ဆိပ်ကမ်းရေဒီယို - သန်းတင့်


ကိုနေဝင်း၏ အမှတ်တရစကား

 

 “ဆိပ်ကမ်းရေဒီယို”တွင်“ဟေလီကြယ်တံခွန် အကြောင်း၊ အငြိမ့်မင်းသမီးလေး အကြောင်း၊ စာပေအကြောင်း၊ သီချင်းများ အကြောင်း၊ ရုပ်ရှင်များအကြောင်း စသည်ဖြင့် အခန်းများစွာ ရေးဖွဲ့ထားပါသည်။

ကျနော့်ရဲ့ မထွက်ဖြစ်သေးတဲ့ သီချင်းတပုဒ်မှာ…

"ဝေဒနာကို မြတ်နိုးတဲ့သူ ငါ ဒဏ်ရာတခု မထင်မှတ်ဘဲ ရလိုက်ရတယ် ငါကျေနပ်တယ်” လို့ ရေးဖြစ်ခဲ့တယ်။

အနုပညာသမား အားလုံးဟာ ဒီဝေဒနာကို အကြောင်းပြုပြီးတော့ သီချင်း၊ ရုပ်ရှင်၊ ကဗျာ၊ စာပေ စသည်ဖြင့် ဖြစ်ပေါ်လာခဲ့ရပါသည်။

ဆိပ်ကမ်းရေဒီယို အခန်း(၂၂)တွင် စာတစောင် ရေးသား အဆုံးသတ်ထားပါသည်။

ရေဒီယိုကို ထာဝရပိတ်ထားလိုက်ပါပြီဟု ရေးထားပါသည်။သို့ဖြစ်ပါ၍ ရေဒီယိုလေး မပိတ်ခင် စိတ်ကူးဉာဏ်ကွန့်မြူးထားသည့် စာများကိုသာ ဖတ်ကြည့်စေချင်ပါသည်။



ပုံနှိပ်မှတ်တမ်း

 

ပထမအကြိမ်၊ ဧပြီလ၊ ၂၀၂၅

ဒုတိယအကြိမ်၊ အောက်တိုဘာလ၊ ၂၀၂၅၊

မျက်နှာဖုံးပန်းချီ - နေမျိုးဆေး

မျက်နှာဖုံးဒီဇိုင်း - နေမျိုးဆေး

စာစီစာရိုက် - AMZ

စာအုပ်အပြင်အဆင် - ရတုသစ်

တည်းဖြတ် - လှမင်းနိုင်(လင်းသူ)၊ မင်းရွှေမိုး၊ မောင်ညို (Garfield FM Radio)

အုပ်ရေ - ၁၀၀၀

တန်ဖိုး - ၁၂၀၀၀

မျက်နှာဖုံးနှင့် အတွင်းပုံနှိပ်သူ - ဦးလပြည့်ဝေး၊ လပြည့်လင်းပုံနှိပ်တိုက်

(၀၁၃၆၉)၊ အမှတ် ၁၁-H၊ ၅၅ လမ်း(အလယ်)၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

ထုတ်ဝေသူ - ဦးလပြည့်ဝေး၊ ဆန်းစသော်တာစာပေ

(၀၀၁၃)၊ အမှတ်(၆၃)၊ အနော်မာ ၁၉ လမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။

Ebook မှတ်တမ်း

 

Photo & Scan - Cherry Lin

Ocr - Whisper Of Words (Aung Gyi)

Proof - ကောင်ကြီးဂျိုး

Epub Creator - Whisper Of Words

Pdf Creator - Whisper Of Words

ဆိပ်ကမ်း ရေဒီယို

သန်းတင့်

မာတိကာ

 

ကိုနေဝင်း၏အမှတ်တရစကား

ဆရာငြိမ်းအေးအိမ်၏အမှတ်တရဖတ်ညွှန်း

စာရေးသူ၏အမှာစာ

၁။ ဆိပ်ကမ်းရေဒီယို (၁)

၂။ ဆိပ်ကမ်းရေဒီယို (၂)

၃။ ဆိပ်ကမ်းရေဒီယို (၃)

၄။ ဆိပ်ကမ်းရေဒီယို (၄)

၅။ ဆိပ်ကမ်းရေဒီယို (၅)

၆။ ဆိပ်ကမ်းရေဒီယို (၆)

၇။ ဆိပ်ကမ်းရေဒီယို (၇)

၈။ ဆိပ်ကမ်းရေဒီယို (၈)

၉။ ဆိပ်ကမ်းရေဒီယို (၉)

၁၀။ ဆိပ်ကမ်းရေဒီယို (၁၀)

၁၁။ ဆိပ်ကမ်းရေဒီယို (၁၁)

၁၂။ ဆိပ်ကမ်းရေဒီယို (၁၂)

၁၃။ ဆိပ်ကမ်းရေဒီယို (၁၃)

၁၄။ ဆိပ်ကမ်းရေဒီယို (၁၄)

၁၅။ ဆိပ်ကမ်းရေဒီယို (၁၅)

ကိုနေဝင်း၏ အမှတ်တရစကား

 

“ဆိပ်ကမ်းရေဒီယို” တွင် “ဟေလီကြယ်တံခွန် အကြောင်း၊ အငြိမ့်မင်းသမီးလေးအကြောင်း၊ စာပေအကြောင်း၊ သီချင်းများအကြောင်း၊ ရုပ်ရှင်များအကြောင်း စသည်ဖြင့် အခန်းများစွာ ရေးဖွဲ့ထားပါသည်။

ကျနော့်ရဲ့ မထွက်ဖြစ်သေးတဲ့ သီချင်းတပုဒ်မှာ…

"ဝေဒနာကို မြတ်နိုးတဲ့သူ ငါ ဒဏ်ရာတခု မထင်မှတ်ဘဲ ရလိုက်ရတယ် ငါကျေနပ်တယ်” လို့ ရေးဖြစ်ခဲ့တယ်။

အနုပညာသမား အားလုံးဟာ ဒီဝေဒနာကို အကြောင်းပြုပြီးတော့ သီချင်း၊ ရုပ်ရှင်၊ ကဗျာ၊ စာပေ စသည်ဖြင့် ဖြစ်ပေါ်လာခဲ့ရပါသည်။

ဆိပ်ကမ်းရေဒီယို အခန်း(၂၂)တွင် စာတစောင် ရေးသား အဆုံးသတ်ထားပါသည်။

ရေဒီယိုကို ထာဝရပိတ်ထားလိုက်ပါပြီဟု ရေးထားပါသည်။ သို့ဖြစ်ပါ၍ ရေဒီယိုလေး မပိတ်ခင် စိတ်ကူးဉာဏ်ကွန့်မြူးထားသည့် စာများကိုသာ ဖတ်ကြည့်စေချင်ပါသည်။

Whisper Of Words

ကိုနေဝင်း

ဆရာငြိမ်းအေးအိမ်၏ အမှတ်တရ ဖတ်ညွှန်း

 

ဒီရက်ပိုင်း “သန်းတင့်”ရဲ့ “ဆိပ်ကမ်းရေဒီယို” စာအုပ်သစ် ထွက်တဲ့ သတင်း ဖတ်ရတယ်။ “ခင်ဖုန်းသက်ဝေ”ကဗျာနဲ့ ကျွန်တော်တို့ကို သည်းသည်း လှုပ် ဖမ်းစားခဲ့တဲ့ ကဗျာဆရာ/စာရေးဆရာ သန်းတင့်ရဲ့ စာအုပ်သစ်ပေါ့။ သိပ်ဖတ်ချင်တဲ့စာအုပ်မို့ သတင်းဖတ်ရရချင်း လှမ်းမှာမိတယ်။ မတ်လ(၁၈) ရက်စွဲနဲ့ စာရေးဆရာကိုယ်တိုင် သူ့စာဖတ်သူတွေအတွက် လက်မှတ်ရေးထိုးပေး ထားတဲ့ သူ့လက်မှတ်လေးနဲ့ စာအုပ်ရောက်ချလာတယ်။ Book Tree က ကိုချင်းရဲ့ မေတ္တာနဲ့ အသိအမှတ်ပြုမှုပါ။ ကျေးဇူးအထူးပါဗျာ။

ကိုယ်ရောစိတ်ပါ ဝေဒနာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် တစ်နိုင် ဆွဲတင်နေရတဲ့ ကာလရှည်မှာ၊ ပက်လက်လှဲ မှေးထိုင် ၂၄ နာရီဟာ ကြာလွန်းလှ၊ ကုန်ခဲလှ။ လက်သွေးကြောထဲ စဉ်ဆက်မပြတ် ကျနေတဲ့ ပိုက်တန်းလန်းထဲက ကင်ဆာ၊ ပဋိဇီဝဆေး ဆေးပြင်းပြင်းတွေလိုပဲ။ နှာခေါင်းထဲ မျှဉ်းမျှဉ်းထိုးထည့်ထားတဲ့ အောက်ဆီဂျင်ပိုက်က လေလိုပဲ။ ရှင်နေရတုန်းအချိန်လေး နှမြောစရာ ကောင်းလှ တာမို့ နိုင်သမျှ ဖတ်တယ်။ ခုလည်း သူ့ဆိပ်ကမ်းကို နေ့မကူးခင် အိပ်ရာတစ်လှဲ တည်းနဲ့ အပြီးကျောက်ချ ဆိုက်ကပ်လိုက်မိပြန်တယ်။ ရေးချင်/ပြောချင်တာတွေ အများကြီးပဲ။

ကဗျာဆရာနဲ့ကျွန်တော် သူတော်ချင်းချင်း သတင်းလွေ့လွေ့ တွေ့ဖူး ကြရတဲ့/ရမယ့် ဇာတ်ဝင်ခန်းပဲ။ ခက်တာက ကျွန်တော့် လက်ချောင်းတွေ စာရိုက်ရတာ အဆင်မပြေလှသေးဘူး။ လက်ထိပ်တွေက ကီးဘုတ်အိမ်လိပ်စာကို မသိသေးဘူး။ ဒီတော့ စိတ်နဲ့ပဲ အများကြီး ချရေးနေဖြစ်တယ်။ ရေးဖြစ်ဦးမှာပါ။ ခုကိုပဲ သူ့ဆိပ်ကမ်းအတွက် ကျွန်တော် (အကြမ်း) ရွေးချယ်ဖြစ်ထားတဲ့ ခေါင်းစဉ်လေးတွေက ဒီလိုဖြစ်နေပြီ။ ဘယ်တစ်ခုကို အတည်ပြုရမယ် မသိသေး။

၁။ ဒီမှာ ရေဒီယိုလှိုင်းများ တဂျိဂျိ လာမိနေတယ်။

၂။ သူများယူထားတဲ့ ခံစားမှုဝါကျကြိုးတန်းလန်းမှာ ကျွန်တော် တလူးလူးတလွန့်လွန့်၊ မသက်မသာ။

၃။ ခပ်ဆင်ဆင် ဘဝအင်္ကျီ ဆင်တူဝတ်ထားမိသော သူနှင့်ကျွန်တော်

၄။ ကဗျာမှော်ဓာတ်ဖြင့် တပ်ဆင်ထားသော အက်ဆေးဓာတ်ခန်း.. စသဖြင့် .. စသဖြင့် ကျန်သေး။

ပထမဆုံးဖတ်မိတဲ့ “ဆိပ်ကမ်းရေဒီယို(၁)” ရဲ့ ပထမဆုံး စာတစ်ပိုဒ် ဟာ လက်ရှိ ဆေးရုံတက်နေတဲ့ ကိုယ့်ရင်ဝကို တည့်ပစ်လိုက်တဲ့ မြားလိုပဲ။ ဒါကြောင့် ဒီတစ်ပိုဒ်ထဲ ကောက်နုတ်ဖော်ပြပေးလိုက်တယ်။ နောက်ထပ် စာအများကြီးတော့ ဖြည်းဖြည်းရေးရမှာပဲ။ (စာတစ်ပိုဒ်တည်းပါ သူ့မူရင်း ဝါကျတွေကို ကျွန်တော် တစ်ကြောင်းချင်း ခွဲထုတ်ထားပါတယ်။)

ခက်ခဲသော ရက်များ၊ လများပင်ဖြစ်သည်။ စိတ်ညစ်ရ၊ စိတ်ပျက်ရ၊ အနေအထိုင်ကအစ ရှုပ်ထွေး ခြိုးခြံနေရသည်ထက် ကိုယ်တည်ရှိနေကြောင်း သက်သေပြဖို့ရာ တစ်စုံတစ်ယောက်ကို ရှာဖွေနေတတ်သည် က သာ၍ပင် ခက်ခဲလှသည်။ ကျွန်တော့်နာမည်ကို လက်ဝါးပြင်မှာရေး၍ ကျွန်တော် လွတ်မြောက်ပါစေ ကြောင်း၊ ကျွန်တော်ပြန်လာနိုင်ပါစေကြောင်း၊ ဆုတောင်း မေတ္တာပို့ကြသည်ဆိုသော မေတ္တာဖြူဖြူ တချို့အား ကြားသိလိုက်ရသည့်အခါ အူလှိုက်သည်းလှိုက် ပျော်ရတာလည်းရှိဖူးကြောင်း ဝန်ခံရပါမည်။ ကိုယ့်ဘဝမှာ ကိုယ်မပါဝင်ဘဲ ပျော်စရာနေ့ရက်တွေ ရှိနေပါသေးလားဟု အထိတ်တလန့် သိရှိခဲ့ရသောကာလဟု ဆိုရမည်ထင်သည်။

March 24 2025

အိုင်ဆေး ..." ကိုသန်းတင့်”ရဲ့”

ခင်ဗျား Port Radio (Floating Radio Station) က လွှင့်ထုတ် လိုက်တဲ့အသံတွေကို ဟောသည့် ဒီဘက်ကမ်းကနေ တဂျိဂျိ ဖမ်းမိနေလိုက်ပုံ များဗျာ”

(ဒါမှမဟုတ်)

(သူ့ ဆိပ်ကမ်းရေဒီယိုအကြောင်းက နည်းနည်းပဲပါပြီး၊ ကိုယ် ပြောချင်တာများများ ရောစွက်ထားတဲ့ လှိုင်းတိုဖမ်းမိချက်များ)

(၁)

(ကိုယ့်မှတ်ဉာဏ်ထဲ ထိုးစိုက်ငဲ့ဆင်း တည်မှီခဲ့ဖူးသော “သက်ဝေ”များ)

 

“သက်ဝေမေကျော့” သည် ကျွန်တော့်အဖိုး အဖေခေတ်က အသံတိတ် ရုပ်ရှင်ကား (သို့) သီချင်းတစ်ပုဒ်ပါ စာသားများ ဖြစ်ခဲ့ဖူးလေသလား” (ကျွန်တော် မသေချာပါ)။ ဆရာဒေါက်တာထွန်းရွှေ ရေးသားထားသော နှစ်အုပ်တွဲ ဝတ္ထုနာမည်ဖြစ်ကြောင်းတော့ မှတ်မိနေသည်။ စစ်အတွင်းက ဒေါက်တာသက်ဝေနှင့် မေကျော့တို့ဇာတ်လမ်း။

သည်နောက်။ “သက်ဝေ”။

ဆရာမြို့မငြိမ်း ရေးသားပြီး (ပြည်လှဖေ + မေရှင်) မှသည် (ဝင်းဦး + တင်တင်မြ။ ကိုမင်းနောင် + နီနီဝင်းရွှေ။ သုမောင် + ဝင်းဝင်းအောင်။ ဖိုးသောကြာ + အိအိချွန်။ ပြည့်ဖြိုးအောင် + ကြူကြူခိုင်) တို့အထိ စုံတွဲသီချင်း များစွာထွက်ခဲ့သော (ပြန်လည်ခံစားသီဆိုခဲ့ကြသော) မရိုးနိုင်သည့် သစ္စာတိုင် တေးတစ်ပုဒ်။ ချိုမြချစ်ဖွယ်ကောင်းသော ဖို/မ မေတ္တာသံများ ထိုသီချင်းထဲမှ ထွက်ကျနေခဲ့ဖူး သည်မှာ ခေတ်အဆက်ဆက်။

“သစ္စာမဏ္ဍိုင် မြဲခိုင်ခဲ့ပေ . . . မေတ္တာမိုးတွေ သွန်းဖြိုးရွာစွေ . . . အသည်းမှာ စွဲမက် ... အသက်ကို ပုံတယ်လေ ...”

ထိုသီချင်းကို ကျွန်တော့်အဖိုးအဖွားလည်း ဆိုခဲ့ဖူးကြမည်။ အဖေနှင့် အမေလည်း ဆိုခဲ့ဖူးကြမည်။ ကျွန်တော်လည်း ဆိုခဲ့ဖူးသည်။ သည်ဘက်ခေတ် တွင်မူ ဆိုသံသိပ်မကြားရတော့။ ခေတ်ကလေးများ သူတို့အသက်ပုံအပ်ရာ နေရာ/ရည်ရွယ်ချက်များ ရွှေ့သွားကြလေသည်လား။ လူတစ်ကိုယ် ဘဝတစ်ခု လုံးကို သာမက “အသက်”ကိုပင် ယုံ၍ “ပုံ”ထားပါကြောင်း၊ ထိုသီချင်းဖြင့် ချစ်သက်သေ တည်ကြ၏။

အွန်လိုင်းခေတ်ဦးတွင် “သက်လုံးပုံ”ဟူသော နာမည်ဆန်းတစ်ခု ကြားဖူးသည်။ ထိုသူသည် ကျားလား/မလား မသေချာ၊ အွန်လိုင်းသုံး နာမည် တစ်ခုဖြစ်သည်မှာ သေချာသည်။ ဘဝတွင် “သက်ပုံ”ဟူသော ယောက်ျား တစ်ယောက်နှင့် ဆုံဖူးသဖြင့် ထိုအမည်သည် ကျား/မ ဘုံသုံးလည်း ဖြစ်နိုင်ခြေ ရှိ၏။

ကျွန်တော်တို့ ပထမနှစ်က တက်ခွင့်ရ ကျောင်းသား စာရင်းကပ် သင်ပုန်းတွင် “မင်္ဂလာခင်” ဟူသော အမည်တစ်ခု ပါသည်ကို တွေ့ဖူးသည်။ (ထိုအမည်က ဘုံသုံးလို့ရသော နာမည်မျိုးမဟုတ်)။ ကျောင်းသူဟုထင်ကာ ကျောင်းသားများက အမည်ပိုင်ရှင်ကို ရှာဖွေခဲ့ကြရသော၊ ဟိုးဟိုးကျော်အမည် ဖြစ်သည်။ (ကျွန်တော်တို့ကျောင်းတွင် တက်ခွင့်ရကျောင်းသူက ရှားသည်ကိုး)။ ကျောင်းသားသပိတ်ဖြစ်ပြီး၊ ပါဝင်လှုပ်ရှားခဲ့သော ကျောင်းသားများ ထောင် တရားရုံးကို ရောက်သောအခါမှ အနှီနာမည်ပိုင်ရှင်သည် သက်သေလာ ထွက်ဆိုသော ထောက်လှမ်းရေး သတင်းပေး ကျောင်းသားတစ်ဦး ဖြစ်နေသဖြင့် ရယ်ပွဲဖွဲ့ခဲ့ရဖူးသည်။

နောက်နာမည်တစ်ခုက ကျွန်တော့် အမျိုးသမီး မိတ်ဆွေတစ်ဦးဖြစ်သော “သက်ဝေရည်” ဖြစ်၏။ တကယ်တော့ ကျွန်တော်နှင့် တိုက်ရိုက်သိကျွမ်းသည် မဟုတ်။ သူက ကျွန်တော်ချစ်ခင်လေးစားသော ဆရာတစ်ဦး၏ မိတ်ဆွေသာ ဖြစ်သည်။ ဆရာမှတစ်ဆင့် သိကျွမ်းခင်မင်ရင်း သူမ ဖိတ်ခေါ်ကျွေးမွေးမှုများကို ဧည့်မြှောင် လိုက်လုပ်ဖူးသူမျှသာ။ သို့သော် သူတို့၏ လှပသော နာမည်ကိုမူ ကျွန်တော့်မှတ်ဉာဏ်တွင် စွဲထင်နေဖူးသည်။ သူ့တွင် “အိုးဝေရည်” ဟူသော အစ်မ (သို့မဟုတ်) ညီမတစ်ယောက်လည်း ရှိသေးသည်။ ဤမျှ လှပသော နာမည်များကို ပေးခဲ့သူ သူ့ဖခင်ဈာပနသို့ လိုက်ပါ ပို့ဆောင်ပေးခဲ့ဖူးသည်။ သည့်နောက်ပိုင်းတွင် နှစ်တွေအကြာကြီး ရင်ထဲစင်းစင်းနက်နက် စူးဝင်ထိုးစိုက် နေခဲ့သည်မှာ၊ ကိုနေဝင်းအရေး၊ ခိုင်ထူးအဆိုနှင့် “အစောဆုံးပြန်ခဲ့ နှင်းသက်သက်ဝေ”သီချင်းထဲက သက်ဝေဖြစ်သည်။

“အစောဆုံး မင်းပြန်ခဲ့တော့ကွယ်.. အချစ်ရယ် နောက်ကျသွားမှာ စိုးမိတယ်...”

နှင်း ... ဘယ်လောက်တောင်ချစ်ခဲ့ရတယ် .. စကားနဲ့ဆို ပြောပြမစွမ်းနိုင်ဘူး ... ယုံလိုယုံ အို ... မင်းမို့ မယုံရင် .. အို .. အို .... လောကရဲ့အေးချမ်းမှုရယ် .. လုံးဝကွယ်ပျောက်လုပ်ကွယ် ... မှီခိုရာ ကမ္ဘာ ပျက်မတတ်ပါပဲ ... အို ... အို .. အို ... နှင်း. .. သက်ဝေ .. နှင်းရယ် --- စောပြန်ခဲ့လေ ... မင်းမိတ်ဆွေ မိုးသို့လှမ်းမှာရင်း.. စိုးထိတ်ရင် စိုးရွံ့နေပြီ... နောက်အချိန် လွန်မှာစိုး ... ချိုးလက်ရေ ချိုးတွက်စောင့်နေဆဲ --- ကိုယ်ရယ်ပါ ... နှင်း သက်သက်ဝေနှင်းရယ် … ”တဲ့။

နောက်ဆုံး သည်ဘက်နှစ်ပိုင်းတွင်တော့ ကျွန်တော် (ကျွန်တော်သာမက စာချစ်သူအတော်များများ ရင်ထဲ) အရောက်ရှိခဲ့ဆုံးနာမည်မှာ “ခင်ဖုန်းသက်ဝေ” ဖြစ်မည်ဟု ယုံကြည်ပါသည်။ “သန်းတင့်” ၏ မှတ်ပုံတင်တစ်ခြမ်းဖြစ်သော “ခင်ဖုန်းသက်ဝေ”အမည်တွဲမှ “သက်ဝေ”ဖြစ်ပါသည်။ (ကဗျာဆရာကတော့ “ခင်ဖုန်းသက်ဝေ”ဆိုသည့်အမည်မှာ ဂီတနက်သန် ကိုစောညိန်း၏ 'ပွင့်ဦး' သီချင်းမှ စာသားတချို့ကို နာမည်အဖြစ် ယူငင်အသုံးပြုထားခြင်း ဖြစ်ကြောင်း ဝန်ခံထားဖူးသည်။)

ယခုလည်း ကမ်းကပ်ထားသော ဆိပ်ကမ်းရေဒီယိုထဲမှ "ခင်ဖုန်းသက်ဝေ” သီချင်းသံသဲ့သဲ့ ကြားရလေမည်လားဟု ကျွန်တော် နားစွင့်ထားနေ မိပြန်ပါပြီ။ သူ လွှင့်လိုက်သော ရေဒီယိုလှိုင်းများကို အငမ်းမရ တဂျိဂျိ ဖမ်းယူနေမိရပြန်ပါသည်။

Whisper Of Words

(၂)

(ကျွန်တော်နှင့် ရေဒီယို)

 

ကျွန်တော် ငယ်ငယ်က ဖြစ်သည်။ လေးငါးတန်းအရွယ်ခန့်ဖြစ်မည်။ ကျွန်တော်တို့အိမ်တွင် သမဝါယမဆိုင်မှ မဲပေါက်၍ရထားသော ထင်းရှူးသား ကိုယ်ထည်နှင့် နေရှင်နယ်ဓာတ်ခဲ ရေဒီယိုလေးတစ်လုံး ရှိဖူးသည်။ ဖျော်ဖြေရေး မရှိသော ကျေးလက်ပီပီ ထိုရေဒီယိုလေးကသာ အိမ်ကို နေ့နေ့ညည ဖျော်ဖြေပေး နေရရှာသည်။ သီချင်းကြိုက်၊ ဇာတ်ထုပ်ကြိုက်သော ကျွန်တော်နှင့် ထိုရေဒီယို လွှင့်ထုတ်နေသော အသံဗလံပေါင်းစုံသည် အံကိုက်ဖြစ်ခဲ့၏။ ရေဒီယိုနားက ခွာလေ့မရှိ။

တစ်နေ့။

လူကြီးတွေအလစ်တွင် ထိုရေဒီယို၏ နောက်ကျောဖုံးကို ဖွင့်ကာ အထဲကို ချောင်းကြည့်ဖူးသည်။ ကျွန်တော့် စိတ်ထဲတွင် လူသေးသေးလေးများ ထိုအထဲတွင် သီဆို တီးမှုတ်နေသည်ဟု ထင်သောကြောင့် ဖြစ်သည်။ လူကြီးတွေ ပြန်ရောက်လာသောအခါ တစ်စစီ ပြန့်ကျဲနေသော ရေဒီယိုနှင့် ကျွန်တော့်ကို ကြည့်ကာ ဆော်ပလော်တီးကြသည်ကို ကောင်းကောင်းမှတ်မိနေ၏။

သည့်နောက်တွင်လည်း ဒေါ်မေရှင်၊ မကြည်အောင် သီချင်းများမှအစ၊ “အောင်ခြင်းရှစ်ပါး၊ “စောင်းအိုလုလင်”၊ “ပုဂံမြို့ဟောင်းတစ်နေရာ” အလယ်၊ မာမာအေး၊ တင်တင်မြ၊ တွံတေးသိန်းတန်၊ ဝင်းဦး၊ ကိုအံ့ကြီး၊ စန္ဒရားချစ်ဆွေ၊ ကိုမင်းနောင်၊ ဟင်္သာတထွန်းရင်၊ မီးဘေးရှောင်ကိုထွန်းရွှေ စသည်ဖြင့် လာရာ နားထောင်/ ဖွင့်ရာ နားထောင်/ လွှင့်ရာ နားထောင်/ ကြားရာ နားထောင် နေတတ်သူကြီး ဖြစ်ခဲ့သည်။ ဆရာကြီး ဦးဂုဏ်ဘဏ်”၏ ကွက်စိပ်နှင့် မြန်မာ့ အသံသရုပ်ဆောင်များ၏ ဇာတ်လမ်းပမာပါ မလွတ်စေရ။

ကလေးသံလေးမှ မပျောက်သေး၊ လူပျိုဖော်ရယ်လို့ မဝင်သေးမီကပင်၊ သရက်ပင်၊ ပိတောက်ပင်၊ သစ်တိုပင်၊ မန်ကျည်းပင်၊ အုန်းပင်များ ညို့ဆိုင်း တောထနေရာ ဘုန်းကြီးကျောင်း နောက်က လယ်ကွင်းစပ်တစ်လျှောက်တွင် “ပန်းနွယ်ကစိမ်း” နေတတ်သူဖြစ်ခဲ့သည်။ “ထွေးညို” ကို အော်ခေါ် နေတတ်သူ ဖြစ်ခဲ့သည်။ ဒီစံနစ်ဆိုးတွေကိုကွယ်...ကျောမွဲများအတွက် တိုက်ဖျက်ပစ်လိုသူ လည်း ဖြစ်ခဲ့ပြန်သည်။

ပင်လယ်ကမ်းခြေ၊ တောမြို့လေးတစ်မြို့၏ ညဉ့်ဦးယံဆောင်းတွင်း နှင်းမှုန်မှုန်ကြား၊ မှိန်ပျပျ ဓာတ်တိုင်များအောက်တွင် “ဆောင်းရောက်ရင် သဇင်ပွင့်မည်၊ နှင်းကျမည်၊ ဆုတောင်း မပြည့်ခဲ့ပါချေပြီ” ဟု အသားလွတ် တစ်ကိုယ်တော် လွမ်းဆွေးနေသော ဥမမည် စာမမြောက် ကမြောက်တိကမြောက်ချောက် ကလေးတစ်ယောက်ကို မြင်မိလျှင် သေချာသည်။ သူသည် ကျွန်တော်ဖြစ်၏။

(အလို . . . ဆရာသန်းတင့်သည်လည်း ဆရာမကြီးခင်နှင်းယု၏ ဝတ္ထု ထဲက “သော်က” ဘုရားရင်ပြင်ပေါ်တွင် ထို မပြည့်လေသော ကိုယ့်ဆုတောင်း” သီချင်းကို သီဆိုညည်းခဲ့ဖူးကြောင်း ဝန်ခံထားသည်ကို တိုက်တိုက်ဆိုင်ဆိုင် ဖတ်ရပြန်သည်။)

သည်ဘက်ခေတ်၏ “ရေဒီယို”စကားလုံးတပ် သီချင်းများထဲတွင်တော့၊ ဗိုလ်ထီး၏ လှောင်စပ်စပ် မထိခလုတ် နောက်ပြောင်သံ “ရေဒီယို ကမာရွတ်ရဲ့ အသံက ပိုကျယ်ကျယ်ကြားယောင်နေရလေ့ရှိသည်။

'ဂျီလတ် ၏ ဒီဇင်ဘာ ရေဒီယို၊ G Fatt ၏ ရေဒီယို" မြန်မာပြည်သိန်းတန်၏ “သန်းခေါင်ယံရေဒီယို”၊ ကိုအောင်၏ “ရေဒီယိုအိပ်မက်ချို၊ Lu Hpring ၏ ရေဒီယို”

ရေဒီယိုအသံလွှင့်ချက်တွေ များလှ၏။ ရေဒီယိုစတေရှင်တွေ ပေါလှ၏။ ယခု ကြားနေရသော ကျွန်တော်တို့ ဖမ်းမိထားသည့် ရေဒီယိုအသံကမူ “ဆိပ်ကမ်းရေဒီယို (Port Radio)” အမည်ရှိ “ခင်ဖုန်းသက်ဝေ” စတေရှင်မှ ကိုသန်းတင့် ထုတ်လွှင့်နေသော အသံလွှင့်ချက်များသာဖြစ်သည်။

(ငါးကြိမ်မြောက် ဆေးရုံတက်ရောက်ရသော ၂ဝ၂၅ မတ်လ နောက်ဆုံးပတ် ဝေဒနာနေ့ရက်များသို့ အမှတ်တရ။)

Thursday, March 27. 2025 at 01:17 AM

အိုင်ဆေး "ကိုသန်းတင့်ရဲ့

"ခင်ဗျား Port Radio (Floating Radio Station) က လွှင့်ထုတ်လိုက်တဲ့ အသံတွေကို ဟောသည့်ဒီဘက်ကမ်းကနေ တဂျိဂျိကို ဖမ်းမိနေလိုက်ပုံ များဗျာ"

(ဒါမှ မဟုတ်)

(သူ့ ဆိပ်ကမ်းရေဒီယိုအကြောင်းက နည်းနည်းပဲပါပြီး၊ ကိုယ်ပြော ချင်တာများများ ရောစွက်ထားတဲ့ လှိုင်းတိုဖမ်းမိချက်များ)

အပိုင်း ( ၂ )

(၃)

(သူ့နှလုံးသား အကန့်တစ်ခုထဲမှာ အရွှင်ဓာတ်တွေ ထည့်ခဲသိုဝှက်ထားတဲ့ကဗျာဆရာ)

 

ကျွန်တော့်တွင် “ခင်ဖုန်းသက်ဝေဂယ်လာရီ” ပုံနှိပ်မူ ရှိသည်။ ကဗျာ စကားလုံးများ၏ အနက်/အသွား/ဖွဲ့စည်းမှု/ရက်ယှယ်ဖွဲ့ဆို ဖန်တီးမှုများအပေါ် ခံစားရန်/လေ့လာသင်ယူရန် စုထားသော ကဗျာစာအုပ်များ အကန့်တွင် ထည့်သိမ်းထားသည်။

သည့်နောက်တွင် ထိုကဗျာကို ရွတ်ဆိုထားသော အသံဖိုင်တစ်ခု ကြားခွင့်ရလိုက်သည်။ ရွတ်ဆိုထားသည့် အသံ၊ ဌာန်၊ မာန်၊ ဟန်ကောင်းလှ အမှားနည်းလှသည်။ ကဗျာဆရာကိုယ်တိုင် ရွတ်ဆိုထားတာတော့ ဟုတ်ကောင်းမှ ဟုတ်မည်။ ရွတ်ဆိုသူအမည် စာတန်းထိုး မဖတ်မိသဖြင့် မည်သူရွတ်ဆိုသည်ကို မသိလိုက်ရ။ ခက်သည်မှာ ထိုအရွတ်ကဗျာကို နားထောင်ရသည့်အခိုက် ကဗျာကို စကားလုံးများအဖြစ် ဖတ်ရစဉ်က ဖြစ်ပေါ်ခဲ့သည့် ကိုယ့်ခံစားချက်နှင့် မတူလှသော ခံစားမှုတစ်မျိုးသည် ကျွန်တော့်စိတ်ကို မသက်မသာ လှုပ်လှုပ်နှိုးနေခြင်းဖြစ်၏။

(စာသားအက္ခရာဖြင့် ရေးသားထားသော ကဗျာ/ဝတ္ထုတို့က ဖော်ပြ ချက်ကို ကိုယ်ပိုင်စိတ်ကူး ကွန့်မြူးမှုအောက်တွင် ကိုယ့်စိတ်ကြိုက် ပုံဖော်၍ ရသော်လည်း ထိုအနုပညာပစ္စည်းများသည် အခြားပုံသဏ္ဌာန်တစ်မျိုးမျိုး၊ ဥပမာ- ရုပ်ရှင်၊ သီချင်း၊ ပန်းချီ၊ ပန်းပု၊ အရွတ်ကဗျာများအဖြစ် ပြောင်းသွား သောအခါ သူတို့ဖန်တီးထားမှုသည် ကိုယ့်စိတ်ကူးထဲမှ စိတ်ကြိုက်ခံစားထားမှုနှင့် အတန် ကွဲလွဲပြီး စိတ်တိုင်းမကျ ဖြစ်ရမှုတို့သည် ဖန်တီးသူနှင့် ခံစားသူကြား ဖြစ်နေကျ ရိုးရှင်းလှသည့် ပြဿနာများသာ ဖြစ်သည်။)

ကဗျာရွတ်သံက ပေးသော (ကိုယ့်စိတ်ခံစားမှုနှင့် မကိုက်ညီသည့် တုန်ခါမှုတစ်မျိုး ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ကဗျာစာသားများက မခေါ်ဆောင် သွားသေးသော အခြေအနေမျိုးတွင် ရွတ်ဆိုသူ၏ ရှေ့ကနေ ပိုပိုကြိုတင်ကြေကွဲ တုန်လှုပ်နေသံများ (ငိုသံများဟုတောင် ဆိုကောင်းဆိုနိုင်) ပါရှိနေခြင်းဖြစ်သည်။

ထိုအသံဖိုင်သည် ခင်ဖုန်းသက်ဝေနှင့် ကျွန်တော့်အကြား/ကဗျာဆရာနှင့် ကျွန်တော့်အကြား နားလည်မှု အတန်ငယ် ကွေးညွှတ်သွားစေခဲ့သည်မှာတော့ အမှန်ပင်ဖြစ်သည်။

တကယ်တော့ ခင်ဖုန်းတွင်ကတည်းက အနှီကဗျာဆရာသည် ကြေကွဲ ပက်လက် အလဲလဲအပြိုပြို ဖြစ်ရပ်ကြားက (အသည်းပိုးစိုးပက်စက် ဟက်တက် ဖြစ်ကာ လဲကျနေသည့် အနေအထားမှ) အငေါ့အထေ့ အရွှင်ဓားသွားနှင့် မီရာ လှမ်းပက်ခဲ့သေးသည့် သိုင်းပြောင်းပြန် ကဗျာဆရာဖြစ်ကြောင်း သူ့ကို ကျွန်တော် မရှုမြင်မိခဲ့ခြင်းသာဖြစ်သည်။ ပြန်ဖတ်ကြည့်ကြပါ။ ဟောသမှာ မီရာ လှမ်းတွက် ခဲ့သည့် သူ့လျှပ်တပြက် ဓားသွားဓားချက်များ။

ရော့ -- နှစ်ပက်

ခင်ဖုန်းသက်ဝေတစ်ခွက် ရောပေးပါ ညီလေး

မှိုကန်စွန်းကို ခင်ဖုန်းသက်ဝေ စိတ်ကောက်သလို

ဘောက်ဆတ်ဘောက်ဆတ်လေး ကြော်ပေးကွာ

ခရုဆီလျှော့ဟေ့

ခင်ဖုန်းသက်ဝေက မချွဲတတ်ဘူး

မင်းရဲ့ဟင်းရည်ကလည်းကွာ

ခင်ဖုန်းသက်ဝေ မျက်စောင်းလို မချိုပါ့လား

နံနံပင်အုပ်ကွ ညီလေးရဲ့

ကြက်သွန်ဖြူလေးပါထည့်

သွားတက်ကလေးလေ

ဖွေးခနဲပေါ့ ...

ယခု ဆိပ်ကမ်းရေဒီယိုတွင်မူ၊ ကဗျာဆရာကို ဗိုလ်အောင်ကျော်လမ်းမ ပေါ်က ခိုလေးတွေလောက် မနွဲ့မညည်း၊ မနုံမအသည့်အပြင် အရွှင်ဓာတ်များ ကြွယ်ပိုးကြွယ်ဝရှိသူအဖြစ် မြင်ရပြန်သည်။ အောက်ပါစာပိုဒ်များတွင် ကြည့်ပါ။

“ဆိပ်ကမ်းရေဒီယို (၁၂) စာ- ၅၆-၅၈ (ပ-ကြိမ်မူ)

အသက်(၈၈)အရွယ် ကွယ်လွန်ခါနီးအဖွားကို ဆေးရုံမှ ခေါ်ချလာရပြီး သေလွန်ပြီးသည့်နောက် နတ်ပြည်ရောက်ရမည့်အကြောင်း အပျော်အပေါ့ တရား ဟောခန်း ဖြစ်သည်။ သူ့မူရင်းအတိုင်း တတ်နိုင်သမျှ အကျဉ်းရုံးဖော်ပြပါမည်။ သို့မှ ပိုအရသာရှိမည် ထင်ပါသည်။

(ကြည်နူးစရာ အမှတ်တရ အများကြီးထဲမှ တစ်ခုမှာ၊ ကျွန်တော့်ကို တရားဟောခိုင်းတာဖြစ်ပြီး ရယ်လို့မောလို့ ပျော်ပျော်ရွှင်ရွှင်ပင် အမေကြီးက တရားနာပါသည်။ အမေကြီး ဘုရားရှိခိုးလျှင် နတ်ပြည်ရောက်ပါစေကြောင်း ဆုတောင်းသည့်အခါ ကျွန်တော်က သိပ်ဘဝင်မကျ။

“သေသေချာချာ နားမလည်ဘဲနဲ့ သူများတွေဆိုတိုင်း လိုက်မဆိုနဲ့၊ တော်ကြာ ဟိုရောက်မှ ကြောင်တောင်တောင်ဖြစ်နေမယ်” ဟု စလိုက်သည့်အခါ မျိုးတွင် “ကဲ ဟောပါဦး မောင်မောင်ရဲ့” ဟု တရားတောင်းလာတတ်ပါသည်။ ကျွန်တော်တို့ ပင်လယ်သူ ပင်လယ်သားများတွင် သားဦး၊ မြေးဦးကို မောင်မောင်ဟု ချစ်စနိုးခေါ်ကြသည်။

နတ်ပြည်ခြောက်ထပ်ရှိမှန်းတော့ ဗမာစာလေး ရေးတတ်ရုံ၊ ဖတ်တတ် ရုံ၊ တောသူမကြီးတစ်ယောက် ရှင်းရှင်းသိရှာပါသည်။ အပေါ်ထပ်၊ အောက်ထပ်၊ အလယ်ထပ် စသဖြင့် ဘယ်အထပ်က ဘယ်လိုဆိုသည်ကို မေးသည့်အခါတွင်တော့ "အဲဒါတော့ ငါလည်း သေချာမသိဘူး၊ နင်ပြော”ဟု သွားကျိုးကြီးများပေါ်အောင် ရယ်ရင်းပြုံးရင်း တရားနာဖို့ ပြင်တော့သည်။ “ကျွန်တော်လည်း ဘယ်လို သိမှာတုံး၊ သွားချင်တဲ့လူ ကိုယ်တိုင်တောင်မသိတာ၊ နို့ ဘယ်အထပ်သွားချင်တာတုံး အမေကြီးက” ဆိုတော့ ဟိုလိုလို ဒီလိုလို။

“ဘယ်အထပ်ဖြစ်ဖြစ် နတ်ပြည်ဆို ပြီးရောပေါ့ဟယ် နင်ကလည်း” ဟု သူ့ဒုက္ခကို ကျွန်တော့်အပြစ် လုပ်ပြန်သည်။ ခြောက်ထပ်လုံးရဲ့ ဘယ်အထပ် ပြီး ဘယ်အထပ်၊ လိပ်စာလည်းမသိ။ ဘာတွေလုပ်ကိုင် နေထိုင် စားသောက်ရမည် မှန်းလည်းမသိ။ ဘယ်လို ဝိသေသတွေရှိမှန်းလည်း မသိရင် ဘယ်လိုသွားလို့၊ ဘယ်လိုရှာလို့၊ ဘယ်လိုလုပ်တွေ့တော့မှာတုံး။ ရန်ကုန်လောက်မှာတောင် ဘယ်လမ်း ဘယ်မြို့နယ် အိမ်နံပါတ်ဘယ်လောက်ဆိုတာ မသိရင် ရှာဖို့ အခက်ကြီး ခက်တာကို” ဟု ကျွန်တော့်အပြောတွင် အမေကြီးခမျာ တွေတွေ စဉ်းစားနေလေပြီ။

“ကဲ ဒီလိုဖြင့် စတုမဟာရာဇ်ဆိုတာ နတ်ပြည်ပထမထပ်၊ လူ့ပြည်နဲ့ အနီးဆုံးပေါ့။ နီးဆို လူနံ့တောင် တစ်ခါတလေ နံတယ်တဲ့။ မောင်မောင်တို့က လူ့ပြည်မှာ ကျန်နေခဲ့တာဆိုတော့ နီးနီးနားနားနေချင်ရင်၊ အဲဒီအထပ် မဆိုးဘူး" ဟု ပြောသည့်အခါ သူသဘောကျပြီး ကြည်ကြည်သာသာပြုံး၍ ခေါင်းငြိမ့်နေရှာ သည်။ နာမည်ကျော်တာဝတိံသာ အထပ်ကိုတော့ အမေကြီး ကောင်းကောင်း သိသည်။ နတ်သမီးလေးတွေ တစ်ဖက်ငါးရာလည်း သူသိသည်။ “သွားချင် လား”လို့ ကျွန်တော်က မေးတော့ “နင်ပဲသွားတော့”ဟု ဆောင့်ကြီး အောင့်ကြီးဖြင့် ကျွန်တော့်အတွက် ဒုတိယထပ်ကို အမွေစားအမွေခံ ပေးခဲ့လေ သည်။

(စာဖတ်သူ ကျွန်တော့်မှာ အဖွားထံမှ ရက်ရောစွာ အမွေရလိုက်သည့် တာဝတိံသာ ဒုတိယထပ်အတွက် အူးမြူးပီတိဖြစ်နေမည့် ကဗျာဆရာ၏ ပြုံးဖြီးဖြီးမျက်နှာကိုသာ မြင်ယောင် ကြည့်မိတော့သည်။)

“ကဲ ဒီလိုဖြင့် အပေါ်ဆုံးထပ်ကို သွားမလား”ဟု ကျွန်တော်က တရားဆက်ရပြန်သည်။ “အဲဒီမှာ ဘာတွေရှိလို့လဲ” ဟု သူ့အလှကို ကျွန်တော် မြှောက်ပေးတာ သိသိနှင့် စိတ်ဝင်တစား မေးပြန်ပါသည်။ အပေါ်ဆုံးထပ်က ၀ဿဝတီက အလှပဂေးတွေချည်းပဲ နေကြသတဲ့။ သီချင်းထဲမှာတောင် ထည့်စပ် ကြတယ်လေ၊ ဝဿဝတီ(ဝသဝတ္တီ) နတ်ပြည်က နတ်သမီးလေးလို လှပါတယ် ဆိုတာ ကြားဖူးတဲ့ဟာကို” ဟု ကျွန်တော်က ပြောလိုက်သည့်အခါ “နင်က ငါ့ကိုပဲ မေးနေတယ် နင်ရော ဘယ်အထပ်သွားချင်သလဲ” ဆိုတော့ ကျွန်တော့်မှာ ဘေးကျပ်နံကျပ်။

ကဗျာဆရာက သူ သေတော့ကော ဘာဖြစ်ချင်လဲ၊ ဘယ်သွားချင်လဲ၊ ဘယ်မှာနေချင်လဲဟု ဆန္ဒထုတ်ဖော်ထားသည်မှာ သူက နတ်စိမ်း”ဖြစ်ချင် ပါသတဲ့။ သူက ထိုသို့ရေးသည်။

(နတ်ဖြင့် တကယ်ဖြစ်ချင်သည့်အကြောင်း၊ ခုနကပြောသည့် နတ်ပြည်မှ နတ်များကိုဖြင့် နေရာသဘာဝရော၊ ဓလေ့စရိုက်ရော၊ အမူအကျင့် အမည်နာမကအစ ကျွန်တော် မရင်းနှီး မကျွမ်းဝင်ပါသဖြင့် ထိုနေရာခြောက်ထပ်သို့ ရောက်ချင်သော ဆန္ဒမရှိပါကြောင်း ရှင်းပြဖြစ်လိုက်သည်။ နတ်စိမ်းဖြစ်ရမည် ဆိုလျှင်တော့ဖြင့် ကျွန်တော် အလွန်ပျော်ရွှင်မိမည် ဖြစ်ကြောင်းလည်း ပြောပြပါသည်။ "ဦးရှင်ကြီးတို့လိုလား” ဆိုသည့်အခါ ကျွန်တော် ခေါင်းခါပြလိုက်သည်။ ကျွန်တော့် နတ်ဈေးကိုတော့ လျှော့လျှော့ပေါ့ပေါ့ မပေးနိုင်။ ထို့ကြောင့် ပုပ္ပားမှလွဲ၍ ဘယ်နန်းဘယ်ကွန်းကပဲ ပြင်ဆင်ထားသည်ဆိုဦးတော့ ရွှေနှင့် ယိုးမှား ပန်းစကားတွေ ကြားမှာသာ ကျွန်တော် ရှိနေချင်မိသည်။ ငှက်ပျောညွန့်ရောင် ကဗျာနတ်စိမ်းလေးအဖြစ် သည်းသည်းလှုပ် ကျော်ကြားနေမှာ မြင်ယောင်မိသေးတော့သည်။)

(ဘုရား ... ဘုရား၊ ကျွန်တော့်မှာဖြင့် ထိုစာပိုဒ်ကို ဖတ်ပြီးသောအခါ မတော်မတည့် သူ့ထီးနန်းစိုက်လိုသည့် ဆန္ဒကြောင့် ပုပ္ပားမယ်တော် ဗျတ်ဝိ ဗျတ္တတို့ခမျာဖြင့် အနေကျုံ့ရှာတော့မည်လား တွေးပူသွားမိပါသည်။)

(ငါးကြိမ်မြောက် ဆေးရုံတက်ရောက်ရသော ၂ဝ၂၅ မတ်လ နောက်ဆုံးပတ် ဝေဒနာနေ့ရက်များသို့ အမှတ်တရ)

Friday March 28.2025 01:41 Am.

“ဆိပ်ကမ်းရေဒီယို” ထံမှ နောက်ဆုံးအသံလွှင့်ချက်”

 

ဒီစာအုပ်အတွက် “ကိုသန်းတင့်”နဲ့ “ကိုချင်း” ကို ကျေးဇူးစကား ဆိုပါတယ်။ အရာရာ အဆင်ပြေကြပါစေ။

ငါးကြိမ်မြောက် ဆေးရုံတက်ရောက်ရသော ၂ဝ၂၅ မတ်လ နောက်ဆုံး ပတ် ဝေဒနာနေ့ရက်များသို့ အမှတ်တရ- ဆိုပြီး ကိုသန်းတင့်ရဲ့ “ဆိပ်ကမ်း‌ ရေဒီယို” စာအုပ်အကြောင်းကို Thursday, March 27. 2025 at 01:17AM နေ့က တင်ခဲ့တယ်။ ပထမပိုင်းပေါ့။

နောက်တစ်ပိုင်းကတော့ ဧပြီလ ပထမပတ်ထဲမှာ။ ခု တင်လိုက်တဲ့ အပိုင်းကို အဲဒီကတည်းက တစ်ဆက်တည်း ရေးနေ/ရေးခဲ့တာ။ ကြားထဲမှာ ဆေးရုံအကြိမ်ကြိမ်တက်၊ ဝေဒနာသည်းသည်း ဖြစ်လာလို့ ပြီးအောင် ဆက်မရေး ဖြစ်။ ငါစတဲ့ဇာတ် ပြီးအောင်အဆုံးသတ်မှ ဖြစ်မယ်ဆိုပြီး ဇွဲခတ်လို့ သက်သာချိန် နည်းနည်းချင်းရေးလာတာ၊ ဒီနေ့တော့ အဆုံးသတ်ပြီ။

ဖတ်ကြည့်ပြီး စာအုပ်ကို အားပေးလိုက်ကြပါဦးလား။

Whisper Of Words

(၄)

 

(ကဗျာဆရာ ဘယ်သူလဲ၊

သူနှင့် ကျွန်တော့် ဆုံချက်၊

တို့...မဝေးဘူး။)

ကဗျာဆရာ(အမည်)ကို မသိနှင့်မီ၊ “ခင်ဖုန်းသက်ဝေ”(အမည်)ကို သိခွင့်ရခဲ့သည်။ နောက်မှ သက်ဝေပိုင်ရှင်သည် ကဗျာဆရာသန်းတင့်၊ စာရေး ဆရာသန်းတင့်၊ သန်းတင့်ဟုသိပြီး သူ့အကြောင်းနှင့် ပတ်သက်သည့် သူသူငါငါ ရေးသားထားသော စာအတိုအစများကို လိုက်ဖတ်ခြေရာခံရသည်။ သည်မှ သူသည် ပုသိမ်အသိုင်းအဝိုင်းကဟု ခံစားမိလာသည်။ သူ့အကြောင်းတွင် ပုသိမ်အငွေ့အသက်များ လွှမ်းခြုံ နေတတ်သည်။

(ကျွန်တော် မဂ္ဂဇင်းလုပ်ခဲ့စဉ်တုန်းက “သရဖူ”သည် ပုသိမ် အနုပညာ သင်္ဘော အမျိုးအစား အကြီးအငယ်ပေါင်းစုံ ဝင်ရောက်ဆိုက်ကပ် စည်ကားရာ ဆိပ်ကမ်း ဖြစ်ခဲ့ဖူးသဖြင့် ပုသိမ်သား မဟုတ်သော ကျွန်တော်သည် ပုသိမ်အငွေ့ အသက်နှင့် မစိမ်းလှ၊ ပုသိမ်သည် ကိုယ့်အိမ်ကွင်းလိုပင် ဖြစ်နေသေး တော့သည်။)

တစ်နေရာတွင်မူ ကဗျာဆရာကို “ဂေါ်ရင်ဂျီကျွန်းသား”ဟူသော ညွှန်းဆိုမှုတစ်ခု ဖတ်ရသည်။ ဟုတ် မဟုတ်တော့ မသိ။ သူသည် ဘယ်လို ပုံစံရှိသော ကဗျာဆရာလဲ၊ ပုသလား/ရှည်သလား။ ဖြူသလား/ ညိုသလား။ ဝသလား/ပိန်သလား။ မာတောင့်တောင့်လား/ပျော့နွဲ့နွဲ့လား။ ကျွန်တော်မသိ။

“ဆိပ်ကမ်းရေဒီယို(၅)တွင် သူ့ကိုယ်သူ ပုံဖော်ထားသည်မှာ သည်သို့။ (ဆင်ခြေထောက် အိတ်တစ်လုံးနှင့် အရောင်လွင့်နေသော လီဗိုက်စ် 501 ဂျင်းပင်န်နှင့်၊ ဒဂ်ကိုတီရှပ်ပေါ်မှာ ထပ်ဝတ်ထားနေကျ ကယ်လ်ဗင်ကလင်း အင်္ကျီအိတ်ထောင်ထဲမှ လန်ဒန်စီးကရက်တစ်ဘူးနှင့်။ ထိုသို့ဖြင့် ကျွန်တော်၏ နှစ်ရှည်ချီတက်ပွဲ လမ်းမတွေက မနည်းမနော။ တေလေတစ်ယောက်လို ဆယ်စုနှစ်တစ်ခုစာမက၊ ကျွန်တော်အကြိမ်ကြိမ် နင်းလျှောက်ဖြတ်သန်းဖြစ်ခဲ့သော လမ်းကလေးများကလည်း နေရာ တော်တော်များများမှာ ကျန်ရစ်နေခဲ့တတ်ပါသည်။ မြစ်ဝကျွန်းပေါ် ရွာကလေးတွေမှာ၊ နယ်စပ်မြို့ကလေး တွေမှာ၊ ထနောင်းကြောင်ခြစ် နှင့် လက်ပံတွေ ရဲရာသည်းရာ အညာမြို့ကလေးတွေပေါ်မှာ၊ ကြုံရာကျပန်း တစ်ဝမ်းတစ်ခါး ရှာဖွေစားသောက်ရင်း၊ စာတွေဖတ်ရင်း၊ လူတွေကိုလည်းဖတ်ရင်း၊ ဘာရယ်လို့ ရေရေရာရာမရှိပါဘဲ ရွာရိုးကိုးပေါက် လျှောက်သွားနေဖြစ်ခဲ့သော ကာလများကို ကျွန်တော် ပိုင်ဆိုင်ခဲ့ဖူးပါသည်) ဟူသော သူ့ အရေးအဖွဲ့ကို ဖတ်ရချိန်တွင် . . .

“ငါသည် မြတ်သောအကျင့်ကိုကျင့်၍ နေရာအနှံ့၌နေ၏” သီချင်းသံသည် သူ့ဝါကျ ဇာတ်လမ်းသရုပ်ဖော်ပုံအတွက် နောက်ခံတေးအဖြစ် ထွက်ပေါ် လာနေပါတော့သည်။

ကျွန်တော့်မှာ ရွှေကြက်ယက်ရွာလေးမှ ဂျင်းဘောင်းဘီ၊ ဂျင်းဂျက်ကက် တစ်စုံ အိတ်တစ်လုံးနှင့် မြို့တော်သို့ တစ်ကိုယ်တော် ချီတက်လာသော မန်း-ရန်ကုန် မီးရထားပေါ်က ဂျစ်ပစီမိုးတိမ်အလောင်းလျာ ဝင်းမင်းထွေး၏ ပုံရိပ်ကို လှမ်းမြင်မိသည်။

သူသည် ပြည်မြို့၏ မင်းကြီးလေးပါးထဲက သိဒ္ဓတ္ထလှိုင် (သုခ မိန်လှိုင်) လို သဏ္ဌာန်ဟန်ရှိ၊ ကဗျာဈာန်ရှိသူလား။ သို့မဟုတ် မြစ်ဝကျွန်းပေါ်က ကျွန်တော့်ဆရာများဖြစ်ကြသော အနုပညာအတွင်းသား မာကျောကျစ်လျစ် သလောက် ပြင်ပခန္ဓာဖွဲ့စည်းပုံ ဖြူဖျော့ဖျော့ အားလျော့လျော့ ရှိကြသော၊ သစ်ပင်ကြီး (မောင်အောင်ပွင့်)၊ ဆရာမောင်ဒေါင်းတို့လို ပုံမျိုးလား။

နှလုံးသားအဖွဲ့တွေကို နုနုကျစ်ကျစ် လှစ်လှစ်ထ ဖွဲ့တတ်သော်လည်း နှုတ်ခမ်းမွေးကားကားနှင့် ဆရာကြီးဒေါင်းနွယ်ဆွေတို့လို လူမိုက်ရုပ်နှင့် တုတ်တုတ်ခိုင်ခိုင်ကြီး များလား။ နှုတ်က ကဗျာတွေ အလိုအလျောက် ထွက်ထွက် ကျနေတဲ့ မောင်ချောနွယ်လို နှစ်ထပ်သင်္ဘော မာလိန်မှူးလား။ ကဗျာမိုက်မိုက်၊ လူမိုက်မိုက်နေထိုင်ဟန်နှင့် ခေတ်ဆိုးကို ကန့်လန့်တိုက် နေထိုင်ပြခဲ့သော လက်မရွံ့လှသန်းလို လူစားမျိုးလား။ လူဝဝ စိတ်လွင်လွင် လွင့်လွင့် “လူဆန်း” လို လွတ်လပ်ပွင့်လင်း ပျော်ရွှင်စွာနေတတ်သူလား။ လောကနှင့်သူ ဘတစ်ပြန် ကျားတစ်ပြန် တရွတ်ဆွဲ တွန်းထိုးရင်း ဘဝကို ပေါ့ပါးစွာ အကန်ဖြတ်သန်းနေသူ “ပါပီယွန်”လို စရိုက်ရှိသူလား။ ထောင့်တစ်ထောင့်တွင် ခွေခေါက်ငြိမ်သက်ရင်း မျက်မှန်ဝိုင်းကြီးကို ပွတ်တဲ့ကာ အနုပညာအတွင်းအား ပွားများနေတတ်သော သျှပ်မှူးကျော်လို ဆံပင်ကောက်ကောက် ပိန်ခြောက်ခြောက် လား။ မျက်နှာက ဥတည်ဘွားလိုလို၊ စားပွဲပေါ်ချထားတဲ့ မန်းပေါက်ဆီလိုလို ပြုံးစိစိရွှင်ပျပျနဲ့ ပါးစပ်က ဗလွတ်ရွှတ်တ အင်္ဂလိပ်ဘာသာပြန်ကဗျာတွေ ပျော်စေပျက်စေ ထွက်ကျနေတတ်တဲ့ “သင့်လူ”လိုမျိုးလား။ သူ့ပုံပန်းသဏ္ဌာန်၊ စရိုက်၊ အသံကို ကျွန်တော် မမှန်းတတ်ပါ။

သူသည် ကမ္ဘာမြေပေါ်ကနေ “ဟေလီကြယ်တံခွန်” ကို မြင်ခွင့်ရခဲ့ ကြသော ၁၉၈၆ ခုနှစ်တွင် ဆယ်နှစ်သားသာသာ အသက်ရှိသေးသူ ဖြစ်သည်။ နှစ်ပေါင်း (၇၆)နှစ်အကြာမှ၊ ဟေလီ နောက်တစ်ကျော့ ကမ္ဘာဆီပြန်ရောက် လာမည့်အချိန်တွင် သူသည် (၈၀)ကျော် အဖိုးကြီးဖြစ်ပြီဟု ဆိုထားသည်။ ၈၆ ခုနှစ်တွင် ကျွန်တော်က မြန်မာပြည်မြောက်ဖျား တောင်တန်းများပေါ်တွင် တစ်ကုန်းတက်၍ တစ်တောင်ကျော်နေသော သံလွင်စိမ်းရောင်ဝတ် ၂ဝ စွန်းစ အရွယ်ဖြစ်ပြီ။ ထို့ကြောင့် သူနှင့် ကျွန်တော်သည် ဆယ်စုနှစ် တစ်ခုစွန်းစွန်း အသက်ကွာဟမှုရှိသော မျိုးဆက်နှစ်ခုဖြစ်မည်။

သို့သော် ယခု ဖတ်လိုက်ရသော “ဆိပ်ကမ်းရေဒီယို” စာအုပ်မှ တစ်ဆင့် သူနှင့် ကျွန်တော့်ကြားတွင် ဆက် တွင် ဆက်ထုံးအထုံများ၊ ဆုံချက်များနှင့် ဆက်နွှယ်သီယှက်ထားကြောင်း သိလိုက်ရသည်။

တကယ်တော့ ကျွန်တော်တို့ မဝေးခဲ့ကြပါ။ ကံကြမ္မာက ဆုံလျက်နဲ့ ဝေးနေအောင် ဆိပ်ကမ်း၏ အစွန်နှစ်ဘက်တွင် ဆိုက်ကပ်ခွင့်ပြုထားသော သင်္ဘောနှစ်စီးသာ ဖြစ်၏။ ယနေ့အချိန်ထိ လူချင်းမဆုံဖူး၊ စကားစမြည်မပြောဖူး၊ လူမှုကွန်ရက်တွင် အချိတ်အဆက် မရှိဖူးခဲ့ကြသည်မှာ ကံကြမ္မာ၏ လှောင်ပြောင် ကွေးကောက် ကျီစားသန်ထားမှု ဖြစ်ဟန်တူ၏။ ဤစာအုပ်မှ တွေ့မြင်လိုက်ရသော သူနှင့် ကျွန်တော့် ဆက်ထုံး ဆုံချက်များကို တို့ထိဖော်ထုတ်ကြည့်သောအခါ ခုလို တွေ့ရသည်။

ဆိုပါစို့ရဲ့။

 

“ငွေယံဦး”

မောင်ချောနွယ်တို့လို လူမျိုးကတောင် အသေကြွေရသော ရဟန်းစာဆို မော်ဒန်နစ်ဝေယံဦးဟူသော အမည်တစ်ခု သူ ရေးပြသည်။ သူနှင့် ခင်မင်ရင်းနှီး လွန်းဟန်ရှိသည်။ မာန်အောင်ကျွန်း၊ ဆားချက်ရွာဇာတိက ဖြစ်သည်။ ကျွန်တော် ရဟန်းစာဆို ငွေယံဦးကို မသိပါ။ မြင်တောင် မမြင်ဖူးပါ။ သို့သော် ၁၉၉၆ ခု၊ စက်တင်ဘာလက ရေးသားထားသော သူ့ကဗျာ (ပြန်ကြမယ်လေ)ကို နှစ်သက်လွန်းသဖြင့်၊ ကျွန်တော့်လက်ရေးဖြင့် ကူးယူမှတ်တမ်းတင်ထားသည့် လက်ရေးစာအုပ်ထဲတွင် ရေးမှတ်ထားဖူးသော ကဗျာစာဆို ဖြစ်နေတော့သည်။

 

“ဖြူမွန်

နောက်...။ အနုပညာရှင် ကဗျာဆရာမဖြူမွန် (နာမည်ကျော်ပန်းချီဆရာ ကိုချမ်းအေး၏ဇနီး)။ ဆရာမ၏ ကဗျာတစ်ပုဒ်ထဲမှာ “ဆွတ်ဆွတ်မှောင်” ဟူသော ကဗျာအဖွဲ့အသုံးကို သူ (ကိုသန်းတင့်) နှစ်သက်လွန်းလှ/ စွဲငြိတွယ်ခဲ့ ဖူးလှပုံပေါ်သည်။ တခုတ်တရ ပြန်ပြောပြထားသည်ကို တွေ့ရသည်။ ထိုကဗျာ သည် ၁၉၉၆ ဝန်းကျင်က ကျွန်တော် “သရဖူမဂ္ဂဇင်း” လုပ်နေချိန်တွင် ရွေးချယ် ဖော်ပြမိခဲ့ဖူးသော ကဗျာထဲက စာသားဖြစ်သည်။

ထိုကဗျာကို ရွေးချယ်ဖြစ်ခဲ့စဉ်က ဆွတ်ဆွတ်မှောင်”ဟူသော မှော်ပေါက်ဖန်တီးမှု စကားလုံးအသုံး တစ်ခုတည်းကပင် ကဗျာကို ရွေးချယ် ထည့်သွင်း ဖော်ပြရန် ကျွန်တော့်အတွက် လုံလောက်လှသော အကြောင်းပြချက် ဖြစ်ခဲ့ဖူးသည်။

 

“ကြွက်နီ(သိမ်းတင်သား)”

“ကြက်နီ(သိမ်းတင်သား)နှင့် ကျွန်တော်သည် သရဖူတွင် တစ်အိုး တည်းစား တစ်အိမ်တည်းနေ၊ တစ်ခုတည်းသော အလုပ်ကို အတူလုပ်ဖူးခဲ့ကြသည့် ညီအစ်ကိုရင်းသဖွယ် လူနှစ်ဦးဖြစ်ခဲ့သည်။

“ဟိုမှာ... ရေပြင်ပေါ် လှိုင်းကလေးတွေလည်း ပြေးဆော့လို့ရယ် စမ်းချောင်းလေးလားကွယ်” ဟူသည့် ငှက်နှင့် အောင်ရင် တွဲဆိုထားသော နာမည်ကျော် “မဆုံးတဲ့သီချင်း” ရေးသားသူ ကျွန်တော်တို့၏ ဒရမ်မာကြွက်ဆရာနှင့် ကဗျာဆရာသန်းတင့်သည် ခေတ်ကာလတစ်ခုတွင် ပုသိမ်မြို့၌ အိမ်ချင်း ခြေရင်း ခေါင်းရင်း နေခဲ့ကြဖူးသတဲ့။ ဖြစ်ရလေတယ်။ ဝေးကွာခြင်းက တို့အတွင်းထဲမှာ များလား မသိတတ်တော့။

တစ်ရက်သားတွင်တော့၊ လူတစ်ယောက် သူ့အိမ်ကို ရောက်လာသတဲ့။ ပုံပန်းက ပိန်ညှော်ညှော် ဂျင်းဂျာကင် အနွေးထည်ကြီးဝတ်လို့။ စာအုပ်ထူထူ တစ်အုပ် ရင်မှာပိုက်လို့။ ဆံပင်ခွေကောက်ကောက် လေးတွေကို ဆံထုံးလိုမျိုး နောက်မှာ စည်းနှောင်လို့။ “ကိုကြွက်နီတစ်ယောက်များ တွေ့မိသလားဗျ”ဟု သူ့ကိုလာမေးသတဲ့။ သည်အချိန်ထိ ထိုသတ္တဝါမည်သူမှန်း ကဗျာဆရာ မသိ။ ကြွက်ရှိနိုင်မည်ထင်ရာကို သူလမ်းညွှန်၍ ဟိုက ထွက်သွားပါမှ သူဘယ်သူလဲလို့ သူ့အိမ်ရှင်ကို မေးကြည့်တဲ့အခါ “ကျော်မြင့်လွင်လေ၊ မင်းတို့ရဲ့ထူးအိမ်သင်ပေါ့” လို့ အိမ်ရှင်က ပြောသတဲ့။ ထိုအခေါက်သည် ငှက်တစ်ကောင်ကို အရှင်လတ်လတ် သူမြင်/တွေ့ခဲ့ရဖူးသောအဖြစ် ဖြစ်ခဲ့ကြောင်း ဂုဏ်ယူမဆုံး တပြုံးပြုံးဖြစ်နေပုံကို ရေးပြထားသည်။

သူတို့နှစ်ဦး၏ ပထမဆုံးနှင့် နောက်ဆုံးရေစက် ဖြစ်ခဲ့လေကြသလား တော့ ကျွန်တော်မသိ။ ငှက်နှင့် ကျွန်တော့် နောက်ဆုံးရေစက်မှာ ပန်းဆိုးတန်း ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော နိုင်ငံတကာ စာအုပ်အရောင်း သင်္ဘောပေါ်သို့ သူ့ကို ကျွန်တော်တင်ပေးနှုတ်ဆက်ခဲ့ချိန်ဖြစ်သည်။ စာအုပ်များကို စိတ်ကြိုက် ရွေးချယ်နေသော ငှက်၏မျက်မှန်ပေါ်ကျရောက်နေသည့် ညနေခင်း နေခြည်နုနု လေးကို ကျွန်တော် မြင်ယောင်မိနေပြန်ပါပြီ။

 

“ပြည့်လှိုင်ဦး ”(ကဗျာဆရာမပန်ဒိုရာ)

ကျွန်တော်နှင့် ရင်းနှီးသော၊ စာပေဆွေးနွေးပွဲစင်တစ်ခုတွင် အတူ ပါဝင် ဆွေးနွေးခွင့်ရခဲ့ဖူးသော အနှီကဗျာဆရာမသည်လည်း၊ သူ့ကဗျာများ အဖြူပေါ် အနက်တင်ရန် တွန်းအားပေးခဲ့သူ သူ့ငယ်သူငယ်ချင်း ဖြစ်နေပြန်သတဲ့။ “ဘာမှမရတဲ့ဘဝတော့ မဟုတ်ဘူး၊ သတိရတယ်”၊ “ငုံးအိမ်ကျူလ” စသည့် နာမည်ကျော် ကဗျာများပိုင်ရှင် (ကျွန်တော် ချစ်ခင်ရင်းနှီးသည့်) မြစ်ကြီးနား၊ တာလောကြီးသား “ဝေးခေါင်” သည်လည်း သူ့ကဗျာခရီးစာ ခရီးအတွက် နေရာအနှံ့ ဥချထားခဲ့သည့် ကိုသန်းတင့်၏ ကဗျာဘဲဥများ မပျောက်ပျက်ရအောင် ကြိမ်တို့ ကောက်ယူသိမ်းဆည်းပေးတတ်သူ။ သူ့ကဗျာများကို စုစည်းထုတ်ဝေ ပေးလိုသူ ဖြစ်နေပြန်သတဲ့။ ကမ္ဘာကြီးသည် ဘာ့ကြောင့်များ သည်မျှကျဉ်းမြောင်းရပါသလဲ။

 

“ကဗျာဆရာ ငုအိမ်ထက်မြက်”

ကိုငုသည် ကျွန်တော်ခင်မင်သော ကဗျာဆရာ/ပန်းချီဆရာ/အနုပညာ သမားဖြစ်သည်။ သူ့ကဗျာများစွာကို ဖတ်ဖူးသည်။ အကန့်အသတ်ဖြင့် ထုတ်ဝေသော သူ့ ပို့စ်မော်ဒန်ကဗျာစာအုပ်နှင့် သရုပ်ဖော်ပုံများကို ဝယ်စုသိမ်းထားသည်၊ သို့သော် ယခု ဆရာသန်းတင့် ဖော်ပြသော ကိုငု၏ ကဗျာကို ကျွန်တော် မဖတ်ဖူးခဲ့။ သူ့ဖော်ပြထားပုံ စုတ်ချက်တစ်ချက်တည်းကပင် လူကို နင့်ခနဲဖြစ်ကာ ငိုင်ကျ သွားစေခဲ့သည်။ သူက ထိုသို့ ဖော်ပြထားသည်။

(မိုးဦးရေဆန်သည် ဆရာငုအိမ်ထက်မြက်၏ ကဗျာထဲက ပြည့်တန်ဆာ မလေးလည်း ဖြစ်ပါသည်။ ထိုပြည့်တန်ဆာမလေးက လိင်ဆက်ဆံခါနီးတိုင်း “ငါတို့ ဗမာပြည်ဝယ် မိဘတိုင်းကကွယ်၊ ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်” ဟု အနာဖေးခြောက်ကလေး ခွာရင်း သီချင်းညည်းနေ တတ်ပါသတဲ့။ မိုးဦးရေဆန်သည် မတန်မရာအိပ်မက်ကို မက်နေသော အနာဖေး ခြောက်ကလေး ဖြစ်ပါသည်) တဲ့။

မည်သို့ပင်ဖြစ်စေ သူနှင့် ကျွန်တော့်ကြားတွင် ဆုံချက်တစ်ခုမက ရှိနေခဲ့သည်မှာတော့ အမှန်ပင် ဖြစ်ဟန်တူသည်။)

စာတစ်ပိုဒ်ကပေးသော အနာများ၊ အတွေးများ၊ ဝေဒနာများ မဆုံးနိုင် အောင် တလူလူလွင့်ထ အူထွက်နေလိုက်ပုံများကဖြင့် ခမ်းနားကြီးကျယ် နာကျင် ကြေကွဲဖွယ်ကောင်းနေလွန်းလှတော့သည်။

Whisper Of Words

(၅)

(ကျွန်တော့်စင်ပေါ်က သီချင်းစာအုပ်များ)

 

ယခုအခါ အကုန်အစင်မရှိတော့ (အများစု ပျောက်ပျက်ဆုံးပါးသွားပြီ) သော သီချင်းနှင့် ပတ်သက်သည့်စာအုပ်များ အတော်စုဆောင်းခဲ့ဖူးသည်။ အဖိုး အဖေတို့ခေတ်က ကတ်ထူဖုံးချုပ် မဟာဂီတများ၊ ရေဒီယိုသီချင်းများမှသည်၊ ဘေ့စ် တော်မီကျော်နိုင်၊ မြန်မာပြည်သိန်းတန်၊ မင်းမင်းလတ်တို့ ခေတ်က E Chord ကို နှိပ်၍ ခေါက်ချင်သလိုခေါက် အော်ချင်သလို အော်ဆိုပါဟူသော ပုံနှိပ်မင်ကူးစာအုပ်များ၊ စိုးသိဏ်း၏ Hit Songs အင်္ဂလိပ်သီချင်းစာအုပ်များ။

ရန်ကုန်မြို့လည်ကောင် ရုပ်ရှင်ရုံများအောက် အပုံလိုက် ခင်းရောင်း နေသော စတီရီယိုအရှိန်ရစ လက်တစ်ဝါးစာသီချင်းစာအုပ်ငယ်များ၊ စိုင်းထီးဆိုင်၊ စိုးလွင်လွင်၊ စိုးပိုင်၊ မျက်ရည်ငှက်များ နားစေသတည်း။ ကျော်ဟိန်းခေတ် ကြွေစက္ကူပေါ် ရောင်စုံပုံများစွာဖြင့် တခမ်းတနား ရိုက်နှိပ်ထားသော စာအုပ်များ၊ IC ခေတ်စာအုပ်များ စသဖြင့် များလှသည်။

ရှေ့က စုထားသည်များ ဆုံးပါးသွားသည့်တိုင်၊ သည်ဘက်ခေတ်တွင် ထွက်ရှိလာသော “ဂျူး”၏ “နိုဝင်ဘာမိုး”၊ “ဝင်းတင်ဝင်း” ၏ “သီချင်းထဲက အင်္ဂလိပ်” စာအုပ်တွဲများ၊ “မောင်ဟံသာ” ၏ စွဲလမ်းနှစ်ခြိုက် ခဲ့ရသော မြန်မာ့အသံ ရေဒီယိုသီချင်းများ၊ ကိုပေါက်(မန္တလေး)၏ “နွေးသီး” စာအုပ်များအထိဝယ်သိမ်းတုန်း။

ကျန်သော စာအုပ်များသည် ရည်ညွှန်းကိုးကားရန်၊ မေ့လျော့နေသည့် သီချင်းစာသားများ ပြန်လည်ဖတ်ရှု မှတ်သားရန် ဖြစ်သော်လည်း၊ ယခုစာအုပ် “ဆိပ်ကမ်းရေဒီယို” ကမူ၊ စိတ်အေးခဲသွားတိုင်း သီချင်းခံစားမှုများဖြင့် ပြန်နွေး ယူရန်သာ ဖြစ်တော့သည်။

ဘဝတွင် သီချင်းများ၊ ရေဒီယိုများနှင့် ထွေးလုံးရစ်ပတ်နေတတ်ခဲ့သော ကျွန်တော်သည် ယခုလည်း ကိုသန်းတင့်နှင့် ခင်ဖုန်းသက်ဝေတို့ စုံတွဲ ဆိပ်ကမ်း ရေဒီယိုလေးထဲမှာ သစ္စာတိုင်တေး တစ်ပုဒ်များ ဆိုညည်းနေကြမည်လားဟု စာရွက်များကို အခါခါ လှန်လှောချောင်းမြောင်း နားထောင်နေမိပြန်ပါပြီ။

ကဗျာဆရာ ပိုးစိုးပက်စက် အသည်းကွဲကာ၊ ကဗျာကောင်းများ မိုးရွာသလို ဥချထားနိုင်ပါစေ။ သူ့အနုပညာဥယျာဉ်ခြံမြေထက်တွင် အမြည်း ပန်းကန်ထဲက ကြက်သွန်ဖြူ ဥလေးတွေ စီရရီထနေသလို ခင်ဖုန်းသက်ဝေ၏ ချစ်ပြုံးစံပယ်ပွင့် သွားတက်လေးများ တောလုံးဝေနေပါစေ။

ဆိပ်ကမ်းရေဒီယိုမှ လွှင့်ထုတ်လိုက်သော ရေဒီယိုလှိုင်းများ စကြဝဠာ တံတိုင်းထိတိုင် အဆက်မပြတ် လွင့်ပျံတက်နေနိုင်ပါစေ။

ပြီးပါပြီ။

"ငြိမ်းအေးအိမ်"

(ရှစ်ကြိမ်မြောက် ဆေးရုံတက်ရောက်ရသော ၂ဝ၂၅ မေလ နောက်ဆုံးပတ် ဝေဒနာနေ့ရက်များသို့အမှတ်တရ။)

Thursday May 22. 2025 at 10:02 AM

(ယခုစာများသည် ဆရာငြိမ်းအေးအိမ် မကွယ်လွန်မီ တစ်လခန့်က ဆရာ့ လူမှုကွန်ရက်စာမျက်နှာ တွင် ရေးသားခဲ့သော စာများဖြစ်ပြီး ဆရာ့မိသားစုထံမှ ခွင့်ပြုချက် ရယူ၍ ကျေးဇူးတင် အမှတ်ရစွာ ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။

(ငြိမ်းအေးသော အိမ်ကလေးမှာ ငြိမ်းချမ်းအေးမြပါစေ ဆရာ)

Whisper Of Words

စာရေးသူ၏ အမှာစာ

 

ဆိပ်ကမ်းရေဒီယို ။

 

ကြွေရာသည်

မြဲသူအသက်နဲ့ ဆက်ခံရအောင်လှမ်း

ဒီရေရဲနဲ့ တသွင်သွင်ငင်။

ကိုယ်တို့အကြောင်း ဆိုကြသောအခါ

ရနံ့မပါ ဗလာရုံတောစပယ်လမ်းလေး

တစ်ဝေးထက်တစ် ဝေးဝေး။

ပြောလက်စ၊ ပြေးလက်စ၊ ကျကျန်လက်စ

အသံတွေ၊ အကျန်တွေ။

စေမိစေရာသည်

အရှေ့အဦးသို့လည်းကောင်း၊

အနှောင်းအနောက်သို့လည်းကောင်း၊

ညွှန်မိညွှန်ရာသည်

တောင်မြောက်သဲရာ မိုးယဉ်ညွှတ်ဆိုင်။

မြစ်တစ်ခိုင်မှာ

လ သူစိမ်းရက်ဆက်ကြာ

ကမ်းနှစ်ပါးနောက်မှာ မြင်မိသေးလား ငို

နွံသေ ရေသေ သီချင်းပုန်းလေးတွေ ဆို။

မြစ်ကျိုးအင်းလေးလို

အိပ်နေပုံ။

သန်းတင့်

ဆိပ်ကမ်းရေဒီယို(၁)

 

ခက်ခဲသောရက်များ၊ လများပင်ဖြစ်သည်။ စိတ်ညစ်ရ၊ စိတ်ပျက်ရ အနေအထိုင်ကအစ ရှုပ်ထွေးခြိုးခြံ နေရသည်ထက် ကိုယ်တည်ရှိနေကြောင်း သက်သေပြဖို့ရာ တစ်စုံတစ်ယောက်ကို ရှာဖွေနေတတ်သည်က သာ၍ပင်ခက်ခဲ လှသည်။ ကျွန်တော့်နာမည်ကို လက်ဝါးပြင်မှာရေး၍ ကျွန်တော် လွတ်မြောက်ပါ စေကြောင်း၊ ကျွန်တော် ပြန်လာနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့ကြသည် ဆိုသော မေတ္တာဖြူဖြူတချို့အား ကြားသိလိုက်ရသည့်အခါ အူလှိုက်သည်းလှိုက် ပျော်ရတာလည်းရှိဖူးကြောင်း ဝန်ခံရပါမည်။

ကိုယ့်ဘဝမှာ ကိုယ် မပါဝင်ဘဲ ပျော်စရာနေ့ရက်တွေ ရှိနေပါသေးလား ဟု အထိတ်တလန့် သိရှိခဲ့ရသော ကာလဟု ဆိုရမည်ထင်သည်။

ကျွန်တော့်တွင် လူမှုကွန်ရက် အသုံးပြုနိုင်သော ဖုန်းမရှိတာပင် ရက်ပေါင်းရာချီကြာခဲ့ပြီ။ စကားပြော၍ရသည်ဆိုရုံ ကီးပက်ဖုန်းလေးတစ်လုံးသာ ပါလာပြီး ဆက်သွယ်ရမည့်စာရင်းတွင် မှတ်မိသမျှလူ လေးငါးခြောက်ယောက်၏ နာမည်သာ မှတ်ထားနိုင်တော့သည်။ ထိုအတောအတွင်း စာအုပ်လေးတစ်အုပ်၏ နောက်ကျောဘက်တွင် “လူလေးစစ်သည်တော် ကဗျာကို ရေးထားဖြစ်ခဲ့ပါသည်။

တစ်နေ့နေ့၌ ထိုကဗျာကို တိမ်ခိုးတိမ်လှိုင်းတို့ တလိပ်လိပ်တက် လာသည့် အသံမျိုးဖြင့် ရွတ်နိုင်ခွင့် ဖတ်နိုင်ခွင့်ကို ကျွန်တော်ရချင်မိသည်။

လုပ်စရာရှိတာ လုပ်မည်။ ဝတ္တရားအတိုင်း ဆောင်ရွက်မည်။ ကျင့်ဝတ်နှင့်ညီအောင် နေမည်။

ဒီနိုင်ငံသားတစ်ယောက် အနေနှင့်ရော မစို့မပို့ စာကဗျာရေးသူ တစ်ယောက်အနေနှင့်ရော ဒီမြေဒီရေအပေါ် သစ္စာပျက်ယွင်းရန် စိတ်အကြံအစည် စဉ်းငယ်မျှပင် ကျွန်တော့်မှာမရှိ။ “မခင်ဦးကို ချစ်ခဲ့တာတစ်ခုပဲ ရှိပါတယ်ဗျာ ဆိုသည့် ဗန်းမော်တင်အောင်လောက်လည်း အတ္တနည်းနိုင်သူတော့ ဖြင့် မဟုတ်ပါ။

ဝမ်းရေး၊ ပြည်ရေးများ အနားရလျှင် သီချင်းတွေ နားထောင်ဖြစ်သည်။ လွမ်းရေးဟုဆိုရန်တော့ဖြင့် ကျွန်တော့်အခြေအနေ၊ အရွယ်နှင့် မသင့်တော်ပါ။ တစ်ခါတလေ ကိုယ်နားထောင်နေသောသီချင်းအား တစ်ယောက်ယောက်ကို နားထောင်စေချင်မိတတ်သည်။ ထို့ထက်ပို၍ ကိုယ့်သံကြောင်သံပျက်လေးနှင့် တစ်ဆင့် ပြန်ဆိုပြချင်နေမိတတ်တာလည်း ရံဖန်ရံခါ ရှိနေတတ်ပါသည်။ ထိုအရာသည်ပင် အားကိုးမှီခိုချင်စိတ် ဖြစ်ပါလိမ့်မည်။ ထိုအရာသည်ပင် အားငယ် အထီးကျန်စိတ်လည်း ဖြစ်ပါလိမ့်မည်။ ထိုအရာသည်ပင် မည်သူမပြု မိမိမှုနှင့် လက်လုပ်သောကများဖြစ်ပါလိမ့်မည်။ ထိုအရာသည်ပင် အရေးတော်ပုံ၊ ထိုအရာ သည်ပင် ရာဇဝင်နုနုလည်းဖြစ်နေနိုင်ပါသည်။

သိပ်မကြာသေးခင် နှစ်တစ်နှစ်၌ ကျွန်တော်အက်ဆေးတစ်ပုဒ်ရေးအပြီး စာမူပို့ရာတွင် အီးမေးလ် လမ်းကြောင်းနှင့် ဆိုရှယ်မီဒီယာ ဘယ်နည်းဘယ်ပုံ မှားယွင်းလိုက်မိသည်မသိ။ ဖေ့ဘုတ်ပေါ်မှာ နိုတီတချို့ တက်လာတော့မှ သိလိုက် ခြင်းဖြစ်ပါသည်။ ကျွန်တော် ပို့စ်ကိုပြန်ဖျက်သည့်အချိန်တွင် ပြန်မဖျက်ပါနဲ့ဗျာဟု တစ်ယောက်က လှမ်းပြောပါသည်။

တစ်နေ့လုံး မာမာတောင့်တောင့်ကြီး ဆဲလိုက် ဆိုလိုက်၊ ကလော်လိုက် နှက်လိုက်၊ တွန်းလိုက်ထိုးလိုက် လုပ်နေရတာမှာ ခင်ဗျားရဲ့ ပလီစိချောက်ချက် လေးတွေ ဖတ်လိုက်ရမှ နည်းနည်းပြန်ပြီး ပျော့ပျောင်းသွားတယ်ဟု ဆိုလာပါသည်။ အမှန်လည်း ကျွန်တော်သည် လူ့ပလီလေး တစ်ယောက် ဖြစ်ပါသည်။

ဒီနေ့လည်း တစ်ယောက်က တိမ်ပလီနွေနှောင်း သီချင်းကို ဖွင့်ပြပြီး ခနဲ့တဲ့တဲ့ လုပ်ပြန်ပါသည်။ ကျွန်တော် ပျော်ပါသည်။ ပလီတတ်သူတစ်ဦးကြောင့် တိုင်းပြည်တစ်ခု ချောက်ထဲကျသွားသည့် မှတ်တမ်းမှတ်ရာ ဘယ်ကျမ်းစာမှာမှ ကျွန်တော် ရှာဖွေမတွေ့ရှိသေးပါ။

ထိုသို့ဖြင့် ဆိပ်ကမ်းရေဒီယို အစီအစဉ်ကို စတင်ရေးဖြစ်သည်ဟု ဆိုရပါမည်။ ပြည်မြို့က ဆရာဝန်လေးကိုရော တစ်ပြည်သူ မရွှေထားကိုရော ဆိပ်ကမ်းရေဒီယိုလေးမှ ကျေးဇူးတင်ကြောင်း ပြောလိုပါသည်။

ဆိပ်ကမ်းရေဒီယိုဆိုသည်မှာ နှစ်တော်တော်ကြာကြာက ကျွန်တော် ရေးဖြစ်ခဲ့သော ကဗျာတစ်ပုဒ်၏ ခေါင်းစဉ်ဖြစ်ပါသည်။

ကဗျာတစ်ပုဒ်လုံးတော့ဖြင့် မမှတ်မိတော့ပါ။ ကဗျာထဲ၌ မြစ်ကျိုးအင်း လေးတစ်ခု ပါဝင်ပါသည်။ နွံတွေကလည်း အသေ၊ ရေကလည်း အသေ၊ လူတွေ မဆိုကြ မသိကြတော့သည့် သီချင်းပုန်းလေးတွေကို ဆိုညည်းရင်း မြစ်မကြီးတစ်ခု၏ နောက်ဝယ် လူမသိ သူမသိ ခွေခွေလေးအိပ်နေတတ်သည့်အကြောင်း ရေးဖြစ်ခဲ့တာတော့ မှတ်မိနေသေးသည်။

ယခုလက်ရှိ ကျွန်တော့်အခြေအနေသည်လည်း ဆိပ်ကမ်းရေဒီယိုမျှသာ ဖြစ်သည်။

နားထောင်ဖြစ်သည့်သီချင်းလေးများ ကြိုက်မိနှစ်သက်မိသည့်သီချင်း လေးများကို ကျွန်တော် ခံစားနားလည်မိသလို ပြန်ပြောင်းပြောပြချင်ပါသည်။

ဂီတပညာနှင့်ပတ်သက်၍ ကျွန်တော်ဘာဆိုဘာမှ မသိပါ။ တချို့ ကျွန်တော် ကြိုက်ပါသည်ဆိုသည့် သီချင်းများကိုပင် ကျွန်တော် မဆိုတတ်ပါ။

ဥပမာ- တိမ်ပလီနွေနှောင်းလိုသီချင်းကို ဘယ်လိုဘယ်ပုံ ဆိုကြည့် ကြည့် ကျွန်တော့်အတွက် မလွယ်ကူလှပါ။

သို့သော် ကျွန်တော် နားလည်ခံစားရသလို ပလီပြတတ်ပါသည်။ တစ်နေ့တာ၏ ကြမ်းတမ်းရုန်းကန် နေရမှုများမှ ခဏတာ လွတ်မြောက်ကြစေရန် ရည်ရွယ်လိုရင်းဖြစ်ပါသည်။

ကိုစောညိန်း၊ မြို့မငြိမ်း၊ ပရက်စလေမှ စ၍ ကိုနေဝင်း၊ ဖိုးချို၊ ဂါရီမိုင်း၊ ကိုသန်းလှိုင်၊ အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇောအထိ ပါဝင် ကောင်း ပါဝင်ပါလိမ့်မည်။

တတ်နိုင်သလောက် ကျွန်တော်ခံစားမိသလို၊ တိုက်ဆိုင် ဖြစ်ပျက်ဖူးသလို ခံစားရသမျှ ရိုးသားစွာ ပြောပြပါဦးမည်။ စကားစခဲ့သည့်အတိုင်း ထိုအရာ သည်ပင် အားကိုးမှီခိုချင်စိတ် ဖြစ်ပါလိမ့်မည်။ ထိုအရာသည်ပင် အားငယ် အထီးကျန်စိတ်လည်း ဖြစ်ပါလိမ့်မည်။ ထိုအရာသည်ပင် မည်သူမပြု မိမိမှုနှင့် လက်လုပ်သောကများ ဖြစ်ပါလိမ့်မည်။ ထိုအရာသည်ပင် အရေးတော်ပုံ၊ ထိုအရာသည်ပင် ရာဇဝင်နုနုလည်း ဖြစ်နေနိုင်ပါသည်။

တချို့သီချင်းများနှင့် ပတ်သက်၍ အနည်းအကျဉ်းမျှသာ ပြောပြဖြစ် သည့်အခါ ကျွန်တော့်အား ခွင့်လွှတ်သည်းခံပေးကြစေချင်ပါ သည်။

ဥပမာ ယခုဖော်ပြမည့် “ပရက်စလေ”၏သီချင်းမျိုးကို ဆိုလိုခြင်း ဖြစ်ပါသည်။ I can't help falling in love with you1 ဟု သူက ဆိုထားပါသည်။ ကြံကြံဖန်ဖန် ဒီအဖိုးအိုပေါက်စလေးနှယ် ဘယ်အချစ်ထဲမှာများ နစ်မြုပ်နေရတာလဲ မကြီး မငယ်နဲ့ဟု ဆိုကြပါလျှင် ကျွန်တော့်မှာ အဖြေရခက်တော့မည်။

ကျွန်တော့် ရေဒီယိုလေးမှ စိတ်ချမ်းမြေ့စရာ သီချင်းလေးတစ်ပုဒ်ကို ရိုးရိုးသားသား လွှင့်ထုတ် တင်ဆက်ပေးလိုက်ခြင်းသာ ဖြစ်ပါသည်။

ထပ်၍ ရိုးရိုးသားသား ပြောရလျှင် လူတစ်ယောက်အဖို့ တစ်ဘဝမှာ တစ်ကြိမ်တော့ အနည်းဆုံး နစ်မြုပ်ဖူးကြသူချည်းဖြစ်ကြပါလိမ့်မည်။ မရိုးမသား ပြောရလျှင်လည်း တစ်ကြိမ်တော့ နစ်မြုပ်ကြည့်ရန် ကျွန်တော် တိုက်တွန်းချင် ပါသည်။

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။

🅦🅗🅘🅢🅟🅔🅡 of 🅦🅞🅡🅓🅢

Can't Help Falling in Love

Elvis Presley

Composer - Markus Loeffel, Rolf Ellmer, Plavka Lonich

Blue Hawaii

Date: 1961-10-20

ဆိပ်ကမ်းရေဒီယို (၂)

 

အရှေ့ကောင်းကင်မှာ မိုးတွေညို့နေပြီ။

သူတို့ပြန်ကြတော့မည်ဟု ကျွန်တော်ထင်သည်။ ယခုတစ်ကြိမ် သည်းသည်းထန်ထန် ရွာပြီးလျှင် လက်ကျန်တိမ်များကို ရုပ်သိမ်း၍ မုတ်သုန်မိုးတို့ ပြန်ကြပေတော့မည်။

ဒီအရပ်ဒီနေရာလေးကို ကျွန်တော် စတင်ရောက်ရှိခဲ့စဉ်က “ဝက်စမ်း” မှာ ရေပင်သိပ်မရှိသေး။ ရေအိုင်လေးတွေ ဟိုတစ်ကွက် ဒီတစ်ကွက်နှင့် ဖြစ်သည်။ ခြေထောက်ခိုက်မိထားသော ဒဏ်ကို လေ့ကျင့်ခန်းလုပ် လမ်းလျှောက်ရင်း ထိုစမ်းကောလေး၏ဘေး သဲစပ်မှာ တစ်ခါတလေ ကျွန်တော် နားနေမိတတ် သည်။

သူက မိုးကို မျှော်နေသော နွေနှောင်းကာလ။ ကျွန်တော်ကလည်း ဖုန်းနားကြပ်လေးတပ်၍ “နွေနှောင်းဝဿန်”သီချင်းနှင့် ထွေရာလေးပါးကို ခုခံတည်ဆောက်နေမိတတ်သော နွေခရီးသည်။

နွေနှောင်းဝဿန်သီချင်းကို ဂီတနက်သန်ကိုစောညိန်း ရေးခဲ့သည်လား၊ ဒဂုန်တာရာ ရေးခဲ့သည်လား ယခုတိုင် အငြင်းပွားနေကြဆဲဖြစ်သည်။

နှစ်တော်တော်ကြာကြာက မဂ္ဂဇင်းစာမျက်နှာများတွင် ဒီသီချင်း ပြဿနာတွေ ဆူညံခဲ့ကြဖူးတာ ကျွန်တော် ဖတ်ခဲ့ရသည်။ ကိုစောညိန်းမှာ အသက်(၂၇)နှစ် အရွယ်မျှနှင့် အသတ်ခံခဲ့ရ၊ တိမ်းပါးခဲ့ရပြီး နွေနှောင်းဝဿန်နှင့် ပတ်သက်၍ ပြောနိုင်စရာ အခြေအနေမရှိတော့။

အငြင်းပွားစဉ်ကာလ၌ အသက်အရွယ် အိုမင်းလှပြီဖြစ်သော ဒဂုန် တာရာ ကိုယ်တိုင်ကလည်း ဒီသီချင်းနှင့် ပတ်သက်၍ သူ မမှတ်မိတော့ကြောင်းသာ အဖြေပေးလိုက်သည့်အခါ သီချင်း၏ဇာစ်မြစ်က ပို၍ပင် ဝေဝါးခဲ့ရသည်။

ဆရာကြီးဒဂုန်တာရာလည်း ယခုမရှိတော့ပြန်။

ကျွန်တော်တို့ ဆုံဖြစ်ကြ သည့် ဗိုလ်တထောင်ဆိပ်ကမ်းညများတွင် စီနီယာဆရာသမားများက ဒဂုန်တာရာရေးသည့်ဘက်ကဖြစ်သည်။

ကျွန်တော် တစ်ယောက်သာ ကိုစောညိန်းဘက်မှ မတ်မတ်ရပ်နေမိသည်။ ဘယ်သောအခါမှလည်း တစ်လက်မမျှ ဆုတ်ခွာပေးရန် ကျွန်တော့်မှာ ဆန္ဒမရှိပါ။

ဒီလို နွဲ့ပျောင်းတာ၊ ဒီလို အားငယ်ထိတ်လန့်နေတတ်တာ၊ ဒီလို သေးမျှင်ပါးလျားသော်လည်း တစ်ရစ်ချင်း၊ တစ်ပတ်ချင်း တဖြည်းဖြည်း ခိုင်မာအောင် ရုန်းမရ ထွက်မရအောင် တုပ်နှောင်သွားတတ်သူမှာ ကိုစောညိန်း အပြင် တခြားမရှိ။ ဒါက ကျွန်တော့် ယုံကြည်ချက်သာ ဖြစ်သဖြင့် မှားကောင်း မှားနေနိုင်ပါသည်။ ကျွန်တော်က ဂီတသုတေသီ စည်းဝါးကျွမ်းကျင်သူ ပညာရှင်လည်း မဟုတ်။ ဆိပ်ကမ်းတစ်ခု၏ဘေးမှ ချောက်တီးချောက်ချက် ရေဒီယိုလေးမျှသာ ဖြစ်သည်။

“နွေနှောင်းဝဿန်”သီချင်းတွင် ကိုစောညိန်း၏ သန္ဓေတွေ၊ လေတွေ ပါနေတာကို ကျွန်တော့် ဆိပ်ကမ်းရေဒီယိုလေးက ကြည်လင်စွာ ဖမ်းယူရရှိထားပါသည်။

ဥပမာ “လှည့်”ဆိုသည့် စကားတစ်လုံး ဆိုပါစို့။ ကိုစောညိန်း၏ “မိုးသက်လေနှင်'သီချင်းတွင် “ရှုလှည့်မြင်လှည့်စေချင်”ဟူသည့် စာသားကို မှတ်မိကြပါလိမ့်မည်။

မိုးသည်းသည်းအောက် ကြောက်နေ ချမ်းနေရှာသော ကောင်လေး၊ ခိုမှီစရာ ရင်ခွင် ပျောက်ဆုံးနေသော လူငယ်လေးတစ်ယောက်၏အသံ စသဖြင့် အကျယ်လောင်ဆုံး ကျွန်တော်တို့ ကြားရပါလိမ့်မည်။ ယခု “နွေနှောင်းဝဿန်” သီချင်းတွင်လည်း “သက်လျာဓာတုရဲ့ မြင်လှည့်ပါ” ဟု လှည့် တစ်လုံးကို လွမ်းဆွတ်ခမ်းနားစွာ ထပ်မံတွေ့ရှိရပါလိမ့်မည်။

သီချင်းတစ်ပုဒ်လုံးတွင် ဆရာဒဂုန်တာရာ၏ စူးရှသော၊ ခေတ်မီ ဆန်းသစ်သောစကားလုံး ဟန်အမူအရာများ၊ထက် ကိုစောညိန်း၏ သိမ်မွေ့ညင်သာ သော၊ အုံ့မှိုင်းဆွတ်ပျံ့သော စကားလုံးများ ကိုသာ တွေ့နေရသည်ဟု ကျွန်တော် တော့ ထင်သည်။

“နွေနှောင်းဝဿန်”သီချင်းသည် နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာ တို့၏ စစ်ထွက်သူ လူငယ်လေးနှင့် ကျန်ရစ်သူညောင်ရေပန်းတို့၏ တစ်ခန်းရပ်မျှ သာဖြစ်သည်။ စစ်ထွက်သူနတ်သျှင်နောင် ၏ စစ်စခန်းမှအလွမ်းစာဟု ဆိုရမည် ထင်သည်။ စစ်မြေပြင်၌ မာန်ဝင့်ချီတက်နေတတ်သော၊ ချစ်သူအတွက် ကဗျာများ စပ်ဆိုပေးပို့နေတတ်သော ထိုရတုဘုရင်လေးသည် ထိုအချိန်က အသက် (၂ဝ) စွန်းရုံမျှသာ ရှိပါဦးမည်။ သီချင်းရေးသူ ကိုစောညိန်းသည်လည်း ထိုသီချင်းရေးစဉ်က အသက် (၂ဝ) ဝန်းကျင်မျှသာ ရှိပါလိမ့်ဦးမည်။

စာဆိုတော်နေ့ အခမ်းအနား၌ ဒါရိုက်တာဦးသုခနှင့် ဒဂုန်တာရာတို့ ဦးဆောင်စီစဉ်သော နတ်သျှင်နောင်အကြောင်း ပြဇာတ် ကပြရာတွင် နောက်ခံ သီချင်းအဖြစ် အသုံးပြုရန် ကိုစောညိန်းက ရေးပေးခဲ့သည်ဟု ဆိုကြပါသည်။ ဦးသုခက “ကိုဌေးမြိုင်ရေ ခင်ဗျားကောင်လေးက ဖြစ်ပါ့မလားဗျာ” ဟု စိုးရိမ် စိတ်ဝင်နေရသည့် အခြေအနေဟုပင် ဆိုကြသည်။ ဓာတုကလျာခမျာ အသက်အရွယ် ကွာခြားမှုအရရော၊ သူ့ ပထမ အိမ်ထောင်နှင့် သူ့မိသားစုများ၏ အဖြစ်သနစ်များအပေါ် သံဝေဂရမိသဖြင့်ရော သူ့ထက် အသက်ဆယ်ချီငယ်သော နတ်သျှင်ငယ်ကို ခါးခါးသီးသီး ငြင်းပယ်ခဲ့ပါသတဲ့။ သီလရှင်ဝတ်၍ တရားရိပ် ဘုရားရိပ် အောက်မှာသာ နေလိုခဲ့ပါသတဲ့။ နောက်ဆုံးတွင် ဘာပဲ ဖြစ်ဖြစ် အချစ်ဟုသာ ဆိုရပါတော့မည်။ တစ်တောင်ကို ကျော်ပြီးလျှက်လဲ အမောအပန်းမရှိ တစ်ကျွန်းတစ်ကမ်းမှာ တင်နေလျက်ကာပဲ ပျော်နေနိုင် ရွှင်နေနိုင်သည်က ဘာပဲဖြစ်ဖြစ် အချစ်သာဖြစ်ပါလိမ့်မည်။ ရာဇဝင်စာများ၌ ဓာတုကလျာ၏ လှပထိမိသော အဖြေစကားကို ကျွန်တော် ဖတ်ခဲ့ရဖူးသည်။ “နှောင်းထုံးကေမင်၊ ဖြေလျှော့ချင်လည်း၊ နတ်သျှင်သူ့ကြောင့် တရားမှောက်ခဲ့” ဟူ၍ ဖြစ်ပါသည်။2

နတ်သျှင်နောင်မှာလည်း တောလမ်းလေးတစ်လျှောက် ဖြတ်သွား ဖြတ်လာရင်း တောပန်းလေးများ၏ မွှေးရနံ့ကို သူရရှိပါသတဲ့၊ “မယ့်ကိုယ်စား မွှေးမြလေသလား”ဟုထင်မိပါသတဲ့။

ဒီသီချင်း၏ အခြားမူကွဲတစ်ခုတွင် “မယ့်ကိုယ်က မွှေးမြလေသလား´ ဟုလည်း တွေ့ရပြန်ပါသည်။

မယ့်ကိုယ်စား မွှေးမြလေသလားကို ပို၍ ကြိုက်မိသည့်အကြောင်း တစ်စုံတစ်ယောက်က ကျွန်တော့်ကို ပြောပြခဲ့ဖူးသည်။ ကျွန်တော်က မယ့်ကိုယ်က မွှေးမြလေသလားကို ပို၍ ကြိုက်မိကြောင်း၊ ပိုမိုနီးကပ် ရင်းနှီး သွားသလို ခံစားရကြောင်း စောဒကတက်ကာ ရယ်ရင်းမောရင်း ငြင်းခုံဖြစ်ကြတာ သတိတရရှိနေမိသည်။

သူက သီချင်းတွေကြိုက်တတ်သူ ပိတောက်လို၊ ငုလို၊ ခိုင်ရွှေဝါလို အဝါရောင်စစ်စစ် ပန်းလေးဖြစ်သည်။ ဓာတုကလျာနှင့်လည်း တူနိုင်ကောင်း ပါသည်။ နွေနှောင်းရာသီ၏ မေလတွင် ကျွန်တော်တို့ ဆုံဖြစ်ကြမည်ဆိုသော်လည်း မသေချာလှပါ။

ဘယ်သူတွေမှလည်း ပြန်ဆုံကြဦးမည်ဆိုတာ မသေချာတော့ပါ။ စစ်မက်၊ ပြည့်အရေး၊ ရောဂါကပ်ဆိုးများနှင့် ခြောက်ဖက်သံကြား ဒုက္ခပေါင်း အထောင်အသောင်းဖြင့် ခွဲခွာထားရစ် ခဲ့ကြရသူများ၊ ကွဲကွာသွားဖြစ်ကြရသူများ ဘယ်သူတွေမှလည်း ပြန်ဆုံကြဦးမည်ဆိုတာ မသေချာတော့ပါ။ အလွမ်းသာလျှင် တစ်ခုတည်းသော သေချာမှုဖြစ်ပါသည်။ တိမ်စွန်လေလျင်လို အပြေးအလွှား သွားချင်ရောက်ချင်နေသော အလွမ်းများသည်သာ သေချာမှုဖြစ်ပါသည်။ ငှက်သွင်ပျံကြွ မတတ်သူ တစ်ယောက်၏ သောကလို အားငယ်နေသော အလွမ်း များနှင့်သာ ဆုံတွေ့ဖြစ်ရန် သေချာလှပါသည်။

နွေနှောင်းဝဿန်သီချင်းက နားထောင်ကြည့်သည့်အခါ ကိုစောညိန်းလို သီချင်းသမားလေး တစ်ယောက် နတ်သျှင်နောင်လို ကဗျာဆရာလေး ဖြစ်ချင်နေခဲ့ပုံ ရသည်။ ကိုစောညိန်းက နတ်သျှင်နောင် ဖြစ်ချင်သည်။ ကျွန်တော်က သူတို့ နှစ်ယောက်လုံးဖြစ်ချင်သည်။ ထို့ကြောင့်ပင် အရှေ့ကောင်းကင်မှာ မိုးတွေ့ညို့ နေတာ ဖြစ်မည်။

🅦🅗🅘🅢🅟🅔🅡 of 🅦🅞🅡🅓🅢

“နွေနှောင်းဝဿန်”

တေးရေး - ဂီတနက်သန်ကိုစောညိန်း

တေးဆို - မောင်မောင်ညွန့်

မူရင်းတေးဆို - ဦးသုခ

( ၁၉၅၀-ခုနှစ်၊ အမျိုးသားကဇာတ်ရုံတွင် ကပြခဲ့သော စာဆိုတော်နေ့ အထိမ်းအမှတ် နတ်သျှင်နောင်ပြဇာတ် ဇာတ်ဝင်တေး)



Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review