဒီတော့ ကျွန်တော့်မှာ ဒီလိုဖျက်ဆီးဖို့ရာ ဘာအခွင့်အရေးရှိလို့လဲ မေးစရာပေါ့။ အဲဒီတော့ ကျွန်တော်ကလည်း ကျွန်တော်တို့အပေါ်မှာ အုပ်ချုပ်ပြီး ဗိုလ်ကျနေကြတဲ့ မင်းဘုရားတို့မှာလည်း ဘုံတို့ ဇိမ်နဲ့နေရဖို့၊ လုံလုံခြုံခြုံ မကြောင့်မကြနေရဖို့၊ စစ်တပ်တွေ၊ လူသတ်သမားတွေ၊ မကောင်းတဲ့အိမ်တွေ၊ အကျဉ်းထောင်တွေ၊ လူတွေကို နယ်နှင်ဒဏ်ပေးပြီး လွှတ်ရမယ့် နေရာတွေနဲ့ အခြား မကောင်းတဲ့ မတရားတဲ့ နည်းတွေကို အသုံးပြုဖို့ ဘာအခွင့်အရေးများ ရှိလို့တုံးလို့ မေးရလိမ့်မယ်။ သူက ကျွန်တော်တို့ကို ကိုင်ကိုင်ပြီး ထုထုနေတဲ့ တင်းပုတ်ကို တခါတလေ ကျွန်တော်က လုယူပြီး သူတို့ကို အဲဒီတင်းပုတ်နဲ့ ပြန်ထုရင် ကျွန်တော့်မှာ အပြစ်ရှိသလား။ ကျွန်တော်က အဲဒီတင်းပုတ်ကိုတော့ စိတ်ချမ်းချမ်းသာသာနဲ့ ယူရလိမ့်မယ်။ သူတို့က ကျွန်တော်တို့တတွေကို ဆယ်နဲ့ ရာနဲ့ချီပြီး သတ်ရင် ကျွန်တော်တို့ကို သူတို့အထဲက တယောက်ယောက်ရဲ့ဦးခေါင်းကို ထုလိုက်ဖို့ တခြားလူတွေထက် ကျွန်တော့်အနားကို ပိုပြီးကပ်လာတဲ့၊ ကျွန်တော် ကာကွယ်နေတဲ့ အရေးတော်ပုံကို တခြားလူတွေထက်ပိုပြီး အန္တရာယ်ပြုတဲ့လူရဲ့ ဦးခေါင်း ထုလိုက်ဖို့ အခွင့်အရေး ကျွန်တော့်မှာရှိတယ်။ ဘဝကတော့ ဒီလိုပဲ အမေ။ ဒါပေမဲ့ ကျွန်တော်က ဒီလိုဘဝမျိုးကို မနှစ်သက်ဘူး။ ဘဝကို ဒီလို မမြင်စေချင်ဘူး။ သူတို့သွေး တွေ မြေကျလို့ ဘာမျှအကျိုးမရှိဘူး။ သူတို့သွေးဟာ ပူပြင်းတယ်၊ ခန်းခြောက်တယ်။ ကျွန်တော်တို့ရဲ့ သွေးတွေက ကမ္ဘာမြေပြင်ပေါ်မှာ မိုးသည်းသည်းရွာလိုက်သလို ဖြိုင်ဖြိုင်ကြီး ကျလိုက်ရင် တခါတည်း သစ္စာတရားတွေဟာ သွေးကျတဲ့နေရာက ပေါက်ဖွားလာ တော့တာပဲ။ သူတို့သွေးကျတဲ့ နေရာကတော့ ဘာမှမပေါက်ဘူး၊ တခါတည်း ခန်းခြောက်သွားတာပဲ။ ဒါကို ကျွန်တော်သိတယ်။ ဒါပေမဲ့ ဒီအကုသိုလ်ဒဏ်ကို ကျွန်တော် ခံမယ်။ သတ်မှ ဖြစ်မယ့်ကိစ္စ ဆိုရင်တော့ ကျွန်တော်က သတ်မှာပဲ။ ဒါက ကျွန်တော့်အတွက် ကျွန်တော် ပြောနေတာပါ။ ကျွန်တော်လည်း သေရော၊ ကျွန်တော်ရဲ့အကုသိုလ်လည်း ပျောက်ကွယ်သွားရောပေါ့။ အနာဂတ်အတွက် ဘာတကွက်မျှ ကျွန်တော် မထားခဲ့ဘူး။ ကျွန်တော့်ကိုယ်မှအပ ဘယ်သူ့ကိုမျှ မှဲ့တပေါက် အစွန်းအငြိမခံဘူး” ဟု စိတ်အား ထက်သန်စွာ ပြောနေလေ၏။
ယူကရိန်းသားသည် အခန်းတွင်း၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေ၏။ သူ့ကို ကြည့်ရသည်မှာ သူ့ကိုယ်တွင် ဖွဲ့စည်းတုပ်နှောင်ထားသည့် နှောင်ကြိုးတို့ကို တချောင်းပြီး တချောင်း ဖြတ်တောက်နေဟန်ရှိ၏။ သူ့ဝမ်းထဲ၌ မျိုသိပ်၍ ထားရသည့် အယူအဆတို့ကို အန်ထုတ်နေပြီဟု အမေသည် သိ၏။ ထို့ကြောင့် သူ့ကို ဝမ်းနည်းခြင်း၊ ထိတ်လန့်ခြင်းတို့ဖြင့် စောင့်ကြည့်မိ၏။ သို့ စောင့်ကြည့်ရင်း အမေသည် စိတ္တဇဝေဒနာကို ခံစားနေရ၏။ လူသတ်မှုနှင့် ပတ်သက်၍ ထိတ်စရာ၊ လန့်စရာ အရေးအခင်းတို့ကို သူသည် မတွေးတော့ပြီ။ နစ်ကိုလိုင်သာ ဤပြစ်မှုကို ကျူးလွန်မည်ဖြစ်၏။ ပါဗယ်၏ အခြားမည်သည့် မိတ်ဆွေတဦးတယောက်ကမျှ ဤပြစ်မှုကို ကျူးလွန်မည်မဟုတ်။ ပါဗယ်သည် ဦးခေါင်းကိုငုံ့လျက် ယူကရိန်းသား၏ အလွန် စိတ်အားထက်သန်စွာ ပြောနေသည့်စကားကို နားထောင်နေလေသည်။
“တိုးတက်ချင်ရင် လူတွေဟာ တခါတလေ ကိုယ့်ကိုယ်ကို ဆန့်ကျင်ပြီး ကိုယ် သဘောမကျတာလည်း လုပ်ရတယ်။ အစစကို စွန့်တန်ရင် စွန့်ရမယ်။ ယုံကြည်ချက်နဲ့ လုပ်နေတဲ့ လုပ်ငန်းတခုခုအတွက် ကိုယ့်အသက်ကိုတောင် စွန့်တန် စွန့်ရမယ်။ ဒီထက်တောင် စွန့်ချင်ရင် စွန့်ရမယ်။ ကိုယ့်အသက်ထက် ကိုယ်ခင်မင်တွယ်တာတဲ့ဟာကိုတောင် စွန့်ရလိမ့်မယ်။ ဒီလိုစွန့်လိုက်တဲ့အတွက် ကိုယ်တိုက်ပွဲဝင်နေတဲ့ သစ္စာတရားဟာ၊ ကမ္ဘာ လောကမှာ ကိုယ်အချစ်ခင် အတပ်မက်ဆုံး သစ္စာတရားဟာ ပိုပြီးတော့ ခိုင်မာတောင့်တင်း လာတာပေါ့” ဟု ဆက်ပြောရင်း အခန်းအလယ်၌ မတ်တတ်ရပ်နေ၏။ သူ့မျက်လုံးများကို မှေးထားပြီး အလွန်လေးနက်စွာ ကတိပေးသည့်ဟန်ဖြင့် လက်တဖက်ကိုလည်း မြှောက်ထားလေသည်။ တဖန်ထပ်၍၊
“လူတွေဟာ သူတို့ရဲ့ မွန်မြတ်မြင့်မားတဲ့ အဖြစ်ကိုကြည့်ပြီး အံ့ဩရမယ့်ခေတ်၊ လူတိုင်း လူတိုင်းဟာ အခြားသူတွေအတွက် ကြယ်တာရာသဖွယ် အရောင်အရှိန် တောက်ပလာမယ့် ခေတ်ဟာ ရောက်လာမယ်ဆိုတာကို ကျွန်တော်သိတယ်။ ကမ္ဘာလောကကြီး လွတ်လပ်တဲ့ လူတွေ နေထိုင်ရာဌာနကြီး ဖြစ်လာမယ်။ ဒီလိုလွတ်လပ်တဲ့အတွက် လူတွေရဲ့ စိတ်ဓာတ်တွေ ဟာလည်း မြင့်မားလာရမယ်။ လူသားအားလုံးရဲ့ စိတ်ထားဟာ ဖြူစင် ပွင့်လင်းပြီး မနာလိုဝန်တိုမှု၊ ယုတ်ညံ့မှုတို့မှ ကင်းစင်လာမယ်။ အဲဒီနောက် လူသားရဲ့ဘဝဟာ လူသားအတွက် အလွန်မြင့်မြတ်တဲ့ အလုပ်အကျွေးပြုဖို့ ဖြစ်လာမယ်။ ပြီးတော့ လူသားဟာ အလွန်မြင့်မြတ်လာမယ်။ ဘာပြုလို့လည်းဆိုတော့ လွတ်လပ်သူဟာ လိုသမျှကို အကုန်ရနိုင်လို့ပဲ။ လူတွေဟာ သစ္စာတရားကို လက်ကိုင်ပြုပြီး မြင့်မြတ်တဲ့ တရားအတွက် လွတ်လပ်စွာ နေထိုင်ကြလိမ့်မယ်။ လောကကြီးတခုလုံးအပေါ်မှာ မေတ္တာတရားအထားနိုင်ဆုံး၊ အလွတ်လပ်ဆုံး လူတွေကို အကောင်းဆုံးသားအဖြစ်နဲ့ အသိအမှတ် ပြုကြလိမ့်မယ်။ ဘာပြုလို့လည်းဆိုတော့ အဲဒီလူတွေဟာ အမြင့်မြတ်ဆုံးဖြစ်လို့ပဲ။ သူတို့ဟာ ဘဝသစ်မှာ ဧရာမပုဂ္ဂိုလ်ကြီးတွေ ဖြစ်ကြလိမ့်မယ်” ဟု ပြောလေ၏။
ထိုနောက် တမိနစ်ခန့် ရပ်နေပြီး အလွန်လှိုက်လှဲစွာ၊
“ဒီဘဝမျိုး တည်ဆောက်ဖို့ ကျွန်တော်ဟာ ဘာမဆို လုပ်ရန်အသင့်ပဲ” ဟု ပြောပြန်၏။
သူ၏ စိတ်အဟုန်ဖြင့် သူ၏မျက်နှာသည် ကြည်လင်တောက်ပလာပြီး ပါးပြင်ပေါ်၌ မျက်ရည်များ ယိုစီးလာ၏။
ပါဗယ်၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်လာပြီး ဦးခေါင်းကို မော့လိုက်၏။ ထိုနောက် ယူကရိန်းသားအား မျက်လုံးအပြူးသားနှင့် ကြည့်နေလေ၏။ ဤစကားကို ကြားလျှင် အမေသည် စိတ်နှလုံးမသာမယာ ဖြစ်သွားလေသည်။ ပါဗယ်က၊
“အဲဒီဟာ ဘာလဲ အင်ဒရေယူရှာ” ဟု ဖြည်းညင်းစွာ မေးလေ၏။
ယူကရိန်းသားသည် ဦးခေါင်းကိုယမ်းပြီး ကိုယ်ကိုဆန့်ကာ အမေ့မျက်နှာကို တည့်တည့် ကြည့်လျက်၊
“ကျွန်တော် အကုန်လုံး မြင်တယ်၊ သိလည်းသိတယ်” ဟု ပြောလိုက်၏။ အမေသည် ရုတ်တရက် သူ့ဆီကိုပြေးပြီး ညာဘက်လက်ကို လွှတ်အောင် အတင်းရုန်း၏။ သို့သော် အမေက မလွှတ်ဘဲ အတင်းတွယ်ထားပြီး၊
“ဟဲ့ ဟဲ့၊ တိတ်တိတ်နေစမ်းပါ အမေ့သားရယ်” ဟု တိုးတိုးပြောလေ၏။
ယူကရိန်းသားက၊
“နေပါဦး၊ ဘယ်လိုဖြစ်တယ်ဆိုတာကို ကျွန်တော် ပြောပြပါမယ်” ဟု ကျယ်လောင်စွာ ပြန်ပြောလိုက်၏။
အမေသည် မျက်ရည်များလည်နေသည့် မျက်လုံးများဖြင့် သူ့ကို ကြည့်ရင်း
“အို မပြောပါနဲ့၊ အသာနေစမ်းပါ အင်ဒရေယူရှာရယ်” ဟု ဟန့်တားလေ၏။ ပါဗယ်သည် သူတို့နှစ်ယောက်ထံသို့ တဖြည်းဖြည်းထလာ၏။ သူ၏ မျက်နှာသည် ဖြူရော်ရော် ဖြစ်နေပြီး သူ့မျက်လုံးများသည် မျက်ရည်ဝဲနေ၏။ ထိုနောက် သူက ရပ်လျက်
“အမေက သတ်တဲ့တရားခံဟာ ခင်ဗျားဖြစ်မှာ စိုးရိမ်နေလို့” ဟု ပြောလေရာ အမေက
“ငါက မစိုးရိမ်ပါဘူး၊ ငါက သူသတ်လိမ့်မယ်လို့ မယုံဘူး။ ငါက သူကိုယ်တိုင် သတ်တာ မြင်တာတောင်မှ မယုံဘူးကွယ့်” ဟု ပြောလိုက်၏။
ယူကရိန်းသားသည် ဦးခေါင်းကိုလှည့်၍ သူ့လက်များကို လွတ်အောင်ရုန်းလျက် “သတ်တဲ့လူဟာ ကျွန်တော်မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်က မသတ်ရအောင် တားရင်တော့ ဖြစ်မယ်” ဟု ပြောလိုက်ရာ ပါဗယ်က
“အသာနေစမ်းပါ အင်ဒရေယူရှာ၊ မပြောပါနဲ့တော့” ဟု ပါဗယ်က တားမြစ်ပြန်၏။
သို့ရာတွင် ယူကရိန်းသားက တုန်ယင်သော အသံဖြင့် “ပါဗယ်၊ ငါက ဒီလိုတော့မဖြစ်စေချင်ဘူး။ ဒါပေမဲ့ ဖြစ်ရပုံက ဒီလိုကွ။ မင်း ငါနဲ့ ဒရာဂူနော့ကို အဲဒီထောင့်နားမှာ ထားပစ်ခဲ့တော့ အိုင်ဆိုင်း ပေါက်လာပြီး တို့ကို စောင့်ကြည့်ရုံတင်မကဘူး၊ မဲ့ရွဲ့ပြီးတောင် နေလိုက်သေးတယ်။
ဒရာဂူနော့က “ကြည့်ဗျာ၊ သူက ကျုပ်နောက်ကို တညလုံးလုံး လိုက်နေတာ။ သူ့ကို ကျုပ် ရိုက်ပစ်လိမ့်မယ်” လို့ ပြောတယ်။ အဲဒီနောက် သူလည်း ထွက်သွားတယ်။ အိမ်ပြန်သွားတယ်လို့ ငါက ထင်တယ်။ ပြီးတော့ အိုင်ဆိုင်းက ငါ့ဆီကိုလာတယ်။ (ယူကရိန်းသားသည် သက်ပြင်း တချက်ချပြီးနောက်) “ဘယ်သူကမျှ ငါ့ကို ဒီလိုမစော်ကားဖူးဘူးကွ၊ ဒီခွေးဟာ” ဟု ပြောလိုက်ရာ အမေက သူ့ကို စားပွဲခုံဆီသို့ ခေါ်သွား၏။ အထိုင်ခိုင်းလေ၏။ ထိုနောက် သူ့အနားတွင် ကပ်ထိုင်လိုက်၏။ ပါဗယ်သည် သူ၏ မုတ်ဆိတ်မွေးကို လက်နှင့်ဆွဲရင်း မတ်တတ်ရပ်နေ၏။ တဖန် ယူကရိန်းသားက
“သူက တို့တတွေရဲ့နာမည်တွေ အားလုံးကို သိတယ်တဲ့။ တို့တတွေကို စစ်ပုလိပ်တွေက စာရင်း ယူထားကြပြီ။ မေဒေးနေ့မတိုင်မီ တို့ကိုဖမ်းကြလိမ့်မယ်တဲ့။ ငါက သူ့ကို ဘာမျှပြန်မပြောပါဘူး။ ရယ်ရုံသာ ရယ်နေလိုက်တာပဲ။ ဒါပေမဲ့ ဝမ်းထဲက ဒေါသကတော့ ပွက်ပွက်ဆူနေပြီပေါ့။ သူက ငါ့ကို လူကတော့ တော်ပါရဲ့၊ ဒါပေမဲ့ ဒီလမ်းစဉ်ကိုလိုက်တာ မှားသတဲ့ကွ။ ငါဟာ ဒါတွေကို မလုပ်ရင် ပိုကောင်းလိမ့်မယ်” ဟု ပြောရင်း ခေတ္တရပ်ပြီး သူ၏ လက်ဝဲဘက်လက်ဖြင့် သူ၏မျက်နှာကို သုတ်နေလေ၏။ ပါဗယ်က...
“ကျွန်တော် နားလည်ပါပြီ” ဟု ပြောလေ၏။
“ပြီးတော့ (အိုင်ဆိုင်းက) တရားဥပဒေကို ရိုရိုသေသေနဲ့နေရင် ပိုကောင်းမယ်ကွဲ့” ဟု ပြောကာ ယူကရိန်းသားက လက်သီးကိုဆုပ်၍ ယမ်းရင်း...
“တရားဥပဒေတဲ့ကွာ၊ တကယ့် အလကားအကောင်။ သူက ငါ့မျက်ခွက်ကို ရိုက်လိုက်ရင် တော်သေးတယ်။ အဲဒါကမှ ငါ့အတွက် အခံရသက်သာလိမ့်ဦးမယ်။ သူက ငါ့နှလုံးသားကို သူရဲ့ပုပ်လှတဲ့ ချွဲခန်းသလိပ်နဲ့ ထွေးလိုက်တာကွ” ဟု ပြောပြီးနောက် သူ့လက်ကို ပါဗယ်၏ လက်ထဲမှ အတင်းရုန်းပြီး အလွန်စက်ဆုပ်ရွံရှာစွာ အသံကို နှိမ့်ကာ
“ငါက သူ့မျက်နှာကို လက်ဝါးနဲ့ရိုက်ပြီး ထွက်သွားတယ်။ အဲဒီနောက် ဒရာဂူနော့က ‘ကိုယ့်လူကိုတော့ မိပြီ’ လို့ တိုးတိုးလာပြောတယ်။ သူက လမ်းထောင့်က စောင့်နေပုံပေါ်တယ်။ (သို့ပြောရင်း ယူကရိန်းသားသည် ခေတ္တရပ်လိုက်၏) “အဲဒီနောက် ရိုက်သံလိုလိုတော့ ကြားလိုက်တယ်။ ဒါပေမဲ့ ငါက မြွေများ တက်နင်းမိသလိုပဲ နောက်ကို လှည့်မကြည့်တော့ဘဲ ရှေ့ကိုသာတွန်းပြီး သွားတော့တာပဲ။ အလုပ်ခွင်ထဲလည်း ရောက်ရော အိုင်ဆိုင်းကို သတ်ပစ်ကြပြီ” လို့ သူတို့တတွေက ပြောကြတာပဲ။ ငါက ယုံတောင် မယုံနိုင်ဘူး။ ဒါပေမဲ့ ငါ့လက်က နာလာတာ ငါအလုပ်တောင် ကောင်းကောင်း မလုပ်နိုင်တော့ဘူး။ အမှန်ကတော့ တကယ်နာတာ မဟုတ်ဘူး။ လက်က တဖြည်းဖြည်း သိမ်သိမ်သွားသလိုပဲ။ (ဤကဲ့သို့ပြောရင်း သူ့လက်ကိုသူ တချက်မျှ ကြည့်လိုက်သည်) “ငါကတော့ ဒီယုတ်မာညစ်ညမ်းတဲ့ အမည်းကွက်ကြီးကို စင်ကြယ်သွားအောင် ငါ့တသက်လုံး ဆေးကြောသွားနိုင်လိမ့်မယ်လို့ မထင်ဘူး” ဟု ပြောပြရာ အမေက သာယာဖြည်းညင်းစွာနှင့်
“အရေးကြီးတာက မင်းရဲ့စိတ်ဓာတ် သန့်ရှင်းဖို့ပါပဲ” ဟု ပြောလိုက်၏။
“အဲဒီကိစ္စအတွက် ကျွန်တော် အပြစ်မတင်ပါဘူး။ အိုး မတင်ဘူး၊ မတင်ဘူး။ စိတ်ထဲမှာ ခံစားနေရတာသာ မကောင်းတာပါ၊ ကျွန်တော် ဒီကိစ္စနဲ့ပတ်သက်လို့ ရှုပ်ရှုပ်ယှက်ယှက် မဖြစ်ထိုက်ဘူး အမေ”
ထိုအခါ ပါဗယ်က ပခုံးများကို တွန့်ကာ
“ကျွန်တော်ကတော့ ခင်ဗျားသဘောကို နားမလည်နိုင်ဘူး။ ခင်ဗျားလည်း သတ်ခဲ့တာ မဟုတ်ဘူး။ သတ်ခဲ့တယ်တိုင်အောင်လည်း” ဟု ဝင်ပြောသောအခါ
“နားထောင် ငါ့ညီ၊ လူသတ်တော့မယ် ဆိုတာကို သိရဲ့သားနဲ့ မင်းက မတားဆီးဘူး ဆိုလို့ရှိရင်”
“ကျွန်တော် ခင်ဗျားပြောတာကို နားမလည်ဘူးဗျာ့။ ဒါကတော့ ကျွန်တော်သာ ခင်ဗျားဖြစ်ရင် ကျွန်တော်ရဲ့ စိတ်ထဲမှာ ဘယ်လိုမှ ထိခိုက်နေမှာ မဟုတ်ဘူး”
ထိုအတွင်း အလုပ်ရုံမှ ဥဩမှုတ်လိုက်၏။ ယူကရိန်းသားသည် ပြင်းထန်သော ဥဩသံကို နားထောင်နေ၏။ ထိုနောက် ဦးခေါင်းကို နောက်သို့လှန်ပြီး
“ငါတော့ အလုပ်ပြန်မဆင်းတော့ဘူးကွာ"
“ကျွန်တော်လည်း ပြန်မဆင်းတော့ဘူး”
“ငါတော့ ရေချိုးအိမ်ကိုသွားတော့မကွာ” ဟု ပြောကာ ယူကရိန်းသားသည် ခဏမျှ ရယ်လိုက်ပြီး သူ့အဝတ်များကို စုဆောင်းကာ စိတ်ပျက်လက်ပျက်နှင့် အိမ်မှ ထွက်သွားလေသည်။
အမေသည် ယူကရိန်းသားအား ကရုဏာသက်စွာ နောက်မှ စိုက်ကြည့်နေလေသည်။ ထိုနောက် ပါဗယ်အား...
“မင်းပြောချင်တာကိုတော့ ပြောနိုင်ပါတယ် သားရယ်။ လူတယောက်ကို သတ်တာဟာ ငရဲကြီးမှန်းတော့ အမေသိတယ်။ ဒါပေမဲ့ အမေက ဘယ်သူ့ကိုမှ အပြစ်ရှိတယ် လို့ မယူဆဘူး။ အမေ အိုင်ဆိုင်းအတွက် စိတ်မကောင်းဘူး။ သူက အလကားလူပါဟယ်။ အမေ ကနေ့ သူ့ကို သွားကြည့်တော့ သားကို သူက ကြိုးစင်တင်မယ်လို့ ကြိမ်းတာ၊ မောင်းတာကို သွားပြီး သတိရမိတယ်။ ဒါပေမဲ့ အမေ သူ့ကို မုန်းလည်းမမုန်းဘူး။ သူသေလို့ လည်း ဝမ်းမသာဘူး။ သူ့အတွက် ဝမ်းနည်းရုံပဲ ဝမ်းနည်းမိခဲ့တယ်။ အခုတော့ ဝမ်းတောင် မနည်းတော့ဘူး” ဟု ပြော၍ ခဏမျှ ငြိမ်ပြီး စဉ်းစားနေ၏။ တဖန် အံ့သြသည့် အမူအရာနှင့် ပြုံးလျက်၊
“ဘုရားရေ၊ အမေပြောတာကို သားကြားရဲ့လား” ဟု မေးလေ၏။ အမှန်အားဖြင့် အမေပြောနေသည့်စကားတို့ကို ပါဗယ်သည် မကြားချေ။ သူသည် မျက်နှာကို အောက်သို့ချလျက် အခန်းထဲတွင် လမ်းလျှောက်ရင်း သုန်သုန်မှုန်မှုန်နှင့်၊
“ဒါဟာ အမေတို့၊ ကျွန်တော်တို့ရဲ့ဘဝပဲ။ လူတွေဟာ တယောက်နဲ့တယောက် ဆန့်ကျင်နေတာ တွေကို ကြည့်ပါဦး။ ကိုယ်က မရိုက်ချင်မနှက်ချင်ဘဲနဲ့ လူတယောက်ယောက်ကို ရိုက်နေ နှက်နေရတယ်။ အဲ ကိုယ်က ရိုက်လိုက်နှက်လိုက်တဲ့လူကို ကြည့်လိုက်ဦး။ အဲဒီလူဟာ ကိုယ်လိုပဲ ဘာအခွင့်အရေးမှ ပိုရတဲ့လူ မဟုတ်ဘူး။ အခု အိုင်ဆိုင်းကိစ္စကို ကြည့်ပါဦး၊ သူဟာ ကျွန်တော်တို့ထက် ကံဆိုးသေးတယ်။ ဘာပြုလို့လဲဆိုတော့ သူက ဘာမျှ အသိဉာဏ် မရှိလို့ဘဲ။ ပုလိပ်တွေ၊ စစ်ပုလိပ်တွေ၊ သူလျှိုတွေဟာ အားလုံး ကျွန်တော်တို့ ရန်သူတွေချည်းပဲ။ ဒါပေမဲ့ သူတို့အားလုံးဟာ ကျွန်တော်တို့လို ပြည်သူလူထုတွေထဲကပဲ။ သူတို့ဟာ ကျွန်တော်တို့လို သွေးစုပ်ခံရပြီး ကျွန်တော်တို့လိုပဲ အဖိအနှိပ်ခံကြရတာပဲ။ ကျွန်တော်တို့တတွေ အားလုံးဟာ တလှေတည်းစီး တခရီးတည် သွားနေကြရတဲ့ လူတွေချည်းပဲ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အရှင်သခင် မင်းဘုရားများက လူတွေကို တယောက်နဲ့တယောက် မတည့်အောင် ရန်တိုက်ပေး တယ်။ လူတွေကို အကြောက်တရားတွေ၊ ဘာမှအဓိပ္ပာယ်မရှိတဲ့ တရားတွေနဲ့ ဘာမျှ မသိမမြင်နိုင်အောင် ဖုံးထားတယ်။ မလှုပ်နိုင်မယှက်နိုင်အောင် လက်တွေနဲ့ ခြေတွေကို တုပ်နှောင်ထားကြတယ်။ အတင်းဖျစ်ညှစ်ပြီး သွေးကိုစုပ်ကြတယ်။ တယောက်နဲ့တယောက် ရိုက်ချင်အောင်၊ အမှုန့်ကြိတ်ပစ်ချင်အောင် ဖန်တီးပေးကြတယ်။ သူတို့ဟာ လူတွေကို အမြောက်တွေ၊ တင်းပုတ်တွေ၊ ကျောက်ခဲတွေဖြစ်အောင် လုပ်ပစ်ကြပြီး ‘ဒါဟာအစိုးရပဲ’ လို့ ပြောကြတယ်” ဟု ပြောကာ အမေ့အနားသို့သွားပြီး၊
“လူသားတွေကို သန်းနဲ့ချီပြီး ယုတ်ယုတ်မာမာနဲ့သတ်တာတွေ၊ လူသားတွေရဲ့ စိတ်ဓာတ်တွေကို ဖျက်ဆီးပစ်တာတွေဟာ ရာဇဝတ်မှုကြီးပဲ။ အဲဒါကို အမေမြင်တယ် မဟုတ်လား။ လူသားရဲ့ စိတ်ဓာတ်တွေကို ဖျက်ဆီးနေကြတဲ့လူတွေ၊ ပြီးတော့ ကျွန်တော်တို့နဲ့ သူတို့တတွေဟာ ဘယ်လို မတူဘူး ဆိုတာကို အမေသိတယ် မဟုတ်လား။ လူတယောက်ကို ကျွန်တော်တို့က ရိုက်လိုက် နှက်လိုက်ရင် စက်ဆုပ်စရာကောင်းတယ်၊ ရှက်စရာလည်းကောင်းတယ်၊ စိတ်နာကြည်းစရာ လည်း ကောင်းတယ်။ အထူးသဖြင့် စက်ဆုပ်ရွံရှာစရာ ကောင်းတယ်လို့ ကျွန်တော်တို့က ယူဆကြတယ်။ ဒါပေမဲ့ သူတို့က လူတွေကို ထောင်နဲ့ သောင်းနဲ့ချီပြီး သနားကရုဏာစိတ် လုံးဝမရှိဘဲ တည်တည်ငြိမ်ငြိမ်နဲ့ စိတ်နှလုံးချမ်းမြေ့စွာ သတ်ကြဖြတ်ကြတယ်။ လူတွေကို ဒီလိုသတ်တဲ့ဖြတ်တဲ့ အကြောင်းကတော့ တခုတည်းပဲရှိတယ်၊ အဲဒီအကြောင်းက ဘာလဲ ဆိုတော့ သူတို့ရဲ့ ငွေတွေ ရွှေတွေကို ဘယ်သူကမျှ မယူနိုင် မလုနိုင်အောင်၊ သူတို့ရဲ့ စည်းစိမ်ဥစ္စာတွေကို အကျိတ်အခဲ တည်မြဲအောင်၊ ကျွန်တော်တို့ကို သူတို့ရဲ့ခြေဖဝါးအောက်မှာ ထားတဲ့နေရာမှာ အသုံးချနေတဲ့ ကိရိယာတန်ဆာပလာတွေလို ခိုင်မြဲနေအောင် ဖန်တီးဖို့ပဲ ဖြစ်တယ်။ အမေ စဉ်းစားကြည့်ပါဦး၊ သူတို့ဟာ သူတို့ရဲ့အသက်တွေကို ကာကွယ်ကြချင်လို့ လူတွေကို သတ်၊ စိတ်ဓာတ်တွေကို ဖျက်ဆီးနေကြတာ မဟုတ်ဘူး။ သူတို့ရဲ့စည်းစိမ်ဥစ္စာတွေကို ကာကွယ်ချင်လို့ ဒီအလုပ်တွေကို လုပ်နေကြတာဖြစ်တယ်။ အမှန်ကတော့ သူတို့ဟာ သူတို့ ပိုင်သင့်ပိုင်ထိုက်တဲ့ သူတို့ရဲ့အသက်တွေ၊ အသိဉာဏ်တွေ၊ လွတ်လပ်မှုတွေကို ကာကွယ် နေကြတာ မဟုတ်ဘူး။ သူတို့ မပိုင်သင့် မပိုင်ထိုက်ဘဲနဲ့ အပိုင်စီးထားကြတဲ့ စည်းစိမ်ဥစ္စာတွေကို ကာကွယ်နေကြတာပဲ ဖြစ်တယ်” ဟု ပြောပြီးနောက် အမေ့လက်များကို ဆွဲပြီး အတင်း ဆုပ်ကိုင်ထားလေ၏။ တဖန်...
“သူတို့တတွေ လုပ်နေကြတာဟာ ဘယ်လောက်ယုတ်ညံ့ပြီး ရှက်စရာကောင်းတယ်ဆိုတာကို ကြည့်ရင် ကျွန်တော်တို့ ကာကွယ်တိုက်ခိုက်နေကြတဲ့သစ္စာတရားကို အမေ သဘောပေါက်ပြီး နားလည်လာပါလိမ့်မယ်။ အဲဒီ သစ္စာတရားဟာ ဘယ်လောက် သန့်ရှင်းမွန်မြတ်တယ် ဆိုတာကို သိလာပါလိမ့်မယ်” ဟု ပြောပြန်၏။
အမေသည် စိတ်ထဲတွင် အလွန် ထိခိုက်သွားပြီး မတ်တတ်ရပ်လိုက်၏။ သူ့ရင်ထဲ၌ မီးခဲပြာဖုံးသဖွယ် အရောင်မထွန်းပနိုင်သေးသော လင်းရောင်ခြည်နှင့် ပါဗယ်၏ ရင်အတွင်းမှ လင်းရောင်ခြည်တို့ တပေါင်းတည်း၊ တစည်းတည်းဖြစ်ပြီး အလွန် ကြီးမားလှသည့် လင်းရောင်ခြည်တခုအသွင်သို့ ကူးပြောင်းစေချင်လှ၏။ နောက်ဆုံး၌ အမေသည် ပါဗယ်အား…
“အသာနေ သား၊ အသာနေ။ အမေဟာ အချိန်မီ သားပြောတာတွေကို သဘောပေါက် လာပါလိမ့်မယ်” ဟု အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြန်၍ ပြောလိုက်လေသတည်း။
အခန်း နှစ်ဆယ့်ငါး
ဤကဲ့သို့ အမေနှင့် ပါဗယ်တို့ စကားပြောနေကြစဉ် အိမ်ရှေ့လှေကားထက်ပေါ်သို့ တစုံတယောက်သည် ခြေသံခပ်ပြင်းပြင်း တက်လာ၏။ အမေတို့သားအမိသည် အံ့အားသင့်ပြီး တယောက်မျက်နှာတယောက် ကြည့်နေကြ၏။
ထို့နောက် တံခါးသည် တဖြည်းဖြည်း ပွင့်လာ၍...
ရိုင်ဘင်သည် ဦးခေါင်းကိုမော်ပြီး ပြုံးလျက်...
“ဒီမယ်လေ ဟိုနေရာမှာလည်း ဖိုးသစ္စာ၊ ဒီနေရာမှာလည်း ဖိုးသစ္စာ၊ လေပွေကြီး ဖိုးသစ္စာ။ စပ်စုလိုက်တာကလည်း နေရာတကာပါ” ဟု သီချင်းဆို၍ ဝင်လာလေ၏။
သူသည် လျှော်ဖိနပ်၊ သားမွေးကြမ်းဦးထုပ်နှင့် ကတ္တရာစေး သုတ်ထားသည့် သိုးမွေးသားရေ တို့ကို ဝတ်ဆင်ထား၏။ လက်အိတ်တစုံကိုလည်း ခါးပတ်ထဲ၌ ထိုးထား၏။
“မင်း ကျန်းမာရေး အခြေအနေ ဘယ့်နှယ်နေတုံးကွ။ မင်းကို သူတို့က လွှတ်လိုက်ပြီပေါ့။ အေး ကောင်းတယ်။ အမေကော ဘယ့်နှယ်နေတုံး” ဟု မေးပြီး ပြုံးနေလေ၏။ သူသည် ယခင်ကထက် စကားအပြောအဆို သိမ်မွေ့နူးညံ့လာပြီး သူ၏မျက်နှာသည်လည်း မုတ်ဆိတ်မွေးများ ပို၍ ထူလာလေသည်။
အမေသည် သူ့ကိုတွေ့ရသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်၍ အမည်းကွက်များ ထင်နေသည့် သူ၏တုတ်ခိုင်သည့်လက်ကြီးကို ဆုပ်ကိုင်ရန် သူ့ဆီသို့ သွားလေ၏။ ၎င်းနောက် ကတ္တရားစေးနံ့ကို ရှူရှိုက်မိရင်း...
“ဘုရားသခင်ကိုယ်တော်ကယ်မလို့ မင်းကို တွေ့ရတာ၊ ဝမ်းသာလိုက်တာဟယ်” ဟု ပြောလိုက်၏။ ပါဗယ်ကမူ ရိုင်ဘင်ကို ကြည့်ကာ ပြုံးလျက်...
“ခင်ဗျားကတော့ တကယ့် ဆင်းရဲတဲ့ ကျေးလက်တောသားကြီးပဲ” ဟု ပြော၏။ ရိုင်ဘင်သည် သူ၏ ဦးထုပ်၊ အင်္ကျီနှင့် ဖိနပ်များကို ချွတ်ကာ “ဟုတ်တယ်၊ ငါကတော့ ဆင်းရဲတဲ့ တောသားကြီး ပြန်ဖြစ်နေပြီကွ။ မင်းကတော့ ဂုဏ်သရေရှိလူကြီးနဲ့ တူတူလာပြီး ငါကလည်း ဆင်းရဲသားနဲ့ တူတူနေပြီပေါ့ကွာ”ဟု ဆို၏။
သူသည် အခန်းထဲ၌ ဟိုလျှောက်လိုက် သည်လျှောက်လိုက်နှင့် သူ၏အပေါ်အင်္ကျီကို အောက်သို့ ဆွဲချရင်း ရှိသမျှပစ္စည်းတို့ကို အကဲခတ်၍နေရာမှ “ဟင်၊ ဒီမှာလည်း စာအုပ်တွေမှအပ ဘာမျှအသစ်ရယ်လို့ မရှိပါကလား။ အေးလေ ငါ့ကို ဘာများ အကြောင်းထူးသေးတုံး၊ ပြောစမ်းပါဦး” ဟု ဆို၏။
ထိုနောက် သူသည် ကုလားထိုင်တလုံးပေါ်၌ ထိုင်ချလိုက်၏။ ပါဗယ်၏ မျက်နှာကို သူ၏မည်းနက်သော မျက်လုံးများနှင့် အကဲခတ်ရင်း ပြုံးလျက် ပါဗယ်၏အဖြေကို နားစွင့်နေလေ၏။ ပါဗယ်က
“ကျွန်တော်တို့ လုပ်ငန်းက တိုးတက်နေတယ်ဗျာ့” ဟု ပြော၏။
ရိုင်ဘင်က
“တို့ကတော့ ထွန်တယ်၊ စိုက်တယ်၊ အပင်တွေပေါက်ပြီး ကြီးထွားအောင် ပြုစုတယ်။ ပြီးတော့ ဘီယာချက်ပြီးသောက်တယ်။ မူးတယ်၊ အိပ်တယ်ပေါ့ကွာ” ဟု ရယ်ကာမောကာနှင့် ပြန်ပြော၏။
တဖန် ပါဗယ်က သူနှင့် မျက်နှာချင်းဆိုင် ထိုင်ပြီး… “ခင်ဗျားကော ဘယ့်နှယ်လဲဗျာ” ဟု မေးလျှင်…
“အားလုံးအဆင်ပြေပါတယ် ယီဂစ်(လ်)ဒီယီဗိုမှာ နေရတာ၊ ယီဂစ်(လ်)ဒီယီဗို ဆိုတာကော ကြားဖူးရဲ့လား။ မြို့ကောင်းကလေးတမြို့ပါ။ တနှစ်မှ ဈေးနှစ်ဈေးတည်း ဖွင့်တယ်ကွ။ လူဦးရေက နှစ်ထောင်ကျော်လောက်ပဲ ရှိတယ်။ ဆင်းရဲတယ်။ အဲဒီလူတွေမှာ ကိုယ်ပိုင်မြေတော့ မရှိကြဘူး။ သူများမြေကို မြေထောက်ခနဲ့ လုပ်ကြရတယ်။ ငါလည်း အဲဒီမှာရှိတဲ့ သွေးစုပ်ကောင် တကောင်ဆီမှာ အခစားနဲ့ အလုပ်လုပ်ရတယ်။ ပုပ်လိုက်တဲ့ သွေးစုပ်ကောင်တွေကတော့ ကျောက်မီးသွေးကို မီးရှို့ပြီး ကတ္တရားဆေးချက်ရတယ်။ လုပ်ခကျတော့ ဒီမှာရတဲ့လုပ်ခ လေးပုံတပုံသာရပြီး အလုပ်ကိုတော့ နှစ်ဆတိုး လုပ်ရတယ်ကွ။ ငါ့အလုပ်ရှင် သွေးစုပ်ကောင် ဆီမှာ အလုပ်လုပ်တဲ့လူ ခုနစ်ယောက် ရှိတယ်။ အားလုံး လူကောင်းချည်းပဲ။ အသက်ကလည်း ငယ်ငယ်ပဲ ရှိကြသေးတယ်။ ငါမှအပ သူတို့တတွေအားလုံးဟာ နယ်ခံချည်းပဲ။ သူတို့တတွေ အားလုံးဟာ စာရေးတတ် ဖတ်တတ်တဲ့ လူတွေချည်းပဲ။ သူတို့အထဲက ယေဖင်ဆိုတဲ့ လူကတော့ တဇောက်ကန်း တဇွတ်ထိုး အလွန်လုပ်တတ်တယ်။ ငါဖြင့် သူနဲ့ ဘယ်လိုပေါင်းရမယ် သင်းရမယ်လို့တောင် မသိပါဘူးကွာ” ဟု ပြန်ပြော၏။
“ခင်ဗျား ဘယ်လိုလုပ်တုံး၊ သူနဲ့ ဆွေးနွေးသလား”
“ဘယ်မဆွေးနွေးဘဲ နေပါ့မလဲကွ။ အဲဒါတော့ စိတ်ချ၊ မင်းတို့ စာရွက်စာတမ်းတွေအကုန်လုံး ငါယူသွားတယ်။ အားလုံး ၃၄ စောင် ရှိတယ်။ ဒါပေမဲ့ ငါက သမ္မာကျမ်းစာကို အဓိကသုံးတယ်။ သမ္မာကျမ်းစာထဲက ပြောစရာ ဟောစရာတွေ အများကြီး ရှိတယ်ကွ။ စာအုပ်ကြီးက အထူကြီး။ ပြီးတော့ သာသနာ့ နာယကအဖွဲ့က အခွင့်ပြုထားတဲ့ ကျမ်းစာဆိုတော့ ခိုင်လုံတာပေါ့။ အဲဒီကျမ်းကိုတော့ မင်း အားကိုးနိုင်တယ် မောင်”
သို့ပြောရင်း ရိုင်ဘင်သည် ရယ်၍ ပါဗယ်ကို မျက်စတချက် ပစ်လိုက်၏။
“ဒါနဲ့ မလုံလောက်သေးဘူးကွ။ ငါ ဒီကို စာအုပ်တွေတောင်းဖို့ လာတာကွ၊ တို့လာကြတာ နှစ်ယောက်ကွ။ ယီဖင်လည်း ငါနဲ့ ပါလာတယ်။ သူတို့က တို့ကို ကတ္တရာစေးနဲ့ လွှတ်လိုက်လို့ တမင် မင်းနဲ့တွေ့ချင်တာနဲ့ ငါ လာခဲ့တာပဲကွာ။ ယီဖင် မလာခင် စာအုပ်တွေကိုပေးကွ။ သူ့ကို သိပ်ပြီး အသိပေးလို့ မဖြစ်ဘူး”
အမေသည် ရိုင်ဘင်ကို ကြည့်နေ၏။ သူ့အဝတ်အစားများသည် တမျိုးဖြစ်နေသည်ကို လည်းကောင်း၊ သူ၏အပြုအမူသည် ယခင်ကလောက် မခက်ထန် မကြမ်းတမ်းသည်ကို လည်းကောင်း၊ သူ့မျက်လုံးများသည် ယခင်ကထက် ရိုးသားသည်ကိုလည်းကောင်း အကဲခတ်မိလေသည်။
ထိုနောက် ပါဗယ်က အမေ့အား၊
“စာအုပ်တွေကို တဆိတ်လောက် ယူပေးပါလား အမေ။ ဟိုကလူတွေက ဘယ်စာအုပ်တွေ ဆိုတာကို သိကြပါတယ်။ ကျေးလက်တောရွာတွေကို ပို့ဖို့ စာအုပ်တွေလို့သာ ပြောပါ အမေရယ်” ဟု တောင်းပန်လိုက်လျှင် အမေက၊
“အေး၊ အမေ သွားယူပေးမယ်။ လက်ဖက်ရည်အိုး ဆူဆူချင်း သွားပေးမယ်” ဟု ပြောလိုက်လျှင် ရိုင်ဘင်က ရယ်လျက်၊
“အင်း၊ အမေလည်းပဲ ဒီအထဲပါနေပြီကိုး။ အင်း အဲဒီမှာ စာဖတ်ချင်ကြတဲ့လူတွေက အများကြီးပဲ။ အဲဒါကို သူတို့အရပ်က ကျောင်းဆရာရဲ့အလုပ်ပဲ။ သူဟာ ရဟန်းဘောင်ကလာတဲ့ လူပေမဲ့ လူကောင်းတယောက် ဖြစ်တယ်လို့ ပြောကြတယ်။ ပြီးတော့ ၅ မိုင်လောက်ဝေးတဲ့ နေရာက လာပြီး အလုပ်လုပ်တဲ့ ဆရာမတယောက်လည်း ရှိသေးတယ်။ သူတို့နှစ်ယောက်လုံးဟာ အစိုးရက တားမြစ်ထားတဲ့စာအုပ်ဆိုရင် ဘယ်စာအုပ်မျှ အသုံးမပြုကြဘူး။ သူတို့အလုပ်ပြုတ်မှာ ကြောက်တာကိုး။ ဒါပေမဲ့ ငါကတော့ တားမြစ်ထားတဲ့ စာအုပ်ကိုမှ လိုချင်တာ၊ နည်းနည်း ထိထိမိမိကလေး ရေးထားတဲ့၊ အစိုးရက တားမြစ်ထားတဲ့ စာအုပ်တွေကိုသာ လိုချင်တယ်ကွ။ ငါက ဖြန့်လိုက်တဲ့ စာအုပ်တွေကို ပုလိပ်နဲ့ ဘုန်းကြီးလက်ထဲ ရောက်သွားရင် သူတို့က အဲဒီ ကျောင်းဆရာတွေကို အပြစ်တင်ကြမှာပဲ။ အဲဒီလို ကျောင်းဆရာတွေကို အပြစ်ဖို့နေတုန်း ငါက ပုန်းနေပြီး ပြေးပေါက်ကြည့်ရမှာပေါ့ကွာ” ဟု ပြောလေ၏။
ဤကဲ့သို့ ပြောပြီးနောက် ရိုင်ဘင်သည် သူ့ကိုယ်သူ ပါးလှနပ်လှပြီဟူသော သဘောဖြင့် အကျေနပ်ကြီး ကျေနပ်ကာ ပြုံးနေလေ၏။
“အင်း၊ ငါက သူ့ကို လူရိုးလူအ မှတ်နေတာ၊ လက်စသတ်တော့ သူက ဂျင် ဖြစ်နေတာကိုး” ဟု အမေသည် ဝမ်းထဲမှ ကျိတ်၍ ပြုံးမိ၏။
“တကယ်လို့ သူတို့က ဒီကျောင်းဆရာတွေကို ဒီတားမြစ်ထားတဲ့ စာပေတွေကို လိုက်ပြီး ဖြန့်နေတယ်လို့ သံသယများရှိနေရင် သူတို့ကို ထောင်ချမှာလား”
ရိုင်ဘင်၊ “သေချာတာပေါ့” ပြန်ဖြေ၏။
ပါဗယ်၊ “အပြစ်ရှိတာ သူတို့မဟုတ်ဘူး၊ ခင်ဗျားပဲဟာ။ ခင်ဗျားသာ ထောင်ထဲ သွားသင့်တာပေါ့”
ရိုင်ဘင်သည် ရယ်၍ သူ၏ဒူးကို သူ့လက်နှင့်ပုတ်လျက်။
“မင်းတော့ တကယ်ရယ်စရာကောင်းတဲ့လူပဲ။ ငါ့ကို ဘယ်သူမှ သံသယမရှိဘူးကွ။ ဆင်းရဲသား၊ တောသားဆိုတာ သည်လိုကိစ္စမျိုးနဲ့ ဘယ်တော့မှ ထောင်ထဲမရောက်ဘူး။ စာအုပ်တွေ ရေးတာတို့၊ ဖြန့်တာတို့ဟာ လူ့အထက်တန်းစားတွေရဲ့အလုပ်ပဲ။ အဲဒီတော့ သည်လိုကိစ္စမျိုးနဲ့ ပတ်သက်ရင် သူတို့သာ ခံကြရမှာပေါ့” ဟု ဆိုလေ၏။
ပါဗယ်သည် ရိုင်ဘင်အကြောင်းကို နားလည်သည်။ ဤအချက်ကို အမေသိ၏။ ပါဗယ် မျက်လုံးများကို မှေး၍ ကြည့်နေသည်ကို မြင်လျှင် သူ၏သား ဒေါသဖြစ်နေကြောင်း အကဲခတ်မိ၏။ ထိုကြောင့် အမေသည် မရဲတရဲနှင့်
“ဟဲ့.. ရိုင်ဘင်က လုပ်တော့ သူကိုယ်တိုင် လုပ်ချင်တယ်၊ ဒါပေမဲ့ အပြစ်ခံစရာကျတော့ သူများတတွေက ခံစေချင်တယ်” ရိုင်ဘင်သည် သူ၏ မုတ်ဆိတ်မွေးများကို လက်ဖြင့်သပ်လျက်၊
“အင်းလေ …. အခု လောလောဆယ်မှာတော့ သည်အတိုင်းပဲ” ဟု ပြန်ပြောလေ၏။
ထိုအခါ ပါဗယ်သည် အမေအား “နားထောင်ပါဦး အမေ၊ တကယ်လို့ ကျွန်တော်တို့ လူစုထဲက အင်ဒရေယူရှာလို လူတယောက်ဟာ ကျွန်တော့်ကို ရှေ့က ဗန်းပြထားပြီး နောက်ဆွယ်က တခုခု လုပ်လိုက်လို့ ကျွန်တော် ထောင်ထဲရောက်သွားမယ်ဆိုရင် အမေ ဘယ်လို သဘောထားမလဲလို့” ဟု ဗြောင်မေးလိုက်၏။
အမေသည် အနည်းငယ် လန့်သွားပြီး ပါဗယ်ကို အံ့အားသင့်လျက် ကြည့်နေလေ၏။
“ဟယ်… ရဲဘော်တယောက်အပေါ်မှာ သည်လို ဘယ်သူက ညစ်ပတ်နိုင်ပါ့မလဲ” မေးလျှင် ရိုင်ဘင်သည် ပါဗယ်အား
“မင်း ဘာပြောချင်တယ်ဆိုတာကို ငါသိပါတယ်” ဟု ခပ်လေးလေးပြောပြီးနောက် အမေအား မျက်စောင်းတချက်ထိုး၍ “ဒါကလည်း အတော် ဂရုတစိုက် လုပ်ရတဲ့အလုပ်ပါ အမေ” ဟု ပြောလေ၏။ တဖန် ပါဗယ်ဘက်သို့လှည့်၍ ဆရာကြီးသမားကြီး ဂိုက်ဖြင့်
“ငါ့ညီ၊ မင်းစဉ်းစားတာက ကလေးကလေး တယောက်လိုပဲကိုး။ လျှို့ဝှက်တဲ့ အလုပ်တခုကို လုပ်ရင် ကိုယ့်ကိုယ်ကို ရိုးသားဖို့၊ မရိုးသားဖို့ ဆိုတာတွေကို ပူပန်နေလို့ မဖြစ်ဘူးကွ။ မင်းဘာသာမင်းပဲ ဆုံးဖြတ်ကြည့်ပေါ့ကွာ။ ပထမဆုံး ထောင်ထဲရောက်ရမယ့် လူကတော့ စာအုပ်နဲ့ အတူတွေ့တဲ့လူပဲ။ ကျောင်းဆရာတွေ မဟုတ်ဘူးကွ။ ဒါက ပထမအချက်ပဲ။ ဒုတိယအချက်ကတော့ ကျောင်းဆရာတွေက အာဏာပိုင်များက အသိအမှတ်ပြုထားတဲ့ စာအုပ်များကို သုံးကြတယ်တိုင်အောင် သူတို့ သင်ကြပြကြတဲ့ အယူအဆတွေကတော့ အတူတူပဲကွ။ စကားလုံးတွေကသာ ကွဲပြားကြတာပဲ။ အတိုချုပ် ပြောရမယ်ဆိုရင်ကွာ သူတို့ကလည်း ငါလုပ်နေတဲ့ အယူအဆတွေအတွက် လုပ်နေကြတာပါပဲ။ ဒါပေမဲ့ ငါက လမ်းမကြီးအတိုင်း လျှောက်နေတုန်း သူတို့က လမ်းမြှောင်ကို လိုက်နေကြတာပေါ့ကွာ။ တို့ကို အုပ်ချုပ်နေကြတဲ့ မင်းဘုရင်များရဲ့အမြင်နဲ့ဆိုရင် တို့နှစ်ဦးလုံးဟာ အပြစ်ရှိကြတာပေါ့။ မဟုတ်ဘူးလားကွာ။ တတိယအချက်ကတော့ အစ်ကိုက သူ့တို့အတွက် ဘာမျှ ဂရုမစိုက်ဘူးကွ ငါ့ညီရ။ ကျီးကန်းနဲ့ ဇီးကွက်ဟာ ဘယ်တော့မျှ မိတ်ဖွဲ့လို့ရတာမှ မဟုတ်ဘဲနဲ့။ ငါက ဆင်းရဲတဲ့ ကျေးလက်တောသား တယောက်အပေါ်မှာဆိုရင် ဘယ်တော့မျှ ဒီလိုမလုပ်ဘူးကွ။ ဒါပေမဲ့ သူတို့အပေါ်မှာတော့ လုပ်ရလိမ့်မယ်။ တယောက်က ဘုန်းကြီးတပါးရဲ့သားကွ၊ တယောက်ကတော့ မြေရှင်တယောက်ရဲ့သမီးကွ။ သူတို့က ဘာပြုလို့ လူတွေကို လှုံ့ဆော်နေရ တာလဲ။ သူတို့စိတ်ထား သဘောထားက ဘယ်လိုဆိုတာကို အကဲခတ်ဖို့က ငါ့လို ဆင်းရဲသား တယောက်ရဲ့အလုပ် မဟုတ်ဘူးကွ၊ ငါဘာလုပ်နေတာကို ငါသိတယ်။ ဒါပေမဲ့ သူတို့ ဘာလုပ်နေကြတယ်ဆိုတာကိုတော့ ငါ ဘာမျှမသိပါဘူးကွ။ လူကုံထံတွေ၊ လူ့အထက်တန်းစား တွေဟာ သူတို့လုပ်ဖို့ အလုပ်ကိုသာ နှစ်ပေါင်း တထောင်ကျော်ကျော် လုပ်ခဲ့ကြတာပဲ။ အဲဒီအလုပ်က ဘာလဲဆိုတော့ တို့ဆင်းရဲသားကျောမွဲတွေရဲ့ သွေးတွေကိုစုပ်ပြီး အရေကိုခွာတဲ့ အလုပ်ပေါ့။ အခုတော့ သူတို့ဟာ ရုတ်တရက် နိုးလာကြပြီး တို့တတွေ မျက်နှာတွေကို ဖုံးထားတဲ့ အဝတ်တွေကို သူတို့လက်နဲ့ ခွာပစ်လိုက်ကြတယ်။ ငါက ဒဏ္ဍာရီပုံပြင်တွေကို ယုံတဲ့လူစား မဟုတ်ဘူးကွ။ ဒါက ဒဏ္ဍာရီပုံပြင် အလွန်ဆန်တယ်။ ငါနဲ့ လူကုံထံတွေ၊ လူ့အထက်တန်းစား တွေနဲ့က သိပ်ပြီး အလှမ်းကွာတာကလား။ တခါတလေ မင်း ဆောင်းတွင်း လယ်ပြင်တွေထဲ မြင်းဖြတ်ပြီး စီးသွားတဲ့အခါ မင်းရှေ့ အဝေးကြီးမှာ တခုခု ရုတ်ခနဲ ဖြတ်သွားကာ မြင်လိုက်လိမ့်မယ်။ အဲဒါ ဝံပုလွေလား၊ မြေခွေးလား၊ ခွေးလား ဆိုတာကိုတော့ မပြောတတ်ဘူး ပေါ့။ ဘာပြုလို့လဲဆိုတော့ မင်းနဲ့ အဲဒီဟာက အလှမ်းသိပ်ဝေးတာကိုး” ဟု ပြောပြနေလေ၏။
အမေသည် ပါဗယ်၏မျက်နှာကို လှမ်း၍ ကြည့်လိုက်၏။ ပါဗယ်သည် ဦးခေါင်းကို ငုံ့နေ၏။
ရိုင်ဘင်သည် သူ့ကိုယ်သူ အတော်ဟုတ်လှ၊ ဟန်လှပြီ ဟူသောသဘောဖြင့် ပါဗယ်ကို ကြည့်နေ၏။ သူ၏ မုတ်ဆိတ်မွေးများကိုလည်း လက်နှင့်သပ်နေ၏။ သူမျက်လုံးများသည်လည်း ပြောင်လက်လျက် နေလေသည်။ တဖန်ဆက်၍…
“ကိုယ့်လုပ်ဟန်ကိုင်ဟန်ဟာ ကောင်းရဲ့လား၊ မကောင်းဘူးလား ဆိုတာကို စဉ်းစားနေဖို့ အချိန် မရှိဘူးကွ။ ဘဝက ကျပ်တည်းခက်ခဲတယ်။ ခွေးတအုပ်ဟာ ခွေးတအုပ်ပဲ။ သိုးတအုပ် မဟုတ်ဘူးကွ။ ခွေးတိုင်းကလည်း သူနည်းနဲ့သူ ဟောင်တာပဲ” ဟု ပြောနေပြန်၏။
အမေသည် သူတွေ့နေကျ၊ မြင်နေကျ ရဲဘော်တစုကို ပြန်စဉ်းစားမိရာမှ...
“ဆင်းရဲသားတွေအတွက် အသက်ကို စွန့်သွားကြတဲ့၊ ထောင်တွေထဲမှာ အသေခံကြတဲ့ လူကုံထံတွေ၊ လူ့အထက်တန်းစားတွေလည်း ရှိကြတာပဲ” ဟု ပြောလိုက်လျှင် ရိုင်ဘင်က၊
“သူတို့က သီးသန့်လူစားတရပ်ပဲ။ ဆင်းရဲသား ကျောမွဲတွေက ချမ်းသာလာပြီး လူကုံထံတွေ၊ လူ့အထက်တန်းစားတွေ ဖြစ်လာကြတယ်။ လူ့အထက်တန်းစားတွေကလည်း ဆင်းရဲပြီး ဆင်းရဲသား ကျောမွဲတွေ ဖြစ်လာကြတယ်။ မင်း တခါက ငါ့ကို ရှင်းပြတာကို သတိရတယ် မဟုတ်လား။ လူတယောက်ရဲ့အတွေးအခေါ်ဟာ သူ့ဘဝ အဆင့်အတန်းအလိုက် ဖြစ်တယ် ဆိုတာလေ၊ အလုပ်သမားတယောက်က ‘ဟုတ်တယ်’ လို့ ပြောတဲ့ကိစ္စမှာ သူ့အလုပ်ရှင်က ‘မဟုတ်ဘူး’ ပြောမှာပဲ၊ အလုပ်သမားတယောက်က မဟုတ်ဘူးလို့ပြောတဲ့နေရာမှာ အလုပ်ရှင်က ‘ဟုတ်တယ်’ လို့ ပြောမှာပဲ။ အဲဒါဟာ သူတို့ရဲ့သဘာဝပဲ။ အဲ ဆင်းရဲသား၊ လယ်သမား တယောက်နဲ့ မြေရှင်တယောက်ဟာလည်း ဒီအတိုင်းပဲ။ မြေရှင်တယောက်က ဆင်းရဲသား လယ်သမားတယောက် ထမင်းဝဝစားနိုင်သောက်နိုင်တာကို ဘယ်တော့မျှ မရှုစိမ့်နိုင်ဘူး။ အမှန်ကတော့ လူတန်းစားတိုင်းမှာ သူ့လူတန်းစားကို သူ သစ္စာဖောက်တဲ့ လောက်ကောင်တွေ တော့ ပါကြတာချည်းပဲ။ ငါလည်းပဲ ဆင်းရဲသား ကျေးလက်တောသားတွေ အားလုံးကို ကာကွယ်နေတာ မဟုတ်ဘူးကွ” ထိုနောက် လေသံပျော့ပျော့ဖြင့်၊
“ငါဟာ ငါးနှစ်လုံးလုံး ဟိုအလုပ်ရုံကို ပြောင်းလိုက်၊ ဒီအလုပ်ရုံကို ပြောင်းလိုက်နဲ့ အလုပ် လုပ်ခဲ့တယ်။ တို့ရွာဟာ ဘယ်လိုနေပါလိမ့်မလဲဆိုတာတောင် မေ့သွားတယ်၊ နောက်ဆုံး ငါ ကျေးလက်တောရွာကို ပြန်သွားတော့ ကျေးလက်တောရွာကလူတွေလို မနေနိုင်တော့ဘူး ဆိုတာကို သိတယ်။ ကဲ၊ နားလည်ရဲ့လား ငါ့ညီ။ တကယ့်ကို မနေနိုင်တော့ဘူးကွ။ ဒီမှာ နေတော့ ကျေးလက်တောပိုင်းတွေမှာ ဖြစ်နေကြတဲ့ မတရားမှုတွေကို မမြင်ဘူး။ အဲဒီမှာဆိုရင် ငတ်မွတ် ခေါင်းပါးရေးဘေးဟာ လူတွေနောက်မှာ အရိပ်လို လိုက်နေတာပဲ၊ ထမင်းစားရဖို့ဆိုတာ မျှော်လင့်ချက် မရှိဘူး။ ဘယ်သူမျှ မငတ်တာ မပြတ်တာ မရှိဘူး။ ငတ်ပြတ်နေကြတော့ လူတွေရဲ့စိတ်ဓာတ်တွေလည်း ပျက်ပြားကုန်တယ်။ ဂုဏ်သိက္ခာဆိုတာလည်း မရှိတော့ဘူး။ အဲဒီမှာရှိတဲ့လူတွေဟာ အသက်ရှင်နေကြတာ မဟုတ်ဘူး။ ဘယ်တော့မှ အတောမသတ်နိုင်တဲ့ အစားအစာငတ်တဲ့ ပြတ်တဲ့ ဘေးနဲ့ပဲ တရိရိ သေကျေပျက်စီးကြရတာပဲ။ အရာရှိတွေ၊ အာဏာပိုင်တွေကလည်း ဒီဆင်းရဲသား ကျောမွဲတွေမှာ ဘာအပိုပစ္စည်းမျှ မရှိရအောင် လင်းယုန်မျက်စိနဲ့ ကြည့်နေကြတယ်။ ဒီကျောမွဲတွေ လက်ထဲမှာ အပိုပစ္စည်းဥစ္စာ တခုခုတွေ့ရင် တခါတည်း သိမ်းယူလိုက်ပြီး ကောင်းကောင်းကြီး တွယ်လိုက်တော့တာပဲ” ဟု ပြောနေရာမှ ဟိုဟိုဒီဒီကြည့်ပြီး ပါဗယ်ဘက်သို့ စားပွဲခုံ အခြားတဖက်မှ ကုန်းလျက်၊
“အဲဒီဘဝကို ပြန်ရောက်မှာကို ငါတော့ သေလုအောင် ကြောက်မိခဲ့တယ်။ ဒီဘဝဒဏ်ကို မခံနိုင်ဘူးလို့လည်း ငါတွက်မိခဲ့တယ်။ အဲဒီနောက် ငါ့ကိုယ်ငါ မင်း ဒီဘဝမှာလည်း တွယ်ကပ် နေရမယ်၊ မင်း ဒီဆင်းရဲသား ကျောမွဲတွေကို ထမင်းမကျွေးနိုင်ပေမဲ့ သူတို့ကို လူမှုတော်လှန်ရေး အတွက်တော့ စည်းရုံးနိုင်မယ်လို့ ဆုံးဖြတ်ပြီး ငါနေတာပဲကွ။ ငါ့အသည်းနှလုံးကတော့ ငါသိုထားတဲ့ ရန်ငြိုးနဲ့ပဲ ပွင့်ကွဲလုမတတ်ပဲ။ အဲဒီရန်ငြိုးဟာ ငါ့အသည်းနှလုံးမှာ ဓားလို စိုက်နေတော့တာပဲ” ဟု ပြောပြန်၍ ပါဗယ်ထံသို့ တဖြည်းဖြည်းလျှောက်ကာ ပါဗယ်၏ ပခုံးပေါ်သို့ လက်တင်ထားလေ၏။ သူ့နဖူးပေါ်၌ ချွေးသီးချွေးပေါက်များ သီးနေပြီး သူ့လက်ကလည်း တုန်နေ၏။ ထိုနောက်...
“ငါ မင်းအကူအညီ လိုတယ်ကွ။ စာအုပ်တွေလည်း ပေးပါဦးကွ။ တခါဖတ်လိုက်ရင် အိပ်မရတဲ့ စာအုပ်မျိုးပေါ့ကွာ။ သူတို့ခေါင်းထဲမှာ အလွန်စူးရှထက်မြက်တဲ့ အသိဉာဏ်တွေ ထည့်ပေးချင် တယ်ကွ။ မင်းတို့မြို့ထဲက အလုပ်သမားတွေအတွက် စာတွေ ရေးကြတဲ့သူတွေကို ကျေးလက် တောရွာက လူတွေအတွက်လည်း စာတွေရေးကြဖို့ ပြောစမ်းပါဦးကွ။ ရေးတဲ့အခါ မီးတောက် မီးလျှံတွေ တဟုန်းဟုန်းထနေတဲ့ စာတွေမျိုးကို ရေးရမယ်။ ဒါမှ လူတွေက သူတို့အရေးတော်ပုံ အတွက် သူတို့အသက်ကို စွန့်ချင်လာကြမှာ။ (သို့ပြောရင်း သူ၏လက်ကို မြှောက်ကာ သူ့စကားများကို တလုံးချင်း တလုံးချင်း ပီပီသသ ပြောနေပြန်သည်)
“သေခြင်းတရားက သေခြင်းတရားကို နိုင်ရမယ်။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် လူတွေကို ကယ်တင်ဖို့ သေရမယ်ဆိုတာပဲကွ။ ကမ္ဘာတဝန်းလုံးမှာရှိတဲ့ လူသန်းပေါင်းများစွာကို ကယ်တင်ဖို့ တို့တတွေက ထောင်နဲ့ချီပြီး အသေခံကြရမယ်ကွ။ လိုရင်းအချက်ကတော့ ဒါပဲ။ လူတွေကသာ နိုးကြားတက်ကြွလာမယ်ဆိုရင် လူသားတွေကို ကယ်တင်ဖို့ သေတာဟာ လွယ်ပါတယ်” ဟု နိဂုံးချုပ်လိုက်လေသည်။
အမေသည် လက်ဖက်ရည်ယူလာပြီး ရိုင်ဘင်အား စောင်း၍ ကြည့်လိုက်၏။ အဓိပ္ပာယ် လေးနက်၍ ပြင်းထန်သည့် သူ့စကားများကို ကြားရသဖြင့် အမေသည် ငြိမ်ကျသွား၏။ သူ့ကိုကြည့်ရင်း သူ့ယောက်ျားကိုသွား၍ သတိရမိ၏။ သူ့ယောက်ျားသည် သူကဲ့သို့ပင် နှုတ်ခမ်း ကိုက်ပြီး အင်္ကျီလက်ကို ပင့်တတ်၏။ တခါတခါ သူ့လိုပင် ထိန်းမရ သိမ်းမရနိုင်အောင် ဒေါသဖြစ်တတ်၏။ သို့ရာတွင် သူ့ယောက်ျားသည် သူ့ကိုယ်သူ ဘာကို ဒေါသဖြစ်သည်ဟု မပြောတတ်။ ရိုင်ဘင်ကမူ သူ့ဒေါသကို သူကောင်းကောင်းကြီး ရှင်းလင်းပြောပြတတ်သည်။ ထို့ကြောင့် သူ့ယောက်ျားလောက် သူသည် ကြောက်စရာမကောင်းချေ။ ပါဗယ်သည် ဦးခေါင်းကို တချက်ယမ်းကာ၊
“ကျွန်တော်တို့ ဒါကိုတော့ လုပ်ကြရမယ်။ ကျွန်တော်တို့ကို အကြောင်းအချက်တွေကိုသာပေးပါ။ ခင်ဗျားတို့အတွက် သတင်းစာတစောင်ကို ရိုက်ပေးမှာပေါ့” ဟု ပြောလိုက်၏။
အမေသည် သူ့သားကို ပြုံးကြည့်ပြီး ဦးခေါင်းကို ယမ်းလိုက်၏။ ထို့နောက် အဝတ်များကိုလဲကာ ဘာမျှမပြောဘဲ အိမ်မှ ထွက်သွားလေသည်။
“အေး၊ ကောင်းတယ်။ တို့က မင်းတို့ကို အကြောင်းအချက်တွေ ပေးမယ်၊ မင်းတို့က ရေးကြပေတော့။ ရေးတဲ့အခါ နွားမတွေတောင် နားလည်နိုင်အောင် ရိုးရိုးနဲ့ ရှင်းရှင်းကလေးသာ ရေးကြပေတော့ကွာ” ဟု ရိုင်ဘင်က ပြောနေစဉ် မီးဖိုခန်းတံခါးကို ဖွင့်၍ လူတယောက် ဝင်လာလေ၏။
ရိုင်ဘင်သည် မီးဖိုခန်းတံခါးဝဆီသို့ လှမ်းကြည့်လိုက်ရင်း “ဒါက ယီဖင်ပါ။ လာလေ ယီဖင်၊ ဒါ ငါ မင်းကိုပြောပြတဲ့ ပါဗယ်ပဲကွ” ဟု ပြောလိုက်၏။
ယီဖင်သည် ပါဗယ်၏ရှေ့၌ မတ်တတ်ရပ်လျက်ရှိ၏။ သူသည် အရပ်ရှည်၏ ဆံပင်ကောင်း၏။ မျက်နှာပြန့်၏။ သိုးရေအင်္ကျီတိုတိုကို ဝတ်ထားပြီး သူ၏ဦးထုပ်ကို လက်ထဲ၌ ကိုင်ထား၏။ သူသည် ပါဗယ်ကို မျက်မှောင်ကြုတ်၍ ကြည့်နေ၏။ ကိုယ်ကာယအားဖြင့် တောင့်တင်းသန်မာပုံ ရှိလေသည်။
“ခင်ဗျားကို တွေ့ရတာ ဝမ်းသာပါတယ်ဗျာ” ဟု အသံခပ်ကျယ်ကျယ်နှင့် ပြောရင်း ပါဗယ်၏ လက်ကိုဆွဲ၍ နှုတ်ဆက်လိုက်၏။ ထိုနောက် သူသည် သူ၏ဆံပင်ကို လက်ချောင်းများနှင့် သပ်ကာ အခန်းတွင်းသို့ ဟိုဟိုသည်သည် ကြည့်ရင်း စာအုပ်များကို မြင်သွားသဖြင့် စာအုပ်စင်ဆီသို့ သွားလေ၏။
“ဟင်း၊ စာအုပ်တွေက အများကြီးပါလား၊ ခင်ဗျားတို့ စာဖတ်ဖို့ အချိန်ရမှာ မဟုတ်ဘူးနော်။ ကျေးလက်တောရွာမှာသာ နေမယ်ဆိုရင် စာဖတ်ဖို့ အချိန်ပိုရမှာပဲ”
“ဒါပေမဲ့ စာဖတ်ချင်တဲ့ ဆန္ဒကတော့ နည်းသွားမယ် မဟုတ်လား” ဟု ပါဗယ်ကမေးလိုက်၏။
“အို၊ အဲဒါကတော့ မဟုတ်ဘူးဗျာ၊ သိပ်ဖတ်ချင်ကြတာပေါ့ဗျာ။ လူတွေက ဦးနှောက်ကို အသုံးပြုလာကြပြီဗျာ့” ဟု ပြန်ပြောပြီး ဘူမိဗေဒစာအုပ်ကို ဆွဲယူ၍၊ “ဘူမိဗေဒဆိုတာက ဘာလဲဗျာ့” ဟု မေးလေ၏။
ပါဗယ်က သူ့ကို ဘူမိဗေဒ၏ သဘောအဓိပ္ပာယ်ကို ရှင်းပြလိုက်၏။
ယီဖင်သည် “ကျွန်တော်တို့ ဒီစာအုပ်မျိုးကို မလိုပါဘူး” ဟုပြောကာ စာအုပ်ကို ပြန်ထားလိုက်၏။
ရိုင်ဘင်က သက်ပြင်းကြီးတချက် ချကာ၊
“တို့ ဆင်းရဲသား ကျေးတောသားတွေက ကမ္ဘာမြေကြီး ဘယ်ကလာတယ်။ ဘယ်လို ဖြစ်လာတယ် ဆိုတာကို ဂရုမစိုက်ကြဘူးကွ။ သူတို့ စိတ်ပါဝင်စားကြတာက သည်မြေကြီးကို ဘယ်လို အစိတ်စိတ် အပိုင်းပိုင်း ခွဲဝေပစ်ကြတယ် ဆိုတာပဲ။ သူတို့ မျက်စိအောက်မှာပဲ မြေရှင်ကြီးတွေက ဒီမြေကြီးကို ဘယ်လို ခိုးကြ ယူကြတုံး ဆိုတာကို သိချင်ကြတယ်။ မြေကြီးဟာ ရပ်နေနေ၊ သွားနေနေ သူတို့အတွက် ဘာမျှ အကြောင်းမထူးဘူး၊ မြေကြီးက အစားအစာရနေသမျှ ဒီမြေကြီးကို ဆွဲထားထား၊ သံနဲ့ရိုက်ထားထား သူတို့က အရေးမလုပ်ပါဘူး ဝင်ပြောလေ၏။
ယီဖင်သည်...
ကျွန်စနစ်သမိုင်းစာအုပ်၏ နာမည်ကိုဖတ်ကာ “အဲဒါက ကျွန်တော်တို့အကြောင်းကို ရေးထားတာလား” ဟု မေး၏။
ပါဗယ်က
“မဟုတ်ပါဘူး။ ဒီစာအုပ်ထဲမှာ ရုရှားမြေ ကျွန်စနစ်နဲ့ ပတ်သက်လို့ အခန်းတခန်း တွေ့ရပေလိမ့်မယ်” ဟု ပြောရင်း အခြားစာအုပ်တအုပ်ကို လှမ်း၍ပေးလိုက်၏။ ယီဖင်သည် ထိုစာအုပ်ကိုယူပြီး လှန်လှောကြည့်နေ၏။ တဖန် ဘာမျှဂရုမစိုက်သည့်အနေဖြင့်…
“ဒါက အတိတ်ကဟာတွေပဲ” ဟု ဆိုကာ စာအုပ်ကို ချထားလိုက်၏။
“မင်းမှာ မြေရှိသလား”
“ရှိတာပေါ့၊ ကျွန်တော်နဲ့ ကျွန်တော့်အစ်ကို နှစ်ယောက်မှာ မြေလေးကွက်ပဲ ရှိတယ်။ အားလုံး သဲချည်းပဲ။ ကြေးတွေဘာတွေ တိုက်ဖို့တော့ ကောင်းပါတယ်။ ဒါပေမဲ့ လယ်ယာ လုပ်ဖို့တော့ မကောင်းဘူး။ (သူသည် တခဏမျှ ရပ်နေလိုက်၏) “ဒါပေမဲ့ ကျွန်တော် မြေတွေကို ထားပစ်ခဲ့ပြီ။ ဘာလုပ်ဖို့လဲ၊ ဒီမြေတွေက ထမင်းကျွေးတာလည်း မဟုတ်ဘူး။ လူကို ဘယ်မျှ သွားလို့လာလို့ မဖြစ်အောင် နှောင်ကြိုးတည်းထားတာပဲ ရှိတယ်။ ကျွန်တော်ဟာ မြေယာအလုပ်သမားဘဝနဲ့ လေးနှစ်တိုင်တိုင် အလုပ်လုပ်ခဲ့တယ်။ နွေဦးကျရင် စစ်ထဲ လိုက်ရသေးတယ်။ ဦးလေး မစ်ခေလိုက မလိုက်နဲ့လို့ ပြောတယ်။ အခုခေတ်မှာ လူတွေကိုသတ်ဖို့ စစ်သားတွေကို လွှတ်နေကြတယ်တဲ့။ ဒါပေမဲ့ ကျွန်တော်ကတော့ လိုက်မယ်လို့ စိတ်ကူးထားတယ်။ စတက်ဂင်ရာငိုင်နဲ့ ပူဂါနော့တိုတို့ လက်ထက်တုန်းကလည်း စစ်သားတွေဟာ လူတွေကို သတ်ကြတာပဲ။ ယခု ဒါမျိုးတွေမလုပ်ဖို့ တားမြစ်ထားရင် ကောင်းမှာပဲ၊ မဟုတ်ဘူးလားဗျာ”
“အင်း၊ ဒါမျိုးကို တားမြစ်ဖို့ အချိန်ကျနေပြီပေါ့။ ဒါပေမဲ့ သိပ်မလွယ်လှဘူးကွ။ စစ်သားတွေကို ဘာတွေပြောပြပြီး ဘယ်လိုပြောရမယ်ဆိုတာက ခက်တယ်”
“ဒါကိုလေ့လာယူရမှာပေါ့”
“အေး အရာရှိတွေ၊ တာဝန်ခံတွေဆိုတဲ့ လူတွေကမိသွားရင် ခင်ဗျားကို သေနတ်နဲ့ ပစ်သတ်မှာပေါ့” ဟု ပါဗယ်က ယီဖင်အား အံ့အားသင့်စွာနှင့်ကြည့်ပြီး ပြောလိုက်၏။
ယီဖင်သည် စာအုပ်များကို တဖန် ပြန်ကြည့်နေရာမှ
“သူတို့ကတော့ သနားကရုဏာစိတ်ရှိမယ့်လူတွေ မဟုတ်ပါဘူး” ဟု တည်ငြိမ်စွာ ပြန်၍ ဖြေလိုက်၏။
ရိုင်ဘင်က ကြားဖြတ်၍...
“လက်ဖက်ရည်သောက်ဦးကွာ ယီဖင်။ တို့မြန်မြန်သွားကြရအောင်” ဟု ပြောလိုက်ရာ ယီဖင်က
“ကောင်းပါပြီ။ တော်လှန်ရေးဆိုတာက သူပုန်ထတာလား” ဟု မေးလိုက်၏ ထိုအတွင်း ယူကရိန်းသားသည် ရေချိုးနေရာမှ ဝင်လာလေ၏။ မျက်နှာလည်း အိုနေ၏။ ယီဖင်နှင့် စကားတခွန်းမျှ မပြောဘဲ လက်ဆွဲနှုတ်ဆက်ပြီး ရိုင်ဘင်အနား၌ ထိုင်ချလိုက်၏။ ထိုနောက် ရိုင်ဘင်ကိုကြည့်ကာ သဘောကျသည့်အနေဖြင့် နှာခေါင်းလေတချက် မှုတ်ထုတ်လိုက်၏။
ရိုင်ဘင်က ယူကရိန်းသား၏ ဒူးကို လက်နှင့်ပုတ်ပြီး
“ခင်ဗျားကြည့်ရတာ တယ်စိတ်ချမ်းမြေ့ပုံမပေါ်ဘူး။ ဘာဖြစ်နေတာလဲဗျာ့” ဟု မေး၏။
“ဘာမျှ ထူးထူးထွေထွေ မဟုတ်ပါဘူးဗျာ” ဟု ယူကရိန်းသားက ပြန်ဖြေလိုက်၏။ ယီဖင်က ယူကရိန်းသားဘက်သို့ လှည့်ပြီး ခေါင်းကိုညိတ်ကာ...
“သူကလည်း အလုပ်သမားတယောက်လား” ယူကရိန်းသားက မေးလေ၏။
“ဟုတ်တယ်၊ အလုပ်သမားတယောက်ပဲ။ ဘာပြုလို့လဲကွ” ဟု ပြန်မေး၏။
ရိုင်ဘင်က
“သူက အလုပ်ရုံအလုပ်သမားတယောက်ကို တခါမျှ မမြင်ဘူးလို့ပေါ့” ဟု ဝင်၍ ရှင်းပြပြီး
“အလုပ်သမားတွေဟာ တခြားလူတွေနဲ့ တူလည်းမတူဘူး” ဟု ပြောလေ၏။
ထိုအခါ ပါဗယ်က
“ကျွန်တော်တို့က တခြားလူတွေနဲ့ ဘယ်လိုမတူလို့တုံး” ဟု မေးလိုက်၏။ ယီဖင်သည် ယူကရိန်းသား၏ ကိုယ်လုံးကိုယ်ထည်ကို သေသေချာချာ ဂရုစိုက်၍ ကြည့်ပြီး
“ခင်ဗျားတို့ အလုပ်သမားတွေရဲ့အရိုးတွေက ငေါနေတယ်။ တောင်သူလယ်သမား ဆင်းရဲသားတွေရဲ့ အရိုးတွေကတော့ အဲဒီလို ငေါမနေဘဲ ချောနေတယ်ဗျာ” ဟု ပြန်ပြောလေ၏။
ရိုင်ဘင်က ကြားဝင်ပြီး
“ဆင်းရဲသား တောင်သူလယ်သမားက ခြေကုတ်မြဲသေးတယ်။ မြေကြီးကို သူမပိုင်ပေမဲ့ မြေကြီးပေါ်မှာ သူရပ်တည်နေရတယ်ဆိုတာကို သူသိတယ်။ ဒါပေမဲ့ စက်ရုံ အလုပ်သမား တယောက်က ငှက်လိုပဲ။ သူ့မှာ ဇာတိရပ်ရွာရယ်လို့ အစွဲအလမ်း မရှိဘူး။ အိမ်ရယ်ယာရယ် လို့လည်း သဘောမထားဘူး။ ကနေ့ ဒီမှာနေပေမဲ့ နက်ဖြန်ကျတော့ ဟိုနေရာကို ရောက်သွားရော။ မိန်းမကတောင် သူ့ကို တနေရာတည်း မြဲနေအောင် ဆွဲမထားနိုင်ဘူး။ အကြောင်းတခုခုကြောင့် တနေရာရာက ထွက်သွားရရင် သူက အဲဒီမိန်းမကို တခါတည်း ထားပစ်ခဲ့တော့တာပဲ။ တနေရာမှာ အလုပ်လုပ်လို့ အပေါက်အလမ်း မတည့်ရင် တခြားတနေရာကို ပြောင်းဖို့ရန် ဦးမလေးဘူး။ ဒါပေမဲ့ ဆင်းရဲသား တောင်သူလယ်သမား တယောက်ကတော့ ဒီလို ဟိုရွှေ့လိုက်၊ သည်ပြောင်းလိုက်နဲ့ မဟုတ်ဘဲ တနေရာရာမှာ ကုတ်ပြီး ဘဝကို ပိုကောင်းအောင် ဖန်တီးနေတတ်တယ်။ ဟော အမေလည်း ပြန်လာပြီ” ဟု ပြောလေ၏။
ယီဖင်သည် ပါဗယ် အနီးသို့ ကပ်လာပြီး “ခင်ဗျားစာအုပ် တအုပ်လောက် ငှားပါလားဗျာ” ဟု ပြောရာ ပါဗယ်က ငှားလိုက်၏။ ယီဖင်သည် အကျေနပ်ကြီး ကျေနပ်ပြီး…
“ကျွန်တော် ဆက်ဆက်ပြန်ယူခဲ့ပါ့မယ်။ ကျွန်တော်တို့လူတွေက အမြဲတမ်း ကတ္တရားစေး လာလာပို့ကြရပါတယ်။ ကျွန်တော် သူတို့ကို ပေးလိုက်ပါမယ်” ဟု ပြောပြလေ၏။
ရိုင်ဘင်သည် သူ၏ သိုးရေအင်္ကျီကိုဝတ်ပြီး ခါးပတ်ကို ပတ်နေရာမှ “သွားဖို့အချိန်တန်ပြီ” ဟု ယီဖင်အား ပြောလေ၏။ ယီဖင်ကမူ စာအုပ်ကိုကိုင်၍ ပြုံးလျက်
“ဒါအတွက် တကယ့် ဝမ်းသာစရာကြီးပဲဗျာ့” ဟုပြောရင်း ရိုင်ဘင်နှင့်အတူ ထွက်သွားကြလေ၏။ ပါဗယ်သည် ယူကရိန်းသားဘက်သို့ စိတ်အားတက်ကြွစွာ ကြည့်၍
“ကဲ၊ ခင်ဗျား သူတို့ကို ဘယ်လိုသဘောရသလဲ” ဟု အော်၍ မေးလိုက်၏။ ယူကရိန်းသားက အသံလေးတွဲ့တွဲ့နှင့်၊
“အင်း၊ လေပြင်းမုန်တိုင်း နှစ်လုံးပေါ့ကွာ” ဟု ဖြေလေ၏။ အမေကမူ၊ “ရိုင်ဘင်ကတော့ကွယ်၊ တကယ့်ကို အလုပ်ရုံထဲမှာ အလုပ်တခါမှ မလုပ်ခဲ့ဖူးသလိုပဲကွယ်။ ဆင်းရဲသား တောင်သူ လယ်သမား စစ်စစ်ကြီးပဲကွဲ့။ ပြီးတော့ တကယ် ကြောက်စရာကောင်းတဲ့လူ” ဟု ပြောလေ၏။
ယူကရိန်းသားသည် စားပွဲ၌ထိုင်လျက် သူ့လက်ဖက်ရည်ခွက်ကို မျက်မှောင်ကြုတ်၍ ကြည့်နေ၏။ ပါဗယ်က သူ့အား၊
“သူတို့လာတုန်းက ခင်ဗျားမရှိတာ ဆိုးလိုက်တာဗျာ။ ခင်ဗျားက အမြဲတမ်း လူသားရဲ့စိတ်ထား အကြောင်းကို ပြောတတ်တယ်။ သူတို့နှစ်ယောက်ရဲ့စိတ်ထားကို ခင်ဗျား သိစေချင်တယ်။ ရိုင်ဘင်ပြောတဲ့ စကားကို ကြားရတော့ ကျွန်တော်ဖြင့် သိပ်ပြီ အံ့အားသင့်သွားတာပဲ။ သူ့ကို ပြန်တောင် မဆွေးနွေးနိုင်ဘူးဗျာ။ သူက လူသားတွေကို ယုံလည်းမယုံဘူး။ လူသားကိုလည်း တန်ဖိုးမထားတော့ဘူး။ အမေပြောတာ မှန်တယ်ဗျာ့။ သူ့ကိုကြည့်ရတာ ကြောက်စရာ ကောင်းတယ်ဗျာ့” ဟု ပြောပြလေ၏။
ယူကရိန်းသားက စိတ်လက်မကြည်မသာဖြင့်၊
“အေး၊ ဒါဖြစ်ရမယ်။ အုပ်ချုပ်တဲ့လူတွေက လူတွေရဲ့စိတ်ဓာတ်တွေကို ဖျက်ဆီးပစ်ကြတယ်။ လူထုတွေဟာ ထကြွလာရင် သူတို့က အကုန်လုံး ဖျက်ဆီးပစ်ကြမှာပဲ။ ဘာမှ ချန်ထားမှာ မဟုတ်ဘူး။ သူတို့က မြေကြီးချည်း ချန်ထားမှာပဲ။ တကယ်လို့ မြေကြီးချည်း ကျန်မနေရင် ကျန်အောင် လုပ်ရမှာပဲကွ။ အကုန်လုံးကို ဖြိုဖျက်ပစ်ကြမှာပဲ” ဟု ပြန်ပြောလိုက်၏။
သူ၏စိတ်သည် တစုံတခုပေါ်တွင် အာရုံစိုက်လျက်ရှိရာ စကားကို ဖြည်းဖြည်း ပြော၏။ အမေက လက်ကိုဆန့်၍ သူ့ကို အသာတို့ပြီး၊
“အင်ဒရေယူရှာ၊ ကိုယ့်ကိုယ်ကိုလည်း သတိထားဦးမှပေါ့” ဟု ပြောလိုက်ရာ၊ “ခဏကလေးပါ အမေ” ဟု တည်ငြိမ်စွာ ပြန်ပြောပြီး ရုတ်တရက် စားပွဲကို လက်နှင့်ပုတ်ကာ၊
“အေး၊ ပါဗယ်၊ အဲဒါ ဟုတ်တယ်ကွ။ ဆင်းရဲသား တောင်သူလယ်သမားတွေကတော့ အခုလို ကုန်းပြီး ပြားပြားဝပ်နေရာက ထနိုင်တာနဲ့ တပြိုင်နက် မြေကြီးကို သူတို့အတွက် ခွဲဝေယူကြ မှာပဲကွ။ ပလိပ်ရောဂါဖြစ်ပြီး မီးရှို့ပစ်သလို အကုန်လုံးကို မီးတင် ပစ်လိုက်မှာပဲကွာ။ သူတို့ ခံခဲ့ကြရတဲ့ ဒဏ်ရာဒဏ်ချက်တွေ အစရှာမတွေ့အောင် ဆက်၍ပြောလေ၏။
“ဒါဖြင့်ရင် သူတို့က ကျွန်တော်တို့ကို နှောင့်ယှက်နေဦးမှာပေါ့” ဟု ပါဗယ်က ပြောလိုက်ရာ ယူကရိန်းသားက၊
“သူတို့က တို့ကို မနှောင့်ယှက်နိုင်အောင် လုပ်ဖို့ရာက တို့တာဝန်ပဲကွ။ သူကို ထိန်းချုပ်ဖို့က တို့အလုပ်ပဲကွ။ တို့တတွေက သူများတတွေထက် သူတို့နဲ့ပိုပြီး နီးစပ် တယ်။ အဲဒီတော့ သူတို့က တို့ကိုပိုယုံကြည်မယ်။ တို့ခေါင်းဆောင်တာကိုလည်း လိုက်မယ်ကွ” ဟု ပြန်ဖြေလေ၏။
“ရိုင်ဘင်က ကျွန်တော်တို့ကို ကျေးလက်တောရွာတွေအဖို့ သတင်းစာတစောင် ထုတ်ဖို့ ပြောတယ်ခင်ဗျာ”
“အဲဒါက တို့လုပ်ရမယ့် အလုပ်ပဲ”
“ကျွန်တော် သူနဲ့ အချေအတင် မဆွေးနွေးလိုက်ရတာ သိပ်ဆိုးတာပဲဗျာ”
“ဒီလိုဆွေးနွေးဖို့ အချိန်ရှိပါသေးတယ်။ ပတ်သာ နာနာတုတ်ပေးပါကွာ။ တွယ်တာစရာ၊ တပ်မက်စရာ မြေယာမရှိတဲ့လူတွေကတော့ ဆိုင်းသံကြားရင် ထကကြမှာပါ။ တို့တတွေဟာ အခြေအနေ အတည်အကျ မရှိဘူးလို့ ရိုင်ဘင်ကပြောတာ မှန်တယ်ကွ။ အခြေအနေကို အတည်တကျ နေဖို့မလိုဘူး။ တို့က ကမ္ဘာမြေကြီးကို တခါတည်း ဆွဲလှုပ်ပြီး ခါကြရမယ့်လူတွေ။ တို့တခါ ဆွဲခါလိုက်ရင် လူတွေဟာ ကပြောင်းကပြန် ဖြစ်ကုန်မယ်။ နောက်တခါ ဆွဲခါလိုက်တော့ အားလုံး လွတ်လပ်ကုန်ရမှာပေါ့ကွာ”
“မင်းအတွက်တော့ ဘာမဆို လွယ်လိုက်တာနော် အင်ဒရေယူရှာ” ဟု အမေက ရယ်သွမ်းသွေး၍ ဝင်ထောက်လိုက်၏။
“အမေ၊ ဒါက ဘဝလိုပဲ သိပ်ရှင်းပါတယ်”ဟု ယူကရိန်းသားက ပြန်ပြောလိုက်၏။ ထိုနောက် မိနစ်အနည်းငယ် ကြာသောအခါ၊
“ကဲ၊ ကျွန်တော်လည်း ကွင်းပြင်ထဲထွက် လမ်းလျှောက်လိုက်ဦးမယ်” ဟု ပြောလေရာ အမေက၊
“အေး၊ အခုပဲ ရေချိုးပြီးတယ်။ လေကတိုက်သနဲ့၊ အအေးမိနေပါဦးမယ်” ဟု ပြောလိုက်၏။
“အညောင်းပြေ၊ အညာပြေပေါ့ အမေရယ်”
“အအေးမမိစေနဲ့ဗျာ့၊ တရေးမှေးလိုက်တာ ကောင်းပါလိမ့်ဦးမယ်”
“မဟုတ်သေးဘူးကွ။ အပြင်ထွက်လိုက်ဦးမှ ဖြစ်မယ်” ဆိုကာ အဝတ်အစားများ ဝတ်၍ ထွက်သွားလေ၏။
အမေက သက်ပြင်းချကာ၊
“သူတော့ စိတ်မချမ်းမသာဖြစ်နေပုံရတယ်” ပြောရာ ပါဗယ်က၊ “အမေ သူ့ကို ဟိုကိစ္စ ဖြစ်ပြီးကတည်းက ပိုပြီးခင်မင်လာတယ်နဲ့တူတယ်” ပြောလိုက်၏။
“အမေကတော့ သတိမထားမိဘူးကွယ့်။ ငါ သူ့ကို ငါမပြောတတ်လောက်အောင် ချစ်ခင်မိတယ်”
“အမေ၊ အမေဟာ လူတဦးတယောက်ကို အလွန်သနားတတ်တယ်”
“အမေကတော့ သားနဲ့ သားမိတ်ဆွေ အပေါင်းအသင်းတွေကို တတ်နိုင်သလောက် ကူညီချင်တာပဲ၊ ဘယ်လိုကူညီရမယ် ဆိုတာကိုသာ သိရရင်တော့”
“အမေ၊ သိလာမှာပါ”
“စိတ်ထဲမှာ စိုးရိမ်သောက ဖြစ်ဖြစ်နေတာကို မဖြစ်အောင် အသိဉာဏ် ရှိစေချင်တာပါပဲ”
“ဒီအကြောင်းတွေကို မပြောဘဲနေတာက ကောင်းပါလိမ့်မယ် အမေ၊ ဒါပေမဲ့ အမေ့ကိုလေ ကျွန်တော် သိပ်ပြီး ကျေးဇူးတင်တယ် ဆိုတာကိုတော့ စိတ်ချစေချင်ပါတယ် အမေ”
ထိုနောက် အမေသည် သူမျက်ရည်ကျသည်ကို ပါဗယ် မမြင်အောင် မီးဖိုခန်းထဲသို့ ဝင်သွားလေ၏။
ယူကရိန်းသားသည် လမ်းလျှောက်ရာမှ ပြန်လာပြီး၊
“ကွာ ၇ မိုင်လောက် လျှောက်လိုက်ရမှ ကောင်းမှာပါ” ဟု ပြောရာ ပါဗယ်က၊ “လမ်းလျှောက်လို့ အကျိုးထူးသလား” ဟု ပြန်မေးလျှင်
“ကဲ ဒါတွေကို ပြောမနေပါနဲ့ကွာ။ ငါအိပ်တော့မယ်” ဟုဆိုရင်း အိပ်ရာဝင်သွားလေ၏။
များမကြာမီ နစ်ကိုလိုင် ပေါက်လာလေ၏။ သူသည် ခါတိုင်းကဲ့သို့ပင် ညစ်ညစ် စုတ်စုတ်နှင့် စိတ်လက် မကျေမချမ်း ဖြစ်နေ၏။ အခန်းထဲ၌ ဟိုလျှောက်သည်လျှောက် လုပ်ရင်း ပါဗယ်အား
“အိုင်ဆိုင်း သတ်တဲ့လူ ဘယ်သူဆိုတာ မင်းကြားပြီလား” ဟု မေးလိုက်ရာ ပါဗယ်က၊
“မကြားသေးဘူးဗျာ” ဟု တိုတိုတောင်းတောင်းနှင့် ဖြေလိုက်၏။ ။
“အေး သူတို့ကတော့ကွာ ဒီကိစ္စနဲ့ပတ်သက်လို့ သိပ်ပြီး ကောင်းလှတဲ့လူနဲ့မှ သွားတွေ့ကြတယ်။ ကိုယ်တိုင်က သူ့ကို တွယ်လိုက်ချင်တာ၊ ငါမတွယ်လိုက်ရတာ သိပ်ဆိုးတာပဲ။ ဒီအလုပ်နဲ့ ငါနဲ့ ကိုက်တာ” ဟု နစ်ကိုလိုင်က ပြောနေရာ ပါဗယ်က
“ဒီလိုစကားမျိုးတွေကို မပြောပါနဲ့ဗျာ” ချစ်ခင်ရင်းနှီးစွာ ဆိုလိုက်၏။ အမေက ကြားဖြတ်၍ သူ့အား ကြင်နာစွာ၊
“တကယ့်မဖြစ်နိုင်တာ ပြောရော့မယ်။ ထောင်လိုက်တဲ့ပါးပျဉ်းကတော့ မြွေဟောက်ကျနေတာပဲ။ လူကတော့ မြက်လျှော” ဟု ပြောလိုက်၏။
အမေသည် နစ်ကိုလိုင်အား ထိုနေ့ညက တွေ့ရသည့်အတွက် ဝမ်းသာ၏။ ကျောက်ပေါက်မာ ထူလှသည့် သူ၏မျက်နှာသည် ကြည့်လို့ကောင်းသလိုလို ထင်ရ၏။ နစ်ကိုလိုင်သည် ပခုံးများကို တွန့်ပြီး ပါဗယ်အား၊
“ငါက ဒီအလုပ်မျိုးနဲ့ပဲ တော်တယ်။ ငါ ဘာများလုပ်နိုင်ပါမလဲလို့ စဉ်းစားကြည့်တော့ ငါဘာမျှမလုပ်နိုင်ဘူး။ မင်းကတော့ လူတွေကို ဟောရမယ်၊ ပြောရမယ်။ ငါကတော့ ဘယ်လိုပြောရမှန်းမသိဘူး။ လူတွေဟာ ဘယ်လို မတရား အလုပ်ခံရတယ်ဆိုတာရယ်၊ ဘယ်ကိစ္စတွေက ဘယ်လိုဖြစ်နေတယ်ဆိုတာရယ်ကို ငါသိတယ်။ ဒါပေမဲ့ ငါဒါတွေကို ပါးစပ်က ပြောမပြတတ်ဘူးကွ။ ငါက စကားမပြောတတ်တဲ့ အဆွံ့လိုဖြစ်နေတယ်” ဟု ပြော၏။
ထိုနောက် ပါဗယ်အနီးသို့ သွားကာ မျက်လွှာချပြီး စားပွဲကို လက်သည်းများနှင့် ကုတ်ရင်း ခါတိုင်း သူပြောနေကျ လေသံမျိုးနှင့်မဟုတ်ဘဲ ကလေးသဖွယ် ရိုးသားစွာ၊
“ငါ့ညီတို့ရာ ခပ်ခက်ခက် အလုပ်တခုကို အစ်ကို့ပေးကြစမ်းပါ။ ငါဒီလိုချည်း နေသွားလို့တော့ မဖြစ်ဘူး။ မင်းတို့တတွေ အားလုံးဟာ အလုပ်လုပ်ကြရတာ အားတောင် မအားကြဘူး။ ပြီးတော့ မင်းတို့လုပ်ငန်း ဘယ်လိုကြီးထွားနေတယ် ဆိုတာလည်း ငါသိတယ်။ ငါ့မှာတော့ ဘာအလုပ်မျှ မရှိဘူး။ သစ်တုံးတွေ၊ ပျဉ်ပြားတွေကို ဆွဲလိုက် ရုန်းလိုက် လုပ်နေရတာပဲ ရှိတယ်။ ငါအသက်ရှင်နေတာ ဘာလုပ်ဖို့လဲကွာ။ ငါ့ကို ခက်ခက်ခဲခဲ အလုပ်တခုကို ပေးကြစမ်းပါကွာ” ဟု ပြောနေပြန်၏။
ပါဗယ်သည် သူ့လက်ကိုလှမ်းကိုင်ပြီး သူ့အနားသို့ဆွဲကာ၊ “ပေးပါမယ်ဗျာ” ဟု ပြော၏။
ထိုအတွင်း ယူကရိန်းသားက အခန်းတွင်းမှနေ၍၊
“ကဲ၊ ကျုပ်က ခင်ဗျားကို ကျုပ်တို့ စာစီသမားဖြစ်အောင် သင်ပေးမယ်လေ၊ ဘယ့်နှယ်လဲ သဘောကျရဲ့လား နစ်ကိုလိုင်” ဟု မေးလိုက်ရာ နစ်ကိုလိုင်သည် အခန်းထဲသို့ ဝင်သွားပြီး၊
“ခင်ဗျားက သင်မယ်ဆိုရင် ကျုပ်က သင်မယ်လေ၊ ကျုပ်က ခင်ဗျားကို ကျုပ် ဓားပေးမယ်လေ” ဟု ပြန်ပြောလိုက်လျှင် ယူကရိန်းသားက အားပါးတရ ရယ်ကာ၊ “ခင်ဗျားဓားက ဘာလုပ်ဖို့လဲ”ဟု အော်လိုက်၏။
ထိုအခါ နစ်ကိုလိုင်က၊ “တကယ်ကောင်းတဲ့ဓားဗျာ့” ထပ်၍ လောနေပြန်၏။
ပါဗယ်သည် သူတို့ပြောသံကို နားထောင်နေရာမှ ရယ်လိုက်သောအခါ နစ်ကိုလိုင်သည် အခန်းအလယ်၌ မတ်တတ်ရပ်ပြီး
“ငါ့ကို ရယ်နေတာလားကွ” ဟု မေးလျှင် ယူကရိန်းသားသည် အိပ်ရာထဲမှ ရုတ်တရက် ထကာ၊
“ဟုတ်တယ်လေ။ ကဲ၊ နားထောင်ကြဦး၊ ကွင်းပြင်ထဲ လမ်းလျှောက်သွားကြအောင်။ ကနေ့ည လသာတယ်။ ကဲ၊ သွားကြမလားဟင်” ဟု လမ်းလျှောက်ရန် အဖော်ညှိလိုက်၏။
ပါဗယ်က “အဲဒါကောင်းတယ်” ဟု ပြော၏။
နစ်ကိုလိုင်ကလည်း၊ “ကျုပ်လည်းပဲ လိုက်မယ်လေ၊ ကျုပ်က ယူကရိန်းသား ရယ်သံ ကြားချင်လို့ပါ”
ဟု ပြောလျှင် ယူကရိန်းသားက၊
“ကျုပ်ကိုလည်း ခင်ဗျားက လက်ဆောင်ပေးမယ်လို့ ကတိပေးရမယ်နော်” ဟု တချက်မျှရယ်၍ ပြောလိုက်လေသည်။
ထို့နောက် ယူကရိန်းသားသည် အဝတ်ဝတ်ရန် မီးဖိုခန်းထဲသို့ ဝင်သွားလေ၏။ အမေက “အေး၊ အဝတ်ဆွေးဆွေး ဝတ်သွားနော်” ဟု ဆို၏။ သူတို့သုံးယောက် အိမ်မှ ထွက်သွားသောအခါ အမေသည် သူတို့အား ပြတင်းပေါက်မှနေ၍ ကြည့်နေပြီး ဘုရားရုပ်ပွားတော်ဘက်သို့ လှည့်ကာ
“ဘုရားသခင်ကိုယ်တော်မြတ်ဘုရား၊ သူတို့အပေါ်မှာ စောင့်ရှောက်တော်မူပါ ဘုရား၊ ကူညီတော်မူပါ ဘုရား” ဟု တိုးတိုး ဆုတောင်းနေလေသတည်း။
အခန်း နှစ်ဆယ့်ခြောက်
အချိန်သည် တနေ့ပြီးတနေ့ အလွန် ကုန်ခန်းလွယ်လှရကား အမေသည် မေဒေးနေ့ နီးလာသည်ကိုပင် သတိမထားမိနိုင်ချေ။ သို့ရာတွင် တနေ့လုံးလုံး ဆူညံဆူညံ အသံတို့ဖြင့် ငြီးငွေ့လှသဖြင့် ညဉ့်အခါ အိပ်ရာပေါ်၌ပင် ပင်ပန်းနွမ်းရိစွာ လှဲလိုက်လျှင် သူ၏ ရင်တွင်း၌ စိတ္တဇဝေဒနာသည် ပေါ်ပေါက်လာတတ်လေသည်။
“အဲဒီနေ့တော့ ရောက်စေချင်လှပါပြီ” ဟုလည်း ညည်းညူမိ၏။
ရောင်နီသန်းလာလျှင် အလုပ်ရုံမှ ဥဩမှုတ်၏။ ပါဗယ်နှင့် အင်ဒရေယူရှာတို့သည် နံနက်စာကို သုတ်သီးသုတ်ပျာ စားကြပြီး အလုပ်ရုံသို့ သွားကြ၏။ အမေသည် အိမ်မှုအိမ်တာ ကိစ္စအဖြာဖြာနှင့် အိမ်၌ တယောက်တည်း ကျန်ရစ်ခဲ့၏။
သူသည် ညစာချက်ရ၏။ ကော်ကျိုရ၏။ ကြော်ငြာစာရွက်ကြီးများကိုရေးရန် ခရမ်းရောင် မင်များကို ဖျော်ရ၏။ ဟိုမှသည်မှ တိတ်တဆိတ် ပေါ်လာကြကာ ပါဗယ်ထံသို့ စာများလာပေးပြီး တိတ်တဆိတ်ပင် ကွယ်ပျောက်ကြသူများကို လက်ခံစကားပြောရ၏။ ဤလုပ်ငန်းများဖြင့် အမေသည် တနေ့လုံးလုံး လှောင်အိမ်ထဲတွင် ထည့်ထားသည့် ရှဉ့်ငယ်ပမာ ဟိုပြေးလိုက်၊ သည်လွှားလိုက်နှင့် အလုပ်များနေရှာ၏။
ညစဉ်လိုလို အလုပ်သမားများအား မေဒေးနေ့၌ ပါဝင်ဆင်နွှဲကြရန် လှုံ့ဆော်သည့် ကြေညာစာတမ်းများကို ဝင်းထရံများနှင့် ဂါတ်တဲတံခါးများပေါ် ကပ်ထားကြ၏။ အလုပ်သမား ကြေညာစာတမ်းများကိုလည်း နေ့စဉ် အလုပ်ရုံထဲ၌ တွေ့ရ၏။ နံနက်တိုင်း ပုလိပ်များသည် အလုပ်သမား ရပ်ကွက်အတွင်း၌ လှည့်လည်သွားလာကြပြီး ဝင်းထရံများ၊ အိမ်နံရံများ၊ တံခါးများပေါ်မှ ကြေညာစာတမ်းကို ဆုတ်ခွာရင်း ကျိန်ဆဲကြ၏။ သို့ရာတွင် ညနေစာစားချိန်၌ လမ်းသွားလမ်းလာတို့၏ ခြေကြိုခြေကြား၌ ကြေညာစာတမ်းများသည် ပေါ်လာကြပြန်၏။ မြို့မှ စုံထောက်များကို စေလွှတ်ပြီး သူတို့က ညနေစာ စားချိန် အလုပ်ရုံမှ ပျော်ပျော်ပါးပါး သွားလိုက်၊ ပြန်လိုက် လုပ်နေကြသည့် အလုပ်သမားများတို့၏ မျက်နှာများကို လမ်းဆုံ လမ်းထောင့်များမှ ရပ်၍ အကဲခတ်ကြ၏။ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေကို ပုလိပ်များက မထိန်းနိုင် မသိမ်းနိုင် ဖြစ်နေသည်ကိုကြည့်ပြီး လူတိုင်းက သဘောကျနေ၏။ အသက်အရွယ် ကြီးရင့်ပြီ ဖြစ်သည့် အလုပ်သမားကြီးများကပင် ပြုံးနေကြလေသည်။
“သူတို့ ဘာလုပ်နေကြတယ် ဆိုတာကို ကြည့်စမ်းပါဦးဗျာ” ဟု သူတို့က ဆိုကြ၏။
အလုပ်သမားများသည် ဟိုတစု၊ သည်တစုခွဲကာ ကြေညာစာတမ်းများနှင့် ပတ်သက်၍ စိတ်ဓာတ် ပြင်းပြစွာ ဆွေးနွေးကြ၏။ အလုပ်သမားတို့သည် စိတ်ဓာတ် အလွန် တက်ကြွကြ၏။ လူတိုင်းလူတိုင်း ထိုနှစ်မိုးဦး၌ အခြားနှစ် မိုးဦးရာသီများထက် ပို၍ ပျော်ရွှင်ကြ၏။ ထိုနှစ်မိုးဦးရာသီတွင် တရားအသစ်တခုကို တွေ့နေ၏။ အချို့လူများကလည်း ခါတိုင်းထက် ဒေါသထွက်ကာ သူပုန်များကို အတိအလင်း ကျိန်ကြ ဆဲကြ၏။ အချို့သူများကမူ (ထိုသူများသည် လူနည်းစုဖြစ်၏) လူတွေကို လှုပ်ရှား ထကြွအောင် လှုံ့ဆော်နေကြသူများကား ထိုသူပုန်များပင် ဖြစ်သည်ကို သိသဖြင့် အူမြူးနေကြ၏။
ပါဗယ်နှင့် ယူကရိန်းသားတို့အား အိပ်ဖို့ရန်ပင် အချိန်မရှိကြ။ သူတို့သည် အရုဏ်တက်မှ အိမ်သို့ ပြန်လာပြီး အိမ်သို့ရောက်လျှင် မောပန်းနွမ်းရိကာ အသံများပင် မထွက်တော့ချေ။ သူတို့တတွေ တောအုပ်ကလေးများထဲသို့သွား၍ စည်းဝေးကြသည်ကို အမေ သိ၏။ မြင်းစီးပုလိပ်များသည် ညဉ့်အခါ အလုပ်သမားရပ်ကွက် ပတ်ဝန်းကျင် ကျေးလက်ဒေသတို့ကို လှည့်လည်ကြ၏။ နေရာတကာ၌ စုံထောက်များကို ချထား၏။ သူတို့သည် အချို့အလုပ်သမားတို့ကို ဖမ်းဆီးကြ၏။ ရှာဖွေကြ၏။ သူတို့တွေ့သမျှ လူစုလူအုပ်ကို အတင်းခွဲပြီး တခါတရံ ဖမ်းကြ ဆီးကြ၏။ အမေသည် ပုလိပ်နှင့် စုံထောက်တို့ ဤကဲ့သို့ လုပ်နေကြသည်ကို သိ၏။ တဆက်တည်းပင် ပါဗယ်နှင့် ယူကရိန်းသားတို့ အမြဲတမ်း အန္တရာယ်ကို ရင်ဆိုင်နေကြရသည်လည်း ကောင်းကောင်းကြီး နားလည်၏။ အမေသည် သူတို့နှစ်ယောက် အဖမ်းအဆီး ခံထားရသည် ကပင် ပို၍ကောင်းလိမ့်မည်ဟု ယူဆကာ အဖမ်းခံရပြီးသားပင် ဖြစ်နေစေချင်သည်။
အလုပ်သမားလုပ်ခွင် မှတ်တမ်းစာရေး အိုင်ဆိုင်းကို သတ်သည့် လူသတ်မှုနှင့် ပတ်သက်၍ ဘယ်သူကမှ ဘာမျှ မပြောတော့ဘဲ ငြိမ်သွား၏။ နယ်မြေဂါတ်မှ ပုလိပ်များသည် နှစ်ရက်တိတိ ထိုအမှုနှင့်ပတ်သက်၍ သူ၏ ထင်မြင်ယူဆချက်ကို ပြောပြ၏။ သူသည် အခြားသူများကဲ့သို့ပင် ပုလိပ်များနှင့် လေပေးဖြောင့်သူ ဖြစ်သဖြင့် သူ၏သဘောထားသည်လည်း ပုလိပ်များ၏ သဘောထားပင် ဖြစ်ပေမည်။
“လူသတ်မှုတရားခံကို ဖမ်းမိဖို့ရန် အခြေအနေ တော်တော်ကောင်းတယ် ယောက်မရဲ့။ အိုင်ဆိုင်းကို အဲဒီနေ့မနက်က လူတော်တော်များများက မြင်ခဲ့၊ တွေ့ခဲ့တယ်တဲ့။ အဲဒီ မြင်ခဲ့၊ တွေ့ခဲ့တဲ့ လူတွေထဲက သူသေတာကို တော်တော်များများ ဝမ်းသာကြမှာပဲ။ သူက လူတွေကို ဒေါသဖြစ်အောင် လုပ်လုပ်နေတာ ခုနစ်ရက်ရှိနေပြီ”
ယူကရိန်းသားက သိသိသာသာကြီး ရုပ်ပြောင်းသွား၏။ သူ၏မျက်နှာသည် ချောင်ကျသွား၏။ မျက်ခုံးများသည် မို့တက်လာ၍ မျက်လုံးများသည် မပွင့်တပွင့် ဖြစ်လာ၏။ ပါးရေများလည်း တွန့်လာ၏။ သူသည် သာမန်အရေးကိစ္စတို့နှင့် ပတ်သက်၍ စကားပြောနည်းလာ၏။ သို့ရာတွင် ဝိဇ္ဇာတရားနှင့် လွတ်လပ်မှုတို့ အောင်ပွဲခံရမည့် သူ မျှော်မှန်းထားသော အနာဂတ်ကာလနှင့် ပတ်သက်၍ ပြောသည့်အခါများ၌ သူ့စကားကို နားထောင်ရသူတို့၏ စိတ်ဓာတ်သည် လှုပ်ရှားတက်ကြွလာရ၏။ သူကိုယ်တိုင်လည်း အလွန်စိတ်အားထက်သန်လာလေသည်။
ထိုအတွင်း အိုင်ဆိုင်း အသတ်ခံရမှုနှင့် ပတ်သက်၍ လေသံသည် တိတ်သွား၏။
“သူတို့တတွေကတော့ လူတွေကို အရေးမစိုက်ဘူး။ တို့တတွေကို ဘက်ကန် ခိုင်းထားတဲ့ လူတွေကိုတောင် အရေးမစိုက်ဘူးကွ။ သူတို့ရဲ့ကြေးစားတွေ သေတာတောင် ဝမ်းမနည်းဘူးကွ။ သူတို့ပိုက်ဆံလောက်ကိုသာ အရေးစိုက်ကြတာကွ” ဟု မျက်နှာကို မဲ့ပြုံးပြုံးပြီး ယူကရိန်းသားက ပြောလေ၏။
“ဒီစကားတွေ ပြောမနေပါနဲ့တော့ဗျာ” ဟု ပါဗယ်က တည်ငြိမ်စွာ ပြောလိုက်၏။ အမေက၊
“ဟောင်းနွမ်းဆွေးမြည့်နေတဲ့ ပစ္စည်းဆိုတာ တချက်လောက် တို့လိုက်ရုံနဲ့ ပြိုကွဲမှာပေါ့ကွယ်” ဟု ဝင်ပြော၏။
“ဟုတ်တော့ ဟုတ်ပါရဲ့၊ ဒါပေမဲ့ သိပ်စိတ်ချမ်းမြေ့စရာ မကောင်းဘူးဗျာ” ဟု ယူကရိန်းသားက သုန်သုန်မှုန်မှုန်နှင့် ပြန်ပြောလိုက်၏။
ယူကရိန်းသားသည် ဤကဲ့သို့ မကြာခဏ ပြောလေ့ရှိ၏။ သူပြောလိုက်လျှင် ထိုစကားများသည် အဓိပ္ပာယ်ကျယ်ဝန်းသွား၏။ ၎င်းပြင် အလွန်လည်း ရင့်သီးလှ၏။ သို့နှင့် နောက်ဆုံး၌ အချိန်ကာလ ရှည်လျားစွာ စောင့်မျှော်ခဲ့ကြသည့် မေဒေးနေ့သည် ဆိုက်ရောက်လာလေသည်။
အလုပ်ရုံမှ ဥဩသံသည် ခါတိုင်းကဲ့သို့ပင် အာဏာသံပါပါ ပေါ်ထွက်လာလေ၏။ တညလုံးလုံး တရေးမှ မမှေးနိုင်ခဲ့သည့် အမေသည် ဥသြသံကို ကြားလိုက်သည်နှင့် တပြိုင်နက် အိပ်ရာမှ ကပျာကယာ ထကာ လက်ဖက်ရည်အိုး တည်ရန် မီးမွှေးလိုက်လေ၏။ သူ့သားနှင့် ယူကရိန်းသားတို့ အိပ်ခန်းတံခါးကို ခါတိုင်းကဲ့သို့ ခေါက်၍ နိုးတော့မည်ဟု ဟန်ပြင်လိုက်ပြီး နောက် မခေါက်ဘဲ ထိုင်နေလေ၏။ သွားကိုက်သဖြင့် ပါးကို အသာ လက်နှင့် ဖိပေးထားသကဲ့သို့ လက်တဖက်နှင့် မျက်နှာကို ကိုင်ထားလေ၏။
ပြာလဲ့လဲ့ မိုးကောင်းကင်ပြင်တွင် ပန်းနုရောင်နှင့် အဖြူရောင် တိမ်တိုက်စုတို့သည့် ဖြတ်သန်းလျက် ရှိရာ ဤတိမ်တိုက်စုများသည် အလုပ်ရုံမှ ရေနွေးငွေ့သံကို ကြောက်သဖြင့် ပျံသန်းနေကြသည့် ငှက်များနှင့်ပင် တူဘိ၏။ အမေသည် ထိုတိမ်တိုက်စုတို့ကို ငေးမော၍ ကြည့်နေမိ၏။ သူ၏ ဦးခေါင်းသည် လေးလံပြီး မျက်လုံးများကလည်း အအိပ် ပျက်ထားသဖြင့် ဖန်စပ်စပ် ဖြစ်နေကြ၏။ သူသည် ခါတိုင်းနှင့် မတူအောင် ငြိမ်ချက်သာ ကောင်းလှ၏။ သူ၏စိတ်သည် တည်ငြိမ်လျက်ရှိပြီး “အင်း၊ ငါလက်ဖက်ရည်ကျိုတာ စောလွန်းသေးတယ်။ ရေတွေကတော့ ဆူပြီး ခန်းကုန်တော့မှာပဲ။ သူတို့နှစ်ယောက်လုံးဟာ အလွန်ပင်ပန်းနေကြ တယ်။ ဒါကြောင့် ကနေ့မနက် တော်တော်ကလေး နေမြင့်အောင် အိပ်ကြပါစေလေ” ဟု စဉ်းစားနေမိ၏။
နေထွက်တပြူ ရောင်ခြည်သည် ပြတင်းပေါက်ကို လာ၍ထိုးချေပြီ။ အမေသည် လက်တဖက်ကို ဆန့်၍ မီးဖိုနား၌ ကင်လိုက်၏။ ထိုလက် နွေးလာသောအခါ တစုံတခုကို စဉ်းစား၍ ပြုံးရင်း လက်ချင်း ပွတ်နေလေ၏။ နောက်ဆုံး၌ မတ်တတ်ရပ်ကာ ရေနွေးအိုးမှ ပိုက်ကို ဖြုတ်ပစ်လိုက်၏။ ထိုနောက် ရေချိုးပြီး သူ့ကိုယ်သူ လက်ဝါးကပ်တိုင် အမှတ်အသားလုပ်ကာ လေသံတိုးတိုးဖြင့် ဘုရားကို ဝတ်ပြုလေ၏။ သူ၏မျက်နှာသည် ပို၍ကြည်လင် တောက်ပြောင် လာပြီး ညာဘက်မျက်ခုံးသည် လှုပ်နေလေ၏။
အလုပ်ရုံမှ ဒုတိယအကြိမ် ဥသြမှုတ်ပြန်၏။ ယခုတကြိမ်၌ ဥဩသံသည် ပထမ အကြိမ်လောက် ကျယ်လည်းမကျယ်၊ ပြင်းလည်း မပြင်းထန်ချေ။ သို့ရာတွင် အနည်းငယ် တုန်နေ၏။ အမေက ဤဥဩသံသည် ခါတိုင်းထက် ပို၍ရှည်သည်ဟု ထင်မိ၏။
“ကြားရဲ့လားကွ ပါဗယ်” ဟု တဖက်ခန်းမှ ထွက်လာသော ယူကရိန်းသား၏ ကျယ်လောင်၍ ကြည်လင်ပြတ်သားသည့် အသံကို ကြားရ၏။ တစုံတယောက်သောသူ၏ အိမ်ပေါ်မှ ဆင်းသံနှင့် သမ်းသံကိုလည်း ကြားရပြန်၏။
“အေး၊ လက်ဖက်ရည်တော့ ဖျော်ပြီးပြီ” ဟု အမေက ပြောလိုက်၏။ ပါဗယ်က “ကျွန်တော်တို့ နိုးနေကြပါပြီ” ဟု ပျော်ပျော်ရွှင်ရွှင် ပြန်ဖြေလေသည်။
“နေထွက်ပြီကွ၊ ကောင်းကင်မှာ မိုးသားတွေများ ရှိသလားပဲ။ ကနေ့ မိုးသားတွေ မရှိဘဲနဲ့လည်း တို့အလုပ်ကို လုပ်လို့ရပါတယ်” ဟု ယူကရိန်းသားက ဆို၏။ ထိုနောက် မီးဖိုခန်းထဲသို့ စုတ်တိစုတ်ဖွာနှင့် ဝင်လာ၏။ သို့ရာတွင် သူ၏စိတ်သည် အကြည်လင် အရွှင်ပျဆုံး ဖြစ်နေ၏။
“မင်္ဂလာရှိတဲ့နံနက်ပါ အမေ၊ ဘယ့်နှယ်လဲ ညက အိပ်လို့ကောင်းရဲ့လား” အမေသည် သူ့အနားသို့သွား၍…
“အင်း၊ အင်ဒရေယူရှာ၊ မင်းသူနဲ့အတူတွဲပြီး တက်ပါကွယ်” ဟု တိုးတိုးပြောလိုက်၏။
ယူကရိန်းသားကလည်း လေသံသဲ့သဲ့ဖြင့်
“ကျွန်တော်တို့ သွားပါမယ်။ စိတ်သာချ အမေ၊ ကျွန်တော်တို့ချင်း မကွဲသမျှ ကာလပတ်လုံး ကျွန်တော်တို့ဟာ တယောက်နဲ့တယောက်တွဲပြီး ချီတက်ကြမှာပဲ”
ဟု ပြန်ပြောလိုက်၏။
ထိုအတွင်း ပါဗယ်က
“အမေတို့ ဘာများ တိုးတိုးတိုးတိုး ပြောနေကြတာလဲ” ဟု မေးလိုက်၏။
“ဘာမှထွေထွေထူးထူး မဟုတ်ပါဘူး သားရယ်”
“ကဲ ငါ့ကို နားနောက်ကိုပါ ရေဆေးပြီး သုတ်ပစ်ရမယ်တဲ့ကွ။ ကနေ့ မိန်းကလေးတွေက ငါ့ကို ဂရုတစိုက် ကြည့်ကြလိမ့်မယ်ကွဲ့” ဟု ဖြေရင်း ယူကရိန်းသားသည် မျက်နှာသစ်ရန် ထွက်သွားလေ၏။
“တိုက်ပွဲဝင်ရန်ထလေ၊ အို တို့အလုပ်သမားတွေ ထကြလေ” ဟု လေသံနှိမ့်ကာ သီချင်း ကျူနေလေ၏။
နေမြင့်လေ ရာသီဥတုသည် ကောင်းလာလေပြီး မိုးသားတိမ်တိုက်တို့သည်လည်း နှင်လိုက်သဖြင့် လွင့်စဉ်ကုန်ကြ၏။
“အင်း၊ သူတို့တတွေကဖြင့် နေ့ခင်းမှာ ဘာဖြစ်မယ်ဆိုတာ မသိကြဘဲနဲ့၊ အခု မနက်ခင်းမှာ ပျော်ရွှင်နေလိုက်ကြတာနော်” ဟု တဦးတည်း စဉ်းစားရင်း ဦးခေါင်းကိုယမ်းကာ နံနက်စာကို ပြင်နေလေ၏။
သို့ရာတွင် သူကိုယ်တိုင်ကလည်း တည်ငြိမ်၍ ပျော်နေမိ၏။ သူတို့သည် အချိန်ကို မြန်မြန် ကုန်လွယ်အောင် နံနက်စာကို ဇိမ်နှင့်ဆွဲ၍ စားနေ၏။ ပါဗယ်သည် သူ့အကျင့်အတိုင်း လက်ဖက်ရည်ခွက်ထဲ၌ သကြားကို ဖြည်းဖြည်းမွှေပြီး ပေါင်မုန့်ပေါ်တွင် ဆားကို နှံ့လည်းနှံ့၊ ညီမျှလည်း ညီမျှအောင် ဖြူးနေလေ၏။ ယူကရိန်းသားကမူ စားပွဲအောက်၌ သူ့ခြေထောက်ကို ဟိုရွှေ့လိုက် သည်ပြောင်းလိုက်နှင့် လက်ဖက်ရည်ခွက်ထဲမှ ရောင်ပြန်ဟပ်ပြီး နံရံနှင့် မျက်နှာကြက်ပေါ်၌ ဂနာမငြိမ်ဘဲ လှုပ်ရှားနေသည့် နေခြည်ပြောက်ကို ကြည့်နေလေ သည်။
“ငါငယ်ငယ် ၁၀ နှစ်သားလောက်က နေကို ဖန်ခွက်ထဲမှာ ဖမ်းထားမယ်လို့ စိတ်ကူးမိတယ်ကွ။ ဒါနဲ့ ဖန်ခွက်တခွက်ကို ယူပြီး နေပြောက်တပြောက်ကို ချောင်းပြီး ဖမ်းအုပ်လိုက်တာ ဖန်ခွက်ကွဲသွားတာပေါ့။ ငါ့လက်လည်း ရှသွားသေးတယ်။ ငါလည်း အရိုက်ခံရသေးတယ်ကွ။ အဲဒီလို အရိုက်ခံရပြီး ငါ ဥယျာဉ်ထဲ ဆင်းသွားတယ် ဒါနဲ့ ရေအိုင်ကလေးတအိုင်ထဲမှာ နေခြည်ကလေး အရောင်လက်နေတာတွေ့တော့ ငါ တခါတည်း အဲဒီ နေခြည်ကလေးကို ခြေထောက်နဲ့ တအားဆောင့်နင်းတာပေါ့ကွာ၊ ငါ့အဝတ်အစားတွေ ညစ်ကုန်တော့ ငါ တခါထပ်ပြီး အရိုက်ခံရပြန်တာပေါ့။ အဲဒီတော့ ငါက ‘တို့မပါဘူးဗျာ၊ ဦးခေါင်းနီကြီးနဲ့ သရဲကြီးရယ်။ တို့တော့ မနာပါဘူးဗျာ’ လို့ အော်ပြီး နေကို လျှာထုတ်ပြီး ပြောင်တာပေါ့။ ဒါက နေကို ငါက လက်စားချေလိုက်တာပဲကွ။ ငါလည်း အဲဒီတော့မှ စိတ်ထဲမှာ ကျေသလိုလို ဖြစ်သွားတယ်”
“ခင်ဗျားက နေကို ဘာပြုလို့ ဦးခေါင်းနီကြီးလို့ ခေါ်ရတာလဲဗျာ”
“အဲဒီတုန်းက တို့အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ မုတ်ဆိတ်မွေးနီနီ၊ မျက်နှာကလည်း နီနီနဲ့ ပန်းပဲသမားကြီးတယောက် နေတယ်ကွ။ သူက ပျော်လည်း ပျော်တတ်တယ်။ သနားလည်း သနားတတ်တယ်။ ငါက နေနဲ့ အဲဒီပန်းပဲဆရာကြီးနဲ့ တူတယ်လို့ ထင်နေတာကိုးကွ”
အမေသည် ထိုနေ့ သူတို့ ဘယ်သို့ဘယ်ပုံ ချီတက်ကြမည်၊ ဟောပြောကြမည် စသည့်ကိစ္စတို့ကို ဆွေးနွေးကြလိမ့်မည်ဟု ယူဆခဲ့၏။ ထို့ကြောင့် ထိုကိစ္စတို့နှင့် ပတ်သက်၍ ကြားရလိမ့်မည် ဟူသော မျှော်လင့်ချက်ဖြင့် နားစွင့်ခဲ့၏။ သို့သော် ပါဗယ်နှင့် အင်ဒရေ ယူရှာတို့သည် ဘာမျှမပြောကြသဖြင့် စိတ်မရှည်နိုင်တော့ဘဲ...
“ကနေ့ မင်းတို့ ဘယ်လိုချီတက်ပြီး လမ်းလျှောက်မယ်ဆိုတာကို ဘာလို့မပြောကြတာတုံး” ဟု မေးလိုက်ရာ ယူကရိန်းသားက သာယာဖြည်းညင်းစွာ
“ကျွန်တော်တို့ ဘာလုပ်ကြမယ်၊ ဘာကိုင်ကြမယ်ဆိုတာကို ဆုံးဖြတ်ပြီးသား ဖြစ်နေတော့ အဲဒီကိစ္စတွေကို ပြောနေရင် ရောထွေးပြီး ရှပ်ကုန်မှာစိုးလို့ပါ။ တကယ်လို့များ သူတို့က ကျွန်တော်တို့တတွေ အားလုံးကို ဖမ်းမယ်ဆီးမယ်ဆိုရင် နစ်ကိုလိုင်က လာပြီး ဘာလုပ်ရမယ် ဆိုတာကို အမေ့ကို လာပြောပါလိမ့်မယ်”
“အေး ကောင်းတယ် ကောင်းတယ်” လိုက်၏။ ဟု အမေက သက်ပြင်းတချက်ချ၍ ပြောလိုက်၏။
ပါဗယ်က...
“ကျွန်တော်တို့ လမ်းလျှောက်သွားကြရင် မကောင်းဘူးလား” ဟု မေးလျှင်
“အခု လောလောဆယ်တော့ အိမ်မှာနေတာပဲကောင်းတယ်။ ဘာပြုလို့ ပုလိပ်ကို အချိန်မကျမီ တို့ကဆိတ်တို့ကနန်း လုပ်ချင်တာတုံး။ မင်းကို သူက ကောင်းကောင်းကြီး သိနေပြီးသားပါကွာ” ဟု ယူကရိန်းသားက ပြန်ပြော၏။
ထိုအတွင်း ဖီယိုဒိုသည် ပြေးဝင်လာ၏။ သူ၏မျက်နှာသည် ရွှင်ပျနေပြီး ပါးများကလည်း သွေးရောင်လျှမ်းနေကြ၏။ သူ၏ ရွှင်ပျ၍ စိတ်ဓာတ်တက်ကြွနေမှုကြောင့် တပင်တပန်း မျှော်နေကြရသူတို့အဖို့ စိတ်ချမ်းမြေ့စရာ ဖြစ်လာ၏။ သူက…
“စကုန်ကြပြီဗျာ၊ လူတွေလည်း လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြပြီ။ ဘာမဆို လုပ်တော့မယ်၊ ကိုင်တော့မယ်ဆိုတဲ့ မျက်နှာထားတွေနဲ့ လမ်းပေါ် ထွက်လာကုန်ကြပြီ။ နစ်ကိုလိုင်ရယ်၊ ဂူဆက်ရယ်၊ ဆမွိုင်းလော့ရယ် သူတို့သုံးယောက်ကတော့ အလုပ်ရုံတံခါးဝမှာ ရပ်ပြီး တရားတွေ ဟောနေကြပြီ။ အလုပ်သမားတွေအများစုဟာ အိမ်ပြန်ကုန်ကြပြီ။ ကဲ၊ လာကြတော့ဗျာ။ သွားဖို့အချိန်တန်ပြီဗျာ။ ၁ဝ နာရီတောင် ထိုးနေပြီ” ဟု ပြောရာ ပါဗယ်က...
“ကျွန်တော် လာပါပြီ” ဟု ပြန်ပြောလေ၏။
ထိုနောက် ဖီယိုဒိုသည်
“အေး ကြည့်ကြပေါ့ဗျာ၊ ညစာစားပြီးရင် အလုပ်ရုံတရုံလုံး ထွက်လာကြပါလိမ့်မယ်” ဟု ပြောရင်း အပြေးအလွှား ထွက်သွားလေ၏။
အမေက
“အင်း၊ သူကတော့ ပျာလောင်ခတ်နေတာပဲကွယ်” ပြောကာ ထိုင်ရာမှထ၍ မီးဖိုခန်းထဲသို့ အဝတ်လဲရန် ထွက်သွားလေ၏။ ယူကရိန်းသားက -
“အမေ ဘယ်သွားမလို့လဲ” ဟု မေးလျှင် အမေက... “မင်းတို့နဲ့ သွားမှာပေါ့ကွဲ့” ဟု ဖြေလိုက်၏။
ယူကရိန်းသားသည် သူ၏မုတ်ဆိတ်မွေးကို လက်နှင့်ဆွဲကာ ပါဗယ်၏မျက်နှာကို စိုက်ကြည့်နေ ၏။ ပါဗယ်သည် သူ၏ဆံပင်ကို လက်နှင့်သပ်ကာ အမေ့ဆီသို့ ထွက်သွားလေ၏။
ပါဗယ်က
“ကျွန်တော်က အမေ့ကို မတားတော့ဘူးနော်။ အမေကလည်း ကျွန်တော့်ကို မတားနဲ့ ဟုတ်လား အမေ” ဟု ပြောလိုက်ရာ အမေက
“ကောင်းပါပြီ၊ ကောင်းပါပြီ။ ဘုရားသခင်ကိုယ်တော်မြတ်က မင်းတို့တတွေကို စောင့်ရှောက် တော်မူပါစေကွယ်” ဟု ပြန်ပြောလိုက်လေသတည်း။
အခန်း နှစ်ဆယ့်ခုနစ်
အမေသည် အိမ်ပြင်သို့ရောက်လျှင် တက်ကြွလှုပ်ရှားနေကြသည့် အသံတို့ကိုလည်း ကြားရ၏။ အလုပ်ရုံတံခါးဝ၌ ရပ်နေကြသည့် လူများနှင့် သူ့သား ပါဗယ်နှင့် ယူကရိန်းသားတို့အား အိမ်ပြတင်းပေါက်များမှ စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြသည့် လူစုများကိုလည်း မြင်ရ၏။ ဤတွင် သူ၏မျက်လုံးများသည် ပြာသွားလေတော့၏။
လူများက ပါဗယ်နှင့် ယူကရိန်းသားတို့အား နှုတ်ဆက်ကြ၏။ စကားပြောကြ၏။ သို့ရာတွင် ခါတိုင်းနှင့်မတူ၊ ယနေ့ သူတို့ပြောကြသည့်စကားများသည် အဓိပ္ပာယ် လေးနက်၏။ သူတို့အချင်းချင်း
“အဲ သွားကြကုန်ပြီကွ၊ ခေါင်းဆောင်တွေ” ဟူ၍လည်းကောင်း။
“ဘယ်သူတွေဟာ ခေါင်းဆောင်တွေဆိုတာကို တို့မသိဘူး” ဟူ၍လည်းကောင်း၊
“သူတို့တော့ အန္တရာယ်မဖြစ်စေချင်ပါဘူး” ဟူ၍လည်းကောင်း တီးတိုးပြောနေကြသည့် စကားတို့ကို အမေသည် အမှတ်မထင် ကြားလိုက်၏။
ခြံတခြံထဲ တစုံတယောက်သောသူက စိတ်ချဉ်ချဉ်နှင့်၊
“ပုလိပ်က သူတို့ကို ဖမ်းကြလိမ့်မယ်၊ ဒါနဲ့ပဲ အဆုံးသတ်ကြရမှာ” ဟု အော်လိုက်၏။ အခြားတယောက်ကမူ၊
“တခါတုန်းကလည်း သူတို့ကို ဖမ်းလိုက်တယ်လေ” ဟု ဝင်၍ပြောလိုက်၏။
“အေး။ တော် ဘာလုပ်နေတယ်ဆိုတာကို စဉ်းစားဦးနော်။ တော် ပြုစုလုပ်ကျွေးရမယ့် အိမ်ထောင် ရှိသေးတယ်ဆိုတာလည်း သတိထားဦးနော်” ဟု အမျိုးသမီးတယောက်က ငိုပြောလိုက်သည့် စကားကိုလည်း ကြားလိုက်၏။
အလုပ်လုပ်ရင်း ခြေတဖက် ပြတ်သွားသဖြင့် အလုပ်မှ အနားယူခွင့်ရပြီး လစဉ် ထောက်ပံ့ကြေး ရနေသော ဇိုဆီမော့က ပြတင်းပေါက်မှ ထွက်ပြီး၊
“ပါဗယ်၊ သူတို့က မင်းလည်ကုပ်ကို ချိုးကြလိမ့်မယ်နော်။ မင်းက အပြစ်ဒဏ် ကောင်းကောင်း ခံရမှာပဲ” ဟု လှမ်း၍ပြောလိုက်၏။
ဇိုဆီမော့၏ စကားကိုကြားလျှင် အမေသည် တုန်လှုပ်ချောက်ချားပြီး ရုတ်တရက် ခြေလှမ်းပင် တုံ့သွား၏။ ဒေါသလည်း အကြီးအကျယ်ထွက်မိ၏။ ထိုဒုက္ခိတ ခြေထောက် တချောင်း ပြတ်ကြီး၏ ဖောသွပ်သွပ် ဖြစ်နေသည့် မျက်နှာကိုလည်း လှမ်း၍ကြည့်လိုက်၏။ အမေ့ကို မြင်သောအခါ ဇိုဆီမော့သည် ကျိန်ဆဲပြီး အိမ်ထဲသို့ ဝင်သွားလေ၏။ အမေသည် သူ့ကို ကြာရှည် ကြည့်မနေချေ။ ခြေလှမ်းကို သွက်သွက်လှမ်းကာ သူ့သားကို မီအောင် မနည်းလိုက်၍ နေလေသည်။
ပါဗယ်နှင့် ယူကရိန်းသားတို့သည် ဘာတခုမျှ ဂရုစိုက်ပုံလည်းမပေါ်၊ သူတို့ ဖြတ်သွားစဉ် ပြောကြဆိုကြသည့် စကားတို့ကိုလည်း ကြားဟန်မတူ၊ သူတို့သည် သုတ်သီးသုတ်ပျာ မဟုတ်ဘဲ တည်ငြိမ်စွာ လျှောက်နေကြ၏။ လမ်း၌ ရိုးရိုးဖြောင့်ဖြောင့်နှင့် လော်လည်မှု မရှိဘဲ နေတတ်သောကြောင့် လူအများက ချစ်ခင်လေးစားကြသည့် လူလတ်ပိုင်းထဲမှ မစ်ရိုနော့က သူတို့ကိုတား၍ နှုတ်ဆက်နေသဖြင့် ပါဗယ်က
“ဒါဖြင့် ခင်ဗျားလည်း ကနေ့အလုပ်မဆင်းတော့ဘူးလို့ ဆုံးဖြတ်ထားတယ်ပေါ့” ဟု မေးလျှင် သူက
“ကနေ့ ငါ့မိန်းမက ကလေးမျက်နှာ မြင်မလို့ကွ။ ဒါတင်မကသေးဘူး။ ကနေ့လို နေ့မှာ ဘယ်အလုပ်ကို ငြိမ်ငြိမ်ဆိမ်ဆိမ် လုပ်နိုင်ပါ့မလဲကွာ။ (ထိုနောက် ပါဗယ်တို့ လူစုကို စိုက်ကြည့်ပြီး လေသံကိုနှိမ့်လျက်) “သူတို့ကပြောတော့ ကိုယ့်လူတို့က ပြတင်းပေါက်တွေခွဲ၊ ပစ္စည်းတွေ ဖျက်ဆီးပြီး ညွှန်ကြားရေးမှူးကို ဒုက္ခပေးကြလိမ့်မတဲ့။ အဲဒါ ဟုတ်လား” ဟု မေး၏။
ပါဗယ်က
“ကျွန်တော်တို့တတွေ အရက်မူးနေကြတာမှ မဟုတ်ဘဲနဲ့ဗျာ” ဟု ခပ်ကျယ်ကျယ် ပြောလိုက်၏။
“ကျွန်တော်တို့က ကျုပ်တို့အလံတွေနဲ့ လမ်းလျှောက်ပြီး သီချင်းဆိုကြရုံပါပဲဗျာ။ ကျုပ်တို့သီချင်းတွေကို နားထောင်ကြည့်စမ်း၊ ကျုပ်တို့ယုံကြည်ချက်တွေဟာ အဲဒါပဲခင်ဗျာ” ဟု ယူကရိန်းသားက ဝင်ပြောလေ၏။
ထိုအခါ မစ်ရိုနော့က စဉ်းစားလျက်
“မင်းတို့ယုံကြည်ချက်တွေဟာ ကောင်းတယ်ဆိုတာကို ငါသိပါတယ်ကွာ။ ငါက မင်းတို့စာတွေကို ဖတ်ဖတ်နေတာပါ” ဟု ပြောပြီး အမေ့ဘက်သို့ လှည့်ကာ ပြုံးလျက်
“အား အမေပါကော၊ ခင်ဗျားလည်း ချီတက်တဲ့အထဲ ပါနေတာကို” ဟု ပြောရာ အမေက
“အေးကွယ်၊ မသေခင် တရားမျှတမှုအတွက် တခါလောက်တော့ ချီတက်မှာပေါ့ကွယ်” ဟု ပြန်ပြောလိုက်၏။ ထိုအခါ မစ်ရိုနော့က
“အင်း အင်း၊ အလုပ်ရုံထဲ တားမြစ်ပိတ်ပင်ထားတဲ့ စာရွက်စာတမ်းတွေကို ယူလာတာဟာ ခင်ဗျားတို့ပဲလို့ သူတို့က ပြောတာဟာ ဒီလိုဆိုတော့ မှန်ပုံပဲဗျာ့” ဟု ဆို၏။
“ဒါ ဘယ်သူက ပြောတာလဲဗျာ့” ဟု ပါဗယ် မေးလေ၏။
“ဟင်း၊ အဲဒါ သူတို့က ပြောကြတာပါ။ ကဲ သွားကြတော့ဗျို့၊ ကိုယ့်ကိုယ်ကိုလည်း ထိန်းကြပေါ့ဗျာ”
အမေသည် ဘာမျှမပြောဘဲ ပြုံးနေ၏။ သူတို့တတွေက သူ့အကြောင်း ဤကဲ့သို့ ပြောကြသဖြင့် သူသည် ဝမ်းသာမိ၏။ ပါဗယ်က ရယ်ပြီး
“အမေတော့ ထောင်ထဲရောက်လိမ့်မယ်နော်” ဟု ပြောလေ၏။
နေသည် မြင့်သည်ထက်မြင့်လာ၏။ သူ၏ပူနွေးသည့် လင်းရောင်ခြည်ကိုလည်း ဖြန့်ဖြူးလျက် ရှိ၏။ မိုးသားတိမ်တိုက်တို့သည်လည်း ငြိမ်သက်သွားကာ ကောင်းကင်ပြင်သည် ယခင်ကထက် ကြည်လင်လာ၏။ အုံ့နေသည့် မိုးဒဏ်ကြောင့် လမ်းလျှောက်ကြသူများသည် အအေးဓာတ် ရနေကြ၏။ လူတွေ၏ မျက်နှာများသည်လည်း ရွှင်ပျလာလေ၏။ အစစကို ကြည့်လျှင် သာယာကြည်နူးမှုကို ဆောင်နေသည်ကို တွေ့ရ၏။ လူအုပ်ကြီး၏ အသံသည် တဖြည်းဖြည်း ကျယ်သည်ထက်ကျယ်လာပြီး စက်ရုံအတွင်းမှ စက်သံတို့ကို လွှမ်းသွားလေတော့သည်။
တဖန် အမေသည် အိမ်ဝိုင်းများ၊ ပြတင်းပေါက်များမှ ထွက်လာသည့်စကားတို့ကို ကြားရပြန်၏။ အချို့စကားများသည် ရုန့်ရင်းကြမ်းတမ်း၍ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်း၏။ အချို့စကားများကလည်း လေးနက်၍ အားရဖွယ် ဖြစ်ကြရ၏။
သို့ရာတွင် ယခုမူ သူသည် သူကြားလိုက်ရသည့် စကားအချို့ကို ချေပလိုက်ချင်၏။ အချို့ကို ရှင်းပြချင်၏။ ၎င်းပြင် ထိုနေ့က ထူးခြားသည့် ဘဝတိုက်ပွဲတွင် သူကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့ ရသဖြင့် ကျေးဇူးတင်ကြောင်း ပြောပြလိုက်လေသည်။
လူတရာခန့်ရှိသည့် လူတအုပ်တို့သည် လမ်းမြောင်ကလေးတခုထဲ၌ စုရုံးလျက်နေကြ၏။ ၎င်းတို့အကြားမှ
“သူတို့တတွေဟာ ကျုပ်တို့ရဲ့သွေးတွေကို ကြံရည်ကြိတ်တဲ့စက်နဲ့ ကြံရည်လို ညှစ်ယူသလို ညှစ်ယူကြတယ်ဗျာ” ဟူသော နစ်ကိုလိုင်၏အသံသည် ပေါ်လာ၏။ လူအုပ်ကြီးက သူ၏လေးနက်သော စကားသံကို နားထောင်နေ၏။ ထိုအတွင်း အသံ တော်တော်များများက
“သူတို့က ဒီလို” ဟု အော်ကြ၏။
ယူကရိန်းသားက
“တို့လူကတော့ လုပ်နေပြီကွာ၊ ငါသွားပြီးကူလိုက်မှ ထင်တယ်” ဟု ဆိုပြီးနောက် ပါဗယ်က သူ့ကို မတားလိုက်နိုင်မီ သူသည် လူအုပ်ထဲသို့ အတင်းတိုးကာ ဝှေ့ကာနှင့် ဝင်သွားလေ၏။ ထိုနောက် သူက သူ၏အောင်မြင်သော အသံကြီးဖြင့်
“ရဲဘော်တို့ ကမ္ဘာပေါ်မှာ ရေဟူဒီတို့၊ ဂျာမန်တို့၊ အင်္ဂလိပ်တို့၊ တရက်လူမျိုးတို့ အစရှိတဲ့ လူမျိုးတွေ အမျိုးမျိုး နေထိုင်ကြတယ်လို့ သူတို့ကပြောကြတယ်။ ဒါပေမဲ့ ကျုပ်က ဒါကိုမယုံဘူး။ လူက နှစ်မျိုးတည်းရှိတယ်။ ဘယ်တော့မျှ တွဲနေလို့မရတဲ့၊ ဘယ်တုံးကမျှ မတည့်ကြတဲ့ လူချမ်းသာနဲ့ လူဆင်းရဲ နှစ်မျိုးသာ နေတယ်လို့ ကျွန်တော်က ယူဆတယ်။ လူတွေဟာ ဝတ်တာ ဆင်းရဲတာ မတူဘူး။ စကားပြောတာဆိုတာ မတူဘူး။ ဒါပေမဲ့ ပြင်သစ် လူချမ်းသာတွေ၊ ဂျာမန် လူချမ်းသာတွေ၊ အင်္ဂလိပ် လူချမ်းသာတွေက လုပ်သားပြည်သူတွေကို ဘယ်လိုပြုမူ ဆက်ဆံတယ် ဆိုတာကို ခင်ဗျားတို့ မြင်ကြရတဲ့အခါ ကျုပ်တို့ အလုပ်သမားတွေအတွက် လူအမျိုးမျိုး ကွဲပြားတာက ဘာမျှ အရေးစိုက်နေစရာ မဟုတ်ဘူး။ သူတို့အားလုံးဟာ တကယ့် လူဆိုးလူညစ်တွေချည်းပဲ ဆိုတာကို ခင်ဗျားတို့ သိမြင်လာကြပါလိမ့်မယ်” ဟု ပြောလိုက်ရာ လူအုပ်ထဲမှ တစုံတယောက် ရယ်လိုက်၏။
တဖန် ဆက်၍
“တဖက်က တခါ သေသေချာချာ ကြည့်ပြန်ရင်လည်း ပြင်သစ်အလုပ်သမားတွေ၊ တရုတ် အလုပ်သမားတွေ၊ တူရကီအလုပ်သမားတွေဟာ ကျုပ်တို့ ရုရှားအလုပ်သမားတွေလိုပဲ ခွေးဘဝ၊ ဝက်ဘဝမှာ နေကြရတာကို တွေ့ကြရပါလိမ့်မယ်” ပြောလေ၏။
လူတွေသည် ပါးစပ်က ဘာမျှမပြောဘဲ လည်တံတရှည်ရှည်၊ ခြေဖျားတထောက်ထောက်နှင့် လမ်းမြောင်ထဲသို့ ထပ်၍ ထပ်၍ ဝင်လာကြလေ၏။
ယူကရိန်းသား၏ အသံသည်လည်း ပို၍ ကျယ်လာ၏။ “ဒီ ရှင်းလင်းလွယ်ကူတဲ့ သစ္စာတရားကို အခြားနိုင်ငံတွေက အလုပ်သမားတွေက သိမြင်နားလည်လာကြပြီ။ ယနေ့ မေဒေးနေ့မှာ”
ထိုအတွင်း တစုံတယောက်သောသူက “ပုလိပ်တွေ လာနေပြီ၊ ပုလိပ်တွေ လာနေပြီ” ဟု အော်လိုက်၏။
မြင်းစီးပုလိပ် လေးယောက်သည် သူတို့၏ ကြိမ်များကို ဝှေ့ယမ်းလျက်၊ “ဟေ့၊ လူစုခွဲလိုက်” ဟု အော်ရင်း လမ်းမြောင်ထဲသို့ မြင်းများကို အတင်းစီး၍ ဝင်လာကြလေ၏။
လူများသည် မျက်မှောင်ကြုတ်ပြီး နောက်သို့ မဆုတ်ချင် ဆုတ်ချင်နှင့် ဆုတ်သွားကြ၏။ ၎င်းတို့အထဲမှ လူလေးငါးယောက်သည် ဝင်းထရံပေါ်သို့ ကျော်တက်ကြ၏။
“သူတို့ကိုယ် သူတို့တော့ တကယ့် သူရဲကောင်းကြီးတွေ မှတ်နေကြတယ်။ ဒါပေမဲ့ ဝက်တွေပဲကွ” ဟု လူတယောက်က မျက်နှာပြောင်တိုက်ကာ ဆိုနေလေ၏။
ယူကရိန်းသားသည် လမ်းလယ်ကောင် သူရပ်နေသည့်နေရာမှာပင် ဣန္ဒြေမပျက် ရပ်နေရာ ပုလိပ်နှစ်ယောက်သည် သူ့ကို မြင်းများနှင့် တိုက်ရန် အတင်းဝင်လာကြ၏။ သူသည် တဖက်သို့ တိမ်းလိုက်၏။ ထိုအတွင်း အမေသည် သူ့လက်ကို ဆွဲပြီး အတင်းခေါ်သွားကာ
“ပါဗယ်အနားမှာ နေပါ့မယ်လို့ မင်း ငါ့ကို ကတိပေးတယ်။ အခုတော့ ဒီအနားလာပြီး ကိုယ့်ဟာကိုယ် ဒုက္ခရှာနေတယ်၊ ကောင်းသေးသလား” ဟု အော်လေ၏။
ယူကရိန်းသားက...
“အများကြီး တောင်းပန်ပါတယ် အမေ၊ ကျွန်တော် မှားပါတယ်” ဟု အမေ့အား တောင်းပန်လိုက်၏။
ဦးခေါင်းကို မော့်ကာ တစုံတခုကို မျှော်မှန်းနေကြဘိသကဲ့သို့ စိတ်လက်မရှည်နိုင်ဘဲ စောင့်ဆိုင်းနေကြ၏။ အချို့လူများက ဘာလုပ်လို့ ဘာကိုင်ရမည်ကို မသိဘဲ ယောင်တိ ယောင်ကန်း ဖြစ်နေကြ၏။ အချို့ကလည်း ဘာကိုမျှမကြောက်သည့် ဟန်မျိုးကို ပြနေကြ၏။ မိန်းမများက ယောက်ျားများကို သာယာညင်းပျောင်းသည့် လေသံဖြင့် တောင်းပန်နေကြရာ ယောက်ျားများက သဘောမကျသည့်အနေဖြင့် လှည့်ထွက်သွားကြ၏။ တခါတရံ တိုးတိုး ကျိန်သံဆဲသံတို့ကို ကြားရ၏။ ဤကဲ့သို့ ရောထွ ယှက်တင် ဖြစ်နေကြသည့် လူအုပ်ကြီးထဲမှ မကျေမနပ်သံတို့ကို ကြားနေရလေသည်။ ထိုအတွင်း...
“မစ်တင်ကာ၊ ကိုယ့်ကိုယ်ကိုလည်း သနားပါဦး” ဟု အမျိုးသမီးတယောက်က တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည့် အသံကို ကြားရလေ၏။
“အသာနေစမ်းပါကွာ” ဟု ပြန်၍ ပြောသံကိုလည်း ကြားရလေသည်။
“ကျုပ်တို့တတွေဟာ လူငယ်တွေကို ဒီလိုချောက်ချပစ်လို့ မဖြစ်ဘူး။ သူတို့တတွေဟာ ကျုပ်တို့ထက် စဉ်းစားဉာဏ်လည်း ရှိတယ်။ သတ္တိလည်း ရှိတယ်။ ရွှံ့ဗွက်ကြီးကို ဖို့ဖို့ဆိုပြီး ကျုပ်တို့ပိုက်ဆံတွေကို ကျုပ်တို့လုပ်ခတွေထဲက ဖြတ်ယူကြတုန်းက ကျုပ်တို့အတွက် တိုက်ပွဲ ဝင်ပေးတာဟာ ဘယ်သူတွေလဲ။ ဒီတုန်းက တိုက်ပွဲဝင်ပေးတာ လူငယ်တွေပဲ။ အဲဒါကို ကျုပ်တို့ မေ့လို့မဖြစ်ဘူး။ ပြီးတော့ တို့က အကျိုးခံစားကြရတယ်” ဟူသော ဆီးဇော့၏ တည်ငြိမ်၍ ပြတ်သားသောအသံသည် ပေါ်ထွက်လာလေသည်။
ထိုအတွင်း အလုပ်ရုံမှ ဥသြကိုဆွဲလိုက်ရာ ဥဩသံသည် လူတွေ၏အသံများကို လွှမ်းသွားလေ၏။ လူအုပ်ကြီးသည် တုန်လှုပ်သွား၏။ ထိုင်နေကြသည့် လူများသည် မတ်တတ်ရပ်ပြီး ဘာမျှမပြောတော့ဘဲ သတိထားနေကြ၏။ သူတို့၏ မျက်နှာများသည်လည်း ဖြူဖပ်ဖြူရော် ဖြစ်နေကြလေသည်။
“ရဲဘော်တို့” ဟူသော ပါဗယ်၏ အောင်မာ ပြည့်တင်းလှသည့် အသံသည် ပေါ်ထွက်လာ၏။
အမေ၏မျက်လုံးများထဲမှ မျက်ရည်ပူများ ထွက်လာပြီး သူ၏စိတ်ဓာတ်သည် မာကျောလာလေ ၏။ ထိုနောက် အမေသည် ရုတ်တရက် ချက်ချင်း သူ့သားနောက်၌ ကပ်၍ ရပ်လိုက်၏။ သူ့သားအနီး၌ လူများသည် စုရုံးလျက်ရှိကြ၏။
အမေသည် သူ့မျက်နှာကို ကြည့်လိုက်ရာ သူ၏ခက်ထန်မာကျော၍ ရဲဝံ့သည့် မျက်လုံးများကိုသာ မြင်ရ၏။
တဖန် ပါဗယ်က
“ရဲဘော်တို့၊ ကျုပ်တို့ဟာ ကနေ့ ကျုပ်တို့တတွေဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို အတိအလင်း ကြေညာပြီး ကျုပ်တို့ရဲ့ဆင်ခြင်တုံတရား၊ ကျုပ်တို့ရဲ့ တရားမျှတမှုနဲ့ ကျုပ်တို့ရဲ့ လွတ်လပ်မှုတို့ အသွင်လက္ခဏာကိုဆောင်နေတဲ့ ကျုပ်တို့ရဲ့ အလံတော်ကို လွှင့်ထူဖို့ ဆုံးဖြတ်ထားပြီး ဖြစ်တယ်” ဟု ကြေညာလိုက်ပြန်၏။
ထိုနောက် ရှည်လျားသော ဝါးလုံးရှည်ကြီး တချောင်းသည် လေထဲ၌ ဝင့်ပြီး လူအုပ်ကြားထဲသို့ လဲသွား၏။ တခဏမျှ ကြာသောအခါ ထိုဝါးလုံးကြီး၏ ထိပ်ဖျား၌ အလုပ်သမားလူတန်းစား၏ အလံတော်သည် အထက်သို့မော့၍ကြည့်နေကြသည့် မျက်နှာများအထက်၌ အလွန်ကြီးမားသည့် ငှက်နီကြီးသဖွယ် လွှင့်တက်၍ လာလေ၏။
ပါဗယ်သည် သူ၏လက်ကိုမြှောက်လိုက်ရာ အလံတော်သည် လေထဲ၌ လွင့်သွားလေ၏။ များစွာသော လက်များသည် အလံတော်၏ ချောမွေ့သည့် အလံရိုးကို ဆုပ်ကိုင်ထားကြ၏။ အမေသည်လည်း ထိုလူများအကြားမှနေ၍ အလံတော်ကို ကိုင်လျက်နေလေသည်။
“အလုပ်သမားလူတန်းစား သက်တော်ရာကျော်ရှည်ပါစေ” ပါဗယ်က အော်လိုက်၏။
ထိုအခါ ရာပေါင်းများစွာသော အသံများက...
“ဆိုရှယ်ဒီမိုကရက်တစ်ပါတီ - တို့ပါတီ”
“တို့အယူအဆတွေရဲ့ ပေါ်ထွက်ရာ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ - တို့ပါတီ”
“တို့ပါတီ သက်တော်ရာကျော်ရှည်ပါစေ” ဟု ပြန်၍ ကြွေးကြော်ကြ၏။
လူအုပ်ကြီးသည် ပွက်ပွက်ဆူလာ၏။ အလံတော်သည် မည်မျှလေးနက်သည့် အသွင်ကို ဆောင်နေသည် ဟူသောအချက်ကို သိမြင်နားလည်ကြသူများက အလံတော်အနီးသို့ တိုးသွားကြ၏။ မက်ဇင်၊ ဆမွိုင်းလော့နှင့် ဂူဆက် ညီအစ်ကိုတို့သည် ပါဗယ်ဆီသို့ ရောက်လာကြ၏။ နစ်ကိုလိုင်သည် ဦးခေါင်းကို ငုံ့ပြီး လူအုပ်ထဲသို့ အတင်းတိုးနေလေ၏။ အမေ့အား မည်သူမှန်းမသိသည့်၊ စိတ်အားတက်ကြွနေကြသည့် လူငယ်များက အတင်း ဘေးသို့ တွန်းဖယ်ပစ်ကြလေသည်။
“ကမ္ဘာ့အလုပ်သမားများ သက်တော်ရာကျော်ရှည်ပါစေ” ဟု ပါဗယ်က နောက်ထပ်တကြိမ် အော်လိုက်ပြန်၏။
ထောင်ပေါင်းများစွာသောလူများက ဝမ်းမြောက်ဝမ်းသာစွာ အားပါးတရ ပြန်၍အော်လိုက်ကြ၏။ ၎င်းတို့၏အော်သံကား စိတ်ဓာတ်လှုပ်ရှားတက်ကြွစရာ ဖြစ်၏။
အမေသည် နစ်ကိုလိုင်၏လက်နှင့် အခြားလူတယောက်၏ လက်ကို ဆုပ်ထား၏။ သူသည် မျက်ရည်များလည်ကာ ရင်တွင်း၌ ဆို့တက်လာ၏။ သို့သော် မငိုချေ။ သူ၏ဒူးများသည် တုန်နေပြီး သူ၏ပါးစပ်မှ...
“အေး၊ မင်းတို့တတွေဟာ တကယ်ချစ်စရာကောင်းတယ်” ဟု ရေရွတ်မိလေ၏။
ကျောက်ပေါက်မာများ ပြည့်နေသော နစ်ကိုလိုင်၏ မျက်နှာသည် ပြုံးရွှင်လာ၏။ သူသည် အလံတော်ကို ကြည့်ပြီး အလံတော်ဆီသို့ လက်ကိုဆန့်တန်းကာ တစုံတခုကို ပါးစပ်မှ ရေရွတ်လိုက်၏။ တဖန် ရုတ်တရက် အမေ့လည်ပင်းကို ဖက်ပြီး ရယ်လျက် အမေ့ကို နမ်းလေ၏။
ယူကရိန်းသားသည်...
“ရဲဘော်တို့ ကျုပ်တို့တတွေဟာ သစ်လွင်၍ ကိုးကွယ်ရာဖြစ်တဲ့ တရားအတွက် အလင်းရောင်နဲ့ ဝိဇ္ဇာတရားတို့အတွက်၊ မွန်မြတ်တဲ့ မှန်ကန်တဲ့တရားအတွက် အလွဲ မြင့်မြတ်တဲ့ စစ်ပွဲကို ဆင်နွှဲခဲ့ကြပြီ။ ကျုပ်တို့ရဲ့အောင်ပွဲကတော့ အလှမ်းဝေးပါသေးတယ်။ ဒါပေမဲ့ ခါးသီးကြမ်းကြုတ် လှတဲ့ ဆုတွေ၊ လာဘ်တွေကတော့ နီးကပ်နေပါပြီ။ အဲဒီတော့ သစ္စာတရားဟာ အမှန် အောင်ပွဲခံရမယ်ဆိုတာကို မယုံကြည်တဲ့လူတွေ၊ ဒီသစ္စာတရားအတွက် အသက်ကို အစတေး မခံဝံ့တဲ့လူတွေ၊ ကိုယ့်အင်ကိုယ့်အားကို မယုံကြည်ရဲဘဲ ဆင်းရဲဒုက္ခကိုခံရမှာ ကြောက်တဲ့လူတွေ ဟာ ဒီတိုက်ပွဲမှာ မပါဘဲ နောက်ချန်ပြီး နေနိုင်ခဲ့ပါတယ်။ ကျုပ်တို့တတွေဟာ မလွဲမသွေ အောင်ပွဲခံရမယ်ဆိုတာကို ယုံကြည်ကြတဲ့လူတွေကိုသာ ကျုပ်တို့က လိုချင်တယ်။ ကျုပ်တို့ မျှော်မှန်းထားတဲ့ ပန်းတိုင်ကို မမြင်တဲ့လူတွေဟာ ကျုပ်တို့နဲ့အတူ ချီတက်လို့ မဖြစ်ဘူး။ ဘာပြုလို့လဲဆိုတော့ အဲဒီလူတွေ ကျုပ်တို့လို ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ စိတ်သောကတွေ ဖြစ်နေမှာ စိုးလို့ပါ။ ကဲ… ရဲဘော်တို့ လူသာစုကြပေတော့။ လွတ်လပ်တဲ့ ပြည်သူလူထုရဲ့ နေ့ထူးနေ့မြတ် သက်တော်ရာကျော်ရှည်ပါစေ။ မေဒေးနေ့ သက်တော်ရာကျော် ရှည်ပါစေ” ဟူ၍ ကြွေးကြော်လိုက်၏။ သူ၏ကြည်လင်သော အသံသည် လူအုပ်ကြီး၏ ရုတ်ရုတ်သဲသဲ အသံကို လွှမ်းသွားလေသည်။
လူအုပ်ကြီးသည် တဖြည်းဖြည်း ကြီးလာ၏။ ပါဗယ်သည် အလံတော်ကိုမြှောက်၍ ရှေ့သို့ ချီတက်လိုက်လျှင် အလံတော်သည် လေထဲ၌ဝင့်လျက် နေရောင်ခြည်ဖြင့် ထွန်းလင်း တောက်ပြောင်လျက် နေလေသတည်း။
ဖီယိုဒိုက
“ကမ္ဘာဟောင်းကြီးကို အစဉ်ထာဝရ စွန့်ပယ်” ဟူ၍ သီချင်းကို စ၍ဆိုလိုက်လျှင် အခြားလူများကလည်း
“ဒီအဟောင်းက ဖုန်တွေကို ငါတို့ခြေက ခါကြမယ်” ဟူ၍ ဝိုင်းဆိုကြသည်။
အမေသည် မက်ဇင်နောက်မှ ချီတက်၏။ သူသည် အလွန်ကျေနပ်စွာ ပြုံးလျက် ဖီယိုဒို၏ ခေါင်းပေါ်မှ ကျော်ကာ အလံတော်နှင့် ပါဗယ်အား စူးစိုက်၍ ကြည့်နေလေ၏။ သူ့ပတ်ဝန်းကျင်မှ လူများအားလုံးသည် ပျော်ရွှင်နေကြ၏။ သူ့ရှေ့၌ ယူကရိန်းသားနှင့် ပါဗယ်တို့သည် ချီတက်လျက် ရှိကြ၏။ သူတို့နှစ်ဦးလုံးသည် သီချင်းဆိုနေကြ၏။
ယူကရိန်းသားသည် ပါဗယ်နှင့်အတူ “တိုက်ပွဲဝင်ရန် ထကြလေ၊ တို့အလုပ်သမားတွေ ထကြလေ၊ အလုပ်လုပ်ရင်း ငတ်နေတဲ့လူတွေ ထကြလေ” သံပြိုင် သီချင်းဆိုလိုက်၏။
လူများသည် အလံတော်ဆီသို့ အပြေးအလွှား လာကြလေ၏။ သူတို့သည် သို့ ပြေးရင်း လွှားရင်းနှင့် အော်ကြဟစ်ကြ၏။ သို့ရာတွင် သူတို့၏ အော်သံဟစ်သံတို့ကို သီချင်းသံက ဖုံးသွားလေ၏။ ဤသီချင်းကို လူများသည် အိမ်၌ တိုးတိုး ဆိုလေ့ ရှိကြ၏။ ယခုချီတက်ကြရာတွင်မူ သံကုန်ဟစ်၍ ဆိုနေကြရာ သီချင်းသံသည် အလွန်တမင်း အားရှိ၏။ မယိမ်းမယိုင် အလွန်ခိုင်မြဲသည့် သတ္တိကိုဆောင်နေ၏။ လူများအား အနာဂတ်ဆီသို့ ဦးတည်လျက် ရှိသော ရှည်လျားသည့် လမ်းကြောင်းကိုလိုက်ရန် စိန်ခေါ်နေရင်း ထိုလမ်းကြောင်းသည် မည်မျှခက်ခဲလှသည်ကို အတိအလင်း ဖော်ပြထား၏။ ဤသီချင်း၏ တည်ငြိမ်သော မီးတောက်မီးလျှံသည် သူ့ခေတ်သူ့အခါ ကုန်ဆုံးနေပြီဖြစ်သည့် အမှောင်တိုက်ကို လည်းကောင်း၊ ရှေးရိုးစဉ်လာ မိရိုးဖလာစိတ်ထားတို့၏ အညစ်အကြေး ဟူသမျှကို လည်းကောင်း လောင်ကျွမ်းပစ်လိုက်၏။ ထို့ကြောင့် အနာဂတ်ကို ကြောက်ရွံ့နေသည့် အကြောင်းတရားကိုလည်း ပယ်ဖျက် သုတ်သင်ပစ်လိုက်လေသည်။
ကြောက်ရွံ့တုန်လှုပ်သော်လည်း ရွှင်ပြုံးလျက်ရှိသည့် မျက်နှာတခုသည် အမေ့နားထဲ၌ ပေါ်လာပြီး တစုံတယောက်သောသူက လေသံသဲ့သဲ့နှင့်…
“မစ်တယာ၊ မင်း ဘယ်ကိုသွားမလို့လဲ” ဟု မေးလိုက်ရာ အမေက၊
“သူ့ကို သွားပါစေ၊ သူ့အတွက် ကြောင့်ကြမနေပါနှင့်။ ငါလည်းပဲ ပထမတုန်းက ငါ့ဘာသာငါ လန့်နေတာပဲ။ ငါ့သားလည်း ရှေ့တန်းမှာပါတယ်။ အလံကိုင်နေတာပေါ့” ဟု ပြောလိုက်၏။
“ဟေ့၊ မင်းတို့လူမိုက်တွေ ဘယ်သွားကြမလို့လဲကွ။ ဟိုမှာ စစ်သားတွေရောက်နေကြပြီ”
အရပ်ရှည်ရှည် ပိန်ပိန် အမျိုးသမီးကြီးက ရုတ်တရက် သူ၏သေးသွယ်သည့် လက်နှင့် အမေကို အတင်းဆုပ်ကိုင်ထားလေ၏။ ထိုနောက်
“ယောက်မရေ၊ သူတို့သီချင်းဆိုသံကို နားထောင်စမ်းပါဦး။ ကျုပ်သား မစ်တယာကလည်း ဆိုနေတယ်”ဟု ပြောရာ အမေက
“အို၊ မကြောက်ပါနဲ့။ သူတို့လုပ်ဆောင်နေကြတဲ့အရေးဟာ အလွန်မွန်မြတ်ပါတယ်။ ကဲ၊ ယောက်မ စဉ်းစားကြည့်ပါဦး။ လူတွေကသာ ခရစ်တော်ကိုယ်တော်မြတ်အတွက် အသက်ကို အသေမခံကြဘူးဆိုရင် အရှင်ခရစ်တော် ကိုယ်တော်မြတ်ဟာ ဘယ့်နှယ်လုပ်ပြီး ပွင့်တော်မူပါ့မလဲလို့” ဟု ပြောလိုက်၏။
ဤအယူအဆသည် အမေ၏စိတ်ထဲ၌ ရုတ်ခြည်း ပေါ်လာ၏။ ဤအယူအဆ၏ ရိုးသား၍ ထင်ရှားပေါ်လွင်သည့် သစ္စာတရားသည် သူ့ကို လွှမ်းသွားလေ၏။ ထို့နောက် ယခုတိုင် သူ့လက်ကို ဆုပ်ကိုင်ထားသည့် အမျိုးသမီးကြီး၏ မျက်နှာကိုကြည့်ရင်း အံ့အားသင့်စွာ ပြုံးလျက်၊
“တကယ်လို့ အရှင်ခရစ်တော်အတွက်၊ အရှင်ကိုယ်တော်မြတ်အတွက် လူတွေကသာ အသေမခံခဲ့လို့ရှိရင် အရှင်ခရစ်တော်ကိုယ်တော်မြတ်ဟာ ဘယ်ပေါ်လာနိုင်ပါ့မလဲ” ဟု တဖန်ထပ်၍ ပြောလိုက်ပြန်၏။
ထိုအတွင်း ဆီးဇော့သည် အမေ့နားသို့ ကပ်လာပြီး၊
“အား၊ ကနေ့တော့ ဗြောင်ကိုချီတက်နေပါပကော” ဟု ဦးထုပ်ကိုချွတ်၍ ပြောပြီး သီချင်းသွားနှင့်အလိုက် ဦးထုပ်ကို ယမ်းကာ၊
“သီချင်းလည်း ဆိုနေပြီ၊ ဘာသီချင်းလဲ အမေ” ဟု ပြောနေစဉ်
“ဇာဘုရင်က စစ်ထဲကိုထည့်ဖို့ စစ်သားတွေကို လိုနေတယ်”
“အဲဒီတော့ ခင်ဗျားတို့သားတွေကို စတေးလိုက်ကြဦးကွာ”
သီချင်းသံကြီးသည် ကျယ်လောင် လေးနက်စွာ ပေါ်လေ၏။
“သူတို့တတွေကတော့ ဘာမျှမပြောကြဘူး အမေ။ ကျွန်တော်ရဲ့ သနားစရာ သားကတော့ သင်္ချိုင်းထဲမှာ ရောက်နေပြီ”
အမေ၏အသည်းနှလုံးကား တဒိတ်ဒိတ် ခုန်လျက်ရှိရာ အမေသည် နောက်ချန်၍ နေခဲ့ရ၏။ သူ့အား လူအုပ်ကြီးက ဘေးသို့ အတင်းဝင်တိုးသွားသဖြင့် ဝင်းထရံနှင့် ညှပ်နေ၏။ ထိုအတွင်း လူထုကြီးသည် ဒီရေလှိုင်းကြီးသဖွယ် သူ့ကိုကျော်၍ ချီတက်လေ၏။ အလွန်များပြားလှသည့် လူတွေကို တွေ့မြင်နေရသဖြင့် အမေသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေလေသည်။ ထိုနောက်
“တိုက်ပွဲဝင်ရန် ထကြလေ၊ အို တို့အလုပ်သမားတွေ ထကြလေ” ဟူသောသီချင်းသံသည် တဖန်ထပ်၍ ပေါ်ပြန်၏။
ဤသီချင်းသံသည် လူထုအား နှိုးနေသည့်၊ အချို့လူများအား တိုက်ပွဲဝင်ရန် စိတ်ကို သွင်းပေးနေသည့်၊ အချို့များအားလည်း သစ်လွင်သော တရားတရပ်နှင့် ပတ်သက်၍ သိလို မြင်လိုသော စိတ်ဓာတ်နှင့် ဝမ်းမြောက်ရွှင်လန်းသော စိတ်ဓာတ်တို့ကို ဖော်ထုတ်ပေးနေသည့် စစ်ခရာသံကြီးနှင့် တူလှ၏။ တနေရာ၌ ထိတ်လန့်တုန်လှုပ်ဖွယ် အမြောက်ချက်တို့ကိုပေး၍ အခြားတနေရာ၌မူ အချိန်ကာလရှည်လျားစွာ မျိုသိပ်ထားခဲ့ရသည့် ဒေါသအရှိန်ကို ချွန်းဖွင့်၍ ပေးလိုက်သကဲ့သို့ ဖြစ်နေ၏။ လူတိုင်းလူတိုင်းသည် လေပြည် လေညင်းထဲ၌ မြူးကြွနေသည့် အလံနီတော်ဆီသို့ မျှော်ကြည့်လျက်ရှိ၏။
ထိုအတွင်း တစုံတယောက်သောသူက ပီတိဖြစ်ကာ
“အေး၊ သူတို့တော့သွားကြပြီ၊ ကောင်းတယ်ကွ ကောင်းတယ်” ဟု ဟစ်အော်လိုက်၏။
အခြားသူတယောက်ကမူ သူ၏ ယုတ်မာညစ်ညမ်းလှသည့် စိတ်ဓာတ်ကို မဖုံးမကွယ်နိုင်သဖြင့်...
“အယူသီးတဲ့ မိစ္ဆာဒိဋ္ဌိတွေ” ဟု ပြတင်းပေါက်မှ လက်သီးဆုပ်ကို ယမ်းပြရင်း အော်နေလေ၏။
“အင်း၊ ဘုရင်မင်းတရားကြီးကို၊ ဇာအရှင်မင်းမြတ်ကို တော်လှန်နေတာပေါ့။ အဲဒါ သူပုန်ထတာပဲ” ဟု အခြားသူတယောက်က သံရှည်ဆွဲ၍ အူနေပြန်၏။
အစုလိုက် အဝေးလိုက် ဖြတ်သန်းသွားနေကြသည့် ယောက်ျားများနှင့် မိန်းမများ၏ မျက်နှာတို့သည် မကြည်မလင် ဖြစ်နေကြသည်ကို အမေသည် မြင်၏။ သီချင်းသံကြောင့် တအုပ်ပြီးတအုပ် ပေါ်ထွက်လာသည့် လူအုပ်များသည် မီးတောင်ပေါက်ကွဲရာမှ ပေါ်ထွက်လာ သည့် ချော်ရည်၊ ချော်မြှုပ်တို့နှင့် တူလေ၏။ ဤလူအုပ်ကြီးသည် သူ၏သိပ်သည်းလှသည့် အင်အားဖြင့် သူ့ရှေ့၌ ရပ်တည်နေသည့် မည်သည့်တရားကိုမဆို တွန်းလှန်သွားမည်ဖြစ်၏။ အမေသည် သူ့ရှေ့ အတော် အလှမ်းကွာလျက်ရှိသော အလံနီကို မျှော်မှန်း၍ ကြည့်ရင်း သူ့သား၏ နီကြန့်ကြန့် မျက်ခုံးနှင့် ယုံကြည်မှုဖြင့် တောက်ပြောင်နေသည့် မျက်လုံးများကို မြင်ယောင်နေမိလေ၏။
သူသည် ယခု လူတန်းကြီး၏ နောက်ဆုံး၌ ရောက်နေပြီး သူ့အနားမှ လူအများသည် အေးအေးဆေးဆေး လမ်းလျှောက်နေကြပြီး ဘေးမှ ကြည့်နေကြသူများကိုလည်း အလေးဂရု မပြုကြချေ။ ဘေးမှ ကြည့်နေကြသူတို့သည် နောက်ဆုံး၌ ဤဆန္ဒပြပွဲကြီးသည် မည်ကဲ့သို့ အဆုံးသတ်မည်ကို တင်ကူး၍ သိထားကြ၏။ စကားပြောရာ၌လည်း အဖြစ်မှန်ကို တိတိကျကျ ယုံကြည်စွာ ပြောနေကြလေသည်။
“တပ်ခွဲတခွဲကို ကျောင်းမှာ ချထားပြီး အခြားတပ်ခွဲကို အလုပ်ရုံမှာ ချထားတယ်”
“ဘုရင်ခံလည်း လာနေပြီ”
“တကယ်လားဗျာ့”
“ကျုပ်ကိုယ်တိုင် မြင်ခဲ့တာပါ။ အခုကလေးတင်ပဲ ရောက်လာတယ်”
“နောက်ဆုံးတော့ သူတို့တတွေက ကျုပ်တို့ကို ကြောက်ကုန်ပြီဗျာ့။ ကဲ စဉ်းစားကြည့်စမ်း၊ စစ်သားတွေနဲ့ ဘုရင်ခံဟာ” ဟု တစုံတယောက်သောသူက အကျေနပ်ကြီး ကျေနပ်ကာ ပြောနေလေ၏။
“အား၊ တကယ် စိတ်သဘောထားကောင်းတဲ့ လူတွေပဲ” ဟု အမေက စဉ်းစားမိ၏။
သို့ရာတွင် သူကြားလိုက်သည့်စကားများသည် စိတ်ဓာတ်ကျဖွယ်ရာဖြစ်၏။ ထို့ကြောင့် ဤလူများနှင့် ဝေးသွားအောင် မြန်မြန်သွားလိုက်၏။ ၎င်းတို့သည် ပျင်းရိပျင်းတွဲ လေးလေးကန်ကန် လျှောက်နေကြသဖြင့် ၎င်းတို့ကို လွယ်လင့်တကူ လွန်သွားလေသည်။
ရုတ်တရက် ချက်ချင်း လူတန်းကြီး၏ တပ်ဦးသည် ထိတ်လန့်တုန်လှုပ်စွာ မြည်ဟည်းလျက် နောက်သို့ တန်းလာရာ တစုံတခုနှင့် ထိပ်တိုက်တိုးမိဟန်ရှိ၏။ သီချင်းသံ၌ ကြောက်ရွံ့ တုန်လှုပ်သံ ရောလာလေရာ ချက်ချင်း တာပြန်စူပြီး အသံကျယ်ကျယ်နှင့် ပို၍ သွက်သွက်လက်လက် သီဆိုကြပြန်၏။ တဖန် သီချင်းသံသည် နိမ့်သွားပြန်၏။ ထိုနောက် လူများသည် တယောက်ပြီး တယောက် သီချင်းဆို ရပ်သွားလေ၏။ ထိုအတွင်း သီချင်းကို ယခင်ကကဲ့သို့ ခံ့ညားထည်ဝါသည့်အသံဖြင့် သီဆိုရန် ဟိုကတယောက် ဒီကတယောက် စနေကြပြန်လေရာ၊
“တိုက်ပွဲဝင်ရန် ထကြလေ၊ တို့အလုပ်သမားတွေ ထကြလေ၊ အလုပ်လုပ်ရင်း ငတ်နေကြတဲ့ လူတွေ ထကြလေ” ဟူသော သီချင်းသံသည် ပေါ်လာပြန်သော်လည်း တူညီသောဆန္ဒ၊ ပြင်းပြသည့်စိတ်ဓာတ်နှင့် ခိုင်မာသည့် ညီညွတ်မှုတို့သည် ယခင်ကကဲ့သို့ ပါမလာတော့ချေ။ အသံများထဲ၌ ကြောက်ရွံ့တုန်လှုပ်ခြင်းသည် ရောနှောပါလာလေ၏။
အမေသည် ရှေ့တန်းမှ လူများကိုလည်း မမြင်ရ၊ သူတို့ ဘာဖြစ်နေကြသည်ကိုလည်း မသိသဖြင့် စီတန်း၍ လျှောက်နေကြသည့် သူတို့ကို တိုးကာဖယ်ကာနှင့် ရှေ့သို့ အတင်းတက်လာ၏။ ဤကဲ့သို့ ရှေ့သို့ အတင်းတိုးတက်စဉ် နောက်သို့ ဆုတ်ပြေးလာကြသောသူများနှင့် တိုက်မိ ခိုက်မိကြလေ၏။ ထိုသို့ဆုတ်ပြေးလာကြသူများထဲမှ အချို့သည် မျက်မှောင်ကြုတ်နေကြ၏။ အချို့ကလည်း ဦးခေါင်းများကို အောက်သို့ ငိုက်စိုက် ချထားကြ၏။ အချို့ကလည်း မဲ့ပြုံးပြုံးနေကြ၏။ အချို့ကလည်း သရော်သလိုလို၊ လှောင်သလိုလိုနှင့် လေများပင် ချွန်နေကြ၏။ အမေသည် သူတို့၏ မျက်နှာများကို သေသေချာချာ ကြည့်၏။ ဤသို့ကြည့်ရာ၌ သူ့မျက်နှာတွင် စုံစမ်းသည့်၊ တောင်းပန်သည့် အရိပ်လက္ခဏာတို့သည် ပေါ်လွင်လျက် ရှိလေသည်။
“ရဲဘော်တို့၊ စစ်သားတွေလည်း ကျွန်တော်တို့လို လူတွေပဲ။ သူတို့က ကျွန်တော်တို့ကို လက်ဖျားနဲ့တောင် တို့ကြမှာ မဟုတ်ဘူး။ ဘာပြုလို့ သူတို့က ကျွန်တော်တို့ကို အန္တရာယ် ပေးကြရမှာလဲ။ ကျွန်တော်တို့က လူတိုင်း လူတိုင်း သိထိုက်တဲ့ သစ္စာတရားကို ကြေညာနေ လို့လား။ သူတို့လည်းပဲ ဒီသစ္စာတရားကို ကြားသင့်ကြတာပဲ။ သူတို့ဟာ အခုအထိ ဒီသစ္စာတရား ကို မသိကြသေးဘူး။ မမြင်ကြသေးဘူး။ ဒါပေမဲ့ လူသတ်တဲ့၊ ဓားပြတိုက်တဲ့ အလံအောက်က နေပြီး ကျွန်တော်တို့ကို တိုက်ကြခိုက်ကြမယ့်အစား လွတ်လပ်တဲ့ အလံတော်အောက်မှာ တိုက်ပွဲဝင်နေကြတဲ့ ကျွန်တော်တို့နဲ့အတူပေါင်းပြီး တိုက်ကြမယ့်၊ ခိုက်ကြမယ့်အချိန်ကို ရောက်လာရတော့မှာပါ။ အဲဒီတော့ သူတို့တတွေဟာ အမှန်တရားကို မြန်မြန်မြင်ပြီး သိလာအောင် ကျွန်တော်တို့က ရှေ့ကဆက်ပြီး ချီတက်ကြရလိမ့်မယ်။ ကဲ ရဲဘော်တို့၊ ရှေ့ကိုသာ ချီတက်ကြလော့။ အစဉ်ထာဝရ ရှေ့ကိုသာ ချီတက်ကြလော့” ဟု ပါဗယ်က လှုံ့ဆော်လိုက်၏။
သူ၏အသံသည် ခိုင်မာ၏။ သူပြောလိုက်သည့် စကားများသည် စူးရှလှ၏။ ပြတ်သားလှ၏။ သို့ရာတွင် လူအုပ်ကြီးသည် ကွဲနေပေပြီ။ လူများသည် တယောက်ပြီးတယောက် ဘေးသို့ ဖယ်ထွက်ပြီး အချို့ကလည်း နီးရာ အိမ်များထဲသို့ ဝင်ကုန်ကြ၏။ အချို့ကလည်း ဝင်းထရံများဆီသို့ ပြေးကပ်၍ မှီနေကြ၏။ လူအုပ်ကြီးသည် သပ်ကြီး တခုနှင့်တူပြီး ပါဗယ်သည် သပ်ဖျား ဖြစ်နေ၏။ သူ၏ဦးခေါင်းပေါ်မှ အလုပ်သမားတို့၏ အလံနီတော်ကြီးသည်ကား လေထဲတွင် ဝင့်ဝါလျက်ပင်ရှိသေး၏။ တနည်းအားဖြင့် လူအုပ်ကြီးသည် ပျံပြေးတော့မည့် ဟန်ဖြင့် အတောင်များကို ဖြန့်နေသည့် ငှက်မည်းကြီး သဏ္ဌာန်နှင့်တူနေပြီး ပါဗယ်ကား ထိုငှက်ကြီး၏ နှုတ်သီးသဖွယ် ဖြစ်နေချေပြီတကား။
အခန်း နှစ်ဆယ့်ရှစ်
လမ်းထိပ်၌ အမေသည် စစ်သားများ စီတန်းလျက်နေသည်ကို တွေ့နေလေ၏။ စစ်သားများက ပန်းခြံအဝင်ကို ပိတ်လျက် ရပ်နေကြ၏။ သူတို့သည် အရောင်တောက်ပြောင်လှသည့် လှံစွပ်များကို ထမ်းထားကြ၏။ ဤငြိမ်သက်၍ မလှုပ်မယှက် ရပ်နေကြသည့် စစ်သားကို တွေ့မြင်ကြရသည့်လူများသည် သည်းထိတ်ရင်ဖို ဖြစ်ကုန်ကြ၏။ အမေကိုယ်တိုင်လည်း တုန်လှုပ်ချောက်ချားသွား၏။
သို့ရာတွင် အမေသည် အလံနီတော်ကြီးအနီး၌ စုရုံးနေကြသည့် လူများရှိရာသို့ လူအုပ်ကြီးထဲမှ အတင်းတိုးဝှေ့၍ သွားလေ၏။ အမေနှင့်အတူ အလံတော်ဆီသို့ အတင်း တိုးဝှေ့၍ သွားနေကြ သူများကို အမေသည် မသိချေ။ သို့သော် အမေ ချစ်ခင်နေသည့် အမေ့ ဘက်တော်သားတွေက ဤလူတွေထံမှ အထောက်အကူ လိုနေသည်ကိုမူ သူသိ၏။ သို့တိုးဝှေ့နေရင်း အရပ်ရှည်ရှည် မုတ်ဆိတ်မွေးနှင့် နှုတ်ခမ်းမွေးများကို ပြောင်နေအောင် ရိတ်ထားသည့် မျက်စိတဖက်လပ်နှင့် လူတစ်ယောက်နှင့် တိုးမိရာ ထိုလူက အမေ့အား ဦးခေါင်းတဖက်ကို ငဲ့၍ကြည့်ပြီး
“ခင်ဗျားဘယ်သူလဲ” ဟု မေးလျှင် အမေက
“အဒေါ်က ပါဗယ်အမေပါ” ဟု ပြန်ပြောလိုက်၏။ သူ၏ဒူးများသည် တုန်နေလေသည်။ ထိုအခါ မျက်စိတဖက်လပ်နှင့် လူက “အိုး” ဟုဆိုကာ အံ့အားသင့်သွားလေသည်။ ထိုအတွင်း ပါဗယ်က
“ရဲဘော်တို့၊ ကျွန်တော်တို့တတွေဟာ တသက်လုံး ရှေ့ကို အတင်းတက်နေကြရမှာပဲ။ ကျွန်တော်တို့မှာ ရှေ့ကို တက်ဖို့မှအပ အခြား ဘယ်လမ်းကြောင်းကိုမှ လိုက်စရာမရှိဘူး” ဟု ပြောလေ၏။
လူများသည် ငြိမ်သက်၍ တစုံတခုကို မျှော်လင့်တောင့်တနေကြ၏။ ပါဗယ်သည် အလံတော်ကို မြှင့်လိုက်၏။ အလံတော်သည် တစက္ကန့်မျှ လေထဲ၌ လွင့်နေပြီး စစ်သားများ စီတန်း၍ ရပ်နေကြသည့် နေရာသို့ ယူဆောင်သွားသည့်အခါ လူတွေ၏ ဦးခေါင်းများပေါ်၌ ပျံဝဲနေလေ၏။ အမေသည် တုန်လှုပ်နေပြီး မျက်စိများကို အတင်းမှိတ်ထားလေ၏။ ပါဗယ်၊ ယူကရိန်းသား၊ ဆမွိုင်းလော့နှင့် ဖီယိုဒိုတို့သည် လူအုပ်ကြီး၏ ရှေ့မှ ချီတက်ကြလေသည်။ လေထုထဲမှ ဖီယိုဒို၏ ကြည်လင်ပြတ်သားသည့်...
“ရဲဘော်တို့ ကျဆုံးပြီ၊ မြင့်မြတ်စွာ စွန့်စားသည်” ဟူသော အသံသည် ပေါ်ထွက်လာရာ လူအများက လေသံနိမ့်နိမ့်ဖြင့်...
“ဒီမတရားတဲ့ တိုက်ပွဲမှာ” ဟူ၍ ပြန်ဆိုကြ၏။ သူတို့လေးဦးသည် စည်းဝါးကျကျ ခြေများကို လှမ်း၍ ရှေ့သို့ ချီတက်ကြပြန်ရင်း
တဖန် ဖီယိုဒိုက... “ရဲဘော်တို့ ရှိသမျှကို အကုန်စွန့်ကြသည်” ဆိုလိုက်ပြန်သည်တွင် သူ၏ ရဲဘော်များက
“လွတ်လပ်ရေးအတွက် မျှော်မှန်းရည်” ဟူ၍ သံပြိုင်ဆိုလိုက်ကြပြန်၏။ ထိုအတွင်း တစုံတယောက်သောသူက…
“ဟား ဟား၊ ခွေးမသားတွေကတော့ ဧယင်ကျူးနေကြတယ်ပေါ့ကွာ” ဟု ဆိုလိုက်ရာ၊ လူအုပ်ထဲမှ တယောက်က ဒေါသတကြီးနှင့် “ချလိုက်ကြစမ်းကွာ ဒီအကောင်”
ဟု ဆိုလေ၏။ အမေသည် သူ့ရင်ဘတ်ကို လက်နှင့်အုပ်လျက် ဘေးပတ်ဝန်းကျင်ကို လှည့်၍ ကြည့်နေ၏။ တလမ်းလုံး လျှံနေအောင် စုဝေးလျက်ရှိသည့် လူအုပ်ကြီးသည် ပါဗယ်တို့လေးဦး ရှေ့ဆုံးမှ ချီတက်နေကြသည်ကို ကြည့်ရင်း တွေဝေနေကြသည်ကို အမေသည် မြင်နေလေ၏။
လူအနည်းငယ်သာလျှင် သူတို့လေးယောက်နောက်သို့ လိုက်ကြ၏။ ထိုလူနည်းစုထဲမှပင် တယောက်ပြီးတယောက် တဖြည်းဖြည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ပျောက်ကုန်ကြ၏။ သူတို့သည် စစ်တပ်နှင့် ရင်ဆိုင်ရမည့်အရေးကို သိမြင်နေကြရာ ရိုးရိုး လမ်းမပေါ်၌ လျှောက်ရသည် မဟုတ်ဘဲ မီးကျီးခဲများပေါ်တွင် လျှောက်နေကြရသကဲ့သို့ ဖြစ်နေကြလေသည်။ တဖန် ဖီယိုဒိုက...
“အကြမ်းဖက်မှု အဆုံးသတ်ရမည်” ဆိုလိုက်ရာ -
“ပြည်သူလူထုက ထတော့မည်” ဟူသော တခဲနက် အော်လိုက်သည့် သံပြိုင်သည် ပေါ်လာလေ၏။
သို့ရာတွင် ဤကဲ့သို့ သီချင်းဆိုရင်းပင် တထိတ်ထိတ်နှင့် တီးတိုးတီးတိုးပြောနေကြ၏။
“သူတို့က အမိန့်ပေးတော့မယ်”
ဟုတ်သည် သူတို့ရှေ့မှ...
“သေနတ်တွေကို နှိမ့်လိုက်” ဟူသော စူးရှသောအသံ တသံသည် ပေါ်ထွက်လာလေ၏။
“ရှေ့သို့ချီတက်” ဟူသော အမိန့်သံနှင့်အတူ စစ်သားများသည် လှံစွပ်များကို နှိမ့်ကာ အလံနီတော်ဆီသို့ ချီတက်လာကြလေ၏။
“ဟေး၊ သူတို့တတွေ လာနေကြပြီ” ဟု မျက်စိတဖက်လပ်နှင့်လူက သူ၏ အင်္ကျီအိတ်များထဲ၌ နှိုက်ရင်း ဘေးသို့ ဖယ်ထွက်ကာ ပြောလေ၏။
အမေသည် ဤအခြင်းအရာတို့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလေ၏။ စစ်သားများသည် တလမ်းလုံးအပြည့် တပ်ဖြန့်ကာ ချီတက်လာကြရာ သူတို့၏ လှံစွပ်များသည် ငွေရောင် တောက်လျက်ရှိလေ၏။ အမေသည် ခြေလှမ်း လေးငါးလှမ်းမျှနှင့်ပင် သူ့သားအနီးသို့ ရောက်လာပြီး ယူကရိန်းသားက ပါဗယ်ကို သူ၏မြင့်မား တောင့်တင်းလှသည့် ခန္ဓာကိုယ်နှင့် ကွယ်ထားရန် ပါဗယ်ရှေ့သို့ တက်လာသည်ကို မြင်နေလေ၏။
“ရဲဘော်၊ ခင်ဗျားနေရာ ခင်ဗျားပြန်လေ” ဟု ပါဗယ်က ခပ်ပြတ်ပြတ် ပြောလိုက်၏။ ယူကရိန်းသားသည် ဦးခေါင်းကို နောက်သို့မော်၍ လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ သီချင်းဆိုရင်း ချီတက်နေ၏။ ပါဗယ်က သူ့ကို ဘေးသို့ ပခုံးနှင့်တွန်း၍… “နောက်ဆုတ်ပါ၊ ခင်ဗျားမှာ ဒီလိုလုပ်ဖို့ ဘာအခွင့်အရေးမှ မရှိဘူး။ အလံတော်က ရှေ့က သွားရမှာဗျာ” ဟု နောက်ထပ်တဖန် အော်လိုက်ပြန်၏။ ထိုအတွင်း ပုညှက်ညှက် စစ်ဗိုလ်တယောက်က သူ၏ဓားရှည်ကို လေထဲ၌ ဝင့် လိုက်ပြီး...
“ဒီလူအုပ်ကြီးကို ခွဲလိုက်” ဟု အမိန့်ပေးလေသည်။ သူသည် ဒူးကိုမကွေးဘဲ ခြေထောက်များကို ဆန့်ကာ ချီတက်၍ မြေကြီးကို သူ့ဖိနပ်ခွာများနှင့် နာနာဆောင့်၍ ချလျက်ရှိ၏။ သူ၏ ပြောင်လက်နေသည့် ဖိနပ်များကို အမေသည် သတိပြုမိ၏။
ဆံပင်တိုတိုညှပ်ထားသည့် အရပ်ရှည်ရှည်လူတယောက်သည် ထိုစစ်ဗိုလ်၏ ဘေးကျကျ နောက်မှ လျှောက်လာ၏။ သူ၏ နှုတ်ခမ်းမွေးများသည် ဖြူရော်ရော် ဖြစ်နေချေပြီ။ သူသည် အတွင်းခံအနီနှင့် ဖြူမွဲမွဲ ဝတ်လုံအင်္ကျီရှည်ကြီးကို ဝတ်ထား၏။ သူ့ဘောင်းဘီဘေး၌ အောက်ဖျားထိ အဝါရောင် အစင်းကြီးကို ကွပ်ထား၏။ ယူကရိန်းသားကဲ့သို့ပင် သူသည် လက်များကို နောက်သို့ပစ်ထား၏။ မျက်ခုံးမွေးထူထူနှင့် မျက်ခုံးကိုပင့်ကာ သူသည် ပါဗယ်ကို စိုက်ကြည့်နေလေသည်။
အမေသည် သူ့ရှေ့မှောက်၌ ရောက်နေသမျှကို ကြည့်မနေနိုင်၊ ရင်ပွင့်သွားအောင် ဟစ်၍ ငိုလိုက်ချင်၏။ သို့ရာတွင် မငိုမိအောင် စိတ်ကို တအား ချုပ်တည်းထား၏။ လူများက သူ့ကိုတွန်းနေကြရာ သူသည် ဘာမှစဉ်းစားမနေနိုင်ဘဲ ရှေ့သို့ချီတက်ရင်း ယိမ်းယိုင်လျက်ရှိ၏။ ရှေ့မှ စစ်တပ်နှင့် နီးလာလေ၊ သူ့နောက်မှလူများ လျော့လျော့သွားလေမှန်း သူသိ၏။
အလံတော်နောက်မှ လိုက်လာသည့်လူအုပ်နှင့် ရှေ့မှချီတက်လာသည့် စစ်တပ်သည် နီးသည်ထက် နီးနီးလာ၏။ အမေသည် သူ့ရှေ့မှ ပုံပျက်ပန်းပျက် ရှုံ့မဲ့နေကြသည့် စစ်သားတို့၏ မျက်နှာကို ကောင်းကောင်း မြင်နေချေပြီ။ စစ်သားများသည် ချီတက်လာသူများ၏ ရင်ဘက်ကို လှံစွပ်များနှင့် ချိန်၍ တက်လာကြပြီး ထိုလှံစွပ်များနှင့် မထိုးမနုတ်ဘဲ အတင်း လှံစွပ်ဖြင့် ဖယ်လိုက် ရှားလိုက်နှင့် လူအုပ်ကို ခွဲနေကြလေသည်။ အမေသည် သူ့နောက်မှလူများ ပြေးကြလွှားကြသံနှင့် တုန်တုန်ယင်ယင် အော်ဟစ်နေကြသော...
“လူစုခွဲကြ ကိုယ့်လူတို့”
“ပြေး ပြေး ပါဗယ်”
“နောက်ဆုတ် ပါဗယ်” ဟူသော အသံတို့ကို ကြားရ၏။
“အလံကို ချလိုက်တော့ ပါဗယ်။ ပေး ပေး၊ ငါ့ကိုပေး ငါဝှက်ထားမယ်” ဟူ၍ အော်နေသည့် နစ်ကိုလိုင်၏ အသံကိုလည်း ကြားရ၏။
နစ်ကိုလိုင်သည် အလံတော်ရိုးကို ဆွဲယူလိုက်ရာ အလံနီတော်သည် နောက်သို့ ယိုင်သွားလေ၏။ ပါဗယ်က၊
“လွှတ်လိုက်ပါ” ဟု အော်လိုက်၏။ နစ်ကိုလိုင်သည် မီးခဲကို ကိုင်မိသကဲ့သို့ အလံရိုးမှ လက်ကို ချက်ချင်း ရုပ်လိုက်၏။ သီချင်းသံသည် ငြိမ်သွား၏။ လူများသည် ရှေ့ဆက် မချီတက်တော့ဘဲ ရပ်ကာ ပါဗယ်၏ ဘေးပတ်လည်၌ ဝိုင်း၍ ရပ်နေကြလေ၏။ သို့ရာတွင် ပါဗယ်သည် ရှေ့သို့ အတင်းတိုးထွက်လေ၏။ ရုတ်တရက် ချက်ချင်း မမျှော်လင့်ဘဲ အားလုံး ဘာသံမျှမကြားဘဲ ဆိတ်ငြိမ်သွားလေ၏။
လူနှစ်ဆယ်သည် အလံတော်ကို ဝိုင်းကြည့်နေကြ၏။ သူတို့သည် နောက်သို့ မဆုတ်ဘဲ ကြံ့ကြံ့ခံလျက်ရှိ၏။ အမေသည် စိုးရိမ်သောကလည်းမကင်း၊ တစုံတခုကို ပြောပြလိုသည့် ဆန္ဒကလည်း ရှိနေသဖြင့် သူ့ဆီသို့ သွားလေ၏။
စစ်ဗိုလ်ကလေးသည် ပါဗယ်ဆီသို့ပြေးပြီး အလံတော်ကို အတင်းဆွဲကာ “လွှတ်လိုက်” ဟု အော်လေ၏။ ပါဗယ်က၊
“ခင်ဗျားလက်တွေကို လွှတ်လိုက်ပါ” ဟု ကျယ်လောင်စွာ ပြောလိုက်၏။
စစ်ဗိုလ်ကလေးနှင့် ပါဗယ်တို့သည် အလံတော်ကို လုနေကြရာ အလံသည် ညာဘက် ယိမ်းလိုက်၊ ဘယ်ဘက် ယိမ်းလိုက်နှင့် ဖြစ်နေလေ၏။ ထိုနောက် အလံတော်သည် မတ်မတ်ရပ်နေ၏။
အရပ်ရှည်ရှည်၊ အသက်ကြီးကြီးလူကြီးက အလံတော်ကို လက်ညှိုးထိုးပြီး “သူ့ဆီက ဟိုဟာကို ယူပစ်လိုက်ပါ ဗိုလ်လေး” စစ်ဗိုလ်အား ပြောလေ၏။ စစ်ဗိုလ်ကလေးသည် နောက်သို့ခုန်လိုက်ရာ လဲသွား၏။ နစ်ကိုလိုင်သည် အမေ့ကိုကျော်ကာ လက်သီးကိုယမ်းလျက် ရှေ့ကို အတင်း တိုးသွားလေ၏။
အသက်အရွယ်ကြီးကြီး လူကြီးက ခြေထောက်ကိုဆောင့်ပြီး “သူတို့ကို ဖမ်းလိုက်” ဟု အမိန့်ပေးလိုက်၏။
စစ်သားအမြောက်အမြားသည် ရှေ့သို့ ပြေးသွားကြ၏။ စစ်သားတယောက်က သူ၏ သေနတ်ဒင်ကို ယမ်းလိုက်၏။ အလံတော်သည် တုန်လှုပ်သွားပြီး ရှေ့သို့ လဲကျသွားကာ စစ်သားများကြား၌ ပျောက်ကွယ်သွားလေသည်။
“အလို ဘုရားရေ” ဟု တစုံတယောက်သောသူက အော်လိုက်၏။ အမေသည် ဒဏ်ရာရထားသည့် သားကောင်ပမာ လမ်းလျှောက်နေလေ၏။ ထို ဘုရားတ,လိုက်သည့် အသံကိုပါ ပါဗယ်က စစ်သားတွေအကြားမှ “သွားပြီ အမေ၊ သွားပြီ။ သားအချစ်ဆုံးအမေ” ဟု လှမ်း၍ ပြောလိုက်၏။ အမေသည် သူ့သား၏ အသံကိုကြားလျှင်၊
“အင်း၊ ငါ့သား မသေဘူးဟဲ့။ သူ ငါ့ကို သတိရနေတာပဲ” ဟူသော အသိနှစ်သိသည် သူ့ခေါင်းထဲသို့ ရုတ်ခြည်းဝင်လာ၏။ တဖန် ပါဗယ်က၊ “သွားပြီ အမေ” ဟု နှုတ်ဆက်လိုက်၏။
အမေသည် သူတို့ကို မြင်ရအောင် ခြေဖျားထောက်၍ ကြည့်၏။ စစ်သားတွေ ခေါင်းပေါ်မှ ယူကရိန်းသား၏ မျက်နှာကို မြင်လိုက်၏။ သူက ပြုံး၍ အမေ့အား ဦးညွှတ်နေလေသည်။
“အာ၊ ငါ့သားတွေ။ အင်ဒရေယူရှာတို့၊ ပါဗယ်တို့” ဟု အမေက အော်လိုက်၏။
“ကျွန်တော်တို့သွားပြီ အမေရဲ့” ဟု စစ်သားတွေအကြားမှ သူတို့က လှမ်း၍အော်လိုက်လေသည်။
ပြတင်းပေါက်များ၊ အိမ်အပေါ်ထပ်များနှင့် အိမ်ခေါင်မိုးများပေါ်မှ လူအများအပြားက သူတို့နှစ်ယောက်အား ပြန်၍ နှုတ်ဆက်နေကြလေသတည်း။
အခန်း နှစ်ဆယ့်ကိုး
တစုံတယောက်သောသူက အမေ၏ရင်ဘတ်ကို ရုတ်တရက် ရိုက်လိုက်၏။ သူ့ရှေ့၌ ရပ်နေသည့် မျက်နှာနီနီနှင့် စစ်ဗိုလ်ကို အမေသည် ပိုးတဝါးမြင်နေ၏။ စစ်ဗိုလ်က အမေ့အား
“ဒီမိန်းမကြီး၊ သွားစမ်း မြန်မြန်” ဟု အော်လိုက်၏။
အမေသည် ထိုစစ်ဗိုလ်အား ခြေဆုံးခေါင်းဆုံး ကြည့်လိုက်၏။ သူ၏ခြေရင်း၌ အလံသည် ထက်ပိုင်း ကျိုးနေပြီး တပိုင်း၏ထိပ်၌ အဝတ်နီတစ ချည်ထားလျက်ပင် ရှိသေး၏။ အမေသည် ကုန်း၍ အလံရိုးတပိုင်းကို ကောက်လိုက်၏။ စစ်ဗိုလ်သည် သူ့လက်ထဲမှ အလံရိုးကို အတင်းဆွဲယူပြီး သူ့ကို ဘေးသို့ တွန်းပစ်လိုက်၏။
“ခင်ဗျား သွားပါ၊ ကျုပ်ပြောနေတာ မကြားဘူးလား” ဟု ခြေထောက်ကို ဆောင့်နင်း၍ အော်လိုက်၏။
စစ်သားများ ဝိုင်းထားသည့်အထဲမှပင် အလုပ်သမားများက၊ “တိုက်ပွဲဝင်ရန် ထကြလေ၊ တို့အလုပ်သမားတွေ၊ အို အလုပ်သမားတွေ ထကြလေ” ဟု ဆိုလိုက်ကြပြန်၏။ ပတ်ဝန်းကျင်တခုလုံးသည် တုန်လှုပ်လျက်ရှိ၏။ ပေါ်ထွက်လာသည့် အသံကလည်း ကြေးနန်းကြိုးများကို ဆွဲခါလိုက်သကဲ့သို့ အမင်္ဂလာအသံ ဖြစ်နေ၏။ စစ်ဗိုလ်သည် အတင်းပြေးကာ...
“ဟေ့၊ သီချင်းမဆိုနဲ့” ဟု ဒေါသတကြီးနှင့် အော်လိုက်ပြီး “ဆာဂျင်မေဂျာ ကရေးနော့” ဟု လှမ်း၍ ခေါ်လိုက်၏။
အမေသည် ယိုင်တီးယိုင်တိုင်နှင့် စစ်ဗိုလ် အလံရိုးကို ချပစ်လိုက်သည့်နေရာသို့ သွား၍ ထိုအလံရိုးကို ကောက်လိုက်၏။
“သူတို့ကို စကားမပြောစေနဲ့” ဟု စစ်ဗိုလ်က အမိန့်ပေးလိုက်၏။
သီချင်းသံသည် အနိုင်နိုင်ထွက်လာ၏။ တုန်နေ၏။ တဖန် ငြိမ်သွားပြန်၏။ တစုံတယောက်သော သူက အမေ့ပခုံးကိုကိုင်ပြီး အတင်းလှည့်လိုက်ကာ အတင်းတွန်းလိုက်၏။ ထိုနောက်
“သွားသွား၊ မြန်မြန်သွား” ဟု ဆို၏။ စစ်ဗိုလ်က
“လမ်းပေါ်မှာ မနေကြနဲ့” ဟု အော်လိုက်၏။
အမေသည် သူ့ရှေ့ မလှမ်းမကမ်း၌ တခြားလူအုပ်တအုပ်ကို မြင်လေ၏။ ထိုလူအုပ်သည် တဖြည်းဖြည်း နောက်သို့ဆုတ်ရင်း အော်လိုက်၊ ကျိန်လိုက်၊ သီချင်းဆိုလိုက် လုပ်နေ၏။ ထိုနောက် မကြာမီ လူများသည် အိမ်ဝိုင်းများအတွင်းသို့ဝင်၍ ကွယ်ပျောက်သွားကြလေသည်။
“သွားပါ သူရဲမကြီး” ဟု ခပ်ငယ်ငယ် စစ်သားတယောက်က အမေ့နားနား၌ အော်၍ အမေ့ကို လမ်းဘေးသို့ တွန်းပစ်လိုက်၏။
အမေသည် အားအင်ကုန်ခန်းလျက်ရှိရာ အလံရိုးတပိုင်းကိုမှီ၍ လျှောက်နေ၏။ သူ့ကိုယ်သူ လဲမသွားအောင် ရှိသမျှအားအင်နှင့် အိမ်နံရံများနှင့် ဝင်းထရံတို့ကို လက်နှင့် ကိုင်လျက် ထိန်းနေလေ၏။ လူများသည် သူ့အနီးမှ ဆုတ်ခွာလျက်ရှိကြ၏။ သူ၏နောက်နှင့် ဘေး၌ စစ်သားများသည်
“သွားကြစမ်း၊ သွားကြစမ်း” ဟု အော်ရင်း လမ်းလျှောက်နေကြ၏။
အမေသည် သူတို့ကို လမ်းဖယ်ပေးလိုက်၏။ ထိုနောက်ရပ်၍ ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်၏။ လမ်းထိပ်၌ ခြံကြီးအဝင်ဝကို ပိတ်ဆို့ထားကြသည့် စစ်သားများကို မြင်ရ၏။ သို့ရာတွင် ခြံကြီးထဲ၌ လူတယောက်မျှ မရှိချေ။ သူ့ရှေ့မှ စစ်သားများသည် လူတွေကို နောက်သို့ အတင်း တွန်းလှန်နေကြလေသည်။
အမေသည် နောက်သို့ ဆုတ်ချင်၏။ သို့ရာတွင် အမှတ်မထင် ရှေ့သို့ဆက်၍ သွားနေလေရာ နောက်ဆုံး လူတဦးတယောက်မျှမရှိသည့် လမ်းမြှောင် လမ်းကျဉ်းကလေးတခုသို့ ရောက်လေလျှင် ထိုလမ်းမြှောင်ထဲသို့ ဝင်သွားလေ၏။
တဖန် အမေသည် ရပ်လိုက်ပြန်၏။ သက်ပြင်းကြီးတချက် ချကာ နားထောင်လိုက်၏။ ရှေ့တနေရာမှ လူအုပ်ကြီး၏ မပီမသသည့် အုတ်အုတ်ကျက်ကျက် အသံကို ကြားနေရ၏။ အလံရိုးကို တအားမှီပြီး အမေသည် တဖန်ဆက်၍ သွားပြန်၏။ ယခု သူ့တကိုယ်လုံး ချွေးများ စိုနေပြီး သူ၏ မျက်ခုံးများနှင့် နှုတ်ခမ်းသည် တုန်နေကြ၏။ သူ၏စိတ်ထဲ၌ တလုံးနှင့်တလုံး အဆက်အစပ်မရှိဘဲ လျှပ်ပန်းလက်သကဲ့သို့ စကားလုံးများသည်ပေါ်လာလျှင် အမေသည် သူ၏လက်များကို ဝှေ့ကာယမ်းကာနှင့် စကားပြောဟန် လုပ်နေလေ၏။ အမေသည် သူ့ဝမ်းထဲ၌ ပေါ်လာသည့်စကားကို အော်ဟစ်၍ ပြောလိုက်လေ၏။
ထိုအတွင်း အမေသည် လျှောက်လာသည့် လမ်းမြှောင်ကလေးမှ ရုတ်တရက် ဘယ်ဘက်သို့ ချိုးဝင်လိုက်ရာ လူစုကြီးတစုကို လှမ်း၍ မြင်လိုက်လေ၏။
“ညီတော် နောင်တော်တို့၊ ခင်ဗျားတို့ဟာ အပျော်သဘောသက်သက်နဲ့တော့ ကိုယ့်ကိုယ်ကို လှံစွပ်စာ မကျွေးချင်ကြပါနဲ့” ဟု တစုံတယောက်သောသူက အသံကျယ်ကျယ် ပြောလိုက်၏။
“ဒီလိုဟာမျိုး ခင်ဗျားတို့ မြင်ဖူးကြရဲ့လား။ လှံစွပ်တွေနဲ့ ချိန်ပြီး စစ်သားတွေက သူတို့ဆီကို လာနေကြတာတောင် သူတို့က ကြံ့ကြံ့ခိုင်ခိုင် ခံနေကြတာကို ကြည့်ကြပါဦးလေ။ သူတို့ဟာ ကျောက်တိုင်၊ ကျောက်တုံးလို မကြောက်မလန့် ရပ်နေကြတာကော”
“အဲဒါ ပါဗယ်ပေါ့ဗျာ”
“ယူကရိန်းသားကလည်းပဲ”
“လက်တွေကို နောက်ပစ်ထားပြီး အမြဲပြုံးနေလိုက်တာ တကယ်ကို ကြောက်မွေးပါ ဇာဂနာနဲ့ နုတ်ပစ်မယ် ဆိုတဲ့လူပဲ”
“နည်းနည်းမှမကြောက်တတ်ဘူး” ဟု အော်ကာ အမေသည် ထိုလူစုအလယ်ကောင်သို့ အတင်းဝင်သွားလေ၏။ သူတို့က အမေ့ကို လေးလေးစားစားနှင့် လမ်းဖယ်ပေးကြ၏။ တစုံတယောက်သောသူက ရယ်လျက်
“ကြည့်စမ်း အမေ့မှာ အလံရလာပြီ။ အမေ့လက်ထဲမှာ အလံနဲ့” ဟု အော်လိုက်လေ၏။
ထိုအတွင်း တင်းမာသည့် အသံတသံက “စကားမများနဲ့” ဟု လှမ်းအော်လိုက်၏။
အမေသည် သူ၏လက်များကို ဆန့်တန်းလိုက်၏။ ထိုနောက် “နားထောင်ကြစမ်းပါ၊ ဘုရားသခင် အလိုတော်အရ ပြောပါရစေ။ တော်တို့တတွေ အားလုံးဟာ လူကောင်းတွေပါ။ ကျုပ်ရဲ့ ချစ်ခင်ရင်းနှီးတဲ့လူတွေပါ။ တော်တို့ အားလုံးဟာ အခုဖြစ်ပျက်သမျှဟာတွေကို ကြည့်ပြီး မကြောက်ကြ၊ မလန့်ကြပါနဲ့။ ကျုပ်တို့တတွေရဲ့ သားသမီးတွေ၊ ကျုပ်တို့ရဲ့ ရင်သွေးရင်နှစ် တွေဟာ ကျုပ်တို့တတွေ အားလုံး တရားမျှတရရှိရေးအတွက် တိုက်ပွဲဝင်ကုန်ကြပါပြီ။ ဒီလက်ဝါးကပ်တိုင် (အလံတော်နီကို ဆိုလိုပါသည်) ကို တော်တို့အားလုံးအတွက်နဲ့ တော်တို့ရဲ့ မမွေးသေးတဲ့ ကလေးတွေအတွက်ပါ ကိုင်စွဲခဲ့ကြပြီ။ သူတို့လိုချင်တာက ဒီလိုဘဝ မဟုတ်ဘူး။ သစ္စာတရားနဲ့ အဲဒီသစ္စာတရား ကြီးစိုးမယ့်ဘဝမျိုး ဖြစ်ပါတယ်။ သူတို့လိုချင်တာက လူသားတွေ အားလုံးအတွက် မွန်မြတ်တဲ့တရား ဖြစ်ပါတယ်” ဟု ပြောလေ၏။
အမေ၏ အသည်းနှလုံးသည် ပွင့်သွားလုမတတ် ဖြစ်နေ၏။ လည်ချောင်းသည် ပွ၍ ခြောက်သွေ့နေ၏။ သူ၏ အသည်းနှလုံးထဲ၌ ဧရာမစကားလုံးကြီးများသည် ပေါ်ထွက်လာ၏။ လူသားအားလုံးကို မေတ္တာဓာတ်နှင့် လွှမ်းထားသည့် ဤစကားများကြောင့် ပင် အမေသည် စကားကို သွက်သွက်လည်းပြောနိုင်၏။ သူတပါး၏ ဦးနှောက်ထဲသို့ ရိုက်သွင်းလိုက်သကဲ့သို့ လည်း ပြောနိုင်သည်။
လူတိုင်းက သူ့စကားများကို ငြိမ်သက်စွာ နားထောင်နေသည်ကို အမေသိ၏။ သူတို့တတွေ စဉ်းစားနေကြသည်ကိုလည်း အမေသိ၏။ ပါဗယ်နှင့် ယူကရိန်းသားတို့၏ နောက်သို့ လည်းကောင်း၊ စစ်သားတွေက ဖမ်းချင်သလိုဖမ်း၊ ခေါ်ချင်သည့်နေရာသို့ ခေါ်ဆောင်သွားကြ သည့် လူများအားလုံး၏ နောက်သို့လည်းကောင်း၊ ကိုယ့်ထိုက်နှင့် ကိုယ့်ကံ ကုန်း၍သာ ခံကြပေတော့ဟူသောသဘောဖြင့် လျစ်လျူရှုခြင်းကို ခံနေကြရသည့် လူအားလုံး၏ နောက်သို့ လည်းကောင်း ထိုလူအုပ်ကြီးကို အမေက လိုက်စေလို၏။ ဤဆန္ဒကို အမေသည် ယခု ကောင်းကောင်းကြီး သိမြင်လာခဲ့လေပြီ။
သူသည် သူ့ပတ်ဝန်းကျင်ရှိ မျက်မှောင်ကြုတ်၍ အာရုံစူးစိုက်နေကြသည့် မျက်နှာများကို ကြည့်ကာ သိမ်မွေ့ နူးညံ့စွာ
“ကျုပ်တို့ရဲ့ကလေးတွေက ပျော်ရွှင်မှုကို ရှာဖွေဖို့ တိုက်ပွဲဝင်ကြပြီ။ သူတို့ ဒီလို တိုက်ပွဲဝင်ကြ တာဟာ ကျုပ်တို့တတွေ အားလုံးအတွက်ဖြစ်ပါတယ်။ ခရစ်တော်ရဲ့သစ္စာတရားအတွက် ဖြစ်ပါတယ်။ သူတို့တတွေဟာ လူဆိုးတွေ၊ သစ္စာမဲ့တဲ့လူတွေ၊ လောဘရမ္မက်ကြီးတဲ့သူတွေ။ အဲဒီလူတွေက ကျုပ်တို့ကို တုပ်နှောင်ထားတဲ့၊ ကျုပ်တို့ ပါးစပ်တွေကို ပိတ်ထားတဲ့၊ ကျုပ်တို့တတွေကို ဖိနှိပ်ညှဉ်းပန်းနေတဲ့ တရားတွေကို တိုက်ဖျက်ဖို့ ထွက်သွားကုန်ကြပြီ။ အို… ချစ်ဆွေတို့၊ ကျုပ်တို့တတွေ အားလုံးအတွက် ကမ္ဘာတဝန်းလုံးအတွက်၊ လုပ်သားပြည်သူတွေ အတွက် ထကုန်ကြပြီ၊ လှုပ်ရှားကုန်ကြပြီ၊ သူတို့ကို လျစ်လျူမရှုကြပါနဲ့။ သူတို့ကို ပစ်မထားကြ ပါနဲ့၊ မိတ်ဆွေတို့ရဲ့ သားသမီးတွေကို သူတို့ချည်း မချီတက်ကြပါစေနဲ့၊ တော်တို့ကိုယ်တိုင် စဉ်းစားကြည့်ကြစမ်းပါဦး။ သစ္စာတရားကို အတိအလင်း ကြေညာထားကြတဲ့၊ သစ္စာတရား အတွက် ဒုက္ခဆင်းရဲတွေကို ခံနေကြတဲ့ တော်တို့ရဲ့ သားသမီးတွေရဲ့စိတ်ဓာတ်ဟာ ဘယ်လောက် မွန်မြတ်သန့်ရှင်းတယ်ဆိုတာကို ယုံကြည်ကြစမ်းပါ။ တကယ့်ကို ယုံကြည်ကြစမ်းပါ”ဟု တဖန် ပြောပြန်လေ၏။
အမေသည် နောက်ထပ် အသံမထွက်တော့။ သူ၏ခန္ဓာကိုယ်သည် ယိမ်းယိုင်သွားပြီး မျောသွားတော့မတတ် ဖြစ်နေ၏။ ထိုကြောင့် တစုံတယောက်သောသူက သူ့ကို ဖမ်း၍ ထိန်းထားလိုက်၏။
တစုံတယောက်သောသူက တုန်ယင်သော အသံဖြင့်
“သူပြောနေတာဟာ ဘုရားသခင်ကိုယ်တော်မြတ်ရဲ့ သစ္စာတရားဖြစ်တယ်။ ဘုရားသခင် ကိုယ်တော်မြတ်ရဲ့ သစ္စာတရားကို သူတော်ကောင်းများက နားထောင်ကြပါ” ဟု ပြောလေ၏။
တဖန် အခြားသူတယောက်က
“သူ့ကိုယ်သူ ဘယ်လို နှိပ်စက်ညှဉ်းပန်းနေတယ်ဆိုတာကို ကြည့်ကြစမ်းပါ” ဟု ကရုဏာနှင့် ဝင်၍ပြောလိုက်ပြန်၏။
“သူက သူ့ကိုယ်သူ နှိပ်စက်ညှဉ်းပန်းနေတာ မဟုတ်ဘူးဗျာ့၊ သူက ကျုပ်တို့ လူအ လူမိုက်တွေကို နှံနေတာဗျာ့” ဟု တယောက်က ရှင်းပြပြန်၏။
ထိုအတွင်း မိန်းမကြီးတယောက်က တုန်ယင် ကျယ်လောင်သော အသံဖြင့်
“ဘုရားသခင်ကိုယ်တော်မြတ်ကို အမှန်တကယ် ယုံကြည်သူများကို ကျုပ်တခု ပြောပါရစေ။ ကျုပ်ရဲ့သား မစ် (တ်) ယာဟာ သန့်ရှင်းစင်ကြယ်တဲ့ စိတ်ထားရှိပါတယ်။ မကောင်းတာကို သူဘာများလုပ်ခဲ့လို့တုံး။ ကြည့်ကြစမ်းပါဦး။ သူဟာ သူ့ရဲဘော်တွေနောက်ကို လိုက်တာပဲ ရှိတယ်။ သူက အဲဒီ သူ့ရဲဘော်တွေကို ချစ်တယ်။ အခုနက အမေ ပြောလိုက်တဲ့စကားတွေဟာ မှန်တာချည်းပဲ။ ကျုပ်တို့က ကျုပ်တို့သားတွေ၊ သမီးတွေကို ဘာပြုလို့ ဒီလိုဒုက္ခဆင်းရဲတွေထဲမှာ ဖြစ်ချင်တာဖြစ်ဆိုပြီး ထားခဲ့ကြရမှာလဲ။ သူတို့ဟာ မတရားတာ၊ မမှန်တာကို ဘာများ လုပ်ခဲ့ကြလို့လဲ” ဟု ဝင်၍ပြောလိုက်၏။
အမေသည် သူ တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည့်စကားများကို ကြား၏။ ထိုနောက် ကျိတ်၍ ငိုနေ၏။
တဖန် ဆီးဇော့က
“ကဲ အမေ၊ အိမ်ပြန်ပါတော့။ ပြန်ပါ အမေ၊ အမေက ပင်ပန်းလှပါပြီ” ဟု ပြောလေ၏။ ဆီးေဇာ့၏ မျက်နှာသည် ဖြူရော်ရော် ဖြစ်နေ၏။ သူ၏ မုတ်ဆိတ်မွေးများသည် ရှုပ်ထွေးနေ၏။ သူသည် ရုတ်တရက် ကိုယ်ကိုဆန့်၍ ပတ်ဝန်းကျင်ကို ခက်ထန်စွာ လှည့်ကြည့်လိုက်၏။ ထိုနောက် အလွန်တည်ငြိမ်စွာ၊
“ကျုပ်သား မက်(တ်)ဗေ အလုပ်ရုံမှာ အသတ်ခံလိုက်ရတာကို ခင်ဗျားတို့တတွေ အားလုံး သိကြပါတယ်။ ဒါပေမဲ့ သူသာ အသက်ရှင်နေရင် ကျုပ်က သူ့ကို အခု ကလေးတွေနောက် ထည့်လိုက်မှာပဲ။ လိုက်သွားပါ၊ ကျုပ်ကိုယ်တိုင်က သူ့ကို ‘ဟေ့ မက်(တ်)ဗေ မင်းလည်းပဲ လိုက်သွားပါ။ အဲဒါဟာ တခုတည်းသော မှန်ကန်တဲ့လမ်းပဲ။ တခုတည်းသော ရိုးသားတဲ့လမ်းပဲ’ လို့ ပြောလိုက်မှာပဲ” ဟု ပြောလိုက်၏။
ထိုနောက် ဆီးဇော့သည် စကားမပြောဘဲ ရပ်လိုက်၏။ ငြိမ်နေလိုက်၏။ အခြားလူအားလုံးလည်း ငြိမ်နေ၏။ သူတို့ကို သစ်လွင်ကြီးမားသည့် တစုံတခုသော တရား လွှမ်းမိုးထား၏။ ဤတရားကို သူတို့မကြောက်ချေ။ တဖန် သူသည် သူ၏လက်သီးကို ယမ်းလျက်၊
“အခုပြောနေတဲ့လူဟာ အသက်အရွယ်အားဖြင့် အိုလှပါပြီ။ ခင်ဗျားတို့အားလုံး ကျုပ်ကို သိကြပါတယ်။ ကျုပ် လူ့ဘဝကိုရောက်နေတာ ၅၃ နှစ် ရှိပါပြီ။ ကျုပ်ဟာ ၁၉ နှစ်တိုင်တိုင် ဒီအလုပ်ရုံထဲမှာ အလုပ်လုပ်ခဲ့ပါတယ်။ ကနေ့ သူတို့က ကျုပ်တူကို ဖမ်းကြပြန်တယ်။ ကျုပ်တူဟာ လူကောင်းကလေး၊ လူလိမ္မာကလေးတယောက်ပါ။ သူဟာ ပါဗယ်အနား အလံတော်ရဲ့နောက်ကကပ်ပြီး လျှောက်ခဲ့ပါတယ်။ (ထိုနောက် သူသည် လက်ကို တချက် ယမ်းပြီး အမေ့လက်မောင်းကို ဆွဲလိုက်၏။) “ဟောဒီ အမျိုးသမီးကြီးက အခုနက ပြောလိုက်တဲ့စကားဟာ မှန်တယ်။ ကျုပ်တို့ရဲ့ကလေးတွေက တကယ် ရိုးသားဖြောင့်မတ်ကြပြီး တကယ်ကို လူသားဘဝမှာ လူသားနဲ့တူအောင် နေချင်ကြတယ်၊ ထိုင်ချင်ကြတယ်၊ အလုပ်လုပ်ချင်ကြတယ်။ အဆုံးမှာတော့ လူသားပီပီသသ နေချင်ကြတယ်။ ဒါပေမဲ့ ကျုပ်က သူတို့ကို ဒုက္ခဆင်းရဲတွေကြားထဲမှာ သင်းတို့ထိုက်နဲ့ သင်းတို့ကံဆိုတဲ့ သဘောနဲ့ ထားပစ်ခဲ့ကြ တယ်။ တကယ့်ကို သူတို့က လျစ်လျူရှုပြီး ထားခဲ့ကြတယ်။ ကဲ လာပါ အမေ သွားကြရအောင်” ဟု ပြောပြီး အမေကို ခေါ်လေ၏။ အမေက
“အို… သူတော်ကောင်းတို့၊ ဒီလူ့ဘောင်ဟာ ကျုပ်တို့ ကလေးတွေအဖို့ ဖြစ်ပါတယ်။ ဒီကမ္ဘာမြေကြီးဟာလည်း သူတို့အတွက်ပါပဲ” ဟု ပြောပြန်လေ၏။
ဆီးဇော့က အမေအား၊
“လာပါ အမေ၊ ခင်ဗျားရဲ့အလံရိုးကို ယူခဲ့ပါ” ဟု ပြောရင်း အလံတော်ရိုးကို အပ်လိုက်၏။
လူအုပ်ကြီးသည် အမေ့အား ဝမ်းနည်းစွာ၊ ရိုသေလေးစားစွာ စောင့်၍ ကြည့်နေ၏။ ဆီးဇော့က သူ့အတွက် ငြိမ်သက်စွာတိမ်းရှောင်ပေးကြ၏။ တစုံတခုသော အချို့ဓာတ်က ဆွဲဆောင်လိုက် သကဲ့သို့ လူအုပ်ကြီးသည် အမေ့နောက်မှ လိုက်လာကြ၏။ သို့လိုက်လာစဉ်အတွင်း အသံတိုးတိုးနှင့် တယောက်ကိုတယောက် စကားပြောလာကြ၏။ သူ့အိမ်ဝသို့ ရောက်သောအခါ အမေသည် လူအုပ်ကြီးဘက်သို့ လှည့်၍ အလံတော်ရိုးကိုမှီကာ ဦးခေါင်းကိုညွှတ်ပြီး “ကျေးဇူးတင်ပါတယ်တော်” ဟု ဖြည်းညင်းသာယာစွာနှင့် ကျေးဇူးတင်စကား ပြောလေ၏။
ထိုနောက် သူ၏နှလုံးသားထဲ၌ ပေါက်ပွားလာသော သစ်လွင်သည့် သစ္စာတရားကို သတိရလျက်၊
‘တကယ်လို့ သခင်ယေရှုကိုယ်တော်မြတ် ဘုန်းတန်ခိုးကြီးလာအောင် သူတို့တွေကသာ သူတို့အသက်ကို မစွန့်ကြရင် သခင်ယေရှုကိုယ်တော်မြတ်ဟာ ဘယ်ပေါ်ပေါက်တော်မူနိုင်ပါ့မလဲ’ ဟု ပြောလိုက်ပြန်၏။ လူအုပ်ကြီးက သူ့အား ငြိမ်သက်စွာ ကြည့်နေ၏။
တဖန် အမေသည် လူအုပ်ကြီးအား ဦးညွှတ်၍ အိမ်ထဲသို့ ဝင်သွားလေ၏။ ဆီးဇော့ကလည်း ဦးခေါင်းကို ညွှတ်ကာ အမေ့နောက်သို့ လိုက်သွားလေ၏။ လူများသည် အမေ၏ တံခါးဝ၌ စကားပြောရင်း ခဏမျှ စောင့်နေကြ၏။ ထိုနောက် သူတို့သည် တဖြည်းဖြည်း ပြန်ကုန်ကြလေ သတည်း။
Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။