ဝတ္ထုတို စဆုံး
ပုံနှိပ်မှတ်တမ်း
ထုတ်ဝေသူ
ဦးကျော်ဇင်၊ ကံ့ကော်ဝတ်ရည်စာပေ(၀ဝ၄၅၄) ၅၁၊ ရေကျော်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
ပထမအကြိမ်
အောက်တိုဘာ လ၊ ၂၀၀၂ ခုနှစ်။ BOOKMAN Publishing House
ဒုတိယအကြိမ်
သြဂုတ် လ၊ ၂၀၁၇ ခုနှစ်။ ကံ့ကော်ဝတ်ရည်စာပေ။
အုပ်ရေ
၁ဝဝဝ
ပုံနှိပ်သူ
ဦးလင်းဇာနည် (သီရိဂုဏ်ဝေပုံနှိပ်တိုက်) ၀၁၄၃၇] အမှတ် (၃၂) ၅၃ လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
မျက်နှာဖုံးဒီဇိုင်း
သော်သိင်္ဂါ
အတွင်းဒီဇိုင်း
သော်သိင်္ဂါ
တန်ဖိုး
၁၂၀၀ ကျပ်
ဝတ္ထုတို စ-ဆုံး
မင်းလူ
ကံ့ကော်ဝတ်ရည်စာပေ
အမှတ်-၂၂၊ မဟာဇေယျလမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- ၀၉ ၂၅ဝဝ၁၂၃၄၈၊ ၀၉ ၂၅၉၂၉၁၈၃၇၊ ဝ၉ ၄၄၃ဝ ၄၁၁၃၇
email: kantkawwutyee@gmail.com
http://kantkawwutyee.myanmaronlinesales.com
www.facebook.com/KantKawWutYeePublishing
တွင် ဝင်ရောက်ကြည့်ရှု မှာယူနိုင်ပါသည်။
(၁)
သစ်စေ့ကလေးက တော်တော် ထူးဆန်းသည်။
အရောင်တွေ တလက်လက် ဖြာထွက်နေပြီး ဂမ္ဘီရဆန်နေတာမျိုးတော့ မဟုတ်။ သာမန် သစ်စေ့တစ်စေ့သာ ဖြစ်၏။ သို့တိုင်အောင် အရောင်က ညိုသလိုလို၊ စိမ်းသလိုလို ရောင်ပြေးဖြစ်နေပြီး တော်တော်လှသည်။ ခပ်ပါးပါး၊ ခပ်မျောမျော အဝိုင်းသဏ္ဌာန် ဖြစ်၏။ ဘေးမှာ ဝါဖျော့ဖျော့ အနားရစ်ပါသည်။ ရွှေပါးပါးကွပ်ထားသော အဖိုးတန် ကျောက်မျက်လေး တစ်ပွင့်လို သပ်ရပ်လှပသည်။
တစ်ခါမျှ မမြင်ဖူးသော သစ်စေ့ ဖြစ်၏။ ရုက္ခဗေဒကို ကျောင်းမှာ သင်ခဲ့ဖူးသည်။ ဆယ်တန်းတုန်းက သစ်စေ့မှ အပင်ပေါက်ပုံ အဆင့်ဆင့်ကို ကျက်ခဲ့ရသည်။ ပုံဆွဲလေ့ကျင့်ခဲ့ရသည်။ အစေ့ရွက် မြေအောင်းပေါက်ပင်၊ အစေ့ရွက် မြေပေါ်ပေါက်ပင်၊ အစေ့တွင်းစာရှိ၊ အစေ့တွင်းစာမဲ့ စသည်ဖြင့်။ ဒီလောက်ပဲ သိသည်။ ရုက္ခဗေဒ ပညာရှင်လည်း မဟုတ်။ စိုက်ပျိုးရေး ပညာရှင်လည်း မဟုတ်သဖြင့် ဒါ ဘာပင်ရဲ့အစေ့လဲဆိုတာ မခွဲခြားတတ်။ အိမ်မှာ အလှထားသည့် သစ်ပင်ပန်းပင်မျိုးကိုတော့ စိုက်ဖူးသည်။ ဘူးစေ့တို့၊ ပဲစေ့တို့ကိုတော့ သိသည်။
အဲဒီသစ်စေ့ကလေးကို ရခဲ့ပုံကလည်း ခပ်ဆန်းဆန်းပဲ။
ရန်ကုန်သည် မြို့ပြဖွံ့ဖြိုးမှု တစ်ဟုန်ထိုး ကြီးထွားလာသည်။ အထပ်မြင့်တိုက်ကြီးတွေ စုပေါင်းထားသော ရပ်ကွက်ကြီးတွေ ပေါ်လာသည်။ ထို့အတူ သစ်ပင်အုပ်တွေ နည်းပါးသွားသည်။ တစ်ချိန်က သူနေသော အရပ်သည် ရွာကြီးတစ်ရွာ ဖြစ်၏။ ထို့နောက် မြို့တော်က ချဲ့လာသောအခါ ဆင်ခြေဖုံး ရပ်ကွက်တစ်ခု ဖြစ်လာ၏။ သို့တိုင်အောင် ရွာဖြစ်ခဲ့သော အငွေ့အသက်က မကုန်သေး။ ခြံတွေဝင်းတွေ၊ သစ်ပင်ကြီးတွေ အုပ်အုပ်ဆိုင်းဆိုင်း ရှိခဲ့၏။ ပုတ်သင်ညို၊ ကင်းလိပ်ချော၊ ရှဉ့် စသော အကောင်ငယ်လေးများနှင့် ကျေးငှက်တို့ ပျော်ခဲ့ကြသောနေရာ ဖြစ်၏။
နောက်တော့ တိုက်ကြီးတာကြီးတွေ ပေါ်လာ၊ လမ်းတွေ က ချဲ့လာ၊ မော်တော်ကားတွေ များလာ၊ သစ်ပင်ကြီးတွေ နည်းလာသောအခါ တိရစ္ဆာန်ငယ်တွေလည်း ကျဲပါးကုန်တော့သည်။ သစ်ပင်ကို မှီခိုနေရသော ငှက်တွေလည်း သိပ်မမြင်ရတော့။ စာကလေးတွေလောက်သာ ပုံမှန် ကျက်စားတော့သည်။ တစ်ခါတစ်ရံကျမှသာ မျက်စိလည် လမ်းမှားလာသလား၊ ခရီးတစ်ထောက် ဝင်နားတာလား မသိရသော ဆက်ရက်တွေ၊ သပိတ်လွယ် ငှက်ကလေးတွေကို မြင်ရ၏။
တစ်ရက်မှာတော့ ချိုးကူသံကို ထူးထူးခြားခြား ကြား လိုက်ရ၏။ ဒီလို လွမ်းမောဖွယ် ကျေးငှက်မြည်သံမျိုး မကြားရတာ ကြာပြီ။ တစ်ခါတစ်ရံ ရောက်လာတတ်သော ဆက်ရက်အုပ်ဆီမှ ဆူဆူညံညံ အသံကိုပဲ အာသာပြေ နားထောင်ရင်း ကျေနပ်နေခဲ့ရတာ။
သူသည် စာရေးနေရာမှ ဘောလ်ပင်ကိုချပြီး ပြတင်း ပေါက်ဆီ သွားရပ်သည်။ သူ့အိမ်ဝန်းကျင်မှာတော့ တမင်တကာ ကုတ်ကတ်ချန်ထားသော သစ်ပင်တချို့ ရှိနေသေးသည်။ သစ်ပင်တွေပေါ် လျှောက်ရှာကြည့်သည်၊ မတွေ့။ အသံကိုတော့ ကြားနေရသည်။
အိမ်ပြင်ကို ထွက်လာခဲ့သည်။ ချိုးကူသံက အိမ်ဘေးဘက်မှ ထွက်လာသည်ဟု ခန့်မှန်းရ၏။ သေတော့ မသေချာ။ တိရစ္ဆာန် အချို့သည် ဖိုမခေါ်သည့် အခါကျမှသာ သူတို့နေရာအမှန်အတွက် အသံပြုတတ်သည်။ တခြားအချိန်များတွင် ရန်သူကို လှည့်စားသည့် အနေဖြင့် အသံကို အခြားတစ်နေရာမှ ထွက်နေဟန် ပြုတတ်သည်ဟု ကြားဖူး၏။
အခု ကြားနေရတဲ့ ချိုးကူသံကတော့ ချစ်သူကို ဖိုသံ ပေးနေတာလား၊ လှည့်စားနေတာလား၊ မသေချာ။ အိမ်ဘေးဘက်ကို ပတ်ပြီး ကြည့်လိုက်တော့ ဟုတ်နေသည်။ ထားဝယ်မှိုင်းပင်တွေ ယှက်နွယ်နေတဲ့ အောက်မှာ။ ချိုးကလေးသည် မြေပေါ်မှာ ဟိုဒီလျှောက်နေသည်။ နှုတ်သီးမှာလည်း တစ်စုံတစ်ခုကို ကိုက်ချီထား၏။ သစ်စေ့ကလေးတစ်စေ့ ဖြစ်ပုံရသည်။ ချိုးငှက်သည် အသီးအနှံစားသော သတ္တဝါလား၊ ပိုးကောင် မွှားကောင်တို့ကို စားတာလား၊ အစုံစားတာလား သေသေချာချာ မသိ။
ချိုးငှက်ကို သေသေချာချာ မမြင်ဖူးသေး။ ချိုးအမျိုး အစားကလည်း သုံးလေးမျိုး ရှိသည်ဟု ကြားဖူး၏။ ဒီချိုးက ဘယ်အမျိုးလဲ။ အရောင်က မီးခိုးလိုလို ခိုပြာလိုလို။ ချိုးလည်ပြောက် ဆိုတာလည်း ရှိသေးသည်။ နည်းနည်း လှမ်းနေတာရယ်၊ ချိုးကလေးက ချုံနွယ်ကြားမှာ လျှောက်သွားနေတာရယ်ကြောင့် လည်ပင်းမှာ အပြောက် ပါ၊ မပါ သေသေချာချာ မမြင်ရ။ မြင်ကွင်း ရှင်းအောင် ရှေ့နည်းနည်း တိုးကြည့်ရမည်။ တရုတ်စံကားပင်ကို ကွယ်၍ ကြည့်နေရာမှ ထွက်လိုက်သည်။ ရှေ့ကို တစ်လှမ်းချင်း တိုးသွားသည်။ ချိုးကလေးသည် တိရစ္ဆာန်တို့ သဘာဝအတိုင်း အစဉ်အမြဲ သတိကြီးစွာ ထားဟန်တူ၏။ ဆတ်ခနဲ တစ်ချက် စွေကြည့်ပြီးနောက် ဖျတ်ခနဲ ထပျံပြေးသွားလေသည်။
သူသည် ယောင်ပြီး လေးငါးလှမ်းလောက် ပြေးလိုက် သွားမိသေး၏။ ပြီးမှ ရပ်လိုက်သည်။ လည်ပင်းမှာ အပြောက်ပါ၊ မပါ သတိထားမကြည့်မိလိုက်ခြင်းအတွက်လည်း နှမြောသလို ဖြစ်နေမိ၏။ စောစောက ချိုးကလေး ရှိနေခဲ့သည့် နေရာကို ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားသည်။ ထိုစဉ်မှာပင် ချိုးကလေး နှုတ်သီးထဲမှ ကျကျန်ခဲ့သော သစ်စေ့ကလေးကို တွေ့ရခြင်း ဖြစ်လေ၏။
သူ့စိတ်ထဲမှာ ဘဝင်မကျတာ တစ်ခုတော့ ရှိ၏။ ချိုးကလေးသည် သစ်စေ့ကိုလည်း ကိုက်ချီထားသေးသည်။ ကူသံကိုလည်း ပြုသေးသည်။ ချိုးငှက်တို့သည် နှုတ်သီးထဲမှာ အရာဝတ္ထု တစ်ခုကို ကိုက်ချီလျက်က အော်မြည်နိုင်သလား။ ဒါမှမဟုတ် သစ်စေ့ကို ချလိုက် အော်လိုက်၊ ပြန်ကောက်ချီ ထားလိုက်များ လုပ်တာလား။ ဒါဆိုလျှင်ကော ဘာရည်ရွယ်ချက်နဲ့လဲ။ သူ့အဖော်ကို ကျွေးချင်လို့ ခေါ်နေတာလား။ ခုလို သစ်စေ့ကလေး ကျကျန်ခဲ့တဲ့ အတွက်တော့ နှမြောတသ ဖြစ်ချင် ဖြစ်နေလိမ့်မည်။ ချိုးကလေးသည် ဒီသစ်စေ့ကို ဘယ်နေရာ ဘယ်ဒေသကတည်းက ကိုက်ချီ လာခဲ့ရလေသလဲ မသိ။
ဘာပဲဖြစ်ဖြစ် ထူးခြားသော သစ်စေ့ကလေးကို အပင်ပေါက်အောင် စိုက်ကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။ ဘာအပင် ပေါက်လာမယ်မှန်းတော့ မသိ။ ပန်းပင်ဖြစ်ချင်လည်း ဖြစ်မည်။ သီးပင်စားပင် ဖြစ်ချင်လည်း ဖြစ်မည်။
သစ်စေ့တစ်စေ့ အရွယ်အစားကို ကြည့်ပြီး အပင်ကြီးမျိုး လား၊ အပင်လတ်လား၊ အပင်ငယ်ဖြစ်မလား ခန့်မှန်းရခက်သည်။ ညောင်စေ့ဆိုလျှင် သေးသေးလေး၊ အပင်ကျတော့ ပေပေါင်းရာချီ မြင့်နိုင်သည်။ မန်ကျည်းစေ့နှင့် ကင်ပွန်းစေ့ကိုပဲ ကြည့်။ အရွယ်အစားချင်း၊ ပုံသဏ္ဌာန်ချင်းက သိပ်မကွာလှ။ အပင်ဖြစ်လာတော့မှ မန်ကျည်းပင်က အပင်ကြီးအဖြစ် ထိုးတက်သွားသည်။ ကင်ပွန်းပင်က ချုံပုတ်အဖြစ် ကျန်ခဲ့သည်။ ပြီးတော့ အပင်ကြီးတိုင်းလည်း အသီးက ကြီးတာ မဟုတ်။ ညောင်သီးဆိုလျှင် သေးသေးလေး။ ဖရုံပင်ကျတော့ မြေကြီးနား ကပ်နွယ်နေပါလျက် အသီးက ကြီးသည်။ အရွက်ကျတော့ကော။ မန်ကျည်းရွက်က အပင်နှင့် မလိုက်အောင် သေးလွန်းသည်။ ပိန်းပင်ကျတော့ လူတစ်ရပ်တောင် မမြင့်ချင်ပါလျက် အရွက်တွေက ဖားဖားကြီး။
သူသည် သစ်စေ့ကလေးကို စိုက်ဖို့ နေရာရွေးသည်။ စာရေးစားပွဲရှေ့ ပြတင်းပေါက်မှ လှမ်းကြည့်လျှင် မြင်နိုင်လောက်သည့် နေရာမှာ စိုက်ရမည်။ အရှေ့ဘက်ကျသဖြင့် မနက်ခင်း နေရောင် ရနိုင်သည်။ အပင်ကြီးများ၏ လောင်းရိပ်နှင့်လည်း လွတ်သည်။ မြေပေါ်မှာ ချစိုက်လို့ မဖြစ်။ ပန်းအိုးနှင့် စိုက်ရမည်။ အပင်ကြီးမျိုး ဖြစ်နေလျှင်လည်း နောက်မှ မြေပေါ်ရွှေ့တော့မည်။
ထိုနေ့နံနက်က အမျိုးအမည်မသိ သစ်စေ့ကလေးကို စိုက်ဖို့ ပြင်ဆင်ရင်း အချိန်ကုန်ခဲ့သည်။ သစ်စေ့ကလေးကို မြေကြီးထဲ လက်တစ်ဆစ်သာသာလောက် နက်အောင် မြှုပ်ပြီး အပေါ်က မြေဖွဖွ ပြန်အုပ်သည်။ အပေါ်က ရေဖျန်းပေးရင်းက တစ်ခု သွားစဉ်းစားမိ၏။
အချစ်ဆိုသည်မှာ ချိုးငှက်ကလေးလိုပင် အသံပေးပြီး ဘာမှ ထင်ထင်ရှားရှား မမြင်ရခင် ရုတ်တရက် ထပျံပြေးတတ်တာမျိုးမျိုးလား။ အချစ်ဝတ္ထုတစ်ပုဒ် ဆိုတာကကော စောစောက ချိုးငှက်ကလေး ကျကျန်ရစ်ခဲ့သော သစ်စေ့ကလေး တစ်စေ့လိုပဲလား။
ရေးလက်စ ဝတ္ထုကလေးသည် ရှေ့ဆက် ဘာတွေများ ဖြစ်လာလေမလဲ။
◾
(၂)
သူသည် အချစ်ဝတ္ထုစာရေးဆရာ ဖြစ်၏။ ဒါကလည်း စာပေဝေဖန်ရေးဆရာများက သတ်မှတ်ထားခြင်း ဖြစ်၏။ သူသည် အချစ်ဝတ္ထုတွေချည်းလိုလို ရေးနေသူ တစ်ယောက်တော့ မှန်သည်။ သူ ရေးခဲ့သမျှ ဆယ်ပုဒ်မှာ ကိုးပုဒ်က အချစ်ဝတ္ထုတွေ ဖြစ်၏။ တစ်ခါတလေ အချစ်မပါဘဲ ဘဝဆန်သော ဝတ္ထုမျိုး ရေးကြည့်သည်။ မအောင်မြင်။ ပရိသတ်က ဟက်ဟက်ပက်ပက် မရှိ။ စာပေဝေဖန်ရေးဆရာတွေကလည်း မသိကျိုးကျွန် ပြုနေကြသည်။ တချို့ စာဖတ်ပရိသတ်တွေဆိုလျှင် သူ့ဆီ စာရေး၍ သူ့အရေးအသားသည် ဘဝသရုပ်ဖော်နှင့် မလိုက်ကြောင်း၊ အချစ်ဝတ္ထုတွေသာ ရေးစေချင်ကြောင်း ပွင့်ပွင့်လင်းလင်း ဝေဖန်ကြသည်။
သူ့ရေးဟန်က ပျော့ပျောင်းသည်။ ဝါကျတည်ဆောက်ပုံတွေ နွဲ့နောင်းသည်။ စကားလုံးတွေ လှပသည်။ ဝေ့ဝေ့ဝဲဝဲ ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးပုံသည် သူ၏ ပင်ကိုဟန်ဖြစ်၏။ ဘဝသရုပ်ဖော်နှင့် မလိုက်။ အချစ်ဝတ္ထု အနေနှင့်ဆိုလျှင်တော့ အလွန် စွဲမက်ဖွယ်ကောင်းသော အရေးအသားပင် ဖြစ်၏။ ပရိသတ်ကလည်း ဒါကိုပင် ကြိုက်နှစ်သက်ခြင်း ဖြစ်၏။ အချစ်ဝတ္ထုရေးရာမှာတော့ အောင်မြင်သော စာရေးဆရာ တစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။
သူသည် အမှန်ပင် အချစ်ဝတ္ထုတွေ ရေးနေသော်လည်း ‘အချစ်ဝတ္ထုရေးဆရာ’ ဟု တံဆိပ်တပ်ခံရတာကိုတော့ သိပ်ဘဝင်မကျလှ။ ဝေဖန်ရေးဆရာတို့၏ ဝေါဟာရ အဓိပ္ပာယ် သတ်မှတ်ချက်အရ အချစ်ဝတ္ထုဆိုသည်မှာ စာပေအရာမဝင်သော အပျော်ဖတ်တွေ၊ အချစ်ဝတ္ထုရေးဆရာ ဆိုတာလည်း ခပ်နှိမ်နှိမ်လေး ခေါ်ချင်သည့် သဘောနှင့် သုံးနှုန်းခြင်း ဖြစ်၏။ ဒီဆရာတွေဟာ အချစ်နဲ့ ပတ်သက်လို့ နာကြည်းစရာ အတိတ်ဇာတ်ကြောင်းတွေ ရှိခဲ့လို့များ အချစ်ဝတ္ထုတွေအပေါ် ခုလို မကြည်မသာ ဖြစ်နေရတာလားဟု တစ်ခါတစ်ခါ တွေးမိ၏။ သူတို့သည် လူပျိုကြီးတွေလည်း မဟုတ်ကြဘဲနဲ့ သူတို့ရဲ့ ဇနီးတွေကိုကော မချစ်ကြဘူးလား။ ဘဝရဲ့ လက်တွဲဖော်အဖြစ်လောက်သာ သဘောထားကြသလား။ ငယ်ငယ်တုန်းကကော ရည်းစားတွေ ဘာတွေ မထားခဲ့ဖူးဘူးလား။
သူကတော့ စာရေးသူမှန်သမျှကို စာရေးဆရာလို့ပဲ ခေါ်စေချင်သည်။ ကဗျာဆရာ ဆိုတာတောင်မှ ဝတ္ထု၊ သို့မဟုတ် တခြား စာပေအမျိုးအစား ရေးသူတွေနှင့် ကွဲပြားအောင် ဝိသေသ ပြုထားခြင်းသာ ဖြစ်၏။ ကဗျာဆရာသည်လည်း စာရေးဆရာ ခေါင်းစဉ်အောက်မှာ ပါဝင်နေသည်ဟု ထင်၏။
ဒီလိုကိစ္စမျိုးတွင် ပန်းချီ၊ ပန်းပု၊ ကာတွန်းမှာတော့ ရှင်းသည်။ ရေဆေးသမား၊ ဆီဆေးသမား၊ သစ်သားလိုင်း၊ ပလတ်စတာလိုင်း ဟူ၍ အထူးပြုတာလောက်သာ လိုအပ်လျှင် ခွဲခြားသည်။ ပန်းချီမှာ ဖိုင်းနှင့် ကော်မာရှယ် ဟူ၍ လုပ်ငန်းကို မူတည်ပြီး ပန်းချီကားဆွဲသူနှင့် သရုပ်ဖော်ပန်းချီဆွဲသူ ဟူ၍ ခွဲထားတာလောက်သာ ရှိသည်။ ဒါကလည်း လိုအပ်မှသာ ကွဲပြားအောင် ပြောခြင်း ဖြစ်၏။ သူတို့မှာ အချစ်ပန်းချီဆရာ၊ ဟာသပန်းပုဆရာ၊ ဘဝသရုပ်ဖော် ကာတွန်းဆရာ ဟူ၍ မရှိ။ စုံထောက်ဝတ္ထုပဲရေးရေး၊ ဟာသပဲရေးရေး၊ ဂမ္ဘီရပဲရေးရေး အားလုံး စာရေးဆရာ စာရင်း ဝင်တာပဲဟု သူက ယူဆသည်။
တစ်ဖက်က ကြည့်ပြန်တော့လည်း အချစ်ဝတ္ထုရေးသူ တချို့က အပြာရောင် သန်းချင်တာမျိုး၊ သစ္စာတရားကို သွေဖည်စေသော အရေးအသား အကြောင်းအရာမျိုးတွေ တင်လာသဖြင့် အချစ်ဝတ္ထုတွေ နာမည်ပျက်ရခြင်း ဖြစ်၏။ ဘဝသရုပ်ဖော် ရေးနေသူတွေထဲမှာလည်း မေတ္တာဖွဲ့ ဝတ္ထုသန့်သန့်လေးတွေ ရေးနိုင်သည့် လက်တွေ ရှိသည်။ သို့ရာတွင် သူတို့မှာ ဘဝသရုပ်ဖော်သမား ဆိုသော ခေါင်းစဉ်ကြီးအောက်က ရုန်းမထွက်နိုင်သဖြင့် အချစ်ဝတ္ထု ကောင်းကောင်း သန့်သန့်ကလေးတွေ ဖန်တီးခွင့် ဆုံးရှုံးသွားရသည်။
ဟိုတစ်ချိန်က ဘဝသရုပ်ဖော် စာပေတွေ တော်တော် ခေတ်ကောင်းလိုက်သေးသည်။ ဆိုရှယ်လစ်ခေတ် ဖြစ်သောကြောင့် မူဝါဒကလည်း အလုပ်သမား၊ လယ်သမားကို အခြေခံသည်။ ထိုအခါ လူတန်းစား ဘဝသရုပ်ဖော် ဆိုသော စကားလုံး ခေတ်စားလာသည်။ ဘဝသရုပ်ဖော်မှ ဘဝသရုပ်ဖော်၊ ဘဝသရုပ်ဖော်ရေးမှ အရာဝင်သည်။ အချစ်ဝတ္ထုဆိုလျှင် စာပေနယ်မှာ လုံးဝမရှိအောင် တိုက်ဖျက်ပစ်ရမည် ဆိုတာမျိုးအထိ ကြွေးကြော်သူတွေတောင် ရှိသည်။ ဒီကြားထဲကပင် အချစ်ဝတ္ထုတွေ အမြောက်အမြား ထွက်ခဲ့သေးသည်။
နောက်တော့ ခေတ်က ပြောင်းသွားသည်။ ဘဝသရုပ်ဖော် ဝတ္ထုတွေ အထွက်ကျဲလာသည်။ တချို့ စာရေးဆရာတွေက ဘဝသရုပ်ဖော်လိုင်းကို ကျောခိုင်းသွားကြသည်။ ဘဝသရုပ်ဖော်ခေတ် ကုန်ပြီဟု ဆိုသူက ဆိုသည်။ အနုပညာသက်သက်သမား တချို့က အခွင့်အရေးရတုန်း ဘဝသရုပ်ဖော်စာပေကို အပြတ်နှိပ်ကွပ်ဖို့ ကြိုးစားခဲ့ကြတာလည်း တွေ့ရသည်။ ဒီအခြေအနေမှာ ဘဝသရုပ်ဖော်လိုင်းကိုပင် သတ္တိရှိရှိ ဆက်ပြီး ဆုပ်ကိုင်နေသူ တချို့တော့ ကျန်သေးသည်။ စာပေတိုက်ပွဲကလည်း ဂန္ထဝင်နှင့် မော်ဒန် အားပြိုင်မှုအဖြစ် အသွင်ပြောင်းလာသည်။
တကယ်တော့ အလုပ်သမား၊ လယ်သမား ဆိုသည်မှာ ဘယ်တော့မှ တိမ်ကောသွားမည့် လူတန်းစားများ မဟုတ်။ ခုမှ ပိုတောင် အရေးပါလာသေးသည်။ စီးပွားရေး ကျယ်ပြန့်လာတော့ လုပ်ငန်းတွေက ပိုများလာသည်။ ဘဝတွေက ပိုစုံလာသည်။ ရေးစရာ အကြောင်းအရာတွေ၊ အကွက်အကွင်းတွေ၊ ဇာတ်လမ်းတွေက အများကြီး ရနိုင်သည်။ လူရှိလျှင် ဘဝရှိမည်ပင် ဖြစ်၏။ ထိုအခါ ထိုဘဝတွေအကြောင်း သရုပ်ဖော်သော စာတွေလည်း ရှိကို ရှိရမည် ဖြစ်၏။
ထို့အတူ လူတွေ ရှိနေသမျှ အချစ်ရှိနေမည် ဖြစ်၏။ ကမ္ဘာကြီး ရှိနေသမျှလည်း လူတွေရှိနေမှာပဲ ဖြစ်၏။ အချစ်အကြောင်း ရေးခြင်းသည် လူအကြောင်းရေးခြင်းပင် ဖြစ်၏။ လူတွေအကြောင်း သရုပ်ဖော်နေခြင်းပင် ဖြစ်၏။ သစ္စာရှိသော လူ၊ သစ္စာမဲ့သော လူ၊ စွန့်လွှတ် အနစ်နာခံတတ်သော လူ၊ တစ်ကိုယ်ကောင်း ဆန်တတ်သောလူ စသည်ဖြင့် လူတို့၏ စရိုက်မျိုးစုံကို အချစ်ဝတ္ထုတွေထဲမှာ ရှာကြည့်နိုင်သည်။
သူကတော့ ဘယ်သူတွေ ဘာပဲပြောပြော အချစ်မေတ္တာဘွဲ့ ဝတ္ထုတွေ ရေးရတာကိုပဲ အရသာတွေ့သည်။ သစ္စာတရားကို အခြေခံသော၊ ရိုးသားသန့်စင်သော အချစ်ဝတ္ထုတွေ ရေးရတာကို လိပ်ပြာလုံသည်။ လူတွေမှာ အမုန်းတရားတွေ လျော့ပါးပြီး ချစ်တတ်လာအောင် လှုံ့ဆော်စည်းရုံးရတာ ကောင်းတဲ့ ရည်ရွယ်ချက် တစ်ခုပဲ မဟုတ်လား။
ခုလည်း အချစ်ဝတ္ထုတစ်ပုဒ် ရေးဖို့ အစပျိုးနေသည်။ ဒီတစ်ခါ ရေးမည့် အကြောင်းအရာက နည်းနည်း ထူးခြားသည်။ ဒီဝတ္ထုကို စရေးနေစဉ်မှာပင် ချိုးငှက်ကလေး ချထားခဲ့သော သစ်စေ့ကလေးကို ရရှိခဲ့ခြင်း ဖြစ်၏။
◾
(၃)
သစ်စေ့ကလေးကို စတင်စိုက်ပျိုးခဲ့တာ တစ်ပတ်ရှိသွားပြီ။ မနက်တိုင်း ရေချိုးခါနီးမှာ ပန်းအိုးပေါ် ရေဖျန်းပေးနေခဲ့သည်။ ခုထိ ဘာမျှ မထူးခြားသေး။ မျိုးစေ့မအောင်သော အစေ့များ ဖြစ်နေ မလား။ မြေကြီးကို ပြန်ဆွပြီး ဖော်ကြည့်မည် စိတ်ကူးသေးသည်။ မဖြစ်သေး။ သစ်စေ့က မြေတွင်းမှာပင် အညှောက်ထွက်ချင် ထွက်နေလိမ့်မည်။ ဖော်လိုက်မှ ထိခိုက်သွားလျှင် ခက်မည်။ ဒါမှမဟုတ် သူကြိုက်နှစ်သက်တဲ့ ရာသီပဲ မရောက်သေးလို့ မပေါက်သေးတာလား။
ဘူးစေ့တို့၊ ပဲကြီးစေ့တို့လို ရေစိုအဝတ်ကလေးနှင့် ထုပ်ထား အညှောက်ထွက်တော့မှ မြေကြီးထဲ ပြောင်းစိုက်ရကောင်းသား ဟု တွေးမိပြန်၏။ ခုချိန်ကျမှတော့ ဘာမျှမတတ်နိုင်။ စိတ်ရှည်ရှည်ထားပြီး စောင့်ဖို့ပဲ ရှိ၏။ သူသည် ပိုက်ဆံကို မြေကြီးထဲမြှုပ်ပြီး အပင်ပေါက်လာမလားလို့ နေ့စဉ် စောင့်ကြည့်ခဲ့ရသော ကလေးဘဝကို သတိရမိ၏။
ခုအချိန်မှာတော့ ဒီအပင်ကို ပိုက်ဆံပင် မဖြစ်စေချင်။ ဝတ္ထုပင်ပဲ ဖြစ်စေချင်သည်။ သစ်စေ့ကလေးကနေ အပင်ပေါက်လာ၊ နောက်တော့ ထိုသစ်ပင်မှ ကဗျာပွင့်တွေ ပွင့်၊ ဝတ္ထုသီးတွေ သီး၊ ရင့်မှည့်လာတော့ ခူးပြီး မဂ္ဂဇင်းတိုက်တွေကို ပို့၊ ခေါင်သီးကြီးတွေကတော့ လုံးချင်းဝတ္ထု ဖြစ်လာလိမ့်မည်။ ဘယ်လောက် ဟန်ကျ လိုက်မလဲ။ ခုလို အပင်ပန်းခံပြီး ရေးနေစရာ၊ တွေးနေစရာ မလိုတော့။
စာရေးရတာ တစ်ခါတစ်ခါ အလွန် ငြီးငွေ့ဖို့ကောင်းသည်။ စာတစ်မျက်နှာရဖို့ စာလုံးအရေအတွက်ပေါင်း သုံးရာကျော်လောက် ရေးရသည်။ လုံးချင်းဝတ္ထု တစ်ပုဒ်ဆိုလျှင် စာလုံးရေ သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ရှိမည်။ ထိုစာလုံးများမှာလည်း စံပယ်ပန်းသီသလို ဆန်ခါထဲမှာ အဆင်သင့်ရှိနေသော အပွင့်တွေကို ကောက်သီရတာမျိုး မဟုတ်။ လေထဲမှာ ပြန့်ကျဲနေသော စကားလုံးများကို ဟိုတစ်စ ဒီတစ်စ တွဲစပ်ယူရခြင်း ဖြစ်၏။ တစ်ခါတလေ စကားလုံး ဆယ်လုံးတောင် မပြည့်ချင်သော ဝါကျတစ်ကြောင်းအတွက် ဦးနှောက်တွေ ဆူပွက်လာလောက်အောင် စဉ်းစားရသည်။ ဒါတောင် ရချင်မှ ရသည်။
ကဗျာရေးတဲ့အခါမှာ ပိုသိသာ၏။ စကားလုံး သုံးလေးလုံးလောက်ကို အဆင်ပြေအောင် နေရာမချနိုင်တာမျိုး ကြုံရသည်။ စကားလုံးလေး တစ်လုံးကို ဘယ်လိုမှ ဆွဲထုတ်ရှာဖွေလို့ မရနိုင်တာမျိုးလည်း ဖြစ်ရတတ်သည်။ ကျောင်းမှာတုန်းက သင်္ချာတစ်ပုဒ်ကို တွက်လို့မရတာမျိုးနှင့်လည်း မတူ။ ကိုယ်နဲ့ သိပ်ရင်းနှီးခဲ့သော လူတစ်ယောက်၏ နာမည်ကို သိသိကြီးနဲ့ အစဖော်မရသောအခါ ဘယ်လောက် အခံရခက်သလဲ။ ခုဟာက ဒါထက် အဆများစွာ စိတ်ပင်ပန်းရသည်။ ထိုအခါ ဉာဏ်ထိုင်းလွန်းသော ကလေးငယ်တစ်ယောက် စာကျက်လို့ မရသလိုပင် ရှိုက်ကြီးတငင် ထိုင်ငိုပစ်လိုက်ချင်စိတ်တောင် ပေါက်လာမိတော့သည်။ ခုလည်း…။
◾
(၄)
သူ့ဇာတ်လမ်းက ကိုယ်တစ်ခါမျှ မချစ်ခဲ့ဖူးသော မိန်းမ တစ်ယောက်ကို ထူးဆန်းစွာ စွဲလမ်းနေမိသူ တစ်ယောက် အကြောင်း ဖြစ်၏။
ဇာတ်ကောင်နာမည်ကို ချစ်ဝေဟု ပေးထားသည်။ သူ့ကို ကျောင်းမပြီးသေးသော ကျောင်းသားတစ်ယောက် အဖြစ် ထားရမလား။ ကျောင်းပြီးခါစ အလုပ်အကိုင် ရှာဖွေနေသောသူ တစ်ယောက် လုပ်ရင် ကောင်းမလား။ အင်္ဂလိပ်စာ၊ သို့မဟုတ် ကွန်ပျူတာသင်တန်း တက်နေသူ ဆိုလျှင်ကော။
ချစ်ဝေနှင့် ထိုမိန်းမတို့သည် မကြာခဏ တွေ့ဆုံရမည် ဖြစ်၏။ ဘယ်လိုနေရာမှာ တွေ့မလဲ။ သွားရင်းလာရင်း တစ်နေရာမှာ တွေ့သလို လုပ်မလား။ တစ်ယောက်ကို နေရာတစ်ခုတည်းမှာ အငြိမ်ထားပြီး တစ်ယောက်ကို လှုပ်ရှားသွားလာစေမလား။ ဒါက အရေးကြီးသည်။ သူတို့ ဆုံနေကျနေရာကို မူတည်ပြီး ဇာတ်လမ်းက အလှည့်အပြောင်းတွေ ဖြစ်လာနိုင်သည်။
နေရာချဖို့ကို စဉ်းစားလို့မရ။ အမျိုးမျိုး ဆင်ကြည့်သော်လည်း စိတ်ကြိုက်မတွေ့၊ သူ့ဦးနှောက်က ဒီနေရာမှာ တန့်နေသည်။
ဝတ္ထုရေးပုံ အမျိုးမျိုး ရှိ၏။ တစ်ခါတလေ ဇာတ်လမ်းကို စ၊ လယ်၊ ဆုံး အရင်စဉ်းစားသည်။ ပြီးတော့ ဘယ်အခန်းပြီး ဘယ်အခန်းရေးမယ် ဆိုတာ စနစ်တကျ အကွက်ချသည်။ ပြီးမှ စရေးသည်။ ဒီနည်းက ကြိုတင်စီစဉ်ဖို့သာ နည်းနည်း အချိန်ယူရသည်။ တကယ်ရေးတော့ လွယ်သည်။ စေ့စေ့စပ်စပ်လည်း ရှိသည်။ သို့ရာတွင် ကိုယ်ချထားသည့် ဘောင်ထဲ ကိုယ်ပြန်ဝင်ရတာ ငြီးငွေ့ဖို့ ကောင်းသည်။ ရေးရင်းက ပျင်းရိလာတတ်သည်။
ပြီးတော့ ဇာတ်လမ်းက ဆင်ပြီးသား၊ အကွက်ချပြီးသား ဖြစ်သဖြင့် တာဝန်ပေါ့သွားသည်။ ထို့အတူ ဝတ္ထုအပေါ် အာရုံစိုက်မှုလည်း လျော့သွားသည်။ ဦးနှောက်ကို အပင်ပန်းမခံချင်တော့ဘဲ ဝါယမစိုက်ထုတ်မှု နည်းလာသည်။ ထိုအခါ ပိုမိုကောင်းမွန်သော ဇာတ်လမ်း အလှည့်အပြောင်းကို ရှာဖွေစဉ်းစားဖို့ အပင်ပန်းမခံချင်တော့။ ဝတ္ထုမြန်မြန်ပြီးသွားဖို့သာ အလေးထား လာတတ်သည်။ အနုပညာမြောက်သော စကားလုံးတွေ၊ ရေးဟန်တွေ ချို့တဲ့လာသည်။
ဝတ္ထု ဆိုသည်မှာ ဇာတ်လမ်းကို ပြောပြရုံသက်သက် မဟုတ်။
အနုပညာ ဆိုသည်မှာ သင်ရိုးညွှန်းတမ်း တစ်ခုလို ပုံသေကားကျ မဟုတ်။
သူ ထင်သည်။
သူကတော့ များသောအားဖြင့် ဇာတ်လမ်းအကြမ်းကိုသာ စဉ်းစားထားလေ့ ရှိ၏။ ဒါမျိုးက ဆုတ်သာတက်သာ ရှိ၏။ ရေးရင်းနဲ့ ဇာတ်လမ်းက ပြောင်းသွားနိုင်သည်။ အဓိကဇာတ်ကောင် အဖြစ် လျာထားသူက မှေးမှိန်သွားပြီး သာမန်ဇာတ်ကောင်က ထိုးထွက်ချင် ထွက်လာသည်။ ဇာတ်သိမ်းခန်းသည် မကြာခဏ ပြောင်းသွားတတ်သည်။ နှစ်မျိုး၊ သုံးမျိုး ဖြစ်ချင် ဖြစ်နေသည်။ တကယ့် ဇာတ်သိမ်းခန်းကို ရေးတော့မှ အသင့်တော်ဆုံး တစ်ခုကို ရွေးဖြစ်သွားတာမျိုး ရှိ၏။
ဝတ္ထုဆိုတာ ဇာတ်လမ်းသဘောအတိုင်း ဇာတ်ကောင်တွေက လိုက်ပြီး လှုပ်ရှားရတာမျိုး မဟုတ်။ ဇာတ်ကောင်တို့၏ လှုပ်ရှားမှုကြောင့်သာ ဇာတ်လမ်း ပေါ်ပေါက်လာရခြင်း ဖြစ်သည်ဟု ကြားဖူး၏။ ဇာတ်ကောင်တွေမှာ သီးခြားစရိုက်တွေ ရှိသည်။ သူတို့သည် သူတို့၏ စရိုက်သဘာဝအတိုင်း လှုပ်ရှားကြသည်။ တစ်နည်းအားဖြင့် သူတို့ဇာတ်လမ်းကို သူတို့ဘာသာ ဖန်တီးကြခြင်း ဖြစ်၏။ စာရေးဆရာက ဒါကို အနုပညာ မြောက်အောင် ထိန်းကျောင်း ပုံဖော်ပေးရခြင်းသာ ဖြစ်သည်။
ဇာတ်လမ်းပုံစံခွက်ထဲကို ဇာတ်ကောင်တွေ သွတ်သွင်း၍ လှုပ်ရှားခိုင်းသော ဝတ္ထုမျိုးတွေ သူလည်း ရေးခဲ့ဖူးသည်။ ဇာတ်လမ်း ကောင်းလျှင် ဖတ်လို့တော့ ကောင်းသည်။ သို့ရာတွင် စေးစေးပိုင်ပိုင် မရှိ။ တစ်ခုခု လိုနေသလို ဖွယ်တယ်တယ်နေသည် ထင်၏။ တစ်ခါတလေ ထူးထူးခြားခြား ရေးဖြစ်သွားတာမျိုး ရှိ၏။
ဇာတ်လမ်းကို ကြိုတင် စဉ်းစားထားခြင်း မရှိ။ ဇာတ်ကောင်တွေကိုလည်း ပြည့်ပြည့်စုံစုံ မရွေးချယ်ရသေး။ အတွေးတစ်ခု၊ ခံစားမှုတစ်ခု၊ စိတ်ကူးလေး တစ်ချက်ကိုသာ ဖမ်းဆုပ်ပြီး ဝတ္ထုကို စရေးသည်။ ရေးရင်းကမှ တဖြည်းဖြည်း ပုံပေါ်လာသည်။
ဒါမျိုးက ဇာတ်လမ်းကို လိုက်ပြီး ဇာတ်ကောင်တွေက လှုပ်ရှားရတာမျိုးလည်း မဟုတ်။ ဇာတ်ကောင်တွေ လှုပ်ရှားမှုကြောင့် ဇာတ်လမ်း ဖြစ်လာရတာလည်း မဟုတ်။ အတွေးစလေး တစ်ခုပေါ် မူတည်ပြီး ဇာတ်လမ်းဖြစ်လာသည်။ ဇာတ်ကောင်တွေလည်း ပေါက်ဖွားလာသည်။
ဒီလိုဝတ္ထုမျိုးတွင် ဇာတ်လမ်းက ရှေ့ဆက် ဘာဖြစ်မယ် ဆိုတာ၊ ဘယ်လို ဇာတ်သိမ်းမယ် ဆိုတာ ရေးနေတဲ့ စာရေးဆရာ ကိုယ်တိုင်တောင် မသိ။ ဒါမျိုးရေးရတာ ပင်ပန်းသည်။ အချိန်လည်း ကြာတတ်သည်။ သို့ရာတွင် အရသာရှိသည်။ ကိုယ်ကိုယ်တိုင်ပင် စာဖတ်ပရိသတ် တစ်ယောက်လို စိတ်လှုပ်ရှား ခံစားရသည်။
ခု ရေးနေတာ ထိုဝတ္ထုမျိုး ဖြစ်၏။
ဇာတ်လမ်းကို ဘယ်လို ဆက်ရမယ်ဆိုတာ စဉ်းစားလို့ မရသေး။ ဒီလိုဖြစ်ရင် ကောင်းမလား၊ ဟိုလိုဆိုရင် ကောင်းမလား၊ ဘယ်ဟာမှ စိတ်ကြိုက် မတွေ့သေး။ တွေးရင်း တွေးရင်း ခေါင်းပူလာသည်။
စာရေးစားပွဲမှ ထလိုက်သည်။ အိမ်အပြင်မှာ လမ်းလျှောက်ရင်း စဉ်းစားမည်။ ဒီလို အာရုံအပြောင်းအလဲ လုပ်လိုက်တဲ့ အခါကျမှ စိတ်ကူးပေါ်ချင် ပေါ်လာတတ်တာ သာဓက ရှိခဲ့သည်။
အိမ်ပေါ်မှ ဆင်းသည်။ အိမ်ရှေ့ ကွက်လပ်ကလေးမှာ ခြေချမိတော့မှ သတိရ၏။ နှစ်ရက်၊ သုံးရက်ကြာအောင် မိုးဖွဲဖွဲ ပြတ်တောင်း ရွာခဲ့သဖြင့် မြေကြီးက စိုစွတ်နေသည်။ ရေလောင်းစရာ မလိုသောကြောင့် သစ်စေ့ကလေး စိုက်ထားသည့် ပန်းအိုးကို မကြည့်ဖြစ်ခဲ့။
ထိုနေရာသို့ လျှောက်လာခဲ့၏။ ပန်းအိုးထဲမှာ ခပ်စိမ်းစိမ်း အရာတစ်ခု ရှိနေကြောင်း ခပ်လှမ်းလှမ်းကပင် မြင်ရသည်။ အနားကို ရောက်တော့ ပိုသေချာသွားသည်။ သစ်စေ့ကလေး အပင်ပေါက်လာပြီ။
ပန်းအိုးနားမှာ ထိုင်ချလိုက်သည်။ အပင်ကလေးကို သေချာစွာ ကြည့်သည်။ ဆယ်တန်းတုန်းက ရုက္ခဗေဒ သင်ခဲ့ဖူးသဖြင့် နည်းနည်းတော့ သိသည်။ အပင်ကလေးသည် မြေကြီးထဲက တိုးထွက်ခါစ။ သစ်စေ့၏ အခြမ်းနှစ်ခြမ်းသည် ဘေးနှစ်ဖက်မှာ စွင့်ကားနေ၏။ ဒါကို အစေ့ရွက်ဟု ခေါ်၏။ အညွန့်မထွက်သေးခင်မှာ သူက အရွက်တာဝန်ကို ယာယီ ထမ်းဆောင်ပေးရသည်။ အညွန့်ထွက်လာပြီးလို့ အရွက်ဖြာလာပြီ ဆိုလျှင် သူလည်း ကြွေကျသွားရတော့သည်။ သူ့ကို အပင်က မလိုတော့ဘဲကိုး။
အစေ့ရွက်အကြောင်းကို ကဗျာရေးရလျှင် ကောင်းမည်ဟု တွေးမိ၏။
သူ စာရေးစားပွဲဆီ ပြန်သွားပြီး ကဗျာကို စရေးသည်။ ဒါမျိုး မကြာခဏ ဖြစ်တတ်၏။ ဝတ္ထုရေးနေတုန်းမှာ ကဗျာရေးချင်စိတ် ဖြစ်ပေါ်လာခြင်းပင် ဖြစ်၏။ တစ်ခါတလေများ နှစ်လည်မဂ္ဂဇင်း တစ်ခုအတွက် ဝတ္ထုတစ်ပုဒ်ကို အချိန်မီပေးနိုင်ဖို့ အသည်းအသန် ရေးနေတုန်းမှာမှ ကဗျာဉာဏ်က တားမရဆီးမနိုင်အောင် ဖောက်ထွက်လာတတ်သည်။
အချစ်ရယ်၊ ချောင်းဆိုးတာရယ်၊ ကဗျာရေးချင်တာရယ်က အောင့်ထားလို့ ရတာမျိုးတွေ မဟုတ်။ ရေးချင်စိတ် ပေါ်လာတုန်း ချရေးလိုက်မှ။ နှောင့်နှေးသွားလျှင် နောက်တစ်ကြိမ် ဒီအခွင့်အရေးမျိုး ပြန်ရဖို့ မလွယ်။
ထို့ကြောင့် စာရေးစားပွဲမှာ သူပြန်ထိုင်သည်။ စိတ်ထဲ ပေါ်လာသည့် ကဗျာစကားလုံးတွေကို ချရေးသည်။ ကဗျာဉာဏ် ဆိုတာက တော်တော်ထူးဆန်းသည်။ လပေါင်းများစွာ ကြာအောင် တစ်ကြောင်းတလေတောင် စဉ်းစားလို့ မရတာမျိုး ရှိသည်။ ရပြီ ဆိုတော့လည်း တစ်ပြိုင်တည်းမှာ နှစ်ပုဒ်စာ ထွက်လာသဖြင့် ဘယ်ဟာ အရင်ရေးရမှန်း မသိအောင် ဖြစ်ရပြန်သည်။ တစ်ပုဒ်ကို ရေးနေတုန်း နောက်တစ်ပုဒ်အတွက် စကားလုံးတွေက ပြောင်းဖူးပေါက်ပေါက် ဖောက်စက်ထဲက ပေါက်ပေါက်ပွင့်တွေလို အဆက်မပြတ် တိုးဝှေ့ထွက်လာ ပြန်လေသည်။
◾
(၅)
သစ်ပင်ဆိုတာ သားသမီးနှင့်တူ၏။ သားသမီးသည် မွေးပြီးလျှင် ပစ်ထားလို့မရ။ လူလားမြောက်သည်ထိ ကျွေးမွေးပြုစု စောင့်ရှောက်ရသည်။ သစ်ပင်ဆိုတာလည်း စိုက်ပြီးလျှင် ဆက်လက် ပြုစုပျိုးထောင်ရသည်။ ထို့ကြောင့် အမည်မသိ အပင်ကလေးကို နေ့စဉ် ဂရုစိုက်ရလေတော့သည်။
မနက်တိုင်း ရေချိုးခါနီးလျှင် သစ်ပင်လေးကို သွားကြည့် ရသည်။ လွန်ခဲ့သည့် ရက်ပိုင်းက မိုးရွာလိုက်သဖြင့် ပန်းအိုးထဲမှာ မြက်ပင် ပေါင်းပင်ကလေးတွေပါ ထွက်လာခဲ့သည်။ မြေဆီသြဇာကို လုယူဝါးမျိုမည် စိုးသဖြင့် ပေါင်းပင်တွေကို ရှင်းရသည်။ အပင်နုချိန်မှာ ရေအလောင်းကြမ်းလျှင် အမြစ်ပုပ်သွားတတ်သည်။ ရေကို ဂရုစိုက်၍ ဖျန်းရုံ ဖျန်းပေးရသည်။ ဒီအပင်ကလေးက ရေ ကြိုက်တတ်သလား၊ မကြိုက်တတ်ဘူးလား မသိ။ ထို့ကြောင့် မြေကြီး စိုရုံသာ ဖျန်းသည်။
အပင်ကလေးက အညွန့်ထွက်လာပြီ။ တခြား အရွက် တွေလို မနေဘဲ ညိုတိုတိုဖြစ်၏။ နောက်ရက်များတွင် အရွက်ကို ပီပီပြင်ပြင် မြင်လာရသည်။ နှင်းဆီရွက်လိုလို၊ လက်ဖက်ရွက်လိုလို အနားတွန့်လေးတွေ ပါသည်။ နှင်းဆီရွက်က အနားစိပ်သည်။ သူကတော့ အရင်းပိုင်းမှာ ခပ်ကျဲကျဲဖြစ်ပြီး ထိပ်ပိုင်းကျမှ အတွန့်အချွန်ကလေးတွေ တဖြည်းဖြည်း စိပ်သွားသည်။ ထိပ်ချွန်က နှင်းဆီရွက်ထက် ပိုရှည်သည်။ ရွက်ညှာဘက်က အညိုရောင် ဖြစ်ပြီး အဖျားပိုင်းဆီသို့ ဖျော့ဆင်းသွားသည်။ အနားသတ်တွေကတော့ အစိမ်းရောင် လွင်နေ၏။ အရွက်ကပင် တော်တော်လှနေပြီ။ တကယ်လို့ ဒီအပင်ကလေးသာ ပန်းပင်ဖြစ်ခဲ့လျှင် သူ့အပွင့်ကလည်း တော်တော်လှမှာ သေချာသည်။
အပွင့်ပွင့်မည်၊ မပွင့်မည် မသေချာ။ ပွင့်ခဲ့လျှင်ကော ဘယ်လို ပုံသဏ္ဌာန်ဖြစ်မလဲ၊ ဘာရောင်ဖြစ်မလဲ သူမသိ။ သို့ရာတွင် မြင်ချင်စိတ် စောနေမိ၏။ အပွင့်ပွင့်သည်အထိ ဘယ်လောက် ကြာအောင် စောင့်ရမလဲ။ တစ်လလား၊ နှစ်လလား၊ နှစ်နှင့်ချီ ကြာမှာလား။ မျှော်မောရပေဦးမည်။
ဝတ္ထုတစ်ပုဒ် ဆိုသည်မှာလည်း စရေးမိလျှင် ကျိန်စာတိုက်ထားသော သေတ္တာတစ်လုံးကို ဖွင့်လိုက်မိသလိုပင် ဖြစ်၏။ ရေးလို့ မပြီးမချင်း မမြင်ရသော စွမ်းအားတစ်ခု၏ ချုပ်ကိုင်ဖမ်းစားခြင်း ခံထားရသလိုပါပဲ။ အကြောင်းကြောင်းကြောင့် ထိုဝတ္ထုကို ဆက်မရေးဖြစ်သေးသော အခါမှာလည်း အိမ်စာတွေ မပြီးသေးသော ကျောင်းသားတစ်ယောက်လို စိတ်ထဲမှာ လေးလံနေရ၏။ တကယ်လို့များ ထိုဝတ္ထုကို လုံးဝ လျစ်လျူရှု ထားမိခဲ့လျှင် ချစ်သူကို သစ္စာ ဖောက်မိသော လူတစ်ယောက်ကဲ့သို့ အပြစ်မကင်းသလို တနုံ့နုံ့ ခံစားရတတ်လေသည်။ ထို့ကြောင့်…။
◾
(၆)
ချစ်ဝေသည် ထိုအမျိုးသမီးကို ဘူတာရုံတွင် စတင် တွေ့ရခြင်း ဖြစ်၏။ စတင်တွေ့သည်ဟု ဆိုရာမှာ ထိုနေ့ကျမှ ပထမဦးဆုံး မြင်ဖူးတာ ဟုတ်ချင်မှ ဟုတ်မည်။ အရင်နေ့တွေကတည်းက ဖြစ်ချင်လည်း ဖြစ်မည်။ အမှတ်တမဲ့မို့ သတိမထားမိတာလည်း ဖြစ်နိုင်သည်။ ဒီနေ့ကျမှ ထူးခြားမှု တစ်ခုကြောင့် မှတ်မှတ်ထင်ထင် ရှိခဲ့ခြင်း ဖြစ်မည်။
အရင်က ချစ်ဝေတို့ ရပ်ကွက်နားက ဖြတ်သွားသော လမ်းပေါ်မှာ ဘတ်စ်ကား ပြေးဆွဲခဲ့သည်။ နောက်ပိုင်းကျတော့ လမ်းကြောင်းရှည်လို့လား၊ ခရီးသည်ပါးလို့လား မသိ။ တခြားလမ်းက ပြောင်းဆွဲသည်။ ထိုအခါ ရထားကိုသာ အားကိုးရတော့သည်။
ဘူတာရုံက သိပ်နီးလှတယ်တော့ မဟုတ်။ အိမ်ကနေ ဆယ်မိနစ်လောက် လမ်းလျှောက်သွားရသည်။ ဘာပဲဖြစ်ဖြစ် သူကတော့ ဘူတာရုံသို့သွားရာ လမ်းကလေးကို သဘောကျသည်။ အိမ်ကထွက်ပြီး ရပ်ကွက်လမ်းကြားကို ဖြတ်ကျော်လိုက်လျှင် စိုက်ခင်းကြီးထဲ ရောက်သွားသည်။ မုန်ညင်း၊ ပန်းဂေါ်ဖီ၊ ကြက်သွန်မြိတ် စသည်တို့ကို ရာသီအလိုက် စိုက်ကြသည်။ မြေအနိမ့်ပိုင်း ရေဝင်သော နေရာမှာ ကန်စွန်းခင်း ရှိ၏။ ဆောင်းဦးပေါက်လျှင် ဘူးစင်၊ ခဝဲစင်များ တွေ့ရ၏။ စိုက်ခင်းကြီး၏ အလယ် ပိုင်းမှာ ချောင်းငယ်ကလေးက ကွေ့ကွေ့ကောက်ကောက် ဖြတ်စီးဆင်းနေသည်။ ချောင်းပေါ်မှာ တံတားငယ်လေးတစ်ခု ထိုးထားသည်။ ချစ်ဝေသည် တံတားပေါ်မှ ဖြတ်လျှောက်သည့် အခါတိုင်း ချောင်းရေထဲကို ငုံ့ကြည့်လေ့ရှိ၏။ တစ်ခါတစ်ရံ ရေကြည်ကြည်ထဲမှာ ငါးရံ့ခေါင်းတိုလေးတွေ၊ ဒေါင်းငါးလေးတွေ တွေ့ရတတ်သည်။
ထိုနေ့က တကယ်လို့သာ အမျိုးသမီး၏ ဖိနပ်သည်းကြိုး ပြုတ်မသွားခဲ့ဘူးဆိုလျှင် သတိပြုချင်မှ ပြုမိလိမ့်မည်။ ဒါမှမဟုတ်လည်း တစ်ချိန်ချိန်မှာ တခြား ထူးခြားသည့် အကြောင်းတစ်ခုခုကြောင့် မှတ်မှတ်သားသား ရှိသွားတာလည်း ဖြစ်ကောင်း ဖြစ်လာမည်။ ဘူတာရုံမှာ ဆုံနေကျ တခြားခရီးသည်တွေလိုပင် အမှတ်တမဲ့ ရှိကောင်း ရှိနေလိမ့်မည်။
ထိုနေ့ကတော့ အမျိုးသမီးသည် ရထားဝင်ချိန်နီးမှ ဘူတာရုံသို့ ရောက်လာသည်။ သူ့ကိုယ်သူ နောက်ကျနေပြီ အမှတ်ဖြင့် ခပ်သုတ်သုတ် ဝင်လာခဲ့စဉ် တစ်ချက် ခလုတ်တိုက်မိသလို ဖြစ်သွားပြီး ဖိနပ်တစ်ဖက် သည်းကြိုးပြတ်သွားလေသည်။ အမျိုးသမီးသည် ဖိနပ်ကို ငုံ့ကြည့်ပြီးနောက် စိတ်ပျက်သွားပုံ ရသည်။ ဘာလုပ်ရမှန်း မသိအောင်လည်း ဖြစ်သွားဟန် တူသည်။ ပြီးမှ ထိုင်ချလိုက်ပြီး ဖိနပ်ကို စစ်ဆေးလိုက်သည်။
ဖိနပ်က အဖြူရောင် ဖိနပ်ပါးကလေး ဖြစ်၏။ သည်းကြိုး က သေးသေးလုံးလုံးလေး။ ခေါင်နေရာမှ ပြုတ်ထွက်သွားခြင်း ဖြစ်၏။ အမျိုးသမီးသည် ပလတ်စတစ် ခြင်းတောင်းထဲက ပိုက်ဆံအိတ်ကို ယူ၍ ဖွင့်ပြီး တစ်စုံတစ်ခု ရှာနေသည်။ တွယ်ချိတ်၊ ကလစ် စသည်တို့ကို ရှာနေခြင်း ဖြစ်မည်။
အမျိုးသမီးသည် ဖိနပ်ကို ပြန်ပြင်နိုင်သည့် ပစ္စည်းတစ်ခုတလေမျှ ရှာမတွေ့ဘဲ ဖြစ်နေသည်။ ထို့ကြောင့် ဘာမှမလုပ်နိုင်ဘဲ ဖိနပ်ကိုသာ စိတ်ပျက်လက်ပျက် စိုက်ကြည့်နေသည်။
ချစ်ဝေလည်း ဒီလိုဖြစ်ဖူးသည်။ တကယ်တော့ လမ်းမှာ ဖိနပ်ပြတ်သည့် အတွေ့အကြုံကို ဖိနပ်စီးတတ်သူတိုင်းလိုလို ကြုံဖူးကြလိမ့်မည် (ရှူးဖိနပ်သာ စီးလေ့ရှိသူမျိုးကတော့ ခြွင်းချက်ပေါ့)
ဘယ်လောက် အဝတ်အစားကောင်းကောင်း ဝတ်ထား ထား၊ ဖိနပ်မပါလျှင် မတင့်တယ်တာ အမှန်ပဲ ဖြစ်၏။ လူကြားထဲ ဖိနပ်ပြတ်လျှင် အတော် ရုပ်ပျက်ဆင်းပျက်နိုင်သည်။ ပြတ်သွားတဲ့ ဖိနပ်ကို ပစ်ထားခဲ့ပြီး ခြေထောက်ဗလာ ဆက်လျှောက်လို့လည်း မဖြစ်။ ဖိနပ်ကို ကောက်ကိုင်သွားလို့လည်း မကောင်း။ အနည်းဆုံး ပြင်လို့ရသလောက် ပြင်ပြီး ဆက်စီး၊ လေးငါးလှမ်းမှာ ပြန်ပြုတ်ထွက်၊ ပြန်တပ်ပြန်စီး၊ ပြန်ပြုတ်၊ ခြေထောက် မကြွရဲတော့ဘဲ ဖိနပ်ကို တရွတ်တိုက်ဆွဲစီး။ အတော် ကသိကအောက်နိုင်သည်။
မိန်းကလေးတစ်ယောက်အတွက် ဆိုလျှင် ပိုဆိုးသည်။ ကိုယ့်မှာ အပြစ်မရှိပါဘဲလျက် အင်္ဂါမစုံသလို အရှက်ရစေသည်။ ဖိနပ်ဆိုတာကလည်း မော်တော်ကားဘီး ပေါက်သလို စပယ်ယာဘီးနဲ့ လဲတပ်လို့ ရတာမျိုး မဟုတ်။ လမ်းသွားလျှင် ဖိနပ်အပိုတစ်ရန် ဆောင်သွားတတ်သူမျိုးလည်း တစ်ခါမျှ မတွေ့ဖူးခဲ့။
ချစ်ဝေသည် အမျိုးသမီးကို ကူညီရကောင်းမလား စဉ်းစားသည်။ ကူညီမယ်ဆိုတာတောင် သူ့မှာ ဖိနပ်ပြင်လို့ ရနိုင်သည့် ပစ္စည်းတစ်စုံတစ်ရာ မရှိ။ လုပ်နိုင်တာက သူ့ဖိနပ်ကို ပေးစီးလိုက်ဖို့သာ ရှိ၏။ ဒီလိုတော့လည်း မဖြစ်။ အမျိုးသမီးနှင့် သူသည် အသိအကျွမ်းတွေ မဟုတ်။ အကြောင်းမဲ့ စေတနာတွေ ပိုတယ်ဟု အထင်ခံရနိုင် သည်။ တကယ်လို့ ဒီနေရာမှာ အသက်ကြီးကြီး၊ အရုပ်ဆိုးဆိုး မိန်းမကြီးတစ်ယောက် ဆိုလျှင်ကော ကူညီချင်စိတ် ပေါ်လာမိပါ့မလားဟု သူ့ကိုယ်သူ ပြန်မေးရင်း ပြုံးချင်သလိုလို ဖြစ်သွား၏။
ထိုစဉ်မှာပင် ရထားဝင်လာသည်။ အမျိုးသမီးသည် ချီတုံချတုံ အမူအရာ ဖြစ်သွား၏။ ထို့နောက် ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့် ပြတ်နေသော ဖိနပ်ကို ကောက်ကိုင်လိုက်ပြီး ရထားပေါ် တိုးဝှေ့တက်သွားသည်။ ချစ်ဝေလည်း ရထားပေါ် လိုက်တက်သည်။
ရုံးချိန်ဖြစ်သောကြောင့် ရထားက ကျပ်သည်။ အမျိုးသမီးသည် အတွင်းပိုင်းထဲ ရောက်သွားဟန် တူ၏။ မတွေ့ရတော့။ ရထားကျပ်ခြင်းသည် အမျိုးသမီးအတွက် တစ်မျိုးကောင်းသည်။ ဖိနပ်တစ်ဖက်တည်း စီးထားကြောင်း တခြားလူတွေ သတိပြုမိစရာ အကြောင်း မရှိတော့။ ထို့အတူ ထိုင်ခုံမှာ ထိုင်ပြီး ဖိနပ်ကို အေးအေးဆေးဆေး ပြုပြင်နိုင်သော အခွင့်အရေးလည်း ရမှာ မဟုတ်တော့။
ဘူတာနှစ်ခုလောက် ဖြတ်ကျော်ပြီးသည့်နောက် ချစ်ဝေ စိတ်ထဲမှာ ထိုကိစ္စ မှေးမှိန်သွားသည်။ အမျိုးသမီးသည် ပြတ်နေသော ဖိနပ်တစ်ဖက်နှင့် ဘယ်လို ဆက်စခန်းသွားခဲ့ကြောင်း မသိရတော့။
ဘာပဲဖြစ်ဖြစ် နောက်တစ်ခါ ထိုအမျိုးသမီးကို ဘူတာမှာ မြင်ရသောအခါ ဟိုတစ်ရက်က ဖိနပ်ပြတ်တဲ့ အမျိုးသမီးပဲဟု မှတ်မှတ်သားသား ဖြစ်မိလေသည်။
◾
(၇)
“အင်း… အရွက်နဲ့ပင်စည် အနေအထားကို ကြည့်ရတာတော့ ချုံပင် အမျိုးအစားပဲ” ဟု သူ့သူငယ်ချင်းက ပြောသည်။
“ဟင်… ဒါဆို အလကား ချုံပုတ်ဖြစ်မယ့် အပင်ပဲပေါ့”
သူက စိတ်ပျက်သည့်လေသံဖြင့် ပြန်ပြောတော့ –
“ဒီလိုသဘောမျိုး ပြောတာ မဟုတ်ဘူးကွ၊ အပင်တွေမှာ တစ်နှစ်ခံပင်၊ နှစ်နှစ်ခံပင်၊ နှစ်ရှည်ခံပင် ဆိုတာမျိုး ရှိတယ်။ ဒီလိုပဲ အပင်ကြီးမျိုး၊ အပင်လတ်မျိုး၊ အပင်ငယ်မျိုး၊ ချုံပင်မျိုးရယ်လို့ ရှိတယ်လေကွာ။ ချုံပင်ဆိုတိုင်း အသုံးမဝင်ဘူးလို့ ပြောလို့မရဘူး။ စံပယ်ဟာ ချုံပင်ငယ် အမျိုးအစားထဲမှာ ပါတာပေါ့”
“ငါ သိချင်တာက ဒါဘာပင်လဲ၊ အသီးသီးမှာလား၊ အပွင့် ပွင့်မှာလား၊ အဲဒီလိုမျိုး”
“ဒါကတော့ ငါလည်း တိတိကျကျ မပြောတတ်ဘူး။ နှင်းဆီမျိုးရင်းထဲမှာ ပါတဲ့ အပင်တစ်မျိုးလို့ ထင်တာပဲ။ ဒါပေမဲ့ နှင်းဆီလိုအပွင့်မျိုး ပွင့်မယ်လို့တော့ တပ်အပ် မပြောနိုင်ဘူးနော်။ ဒါမျိုးက မျိုးစိတ်ပေါင်း ရာနဲ့ချီ ကွဲပြားတတ်တာ၊ ဘယ်ရီသီးလို ဟာမျိုး သီးချင်လည်း သီးလာမှာ”
“မင်းဟာက ဘာမှလည်း မသေချာပါလားကွာ”
“ငါက ဘော်တနီနဲ့ ဘွဲ့ရတယ် ဆိုပေမယ့် စာနဲ့ဝေးနေတာ ကြာပြီကွ၊ ဒါမျိုးဆိုတာ အမြဲတမ်း ထိတွေ့ပြီး အဆက်မပြတ် လေ့လာနေမှ ဖြစ်တာ။ မင်း သိချင်ရင်တော့ ဌာနစာကြည့်တိုက်က စာအုပ်တွေ သွားလှန်ရမယ်။ ဒီအပင်ကို ဓာတ်ပုံရိုက်ပြီး…”
“တော်ပါပြီကွာ၊ ဒီလောက်ထိတော့ အပင်ပန်းမခံပါနဲ့ တော့” ဟု သူ့သူငယ်ချင်းကို စကားဖြတ်ပစ်လိုက်ရ၏။
တကယ်တော့လည်း ဒါဘာပင်ပဲ ဆိုတာ သိရတာထက် ဘာမှန်းမသိတာက ပိုကောင်းလိမ့်မည် ထင်သည်။ ဘာပင် ခေါ်တယ်၊ ပန်းပွင့်ရင် ဘယ်လိုပုံစံမျိုး၊ ဘာရောင်ဆိုတာ ကြိုသိနေတာထက် ဘာများဖြစ်မလဲဟု မျှော်မောရတာက ပိုပြီး စိတ်ဝင်စားစရာ ကောင်းလိမ့်မည်။
◾
(၈)
ဘတ်စ်ကားမှတ်တိုင်နှင့် ဘူတာရုံ သဘောသဘာဝချင်း မတူကြ။
ဘတ်စ်ကားဆိုတာက တစ်စီးပြီးတစ်စီး လာနေတတ်တာ။ ကားမှတ်တိုင်မှာ လူတစ်ယောက်နှင့် တစ်ယောက် နေ့စဉ်ဆုံချင်မှ ဆုံသည်။ ကိုယ်မှတ်တိုင်ကို ရောက်တဲ့အချိန်မှာ သူက ရှေ့ကားနှင့် ပါသွားနှင့်တာမျိုး ဖြစ်နိုင်သည်။ ဒါမှမဟုတ် ကိုယ် ကားနဲ့ပါသွားပြီးမှ သူက မှတ်တိုင်ကို ရောက်ချင် ရောက်လာတတ်သည်။
ဘူတာရုံမှာကျတော့ ဒီလိုမဟုတ်။ ရထားတစ်စင်းတည်းကို လူအများစုက စောင့်စီးကြရခြင်း ဖြစ်၏။ ရထားမှာက အချိန်အကန့်အသတ် ရှိသည်။ ဒီဘူတာကို ဘယ်နှနာရီ ဘယ်နှမိနစ်မှာ ဝင်မယ်ဆိုတာ သတ်မှတ်ထားတာ ရှိသည်။ ပြောထားတဲ့အတိုင်း အချိန်မှန် ရောက်မလာတတ်တာကတော့ တစ်ပိုင်းပေါ့။
ဘာပဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့ အချိန်ထက် နောက်ကျပြီး ရောက်လို့တော့ မဖြစ်။ မတော်တဆ ရထားအချိန်မှန် အတိအကျ ရောက်လာသောရက် ဖြစ်နေလျှင် ခက်မည်။ ထို့ကြောင့် ရထားစီး ခရီးသည်တို့သည် အနည်းဆုံး ငါးမိနစ်၊ ဆယ်မိနစ်တော့ ကြိုရောက်ကြရစမြဲ ဖြစ်၏။
ဒီနေ့လည်း ချစ်ဝေသည် ရထားဝင်ချိန်ထက် ခြောက်မိနစ် လောက် စောပြီး ရောက်လာသည်။ ဟိုအမျိုးသမီးမှာ ရောက်နှင့်နေပြီ။ ခရီးသည်များ နားနေရန် ပြုလုပ်ပေးထားသော ကွန်ကရစ် ခုံတန်းလျားမှာ ထိုင်နေသည်။
ချစ်ဝေသည် အမျိုးသမီးကို မြင်မြင်ချင်း ခြေထောက်ကို အရင်ကြည့်မိ၏။ ဖိနပ်အသစ်တစ်ရန်ကို စီးထားတာ တွေ့ရသည်။ ပြတ်သွားသော ဖိနပ်လို အဖြူရောင်မဟုတ်။ အနက်ရောင် သားရေခင်း ကတ္တီပါကြိုးတပ် ဖိနပ် ဖြစ်၏။ ဖိနပ်ဟောင်းကို ပြင်စီးတာ မဟုတ်မှန်း သိအောင် တမင် အရောင်ပြောင်းဝယ်တာလား ဟု တွေးမိသေးသည်။ ပြီးမှ သူတွေးနေတာ အဓိပ္ပာယ် မရှိမှန်း သတိပြုမိပြီး စိတ်ထဲက ကျိတ်ပြုံးသည်။
မိန်းကလေးတစ်ယောက် လမ်းသွားရင်း ဖိနပ်ပြတ်သွား သည်။ နောက်တစ်နေ့ကျတော့ ဖိနပ်အသစ်တစ်ရန် စီးလာသည်။ ဘာဆန်းသလဲ။ ဒါကို ဘာကြောင့် ရေးကြီးခွင့်ကျယ် လုပ်ပြီး တကူးတက လိုက်ကြည့်နေရသလဲ။ သို့ရာတွင် ချစ်ဝေသည် အမျိုးသမီး၏ ပုံပန်းသဏ္ဌာန်ကို အကဲခတ်မကြည့်ဘဲ မနေနိုင်အောင် ဖြစ်နေပြန်၏။
အမျိုးသမီးသည် အသက်အစိတ်နှင့် သုံးဆယ်ကြားလောက် ရှိမည်။ အသက်ချင်း မတိမ်းမယိမ်းလောက်ပဲ ဟု ခန့်မှန်းလိုက်သည်။ အသားလတ်သည်။ နဂိုက ညိုတာလည်း ဖြစ်နိုင်၏။ ခုခေတ်မှာ အမျိုးမျိုး ထွက်ပေါ်နေသော အသားဖြူ စနိုးခရင်မ်၊ သနပ်ခါး စသည်တို့ လိမ်းသောကြောင့် ခုလောက် လတ်လာတာလည်း ဖြစ်ကောင်းဖြစ်နိုင်၏။ ကိုယ်လုံးက သွယ်သည်။ အရပ်က မြင့်သယောင် ရှိသည်။ မျက်နှာက သိပ်လှတယ်ရယ်လို့တော့ မဟုတ်။
အကြည့်ခံသည်ဟု ဆိုကြသော မျက်နှာမျိုး ဖြစ်၏။ အမျိုးသမီး၏ မျက်နှာထားမှာ တည်သည်ဟု ဆိုရမည်။ အပြုံးအရယ် နည်းတတ်သလား မသိ။ တစ်ခါမျှ မတွေ့ဖူးသေး။ ဟုတ်တော့လည်း ဟုတ်တာပေါ့။ ဘူတာရုံမှာ အသိအကျွမ်း တစ်ယောက်မျှ မရှိသဖြင့် ပြုံးပြရယ်ပြစရာ လူမှမရှိဘဲ။ အမြဲတမ်းလိုလို တစ်စုံတစ်ခုကို လေးလေးနက်နက် တွေးနေတတ်သူ တစ်ယောက်တော့ ဖြစ်ရ၏။
ဘာအလုပ်အကိုင် လုပ်သလဲ ဆိုတာတော့ ခန့်မှန်းလို့ မရ။ အဝတ်အစားကို ဣန္ဒြေရရ ဝတ်ထားခြင်း၊ ဆံပင်ကို သပ်ရပ်စွာ ထုံးဖွဲ့ထားခြင်းတို့ကို ကြည့်၍ အဆင့်ရှိသော အလုပ်တစ်ခု လုပ်ကြောင်း ကောက်ချက်ချနိုင်သည်။ ဝိုင်းကျူရှင်သင်နေသော ဆရာမ ဖြစ်ချင်ဖြစ်မည်။ သင်တန်းကျောင်း တစ်ခုခုက နည်းပြလည်း ဖြစ်နိုင်၏။ ချစ်ဝေ စိတ်ထဲကတော့ စာရင်းဇယားတွေ ကိုင်တွယ်ရသော ပညာရှင်တစ်ယောက် ဖြစ်နိုင်သည်ဟု ထင်နေသည်။
တကယ်တော့ သူ့ဘာသာ ဘာအလုပ်လုပ်လုပ် ကိုယ်နဲ့ ဘာဆိုင်သလဲ။ ကောက်ချက်တွေ အမျိုးမျိုး ချနေရအောင် ကိုယ်က စုံထောက် ဦးစံရှားလည်း မဟုတ်ဘဲနဲ့။ ဒီကြားထဲကပင် တော်တော်တော့ စနစ်ဇယားကြီးမယ့်ပုံ ပေါ်တယ်ဟု မှတ်ချက်ပြုလိုက်မိသေး၏။
◾
(၉)
သူ့မှာ တခြားလူတွေနှင့် မတူသော အချက်တစ်ချက် ရှိ၏။ ညဉ့်နက်လေ ပိုပြီး လန်းဆန်းလာလေ ဖြစ်တတ်ခြင်း။ တကယ်တော့ သူသည် အအိပ်မက်မောတတ်သူသာ ဖြစ်၏။ ငယ်ငယ်က ညရှစ်နာရီ မထိုးခင်မှာပင် မျက်လုံးက စင်းနေပြီ။ မနက်ကျတော့လည်း ကျောင်းသွားဖို့ နှိုးလျှင် မထချင်။ တက္ကသိုလ်ကျောင်းသား ဘဝမှာ မနက်အိပ်ရာက စောစောမနိုးလို့ ပထမပိုင်းအချိန်တွေ လွတ်ခဲ့တာ အကြိမ်ကြိမ်ပါပဲ။
လူငယ်ဘဝ သူငယ်ချင်းတွေနှင့် လမ်းထိပ်အုတ်ခုံမှာ ထိုင်စကားပြော၊ ဂစ်တာတီးတတ် လာသောအခါ အိပ်ချိန်တွေ နောက်ကျလာခဲ့သည်။ မိန်းကလေး တစ်ယောက်ကို စတင် စိတ်ဝင်စားမိသော အချိန်မှစ၍ ညကို ချစ်တတ်လာလေတော့သည်။ ညဘက်တွင် အိပ်ရာပေါ်လှဲရင်း ချစ်သူအကြောင်း စဉ်းစားရတာ သိပ်ကြည်နူးဖို့ ကောင်းသည်။ ချစ်သူဆီ စာရေးတဲ့ အခါမှာလည်း ညဘက်ရေးလျှင် စကားလုံးတွေက ပိုလှနေတတ်သည်။ ထိုစဉ်ကတည်းက ညဘက် စာရေးတတ်သည့်အကျင့် စွဲခဲ့ဟန်တူသည်။
စာရေးဆရာ ဖြစ်လာတော့လည်း များသောအားဖြင့် ညဘက်မှာပဲ ရေးဖြစ်တာ များသည်။ ညဘက်ဆိုတော့ ညဉ့်နက်လျှင် တခြားလုပ်စရာ ဘာမှမရှိတော့။ လက်ဖက်ရည်ဆိုင် ထွက်ထိုင်ချင်လို့လည်း မရ။ ဧည့်သည်လာမှာလည်း ပူစရာ မလို။ သူငယ်ချင်းတွေဆီ သွားပြီး တမေ့တမြော ထိုင်စကားပြောဖို့လည်း မဖြစ်နိုင် တော့။ စာရေးချင်ရေး။ စာဖတ်ချင်ဖတ်။ ဒါမှမဟုတ် တစ်ယောက်တည်း တွေးချင်ရာ တွေးနေဖို့သာ ရှိတော့သည်။ ကြာတော့ ဒါကိုပင် အရသာတွေ့လာသည်။ ဒီလိုနဲ့ပဲ ညသည် သူ့အတွက် အကောင်းဆုံးအဖော် ဖြစ်လာလေတော့သည်။
စာရေးနေရင်း ဦးနှောက် ပန်းလာတဲ့အခါ၊ ဒါမှမဟုတ် ရှေ့ဆက်ရေးဖို့ စဉ်းစားချင်တဲ့အခါ ပြတင်းပေါက်မှာ ရပ်ပြီး အပြင်ကို ငေးကြည့်မိတတ်သည်။ လသာသည့် ညများဆိုလျှင် အခန်းမီးကို မှိတ်ထားပြီး အပြင်က ရှုခင်းကို အပြည့်အဝ ခံစားပစ်လိုက်သည်။ လရောင်က အေးမြသောအလင်း ဖြစ်၏။ ကျဲကျဲကြီး လင်းနေတာမျိုး မဟုတ်။ သစ်ပင်တွေ အရိပ်ထင်ရုံ၊ မြင်သာ ထင်သာရှိရုံ သာသာကလေး ဖြစ်၏။ ထို့ကြောင့် လသာသည်ဟု ပြောကြခြင်း ဖြစ်မည်။
မိုးတွေ သဲသဲမဲမဲ ရွာတော့လည်း ကြည့်လို့ ကောင်းတာပဲ။ မိုးစက်တွေကို တစ်ချက်တစ်ချက်မှ လက်ခနဲ လက်ခနဲ မြင်ရသည်။ သစ်ကိုင်းမည်းမည်းတွေ ယိမ်းထိုးလှုပ်ရှား နေကြတာ မြင်ရသည်။ တစ်ချက်တစ်ချက် ဝင်းခနဲ လျှပ်စီးလက်သွားသောအခါ ပတ်ဝန်းကျင်ကို ပြက်ပြက်ထင်ထင် မြင်လိုက်ရသည်။ ဒါပေမဲ့ ခဏကလေး။ ထို ခဏကလေးသည်ပင်လျှင် အလှပဆုံး ပန်းချီကား တစ်ချပ်။
ဆောင်းညချမ်းအခါ နှင်းတွေ မှုန်မှုန်ကျနေတာလည်း တစ်မျိုး လှပြန်သည်။ လရောင်ကလေး နည်းနည်းရှိလျှင် ပတ်ဝန်းကျင်ကို ဝိုးတဝါး မြင်ရသည်။ တစ်ခါတစ်ခါ ခပ်လှမ်းလှမ်း တစ်နေရာမှာ မီးရောင်လက်လက်ကို မြင်ရသည်။ တစ်စုံတစ်ယောက် မီးလှုံနေတာ ဖြစ်မည်။ မီးခိုးတလူလူ ထွက်လာပြီး နှင်းမှုန်တွေနှင့် ရောထွေးသွားသည်။ နှင်းက အအေး၊ မီးခိုးက အပူ၊ ဘယ်လို ပေါင်းဖက်ကြမလဲ။
ညရှုခင်းကို ကြည့်ရင်း အတွေးစတစ်ခု ရလျှင် မဆုံးနိုင် အောင် ရှည်တတ်သည်။ ညဉ့်နက်လွန်းလာလို့ အိပ်ရာထဲ ဝင်လျှင်တောင် အမျှင်မပြတ်ချင်။ ထိုအခါ တော်တော်နှင့် အိပ်မပျော်တော့ပြန်။ မှေးခနဲ ဖြစ်သွားသည့်တိုင် အတွေးက အိပ်မက်အဖြစ် လိုက်လာချင် လာတတ်သေးသည်။
ဒီနေ့ညတော့ သူ့ဝတ္ထုဇာတ်လမ်း အကြောင်းကိုသာ သီးသန့်ထားပြီး တွေးမိ၏။ သူ့ဇာတ်လမ်းထဲတွင် ချစ်ဝေက အမျိုးသမီးကို မှတ်မှတ်ထင်ထင် ဖြစ်လာသည့် နေရာသို့ ရောက်ပြီ။ အမျိုးသမီးက ဘာအလုပ်လုပ်သလဲ ဆိုတာတော့ မသိသေး။ လောလောဆယ်မှာ အသိမပေးဘဲ ထားတာက ပိုကောင်းမည်ဟု သူတွက်သည်။ စာဖတ် ပရိသတ်က ဒီအမျိုးသမီးက ဘာအလုပ် လုပ်တာပါလိမ့်ဟု တွေးလိုက်မိလျှင်ပင် ဝတ္ထုအပေါ် စိတ်ဝင်စားမှုတစ်ခု ရရှိနိုင်သည်။ ထိုကိစ္စမှာ အရေးမပါလှသော်လည်း သိချင်စိတ်ကလေး တစ်ခုကို ပျိုးပေးထားနိုင်လျှင် အထိုက်အလျောက် အထောက်အကူ ပြုနိုင်မည် ထင်၏။
ဒီနေရာမှာ ပြောစရာတစ်ခု ရှိလာ၏။ ချစ်ဝေကိုရော ဘာအလုပ်လုပ်တယ်လို့ ဖော်ပြမလဲ။ သူ့ရဲ့ အလုပ်အကိုင်ကို ဖော်ပြဖို့ရော လိုအပ်သလား။ ဝတ္ထုအတွက် အရေးပါသလား။
လုံးချင်းဝတ္ထုတွေမှာတော့ ဒါမျိုးကို စေ့စေ့စပ်စပ် သေသေချာချာ ဖော်ပြလေ့ ရှိကြသည်။ ဒါတောင် ခုနောက်ပိုင်း မော်ဒန်ဝတ္ထုတွေမှာ ဘာကိုမှ ရေရေရာရာ မပြောတော့ဘဲ အတွေးတွေ၊ စိတ်ကူးစိတ်သန်းတွေကိုသာ ရေးဖွဲ့နေကြတာ ရှိသည်။
ဝတ္ထုတိုမှာကျတော့ တတ်နိုင်သမျှ ကျစ်ကျစ်လျစ်လျစ် ရှိရမည်။ စကားလုံးအပိုတွေ မပါရ။ အကြောင်းအရာပိုင်းတွင်လည်း လိုအပ်သလောက်သာ ကွက်တိဖြစ်ရမည်။ ဝတ္ထု၏ လိုရင်းအချက်ကို အထောက်အကူ မပြုလျှင် အလုပ်အကိုင်တွေ ဘာတွေ ရေးစရာ မလို။ ဘယ်လို ရုပ်ဆင်းသဏ္ဌာန် ရှိကြောင်းသည် အရေးမကြီးလျှင် ထည့်မနေနဲ့။ တချို့ဝတ္ထုတိုတွေမှာ ဇာတ်ဆောင်နာမည်တွေတောင် မပါ။ မြင်ကွင်း တစ်ခု၊ အဖြစ်အပျက် တစ်ခု၊ အတွေး တစ်ခု၊ ရည်ရွယ်ချက် တစ်ခုကို ပီပြင်အောင် တိုတိုရှင်းရှင်း တင်ပြနိုင်လျှင် တော်ပြီဟု ခေတ်သစ်ဝတ္ထုတို သဘောတရား ဆရာတို့က ဆိုသည်။
ခေတ်ဟောင်းက ဝတ္ထုတိုတွေမှာ ဇာတ်ဆောင်တိုင်းလိုလိုမှာ နာမည်တွေ ရှိသည်။ တစ်ခါတလေ မာလီကုလားကအစ နာမည် ပေးထားသည်။ နေတဲ့အိမ်က ဘယ်အရပ်၊ ဘယ်လမ်းမှာ ရှိကြောင်း၊ အိမ်ရှေ့ပန်းခြံထဲမှာ ဘာပင်တွေ ရှိကြောင်း ခွေးဘယ်နှကောင် မွေးထားကြောင်း၊ ဇာတ်ဆောင်တွေသာမက သူတို့ မိဘတွေ၏ အမည်၊ နေရပ်၊ အလုပ်အကိုင်တွေပါ ထည့်ရေးသည်။ အဝတ်အစား၊ အရောင်အသွေး ဒီဇိုင်းကအစ ဆံပင်ကို ဘယ်လိုထုံးဖွဲ့ပြီး ဘာမိတ်ကပ်၊ ဘာရေမွှေးဆွတ်ထားတယ် ဆိုတာကအစ အသေးစိတ် ရှည်လျားစွာ ရေးတတ်ကြသည်။ ခေတ်သစ်အမြင်အရ ကြည့်လျှင် မလိုအပ်ဘဲ အကြောင်းအရာတွေ ဖောင်းပွနေတယ် ထင်ရသော်လည်း တကယ်တမ်းကျတော့ သူ့နည်း သူ့ဟန်ဖြင့် ဖတ်လို့ ကောင်းနေပြန်သည်။ တစ်ခါတစ်ရံ ဒီလို ရှည်လျားသော တင်ပြပုံ ရိုးရိုးဟောင်းဟောင်းကြီးတွေကပင် တသသ စွဲမက်စရာ ဖြစ်နေပြန်သည်။
တင်ပြပုံ ဆန်းသစ်ခြင်း၊ ရိုးစင်းခြင်းထက် အနုပညာ မြောက်ခြင်း၊ မမြောက်ခြင်းက ပို၍ အရေးကြီးသည်ဟု ဆိုရမလားပဲ။
ခု သူရေးနေတာကတော့ လုံးချင်း ဝတ္ထုရှည်ကြီးလည်း မဟုတ်၊ ဝတ္ထုတိုလည်း မဟုတ်။ ဝတ္ထုလတ်ဟု ဆိုနိုင်၏။ ဝတ္ထုလတ်ကို အနောက်နိုင်ငံတွေမှာ နော်ဗလက်ဟု ခေါ်သည်။ အမှန်တော့ နော်ဗလက်ဆိုသည်မှာ လုံးချင်း ဝတ္ထုရှည်ကြီးတွေလောက် မရှည်ခြင်းကိုသာ ဆိုလိုခြင်း ဖြစ်၏။ စာမျက်နှာ အသင့်အတင့် ရှိလျှင် ဝတ္ထုတိုစာရင်းမှာသာ သွင်းသည်။
ဒီမှာ မဂ္ဂဇင်းဝတ္ထုရှည်ဟု ခေါ်နေကြတာမျိုးမှာ တကယ်တော့ ဝတ္ထုတိုသာ ဖြစ်၏။ ၁၉၅ဝ-၆ဝ လောက်က မဂ္ဂဇင်းဝတ္ထုတိုများသည် တချို့ဆိုလျှင် ခုခေတ် မဂ္ဂဇင်းဝတ္ထုရှည်ထက်တောင် စာမျက်နှာ ပိုများသေးသည်။ ဟိုတုန်းက မဂ္ဂဇင်းဝတ္ထုရှည် ဆိုသည်မှာ လုံးချင်းဝတ္ထု ခပ်ပါးပါးအဖြစ် ပြန်ထုတ်နိုင်လောက်အောင် ရှည်ကြသည်။ ဒါမျိုးကိုမှ ဝတ္ထုလတ်ဟု ခေါ်နိုင်သည်ဟု တချို့က ဆိုသည်။ ဒီတော့ အခု သူရေးနေသော ဝတ္ထုကို ဟိုအရင် စံချိန်နှင့် ပြောလျှင်တော့ ဝတ္ထုတိုဟုသာ ခေါ်ရမည် ထင်၏။
သူ့ဇာတ်ကောင် ချစ်ဝေကို ရုံးတစ်ရုံးမှာ အလုပ်လုပ်သည်ဟု သတ်မှတ်လိုက်သည်။ ဘယ်ရုံးမှာလဲ၊ ဘာရာထူးလဲဆိုတာ မဖော်ပြတော့။ သာမန် အငယ်တန်းအဆင့် ဆိုလျှင် လုံလောက်ပြီ။ ဒါဆိုလျှင် မြို့ထဲကို နေ့စဉ်ထွက်ဖို့ အကြောင်းပြစရာ ရပြီ။
◾
(၁၀)
နောက်တစ်နေ့နံနက် အိပ်ရာကနိုးတော့ သစ်ပင်လေးကို ထူးထူးခြားခြား သတိရလိုက်မိ၏။ ထို့ကြောင့် မျက်နှာတောင် မသစ်သေးဘဲ သစ်ပင်လေးရှိရာသို့ ထွက်လာခဲ့သည်။ ခပ်လှမ်းလှမ်းကပင် ထူးခြားမှုကို သတိပြုမိ၏။ သစ်ပင်လေး၏ ပင်စည်နှင့် ကပ်လျက်မှာ ခဲတစ်လုံးကျနေတာ မြင်ရသည်။ တကယ်တော့ ခဲလုံးမဟုတ်၊ ခရုပက်ကျိ တစ်ကောင်သာ ဖြစ်၏။
သူ ခပ်သုတ်သုတ် လှမ်းသွားသည်။ အနားရောက်လို့ သေချာကြည့်လိုက်တော့ ခရုပက်ကျိသည် သစ်ပင်ကလေး၏ ပင်စည်ကို ကိုက်ဖြတ်စားသောက်ဖို့ ကြိုးစားနေတာ တွေ့ရသည်။ အမှန်က ကိုက်ဖြတ်နေခြင်း မဟုတ်။ ခရုပက်ကျိမှာ သွားတွေ မရှိသဖြင့် ပင်စည်မှ အရည်များကို စုပ်မျိုနေခြင်းသာ ဖြစ်၏။
ခရုပက်ကျိကို အလျင်အမြန် ကောက်ယူ ဖယ်ရှားလိုက်ရသည်။ ပြီးတော့ ခပ်ဝေးဝေးကို လှမ်းပစ်လိုက်၏။ ခရုပက်ကျိမှာ ကံဆိုးချင်တော့ မြေပေါ်မှ အုတ်ခဲတစ်လုံးပေါ် အရှိန်နှင့် တည့်တည့်ကျပြီး ခွပ်ခနဲ ကွဲသွားသည်။
သစ်ပင်ကလေးကို စိုးရိမ်စွာ ကြည့်လိုက်တော့ ပင်စည် တစ်ခြမ်းနီးပါးမှာ အရောင်ပြောင်းပြီး ရိရော်နေတာ တွေ့ရ၏။ ပင်စည်မှာ ထောင်ထောင်မတ်မတ် မနေနိုင်တော့ဘဲ တစ်ဖက်ကို ညွတ်ကွေးကျနေသည်။ အိမ်ပေါ်ပြန်တက်ပြီး ပလတ်စတစ် လျှော်ကြိုးလေးတစ်ချောင်း ရှာသည်။ သစ်ပင်လေး၏ ဘေးမှာ ကပ်၍ တုတ်တစ်ချောင်းကို စိုက်၊ ပင်စည်နှင့် ပူးကပ်ပြီး ချည်ထားလိုက်သည်။ ခရုပက်ကျိတွေ နောက်ထပ် မလာနိုင်အောင် ဘေး ပတ်လည်မှာလည်း ဝါးခြမ်းများဖြင့် ထိုးစိုက်ကာကွယ် ထားလိုက်၏။
သစ်ပင်ကလေးသည် ချိုင်းထောက်ကို အားပြုထားရသူ တစ်ယောက်လို တုတ်ချောင်းမှာ ခပ်မှီမှီ ရှိနေသည်။ ပင်စည်တစ်ခြမ်းလုံး ထိခိုက်သွားသဖြင့် ဆက်ပြီးတော့မှ ရှင်သန်နိုင်ပါ့မလား။
နှမြောသလိုလို၊ ဝမ်းနည်းသလိုလို ဖြစ်လာလေ၏။
◾
(၁၁)
ရထားသည် ဒီနေ့ထူးခြားစွာ စောစောစီးစီး ဆိုက်ရောက်လာသည်။ ခါတိုင်းဆိုလျှင် သတ်မှတ်ထားသော အချိန် ဝင်ချင်ဝင်၊ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် နောက်ကျချင် ကျတတ်သည်။ စောလျှင်တောင် တစ်မိနစ်၊ နှစ်မိနစ်ပဲ၊ တစ်ခါတလေတော့ ရထားပျောက်တတ်သည်။
ရထားပျောက်တယ် ဆိုခြင်းမှာ တစ်စုံတစ်ယောက်က ခိုးဝှက်သွားသောကြောင့် မဟုတ်။ ကမ္ဘာကျော် မျက်လှည့်ဆရာ ဒေးဗစ်ကော်ပါဖီးက ပဉ္စလက်အတတ်ဖြင့် ဖျောက်ထားသောကြောင့်လည်း မဟုတ်။ ရထားခေါင်းတွဲ ပျက်သောကြောင့် ရောက်မလာနိုင်ခြင်းသာ ဖြစ်၏။ ထိုအခါမျိုးတွင် ခရီးသည်များ အတော် ကသီလင်တ ဖြစ်ကြရ၏။ ဘူတာနှင့် မလှမ်းမကမ်းမှာ ဘတ်စ်ကား မှတ်တိုင်ရှိလျှင် တော်သေးသည်။ ဒါမှမဟုတ်လို့ကတော့ နောက် ရထားတစ်စင်း မလာမချင်း ငုတ်တုတ်ထိုင် စောင့်ဖို့သာ ရှိတော့သည်။ ခုနောက်ပိုင်း ရထားပျောက်တာမျိုး သိပ်မဖြစ်တော့သော်လည်း အချိန်ကတော့ မမှန်လှသေး။
ဒီနေ့တော့ ဖြစ်ခေါင့်ဖြစ်ခဲ ဆယ်မိနစ်လောက် စောပြီး ဝင်လာသည်။ ရထားက အမြဲနောက်ကျတယ် ဟု ပြောလေ့ရှိသောကြောင့် တမင်ငေါ့ပြီး စောရောက်လာတာလား မသိ။ ဒီလိုကျပြန်တော့လည်း အဆင်မပြေပြန်။ စီးနေကျ ခရီးသည် အများစုက မရောက်ကြသေး။
ဟိုအမျိုးသမီးကတော့ ကံကောင်းသွားသည်။ သူ ဘူတာရုံအစပ်ကို ရောက်သည့် အချိန်မှာပင် ရထားဝင်လာခြင်း ဖြစ်၏။ ထို့ကြောင့် ခပ်သုတ်သုတ် လျှောက်လာသည်။ ရထားရပ်သွားသည့် အခိုက်နှင့် အံကိုက်ပဲ ဖြစ်၏။ အမျိုးသမီး ရထားပေါ် တက်သည်။ ချစ်ဝေလည်း ထိုတွဲပေါ် လိုက်တက်ဖြစ်သည်။
ရထားက စောလာသဖြင့် ရှေ့ကရပ်ခဲ့သည့် ဘူတာတွေမှာလည်း နောက်ကျနေသည့် ခရီးသည်တွေ ကျန်ခဲ့ဟန် တူသည်။ ရထားပေါ်မှာ လူချောင်နေသည်။ ဘူတာမှာတက်သည့်လူ အားလုံးလိုလို ထိုင်စရာနေရာ ရကြသည်။ တချို့ကတော့ တမင်ကို မထိုင်ချင်လို့ အတက်၊ အဆင်း အပေါက်ဝမှာ ရပ်နေကြသည်။
ချစ်ဝေက တွဲအတွင်းဘက် လျှောက်ဝင်သည်။ တွဲအတွင်းမှာ ထိုင်ခုံတစ်နေရာစာ လွတ်နေသည်။ ဟိုအမျိုးသမီး၏ ဘေးကပ်လျက် နေရာပင် ဖြစ်၏။
အမှန်အားဖြင့် ရထားပေါ်မှာ ဖြစ်စေ၊ ကားပေါ်မှာ ဖြစ်စေ နေရာလွတ်ရှိလျှင် ဝင်ထိုင်လိုက်ရုံသာ ဖြစ်၏။ ဘယ်သူ့ကိုမှ အားနာစရာမလို၊ ရှက်နေစရာလည်း မလို။ တချို့ဆို အတင်းတောင် လုပြီး ဝင်ထိုင်တတ်သေးတာပဲ။ ခုတော့ ချစ်ဝေ၏ စိတ်ထဲတွင် အမျိုးသမီးဘေးမှာ ဝင်ထိုင်ရမှာ မဝံ့မရဲ ဖြစ်နေသေးသည်။ ပြီးမှ ဟာ… ဘာဆိုင်လို့လဲ ဆိုပြီး ဝင်ထိုင်သည်။ ဒါတောင် ဘေးချင်းယှဉ်လျက် မဖြစ်အောင် အတွင်းဘက် မျက်နှာမူပြီး တင်ပါးလွှဲ ထိုင်သည်။
အမျိုးသမီးက ပြတင်းပေါက်ဘက်မှာ ထိုင်နေသောကြောင့် အပြင်မှ ဝင်လာသော လေနှင့်အတူ တစ်ချက်တစ်ချက် သနပ်ခါးနံ့လိုလို၊ မိတ်ကပ်နံ့လိုလို ဝေ့ဝဲလာတတ်သည်။ ခုချိန်မှာ ခေတ်စားနေသော သနပ်ခါးမိတ်ကပ်ဆိုတာ ဖြစ်ချင်ဖြစ်မည်။ ထိုအနံ့ကြောင့် ရင်တဖိုဖို မဖြစ်မိတာတော့ သေချာသည်။ ဘာပဲဖြစ်ဖြစ် ထိုရနံ့ မျိုးကိုတော့ သူ သဘောကျသည်။
◾
(၁၂)
သစ်ပင်ကလေး ပြန်လည် ကျန်းမာလာတာ တွေ့ရတော့ ဝမ်းသာလို့ မဆုံးအောင် ဖြစ်မိ၏။ ခရုပက်ကျိ အကိုက်ခံရပြီး နှစ်ရက်၊ သုံးရက်လောက် အထိမှာ အခြေအနေ သိပ်မကောင်းလှ။ အရွက်တွေ အဝါရောင်သန်းပြီး အနားတွေ တွန့်လိပ်ချင်လာသည်။ ထိပ်ပိုင်းက အညွန့်ကလေးလည်း ညှိုးကျသွားသည်။
ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားသည်။ သစ်ပင်ဆိုတာလည်း လူတွေလို အသက်ရှိတာပဲ။ တည်ဆောက်ပုံ မတူပေမယ့် သူလည်း ရေ၊ လေ၊ နေ၊ အာဟာရတို့ကို မှီဝဲပြီး အသက်ရှင်ရတာပဲ မဟုတ်လား။ လူတွေ အနာဖြစ်လျှင် ဆေးထည့်သလို ထည့်ကြည့်ရင် ကောင်းမယ်ဟု အကြံရသည်။
အိမ်မှာ အဆင်သင့်ရှိသည့် အကင်းဆယ်ပါးဆေးကို ရေနှင့်စပ်ပြီး ရွှံ့စေးလို ခပ်ပျော့ပျော့ ဖြစ်အောင် လုပ်သည်။ သစ်ပင်လေး၏ ဒဏ်ရာဖြစ်နေသော ပင်စည်နေရာကို အုံလိုက်သည်။ အပေါ်က ပတ်တီးစနှင့် ပတ်ပေးထားလိုက်၏။
ဆေးကြောင့်ပဲလား၊ သစ်ပင်တို့ထုံးစံ သူ့ဘာသာပဲ သဘာဝနည်းဖြင့် ကုစားသလား မပြောတတ်။ သုံးလေးရက် အကြာမှာ ပြန်လန်းလာသည်။ တစ်ပတ်လောက်နေတော့ အကောင်းပကတိ ဖြစ်သွား၏။ ဆယ်ရက်အကြာမှာ ပတ်တီးကို ဖြေကြည့်သည်။ ဒဏ်ရာ လုံးဝ မရှိတော့။
ဒါတင်မက အကင်းဆယ်ပါးဆေးသည် အပင်အတွက် အာဟာရကိုပါ ဖြစ်စေသလား မသိ။ သစ်ပင်ကလေးသည် အရင်ကထက် ပိုပြီး လျင်မြန်စွာ ကြီးထွားလာသည်။ ထို့ကြောင့် အကင်းဆယ်ပါးဆေးကို မြေသြဇာကျွေးသလို အပင်ခြေမှာ မြေကြီးနှင့် ရောပြီး ပုံပေးထားလိုက်၏။
◾
(၁၃)
ညက ချစ်ဝေ အိပ်မက်မက်သည်။ အိပ်မက်ထဲမှာ ဟိုအမျိုးသမီးနှင့် စကားပြောခွင့်ရသည်။ ဘူတာရုံက ခုံတန်းလျားမှာ ရထားထိုင်စောင့်နေတုန်း အမျိုးသမီး ရောက်လာသည်။ သူ့ဘေးမှာ ဝင်ထိုင်သည်။
“ကျွန်မ ရှင့်ကို ပြောစရာတစ်ခု ရှိတယ်”
ဟု စကားစသည်။
(တကယ်တော့ အမျိုးသမီး၏ အသံကို အပြင်မှာ တစ်ခါမျှ မကြားခဲ့ဖူးသေး။ ဒီတော့ အိပ်မက်ထဲက အမျိုးသမီး၏ အသံမှာ အပြင်က ပင်ကိုအသံအတိုင်း ဟုတ်ချင်မှ ဟုတ်မည်။ ဘာပဲဖြစ်ဖြစ် အိပ်မက်ထဲမှာ အမျိုးသမီးက တကယ်ပင် အသံထွက် စကားပြောသည်။ ကြားလည်း ကြားရသည်။ ကိုယ်ကြားဖူးနေကျ တခြားတစ်ယောက်ယောက်၏ အသံမျိုးကို အစားထိုးပြီး ကြားရတာမျိုး ဖြစ်ချင် ဖြစ်မည်။ ဘယ်သူ့အသံမျိုးလဲတော့ သူလည်း မမှတ်မိ။ မိန်းမတစ်ယောက်အသံပဲ ဆိုတာသာ သိသည်။)
ချစ်ဝေသည် သူနှင့် စကားတစ်ခါမျှ မပြောဖူးသော သူ့ကို သိတောင် မသိသော အမျိုးသမီးက စကားလာစပြောသော်လည်း အံ့သြခြင်း မဖြစ်မိ။
“ဘာများပါလိမ့်”
ဟူ၍သာ စကားထောက်ပေးလိုက်သည်။ အမျိုးသမီးက –
“ရှင် ဘာဖြစ်လို့ ကျွန်မကို လိုက်လိုက်ကြည့်နေရတာလဲ” ဟု မေးသည်။
“ကျွန်တော် မကြည့်ပါဘူး”
“ရှင် ညာတာ၊ ရှင် ခိုးခိုးကြည့်နေတာ ကျွန်မ ရိပ်မိတယ်။ သိက္ခာရှိတဲ့ လူဆို ဒါမျိုးလုပ်မှာ မဟုတ်ဘူး၊ ယောက်ျားတစ်ယောက် ဖြစ်ပြီး ခုလို ခိုးကြောင်ခိုးဝှက် လုပ်တာ ရှင် မရှက်ဘူးလား” ပြောရင်း ထရပ်လိုက်သည်။
ချစ်ဝေသည် အမျိုးသမီးကို မကြည့်ရဲသဖြင့် ခြေထောက်များကိုသာ ငုံ့ကြည့်နေမိ၏။ ဟင်… အမျိုးသမီးမှာ ဖိနပ်လည်း စီးမထားပါလား။
နောက်တစ်နေ့မနက် ဘူတာရုံကိုအသွား လမ်းမှာ ညက အိပ်မက်အကြောင်း စဉ်းစားမိတော့ ပြုံးချင်သွားသည်။ ငါ့နှယ်နော် ဖြစ်မှ ဖြစ်ရလေ ဆိုပြီး –
ဘူတာရုံရောက်လို့ ခုံတန်းလျားမှာ ထိုင်လိုက်ပြီးတော့ အတွေးတစ်မျိုး ပေါ်လာပြန်သည်။ အမျိုးသမီးသည် သူ့ကို အိပ်မက်ထဲ ထည့်မက်ခဲ့တာကို သိမှာမဟုတ်။ သို့ရာတွင် ချစ်ဝေက သူ့ကို သတိထားကြည့်နေတတ်ကြောင်း ရိပ်မိချင် ရိပ်မိနေမည်။ သူက မရိပ်မိသော်လည်း သူ့မသိစိတ်က သိချင်သိသွားမည်။ ထိုမသိစိတ်က အိပ်မက်ထဲမှာ လာပြီး သတိပေးတာလား။ အမျိုးသမီး၏ မသိစိတ်နှင့် မိမိ၏ မသိစိတ်တို့သည် ကာယကံရှင်တွေ မသိလိုက်ဘဲ အချင်းချင်း ဆက်သွယ်မှု ရှိနေလေသလား။ မသိစိတ်တို့၏ သဘော သဘာဝမှာ အလွန်ရှုပ်ထွေး ထူးဆန်းကြောင်း ကြားဖူးသည်။
ဒီလို စဉ်းစားမိသောအခါ ချစ်ဝေ သူ့ဘာသာ လိပ်ပြာမလုံဘဲ ရှက်သလိုလို ဖြစ်လာမိ၏။ ခုနေများ ဟိုအမျိုးသမီး ဘူတာရုံထဲ ဝင်လာလျှင် သူ ကြည့်ရဲတော့မည် မထင်။
သို့ရာတွင် ထိုနေ့က အမျိုးသမီးသည် ဘူတာရုံကို ရောက်မလာခဲ့။
◾
(၁၄)
သူ့ဝတ္ထု ရေးပြီးသမျှကို ပြန်စစ်ကြည့်သည်။ ဇာတ်လမ်း၏ အခြေခံသဘောက သမားရိုးကျနှင့် နည်းနည်း ကွဲချင်သယောင် ရှိသော်လည်း တည်ဆောက်ပုံ ရိုးစင်းလွန်းသည်။ ဇာတ်ရှိန်က အတက်၊ အကျ မရှိဘဲ တန်းနေသည်။
သူ အရင်ရေးနေကျ ဝတ္ထုတွေနှင့် မတူ။ သူ့လက်ရာ အများစုက အကွေ့အဝိုက်ကလေးတွေ ပါသည်။ အဖုံးအကွယ်လေးတွေ ပါသည်။ မထင်မှတ်သော လှည့်ကွက်ကလေးတွေ ပါသည်။ ဝါကျ တည်ဆောက်ပုံက နွဲ့ပျောင်းသည်။ စကားလုံးသုံးပုံတွေ လှပသည်။ ဇာတ်ဆောင်တွေ အပြန်အလှန် ပြောကြသည့် စကားတွေက ထိမိသည်။ အထူးသဖြင့် ဇာတ်သိမ်းခန်းများက စွဲမက်ဖွယ် ကောင်းလှသည်။ စာဖတ်ပရိသတ်က ဒါတွေကို ကြိုက်နှစ်သက်ကြခြင်း ဖြစ်၏။
ဝတ္ထုတစ်ပုဒ်အနေဖြင့် ပရိသတ်ကို ဆွဲဆောင်နိုင်ရန် အခြေခံအားဖြင့် အချက်နှစ်ချက် လိုအပ်သည်။ ဇာတ်လမ်းကောင်းရမည်။ အရေးအသား ကောင်းရမည်။ တစ်ခါတစ်ရံ ဇာတ်လမ်းက သိပ် မဟုတ်လှသော်လည်း အရေးအသား ကောင်းလွန်းလို့ ထိန်းသွားနိုင်တာမျိုး ရှိသည်။
အခု သူရေးနေသော ဝတ္ထုကတော့ ဇာတ်လမ်းလည်း မည်မည်ရရ မရှိ။ အရေးအသားကလည်း အေးစက်စက်နိုင်သည် ဟု ထင်၏။ ထို့ကြောင့် စာဖတ်ပရိသတ် အများစုက ကြိုက်ချင်မှ ကြိုက်မည်။ စာပေဝေဖန်ရေး ဆရာများကလည်း ပြည်သူ့အကျိုးပြု မည်မည်ရရ မပါလို့ ဆိုပြီး လက်ခံချင်မှ လက်ခံမည်။
ဘာပဲဖြစ်ဖြစ် သူကတော့ သူ့ဝတ္ထု သူ ကြိုက်နေမိ၏။ စာရေးဆရာ အပါအဝင် အနုပညာသမားတွေမှာ တစ်ခါတလေ ဒါမျိုး ဖြစ်တတ်သည်။ ဘယ်သူတွေ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ၊ အောင်မြင်မှုရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ၊ ငွေကြေး အကျိုးအမြတ် ခံစားရသည် ဖြစ်စေ၊ ဆုံးရှုံးရသည် ဖြစ်စေ ဘာကိုမျှ ထည့်မတွက်ဘဲ ကိုယ်လုပ်ချင်ရာ လုပ်လိုက်ရတာ သိပ်အရသာ ရှိသည်။
◾
(၁၅)
အမျိုးသမီးသည် နောက်ရက်တွေမှာလည်း ဘူတာရုံသို့ ရောက်မလာခဲ့။ နှစ်ရက် သုံးရက်လောက်တုန်းကတော့ နေမကောင်းလို့ မလာတာ ဖြစ်မှာပဲဟု ထင်ခဲ့သည်။ တစ်ပတ်လောက် ကြာတော့ စဉ်းစားစရာ ဖြစ်လာ၏။
အလုပ်ပြောင်းသွားလို့၊ အလုပ်ထွက်လိုက်လို့ မလာတော့ တာလား။ အိမ်ထောင်များ ကျသွားလို့လား။ သင်တန်းတစ်ခုခု တက်နေသူမို့ သင်တန်းပြီးသွားလို့ မလာတော့တာလည်း ဖြစ်နိုင်သည်။ နယ်ကနေ အလုပ်လာလုပ် နေတာများလား။ အကြောင်း ကိစ္စရှိလို့ နယ်ကို ပြန်သွားတာလား။
ချစ်ဝေသည် အတွေးခေါင်တတ်သူပီပီ အမျိုးသမီးမှာ ရုတ်တရက် အသက်အန္တရာယ် တစ်ခုခုနှင့်များ ကြုံခဲ့ရလေသလား ဟု စိုးရိမ်လိုက်မိသေးသည်။ အလုပ်ထဲရောက်တော့ သတင်းစာထဲက နာရေးကြော်ငြာ စာမျက်နှာကို လှန်ကြည့်မိသည်။ ပြီးမှ အမျိုးသမီး၏ နာမည်ကို သူမသိကြောင်း သတိရသည်။ တကယ်လို့ ဟုတ်ခဲ့လျှင်လည်း ဘယ်နေ့က သတင်းစာမှာ ပါမှန်း ဘယ်လို ခန့်မှန်းလို့ ရမှာမို့လဲ။
ညနေကျတော့ သူငယ်ချင်းတစ်ယောက် ဆေးရုံတက်နေတာ သတင်းသွားမေးသည်။ အမျိုးသား လူနာဆောင်ကို သွားရာတွင် အမျိုးသမီးဆောင်ကို ဖြတ်သွားရသည်။ ထိုအခါ လူနာခုတင်တွေဆီ ယောင်ပြီး မျက်လုံးဝေ့၍ ရှာကြည့်မိသေးသည်။ ပြီးမှ သူ့ဘာသာ ရှက်သွား၏။
ချစ်ဝေသည် သူ့ကိုယ်သူ မသင်္ကာ ဖြစ်လာ၏။ အမျိုးသမီးနှင့် သူသည် အသိအကျွမ်းတွေလည်း မဟုတ်။ အိပ်မက်ထဲမှာက လွဲလျှင် စကားတောင် မပြောဖူး။ မျက်မှန်းတန်းမိရုံလောက်တော့ ရှိသည်ဟု ပြောရအောင်ကလည်း ချစ်ဝေဘက်ကသာ အသိအမှတ် ပြုနေခြင်း ဖြစ်၏။ အမျိုးသမီးကတော့ သတိတောင် မထားမိ။ တစ်ခါလေးလောက် ဖျတ်ခနဲတောင် မကြည့်ဖူးခဲ့။
အမျိုးသမီးကို စိတ်ဝင်စား နေမိပြီလားဟု ဆန်းစစ်ကြည့် သည်။ ဝင်စားတယ် ဆိုတာတော့ သေချာသည်။ ဒါကြောင့်လည်း သတိရနေမိတာပေါ့။ ဒါမှမဟုတ်ရင် အမှတ်တမဲ့ နေလိုက်မှာပေါ့။ ခုတော့ အမျိုးသမီးကို မမြင်တွေ့ရသောအခါ တစ်ခုခု လိုနေသလို နေမထိထိုင်မသာ ဖြစ်မိ၏။ ဒါ မရိုးသားတာများလား။
ဒါဆို အမျိုးသမီးကို သူချစ်နေမိပြီလား ဟု မေးခွန်းထုတ် သည်။ ဒီလိုလည်း မဟုတ်။ ချစ်နေတာ မဟုတ်ကြောင်းလည်း သေချာသည်။ ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေသလား။ မဟုတ်ပါ။ တကယ်ကို ချစ်နေမိခြင်း မဟုတ်ပါ။ သိစိတ်က ငြင်းဆန်နေသော်လည်း မသိစိတ်က ကျိတ်ပြီး စွဲလမ်းနေတာ ဖြစ်နိုင်သလား။
ဒါတော့ မပြောတတ်။ မသိစိတ်ပါဆိုမှ ဘယ်လိုလုပ် သိနိုင်မလဲလေ။ တော်တော်လည်း ရှုပ်တဲ့စိတ်ပါပဲ။
ဘာပဲဖြစ်ဖြစ် အမျိုးသမီးကတော့ ပျောက်ချက်သား ကောင်းနေလေသည်။
◾
(၁၆)
သူ့ဝတ္ထုကို အဆုံးသတ်လိုက်တော့မည် ဟု စိတ်ကူးသည်။ သို့ရာတွင် ဘယ်လို ဇာတ်သိမ်းရမလဲ ဆိုတာ မဆုံးဖြတ်ရသေး။ ဇာတ်လမ်းအရ အမျိုးသမီးသည် ဇာတ်မြင်ကွင်းမှ ပျောက်ကွယ်နေသည်။ သူ ဘာဖြစ်သွားသလဲ။ ဘာဖြစ်သွားတယ် ဆိုရင် ကောင်းမလဲ။ ဒါကို စာရေးဆရာ ကိုယ်တိုင်တောင် မသိသေး။ စရေး ကတည်းက ဇာတ်လမ်းကို ဘယ်လို သိမ်းမလဲ ကြိုစဉ်းစားခဲ့တာ မဟုတ်။
ဒီတော့ မသိလိုက် မသိဘာသာပဲ နေလိုက်ရကောင်းမလား စဉ်းစားသေးသည်။ အမျိုးသမီး ဘာဖြစ်သွားသလဲ ဆိုတာ ပြန်မဖော်တော့ဘဲ ဇာတ်ကို သိမ်းပစ်လိုက်မည်။ ဘူတာရုံမှာ ဆုံကြသည်။ ပြီးတော့ သူ့လမ်းသူသွား၊ ကိုယ့်လမ်းကိုယ်သွား။ တကယ်တော့ ဘဝဆိုတာ ဒါပဲဆိုသည့် သဘောပေါ့လေ။
သို့ရာတွင် ဒီလိုဇာတ်သိမ်းဖို့ ဘဝင်မကျဘဲ ဖြစ်နေ၏။ ဒဿနသဘောအရ ဟုတ်သလိုလို ရှိသော်လည်း ဝတ္ထုတစ်ပုဒ် အနေဖြင့် မပြည့်စုံသေးဟု ထင်နေသည်။ ချစ်ဝေနှင့် အမျိုးသမီးကို တစ်ကြိမ်တော့ ပြန်ဆုံပေးသင့်သည်။ ဘယ်လိုပြန်ဆုံမလဲ။ တခြား တစ်နေရာမှာ မမျှော်လင့်ဘဲ ပြန်ဆုံပေးလိုက်မလား။ သိပ် သဘောမကျ။
သူက ဝတ္ထု၏ အဓိကနေရာအဖြစ် ဘူတာရုံကို ရွေးထားခဲ့ခြင်း ဖြစ်၏။ ဒီနေရာကို ပုံသေထားပြီး ရေးခဲ့သည်။ ဒါမှသာ ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလို ခံစားရမည်ဟု ထင်၏။ ထို့ကြောင့် ချစ်ဝေတို့ နှစ်ယောက်ကို ဘူတာရုံမှာပင် ပြန်ဆုံပေးမှ ဇာတ်သိမ်းလှမည်။ ပရိသတ်ကလည်း ဘူတာရုံကို ရင်းနှီးပြီးသား နေရာအဖြစ် မှတ်မှတ်သားသား ရှိနေမည်။ နေရာစိမ်းတစ်ခုထက် ဘူတာရုံက ပိုပြီး သင့်တော်သည်။
ကောင်းပြီ။ ချစ်ဝေနှင့် အမျိုးသမီးတို့ ဘူတာရုံမှာ ပြန်ဆုံ ကြပြီ။ ပြီးတော့ ဘာဆက်ဖြစ်မလဲ။ ဒါကို စဉ်းစားရခက်နေခြင်း ဖြစ်၏။
ဒီဝတ္ထုသည် သူရေးနေကျ ပုံစံမျိုး မဟုတ်သဖြင့် နည်းနည်း ထူးခြားသည်ဟု ဆိုနိုင်သော်လည်း တင်ပြပုံက ဘာမျှ မဆန်း။ အကွေ့အကောက် အကွယ်အယှက်တွေ မပါ။ တစ်ခါတစ်ရံ ပုံမှန်မဟုတ်ဘဲ ဖြစ်ပေါ်လာတတ်သော လူ့စိတ်သဘာဝကို လှစ်ပြထားခြင်းသာ ဖြစ်၏။
အနိမ့်၊ အမြင့်၊ အတက်၊ အကျ မရှိဘဲ စင်းစင်းကြီး ဖြစ် သောကြောင့် စိတ်ဝင်စားစရာ သိပ်ကောင်းချင်မှ ကောင်းမည်။ ဆွဲဆောင်နိုင်မှုအား နည်းချင်နည်းမည်။ စာဖတ်ပရိသတ်ကလည်း ကြိုက်ချင်မှ ကြိုက်မည်။
တစ်ခါတလေ စီးပွားရေး ဈေးကွက်ကိုလည်း ထည့်မတွက်၊ ဝေဖန်ရေးကိုလည်း ဂရုမစိုက်၊ ပရိသတ်အများစု အကြိုက်ကိုလည်း မငဲ့ကွက်၊ ဘာကိုမှ ထည့်မစဉ်းစားဘဲ ကိုယ်လုပ်ချင်တာ လုပ်လိုက်ရတာ သိပ်အရသာရှိသည်။ ခုလို ဘယ်သူ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ကိုယ်ကြိုက်တာ လုပ်ပစ်ချင်တတ်သော ဆန္ဒမျိုး အနုပညာသမားတွေမှာ ထူးထူးခြားခြား ပေါ်ပေါက်လာလေ့ ရှိသည်။ ဒီလို အခွင့်အရေးမျိုးကလည်း ရှားရှားပါးပါး ရတောင့်ရခဲပါပဲ။
ခက်နေတာက ဇာတ်ကို သိမ်းချင်သလို သိမ်းပစ်မယ်ဟု ဆုံးဖြတ်ထားသည့်တိုင် ဘယ်လို သိမ်းရမယ်မှန်း စဉ်းစားလို့မရခြင်းပင် ဖြစ်၏။ ခေါင်းရှင်းသွားအောင် လမ်းထွက်လျှောက်မည် ဟု စဉ်းစားသည်။ တစ်ခါတလေ စာရေးစားပွဲမှာ ထိုင်ပြီး အပြင်းအထန် စဉ်းစားပါလျက် ဘာစိတ်ကူးမျှ ထွက်မလာဘဲ ဖြစ်နေရာမှ လမ်းထွက်လျှောက်ပြီး အာရုံအပြောင်းအလဲ လုပ်လိုက်သောအခါ ရေးစရာ အကြောင်းအရာတစ်ခု ဖျတ်ခနဲ ပေါ်လာတာမျိုး ကြုံဖူး သည်။
ဒါမျိုးက အတော် ထူးဆန်းသည်။ ရှုခင်းလှလှလေးတွေ ကြည့်ရုံနဲ့ စိတ်ကူးလှလှ ပေါ်ချင်မှ ပေါ်သည်။ မိန်းမနှစ်ယောက် ရန်ဖြစ်ရင်း အပြန်အလှန် အော်ကြီးဟစ်ကျယ် ဆဲဆိုနေကြတာ မြင်ပြီး အချစ်ဝတ္ထုအတွက် စကားလုံး လှလှလေးတွေ မဆီမဆိုင် အတွေးပေါက် သွားတာမျိုးလည်း ဖြစ်တတ်သည်။
ခုရက်ပိုင်း မိုးက ဆက်တိုက် သည်းလိုက်ဖွဲလိုက် ရှိနေ သဖြင့် အပြင် သိပ်မထွက်ဖြစ်။ မိုးနည်းနည်းစဲချိန် လက်ဖက်ရည်ဆိုင် ပြေးထိုင်တာမျိုးလောက်ပဲ ရှိသည်။ မိုးရွာနေသဖြင့် သစ်ပင် ရေလောင်းစရာလည်း မလို။ ထို့ကြောင့် အမျိုးအမည် မသိသော ဟိုသစ်ပင်လေးကိုတောင် မကြည့်ဖြစ်တာ သုံးလေးရက် ရှိပြီ။
အပြင်ထွက်ရင်း ဝင်ကြည့်ဦးမှပဲ ဟု စိတ်ကူးသည်။ ရှပ် အင်္ကျီကို ယူဝတ်ပြီး အိမ်ပေါ်က ဆင်းမည်အပြုမှာပင် အိမ်ရှေ့မှာ တက္ကစီကားတစ်စင်း ထိုးဆိုက်လာသည်။ ထုတ်ဝေသူတော့ လိုက်လာပြီ ထင်သည်။ သူက ရေးလက်စ ဝတ္ထုကလေးကိုသာ အချိန်တွေ အများကြီး ယူပြီး စိမ်ရေးနေခဲ့သည်။ လုံးချင်းဝတ္ထုဘက်ကို အဆက်ပြတ်နေတာ နှစ်လလောက် ရှိပြီ။ ထုတ်ဝေသူကို လဆန်းလောက် စဖြစ်မယ် ထင်တယ်ဟု တစ်လောက ပြောဖူးသည်။ ထို့ကြောင့် လိုက်လာခြင်း ဖြစ်မည်။
◾
(၁၇)
ကားပေါ်က ဆင်းလာသူမှာ စာအုပ်ထုတ်ဝေသူ မဟုတ်။ သူငယ်ချင်း တစ်ယောက်သာ ဖြစ်၏။ တက္ကသိုလ်မှာတုန်းက တစ်တင်တည်း၊ တစ်ခန်းတည်း နေခဲ့ကြသည်။ အခုတော့ သူငယ်ချင်းက ပြည်မြို့မှာ ပဲ၊ နှမ်း အဝယ်တော် ဖြစ်နေ၏။ စီးပွားရေးလည်း ကောင်းနေသည်။ ကိစ္စရှိလို့ ရန်ကုန်ဆင်းလာတိုင်း သူ့ဆီရောက်အောင် ဝင်သည်။ ပြီးတော့ –
“ဟေ့ကောင်၊ အားတယ် မဟုတ်လား”
“မင်းရောက်လာမှတော့ မအားလည်း အားရမှာပဲ မဟုတ်လား”
ထို့နောက် သူတို့နှစ်ယောက် ဘီယာစတေရှင်မှာ သွားထိုင်ကြသည်။ စားရင်း၊ သောက်ရင်း စကားပြောသည်။ သူငယ်ချင်းက သူ့အိမ်မှာ လိုက်အိပ်သည်။ ညဉ့်နက်သည်အထိ စကားတွေက ပြောလို့ မကုန်။ နောက်တစ်နေ့ ပြန်ခါနီးတော့ သူငယ်ချင်းက –
“မင်း ပြည်ကို လိုက်ခဲ့ပါလား၊ ဟိုကျမှ ဆက်ပြောကြတာပေါ့”
ဟု ဆိုသည်။ သူကိုယ်၌ကလည်း အာရုံအပြောင်းအလဲ လုပ်ချင်နေသူ။ ထို့ကြောင့် ပြည်အထိ ပါသွားသည်။ ဟိုရောက်တော့ နေ့လယ်ဆို သူငယ်ချင်းက ပဲကိစ္စ၊ နှမ်းကိစ္စလုပ်၊ ညနေစောင်းတော့ စားသောက်ဆိုင်ထိုင်၊ စားရင်း၊ သောက်ရင်း စကားပြော၊ ပြောစရာ မကုန်သေးဘူး ဆိုပြီး နောက်တစ်ရက်ဆက်။ ဒီလိုနဲ့ ပြည်မှာ ငါးရက်ကြာသွားသည်။
ရန်ကုန်အပြန်ကျတော့ ကားပေါ်မှာ အိပ်ငိုက်လာခဲ့သည်။ တစ်ပတ်နီးပါး ဆက်တိုက် သောက်မိသဖြင့် ခေါင်းတွေအုံပြီး လူက မလန်းဆန်းတော့။ ခရီးထွက်လိုက်လျှင် စိတ်အပြောင်းအလဲ ဖြစ်မည်။ စာရေးဖို့ စိတ်ကူးတွေရမည် ဟု ထင်ခဲ့သော်လည်း ဘာမျှမထူး။ အရက်နာကျလာတာသာ အဖတ်တင်သည်။ ဘာမှလည်း မတွေးချင်၊ စာရေးဖို့လည်း စိတ်မပါ။ ဦးနှောက်ကလည်း မရွှင်၊ စကားလုံး တစ်လုံးတလေတောင် စဉ်းစားလို့ရမည် မထင်။ ဝါကျတစ်ကြောင်းတောင် ဖြောင့်အောင် ရေးနိုင်ပါ့မလား မသိ။ အိမ်ရောက်လျှင် အိပ်ရာထဲ ထိုးဝင်လှဲအိပ်ချင်သော ဆန္ဒသာ တဖွားဖွား ပေါ်ပေါက်နေမိ၏။
အရင်ကဆိုလျှင် အဝေးပြေးဂိတ်ကနေ အိမ်ကို ဘတ်စ်ကား အဆင့်ဆင့် စီးပြီး ပြန်တတ်သည်။ ခုကျတော့ လူက အတော်ပန်းနေပြီ ဖြစ်သောကြောင့် တက္ကစီငှားပြီး ပြန်လာခဲ့သည်။ တက္ကစီပေါ်က ဆင်းပြီး အိမ်ဝင်းထဲ ဝင်လိုက်စဉ်မှာပင် တစ်စုံတစ်ခုကို ဖျတ်ခနဲ သတိရလိုက်၏။ ထို့ကြောင့် အိမ်ပေါ် မတက်သေးဘဲ သစ်ပင်တွေရှိရာသို့ တစ်ချက် လှမ်းကြည့်မိ၏။
ဒီမှာတင်ပဲ ထူးခြားမှု တစ်ခုကို မြင်ရ၏။ ရှေ့က တခြား အပင်က သစ်ကိုင်းသစ်ခက်တွေ ခံနေသဖြင့် သဲသဲကွဲကွဲတော့ မမြင်ရ။ ထူးခြားမှုတစ်ခု ရှိနေတာကတော့ အမှန်ပဲ ဖြစ်၏။ ထိုနေရာသို့ လျှောက်သွားသည်။ မြင်ကွင်းသည် ကွယ်လိုက်၊ ပျောက်လိုက်။ နီးလာလေ ပိုပြီး သေချာလေ ဖြစ်၏။ ရှေ့က ကွယ်နေသော ဇလပ်ဖြူပင်ကို လွန်သောအခါ မြင်ကွင်းက လုံးဝ ရှင်းသွားသည်။ ထူးခြားမှုသည်လည်း အမှန်တကယ်ပင် ရှိနေ၏။
ချိုးငှက်ကလေး သယ်ယူလာသည့် သစ်စေ့ကလေးမှ ဖြစ်ထွန်းလာသော သစ်ပင်ကလေးသည် ပထမဦးဆုံး ဖြစ်ဟန်တူသော ပန်းကလေးတစ်ပွင့်ကို တင်ဆက်ဖူးပွင့်လိုက်ပြီ။
လှလိုက်တဲ့ ပန်းပွင့်ဦးကလေး။ ခရမ်းရောင် အနုနှင့်အရင့် ရောယှက်နေပြီး သစ်ခွပွင့်နှင့် ခပ်ဆင်ဆင် တူသည်။ အမျိုးအမည် မသိရသော ပန်းပွင့်ကလေးသည် နှုတ်ခမ်းကလေး ပွင့်ဟပြီး သူ့ကို ကြိုဆို နှုတ်ဆက်နေသယောင် ထင်ရ၏။
သူသည် ပန်းပွင့်ကလေးကို ကိုင်ကြည့်မည် ပြုပြီးမှ မထိ ရက်ဘဲ ဖြစ်သွား၏။ လှမ်းလိုက်သော လက်ကို ပြန်ရုပ်သည်။ ထိုစဉ်အခိုက်မှာပင် သူ့ဦးနှောက်ထဲမှာ ဖျတ်ခနဲ လက်သွား၏။ ရေးလက်စ ဝတ္ထုအတွက် ဇာတ်သိမ်းခန်းကိုစဉ်းစားလို့ ရပြီ။
သူသည် မြားတစ်စင်း ပစ်လွှတ်ခါနီး လေးသည်တော် တစ်ဦးလို လက်ချောင်းကလေးများကို ကွေးချည်ဆန့်ချည် လုပ်ရင်း အားယူနေမိ၏။ စာရေးမည့် လက်ချောင်းများဆီသို့ အင်အားတွေ စုစည်းဝင်ရောက်လာပြီ။
◾
(၁၈)
အမျိုးသမီးကို မတွေ့ရတော့သည့် နောက်ပိုင်း ချစ်ဝေမှာ အကျင့်တစ်ခု စွဲလာသည်။ ဘူတာရုံမှာ ရထားအလာ စောင့်ရင်း အမျိုးသမီးများ၏ ခြေထောက်တွေကို လိုက်ကြည့်နေမိခြင်းပင် ဖြစ်၏။ သည်းကြိုး သေးသေးလေးနှင့် ဖိနပ်မျိုး စီးလာတာ တွေ့လျှင် ပြတ်များ ပြတ်သွားမလားဟု ကြားကဝင်၍ စိုးရိမ်ပေး နေမိသေးသည်။ ခုလိုဖြစ်နေတာ စိတ်စွဲရောဂါ တစ်ခုနှင့် တူနေသည်။ အတော် ရူးနှမ်းသောကိစ္စ ဆိုတာလည်း သူ့ကိုယ်သူ သိသည်။ ထို့ကြောင့် မကြည့်မိအောင် ကြိုးစားနေသော်လည်း မကြာခဏ ဆိုသလို ယောင်ယောင်ပြီး ပြန်ကြည့်မိ၏။
ဒီနေ့တော့ ထိုအကျင့်ကို အတော်လေး ထိန်းချုပ်နိုင်သည်။ ခြေထောက်တွေကို မကြည့်မိရအောင် ရထားလာမည့် ဘက်သို့ ငေးနေလိုက်သောကြောင့် ဖြစ်၏။ ရထားလာနေတာကို ခပ်ပျပျ လှမ်းမြင်နေရ၏။
ထိုစဉ်မှာပင် ခြေသံရှပ်ရှပ်လိုလို ကြားရသည်။ ချစ်ဝေ စိတ်ထိန်းဖို့ အချိန်မရဘဲ ခြေထောက်တွေကို ဖျတ်ခနဲ ကြည့်လိုက်မိ၏။ သူ့ရင် လှပ်ခနဲ ဖြစ်သွားသည်။ ထိုခြေထောက်တွေကို သူ မှတ်မိသည်။ သူ့အကြည့်များသည် ဒေါင်လိုက်မျဉ်းမတ်အတိုင်း အပေါ်ကို တက်သွားသည်။
အသွင်အပြင် ပြောင်းလဲသွားသည့်တိုင် သူ ကောင်းကောင်း မှတ်မိသည်။ အချိန်အတော် ကြာအောင် မြင်ကွင်းမှ ကွယ်ပျောက်နေခဲ့သော ဟိုအမျိုးသမီးပင် ဖြစ်၏။ အမျိုးသမီးသည် အရင်လို သွယ်သွယ်ချပ်ချပ် မဟုတ်တော့။ အဝတ်အစားကတော့ လုံးဝကို ပြောင်းလဲသွားသည်။ အမျိုးသမီးသည် ဗိုက်ဖုံးအင်္ကျီကို ဝတ်ထားခြင်းပင် ဖြစ်လေ၏။
ချစ်ဝေ၏ အံ့သြသွားမှုသည် ခဏမျှသာ ဖြစ်၏။ ချက်ချင်း ပြန်လည် တည်ငြိမ်သွားသည်။ အမျိုးသမီးအပေါ် သူထားရှိခဲ့သည့် စိတ်သဘောထား အစစ်အမှန်ကိုလည်း ထိုတဒင်္ဂမှာပင် ပြက်ပြက်ထင်ထင် သိလိုက်ရ၏။ အမျိုးသမီးကို အိမ်ထောင်ရှင် တစ်ယောက်၊ ကိုယ်ဝန်ဆောင် မိခင်လောင်း တစ်ယောက်အဖြစ် သိမြင်လိုက်ရသော အခိုက်အတန့်တွင် ချစ်ဝေ၏ စိတ်ထဲမှာ ဝမ်းနည်းခြင်း၊ ယူကျုံး မရဖြစ်ခြင်း၊ နှမြောတသခြင်းတို့ ဖြစ်ပေါ်လာခြင်း လုံးဝမရှိဘဲ ကြည်နူးချမ်းမြေ့မှုသည်သာ ရင်ထဲသို့ ဝင်ရောက်လာသည်။ ထိုခံစားမှုကို ချစ်ဝေကိုယ်တိုင်ကလည်း ကျေနပ်ဝမ်းမြောက်စွာ လက်ခံမိ၏။
ထိုစဉ်တွင် အမျိုးသမီးသည် အရင်က မတွေ့ခဲ့ဖူးသော အပြုအမူတစ်ခုကို ပြုလုပ်လိုက်၏။ ချစ်ဝေကို ဖျတ်ခနဲ တစ်ချက် စိုက်ကြည့်လိုက်ခြင်းပင် ဖြစ်၏။ အမျိုးသမီး၏ နှုတ်ခမ်းများပေါ်မှာ အပြုံးရိပ်ကလေးတစ်ခု ဖြတ်သန်းသွားတာကို မြင်တွေ့လိုက်မိ သလိုလိုပဲ။
ရထားသည် ဘူတာရုံသို့ ဝင်ရောက်လာသည်။
မင်းလူ

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။