ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ

 


ဖတ်သူသို့ စာတစ်စောင်

၂၀၁၅ နှစ်ဦးပိုင်းက ထင်ပါတယ်။

ပင်ကိုက ဘာသာစကားအပေါ် စိတ်မညွှတ်လို့ အင်္ဂလိပ်လို ရေးသားထုတ်ဝေတဲ့ ဝတ္ထုတို၊ ဝတ္ထုရှည်တွေကို မူရင်းအတိုင်း ဖတ်ရမှာ ပျင်းရိ ရှောင်ပြေးလေ့ရှိတဲ့ ကျွန်မဆီ ဝတ္ထုတိုပေါင်းချုပ် တစ်အုပ် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါတယ်။

Jhumpa Lahiriရဲ့ Unaccustomed Earthပါ။ အစ်မ မေမေကြည်က ယူလာပေးတာပါ။ ဖတ်ဖြစ်အောင် ဖတ်ပါ၊ ဖတ်သင့်တယ်လို့လည်း ကျွန်မကို တိုက်တွန်းပါတယ်။ “သိပ်အံ့သြစရာကောင်းတဲ့ အမျိုးသမီး၊ လူ့ဘဝရဲ့ ဟာလာ ဟင်းလင်းဖြစ်မှုကို တကယ့် အသေးစိတ် အသေးစိတ်ရေးပြတာများ သိပ်လှတယ်” လို့ Jhumpa Lahiri ကို ညွှန်းတတ်တယ်။ စာရေးတာကို တစိုက်မတ်မတ် လုပ်မယ်ဆို ရပ်နေလို့ မဖြစ်ဘူးလို့ ကျွန်မကိုအမြဲ ပြောလေ့ရှိသူ၊ စေတနာစိတ်လည်း ရှိသူမို့ စာအုပ်ကိုယူထားလိုက်ပါတယ်။ ဒါပေမဲ့ တောင်လှည့် မြောက်လှည့်နဲ့ တော်တော်ကြာကြာ မဖတ်မိပါဘူး။

တွေ့တိုင်းလည်း “ဖတ်ပြီးပြီလား” မေးတဲ့အခါ ကျွန်မက “ဟင့်အင်း” ပေါ့။ “ဖတ်စေချင်တယ်၊ ဖြူနုကို ဖတ်စေချင်တယ်” လို့ပဲ အစ်မက ပြောမြဲလို ပြောတာပဲ။ ဖတ်ပါမယ် ကတိခံတယ်။ မဖတ်ဖြစ်ပြန်ဘူး။

ဟော...“ခေတ်ရယ် အချစ်ရယ်” ကို တည်းဖြတ်ပြီးတဲ့အခါ ၊ ထုတ်ဝေသူ မမဝိုင်းလက် အပ်ပြီးတဲ့အခါကျတော့ ကျွန်မမှာ အားလပ်ချိန်တွေ ရှိလာပြီ။ စာဖတ်မှပဲလို့ စိတ်တစ်ကျော့လည်တယ်။ Unaccustomed Earth ကို ကောက်ကိုင်တယ်။ တကယ့်တကယ် ဖတ်လည်းဖတ်မိရော ကိုယ် ထိတ်တဲ့ ဘာသာစကား တည်ဆောက်ပုံတွေတောင် မေ့လို့ ဇာတ်ကောင်တွေရဲ့ သက်ဝင်မှုနောက်ကို မျောပါတော့တာပါပဲ။ လှလိုက်တဲ့ အနုပညာ။ ဒီအမျိုးသမီးဟာ စာရေးဖို့ရာ လူဖြစ်လာသလိုပဲ၊ ရေးတတ်လိုက်တာလို့ တွေးရတယ်။

ပထမဆုံးအကြိမ်အနေနဲ့ မူရင်း စာအုပ်တစ်အုပ်ကုန်အောင် ဇွဲရှိရှိ ဖတ်လာလိုက်တာ တစ်ပုဒ်ပြီး တစ်ပုဒ် ကျွန်မစိတ်မှာ ငြိတယ်။ အထိခိုက်ဆုံး တစ်ပုဒ်ကတော့ Hell-Heaven အမည်ရတဲ့ ဝတ္ထုတိုပါပဲ။ ဇာတ်ကြောင်းပြောသူက သမီးလေး။ သူ ပြောပြသွားတဲ့ ဇာတ်ကြောင်းတစ်လျှောက်မှာ အဓိက ဇာတ်ကောင်ဖြစ်တဲ့ သူ့မိခင်ဟာ ကြွနေတယ်။ ချစ်ခြင်းမေတ္တာဟာ မျက်စိလည် လမ်းမှားတတ်တဲ့ ခံစားချက်တစ်မျိုးလား။ ဇနီးမယားတစ်ယောက်ဟာ တာဝန်ဝတ္တရားတွေရဲ့အပြင် ချစ်ခြင်းမေတ္တာကို၊ ကြင်နာမှုကို ရယူပိုင်ဆိုင်ခွင့် မရှိပေဘူးလား။ ထွက်ပေါက်မရှိတဲ့ နေ့ရက်တွေဟာ လူတစ်ယောက်ကို ဘယ်လောက်တောင် ပိတ်လှောင်စေမလဲ။ ချစ်ခြင်းတစ်စတောင် သူ့ကမ္ဘာမှာ မရှိခဲ့ဘူးဆိုရင်လေ။ ဒီလိုနဲ့ စာဖတ်သူ ကျွန်မမှာ ဇာတ်ကောင်မိခင် မွန်းကျပ်တဲ့အခါ လိုက်ပါမွန်းကျပ်၊ သူ လှုပ်ခတ်တဲ့အခါ လိုက်ပါလှုပ်ခတ်လို့ တရိပ်ရိပ် မျောပါလာလိုက်တာ အဆုံးသတ်မှာတော့ ဟာခနဲ။

အဲဒီခံစားမှုဟာ ရက်ပေါင်း တော်တော်ကြာတဲ့အထိ ပျောက်မသွားဘူး။ စိတ်ထဲ ရှိရာ ဇာတ်လမ်းတွေ၊ သဘောကျမိတဲ့ ဇာတ်လမ်းတွေဆို မမဝိုင်းကို ပြန်ပြန်ပြောနေကျမို့ ဒီဇာတ်လမ်းလေးကိုလည်း ပြောပြမိပါတယ်။ သမားရိုးကျ ဟုတ်မနေတဲ့ ဇာတ်ကြောင်းတစ်ခုမို့ အစ်မက “ဘာသာပြန်ပါလား” လို့ ဆိုတယ်။ ဘာသာပြန်ဖို့ဆိုရင် ကျွန်မ လုပ်နိုင်မယ် မဟုတ်ဘူး။ ကျွန်မက ဘာသာစကား အဲဒီလောက် အားကောင်းတဲ့သူ မဟုတ်။ ပြီးတော့ သူ့အနုပညာကို ပြန်ဆိုနိုင်ဖို့ရာ ခက်မယ်။ ဒီလိုပဲ တွေးတယ်။ အစ်မက ထပ်ပြောတယ်၊ “မှီးပါ” တဲ့။ ကျွန်မ ခေါင်းခါရပြန်တယ်။ သူ့ပတ်ဝန်းကျင်နဲ့ ကိုယ့်ပတ်ဝန်းကျင် မတူညီရာကို ဆက်စပ်ဖန်တီးဖို့ရာ တတ်နိုင်မှာ မဟုတ်ဘူး။

နောက်ဆုံးတော့ ဒီဝတ္ထု ဖတ်ပြီးတဲ့နောက်ပိုင်း ကျန်ခဲ့တဲ့ အတွေးတစ်စနဲ့ပဲ၊ ရေးချင်စိတ်ပေါ်လာတဲ့ ပုံစံမျိုးကိုပဲ ကိုယ့်ဇာတ်ကောင်တွေနဲ့သာ လွတ်လွတ်လပ်လပ် ရေးဖို့ ဆုံးဖြတ်လိုက်တယ်။ Hell-Heaven ကလို သမီးလေးကနေပဲ တစ်ဆင့်ချင်း ပြောပြသွားတဲ့ ခင်းကျင်းပုံကို ယူတယ်။ Hell-Heaven မှာ မထင်မရှားလောက်သာလို့ ဆိုရမယ့် ဓာတ်ပုံလေးတစ်ပုံကို အဓိကနေရာဆီ ဆွဲယူတယ်။ ကျန်တာကတော့ ဖတ်ခဲ့ဖူးသမျှ တတ်နိုင်သလောက် မေ့ထားပြီး ဒီဝတ္ထုကို ဖန်တီးခဲ့ပါတယ်။

ဇာတ်ကောင်တွေကို စိတ်ထဲမှာတင် အဖန်ဖန် အသက်သွင်း ချခင်း နေတုန်း ကျွန်မ စိတ်ကို ရန်ကုန်တက္ကသိုလ် ပတ်ဝန်းကျင်က ညှို့နေကျလို ညှို့တယ်။ အခါခါ ရောက်မြဲရောက်တယ်။ ဒီလမ်းကလေးမှာ သူတို့ လျှောက်ခဲ့မှာပဲ၊ ဒီပတ်ဝန်းကျင်မှာတော့ သူတို့ ကျင်လည်ခဲ့မှာပဲ စသဖြင့် ဇာတ်ကောင်တွေကို ပုံဖော်မြင်ယောင်တယ်။ ကျောင်းဝင်းထဲ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေခဲ့တဲ့ နေ့ရက်တချို့ ရှိဖူးတယ်။ ဇာတ်ကောင်ကို ထားဖို့ရာ စိတ်ကြိုက်အိမ်လေးတစ်အိမ် ရှာတွေ့တဲ့အခါ အိမ်ရှင်ကို ခွင့်တောင်းပြီး ခြံထဲက မြက်ပင်ပါမချန် လိုက်ကြည့်တယ်။ ကြည့်ခွင့်ရခဲ့တဲ့အတွက်လည်း ကျေးဇူးစကား ဆိုရတယ်။ အိမ်ကို ရောက်ခါမှပဲ ဇာတ်ကောင် “လင်း”ဟာ ကျွန်မရှေ့မှာ ခုန်ပေါက် ပြေးလွှားနေတော့သလိုပဲ။ ရပြီ၊ စရေးတော့မယ်လို့ အဲဒီအိမ်ကလေးဆီက အပြန်မှာပဲ မမဝိုင်းကို ပြောခဲ့တယ်။

ဝတ္ထုရေးတော့ ကျွန်မက ပဲခူးမြို့နယ်၊ ကျောက်တန်းရွာက ပန်းပျိုးလက် တောစခန်းမှာ။ ပန်းပျိုးလက် ဆရာတော် အရှင်ပညောဘာသနဲ့ ပရဟိတ အဖွဲ့သားများရဲ့ စေတနာရိပ်မှာ၊ သစ်ပင်သစ်တော စိမ်းစိမ်းမြမြ ရှိရာ ဝန်းကျင်မှာပဲ ခေါင်းစဉ် အတိအကျ မပေးရသေးတဲ့ဝတ္ထုရှည်ကို ကျွန်မ စရေးခဲ့ပါတယ်။

ဒီဝတ္ထု ရေးနေစဉ် တစ်လျှောက်လုံးမှာ ကျွန်မအပေါ် လွှမ်းမိုးမှုအရှိဆုံးကတော့ ထူးအိမ်သင်ရဲ့ “နွေဦးကံ့ကော်” သီချင်းပါပဲ။ လိုချင်တဲ့ စိတ်ခံစားမှုမျိုး မရမချင်း ဒီသီချင်းတစ်ပုဒ်တည်းကို အဖန်တလဲလဲ နားထောင်ခဲ့တယ်။ ကျွန်မ စိတ်မှာ ကံ့ကော်ရနံ့ကို ရတယ်။ လင်းကို ရင်းနှီးရတယ်။ လင်းရဲ့ မေမေဟာ ကျွန်မ စိတ်နှလုံးမှာ ခိုနေတယ်။ သူတို့ ပျော်ရွှင်မှုဟာ ကျွန်မ ပျော်ရွှင်မှုပဲ။ သူတို့ နာကျင်မှုဟာ ကျွန်မ နာကျင်မှုပဲ။ အသွေးစုံတဲ့ ခံစားမှု စုတ်ချက်ဟာ စာလုံးတွေအဖြစ် ပြောင်းခဲ့ပါတော့တယ်။

ဝတ္ထုကို အဆုံးသတ်တော့ ဇူလိုင် ၂၂။ စာရေးတဲ့ တစ်လျှောက်လုံး ကျွန်မကို စိုးမိုးခဲ့တဲ့ ကံ့ကော်ကို အစွဲပြုပြီး “ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ” လို့ အမည်ပေးတယ်။ ရင်က မွေးတဲ့ သားသမီးတိုင်း လှတယ်ထင်တဲ့ မိဘလိုပဲ ကိုယ့်ဘာသာတော့ တစိမ့်စိမ့် ကျေနပ်ရတာပါပဲ။ ဖတ်သူဘက်မှာတော့ လင်းကို ဘယ်လို မြင်ရမလဲ၊ လင်းရဲ့ မေမေကို ဘယ်လို တွေ့ရလေမလဲ။ မြင်ခွင့် တံခါးက ဖတ်သူ့လက်မှာပါ။

မူလကတော့ ဒီဝတ္ထုမှာ အမှာစာ မပါပါဘူး။ Jhumpa Lahiri ၏ "Hell-Heaven" ဝတ္ထုတိုမှ ရရှိသော စိတ်ကူးကွန့်မြူးမှုဖြင့် ဤဝတ္ထုကို ဖန်တီးပါသည် လို့သာ ဝန်ခံချက် ထည့်ထားတာပါ။ ပထမအကြိမ် တည်းဖြတ် ပြီးတဲ့ စာမူကို အကြမ်းဖတ်တဲ့အခါ ဆရာဦးဝင်းငြိမ်းက “စိတ်ကူး ကွန့်မြူး မှုဖြင့်” ဆိုတဲ့ စကားလုံးအစား inspiration လို့သာ သုံးဖို့ အကြံပေးပါတယ်။ ဝန်ခံချက်ကို ချောအောင် ကျွန်မ ပြင်ရေးလိုက်ပြန်ပါတယ်။ အမှာစာ ဆိုတာ ခေါင်းထဲ ရေးရေးရိပ်ရိပ်တောင် မရှိသေးပါဘူး။

ဝတ္ထုရှည်ကို ဒုတိယအကြိမ် တည်းဖြတ်မှု ပြီးတဲ့အခါမှာတော့ မမဇိုင်းက ဒီတစ်အုပ်တော့ အမှာစာရေးပါတဲ့။ ဝန်ခံချက်အစား အမှာစာ ရေးပါတဲ့။ ဘယ်လို ရေးဖြစ်တယ် ဆိုတာတော့ ပြောပြဖို့လိုမယ် ထင်တယ်တဲ့။

ဘုရား...ဘုရား။ အမှာစာ ဘယ်လို ရေးရမှာပါလိမ့်။ မရေးတတ်ဘဲ ရေးလိုက်တဲ့အခါ ရယ်စရာများ ဖြစ်နေမလား။ ဝတ္ထုသာ တစ်ပုဒ် ဆုံးအောင် ရေးဆို ရေးလိုက်ချင်ပါရဲ့၊ အမှာစာ သုံး၊ လေး မျက်နှာတော့ မရေးချင်ဘူးရယ်။ တစ်ပတ်လောက် နေ့ရေးမလို၊ ညရေးမလို အချိန်ဆွဲပြီးတဲ့ နောက်မှာတော့ အမှာစာလို့ အားနာပါးနာ အမည်တပ်ရမယ့် “ဖတ်သူသို့ စာတစ်စောင်” ကျွန်မ ရေးခဲ့ပါပြီ။

“ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ” ဟာ ကျွန်မရဲ့ ဝတ္ထုရှည်ခရီးမှာ တတိယမြောက် ခြေလှမ်းပါ။ စိတ်ကူး စုတ်ချက် ကျရာကို လွင့်ပါ ရေးခြယ် ထားတဲ့ ပန်းချီကားတစ်ချပ်ပါ။ ဒီပန်းချီကားကနေ ကံ့ကော်ရနံ့ တစ်စွန်းတစ်စ ရလိုက်တယ်ဆိုရင် ပဲ ဝမ်းမြောက်လှပါပြီ။

***





Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review