ကြောင်ကလေး ဝတ္ထုတို၆ပုဒ် - မောင်ရှင်စော
ပုံနှိပ်မှတ်တမ်း
ကြောင်ကလေး
မောင်ရှင်စော
ဒုတိယအကြိမ်၊ ဖေဖော်ဝါရီ၊ ၂ဝ၂၄။
ပထမအကြိမ်၊ ဇွန်၊ ၂ဝ၁၂ (အောင်ပင်လယ်စာပေ)။
အုပ်ရေ - ၁၀၀၀
တန်ဖိုး - ၄၀၀၀ ကျပ်
ထုတ်ဝေသူ - ဦးစိန်ဝင်း၊ နှစ်ကာလများစာပေ (၀၀၇၄၄)၊ ၁၀၄၊ အပေါ်ဆုံးထပ် (က)၊ အောင်ဇေယျလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့၊ အတွင်းနှင့် အဖုံးပုံနှိပ်- ဦးဇော်မြင့်ဝင်း (၀၀၁၄၂)၊ ကာလာဇုန် ပုံနှိပ်တိုက်၊ ၁၈၄/ဘီ၊ ၃၁ လမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့၊ မျက်နှာဖုံးပန်းချီ -ကိုကိုနိုင်၊ မျက်နှာဖုံးဒီဇိုင်း - စိုးမင်းအောင်၊ ကွန်ပျူတာစာစီ - သရဖီ၊ စာအုပ်ချုပ် - ကိုမြင့်။
ကြောင်ကလေး
မောင်ရှင်စော
ကြောင်ကလေး
(၁)
“အဖော်တစ်ယောက်လောက် ရှိရင် ကောင်းမှာပဲ”
ကလေးငယ်က ငြီးတွားလိုက်တယ်။
ပြီးမှ သူ့အင်္ကျီကြယ်သီးကို ပါးစပ်နဲ့ကိုက်ရင်း ပြတင်းပေါက်တိုင်တွေ ကြားကနေ အပြင်ကို ငေးကြည့်နေတယ်။
အိမ်မွေး တောကြက်တွေက တစ်ကောင်နဲ့တစ်ကောင် စီးချင်းထိုးဖို့ တာစူနေရဲ့။ နှုတ်သီးနဲ့ ခေါင်းတွေရဲ့ တဒေါက်ဒေါက် ထိုးဆိတ်မိသံ၊ တောင်ပံသံ တဖန်းဖန်းတွေကို ကြားပေမယ့်လည်း ကလေးက အငေးမပျက်ဘူး။ ကလေးဝတ်ထားတဲ့ အညိုရောင် ကွက်စိတ် အင်္ကျီကလေးပေါ်မှာတော့ သွားရည်တွေက ရွှဲနစ်လို့။
တဲကလေးထဲမှာ ကလေးကလွဲပြီး ဘယ်သူမှ မရှိဘူးလေ။ အိမ်တံခါးတွေ အားလုံးလည်း ပိတ်ထားတယ်။ ခုန ကလေးထိုင်နေတဲ့နားက အောက်ခြေပြတင်းပေါက် တစ်ခုက လွဲရင်ပေါ့။
“ကြောင်ကလေးတစ်ကောင်လောက် ရှိရင် ကောင်းမှာ”
ကလေးက တိုးတိုးကလေး ပြောနေတယ်။
“ကြောင်ကလေးရဲ့ မျက်လုံးကို ဖြဲကြည့်ရင် သူက “ညောင်” လို့ အော်မှာလား၊ သူက ငါ့အင်္ကျီကိုလည်း လက်သည်းတွေနဲ့ ကုတ်မှာပဲ”။ ကလေးစိတ်ထဲမှာ သဘောကျသွားတယ်။
အပြစ်ကင်းစွာ ပြုံးရင်း ကလေးငယ်က သူ့တဲကလေးထဲမှာ ကြောင်ကလေးကို လိုက်ရှာကြည့်တယ်။
ဗီရိုအစုတ်ကလေး အောက်က သံဇလုံတွေ နောက်ကွယ်မှာ ထင်းရှူးသေတ္တာဘေးက ညစ်ထေးထေး အဝတ်ပုံထဲမှာ ကြပ်ခိုးတွေနဲ့ မည်းချိပ်နေတဲ့ ဘုရားစင်ပေါ်မှာ ဘယ်မှာမှ ရှာမတွေ့ဘူး။
“ကြောင်ကလေးရေ မင်းဘယ်မှာလဲ၊ အသံပေးဦးလေ၊ တို့ တူတူပုန်းတမ်း ကစားတုန်းကလို တူသံ တစ်ချက်ပေး ဟေ့”
ကလေးက နားစွင့်နေတယ်။ ဘာသံမှ မကြားရတဲ့အခါ မျက်မှောင်တစ်ချက် ကျုံ့လိုက်တယ်။ ပြီးမှ သူ့ဘေးနားမှာရှိတဲ့ ပလက်စတစ် ဘောလုံးလေးကို ‘ဖတ်’ခနဲ လက်နဲ့ဆွဲယူလိုက်တယ်။ ဘောလုံးကလေးက အနီနဲ့အပြာ အကွက်လေးတွေ ဖော်ထားတဲ့ အပေါစား ဘောလုံးအဟောင်းလေးပါ။ ကလေးက ဘောလုံးကို လက်ထဲမှာလှည့်ရင်း -
“ကြောင်ကလေး၊ ကြောင်ကလေး”
လို့ ပါးစပ်က တတွတ်တွတ် ဆိုနေရဲ့။
ပြီးတော့ ဘာမပြော ညာမပြော ထရံက သားလှီးဓားကို ဆွဲနှုတ်လိုက်ပြီး ဘောလုံးကလေးကို ထိုးခွဲပစ်လိုက်တယ်။
“ကြည့်စမ်း၊ ဒီမှာလည်း ကြောင်ကလေး မရှိပါလား”
ကလေးက စိတ်ပျက်လက်ပျက်နဲ့ ထိုင်ချလိုက်ပြီး ဘောလုံး အခြမ်းလေးနှစ်ခုကို အပြင်ဘက် အဝေးကြီးထိ ရောက်အောင် လွှင့်ပစ်လိုက်တယ်။
အလကား သစ္စာမရှိတဲ့ လူတွေ၊ ကလေးရဲ့ ကြောင်ကလေးကို ခိုးသွားတာ ဟိုဘက်ရွာက လူကြီးတွေနေမှာပဲ။ တော်တော့်ကို ရွံစရာကောင်းတဲ့ လူကြီးတွေ။
အို- မဟုတ်သေးပါဘူး၊ မဟုတ်သေးပါဘူး။ ကလေးမှာ နဂိုကတည်းက ကြောင်ကလေးတစ်ကောင် ရှိမှ မရှိတာ၊ ကလေးမှာရှိတာက ရွှံ့စေးနဲ့ လုပ်ထားတဲ့ နွားရုပ်ကလေးပဲ ဥစ္စာ။
ဟုတ်သားပဲ၊ အဖေကတောင် ပြောဖူးသေးတယ်။
“ဟေ့… မင်းနွားရုပ်က ခြေထောက်တွေလည်း မပါပါလားကွ” တဲ့။ အေးနော် နွားရုပ်ကလေးတွေမှာ ခြေထောက် လည်း မပါဘူး။
“ခြေထောက်”၊ “ခြေထောက်” အဲဒီစကားလုံးက ကလေးတစ်ကိုယ်လုံးကို ဆတ်ခနဲ တုန်သွားစေတယ်။ ကလေးမျက်လုံးလေးတွေ ချာချာလည်သွားတယ်။ ပြီးတော့မှ မရဲတရဲနဲ့ သူ့အောက်ပိုင်းကို သူ ငုံ့ကြည့်လိုက်မိတယ်။
“ငါ့- ငါ့ခြေထောက်တွေကိုကော ဘယ်သူခိုးသွားသလဲ”
တဆတ်ဆတ်တုန်နေတဲ့ နှုတ်ခမ်းတွေက အဲဒီစကားတစ်ခွန်းကို ပြောဖို့ အကြိမ်ကြိမ် အားယူနေရတယ်။
“ဟုတ်တယ်လေ။ ကလေးမှာ ခြေထောက်တွေ မရှိဘူး”
ငုံးတိတိ တိုနေတဲ့ ပေါင်ကလေးနှစ်ချောင်းမှာ အနာသေးသေးလေးတွေနဲ့ ပွလို့။ ယင်ကြီးမတွေက ကလေးရဲ့ အနာတွေကို မွှေနှောက်ရင်း တဝီဝီ ပျံကြရင်းနဲ့ အငမ်းမရ။
ကလေးရဲ့စိတ်က အဝေးကို မျောပါသွားနေတယ်။ ဟိုး… ဟိုးအဝေးကြီးက မီးလောင်နေတဲ့ အိမ်အိုကလေး တစ်ခုဆီ။ အဲဒါဟာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းကလည်း ဖြစ်ချင်ဖြစ်မယ်။ သုံးလေးနှစ်လောက်ကလည်း ဖြစ်ချင်ဖြစ်မယ်ပေါ့။
ကလေးကိုက်ထားတဲ့ အင်္ကျီကြယ်သီးလေးဟာ ‘ထောက်’ခနဲ ပဲ့ထွက်သွားတယ်။ ကလေးက ခေါင်းကို လှုပ်တယ်ဆိုရုံကလေး ရမ်းပြီး ဟိုး… အရင် နှစ်ကာလတွေဆီက တောက်လောင်ခဲ့တဲ့ မီးညွန့်မီးစွယ်တွေကို လက်နှစ်ဖက်နဲ့ ယောင်ရမ်း ကာဆီးလိုက်ရဲ့။
ဧရာမကြွက်အုပ်ကြီး တစ်အုပ် ဝါးမျိုစားသောက်ခြင်း ခံလိုက်ရတဲ့ အသားတစ်ခုလို သူ့ခြေထောက် နှစ်ချောင်းဟာလည်း မွတ်သိပ်နေတဲ့ မီးတောက်မီးလျှံတွေရဲ့ ကြားမှာ ထွန့်ထွန့်လူးခဲ့ဖူးတယ် မဟုတ်လား။
ကလေးဟာ မီးတောက်တွေကို ကြောက်တယ်။ ညညတွေဆို မီးရှို့ခံရတဲ့ ရိုးပြတ်လယ်ကွင်းတွေ ဘက်က ဖျစ်ဖျစ်မြည်သံတွေ ကြားရရဲ့။ အဲဒီအသံတွေကို ကြားရရင် ကလေး သိပ်ဝမ်းနည်းတာပဲ။ တစ်ကိုယ်လုံး ရှိသမျှ အားအင်တွေကို လေပွေတစ်ခုက ဆွဲစုပ်ယူငင် သွားသလို ခံစားရတယ်။ ဒါပေမယ့် ကလေး မငိုပါဘူး။ မျက်ရည်တွေကို တင်းခံတတ်တဲ့ အကျင့်က ကလေးဆီမှာ အမြစ်တွယ်ခဲ့ပြီလေ။
(၂)
ကလေးတစ်ယောက်ရဲ့ ရင်ခုန်သံတွေကို ခင်ဗျား ကြားဖူးပါရဲ့လား။ မကြားဖူးသေးရင် တစ်ခါလောက်ပဲဖြစ်ဖြစ် သူ့ရင်ဘတ်မှာ နားကပ်ထောင်ပြီး ခံစားကြည်ပါ။ တချို့ ကလေးတွေဟာ “အမေ၊ အမေ” လို့ ရင်ခုန်တတ်ကြတယ်။ တချို့တွေရဲ့ ရင်ခုန်သံက “ဘုရားသခင်” လို့ အဓိပ္ပာယ်ရတယ်။ တချို့က တယောသံလေးတွေလို ချိုနွဲ့ပြီး၊ တချို့ကတော့ ဗုံသံတွေလို ပြတ်တောက် နေတတ်ရဲ့။
ဘယ်အရာနဲ့မှ မတူတဲ့ ထူးထူးခြားခြား အသံလှိုင်းကလေး တစ်ခုဟာ တဲကလေးထဲကနေ လွင့်ပျံလာတယ်။ အဲဒါဟာ ကလေးငယ်ရဲ့ ရင်ခုန်သံပေါ့။
အဲဒီအသံဟာ တစ်ခါတစ်ခါ “မီး… မီးတွေ” လို့ မြည်တယ်။ တစ်ခါတစ်ခါ “ခြေထောက် ခြေထောက်၊ ငါ့ခြေထောက်တွေ ပြန်ပေး” လို့ မြည်တယ်။
စကားပြောဖော် တစ်ယောက်လောက် အလွန်အမင်း ဆာလောင်မွတ်သိပ် လာတတ်ချိန်တွေမှာတော့ “ကြောင်ကလေး… ကြောင်ကလေး” လို့လည်း ရင်ခုန်တတ်သေးရဲ့။ အခုအချိန်မှာ ကလေးရဲ့ ရင်ဘတ်ကို ကပ်ပြီး နားထောင်ကြည့်လိုက်ရင် ဘာသံတွေ ကြားရမယ် ထင်သလဲ။ အက်ကွဲနေတဲ့ ခေါင်းလောင်းလေး တစ်လုံးကို တီးခတ်ကြည့်လိုက်တဲ့အခါ သာယာနာပျော်ဖွယ် ကင်းမဲ့နေသလိုမျိုးပေါ့။
ဟုတ်ပါတယ်။ ညက အဖေ ပြန်မလာဘူး။ ခါတိုင်းညတွေဆို သန်းခေါင်ကျော်ရင် အဖေ ပြန်လာနေကျ။ ကလေး တစ်ရေးနိုးချိန်လောက်ဆို အဖေ ပြန်လာနေကျ။ ဘယ်လောက် အေးစက်တဲ့ ဆောင်းညတွေမှာပဲ ဖြစ်ဖြစ် အဖေ့ကိုယ်ဟာ ပူနွေးနေတတ်တယ်။ အဖေ့နဖူးကြမ်းကြမ်းမှာ ချွေးစက်တွေ သီးခိုနေတတ်တယ်။ အဖေဟာ ခါးမှာထိုးထားတဲ့ ဓားမြောင်ကို ထရံကြားထဲ စိုက်ထည့်ပြီး ကလေးဘေးမှာ ခြေပစ်လက်ပစ် အိပ်ချတတ်တယ်။
အဲဒီအခါ အဖေ့ကိုယ်က အရက်နံ့ ချဉ်စူးစူးဟာ ကလေးမျက်လုံးတွေကို လှုပ်နှိုးလိမ့်မယ်။ ကလေးနိုးလာရင် အဖေက “ရော့… မင်းဖို့” ဆိုပြီး စားစရာ အထုပ်တစ်ထုပ် ပေးလိမ့်မယ်။ စားသောက်ပြီးတဲ့အခါ ကလေးက အဖေ့ရင်ပြင်ကျယ်ကြီးထဲကို တိုးဝင်ပြီး တစ်နေကုန် အထီးကျန်ခဲ့သမျှ စကားတွေ အတိုးချ ပြောလိမ့်မယ်။
မမုန်းပါဘူး၊ အရက်နံ့ကို ကလေး မမုန်းတော့ပါဘူး။ တောအရက်နံ့နဲ့ ချွေးနံ့ပေါင်းပြီး ထွက်လာတဲ့ အောက်သိုးသိုးအနံ့ဟာ ဒီကမ္ဘာပေါ်မှာ ကလေး အနှစ်သက်ဆုံးအနံ့ ဖြစ်နေပါပြီ။ အဖေ အိပ်ပျော်နေတုန်း အဖေ့ကျောပြင်ကျယ်ကို အထပ်ထပ် အခါခါ နမ်းရတဲ့ အရသာဟာ ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ အရသာပါ။ အဖေဟာ ကလေးရဲ့ အချစ်ဆုံး၊ ကလေးရဲ့ တစ်ယောက်တည်းသော အဖော်ပဲလေ။
ဒါပေမယ့် မနေ့ညက အဖေ ပြန်မလာဘူး။ ခွေးဟောင်သံတွေလည်း မကြားရ၊ အဖေ့ကိုယ်နံ့လည်း မရဆိုတော့ ကလေးလည်း တစ်ရေးမနိုးခဲ့ဘူးပေါ့။ အဖေဟာ ကလေးကို ရက်စက်ပြီ ထင်ပါရဲ့။ ကလေးကို ပစ်ထားခဲ့ပြီ ထင်ပါရဲ့။ ကလေးမသိအောင် ပြန်လာပြီးမှ တိတ်တိတ်ကလေး ပြန်ထွက်သွားတာလား အဖေ။
မနက်မိုးလင်းတိုင်း “အိမ်ထဲမှာပဲ ငြိမ်ငြိမ်ထိုင်နေနော်” လို့ ဆိုပြီး နှုတ်ဆက် သွားတတ်တဲ့ အဖေ့ကို ဒီနေ့ တစ်နေ့လုံး ကလေးမျှော်နေမိတယ်။ ကလေးတင် မဟုတ်ဘူးလေ၊ မနေ့ညကတည်းက ဘာနဲ့မှ မဖြည့်တင်းရသေးတဲ့ ကလေးဗိုက်ထဲက အူသိမ်အူမတွေကပါ အဖေ့ကို မျှော်နေကြတာပေါ့။
ကောင်းကင်ကို ဝုန်းခနဲ ခုန်တက်သွားတဲ့ မီးလုံးတစ်လုံးဟာ ကောင်းကင် ထိပ်ဖျားက ပြန်ကျလာတော့မယ်။ ဟုတ်တယ်၊ မွန်းတည့်တော့မယ်။ အဖေ ဘာလို့ မလာသေးတာလဲ။
ကလေး ဘာလုပ်ရမလဲ အဖေ။ ငိုရမှာလား၊ ကလေး ငိုရတော့မှာလား။ ဟင့်အင်း၊ ငိုချင်း ငိုရင် အဖေ့ရင်ခွင်ထဲမှာပဲ ကလေး ငိုချင်တာ၊ အဖေ့ကို စောင့်ဦးမယ်။ ကလေးစားဖို့ ‘စာလေးခွေ’ တွေ ဝယ်မလာချင် ဝယ်မလာပါနဲ့တော့ အဖေ။ တဲထောင့်က နွားရုပ်ကလေးကိုလည်း ခြေထောက်တွေ တပ်မပေးချင်နေပါတော့။ ဒါပေမယ့် ကလေးဆီကိုတော့ ပြန်လာခဲ့ပါ အဖေ။
ကလေး… ကလေးလေ ငိုချင်လှပြီ။
(၃)
ကလေးက ဖင်တရွတ်ဆွဲပြီး တံခါးပေါက်ဆီကို သွားနေတယ်။ စိတ်ကိုလည်း ဒုံးချပြီးပုံပါပဲ။ အဖေ့ကို ကလေး လိုက်ရှာရမယ်လေ။ ပထမဆုံး ဟောဒီတံခါးကို ရအောင် ဖွင့်ရမှာပေါ့။
တံခါးကို ကန့်လန့်ထိုးထားတဲ့ ဝါးလုံးကို ကလေး မော့ကြည့်လိုက်တယ်။ အမြင့်ကြီး… အမြင့်ကြီးပါလား။
ကလေး ဘယ်မီပါ့မလဲ။ ကလေးက သူ့ခြေထောက် အတိုကလေးတွေပေါ်မှာ သူ့ကိုယ်သူ မတ်မတ်ရပ်ဖို့ ကြိုးစားကြည့်နေတယ်။ ပေါင်တိုနှစ်ခုရဲ့ ထိပ်က မျက်ခနဲ ဝေဒနာကြောင့် ကလေးရဲ့ ကိုယ်ဟာ တွန့်တွန့်သွားတယ်။
မရပါဘူး၊ မမီပါဘူး။ ဒီတံခါးကို ဖွင့်ဖို့ရာ ကလေးမှာ ခွန်အားမရှိပါဘူး။ ကလေးတစ်ကိုယ်လုံးလည်း ချွေးတွေရွှဲလို့။ ကလေးမျက်နှာကလေးဟာ တဖြည်းဖြည်း မဲ့လာပြီ။ ကလေးမျက်လုံးအိမ်ထဲမှာ မျက်ရည်ဥတွေ သီးလာပြီ။
“ဟင့်အင်း… ကလေး မငိုဘူး အဖေ၊ ကလေး မငိုဘူး”
ဟော… ဘာသံပါလိမ့်… နားထောင်စမ်း။
ခြေသံ… ခြေသံ၊ ဟုတ်တယ်။ ခြေသံတွေကို ကလေး ကြားလိုက်ရပြီ။ ခြေသံတွေဟာ ဟိုးအဝေးကြီးကနေ တဖြည်းဖြည်းနဲ့ နီးလာနေတယ်။ ကလေးရဲ့ မျက်လုံးတွေဟာ မျက်ရည်ကြားက တောက်ပလာတယ်။
“အဖေ လာပြီ… အဖေ လာပြီ… အဖေ လာပြီဟေ့”
ကလေးက ဝမ်းသာအားရ ကြွေးကြော်ပစ်လိုက်တယ်။
ဒါပေမယ့် ခြေသံနဲ့အတူ စကားပြောသံတွေကိုပါ ကြားလိုက်ရတဲ့အခါ ထရံကြားထဲကနေပြီး လယ်ကွင်းတွေ ဘက်ဆီကို ကလေးက အလန့်တကြား ချောင်းကြည့် လိုက်တယ်။
အို… အဖေလည်း မဟုတ်ပါလား။
လူတွေ၊ မိန်းမတွေ၊ ကလေးမမြင်ဖူးတဲ့ မိန်းမတွေ၊ တချို့က ပါးကွက် ကြားကြားကြီးတွေ ကွက်လို့၊ ချည်လုံချည်ကြမ်းကြီးတွေကို တချို့က ခေါင်းပေါင်းလို့။ သူတို့ ဘာလာလုပ်ကြတာလဲ။ ကလေးတို့ တဲကလေးဆီကို ဘာလုပ်ရအောင် လာကြတာလဲ။
“အဖေရေ… ဟောဒီမှာ လူတွေ” လို့ ကလေး ဘယ်သူ့ကို ပြောရပါ့မလဲ။ ကလေး ပုန်းနေရမလား အဖေ။ ဟင်… ကလေး ပုန်းချိန် မရတော့ဘူး။ မိန်းမကြီးတွေဟာ ကလေးနဲ့ သိပ်နီးလာနေပြီ၊ ကလေးတို့ တဲကလေးရဲ့ အမိုးစွန်းအထိ ရောက်လာခဲ့ပြီလေ။
“ဟော… ဟောဟိုကောင်လေးပဲ ထင်တယ်ဟေ့”
သူတို့ထဲက မိန်းမကြီးတစ်ယောက်က ကလေးကို မြင်မြင်ချင်း အသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။
“အေးဟဲ့… သနားစရာလေးတော့"
“ကြည့်စမ်း… ပေါင်တိုလေးဟယ်”
သူ့ကိုကြည့်ပြီး တစ်ယောက်တစ်ခွန်း ဝိုင်းပြောနေကြတဲ့ မိန်းမတွေကို ကလေး ဘယ်လိုနားလည်ရမလဲ။ ဝေခွဲလို့ မရတဲ့ အကြည့်တွေနဲ့ သူတို့ကို ကလေး စိုက်ကြည့်မိတယ်။ ကလေးရဲ့ ဦးနှောက်ကလည်း အင်မတန် ခက်ခဲတဲ့ ပုစ္ဆာတွေကို တွက်ချက်နေတဲ့ အတိုင်းပဲ။
“ကဲ… မကြေးမုံ၊ ကလေးကို ညည်းပဲ သွားချီခဲ့အေ”
အကြီးဆုံး မိန်းမကြီးက အမိန့်ပေးလိုက်တယ်။
ဘာ… ကလေးကို သူတို့က ခေါ်သွားမလို့တဲ့လား။ သူတို့က ဘယ်သူတွေမို့ လိုက်ရမှာလဲ၊ ကြည့်စမ်း ဖြူဖြူပုပု မိန်းမတစ်ယောက်က ဂလန့်ထိုးထားတဲ့ ဝါးလုံးကို ဆွဲဖြုတ်နေပြီ။
မလိုက်ဘူး… မလိုက်ဘူး။ ကလေး မလိုက်ဘူး။ ချိုင်းကနေမြောက်ပြီး ကလေးခန္ဓာကိုယ်ကို ပွေ့ချီလိုက်တဲ့ မိန်းမတောင် လန့်သွားရဲ့။ ကလေးက သူ့ကို ထုရိုက်နေတယ်။ မိန်းမကြီးက ခပ်တင်းတင်း ချုပ်ကိုင်ပြီး အပြင်ကို ခေါ်သွားတယ်။
ကလေး မရုန်းနိုင်တော့ဘူး။ သူတို့ခေါ်ရာကို လိုက်ရတော့မယ်။ ကလေးကို ဘယ်ခေါ်သွားကြမှာလဲ။ ဒီမိန်းမကြီးတွေဟာ အဖေပြောဖူးတဲ့ စုန်းမကြီးတွေလား၊ အဖေရေ… ကလေးကို ကယ်ပါဦး…။
အဖေရေ… အဖေရေ… အဖေရေ…။
(၄)
အလာတုန်းကလိုပါပဲ မိန်းမကြီးတွေဟာ စကားတပြောပြောနဲ့ တဲကလေးဆီကနေ ထွက်ခွာလာကြတယ်။ မိန်းမတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာတော့ မောဟိုက် တုန်လှုပ်နေတဲ့ ကလေးငယ်တစ်ယောက်။
“ကြည့်စမ်းဟယ်… သနားစရာလေးပါ၊ ဒါကြောင့် သူ့အဖေက သူမသေခင် ကလေးကို မွေးစားဖို့ ပြောသွားတာပေါ့”
မိန်းမကြီး တစ်ယောက်က ပြောတယ်။
နောက်တစ်ယောက်ကလည်း-
“အေးလေ… ငါတို့ရွာထဲမှာလည်း သူခိုးပူနေတာ ကြာပြီ၊ မနေ့ညကမှ သူခိုး… သူခိုးဆိုလို့ ကျုပ် ထကြည့်တော့ ရွာသားတွေ ဝိုင်းဆော်ထားတာ သူ့အဖေခမျာ အသက်မျော့မျော့ပဲ ရှိတော့တယ်” တဲ့။
“တကယ်ဆိုရင် အိမ်ရှင်က မနိုးဘူးတဲ့အေ့၊ ကြောင်အော်သံကြားလို့ ထကြည့်လိုက်တော့ သူခိုးက ကြောင်ကို ပွေ့ထားသတဲ့၊ ဒီသူခိုးနှယ် ကြံကြံဖန်ဖန် ကြောင်ကိုပါ ခိုးရတယ်လို့ပဲ”
ရွာကလေးဆီကို သွားတဲ့ လမ်းမပေါ်မှာ ကလေးငယ်တစ်ယောက်ရဲ့ ရှိုက်သံနဲ့ မိန်းမကြီးတွေရဲ့ အော်ကြီးဟစ်ကျယ် စကားပြောသံတွေဟာ ရောထွေးထွက်ပေါ်လာနေတယ်။
အခုအချိန်မှာ ကလေးဆီက ရင်ခုန်သံတွေကို နားထောင်ကြည့်ရင်တော့ “ကြောင်ကလေး… ကြောင်ကလေး” လို့ပဲ အော်မြည်နေမလား၊ “အဖေ… အဖေ” လို့ပဲ ကြေကွဲစွာ ထွက်ပေါ်နေမလား…။
ခင်ဗျားတို့ မသိချင်ကြပါနဲ့တော့လေ။ ။
ဟန်သစ်မဂ္ဂဇင်း
အမှတ် (၅၆)၊ ၁၉၉၅ ခု၊ ဖေဖော်ဝါရီလ
❏
ကြေကွဲဆိတ်ငြိမ်
(၁)
ခရီးဆုံး ရောက်တော့မည်။
မီးရထားသည် အမှောင်ထုထဲမှ မီးရောင်လဲ့လဲ့ ရှိရာသို့ မြားတစ်စင်းလို ခုတ်မောင်းလျက်။
ဟိုး… ခပ်ဝေးဝေးတွင် ရင့်အို စိမ်းမှောင်နေသော ကုက္ကိုပင်အုပ်များကို လှမ်းမြင်နေရသည်။ ထိုကုက္ကိုပင်အုပ်များ အောက်တွင် ကျွန်တော် ဆင်းရမည့် ဘူတာငယ်ကလေး တစ်ခုသည် ကျွန်တော့်ကို ငြိမ်သက်စွာ စောင့်ကြိုနေလိမ့်မည်။
ခရီးဆောင်အိတ်ကို အမှောင်ထုကြီးထဲတွင် လက်ဖြင့် စမ်းကြည့်မိ၏။ ဒါဟာ အသိမဲ့ လှုပ်ရှားမှုတစ်ခုပေပဲလား။ ‘အသိတရား”…။
ခရီးစဉ်တစ်လျှောက်လုံး ရထားပေါ်တွင် အသိမဲ့ စီးနင်းလိုက်ပါနေခဲ့သည်။ အရက်မူးနေသော ရထားတွဲများနှင့်အပြိုင် ကျွန်တော့် နှလုံးသဲပွတ်များ လှုပ်ရှား ယမ်းခါနေခဲ့သည်။ ရထားပေါ်တွင် ကျွန်တော့်ပစ္စုပ္ပန်သည် ပျောက်ဆုံးနေခဲ့သည်။ ဇာတိရွာကလေး၏ ဘူတာရုံအမည်မှလွဲ၍ ဘာမှ မသိချင်၊ မှတ်လည်း မမှတ်မိချင်တော့။
ရထားတွဲ ပက်လက်ကြီးပေါ်တွင် ကြံရိုးချောင်းများ ထိုးထောင် ပျံ့ကျဲနေကြ၏။
ကြံရိုးချောင်းများပေါ်တွင် အသံမဲ့စွာ စီးနင်းလိုက်ပါလာသော ခရီးသည်မှာ စုစုပေါင်းမှ ကျွန်တော် တစ်ယောက်တည်းသာ။
လေယာဉ်၊ ကား၊ ရထားတို့ဖြင့် အဆင့်ဆင့် လာခဲ့ရသော ကျွန်တော်၏ ခရီးဆုံးလည်း ဖြစ်သည့် ဇာတိရွာကလေးကို လှမ်းမြင်နေရပြီ။ လမ်းဘေးဓာတ်တိုင် မှိန်ပျပျအောက်ရှိ သံလမ်း ကျောက်စရစ်ခဲများပေါ်၌ ရေးရေးရိပ်ရိပ် ပြေးနေသော ရထားအရိပ်မှာ တဖြည်းဖြည်း နှေးကွေးလေးလံ၍ လာပြီ။ ‘ငြိမ့်’ခနဲ ရထားအရပ်တွင် ကျောပိုးအိတ်ကို ဖင့်နှေးလေးလံစွာ လွယ်လျက် ရထားပေါ်မှ တွယ်ဆင်းလိုက်သည်။
ဘူတာရုံကလေးရှေ့မှ ညှိုးနွမ်း ခြောက်သွေ့နေသော ပန်းခြံသေးသေးကလေး ပေါ်တွင် လရောင်က ဖြာကျ၍ နေသည်။ ပြီးတော့ လှုပ်ယမ်းနေသော ကုက္ကိုရွက်တို့၏ အရိပ်မည်းများ၊ ပစ္စလက်ခတ် စုပုံထားသော ရထားသံလမ်းဟောင်းများ၊ ညို့မှိုင်းကြွပ်ခြောက်စ ပြုနေသော ရွက်လှပင်များ။
တိတ်ဆိတ်ငြိမ်သက် လွန်းလှသော ဤနေရာသည် ဘူတာရုံတစ်ခုမှ ဟုတ်ပါစ။
ပလက်ဖောင်းပေါ်တွင် လူ များများစားစား မရှိ။ ပလက်ဖောင်းပေါ်တွင် ရပ်ရင်း ပတ်ဝန်းကျင်ကို ဘယ်ညာစေ့ကြည့်မိ၏။
“ငါ့ကို ဘယ်သူတွေများ လာကြိုကြပါလိမ့်”
စည်းရိုးမှ သံဆူးကြိုးတန်းများပေါ်တွင် ပေါက်ပွင့်နီနီတွေ ချိတ်တင်နေကြသည်။ အပြာရောင် သုတ်ထားသော ခရီးသည်စောင့် ထိုင်ခုံကလေးများသည် တိတ်ဆိတ်မှုဖြင့် လေးလံထိုင်းမှိုင်းလျက် ရှိကြ၏။ ထိုင်ခုံကလေးတစ်လုံး ပေါ်တွင် ထိုင်နေကြသူ နှစ်ယောက်မှာ လူစီးရထားကို စောင့်နေကြဟန် တူသည်။
“အမေတို့များ ဖြစ်နေမလား”
အမှောင်တစ်ဝက် ကျနေသော ထိုနေရာသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ ဟုတ်ပါသည်။ အမေပါပဲ။ အမေကတော့ ကျွန်တော့်ကို မြင်ပုံမပေါ်သေး။ လျှောက်နေသော ကျွန်တော့် ခြေလှမ်းများမှာ တုံ့နှေး၍ သွားသည်။ လူတစ်ကိုယ်လုံးမှာ မူလထက် အဆများစွာ ပိုမိုလေးလံလာသည်။
ဟင့်အင်း… ကျွန်တော် အမေ့ဆီကို မသွားချင်၊ အမေ့မျက်နှာကို မကြည့်ဝံ့၊ မျက်လုံးတွေကို ရင်မဆိုင်ဝံ့၊ အမေနဲ့ ကျွန်တော့်ကြားရှိ တစ်ခေါ်သာသာ အကွာအဝေးမှာ မိုင်ပေါင်းများစွာ ဆန့်ထွက် ရှည်လျားလာသည်။ ခြေတစ်လှမ်း လှမ်းတိုင်း မီးကျီးခဲများပေါ်တွင် လှမ်းလျှောက်နေရသလို ပူလောင်နာကျင် လွန်းလှသည်။
အမေ့ကို သဲသဲကွဲကွဲ မြင်လိုက်ရချိန်တွင် အမေသည် ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။ အမေသည် ကျွန်တော်လာနေသည်ကို အဝေးကပင် မြင်နေဟန်ရှိသည်။ ကျွန်တော့်ကို တွေတွေကြီး ကြည့်နေသည်။
“ကျွန်တော့်ကို အဲသလိုကြီး မကြည့်ပါနဲ့ အမေရယ်”
အခုအချိန်တွင် ကျွန်တော့်ဆီ အမေပြေးလာလျှင် ဘယ်လောက် ကောင်းမည်နည်း။ ကျွန်တော့်ကို တင်းကြပ်စွာဖက်ရင်း ရင်ခွင်ထဲမှာ ငိုချလိုက်ပါလား အမေ။
အမေသည် သူ့လက်သီးကလေး နှစ်ဖက်ကို တင်းတင်းကျစ်ကျစ် ဆုပ်ထားသည်။ အမေ့အသက်ရှူသံက ထန်ပြင်းနေသည်။ အမေ့နှာသီးထိပ်တွင် နှာရည်တို့ တွဲလွဲခိုနေသည်။ ပြီးတော့ အမေသည် အောက်နှုတ်ခမ်းကို ခပ်တင်းတင်း ဖိကိုက်ထားပြန်သည်။
အမေ့ရှေ့ အရောက်တွင် အမေ့မျက်လုံးတွေကို မဝံ့မရဲ ကြည့်မိသည်။ အမေ့မျက်လုံးတွေဟာ မျက်လုံးတွေနဲ့ မတူတော့ပါလား။ အမေ့မျက်လုံးအစုံမှာ နွေဦးပေါက် ရာသီတစ်ခုလို သွေ့ခြောက်အက်ကွဲ၍ နေသည်။
အမေ့မျက်လုံးများကို ဖတ်နိုင်သော စွမ်းအား ကျွန်တော့်မှာ မရှိ။ ခွင့်လွတ်သည့် အကြည့်လား၊ နာကျည်းဆွေးမြေ့သည့် အကြည့်လား၊ ထိုနှစ်ခုလုံး ရောထွေး ယှက်လိမ်နေသည်ဟု ထင်သည်။
‘ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း၊ မျှော်လင့်ခြင်း၊ စိတ်ကုန်ခမ်းခြင်း၊ ပူလောင်ခြင်း၊ ငြိမ်းအေးခြင်း’ ဖျတ်ခနဲ၊ ဖျတ်ခနဲ ပေါ်လာသည့် အဇ္ဈတ္တ၏ အရိပ်အရောင်များသည် အရေးအကြောင်းများ ထင်ကာ အိတွဲကျနေသော အမေ့မျက်နှာပေါ်တွင် ယောက်ယက်ခတ် လှုပ်ရှားနေကြသည်။
အခုအချိန်သည် တစ်ဦး၏ ရင်ခွင်ထဲသို့ တစ်ဦးက ခြေစုံပစ်ဝင်ကာ အားပါးတရ ရှိုက်ငိုပစ်သင့်သည့် အချိန်၊ ဒါမှမဟုတ် တစ်ဦးကိုတစ်ဦး ဖွဖွညင်ညင် နမ်းကာ တစ်ဦးတည်း ဖြစ်သည်အထိ ပွေ့ဖက်နှုတ်ဆက် ပစ်သင့်သည့် အချိန်…။
ဒီလိုအချိန်မှာ အမေက ဘာကြောင့်များ ငြိမ်သက်နေရပါသလဲ။ ထို ငြိမ်သက်ခြင်းကို ဘယ်လိုနည်းနဲ့များ စတင်ဖောက်ခွဲရမှာပါလဲ။ ငြိမ်သက်ခြင်းကို ကျွန်တော် မုန်းသည်။
“အမေ”
ကျွန်တော့်နှုတ်ဖျားမှ ပထမဆုံး ထွက်လာသော အာမေဍိတ်သံသည် ကျောက်လှိုဏ်ဂူအိုကြီး တစ်လုံးထဲမှ ရုန်းကန်တိုးထွက် လာသည်ဟု ထင်ရသည်။ ဆတ်ခနဲ တုန်ယင်သွားသော အမေ့လက်မောင်းပေါ်မှ အမာရွတ်ကြီးကို ကျွန်တော် စိုက်ကြည့်နေမိသည်။ အမေက စကားတစ်ခွန်းမှ မပြောသေး။
အမေ့လက်အစုံကို ကျွန်တော် ဆုပ်ကိုင်လိုက်သည်။ ရင်ထဲမှ စကားလုံး မြောက်မြားစွာတို့သည် လည်ချောင်းဝတွင် မြေမျိုခံလိုက်ရသလို နစ်မြုပ်ပျောက်ဆုံး သွားပြီလား။
အမေ့ မျက်လုံးအိမ်ထဲမှ ယိုစိမ့်ထွက်ကျလာသော မျက်ရည်ဥကြီးများကို ကျွန်တော် မမြင်ရက်၊ မကြည့်ရက်၊ အမေသည် မျက်ရည်များကို သုတ်ဖို့ မကြိုးစား၊ ကျွန်တော့်ပခုံးကို အသာဆုပ်ကိုင်ရင်း …
“ပေး… ငါ့သားပစ္စည်းတွေ အမေ သယ်ခဲ့မယ်”
အမေ့ဘေးမှ ငူငိုင်နေသည့် အစ်မမှာ အခုမှ အသက်ဝင်လာသည့် သက်မဲ့ရုပ်တုတစ်ခုပမာ မျက်နှာကို လက်ဝါးဖြင့်အုပ်ရင်း တလှုပ်လှုပ် ရှိုက်ငိုနေသည်။ အမေ၏ ငိုသံမှာ တိတ်ဆိတ်နေသော ဘူတာရုံကလေးထဲတွင် တစ်ခုတည်းသော အသံဖြစ်သည်။ အစ်မမှာ ကြိတ်၍ ငိုရှိုက်နေရာမှ တဖြည်းဖြည်း ရှိုက်ကြီးတငင်၊ ခေါင်းကို ခါယမ်းလျက်၊ တစ်ကိုယ်လုံး တုန်ယင်လျက်၊ ငိုရှိုက်သံများ ကျယ်လောင်စွာ ပေါ်ထွက်လျက်။
လွန်ခဲ့သောသုံးရက်က ကျွန်တော် ကြားသိခဲ့ပြီးဖြစ်သော ထပ်မံ၍ မကြားချင်တော့သော၊ စကားစုများကို ငိုသံများကြားမှ ဗလုံးဗထွေးနှင့် အစ်မပြောလိုက်မှာ စိုးရွံ့နေမိသည်။
“မောင်လေး… ငါ… ငါတို့အဖေ ဆုံးပြီ”
ရပ်တည်နေသော ခြေအစုံမှာ ရုတ်တရက် နိမ့်ဆင်းသွားသည်။ လမ်းမီးတွေ ဖျတ်ခနဲ မှောင်ကျသွားသည်။ ကောင်းကင်မှ အလင်းလှေက ခဲပုပ်ရောင် တိမ်ပင်လယ်ကြီး အောက်သို့ ငုပ်လျှိုးပျောက်ကွယ် သွားသည်။ ဘူတာရုံကလေးမှာ မှောင်အတိ။
ဒီအမှောင်က အေးမြသော အမှောင်မဟုတ်၊ ပူလောင်သော အမှောင်၊ နှလုံးသားကို လောင်မြိုက်ကြေမွစေသော အမှောင်…။
(၂)
ဒုက္ခတရားသည် ဆားနှင့်တူသည်ဟု တချို့က ပြောကြသည်။ ဘဝတွင် သူ မပါလျှင်လည်း အရသာမရှိ၊ များလွန်းလျှင်တော့လည်း မကောင်းပြန်။ ထိုသို့ဆိုလျှင် အမေ့ရင်ထဲတွင် ဆားရည်စိမ်ထားသော နှလုံးသားတစ်ခု ရှိပေလိမ့်မည်။
အရင်က ဒူးခေါက်ခွက်အထိ ရှည်လျား နက်မှောင်ခဲ့သော အမေ့ဆံပင်များမှာ ဝါးဘီးနှင့် တစ်ပတ်လျှိုရန်ပင် အနိုင်နိုင် ဆွဲယူနေရပြီ။ တဖြည်းဖြည်း ပိန်လှီချုံးကျလာသော အမေ့လက်ဖျံရိုးများ၊ တွန့်ခေါက်နက်ရှိုင်းလာသော ပါးပြင်မှ အရေးအကြောင်းများမှာ ဇရာ၏ တံဆိပ်တုံးများပင် ဖြစ်ပေလိမ့်မည်။ ဒါပေသည့် အမေ့မျက်လုံးများမှာ တောက်ဆဲ၊ အမေ့ဆံနွယ်တို့မှာ ဒေါနပန်းနံ့ သင်းပျံ့ဆဲ။
အမေသည် ရန်သူကို ရေကုန်ရေခန်း ရင်ဆိုင်ရန် အားယူထားသည့် ခြင်္သေ့အိုမ တစ်ကောင်နှင့် တူနေသေးတော့။ ဒါပေမယ့် ခြင်္သေ့မ၏ မျက်လုံးစိုစိုတွင် ဘာလို့များ မျက်ရည်စတို့ တွဲခိုနေရပါသလဲ။ ထိုသို့ ရဲရင့်၊ တောက်ပ၊ ညှိုးငယ်နေသော အမေ့မျက်လုံးများကို လွန်ခဲ့သော လေးနှစ်လောက်က ကျွန်တော် နှုတ်ဆက်ခဲ့ရဖူးသည်။
အဖေ့ခုတင်ပေါ်တွင် ယှဉ်တွဲထိုင်နေသော မိဘနှစ်ပါးကို ကျွန်တော် ရှိခိုး နှုတ်ဆက်ခဲ့ရဖူးသည်။ အဲဒီတုန်းကတော့ ကျွန်တော်က နှုတ်ဆက်ခဲ့သူ… အခုတော့ အဖေက ကျွန်တော်တို့အား နှုတ်မဆက်ဘဲ အပြီးအပိုင် ထွက်ခွာသွားခဲ့ပြီ။
“မသွားလို့ရရင် မသွားပါနဲ့ … ငါ့သားရယ်၊ မင့်အဖေလည်း ကောင်းကောင်း ကျန်းမာတာမှ မဟုတ်ဘဲနဲ့”
ထိုစဉ်က ကျွန်တော့်ကို ကြည့်နေခဲ့သော အမေ့မျက်လုံးများမှ ညှိုးငယ်မှိန်ဖျော့စွာ တောင်းပန်တိုးလျှိုးနေသည်ဟု ထင်သည်။ တစ်သက်လုံး ဘယ်သူကိုမှ အားမကိုးခဲ့သော အမေ့မျက်နှာမှာ ကျွန်တော် ဆုံးဖြတ်ချက် တစ်စုံတစ်ရာကို အားကိုးတကြီး တောင်းခံနေရပြန်သည်။
ထိုအချိန်ကား မေတ္တာတရားနှင့် ဆန္ဒတစ်စုံတစ်ရာ၏ တိုက်ပွဲ ပြင်းထန်လွန်းနေချိန်၊ ရင်တစ်ခုလုံး ကျိုးကျသွားမလား ထင်ခဲ့ရသည့် အချိန်၊ ရှိခိုးကန်တော့နေသော လက်ဖမိုးအစုံတွင် ကြိမ်ဖန်များစွာ လာရောက် ရိုက်ခတ်နေသော သက်ပြင်းလေငွေ့ကို ကြိုးစားထိန်းချုပ် နေခဲ့ရသည့် အချိန်။
“သွားမနေပါနဲ့ ငါ့သားရယ်၊ မင်း ကားစီးချင်သလား၊ အမေ ပိုက်ဆံစုပြီး ဝယ်ပေးပါ့မယ်”
အမေသည် ကျွန်တော့်အား ကလေးပေါက်စကလေး တစ်ယောက်လို ချော့မြူနေခဲ့၏။
အဖေကတော့ ဘာမှ ဝင်မပြော။ ခေါင်းကို အသာညိတ်ရင်း ပါးစပ်မှ ဆုတွေ တတွတ်တွတ် ပေးနေခဲ့သည်။
“အေးကွာ… တားမရရင်လည်း သွားပေါ့။ ငါ့သားကြီး သွားလေရာ၊ ခလုတ်မထိ ဆူးမငြိပါစေနဲ့၊ ခလုတ်မထိ ဆူးမငြိပါစေနဲ့၊ ခလုတ်မထိ ဆူးမငြိပါစေနဲ့…”
ကျွန်တော့် နောက်ကျောဘက်မှ အဖေ့အသံတို့မှာ ဝဲလွင့်ပျံ လိုက်ပါလာရင်း တဖြည်းဖြည်း တိုးတိတ် ငြိမ်ဆိတ်သွားတော့သည်။ ကျွန်တော်ကား ဘဝထဲသို့ ရဲရဲတင်းတင်း တိုးဝင်တော့မည့် သမင်ပျိုတစ်ကောင်အလား ဦးချိုကို ဝင့်ကာဝင့်ကာ နောက်သို့ လည်ပြန်ကလေး တစ်ချက်မှ လှည့်မကြည့်ဘဲ။ အဖေ့ရင်အုံကို ခြေစုံကန်ကာ ခုန်ပေါက်ပြေးထွက် လာခဲ့သည်ပဲ။
လေးနှစ်… လေးနှစ်ဟူသော အချိန်ကာလသည် လူတစ်ယောက်၏ ဖြစ်တည်မှုအား ပျောက်ဆုံး သွားစေနိုင်အောင်ပင် လုံလောက်နေပါသလား။ နှလုံးရောဂါသည် အဖေမှာ ဤလေးနှစ်အတွင်း တိမ်းပါးသွားနိုင်ကြောင်း ကျွန်တော် မသိမဟုတ်။ “မဖြစ်နိုင်လောက်ပါဘူး” ဟု ဆင်ခြေအထပ်ထပ် တက်ကာ လိမ်ညာနေခဲ့ခြင်းသာ ဖြစ်ကြောင်း ကျွန်တော့်ကိုယ် ကျွန်တော် သိနေခဲ့သည်။
“အဖေ သေရတာ၊ ငါ့ကြောင့် တစ်ဝက်ပါတယ်” ဟု ကျွန်တော် ဘယ်တော့မှ မတွေးချင်။ ခုနစ်ဆယ့်ခြောက်နှစ် ဟူသော အရွယ်၌ သေခြင်းတရားနှင့် ရင်ဆိုင်သွားရခြင်းမှာ ထူးဆန်းအံ့ဩဖွယ် တစ်ခုမှ မဟုတ်တာပဲလေ။
အို… ဒါပေမယ့် အဖေ့အား ဆေးကလေးတစ်ခွက်မှ ကိုယ်တိုင် မတိုက်ခဲ့ရ၊ တစ်ရက်တလေလောက်မှ မပြုစုလိုက်ရသည်ကိုတော့ မိမိကိုယ်ကိုယ် လိပ်ပြာမလုံချင်။
“ကျုပ် မသေသေးပါဘူး။ ကျုပ် အားလျှော့လိုက်လို့ ဘယ်ဖြစ်မလဲ အမေကြီးရဲ့၊ ကျုပ်သားကြီးနဲ့ ကျုပ် တွေ့ရဦးမယ်လေ”
ဒါတွေဟာ အဖေ့ပါးစပ်က မပီမသ ထွက်ပေါ်လာတဲ့ နောက်ဆုံးစကားတွေတဲ့လား။
သွား… အဲဒီ သေခြင်းတရားဆိုတဲ့ အရာကို လွှင့်ပစ်လို့ရရင် ကမ္ဘာ့အပြင်ဘက် ရောက်တဲ့အထိ ကျွန်တော် လွှင့်ပစ်လိုက်ချင်သည်။
(၃)
အဖေ့အား ဂူသွင်းမြုပ်နှံရတော့မည်။
သင်္ချိုင်းနှင့် မလှမ်းမကမ်းမှ တမာပင်ရိပ်အောက်တွင် အသုဘပို့ လူစုကြီးအား ရေးရေးမြင်ရသည်။ သူတို့လက်ထဲမှ လှုပ်ယမ်းနေသော ယပ်တောင်များမှာ အဖေ့ခန္ဓာကိုယ်ကို နောက်ဆုံး နှုတ်ဆက်နေသည့် အလား။
အမေသည် အဖေ့ကို နောက်ဆုံး ကန်တော့ခြင်းဖြင့် ကန်တော့နေသည်။ မိသားစုအားလုံးမှာ ထိုမြင်ကွင်းကို မသိမသာ မျက်နှာလွှဲနေကြ၏။ တူမကလေး ကေးကေးသည် ကျွန်တော့်လက်ကို တင်းတင်းဆုပ်ကာ၊ မျက်တောင်များကို ပုတ်ခတ်ကာ၊ နားမလည်နိုင်စွာဖြင့် အမေ့ကို ငေးကြည့်နေသည်။
တူမလေးကား ငါးနှစ်ပင် ပြည့်ဦးမည် မထင်၊ သေခြင်းတရားကို သူ နားမလည်သေး။ ထူးဆန်းသော ဤမြင်ကွင်းအကြောင်း ကျွန်တော့်ကို မေးချင်နေဟန် ရှိသည်။
“ကဲ… ကဲ ကြည့်ကြည့်၊ နောက်ဆုံး ကြည့်ချင်သေးတဲ့လူ ရှိရင်… ကြည့်ကြ။ ဂူပိတ်တော့မယ်”
သုဘရာဇာ၏ အသံဆုံးသည်နှင့် ခေါင်းတလားနားသို့ လူများ ဝိုင်းအုံလာကြသည်။ နောက်ဆုံး နှုတ်ဆက်ကြခြင်း။
“ကေးကေး ကြည့်မလား”
တူမလေးက ခေါင်းညိတ်ပြသည်။
ကျွန်တော်သည် သူ့အား ပွေ့ချီ၍ အဖေ့ခေါင်းတလား ရှိရာသို့ သွားကာ ပြလိုက်၏။
အဖေ့ခန္ဓာကိုယ်မှာ အုတ်ဂူတွင်းသို့ တစ်ဝက်မျှ သွင်းပြီးနေပြီ။ မျက်နှာနှင့် ကိုယ်တစ်ပိုင်းကိုသာ မြင်ရတော့၏။ အေးစိမ့်သော အင်္ဂတေငွေ့အောက်တွင် အဖေ့ခန္ဓာကိုယ်သည် မလှုပ်မယှက်၊ အဖေ့နှုတ်ခမ်းတို့မှာ သားရေမကျက်ရသေးသော ဗုံတစ်လုံးအလား။ အဖေ့မျက်ခုံးမွေးများ ကြားတွင် ပရွက်ဆိတ်အနက်တို့ ရွေ့လျားလျက်။
“ဘဘကြီး… ဘဘကြီး”
ကေးကေးသည် ကျွန်တော့်ကိုယ်ပေါ်မှ ခုန်ဆင်းကာ ကျယ်လောင်စွာ ငိုလျက်ရှိ၏။
“ဘဘကြီးကို ဒီဂူကြီးထဲ မသွင်းရဘူး၊ အီး… ဟီး… ဟီး… မသွင်းရဘူး”
ကလေးသည် မြေပြင်ပေါ်တွင် လူးလှိမ့်ကာ ကမ္ဘာပျက်မတတ် အော်ဟစ် ငိုယိုနေသည်။ လူအားလုံးသည် ကေးကေးကို ဝိုင်းအုံကြည့်နေကြ၏။
ကေးကေးသည် အဖေ့ လက်ကသုံးတောင်ဝှေး ဖြစ်သည်။ အဖေ နေမကောင်းလျှင် နင်းနှိပ်ပေးသည်။ အဖေချောင်းဆိုးလျှင် ထွေးခံယူပေး၊ ရေခပ်ပေးသည်။ လူမမယ်အရွယ် ဖြစ်သော်လည်း အလွန် တတ်သိလိမ္မာသည့် ကေးကေး။
အခုလည်း ခေါ်လို့သာ လိုက်လာရသည်။ လူတွေ ဘာလုပ်နေကြမှန်း သူနားမလည်။ လက်တွေ့ မြင်လိုက်ရတော့မှသာ သူ့အဘ၏ ခန္ဓာကိုယ်အား မွန်းကျပ် ပိတ်လှောင်နေသော အုတ်တိုက် သေးသေးကလေးထဲ၌ ထည့်၍ အသေပိတ်ပစ်တော့မည် ဖြစ်ကြောင်း ရိပ်မိတော့သည်။
“ဘဘကြီး မွန်းကြပ်နေတော့မှာပဲ၊ ညဆိုရင် ဘဘကြီးကို ပိုးလောက်တွေ လာကိုက်တော့မှာပဲ၊ ရေဆာလျှင် ဘယ်သူက လာခပ်တိုက်မှာလဲ” ဟု သူ တွေးနေလိမ့်မည်။ သူ ဝမ်းနည်းနေလိမ့်မည်။ သူ့အဘအား အကျဉ်းချထားရန် စီစဉ်နေကြသော ကျွန်တော်တို့အား သူ မုန်းတီးစက်ဆုပ် နေပေလိမ့်မည်။
ကျွန်တော်ကား ကေးကေးလောက်မှ အသုံးမကျသူပါလား။ ကေးကေးလောက်မှ သံယောဇဉ် မကြီးသူပါလား။ ထိုအတွေးသည် မြွေတစ်ကောင်လို ရစ်ခွေကာ ကျွန်တော့် ငယ်ထိပ်ကို ကြိမ်ဖန်များစွာ ကိုက်ခဲလျက်ရှိ၏။
“ကလေးကို ဒီနေရာထိ ဘယ်သူခေါ်လာတာလဲ”
အမေသည် ကျွန်တော့်ကို အပြစ်တင်ရင်း ရုန်းကန်နေသော ကေးကေးအား ပွေ့ချီလိုက်သည်။
အဖေ့ဂူကို အင်္ဂတေဖြင့် အပြီးပိတ်လိုက်ကြပြီ၊ ကျွန်တော်ကိုယ်တိုင်ပင် မွန်းကြပ်သွားသလို၊ အသက်ရှူ မဝတော့သလို ခံစားလိုက်ရ၏။
အမေကတော့ တရားမြဲသူပင်။
“ငါ့လင် ဆိုသည် မရှိ၊ ငါ့သား ဆိုသည် မရှိ၊ ငါဆိုသည် မရှိ၊ လောကတွင် ဖြစ်ခြင်းနှင့် ပျက်ခြင်းသာ ရှိ၏” ဟု အမေ ရှုမှတ်နေမည် ထင်သည်။
သင်္ချိုင်းကုန်းကလေးမှ အပြန်လမ်းကား ခြောက်သွေ့တိတ်ဆိတ်လျက်။ ကုက္ကိုရွက်ကြွေတို့အပေါ် အသံမည်အောင် နင်းလျှောက်ရမှာပင် ဝန်လေးနေမိသည်။ အမေသည် ကျွန်တော့် လက်မောင်းကိုကိုင်ကာ တုံ့နှေးလေးလံစွာ လျှောက်နေသည်။ နှလုံးသည်းပွတ်များ၊ ခြေထောက်များ၌ ငင်၍နေသော နှောင်ကြိုးများကို တရားတော်ဖြင့် တစ်ချောင်းချင်း အမေ ဖြတ်နေဟန် ရှိသည်။
“ငါ့သား ဘယ်နေ့ပြန်မလဲ”
ရုတ်တရက် အမေ့မေးခွန်းကို ကျွန်တော် မဖြေနိုင်၊ မဖြေချင်။ ကျွန်တော် မနက်ဖြန် ပြန်ရမယ် အမေ။ အမေ့ဆီမှ သက်ပြင်းချသံ ကြားရပြီး ထိုအသံသည် တောင်ကမ်းပါးယံ များစွာကို ပဲ့တင်ထပ်သွားပြန်သည်။
“သား အလုပ်ကော အဆင်ပြေရဲ့လား၊ အင်း… ငါ့သားက လောဘကြီးတာကိုး”
“… …”
“ဒါနဲ့ အလုပ်က ခွင့်ကာရရဲ့လား”
“ဟုတ်ကဲ့… ရပါတယ် အမေ"
“မင့်အစ်မကို အမေ ပြောပါသေးတယ်ကွယ်၊ သားဆီ အကြောင်းမကြားနဲ့တော့လို့၊ ပြန်လာရတဲ့ခရီးက နီးနီးလေးမှ မဟုတ်တာ၊ အင်း… သေသွားတော့မှ ဘာထူးခြားဦးမှာလဲ၊ သွားရလာရ ဒုက္ခရောက်လှတယ်”
လယ်ကွင်းများထဲတွင် ရိုးပြတ်ငုတ်တိုများ ထိုးထောင်ပြန့်ကြဲ နေကြသည်။ ခြေတံရှည် ဗျိုင်းတစ်အုပ်သည် နားတုန်း၊ ပျံတုန်းဖြင့် အစာကောက် နေကြလျက်။ လွယ်အိတ်ကိုယ်စီဖြင့် ကျောင်းသားကလေး နှစ်ယောက်သည် ကန်သင်ရိုးပေါ်တွင် အပြေးပြိုင်လျက်၊ သစ်ပင်ရိပ်မှ ကျွဲကျောင်းသားကလေးက ထိုကျောင်းသားငယ် နှစ်ယောက်အား ငေးကြည့်နေလျက်။
ကျွန်တော်သည် ပတ်ဝန်းကျင်ကို အဓိပ္ပာယ်မဲ့ ငေးမောကာ လမ်းလျှောက်နေရင်း အမေ့ကို ပြောဖို့ စကားစ ရှာမရ ဖြစ်နေမိသည်။
“ငါ့သားကို မပြန်ခင် အမေ ပြောထားရဦးမယ်”
သစ်ပင်ရိပ်တွင် တုံ့ခနဲရပ်ကာ ချွေးသုတ်ရင်း အမေပြောမည့် စကားကို နားထောင်နေမိသည်။ အမေလည်း သစ်မြစ်ဆုံ တစ်ခုပေါ်တွင် ညင်သာစွာ ထိုင်ချရင်း အမောဖြေနေသည်။
ဟိုးအဝေးမှ လှည်းလမ်းသည် ဖုန်တထောင်းထောင်း ထလျက်ရှိ၏။
“အမေ… ပြောစရာရှိရင် ပြောလေ”
“ဪ… ဘာမှ မဟုတ်ပါဘူး… ငါ့သားရယ်။ လူဆိုတာ သေမျိုးချည်းပါပဲ။ အမေတို့လည်း တစ်နေ့ ဒီလမ်းသွားရမှာပဲမို့လား။ သေသွားပြီဆိုမှတော့ အဖေဟာလည်း အဖေ မဟုတ်တော့ဘူး။ အမေဆိုတာလည်း အမေ မဟုတ်တော့ဘူး။ ရုပ်သဏ္ဍာန်၊ ခြေရာပဲ ရှိတော့တာ မဟုတ်လား”
အမေ ဘာကိုဆိုလိုချင်မှန်း ကျွန်တော် နားမလည်ပါ။ အမေ ဘာကို ဦးတည်နေတာပါလိမ့်၊ ကျွန်တော့်ကို တရားဟောချင်တာ ထင်ပါရဲဟု စဉ်းစားနေမိသည်။
“အဲဒီတော့ အမေများ တကယ်လို့ သေသွားခဲ့ရင်လည်း ငါ့သား ပြန်လာမနေနဲ့၊ သွားရလာရ ဒုက္ခရောက်လွန်းလို့ သွားရလာရ ဒုက္ခရောက်လွန်းလို့၊ ဒုက္ခရောက်လွန်းလို့…”
သစ်ခေါင်းခြောက်ကြီးထဲမှ လင်းနို့ငှက်များ ဝေါခနဲ ပျံထွက်သွားကြသည် ပျဉ်းမပင်ပေါ်မှ အပွင့်အားလုံး ဖြုတ်ခနဲ ကြွေကျကုန်သည်။ အမေ့အသံကို ကျွန်တော် မကြားရတော့၊ မျက်ရည်ဥများ လိမ့်ကျလာသည်။ နေဝင်တော့မည်။
ကျွန်တော့် ခြေလှမ်းတို့ကား အဆိပ်သင့်လျက်။ ။
ပိတောက်ပွင့်သစ်မဂ္ဂဇင်း
အမှတ်(၈)၊ ၁၉၉၅ ခု၊ စက်တင်ဘာလ
❏
အိပ်ပျော်နေတဲ့ မြို့ကလေး
(၁)
နောက်ဆုံးတော့ သင်္ချိုင်းကုန်းကလေးထဲတွင် ကျွန်တော် တစ်ဦးတည်းသာ ထီးထီးကျန်နေရစ်တော့သည်။
အသုဘလိုက်ပို့သူ များစွာတို့သည် မိမိတို့၏ မျက်ရည်ဥများ၊ ငိုရှိုက်သံများ၊ ရှည်လျားသော အရိပ်မည်းများကို ဤသင်္ချိုင်းကလေးထံတွင် ထားရစ်ကာ အလျှိုလျှို ပြန်ထွက်သွားကြလေပြီ။
တစပြင်သည် တိတ်ဆိတ်လျက်။
ဝါရော်ကြွပ်ခြောက်နေသော ကုက္ကိုရွက်များသည် မြေပြင်ပေါ်တွင် ငြိမ်သက်လျက်၊ ဆည်းဆာနေခြည်သည်လည်း တောအုပ်ညိုညိုကို အုတ်ဂူ ကမ္ပည်းစာတန်းများပေါ်တွင် ဖြာကျလျက် ဖောက်ထွက်ကာ …
‘ဒေါ်မေမေညို
အသက် (၄၁)နှစ်’
အမေ့အုတ်ဂူပေါ်မှ စာတန်းကို ဖတ်မိသောအခါ ကျွန်တော့်ရင်ထဲတွင် လှိုင်းဂယက်တို့ ပွက်ခနဲ။ ဟောဒီ အုတ်တိုက်ကျဉ်းလေးထဲမှာ မေမေရှိနေပါလား ဟူသော အသိက ရင်ကို မွန်းကျပ်သွားစေသည်။ အုတ်ဂူပေါ်မှ သစ်ရွက်တို့ကို လက်နှစ်ဖက်ဖြင့် အသာလှဲချလိုက်သောအခါ အင်္ဂတေ၏ အေးစက်စက် အထိအတွေ့က သွေးကြောထဲတိုင် စီးဝင်သွား၏။
တကယ်တော့ မေမေဆုံးတာ ငါးနှစ်ခန့် ရှိလေပြီ…
ကျွန်တော်သည် ဤသင်္ချိုင်းကုန်းကလေးသို့ အသုဘပို့ လာရတိုင်း မေမေ့အုတ်ဂူကို လာရောက် ကန်တော့မြဲ၊ အုတ်ဂူဘေးမှ သစ်ရွက်ခြောက်နှင့် အမှိုက်စများကို ရှင်းလင်းပေးမြဲ၊ သစ်ကိုင်းခြောက်ကလေးများကို တံမြက်စည်းတစ်ချောင်းအဖြစ် စုစည်းကာ ရွက်ကြွေတို့ကို လှဲကျင်းပေးမြဲ။
“မနက်ဖြန်တော့ ဂူကို ထုံးလာသုတ်ဦးမှပါ”
“မေမေ့အုတ်ဂူ ခေါင်းရင်းမှာလည်း တရုတ်စကားပင်ကလေး တစ်ပင်တော့ စိုက်ဦးမှ ထင်ပါရဲ့”
ဤသင်္ချိုင်းကုန်းကလေးသို့ ရောက်သည့် အချိန်တိုင်းမှာပင် ကျွန်တော်သည် မေမေ့ဂူ ခေါင်းရင်း၌ သစ်ပင်တစ်ပင်စိုက်ဖို့ စိတ်ကူးရမိခဲ့သည်ချည်း။
ကျွန်တော့်အတွေးများကို မေမေသာ သိလျှင်တော့ ဝိညာဉ်ဘဝကနေ ကျေနပ်နေမည်လား၊ အုတ်ဂူထဲမှ ထလာကာ -
“သံယောဇဉ် ဆိုတာကို မင်း နားလည်ပြီမို့လား… သား” ဟု ပြောဦးမည်လား မသိ။
ကျွန်တော် တွေးသလိုပင် လွန်ခဲ့သော (၁၀) နှစ်က မေမေလည်း တွေးခဲ့ဖူးမည်။ အုတ်ဂူတစ်လုံး၏ ဘေးတွင် တရုတ်စကားပင်ကလေး တစ်ပင် စိုက်ဖို့ မေမေလည်း စိတ်ကူးယဉ်ခဲ့ဖူးမည်မှာ အမှန်ပင်။
လွန်ခဲ့သော ဆယ်နှစ်ခန့်က ကျွန်တော်နှင့် မေမေသည် ဤသင်္ချိုင်းကုန်းကလေးထဲတွင် တရုတ်စကားပင်ကလေး တစ်ပင် အတူတူ စိုက်ခဲ့ကြဖူးသည် မဟုတ်လား။
ပတ်ဝန်းကျင်ကို မျက်လုံးဝေ့ကြည့်ကာ ထိုအပင်ကလေးကို ရှာဖွေလိုက်ပါ၏။ မတွေ့တော့။ ရေလောင်းပေါင်းသင်မည့်သူ မရှိ။ ယုယကာကွယ်မှု မရှိသည့် သစ်ပင်တစ်ပင်သည် ဘယ်လို အသက်ရှည်မည်နည်း။ ဒါမှမဟုတ် နွားကျောင်းသားတို့ လက်ချက်ဖြင့်များ ထိုအပင်ကလေး လက်စပျောက်သွားရော့သလား။ သစ်ပင်ကလေးကို မတွေ့ပေမယ့် ထိုသစ်ပင်ကလေး အုပ်မိုးခဲ့ဖူးသည့် အုတ်ဂူကလေး တစ်လုံးကိုတော့ ကျွန်တော် မှတ်မိနေသည်။ ထိုအုတ်ဂူကလေးမှာ ကျွန်တော်၏ အမှတ်တရပစ္စည်း၊ ကျွန်တော် ငယ်စဉ်ဘဝ၏ သမိုင်းဝင်ပစ္စည်း။
ပြီးတော့ ကျွန်တော့်ဘဝ မေမေနှင့် ထိုအုတ်ဂူကလေး၏ ခေါင်းရင်းမှ တရုတ်စကားပင်ကလေးကို နေ့ပေါင်းများစွာ ရေလောင်းပေါင်းသင်ရင်း စိုက်ပျိုးခဲ့ကြဖူးသည် မဟုတ်လား။
ကျွန်တော်သည် လွန်ခဲ့သော ဆယ်နှစ်ခန့်က ကျွန်တော့် ကလေးဘဝကို ပြန်၍ သတိရလာမိသည်။
(၂)
မေမေနှင့်အတူ မနက်စောစော လမ်းထလျှောက်ခွင့်ရသော အရွယ်မှာ ကျွန်တော် ဆယ်နှစ်သားလောက်က ဖြစ်သည်။
အရင်ကတော့ ကျွန်တော် အသက်ငယ်သေးတာရယ်၊ အအေးမိမှာ စိုးတာရယ်ကြောင့် မေမေနှင့်အတူ လမ်းလျှောက်လိုက်ခွင့် မရပါ။ မေမေသည် ဒေါ်လေးကိုသာ အဖော်ခေါ်သွားလေ့ ရှိသည်။ ဖေဖေကတော့ အိပ်ရေးပျက်သည်ဟု ဆိုကာ အိပ်ရာထဲမှာ ကွေး၍ နေခဲ့သည်ချည်း။
မှတ်မှတ်ရရ ကျွန်တော် ဆယ်နှစ်သားတွင် ဒေါ်လေး အိမ်ထောင်ကျသောအခါ မေမေ့တွင် လမ်းလျှောက်ဖော် မရှိတော့။ မေမေ့ဘေးတွင် အဖော်အဖြစ် ကျွန်တော် လိုက်ပါရတော့သည်။
ကျွန်တော်သည် ဒေါ်လေးတို့ အိမ်ခွဲသွားတာကိုပင် ကြိတ်၍ ဝမ်းသာနေမိ၏။ မေမေနှင့်အတူ မနက်စောစော လမ်းလျှောက်လိုက်ရတော့မည် မဟုတ်လား။ ကျွန်တော်ကား အမေချစ်ဖြစ်သည်။
ငယ်စဉ်က “မေမေနှင့်ဖေဖေ ဘယ်သူ့ပိုချစ်သလဲ” ဟု အမေးခံရတိုင်း “မေမေ့ကို ပိုချစ်တယ်” ဟု မဆိုင်းမတွ ဖြေတတ်မြဲ။
ထို့ကြောင့်ပင် မေမေနှင့်အတူ အဖော်အဖြစ် လိုက်ပါခွင့်ရခြင်းသည် ကျွန်တော့်အဖို့ ဧရာမအခွင့်အရေးကြီး ဖြစ်တော့သည်။
ပထမဆုံး လမ်းလျှောက်ထွက်ရမည့် မနက်ကဆိုလျှင် ကျွန်တော်သည် မေမေ့အရင် စော၍ နိုးနေနှင့်၏။ ဆွယ်တာအင်္ကျီထူထူနှင့် ကုတ်အင်္ကျီ၊ ဂွမ်းဘောင်းဘီတို့ကို ဝတ်ဆင်ကာ သိုးမွေးဦးထုပ်ကို ဆောင်းရင်း မေမေ့အနိုးကို ခုတင်ပေါ်တွင် ထိုင်စောင့်နေမိသည်။
မေမေ့ ခုတင်ခေါင်းရင်းက နှိုးစက်နာရီ တဂွမ်ဂွမ် မြည်နေချိန်တွင် ကျွန်တော်ကား ကင်းပတ်ဖိနပ်ကိုပင် ကြိုးချည်၍ ပြီးလေပြီ။ မေမေကတောင် -
“သားက ဝီရိယ ကောင်းသားပဲ”
ဟု ပြောသေးလား မသိ။
ကျွန်တော်တို့ အိမ်က ထွက်ခဲ့ကြတော့ မနက်လေးနာရီခွဲ ရှိပြီ။ မေမေလည်း ကျွန်တော့်လိုပင် ဆွယ်တာနှင့်၊ ဘောင်းဘီနှင့် ခေါင်းမှာတော့ သိုးမွေးတဘက်ကို စတိုင်ကျကျ ပတ်လို့၊ ထိုစဉ်က မေမေ့မှာ အသက်သုံးဆယ် ပတ်ဝန်းကျင်သာ ရှိဦးမယ်။
“နှင်းတွေ ကျနေတာ သိပ်လှတာပဲ မေမေ”
ဟု ကျွန်တော်က ပြောတော့ မေမေကပြုံးရင်း -
“သားက သဘာဝကို ချစ်တတ်သားပဲ၊ သားကြီးလာရင် ဘာလုပ်မလဲ မေမေ့ကိုပြောစမ်း”
ဟု မေးသည်။
“ကျွန်တော် ကြီးလာရင်လား၊ မေမေ့လိုပဲ ကဗျာဆရာ လုပ်မှာပေါ့”
ဟု ဖြေလျှင် မေမေ ဟက်ဟက်ပက်ပက် ရယ်လေတော့သည်။
မေမေသည် ကဗျာရေး အလွန်ကောင်းသည်ဟု ဒေါ်လေး ခဏခဏ ပြောဖူးသည်။ ကျွန်တော်ကတော့ ထိုအရွယ်က ကဗျာတွေကို မခံစားတတ်သေး၊ မေမေ့ကဗျာတွေကို ဖတ်ကြည့်တော့လည်း သိပ်နားမလည်၊ ကြီးလာရင် ကဗျာရေးတတ်အောင်သင်ပြီး မေမေ့လိုပင် ကဗျာများ ရေးမည်ဟုတော့ စိတ်ကူးယဉ်ဖူးလေသည်။
နောက်နေ့များတွင် လမ်းလျှောက်ရင်း မေမေက ကဗျာတွေ ရွက်ပြတတ်၏။
“ခြေကျင်းတခက်
လျှပ်စစ်တသံ
ကာရန်တကြော့
ခြေတဖော့နှင့်
ဝန်းကော့နက်ရှိုင်း၊
သက်တန့်ကိုင်းက
စက်ဝိုင်းခြမ်းပုံ ပေါ်လာ၏”
တစ်ခါတစ်ခါတော့ ကဗျာတွေရွတ်ရင်း မေမေ့အသံ တိမ်ဝင်သွားကာ မျက်ရည်များ ဝဲလာသည် ထင်၏။ ရွတ်လက်စ ကဗျာကို ရုတ်တရက် ရပ်ပစ်လိုက်ကာ -
“သား… မချမ်းဘူးလား၊ မေမေတို့ ပြေးကြစို့”
ဟု စကားလွှဲတတ်သည်။
မြို့အစွန် လယ်ကွင်းများဘက် ရောက်သည်အထိ ကျွန်တော်တို့ ပြေးတတ်ကြပြီး လမ်းမပေါ်တွင် ခြေဆင်းထိုင်ကာ အမောဖြေတတ်ကြ၏။
ထိုအချိန်တွင် အရှေ့ဘက်ဆီက မှုန်ပျပျ အလင်းရောင်ကလေး ပေါ်နေတတ်ပြီး မြို့အစွန်၌ လမ်းမကြီးမှ ဝဲယာသို့ ခွဲထွက်သွားသော လမ်းမြွာကလေးများကို အလင်းငွေ့ငွေ့ကြားတွင် မြင်နေရတတ်သည်။
လမ်းမကြီးပေါ်တွင် မနက်စောစော လမ်းလျှောက်သူ၊ လေ့ကျင့်ခန်း လုပ်နေသူများနှင့် ပြည့်နေတတ်သော်လည်း ခွဲထွက်သွားသော လမ်းမြွာကလေးများထဲတွင်တော့ တစ်ဦးတစ်ယောက်မျှ မတွေ့ရပါ။
လမ်းမြွာကလေးများမှာ ဖြောင့်ဖြောင့်တန်းတန်း မဟုတ်၊ ဟိုသည် လိမ်ကောက်ကာ အချိုးအကွေ့တွေ များလွန်းသည်။ လမ်းမကြီးပေါ်မှ ထိုင်ကြည့်လျှင် လမ်းကြားကလေး၏ အဆုံးကို မမြင်ဘဲ လမ်းထောင့်ချိုးမှ ညောင်ပင်ကြီးများ၊ ကုက္ကိုပင်အိုကြီးများကိုသာ အသည်းယားစဖွယ် တွေ့နေရ၏။ ထိုလမ်းမြွာကလေးများထဲက တစ်ခုမှာ သင်္ချိုင်းကုန်းကလေးသို့ သွားသောလမ်း ဖြစ်ကြောင်း နောက်မှ ကျွန်တော် သိရတော့သည်။
“လာ သား၊ မေမေတို့ ဒီလမ်းကလေးအတိုင်း ဆက်လျှောက်ကြရအောင်”
ကျွန်တော်သည် ထိုလမ်းမြောင်ကလေးကို ကြည့်နေမိသည်။
“မေမေကလည်း၊ အဲဒီလမ်းထဲကို လူတွေ တစ်ယောက်မှဖြင့် မသွားကြဘဲနဲ့”
“ဘာလဲ သားက ကြောက်လို့လား”
မေမေ ဒီလိုပြောတော့လည်း ကျွန်တော့်စိတ်ထဲမှာ မခံချင်…
“မကြောင်ပေါင်… မေမေနဲ့ ကျွန်တော် စိမ်မလား"
ကြောက်ရွံ့စိတ် တစ်ဝက်နှင့်ပင် ကျွန်တော်သည် မေမေ့လက်ကိုဆွဲကာ လမ်းမြှောင်ကလေးထဲသို့ ဝင်ခဲ့ကြသည်။ တကယ်တော့ သည်လမ်းကလေးသည် လယ်ကွင်းတွေ ကြားထဲမှာ ဖောက်ထားခြင်းဖြစ်၏။
လမ်းနံဘေး၌မူ စိန်နားကပ်ပန်းတို့ ပွင့်လျက်၊ ဆီမီးတောက်ပန်း ဝါဝါများ ယိမ်းလှုပ်လျက်၊ ယာခင်းစည်းရိုးပေါ်တွင် ဆိပ်ဖလူးပွင့်တို့ ချိတ်တင်လျက်။
ကျွန်တော်လည်း မေမေ့ကိုပေးရန် ဆိတ်ဖလူး ပန်းပွင့်များကို ကောက်နေလိုက်သည်။ မေမေကတော့ မရမ်းနုရောင် ကောင်းကင်နှင့် ရောင်နီဦးကို လည်းကောင်း၊ ပန်းတံတိုင်းနှင့် လမ်းကွေ့ကလေးကို လည်းကောင်း စိတ်ဝင်စားဟန် မတူပါ။ ရှေ့သို့သာ သဲကြီးမဲကြီး လျှောက်လျက်ရှိ၏။
တစ်ခေါ်လောက် လျှောက်မိလျှင် လမ်းကွေ့တစ်ခုကို တွေ့ရပြန်သည်။ ထိုအကွေ့လွန်သော် ကုက္ကိုပင်အုပ်အုပ်ကို ဘွားခနဲ မြင်ရတော့၏။
ကုက္ကိုပင်ကြီးများမှာ အိုမင်းလှပြီ။
အရွက်စိမ်းစိမ်းများကား နှင်းကျထားသဖြင့် မှိုင်းညို့စိမ်းစိုလျက် ရှိ၏။ ထိုအပင်ကြီးများ အောက်တွင်မူ အုတ်ဂူဖွေးဖွေးများ။
ကျွန်တော့်ရင်ထဲ၌ ထိတ်ခနဲဖြစ်ကာ ကျောချမ်းသွားလေသည်။
မေမေကတော့ ဆွယ်တာအင်္ကျီကို ချွတ်ပစ်လိုက်ကာ သင်္ချိုင်းဝရှိ ကုက္ကိုပင်တစ်ပင်၏ အမြစ်ဆုံကြီးပေါ်တွင် အေးအေးဆေးဆေး အမောဖြေ နေလေတော့သည်။ ကျွန်တော်လည်း မေမေ့ဘေးတွင် ထိုင်ချလိုက်ရတော့၏။
“သားက သတ္တိရှိသားပဲ”
“ဟင့်အင်း မေမေ… ကျွန်တော် ပြန်ချင်ပြီ”
မေမေက ရယ်၏။
“သင်္ချိုင်းဆိုတာ သေသွားတဲ့ လူတွေရဲ့ မြို့ကလေးပဲ သားရဲ့ ၊ ဒီမြို့လေးထဲမှာ သူတို့ ငြိမ်ငြိမ်သက်သက်ကလေးပဲ အိပ်နေကြတာ၊ မေမေတို့ကို ဘာမှ ရန်မပြုနိုင်ကြဘူး။ သူတို့ခမျာ လှုပ်တောင် လှုပ်နိုင်ကြတာ မဟုတ်ဘူး။ တကယ်တော့ ဒါဟာ ကြောက်စရာ မဟုတ်ပါဘူး သားရယ်၊ သနားစရာတောင် ကောင်းပါသေးတယ်”
“သူတို့… သရဲကော မဖြစ်ကြဘူးလား မေမေ”
“သရဲ… သရဲကို သားမြင်ဖူးလို့လား”
“ဟင့်အင်း မေမေ… ဒါပေမယ့် ဒေါ်လေး မြင်ဖူးတယ်တဲ့၊ ဒေါ်လေး ငယ်ငယ်တုန်းက စုန်းမလည်း အကိုက်ခံရဖူးတယ်တဲ့၊ သင်္ချိုင်းကုန်းထဲမှာ အထက်ဆရာကြီးနဲ့ စုန်းမတွေ ပညာပြိုင်ကြတဲ့အကြောင်း စာအုပ်တွေလည်း သားကို ဒေါ်လေး ဖတ်ပြဖူးတယ် မေမေ"
မေမေသည် ကျွန်တော့်စကားတွေကို ပြုံး၍ နားထောင်နေပြီး -
“မင်းအဒေါ် တစ်ယောက်ကတော့ ကလေးကို ဘာတွေ လျှောက်ပြောထားမှန်း မသိပါဘူး”
ဟု ညည်းသည်။ ပြီးတော့မှ -
“မင်းဒေါ်လေးက ကြားဖူးတာတွေ လျှောက်ပြောတာပါ သားရယ်၊ သရဲဆိုတာ တကယ်မရှိပါဘူး၊ တကယ်ရှိရင်လည်း မေမေပါတာပဲ၊ ဘာကြောက်စရာလိုလဲ၊ မေမေ့မှာ သရဲကိုနိုင်တဲ့ ဂါထာရှိတယ်၊ ဘာမှ မကြောက်နဲ့”
“တကယ်လား မေမေ”
ကျွန်တော် မေမေ့ကို အထင်ကြီးသွားတော့သည်။ ဟုတ်မှာပါပဲ၊ မေမေမှ မကြောက်တာ၊ ကျွန်တော်လည်း ဘာကြောက်စရာ ရှိလို့လဲ၊ ကျွန်တော့်ရင်ထဲမှာ ကြောက်စိတ်တို့ လျော့ပါးသွားပြီး မေမေ့လက်ကိုတွဲကာ သင်္ချိုင်းကုန်းကလေးထဲသို့ ဝင်ခဲ့ရတော့သည်။
သင်္ချိုင်းမြေ၏ အရှေ့ဘက်စူးစူးတွင် တောင်ကုန်းမို့မို့တို့ သွယ်တန်းလျက် ရှိ၏။ တောင်ကုန်းများ၏ ထိပ်ပိုင်းတွင် မြူခြည်တို့ အုံ့မှိုင်းလျက်၊ အရုဏ်သည် ပြာမှောင်နေသော ကောင်းကင်ကို ပန်းရောင်နုနုသို့ အသွင်ပြောင်းလျက်။
မေမေသည် တောင်ကုန်း၏နောက်မှ တငြိမ့်ငြိမ့် တိုးတက်လာသော ကြက်ဥနှစ်ရောင် နေလုံးကြီးကို ကုန်းထိပ်ကလေးပေါ်တွင် ထိုင်ကာ ငေးကြည့်နေလေ သည်။
ကျွန်တော့်ဘဝတွင် နေထွက်ချိန်ကို ပထမဆုံး မြင်ဖူးခြင်းဖြစ်၏။ မေမေကတော့ စိတ်ကူးထဲတွင် ကဗျာတွေ ရေးနေလောက်ပြီ။
ကျွန်တော် မေမေ့ကို အနှောင့်အယှက် မပေးချင်ပါ။ သင်္ချိုင်းကုန်းကလေးထဲသို့ မျက်လုံးဝေ့ကြည့်မိ၏။ အုတ်ဂူကလေး တစ်လုံးသည် အခြားအုတ်ဂူများနှင့် မတူဘဲ ထူးခြားနေလေသည်။ ကျွန်တော် ထိုဂူလေးဆီသို့ လျှောက်လာမိခဲ့၏။ မကြာသေးခင်က ထုံးသုတ်ထားသဖြင့် ဂူကလေးမှာ ဖွေးဖွေးဖြူလျက်။ တစ်စုံတစ်ယောက် လှဲကျင်းထားပုံ ရသဖြင့် ဂူကလေး၏ ပတ်ဝန်းကျင်မှာ သန့်စင်လျက်ရှိသည်။
ကျွန်တော့် ကုတ်အင်္ကျီ အိတ်ထောင်နှစ်ဖက်နှင့် အပြည့်ကောက်လာသော လိမ္မော်ရောင် ဆိပ်ဖလူးပန်းများကို သတိရမိသည်။ ကျွန်တော်သည် ဆိပ်ဖလူးပွင့်လေးများကို အုတ်ဂူပေါ်တွင် တင်ကာ ဂူပိုင်ရှင်၏ နာမည်ကို ပန်းပွင့်များဖြင့် ပုံဖော်ရန် စိတ်ကူးရမိ၏။
အုတ်ဂူလေး၏ ထိပ်တွင် -
‘ကိုမြင့်ဝေ
အသက် (၂၆) နှစ်’ ဟူသော စာတန်းကို တွေ့ရသည်။
“ကိုမြင့်ဝေ…”
ကျွန်တော်သည် ကျွန်တော့်ပန်း ပန်းချီလေးကို ကြည့်ရင်း သဘောကျ နေမိသည်မှာ နောက်မှ မေမေရောက်လာသည်ကိုပင် သတိမထားမိနိုင်။
“အဲဒီပန်းတွေကို လွှင့်ပစ်လိုက်စမ်း… သား”
ကျွန်တော့်နောက်မှ ဗြုန်းခနဲ ပေါ်လာသော မေမေ့အသံကြောင့် ကျွန်တော် အလန့်တကြား ခုန်ထလိုက်မိသည်။
မေမေ့မျက်လုံးတို့သည် အက်ကွဲမှိုင်းရီလျက် ရှိ၏။ မေမေသည် ကျွန်တော့်ကို တစ်လှည့်၊ အုတ်ဂူကလေးနှင့် ပန်းပွင့်များကို တစ်လှည့်ကြည့်ကာ -
“သား… အဲဒီပန်းတွေကို အဝေးကြီးရောက်အောင် လွင့်ပစ်လိုက်လို့ မေမေ ပြောနေတယ်လေ”
အလွန် အေးအေးဆေးဆေး နေတတ်သော မေမေ့အသံဟာ ဘာကြောင့်များ မာထန်နေခဲ့ကြောင်း ကျွန်တော် စဉ်းစားမရပါ။ ကျွန်တော်သည် ပန်းပွင့်ကလေးများကို ကြုံးယူပြီး အဝေးတစ်နေရာကို သွားပစ်လိုက်သည်။
“သူ့အုတ်ဂူပေါ်မှာ အဲဒီပန်းတွေ မတင်ပါနဲ့သား… သားတင်ချင်ရင် နောက်နေ့မှ မေမေ စံပယ်ပန်းတွေ ဝယ်ပေးမယ်”
မေမေ့အသံသည် ဆွေးမြည့်နေ၏။
“အဲဒီအုတ်ဂူထဲက ဦးဦးကို မေမေသိလားဟင်”
“သိတာပေါ့ သားရဲ့… သူက မေမေ့ သူငယ်ချင်းပဲဟာ”
ကျွန်တော်သည် နောက်ထပ် မေးခွန်းများကို ဆက်တိုက်မေးရန် မေမေ့ကို မော့ကြည့်လိုက်သည်။
“မေမေတို့ ပြန်ကြစို့ သား”
ဤသို့ဖြင့် ထိုအုတ်ဂူကလေးသည် ကျွန်တော့်နံနက်ခင်းများ၏ အဖော်တစ်ခု ဖြစ်လာလေတော့သည်။
နောက်နေ့ မနက်ခင်းများတွင် လမ်းလျှောက်ထွက်ကြလျှင်လည်း ကျွန်တော်နှင့် မေမေသည် ဤသင်္ချိုင်းကုန်းကလေးမှာပင် နားတတ်ကြသည်။
ကိုမြင့်ဝေ၏ အုတ်ဂူလေးကို လှဲကျင်းသန့်စင်ပေးပြီး အုတ်ဂူခြေရင်းတွင် ခြေဆင်းထိုင်ကာ မေမေက ကဗျာများ ရွတ်ပြတတ်သည်။
ဒါပေမယ့် မေမေသည် အုတ်ဂူကလေးပေါ်တွင် ဘယ်တော့မှ တက်ထိုင်လေ့ မရှိပါ။ ကျွန်တော့်ကိုလည်း ထိုင်ခွင့် မပြုပါ။ အိမ်ပြန်ရောက်လျှင် ကိုမြင့်ဝေ ဆိုသူအကြောင်း ဒေါ်လေးနှင့် ဖေဖေ့ကို မေးကြည့်ချင်သော်လည်း လျှို့ဝှက်တတ်သော မေမေ့ မျက်လုံးများ၏ အရိပ်အခြေကြောင့် ကျွန်တော့်ရင်ထဲမှာပင် ထားလိုက်ရတော့သည်။
တစ်နေ့တွင်တော့ မေမေသည် တရုတ်စကားပင် ကိုင်းကလေးကို ယူလာကာ အုတ်ဂူကလေး၏ ခေါင်းရင်းတွင် စိုက်ထားလိုက်လေသည်။ ထို့နောက် အနီးရှိ ကျွန်းပင်တစ်ပင်မှ ကျွန်းရွက် သုံးလေးရွက်ကို ခူးပြီး ကန်တော့ထိုးလိုက်၏။
“မေမေ… ဘာလုပ်မလို့လဲဟင်”
“လာ… မေမေတို့ ဟိုနားက ရေအိုင်ကလေးမှာ ရေသွားခပ်ရအောင်”
ကျွန်တော်တို့သည် တရုတ်စကားပင်ကလေးကို နေ့တိုင်း ရေလောင်းပေးကြ၏။ အပင်ကလေးမှာ တော်တော်နှင့် အသက်မရှင်ပါ။ နွားစားလိုက်၊ ဆိတ်ကျောင်းသားများက လက်တည့်စမ်းလိုက်နှင့် ဒဏ်ရာများက ဗရပွ။
ကျွန်တော်တို့လည်း ခြင်းကြားနှင့် အုပ်ရ၊ ဆူးခက်များ အုံရနှင့် ရက်အတော်ကြာမှပင် သူ့ခမျာ ရှင်သန်ခွင့်ရတော့သည်။
သည်လိုနှင့်… အသက်တော်တော်လေး ရလာသောအခါ ကျွန်တော်လည်း မေမေနှင့် လမ်းလျှောက် မလိုက်ဖြစ်တော့။ သင်္ချိုင်းကုန်းကလေးကို လည်းကောင်း၊ တရုတ်စကားပင်ကလေးကိုလည်း မေ့၍ သွားလေသည်။
သို့သော် ကျွန်တော့်အသက် ဆယ့်ငါးပြည့်သော နှစ်တွင်တော့ ထိုနေရာဟောင်းကလေးကို မရောက်မဖြစ်သော အကြောင်းက ပေါ်လာလေပြီ။
မေမေဆုံးပြီတည်း။
မေမေသည် ကျွန်တော်တို့ကို စွန့်ခွာကာ နံနက်တိုင်း ရောက်နေကျ သူ့ကမ္ဘာလေးဆီကို ထာဝရ ထွက်ခွာသွားလေပြီတည်း။
မေမေ့ရုပ်ကလာပ်ကို ကျွန်တော်ကိုယ်တိုင် အုတ်ဂူကလေး တစ်လုံးထဲတွင် ထည့်သွင်းပေးရလေပြီ။
ရပ်တည်နေရာ ကမ္ဘာသည် အောက်ဘက်သို့ အဟုန်ပြင်းစွာ ပြုတ်ကျသွားပြီး ကျွန်တော် တစ်ယောက်တည်း အထီးကျန် လစ်ဟာစွာ ကျန်နေရစ်တော့သည်။
ရင်ထဲမှာ ဘာမရှိတော့။ မေမေ့အသုဘ ချသည့် ညနေတွင် ကျွန်တော်သည် မေမေ့အုတ်ဂူဘေး၌ တစ်ညနေလုံး ထိုင်နေဖြစ်သည်။
ကျွန်တော်သည် တစ်လုံးချင်း တစ်လုံးချင်း စိမ့်ယိုကျလာသော မျက်ရည်ဥများကို ထိန်းချုပ်မနေတော့ဘဲ မေမေ့ကဗျာများကို တစ်ပုဒ်ပြီးတစ်ပုဒ် ရွက်ဆိုနေမိသည်။ ထိုအခိုက်မှာပင် ကျွန်တော့်ခေါင်းထဲ၌ ကိုမြင့်ဝေကို သတိရလာသည်။ ကျွန်တော်သည် ချက်ချင်းပင် ကိုမြင့်ဝေ အုတ်ဂူရှိရာသို့ လှမ်းကြည့်လိုက်မိ၏။
အုတ်ဂူကလေးကို မြင်လိုက်ရပြီ။
ကျွန်တော့် ရင်ခုန်သံတို့ ရုတ်ခြည်း ရပ်တန့်သွားသည် ထင်၏။ မယုံကြည်နိုင်သော မျက်လုံးများဖြင့် အုတ်ဂူကလေးကို ထပ်မံကြည့်ဖြစ်သည်။ ကိုမြင့်ဝေ၏ အုတ်ဂူကလေးပေါ်တွင် အရွက်ဖားဖားနှင့် တရုတ်စကားပင်ကြီးတစ်ပင် စိမ်းစိုအုပ်မိုးလျက်၊ ဂူပတ်ဝန်းကျင်မှာတော့ လှပစွာ ကြွေကျလျက်ရှိသော တရုတ်စကားပွင့် နီနီကလေးများ …
“ကိုမြင့်ဝေ… ကိုမြင့်ဝေ”
ကျွန်တော့်ပါးစပ်မှ တီးတိုးရွတ်ဆိုနေမိသည်။
မေမေသည် အခုအချိန်ဆိုလျှင် ကိုမြင့်ဝေနှင့် စကားလက်ဆုံ ကျနေလောက်ပြီလား၊ ကဗျာများ ရွတ်ဆိုနေကြပြီလား၊ မေမေ့ကို ဂူကလေးထဲတွင် ထားရစ်ခဲ့ကာ ပြန်လာခဲ့ရသော အပြန်လမ်းသည် အနီရောင်ကဲသော ပန်းချီကားတစ်ချပ်ပမာ။
မေမေဆုံးပြီး နောက်တစ်ရက်တွင်တော့ ရင်ထဲမှာ သိမ်းဆည်းထားခဲ့သော အကြောင်းအရာကို ဒေါ်လေးအား မေးကြည့်မိ၏။
“ဒေါ်လေး… ကိုမြင့်ဝေကို သိလားဟင်”
“သိသားပဲ… သစ်တောအရာရှိလေ။ မိန်းမနှစ်ယောက်နဲ့ မဟုတ်လား”
ကျွန်တော် တော်တော် စိတ်ပျက်သွားမိသည်။ ကျွန်တော် အထင်ကြီးထားသမျှ သွားပြီ မဟုတ်လား။
“သူက အသက် နှစ်ဆယ့်ခြောက်နှစ်နဲ့ ဆုံးသွားတာတောင် မိန်းမနှစ်ယောက် ယူသေးတယ်နော် ဒေါ်လေး”
“ဘာ…”
ဒေါ်လေးသည် တစ္ဆေတစ်ကောင်ကို ဗြုန်းခနဲ တွေ့လိုက်ရသော မျက်နှာဖြင့် ကျွန်တော့်ကို ထိတ်လန့်တကြား ကြည့်နေ၏။
“ဟဲ့… မဟုတ်ဘူး… မဟုတ်ဘူး။ သစ်တောအရာရှိ ကိုမြင့်ဝေက တစ်ယောက်… သေသွားတဲ့ ကိုမြင့်ဝေက တစ်ယောက်”
“ဖိုးသား… နင့်ကို ဘယ်သူတွေက တောင်ပြောမြောက်ပြောတွေ ပြောလိုက်သလဲ… ဒေါ်လေးကို ပြောစမ်း… ဒုက္ခပါပဲ”
ဒေါ်လေးကို ကြည့်ကာ ကျွန်တော့်ရင်ထဲက သိချင်စိတ်တို့မှာ ပို၍ပင် ကြီးထွားလာတော့သည်။ ဒေါ်လေးသည် ဒီအကြောင်းကို လျှို့ဝှက်ထားချင်ပုံ ရ၏။ ထိုအခါမှပင် ကျွန်တော် ပိုသိချင်လာပြန်သည်။
“မေမေ… ကျွန်တော့်ကို ပြောပြဖူးတယ်”
“မြတ်စွာဘုရား… မမက မင်းကို အကုန်ပြောပြီးပြီ ဟုတ်လား… ဘာတွေ ပြောလဲဟင် ဒေါ်လေးကို ပြောစမ်း”
မတတ်နိုင်တော့ တမလွန်က မေမေ့ကို ကျွန်တော် ညာလိုက်ရတော့၏။
“ကိုမြင့်ဝေဟာ ဖေဖေနဲ့ အိမ်ထောင်မကျခင်က မေမေ့ချစ်သူဆို”
ဒေါ်လေးသည် သက်ပြင်းမောကြီး တစ်ခုကို ဟင်းခနဲ ချလိုက်ပြီး ကူရှင်ပေါ်တွင် စိတ်ပျက်လက်ပျက် မှီချလိုက်သည်။ ပြီးမှ ဖေဖေများ ရှိနေသလား ဟူသော အကြည့်ဖြင့် နောက်ကို ကမန်းကတန်း လှည့်ကြည့်နေ၏။
“ဖေဖေ မရှိပါဘူး။ ဒေါ်လေးရဲ့… ပြောမှာ ပြောစမ်းပါ”
“အေး… ဟုတ်တယ် ဖိုးသား၊ မမနဲ့ ကိုမြင့်ဝေဟာ တက္ကသိုလ်မှာ ရည်းစားတွေ ဖြစ်ခဲ့ကြတာ၊ ဒီမြို့မှာတော့ နာမည်ကြီးပေါ့၊ ဒါပေမယ့် မိဘတွေက သဘောမတူခဲ့ကြဘူး။ နောက်တော့ အဲဒီလူလည်း ငါးနှစ်လောက် မြို့က ပျောက်သွားတယ်။ ဘယ်ရောက်နေမှန်းလည်း မသိဘူး။ သူဆုံးတော့မှ အကြောင်းကြားလို့ သူ့မိဘတွေ လိုက်ပြီး အလောင်းသယ်ရတာ။
ကိုမြင့်ဝေ အသုဘချတော့ မင်းအမေဆို ငိုလိုက်တာ တက်မတတ်ပဲ၊ မင်းအဖေကတောင် စိတ်ဆိုးရအခက် ချော့ရခက်နဲ့ ဖြစ်သေးတာပေါ့”
“ဟုတ်လား ဒေါ်လေး၊ ကိုမြင့်ဝေဆုံးတော့ ဖေဖေနဲ့ မေမေ အိမ်ထောင်ကျပြီပေါ့”
“ဟုတ်တယ်လေ… ကိုမြင့်ဝေဆုံးတော့ မင်းတောင် သုံးလေးနှစ် ရှိပြီ။ ကိုမြင့်ဝေ အသုဘလိုက်ပို့တော့ မင်းအမေက မင်းကိုပါ အသုဘပို့ ခေါ်သွားမယ်ဆိုပြီး အတိုက်အခံလုပ်တာ၊ ကိုမြင့်ဝေအသုဘမှာ မင်းလည်း ရှိသင့်တယ်ပေါ့… အို… ဖေဖေတို့ မေမေတို့ဆို စိတ်ဆိုးကြလွန်းလို့ ဘယ်သူမှ မပို့ရဘူးဆိုပြီး မင်းတို့သားအမိကို အခန်းထဲမှာ သော့ခတ်ထားတာ၊ မင်းက ကလေးဆိုတော့ ဘယ်မှတ်မိမလဲကွယ်”
“အို… အို… ဒေါ်လေးလည်း ဘာတွေ လျှောက်ပြောနေမှန်း မသိပါဘူး ဖိုးသားရယ်။ မင်းအဖေသိရင် ဒေါ်လေးကို စိတ်ဆိုးတော့မှာပဲ… ပြန်မှ… ပြန်မှ”
ထိုနေ့က ဒေါ်လေးသည် ဗြုန်းစားကြီးပင် ထ၍ ပြန်သွားလေသည်။ နောက်လည်း ထိုအကြောင်းကို လေသံပင် မဟတော့…။
ကျွန်တော့်ရင်ထဲမှာ မရှင်းသော အကြောင်းအရာတစ်ခုကတော့ ပို၍ ရှုပ်ထွေးသွားလေပြီ။ ထိုနေ့မှစ၍ ကိုမြင့်ဝေဟူသော အမည်သည် ကျွန်တော့်ရင်ထဲ လျှို့ဝှက်စွာ ထာဝရ ပုန်းအောင်းနေတော့သည်။
(၃)
သင်္ချိုင်းကုန်းကလေးထဲတွင် အမှောင်ရိပ်များ သန်းလာပြီ၊ ကျွန်တော့် ကလေးဘဝလည်း လွန်မြောက်ခဲ့ပြီ။ ယခုချိန်တွင် ကျွန်တော့်အသက် နှစ်ဆယ်တင်းတင်း ပြည့်ပြီ။ မေမေကတော့ နှစ်ဆယ်ကျော်လျှင် လူကြီးဖြစ်ပြီတဲ့။ ကျွန်တော်သည် ကိုမြင့်ဝေ၏ အုတ်ဂူနံဘေးတွင် ထိုင်နေမိသည်မှာ အချိန်အတော်ကြာသွားပြီ ထင်၏။ နေဝင်တော့မည်။
သင်္ချိုင်းကုန်းကလေးကို ကျောခိုင်းရတော့မည်။ ဒါပေမယ့် နောက်နေ့မနက်တွင် ဒီနေရာကို တစ်ခေါက် ထပ်လာရဦးမည်။
ကျွန်တော်လာလျှင် စံပယ်ပွင့်များ မို့မောက်ပြည့်လျှံနေသော ပန်းခြင်းတောင်းကလေး နှစ်ခုလည်း ယူခဲ့ရမည်။ တစ်ခုက မေမေ့အတွက်၊ နောက်တစ်ခုကတော့ ကိုမြင့်ဝေအတွက်။
သို့သော် ထိုပန်းခြင်းကလေးများထဲတွင် ဆိပ်ဖလူးပွင့် လိမ္မော်ရောင်များ တစ်ပွင့်တလမျှ ရော၍ ပါမလာစေဖို့ကိုတော့ ပန်းသည်အဒေါ်ကြီးကို သေသေချာချာ မှာထားရပေလိမ့်မည်။ ။
ဟန်သစ်မဂ္ဂဇင်း၊ ၁၉၉၅ ခု
❏
ဧည့်သည်
(၁)
ကျွန်တော် ဖျားတော့မည်။
နောက်ကျောရိုးတစ်ခုလုံး တောင့်တင်းပြီး တစစ်စစ်ကိုက်ခဲ၍ လာသည်။
မျက်စိထဲမှာ အမြင်အာရုံတွေက ဝိုးတိုးဝါးတား။ မျက်ခွံကိုပင် မဖွင့်ချင်တော့။
လက်ဖဝါးနှစ်ဖက်ကို ကွေးချည်၊ ဆန့်ချည်ပြု၍ လက်သီးဆုပ်ကြည့်သည်။ လက်ဖဝါးများ ထုံကျင်နေပြီး အားပါးတရ ဆုပ်ကိုင်၍ မရတော့။ ခန္ဓာကိုယ်တစ်ခုလုံးရှိ အကြောအမျှင်များထဲမှလည်း စိမ့်ခနဲ၊ စိမ့်ခနဲနေအောင် ချမ်းလာသလိုလို။
သေချာတယ်။ ကျွန်တော် ဖျားတော့မည်။
နှစ်အတန်ကြာ ကွဲကွာနေခဲ့သော ငှက်ဖျားပိုးသည် ကျွန်တော့်ထံသို့ အလည်တစ်ခေါက် ပြန်ရောက်နေသည်မှာ နှစ်ရက်ခန့်ရှိခဲ့ပြီ။ ကလိုရိုကွင်း ဆေးလုံးများ နှစ်ရက်ဆက်တိုက် သောက်လိုက်သောအခါ ငှက်ဖျားမှာ ပျောက်မလိုလိုနှင့် ကျွန်တော့်ကို လှည့်စားလိုက်ပုံရသည်။
ကျွန်တော်ဖျားချိန်သည် ခြောက်နာရီ၊ ညနေခြောက်နာရီ။ နောက်တစ်နာရီ ကျော်ကျော်ကြာသည်နှင့် ကျွန်တော် အဖျားတက်တော့မည်မှာ အလွန်သေချာ၍ နေလေသည်။
ပန်ကာကို ချက်ချင်းထပိတ်ကာ ခုတင်ပေါ်တွင် အသာလှဲ၍ ဂွမ်းကပ်စောင် အနံ့တစ်မျိုးမှ နှာခေါင်းထဲသို့ ဝင်လာသည်။ ဆပ်ပြာနံ့လိုလို၊ ဆေးရုံနံ့လိုလို အဲဒီလိုအနံ့မျိုးကို ကျွန်တော် မကြိုက်ပါ။
ဘယ်တတ်နိုင်မလဲ။ ကိုယ့်အိမ်မှ မဟုတ်တာ။ ဒါတည်းခိုခန်း တစ်ခုပေပဲ။
အခန်းရှေ့ စင်္ကြံမှာ အလုပ်သမားကလေး တစ်ယောက် တံမြက်စည်း လှည်းနေတာ ထင်ပါရဲ့။ အပြင်က တရွတ်ရွတ် အသံကြားနေရသည်။
အလုပ်သမားချာတိတ်ကိုခေါ်ပြီး အကူအညီ တောင်းရတော့မှာပဲ။ အိပ်ရာပေါ်မှ ကျွန်တော် အော်ခေါ်လိုက်တော့ ကောင်လေး အခန်းထဲသို့ ဝင်လာသည်။
“အစ်ကို ကျွန်တော် ဘာလုပ်ပေးရမလဲခင်ဗျာ”
ကောင်လေးကို မကြည့်ဘဲ ကျွန်တော် ပြောလိုက်၏။
“ဒီမှာ… ငါ့အခန်းကို မိန်းကလေးတစ်ယောက် လွှတ်ပေးလို့ရမလား”
“ခင်ဗျာ…”
ကောင်လေးသည် မနေ့ကမှ ညှပ်ထားသော ကျွန်တော့်ဆံပင်ပုံစံနှင့် ကြေးနီရောင်သန်းနေသော လောင်ထားသဖြင့် ကျွန်တော့်မျက်နှာကို အကဲခတ်နေဟန် တူသည်။
“ကျွန်တော်တို့ဆီမှာ ဟို… ဟို”
“ကဲပါကွာ… ရော့… အခု ဆယ်မိနစ်အတွင်း ငါ့ဆီကို မိန်းကလေးတစ်ယောက် လွှတ်လိုက်၊ ဟုတ်ပြီလား”
ကောင်လေးသည် ကျွန်တော်ထိုးပေးသော ငါးရာတန်ကို တုံ့ဆိုင်းတုံ့ဆိုင်း ယူလိုက်ပြီး ပြုံးစေ့စေ့နှင့် ထွက်သွားလေသည်။
“တော်တော်ထူတဲ့ ချာတိတ်ပဲ၊ လုပ်သက်မရင့်သေးဘူး ထင်ပါရဲ့”
ပခုံးတစ်ချက်တွန့်လိုက်ရင်း ဆွယ်တာကို ထပ်ဝတ်ကာ ကုလားထိုင်ပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။
နံရံပေါ်မှ မှန်ထဲတွင် ကျွန်တော့်ပုံရိပ်ကို မြင်နေရ၏။ ဆံပင်တိုတိုနှင့် မုတ်ဆိတ်မွေးရေးရေးက မျက်နှာကို ပိုရင့်သွားစေသလိုပင်။ စီးကရက် သောက်လွန်းသဖြင့် နီရဲသော နှုတ်ခမ်းများမှာ မရမ်းရင့်ရောင် သမ်းနေပြီ။
အလုပ်ဒဏ်ကြောင့် ဝါကျင့်ကျင့် အမြစ်များ တွယ်နေပြီဖြစ်သော မျက်လုံးများ။ ဒါပေသည့် ထိုမျက်လုံးများမှာ စူးရှဆဲ၊ အရောင်တလက်လက် တောက်ပနေဆဲ ဖြစ်သည်။
နှစ်ဆယ့်ခုနစ်နှစ်။
နှစ်ဆယ့်ခုနစ်နှစ် ဟူသော အသက်အရွယ်တွင် ဘာကိုမှ ဟုတ်ဟုတ်ငြားငြား ကျွန်တော် မအောင်မြင်သေးပါတကား။
ဦးနှောက်ထဲမှ မျှော်လင့်ချက်များသည် အေးခဲခြောက်ကပ်၍ နေပြီလား၊ ကျွန်တော့်ဘဝဟာ မဖြစ်စလောက် စီးပွားရေးသမားတစ်ယောက် အနေနဲ့ပဲ ကုန်ဆုံးရတော့မှာလား၊ မှန်ထဲရှိ ပုံရိပ်မှ နှုတ်ခမ်းပါးသည် ဆတ်ခနဲ တွန့်၍သွားသည်။
ဘယ်ဟုတ်မလဲ။ တစ်နေ့နေ့တွင် မနုဿဗေဒဆိုင်ရာ ဒေါက်တာတစ်ယောက် ဖြစ်ကိုဖြစ်ရမည်။
(Institute of Human's Origin) တက္ကသိုလ်မှ ဘွဲ့နှင်းသဘင်တစ်ခုကို စိတ်ကူးထဲမှာသာမက အိပ်မက်များထဲတွင်ပါ ခဏခဏ ကျင်းပခဲ့ဖူးပြီ။
အောင်မြင်သော သတင်းစာတစ်စောင်ကို ထုတ်ဝေရမည်။ ပြီးတော့ ကိုယ်ပိုင်ကျောင်းတစ်ကျောင်း။
စာအုပ်တိုက်တစ်ခု၊ ပြီးတော့… ပြီးတော့။
ရုတ်တရက် အသံတစ်ခု ကြားလိုက်ရသည်။ အခန်းတံခါးကိုပိတ်ပြီး အတွင်းမှ ဂျက်ချလိုက်သောအသံ။
အခန်းထဲသို့ ဝင်လာသော ကောင်မလေးတစ်ယောက်၏ ပုံရိပ်ကို မှန်ထဲတွင် မြင်လိုက်ရ၏။
ကောင်မလေးကို ကြည့်ရတာ ခပ်နိမ့်နိမ့် အစားထဲကတော့ ဟုတ်ဟန်မတူ။ ပန်းနုရောင်အင်္ကျီ ခပ်ပွပွကို ဝတ်ထားသည်။ အောက်က ဂျင်းစကတ်အနက်နှင့်။
လက်ဝါးလောက်ရှိသော ခါးပတ်အနီရောင်ကြီးမှာ ရွှေရောင်ကွင်းကလေးတွေ မျက်စိနောက်အောင် ချိတ်ထာသည်။ အသက်ကတော့ နှစ်ဆယ်ကျော်လောက်ပြီ။
ကျွန်တော်သည် ကောင်မလေးကို မှန်ထဲမှတစ်ဆင့် စိမ်ပြေနပြေ ထိုင်ကြည့်နေမိသည်။
မိန်းကလေးသည် သူမကို ကျောပေးကာ စီးကရက်ဖွာရင်း ထိုင်နေသော ဖိုသတ္တဝါကို စိတ်ရှည်ဟန် မတူတော့။
သူမခါးမှ ခါးပတ်ကို ဆွဲဖြုတ်ကာ အင်္ကျီနောက်ကျောဇစ်ကိုလည်း ဇိခနဲ ဆွဲဖွင့်လိုက်သည်။
“ကဲ၊ ဘယ့်နှယ်လဲ… ရှင် အလုပ်စတော့မလား”
ဒီတော့မှပင် ကျွန်တော်လည်း စတင် လှုပ်ရှားရတော့သည်။
“နေစမ်းပါဦး… တဆိတ်၊ မင်းအင်္ကျီတွေ ပြန်ဝတ်ထားစမ်းပါ”
မိန်းကလေးသည် ဖျတ်ခနဲ ကျွန်တော့်ကို မော့ကြည့်လိုက်သည်။ ကောင်မလေး နည်းနည်းလည်း ရှက်သွားတယ်လို့ ထင်သည်။
ကျွန်တော်လည်း သူ့ကို ခပ်တည်တည် စိုက်ကြည့်ရင်း မေးခွန်းတစ်ခု စမေးလိုက်သည်။
“မင်း ဒီမှာ အလုပ် လုပ်တာ တစ်ရက်ကို ငွေဘယ်လောက်ရသလဲ”
ကောင်မလေးသည် တစ်စုံတစ်ရာကို သဘောပေါက်သွားသလို ပြုံးလိုက်၏။
“ဘာလဲ၊ ရှင်က စာရေးဆရာလား၊ ကျွန်မအကြောင်း ဝတ္ထုရေးမလို့ပေါ့လေ”
ကောင်မလေး၏ အကြည့်မှာ ဒါတွေ ရိုးနေပြီဟူသော အကြည့်မျိုး။
“မဟုတ်ဘူး၊ ငါက ကဗျာဆရာ။ ဒါပေမယ့် ငါ့ကဗျာတွေထဲမှာ မင်းတို့အကြောင်းတွေ ထည့်ရေးဖို့ စိတ်မကူးပါဘူး”
ကောင်မလေး အောင့်သက်သက် ဖြစ်သွားပုံရသည်။
“ဒါဆို… ရှင် ဘာလုပ်မလို့ မေးတာလဲ”
“မင်းအပူ မဟုတ်ပါဘူး၊ မင်းဝင်ငွေကိုသာ ပြောစမ်းပါ”
“တစ်ရက်ကို သုံးလေးထောင်တော့ ဝင်တာပဲ။ ဒါနဲ့ စိတ်မရှိပါနဲ့နော်။ ကျွန်မကို စီးကရက်တစ်လိပ်လောက် တိုက်စမ်းပါ”
စီးကရက်ဘူးနှင့် မီးခြစ်ကို သူမထံ ပစ်ပေးလိုက်သည်။ ကောင်မလေးသည် စီးရက်ကို မီးညှိပြီး အားပါးတရ ဖွာရှိုက်နေသည်။
စီးကရက်ဖွာလို့ အားရလျှင် ကျွန်တော့်ကို ခပ်စိမ်းစိမ်း ကြည့်လိုက်၏။ ကျွန်တော် ဘာပြောမလဲကို စောင့်နေဟန်ရှိသည်။
“မင်းနာမည် ဘယ်လိုခေါ်လဲ”
“ဂျပ်စမင်… ပါ”
“မင်း လူမမာကို ပြုစုတတ်သလား”
“ရှင်…”
ကောင်မလေးမှာ သူမကို မဆီမဆိုင်တွေ လာမေးနေသည့် အူကြောင်ကြောင်လူကို စိတ်ပျက်သွားဟန် တူသည်။
“ဒီမှာ… ငါဖျားနေတယ်”
“ရှင်…”
“ဟုတ်တယ်… ဖျားတာမှ အကြီးအကျယ် ဖျားနေတာ။ ခုနပဲ အပူချိန်တိုင်းကြည့်တာ တစ်ရာ့သုံးရှိတယ်။ ခဏနေရင် ငါ တအားဖျားတော့မှာ… အဲဒါ… မင်း ငါ့ကို နည်းနည်းပါးပါး ပြုစုနိုင်မလား”
“ရှင်…”
“ဟေ့၊ မင်း ရှင် တစ်လုံးပဲ ပြောတတ်သလား”
ကျွန်တော် ခပ်ဆတ်ဆတ်ကလေး ငေါက်လိုက်သောအခါ ကောင်မလေးမျက်နှာ ချက်ချင်း တည်သွားသည်။
“ရှင် အတည်ပြောနေတာလား”
“အလို… အတည်မပြောလို့ ငါက မင်းကို နောက်နေရမလား”
ခဏပြောရင်းပင် ကျွန်တော့်တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာသည်။ အအေးလှိုင်းတွေက ခန္ဓာကိုယ် အပေါ်နှင့်အောက်ကို စုန်ချည်ဆန်ချည် သွားနေကြ သလိုပင်။
အကြောအချဉ်တွေ တောင့်ပြီး၊ ဦးနှောက်ထဲမှ မိုက်ခနဲ မူးဝေသွားသည်။ နားထင် နှစ်ဖက်ကို လက်ထိပ်ဖြင့် ဖိထားလိုက်ပြီး ခဏ ငြိမ်နေလိုက်ရသည်။
ကောင်မလေးသည် မျက်မှောင်ကုပ်ကြည့်ရင်း ကျွန်တော့်ဆီသို့ တစ်လှမ်းချင်း လျှောက်လာသည်။ ကျွန်တော်လည်း ကုလားထိုင်မှထကာ မဟန်ချင်တော့သော ခန္ဓာကိုယ်ကို အားတင်း၍ မတ်လိုက်ရ၏။
ဗြုန်းခနဲ ယိုင်သွားသော ကျွန်တော့်ကိုယ်လုံးကို ကောင်မလေးက ဖမ်းလိုက်သည်။
“အို… ကိုယ်တွေလည်း ပူခြစ်နေတာပဲ”
ကောင်မလေးသည် ကျွန်တော့်ကိုတွဲရင်း ခုတင်ပေါ်သို့ အသာအိပ်စေပြီးမှ ကုလားထိုင်ကို ရွှေ့ယူကာ ခုတင်ဘေးမှာ ထိုင်ချလိုက်သည်။
“အား… ကျွတ်ကျွတ်၊ ငါ ခေါင်းနည်းနည်း မူးသွားတာပါ။ ကျေးဇူးပဲ”
ခဏမှိန်းနေပြီးမှပင် သူ့ကို ကျွန်တော် စကားပြောရတော့သည်။
“မင်း တစ်ရက်ကို သုံးလေးထောင် ဝင်တယ်နော်။ ငါ မင်းကို တစ်ရက်သုံးထောင် ပေးပါ့မယ်။ မင်းအလုပ်လည်း မင်း ဆက်လုပ်ပေါ့။ ငါ သိပ်ဖျားနေတဲ့ အချိန်မှာ ရေခဲတင်ပေးဖို့ရယ်၊ ချွေးထွက်ရင် အင်္ကျီလဲပေးဖို့ရယ်၊ အစားအသောက် ဝယ်ပေးဖို့ရယ်၊ ဒီလောက်ပါပဲ၊ ကျန်တဲ့အချိန်မှာ မင်းအလုပ်ကို မင်းလုပ်နိုင်ပါတယ်။ အဲ… ညနေ ၆ နာရီလောက် ဆိုရင် ငါ ပုံမှန်ဖျားတတ်တယ်။”
ကောင်မလေးသည် ဘာမှမပြောဘဲ ကျွန်တော့်မျက်နှာကိုသာ ငေးစိုက်၍ ကြည့်နေသည်။
“တစ်ရက်ကို သုံးထောင်ဆိုရင် မင်းအတွက် နည်းနေမလား။ အေးကွာ ငါလည်း ငွေလက်ကျန် နည်းနေတဲ့ အချိန်မို့ပါ။ ဖြစ်နိုင်ရင် ပိုပေးချင်ပါတယ်”
ကောင်မလေး နည်းနည်းတွေသွားသည်။
“ဘာလဲ၊ မင်းမှာ လောလောဆယ် ဧည့်သည်ရှိနေသလား”
“ဟင့်အင်း”
“ကဲ၊ ဒါဆိုလည်း အလုပ်စတော့ ဂျပ်စမင်၊ စားပွဲပေါ်မှာ ပိုက်ဆံအိတ်ရှိတယ်၊ ရေခဲ သွားဝယ်ချေ”
ယခုမူ ကောင်မလေး၏ ပုံစံသည် ကျွန်တော်ပြောသမျှ ခိုင်းသမျှကို နာခံမည့်ဟန် အသင့်ဖြစ်နေသည်။
သူ့ကို ဘောက်ဆတ်ဆတ်၊ မာကျောကျော ပြောနေသူ တစ်ယောက်ကို အမြင်ကတ်သည့် ဟန်မျိုး မရှိတော့။ ခုနက မကျေနပ်ရိပ် စွန်းနေသော မျက်လုံးများမှာ အရည်လဲ့လာသည်။
“ရှင်… ရှင် တစ်ယောက်တည်း နေခဲ့လို့ ဖြစ်ပါ့မလား”
“ဖြစ်ပါတယ်ကွာ၊ ငါသိပါတယ်၊ ဒီနေ့တော့ ငါ မသေသေးပါဘူး”
ကောင်မလေးကို ကျွန်တော် သနားသွားသည်။ ကြည့်စမ်း… ကောင်မလေးသည် ကျွန်တော့်အပေါ် စိုးရိမ်တတ်နေပြီ။ မိနစ်ပိုင်းသာ တွေ့ရသေးသော လူတစ်ယောက် အပေါ်တွင် ကရုဏာစိတ် ရှိနေပေပြီ။
ဒါဟာ မိန်းမတို့ရဲ့ မိခင်စိတ်ပဲ ထင်ပါရဲ့။ ဘယ်ဘဝကိုပဲ ရောက်နေရောက်နေ မိန်းမဆိုတာ မိခင်စိတ်တော့ ရှိတတ်ကြတာပဲ မဟုတ်လား။
ကောင်မလေးထွက်သွားပြီး မကြာမီမှာပဲ ကျွန်တော်သည် ခိုက်ခိုက်တုန်အောင် ချမ်းကာ အဖျားတက်တော့သည်။ ရှိသမျှစောင်တွေ ထပ်လည်း မနွေး၊ ဦးခေါင်းတစ်ခုလုံး ချာချာလည်လျက် အံကိုကြိတ်ကာ သတိကို အနိုင်နိုင် ထိန်းနေရသည်။
ငါ သေများ သေတော့မှာလား ဟူသော အတွေးက ခေါင်းထဲသို့ ဝင်လာသည်။
‘သေခြင်းတရား’ ထိုအတွေးကို သတိရလိုက်စဉ် ရင်ဝ၌ ထိတ်ခနဲ ဖြစ်သွားသည်။ ထိုတဒင်္ဂ အတွင်းမှာပင် စိုးရိမ်စိတ်၊ ကြောက်လန့်စိတ်၊ ဘဝကို တွယ်တာစိတ်တို့ ဖျတ်ခနဲ ပေါ်လာကာ ဖျတ်ခနဲပင် ပြန်လည် ပျောက်ကွယ်သွားပြန်၏။
ကျွန်တော့်ခေါင်းထဲ ဆော့ခရတ္တိအကြောင်း၊ ဗန်းမော်တင်အောင်အကြောင်း၊ ပြီးတော့ ဂျော်ဒါနိုဘရူနို… သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားသူများ တန်းစီ၍ ပေါ်လာ သည်။
ဒါပေမဲ့ “ငါ ဒီည မသေနိုင်သေးပါဘူး” ဟူသော အသိသည် အဆမတန် မူးဝေနေသော ဦးခေါင်းထဲ၌ ဝင်းခနဲ၊ လက်ခနဲ ဖူးပွင့်လာသည်။
ထို့နောက်မှာတော့ အိပ်မက်ဆိုးများ… မည်းမှောင်နေသော လမ်းကျဉ်းကလေး တစ်ခုထဲတွင် ပြေးလွှားနေရသည့် အဖြစ်၊ ဟိုးအဝေးကြီးမှ တောင်ထွတ်ကလေးပေါ်တွင် လက်နေသည့် မီးအိမ်ငယ်၊ ထိုတောင်ကုန်းဆီသို့ပြေးရန် ရှိသမျှခွန်အားကို စုစည်းကြည့်၏။ မရ။
ခြေထောက်တွေမှာ လေးလံခြင်းမက လေးလံကာ မောဟိုက်ပင်ပန်းနေသည်။ ကမ္ဘာကြီးတစ်ခုလုံးကို ထမ်းပိုးထားရသလို အားအင် စိုက်ထုတ်နေရ၏။ မျက်လုံးများမှာ ဘာကိုမှ မမြင်ရတော့။ တဖြည်းဖြည်း ရောင်ကိုင်း ဖောင်းပွလာသော ခန္ဓာကိုယ်အား အပ်ပေါက်ကလေး တစ်ခုထဲသို့ ဇွတ်အတင်း ထိုးသွင်းခြင်း ခံနေရသည်။ အသိတရားသည် ဟင်းလင်းပြင်ထဲသို့ ရုတ်ခနဲ ပြေးသွားသော ခိုဖြူကလေး တစ်ကောင်လို နှလုံးသား၏ ဗဟို၌ “ဟိုက်” ခနဲ။ ပြီးတော့ အမှောင်… ချောက်ကမ်းပါးနှင့် ပင်လယ်လှိုင်းလုံးများ။
(၂)
နဖူးပြင်ဆီမှ အေးစက်သော အထိအတွေ့သည် ရင်ဝအထိ စီးဝင်သွားသည်။ ဦးခေါင်းတစ်ခုလုံးလည်း ထုံထိုင်းလေးလံကာ မျက်ခွံများ စေးကပ်နေကြ၏။ တည်းခိုခန်း တစ်ခုက အိပ်ရာပေါ်မှာ ဖျားနေသည့် ကျွန်တော့်အဖြစ်ကို မကြာမီကပင် ကျွန်တော် သတိရသည်။
ကျွန်တော် ညက အဖျားကြီးပြီး သတိလစ်သွားတာပဲ။ ဘာပဲဖြစ်ဖြစ် သေခြင်းတရားကို လွန်မြောက်ခဲ့ပြီး ဟူသော အသိစိတ်ဖြင့် မိမိကိုယ်ကို ကျေနပ်သွား၏။ မျက်လုံးများကို အားယူ၍ ဖွင့်ကြည့်လိုက်သည်။
“ဂျပ်စမင်”
ဂျပ်စမင်သည် ကျွန်တော့်နဖူးပေါ်တွင် ရေခဲစိမ်အဝတ်ကို တင်လိုက်၊ နောက်အဝတ်တစ်ခုကို ရေညှစ်လိုက်ဖြင့် အလုပ်ရှုပ်နေသည်။
“အစ်ကို… အစ်ကို… သတိရလာပြီနော်”
သူ့မျက်နှာသည် အံ့ဩဝမ်းသာစိတ်တို့ဖြင့် ဝင်းမှည့်နေသည်။ ဘာမဆို စွမ်းဆောင်နိုင်သော သတ္တိထူးတို့ဖြင့် ပြည့်ဝနေသော တန်ခိုးရှင် နတ်သမီးတစ်ပါးနှင့်ပင် တူသေးတော့သည်။ မနက်စောစောစီးစီး သူ့မျက်နှာကို မြင်ရသည်မှာ ကျက်သရေ ရှိလှဘိခြင်း။
“မနေ့က ဂျပ်စမင် ပြန်လာတော့ အစ်ကို အရမ်း အဖျားတက်ပြီး သတိမရတော့ဘူး သိလား။ ဂျပ်စမင် ဟိုဘက်လမ်းက ဆရာဝန်ကို ချက်ချင်း ပြေးခေါ်တာပဲ။ ဆရာဝန်က ဆေးထိုးပေးခဲ့ပြီး ရေခဲတင်ပေးဖို့ ပြောတာနဲ့လေ…”
ကျွန်တော် သူ့ကို နှစ်နှစ်ခြိုက်ခြိုက်ကြီး ပြုံးပြလိုက်၏။
“ဒီလိုဆို... မင်း တစ်ညလုံး မအိပ်ရဘူးပေါ့ ဂျပ်စမင်”
ဂျပ်စမင်က ခေါင်းကို ညိတ်ရုံလေး ညိတ်သည်။
“ရပါတယ် အစ်ကို၊ အစ်ကိုက ဂျပ်စမင့် အစ်ကိုပဲ”
“ဘယ်လို”
“ဟုတ်တယ်၊ ညကတည်းက အစ်ကို့ကို ဂျပ်စမင် အစ်ကို တော်လိုက်ပြီ၊ တစ်ညလုံး အစ်ကို့ကို ပြုစုရင်းနဲ့ ဂျပ်စမင့်ရင်ထဲမှာ အစ်ကိုတစ်ယောက်လို အရမ်း ချစ်သွားတယ်၊ တကယ်ပြောတာပါ အစ်ကို”
ကောင်မလေးသည် ကျွန်တော့်နဖူးကို တဘက်နှင့် ခပ်ဖွဖွလေး သုတ်ရင်းက စကားတွေ အများကြီး ပြောတော့သည်။ သူကား လှောင်ချိုင့်ထဲက ခေါင်းပြူ၍ ထွက်လာသည့် ကြက်တူရွေးမလေး တစ်ကောင်လိုပင်။
“တကယ် အစ်ကိုရာ၊ ညကဆို အစ်ကို့ကိုကြည့်ပြီး ဂျပ်စမင် အရမ်းငိုချင်တာပဲ”
ကောင်မလေးက စကားပြောရင်း ကော်ဖီတစ်ခွက် ဖျော်ကာ-
“ကဲ အစ်ကို ဆေးသောက်စို့” ဟု ဆိုလာသည်။
ကျွန်တော် အိပ်ရာပေါ်မှ ထထိုင်ကြည့်၏။ တစ်ကိုယ်လုံး နုံးချည့်နေသည်က လွဲ၍ သိပ်စိုးရိမ်စရာ မရှိတော့မှန်း ကိုယ့်ကိုကိုယ် သိလိုက်သည်။
“ရပါတယ်ကွာ၊ ငါ နေကောင်းပါပြီ။ မင်း အိပ်တော့။ တော်ကြာ အလှတွေ ပျက်နေရင် အလုပ်ထိခိုက်နေမယ်”
ကောင်မလေးက ခေါင်းကို ဆတ်ခနဲခါကာ ကျွန်တော့်ကို ပြုံးပြုံးကြီး ကြည့်လိုက်၏။
“ဂျပ်စမင်… ခွင့် ငါးရက်ယူထားတယ် အစ်ကို”
ဒါကိုတော့ ကျွန်တော် ခွင့်မပြုနိုင်၊ ကျွန်တော့်ကြောင့် သူများစီးပွားရေး ပျက်စီးရာ ပျက်စီးကြောင်း မဖြစ်စေချင်ပါ။ သူခွင့်ယူလျှင် တည်းခိုခန်း ပိုင်ရှင်ကလည်း ဘယ်ကြည်တော့မလဲ။ သူတို့ကြားမှာ ပဋိပက္ခတွေ အများကြီး ဖြစ်လာနိုင်သည်။
“နေဦး… ဂျပ်စမင်၊ ငါကလည်း နေကောင်းနေပါပြီ။ ပြီးတော့ မင်းကို အချိန်ပြည့် လိုတာမှ မဟုတ်ဘဲ။ တစ်နေ့နှစ်ခါလောက် လာကြည့်ပြီး အစားအစာလေး ဝယ်ပေးရုံလောက် လိုတာ။ အားတဲ့အချိန်မှာ မင်းအလုပ်ကို မင်းလုပ်ပေါ့။ ပြီးတော့ မင်း ပိုက်ဆံ…”
“အို… ဂျပ်စမင့်မှာ ပိုက်ဆံရှိပါတယ်။ လေးငါးရက် ခွင့်ယူရုံနဲ့တော့ ဂျပ်စမင် တောင်းမစားရပါဘူး”
“မဟုတ်သေးပါဘူးလေ… သူတို့က မင်းကို ဘယ်ကြည်မလဲ”
“ရတယ်၊ ဂျပ်စမင် ဘယ်သူ့ကိုမှ ဂရုစိုက်နေတာ မဟုတ်ဘူး”
သူ့မျက်နှာက ခပ်တင်းတင်း။
ရော်… ဒီကောင်မလေးနဲ့တော့ ခက်ပြီ။ သူ့ကို ဘယ်လိုပြောရပါ့။ အကောင်းဆုံး စကားလုံးကို ရွေးချယ်နေရသည်။
“ငါကလည်း တစ်ယောက်တည်း နေချင်တယ်။ မင်းကို အချိန်ပြည့် အလိုမရှိဘူး ဆိုရင်ကော”
ကောင်မလေးသည် ကျွန်တော့်ကို အေးစက်စက် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှာ မျက်ရည်ကြည်တွေ ဝဲလာသည်။ သူ့မျက်လုံးတွေမှာ ကွဲအက်နေသော ရေခဲတုံးကလေးတွေနှင့် တူသည်။ သို့သော် ထိုရေခဲတုံးကလေးများသည် အရည်ပျော်ကာ အငွေ့ပျံသွားရမည့်အစား စုစည်းကျစ်လျစ်ကာ ပို၍ ပို၍ အေးခဲသွားကြ၏။
“မသွားဘူး။ ဂျပ်စမင် ဒီမှာပဲ နေမယ်”
ကျွန်တော် လက်လျှော့လိုက်ရပြီ၊ ကောင်မလေးဟာ ကျွန်တော့် ကျေးဇူးရှင် တစ်ယောက်ပဲ။ သူ စိတ်ချမ်းသာသလို နေပါစေဟု တွေးမိရင်း။
“ကဲ၊ ကဲ၊ မယ်မင်းကြီးမ သဘော” ဟု ပြောလိုက်သည့် အခါတွင်မူ ရေခဲတုံးကလေးများ အရည်ပျော်ကျလေတော့သည်။
ထိုနေ့မှစ၍ လေးရက်လုံးပင် ဂျပ်စမင်သည် ကျွန်တော့်အခန်းကို သိမ်းပိုက်လိုက်တော့၏။
ပန်းစိုက်အိုးတစ်အိုးတွင် ဂန္ဓမာပန်းဝါဝါများ ဝေနေအောင်ထိုးပြီး စားပွဲပေါ်မှာ တင်ပေးသည်။ ချွေးစိုအဝတ်များကို လျှော်သည်။ ဆေးတိုက်၊ အစာကျွေးပြီးလျှင် ကျွန်တော့်အနားမှာ ထိုင်ကာ စကားတွေ တတွတ်တွတ် ပြောတော့သည်။
“အစ်ကို… သတိလစ်သွားတဲ့ညက မကြောက်ဘူးလား ဟင်”
ဂျပ်စမင်က ကလေးငယ်တစ်ယောက်လိုပင် မေးတတ်သည်။
“ခဏတော့ ကြောက်သွားသလိုပဲ။ နောက်တော့ မကြောက်တော့ဘူး။ ဆရာ ဗန်းမော်တင်အောင်ကို မင်းသိလား ဂျပ်စမင်”
“ဟင့်အင်း”
“အေး… သူ မသေခင်ရက်ပိုင်းက သူမေ့နေပြီ အထင်နဲ့ ဆရာဝန်ကြီးတွေက ဒီလူနာ မရတော့ဘူး၊ ရောဂါကျွမ်းနေပြီလို့ ပြောကြတယ်။ ဒါပေမဲ့ သူက ကြားလိုက်တာကိုး။ ဒါနဲ့ သူ့အဖော် ရောက်လာတဲ့အခါ သူက ပြန်ပြောသတဲ့”
“ကျွန်တော် နေရတော့မှာ မဟုတ်ဘူးဗျ။ ခုန ဆရာဝန်တွေက ပြောသွားတာ ကျွန်တော် ကြားပါတယ်” ဆိုပြီး ပြုံးပြုံးလေးပဲ ပြောတာ။
“သူ့အဖော်က ‘ဟာ… ဆရာ မသေနိုင်သေးပါဘူးဗျာ၊ ဘာညာ’ နဲ့ အားပေးတာပေါ့”
“သူသေမှာကို သူ သိနေပေမယ့် ဆရာဟာ သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားတယ် ဂျပ်စမင်”
“ငါလည်း ဒီလိုပဲ၊ နည်းနည်း ကြောက်စိတ်ဝင်လာတဲ့အခါ ဆရာ ဗန်းမော်တင်အောင်ကို သွားသတိရတယ်၊ အဲဒီနောက် ငါ မကြောက်တော့ဘူး”
ကောင်မလေးသည် ကျွန်တော့်ကို တအံ့တဩ စိုက်ကြည့်နေသည်။ သေခြင်းတရားကို ထီမထင်တတ်သူတစ်ဦးအား သူ့ဘဝမှာ ပထမဆုံး မြင်ဖူးသည့်ပုံစံ ဖြစ်၏။ ခဏကြာမှ…
“အိုး… ဂျပ်စမင်ဖြင့် အစ်ကိုသတိရအောင် ဘုရားသခင်ဆီမှာ ဆုတောင်းလိုက်ရတာ” ဟု မကျေမနပ် ပြောသည်။
(၃)
ဒုတိယရက်၊ တတိယရက်တွေမှာလည်း ထို့အတူပင်။ မနက်မိုးလင်းသည်နှင့် ဂျပ်စမင်သည် ရေမိုးချိုး၊ အလှပြင်ကာ ကျွန်တော့်အခန်းသို့ ရောက်လာတတ်စမြဲ။
အခန်းရှေ့မှ ဖြတ်တတ်သော သူ့အဖော်တွေကပင် “ဂျပ်စမင်တစ်ယောက် အရှင်လတ်လတ်ကြီး စပယ်ရှယ်နာ့စ် ဘဝကို ရောက်သွားပါလား” ဟု နောက်စပြုပြီ။
တည်းခိုခန်းပိုင်ရှင်မှာ သူ့ကို သိပ်ကြည်ပုံတော့ မရ။ အလကား အရူးထတာဟု ထင်ဟန်ရှိသည်။
ဂျပ်စမင်ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ပေ။ သူလုပ်ချင်ရာကို လုပ်ကာ ကျေနပ်နေသည့် ကလေးဆိုးကြီး တစ်ယောက်လိုပင်။
ကျွန်တော်သည် အိပ်ရာထဲမှာ သုံးရက်တိတိ လဲနေခဲ့သည်။ ထိုသုံးရက်ကို ကြည်နူးစရာအချိန်များ အဖြစ် ဂျပ်စမင် ဖန်တီးပေးခဲ့ပါသည်။ ဂျပ်စမင်ကျွေးသော အစာကို စား၊ ဂျပ်စမင် ပင့်ပေးသည့် ဆရာဝန်နှင့် ဆေးကုကာ၊ ဂျပ်စမင် လျှော်ပေးသော အဝတ်ကို ဝတ်ပြီး ဂျပ်စမင် ပြောပြသော ကပေါက်တိ ကပေါက်ချာ ပုံပြင်ကလေးများကို နားထောင် နေခဲ့ရသည်။
ဂျပ်စမင်နှင့်အတူ နေခဲ့ရသော နောက်ဆုံးညကိုတော့ ကျွန်တော် မေ့နိုင်တော့မည် မဟုတ်။ ထိုနေ့သည် ကျွန်တော်နှင့်သူ တွေ့ခဲ့ရသော စတုတ္ထမြောက်ညဖြစ်ပြီး ကျွန်တော်တို့နှစ်ဦး ဆုံစည်းမှုမီးအိမ်ကို ငြိမ်းသတ်လိုက်သော ညလည်း ဖြစ်ပေသည်။
စတုတ္ထမြောက်နေ့တွင် ကျွန်တော်သည် တော်တော်ကြီး နေကောင်းကာ ထူထူထောင်ထောင် ဖြစ်နေပေပြီ။ အဖျားပြတ်လျှင် ကျွန်တော့်လုပ်ငန်းများ ပြန်လည် စတင်ရတော့မည်။ ကျွန်တော် အရေးတကြီး တွေ့ဆုံရမည့် အဝယ်တော်များ၊ မန်နေဂျာများ၊ ငွေစာရင်းများကို ဦးနှောက်ထဲတွင် အစီအစဉ် ချနေမိသည်။ ကျွန်တော့်ခေါင်းထဲတွင် ဂျပ်စမင်နှင့် ပတ်သက်သော အကြောင်းအရာတို့မှာ မှေးမှိန်သွားလေ၏။
ကျွန်တော်သည် နောက်တစ်နေ့ ညနေတွင် တည်းခိုခန်းမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ ဂျပ်စမင်ကို ကြိုပြောထားလို့ မဖြစ်သေး။ တော်ကြာ ကောင်မလေး ဝမ်းနည်းနေဦးမည်။ ဂျပ်စမင်တို့လို ကောင်မလေးများသည် အလွန် စိတ်ကူးယဉ်တတ်ကြပြီး အလကားနေရင်းလည်း ဝမ်းနည်းချင် ဝမ်းနည်းနေတတ်ကြသည် မဟုတ်လား။ ထိုစဉ် အောက်ထပ်မှ ဆူဆူညံညံ အသံများကြောင့် ကျွန်တော့်အတွေးများ လွင့်ပျံကုန်သည်။
ခဏအကြာမှာ အခန်းထဲကို ဂျပ်စမင် ဝင်လာသည်။ ဂျပ်စမင်သည် ကျွန်တော့် ခုတင်ဘက်ကို မလာဘဲ ခေါင်းရင်းဆီကို ဆက်လျှောက်သွားကာ ပြတင်းပေါက်ဝတွင် အကြာကြီး မတ်တပ်ရပ်၍ နေသည်။
သူ့မျက်လုံးများသည် ကျွန်တော့်ကိုလည်း မကြည့်၊ အောက်ထပ်လမ်းမကိုလည်း မကြည့်၊ တိမ်ခိုးတွေ အုံ့မှိုင်းနေသော တောင်ကုန်းစိမ်းစိမ်းများကို ကြည့်နေတာလည်း မဟုတ်။ ဂျပ်စမင့် မျက်လုံးများမှာ ပွင့်နေသော်လည်း မည်သည့်အရာကိုမှ မြင်ဟန်မတူ။ အသက်မဲ့လျက်။
“ဂျပ်စမင်”
ကျွန်တော့်အသံကို သူ ကြားဟန်မတူပါ။
“ဂျပ်စမင်… မင်း ဘာဖြစ်နေတာလဲ၊ ငါခေါ်နေတာ နှစ်ခါရှိပြီ”
ဒီတော့မှပင် ကျွန်တော့်ခုတင် ရှိရာသို့ သူလာသည်။ သူ့မျက်နှာသည် မှိုင်းညို့နေ၏။
“လူတွေဟာ မကောင်းပါဘူး အစ်ကို။ အခုပဲ ဂျပ်စမင် အန်ကယ်ကြီးနဲ့ စကားများခဲ့ရတယ်။ ဂျပ်စမင် ခွင့်ယူတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူတို့က မကြည်ဘူး အစ်ကို၊ ဧည့်သည်တွေကို ပစ်ထားလို့တဲ့။ အန်ကယ်ကြီးက အားကြီး ဓနရှင်ဆန်တယ်။ ဂျပ်စမင်တို့ကို ကျွန်တွေလို ခိုင်းစားချင်ကြတာ”
ဒီကောင်မလေး နိုင်ငံရေးစကားတွေလည်း ပြောတတ်သားပဲဟု တွေးမိကာ ကျွန်တော် ပြုံးနေလိုက်၏။
“ဟုတ်တယ် အစ်ကို၊ တစ်ခါတစ်ခါ လောကကြီးကို ဂျပ်စမင် အရွဲ့တိုက် ပစ်လိုက်ချင်တယ်”
သူ့စကားကို ကျွန်တော် ရယ်ချင်သွား၏။
“မင်း ဒီဘဝကို ရောက်နေတာတောင် လောကကြီးကို အရွဲ့တိုက်လို့ အားမရသေးဘူးလား ဂျပ်စမင်၊ ငါက မင်း အခုလောက်ဆို အားရလောက်ပြီ ထင်နေတာ”
ကျွန်တော်သည် ထိုစကားကို ပါးစပ်မှ လွှတ်ခနဲ ထွက်သွားလိုက်မိ၏။ အမှန်တော့ နာစေလိုသော သဘောဖြင့် ရည်ရွယ်၍ ပြောလိုက်ခြင်း မဟုတ်ပါ။
ဂျပ်စမင်သည် တွေဝေနေရာမှ ကျွန်တော့်စကားကို နားလည်သွားဟန် ရှိသည်။ ကျွန်တော် သူ့ကို ငိုချင်ရက် လက်တို့သလို ဖြစ်သွားလေပြီ။
ကျွန်တော့်ကို ကြည့်နေသော ဂျပ်စမင့် မျက်လုံးများမှာ သေနတ်မှန်ထားသော ခြင်္သေ့တစ်ကောင်၏ မျက်လုံးများ၊ မီးလောင်နေသော မျက်လုံးများ၊ အံကြိတ်ထားသည့် မျက်လုံးများ၊ ဂျပ်စမင်မှာ နာကြည်ဝမ်းနည်း သွားလေပြီတည်း။ မရတော့ သူ့ကို ချော့ရတော့သည်။
သူ့ဆံပင်တိုတိုကို အသာဖွကာ-
“စိတ်ဆိုးသွားသလား ဂျပ်စမင်၊ ငါ မင်းကို နောက်တာပါ”
အခုမှပင် သူ ငိုလေတော့သည်။ ဂျပ်စမင်သည် ပခုံးများကို တသိမ့်သိမ်လှုပ်ကာ ရှိုက်ကြီးတငင် ငိုလျက်ရှိ၏။
သူမ၏ ရှိုက်သံများကား ကျွန်တော့် အတွင်းစိတ်နှင့် နာလန်ထစ ခန္ဓာကိုယ်ကို တဆစ်ဆစ် နှိုးဆွနေတော့သည်။
ကျွန်တော့်မှာ သူ့ကို တော်တော်ကြာကြာပင် ချော့ရတော့၏။
သူ စိတ်ကောက်ပြေသောအခါ ကျွန်တော့် လက်မောင်းပေါ်တွင် အိပ်ပျော်၍နေလေပြီ။
ခါတိုင်းညတွေဆိုလျှင် ဂျပ်စမင်သည် ကျွန်တော်နှင့် အတူမအိပ်တတ်ပါ။ ကျွန်တော့်ကို တစ်ညလုံး ထိုင်စောင့်နေကာ မနက်ခင်းကျမှ သူ့အခန်းသူ ခဏ ပြန်အိပ်တတ်သည်။
အခုတော့ အိပ်ရေးပျက်တာနှင့် အားပါးတရ ငိုချလိုက်တာတွေ ပေါင်းပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာ ထင်ပါရဲ့။
မောမောနှင့် အိပ်ပျော်နေသော ဂျပ်စမင့် မျက်နှာကလေးမှာ သူ့ဘဝနှင့် မလိုက်ဖက်အောင် နုနယ်လှပနေသည်။
ကျွန်တော်ကား ခုတင်ပေါ်မှ အသာပင် ထလိုက်ကာ ကျွန်တော့်ပစ္စည်းများကို တစ်ခုချင်း သိမ်းဆည်းနေမိ၏။
ကျွန်တော့်ဆုံးဖြတ်ချက်ကို ပြောင်းလိုက်ရလေပြီ။ ဒီညမှာပင် တည်းခိုခန်းမှ ကျွန်တော် ထွက်ခွာလိုက်တော့မည်။ ဂျပ်စမင့်ကို ကျွန်တော် ဆက်၍ ဒုက္ခမပေးချင်တော့။ မကြာခင် အချိန်အတွင်းမှာ သူ ကျွန်တော့်ကို မေ့သွားပါလိမ့်မည်။
ပိုက်ဆံအိတ်ထဲမှ ငွေ ၂၀၀၀ဝိ/- ကို အိတ်တစ်အိတ်နှင့် ထည့်ကာ သူ့ဘေးတွင် ချထားလိုက်သည်။ ထို့နောက်မှ စိတ်ကူးရရာ မဟူရာလက်စွပ်ကလေး တစ်ကွင်းကို ဘူးထဲမှ ထုတ်ယူလိုက်ပြီး ဂျပ်စမင့်လက်ခလယ်တွင် အသာ စွပ်ပေးလိုက်သည်။
နေရစ်တော့ ဂျပ်စမင်…။
“လူ့ဘဝဆိုတာ အေးစက်တဲ့ လေထုထဲမှာည ဝေ့ဝဲလွင့်ပျံနေတဲ့ စက္ကူစကလေးတွေလိုပဲ တဲ့”
စက္ကူစကလေးတွေ ခဏတွေ့ဆုံကြသလို တို့လည်း တွေ့ဆုံခဲ့တယ်။ စက္ကူစကလေးတွေ ခွဲခွာရသလို အခု ခွဲခွာရတော့မယ်။ တကယ်တော့ ဆုံစည်းမှုတို့၊ ခွဲခွာမှုတို့ဆိုတာဟာ သိပ်ပြီး ထူးဆန်းတဲ့အရာတွေ မဟုတ်ပါဘူးကွယ်။
ကျွန်တော်သည် သူ့နဖူးလေးကို ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ်အဖြစ် ဖွဖွနမ်းကာ နှုတ်ဆက်လိုက်သည်။
ထိုအနမ်းသည် တပ်မက်မှုများ လုံးဝကင်းစင်သော အနမ်းဟု ကျွန်တော် မညာလိုပါ။ သို့သော် ကျွန်တော့်အနမ်းထဲတွင် အဆိပ်အတောက်များ လုံးဝ မပါသလောက် ကင်းစင်ပါလိမ့်မည်။
အိပ်မောကျနေသော ဂျပ်စမင်ကို အခန်းထဲမှာ ထားခဲ့ကာ တည်းခိုခန်းမှ အပြီးအပိုင် ကျွန်တော် ထွက်လာခဲ့တော့သည်။
(၄)
လေးလဟူသော အချိန်ကာလတိုကလေး အတွင်း သည်မြို့ကလေးကို တစ်ခေါက် ပြန်ရောက်လာရမည်ဟု ကျွန်တော် မထင်မိခဲ့။
မထင်မှတ်ဘဲ အလုပ်ကိစ္စတစ်ခုဖြင့် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာရသော အခါ ပထမဆုံး ကျွန်တော် ဂျပ်စမင်ကို သတိရလိုက်၏။ ထိုအခါ သူ့ဆီကို သွားလည်ရန် စိတ်ကူးရမိသည်။
ဂျပ်စမင်တို့ တည်းခိုခန်းရှိရာသို့ ကျွန်တော် ဒုတိယအကြိမ် ခြေဦးလှည့်မိပြန်သည်။
အရင်တစ်ခေါက်ကလိုပင် တည်းခိုခန်းသည် ခပ်မှိန်မှိန် မီးလုံးကလေးများ၏ အရောင်ဖြင့် ငြိမ်သက်နေသည်။
ဧည့်ကြိုချာတိတ်ကလေး တစ်ယောက်သည် ကျွန်တော်ရှိရာ ခြံဝဆီသို့ ပြေးလာကာ ကျွန်တော့်လက်ထဲမှ အိတ်ကို လှမ်းယူရန် ဟန်ပြင်လိုက်၏။
“ဂျပ်စမင့်ကို ခေါ်ပေးတဲ့ ချာတိတ်ပါလား”
ကောင်လေးမှာ ကျွန်တော့်ကို မှတ်မိဟန် မတူ။ နေကာမျက်မှန်ကို ချွတ်လိုက်ကာ သူ့ကို ပြုံးပြလိုက်၏။
“ဟာ… အစ်ကို… အစ်ကို မဟုတ်လား”
အိတ်ကို လှမ်းယူလိုက်သည့် ကောင်လေး၏ လက်အစုံက ရုတ်ချည်း ရပ်တန့်သွားသည်။
“ဟေ့… ဂျပ်စမင် ရှိသလား ချာတိတ်”
ကောင်လေးသည် ခပ်ဝေးဝေးရှိ တည်းခိုခန်းကောင်တာမှ အန်ကယ်ကြီးဆီသို့ မလုံမလဲ ခေါင်းငဲ့ကြည့်ရင်း -
“ထိုင်ပါဦး အစ်ကို၊ စကားပြောရအောင်”
ဟု ဆိုကာ ခြံထိပ်မှ တန်းလျားခုံကလေးဆီသို့ ခေါ်လာလေသည်။
“အစ်ကိုပြန်သွားပြီး မနက်ကျတော့ ဂျပ်စမင် ရေရေလည်လည် ကြွေသွားတယ် အစ်ကို၊ တစ်နေကုန် ငိုနေတာပဲ”
“နောက်တော့ … အစ်ကိုကျန်ခဲ့တဲ့ ဆေးလုံးတွေထဲက ဖီနိုအိပ်ဆေးတွေ ခြောက်လုံးစလုံး တစ်ခါတည်း သောက်ပြီး သုံးလေးရက် ရွဲနေတယ်။ လူမှန်းသူမှန်း မသိတော့ဘူး။ ကြာတော့ အန်ကယ်ကြီးနဲ့ အကြီးအကျယ် ရန်ဖြစ်ကြပြီး တည်းခိုခန်းကနေ ဆင်းသွားတယ်။ ခုတော့ ဘယ်ရောက်နေသလဲ မသိပါဘူး အစ်ကိုရာ။ သတင်းကို မကြားရ တော့ဘူး”
ကျွန်တော့်ရင်ထဲ မောသွားရလေ၏။ စိတ်ထဲမှာ မတင်မကျ ဖြစ်နေသည့် အချက်ကို ကောင်လေးအား ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။
“ဒါဆို ဒီအလုပ်ကို သူ စွန့်လွှတ်လိုက်တဲ့ သဘောလား”
“ဒါတော့ မသိဘူး အစ်ကို၊ ဒီဘဝကပဲ ရုန်းထွက်သွားသလား၊ ဒီ့ထက် စုတ်ပြတ်နိမ့်ကျတဲ့ ဘဝကို ရောက်သွားသလား ဆိုတာတော့ ကျွန်တော် မသိဘူး”
ကျွန်တော်သည် ချာတိတ်ကို နှုတ်ဆက်ကာ ခြံဝမှ ပြန်လည် ထွက်ခွာလာခဲ့သည်။ ရေမှာ မျောချင်တိုင်း မျောနေသော ဗေဒါပန်းကလေးကို ကမ်းပေါ် တင်ပေးမိခဲ့သလား၊ ဒါမှမဟုတ် ဝဲကတော့တစ်ခုထဲသို့ ဆွဲနှစ်မိခဲ့သလား။ လူ့ဘဝဆိုသည်မှာ စစ်တုရင် ထိုးရတာနှင့် တူသည်။
ပထမ ကိုယ်ရွှေ့လိုက်သော အကွက်၏ အမှန်၊ အမှားသည် တစ်ဖက်လူရွှေ့မည့် အကွက်အပေါ်တွင် မူတည်နေတတ်၏။
စစ်တုရင်ကစားလျှင် တစ်ခါတစ်ခါ မှားနေရာက မှန်သွားတတ်ပြီး မှန်နေရာကလည်း မှားသွားတတ်သည်။
ကျွန်တော်ကတော့ အချိန်တော်ကြာကြာ အတွင်း စစ်တုရင်ထိုးရန် လက်တွန့်နေတော့မည် ဖြစ်ကြောင်း ကိုယ့်ကိုကိုယ် သေချာ၍ နေလေသည်။
မိုးဂျာနယ်၊
အမှတ် ၁၀၊ ၂၀၀၇ ခု၊ ဩဂုတ်လ
❏
လရောင်အောက်က ည
အမှောင်ထုသည် အင်အားကြီးမားစွာ မင်းမူလျက်ရှိသည်။ မျက်စိတဆုံး ဟင်းလင်းပြင်သည် မည်းနက်တောက်ပလျက် နှင်းစက်တို့ဖြင့် စိုအိနေသော အနှံထွက်စ လယ်ကွင်းများ၊ မြက်ရိုင်းလွင်ပြင်နှင့် အေးစက်သော မြေစိုင်ခဲတို့မှ ထွက်လာသော ရနံ့များသည် ညထဲတွင် သမမျှတလျက် ရှိ၏။
အလင်းဆိုတာကတော့ အစက်အပြောက် မျှသာပါပဲ။ အချိန်ကာလတစ်ခု အတွင်း အကန့်အသတ် အပိုင်းအခြားဖြင့်သာ လင်းလက် တောက်လောင်ရရှာသည်။ အမှောင် ဆိုသည်မှာ ထာဝရသဘော၊ ခမ်းနားကြီးကျယ်သော သဘော၊ အစသဘော၊ အဆုံးသဘော၊ အားလုံးနှင့် သက်ဆိုင်သော သဘော၊ အမှောင်သည် စကြဝဠာကို လည်းကောင်း၊ အသီးသီးသော ပမာဏရှိသည့် အမှုန့်ပေါင်းများစွာကို လည်းကောင်း၊ သက်ရှိသက်မဲ့ အားလုံးကို လည်းကောင်း မွေးထုတ်ပေးလိုက်သည်။ အမှောင်ထဲရှိ ချာချာလည်နေသော အမှုန့်တစ်ခုပေါ်တွင် သူမ ရပ်တန့်လျက်ရှိသည် ဆိုပါတော့ သူမသည် ခရီးသည် တစ်ယောက်ပင် ဖြစ်ပါသည်။
ညသည် တရိပ်ရိပ် ပြေးလွှားလျက် ရှိသည်။ လေသည် ပြတင်းဝမှ တရစပ် ပြေးဝင်လာနေသည်။ သူမ၏ ဆံနွယ်များသည် လေအဟုန်၌ ရေတံခွန်တစ်ခုလို စီးဆင်းလျက်။ ဆံပင်ကိုပင် သေသေသပ်သပ် မထုံးဖွဲ့ဖြစ်သည်မှာ ကြာခဲ့ပြီ။ ဘဝကကော ဘာထူးလို့လဲ၊ မွေးကင်းစ ကလေးဘဝ၊ အဖြူရောင် ကင်းဗတ်စတစ်စ၊ နောက်တော့ စုတ်ချက်တွေ တစ်ချက်ပြီး တစ်ချက်တင်ရင်း ဘာတွေကို ရေးဆွဲမိမှန်း မသိခင်မှာပင် ပန်းချီကားတစ်ချပ်သည် အလိုမတူဘဲ ပုံပေါ်လာတော့သည်။ ကဲ… အခုတော့ ဘယ်လို လုပ်ကြမလဲ၊ သက်ပြင်းတငွေ့သည် တိုးဝင်လာသော အေးစက်စက် လေထုထဲတွင် မျောပါ ပျံ့လွင့်သွားသည်။ ကောင်းကင်သည် ကြည်စင်နေရာမှ ပြတင်းပေါက်ထဲသို့ ကြယ်တွေကို ထွေးချလိုက်၏။
အို… ဘာများ မက်မောစရာ ရှိလို့လဲကွယ်။ အနှစ်လေးဆယ်ကျော်၊ ခဲခြစ်ရာတွေ အစင်းစင်း၊ အရောင်တောက်တောက် စူးစူးတွေ၊ ဥပဒေသတွေ၊ မျဉ်းဖြောင့်တွေ၊ မျဉ်းကွေးကွေးတွေ၊ ဆေးခဲတွေ အပုံလိုက်၊ ဘောင်တွေပင် ဆွေးစပြုနေသော ပန်းချီကား၊ အခုတော့ ထိုပန်းချီကားသည်ပင် သူမအား အဝေးဆုံးနေရာသို့ တွန်းထုတ်ကာ ကမ္ဘာ့တစ်ဘက်ခြမ်းဆီသို့ အားကုန် လွှဲပစ်လိုက်တော့သည်။ အဝေး… အဝေး… အဝေးဆုံးထိ သူမ လွင့်စင်။ ထပ်မံ ထပ်မံ လွင့်စင် လွင့်စင်နေရဆဲ။
ရထားသည် လေနှင့်အတူ အရှိန်ပြင်းလျက် သံလမ်းနှင့် ဘီးတို့၏ ကြိတ်ချေသံ၊ ဆွဲဆွဲငင်ငင် အူလိုက်သော ဥဩသံ၊ ဟန်ချက်ညီညီ ယိမ်းလှုပ်ရင်း ငိုက်မြည်းနေသော ခရီးသည်တို့၏ ဟောက်သံဖြင့် ညသည် မြိုင်ဆိုင်လျက် ရှိသည်။ ဂျိုင်းခနဲ၊ ဂျိုင်းခနဲ ရထား ခုန်လိုက်သော အချိန်မှာတော့ မှေးမှိတ်နေသော မျက်လုံးများကို လက်ခုံတို့ဖြင့် ခပ်ကြမ်းကြမ်း ပွတ်ကာ ဇက် တစ်ချက်နှစ်ချက် လည်၍ တစ်ယောက်နှင့်တစ်ယောက် ပြန်လည် မှီတွယ်ရင်း ငြိမ်သက်သွားကြပြန်သည်။ တွဲထောင့်ထိုင်ခုံတွင် ပုတီးစိပ်နေသော အမျိုးသမီးတစ်ယောက်နှင့် သူမမှတစ်ပါး အရာအားလုံးသည် ကိန်းသေဆန်လျက် ရှိ၏။ အမျိုးသမီးသည် ပုတီးအား တွဲလွဲချ ကိုင်ထားသည်ကိုပင် မေ့လျော့နေဟန် ရှိသည်။ တစ်ခါတစ်ခါမှသာ ပုတီးလုံးများ လျောခနဲ ဒေါက်ခနဲ ကျဆင်းသွားပြီး အကြာကြီး ငြိမ်သက်နေပုံက သူမကို မကြည့်ဘဲ မနေနိုင်အောင် ဆွဲဆောင်လျက် ရှိသည်။ အမျိုးသမီးနှင့် သူမသည် မကြာခဏ မျက်လုံးချင်း ဆုံဖြစ်ကြသော်လည်း တစ်ဦးနှင့်တစ်ဦး တမင် အသိအမှတ်မပြုသည့် အသွင်ကို ဆောင်ကာ ဆက်လက် လွင့်မျောငေးမောနေကြရင်း ဝင်သက်ထွက်သက်တို့ဖြင့် ချည်နှောင်ထားသော ဘဝသည် ဆက်ထုံးများကြားတွင် လိပ်ပတ်လည်လျက် ရှိသည်။
လရောင်အောက်တွင် ဒရွတ်တိုက်လိုက်ပါလျက် ရှိသော ချုံပုတ်စိမ်းစိမ်းများ၊ ကုန်းစောင်းလွင်ပြင်များ၊ ဟိုက်ခနဲ နိမ့်ဆင်း လျောကျသွားသော ချိုင့်ဝှမ်းများသည် သူမ၏ မျက်ကြည်လွှာပေါ်၌ ဖြတ်ခနဲ၊ ဖြတ်ခနဲ ပျောက်ကွယ်သွားကြသည်။ ဒဏ်ရာ ဒဏ်ချက်တွေကရော၊ အဲသလို ခဏငယ်မျှသာ ပုံရိပ်ထင်ကာ ရင်ထဲမှ ဆွဲနုတ်ပစ်လိုက်ရသော အရာများ ဖြစ်ပါက မည်မျှ ကောင်းပါလိမ့်မည်နည်း။ ပြတင်းပေါက်မှနေ ငေးကြည့်မိစဉ် ခုတ်မောင်း ဖြတ်သန်းလာခဲ့သော သံလမ်းကို ရထားအကွေ့၌ တွန့်လိမ်လျက် မြင်ရသည်။ လရောင်ကား ပြိုကျသလား ထင်ရအောင် ဖိတ်ဖိတ်လက်လျက် ရှိ၏။ ဘယ်တော့မှ ပြန်မကြည့်ချင်တော့သော ပန်းချီကားသည် သံလမ်းများ တစ်လျှောက်ဆီမှ ယိမ်းလှုပ်နေသော ရထားပြတင်းများဆီမှ၊ ဟိုးအဝေးရှိ မှုန်ပျပျ တောတန်းကလေးဆီမှ၊ သူမဆီသို့၊ သူမမှ ဝေးရာဆီသို့၊ သူမနှင့် အတူယှဉ်တွဲလျက် တငြိမ့်ငြိမ့် လိုက်ပါနေသည်။
ထိုခဏ၌ပင် အဆုံးအစမရှိသော ခါးသီးမှုတို့သည် အစုလိုက် အဝေးလိုက် သူမခန္ဓာကိုယ်ပေါ်သို့ တလိပ်လိပ် တရွရွ တွားတက်လာကြသည်။
မြို့တော်ကြီး တစ်ခုလုံး၏ ချောင်ကြိုချောင်ကြားမှ အနှစ်နှစ် အလလ လှည်းကျင်း စွန့်ပစ်ထားသော အမှိုက်ပုံကြီး တစ်ခုပေါ်သို့ အညစ်အကြေးများဖြင့် မဲကျံလူးပေလျက်၊ ဖုန်အလိမ်းလိမ်း ကပ်လျက်၊ ဇောချွေးများ ရွှဲနစ်လျက်၊ သူမ ကျရောက်ခဲ့ရသည်။ အမှိုက်ပုံကြီး၏ အောက်ခြေတွင် ဝန်ချီစက်များ အမှိုက်တင် ထရပ်ကားကြီးများသည် ဆပ်ပြာတုံးကလေးများပမာ သေးကွေး၍ ဖြည်းညင်းစွာ ရွေ့လျားနေကြသည်။ သူမနံဘေးမှ လေထုသည်ပင် ညစ်ညမ်းမှောင်မိုက်လျက် ချာချာလည်နေသော ကောင်းကင်အောက်တွင် သူမတစ်ကိုယ်လုံး အမြှုပ်ဆူပွက်၍ နေခဲ့သည်။
ကြွတ်ကြွတ်အိတ် အခွံများ၊ တစ်စိတ်တစ်ပိုင်း ကြေမွနေသော ဘဲဥ၊ ကြက်ဥ အခွံများ၊ ခေါက်ဆွဲခြောက်ထုပ် အခွံများ၊ အစိတ်စိတ် အမြွာမြွာ ဆုတ်ဖြဲထားသော စာရွက် စာတမ်းများ၊ မင်္ဂလာအခမ်းအနား ဓာတ်ပုံများ၊ တန်ဖိုးမရှိတော့သော သုညကိုပင် ထုတ်ယူ သုံးစွဲထားပြီး ဖြစ်သော အနှစ်သာရ ကင်းမှုသည် အခွံပေါင်းများစွာသည် သူမ၏နံဘေးတွင် ခြောက်ကပ် တိတ်ဆိတ်နေသည်။ အမှိုက်ပုံဆိုသည်မှာ ခရီးလမ်းဆုံး ဖြစ်သည်။ ဘဝကိုကော သည်လိုပဲ အဆုံးသတ်လိုက်ရမှာ တဲ့လား။ သူမ ငိုချလိုက်သည်။ အမှိုက်ဆွေး တစ်စသည် သူမ၏ ပါးပြင်ပေါ်တွင် မျက်ရည်များဖြင့် စေးကပ်လျက်ရှိ၏။
ဒုက္ခကို ငိုချင်းချ၍ ဖြေရှင်းတတ်သော မိန်းမများကို သူမ မဲ့ပြုံး ပြုံးခဲ့ဖူးသော်လည်း မငိုဘဲ မနေနိုင်တော့ပါ။ သို့သော် သူမ၏ မျက်ရည်များသည် ဝမ်းနည်းကြေကွဲမှုတို့မှ ယိုစိမ့်ထွက်လာသော အေးစက်ကြည်မြသည့် မျက်ရည်များ မဟုတ်ဘဲ ဒေါသအဟုန်နှင့် ခါးသီး စက်ဆုပ်မှုတို့ဖြင့် မီးပြင်းတိုက်ထားသည့် အငွေ့ပျံလုဆဲ ပူလောင် ဟုန်းဟုန်းတောက်နေသော မျက်ရည်များသာ ဖြစ်ခဲ့ရသည်ချည်း။
သူမ၏ ရင်အုံထဲ၌ အစွမ်းကုန် လောင်ကျွမ်းကြွေမွ ပြီးဆုံးခဲ့ ပြာမှုန့်နွေးနွေးတို့ဖြင့် ဖုံးအုပ်နေသော မီးကျွမ်းလောင်စာတုံးများသည် အငွေ့တလူလူဖြင့် ကျန်ရစ်ခဲ့သည်။ ထိုပန်းချီကားသည် အမှိုက်ပုံတစ်ပုံ ဖြစ်နေခဲ့မှန်း သူမ သေချာခဲ့သည့် အချိန်ကား ဘဝကို အသစ်တစ်ဖန် ပြန်လည်စတင်ရန် လွန်စွာ နောက်ကျနေခဲ့ပြီ။
လေပြင်းမုန်တိုင်း ကျရောက်နေသည့် အချိန်၊ ကန္တာရထဲမှ ရိုက်ကွင်းတစ်ခုပေါ်တွင် သူမတစ်ဦးတည်း သရုပ်ဆောင်နေခဲ့ရ၏။ မီးထိုး၊ မှန်ထိုးမရှိ၊ ဇာတ်ညွှန်း၊ ဒါရိုက်တာမရှိ၊ ဇာတ်ပို့၊ ဇာတ်ရံမရှိ၊ မင်းသား မင်းသမီးမရှိ။ သို့သော် ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နေခဲ့ရသည်။ သဲမုန်တိုင်းကြောင့် ဆက်တင်တွေ တအုန်းအုန်း ပြိုကျကုန်သည်။ နောက်ခံ ပိတ်ကားများ နှစ်ခြမ်းကွဲထွက်ကုန်သည်။ အလံတိုင်တွေ ပြုတ်ထွက်ကုန်သည်။
သည်အလံသည် နှစ်ပေါင်းနှစ်ဆယ်ကျော်က သူမတို့နှစ်ဦး အတူတူ စိုက်ထူခဲ့ကြသည့် အလံ။ ဒါကိုပင် သူတို့နှစ်ဦးစလုံး အချစ်ဟု မှားယွင်း အဓိပ္ပါယ်ဖော်မိကာ အိမ်ထောင်ရေး ဆိုသည်မှာ အသီးအပွင့်တို့ဖြင့် ဝေဆာစိမ်းလန်းလျက် ဘဝလမ်းခရီး၏ လှေကားထစ်များပေါ်သို့ ပန်းရောင်စုံများ ကြဲပက်ဖူးပွင့်စေမည့် ဧကရီ နတ်သမီးတစ်ပါးအဖြစ် မျက်စိမှိတ် ယုံကြည်ခဲ့ကြသည်ပဲ။
သူမ၏ အရိပ်ကို ခိုကာ သူမ၏ ပင်စည်မှ အဆီအနှစ်တို့ကို တွယ်ကပ် စုပ်မျိုရင်း တစ်စတစ်စ စည်ပင်ဖွံ့ဖြိုးလာခဲ့ပြီးမှ ခုတ်ထွင်ရှင်းလင်း၍ မနိုင်တော့အောင်ပင် ထွားကျိုင်း ချဲ့ထွင်လာခဲ့သော နွယ်ပင်တစ်ပင်မှာ အချစ်ဖြစ်ပါသလား။ သူမ၏ ဘဝတစ်ခုလုံးအား စပါးကြီးမြွေ တစ်ကောင်လို ရစ်ခွေ ဖျစ်ညှစ်ထားသော အနှောင်အဖွဲ့များကြားမှ သူမကိုယ် သူမ ငှက်မွှေးကလေးတစ်မျှင် အဖြစ် အသွင်ပြောင်းကာ မုန်တိုင်းထဲသို့ လွတ်မြောက် ပျံထွက်လာခဲ့ခြင်းကို အဘယ်ကြောင့်များ တစ်လောကလုံးက ဆဲရေးတိုင်းထွာ နေကြပါသနည်း။ မုန်းသည်။ ဒီပန်းချီကား တစ်ချပ်လုံးကို သူမ မုန်းသည်။ အိပ်မက်များနှင့် ရှုပ်ထွေး ပွေလိမ်နေသော ညပေါင်းများစွာ၌ ဤပန်းချီကား ရေးဆွဲခဲ့မိသော သူမ၏ ဘဝတစ်စိတ်တစ်ပိုင်းကို သူမ မုန်းသည်။
ဒေါက်ခနဲ စိပ်ပုတီးသံ တစ်ချက်တွင် ရထားသည် သံပူဒယ်အိုးထဲမှ ခူယားကောင်သဖွယ် ခုန်ဆွလျက် ရှိသည်။ တွဲထောင့်မှ အမျိုးသမီးသည် စုံလုံးကန်းနေသော မိန်းမနှယ် မျက်စိများ ပြူးကြောင်လျက် ရှိ၏။ ရထားခုတ်မောင်းသံတို့သည် လှိုင်းလုံးများလို ကြွတက်လာကာ သူမ၏ စိတ်အစဉ်သည်လည်း ထိုလှိုင်းထိပ်၊ လှိုင်းခွပ်များပေါ်၌ ကျွမ်းထိုး မှောက်ခုံ ကခုန်လျက် ရှိ၏။
အရိပ်တစ်ခုသည် လေထဲမှ ဝီးခနဲ ပျံဝဲကျရောက်လာကာ သူမကို မိုးကြည့်နေသည်။
“ခင်ဗျား သူများတွေ ပြောစကားနဲ့ ကျုပ်ကို မဟုတ်မဟတ်တွေ မစွပ်စွဲနဲ့”
နောက်ထပ် အရိပ်တစ်ခုသည် ရထားတွဲ ကြမ်းခင်းများထဲမှ ကြွတက်ကာ သူမရင်အုံကို သေနတ်တစ်လက်နှင့် တည့်တည့်ချိန်ရွယ်ရင်း …
“ဟုတ်တယ်လေ၊ ဟုတ်တော့ရော ဘာဖြစ်ချင်သလဲ။ ရပ်တန်းက ရပ်လို့ မရတော့ဘူး။ ကောင်မလေးက ကိုယ်လေးလက်ဝန်ကြီးနဲ့”
နောက်ထပ် နောက်ထပ် အရိပ်မည်းများသည် ထိုင်ခုံများကြားမှ ခရီးဆောင်အိတ် တင်သော သံဇကာစင်များပေါ်မှ၊ တွဲခေါင်မိုးရှိ ကျွမ်းနေသော မီးလုံးများဆီမှ သူမအား လက်နက်ပေါင်းစုံဖြင့် ချိန်ရွယ်ထားကြသည်။
“ကျုပ်ရှာထားတဲ့ ငွေ၊ ကျုပ်ပေးချင်တဲ့ သူကို ပေးမယ်။ ကျုပ် ထောက်ပံ့ချင်တဲ့သူကို ထောက်ပံ့မယ်။ ခင်ဗျား ပါးစပ်ပိတ်ထား”
အရိပ်မည်းများသည် သူမအား အဆိပ်ဖြင့် တစ်ခွက်ပြီး တစ်ခွက် လှမ်းပက်ပြီးမှ အမှောင်ထုထဲသို့ ပြန်လည် စိမ့်ဝင်သွားကြသည်။ တဖြည်းဖြည်း ကြမ်းရှလာသော ထိုအရိပ်မည်း၏ နှုတ်ထွက်စကားများသည် လှေကားဆန်များအဖြစ် အသွင်ပြောင်းကာ ထိုလှေကားမှ တစ်ထစ်ချင်း ဆင်းလာသော သူမကတော့ ခြေတစ်ချက် ချော်အကျ၌ အနက်ရှိုင်းဆုံး ချောက်ကမ်းပါးထဲသို့ ဇောက်ထိုးမိုးမျှော် ကျခဲ့ရတော့သည်။
လောကသည် သူမအား မိန်းမတစ်ယောက်အဖြစ် မှားယွင်းစွာ ရွေးချယ်ခဲ့သည်ဟု ထင်သည်။ သူမသည် မိန်းမတို့ တတ်အပ်သော အတတ်ပညာများ၌ အလွန်တရာ ညံ့ဖျင်းခဲ့ကြောင်း အစကတည်းကပင် ဝန်ခံ တောင်းပန်ခဲ့ပါသည်။
နံနက်တိုင်း သောက်တော်ရေချမ်း ကပ်၍ ဘုရားပန်းလဲရသော အလုပ်မှာ သူမနှင့် မဆိုင်ပေ။ ယောက်ျားတစ်ယောက် လျှာအရင်းမြတ်စေရန် ဟင်းအမယ်များ တွဲစပ်စီစဉ်ရသော အလုပ်၌လည်း သူမ မကျွမ်းကျင်ခဲ့ပါ။ ပိုးဖဲကတ္တီပါများ ကြားမှ ရွှေအနားကွပ်ထားသော နူးညံ့သိမ်မွေ့သည့် နှုတ်ခွန်းဆက်သည့် စကားများ၊ ဖန်ခွက်ချင်း ချွင်ခနဲအတွေ့၌ နှုတ်ခမ်း နှင်းဆီဖူးတို့မှ ကြွေကျလာသော ဆုတောင်းစကားများမှာလည်း သူမအတွက် အောင်မှတ်ပင် မရခဲ့သည့် ဘာသာရပ်များ ဖြစ်ခဲ့ရသည်။
တဂျုံးဂျုံး ခုတ်မောင်းလည်ပတ်နေသော ဆန်စက်ကြီးများ၊ စပါးခွံများ၊ ဖွဲခေါင်းတို့ဖြင့် မွှန်ထူနေသော ပတ်ဝန်းကျင်များ၊ စာရင်းဇယားများ၊ ဂိုထောင်ထဲမှ၊ ကုန်းဘောင် ပျဉ်ပြားပေါ်မှ၊ အဝေးပြေး ထရပ်ကားကြီးများပေါ်မှ ဆန်အိတ်ကြီးများကို ထမ်းလျက် ပုရွက်ဆိတ်များကဲ့သို့ တန်းစီကာ အတင်အချ ပြုလုပ်နေကြသော အလုပ်သမားများသည်သာ သူမ၏ ကမ္ဘာ ဖြစ်ခဲ့သည်။ အသက်အရွယ်နှင့် မလိုက်အောင် စိတ်ဓာတ်ခွန်အား ကျဆင်းနေသော ကလေးများ၊ ရောဂါကပ်ဆိုးကြီး တစ်ခု၏ ဝဲကတော့တွင် စုန်းစုန်းမြုပ်လု ဖြစ်နေသော မိဘမဲ့များ၊ ကိုယ်အင်္ဂါချို့တဲ့နေသည့် လူမမယ်ကလေးများ၏ အားလပ်ချိန်တို့ကို အကျိုးရှိစွာ သုံးစွဲခဲ့ခြင်းမှာ နောင်တရစရာ အကြောင်းတစ်ခု ဘယ်တော့မှ ဖြစ်လာမည် မဟုတ်ပါ။ သည်လိုနှင့်ပင် သူမတို့၏ အိမ်ထောင်ရေးသည် အေးစက်ခဲ့ရ၏။
ရေခဲတိုက်ထဲမှ ပိုင်ရှင်မဲ့ အလောင်းကောင်၏ စေ့နေသော ငွေသွားများကဲ့သို့ပင် အချစ်ဆိုတာသည်လည်း အေးစက်ခဲ့ရ၏။ မာန်မာနတို့ဖြင့် ပါးပျဉ်းထောင်၍ တစ်ကောင်နှင့် တစ်ကောင် အသေပေါက်သတ်ကြရန် ကြံရွယ်ထားသော မြွေဟောက်နှစ်ကောင် ထည့်ထားသည့် ကြိမ်ပခြုပ်သည် ဘဝဖြစ်ခဲ့၏။ နောက်ကျောအား ဓားဖြင့် ကြိမ်ဖန်များစွာ အထိုးခံရဖန် များသောအခါ သူမဘက်မှလည်း တန်ပြန် စစ်ကြေညာခဲ့ရတော့သည်။ ဤသို့ဖြင့် ပန်းချီကားပေါ်တွင် အမည်းစက်များ တစ်စက်ပြီး တစ်စက်။
တိုက်ပွဲ၌ သူမသည် စိတ်ကူးယဉ်တတ်သူ မဟုတ်ပေ။ ပင်လယ်ကမ်းစပ်လို နေရာမျိုးမှာပင် သဲအိမ်ကလေးများ ဆောက်လုပ်၊ သစ်ခက်သစ်ရွက်တို့ဖြင့် တန်ဆာဆင်ကာ တစိမ့်စိမ့် ကြည့်နေတတ်သူ မဟုတ်၊ အဝေးမှ တစ်လုံးချင်း ပြေးတက်လာသော လှိုင်းလုံးကြီးများအား လက်သီးဖြင့် ချွမ်းခနဲ၊ ခွမ်းခနဲ ထိုးခွဲရာမှ ဖြစ်ပေါ်လာသည့် အားရကျေနပ်မှုပေါ် တွင် စိတ်ကူးမီးအိမ်ကို ထွန်းညှိချင်သူ ဖြစ်သည်။ သို့သော်လည်း သူမ ရှုံးနိမ့်ခဲ့ရသည်။
အဆောင်အခန်းပေါင်း မြောက်မြားစွာဖြင့် ဝင့်ထည်လှသော မိုးထိအဆောက်အဦးကြီး တစ်လုံးကို အချောသပ် ဆောက်လုပ်ပြီးစီးခဲ့၍ အခမ်းအနားဖြင့် ဖွင့်လှစ်နေသော အချိန်မှာပင် ထိုအဆောက်အဦး၏ အပေါ်ဆုံးထပ် ခေါင်မိုးပေါ်မှ ခုန်ချ သေဆုံးခဲ့သော အင်ဂျင်နီယာသည် သူမ ဖြစ်၏။ အခုတော့ သူမနောက်မှ ဇာတ်ခုံပေါ်တွင် ဘယ်နှကားမှန်း မရေတွက်နိုင်အောင် တဝုန်းဝုန်း ကျဆင်းလာသည့် ပြည်ဖုံးကားများသာ အသက်ဝင်လျက် ရှိတော့သည်။
ရထားသည် အင့်ခနဲ တစ်ချက် နှစ်ချက် ငြိမ့်ကာ တဖြည်းဖြည်း အရှိန်လျော့ကျ လာရာမှ လုံးဝပင် ရပ်တန့်သွားသည်။ ဘူတာရုံကလေး တစ်ခုသည် ကပ်ကြေးတစ်လက်ပမာ သူမ၏ အတွေးမျှင်များကို တိခနဲ ဖြတ်တောက်လိုက်သည်။ အိပ်စက်နေသော ရုပ်အစုအဝေးတို့၏ ဝိဉာဉ်များသည် ရထားနှင့်အတူ ရှပ်တိုက်ပြေးလွှား နေကြရာမှ အစစ်အမှန် ဘဝထဲသို့ ဒလိမ့်ခေါက်ကွေး ကျဆင်းလာကြသည်။ ခုံပေါ်တွင် ဖြစ်သလို စုပုံထားသော ခရီးသည်တို့၏ ခန္ဓာကိုယ်များသည် အသက်ဝင် လှုပ်ရှားလာကာ သူတို့တစ်ကိုယ်လုံးကို ဆန့်နိုင်သမျှဆန့်၍ အပျင်းကြော ဆွဲနေကြသည်။
“ဘာဖြစ်တာလဲ”
“ဘယ်ရောက်နေပြီလဲ”
“ဘယ်အချိန်ရှိပြီလဲ”
နေရာဒေသသည် လည်းကောင်း၊ အချိန်ကာလသည် လည်းကောင်း၊ နိုးထလာသူတို့၏ မူမှန်စိတ်တို့အား ကြိုးများဖြင့် တုပ်နှောင်လျက်ရှိသည်။ ကာလဒေသ၊ ပယောဂတို့သည် သူတို့အား ပစ္စုပ္ပန်လှောင်အိမ်၌ အကျဉ်းချ ထားလိုက်ပြန်သည်။
“ရှေ့တစ်ဘူတာမှာ ရထားလမ်းချော်လို့ တဲ့”
ကျားဟိန်းသံ ကြားရသော သိုးအုပ်နှယ် ရထားတွဲပေါ်တွင် လှုပ်လှုပ်ရွရွ ဖြစ်ကုန်သည်။
အချိန်မီ မရောက်မှာ၊ ခရီးလမ်း မဆုံးမှာ၊ လုပ်ငန်းကိစ္စများ ချိန်သားကိုက် မဖြစ်တော့မှာ၊ သူတို့၏ ဇနီးမယားများ၊ သူတို့၏ အိမ်သားများ၊ စိုးရိမ်ပူပန်မှုတို့သည် တွဲတစ်တွဲလုံးတွင် မီးခိုးကြွက်လျှောက် ခြစ်ခြစ်တောက်လျက်။
မရောက်သေးသော မနက်ဖြန်အတွက် ကြိုတင် လောင်ကျွမ်းနေကြသော ခရီးသည်များကို ငေးရင်း သူမ ပြုံးလိုက်မိသည် ထင်သည်။ တွဲထောင့်မှ အမျိုးသမီးသည် သူမအား ဖျတ်ခနဲ တစ်ချက်စိုက်ကြည့်လိုက်၏။ ပတ်ဝန်းကျင်သည် လူငွေ့တို့ဖြင့် နွေးထွေး အိုက်စပ်စ ပြုလာ၏။ လူတစ်ယောက်စ၊ နှစ်ယောက်စ ရထားပေါ်မှ ဆင်းကြသည်။ ဘူတာရုံကလေးမှာ တောဘူတာရုံကလေး ဖြစ်ပုံရသည်။ လက်ဖက်ရည်ဆိုင်ကလေး တစ်ဆိုင်မှပင် မရှိ။ ဖြစ်သလို ပျိုးထောင်ထားသော တောပန်း တောင်ပန်းကလေးများနှင့် ဥယျာဉ်ကလေးပင် မရှိ၊ ရထားပေါ်မှ ဆင်းလာသော ခရီးသည်တချို့သာ ရထားနှင့် ဘူတာကြား မြေကွက်လပ်၌ တဝဲလည်လည် ရှိသည်။ တွဲချော်နေသည်ဆိုသော ရှေ့တစ်ဘူတာသို့ မမြင်ရမှန်း သိလျက်နှင့်ပင် အမြင်အာရုံကို အစွမ်းကုန်ကျက်စား ရသေ့စိတ်ဖြေ နေကြရရှာ၏။
ပြင်ပလေကို ရှူရှိုက်ရန် ပြတင်းပေါက် ဘောင်ပေါ်တွင် လက်ထောက်လိုက်မိသည်။ ရထားကိုယ်ထည်၏ အေးစက်သော သံမဏိ အထိအတွေ့သည် အရိုးထိအောင် ထိုးစိုက်လိုက်သလား ထင်ရသည်။
“တော်တော်ကြာဦးမယ် ကြားတယ်”
“မနက်မိုးလင်းလောက်မှ ထွက်လို့ရမလားပဲ”
ထိုသတင်းစကားများသည် ခရီးသည်တို့၏ ပါးစပ်ပေါက်များနှင့် နားစည်အမြှေးပါးများကို ပန်းသီသလို သီကုံးပစ်လိုက်သည်။
ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် မချရသေးခင်မှာပင် သူမသည် ပစ္စည်းအားလုံးကို ထုပ်ပိုးပြီး ဖြစ်နေခဲ့ပြီ။ သူမ၌ ပစ္စည်းများများ မပါ။ ကုတ်အင်္ကျီကို ကြယ်သီးများ တပ်၊ မာဖလာကို ပတ်ကာ၊ ခရီးဆောင်အိတ်ကို လွယ်လိုက်သည်နှင့် သူမသည် အဆင်သင့် ဖြစ်သွားတော့၏။
တွဲထောင့်၌ ပုတီးစိပ်နေသော အမျိုးသမီးသည် သူမကို စိုက်ကြည့်နေဆဲဖြစ်သည်။ ဆယ့်လေးငါးနှစ်အရွယ် ကလေးမတစ်ယောက်သည် သူမ၏ ပုခုံးကို မှီရင်း ငိုက်နေသည်။ မျက်နှာချင်းဆိုင် ထိုင်ခုံမှ သူ့ခြေထောက်နှစ်ချောင်းကို တင်၍ စိမ်ပြေနပြေ အိပ်စက်နေပြန်သည်။ ခင်ပွန်းသည်ပင် ဖြစ်လိမ့်မည်။ အမျိုးသမီး၏ မျက်လုံးများထဲတွင် ထိုလူသားနှစ်ဦး နိုးသွားမှာကို ကမ္ဘာကြီး ပျက်စီးလုနီးနီး စိုးရိမ်နေပုံရသည်။ ကုန်ဆုံးတော့မည်ဖြစ်သော ညတစ်ညအတွက် နှစ်ဦးတည်းသော မျက်မြင်သက်သေများ အဖြစ် သူမတို့ နှစ်ဦးသည် အချင်းချင်း အသိအမှတ် ပြုလိုက်ကြ၏။ ရထားပေါ်မှ သူမ ဆင်းခဲ့ပြီး ဖြစ်သည်။
မသေချာ၊ မရေရာသော အရာတစ်ခုကို စောင့်ဆိုင်းနေရခြင်းသည် သူမ သည်းမခံနိုင်သော အရာများအနက် နံပါတ်တစ် ဖြစ်လိမ့်မည် စောင့်မျှော်ရခြင်းသည် လူတို့အား အိုလွယ်၊ မင်းလွယ်စေသည် ထင်မိ၏။ အဓိပ္ပာယ်မဲ့ အချိန်ဖြုန်းနေမည့်အစား သူမကတော့ လာမည့်ဘေး ပြေးတွေ့လိုက်ချင်သည်။
အခုတော့ သူမ၏ခြေလှမ်းများ အစိတ်အကျဲ ညီခဲ့ပြီး ဖြစ်သည်။ ဇလီဖားတုံးများ ပေါ်သို့ နင်းလျှောက်ရသည့် အရသာသည် ဒီလောက်ကောင်းမွန် အဆင်ပြေလိမ့်မည်ဟု သူမ ဘယ်တုန်းကမျှ မတွေးခဲ့ဘူးပါ။
ဘုန်းတော်ကြီးတစ်ပါး၊ ယောက်ျားသုံးဦးနှင့် အမျိုးသမီးဟူ၍ သူမတစ်ဦးတည်းသာ ပါသော သူမတို့ ခရီးသည် အုပ်စုလေးသည် ရထားလမ်းနှင့် ကားလမ်းဆုံရာ ဆုံမှတ် တစ်ခုဆီသို့ ဦးတည်ချီတက် နေကြသည်။ ဟိုအဝေး နှင်းထုထဲတွင် ရထားတွဲကြီးအား မှုန်ပျပျသာ မြင်ရတော့၏။ ရထားသည် ထိုနေရာတွင် မည်မျှကြာဦးမည် မသိ၊ စောင့်ဆိုင်း နေရသော ခရီးသည်တို့၏ စိတ်ဆန္ဒများအား မည်သည့်အချိန်ထိ နင်းကြိတ်နေဦးမည် မသေချာ။ အကယ်၍ ယခုချက်ချင်းပင် ရထားသည် ဥဩဆွဲကာ လမ်းလျှောက်နေသော သူမတို့၏ နံဘေးမှ ဖြတ်ကျော် ဖြတ်သန်း ခုတ်မောင်းသွားမည် ဆိုလျှင်ကော…
သူမအဖို့မူ ဒါသည်သာ ဘဝဖြစ်၏။
ပိတောက်ပွင့်သစ်၊
၂၀၀၇ ခု၊ ဧပြီလ။
❏
အတွင်းကြေ
(၁)
အိပ်ရာမှ နိုးနိုးချင်း သူ ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ ပြတင်းပေါက်တစ်ခု ဖြစ်လေသည်။
“ပြတင်းပေါက်ကို ဖွင့်ဦးမှပဲလေ”
မည်းညစ်ညစ် ဂလန့်သံချောင်းကို ဖြုတ်ဖို့ အားယူလိုက်သဖြင့် ခုတင်မှာ “ကျွိ” ခနဲ လှုပ်ခါသွားသည်။ ရင်ဝတွင် ဒိတ်ခနဲ။
“အား… နေရာင်က စူးရဲလှချည်လား”
ခရမ်းလွန်ရောင်ခြည်များဖြင့် ပြည့်ဝလွန်နေသော အလင်းတန်များ သူ့ မျက်လုံးအိမ်ထဲသို့ တစ်ဟုန်ထိုး ဝင်ရောက်လာသည်။
မနက်ခင်း နေရောင်ခြည်တန်းများသည် ဖွာလန်ကြဲနေသော အိမ်ခေါင်မိုးများပေါ် တွင် စူးနစ်စိုက်ဝင်နေကြသည်။ စက်ရုံတစ်ခုမှ မီးခိုးခေါင်းတိုင်ကြီးမှာ ကောင်းကင်ကို ထုတ်ချင်းဖောက် သွားတော့မလား ထင်ရ၏။ တစ္ဆေတစ်ကောင်၏ ဝိဉာဉ်လို ပျင်းရိလေးလံစွာ ကောက်ကွေးတွန့်လိမ်နေသော မီးခိုးငွေ့တန်းများ၊ ပုရွက်ဆိတ်အုံကြီး တစ်ခုလို လှုပ်ရွနေသော အလုပ်သမားများ၊ ဂျီဩမေတြီ ပုစ္ဆာတစ်ပုဒ်လို ခက်ဖြာရှုပ်ထွေးနေသော လမ်းမြှောင် လမ်းကြားကလေးများ။
“အို… မနက်ခင်းဟာ မနက်ခင်းနဲ့လည်း မတူပါလားကွယ်”
သူသည် ပြတင်းပေါက်ကို အသာပြန်ပိတ်ကာ နံနက်ခင်းနှင့် သူ့အကြား တံခါးတစ်ချပ်ဖြင့် ပိတ်ဆို့ထားလိုက်သည်။
ရေဆိုးမြောင်း တစ်ခုသည် သူတို့ ဓနိတဲလေး၏ ဝါးကြမ်းခင်းများအောက်မှ ဒိုးယိုပေါက် စီးဆင်းနေသည်။ လေးတိလေးကန် စီးဆင်းနေသော ညစ်ပုပ်ပုပ်ရေထဲတွင် ဟင်းဆီများ ပေကျံနေသည့် သတင်းစာစက္ကူစုတ်တစ်ခု အလိုက်သင့် မျောပါနေ၏။
ခါချဉ်တစ်ကောင်သည် သတင်းစာ စက္ကူစုတ်ပေါ်တွင် ရေစီးကို ဆန့်ကျင်၍ တရွေ့ရွေ့ သွားနေသည်။ သူသည် ခါချဉ်ကောင်လေးကို အမှတ်တမဲ့ တွေ့ရှိသွားသည်။ တရွေ့ရွေ့ လှုပ်ရှားနေသော သတ္တဝါလေးကို ကြည့်ရင်း တစ်ခုခုကို သူ စိုးရိမ်နေမိ၏။ ဟော… ခါချဉ်လေး စက္ကူစရဲ့ အစွန်းကို ရောက်သွားပြီ။ သူ့မျက်လုံး ကြောင်ကြောင်များသည် ခါချဉ်ကောင်ဆီမှ ခွာ၍မရတော့။
“ဟေ့… ဟေ့… ရှေ့ဆက် မသွားနဲ့တော့လေ”
“ဟေ့… ရှေ့မှာ… ရှေ့မှာ… ဟာ…”
ခါချဉ်ကောင်ကလေးမှာ ရေဆိုးမြောင်းထဲသို့ လိမ့်ကျသွားတော့သည်။ သူသည် ပြတင်းပေါက်ဘောင်ကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး မျက်လုံးများကို စုံမှိတ်ပစ်လိုက်သည်။
မှိတ်ထားသော သူ့မျက်လုံးအိမ်များထဲမှ မျက်ရည်လုံးများ ယိုစိမ့်ထွက်လာသည်။ မျက်လုံးကို ဖျတ်ခနဲ ဖွင့်ပစ်လိုက်၏။
မျက်လုံးအိမ်နှင့် ပုံရိပ်များကြားတွင် မျက်ရည်ကြည်တို့ဖြင့် မှုန်ဝါးနေသည်။
“ခါချဉ်လေးရေ… မင်း ရေကူးတတ်ရဲ့လားကွယ်၊ ဒါမှမဟုတ် အဲဒီစက္ကူရဲ့ အလယ်ခေါင်မှာ နေရင်လည်း ရသားနဲ့၊ အစွန်းတစဖက်ကနေ ဘာလို့ ဒီရေညစ်ပတ်တွေကို ငုံ့ကြည့်ချင်နေရတာလဲ၊ ဘာလို့ စွန့်စားချင်ရတာလဲ။
“အမေရေ… ညီမလေးရေ… ငါ့ ခါချဉ်ကောင်ကလေးကို ပြန်ရှာပေးကြပါကွယ်”
ဟော… ခြေသံ… ခြေသံပါလား။ ဝါးကြမ်းပြင်ကို တုန်ခါသွားစေတဲ့ ခြေသံဟာ ခါချဉ်တစ်ကောင်ရဲ့ ခြေသံတော့ မဖြစ်နိုင်ပါ။ ဝန်ထုပ်ဝန်ပိုး တစ်ခုကို သယ်လာရတဲ့ လူတစ်ယောက်ရဲ့ ခပ်ပြင်းပြင်း ခြေသံဆိုတာ သူသိလိုက်ပါသည်။ သံစဉ်မဲ့၊ တီးလုံးမဲ့၊ ထိန်းချုပ်မှုမဲ့စွာ သီဆိုနေသော သီချင်းသံတစ်ခုသည် ခပ်ပြင်းပြင်းခြေသံနှင့် အတူ ရောထွေးလိမ်ယှက်ကာ သူ့ထံသို့ ပျံ့လွင့်လာနေပြန်သည်။
ဟေမာနေဝင်းရဲ့ သီချင်းပါလားကွယ်။
ခြေသံသည် တဖြည်းဖြည်း သူနှင့် နီးကပ်လာပြီး၊ သူ့ခြေရင်းနားမှာ ရပ်သွားသည်။ မျက်ရည်တို့ကို လက်ကောက်ဝတ်ဖြင့် ပွတ်ပြီး ခြေသံရှင်ကို ကြည့်လိုက်သည်။
“ဪ… ညီမလေး၊ ရေထမ်းရာက ပြန်လာပြီပဲ”
ရေပုံးထဲမှ ရေများကို စဉ့်အိုးထဲသို့ လောင်းထည့်နေသော ညီမလေး၏ လက်များ ကြမ်းထော်နေသည်ကို သူ သတိထားလိုက်မိသည်။
ခုန ရေပုံးထဲက ထုလုံးရှည်ပုံရေများ စဉ့်အိုးပုံစံ ဖြစ်သွားပြန်သည်။
“ဟင်း… အစ်ကိုလေး နိုးနေပြီကိုး”
“အင်းလေ… ခါချဉ်ကောင်လေး သေသွားပြီဟယ်၊ သနားပါတယ်”
ညီမလေးက မျက်မှောင်တစ်ချက် ကြုတ်လိုက်ပြီး သူ့ကို နှစ်နှစ်ခြိုက်ခြိုက်ကြီး ပြုံးကြည့်နေပြန်သည်။
ပေါ့ပါးစွာ ပြန်လည် ထွက်ခွာသွားသော ညီမလေး၏ ခြေသံတို့သည် အလာတုန်းကလောက် မပြင်းတော့။ သူကတော့ ပြတင်းပေါက်ဘောင်ကို တအား ဆုပ်ကိုင်ထားဆဲ။
“အို… သစ်ရွက်တွေ… သစ်ရွက်တွေ… ကြွေနေပြန်ပါပြီကွယ်”
ကြွေချင်တိုင်း ကြွေနေသော အရောင်မျိုးစုံ၊ အရွယ်မျိုးစုံ သစ်ရွက်တို့သည် နေရောင် တောက်တောက်စူးစူးထဲတွင် ဝေ့ဝဲလွင့်ပျံ နေကြသည်။
“ဟင်း… ပြတင်းပေါက်တစ်ခုလုံး ရွက်ကြွေတွေနဲ့များ ဖုံးသွားမလားပဲ။ မဆန်းပါဘူးလေ… နေရာတိုင်းမှာ သစ်ရွက်တွေ ကြွေနေကြတာပဲဥစ္စာ”
ဒါပေမယ့် ကြွေနေတဲ့ သစ်ရွက်တွေ အားလုံးကို မြင်နိုင်တွေ့ နိုင်လောက်အောင် ကျယ်ဝန်းတဲ့ ပြတင်းပေါကတစ်ခု သူ့မှာ မရှိပါ။ သူ့ပြတင်းပေါက်၏ ကျဉ်းမြောင်းသေးနုပ်မှုကို တဖြည်းဖြည်း သူ စက်ဆုပ်လာပြန်သည်။
ဖြုန်းခနဲ… သစ်ရွက်ကြွေတာတွေ ရပ်တန့်သွားသည်။ ခပ်ဝေးဝေး အိမ်ခေါင်မိုးတစ်ခုကို ထိုးဖောက်၍ ထွက်လာသော စက်ဝိုင်းခြမ်းပုံ ခပ်ကွေးကွေး အချောင်းကြီးတစ်ချောင်း ကောင်းကင်တွင် ဘွားခနဲ ပေါ်လာ၏။ အရောင်မျိုးစုံ တောက်ပနေသော ထိုအရာကြီးကို သူ ငေးမောကြည့်နေရင်း “မဖြစ်နိုင်ဘူး… ဟင့်အင်း… မဟုတ်ပါဘူး။ နေပူလည်ခေါင်ကြီးမှာ၊ မြောက်ဘက်အရပ်မှာ သက်တန့်ထွက်ရတယ် လို့၊ ဒါဟာ သက်တန့် အတုတစ်ခုပဲ ဖြစ်မှာပါလေ။ အမေရေ… လာပါဦး၊ ဒီမှာ… ဒီမှာ…”
ခပ်သုတ်သုတ် တက်လာသော အမေသည် သူ့နံဘေးမှာ ရပ်ရင်း-
“ဘာတုန်း လူကလေး၊ အမေ ထင်းခွဲနေတုန်းကြီးကွယ်၊ ဆာနေလို့လား”
“မဟုတ်ပါဘူးအမေရာ၊ ဟိုမှာ ဟိုမှာ… ကြည့်စမ်းပါ… ခါချဉ်ကောင်ရယ်… သက်တန့်ကြီးရယ်…”
“ဟင်း… သက်တန့်…၊ ဘယ်မတုန်း သက်တန့်၊ ဘာမှလည်း မရှိပါလား”
“သေသေချာချာ ကြည့်ပါအမေရ၊ ဟိုမှာလေ…၊ ဟိုးမှာ…၊ ခါချဉ်ကောင်ကလေးက သက်တန့်ကြီးပေါ်မှာ တရွေ့ရွေ့ သွားလို့ တွေ့လား”
“အင်း… အမေတော့ ဘာကိုမှ မတွေ့ရပါလား။ လူကလေး အိပ်ရေးမဝသေးရင် ပြန်အိပ်နေနော်၊ အမေ ထင်းခွဲချေဦးမယ်”
သူသည် အမေ့ကို တစ်လှည့်ကြည့်ရင်း ဦးခေါင်းကို ဖြည်းညင်းစွာ ခါယမ်းနေပြန်သည်။
အမေက မမြင်ဘူးတဲ့ လိမ်တာပါ၊ အမေလိမ်တာပါ၊ အမေက ငါ့ကို မချစ်ပါဘူး၊ ငါ့ကိုချစ်ရင် သက်တန့်ကြီးကို သူ မြင်ရမှာပေါ့။
“အိုး… လူတွေအားလုံး လိမ်နေကြတာပဲ။ တော်ပြီ… တော်ပြီ၊ ဘယ်သူ့ကိုမှ စကားမပြောတာ ကောင်းတယ်။ အမေ့ကိုလည်း မခေါ်တော့ဘူး။ ငါ့သက်တန့်ကြီးကိုပဲ ငါ အဝကြည့်လိုက်ဦးမယ်”
ကြည့်ရင်း ကြည့်ရင်းပင် သက်တန့်ချောင်းကြီးသည် လှုပ်ယမ်းလာ၏။ ပထမတော့ လှုပ်တယ်ဆိုရုံ။ နောက် တဖြည်းဖြည်း ကြမ်းယမ်းလာသည်။ ကောင်းကင်ပေါ်မှ တိမ်တိုက်များ၊ ရောင်ခြည်တန်းများကို သက်တန့်ကြီးက တံမြက်စည်းလှည်းသလို ခါယမ်းတွန်းထုတ်နေသည်။ တိမ်တိုက်တွေ တစ်ခုပြီးတော့တစ်ခု သူ့အိမ်ခေါင်မိုးပေါ်သို့ ပြုတ် ပြုတ်ကျလာ၏။
သက်တန့်ကြီးကို ကြည့်ရင်း၊ သူ တဖြည်းဖြည်း ပျော်လာသည်။ ရင်တွေလည်း တလှပ်လှပ် ခုန်လာ၏။
“ဟေး… ဟေး… ဟုတ်ပြီကွ… ဟေးဟေး”
သူသည် လက်ခုပ်လက်ဝါးတီးကာ လှုပ်ယမ်းရယ်မော နေပြန်သည်။ သူ့မျက်လုံးအစုံသည် ကျေနပ်မှုဖြင့် ဝင်းဝင်းတောက်နေ၏။ သူ့ ခြေမနှစ်ချောင်းသည်ပင် ဂဏာမငြိမ်ဖြစ်ကာ ဝါးကြမ်းခင်းကို ဖိနင်းပွတ်ချေ နေကြပြန်သည်။
ကောင်းကင်တွင်လည်း သက်တန့်ကြီးက လှုပ်ယမ်းနေဆဲ။ နေရောင်က ပိုမိုစူးရဲလာသည်။ သူ ထိပ်လန့်သွားမိသည်။ ဟော… နေရောင်ခြည်တွေက သူ့သက်တန့်ကြီးကို ဝါးမြိုပစ်တော့မည်။ သူ ဘယ်လိုမှ မတားဆီးနိုင်တော့။
“ဖောင်း”ခနဲ ပေါက်ကွဲသံနှင့်အတူ ရောင်စုံအပိုင်းအစများ ကောင်းကင်တွင် ပြန့်ကျဲလွင့်စင်ကုန်သည်။ မြောက်မြားလှစွာသော သက်တန့် အကျိုးအပဲ့စများသည် မြေပြင်ပေါ်တွင် ပရမ်းပတာ ထိုးဆင်းလာကြသည်။
တစ်စတစ်လေ ရလိုရငြား သူ့လက်ခုပ်နှစ်ခုဖြင့် ဆီးဖမ်းလိုက်သည်။ ကံအားလျော်စွာ သူ့အနားသို့ ဝဲလာသော ခရမ်းရောင်နှင့် အပြာရောင် အစနှစ်ခုကို အမိအရ ကြိုးစားဖမ်းယူလိုက်ပြီး လက်ထဲ၌ ကျစ်ကျစ်ဆုပ်ထားလိုက်သည်။
သူ့ လက်နှစ်ဖက်ထဲတွင် သက်တန့်စတို့သည် လူးလွန့်တိုးထွက် နေကြသည်။ သက်တန့်နှစ်စသည် မှန်ကွဲစတွေလို ရှတတောင့်မာနေရာမှ တဖြည်းဖြည်း ပျော့အိစိုစွတ်သွားသလို သူ ခံစားလိုက်ရသည်။ သူ့လက်တို့ကို ဖွင့်မကြည့်ရဲသေး။ သူချစ်သော အပိုင်းအစလေးများ ပျောက်ကွယ်သွားမှာ စိုးရိမ်နေသည်။ ဒါပေမယ့် ပိုမို ပျော့အိလူးလွန့်လာသော သူ့လက်နှစ်ဖက်၏ အထိအတွေ့ကြောင့် စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်သွားသည်။
လက်ဝါးနှစ်ဖက်ကို ဖျတ်ခနဲ ဖွင့်ကြည့်လိုက်သည်။
အား… သူ့လက်ထဲမှာ ပါးပျဉ်းထောင်နေသော မြွေနှစ်ကောင်။
ကြောက်အားလန့်အားဖြင့် သူ့လက်နှစ်ဖက်ကို ခါထုတ်ပစ်လိုက်သည်။ ဝါးကြမ်းခင်းပေါ်တွင် မြွေနှစ်ကောင်သည် တွန့်လိမ်ရွေ့လျားနေ၏။ ပြီးတော့ တရှူးရှူးမှုတ်ရင်း ပါးပျဉ်းများထောင်ကာ သူ့ထံသို့ တရွေ့ရွေ့လာနေသည်။ သူလည်း ထိပ်လန့်တုန်လှုပ်စွာ နောက်သို့ တစ်လှမ်းချင်း ဆုတ်နေသည်။
ကြောက်ရွံ့ အားငယ်စိတ်သည် ငယ်ထိပ်တွင် တရိပ်ရိပ် တက်လျက်။
အကူအညီ ရလိုရငြား ပတ်ဝန်းကျင်ကို သူ ဝေ့ကြည့်လိုက်သည်။
“အား… မြွေတွေ မြွေတွေ။ သောက်ရေအိုးစင်ပေါ်မှာ၊ ခြင်ထောင်အမိုးပေါ်မှာ၊ ဆေးလိပ်ခွက်ထဲမှာ၊ စာအုပ်ပုံတွေ ကြားမှာ… မြွေတွေ အများကြီးပါလား။
ကြမ်းခင်းထားသော ဝါးလုံးများသည်လည်း ထောင်းခနဲ၊ ထောင်းခနဲ ထောင်မတ်လာကြပြီး မြွေများ ဖြစ်ကုန်ကြသည်။
မြွေတို့သည် သူတို့ ပါးစပ်ကြီးများကို အစွမ်းကုန် ဖြဲထားကြပြီး နောက်ထပ် မြွေလေးများစွာကို အန်ထုတ်နေကြသည်။
အာခေါင်ကို ခြစ်၍ အော်လိုက်သော သူ့အသံကြောင့် မြွေတချို့၏ ပါးပျဉ်းများ နောက်သို့ ဆတ်ခနဲ ယိမ်းထိုးသွားကြသည်။ သူ့တဲကလေးတစ်ခုလုံး မြွေတွေနဲ့ ပွစာကြဲနေပေပြီ။ မြွေများ၏ တရွေ့ရွေ့ တွားသွားသံများ၊ တရွှီရွှီ လေချွန်သံများ၊ နှာမှုတ်သံ၊ ဟောက်သံများဖြင့် တဲတစ်လုံး ဆူညံနေသည်။
“အစ်ကိုလေး အစ်ကိုလေး…”
ဟော… ညီမလေးရဲ့ အသံကို သူကြားလိုက်ရပြီ။
“မလာနဲ့… ညီမလေး၊ မလာနဲ့၊ မြွေတွေ၊ မြွေတွေ”
ညီမလေး၏ အသံသည် သူ့ထံမှ တဖြည်းဖြည်း ဝေး၍ ဝေး၍ သွားသည်။ သူ့တစ်ကိုယ်လုံး မြွေများဖြင့် ဖုံးအုပ်သွားသည်ကိုသာ သူ နောက်ဆုံး သိလိုက်ရတော့သည်။
(၂)
နဖူးပြင်ပေါ်မှ စိမ့်ခနဲ အေးစက်သွားသော အထိအတွေ့ကို ခံစားလိုက်ရသည်။ လူတစ်ကိုယ်လုံးလည်း ကိုင်ရိုက်ထားသလို နာကျင်နေသည်။
သူ့ခန္ဓာကိုယ် အရိုးအဆစ်များ၊ အသားအမျှင်များ၊ သွေးကြောများ အားလုံးကို အသွားတုံးတုံးနှင့် ဘီလူးတစ်ကောင်က ကြိတ်ချေ ဖိဝါးသွားခဲ့သည်လား။ နားထင်ဆီမှ တဒိန်းဒိန်း တိုးနေသော သွေးတိုးသံမှတစ်ပါး တခြား ဘာကိုမှ သူ မသိ။
ရေငတ်လိုက်တာ။ အက်ကွဲ ခြောက်ကပ်နေသော သူ့နှုတ်ခမ်းများကို လျှာဖြင့် တို့ထိကြည့်လိုက်သည်။ အို… သူ့နှုတ်ခမ်းနှစ်လွှာဟာ ရာဘာတုံးတစ်ခုလို ဖြစ်နေပြီလား။ ကျောပြင်အောက်မှ ဖျာကြမ်းကို လက်သည်းများဖြင့် ကုတ်ခြစ်ရင်း မျက်လုံးကို အားယူ၍ ဖွင့်လိုက်သည်။
မှုန်ဝါးနေရာမှ တဖြည်းဖြည်း ပြတ်သားလာသော အမြင်အာရုံထဲတွင် မျက်နှာသုံးခု။ ဘယ်သူတွေလဲ… ဘယ်သူတွေလဲ။
အာရုံကြောများကို အတတ်နိုင်ဆုံး စုစည်းလိုက်သည်။ ရှိသမျှ ခွန်အားများ အားလုံးကို ဦးနှောက်ထဲသို့ တွန်းပို့ပစ်လိုက်သည်။
ဝါးကြမ်းခင်း… သက်ကယ်မိုး… စဉ့်အိုး၊ ရေပုံး… အိမ်၊ ဟုတ်ပြီ၊ ဒါ ဒါ… ငါ့အိမ်ပဲ။ ညီမလေး… ပြီးတော့ အမေ၊ နောက်တစ်ယောက်က ဆရာဝန်လေး ဆရာဝန်လေးပါလား။
“ဆရာလေး”
သူ့နှုတ်ဖျားမှ အသံတစ်ခု ယောင်ရမ်းထွက်ပေါ်သွားသည်။ သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသော ဆရာလေး၏ မျက်လုံးများ လက်ခနဲ တောက်ပသွား၏။
“ကိုသက်နိုင် နိုးပြီလား၊ သတိရတယ်နော်”
“အို… ဆရာလေးရဲ့ အသံက အေးမြလိုက်တာ”
ဆရာဝန်လေးရဲ့ အသံကို သူ့နားတွေနဲ့ ကြားနေရတာလား၊ သူ့နှလုံးသားနဲ့ ကြားနေရတာလား။
ဆရာလေးသည် ဘယ်ဘက်လက်မဖြင့် သူ့မျက်ခွံတွေကို ဖြဲကြည့်နေသည်။ သူကတော့ ကြောင်တောင်တောင် မျက်လုံးတွေနဲ့ ဆရာလေးရဲ့ မျက်နှာကိုသာ ငေးစိုက်ကြည့်နေမိသည်။
ဆရာလေးက အမေနဲ့ ညီမလေးဘက်ကို လှည့်လိုက်ပြီး-
“အားနည်းသွားလို့ ပြန်ဖြစ်တာပါ။ အကြာကြီး နေကောင်းနေပြီးမှပဲ အားရှိမယ့် အစာလေးရွေးပြီး ကျွေးပေါ့ဗျာ”
“ဟုတ်… ဟုတ်ကဲ့… ဆရာ”
ဖားလျားကျနေသော ဆံနွယ်များကို ပခုံးရှေ့သို့ သိမ်းယူရင်း ညီမလေးက ပြန်ဖြေသည်။
ဆရာလေးကတော့ သူ့ကို ပြုံးကြည့်ရင်းက-
“ကဲ… ကိုသက်နိုင် ဘာစားချင်သလဲ ပြော”
“… … … …”
“အစ်ကိုလေး အစ်ကိုလေး စားချင်တာ ပြောလေ”
“… … … …”
“ကျွန်တော် ကျွန်တော် ကဗျာရေးချင်နေတယ် ဆရာ”
သူ့နှုတ်ဖျားမှ အစီအစဉ်မဲ့ ထွက်လာသော စကားလုံးတို့ကို သူကိုယ်တိုင်ပင် အံ့ဩနေမိသည်။ ဒါ… ဒါဟာ သူပြောလိုက်တာမှ ဟုတ်ရဲ့လား၊ ကဗျာ… ကဗျာ… ကဗျာဆိုပါလားကွယ်။ ကဗျာတွေ… ကဗျာတွေ၊ သူ ကဗျာကို သတိရလာသည်။
ဗားတော့ဗရက်၊ မှိုင်း၊ မာယာကော့စကီ၊ မောင်လေးအောင်၊ ရှယ်လီ၊ ဖော်ဝေး၊ ယက်တူရှင်ကို၊ ကြည်အေး၊ ပြီးတော့ သူ့နာမည် သူ့ကလောင်နာမည်၊ သ… သ…
တဖြည်းဖြည်း သူ သတိရလာသလို ဖြစ်ပြီးမှ မီးအားမပြည့်သော ရုပ်ရှင်စက်တစ်ခု၏ ပိတ်ကားလို အရာအားလုံး ဝေဝါးကုန်သည်။
အားယူ၍ ထလိုက်သော သူ့ကို ဆရာလေးက ဖွဖွဆုပ်ကိုင်လိုက်သည်။
“အေးလေ… ရေးတာပေါ့ဗျာ၊ ခင်ဗျား ကဗျာတွေ ပြန်ရေးရမှာပေါ့၊ စိတ်ချ။ ဒါပေမယ့် ခုလောလောဆယ်တော့ သိပ်မစဉ်းစားနဲ့၊ အားလုံးကို ခဏ မေ့ထားလိုက်ဗျာနော်၊ ဟေ့လူ မေ့ထားလိုက်ဦး”
“ဟင်း… မေ့ထားရမယ်၊ မေ့ထားရမယ် ဆိုပါလား”
ဘာတွေကို မေ့ထားရမှာပါလိမ့်။ သူ မေ့ထားရမည့် အရာများကို မှတ်မိအောင် စဉ်းစားကြည့်နေမိသည်။ မေ့ထားရမည့် အရာများကို သိမှ အဲဒီအရာတွေကို သူ မေ့ထားနိုင်မှာပေါ့။
နှင်းဆီပွင့်တွေလား မိုးတိမ်စတွေလား၊ မိုက်မှောင်စိုထိုင်းသည့် အခန်းကျဉ်းလေးလား၊ သူ့နားနှစ်ဖက်ကို ထုရိုက်ဖူးသည့် မိုးကြိုး လျှပ်စီးသံတွေလား၊ ဒါမှမဟုတ် ကဗျာတွေလား။ ဘာတွေကို မေ့ထားရမှာပါလိမ့်ကွယ်။
ပြတင်းပေါက်။ အို… ဟုတ်တယ်… ဒီပြတင်းပေါက်ကိုလည်း ငါ မေ့ထားရမယ်။ ပြီးတော့ ငါမေ့ထားရမယ့်ဟာတွေထဲမှာ ခါချဉ်ကောင်ရယ်၊ သက်တန့်ရယ်၊ ပြီးတော့… ပြီးတော့ မြွေတွေ မြွေတွေရယ်။
သတိရလိုက်ပြီ။ သူ မြွေတွေကို ပြန်ပြီး သတိရသွားပြန်သည်။ မြွေတွေအကြောင်း သတိရလိုက် ကတည်းက သူ့ကျောထဲမှာ စိမ့်တက်သွားသည်။
“ဆရာလေး… ဆရာလေး၊ ကျွန်တော် မြွေတွေမြင်တယ်။ အများကြီးပဲ၊ အများကြီးပဲ။ မနေ့က ဟုတ်တယ်၊ မြွေတွေ”
ဆရာလေးက မျက်ခုံးနှစ်ဖက်ကို တွန့်လိုက်ပြီး ခေါင်းတညိတ်ညိတ်ဖြင့် စဉ်းစားနေသည်။
သူသည် ဆရာလေးကို ကြည့်ရင်း ကြက်သီးတဖြန်းဖြန်း ထလာသည်။
ရုတ်တရက် ဆရာလေး၏ စတစ်အင်္ကျီ ကော်လာထဲမှ မြွေသေးသေးလေး သုံးကောင်၏ ခေါင်းလေးများ ထွက်လာသည်ကို သူမြင်လိုက်သည်။ “ဆရာလေး အင်္ကျီပေါ်မှာ မြွေတွေ မြွေတွေ”
မြွေများသည် ဆရာဝန်လေး၏ ဆရာဝန်လေး၏ နှာခေါင်းပေါက်များ၊ နားရွက်များထဲမှ ယိုစီးထွက်ကျလာသည်။ စကားပြောရန် ဟလိုက်သော ဆရာလေး၏ နှုတ်ခမ်းများ ကြားမှလည်း မြွေတစ်ကောင်။
သူ့မျက်စိရှေ့တင် ဆရာလေး၏ မျက်နှာတစ်ခုလုံးသည် မြွေမြောက်မြားစွာ လိမ်ထွေး ယှက်နွယ်နေသော အလုံးကြီးတစ်လုံး ဖြစ်သွားပြန်သည်။ အို… ညီမလေး ခေါင်းပေါ်မှ ဆံပင်တွေ အားလုံးသည် မြွေတွေ ဖြစ်ကုန်ပြီ။
အမေ… အမေ။ အမေ့လက်ကို အားကိုးတကြီး လှမ်းဆွဲလိုက်သည်။ ခုန အမေရပ်နေသည့် နေရာတွင်မတော့ မြွေဟောက် တုတ်တုတ်ပြားပြားကြီး တစ်ကောင်က မာန်ဖီလျက်။
ဝုန်းခနဲ ခုန်ထလိုက်ပြီး စောင်တစ်ထည်ဖြင့် သူ့တစ်ကိုယ်လုံး လုံအောင် ခြုံထားလိုက်သည်။ မြွေတွေ မြွေတွေဗျို့ ကျုပ်ဆီကို မြွေတွေ လာနေပြီ… အား…။ သူ့ခြေထောက်အောက်မှ ခုတင်မှာ လှုပ်ရွလာသဖြင့် သူငုံ့ကြည့်လိုက်သည်။ “ဘုရားရေ၊ ခုတင်မှ မဟုတ်ဘဲ။ ဧရာမ မြွေကြီးတစ်ကောင်ပါပဲလား”
သူ့မြင်ကွင်းထဲတွင် ညီမလေးနဲ့ အမေလည်း မရှိတော့၊ ဆရာလေးလည်း မရှိတော့။ အိမ်ထရံများသည် တိုင်ပါကျွတ်ကာ လေဟာပြင်ထဲသို့ မြောက်တက် လွင့်ပါသွားကြသည်။ ခေါင်မိုးသက်ကယ်စများ တဗြောင်းဗြောင်း ကျွတ်ထွက်ကာ မျှားတံများလို အရှိန်ပြင်းစွာ ထိုးဖောက်ပြေးထွက်ကုန်ကြသည်။
မြွေတွေ၊ မြွေတွေချည်းပါပဲလား။ ငါ့အဖို့ လွတ်လမ်းရှိပါဦးမလား။ သူ့မျက်လုံးသည် ပြတင်းပေါက်ဆီသို့ ရောက်ရှိသွားသည်။ ချက်ချင်းပင် ပြတင်းပေါက်ဆီသို့ သူ တစ်ဟုန်ထိုး ပြေးထွက်လိုက်သည်။
တစ်ခုခုကို ဆုံးဖြတ်ချက်ချလိုက်ရင်း
ပြတင်းပေါက်မှ အောက်သို့ သူ ခုန်ချပစ်လိုက်သည်။
သူ့ခန္ဓာကိုယ်သည် ဖုန်မှုန်လေးတစ်မှုန့်လို ပေါ့ပါးစွာဖြင့် ဟင်းလင်းပြင်ထဲသို့ ဝေ့ဝဲလွင့်ကျသွားသည်။ ရင်တစ်ခုလုံး ပေါ့ပါးလွတ်ဟာနေသည်။
“မြွေတွေ လက်ထဲက လွတ်ပြီကွ”
သူ အော်ဟစ်ကြုံးဝါးလိုက်သည်။ လေထဲမှာ ကျဆင်းနေရင်းက အောက်ကို သူ ငုံ့ကြည့်မိပြန်သည်။
“အောက်ကို ရောက်ခါနီးပြီပဲ”
မကြာမီမှာပင် သူ့ခန္ဓာကိုယ်သည် နူးညံ့ညင်သာသော အရာတစ်ခုပေါ်သို့ အလွန့်အလွန် ငြင်သာပေါ့ပါးစွာ ကျရောက်သွားသည်။
ခဏလောက်လှဲ၍ အမောဖြေပြီးမှ ထထိုင်ရင် လက်နှစ်ဖက်ကို အားယူ၍ ထောက်လိုက်သည်။
အို… တစ်စုံတစ်ခု မှားယွင်းနေပြီ ဖြစ်ကြောင်း သူသိလိုက်ပြီ။ သူ့တွင် လက်နှစ်ဖက်တည်း မဟုတ်တော့။ လက်တွေ ခြေတွေ အများကြီးပါလားဟင်။ သူ့တစ်ကိုယ်လုံးလည်း ချင်းချင်းနီလို့ပဲ။
သူ့ကိုယ်သည် နီရဲကြည်လင်နေကာ ဒိုးယိုပေါက် မြင်နေရသည်။ လက်တစ်ဖက်ဖြင့် သူ့ဦးခေါင်းကို သူ စမ်းကြည့်လိုက်သည်။
ဦးမှင်နှစ်ခု။ တဆတ်ဆတ် တုန်ခါနေသော ဦးမှင်နှစ်ခုကို သူ တွေ့ရှိလိုက်ရတော့သည်။
ခါချဉ်တစ်ကောင်။ အလိုလေး… သူသည် ခါချဉ်တစ်ကောင် ဖြစ်သွားပါပေါ့လား။ သူ့အောက်မှ ရွေ့လျားနေသော အရာကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်မိပြန်၏။
အို… အို… ဧရာမ စာရွက်ကြီးတစ်ခုပါလား။
(၃)
သူသည် သတင်းစာ စာရွက်ဟောင်းကြီး တစ်ခုပေါ်တွင် အားကုန် ပြေးလွှားနေသည်။ နီတွတ်တွတ်နှင့် တရွေ့ရွေ့လေး သွားနေသော သူ့ခန္ဓာကိုယ်ကို သူ အားမရဖြစ်နေသည်။ ပြေးရလွန်းသဖြင့် သူ့တစ်ကိုယ်လုံးလည်း လှုပ်ရှားယိမ်းခါနေပြီ။ မျက်လုံးတွေလည်း နီရဲကျိန်းစပ်လို့။ စာရွက်အစွန်းသို့ ရောက်ရန် တစ်ခုမှတစ်ပါး သူ ဘာကိုမှ စိတ်မဝင်စားတော့။
ပြေးနေသည်။ သူ မရပ်မနား ပြေးနေသည်။ ဟော စက္ကူစ၏ အစွန်းကို သူ မြင်နေရပြီ။ ရောက်တော့မည်။ တရားလွန် မောဟိုက်နေခြင်းကိုမှ သူ ဂရုမစိုက်နိုင်။
သူ ပြေးရဦးမည်။ သူ ဒါပဲသိသည်။
ဟော… ရောက်ပြီ။ ရောက်ပြီ။ စာရွက်၏.တစ်ဖက်စွန်းကို သူ ရောက်ရှိသွားပြီ။
စာရွက်စွန်းကို ခြေလက်များဖြင့် မြဲမြံစွာ ကိုင်တွယ်ပြီး အောက်ကို ကမန်းကတန်း သူ ငုံ့ကြည့်လိုက်သည်။
ထိုအခါ…
အလွန် ပုပ်စပ်နံဟောင်သော ရေဆိုးမြောင်း တစ်ခုကိုသာ သူ တွေ့ရှိလိုက်ရပါတော့သည်။
မြားနတ်မောင်မဂ္ဂဇင်း၊
အတွဲ (၅)၊ အမှတ် (၁)၊ ၁၉၉၅ ခု၊ နိုဝင်ဘာလ
❏
.jpg)
Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။