ကမ္ဘာဦးရည်းစား - မင်းခိုက်စိုးစန်

 




ကမ္ဘာဦးရည်းစား

လုံးချင်းဝတ္ထု

မင်းခိုက်စိုးစန်

E-Books

 

 

ပုံနှိပ်မှတ်တမ်း

ကမ္ဘာဦးရည်းစား(မင်းခိုက်စိုးစန်)

ပထမအကြိမ် - ဇူလှိုင်၊ ၂၀၀၆ တန်ဖိုး • ၁၈၀၀ကျပ်

ထုတ်ဝေသူ • ရွှေအိမ်မှုးစာပေ

E-books Creator • Whispers of Words

© မင်းခိုက်စိုးစန်မူပိုင်ဖြစ်ပါသည် (စာရေးသူခွင့်ပြုချက်မရှိပဲ-ဖြန့်ဝေခြင်း၊ ရောင်းချခြင်း၊ သွယ်ဝိုက်အကျိုးစီးပွားအတွက် အသုံးပြုခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းများ မပြုလုပ်ရ)


မာတိကာ

  1. နိဒါန်း
  2. ခေါင်းလောင်းသံ [တစ်]
  3. ခေါင်းလောင်းသံ [ နှစ် ]
  4. ခေါင်းလောင်းသံ [ သုံး ]
  5. ဝတ္ထုအစ
  6. အခန်း [ ၁ ]
  7. အခန်း [ ၂ ]
  8. အခန်း [ ၃ ]
  9. အခန်း [ ၄ ]
  10. အခန်း [ ၅ ]
  11. အခန်း [ ၆ ]
  12. အခန်း [ ၇ ]
  13. အခန်း [ ၈ ]
  14. အခန်း [ ၉ ]
  15. အခန်း [ ၁၀ ]
  16. အခန်း [ ၁၁ ]
  17. အခန်း [ ၁၂ ]
  18. အခန်း [ ၁၃ ]
  19. နိဂုံး
  20. FLORAL DICTIONARY



ချစ်သူ…ထလော့... !

လင်းလော့… !

သင်၏ အလင်းရောက်ရှိလာပြီ။

 

 

 

 

 

နိဒါန်း



Yoo IN

ယိုး….အင်း….ခေါင်းလောင်းသံ

မေ့မရနိုင်သောအဖြစ်အပျက်။

ခေါင်းလောင်းသံ [ တစ် ]



မိန်းမသားတစ်ယောက်အဖို့

ကိုယ့်ကိုယ်ကို

ဘယ်လောက်ယုံကြည်မှုရှိသလဲ …

ဆိုတဲ့အချက်ဟာ…

သူ့ ချစ်သူ ယောက်ျားလေးက…

သူမကို ဘယ်လောက်ယုယမြတ်နိုးသလဲ…

ဆိုတဲ့ အတိုင်းအတာအပေါ်မူတည်ပါတယ်။


ကျွန်မရဲ့ ငယ်စဉ်ကလေးဘဝတစ်လျှောက်လုံး နေရောင်ခြည်နဲ့ လေပြည်ညှင်းတွေ၊ ပန်းပွင့်နဲ့သစ်သီးရနံ့တွေကို တိတ်တိတ်ကလေးလွမ်းဖို့ အိမ်ထပ်ခိုးကျဉ်းကျဉ်းလေးရဲ့ ပြတင်းပေါက်ဘေးမှာ ထိုင်ငေးကြည့်နေခဲ့ရတာပါ…။

ကျွန်မဟာ ခပ်ညံညံ့ကောင်မလေးတစ်ယောက်ပါ…. ကိုကို

ကျွန်မဟာ. . ပိရမစ်တစ်ခုလို ကိုယ့်ကိုယ်ကို မြင့်မားပြဖို့အတွက် ညံ့ဖျင်းလွန်းနေခဲ့တယ်။ ကျွန်မဟာ နှင်းဆီပွင့်က ဆူးတစ်ချောင်းလောက်တောင်မှ ကိုယ်ကိုယ်ကို ချွန်မြမပြနိုင်အောင် ညံ့ဖျင်းခဲ့တယ်း၊ ကျွန်မဟာ မြစ်တစ်စင်းလို ကိုယ့်အိပ်မက်နဲ့ကိုယ် စီးဆင်းပြဖို့အတွက်လည်း ညံ့ဖျင်းလွန်းနေခဲ့ပါတယ်… ကိုကို

အို… ကျွန်မဟာ အရာရာ ညံ့ဖျင်းခဲ့သူပါ အဲဒါကြောင့်လည်း “မှုန်စကားဝါညို” လို့ ခေါ်တဲ့ ဟောဒီခပ်ညံ့ညံ့ကောင်မလေးတစ်ယောက်ကို ဘယ်သူကမှ ဂရုတစိုက် မရှိခဲ့တာပေါ့နော်… ဟုတ်ပါတယ်လေ… ကျွန်မကိုက ကံဆိုးခဲ့တာပါ။ ဖေဖေနဲ့မေမေ ကိုယ်တိုင်က ကျွန်မကို ချစ်ခြင်းနဲ့ အသိအမှတ်ပြုဖို့မေ့လျော့ခဲ့တယ်။ ကျောင်းနေတဲ့အရွယ်ရောက်တော့လည်း (သူငယ်ချင်းလို့ ကိုယ်က အောက်မေ့ရသူတွေ) အားလုံးက ကျွန်မကို ခင်မင်နွေးထွေးစွာနဲ့အသိအမှတ်ပြုဖို့ ငြင်းဆိုခဲ့တာပါပဲ…

ကျွန်မပေါ့. . ။

အဲသည်ကလေးဘဝတစ်လျှောက်လုံး အိမ်ထပ်ခိုးမိုးကျဉ်းကျဉ်းလေးရဲ့ ပြတင်းပေါက်ဘေးမှာထိုင်ရင်း အပြင်အပက ရှ့ခင်းတွေကို ငေးကြည့်လို အချိန်ကုန်ခဲ့ရတယ်။ အဲဒီပြတင်းပေါက်ကနေ တွားဝင်လာတတ်တဲ့ နေရောင်ခြည်နုနုကလေးကို ကျွန်မ တိတ်တခိုးချစ်တယ်။ ပန်းပွင့်နဲ့ သစ်သီးရနံ့တွေ သယ်ဆောင်လာတတ်တဲ့ လေညှင်းကလေးကို တိုးတိုးကလေး ဝှက်ပြီးနမ်းမိတယ်၊ ဆောင်းဥတုနှင်းမြူတွေ ဆိုင်းပြီဆိုရင်… ကျွန်မအတွက် စိတ်ကူးချိုချို နတ်သမီးအိမ်မက်တွေဟာ အဲသည်ပြတင်းပေါက်ကလေးကနေ တစ်ဆင့် ခြေသံဖွဖွနင်းပြီး ဝင်ရောက်လာတတ်တာပဲလေ…

အဲသည် ဆောင်းဥတု အိပ်မက်ချိုချိုတွေဟာ ယ်စဉ်ဘဝ ကျွန်မအတွက်တော့ အနက်ရောင်ပန်းစက္ကူနဲ့ ထုပ်ပိုးထားတဲ့ မြတ်နိုးဖွယ်ရာ ခရစ္စမတ် လက်ဆောင်ပါပဲ။ (ကျွန်မ ပတ်ဝန်းကျင်က လူတွေအားလုံက ဟောဒီကလေးမ တစ်ယောက်ကို လက်ဆောင် တစ်စုံတစ်ရာပေးဖို့ မေ့လျောချန်ရစ်ထားခဲ့တဲ ခရစ္စမတ်ရာသီဆိုးတွေမှာပေါ့နေမှာပေါ့နော်)

ကိုကိုရယ်….

အဲဒါ ကျွန်မရဲ့ ငယ်စဉ်ကလေးဘဝပေါ့…

ရာသီဥတုက ဆိုးရွားလွန်းခဲ့တယ်။

««« »»»

ခေါင်းလောင်းသံ [ နှစ် ]




ကျွန်မအတွက်

သိပ်ကိုဝမ်းနည်းနာကျင်စရာကောင်းလွန်းတဲ့

ဆောင်းဥတုတစ်ခုဟာ. . .

ကျွန်မ ခုနစ်နှစ်သမီးအရွယ်

ညနေခင်းတစ်ခုမှာ. . .

တိတိကျကျကြီး ရောက်ချလာခဲ့တာပါ…


ကျွန်မအတွက် ဆောင်းဥတု ရောက်လာပုံဟာ တိတ်ဆိတ်လွန်းနေတယ်။

ညရဲ့ လျို့လျှို့ဝှက်ဝှက် အငွေ့အသက်တွေယှက်သန်းနေတဲ့ အသံခပ်အုပ်အုပ်ပြုသံတွေ. .. ၊ ရိုးတိုးရိပ်တိတ်အမှောင်တွေ၊ လက်ဆွဲမီးအိမ် ဝါကျင့်ကျင့်လေးထွန်းထားတဲ့ ဘူတာရုံအို… ၊ တွဲ့တွဲ့လေးလေး တရွတ်တိုက် ဆွဲဝင်လာတဲ့ ရေနွေးငွေ့သုံးမီးရထားစက်ခေါင်းမည်းမည်းကြီး. ..

အဲဒီမြင်ကွင်းတွေကို ဥရောပအလယ်ခေတ်ဟောင်းအကြောင်း ရိုက်ပြတဲ့ ရုပ်ရှင်ပြကွက်တွေထဲမှာ မြင်ဖူးထားမိလို့လားတော့မပြောတတ်ဘူး . .. ကျွန်မအတွက်တော့ ဆောင်းဥတုဝင်လာပုံဟာ မှောင်နဲ့မည်းမည်းဖြစ်နေတဲ တောမြို့ဘူတာရုံပုပုကလေးဆီကို မီးရထားအိုကြီးတစ်စင်း တရွေ့ရွေ့ တိတ်တဆိတ် ဝင်လာပုံမျိုးနဲ့ တူနေလေရဲ့… ။

အဲသည် ဆောင်းညတစ်ညပေါ့. .. ။

တခြားကလေးတွေက လမ်းမလရောင်အောက်မှာ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေကြတဲ့အချိန်.. . ဟောဒီ အပယ်ခံကောင်မလေးတစ်ယောက် ကတော့ နှုတ်ခမ်းကို တင်းတင်းဖိကိုက်ရင်း အသံမထွက် မျက်ရည်မကျဘဲ အမှောင်ထဲမှာ ငိုကြွေးနေခဲ့ရတယ်။

မြောက်ပြန်လေထဲမှာ ဆိတ်ဖလူးပန်းရနံ့တွေ တစိမ့်စိမ့် တဝေဝေ မျောလွင့်နေလေရဲ့၊ တစ်ချက်တစ်ချက်မှာ အပြာရောင် မှုန်မှိုင်းမှိုင်းစိုစွတ်ပြီး တမြေ့မြေ့ခါးသလိုလို အောက်မေ့ရစေတဲ့ အငွေ့အသက်တစ်မျိုးကိုပါ ရှုရှိုက်ရတယ်။

သစ်ရွက်ခြောက်တွေကို စုပုံပြီ မီးရှို့ရာက ထွက်လာတဲ့ရနံပေါ့. .. အဘွားက ခြံဝင်းမြေကွက်လပ်ကို လှဲကျင်းပြီး ရလာတဲ့အမှိုက်သရိုက်တွေ…၊သစ်ရွက်ခြောက်တွေကို မီးရှို့နေတယ်။ မကြာခဏလည်း တုတ်တစ်ချောင်းနဲ့ မီးပုံထဲကို ထိုးဆွမွှေပေးပြီး လောင်စာတွေကို ညှိလို့ပေါ့… ။

ကျွန်မက နံဘေးမှာထိုင်ပြီး မီးလှုံရင်း ဆောင်းညကောင်းကင်ယံကို တလိပ်လိပ်တက်လာတဲ့ ဖြူဖျစ်ဖျစ် မီးခိုးငွေ့တွေကို ငေးမောကြည့်နေတယ် သစ်ရွက်ကိုင်းခြောက်တွေကို မီးစွဲလောင်နေတဲ့ အသံတစ်ဖြောက်ဖြောက်ကိုလည်း ကြားနေရတယ်။ အိမ်ခေါင်မိုး တံစက်မြိတ်စွန်းဆီကကျတဲ့ နှင်းစက် တွေကြောင့် သဲဆန်ဆန်မြေပြင်မှာ ချိုင့်ရာခွက်ရာလေးတွေ ထင်.. . လို့

“ဟေး. ..”ခနဲ ပျော်ရွှင်ကြည်နူးစွာ အော်ဟစ်လိုက်တဲ့ လမ်းမကစားဝိုင်းဆီက ကျွန်မနဲ့ ရွယ်တူကလေးတစ်သိုက်ရဲ့အသံကို ကြားလိုက်ရတယ်။

ကျွန်မရင်ထဲ ဆစ်ခနဲ နာကျင်သွားရော. ..

ညနေ… ကစားပွဲမြင်ကွင်းကို ပြန်မြင်ယောင်လာမိတယ်။ ဟုတ်တယ်. ညနေက.. . ။

လမ်းမပေါ်မှာ“သူ့တို့တွေ”ထုတ်စည်းတိုးတမ်း ကစားနေကြတယ်း “သူတို့တွေ…”ဆိုတာက လမ်းထဲက ကျွန်မနဲ့ ရွယ်တူကလေးတွေ. .. ကျွန်မထက် အသက်နည်းနည်းပိုကြီးတဲ့ လေး၊ ငါး ခြောက်တန်းအရွယ်တွေ နောက်… ဟိုဘက်လမ်းက ကောင်မလေးနှစ်ယောက် သုံးယောက်လည်း ပါတယ်။

ခပ်လှမ်းလှမ်းကနေ သူတို့ကို ရပ်ငေးကြည့်နေတဲ့ ကျွန်မကိုတော့ဘယ်သူကမှ ဂရုတစိုက် အရေးမလုပ်ကြဘူး။ (တစ်ခါတစ်လေမှ အိမ်ထဲက အိမ်ပြင်ထွက်ခွင့်ရတဲ့ ကောင်မလေးတစ်ယောက်ဟာ သူတို့အတွက်တော့ သိပ်စိတ်ဝင်စားစရာမကောင်းလှတဲ့ သူစိမ်းစစ်စစ်ပါပဲ)

“လာလေ… တို့နဲ့ အတူလာကစားပါလား” လို့လည်း ဘယ်သူကမှ ဖိတ်ခေါ်ဖို့ သတိမရကြဘူး၊ သတိရလျက်သားနဲ့ တမင်မေ့လျော့ချန်ရစ်ထားတာလည်း ဖြစ်နိုင်တာပဲလေ. ..။

ကျွန်မကတော့ ခပ်ဝေးဝေးကနေ သူတို့ကစားတာကို ငေးမောကြည့်ရင်း ကိုယ့်နှလုံးသားကို ကိုယ်ပြန်ပြီး ပွတ်သပ်နေမိတယ်။ သူတို့ ကစားနေတဲ့ ထုတ်စည်းတိုးကစားနည်းကို ကျွန်မ လွယ်လွယ်ကူကူပဲ သဘောပေါက်သွား တော့ ကစားချင်စိတ်တွေက ပိုဖြစ်လာရော… ။

မြေပြင်ပေါ်မှာ ကန့်လန့်ဖြတ်စည်းတွေ တားထားတယ်။ တိုးတဲ့အဖွဲ သားတွေက ဟိုး… ထိပ်ဆုံးစည်းကနေ နောက်ဆုံးစည်းကို ကျော်မိတဲ့အထိ ဖြတ်သန်းရတယ်။ စည်းတစ်စည်းတိုင်းမှာ တားတဲ့အဖွဲ့သားတစ်ယောက်စီက တာဝန်ယူပြီး ကိုယ့်စည်းကို ဖြတ်ကျော်တဲ့သူကိုမိအောင်ဖမ်း၊ တိုးတဲ့အဖွဲ့ကလည်း အဖမ်းမခံရအောင် အပြေးအလွှား အလှည့်အပတ်နဲ့ဖြတ်ကျော်… ပေါ့။

နောက်ဆုံးစည်းကို ဖြတ်ကျော်မိရုံနဲ့ မပြီးသေးဘူး၊ နောက်ဆုံးကနေ ဦးဆုံးစထွက်တဲ့ပထမစည်းကို ကျော်မိအောင် နောက်ကြောင်းပြန်ဖြတ်ရပြန်တယ်။ အဲဒီအခေါက်မှာ လွတ်လွတ်ကျွတ်ကျွတ် ရှေ့ဆုံးပြန်ရောက်မှ “အောင်လံထူတယ်” လို့ ခေါ်ပြီး တစ်ပွဲအနိုင်ရတာ.. .

သူတို့ကစားနေတာကို ကြည့်ရတာ သိပ်ကို ပျော်စရာကောင်းတာပဲ။ အဖမ်းခံရကတဲ့အခေါက်. . ခံရ၊ အောင်လံထူတဲ့အခါ… ထူပေါ့။ ဘေးဖက်မှာ အလျားလိုက် အနားသတ်ထားတဲ့ “ထမင်းရည်ပူစည်း” ဆိုတာ ရှိသေးတယ်။ တစ်ခါတစ်ခါ အားရပါးရ ပြေးရင်းလွားရင်း လှည့်ရင်းပတ်ရင်း အဲဒီစည်းကို နင်းမိလို့ “ထမင်းရည်ပူလောင်တယ်” လို့ ဆိုပြီး ရှုံးသွားတာမျိုးလည်း ရှိသေး တယ်။ ရယ်စရာမကောင်းဘူးလား။

ဒါနဲ့ . ကျန်မ သူတို့နားကို မဝံ့မရဲတိုး. တိုးသွားရင်း နောက်ဆုံးအရဲစွန့်ပြီး လှမ်းပြောလိုက်တယ်။

“ငါလဲ ဝင်ကစားချင်တယ်”

သူတို့တွေ ကစားနေရာက တုံ့ခနဲ ရပ်သွားကြတယ်။တွေ. . ဝေ… လို့။ အစိမ်းရောင်ခါးသက်သက်မျက်လုံးတွေနဲ့ ကျွန်မကို ဝိုင်းကြည့်နေလိုက်ကြတာ… ။

“နင်က ကစားတတ်လို့လား”

“ ငါတို့ လူပြည့်နေပြီဟ”

“တို့ဖွဲ့ထဲတော့ မထည့်နဲ့နော်… သူ့ကြောင့် ရှုံးရင် ငါတို့ တာဝန် မယူဘူး”

မလိုလားတဲ့လေသံတွေ၊ မယုံကြည်တဲ့ အငွေ့အသက်တွေ ဆူဆူပွက် ပွက်…နဲ့။ မှောင်လိုက်တာ… ၊ ကျွန်မ ချက်ချင်းလှည့်ပြန်ပြေးသွားချင်စိတ်နဲ့ တစ်ဝက်တစ်ပျက် သေဆုံးသွားသလိုပါပဲ

အဲဒီမှာ… နည်းနည်း သနားတတ်ပုံရတဲ့ အသက်ကြီးကြီးမိန်းကလေး တစ်ယောက်က… ။

“သူလဲ ကစားချင်မှာပေါ့ဟာ… ပါချင်ပါပါစေ၊ သူ့ကို “ထမင်းသိုး ဟင်းသိုး” ပဲ ထားလိုက်ပါတော့”

“ဟုတ်တယ်. .. ဟုတ်တယ်…”

“သူက “ထမင်းသိုး ဟင်းသိုး” ဟေ့ ..”လို့ တခြားသူတွေက ဝိုင်းအော်ကြတယ်။

“ထမင်းသိုး ဟင်းသိုး” ဆိုတဲ့ ဝေါဟာရကို ကျွန်မ နားမလည်ဘူး စိတ်ထဲမှာ အမှတ်တမဲ့လို့ပဲ သဘောထားလိုက်ဖြစ်တယ်။ သူတို့နဲ့ အတူကစားခွင့်ရပြီဆိုတဲ့ အသိကဖုံးလွှမ်းပြီး ရုတ်တရက် အရမ်းကြီးပျော်သွားမိတာ…

“ထမင်းသိုး ဟင်းသိုး” ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်က. .. ကျွန်မကြောင့် ဒီကစားပွဲမှာ ရှုံးရတာပဲဖြစ်ဖြစ် နိုင်ရတာပဲဖြစ်ဖြစ် တရားမဝင်ဘူးလို့ ဆိုလိုတာ၊ ကျွန်မ ဘာလုပ်လုပ် အရာမထင်ဘူး၊ ဂရုစိုက်စရာမလိုတဲ့ လူတစ်လောက်အဖြစ် သတ်မှတ်လိုက်တဲ့ တံဆိပ်မှန်း သိလိုက်ရတဲ့ အချိန်မှာ. ..

သိပ်ကို နောက်ကျလွန်းသွားခဲ့ပါပြီ

ကျွန်မ ပါဝင်ခွင့်ရတဲ့ ကစားပွဲမှာ အကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့ပါတယ်။ တစ်ခေါက်ထပ်ပြောပါရစေ။ ကျွန်မ… အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပါတယ်။

ပွဲစတာနဲ့ ထိပ်ဆုံးစည်းကို လှစ်ခနဲ့ဖြတ်ကျော်ပြီး ကျွန်မ ပြေးဝင်လိုက် တယ်။

ကြည့်စမ်း… ကျွန်မ အရမ်းကို ပေါ့ပါးမြန်ဆန်နေလိုက်တာ… ။

စည်းတားတဲ့လူ ဘယ်သူကမှ ကျွန်မကို ဖမ်းလို့မမိကြဘူး၊ (တမင် လွှတ်ပေးလိုက်တာမှန်း ကျွန်မဘယ်သိပါ့မလဲ) ဖျတ်ခနဲ ဖျတ်ခနဲ ပြေးရင်း နောက်ဆုံးစည်းကို ကျွန်မ ကျော်မိတယ်။ အောင်ပွဲတစ်ဝက်နင်းပြီပေါ့။ .

ကိုယ့်ကိုယ်ကိုယ် ကျေနပ်တဲ့စိတ်နဲ့ ချက်ချင်းနောက်ကြောင်းပြန်လှည့် ပြီး စည်းထဲကို တိုးဝင်လိုက်ပြန်ရော။

စတုတ္ထုစည်း . . .

တတိယစည်း . . .

ဒုတိယစည်း . . .

တဖြည်းဖြည်း ထိပ်ဆုံးစည်းနဲ့နီးလာတယ်။ ကျွန်မ ခြေ. .. လှမ်း… တွေ. . သွက်လို့။ ထိပ်ဆုံးစည်းကို တဟုန်ထိုးပြေးဖြတ်ကျော်လိုက်ပြီးတာနဲ့ တစ်ပြိုင်နက်. .

“အောင်လံထူပြီ၊ အောင်လံထူပြီ”လို့ ကျွန်မ အသံကုန်အော်လိုက်တယ်။

ခေါင်းလှည့်ပြန်ကြည့်လိုက်တော့… ကစားပွဲက ဘာမှမဖြစ်သလိုပဲ ဆက်ပြီး တိုးသူက တိုး. . မြဲ၊ တားသူက တား. . မြဲပေါ့။

“ဟင်.. . ငါတို့ဘက် နိုင်ပြီမဟုတ်လား”

ကစားပွဲက ဘာဖြစ်လို့ ပြီးမသွားရသေးတာလဲ။ တစ်ခုခု. . ငါမှားယွင်းနေခဲ့လို့လား… လို့ ကျွန်မ တွေးရင် ကြောက်စရာကောင်းလွန်းတဲ့ သံသယအငွေ့တွေက ရင်ထဲမွန်းကျပ်မှောင်လာ… လို့

ကျွန်မ နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်ဖို့ ပထမစည်းကို ပြန်တိုးဝင်လိုက်တယ်။ ဒီတစ်ခေါက်တော့ အရမ်းမပြေးတော့ဘူး၊ ဖြည်း. . ဖြည်း နဲ့ မှန်မှန်လေး၊ ကျွန်မ သံသယက ပိုပိုပြီး ခိုင်မာနာကျင်လာတယ်။

ငါ့ကို ဘာဖြစ်လို့ ဘယ်သူကမှ မဖမ်းတာလဲ?

ကျွန်မ နှုတ်ခမ်းကို တင်းတင်းဖိကိုက်ရင်း. . တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်. .. “ထမင်းရည်ပူစည်း” ပေါ်ကို တမင်တကာ တိတိကျကျ တက်နင်းပြီး အဲသည်စည်းပေါ်မှာ တည့်တည့်ရပ်နေလိုက်တယ်။

?

?

?

ကစားဝိုင်းက ဘာမှဖြစ်မသွားပါဘူး။

စောစောကလို ပုံမှန်အတိုင်း ဆက်ပြီး ကစားမြဲကစားနေလျက်ပဲ၊ သူတို့ဖာသာသူတို့ ကျွန်မကို အသိအမှတ်မပြုစွာ လှုပ်ရှားရှင်သန်ကစားနေကြ ဆဲပေါ့… ။

“ ကျွန်မကတော့“ထမင်းရည်ပူစည်း” ပေါ်ရပ်… လို့

နောက်တော့ ..

ထမင်းရည်ပူစည်းကို နင်းဖြတ်ကျော်ပြီး ကစားပွဲအပြင် ဝေးရာကို ကျွန်မ. .. တစ်လှမ်းချင်း လျှောက်ထွက်လာခဲ့တယ်။ သူတို့ကို ကျောခိုင်းခဲ့ပြီး။

ကျွန်မဟာ “ထမင်းသိုး ဟင်းသိုး”တစ်ယောက်ပါ

««« »»»

ခေါင်းလောင်းသံ [ သုံး ]


နံနက်အိပ်ရာထချိန်မှာ သစ်ရွက်တွေ ခြောက်ခြောက်သွေ့သွေ့ ကြွေကျနေပုံကို မြင်ရတာ စိတ်ဓာတ်ကျစရာ ကောင်းလွန်းတယ်။ သည်လောကကြီးကို ကလေးတစ်ယောက် မွေးဖွားထည့်သွင်းပေးခဲ့တာ တရားမျှတပါရဲ့လား… ဟင်။ အသနား အညာတာကင်းမဲ့သလိုများ ဖြစ်မနေဘူးလား… သိရင် ပြောကြစမ်းပါ။

သည်ကမ္ဘာမှာ နွေးနွေးထွေးထွေး ချစ်ခင်မယ့်သူ တစ်စုံတစ်ယောက် ရှိမနေဘဲနဲ့တော့ ကလေးလေးတစ်ယောက်ဟာ မပျော်ရွှင်နိုင်ပါဘူး။ မိုးရေစက်တွေ စွတ်စိုလူးနေတဲ့ မြက်ပင်တွေကြားမှာ ပိုးစုန်းကြူးကလေးတွေ လက်… လက်နေတာကို ကျွန်မ တစ်ညလုံး ငေးမောကြည့်ခဲ့ဖူးတယ်။

ဘုရားရေ .. ကျွန်မ အဲဒီပိုးစုန်းကြူးလေး ဖြစ်ချင်လိုက်တာ. .. ။

ဘဝမှာ တစ်ခါလောက် အဲသည်လို စိမ်းဖန့်ဖန့်လေး လင်းပါရစေ… ။ ကျေးဇူးပြု၍ မရယ်မမောကြပါနဲ့။ ကျွန်မ ပျင်းရိလှပါပြီ. ..

ငယ်ငယ်ကတည်းက အဲသည်လို ရယ်မောလျှောင်ပြောင်ခံရလွန်းလို အဲသည်လို ရယ်သံတွေကို ကျွန်မ ပျင်းရိငြီးငွေ့လှပါပြီ

မူလတန်းကျောင်းမှာ တက်နေခဲ့တဲ့ တစ်လျှောက်လုံး ကျွန်မလုပ်ပုံကိုင်ပုံ၊ တွေးပုံခေါ်ပုံတွေကို ကြည့်ပြီး အတန်းဖော်တွေက ရယ်ကြတယ်။ ဆရာမတွေက ရယ်ကြတယ်၊ တခြားလူတွေ ရယ်ကြတယ် (အင်းလေ. .. ဟုတ်ပါတယ် ကျွန်မလုပ်သမျှ ကိုင်သမျှကလည်း တလွဲတချော်တွေချည်းပဲ မဟုတ်လား) ကျွန်မက မလွဲရင် ဘေးလူတွေကမလွဲ. .. လွဲအောင်ချောက်တွန်းတယ်။ ပြီးတော့… သူတို့ကပဲ လှောင်ရယ်ရယ်ကြသေးတယ်။

ကျွန်မတို့ ကျောင်းရှေ့လမ်းမကြီးရဲ့ ထောင့်ဆုံးကအိမ်ဟာ နှစ်ထပ်အိမ်ကြီးပေါ့။ အိမ်ကြီးရဲ့ရှေ့မှာ သံပန်းတွေ အလှဆင်ထားပြီး ဆေးသုတ်ထားတဲ့ ဝင်းတံခါးရှလို ကျွန်မတို့ကလေးတွေက “သံပန်းအိမ်ကြီး” လို့ ခေါ်ကြတယ်၊ အဲဒီ အိမ်ပိုင်ရှင် အသားဖြူဖြူနဲ့အန်တီကြီးကိုလည်း နေ့တိုင်း ကျောင်းသွားကျောင်းပြန် မြင်မြင်နေရတာ… ။ တစ်နေ့ကျတော့… ကျွန်မတို့ ကလေးတွေကြားထဲမှာ တီးတိုးပြောစရာ စကားတစ်ခုက ခိုးကြောင်ခိုးဝှက် စိမ့်ဝင်ပျံ့နှံ့လာတယ်။

“သံပန်းအိမ်ကြီးက အန်တီက လင်ငယ်နေလို့တဲ့. . သူ့ယောက်ျားနဲ့ ရန်ဖြစ်နေတာ ငါတို့လမ်းပေါ်ကနေပြီးတော့တောင် ကြားရတယ်”

ကျောင်းသွားကျောင်းပြန် ကလေးအုပ်စုတစ်စုစုရဲ့ ပါးစပ်ဖျားမှာ ပါလာရာကနေ တစ်ကျောင်းလုံး တီးတိုး. .. တီးတိုးနဲ့ ပျံ့နှံ့သွားတဲ့ သတင်းစကားဖြစ်မှာပါ။

“လင်ငယ်နေတယ်” … ဆိုတဲ့ ဝေါဟာရကို ကျွန်မ နားမလည်ဘူး၊ ဒါဟာ ကလေးတစ်ယောက်အတွက် လုံလောက်တဲ့ စကားအဓိပ္ပာယ်မဟုတ်ဘူးလေ။ကျွန်မ စဉ်းစားကြည့်မိတယ်။ “လူကြီး. . လူငယ်” ဆိုတဲ့ ဝေါဟာရ တောင်ရှိသေးတာပဲ… လို့။ လူကြီးဆိုတာဟာ တဖြည်းဖြည်းနဲ့ လူငယ်ကနေ ဖြစ်လာရတာ မဟုတ်လား။ “လင်ငယ်” ရှိတာကို ဘာစိတ်ဆိုးစရာလိုလို့လဲ၊ သူလည်း တဖြည်းဖြည်းနဲ့. ကြီးလာတဲ့အခါ“လင်ကြီး”ဖြစ်လာမှာပေါ့ . . လို့ တွေးပြီး အတန်းပိုင်ဆရာမကို မေးကြည့်တော့. .. ဆရာမက ရယ်ပြီး. .

“ဟဲ့… စာသင်ချိန်မှာ ဒါတွေမမေးရဘူး”

ဆရာမက စာသင်ချိန်မှာ မမေးရဘူးဆိုတော့ “အိမ်ပြန်ရောက်မှ၊ မေးဆိုတဲ့ သဘောပဲ”လို့ အောက်မေ့လိုက်တယ်။ အိမ်ပြန်ရောက်တော့အဘွားကို ..

“ဘွားဘွား… လင်ငယ်နေတယ်ဆိုတာ ဘာလဲဟင်”

“မိန်းမတစ်ယောက်က မျောက်မထားတာကို ခေါ်တာပေါ့ဟဲ့… ဘာတွေလာမေးနေတာလဲ၊ ဒါ။ .. ကလေးသိစရာမဟုတ်ဘူး”

အဘွားက ကျွန်မခေါင်းကို ဒေါင်ခနဲမြည်အောင် ခေါက်လိုက်တယ်။ ဟင့်အင်း… ကျွန်မ မကျေနပ်ဘူး။ အဘွားပြောမှပိုရှုပ်သွားတယ်။ ဘာတဲ့. .

“မျောက်မထားတယ်”…တဲ့

ဟင်း… ဘာဆိုင်လို့ မျောက်က ပါလာရတာလဲလို့ ကျွန်မတွေးလိုက်တယ်၊ (လူဟာ မျောက်က ဆင်းသက်လာတာမှန်ရင်တော့ ဒီကိစ္စဟာ နည်းနည်းနီးစပ်ပါတယ်) အဲဒီ သံပန်းအိမ်ကြီးက အန်တီကြီးဟာ မျောက်ကို ဘယ်မှာထားပါလိမ့်လို့ ကျွန်မ စဉ်းစားကြည့်လို့ မရဘူး၊ ကြိုးချည်ထားသလား၊ လွှတ်ထားသလား၊ အိမ်ထဲက အခန်းတစ်ခန်းမှာပဲ ထားထားသလား၊ ခြံထဲမှာပဲ မွေးထားသလား

ကျွန်မစိတ်ကူးထဲမှာတော့ အဲဒီအန်တီကြီးရဲ့ဘဝဟာ အတော်ပျော်စရာကောင်းနေတယ်။ ဟုတ်တယ်နော်… မျောက်ကလေးကို ကြိုးနဲ့ချည် ကြိုးကို လက်ကကိုင်ပြီး မျောက်ကို

“ဟဲ့. .. ဟိုဘက်မသွားနဲ့၊ ဒီကိုလာ”

“ဟဲ့. . ငြိမ်ငြိမ်နေ၊ မဆော့နဲ့”

“အို… မခုန်နဲ့လေ၊ ဪဪ… ဟဲ့ဟဲ့… ဟိုဘက်ကို သွားပြန်ပြီ” နဲ့ ထိန်းနေရမှာ…

ကျွန်မတစ်ခုပဲ မှားသွားတယ်။ အဲဒီအတွေးကို အတန်းဖော်ကလေး လေးငါးဆယ်ယောက်ကို ပြောပြမိတယ်၊ နောက်ပြီး. . သူတို့ကိုခေါ်ပြီး သံပန်းအိမ်ကြီးကို သွားချောင်းကြည့်မိတာပဲ။ အိမ်ရှင် အန်တီကြီးနဲ့တွေတော့…

“အန်တီ မွေးထားတဲ့မျောက်က ဘယ်မှာလဲဟင်”

လို့ မေးလိုက်မိတယ်။ ဘုရားရေ… အဲဒါ ကျွန်မမှာ ဘာအပြစ်ရှိလို့လဲ။ အဲဒါ ကျောင်းမှာလည်း ဒဏ်ပေးခံရတယ်။ အိမ်မှာလည်း အဘွားကရိုက်တယ်။ သူများတွေက ဝိုင်းရယ်ကြတယ်။

အဲဒီ ဒဏ်ပေးခံရတဲ့နေ့က ကမ္ဘာမြေပြင်တစ်ခုလုံး အဝါရောင်တွေ မိုင်းမှိုင်းဝေ… လို့။

တိမ်တိုက်တွေရဲ့ ဟိုးဘက်အဆုံးက မိုးကုပ်စက်ဝိုင်းဆီ လှမ်းငေးကြည့်မိတော့ လိမ္မော်ရောင်ပုပ်ပုပ်နေရောင်ခြည်တွေ ငုပ်လျှိုးပျယ်လွင့်စ ပြုနေပြီဖြစ်တဲ့ ဆည်းဆာကို မြင်ရတယ်။

နောက်ပြီး. . ခတ္တာပန်းပွင့်တွေ မိုးရေစက်စိုလို့ ကြွေကျနေတာကို လည်း မြင်ရပါတယ်။ ကျွန်မ နားမလည်တာကို စူးစမ်းမိတာဟာ အပြစ်တစ်ခု ဖြစ်ခဲ့ပါသလား….

နောက်ထပ် ကျွန်မ နားမလည်တဲ့ ဝေါဟာရတစ်ခုရှိသေးတယ်၊ “ပစ်စာ…”တဲ့။ ပစ်စာဆိုတာ “လူတစ်ယောက်ကို အပြစ်တင်၊ ခြိမ်းခြောက်ချင်လို့ စိတ်ဒုက္ခပေးချင်လို့ အဲဒီလူရဲ့ မကောင်းမှုတွေ၊ အပြစ်အနာအဆာတွေကို ဖော်ပြီး (စာရေးတဲ့သူရဲ့ အမည်ကို မသိစေဘဲ) လျှို့ဝက်ရေးပို့တဲ့စာ”ဆိုတာ အဲဒီကလေးဘဝအရွယ်မှာ ကျွန်မ ဘယ်သိခဲ့ပါ့မလဲ။

တစ်နေ့. . ကျောင်းသွားဖို့ အိမ်ကထွက်လာတုန်း အိမ်ရှေ့အိမ်က ဦးလေးကြီးက ကျွန်မကို ခေါ်ပြီး. .

“သမီးကျောင်းသွားတုန်းလမ်းကြုံရင် စာတိုက်မှာ ဟောဒီစာဝင်ထည့် ပေးခဲ့စမ်း၊ ရော့.. ဒါက သမီးအတွက် မုန့်ဖိုး” ကျွန်မ အရမ်းဝမ်းသာသွားတယ်။ ဟင့်အင်း. . မုန့်ဖိုးကိုမယူပါဘူး၊ ကျွန်မ တစ်စုံတစ်ယောက်ကို ကူညီခွင့်ရပြီမဟုတ်လား။ အဲသည်လို အဆက်ဆံခံရတာကိုပဲ ကျွန်မက ဝမ်းသာလို့ မဆုံးဖြစ်နေခဲ့တာ။

လမ်းရောက်လို့ စာအိတ်ပေါ်ကလိပ်စာကို ဖတ်ကြည့်လိုက်တော့ ကျွန်မ ကောင်းကောင်းသိနေတဲ့ လူတစ်ယောက်ပဲ။ ကျွန်မတို့ကျောင်း မိဘဆရာအသင်းက ကျောင်းသားမိဘတစ်ယောက်မို့လို့သိနေတာပါး။ ကျွန်မ စဉ်းစားလိုက်တယ်။

“စာတိုက်ကနေ ဒီစာကိုထည့်လိုက်ရင် တစ်ရက်တော့ ကြာနေမှာပဲ… လို့။ ဒီစာကို မြန်မြန်ရောက်သွားအောင် အတတ်နိုင်ဆုံး ကူညီချင်စိတ်တွေ ကျွန်မရင်ထဲမှာ အရမ်းပြည့်လျှံနေတယ်။

လိပ်စာရှင်ရဲ့ အိမ်နဲ့ကလည်း ကျွန်မတို့နဲ့ တစ်ရပ်ကွက်ပဲ ဝေးတာမဟုတ်လား အဲဒီတော့ ကျောင်းအဆင်းမှာ ကျွန်မ ကိုယ်တိုင်ပဲ အဲဒီစာကို အိမ်တိုင်ရာရောက် သွားပေးလိုက်တယ်။

“ဘယ်သူက ပေးခိုင်းတာလဲ”

လို့ မေးတော့ ကျွန်မကို စာအထည့်ခိုင်းလိုက်တဲ့ အိမ်ရှေ့အိမ်က ဦးလေးကြီးရဲ့ အမည်ကို သေသေချာချာ ပြောပြခဲ့တာပေါ့။ နောက်တော့. . အဲဒီစာကိစ္စနဲ့ သူတို့နှစ်ယောက် ပြဿနာအကြီးအကျယ် တက်ကြတယ်… လို့ ကြားရပါတယ်။ အဲဒီစာက “ပစ်စာ” မို့လို့တဲ့ … ။

ကျွန်မက အံ့အားသင့်သွားပြီး …

“ဘုရားရေ… အဲဒါပစ်ထည့်လိုက်တဲ့စာမဟုတ်ဘူး၊ ကျွန်မ ကိုယ်တိုင် ရိုရိုသေသေ လက်နှစ်ဖက်နဲ့ ပေးခဲ့တာပါ”

လို့ ရှင်းပြတော့ ကြားရသူတိုင်းက ရယ်ကြတယ်။ ဘာပဲဖြစ်ဖြစ်လေ၊ ကျွန်မကြောင့် ပြဿနာတက်ရတယ်ဆိုလို့ ကျွန်မ စိတ်မကောင်းပါဘူး။

ကျွန်မ ဘယ်လောက်ကြိုးစားကြိုးစား ဘာဖြစ်လို့ တလွဲတချော်တွေ ဖြစ်ဖြစ်ကုန်ရတာလဲ။ ဘာဖြစ်လို့ ကျွန်မဟာ လူရာအသွင်းမခံရတာလဲ။ ဘာဖြစ်လို့ ကျွန်မကို လူတွေက နှိမ်သလို လှောင်သလို ဝိုင်းရယ်ရတာလဲ…။

ကျေးဇူးပြုပြီး မရယ်မောကြပါနဲ့…။

ကျွန်မ ပျင်းရိလှပါပြီ

ကျွန်မကို…

ဘယ်တုန်းကမှ… မလှောင်ပြောင်မရယ်မောခဲ့တဲ့…

မိတ်ဆွေစစ်စစ်ဆိုလို့

နှစ်ဦးတည်းသာ ရှိခဲ့ပါတယ်။

တစ်ယောက်က ခရစ္စတင်းလို့ ခေါ်တဲ့ အတန်းဖော်ကောင်မလေး တစ်ယောက်ပါ။ သူက ကျွန်မတို့ မူလတန်းကျောင်းကို အသစ်ပြောင်းလာတဲ ကျောင်းအုပ်ဆရာကြီးရဲ့ သမီးလည်းဖြစ်ပါတယ်။

နောက်… တစ်ယောက်ကတော့ ဘလူး(Blue)လို့ နာမည်ပေးထားတဲ့ လိပ်သေးသေးလေးတစ်ကောင်ပါပဲ။

ခရစွတင်းရဲ့ အဖေက ကျောင်းအုပ်ဆရာကြီးဆိုတော့ သူတို့မိသားစုက ကျွန်မတို့ မူလတန်းကျောင်းဝင်းထဲမှာရှိတဲ့တိုက်ပုကလေးထဲမှာ နေကြတယ် မိသားစုဆိုပေမယ့် သိပ်များများစားစားမဟုတ်ပါဘူး။

ဆရာကြီးရယ်..

ခရစ္စတင်းရယ်. .

သူ့အဒေါ် အန်တီဂရေ(စ)ရယ်… သုံးယောက်တည်း၊ခရစ္စတင်းရဲ့ အမေက သူတို့မိသားစု ကျွန်မတို့ မြို့ကလေးကို ပြောင်းမလာခင်ကတည်းက ကွယ်လွန်ခဲ့တာလို့ ပြောတယ်။ ကျောင်းအုပ်ဆရာကြီးက မျက်နှာဝိုင်းဝိုင်း ပါးဖောင်းဖောင်း… နဲ့ အရမ်းလည်း သဘောကောင်းတယ် ဒီကျောင်းကို ရောက်လာတော့ သူ့သမီးနဲ့ အရွယ်တူ အတန်းတူလည်းဖြစ် အဖေကော အမေပါ မရှိတော့ဘဲ အဘွားနဲ့ အတူတူနေနေရတဲ့ ကျွန်မကို အရုမ်းဂရုစိုက်တယ်၊ ကြင်နာတယ်၊ သူ့သမီးဖြစ်တဲ့ ခရစ္စတင်းနဲ့ အတူတူ ကစားစေတယ်။

ကျွန်မကလည်း ရပ်ကွက်ထဲ လမ်းထဲက သူငယ်ချင်းတွေရဲ့ အစွန့်အပယ်ခံထားရတာဆိုတော့ ကျောင်းမှာပဲ ပျော်အောင်နေနေရတယ်၊ စနေ၊ တနင်္ဂနွေကျောင်းပိတ်ရက်တွေမှာဆို့ရင်… လူသူကင်းမဲ့ တိတ်ဆိတ်နေတဲ့ ကျောင်းဝင်းကြီးထဲမှာ ခရစ္စတင်းနဲ့ ကျွန်မနဲ့ နှစ်ယောက်တည်း။ အတူ ဆော့ကြ၊ ကစားကြတယ်။ သစ်ပင်တွေကြားထဲ ပြေးလွှားပုန်းအောင်းကြတယ်၊

တစ်ခါ… တစ်ခါ ကျောင်းခြံဝင်းအစပ်မှာရှိတဲ့ မန်ကျည်းပင်ပေါ် ခရစ္စတင်းတက်ပြီး မန်ကျည်းသီးခူးတတ်တယ်။ သူ့အစား . . ကျွန်မဖြင့် ကြောက်လိုက်တာ။ ရင်တမမနဲ့ ကျွန်မက သစ်ပင်ခြေရင်းကနေ မော့ကြည့်. လို့။ ကြောက်လွန်းလို့ ခေါင်းထဲမူးနောက်နောက်ဖြစ်လာတယ်. အာခေါင်တွေလည်းခြောက်. .. လို့ ခရစ္စတင်းဟာ ကျွန်မ ကလေးဘဝရဲ့ သူရဲကောင်းပါပဲ

ကျောင်းပိတ်ရက် တစ်နေ့ကျတော့ လူကြီးတွေလည်း မရှိတဲ့အချိန် ခရစ္စတင်းကလည်း စားစရာ တစ်ခုခုယူဖို့ အိမ်ထဲကို ဝင်သွားတဲ့အချိန်… ကျွန်မတစ်ယောက်တည်း အဲဒီ မန်ကျည်းပင်ခြေရင်းမှာရပ်နေရင်း ဘယ်သူမ အနားမှာ မရှိတုန်း သစ်ပင်ပေါ်တက်ကြည့်ချင်စိတ်တွေ ဖြစ်လာတယ်။

အို… ဘာဖြစ်လဲ၊ ငါလုပ်ချင်တာကို လုပ်နိုင်တဲ့ အခွင့်အရေးရတာပဲ။

ကျွန်မစိတ်ကို ကျွန်မ သေသေချာချာ မဝေခွဲမစဉ်းစားနိုင်ခင်မှာပဲ ကျွန်မဟာ မန်ကျည်းပင်ပေါ်ကိုရောက်နေပါပြီး၊ ဘုရားရေ ငါဘယ်လိုများတက် နိုင်ခဲ့ပါလိမ့်၊ ရင်ထဲမှာနည်းနည်းကြောက်တယ်။ ပြီးတော့ နည်းနည်းပျော်တယ်

ဘယ်အကိုင်းမှာ ရပ်မယ်ဆိုတာ ကျွန်မ သေသေချာချာ ဆုံးဖြတ်ခဲ့တာမဟုတ်ဘူး။ တက်ရင်းတက်ရင်းနဲ့ အောက်ကို အမှတ်တမဲ့ ပြန်ငုံ့ကြည့်လိုက်တဲ့အချိန်မှာ ကျွန်မဟာ အမြင့်ကြီးကို ရောက်နေပြီ…

မျက်စိတွေ ပြာဝေ. .. သွားပြီး အသံကုန်အော်ခေါ်လိုက်မိတယ်။

“ခရစွတင်း… ခရစ္စတင်း… လာပါဦး”

ခရစ္စတင်း ရောက်လာတော့ ကျွန်မကို မော့ကြည့်ပြီး အရမ်းတုန်လှုပ်သွားပုံနဲ့...

“အိုး . ဘုရားသခင်၊ နင် ဒီလောက်အမြင့်ကြီးကို ဘယ်လိုရောက် သွားတာလဲ၊ ငါတောင်မတက်ရဲဘူး”

“ခရစ္စတင်း. . လုပ်ပါဦး၊ ငါ့ကို ပြန်ချပေးပါ ငါမဆင်းတတ်တော့ဘူး”

ခရစ္စတင်းက ကျောင်းနံရံမှာ ထောင်ထားတဲ့ ဝါးလှေခါးရှည်ကြီးကို မနိုင့်တနိုင်နဲ့ သွားယူလာတယ်။ မန်ကျည်းပင်ခြေရင်းမှာ ကပ်မှီထားလိုက်ပြီ သူ့တစ်ကိုယ်လုံးနဲ့ ဖိထိန်းထားရင်းက. ..

“ဆင်းခဲ့ . . စကားဝါ မကြောက်နဲ့ ဖြည်းဖြည်း… ဖြည်းဖြည်းဆင်း” ဝါးလှေကားက ကျွန်မ နင်းလိုက်တိုင်း ညွှတ်ခနဲ ညွှတ်ခနဲ ဖြစ်ဖြစ်သွားတော့ ကျွန်မ ကြောက်ကြောက်နဲ့ ဝါးလုံးကို တင်းတင်းဆုပ်ကိုင်ထားမိပါရဲ့

“မကြောက်နဲ့ စကားဝါ… မကြောက်နဲ့၊ ဖြည်းဖြည်း… အောက်ကို ရောက်တော့မယ်… ရောက်တော့မယ်”

ကျွန်မ အရမ်းကြောက်နေပြီ၊ ရောက်တော့မယ်… ရောက်တော့မယ် ဆိုတဲ့ စကားကို ကြားနေရတဲ့အချိန်မှာပဲ ကျွန်မခြေထောက်တွေကို မသယ်နိုင်တော့ဘူး။ ဟင်… အောက်မှာ လှေကားလေးထစ်လောက် လိုသေးတယ့်. .. ဘုရား . . ကယ်တော်မှုပါ။

“အား…”

“အိုး… စကားဝါ”

ကျွန်မ ဘယ်လိုအောက်ပြုတ်ကျသွားသလဲ မသိဘူး။ သစ်ပင်မှာ ခနော်ခနဲ့ မှီထားတဲ့ ဝါးလှေခါးက ဝုန်းခနဲ ပြိုလဲကျသွားတယ်၊

မြေပြင်ပေါ် ခွေခွေကလေးလဲနေရာက ကျွန်မ ရုတ်တရက်ပြန်ထလိုက်တယ်။၊ တော်ပါသေးရဲ့… ကျွန်မ ဘာမှမထိခိုက် မကျိုးပဲ့ဘူး အဲဒီအခိုက်မှာပဲ… မျက်နှာကို လက်ဝါးနဲ့အုပ်ပြီး ထိုင်နေတဲ့ ခရစ္စတင်းကို ကျွန်မ သတိထားလိုက်မိတယ်။

ကျွန်မ ထိတ်ခနဲ ဖြစ်သွားပြီး…

“ခရစ္စတင်း… နင်… နင် ဘာဖြစ်သွားလဲ… ပြစမ်း… ပြစမ်း”

“ဟင့်အင်း… ဘာမှမဖြစ်ပါဘူးဟာ”

ဘာမှမဖြစ်ဘူး. . လို့ တွင်တွင်ငြင်းနေတဲ့ ခရစ္စတင်းရဲ့မျက်နှာပေါ်က လက်နှစ်ဖက်ကို ကျွန်မ အတင်းဆွဲဖယ်လိုက်တော့… သွေးစက်တွေ၊

ခရစ္စတင်းရဲ့ ညာဖက်မျက်လုံးထောင့်မှာ. .

လှေခါးက ဝါးလုံးအစွန်းနဲ့ ခြစ်လိုက်မိလို့ သွေးတွေထွက်နေကယ်၊

ဘုရား…ဘုရား. ..

ခြေဖျားလက်ဖျားတွေ အေးစက်လာတယ်။ ကျွန်မ ဘာမှမလုပ်တတ်တော့ဘူး၊ ကျွန်မ ငိုချလိုက်တော့တယ်။ “ဘာမှမဖြစ်ပါဘူးဟ”လို့ ခရစ္စတင်းက ကျွန်မကို ပြန်နှစ်သိမ့်နေတယ်။

သူ… ကျွန်မကို စိတ်လည်းမဆိုးဘူး၊ လှောင်ရယ်လည်း မရယ်ဘူး နောက်နောင်… ဒီအကြောင်းကို စကားစပ်ပြီး ပြန်ပြောမိကြတဲ့အခါမှသာ ခရစ္စတင်းက သူ့မျက်ဝန်းထောင့်က လခြမ်းပုံ အမာရွတ်ကလေးကို လက်နဲ့ ဖွဖွစမ်းရင်း…

“နင်က လုပ်ချင်စိတ်ပေါ်လာရင် အရမ်းအရမ်းလုပ်တာကိုး. .. ဟ”

ဒဏ်ရာက သေးသေးလေးပေမယ့် ခရစ္စတင်းရဲ့ မျက်ဝန်းထောင့်မှာ သေရာပါ အမာရွတ်ကလေးတစ်ခု ထင်ကျန်နေရစ်စေတော့တာပဲ။ ခရစ္စတင်း ပြုံးလိုက်တဲ့အခါများဆိုရင်… အဲသည် ညာဖက်မျက်ဝန်းအစပ်မှာ လခြမ်းပု အမာရွတ်ကလေး ချိုင့်ခွက်ဝင်သွားတတ်တယ်။

လိပ်ကလေးဘလူး(Blue)ကလည်း ခရစ္စတင်းနဲ့ နည်းနည်း ပတ်သက်ပါတယ်။

ကျွန်မအသက် ဆယ့်ငါးနှစ်ပြည့်တဲ့ မွေးနေ့မှာ ခရစ္စတင်းက ရွှေငါးမွေးတဲ့ မှန်ရေကန်လေးတစ်ကန် လက်ဆောင်ပေးပါတယ်။ ကျွန်မ သူတို့အိမ် ရောက်တိုင်း သူ အလှမွေးထားတဲ့ ရွှေငါးလေးတွေကို တမေ့တမော ငေးကြည့်နေတတ်တာကို ခရစ္စတင်း သတိထားမိတာကိုး

“ရွှေငါးကလေးတွေကို ကြည့်ရတာ အိပ်မက်တစ်ခု မက်နေရသလိုပဲ ငါ့ကိုယ်ငါတောင်မေ့သွားတယ်. .. သူတို့ ကူးခတ်နေကြပုံက ငြင်ငြင်သာသာလေး၊ ပြီးတော့… တိတ်တိတ်ဆိတ်ဆိတ်နဲ့၊ ဒါပေမယ့်.. . လုံးဝပျင်းစရာ မကောင်းဘူး၊ သူတို့မှာအပေါင်းအသင်းတွေ သိုက်သိုက်ဝန်းဝန်းနဲ့… ကူးခတ်နေကြတာ ပျော်စရာကြီးပဲ ခရစ္စတင်းရယ်”

လို့ ကျွန်မ ပြောခဲ့ဖူးတဲ့စကားကို ခရစ္စတင်း မေ့မသွားဘူး၊ မှန်ငါးမွေးကန်ကလေးကို လက်ဆောင်ပေးရင်းနဲ့. .

“နင့်စိတ်ထဲမှာ အမြဲတမ်း အထီးကျန်တဲ့ခံစားမှုတစ်ခုရှိနေတာကို မေ့ထားစေချင်တယ်. .. စကားဝါရယ်၊ ရွှေငါးကလေးတွေကိုကြည့်နေရင်း နင့်မှာ သူငယ်ချင်းတွေ အများကြီးရှိနေသလိုမျိုး ခံစားရပြီး. နင် ပျော်ပါစေ ဆိုတဲ့ ဆုတောင်းနဲ့ ဒီလက်ဆောင်ပေးတာ.. သိလား”

ကျွန်မ သူ့ကို ကျေးဇူးတင်စကားတောင် မပြောဖြစ်ဘူး၊ ပြုံးရုံပဲ ပြုံးပြလိုက်တယ်။ ကျွန်မအပြုံးရဲ့ အဓိပ္ပယ်ကို နောက်ရက်သတ္တပတ်ပေါင်းများစွာ ကြာမှ ခရစ္စတင်း နားလည်သွားတော့တာ့ပဲ။

“ဟင်… စကားဝါ၊ နင် ရွှေငါးလေးတွေလည်း မမွေးထားပါလား”

မှန်ရေကန်ထဲမှာ အဖြူရောင် ဖော့ပြားထူထူတစ်ချပ် ထည့်ထားတဲ့ ရေထဲမှာတော့ လက်သန်းဖျားအရွယ်လောက်ရှိတဲ့ လိပ်သေးသေးလေး တစ်ကောင်၊ ကျောကုန်းအခွံမာပေါ်မှာ အပြာရောင်နဲ့အနက်ရောင် ရောစပ် နေတဲ့ အကွက်ကလေးတွနဲ့… ။

“ဟုတ်တယ်… ခရစ္စတင်းရဲ့၊ အဲဒီလိပ်ကလေးကို ဘလူး(Blue)လို့ ငါနာမည်ပေးထားတယ်”

“လိပ်ကလေးက တစ်ကောင်တည်းဆိုတော့ အထီးကျန်မနေဘူးလား”

“ဟုတ်တယ်… ငါက အထီးကျန်ခြင်းနဲ့ နေသားကျနေပြီလေ ခရစ္စတင်းရဲ့၊ နောက်ပြီး စဉ်းစားကြည့်တယ်၊ ငါဟာ တကယ်ပဲရွှေငါးတွေလိုအပေါင်းအသင်းတွေအများကြီးနဲ သိုက်သိုက်ဝန်းဝန်းနေချင်တာလားလို့. .. မဟုတ်ဘူး၊ အဲဒါသေချာတယ် ခရစ္စတင်းရဲ့၊ မိတ်ဆွေတွေ သိပ်များနေရင် အားလုံးပေါ်မှာ စိတ်အာရုံကို ဖြန့်ပေးနေရတော့ တစ်ယောက်ယောက်ကို အထူးတလည် ဂရုစိုက်အာရုံထားနိုင်တော့မှာ မဟုတ်ဘူး. .. ငါလိုချင်တာက မိတ်ဆွေတွေ အများကြီးမဟုတ်ဘူး၊ တစ်ယောက်တည်းပဲ… အဲဒီ တစ်ယောက်တည်းကပဲ ငါ့ကို သူ့ဂရုစိုက်မှုတွေ အားလုံးပုံအပ်ပေးနိုင်ရမယ်၊ ငါကလည်း အဲဒီတစ်ယောက်တည်းကိုပဲ ငါ့ရင်ထဲက အရာရာကို အကြွင်းမဲ့ပေးမယ်၊ ငါလိုချင်တာ အဲဒါပဲ… ခရစ္စတင်း”

လိပ်ကလေး ဘလူး(B!ue)ဟာ ကျွန်မရဲ့ နှလုံးအိမ်ကို စောင့်ရှောက်တဲ့အဖော်မွန်ပါ။ ကျွန်မ အိပ်မက်တွေကို နားလည်မှုပေးနိုင်တဲ့ မိတ်ဆွေသေးသေးလေးတစ်ကောင်ပါ။

ကျွန်မရင်ထဲမှာ ခံစားနေရတာတွေအားလုံး သူ့ကို တတွတ်တွတ်ပြောပြဖြစ်တယ်။ လိပ်ကလေးကို ကျွန်မလက်ဖဝါးပေါ်တင်ရင်း… “နောင်ဘဝမှာ ဒီလိုအထီးကျန်သူ မဖြစ်ပါရစေနဲ့” လို့ ဆုတောင်းမိ တယ်။

ဆောင်းရာသီ နှင်းစက်တွေစိုနေတဲ့ ပြတင်းပေါက်မှန်သားရဲ့နောက်က မှောင်မိုက်နေတဲ့ အခန်းကျဉ်းကျဉ်းလေးတစ်ခန်းထဲမှာ. ..

မှုန်စကားဝါညိုဆိုတဲ့ ခပ်ညံ့ညံ့ကောင်မလေးတစ်ယောက်ဟာ. .

လိပ်ကလေးတစ်ကောင်နဲ့အတူ… မီးခိုးရောင်မှိုင်းညို့နေတဲ့ ကံဆိုးခြင်း တိမ်တိုက်တွေနဲ့အတူ ကြေကွဲငြီးငွေ့ဖွယ်ရာ စိုထိုင်းထိုင်း စိတ္တဇ အိပ်မက်တွေနဲ့အတူ ငြိမ်သက်တိတ်ဆိတ်စွာနေထိုင်ပါတယ်။

အဲဒါ… ကျွန်မရဲ့ ငယ်စဉ်ကလေးဘဝပေါ့။

ရာသီဥတုက ဆိုးရွားလွန်းခဲ့တယ်

ဟင့်အင်း. .. ကျွန်မကို လောက ကစားဝိုင်းထဲ ခေါ်မသွင်းကြပါနဲ ကျေးဇူးပြု၍ ကျွန်မတစ်ယောက်တည်းပဲနေပါရစေ။ ကျွန်မဟာ “ထမင်းသိုး ဟင်းသိုး”တစ်ယောက်ပါ…..

««« »»»

ဝတ္ထုအစ



ဘဝဟာ

ဘယ်လိုအဆုံးသတ်ရမယ်ဆိုတာကိုတော့

မသိနိုင်သေးဘူး။

ဒါပေမယ့် . . .

ကျွန်မဘဝကတော့

ကိုကိုနဲ့မှ စတာပါ။

(မှုန်စကားဝါညို)


အခန်း [ ၁ ]


ဆိပ်ခံတံတားပေါ်တွင် ကျောင်းသားကျောင်းသူတွေ ပြည့်ကျပ်လျက် တစ်ယောက်နှင့်တစ်ယောက် နောက်ပြောင်ကျီစယ်သံများ၊ အော်ဟစ်ခေါ်င်သံများက ဆူညံနေသည်

ဆိုက်ကပ်ထားသော သင်္ဘောနံဘေးတွင် “ပထမနှစ် ဓာတုဗေဒ ကျောင်းသူကျောင်းသားများ မော်တင်စွန်းဘုရားဖူးခရီးစဉ်” ဟု ရေးသားချိတ်ဆွဲထားသည့် အဝတ်ဆိုင်းဘုတ်က လေအတိုးတွင် တစ်ချက် တစ်ချက် လွင့်လွင့်သွား၏

သူတို့ သင်္ဘောပေါ်တက်ကြတော့မည်

မှုန်စကားဝါညိုက သူတို့ကို ကမ်းစပ်မှ ငေးကြည့်နေမိသည် (ငေးကြည့်နေရုံသာ သူမှာတတ်နိုင်တော့သည်) ထိုအခိုက်တွင် တစ်စုံတစ်ယောက်က သူမ၏ ပခုံးကို နွေးထွေးကြင်နာစွာ ပွေ့ဖက်လာသည်။ ခရစ္စတင်းဖြစ်မှန်း လှည့်မကြည့်ဘဲ သူမသိလိုက်၏။ ခရစ္စတင်းက

“စကားဝါ .. နင် …. ငါတို့နဲ့ မလိုက်ချင်ဘူးလားဟင်”

မှန်စကားဝါညို ဘာပြန်ပြောရမည်မှန်းမသိ။ စကားပြောရန် နှုတ်ခမ်းလွှာတို့ကို အားယူ၍ ဖွင့်ခိုက်မှာပင် မျက်ဝန်းအိမ်တွင် မျက်ရည်တို့က အလိုလိုပြည့်လာ၏။ အို . ဘာဖြစ်လို့ မျက်ရည်စို့ရတာလဲ ..

“လိုက်ချင်တာပေါ့ ခရစ္စတင်းရယ်၊ တစ်တန်းလုံး ပျော်ပျော်ပါးပါး ခရီးထွက်ကြတဲ့အထဲမှာ ငါတစ်ယောက်တည်း ကျန်နေရစ်ခဲ့ရတာ”

ပြောရင်းနှင့် (ဘာကြောင့်မှန်းမသိ) မျက်ရည်စက်တွေက ပါးပြင် ပေါ် အလိုလို စီးဆင်းကျလာသည်။

“အိုး . ဆောရီး … စကားဝါရယ်၊ ငါ နင့်ကို စိတ်မကောင်းဖြစ်အောင် တမင်လုပ်တာမဟုတ်ဘူးနော်၊ ငါက နင့်ကိုလိုက်စေချင်လွန်းလို့ ပြောမိတာပါ”

မှုန်စကားဝါညို၏လက်တစ်ဖက်ကို ခရစ္စတင်းက ဖွဖွဆုပ်ကိုင်သည်။ သူတို့နှစ်ဦးသား လက်ချင်းတင်းတင်းဆုပ်ထားမိကြ၏။

မြစ်ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသည့် လေပြည်ထဲတွင် လတ်ဆတ်အေးမြသော ရေငွေ့တွေ စိမ့်နေသည်။ ဆိပ်ခံတံတားကို တဖျပ်ဖျပ် ရိုက်ခတ်ဝှေ့တိုးနေသည့် လှိုင်းထနေသော မြစ်ရေပြင်၊ ရေထဲတွင် တအိအိဖြည်းညင်းစွာ မျောနေသည့် ဗေဒါပင်အုပ်များ၊ ညွတ်ခနဲ … ညွတ်ခနဲ လှော်ခတ်ရွှေ့လျားနေကြသည့် လှေငယ်များ၊ ကမ်းမှာ အစီအရီ ဆိုက်ကပ်ထားကြသည့် မော်တော်များ၊ ကုန်းပတ်ဆီမှ ဘောတံတားနှင့်တွဲချည်ထားကြသည့် ကြိုးများက အခွေလိုက် အခွေလိုက် ပုံလျက် ..

သင်္ဘောပေါ်တက်ရန် ဟန်ပြင်နေကြသည့် ကျောင်းသားအုပ်စုထဲမှ အော်ဟစ်ရယ်မောလိုက်သံများ ထွက်ပေါ်လာပြန်သည်။ မှုန်စကားဝါညို ရင်ထဲတွင် အေးစက်တင်းကျပ်လာ၏။ တစိမ့်စိမ့် ဝမ်းနည်းနာကျင်လာ၏။ အားငယ်လာ၏။

အထီးကျန်ခြင်းဆိုသည်မှာ လက်သည်းကြားထဲဝင်နေသော ဆူးတစ်ချောင်းဖြစ်ပါသည်။

ချောက်ချားစရာကောင်းလှသည့် မုန်းတီးရွံရှာဖွယ် အိပ်မက်မှောင် မှောင်မည်းမည်းထဲတွင် တစ်ယောက်တည်း မေ့လျော့ချန်ရစ်ထားခံရသလိုမျိုး .။ သူမ လှမ်းခေါ်သည့်အသံကို မည်သူကမှ မကြားရ။ ပတ်ပတ်လည်တွင် အမှောင်ထုသာရှိသည်။

ဘုရားရေ . ငါ့အသံကို ငါကိုယ်တိုင်တောင် ပြန်မကြားရပါလား။

သူမရင်ထဲမှသာ လှမ်းအော်ခေါ်နေခြင်းဖြစ်သည်။ အမှောင်ထဲတွင် သူမ တစ်ယောက်တည်း။

အိုး.. ငါ့ကိုမထားခဲ့ကြပါနဲ့ …

ငါ့ကို မထားခဲ့ကြပါနဲ့….

ငါ တစ်သက်လုံး အမြဲတမ်း ဒီလိုပဲ တစ်ယောက်တည်း ကျန်နေရစ်ခဲ့ရတော့မှာလားကွယ်….

မြစ်ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော လန်းဆွတ်သည့် ရေငွေ့ရနံ့စိမ်းကို သယ်ဆောင်လာသူ လေညှင်းက သူမပါးပြင်ကို တိုးဝှေ့သည်။ ပါးပြင်ပေါ်မှာ အေးစက်စက် ခြောက်ကပ်တင်းမာသွားသော အတွေ့ကို ခံစားရ၏။

ဪ.. . အဲဒါ ငါ့ပါးပြင်ပေါ်က မျက်ရည်စတွေပေါ့….

သူမ၏ ပခုံးကို သိုင်းဖက်ထားသည့် ခရစ္စတင်းက ..

“ဒီလိုလုပ်ဟာ .. သင်္ဘောက နောက် လေးဆယ့်ငါးမိနစ်လောက်ဆိုရင် ထွက်တော့မှာ ….. နင့်အဘွားဆီကို ငါလိုက်ပြီး ခွင့်တောင်းပေးဖို့ အချိန်မရှိတော့ဘူး။ ဒီတော့ ငါပြောသလိုလုပ် အခု …. နင်အိမ်ကို မြန်မြန်ပြန်သွား၊ အဘွားမသိအောင် အဝတ်အစား သုံးလေးစုံလောက် အမြန်ထည့်ပြီး တိတ်တိတ်ကလေး လစ်ထွက်လာခဲ့၊။ စိတ်မပူအောင် အကျိုးအကြောင်းတော့ စာရေးပစ်ခဲ့ပေါ့ တို့က နှစ်ရက်လောက်ပဲ ကြာမှာပဲ၊ ပြန်ရောက်တော့မှ နင့်အိမ်ကို ငါလိုက်ပြီး အဘွားမဆူအောင် ဝိုင်းရှင်းပြပေးမယ်။ ငါက အတင်းခေါ်သွားလို့ပါ၊ ဘာ ညာနဲ့ ပြောရင် အဘွားခွင့်လွှတ်မှာပါ”

ဘုရားရေ . ခရစ္စတင်း၏ဆုံးဖြတ်ချက်ကို နားထောင်ပြီး သူမ လန့်သွားသည်။

ဟင့်အင်း … သူမ အဲသည်လောက်သတ္တိမရှိပါ။ သို့သော် သူငယ်ချင်းများနှင့် (ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် တစ်ခါမှ ခရီးမသွားဖူးသောကြောင့် သူမ အရမ်းလိုက်ချင်နေသည် နောက်ပြီး… ခရစ္စတင်းသာဆိုလျှင် ဘာပြောပြော အဘွားက လက်ခံနေကျ။ မှုန်စကားဝါညို တွေးရင်း ရင်ထဲမှာ တလှပ်လှပ်ဖြစ်လာ၏။

“ဖြစ်ပါ့မလား ခရစ္စတင်းရယ် .. တော်ကြာ ..”

“ဪ …. နင်ကလည်း ငါတို့က မကောင်းတာသွားလုပ်တာမှ မဟုတ်ဘဲ .. နောက်ပြီး နင့်အသက် ၂၀ ကျော်နေပြီ၊ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်တဲ့ အသိဉာဏ်လည်းရှိနေပြီပဲ.. ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်တာဝန်ယူရဲဖို့ပဲ လိုတယ်။ နေရာတကာ အဘွားရဲ့ အကာအကွယ် အစောင့်အရှောက်ကိုချည်းပဲ အားကိုးနေလို့မရတော့ဘူး..”

အနည်းငယ်ထူးဆန်းသော ခံစားမှုတစ်မျိုးဖြင့် မှုန်စကားဝါညို တုန်လှုပ်သွားသည်။

“အသက် ၂၀ ကျော်နေပြီ .. နေရာတကာမှာ အဘွားရဲ့ အကာအကွယ် အစောင့်အရှောက်ကိုချည်းပဲ အားကိုးနေလို မရတော့ဘူး” .. တဲ့။

“အင်း .. င့ါအဘွားကို ဘယ်သူကမှလည်း အဲသည်လို သွားမသင်ပေးကြဘူး” ဟု သူမ အူကြောင်ကြောင်နိုင်စွာ တွေးမိ၏။ အဘွားက သူမကို (ဖြစ်နိုင်လျှင်) ကလေးတစ်ယောက်လို ဒူးခေါင်းနှစ်လုံးကြားထဲ ညှပ်ပြီး အတင်းချုပ်ကာ ဘရပ်(ရှပ်) (Brush)ဖြင့် တိုက်ပြီး ရေချိုးပေးဖို့ စိတ်ကူးနေဆဲပင်ဖြစ်၏။ (အဲသည်လို မြင်ကွင်းမျိုးကို မြင်ရလျှင် လူတကာ ရယ်မောကြလိမ့်ဦးမည်မှာ သေချာပါသည်)

“ကဲ … စကားဝါ .. လိုက်မယ်ဆို မြန်မြန်လုပ်၊ သင်္ဘောကထွက်တော့မှာ အချိန်မရှိဘူး”

ခရစ္စတင်း၏စကားက သူမ၏ တွေဝေနေသောစိတ်ကို ဆောင့်တွန်းလွှတ်လိုက်သလို ဖြစ်သွား၏။

ဝုန်းခနဲ . သူမလှည့်ပြီး ပြေးထွက်သွားသည်။

သင်္ဘောဆိပ်နှင့် သူမအိမ်က တစ်ဆယ့်ငါးမိနစ်ခန့် လမ်းလျှောက်ရမည့် အကွာအဝေးဖြစ်သောကြောင့် ဆိုက်ကားတစ်စီးကို ငှားလိုက်၏

“ဆိုက်ကားဆရာ ….. မြန်မြန်လေး နင်းပေးပါနော်”

စိုးရိမ်မကင်းသော ပျော်ရွှင်မှုတစ်မျိုးဖြင့် သူမ ရင်ခုန်လာ၏။

အိမ်ရှေ့တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်လျှင် ဝင်လိုက်ချင်း ကြောင်များကို အစာကျွေးနေသည့် အဘွားဖြစ်သူကို တွေ့ရသည်။ အဘွားက

“ဟဲ့.. စကားဝါ၊ ဈေးဘက်သွားပြီး မြက်ခုတ်တဲ့ ဓားသုံးချောင်းလောက် သွားဝယ်စမ်း၊ ဥက္ကံရွာသစ်က ငါ့ကြက်ခြံမှာ မြက်တွေရှင်းရအောင်လို့”

အဘွားဘယ်တုန်းက ရွာဘက်ဆင်းပြီး ကြက်မွေးဖို့ ခြံဝယ်လိုက်ပါလိမ့် … ဟု တွေးရင်း အံ့သြသွား၏။

“ဟုတ်ကဲ့ ဘွားဘွား . ညနေကြရင် သမီးသွားဝယ်ထားလိုက်ပါ့မယ်၊ မြက်တွေက တော်တော်ရှည်နေပြီလား”

“ဟင့်အင်း … ပေါက်တောင်မပေါက်သေးဘူး”

သူမစိတ်ညစ်သွား၏။

“နေပါဦး ဘွားဘွေားရဲ့၊ ကြက်ခြံက ဘယ်တုန်းက သွားဝယ်ထားလိုက်လို့လဲ၊ သမီးတောင် မသိဘူး”

“ခြံက မဝယ်ရသေးပါဘူးအေ…. ညည်းဦးလေးက အဲသည်ဘက်မှာ ဝယ်ထားပါလားလို့ အကြံပေးလို့ပါ”

သူမ … ရယ်လည်းရယ်ချင်၊ စိတ်လည်းညစ်သွားသည်။

“ဟာ… ဘွားဘွားကလည်း .. ခြံကဖြင့် ဘယ်နားနေမှန်းတောင် မသိဘူး၊ မြက်ခုတ်ဖို့ ဓားအရင်ဝယ်ခိုင်းနေတယ်”

ဟု နှုတ်မှ စူပွပွ ပြောရင်း အခန်းထဲဝင်ခဲ့သည်

“ဟဲ့.. .ညည်းတို့ ခေတ်ကာလသားသမီးတွေ ခက်တာပဲ၊ ဘာမဆို ရှေ့ရေးကို ကြိုတွေးရတယ်ဟဲ့”

မှုန်စကားဝါညိုက အခန်းတံခါးကို ပိတ်လိုက်သောကြောင့် အဘွား၏တတွတ်တွတ် ရေရွတ်နေသော စကားသံက ဝေးသွားသလိုလို တိုးသွားသလိုလို အောက်မေ့ရသည်။

အခန်းတံခါးကို သော့ချပြီးသည်နှင့် ဗီရိုထဲမှ ခရီးဆောင်အိတ် ကို ကမန်းကတန်းထုတ်သည်။ နောက် .. ဇစ်ကိုဖွင့်ပြီး ယူသွားရမည့် အဝတ်အစား သုံးလေးထည်ကိုရွေး၏။

“ငါတို့ လူကြီးတွေက အမြှော်အမြင်နဲ့ ပြောပြန်ရင်လည်း ညည်းတို့က မကြိုက်ချင်ဘူး။ ဟော … အခု ငါ ညည်းဦးလေးကို မှာလိုက်တယ်၊ ဥက္သံရွာသစ်ရောက်ရင် မြေတွေ ဘယ်ဈေးရှိလဲ စုံစမ်းခဲ့၊ အလုပ်သမားရှာခဲ့၊ ကြက်ပေါက်တွေ ဘယ်ဈေးရှိလဲ တစ်ခါတည်း စုံစမ်းပြီး သံကြိုးပြန်ရိုက်လိုက်ဖို့ ခိုင်းပြီးသား ဟော . . ကြည့်စမ်း၊ ညည်းကျတာ့ မြက်ခုတ်ဖို့ ဓားကလေး ဝယ်ခိုင်းတာတောင် ပေကတ်ကတ် လုပ်နေတာ”

အဘွား၏စကားတွေကို မှုန်စကားဝါညို နားထဲမှာ ကြားတစ်ချက် .. မကြားတစ်ချက်၊ အင်း .. ဘောင်းဘီတွေချည်းပဲ ယူသွားလို့တော့ မဖြစ်သေးပါဘူး။ ထဘီနဲ့ မိန်းမဝတ်အင်္ကျီလည်း တစ်စုံလောက်ထည့်သွားဦးမှပါ။

သူမ ခရီးဆောင်အိတ်ထဲသို့ အဝတ်အစားများကို ကမန်းကတန် ထိုးထည့်သည်။ ထိုအခိုက်တွင် အခန်းတံခါးကို တဒုန်းဒုန်းထုသံနှင့်အတူ… .

“ဟဲ့ . စကားဝါ၊ ဘာလုပ်နေလဲ၊ တံခါးဖွင့်စမ်း အခုထွက်ခဲ့စမ်း”

အဘွား၏ခေါ်သံကြောင့် သူမတစ်ကိုယ်လုံး ဆက်ခနဲတုန်ယင် သွား၏။

ဒုက္ခပါပဲ။

သူမ ခေါင်းထဲတွင် ပူထူပြီး မူးမိုက်သလိုလို ဖြစ်လာသည်။ တံခါးကို ခပ်ဟဟလေးဖွင့်လိုက်ပြီး အကြောက်ကြောက် အလန့်လန့်ဖြင့်

“အဘွား …. ဘာလိုချင်လို့လဲ”

“ညည်းဦးလေး ပို့လိုက်တဲ့ သံကြိုးတွေ့မိသေးလား”

တော်ပါသေးရဲ့ . တွေးမိပြီး သူမစိတ်အေးသွားသည်။

“သံကြိုး .. ဪ … အင်း .. အင်း တွေ့မိတယ် ဘွားဘွားရဲ့ မီးဖိုဘေးမှာ . လာ. လာ”

တံခါးကို ခပ်မြန်မြန် ဖျတ်ခနဲဖွင့်ကာ အပြင်သို့ ခုန်ထွက်လိုက်ပြီး အဘွားကို မီးဖိုချောင်ဆီ အတင်းလက်ဆွဲခေါ်လာခဲ့၏။

“ဟော ဒီမှာလေဘွားဘွားရဲ့ သံချေးတောင် နည်းနည်းတက်နေပြီ၊ ဘွားဘွား ဒီသံကြိုးကြီးနဲ့ ဘာချည်မလို့လဲဟင်”

“ဟာ.. ခက်တာပဲ၊ ဒီလိုချည်တဲ့သံကြိုးကို ပြောတာမဟုတ်ဘူး ဟိုဒင်း … ရိုက်တဲ့ သံကြိုး”

“ရိုက်တာဆိုရင်တော့ သံကြိုးမဟုတ်လောက်ဘူး၊ သံတုတ်ပဲဖြစ်မှာပေါ့ ဘွားဘွားရဲ့”

အဘွားက စိတ်တိုတိုဖြင့် .. .

“နင့်ဦးလေးပို့လိုက်တဲ့ သံကြိုးစာကိုပြောတာဟဲ့” ဟု အော်၏။

အဘွားနှင့် ဝေးရာသို့ ခပ်သုတ်သုတ် လစ်ထွက်လာခဲ့သည်။

သူမအတွက် အချိန်သိပ်မရှိတော့။ သူမနှင့် ခရစ္စတင်းတက်နေသည့် ဒေသကောလိပ်မှ ကျောင်းသူကျောင်းသားများ မော်တင်စွန်း ဘုရားဖူးအစီအစဉ်နှင့် လိုက်သွားမည့်အကြောင်း၊ နှစ်ရက်ခန့်သာ ကြာမည့်အကြောင်း စာတိုလေးတစ်စောင် ရေးပြီး ဧည့်ခန်းစားပွဲပေါ်တင်ကာ စာရွက်ခေါက်ကို ပန်းအိုးလေးဖြင့် ဖိထားလိုက်သည်။

အဘွား မီးဖိုချောင်ထဲ ရောက်နေခိုက် အိမ်ရှေ့တံခါးမှ ဆင်းမည်ဖြစ်သောကြောင့် အခန်းထဲ အမြန်ဝင်ကာ အဝတ်အစားထည့်ထားသည့် ခရီးဆောင်အိတ်ကို အမှတ်တမဲ့ ဇစ်ပြန်ဆွဲပိတ်လိုက်၏။

နောက် ..အခန်းပြတင်းပေါက်ဘေးမှ မှန်ရေကန်လေးအနီးသို့သွားပြီး လိပ်ကလေး ဘလူး (Blue) ကို အစာကျွေးရင်း တီးတိုးနှုတ်ဆက်လိုက်သည်

“ဘလူး (Blue) ရေ .. လိမ်လိမ်မာမာနေခဲ့နော်၊ ငါ အမြန်ဆုံ ပြန်လာခဲ့မယ် … သိလား၊ အားမငယ်နဲ့၊ ငါ နင့်ကို လွမ်းနေမှာပါ”

ခရီးဆောင်ကျောပိုးအိတ်ကို ပခုံးမှာ လွယ်လိုက်သည်။ နောက် ခြေသံမကြားရအောင် ဖွဖွကလေးနင်းပြီး အိမ်ပြင်သို့ ခပ်သုတ်သုတ် ပြေးဆင်းခဲ့၏။ နာရီကို ကြည့်လိုက်တော့ သင်္ဘောထွက်ဖို့ ဆယ့်ငါးမိနစ်မျှ လိုသေးသည်။

လမ်းပေါ်တွင် အဆင်သင့်တွေ့ရသော တက္ကစီတစ်စင်းကို လက်ပြတားလိုက်သည်။

ခုချိန်ထိတော့ ..

(အံ့အားသင့်စရာကောင်းလောက်အောင်) အားလုံးအဆင်ပြေနေသေး၏။

သင်္ဘောဥသြဆွဲသံကြားရသည်။

“ဟေးခနဲ” ကျောင်းသားတွေ အော်ဟစ်လိုက်ကြ၏။ တချို့ သင်္ဘောပေါ် ပြေးတက်ကြသည်။ သူ့ထက်ငါ နေရာဦးကြ၏။ တချို့က သင်္ဘောဆိပ်ခံ တံတားပေါ်ချထားသော အထုပ်အပိုးများ ခရီးဆောင်အိတ်များကို သယ်ကြပိုးကြ၊ လက်ဆင့်ကမ်းကြ၏။ တချို့က အမှတ်တရ ဓာတ်ပုံရိုက်ကြ၏။

“ဟဲ့ . ဟဲ့ … စကားဝါ၊ တော်ပါသေးရဲ့၊ ငါက နင်အချိန်မီမှ ပြန်ရောက်ပါ့မလားလို့”

ခရစ္စတင်းက လှမ်းနှုတ်ဆက်ရင်း မှုန်စကားဝါညို၏လက်ထဲမှ ခရီးဆောင်အိတ်ကို လက်ကမ်းယူလိုက်၏။ မှုန်စကားဝါညိုက မောမောပန်းပန်းဖြင့် အိတ်ကို လှမ်းယူလိုက်သောအခါ ..

“ဟင် ….. စကားဝါ၊ နင့်အိတ်ကြီးက လေးလှချည်လား၊ အဝတ်အစား သုံးစုံလောက်ပါရင်ရတဲ့ဟာ၊ နင် ဘာတွေထည့်လာတာလဲ”

မှုန်စကားဝါညို စိတ်ထဲ ဇဝေဇဝါဖြစ်သွား၏။ အင်း … ဟုတ်တော့ဟုတ်တယ်။ လိုအပ်တာထက်ပိုပြီး လေးလံနေသလိုပဲ .. ဟု တွေးလိုက်ရင်း .

“ငါလည်း အဝတ်အစား သုံးစုံပဲ ထည့်လာတာပါပဲဟာ”

“ပြစမ်း .. ကြည့်ရအောင်”

ခရစ္စတင်းက သွက်လက်စွာဖြင့် ခရီးဆောင်အိတ်ဇစ်ကို ဆွဲဖွင့်လိုက်၏။

“ညောင်”

ဘုရားရေ .. ကြောင်တစ်ကောင်ပါလား။

“ဟယ် .. ကြောင်ကလေးတစ်ကောင်ဟဲ့”

“ဟုတ်ပါရဲ့၊ ဘွားဘွားရဲ့ကြောင်ကလေးပဲ၊ ငါ … အိတ်ကို ဖွင့်ပြီး အပြင်ခဏထွက်သွားတုန်း အိတ်ထဲဝင်ပြီး အဝတ်အစားပုံပေါ် ဝင်ခွေနေတာဖြစ်မယ် .. ခရစ္စတင်းရဲ့”

လမ်းတစ်လျှောက်လုံးမှာလည်း သင်းက အသံမထွက်။ အိပ်ပြီးလိုက်လာသလား မသိ။ ဒုက္ခပါပဲ… ဟု မှုန်စကားဝါညို တွေးမိသည်။

အရေးအကြောင်းဆိုလျှင် ဘာလုပ်ရမှန်း သူမသိတော့။

“ဘယ်လိုလုပ်ကြမလဲ ခရစ္စတင်း၊ ဒီအကောင်ကို ခရီးတစ်လျှောက်လုံး ခေါ်သွားလည်း မဖြစ်ဘူး၊ ငါ အိမ်ပြန်ပို့ရင်လည်း နင်တို့နဲ့ ခရီးထွက်ရတော့မှာ မဟုတ်ဘူး၊ အကြံပေးပါဦးဟယ်”

ခရစ္စတင်းက ခေါင်းကိုကုတ်ရင်း .

“ဒီလိုလုပ်ဟာ … ဒီသင်္ဘောဆိပ်ကနေ မြို့ထဲပြန်မယ့်လူ တစ်ယောက်ယောက်ကို ရှာပြီး ကြောင်ကလေးကို အိမ်ပြန်ပို့ပေးပါလို့ အကူအညီတောင်းပေါ့၊ လိပ်စာပေးပြီး လမ်းညွှန်လိုက်ရင် ရမှာပါ”

“ဟယ် … ဘယ်သူက ဒုက္ခခံပြီး တကူးတက ကူညီမှာလဲဟာ”

“ဒါကတော့ လူပုံပန်းကြည့်ပြီး ရွေးရမှာပဲ၊ သနားတတ်မယ့် လူမျိုးပေါ့ဟာ ….. မျက်နှာကြည့်ရင် သိပါတယ် .. ဟော ဟိုမှာ”

ခရစ္စတင်း လက်ညှိုးထိုးပြရာသို့ လှမ်းကြည့်လိုက်သောအခါ အသက် ၅၀ အရွယ်ခန့် သဘောကောင်းပုံရသော ပါးဖောင်းဖောင် ဝဖိုင့်ဖိုင် လူကြီးတစ်ယောက်ကို မြင်ရ၏။ မိတ်ဆွေတစ်ယောက်ယောက်ကို သင်္ဘောဆိပ်လိုက်ပို့ပြီး မြို့ထဲပြန်မည့်ပုံမျိုးဟု ခန့်မှန်းရသည်

ခရစ္စတင်းက ….

“ဦးလေး .. ဒီကြောင်ကလေး ယူသွားပေးပါလား၊ သမီးတို့က ခရီးသွားမှာ …. အဲဒါ .. ဒီကြောင်ကလေးပါလာလို့ .. ဟိုဒင်းလေ . အိမ်က …”

ထိုလူဝကြီးက ဝမ်းသာအားရဖြင့် ကြောင်ကိုယူရန် လက်လှမ်းရင်း....

“အေး ….. ပေးလိုက်၊ သမီး … ပေးလိုက်၊ ဦးလေးကလည်း ကြောင်သားဆို သိပ်ကြိုက်တာ”

ခရစ္စတင်း လက်တွန့်သွား၏။ ဟင် ….. ဒါဆို မဖြစ်ဘူး …ဟု လွှတ်ခနဲ ညည်းတွားလိုက်သည်။ မှုန်စကားဝါညိုက အတင်းလက်ဆွဲပြီး ထိုလူဝကြီးနှင့် ဝေးရာသို့ ဆွဲခေါ်လာ၏။ ခပ်လှမ်းလှမ်းအရောက်တွင် ခရစ္စတင်းက …

“ငါ လူကဲခတ်လွဲသွားတယ်ဟာ … အဲဒီ ရေမြင်းလိုပုံစံနဲ့လူကြီးက ဘယ့်နှယ်လုပ် သနားတတ်မှာလဲ၊ တွေ့သမျှ အကုန်လုံးစားပစ်ဖို့လောက်ပဲ စိတ်ကူးနေမှာ”

“ဟုတ်တယ်ဟ၊ အဆင်မပြေရင် လူသားတောင် စားချင်စားမယ့် ရုပ်ကြီး”

သူတို့နှစ်ယောက်သား ပွစိပ္ပစိဖြင့် မကျေမနပ်ပြောပြီး ခပ်သုတ်သုတ် လျှောက်လာခဲ့ကြ၏။ ထိုစဉ်မှာပင် ဒုတိယအကြိမ် သင်္ဘောဥဩဆွဲသံကို ကြားလိုက်ရသည်

“အဲတော့ ….. နောက် ငါးမိနစ်ဆို သင်္ဘောထွက်တော့မယ်၊ လုပ်ပါဦး … ခရစ္စတင်း”

မှုန်စကားဝါညို ပျာယာခတ်နေသည်။ ကြောင်ကလေးကလည်း တညောင်ညောင် အော်နေ၏။ မှုန်စကားဝါညိုက စိတ်ပူစွာဖြင့် ငါ ဘာလုပ်ရမလဲ၊ ဒီလောက်အထိ ကြိုးစားပမ်းစား ဆုံးဖြတ်ထွက်လာခဲ့ပြီးမှ အိမ်ကို ပြန်ရတာနဲ့ပဲ နိဂုံးချုပ်ရတော့မှာလား … ဟု တွေးတောနေမိသည်။ အိမ်ပြန်သွားလျှင်လည်း အဘွားက ဆူမည်ရိုက်မည်မှာ သေချာ၏။

ထိုအခိုက်တွင် . ခရစ္စတင်းက သူမလက်ထဲသို့ကြောင်ကလေး ကို ကမ်းပေးရင်း ..

“ဟောဟိုမှာ ဂီတာလွယ်ထားတဲ့လူကို သွားပေးကြည့်ပါလား”

မှုန်စကားဝါညိုက ကြောင်ကလေးကို ပွေ့ချီလိုက်ရင်း ခရစ္စတင်း ညွှန်ပြရာသို့ လှမ်းကြည့်လိုက်၏။ (ရုတ်တရက် မထင်မှတ်ဘဲ သူမ၏ လက်ဝဲဘက်မျက်ခမ်းက တဆတ်ဆတ် လှုပ်လာသည်) ဂီတာလွယ်ထားတဲ့. . . လူ…

အို .. ဘုရားရေ .. .

ဂျင်းဘောင်းဘီ ဖြူဖျော့ဖျော့ကို ဝတ်ဆင်ထားသော ကိုယ်ဟန် မတ်မတ်နှင့် ခန္ဓာအချိုးအဆစ်ကို သတိထားမိ၏။

အိုး. . ကြည့်ကောင်းလိုက်တာကွယ်။

အပြာရောင် ပါးလျားစွတ်စိုနေသည့်အင်္ကျီကို တံတောင်ဆစ်နားရောက်သည်အထိ လက်ခေါက်တင်ထား၏ ။ အပေါ်ဆုံး ရင်ဘတ်ကြယ်သီးနှစ်လုံးကို ဖြုတ်ထားသောကြာင့် အတွင်းမှ ဖြူလွဖွေးဆွတ်နေသည့် တီရှပ်ကာ ခပ်ဟဟပေါ်နေသည်။

ဆောင်းဦးတိမ်တိုက်တစ်ခုလို လွတ်လပ်လွင့်မျောစွာ အေးဆေးငြိမ်းချမ်းလှသည့် သူ့အသွင်အပြင်ကို ကြည့်ရင်း စကားဝါ ရင်ခုန်လာ၏။

ဘာရယ်မဟုတ်ပါဘဲ သူမ .. မျက်ဝန်းတွေကို ပိတ်လိုက်မိသည်၊၊

အို … မျက်ခမ်းတေ တဆတ်ဆတ်လှုပ်နေပါလား။

ဘုရားရေ … နမိတ်က ဆိုးလိုက်တာ။

“ဟဲ့ … စကားဝါ၊ သွားလေ .. ဘာလုပ်နေတာလဲ”

ခရစ္စတင်း၏ စကားသံကြောင့် သူမ ရုတ်တရက် လန့်ဖျပ်သွား၏။ ဟုတ်ပါရဲ့ .. ငါ ဘာလုပ်နေမိပါလိမ့်။

သူ့ထံသို့ သူမ တစ်ချက်လှမ်းကြည့်ဖြစ်ပြန်သည်။ ထို“သူ” ကလည်း သူ့ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည့် ကောင်မလေးနှစ်ယောက်ကို သတိထားမိဟန်ဖြင့် ဆတ်ခနဲလှည့်အကြည့်နှင့် ဆုံသည်

မှုန်စကားဝါညို ခြေဖျားလက်ဖျားများ အေးစက်တောင့်တင်းသွား၏။

အို ဘယ်လိုဖြစ်နေတာလဲ၊ ငါသေတော့မှာပဲ။

“ဟင့်အင်း .. နင်ပဲ သွားပေးလိုက်ပါ ခရစ္စတင်းရယ်”

“ဒုက္ခပါပဲ . နင် ဘာဖြစ်နေတာလဲ စကားဝါ”

သူမ ဘာဖြစ်နေသည်ကို သူမကိုယ်တိုင်လည်း နားမလည်။ သူ၏ မျက်ဝန်းရှေ့အလင်းအောက်တွင် ယောက်ျားပေါင်းများစွာကို မြင်ခဲ့တွေ့ခဲ့ဖူးသည်မှာ တစ်သက်တာလုံး မရေမတွက်နိုင်အောင် များလှပြီ။

“သူ့ကို ဖျတ်ခနဲ တစ်ချက် မြင်လိုက်ရုံနဲ့ ငါဘာဖြစ်လို့ ရင်ခုန်သွားရတာလဲ” ..

၁ . ၂ . . ၃ . . .

ကျွန်မဟာ ကိုကို့ကို မြင်မြင်ချင်း သေဆုံးသွားခဲ့သူပါ ကိုကို

“ကိုယ် … မင်းတို့ကို ဘာကူညီရမလဲ”

သူမ၏နောက်ကျောမှကပ်၍ ထွက်ပေါ်လာသော စကားသံကြောင့် ဆတ်ခနဲ တုန်ယင်သွားပြီး လုည့်ကြည့်လိုက်၏။

ရုတ်တရက် “သူ” က အနားသို့ ရောက်လာသောကြောင့် မှုန်စကားဝါညို ဘာပြန်ပြောရမှန်းမသိ။ သူ့မျက်ဝန်းတွေကိုသာ အညှို့ခံထားရသူတစ်ယောက်လို ငေးစိုက်ကြည့်နေမိသည်။

“သူ့” မျက်လုံးတွေက ကြင်နာတတ်သူတစ်ဦး၏ အသွင်အပြင်မျိုး မီးခိုးရောင်ဖျော့ဖျော့သမ်းနေ၏။ ဆံပင်တွေက နူးညံ့ပျော့ပျောင်းစွာ နဖူးပေါ်ဝဲကျနေသည်။ အရိုးဖြောင့်ဖြောင့် ဓားတစ်လက်နှင့်တူသော နှာတံက စူးရှထင်ရှားလျက်။

သူ့မျက်နှာတစ်ခုလုံးတွင် အားနည်းချက်တစ်ခုသာရှိသည်။ သူ့နှုတ်ခမ်းအစုံက အဖျားသွယ်ပြီး အရောင်ဖျော့လွန်းနေခြင်းဖြစ်၏။ ဘာရယ်ကြောင့်မှန်းတော့မသိ တစ်ခုခု လိုအပ်လစ်ဟာနေသလိုလို မည်သို့ပင်ဆိုစေကာမူ ….. ထိုဖြူရော်ရော်နှုတ်ခမ်းပါးပါး တစ်စုံကြောင့်ပင် “သူ့” မျက်နှာသည် အေးဆေးနူးညံ့သည့် အသွင်ဆောင်နေပြီး တစ်မျိုးတစ်ဖုံ တပ်မက်ဖွယ်ကောင်းနေလေသည်။

မှုန်စကားဝါညိုက ..

“ဟို .. ကျွန်မရဲ့ကြောင်ကလေး ..”

ပြောမိပြီးမှ အသံတွေက တုန်ယင်လာသောကြောင့် စကားမဆက်နိုင်ဘဲ ရပ်ပစ်လိုက်ရသည်။

“ပြောပါ .. ကြောင်ကလေး ဘာဖြစ်လို့လဲ”

စကားဆက်ပြောဖို့ရန် ခွန်အားဖြည့်ကူပေးသလို ပြောလိုက်သည့် သူ့စကားသံက နွေးနွေးထွေးထွေး တိုက်တွန်းနေဟန် နှစ်လိုဖွယ်အငွေ့ အသက်ပါသည်။

“ကျွန်မတို့ ခရီးထွက်မလို့ … အဲဒါ ကြောင်ကလေးက မမျှော်လင့်ဘဲ ပါလာလို့ အိမ်ပြန်ပို့ဖို့ခက်နေတယ်။ ဟို .. ဒီက လမ်းကြုံမယ်ဆိုရင် အိမ်ကို ဝင်ပို့ပေးဖို့ အကူအညီတောင်းချင်လို့၊ အိမ်က ဒီနားလေးတင်ပါ … အဲဒါ”

“ကိုယ်. ဒီမြို့ကိုလာလည်တဲ့ ဧည့်သည်ပါ ဟင်္သာရပ်ကွက်ကိုသွားမှာ၊ ဒီနားက ရပ်ကွက်တွေကိုတော့ သိပ်ကျင်ကျင်လည်လည် မသွားတတ်သေးဘူး၊ ဘယ်လမ်းက ဘယ်လိုသွားရတယ်ဆိုတာ ပြောပြလိုက်ရင်တော့ ကိုယ်ကူညီနိုင်မှာပါ”

ခရစ္စတင်းက “ရပါတယ်၊ ကျွန်မတို့ တက္ကစီငှားပေးပြီး ဒရိုင်ဘာကိုလိပ်စာပြောလမ်းညွှန်လိုက်မယ်လေ၊ ကျွန်မတို့ရပ်ကွက်ကနေ ဟင်္သာရပ်ကွက်ကို ဆက်သွားလို့လည်း လွယ်တယ်”ဟု ဝင်ပြော၏။

မှန်စကားဝါညိုကတော့ ဟိုး… အမြင့်ကြီးကို မော့ကြည့်နေရသူ တစ်ယောက်လိုမျိုး ရင်ထဲ တင်းကျပ်ကာ မောနေသည်။

အို …ငါ မျက်ခမ်းတွေကလည်း လှုပ်လိုက်တာ.။

လက်ဝဲဘက် အောက်မျက်ခမ်းလှုပ်ရင် ငိုရတတ်သတဲ့…

သူနဲ့ဆုံရတာ ငါ ငိုရဖို့များလားကွယ်။

ထိုလူစိမ်းက ငေးငိုင်နေသော မှုန်စကားဝါညိုကို လှမ်းကြည့်ပြီး တစ်ချက်ပြုံးပြသည်

ထိုအပြုံးကြောင့် သူမရင်ထဲတွင် သစ်ပင်တစ်ပင်ပေါက်လာလေသည်။

ထိုစဉ်.. နောက်ဆုံးအကြိမ် သင်္ဘောဥဩဆွဲသံကို ကြားလိုက်ရသည်။

ကျေးဇူးတင်ပါတယ် .. ကိုကို…

သင်္ဘောလက်ရန်းသံတိုင်ကို မှီရပ်ကာ ကမ်းဆီငေးရင်း စောစောကမပြောဖြစ်လိုက်သည့် ကျေးဇူးစကားကို သူမစိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။ သင်္ဘောက ရွေ့လျားစပြုပြီ

သူမ၏ ရင်ထဲမှ သစ်ပင်က မရွေ့လျား။ အမြစ်တွေသာ ခိုင်သထက် ခိုင်လာသည်

ထိုသစ်ပင်၏အမြစ်များကို “အချစ်”ဟု အမည်ကမ္မည်းတပ်ရမည် ထင်သည်။

အို . ဟုတ်ရဲ့လား… ဒါဟာ အိပ်မက်တစ်ခုများလား။

အသေအချာ ဆုံးဖြတ်ဖို့ရန် သူမစိတ်က မဝံ့မရဲဖြစ်နေသည်

ကျွန်မရဲ့ရင်ထဲက ထင်မြင်ချက်တွေက ဟိုး … ငယ်ငယ်လေးကတည်းက လူရာအသွင်းမခံခဲ့ရလို့ ထင်ပါရဲ့။ တစ်စုံတစ်ရာကို သေချာပစ်လိုက်ဖို့ကို ကြောက်နေတယ်။

ကျွန်မဟာ “ထမင်းသိုး၊ ဟင်းသိုး” တစ်ယောက်ပါ။

««« »»»

အခန်း [ ၂ ]



ငှက်တွေဟာ…

တစ်သက်လုံး

သီချင်းတစ်ပုဒ်တည်းကိုပဲ

ထပ်တလဲလဲ ဆိုကြတယ်. . .။

ငါဟာ ငှက်တစ်ကောင်ပေါ့…

ငါ့ဘဝရဲ့ တစ်ပုဒ်တည်းသော

သီချင်းကတော့ မင်းပါပဲ. . .


 

 

ခရစ္စတင်း ပြောသမျှကို နားထောင်ပြီးသောအခါ အဘွားကလက်ထဲမှ ကြိမ်လုံးကို လွှတ်ချလိုက်သည်။ နောက်. .. သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ရင်း

“တကတည်းတော်… ငါ့မှာ ဘယ်လောက်စိတ်ပူရတယ်မှတ်လဲ၊ ငါ့ကို ကောင်းကောင်းမွန်မွန်ပြောပြီး ခွင့်တောင်းပါလား မိစကားဝါရဲ့၊ ဟင်း. .. ဒါပဲ. .. နောက်တစ်ခါဆို ဘယ်သွားသွား ငါ့ကို အရင်ခွင့်တောင်း. .. ကြားလား”

ခွင့်မတောင်းဘဲ အခုလိုထွက်သွားပြန်တော့လည်း သူ့ကို မပြောရ ကောင်းလားဟု ဆူသည်။ ခွင့်တောင်းပြန်တာ့လည်း ဟိုဟာဖြစ်မှာစိုးလို့… ဒီဟာနဲ့ မသင့်တော်လို့ အကြောင်းအမျိုးမျိုးပြပြီး တားမြစ်ဦးမည်… ဟု မှုန်စကားဝါညို စိတ်ထဲက ကြိုသိနေသည်။

ဘွားဘွားက ငါ့ကိုချစ်လို့ အစိုးရိမ်ကြီးတာပဲဟု နားလည်စွာတွေးလိုက်မိသည့်တိုင် လူငယ်တစ်ယောက်အနေဖြင့် လွတ်လပ်မှုကို ဆာလောင်တောင့်တမိလေသည်။ ကြည့်စမ်း. . လူကြီးတွေဆီမှာလူငယ်တစ်ယောက်ကို တားမြစ်ဖို့ အကြောင်းပြချက်တွေ လုံလုံလောက်လောက်ကြီး ရှိနေနိုင်လိုဂာ်တာ. ..။

“စိတ်ချပါ အဘွားရယ်… နောက်ကို ဒီလိုမဖြစ်စေရပါဘူး၊ အခုဟာကလည်း ကမန်းကတန်းဖြစ်သွားလို့ပါ”

ခရစ္စတင်းက အဘွားကျေနပ်သည်အထိ ဆက်တောင်းပန်နေခိုက်တွင် မှုန်စကားဝါညိုက အခန်းထဲဝင်ပြီး လိပ်ကလေးဘလူး(Bilue)ကို အစာကျွေး၏။ ဘာကြောင့်မှန်းမသိ. .. သင်္ဘောဆိပ်မှာ တွေ့ခဲ့ရသော ဂစ်တာလွယ် ထားသည့် “သူ့” မျက်နှာကို ဖျတ်ခနဲ ပြန်မြင်ယောင်မိသည်။

အို… ဘလူး(Blue)ရယ်၊ နင့်ကို ငါ အဲဒီလူအကြောင်း ပြောပြချင်လိုက်တာ.. .။

နင်လည်းအဲဒီလူကို မြင်ရင် သိပ်ချစ်သွားမှာပဲ. .. သိလား။

သူမက လိပ်ကလေးကို လက်ဖဝါးပေါ်တင်ပြီး စကားတတွတ်တွတ် ပြောနေသည့်အခိုက်တွင် အခန်းတံခါးခေါက်သံ ကြားလိုက်ရ၏။ နောက်. . အခန်းထဲလှမ်းဝင်လာသည့် ခရစ္စတင်း၏ လက်ထဲတွင် ကြောင်ကလေးပွေ့လာသည်ကို မြင်ရသည်။

“ဒီကြောင်ကလေးမဟုတ်လား၊ သွားခါနီးတုန်းက နင့်အိတ်ထဲပါလာတာ”

ပြောပီး နှစ်ယောက်သား ပြိုင်တူရယ်မောလိုက်မိကြသည်။ အဲသည် ရယ်မောသံများနှင့်အတူပင် ထို“သူ” ကို ပြင်းပြင်းထန်ထန်လွမ်းဆွတ်မိလေသည်။

“ခရစ္စတင်း”

“ဟင်… ဘာလဲ”

“ငါ… ဟင်္သာရပ်ကွက်ဘက် ခဏသွားချင်တယ်ဟာ… ဟိုလူ့က ကျေးဇူးတင်တဲ့အကြောင်းပြောချင်လို့ အဲဒါ… နင် အဖော်လိုက်ခဲ့”

ခရစ္စတင်းက မျက်ခုံးကိုပင့်၊ ပခုံးကိုတွန့်လိုက်ရင်း ဟန်ပါပါဖြင့် ..

“နင်ကလည်း.. . လုပ်ပြီ၊ ကြောက်တတ်လိုက်တာလည်း နင့်အပြင် နှစ်ယောက်မရှိဘူး၊ လုပ်ချင်လာပြီဆိုရင်လည်း အရမ်းအရမ်းပဲ၊ လိပ်စာလည်းမသိဘဲနဲ့ဘယ်လိုလုပ်ပြီး တွေ့အောင်ရှာမှာလဲ. .. တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်မေးမလို့လား”

ဟုတ်သားပဲ. .. ဟု တွေးရင်း မှုန်စကားဝါညို ရင်ထဲမောပန်းနွမ်းနယ် သွားသည်။ ခဏမျှကြာသောအခါ ခရစ္စတင်းက. .

“ငါ အဝတ်တွေ ပြန်လျှော်လိုက်ဦးမယ်ဟာ.. ညနေကျရင်ငါ့ဆီ နင်လာလည်ပါလား လောက်လေးခွလည်းယူခဲ့ဟာ.. ကျောင်းထဲမှာ ငှက်တွေ လျှောက်ပစ်ရအောင်”

“အင်း”

ဆောင်းဦးပေါက်ပြီဆိုလျှင် ကျောင်းဥယျာဉ်ထဲတွင် ပန်းတွေစုံအောင် ပွင့်ကြပြီ။ လိပ်ပြာတွေဝဲကြပြီ။၊ ငှက်ကလေးတွေ မျိုးစုံရောက်လာကြတော့မည်၊ တစ်ခါတစ်ခါ မြင်ဖူးလေ့ မြင်ဖူးထမရှိသော ငှက်တစ်ကောင်တစ်လေပင် ပါလာတတ်သေးသည်။

ဆောင်းဥတု ဆိုသည်မှာ နတ်သမီးအိပ်မက်တစ်ခုပင် ဖြစ်ပါသည်၊

သူမ စက်ဘီးကိုနင်းပြီး ခြံထဲမှ ထွက်လာသည်။ လေးခွကို ဘောင်းဘီနောက် ခါးပတ်ကြားတွင် ထိုးထား၏

“နင်က လုပ်ချင်စိတ်ပေါ်လာရင် အရမ်း. .. အရမ်းလုပ်တာကိုး”ဟု ပြောလေ့ရှိသော ခရစ္စတင်း၏ စကားသံကို ပြန်ကြားယောင်မိရင်း စက်ဘီးကို လမ်းမပေါ်အသာနင်းလျက် တက်လိုက်သည်။ ရုတ်တရက် သူမရင်ထဲတွင်. ..

“အို . . ဘာဖြစ်လဲ၊ ငါလုပ်ချင်တာကို လုပ်နိုင်တဲ့ အခွင့်အရေးရှိတာပဲ”

ဟူသည့် အသိခံစားမှုဖြင့် တင်းမာလာ၏။ ငယ်ငယ်တုန်းက မန်ကျည်းပင်ပေါ်တက်ခါနီး ခံစားရသည့် တဇွတ်ထိုးစိတ်မျိုးကို ယခုပင် ပြန်ခံစားနေရသလို အောက်မေ့မိသည်။

အဲသည်လို ခံစားလာရပြီဆိုသည့်အခါတိုင်း သူမစိတ်တွေအရူးအမူး ဖြစ်သွားတတ်၏။

ယခုလည်း လမ်းမပေါ်ရောက်ခါမှ သူမ စက်ဘီးကို ဟင်္သာရပ်ကွက်ဘက်ဆီ ဦးတည်လိုက်မိသည်။

ဟင်္သာရပ်ကွက်က လူနေခပ်ကျဲကျဲ အိမ်ခြံဝင်းတွေက ကျယ်ကျယ်ဝန်းဝန်းဖြစ်သောကြောင့် တိတ်ဆိတ်ခြောက်သွေ့လွန်းသလိုလို ခံစားနေရ၏။ အို. ..ငါ ဘာဖြစ်လို့ ဒီရပ်ကွက်ဘက် စက်ဘီးနင်းလာမိပါလိမ့် “သူ့” ကို တွေ့ရမှာလည်း မဟုတ်ဘဲနဲ့လေ…။

ကားလမ်းမအတိုင်း စက်ဘီးကို နင်းလာသည်မှာ ရပ်ကွက်ကို တစ်ပတ်ပတ်မိတော့မည်။ ရင်ထဲမှာ တစ်စုံတစ်ရာ လိုအပ်လစ်ဟာနေသလို ခံစားရ၏။

ကြည့်စမ်းပါဦးကွယ်. .. ငါဟာ ဘယ်လောက် ရူးမိုက်လိုက်တဲ့ မိန်းမလဲလို့။ မှုန်စကားဝါညို ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိဆဲမှာပင် ထိုရူးသွပ်မှုကို သာယာကြည်နူးသလိုလို ဖြစ်မိသည်။

အချစ်ဆိုတာ.. အဲဒါပဲ။

တစ်စုံတစ်ယောက်ကို တွေ့ချင်နေမှုတစ်ခုပဲ။

ထိုအခိုက်… ကားလမ်းမပေါ်တွင် လူများ စုအုံနေကြသည်ကို တွေ့ရ၏။ လမ်းကို ပိတ်မတတ်ဖြစ်နေသည်။ ဘာဖြစ်လို့ပါလိမ့်ဟုတွေးရင်း မှုန်စကားဝါညို စက်ဘီးပေါ်မှ ဆင်းလိုက်၏။

စက်ဘီးကိုတွန်းရင်းလူအုပ်ကြားထဲသို့ တိုးဝင်ခဲ့သည်။ ကားလမ်းပေါ်တွင် သွေးကွက်လိုလို . . ရေကွက်လိုလို စွန်းထင်စိုစွတ်နေသည်ကို တွေ့ရ၏ လူအုပ်ကြားထဲမှ ပိန်ပိန်ရှည်ရှည် အသက်ခပ်ကြီးကြီး လူတစ်ယောက် တိုးထွက်လာသည်။ ဆံပင်က စုတ်တိစုတ်ဖွား၊ အင်္ကျီဘိုသီဘတ်သီနှင့်။ မြင်ရုံနှင့်ပင် ရယ်စရာကောင်းသလို ဖြစ်နေ၏။

ထိုသူက တစ်စုံတစ်ရာကို မကျေမနပ်ဖြင့် ပွစိပွစိ ရေရွတ်လာသည်။ မှုန်စကားဝါညိုက ထိုသူ့အနီးသို့ တိုးသွားလိုက်ရင်း မေးလိုက်သည်။

“ဘာဖြစ်နေကြတာလဲဟင်”

“လူတစ်ယောက် ကားတိုက်သွားတယ်ဆိုလို့ လာကြည့်တာဗျာ.. အခု ကျွန်တော်ရောက်တော့ အလောင်းကို ဆေးရုံသယ်သွားပြီတဲ့၊ ဟူး . . ဪ လာရတာ မောတာပဲ အဖတ်တင်တယ်၊ ဘာမှ မမြင်လိုက်ရဘူး”

အနိဌာရုံကိုမှ ကြည့်ချင်မြင်ချင်သော လု့စိတ်သဘာဝတစ်မျိုးဖြစ်ပေလိမ့်မည်။ ထိုသူ စိတ်ပျက်လက်ပျက် ဖြစ်နေပုံကိုကြည့်ပြီး မှုန်စကားဝါညို အားနာသလိုလို ဖြစ်လာ၏။ ထိုသို့ အူကြောင်ကြောင်ဖြင့် မဆီမဆိုင် နှစ်သိမ့်ပေးလိုက်သည်။

“စိတ်မပျက်ပါနဲ့ရှင်… ကုသိုလ်ကံဆိုတာ ပြောလို့မရပါဘူး၊ အခု မမြင်လိုက်ရပေမယ့် ရှင် အိမ်ပြန်ရောက်တဲ့အခါကျရင် ရှင့်အဖွားကို ကားကြိတ်သွားတာ မြင်ရင်မြင်ရမှာပေါ့”

“ဟာ. . ဖွဟဲ့၊ လွဲပါစေ. .. ဖယ်ပါစေ”

ထိုသူက မှုန်စကားဝါညိုကို မကျေမနပ်ဖြင့် ကြည့်ရင်း ခပ်တိုးတို ဆဲရေးသွား၏။၊ မှုန်စကားဝါညိုဒေါသဖြစ်သွားသည်။

ကြည့်စမ်း… ငါကလည်း သူ့အတွက် ပြောပေးရသေးတယ်၊ ဒီလူကိုများ… ငါ့ကို ဆဲ. .. လို့

ထိုသူက ငိုက်စိုက်ငိုက်စိုက်ဖြင့်သွားရင်း ပုဏ္ဏရိပ်ပင်တွေ ခြံရှေ့မှာ သီတန်းစိုက်ထားသည့် အိမ်တစ်အိမ်ထဲသို့ ဝင်သွား၏။ မှုန်စကားဝါညိုက

ထိုသူနောက် မလှမ်းမကမ်းမှ စက်ဘီးကို ဖြည်းဖြည်းချင်းတွန်းရင်းလိုက်ခဲ့သည်။ ထိုသူ အိမ်ထဲဝင်၍ ပျောက်ကွယ်သွားချိန်တွင် မှုန်စကားဝါညိုက စက်ဘီးကို ခြေတစ်ဖက်ထောက်၍ ရပ်လိုက်ပြီး ခါးကြားတွင် ထိုးထားသည် လောက်လေးခွကို ဆွဲထုတ်ယူလိုက်သည်။

“ဘာဖြစ်လဲ. .. ငါလုပ်ချင်တာကို လုပ်နိုင်တဲ့ အခွင့်အရေးရှိတာပဲ”

လောက်စာအိမ်တွင် လောက်စာလုံးထည့်၍ ထိုအိမ်၏ ပွင့်ဟနေသော ပြတင်းပေါက်ကို သေသေချာချာ ချိန်ကာ ပစ်လွှတ်လိုက်၏။

“ခွမ်း”

ပြတင်းပေါက်ထဲ တည့်တည့်မတ်မတ် ဝင်သွားသည်။ အထဲတွင်ရှိသော တစ်စုံတစ်ရာကို ထိမှန်သွားပုံရ၏။ “ခွမ်း” ခနဲ ကွဲကြေသံနှင့်အတူ ယောက်ျားတစ်ယောက်၏ အော်ဟစ်လိုက်သံပါ တစ်ပါတည်း ထွက်ပေါ်လာ၏။

အိမ်ထဲမှ ပြေးထွက်လာသော လူတစ်ယောက်၏ အသွင်သဏ္ဌွာန်ကို မျက်ဝန်းထောင့်စွန်းတွင် ရိပ်ခနဲမြင်သည်။ စက်ဘီးကို တအားနင်းပြေးရန် ဟန်ပြင်လိုက်စဉ်မှာပင် ရှေ့တည့်တည့်တွင် ဘတ်(စ်)ကားတစ်စီးက လာပိတ်နေ၏။

စက်ဘီးကို နောက်ပြန်လှည့်သည်။ ချိုင့်တစ်ခုထဲ ဘီးက ကျွံကျသွား၏။ဟာ… ဒုက္ခပဲ၊ ငါ့ကိုမိသွားတော့မှာပဲ… ဟု စိုးရိမ်စွာတွေးရင်း စက်ဘီးက တွန်းအတင်မှာပင် သူမ၏လက်ကို နောက်မှတစ်စုံတစ်ယောက်က တင်းတင်းဖမ်းဆုတ်လိုက်ကာ…

“ဟိတ်၊ ဒါ. . မင်းဘာလုပ်တာလဲ”

“အို့ . ကျွန်မ ဘာလုပ်လို့လဲ”

မှုန်စကားဝါညိုက လှည့်မကြည့်ဘဲ ရှေ့သို့သာ တိုးထွက်ရုန်းကန်ရင် အတင်းဇွတ်ငြင်း၏။ ထိုသူက လွှတ်မပေးဘဲ. .

“ဪ… ဪ.. . ဘာမှမလုပ်ဘူးပေါ့… ဟုတ်လား၊ ဒါဖြင့် အိမ်ထဲက ပန်းအိုးကို ကွဲသွားအောင်လုပ်တာ မင်းပစ်လိုက်တဲ့ လောက်စာလုံးကြောင့်မဟုတ်လို့ ဘာလဲ… သိကြားမင်းကြီး လောက်စာလုံးစီးပြီးဆင်းရင်းနဲ့တို့အိမ်ပြတင်းပေါက်က ဝင်လာတာလို့ ပြောချင်သေးလို့လား”

“အို့ . ရှင့်ပန်းအိုးကွဲသွားတာ ကျွန်မနဲ့ ဘာဆိုင်လို့လဲ၊ ပြတင်းပေါက် က လောက်စာလုံး ဝင်လာတာ မြင်ကတည်းက ရှင့်ပန်းအိုးကိုယူပြီး နေရာရွှေ့ထားလိုက်ပါလား”

မှုန်စကားဝါညိ၏ တလွဲတချော် ဖြေရှင်းချက်ကြောင့် ထိုသူက တစ်ချက်ရယ်လိုက်၏။ မှုန်စကားဝါညိုက ဖျတ်ခနဲ့ ဆောင့်ရုန်းထွက်ပြီး လှည့်ကြည့် လိုက်သည်။

“ဟင်”

“ဪ. . . တေလေမလေး”

မှုန်စကားဝါညို ရင်ထဲတွင် ဗြုန်းခနဲမိုးရွာချလိုက်သလိုမျိုး အံ့ဩမှုနှင့် ကြည်နူးချမ်းမြေမှုများ စိုစွတ်အေးမြသွားသည်။ သူမ၏ လက်ကို နောက်မှ ဖမ်းချုပ်ထားသူက စောစောက လမ်းပေါ်တွင် သူမနှင့် စကားများခဲ့သော ပိန်ရှည်ရှည်စုတ်ဖွားဖွားလူမဟုတ်။

သင်္ဘောဆိပ်မှာတုန်းက သူမ၏ ရင်ဘတ်ထဲ သစ်ပင်ကလေးတစ်ပင် စိုက်သွားခဲ့သောအပြုံးကို တစ်ကြိမ်ထပ်မံမြင်တွေ့ခွင့်ရပြန်ပါလေသည်။၊ ဘုရားရေ. . သူ. . ဒီအိမ်မှာ တည်းနေတာပါလား။ ထိုသူက မီးခိုးရောင်မျက်ဝန်းတွေ နွေးထွေးစွာ လင်းလက်သွားသည် အထိ ပြုံးလိုက်ရင်း…

“မင်းက. .. ဪ.. . ဟိုနေ့က သင်္ဘောဆိပ်မှာ ကိုယ့်ကိုကြောင်တစ်ကောင် လမ်းကြုံပို့ခိုင်းတဲ့ တေလေမလေးမဟုတ်လား”

“ကြောင်တစ်ကောင် လမ်းကြုံပို့ခိုင်းတာတော့ ဟုတ်တယ်၊ ဒါပေမယ့် ကျွန်မက တေလေမလေးမဟုတ်ဘူး”

မှုန်စကားဝါညို၏ အဖြေစကားကြောင့် ထိုသူက ရယ်မောလိုက်သံသည် ငွေခေါင်းလောင်းကလေးများ ညင်ညင်သာသာ လှုပ်ယမ်းသွားသည့် အသံမျိုး တိုးညှင်းညင်သာစွာဖြင့် ဆွဲဆောင်မှုရှိသည့် ရယ်မောသံဖြစ်၏။

“အင်း… မင်းက တေလေမလေး မဟုတ်ရင် ဘာလဲ“ဂျောက်ဂျက်” ကလေးလား၊ မင်းအဘွားကတော့ ကိုယ့်ကို မင်းအကြောင်းတွေပြောလိုက်တာ.. စုံနေတာပဲ၊ အဲဒါကြောင့်. .. ကိုယ်က မင်းကိုထပ်တွေ့ချင်နေတာ၊ ကဲ… လာ.. အိမ်ထဲ ခဏလောက်ဝင်ထိုင်ပါဦး ဂျောက်ဂျက်လေးရဲ့”

သူ ခေါ်ဝေါ်သည့် “ဂျောက်ဂျက်” ဟူသည့် အသုံးအနှုန်း၏ အမိပ္ပာယ်ကို မှုန်စကားဝါညို နားမလည်ခဲ့ပါ။ (ငယ်ငယ်တုန်းက ကစားပွဲမှာ“ထမင်းသိုးဟင်းသိုး”ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို နားမလည်ခဲ့သလိုမျိုးပါပဲ.. ဟု သူမ သိပ်နောက်ကျပြီးမှ တွေးမိ၏။)

တကယ်ဆိုလျှင် အဆံချောင်နေသည့် ပစ္စည်းတစ်ခုကို လှုပ်ယမ်းလိုက်သည့်အခါ “ဂျောက်ဂျောက်ဂျက်ဂျက် မည်သံ” ထွက်သည့် အကြောင်း သူမ စဉ်းစားမိခဲ့ဖို့ကောင်းသည်။ အဲသည်လိုဆိုလျှင်တော့ သူမကိုဦးနှောက်အဆံ ချောင်နေသည့် “အူကြောင်ကြောင်ကောင်မလေးတစ်ယောက်” ဟု နောက်ပြောင် ခေါ်ဝေါ်မှန်း သူမ ရိပ်မိကောင်းရိပ်မိခဲ့မည်ဖြစ်၏။

ကြည့်စမ်းကွယ်.. ဘယ်လောက်တောင် နာကျင်ဝမ်းနည်းဖို့ကောင်း လိုက်သလဲလို့။ ကိုယ်ချစ်နေမိတဲ့ ယောက်ျားတစ်ယောက်က ကိုယ့်ကို အဲသည်လို လှောင်ပြောင်ခေါ်ဝေါ်တာခံရတာ.. . ။

မည့်သို့ပင် ဆိုစေကာမူ ထိုသူကတော့ သူမကို “ဂျောက်ဂျက်” ဟူသည့် အမည်ဖြင့်သာ အမြဲခေါ်ဝေါ်ပါတော့သည်။

««« »»»


ကျေးဇူးပြု၍. . .

ကျွန်မကို မနောက်ပြောင်ပါနဲ့ . . .ကိုကိုရယ်

သိုးဆောင်းစကားပုံတစ်ခုရှိတယ်။

“နောက်ပြောင်ခြင်းထဲမှာ. . .

ရင်ထဲက ဖုံးဝှက်ထားတဲ့

အမှန်တရား တစ်ဝက်ပါတယ်”… တဲ့။

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review