ချက်ကော့ဗ်၏ လက်ရွေးစင် ဝတ္ထုတိုများ - တင်မောင်မြင့်
မာတိကာ
◾ ပထမပိုင်း (သို့) ချက်ကော့ဗ်နှင့် ပတ်သက်၍ (ထိုအနမ်း... မှ)
◾ ဒုတိယပိုင်း
၁။ ထိုအနမ်း (The Kiss)
၂။ ငယ်သူငယ်ချင်း သုံးယောက် ရှိလေသည် (A Visit to Friends)
၃။ ဝံပုလွေ (The Wolf)
၄။ ထိုတည (A Terrible Night)
၅။ လက်စားချေနည်း နိဿရည်း (Revenge)
၆။ ဆေးဆိုင်ပိုင်ရှင်ကတော် (The Chemist’s Wife)
၇။ မှားပါသည်၊ သို့သော်... (Incautiousness)
၈။ ညားကြလေသတည်း (A Happy Ending)
၉။ သုံးကြိမ် သုံးခါ (Terrors)
၁ဝ။ ပြစ်မှုနှင့် ပြစ်ဒဏ် (Wages of Sin)
၁၁။ ရွာဦးထိပ်က အိမ်အိုကြီး (At The Dacha)
၁၂။ အရိပ် (The Criminal Investigator)
၁၃။ ခွေးကလေးနှင့် မိန်းမငယ် (The Lady With The Dog)
၁၄။ လူကြီးကတိ (One of Life's Trivia)
၁၅။ လူထူးလူဆန်း (Extraordinary Man)
၁၆။ အထက်တန်းတွဲထဲမှာ (First Class Passenger)
၁၇။ ကမာ (Oysters)
၁၈။ ဂျုံစက်ပိုင်ရှင် (At The Mill)
၁၉။ ဘယ်လို လူကြီးလဲ (Travelling With The Mail) ၂၀။ အာဝဇ္ဇန်း (The Orator)
၂၁။ တို့များ ငယ်ငယ်တုန်းက (A Little Joke)
၂၂။ အညုတာ (Anyuta)
၂၃။ အဟောသုခံ (Bad Weather)
၂၄။ ဪ.. ယောက်ျား (Husband)
၂၅။ ပန်းပန်လျက်ပဲ (A Gentleman Friend)
၂၆။ ဧည့်သည် (A Troublesome Guest)
၂၇။ မကောင်းဆိုးဝါး (Villain)
၂၈။ အမင်္ဂလာ ယာတောအိမ်ကြီး (Pandemonium)
၂၉။ ပွဲဦးထွက် (First Debut)
၃ဝ။ ဇာတ်မင်းသား (Un Jeune Premier)
၃၁။ မျိုသိပ်စိတ် (Miss N.N’s Story)
၃၂။ စပ်တူ (The Proposal)
၃၃။ ပျော်ရွှင်မှုရဲ့ ဖန်ဆင်းရှင် (The Happy Fellow)
၃၄။ ရှမ်ပိန် (Champagne)
၃၅။ လွဲချက်က နာ (The Plan That Failed)
၃၆။ ယိမ်းသမလေး ပါရှာ (The Chorus Girl)
၃၇။ ကဝေမ (The Witch)
၃၈။ သုခရိပ်ငြိမ် (The New Villa)
၃၉။ ချစ်ချစ် (The Darling)
၄၀။ အိပ်မက်ပမာ (The Dream)
၄၁။ မုဆိုး (The Huntsman)
၄၂။ ပျော်ရွှင်ခြင်းဟူသည် (Happiness)
၄၃။ အိပ်ချင်တယ် (Sleepy)
◾ ◾ ◾
ပထမပိုင်း (သို့မဟုတ်) ချက်ကော့ဗ်နှင့် ပတ်သက်၍ (ထိုအနမ်းမှ)
(၁)
ကျွန်တော့်တွင် ပင်ဂွင်းစာအုပ်တိုက် နှစ် (၇၀) ပြည့်နှစ် ၂၀၀၅ က ထုတ်သည့် Pocket Penguin ဝတ္ထုတိုပေါင်းချုပ်ကလေးများ လေးငါးအုပ် ရထားသည်။ ပင်ဂွင်း၏ထူးခြားသော စိတ်ကူးဟု ဆိုရမည်။ ကမ္ဘာကျော် ဝတ္ထုတိုဆရာများ၏ ဝတ္ထုများထဲမှ သူတို့အကြိုက်ဆုံး ရွေးထားပြီး စာအုပ်ကလေးများ ဖန်တီးပေးခြင်း ဖြစ်သည်။ ပင်ဂွင်းက ရွေးသည့် လက်ရွေးစင်ဆိုတော့ အဆီအနှစ်တွေချည်းပဲပေါ့။ စာအုပ်ကလေးတွေက ပါးပါးသေးသေးကလေးတွေ။ တကယ့် အိတ်ဆောင်။ ဝတ္ထုလတ်ဆိုလျှင် နှစ်ပုဒ်၊ ဝတ္ထုတိုဆိုလျှင် သုံးပုဒ်၊ လေးပုဒ် စသည်ဖြင့်။ တန်ဖိုးက တပေါင်ခွဲ။ ကနေဒီယန် လေးဒေါ်လာ။
ဂျွန်စတိန်းဘက်၊ ချက်ကော့ဗ်၊ မော်ပါဆွန်း၊ ဂါစီယာမားကွက်ဇ်၊ အိတ်ချ်ဂျီဝဲလ်စ်နှင့် အခြား ကမ္ဘာကျော်တို့၏ ဝတ္ထုတိုများ ဖြစ်သည်။ ဂျွန်စတိန်းဘက် လေးပုဒ်ကို ဘာသာပြန်ပြီး မဂ္ဂဇင်းများ ပို့ဖြစ်သည်။ လုံးချင်းထုတ်ဖို့ကျတော့ ပါးလွန်းနေသည်။ သို့သော် ‘ဂန္ဓမာနှင့် အခြားဝတ္ထုတိုများ’ ကို စာနဒီ စာအုပ်တိုက်က Nobel Myanmar ရက်ပိုင်းက ထွက်ဖြစ်လိုက်သည်။
ချက်ကော့ဗ်၏ The Kiss နှင့် A visit to Friends ဝတ္ထုလတ် နှစ်ပုဒ် ပါသည်။ အဆိုပါ Pocket Penguin ကိုလည်း အလားတူ ကျွန်တော် ဘာသာ ပြန်ဖြစ်ပါသည်။ ထိုနှစ်ပုဒ်ကို ကံ့ကော်ဝတ်ရည် က ဆယ်ချိုးနှင့် ထုတ်မည် ဆိုသောအခါ ပါးလွန်းနေသဖြင့် ၂၀၀၆ ခုနှစ်က Quality မှ ထွက်ထားသည့် ‘ဝံပုလွေနှင့် အခြားဝတ္ထုတို’ များမှ ဆယ့်တပုဒ်၊ နောက်ထပ် နှစ်ပုဒ် (လူကြီးကတိ One of life's Trivia နှင့် လူထူးလူဆန်း Extraordinary man) ထပ်ဖြည့်ပြီး စုစုပေါင်း ၁၅ ပုဒ်သည် ယခု ‘ထိုအနမ်းနှင့် အခြားဝတ္ထုတိုများ’ အမည်ဖြင့် ထွက်လာခြင်း ဖြစ်ပါသည်။
(၂)
ဝတ္ထုတိုဘုရင်များတွင် တဆူအပါအဝင် ဖြစ်သော ချက်ကော့ဗ်ကို ကျွန်တော်တို့ စွဲစွဲလမ်းလမ်း ဖတ်ခဲ့ကြပါသည်။ သူ့ဩဇာ ဘယ်လောက်ကြီးသည်ကို The Reader ရုပ်ရှင်ကားတွင် ထပ်တွေ့ရသည်။ ကျိန်စာသင့် အတိတ်ချစ်ဆိပ်ရည်ချို (လင်းလွန်းခင်) အမည်ဖြင့် ကျွန်တော် ပြန်ခဲ့ပါသည်။ မင်းသမီးက ထိုကားတွင် အော်စကာဆု ထပ်ရသည့် ကိတ်ဝင်းစလက်။ ဟန်နာရှမစ် (ကိတ်ဝင်းစလက်) က ဇာတ်လမ်းထဲတွင် စာမတတ်သူ နာဇီသုံ့ပန်းစခန်း အစောင့်အဖြစ် သရုပ်ဆောင် ရသည်။ စာမတတ်သည်ကို ဖုံးကွယ်ထားပြီး ထောင်ဒဏ် တသက်တကျွန်း ကျခံလိုက်သည်။ ထောင်ထဲရောက်မှ ချစ်သူ၏ အကူအညီဖြင့် ကက်ဆက်ကလေးတလုံးနှင့် စာ စ,သင်သည်။ သူ ပထမဆုံး အရေး၊ အဖတ် စ,သင်သည့် စာအုပ်မှာ ချက်ကော့ဗ်၏ The Lady with the Dog (ခွေးကလေးနှင့် မိန်းမငယ်)။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၃ဝ ကျော်က ရေးခဲ့သော ‘ခွေးကလေးနှင့် မိန်းမငယ်’ သည် ယနေ့တိုင် ကမ္ဘာ့စာဖတ်ပြည်သူတို့၏ နှလုံးသားကို ညှို့ယူဖမ်းစားနေဆဲ ဖြစ်သည်။ ထို့ကြောင့်ပင် ယနေ့ ဂျာမနီ စာရေးဆရာ ဘားနတ်ဒ်ရှာလင့်က သူ၏ The Reader ဝတ္ထုတွင် The Lady with the Dog ကို အလေးအမြတ်ပြုပြီး ထည့်သုံးသွားခြင်း ဖြစ်လေသည်။ ချက်ကော့ဗ်ဆိုသည့် စာရေးဆရာသည် ဘယ်လို လူစားမျိုးပါလဲ။
(၃)
ရုရှားတွင် ချက်ကော့ဗ်၊ ပြင်သစ်တွင် မိုပါဆွန်း၊ အမေရိကန်တွင် အိုဟင်နရီ သူတို့သုံးဦးသည် ကမ္ဘာကျော် ဝတ္ထုတိုဘုရင်များဟု အသိအမှတ် ပြုခံရသူများ ဖြစ်သည်။ သူတို့သုံးဦးထဲမှ ချက်ကော့ဗ်၏ ထူးခြားမှုမှာ သူ့ခေတ် သူ့အခါက အတွေ့အကြုံများ၊ သူ့ခေတ်အား သရော် လှောင်ပြောင်ချက်များသည် ယနေ့ခေတ်ကို ကြည့်ပြီး ပြောနေသကဲ့သို့ လတ်ဆတ်နေသေး၊ ခေတ်မီနေသေးခြင်း ဖြစ်သည်။
ချက်ကော့ဗ်သည် အလွန်ရိုးသားသည့် ဘဝပိုင်ရှင် ဖြစ်သည်။ အခြား ရုရှားစာရေးဆရာ များ၏ ဘဝအထွေထွေလို ပြောစမှတ်ပြုစရာ၊ စာဖွဲ့လောက်စရာ မရှိသလောက်ပင်။ သူက အလုပ် ကြိုးစားသည်။ ကြိုးစားသဖြင့် အောင်မြင်သည်။ ပြီးတော့ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားသည်။
အေ၊ ပီ၊ ချက်ကော့ဗ်ကို ၁၈၆ဝ တွင် ရုရှားပြည် တောင်ပိုင်းမှ အလွန်ခေါင်သည့် မြို့ကလေးတမြို့၌ မွေးဖွားခဲ့သည်။ ချက်ကော့ဗ်၏ အဘိုးသည် မြေကျွန်တဦး ဖြစ်သည်။ အဘိုးလုပ်သူသည် ၁၈၆၂ ခုနှစ် ကျွန်စနစ် မဖျက်သိမ်းမီကပင် မိသားစုကို အနှောင်အဖွဲ့မှ လွတ်မြောက်အောင် ရုန်းကန် လှုပ်ရှားခဲ့သည်။
အဖေ့လက်ထက်တွင် ကုန်စုံဆိုင်ကလေး တဆိုင်ကို ပိုင်ဆိုင်ခဲ့သည်။ တောမြို့ကလေးဖြစ်၍ ကုန်စုံဆိုင်ကလေးမှာ လူစည်ကားသည့် ကလပ်ကလေးလို ဖြစ်လာခဲ့သည်။ သည်စကားဝိုင်းများမှ ဇာတ်လမ်းများသည် ချက်ကော့ဗ်ကလေးအတွက် ကုန်ကြမ်းများ ဖြစ်လာသည်။ နောင်တွင် ဝတ္ထုတို များ ဖြစ်လာသည်။ ဇာတိမြို့ကလေး၌ ၁၈၇၉ ခုနှစ်တွင် ဆယ်တန်းအောင်သည့်အခါ မော်စကိုတွင် ဆေးကျောင်းဆက်တက်သည်။ ဆေးကျောင်းသားဘဝတွင် ချက်ကော့ဗ် စာပေလောကထဲ ရောက်ဖို့ ကံကြမ္မာက ဖန်လာလေသည်။
အိမ်က ငွေမှန်မှန်မပို့နိုင်။ ဤသို့ဖြင့် ဆေးကျောင်းသားကလေးသည် ကလောင်ကို ကိုင်ကာ ကျောင်းစရိတ် ရှာခဲ့ရသည်။ သူ စရေးသည့် ဝတ္ထုတိုကလေးများသည် စာကလေးနှုတ်သီးထက်ပင် တိုသေးသည်ဟု ချက်ကော့ဗ်က ပြောတတ်သည်။ အခြားနာမည်တခုဖြင့် ဟာသစာစောင်ကလေး များတွင် စတင် ရေးသားခြင်း ဖြစ်၏။
သူ့ဟာသတွေက ထိရောက်သည်။ ပြောင်မြောက်သည်။ ရုရှား ဗျူရိုကရေစီစနစ်ကို ထဲထဲဝင်ဝင် သရော်သည်။ အရာရှိများ၏ စာရိတ္တ ချို့ယွင်းမှုကို ပြောင်ပြောင်တင်းတင်း နောက်ပြောင်သည်။
ဟာသစာရေးဆရာအဖြစ် ပရိသတ်က သူ့ကို အသိအမှတ်ပြုတော့ အံ့ဩခြင်းနှင့်အတူ အားတက်ရသည်။ ဤသို့ဖြင့် ဆရာဝန် ဖြစ်လာသည့်တိုင်အောင် ဝတ္ထုတွေ ဆက်ရေးဖြစ်သည်။
“ဆေးပညာက ကျွန်တော့် တရားဝင်ဇနီး၊ စာရေးခြင်းက အပျော် ချစ်သူပါ” ဟု ဆိုသည့်စကားကို ထိုစဉ်က သူ ပြောခဲ့ခြင်း ဖြစ်သည်။
သို့သော် တရားဝင်ဇနီးအပေါ် ချက်ကော့ဗ် မကြာခင် သစ္စာသွေဖည်ခဲ့လေသည်။ ‘ဒေါက်တာ အေ၊ ပီ၊ ချက်ကော့ဗ်’ ဟူသည့် ဆိုင်းဘုတ်ကလေး ဘယ်ရောက်သွားမှန်း မသိတော့။ မလွှဲသာ မရှောင်သာသည့်အခါတွင်သာ ဆေးအိတ်ကို ကိုင်တော့သည်။
သို့သော် လူနာတွေအပေါ် ထားရှိအပ်သည့် စိတ်စေတနာမျိုး၊ ခွဲစိတ်သည့်အခါ တိကျမှုမျိုးဖြင့် ဝတ္ထုတွေ ရေးသည်။ သို့သော် ခေတ်ပြိုင် စာရေးဆရာများ ဖြစ်ကြသည့် ဂေါ်ကီတို့၊ ကူပရင်တို့၏ လက်ရာများမှာလို သူ့ဝတ္ထုများတွင် တော်လှန်သော အတွေးအခေါ် မပါရှိခြင်းအတွက် အဝေဖန် ခံရသည်။ သူ့ဇာတ်ကောင်များကို သူက ဘယ်တော့မှ ကြိုးမကိုင်။ သူ့တသက်တွင် တခါသာ အစိုးရနှင့် ဆန့်ကျင်ဖူးသည်။ ဂေါ်ကီကို ရုရှားသိပ္ပံအကယ်ဒမီ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်လိုက် သဖြင့် ၁၉ဝ၂ ခုနှစ်တွင် သူကပါ နုတ်ထွက်စာ တင်လိုက်ခြင်း ဖြစ်သည်။
တိုးတက်သော စာပေအယူအဆ တိုက်ပွဲတွင် သူ မပါရကောင်းလားဆိုပြီး ဝေဖန်သူများအား ချက်ကော့ဗ်က ဤသို့ တုံ့ပြန်သည်။
“ကျုပ်က လစ်ဘရယ်လဲ မဟုတ်ဘူး၊ ကွန်ဆာဗေးတစ်လဲ မဟုတ်ဘူး၊ ဘာသာရေးသမားလဲ မဟုတ်ဘူး၊ ဓမ္မန္တရာယ်လဲ မဟုတ်ဘူး၊ လွတ်လပ်မှု အပြည့်နဲ့ စာရေးဆရာပဲ ဖြစ်ချင်တယ်”
သူ့ကို လေးစားသည့် သူ့ပရိသတ်တဦးဆီသို့ ရေးသည့် ပြန်စာတစောင်တွင် ဤသို့ ဖော်ပြ ပြန်ကြားခဲ့ဖူးသည်။
“ကျွန်တော့်ကို သိပ်အထင်မကြီးပါနဲ့၊ ကျွန်တော့်ကိုယ် ကျွန်တော်လဲ အထင်မကြီးပါဘူး။ ကျွန်တော် ဝတ္ထုတွေ ရေးနေတာဟာ သတင်းထောက် တယောက် ရပ်ကွက်မီးလောင်တဲ့ သတင်း ရေးသလို တွန်းရေးချသွားတာပါ။ စာဖတ်သူအတွက်ရော ကျွန်တော့်အတွက်ပါ သိပ်စဉ်းစားပြီး ရေးတာ မဟုတ်ပါဘူး”
ချက်ကော့ဗ်သည် ရုရှား၏ ခေတ်စမ်း ဝတ္ထုတိုဆရာ ဖြစ်သည်။ တိုရှင်း လိုရင်း အဖွဲ့အနွဲ့ဖြင့် ရုရှားစာပေလောကကို တခေတ်ဆန်းစေခဲ့သူ ဖြစ်သည်။ ထို့ကြောင့်ပင် သူ့ရေးဟန်သည် Chekhovism အဖြစ် ကမ္ဘာ့ဝတ္ထုတိုလောကတွင် ထင်ရှားခဲ့ခြင်း ဖြစ်လေသည်။
(၄)
ဤနေရာတွင် ဆရာသိန်းဖေမြင့်၏ ‘တပေါင်းလ၏ဩဇာနှင့် ဆရာအိုပြဿနာ’ မှ ဆရာ့ အယူအဆနှင့် ဆင်ဆင်တူသည်ဟု ကျွန်တော် ထင်ပါသည်။ ဆရာ ဇော်ဂျီက ‘စာရေးဆရာသည် စိတ်ဖောက်ပြန်တာတွေ ရေးရန် မဟုတ်။ ဖောက်ပြန်တတ်သော စိတ်ကို နိုင်နင်းစွာ ပဲ့ပြင်နိုင်ပုံ တို့ကိုသာ ရေးသင့်ကြောင်း’ ပြောဖူးသည် ဆို၏။ ဆရာသိန်းဖေမြင့်က ‘တပေါင်း ပတ်ဝန်းကျင်သည် ကျွန်တော့်အပေါ် သက်ရောက်လာသည်။ ကျွန်တော့်တွင် တပေါင်းစိတ်ကူးနှင့် ခံစားမှုများကို မူတည်ကာ ‘ဆရာအို’ ကို ဖန်ဆင်းလိုက်ခြင်း ဖြစ်ပါသည်’ ဟူ၍လည်းကောင်း၊ ‘ဆရာအို၏ လွမ်းဆွတ်တသခွင့်၊ စိတ်ကူး ကွန့်မြူးခွင့်၊ စိတ်ဖောက်ပြန်ခွင့်တို့ကား ကျွန်တော်တို့ စာရေးဆရာများက မချုပ်ချယ်သင့်သော အခြေခံလူ့ဘဝ အခွင့်အရေးပေတည်း’ ဟူ၍လည်းကောင်း ကလောင် လွတ်လပ်ခွင့်အကြောင်းကို ရှင်းပြထားသည်။
ချက်ကော့ဗ်က မိုပါဆွန်းကို လေးစားသည်။ သူ့ဝတ္ထုတွေကို ရုရှားဘာသာသို့ ဘာသာပြန်ဖို့ပင် ကြိုးစားခဲ့ဖူးသည်။
မိုပါဆွန်း၏ရိုးသားမှု၊ စကားလုံး ကျစ်လျစ်သိပ်သည်းမှုနှင့် ဇာတ်အိမ် တည်ဆောက်မှုတို့ကို ချက်ကော့ဗ်က အတုယူသည်။ တဖြည်းဖြည်း နာမည်ရလာသောအခါ အဓိကရ မဂ္ဂဇင်းကြီးတွေနှင့် ဆက်သွယ်ပြီး ဝတ္ထုတွေ ပို့သည်။ ပထမဦးဆုံးအဖြစ် ငွေနှင့် ကြေးနှင့် ဖြစ်လာသည်။ ကော့ကေးဆပ်၊ ကရိုင်းမီးယားနှင့် ဗော်လ်ဂါမြစ်ရိုးတလျှောက် ခရီးတွေ ထွက်သည်။ သည်ကရသည့် ကုန်ကြမ်းများဖြင့် ပြဇာတ်တွေ စရေးသည်။
Ivanov, The Wood Demon နှင့် Uncle Vanya တို့မှာ ထင်ရှားသည်။ ၁၈၈၈ ခုနှစ်တွင် ထွက်သည့် ဝတ္ထုတိုပေါင်းချုပ်အတွက် ပွတ်ရှ်ကင် စာပေဆု ရသည်။ ချက်ကော့ဗ်၏ ဘဝအဆစ်အပိုင်းများတွင် မြို့စားကြီး လီယိုတော်လ်စတွိုင်းနှင့် မိတ်ဆွေဖြစ်ရသည့် ကာလသည် အလွန်အရေးပါသည်။ ဆရာကြီး၏ အနုပညာနှင့် ယဉ်ကျေးမှုအမြင်တို့မှာ ပြင်းထန်လွန်းသဖြင့် ချက်ကော့ဗ်အတွက် စိမ်းနေသည်။
သို့သော် ဆရာကြီးက သူ့ဝတ္ထုတွေကို ကြိုက်သည်။ ပြဇာတ်တွေကို ပိုကြိုက်သည်။ သို့သော် ပိုသွက်စေချင်ကြောင်း အကြံပြုသည်။ “မင်း ဇာတ်ကောင်တွေက ဆိုဖာပေါ် လှဲအိပ်လိုက်၊ အဝတ်ဗီရိုဆီ ထသွားလိုက်နဲ့ အခန်းထဲမှာပဲ လည်နေတယ်၊ လောကကြီးထဲကို ထွက်သွားပါစေကွာ” ဟု ဝေဖန်ဖူးသည်။
(၅)
ချက်ကော့ဗ်သည် ယာစနယာ၊ ပေါ်လယနာ၏ ပုံမှန်ဧည့်သည် ဖြစ်သည်။ တော်လ်စတွိုင်း၏ ပိုင်စားမြေပေါ်မှ သစ်တောတွေထဲတွင် လမ်းလျှောက်ရင်း အေးအေးလူလူ စကားပြောခဲ့ကြသည်။ နှစ်ယောက်သား အမေရိကန်သို့ သွားဖို့ပင် စီစဉ်ခဲ့ကြဖူးသည်။ သည်နေရာတွင် ချက်ကော့ဗ်၏ Chekhovism နှင့် ဆရာ (ဦး) သိန်းဖေမြင့်၏ အယူအဆ တူသလို ချက်ကော့ဗ်နှင့် မိုပါဆွန်း၏ အယူအဆလည်း ဆင်ဆင်တူပါသည်။
ဆရာမောင်ထင် ဘာသာပြန်သည့် ‘မိုပါဆွန်း ဝတ္ထုတိုများ’ နိဒါန်းတွင် မိုပါဆွန်း၏ စာပေ အယူအဆကို ဤသို့ ရေးခဲ့သည်။
“မိုပါဆွန်းသည် လူ့ဘဝ၌ တွေ့ကြုံရသော အနိဋ္ဌာရုံတို့ကို ကွင်းကွင်းကွက်ကွက် ထင်လွယ် မြင်လွယ်အောင် တင်ပြတတ်သည်။ ဤသို့ တင်ပြရာဝယ် တရားကျကြပါစေ ဟူသော ရည်ရွယ်ချက်ဖြင့် ဆိုဆုံးမခြင်းကို မပြု။ ပကတိ အမှန်ကို အမှန်အတိုင်း ထင်စေ မြင်စေအောင် သရုပ်ဖော်ပြခြင်းမျှသာ ဖြစ်၏” ဟု ဆိုကြသည်။ အဓိပ္ပာယ်မှာ မိုပါဆွန်း၏ စာသံ ပေသံတို့၌ ဓမ္မကထိက လေသံ မပါ။ လူ့လောကအကြောင်းကို ဒိဋ္ဌမြင်စေသတည်း ဟူသော ရည်ရွယ်ချက်သာ ပါသည်ဟု ဆိုလိုခြင်း ဖြစ်၏။
သို့ရာတွင် အသေအချာ စဉ်းစားကြည့်လျှင် မိုပါဆွန်း၌ စာရေးဆရာတို့၏ မူလစေတနာ ရှိမြဲ ရှိသည်ဟု တွေ့ရမည်။
စာရေးဆရာတို့၏စေတနာမှာ ထုတ်ဖော်ပြောသည် ဖြစ်စေ၊ မပြောသည်ဖြစ်စေ လောက ကောင်းကျိုးကို ရှေးရှုသော စေတနာပင် ဖြစ်သည်။ မိုပါဆွန်းက ဒိဋ္ဌဓမ္မကို တင်ပြသောအခါ စာဖတ်သူတို့ တရားကျပါစေ ဟူသော ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိရောက် ပြောင်မြောက်သော အဖွဲ့အနွဲ့ကို လိုက်၍ စာဖတ်သူတို့က တရားသံဝေ ယူသင့်သည်တို့ကို ယူကြစမြဲ ဖြစ်သည်။ ထို့ကြောင့် မိုပါဆွန်းသည် လူတို့၏ လောဘ၊ ဒေါသ၊ မောဟ၊ မာန စသော စရိုက်တို့ကို ဖွဲ့ရာ၌ တစုံတခုသော ဥပဒေသကို မညွှန်ပြသော်လည်း သူ့စာကို လေးလေးနက်နက် လေ့လာလျှင် ဒုက္ခကို ဒုက္ခမှန်း သိရသည်နှင့်ပင် တရားကျဖွယ်ရာ ဖြစ်လာရပေသည်။”
(၆)
၁၈၉၇ ခုနှစ်တွင် ချက်ကော့ဗ် သွေးအန်သဖြင့် ဆေးရုံတက်ရသည်။ ဆရာဝန်တွေ ရှာဖွေတွေ့ရှိသည့် ရောဂါအမည်ကို ချက်ကော့ဗ်က လက်မခံ။ အမြဲသွေးစွန်းနေသည့် လက်ကိုင်ပဝါကို မိဘတွေ မမြင်အောင် ဝှက်ထားသည်။
နောက်ဆုံး ပြင်သစ်ပြည် တောင်ပိုင်းတွင် သွားအနားယူဖို့ ဆရာဝန်ကြီးတွေ စီစဉ်ပေးသည်ကိုတော့ သူ လက်ခံသည်။ ပါရီတွင် ခဏနေရချိန်တွင် ချက်ကော့ဗ်သည် နိုင်ငံရေးကို စိတ်ဝင်စားရမှန်း သိလာသည်။
အဓမ္မကို ဆန့်ကျင်၍ ဓမ္မဘက်မှ ရပ်ပြီး စာနာစိတ်ဖြင့် ပါဝင်ချင်လာသည်။ ဤသို့ ဖြစ်လာခြင်းမှာ ပြင်သစ်စာရေးဆရာကြီး အီမီးလ်ဇိုလာကြောင့် ဖြစ်သည်။ ဇိုလာပေးသဖြင့် J'accuse ကို ဖတ်ရတော့ “လေကောင်းလေသန့် ရှူလိုက်ရသလိုပဲ” ဟု သူက မှတ်ချက်ချဖူးသည်။ အချိန်မှာ အပြစ်မရှိဘဲ နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ထောင်ဒဏ် တသက်တကျွန်း အပြစ်ပေးခံရသည့် ဂျူးလူမျိုး ဗိုလ်ကြီးဒရိုင်းဖတ်စ် လွတ်မြောက်ရေးအတွက် ဇိုလာတို့ စာရေးဆရာတွေ၊ ပန်းချီဆရာတွေ တိုက်ပွဲဝင်နေချိန် ဖြစ်သည်။ (ဗိုလ်ကြီး ဒရိုင်းဖတ်စ် လွတ်လာပြီး ရာထူးပြန်ရသည်။ ဇိုလာ ထောင်နန်း စံရသည်။)
ရုရှားကို ပြန်ရောက်တော့ ကျန်းမာရေး အခြေအနေအရ မော်စကိုမှ ယော်လ်တာ ပင်လယ်ကမ်းခြေ မြို့ကလေးသို့ ပြောင်းနေရသည်။ ယော်လ်တာတွင် ချက်ကော့ဗ် မပျော်။ ပင်လယ်ညည်းသံကို စိတ်ပျက်သည်။အပေါင်းအသင်းများရှိရာ မော်စကိုကိုသာ လွမ်းနေသည်။ ယော်လ်တာတွင် ရေးသည့် ဝတ္ထုများသည် ငြီးငွေ့ဖွယ်ရာများ၊ တမ်းတဖွယ်ရာများ၊ သေခြင်းတရားကို ငြင်းပယ်သည့် အတွေးအမြင်များ လွှမ်းနေသည်။
အစောပိုင်းက ရေးထားသည့် Seagull ပြဇာတ်ကို ယော်လ်တာတွင် ပြန်ရေးသည်။ Seagull အပါအဝင် Uncle Vanya, Three Sisters, လွမ်းမောဖွယ် Cherry Orchard တို့မှာ မော်စကိုဇာတ်ရုံများတွင် လူကြိုက်အများဆုံး ပြဇာတ်များ ဖြစ်လာသည်။ ထိုမှတဆင့် ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ပျံ့နှံ့ကာ ချက်ကော့ဗ်သည် ဝတ္ထုတိုဆရာအဖြစ် ကျော်ကြားသလို ပြဇာတ်ရေးဆရာ အဖြစ်လည်း ထိတ်ထိတ်ကြဲ ဖြစ်လာတော့သည်။
မော်စကို ပြဇာတ်အဖွဲ့သားများက ယော်လ်တာသို့ သွားရောက်ပြီး လူမမာ စာရေးဆရာအား အသုံးတော်ခံ ကပြကြသည်။ စာမျက်နှာများပေါ်မှ ရုပ်လုံးကြွလာသည့် ဇာတ်ကောင်များကို ကြည့်ပြီး ချက်ကော့ဗ် ပျော်သွားသည်။ ၁၉၀၂ ခုနှစ်တွင် သူ့ပြဇာတ်များမှ ပြဇာတ်မင်းသမီးကလေး အိုလ်ဂါနစ်ပါနှင့် လက်ထပ်ဖြစ်သည်။ ပျားရည်ဆမ်းကာလတွင်သာ အတူနေလိုက်ရပြီး နောက်ပိုင်းတွင် မောင်က တရွာ၊ မယ်မှာ တမြို့ ဖြစ်ရတော့သည်။ စာရေးဆရာက ယော်လ်တာ ပင်လယ်ကမ်းခြေမှာ၊ မင်းသမီးက မော်စကို ပြဇာတ်ရုံများမှာ။
ချက်ကော့ဗ်၏ အဆုတ်ရောဂါ ဆိုးသည်ထက် ဆိုးလာသည်။ မော်စကိုမြို့ အနီးသို့ သွားနေရန် ဆရာဝန်များက စီစဉ်ပေးသည်။ ရေးဖော်ရေးဖက်များ ဖြစ်ကြသည့် ဂေါ်ကီ၊ ဘူနင်နှင့် ကူပရင်တို့ သူနှင့် လာနေပေးကြသည်။ ၁၉ဝ၄ ခုနှစ်တွင် အခြေအနေ ပိုဆိုးလာသဖြင့် ဘာဒင်ဝီလာ အပန်းဖြေစခန်းသို့ ပို့ပေးကြသည်။ ရက်သတ္တပတ် အနည်းငယ်အတွင်း ချစ်ဇနီး၏ ရင်ခွင်ထဲတွင် ချက်ကော့ဗ် ကွယ်လွန်သွားရှာသည်။
တင်မောင်မြင့်
◾ ◾ ◾
ဒုတိယပိုင်း
နိဒါန်း
(၁)
ချက်ကော့ဗ်၏ ‘ထိုအနမ်းနှင့် အခြားဝတ္ထုတိုများ’ ၁၅ ပုဒ်ကို ၂၀၁၅ ခုနှစ်တွင် ကံ့ကော်ဝတ်ရည်မှ ထွက်ခဲ့ပါသည်။ ထိုနှစ်နောက်ပိုင်း မဂ္ဂဇင်းများတွင် ကျွန်တော် ဆက်ရေးဖြစ်ခဲ့သည်။ ယင်း ချက်ကော့ဗ်အတိုတွေ လိုက်စုတော့ ၂၁ ပုဒ် ထပ်တွေ့ရသည်။ ချက်ကော့ဗ်ပေါင်းချုပ် ထုတ်ဖို့ ကံ့ကော်ဝတ်ရည်နှင့် တိုင်ပင်ထားသည်မှာ အတန်ကြာပါပြီ။ ထိုအနမ်းတွင် ချက်ကော့ဗ်နှင့် ပတ်သက်၍ ဟူသည့် အမှာမှာ အတော်လေး ပြည့်စုံပါသည်။ ပေါင်းချုပ် ထပ်ထုတ်သည့်အခါ နောက်ထပ် ရေးဖို့ မလိုလောက်အောင် ပြည့်စုံသည် ထင်ပါသည်။ သို့သော် ကျွန်တော်က ကျွန်တော်ကြိုက်သည့် ချက်ကော့ဗ် အတိုရှစ်ပုဒ် ထပ်ပြန်သဖြင့် နောက်ဆက်တွဲ အမှာ ရေးဖို့ ဖြစ်လာတော့သည်။
(၂)
ချက်ကော့ဗ် ဝတ္ထုတွေကို ဆရာ့ ဆရာတွေ တော်တော်များများ ဘာသာပြန်ခဲ့ကြပြီး ဖြစ်သည်။ ယခု အသစ် ထပ်ပြန်ဖြစ်သည့် ရှစ်ပုဒ်နှင့် ပတ်သက်၍ ပြောချင်တာလေးတွေ ပေါ်လာသည်။ ရုရှားကာလပေါ်တွေ၊ ဂန္ထဝင်ကြီးတွေကိုလည်း ကျွန်တော်တို့၏ ဆရာ့ ဆရာများ အတော်များများ ဘာသာပြန်ပြီးခဲ့ကြပြီ။ ထိုနေရာတွင် ရုရှားမှ အင်္ဂလိပ်ဘာသာပြန်များကို ပြန်ဆိုကြရခြင်း ဖြစ်၍ အင်္ဂလိပ်ဘာသာပြန်တွေ ကောင်းဖို့ အရေးကြီးပါသည်။ ယင်းတို့ သိပ်မနိပ်လျှင် မြန်မာဘာသာပြန် လည်း နှိပ်ဖို့ မလွယ်တော့ပါ။
စစ်နှင့် ငြိမ်းချမ်းရေး ဝတ္ထုကြီးကို ဆရာမြက အင်္ဂလိပ်မူကွဲ လေးအုပ် ဖတ်ခဲ့ရကြောင်း အတွဲ (၁၂) နောက်ဆက်တွဲတွင် ရေးသွားခဲ့ပါသည်။
(နှာ-၄၂၆၈)
ကျွန်တော်သိသလောက် ‘စစ်နှင့် ငြိမ်းချမ်းရေး’ အင်္ဂလိပ်ဘာသာပြန် လေးမျိုးခန့် ရှိသည်။
အစောဆုံးမှာ ဗာဇေတယ်လီ၏ ဘာသာပြန် ဖြစ်သည်။ သို့ရာတွင် ဘာသာပြန်မှာ အလွန်ညံ့သည်။ ထိုစာအုပ် ထုတ်ဝေသောတိုက် ဒေဝါလီ ခံသွားရသည်...
ဟု အစချီပြီး လေးအုပ်စလုံး သူ ဖတ်ခဲ့ရကြောင်း ရှင်းပြထားသည်။ ခုတော့ ခေတ်ပြောင်းခဲ့ပြီ။ ရုရှားဂန္ထဝင်တွေကို အင်္ဂလိပ်ဘာသာပြန်တွေ ဆက်ထွက်နေဆဲ။ ယင်းတို့အထဲမှ ဘာသာပြန်ဆုတွေ ဆက်တိုက်ရနေသည့် ရစ်ချဒ် ပီဗီယာ့စ်နှင့် လာရစ်ဆာဗိုလ်ကွန်စကီ (အမေရိကန်နှင့် ရုရှားသူ) လင်မယား၏ အင်္ဂလိပ်ဘာသာပြန်တွေကို ကျွန်တော် သဘောကျသည့်အတွက် ‘အင်နာ ကာရနီနာ’ နှင့် ‘ပြစ်မှုနှင့် ပြစ်ဒဏ်’ ကို ဘာသာပြန်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။
သည်ဘက်ခေတ်ကျတော့ ရှာလို့ လွယ်သွားပြီ။ AI နှင့် ဂူဂဲလ် ခေါက်လိုက်တော့ ထိုလင်မယား၏ ချက်ကော့ဗ် အင်္ဂလိပ်ဘာသာပြန် ပေါင်းချုပ် တအုပ် ချက်ချင်းရသည်။
ယခု နောက်ဆက်တွဲ၏ နောက်ဆက်တွဲထဲမှ ရှစ်ပုဒ်မှာ ယင်းအတို ပေါင်းချုပ်ထဲမှ ဖြစ်ပါသည်။
တင်မောင်မြင့်
၂-၂-၂၀၂၃
ထိုအနမ်း (The Kiss)
အချိန်မှာ မေလ ၂ဝ ရက်နေ့၊ ည ၈ နာရီ။ အရန်အမြောက်တပ်မမှ တပ်ခွဲ ခြောက်ခွဲစလုံး ဌာနချုပ် ရှိရာသို့ ပြန်လည် ချီတက်လာကြပြီး ‘ဗက်စတက်ကီ’ ရွာကလေးတွင် ညအိပ်ဖို့ စခန်းချရန် ပြင်ဆင်နေကြချိန် ဖြစ်၏။
ရွာကလေးထဲတွင် စစ်သားတွေနှင့် ပြည့်လျှံကာ ဆူညံ ရှုပ်ထွေးနေသည်။ အချို့ အရာရှိတွေက လက်နက်တွေနှင့် အလုပ်ရှုပ်နေကြ၏။ အချို့က ဘုရားရှိခိုးကျောင်းရှေ့မှ ကွက်လပ်ထဲတွင် စုဝေးကာ ယာယီစခန်းချဖို့ နေရာရှာနေကြ၏။ အရပ်ဝတ် အရပ်စားနှင့် လူတယောက်က ထူးထူးဆန်းဆန်း မြင်းတကောင်ကို စီးကာ ဘုရားရှိခိုးကျောင်း နောက်ဘက်မှ ထွက်လာသည်။
သူ့မြင်းက အုန်းခွံရောင် မြင်းပုကလေး ဖြစ်သည်။ အမြီးက တိုနံ့နံ့နှင့်။ လမ်းလျှောက်ပုံက တမျိုး။ ရှေ့တည့်တည့်သို့ သွားနေသည်နှင့် မတူဘဲ ဘေးတိုက်သွားနေသလိုလို။ ခြေနှင့် လက်တွေက ဘောက်ဆတ်ဘောက်ဆတ်နှင့် က,နေသလိုလို။ တစုံတယောက်က သူ့ခြေထောက်တွေကို နံဘေးမှ လိုက်ရိုက်နေသည့်အလား။
မြင်းပုကလေးပေါ်မှ လူက အခြားအရာရှိများ စုရုံးနေရာသို့ ရောက်လာပြီး ဦးထုပ်ကို မြှောက်ကာ ဖိတ်မန္တကပြုသည်။
“ဗိုလ်ကြီးတို့၊ ဗိုလ်မှူးတို့ခင်ဗျား... ဒီရွာမှာ အချမ်းသာဆုံး မြေရှင်သူဌေးကြီး ဒုတိယဗိုလ်ချုပ်ကြီး ဗွန်ရာဘက်က ဒီည လက်ဖက်ရည်ပွဲနဲ့ ဧည့်ခံလိုပါတယ်၊ ကြွရောက်ကြပါ ခင်ဗျား”
မြင်းက အရာရှိတသိုက်ကို ဦးညွှတ်ပြီး လာလမ်းအတိုင်း အကခြေလှမ်းများဖြင့် စောင်းကန်း စောင်းကန်း ပြန်လှည့်သွားသည်။ မြင်းပေါ်မှ ပုဂ္ဂိုလ်က ဦးထုပ်ကို မြှောက်ပြသွားသေးသည်။ ပြီးမှ ဘုရားရှိခိုးကျောင်း နောက်ဘက်တွင် ချက်ချင်း ပျောက်ကွယ်သွားလေသည်။
တည်းခိုရမည့် နေရာအသီးသီးဆီသို့ မြင်းကိုယ်စီဖြင့်သွားနေကြသည့် အရာရှိတသိုက် မကျေမနပ်နှင့် ဗျစ်တောက် ဗျစ်တောက် လုပ်သွားကြသည်။
“အရေးထဲမှာကွာ၊ အိပ်ချင်ရတဲ့အထဲ ဒီဗွန်ရာဘက်ရဲ့ လက်ဖက်ရည်ပွဲက တမှောင့်”
အမြောက်တပ်ခွဲ ခြောက်ခွဲစလုံးမှ အရာရှိတိုင်း သည်ပွဲမျိုးအကြောင်း သိနေကြသည်။ မနှစ်တုန်းက တခါ သူတို့ ခံခဲ့ရပြီးပြီ မဟုတ်လား။ ကော့ဆက်တွေနှင့် တိုက်ပြီး အပြန် ရွာတရွာတွင် စခန်းချရာ မြေပိုင်ရှင် မြို့စားကြီးတဦးက ယခုလိုပင် သူတို့တတွေကို ဖိတ်ကြား ဧည့်ခံသည်။ ထိုမြို့စားကြီး လည်း အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီး တဦးပင်။
အလွန်ဖော်ရွေသော မြို့စားကြီးက သူတို့ကို အစားအသောက်တွေ အလျှံပယ် ကျွေးသည်။ ယာယီစခန်းသို့ ပြန်ချင်နေကြသည့် အရာရှိအားလုံးကို မပြန်စေဘဲ တညလုံး နေဖို့ ဆွဲထားတော့ သူတို့တတွေ အပျော်ကြီး ပျော်သွားကြသည်။
မြို့စားကြီးကလည်း ဝမ်းသာမဆုံး ဖြစ်နေ၏။ သူ၏အတိတ်မှ အတွေ့အကြုံ ဇာတ်လမ်းများကို လူငယ်အရာရှိများအား နံနက်အရုဏ်တက် အချိန်အထိ ပြောပြခွင့် ရသောကြောင့် ဖြစ်သည်။ ပြီးတော့ သူ့စံအိမ်ကြီးကို လျှောက်ပြသည်။ အဖိုးတန် ပန်းချီကားများနှင့် ရှေးဟောင်း ပန်းပုရုပ် များကို အတင်းကြည့်ခိုင်းသည်။ ပြီးတော့ အလွန်ရှားပါးသည့် သေနတ်များ၊ ဂုဏ်ပြု မှတ်တမ်းလွှာ များ စသည်ဖြင့် မပြီးနိုင်တော့။ သူတို့အားလုံး ဟန်မဆောင်နိုင်လောက်အောင် အိပ်ငိုက်နေကြပြီ။ သို့သော် သူပြောသမျှ နားထောင်နေရဆဲ၊ သူ ပြသမျှ လိုက်ကြည့်နေရဆဲ။ အားလုံး တဝါးဝါး သမ်းလျက်။ စခန်းကို ပြန်ရောက်တော့ အိပ်ချိန် လွန်သွားပြီ။
ယခုလည်း ဗွန်ရာဘက်ဆိုသူက ဖိတ်ကြားနေပြန်ပြီ။ တပုံစံတည်းပင် ဖြစ်မည်ထင်၏။ သို့သော် သူတို့အားလုံး သွားဖို့ ပြင်ဆင်ကြသည်။ ဗိုလ်ချုပ်ဟောင်း သူဌေးကြီးအိမ်ကို သွားရမှာမို့ အကောင်းဆုံး ယူနီဖောင်းများကို ထုတ်ဝတ်ကာ အပြတ် သသွားကြသည်။
ဘုရားရှိခိုးကျောင်းရှေ့ ကွက်လပ်တွင် သူတို့ စုမိကြသည်။
မြို့စားကြီးအိမ်သို့ သွားရာ လမ်းနှစ်သွယ်ရှိကြောင်း သိရ၏။ အောက်လမ်းက ဘုရားရှိခိုးကျောင်း နောက်ဘက် မြစ်ရိုးအတိုင်း လိုက်ရမည့်လမ်း ဖြစ်ပြီး မြို့စားကြီး၏ ပန်းခြံသို့ တန်းရောက်သည်။
နောက်တလမ်းမှာ အပေါ်လမ်း ဖြစ်၏။ သည်လမ်းက သွားလျှင် လေးဖာလုံခန့် ဝေးသည်။ မြို့စားကြီး၏အိမ်မှာ စပါးကျီတွေ၊ မြင်းဇောင်းတွေ ဝန်းရံထားသည့် ကျေးလက်စံအိမ်ကြီး ဖြစ်သည်။ ဒုတိယလမ်းကို သူတို့ ရွေးလိုက်ကြ၏။
လမ်းတွင် သူတို့အချင်းချင်း ငြင်းသွားကြသည်။ ဗွန်ရာဘက် ဆိုတာ ဘယ်သူလဲ။
“ပလက်ဗနာမြင်းတပ်ရဲ့ဗိုလ်ချုပ်လား”
“ဟာ... မဟုတ်တာ၊ အဲဒီဗိုလ်ချုပ်က ဗွန်ရာဘက် မဟုတ်ပါဘူး၊ ရက်ဘီပါ၊ ပြီးတော့ ‘ဗွန်’ မပါပါဘူး”
“တော်သေးတာပေါ့ကွာ၊ ရာသီဥတုက ကောင်းနေလို့”
တနေရာရောက်တော့ လမ်းနှစ်မြွှာ ကွဲသွားသည်။ တလမ်းက ရှေ့သို့ တည့်တည့် ဦးတည်ပြီး အမှောင်ထဲတွင် ပျောက်ကွယ်သွားသည်။ တလမ်းက လက်ယာဘက်ရှိ မြို့စားကြီးအိမ်သို့ ဦးတိုက်သွားသည်။ စစ်ဗိုလ်တသိုက်က ညာဘက်လမ်းအတိုင်း လိုက်သွားပြီး အသံနှိမ့်လိုက်ကြ သည်။ လမ်းတဖက်တချက်တွင် ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသည့် မြင်းဇောင်းတွေ၊ ဂိုဒေါင်တွေ ရှိသည်။ အားလုံး အနီရောင် အုတ်ကြွပ်မိုးတွေ။ တောရွာများတွင် တွေ့ရတတ်သည့် စစ်တန်းလျားများနှင့် တူ၏။ လမ်းအဆုံးတွင်တော့ ပြတင်းပေါက်များမှ မီးရောင်တွေ ဖြာထွက်နေသည့် ဧရာမ စံအိမ်ကြီး။
အရာရှိတယောက်က စကားစသည်။
“နိမိတ်တော့ ကောင်းနေပြီ ရဲဘော်တို့ရေ... ဟိုမှာ တို့ အနံ့ခံ အမဲလိုက် ခွေးကလေး ပြေးနေတာ တွေ့လား၊ အဲဒါ သူ ပျော်စရာအနံ့ ရလို့ပေါ့ကွ”
ဗိုလ်လေး လိုဘိုက်ကိုမှာ အရပ်အမောင်း ကောင်းပြီး ယောက်ျားပီသသည့် ကိုယ်နေဟန်ရှိသူ ဖြစ်သည်။ နှစ်ဆယ့်ငါးနှစ်အရွယ် ရောက်သည့်တိုင်အောင် သူ့မျက်နှာတွင် အမွေးအမှင် မပေါက်သေးသူ ဖြစ်၏။ သူက အားလုံးကို ကျော်ပြီး ရှေ့ဆုံးမှ စီးသွားနေသည်။ သူက နာမည်တလုံးနှင့် နေသူဖြစ်၏ တပ်ရင်းတွင် သူ့လောက် မိန်းမအနံ့ခံကောင်းသူ မရှိ။ မိုင်ပေါင်းများစွာ အဝေးမှနေ၍ ဘယ်အရပ်တွင် မိန်းမရှိသည်ကို ကောင်းကောင်း အနံ့ခံနိုင်သူ ဖြစ်သည်။ သူက ရပ်ပြီး နောက်မှ အဖော်များကို လှမ်းပြောသည်။
“သေချာတယ်၊ ကျွန်တော့်စိတ်ထဲက အလိုလို သိနေပြီ။ အဲဒီမှာ အမျိုးသမီးတွေ ရှိကို ရှိရမယ်”
စစ်ဗိုလ်တသိုက်ကို ဗွန်ရာဘက်က အိမ်ရှေ့မှ ထွက်ကြိုနေသည်။ လူက ဥပဓိရုပ်ကောင်းကောင်း၊ အသက် ခြောက်ဆယ်ခန့်။ အရပ်ဝတ်နှင့် ကြည့်ကောင်းသူ ဖြစ်သည်။
သူက ဧည့်သည်စစ်ဗိုလ်တွေကို တယောက်ချင်း လက်ဆွဲနှုတ်ဆက်ရင်း ခုလို ဧည့်ခံခွင့် ရသည့် အတွက် ဘယ်လောက် ဝမ်းသာကြောင်း တတွတ်တွတ် ပြောနေ၏။ တပြိုင်တည်းတွင် ညအိပ်ညနေ တည်းခိုခွင့် မပြုနိုင်သည့်အတွက် စိတ်မကောင်းကြောင်းကိုလည်း အကြိမ်ကြိမ် ရှင်းပြနေသည်။
သူ့ညီမနှစ်ယောက် ကလေးတပြုံကြီးနှင့် ရောက်နေကြကြောင်း၊ သူ့ညီတွေနှင့် အိမ်နီးနားချင်းတွေ လည်း အိမ်တွင် ရှိနေသဖြင့် အခန်းပို အခန်းလွတ် လုံးဝ မရှိတော့ကြောင်းလည်း ရှင်းပြ၏။
အားလုံးကို လက်ဆွဲနှုတ်ဆက်နေရင်း သူ ဘယ်ရွေ့ဘယ်မျှ ဝမ်းသာနေကြောင်း ပြောပြနေသော် လည်း ဗိုလ်ချုပ်မြို့စားကြီး တကယ်ဝမ်းသာနေခြင်း မဟုတ်ကြောင်း သူတို့ အားလုံး အကဲခတ်မိကြ သည်။ မနှစ်က တွေ့ခဲ့ရသည့် ဗိုလ်ချုပ်ကြီးလောက်ပင် လှိုက်လှဲဝမ်းသာခြင်း မရှိကြောင်း သိသာနေသည်။
သူတို့တသိုက် အိမ်ထဲဝင်ခဲ့ပြီး လှေကားထစ်များပေါ်တွင် ခင်းထားသည့် အိစက်စက် ကော်ဇောပေါ်ကို နင်းတက်လာခဲ့ကြသည်။ အိမ်ထဲရောက်တော့ သူတို့ နားစွင့်ထားကြ၏။ သူတို့အားလုံး သဘောပေါက်သလိုလို ရှိလာသည်။ သူတို့ကို စေတနာရှိလို့ ဖိတ်မန္တကပြုခြင်း မဟုတ်ဘဲ မဖိတ်မကောင်းလို့ ဖိတ်ကျွေးခြင်း ဖြစ်တန်ရာ၏။ စစ်တပ်အရာရှိများကို မြို့မျက်နှာဖုံး အငြိမ်းစား ဗိုလ်ချုပ်တယောက်အနေဖြင့် ဧည့်မခံလျှင် အများပြောစရာ ဖြစ်မည် စိုးသဖြင့် သည်ပွဲကို စီစဉ်ခြင်း ဖြစ်မည်။
အစေတော်များသည် ခန်းမကြီးနှင့် အပေါ်ထပ်တွင် မှန်အိမ်တွေ အပြေးအလွှား လိုက်ထွန်းနေသည်။ သူတို့ကို ကြည့်ပြီး စစ်ဗိုလ်တွေ သံသယ ဖြစ်လာသည်။ မသိုးမသန့် ဖြစ်လာသည်။
သူ့အိမ်တွင် ဧည့်သည်တွေ တလှေကြီးနှင့် ခြေချစရာ မရှိအောင် ဖြစ်နေချိန်တွင် ဘယ်အိမ်ရှင်က လူစိမ်းစစ်ဗိုလ် ဆယ့်ကိုးယောက်ကို ကြည်ကြည်ဖြူဖြူ ဧည့်ခံချင်ပါမည်လဲ။
သူတို့အိမ်တွင် မိသားစု နှစ်ပတ်လည် စုဝေးပွဲလုပ်ဖို့ ပြင်ဆင်နေကြဟန် တူသည်။ ဧည့်သည် အရာရှိများအား အပေါ်ထပ် ကပွဲခန်းမဆောင်ကြီးထဲတွင် မဟာဆန်ဆန် အမျိုးသမီးကြီး တယောက်က လက်ခံ တွေ့ဆုံသည်။ အဘွားကြီးက မျက်နှာရှည်ရှည်၊ မျက်ခုံးမွေးထူထူနှင့်။ ဘုရင်မကြီး ယူဂျင်းနီ၏ ပုံစံမျိုး။
အဘွားကြီးက ဧည့်သည်တွေကို မင်းခမ်းမင်းနားဆန်ဆန် အပြုံးဖြင့် ဧည့်ခံကြိုဆိုသည်။ သူ့ယောက်ျားနည်းတူ ညအိပ်ညနေ တည်းခိုခွင့် မပြုနိုင်သည့်အတွက် ဝမ်းနည်းပါကြောင်း ထပ်ပြောလာသည်။
ဧည့်သည်များဆီမှ မျက်နှာလွှဲလိုက်ချိန်တိုင်း အမျိုးသမီးကြီး၏ မျက်နှာပေါ်မှ မဟာဆန်ဆန်အပြုံး ပျောက်ကွယ်နေတတ်သည်။
သူ့ဘဝတွင် သည်လိုအရာရှိများနှင့် အများအပြား တွေ့ဆုံဖြတ်သန်းခဲ့ရပုံကို ပြနေ၏။ တပြိုင်တည်းတွင် ယနေ့အချိန်အခါတွင် သူတို့အတွက် အချိန်မပေးနိုင်တော့ကြောင်းလည်း ထင်ရှားနေ၏။ ယခုလို တောင်းပန်နေခြင်းမှာ သူ ဖြတ်သန်းခဲ့သည့် ယဉ်ကျေးဖွယ်ရာ ပတ်ဝန်းကျင် ဓလေ့ကြောင့် ဖြစ်တန်ရာသည်။
ဧရာမ ထမင်းစားခန်းကြီးထဲသို့ စစ်ဗိုလ်တသိုက် ဝင်လာခဲ့ကြသည်။ အမျိုးသမီး၊ အမျိုးသား ဆယ်ယောက်ခန့် ရောက်နှင့်နေကြ၏။ အမျိုးသမီးတွေက အသက်ကြီးကြီးတွေလည်း ပါ၏။ ငယ်ငယ်တွေလည်း ပါ၏။ သူတို့က စားပွဲတဖက်တည်းတွင် တန်းစီထိုင်ပြီး လက်ဖက်ရည် သောက်နေကြသည်။ ဆေးလိပ်မီးခိုးတွေ ယှက်သန်း လွန့်တက်နေသည်။ အမျိုးသားအုပ်စုထဲတွင် ပိန်ပိန်ရှည်ရှည် လူငယ်တယောက် ပါသည်။ နှုတ်ခမ်းမွေးကျင်စွယ် နီနီနှင့်။ အင်္ဂလိပ် စကားကို လျှာလိပ်သံများများဖြင့် အော်ကျယ်အော်ကျယ် ပြောနေသည်။
သူတို့နောက်ဘက်မှ အခန်းကြီး တခန်းမှာ မီးတွေ ထိန်လင်းနေသည်။ အခန်းထဲမှ ပရိဘောဂတွေက အပြာနုရောင်။
ဗိုလ်ချုပ်ကြီးက အသံကျယ်ကျယ်ဖြင့် ခပ်ရွှင်ရွှင် စကားစသည်။
“ဧည့်သည်တော် လူကြီးမင်းများခင်ဗျား... လူကြီးမင်းတို့ လူအုပ်က အများကြီးမို့ တဦးချင်းနဲ့ မိတ်ဆက်ပေးဖို့ မလွယ်လှပါဘူး။ ဒါကြောင့် အစဉ်အလာတွေ မေ့ထားပြီး လူကြီးမင်းတို့က တယောက်ချင်း ထမိတ်ဆက်ကြပါ ခင်ဗျား”
အရာရှိအချို့က တလေးတစား ထပြီး သူတို့ကိုယ် သူတို့ မိတ်ဆက်ကြသည်။ ခံ့ညားတည်ငြိမ်စွာဖြင့်။ အချို့ကတော့ သည်အလုပ်ကို အနိုင်နိုင် ကြိုးစားပြုံးပြီး လုပ်ကြရ၏။ သို့သော် အားလုံးမှာ စိတ်မသက်မသာ ဖြစ်နေကြ၏။ မိတ်ဆက်ခြင်းအမှု ပြုပြီးသည်နှင့် ဦးညွှတ်ပြီး လက်ဖက်ရည်ဝိုင်း တွင် ဝင်ထိုင်ကြရ၏။
တပ်ရေးဗိုလ်ကြီး ရာဗိုဗစ်ချ်သည် အရပ် ပုပုညှက်ညှက်၊ ခါးကိုင်းကိုင်းနှင့် အရာရှိတယောက် ဖြစ်သည်။ မျက်မှန်တပ်ထားပြီး နှုတ်ခမ်းမွေးနှင့် ဖြစ်၍ သူ့မျက်နှာက ကြောင်မြီးတိုကြီး တကောင်၏ မျက်နှာနှင့် တူသည်။ ယနေ့ည လက်ဖက်ရည်ပွဲတွင် သူက အများတကာထက်ပိုပြီး ရှက်ကိုးရှက်ကန်း ဖြစ်နေ၏။ အခြားဗိုလ်တွေက ပြုံးနိုင်၊ ဣန္ဒြေဆည်နိုင်ကြသော်လည်း တောကြောင်မျက်နှာနှင့် ထိုပုဂ္ဂိုလ်မှာ တပ်မတခုလုံးတွင် အရှက်အကြောက် အကြီးဆုံး၊ အချိုးမကျဆုံးမို့ ခွတီးခွကျ ဖြစ်နေလေသည်။
လက်ဖက်ရည်ဝိုင်းတွင် ထိုင်ပြီး လူတွေ၏ မျက်နှာတွေ၊ သူတို့ဝတ်ထားသည့် အဝတ်အစားတွေ၊ ပန်းကန်ခွက်ယောက်တွေကို တခုမှ မမှတ်မိ။ ဘာကိုမျှ အာရုံခံစားလို့ မရ။ ထပြေးရမလား၊ မျက်နှာမှောက်ချထားရမလား ဝေခွဲမရ ဖြစ်နေ၏။
အခန်းထဲမှ လူတွေ၊ အရာဝတ္ထုတွေကို သူ အားလုံးမြင်နေသည် မှန်သော်လည်း ယင်းတို့၏ အသွင်သဏ္ဌာန်ကို ပီပီပြင်ပြင် အမှတ်အသားမပြုနိုင်ဘဲ ဖြစ်နေ၏။ (မြင်ပြီး မြင်ရသည့်အရာကို နားမလည်ခြင်းအား စိတ်ကု ဆရာဝန်များက ‘စိတ်မျက်စိကန်းခြင်း’ ဟု အမည်တပ်ကြသည်။)
သို့သော် မကြာမတင်အတွင်း ရာဗိုဗစ်ချ်သည် နေသားထိုင်သား ကျသွားသည်။ အမြင်ကြည်လင် လာသည်။ ပတ်ဝန်းကျင် အရာအားလုံးကို ကြည်ကြည်လင်လင် သိမြင်လာသည်။ သူသည် ရှက်တတ်ပြီး အပေါင်းအသင်း နည်းသူ ဖြစ်သည့်အလျောက် အိမ်ရှင်နှင့် သူ့မိသားစုကို ရဲတင်းလွန်းသည် ထင်နေ၏။
ဗွန်ရာဘက်နှင့် အမျိုးသမီးကြီး နှစ်ယောက်။ ခရမ်းဖျော့ရောင် ဝတ်စုံနှင့် အမျိုးသမီးကလေး တယောက်။ ပြီးတော့ ဗွန်ရာဘက်၏ အငယ်ဆုံးသား နှုတ်ခမ်းမွေးနီနီနှင့် ချာတိတ်တယောက်တို့က ဧည့်သည် အရာရှိများကို ကျွမ်းကျင် လိမ္မာစွာ ဧည့်ခံစကား ပြောနေကြသည်။ သူတို့အားလုံး ကြိုတင် ဇာတ်တိုက်ထားသလို အတိုင်အဖောက် ညီနေကြသည်။
သူတို့အချင်းချင်း အကြောင်းအရာ တခုကို ပြင်းပြင်းထန်ထန် ငြင်းခုံနေကြသည်။ ဧည့်သည်တွေ စကားဝိုင်းထဲ ဝင်လာရတော့၏။ ခရမ်းဖျော့ရောင် မိန်းကလေးက ပြဿနာကို စတင်ခြင်း ဖြစ်၏။ အမြောက်တပ်သည် မြင်းတပ်၊ ခြေလျင်တပ်တို့နှင့်စာလျှင် အပုံကြီး ပို၍ အနေချောင်သည်ဟု ဆိုသည်။ ဗွန်ရာဘက်နှင့် အမျိုးသမီးကြီး နှစ်ယောက်က အဆိုကို ဆန့်ကျင် ဆွေးနွေးသည်။ စကားဝိုင်းသည် ချက်ချင်း ပြင်းထန်လာသည်။
ရာဗိုဗစ်ချ်က သူနှင့် စိမ်းလွန်းသော ဘာသာရပ်ကို အကျောက်အကန် ငြင်းနေသည့် ကလေးမအား တချက် လှမ်းကြည့်လိုက်သည်။ သူတို့ ပြောနေသည့်ကိစ္စက အလွန် ပျင်းစရာကောင်းသည့် အကြောင်းအရာ။ တချက် တချက် ပြုံးသည့် အပြုံးက အပြုံးတု။
ဗွန်ရာဘက်၏မိသားစုက စကားဝိုင်းထဲသို့ အရာရှိများအား ကျွမ်းကျွမ်းကျင်ကျင် ဆွဲသွင်းလျက် ရှိသည်။ တပြိုင်တည်းတွင် စစ်ဗိုလ်များ၏ ဖန်ခွက်တွေကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြ၏။ လျော့သည်နှင့် ဖြည့်ခိုင်း၏။ သကြား အလုံအလောက် ရှိ၊ မရှိလည်း သူတို့ ဂရုစိုက်ကြ၏။ အရာရှိတယောက်က ဝိုင်လည်း မသောက်၊ ဘီစကွတ်လည်း မစားသဖြင့် သူ့ကို ကြည့်ပြီး မိသားစုတွေ စိတ်ပူနေကြသည်။
ရာဗိုဗစ်ချ်က စောင့်ကြည့် နားထောင်နေရင်း ရိုးသားမှု မရှိသော်လည်း စည်းကမ်းသေဝပ်စွာ စည်းလုံးညီညာနေသော မိသားစုကို သဘောကျနေ၏။ လက်ဖက်ရည် သောက်ပြီးသည်နှင့် ဧည့်သည်တွေ ကပွဲခန်းမဆောင်ထဲသို့ ပြောင်းရွှေ့ကြရသည်။
ဗိုလ်ကလေး လိုဘိုက်ကို၏ အနံ့ခံဗီဇ မှန်လေပြီ။ ခန်းမကြီးထဲတွင် ပျိုပျိုအိုအိုတွေ အပြည့် ရောက်နေနှင့်သည်။ အနံ့ခံရာတွင် နာမည်ကြီးသည့် ဗိုလ်ကလေးသည် ဝတ်စုံနက်နှင့် မိန်းမချောလေးတယောက် အနားတွင် နေရာယူလိုက်သည်။ ကောင်မလေးကို ငုံ့ကာ ငုံ့ကာ ပြုံးတုံ့ကာဖြင့် ကလူ၏သို့ မြူ၏သို့ လုပ်နေ၏။ ပြီးတော့ တောရမ်းပယ်ဖွဲ့တွေ လျှောက်ပြောနေသည်။
ကောင်မလေးက ပြည့်တင်းတင်း ပြောင်ချောချော သူ့မျက်နှာကို မာနမျက်လုံးများဖြင့် မော်ကြည့်ပြီး သူ ပြောသမျှ “ဟုတ်လား၊ ဟုတ်လား” နှင့် ဝတ်ကျေဝတ်ကုန် ခေါင်းညိတ်ပေးနေ၏။
စန္ဒရားကြီးမှ တီးလုံးတွေ ဟိန်းထွက်လာ၏။ ဆွေးမြည့်ဖွယ် ဝေါ့ဇ်တေးသွားသည် ပြတင်းပေါက် ကျယ်ကြီးများမှ အပြင်သို့ ပျံ့ထွက်သွားလေသည်။ သည်အခါ အပြင်တွင် နွေဦးပန်းများလန်းသည့် မေလဆန်းဖြစ်ကြောင်း အားလုံး သတိတရရှိလာကြသည်။ ပေါ်ပလာပင်ပျိုတို့၏ ရွက်ကြွေနံ့သည် နှင်းဆီနံ့၊ ခရမ်းပန်းနံ့တို့နှင့် ရောပျံ့ကာ မွှေးမြလာသည်။
ရာဗိုဗစ်ချ်သည် ဝိုင်အရှိန်ကလေး တရီရီနှင့် ဂီတရသကို ခံစားရင်း ပြတင်းပေါက်အပြင်သို့ ငေးလိုက် ပြုံးလိုက်နှင့် အမျိုးသမီးများ၏ လှုပ်ရှားမှု အမျိုးမျိုးကို ငေးကြည့်နေသည်။ ပေါ်ပလာနံ့၊ နှင်းဆီနှင့် ခရမ်းပန်းနံ့တို့သည် ပန်းခြံထဲမှ လာသည်နှင့် မတူတော့ဘဲ အမျိုးသမီးများထံမှ လွင့်ပျံလာသည် ထင်ရ၏။
ဗွန်ရာဘက်၏သားက ပိန်ကပ်ကပ် ကောင်မလေး တယောက်နှင့် နှစ်ကျော့ပြန် တွဲကသည်။ လိုတိုက်ကိုက ပါကေးခင်းပေါ်တွင် ခရမ်းရောင်မကလေးနှင့် ဝဲကာပျံကာ ကနေပြီ။ တဖြည်းဖြည်းနှင့် ကသည့် အတွဲတွေ များလာသည်။ စစ်ဗိုလ်အားလုံးလိုလို အတွဲကိုယ်စီ ရနေကြပြီ။
ရာဗိုဗစ်ချ်တယောက်သာ တံခါးဝတွင် ရပ်ပြီး ဧည့်သည်အချို့နှင့် စကားပြောနေသည်။ သူ့ဘဝတွင် တခါမျှ မကဖူးခဲ့ပေ။ ချောမောလှပသည့် မိန်းမတယောက်၏ ခါးကိုလည်း တခါမျှ သိုင်းမဖက်ဖူးခဲ့ပေ။
မမြင်ဖူး၊ မသိဖူးသည့် မိန်းကလေးတယောက်၏ ခါးကို သိုင်းဖက်၊ မိန်းကလေးက သူ့ပခုံးပေါ်ကို လက်တင်၊ ဘယ်လောက် ရင်ခုန်ကြည်နူးစရာ ကောင်းသည့် အတွေ့မျိုးပါလဲ။ သို့သော် သည်ဘဝမျိုးကို သူ ဘယ်တော့မှ ရလိမ့်မည်ဟု ရာဗိုဗစ်ချ် မမျှော်လင့်ပေ။
သူ့အပေါင်းအသင်း အရာရှိများကို မနာလိုဖြစ်ရသည့် အကြိမ်များ ရှိခဲ့သည်။ သူတို့တတွေ စွံတာကို ကြည့်ပြီး စိတ်ဓာတ်ကျခဲ့ရသည့်အခါများ ရှိခဲ့သည်။ အကျည်းတန်လှသည့် ကြောင်မြီးတိုမျက်နှာကို သတိရလျှင်၊ ကြည့်ပျော်ရှုပျော် မရှိလှသော ကိုယ်နေဟန်အကြောင်း တွေးမိလျှင် စိတ်ဓာတ်တွေ အကျကြီး ကျနေတတ်၏။
နှစ်တွေ ကြာလာတော့ အရေထူလာကာ သူငယ်ချင်းများအား မနာလို တိုရှည် မဖြစ်တော့ဘဲ သူတို့စွံတာကို မုဒိတာပွားလာနိုင်သည်။ သို့သော် တယောက်တည်း ဝမ်းနည်းနေတတ်၏။
လေးယောက်တတွဲ ကရမည့်အချိန် ရောက်တော့ ဗွန်ရာဘက်၏ သားကလေးက မကသည့် အရာရှိများဆီလာပြီး ဘိလိယက် တပွဲလောက် ထိုးဖို့ ဖိတ်သည်။ သူတို့က လက်ခံပြီး ချာတိတ်နှင့် အတူ ခန်းမကြီးထဲမှ ထွက်ကြသည်။ ဘာမျှ လုပ်စရာမရှိသဖြင့်လည်းကောင်း၊ တခုခုမှာတော့ ပါဝင်သင့်သည်ဟု ယူဆ၍လည်းကောင်း ရာဗိုဗစ်ချ်သည် သူတို့နောက်မှ ထလိုက်ခဲ့သည်။
ပထမဆုံး ဧည့်ခန်းထဲကို ရောက်လာကြသည်။ ပြီးတော့ မှန်အမိုးနှင့် ဝရန်တာ ခပ်ကျဉ်းကျဉ်းအတိုင်း ဆက်လျှောက်လာကြသည်။ အခန်းတခန်းထဲ ဝင်မိကြတော့ ဆိုဖာပေါ်တွင် အိပ်ငိုက်နေသည့် အစေခံ သုံးယောက် ကမန်းကတန်း ခုန်ထကြသည်။
ဆက်လျှောက်လာခဲ့ကြ၏။ အခန်းပေါင်းများစွာကို ဖြတ်ကျော်ပြီးမှ နောက်ဆုံးတွင် ဘိလိယက်ခန်းကို ရောက်ကြ၏။ ရောက်ရောက်ချင်း ပွဲစကြ၏။
ဖဲမှလွဲ၍ ဘာမျှ မကစားတတ်သော ရာဗိုဗစ်ချ်သည် ဘိလိယက် ထိုးနေသူများကို ရပ်ကြည့်နေ၏။ သူတို့တတွေက ကျူတံကို ကိုယ်စီကိုင်၍ ဘိလိယက်ခုံကို ပတ်လျှောက်ရင်း သူ နားမလည်သည့် စကားလုံးများ၊ အဓိပ္ပာယ် နှစ်ခွထွက်သည့် ဟာသများဖြင့် ဆူညံ ငြင်းခုံနေကြသည်။ သူရဲကောင်းအားလုံး ကျူနစ် အင်္ကျီကြယ်သီးတွေ ဖြုတ်ထားကြပြီ။
သူ့ကို ဘယ်သူမှ အာရုံမထားကြ။ သဲကြီးမဲကြီး ထိုးနေရာမှ လှည့်ပတ် လျှောက်သွားရင်း သူ့ကို တိုးမိတိုက်မိသည့်အခါ တောင်းပန်သည်။
ပထမတပွဲ မပြီးခင် သူ ပျင်းလာသည်။ ဒီနေရာမှာလည်း ငါ လူပိုတယောက်ပါပဲလား။ သူတို့ကို အနှောင့်အယှက် ပေးသလိုများ ဖြစ်နေပြီလား။ စိတ်ဓာတ်ကျကျနှင့် ကပွဲခန်းမဆောင်ဆီကို ပြန်လျှောက်လာခဲ့သည်။
အပြန်တွင် စိတ်လှုပ်ရှားစရာကလေးများနှင့် တွေ့ရ၏။ လမ်းတဝက်ရောက်မှ လာလမ်းအတိုင်း ပြန်ခဲ့ခြင်း မဟုတ်ကြောင်း သတိထားမိ၏။ အခန်းပေါင်းများစွာကို ဖြတ်လာခဲ့ပြီးပြီ။ စောစောက အိပ်ငိုက်နေသည့် အစေခံ သုံးယောက်အား တွေ့ခဲ့သော အခန်းကို မတွေ့။
လမ်းမှားမှန်း သိတော့ နောက်ကို အနည်းငယ် ပြန်ဆုတ်လာပြီး ညာဘက်ကို ချိုးခဲ့သည်။ အလာတုန်းက မတွေ့ခဲ့သည့် အခန်းကျဉ်းကလေးထဲ ရောက်သွားသည်။ မီးရောင်မှိန်မှိန်ကလေး လင်းနေ၏။ ခဏတွေပြီး ရပ်နေ၏။ ပြီးမှ တံခါးတချပ်ကို တွန်းဖွင့်လိုက်ကာ လုံးဝ မည်းမှောင်နေသည့် အခန်းတခန်းထဲကို လှမ်းဝင်လိုက်၏။ ပြတင်းပေါက်တွေ ပွင့်နေ၏။ စန္ဒရားသံ သဲ့သဲ့ ကြားနေရ၏။ စေ့ထားသော တံခါးရွက်ကြီးများမှ ယိုထွက်နေသည့် အလင်းရောင် တန်းကလေးများကို လှမ်းမြင်နေရ၏။ ပေါ်ပလာနံ့၊ နှင်းဆီနှင့် ခရမ်းပန်းနံ့များ ကို ရှူရှိုက်မိ၏။
ရာဗိုဗစ်ချ်တယောက် ရပ်ပြီး တွေနေသည်။ ဘာဆက်လုပ်ရမှန်း မသိ။ ဤတွင် ပြေးလွှားဝင်လာသည့် ခြေသံများကို ကြားလိုက်ရခြင်း ဖြစ်၏။ ဂါဝန်နှင့် ကြမ်းပြင် ရှပ်တိုက်သံ၊ ပြီးတော့ မောဟိုက်နေသည့် အမျိုးသမီးတယောက်၏ အသက်ရှူသံ။ တပြိုင်တည်းတွင် တီးတိုးသံ ထွက်လာသည်။
“အင်း... ခုမှပဲ...”
ချွေးကလေးများ စို့နေသည့် လက်မောင်းအစုံနှင့် နူးညံ့သည့် လက်ကလေးနှစ်ဖက် သူ့လည်ပင်းကို သိုင်းဖက်လာသည်။ နွေးနေသော ပါးတဖက်ဖြင့် သူ့ပါးကို ကပ်သည်။ ပြီးသည်နှင့် မွတ်မွတ်သိပ်သိပ် နမ်းပါလေတော့၏။ သို့သော် တဒင်္ဂမျှသာ။ အမျိုးသမီးသည် ချက်ချင်း နောက်ဆုတ်လိုက်ပြီး စိတ်ပျက်လက်ပျက် ညည်းတွားလိုက်သည်။ ရာဗိုဗစ်ချ်က သည်လိုပဲ ထင်လိုက်၏။
သူလည်း အံ့ဩထိတ်လန့်ခြင်းဖြင့် အော်လိုက်မိမတတ် ဖြစ်သွားသည်။ ကပွဲခန်းမဆောင် ဆီကို ပြေးထွက်လာခဲ့၏။ ခန်းမထဲရောက်တော့ သူ့ရင်တွေ တဒိုင်းဒိုင်း ခုန်နေသည်။ လက်တွေ တုန်နေသဖြင့် နောက်ပစ်ထားရ၏။
ပထမတော့ ရှက်လွန်းသဖြင့် ဆောက်တည်ရာမရ ဖြစ်သွား၏။ နောက်မှ တယောက်ယောက်များ သည်အဖြစ်ကို မြင်သွားသလား တွေးပြီး မရွံ့မရဲနှင့် လူတိုင်းကို ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေ၏။ သို့သော် အခန်းထဲတွင် သူ့ကို ဘယ်သူမျှ ဂရုထားမိဟန်မရှိ။ က,မြဲ ဆက်က,နေကြ၏။ စကားတွေ ဖောင်လောက်အောင် ဆက်ပြောနေကြသည်ကို တွေ့ရမှ သူ ဟင်းချ နိုင်တော့သည်။ ခုမှ ရင်တွင်းလှုပ်ရှားမှုတွေကို ပြန်ခံစားရသည်။ ဘဝတွင် ပထမဆုံး တွေ့ကြုံရသည့် အဖြစ်ပါလား။ ခုတင်ကလေးမှ ငါ့လည်ပင်းကို မိန်းမတယောက် သိုင်းဖက်သွားတာပါလား။ လက်မောင်းကလေးက ချွေးကလေးတွေ စို့လို့။ ပြီးတော့ ငါ့ဘယ်ဘက်ပါးကို သူ့ပါးနှင့် ကပ်သေးတယ်။ နှုတ်ခမ်းမွေးရဲ့အထက်နားမှာ ခုထိ မွှေးကျန်ရစ်သေးတယ်။ နွေးကျန်ရစ်သေးတယ်။
တွေးရင်း ရာဗိုဗစ်ချ်သည် ပါးပြင်ကို စမ်းကြည့်လိုက်သည်။ ရင်ထဲတွင် သိမ့်ခနဲ နွေးသွားသည်။ ဦးခေါင်းမှ ခြေဖျားအထိ ကြည်နူးဆွတ်ပျံ့လို့ မဆုံး ဖြစ်နေ၏။
စိတ်ထဲတွင် ကချင်စိတ် ပေါက်လာ၏။ လူတွေနှင့် စကားပြောချင်လာ၏။ ပန်းခြံထဲ ပြေးထွက်သွားပြီး အော်ဟစ် ရယ်မောလိုက်ချင်၏။ ခါးကိုင်းကိုင်းနှင့် အကျည်းတန်ရုပ်သွင်ကို သူ မေ့ပြီ။ ကြောင်မြီးတိုမျက်နှာနှင့် မလှမပ နှုတ်ခမ်းမွေးကိုလည်း သူ သတိမရတော့။ (သူ့နှုတ်ခမ်းမွေးကို တခါတုန်းက မိန်းမတတွေ သရော်လှောင်ပြောင်ဖူးသည်ကို သူ့နားနှင့် ဆတ်ဆတ်ကြားခဲ့ရ၏။)
အိမ်ရှင်အမျိုးသမီးကြီး ဖြတ်လျှောက်သွားတော့ ရာဗိုဗစ်ချ်က တအား ပြုံးပြလိုက်သည်။ အမျိုးသမီးကြီးက စူးစမ်းသည့် မျက်လုံးများဖြင့် ကြည့်နေသည်။ ရာဗိုဗစ်ချ်က မျက်မှန်ကို နေသားတကျဖြစ်အောင် ရွှေ့နေရင်း ပြောလိုက်သည်။
“စံအိမ်ကြီးကတော့ အံ့မခန်းပါပဲဗျာ၊ ကျွန်တော်တော့ အရမ်း သဘောကျနေပြီ”
ဗွန်ရာဘက်ကတော်က ပြုံးပြီး အိမ်ကြီးမှာ သူ့အဖေပိုင်အိမ် ဖြစ်ကြောင်း ရှင်းပြသည်။ ပြီးတော့ ပြန်လှန်မေးခွန်းတွေ ထုတ်နေသည်။ မိဘတွေ ရှိသေးသလား၊ တပ်ထဲ ဝင်တာ ဘယ်လောက် ကြာပြီလဲ၊ ဘာကြောင့် ဒီလောက် ပိန်နေတာလဲ စသည်… စသည်…။
မေးခွန်းတွေကို တခွန်းချင်း ပြန်ဖြေပြီးတော့ ဗိုလ်ချုပ်ကတော်ကြီး ဆက်လျှောက်သွားသည်။ အဘွားကြီးနှင့် စကားပြောပြီးတော့ ဗိုလ်ကြီး ရာဗိုဗစ်ချ်၏ အပြုံးတွေ ပိုပြီး တောက်ပလာသည်။ တကယ့်အထက်တန်းလွှာထဲကို ရောက်နေသည့်အတွက် သူ ပိုပျော်နေ၏။
ညစာဝိုင်းတွင် ရာဗိုဗစ်ချ်သည် ကျွေးသမျှ အကုန်စားသည်။ ထည့်ပေးသမျှ အားလုံးသောက်သည်။ ဘေးနားတွင် ဘာတွေ ပြောနေကြသည်ကို သူ မသိတော့၊ မကြားတော့။ စောစောပိုင်းက စွန့်စားခန်း၏ အဖြေကို ရှာဖွေနေ၏။
ရင်ခုန်ချင်စရာ ကောင်းသည့် လျှို့ဝှက်သည်းဖို ဇာတ်လမ်းတပုဒ် ဖြစ်၏။ သို့သော် ဖော်ထုတ်ဖို့ သိပ်မခက်လှပါ။ အပျိုကလေးတယောက် ဖြစ်ချင်ဖြစ်မည်။ လင်ရှိမယားတယောက် ဖြစ်ချင်ဖြစ်မည်။ သူ့ချစ်သူနှင့် ချိန်းထားပြီး အမှောင်ခန်းထဲကို ချစ်သူက ရောက်မလာတော့ ဝင်လာသည့်လူကို သူ့လူ မှတ်ပြီး ရာဗိုဗစ်ချ်အား ဖက်နမ်းခြင်း ဖြစ်မည်။ ဒါက သူ့အတွေးသက်သက် ဖြစ်၏။
စဉ်းစားစရာ ကျန်သေးသည်က အကြင်မိန်းကလေးသည် ဘယ်သူနည်း။ ရာဗိုဗစ်ချ်သည် အခန်းထဲရှိ မိန်းမတွေကို တယောက်ချင်း သေသေချာချာ လိုက်ကြည့်သည်။
နုနုငယ်ငယ်ထဲက ဖြစ်ရမည်။ အသက်ကြီးကြီး မိန်းမတွေက ဒါလောက် စွန့်စွန့်စားစား ချိန်းတွေ့သည့်အလုပ်မျိုးကို မလုပ်ကြတော့ပါ။ ပြီးတော့ အထက်တန်းလွှာထဲက ဖြစ်ရမည်။ စကတ်နှင့် ကြမ်းပြင် ပွတ်တိုက်သံနှင့် တီးတိုးလေသံကို ချင့်ပြီး တွေးရခြင်း ဖြစ်၏။ ပြီးတော့ သူ့ကိုယ်က မွှေးပျံ့နေသည့် ကိုယ်နံ့။
တစုံတယောက်ကို ရှာဖွေနေသည့် ရာဗိုဗစ်ချ်၏ မျက်လုံးများသည် တနေရာတွင် တန့်သွားသည်။ သူ တချိန်လုံး မျက်စိကျနေသည့် ခရမ်းနုရောင် မယ်ကလေး။ လက်မောင်းကလေးတွေက ဖောင်းဖောင်းအိအိ။ ပခုံးနှစ်ဖက် အကျက ဝိုင်းဝိုင်းကလေး။ မျက်နှာက ထက်မြက်မည့်ပုံ။ အသံက လွင်လွင်ကလေးနှင့် ချစ်စရာကောင်းလှသည်။
မိန်းကလေးကို စိုက်ကြည့်နေရင်း သူပဲ ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်၏။ ဟုတ်တယ်၊ ငါ့ကို အနမ်းလက်ဆောင် ပေးသွားတာ သူပဲ ဖြစ်ရမယ်။ ထိုစဉ်တွင် အမျိုးသမီးကလေးက ဣန္ဒြေမဲ့စွာ ရယ်မောလိုက်သည်။ ပြီးတော့ နှာခေါင်းကို ရှုံ့လိုက်၏။ ထိုအခါ အဘွားကြီးအို ပေါက်စလေးနှင့် တူသွားသည် ထင်၏။ သည်တော့ သူ့မျက်လုံးများက ဝတ်စုံနက်နှင့် မိန်းမချောကလေးဆီ ရောက်သွားပြန်သည်။
သည်တယောက်က ပိုငယ်သည်။ ပိုဣန္ဒြေရသည်။ နဖူးအကျ ပိုလှသည်။ အမူအရာ သိမ်မွေ့သည်။ ဝိုင်ခွက်ကလေး ကိုင်ပြီး သောက်နေပုံက ကျက်သရေ ရှိလှသည်။ အမှောင်ထဲတွင် သူ့လည်ပင်းကို ခိုတွဲလာသူ မိန်းကလေးသည် သူပဲ ဖြစ်ပါစေတော့ဟု ဆုတောင်းလိုက်မိ၏။ သို့သော် သေသေချာချာ ကြည့်လိုက်တော့ နှာခေါင်းက ခပ်ပြားပြား ဖြစ်နေ၏။
သူ့နံဘေးမှ အမျိုးသမီးကို ပြောင်းကြည့်လိုက်ပြန်၏။ မူးရီမူးဝေနှင့် ဆက်တွေးနေ၏။ အင်း... အတော်ကျပ်တဲ့ကိစ္စပါလား။ ခိုတွဲလာသည့် လက်မောင်းတွေက ခရမ်းနုရောင်ကလေး၏ လက်မောင်းတွေ ဖြစ်နိုင်သည်။ သို့သော် မျက်ခုံးတွေက ဝတ်စုံနက်နှင့် မိန်းကလေး၊ မျက်လုံးတွေက လိုဘိုက်ကို၏ နံဘေးမှ ကောင်မလေး၏ မျက်လုံးတွေ ဖြစ်နိုင်သည်။ ပြီးတော့...
သူ့ကို နမ်းသွားသည့် မိန်းမ၏ရုပ်ပုံလွှာကို အမျိုးမျိုး ပုံဖော်ကြည့်နေ၏။ စားပွဲဝိုင်းတွင် ထိုင်နေသည့် မိန်းမ တယောက်မျှ မဖြစ်နိုင်။
ညစာစားပြီးချိန်တွင် ဧည့်သည်အရာရှိတွေ ဗိုက်လေးကုန်ကြပြီ။ မူးလည်း မူးနေကြပြီဖြစ်၍ ပြန်ဖို့ ပြင်ကြ၏။ အိမ်ရှင်လင်မယားက ညအိပ်တည်းဖို့ မဖြစ်နိုင်သည့်အတွက် ဧည့်သည်တွေကို ထပ်တောင်းပန်ပြန်သည်။ ပြီးတော့ သူတို့မိသားစုအနေဖြင့် ချို့ယွင်းချက် ရှိလျှင်၊ ဧည့်သည်တွေကို ဂရုမစိုက်သလို ဖြစ်ခဲ့လျှင် ခွင့်လွှတ်ဖို့လည်း တောင်းပန်၏။
ဗိုလ်ချုပ်ကြီးက သည်တခါတော့ လှိုက်လှိုက်လှဲလှဲ ပြောနေ၏။
“ဝမ်းသာသဗျာ၊ တကယ့်ကို ဝမ်းသာတာပါ” (လူ့သဘာဝအရ ဧည့်သည်ရောက်စနှင့် ပြန်ခါနီးတွင် အိမ်ရှင်တို့၏ ရိုးသား ပွင့်လင်းတတ်မှုကြောင့် ဖြစ်နိုင်ပါသည်) တကယ်ပြောတာပါ၊ နောင်လည်း ကြုံရင် ဝင်ကြပါ။ ဝင်မလည်ရင်တော့ ကျုပ် ခွင့်လွှတ်နိုင်မယ် မထင်ဘူးဗျ။ ဒါ့ထက် ကိုရင်တို့ ဘာလို့ အပေါ်လမ်းက လာကြတာလဲ။ ပန်းခြံထဲကထွက်ပြီး အောက်လမ်းက ပြန်ပါလား။ မြစ်ကမ်းနဖူး အတိုင်း လျှောက်သွားရင် ပိုနီးတာပေါ့”
သူတို့အားလုံး ပန်းခြံထဲကို ဆင်းလာခဲ့ကြသည်။ လင်းထိန် ဆူညံနေသည့် အခန်းထဲမှ ထွက်လာကြပြီး ပန်းခြံထဲရောက်တော့ ပို၍ တိတ်ဆိတ် မည်းမှောင်နေသည် ထင်ရ၏။ စကားမပြောဖြစ်ကြဘဲ ဂိတ်ဝအထိ လျှောက်လာခဲ့ကြ၏။ သူတို့အားလုံး ဝိုင်အရှိန်ဖြင့် ရီဝေဝေ ဖြစ်နေကြ၏။ ကျေနပ် ရောင့်ရဲမှုဖြင့် ကြည်နူးနေကြ၏။ သို့သော် တိတ်ဆိတ်စွာ မည်းမှောင်နေသည့် ပတ်ဝန်းကျင်က သူတို့အား အလေးအနက် စဉ်းစားချိန် ပေးနေဘိသို့ ရှိ၏။
သူတို့အားလုံး အကြောင်းအရာ တခုတည်းကို တွေးနေကြသည်။ သူတို့ အနားယူချိန်တွင် ဗွန်ရာဘက်လို နေနိုင်ပါမည်လား။ ဧရာမစံအိမ်ကြီးနှင့်၊ မိသားစုနှင့်၊ ပန်းခြံနှင့်၊ အခြွေအရံ အစေခံတွေနှင့်။ ပြီးတော့ ခုလို ဧည့်သည် တလှေကြီးကို ဧည့်ခံ ကျွေးမွေးနိုင်ပါမည်လား။ ရင်ထဲက ပါသည်၊ မပါသည် အသာထားလေ။ ဧည့်သည်တွေကို ဗွန်ရာဘက်က ကောင်းကောင်း ကျွေးပြီး မူးရီမူးဝေ ပျော်ရွှင်စေနိုင်သည် မဟုတ်လား။
ခြံဝင်းအပြင်ရောက်တော့ သူတို့တတွေ ရယ်ရယ်မောမောနှင့် စကားတွေ အော်ကျယ်အော်ကျယ် ပြောကြတော့၏။ အကြောင်း မည်မည်ရရ မရှိဘဲ ရယ်မောကြ၊ လေပေါကြခြင်း ဖြစ်သည်။
မြစ်ကမ်းနဖူးအတိုင်း သူတို့ လျှောက်လာကြသည်။ လမ်းကလေးသည် တနေရာတွင် ရေစပ်သို့ ဆင်းသွား၏။ ကမ်းစပ်တွင် ရေအိုင်ကလေးများ၊ ချုံပုတ်ကလေးများ တွေ့ရသည်။ မိုးမခကိုင်းများက ငိုက်ယွန်းယွန်း။ ရေပြင်ပေါ်တွင် ကြယ်ကလေးတွေ မှိတ်တုတ်မှိတ်တုတ် လက်ကာ အလင်းဖြာနေ ပုံက ရေစီးသန်ကြောင်းကို ပြဆိုနေ၏။ လမ်းကလေးကို သဲသဲကွဲကွဲ မမြင်ရတော့။ တဖက်ကမ်းကို လုံးဝ လှမ်းမမြင်ရတော့။ လောကကြီးတခုလုံးကို တိတ်ဆိတ်ခြင်းက လွှမ်းခြုံထား၏။ ဟိုဘက်ကမ်းဆီမှ ဘုတ်အီသံကို သဲ့သဲ့ကြားနေရသည်။ ချုံပုတ်တခုဆီမှ ငှက်ကလေးတကောင်က သူတို့ကို လုံးဝ ဂရုမစိုက်ဘဲ သံစဉ်မြင့် တေးတပုဒ်ကို စတင်သီဆိုသည်။ သူတို့က ချုံပုတ်နံဘေးတွင် ရပ်ပြီး လက်နှင့် ပုတ်သော်လည်း သူက တေးဆိုမရပ်။
တယောက်က ချီးကျူးစကား ဆိုသည်။
“ကြည့်စမ်း၊ တော်တော်သတ္တိကောင်းတဲ့ အကောင်၊ တို့ကို လုံးဝ ဂရုမစိုက်ဘူး”
လမ်းကလေးက အပေါ်ဘက် မြင့်တက်သွားပြီး ဘုရားရှိခိုးကျောင်းသို့ ပေါက်သည့် လမ်းနှင့် သွားဆုံသည်။ ကုန်းမြင့်တနေရာတွင် ထိုင်နားပြီး ဆေးလိပ်သောက်ကြသည်။
ဟိုဘက်ကမ်းမှ မီးနီကလေး တလက်လက် ဖြစ်နေသည်ကို လှမ်းမြင်ရ၏။ တခြားပြောစရာ မရှိသဖြင့် သည်မီးရောင်အကြောင်း သူတို့တတွေ ထင်ကြေး အမျိုးမျိုးပေးပြီး ရေးကြီးခွင့်ကျယ် လုပ်နေကြသည်။ မီးပုံပွဲတခုလား၊ အိမ်တဆောင်၏ မှန်ပြတင်းမှ လင်းနေသည့် မီးရောင်လား စသည်ဖြင့်.. စသည်ဖြင့်။ ရာဗိုဗစ်ချ်လည်း မီးရောင်ကို ငေးကြည့်နေသည်။ သူ့ကို မျက်စ ပစ်ပြနေသလိုလို၊ ပြောင်စပ်စပ် လုပ်နေသလိုလို။ သည်မီးရောင်ကလေးက သူ အနမ်းခံခဲ့ရကြောင်း သိနေသည့်အလား။
သူတို့တည်းသည့် ဗိုလ်တဲကလေးကို ရောက်သည်နှင့် ရာဗိုဗစ်ချ်သည် ခပ်မြန်မြန် အဝတ်လဲပြီး အိပ်ရာဝင်လေသည်။ အခန်းထဲတွင် သူနှင့်အတူ ဗိုလ်ကလေး လိုဘိုက်ကိုနှင့် ဗိုလ်မာဇလာကော့တို့ပါ အတူအိပ်ကြသည်။ မာဇလာကော့က ခပ်အေးအေးနေတတ်ပြီး စကားနည်းသူ ဖြစ်၏။ သူတို့ အသိုက်အဝန်းတွင် ခေတ်ပညာတတ် တယောက်မှန်း သိသာသူ ဖြစ်၏။ Europe Herald သတင်းစာကို လက်ကမချဘဲ တချိန်လုံး ဖတ်နေတတ်သည်။
လိုဘိုက်ကိုက အခန်းကိုစိတ်တိုင်းမကျသဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ နောက်ဆုံးတွင် ရဲဘော်တယောက်ကို ခေါ်ပြီး သူက ဘီယာ ရှာခိုင်းသည်။ မာဇလာကော့ကတော့ ခုတင်ခေါင်းရင်း တွင် ဖယောင်းတိုင် တင်ထွန်းကာ ထုံးစံအတိုင်း သတင်းစာ ဖတ်နေသည်။
“ဘယ်သူများပါလိမ့်”
ကျပ်ခိုးတွေတက်ကာ မည်းညစ်ညစ်ဖြစ်နေသည့် မျက်နှာကြက်ကို မော့ကြည့်ပြီး အတွေးချာချာ လည်နေသူက ရာဗိုဗစ်ချ်။ လည်ပင်းနှင့် ပါးပြင်မှာ မွှေးရနံ့ဖြင့် ပူနွေးဆဲဟု ထင်နေ၏။ မျက်စိထဲတွင် ခရမ်းရောင်မကလေး၏ပခုံးနှင့် လက်မောင်းသားကလေးများကို မြင်ယောင်နေ၏။ အနက်ရောင် ဝတ်စုံနှင့် အလှကလေး၏ ရိုးသားပုံရသည့် မျက်လုံးအစုံကိုလည်း သတိရနေ၏။ ပြီးတော့ မိန်းမသားတို့၏ ခါးကျဉ်ကျဉ်၊ တင်ကားကား ပုံသဏ္ဌာန်တွေ၊ ဂါဝန်တွေ၊ ဆံထိုးတွေ၊ ဆံခွတွေကို မြင်ယောင်နေ၏။
စိတ်ထဲ ထင်လာသမျှ အရာအားလုံးကို ကြည်လင်လာအောင် အာရုံ ပြုကြည့်သည်။ မရ။ အားလုံး ပြေးလွှား လှုပ်ရှားနေကြ၏။ ထင်ရောင်ဝိုးဝါ အရိပ်များ ပျောက်ကွယ်သွားပြီးနောက်တွင် မျက်လုံး မှိတ်လိုက်သည့်အခါ မြင်နေကျ ဧရာမ အနက်ရောင်လွင်ပြင်ကြီးကို မြင်ရ၏။ သည်အခါ ခပ်သုတ်သုတ် လှမ်းလာသည့် ခြေသံ၊ ပိုးစကတ်နှင့် ကြမ်းပြင် ပွတ်တိုက်သံ၊ ပြီးတော့ ထိုအနမ်းမှ ထွက်လာသည့် ရင်လှိုင်းခတ်သံတို့ကို ကြားယောင်ကာ ဘာမှန်းမသိဘဲ ရင်ထဲ သိမ့်ခနဲ ဖြစ်သွားသည်။
သည်အသံဗလံများနှင့်အတူ ရဲဘော်ကလေး ပြန်လာသည့် ခြေသံကို ကြားလိုက်ရ၏။ ဘီယာ ရှာမရခဲ့ကြောင်း သတင်းပို့နေသံ ကြားရသည်။ လိုဘိုက်ကိုသည် ဆောက်တည်ရာမရ ဖြစ်ကာ အခန်းထဲတွင် ဟိုလျှောက် သည်လျှောက် လုပ်လိုက်၊ ရာဗိုဗစ်ချ်၏ အိပ်ရာနား ရောက်လာလိုက်၊ မာဇလာကော့ ၏ နံဘေးသို့ သွားရပ်လိုက်ဖြင့် ဗျစ်တောက်ဗျစ်တောက် လုပ်နေ၏။
“တော်တော်တုံးတဲ့ ငတုံးပဲ၊ ဘီယာရအောင် မရှာနိုင်ဘူးတဲ့။ ဟုတ်တယ် မဟုတ်လား၊ ဒီကောင်လောက် တုံးတဲ့ကောင် ဘယ်မှာ ရှိမလဲ။ ပြောစမ်းပါဦး”
“မရှိလို့ ရှာမရတာ ဖြစ်မှာပေါ့ကွာ”
မာဇလာကော့က သတင်းစာဖတ် မပျက်ဘဲ ပြောလိုက်ခြင်း ဖြစ်၏။
“ဗျာ... ဘီယာမရှိဘူးလို့ ခင်ဗျား ထင်သလား၊ ဟုတ်လား။ သေတော့မှာပဲ၊ ဘီယာမရှိတဲ့ အရပ်ရယ်လို့ ရှိမလားဗျ။ ကျွန်တော့်ကို လကမ္ဘာ ပို့၊ အဲဒီမှာ ဘီယာရော မိန်းမပါ ကျွန်တော် ရအောင် ရှာပြမယ်။ ခု ကျွန်တော် ရအောင် ထွက်ရှာပြမယ်၊ မရရင် ခင်ဗျားတို့ ပြောချင်သလို ပြော”
သူ အဝတ် ပြန်ဝတ်သည်။ ဘောင်းဘီဝတ်လိုက်၊ ခြေအိတ်စွပ်လိုက်နှင့်။ တော်တော်နှင့် မပြီး။ ပြီးတော့ စီးကရက် ထိုင်သောက်နေပြန်သည်။ နောက်ဆုံးမှ သွားဖို့ထသည်။ ပါးစပ်က အဓိပ္ပာယ်မရှိ လျှောက်ရွတ်နေပြန်၏။
“ရာဘက်၊ ဂရာဘက်၊ လာဘက်” စသည်ဖြင့် ရွတ်ရင်း ရာဗိုဗစ်ချ်ဘက်လှည့်ပြီး -
“ကျွန်တော်တယောက်တည်း သွားဖို့ မသင့်တော်ဘူး ထင်ပါတယ်ဗျာ။ ခင်ဗျား လိုက်ခဲ့ပါလား ရာဗိုဗစ်ချ်”
ဟု ဆိုလာသည်။ ရာဗိုဗစ်ချ်ဆီမှ ဘာသံမှ မကြားရတော့ ပြန်လှည့်လာပြီး အဝတ်တွေ ပြန်ချွတ်ကာ အိပ်ရာဝင်သည်။ မာဇလာကော့က သက်ပြင်းချပြီး ဖယောင်းတိုင် မှုတ်ရင်း သတင်းစာကို ဘေးချထားလိုက်သည်။
လိုဘိုက်ကိုက အမှောင်ထဲတွင် စီးကရက်မီးညှိရင်း တယောက်တည်း ညည်းတွားနေသည်။
“ဪ... လောက လောက”
ရာဗိုဗစ်ချ်က စောင်ခေါင်းမြီးခြုံပြီး ကွေးလိုက်သည်။ ပြီးတော့ ဝိုးတဝါး ပုံရိပ်များကို တခုချင်း လိုက်ကောက်ပြီး စုစည်းပြန်၏။ သို့သော် မအောင်မြင်ပါချေ။ ပြက်ပြက်ထင်ထင် တပုံမျှ ပေါ်မလာ။ မကြာခင် အိပ်ပျော်သွားသည်။ မပျော်ခင် နောက်ဆုံး ခံစားသိရှိလိုက်သည်မှာ တစုံတယောက်က သူ့အပေါ် ပထမဆုံးအကြိမ်အဖြစ် ကြင်နာယုယသွားသည့် ချိုမြိန်လှပသော အကြည်ဓာတ်တမျိုး ဖြစ်သည်။
အိပ်ရာမှ နိုးလာတော့ ကုပ်နှင့် ပါးပေါ်မှ နွေးထွေးမှုတို့ ပြယ်လေပြီ။ သို့သော် ညက နှလုံးသားတွင် သိမ့်သိမ့်နွေးသွားသည့် ခံစားမှုကတော့ ကျန်နေဆဲပင်။ တငြိမ့်ငြိမ့် ရင်ခုန်နေရဆဲပင်။
မိုးစင်စင်လင်းပြီ။ နေရောင်ခြည်ဆမ်းထားသော ပြတင်းပေါက်ကို လှမ်းကြည့်လိုက်၏။ အပြင်မှ လူနှစ်ယောက် စကားပြောနေသံကို နားစွင့်နေလိုက်သည်။ တယောက်က လီဘီဒက်စကီ။ သည်မနက်မှ သူတို့ကို မီလာသည့် သူတို့တပ်ရင်းမှူး။ နောက်တယောက်က သူ့တပ်ခွဲ တပ်ကြပ်ကြီး။ စကားတိုးတိုး မပြောတတ်သည့် တပ်ရင်းမှူးက ခုနစ်သံချီအော်ပြီး မေးနေသည်။
“နောက်ကော၊ နောက် ဘာထူးသေးလဲ”
“ဟုတ်ကဲ့၊ မနေ့က မြင်းတွေ ခွာအသစ် လဲရင်း ဂိုလူဆစ် မြင်းအကန်ခံရလို့ ဒဏ်ရာရသွားပါတယ် ခင်ဗျ၊ ဆေးမှူးက ဆေးထည့်ပေးထားပါတယ်။ သူ့ကို တခြားလူတွေနဲ့ ခွဲထားပါ့မယ် ဗိုလ်ချုပ်။ အာတီမဲ ညက မူးလို့ ဗိုလ်ကလေးက သူ့ကို အမြောက်တင်လှည်းရှေ့မှာ ထိုင်ခိုင်းထားပါတယ်”
တပ်ခွဲ တပ်ကြပ်ကြီးက ဆက်လက် အစီရင်ခံသည်။ ကားပေါ့က ထရမ်းပက် ပြင်ဖို့ မေ့နေကြောင်း၊ ရွက်ထည်တဲတွေ ဆင်ဖို့ သံငုတ်တွေလည်း ယူမလာခဲ့ကြောင်း၊ အရာရှိအားလုံး ဗိုလ်ချုပ်ကြီး ဗွန်ရာဘက်၏ အိမ်တွင် ညစာ သွားစားကြကြောင်း စသည်… စသည်...။
ဗိုလ်ချုပ် လီဘီဒက်စကီ၏ မုတ်ဆိတ်နီနီနှင့် မျက်နှာကြီး ပြတင်းပေါက်တွင် ပေါ်လာသည်။ သူက အဝေးမှုန်မျက်လုံးများဖြင့် အခန်းထဲကို ဝေ့ကြည့်သည်။ အိပ်မှုန်စုံမွှား ဖြစ်နေသည့် အရာရှိ သုံးယောက်ကို နှုတ်ဆက်သည်။
“မင်္ဂလာနံနက်ခင်းပါ ရဲဘော်တို့။ ဘယ်လိုလဲ၊ အားလုံး ကောင်းကြရဲ့လား”
လိုဘိုက်ကိုက သမ်းရင်း ဖြေသည်။
“အမြောက်လှည်းဆွဲ မြင်းတကောင် ထမ်းပိုးအသစ် လဲလို့ ပခုံးပေါက်နေပါတယ် ခင်ဗျ”
တပ်ရင်းမှူးကြီးက သက်ပြင်းချပြီး ခဏနေမှ အသံအောကြီးဖြင့် ဆက်ပြောသည်။
“ငါလဲ အယ်လက်ဇန္ဒရား ယက်ဂရာဖိုနာနဲ့ သွားတွေ့မလား စဉ်းစားနေတာကွ။ သူ နေမှ ကောင်းရဲ့လား မသိဘူး။ ကဲ… သွားမယ်၊ မင်းတို့ကို ညပိုင်း ငါ အမီလိုက်ခဲ့မယ်”
ဆယ့်ငါးမိနစ်အတွင်း တပ်တွေ စထွက်သည်။ ဗွန်ရာဘက်အိမ်ကြီးရှေ့မှ ဖြတ်တော့ ရာဗိုဗစ်ချ် လှည့်ကြည့် လှည့်ကြည့် လုပ်သွားသည်။ ပြတင်းပေါက်ခန်းဆီးတွေ ချထားဆဲ။ တအိမ်လုံး မနိုးကြသေးဘူးနဲ့ တူပါရဲ့။ အင်း… ငါ့ကို နမ်းသွားတဲ့ အမျိုးသမီးကလေးလည်း အိပ်နေဆဲပဲ ဖြစ်လိမ့်မယ်။ သူအိပ်နေပုံကို စိတ်ထဲက မြင်ယောင်ကြည့်လိုက်သည်။ ပြတင်းကျယ်ကြီးတွေနဲ့ အိပ်ခန်းမျိုး ဖြစ်ရမယ်။ စိမ်းလဲ့လဲ့ သစ်ကိုင်းတွေက အခန်းထဲကို ခိုးကြည့်နေကြလိမ့်မယ် ထင်ပါရဲ့။ အခန်းထဲမှာ ပေါ်ပလာနံ့၊ နှင်းဆီနံ့၊ ခရမ်းပန်းနံ့တွေ သင်းပျံ့နေလိမ့်မယ်။
ခုတင်နံဘေးက ကုလားထိုင်မှာ ညက ကြမ်းပြင်နဲ့ ပွတ်တိုက်သံ ကြားခဲ့တဲ့ ဂါဝန် တင်ထားလိမ့်မယ်။ အိပ်ရာနံဘေး စားပွဲပေါ်မှာတော့ နာရီလှလှကလေး တလုံးနဲ့ ခြေညှပ်ဖိနပ်တရန် ရှိလိမ့်မယ်။ အားလုံးကို ကွက်ကွက် ကွင်းကွင်း ပုံဖော်ကြည့်လို့ ရသည်။ သို့သော် အနမ်းရှင်ကို တွေးမြင်ကြည့်သည့်အခါ ပြဒါးကို ဖမ်းရသလို ဖမ်းမမိနိုင် ဖြစ်နေ၏။
ရွာပြင်ရောက်ပြီး ခရီး အတန်ပေါက်သည့်အခါ နောက်ကို သမင်လည်ပြန် ကြည့်မိသည်။ စံအိမ်ကြီးနှင့် ဟိုမှာဘက်မှ ဘုရားရှိခိုးကျောင်းကို မြင်နေရဆဲ ဖြစ်၏။ နံနက်ခင်းနေခြည်တွင် မြစ်ပြင်နှင့် ပန်းခြံသည် ကြည်ကြည်လင်လင် တောက်ပလျက်ရှိသည်။ ကောင်းကင်တွင် တိမ်ကင်းစင်နေသဖြင့် မြစ်ရေပြင်သည် ပြာလဲ့ ကြည်လင်နေလေသည်။ ဟိုနေရာ တကွက်၊ သည်နေရာ တကွက် ငွေရောင်လက်နေ၏။ မမေ့တဲ့နိုင်အောင် လှသည့် ရှုခင်း ဖြစ်ပါ၏။ မီစတက်ကီ ရွာကလေးကို ရာဗိုဗစ်ချ် နောက်ဆုံးကြည့်လိုက်၏။ ရင်ထဲတွင် ကြေကွဲဝမ်းနည်းမဆုံး ဖြစ်လာ၏။ အသည်းနှလုံးကို သည်ရွာကလေးတွင် ထားရစ်ခဲ့ရသည့်အလား။
မြင်းပေါ်မှာ ထိုင်လိုက်ရင်း ဝဲ၊ ယာ ရှုခင်းတွေကို ငေးလိုက်လာသည်။ ဘာမျှ စိတ်ဝင်စားစရာ မရှိ။ မြင်နေကျမြင်ကွင်းများ ဖြစ်၏။ ဂျုံခင်းထဲတွင် တောကျီးကန်းတွေ ဟိုခုန် သည်ခုန်နှင့်။ ရှေ့တည့်တည့် ကြည့်လိုက်လျှင် ဖုန် တထောင်းထောင်းနှင့် လူတွေ၏ နောက်စေ့တွေ။ နောက်ပြန် ကြည့်လိုက်လျှင် အလားတူ ဖုန်တထောင်းထောင်းနှင့် မျက်နှာများ။ တပ်ဦးရှေ့တွင် ဓားလွတ်ကိုင် ရဲဘော်လေးယောက် တန်းစီ ချီတက်နေကြသည်။ သူတို့နောက်မှ ဘင်ခရာတပ်။ သူတို့က အသုဘ နိဗ္ဗာန်ယာဉ်လို နောက်လှည့် မကြည့်၊ ရှေ့ကို အလောတကြီး ချီတက်နေ၏။
ရာဗိုဗစ်ချ်က တပ်ခွဲငါးမှ ဖြစ်၍ ရှေ့ဆုံး အမြောက်နှင့် ချီတက်နေသူတွေကို နောက်မှ မြင်နေရ၏။ မြင်းတွေ၊ လူတွေ၊ အမြောက်တင်လှည်းတွေမှာ ဧရာမ မီးရထားတွဲကြီးနှင့် တူနေ၏။ သည်လို တပ်ကြီးတခု ရွှေ့ပြောင်းနေသည့် မြင်ကွင်းကို အရပ်သားတွေ နားလည်နိုင်ကြမည် မထင်။
ဥပမာ- အမြောက်တလက်နားတွင် ဘာကြောင့် လူတွေ အများကြီး လိုအပ်တာလဲ။ ဘာကြောင့် လှည်းဆွဲခြင်းတွေ အများကြီး လိုအပ်တာလဲ။ အမြောက်ကို ထူးထူးဆန်းဆန်း ကြိုးတွေ ဆိုင်းထားတာဟာ ဆွဲတဲ့အခါ သိပ်ခက်မှာ စိုးလို့လား။ ဒါတွေအားလုံး လုပ်နေကျ၊ မြင်နေကျမို့ ရာဗိုဗစ်ချ်အတွက် ဘာမျှ စိတ်ဝင်စားစရာ မဟုတ်တော့။
ပြီးတော့ ဘာကြောင့် လက်ရွေးစင် အရာခံဗိုလ်တယောက်က တပ်ဦး အရာရှိတယောက်၏ နံဘေးမှာ မြင်းချင်း ယှဉ်စီးရတဲ့အကြောင်း၊ ပြီးတော့ ဘာဖြစ်လို့ သူ့ကို ရှေ့ဆောင်မြင်းသည်တော် အရာခံဗိုလ် ခေါ်တွင်ကြောင်း သိပြီးသား ဖြစ်၏။ သည်အရာခံဗိုလ်၏ နောက်တွင်မှ ပထမအသုတ် မြင်းသည်တော်များကို တွေ့ကြရသည်။ သူတို့နောက်မှ မြင်းနှစ်ကောင်က ရထားပေါ်တွင် စစ်သည်တော်များ လိုက်ပါကြရ၏။
ဘယ်ဘက်က အတန်းကို ‘ကကြိုးစုံ မြင်းအုပ်စု’ ဟု ဘာကြောင့် ခေါ်တွင်ကြောင်း၊ ညာဘက်အတန်းကို ဘာကြောင့် အရန်အဖွဲ့ဟု ခေါ်ကြောင်း ရာဇဝင်ကိုလည်း သူသိထားသည်။ အလွန်ပျင်းစရာကောင်းသည့် အကြောင်းအရာများ ဖြစ်သည်။ သူတို့နောက်မှ အမြောက်လှည်းဆွဲ မြင်းတွေ။ မြင်းတကောင်ပေါ်တွင် ရုပ်ပြောင်နှင့် တူသည့် လူတယောက် စီးလာသည်။ သူ့ နောက်ကျောကို ကြည့်ပြီး သူ့ကိုယ်မှ ဖုန်များမှာ မနေ့ကဖုန်များ ဖြစ်ကြောင်း သိသာနေ၏။ ညာဘက်ခြေထောက်ကို သစ်သားတချောင်းနှင့် ပူးချည်ထားသည်။ ဒါကိုတော့ ရယ်စရာဟု ရာဗိုဗစ်ချ် မမြင်။ ဘာကြောင့် သည် ‘ဒူးကာ’ တပ်ထားသည်ကို သူ သိနေ၍ ဖြစ်၏။
မြင်းပေါ်မှ အမြောက်စစ်သည်တော်အားလုံး ဇာတ်တိုက်ထားသလို ကျာပွတ်တွေကို ကာယမ်းကာ ဟန်ရေးပြလျက် မြင်းတွေကို အော်ဟစ် အားပေးရင်း အသော့နှင်နေကြသည်။
အမြောက်ကြီးတွေကို ကွက်ကြည့်လျှင် အလွန်ရုပ်ဆိုးသည့် မြင်ကွင်းဖြစ်၏။ အမြောက်တင် ရှေ့လှည်းပေါ်တွင် ဂျုံအိတ်တွေကို တာလပတ်နှင့် အုပ်ထားသည်။ အမြောက်တွေပေါ်တွင်တော့ ရေနွေးအိုးတွေ၊ ကျောပိုးအိတ်တွေ၊ စစ်သားများ၏ တောက်တိုမည်ရပစ္စည်းတွေ တိုးလိုးတွဲလောင်း ချိတ်ဆွဲထား၏။ အမြောက်ကြီးသည် သည်လိုဆိုပြန်တော့ ဘာမှ အပြစ်မရှိသည့် သနားစရာ သတ္တဝါ တကောင်နှင့် တူနေ၏။ ဘာကြောင့် သူ့အနားတွင် လူတွေ၊ မြင်းတွေ စုပြုံနေကြတာပါလိမ့်။
သူ့နံဘေးမှ သေနတ်ပစ်တပ်ဖွဲ့ဝင် ခြောက်ယောက်က ချီတက်လိုက်ပါရသည်။ လက်မောင်းတွေကို ဟန်နှင့် ပန်နှင့် မြှောက်ကာ မြှောက်ကာ။
သူတို့နောက်တွင် တပ်ခွဲတွေ တခွဲပြီး တခွဲ။ လူတန်းကြီးမှာ သုံးဖာလုံခန့် ရှည်လျား၍ ဧရာမ ရထားကြီးတစင်းနှင့် တူနေခြင်းဖြစ်သည်။ လှည်းတွေ၊ ဝန်တင်လားတွေက နောက်ဆုံးမှ လိုက်ရသည်။ သူတို့အထဲတွင် မီဂါလည်း ချီတက်လိုက်ပါလာသည်။ မီဂါမှာ နားရွက်ရှည်ရှည်နှင့် အလွန် သဘောကောင်းသော မြည်းတကောင်ဖြစ်၏။ သူ့ကို တပ်မှူးက တူရကီ စစ်မြေပြင်တွင် ရလာခြင်း ဖြစ်သည်။
ရာဗိုဗစ်ချ်သည် ရှေ့ပိုင်း ရဲဘော်တွေ၏နောက်ကျောကို ကြည့်လိုက်၊ နောက်ပိုင်းမှ ရဲဘော်များ၏ မျက်နှာကို လှမ်းကြည့်လိုက်နှင့် လိုက်ပါလာသည်။ ရင်ထဲတွင် ဘာခံစားမှုမျှ မရှိ။ ရံခါတွင် မြင်းပေါ်မှာ ထိုင်ရင်း အိပ်ငိုက်နေသေးသည်။ ခုတော့ အိပ်ချင်ပြေသွားပြီး ကြည်နူး ဆွတ်ပျံ့ဖွယ်ရာ အတွေးများ ခေါင်းထဲ ဝင်လာပြန်သည်။
မနက်က ခရီးစထွက်တော့ ခေါင်းထဲ အတွေးတခု ဝင်လာသည်။ သည် အနမ်းဇာတ်လမ်း ကလေးသည် အပယိက စဉ်းစားရကျပ်သည့် အဖြစ်ဆန်းကလေးတခုအဖြစ် ပေါ့ပေါ့တန်တန် ထားလိုက်ဖို့ ဖြစ်၏။ ခေါင်းထဲ ထည့်ထားလောက်အောင်၊ စားမြုံ့ပြန်ရလောက်အောင် တန်ဖိုးရှိသည့်ကိစ္စ မဟုတ်။
သို့သော် နေမြင့်လာတော့ အတွေးတမျိုး ဝင်လာပြန်သည်။ နေ့လယ် အိပ်မက် အတွေးမျိုး။
မွန်ရာဘက်၏ဧည့်ခန်းကြီးထဲ ပြန်ရောက်သွားသည်။ ခရမ်းရောင် မယ်ကလေးနှင့် ဝတ်စုံနက် ဆင်မြန်းထားသည့် ရွှေရောင်ဆံပင်များပိုင်ရှင် မိန်းကလေး နှစ်ယောက်တို့ကို ပြန်မြင်လာသည်။ မျက်စိမှိတ်လိုက်တော့ အာရုံတွင် ထင်ဟပ်လာသည်က အခြား မိန်းကလေးတယောက်။ သူတို့နှစ်ယောက် မဟုတ်၊ ဘယ်သူများပါလိမ့်။ မျက်နှာကို ဝိုးတဝါးသာ မြင်ရသည်။ သဲသဲကွဲကွဲ မရှိ။
သူ့ကို စိတ်ထဲက စကားပြောကြည့်သည်။ ပွတ်သပ်ကြည့်သည်။ သူ့ပခုံးပေါ် မှီကြည့်သည်။ ပြီးတော့ စစ်ပွဲတွေ မျက်စိထဲ မြင်လာသည်။ ခွဲခွာခဲ့ရသည်။ စစ်ထွက်ခဲ့ရသည်။ သည်တခါ အိမ်ပြန်ရောက်လျှင် တော့ မိန်းမနှင့်အတူ၊ ကလေးတွေနှင့်အတူ ညစာစားမည်။
မတ်စောက်သည့် အဆင်းလမ်း ရောက်လျှင် ‘ခဏနား’ ဟု အော်ဟစ် အမိန့်ပေးသံများ ထွက်လာသည်။ သူကိုယ်တိုင်လည်း အော်ဟစ်ရ၏။ ထိုအခါ နေ့လယ်အိပ်မက်မှ နိုးလာပြီး လက်ရှိဘဝ အခြေအနေကို ပြန်သတိရသည်။
ပိုင်စားမြေတွေက တမျှော်တခေါ်နှင့် ယာတောအိမ်ကြီး တအိမ်ကို ဖြတ်တော့ နှစ်ရှည်ခံပန်းပင် စည်းရိုးတန်းတဖက်မှ ပန်းခြံကို မြင်ရသည်။ သစ်ဖြူပင်ပျိုတွေ တန်းစီထားသည့် ဖြောင့်ဖြောင့်တန်းတန်း လူသွားလမ်းကလေးပေါ်တွင် သဲဝါဝါတွေ ခင်းထားသည်။
သူ့အတွေးသည် နေ့လယ်အိပ်မက်နှင့် ရောယှက်ကာ လူးလွန့်လှုပ်ရှားလာပြန်သည်။ သဲဝါဝါ လမ်းကလေးပေါ်တွင် လျှောက်သွားနေသော မိန်းကလေးတယောက်၏ ခြေအစုံကို ထိုအတွေးက ပန်းချီရေးခြယ်ပေးလေသည်။ သူ့ကို နမ်းသွားသည့် မိန်းကလေးပါလား။ မနေ့ညက သူ့ရုပ်ပုံကို အမျိုးမျိုး မှန်းဆ ရှာဖွေကြည့်ခဲ့သည်။ မအောင်မြင်ခဲ့။ ခုမှ မမျှော်လင့်ဘဲ သူ့ကို ဖမ်းဆုပ်နိုင်ခဲ့ခြင်း ဖြစ်၏။ သည်တခါ ထိုရုပ်သွင်သည် လွင့်ပြယ် မသွားတော့ပေ။ သူ့အာရုံတွင် ပီပီပြင်ပြင် စွဲထင်နေလေသည်။
မွန်းတည့်ချိန် ရောက်တော့ နောက်မှ အော်သံကြားလိုက်သည်။
“သတိ၊ ဘယ်... ကြည့်”
မြင်းဖြူကြီးနှစ်ကောင် ကသည့် ရထားသည် သူ့ညာဘက်သို့ ဘွားခနဲ ရောက်လာသည်။ တပ်ရင်းမှူး၏ရထား ဖြစ်သည်။ တပ်ရင်းမှူးက တစုံတရာ အော်ဟစ် ကြိမ်းမောင်းနေသည်။ သို့သော် သူ ဘာတွေပြောနေမှန်း ဘယ်သူမျှ မသိ။ ရာဗိုဗစ်ချ် အပါအဝင် အရာရှိတသိုက် တပ်ရင်းမှူး၏ရထားရှိရာသို့ ချက်ချင်း စုပြီးသား ဖြစ်သွား၏။ ဗိုလ်ချုပ်က အော်မေးသည်။ နီရဲနေသည့် မျက်လုံးတွေ မှိတ်ဖျတ် မှိတ်ဖျတ်နှင့်။
“အခြေအနေ ဘယ်လိုလဲဟေ့၊ ဖျားတဲ့ နာတဲ့လူ ရှိသေးလား”
တပ်ရင်းမှူး ဗိုလ်ချုပ်က လူဖလံကလေး ဖြစ်သည်။ တယောက်ချင်း အဖြေတွေကို နားထောင်ရင်း နှုတ်ခမ်းကိုကိုက်လျက် စဉ်းစားဟန် ပြုသည်။ ပြီးတော့ အရာရှိတယောက်ကို လှမ်းပြောလိုက်သည်။
“မင်းရဲ့နံပါတ်သုံး အမြောက်လှည်းဆွဲမြင်း စီးတဲ့ကောင်က သူ့ဒူးကာကို ဖြုတ်ပြီး အမြောက်မှာ ချိတ်ထားပါလားကွ၊ ငတုံးပဲ။ အဲဒီကောင်ကို နာနာဆဲပေးလိုက်စမ်း”
ရာဗိုဗစ်ချ်ကို ကြည့်ပြီး ဆက်ပြောသည်။
“မင်းရဲ့လှည်းဆွဲကြိုးတွေက ရှည်လွန်းတယ်ကွ”
ဗိုလ်ချုပ်က သည်လို ပျင်းစရာကောင်းသည့် ညွှန်ကြားချက်များ ပေးပြီး လိုဘိုက်ကိုဘက်ကို လှည့်လိုက်၏။
“ဟေ့... လိုဘိုက်ကို၊ ဒီနေ့ မျက်နှာမကောင်းပါလားကွ။ မဒမ် လိုပူကိုဗာကြောင့် မဟုတ်လား။ ဟေ့... ရဲဘော်တို့၊ ဒီကောင် မဒမ်လိုပူကိုဗာကို ကြွေနေတယ်ကွ”
မဒမ်လိုပူကိုဗာမှာ အရပ်မြင့်မြင့်နှင့် အလွန်တောင့်သည့် အမျိုးသမီး ဖြစ်သည်။ အသက်က လေးဆယ်ကို တော်တော်များများ ကျော်နေပြီ။ ဗိုလ်ချုပ်က လုံးကြီးပေါက်လှတွေကို မျက်စိကျတတ် သည်။ သူ့အရာရှိတွေကိုလည်း သူနှင့် အကြိုက်ချင်းတူလိမ့်မည် ထင်နေ၏။
သူတို့အားလုံးက ဗိုလ်ချုပ်ကို တလေးတစား ပြုံးပြကြသည်။ ဗိုလ်ချုပ်ကလည်း ဟာသမြောက်စွာ သရော်စကား ပြောလိုက်ရသည် ထင်ပြီး အားရပါးရ အော်ရယ်နေသည်။ ပြီးမှ အရာရှိများအား အလေးပြန်ပြုပြီး ရထားထိန်း၏ကျောကို လှမ်းပုတ်ကာ ဆက်မောင်းခိုင်းသည်။ ဗိုလ်ချုပ်၏ရထား ဆက် ပြေးသွားသည်။
ရထားနောက်တွင် တထောင်းထောင်းထ ကျန်ရစ်သွားသော ဖုန်တွေကို ကြည့်ပြီး ငေးကြည့်နေရင်း ရာဗိုဗစ်ချ် စဉ်းစားသည်။
“အင်း... ငါ စိတ်ကူးယဉ်နေတာအားလုံး မဖြစ်နိုင်တာတွေချည်းပါလား။ ငါ ဖြစ်နေတာက ဘာမှ ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာဘဲ။ ငါ အိပ်မက် မက်နေတာတွေ၊ တိမ်တိုက်တွေထဲ ရောက်နေတာတွေဟာ ဖြစ်ရိုးဖြစ်စဉ်တွေပဲ။ လူတိုင်း ဒီလို ဖြစ်ဖူးကြမှာပဲ။ အဲ... ဗိုလ်ချုပ်ကိုပဲ ကြည့်လေ၊ ငယ်စဉ်မှာ သူလဲ တိမ်းတိမ်းပွေပွေ ဖြစ်ခဲ့ဖူးမှာပဲ။ နောက်မှ အိမ်ထောင်ကျပြီး ကလေးတွေ ဘာတွေ ရတာ။ ဗိုလ်ကြီးဝက်ချာလဲ အတူတူပဲလေ။ ခါးမရှိတဲ့ အတ္တဘောကြီးနဲ့၊ နောက်ကကြည့်ရင် ကုပ်ပိုးနီနီကြီးက အရုပ်ဆိုးမှဆိုး။ ဒါပေမဲ့ သူ့မိန်းမက သူ့ကို ချစ်နေသားပဲ။ ဆမာနော့ဆိုရင် တာတာသွေး အများကြီးပါလို့ ရုပ်က ကြမ်းလိုက်တာ လွန်ရော။ သူ့မှာလဲ အချစ်ဇာတ်လမ်း ရှိတာပဲ။ နောက်ဆုံး မိန်းမရတော့လဲ သာယာတဲ့ အိမ်ထောင်တခု ဖြစ်လာတာပဲ။ ငါလဲ သူတို့လိုပဲ တချိန်ချိန် ဖြစ်လာရမှာပေါ့”
သူ့ကိုယ်သူ ရိုးရိုးသာမန်လူ၊ လူတိုင်းထဲက လူဟု တွေးမိသည်နှင့် စိတ်ဓာတ်တွေ တက်ကြွလာသည်။ သည့်နောက်တွင် ‘သူ့’ ရုပ်ပုံလွှာကို ပုံဖော်နိုင်ပြီ။ ပြီးတော့ ပျော်ရွှင်မှုကို ရဲရင့်စွာ အလိုရှိသလောက် ရယူနိုင်ပြီဟု မှတ်ယူလိုက်၏။ စိတ်ကူးကွန်ရက်ကို တတ်နိုင်သလောက် ဖြန့်တော့မည်။
ထိုနေ့ည တထောက်နားရမည့် စခန်းသို့ ရောက်ပြီး အရာရှိတွေ သူတို့တဲထဲတွင် အနားယူနေကြ၏။ ရာဗိုဗစ်ချ်၊ မာဇလာကော့နှင့် လိုဘိုက်ကိုတို့သုံးယောက်က သစ်ငုတ်တိုကြီး တခုကို စားပွဲလုပ်ပြီး ညစာ စားနေကြ၏။ မာဇလာကော့က ခပ်ဖြည်းဖြည်းစားရင်း သတင်းစာကို ပေါင်ပေါ်တင် ဖတ်နေ ၏။ လိုဘိုက်ကိုက စကားပြောလိုက်၊ ခွက်ကို ထပ်ဖြည့်လိုက် လုပ်နေသည်။ ရာဗိုဗစ်ချ်ကတော့ အိပ်မက်က နိုးလာသူလို ငေးကြောင်ကြောင်ဖြင့် ဘာမျှမပြောဘဲ ထိုင်ပြီး အရက်ချည်း ဖိသောက်နေ၏။ သုံးခွက်ကုန်တော့ သူ မူးနေပြီ။ သွေးဆူနေတော့ သူ့လျှို့ဝှက်ခံစားမှုကို သူငယ်ချင်း များအား ရင်ဖွင့်ဖို့ ဆန္ဒကို မတားဆီးနိုင်တော့ပေ။
“ဗွန်ရာဘက်အိမ် သွားတဲ့ညက ငါ့ဘဝမှာ အထူးဆန်းဆုံး အဖြစ်တခုနဲ့ ကြုံခဲ့ရတယ်ကွ။ ငါ ဘိလိယက်ခန်းထဲ လိုက်သွားတာ မင်းတို့ သိတယ် နော်”
သူက ဇာတ်လမ်းကို ပေါ့ပေါ့တန်တန်လေးဖြင့် သရော်သံစွက်ပြီး ဆက်ပြောသည်။ သို့သော် အနမ်းဇာတ်လမ်းကို အသေးစိတ် ပြောပြသည်။ တမိနစ်ကြာတော့ တိတ်သွားသည်။
တမိနစ်အတွင်း သူ့ဇာတ်လမ်း ပြီးသွားသည်။ သူ အံ့သြမဆုံး ဖြစ်နေ၏။ သူက တညလုံး ပြောရမည့် ဇာတ်လမ်းဟု ထင်ခဲ့၏။
လံကြုပ်ဇာတ်လမ်းများကို သူကိုယ်တိုင် အမြဲပြောလေ့ရှိသော လိုဘိုက်ကို က ရာဗိုဗစ်ချ် ဇာတ်လမ်းကို မယုံ။ သံသယမျက်လုံးများဖြင့် ဇာတ်လမ်းပြောသူကို တချက်လှမ်းကြည့်ပြီး သရော်ပြုံး ပြုံးလိုက်သေးသည်။ မာဇလာကော့က မျက်မှောင်ကြုတ်ပြီး သတင်းစာမှ မျက်နှာမခွာဘဲ မှတ်ချက်ပေးသည်။
“အခန်းထဲ သူ ဝင်လာပြီး ပခုံးကို သိုင်းဖက်တယ်၊ ဘာသံမှ မပြုဘူး၊ ဟုတ်လား။ အင်း... ခပ်ကြောင်ကြောင် မိန်းကလေးတယောက် ဖြစ်ချင် ဖြစ်မှာပေါ့”
“ဟုတ်တယ်... ဟုတ်တယ်ကွ၊ အဲဒါ ဖြစ်နိုင်တယ်”
ရာဗိုဗစ်ချ်က ထောက်ခံသည်။ လိုဘိုက်ကိုက သည်တော့မှ သူ့အမြင်ကို တင်ပြရင်း သူ့အတွေ့အကြုံကို ဟန်ပါပါဖြင့် စပြောသည်။
“မနှစ်က ဖြစ်တာဗျ။ ကောဗ်နိုကိုအသွားမှာ ကြုံရတာ။ ကျွန်တော် ဒုတိယတန်းတွဲလက်မှတ် ဝယ်ပြီး လိုက်သွားတယ်။ ရထားတွဲထဲမှာ လူတွေ ငါးပိသိပ် ငါးချဉ်သိပ် ဝင်လာတော့ ဘယ်လိုမှ အိပ်လို့ မရဘူး။ လက်မှတ်စစ်ကို ငွေငါးဆယ် ပေးလိုက်မှ အခန်းတခန်းထဲ ရွှေ့ပေးတယ်။
အိပ်ရာပေါ်မှာ လှဲပြီး မှေးနေလိုက်တယ်။ အခန်းထဲမှာ မှောင်မည်းနေတယ်။ ဘာအလင်းရောင်မှ မရှိဘူးဗျ။ အဲဒီမှာ တစုံတယောက်က ကျွန်တော့်ပခုံးကို လာကိုင်တယ်။ ပြီးတော့ ကျွန်တော့် မျက်နှာနား ကပ်ပြီး အသက်ရှူနေတယ်။ ကျွန်တော် အလန့်တကြား ထထိုင်တော့ သူ့လက်မောင်းကို ကိုင်မိလိုက်တယ်။ အမျိုးသမီးတယောက်ဗျား။ ကျွန်တော် မျက်စိဖွင့် ကြည့်လိုက်တယ်။ မျက်လုံးတွေက အနက်ရောင်၊ နှုတ်ခမ်းနှစ်မြွှာက ဆယ်လ်မွန် ငါးဆားနယ်လို နီရဲနေတာပဲ။ နှာခေါင်းဖျားကလေးက ရမ္မက်ရှိန်နဲ့ တဆတ်ဆတ် တုန်လို့၊ ရင်သားတွေကလဲ အယ်နေတာပဲဗျာ...”
မာဇလာကော့က ယဉ်ယဉ်ကျေးကျေး ဝင်ပြီး ပြောသည်။
“အဲ... တဆိတ် ကိုယ် ဖြတ်မေးပါရစေ။ ရင်သားတွေကိုတော့ ထားလိုက်ပါတော့၊ နားလည်နိုင်ပါတယ်။ အဲ... နှုတ်ခမ်းနဲ့ မျက်လုံးအရောင်ကို မောင်ရင် အမှောင်ထဲမှာ ဘယ်လိုလုပ် မြင်နိုင်မှာလဲ”
သည်အခါ သူ အရှိုက်ထိသွားသည်ကို ကာကွယ်သည့်အနေဖြင့် မာဇလာကော့အား ဒုံးဝေးရန်ကော ဟူသည့်သဘောဖြင့် လိုဘိုက်ကိုက အော်ရယ်လိုက်သည်။ မာဇလာကော့ ထောက်ကွက်က ရာဗိုဗစ်ချ်ကိုပါ ခလုတ်တိုက်သလို ဖြစ်နေ၏။ ပြီးတော့ သူတို့နှစ်ယောက်ကို ထားခဲ့ပြီး လိုဘိုက်ကို အိပ်ရာ ဝင်သွားသည်။ ရင်ထဲမှာ ရှိတာတွေကို အာမချောင်ဖို့ ကိုယ့်ကိုယ်ကိုယ် သစ္စာ ဆိုလိုက်သည်။
တပ်စခန်းတနေရာ ဘဝတာကို တလဲလဲ ပြန်ရောက်လာခဲ့သည်။ သည်နေ့နှင့် ယမန်နေ့သည် အတူတူပင်။ ခုတလော ရာဗိုဗစ်ချ်တယောက် အချစ်တွင် နစ်မျောနေသူတယောက်လို ခံစားလှုပ်ရှား နေ၏။ မနက်စောစော ရဲဘော်ကလေးဆွဲလာပေးသည့်ရေအေးအေးကို ခေါင်းလောင်းချိုးလိုက်သည်။ ဘဝတွင် အချစ်ဖြင့် ထုံမွမ်းနေသည့် အလှအပများကိုသာ ပြန်ပြောင်းသတိရနေ၏။
ညပိုင်းတွင် အရာရှိများ စုပြီး အချစ်အကြောင်း၊ ဣတ္တိယ ခေါ် မိန်းမတို့အကြောင်း ပြောနေကြသည့် အခါ သူတို့အနားတွင် သွားထိုင်ပြီး သေသေချာချာ နားထောင်သည်။ သူ့မျက်နှာမှာ သူကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့ရသည့် တိုက်ပွဲအကြောင်း နားထောင်နေသည့် စစ်သားအိုကြီး တယောက်နှင့် တူနေသည်။
လိုဘိုက်ကို ခေါင်းဆောင်ပြီး ခပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်း အရာရှိတွေ ရွာထဲ သွားသောင်းကျန်းတော့ သူပါ လိုက်သွားသည်။ ပြီးတော့ နောင်တရပြီး စိတ်မကောင်း ဖြစ်နေ၏။ သူ့ရဲ့အိပ်မက်ထဲမှ မိန်းကလေးကို ခွင့်လွှတ်ဖို့ စိတ်ထဲက တောင်းပန်နေမိသည်။
အိပ်၍ မပျော်သော ညများတွင် ကလေးဘဝ ပြန်ရောက်သွားပြီး သူ့ကို ချစ်ကြသည့် မိဘတွေကို အောက်မေ့ တမ်းတနေချင်သည်။ သို့သော် အာရုံတွင် ပေါ်လာသည်က မီစတက်ကီရွာကလေး ဖြစ်နေတတ်၏။ ထူးထူးဆန်းဆန်း မြင်းပုကလေး ဖြစ်နေတတ်၏။ ဗွန်ရာဘက်နှင့် သူ့ဇနီး ဖြစ်နေတတ်၏။ ယူဂျင်း နီဧကရီနှင့် တူသည့် အမျိုးသမီးကြီး။ ပြီးတော့ ခပ်မှောင်မှောင် အခန်း။ ပြီးတော့ တံခါးကြားမှ ဝင်နေသည့် အလင်းတန်းကလေး။
ဩဂုတ်လ ၃၁ ရက်နေ့တွင် တပ်ထွက်ရပြန်သည်။ သည်တခါ တပ် အားလုံး မဟုတ်။ တပ်ခွဲ နှစ်ခွဲနှင့် ထွက်လာရခြင်း ဖြစ်၏။ တလမ်းလုံး စိတ်ကူးတွေယဉ် လိုက်လာသည်။ စိတ်ထဲတွင် အိမ်ပြန်ရသလို ထင်မှတ်နေ၏။
ကဏန်းတကောင်လို ဘေးတိုက်သွားသည့် မြင်းပုကလေးကို အရမ်း တွေ့ချင်လာသည်။ ဘုရားရှိခိုးကျောင်းကြီးကို ပြန်မြင်ချင်လာသည်။ ပြီးတော့ ရင်ထဲက မပါဘဲ ဧည့်ခံသည့် ဗွန်ရာဘက် မိသားစု။ ပြီးတော့ အမှောင်ခန်း။
ဒုတိယအသံက သူ့ကို ခပ်တိုးတိုး ပြောနေသည်။
“ချစ်စိတ်မွှန်နေသူများ ဒီအတိုင်း ဖြစ်တတ်ကြတယ်။ သူကလေးဆီကို မင်း သွားဖြစ်အောင် သွားရမယ်”
ဘယ်လိုသွားရပါ့မလဲ ဟူသည့် ပြဿနာက သူ့ကို အကြီးအကျယ် စိတ်ဆင်းရဲစေသည်။ တွေ့ပါပြီတဲ့၊ ထိုအနမ်းကို သူ မေ့သွားလျှင် ဘယ့်နှယ်လုပ်မလဲ။
အဆိုးဆုံးကို စဉ်းစားလိုက်သည်။ သူ့ကို မတွေ့ရလည်း အဲဒီအမှောင်ခန်းထဲ ဖြတ်လျှောက်ပြီး သူကလေးကို တမ်းတနေမယ်။
ညနေပိုင်း ရောက်သွားသည်။ အဖြူရောင်စစ်တန်းလျားနှင့် တူသည့် ဂိုဒေါင်တွေ၊ မြင်းဇောင်းတွေနှင့် ဘုရားကျောင်းကြီးကို ဟိုးအဝေး မိုးကုပ်စက်ဝိုင်းဆီတွင် လှမ်းမြင်ရသည်။ သူ့ရင်တွေ ခုန်လာပြီ။
သူ့နောက်မှ စစ်ဗိုလ်တသိုက် ပြောစကားများကို သူ မကြားတော့။ သူ ဘာမျှ မသိတော့။ အဝေးတနေရာမှ တလက်လက် တောက်ပနေသည့် မြစ်ပြင်ဆီသို့သာ ငေးနေ၏။ ခိုငှက်များသည် ရေပြင်ပေါ်တွင် ဝေ့ကာ ဝဲကာ ပျံသန်းနေကြသည်ကို ဆည်းဆာနေခြည်တွင် လှမ်းမြင်နေရ၏။
သူ့မြင်းသည် ဘုရားရှိခိုးကျောင်းဆီသို့ သွားနေလေပြီ။ ဟိုရောက်တော့ တပ်ထောက် သတင်းပို့ နေသည်ကို နားထောင်ရင်း မြင်းပုလေးကို လည်တဆန့်ဆန့် မျှော်နေသည်။ အရာရှိအားလုံးကို ဖိတ်ဖို့ ဆက်သားအား ကျောပေါ်တင်လာမည့် ဗွန်ရာဘက်၏ ရယ်စရာ မြင်းပုကလေး။
တပ်ထောက်က ရွာထဲတွင် စခန်းချဖို့ အစီအစဉ်တွေကို ဖတ်ပြနေသည်။ အရာရှိအချို့ မြင်းပေါ်မှ ဆင်းပြီး ရွာထဲဘက် လျှောက်သွားကြပြီ။ သို့သော် လက်ဖက်ရည်သောက် ဖိတ်မည့်သူ ပေါ်မလာ။
“ငါတို့ ဒီကိုရောက်နေပြီဆိုတာ ရွာထဲက လူတွေဆီက ဗွန်ရာဘက် သတင်းရမှာပါ” ဟု ရာဗိုဗစ်ချ် တွေးနေသည်။ တွေးရင်း သူ စတည်းချမည့် ဘန်ဂလိုကလေးထဲသို့ ဝင်သွားသည်။ လျှောက်သွားရင်း သူ အံ့ဩနေသည်။ ဘာကြောင့်များ သူ့ရဲဘော်၊ စစ်ဗိုလ်တွေ ဖယောင်းတိုင် ထွန်းနေကြပါလိမ့်။ ရဲဘော်ကလေးတွေ ဘာကြောင့် လက်ဖက်ရည်နှပ်အိုးကို ဆူအောင် လုပ်နေကြပါလိမ့်။
ရာဗိုဗစ်ချ်တယောက် ဆောက်တည်ရာမရ ဖြစ်နေသည်။ အိပ်ရာပေါ်တွင် လှဲချလိုက်၊ ထထိုင်လိုက်ဖြင့်။ မြင်းပုကလေးနှင့် ဗွန်ရာဘက်၏ဆက်သားကို ပြတင်းပေါက်မှ လှမ်းမျှော်ကြည့်နေ ပြန်သည်။ သို့သော် အရိပ်အယောင်မျှ မမြင်ရ။ ပြန်လှဲအိပ်လိုက်ပြန်သည်။ နာရီဝက်ကြာတော့ ထထိုင်သည်။ စိုးရိမ်စိတ်ကို မထိန်းနိုင်တော့။ ဘုရားကျောင်းဆီသို့ လျှောက်လာခဲ့၏။
ခြံစည်းရိုးနားမှ ကွက်လပ်ထဲတွင် မှောင်မည်းနေသည်။ လူရိပ်သူရိပ် မတွေ့ရ။ မြစ်ဆိပ်သို့အဆင်း ဆင်ခြေလျှောလမ်းထိပ်တွင် ရဲဘော်သုံးယောက် ရပ်နေသည်။ သူ့ကိုမြင်တော့ သူတို့က အလေးပြုကြသည်။ သူက တုံ့ပြန် အလေးပြုပြီး လျှောက်ခဲ့ဖူးသည့် လမ်းကလေးအတိုင်း ဆက်လိုက်လာခဲ့သည်။
မြစ်၏ ဟိုမှာဘက်ကမ်းတွင် နီစွေးစွေးအရောင် သန်းနေ၏။ လ ထွက်လာပြီ။ ရွာသူမကြီးနှစ်ယောက် မြစ်ဘက်မှ တက်လာပြီး စိုက်ခင်းတခုထဲ ဝင်သွားသည်။ ပြီးတော့ ဂေါ်ဖီအရွက်ကောက်ရင်း အော်ကြီးဟစ်ကျယ် စကားပြောနေကြသည်။ စိုက်ခင်း၏ တဖက်တွင် တထပ်တိုက်အိမ်ကလေး များ၏ အရိပ်မည်းမည်းတို့ကို ခပ်ရေးရေး လှမ်းမြင်နေရ၏။
မြစ်ရိုးတလျှောက်မှ မြင်ကွင်းများက မေလတုန်းကအတိုင်းပင်။ လမ်းကလေးတွေ၊ ချုံပုတ်တွေ၊ ရေပြင်ပေါ်သို့ ငိုက်ယွန်းနေသည့် မိုးမခပင်တွေ။ အလွန် သတ္တိကောင်းသည့် တေးဆိုငှက်ကလေး၏ အသံကိုတော့ မကြားရပေ။ ပြီးတော့ ပေါ်ပလာနံ့လည်း သင်းမနေတော့။
ပန်းခြံထဲရောက်တော့ တိတ်ဆိတ် မည်းမှောင်နေ၏။ အနားမှာရှိသည့် သစ်ဖြူပင်များ၏ ပင်စည်ကိုသာ မြင်ရ၏။ ပြီးတော့ လူသွားလမ်းကလေး၏ အစ။ ဤသည်တို့၏ ဟိုမှာဘက်တွင်တော့ ပကတိ အမှောင်ထု။
အသံဗလံတို့ကို ကြိုးစားပြီး နားထောင်ကြည့်သည်။ တစုံတရာကို မြင်ရနိုးနိုး၊ အသံတမျိုးမျိုး ကြားရနိုးနိုးနှင့် နာရီဝက်ခန့် ကြာသွားသည်။ အကြောင်းမထူးသည်နှင့် လေးလံသော ခြေလှမ်းများဖြင့် ပြန်လှည့်လာခဲ့၏။
မြစ်ဆိပ်ဘက်သို့ လျှောက်လာခဲ့သည်။ မိသားစု ရေချိုးဆိပ်တွင် တဲကလေးတလုံး တွေ့ရ၏။ တံတားကလေးပေါ်တွင် ဧရာမ မျက်နှာသုတ်ပဝါကြီးတွေ လှန်းထားသည်။ တံတားပေါ် တက်ပြီး တမိနစ်ခန့် တွေကြည့်နေသည်။ ပြီးတော့ မျက်နှာသုတ်ပဝါ ထူထူကြီး တထည်ကို ကိုင်ကြည့်လိုက် သည်။ ပြီးတော့ မြစ်ရေကို ငုံ့ကြည့်လိုက်ပြန်၏။ ရေအလျဉ်သည် အရှိန်ပြင်းပြင်း စီးဆင်းနေ၏။ ရေချိုးဆိပ် တံတားကလေး၏ တိုင်တွေကို ဖြတ်စီးတော့ ဝဲကတော့ကလေးတွေ ဖြစ်ကာ မပီဝိုးဝါး အသံတွေ ထွက်လာသည်။
လဝန်းနီနီသည် မြစ်တဖက် ရေပြင်တွင် ထင်ဟပ်စ ပြုပြီ။ ရေပြင်မှ လရိပ်ပေါ်တွင် လှိုင်းလေးတွေ ဖွေးကာ ဖွေးကာ ဖြတ်ပြေးနေသည်။ ဖိုးလမင်း၏ပုံရိပ်ကို ရေလှိုင်းကလေးတွေက မလိုတမာ တစစီဖြစ်အောင် ဖျက်ဆီးနေသည့်အလား။
“တော်တော် မိုက်ရိုင်းကြတာပဲ။ တော်တော့်ကို မိုက်ရိုင်းကြပါကလား”
တရိပ်ရိပ် စီးသွင်နေသည့် ရေပြင်ကို ရပ်ကြည့်ပြီး ရာဗိုဗစ်ချ် တွေးနေခြင်း ဖြစ်၏။
ခုတော့ သူ အားလုံးကို လက်လျှော့လိုက်ပြီ။ ဆောက်တည်ရာမရ ဖြစ်ခဲ့ရသည့် ထိုအနမ်းညကို လည်းကောင်း၊ မရေမရာ မျှော်လင့်ချက်များကိုလည်းကောင်း ယခုတော့ ကြည်ကြည်လင်လင် မြင်လာပြီ။ ဗွန်ရာဘက်ဆီမှ ဆက်သား ရောက်မလာသည်ကိုလည်း အံ့ဩစရာ မထင်တော့။ သူ့ကို မှားယွင်းစွာ နမ်းသွားလေသူ အမျိုးသမီးအား ဘယ်တော့မှ မတွေ့နိုင်တော့သည့် အဖြစ်ကိုလည်း ဆန်းသည် မထင်တော့။ ယင်းနှင့် ဆန့်ကျင်စွာ သူ့ကို ပြန်လည်၍ တွေ့ဆုံမှ အဖြစ်ဆန်းဟု ဆိုရတော့မည်။
သည်ရေတွေ ဘယ်ကို စီးသွားနေတာပါလိမ့်၊ ဘာအတွက် စီးဆင်းနေတာပါလိမ့်။ စီးဆင်းနေပုံ ကတော့ မေလတုန်းကအတိုင်းပင်။ မေလတုန်းက စီးဆင်းသွားသည့် ရေများသည် မြစ်ကြီးထဲသို့ ဝင်သွားပြီး ထိုမှတဆင့် ပင်လယ်ထဲသို့ ဆက်လက် စီးဆင်းသွားခြင်း ဖြစ်၏။ ပင်လယ်ရေတို့သည် အခိုးအငွေ့ ဖြစ်ကာ မိုးရွာချပြန်၏။ ဒါဆိုလျှင် ယခု သူ့ရှေ့မှ ရေတွေက သည်က စီးသွားသည့် ရေတွေပဲလား။ ခု သည်ရေတွေ ဘယ်ကို စီးသွားနေတာလဲ၊ ဘာအတွက် စီးနေတာလဲ။
လောကကြီးရော ဘဝတခုလုံးပါ ရှုပ်ထွေးလွန်းပါကလား။ ငါ့ကို သရော် လှောင်ပြောင်နေတာ များလား။ ရေပြင်မှ မျက်နှာလွှဲပြီး ကောင်းကင်ကိုမော့ကြည့်လိုက်သည်။
ကံကြမ္မာက သူ့ကို မတော်တဆ ထိကပါး ရိကပါး လုပ်ခဲ့ခြင်းဖြစ်ကြောင်း ခုတော့ ရာဗိုဗစ်ချ် သဘောပေါက်ခဲ့လေပြီ။ သူစိမ်းမိန်းမတယောက်ကို သူယောင်မယ်လို ဖန်ဆင်းပြီး သူ့ကို ‘နှောက်’ လိုက်ခြင်းပင်။ သည်တနွေလုံး မက်ခဲ့သည့် နွေလယ်အိပ်မက်များအကြောင်း စဉ်းစားမိသည့်အခါ ဘဝသည် ရိုးပြတ်လယ်တောလို ခြောက်သွေ့လှကြောင်း တွေ့ရ၏။ ပြီးတော့ အရောင်အဆင်း ကင်းမဲ့လှသည်။ စိတ်ပျက် ငြီးငွေ့ဖွယ် ကောင်းလှသည်။ ယာယီစခန်းကို ပြန်ရောက်တော့ အရာရှိတွေ တယောက်မှ မရှိကြ။ သူ့ရဲဘော်ကလေးက ပြောပြသည်။
“ဗိုလ်ချုပ်ကြီး ဗွန်ထရက်ကင် ဆိုလား.. အဲဒီအိမ်ကတဲ့၊ မြင်းစီး ဆက်သားတယောက် ရောက်လာတယ် ဗိုလ်ကြီး၊ လာဖိတ်တာတဲ့၊ အားလုံး အဲဒီကို သွားကြတယ်ခင်ဗျ”
ရုတ်တရက် ရာဗိုဗစ်ချ် ပျော်သွားသည်။ သို့သော် သည်ပျော်ရွှင်မှုကို ချက်ချင်း မောင်းထုတ်ပစ်လိုက် ၏။ အိပ်ရာပေါ် လှဲချလိုက်သည်။ ကံကြမ္မာကို ကျိန်ဆဲလိုက်၏။ ဗွန်ရာဘက်၏အိမ်သို့ လိုက်မသွားဖို့ ဆုံးဖြတ်လိုက်သည်။
◾

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။