ဆိုဖီရဲ့ကမ္ဘာ - မောင်သာနိုး

 


Sophie’s World

By

Jostein Gaarder

ဆိုဖီရဲ့ ကမ္ဘာ

မောင်သာနိုး


ပုံနှိပ်မှတ်တမ်း

 

စာမူခွင့်ပြုချက်အမှတ် - ၁၂၉၂ / ၂၀၀၁ (၁၀)

အဖုံးခွင့်ပြုချက်အမှတ် ၂၄၂ / ၂၀၀၂ (၃)

ပုံနှိပ်ခြင်း

ပထမအကြိမ်၊ ၂ဝဝ၂ ခုနှစ်၊ ဇူလိုင်လ

တန်ဘိုး -

စောင်ရေ

၅၀၀

ထုတ်ဝေသူ

ဦးကျော်ဆန်း (ထုတ်ဝေခွင့်အမှတ် ၀၉၃၂) အမှတ် ၂။ ချွန်း (၁) လမ်း၊ မင်္ဂလာတောင်ညွန့်

အဖုံးနှင့် အတွင်းပုံနှိပ်သူ

ဒေါ်သန္တာကျော် (၀၄၃၉၉)၊ ဟေမန်အော့ဖ်ဆက်၊ ၂၃၆၊ ပြည်လမ်း၊ မြေနီကုန်း၊ ရန်ကုန်

အဖုံးဒီဇိုင်း

သင်္ဂဟ

ဖြန့်ချီရေး

ကျောက်ဆောက်စာပေ ၄၀(က)၊ သံလွင်လမ်း၊ ဗဟန်း။


 

ဘာသာပြန်သူရဲ့ စကားဦး

 

‘ဆိုဖီရဲ့ကမ္ဘာ’ ဟာ မူရင်းက နော်ဝေစကားနဲ့ ရေးထားတာပါ။ ဒါကို ဂျာမန်လို ဘာသာပြန်လိုက်တော့ ကမ္ဘာက တော်တော်များများ သိကုန်ကြပြီး ရောင်းမလောက် ဖြစ်သွားတယ်။ ဒဿနဗေဒကို သင်ပြတဲ့စာအုပ် ဖြစ်သော်လည်း ဇာတ်လမ်းကိုက အဆန်းတကျယ်မို့လို့ ခုလို ကမ္ဘာကျော်သွားတာပါပဲ။ ဒါ တိုင်းမဂ္ဂဇင်းထဲ ပါလာတော့ ကျွန်တော်တို့ စိတ်ဝင်စားမိကာ အင်္ဂလိပ်ဘာသာပြန်ကို စောင့်နေခဲ့ကြတယ်။

၁၉၉၁ ခုနှစ်က ထွက်ခဲ့တဲ့ ဆိုဖီက ၁၉၉၅ ကျမှပဲ အင်္ဂလိပ်ဘာသာပြန် ထွက်လာပါတော့တယ်။ ၁၉၉၅ ဇန္နဝါရီလမှာပဲ ငါးကြိမ် ရိုက်နှိပ်ခဲ့ရတယ်။ အင်္ဂလန်မှာရော၊ အမေရိကန်မှာပါ ထုတ်ဝေကြတာပါ။ ကျွန်တော်က ၁၉၉၅ သြဂုတ်လမှပဲ အင်္ဂလိပ်ဘာသာပြန်ကို ဖတ်ရပါတယ်။ ဖတ်ပြီးကတည်းက ဘာသာပြန်ရရင် ကောင်းမှာပဲလို့ စိတ်ကူးပေါက်မိပေမယ့် ဒီလောက်ထူတဲ့ စာအုပ်ကြီးကို ထုတ်ဝေပေးမယ့် စာအုပ်တိုက် ရှာမရခဲ့ပါဘူး။ နောက်ဆုံး နည်းနည်းချင်း လစဉ် ထည့်ပေးမယ့် မဂ္ဂဇင်းကို တွေ့ရတယ်။ (ပထမက ကျွန်တော်က မြန်ချင်လို့ အပတ်စဉ်ထုတ် ဂျာနယ်ထဲ ထည့်ဖို့ စိတ်ကူးခဲ့သေးတာ။)

ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းထဲမှာ လစဉ် ‘ဆိုဖီရဲ့ကမ္ဘာ’ ပါလာလိုက်တာ ၁၉၉၆ ကနေ ၁၉၉၉ ထိပါပဲ၊ သုံးနှစ်နဲ့သုံးလ ကြာခဲ့ပါတယ်။ ဘာသာပြန်ပြီးတဲ့ နောက်မှာလည်း ထုတ်ဝေသူကို ငံ့ရင်းနဲ့ ကြာလာလိုက်တာ အခုမှပဲ ထုတ်ဝေ ဖြစ်ပါတော့တယ်။

‘ဆိုဖီရဲ့ကမ္ဘာ’ ကို မူရင်း နော်ဝေးစကားနဲ့ Sophies Verden လို့ ခေါ်ပါတယ်။ အင်္ဂလိပ်လို ပြန်လိုက်တော့ Sophie's World ဖြစ်လာတယ်။ ဆိုဖီဆိုတာ Philosophy ထဲက -sophy ပါပဲ။ ‘အသိပညာ’လို့ အဓိပ္ပါယ်ရပါတယ်။ စာအုပ်ထဲမှာ ရှင်းပြထားတာ တွေ့ရပါလိမ့်မယ်။ ဒီတော့ ဒီပညာရပ်အကြောင်း ဇာတ်လမ်းဆင် ရေးထားတယ်ဆိုတာ အမည်ကပဲ ရှင်းပြနေပြီ ဖြစ်တယ်။

Philosophy ကို ‘ဒဿနဗေဒ’ လို့ပဲ သုံးလိုက်တယ်။ ဒီပညာရဲ့ ပါမောက္ခဟောင်း ဒေါက်တာ ခင်မောင်ဝင်းကလည်း အဲဒီအတိုင်းပဲ သုံးနေပါတယ်။ ဒီပညာနဲ့ ဆက်နွယ်နေတာကို ပြောချင်မှ က ထည့်ပြီးသုံးမယ်။ ဥပမာ- ဒဿနိက ယူဆချက်၊ ဒဿနိက အငြင်းပွားမှု စသဖြင့်။

ခေါမ(Greek) နဲ့ ရောမအမည်တွေကို မြန်မာလို ရေးရာမှာ အင်္ဂလိပ် အသံထွက်နောက် မလိုက်၊ မူရင်းအသံကိုပဲ ယူထားပါတယ်။ ရှေးမြန်မာ ပညာရှိကြီးများ အစဉ်အလာကို လိုက်ထားတာပါပဲ။ အင်္ဂလိပ်နောက် လိုက်ရင် Rome ကို ‘ရုမ်း’ ရေး၊ Europe ကို ‘ယူရုပ်’ ရေးရုံရှိတာပ။ ခုတော့ Roma ကို လိုက်ပြီး ‘ရောမ’၊ ‘Europa’ ကို ကြည့်ပြီး ‘ဥရောပ’ ရယ်လို့ ရှေးမြန်မာတို့က လုပ်ခဲ့ကြပြီ မဟုတ်လား။ ရှေးမြန်မာတို့ စံနမူနာကောင်းကို ယူပြီး ရှေးမြန်မာတွေကြား ရောက်လာခဲ့တဲ့ ဆရာယုဒသန်ကလည်း ‘ဂျီးဆပ်’ လို့ မရေး၊ ‘ယေရှု’ ရေးခဲ့ပြီ၊ ‘မက်သယူးစ်’ လို့ မရေး၊ ‘မဿဲ’ လို့ ရေးခဲ့ပြီ။ သူ့နာမည် Judson ကိုတောင် ‘ဂျပ်ဆင်’ မရေး၊ ‘ယုဒသန်’ ရေးခဲ့တယ်။

ကျွန်တော့် ဘာသာပြန်မှာလည်း အင်္ဂလိပ်သံကို မလိုက်ဘဲ အာသဲနာ့စ်၊ ဆိုကရာတဲစ်၊ ပလာတုန်း စသဖြင့် မူရင်းအသံအတိုင်း မြန်မာမှု ပြုထားတာ တွေ့ ရပါလိမ့်မယ်။ စာအုပ်အဆုံးမှာ အမည်တွေကို အက္ခရာစဉ်ပြီး စာရင်း လုပ်ပေးထားပါတယ်။

ဘာသာရပ်ဆိုင်ရာ ဝေါဟာရတွေကို တတ်နိုင်သမျှ အများနည်းတူ သုံးထားပါတယ်။ ဒါပေမယ့် တချို့ဝေါဟာရတွေမှာတော့ အများနဲ့မတူဘဲ ကိုယ့်ဘာသာ စိစစ်သုံးထားတယ်။ ဥပမာ- God ကို ‘ထာဝရဘုရား’ မသုံးဘဲ ‘ဒေဝ’ သုံးတယ်။ Theology ကို ‘ဒေဝဗေဒ’။ god ကိုတော့ ‘နတ်’ လို့ သုံးထားပါတယ်။

ကျွန်တော့ဘာသာပြန်နည်းက တိတိကျကျ ဘာသာပြန်တဲ့နည်း ဖြစ်ပါတယ်။ သဘောသဘာဝက ခွင့်ပြုသရွေ့ တိတိကျကျပဲ ဘာသာပြန်ထားပါတယ်။ တချို့နေရာတွေမှာတော့ စာပိုဒ်လိုက်၊ စာမျက်နှာလိုက်၊ အခန်းလိုက် ချန်ထားခဲ့ပါတယ်။ မြန်မာ့ရေခံမြေခံနဲ့ မသင့်လျော်လို့ပါပဲ။

အင်္ဂလိပ်ဘာသာပြန် စာအုပ်ကို ဝယ်လာပေးတဲ့ ပြင်သစ်သူ ဗီယိုလဲန်း၊ လစဉ်အခန်းဆက် ထည့်ပေးတဲ့ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းတို့ကို အထူး ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်လိုပါတယ်။

 

မောင်သာနိုး

၂၀၀၁ ဖေဖော်ဝါရီ ၁၅

 

ဧဒင်ဥယျာဉ်

 

… တစ်ချိန်ချိန်မှာတော့ တစ်စုံတစ်ရာဟာ ဘာမှမရှိတာထဲက လာတာ ဖြစ်ရမယ် ...

 

ဆိုဖီအမွန်ဒဆန်ဟာ ကျောင်းက အိမ်ပြန်လာနေတယ်။ လမ်းရဲ့ ပထမတစ်ပိုင်းကို ယောအန္နာနဲ့ လျှောက်ခဲ့တာ။ သူတို့ ရိုဘော့(စက်ရုပ်)တွေအကြောင်း ဆွေးနွေးလာခဲ့ကြတယ်။ ယောအန္နာက လူ့ဦးနှောက်ဟာ အဆင့်မြင့်ကွန်ပျူတာနဲ့ တူတယ်လို့ ထင်တယ်။ ဆိုဖီက သဘောတူတယ်လို့ မပြောနိုင်ဘူး။ လူဆိုတာ ကုန်ပစ္စည်းတစ်ခုထက် ပိုတယ်မဟုတ်လား။

ဆူပါမားကတ်ကို ရောက်တော့ ကိုယ့်လမ်းကိုယ် သွားကြတယ်။ ဆိုဖီက ကျယ်ပြန့်တဲ့ မြို့ဆင်ခြေဖုန်းရဲ့ အစွန်မှာ နေတာ၊ ကျောင်းကို ယောအန္နာရဲ့ နှစ်ဆလောက် ဝေးတယ်။ သူ့ခြံက ကျော်ရင် တခြားအိမ် မရှိတော့ဘူး။ ဒီတော့ သူ့အိမ်ဟာ ကမ္ဘာလောကရဲ့အဆုံးမှာ ရှိနေသလားလို့ ထင်ရတယ်။ ဒါ တောတန်း စတင်ရာ ဖြစ်တယ်။

သူ ထောင့်ကို ချိုးလိုက်ပြီး ကလိုဗာလမ်းဆုံးထဲ ဝင်ခဲ့တယ်။ လမ်းရဲ့ အဆုံးမှာ ကပ္ပီတန်ကွေ့လို့ ခေါ်တဲ့ လမ်းကွေ့ရှိတယ်။ စနေ၊ တနင်္ဂနွေကလွဲလို့ အဲဒီဘက် လူတွေ သွားခဲတယ်။

အချိန်က မေလစောစောပိုင်း၊ တချို့ခြံတွေမှာ သစ်သီးပင်တွေကို ဒဲဖဒီလ်ပန်းပင်စုတွေ အုပ်ဖွဲ့ဝိုင်းနေကြရဲ့။ ဘုစပတ်ပင်တွေမှာတော့ အရွက်စိမ်းဖျော့ဖျော့ ဖြစ်နေပြီ။

နှစ်ရဲ့ဒီအချိန်ပိုင်းမှာ အရာရာ ပွင့်ထွက်လာတာ ထူးဆန်းသားပါလား။ မြေကြီး ပူနွေးလာပြီး နှင်းဖတ်ရဲ့ နောက်ဆုံးအစအနလည်း ပျောက်ကွယ်ရော မြေသေထဲကနေ အစိမ်းပင်စုကြီး ပြုံထွက်လာအောင် ဘာက လုပ်လိုက်တာပါလိမ့်။

ခြံတံခါးကို ဖွင့်ရင်း ဆိုဖီ စာတိုက်ပုံးထဲ ကြည့်မိတယ်။ ထုံးစံအတိုင်းပဲ တန်ဖိုးမဲ့စာတွေ တစ်ပုံတစ်ခေါင်းနဲ့ အမေ့အတွက် စာအိတ်ကြီးကြီး တချို့ပေါ့။ အိမ်စာလုပ်ဖို့ သူ့အခန်းဆီ တက်မသွားခင် မီးဖိုချောင်စားပွဲပေါ် ပစ်ချထားခဲ့ရမယ့် အပုံတစ်ပုံပေါ့လေ။

မကြာမကြာတော့ သူ့အဖေအတွက် ဘဏ်က စာတချို့ လာတတ်တယ်။ ဒါပေမယ့် သူကလည်း သာမန်အဖေမျိုး မဟုတ်ချေဘူး။ ဆိုဖီရဲ့အဖေက ရေနံတင်သင်္ဘောကြီး တစ်စင်းရဲ့ ကပ္ပီတန်၊ နှစ်ရဲ့ အများစုပိုင်းမှာ အိမ်မကပ်ဘူး။ တစ်ခါတစ်ခါ ရက်သတ္တ အနည်းငယ် အိမ်ပြန်လာရင် အိမ်ထဲ လျှောက်သွားပြီး ဆိုဖီနဲ့ သူ့အမေ နေလို့ကောင်းအောင် ဇိမ်ကျအောင် လုပ်တော့တာပဲ။ ပင်လယ် ထဲလည်း ရောက်သွားရော သိပ်ဝေးသွားပြီ ထင်ရပြန်ရော။

စာတိုက်ပုံးထဲမှာ စာတစ်စောင်ပဲ ရှိတယ်။ အဲဒါကလည်း ဆိုဖီ့အတွက်ပါ။ စာအိတ်အဖြူပေါ်မှာ ‘ဆိုဖီ အမွန်ဒဆန်၊ ၃ ကလိုဗာလမ်းဆုံး’ တဲ့။ ဒါပဲ။ ဘယ်သူ့ဆီကလို့ မပါဘူး။ တံဆိပ်ခေါင်းကလည်း ကပ်မထားဘူး။

မိမိနောက်မှာ တံခါးကို ပိတ်ပြီးရင် ပြီးချင်း ဆိုဖီ စာအိတ်ကို ဖောက်လိုက်တယ်။ စာအိတ်ထက် မကြီးတဲ့ စက္ကူ တစ်စပဲ ပါတယ်။ စက္ကူပေါ်မှာက မင်းဘယ်သူလဲ တဲ့။

တခြားဘာမှ မပါဘူး။ လက်ရေးနဲ့ ရေးထားတဲ့ စကားလုံး သုံးလုံးရယ်၊ ဧရာမ မေးခွန်းအမှတ်ကြီးရယ်သာ။

သူ စာအိတ်ကို ကြည့်လိုက်ပြန်တယ်။ စာကတော့ သူ့အတွက်မှ သူ့အတွက် စာပါပဲ။ ဘယ်သူကများ စာတိုက်ပုံးထဲ ထည့်ခဲ့ပါလိမ့်။

ဆိုဖီ အိမ်နီနီထဲ အမြန် ပြေးဝင်လိုက်တယ်။ အမြဲတမ်းအတိုင်းပဲ၊ သူ့ကြောင် ရှဲရခန်ဟာ ချုံထဲက လစ်ထွက်လာ၊ ရှေ့လှေကားပေါ် ခုန်တက်၊ တံခါးကို မပိတ်လိုက်ခင် တံခါးထဲက အသာဝင်သွားပါလေတော့တယ်။

 

***

 

ဆိုဖီရဲ့အမေ စိတ်မကြည်တိုင်း သူတို့နေတဲ့အိမ်ကို မီနားရှရီလို့ ခေါ်လေ့ရှိတယ်။ မီနားရှရီဆိုတာ တိရစ္ဆာန်စု ဖြစ်ပါတယ်။ ဆိုဖီမှာ တိရစ္ဆာန်အစုတစ်စု ရှိတာတော့ အမှန်ပါပဲ၊ ဒါလေးနဲ့ အင်မတန်လည်း ပျော်ရတယ်။ စတာကတော့ ရွှေထိပ်၊ ဦးထုပ်နီ၊ ငမည်းမှောင် ရွှေငါးသုံးကောင်နဲ့ စခဲ့တာပါ။ နောက်တော့ စမစ်နဲ့ စမူးလ်ဆိုတဲ့ ကျေးကျုတ်နှစ်ကောင်၊ အဲဒီနောက် ဂေါဝိန္ဒဆိုတဲ့ လိပ်၊ နောက်ဆုံးမှာ ရှဲရခန်ဆိုတဲ့ လိမ္မော်ရောင် ကြောင်၊ အမေလုပ်သူကလည်း ညနေ မိုးချုပ်တဲ့အထိ အိမ်ပြန်လာလေ့ မရှိ၊ ဖအေလုပ်သူကလည်း ကမ္ဘာတစ်ဝန်း သင်္ဘောရွက်လွှင့်နေပြီး အိမ်မကပ်တာ များနေတဲ့အတွက် ထေမိအောင် သူ့ကို ဒီအကောင်တွေ ပေးထားတာပါပဲ။

ဆိုဖီ ကျောင်းလွယ်အိတ်ကို ကြမ်းပေါ် ပစ်ချလိုက်ပြီး ရှဲရခန်အတွက် ကြောင်စာတစ်ခွက် ထုတ်ပေးလိုက်တယ်။ ဒီနောက် ဂမ္ဘီရစာကို လက်ကကိုင်ပြီး မီးဖိုချောင် ခွေးခြေပေါ် ထိုင်ချလိုက်တယ်။

မင်းဘယ်သူလဲ?

သူ မစဉ်းစားတတ်ဘူး။ သူဟာ ဆိုဖီအမွန်ဒဆန်ပဲပေါ့။ ဒါပေမယ့် အဲဒါ ဘယ်သူလဲ။ ဒါကို သူ တကယ် ဆင်ခြင်မကြည့်ခဲ့မိဘူး… ခုထိ။

သူ့ကို တခြားနာမည်တစ်ခု ပေးထားခဲ့ရင် ဘယ်လိုနေမလဲ။ ဥပမာ အန်နုတဆန်၊ ဒီလိုဆို သူ အခြားတစ်ယောက် ဖြစ်သွားမလား။

ဖေဖေက အစက သူ့ကို လိလမောလို့ ခေါ်ချင်ခဲ့တာ ဆိုတာကို သူ ရုတ်တရက် သွားသတိရတယ်။ သူ့ကိုယ်သူ လိလမော အမွန်ဒဆန်ပါလို့ လက်ဆွဲနှုတ်ဆက်ရင်း မိတ်ဆက်နေဟန် ဆိုဖီ စိတ်ကူးကြည့်မိတယ်။ မှားနေသလိုပဲ။ သူ့ကိုယ်သူ မိတ်ဆက်နေတာ အခြားတစ်ယောက်ပါ။

သူ ထခုန်တဲ့ကာ စာရွက်အဆန်းကို လက်ကကိုင်ရင်း ရေချိုးခန်းထဲ ဝင်သွားတယ်။ မှန်ရှေ့ရပ်ပြီး ကိုယ့်မျက်လုံးကို စူးစိုက်ကြည့်မိတယ်။

“ငါဟာ ဆိုဖီအမွန့်ဒဆန်” တဲ့ ပြောမိတယ်။ မှန်ထဲက ကောင်မလေးက တစ်ချက်ကလေး တွန့်ပြီးတောင် တုံ့ပြန်သမှု မပြုဘူး၊ ဆိုဖီလုပ်သမျှ သူ အတိအကျ လိုက်လုပ်တယ်။ မှန်ထဲက မိမိပုံရိပ်ကို လျှပ်စီးလှုပ်ရှားမှုနဲ့ အနိုင်ယူဖို့ ဆိုဖီ ကြိုးစားတယ်။ ဟိုကောင်မလေးကလည်း သူ့လောက်ပဲ မြန်တာပဲ။

“မင်း ဘယ်သူလဲ” လို့ ဆိုဖီက မေးလိုက်တယ်။

ဒါကိုလည်း ဘာအဖြေမှ မရဘူး။ ဒါပေမယ့် မေးခွန်းကို မေးလိုက်တာ မိမိလား၊ မိမိအရိပ်လား ခဏိက ဦးနှောက်ခြောက်တာ ကြုံရတယ်။

ဆိုဖီက လက်ညှိုးကို မှန်ထဲက နှာခေါင်းဆီ ဖိထိုးကာ ”နင်ဟာ ငါပဲ” လို့ ဆိုလိုက်တယ်။

ဒါကိုလည်း အဖြေမရပြန်သမို့ ဝါကျကို ပြောင်းပြန်လှန်ကာ ဆိုလိုက်မိတယ်။ “ငါဟာ နင်ပဲ” ရယ်လို့။

ဆိုဖီအမွန်ဒဆန်ဟာ သူ့ရုပ်ကိုသူ မကျေမချမ်း ဖြစ်လေ့ရှိတယ်။ သူ့မှာ လှပတဲ့ ဗာဒံသီးသဏ္ဌာန် မျက်လုံးရှိတယ်လို့ မကြာမကြာ ပြောကြတယ်။ ဒါပေမယ့် ဒါဟာ သူ့နှာခေါင်းက သေးလွန်းပြီး သူ့ပါးစပ်က နည်းနည်းကြီးလွန်းလို့ လူတွေက ပြောကြတာမျှလို့ပဲ ထင်ရတယ်။ နို့ပြီး သူ့နားရွက်က သူ့မျက်လုံးတွေနား ကပ်လွန်းအားကြီးတယ်။ အဆိုးဆုံးကတော့ သူ့ရဲ့ ဖြောင့်တန်းတဲ့ ဆံပင်ပါပဲ၊ ဘယ်လိုမှ လုပ်လို့မရဘူး။ တစ်ခါတလေ သူ့အဖေ သူ့ဆံပင်ကို ပွတ်သပ်ပြီး၊ ကလောဒ်ဒဘူဆီရဲ့ တေးဂီတ တစ်ကွက်ထဲကလို ‘ဆံပင်ဝါဖျော့ဖျော့နဲ့ ကောင်မလေး’ လို့ ခေါ်လေ့ရှိတယ်။ သူ့အဖို့ကတော့ ဟုတ်လို့ပေါ့လေ၊ သူကမှ ‘ဒီဖြောင့်ဖြောင့်’ မည်းမည်းဆံပင်နဲ့ နေသွားဖို့ ကြမ္မာမငင်ဘဲကိုး။ မူးစ်တို့ ဂျဲလ်တို့ ဘယ်ဟာမှ ဆိုဖီရဲ့ ဆံပင်အပေါ် နည်းနည်းလေးမှ စွမ်းဆောင်နိုင်ခြင်း မရှိဘူး။ မိမိဟာ အရုပ်ဆိုးလွန်းလို့ မွေးတုန်းကများ ရုပ်ပျက်လာခဲ့ရ သလားလို့တောင် တစ်ခါတလေ သူတွေးမိတယ်။ သူ့အမေကတော့ သူ့မွေးရတာ ခက်လှတဲ့ အကြောင်း ခဏခဏ ပြောတတ်တယ်။ ဒါပေမယ့် ဒါဟာ တကယ်ပဲ ကိုယ့်ရုပ်ရည်ကို ဆုံးဖြတ်သတဲ့လား။

သူ ဘယ်သူလဲလို့ သူမသိရတာ ခွမကျဘူးလား။ သူ့ရုပ်ရည် ဘယ်လို ရှိရမယ် ဆိုတာမှာ သူ ဘာမှ ပြောခွင့်ဆိုခွင့် မရခဲ့တာရော အကျိုးသင့် အကြောင်းသင့် မရှိဘူး မဟုတ်လား။ သူ့ရုပ်ကို သူ့အပေါ် ပစ်ပေးချလိုက်တာပဲ။ မိတ်ဆွေ သူငယ်ချင်းတွေကို သူ ရွေးချယ်နိုင်တယ်။ ဒါပေမယ့် သူ့ကိုယ်သူကိုတော့ မရွေးခဲ့ရပါဘဲကလား။ လူဖြစ်ဖို့တောင် သူ မရွေးချယ်ခဲ့ရပါဘူး။

လူဆိုတာ ဘာလဲ။

ဆိုဖီ မှန်ထဲက ကောင်မလေးကို မော့ကြည့်လိုက်မိပြန်တယ်။ အပေါ်ထပ် တက်ပြီး ဇီဝဗေဒအိမ်စာ လုပ်ဦးမှ ထင်တယ် လို့ တောင်းပန်သလိုလို ပြောမိတယ်။ တံခါးနားလည်း ရောက်ရော၊ မဟုတ်သေးပါဘူး၊ ခြံထဲ လျှောက်သွားတာ ကောင်းပါတယ် တွေးမိပြန်တယ်။

“ကစ်တီ၊ ကစ်တီ၊ ကစ်တီ…”

ဆိုဖီက ကြောင်ကို လှေကားထစ်ဆီ မောင်းထုတ်ပြီး အိမ်ရှေ့တံခါးကို နောက်မှာ ပိတ်ပစ်လိုက်တယ်။

 

***

 

ဂမ္ဘီရစာကို လက်မှာကိုင်ကာ အပြင်ဘက် ကျောက်စရစ် လမ်းကလေးပေါ် ရပ်နေစဉ် ထူးဆန်းတဲ့ ခံစားမှုတစ်ရပ် သူ့ပေါ် ရောက်လာတယ်။ မှော်တောင်ဝှေးနဲ့ တို့လိုက်လို့ ရုတ်တရက် အသက်ဝင်လာတဲ့ ယမင်းရုပ်ကလေးလို သူ ခံစားရတယ်။

အံ့ဖွယ် စွန့်စားခန်းတစ်ရပ်မှာ လျှောက်သွားရင်း အခုပဲ ကမ္ဘာလောကထဲ ရောက်နေရတာ မဆန်းဘူးလား။

ရှဲရခန်ကတော့ ကျောက်စရစ်ပေါ် အသာခုန်လွှားဖြတ်ကူးကာ ကားရန်နီချုံပုတ်ထဲ ဝင်သွားတော့တယ်။ နှုတ်ခမ်းမွှေး ဖြူဖြူကနေ သူ့ကိုယ်လုံးချောချောရဲ့ အဆုံးက လွန့်လွန့်လူးလူး အမြီးအထိ စွမ်းအင် လှုပ်ရွနေတဲ့ သက်ရှိ ကြောင်တစ်ကောင်။ သူလည်း ဒီခြံထဲမှာ ရောက်နေတာပါပဲ။ ဒါပေမယ့် ဒါကို ဆိုဖီလိုမျိုး သိလိမ့်မယ်တော့ မဟုတ်ချေဘူး။

အသက်ရှင်နေမှုအကြောင်း စတင် စဉ်းစားမိတဲ့အခါ မိမိဟာ အမြဲထာဝရ အသက်ရှင်နေရမှာ မဟုတ်တာကို ဆိုဖီ စတင် သဘောပေါက်မိတယ်။ ငါ အခု ကမ္ဘာလောကထဲ ရောက်နေတယ်လို့ သူ တွေးမိတယ်။ ဒါပေမယ့် တစ်နေ့ ငါ သွားရလိမ့်မယ်တဲ့။

သေပြီးတဲ့နောက် ဘဝဆိုတာ ရှိသလား။ ဒါလည်း ကြောင်က ချမ်းချမ်းသာသာနဲ့ သိမှာမဟုတ်တဲ့ နောက်မေးခွန်းတစ်ခုပါပဲ။

ဆိုဖီရဲ့အဖွား ဆုံးတာ မကြာသေးဘူး။ ခြောက်လကျော်ကျော်၊ ဆိုဖီ အဖွားကို နေ့တိုင်း လွမ်းတယ်၊ ဘဝဆုံးရတာ မတရားလိုက်တာ။

ဆိုဖီ ကျောက်စရစ်လမ်းပေါ် ရပ်ပြီး စဉ်းစားနေမိတယ်။ သူ အမြဲထာဝရ အသက်ရှင်နေမှာ မဟုတ်ဘူး ဆိုတာကို မေ့ဖို့အတွက် အသက်ရှင်နေရတဲ့ အကြောင်းကို ပိုပြီး အပြင်းအထန် တွေးကြည့်နေမိတယ်။ ဒါပေမယ့် မဖြစ် နိုင်ဘူး။ အခု အသက်ရှင်နေတာကို အာရုံစူးစိုက်လိုက်တာနဲ့ သေတဲ့အကြောင်းကလည်း ခေါင်းထဲ ရောက်လာတာပဲ။ ပြောင်းပြန်လှည့်တွေးလည်း ဒီအတိုင်းပါပဲ။ တစ်နေ့ သေရတယ် ဆိုတာကို ပြင်းပြင်းပြပြ ခံစားမှုတစ်ရပ် ဖန်တီး လုပ်ယူလိုက်တော့မှ အသက်ရှင်ရတာ အရမ်းကို ကောင်းတာပဲ ဆိုတာကို သူ သဘောပေါက်နိုင်တော့တယ်။ ပိုက်ဆံစေ့တစ်စေ့ရဲ့ ဘက်နှစ်ဖက်ကို လှည့်လှည့် ကြည့်နေရသလိုပဲ။ ပိုက်ဆံစေ့ရဲ့ တစ်ဖက်က ကြီးလာ ပီပြင်လာလေ အခြား တစ်ဖက်ကလည်း ကြီးလာ ပီပြင်လာလေ။

သေရမယ်ဆိုတာကို သဘောမပေါက်ဘဲ အသက်ရှင်နေတာကို မခံစားနိုင်ဘူးလို့ သူ တွေးမိတယ်။ ဒါပေမယ့် အသက်ရှင်ရတယ် ဆိုတာ မယုံနိုင်လောက်အောင် အံ့သြစရာ ကောင်းတယ်ဆိုတာကို မတွေးဘဲနဲ့လည်း သေရမယ် ဆိုတာကို သဘောပေါက်ဖို့ မဖြစ်နိုင်ပြန်ဘူး။

သူ နေမကောင်းဘူးလို့ ဆရာဝန်က ပြောတဲ့နေ့က ဘွားဘွား အဲသလိုမျိုး ပြောတာကို ဆိုဖီ သတိရမိတယ်။ “ဘဝဟာ ဘယ်လောက် ကြွယ်ဝတယ် ဆိုတာကို အလျင်က ကျုပ် သဘောမပေါက်ခဲ့ဘူး၊ ခုမှပဲ” တဲ့။

အသက်ရှင်ရတာ လာဘ်တစ်ပါး ဆိုတာကို ဖျားနာတော့မှပဲ လူအများစုက သဘောပေါက်ကြတယ် ဆိုတာ ဘယ်လောက် ကြေကွဲစရာကောင်းလဲ။ နို့မို့ရင်လည်း စာတိုက်ပုံးထဲမှာ ဘုမသိဘမသိ စာတစ်စောင် ရတော့မှ ပေါ့လေ။

နောက်ထပ် စာများ ရောက်နေလေမလား သွားကြည့်ဦးမှနဲ့ တူရဲ့။ ဆိုဖီ ဝင်းတံခါးဆီ အသော့သွားပြီး စာတိုက်ပုံး စိမ်းစိမ်းထဲ ကြည့်လိုက်တယ်။ ပထမစာအိတ်နဲ့ တစ်ထေရာတည်း နောက်ထပ် စာအိတ်ဖြူဖြူ တစ်အိတ် ရောက်နေတာ တွေ့လိုက်ရတော့ သူ လန့်သွားတယ်။ ဒါထက် ပထမစာအိတ်ကို သူယူစဉ်က စာတိုက်ပုံးထဲ ဘာမှ မရှိတာ သေချာပါတယ်။ ဒီစာအိတ်ကလည်း သူ့နာမည် ပါတာပဲ။ သူဆုတ်ဖြဲပြီး ပထမစာနဲ့ တစ်ရွယ်တည်း စာတစ် စောင်ကို ထုတ်ယူလိုက်တယ်။

ကမ္ဘာကြီး ဘယ်က လာသလဲ တဲ့ စာထဲမှာက။

မသိဘူးလို့ ဆိုဖီ တွေးလိုက်တယ်။ ဘယ်သူမှ တကယ်လည်း မသိရိုး အမှန်ပါ။ ဒါပေမယ့်လည်း ဒါ မေးသင့်တဲ့ မေးခွန်းပါပဲလို့ ဆိုဖီ တွေးမိတယ်။ ကမ္ဘာ ဘယ်က လာသလဲ ဆိုတာကို အနည်းဆုံး မေးမြန်းတာလေးလောက်မှ မလုပ်ဘဲ ကမ္ဘာပေါ် နေတာတော့ မမှန်ဘူးလို့ သူ့ဘဝမှာ ပထမဆုံးအကြိမ် သူ ခံစားမိတယ်။

ဘုမသိဘမသိ စာတွေဟာ ဆိုဖီရဲ့ ခေါင်းကို ချာချာလည်စေပေါ့။ သားရဲတွင်းထဲ သွားထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ သားရဲတွင်းက ဆိုဖီရဲ့ ထိပ်တန်း လျှို့ဝှက် ပုန်းအောင်းရာ ဖြစ်ပါတယ်။ သူ အရမ်း စိတ်ဆိုး၊ အရမ်း စိတ်ဆင်းရဲ၊ အရမ်း စိတ်ပျော်တဲ့အခါ သူ သွားရာပါပဲ။ ဒီနေ့တော့ သူ စိတ်ရှုပ်တာပါ။

 

***

 

အိမ်နီနီကို ပန်းခင်း၊ သစ်သီးချို၊ သစ်သီးပင်မျိုးစုံ အများကြီးပါတဲ့ ဥယျာဉ်ကြီး၊ စက်မဲ့လေယာဉ်နဲ့ မျှော်စင်တဲကလေးပါတဲ့ မြက်ခင်းကျယ်ကြီးတို့က ဝိုင်းရံထားတယ်။ မျှော်စင်တဲကလေးကတော့ သူတို့ရဲ့ ပထမဆုံးကလေးငယ် မွေးပြီးလို့ သုံးလေးပတ်မှာ ဆုံးခဲ့ရပြီးနောက် ဘိုးဘိုးက ဘွားဘွားကို ဆောက်ပေးခဲ့တာပါ။ ကလေးရဲ့နာမည်က မာရီတဲ့။ သူ့သင်္ချိုင်းကျောက်တုံးပေါ်မှာ ရေးထား တာက ‘မာရီလေး တို့ဆီ ရောက်လာ၊ တို့ကို နှုတ်ဆက်ပြီး ထွက်သွားပြန်တယ်’ တဲ့။

ဥယျာဉ်ရဲ့ ထောင့်ကျကျမှာ ရာစဘဲရီလျံ အားလုံးရဲ့နောက်မှာ ပန်းတို့ ဘဲရီသီးတို့ မပေါက်တဲ့ တောထူထူနေရာလေး ရှိတယ်။ တကယ်က ဒါ တောနဲ့ နယ်စပ်ကို အမှတ်အသားပြုတဲ့ ခြံစည်းရိုးပါပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်အတွင်း ဘယ်သူကမှ ဖြတ်ညှပ်ပေးတာ မရှိခဲ့လေတော့ ယှက်လိမ်ပြီး တိုးဝင်မရတဲ့ အပင်ထု ဖြစ်နေပြီ။ ဘွားဘွားကတော့ ကြက်တွေ ခြံထဲ လွတ်လွတ်လပ်လပ် သွားလာခွင့်ရနေတဲ့ စစ်ကြီးအတွင်းက ခြံစည်းရိုးကြောင့်ပဲ မြေခွေးတွေ ကြက်တွေကို ဖမ်းစားရ ခက်သွားရတယ်လို့ ပြောလေ့ရှိရဲ့။

ဆိုဖီကလွဲလို့ လူတိုင်းအဖို့ ခြံစည်းရိုးဟောင်းကြီးဟာ ဥယျာဉ်ရဲ့ ဟိုတစ်ဖက်စွန်းက ယုန်လှောင်အိမ်တွေလိုပဲ အသုံးမကျတော့ပါဘူး။ ဒါပေမယ့် ဒါ သူတို့က ဆိုဖီရဲ့ လျှို့ဝှက်ချက်မှ မတွေ့ ရသေးတာကိုး။

ဆိုဖီဟာ ခြံစည်းရိုးထဲက ကျင်းငယ်လေး အကြောင်းကို မှတ်မိတတ်သလောက်ကပဲ သိခဲ့တာ ဖြစ်တယ်။ အထဲကို တွားဝင်သွားတဲ့အခါ ချုံတွေကြား ဧရာမအခေါင်းကြီးထဲ ရောက်သွားတယ်။ အိမ်ကလေးနဲ့ တူရဲ့။ သူ့ကို အဲဒီမှာ ဘယ်သူမှ မတွေ့နိုင်ကြောင်း သူ သိတယ်။

စာအိတ်နှစ်အိတ်ကို လက်မှာဆုပ်ကာ ဆိုဖီ ဥယျာဉ်ထဲ ဖြတ်ပြေး၊ လေးဖက်ထောက် ခြံစည်းရိုးထဲ တိုးဝင်ခဲ့တယ်။ သားရဲတွင်းဟာ သူ မတ်မတ်ရပ်သာရုံပဲ မြင့်ပါတယ်။ ဒါပေမယ့် ဒီနေ့ သူ ဖုထစ်ရွတ်တွ မြစ်ဆုံတစ်ခုပေါ် ထိုင်ချလိုက်တယ်။ ဒီကနေ သူ အခက်တွေ အရွက်တွေကြား အပေါက်သေးသေးလေးတွေ ထဲက တစ်ဆင့် အပြင်ကို ကြည့်လို့ရတယ်။ ဘယ်အပေါက်မှ ပိုက်ဆံစေ့ အသေးလေးထက် မကြီးပေမယ့် ဥယျာဉ်တစ်ခုလုံးကို ကောင်းကောင်းကြီး မြင်ရတယ်။ ပေါက်စတုန်းက သူ့အမေနဲ့ အဖေ သူ့ကို သစ်ပင်တွေကြား လိုက်ရှာနေကြတာကို ကြည့်ရတာ ပျော်စရာကောင်းလိုက်တာ လို့ ထင်ခဲ့ဖူး တယ်။

ဥယျာဉ်ကြီးကို သူ့ဘာသာ ကမ္ဘာတစ်ခုလို့ ဆိုဖီ အမြဲထင်ခဲ့တယ်။ သမ္မာကျမ်းစာထဲက ဧဒင်ဥယျာဉ်အကြောင်း ကြားတိုင်း ဟောဒီက သားရဲတွင်းထဲ ထိုင်၊ သူ့ကိုယ်ပိုင် ကောင်းကင်ဘုံကလေးကို ရှုကြည့်နေခဲ့ရတာကို သတိရ မိတယ်။

ကမ္ဘာကြီး ဘယ်က လာသလဲ။

သူ့မှာ အဝိုဝါးဆုံး စိတ်ကူးတောင် မရှိပါဘူး။ ကမ္ဘာကြီးဟာ ဟင်းလင်းပြင်ထဲ ဂြိုဟ်ငယ်လေး တစ်ခုမျှ ဆိုတာကို ဆိုဖီ သိတယ်။ နို့ ဟင်းလင်းပြင်က ဘယ်က လာတာတုန်း။

ဟင်းလင်းပြင်ဟာ အမြဲရှိခဲ့တယ် ဆိုတာ ဖြစ်နိုင်တယ်။ ဒါဖြင့်ရင် ဘယ်က လာသလဲ ဆိုတာ မှန်းဆဖို့ မလိုတော့ဘူးပေါ့။ ဒါပေမယ့် တစ်စုံတစ်ခု အမြဲ ရှိခဲ့နိုင်ပါ့မလား။ သူ့အဇ္ဈတ္တ နက်နက်ထဲကနေ တစ်စုံတစ်ရာက ဒါကို ကန့်ကွက်နေတယ်။ တည်ရှိတဲ့ အရာတိုင်းဟာ အစရှိရပေမှာပ။ ဒီတော့ ဟင်းလင်းပြင်ကို တစ်ချိန်ချိန်မှာ အခြား တစ်စုံတစ်ရာထဲကနေ ဖန်ဆင်းခဲ့တာ ဖြစ်ရမယ်။

ဒါပေမယ့် ဟင်းလင်းပြင်ကို အခြား တစ်စုံတစ်ရာထဲက ရတာဆိုရင် အဲဒီ အခြား တစ်စုံတစ်ရာဟာလည်း တစ်ခုခုက လာတာ ဖြစ်ရမှာပေါ့။ မိမိဟာ ပြဿနာကို ရွှေ့ဆိုင်းနေတာပဲလို့ ဆိုဖီ ခံစားမိတယ်။ တစ်ချိန်ချိန်မှာတော့ တစ်စုံတစ်ရာဟာ ဘာမှ မရှိတာထဲက လာတာ ဖြစ်ရတော့မယ်။ နို့ ဒါ ဖြစ်နိုင်ရဲ့လား။ ဒါဟာလည်း ကမ္ဘာကြီးဟာ အမြဲ တည်ရှိခဲ့တယ် ဆိုတဲ့ အချက်လိုပဲ မဖြစ်နိုင်ဘူး မဟုတ်လား။

ဒေဝ(ထာဝရဘုရား)က ကမ္ဘာကြီးကို ဖန်ဆင်းခဲ့တယ်လို့ ကျောင်းမှာ သူတို့ သင်ခဲ့ရတယ်။ ဒါဟာ ပြဿနာတစ်ခုလုံး အတွက် အကောင်းဆုံးအဖြေ ဖြစ်တန်ရာတယ် ဆိုတဲ့ အတွေးနဲ့ ဆိုဖီ သူ့ကိုယ်သူ ဖြေသိမ့်ကြည့်တယ်။ ဒီတော့လည်း ဆက်တွေးမိပြန်တာပဲ။ ဒေဝက ဟင်းလင်းပြင်ကို ဖန်ဆင်းခဲ့တယ် ဆိုတာကို သူ လက်ခံနိုင်ပါတယ်။ နို့ ဒေဝကိုယ်တိုင်ကတော့ရော။ သူ့ကိုယ်သူ ဘာမှ မရှိတာထဲကနေ ဖန်ဆင်းခဲ့တာလား။ ဒီတစ်ခါလည်း သူ့အဇ္ဈတ္တ နက်နက်ထဲက တစ်စုံတစ်ရာက မကျေနပ်ပြန်ဘူး။ ဒေဝဟာ အရာအမျိုးမျိုးကို ဖန်ဆင်းနိုင်တယ် ဆိုတောင်မှ ဖန်ဆင်းမယ့် ‘အတ္တ’ မရှိခင်က သူ့ကိုယ်သူ ဖန်ဆင်းနိုင်မယ် မဟုတ်ပေဘူး။ ဒီတော့ ဖြစ်နိုင်စရာ တစ်ခုပဲ ကျန်တော့တယ်။ ဒေဝဟာ အမြဲ ရှိခဲ့တယ်ပေါ့။ ဒါပေမယ့် သူ အဲဒီဖြစ်နိုင်စရာကို ပယ်ချခဲ့ပြီးပါပြီ။ တည်ရှိခဲ့တဲ့ အရာတိုင်း အစ မူလ ရှိရမယ်။

အို စိတ်ပျက်စရာ။

သူ စာအိတ်နှစ်အိတ်ကို ဖွင့်လိုက်ပြန်တယ်။

မင်း ဘယ်သူလဲ။

ကမ္ဘာကြီး ဘယ်က လာသလဲ။

စိတ်ညစ်စရာ မေးခွန်းတွေပါပဲ။ ဒါထက် စာတွေကရော ဘယ်က လာတာတုန်း။ ဒါလည်း ဂမ္ဘီရဆန်တယ် ဆိုရမလောက်ပဲ။

ဘယ်သူကများ ဆိုဖီ့ကို သူ့နေ့စဉ်ဘဝထဲက ကော်ထုတ်လိုက်ကာ စကြဝဠာရဲ့ စကားထာကြီးတွေနဲ့ ဗြုန်းခနဲ ရင်ဆိုင်ခိုင်းလိုက်တာလဲ။

တတိယအကြိမ် ဆိုဖီ စာတိုက်ပုံးဆီ သွားပြန်တယ်။ စာပို့သမား ခုပဲ တစ်နေ့တာ စာတွေ ဝေသွားတာ။ အလေနတော စာတွေ တစ်ပုံတစ်ခေါင်း၊ စာစောင်တွေ၊ သူ့အမေအတွက် စာနှစ်စောင် ဆိုဖီ ထုတ်ယူလိုက်တယ်။ ယဉ်စွန်း တန်းဒေသ ကမ်းခြေပို့စ်ကတ်လည်း ပါသေး။ ကတ်ကို လှန်ကြည့်လိုက်တယ်။ နော်ဝေးပြည် တံဆိပ်ခေါင်း ကပ်ထားပြီး ‘ကုလသမဂ္ဂတပ်ရင်း’ လို့ တံဆိပ် နှိပ်ထားတယ်။ ဖေဖေ့ဆီကများလား။ ဒါပေမယ့် သူက လုံးဝ ခြားနားတဲ့နေရာမှာ မဟုတ်လား။ သူ့လက်ရေးလည်း မဟုတ်ပါဘူး။

ပို့စ်ကတ်က ဘယ်သူ့ကို လိပ်စာတပ်ထားတယ် ဆိုတာ မြင်ရတော့ ဆိုဖီ ရင်ခုန်တာ နည်းနည်း မြန်သွားသလို ခံစားရတယ်။ ‘ဟိလဒ မားလာ ညဂ်၊ ဆိုဖီအမွန်ဒဆန်မှ တစ်ဆင့် ၃ ကလိုဗာလမ်းဆုံး…’ လိပ်စာ ကျန်အပိုင်း မှန်ပါတယ်။ ကတ်မှာ ပါတာက –

ချစ်သမီး ဟိလဒ၊ ၁၅ နှစ်ပြည့်မွေးနေ့မှာ ရွှင်လန်းပါစေ။ သမီး နားလည်လိမ့်မယ်လို့ ထင်တယ်၊ သမီး ကြီးပြင်းလာရာမှာ အကူအညီဖြစ်မယ့် လက်ဆောင်မျိုး ဖေဖေပေးချင်တယ်။ ကတ်ကို ဆိုဖီမှတစ်ဆင့် ပို့ပေးရတာ ခွင့်လွှတ်ပါ။ အလွယ်ဆုံးမို့ပါ။ ဖေဖေ့ဆီက မေတ္တာ။

ဆိုဖီ အိမ်ကို၊ ပြီး မီးဖိုချောင်ထဲကို ပြန်ပြေးတော့တယ်။ သူ့စိတ် ဝရုန်းသုံးကား ဖြစ်နေပေါ့။ ဘယ်သူလဲ ဒီ ‘ဟိလဒ…’ သူ့ ဆယ့်ငါးနှစ်မြောက် မွေးနေ့က မိမိမွေးနေ့ရှေ့က တစ်လလေးပဲ ဖြစ်နေပါလား။

ဆိုဖီ တယ်လီဖုန်းစာအုပ် ထုတ်လိုက်တယ်။ မားလာဆိုတဲ့ လူတွေ အများကြီးပါပဲ။ ဒါပေမယ့် ညဂ်ဆိုတာကတော့ တော်တော်နည်းတယ်။ ဒါပေမယ့် လမ်းညွှန်တစ်အုပ်လုံးမှာ မားလာညဂ်ဆိုတာ တစ်ယောက်မှ မပါဘူး။

ဘုမသိဘမသိ ကတ်လေးကို သူ စစ်ဆေးကြည့်ပြန်တယ်။ အစစ် အမှန် ဖြစ်ပုံရတာ အမှန်ပါပဲ။ တံဆိပ်ခေါင်းလည်း ပါ၊ စာပို့အမှတ်အသားလည်း ပါ။

တခြားနေရာကို ရည်ရွယ်ထားမှန်း ထင်ရှားရက်ကနဲ့ ဘာကြောင့်များ ဖခင်တစ်ယောက်ဟာ မွေးနေ့ကတ်ပြားကို ဆိုဖီလိပ်စာဆီ ပို့ရတာလဲ။ ဘယ်လို မွေးနေ့ကတ်ပြားကို တမင်တကာ တစ်လွဲပို့ပြီး သမီးလုပ်သူကို လှည့်ဖြားရတာလဲ။ ဘယ့်နှယ်လုပ်ပြီး ဒါ ‘အလွယ်ဆုံး’ ဖြစ်ရမှာလဲ။ နောက်ပြီးတော့လည်း ဘယ်လိုလုပ်ပြီး သူက ဒီဟိလဒဆိုတဲ့ ပုဂ္ဂိုလ်ကို ခြေရာကောက် ရမှာတဲ့တုန်း။

ဒီလိုနဲ့ ဆိုဖီမှာ ပူပန်စရာ နောက်ပြဿနာ ပေါ်ရပေါ့။ သူ မိမိစိတ်တွေကို တည်ငြိမ်ဖို့ ကြိုးစားတယ်။ ဒီနေ့ ညနေမှာ နှစ်နာရီတာ အချိန်ပိုင်းအတွင်း သူ့မှာ ပြဿနာသုံးရပ် ရင်ဆိုင်ခဲ့ရတယ်။ ပထမ ပြဿနာက သူ့ စာတိုက်ပုံးထဲ စာအိတ်ဖြူနှစ်အိတ် ဘယ်သူ ထည့်ခဲ့တာလဲ ဆိုတာ ဖြစ်တယ်။ ဒုတိယကတော့ ဒီစာတွေမှာ ပါတဲ့ ခက်ခဲတဲ့ မေးခွန်းတွေပါပဲ။ တတိယ ပြဿနာက ဟိလဒ မားလာညဂ် ဆိုတာ ဘယ်သူ ဖြစ်နိုင်မလဲ၊ ဘာကြောင့် ဆိုဖီဆီကို သူ့မွေးနေ့ကတ်ပြား ပို့ခဲရသလဲရယ်လို့ ဖြစ်တယ်။ ပြဿနာသုံးခုဟာ တစ်နည်းနည်းနဲ့ အပြန်အလှန် ဆက်သွယ်နေမှန်း သူ အသေအချာ သိတယ်။ ဆက်သွယ် နေရမယ်။ ကနေ့ထိ သူဟာ လုံးဝ သာမန်ဘဝမျိုး နေလာခဲ့တာကလား။

 

ဦးထုပ်မြင့်ကြီး

 

… ဒဿနသမားကောင်း ဖြစ်ဖို့လိုတာကတော့ သိချင်စိတ် ရှိဖို့ ပါပဲ …

 

အမည်မသိ စာရေးသူကြီးဆီက နောက်ထပ် ကြားရလိမ့်ဦးမယ်လို့ ဆိုဖီ သေချာပေါက် သိနေတယ်။ လောလောဆယ်တော့ စာတွေအကြောင်း ဘယ်သူ့ကိုမှ မပြောသေးဖို့ သူ ဆုံးဖြတ်လိုက်တယ်။

ကျောင်းမှာ သူ ဆရာတွေ ပြောတာကို စူးစိုက်ရေး ဒုက္ခရောက်နေတယ်။ သူတို့ဟာ အရေးမကြီးတာတွေ ပြောနေကြပုံပဲ။ ဘာကြောင့် သူတို့ဟာ လူဆိုတာ ဘာလို့ မပြောနိုင်တာလဲ။ ဒါမှမဟုတ် ကမ္ဘာလောကဟာ ဘာဖြစ်တယ်။ ဘယ်လိုလုပ် ဖြစ်ပေါ်လာတယ်ပေါ့။

ကျောင်းမှာရော၊ အခြားနေရာများမှာပါ လူတွေဟာ အသေးအဖွဲကိစ္စတွေပဲ စိတ်အာရုံ ရောက်နေကြတယ်လို့ သူ ပထမဆုံးအကြိမ် စတင် တွေးမိလာတယ်။ ဖြေရှင်းရမယ့် အဓိက ပြဿနာတွေ ရှိနေတာပဲ။

ဒီမေးခွန်းတွေရဲ့ အဖြေ တစ်စုံတစ်ဦးမှာ ရှိခဲ့ရောလား။ ဒါတွေအကြောင်း စဉ်းစားရတာဟာ ထူးခြားကြိယာရုပ်တွေ အလွတ်ကျက်ရတာထက် ပိုအရေးကြီးတယ်လို့ ဆိုဖီ ခံစားမိတယ်။

နောက်ဆုံး သင်ခန်းစာပြီးနောက် ခေါင်းလောင်းတီးတော့ သူ ကျောင်းက ထွက်သွားတာ မြန်လွန်းလို့ သူ့မီအောင် ယောအန္နာ ပြေးလိုက်ရတယ်။ တော်တော်လေး ကြာတော့ ယောအန္နာက ပြောတယ် “မင်း ဒီနေ့ ညနေ ဖဲကစားချင်လား” တဲ့။

ဆိုဖီ ပခုံးတွန့်လိုက်တယ်။

“ငါ ဖဲကို သလောက် စိတ်မဝင်စားတော့ဘူး” တဲ့။

ယောအန္နာ အံအားသင့်သွားပုံ ရတယ်။

“မင်း စိတ်မဝင်စားဘူး ဟုတ်လား။ ဒါဖြင့်လည်း ငါတို့ ကြက်တောင်ရိုက် ကစားကြရအောင်” တဲ့။

ဆိုဖီ ပလက်ဖောင်းကို ငုံ့စိုက်ကြည့်လိုက်တယ်။ ပြီး သူငယ်ချင်းကို မော့ကြည့်တယ်။

“ငါ ကြက်တောင်ရိုက်တာကိုလည်း သလောက် စိတ်ဝင်စားတယ် မထင်ဘူး” တဲ့။

“မင်း နောက်နေတာပါ။”

ယောအန္ဒာရဲ့ အသံမှာ နည်းနည်း နာကြည်းသံ ပါနေတာကို ဆိုဖီ သတိပြုမိတယ်။

“ဘာကများ ရုတ်တရက် ရေးကြီးခွင်ကျယ် ဖြစ်လာရတာလဲ ငါ့ကို ပြောမပြနိုင်ဘူးလား” တဲ့။

ဆိုဖီ ခေါင်းခါရုံ ခါတယ်။ “ဒါ… ဒါ လျှို့ဝှက်ချက်ပါကွယ်” တဲ့။

“ဟိတ်… မင်း ရည်းစား ရှိနေပြီနဲ့ တူတယ်” တဲ့။

ကောင်မလေးနှစ်ယောက် ဘာမှ စကားမပြောဘဲ ခဏ ဆက်လျှောက် လာကြတယ်။ ဘောလုံးကွင်းဆီ ရောက်တော့ ယောအန္နာက “ငါ ကွင်းကို ဖြတ်သွားတော့မယ်” လို့ ပြောတယ်။

ကွင်းကို ဖြတ်တဲ့လား။ ဒါ ယောအန္နာအဖို့ အတိုဆုံးလမ်းပါပဲ။ ဒါပေမယ့် ဧည့်သည်ရှိလို့ ဒါမှမဟုတ် သွားဆရာဝန်နဲ့ ချိန်းထားတာ ရှိလို့ အိမ်ကို သုတ်ခြေတင်စရာ ရှိမှသာ အဲဒီလမ်းကို သူ သုံးတာပါ။

သူ့အပေါ် စိမ်းကားမိတာ ဆိုဖီ စိတ်မကောင်းဘူး။ ဒါပေမယ့် တခြား ဘာပြောနိုင်မလဲ။ မိမိ ဘယ်သူလဲ၊ ကမ္ဘာလောက ဘယ်က လာသလဲ ရုတ်တရက် စိတ်ဝင်စားနေမိလို့ ကြက်တောင်ရိုက်ကစားဖို့ အချိန်မရတော့ဘူးလား။ ယောအန္နာ နားလည်ပါ့မလား။

အရေးအကြီးဆုံး တစ်နည်းအားဖြင့် မေးခွန်းအားလုံးထဲမှာ သဘာဝအကျဆုံး မေးခွန်းမှာ အာရုံစူးစိုက်နေရတာ ဘာကြောင့် ဒီလောက် ခက်နေရတာလဲ။

စာတိုက်သေတ္တာကို ဖွင့်လိုက်စဉ် သူ့နှလုံး အခုန်မြန်လာတာကို ခံစားရတယ်။ ပထမတော့ ဘဏ်တိုက်က စာတစ်စောင်နဲ့ အမေ့ဖို့ စာအိတ်ညိုကြီးတချို့ပဲ တွေ့ ရတယ်။ သေပါတော့။ မသိရတဲ့ ပေးပို့သူကြီးဆီက နောက် စာတစ်စောင် ရမယ်လို့ ဆိုဖီက မျှော်လင့်နေတာ။

မိမိနောက်မှာ တံခါးကို ပိတ်လိုက်ရင်း စာအိတ်ကြီးတွေထဲက တစ်အိတ်ပေါ်မှာ မိမိနာမည်ကို သူ သတိပြုမိတယ်။ လှည့်ကြည့်လိုက်တော့ ကျောပေါ်မှာ “ဒဿနဗေဒပို့ချချက်၊ သတိနဲ့ ကိုင်တွယ်ပါ” လို့ ရေးထားတာကို တွေ့ ရတယ်။

ဆိုဖီ ကျောက်စရစ် လမ်းကလေးအတိုင်း ပြေးသွားပြီး ကျောင်းလွယ်အိတ်ကို လှေးကားထစ်ပေါ် ပစ်ချလိုက်တယ်။ အခြားစာတွေကို တံခါးဖုန်သုတ်ဖျာအောက် ထိုးထည့်ခဲ့ကာ နောက်ဖေးဥယျာဉ်ဆီ လှည့်ပြေးလာခဲ့ပြီး သားရဲတွင်းထဲ ခိုလှုံလိုက်တယ်။ ဒါသာလျှင် စာအိတ်ကြီးကို ဖွင့်ရမယ့် နေရာပဲ။

ရှဲရခန် သူ့နောက်က ခုန်လိုက်လာတယ်။ ဒါပေမယ့် ဒါကိုတော့ ဆိုဖီ သည်းခံရမှာပဲ။ ကြောင်ကတော့ သူ့ကို သစ္စာ မဖောက်မှန်း သူသိတယ်။

စာအိတ်အတွင်းမှာ စက္ကူချိတ်နဲ့ တွဲထားတဲ့ လက်နှိပ်စက်ရိုက် စာမျက်နှာ သုံးမျက်နှာ ပါတယ်။ ဆိုဖီ စ ဖတ်လိုက်တယ်။

 

ဒဿနဆိုတာ ဘာလဲ

 

ခင်တဲ့ ဆိုဖီ …

လူအများအပြားပဲ စိတ်ပြေလက်ပျောက် အလုပ်ကလေးတွေ ရှိကြတယ်။ တချို့လူများက ရှေးဟောင်း ပိုက်ဆံစေ့တို့၊ နိုင်ငံခြား တံဆိပ်ခေါင်းတို့ စုဆောင်းကြ၊ တချို့က အချုပ်အလုပ် လုပ်ကြ၊ တချို့ကလည်း အားတဲ့အချိန် အများစုကို အားကစား တစ်ခုခုမှာ သုံးကြတယ်။

လူအများအပြား စာဖတ်ရတာ ကြည်နူးကြတယ်။ ဒါပေမယ့် စာဖတ် အကြိုက်ကတော့ အကြီးအကျယ် ကွာခြားကြသပေါ့။ တချို့လူများက သတင်းစာ၊ ကာတွန်းရုပ်ပြတို့ပဲ ဖတ်ကြတယ်။ တချို့က ဝတ္ထုဖတ်ရတာ ကြိုက်တယ်။ တချို့ကတော့လည်း နက္ခတ္တဗေဒ၊ တောတိရစ္ဆာန်၊ နည်းပညာတွေ့ရှိချက် ဆိုင်ရာ စာအုပ်များကို ပိုကြိုက်ကြတယ်။

ငါက မြင်းတို့၊ ကျောက်မျက်ရတနာတို့ကို စိတ်ဝင်စားနေတယ် ဆိုရင် အခြားလူတိုင်းကိုလည်း ငါ့ စိတ်ဝင်စားမှုကို ဝေမျှယူဖို့ ငါ မမျှော်လင့်နိုင်ဘူး။ ငါက တီဗီမှာ အားကစားအစီအစဉ် အားလုံး စိတ်ဝင်တစား ကြည့်နေရင် တခြားလူများက အားကစားကို ပျင်းစရာ ဖြစ်နေတာကို ငါ သည်းခံရလိမ့်မယ်။

ငါတို့အားလုံး စိတ်ဝင်စားတာ ဘာမှ မရှိဘူးလား။ လူတိုင်းနဲ့ ပတ်သက်တာ ဘာမှ မရှိဘူးလား၊ သူတို့ ဘယ်သူတွေ ဖြစ်နေနေ၊ ကမ္ဘာ့ ဘယ်နေရာမှာပဲ နေနေပေါ့၊ အင်း… ဆိုဖီရေ၊ လူတိုင်း သေချာပေါက် စိတ်ဝင်စားမယ့် ပြဿနာတွေ ရှိတာပ။ ဒီ ပို့ချချက်ဟာ အဲဒီ ပြဿနာတွေ အကြောင်းပါပဲ။

ဘဝမှာ အရေးအကြီးဆုံးအရာ ဘာလဲ။ ငတ်လို့ သေတော့မယ့် လူတစ်ယောက်ကို သွားမေးရင် အဖြေက စားစရာပေါ့။ အေးလို့ သေတော့မယ့် လူကို မေးရင်တော့ အပူဓာတ်ပေါ့။ လူတွေနဲ့ ကွဲပြီး အားငယ်နေသူဆီ ဒီမေးခွန်း တင်ပြရင်တော့ အဖြေဟာ အခြားလူတွေနဲ့ အတူ ရှိရတာပဲ ဖြစ်နိုင်ပါလိမ့်မယ်။

နို့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်း ပြီးရင်ရော၊ လူတိုင်း လိုမယ့် တစ်စုံတစ်ရာ ရှိသေးသတဲ့လား။ ရှိသေးတယ်လို့ ဒဿနဆရာတွေက ထင်တယ်။ လူဟာ ထမင်းတစ်ခုတည်းနှင့် အသက်ရှင် မနေနိုင်ဘူးလို့ သူတို့က ယုံကြည်တယ်၊ ဟုတ်ကဲ့။ လူတိုင်း စားစရာ လိုတာပေါ့၊ လူတိုင်း အချစ်တို့၊ ယုယမှုတို့ လိုတာပဲ။ ဒါပေမယ့် အဲဒါအပြင် အခြားအရာ လူတိုင်းလိုတာ ရှိသေးတယ်။ အဲဒါကတော့ ငါတို့ ဘယ်သူတွေလဲ၊ ဘာကြောင့် ငါတို့ ဒီနေရာ ရောက်နေရတာလဲ တွက်ချက်ကြည့်ဖို့ ပါပဲ။

ဘာကြောင့် ငါတို့ ဒီကို ရောက်လာရတာလဲ ဆိုတာကို စိတ်ဝင်စားတာဟာ တံဆိပ်ခေါင်း စုတာမျိုးလို ‘သာမန်’ စိတ်ဝင်စားတာမျိုး မဟုတ်ဘူး။ ဒီမေးခွန်းတွေ မေးတဲ့ လူတွေဟာ ဒီဂြိုဟ်ပေါ် လူနေထိုင်လာတာနဲ့အမျှ ဖြစ်ထွန်းလာခဲ့တဲ့ ဆွေးနွေးပွဲကြီးမှာ ပါဝင်နေကြတာ ဖြစ်တယ်။ စကြာဝဠာ၊ ကမ္ဘာမြေ၊ ဘဝ ဘယ်လို ဖြစ်ပေါ်လာခဲ့တာလဲ ဆိုတာ နောက်ဆုံး အိုလံပစ်မှာ ဘယ်သူ ရွှေတံဆိပ် အများဆုံး ရခဲ့သလဲ ဆိုတာထက် ပိုကြီးမား၊ ပိုအရေးပါတဲ့ မေးခွန်း ဖြစ်တယ်။

ဒဿနကို ချည်းကပ်နည်း အကောင်းဆုံးကတော့ ဒဿနမေးခွန်း တချို့ မေးကြည့်ဖို့ပါပဲ။

ကမ္ဘာကို ဘယ်လို ဖန်ဆင်းခဲ့သလဲ။ ဖြစ်ပျက်နေတာရဲ့ နောက်မှာ ဆန္ဒ ဒါမှမဟုတ် အဓိပ္ပါယ် ရှိသလား။ သေပြီး နောက်ဘဝ ရှိသလား။ ဒီမေးခွန်းတွေကို ငါတို့ ဘယ်လိုဖြေမလဲ။ နို့ပြီး အရေးအကြီးဆုံးက ငါတို့ ဘယ်လို အသက်ရှည် နေထိုင်သင့်သလဲ။ လူတွေဟာ ဒီမေးခွန်းတွေကို ခေတ်အဆက်ဆက် မေးလာခဲ့ကြတယ်။ လူဟာ ဘာလဲနဲ့ ကမ္ဘာလောက ဘယ်ကလာသလဲနဲ့ ပတ်သက်ပြီး စိတ်မဝင်စားတဲ့ ယဉ်ကျေးမှု ငါတို့ မသိဘူး။

အခြေခံအရတော့ မေးစရာ မေးခွန်း များများစားစား မရှိပါဘူး။ အရေးအကြီးဆုံး အချို့ကို ငါတို့ မေးပြီးခဲ့ပြီ။ ဒါပေမယ့် သမိုင်းက ငါတို့ကို မေးခွန်း အသီးသီးအတွက် အဖြေ အမျိုးမျိုး အဖုံဖုံ တင်ပြခဲ့တယ်။ ဒီတော့ ဒဿနမေးခွန်းတွေ မေးနေရတာက ဖြေရတာထက် လွယ်တယ်။

ကနေ့ခေတ်မှာလည်း တစ်ဦးချင်းက ဒီမေးခွန်းတွေအတွက် ကိုယ့်ဘာသာ အဖြေတွေ ရှာရလိမ့်မယ်။ ထာဝရဘုရား (ဒေဝ) ရှိသလား၊ သေပြီး နောက်ဘဝ ရှိသလား ဆိုတာကို စွယ်စုံကျမ်းထဲ ကြည့်ပြီး ရှာလို့မရဘူး။ ငါတို့ ဘယ်ပုံ နေထိုင်သင့်တယ် ဆိုတာကိုလည်း စွယ်စုံကျမ်းက ပြောမပြဘူး။ ဒါပေမယ့် အခြားသူတွေ ယုံကြည်ခဲ့တာတွေကို ဖတ်ရင်း ကိုယ့်ကိုယ်ပိုင် ဘဝအမြင်ကို ဖော်ထုတ်ရေးမှာ အကူအညီ ရနိုင်တယ်။

ဒဿနဆရာတွေ အမှန်တရား ရှာဖွေတာဟာ စုံထောက်ဝတ္ထုနဲ့ တူတယ်။ တချို့က အန္ဒာဆန်ကို လူသတ်သမားလို့ ထင်တယ်၊ တချို့က နီလဆန် ဒါမှမဟုတ် ယန်ဆန်လို့ ထင်တယ်။ ရဲများဟာ တစ်ခါတလေ တကယ့် ရာဇဝတ်မှုတစ်ခုကို ဖြေရှင်းနိုင်ကြတယ်။ ဒါပေမယ့် အဖြေဟာ တစ်နေရာရာမှာ ရှိနေပေမယ့် သူတို့ခမျာ အောက်ခြေဆီ ရောက်မလာဘဲ ဖြစ်နေတတ်တာလည်း အလားတူ ဖြစ်နိုင်တာပါပဲ။ ဒီတော့ မေးခွန်းတစ်ခုကို ဖြေဖို့ခက်တောင်မှ အဖြေမှန်ကတော့ တစ်ခုပဲ၊ တစ်ခုဆို တစ်ခုတည်း ရှိနိုင်တယ်။ သေပြီးနောက် ဘဝတစ်မျိုးမျိုး ရှိတာရင်လည်း ဖြစ်ရမယ်။ မရှိဘူးရင်လည်း ဖြစ်ရမယ်။

ခေတ်အဆက်ဆက် ပဟေဠိ အများအပြားကို အခု သိပ္ပံပညာက ရှင်းခဲ့ပြီ။ လရဲ့ အမှောင်ဘက်ဟာ ဘယ်လိုနေပါလိမ့် ဆိုတာ တစ်ချိန်က အဝိဇ္ဇာထဲ လွှမ်းနေခဲ့တာပေါ့။ ဆွေးနွေးလို့ ပြေလည်တာမျိုးလည်း မဟုတ်ဘူး လေ။ တစ်ယောက်ချင်းရဲ့ စိတ်ကူးယဉ်စရာပဲ ဖြစ်ခဲ့တယ်။ ဒါပေမယ့် ကနေ့တော့ လရဲ့ အမှောင်ဘက်ဟာ ဘယ်လိုဆိုတာ အတိအကျကို ငါတို့ သိရပြီ။ လပေါ်က အဘိုးအိုဆိုတာကို ဘယ်သူမှ မယုံကြတော့ဘူး။ လကို ဒိန်ခဲစိမ်းနဲ့ လုပ်ထားတယ် ဆိုတာကိုရောပ။

လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကျော်က ပေါ်ခဲ့တဲ့ ခေါမ ဒဿနဆရာ တစ်ဦးက ဒဿနပညာဟာ သူ့ရဲ့သိလိုစိတ်မှာ အခြေခံတယ်လို့ ယုံကြည်ခဲ့တယ်။ အသက်ရှင်ရတာ သိပ်အံ့သြစရာ ကောင်းတာပဲလို့ လူကထင်တဲ့အတွက် ဒဿနမေးခွန်းတွေဟာ သူတို့ အလိုအလျောက် ပေါ်ပေါက်လာတော့သတဲ့။

မျက်လှည့်ပြတာကို ကြည့်ရတာနဲ့ တူတယ်။ ဘယ်လို လုပ်မှန်းတော့ နားမလည်ဘူး။ ဒါနဲ့ မေးမိတယ်။ မျက်လှည့်ဆရာဟာ ဘယ်လိုလုပ်ပြီး ပိုးပုဝါ ဖြူနှစ်ထည်ကို ယုန်အရှင်တစ်ကောင် ဖြစ်အောင် လုပ်လိုက်တာလဲလို့။

ဘာမှ မရှိဘူးလို့ မိမိတို့ကို ပြထားတဲ့ ဦးထုပ်ထဲကနေ မျက်လှည့်ဆရာက ရုတ်တရက် ယုန်တစ်ကောင် ဆွဲထုတ်လိုက်တဲ့အခါ မယုံနိုင် ဖြစ်ရပုံမျိုးနဲ့ လူအများအပြားက ကမ္ဘာလောကကို ကြုံဆုံ ခံစားကြတယ်။

ယုန်ကိစ္စမှာတော့ မျက်လှည့်ဆရာ ငါတို့ကို ညာလိုက်ပြီလို့ သိကြတယ်။ သိချင်တာက သူ ဘယ်လို လုပ်လိုက်တာလဲပဲ ဖြစ်တယ်။ ဒါပေမယ့် ကမ္ဘာလောကအကြောင်း ပြောပြရာမှာတော့ နည်းနည်း ကွာခြားလာတယ်။ ကမ္ဘာဟာ လက်လှည့်၊ မျက်လှည့် သက်သက်မျှ မဟုတ်တာကို ငါတို့ သိတယ်။ ငါတို့က ကမ္ဘာပေါ်မှာ ရှိနေတာ၊ ငါတို့ဟာ သူ့ရဲ့ အစိတ်အပိုင်းပဲကိုး။ တကယ်ကတော့ ငါတို့ဟာ ဦးထုပ်ထဲက ဆွဲယူလိုက်တဲ့ ယုန်ဖြူပါပဲ။ ငါတို့နဲ့ ယုန်ဖြူ ခြားနားတာကတော့ ယုန်ခမျာ သူဟာ မျက်လှည့်ပြပွဲထဲ ပါဝင်နေရတာကို မသိရှာတာပါပဲ။ ငါတို့နဲ့ မတူဘူးပေါ့။ ငါတို့ကတော့ ငါတို့က ဂမ္ဘီရတစ်စုံတစ်ရာမှာ အပိုင်းတစ်ပိုင်း ဖြစ်နေတာ ခံစားရတယ်။ ဒါ ဘယ်လိုဖြစ်နေတာလဲ သိချင်ကြတယ်။

P.S. ယုန်ဖြူနဲ့ ပတ်သက်လို့ကတော့၊ သူ့ကို စကြဝဠာတစ်ခုလုံးနဲ့ နှိုင်းတာ ပိုကောင်းမယ်။ ဒီမှာနေတဲ့ ငါတို့က ယုန်ရဲ့ အမွေးအောက်ခြေ နက်နက်ထဲ ရှိနေတဲ့ အနုကြည့်မှန် ပိုးမွှားလေးတွေမျှ။ ဒဿနဆရာတွေကတော့ မျက်လှည့်ဆရာရဲ့ မျက်စိထဲ စိုက်ကြည့်နိုင်ရေး အမွှေးနုနုတွေပေါ် တက်ဖို့ အမြဲ ကြိုးစားနေကြတာကလား။

မင်း အဲဒီမှာပဲလား ဆိုဖီ။ ဆက်ဦးမယ် …

 

***

 

ဆိုဖီ လုံးဝ မောလျသွားတယ်။ ရှိသေးရဲ့လား တဲ့။ စာဖတ်နေစဉ် အသက်ရှူဖို့ အချိန်မှ ယူခဲ့မိရဲ့လား၊ သူ သတိမရမိ။

ဒီစာကို ဘယ်သူ ယူခဲ့တာလဲ။ ဟိလဒမားလဆီကို မွေးနေ့ကတ်ပြား ပို့တဲ့လူတော့ မဖြစ်နိုင်ဘူး။ အဲဒီကတ်ပြားမှာက တံဆိပ်ခေါင်းရော၊ စာတိုက်အမှတ်ရော ပါတာကိုး။ စာအိတ်အညိုကို စာအိတ်အဖြူ နှစ်ခုနဲ့ ထပ်တူ စာတိုက် ပုံးထဲ လက်နဲ့ ထည့်ခဲ့တာပါပဲ။

ဆိုဖီ နာရီကြည့်လိုက်တယ်။ သုံးနာရီ မတ်တင်း။ သူ့အမေတော့ နှစ်နာရီသာသာနဲ့ အလုပ်က အိမ်ပြန်ရောက်မယ် မဟုတ်သေးဘူး။

ဆိုဖီ ဥယျာဉ်ထဲကို ပြန်တွား ထွက်လာခဲ့ပြီး စာတိုက်ပုံးဆီ ပြေးတော့တယ်။ နောက်ထပ် စာ ရောက်ချင်ရောက်နေမှာ။

သူ့နာမည်နဲ့ စာအိတ်ညို နောက်တစ်လုံး တွေ့ရတယ်။ ဒီတစ်ခါတော့ သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ တစ်ယောက်မှ မတွေ့ရဘူး။ ဆိုဖီ တောအုပ်အစွန်းဆီ ပြေးခဲ့ပြီး လမ်းကလေးတလျှောက် ကြည့်လိုက်မိတယ်။

ဘယ်သူမှ မရှိပါဘူး။ ဗြုန်းဆို တောအုပ်ထဲက အတွင်းကျကျဆီမှာ သစ်ကိုင်းကလေး ချွတ်ကနဲ ကျိုးသံ ကြားလိုက်ရတယ်လို့ ထင်မိတယ်။ လုံးဝ သေသေချာချာကြီးတော့လည်း မဆိုနိုင်။ ဘာပဲ ဖြစ်ဖြစ်လေ၊ ထွက်ပြေးဖို့ စိတ်ပိုင်းဖြတ်ထားသူနောက် လိုက်လို့လည်း အကျိုးမထူးပါဘူး။

ဆိုဖီ အိမ်ထဲ ဝင်လိုက်ရတော့တယ်။ အပေါ်ထပ် သူ့အခန်းဆီ ပြေးခဲ့ကာ ကျောက်တုံးလှလှလေးတွေ အပြည့်နဲ့ ကွတ်ကီ သံဖြူပုံးကြီး တစ်ခုကို ထုတ်လိုက်တယ်။ ကျောက်တုံးတွေကို ကြမ်းပေါ်သွန်ချ၊ စာအိတ်ကြီး နှစ်လုံးကို သံဖြူပုံးထဲ ထည့်လိုက်တယ်။ အဲဒီနောက် သံဖြူပုံးကို လက်နှစ်ဖက်နဲ့ အကျကိုင်တဲ့ပြီး ဥယျာဉ်ထဲ သုတ်ခြေတင်ခဲ့ပြန်တယ်။ မသွားခင် ရှဲရခန်အတွက် စားစရာနည်းနည်း ထုတ်ပေးခဲ့ရဲ့။

“ကစ်တီ၊ ကစ်တီ၊ ကစ်တီ …”

သားရဲတွင်းထဲလည်း ပြန်ရောက်ရော၊ ဒုတိယ စာအိတ်ညိုကို ဖောက်တဲ့ကာ လက်နှိပ်စက်ရိုက် စာမျက်နှာ အသစ်တွေကို ထုတ်ယူလိုက်တော့တယ်။ သူ စတင် ဖတ်တယ်။

 

သတ္တဝါအဆန်း

 

ဟဲလို လိုက်ရပြန်ပေါ့။ မင်း တွေ့တဲ့အတိုင်းပဲ။ ဒီဒဿနသင်တန်းတို ပို့ချချက်က ခြေနိုင်လက်နိုင် အပိုင်းလေးတွေ ခွဲပြီး လာမယ်။ ဟောဒီမှာ နောက်ထပ် နိဒါန်းစကားအချို့ …

ဒဿနသမားကောင်း ဖြစ်ဖို့ လိုအပ်တဲ့ တစ်ခုတည်းအရာက သိလိုစိတ်ပဲလို့ ငါပြောခဲ့မိသလား။ မပြောခဲ့ရသေးရင် အခု ပြောလိုက်ပါရဲ့။ ဒဿနသမားကောင်း ဖြစ်ဖို့ တစ်ခုတည်း လိုအပ်တဲ့အရာဟာ သိလိုစိတ်ပဲ ဖြစ်တယ်။

ကလေးပေါက်စတွေမှာ ဒီစိတ်စွမ်း ရှိတယ်။ ဒါ ဆန်းတော့ မဆန်းဘူး။ သားအိမ်ထဲမှာ လတိုတို အနည်းငယ် နေခဲ့ပြီးနောက် သူတို့ဟာ တကယ့်ဘဝ အသစ်ချပ်ချွတ်ထဲ လစ်ထွက်လာခဲ့ကြတယ်။ ဒါပေမယ့် သူတို့ ကြီးလည်းလာရော၊ သိလိုစိတ်စွမ်းက လျော့ပါးသွားပုံပဲ။ ဒါ ဘာကြောင့်လဲ။ မင်း သိရဲ့လား။

မွေးကင်းစ ကလေးပေါက်စသာ စကားပြောတတ်ရင် ဘယ်လောက် ထူးဆန်းတဲ့ ကမ္ဘာထဲ မိမိ ရောက်လာခဲ့ရတာလဲ ဆိုတဲ့အကြောင်း တစ်စုံတစ်ရာ ပြောမှာ အမှန်ပဲ။ ပတ်ပတ်လည်ကို သူ ကြည့်ပုံ၊ မြင်ရသမျှ သိလိုဇောနဲ့ လှမ်းကိုင်ပုံ ငါတို့ မြင်ကြရတယ်။

တစ်စတစ်စနဲ့ စကားလုံးတွေ တတ်လာတော့ ကလေးငယ်က ခွေးကို မြင်တိုင်း မော့ကြည့်ကာ “ဝုတ်… ဝုတ်” လို့ ပြောတော့တယ်။ လမ်းလျှောက်ခွေထဲမှာ ဟိုဒီ ခုန်ပေါက်ကာ လက်ကလေးတွေ ဝှေ့ရမ်းပြီး “ဝုတ်ဝုတ်… ဝုတ်ဝုတ်” နဲ့ လုပ်တယ်။ သူ့ထက် အသက်ပိုကြီး၊ ပညာပိုရှိတဲ့ ငါတို့ဟာ ကလေးငယ်ရဲ့ စိတ်အားထက်သန်မှုကို ညည်းငွေ့ လာသလိုလို ခံစားမိကောင်း ခံစားမိကြမယ်။ “ဟုတ်တယ်၊ ဟုတ်တယ် … ဝုတ်ဝုတ်လေ” လို့ စိတ်လက် မဝင်စားဘဲ ပြောလိုက်ကြတယ်။ “ငြိမ်ငြိမ် ထိုင်နေကွယ်” တဲ့။ ငါတို့ အကြီးအကျယ် စိတ်မလှုပ်ရှားကြဘူး။ ခွေးကို အလျင်က မြင်ဖူးကြပြီကိုး။

ဒီ မြူးကြွစိတ်လှုပ်ရှားမှု အကြိမ်တစ်ရာ ထပ်ကျော့ပြီးတော့မှပဲ ကလေးငယ်ဟာ ခွေးကိုတွေ့ ရင် လှုပ်လှုပ်ရွရွ မဖြစ်တော့ဘဲ နေတတ်သွားတယ်။ ဒါမှမဟုတ် ကလေးငယ် စကားကောင်းကောင်း မပြောတတ်ခင် ကမ္ဘေကမ္ဘာမှာပဲ (ဒဿနနည်းကျ မစဉ်းစားတတ်ခင် ကမ္ဘေကမ္ဘာမှာပဲ) ကမ္ဘာလောကဟာ ထုံးစံ ဖြစ်သွားလိမ့်မယ်။

စိတ်မကောင်းစရာလို့ ပြောရမှာပ။

ငါ စိုးရိမ်တာကတော့ မင်းဟာ ကမ္ဘာလောကကြီးကို အဆန်းမဟုတ်လို့ သဘောထားသူတွေထဲမှာ တစ်ဦး ဖြစ်မသွားစေချင်ဘူး ဆိုဖီလေးရေ။ ဒီတော့ စိတ်ချရအောင်ပေါ့လေ။ ငါတို့ဟာ သင်တန်းပို့ချချက် မစတင်မီ အတွေးအခေါ်စမ်းသပ်မှု နှစ်ခု လုပ်ကြမယ်။

မင်း တစ်နေ့ တောအုပ်ထဲ လမ်းလျှောက်ထွက်နေတယ် လို့ စိတ်ကူးကြည့်စမ်း။ ဗြုန်းဆို မင်းရှေ့က လမ်းကလေးပေါ်မှာ အာကာသယာဉ်ကလေး မင်း မြင်ရတယ်။ မားဇ်ဂြိုဟ်သားငယ်တစ်ဦး အာကာသယာဉ်ထဲက ထွက်လာပြီး မြေကြီးပေါ် ရပ်ကာ မင်းကို မော့ကြည့်နေတယ်။

မင်း ဘယ်လိုတွေးမလဲ။ ထားလိုက်တော့၊ အရေးမကြီးပါဘူး။ ဒါပေမယ့် မင်းကိုယ်တိုင် မားဇ်ဂြိုဟ်သား ဖြစ်နေတယ်ဆိုတဲ့ အချက်ကိုရော မင်းစိတ်ကူးထဲ ထည့်မိဖူးရဲ့လား။

အခြား ဂြိုဟ်က သတ္တဝါကို မင်း တိုးမိဖူးဖို့ ဆိုတာက မဖြစ်နိုင်ဘူး ဆိုတာ ထင်ရှားပါတယ်။ တခြား ဂြိုဟ်တွေပေါ်မှာ အသက်ရှိရဲ့လားတောင် ငါတို့ မသိကြဘူး။ ဒါပေမယ့် တစ်နေ့မှာတော့ မင်းဟာ မင်းကိုမင်း ဝင်တိုးမိမှာပဲ။ မင်း ဗြုန်းကနဲ ရပ်တန့်မိကာ မင်းကိုယ်ကို မင်း အမြင်သစ်နဲ့ မြင်မိမှာပဲ။ တောအုပ်ထဲ အဲသလို လမ်းလျှောက်သွားရင်းလေ။

ငါ ထူးခြားတဲ့ သတ္တဝါပဲ၊ မင်း တွေးမယ်။ ငါ ဂမ္ဘီရ သတ္တဝါပဲ။

အပြုစားခံ အိပ်မောကျရာက နိုးလာရသလို မင်း ခံစားမိမယ်။ ငါ ဘယ်သူလဲ၊ မင်း မေးမယ်။ မင်းဟာ စကြာဝဠာထဲက ဂြိုဟ်တစ်ခုပေါ်မှာ ဟိုဒီ တိုးစမ်း သွားနေရတာကို မင်း သိမယ်။ နို့… ဘာလဲ စကြာဝဠာ။

အဲသလိုမျိုး မင်းကိုယ်မင်း တွေ့ခဲ့ရင် ခုနက ပြောပြခဲ့တဲ့ မားဇ်ဂြိုဟ် သားလောက် အသိရခက်တဲ့ တစ်စုံတစ်ရာကို မင်းတွေ့ခဲ့တာပါပဲ။ မင်းဟာ ပြင်ပ စကြဝဠာက သတ္တဝါတစ်ကောင်ကို မြင်ဖူးရုံမျှတင် မကဘူး။ မင်းကိုယ်တိုင် ထူးခြားတဲ့ သတ္တဝါ ဖြစ်နေတာကို အဇ္ဈတ္တထဲမှာ ခံစားမိလိမ့်မယ်။

လိုက်နိုင်ရဲ့လား ဆိုဖီ။ နောက် အတွေးအခေါ် စမ်းသပ်မှုတစ်ခု လုပ်ကြဦးစို့။

တစ်မနက်တော့ မေမေရယ်၊ ဖေဖေရယ်၊ နှစ်နှစ် သုံးနှစ်အရွယ် တောမားဇ်ကလေးရယ်၊ မီးဖိုချောင်မှာ မနက်စာ စားနေကြတယ်။ ခဏနေတော့ မေမေက ထတဲ့ပြီး မီးဖိုချောင် ရေဆေးကန်ဆီ သွားတယ်။ ဖေဖေ… အဲ… ဖေဖေက ပျံတက်သွားပြီး မျက်နှာကျက်အောက် ဟိုဒီမျောနေသမို့ တောမားဇ်လေးက ထိုင်ကြည့်နေတယ်။ တောမားဇ် ဘာပြောမယ် မင်းထင်သလဲ။ သူ့အဖေကို လက်ညှိုးထိုးပြီး “ဖေဖေ ပျံနေတယ်” လို့ ပြောချင် ပြောမယ်။ တကယ် အံ့သြချင်လည်း အံသြသွားမယ်။ သူက ခဏခဏ အံ့သြနေတာပဲကိုး။ ဖေဖေက အထူးအဆန်းတွေ တော်တော်များများ လုပ်နေကျဆိုတော့ မနက်စာ စားတဲ့ စားပွဲပေါ် ပျံဝဲတဲ့ ကိစ္စလေးလောက်များ သူ့အဖို့ ထူးထူးခြားခြား မရှိတော့ဘူး။ နေ့တိုင်း ဖေဖေက တစ်မျိုးကြီး၊ စက်နဲ့ မုတ်ဆိတ်ရိတ်တယ်၊

တစ်ခါတစ်လေ ခေါင်မိုးပေါ်တက်ပြီး တီဗီအေရိယာယ်ကို လှည့်တယ်။ ဒါမှမဟုတ်လည်း ကားစက်ခေါင်း အဖုံးအောက် ခေါင်းထိုးသွင်းပြီး ပြန်ပေါ်လာတော့ တစ်မျက်နှာလုံး မည်းနေတတ်တာ။

ခုတော့ မေမေ့အလှည့်။ သူက တောမားဇ်ပြောတာ ကြားပြီး ဆတ်ကနဲ လှည့်ကြည့်တယ်။ ဖေဖေ ဘာမှမဖြစ်သလို မီးဖိုချောင် စားပွဲအထက် မျောလွင့်နေတာ မြင်တော့ သူ ဘယ်လို တုန့်ပြန်မယ် မင်း ထင်သလဲ။

သူ ယိုပုလင်း ကြမ်းပေါ် လွတ်ကျပြီး ကြောက်အားလန့်အား သံကုန် ဟစ်တော့တာပဲ။ ဖေဖေ ကုလားထိုင်ပေါ် ခပ်တည်တည် ပြန်ရောက်တော့ မေမေ့ခမျာ ဆေးဝါးကုသဖို့တောင် လိုကောင်း လိုလိမ့်မယ်။ (ဖေဖေဟာ ခုဆို အစာစားစဉ် ကောင်းကောင်း နေထိုင်တတ်ဖို့ နားလည်သင့်ပြီ။) တောမားဇ်နဲ သူ့အမေ ဘာကြောင့် တုန့်ပြန်ပုံ မတူကြတာလဲလို့ မင်း ထင်သလဲ။

ဒါ အားလုံး ထုံးစံနဲ့ ဆိုင်တယ်။ (မှတ်ထားနော်။) မေမေက လူတွေဟာ မပျံနိုင်ဘူးလို့ သိထားတယ်။ တောမားဇ်က မသိသေးဘူး။ ဒီကမ္ဘာလောကမှာ ဘာကို လုပ်နိုင်ပြီး ဘာကို မလုပ်နိုင်ဘူး ဆိုတာကို သူ သေသေချာချာ မသိသေးဘူး။

နို့ ကမ္ဘာလောက ကိုယ်တိုင်ကကော ဆိုဖီ။ သူ လုပ်နေတာကို လုပ်နိုင်တယ်လို့ မင်းထင်သလား။ ကမ္ဘာလည်း ဟင်းလင်းပြင်ထဲ လွင့်မျောနေတာပဲ။

ငါတို့ အသက်ကြီးလာတော့ ရိုးသွားတာက ဆွဲငင်အားတင် မဟုတ်သေးဘူး။ မရှေးမနှောင်းမှာ ကမ္ဘာလောက ကိုယ်တိုင်ဟာ ထုံးစံ ဖြစ်လာတယ်။ ကြီးပြင်းလာတဲ့ ဖြစ်စဉ်အတွင်းမှာ ငါတို့ဟာ ကမ္ဘာနဲ့ ပတ်သက်ပြီး သိလိုစိတ်စွမ်း ဆုံးပါးလာခဲ့ရပုံပဲ။ အဲဒီလို ဖြစ်ရာမှာ အချက်အချာကျတဲ့ တစ်စုံတစ်ရာကိုလည်း ဆုံးပါးခဲ့ရတယ်။ ဒဿနဆရာတွေက ပြန်လည်ဖော်ထုတ်ဖို့ ကြိုးစားကြတဲ့ တစ်စုံတစ်ရာပေါ့။ ငါတို့ အတွင်းအဇ္ဈတ္တ တစ်နေရာမှာ တစ်စုံတစ်ရာက ဘဝဟာ ဧရာမ ဂမ္ဘီရတရား ဖြစ်တယ် ဆိုတာကို ပြောပြနေတယ်လေ။ ဒါဟာ ငါတို့ တစ်ချိန်က အတွေးကို တွေးဖို့မတတ်ခင် ကမ္ဘေကမ္ဘာက ငါတို့ ခံစားခဲ့ရတဲ့ အရာပေါ့။

ပို တိတိကျကျ ပြောရရင်တော့ ဒဿနမေးခွန်းတွေဟာ ငါတို့အားလုံးနဲ့ ဆိုင်ပေမယ့်လို့ ငါတို့အားလုံးတော့ ဒဿနဆရာတွေ ဖြစ်မလာကြဘူး။ အကြောင်း အမျိုးမျိုးကြောင့် လူအများစုဟာ နေ့တဓူဝ ကိစ္စတွေထဲ လုံးထွေးနေရလေတော့ ကမ္ဘာလောကကို အံ့ဩမိတာကို ချောင်ထိုးကြရတော့တယ်။ (ယုန်ရဲ့ အမွေးထဲ နက်နက်တွားဝင်၊ ဇိမ်ကျကျ ကွေးအိပ်၊ ကျန်ဘဝ အစိတ်အပိုင်းတစ်လျှောက် အဲဒီမှာပဲ နေကြတော့တယ်။)

ကလေးတွေအဖို့တော့ ကမ္ဘာနဲ့ ကမ္ဘာပေါ်က အရာတိုင်း သစ်ဆန်းနေတယ်၊ အံ့သြစိတ် ဖြစ်ပေါ်စေတဲ့ တစ်စုံတစ်ရာချည်း။ လူကြီးတွေ အဖို့မှာတော့ အဲသလို မဟုတ်ဘူး။ လူကြီးအများစုက ကမ္ဘာလောကကို ဖြစ်ရိုးဖြစ်စဉ်လို့ပဲ သဘောထားလိုက်ကြတယ်။

ဒါဟာဖြင့် ဒဿနဆရာတွေ ထူးထူးခြားခြား ခြွင်းချက် ဖြစ်သွားရတဲ့ နေရာပါပဲ။ ဒဿနဆရာဟာ ကမ္ဘာလောကကို ရိုးသွားတယ်ကို မရှိဘူး။ သူ့အဖို့ ကမ္ဘာဟာ နည်းနည်း အကျိုးအကြောင်း မဆီလျော်သလိုပဲ ဖြစ်နေတယ်။ စိတ်ရှုပ်ချင်စရာ၊ ပဟေဠိတောင် ဆန်လိုက်သေး။ ဒီတော့ ဒဿနဆရာတွေနဲ့ ကလေးတွေမှာ အရေးကြီးတဲ့ စိတ်စွမ်းတစ်ခု တူညီနေကြတယ်။ သူ့တစ်ဘဝလုံးမှာ ဒဿနဆရာဟာ ကလေးလို အရေပါးတယ်လို့ ဆိုကောင်းဆိုနိုင်မယ်။

ဒီတော့ အခု မင်း ရွေးရလိမ့်မယ် ဆိုဖီ။ မင်းဟာ ကမ္ဘာကို မညည်းငွေ့တတ်သေးတဲ့ ကလေးငယ်လား။ ဘယ်တော့မှ မညည်းငွေ့စေရဘူး လို့ သစ္စာဆိုမယ့် ဒဿနဆရာလား။

ကိုယ့်ကိုယ်ကိုယ် ကလေးငယ်လား၊ ဒဿနဆရာလား၊ အသိအမှတ် မပြုတတ်ဘဲ ခေါင်းသာ ယမ်းပြရင်တော့ မင်းဟာ ကမ္ဘာလောကကြီးကို ရိုးသွားပြီမို့ မအံ့သြတော့ဘူး ဖြစ်နေပြီပေါ့။ သတိထား၊ ငါးပါးမှောက်သွားမယ်။ အဲဒါကြောင့်လည်း လိုရမယ်ရ ဒီ ဒဿနသင်တန်း ပို့ချချက်ကို မင်း လက်ခံရရှိနေတာ ဖြစ်တယ်။ ပေါ့ပေါ့နေ ပေါ့ပေါ့စား လူအုပ်ကြီးထဲမှာ မင်းတစ်ယောက် ပါသွားခွင့် ငါ မပေးနိုင်ဘူး။ မင်းမှာ စူးစမ်းတဲ့စိတ် ရှိစေချင်တယ်။

သင်တန်းတစ်ခုလုံး အခမဲ့ပါ။ ဒီတော့ သင်တန်း မပြီးရင် ငွေပြန်ရလိမ့်မယ် မဟုတ်ဘူး။ သင်တန်းက ထွက်သွားချင်ရင် ထွက်ခွင့်ရှိပါတယ်။ အဲဒီလို ဆိုရင်တော့ စာတိုက်ပုံးထဲမှာ ငါ့အတွက် အကြောင်းကြားစာ ထားခဲ့ရ လိမ့်မယ်။ ဖားအရှင်တစ်ကောင်ဆို အထူး ဆီလျော်တာပေါ့။ ယုတ်စွအဆုံး ခပ်စိမ်းစိမ်းလေးလေ။ နို့မို့ရင် စာပို့သမား လန့်သွားမယ်။

ခပ်တိုတို သံခိပ်ရေးရရင်တော့ ယုန်ဖြူတစ်ကောင်ကို ဦးထုပ်ရှည်ကြီးထဲက ဆွဲထုတ်လိုက်တယ်။ အလွန်အမင်း ကြီးမားတဲ့ ယုန်ကြီးမို့ လှည့်စားရတာ နှစ်ကုဋေကုဋာ ကြာတယ်။ လူသားအားလုံးဟာ ယုန်မွေးနုနု ထိပ်ဖျားမှာ မွေးဖွားကြတာချည်း။ ဒီတော့ လှည့်စားချက်ဟာ မဖြစ်နိုင်ကြောင်း သိနိုင်တဲ့ အနေအထားမှာ ရှိကြတာချည်း။ ဒါပေမယ့် အသက်ကြီးလာတဲ့အခါ အမွေးထဲ ပိုနက်နက် ဆင်းကုန်ကြတယ်။ အဲဒီမှာပဲ နေကြတော့တယ်။ ဇိမ်ကျနေကြသမို့ အမွေးနု ဆတ်ဆတ်ပေါ် ပြန်တွားတက်ကြည့်ဖို့ မစွန့်စားကြတော့ဘူး။ ဒဿနဆရာတွေပဲ ဘာသာစကားနဲ့ ဘဝရဲ့ ပြင်ပအကျဆုံး နယ်မြေထိ အန္တရာယ်များလှတဲ့ ဒီစွန့်စားခန်းခရီး ထွက်ကြတယ်။ သူတို့ထဲက တချို့ လိမ့်ကျကြတယ်။ တချို့ကတော့ ကျားကုတ်ကျားခဲ တွယ်ကပ်ထားကြကာ အောက်ဆီမှာ စားကောင်းသောက်ဖွယ်တွေ မျိုဆို့ပြီး နူးညံ့ညင်သာရာ နက်နက်တိုးဝင် ဇိမ်တွေ့နေကြတဲ့ လူတွေဆီ အော်ဟစ်ကြတယ်။

“အမျိုးကောင်းသား အမျိုးကောင်းသမီးတို့၊ ကျုပ်တို့ဟာ ဟင်းလင်းပြင်ကြီးထဲ မျောနေကြရတာမျိုး” လို့ သူတို့က အော်ကြတယ်။ ဒါပေမယ့် အောက်ခြေက လူတွေထဲက ဘယ်သူမှ အရေးမစိုက်ကြဘူး။

“အတော် ဒုက္ခပေးချင်တဲ့ လူတစ်စုပဲ” လို့ သူတို့က ပြောကြတယ်။ ပြီး ဆက်စကားပြော နေကြတော့တာပဲ။ ထောပတ်ကလေး လှမ်းလိုက်ပါဦး၊ ဒီနေ့ စတော့တွေ ဘယ်လောက် ဈေးတက်သွားပလဲ၊ ခရမ်းချဉ်သီးက ဘယ်လောက်ဈေး တဲ့တုန်း၊ ဒိုင်မင်းသမီး ကလေးမွေးဦးတော့မလို့ ဆိုတာ ကြားပြီးပလား။

 

***

 

အဲဒီညနေ နောက်ပိုင်း ဆိုဖေ့အမေ အိမ်ပြန်ရောက်တဲ့အခါ ဆိုဖီခမျာ တကယ်ကို တုန်လှုပ်ခြေက်ခြား ဖြစ်နေတော့တယ်။ ဘုမသိဘမသိ ဒဿနဆရာကြီးဆီက စာတွေ ထည့်ထားတဲ့ သံဖြူပုံးကို သားရဲတွင်းထဲ စိတ်ချလုံခြုံ ဝှက်ထားခဲ့ပါပြီ။ ဆိုဖီ အိမ်စာ စတင်လုပ်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် သူ ဖတ်ခဲ့တဲ့ဟာ အကြောင်းပဲ ထိုင်တွေးနေမိတော့တယ်။

သူ အလျင်က ဒီလောက် မတွေးဖူးပါဘူး။ သူဟာ ကလေးမဟုတ်တော့ဘူး။ ဒါပေမယ့် တကယ်က လူကြီးလည်း မဟုတ်သေးဘူး။ မိမိဟာ ဇိမ်ကျတဲ့ ယုန်မွေးထဲ စကြာဝဠာ ဦးထုပ်ရှည်ကြီးထဲက ဆွဲထုတ်လိုက်တဲ့ ယုန်ရဲ့ အမွေးထဲ လျှောဆင်းစ ပြုလာနေခဲ့ပြီ ဆိုတာ ဆိုဖီ သဘောပေါက်မိတယ်။ ဒါပေမယ့် သူ့ကို ဒဿနဆရာက ဟန့်တားလိုက်ပြီ။ ဆရာလား၊ ဆရာမလား တော့ မသိ၊ သူ့ကို လည်ဂုတ်က ဆုပ်ကိုင်ကာ သူ ကလေးဘဝက ဆော့ကစားခဲ့ရာ ယုန်မွေးထိပ်ဖျားဆီ တွန်းပို့ပေးလိုက်ပြန်ပြီ။ အဲဒီမှာ ယုန်မွေးနုနုတွေရဲ့ အပြင်ဘက်အကျဆုံး ထိပ်ဖျားတွေမှာသူဟာ ကမ္ဘာလောကကို ပထမဦးဆုံးအကြိမ် မြင်ဖူးရသလို မြင်နေရပြန်ပါပေါ့။

ဒဿနဆရာက သူ့ကို ကယ်ခဲ့ပြီ။ ဒါ ယုံမှားစရာ မရှိ။ မသိရတဲ့ ပေးစာရေးသူကြီးက သူ့ကို နေ့စဉ်ဘဝရဲ့ အသေးအဖွဲထဲကနေ ကယ်တင်ခဲ့ပြီ။

မေမေ ငါးနာရီ အိမ်ရောက်တော့ ဆိုဖီ သူ့ကို ဧည့်ခန်းဆီ ဆွဲခေါ်လာခဲ့ကာ ကုလားထိုင်ပေါ် တွန်းထည့်လိုက်တယ်။

“မေမေ… အသက်ရှင်နေရတာ အံ့သြစရာ ကောင်းတယ်လို့ မေမေ မထင်ဘူးလား” လို့ သူ စတင်လိုက်တယ်။

သူ့အမေခမျာ အံ့အားသင့်လွန်းလို့ ပထမတော့ မဖြေနိုင်ဘူ။ ဆိုဖီဟာ ခါတိုင်း မိမိ အိမ်ပြန်ရောက်ရင် အိမ်စာ လုပ်နေကျပါ။

“ထင်တယ် အောက်မေ့တာပဲ၊ တစ်ခါတလေပေါ့လေ” လို့ သူ ဆိုတယ်။

“တစ်ခါတလေ ဟုတ်လား၊ အင်း… ကမ္ဘာလောက တည်ရှိနေတာများ အံ့သြစရာ ကောင်းလိုက်တာလို့ မေမေ မထင်ဘူးလား။”

“ဒီမှာ ဆိုဖီ၊ ဒီလို ပြောနေတာ ရပ်လိုက်စမ်း။”

“ဘာလို့လဲ၊ အမေက ကမ္ဘာကြီးဟာ ပုံမှန်ပဲလို့ ထင်တယ်နဲ့ တူတယ်”

“အေးလေ၊ မဟုတ်ဘူးလား၊ အနည်းနဲ့အများ ပုံမှန်ပဲပေါ့။”

ဒဿနဆရာ မှန်ကြောင်း ဆိုဖီ တွေ့ ရတော့တယ်။ လူကြီးတွေက ကမ္ဘာလောကကို မြင်နေကျ တွေ့နေကျမို့ အရေးလုပ်စရာလို့ မထင်ကြတော့ဘူး။ သူတို့ရဲ့ ညည်းငွေ့စရာ နေ့စဉ်ဘဝရဲ့ ပြုစားခံ အိပ်စက်ခြင်းထဲ ချော့သိပ်ခြင်း ခံလိုက်ရရှာပြီ။

“မေမေဟာ ကမ္ဘာမှာ နေလာတာကြာလို့ ရိုးသွားတာ ဘာမှ အံ့ဩစရာ မဟုတ်တော့ဘူးပေါ့။”

“ညည်း ကြံကြီးစည်ရာ ဘာတွေ လျှောက်ပြောနေတာလဲ။”

“မေမေဟာ အရာရာကို ရိုးသွားပြီလို့ ပြောနေတာပါ။ တစ်နည်း ပြောရရင်တော့ လုံးဝ မှုန်ဝါးသွားတာပေါ့လေ။”

“ညည်း ငါ့ကို ဒီလို မပြောနဲ့ ဆိုဖီ။”

“ကောင်းပြီလေ၊ တစ်မျိုးပြင်ပြောဦးမယ်၊ မေမေဟာ ခုပဲ စကြာဝဠာရဲ့ ဦးထုပ်ရှည်ကြီးထဲက ဆွဲထုတ်လိုက်တဲ့ ယုန်ဖြူတစ်ကောင်ရဲ့ အမွေးထဲ ဟိုအောက်ဆီမှာ ဇိမ်တွေ့နေပြီ။ တစ်မိနစ်နေရင် မေမေ အာလူးတွေ ပြုတ်မယ်။ အဲဒီနောက် သတင်းစာဖတ်ပြီး နာရီဝက်နေရင် တီဗီမှာ သတင်းကြည့်မယ်”

စိုးရိမ်တဲ့ အသွင်တစ်ခု သူ့အမေရဲ့ မျက်နှာပေါ် ပေါ်လာတယ်။ သူ မီးဖိုထဲ သွားကိုသွားပြီး အာလူးလည်း ပြုတ်တာပါပဲ။ ခဏနေတော့ ဧည့်ခန်းထဲ ပြန်ဝင်လာတယ်။ ဒီတစ်ခါတော့ ဆိုဖီကို ကုလားထိုင်ပေါ် တွန်းထည့်တာက အမေ။

“ငါ ညည်းကို ပြောစရာ တစ်ခုရှိတယ်” တဲ့။ သူက စပါတော့တယ်။ သူ့လေသံကို ထောက်ပြီး ဒါ လေးနက်တဲ့အရာ တစ်ခုလို့ ဆိုဖီ ပြောနိုင်တယ်။

“ညည်း ဆေးဝါးတွေ ဘာတွေ ရောထွေးယှက်တင် ဖြစ်မလာပါဘူး … နော် သမီး”

ဆိုဖီ ရယ်ပစ်တော့မလို့ပါပဲ။ ဒါပေမယ့် ဘာကြောင့် အခုပြဿနာကို တင်လာရသလဲ သူ နားလည်လိုက်တယ်။

“မေမေ ရူးနေလား” တဲ့၊ သူက ဆိုတယ်။ “အဲသလိုဆို ဉာဏ်တုံး သွားရတဲ့ ဥစ္စာ” တဲ့။

အဲဒီ ညနေက ဆေးဝါးအကြောင်း၊ ယုန်ဖြူအကြောင်း နောက်ထပ် ဘာမှ မပြောဖြစ်ကြတော့ဘူး။

 

နတ်ပုံပြင်များ

 

… အကောင်းနဲ့အဆိုး အင်အားစုများကြားက မရေမရာ ချိန်ခွင်ညှာ …

 

နောက်နေ့မနက်မှာ ဆိုဖီအတွက် စာမရှိဘူး။ ကျောင်းမှာ ကြာလွန်းလှတဲ့ တစ်နေ့တာလုံး သူ အရမ်းပျင်းနေတယ်။ ကျောင်းဆင်းချိန်များမှာ ယောအန္နာအပေါ် အထူးတလည် ဖော်ရွေမိဖို့ သူ ဂရုစိုက်တယ်။ အိမ်ပြန်ကြတော့ သူတို့ဟာ တောတန်းတွေ ခြောက်သွေ့လာရင်လာချင်း စခန်းချ ခရီးထွက်ဖို့အကြောင်း ပြောလာကြတယ်။

တစ်ကမ္ဘာလောက် ကြာတယ်လို့ ထင်ရပြီးနောက် သူ စာတိုက်ပုံးဆီ ရောက်လာခဲ့ပြန်တယ်။ ပထမဆုံး သူ မက္ကဆီကို စာတိုက်အမှတ်ပါတဲ့ စာကို ဖောက်လိုက်တယ်။ သူ့အဖေဆီကပါ။ သူ ဘယ်လောက် အိမ်ပြန်ဖို့ တောင့်တမိတဲ့အကြောင်း၊ စစ်တုရင်မှာ ပထမဆုံးအကြိမ် အရာရှိချုပ်ကို အနိုင်ရလိုက်တဲ့ အကြောင်း ရေးထားတယ်။ အဲဒါအပြင် ဆောင်းရာသီ ခွင့်ကုန်ပြီးနောက် သင်္ဘောပေါ် သယ်သွားတဲ့ စာအုပ်ပုံကြီးလည်း ကုန်သလောက် ဖြစ်ပြီတဲ့။

အဲဒီနောက်မှာတော့ သူ့နာမည်နဲ့ စာအိတ်ညိုကြီးပါလား။ သူ့ ကျောင်းလွယ်အိတ်နဲ့ ကျန်စာတွေကို အိမ်ထဲ ထားခဲ့ပြီးနောက် ဆိုဖီ သားရဲတွင်းဆီ ပြေးတော့တယ်။ လက်နှိပ်စက်ရိုက် စာမျက်နှာအသစ်တွေ ဆွဲထုတ်တဲ့ပြီး စတင် ဖတ်ပါလေရော။

 

နတ်ပုံပြင်ထဲက ကမ္ဘာလောက ရုပ်ပုံလွှာ

 

ဟဲလို ဆိုဖီရေ၊ ငါတို့ လုပ်စရာတွေက အများကြီး၊ ဒီတော့ မဆိုင်းမတွ ပဲ စတင်တော့မယ်။

ဒဿနပညာလို့ ဆိုရာမှာ ခရစ်တော် မမွေးဖွားမီ နှစ်ပေါင်း ခြောက်ရာလောက်က ခေါမပြည် (ဂရိစ်)မှာ ဖြစ်ထွန်းခဲ့တဲ့ လုံးဝ သစ်လွင်တဲ့ တွေးခေါ်ပုံ တွေးခေါ်နည်းကို ဆိုလိုတယ်။ အဲဒီအချိန်အထိ လူတွေဟာ သူတို့မေးခွန်း အားလုံးရဲ့ အဖြေကို ဘာသာရေး ပေါင်းစုံမှာ ရှာဖွေခဲ့ကြတာ။ ဒီဘာသာရေး ရှင်းလင်းချက်တွေကို နတ်ပုံပြင်များ အသွင်သဏ္ဌာန်နဲ့ သားစဉ်မြေးဆက် လက် ကမ်းလာခဲ့ကြတယ်။ နတ်ပုံပြင်ဆိုတာ နတ်တွေအကြောင်း ပုံပြင်ဖြစ်ပြီး ဘာကြောင့် ဘဝဟာ ခုဖြစ်သလို ဖြစ်နေရသလဲ ရှင်းပြဖို့ အားထုတ်ထားတယ်။

ထောင်ချီတဲ့ နှစ်တွေ နှစ်တွေ အတွင်းမှာ ဒဿနပြဿနာတွေကို နတ်ပုံပြင်နဲ့ ရှင်းပြတာတွေ အသင်္ချေအနန္တပဲ ကမ္ဘာပေါ် ပျံ့နှံ့သွားတယ်။ ခေါမ ဒဿနဆရာတွေက ဒီရှင်းပြချက်တွေကို မယုံအပ်ဘူးလို့ ကြိုးစားပြီး သက်သေပြကြတယ်။

စောစောပိုင်းက ဒဿနဆရာတွေက ဘယ်လို တွေးကြသလဲ နားလည်ဖို့အရေး နတ်ပုံပြင်ထဲက ကမ္ဘာလောကရုပ်ပုံလွှာ ဘယ်လိုနေလဲ ဆိုတာကို နားလည်ရလိမ့်မယ်။ ဥပမာအဖြစ် နောဒိက ပုံပြင်တွေကို ကြည့်နိုင်တယ်။ (တရုတ်ပြည်ကို အပ်ရောင်းသွားဖို့ မလိုပါဘူးနော်။) (နော်ဝေးစတဲ့ တိုင်းပြည်တွေကို နောဒိကလို့ ခေါ်တာပါ။ ဆိုဖီက နော်ဝေးသူမို့ ဒီပုံပြင်တွေ ကြားဖူးပြီးသားလို့ ပြောချင်တာ ဖြစ်တယ်။ ဘာသာပြန်သူ)

သောရ်နဲ့ သူ့တူကြီးအကြောင်း မင်း ကြားဖူးမှာပါပဲ။ နော်ဝေးပြည်ကို ခရစ်ယာန်ဘာသာ မရောက်ခင်က လူတွေဟာ ဆိတ်နှစ်ကောင် ဆွဲတဲ့ ရထား စီးပြီး ကောင်းကင်တစ်ခွင် သောရ် ခရီးနှင်တယ်လို့ ယုံကြည်ခဲ့ကြတယ်။ သူ့ တူကြီးကို လွှဲလိုက်ရင် မိုးချုန်းတာ လျှပ်စီးလက်တာ ဖြစ်ပေါ်တယ်။ နော်ဝေး စကားမှာ ‘မိုးချုန်း’တာကို ‘သောရ်-ဒန်’ လို့ ခေါ်တာ ‘သောရ်-ကြုံးဝါး' တယ်လို့ ဆိုချင်တာပါပဲ။ ဆွီဒင်စကားမှာတော့ မိုးချုန်းတာအတွက် စကားလုံးက ‘အဆကာ’ ရယ်လို့ ဖြစ်ပြီး မူလက ‘အဆအကာ’ ရယ်လို့ဖြစ်ကာ ကောင်းကင်တစ်ခွင် ‘နတ်ရဲ့ ခရီး’ လို့ အဓိပ္ပါယ်ထွက်တယ်။

မိုးချုန်း၊ လျှပ်စီးလက်ရင် မိုးလည်း ရွာတာပဲ။ မိုးဟာ ဗိုက်ကင်း လယ်သမားတွေအတွက် အရေးကြီးပါတယ်။ ဒါနဲ့ သောရ်ဟာ မြေသြဇာ ထက်သန်ရေးနတ်အဖြစ် ကိုးကွယ်ခံရတော့တယ်။

ဒါကြောင့် မိုးရွာတာကို နတ်ပုံပြင်က ရှင်းပြပုံက သောရ်တူကြီးကို လွှဲယမ်းလိုက်တာတဲ့။ မိုးရွာတော့လည်း စပါးအပင်ပေါက်က လယ်တွေထဲ စည်ကားသွားတော့တာပ။

လယ်ထဲက အပင်တွေ ဘယ်လိုပေါက်ပြီး သီးနှံထွက်ရတယ် ဆိုတာကို နားမလည်ခဲ့ကြဘူး။ ဒါပေမယ့် မိုးရွာတာနဲ့ တစ်နည်းနည်း ဆက်သွယ်နေတာကတော့ ထင်ရှားတယ်။ မိုးရွာတာဟာ သောရ်နဲ့ပတ်သက်မှု ရှိတယ်လို့ လူတိုင်းက ယုံကြည်နေလေတော့ သူဟာ နော့စ်နတ်တွေထဲမှာ အရေးအပါဆုံး နတ်တစ်ပါး ဖြစ်ခဲ့တယ်။

သောရ် ဘာကြောင့် အရေးပါသလဲ၊ နောက်တစ်ကြောင်း၊ ကမ္ဘာ့စနစ်ကြီး တစ်ခုလုံးနဲ့ ဆက်နွယ်နေတဲ့အကြောင်း ရှိသေးတယ်။

ဗိုက်ကင်းတွေက လူတို့နေထိုင်ရာ ကမ္ဘာကြီးဟာ ကျွန်းတစ်ကျွန်းဖြစ်ပြီး ပြင်ပအန္တရာယ်တွေ ခြိမ်းခြောက်တာ အမြဲ ခံနေရတယ်လို့ ယုံကြတယ်။ သူတို့ဟာ ကမ္ဘာရဲ့ ဒီဘက်ပိုင်းကို မိဒ်ဂရ်ဒ် (ပါဠိလို ‘မဇ္ဈ’နဲ့ ဆက်နွယ်တယ်။ ။ဘာသာပြန်သူ) လို့ ခေါ်ကြတယ်။ အလယ်ကနိုင်ငံလို့ အဓိပ္ပါယ်ရတယ်။ မိဒ်ဂရ်ဒ်အတွင်းမှာမှ အဆဂရိဒ်ရှိတယ်။ နတ်တို့ဒေသပေါ့။

မိဒ်ဂရ်ဒ်အပြင်မှာ ဥတ်ဂရ်ဒ်နိုင်ငံ ရှိတယ်။ ကမ္ဘာလောကကို ဖျက်ဆီးဖို့ ကလိမ်ကညစ် နည်းမျိုးစုံ ကျင့်သုံးတဲ့ ရက်စက်ယုတ်မာ နတ်ဘီလူးတွေ ပိုင်နက်ပေါ့။ ဒီသတ္တဝါတွေလို မိစ္ဆာနတ်တွေကို ‘ကမ္ဘာပျက် အင်အားစု’ လို့ ခေါ်လေ့ ရှိကြတယ်။ နော့စ်နတ်ပုံပြင်မှာသာ မဟုတ်၊ အခြား ယဉ်ကျေးမှု အားလုံးလိုလိုမှာပဲ အကောင်းနဲ့အဆိုး အင်အားစုများအကြား မရေမရာ ချိန်ခွင်ညှာတစ်ခု ရှိနေတယ်လို့ လူအများ တွေ့ ခဲ့ကြတယ်။

ဘီလူးကြီးတွေက မိဒ်ဂရ်ဒ်ကို ဖျက်ဆီးပစ်နိုင်မယ့် နည်းလမ်းတွေထဲက တစ်ခုကတော့ မြေသြဇာထက်သန်မှု နတ်သမီးဖရေယာကို ဖမ်းယူတဲ့နည်းပါပဲ။ သူတို့သာ ဒါလုပ်နိုင်ရင် လယ်တွေမှာလည်း ဘာမှမပေါက်၊ မိန်းမတွေလည်း ကလေးရတော့မယ် မဟုတ်ဘူး။ ဒီတော့ ဒီဘီလူးတွေကို ရှေ့မတိုးနိုင်အောင် ထိန်းထားဖို့ အလွန် အရေးကြီးတယ်။

ဘီလူးတွေနဲ့ ဒီစစ်ပွဲမှာ သောရ်ဟာ အချက်အချာကျတဲ့ ပုဂ္ဂိုလ်ပါပဲ။ သူ့တူကြီးဟာ မိုးကိုသာ ရွာစေနိုင်တာ မဟုတ်၊ အန္တရာယ်များလှတဲ့ ကမ္ဘာဖျက် အင်အားစုနဲ့ တိုက်ပွဲဆင်ရာမှာ သော့ချက်လက်နက်လည်း ဖြစ်တယ်။ သူ့ကို အတိုင်းအဆမရှိ တန်ခိုးအစွမ်းကို ပေးတယ်။ ဥပမာ- ဘီလူးတွေဆီ ပစ်ထည့်ပြီး သတ်ပစ်နိုင်တယ်။ သူ ပျောက်သွားမှာကိုလည်း စိုးရိမ်စရာ မလိုဘူး။ ဘူးမရန်းလို သူ့ဆီ အမြဲပြန်လာတာချည်း။

ဒါကတော့ သဘာဝရဲ့ ချိန်ခွင်ညှာညီရေး ထိန်းထားပုံ၊ ဘာကြောင့် အကောင်းနဲ့အဆိုး ထာဝရတိုက်ပွဲ ရှိနေပုံ နတ်ပုံပြင်များရဲ့ ရှင်းပြချက်ပါပဲ။ ဒါပဲ ဒဿနဆရာတွေ ပယ်ချတဲ့ ရှင်းပြချက်မျိုး ဖြစ်ပါတော့တယ်။

ဒါပေမယ့် ရှင်းပြပုံ ပြဿနာ တစ်ခုတည်းလည်း မဟုတ်သေးဘူး။

မိုးခေါင်တာ၊ ရောဂါကပ်ဆိုက်တာလို ဘေးအန္တရာယ်ကြီးတွေ ခြိမ်းခြောက်နေချိန် လူသားတွေဟာ နတ်တွေ ဝင်ရောက်လုပ်ပေးမှာကို ပျင်းပျင်းရိရိ ထိုင်စောင့်နေလို့ မဖြစ်ဘူး။ မကောင်းမှုကို တိုက်ဖျက်ရာမှာ သူတို့ကိုယ်တိုင် လုပ်ဆောင်ရလိမ့်မယ်။ ဒါကို သူတို့က ဘာသာရေး အခမ်းအနားတွေ၊ ဝတ်ပြုပွဲတွေနဲ့ ဆောင်ရွက်ကြတယ်။

နော့စ်ခေတ်က အထူးခြားဆုံး ဘာသာရေး အခမ်းအနားကတော့ ပူဇော်ပသပွဲပါပဲ။ နတ်တစ်ပါးကို ပူဇော်ပသတာဟာ အဲဒီနတ်ရဲ့ တန်ခိုးကို တိုးတက်စေနိုင်စွမ်း ရှိတယ်။ ဥပမာ- လူသားတွေက ကမ္ဘာပျက် အင်အားစုတွေကို အောင်နိုင်မယ့် စွမ်းအားပေးဖို့ နတ်တွေကို ပူဇော်ပသရတယ်။ ဒါကို နတ်အတွက် တိရစ္ဆာန်တစ်ကောင် ယဇ်ပူဇော်ပြီး လုပ်နိုင်တယ်။ သောရ်အတွက် ယဇ်ကတော့ များသောအားဖြင့် ဆိတ်ပါပဲ။ သြဒင်အတွက် ပသရတာကတော့ တစ်ခါတလေ လူယဇ်ကောင် ဖြစ်တယ်။

နောဒိကတိုင်းပြည်တွေမှာ အကျော်ကြားဆုံး နတ်ပုံပြင်ကတော့ အဲဒီက် ကဗျာ ‘သရည်မ် တေးသံ’ က လာတယ်။ ဇာတ်လမ်းကတော့ သောရ်ဟာ အိပ်ရာက နိုးတဲ့အခါ သူ့တူကြီး မရှိတော့တာ တွေ့ ရသတဲ့။ ဒါကို သူ စိတ်ဆိုးလွန်းသမို့ လက်တွေ တုန်ခါ၊ မုတ်ဆိတ် လှုပ်ရမ်းနေတယ်။ သူ့တပည့်ကျော် လောကီနဲ့အတူ သူ ဖရေယာဆီ သွားပြီး ဘီလူးတို့ဒေသ ယောတုန်ဟိုင်းကို သွားကာ သောရ်ရဲ့ တူကြီးကို ခိုးသွားတာ သူတို့ပဲလား စုံးစမ်းဖို့ အတောင်များ ငှားပါ ပန်ကြားတယ်။

ယောတုန်ဟိုင်းမှာ လောကီဟာ ဘီလူးတို့ဘုရင် သရည်မ်ကို တွေ့ ရပါတယ်။ ထင်တဲ့ အတိုင်းပါပဲ။ သရည်မ်က သူ့တူကြီးကို မြေကြီးအောက် ခုနစ်ယူဇနာမှာ ဝှက်ထားကြောင်း ကြွားပါတော့တယ်။ ဖရေယာကို မိမိထံ သတို့သမီးအဖြစ် မဆက်သမချင်း တူကြီးကို နတ်တို့ ပြန်ရမှာ မဟုတ်ဘူးလို့ သရည်မ်က ဆက်ပြောတယ်။

မြင်ယောင်မိရဲ့လား ဆိုဖီ။ ဗြုံးဆို နတ်ကောင်းနတ်မြတ်တွေမှာ အကြီးစား ပြန်ပေးဆွဲမှုနဲ့ ရင်ဆိုင်ကြရပါတော့တယ်။ ဘီလူးတွေဟာ နတ်တို့ရဲ့ အရေးကြီးဆုံး ကာကွယ်ရေးလက်နက်ကို ရသွားကြပြီ။ ဒါ လုံးဝ လက်မခံနိုင်တဲ့ အခြေအနေ ဖြစ်တယ်။ ဘီလူးတွေမှာ သောရ်ရဲ့ တူကြီး ရှိနေသမျှ သူတို့ဟာ နတ်တွေ လူတွေရဲ့ ကမ္ဘာပေါ် လုံးဝ ထိန်းချုပ်နိုင်သွားပြီ။ တူကြီးနဲ့ လဲလှယ်ဖို့ သူတို့က ဖရေယာကို တောင်းဆိုနေတယ်။ ဒါကလည်း လုံးဝ အလားတူ လက်မခံနိုင်စရာဘဲ ဖြစ်တယ်။ မိမိတို့ရဲ့ သြဇာထက်သန်မှု နတ်သမီးကိုသာ စွန့်လွှတ်လိုက်ရရင် (သူက အသက်အားလုံးကို ကာကွယ်သူ) လယ်ကွင်းတွေက မြက်ပင်တွေ ကွယ်ပကာ လူနတ်အားလုံး သေကြရမယ်။ အခြေအနေကတော့ မရှူနိုင် မကယ်နိုင်ပါပဲ။

လောကီလည်း အဆဂရ်ဒ် ပြန်လာခဲ့ပြီး ဖရေယာကို သတို့သမီးဝတ်စုံသာ ဆင်ပါတော့။ ဘီလူးမင်းကို (အလိုလေး) လက်ထပ်ရတော့မယ်လို့ ပြောပြလိုက်တယ်လို့ ပုံပြင်က ဆိုတယ်။ ဖရေယာ ဒေါသူပုန် ထသွားတယ်။ မိမိသာ ဘီလူးကို လက်ထပ်ဖို့ သဘောတူညီရင် လုံးဝ လင်တရူးလို့ လူထင်ခံရတော့မယ်လို့ ပြောပြလိုက်တယ်။

အဲဒီအချိန်မှာ ဟိုင်မဒါလ်နတ်သားက အကြံရတယ်။ သူက သောရ်ကို သတို့သမီးဟန် ဆင်ယင်ဖို့ အကြံပေးတယ်။ ဆံပင်ကို ပင့်ထားလိုက်မယ်၊ သူ့အင်္ကျီအောက် ကျောက်တုံးနှစ်တုံး ထားလိုက်မယ်ဆိုရင် မိန်းမနဲ့ တူမှာပဲ။ ဒီအကြံကို သောရ်က သိပ်အားတက်သရော မရှိလှဘူးဆိုတာ နားလည်နိုင်ပါတယ်။ ဒါပေမယ့် နောက်ဆုံးကျတော့လည်း ဒါ သူ့တူကြီးကို ပြန်ရမယ့် တစ်ခုတည်း နည်းလမ်း ဖြစ်တယ် ဆိုတာကို လက်ခံလိုက်ရတယ်။

ဒီလိုနဲ့ သောရ်ခမျာ သူ့ကို သတို့သမီးဟန် ဆင်ပြင်ပေးကြတာကို ခံလိုက်ရတယ်။ လောကီက သူ့ရဲ့ အပျိုရံပေါ့။

ကနေ့ခေတ် ဝေါဟာရ သုံးရရင်တော့ သောရ်နဲ့ လောကီဟာ ‘အကြမ်းဖက်သမား နှိမ်နင်းရေးတပ်ဖွဲ့’ ပါပဲ။ မိန်းမယောင်ဆောင်ကာ သူတို့ရဲ့ တာဝန်က ဘီလူးဌာနချုပ်ကို ထိုးဖောက်ရေး၊ သောရ်ရဲ့တူကြီး ပြန်ရရေးဖြစ်တယ်။

နတ်တွေ ယောတုန်ဟိုင်းကို ရောက်လာတဲ့အခါ ဘီလူးတွေက မင်္ဂလာဆောင် ပွဲတော်ကြီး စတင် ပြင်ဆင်ကြတယ်။ ဒါပေမယ့် စားသောက်ပွဲ အတွင်းမှာ သတို့သမီးက (ဒါ သောရ်ပေါ့) နွားတစ်ကောင်လုံးနဲ့ ဆမ္မန်ငါးရှစ်ကောင် စားပစ်လိုက်ပါလေရော။ ဗျစ်ရည်ကိုလည်း သုံးစည် သောက်ပစ်တယ်။ ဒါကို သရည်မ်က အံ့သြတာပေါ့။ ‘ကွန်မန်ဒို’ တွေရဲ့ သရုပ်မှန် ပေါ်သွားမတတ် ဖြစ်ရတယ်။ ဒါပေမယ့် လောကီက ဖရေယာဟာ ယောတုန်ဟိုင်းကို လာလိုဇောနဲ့ ခုနစ်ရက်လုံးလုံး ဘာမျှမစားဘဲ နေခဲ့လို့ပါလို့ ပြောကာ အန္တရာယ်က ရှောင်ရှားနိုင်ခဲ့တယ်။

သရည်မ်က သတို့သမီးကို နမ်းမယ်လို့ သတို့သမီးမျက်နှာလွှမ်း ပဝါပါးကို လှစ်လိုက်တော့လည်း သောရ်ရဲ့ မီးလျှံနှယ် မျက်လုံးတွေနဲ့ သွားတိုးလို့ လန့်ရပြန်တယ်။ ဒီတစ်ချီမှာလည်း လောကီကပဲ သတို့သမီးခမျာ မင်္ဂလာဆောင်အကြောင်း တွေးပြီး စိတ်လှုပ်ရှားနေသမို့ ခုနစ်ရက်လုံးလုံး မအိပ်ခဲ့ရလို့ပါလို့ ရှင်းပြကာ အခြေအနေကို ကယ်တင်လိုက်ရပြန်တယ်။ ဒီတွင် သရည်မ်က တူကြီးကို ယူခဲ့ကြ၊ မင်္ဂလာဆောင် အခမ်းအနား ကျင်းပစဉ် သတို့သမီးရဲ့ ပေါင်ခွင်မှာ တင်ပေးထားကြလို့ အမိန့်ပေးတော့တယ်။

သူ့ကို တူကြီးပေးလိုက်တဲ့အခါ သောရ်က တအား ရယ်မောပစ်လိုက်တယ်။ ပထမဆုံး သရည်မ်ကို တူနဲ့ ထုသတ်လိုက်တယ်။ ဒီနောက် ဘီလူးတွေနဲ့ ဆွေမျိုးသားချင်း အားလုံးကို သုတ်သင်လိုက်ပါတော့တယ်။ ဒီလိုနဲ့ စက်ဆုတ်ဖွယ် ပြန်ပေးဆွဲမှုကြီးဟာ ပျော်ရွှင်ဖွယ် နိဂုံးချုပ်သွားပါပြီ။ နတ်တွေရဲ့ ဂျိမ်းဇ်ဘွန်း သို့မဟုတ် ဘဲ့တ်မန်းဟာ မကောင်းဆိုးဝါး အင်အားစုတွေအပေါ် အောင်ပွဲခံလိုက်ရပြန်ပေါ့။

နတ်ပုံပြင် သက်သက်ကတော့ ဒီမျှပါပဲ ဆိုဖီ။ ဒါပေမယ့် ဒီပုံပြင်ရဲ့ နောက်ကွယ်မှာ တကယ့်အဓိပ္ပါယ်က ဘာလဲ။ ဒါ ပျော်စေပျက်စေ ဇာတ်လမ်းဆင် ပြောရုံသက်သက်မျှ မဟုတ်ဘူး။ နတ်ပုံပြင်က တစ်ခုခုကိုလည်း ကြိုးစားပြီး ရှင်းပြနေတာ ဖြစ်တယ်။ ဒီမှာ ဖြစ်နိုင်တဲ့ ရှင်းလင်းချက်တစ်ခု …

မိုးခေါင်တဲ့အခါ လူတွေဟာ ဘာကြောင့် မိုးမရွာတာလဲအကြောင်းကို ရှာဖွေကြတယ်။ ဘီလူးတွေက သောရ်ရဲ့ တူကြီးကို ခိုးသွားတာများ ဖြစ်လေမလား။

နတ်ပုံပြင်ဟာ နှစ်ရဲ့ ရာသီတွေ ပြောင်းလဲပုံကို ရှင်းပြဖို့ ကြိုးစားတာလည်း ဖြစ်နိုင်တယ်။ ဆောင်းရာသီမှာ သောရ်ရဲ့တူကြီး ယောတုန်ဟိုင်းကို ရောက်နေတာမို့ သစ်ပင်ပန်းမန် သေကုန်ရတယ်။ ဒါပေမယ့် နွေမှာတော့ တူကြီးကို ပြန်လည်ရရှိခဲ့ပြီ။ ဒီလိုနဲ့ နတ်ပုံပြင်ဟာ လူတွေကို သူတို့နားမလည်နိုင်တဲ့ အရာကို ရှင်းပြဖို့ ကြိုးစားတာပါပဲ။

ဒါပေမယ့် နတ်ပုံပြင်ဟာ ရှင်းပြတာ တစ်ခုတည်း မဟုတ်သေးဘူး။ လူတွေဟာ နတ်ပုံပြင်တွေနဲ့ စပ်လျဉ်းပြီး ဘာသာရေး အခမ်းအနားတွေကိုလည်း လုပ်ကြတယ်။ မိုးခေါင်တာ၊ သီးနှံ မအောင်မြင်တာကို လူတွေရဲ့ တုံ့ပြန်ပုံက နတ်ပုံပြင်ထဲက အဖြစ်အပျက်တွေကို ဇာတ်လမ်းကပြတာပဲ ဖြစ်လိမ့်မယ်ဆိုတာ ခန့်မှန်းလို့ ရတယ်။ ရွာက ယောက်ျားတစ်ယောက်က သတို့သမီးပုံ ဝတ်ဆင်မယ်။ (ရင်သားနေရာ ကျောက်တုံးထည့်မယ်) ဘီလူးတွေဆီက တူကြီး ပြန်ခိုးမယ်ပေါ့။ ဒီလို လုပ်လိုက်တာ မိုးရွာလာအောင်၊ လယ်ထဲမှာ သီးနှံဖြစ်ထွန်းအောင် တစ်ခုခု လုပ်နေတာပါပဲ။

သဘာဝတရားရဲ့ ဖြစ်စဉ်တွေကို မြန်ဆန်လာစေဖို့ ဥတုရာသီဆိုင်ရာ နတ်ပုံပြင်တွေကို လူတွေ ဇာတ်ကပြကြပုံ နမူနာတွေ ကမ္ဘာအရပ်ရပ်မှာ ရှိတယ်။

အခုထိ ငါတို့ဟာ နော့စ်နတ်ပုံပြင်လောကကို ခဏတဖြုတ် ကြည့်ရုံလေး ကြည့်လိုက်တာ။ သောရ်နဲ့ သြဒင်၊ ဖရေရနဲ့ ဖရေယာ၊ ဟောဒဲရနဲ့ ဗာလဒဲရ၊ အခြားနတ် အမြောက်အမြားအကြောင်း ပုံပြင်တွေ မရေမတွက်နိုင် ရှိသေးတယ်။ ဒီလိုမျိုး နတ်ပုံပြင်တွေ ကမ္ဘာတစ်ဝန်းလုံးမှာ ပေါ်ထွန်းနေခဲ့တာ နောက်ဆုံး ဒဿနဆရာတွေက ဖျက်ဆီးချေမှုန်း ပစ်ရတော့တာပါပဲ။

ပထမဆုံး ဒဿနပညာ ပေါ်ထွန်းနေချိန်က ခေါမပြည် (ဂရိစ်)မှာလည်းပဲ နတ်ပုံပြင်ဆိုင်ရာ ကမ္ဘာလောက ရုပ်ပုံလွှာ တည်ရှိခဲ့တယ်။ ခေါမနတ်တွေရဲ့ ဇာတ်လမ်းတွေကို ရာစုနှစ်နဲ့ချီပြီး သားစဉ်မြေးဆက် လက်ကမ်းလာခဲ့ကြတယ်။ ခေါမပြည်မှာ နတ်တွေကို ဇူးစ်၊ အပိုလို၊ အာသဲန်၊ ဒီသြနိဆောစ်၊ တစ်ကလဲပိယောစ်၊ ဟဲရကလဲစ်၊ ဟဲဖာအဲစတော့စ် ခေါ်ကြတာ။ ဒါ အနည်းအကျဉ်းမျှ ပြောပြတာ။

ခမ (ခရစ်မပေါ်မီ) ၇ဝဝ ဝန်းကျင်မှာ ခေါမ နတ်ပုံပြင်တွေကို ဟိုးမား ဟဲဆိယော့ဒ်တို့က ရေးချခဲ့တယ်။ ဒါ လုံးဝ အခြေအနေသစ် တစ်ရပ်ကို ဖန်ဆင်းလိုက်တာပါပဲ။ နတ်ပုံပြင်တွေကို အရေးပုံသဏ္ဌာန်နဲ့ ရှိနေပြီဆိုတော့ ဆွေးနွေးဖို့ ဖြစ်နိုင်လာတယ်။

အစောဆုံး ခေါမ ဒဿနဆရာတွေက ဟိုးမားရဲ့ နတ်ပုံပြင်စုကို ဝေဖန်တာကတော့ နတ်တွေက လူတွေနဲ့ တူလွန်းပြီး လူတွေလိုပဲ အတ္တဆန် ဖောက်ပြန်လွန်းလို့တဲ့။ ပထမဆုံးအကြိမ်အဖြစ် နတ်ပုံပြင်တွေဟာ လူ့စိတ်ကူးမျှ ဖြစ်တယ်လို့ ပြောလာတယ်။

ဒီအမြင်ကို ဖော်ထုတ်လာသူ တစ်ဦးကတော့ ခမ ၇၅၀ လောက်က ပေါ်ထွန်းခဲ့တဲ့ ဒဿနဆရာ ဇဲနောဖာနဲစ်ပါပဲ။ လူတွေဟာ နတ်တွေကို မိမိတို့ ပုံရိပ်အတိုင်း ဖန်ဆင်းခဲ့ကြတယ် လို့ သူက ဆိုတယ်။ နတ်တွေလည်း ငါတို့လိုပဲ မွေးဖွား၊ ကိုယ်ခန္ဓာရှိ၊ အဝတ်ဝတ်၊ စကားပြောတယ်လို့ ယုံကြည်ကြတယ်။ နတ်တွေဟာ အသားမည်းနက်၊ နှာခေါင်းပြားတယ်လို့ အီသီယိုးပီးယား နိုင်ငံသားတွေက ယုံကြည်ကြတယ်။ မျက်လုံးပြာပြီး ဆံပင်ရွှေဝါရောင်လို့ သရေ့စ် နိုင်ငံသားတွေက ယုံကြည်ကြတယ်။ နွားတွေ၊ မြင်းတွေ၊ ခြင်္သေ့တွေသာ ပုံဆွဲတတ်ရင် နွားနဲ့ မြင်းနဲ့ ခြင်္သေ့နဲ့ တူတဲ့ နတ်တွေပုံ သရုပ်ဖော်ကြပေလိမ့်မယ်။

အဲဒီခေတ်က ခေါမတွေဟာ ခေါမပြည် ကိုယ်တိုင်မှာရော၊ တောင်ပိုင်း အီတလီနဲ့ အာရှမိုင်းနားက ခေါမ ကိုလိုနီတွေမှာပါ မြို့နိုင်ငံတွေ ထူထောင်ကြတယ်။ အဲဒီမှာ လက်နဲ့လုပ်ရတဲ့ အလုပ်မှန်သမျှ ကျွန်တွေက လုပ်ကြတာမို့ နိုင်ငံကြီးသားတွေမှာ အားလပ်နေကြပြီး အချိန်ရှိသမျှ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုပဲ စောက်ချလုပ်နေကြတော့တယ်။

ဒီမြို့ကြီး အခြေအနေတွေမှာ လူတွေဟာ လုံးဝ သစ်လွင်တဲ့နည်းနဲ့ တွေးတောစ ပြုလာကြတယ်။ မိမိအကျိုးအတွက် သက်သက်၊ ဘယ်မြို့ကြီးသားမဆို လူ့အဖွဲ့အစည်းကို ဖွဲ့စည်းပုံ ဖွဲ့စည်းနည်းကိစ္စ သံသယ ဝင်လာကြတယ်။ ဒီလိုနဲ့ တစ်ဦးချင်း တစ်ဦးချင်းဟာ ရှေးနတ်ပုံပြင်တွေကို အားမကိုးတော့ဘဲ ဒဿနပြဿနာတွေ စဉ်းစားလာကြတော့တယ်။

ဒါကို နတ်ပုံပြင် တွေးခေါ်နည်းကနေ လက်တွေ့နဲ့ ဆင်ခြင်တုံပေါ် အခြေခံတဲ့ တွေးခေါ်နည်းဆီ တိုးတက်လာမှုလို့ ခေါ်ကြတယ်။ စောစောပိုင်း ခေါမဒဿနဆရာတွေရဲ့ ရည်ရွယ်ချက်ကတော့ သဘာဝဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး သဘာဝလွန်နည်း မဟုတ်ဘဲ သဘာဝကျကျ ရှင်းပြတဲ့နည်း ရှာဖို့ပါပဲ။

 

***

 

ဆိုဖီ သားရဲတွင်းထဲက ထွက်ခဲ့ကာ ဥယျာဉ်ကြီးထဲ ဟိုဒီ လျှောက်သွားနေမိတယ်။ ကျောင်းမှာ သူ သင်ခဲ့တာ အထူးသဖြင့် သိပ္ပံတန်းတွေမှာ သင်ခဲ့တာတွေကို မေ့ပစ်ဖို့ ကြိုးစားကြည့်တယ်။

သဘာဝတရားအကြောင်း လုံးဝ မသိဘဲ ဒီဥယျာဉ်ထဲမှာ သူ ကြီးပြင်းခဲ့ရတာဆိုရင် နွေအကြောင်း သူ ဘယ်လို တွေးမိလေမလဲ။

ဘာ့ကြောင့် တစ်နေ့မှာ ဗြုန်းဆို မိုး စတင်ရွာလိုက်တာနဲ့ ပတ်သက်ပြီး ရှင်းလင်းချက် တစ်မျိုးမျိုး သူ ကြိုးစားတီထွင်မိလေမလား။ ဘယ်က မိုးနှင်းလာပြီး ဘာ့ကြောင့် နေဟာ မနက်မှာ ထွက်ရကြောင်း စိတ်ကူးယဉ် ဇာတ်လမ်းတစ်ခု သူ မလုပ်ကြံမိပေဘူးလား။

အင်း သူ မုချ လုပ်ကြံမိမှာပဲ။ သူ ဇာတ်လမ်းတစ်ခု တီထွင်ကြည့်တယ်။

ဆောင်းက မြေပြင်ကို အအေးဓာတ်နဲ့ ဖမ်းဆုပ်ထားရတာက မိစ္ဆာနတ်မူရယက်က မင်းသမီးချော ဆီကိတာကို အေးစိမ့်စိမ့် အကျဉ်းထောင်ထဲ အကျဉ်းချထားလို့ ဖြစ်တယ်။ ဒါပေမယ့် တစ်မနက်မှာ သူရသတ္တိနဲ့ ပြည့်စုံတဲ့ မင်းသားသူရ ရောက်လာပြီး မင်းသမီးလေးကို ကယ်တင်တယ်။ ဆီကိတာ ဝမ်းသာလွန်းလို့ မြက်ခင်းတွေပေါ်မှာ ကတော့တယ်။ အေးစိမ့်စိမ့် အကျဉ်းထောင်ထဲတုန်းက သူ ရေးဖွဲ့ခဲ့တဲ့ တေးတစ်ပုဒ်ကို ဆိုတယ်။ မြေကြီးနဲ့ သစ်ပင်တွေ စိတ်ထိခိုက်လွန်းလို့ ဆီးနှင်းဖတ်အားလုံး မျက်ရည်တွေ ဖြစ်ကုန်ရော။ ဒါပေမယ့် အဲဒီအချိန်မှာ နေထွက်လာပြီး မျက်ရည်တွေကို ခြောက်သွေ့သွားအောင် လုပ်ပစ်လိုက်တယ်။ ငှက်တွေက ဆီကိတာရဲ့ တေးကို တုပကြတယ်။ မင်းသမီးချောက မိမိရဲ့ရွှေရောင်ဆံပင်တွေကို ဖြည်ချလိုက်တော့ ဆံပင်တချို့ မြေပေါ် ကျွတ်ကျကာ လယ်ကွင်းထဲက နှင်းပန်းလေးတွေ ဖြစ်ကုန်ရော။

ဆိုဖီဟာ သူ့ရဲ့လှပတဲ့ ပုံပြင်ကို သဘောကျမိတယ်။ ဥတုရာသီတွေ ပြောင်းလဲတာနဲ့ ပတ်သက်ပြီး တခြား ရှင်းကြပြုကြတာတွေကိုသာ သူ မသိခဲ့ရရင် နောက်ဆုံးမှာ ကိုယ့်ပုံပြင်ကိုယ် ယုံသွားမိမှာပဲလို့ သူ သေချာပေါက် တွက်မိတယ်။

သဘာဝတရားရဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူတွေကို တစ်ခုခု ရှင်းပြမှဖြစ်မယ် ဆိုတာကို သူ နားလည်တယ်။ ဒီလိုရှင်းပြတာ မရှိရင် သူတို့ အသက်ရှင် မနေနိုင်ဘူးနဲ့ တူပါရဲ့။ ဒီလိုနဲ့ သိပ္ပံပညာလို့ ခေါ်တဲ့ တစ်စုံတရာ မပေါ်ထွန်းခင် ခေတ်အခါက လူတွေဟာ အဲသလို နတ်ပုံပြင်တွေ အားလုံးကို လုပ်ကြံကုန်ကြတော့တာပါပဲ။

(မှတ်ချက်။ ။ အင်္ဂလိပ်စကားမှာ ဗုဒ္ဓဟူးနေ့ကို Wednesday လို့ ခေါ်တာဟာ Odin (Woden)'s day လို့ ခေါ်ရာက ရွေ့လျောလာတာ ဖြစ်တယ်။ ကြာသပတေးနေ့ကို ခေါ်တဲ့ Thursday က Thor's day က ဆင်းသက်လာတာ ဖြစ်တယ်။ Freyja's day ကနေပြီးတော့ Friday ဖြစ်လာတာပါပဲ Sunday ဟာ Sun's day, Monday ဟာ Moon's day, Saturday ဟာ Saturn's day ဆိုတာကိုတော့ သိကြပါလိမ့်မယ်။ Tuesday ကတော့ Deus' day သို့မဟုတ် Zeus' day ဖြစ်တယ်။

(Thor နဲ့ ဘီလူးတွေ စစ်ခင်းတဲ့ ဇာတ်လမ်းနဲ့ ခပ်ဆင်ဆင် ကျွန်တော်တို့မှာ သိကြားနဲ့ အသူရာ စစ်ခင်းတဲ့ ဇာတ်လမ်းရှိတယ်။ ။ ဘာသာပြန်သူ)

 

သဘာဝဒဿနဆရာများ

 

… နတ္ထိထဲက နတ္ထိပဲ လာနိုင်တယ် …

 

သူ့အမေ အဲဒီညနေ အိမ်ပြန်လာတော့ ဆိုဖီဟာ စက်မဲ့ယာဉ်ထဲထိုင်ပြီး ဒဿနဗေဒ ပို့ချချက်နဲ့ သူ့အဖေဆီက မွေးနေ့ကတ်ပြား ရတော့မှာ မဟုတ်တဲ့ ဟိလဒ မားလညဂ် အဆက်အသွယ် ရှိနိုင်ပုံကို တွေးတောကြည့်နေတယ်။

ဥယျာဉ် တစ်ဘက်စွန်းကနေ သူ့အမေက အော်ခေါ်နေတယ်။ “ဆိုဖီ ညည်းအတွက် စာ” တဲ့။

သူ အသက်ရှူမှားရပေါ့။ သူ စာတိုက်ပုံးကို ရှင်းပြီးသား၊ ဒီတော့ စာဟာ ဒဿနဆရာဆီကပဲ ဖြစ်ရမယ်။ ဘယ်လိုလုပ်ပြီးတော့များ အမေ့ကိုပြောရပါ့။

“တံဆိပ်ခေါင်းလည်း မပါဘူး။ ရည်းစားစာပဲ ဖြစ်ရမယ်” တဲ့။

ဆိုဖီ စာကို ယူလိုက်တယ်။

“မဖောက်ဘူးလား” တဲ့။

သူ ရှာကြံ ဆင်ခြေပေးရတော့မယ်။

“ကိုယ့်အမေက ကိုယ့်ပခုံးပေါ်ကနေ ဆီးပြီး ကြည့်နေတုန်း ရည်းစားစာ ဖောက်တဲ့သူလို့ မေမေ ကြားဖူးလို့လား” တဲ့။

သူ့အမေက ရည်းစားစာလို့ပဲ ထင်ပါစေတော့။ စိတ်ထဲ စနိုးစနောင့် ဖြစ်ရပေမယ်လို့လည်း လူစိမ်းသက်သက် တစ်ယောက်၊ မိမိနဲ့ တူတူပုန်းတမ်း ကစားနေသူ ဒဿနဆရာ တစ်ယောက်ဆီက စာပေးစာယူသင်တန်း ယူနေတယ် ဆိုတာကို သူ့အမေ သိသွားရင် ပိုဆိုးမယ်။

စာအိတ်ဖြူဖြူလေးမျိုး တစ်အိတ်ပါပဲ။ အပေါ်ထပ် သူ့အခန်းထဲရောက်တော့ ဆိုဖီ မေးခွန်းသစ် သုံးခုကို တွေ့ရတယ်။

အရာတိုင်းကို ဖွဲ့စည်းထားရာ အခြေခံဒြပ်ဆိုတာ ရှိသလား။

ရေက ဝိုင်အဖြစ် ပြောင်းလဲနိုင်သလား။

မြေနဲ့ရေက ဘယ်လိုလုပ်ပြီး ဖားအရှင် ဖြစ်လာသလဲ။

 

***

 

မေးခွန်းတွေက နည်းနည်း ပေါတောတောပဲလို့ ဆိုဖီတွေးမိတယ်။ ဒါပေမယ့် တစ်ညနေလုံး သူ့ခေါင်းထဲ တဝီဝီ မြည်ဝဲနေလေတယ်။ နောက်နေ့ ကျောင်းရောက်တော့လည်း သူတို့အကြောင်းပဲ တွေးနေမိကာ တစ်ခုချင်း စီစစ်နေမိတယ်။

အရာရာတိုင်းကို လုပ်ထားရာ ‘အခြေခံဒြပ်’ ဆိုတာ ရှိနိုင်ပါ့မလား။ အဲသလို ဒြပ်မျိုး ရှိတယ်ဆိုရင် ဘယ်လိုလုပ်ပြီး အဲဒါကနေ ဗြုန်းဆို ပန်းပွင့် ထဖြစ်၊ ဆင် ထဖြစ်လေမလဲ။

ရေကနေ ဝိုင် ပြောင်းလဲနိုင်သလား ဆိုတဲ့ မေးခွန်းကိုလည်း အလားတူပဲ ကန့်ကွက်ရမှာပဲ။ ယေရှုက ရေကို ဝိုင်ပြောင်းပစ်တဲ့ ပုံပြင်ကို ဆိုဖီ သိတာပေါ့။ ဒါပေမယ့် အဲဒီအတိုင်း အတိအကျ နားလည်ရမယ်လို့ မထင်ဘူး။ ယေရှု က တကယ်ပဲ ရေကို ဝိုင်ပြောင်းခဲ့ရင်လည်း ဒါ တန်ခိုးပြာဋိဟာကြောင့် ဖြစ်မှာပါ။ သာမန် လုပ်လို့ မရနိုင်တဲ့ဟာမျိုးပါ။ ဝိုင်မှာတင် မဟုတ်၊ ကြီးထွားတတ်တဲ့ အရာအားလုံးမှာ ရေ အများကြီးပါတယ် ဆိုတာ ဆိုဖီ သိပါတယ်။ ဒါပေမယ့် သခွားသီးမှာ ရေက ၉၅ ရာခိုင်နှုန်း ပါတာတောင်မှ တခြားအရာလည်း ပါရဦးမှာပဲ။ သခွားသီးဟာ သခွားသီးပဲ။ ရေမှ မဟုတ်တာကိုး။

ပြီးတော့ ဖားအကြောင်း မေးထားတာ ရှိသေး။ သူ့ဒဿနဗေဒ ဆရာသမားဟာ ဖားနဲ့ပတ်သက်ပြီး ဒီ အူကြောင်ကြောင် ကိစ္စ ရှိနေတယ်။

ဖားဟာ မြေနဲ့ရေ ပါဝင်ဖွဲ့စည်းထားတယ် ဆိုတာကို ဆိုဖီ လက်ခံနိုင်စရာ ရှိပါတယ်။ ဒီလိုဆိုရင် မြေမှာ ဒြပ်တစ်မျိုးထက်မက ပါဝင်တာပေါ့။ မြေမှာ ဒြပ်အမျိုးမျိုး အများအပြား ပါဝင်တယ်ဆိုရင် မြေနဲ့ရေ နှစ်ခုပေါင်းပြီး ဖား ထုတ်လုပ်နိုင်မှာ ထင်ရှားသိသာပါတယ်။ သဘောကတော့ မြေနဲ့ရေကနေ ဖားဥတို့၊ ဖားလောင်းတို့ အဆင့်တွေ ဖြတ်သွားခဲ့ရင်ပေါ့လေ။ ရေတွေ ဘယ်လောက် လောင်းလောင်း၊ ဂေါ်ဖီထုပ်အခင်းထဲကနေ ဖားအကောင် ပေါက်မလာနိုင်ဘူးလေ။

အဲဒီနေ့ သူ ကျောင်းကပြန်လာတော့ စာတိုက်ပုံးထဲမှာ စာအိတ်ထူထူကြီး တစ်အိတ်က သူ့ကို စောင့်နေလေရဲ့။ အခြားနေ့တွေတုန်းကလိုပဲ ဆိုဖီ သားရဲတွင်းထဲ ပုန်းအောင်းလိုက်တော့တယ်။

 

ဒဿနဆရာရဲ့ စီမံချက်

 

ရောက်လာရပြန်ပြီ။ ယုန်ဖြူဖြူတွေ ဘာညာတွေ ဝေ့ဝိုက်မနေတော့ဘဲ ကနေ့သင်ခန်းစာဆီ တန်းသွားတော့မယ်။

ရှေးခေါမလူမျိုးတွေကနေ ငါတို့ ခေတ်တိုင်၊ ဒဿနအကြောင်း လူတွေ တွေးခဲ့ကြပုံကို ကျယ်ကျယ်ပြန့်ပြန့်ပဲ ကောက်ကြောင်းဆွဲပြပါမယ်။ ဒါပေမယ့် အစီအစဉ်အတိုင်းတော့ သွားရလိမ့်မယ်။

တချို့ ဒဿနဆရာတွေက ငါတို့နဲ့ ခေတ်ချင်းမတူ (ယဉ်ကျေးမှုကလည်း လုံးဝ မတူခြားနား) လေတော့ ဒဿနဆရာ တစ်ဦးတစ်ဦးရဲ့ စီမံချက်ဟာ ဘာလဲ ကြိုးစားပြီး သိမြင်ထားတာ ကောင်းတယ်။ ဆိုလိုတာကတော့ ဒဿနဆရာ တစ်ဦးတစ်ယောက် အထူးတလည် စိတ်ဝင်တစား စူးစမ်းရှာဖွေနေတာ ဘာလဲ၊ အတိအကျ ငုံမိဖို့ ကြိုးစားရလိမ့်မယ်။ ဒဿနဆရာတစ်ဦးက အပင်တွေ တိရစ္ဆာန်တွေ ဘယ်လို ဖြစ်ပေါ်လာကြတယ် ဆိုတာကို သိချင်ကောင်း သိချင်လိမ့်မယ်။ နောက်တစ်ဦးက ဒေဝ(ထာဝရဘုရား) ဆိုတာ ရှိသလား၊ လူမှာ မသေတဲ့ဝိညာဉ် ရှိသလား သိချင်ကောင်း သိချင်မယ်။

ဒဿနဆရာ တစ်ဦးတစ်ယောက်ရဲ့ စီမံချက်ဟာ ဘာလဲ သိရှိတာနဲ့ တစ်ပြိုင်နက် သူ့တွေးပုံတွေးနည်း လမ်းကြောင်းကို လိုက်လို့ လွယ်သွားပြီ။ ဘယ် ဒဿနဆရာမှ ဒဿနဗေဒ တစ်ခုလုံးနဲ့ ချီပြီး အားမထုတ်ဘဲကိုး။

ဒဿနဆရာကို ရည်ညွှန်းရာမှာ ‘သူ’လို့ပဲ သုံးခဲ့တယ်။ ဒါဟာ ယောက်ျားတွေရဲ့အကြောင်းပေကိုး။ ရှေးတုန်းက မိန်းမတွေမှာ အမတွေ အနေနဲ့ရော တွေးတောတတ်တဲ့ သတ္တဝါတွေ အနေနဲ့ပါ အနှိမ်ခံခဲ့ကြရတယ်။ ဒါ စိတ်မကောင်းစရာပဲ။ မိန်းမတွေ အနှိမ်ခံခဲ့ရတဲ့အတွက် အလွန် အရေးကြီးတဲ့ အတွေ့အကြုံတွေ အများကြီး ဆုံးရှုံးခဲ့ရတာကိုး။ ဒီရာစုကျတော့မှသာ မိန်းမများဟာ ဒဿနဗေဒ သမိုင်းပေါ်မှာ တကယ် ထွန်းပြောင်လာကြရတာ။

ငါ မင့်ကို အိမ်စာပေးဖို့ မရည်ရွယ်ပါဘူး။ ခက်ခက်ခဲခဲ သင်္ချာပုစ္ဆာတို့ ဘာတို့ မခိုင်းဘူး။ အင်္ဂလိပ် ကြိယာတွေ ဝိဘတ်သွယ်တာလည်း ငါ့ စိတ်ဝင်စားမှုနယ်ပယ်ရဲ့ အပြင်ဘက်မှာပဲ ရှိတယ်။ ဒါပေမယ့် မကြာမကြာ တိုတိုတုတ်တုတ် ခိုင်းတာလေးတွေတော့ ရှိမယ်။

ဒီစည်းကမ်းချက်တွေကို မင်း လက်ခံရင်တော့ ငါတို့ စကြမယ်။

 

သဘာဝဒဿနဆရာများ

 

အစောဆုံး ခေါမ ဒဿနဆရာတွေကို တစ်ခါတလေ သဘာဝဒဿနဆရာများ လို့ ခေါ်တယ်။ သူတို့က အဓိကအားဖြင့် သဘာဝ လောကကြီးနဲ့ သူ့ရဲ့ ဖြစ်စဉ်တွေကိုပဲ အာရုံစူးစိုက်ကြလို့ပါပဲ။

အရာရာ ဘယ်ကလာသလဲ ဆိုတာကို ငါတို့ကိုယ်ကို ငါတို့ မေးပြီးပြီ။ ကနေ့ခေတ်မှာ လူအများအပြားပဲ တစ်ချိန်ချိန်တုန်းက တစ်စုံတစ်ရာဟာ ဘာမှမရှိတာ(နတ္ထိ) ထဲက ထွက်လာခဲ့တာ ဖြစ်ရမယ်လို့ တွေးကြတယ်။ ဒီအတွေးဟာ ခေါမတွေထဲမှာတော့ သိပ်ခေတ်မစားခဲ့ဘူး။ တစ်ကြောင်းမဟုတ် တစ်ကြောင်းကြောင့် ‘တစ်စုံတစ်ရာ’ဟာ အမြဲတည်ရှိနေခဲ့တယ် လို့ သူတို့ ယူမှတ်ခဲ့ကြတယ်။

ဒီတော့ကာ ဘယ်လိုလုပ်ပြီး အရာရာဟာ နတ္ထိထဲက ထွက်လာနိုင်သလဲ ဆိုတာ အရေးကြီးလှတဲ့မေးခွန်း မဟုတ်တော့ဘူး။ ဒါပေမယ့်လည်း ဘယ်လိုလုပ်ပြီး ငါးအရှင်တွေ ရေထဲက ထွက်လာနိုင်သလဲ။ ဧရာမသစ်ပင်ကြီးတွေနဲ့ ရောင်စုံ တောက်တောက်လွင်လွင် ပန်းတွေ မြေအသေထဲက ထွက်လာနိုင်ကြသလဲ ဆိုတာကိုတော့ ခေါမတွေ တအံ့တသြ ဖြစ်ခဲ့ကြရဲ့။ ဒါတောင် ဘယ်လိုလုပ်ပြီး ကလေးငယ်ကလေး မိခင်သားအိမ်ထဲက ထွက်လာနိုင်သလဲ မပါသေးဘူး။

သဘာဝ (ဩကာသလောက) ဟာ အမြဲ ပြောင်းလဲနေတယ် ဆိုတာကို ဒဿနဆရာတွေ သူတို့မျက်စိနဲ့ မြင်နေရတာပဲ။ ဒါပေမယ့် ဘယ်လိုလုပ်ပြီး ဒီလို ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနိုင်တာလဲ။

ဥပမာ၊ တစ်စုံတစ်ခုဟာ ဒြပ်တစ်ခု ဖြစ်ရာကနေ သက်ရှိအရာတစ်ခု ဖြစ်ရာဆီ ဘယ်လို ပြောင်းသွားနိုင်သလဲ။

ပြောင်းလဲမှုအားလုံးရဲ့ အမြစ်ရင်းမှာ အခြေခံဒြပ် တစ်ခုခု ရှိကိုရှိရမယ် ဆိုတဲ့ ယုံကြည်ချက်ကို အစောဆုံး ဒဿနဆရာအားလုံး တညီတညွတ် လက်ခံကြတယ်။ ဘယ်လိုလုပ်ပြီး ဒီအတွေးဆီ ရောက်လာကြသလဲ ပြောဖို့ကတော့ ခက်တယ်။ သဘာဝတရားထဲက ပြောင်းလဲမှု အားလုံးရဲ့ ကွယ်ဝှက်နေတဲ့ အကြောင်းတရားဖြစ်တဲ့ အခြေခံဒြပ်တစ်ခု ရှိကို ရှိရမယ်။ အရာအားလုံး လာခဲ့ရာ၊ ပြီးတော့ ပြန်သွားရာ ‘တစ်စုံတစ်ခု’ ရှိကို ရှိရမယ်ဆိုတဲ့ အယူအဆ တစ်စတစ်စ ဖြစ်ထွန်းလာခဲ့ကြောင်းပဲ ငါတို့သိတယ်။

ငါတို့ အဖို့ကတော့ စိတ်ဝင်စားအပ်ဆုံး အပိုင်းက တကယ်တော့ ဒီအစောဆုံး ဒဿနဆရာတွေ ဘယ်လို အဖြေတွေ ရသွားကြသလဲ မဟုတ်ပါဘူး။ ဘယ်လို မေးခွန်းတွေ သူတို့ မေးကြ၊ ဘယ်လို အဖြေမျိုးတွေ သူတို့ ရှာဖွေကြသလဲ ဆိုတာပဲ ဖြစ်တယ်။ အတိအကျ သူတို့ ဘာကို တွေးသလဲ ဆိုတာထက် သူတို့ ဘယ်ပုံတွေးကြသလဲ ဆိုတာကို ငါတို့ ပို စိတ်ဝင်စားတယ်။

ရုပ်လောကမှာ သူတို့ ရှုမြင်နေရတဲ့ ပြောင်းလဲမှုတွေနဲ့ ဆက်နွယ်ပြီး မေးခွန်းတွေကို သူတို့ မေးခဲ့ကြကြောင်း ငါတို့ သိကြတယ်။ သူတို့ဟာ သဘာဝတရားရဲ့ အခြေခံ ဖြစ်တဲ့ နိယာမတရားတွေကို ရှာဖွေနေကြတာပါပဲ။ ရှေးရှေး နတ်ပုံပြင်တွေဆီ ဦးမလှည့်ဘဲနဲ့ ကိုယ့်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို သူတို့ နားလည်ချင်ကြတယ်။ အရေးအကြီးဆုံးကတော့ သဘာဝတရား ကိုယ်တိုင်ကို လေ့လာပြီး တကယ့်တကယ် ဖြစ်စဉ်တွေကို သူတို့ နားလည်ချင်ကြတယ်။ ဒါဟာဖြင့် မိုးချုန်းတာတို့၊ လျှပ်စီးလက်တာတို့၊ ဆောင်းတို့၊ နွေတို့ကို နတ်တွေအကြောင်း ပုံပြင်တွေ ပြောပြီး ဖြေရှင်းရတာနဲ့ လုံးဝ ကွဲပြားသွားတယ်။

ဒီလိုနဲ့ ဒဿနဟာ တစ်စတစ်စနဲ့ ဘာသာရေးကနေ လွတ်မြောက် လာခဲ့တယ်။ သဘာဝ ဒဿနဆရာတွေဟာ သိပ္ပံနည်းကျ ဆင်ခြင်နည်း လမ်းကြောင်းဆီ ပထမခြေလှမ်း လှမ်းခဲ့ကြတယ်။ သိပ္ပံပညာ ဖြစ်လာမယ့် ပညာရပ်ရဲ့ ရှေ့ပြေးများ ဖြစ်လာခဲ့ကြတယ်လို့ ဆိုနိုင်တယ်။

သဘာဝ ဒဿနဆရာတွေ ပြောခဲ့တာ၊ ရေးခဲ့တာနဲ့ ပတ်သက်လို့ အစအနလေးတွေမျှပဲ ကျန်ရစ်တယ်။ ငါတို့ နည်းနည်းပါးပါး သိရတာကလေးကလည်း နောင်နှစ်ပေါင်း နှစ်ရာမှာမှ ပေါ်ထွန်းတဲ့ အာရိစ်တောတလဲရဲ့ အရေးအသားတွေမှာ တွေ့ကြရတာ။ သူက ဒဿနဆရာတွေ ချုပ်သွားတဲ့ နိဂုံး(ကောက်ချက်) တွေသာပဲ ရည်ညွှန်းထားကြတယ်။ ဒီတော့ ဒီကောက်ချက်တွေဆီ သူတို့ ဘယ်လမ်းတွေကနေ ရောက်သွားသလဲ ငါတို့ မသိကြရဘူး။ ဒါပေမယ့် သိတာလေးနဲ့ပဲ အစောဆုံး ခေါမ ဒဿနဆရာတွေရဲ့ စီမံချက်ဟာ အခြေခံဖွဲ့စည်းမှု ဒြပ်တစ်ခုနဲ့ သဘာဝလောကထဲက အပြောင်းအလဲတွေ အကြောင်း ပြဿနာနဲ့ ပတ်သက်နေတယ်လို့ ဆုံးဖြတ်နိုင်ကြတယ်။

 

မီလဲတော့ခ်က ဒဿနဆရာ သုံးယောက်

 

ငါတို့ သိရှိရတဲ့ ပထမ ဒဿနဆရာကတော့ သာလဲစ်ပါပဲ။ အာရှမိုင်းနားက ခေါမ ကိုလိုနီ မီလဲတော့စ်က လာတယ်။ သူဟာ တိုင်းပြည် အမြောက်အမြားဆီ ခရီးသွားခဲ့တယ်။ အီဂျစ်ရောက်တော့ သူ့အရိပ်နဲ့ သူ့အရပ် ညီတူတဲ့ အချိန် အတိအကျမှာ ပိရမစ်ရဲ့ အရိပ်ကို တိုင်းပြီး အမြင့်ကို တွက်ချက်ခဲ့တယ်လို့ ပြောကြတယ်။ ခမ ၅၈၅ တုန်းက နေကြပ်မှာကို သူအတိအကျ ကြိုဟောနိုင်ခဲ့တယ်လို့လည်း ပြောကြရဲ့။

သာလဲစ်က အရာအားလုံးရဲ့ မူလဟာ ရေ ဖြစ်တယ်လို့ ယုံကြည်တယ်။ သူ ဒါ ဘာကို ဆိုလိုတာလဲလို့ ငါတို့ အတိအကျ မသိကြဘူး။ ဘဝအားလုံး ရေမှာ စတင်ခဲ့ပြီး ပြိုကွဲချိန်မှာ ဘဝအားလုံး ရေဆီ ပြန်တယ်လို့များ သူ ယုံကြည်ခဲ့လေသလား မသိ။

သူ အီဂျစ်မှာ ခရီးလှည့်စဉ်က နိုင်းလ်မြစ်ဝကျွန်းပေါ် ဒေသမှာ ရေလျှံတာတွေ ပြန်ကျကုန်တာနဲ့ တစ်ပြိုင်နက် သီးနှံပင်တွေ စတင် ပေါက်ရောက်ကြပုံကို တွေ့ မြင်ခဲ့ပါလိမ့်မယ်။ မိုးတွေ ရွာပြီးခဲ့လေရာမှာ ဖားတွေ တီကောင်တွေ ပေါ်လာတတ်တာကိုလည်း သူ သတိပြုခဲ့ကောင်း ပြုခဲ့မိပါလိမ့်မယ်။ ရေက ရေခဲတို့ ရေခိုးတို့ ပြောင်းသွား၊ နောက် ရေပြန်ဖြစ်သွားတတ်ပုံ များကိုလည်း သာလဲစ် ဆင်ခြင်မိစရာ ရှိပါတယ်။

သာလဲစ်က “အရာအားလုံးမှာ နတ်တွေ ပြည့်နေတယ်” လို့ ပြောဆိုခဲ့ကြောင်းလည်း ယူမှတ်ကြတယ်။ ဒီမှာ သူ ဘာကို ပြောချင်တာလဲ ဆိုတာကို ငါတို့ ခန့်မှန်းရုံပဲ ခန့်မှန်းနိုင်တယ်။ မြေမည်းဟာ အပွင့်တွေ အသီးတွေကနေ ပိုးမွှားတွေ ပိုးဟပ်တွေအထိ အရာတိုင်းရဲ့ မူလရင်းမြစ် ဖြစ်ကြောင်း မြင်တွေ့နေရလေတော့ မြေဟာ မမြင်နိုင်တဲ့ သေးမွှားမွှား ‘ဘဝပိုးတွေ’ ပြည့်နေတယ်လို့ စိတ်ကူးမိတယ်နဲ့ တူပါရဲ့။ တစ်ခုတော့ သေချာတယ်။ သူပြောနေတာ ဟိုးမားရဲ့ နတ်တွေတော့ မဟုတ်ဘူး။

နောက် ငါတို့ သိရှိရတဲ့ ဒဿနဆရာက အာနာကဆိမန်ဒဲရ် ဖြစ်တယ်။ သူကလည်း သာလဲစ်နဲ့ တစ်ချိန်တည်းလောက်က မီလဲတော့စ်မှာ နေထိုင်ခဲ့သူပါပဲ။ သူက ငါတို့ ကမ္ဘာဟာဖြင့် အနန္တလို့ သူခေါ်တဲ့ဟာထဲမှာ ဖြစ်လိုက်ပျက်လိုက် ရှိနေတဲ့ ကမ္ဘာအသေင်္ချေထဲက တစ်ခုမျှသာ ဖြစ်ပေတယ်လို့ ထင်တယ်။ အနန္တလို့ သူဆိုရာမှာ ဘာကို ပြောချင်တာလဲ ရှင်းပြဖို့ မလွယ်ဘူး။ ဒါပေမယ့် သာလဲစ် မြင်ယောင်ခဲ့သလိုမျိုး လူတွေ သိထားပြီးသား ဒြပ်တစ်ခုကို သူ တွေးကြံနေတာ မဟုတ်ကြောင်း ထင်ရှားပုံရတယ်။ သူ ဆိုလိုတာက အရာအားလုံးရဲ့ မူလဖြစ်တဲ့ ဒြပ်ဟာ ဖန်ဆင်းထားပြီး အရာများ မဟုတ်တဲ့ အခြား တစ်စုံတရာ ဖြစ်ရမယ်လို့များ ဆိုချင်သလားပဲ။ ဖန်ဆင်းထားပြီး အရာအားလုံးက အကန့်အသတ်နဲ့သာ ရှိလေတော့ သူတို့အလျင်၊ သူတို့နောက် လာတဲ့အရာဟာ ‘အကန့်အသတ်မဲ့’ ဖြစ်ရပေမှာပေါ့။ ဒီ အခြေခံပစ္စည်းဟာ ရေလို သာမန်ဖြစ်တဲ့အရာ မဖြစ်နိုင်တာ ထင်ရှားတယ်။

မီလဲတော့စ်က တတိယဒဿနဆရာကတော့ အာနာကဆီမဲနဲစ် (ခမ ၅၇၀-၅၂၆ ခန့်)ပါပဲ။ သူက အရာအားလုံးရဲ့ မူလဟာ ‘ရေ’ ဒါမှမဟုတ် ‘ရေခိုး ရေငွေ့’ ဖြစ်ရမယ်လို့ ထင်တယ်။ အာနာကဆီမဲနဲစ်ဟာ သာလဲစ်ရဲ့ ရေ အယူ အဆကို ကြားဖူးနားဝ ရှိနေမှာပါပဲ။ ဒါထက် ရေ ဘယ်က လာသတုံး။ အာနာကဆီမဲနဲစ်က ရေဟာ လေအခဲပဲလို့ ယူဆတယ်။ မိုးရွာတဲ့အခါ ရေကို လေထဲက ညှစ်ချလိုက်တာကို ငါတို့မြင်ရတယ်။ ရေကို နောက်ထပ်ညှစ်ပြန်တော့ မြေ ဖြစ်လာတယ်လို့ သူ ထင်တယ်။ အရည်ပျော်နေတဲ့ ရေခဲထဲက ညှစ်ထုတ်ရာ မြေကြီးနဲ့ သဲ ထွက်လာတာကို သူ မြင်ခဲ့ဖူးပုံပဲ။ မီးဆိုတာလည်း လေကို ပါးပါးကလေး လုပ်ထားတာလို့ သူ ထင်တယ်။ ဒီတော့ အာနာကဆီမဲနဲစ် အလိုအရ လေဟာ မြေ၊ ရေ၊ မီးတို့ရဲ့ မူလဖြစ်တယ်။

ရေကနေ မြေရဲ့ အသီး သိပ်မဝေးတော့ဘူး။ အာနာကဆီမဲနဲစ်က ဘဝ ဖြစ်ပေါ်လာဖို့ မြေ၊ လေ၊ မီးအားလုံး လိုအပ်တယ်။ ဒါပေမယ့် အရာအားလုံးရဲ့ မူလဟာ လေ ဒါမှမဟုတ် ရေခိုးရေငွေ့ ဖြစ်တယ်လို့ ထင်တယ်နဲ့ တူပါရဲ့။ ဒါကြောင့် သာလဲစ်လိုပဲ သူကလည်း သဘာဝ အပြောင်းအလဲ အားလုံးရဲ့ မူလဖြစ်တဲ့ အခြေခံဒြပ်တစ်ခု ရှိရမယ်လို့ ထင်ခဲ့တယ်။

 

နတ္တိထဲက နတ္ထိပဲ လာနိုင်တယ်

 

ဒီ မီလဲတော့စ် ဒဿနဆရာ သုံးဦးစလုံးက အရာအားလုံးရဲ့ မူလဖြစ်တဲ့ အခြေခံဒြပ်တစ်ခု ရှိကြောင်း ယုံကြည်ခဲ့ကြတယ်။ ဒါပေမယ့် ဒြပ်တစ်ခုဟာ ဘယ်လိုလုပ်ပြီး ဗြုန်းဆို အခြားတစ်စုံတစ်ရာ ထဖြစ်နိုင်သလဲ။ ဒါကို ငါတို့ ပြောင်းလဲမှုပြဿနာ လို့ ခေါ်နိုင်တယ်။

ခမ ၅ဝဝ လောက်ကပဲ တောင်ပိုင်း အီတလီက ခေါမကိုလိုနီ အဲလဲအ မှာ ဒဿနဆရာတစ်စု ရှိခဲ့တယ်။ ဒီ ‘အဲလဲအဝါဒီတွေ’ က ဒီမေးခွန်းကို စိတ်ဝင်စားကြတယ်။

ဒီ ဒဿနဆရာတွေထဲက အရေးအပါဆုံးကတော့ ပါရမဲနိဒဲစ် (ခမ ၅၄ဝ-၄၈ဝ ခန့်) ဖြစ်တယ်။ ပါရမဲနိဒဲစ်က တည်ရှိနေတဲ့ အရာတိုင်းဟာ အမြဲတမ်း တည်ရှိခဲ့တယ်လို့ ထင်တယ်။ ဒီ အယူအဆဟာ ခေါမတွေအဖို့ မစိမ်းပါဘူး။ ကမ္ဘာပေါ်မှာ တည်ရှိနေတဲ့အရာတိုင်း ထာဝရတည်တံ့တယ်လို့ သူတို့ က အနည်းနဲ့အများ လက်ခံထားကြပြီးသား။ နတ္ထိထဲက နတ္ထိပဲ ထွက်လာနိုင်တယ်လို့ ပါရမဲနိဒဲစ်က ထင်တယ်။ ဖြစ်ရှိနေတဲ့ နတ္ထိဟာလည်း နတ္ထိပဲ ဖြစ်လာနိုင်တယ်တဲ့။

ဒါပေမယ့် ပါရမဲနိဒဲစ်က အယူအဆကို တစ်ဆင့်တက်လိုက်တယ်။ သူက တကယ်အပြောင်းအလဲ ဆိုတာမျိုး မရှိဘူးလို့ ထင်တယ်။ ဘယ်အရာမှ မိမိဖြစ်နေတာကလွဲလို့ အခြားအရာ ဖြစ်မလာနိုင်ဘူးတဲ့။

သဘာဝတရားဟာ အမြဲ ပြောင်းလဲနေတာကို ပါရမဲနိဒဲစ် သဘောပေါက်သားပဲပေါ့။ အရာရာ ပြောင်းလဲနေတာကို သူ့အာရုံတွေနဲ့ သူသိပါတယ်။ ဒါပေမယ့် ဒါကို သူက သူ့ရဲ့ ဆင်ခြင်တုံက ပြောပြတာနဲ့ အတူတူပဲလို့ လုပ်မပစ်နိုင်ဘူး။ မိမိရဲ့ အာရုံလား၊ ဆင်ခြင်တုံလား ရွေးပါလို့ အကျပ်ကိုင်ရင် သူက ဆင်ခြင်တုံကို ရွေးတယ်။

‘မြင်တဲ့အခါ ယုံမယ်’ ရှိတဲ့ စကားကို ကြားဖူးမှာပေါ့။ ဒါပေမယ့် ပါရမဲနိဒဲစ် ကတော့ မြင်တဲ့အခါမှာတောင် မယုံချေဘူး။ အာရုံသိတွေက ကမ္ဘာလောကရဲ့ မမှန်မကန် ရုပ်ပုံလွှာ၊ ဆင်ခြင်တုံနဲ့ အံမဝင်တဲ့ ရုပ်ပုံလွှာကို ပေးတယ်လို့ သူက ယုံကြည်တယ်။ ဒဿနဆရာ အနေနဲ့ အာရုံသိ မှောက်မှားမှုကို ဖွင့်ချရမှာ သူ့တာဝန်လို့ သူမြင်တယ်။

ဒီလို လူ့ဆင်ခြင်တုံတရားကို မယိမ်းမယိုင် ယုံကြည်တာကို ဆင်ခြင်တုံဝါဒလို့ ခေါ်တယ်။ ဆင်ခြင်တုံဝါဒီဆိုတာ လူ့ဆင်ခြင်တုံတရားဟာ ကမ္ဘာလောကကို သိရှိရေး ပင်မမူလဖြစ်တယ်လို့ ယုံသူပါပဲ။

 

အရာအားလုံး စီးဆင်းနေတယ်

 

ပါရမဲနိဒဲစ်ရဲ့ ခေတ်ပြိုင်တစ်ဦးကတော့ ဟဲရာကလိတော့စ် (ခမ ၅၄ဝ- ၄၈ဝခန့်) ဖြစ်တယ်။ သူက ထာဝစဉ်ပြောင်းလဲမှု ဝါ စီးဆင်းမှုဟာ အမှန်ကတော့ သဘာဝတရားရဲ့ အခြေခံအကျဆုံး လက္ခဏာပါပဲလို့ ထင်တယ်။ ဟဲရာကလိတော့စ်က ကိုယ် ခံစားသိမြင်နိုင်တာကို ပါရမဲနိဒဲစ်ထက် ပိုပြီး ယုံကြည်မှု ရှိတယ်လို့ ဆိုနိုင်ကောင်းတယ်။

‘အရာရာတိုင်း စီးဆင်းနေတယ်’ လို့ ဟဲရာကလိတော့စ်က ဆိုတယ်။ အရာရာတိုင်း ထာဝစဉ် စီးကြောင်းထဲ ရွေ့လျားမှုထဲ ပါနေတယ်။ ဘယ်ဟာမှ မတည်တံ့ဘူး။ ဒါကြောင့် ‘မြစ်တစ်ဆင်းထဲကိုပဲ နှစ်ကြိမ် မဆင်းနိုင်ဘူး’။ ဒုတိယအကြိမ် မြစ်ထဲကို ငါ ဆင်းလိုက်တဲ့အခါ ငါရော မြစ်ပါ အလျင်အတိုင်း မဟုတ်တော့ဘူး။

ကမ္ဘာလောကကို ဆန့်ကျင်ဘက်တွေနဲ့ လက္ခဏာ ပြုထားတယ်လို့ ဟဲရာကလိတော့စ်က ညွှန်ပြတယ်။ တစ်ခါမှ မဖျားနာခဲ့ရင် နေကောင်းတာ ဘယ်လိုဆိုတာကို သိလိမ့်မယ် မဟုတ်ဘူး။ ငတ်ပြတ်တာကို မကြုံဘူးရင် ဗိုက်ဝနေတာကို ကြည်နူးမိမယ် မဟုတ်ဘူး။ စစ်ရယ်လို့ တစ်ခါမှ မရှိဖူးရင် ငြိမ်းချမ်းရေးကို အရသာတွေ့မယ် မဟုတ်ဘူး။ ဆောင်းရယ်လို့ မရှိရင်လည်း နွေကို မြင်လိမ့်မယ် မဟုတ်ဘူး။

အကောင်းနဲ့အဆိုး နှစ်ခုစလုံးပဲ လောကဓမ္မတာမှာ မလွဲမသွေ နေရာယူကြရတယ် လို့ ဟဲရာကလိတော့စ်က ယုံတယ်။ ဒီလို ဆန့်ကျင်ဘက်တွေ အပြန်အလှန် ပြုမူနေတာ မရှိရင် ကမ္ဘာလောက တည်ရှိနိုင်မယ် မဟုတ်တော့ ဘူး။

“ဒေဝဟာ နေနဲ့ည၊ ဆောင်းနဲ့နွေ၊ စစ်နဲ့ ငြိမ်းချမ်းရေး၊ ငတ်ပြတ်ခြင်းနဲ့ ဝလင်ခြင်း ဖြစ်တယ်” လို့ သူက ဆိုတယ်။ သူက ‘ဒေဝ’ ဝေါဟာရကို သုံးရဲ့။ ဒါပေမယ့် နတ်ပုံပြင်တွေထဲက ဒေဝတွေကို ပြောနေတာ မဟုတ်ဘူးဆိုတာ ရှင်းတယ်။ ဟဲရာကလိတော့စ်အဖို့ ဒေဝ၊ ဒါမှမဟုတ် နတ်ဆိုတာ ကမ္ဘာတစ်ခုလုံးကို ခြုံငုံမိတဲ့အရာ ဖြစ်တယ်။ ဒေဝကို သဘာဝလောကရဲ့ ထာဝစဉ်ပြောင်းလဲမှုတွေ၊ ဆန့်ကျင်မှုတွေမှာ အရှင်းလင်းဆုံး တွေ့မြင်နိုင်တယ်။

‘ဒေဝ’ ဆိုတဲ့ ဝေါဟာရအစား ဟဲရာကလိတော့စ်က ဆင်ခြင်တုံတရား လို့ အဓိပ္ပါယ်ရတဲ့ ခေါမစကား ‘လောဂေါစ်’ ကို သုံးလေ့ရှိတယ်။ ငါတို့ လူတွေ တွေးပုံချင်း မတူကြ၊ ဆင်ခြင်တုံတရားအဆင့် မညီညာကြပေမယ့်လို့ သဘာဝလောကမှာ ဖြစ်ပျက်တဲ့ အရာတိုင်းကို ဦးဆောင်နေတဲ့ ‘အားလုံးဆိုင် ဆင်ခြင်တုံတရား’ ဆိုတာမျိုး ရှိရလိမ့်မယ်လို့ ဟဲရာကလိတော့စ်က ယုံတယ်။

ဒီ ‘အားလုံးဆိုင် ဆင်ခြင်တုံတရား’၊ ‘အားလုံးဆိုင် နိယာမတရား’ က ငါတို့အားလုံးအဖို့ ဘုံပစ္စည်းတစ်ခု ဖြစ်ပြီး လူတိုင်းကို လမ်းညွှန်နေတဲ့အရာ ဖြစ်တယ်။ ဒါတောင်မှပဲ လူအများစုကတော့ တစ်ဦးချင်း ဆင်ခြင်တုံတရားနဲ့ပဲ နေထိုင်ကြတယ်လို့ ဟဲရာကလိတော့စ်က တွေးတယ်။ များသောအားဖြင့်တော့ သူဟာ ဘဝတူတွေကို စက်ဆုပ်တယ်။ “လူအများစုရဲ့ အယူအဆတွေဟာ ကလေးပေါက်စ ကစားစရာတွေနဲ့ တူတယ်” လို့ သူက ဆိုတယ်။

ဒါကြောင့် သဘာဝလောကရဲ့ ထာဝစဉ် စီးဆင်းမှု၊ ဆန့်ကျင်မှုတွေ အားလုံးရဲ့အလယ်မှာ ဟဲရာကလိတော့စ်က တစ်ခုဖြစ်မှု၊ သို့မဟုတ် ဓာတ်တစ်ခုကို မြင်တွေ့ တယ်။ အရာရာတိုင်းရဲ့ မူလဘူတဖြစ်တဲ့ ဒီ ‘တစ်စုံတရာ’ ကို သူက ဒေဝ သို့မဟုတ် လောဂေါ့စ်လို့ ခေါ်တာပါပဲ။

 

အခြေခံဒြပ်လေးတစ်ခု

 

တစ်နေရာမှာတော့ ပါရမဲနိဒဲစ်နဲ့ ဟဲရာကလိတော့စ် တစ်ဦးကိုတစ်ဦး တိုက်ရိုက် ဆန့်ကျင်နေတယ်။ ပါရမဲနိဒဲစ်ရဲ့ ဆင်ခြင်တုံက ဘာမှ မပြောင်းလဲနိုင်ကြောင်း ရှင်းရှင်းလင်းလင်း ပြဆိုနေတယ်။ ဟဲရာကလိတော့စ်ရဲ့ အာရုံသိတွေကလည်း သဘာဝလောကဟာ အမြဲပြောင်းလဲနေကြောင်း အလားတူ ရှင်းရှင်းလင်းလင်း ပြဆိုနေတယ်။ သူတို့ထဲက ဘယ်သူ မှန်ပါလိမ့်။ ဆင်ခြင်တုံတရားက ဦးဆောင်သင့်သလား။ မိမိတို့ရဲ့ အာရုံခံစားမှုတွေကို အားထားသင့်သလား။

ပါရမဲနိဒဲစ်နှင့် ဟဲရာကလိတော့စ် နှစ်ဦးစလုံးက နှစ်ချက်ပြောတယ်။

ပါရမဲနိဒဲစ် ပြောတာက …

(က) ဘာမှ မပြောင်းလဲနိုင်ဘူး။

(ခ) ဒီတော့ အာရုံသိတွေကို အားမထားနိုင်ဘူးတဲ့။

သူနဲ့ မတူ၊ ဟဲရာကလိတော့စ် ပြောတာက …

(က) အရာရာတိုင်း ပြောင်းလဲတယ်၊ (အရာအားလုံး စီးဆင်း နေတယ်)

(ခ) ငါတို့ရဲ့ အာရုံသိတွေကို အားထားနိုင်တယ်တဲ့။

 

***

 

ဒဿနဆရာတွေ ဒီထက်ပိုပြီး သဘောကွဲစရာ မရှိတော့ပါဘူး။ နို့ ဘယ်သူက မှန်သတဲ့တုန်း။ သူတို့ ရောက်သွားရတဲ့ အမယ်ဘုတ်ရဲ့ ချည်ခင်ရှုပ်ထဲက ရှင်းထုတ်ရမယ့် တာဝန်က ဆစ္စလီကျွန်းက အဲမပဲဒေါကလဲစ် (ခမ ၄၉၀- ၄၃၀ ခန့်) တာဝန်ကျသွားတယ်။

သူက သူတို့ဟာ နှစ်ယောက်စလုံးပဲ အဆိုတစ်ခုမှာ မှန်ပြီး တစ်ခုမှာ မှားတယ်လို့ ထင်တယ်။

သူတို့ရဲ့ အခြေခံကွဲလွဲချက် အကြောင်းရင်းကတော့ ဒဿနဆရာ နှစ်ဦးစလုံးဟာ ဒြပ်တစ်ခုတည်းပဲ ရှိတယ်လို့ ယူမှတ်ထားတာ ဖြစ်ကြောင်း အဲမပဲဒေါကလဲစ် တွေ့ ရတယ်။ ဒီတိုင်းသာ ဒြပ်တစ်ခုတည်း ရှိခဲ့ရင် ဆင်ခြင်တုံ တရားက ဦးဆောင်တာနဲ့ ‘မျက်လုံးနဲ့ မြင်နိုင်တာ’ ကွာဟချက်ကို ပေါင်းကူး တံတားခင်းလို့ မရနိုင်တော့ဘဲ ရှိလိမ့်မယ်။

ရေက ငါး၊ ဒါမှမဟုတ် လိပ်ပြာ ဖြစ်မသွားနိုင်တာ ထင်ရှားတယ်။ တကယ်ကတော့ ရေဟာ မပြောင်းလဲနိုင်ဘူး။ ရေသန့်ဟာ ရေသန့်ပဲ ဆက်လက် ဖြစ်နေမယ်။ ဒါကြောင့် ‘ဘာမှ မပြောင်းလဲဘူး’ ယူမှတ်ရာမှာ ပါရမဲနိဒဲစ် မှန်တယ်။

ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အာရုံသိ သာဓကတွေကို ယုံကြည်ရမယ်လို့ အဲမပဲဒေါကလဲစ်က ဟဲရာကလိတော့စ်နဲ့ တစ်သဘောတည်း ဖြစ်နေပြန်တယ်။ ငါတို့ဟာ မြင်တာကို ယုံရမယ်။ ငါတို့ မြင်တာကလည်း သဘာဝလောက ပြောင်းလဲနေတာပဲ ဖြစ်တော့တယ်။

ပယ်ရမှာကတော့ အခြေခံဒြပ် တစ်ခုတည်း ဆိုတဲ့ အယူအဆပဲ ဖြစ်တယ်လို့ အဲမပဲဒေါကလဲစ်က ကောက်ချက် ချလိုက်တယ်။ ရေပဲဖြစ်ဖြစ်၊ လေပဲဖြစ်ဖြစ် တစ်ခုတည်းကတော့ နှင်းဆီပင်လည်း မဖြစ်၊ လိပ်ပြာလည်း မဖြစ်လာနိုင်ဘူး။ သဘာဝလောကမှာ ဒြပ်(ဓာတ်) လေးပါး၊ ဒါမှမဟုတ် သူခေါ်သလို ခေါ်ရရင် ‘မူလ’ လေးပါး ပါဝင်တယ်လို့ အဲမပဲဒေါကလဲစ်က ယုံတယ်။ ဒီ မူလလေးပါးကတော့ မြေ၊ လေ၊ မီး၊ ရေတို့ ပါပဲ။ (ပါဠိလို ပထဝီ၊ ဝါယော၊ တေဇော၊ အာပေါ။ ။ မြန်မာပြန်သူ။)

သဘာဝလောက ဖြစ်စဉ်အားလုံးဟာ ဒီဓာတ်လေးပါး စုစည်းမှု၊ ပြိုကွဲမှုတွေကြောင့် ဖြစ်ရတာပါပဲ။ အကြောင်းကတော့ အရာအားလုံးဟာ မြေ၊ လေ၊ မီး၊ ရေ ရောနှောထားတာချည်း၊ အချိုးအဆသာ ကွဲပြားသွားကြတယ်။ ပန်းတစ်ပွင့်၊ တိရစ္ဆာန်တစ်ကောင် သေရင် ဓာတ်လေးပါး ပြိုကွဲသွားပြန်တာပဲ လို့ သူက ဆိုတယ်။ ဒီ အပြောင်းအလဲတွေကို သာမန်မျက်စိနဲ့ပဲ ရှုမြင်နိုင်ပါတယ်။ ဒါပေမယ့် မြေနဲ့ လေ၊ မီးနဲ့ ရေတို့ကတော့ ထာဝရတည်တံ့ကြတယ်။ သူတို့ အစိတ်အပိုင်းအဖြစ် ပါဝင်ရာဒြပ်ပေါင်း(သင်္ခါရ) တွေကြောင့် ‘မထိခိုက်’ဘူး။ ဒါကြောင့် ‘အရာတိုင်း’ ပြောင်းလဲတယ်လို့ ပြောတာ မမှန်ကန်ဘူး။ အခြေခံအရတော့ ဘာမှ မပြောင်းလဲဘူး။ ဖြစ်ပျက်နေတာက ဓာတ်တွေပေါင်းလိုက်၊ ကွဲလိုက်၊ တော်ကြာ ပြန်ပေါင်းဦးတော့မှာ။

ပန်းချီဆွဲတာနဲ့ နှိုင်းယှဉ် ကြည့်နိုင်တယ်။ ပန်းချီဆရာမှာ တစ်ရောင်တည်း (ဥပမာ-အနီ) ရှိနေရင် သစ်ပင်စိမ်းတွေပုံ မဆွဲနိုင်ပေဘူး။ ဒါပေမယ့် သူ့မှာ အဝါ၊ အနီ၊ အပြာ၊ အနက် ရှိရင်ဖြင့် အရောင်မျိုး ရာချီပြီး ဆွဲနိုင်ပေလိမ့်မယ်။ အချိုးအဆ အမျိုးမျိုးနဲ့ ရောစပ်နိုင်တာကိုး။

မီးဖိုချောင်က နမူနာယူပြလည်း ရတာပါပဲ။ ငါ့မှာ ဂျုံမှုန့်ပဲရှိတယ် ဆိုရင်ဖြင့် ဝိဇ္ဇာဇော်ဂျီမှပဲ ကိတ်မုန့်ဖုတ်နိုင်လိမ့်မယ်။ ဒါပေမယ့် ကြက်ဥ၊ ဂျုံမှုန့်၊ နွားနို့၊ သကြားရှိရင်တော့ ကိတ်မုန့်မျိုးစုံ ကြိုက်သလောက် ဖုတ်နိုင်မှာပ။ အဲမပဲဒေါကလဲစ်က မြေ၊ လေ၊ မီး၊ ရေတို့ကို သဘာဝလောကရဲ့ ‘မူလ’များအဖြစ် ရွေးလိုက်တာ မတော်တဆ သက်သက်မျှ မဟုတ်ဘူး။ သူ့အလျင် အခြား ဒဿနဆရာတွေကလည်း အစအဦးဆုံး ဒြပ်ဟာ ရေ၊ လေ၊ မီး တစ်ခုခု ဖြစ်ရမယ်လို့ ကြိုးစားပြသခဲ့ ကြပါပြီ။ သာလဲစ်နဲ့ အာနာကဆီမဲနဲစ် တို့က ရေနဲ့ လေ နှစ်ခုစလုံးဟာ ရုပ်လောကမှာ အရေးကြီးဒြပ်များ ဖြစ်တယ်လို့ ထောက်ပြခဲ့ကြတယ်။ ခေါမတွေက မီးလည်း အရေးကြီးတယ်လို့ ယုံကြည်ကြတယ်။ ဥပမာ- သက်ရှိအရာ အားလုံးအဖို့ နေရဲ့ အရေးကြီးပုံကို သူတို့ ရှုမြင်ကြတယ်။ နောက်ပြီး တိရစ္ဆာန်ရော လူမှာပါ ကိုယ်ခန္ဓာအပူဓာတ် ရှိတာကို သူတို့ သိကြတယ်။

အဲမပဲဒေါကလဲစ်ဟာ သစ်သားတစ်စ မီးလောင်နေတာကို ကြည့်ခဲ့ဖူးပါလိမ့်မယ်။ တစ်စုံတစ်ခု ပြိုကွဲသွားတယ်။ တကျွတ်ကျွတ် တဖျပ်ဖျပ် မြည်သံ ကြားရတယ်။ အဲဒါ ‘ရေ’ပေါ့။ တစ်စုံတစ်ခု မီးခိုးအဖြစ် တက်ပျံသွားတယ်။ အဲဒါ ‘လေ’ ပါပဲ။ ‘မီး’ကိုတော့ မြင်နေရတယ်။ မီးငြိမ်းသွားတဲ့အခါ တစ်စုံတစ်ရာ ကျန်ရစ်ခဲ့တယ်။ အဲဒါက ပြာ၊ ဒါမှမဟုတ် ‘မြေ’ပဲပေါ့။

သဘာဝလောကရဲ့ ပြောင်းလဲမှုတွေကို ‘မူလ’လေးပါးတို့ စုစည်းတာနဲ့ ကွဲပျက်တာတွေပဲလို့ အဲမပဲဒေါကလဲစ်က ရှင်းပြပြီးတဲ့နောက်မှာ ရှင်းစရာ နောက်တစ်ခု ကျန်နေသေးတယ်။ ဘဝသစ် ဖြစ်ပေါ်နိုင်ရေး ဒီဓာတ်တွေကို ပူးပေါင်းကြဖို့ ဘာက ဖန်တီးသလဲ။ နောက်ပြီး ဥပမာသဘော ပန်းတစ်ပွင့် ‘ဓာတ်ရော’ကို ကွဲပျက်ပြန်ဖို့ ဘာက လုပ်နေတာလဲ။

အဲမပဲဒေါကလဲစ်က သဘာဝလောကမှာ ပြုပြင်နေတဲ့ အင်အားနှစ်ရပ် ရှိနေတယ်လို့ ယုံကြည်တယ်။ သူက သူတို့ကို မေတ္တာနဲ့ ရန်လို့ ခေါ်ထားတယ်။ မေတ္တာက အရာတွေကို စုစည်းပေးပြီး ရန်က ခွဲပစ်တယ်။

သူက ‘အရာဝတ္ထု’ နဲ့ ‘အင်အား’ ခွဲခြားတယ်။ ဒါ မှတ်သားထိုက်တယ်။ ကနေ့မှာတောင် သိပ္ပံပညာရှင်တွေက ဒြပ်စင်များနဲ့ သဘာဝအင်အားများ ခွဲခြားကြပါတယ်။ သဘာဝဖြစ်စဉ် အားလုံးကို ဒြပ်စင်အမျိုးမျိုးနဲ့ သဘာဝအင်အား မျိုးစုံတို့ အပြန်အလှန် ပြုမူချက်လို့ ရှင်းပြနိုင်ကြောင်း ခေတ်သစ် သိပ္ပံပညာက ယူမှတ်တယ်။

ငါတို့ တစ်စုံတရာကို အာရုံသိတဲ့အခါ ဘာဖြစ်သလဲ ဆိုတဲ့ ပြဿနာကိုလည်း အဲမပဲဒေါကလဲစ်က တင်ခဲ့သေးတယ်။ ဥပမာ- ပန်းတစ်ပွင့်ကို ငါ ဘယ်လိုလုပ် ‘မြင်’တာလဲ။ ဖြစ်ပျက်သွားတာ ဘာလဲ။ ဒါကို မင်း စဉ်းစားဖူးရဲ့လား ဆိုဖီ။

အဲမပဲဒေါကလဲစ်ကတော့ သဘာဝလောကထဲက အရာတိုင်းလိုပဲ မျက်စိမှာလည်း မြေ၊ လေ၊ မီး၊ ရေ ပါဝင်တယ်လို့ ယုံကြည်တယ်။ ဒီတော့ ငါ့မျက်စိထဲက ‘မြေ’က ငါ့ပတ်ဝန်းကျင်က မြေနဲ့ဖွဲ့ထားတာကို အာရုံသိ သိတယ်။ ‘လေ’က လေနဲ့ဖွဲ့တာကို မြင်သိတယ်။ မီးက မီးနဲ့ဖွဲ့တာကို၊ ‘ရေ’က ရေနဲ့ဖွဲ့တာကို ခံစားသိမြင်တယ်။ ငါ့မျက်စိအစုံမှာ ဓာတ်လေးပါး တစ်ပါးပါး ကင်းမဲ့ခဲ့ရင် သဘာဝလောက အားလုံးကို ငါ မြင်ခဲ့လိမ့်မယ် မဟုတ်ဘူး။

 

အရာရာတိုင်းမှာ အရာရာတိုင်းရဲ့ တစ်စုံတစ်ရာ

 

အာနာကဆာဂေါရာစ် (ခမ ၅ဝဝ-၄၂၈)ဟာလည်း အခြေခံအရာဝတ္ထု တစ်ခုခု (ဥပမာ- ရေ)ကနေ သဘာဝလောကမှာ မြင်ရတဲ့ အရာရာတိုင်းအဖြစ် ပြောင်းလဲနိုင်မယ်လို့ သဘောမတူနိုင်တဲ့ နောက်ထပ် ဒဿနဆရာ ဖြစ်တယ်။ မြေ၊ လေ၊ မီး၊ ရေတို့က သွေးတို့၊ အရိုးတို့ ပြောင်းလဲနိုင်တယ် ဆိုတာကိုလည်း သူ လက်မခံနိုင်ဘူး။

အာနာကဆာဂေါရာစ်က သဘာဝလောကကို မျက်စိနဲ့ မမြင်နိုင်တဲ့ သေးသေးမွှားမွှား အမှုန်လေးတွေ အသေင်္ချေ အနန္တနဲ့ ဆောက်လုပ်ထားတယ် လို့ ခံယူတယ်။ နောက်ပြီး အရာတိုင်းကို ပိုလို့တောင် သေးငယ်တဲ့ အပိုင်းလေးတွေ ဖြစ်အောင် ခွဲနိုင်တယ်။ ဒါပေမယ့် အပိုင်းအစ အသေးမွှားဆုံးထဲမှာတောင် အခြားအရာအားလုံးရဲ့ အပိုင်းတွေ ပါနေတယ်။ အရေနဲ့ အရိုးဟာ အခြား တစ်စုံတစ်ရာရဲ့ ပြောင်းလဲချက် မဟုတ်ရင် ငါတို့သောက်တဲ့ နွားနို့နဲ့ စားတဲ့ အစာထဲမှာလည်း အရိုးနဲ့အရေ ပါရမယ်လို့ သူက ထင်တယ်။

ကနေ့ခေတ် နမူနာနှစ်ခုလောက်က အာနာကဆာဂေါရာစ်ရဲ့ တွေးပုံ တွေးနည်းကို ရှင်းပြနိုင်တန်ရာတယ်။ ခေတ်ပေါ်လေဇာ နည်းပညာက ဟောလဂရမ် ဆိုတာကို ထုတ်လုပ်နိုင်တယ်။ ဒီ ဟောလဂရမ်တစ်ခုက ဥပမာ သဘော၊ ကားကို သရုပ်ဖော်တယ်၊ ဟောလဂရမ်ကို အစိတ်စိတ် ခွဲလိုက်တယ်ဆိုရင် တမ်ပါကိုပြတဲ့ ဟောလဂရမ် အပိုင်းကလေးမျှသာ ရှိဦးတော့ ကားတစ်စင်းလုံးရဲ့ ရုပ်ပုံကို မြင်ကြရမယ်။ ဒီလို ဖြစ်ရတာကတော့ အစိတ်အပိုင်း သေးသေးတိုင်းမှာ တစ်ခုလုံး ပါရှိနေလို့ပါပဲ။

တစ်နည်းအားဖြင့် ငါတို့ခန္ဓာကိုယ်တွေကို အဲဒီအတိုင်း ဖွဲ့စည်းထားတာပါပဲ။ ငါ့လက်ချောင်းက အရေပြားဆဲလ် တစ်ခုကို လျော့ရဲစေလိုက်ရင် ညုကလိယာစ်ဟာ ငါ့အရေပြားရဲ့ လက္ခဏာရပ်တွေမျှသာ ပါဝင်မှာမဟုတ်။ ငါ့မှာ ဘယ်လိုမျက်လုံးမျိုး ရှိတယ်။ ငါ့ဆံပင်ရဲ့ အရောင်။ ငါ့လက်ချောင်း အရေအတွက်နဲ့ အမျိုးအစား စတာတွေကို အဲဒီဆဲလ်က ထုတ်ဖော်ပေးလိမ့်မယ်။ လူ့ကိုယ်ရဲ့ ဆဲလ်တိုင်းဟာ အခြားဆဲလ်တွေ အားလုံး တည်ဆောက်ထားပုံ စနစ်ပုံစံတွေ သယ်ဆောင်ထားတယ်။ ဒါကြောင့် ဆဲလ် တစ်ခုတစ်ခုတိုင်းမှာ ‘အရာရာတိုင်းရဲ့ တစ်စုံတစ်ရာ’ ပါရှိနေတယ်။ တစ်ခုလုံးဟာ အပိုင်းသေးသေး တစ်ပိုင်းဆီမှာ တည်ရှိနေတယ်။

အာနာကဆာဂေါရာစ်က အရာရာတိုင်းရဲ့ တစ်စုံတစ်ရာ ပါရှိတဲ့ ဒီ သေးသေးမွှားမွှား အမှုန်လေးတွေကို မျိုးစေ့များလို့ ခေါ်ခဲ့တယ်။

ကိုယ်တစ်ခုလုံးတွေမှာ ဓာတ်တွေကို ပူးပေါင်းပေးတာ ‘မေတ္တာ’ ဖြစ်တယ်လို့ အဲမပဲဒေါကလဲစ် ထင်ခဲ့တာ သတိရပါလေ။ အာနာကဆာဝေါရစ်က ‘အတန်းအစား’ ကိုလည်း တိရစ္ဆာန်တွေ၊ လူတွေ၊ ပန်းတွေ၊ သစ်ပင်တွေ ဖန်ဆင်းနေတဲ့ အားတစ်မျိုးလို့ စိတ်ကူးခဲ့တယ်။ ဒီအားကို သူက စိတ် ဒါမှမဟုတ် အသိဉာဏ်(နူးစ်)လို့ ခေါ်ထားတယ်။

အာနာကဆာဂေါရာစ် စိတ်ဝင်စားစရာ ဖြစ်ရတဲ့ တစ်ကြောင်းကတော့ သူဟာ အာသဲနာစ်မှာ ကြားရတဲ့ ပထမဆုံး ဒဿနဆရာ ဖြစ်လို့ပါပဲ။ သူဟာ အာရှမိုင်းနားက ဖြစ်တယ်။ ဒါပေမယ့် လေးဆယ်အရွယ်မှာ အာသဲနာစ်ကို ပြောင်းခဲ့တယ်။ နောင်တော့ သူဟာ အဒေဝဝါဒ (နတ်မရှိအယူ) နဲ့ စွပ်စွဲခံရပြီး နောက်ဆုံးမှာ မြို့တော်က အတင်းအဓမ္မ ထွက်ခွာခိုင်းတာ ခံရတယ်။ အခြားအရာတွေနည်းတူ၊ သူ ပြောခဲ့တာက နေဟာ နတ်မဟုတ်ဘူး။ ပဲလောပေါနဲရှန် ကျွန်းဆွယ် တစ်ခုလုံးထက် ကြီးတဲ့ ပူလွန်းလို့ နီရဲနေတဲ့ ကျောက်တုံးကြီး တစ်တုံးမျှတဲ့။

အာနာကဆာဂေါရာစ်ဟာ များသောအားဖြင့် နက္ခတ္တဗေဒကို စိတ်ဝင်စားတယ်။ သူက ကောင်းကင် ကြယ်နက္ခတ် အားလုံးဟာ ကမ္ဘာမြေကြီးလိုမျိုး အရာဝတ္ထုနဲ့ လုပ်ထားတာ ဖြစ်တယ်လို့ ယုံကြည်တယ်။ သူ ဒီကောက်ချက် ဆွဲခဲ့တာကတော့ ဥက္ကာခဲတစ်ခုကို လေ့လာပြီးနောက်မှာပါပဲ။ ဒီတော့ တစ်ခါ အခြားဂြိုဟ်တွေပေါ်မှာ လူနေတာ ရှိနိုင်တယ်လို့ စိတ်ကူးရပြန်ရော။ လမှာ သူပိုင်အလင်းမရှိဘူးလို့လည်း သူက ထောက်ပြခဲ့သေးတယ်။ သူ့အလင်းဟာ ကမ္ဘာမြေဆီက လာတာလို့ သူက ဆိုတယ်။ နေကြပ်တဲ့အကြောင်း ရှင်းလင်းချက်ကိုလည်း သူက ကြံဆခဲ့သေးရဲ့။

P.S ဂရုတစိုက်ရှိလို့ ကျေးဇူးတင်ပါတယ် ဆိုဖီ။ ဒီအခန်းကို မင်း နှစ်ခေါက် သုံးခေါက် ဖတ်လိုက်မှ နားလည်လိမ့်မယ်လို့ မထင် မရှိပါဘူး။ ဒါပေမယ့် နားလည်ရေးဆိုတာ ကြိုးစားမှုတော့ အမြဲလိုအပ်တယ်။ သူငယ်ချင်းမ တစ်ယောက် ဘာမှ ကြိုးစားရတာ မရှိဘဲ တစ်ခုခု တော်နေရင် မင်း ချီးကျူးမိမှာ မဟုတ်ပေဘူး။

အခြေခံဒြပ်နဲ့ သဘာဝလောကမှာ အပြောင်းအလဲတွေ အကြောင်း ပြဿနာရဲ့အဖြေ အကောင်းဆုံးကတော့ ဒဲမောကရိတော့စ်ကို မင်းတွေ့ရမယ့် နက်ဖြန်ထိ စောင့်ရလိမ့်မယ်။ ငါ နောက်ထပ် မပြောတော့ဘူး။

 

***

 

ဆိုဖီ သားရဲတွင်းထဲ ထိုင်ကာ ချုံထူပိန်းပိန်းထဲက အပေါက်ကလေးကနေ ဥယျာဉ်ထဲ ကြည့်လိုက်တယ်။ ဖတ်ထားခဲ့သမျှနဲ့ သူ့အတွေးတွေကို ကြိုးစားရွေးထုတ် ရလိမ့်မယ်။

ရေရိုးရိုးဟာ ရေခဲတို့ ရေခိုးရေငွေ့တို့က လွဲလို့ ဘာအရာဝတ္ထုအဖြစ်မှ ပြောင်းလဲမှာ မဟုတ်ဆိုတာ နေ့အလင်းလို ရှင်းနေတယ်။ ရေဟာ ဖရဲသီး ဘဝတောင် မပြောင်းနိုင်ပါဘူး။ ဖရဲသီးမှာ ရေသက်သက်ထက်မက ပါသေးတာကိုး။ ဒါပေမယ့် ဒါကလည်း သူ သင်ဖူးလို့ အသေအချာ ပြောနိုင်တာ။ မသင်ဖူးခဲ့တာဆိုရင် ဥပမာသဘော ရေခဲမှာ ရေပဲပါတယ် ဆိုတာ သူ လုံးဝ သေသေချာချာ ပြောနိုင်ပါ့မလား။ အနည်းဆုံး ရေအေးလွန်းလို့ ရေခဲဖြစ်ကာ တစ်ခါပြန် အရည်ပျော်ရပုံကို သေချာဂန သင်ယူလေ့လာခဲ့ဖို့ လိုပေလိမ့်မယ်။

ဆိုဖီဟာ မိမိရဲ့ကိုယ်ပိုင် သာမန်ဉာဏ်ကို သုံးဖို့ သူများတွေဆီက ကျက်မှတ်ထားတာတွေကို မတွေးဖို့ ကြိုးစားလိုက်ပြန်တယ်။

ပါရမဲနိဒဲစ်ဟာ ဘယ်လိုသဏ္ဌာန်မျိုးပဲ ဖြစ်ဖြစ် အပြောင်းအလဲဆိုတဲ့ စိတ်ကူးကို လက်မခံခဲ့ဘူး။ ဒီအကြောင်း တွေးကြည့်လေလေ၊ တစ်နည်းတော့ သူ မှန်တယ်လို့ ယုံကြည်မိလေလေပါပဲ။ ‘တစ်စုံတစ်ရာ’ဟာ ဗြုန်းဆို ထတဲ့ပြီး ‘လုံးဝကွဲပြားတဲ့ တစ်စုံတစ်ရာ’ အဖြစ် ပြောင်းသွားနိုင်တယ်လို့ သူ့အသိဉာဏ်က လက်မခံနိုင်ဘူး။ ထွက်လာတဲ့ပြီး ဒါကို ထုတ်ပြောဖို့ရာ တော်တော့်ကို သတ္တိလိုပေမှာပဲ။ လူတွေကိုယ်တိုင် မြင်နေကြရတဲ့ သဘာဝလောက အပြောင်းအလဲတွေကို ငြင်းပယ်ရာ ရောက်နေတာကိုး။ လူအများအပြား သူ့ကို ရယ်မောခဲ့ကြမှာပဲ။

နောက်ပြီး အဲမပဲဒေါကလဲစ်က ကမ္ဘာဟာ အရာဝတ္ထု တစ်ခုတည်းထက် ပိုပြီး ပါဝင်ရလိမ့်မယ်လို့ သက်သေပြခဲ့တာဟာလည်း တော်တော်ကို တော်လို့ ဖြစ်ပေလိမ့်မယ်။ ဒီတော့မှ ဘာကမှ တကယ့်တကယ် မပြောင်းလဲဘဲ သဘာဝရဲ့ အပြောင်းအလဲတွေ ဖြစ်နိုင်သွားတော့တာကလား။

ရှေးခေါမ ဒဿနဆရာကြီးဟာ ဒါကို ဆင်ခြင်ရုံသက်သက်နဲ့ ရှာတွေ့ခဲ့တာ။ ဟုတ်ကဲ့၊ သူ သဘာဝလောကကို လေ့လာခဲ့တာပေါ့။ ဒါပေမယ့် ကနေ့ခေတ် သိပ္ပံပညာရှင်တွေလို ဓာတုဗေဒနည်း ခွဲခြမ်းစိတ်ဖြာသမှု လုပ်ဖို့ ကိရိယာတန်ဆာ မရှိရှာပါဘူး။

အရာရာတိုင်းရဲ့ မူလဟာ မြေ၊ လေ၊ မီး၊ ရေတို့ပဲ တကယ်ဖြစ်တယ် ဆိုတာကို သူ အမှန်ယုံရဲ့လား။ ဆိုဖီ အသေအချာ မပြောနိုင်ဘူး။ ဒါပေမယ့် ဒါ ဘာအရေးကြီးလို့လဲ။ မူအရတော့ အဲမပဲဒေါကလဲစ် မှန်တယ်။ ကိုယ့်မျက်စိနဲ့ မြင်နေရတဲ့ အပြောင်းအလဲတွေကို (ဆင်ခြင်တုံတရား လက်မလွှတ်ဘဲ) လက်ခံနိုင်တဲ့ တစ်ခုတည်းနည်းကတော့ အခြေခံအရာဝတ္ထု တစ်ခုတည်းမက ရှိနေတာကို ဝန်ခံဖို့ပဲ ဖြစ်တယ်။

ဆိုဖီကတော့ ဒဿနဗေဒကို နှစ်ကြောင်းကြောင့် စိတ်တက်ကြွမိတယ်။ မိမိကိုယ်ပိုင် သာမန်ဉာဏ်ကို သုံးပြီး အတွေးအခေါ်တွေ အားလုံးကို သူ လိုက်နိုင်နေလို့၊ ကျောင်းမှာ သင်ခဲ့ရတဲ့ အရာတိုင်းကို မှတ်မိနေစရာ မလိုလို့ပါပဲ။ ဒဿနဗေဒဟာ လေ့လာနိုင်တဲ့ အရာတစ်ခုမျှ မဟုတ်သေးဘူး။ ဒဿနနည်းကျ တွေးတောတတ်ဖို့လည်း လေ့လာနိုင်ပေသေးတယ်။

 

ဒဲမောကရိတော့စ်

 

… ကမ္ဘာပေါ်မှာ ပညာသားအပါဆုံး ကစားစရာ …

 

ဆိုဖီဟာ ဘုမသိဘမသိ ဒဿနဆရာဆီက လက်နှိပ်စက်ရိုက် စာမျက်နှာ အားလုံးကို ကွတ်ကီး သံဖြူပုံးထဲ ပြန်ထည့်လိုက်ပြီး အဖုံးပိတ်လိုက်တယ်။ သားရဲတွင်းထဲက တွားထွက်ခဲ့ကာ ခဏရပ်ပြီး ဥယျာဉ်ထဲ ဟိုဒီ ကြည့်လိုက် တယ်။ မနေ့က ဖြစ်ခဲ့တာတွေ တွေးမိတယ်။ သူ့အမေက သူ့ကို ဒီမနက် မနက်စာ စားတုန်းကလည်း ‘ရည်းစားစာ’ အကြောင်း နောက်ပြန်ပြီ။ ကနေ့ အဲသလိုမျိုး မဖြစ်ရလေအောင် စာပုံးဆီ အမြန်လှမ်းခဲ့တယ်။ ရည်းစားစာကို နှစ်ရက်ဆက်တိုက် ရတယ်ဆိုရင် နှစ်ဆ အနေရအထိုင်ရ ကျပ်မှာ။

နောက်ထပ် စာအိတ်ဖြူကလေး ရောက်နေလေရဲ့။ စာပို့ရာမှာ စနစ်ကလေးတစ်ခု ရှိနေပုံကို ဆိုဖီ သဘောပေါက်ရတယ်။ ညနေတိုင်း စာအိတ်အညိုကြီး တွေ့ရမယ်။ စာအိတ်ထဲကပါတာ သူဖတ်နေတုန်း ဒဿနဆရာက စာပုံးဆီ အသာလစ်လာကာ နောက်ထပ် စာအိတ်ဖြူကလေး ထည့်ထားမယ်။ ဒီတော့ကာ ဒီငနဲ ဘယ်သူလဲ ဆိုတာကို ဆိုဖီ ထောက်လှမ်းနိုင်တော့မယ်။ ငနဲဆိုရင် ပေါ့လေ။ သူ့အခန်းကနေ စာပုံးကို ကောင်းကောင်းကြီး မြင်ရတယ်။ ပြတင်းပေါက်မှာ ရပ်နေရင် ဘုမသိဘမသိ ဒဿနဆရာကြီးကို မြင်ရမှာပဲ။ စာအိတ်ဖြူတွေဟာ မိုးပေါ်က ကျလာတာတော့ မဖြစ်နိုင်ပါဘူး။

နောက်နေ့မှာ သေသေချာချာ စောင့်ကြည့်ဖို့ ဆိုဖီ ဆုံးဖြတ်လိုက်တယ်။ နက်ဖြန် သောကြာနေ့ဆိုတော့ ရှေ့မှာ စနေ၊ တနင်္ဂနွေ နှစ်ရက်လုံးတောင် အချိန်ရနေတာ။

သူ့အခန်းဆီ တက်လာခဲ့ပြီး စာအိတ်ကို ဖွင့်လိုက်တယ်။ ဒီနေ့တော့ မေးခွန်းက တစ်ပုဒ်တည်း။ ဒါပေမယ့် အလျင်သုံးပုဒ်ထက်တောင် ပေါတောတောနိုင်သေး။

ဘာကြောင့် လီဂိုဟာ ကမ္ဘာပေါ်မှာ ပညာသားအပါဆုံး ကစားစရာ ဖြစ်ရသလဲ။

 

***

 

စတင် ပြောရရင် ဒီအချက်ကို သဘောတူတယ်လို့ ဆိုဖီ လုံးဝ သေချာပေါက် မပြောနိုင်ဘူး။ ပလာ့စတစ် အတုံးကလေးတွေနဲ့ သူ မကစားတာ နှစ်အတော်ကြာပြီ။ နောက်ပြီး လီဂိုနဲ့ ဒဿနပညာ ဘယ်လိုများ ပတ်သက်နေလို့လဲ ဆိုတာ သူဖြင့် ဘယ်လိုတွေးလို့မှ တွေးမရပေါင်။

ဒါပေမယ့် သူက တာဝန်ကျေတဲ့ ကျောင်းသား။ သူ့ တိုလီမိုလီ ဘီရိုရဲ့ အပေါ်ဆုံးအဆင့်ကို လှန်လှောရှာလိုက်တော့ သဏ္ဌာန်စုံ၊ အရွယ်စုံ၊ လီဂိုအတုံးလေးတွေ ထည့်ထားတဲ့ အိတ်ကို တွေ့ရတယ်။

နှစ်တွေ အကြာကြီးကြာမှ ပထမဆုံးအကြိမ် သူ အတုံးကလေးတွေနဲ့ စတင် ဆောက်လုပ်မိပြန်တယ်။ လုပ်ရင်းကိုင်ရင်း အတုံးကလေးတွေနဲ့ ပတ်သက်လို့ အတွေးအချို့ သူ့ခေါင်းထဲ ဝင်လာတယ်။

သူတို့ဟာ ဆင်ရတာ လွယ်တယ်လို့ သူ ထင်တယ်။ အားလုံး တစ်ခုနဲ့ တစ်ခု မတူကြပေမယ့်လို့ တပ်လို့ရတာချည်း။ ခွဲလို့လည်း မရဘူး။ ကွဲသွားတဲ့ လီဂိုအတုံးရယ်လို့ မြင်ဖူးတာ သတိမရဘူး။ နှစ်ပေါင်းများစွာက ဝယ်တုန်းက အတိုင်းပဲ။ သူ့အတုံးအားလုံး ဝင်းပသစ်လွင်နေတယ်။ သူတို့ရဲ့ အကောင်းဆုံး အကွက်ကတော့ လီဂိုနဲ့ ဘာပစ္စည်းမျိုးမဆို ဆောက်လို့ရတာပါပဲ။ အဲဒီနောက် အတုံးလေးတွေ တစ်တုံးစီ ဖြုတ်ယူပြီး အသစ်တစ်စုံတစ်ရာ ဆောက်နိုင်တယ်။

ကစားစရာတစ်ခုက ဒီထက် ဘာများပိုပြီး လုပ်ပေးနိုင်ဦးမှာလဲ။ လီဂိုကို ကမ္ဘာပေါ်မှာ ပညာသားအပါဆုံး ကစားစရာလို့ တကယ်ကို ခေါ်နိုင်ပါတယ်လို့ ဆိုဖီ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ဒဿနပညာနဲ့ ဘယ်လို ပတ်သက်သလဲ ဆိုတာကိုတော့ သူ ဉာဏ်မမီချေဘူး။

သူ အရုပ်အိမ်ကြီးတစ်အိမ် ဆောက်လို့ပြီးလုနီးပေါ့။ သူ ဝန်မခံချင်ပေမယ့် သူ ဒီလောက် မပျော်ရတာ ကမ္ဘေကမ္ဘာကြာပြီ။

လူများဟာ အသက်ကြီးလာရင် ကစားတာကို ဘာကြောင့် စွန့်လွှတ်ပစ်ကြတာတုန်း။

သူ့အမေ အိမ်ပြန်ရောက်လာကာ ဆိုဖီ လုပ်နေကိုင်နေတာ မြင်တော့ အော်ဟစ်ပါလေတော့တယ်။ “ပျော်စရာပါလား။ ညည်းက ကစားချိန်လွန်တဲ့ လူကြီး မဖြစ်သေးဘူး ဆိုတော့ ငါ ဝမ်းသာလိုက်တာ” တဲ့။

“ကျွန်မ ကစားနေတာ မဟုတ်ဘူး” လို့ ဆိုဖီက ဒေါနဲ့မောနဲ့ ပြန်ပြောလိုက်တယ်။ “အင်မတန် နက်နဲတဲ့ ဒဿနစမ်းသပ်မှု လုပ်နေတာ” တဲ့။

သူ့အမေ သက်ပြင်းရှူထုတ်လိုက်တယ်။ သူ့ခမျာ ယုန်ဖြူဖြူနဲ့ ဦးထုပ်မြင့်ကြီးအကြောင်း တွေးမိပုံပါပဲ။

နောက်နေ့ ဆိုဖီ ကျောင်းကနေ အိမ်ပြန်ရောက်တဲ့အခါ စာအိတ်အညိုကြီးထဲမှာ သူ့အတွက် နောက်ထပ်စာမျက်နှာတွေ။ အပေါ်ထပ် သူ့အခန်းဆီ ယူသွားတော့တယ်။ သူ့ခမျာ ဒါတွေကို မဖတ်ဘဲကလည်း မနေနိုင်။ တစ်ချိန်တည်းမှာ စာပုံးပေါ် မျက်လုံးရောက်နေဖို့ကလည်း ရှိသေး။

 

အက်တမ်သဘောတရား

 

ရောက်လာရပြန်ပြီ ဆိုဖီရဲ့။ ဒီနေ့တော့ မင်း သဘာဝဒဿနဆရာကြီးတွေ ထဲက နောက်ဆုံးဆရာအကြောင်း ကြားရမယ်။ သူ့နာမည်က ဒဲမောကရိတော့စ် (မမ ၄၆၀ - ၃၇၀ ခန့်) ဖြစ်ပြီး မြောက်ပိုင်း အီဂျိယန် ပင်လယ်ကမ်းခြေပေါ်ရှိ အာဘဒဲရာမြို့ကလေးက လာတာ။

မင်း လီဂိုအတုံးလေးတွေနဲ့ ပတ်သက်တဲ့ မေးခွန်းကို အခက်အခဲမရှိ ဖြေနိုင်ခဲ့ရင် ဒီဒဿနဆရာရဲ့ စီမံချက်က ဘာလဲဆိုတာကို နားလည်ရေး ပြဿနာ ရှိလိမ့်မယ် မဟုတ်ဘူး။

သဘာဝလောကမှာ သဏ္ဌာန်ပြောင်းမှုတွေဟာ တစ်စုံတစ်ခု တကယ် ‘ပြောင်းလဲ’တာကြောင့် မဖြစ်နိုင်ဘူး ဆိုတာကို ဒဲမောကရိတော့စ်က သူ့အလျင် ဆရာတွေနဲ့ သဘောတူပါတယ်။ ဒါကြောင့် သူက အရာတိုင်းဟာ ထာဝရတည်ပြီး မပြောင်းလဲနိုင်တဲ့ သေးငယ်ငယ် ခွဲခြမ်းမရတဲ့ အတုံးကလေးတွေနဲ့ တည်ဆောက်ထားတယ် လို့ ယူဆတယ်။ ဒဲမောကရိတော့စ်က ဒီ အသေးဆုံး ယူနစ်လေးတွေကို အတောမ် တွေလို့ ခေါ်ခဲ့တယ်။

‘အ-တောမ်’(အက်တမ်) ဆိုတဲ့ စကားလုံးက မ‘ခွဲနိုင်’လို့ အဓိပ္ပါယ်ရတယ်။ ဒဲမောကရိတော့စ် အဖို့တော့ အရာတိုင်းကို ဖွဲ့စည်းထားရာမှာ ပါဝင်တဲ့ အပိုင်းတွေကို နောက်ထပ် သေးငယ်တဲ့ အပိုင်းတွေအဖြစ် ခွဲလို့မရတော့ဘူး ဆိုတာ အထူး အရေးကြီးတယ်။ ခွဲလို့ရနေရင် အတုံးတွေအဖြစ် မသုံးနိုင်တော့ဘူးလေ။ အတောမ်တွေကို အမြဲထာဝရ အသေးလေးတွေထိ ခွဲစိတ်ရနေရင် သဘာဝလောကဟာ အမြဲတမ်း ရေရောနေတဲ့ ဟင်းရည်လို ပျက်ပြယ်သွားတော့မှာပ။

နောက်ပြီး သဘာဝလောကရဲ့ အတုံးတွေဟာ ထာဝရ တည်ရလိမ့်မယ်။ နတ္ထိထဲက ဘာမှ မလာနိုင်ဘဲကိုး။ ဒီနေရာမှာ သူက ပါရမဲနိဇဲစ်တို့၊ အဲလဲအတိက်တို့နဲ့ သဘောတူသွားတယ်။ ဒါ့ပြင် အတောမ်အားလုံး ခိုင်မာ တယ်။ ထုရှိတယ်လို့ သူက ယုံကြည်တယ်။ ဒါပေမယ့် အားလုံး တစ်စားတည်းတော့ မဖြစ်နိုင်ဘူး။ အတောမ်အားလုံး တူနေရင် ဘိန်းပင်တို့၊ သံလွင်ပင် တို့လို ဟာမျိုးတွေကနေ ဆိတ်အရေတို့၊ လူ့ဆံပင်တို့ထိ ဘယ်လို ပေါင်းစပ်ဖြစ်ပေါ် လာရတယ် ဆိုတာ စိတ်ကျေနပ်လောက်အောင် ရှင်းပြနိုင်လိမ့်မယ် မဟုတ်သေးဘူး။

ဒဲမောကရိတော့စ်က သဘာဝလောကမှာ အကန့်အသတ်မရှိ များပြားမျိုးစုံတဲ့ အတောမ်(အက်တမ်)တွေ ပါဝင်တယ်လို့ ယုံတယ်။ တချို့က လုံးဝိုင်းပြီး ချောမွတ်၊ တချို့က မညီမညာနဲ့ ကြမ်းတမ်းတယ်။ အဲသလို မတူခြားနား နေကြလို့လည်း အတူ ပေါင်းစပ်ပြီး ရုပ်ဝတ္ထုအမျိုးမျိုး ဖြစ်နိုင်ကြတာပါပဲ။ ဒါပေမယ့် အရေအတွက်နဲ့ ပုံသဏ္ဌာန်မှာ ဘယ်လိုပဲ အကန့်အသတ်မဲ့ ဖြစ်နေနေ အားလုံး ထာဝရတည်တယ်၊ မပြောင်းလဲဘူး၊ ခွဲခြမ်းလို့ မရဘူး။

အရာဝတ္ထုတစ်ခု (ဥပမာ- သစ်ပင်တစ်ပင်၊ တိရစ္ဆာန်တစ်ကောင်) သေသွားပြီး ပြိုကွဲသွားတဲ့အခါ အတောမ်တွေ ပျံ့နှံ့လွင့်စဉ်သွားပြီး အရာဝတ္ထု အသစ်များမှာ သုံးနိုင်တယ်။ အတောမ်တွေဟာ ဟင်းလင်းပြင်ထဲ လှည့်ပတ် သွားနေကြတယ်။ ဒါပေမယ့် သူတို့မှာ ‘ချိတ်’တွေ၊ ‘ဆူး’တွေ ပါတာကြောင့် အတူတူ ပူးပေါင်းကာ ငါတို့ပတ်လည်မှာ မြင်ရတဲ့ အရာအားလုံး ဖြစ်လာနိုင်ကြတယ်။

ဒီတော့ လီဂိုအတုံးလေးတွေနဲ့ ပတ်သက်လို့ ငါ ဆိုလိုတာကို မင်း အခု နားလည်သွားရောပေါ့။ သူတို့မျာ အတောမ်တွေကို ဒဲမောကရိတော့စ် ရည်ညွှန်းတဲ့ အရည်အချင်းမျိုး အနည်းနဲ့အများ ပါရှိကြတယ်။ ဒါကြောင့်လည်း သူတို့နဲ့ ဆောက်လုပ်ရတာ ဒီလောက် ပျော်စရာကောင်းတာ ဖြစ်တယ်။ အဓိက အကျဆုံးက သူတို့ဟာ ခွဲစိတ်လို့ မရဘူး။ ဒီနောက် သူတို့မှာ သဏ္ဌာန်နဲ့ အရွယ်အစား အမျိုးမျိုး ရှိတယ်။ သူတို့ဟာ ထုထည်ဖြစ်ပြီး ရေစိမ့်မဝင်နိုင်ဘူး။ ‘ချိတ်’တွေ ‘ဆူး’တွေ ပါသမို့လည်း စိတ်ကူးလို့ရသမျှ သဏ္ဌာန်တွေ ဖြစ်လာအောင် ဆက်လို့ရတယ်။ ဒီ ဆက်ထားတာတွေကို နောင်မှာ ချိုးဖျက်လို့ ရပြန်သမို့ ဒီ အတုံးတွေကပဲ သဏ္ဌာန်အသစ်တွေ ဆောက်လုပ်နိုင်ပြန်ရော။

သူတို့ကို ထပ်ကာထပ်ကာ သုံးနိုင်တယ်ဆိုတဲ့ အချက်ကြောင့်ပဲ၊ လီဂိုဟာ ခုလို လူကြိုက်များတာ ဖြစ်တယ်။ လီဂိုအတုံးကလေး တစ်တုံးဟာ တစ်နေ့မှာ ထရပ်ကားရဲ့အပိုင်း ဖြစ်ရပြီး နောက်တစ်နေ့ ရဲတိုက်ရဲ့ အစိတ်အပိုင်း ဖြစ်ရပြန်တယ်။ လီဂိုအတုံးလေးတွေဟာ ‘ထာဝရ တည်တံ့’တယ် လို့လည်း ပြောနိုင်တယ်။ ကနေ့ ကလေးငယ်တွေဟာ သူတို့မိဘတွေ ငယ်စဉ်က ကစားခဲ့တဲ့ အတုံးလေးတွေနဲ့ ကစားနိုင်ကြတာပါပဲ။

ရွှံ့စေးကလည်း အရာဝတ္ထုတွေ လုပ်နိုင်ကြပါရဲ့။ ဒါပေမယ့် ရွှံ့စေးကို ထပ်ကာထပ်ကာ မသုံးနိုင်ဘူး။ သူက ပိုလို့ပိုလို့ ငယ်ငယ်သွားတဲ့ အပိုင်းကလေးတွေ ဖြစ်အောင် ခွဲလို့ ရနေတာကိုး။ ဒီ သေးမွှားမွှား အပိုင်းလေးတွေကို ပြန်ဆက်စပ်ပြီး အခြားအရာ လုပ်လို့ မရတော့ဘူး။

ဒီနေ့ ငါတို့ဟာ ဒဲမောကရိတော့စ်ရဲ့ အတောမ် သဘောတရားဟာ အနည်းနဲ့အများ မှန်ကြောင်း ပြနိုင်ကြပြီ။ သဘာဝလောကဟာ ပေါင်းလိုက် ကွဲလိုက် ဖြစ်နေတဲ့ ‘အတောမ်’ အမျိုးမျိုးနဲ့ ဖွဲ့စည်းထားတာ အမှန်ပါပဲ။ ငါ့ နှာခေါင်းဖျားက ဆဲလ်တစ်ခုထဲက ဟိုက်ဒရိုဂျင်အက်တမ် တစ်ခုဟာ တစ်ချိန်က ဆင်တစ်ကောင်ရဲ့ နှာမောင်းရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့ပါတယ်။ ငါ့ နှလုံးကြွက်သားထဲက ကာဗွန်အက်တမ် တစ်ခုဟာ တစ်ချိန်က ဒိုင်နာဆောတစ်ကောင်ရဲ့ အမြီးကပေါ့။

ဒါပေမယ့် ငါတို့ခေတ်မှာ သိပ္ပံပညာရှင်တွေက အက်တမ်တွေကို ဒီထက်သေးငယ်တဲ့ ‘ဒြပ်စင်အမှုန်များ’ အထိ ခွဲနိုင်ကြောင်း တွေ့ထားတယ်။ ဒီဒြပ်စင်အမှုန့်တွေကို ပရိုတွန်၊ ညူထရွန်၊ အီလက်ထရွန်လို့ ခေါ်တယ်။ ဒီဟာတွေကို တစ်နေ့နေ့ကျရင် ဒီထက်တောင် မှုန်မွှားတဲ့ အမှုန်တွေအဖြစ် ခွဲလို့ရဦးမှာပါပဲ။ ဒါပေမယ့် လမ်းကြောင်း တစ်နေရာရာမှာတော့ အကန့်အသတ် ရှိရမယ်လို့ ရူပဗေဒဆရာတွေ သဘောတူညီကြရဲ့။ သဘာဝလောကမှာ ပါဝင် ဖွဲ့စည်းထားရာ ‘အသေးဆုံး အစိတ်အပိုင်း’ ရှိကို ရှိရမယ်။

ဒဲမောကရိတော့စ်မှာ ခေတ်ပေါ် အီလက်ထရောနစ် ကိရိယာလက်နက် သုံးနိုင်စွမ်း မရှိပါဘူး။ သူ့ရဲ့ တစ်ခုတည်းသော လက်နက်ကိရိယာ ကောင်းကောင်းက သူ့စိတ်ပဲ ဖြစ်တယ်။ ဒါပေမယ့် ဆင်ခြင်တုံတရားက သူ့ကို တကယ့်တကယ် ရွေးချယ်စရာ ပေးမထားဘူး။ ဘာမှ မပြောင်းလဲကြောင်း၊ ဘာမှ မရှိတာထဲက ဘာမှ ထွက်မလာနိုင်ကြောင်း၊ ဘာမှ ကွယ်ပျောက်မသွားကြောင်း လက်ခံလိုက်တာနဲ့ တစ်ပြိုင်နက် သဘာဝလောကမှာ တွဲနိုင်ခွဲနိုင်တဲ့ အလွန့်အလွန် သေးငယ်တဲ့ အတုံးလေးတွေ ပါဝင်ရမယ် ဖြစ်တော့တာပဲ။

သဘာဝလောက ဖြစ်စဉ်တွေမှာ ဝင်ရောက်စွက်ဖက်နိုင်တဲ့ ‘အား’တို့၊ ‘ဝိညာဉ်’တို့ကို ဒဲမောကရိတော့စ် မယုံဘူး။ ဖြစ်တည်တဲ့ တစ်ခုတည်းသော အရာတွေဟာ အက်တမ်တွေရဲ့ သုညပဲဖြစ်တယ်လို့ သူက ယုံကြည်တယ်။ ရုပ်ဝတ္ထုကလွဲလို့ ဘာကိုမှ သူက မယုံတဲ့အတွက် သူ့ကို ရုပ်ဝါဒသမားလို့ ခေါ်ကြတယ်။

ဒဲမောကရိတော့စ် အလိုအရ အက်တမ်တွေ လှုပ်ရှားရာမှာ အသိရှိရှိ ‘အစီအစဉ်’ ဆိုတာ မရှိဘူး။ သဘာဝလောကမှာ အရာရာတိုင်း ယန္တရားဆန်ဆန် ဖြစ်ပျက်နေကြတာပါပဲ။ အရာရာတိုင်း ဖြစ်ချင်သလို ပရမ်းပတာ ဖြစ်နေကြတယ်လို့ ဆိုလိုတာတော့ မဟုတ်ဘူး။ အရာတိုင်းဟာ မလွှဲမရှောင်သာတဲ့ လိုအပ်မှု နိယာမတွေကို လိုက်နာနေကြရတာကိုး။ ဖြစ်ပျက်တဲ့ အရာတိုင်းမှာ သဘာဝအကြောင်းတရား၊ အရာဝတ္ထုမှာ နဂိုကတည်းက ပါနေတဲ့ အကြောင်းတရားရှိတယ်။ ပါးရှားပြည် ဘုရင်ဖြစ်ဖို့ထက် သဘာဝရဲ့အကြောင်း တရားသစ်တစ်ခုကို တွေ့ရှိရတာကို သူ ပိုလိုချင်တယ်လို့ ဒဲမောကရိတော့စ် တစ်ချိန်က ပြောဖူးတယ်။

အတောမ်(အက်တမ်) သဘောတရားဟာ အာရုံခံစား အကြောင်းကိုလည်း ရှင်းပြတယ်လို့ ဒဲမောကရိတော့စ်က ထင်တယ်။ ငါတို့ တစ်စုံတစ်ခုကို အာရုံသိ သိတာဟာ ဟင်းလင်းပြင်ထဲက အတောမ်တွေ ရွေ့လျားမှုကြောင့်ပါပဲတဲ့။ ငါက လကို မြင်တာဟာ ‘လ အတောမ်တွေ’ ငါ့မျက်လုံးထဲ ထိုးဝင်လာလို့ ဖြစ်တယ်တဲ့။

ဒါထက် ‘ဝိညာဉ်’ကတော့ကော။ ဒါကတော့ အက်တမ်တွေ၊ ရုပ်ဝတ္ထုတွေ ဖွဲ့စည်းထားတာ မဟုတ်နိုင်ပေဘူးပေါ့။ ဟုတ်နိုင်ပါတယ်။ ဒဲမောကရိတော့စ်က ဝိညာဉ်ဟာ လုံးဝိုင်းချောမွတ်တဲ့ အထူး ‘ဝိညာဉ်အတောမ်’ တွေနဲ့ ဖွဲ့စည်းထားတာလို့ ယုံကြည်တယ်။ လူတစ်ယောက် သေသွားတဲ့အခါ ဝိညာဉ်အတောမ်တွေ အရပ်ရှစ်မျက်နှာ ဝဲပျံသွားကြတယ်။ နောက်တော့ ဝိညာဉ် အသွင်သဏ္ဌာန်သစ် တစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်သွားနိုင်တယ်တဲ့။

ဒါဟာဖြင့် လူသတ္တဝါတွေမှာ မသေတဲ့ ဝိညာဉ်မရှိဘူးလို့ ဆိုလိုတာပါပဲ။ ကနေ့ လူအများ တစ်ညီတညွတ် လက်ခံလာကြတဲ့ နောက်အယူအဆတစ်ခု ဖြစ်တယ်။ (ဗုဒ္ဓဘာသာရဲ့ ‘အနတ္တ’ ဆိုတာလည်း တည်မြဲတဲ့ဝိညာဉ် မရှိဘူးလို့ ပြောတာပါပဲ။ ။ မြန်မာပြန်သူ)။ ဒဲမောကရိတော့စ်လိုပဲ ကနေ့ လူအများက ‘ဝိညာဉ်’ဆိုတာ ဦးနှောက်နဲ့ ဆက်စပ်နေတယ်။ ဦးနှောက်ပြိုပျက်သွားရင် ဘာအသိ(ဝိညာဏ) သဏ္ဌာန်မှ မရှိနိုင်ဘူးလို့ ယုံကြတယ်။

ဒဲမောကရိတော့စ်ရဲ့ အတောမ်သဘောတရားဟာ လောလောဆယ်မှာ ခေါမ သဘာဝဒဿနဗေဒရဲ့ အဆုံးကို အမှတ်အသား ပြုပါတယ်။ သဏ္ဌာန်တွေ လာလိုက် သွားလိုက်မို့ သဘာဝလောကမှာ အရာရာတိုင်း ‘စီးဆင်းနေကြတယ်’ လို့ ဟဲရာကလိတော့စ်နဲ့ အတူ သူ ယုံတယ်။ ဒါပေမယ့် စီးဆင်းသွားတဲ့ အရာတိုင်းရဲ့ နောက်မှာ မစီးဆင်းတဲ့ ထာဝရတည်တံ့ကာ မပြောင်းလဲနိုင်တဲ့ အရာတွေ ရှိနေတယ်။ ဒဲမောကရိတော့စ်က ဒါတွေကို အတောမ်(အက်တမ်) လို့ ပေါ်တာပါပဲ။

 

***

 

စာဖတ်စဉ်အတွင်း ဆိုဖီဟာ သူ့ဆီ ဘုမသိဘမသိ စာရေးနေသူကြီးများ စာပုံးနား ရောက်လာလေမလား ပြင်တင်းပေါက်ကနေ အကြိမ်ကြိမ် လှမ်းကြည့်မိတယ်။ အခုတော့ သူ လမ်းပေါ် စိုက်ကြည့်ရင်း ထိုင်တဲ့ကာ ဖတ်ခဲ့သမျှ အကြောင်းပဲ တွေးနေမိတယ်။

ဒဲမောကရိတော့စ်ရဲ့ အတွေးအခေါ်တွေဟာ လွယ်သလောက် ပညာသား ပါလှတယ်လို့ သူ ထင်တယ်။ သူဟာဖြင့် ‘အခြေခံအရာဝတ္ထု’ နဲ့ ‘သဏ္ဌာန် ပြောင်းလဲမှု’ ပြဿနာရဲ့ တကယ့်အဖြေကို တွေ့ခဲ့တာပါပဲ။ ဒီပြဿနာ ရှုပ်လွန်းလို့ သားစဉ်မြေးဆက် ဒဿနဆရာတွေ ဒီအကြောင်း ဦးနှောက်ခြောက် အလုပ်များခဲ့ကြရတယ်။ နောက်ဆုံးမှာတော့ ဒဲမောကရိတော့စ်ဟာ သာမန်အသိဉာဏ်ကို သုံးကာ သူ့ဘာသာသူ ဖြေရှင်းလိုက်တော့တယ်။

ဆိုဖီ မပြုံးဘဲ မနေနိုင်ဘူး။ သဘာဝလောကဟာ ဘယ်တော့မှ မပြောင်းလဲတဲ့ အစိတ်အပိုင်း သေးသေးလေးတွေနဲ့ ဆောက်ထားတယ် ဆိုတာ မှန်ကိုမှန်မှ ဖြစ်လိမ့်မယ်။ တစ်ချိန်တည်းမှာပဲ သဘာဝလောကရှိ အသွင်သဏ္ဌာန်(ရုပ်) အားလုံး ‘စီးဆင်းနေ’ တယ်လို့ ဟဲရာကလိတော့စ် တွေးတာ မှန်ကြောင်းလည်း ထင်ရှားတယ်။ လူတိုင်း သေလေတော့၊ တိရစ္ဆာန်များလဲ သေ၊ တောင်တန်းကြီးတောင်မှ တဖြည်းဖြည်း ပြိုကွဲရတာပဲ။ အရေးကြီးတာကတော့ တောင်တန်းကြီးကို မပြိုကွဲတဲ့ ခွဲစိတ်မရတဲ့ အပိုင်းသေးသေးလေးတွေနဲ့ ဖွဲ့စည်းထားတယ် ဆိုတာပါပဲ။

တစ်ချိန်တည်းမှာ ဒဲမောကရိတော့စ်ဟာ မေးခွန်းသစ်တွေ ဖြစ်ပေါ်စေခဲ့တယ်။ ဥပမာ အရာတိုင်း ယန္တရားဆန်ဆန် ဖြစ်ပျက်တယ်လို့ သူက ဆိုထားတယ်။ ဘဝမှာ နာမ်ပိုင်းစွမ်းအား တစ်စုံတစ်ရာ ရှိတယ်လို့ သူ လက်မခံဘူး။ အဲမ်ပဲဒေါကလဲစ်တို့၊ အနင်္ကဆာဂေါရာစ်တို့နဲ့ မတူဘူး။ လူမှာ မသေတဲ့ ဝိညာဉ်မရှိဘူးလို့ပဲ ဒဲမောကရိတော့စ် ယုံတယ်။

ဒါ ဆိုဖီ သေချာရဲ့လား။

သူ မသိဘူး။ ဒါပေမယ့်လည်းလေ သူက ခုမှ ဒဿနဗေဒ သင်တန်း စရုံပဲ စရသေးတဲ့ ဥစ္စာ။

 

နိယတိ

 

… ‘ဗေဒင်ဟောသူကြီး’ဟာ တကယ့်တကယ် ကြိုတင်မမြင်သာတဲ့ အရာကို ကြိုမြင်ဖို့ကြိုးစားတာ ဖြစ်တယ် …

 

ဆိုဖီဟာ ဒဲမောကရိတော့စ် အကြောင်းဖတ်ရင်း မျက်လုံးက စာပုံးပေါ် ရောက်နေခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် လိုရမယ်ရ ဥယျာဉ်တံခါးမကြီးဆီ လမ်းသလား ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

အိမ်ရှေ့တံခါးကို ဖွင့်လိုက်တော့ အိမ်ရှေ့လှေကားထစ်ပေါ်မှာ စာအိတ်ကလေးတစ်လုံး မြင်ရတယ်။ တကယ်ပါပဲ၊ လိပ်စာတပ်ထားတာက ဆိုဖီ အမွန်ဒဆန်တဲ့။

ဒီတော့ သူ မိမိကို တစ်ပတ်ရိုက်သွားပြန်ပြီ။ မိမိက စာပုံးပေါ် မျက်စိမပျက် ရောက်နေမိတဲ့ ဒီနေ့မှာမှ ဘုမသိဘမသိ ကိုဟဝှါက တစ်ဖက်လှည့်ကာ အိမ်ဘက်လစ်လာခဲ့ပြီး စာကို လှေကားထစ်ပေါ်ချ၊ တောထဲ ထွက်ပြေးသွားခဲ့ ပါပေါ့လား။ လူဆိုး။

ဆိုဖီ ဒီနေ့ စာပုံးကို စောင့်ကြည့်နေတယ်လို့ သူ ဘယ်လိုလုပ် သိသတုန်း။ ဘာပဲဖြစ်ဖြစ်လေ၊ သူ့အမေ မရောက်ခင် စာကို တွေ့မိလို့ ဝမ်းသာရရဲ့။

ဆိုဖီ မိမိအခန်း လာခဲ့ကာ စာကို ဖောက်လိုက်တယ်။ စာအိတ်ဖြူမှာ အနားတစ်လျှောက် စိုတိုတို ဖြစ်နေပြီး အပေါက်ကလေး နှစ်ပေါက် ဖြစ်နေတယ်။ ဘာကြောင့်လဲ။ မိုးမရွာတာလည်း သုံးလေးရက်ရှိပြီ။

အတွင်းက စာတိုလေးမှာက …

မင်း နိယတိကို ယုံသလား။

ဖျားနာတာ နတ် ပြုစားလို့လား

သမိုင်းလမ်းကြောင်းကို ဘယ်အရာတွေ စိုးမိုးသလဲ

(‘အလုပ်’ လို့ အဓိပ္ပါယ်ရတဲ့ ဗုဒ္ဓတရားရဲ့ ‘ကံ’(ကမ္မ)နဲ့ မရောထွေးစေဖို့ Fate ကို ‘နိယတိ’လို့ ရေးလိုက်တယ်။ ။ မြန်မာပြန်သူ) သူ နိယတိကို ယုံသလား။ လုံးဝ သေချာပေါက် မပြောနိုင်ဘူး။ ဒါပေမယ့် ယုံတဲ့လူတွေ အများကြီး တွေ့ဖူးတယ်။ မဂ္ဂဇင်းတွေထဲက ဟောစာတမ်းတွေကို ဖတ်လေ့ရှိတဲ့ ကောင်မလေးတစ်ယောက် သူ့အတန်းထဲမှာ ရှိတယ်။ ဒါပေမယ့် ဗေဒင်ကို ယုံရင် ‘နိယတိ’ကိုလည်း ယုံတယ် ဆိုရမယ်။ ကြယ်တွေရဲ့ အနေအထားက မြေကြီးပေါ်က လူတွေရဲ့ဘဝကို သြဇာညောင်းတယ်လို့ ဗေဒင်ဆရာတွေက ယုံကြတာကိုး။

ကိုယ်သွားနေတဲ့ လမ်းကို ကြောင်အနက် ဖြတ်သွားတာ ကံမကောင်းဘူးလို့ ယုံရင် နိယတိကို ယုံတာပဲ မဟုတ်လား။ ဒီအကြောင်းတွေ တွေးမိတော့မှ နိယတိအယူအဆ နမူနာတွေ စိတ်ထဲ ပေါ်လာရပြန်တယ်။ ဘာလို့ လူအများဟာ သစ်သားပေါ် ခေါက်ကြတာတုံး။ ဘာလို့ ဆယ့်သုံးရက် သောကြာနေ့ဟာ ကံမကောင်းတဲ့နေ့ ဖြစ်တာတုံး။ ဟိုတယ် အတော်များများမှာ အခန်း နံပါတ် ၁၃ မရှိဘူးလို့ ဆိုဖီ ကြားဖူးတယ်။ လူ တော်တော်များများ မဟုတ်က ဟုတ်က ယုံတတ်ကြလို့ ဖြစ်မှာပါပဲ။

မဟုတ်က ဟုတ်က ယုံတာ။ တော်တော်ဆန်းတဲ့ စကားလုံး။ ခရစ်ယာန်ဝါဒတို့၊ အစ္စလာမ်ဝါဒတို့ ယုံရင် ‘ယုံကြည်မှု’လို့ ခေါ်တယ်။ ဗေဒင်တို့ ဆယ့်သုံးရက် သောကြာတို့ကို ယုံရင်တော့ မဟုတ်က ဟုတ်က ယုံသတဲ့။ သူများ ယုံတာကို မဟုတ်က ဟုတ်က ယုံတာလို့ ခေါ်ဖို့ ဘယ်သူ့မှာ အခွင့်အရေး ရှိသလဲ။

ဒါပေမယ့် ဆိုဖီ တစ်ခုတော့ သေချာတယ်။ ဒဲမောကရိတော့စ်က နိယတိကို မယုံဘူး။ သူက ရုပ်ဝါဒသမား။ သူက အတောမ်တွေနဲ့ ဘာမှ မရှိတဲ့ ဟင်းလင်းပြင်ကိုပဲ ယုံတာ။

ဆိုဖီ စာရွက်ပေါ်က အခြားမေးခွန်းတွေ အကြောင်း စဉ်းစားကြည့်တယ်။ ‘ဖျားနာတာ နတ်ပြုစားလို့လား’ တဲ့။ ဒါကို ကနေ့ခေတ်မှာ ဘယ်သူမှ မယုံတော့ပါဘူးနော်။ ဒါပေမယ့် လူအများပဲ နေကောင်းဖို့ ဆုတောင်းပေးရင် အကျိုးရှိတယ်လို့ ထင်ကြတာ သတိရမိတယ်။ ဒီတော့ ဘာပဲဖြစ်ဖြစ် ဒေဝဟာ လူတို့ရဲ့ ကျန်းမာရေးအပေါ် အထိုက်အလျောက် တန်ခိုးရှိတယ်လို့ ယုံတဲ့ သဘောပါပဲ။

နောက်ဆုံးမေးခွန်းက ဖြေရတာ ပိုခက်တယ်။ သမိုင်းလမ်းကြောင်းကို ဘာတွေက စိုးမိုးနေတယ် ဆိုတာ ဆိုဖီဖြင့် အရေးလုပ် မတွေးဖူးပေါင်။ လူတွေပဲ ဖြစ်ရမှာပေါ့နော်။ ဒေဝက၊ နိယတိကဆိုရင် လူတွေမှာ လွတ်လွတ်လပ်လပ် ပြဋ္ဌာန်းခွင့် မရှိတော့ဘူး။

လွတ်လွတ်လပ်လပ် ပြဋ္ဌာန်းခွင့် ဆိုလိုက်တော့ ဆိုဖီ တခြားကိစ္စ တစ်ခုကို တွေးမိတယ်။ ဘာကြောင့် သူ ဒီ ဘုမသိဘမသိ ဒဿနဆရာနဲ့ ကြောင်နဲ့ကြွက် ကစားနေရတာကို သည်းခံရမှာလဲ။ ဘာကြောင့် သူ့ဆီကို စာမရေးနိုင်ရမှာလဲ။ သူ (ကျား လား၊ မ လား မသိ) ညမှာ၊ ဒါမှမဟုတ် နက်ဖြန်မနက် တစ်ချိန်ချိန်မှာ နောက်ထပ် စာအိတ်ကြီးတစ်လုံးကို စာပုံးထဲ လာထည့်မှာ သေချာတယ်။ ဒီပုဂ္ဂိုလ်အတွက် စာတစ်စောင် အဆင်သင့် ရှိနေအောင် သူ စီမံရမယ်။

ဆိုဖီ ကောက်ကာငင်ကာပဲ စ လိုက်တယ်။ ကိုယ်မမြင်ဖူးတဲ့ လူဆီ စာရေးရတာ အခက်သား။ သူ ယောက်ျားလား၊ မိန်းမလားတောင် ကိုယ်ကမသိ၊ အသက်ကြီးမလား၊ ငယ်ငယ်ပဲလားလဲ မသိ။ စဉ်းစားကြည့်လိုက်တော့ ဘုမသိ ဘမသိ ဒဿနဆရာဟာ သူ သိပြီးသား တစ်ယောက်တောင် ဖြစ်နိုင်သေးတာ။

သူ စာရေးလိုက်တာကတော့ …

အလေးစားအပ်ဆုံးသော ဒဿနဆရာကြီးရှင့်၊ စေတနာနဲ့ ဒဿနဗေဒ စာပေးစာယူ ပို့ချတာကို ဒီက ကျွန်မတို့ အထူး ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဘယ်သူဘယ်ဝါမှန်း မသိရလို့ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါကြောင့် နာမည်အပြည့်အစုံ သုံးပါလို့ တောင်းပန်အပ်ပါတယ်။ အတုံ့အပြန်အနေနဲ့ ကျွန်မတို့ဆီ ကော်ဖီလာ သုံးဆောင်မယ်ဆိုရင် ဧည့်ဝတ်ပြုလိုပါတယ်။ ဒါပေမယ့် အမေ အိမ်မှာ ရှိတဲ့အချိန်ဆို ပိုကောင်းပါတယ်။ အမေက တနင်္လာက သောကြာနေ့တိုင်း မနက် ၇း၃ဝ က ညနေ ၅ နာရီ အလုပ်သွားရပါတယ်။ ဒီနေ့တွေမှာ ကျွန်မ ကျောင်းသွားရပါတယ်။ ဒါပေမယ့် ကြာသပတေးနေ့များက လွဲလို့ ညနေ ၂း၁၅ ဆို ကျွန်မ အိမ်ပြန်ရောက်နေပြီ။ ကျွန်မလည်း ကော်ဖီဖျော် အင်မတန် တော်ပါတယ်။

ကြိုတင်ကျေးဇူးတင်လျက်

စာလေးစားတဲ့ တပည့်

ဆိုဖီအမွန်ဒဆန် (အသက် ၁၄)

 

စာမျက်နှာရဲ့ အောက်ခြေမှာ သူ RSVP (တဆိတ် စာပြန်ပါ) လို့ ရေးလိုက်တယ်။

စာက အလွန်မှ ပုံစံအတိုင်း ဖြစ်နေလေသလား ဆိုဖီ ခံစားမိတယ်။ ဒါပေမယ့် မျက်နှာမဲ့ လူတစ်ယောက်ဆီ စာရေးတဲ့အခါ ဘယ်လို စကားလုံးတွေ ရွေးရမယ် မသိတတ်တော့ဘူး။ စာကို ပန်းရောင် စာအိတ်တစ်အိတ်ထဲ ထည့် လိုက်ပြီး ‘ဒဿနဆရာသို့’ လို့ လိပ်စာ တပ်လိုက်တယ်။

ပြဿနာကတော့ စာကို သူ့အမေ မတွေ့ အောင် ဘယ်မှာ ထည့်ရမလဲ ဆိုတာပါပဲ။ စာပုံးထဲ မထည့်ခင် သူ အိမ်ပြန်လာတဲ့အထိ စောင့်ရပေလိမ့်မယ်။ နောက်ပြီး သတင်းစာ မလာခင် နောက်နေ့ မနက်စောစော စာပုံးထဲ ကြည့်ဖို့ သတိရမှ ဖြစ်မယ်။ ဒီနေ့ညနေမှာ၊ ညအတွင်းမှာ သူ့ဆီ စာအသစ်မလာရင်၊ ပန်းရောင်စာအိတ်ကို ပြန်ယူထားရလိမ့်ဦးမယ်။

ဘာကြောင့်များ ဒီလောက် ရှုပ်ထွေးနေရပါလိမ့်။

 

***

 

သောကြာနေ့ ဖြစ်တာတောင်မှ အဲဒီညနေ ဆိုဖီ သူ့အခန်းကို စောစော တက်ခဲ့တယ်။ သူ့အမေက ပီဇာတွေ၊ တီဗီမှာ သည်းထိတ်ရင်ဖိုဇာတ်လမ်း လာမှာတွေနဲ့ မြူဆွယ်ပါသေးရဲ့။ ဒါပေမယ့် ဆိုဖီက မောလို့ စောစော အိပ်ရာဝင်ချင်ပြီး စာဖတ်ချင်ကြောင်း ပြောပြတယ်။ သူ့အမေ တီဗီ ထိုင်ကြည့်နေတုန်း စာကလေး လက်ကကိုင်ကာ စာပုံးဆီ အသာလစ်ခဲ့တယ်။

သူ့အမေ စိတ်ပူနေတာ ရှင်းတယ်။ ယုန်ဖြူနဲ့ ဦးထုပ်မြင့်ကြီးကိစ္စ ပေါ်ပြီး ကတည်းက ဆိုဖီကို လေသံတစ်မျိုးနဲ့ စကားပြောလာခဲ့တယ်။ ဆိုဖီကလည်း ကိုယ့်အမေကို မပူပန်စေချင်ပါဘူး။ ဒါပေမယ့် အပေါ်ထပ် တက်သွားပြီး စာပုံးကို စောင့်မကြည့်လို့ကလည်း မဖြစ်ဘူးလေ။

ဆယ့်တစ်နာရီလောက် သူ့အမေ တက်လာတော့ ဆိုဖီက ပြူတင်းပေါက်မှာ ထိုင်ပြီး လမ်းဆီ စိုက်ကြည့်နေတုန်း။

“ညည်း စာပုံးဆီ ထိုင်ငေးကြည့်နေတာ မဟုတ်ပါဘူးနော်” တဲ့။

“ကိုယ်ကြည့်ချင်တာ ကြည့်နိုင်တယ်လေ” တဲ့။

“ညည်း ရည်းစား ရှိနေပြီလို့ ငါတကယ်ကို ထင်နေပြီ ဆိုဖီ။ ဒါပေမယ့် ညည်းဆီ နောက်စာတစ်စောင် လာပေးဦးမယ် ဆိုလည်း ညည့်နက်သန်းခေါင်တော့ လာမယ် မဟုတ်ပါဘူးအေ” တဲ့။

ထပ်သရီး။ အဲသလို အချစ်ကိစ္စ ကလေးကလား ပြောတာမျိုး ဆိုဖီ စက်ဆုတ်တယ်။ ဒါပေမယ့် သူ့အမေကိုတော့ အဲသလိုပဲ ဆက်ယုံနေစေရဦးတော့မှာပဲ။

“ညည်းကို ယုန်နဲ့ ဦးထုပ်မြင့်ကြီးအကြောင်း ပြောတဲ့ ကောင်ပဲလား” လို့ သူ့အမေက မေးတယ်။

ဆိုဖီ ခေါင်းညိတ်လိုက်တယ်။

“သူ သူ ဆေးတွေ ဘာတွေ မလုပ်ပါဘူးနော်” တဲ့။

ဆိုဖီ သူ့အမေကို တကယ်ပဲ သနားမိတယ်။ သူ့ကို ဒီကိစ္စ ပူပန်နေစေလို့တော့ မဖြစ်ဘူး။ ဒါပေယ့် နည်းနည်း ခပ်ကြောင်ကြောင် စိတ်ကူးရှိမိတာနဲ့ ဆေးကိုင်ထားတယ် ထင်တာကတော့ လုံးဝရူးသွပ်တာပဲ။ လူကြီးများ တစ်ခါတလေ တကယ် ပေါတောတော နိုင်တာကိုး။

သူ ပြောလိုက်တယ်။ “မေမေ၊ မေမေ့ကို တစ်ခါတည်း အပြတ် ပြောလိုက်မယ်။ သမီး ဘယ်တော့မှ အဲဒီပစ္စည်း မသုံးဘူး။ သူလည်း မလုပ်ဘူးလို့။ ဒါပေမယ့် သူက ဒဿနဗေဒတော့ စိတ်ဝင်စားတယ်” လို့။

“သူက ညည်းထက် အသက်ကြီးလား” တဲ့။

ဆိုဖီ ခေါင်းခါလိုက်တယ်။

“ရွယ်တူလား” တဲ့

ဆိုဖီ ခေါင်းညိတ်လိုက်တယ်။

“အင်း၊ သူ သိပ်ခင်စရာ ကောင်းမှာပဲ ထင်ပါတယ် သမီးရယ်။ ကဲ အခု နည်းနည်းပါးပါး အိပ်ဖို့ကြိုးစားဦး” တဲ့။

ဒါပေမယ့် ဆိုဖီ ပြတင်းပေါက်နား ထိုင်နေလိုက်တာ နာရီနဲ့ချီ ကြာသွားတယ် ထင်ရတယ်။ နောက်ဆုံး မျက်လုံးကို ဖွင့်လို့တောင် မရချင်ဘူး။ တစ်နာရီ ထိုးပြီ။

သူ အိပ်ရာဝင်တော့မယ်အလုပ် တောထဲက ထွက်လာတဲ့ အရိပ်တစ်ခုကို ရုတ်တရက် လှမ်းမြင်လိုက်ရတယ်။

အပြင်မှာ မှောင်သလောက် ဖြစ်နေပေမယ့် လူ့ကိုယ်ခန္ဓာ သဏ္ဌာန်မှန်း သူ ခွဲခြားသိနိုင်တယ်။ ယောက်ျား တစ်ယောက်ပါ။ တော်တော် အသက်ကြီးပြီ လို့ ဆိုဖီ ထင်မိတယ်။ သူနဲ့ရွယ်တူ မဟုတ်တာ သေချာတယ်။ ဘဲရေးဦးထုပ် တစ်မျိုး ဆောင်းထားတယ်။

သူ အိမ်ပေါ် လှမ်းကြည့်လိုက်တယ် ဆိုတာ ကျမ်းကျိန်ပြောရဲပါရဲ့။ ဒါပေမယ့် ဆိုဖီအခန်းက မီးဖွင့်မထားဘူး။ ငနဲဟာ စာပုံးဆီ တန်းသွားတဲ့ပြီး ဧရာမစာအိတ်ကြီး တစ်အိတ် ထည့်တယ်။ စာအိတ်ကို လက်ကအလွှတ် ဆိုဖီရဲ့ စာကို သူ လှမ်းမြင်သွားတယ်။ စာပုံးထဲနှိုက်တဲ့ပြီး ယူပါလေတော့တယ်။ နောက်မိနစ်မှာ သူ တောအုပ်ဆီ အမြန်လျှောက်သွားနေပေါ့။ တောမြိုင်လမ်းအတိုင်း သုတ်ခြေတင်ကာ ပျောက်သွားရော။

ဆိုဖီ ရင်ခုန်နေမိတော့တယ်။ ဗြုန်းဆို ပထမဆုံး တွေးမိတဲ့ အတွေးကတော့ ညဝတ်အင်္ကျီကြီးနဲ့ပဲ သူ့နောက် ပြေးလိုက်ဖို့ပဲ။ ဒါပေမယ့် ညကြီးမင်းကြီး သူစိမ်းတရံဆန်နောက် ပြေးမလိုက်ရဲပါဘူး။ ဒါပေမယ့် အပြင်ထွက်ပြီး စာအိတ်ကိုတော့ ယူကို ယူရမှာပဲ။

တစ်မိနစ်၊ နှစ်မိနစ်လောက် နေတော့ သူ လှေကားက တွားဆင်းလာ၊ အိမ်ရှေ့တံခါးကို အသာဖွင့်၊ စာပုံးဆီ ပြေးတော့တယ်။ လျှပ်တစ်ပြက်အတွင်း သူ စာအိတ်ကြီး လက်ကကိုင်ကာ အခန်းထဲ ပြန်ရောက်နေပြီ။ အသက်မရှူနိုင်၊ ကုတင်ပေါ် ထိုင်နေမိတယ်။ မိနစ် အနည်းငယ် လွန်သွားကာ တစ်အိမ်လုံး ငြိမ်ဆိတ်လျက်ပဲ ဆိုတော့မှ စာအိတ်ကို ဖောက်ကာ စတင် ဖတ်တော့တယ်။

ဒါ သူ့စာကို ပြန်တဲ့စာ မဟုတ်မှန်း သူ သိတယ်။ အဲဒါက နက်ဖြန် မတိုင်မချင်း ရောက်မလာနိုင်သေးဘူးလေ။

 

နိယတိ

 

မင်္ဂလာမနက်လိုက်ရပြန်ပြီ ဆိုဖီရေ။ မင်း စိတ်ရူးတွေ ဘာတွေ ပေါက်ချင် ပေါက်နေမှာမို့ ပြတ်ပြတ်ပဲ ပြောလိုက်ရဦးမယ်။ ငါ့ကို ချောင်းဖမ်းဖို့များ ဘယ်တော့မှ မကြိုးစားနဲ့နော်။ တစ်နေ့ ငါတို့ တွေ့ကြမှာပါ။ ဒါပေမယ့် ဘယ်အချိန် ဘယ်နေရာ ဆုံးဖြတ်မှာက ငါပဲဖြစ်မယ်။ ဒါ နောက်ဆုံးစကားပဲ။ မင်း ငါ့စကားကို မလိုက်နာ မရှိပါဘူးနော်။

ထားတော့၊ ဒဿနဆရာတွေဘက် လှည့်ကြစို့။ သဘာဝလောကက အသွင်ပြောင်းလဲရတာတွေ အတွက် သဘာဝကျကျ အဖြေတွေ ရဖို့ သူတို့ ကြိုးစားခဲ့ကြပုံ တွေ့ခဲ့ကြပြီ။ အလျင်တုန်းကတော့ ဒါတွေကို နတ်ပုံပြင်တွေနဲ့ ရှင်းပြကြတာကလား။

မဟုတ်က ဟုတ်က ယုံကြည်တာတွေကို အခြား နယ်ပယ်တွေထဲမှာလည်း ရှင်းပစ်ကြရသေးတယ်။ နာဖျားတာ နေကောင်းတာမှာရော၊ နိုင်ငံရေး ဖြစ်ရပ်တွေမှာပါ အဲသလို ယုံတာတွေ တွေ့ကြရတယ်။ ဒီ နှစ်နယ်စလုံးမှာ ခေါမလူမျိုးတွေဟာ နိယတိအယူကို အကြီးအကျယ် ယုံကြသူတွေ ဖြစ်ရတယ်။

နိယတိအယူ ဆိုတာကတော့ ဖြစ်ပျက်သမျှ ကြိုတင် စီမံခန့်ခွဲထားပြီးလို့ ယုံကြည်တာပါပဲ။ ဒီ ယုံကြည်မှုကို ကမ္ဘာတစ်ဝန်းလုံးမှာ သမိုင်း တစ်လျှောက်မှာသာ မဟုတ်၊ ငါတို့ခေတ်မှာပါ တွေ့ကြရတယ်။ ဟောဒီက နောဒိကတိုင်းပြည်တွေမှာ ‘အဲဒ်ဒါ’ဆိုတဲ့ အိုက်စလန် ဇာတ်လမ်းဟောင်းတွေမှာ ‘လာဂနာဒန်’ ဒါမှမဟုတ် နိယတိကို အပြင်းအထန် ယုံကြည်မှု တွေ့ကြရတယ်။

လူတွေဟာ မိမိတို့ရဲ့ နိယတိကို ကြိုတင်ဟောမှုသဏ္ဌာန် တစ်မျိုးမျိုးနဲ့ သိနိုင်တယ်လို့ ယုံကြည်တာကိုလည်း ရှေးခေါမပြည်မှာရော၊ ကမ္ဘာ့ အခြားဒေသတွေမှာပါ တွေ့ကြရတယ်။ တစ်နည်းပြောရရင်တော့ လူတစ်ယောက်၊ တိုင်းပြည်တစ်ပြည်ရဲ့ နိယတိကို နည်းအမျိုးမျိုးနဲ့ ကြိုမြင်နိုင်တယ်ပေါ့။

ဖဲချပ်တွေနဲ့ မိမိ နိယတိကို ပြောနိုင်တယ်၊ လက္ခဏာဖတ်နိုင်တယ်၊ ကြယ်တွေမှာ မိမိအနာဂတ်ကို ကြိုဟောနိုင်တယ်၊ ယုံတဲ့လူ အများအပြားပဲ ခုထက်ထိ ရှိနေပါသေးတယ်။

ဒါမျိုးကို နော်ဝေးပြည်မှာ ထူးထူးခြားခြား ဟောပုံ တစ်နည်းကတော့ ကော်ဖီပန်းကန်ထဲကနေ မိမိအနာဂတ်ကို ဟောတာပါပဲ။ ကော်ဖီပန်းကန်မှာ ကော်ဖီသောက်လို့ ကုန်ရင်၊ ကော်ဖီမှုန့် အစအန ကျန်နေမြဲ ဖြစ်တယ်။ ဒါလေးတွေက ရုပ်ပုံကလေး၊ သဏ္ဌာန်ကလေးတစ်ခု ဖြစ်နေတတ်တယ်။ အနည်းဆုံး ပြောရရင် စိတ်ကူး လွှတ်ယဉ်ကြည့်ရင်ပေါ့လေ။ ကော်ဖီမှုန့်တွေက ကားနဲ့ တူနေရင် အဲဒီခွက်နဲ့ သောက်သူဟာ ကားနဲ့ ခရီးရှည်ထွက်ရလိမ့်မယ်တဲ့။

ဒီလိုနဲ့ ‘ဗေဒင်ဟောသူ’ ကြီးဟာ တကယ့်တကယ် ကြိုတင် မမြင်သာတဲ့ အရာကို ကြိုမြင်ဖို့ ကြိုးစားတာ ဖြစ်တယ်။ သူတို့ ‘မြင်’တာဟာ ဝိုးတဝါး နိုင်လွန်းလေတော့ ဗေဒင်ဟောသူတွေ ဟောပြောတာတွေကို ငြင်းဖို့ကလည်း ခပ်ခက်ခက်ပဲ။

ကြယ်တွေကို ငေးမော့ကြည့်ရင်း မှိတ်တုတ် မှိတ်တုတ် အစက် အပြောက်ကလေးတွေ တကယ် ဝရုန်းသုန်းကား ဖြစ်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် ကမ္ဘာမြေပေါ်က ငါတို့ဘဝအကြောင်း တစ်စုံတစ်ရာကို ကြယ်တွေက ပြောပြနိုင်တယ်လို့ ယုံတဲ့လူတွေ ခေတ်အဆက်ဆက်မှာ အမြဲရှိခဲ့တာပါပဲ။ ကနေ့ခေတ်မှာတောင် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်ခင် ဗေဒင်ဆရာရဲ့ အကြံပေးချက် ရယူကြတဲ့ နိုင်ငံခေါင်းဆောင်တွေ ရှိလေရဲ့။

 

ဒဲလဖောအီက နတ်စင်

 

ရှေးခေါမတွေက မိမိရဲ့ ရှေ့ဖြစ်နဲ့ ပတ်သက်ပြီး ဒဲလဖောအီက နာမည်ကျော် နတ်စင်မှာ နတ်မေးနိုင်တယ်လို့ ယုံကြည်ကြတယ်။ နတ်စင်က နတ်၊ အာပေါလွန်းဟာ သူ့ နတ်ဝင်သည် ပည်သီယာက တစ်ဆင့် စကားဆိုတယ်။ မြေကြီးအက်ကြောင်းပေါ် ထိုင်ခုံနဲ့ ထိုင်နေစဉ် အိပ်မွေ့ချ အခိုးတွေ ထွက်လာကာ ပည်သီယာကို အိပ်မွေ့ချခံရသလို ဖြစ်သွားစေတယ်။ ဒီတွင် သူ အာပေါလွန်ရဲ့ ပါးစပ်ပေါက် ဖြစ်သွားတော့တာပါပဲ။

လူတွေ ဒဲလဖောအီဆီကို လာကြတဲ့အခါ မိမိတို့ မေးချင်တာကို နတ်စင်က နတ်ဝင်သည်တွေကို တင်ပြကြရတယ်။ သူတို့ကမှ ပည်သီယာကို တစ်ဆင့် တင်ပြကြတယ်။ သူ့အဖြေက မကွဲမပြား ဝိုးတဝါးနိုင်လွန်းလို့ နတ် ဝင်သည်တွေက ရှင်းပြကြရတယ်။ အဲသလိုနည်းနဲ့ လူတွေဟာ အာပေါလွန်ရဲ့ ဉာဏ်ပညာ အကျိုးကျေးဇူးကို ခံစားကြရတယ်။ သူဟာ အရာတိုင်းကို သိတယ်၊ အနာဂတ်ကိုတောင် သိတယ်လို့ ယုံကြည်ကြသကိုး။

ဒဲလဖောအီက နတ်စင်မှာ ဗေဒင်မမေးရသေချင်း စစ်မထွက်ရဲ။ အဆုံးအဖြတ်ပေး ခြေလှမ်းများ မလှမ်းရဲတဲ့ နိုင်ငံ့ခေါင်းဆောင် အများအပြားပဲ ရှိခဲ့တယ်။ ဒီလိုနဲ့ အာပေါလွန်ရဲ့ နတ်ဝင်သည်တွေဟာ အနည်းနဲ့အများ သံတမန် တွေ၊ အကြံပေး အရာရှိတွေလို လှုပ်ရှားခဲ့ကြတာပါပဲ။ လူတွေအကြောင်း၊ တိုင်းပြည်အကြောင်း တရင်းတနှီး သိထားတဲ့ ပါရဂူတွေ ဖြစ်တယ်။

ဒဲလဖောအီက နတ်စင်အဝင်ဝပေါ်မှာ နာမည်ကျော် စာတန်းထိုးထားတယ်။ မိမိကိုယ်ကို သိပါ တဲ့။ လူဟာ မိမိကိုယ်ကို သေမျိုးသတ္တဝါမျှထက် ပိုပြီး အထင်မရောက်သင့်ကြောင်း ဘယ်သူလူသားမှ မိမိကံကြမ္မာကို မလွှတ် မပြေးနိုင်ကြောင်း ဝင်လာသူတွေကို သတိပေးနေတာပါပဲ။

မိမိတို့ ကံကြမ္မာက မိမိတို့ကို အမီလိုက်လာတဲ့ လူတွေအကြောင်း ဇာတ်လမ်းတွေ ခေါမတွေမှာ အများပဲရှိတယ်။ ကာလ ကြာညောင်းသွားတော့ ဒီ ‘ကြေကွဲဖွယ်’ လူတွေအကြောင်း ပြဇာတ်တွေ(‘ကြေကွဲဇာတ်’ တွေ) အများ အပြား ရေးလာကြတယ်။ အထင်ရှားဆုံးကတော့ ဩအိဒိပုစ်မင်းကြီးရဲ့ ကြေကွဲဇာတ်ပါပဲ။

(အာပေါလ္လုန်ကို အချို့ ‘အပိုလို’လို့ အသံထွက်တယ်။ ။ မြန်မာပြန်သူ)

 

သမိုင်းနဲ့ဆေး

 

ဒါပမယ့် နိယတိဟာ လူတစ်ဦးချင်းတွေရဲ့ ဘဝတွေကို စိုးမိုးရုံမျှ မဟုတ်သေးဘူး။ ကမ္ဘာ့သမိုင်းကိုတောင် နိယတိက စိုးမိုးတယ်။ စစ်အနိုင်အရှုံးကို နတ်တွေ ဝင်စွက်ပြီး ပြောင်းလဲပစ်နိုင်တယ်လို့ ခေါမတွေ ယုံကြတယ်။ ကနေ့ခေတ်မှာလည်း ဒေဝ၊ ဒါမှမဟုတ် အခြားမသိရတဲ့ တန်ခိုးတော်တစ်ခုက သမိုင်းကြောင်းကို ပဲ့ကိုင်နေတယ်လို့ ယုံသူတွေ အများအပြား ရှိနေတုန်းပါပဲ။

ဒါပေယ့် သဘာဝလောက ဖြစ်စဉ်တွေကို သဘာဝကျကျ ရှင်းပြရေး၊ ခေါမဒဿနဆရာတွေက ကြိုးစားရှာဖွေနေကြတာနဲ့ တစ်ပြိုင်နက်တည်း ပထမ သမိုင်းဆရာတွေက သမိုင်းလမ်းကြောင်းကို သဘာဝကျကျ ရှင်းပြရေး စတင် ရှာဖွေနေကြတယ်။ တိုင်းပြည်တစ်ပြည် စစ်ရှုံးသွားတဲ့အခါ နတ်တို့ရဲ့ ကလဲ့စားဆိုတာ သူတို့အဖို့ လက်ခံနိုင်လောက်တဲ့ ရှင်းပြချက် မဟုတ်တော့ဘူး။ လူသိအများဆုံး ခေါမ သမိုင်းဆရာတွေကတော့ ဟဲရောဒေါ့တော့စ် (၄၈၄ - ၄၂၄ ခမ) နဲ့ သုဆည်ဒိဒ်စ် (၄၆၀ - ၄၀၀ ခမ) တို့ ဖြစ်တယ်။

ဖျားနာရတာ နတ်တို့ကြောင့် ဖြစ်ရတာလို့လည်း ခေါမတွေ ယုံတယ်။ တစ်ခါ သင့်တင့်တဲ့ ယဇ်ပူဇော်မှုပြုရင် နတ်တွေက လူတွေကို ပြန်လည် ကျန်းမာလာအောင် လုပ်ပေးနိုင်ပါသတဲ့။

ဒီအယူအဆဟာ ခေါမတွေမှာမှ တဆန်းတပြား တွေ့ရတာတော့ မဟုတ်ဘူး။ ခေတ်ပေါ်ဆေးဝါး မဖွံ့ဖြိုးမီက အများဆုံး လက်ခံနေကြတဲ့ အယူအဆက ဖျားနာတာ သဘာဝလွန် အကြောင်းတရားတွေကြောင့် ဖြစ်တယ် ဆိုတာပါပဲ။ Influenza (တုပ်ကွေး) ဆိုတဲ့ စကားလုံးဟာ တကယ်က ကြယ်တွေရဲ့ ဆိုးကျိုး သြဇာညောင်းမှု (Influence) လို့ အဓိပ္ပါယ်ရတယ်။ ကနေ့ခေတ်မှာတောင် အချို့ရောဂါတွေ (ဥပမာ- အိတ်ဒ်ဇ် AIDS) ဟာ ဒေဝရဲ့ အပြစ်ဒဏ်ခတ်ချက် ဖြစ်တယ်လို့ ယုံသူတွေ အများပဲ ရှိတယ်။ အများအပြားကလည်း လူမမာတွေကို သဘာဝလွန်နည်းနဲ့ ကုသလို့ရတယ်လို့ ယုံကြတယ်။

ခေါမ ဒဿနပညာ ဦးတည်ချက် အသစ်တွေနဲ့ တစ်ချိန်တည်းမှာပဲ ဖျားနာရတာ သေရတာကို သဘာဝကျကျ ရှင်းပြရေး ကြိုးစားရှာဖွေတဲ့ ခေါမဆေးပညာ ပေါ်ထွန်းလာတယ်။ ခေါမဆေးပညာကို တည်ထောင်သူကတော့ ဟိပ္ပေါကရာတစ် ဖြစ်တယ်လို့ ဆိုကြတယ်။ ခမ ၄၆၀ ဝန်းကျင်က ကော့စ် ကျွန်းမှာ မွေးခဲ့သူပါပဲ။

 

ဟိပ္ပေါကရာတဲစ် ဆေးပညာ အစဉ်အလာအရ မနာမဖျားအောင် အရေးအကြီးဆုံး ကာကွယ်နည်းကတော့ မျှတရေးနဲ့ ကျန်းကျန်းမာမာ နေထိုင်ရေးပဲ ဖြစ်တယ်။ ကျန်းမာရေးဟာ သဘာဝအခြေအနေ ဖြစ်တယ်။ ဖျားနာလာရင် ကိုယ်ကဖြစ်ဖြစ်၊ စိတ်ကဖြစ်ဖြစ် မျှတမှုမရှိလို့ သဘာဝတရားဟာ လမ်းကြောင်းက ချော်သွားတဲ့ လက္ခဏာဖြစ်တယ်။ လူတိုင်းအတွက် ကျန်းမာရေး လမ်းက မျှတရေး၊ ညီညွတ်ပြေပြစ်ရေး၊ ‘ကိုယ်ကျန်းမာထဲမှာ စိတ်ကျန်းမာ’ ရှိရေး ဖြစ်တယ်။

ကနေ့ခေတ်မှာ ဆေးကျင့်ဝတ်အကြောင်း အတော်များများ ပြောကြတယ်။ ဆရာဝန်ဆိုတာ အချို့ ကျင့်ဝတ် စည်းကမ်းများနဲ့အညီ ဆေးဝါးကုသရမယ် လို့ ဆိုလိုတာပါပဲ။ ဥပမာ- ဆရာဝန်ဟာ ကျန်းမာနေတဲ့ လူတွေကို မူးယစ်ဆေးဝါး မညွှန်းရဘူး။ ဆရာဝန်ဟာ အလုပ်သဘော လျှို့ဝှက်မှုကိုလည်း ထိန်းသိမ်းရမယ်။ လူနာက သူ့ရောဂါအကြောင်း ပြောပြထားသမျှ လျှောက်ပြောခွင့်ပါ၊ မရှိဘူးလို့ ဆိုလိုတယ်။ ဒီအယူအဆတွေဟာ ဟိပ္ပေါကရာတဲစ်ဆီက လာတာ သူက သူ့တပည့်တွေကို အောက်ပါအတိုင်း သစ္စာဆိုခိုင်းတယ်။

ငါ့လူနာတွေရဲ့ အကျိုးအတွက် ဖြစ်တယ်လို့ ငါ့အရည်အချင်းနဲ့ ဆုံးဖြတ်ဉာဏ်အရ ငါယူဆတဲ့ စနစ်၊ နည်းလမ်းကို ငါလိုက်နာပြီး ဘေးဥပဒ် ဖြစ်စရာ၊ ဒုက္ခရောက်စရာ မှန်သမျှကို ရှောင်ကြဉ်မယ်။ တောင်းခံလာရင် ဘယ်သူ့ကိုမှ သေစေတတ်တဲ့ဆေး မပေး။ အလားတူ အကြံဉာဏ်လည်း မပြု။ အဲသလိုပဲ အမျိုးသမီးတစ်ဦးကိုလည်း သားဖျက်နည်း ပေးမယ်မဟုတ်ပါ။ အိမ်တစ်အိမ်ကို သွားရင် ဖျားနာသူ အကျိုးအတွက်သာ သွားမယ်၊ ဒုက္ခပေးဖို့၊ ဖျက်ဆီးဖို့ စိတ်ဆန္ဒနဲ့ ပြုတဲ့အမှုက ရှောင်မယ်။ နောက်ပြီးတော့ လွတ်လပ်သူဖြစ်ဖြစ်၊ ကျွန်ဖြစ်ဖြစ် ဘယ်မိန်းမ ယောက်ျားမဆို သွေးဆောင်ဖျားယောင်းတာကို ရှောင်မယ်။ ငါ့အသက်မွေး လုပ်ငန်းနဲ့ ပတ်သက်ပြီး လျှောက်မပြောသင့်တဲ့ ကိုယ် မြင်တာကြားတာ မှန်သမျှ လျှို့ဝှက်ထားပါ့မယ်။ ဒီကျမ်းသစ္စာကို မပျက်မစီး ဆက်လက်ထိန်းသမျှ အသက်ရှည်ရှည်နဲ့ ပညာစွမ်းပြကာ အခါခပ်သိမ်း လူတကာ လေးစားခြင်း ခံပါရစေ။ ဒီကျမ်းသစ္စာကို ချိုးဖောက်ခဲ့ရင် ပြောင်းပြန်အကျိုး ခံရစေသား။

 

***

 

စနေ့မနက်မှာ ဆိုဖီ လန့်နိုးတယ်။ အိပ်မက်များလား၊ သူ ဒဿနဆရာကို တကယ်မြင်လိုက်ရတာလား။

သူ လက်တစ်ဖက်နဲ့ အိပ်ရာအောက် စမ်းကြည့်တယ်။ အင်း… ညတုန်းက ရောက်လာတဲ့စာ အဲဒီမှာ ရှိနေတာပဲ။ အိပ်မက် မဟုတ်ပါဘူး။

သူ ဒဿနဆရာကို သေချာပေါက် မြင်လိုက်ရတာပဲ။ ဒါတွင် မကသေးဘူး။ သူ မိမိစာကို ယူသွားတာကို မျက်စိနဲ့ တပ်အပ်မြင်လိုက်ရတာပဲ။

ကြမ်းပေါ်ကို ဝပ်တွားဆင်းခဲ့ကာ အိပ်ရာအောက်က လက်နှိပ်စက်ရိုက် စာမျက်နှာအားလုံးကို ဆွဲယူလိုက်တယ်။ နို့… ဟိုဟာက ဘာတုန်း။ နံရံနား ကပ်လို့ နီနီရဲရဲကလေးပါလား။ လည်စည်းလေးများလား။

ဆိုဖီ အိပ်ရာအောက်က တရွေ့ရွေ့ ရွေ့လာခဲ့ကာ ပိုးလည်စည်းနီလေးကို ဆွဲထုတ်လိုက်တယ်။ သူ့ဟာတော့ မဟုတ်ဘူး။ ဒါ သေချာတယ်။

ထပ်ပြီး စေ့စေ့စပ်စပ် ကြည့်လိုက်ပြန်တော့ အနားတစ်လျှောက်မှာ ဟိလဒ လို့ မင်နဲ့ ရေးထားတာ မြင်ရတဲ့အခါ အသက်ရှူ မှားရတယ်။

ဟိလဒ။ နို့… ဘယ်သူလဲ ဟိလဒ။ သူတို့ဘဝလမ်းတွေက ဘာကြောင့် ခုလို ဆုံစည်းလို့ချည်း နေရတာတဲ့တုန်း။

 

ဆိုကရာတဲစ်

 

… မသိဘူးလို့ သိတဲ့သူ ပညာအရှိဆုံး …

 

ဆိုဖီ နွေဝတ်စုံ ဝတ်ပြီး မီးဖိုချောင်ဆီ သုတ်ခြေတင်ခဲ့တယ်။ သူ့အမေ မီးဖိုချောင် စားပွဲနား ရပ်နေတယ်။ ပိုးလည်စည်းအကြောင်း တစ်ခွန်းမဟဖို့ ဆိုဖီ ဆုံးဖြတ်ထားတယ်။

“သတင်းစာ ယူပြီးပလား” လို့ သူ မေးလိုက်တယ်။

သူ့အမေ လှည့်လိုက်တယ်။

“ညည်း ငါ့ကို ယူပေးပါလား” တဲ့။

ဆိုဖီ လျှပ်တစ်ပြက်အတွင်း တံခါးက ထွက်၊ ကျောက်စရစ်လေးအတိုင်း စာပုံးဆီ ရောက်သွားတော့တယ်။

သတင်းစာချည်းပဲ။ ပြန်စာကို ဒီလောက် မြန်မြန် မမျှော်လင့်နိုင်ဘူးလေလို့ တွေးလိုက်ရဲ့။ သတင်းစာ မျက်နှာဖုံးမှာ လက်ဘနွန်ရောက် နော်ဝေး ကုလသမဂ္ဂ တပ်ရင်းအကြောင်း သတင်း ဖတ်ရတယ်။

ကုလသမဂ္ဂတပ်ရင်း … အဲဒါ ဟိလဒ အဖေဆီက ကတ်ပြားပေါ်က တိုက်အမှတ်အသား မဟုတ်လား။ ဒါပေမယ့် စာပို့ခေါင်းက နော်ဝေးတံဆိပ်ခေါင်း ဖြစ်နေတယ်။ နော်ဝေး ကုလသမဂ္ဂ စစ်သားတွေက သူတို့နဲ့အတူ ကိုယ်ပိုင်စာတိုက် ပါသွားတယ် ထင်ပါရဲ့။

“ညည်း သတင်းစာကို သိပ် စိတ်ဝင်စားလာနေပါလား” လို့ ဆိုဖီ မီးဖိုချောင် ပြန်ရောက်တော့ သူ့အမေက ခနဲ့လိုက်တယ်။

တော်ပါသေးရဲ့။ မနက်စာ စားတုန်းရော၊ အဲဒီနေ့ နောက်ပိုင်းမှာရော စာပုံးတွေ ဘာတွေအကြောင်း သူ့အမေက နောက်ထပ် မပြောတော့လို့။ သူ ဈေးဝယ်သွားတော့ ဆိုဖီလည်း နိယတိအကြောင်း စာကို သားရဲတွင်းဆီ ယူခဲ့ရဲ့။

သူ အံ့သြသွားတယ်။ ဒဿနဆရာဆီက အခြားစာများနဲ့အတူ ကွတ်ကီသံပုံးဘေးမှာ စာအိတ်ဖြူလေးတစ်စောင် တွေ့ရတယ်။ သူ အဲဒီမှာ ထားခဲ့တာ မဟုတ်ကြောင်း ဆိုဖီ အတပ်ပြောနိုင်တယ်။

ဒီ စာအိတ်လည်း အနားစပ်မှာ စိုနေတယ်။ နက်နက်ရှိုင်းရှိုင်း အပေါက်နှစ်ပေါက်လည်း ပါတယ်။ မနေ့ကရတဲ့ စာအတိုင်းပဲ။

ဒဿနဆရာ ဒီကို ရောက်သွားပလား။ မိမိရဲ့လျှို့ဝှက် ပုန်းအောင်းရာကို သူ သိသွားပလား။ ဘာကြောင့် စာအိတ်က စိုနေတာလဲ။

ဒီမေးခွန်းအားလုံးက သူ့ခေါင်းကို ချာချာလည်စေပေါ့။ သူ စာကို ဖောက်ပြီး ဖတ်လိုက်တယ်။

 

ခင်တဲ့ ဆိုဖီ။ မင့်စာကို စိတ်ဝင်တစား ဖတ်မိပါတယ်။ ဝမ်းမနည်းဘဲလည်း မဟုတ်ဘူး။ ဖိတ်ကြားတာနဲ့ ပတ်သက်လို့ကတော့ စိတ်မကောင်းမိဘူး။ မင်း မကျေမနပ် ဖြစ်မိမှာပဲ။ ငါတို့ တစ်နေ့တော့ တွေ့ကြမယ်။ ဒါပေမယ့် ကပ္ပီတန်ကွေ့ကို ငါကိုယ်တိုင် လာနိုင်ဖို့ကတော့ နည်းနည်း အချိန်လိုဦးမယ်။

ဖြည့်စွက် ပြောချင်တာကတော့ အခုကစပြီး ငါကိုယ်တိုင် စာတွေကို လာပို့နိုင်တော့မယ် မဟုတ်ဘူး။ ရေရှည်မှာ အန္တရာယ် များလွန်းတယ်လေ။ နောင်ဆိုရင် စာတွေကို ငါ့တမန်တော်လေးက ပို့ပေးလိမ့်မယ်။ နောက်ပြီး ဥယျာဉ်ထဲက လျှို့ဝှက်နေရာလေးထိ တိုက်ရိုက် ပို့ပေးလိမ့်မယ်။

လိုအပ်တယ်ထင်တိုင်း မင်း ငါနဲ့ ဆက်လက် ဆက်သွယ်နိုင်ပါတယ်။ ဆက်သွယ်တဲ့အခါ ပန်းရောင် စာအိတ်လေးကို ကွတ်ကီ ဖြစ်ဖြစ်၊ သကြားလုံး ဖြစ်ဖြစ် ထည့်ပြီး အပြင်ထုတ်ထားပါ။ တမန်တော် အဲဒါလေးကို တွေ့ရင် ငါ့ဆီ တန်းယူလာလိမ့်ယ်။

PS. အမျိုးသမီးရဲ့ ကော်ဖီသောက် ဖိတ်ကြားချက်ကို ငြင်းဆန်ရတာ စိတ်မကောင်းစရာပါပဲ။ ဒါပေမယ့် တစ်ခါတလေ လိုအပ်ချက်အရ ငြင်းရပါတယ်။

PPS. တစ်နေရာရာမှာ ပိုးလည်စည်းအနီ တစ်ထည်ကို တွေ့ရင် သိမ်းထားလိုက်ပါနော်။ တစ်ခါတလေ ကိုယ်ပိုင်ပစ္စည်းတွေ ရောကုန်တတ်တယ်။ အထူးသဖြင့် ကျောင်းတို့၊ ကျောင်းလို နေရာမျိုးတို့ပေါ့။ ဒါကလည်း ဒဿနဗေဒကျောင်းပဲလေ။

 

မင်းရဲ့ အဲလဘာတိုနောက်စ်

 

ဆိုဖီ လူဖြစ်လာတာ ဆယ့်ငါးနှစ်နီးပါး ရှိပြီး ငယ်ရွယ်တဲ့ သူ့ဘဝမှာ စာတွေ တော်တော်များများပဲ ရဖူးခဲ့ပါတယ်။ ယုတ်စွအဆုံး ခရစ္စမတ်မှာ၊ မွေးနေ့တွေမှာပေါ့။ ဒါပေမယ့် ဒီစာဟာဖြင့် သူရဖူးသမျှ အဆန်းဆုံး စာပါပဲ။

စာမှာ တံဆိပ်ခေါင်း မပါဘူး။ စာပုံးထဲ ထည့်ထားတာတောင် မဟုတ်ဘူး။ ခြံစည်းရိုးဟောင်းဆီက ဆိုဖီရဲ့ ထိပ်တန်းလျှို့ဝှက် ပုန်းအောင်းရာဆီ တန်းပြီး သယ်လာတာ ဖြစ်တယ်။ ခြောက်သွေ့တဲ့ ဝသန္တရာသီမှာ စိုစွတ်နေ တယ် ဆိုတာကလည်း မစဉ်းစားတတ်အောင် အဖြစ်ရဆုံး ဆိုရမလောက်ပဲ။

အားလုံးထဲမှာ အဆန်းဆုံးကတော့ ပိုးလည်စည်းပဲပေါ့။ ဒဿနဆရာမှာ နောက်တပည့် တစ်ဦးရှိတာ ဖြစ်ရမယ်။ ဒါပဲ။ အဲဒီ နောက်တပည့်က ပိုးလည်စည်းနီ ပျောက်ခဲ့တယ်။ ဟုတ်ပြီ။ ဒါပေမယ့် ဘယ်လိုလုပ်ပြီး ဆိုဖီအိပ်ရာအောက် လာပျောက်နိုင်ရတာတဲ့တုန်း။

နောက်ပြီး အဲလဘာတို နောက်စ်တဲ့။ ဘယ်လို နာမည်မျိုးလဲ။

တစ်ခုတော့ သေချာပြီ။ ဒဿနဆရာနဲ့ ဟိလဒမားလညဂ် အဆက်အသွယ်။ ဒါပေမယ့် ဟိလဒရဲ့ အဖေကိုယ်တိုင်က သူတို့လိပ်စာတွေကို အခု ရောထွေးပစ်နေတယ် ဆိုတာကတော့ လုံးဝ နားမလည်နိုင်စရာ။

ဟိလဒနဲ့ မိမိနဲ့ ဘယ်လို အဆက်အသွယ်မျိုး ရှိနိုင်လေမလဲ။ ဆိုဖီ အကြာကြီး ထိုင်စဉ်းစားနေမိတယ်။ နောက်ဆုံး လက်လျှော့လိုက်တယ်။ ဒဿနဆရာက တစ်နေ့တော့ သူ့ကို တွေ့ရမယ် ရေးလိုက်တယ်။ ဟိလဒကိုပါ တွေ့ရကောင်းရဲ့။

သူ စာကို လှန်လိုက်တယ်။ အခုမှ ကျောမှာလည်း ဝါကျတချို့ ရေးထားသေးတာကို သူ မြင်တယ်။

သဘာဝကျတဲ့ ဣန္ဒြေစောင့်စည်းမှုဆိုတာ ရှိသလား။

မသိဘူးလို့ သိတဲ့သူ ပညအရှိဆုံး…

တကယ့် အသိဉာဏ်အမြင်ဟာ အတွင်းထဲက လာတယ်။

မှန်တာကို သိတဲ့သူ အမှန်ကို လုပ်လိမ့်မယ်။

 

***

 

စာအိတ်ဖြူတွေနဲ့ လာတဲ့ ဝါကျတိုလေးတွေက နောက် မကြာမတင် ရောက်လာမယ့် စာအိတ်ကြီးအတွက် သူ့ကို ပြင်ဆင်ပေးဖို့ ရည်ရွယ်တယ်ဆိုတာ ဆိုဖီ သိတယ်။ သူ ဗြုန်းဆို အကြံရမိတယ်။ ‘တမန်တော်’ က စာအိတ်ညို ပို့ဖို့ သားရဲတွင်းကို လာတယ်ဆိုရင် ဆိုဖီ သူ့ကို ထိုင်စောင့်နေရုံပဲပေါ့။ မိန်းကလေး များလား။ ဘယ်သူပဲဖြစ်ဖြစ် ဒဿနဆရာအကြောင်း ပိုမို ပြောမပြမချင်း ဆွဲကို ထားလိုက်ရဦးမယ်။ စာထဲမှာ ‘တမန်တော်လေး’လို့ ဆိုထားတယ်။ ကလေးလေးများ ဖြစ်မလား။

‘သဘာဝကျတဲ့ ဣန္ဒြေ စောင့်စည်းမှုဆိုတာ ရှိသလား’ တဲ့။

‘ဣန္ဒြေစောင့်စည်း’ တယ် ဆိုတာ ရှက်တတ်တာကို ပြောတဲ့ ရှေးဆန်ဆန် စကားလုံးလို့ ဆိုဖီ သိထားတယ်။ လူရှေ့သူရှေ့ ကိုယ်တုံးလုံး နေတာကို ရှက်တာမျိုး။ နို့… အဲဒါကို စိတ်မသိုးမသန့်ဖြစ်တာ သဘာဝ ကျသလား။ သဘာဝကျတယ် ဆိုတာ လူတိုင်းအတွက် ဖြစ်ရမှာပေါ့လို့ သူ ထင်တယ်။ ကမ္ဘာ့ အရပ်ဒေသများမှာ တုံးလုံးနေတာ လုံးဝ သဘာဝကျနေတယ်။ ဒီတော့ လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူး ဆုံးဖြတ်တာ လူ့အဖွဲ့အစည်းပဲ ဖြစ်ရမယ်။ ဘွားဘွား ငယ်ငယ်တုန်းက ဆိုရင် အပေါ်ပိုင်း ဟောင်းလောင်းနဲ့ နေစာလှုံလို့ မရပေဘူး။ ကနေ့တော့ ဒါ ‘သဘာဝကျတယ်’ လို့ လူအများက ထင်နေကြပါပြီ။ တိုင်းပြည် အများအပြားမှာတော့လည်း ဒါကို တင်းတင်းကျပ်ကျပ် တားမြစ်ကြတုန်း ပေါ့လေ။ ဒါ ဒဿနဗေဒလား။ ဆိုဖီ တွေးနေမိတယ်။

နောက်ဝါကျက ‘မသိဘူးလို့ သိတဲ့သူ ပညာအရှိဆုံး’ တဲ့။

ဘယ်သူ့ထက် ပညာရှိတာတုန်း။ မိမိဟာ လောကကြီးမှာ ရှိသမျှ အရာခပ်သိမ်းကို မသိဘူးလို့ သဘောပေါက်တဲ့ သူဟာ မဖြစ်စလောက်ကလေး သိပြီး အများကြီး သိတယ်လို့ ထင်နေသူထက် ပညာရှိတယ်လို့ ဒဿနဆရာကြီးက ပြောချင်တာ ဆိုရင်တော့ အင်း… ဒါကို သဘောတူဖို့ မခက်လှပါဘူး။ ဆိုဖီ အလျင်က ဒီအကြောင်း မစဉ်းစားမိဘူး။ ဒါပေမယ့် စဉ်းစားလေလေ၊ မသိဘူးလို့ သိတာဟာ အသိဉာဏ်တစ်မျိုးပဲ ဆိုတာကို ပိုထင်ထင်ရှားရှား သဘောပေါက်လေ ဖြစ်လာတယ်။ သူသိသမျှ အမိုက်မဲဆုံး အရာကတော့ ကိုယ် ဘာတစ်ခုမှ မသိတဲ့ ကိစ္စတွေအကြောင်း သိလေဟန် ဆောင်ကြတာပါပဲ။

နောက် ဝါကျက တကယ် ဉာဏ်အမြင် အတွင်းထဲက လာတဲ့အကြောင်း ဖြစ်တယ်။ နို့… သိစရာဟူသမျှ ပြင်ပကနေ လူတွေရဲ့ ခေါင်းထဲ ရောက်လာတာ မဟုတ်ဘူးလား။ တစ်ခါ သူ့အမေတို့၊ ကျောင်းက ဆရာတို့က သူ မခံယူနိုင်သေးတာကို ကြိုးစား သင်ပြဖူးတာမျိုးတွေကို ဆိုဖီ သတိရမိတယ်။ သူ တကယ် နားလည်သွားတယ် ဆိုတာဟာ သူကိုယ်တိုင်က တစ်နည်းမဟုတ် တစ်နည်း ပါလာလို့ ဖြစ်တယ်။ မကြာခဏ ဆိုသလို ကိုယ်အလျင်က လုံးဝ မသိရေးချမသိ ဆိုခဲ့တာကို ဗြုန်းဆို သဘောပေါက် သွားတတ်တယ်။ ဒါကိုပဲ လူများက ‘ဉာဏ်အမြင်’လို့ ဆိုလိုတာနဲ့ တူပါရဲ့။

ဒီအထိတော့ ဟုတ်ပြီ။ ပထမ မေးခွန်းသုံးပုဒ်ကို မိမိ တော်တော်ကလေး ဖြေနိုင်သားလို့ ဆိုဖီ ထင်တယ်။ ဒါပေမယ့် နောက် အဆိုအမိန့်ကတော့ ခွကျလွန်းလို့ မပြုံးဘဲကို မနေနိုင်ဘူး။ ‘မှန်တာကို သိတဲ့လူ အမှန်ကို လုပ်လိမ့်မယ်’ တဲ့။

ဒီလိုဆိုတော့ ဘဏ်သူခိုးတစ်ယောက် ဘဏ်ကို ခိုးတာ မသိလို့လား။ ဆိုဖီတော့ မထင်ပါဘူး။

ကလေးများရော လူကြီးများပါ မိုက်မဲတဲ့ အလုပ်ကို လုပ်ပြီး နောင်မှာ နောင်တရတယ်ဆိုတာ ကိုယ့်စိတ်နဲ့ ဆန့်ကျင်ပြီး လုပ်ခဲ့ရတာမို့ ဖြစ်လိမ့်မယ်လို့ သူ ထင်တယ်။

သူ ထိုင်စဉ်းစားနေတုန်း တောအုပ်နဲ့ အနီးဆုံး ခြံစည်းရိုးဘက်က ခြုံနွယ်ပိတ်ပေါင်း အခြောက်တွေထဲ တချွတ်ချွတ်အသံ ကြားရတယ်။ တမန်တော်များလား။ သူ နှလုံးခုန် မြန်လာတယ်။ ဟောဟဲလိုက်နေတဲ့ တိရစ္ဆာန်တစ်ကောင် လာနေသံနဲ့ တူတယ်။

နောက် တစ်ခဏအတွင်း ဧရာမ လဲ့ဘရဒေါ ခွေးကြီးတစ်ကောင် သားရဲတွင်းထဲ တိုးဝင်လာပါရော။

ပါးစပ်ထဲမှာ စာအိတ်ညိုကြီး ကိုက်ထားပြီး ဆိုဖီခြေရှေ့ ချပေးတယ်။ ဖြစ်တာပျက်တာ မြန်လွန်းလို့ ဆိုဖီ တုံ့ပြန်ဖို့ အချိန်မရလိုက်ဘူး။ တစ်စက္ကန့် အကြာမှာတော့ သူဟာ စာအိတ်ကြီး လက်ကကိုင် ထိုင်နေမိတယ်။ ရွှေဝါရောင် လဲ့ဘရဒေါလည်း တောထဲ ပြန်သုတ်ခြေတင်လေပေါ့။

အားလုံးလည်း ပြီးသွားရော သူ တုံ့ပြန်တယ်။ ငိုပါလေရော။

အဲသလို အတန်ကြာ ထိုင်နေမိရဲ့။ အချိန်ဆိုတဲ့ အသိ ပျောက်သွားတယ်။

အဲဒီနောက် ဗြုန်းဆို မော့ကြည့်လိုက်တယ်။

သူ့တပည့်ကျော် တမန်တော်ဆိုတာ ဒါကိုး။ ဆိုဖီ ပေါ့ပါးသွားရကာ သက်ပြင်းချမိတယ်။ ဒါကြောင့် စာအိတ်ဖြူတွေမှာ အနားတွေ စိုစွတ်နေပြီး အပေါက် ပေါက်နေတာပ။ ဘာဖြစ်လို့ စောစောက မတွေးမိတာလဲ။ ခုမှပဲ ဒဿနဆရာကြီးဆီ စာရေးရင် စာအိတ်ထဲ ကွတ်ကီတို့ သကြားလုံးတို့ ထည့်ရမှာကို သဘောပေါက်ရတယ်။

မိမိဟာ ဆန္ဒရှိသလောက် မပါးနပ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တမန်တော်ဟာ သင်ထားတဲ့ ခွေးတစ်ကောင် ဖြစ်လိမ့်မယ်လို့ ဘယ်သူ ခန့်မှန်းမိပါ့မလဲ။ သက်သက်ညှာညှာ ပြောရရင် ဒါ နည်းနည်းမှ ထုံးစံမဟုတ်တာ။ တမန်တော်ကို အဲလဘာတိုနောက်စ် အကြောင်းတွေ မရမက အပြောခိုင်းဦးမယ် ဆိုတာတွေတော့ အကုန် မေ့သာပစ်လိုက်ရုံပ။

ဆိုဖီ စာအိတ်ကြီးကို ဖောက်ပြီး စတင် ဖတ်လိုက်တယ်။

 

အာသဲနာစ်ရဲ့ ဒဿန

 

ခင်တဲ့ဆိုဖီ၊ မင်း ဒီစာကို ဖတ်နေတဲ့အခါ ဟဲရမဲစ်ကို မင်း တွေ့ပြီးရော့မယ်။ မတွေ့ရသေးရင် ပြောရဦးမယ်။ သူက ခွေးပါ။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ သူက အင်မတန် သဘောကောင်းပါတယ်။ နောက်ပြီး လူအများအပြားထက် အပုံကြီး ပို အသိဉာဏ်ရှိတယ်။ ဒါပေမယ့် သူက မိမိတော်တာထက် ပိုတော်ဟန် ထုတ်မပြတတ်ဘူး။

နောက်ပြီး သူ့နာမည်ဟာ အဓိပ္ပါယ်မဲ့ မဟုတ်တာကို မင်း သတိပြုမိကောင်း ပြုမိမယ်။

ခေါမ နတ်ပုံပြင်မှာ ဟဲရမဲစ်ဟာ နတ်တို့ရဲ့ တမန်တော်ပါ။ ပင်လယ်ခရီးသွားသူတွေရဲ့ နတ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအကြောင်း ဦးနှောက်ခြောက် မခံပါနဲ့စို့။ အနည်းဆုံး လောလောဆယ်ပေါ့လေ။ ပို အရေးကြီးတာက ဟဲရမဲစ်ဟာ သူ့နာမည်ကို ‘ဟဲရမ်တိက’ (Hermetic) ဆိုတဲ့ စကားလုံး ဖြစ်လာစေတယ် ဆိုတာပါပဲ။ ဝှက်ထားတယ်၊ မရရှိနိုင်ဘူးလို့ အဓိပ္ပါယ်ရတယ်။ ငါတို့နှစ်ယောက် တစ်ဦးဆီက တစ်ဦး ဝှက်ထားတဲ့သဘော။ ဟဲရမဲစ် လုပ်ဆောင်ပေးရတာနဲ့ မဆီလျော် မရှိဘူး။

ဒီတော့ ခုချိန်ကစပြီး တမန်တော်နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ သဘာဝ အတိုင်းပါပဲ။ သူက သူ့နာမည်ကို ခေါ်ရင် သိတယ်။ အင်မတန် လိမ်လိမ်မာမာ နေတတ် ထိုင်တတ်တယ်။

ကဲ ဒဿနဘက် လှည့်ကြဦးစို့။ ငါတို့သင်တန်းရဲ့ ပထမပိုင်းကို ပြီးခဲ့ပြီ။ သဘာဝဒဿနဆရာတွေ၊ သူတို့က နတ်ပုံပြင်လောက ရုပ်ပုံလွှာကို လုံးဝ လမ်းခွဲခဲ့တာတွေကို ဆိုလိုတယ်။ အခု ဂန္တဝင် ဒဿနဆရာကြီး သုံးယောက်ကို တွေ့ကြရမယ်။ ဆိုကရာတဲစ်၊ ပလာတုန်းနဲ့ အရိစတောတလဲ တို့ပါပဲ။ သူ့နည်းနဲ့သူ၊ ဒီ ဒဿနဆရာကြီးတွေဟာ ဥရောပယဉ်ကျေးမှု တစ်ရပ်လုံးကို သြဇာညောင်းခဲ့ကြတယ်။

သဘာဝ ဒဿနဆရာတွေကို ဆိုကရာတဲစ် အလျင်လူများလို့လည်း ခေါ်ကြတယ်။ သူတို့က ဆိုကရာတဲစ် အလျင် ပေါ်ထွန်းခဲ့ကြတာကိုး။ ဒဲမောကရိတော့စ်ဟာ ဆိုကရာတဲစ် နောက်မှ နှစ်အနည်းငယ်ကြာမှ သေပေမယ့်လို့ သူ့အတွေးအယူ အားလုံးဟာ ဆိုကရာတဲစ် အလျင် သဘာဝဒဿနဗေဒပဲ ဖြစ်တယ်။ ပထဝီအရရော ကာလအရပါ ခေတ်သစ်တစ်ခုကို ဆိုကရာတဲစ်က ကိုယ်စားပြုနေတယ်။ သူဟာ အာသဲနာစ်မြို့မှာ မွေးဖွားတဲ့ မဟာဒဿနဆရာကြီးတွေ ထဲမှာ ပထမဆုံး ဖြစ်တယ်။ သူရော သူ့ဆက်ခံသူ နှစ်ယောက်ရော အဲဒီမှာ နေကြ၊ အလုပ်လုပ်ကြတယ်။ အာနာကဆာဂေါရာစ်လည်း အာသဲနာ့စ်မှာ ခဏတစ်ဖြုတ် နေခဲ့သေးတယ်။ ဒါပေမယ့် နေဟာ ပူလွန်းလို့ နီရဲနေတဲ့ ကျောက်တုံးတစ်တုံး ဖြစ်တယ်လို့ ပြောမိလို့ မောင်းထုတ်တာ ခံခဲ့ရတာကို မင်း မှတ်မိမှာပေါ့။ (ဆိုကရာတဲစ်လည်း သူ့ထက် ကံမကောင်းပါဘူး။)

ဆိုကရာတဲစ်ခေတ်က စပြီးတော့ အာသဲနာ့စ်ဟာ ခေါမယဉ်ကျေးမှုရဲ့ ဗဟိုချက်မ ဖြစ်ခဲ့တယ်။ သဘာဝဒဿနကနေ ဆိုကရာတဲစ်ထိ တိုးတက် လာခဲ့ရာမှာ ဒဿနဗေဒ စီမံချက်မှာပါ သဘောသဘာဝ ပြောင်းလဲလာတာကို မှတ်သားဖို့လည်း အရေးကြီးတယ်။ ဒါပေမယ့် ဆိုကရာတဲစ်နဲ့ မတွေ့ဆုံမီ ဆောဖိစတဲ ဆိုသူတွေအကြောင်း နည်းနည်းပါးပါး ကြားကြရအောင်။ သူတို့က ဆိုကရာတဲစ်ခေတ်က အာသဲနာစ်ရှုခင်းကို လွှမ်းမိုးနေသူတွေပ။

ကားလိပ်ဖွင့် ဆိုဖီ။ အတွေးအခေါ်သမိုင်းဟာ အခန်းအများအပြား ပါတဲ့ ပြဇာတ်နဲ့တူတယ်။

 

ဗဟိုကလူ

 

ခမ ၄၅ဝ လောက် နောက်မှာ အာသဲနာစ့်ဟာ ခေါမကမ္ဘာရဲ့ ယဉ်ကျေးမှု ဗဟိုချက်မ ဖြစ်တယ်။ ဒီအချိန်ကစပြီး ဒဿနဗေဒဟာ ဦးတည်ချက်အသစ် ယူလာတယ်။

သဘာဝဒဿန ဆရာတွေက အဓိကအားဖြင့် ရုပ်ကမ္ဘာရဲ့ သဘော သဘာဝပဲ အာရုံစူးစိုက် နေကြတာ။ ဒါက သူတို့ကို သိပ္ပံသမိုင်းမှာ ဗဟိုအချက်အချာ နေရာကို ပေးတယ်။ အာသဲနာစ်မှာ အာရုံက အခု တစ်ဦးချင်းရဲ့ နေရာပေါ် ရောက်လာတယ်။ တစ်စတစ်စနဲ့ ပြည်သူ့လွှတ်တော်တွေ၊ တရားရုံးတွေ နဲ့ ဒီမိုကရေစီစနစ်တစ်ရပ် ဖြစ်ထွန်းလာတယ်။

ဒီမိုကရေစီစနစ် အလုပ်လုပ်ရေးအတွက် ဒီမိုကရေစီဖြစ်စဉ်မှာ ပါဝင်နိုင်လောက်အောင် လူတွေကို ပညာပေးဖို့ လိုလာတယ်။ ငါတို့ခေတ်မှာကိုပဲ ငယ်နုတဲ့ ဒီမိုကရေစီစနစ်မှာ လူတွေ အသိဉာဏ် ပွင့်လင်းရေး လိုပုံကို မြင်တွေ့ကြရတယ်။ အာသဲနာစ် မြို့သားတွေအဖို့ စကားပြောအတတ် ပိုင်နိုင်ရေး ထိပ်ဆုံးက ပထမ အရေးတကြီး ဖြစ်လာတယ်။ နားလည် လက်ခံလာအောင် ပြောတတ်ရေးပေါ့လေ။

ခေါမကိုလိုနီတွေက နယ်လှည့်ဆရာတွေ၊ ဒဿနသမားတွေ အစုလိုက် အာသဲနာစ်ဆီ စုပြုံရောက်လာကြတော့တယ်။ သူတို့ကိုယ်သူတို့ ဆောဖိစတဲစ်လို့ ခေါ်ကြတယ်။ ‘ဆောဖိစတဲစ်’ စကားလုံးက ပညာရှိ၊ ဗဟုသုတ ကြွယ်ဝသူလို့ အဓိပ္ပါယ်ရတယ်။ အာသဲနာစ်မှာ ဆောဖိစတဲစ်တွေက ငွေယူပြီး မြို့သားတွေကို ပညာသင်ပေးကာ အသက်မွေးဝမ်းကျောင်း ပြုကြတယ်။

ဆောဖိစတဲစ်တွေမှာ သဘာဝဒဿန ဆရာတွေနဲ့ တူညီတာ အချက်တစ်ချက် ရှိတယ်။ သူတို့ဟာ အစဉ်အလာ နတ်ပုံပြင်ကို ဝေဖန်ချင်ကြတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာ ဆောဖိစတဲစ်တွေက အကျိုးမဲ့ ဒဿနမှန်းဆချက်လို့ သူတို့ ယူဆတဲ့ဟာကိုလည်း ပယ်ကြတယ်။ သူတို့အယူအဆက ဒဿနပြဿနာတွေမှာ အဖြေရှိကောင်း ရှိနိုင်ပေမယ့် သဘာဝလောကရဲ့ စကားထာများ၊ စကြဝဠာရဲ့စကားထာများနဲ့ ပတ်သက်ပြီး အမှန်တရားကို လူမသိနိုင်ဘူးလို့ ဖြစ်တယ်။ ဒဿနဗေဒမှာ ဒီလို အမြင်မျိုးကို စကဲပတိကဝါဒလို့ ခေါ်တယ်။

ဒါပေမယ့် သဘာဝလောကရဲ့ စကားထာတွေ အားလုံးရဲ့ အဖြေကို ငါတို့မသိနိုင်ပေမယ့် လူတွေဟာ အတူတကွ နေထိုင်တတ်အောင် သင်ယူကြရမယ် ဆိုတာ ငါတို့သိတယ်။ ဆောဖိစတဲစ်တွေက လူရယ်၊ လူ့အဖွဲ့အစည်းမှာ လူရဲ့နေရာရယ်ပဲ အာရုံစူးစိုက်ဖို့ ဆုံးဖြတ်ခဲ့ကြရဲ့။

“လူဟာ အရာအားလုံးကို တိုင်းတာရာပဲ” လို့ ဆောဖိစတဲစ် ပရောတော ဝါရစ် (၄၈၅ - ၄၁၀ ခမခန့်)က ဆိုတယ်။ ဒီမှာ သူဆိုလိုတာကတော့ အရာတစ်ခု မှန်လား၊ မှားလား၊ ကောင်းလား၊ ဆိုးလား၊ ပြဿနာဟာ လူတစ်ဦးရဲ့ လိုအပ်ချက်အရ အမြဲစဉ်းစားရမယ်လို့ ဖြစ်တယ်။ သူဟာ ခေါမနတ်တွေကို ယုံလားလို့ မေးတော့ သူက “မေးခွန်းက ထွေပြားပြီး ဘဝက တိုတယ်” လို့ ဖြေတယ်။ နတ်များကို ဒေဝကို ရှိတယ် မရှိဘူး ပြတ်ပြတ်သားသား မပြောနိုင်တဲ့သူကို အဉာဏ်က လို့ ခေါ်တယ်။

ဆောဖိစတဲစ်တွေဟာ အများအားဖြင့် အနှံ့အပြား ခရီးဆန့်ဖူး၊ အုပ်ချုပ်ရေးပုံစံ အမျိုးမျိုး မြင်ဖူးသူတွေ ဖြစ်ကြတယ်။ မြို့နိုင်ငံတွေမှာ ထုံးတမ်းတွေရော၊ ဒေသဥပဒေတွေပါ ကျယ်ကျယ်ပြန့်ပြန့် ခြားနားလေ့ ရှိကြတယ်။ ဒီတော့ ဆောဖိစတဲစ်တွေက သဘာဝအရ ဖြစ်တာနဲ့ လူ့အဖွဲ့အစည်းက လုပ်လိုက်တာ ပြဿနာဖော်လာကြတော့တယ်။ ဒီလို လုပ်ခြင်းအားဖြင့် သူတို့ဟာ အာသဲနာ့စ်မြို့နိုင်ငံမှာ လူ့အဖွဲ့အစည်း ဝေဖန်ရေးကို လမ်းခင်းပေးခဲ့ကြတယ်။

ဥပမာအားဖြင့် ‘သဘာဝကျတဲ့ ဣန္ဒြေစောင့်စည်းမှု’ ဆိုတဲ့ စကားအသုံးအနှုန်းမျိုးဟာ အမြဲတမ်း ခုခံကာကွယ်နိုင်တာ မဟုတ်ဘူးလို့ သူတို့က ထောက်ပြတတ်ကြတယ်။ အကြောင်းကတော့ ဣန္ဒြေစောင့်စည်းတာ ‘သဘာဝအရ’ ဖြစ်တယ်ဆိုရင် မွေးကတည်းက ပါလာတာ၊ ပင်ကိုယ်မှာရှိတာ ဖြစ်ရမှာပေါ့။ ဒါပေမယ့် ဒါ တကယ်ပဲ ပင်ကိုယ်မှာ ရှိတာ ဟုတ်ရဲ့လား ဆိုဖီ။ ဒါမှမဟုတ် လူ့အဖွဲ့အစည်းက လုပ်လိုက်တာလား။ ကမ္ဘာအနှံ့ ခရီးလှည့်ဖူးသူ တစ်ဦးအဖို့တော့ အဖြေက ရှင်းရှင်းလေးပါ။ ကိုယ့်ကိုယ်ကိုယ် တုံးလုံးချွတ်ပြရမှာ ရှက်ကြောက်တာ ‘သဘာဝအရ’ မဟုတ်ဘူး။ ဝမ်းတွင်း ပါလာတာ မဟုတ်ဘူး။ ဣန္ဒြေစောင့်စည်းတာ (ဒါမှမဟုတ် မစောင့်စည်းတာ) အဓိက ပင်မအားဖြင့် လူ့အဖွဲ့အစည်းက အများညီ သတ်မှတ်ထားကြတဲ့ ကိစ္စတစ်ရပ်မျှ ဖြစ်တယ်။

မှန်တာ၊ မှားတာနဲ့ ပတ်သက်ပြီး ပရမတ်ဥပဒေသ မရှိကြောင်း ထောက်ပြကြလေတော့ နယ်လှည့် ဆောဖိစတဲစ်တို့ဟာ အာသဲနာ့စ်မှာ ဆိုးဆိုးရွားရွား ငြင်းခုန်ပွဲကြီးတွေ ဖြစ်ပေါ်စေတာ စဉ်းစားသာ ကြည့်ပါရော့။

ဆိုကရာတဲစ်ကတော့ကာ အဲသလို စံတရား ဥပဒေသတွေဟာ အမှန်ပဲ ပရမတ်ဖြစ်ကြပြီး နေရာတကာမှာ သက်ရောက်မှုရှိကြောင်း ကြိုးစားပြသခဲ့လေတယ်။

 

ဘယ်သူလဲ ဆိုကရာတဲစ်

 

ဆိုကရာတဲစ် (၄၇၀ - ၃၉၉ ခမ)ဟာ ဒဿနဗေဒသမိုင်း တစ်ခုလုံးမှာ ပဟေဠိအဆန်ဆုံး ပုဂ္ဂိုလ် ဖြစ်တန်ရာတယ်။ သူဟာ စာတစ်ကြောင်း မရေးခဲ့ဖူးဘူး။ ဒါပေမယ့် ဥရောပအတွေးအခေါ် အပေါ် အကြီးမားဆုံး ဩဇာညောင်းခဲ့တဲ့ ဒဿနဆရာတွေထဲက တစ်ယောက်ဖြစ်တယ်။ အထူးသဖြင့် သူသေရပုံ ဇာတ်လမ်းဆန်တာကြောင့်ပေါ့လေ။

သူ့ကို အာသဲနာစ်မှာ မွေးဖွားကြောင်း သူ့အချိန်အများစုကို မြို့တော်ရင်ပြင်တွေ၊ ဈေးကန္နားတွေမှာ တွေ့ရာလူတွေနဲ့ စကားပြောပြီး ကုန်ဆုံးလေ့ရှိကြောင်း ငါတို့ သိရတယ်။ “တောရပ်က သစ်ပင်တွေက ငါ့ကို ဘာမှ မသင်ပြနိုင်ဘူး” လို့ သူက ပြောတယ်။ သူဟာ နာရီအတော်ကြာ တွေးထဲ နစ်မျောကာ မတ်တတ်ရပ်နေတတ်တယ်။

သူ အသက်ထင်ရှား ရှိစဉ်ကပဲ သူ့ကို ပဟေဠိဆန်သယောင် ယူမှတ်ခဲ့ကြတာ။ သူ သေသွားပြီး နောက်မှာတော့ အတွေးအခေါ်ဆိုင်ရာ ဒဿနဂိုဏ်း ပေါင်းစုံကို စတင်သူအဖြစ် သဘောထားကြပြန်ရော။ သူဟာ ပဟေဠိဆန်လွန်းတယ်၊ အဓိပ္ပါယ် အမျိုးမျိုး ထွက်တယ် ဆိုတာကိုက အကြီးအကျယ် ကွဲပြားခြားနားတဲ့ အတွေးအခေါ်ဂိုဏ်းတွေက သူ့ကို မိမိတို့ဂိုဏ်းကပါလို့ ပြောလို့ ရနိုင်စရာ ဖြစ်နေတော့တယ်။

သူဟာ အလွန့်ကို အရုပ်ဆိုးကြောင်း ငါတို့ သေချာပေါက် သိကြရတယ်။ ဗိုက်ပူတယ်၊ မျက်လုံးတွေ ပြူးထွက်နေတယ်၊ နှာခေါင်း ပုတိုပြီး လန်နေတယ်။ ဒါပေမယ့် အတွင်းမှာတော့ “လုံးဝ ကြည်နူးစဖွယ် ကောင်းတယ်” လို့ ပြောကြတယ်။ သူနဲ့ပတ်သက်ပြီး “သူ့ကို ပစ္စုပ္ပန်မှာ ရှာနိုင်တယ်။ အတိတ်မှာ ရှာနိုင်တယ်။ ဒါပေမယ့် သူနဲ့ တန်းတူသူကို ဘယ်တော့မှ တွေ့နိုင်မှာ မဟုတ်ဘူး” လို့လည်း ပြောကြရဲ့။ ဒါပေမယ့်လို့ သူ့ ဒဿနလှုပ်ရှားမှုတွေကြောင့် သေဒဏ်စီရင်ခြင်း ခံခဲ့ရတယ်။

ဆိုကရာတဲစ်ရဲ့ဘဝကို ငါတို့ အဓိက သိကြရတာက ပလာတုန်း (ပလေတို)ရဲ့ အရေးအသားတွေက တစ်ဆင့် ဖြစ်တယ်။ ပလာတုန်းဆိုတာ သူ့တပည့်တွေထဲက တစ်ယောက် ဖြစ်သူ၊ ခေတ်အားလုံးရဲ့ အကြီးမားဆုံး ဒဿနဆရာတွေထဲမှာ တစ်ယောက် ဖြစ်လာသူပါပဲ။ ပလာတုန်းက ဒိယလောဂ၊ ဒါမှမဟုတ် ဒဿနဗေဒအကြောင်း ဇာတ်လမ်းဆင် ဆွေးနွေးခန်း တော်တော်များများ ရေးခဲ့တယ်။ အဲဒါတွေမှာ သူက ဆိုကရာတဲစ်ကို သူ့ရဲ့ ပင်မဇာတ်ကောင်နဲ့ စကားပြောခွက်အဖြစ် သုံးထားတယ်။

ပလာတုန်းက သူ့ကိုယ်ပိုင် ဒဿနကို ဆိုကရာတဲစ်ရဲ့ ပါးစပ်ထဲ ထည့်နေလေတော့ ဒိယလောဂတွေမှာ သူပြောတဲ့ စကားတွေဟာ သူတကယ် ပြောခဲ့တာ ဟုတ်ရဲ့လား ငါတို့ သေချာပေါက် မသိနိုင်ဘူး။ ဒါကြောင့် ဆိုကရာတဲစ်ရဲ့ သွန်သင်ချက်များနဲ့ ပလာတုန်းရဲ့ ဒဿန ခွဲခြားဖို့ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ အရေးအသား မှတ်တမ်းမှတ်ရာ မချန်ရစ်တဲ့ အခြားသမိုင်းထဲက ပုဂ္ဂိုလ် အများအပြားကိုလည်း အဲဒီအတိုင်းပဲ အတိအကျ ပြဿနာ ကြုံရတယ်။ အကောင်းဆုံး ဥပမာကတော့ ယေရှုပဲပေါ့။ ‘သမိုင်းထဲက ယေရှု’ ဟာ မဿဲနဲ့ လုကာတို့က သူပြောတယ်လို့ ဆိုတဲ့ စကားတွေကို တကယ်ပဲ ပြောသလား ငါတို့ သေသေချာချာ မသိနိုင်ကြဘူး။ အလားတူပဲ ‘သမိုင်းထဲက’ ဆိုကရာတဲစ် တကယ့်တကယ် ပြောခဲ့တာတွေလည်း အမှောင်ထဲ ဖုံးကွယ်နေတော့မှာပဲ။

ဒါပေမယ့် ဆိုကရာတဲစ် ‘တကယ်’ ဘယ်သူဖြစ်သလဲ ဆိုတာက အရေးမကြီးလှပါဘူး။ နှစ်ပေါင်း ၂၅၀၀ နီးပါး အနောက်ကမ္ဘာက အတွေးအခေါ်သမားတွေကို ဈာန်ဝင်စရာ ပေးခဲ့တာဟာ ပလာတုန်းရဲ့ ဆိုကရာတဲစ် ရုပ်ပုံပဲ ဖြစ်တယ်။

 

စကားပြောနည်းအနုပညာ

 

ဆိုကရာတဲစ်ရဲ့ အတတ်ပညာရဲ့ အရေးပါတဲ့ သဘောလက္ခဏာကတော့ သူဟာ လူတွေကို သင်ကြားပြသလို ဟန်မရှိတာပါပဲ။ အဲသလို မဟုတ်ဘဲ သူက သူစကားပြောနေတဲ့ လူတွေဆီက သင်ယူလိုသူတစ်ဦးပုံ ပေါ်နေတယ်။ ဒီတော့ ထုံးထမ်းစဉ်လာ ကျောင်းဆရာတစ်ဦးလို ဟောပြောနေတာမျိုး မဟုတ်ဘဲ သူက ဆွေးနွေးတယ်။

သူများပြောတာကို နားထောင်ရုံသက်သက် ရှိခဲ့တယ်ဆိုရင်လည်း သူဟာ နာမည်ကျော် ဒဿနဆရာကြီး ဖြစ်လာခဲ့မှာ မဟုတ်ဘူးဆိုတာ ထင်ရှားတယ်။ သေဒဏ်စီရင်တာ ခံရလိမ့်မယ်လည်း မဟုတ်ဘူး။ ဒါပေမယ့် သူက သူ ဘာမှမသိသလို မေးခွန်းတွေပဲ မေးတယ်။ အထူးသဖြင့် စကားစပြောဖို့ပေါ့လေ။ ဆွေးနွေးနေစဉ် အတွင်းမှာ သူနဲ့ ပြိုင်ပြောနေသူတွေ အနေနဲ့ မိမိတို့ အကြောင်းပြချက်များ အားနည်းပုံကို အသိအမှတ်ပြုလာအောင် အများအားဖြင့် သူ လုပ်မယ်၊ သူတို့ခမျာ ချောင်ပိတ်မိပြီး ဘယ်ဟာမှန်၊ ဘယ်ဟာမှားတာကို အသိအမှတ် ပြုလာရတဲ့ထိ နောက်ဆုံး ဖြစ်သွားမယ်။

ဆိုကရာတဲစ်ရဲ့ အမေက ဝမ်းဆွဲပါ။ သူက သူ့ပညာဟာ ဝမ်းဆွဲရဲ့ အတတ်ပညာနဲ့ တူတယ်လို့ ပြောလေ့ရှိတယ်။ ဝမ်းဆွဲဟာ ကိုယ်တိုင်တော့ ကလေးမမွေးဘူး။ ဒါပေမယ့် မွေးတုန်း ကူညီဖို့ ရောက်နေရတယ်။ အလားတူပဲ၊ ဆိုကရာတဲစ်က သူ့တာဝန်ဟာ လူတွေကို အမြင်မှန် ‘မွေးဖွား’ ရာမှာ ကူညီဖို့ ဖြစ်တယ်လို့ မြင်တယ်။ တကယ့် နားလည်မှုဟာ အတွင်းက လာရတာကိုး။ အခြား သူတစ်ပါးက ထည့်ပေးလို့ မရဘူး။ အတွင်းကလာတဲ့ နားလည်မှုကသာလျှင် မှန်ကန်တဲ့ အမြင်ထူးဆီ ဦးတည်နိုင်တယ်။

ပိုပြီး တိတိကျကျ ပြောပရစေဦး။ မွေးဖွားဖို့ အစွမ်းသတ္တိဟာ သဘာဝလက္ခဏာ ဖြစ်တယ်။ အလားတူပဲ၊ မိမိတို့ရဲ့ မွေးရာပါ ဆင်ခြင်တုံဉာဏ်ကို အသုံးပြုရင် လူတိုင်း ဒဿနအမှန်တရားတွေကို ဆုပ်မိနိုင်တယ်။ မွေးရာပါ ဆင်ခြင်တုံတရားကို သုံးတယ်ဆိုတာ မိမိရဲ့ အတွင်းထဲထိ ဆင်းတဲ့ပြီး အဲဒီမှာ ရှိတာကို သုံးတာပါပဲ။

မသိနားမလည်ဟန် ဆောင်ပြီးတော့ ဆိုကရာတဲစ်ဟာ သူတွေ့တဲ့ လူတွေကို မိမိတို့ရဲ့ သာမန်အသိဉာဏ်ကို သုံးဖို့ ခိုင်းတော့တာပါ။ ဆိုကရာတဲစ်က မသိနားမလည်ဟန် ဆောင်တတ်တယ်။ သူ တကယ် ဖြစ်တာထက် ပိုပြီး နုံလေ အလေဟန် လုပ်တယ်။ ဒါကို ဆိုကရာတဲစ် ဣရောနိယလို့ ခေါ်တယ်။ ဒီနည်းနဲ့ သူဟာ လူတွေရဲ့ တွေးခေါ်မှုထဲက အားနည်းချက်တွေကို အဆက်မပြတ် ဖွင့်ချနိုင်ခဲ့တယ်။ သူက ဒါမျိုးကို မြို့ရင်ပြင် အလယ်ခေါင်မှာ လုပ်ဖို့လည်း ၀န်မလေးဘူး။ မင်း ဆိုကရာတဲစ်ကို တွေ့ရရင် လူများတကာရှေ့မှာ အရူးလုပ်ခံရဖို့ များတယ်။

ဒီတော့ ကြာလာတဲ့အခါ လူတွေက သူ့ကို တိုးလို့သာ ဒုက္ခပေးနေတတ်သူကြီးလို့ မြင်လာကြရော။ အထူးသဖြင့် လူ့အသိုင်းအဝိုင်းမှာ အဆင့်ရှိတဲ့ လူတွေပေါ့။ “အာသဲနာစ်ဟာ နှေးကွေးတဲ့ မြင်းနဲ့တူတယ်” လို့ သူက ပြောတယ်လို့ ဆိုကြတယ်။ “ကျုပ်က သူ့ကို အသက်ဝင်လှုပ်ရှားလာအောင် တုပ်ဖို့ ကြိုးစားနေတဲ့ မှက်ပါပဲ” တဲ့။

(မှက်များကို ငါတို့ ဘာလုပ်ပစ်သလဲ ဆိုဖီ)

 

ဒေဝ အသံ

 

ဆိုကရာတဲစ် လူတွေကို ဆက်လက်တုပ်နေတာ ဘဝတူ လူသားချင်း နှိပ်စက်ရအောင် မဟုတ်ပါဘူး။ သူ့အတွင်းက တစ်စုံတစ်ရာက သူ့ကို ဒီ့ပြင် ရွေးစရာ မပေးတော့ဘူး။ သူ့အတွင်းမှာ ‘ဒေဝ အသံ’ ရှိတယ်လို့ သူ အမြဲပြောတယ်။ ဥပမာ- လူတွေကို သေဒဏ်စီရင်တာ လုံးဝ မထောက်ခံနိုင်ကြောင်း ဆိုကရာတဲစ် ကန့်ကွက်တယ်။ နောက်ပြီး မိမိရဲ့ နိုင်ငံရေး ရန်ဖက်တွေအကြောင်း သတင်းပေးဖို့လည်း သူ ငြင်းဆန်တယ်။ ဒီအတွက်ပဲ နောက်ဆုံး အသက်ဆုံးရှုံးရတာ။

ခမ ၃၉၉ မှာ သူ့ကို ‘နတ်(ဒေဝ)အသစ်တွေ ဖော်ထုတ်လာမှု၊ လူငယ်တွေကို ဖျက်ဆီးမှု’ ရယ်၊ အများလက်ခံထားတဲ့ နတ်(ဒေဝ)တွေကို မယုံကြည်မှုရယ်နဲ့ စွပ်စွဲကြတယ်။ မဖြစ်စလောက် များရာစုကလေးနဲ့ ခုံသမာဓိလူကြီး ငါးရာက သူ့ကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်ကြတယ်။

သူ အပြစ်ဒဏ် လျှော့ပေးဖို့ အယူခံဝင်နိုင်ပုံပါပဲ။ ယုတ်စွအဆုံး အာသဲနာစ်မြို့က ထွက်ခွာသွားဖို့ သဘောတူခဲ့ရင်တောင် အသက်ချမ်းသာရာ ရခဲ့နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အဲသလိုသာ လုပ်ခဲ့ရင် ဆိုကရာတဲစ် ဖြစ်မလာပေဘူး။ မိမိရဲ့အသိကို (ပြီး အမှန်တရားကို) အသက်ထက် သူ ပိုမိုတန်ဖိုးထားခဲ့တယ်။ မိမိဟာ နိုင်ငံရဲ့ အကောင်းဆုံး အကျိုးအတွက် ပြုမူခဲ့တာပဲ ဖြစ်တယ်လို့ ခုံသမာဓိ လူကြီးတွေကို သူ အသေအချာ ပြောပြတယ်။ ဒါပေမယ့်လည်း သူ့ကို ဟမ်းလောက်ရည် သောက်စေ စီရင်တာ ခံရတယ်။ ဒီနောက် မရှေးမနှောင်းပဲ သူဟာ မိတ်ဆွေတွေရှေ့မှာ အဆိပ်ကိုသောက်ကာ သေသွားရှာရဲ့။

ဘာကြောင့်လဲ ဆိုဖီ။ ဘာ့ကြောင့် ဆိုကရာတဲစ် သေရတာလဲ။ လူတွေ ဒီမေးခွန်း မေးလာကြတာ နှစ်ပေါင်း ၂၄၀၀ ရှိပြီ။ ဒါပေမယ့် ခါးသီးတဲ့ အဆုံးစွန်အထိ တရားကို မြင်ခဲ့ကာ မိမိယုံကြည်ချက်များ အတွက် သေဒဏ်ခံခဲ့ရတဲ့သူ သမိုင်းမှာ သူတစ်ဦးတည်း မဟုတ်ချေဘူး။

ငါ ယေရှုအကြောင်း ထည့်ပြောခဲ့တယ်။ တကယ်က သူတို့မှာ ထူးထူးခြားခြား တူညီတာ သုံးလေးခုရှိတယ်။

ယေရှုနဲ့ ဆိုကရာတဲစ် နှစ်ဦးစလုံး ပဟေဠိဆန်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ သူတို့နဲ့ ခေတ်ပြိုင်တွေ အဖို့ပါ အဲသလို ဖြစ်ခဲ့တာ။ နှစ်ယောက်စလုံး ဘယ်သူမှ မိမိ သွန်သင်ချက်တွေကို ရေးမချခဲ့ဘူး။ ဒီတော့ သူတို့ တပည့်သာဝကတွေ ဆွဲပြတဲ့ ရုပ်ပုံကိုပဲ ငါတို့ အားထားရတော့တာပဲ။ ဒါပေမယ့် သူတို့ နှစ်ယောက်စလုံး စကားပြော အတတ်ပညာ ပိုင်နိုင်သူများလို့ ငါတို့ သိရတယ်။ သူတို့နှစ်ယောက်စလုံး နှစ်လိုဖွယ်ကောင်းစေသလို ဒေါသလည်း ဖြစ်စေနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ စကားပြောကြတယ်။ အနည်းဆုံး မဟုတ်တာကတော့ သူတို့နှစ်ယောက်စလုံး မိမိတို့ဟာ မိမိတို့ထက် ကြီးမားတဲ့ တစ်စုံတစ်ခု ကိုယ်စား ပြောနေတာလို့ ယုံကြည်ကြတာပါပဲ။ မတရားမှု၊ အကျင့်ပျက်မှု သဏ္ဌာန်အားလုံးကို ဝေဖန်ခြင်းဖြင့် လူ့အသိုင်းအဝိုင်းရဲ့ အာဏာကို သူတို့ စိန်ခေါ်ခဲ့ကြတယ်။ နောက်ဆုံးတော့ မိမိတို့လုပ်ရပ်တွေက သူတို့ကို အသက် ဆုံးရှုံးစေခဲ့တော့တယ်။

ယေရှုနဲ့ ဆိုကရာတဲစ် တရားစီရင်ပုံတွေကလည်း တူညီတာတွေ ရှင်းရှင်းလင်းလင်း ပြခဲ့တယ်။

သူတို့နှစ်ယောက်စလုံး အသနားခံ အယူခံဝင်ကြမယ် ဆိုရင် အသက်ချမ်းသာရာ ရခဲ့မှာ မုချပါပဲ။ ဒါပေမယ့် မိမိတို့မှာ တာဝန်ရှိနေတယ်။ ခါးသီးတဲ့ အဆုံးစွန်အထိ ယုံကြည်ချက်ကို တောင့်မထားရင် ဒီတာဝန်ကို သစ္စာဖောက်ရာ ကျလိမ့်မယ်လို့ သူတို့ ခံစားမိကြတယ်။ အလွန် ရဲရဲရင့်ရင့် သေခြင်းကို ရင်ဆိုင်သွားခဲ့ ကြလေတော့ ဧရာမ နောက်လိုက်ထုကြီး ရသွားတယ်။ သူတို့ သေဆုံးပြီး နောက်မှာပါ ရတာဖြစ်တယ်။

ယေရှုနဲ့ ဆိုကရာတဲစ် အတူတူပဲလို့ ငါ ပြောချင်တာ မဟုတ်ဘူးနော်။ သူတို့နှစ်ယောက်စလုံးမှာ ပုဂ္ဂိုလ်သတ္တိနဲ့ ခွဲခွာမရအောင် ဆက်စပ်နေတဲ့ မဟာတာ၀န် ရှိကြတယ်ဆိုတဲ့ အချက်ကို ထောက်ပြနေခြင်းမျှ ဖြစ်တယ်။

 

အာသဲနာ့စ်က ဂျိုကာ

 

ဆိုကရာတဲစ်ပဲ ဆိုဖီရေ။ ငါတို့ သူ့အကြောင်း မပြီးသေးဘူး။ သူ့နည်းလမ်းအကြောင်း ပြောခဲ့ကြပြီ။ နို့ သူ့ဒဿနစီမံကိန်းက ဘာတဲ့တုံး။

ဆိုကရာတဲစ်ဟာ ဆောဖိစတဲစ်တွေနဲ့ တစ်ခေတ်တည်း ပေါ်ထွန်းခဲ့တာပါ။ သူတို့လိုပဲ သူကလည်း သဘာဝတရားရဲ့ အားတွေထက် လူနဲ့ အဖွဲ့အစည်းမှာ လူ့နေရာကိုပဲ အာရုံစိုက်ခဲ့သူပါ။ နောင် နှစ်ပေါင်း ရာအနည်းငယ် ကြာတဲ့အခါ ရောမဒဿနဆရာ ဆိဆဲရို ပြောသလိုပဲ။ ဆိုကရာတဲစ်ဟာ “ဒဿနဗေဒကို ကောင်းကင်ကနေ ဆွဲချလိုက်ကာ မြို့တွေမှာ နေရာချပေးပြီး အိမ်တွေမှာ မိတ်ဆက်ပေးပြီး ဘဝ၊ ကျင့်ဝတ်၊ ကုသိုလ်၊ အကုသိုလ်တို့ကို အတင်း စုံစမ်းခိုင်းတော့တာ” ပါပဲ။

ဒါပေမယ့် ဆိုကရာတဲစ်ဟာ ဆောဖိစတဲစ်တွေနဲ့ ထူးထူးခြားခြား တစ်နေရာ ကွာခြားတယ်။ သူက သူ့ကိုယ်သူ ‘ဆောဖိစတဲစ်’ လို့ မယူဆဘူး။ ဗဟုသုတ ကြွယ်ဝသူ၊ ပညာရှိသူလို့ မယူဆဘူးပေါ့။ ဆောဖိစတစ်တွေနဲ့ မတူ၊ သူက ငွေယူပြီး စာမသင်ဘူး။ ဆိုကရာတဲစ်က သူ့ကိုယ်ကိုသူ စကားလုံး အဓိပ္ပါယ် အမှန်အတိုင်းသာ ဒဿနဆရာလို့ ခေါ်ခဲ့တယ်။ (ဒဿနဆရာကို အင်္ဂလိပ်လို ခေါ်တဲ့) ‘Philo-sopher’ ဆိုတာ အမှန်က ‘ပညာကို ချစ်မြတ်နိုးသူ' လို့ အဓိပ္ပါယ်ရတယ်။

ထိုင်ရတာ သက်တောင့်သက်သာ ရှိရဲ့လား ဆိုဖီ။ ဆောဖိစတဲစ်နဲ့ ဒဿနဆရာ ခြားနားပုံကို မင်း ပြည့်ပြည့်ဝဝ နားလည်ထားဖို့ ဒီသင်တန်းရဲ့ ကျန်အပိုင်းတွေမှာ အချက်အချာ ကျနေတယ်လေ။ ဆောဖိစတဲစ်တွေဟာ အနည်းနဲ့အများ ရှောမွေးကို ဗာရာဏသီ ချဲ့တဲ့ သူတို့ ရှင်းလင်းဖွင့်ဆိုမှုများ အတွက် ပိုက်ဆံယူကြတယ်။ ဒီလို ဆောဖိစတဲစ်မျိုးကလည်း ကပ်အသင်္ချေ ကတည်းက ပေါ်လာလိုက် ပျောက်သွားလိုက် ရှိနေခဲ့တာ။ ကိုယ် မဖြစ်စလောက် သိတာကလေးနဲ့ ကျေနပ်နေကြသူ၊ ကိုယ် ဝိုးတိုးဝါးတားကလေးမှ မတီးခေါက်မိတဲ့ အကြောင်းအရာတွေကို အများကြီး သိလေဟန် ကြွားဝါတတ်ကြသူ ကျောင်းဆရာတွေ၊ တစ်ယူသန် အကုန်သိ ငါသိငါတတ်သမားတွေ အားလုံးကို ပြောနေတာ ဖြစ်တယ်။ မင်းရဲ့ ငယ်နုတဲ့ ဘဝမှာကိုပဲ ဒီလို ဆောဖိစတဲစ် တချို့တလေကို မင်း တွေ့ ဖူးလောက်ပါပြီ။ တကယ့် Philosopher ဆိုတာက ဆိုဖီရေ၊ လုံးဝ တစ်ဘာသာ ဖြစ်တယ်။ တကယ်က တိုက်ရိုက် ဆန့်ကျင်ဘက် ဖြစ်တယ်။ မိမိဟာ တကယ်က ဘာမှမသိဘူး ဆိုရမလောက်ပဲ ဆိုတာကို ဒဿနဆရာ သိတယ်။ အဲဒါကြောင့်လည်း အမြင်မှန်ရရေး အမြဲတမ်း အားထုတ်နေတာ ဖြစ်တယ်။ ဆိုကရာတဲစ်ဟာ အဲဒီ ရှားရှားပါးပါး လူတွေထဲက တစ်ဦးပါပဲ။ ဘဝအကြောင်း၊ လောကအကြောင်း မိမိ ဘာမှမသိတာကို သူ သိတယ်။ ကဲ အရေးကြီးတဲ့အပိုင်း ရောက်လာပြီ။ သူ ဘာမှ မသိသေးတော့ သူ စိတ်ဆင်းရဲရရော။

အဲဒီတော့ ဒဿနဆရာဆိုတာ မိမိ နားမလည်သေးတာ အများကြီးပါလားလို့ အသိအမှတ်ပြုပြီး အဲဒီအတွက် စိတ်ဆင်းရဲသူ ဖြစ်တယ်။ အဲဒီ အဓိပ္ပါယ်အရဆိုရင် ကိုယ် ဘာမှမသိတဲ့ အရာတွေအကြောင်း သိလေဟန် ကြွားဝါသူတွေ အားလုံးထက် သူက ပိုပညာရှိတယ်။ ‘မိမိ ဘာမှ မသိဘူးလို့ သိတဲ့သူ ပညာအရှိဆုံး’ လို့ ငါ အလျင်က ပြောခဲ့တယ်။ ဆိုကရာတဲစ် ကိုယ်တိုင်က “တစ်ခုပဲ ငါသိတယ်။ အဲဒါကတော့ ငါ ဘာမှ မသိဘူးဆိုတာပါပဲ” တဲ့။

ဒီစကားကို မှတ်ထား၊ ရှားပါးတဲ့ ဝန်ခံချက် ဖြစ်တယ်။ ဒဿနဆရာတွေထဲမှာတောင် ရှားတာ။ နောက်ပြီး လူရှေ့မှာပြောရင် အန္တရာယ်ရှိသမို့ ကိုယ့်အသက်တောင် ဆုံးနိုင်တယ်။ အဖျက်ဆီးနိုင်ဆုံး လူတွေဟာ မေးခွန်းထုတ်တဲ့လူတွေ ဖြစ်တယ်။ အဖြေပေးတာက အဲသလောက် ခြိမ်းခြောက်နိုင်စွမ်း မရှိဘူး။ ဘယ်လို မေးခွန်းတစ်ခွန်းမဆို အဖြေတစ်ထောင်ထက် ပိုမို ပေါက်ကွဲနိုင်စွမ်း ရှိတယ်။

ဧကရာဇ်မင်းမြတ်ရဲ့ အဝတ်အစားသစ်ပုံပြင်ကို မှတ်မိတယ် မဟုတ်လား။ ဧကရာဇ်မင်းမြတ်ဟာ တကယ်က ကိုယ်လုံးတီးကြီးပါ။ ဒါပေမယ့် နိုင်ငံသား ဘယ်သူမှ မပြောရဲကြဘူး။ ဗြုန်းဆို ကလေးတစ်ယောက်က ပေါက် ကွဲတော့တယ်။ “နို့… သူ ဘာမှလည်း ဝတ်မထားပါလား” တဲ့။ သတ္တိကောင်းတဲ့ ကလေးပါပဲ ဆိုဖီ။ ငါတို့ လူတွေ ဘယ်လောက်မှ မသိကြဘူး ဆိုတာကို လူတွေကို မပြောပြရဲတဲ့ ဆိုကရာတဲစ်လိုပါပဲ။ ကလေးတွေနဲ့ ဒဿနဆရာတွေ တူညီကြပုံဟာ ငါတို့ ဆွေးနွေးပြီးသားအချက် ဖြစ်တယ်။

တိတိကျကျ ပြောရရင်တော့ လူသားထုဟာ ခက်ခဲတဲ့ မေးခွန်းများကို ရင်ဆိုင်နေရရာ ကျေနပ်လောက်ဖွယ် အဖြေမရှိသေးဘူး။ ဒီတော့ အခု အလားလာ နှစ်ရပ် ရှိနေတယ်။ သိစရာရှိတာ အကုန်သိပြီရယ်လို့ မိမိကိုယ်ကိုရော ကျန်ကမ္ဘာအစိတ်အပိုင်းတွေကိုပါ အရူးလုပ်ရင်လုပ်၊ ဒါမှမဟုတ်လည်း အချက်အချာ ပြဿနာတွေကို ပတ္တောပိတ် မျက်စိမှိတ်လိုက်ကာ တိုးတက်မှုကို စွန့်လွှတ်ရင် စွန့်လွှတ်လိုက်နိုင်တယ်။ ဒီကိစ္စမှာ လူတွေ နှစ်ဂိုဏ်းကွဲနေတယ်။ ယေဘုယျပြောရရင် လူတွေဟာ လုံးဝ သေချာပေါက်ရင်လည်း ဖြစ်မယ်၊ လုံးဝ ဥပေက္ခာပြုတာရင်လည်း ဖြစ်မယ်။ (နှစ်မျိုးစလုံး ယုန်ရဲ့ အမွေးနက်နက်ကြီး တိုးဆင်းတွားသွား နေကြသူချည်း)

ဖဲထုပ်တစ်ထုပ်ကို အပုံနှစ်ပုံ ပုံရတာနဲ့ တူတယ် ဆိုဖီ။ ဖဲချပ်အနက်တွေ တစ်ပုံထား၊ အနီတွေ တစ်ပုံထားတာပေါ့လေ။ ဒါပေမယ့် မကြာမကြာ ဆိုသလို ဂျိုကာ ပေါ်လာတတ်တယ်။ ဟတ်လည်း မဟုတ်၊ ကလပ်လည်း မဟုတ်၊ ဒိုင်းမန်းလည်း မဟုတ်၊ စပိတ်လည်း မဟုတ်။ ဆိုကရာတဲစ်ဟာ အာသဲနာစ်က အဲဒီ ဂျိုကာပဲ ဖြစ်တယ် ဆိုဖီ။ သူက သေချာလည်း မသေချာ။ ဥပေက္ခာလည်း မပြုဘူး။ သူ သိသမျှက သူ ဘာမှ မသိတာပဲ။ ဒါ သူ ဆင်းရဲရတယ်။ ဒီတော့ သူ ဒဿနသမား ဖြစ်သွားတယ်။ အလျှော့မပေးဘဲ အမှန်တရား ရှာဖွေရေးကို မမောမပန်း အားထုတ်သူပေါ့။ စိတ်

အာသဲနာစ်မြို့သား တစ်ယောက်က ဒဲလဖောအိက နတ်စင်ကို အာသဲနာစ်မှာ ဘယ်သူ ပညာအရှိဆုံးလဲလို့ မေးဖူးတယ်လို့ ဆိုတယ်။ နတ်စင်က ဆိုကရာတဲစ်ဟာ လူသတ္တဝါအားလုံးမှာ ပညာအရှိဆုံးလို့ ဖြေလိုက်သတဲ့။ ဒါကို ဆိုကရာတဲစ် ကြားတော့ သက်သက်ညှာညှာ ပြောရရင် အံ့ဩသွားတယ်ပေါ့။ (သူ ရယ်ပစ်မှာပါ ဆိုဖီ)။ သူနဲ့ အခြားလူတိုင်းက အလွန်အမင်း ပညာရှိတယ်လို့ ထင်မှတ်ခဲ့တဲ့ မြို့ပေါ်ကလူဆီ သူ တန်းပြီး သွားတယ်။ ဒါပေမယ့် ဒီလူဟာ ဆိုကရာတဲစ်ကို သူ့မေးခွန်းတွေအတွက် ကျေနပ်လောက်ဖွယ် အဖြေတွေ မပေးနိုင်တာ တွေ့ ရတဲ့အခါ နတ်စစ်မှန်ကြောင်း ဆိုကရာတဲစ် သဘောပေါက်ရတယ်။

လူ့အသိပညာအတွက် ခိုင်မာတဲ့အခြေခံ ထူထောင်ဖို့ လိုအပ်တယ်လို့ ဆိုကရာတဲစ် တွေးမိတယ်။ ဒီအခြေခံအုတ်မြစ်ဟာ လူရဲ့ ဆင်ခြင်တုံတရားမှာ တည်ရှိတယ်လို့ သူ ယုံကြည်တယ်။ လူရဲ့ ဆင်ခြင်တုံတရားကို မယိမ်းမယိုင် ယုံကြည်မှုနဲ့ သူဟာ ဆင်ခြင်တုံဝါဒီ ဖြစ်တယ်ဆိုတာ ထင်ရှားတယ်။

 

အမြင်မှန်မှ အပြုမှန်

 

စောစောက ငါပြောပြခဲ့သလိုပဲ ဆိုကရာ့တဲစ်က သူ့ကို ဒေဝအတွင်းအသံ တစ်ခုက လမ်းပြနေကြောင်း၊ ဒီ ‘အသိ’က သူ့ကို ဘယ်ဟာမှန်ကန်တယ် ဆိုတာကို ပြောနေကြောင်း ထုတ်ဖော်ခဲ့တယ်။ “ဘယ်ဟာ မှန်တယ်လို့ သိတဲ့ သူ ကောင်းတာ လုပ်လိမ့်မယ်” လို့ သူက ဆိုတယ်။

ဒါ မှန်ကန်တဲ့ အမြင်ကနေ မှန်ကန်တဲ့ အပြုအမူဆီ ရောက်သွားတယ်လို့ သူ ဆိုလိုတာပါပဲ။ အမှန်ကို ပြုမူတဲ့သူမှလည်း ‘အကျင့်သီလနဲ့လူ’ ဖြစ်နိုင်ပေလိမ့်မယ်တဲ့။ အမှားလုပ်တယ်ဆိုတာ ပိုကောင်းတာကို မသိလို့ ဖြစ်တယ်။ အဲဒါကြောင့်မို့ ဆက်လက် သင်ယူနေဖို့ အင်မတန် အရေးကြီးတယ်။ အမှန်နဲ့ အမှားကို ရှင်းရှင်းလင်းလင်းနဲ့ အားလုံးနဲ့ အကျုံးဝင်မယ့် သတ်မှတ်ချက် ရှာဖွေဖို့ ဆိုကရာတဲစ် အားထုတ်ခဲ့တယ်။ ဆောဖိစတစ်တွေနဲ့ မတူ၊ သူက အမှားနဲ့ အမှန် ခွဲခြားနိုင်စွမ်းဟာ လူတွေရဲ့ ဆင်ခြင်တုံတရားမှာ တည်ရှိတယ်၊ လူ့အဖွဲ့အစည်းမှာ မတည်ဘူးလို့ ယုံကြည်တယ်။

ဒီ နောက်ဆုံးအပိုင်းဟာ မှုန်ဝါးတယ်လို့ မင်း ထင်ကောင်းထင်မယ် ဆိုဖီ။ ဒီလို ပြောပရစေလား၊ မိမိတို့ရဲ့ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်နဲ့ ဆန့်ကျင်ပြီး ဘယ်သူမှ စိတ်ချမ်းသာနိုင်မှာ မဟုတ်ဘူးလို့ ဆိုကရာတဲစ်က ထင်တယ်။ စိတ်ချမ်းသာရနည်း သိတဲ့သူဟာ အဲဒါလုပ်မှာပဲ။ ဒါကြောင့် မှန်တာကို သိတဲ့လူ အမှန်ကို လုပ်လိမ့်မယ်။ စိတ်မချမ်းမသာဖြစ်အောင် ဘာကြောင့်များ ဘယ်လိုလူက လုပ်မှာတဲ့တုံး။

မင်း ဘယ်လိုထင်လဲ ဆိုဖီ။ မှားတယ်လို့ နက်နက်ရှိုင်းရှိုင်း အတွင်းထဲက သိနေတာတွေကို မင်း ဆက်တိုက်လုပ်နေရရင် မင်း စိတ်ချမ်းသာတဲ့ဘဝ နေနိုင်ပါ့မလား။ လိမ်ညာတဲ့၊ လိမ်လည်တဲ့၊ သူများမကောင်းပြောတဲ့ လူတွေ အများကြီးပဲ၊ ဒါတွေ မမှန်ဘူး။ ဒါမှမဟုတ် မတရားဘူးလို့ သူတို့ သိကြသလား။ ဒီလူတွေ စိတ်ချမ်းသာကြမယ်လို့ မင်း ထင်သလား။

ဆိုကရာတဲစ်ကတော့ မထင်ဘူး။

 

***

 

စာကိုဖတ်ပြီးတဲ့အခါ ဆိုဖီ စာကို ကွတ်ကီသံပုံးထဲ ကပျာကရာ ထည့်တဲ့ပြီး ဥယျာဉ်ထဲ တွားထွက်ခဲ့တယ်။ “ဘယ်သွားနေလဲ” မေးခွန်းတွေ ရှောင်နိုင်ဖို့ရာ၊ သူ့အမေ ဝယ်ခြမ်းလာတဲ့ ပစ္စည်းတွေနဲ့ ပြန်ရောက်မလာခင် အိမ်ထဲ ရောက်ချင်နေတယ်။

သူ ပန်းကန်ဆေးကန်ထဲ ရေဖြည့်ပြီးကာ ရှိသေး၊ အထုပ်ကြီးနှစ်ထုပ်နဲ့ သူ့အမေ ဒယီးဒယိုင်နဲ့ ဝင်ချလာတော့တယ်။ ဒါကြောင့်ပဲနဲ့ တူပါရဲ့၊ သူ့အမေ ပြောပုံက “ညည်း ခုတစ်လော တော်တော် အတွေးထဲ နစ်နေတယ်နော် ဆိုဖီ” တဲ့။

ဘာ့ကြောင့် သူ ဒီလို ပြောလိုက်မိမှန်း ဆိုဖီ မသိဘူး။ စကားလုံးတွေ သူ့ပါးစပ်ထဲက လိမ့်ထွက်ကျသွားတော့တယ်။ “ဆိုကရာတဲစ်လည်း အဲဒီ အတိုင်းပါပဲ” တဲ့။

“ဆိုကရာတဲစ် ဟုတ်လား” တဲ့။

သူ့အမေ သူ့ကို မျက်လုံးပြူးကြည့်လိုက်တယ်။

“သနားစရာ ကောင်းလိုက်တာ၊ သူ့ခမျာ ဒါနဲ့ပဲ သေရရော” လို့ ဆိုဖီက တွေးတွေးတောတောနဲ့ ပြောပြတယ်။

“မြတ်စွာဘုရား၊ ဆိုဖီ၊ ငါတော့ ဘာလုပ်ရမယ်မှန်း မသိတော့ဘူး။”

“ဆိုကရာတဲစ်လည်း မသိဘူး၊ သူ သိသမျှက သူ ဘာမှ မသိဘူး ဆိုတာပဲ၊ ဒါပေမယ့် သူဟာ အာသဲနာ့စ်မှာ အတော်ဆုံးလူ။”

သူ့အမေ စကားမပြောနိုင်တော့ဘူး။

နောက်ဆုံးမှာတော့ သူ ပြောမိတယ်။

“ဒါ ညည်းကျောင်းမှာ သင်ခဲ့ရတာလား” တဲ့။

ဆိုဖီ ခေါင်းကို အားရပါးရ ခါလိုက်တယ်။

“အဲဒီမှာ ဘာမှ မသင်ရပါဘူး။ ကျောင်းဆရာတွေနဲ့ ဒဿနသမားတွေ ကွာဟတာက ကျောင်းဆရာတွေက သူတို့သိတယ်လို့ ထင်တာတွေ အများအပြား သမီးတို့ လည်ချောင်းထဲ တစ်အား ထိုးထည့်တယ်။ ဒဿနသမားတွေကတော့ တပည့်တွေနဲ့ အတူတူ ရှာဖွေကြံဆတာပဲ။”

“အေး ငါတို့ ယုန်ဖြူတွေဆီ ပြန်ရောက်ရပြန်ပြီ။ ဒီမယ်နော်၊ ညည်း အကောင် အမှန်တကယ် ဘယ်သူဖြစ်တယ် ဆိုတာ ငါ သိမှ ဖြစ်မယ်။ နို့မို့ရင်တော့ ဒီကောင် နည်းနည်း ချောင်နေပြီလို့ ငါ အောက်မေ့လိုက်မှာပဲ။”

ဆိုဖီ ပန်းကန်ပြားတွေကို ကျောပေးလိုက်ကာ သူ့အမေကို ပန်းကန်ဆေး ဘရုတ်နဲ့ လက်ညှိုးထိုးလိုက်တယ်။

“သူက ချောင်တာမဟုတ်ဘူး။ ဒါပေမယ့် သူက သူများတွေကို ချောင်အောင် ဆွတတ်တယ်။ ကျင်းထဲက လှုပ်နိုးတတ်တယ်။”

“ဒါ တော်လောက်ပြီ၊ သူ နည်းနည်း ပမာမခန့်နိုင်တယ်လို့ ငါ ထင်တယ်။”

ဆိုဖီ ပန်းကန်တွေဘက် လှည့်လိုက်တယ်။

“သူက ပမာမခန့်တာလည်း မဟုတ်ဘူး။ ပမာခန့်တာလည်း မဟုတ်ဘူး” လို့ ဆိုဖီက ပြောတယ်။

“သူက တကယ့် ပညာဉာဏ်ရဖို့ ကြိုးစားနေတာ။ ဒါ တကယ့် ဂျိုကာနဲ့ ဖဲထုပ်ထဲက အခြားဖဲချပ်အားလုံးနဲ့ ကွာခြားတာပါပဲ။”

“ဂျိုကာ ဟုတ်လား။”

ဆိုဖီ ခေါင်းညိတ်လိုက်တယ်။

“အမေ စဉ်းစားမိရဲ့လား၊ ဖဲထုပ် တစ်ထုပ်မှာ ဟတ်တွေ၊ ဒိုင်းမန်းတွေ အများကြီး ပါတယ်။ စပိတ်တွေ ကလပ် တွေလည်း အများကြီး။ ဒါပေမယ့် ဂျိုကာကတော့ တစ်ချပ်ထဲ ဆိုတာလေ။”

“အမယ်လေးတော်၊ ညည်း ပြန်ပြောတတ်နေလိုက်တာ ဆိုဖီ။”

“အမေကလည်း မေးတာကိုး။”

သူ့အမေ အသီးအရွက်တွေ ထည့်ပြုပြီးပြီ။ သတင်းစာယူပြီး ဧည့်ခန်းထဲ သွားတယ်။ တံခါးကို ပိတ်တာ ခါတိုင်းထက် ကျယ်သလို ဆိုဖီ တင်မိရဲ့။

ဆိုဖီ ပန်းကန်တွေဆေးပြီး အပေါ်ထပ် သူ့အခန်းထဲ တက်ခဲ့တယ်။ ပိုးလည်စည်း အနီကို ဘီရိုအပေါ်ဆင့်ပေါ် လီဂိုအတုံးတွေနဲ့ အတူ တင်ထားတယ်။ ယူချပြီး သေသေချာချာ ကြည့်လိုက်မိတယ်။

ဟိလဒ…

 

အာသဲနာစ်

 

… မြင့်မြင့်မားမား အဆောက်အဦအချို့ အပျက်အစီးတွေထဲကနေ ထလာကြတယ် …

 

အဲဒီညနေ စောစောပိုင်းက ဆိုဖို့အမေ သူငယ်ချင်းဆီ အလည်သွားတယ်။ သူလည်း အိမ်ကထွက်သွားရော ဆိုဖီ ခြံထဲ သားရဲတွင်းဆီ လစ်တော့တယ်။ အဲဒီမှာ ကွတ်ကီပုံးကြီးဘေးမှာ အထုပ်ထူထူကို တွေ့ရတယ်။ ဆိုဖီ ဆွဲဆုတ် ဖွင့်လိုက်တယ်။ ဗီဒီယို ကဆက်ပါလား။

အိမ်ဘက် ပြန်ပြေးခဲ့တယ်။ ဗီဒီယိုတိပ်။ ဘယ်လိုလုပ်ပြီးတော့များ မိမိတို့မှာ ဗီစီအာ(အောက်စက်) ရှိမှန်း ဒဿနဆရာ သိသွားတာလဲ။ နို့ပြီး ကဆက်(အခွေ)ထဲမှာ ဘာပါပါလိမ့်။

ဆိုဖီ ကဆက်ကို ရီကော်ဒါထဲ ထည့်လိုက်တယ်။ ကြီးမား ကျယ်ပြန့်တဲ့ မြို့ကြီး တီဗီဖန်ကားပေါ် ပေါ်လာတယ်။ ကင်မရာက အကရောပေါ လစ်ပေါ် ကပ်ဆွဲပြလိုက်တော့ မြို့ကြီးဟာ အာသဲနာစ် ဖြစ်ရမယ်လို့ ဆိုဖီ သဘောပေါက်မိတယ်။ အဲဒီက ရှေးဟောင်း အပျက်အစီးတွေရဲ့ ဓာတ်ပုံတွေကို ခဏခဏ တွေ့ဖူးပါတယ်။

တိုက်ရိုက် သွားရိုက်ထားတာပါ။ ကင်မရာလွယ်ကာ နွေအဝတ်အစား ဝတ်ထားတဲ့ ခရီးလှည့်တွေ အပျက်အစီးတွေကြား အုံနေကြတယ်။ သူတို့ထဲမှာ တစ်ယောက်ကတော့ နို့တစ်ဘုတ် ကိုင်ထားသလို ထင်ရတယ်။ လုပ်ပြန်ပြီ။ စာက ‘ဟိလဒ’ ဆို မဟုတ်လား။

တစ်မိနစ် နှစ်မိနစ်လောက် ရှိတော့ အလတ်ပိုင်းရွယ် လူတစ်ယောက်ရဲ့ အနီးကပ်ပုံ ပေါ်လာတယ်။ အရပ်ပုသလိုပဲ။ မုတ်ဆိတ်မည်းမည်းကို ဖြတ်ညှိထားတယ်။ အပြာရောင် ဘဲရေး (ရှေ့အချွန်မပါ၊ အနားမပါတဲ့ ဦးထုပ်ပြား) ဆောင်းထားတယ်။ သူက ကင်မရာထဲကို ကြည့်ပြီး ပြောနေတယ်။ ‘အာသဲနာစ်မြို့က ကြိုဆိုပါတယ် ဆိုဖီ။ မင်း ခန့်မှန်းပြီးလောက်ပါပြီ။ ငါဟာ အလ်ဘာတို နောက်စ်ပါပဲ။ မခန့်မှန်းရသေးရင် ထပ်ပြောပရစေ။ ယုန်ကြီးကို စကြဝဠာရဲ့ ဦးထုပ်မြင့်ကြီးထိပ်ကနေ ဆွဲချနေပါတယ်။

“ငါတို့ အကရောပေါလစ်မှာ ရပ်နေကြတယ်။ စကားလုံးအဓိပ္ပါယ်က ‘ခံတပ်’ပါ။ ပို တိတိကျကျ ပြောရရင်တော့ ‘တောင်ကုန်းမြို့’ ပါပဲ။ ကျောက်ခေတ်ကတည်းက ဒီမှာ လူတွေ နေခဲ့ကြတာ။ အကြောင်းကတော့ သဘာဝ ကျပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ တည်နေရာပါပဲ။ မြင့်တက်နေတဲ့ ကုန်းပြင်ဟာ ကျူးကျော်သူတွေ ရန်က ကာကွယ်ဖို့ လွယ်တယ်။ အကရောပေါလစ်ကနေ ငုံ့ကြည့်လိုက်ရင် မြေထဲပင်လယ် ဒေသမှာ အကောင်းဆုံး သင်္ဘောဆိပ်တွေထဲက တစ်ခုကို ကောင်းကောင်းကြီး လှမ်းမြင်ရတယ်။ စောစောပိုင်း အာသဲနာစ်မြို့ဟာ ကုန်းပြင်မြင့်အောက်က လွင်ပြင်ပေါ်မှာ ဖွံ့ဖြိုးလာလေတော့ အကရောပေါလစ်ကို ခံတပ်အဖြစ်၊ ဘာသာရေး နတ်ကွန်းအဖြစ် သုံးခဲ့ကြတယ်။ … ခမ ငါးရာစု ပထမဝက်က ပါရှန်တွေကို ဆိုးဆိုးရွားရွား စစ်ပွဲဆင်နွှဲတယ်။ ၄၈၀ မှာ ပါရှန်ဘုရင် ဆဲရကဆဲစ်က အာသဲနာ့စ်ကို လုယက်ဖျက်ဆီးပြီး အကရော ပေါလစ်က သစ်သားအဆောက်အဦးဟောင်းတွေ အကုန်လုံးကို မီးရှို့ပစ်ခဲ့တယ်။ နောင်တစ်နှစ်မှာတော့ ပါရှန်တွေ စစ်ရှုံးရပြီး အဲဒါ အာသဲနာစ်ရဲ့ ရွှေခေတ် အစပါပဲ။ အကရောပေါလစ်ကို ပြန်ဆောက်တယ်။ အလျင်တုန်းက ထက် ပိုခမ်းနား ပိုဂုဏ်ယူစရာ ဖြစ်လာတယ်။ အခုတော့ ဘာသာရေးနတ်ကွန်း သက်သက် ဖြစ်သွားတယ်။

“ဒါဟာဖြင့် ဆိုကရာတဲစ် လမ်းတွေ ရင်ပြင်တွေ လျှောက်သွားပြီး အာသဲနာစ်မြို့သားတွေနဲ့ စကားပြောတဲ့ အချိန်ပိုင်းပေါ့။ ဒီတော့ကာ အကရောပေါလစ် ပြန်လည် မွေးဖွားတာကို သူ မျက်မြင်ဖြစ်ခဲ့ရပြီး၊ ငါတို့ ပတ်လည်မှာ တွေ့ရတဲ့ ဂုဏ်ယူဖွယ် အဆောက်အဦတွေ အားလုံး ဆောက်နေတာကို သူ ကြည့်နေနိုင်ခဲ့တယ်။ တကယ့် ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြီးပ။ ငါ့နောက်မှာ အကြီးဆုံးနတ်ကွန်းကို မင်း မြင်ရမယ်။ ပါရသဲနုန်တဲ့။ ‘အပျို့စံရာ’ လို့ အဓိပ္ပါယ်ရတယ်။ အာသဲနာစ် မြို့စောင့်နတ်သမီး အာသဲနဲကို ဂုဏ်ပြုပြီး ဆောက်ခဲ့တာ။ ကြီးမားလှတဲ့ ကျောက်ဖြူ အဆောက်အဦကြီးမှာ မျဉ်းဖြောင့်တစ်ကြောင်း မပါဘူး။ အဆောက်အဦးကို မလေးလှဘူးလို့ ပုံပေါ်အောင် လေးဘက်လေးတန် နည်းနည်း ကွေးထားတယ်။ ဧရာမ အတိုင်းအတာကြီးတွေနဲ့ ဖြစ်ပေမယ့် ပေါ့ပါးတဲ့အသွင် ပေါ်နေတယ်။ တစ်နည်းပြောရရင်တော့ မျက်စိလှည့်စားမှု လုပ်ထားတာပေါ့လေ။ တိုင်လုံးကြီးတွေက အတွင်းဘက် နည်းနည်း ယိုင်နေတယ်။ နတ်ကွန်းအထက် အမှတ်ဆီသာ ဆက်သွားရင် မီတာ ၁၅၀၀ မြင့်တဲ့ ပိရမစ် ဖြစ်သွားမှာပဲ။ နတ်ကွန်းထဲမှာ ဆယ့်နှစ်မီတာမြင့် အာသဲနဲ နတ်သမီး ရုပ်က လွဲလို့ ဘာမှမပါဘူး။ ကျောက်ဖြူကို အဲဒီခေတ်တုန်းကတော့ လွင်နေအောင် ဆေးသုတ်ထားပါတယ်။ ကျောက်ကို ဆယ့်ခြောက် ကီလိုမီတာ ဝေးတဲ့ တောင်က သယ်ယူလာခဲ့တာ။”

ဆိုဖီ ခေါင်းနားပန်းကြီးပြီး ထိုင်နေမိတယ်။ အခု မိမိကို စကားပြောနေတာ တကယ်ပဲ ဒဿနဆရာလား။ ဟို တစ်ခါက မှောင်ထဲမှာပဲ သူ့ ဘေးစောင်းပုံကို မြင်ဖူးတာ။ အာသဲနာစ်က အကရောပေါလစ်မှာ အခု ရပ်နေတာ အဲဒီလူပဲ ဖြစ်နိုင်ပမလား။

သူ နတ်ကွန်းတစ်လျား လမ်းလျှောက်သွားတော့ ကင်မရာက လိုက်သွားတယ်။ သူ ပစ္စယာရဲ့ အစွန်တည့်တည့်အထိ လျှောက်သွားကာ ရှုခင်းပေါ် လက်ညှိုးထိုးပြတယ်။ ကင်မရာက အကရောပေါလစ် ကုန်းပြင်မြင့်အောက် တည့်တည့်မှာ တည်ရှိတဲ့ ပြဇာတ်ခုံဟောင်းပေါ် ထိုးပြလိုက်တယ်။

“အဲဒီမှာ ဒိယောနည်ဆိယောစ် ပြဇာတ်ရုံဟောင်းကြီးကို မြင်ရမယ်” လို့ ဘဲရေးနဲ့ လူက ဆက်ပြောတယ်။ ဥရောပမှာ ရှေးအကျဆုံး ဇာတ်ရုံကြီး ဖြစ်လိမ့်မယ်နဲ့ တူတယ်။ ဒါ အာအိစခည်လုစ်၊ ဆောဖောကလဲစ်၊ ယူရိုပီဒဲစ်တို့ရဲ့ အဆွေးပြဇာတ်တွေကို ဆိုကရာတဲစ်တို့ခေတ်က ကပြခဲ့ရာပါပဲ။ စောစောပိုင်းက ကံခေရှာတဲ့ဘုရင် ဩအိဒိပုစ် အကြောင်း စကားစပ်ခဲ့တယ်။ ဆောဖောကလဲစ် ရေးတဲ့ သူ့အကြောင်း အဆွေးဇာတ်ကို ဒီမှာ ပထမဆုံး ကခဲ့တာပါ။ ဒါပေမယ့် အပျော်ဇာတ်တွေ ရေးသူ နာမည်အကြီးဆုံးကတော့ အရစ်တောဖာနဲစ် ဖြစ်ပြီး ဆိုကရာတဲစ်ကို အာသဲနာစ်ရဲ့ ပေါတာကြီးရယ်လို့ အမနာပ အပျော်ပြဇာတ်လည်း ရေးတယ်။ နောက်ကျောဘက် တည့်တည့်မှာ ကျောက်နံရံကို မြင်ရမယ်။ အဲဒါကို သရုပ်ဆောင်တွေက ကားလိပ်အဖြစ် အသုံးပြုတယ်။ ဒါကို skene လို့ ခေါ်ပြီး ငါတို့ (အင်္ဂလိပ်စတဲ့ ဘာသာတွေက) “scene” ရဲ့ မူရင်းဖြစ်တယ်။ ကြုံလို့ပြောရရင် theatre (ပြဇာတ်ရုံ)ဆိုတဲ့ စကားလုံးကလည်း ‘မြင်တယ်’ လို့ အဓိပ္ပါယ်ရတဲ့ ခေါမစကားလုံးက လာတာပါ။ ဒါပေမယ့် ဒဿနဆရာတွေဆီ ပြန်သွားကြရမယ် ဆိုဖီ။ ငါတို့ ပါရသဲနုန်ကို လှည့်ပတ်ပြီး တံခါးပေါက်ကနေ ဆင်းသွားကြမယ် …”

လူသေးကွေးလေးဟာ ကြီးမားလှတဲ့ နတ်ကွန်းကို ပတ် လမ်းလျှောက်ကာ သူ့ညာဘက်က နတ်ကွန်းငယ်ငယ်လေးတွေကို ကျော်သွားတယ်။ ဒီနောက် တိုင်လုံးမြင့်မြင့်ကြီးအချို့ ကြားက လှေကားထစ်တွေအတိုင်း ဆင်းလျှောက်သွားတော့တယ်။ အကရောပေါလစ် ခြေရင်းရောက်တော့ တောင်ကုန်းငယ်ကလေးကို တက်သွားပြီး အာသဲနာစ်ဘက် လက်ညှိုးထိုးပြီး ပြတယ်။ “ငါတို့ ရပ်နေတဲ့ တောင်ကုန်းကို အာရဲယောပါဂေါစ် ခေါ်တယ်။ အာသဲနာစ် တရားရုံးတော်က လူသတ်မှုတွေမှာ စီရင်ချက်ချတာ ဒီမှာပေါ့။ နောင်နှစ်တွေ ရာချီကြာသွားတော့ သာဝကကြီး ရှင်ပေါလုက ဒီမှာရပ်တဲ့ပြီး အာသဲနာစ် မြို့သားတွေကို ယေရှုနဲ့ ခရစ်ယာန် ဘာသာအကြောင်း ဟောပြောခဲ့တယ်။ သူပြောတာကို နောင်တစ်နေရာမှ ပြန်ကောက်ကြမယ်။ ဟို ဘယ်ဘက်အောက်ဆီမှာ အာသဲနာစ်မြို့ ရင်ပြင်ဟောင်း ကြွင်းကျန်သမျှကို မြင်ရမယ်။ ‘အာဂေါရာ’ ခေါ်တယ်။ ပန်းပဲဆရာတွေ၊ သတ္တုအလုပ်သမားတွေရဲ့ နတ်၊ ဟဲဖာအိစတော့စ်ရဲ့ နတ်ကွန်းကြီးက လွဲရင် ကျောက်ဖြူတုံး တချို့ပဲ စောင့်ရှောက်ထားတာ ရှိတယ်။ ဆင်းကြစို့ …”

နောက်တစ်ခဏမှာ သူ ရှေးဟောင်း အပျက်အစီးတွေကြား ပေါ်လာတယ်။ ကောင်းကင်အောက်မှာ အမြင့်ကြီး (ဆိုဖီဖန်သားပြင်ရဲ့ ထိပ်မှာ) သမိုင်းဝင် အာသဲနဲ နတ်ကွန်းကြီး အကရောပေါလစ်ပေါ်မှာ ဟိန်းလို့နေတယ်။ သူ့ဒဿနဗေဒဆရာကတော့ ကျောက်ဖြူတုံး တစ်တုံးပေါ် ထိုင်ချလိုက်ပြီး ကင်မရာထဲ ကြည့်ပြီး ပြောတော့တယ်။ “ငါတို့ အာသဲနာ့စ်က ရင်ပြင်နေရာဟောင်းမှာ ထိုင်နေတာ။ စိတ်မကောင်းစရာ မြင်ကွင်းပါပဲ၊ မထင်မိဘူးလား။ ဒီနေ့ ပြောတာနော်။ တစ်ချိန်တုန်းကတော့ လှပတဲ့ နတ်ကွန်းတွေ၊ တရားရုံးတွေ၊ အခြား အများပြည်သူ ရုံးတွေ၊ ဆိုင်တွေ၊ ဂီတခန်းမ၊ ကျွမ်းဘား အဆောက်အဦကြီးတောင် ပါသေး။ ဒါတွေ ပတ်လည် ဝိုင်းနေတာ။ အားလုံး ရင်ပြင်တစ်ဝိုက်မှာ တည်ရှိတာ။ ရင်ပြင်ကလည်း ဧရာမကွင်းပြင်ကြီး၊ ဥရောပ ယဉ်ကျေးမှုတစ်ခုလုံးဟာ ဒီ သိပ်မကြီးလှတဲ့ အရပ်ကလေးမှာ အခြေတည်ခဲ့တာ။

“နိုင်ငံရေးနဲ့ ဒီမိုကရေစီ၊ စီးပွားရေးနဲ့ သမိုင်း၊ ဇီဝဗေဒနဲ့ ရူပဗေဒ၊ သင်္ချာနဲ့ ယုတ္တိဗေဒ၊ ဒေဝဗေဒနဲ့ ဒဿနဗေဒ၊ စာရိတ္တဗေဒနဲ့ စိတ္တဗေဒ သဘောတရားနဲ့ နည်း၊ အတွေးအခေါ်နဲ့ စနစ်တို့လို စကားလုံးတွေဟာ ဒီရင်ပြင်လေးပတ်လည်မှာ နေ့စဉ်ဘဝ ဗဟိုပြုနေကြတဲ့ သေးငယ်ငယ် လူစုကလေးဆီက စတင်ခဲ့တာ ဖြစ်တယ်။ ဒီမှာပဲ ဆိုကရာတဲစ်ဟာ တွေ့တဲ့လူတွေကို စကားပြောရင်း အချိန်အများစုကို ကုန်လွန်ခဲ့တာ ဖြစ်တယ်။ သူဟာ သံလွင်ဆီတစ်အိုး ထမ်းလာတဲ့ ကျွန်ကို အရပ်ခိုင်းကာ ကံခေရှာသူကို ဒဿနမေးခွန်း မေးချင်လည်း မေးမှာ၊ ဆိုကရာတဲစ်က ကျွန်လည်း အဆင့်ရှိတဲ့ လူလိုပဲ သာမန်စဉ်းစား ဉာဏ် ရှိတယ်လို့ ယုံသကိုး။ သူဟာ မြို့တော်သားတစ်ဦးနဲ့ စိတ်လိုက်မာန်ပါ အောင်ဟစ်ငြင်းခုံချင်လည်း ငြင်းခုံနေမယ်။ ဒါမှမဟုတ် သူ့တပည့်ငယ် ပလာတုန်းနဲ့ တိုးတိုးသက်သာ စကားပြောချင်လည်း ပြောနေမယ်။ တွေးကြည့်ရတာ တစ်မျိုးပဲ။ ဆိုကရာတဲစ် ဒဿန၊ ပလာတုန်း ဒဿနလို့ ပြောနေကြရတုန်းပဲ။ ဒါပေမယ့် ပလာတုန်း ဖြစ်ရတာ၊ ဆိုကရာတဲစ် ဖြစ်ရတာက တခြားပဲ။”

ဆိုဖီကတော့ တွေးကြည့်ရတာ တစ်မျိုးပဲလို့ မထင်ပါဘူး။ ဒါပေမယ့် ထူးဆန်းတဲ့ ခွေးတစ်ကောင် ခြံထဲက မိမိ လျှို့ဝှက်ပုန်းအောင်းရာဆီ ယူလာခဲ့တဲ့ ဗီဒီယိုထဲကနေ မိမိ ဒဿနဆရာ မိမိကို ရုတ်တရက် စကားပြောနေတာကလည်း တစ်မျိုးကြီးပဲလို့ ထင်မိတယ်။

ဒဿနဆရာ သူထိုင်နေရာ ကျောက်ဖြူတုံးကြီးက ထပြီး အေးအေးဆေးဆေး ပြောတယ်။ “တကယ်ကတော့ ငါ့ရည်ရွယ်ရင်းက ဒီမှာ ရပ်ဖို့ပါပဲ ဆိုဖီ။ မင်းကို အကရောပေါလစ်နဲ့ အာသဲနာစ်က ရင်ပြင်ဟောင်းကြီးရဲ့ အကြွင်းအကျန်တွေကို မြင်စေချင်တာပါပဲ။ ဒါပေမယ့် ဒီပတ်ဝန်းကျင်ကြီး တစ်ချိန်က ဘယ်လောက် ခမ်းနားခဲ့တယ် ဆိုတာကို မင်း သဘောပေါက်ပြီလို့ ငါ မထင်မိသေးဘူး။ ဒီတော့ နည်းနည်း တစ်ဆင့်တက်ဖို့ ဆန္ဒပြင်းမိတယ်။ လုပ်ရိုးလုပ်စဉ်တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ငါတို့နှစ်ယောက်တည်းပဲ သိရေး စိတ်ချရမယ် ထင်မိတယ်။ ကဲပါလေ၊ နည်းနည်းလေး သဘောလောက် မြင်ရ လည်း ပြီးမှာပါ…”

သူ နောက်ထပ် မပြောတော့ဘူး။ ကင်မရာထဲ စိုက်ကြည့်ကာ အကြာကြီး အဲဒီမှာ ရပ်နေတော့တယ်။ သူ အဲဒီမှာ ရပ်နေတုန်း မြင့်မြင့်မားမား အဆောက်အဦအချို့ အပျက်အစီးတွေထဲကနေ ထလာကြတယ်။ မှော်အတတ်နဲ့ စီရင်လိုက်သလို၊ အဆောက်အဦဟောင်း အားလုံး တစ်ခါ ပြန်လည် ရပ်တည်နေကြပေါ့။ ကောင်းကင်မျဉ်းတန်း အထက်မှာ အကရောပေါလစ်ကို ဆိုဖီ မြင်နိုင်သေးတယ်။ ဒါပေမယ့် အခု အဲဒါရော၊ ရင်ပြင်ပေါ်က အဆောက်အဦးတွေ အားလုံးပါ အသစ်ကျပ်ချွတ်တွေ ဖြစ်နေကြတယ်။ ရွှေနဲ့ဖုံးလွှမ်းကာ ပြိုးပြိုးပြက်ပြက် အရောင်တွေနဲ့ ခြယ်သထားကြတယ်။ တောက်တောက်ပပ ဝတ်ဆင်ထားကြတဲ့ လူတွေ ရင်ပြင်ဝန်းကျင် သွားလာနေကြတယ်။ တချို့ ဓားကိုင်ကာ၊ တချို့က ခေါင်းပေါ် အိုးတွေ ရွက်ထားကြပြီ တစ်ယောက်ကတော့ ရှေးစက္ကူထူ တစ်လိပ်ကို ချိုင်းညှပ်ထားရဲ့။

ဒီနောက်တော့ ဆိုဖီ သူ့ ဒဿနဆရာကို မှတ်မိလိုက်တယ်။ သူက အပြာရောင် ဘဲရေးကို ဆောင်းထားတုန်းပါပဲ။ ဒါပေမယ့် အခု အခြားသူများလိုပဲ အဝါရောင် ဝတ်ရုံကြီး ဝတ်ထားတယ်။ သူ ဆိုဖီ့ဘက်ကိုလာ၊ ကင်မရာထဲ ကြည့် စကားပြောပါတယ်။

“ဒါမှ နေရာကျတာ၊ အခု ငါတို့ ပဝေရှေးက အာသဲနာစ်ကို ရောက်နေကြပြီ ဆိုဖီ။ မင်း ဒီကို လူကိုယ်တိုင် လာစေချင်တယ် သိလား။ ငါတို့ ခမ သက္ကရာဇ် ၄၀၂ မှာ ဆိုကရာတဲစ် မသေမီ သုံးနှစ်ပဲ အလိုပေါ့။ ဒီ ကန့်သတ် အလည်အပတ်ခရီးကို မင်း နှစ်ခြိုက်မယ် မျှော်လင့်တယ်။ ဗီဒီယိုကင်မရာ ငှားရတာ အင်မတန် ခက်ခဲတယ်…”

ဆိုဖီ မူးသွားတယ်။ ဘယ့်နှယ်လုပ် ဒီ လူထူးလူဆန်းဟာ နှစ်ပေါင်း ၁၄၀၀ က အာသဲနာ့စ်မြို့ကို ရုတ်တရက် ရောက်သွားနိုင်တာတုန်း။ လုံးဝ မတူခြားနားတဲ့ ခေတ်တစ်ခေတ်ရဲ့ ဗီဒီယိုကားကို မိမိ ကြည့်နေနိုင်တာတုန်း။ ပဝေရှေးက ဗီဒီယို မရှိပါဘူး။ ဒီတော့ ဒါ ရုပ်ရှင်များလား …။

ဒါပေမယ့် ကျောက်ဖြူ အဆောက်အဦတွေ အားလုံး တကယ်လို့ ပုံပေါ်နေတယ်။ ရုပ်ရှင်ကား တစ်ကားအတွက်ပဲ အကရောပေါ်လစ်ရော၊ အာသဲနာ့စ် မြို့ရင်ပြင်ရော အားလုံးကို ပြန်ဖန်ဆင်းရတယ် ဆိုရင် ပစ္စည်းအကုန်အကျစရိတ် သောက်သောက်လဲ ကုန်မှာ။ ဘာပဲဖြစ်ဖြစ်လေ။ ဆိုဖီကို အာသဲနာစ်အကြောင်း သင်ပြဖို့အရေး ဈေးက ဧရာမ ကုန်ကျရတာပါလား။

ဘဲရေးနဲ့လူက သူ့ကို မော့ကြည့်လိုက်ပြန်တယ်။

“ဟိုမှာ တိုင်တန်းအောက်က လူနှစ်ယောက်ကို မြင်လား” တဲ့။

ကြေနေတဲ့ ဝတ်ရုံကြီးနဲ့ အသက်ကြီးကြီးလူကို ဆိုဖီ သတိပြုမိတယ်။

မသပ်မရပ် မုတ်ဆိတ်မွှေးရှည်ရှည်၊ နာခေါင်းလန်လန်၊ မျက်လုံးနှစ်လုံးက လွန်ပူလို၊ ပါးဖောင်းဖောင်း။ သူ့ဘေးမှာ ရပ်နေတာက ရုပ်ချောချော လူငယ်။

“အဲဒါ ဆိုကရာတဲစ်နဲ့ သူ့တပည့်ကလေး ပလာတုန်းလေ။ မင်း သူတို့ကို လူကိုယ်တိုင် တွေ့ရတော့မယ်” တဲ့။

ဒဿနဆရာ လူနှစ်ယောက်ဆီ သွား၊ ဘဲရေးကို ချွတ်၊ ဆိုဖီ နားမလည်တဲ့ စကားနဲ့ တစ်ခုခု ပြောလိုက်တယ်။ ခေါမစကား ဖြစ်ပါလိမ့်မယ်။ အဲဒီနောက် ကင်မရာထဲ ကြည့်ကာ ပြောတယ်။ “ငါက သူတို့ကို မင်းဟာ နော်ဝေးနိုင်ငံသူလေး ဖြစ်ကြောင်း၊ သူတို့ကို သိပ်တွေ့ချင်နေကြောင်း ပြောပြထားတယ်။ ဒီတော့ အခု ပလာတုန်းက မင်းကို စဉ်းစားစရာ မေးခွန်းအချို့ မေးလိမ့်မယ်။ ဒါပေမယ့် အစောင့်တွေ မတွေ့သွားမီ မြန်မြန်လုပ်ကြမှ” တဲ့။

လူငယ် ရှေ့တိုးလာပြီး ကင်မရာထဲ ကြည့်လိုက်တော့ ဆိုဖီ နားထင်ထဲ သွေးခုန်နေတာ ခံစားရတော့တယ်။

“အာသဲနာစ်က ခရီးဦးကြိုပြုပါတယ် ဆိုဖီ” လို့ သူ နူးညံ့ညံ့လေသံ နဲ့ ပြောတယ်။ ပြောပုံကတော့ ခပ်ဝဲဝဲပဲ။ “ငါ ပလာတုန်းပါ။ ငါ မင်းကို တာဝန်လေးခု ပေးမယ်။ ပထမဆုံး မင်း စဉ်းစားရမှာက မုန့်ဖုတ်သမားဟာ လုံးဝတူညီတဲ့ ကွတ်ကီငါးဆယ်ကို ဘယ်လိုလုပ် ဖုတ်နိုင်သလဲလို့ ဖြစ်တယ်။ အဲဒီနောက် ဘာကြောင့် မြင်းအားလုံး တစ်မျိုးတည်း ဖြစ်နေသလဲ ကိုယ့်ကိုယ်ကို ကိုယ် မေးရမယ်။ နောက်မှတစ်ခါ လူမှာ မသေတဲ့ ဝိညာဉ်ရှိတယ်လို့ မင်း ထင်သလား ဆုံးဖြတ်ရမယ်။ နောက်ဆုံးမှာတော့ ယောက်ျားနဲ့ မိန်းမ စဉ်းစားဉာဏ် တူသလား ပြောရမယ်။ ကံကောင်းပါစေ” တဲ့။

ဒီနောက် တီဗီ ဖန်သားပြင်ပေါ်က ရုပ်ပုံ ပျောက်ကွက်သွားတယ်။ ဆိုဖီ တိပ်ခွေကို ရစ်ပြီး ပြန်ရစ်တယ်။ ဒါပေမယ့် သူ ကြည့်စရာပါတာကို အကုန်ကြည့်ပြီးပါပြီ။

 

***

 

ဆိုဖီ ရှင်းရှင်းလင်းလင်း တွေးတောကြည့်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် အတွေးတစ်ခုကို တွေးလိုက်တာနဲ့ တစ်ပြိုင်နက် ပထမအတွေးမှ အဆုံးထိ မတွေးရသေးခင် နောက်အတွေးတစ်ခုက တိုးဝှေ့လာပါလေရော။

သူ့ဒဿနဆရာဟာ ကြောင်တောင်တောင်လူဆိုတာ အစကတည်းက သူ သိပါရဲ့။ ဒါပေမယ့် သဘာဝလောကရဲ့ နိယာမတရား အားလုံးကို အန်တုတဲ့ သင်ကြားပုံနည်းလမ်းတွေ စတင် သုံးလာရာမှာတော့ လွန်လွန်းသွားပြီလို့ ဆိုဖီ ထင်မိတယ်။

သူ တကယ်ပဲ ဆိုကရာတဲစ်နဲ့ ပလာတုန်းတို့ကို တီဗီပေါ်မှာ မြင်လိုက်ရတာလား။ မမြင်ရဘူးပေါ့။ မဖြစ်နိုင်တာကြီးပဲဟာ။ ဒါပေမယ့် ဒါ ကာတွန်းလည်း လုံးဝ မဟုတ်ရေးချ မဟုတ်။

ဆိုဖီ ဗီဒီယို ရီကောဒါထဲက ကဆက်ကို ထုတ်ယူကာ မိမိအခန်းပေါ် ပြေးတက်သွားတယ်။ အပေါ်ဆုံးဆင့်မှာ လီဂိုအတုံးတွေနဲ့အတူ တင်ထားလိုက်တယ်။ အဲဒီနောက် မောဟိုက်နွမ်းလျ၊ အိပ်ရာထဲ လှဲချပြီး အိပ်ပျော်သွားတော့တယ်။

နောက် နာရီအနည်းငယ်ကြာတော့ သူ့အမေ အခန်းထဲ ရောက်လာတယ်။ ဆိုဖို့ကို ညင်ညင်သာသာ လှုပ်တဲ့ပြီး ပြောတယ်။

“ဘာဖြစ်နေတာလဲ ဆိုဖီ” တဲ့။

“ဟမ်းမ်မ်မ်…”

“သမီး အဝတ်အစားတွေ အကုန်ဝတ်ရက်ကြီး အိပ်နေတာပါလား”

ဆိုဖီ အိပ်ချင်မူးတူးနဲ့ မျက်လုံး ပေကလပ် လုပ်နေတယ်။

“သမီး အာသဲနာစ်မြို့ ရောက်ခဲ့တယ်” လို့ ဗလုံးဗထွေးနဲ့ ပြောတယ်။ ဒါပဲ သူ ပြောနိုင်ပြီး တစ်ဖက်ကို လှည့်ကာ အိပ်ပျော်သွားပြန်ရော။

 

ပလာတုန်း

 

… မိမိရဲ့ ဒေသဆီ ပြန်ဖို့ တမ်းတစိတ် …

 

ဆိုဖီ နောက်နေ့ မနက်စောစော လန့်နိုးတယ်။ နာရီကို လှမ်းကြည့်လိုက်တယ်။ ငါးနာရီ ထိုးပြီးစပဲ ရှိသေးရဲ့။ ဒါပေမယ့် သူ မျက်စိကျယ် နိုးနေပြီမို့ အိပ်ရာထဲ ထထိုင်မိတယ်။ ဘာ့ကြောင့် သူ ဝတ်စုံ ဝတ်ထားသလဲ။ ဒီနောက်တော့ အရာတိုင်းကို သတိရလာတယ်။

ခွေးခြေပေါ်တက်ကာ ဗီရိုထိပ်ဆင့်မှာ ကြည့်လိုက်တယ်။ အင်း… အဲဒီမှာလေ၊ နောက်နားမှာ ဗီဒီယိုကဆက်။ ဒီလိုဆိုတော့ အိပ်မက် မဟုတ်ဘူးပေါ့။ ယုတ်စွအဆုံး အားလုံးတော့ မဟုတ်ဘူးပေါ့။

ဒါပေမယ့် ပလာတုန်းနဲ့ ဆိုကရာတဲစ်ကို သူ တကယ် မြင်တွေ့ခဲ့နိုင်ပါ့မလား။ အိုး… ထားလိုက်ပါတော့။ ဒီအကြောင်း နောက်ထပ်တွေးဖို့ စွမ်းအား မရှိတော့ပါဘူး။ သူ့အမေ ပြောတာ မှန်ပြီနဲ့ တူတယ်။ ခုရက်ပိုင်း သူ နည်းနည်းများ ကြောင်သွားလေရော့လား။

ဘာပဲဖြစ်ဖြစ် ပြန်အိပ်လို့ မရဘူး။ သားရဲတွင်းဆီ ဆင်းသွားပြီး ခွေးများ နောက်စာတစ်စောင် ထားသွားပြီလား ကြည့်ဦးမှ ထင်ပါရဲ့။ ဆိုဖီ အောက်ထပ် တွားဆင်းခဲ့၊ အပြေးစီး ဖိနပ်ကို စီးပြီး ထွက်သွားတယ်။

ခြံထဲမှာ အရာရာ အံ့စဖွယ် ရှင်းလင်းငြိမ်သက်နေတယ်။ ငှက်တွေ အားရပါးရ မြည်တွန်နေကြလို့ ဆိုဖီ မရယ်ဘဲကို မနေနိုင်ဘူး။ မနက် ဆီးနှင်းဟာ မြက်ထဲမှာ သန္တာစက်ကလေးတွေလို မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကြတယ်။ တစ်ကြိမ်ထပ်ပြီး သူဟာ ကမ္ဘာရဲ့ မယုံနိုင်စဖွယ် အလှကို တအံ့တသြ ဖြစ်ရပြန်ရဲ့။

ခြံစည်းရိုးဟောင်း အတွင်းမှာတော့လည်း သိပ်စိုစွတ်နေရဲ့။ ဒဿနဆရာဆီက စာအသစ်ကို ဆိုဖီ မတွေ့ဘူး။ ဒါပေမယ့်လည်း အမြစ်တုတ်တုတ် တစ်ခုကို ရေသုတ်ကာ ထိုင်ချလိုက်တယ်။

ဗီဒီယို ပလာတုန်းက သူ့ကို မေးခွန်းအချို့ မေးထားတာကို သတိရမိတယ်။ ပထမက မုန့်ဖုတ်သမား တူညီတဲ့ ကွတ်ကီငါးဆယ် ဘယ်လိုလုပ် ဖုတ်နိုင်သလဲ ဆိုတာပဲ။

ဆိုဖီ ဒါကို အင်မတန် သေသေချာချာ တွေးရလိမ့်မယ်။ မလွယ်မှာ မုချပဲကိုး။ သူ့အမေ မကြာမကြာ ကွတ်ကီတစ်ပွဲ ဖုတ်တဲ့အခါ ချွတ်စွပ်တူတာ ဘယ်တော့မှ ဖြစ်မလာဘူး။ နို့… သူက မုန့်ဖုတ်ပါရဂူမှ မဟုတ်တာကိုး။ တစ်ခါ တလေ မီးဖိုချောင်ကို ဗုံးမှန်ထားသလား မှတ်ရတယ်။ မုန့်ဆိုင်မှာဝယ်တဲ့ ကွတ်ကီတွေတောင်မှ တိတိကျကျ မတူပါဘူး။ ကွတ်ကီတစ်ခုစီဟာ မုန့်ဖုတ်သူရဲ့ လက်ထဲ တစ်သီးတခြား ပုံဖော်ယူထားတာပါ။

အဲဒီနောက် ကျေနပ်တဲ့ အပြုံးတစ်ခု ဆိုဖီရဲ့မျက်နှာပေါ် ပျံ့သွားတယ်။ သူ့အမေ ခရစ္စမတ်ကွတ်ကီတွေ ဖုတ်နေရသမို့ အလုပ်ရှုပ်နေတုန်း၊ တစ်ခါတော့ သူ့အဖေနဲ့သူ ဈေးဝယ်ထွက်ခဲ့တာ သတိရမိတယ်။ သူတို့ ပြန်ရောက်တော့ မီးဖိုချောင် စားပွဲပေါ်မှာ ဂျင်းမုန့် လူရုပ်ကလေးတွေ အများကြီးပဲ။ အားလုံး စင်းလုံးချော မဟုတ်ပေမယ့် တစ်နည်းတော့ သူတို့အားလုံး အတူတူပဲ။ အဲဒါ ဘာ့ကြောင့်လဲ။ အမေ သူတို့အားလုံးကို ပုံစံခွက်တစ်ခုတည်း သုံးပြီး လုပ်ခဲ့လို့ပါပဲ။

ဒီအခြင်းအရာကို သတိရမိတဲ့အတွက် သူ့ကိုယ်သူ သဘောကျလွန်းလို့ ပထမမေးခွန်းတော့ လုပ်ပြီးပြီလို့ ဆိုဖီဆုံးဖြတ်ချက် ချလိုက်တယ်။ မုန့်ဖုတ်သမားဟာ လုံးဝတူညီတဲ့ ကွတ်ကီငါးဆယ်ကို ဖုတ်ရင် အားလုံးအတွက် မုန့်ပုံစံခွက် တစ်ခုကို သုံးရပေလိမ့်မယ်။ ဒါပဲပေါ့။

အဲဒီနောက် ဗီဒီယို ပလာတုန်းက ကင်မရာထဲကြည့်ပြီး ဘာကြောင့် မြင်းအားလုံး တစ်မျိုးတည်း ဖြစ်ရသလဲ မေးတယ်။ ဒါပေမယ့် သူတို့ တစ်မျိုးတည်းမှ မဟုတ်ကြတာပဲ။ တူဖို့နေနေသာသာ လူနှစ်ယောက် တစ်ပုံတည်း မဟုတ်သလို ဘယ်မြင်းနှစ်ကောင်မှလည်း တစ်ပုံတည်း မဟုတ်ချေဘူး။

ဒီတစ်ခုတော့ လက်လျှော့တော့မလို့ လုပ်နေတုန်းမှာ ကွတ်ကီတွေအကြောင်း တွေးမိတာကို သူ သတိရမိတယ်။ သူတို့ထဲက ဘယ်ဟာမှ အခြားဟာတွေနဲ့ အတိအကျ မတူကြပါဘူး။ တချို့က သူများထက် နည်းနည်း ထူတယ်၊ တချို့က ကျိုးနေတယ်။ ဒါပေမယ့်လည်း တစ်နည်းတော့ သူတို့ အားလုံး အတိအကျ ‘တစ်မျိုးတည်း’ ဖြစ်နေတာကို လူတိုင်း မြင်နိုင်ပါတယ်။ ပလာတုန်း တကယ် မေးနေတာက ဘာကြောင့် မြင်းဟာ အမြဲ မြင်း ဖြစ်နေရတာလဲ။ ဥပမာအားဖြင့် မြင်းနဲ့ဝက် ကပြား မဖြစ်ရသလဲလို့ ဖြစ်မယ် ထင်ပါရဲ့။ တချို့မြင်းများက ဝက်ဝံလောက် ညိုပြီး တချို့က သိုးပေါက်စလောက် ဖြူ ပေမယ့် မြင်းအားလုံးမှာ ဘုံသဘောတစ်ခုတော့ ရှိတယ်။ ဥပမာအားဖြင့် ခြေခြောက်ချောင်း၊ ရှစ်ချောင်းရှိတဲ့ မြင်း ဆိုဖီ မတွေ့ဖူးသေးဘူး။

ဒါပေမယ့် မြင်းအားလုံးကို တူညီစေတာက သူတို့ကို ပုံစံခွက် တစ်ခုတည်းနဲ့ လုပ်ထားလို့ပဲလို့တော့ဖြင့် ပလာတုန်း ယုံကြည်မယ် မဟုတ်တာမုချ။

ဒီနောက်တော့ ပလာတုန်း သူ့ကို တကယ်ကို ခက်တဲ့ မေးခွန်း မေးပါတယ်။ လူမှာ မသေတဲ့ဝိညာဉ် ရှိသလား။ ဒါကတော့ ဆိုဖီ ဖြေဖို့ လုံးဝ အရည်အချင်း မရှိတဲ့အရာပါပဲ။ သူ သိသမျှက သေသွားတဲ့ အလောင်းတွေကို မီးရင်လည်း ရှို့၊ မြေရင်လည်း မြှုပ်တယ်။ သူတို့အတွက် အနာဂတ်မရှိဘူးပေါ့။ လူမှာ မသေတဲ့ဝိညာဉ် ရှိခဲ့ရင် ပုဂ္ဂိုလ်ဆိုတာ ကွဲပြားတဲ့ အပိုင်းနှစ်ပိုင်းပါတယ် လို့ ယုံရလိမ့်မယ်။ တစ်ပိုင်းက နှစ်ပေါင်း အများအပြား ကြာပြီးနောက် ချွတ်ယွင်းသွားတဲ့ ကိုယ်၊ နောက်တစ်ပိုင်းက ကိုယ်မှာဖြစ်တာနဲ့ အနည်းနဲ့အများ တသီးတခြား လှုပ်ရှားနေတဲ့ ဝိညာဉ်။ သူ့အဘွားက တစ်ခါက ပြောဖူးတယ်။ အိုမင်းလာတာ သူ့ကိုယ်သက်သက်ပဲလို့ ခံစားမိတယ်။ အဇ္ဈတ္တထဲမှာတော့ သူဟာ ဒီမိန်းမငယ်လေးပဲ အမြဲ ဖြစ်နေတယ်တဲ့။

‘မိန်းမငယ်လေး’ အတွေးက ဆိုဖီကို နောက်ဆုံးမေးခွန်းဆီ ဦးဆောင်သွားတယ်။ မိန်းမနဲ့ ယောက်ျား စဉ်းစားဉာဏ် အတူတူပဲလား။ သူ ဒါတော့ အသေအချာ မပြောတတ်ဘူး။ စဉ်းစားဉာဏ်ဆိုရာမှာ ပလာတုန်း ဘာဆိုချင်တာလဲ ဆိုတဲ့အပေါ် တည်တယ်။

ဆိုကရာတဲစ်နဲ့ ပတ်သက်ပြီး ဒဿနဆရာ ပြောထားတာ ခေါင်းထဲ ရောက်လာတယ်။ မိမိတို့ သာမန်ဉာဏ်ကိုသာ သုံးခဲ့ရင် လူတိုင်း ဒဿနသစ္စာတွေကို နားလည်နိုင်လိမ့်မယ်လို့ ဆိုကရာတဲစ်က ထောက်ပြခဲ့တယ်။ ကျွန်မှာလည်း သခင်မျိုးလိုပဲ သာမန်ဉာဏ်ရှိတယ် လို့လည်း သူက ဆိုတယ်။ မိန်းမတွေဟာ ယောက်ျားတွေလောက် သာမန်ဉာဏ်ရှိကြတယ် လို့ သူပြောခဲ့မှာပဲ ဆိုဖီ သေချာပေါက် ထင်မိတယ်။

သူ ထိုင်စဉ်းနေတုန်း ခြံစည်းရိုးမှာ ရုတ်တရက် တရှဲရှဲသံ ပေါ်လာကာ ဟောဟဲဟောဟဲသံနဲ့ ရေးနွေးငွေ့ စက်ခေါင်းလို မှုတ်ထုတ်သံ ကြားရတယ်။ နောက်တစ်စက္ကန့်မှာ ရွှေရောင် လဘရာဒေါခွေးကြီး သားရဲတွင်းထဲ အသာဝင်လာပေါ့။ ပါးစပ်မှာ စာအိတ်ကြီးနဲ့။

“ဟဲရမဲစ်” လို့ ဆိုဖီ အော်လိုက်တယ်။ “ချ၊ အောက်ချ”

ခွေးက စာအိတ်ကို ဆိုဖီရဲ့ပေါင်ပေါ် ချပေးတယ်။ ဆိုဖီ လက်ကို ဆန့်ထုတ်ပြီး ခွေးခေါင်းကို ပွတ်သပ်ပေးတယ်။

“လိမ္မာတယ် ဟဲရမဲစ်ရာ” လို့ ပြောလိုက်တယ်။

ခွေးက လှဲပေးပြီး ပွတ်သပ်တာ ခံနေတယ်။ ဒါပေမယ့် နှစ်မိနစ်လောက် နေတော့ ထတဲ့ပြီး လာခဲ့တဲ့အတိုင်း ခြံစည်းရိုးတိုးပြီး ပြန်ထွက်တယ်။ စာအိတ်ညိုကို လက်ကကိုင်ကာ ဆိုဖီနောက်က လိုက်သွားတယ်။ ချုံထူထူထဲက တွားထွက်ခဲ့တာ မကြာမီ အပြင်ဘက်ခြံထဲ ရောက်သွားတယ်။

ဟဲရမဲစ်က တောစပ်ဆီ စတင်ပြေးနေပါပြီ။ ဆိုဖီက နောက်က ကိုက်အနည်းငယ်က လိုက်တယ်။ နှစ်ကြိမ် ခွေးကလှည့်ပြီး ဟိန်းတယ်။ ဒါပေမယ့် ဆိုဖီက တားလို့မရဘူး။

ဒီတစ်ခါတော့ ဒဿနဆရာကို တွေ့ဖို့ ဆုံးဖြတ်ထားတယ်။ အာသဲနာစ် အထိ တစ်လျှောက်ကြီးပဲ ပြေးရစေတော့။

ခွေးက ပိုမြန်မြန်ပြေးကာ ဗြုန်းခနဲ ချိုးတဲ့ပြီး လမ်းကျဉ်းကလေးအတိုင်း ပြေးတော့တယ်။ ဆိုဖီ သူ့နောက်က လိုက်တယ်။ မိနစ်အနည်းငယ် ကြာတော့ ခွေးက လှည့်တဲ့ပြီး သူ့ကို ရင်ဆိုင်တယ်။ အိမ်စောင့်ခွေးလို ဟောင်တော့တယ်။ ဆိုဖီ အလျှော့မပေးဘူး။ အခွင့်ကောင်းကို အသုံးချကာ သူတို့ချင်း ကွာဟနေတာကို လျော့အောင် လုပ်ပစ်လိုက်တယ်။

ဟဲရမဲစ် လှည့်ပြီး လမ်းကလေးအတိုင်း တအားပြေးတယ်။ သူ့ကို မမီနိုင်တော့ဘူးဆိုတာ ဆိုဖီ သဘောပေါက်မိတယ်။ ထာဝရလို့ ထင်ရလောက်အောင် အကြာကြီး ငြိမ်ရပ်နေကာ ခွေး ဝေးသထက် ဝေးဝေး ပြေးသွားသံကို နားထောင်နေလိုက်တယ်။ ဒီနောက်တော့ အားလုံးငြိမ်ကျသွားရော။

တောထဲက ကွက်လက်ကလေးတစ်ခုနားက သစ်ငုတ်တစ်ခုပေါ် ထိုင် ချလိုက်တယ်။ လက်ထဲမှာ စာအိတ်ညိုက တန်းလန်း။ ဖွင့်လိုက်တယ်။ လက်နှိပ် စက်ရိုက် စာရွက်တချို့ ဆွဲထုတ်ဖတ်တော့တယ်။

 

ပလာတုန်းရဲ့ အာကာဒဲမိယာ

 

အတူ ကုန်လွန်ခဲ့ရတဲ့ အချိန်အတွက် ကျေးဇူးတင်တယ် ဆိုဖီ။ အာသဲနာစ်မှာ ပြောတာပါ။ ကဲ အဲဒီတော့ ငါ့ကိုယ်ငါ မိတ်ဆက်ခဲ့ပြီးပေါ့။ နို့ပြီး ပလာတုန်းကိုလည်း မိတ်ဆက်ပေးခဲ့ပြီ ဆိုတော့ ဗျာများမနေတော့ဘဲ စကြတာ ကောင်းပါတယ်။

ပလာတုန်း (၄၂၈ - ၃၄၇ ခမ)ဟာ ဆိုကရာတဲစ် ဟဲမလောက်ရည် သောက်စဉ်က နှစ်ဆယ့်ကိုးနှစ်ပဲ ရှိသေးတယ်။ သူက ဆိုကရာတဲစ်ရဲ့ တပည့် ဖြစ်ခဲ့တာ ကြာပြီဆိုတော့ အမှုစစ်ဆေးတာကို စေ့စေ့စပ်စပ် တက်ရောက် နား ထောင်ခဲ့တယ်။ အာသဲနာစ်ဟာ မိမိရဲ့ အမြင့်မြတ်ဆုံး မြို့တော်သားကို သေဒဏ် စီရင်အားခဲ့တယ် ဆိုတဲ့ ဖြစ်ရပ်ဟာ သူ့အဖို့ စိတ်ထဲ လေးလေးနက်နက် စွဲထင်သွားတာထက် ပိုခဲ့တယ်။ သူ့ရဲ့ ဒဿနအားထုတ်မှု တစ်ခုလုံးကို ပုံသဏ္ဌာန် ပြောင်းလဲစေတော့မှာ ဖြစ်တယ်။

ပလာတုန်းအဖို့ ဆိုကရာတဲစ် သေဆုံးရတာဟာ တကယ် တည်ရှိနေတဲ့ လူ့အဖွဲ့အစည်းနဲ့ အမှန် ဒါမှမဟုတ် စိတ်ထဲက လူ့အဖွဲ့အစည်းတို့ရဲ့ ပဋိပက္ခကို ကောင်းကောင်းကြီး နမူနာပြလိုက်တာပဲ ဖြစ်တယ်။ ဒဿနဆရာ အနေနဲ့ ပလာတုန်းရဲ့ ပထမဆုံးလုပ်ရပ်က ဆိုကရာတဲစ်ရဲ့ တောင်းပန်စကားကို ထုတ်ဝေတာပါပဲ။ ခုံသမာဓိ လူကြီးအဖွဲ့ကြီးကို သူ့ရဲ့ မေတ္တာရပ်ခံချက် ဖြစ်ပါတယ်။

မင်း မှတ်မိမှာ ဖြစ်တဲ့အတိုင်းပဲ ဆိုကရာတဲစ်ဟာ ဘာကိုမှ ရေးချလေ့ မရှိဘူး။ သူ့အလျင်ဆရာတွေကသာ ရေးတာ။ ပြဿနာက သူတို့ရေးထားတဲ့ စာတွေ တစ်ခုမှ မကျန်ရစ်တာပါပဲ။ ဒါပေမယ့် ပလာတုန်းကျတော့ သူ့အဓိက စာအားလုံး ထိန်းသိမ်းထားပြီလို့ ယုံကြည်ရတယ်။ (ဆိုကရာတဲစ်ရဲ့ တောင်းပန်စကား အပြင်၊ ပလာတုန်းဟာ ပေးစာ တစ်စုတစ်ဝေးနဲ့ ဒဿနရေးရာ ဒိယလောဂ နှစ်ဆယ့်ငါးကျမ်း ရေးပါသေးတယ်။) ဒီစာတွေကို ကနေ့ ငါတို့ ရကြရတာကတော့ အာသဲနာစ်မြို့နဲ့ မလှမ်းမကမ်း တောအုပ်မှာ ပလာတုန်းက သူ့ကိုယ်ပိုင် ဒဿနဗေဒကျောင်း ဖွင့်ခဲ့တယ် ဆိုတဲ့ မသေးလှတဲ့ အကြောင်းကြောင့် ဖြစ်တယ်။ ကျောင်းကို ခေါမပုံပြင်ထဲက သူရဲကောင်း အာကာဒဲမော့စ်ကို ဂုဏ်ပြုပြီး နာမည်ပေးထားတယ်။ ဒါကြောင့် ကျောင်းကို အာကာဒဲမိယာလို့ ခေါ်တယ်။ (အဲဒီကတည်းက စပြီး ကမ္ဘာတစ်ဝန်းမှာ ‘အကယ်ဒမီ’ တွေ သောင်းချီ ဖွင့်ခဲ့ကြတော့တယ်။ ‘အာကာဒဲမိကတွေ’၊ ‘အာကာဒဲမိက ဘာသာရပ်တွေ’ လို့ ပြောလာခဲ့ကြတယ်။)

ပလာတုန်းရဲ့ အာကာဒဲမိယာမှာ သင်တဲ့ ဘာသာရပ်တွေကတော့ ဒဿနဗေဒ၊ သင်္ချာနဲ့ ကျွမ်းဘားပညာတို့ ဖြစ်တယ်။ ‘သင်တယ်’ဆိုတဲ့ စကားလုံးကတော့ မဆီလျော်လှဘူး။ တက်တက်ကြွကြွ ဆွေးနွေးတာကို ပလာတုန်းရဲ့ အာကာဒဲမိယာမှာ အရေးအကြီးဆုံးလို့ ယူဆတယ်။ ဒီတော့ ပလာတုန်းရဲ့ အရေးအသားတွေ အချီအချ ပြောစကား ပုံသဏ္ဌာန် ဆောင်နေတာ မတော်တဆ ဖြစ်တာ စစ်စစ် မဟုတ်ဘူး။

 

ထာဝရ မှန်၊ ထာဝရ လူ၊ ထာဝရ ကောင်း

 

ဒီသင်တန်း ပို့ချချက် နိဒါန်းမှာ ဒဿနဆရာ တစ်ယောက်ရဲ့ စီမံကိန်းဟာ ဘာလဲလို့ မေးတာ ကောင်းတတ်ကြောင်း ငါပြောခဲ့တယ်။ ဒီတော့ အခုလည်း ငါမေးတယ်။ ပလာတုန်း စိတ်ဝင်စားတဲ့ ပြဿနာတွေက ဘာတွေတုံး။

အကျဉ်းကတော့ ပလာတုန်းက ထာဝရ တည်တဲ့၊ မပြောင်းလဲတဲ့ဟာနဲ့ ‘စီးဆင်း’သွားတဲ့ဟာ အဆက်အသွယ်ကို စိတ်ဝင်စားတာပါပဲ။ (ဆိုကရာတဲစ် အလျင် ဆရာတွေ အတိုင်းပဲပေါ့။) ဆောဖိစတစ်တွေနဲ့ ဆိုကရာတဲစ်တို့က သဘာဝဒဿန ပြဿနာတွေကနေ လူနဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ ပြဿနာတွေဘက် အာရုံပြောင်းခဲ့ကြတာကို ငါတို့ တွေ့ခဲ့ကြပြီ။ ဒါတောင်မှ တစ်ချက်မှာတော့ ဆိုကရာတဲစ်နဲ့ ဆောဖိစတဲစ်တွေတောင် ထာဝရ၊ မပြောင်းလဲတာနဲ့၊ ‘စီးဆင်းသွားတာ’ အဆက်အသွယ်ကို တွေးတောလာရတယ်။ လူ့ကျင့်ဝတ်များနဲ့ အဖွဲ့အစည်းရဲ့ ကောင်းခြင်းများနဲ့ ဆက်နွယ်လာတဲ့အခါ ဒီပြဿနာကို သူတို့ စိတ်ဝင်စားရတော့တယ်။ ခပ်တိုတို ပြောရရင်တော့ ဆောဖိစတဲစ်တွေက မှန်တယ်၊ မှားတယ် အယူအဆ ဆိုတာများဟာ မြို့နိုင်ငံတစ်ခုက တစ်ခု၊ ခေတ်တစ်ခေတ်က တစ်ခေတ် ပြောင်းလဲသွားတာပါပဲ လို့ ထင်ကြတယ်။ ဒီတော့ အမှန်နဲ့ အမှားဟာ ‘စီးဆင်းသွား’တဲ့ အရာပဲပေါ့။ ဒါကို ဆိုကရာတဲစ်က လုံးဝ လက်မခံနိုင်ဘူး။ မှန်တာ၊ မှားတာအတွက် ထာဝရ၊ ပရမတ် နိယာမများ ရှိတယ် လို့ သူက ယုံကြည်တယ်။ မိမိတို့ရဲ့ သာမန် စဉ်းစားဉာဏ်ကို သုံးပြီး ဒီ မပြောင်းလဲနိုင်တဲ့ ထုံးတွေဆီ ရောက်နိုင်တယ်။ လူ့ဆင်ခြင်တုံတရားဆိုတာ အမှန်က ထာဝရတည်ပြီး မပြောင်းလဲဘဲကိုး တဲ့။

လိုက်နိုင်ရဲ့လား ဆိုဖီ။ ဒီတွင် ပလာတုန်း ဝင်လာတော့တာပဲ။ သူက သဘာဝလောကမှာ ထာဝရတည်တာ၊ မပြောင်းလဲတာရော၊ ကျင့်ဝတ်များနဲ့ လူ့အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး ထာဝရတည်တာ၊ မပြောင်းလဲတာရော နှစ်ခုစလုံး သူက စိတ်ဝင်စားတယ်။ ပလာတုန်းအဖို့ ဒီပြဿနာနှစ်ခုဟာ တစ်ခုတည်းပါပဲ။ သူက ထာဝရတည်တဲ့၊ မပြောင်းလဲတဲ့ ‘အမှန်တကယ်’ တစ်ခုကို ဆုပ်ကိုင်မိဖို့ ကြိုးစားတယ်။

ရှင်းရှင်းပြောရရင်တော့ ဒဿနဆရာတွေကို ငါတို့ လိုအပ်တာကလည်း ဒီအတွက်ကြောင့်ပါပဲ။ အလှဘုရင်မ ရွေးဖို့၊ ဒီနေ့ ခရမ်းချဉ်သီး ပေါက်ဈေးကို ဖြတ်ပေးဖို့ သူတို့ကို လိုတာ မဟုတ်ဘူး။ (ဒါကြောင့်လည်း သူတို့ ပေါ်ပြူလာ မဖြစ်တာပေါ့) ဒဿနဆရာတွေက အင်မတန် ခေတ်စားနေတဲ့ ကိစ္စတွေကို ဘေးချိတ်လေ့ ရှိကြပြီး လူတွေရဲ့ အာရုံကို ထာဝရ ‘မှန်’၊ ထာဝရ ‘လှ’၊ ထာဝရ ‘ကောင်း’တဲ့ အရာဘက် ဆွဲယူဖို့ အားထုတ်ကြတယ်။

ဒီတော့ ပလာတုန်းရဲ့ ဒဿနစီမံကိန်းရဲ့ ကောက်ကြောင်းလောက်ကိုဖြင့် ငါတို့ အကြမ်းဖျင်း မြင်နိုင်ပြီ။ ဒါပေမယ့် တစ်ချိန်မှာ တစ်ခုပဲ ကိုင်ကြရအောင်။ ငါတို့ဟာ နောင်လာမယ့် ဥရောပ ဒဿနဗေဒ တစ်ခုလုံးအပေါ် နက်နက်ရှိုင်းရှိုင်း သြဇာညောင်းခဲ့တဲ့ စိတ်၊ သာမန်ထက်ပိုကဲတဲ့ စိတ်တစ်ခုကို နားလည်ဖို့ ကြိုးစားနေကြတာ ဖြစ်တယ်။

 

ဣဒ်အာ လောက

 

အဲမ်ပဲဒေါကလဲစ်နဲ့ ဒဲမောကရိတော့စ် နှစ်ဦးစလုံးကပဲ သဘာဝလောကမှာ အရာရာ ‘စီးဆင်းသွား’ ပေမယ့်လို့ မပြောင်းလဲတဲ့ ‘တစ်စုံတစ်ရာ’ တော့ (‘မူလလေးပါး’ ဒါမှမဟုတ် ‘အတောမများ’) ရှိရလိမ့်မယ် ဆိုတာကို အာရုံပြုခဲ့ကြတယ်။ အဲသလို အဆိုပြုချက်မျိုးကို ပလာတုန်း သဘောတူပါရဲ့။ ဒါပေမယ့် လုံးဝ ကွဲပြားတယ်။

ပလာတုန်းက သဘာဝလောကထဲက ထိတွေ့လို့ရတဲ့ အရာတိုင်း ‘စီးဆင်းသွား’ တယ်လို့ ယုံတယ်။ ဒီတော့ မပြိုကွဲတဲ့ ‘ဒြပ်ပစ္စည်း’ ရယ်လို့ မရှိဘူး။ ‘ရုပ်လောက’မှာ ပါဝင်တဲ့ ခြွင်းချက်မဲ့ အရာရာတိုင်း အချိန်က တိုက်စားနိုင်တဲ့ အထည်ပစ္စည်းနဲ့ လုပ်ထားတာချည်း။ ဒါပေမယ့် အရာရာတိုင်းကို ထာဝရတည်တဲ့၊ မပြောင်းလဲနိုင်တဲ့ အချိန်မဲ့ ‘ပုံ’ ဒါမှမဟုတ် ‘သဏ္ဌာန်’နဲ့ ပြုလုပ်ထားတယ်။

နားလည်ရဲ့နော်၊ အေး၊ နားမလည်ပါဘူး။

မြင်းတွေ ဘာကြောင့် အတူတူဖြစ်သလဲ ဆိုဖီ။ အတူတူပဲလို့ မင်း လုံးဝ ထင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် မြင်းအားလုံးမှာ ဘုံ ပါဝင်တာ၊ ဒါ မြင်းပဲလို့ ခွဲခြားသိမြင်စေနိုင်တဲ့ အရာ ရှိနေတယ်။ ဓမ္မတာအတိုင်းပဲ၊ တစ်စုံတစ်ရာ မြင်းတစ်ကောင်ကတော့ ‘စီးဆင်းသွား’ တာပေါ့။ အိုမင်းသွားမယ်၊ ခြေကျိုးမယ်၊ အချိန်တန်တော့ သေမယ်။ ဒါပေမယ့် မြင်းဆိုတဲ့ ‘သဏ္ဌာန်’ ကတော့ ထာဝရတည်တယ်၊ မပြောင်းလဲဘူး။

အဲဒီတော့ တည်မြဲတဲ့၊ မပြောင်းလဲတဲ့ အရာဟာ ပလာတုန်းအဖို့တော့ အဲမ်ပဲဒေါကလဲစ်တို့၊ ဒဲမောကရိတော့စ်တို့ ပြောသလို ‘ရုပ်’အခြေခံပစ္စည်း မဟုတ်ဘူး။ ပလာတုန်းရဲ့ အတွေးအမြင်က အရာအားလုံးကို သဘာဝအရ စိတ်ပိုင်းနာမ်ပိုင်းဆန်တဲ့ ထာဝရတည်ကာ မပြောင်းလဲတဲ့ သဏ္ဌာန်အဆင်တွေနဲ့ ထုလုပ်ထားတယ်လို့ ဖြစ်တယ်။

ဒီလို တင်ပြပါရစေလား။ ဆိုကရာတဲစ် အလျင်ပုဂ္ဂိုလ်တွေက တစ်စုံတစ်ရာ တကယ် ‘ပြောင်းလဲ’တယ်လို့ ခံယူထားစရာ မလိုဘဲနဲ့ သဘာဝ လောကရဲ့ အပြောင်းအလဲအကြောင်းကို တော်တော်ကလေး ကောင်းမွန် လျောက်ပတ်အောင် ရှင်းပြခဲ့ကြတယ်။ သဘာဝလောကရဲ့ စက်ဝန်းအလယ်မှာ မပြိုကွဲတဲ့ ထာဝရတည်ကာ မပြောင်းလဲတဲ့ အသေးဆုံး ဒြပ်စင်တွေ ရှိတယ်လို့ သူတို့ ထင်ခဲ့ကြတယ်။ ကောင်းပါတယ် ဆိုဖီ။ ဒါပေမယ့် တစ်ချိန်က မြင်းတစ်ကောင်မှာ ဆောက်လုပ်ရေး အတုံးတွေ ဖြစ်ခဲ့တဲ့ ဒီ ‘အသေးငယ်ဆုံးဒြပ်စင်’ တွေဟာ နောင် နှစ်လေးငါးရာ ကြာသွားတဲ့အခါ ဘယ်ပုံဘယ်နည်းနဲ့ ရုတ်တရက် ထ ချာချာလည်ကာ လုံးဝ သစ်လွင်တဲ့ မြင်းတစ်ကောင် ဖြစ်သွားရသလဲ ဆိုတာကိုတော့ ကောင်းမွန် လျောက်ပတ်အောင် ရှင်းပြစရာ မရှိခဲ့ကြဘူး။ မြင်း မဟုတ်လည်း ဆင်တို့ မိချောင်းတို့ ဖြစ်ရမှာပေါ့လေ။ ပလာတုန်း အဆိုကတော့ ဒဲမောကရိတော့စ်ရဲ့ အတောမ (အက်တမ်)တွေဟာ ဘယ်တော့မှ ‘မိကျင်’ရယ်၊ ‘ဆိကျောင်း’ ရယ် ဖြစ်မလာကြဘူး ဆိုတာပါပဲ။ ဒါဟာ သူ့ရဲ့ ဒဿနအတွေးအခေါ်ကို စတင်လိုက်တာ ဖြစ်တယ်။

ငါ ဆိုလိုတာကို မင်း နားလည်ပြီ ဆိုရင်တော့ ဒီနောက်စာပိုဒ်ကို မင်း ကျော်သွားနိုင်တယ်။ ဒါပေမယ့် လိုရမည်ရ ငါရှင်းဦးမယ်။ မင်းမှာ လီဂို တစ်သေတ္တာရှိတယ်။ လီဂိုမြင်းတစ်ရုပ် တည်ဆောက်တယ်။ အဲဒီနောက် မြင်းရုပ်ကို ဖျက်ပစ်ပြီး အတုံးတွေကို သေတ္တာထဲ ပြန်ထည့်လိုက်တယ်။ သေတ္တာကို လှုပ်ရုံကလေး လှုပ်ပြီး မြင်းရုပ်အသစ် မလုပ်နိုင်ဘူး။ ဘယ်လိုလုပ်ပြီး လီဂိုအတုံးတွေ အချင်းချင်း သူတို့ဘာသာ သူတို့ ရှာဖွေကြကာ မြင်းရုပ်အသစ် ပြန်လုပ်ကြပါ့မတုန်း။ မရဘူး၊ မင်းပဲ ပြန်တည်ဆောက်ရမယ် ဆိုဖီ။ မင်း ပြန်ဆောက်နိုင်ရတဲ့ အကြောင်းကတော့ မြင်းဆိုတာ ဘယ်လိုဆိုတာကို မင်းစိတ်ထဲ ပုံပန်းရှိနေလို့ပဲ ဖြစ်တယ်။ မြင်းတစ်ကောင်ကနေ တစ်ကောင် မပြောင်းလဲဘဲ တည်ရှိနေတဲ့ ပုံစံကနေ လီဂိုမြင်းရုပ်ကို လုပ်ယူတာ ဖြစ်တယ်။

တစ်ထေရာတည်း တူတဲ့ ကွတ်ကီးငါးဆယ်ကို ဘယ်လို လုပ်သလဲ။ မင်းဟာ ပြင်ပ ဟင်းလင်းပြင်က ကျဆင်းလာကာ မုန့်ဖိုကို တစ်ခါမှ မမြင်ဖူးဘူး ဆိုပါတော့။ သွားရည်ကျစရာ မုန့်ဖိုထဲ ဝင်တိုးမိတော့ လား… လား၊ စင်ပေါ်မှာ ချင်းနံ့သင်း လူရုပ်မုန့်ငါးဆယ်ကို တစ်ထေရာတည်း သွားမြင်ရတယ်။ ဘယ်လိုလုပ်ပြီး ချွတ်စွတ်တူရပါလိမ့် လို့ မင်း တွေးမိမယ် ထင်တယ်။ တစ်ရုပ်က လက်တစ်ဖက် ပြုတ်နေတယ်။ တစ်ရုပ်က ခေါင်းတစ်ဖဲ့ ပဲ့နေတယ်။ တတိယတစ်ရုပ်က ဗိုက်မှာ ကိုးရိုးကားရား ဘုတစ်ဘုဖြစ်နေတယ် ဆိုတာမျိုး ရှိနိုင်တယ်။ ဒါပေမယ့် သေသေချာချာ ဆင်ခြင်ကြည့်လိုက်တော့ ချင်းနံ့သင်း လူရုပ်မုန့်အားလုံးမှာ တစ်စုံတစ်ရာ ဘုံသဘော ရှိနေတယ်လို့ ကောက်ချက်ချမိပေလိမ့်မယ်။ ဘယ်အရုပ်မှ ခြောက်ပြစ်ကင်း မဟုတ်ပေမယ့် အာလုံး ဘုံရင်းမြစ်တစ်ခုက လာတာ ဖြစ်တယ်ဆိုတာ ရိပ်စားမိတယ်။ ကွတ်ကီးအားလုံး ပုံခွက် တစ်ခွက်တည်းမှာ လုပ်ထားတာ ဆိုတာကို သဘောပေါက်မိမယ်။ ဒါတွင် ဘယ်ကမလဲ ဆိုဖီ။ ဒီပုံခွက်ကို မြင်ချင်တဲ့ဆန္ဒ ထိန်းမနိုင် သိမ်းမရ ပေါ်ပေါက်လာလိမ့်ဦးမယ်။ ပုံခွက်ကတော့ လုံးဝ ခြောက်ပြစ်ကင်းနေမှာပဲ။ ဒီ ခပ်ကြမ်းကြမ်း မုန့်ရုပ်တွေနဲ့ စာလိုက်ရင် တစ်နည်း ပိုလှမှာပဲ။

ဒီပြဿနာကို မင်းဘာသာမင်း ဖြေရှင်းခဲ့တယ် ဆိုရင်တော့ မင်းဟာ ပလာတုန်း ဖြေရှင်းပုံနည်းအတိုင်း တစ်သဝေမတိမ်း ဒဿနပြဿနာ တစ်ရပ်ကို ဖြေရှင်းရေးဆီ ဆိုက်ရောက်ခဲ့တာပါပဲ။

ဒဿနဆရာ အများစုလိုပဲ သူလည်း ပြင်ပဟင်းလင်းပြင်က ကျဆင်းလာတာ လေ။ (ယုန်ရဲ့အမွေးနုနု တစ်ချောင်းရဲ့ ထိပ်ဖျား တက်ရပ်ခဲ့တာပေါ့) သဘာဝလောက ဖြစ်ရပ်အားလုံး သိပ်တူနေကြတာကို သူ အံ့သြသွားတယ်။ ငါတို့ ပတ်ဝန်းကျင်မှာ မြင်ရတဲ့ အရာတိုင်းရဲ့ ‘နောက်ကွယ်’မှာ ပုံသဏ္ဌာန်တွေ ရှိနေလို့သာ ဒီလို တူရတာလို့ သူက ကောက်ချက်ချတယ်။ ဒီပုံသဏ္ဌာန်တွေကို ပလာတုန်းက ဣဒဲအာလို့ ခေါ်တယ်။ မြင်းတိုင်း၊ ဝက်တိုင်း၊ လူတိုင်းရဲ့ နောက်မှာ ‘ဣဒဲအာမြင်း’၊ ‘ဣဒဲအာဝက်’၊ ‘ဣဒဲအာလူ’ ရှိနေတယ်။ (အလားတူပဲ ငါတို့ပြောခဲ့တဲ့ မုန့်ဖိုမှာ ချင်းနံ့သင်း လူရုပ်တွေ၊ ချင်းနံ့သင်း မြင်းရုပ်တွေ၊ ချင်းနံ့သင်း ဝက်ရုပ်တွေ ရှိနိုင်တယ်။ သိက္ခာရှိတဲ့ မုန့်ဖိုတိုင်း ပုံခွက်တစ်ခွက်ထက် ပိုရှိရမှာပေါ့။ ဒါပေမယ့် ချင်းနံ့သင်း ကွတ်ကီတစ်မျိုးအတွက် ပုံခွက် တစ်ခွက်ဆို လုံလောက်ပြီ။

ပလာတုန်းက ‘ရုပ်လောက’ရဲ့ နောက်မှာ အမှန်တကယ် တရားတစ်ခု ရှိရမယ်ဆိုတဲ့ ကောက်ချက်ဆီ ရောက်လာတယ်။ ဒီ အမှန်တကယ်တရားကို သူက ဣဒဲအာလောက လို့ ခေါ်ထားတယ်။ သဘာဝလောကမှာ ငါတို့ ကြုံဆုံနေရတဲ့ ဖြစ်ရပ်အမျိုးမျိုးရဲ့ ‘နောက်မှာ’ ထာဝရတည်တဲ့၊ မပြောင်းလဲတဲ့ ပုံစံတွေ ပါဝင်တယ်။ ဒီမှတ်လောက်သားလောက် အမြင်ကို ပလာတုန်းရဲ့ ဣဒဲအာ သဘောတရားလို့ ခေါ်တယ်။ (‘စိတ်ကူး ဝိညာဉ်’ ဆိုရင် ရှုပ်ထွေးနိုင်လို့ ‘ဣဒဲအာ’ လို့ အက္ခရာဖလှယ်သုံးလိုက်တယ်။ ။ ဘာသာပြန်သူ)

 

အသိမှန်

 

ငါ တင်ပြနေတာတွေ မင်း လိုက်နိုင်တယ်လို့ ငါယုံမိတယ် ဆိုဖီရေ။ ဒါပေမယ့် ပလာတုန်း အတည်ပြောနေတာမှ ဟုတ်ရဲ့လားလို့ မင်း တွေးချင် တွေးနေမှာ။ ဒီလို ရုပ်သဏ္ဌာန်တွေ လုံးဝကွဲပြားတဲ့ အမှန်တကယ် လောကမှာ တကယ်ကို ရှိနေတယ်လို့ သူ တကယ်ယုံရဲ့လား။

သူ့တစ်သက်လုံးတော့ အဲဒီအတိုင်း အတိအကျ ယုံပုံမရပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဒိယလောဂ အချို့မှာတော့ အဲဒီအတိုင်း ယုံစေချင်တာ အမှန်ပဲ။ သူ့ရဲ့ အတွေးစဉ်နောက် လိုက်ကြည့်ရအောင်။

တို့တွေ့ခဲ့တဲ့အတိုင်း၊ ဒဿနဆရာဟာ ထာဝရတည်တဲ့၊ မပြောင်းလဲတဲ့ အရာကို ဆုပ်ကိုင်မိဖို့ ကြိုးစားတယ်။ ဥပမာ- ဆပ်ပြာပူဖောင်းတစ်ခုရဲ့ ဘဝအကြောင်း ဒဿနကျမ်းရေးရင် ဘာမှ အကြောင်းထူးမှာ မဟုတ်ပေဘူး။ ပေါက်ကွဲမသွားခင် လေ့လာဖို့ အချိန်ရလိုက်မယ် မဟုတ်တာက တစ်ကြောင်း၊ ဘယ်သူမှလဲ မတွေ့လိုက်ရ၊ ငါးစက္ကန့်သာ ကြာတဲ့ အရာအကြောင်း ဒဿနကျမ်းအတွက် ဈေးကွက် အရှာရခက်မှာက တစ်ကြောင်းတို့ကြောင့် ဖြစ်တယ်။ သဘာဝလောကမှာ ငါတို့ မြင်ရတဲ့ အရာတိုင်း၊ ထိတွေ့ နိုင်တဲ့ အရာတိုင်း၊ ဆပ်ပြာပူဖောင်းနဲ့ တူတယ်လို့ ပလာတုန်းက ယုံတယ်။ အာရုံခံစားမှု လောကမှာ တည်ရှိတဲ့ ဘယ်အရာမှ ထာဝရမတည်ဘဲကိုး။ အနှေးနဲ့အမြန် ဆိုသလို လူတိုင်း၊ တိရစ္ဆာန်တိုင်း သေရ၊ ပုပ်သိုးရမယ် ဆိုတာ ငါတို့သိတာပေါ့။ ကျောက်ဖြူတုံးတောင် ပြောင်းလဲရ၊ တစ်စတစ်စနဲ့ ပြိုကွဲရတာပဲ။ (အာကရောပေါလစ် ပြိုပျက်နေပြီ ဆိုဖီ။ ပြောရတာတော့ မကောင်းဘူး။ ဒါပေမယ့် အမှန်ပဲ။) ပလာတုန်း ဆိုလိုတာက အမြဲတမ်း ပြောင်းလဲနေတဲ့ အခြေအနေမှာ ရှိနေတဲ့ ဘယ်အရာကိုမှ အမှန်မသိနိုင်ဘူးရယ်လို့ ဖြစ်တယ်။ အာရုံခံစားမှု လောကမှာ ပါဝင်တဲ့ အရာတွေ၊ ထိတွေ့လို့ ရတဲ့အရာတွေနဲ့ ပတ်သက်လို့ အထင်အမြင်ပဲ ရှိနိုင်တယ်။ ဆင်ခြင်တုံတရားနဲ့ နားလည်နိုင်တဲ့ အရာတွေကိုသာ အမှန်သိတာရယ်လို့ ရှိနိုင်တယ်။

ကဲ ဆိုဖီ၊ ထပ်ပြီး ရှင်းပါဦးမယ်။ ချင်းနံ့သင်း လူရုပ်တစ်ရုပ်ဟာ စောင်းရွဲ့နေ့လွန်းသမို့ ဘာကောင်မှန်း သိဖို့တောင် ခပ်ခက်ခက်ရယ်။ ဒါပေမယ့် အနည်းနဲ့အများ ကောင်းမွန်ကြတဲ့ အရုပ်ဆယ်ရုပ်လောက် မြင်ပြီးတဲ့ အခါမှာ ကွတ်ကီးပုံခွက်ဟာ ဘယ်လိုနေမယ် ဆိုတာ ငါ အတော်လေး သေချာပေါက် သိသွားတယ်။ မမြင်ဖူးတောင်မှ ခန့်မှန်းနိုင်တယ်။ တကယ့်ပုံခွက်ကို ကိုယ့်မျက်စိနဲ့ မြင်ဖူးရင်တောင် အကျိုးထူးမယ် မဟုတ်ဘူး။ အာရုံသိတွေရဲ့ သာဓကကို အမြဲယုံကြရတာမှ မဟုတ်ဘဲကိုး။ မြင်နိုင်စွမ်းဆိုတာ လူတစ်ယောက်နဲ့ တစ်ယောက် ခြားနားကြတာပဲ။ ဆင်ခြင်တုံတရားက ပြောတာကိုတော့ ယုံနိုင်ကြတယ်။ လူတိုင်းအဖို့ အတူတူ ဖြစ်နေတာကိုး။

မင်း စာသင်ခန်းထဲမှာ အခြားကျောင်းသား သုံးဆယ်နဲ့ ထိုင်နေစဉ် ဆရာက အတန်းကို သက်တံရဲ့ ဘယ်အရောင် အလှဆုံးလဲလို့ မေးရင် အဖြေမျိုးစုံ အများကြီး ပေးကြမှာပဲ။ ဒါပေမယ့် ၈ သုံးလီ ဘယ်လောက်လဲ မေးရင်တော့ တစ်တန်းလုံးက အဖြေတစ်ခုတည်း ပေးလိမ့်မယ်။ (မျှော်လင့်ရတာပဲလေ) ဆင်ခြင်တုံတရားက စကားပြောနေပြီလေ။ ဆင်ခြင်တုံ ဆိုတာကလည်း တစ်နည်း အားဖြင့် ‘ထင်တာပဲ’ တို့၊ ‘အောက်မေ့တာပဲ’ တို့ရဲ့ တိုက်ရိုက် ဆန့်ကျင်ဘက်လေ။ ဆင်ခြင်တုံတရားဟာ ထာဝရတည်တယ်။ အားလုံးနဲ့ ဆိုင်တယ်လို့ ပြောနိုင်တာဟာ ထာဝရတည်တဲ့ အားလုံးနဲ့ဆိုင်တဲ့ အခြေအနေတွေကို ဖော်ပြနေလို့ပဲ ဖြစ်တယ်။

ပလာတုန်းက သင်္ချာကို အလွန် အာရုံစူးစိုက်စရာလို့ ယူဆတယ်။ သင်္ချာအခြေအနေတွေက ဘယ်တော့မှ မပြောင်းလဲပဲကိုး။ ဒီတော့ အမှန်သိနိုင်တဲ့ အခြေအနေတွေ ဖြစ်တယ်။ ဒါပေမယ့် ဒီနေရာမှာ ဥပမာလိုတယ်။

မင်း တောထဲမှာ လုံးလုံးဝိုင်းဝိုင်း ထင်းရှုးသီးတွေ့တယ် ဆိုပါတော့။ မင်းက ဒါ လုံးဝ လုံးတယ်လို့ ‘ထင်’ကြောင်း ပြောပြတယ်။ ယောအန္နာကတော့ တစ်ဖက်က နည်းနည်းပြားတယ်လို့ပဲ ဆိုနေတယ်။ (ဒီနောက် မင်းတို့ ငြင်းကြခုံကြရော။) ဒါပေမယ့် မျက်စိနဲ့ မြင်သိရတဲ့အရာကို အမှန်မသိနိုင်ဘူး။ ဒါမေယ့် စက်ဝိုင်းထဲက ထောင့်တွေပေါင်းတာ ၃၆၀ ဒီဂရီ ရတယ် ဆိုတာကိုတော့ မင်း လုံးဝသေချာပေါက် ပြောနိုင်တယ်။ ဒီနေရာမှာ ရုပ်လောကထဲ တကယ်မရှိပေမယ့် ပီပီပြင်ပြင် မြင်ယောင်ကြည့်လို့ရတဲ့ ဣဒဲအာ စက်ဝိုင်းတစ်ခုအကြောင်း ပြောနေကြတာ ဖြစ်မယ်။ (မမြင်ရတဲ့ ချင်းနံ့သင်း လူရုပ်ပုံခွက်အကြောင်း ပြောနေကြတာ၊ မီးဖိုချောင် စားပွဲပေါ်က တစ်ခုသော ကွတ်ကီးအကြောင်း မဟုတ်ဘူး)

အတိုပြောရရင်တော့ အာရုံငါးပါးနဲ့ တွေ့သိတဲ့ အရာတွေအကြောင်း မတိမကျ မရေမရာ စိတ်အထင်သာ ငါတို့ရှိနိုင်တယ်။ ဒါပေမယ့် ဆင်ခြင်တုံတရားနဲ့ နားလည်တဲ့ အရာတွေကိုတော့ အမှန်သိနိုင်ကြတယ်။ တြိဂံတစ်ခုက ထောင့်တွေအပေါင်းဟာ ကမ္ဘာဆုံးတဲ့တိုင် ၁၈၀ ဒီဂရီ တည်ရှိနေလိမ့်မယ်။ အလားတူပဲ အာရုံသိလောကက မြင်းအားလုံး ခြေကျိုးဦးတော့ ‘ဣဒဲအာ’ မြင်းကတော့ ခြေလေးချောင်းနဲ့ ဆက်ပြေးနေလိမ့်မယ်။

 

အမတ ဝိညာဉ်

 

ငါ ရှင်းပြခဲ့တဲ့အတိုင်းပဲ၊ ပလာတုန်းက တကယ့်ဘဝကို ဒေသနှစ်ခု ခွဲခြားထား တယ်လို့ ယုံတယ်။

 

ဒေသတစ်ခုက အာရုံသိလောက ဖြစ်တယ်။ ငါတို့ရဲ့ (နီးစပ်တဲ့၊ မပြည့်စုံတဲ့) အာရုံငါးပါးနဲ့ နီးစပ်တဲ့ မပြည့်စုံတဲ့ အသိမျှသာပဲ ရရှိနိုင်ကြတယ်။ ဒီအာရုံသိလောကမှာ အရာတိုင်း ‘စီးဆင်းသွား’ကာ ဘာမှမမြဲဘူး။ အာရုံသိ လောကမှာ ဘာမှမရှိဘူး။ ဖြစ်လိုက်ပျက်လိုက် အရာတွေမျှသာ။

နောက်ဒေသက ဣဒဲအာလောက ဖြစ်တယ်။ ငါတို့ရဲ့ ဆင်ခြင်တုံ တရားကို သုံးပြီး အသိမှန် ရရှိနိုင်တယ်။ ဒီဣဒဲအာတို့ရဲ့ ကမ္ဘာကို အာရုံငါးပါးနဲ့ မတွေ့သိနိုင်ဘူး။ ဒါပေမယ့် ဣဒဲအာတွေ (သို့မဟုတ် သဏ္ဌာန်တွေ) ဟာ ထာဝရ တည်တယ်။ မပြောင်းလဲတတ်ဘူး။

 

ပလာတုန်း အဆိုအရ လူဟာ ဒွန္ဒသတ္တဝါ ဖြစ်တယ်။ ငါတို့မှာ ကိုယ် ရှိတယ်။ ကိုယ်က ‘စီးဆင်းသွား’တယ်၊ အာရုံသိလောကနဲ့ ခွဲခြမ်းမရ ချည်နှောင်ထားတယ်။ ဒီကမ္ဘာက အခြားအရာတိုင်းလိုပဲ နိယတိပြုရာ ခံရတယ်။ (ဥပမာ- ဆပ်ပြာပူဖောင်းလို။) ဒါပေမယ့် ငါတို့မှာ အမတဝိညာဉ်လည်း ရှိတယ်။ ဒီ ဝိညာဉ်ဟာ ဆင်ခြင်တုံတရားရဲ့ နိုင်ငံပါပဲ။ ရုပ်ပိုင်းမဟုတ်လေတော့ ဝိညာဉ်ဟာ ဣဒဲအာလောကကို လှမ်းမြင်နိုင်တယ်။

ဒါပေမယ့် ဒါ အကုန် မဟုတ်သေးဘူး ဆိုဖီ။ အကုန်မဟုတ်သေးဘူး။ ကိုယ်ထဲ လာမနေခင်ကပဲ ဝိညာဉ်ဟာ ရှိနေခဲ့တယ်လို့လည်း ပလာတုန်း ယုံကြည်တယ်။ (ကွတ်ကီးပုံခွက် အားလုံးနဲ့အတူ ကြောင်အိမ်ဆင့်ပေါ် ရှိနေခဲ့တာ။) ဒါပေမယ့် ဝိညာဉ်ဟာ ကိုယ်ထဲ နိုးလဲလာရော ကောင်းမွန်တဲ့ ဣဒဲအာတွေကို မေ့ပစ်တော့တယ်။ အဲဒီနောက် တစ်ခု ဖြစ်ပြန်ရော။ အမှန်တော့ အံ့သြဖွယ်ဖြစ်စဉ် တစ်ခု စတင်တာပါပဲ။ သဘာဝလောကမှာ ရုပ်သဏ္ဌာန်မျိုးစုံကို လူသားတွေ မြင်တဲ့အခါ ဝိုးတဝါး သတိရမှုတစ်ခု သူ့ဝိညာဉ်ကို နှိုးဆွလာတယ်။ သူ မြင်းတစ်ကောင်ကို မြင်ရဲ့။ ဒါပေမယ့် မပြည့်စုံတဲ့ မြင်းပဲ။ (ချင်းနံ့သင်း မြင်းရုပ်လေ။) ဒီလောက်ကလေး မြင်တာနဲ့ပဲ တစ်ချိန်က ဣဒဲအာလောကမှာ ဝိညာဉ်မြင်ခဲ့ဖူးတဲ့ ခြောက်ပြစ်ကင်း မြင်းကို မှုန်ဝါးဝါး သတိရမှုလေးဟာ ဝိညာဉ်ထဲ လူးလွန့်လာရတော့တယ်။ ဒီတွင် ဝိညာဉ်မှာ မိမိဒေသမှန်ဆီ ပြန်ချင်တဲ့ တောင့်တစိတ် လှုပ်ရွလာပြန်ရော။ ပလာတုန်းက ဒီတောင့်တစိတ်ကို အဲရိုစ်လို့ ခေါ်တယ်။ အဓိပ္ပါယ်က အချစ်ပါ။ ဒီတော့ ဝိညာဉ်ဟာ မိမိရဲ့ ပင်ရင်းရပ်မှန်ဆီ ပြန်ဖို့ ‘တမ်းတစိတ်’ ခံစားရတော့တယ်။ ခုချိန်ကစပြီး ကိုယ်နဲ့ အာရုံသိလောက တစ်ခုလုံးဟာ မပြည့်စုံသလို၊ မပြောပလောက်သလို ခံစားရတော့တယ်။ ဝိညာဉ်ဟာ အချစ်ရဲ့ တောင်ပံတွေနဲ့ ဣဒဲအာလောကဆီ၊ ကိုယ့်အိုး ကိုယ့်အိမ်ဆီ ပျံသန်းသွားဖို့ တောင့်တတော့တယ်။ ကိုယ်ရဲ့ နှောင်ကြိုးတွေက လွတ်ဖို့ တမ်းတတော့တယ်။

ပလာတုန်းက ဘဝရဲ့ ဣဒဲအာဆန်တဲ့ လမ်းကြောင်းကို ပြောနေတာ ဖြစ်ကြောင်း အလျင်အမြန်ပဲ အလေးအနက် ထောက်ပြပရစေ။ ဘယ်နည်းနဲ့မှ လူအားလုံးဟာ ဣဒဲအာလောကဆီ ခရီးပြန်နှင်ဖို့ ဝိညာဉ်ကို လွှတ်မပေးပါဘူး။ လူအများစုဟာ အာရုံသိလောကရဲ့ ‘ဣဒဲအာ ပုံရိပ်’တွေကိုပဲ တွယ်ဖက်နေကြပါတယ်။ သူတို့ မြင်းတစ်ကောင် မြင်တယ်၊ ပြီး နောက်တစ်ကောင်။ ဒါပေမယ့် မြင်းတိုင်းဟာ အရာတစ်ခုရဲ့ မှုန်ဝါးဝါးပုံတူမျှ ဖြစ်တယ်။ အဲဒီအရာကို လူတွေ မမြင်ပါဘူး။ (မီးဖိုချောင် ပြေးဝင်ပြီး ချင်းနံ့သင်း ကွတ်ကီတွေ တစ်ဝစားကြတယ်။ ကွတ်ကီတွေ ဘယ်က ထွက်လာသလဲ တစ်စိုးတစိမျှ စိတ်ကူးမထည့် ပါဘူး။) ပလာတုန်း ပြောနေတာ ဒဿနဆရာများ ပြောနည်း ဖြစ်တယ်။ သူ့ရဲ့ ဒဿနဗေဒကို ဒဿနလက်တွေ့ ဖော်ပြချက်လို့ ဖတ်ရမယ်။

အရိပ်ကို မြင်တဲ့အခါ အရိပ်ထိုးတဲ့အရာ ရှိရမယ်လို့ မင်း တွေးမိမယ် ဆိုဖီ။ တိရစ္ဆာန်တစ်ကောင်ရဲ့ အရိပ်ကို မြင်တယ်။ မြင်း ဖြစ်လိမ့်မယ်လို့ မင်း ထင်တယ်။ သေချာပေါက်ကြီးတော့လည်း မပြောနိုင်ဘူး။ ဒါနဲ့ လှည့်ကြည့်လိုက်တော့ မြင်းအစစ်ကို မြင်ရတယ်။ ဝိုးတိုးဝါးတား ‘မြင်းရိပ်’ထက် အသင်္ချေ ပိုပီပြင် ပိုလှတာပေါ့။ သဘာဝအရာ အားလုံးဟာ ထာဝရရုပ်တွေ ဝါ ဣဒဲအာတွေရဲ့ အရိပ်တွေမျှသာပဲ ဖြစ်တယ်လို့ အလားတူနည်း ပလာတုန်း ယုံကြည်တယ်။ ဒါပေမယ့် လူအများစုကတော့ အရိပ်တွေထဲ နေရတာကိုပဲ ကျေနပ်နေကြတာ။ ဘာက အရိပ်ထိုးနေတာလဲ ဆိုတာကို စိတ်ကူးတောင် မထည့်ကြဘူး။ အရိပ်တွေပဲ ရှိသမျှ အကုန်ပေါ့လို့ ထင်ကြတယ်။ သူတို့ဟာ တကယ်က အရိပ်တွေပဲ ဆိုတာတောင် သဘောမပေါက်ကြဘူး။ ဒီလိုနဲ့ ကိုယ့်ဝိညာဉ်ရဲ့ အမတ သဘော (မသေတဲ့သဘော) ကို နည်းနည်းမှ ဂရုမစိုက်ကြတော့ဘူး။

 

ဂူရဲ့ အမှောင်ထဲက

 

ဒါကို သရုပ်ဖော်ဖို့ ပလာတုန်းက နတ်ပုံပြင်တစ်ပုဒ် ပြောပြတယ်။ ဂူပုံပြင်လို့ ခေါ်တယ်။ ငါ့စကားနဲ့ ငါ ပြန်ပြောပြမယ်။

မြေအောက် ဂူတစ်ဂူထဲ လူတချို့ နေထိုင်ကြတယ်လို့ စိတ်ကူးကြည့်စမ်း။ သူတို့ဟာ ဂူဝကို ကျောပေးကာ လက်တွေခြေတွေကိုလည်း ချည်နှောင်ထားသမို့ ဂူရဲ့ နောက်ကျောနံရံကိုသာ ကြည့်နိုင်ကြတယ်။ သူတို့နောက်မှာ နံရံအမြင့်ကြီး ရှိပြီး အဲဒီနံရံနောက်မှာ လူလို သတ္တဝါတွေ ဖြတ်သွားကြကာ နံရံထိပ်ပေါ် အရုပ်မျိုးစုံ ကိုင်မြှောက်သွားကြတယ်။ ဒီအရုပ်တွေရဲ့ နောက်မှာ မီးရှိသမို့ ဂူရဲ့ နောက်ကျောနံရံပေါ် လှုပ်လှုပ်လှုပ်လှုပ်နဲ့ အရိပ်တွေ ထိုးနေတော့တယ်။ ဒီတော့ ဂူထဲနေသူတွေ မြင်ရတာ ဒီအရိပ်ပြပွဲ တစ်ခုပဲရှိတယ်။ သူတို့ဟာ မွေးကတည်းက ဒီအနေအထားနဲ့ ထိုင်နေခဲ့ကြရတာ။ ဒါကြောင့် ဒီအရိပ်တွေသာပဲ ရှိသမျှ အရာအားလုံး ဖြစ်တယ်လို့ ထင်ကြတယ်။

ကဲ… အခု ဂူမှာ နေသူတွေထဲကတစ်ဦး နှောင်ကြိုးတွေကနေ အလွတ် ရုန်းနိုင်သွားပြီလို့ စိတ်ကူးကြည့်ပါဦး။ သူ့ကိုယ်သူ ပထမဆုံး မေးမိတာကတော့ ဂူနံရံပေါ်က ဒီအရိပ်တွေ ဘယ်ကလာသလဲ ဆိုတာပါပဲ။ သူ လှည့်ကြည့်လိုက်တဲ့အခါ နံရံအထက်ကနေ အရုပ်တွေ မြှောက်ပြနေတာ မြင်ရတော့ ဘာဖြစ်သွားတယ် ထင်သလဲ။ စပြောရရင်တော့ စူးရှတဲ့ နေရောင်ကြောင့် မိုက်ခနဲ ဖြစ်ရတယ်။ အရုပ်တွေ ပီပြင်မှုကြောင့်လည်း တအံ့တသြ ဖြစ်ရပြန်တယ်။ အခုထိ သူက သူတို့ရဲ့ အရိပ်ပဲ မြင်နေခဲ့ရတာကိုး။ နံရံကို ကျော်တက်၊ မီးပုံကို လွန်ပြီး ပြင်ပကမ္ဘာထဲ ရောက်သွားရင် ပိုလို့တောင် အံ့သြရလိမ့်ဦးမယ်။ ဒါပေမယ့် မျက်လုံးတွေ ပွတ်သပ်ပြီးတဲ့ နောက်မှာတော့ အရာတိုင်းရဲ့ အလှကို သူ အံ့အားသင့်မိလိမ့်မယ်။ ပထမဆုံးအကြိမ်အဖြစ် သူဟာ အရောင်တွေ၊ ပြတ်သားတဲ့ သဏ္ဌာန်တွေကို မြင်မယ်။ ဂူထဲက အရိပ်တွေက ခပ်ညံ့ညံ့ ပုံရိပ်တွေ့မျှသာ ထင်ဟပ်ပြနိုင်တဲ့ တိရစ္ဆာန်အစစ်တွေ၊ ပန်းအစစ်တွေကို သူ မြင်မယ်။ ဒါပေမယ့် ခုတောင် သူက ဒီတိရစ္ဆာန်တွေ၊ ပန်းတွေ ဘယ်ကလာသလဲ သူ့ကိုယ်သူ မေးမိမယ်။ အဲဒီအခါမှာ မိုးပေါ်က နေကိုမြင်မယ်။ မီးကအရိပ်တွေ မြင်ရအောင် လုပ်သလို၊ ဒီပန်းတွေ တိရစ္ဆာန်တွေကို အသက်ပေးတာ ဒါပဲလို့ သဘောပေါက်မယ်။

ပျော်မဆုံးဖြစ်ရတဲ့ ဂူနေသူကြီးဟာ ခုဆို မိမိ အသစ်ရရှိထားတဲ့ လွတ်လပ်ရေးကို ကြည်နူးရကာ တောရပ်ထဲ ခုန်ပေါက်ပြေးလွှား နေနိုင်ပါပြီ။ ဒါပေမယ့် သူက ဂူထဲမှာပဲ ရှိနေသေးသူတွေကို စဉ်းစားမိတယ်။ ပြန်သွားတယ်။ ဟိုရောက်တော့ ဂူနေသူ အပေါင်းကို ဂူနံရံပေါ်က အရိပ်တွေဟာ ‘တကယ့်’ အရာဝတ္ထုတွေရဲ့ လှုပ်တုတ်တုတ် ပုံရိပ်တွေမျှသာ ဖြစ်ကြောင်း သဘောပေါက်အောင် ကြိုးစားပြီး ရှင်းပြတယ်။ ဒါပေမယ့် သူတို့က မယုံကြဘူး။ ဂူနံရံကို လက်ညှိုး ထိုးပြကာ သူတို့မြင်ရတာဟာ (လောကကြီးမှာ) ရှိသမျှ အကုန်ပဲလို့ ပြောကြတယ်။ နောက်ဆုံး သူ့ကို သတ်ပစ်လိုက်ကြတယ်။

ဂူပုံပြင်မှာ ပလာတုန်း ပြောပြလိုတာကတော့ အရိပ်ဆန်ဆန် ရုပ်ပုံတွေကနေ သဘာဝအရာအားလုံး နောက်က ဣဒဲအာ အမှန်တွေဆီသွားရာ ဒဿနဆရာရဲ့ လမ်းပဲ ဖြစ်တယ်။ မိမိတို့ရဲ့ သမားရိုးကျ အတွေးအခေါ်တွေကို နှောင့်ယှက်ကာ အမြင်မှန်ဆီ သွားရာလမ်းကို အလင်းပြပေးဖို့ ကြိုးစားတဲ့အတွက် ‘ဂူနေသူတွေ’က သတ်ပစ်လိုက်ကြတဲ့ ဆိုကရာတဲစ်ကိုလည်း သူ တွေးမိပုံပါပဲ။ ဂူပုံပြင်ဟာ ဆိုကရာတဲစ်ရဲ့ သတ္တိနဲ့ ဆရာသမား တာဝန်အသိတို့ကို ပြနေတယ်။ ပလာတုန်းရဲ့ ဆိုလိုချက်က ဂူရဲ့အမှောင်နဲ့ တစ်ဖက်ကမ္ဘာ ဆက်သွယ်ပုံဟာ သဘာဝလောက သဏ္ဌာန်များနဲ့ ဣဒဲအာလောက ဆက်သွယ်ပုံ တူညီနေတာပါပဲ။ သူက သဘာဝလောကဟာ မှောင်ပြီး ငြီးငွေ့ စရာလို့ ပြောနေတာ မဟုတ်ဘူးနော်။ ဣဒဲအာတွေရဲ့ ကြည်လင်မှုနဲ့ နှိုင်းစာလိုက်ရင် မှောင်ပြီး ငြီးငွေ့စရာလို့ ပြောတာ။ ရှုမျှော်ခင်းလှလှ ရုပ်ပုံဟာလည်း မှောင်ပြီး ငြီးငွေ့စရာ မဟုတ်ပါဘူး။ ဒါပေမယ့် ရုပ်ပုံမျှသာ။

 

ဒဿနိကနိုင်ငံ

 

ဂူပုံပြင်ကို ပလာတုန်းရဲ့ ရဲပုဘလိက ဒိယလောဂမှာ တွေ့ရတယ်။ ဒီ ဒိယလောဂမှာ ပလာတုန်းက ‘ဣဒဲအာနိုင်ငံ’ ရဲ့ ပုံကားကို တင်ပြထားတယ်။ စိတ်ကူးထဲက၊ ဣဒဲအာထဲက၊ ဥတောပိယလို့ ခေါ်ရမယ့် နိုင်ငံပါပဲ။ အတိုချုပ်ကတော့ နိုင်ငံကို ဒဿနဆရာတွေ အုပ်ချုပ်ရမယ်လို့ ပလာတုန်းက ယုံကြည်တယ် ပြောရမှာပ။ ဒါကို ရှင်းပြရာမှာ သူက လူ့ကိုယ် တည်ဆောက်ပုံအပေါ် အခြေခံတယ်။

ပလာတုန်းအဆိုအရ လူ့ကိုယ်မှာ သုံးပိုင်းပါတယ်။ ခေါင်း၊ ရင်၊ ဗိုက်။ ဒီသုံးပိုင်းထဲက တစ်ခုစီအတွက် သက်ဆိုင်ရာ ဝိညာဉ်စွမ်းရည် ရှိတယ်။ ဆင်ခြင်တုံတရားက ခေါင်းနဲ့ ဆိုင်တယ်။ ဆန္ဒက ရင်နဲ့ ဆိုင်တယ်။ အစားလောဘက ဗိုက်နဲ့ ဆိုင်တယ်။ ဒီဝိညာဉ်စွမ်းရည် အသီးသီးမှာ ရည်မှန်းချက် ဝါ ‘ကောင်းခြင်း’ တစ်ခုစီ ရှိကြတယ်။ ဆင်ခြင်တုံက ပညာကို မျှော်မှန်းပြီး ဆန္ဒက သတ္တိကို မျှော်မှန်းကာ အစားလောဘကို ချိုးနှိမ်မှ မျှတမှုကို ကျင့်သုံးနိုင်မယ်။ ကိုယ်ရဲ့ အပိုင်းသုံးပိုင်း တညီတညွတ် အတူတကွ လှုပ်ရှားပါမှ ညီညွတ်ပြေပြစ်တဲ့ ‘ကောင်းခြင်းနဲ့ ပြည့်စုံ’ တဲ့ လူတစ်ဦး ရရှိတယ်။ ကျောင်းမှာ ကလေးဟာ အစားလောဘကို ချိုးနှိမ်ဖို့ ပထမ သင်ယူရမယ်။ ဒီနောက် သတ္တိကို ထူထောင်ရမယ်။ နောက်ဆုံး ဆင်ခြင်တုံက ပညာဆီ ရှေးရှုသွားတယ်။

တြိကဏ္ဍ လူ့ကိုယ်နဲ့ တစ်ထေရာတည်း တည်ဆောက်ထားတဲ့ နိုင်ငံကို ပလာတုန်း စိတ်ကူးကြည့်တယ်။ ကိုယ်မှာ ခေါင်း၊ ရင်၊ ဗိုက် ရှိသလို နိုင်ငံမှာ အုပ်စိုးသူတွေ၊ ထောက်ကူသူတွေ၊ အလုပ်သမားတွေ (ဥပမာ- လယ် သမားတွေ) ရှိတယ်။ ဒီနေရာမှာ ပလာတုန်းဟာ ခေါမဆေးပညာကို စံအဖြစ် သုံးနေတာ ထင်ရှားတယ်။ ကျန်းမာပြီး ညီညွတ်ပြေပြစ်တဲ့ လူဟာ ညီညာရေး၊ မျှတရေးကို ကျင့်သုံးသလို ‘ကောင်းခြင်းပြည့်စုံ’ တဲ့ နိုင်ငံဟာလည်း လူတိုင်းက အားလုံးခြုံမြင်ကွင်းမှာ မိမိနေရာကို သိတတ်တဲ့သဘော ဆောင်နေတယ်။

ပလာတုန်းဒဿနရဲ့ အချက်တိုင်းနည်းတူ သူ့ နိုင်ငံရေးဒဿနဟာလည်း ဆင်ခြင်တုံဝါဒ သရုပ်ဆောင်နေတယ်။ နိုင်ငံကောင်းတစ်ခု ဖန်တီးရေးဟာ ဆင်ခြင်တုံတရားနဲ့ အုပ်ချုပ်ခံရမှုပေါ် တည်နေတယ်။ ခေါင်းက ကိုယ်ကို အုပ်ချုပ်သလို ဒဿနဆရာတွေက လူ့အဖွဲ့အစည်းကို အုပ်စိုးရမယ်။ လူနဲ့ နိုင်ငံ ဆက်သွယ်ပုံ ကြိုးစားပြီး ခပ်လွယ်လွယ် ရှင်းပြကြည့်စို့။

 

Image

 

ပလာတုန်းရဲ့ ဣဒ်အာနိုင်ငံဟာ ရှေးဟိန္ဒူဇာတ်စနစ်နဲ့ မတူဘူး မဟုတ်ဘူး။ ဇာတ်စနစ်မှာ လူတိုင်းလူတိုင်း တစ်ခုလုံးရဲ့ အကျိုးအတွက် ကိုယ်စီ လုပ်ငန်းတာဝန် ရှိကြတယ်။ ပလာတုန်းခေတ် မတိုင်မီကဘဲ ဟိန္ဒူဇာတ်စနစ်မှာ ထောက်ကူသူဇာတ် (ဗြဟ္မဏဇာတ်)၊ စစ်သည်တော် (ခတ္တိယ)ဇာတ်၊ အလုပ်သမား (သုဒ္ဓ)ဇာတ်ရယ်လို့ တြိကဏ္ဍခွဲခြားမှု ရှိခဲ့တယ်။ ကနေ့ခေတ်မှာတော့ ပလာတုန်းရဲ့ နိုင်ငံကို တစ်ပါတီစနစ် ဆန်တယ် ပြောကြမလားပဲ။ ဒါပေမယ့် အုပ်စိုးသူများဟာ ဆင်ခြင်တုံအစွမ်းနဲ့ အုပ်စိုးကြတာဆိုတဲ့ ရိုးရိုးအကြောင်း ကလေးကြောင့် မိန်းမများလည်း ယောက်ျားများလို ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်နိုင်ကြတယ်လို့ သူ ယုံကြည်တာကိုတော့ မှတ်သားထိုက်တယ်။ အလားတူ ပညာ တတ်မယ်၊ ကလေးမွေးတာနဲ့ အိမ်မှုလုပ်ရတာက ကင်းလွတ်မယ်ဆိုရင် မိန်းမများလည်း ယောက်ျားများလိုပဲ ဆင်ခြင်တွေးတောနိုင်တဲ့ အစွမ်းအစတွေ တစ်ထပ်တည်း ရှိပါတယ်လို့ သူက ဆိုတယ်။ ပလာတုန်းရဲ့ ဣဒဲအာနိုင်ငံမှာ အုပ်စိုးသူတွေနဲ့ စစ်သည်တော်တွေဟာ အိုးအိမ်ထူထောင်ခွင့်၊ ပုဂ္ဂလိကပစ္စည်း ပိုင်ခွင့် မရကြဘူး။ ကလေးမွေးမြူရေးဟာ အရေးကြီးလှသမို့ တစ်ဦးတစ်ယောက် လက်ထဲ ဝကွက် မထားသင့်ဘူး။ နိုင်ငံရဲ့တာဝန် ဖြစ်ရမယ်လို့ ယူဆတယ်။ (ပလာတုန်းဟာ နိုင်ငံက ဦးဆောင်လုပ်ကိုင်တဲ့ ကလေးထိန်း ကျောင်းများနဲ့ အချိန်ပြည့် ပညာသင်ရေးကို အကြံပြုတဲ့ ပထမဆုံး ဒဿနဆရာပါပဲ)။

သိသိသာသာ နိုင်ငံရေးချွတ်ယွင်းချက် အတော်များများ တွေ့ ရပြီးနောက် ပလာတုန်းဟာ ‘ဥပဒေ’ကို ရေးပါတယ်။ ဒီကျမ်းမှာတော့ ‘ဖွဲ့စည်းပုံ နဲ့ နိုင်ငံ’ ကို ဒုတိယအကောင်းဆုံး နိုင်ငံလို့ ဖော်ပြထားရဲ့။ အခုတော့ သူ ပုဂ္ဂလိကပိုင်ဆိုင်မှုနဲ့ အိမ်ထောင်သံယောဇဉ်တွေ ထည့်ထားပြန်တယ်။ ဒီတော့ မိန်းမတွေရဲ့ လွတ်လပ်ခွင့်ဟာ ပိုကျဉ်းသွားပြန်တယ်။ ဒါပေမယ့် မိန်းမတွေကို ပညာသင်မပေး၊ သင်တန်းမပေးတဲ့ နိုင်ငံဟာ ညာလက်ကိုသာ လေ့ကျင့်တဲ့လူနဲ့ တူတယ်လို့တော့ သူ ရေးပါတယ်။

ခြုံကြည့်လိုက်ရင်တော့ သူနေခဲ့တဲ့ ခေတ်ကို ထည့်စဉ်းစားရင် ပလာတုန်းဟာ မိန်းမတွေကို အပေါင်းလက္ခဏာ အမြင် ရှိတယ်လို့ ပြောနိုင်ပါတယ်။ ‘ဆည်မ်ပေါဆိုအုန်’ ဒိယလောဂမှာ သူက ပုံပြင်ထဲက နတ်ကတော် ဒိဩတိမာ ဆိုတဲ့ မိန်းမကို ဆိုကရာတဲစ်ကို ဒဿနအမြင် ပေးတယ်လို့တောင် ဂုဏ်ပြုထားတယ်။

ကဲ… အဲဒါ ပလာတုန်းပါပဲ ဆိုဖီ။ သူ့ရဲ့ အံ့ဖွယ်သရဲ သဘောတရားတွေကို ဆွေးနွေးလာ၊ ဝေဖန်လာကြတာ နှစ်ပေါင်း နှစ်ထောင်ကျော်ပြီ။ အဲသလို ဆွေးနွေးဝေဖန်တဲ့ ပထမဆုံးလူကတော့ သူ့အာကာဒဲမေယာက ကျောင်းသားတွေထဲက တစ်ဦးဖြစ်တယ်။ သူ့နာမည်က အာရိစတောတလဲ၊ သူဟာ အာသဲနာစ်က တတိယ မဟာဒဿနဆရာကြီး ဖြစ်တယ်။

ငါ နောက်ထပ် မပြောတော့ဘူး။

 

***

 

ဆိုဖီ ပလာတုန်းအကြောင်း ဖတ်နေတုန်း နေဟာ အရှေ့ဘက်က တောအုပ်ပေါ် တက်လာခဲ့ပြီ။ လူတစ်ယောက် ဂူထဲက တက်လာခဲ့ပြီး ပြင်ပက စူးရှရှအလင်းထဲ မျက်လုံးပေကလပ် ဖြစ်နေတဲ့အကြောင်း သူဖတ်နေတုန်းမှာပဲ နေက မိုးကုပ်စက်ဝိုင်းပေါ် ပြူးကြည့်နေပေါ့။

သူကိုယ်တိုင် မြေအောက်ဂူထဲက ထွက်လာခဲ့ရသလိုမျိုး ဖြစ်ရတော့တယ်။ ပလာတုန်းအကြောင်း ဖတ်ပြီးနောက် လုံးလုံးခြားနားတဲ့ အသွင်နဲ့ သဘာဝလောကကို မြင်ရသလို ဆိုဖီ ခံစားရတယ်။ စောစောက အရောင်ကန်း နေခဲ့ရသလိုပဲ။ အရိပ်တွေကို မြင်ခဲ့ရပါရဲ့။ ပီပြင်တဲ့ အတွေးတွေ မမြင်မိခဲ့ဘူး။

ထာဝရပုံစံကွက်တွေအကြောင်း ပြောသမျှ ပလာတုန်း မှန်ရဲ့လား သူ တပ်အပ်မသိ။ ဒါပေမယ့် သက်ရှိအရာအားလုံးဟာ ဣဒ်အာလောကက ထာဝရသဏ္ဌာန်တွေကို မပီမပြင် ပုံတူကူးထားတာ ဆိုတဲ့ အတွေးကတော့ လှပတဲ့ အတွေးလေးပါပဲ။ ပန်းတွေ၊ သစ်ပင်တွေ၊ တိရစ္ဆာန်တွေအားလုံး ‘ခြောက်ပြစ်ကင်း မဟုတ်’ ကြတာ အမှန်ပဲ မဟုတ်လား။

မိမိဝန်းကျင်မှာ မြင်သမျှ လှလွန်း၊ အသက်ဝင်လွန်းနေသမို့ တကယ် ယုံဖို့ရာ ဆိုဖီ မျက်လုံးတွေ ပွတ်နေရတယ်။ ဒါပေမယ့် သူ အခုကြည့်နေတဲ့ အရာတိုင်း မတည်တံ့ချေဘူး။ ဒါတောင် နောင်နှစ်တစ်ရာ ကြာရင် ဒီ တိရစ္ဆာန် တွေ၊ ဒီပန်းပင်တွေ ဒီမှာ ရှိနေကြပြန်ဦးမယ်။ ပန်းပွင့်တစ်ပွင့်တိုင်း တိရစ္ဆာန် တစ်ကောင်တိုင်း နွမ်းကြေသွား၊ မေ့ပျောက်သွားတောင်မှ ဘယ်ပုံအသွင် ရှိခဲ့တယ် ဆိုတာကို ‘မှတ်မိ’တဲ့ တစ်စုံတစ်ရာ ရှိလိမ့်မယ်။

ဆိုဖီ ကမ္ဘာကို လှမ်းငေးကြည့်လိုက်တယ်။ ဗြုန်းဆို ရှဉ့်တစ်ကောင် ထင်ရှုးပင် ပင်စည်ပေါ် ပြေးတက်တယ်။ ပင်စည်ကို သုံးလေးပတ် ပတ်ပြီး သစ်ကိုင်းထဲ ပျောက်သွားရော။

“ငါ နင့်ကို မြင်ဖူးတယ်” လို့ ဆိုဖီ တွေးမိတယ်။ အလျင်တုန်းက မြင်ဖူးတာ ဒီရှဉ့် ဟုတ်ချင်မှ ဟုတ်မယ်။ ဒီ ‘ရုပ်သဏ္ဌာန်’ကို မြင်ဖူးခဲ့တာပါလို့ သဘောပေါက်သွားတယ်။ သူ သိသရွေ့အရတော့ ပလာတုန်း မှန်နိုင်တာပဲ။ တကယ်က သူ ထာဝရရှဉ့်ကို အလျင်က မြင်ဖူးခဲ့တာ၊ မိမိ ဝိညာဉ်က လူ့ကိုယ်ထဲ မနေခင်၊ ဣဒဲအာလောကမှာ မြင်ဖူးခဲ့တာနဲ့ တူပါရဲ့။

သူ အလျင်က အသက်ရှင် နေခဲ့ဖူးတာ မှန်ရော့လား။ သူ့ဝိညာဉ်ဟာ လှည့်ပတ်လှုပ်ရှားစရာ ကိုယ်တစ်ခု မရခင်က တည်ရှိခဲ့လေသလား။ မိမိဟာ အတွင်းအဇ္ဈတ္တထဲမှာ ရွှေတုံးကလေး၊ အချိန်က မဖြိုဖျက် မတိုက်စားနိုင်တဲ့ ရတနာကလေး၊ မိမိ ကိုယ်ကာယ အိုမင်းသေဆုံးသွားတဲ့အခါ ဆက်လက် ရှင်သန်သွားမယ့် ဝိညာဉ်ကလေး သယ်ဆောင်ထားတယ် ဆိုတာ တကယ် အမှန်ပဲလား။

(ဒီအတွေးတွေဟာ ဗုဒ္ဓရဲ့ အနတ္တတရား မပေါ်မီက အတွေးတွေ ဖြစ်ကြောင်း သတိပြုပါလေ။ ။ မြန်မာပြန်သူ)

 

ဗိုလ်မှူးရဲ့တဲ

 

… မှန်ထဲကကောင်မလေးက မျက်စိနှစ်ဖက်စလုံး မှိတ်ပြ …

 

ခုနစ်နာရီ ဆယ့်ငါးမိနစ်ပဲ ရှိသေးတယ်။ အိမ်ပြန် လောစရာ မရှိဘူး။ ဆိုဖို့အမေက တနင်္ဂနွေနေ့ဆို အမြဲ အေးအေးဆေးဆေးပဲ။ ဒီတော့ နောက်ထပ် နှစ်နာရီလောက် အိပ်နေဦးမှာ။

သူ တောထဲ နည်းနည်းတိုးသွားပြီး အယ်လဘာတိုနောက်စ်ကို ရှာရမလား။ နို့ ခွေးက ဘာ့ကြောင့် သူ့ကို အငြိုးတစ်ကြီး ဟိန်းရတာတုန်း။ ဆိုဖီ ထတဲ့ပြီး ဟဲရမဲစ်လိုက်တဲ့ လမ်းကလေးအတိုင်း လျှောက်ခဲ့တယ်။ ပလာတုန်းအကြောင်း စာမျက်နှာတွေပါတဲ့ စာအိတ်ညိုကို လက်ကကိုင်လို့။ လမ်းကလေး ခွဲသွားလေရာ သူက ပိုကျယ်တဲ့လမ်းကို လိုက်တယ်။

ငှက်တွေ နေရာတိုင်းမှာ အော်မြည်နေတယ်။ သစ်ပင်တွေထဲ၊ လေထဲ၊ ချုံထဲ၊ ချုံပုတ်ထဲ။ မနက်ခင်း လုပ်ငန်းဆောင်တာတွေနဲ့ အလုပ်ရှုပ်နေကြတာ။ သူတို့မှာ အလုပ်လုပ်တဲ့ ရက်ရယ်၊ တနင်္ဂနွေရယ် ခွဲခြားမှု မရှိဘူး။ ဒါအကုန်လုပ်ဖို့ သူတို့ကို ဘယ်သူက သင်ပေးတာလဲ။ သူတို့ကို လုပ်စရာရှိတာတွေ လုပ်ဖို့ ညွှန်ကြားနေတဲ့ ကွန်ပျူတာ သေးသေးလေးတွေများ သူတို့မှာ ကိုယ်စီ ပါလေရော့လား။

လမ်းကလေးက တောင်ကုန်းကလေးပေါ်၊ အဲဒီနောက် မတ်စောက်ဆင်းကာ ထင်းရှူးပင်တွေကြား ရောက်သွားတယ်။ တောက ထူလွန်းသမို့ အခု သစ်ပင်တွေကြား ကိုက်အနည်းငယ်ပဲ မြင်ရတယ်။

ဗြုန်းဆို ထင်းရှူးပင်စည်တွေကြား ပြိုးပြိုးပြက်ပြက် တစ်စုံတစ်ရာကို လှမ်းမြင်လိုက်ရတယ်။ ရေအိုင်ကလေးနဲ့ တူတယ်။ လမ်းကလေးက တခြားဘက် သွားရဲ့။ ဆိုဖီကတော့ သစ်ပင်တွေကြားပဲ သွားပစ်လိုက်တယ်။ ဘာ့ကြောင့်မှန်း တကယ် မသိလိုက်ဘဲ ခြေဦးတည့်ရာ သွားနေမိတော့တယ်။

ရေအိုင်က ဘောလုံးကွင်း တစ်ကွင်းထက် မကြီးပါဘူး။ ဟိုးတစ်ဖက်မှာတော့ ငွေရောင် ဘုဇပတ်ပင်တွေ ဝိုင်းရံနေတဲ့ ကွက်လပ်ငယ်ထဲမှာ ဆေးနီသုတ် တဲကလေးကို မြင်ရတယ်။ ဝိုးတဝါး မီးခိုးငွေ့ငွေ့လေးတစ်မျှင် မီးခိုတိုင်က ထွက်နေတယ်။

ဆိုဖီ ရေစပ်ဆီ ဆင်းလာခဲ့တယ်။ နေရာအများမှာ ရွှံ့ထူနေရဲ့။ ဒါပေမယ့် လှော်လှေတစ်စင်းတော့ သတိပြုမိတယ်။ ရေထဲကနေ တစ်ဝက် ဆွဲတင်ထားတယ်။ လှော်တက်တစ်စုံလည်း ပါလေရဲ့။

ဆိုဖီ ဘေးဘီကြည့်လိုက်တယ်။ ဘာလုပ်လုပ်၊ ဖိနပ်ရေမစိုဘဲနဲ့တော့ တဲနီလေးဆီ ရေအိုင်ကို ပတ်သွားလို့ မရနိုင်ချေဘူး။ သူ လှေဆီကိုပဲ တန်းသွားပြီး လှေကို ရေထဲတွန်းလိုက်တယ်။ ဒီနောက် လှေပေါ် တက်၊ တက်တွေကို ခတ်ကွင်းထဲထည့်၊ ရေအိုင်ကိုဖြတ် လှော်ခဲ့တယ်။ လှေ မကြာခင် တစ်ဖက်ကမ်း ကပ်မိတယ်။ ဆိုဖီ ကမ်းပေါ်တက်၊ လှေကို ကြိုးစားပြီး ဆွဲတင်တယ်။ ကမ်းက ဒီမှာ ဟိုဘက်ကမ်းထက် မတ်တာကိုး။

ပုခုံးပေါ်က တစ်ချက်ပဲ လှည့်ကြည့်ကာ တဲလေးဆီ လျှောက်လာခဲ့တယ်။

သူ ကိုယ့်သတ္တိကို ကိုယ် လန့်သွားမိရဲ့။ သူ ဘယ်လိုလုပ် ဒီလို လုပ်ရဲသွားပါလိမ့်။ စဉ်းစားလို့မရဘူး။ ‘တစ်စုံတစ်ခု’ က တွန်းထိုးလိုက်သလိုပဲ။

ဆိုဖီ တံခါးဆီ သွားပြီး ခေါက်လိုက်တယ်။ ခဏ စောင့်နေတယ်။ ဘယ်သူမှ ပြန်မထူးဘူး။ သူ လက်ကိုင်ကို သတိနဲ့ စမ်းကြည့်တော့ တံခါးပွင့်သွားတယ်။

“ဟဲလို” လို့ သူခေါ်လိုက်တယ်။ “အိမ်ရှင်တို့ ရှိကြလား” လို့။

သူ ဝင်သွားတော့ ဧည့်ခန်းထဲ ရောက်သွားတော့တယ်။ မိမိနောက်က တံခါးကို မပိတ်ရဲဘူး။

တစ်ယောက်ယောက် ဒီမှာ နေပုံပါပဲ။ မီးဖိုအိုထဲမှာ ထင်းအက်ကွဲသံ ဆိုဖီ ကြားရတယ်။ တစ်စုံတစ်ယောက် မကြာမတင်ကတင် ဒီမှာ ရှိနေခဲ့တာ။

ထမင်းစားပွဲကြီးပေါ်မှာ လက်နှိပ်စက်တစ်လုံး၊ စာအုပ်အချို့၊ ခဲတံ နှစ်ချောင်း၊ စက္ကူတစ်ပုံ ရှိနေတယ်။ ရေအိုင်ကို ဆီးပြီး မြင်ရတဲ့ ပြတင်းပေါက် နားမှာတော့ စားပွဲငယ်တစ်လုံးနဲ့ ကုလားထိုင်နှစ်လုံး ရှိနေတယ်။ အဲဒါအပြင် ပရိဘောဂ မရှိသလောက်ပဲ။ နံရံတစ်ဖက် တစ်ခုလုံးကတော့ စာအုပ်အပြည့် စာအုပ်စင်တွေ တန်းစီထားတယ်။ အံဆွဲဗီရိုတစ်ခု အထက်မှာ ဧရာမ ကြေးဝါဘောင်ကြီးနဲ့ မှန်ကြီးတစ်ချပ် ချိတ်ဆွဲထားတယ်။ သိပ်ဟောင်းမြင်းပုံပဲ။

နံရံတစ်ဖက်မှာတော့ ပန်းချီနှစ်ကား ချိတ်ဆွဲထားတယ်။ တစ်ကားက လှေတဲနီနီနဲ့ ကမ်းကွေ့ကနေ ခဲတစ်ပစ်လောက် အကွာမှာ ရှိတဲ့ အိမ်ဖြူဖြူပုံ ဆီဆေးပန်းချီကား။ အိမ်နဲ့ လှေတဲကြားမှာ ပန်းသီးပင်တစ်ပင်၊ ချုံထူထူတချို့နဲ့ ကျောက်ဆောင် အနည်းငယ်နဲ့ ဆင်ခြေလျော ဥယျာဉ်တစ်ခု။ ဘုဇပတ်ပင်ထူထူ တန်းတစ်တန်းက ပန်းခွေနှယ် ဥယျာဉ်ကို ဘောင်ခတ်ထားတယ်။ ပန်းချီကားရဲ့ အမည်က ‘ဗျားကလည်’ တဲ့။

အဲဒီ ပန်းချီကား ဘေးမှာတော့ ပြတင်းပေါက်နားက ကုလားထိုင်မှာ ထိုင်နေတဲ့ လူတစ်ယောက်ရဲ့ ပုံတူ ပန်းချီကားဟောင်း ချိတ်ဆွဲထားတယ်။ သူ့ပေါင်ပေါ်မှာ စာအုပ်တစ်အုပ် တင်ထားတယ်။ ဒီပုံကလည်း နောက်ခံမှာ သစ်ပင်တွေ ကျောက်ဆောင်တွေနဲ့ ကမ်းကွေ့လေးတစ်ကွေ့ ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးလေးရာက ဆွဲထားပုံပဲ။ ပန်းချီကားရဲ့ အမည်က ‘ဗားကလည်’ တဲ့။ ပန်းချီဆရာရဲ့အမည်က စမိုင်းဘတ်။

ဗားကလည်နဲ့ ဗျားကလည်။ တယ်ဆန်းပါလား။

ဆိုဖီ စုံစမ်းရေး ဆက်လုပ်တယ်။ တံခါးတစ်ခုက ဧည့်ခန်းကနေ မီးဖိုချောင်ကလေးဆီ ရောက်သွားတယ်။ တစ်ယောက်ယောက် ခုလေးတင် ပန်းကန်တွေ ဆေးကြောထားတယ်။ ပန်းကန်ပြားတွေ ဖန်ခွက်တွေကို လက်သုတ်ပဝါပေါ် ပုံထားတယ်။ တချို့က ဆပ်ပြာရေစက်တွေနဲ့ တလက်လက်။ ကြမ်းပေါ်မှာ စားကြွင်းစားကျန် အစအနတွေနဲ့ သံဖြူခွက် တစ်ခွက်။ ဒီမှာနေတဲ့ သူမှာ ခွေးဖြစ်ဖြစ်၊ ကြောင်ဖြစ်ဖြစ် မွေးထားလေရဲ့။

ဆိုဖီ ဧည့်ခန်းဆီ ပြန်သွားတယ်။ နောက်တံခါးတစ်ခုက အိပ်ခန်းသေးသေးဆီ ရောက်သွားတယ်။ အိပ်ရာနားက ကြမ်းပေါ်မှာ ထူထူထဲထဲ ထုပ်ထားတဲ့ စောင်နှစ်ထည်။ စောင်တွေပေါ်မှာ ရွှေရောင်အမွှေးအချို့ကို ဆိုဖီ တွေ့ရတယ်။ ဒီမှာ အထောက်အထား ရပြီ။ အခု ဒီတဲလေးမှာ နေသူတွေဟာ အာလဘာတိုနောက်စ်နဲ့ ဟဲရမဲစ် ဆိုတာကို ဆိုဖီ သိရပြီ။

ဧည့်ခန်းထဲ ပြန်ရောက်တော့ ဆိုဖီ မှန်ရှေ့ရပ်လိုက်တယ်။ မှန်က မှိုင်းမှုန်ပြီး အစင်းအခြစ်တွေနဲ့၊ ဒီတော့ သူ့ပုံရိပ်ဟာလည်း ဝါးတားတားပဲ။ အိမ်မှာ ရေချိုးခန်းထဲ လုပ်သလိုပဲ ဆိုဖီ သူ့ကိုယ်သူ မဲ့ရွဲ့ပြတယ်။ သူ့ပုံရိပ်ကလည်း အဲဒီအတိုင်းပဲ အတိအကျ လုပ်ပြတယ်။ ဒီလိုပဲ ဖြစ်ရမှာပေါ့လေ။

ဒါပေမယ့် ဗြုန်းဆို ခြောက်ခြားစရာတစ်ခု ဖြစ်ပျက်တော့တယ်။ တစ်ကြိမ်ပဲ (တစ်စက္ကန့်ရဲ့ အစိတ်အပိုင်းကလေး အတွင်း) မှန်ထဲက ကောင်မလေးက မျက်စိနှစ်ဖက်စလုံး မှိတ်ပြတာကို ဆိုဖီ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ ဆိုဖီ ထိတ်လန့်တကြား နောက်ဆုတ်မိတယ်။ သူကိုယ်တိုင်က မျက်စိ မှိတ်တာဆိုရင်လည်း တစ်ဖက်မိန်းကလေး မျက်စိမှိတ်တာကို သူ ဘယ်လိုလုပ် မြင်မလဲ။ ဒါတွင် မကသေးဘူး။ ဟိုမိန်းကလေး မျက်စိမှိတ်ပြပုံက ငါနင့်ကို မြင်ရတယ် ဆိုဖီ။ ငါက ဒီမှာ၊ အခြားတစ်ဖက်မှာ ရှိနေတယ်လို့ ပြောလိုဟန်ပဲ။

ဆိုဖီ ရင်ခုန်လာတော့တယ်။ တစ်ချိန်တည်းမှာပဲ အဝေးမှာ ခွေးဟောင်သံ သူ ကြားတယ်။ ဟဲရမဲစ်ပဲ။ သူ ဒီက ချက်ချင်း ထွက်မှဖြစ်မယ်။ ဒီနောက် မှန်အောက်က အံဆွဲဗီရိုပေါ်မှာ အစိမ်းရောင် ပိုက်ဆံအိတ်ကို သတိပြုမိတယ်။ ကရောင်း တစ်ရာတန် စက္ကူတစ်ရွက်၊ ငါးဆယ်တန် တစ်ရွက်၊ ကျောင်းမှတ်ပုံတင် ကတ်ပြားတစ်ခု ပါတယ်။ ဆံပင်ရွှေဝါရောင်နဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဓာတ်ပုံ ကပ်ထားတယ်။ ဓာတ်ပုံအောက်မှာက မိန်းကလေးရဲ့ အမည်၊ ဟိလဒ မားလညဂ်။

ဆိုဖီ တုန်လှုပ်သွားရဲ့။ ခွေးဟောင်သံ ကြားရပြန်ပြီ။ သူ ထွက်မှ ဖြစ်မယ်။ ချက်ချင်းပဲ။

စားပွဲနားဖြတ်ပြီး သုတ်ခြေတင်လာတော့ စာအုပ်တွေအားလုံးနဲ့ စက္ကူပုံကြားမှာ စာအိတ်ဖြူတစ်အိတ်ကို သတိပြုတယ်။ အပေါ်မှာ စကားတစ်လုံးပဲ ရေးထားတယ်။ ဆိုဖီတဲ့။

မိမိ ဘာလုပ်နေမှန်း သိရှိဖို့ အချိန် မရလိုက်ခင်မှာပဲ သူ စာအိတ်ကို ဆွဲယူကာ ပလာတုန်း စာမျက်နှာတွေနဲ့ စာအိတ်ညိုထဲ ထည့်လိုက်မိတော့တယ်။ ဒီနောက် တံခါးထဲက ပြေးထွက်ခဲ့ကာ နောက်မှာ ဆောင့်ပိတ်ပစ်ခဲ့မိပေါ့။

ဟောင်သံ ပိုနီးလာနေတယ်။ ဒါပေမယ့် အားလုံးထဲမှာ အဆိုးရွားဆုံးကတော့ လှေ မရှိတော့တာပါပဲ။ တစ်စက္ကန့် နှစ်စက္ကန့် အတွင်းမှာတော့ သူ မြင်ရတယ်။ ရေအိုင်တစ်ဝက်ထိ မျောလို့။ တက်တစ်ချောင်းက ဘေးမှာ ပေါလော။ သူ ကမ်းပေါ်ကို အကုန်ဆွဲမတင်ခဲ့နိုင်လို့ ခုလို ဖြစ်ရတာ။ အခုဆို ခွေးဟောင်နေတာကို ကပ်ကြားနေရပြီ။ ရေအိုင် ဟိုတစ်ဖက်က သစ်ရွက်တွေကြား လှုပ်ရှား နေတာတွေလည်း မြင်နေရပြီ။

ဆိုဖီ နှောင့်နှေးမနေနိုင်တော့။ စာအိတ်ကြီး လက်ကကိုင်ကာ တဲကလေးနောက်က ချုံတွေထဲ တိုးဝင်ခဲ့တော့တယ်။ မကြာခင် ရွှံ့နွံထူတဲ့ မြေထဲ ဆင်းသွားနေရတယ်။ တစ်ခါတလေ ခြေမျက်စိအထက်ထိ မြှုပ်ရတယ်။ ဒါပေမယ့် ဆက်သာ သွားနေရတာပဲ။ အိမ်ပြန်ရောက်ရမယ်လေ။

မကြာခင် လမ်းကလေးပေါ် ဗြုန်းဆို ခလုတ်တိုက်မိတော့တယ်။ စောစောက သူ လိုက်ခဲ့တဲ့ လမ်းကလေးပဲလား။ အင်္ကျီကို ရေညှစ်ဖို့ ခဏ ရပ်မိတယ်။ ဒီနောက်တော့ သူ ငိုလိုက်မိရော။

ဘယ်လိုလုပ်ပြီး သူ ဒီလောက် မိုက်မဲခဲ့ရတာလဲ။ အဆိုးဆုံးကတော့ လှေပဲ။ တက်တစ်ချောင်းက ရေအိုင်ပေါ် ကယ်သူမဲ့ မျောနေတဲ့ လှော်လှေရဲ့ မြင်ကွင်းကို သူမေ့လို့ မရဘူး။ သိပ်စိတ်ညစ်စရာ ကောင်းတယ်။ သိပ် ရှက်စရာ ကောင်းတယ် …

ဒဿနဗေဒဆရာ ခုလောက်ဆို ရေအိုင်ဆီ ရောက်လောက်ပြီ။ သူ့ခမျာ အိမ်ပြန်ဖို့ လှေလိုလိမ့်မယ်။ ဆိုဖီ ရာဇဝတ်ကောင်နီးပါး ခံစားရတယ်။ ဒါပေမယ့် သူ တမင်လုပ်ခဲ့တာတော့ မဟုတ်ဘူး။

စာအိတ်။ ဒါက ပိုဆိုးဦးမယ် ထင်တယ်။ ဘာ့ကြောင့် ယူခဲ့ရတာလဲ။ မိမိနာမည်ပါနေတော့ မိမိဟာပဲပေါ့။ ဒါတောင်မှ သူခိုးလို ခံစားမိတယ်။ ပိုဆိုးတာက ဒီကို ရောက်ခဲ့တာ မိမိပါပဲလို့ အထောက်အထား ပေးခဲ့သလို ဖြစ်ခဲ့ရပြီ။ ဆိုဖီ စာအိတ်ထဲက စာတို့ကို ထုတ်ယူလိုက်တယ်။

ဘယ်ဟာ အလျင်လာလဲ၊ ကြက်လား၊ ‘ကြက်’ဆိုတဲ့ အသိ (ဣဒဲအာ)လား။

ငါတို့ဟာ မွေးရာပါ ဣဒဲအာတွေနဲ့ မွေးခဲ့ကြတာလား။

သစ်ပင်၊ တိရစ္ဆာန်နဲ့ လူ ဘာကွာခြားသလဲ။

ဘာ့ကြောင့် မိုးရွာတာလဲ။

ကောင်းမွန်တဲ့ဘဝ နေရဖို့ ဘာလိုသလဲ။

ဆိုဖီ ဒီမေးခွန်းတွေအကြောင်း လောလောဆယ်တော့ မစဉ်းစားနိုင်သေးပါဘူး။ ဒါပေမယ့် နောက် ဒဿနဆရာနဲ့ ပတ်သက်လိမ့်မယ်လို့တော့ တွေးမိတယ်။ သူ့နာမည် အရိစတောတလဲဆို မဟုတ်လား။

တောထဲ ဖြတ်ပြေးလာပြီးနောက် ခြံစည်းရိုးကို နောက်ဆုံး မြင်လိုက်ရတဲ့အခါ သင်္ဘောပျက်ပြီးနောက် ကမ်းပေါ် ကူးလာခဲ့ရသလိုပဲ။ တစ်ဖက်ကနေ ကြည့်ရတော့ ခြံစည်းရိုးက ရယ်စရာကြီး။

နာရီကို မကြည့်အားသေးဘဲ သားရဲတွင်းထဲ တွားဝင်လာခဲ့တယ်။ စာအိတ်ကြီးကို ဘီစကွတ်မုန့်ဘူးထဲ အခြားစာရွက်တွေနဲ့ အတူ ထည့်လိုက်ပြီး မေးခွန်းအသစ်တွေနဲ့ စာရွက်ကလေးကိုတော့ အသားကပ် ဘောင်းဘီထဲ ထိုးထည့်လိုက်တယ်။

သူဝင်သွားတော့ သူ့အမေ တယ်လီဖုန်း ပြောနေတယ်။ ဆိုဖီကို မြင်တော့ ဖုန်းကို ကပျာကရာ ချလိုက်တယ်။

“ညည်းက ဘယ်တွေများ သွားနေရတာလဲ။”

“ကျွန်မ… တောထဲ… လမ်းလျှောက်သွားတာ” လို့ ထစ်ထစ်ငေါ့ငေါ့ ဖြေလိုက်တယ်။

“ဒီလိုကိုး” တဲ့။

ဆိုဖီ အသံတိတ်ရပ်ကာ မိမိအင်္ကျီက ရေတစက်စက် ကျနေတာကို ကြည့်နေမိတယ်။

“ငါ ယောအန္နာကို ဖုန်းဆက်တာ။”

“ယောအန္နာ၊ ဟုတ်လား။”

သူ့အမေ သူ့ကို အဝတ်အစား အခြောက်တွေ ယူပေးတယ်။ ဆိုဖီခမျာ ဒဿနဆရာရဲ့ စာကို ဝှက်သာတယ် ဆိုရုံကလေးပဲ။ ဒီနောက် သူတို့ မီးဖိုချောင်ထဲ အတူ ထိုင်ကြတယ်။ သူ့အမေက ချော့ကလက်ရည် ပူပူလေး ဖျော်ပေးတယ်။

“ညည်း သူနဲ့အတူ သွားတာလား။”

“သူနဲ့ ဟုတ်လား။”

ဆိုဖီတော့ သူ့ဒဿနဆရာကြီးပဲ တွေးလို့ရတယ်။

“သူနဲ့အတူ၊ အေး၊ သူ ညည့်ယုန်ကြီးလေ။”

ဆိုဖီ ခေါင်းခါလိုက်တယ်။

“ညည်းတို့ အတူတူဆိုရင် ဘာလုပ်ကြလဲ ဆိုဖီ။ ဘာ့ကြောင့် ညည်း ရေတွေ စိုနေရတာလဲ။”

ဆိုဖီ စားပွဲကို အလေးအနက် စိုက်ကြည့်ရင်း ထိုင်နေမိတယ်။ ဒါပေမယ့် အဇ္ဈတ္တ နက်နက်ထဲမှာတော့ ရယ်နေမိတယ်။ သနားစရာ မေမေ၊ ခုတော့ သူ ဒါကို စိုးရိမ်နေပကိုး။

သူ ခေါင်းခါလိုက်ရပြန်တယ်။ ဒီတော့ နောက်ထပ် မေးခွန်းတွေ သူ့အပေါ် မိုးရွာချတော့တယ်။

“ကဲ၊ ငါ အမှန်ပဲ သိချင်တယ်။ ညည်းတစ်ညလုံး ထွက်လည်နေတာလား။ အဝတ်အစား ဝတ်ရက်ကြီး ဘာကြောင့် အိပ်ရာဝင်ရတာတုံး။ ငါလည်း အိပ်ရာဝင်ရော ညည်းက ဘာလို့ လစ်ထွက်ရတာတုံး။ ညည်း ဆယ့်လေးနှစ်ပဲ ရှိသေးတယ် ဆိုဖီ၊ ညည်း ဘယ်သူနဲ့ ချိန်းတွေ့နေတာတုံး၊ ငါသိမှ ဖြစ်မယ်။”

ဆိုဖီ ငိုပါလေတော့တယ်။ ဒီနောက် ပြောတော့တယ်။ သူ ကြောက်နေ တုန်းပဲ။ လူဆိုတာ ကြောက်ရင် စကားပြောမြဲ။

သူ အစောကြီး နိုးနေကာ တောထဲ လမ်းလျှောက် ထွက်မိကြောင်း ရှင်းပြတယ်။ တဲအကြောင်း၊ လှေအကြောင်း၊ ဆန်းကြယ်တဲ့ မှန်အကြောင်း သူ့အမေကို ပြောပြတယ်။ ဒါပေမယ့် လျှို့ဝှက် စာပေးစာယူ သင်တန်းအကြောင်းတော့ တစ်ခွန်းမဟဘူး။ ပိုက်ဆံအိတ် အစိမ်းအကြောင်းလည်း မဟဘူး။ ဘာ့ကြောင့်မှန်းတော့ မသိ၊ ဟိလဒကိုလည်း မိမိပဲ သိမ်းထားဦးမှ ဖြစ်မယ်။ သူ့အမေ ဆိုဖီကို လက်တွေနဲ့ ဖက်လိုက်တယ်။ အခု သူ့အမေ သူ့ကို ယုံသွားပြီဆိုတာ ဆိုဖီ သိလိုက်တယ်။

“သမီးမှာ ရည်းစား မရှိပါဘူး” လို့ ဆိုဖီက ရှုံ့ပြီး ပြောပြတယ်။ “အမေက ယုန်ဖြူကိစ္စ သိပ်စိတ်ပူနေလို့ ပြောလိုက်မိတာပါ” တဲ့။

“ညည်း တကယ်ပဲ ဒီလောက် ဝေးဝေးကြီး ဗိုလ်မှူးရဲ့တဲထိ သွားခဲ့တယ်ပေါ့နော်…” လို့ သူ့အမေက တွေးပြီး ပြောနေတယ်။

“ဗိုလ်မှူးရဲ့တဲ၊ ဟုတ်လား” လို့ ဆိုဖီ သူ့အမေကို စိုက်ကြည့်လိုက်တယ်။

“တောတန်းထဲက တဲကလေးကို ဗိုလ်မှူးရဲ့တဲလို့ ခေါ်ကြတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စစ်တပ်က ဗိုလ်မှူးတစ်ယောက် အဲဒီမှာ အတော်ကြာကြာ နေသွားဖူးတာကိုး။ သူ ထူးထူးဆန်းဆန်း၊ ခပ်ကြောင်ကြောင်လို့ ငါ ထင်တယ်။ ဒါပေမယ့် ထားပါတော့၊ အဲဒီနောက်တော့ တဲမှာ လူမနေတော့ပါဘူး။”

“ခု မဟုတ်တော့ဘူး။ အဲဒီမှာ အခု ဒဿနဆရာတစ်ယောက် နေနေတယ်။”

“အို တော်စမ်း၊ စိတ်ကူး မယဉ်စမ်းပြန်နဲ့တော့။”

ဆိုဖီ သူ့အခန်းမှာပဲ နေကာ ဖြစ်ခဲ့တဲ့အကြောင်း စဉ်းစားနေမိတယ်။ သူ့ဦးခေါင်းဟာ သစ်ဆွဲဆင်တွေ၊ ပေါတောတော လူရွှင်တော်တွေ၊ ရဲရင့်တဲ့ ကောင်းကင်ဘားကျွမ်းသမားတွေ၊ သင်ပေးထားတဲ့ မျောက်တွေ အပြည့်နဲ့ ပွက်လောရိုက်နေတဲ့ ဆပ်ကပ်တစ်ခုနှယ် ခံစားရတယ်။ ဒါပေမယ့် နိမိတ်ပုံတစ်ခုကတော့ အတောမသတ် တဝဲလည်လည် ပြန်ပေါ်နေတယ်။ တောအုပ်ရဲ့ အနက်ပိုင်းက ရေအိုင်တစ်ခုမှာ ပေါလောမျော တက်တစ်ချောင်းနဲ့ လှော်လှေလေး တစ်စင်းရယ်၊ အိမ်ပြန်ဖို့ရာ လှေလိုနေတဲ့ တစ်စုံတစ်ယောက်ရယ်။

ဒဿနဆရာဟာ သူ့ကို အန္တရာယ် မပေးလိုဘူး။ သူ့တဲထဲ မိမိ ရောက်ခဲ့တာကို သိသွားလည်း မိမိကို ခွင့်လွှတ်လိမ့်မယ် ဆိုတာ သူ သေသေချာချာ သိပါရဲ့။ ဒါပေယ့် မိမိက သဘောတူညီ ထားတာကို ချိုးဖောက်ခဲ့ပြီ။ မိမိကို ဒဿနပညာ ပေးမိတဲ့အတွက် သူ ရရှိတဲ့ ကျေးဇူးတရားပဲပေါ့။ ဘယ်လိုလုပ် ဖြေရမလဲ။

ဆိုဖီ ပန်းရောင် စာရေးစက္ကူကို ထုတ်ကာ ရေးတော့တယ်။

 

ဒဿနဆရာကြီးရှင့်၊ တနင်္ဂနွေနေ့ မနက်စောစောက ရှင့်တဲထဲ ရောက်ခဲ့တာ ကျွန်မပါပဲ။ ကျွန်မ ရှင့်ကို တွေ့ပြီး ဒဿနပြဿနာ တချို့ သိပ်ဆွေးနွေးချင်ပါတယ်။ လောလောဆယ်တော့ ကျွန်မဟာ ပလာတုန်း ပရိသတ်တစ်ဦးပါ။ ဒါပေမယ့် အခြား အမှန်ဘဝတစ်ခုမှာ ဣဒဲအာတွေ၊ အဆင်ကွက်ရုပ်ပုံတွေ တည်ရှိတယ်ဆိုတဲ့ ကိစ္စ သူမှန်ရဲ့လား ကျွန်မ သိပ်မသေချာပါ။ ဟုတ်ကဲ့ သူတို့ဟာ ကျွန်မတို့ရဲ့ ဝိညာဉ်တွေထဲမှာ ရှိကြတာပေါ့။ ဒါပေမယ့် (လောလောဆယ် မှာတော့ဖြင့်) ဒါ တခြားစီပဲလို့ ကျွန်မ ထင်မိတယ်။ နောက်ပြီး ဝိညာဉ်မသေဘူး ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း တယ် ဘဝင်မကျချင်ကြောင်း ကျွန်မ ဝန်ခံရပါလိမ့်မယ်။ တစ်ဦးချင်းသဘော ပြောရရင် ကျွန်မရဲ့ အလျင်ဘဝတွေကို ကျွန်မ မမှတ်မိပါဘူး။ ကွယ်လွန်သူ ကျွန်မအဘွားရဲ့ ဝိညာဉ်ဟာ ဣဒဲအာ လောကမှာ စိတ်ချမ်းသာနေတယ် လို့ ကျွန်မ ယုံကြည်အောင် ပြောပြနိုင်မယ်ဆိုရင် ကျွန်မ ကျေးဇူးတင်ပါမယ်။

တကယ်တော့ ကျွန်မ ဒီစာကို စ ရေးမိတာ ဒဿနဗေဒ အကြောင်းများကြောင့် မဟုတ်ပါဘူး။ (စာကို သကြားခဲ တစ်ခဲနဲ့ အတူ ပန်းရောင် စာအိတ်ထဲ ထည့်လိုက်ပါမယ်။) ဆိုဆုံးမတာ မနာယူမိလို့ ဝမ်းနည်းကြောင်း ပြောချင်တာပါ။ လှေကို ကမ်းပေါ်ကို လုံးဝ ဆွဲယူဖို့ ကျွန်မ ကြိုးစားပါတယ်။ ဒါပေမယ့် ကျွန်မက အားမရှိဘူးပေါ့။ ဒါမှမဟုတ် လည်း လှိုင်းကြီးတစ်လုံးက လှေကို ဆွဲချ သွားသလား မသိဘူး။

ရှင် ခြေထောက်ရေမစိုဘဲ အိမ်ပြန်ရောက်နိုင် ကောင်းရဲ့လို့ ဆုတောင်းမိပါတယ်။ ဆုတောင်းမပြည့်လည်း ကျွန်မတော့ စိုရွှဲသွားတယ်၊ အရမ်း အအေး မိရတော့မယ်ဆိုတာ သိရရင် ရှင် ကျေနပ်ကောင်း ကျေနပ်မှာပါ။ ဒါပေမယ့် ဒါ ကျွန်မ အပြစ်ပါ။

တဲထဲက ဘာကိုမှ ကျွန်မ မထိပါ။ ဒါပေမယ့် ပြောရတာ စိတ်မကောင်းပါဘူး။ စားပွဲပေါ်ရှိနေတဲ့ စာအိတ်ကိုတော့ မယူဘဲ နေလို့ကို မရဘူး။ တစ်စုံတစ်ရာ ခိုးချင်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မနာမည် ပါနေလေတော့ စိတ်ရှုပ်ထွေးပြီး ကျွန်မစာလို့ပဲ ထင်မိသွားတယ်။ ကျွန်မ တကယ်ကို အမှန်ကို စိတ်မကောင်းပါဘူး။ ရှင့်ကို နောက်ထပ် မကျေနပ်စရာ မလုပ်တော့ ပါဘူးလို့ ကတိပေးပါတယ်။

PS. မေးခွန်းသစ် အားလုံးကို ခုပဲ စတင်ကာ သေသေချာချာ စဉ်းစားပါတော့မယ်။

PSS. အံဆွဲဗီရို အဖြူအထက်က ကြေးဝါဘောင်နဲ့ မှန်ဟာ ရိုးရိုးမှန်ပဲလား၊ မှော်မှန်လား။ ကျွန်မရဲ့ ပုံရိပ်က မျက်လုံးနှစ်ဖက်စလုံး မှိတ်ပြတာကို ကျွန်မ တစ်ခါမှ မမြင်ဖူးလို့ မေးမိတာပါ။

ရိုးရိုးသားသား စာထဲ စိတ်ပါတဲ့ တပည့်က လေးစားလျက်။

ဆိုဖီ

 

စာကို အစအဆုံး နှစ်ခေါက်ပြန်ဖတ်ပြီးမှ ဆိုဖီ အိတ်ထဲထည့်တယ်။ အလျင် သူရေးတဲ့ စာလောက် ပုံစံမဆန်ဘူးလို့ ထင်မိတယ်။ အောက်ထပ်ဆင်းပြီး မီးဖိုချောင်ထဲက သကြားခဲတစ်ခဲ မယူခင် တစ်နေ့တာ မေးခွန်းတွေနဲ့ စာရွက်ကို ကြည့်လိုက်မိတယ်။

“ဘယ်ဟာ အလျင်လာလဲ၊ ကြက်လား၊ ‘ကြက်’ဆိုတဲ့ အသိ (ဣဒဲအာ)လား” တဲ့။

ဒီမေးခွန်းဟာ ကြက်နဲ့ ကြက်ဥဆိုတဲ့ ရှေးစကားထာလိုပဲ ဉာဏ်များတယ်။ ဥမရှိဘဲ ကြက်မရှိပေဘူး။ ကြက်မရှိဘဲလည်း ဥမရှိပေဘူး။ ကြက်ပဲ အလျင်လာသလား။ ကြက်ဆိုတဲ့ ‘ဣဒဲအာ’ပဲ အလျင်လာသလား ဆိုတာလည်း အလားတူ ရှုပ်ထွေးလေရော့လာ။ ပလာတုန်း ဆိုလိုတာကို ဆိုဖီ နားလည်ပါတယ်။ အာရုံငါးပါးလောကမှာ ကြက်ဆိုတာ မရှိခင် ကမ္ဘေကမ္ဘာကတည်းက ဣဒဲအာလောကမှာ ‘ဣဒဲအာ’ကြက် ရှိခဲ့တယ်လို့ သူ ဆိုလိုတယ်။ ပလာတုန်း အဆိုအရ ဝိညာဉ်ဟာ ကိုယ်ထဲ လာမနေခင်ကပဲ ‘ဣဒဲအာ’ကြက်ကို ‘မြင်’ ခဲ့တယ်တဲ့။ ဒါပေမယ့် ဒီနေရာမှာပဲ ပလာတုန်း မှားသွားတာ ဖြစ်ရမယ်လို့ ဆိုဖီ ထင်ခဲ့တာ မဟုတ်လား။ ကြက်အရှင်ကို ဖြစ်ဖြစ်၊ ကြက်ရဲ့ရုပ်ပုံကို ဖြစ်ဖြစ် တစ်ခါမှ မမြင်ဖူးတဲ့ သူတစ်ဦးဟာ ဘယ်လိုလုပ်ပြီး ကြက်ဆိုတဲ့ ‘ဣဒ်အာ’အသိ ရှိနိုင်ပမလဲ။ ဒီလိုနဲ့ သူ ဒုတိယမေးခွန်းဆီ ရောက်လာခဲ့တယ်။

ငါတို့ဟာ မွေးရာပါ ဣဒဲအာတွေနဲ့ မွေးခဲ့ကြတာလား တဲ့။ မဖြစ်နိုင်ဆုံးပဲလို့ ဆိုဖီထင်တယ်။ မွေးကင်းစ ကလေးငယ်မှာ ဣဒဲအာတွေ အထူးတလည် အစုံအလင် တပ်ဆင်ထားမှာကို သူ စဉ်းစားလို့မရဘူး။ သေချာပေါက်တော့ ပြောလို့ မရဘူးပေါ့လေ။ ကလေးငယ်မှာ ဘာသာစကား မရှိဘူး ဆိုတာနဲ့ သူ့ခေါင်းထဲမှာ ဣဒဲအာမရှိဘူး မပြောနိုင်ဘဲကိုး။ ဒါပေမယ့် လောကထဲက အရာတွေကို မြင်ပြီးမှသာလျှင် သူတို့အကြောင်း သိနိုင်ကြတာပါ။

သစ်ပင်၊ တိရစ္ဆာန်နဲ့ လူ ဘာကွာခြားသလဲတဲ့။ ရှင်းရှင်းလင်းလင်း ကွာခြားပုံကို ဆိုဖီ ချက်ချင်းပဲ မြင်နိုင်ပါရဲ့။

ဥပမာ- သစ်ပင်မှာ အလွန်ရှုပ်ထွေးတဲ့ စိတ်လှုပ်ရှားမှု ရှိတယ်လို့ သူ မထင်ဘူး။ အသည်းကွဲတဲ့ ခေါင်းလောင်းပြာ ပန်းအကြောင်း ဘယ်သူ ကြားဖူးသလဲ။ သစ်ပင်ဟာ ကြီးထွားတယ်။ အာဟာရ သုံးဆောင်တယ်။ မိမိကိုယ်မိမိ ပြန်လည် ထုတ်လုပ်နိုင်ဖို့ မျိုးစေ့ထုတ်လုပ်တယ်။ သစ်ပင်များအကြောင်း ပြောစရာရှိတာ ဒါ အကုန်လောက်ပါပဲ။ အပင်တွေနဲ့ ပတ်သက်ပြီး ပြောလို့ရသမျှ တိရစ္ဆာန်တွေနဲ့ လူတွေကို ပြောလို့ရတာပဲလို့ ဆိုဖီ ကောက်ချက်ချလိုက်တယ်။ ဒါပေမယ့် တိရစ္ဆာန်တွေမှာ အခြားဂုဏ်သတ္တိများ ရှိသေးရဲ့။ ဥပမာ- ရွေ့လျားနိုင်ကြတယ်။ (ဘယ်တုန်းကများ နှင်းဆီပန်းက မာရသွန်ပြေးဖူးလဲ။) တိရစ္ဆာန်နဲ့ လူ ကွဲပြားတာတွေကို ထောက်ပြဖို့ကတော့ နည်းနည်း ပိုခက်တယ်။ လူတွေက တွေးတတ်တယ်။ နို့- တိရစ္ဆာန်တွေကော မတွေးတတ်ဘူးလား။ သူ့ကြောင် ရှဲရခန် တွေးတတ်တယ်လို့ ဆိုဖီ သေချာပေါက် ပြောနိုင်တယ်။ ယုတ်စွအဆုံး၊ သူ အင်မတန် တွက်တတ်ချက်တတ်တယ်။ ဒါပေမယ့် ဒဿနပြဿနာတွေ စဉ်းစားတတ်ပမလား။ အပင်နဲ့ တိရစ္ဆာန်နဲ့ လူနဲ့ ကွဲပြားပုံကို ကြောင်က တွက်တတ်ပမလား။ ဝေးပါသေးရဲ့။ ကြောင်ဟာ ကျေနပ်နိုင်မယ်၊ စိတ်ဆင်းရဲ နိုင်မယ်၊ ဒါပေမယ့် နတ်ရှိသလား၊ မိမိမှာ မသေတဲ့ ဝိညာဉ် ရှိသလား ဆိုတာကို ကြံစည်ဖူးပမလား။ ဒါတော့ အလွန် မဖြစ်နိုင်စရာပဲလို့ ဆိုဖီ ထင်တယ်။ ဒါပေမယ့် ဒီမှာ ဒီပြဿနာကိုပဲ ကလေးပေါက်စနဲ့ မွေးရာပါ ဣဒဲအာနဲ့ ပတ်သက်ပြီး လာမေးထားတယ်။ ဒီလို ပြဿနာတွေကို ကလေးပေါက်စနဲ့ ဆွေးနွေးရတာ ကြောင်နဲ့ ဆွေးနွေးရသလိုပဲ ခက်ပါလိမ့်မယ်။

ဘာကြောင့် မိုးရွာတာလဲ။ ဆိုဖီ ပခုံးတွန့်လိုက်တယ်။ ပင်လယ်ရေက အငွေ့ဖြစ်သွားကာ တိမ်တွေက ခဲပြီး မိုးစက်ဖြစ်သွားလို့ မိုးရွာတာ နေမှာပေါ့။ ဒါ သူ တတိယတန်းတုန်းက သင်ခဲ့ရတယ် မဟုတ်လား။ ဟုတ်ကဲ့၊ သစ်ပင်တွေ၊ တိရစ္ဆာန်တွေ ကြီးပြင်းနိုင်ဖို့ မိုးရွာပေးရတယ် လို့ ပြောမယ်ဆို ပြောနိုင်တာပလေ။ နို့− ဒါ ဟုတ်ရဲ့လား။ မိုးရွာတာမှာ တကယ့် ရည်ရွယ်ချက် ရှိရဲ့လား။

နောက်ဆုံးမေးခွန်းကတော့ ရည်ရွယ်ချက်နဲ့ ပတ်သက်တာ သေချာတယ်။ ကောင်းမွန်တဲ့ ဘဝနေရဖို့ ဘာလိုသလဲတဲ့။

ဒဿနဆရာကြီးဟာ သင်တန်း ခပ်စောစောပိုင်းဆီကပဲ ဒီအကြောင်း တစ်စုံတစ်ရာ ရေးဖူးပြီ။ လူတိုင်း စားစရာ၊ အနွေးဓာတ်၊ မေတ္တာ၊ ကရုဏာ လိုတယ်။ ဒီအခြေခံတွေဟာ ဘာပဲဖြစ်ဖြစ်၊ ကောင်းမွန်တဲ့ ဘဝအတွက် မူလကျတဲ့ အခြေအနေပါပဲ။ ဒီနောက် လူတွေဟာ အချို့ ဒဿနမေးခွန်းတွေကို အဖြေရှာဖို့ လိုအပ်တယ်လို့ပဲ သူ ထောက်ပြခဲ့သေးတယ်။ ကိုယ်နှစ်သက်တဲ့ အလုပ်ရဖို့လည်း အရေးကြီးမှာပါပဲ။ ဥပမာ- ကိုယ်က ယာဉ်တွေ သွားလာတာကို မုန်းရင်၊ တက္ကစီမောင်းသမား လုပ်ရတာ စိတ်ချမ်းသာမယ် မဟုတ်ပေဘူး။ ကိုယ်က အိမ်စာကို မုန်းရင်လည်း ကျောင်းဆရာလုပ်ဖို့ စိတ်မကူးသင့်ဘူးပေါ့။ ဆိုဖီက တိရစ္ဆာန်ဆရာဝန် ဖြစ်ချင်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်လေ။ ကောင်းမွန်တဲ့ ဘဝ နေဖို့ တစ်သန်းထီပေါက်စရာ လိုတယ်လို့ သူ မထင်ဘူး။

ပိုဖြစ်နိုင်တာက လုံးဝဆန့်ကျင်ဘက်ပဲ။ စကားပုံရှိတယ်လေ။ အလုပ်မရှိရင် မာရ်နတ်က အလုပ်ရှာပေးတယ်တဲ့။

ဆိုဖီ သူ့အခန်းထဲမှာပဲ သူ နေလိုက်တာ နောက်ဆုံး သူ့အမေက နေ့လယ်စာ စားဖို့ ဆင်းခဲ့တော့ ခေါ်တဲ့ အထိပါပဲ။ မိုးခိုသားစတိတ် လုပ်ပြီး အာလူး ဖုတ်ထားတယ်လေ။ အချိုတဲဖို့ကလည်း ကလောက်ဒဗဲရီနဲ့ နို့ဖျော်ရည်။

သူတို့ အကြောင်းအရာ မျိုးစုံအကြောင်း ပြောကြတယ်။ ဆိုဖို့အမေက သူ့ရဲ့ ဆယ့်ငါးနှစ်မြောက် မွေးနေ့ကို ဘယ်လို ကျင်းပချင်လဲလို့ မေးတယ်။ သုံးလေးပတ်ပဲ လိုတော့တယ်လေ။

ဆိုဖီ ပခုံးတွန့်လိုက်တယ်။

“ညည်း တစ်ယောက်ယောက်များ မဖိတ်ချင်ဘူးလား။ ဆိုလိုတာက ညည်း ဧည့်ခံပွဲ မလုပ်ချင်ဘူးလား။”

“မပြောတတ်ဘူး။”

“တို့ မာရ်သာရယ် အန်မာရီရယ် … ဟဲလင်ရယ် ဖိတ်နိုင်တယ်။ ပြီးတော့ ယောအန္နာပေါ့။ ပြီး ယဲရဲမီည်ကော။ ဒါပေမယ့် ဒါ ညည်း ဆုံးဖြတ်ရမှာပါ။ ငါတော့ ငါ့ဆယ့်ငါးနှစ်ပြည့် မွေးနေ့ကို ကောင်းကောင်းကြီး မှတ်မိတယ် သိလား။ သိပ်ပြီး မကြာသေးဘူးလို့ ထင်ရတယ်။ ငါ့ကိုယ်ငါ အသက်ကြီးပြီလို့ ထင်ခဲ့တာ။ မဆန်းဘူးလား ဆိုဖီ။ ငါတော့ အဲဒီကတည်းက ပြောင်းလဲလာတယ်လို့ကို မထင်မိဘူး။”

“ပြောင်းလဲလည်း မလာပါဘူး။ ဘာမှ မပြောင်းလဲဘူး။ ကြီးထွားလာရုံ အသက်ပိုကြီးလာရုံ…”

“ဟမ်းမ်းမ်… ပြောပုံက လူကြီးဆန်လိုက်တာ။ ငါက ဖြစ်ပျက်တာ သိပ်မြန်တာပဲလို့ ပြောချင်တာပါ။”

 

ဆက်ရန်

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review