Psychopath - မယ်လွင့်

 



ပုံနှိပ်မှတ်တမ်း

 

ဆဋ္ဌမအကြိမ်-သြဂုတ်လ၊ ၂ဝ၂၄ ခုနှစ်၊ ဇလပ်နီစာပေ

ပဉ္စမအကြိမ်-ဧပြီလ၊ ၂ဝ၂၄ ခုနှစ်၊ ဇလပ်နီစာပေ

စတုတ္ထအကြိမ်-မတ်လ၊ ၂ဝ၂၄ ခုနှစ်၊ ဇလပ်နီစာပေ

တတိယအကြိမ်-ဒီဇင်ဘာလ၊၂၀၂၃ ခုနှစ်၊ ဇလပ်နီစာပေ

ဒုတိယအကြိမ်-မတ်လ၊၂ဝ၂၂ ခုနှစ်၊ ဇလပ်နီစာပေ

ပထမအကြိမ်-စက်တင်ဘာလ၊၂၀၂၁ ခုနှစ်၊ အိပ်မက်အသစ်စာပေ

Psychopath-မယ်လွင့်

မျက်နှာဖုံးပန်းချီ-မုတ်သုံ

စာတည်း-ဇသစ်ထွန်း

အတွင်းအပြင်အဆင်-ဇလပ်နီ

စာအုပ်ချုပ်-ဖူးပွင့်မွှေးစာအုပ်ချုပ်လုပ်ငန်း

အုပ်ရေ-1000

ဖြန့်ချိရေး-ဇလပ်နီစာပေ

09899640668/09447268267

www.zalatnisarpay.com

ရောင်းစျေး-၆ဝဝဝ ကျပ်

ဦးမင်းထက်ဟန်၊ တောင်ဇလပ်နီစာပေ (၀၂၇၇၄)၊ အမှတ် (၁၅)၊ ရန်ပြေ ၁၁ လမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့က ထုတ်ဝေ၍ ဦးအောင်ဇော်ထွန်း၊ ပုံရိပ်ရှင်ပုံနှိပ်တိုက် (ဝ၁၅၃၃)၊ အမှတ် (၈)၊ အိမ်ကြီးလမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့တွင် ရိုက်နှိပ်သည်။

စာ-၁၁၉၊ ၇.၅ × ၈.၅ စင်တီ

မာတိကာ

 

The girl who lives in cartoon

Psychopath

The Crazy Chef

ကျမ ရှိနေတာ ဘယ်သူမှ မသိကြဘူး

ရပ်စောင့်နေတဲ့ လိပ်ပြာ

အလပ်

စက္ကူလေဒီ

အမြစ်သေ သစ်ပင်

တစ္ဆေတကောင်နှင့် စကားစမြည်

စက်တင်ဘာ ၂၇

အ..လုံးကြီးတင် မ...သတ်

အနက်ရောင် ကြောင်ကလေး

နေရီ

အမှာစကား

 

ကျန်းမာအောင်နေပါ၊ ဘေးကင်းအောင်နေပါ ဆိုတာက လွဲရင် တခြားစကားတွေ မှာစရာ မရှိတဲ့ ကာလပါပဲ။ စာအုပ်အကြောင်းကတော့ ထွေထွေထူးထူး ပြောစရာ မရှိပါဘူးလေ။ ကျမတို့တွေရဲ့ ခံစားချက်ချင်း တို့ထိချိတ်ဆက်မိရင်တော့ ကျမ ရေးတာတွေကို နှစ်သက်ကြမှာပေါ့။ မတို့ မထိမိတော့လည်း မနှစ်သက်ကြဘူးပေါ့။ ဒီလောက်ကလေးပါပဲ။ ကျမ စာ တွေကနေတဆင့် ဘယ်သူ့ကိုမှ လမ်းအမှားကို တွန်းပို့မထားဘူးလို့ပဲ ယုံကြည်ပါတယ်။

 

ချစ်ခင်လျက်

မယ်လွင့်

The girl who lives in cartoon

 

[၁]

 

"ကြောင်ကလေးကို အဝတ်လျှော်စက်ထဲ ထည့်ပိတ်ထားလို့ မရ ဘူး ဆိုတာ သမီး မသိဘူးလား မေဘယ်လ်...”

ကျမစကားကို သမီးက မျက်လုံးဝိုင်းကလေးတွေနဲ့ နားမလည် သလို ပြန်ကြည့်တယ်။ ပြီးမှ စဉ်းစားပြီး တလုံးချင်း ဖြည်းဖြည်းချင်း ပြန်ဖြေ တယ်...။

“မေဘယ်လ့်လက်ကို နာအောင်လုပ်လို့ သူ့ကို ရေချိုးခန်းထဲ ထည့်ပိတ်ထားတာပါ” ...တဲ့။ ပြီးတော့ သူ့လက်ကလေးတွေကို အပြစ်ရှိသူ တွေလို အချင်းချင်း လိမ်ချိုးနေတယ်။ ကျမ သမီးရဲ့ လက်ကလေးတွေကို အသာဆွဲဖြေပြီး သမီးကို ပွေ့ဖက်လိုက်တယ်။

“ဘာမှ မဖြစ်ပါဘူး သမီးရယ်၊ ကြောင်ကလေးကို မေမေ လွှတ်ပေး လိုက်ပြီ၊ ဒါပေမဲ့ ဒါမျိုးကို နောက် မလုပ်ရဘူးနော်၊ အလုံပိတ်ပြီး ရေထဲထည့်လှည့်ပစ်ရင် သက်ရှိတွေက သေတတ်တယ် သမီးရဲ့၊ ကြောင်ကလေးက အသက် ရှိတယ်လေ”

"Tom and Jerry ထဲမှာတော့ သေမသွားဘူးလေ ... မေမေ”

ကျမ သက်ပြင်းကို မောနေအောင် ပင့်ရှိုက်မိလိုက်တယ်။ သမီးကို Tom and Jerry က အစ မကြည့်မိအောင် ကျမ လုပ်ရတော့မှာပဲ။ ဟို ပုံးတုံးလုံးကလေးနှစ်ကောင် ကာတွန်းရော၊ ကြောင်နှစ်ကောင်နဲ့ ခြင်သုံးကောင် ကာတွန်းတွေကိုပါ ကျမ သိမ်းဆည်းပစ်ရပြီးပြီ။

သမီးကို ကျမ အနေနဲ့ ဘယ်လို တီဗွီဇာတ်လမ်းမှ ပေးမကြည့်ရဲ ဘူး။ သမီးဟာ မကြာခဏ ကာတွန်းကားတွေထဲကလို ဆော့တတ်လာတယ် ဆိုတာကို သိကတည်းက ကျမ အဲဒီအရာ အကုန်လုံးကို သမီးရဲ့ ဆရာဝန်နဲ့ အသေးစိတ် တိုင်ပင်ပြီး ကန့်သတ်ထိန်းချုပ်ခဲ့ရတာ။

အိမ်မီးလောင်ပြီး သေဆုံးသွားတဲ့ မိသားစုကိုးယောက်ထဲက ရှင် ကျန်ရစ်ခဲ့တဲ့ ကလေးလေးကို လူကော်တော်များများက ကံဆိုးတယ် ဆိုတဲ့ အယူအဆနဲ့ ဘယ်သူမှ ခေါ်မမွေးချင်ကြဘူး။ ပြီးတော့ သမီးဟာ အသက် ၁၁ နှစ် ဆိုတဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအရွယ်ကို ရောက်နေခဲ့ပြီ ဖြစ်ပေမဲ့ သမီးရဲ့ တကယ့်စိတ်သက်ဟာ လေးနှစ်သမီးအရွယ်ပဲ ရှိနေခဲ့သေးတာဖြစ်လို့ သမီး ရဲ့ ဘဝကို တာဝန်ယူနိုင်ဖို့ဟာ ခဲယဉ်းလွန်းကြတာကြောင့်လေ။ ကျမက တရားဝင် မွေးစားခဲ့တုန်းကတောင် ရင်းနှီးလွန်းတဲ့ မိတ်ဆွေတချို့က တားမြစ် ခဲ့ကြသေးတာပဲ။

သမီး လုပ်ခဲ့လို့ ဆုံးရှုံးမှုတွေ၊ တောင်းပန်ရတာတွေ၊ ကျောင်းမျိုးစုံ ကို ပြောင်းထားရတာတွေ ရှိပေမဲ့ ကျမ သမီးကို အပြစ်မတင်ပါဘူး။ ကလေး အများကြီး မွေးထားတဲ့ မိသားစုကြား ကြီးနိုင်ငယ်ညှဉ်း အနှိပ်စက်ခံပြီးအစာရေစာ မဝဘဲ၊ ဦးနှောက်ဖွံ့ဖြိုးမှုလည်း အရွယ်နဲ့မလိုက်အောင် နုံနဲ့တဲ့ ကလေးကို အပြစ်တင်နေလို့ ဘာမှမထူးဘူး မဟုတ်လား။

သမီးရဲ့ စိတ်ရောဂါကုဆရာဝန်ဆီ ဒီကိစ္စကို email ပို့တော့ သမီး ရဲ့ စိတ်ကုထုံးပန်းချီမှာ သူ အရင်က အလုံပိတ် ရေကန်အခန်းကို မကြာခဏ တွေ့ဖူးတယ်တဲ့။ သမီးဟာ မကြာခဏ သူ့ထက်အကြီးတွေကို ပြန်ခံလုပ်တယ်၊ ပြန်ပြောတယ် ဆိုတဲ့ ပြစ်ချက်တွေနဲ့ မကြာခဏ ရေလှောင်ကန် အဟောင်းထဲ မှာ ပိတ်လှောင်ခံခဲ့ရဖူးပုံပါပဲ။ အဲဒီတုန်းကလည်း ရေလှောင်ကန်ထဲ အပိတ်ခံ ထားရလို့သာ မီးလောင်မှုမှာ သမီးက ရှင်ကျန်ရစ်ခဲ့တာ။ မီးလောင်ပြီးတော့ အဲဒီနေရာမှာ တော်တော်နဲ့ အသက်ရှင်ကျန်ရစ်သူကို ရှာလို့ မတွေ့ခဲ့ကြဘူး။ ရက်နည်းနည်းကြာမှ မြေအောက်ရေလှောင်ကန် အဟောင်းကနေ အသံ သဲ့သဲ့ကြားလို့ သမီးကို ကယ်နိုင်ခဲ့ကြတာ။

ဆရာဝန်နဲ့ email အပြန်အလှန် ပို့ပြီးတော့ သမီးအခန်းထဲကို ဝင်ခဲ့တယ်။ သမီးဟာ ကြွက်ကလေး Jerry အရုပ် ခေါင်းအုံးကလေးကို ဖက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လို့။ ကြောင်ကုတ်လို့ ဒဏ်ရာရသွားတယ် ဆိုလို့ သမီးလက်ကလေးတွေကို ဆေးထည့်ပေးဖို့ ဆွဲယူဖြန့်ကြည့်လိုက်ပေ မဲ့ သမီးလက်မှာ ဘာဒဏ်ရာမှ မရှိဘူး။ ခြေထောက်တွေ၊ လက်တွေ အရာရာ ဟာ အကောင်းပတိနဲ့ အပွန်းအစင်းကလေး တခုတောင် ရှိမနေခဲ့ပါဘူး။

[၂]

 

အိပ်ရာကနေ အထမှာ ခါးစပ်ကနေ သိသိသာသာ ကိုက်ခဲတာကို ခံစားမိလိုက်လို့ သာသာကလေး ပြန်လှဲလိုက်တုန်းမှာပဲ အနားကို သမီး ရောက်လာတယ်။ သမီးက သူကြည့်နေတဲ့ ကာတွန်းကားထဲက ကောင်မလေး လေသံနဲ့ “Wake up mommy, wake up. I am very hungry" လို့ ကျမကို ပြောတယ်။

အခုတလောမှာ သမီးကို စကားပြောသံပါတဲ့ ကာတွန်းကားတွေပဲ ပေးကြည့်နေခဲ့တော့ သမီးဟာ English Speaking ကို ကာတွန်းကားထဲ ကနေ အတုခိုးပြီး တချိန်လုံး လိုက်ပြောလာခဲ့တယ်။ ထူးထူးခြားခြားပဲ မှတ်ဉာဏ်ကလည်း တိုးတက်လာတယ်။ English စကားလုံးတွေနဲ့ သီချင်း တွေကို သူ အများကြီး မှတ်မိနေခဲ့တယ်။ ကာတွန်းကားထဲက လေသံ ပေါက် နေခဲ့တာကိုတော့ ပြင်ပေးလို့ မရသေးသလို သမီးရဲ့ ကာတွန်းကား အစွဲကို လည်း ဖျောက်လို့ မရသေးဘူး။ သမီးဟာ လူရုပ်တွေနဲ့ Animation ဆိုရင် လည်း လုံးဝ မကြည့်ပြန်ဘူးလေ။

ဆွဲထူတဲ့ သမီးလက်ကလေးကို ကိုင်ထပြီး ခပ်လွယ်လွယ် မနက်စာ ကိုပဲ ခပ်သွက်သွက် ပြင်ပေးလိုက်တယ်။ ထုံးစံအတိုင်း သူ့အကြိုက် အရောင် စုံ cereal နဲ့ နို့ပေါ့။ TV ကနေ မျက်လုံးမခွာလို့ အစားကို ကုန်အောင်စားဖို့ မှာပြီး မီးဖိုအံဆွဲထဲက ကိုယ်ဝန်စစ်တဲ့ ဆီးစစ်တံကို ယူပြီး ရေချိုးခန်း ဝင်ခဲ့ တယ်။ ကျမ ရာသီလာမယ့်ရက်ကို ဆယ်ရက်တိတိ လွန်နေခဲ့ပြီ။ အနီရောင် ရဲရဲ မျဉ်းကလေးနှစ်ကြောင်းကို မယုံသလိုကြည့်ရင်း ကျမ မျက်ရည်တွေ ဒလဟော စီးကျလာခဲ့ပေမဲ့ နှုတ်ခမ်းက အပြုံးတွေကိုတော့ မရပ်တန့်နိုင်ခဲ့ ဘူး။ ကျမရဲ့ ကိုယ်ပိုင်ကလေးလေးတဲ့ စောင့်လိုက်ရတာ။ ရေချိုးခန်း တံခါးကို ဖွင့်၊ မနက်စာ စားနေတဲ့ သမီးနားကို သွားပြီး သမီးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ပစ်လိုက်တယ်။

“သမီးရေ.. သမီးအတွက် မောင်လေး လိုချင်လား၊ ညီမလေး လိုချင်လား"

သမီးဟာ ကျမကို ဘာမှန်းမသိတဲ့ ဗလာသက်သက် မျက်ဝန်း ကလေးတွေနဲ့ စိုက်ကြည့်ပြီး မေးလာတယ်။

“အရမ်းငိုတတ်တဲ့ သေးသေးကလေးတွေလား မေမေ...”

“ဘယ်လို... သမီး”

ကျမရဲ့ အပျော်တွေဟာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန် သလိုပဲ။ ကျမကလေးလေးကို သမီးက မကြိုဆိုဘူးလား...။

"There is a baby mommy. A little baby."

ကာတွန်းကားထဲက ကလေးပိစိကလေးကို လက်ညှိုးထိုးပြီး သမီး က ကျမကို ပြတယ်။ ပြီးတော့ ကျမ ဗိုက်ကို သူ့လက်ကလေးနဲ့ ဖွဖွကလေး ထိရင်း "Is it very small?” လို့ ကျမကို မေးတယ်။ ပြီးတော့ ပြုံးပြုံး ကလေးနဲ့ ဗိုက်ကို သူ့လက်ကလေးနဲ့ သာသာလေး ပုတ်ပေးပြန်တယ်။

အို... သမီးဟာ ကျမ ကလေးလေးကို ချစ်ပါတယ်။ လိုချင်ရှာပါ တယ်။

[၃]

 

“မေမေ တအားလေးနေရင် ဆွဲထုတ်လိုက်ပါလား” တဲ့။

ကိုယ်ဝန် လရင့်လာတဲ့ ကျမကို သမီးဟာ အရိပ်တကြည့် ကြည့်။

သမီးရဲ့ အကျင့်ကိုသာ မသိရင် သမီးစကားက ကြောက်စရာကြီးလိုပဲ။ တကယ်က ကျမ လေးလံနေလို့ သူ မွေးထုတ်ခိုင်းတာပါ။ သူ ကျောင်းသွား ရင် လွယ်နေကျ ကျောပိုးအိတ်ကို ရှေ့ဘက် ပြောင်းလွယ်ပြီး ဗိုက်ကြီး တကားကားနဲ့ ကျမ ပုံစံကို အတုခိုးပြီး လမ်းလျှောက်ပြတတ်တယ်။

အခုတလောမှာ သမီးရဲ့ စိတ်ရောကိုယ်ပါ တိုးတက်မှုတွေ မြန်လာလို့ ဆရာဝန်တွေကပါ အံ့အားတသင့်ပဲ။ သမီးမှာ သဘာဝမိခင်စိတ် ရှိနေ တယ်လို့ သမီးရဲ့ ဆရာဝန်တွေက ကောက်ချက်ချကြတယ်။ ကျမရဲ့ ကလေး လေးဟာ သမီးကို ပြောင်းလဲသွားစေတယ်တဲ့။ Single Mother အဖြစ် ကလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ရမှာမို့ ကျမ အရမ်းကို ပင်ပန်းမှာလို့ လူတွေက ပြောကြပေမဲ့ ဂရုမစိုက်ပါဘူး။ ကျမ လုပ်နိုင်တယ် ဆိုတာ သူတို့ ကို သက်သေပြချင်တယ်။

[၄]

 

ပုခက်ထဲမှာပဲ ကလေးလေးတွေက ဒီအတိုင်း သေသွားတတ်ကြ တယ်တဲ့လား။ အခုထက်ထိ ကျမ ကလေးလေးရဲ့ ခန္ဓာကိုယ်က ပူနွေးပျော့ ပျောင်းနေတုန်းပဲ။ သူ အချိန်အကြာကြီး အိပ်ပျော်နေတယ်လို့ ကျမက ထင် နေခဲ့မိတာ။ အခုတော့ သူ မရှိတော့ဘူးတဲ့။ သူ သေသွားပြီ ဆိုတာကို လက်ခံလို့ မရနိုင်တဲ့ ကျမကို ဆရာဝန်တွေက သေဆုံးရတဲ့အကြောင်းရင်း ကို ခွဲစိတ်ပြီး အဖြေရှာကြဖို့ ဆုံးဖြတ်ကြတယ်။ အသက်မရှိတော့တာတောင် တစစီ ဖြတ်တောက် ခွဲစိတ်ခံရဦးမယ်တဲ့လား။ ရင်ကွဲမတတ် အော်ငိုနေခဲ့တဲ့ ကျမကို သမီးလေး မေဘယ်လ်က အခန်းထောင့်မှာ ကျုံ့ကျုံ့ကလေးထိုင်ရင်း လက်သည်းကိုက်ပြီး ငေးနေခဲ့တယ်။

ကလေးလေးရဲ့ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ထဲမှာ ရေတွေ တွေ့လို့ ရေမွန်းပြီး သေတယ်လို့ ဆရာဝန်တွေက ပြောပြခဲ့ကြပေမဲ့ ကလေး ဟာ ပုခက်ထဲက လွဲရင် ဘယ်နေရာကိုမှ ရောက်ခဲ့တဲ့သက်သေ၊ ရေနစ်ခဲ့တဲ့ သက်သေကို ရှာလို့ မတွေ့ခဲ့ကြပါဘူး။ ကလေးလေးရဲ့ နှာခေါင်းထဲက အဝတ် ကြိုးစ မျှင်မျှင်ကလေးနဲ့ အမျိုးအစားတူတဲ့ တဘက်ကို ကျမ အိမ် အဝတ်လျှော်စက်ထဲမှာ တွေ့ခဲ့ကြပေမဲ့ ဘယ်သူကမှ အဖြေထုတ် မပေးနိုင်ခဲ့ဘူး။ ကျမ သူငယ်ချင်း ဆရာဝန်လေးကတော့ ကျမကို မေးတယ်။ မေဘယ်လ်ဟာ ကလေးလေးကို မနာလိုနေခဲ့သလားတဲ့။

ဟင့်အင်း... သမီးဟာ ကလေးလေးကို ချစ်တယ်။ ကလေးလေး ငို နေပြီ ဆိုရင် ရောက်ရာအရပ်က ပြေးလာတတ်တယ်။ ငိုသံသဲ့သဲ့ကလေးနဲ့ သူပါ ငိုတော့မလိုမျိုး “Please Mommy... မငိုပါစေနဲ့၊ မငိုပါစေနဲ့နော်” လို့ တတွတ်တွတ် ပြောနေတတ်တဲ့ဟာ။ ကလေးလေး ရှိလာတော့ သမီးကို အရင်လောက် ဂရုမစိုက်နိုင်ခဲ့ဘူး။ သမီးက အပြင်လည်း မသွားတတ်၊ လျှောက်မဆော့တတ်တဲ့ကလေး ဆိုတော့ ကျောင်းက ပြန်လာပြီဆို ကာတွန်း ကားတွေကြည့်ရင်း သူ့ဟာသူ ငြိမ်နေတတ်တာပဲ။ အရင်လိုတောင် ကျောင်း မှာ ပြဿနာတွေ ရှာလို့ အတိုင်မခံရတာ ကြာလှပြီပဲဟာ။

သူငယ်ချင်းက ကျမကို နှစ်သိမ့်ပြီး ပြန်သွားတယ်။ ကျမဟာ သမီး ထိုင်နေတဲ့ အခန်းထောင့်ကလေးမှာ အတူသွားထိုင်လိုက်တယ်။ အခုကာလ အတွင်းမှာ အရပ်ကြီး ရှည်လာပြီ ဖြစ်တဲ့ သမီးဟာ လူကောင်ခပ်သေးသေး ကျမကို မီလုမီခင်။ ကျမ သမီးရဲ့ နဖူးကလေးကို နဖူးချင်း ထိကပ်လိုက်တယ်။ သမီးက ကျမကို “Do you want to eat ice cream Mommy?" တဲ့ ကျမ မျက်ရည်တွေကြားကနေ ခေါင်းညိတ်ပြလိုက်တယ်။

[၅]

 

သမီးကို အိပ်ရာထဲ ပို့ပေးပြီးတဲ့အခါ ပင်ပန်းလွန်းလို့ ဆေးသောက် ပြီး ကျမ အိပ်ပစ်လိုက်ရတယ်။

ဆို့နင့်မွန်းကျပ်တဲ့ ပိတ်လှောင်မှုကနေ ကျမ ရုန်းထွက်လိုက်တော့ခုတင်အောက်ကို ပြုတ်ကျသွားတယ်။ ချောင်းတဟွတ်ဟွတ် ဆိုးရင်း အဆုတ် တွေ ပွင့်ထွက်မတတ် အသက်ကို အငမ်းမရ လုရှူရတယ်။ ကျမ ရင်ဘတ်နဲ့ ခေါင်းတခုလုံးဟာ ရေတွေ ရွှဲနစ်လို့။ လူနဲ့ အသိ ကပ်လာတဲ့အခါ ပထမဆုံး သတိထားမိတာက ကျမဘေးမှ ရေစို တဘက်တထည်နဲ့ မတ်တတ်ရပ်နေခဲ့ တာက မေဘယ်လ်...။

“မေမေက အိပ်ပျော်နေရင်း အရမ်းကို ငိုနေခဲ့လို့လေ...၊ ဟိုတခါ က ကလေးလေးလို”...တဲ့။

[၆]

 

ကျမက လိုက်တယ်။ မေဘယ်လ်က တခန်းဝင် တခန်းထွက် ပြေး လွှားနေခဲ့တယ်။ အဲဒီတုန်းက ကျမ မှေးခနဲ အိပ်ပျော်သွားတုန်း တခဏမှာ ကျမ ကလေးလေးက အရင်းငိုနေခဲ့လို့တဲ့။ အခု ကျမလည်း အိပ်ပျော်နေရင်း အရမ်းကို ရှိုက်ငိုနေခဲ့လို့ မေဘယ်လ်က ကျမကို အငိုတိတ်အောင် ရေစို တဘက်နဲ့ ဖိထားပေးခဲ့တာပါတဲ့လေ။

မရတော့ဘူး...။ ကျမဟာ မေဘယ်လ်ကို ထိန်းသိမ်းရေးစခန်းကို မဖြစ်ဖြစ်တဲ့နည်းနဲ့ကို ပြန်ပို့ရတော့မယ်။

“မေဘယ်လ်... ဒီကိုလာခဲ့လို့ ငါ ပြောနေတယ်နော်”

“အဲဒီလေသံနဲ့ မပြောနဲ့၊ အဲဒီလေသံနဲ့ မပြောနဲ့”

မေဘယ်လ်ဟာ တအိမ်လုံးကို ပတ်ပြေးနေရင်း ကျမကို အော်ဟစ် သောင်းကျန်းနေခဲ့တယ်။ ပြေးချင်တိုင်း ပြေးနေတဲ့ မေဘယ်လေ့ကို ကျမ မရ ရအောင် ဖမ်းပြီး ရေချိုးခန်းထဲမှာ ထည့်ပိတ်လိုက်တယ်။ ကျမ ဘာဆက် လုပ်ရမလဲ၊ ကျမမှာ အချိန်လိုတယ်။ ရေချိုးခန်းထဲက မေဘယ်လ်ကတော့

"Let me out... let me out” လို့ တံခါးကို တဒုန်းဒုန်းနဲ့ ထုနှက်နေခဲ့တယ်။

"Let me out Mommy, pls"

ရေချိုးခန်းထဲက သမီးရဲ့ အသံဟာ တိုးဖျော့နာကျင်လို့နေတယ်။ ဝမ်းနဲ့ လွယ်မွေးခဲ့တဲ့ ကျမ ကလေးလေးကို ရင်နဲ့ လွယ်ပြီး မွေးမြူလာရတဲ့ ကျမရဲ့ အရင်ကလေးက သတ်ပစ်ခဲ့တဲ့။ ဆိုးဝါးလိုက်တာ။ ဟင့်အင်း... ကျမ ခေါင်းထဲက အတွေးဆိုးတွေကို ကျမ မောင်းထုတ်လိုက်တယ်။ သမီးဟာ သတ်တာ မဟုတ်ဘူး...။ ဒီအရာက သေစေတယ် ဆိုတာကို သူ မသိတာ ဆိုတဲ့ အကြောင်းကို ကျမ လက်ခံပေးရတော့မယ်။

သူ့ကို သူတို့လို ကလေးတွေ ထားတဲ့ လက်ရှိကျောင်းထက် ပိုပြီး ကုသမှု အဆင့်မြင့်တဲ့ဆီကို အရင်ပို့မှ ရတော့မယ်။ ကျမဟာ ကျမကိုယ်တိုင် လိုလိုလားလား ရယူပြီးခဲ့တာရဲ့ အကျိုးဆက်ကို ကျေကျေနပ်နပ်ကြီး လက်ခံ ပေးရမှာပါပဲ။ အဆုံးအရှုံးတွေ သိပ်ကြီးတယ်လို့ ဆိုပေမဲ့ပေါ့။

[၇]

 

ရေချိုးခန်းသော့ကို အသာအယာကလေး ဖွင့်လိုက်ပေမဲ့ သမီးဟာ ပြန်ထွက်မလာဘူး။ Bathtub ထဲမှာ သူ့ထုံးစံအတိုင်း ကုပ်ကုပ်ကလေး ထိုင်နေတယ်။ ကျမ အိမ်ရှေ့ခန်းကို သွားပြီး TV ဖွင့်လိုက်တယ်။ ဖွင့်လက်စ ကနေ ရပ်ထားပြီးမှ ပြန်ပွင့်လာတာမို့ သမီးကြည့်လက်စ Tom and Jerry က Screen မှာ ပေါ်လာတယ်။ ကျမ သိမ်းထားတာတွေကို သမီး ဘယ်လို ရှာတွေ့သွားပါလိမ့်။ ကာတွန်းကားရဲ့ အသံကို ကျမ မြှင့်လိုက်တယ်။ ပြီးတော့ ငြိမ်ငြိမ်ကလေး ထိုင်ကြည့်နေလိုက်တယ်။

သိပ်မကြာလိုက်ဘူး၊ သမီးဟာ ကျမဘေးမှာ ငြိမ်ငြိမ်ကလေး လာဝင်ထိုင်တယ်။ ကျမတို့ ဘာစကားမှ မပြောဖြစ်ကြဘဲ Tom and Jerry ကို ပထမဆုံးအကြိမ်အဖြစ် အတူတူအကြာကြီး ထိုင်ကြည့်နေခဲ့ကြတယ်။ ကာတွန်း ထဲမှာတော့ ကြောင်ကြီး Tom ဟာ ရထားနဲ့ တိုက်ခံရလိုက်၊ ဗီရိုနဲ့ ဖိခံရလိုက်၊ ဓာတ်တိုင်နဲ့ အထုခံရလိုက်နဲ့……။

“မနက်ကျရင် ကျောင်းအသစ်ကို သွားစို့နော်... သမီး” ကျမရဲ့ စကားကို မေဘယ်လ်က ဘာမှ မသိနားမလည်တဲ့ မျက်လုံး ဝိုင်းလေးတွေနဲ့ အင်းမလှုပ်၊ အဲမလှုပ်ဘဲ ပြန်ငေးကြည့်နေခဲ့တယ်။

[၈]

 

ဖန်ဂေါ်လီလုံးလေးတွေက လူသတ်နိုင်တယ်လို့ ကျမ တခါမှ မတွေးကြည့်ခဲ့ဖူးဘူး။ သမီးကို ကျောင်းအသစ် လိုက်ပို့ပေးဖို့ လိုအပ်တာတွေ ယူလို့ အိမ်ပေါ်ထပ်ကနေ အဆင်း၊ ဖန်ဂေါ်လီလုံးတွေကို တက်နင်းမိပြီး ပြုတ်ကျလာခဲ့ရတဲ့ ကျမဟာ လှေကားအောက်ခြေမှာ ကြိုးပြတ်ကျသွားတဲ့ ရုပ်သေးရုပ် တရုပ်လို ပုံပျက်ပန်းပျက်။ ကျမဘေးကို လာရပ်တဲ့ သမီးဆီကို လက်ကမ်းဖို့ ကြိုးစားပေမဲ့ လက်ချောင်းလေး တချောင်းကိုတောင်မှ ကျမ မလှုပ်နိုင်ခဲ့ဘူး။ သမီးဟာ ကျမကို ရှောင်ပြီး အိမ်ပေါ်ထပ်ကို တက်သွားခဲ့ တယ်။ ကျမ နှာခေါင်းထဲမှာ Gas နံ့တွေလည်း မွှန်ထူလို့။

လေးလံတဲ့ စာအုပ်ဗီရိုက ကျမ ဗိုက်ပေါ်ကို ပြုတ်ကျလာတော့ ကျမ အော်မိသလား၊ မအော်မိသလား မသေချာဘူး။ ပြီးတော့ သမီးဟာ ကျမဘေးကို ပြန်ရောက်လာပြီး စာရွက်တွေကို စိမ်ပြေနပြေထိုင်မြဲနေခဲ့တယ်။ “တီဗွီသံကြီး တိုးလိုက်ပါလား သမီးရယ် ၊ မေမေ တအားနာလို့ပါ” ကျမ ပြောမိသလား၊ မပြောမိသလားလည်း မသေချာပါဘူး။ Tomand Jerry ရဲ့ နောက်ခံ တေးဂီတသံတွေက ကျမတို့ အိမ်ထဲမှာ လိုအပ် တာထက် အများကြီး ပိုပြီး ဆူညံနေခဲ့တယ်။ သမီးက ကျမ နားရွက်နားကို ကပ်ပြီး တိုးတိုးကလေး ပြောတယ်။ သူ ပြောနေကျ ကာတွန်းကားတွေထဲက လို အနိမ့်အမြင့် အတက်အကျ မရှိတဲ့ လေသံရွှင်ရွှင်ကလေးနဲ့။ "You must not leave me, Mommy"

စာရွက်တွေကို မီးရှို့ပြီးတဲ့နောက်မှာ သမီးဟာ ရေချိုးခန်းထဲကို ဝင်သွားခဲ့တယ်။ သမီး သေသေချာချာ စီသွားခဲ့တဲ့ မီးလောင်နေတဲ့ စာရွက် တွေဟာ ကျမ ရှိတဲ့ဆီကို မလာဘူး။ မီးဖိုခန်းထဲက Gas အိုးကလေးဆီမှာ အဆုံးသတ်ထားတယ်။ ကျမ လုပ်နိုင်တာ ဆိုလို့ မျက်စိတွေကိုပဲ မှိတ်ထား ပစ်လိုက်တာပဲ ရှိတော့တယ်။

[၉]

 

မေဘယ်လ်ဟာ သူ့ကို မီးလောင်နေတဲ့ အိမ်ထဲကနေ အသက်စွန့် ကယ်ခဲ့တဲ့ မီးသတ်သမားကြီးကို ဖက်ထားရင်း အပြစ်ကင်းတဲ့ မျက်လုံးလေး တွေနဲ့ မော့ကြည့်ပြီး ပြောလိုက်တယ်။

“ကာတွန်းထဲမှာ မီးလောင်ရင် ဘယ်သူမှ တကယ် သေမသွားဘူး လေ ဦးရဲ့”တဲ့။

 

***


Psychopath

 

[၁]

 

“ကျမ လာအဖမ်းခံတာပါ။ ကျမ လူသတ်ခဲ့ပါတယ်”

ရဲအရာရှိတွေက ဆာရာ့ကို ဖမ်းချုပ်ထားလိုက်ကြတယ်။ လတ်တ လော အလုပ်များနေသေးတဲ့ ရဲအရာရှိတွေက ဆာရာ့ကို မစစ်အားသေးပါ ဘူး။ လူသတ်ခဲ့မှုအတွက် တိုင်ချက်လည်း ရောက်မလာသေးတာနဲ့ ဆာရာ့ ကို ယာယီ အချုပ်ခန်းလေးထဲကို ထည့်ထားလိုက်ကြတယ်။ ဆာရာဟာ ဘာ မှ စောဒက မတက်ဘဲ အချုပ်ခန်းရဲ့ထောင့်မှာ ငြိမ်ငြိမ်ကလေး ထိုင်နေခဲ့တယ်။ ခဏကြာတော့ ရဲအရာရှိတယောက်က ဆာရာ့ကို ရေသန့်တဘူး လာကမ်း ပေးတယ်။ ဆာရာက ရေဘူးကို ဖွင့်ပြီး ဘူးတဝက်လောက် ကျိုးသွားအောင် မော့သောက်တယ်။ ပြီးတော့ ရေဘူးအဖုံးကို တင်းနေအောင် ပိတ်လိုက်ပြီး

ကြမ်းပြင်ပေါ်မှာ ရေဘူးကို လှဲချလို့ ရေဘူးပေါ်ကို ခေါင်းအုံးလိုက်တယ်။ ဆာရာ့ပုံဟာ အေးအေးလူလူပဲ၊ အချုပ်ခန်းထဲကို ရောက်ဖူးတဲ့ အတွေ့အကြုံ ရှိသူမှန်း သိသိသာသာပေါ့။ စစ်ဆေးတော့မယ် ဆိုရင် သူတို့ဆာရာ့ကို လာခေါ်ကြမှာပဲဥစ္စာ...၊ ဆာရာဟာ အချုပ်ခန်း ကြမ်းပြင်ပေါ်မှာ အိပ်ပျော်သွားခဲ့တယ်။

[၂]

 

“သူ့ကို သတ်ပေးဖို့ ကျမကို သူကိုယ်တိုင်က ငှားခဲ့တာ”

ဆာရာ့စကားကို အမှုစစ် အရာရှိက ဗလာမျက်ဝန်းတွေနဲ့ ပြန် ကြည့်တယ်။

နည်းနည်းတော့ ယုတ္တိ မရှိဘူးနော်၊ ဟုတ်လား...၊ ကျမ စကားက မယုံချင်စရာကောင်းမှန်း သိပါတယ်။ ဒါပေမဲ့ အမှန်တရားပါ။ သူ့ကို သတ် ပေးပါလို့ ဒီလူကိုယ်တိုင် ကျမကို ငှားခဲ့တာ။

ကျမလား...။ မဟုတ်ပါဘူး၊ ကြေးစား လူသတ်သမားတွေ ဘာတွေ။ ကျမက လူသတ်ကြည့်ဖူးချင်တယ်၊ သူကလည်း သေချင်စိတ် ရှိနေတယ်။ ဒီလိုနဲ့ ခင်ဗျား ကျနော့်ကို သတ်ပေးမလားတဲ့။ သူနဲ့ ကျမက နိုင်ငံ မတူဘူး။ ဟုတ်တယ်...၊ သူက အခု ဒီနိုင်ငံမှာ အလုပ်လုပ်နေတာ။ ခုနက ရှင်တို့ သိမ်း သွားတဲ့ အထဲမှာ ကျမ Passport ပါတယ်။ ဟုတ်ပါတယ်။ ကျမ ပြီးခဲ့တဲ့ ဆယ့်ငါးရက်က ရှင်တို့နိုင်ငံကို ဝင်လာတာပဲ။ ကျမ သတ်လိုက်တဲ့သူက ကျမကို ဖိတ်ခေါ်တဲ့သူ ကိုယ်တိုင်ပါပဲ။

အို... မဟုတ်တာ...။ ကျမ ဘာဆေးမှ မသုံးထားပါဘူး။ ဆက်သွယ် ကြည့်ကြလေ။ သူသာ တကယ်သေသွားရင် အခုချိန်ဆို သူ့အလောင်းတောင် နည်းနည်း အနံ့ထွက်လောက်ပြီ ထင်တယ်။ ကျမ သတ်ခဲ့တုန်းကတော့ တကယ် သေသွားတယ်။ ဘယ်လို...၊ တိုင်တဲ့သူ မရှိဘူးလား၊ မဖြစ်နိုင်တာ။ သူ့ဖုန်းကို ဆက်သွယ်ကြည့်ပါလား...။ အို... ဆောရီး၊ ရှင်တို့ လုပ်ထုံးတွေရှိတာ ကျမ သိပါတယ်၊ ဒါပေမဲ့ ကျမ စိတ်တွေ အရမ်းလောနေလို့ပါ။ ရေ တခွက်လောက် ရနိုင်မလားရှင်...၊ ဟုတ်ကဲ့ ကျေးဇူးပါပဲ။

[၃]

 

ကျမကိုယ်တိုင် သူ့အလောင်းကို မီးဖိုခန်းထဲကို ဆွဲထုတ်လာခဲ့တာ။ ရေချိုးခန်းတံခါးကျည်းပေါင်နဲ့ တံခါးကြားမှာ သူ့ခေါင်းကို ညှပ်ပြီး တံခါးချပ် နဲ့ အကြိမ်ကြိမ် ရိုက်ခဲ့တာ၊ ရေချိုးခန်းထဲကို ခေါင်းပြုထားတော့ ဦးနှောက် အပိုင်းအစတွေ၊ သွေးတွေက ရေချိုးခန်းကြမ်းပြင်မှာ မွစာကြဲကုန်တယ်။ တခုကောင်းတာက အဲဒီအရာတွေ အကုန်လုံး ရေချိုခန်းထဲမှာမို့လို့ အချိန် အကြာကြီး မရှင်းလင်းရဘူး။

သူ့အခန်းအောက်ထပ်က အမျိုးသမီးကြီးက bell လာတီးသေးတယ်။ တော်တော်စပ်စုတဲ့ အမျိုးသမီးကြီးလေ၊ ကျမ ဒီကို ရောက်ပြီး နှစ်ရက်မြောက် နေ့မှာ သူနဲ့ မြေညီထပ်က ၂၄ နာရီ စတိုးကို သွားတော့ အဲဒီအမျိုးသမီးကြီးနဲ့ ဆုံသေးတယ်။ ကျမကို ဘယ်သူလဲလို့ သူ့ကို မေးတော့ သူက ဖီယွန်ဆေးလ် လို့ ဖြေလိုက်တယ်။ ကျမက ဘာလို့ အဲဒီလိုဖြေတာလဲလို့ မေးတော့ “ငါ့ အခန်းမှာ မင်း လာနေတာကို သူများတွေ သံသယ မဖြစ်အောင်လို့လေ” သူက ပြန်ဖြေခဲ့တယ်။ အဲဒီအမျိုးသမီးကြီး တံခါးလာခေါက်တော့ မီးဖိုခန်းက အေပရွန်ကို ဆွဲဝတ်ပြီး ကျမ တံခါးဖွင့်ပေးလိုက်တယ်။

ထူးဆန်းလိုက်တာ...၊ အဲဒီအချိန်မှာ ကျမစိတ်ဟာ သိပ်ကို ငြိမ်သက် နေတာပဲ။ မီးဖိုခန်းမှာ ဆန့်ဆန့်ကြီး ငြိမ်သက်နေတဲ့သူ့ကို အဲဒီအမျိုး သမီး ကြီး မြင်သွားမှာ ဘာညာကို မကြောက်နေခဲ့ဘူး။ တဒုန်းဒုန်းသံတွေ အရမ်း ကျယ်လို့တဲ့၊ ကျမလည်း ရေချိုးခန်းတံခါး Lock ကျနေလို့ ဖြေပြီး တောင်းပန်လိုက်တယ်။ အမျိုးသမီးကြီးက အခုကော ရသွားပြီလား၊ အဆင်ပြေရဲ့လားလို့ ထပ်မေးတာနဲ့ “အဆင်ပြေသွားပါပြီ၊ တံခါးကို ဖျက်လိုက်တယ်လေ” လို့ ဖြေ လိုက်တဲ့အခါ ကျမကို မိန်းမကြမ်းလေးပဲတဲ့။ ပြီးတော့ ဖြည်းဖြည်းလုပ်ပါ၊ ဒီတိုက်တွေက နည်းနည်းဟောင်းနေပြီမို့တဲ့၊ ကျမ ထပ်ပြီး တောင်းပန်လိုက် တော့ ပြန်သွားတယ်။

တံခါးကို လော့ခ်ပြန်ချပြီး မီးဖိုခန်းဘက် ပြန်လျှောက်လာတယ်၊ ပြီး တော့ သူ သောက်နေကျ စီးကရက်ဘူးကို မီးဖိုအံဆွဲထဲကနေ ယူထုတ်ပြီး သောက်ဖို့ လုပ်ပြီးမှ မီးခြစ်လိုက်ရှာရတယ်။ ထူးဆန်းလိုက်တာ အိမ်မှာ မီးခြစ် တလုံးတောင်မှ ထွက်မလာဘူး။ သူ့အလောင်းက ဘောင်းဘီအိတ်ကပ်တွေ ကို လိုက်နှိုက်ကြည့်တာတောင်မှ ထွက်မလာဘူး။ ဒါနဲ့ပဲ ဂက်စ်မီးဖိုကို ဖွင့်ပြီး တော့ပဲ ညှိလိုက်ရတယ်။

သွေးစွန်းနေတဲ့ အဝတ်အစားတွေကို ပထမကတော့ မီးရှို့ပစ်တာ ဖြစ်ဖြစ် လုပ်မလို့ပါပဲ။ ဒါပေမဲ့ bleaching လုပ်၊ မွှေစက်နဲ့ မွှေပြီး အိမ်သာထဲ ရေဆွဲချ ပစ်လိုက်တာက ပိုပြီး လက်စပျောက်မြန်တယ်လေ၊ ပြီးရင် အဲဒီ မွှေ စက်ကို သေချာဆေးပြီး သွားပစ်လိုက်ရုံပဲ။ အသစ်ဆိုတော့ တယောက် ယောက်က မြန်မြန်ကောက်သွားဖို့ကို သိပ်ကြာကြာ မစောင့်ရလောက်ပါဘူး။ ဗီဇာကုန်ဖို့ ငါးရက် ကျန်သေးတယ်။ နှစ်သစ်ကူး ပိတ်ရက်ကလည်း ငါးရက် ပဲ။ ကျမ နှစ်သစ်မကူးခင် အမီပြန်ရမယ်။ Online ကနေ Air ticket ဝယ် တော့ နောက်သုံးရက်နေရင် ပြန်လို့ ရပြီတဲ့။

ကျမတို့ ဒီပိတ်ရက်မှာ Vacation လုပ်မယ်လို့ သူ့မိတ်ဆွေတွေကို ပြောထားတော့ သူ့ဆီကို ဘယ်သူကမှ လတ်တလော ဆက်သွယ်လိမ့်မှာ မဟုတ်ဘူး ဆိုတာ ကျမ သိတယ်။ ဒါကလည်း အစောကြီးကတည်းက ကျမ သူ့ကို သတ်ပြီးရင် Escaping ဖြစ်နိုင်ဖို့ သူနဲ့အတူ ချထားခဲ့တဲ့ Plan တွေ။သူက ပြောဖူးတယ်...။ သူ့ကို သတ်၊ ပြီးတာနဲ့ တန်းပြန်တဲ့။ မလုပ်ချင်ပါဘူး။ ကျမအတွက် သတ်ရတာက အရသာ မဟုတ်ဘူး။ အလောင်းဖျောက်ရတာ ရယ်၊ သဲလွန်စတွေ ဖျက်ဆီးရတာရယ်က အရသာ၊ သင်္ချာပုစ္ဆာတပုဒ်ကို တွက်သလို ဘက်ပေါင်းစုံကနေ စဉ်းစားပြီး ဖျောက်ဖျက်ပစ်ရတာကမှ အရသာ မဟုတ်လား။

သူ့အလောင်းကို အသားတွေကို ပတ်တဲ့ ပလတ်စတစ်စတွေနဲ့ ပတ်ရမယ်လို့ ကျမ စဉ်းစားလိုက်ပေမဲ့ ဒီအိမ်မှာ အဲဒီဟာက လုံလောက် အောင် မရှိဘူး။ စီးကရက်သုံးလိပ် ကုန်သွားတော့ အတွေးရလာတယ်။ ထုံးစံအတိုင်း ရေခဲသေတ္တာထဲတော့ ခဏထားရမယ်။ ရေခဲသေတ္တာထဲမှာက ဘာမှ မရှိပါဘူး။ ကျမရော၊ သူရောက ချက်စားရမှာ စိတ်မပါလှလို့ အပြင်က ပဲ မှာစားကြတာ။ အရက်ပုလင်းနည်းနည်း၊ ဘီယာနည်းနည်းနဲ့ နှမြောလောက် စရာ မရှိတဲ့ဟာ တချို့တလေပေါ့။ ဘာမှလည်း မထည့်ဘဲ ရေခဲသေတ္တာ အကြီး ရှိနေတဲ့ သူ့ကို ရောက်ခါစက ကျမ ပြောခဲ့သေးတယ်။ အင်း… လောကကြီးမှာ အသုံးမလိုဘူး ဆိုတာ ဘယ်မှာ ရှိတတ်လို့လဲ။

ရေခဲသေတ္တာထဲ သူ့ကို ထည့်ပြီးတော့ ကျမ ပစ္စည်းတွေကို သိမ်း ဆည်းလိုက်တယ်။ ကျမဆီမှာ သိပ်ပြီး များများစားစား သိမ်းစရာမရှိဘူးလို့ ထင်ထားပေမဲ့ မိန်းမပီပီ ဒီရောက်မှ ဝယ်ထားတာတွေ များသွားလို့ ကီလို နှစ်ဆယ် luggage အပြင် ကျောပိုးအိတ် တလုံးပါ ပိုသွားတယ်။ ပထမတော့ ဒီပစ္စည်းတွေနဲ့ ဘယ်လိုရှောင်ရပါမလဲလို့ စိတ်ညစ်သွားပေမဲ့ ကြာကြာ မညစ်လိုက်ပါဘူး။ ကမ္ဘာလှည့်ခရီးသွားတွေ ရှိတဲ့မြို့ကြီးပဲဥစ္စာ... Online ကနေ Backpackers တွေအတွက် ဖွင့်ထားတဲ့ bed and breakfast hostel တခုကို လှမ်းငှားလိုက်တယ်။ ပြီးတော့ Grab ကနေ Taxi ခေါ်လိုက်တယ်။

ကျမ Bank Acc ထဲမှာ သူ့ကို သတ်ပေးဖို့ သူ ပေးထားတဲ့ ပိုက်ဆံတွေ ရှိပေမဲ့ အပြင်မှာ များများစားစား မရှိဘူး။ ရေခဲသေတ္တာတံခါးကို ဖွင့်ပြီး သူ့ဘောင်းဘီအိတ်ထဲက ပိုက်ဆံအိတ်ကို လှမ်းယူဖို့ ကြိုးစားလိုက် တယ်။ သူ့ကိုတော့ ဆောရီးလို့ ပြောရတာပေါ့။ အခုက လူသတ်ရုံတင်မက သေသွားတဲ့ လူဆီကပါ ပိုက်ဆံတွေ ခိုးသုံးနေပြီလေ။ အင်းလေ...၊ ဘာအရေး လဲ၊ သေပြီပဲ မဟုတ်လား။ ဒါပေမဲ့ ပိုက်ဆံအိတ်က ရှိမနေဘူး။ ဘယ်ရှိပါ့မလဲ၊ သူနဲ့ ကျမ ဒီနေ့ အပြင်ထွက်ဖို့ အစီအစဉ်မှ မရှိတာ။ သူ့အိပ်ရာဘေးက စားပွဲအံဆွဲထဲမှာ ပိုက်ဆံအိတ်ကို ရှာတွေ့တယ်။ ဒီနိုင်ငံငွေနဲ့ သုံးသိန်းနီးပါး ဆိုတော့ ကျမအတွက် နှစ်ရက်စာ မကအောင်တော့ အသုံးခံလိမ့်မှာပေါ့။ Taxi ကို တိုက်ခန်းရဲ့ မြေအောက်ကားပါကင်အထိ ကြိုခိုင်းလိုက်တယ်။ သူ့ အခန်းထဲက ထွက်တော့ အခန်းဝမှာ lego အရုပ်က ဆက်တုံးတွေကို တန်းစီထားခဲ့တယ်။ ကျမ မဟုတ်တဲ့ တယောက်ယောက်များ အခန်းထဲ ဝင်ခဲ့တာ ရှိရင် အနည်းဆုံးတော့ အခန်းဝကတည်းက ကြိုတင်သိတဲ့အခါ ပြေးလို့ လွတ်နိုင်မယ် မဟုတ်လား။ ဒီအချိန်က လူတွေ အလုပ်သွားကြတဲ့ အချိန်ဆိုတော့ ကျမ ဆင်းလာတာကို မြင်လိုက်တဲ့သူ မရှိပါဘူး။ Taxi သမားလည်း ကျမကို မမြင်ရဘူး။ ဒီကာလမှာ လူတိုင်း Mask တွေတပ်ထား ရတာ တကယ်ကောင်းတဲ့ ကိစ္စပဲ။

ကားကို လူစည်ကားတဲ့ ဈေးကြီးတခုနားမှာ ရပ်ခိုင်းလိုက်တယ်။ Backpackers အယောင်ဆောင်ဖို့ Luggage နဲ့က မဖြစ်ဘူး မဟုတ်လား။ ဈေးပေါပေါ ကျောပိုးအိတ်ကြီးကြီး ဝယ်ပြီး နှစ်ရက်စာ လိုတာလေးတွေ ယူ လိုက်တယ်။ ပြီးတော့ မြေအောက်ရထား စီးပြီး ကျမ တည်းမယ့် hostel နဲ့အနီးဆုံးကို သွားတယ်။ လူစည်ကားတဲ့ မြေအောက်ရထားဘူတာတွေမှာ ငှားလို့ရတဲ့ အများသုံး Locker တွေ ရှိတယ် ဆိုတော့ ကျမ luggage ကို အဲဒီမှာပဲ သိမ်းလိုက်တယ်။ အားလုံးပြီးတော့မှ hostel ကို ဝင်ပြီး အနား ယူလိုက်ရတယ်။ ခဏအိပ်ပြီးမှပဲ သူ့အလောင်းဆီ ပြန်သွားတော့မယ်။ အဲဒီ နေ့က ဦးနှောက်သုံးရတာ နည်းနည်းများသွားတော့ အရမ်းကို ပင်ပန်းနေပြီ။

နောက်တနေ့ ကျမ ပြန်လာတော့ သူ့အခန်းက ကျမ ထားခဲ့တဲ့ အတိုင်း ခြေရာလက်ရာ မပျက်ဘူး။ လဲဝတ်ခဲ့တဲ့ အဝတ်တွေလည်း ဒီ အတိုင်းပဲ။ ဝယ်လာတဲ့ အားအပြင်းဆုံး အစွန်းချွတ်ဆေးတွေကို ပုံးတလုံးထဲ ထည့်ပြီး သူ့သွေးတွေ စွန်းထားတဲ့ ကျမ အဝတ်တွေကို ထည့်လိုက်တယ်။ ပြီးတော့ သွေးစွန်းနိုင်တဲ့ နေရာအကုန်လုံးကို ရေစိုအဝတ်နဲ့ သေသေချာချာ လိုက်သုတ်တယ်။ ကျမက Psychopath ဆိုတော့ အဲဒီလို အသေးစိတ်က အစ အရမ်းကို တိကျတယ်လေ။

အဝတ်တွေကို blender နဲ့ မွှေ၊ အိမ်သာထဲကို နည်းနည်းချင်း ခွဲ ထည့်ပြီး ရေဆွဲချရတာကတင် အချိန် ဘော်တော် ကုန်တယ်။ မွှေစက်ထဲက အဝတ်တွေကို ကြည့်ပြီး ရေခဲမုန့် စားချင်လာတာနဲ့ ရေခဲသေတ္တာထဲ Free- zer ထဲမှာ ကျန်နေသေးတဲ့ ချောကလက် ရေခဲမုန့်ဘူး တဝက်ကိုတောင် သတိရပြီး ထုတ်စားမိသေးတယ်။ သူ့အလောင်းရှိတဲ့ နေရာကိုတော့ မဖွင့် ကြည့်မိသေးဘူး။ ကျမ သဘောကျဖူးတဲ့ သူ့နှုတ်ခမ်းထူထူတွေက အခုချိန် လောက် ဆိုရင် ပြာနှမ်းနေလောက်ပြီ ထင်တယ်။ မျက်နှာတခုလုံးလည်း ပုံပျက်နေမှာပဲ။ ရေခဲမုန့် စားပြီး စီးကရက် ဆာလာပြန်တယ်။ ကျမ သူနဲ့ စီးကရက်အတူ သောက်ဖူးတာကို သတိရလာတယ်။ ဒီလိုမျိုးပဲ မီးဖိုခန်းက ရေခဲသေတ္တာဘေးမှာ အတူထိုင်စားခဲ့ကြတာ။ ပြီးတော့ စီးကရက်တလိပ်ကိုအတူတူထိုင် သောက်ခဲ့ကြတာ။ အဲဒီညက သူရော ကျမရော အရက်မမူး ဘူး။ ကျမတို့ တယောက်ရဲ့ နှုတ်ခမ်းဖျားဆီက ချောကလက်ရေခဲမုန့် အရသာကို နောက်တယောက်က မျှယူချိုမြိန်ခဲ့တာ။ ကျမတို့ အဲဒီညက ချောကလက် မူးခဲ့ကြတာ။

ကျမ သူ့ကို နှုတ်ဆက်ရမယ့်အချိန် ရောက်ပြီ မဟုတ်လား။ သူ့ အလောင်းကို လက်စမဖျောက်ခင် နှုတ်ဆက်စကား နည်းနည်းတော့ ပြောရ မယ် ထင်တယ်။ စီးကရက်ကို မီးညှိပြီး သူ့အလောင်းရှိနေတဲ့ ရေခဲသေတ္တာ တံခါးကို ဆွဲဖွင့်လိုက်တယ်။

စောက်ပြဿနာပဲ...။ ရေခဲသေတ္တာထဲမှာ ကျမ ထားခဲ့တဲ့ သူ့အလောင်း က မရှိတော့ဘူး။

[၄]

 

ကျမ ပြေးတယ်...။ ကျမဆီကို sms ဝင်လာတယ်။ “ဆာရာ... ကျနော့်ကို သတ်ပေးပါဦး” တဲ့။ ဖုန်းကဒ်ကို ထုတ်ပြီး လွှင့်ပစ်တယ်၊ လေဆိပ် ကို သွားပြီး ဒီနေ့ အစောဆုံး Flight နဲ့ လဲလို့ ရ၊ မရ စုံစမ်းတယ်။ sms ထပ်ဝင်လာတယ်။ ဟင့်အင်း...၊ ကျမ ဖုန်းကို ပိတ်လိုက်တယ်။ ကျမ ခေါင်း ထဲမှာ အတွေးတွေ ယောက်ယက်ခတ်နေပြီ။ ဘာလို့လဲ၊ သူက ဘာလို့လဲ..။

တည်းလက်စ Hostel လေးကို ပြန်လာတယ်။ ကျမအတွက် စာ ရောက်နေတယ်တဲ့။ အနီရောင်စာလုံးတွေ၊ သူ့ကို သတ်ပေးဖို့ အနီရောင် စာလုံးတွေ...။ Hostel ကနေ ကျမ ထွက်လာတယ်။ Luggage ယူဖို့ မြေအောက်ရထားဘူတာ ရောက်တော့ Luggage သိမ်းထားတဲ့ Locker မှာ ထိုးထည့်ထားတဲ့ စာတွေ။ ဒါကြောင့်မို့ ကျမ လာအဖမ်းခံတာပါ။ ကျမသူ့ကို တကယ်သတ်ခဲ့ပါတယ်။ ပြစ်ဒဏ် ဘယ်လောက်ဖြစ်ဖြစ် ခံယူပါ့မယ်။

[၅]

 

မယုံနိုင်စရာ ကောင်းလိုက်တာ။ သူ့မျက်လုံးတွေရော၊ သူ့နှုတ်ခမ်း တွေကပါ အကောင်းအတိုင်းပဲ၊ ပြီးတော့ သူကိုယ်တိုင်ကပါ အကောင်းတိုင်း ကြီး ကျမ မျက်စိရှေ့မှာ-

“ကိုယ့်ကို စိတ်ဆိုးတိုင်း လူတွေကို ဒုက္ခမပေးနဲ့လေ ဆာရာရယ်”တဲ့။

ပြုံးနေတဲ့ နှုတ်ခမ်းတွေ၊ မျက်လုံးတွေနဲ့...။ သူနေတဲ့ တိုက်ခန်းကို သူနဲ့အတူ ကျမ ပြန်ရောက်လာရတယ်။ ကျမကတော့ သက်မဲ့အရုပ် တရုပ် လိုပဲ...။ သူ့ဦးဆောင်မှုအောက်မှာ...။ သူက အခန်းတံခါးကို Lock ချလိုက် တယ်။

“ကျနော် သေမှ ပြန်ရမယ် ဆာရာ...” တဲ့။

ရပါတယ်၊ ဒီတခါတော့ ကျမ မီးဖိုခန်းစားပွဲပေါ်က ဓားကို ကောက် ကိုင်လိုက်တယ်။ လေယာဉ်ချိန် ရောက်ဖို့ သုံးနာရီလိုသေးတယ်။ အခု သူ့ကို သတ်နိုင်ရင် နောက်သုံးနာရီဆို ကျမ လေယာဉ်ပေါ်ကို ရောက်ပြီ။ သူ့ရင်ဘတ် ထဲကို စိုက်ကျလာတဲ့ ကျမဓားကို သူက မရှောင်ဘူး။ သူ နှုတ်ခမ်းတွေက ပြုံးနေတုန်းပဲ။

“ကျနော့်ကို သေအောင် သတ်ပါ ဆာရာရယ်...”တဲ့။

[၆]

 

“ဒီအမျိုးသမီးက ဘာ case လဲ..."

“လူတယောက်တည်းကိုပဲ အကြိမ်ကြိမ် သတ်ပစ်နေရတာလေ...၊ ပြဿနာက ဘယ်လို သတ်သတ် မရနေတာပဲ...”

အဖြူရောင် အခန်းထဲက ဆာရာ့အော်သံကို အပြင်က အမျိုးသား သူနာပြုတွေက မကြားသယောင်ဘဲ လမ်းဆက်လျှောက်သွားကြတယ်။

“ကျမကိုပဲ သတ်လိုက်ပါတော့………၊ ကျေးဇူးပြုပြီး ကျမကိုပဲ သတ် လိုက်ပါတော့...” တဲ့။

 

***

The Crazy Chef

 

အစ်ကို ချန်ရစ်ခဲ့တဲ့ လျှာထိုးဦးထုပ် အနက်ရောင်ကို ဆောင်းပြီး Mask အနက်ရောင်ကို မျက်နှာအုပ်လိုက်တယ်။ ခဏနေရင် ကျမ Delivery သွားပို့တော့မယ်။ ဒီနေ့ ကျမ ချက်ထားတဲ့ Bak Kut Teh က သိပ်ကောင်းတယ် အစ်ကိုရဲ့။ ဟင်းရဲ့အသက် အရိုးပြုတ်ရည်ဟာ ချိုပြီး ဆိမ့် မွှေးနေတာပဲ။ မွှေးမှာပေါ့၊ အစ်ကို့ ရိုးတွင်းခြင်ဆီတွေပဲဟာ။ ပြီးမှ ဝက်သားနဲ့ တခြားအရသာတွေနဲ့ ရောပစ်လိုက်တာ။ အချိန်အကြာကြီး ပြုတ်ထားလို့ နူးမြည့်နေတဲ့ အရိုးတွေကိုတော့ Blender နဲ့ မွှေပစ်ပြီး ခဏ သိမ်းထားရ တယ်။ ခွေးကလေးတွေအတွက် ဘီစကစ်ဖုတ်ရင် သုံးလို့ သိပ်ကောင်းတယ် လေ။

အစ်ကိုဟာ ပလတ်စတစ်ဘူးပေါင်းများစွာနဲ့ ကျမ ကားနောက်ခန်း မှာ စီပြီး ရောက်နေပြီးပြီ။ ဘယ်သူက ထင်ထားမှာလဲ...။ Online Shop လုပ်ပြီး စားစရာတွေကို ဘူးနဲ့ ထည့်ရောင်းတတ်တဲ့ မိန်းကလေးလှလှရဲ့ ကားနောက်ခန်းမှာ လူအသားနဲ့ ချက်ထားတဲ့ စားစရာတွေ ရှိနေတယ်ဆိုတာကို။

ကျမရဲ့ အသားငါးတွေ ထည့်ထားတဲ့ Freezer အကြီးကြီးထဲက ခဲထားတဲ့ အစ်ကို့ အသားဘူးတွေအကြောင်း ကျမမှ မပြောရင် ဘယ်သူက သိမှာတဲ့လဲ။ အခုတော့ သိပ်လည်း မကျန်တော့ဘူးပဲဟာ။ တနေ့ နည်းနည်း ထည့်ချက်ပစ်နေတာနဲ့ ကုန်ခါနီးနေပြီပဲ။ အစ်ကို့လည်ပင်းကို ဖြတ်လိုက်တုန်း က ကျလာတဲ့ သွေးခဲ့လေးတွေက်ကတော့ မနေ့က နောက်ဆုံးချက်တဲ့ အုန်းနို့ခေါက်ဆွဲထဲမှာ ပါသွားခဲ့ပြီးပြီ။ လူတွေကတော့ ပဲသွေးလို့ ထင်ကြတာ ပေါ့။

အသား၊ ငါးတွေ ဆိုတာ Freezer ထဲ အကြာကြီးထားလို့ မကောင်း ဘူး မှတ်လား အစ်ကို။ ဒီတော့ ဟင်းတွေကို ပိုပိုချက်ပြီး အိမ်ရာမဲ့တွေဆီကို ဝေပေးတယ်။ မနေ့ကတောင် Media တခုပေါ်မှာ ကျမ သွားလှူနေတဲ့ အကြောင်း အင်တာဗျူး ပါလာခဲ့သေးတယ်။ အစားအသောက် ရောင်းနေတဲ့ နာမည်ကြီး Onlien Shop ပိုင်ရှင်ကလေးဟာ Covid-19 ကာလမှာ လမ်းပေါ်က လူတွေအတွက် စားစရာ ဝေတဲ့အကြောင်း တကူးတက ရေးပြီး တင်ပေးတဲ့သူ တယောက်ကြောင့် လူတွေ ပိုပြီး သိလာကြတယ်။ မီဒီယာ သမားတွေက ကျမရဲ့ မီးဖိုဆောင်ထဲအထိ လာလေ့လာပြီး အင်တာဗျူး လုပ်ခဲ့တာ။ အဲဒီအချိန်က ပွက်ပွက်ဆူနေတဲ့ အိုးထဲမှာ ပြုတ်ထားတာဟာ အစ်ကို့နံရိုးတွေ ဆိုတာကို သူတို့ သိမသွားခဲ့ဘူး။ ကျမ ချက်ကျွေးတဲ့ ကြေးအိုးဆီချက်ကို အားရပါးရ စားကြပြီး ပြန်သွားတယ်။ အစ်ကို့ကလီစာ လေးတွေကတော့ သူတို့ အစာအိမ်ထဲမှာ ပါသွားခဲ့တာပေါ့။ အရမ်း စား ကောင်း တယ်တဲ့။

အဲဒါကြောင့် ကျမရော၊ ကျမ အလုပ်လေးရောကို လူတွေ အများကြီး သိသွားလို့ ဒီနေ့ အော်ဒါတွေ အရမ်းတက်တယ်။ အစ်ကိုဟာ သေသွား တာတောင်မှ ကျမအတွက် ကောင်းကျိုးတွေ အများကြီး ဖန်တီးပေးနေတုန်း ပဲ။ ဒါကြောင့်မို့ အစ်ကို့ကို ကျမက ဘယ်သူ့ဆီကိုမှ မပေးလိုက်နိုင်တာပါ။

ကျမ ချက်ထားတဲ့ ဟင်းကို အားရပါးရ စားနေတဲ့ ဦးလေးကြီးရယ်၊ ဘေးက ပြုံးကြည့်နေတဲ့ ကျမရဲ့ ဓာတ်ပုံရယ်က Facebook ပေါ်မှာ အရမ်း ကို Hot ဖြစ်သွားတယ်။ “ပီတိတွေနဲ့ ပြုံးကြည့်နေခဲ့တဲ့ အလှူရှင်လေးရဲ့ မျက်လုံးတွေက အရမ်းအသက်ဝင်တာပဲ” လို့ လူတယောက်က ကျမကို Comment ပေးထားတယ်။ ဟုတ်တယ် အစ်ကို၊ ကျမ အရမ်းကို ပျော် တယ်။ ဆင်သတ် အရပ်ဝေတာ မဟုတ်ဘူး၊ ကျမက အစ်ကို့ကို သတ်ပြီး အရပ်ဝေပစ်တာ။ ကျမ အပေါ်ကိုက လွဲရင် ကျန်တဲ့ မိန်းမတကာအပေါ် သဒ္ဓါလွန်တဲ့ အစ်ကို့ကို ဒီလိုပဲ လုပ်ပစ်လိုက်တော့ အစ်ကို ဘာတတ်နိုင် သေးလဲ... ကဲ။ ကျမမှ မရရင် အစ်ကို့ကို ဘယ်သူမှလည်း မရစေရဘူး။

မနက်ဖြန်ကျရင် နောက်ဆုံးကျန်တဲ့ အသားတွေကို ကြိတ်ပြီး ဘာဂါ လုပ်မယ် အစ်ကို။ ကျမ လုပ်ကျွေးတဲ့ ဟမ်ဘာဂါကို အစ်ကို အရမ်း ကြိုက်တယ် ဆိုတာ ကျမ သိတယ်လေ။ အစ်ကို့မိန်းမနဲ့ ကလေးနှစ်ယောက် ဆီကိုလည်း ကျမ သွားပို့ပေးဦးမယ်။ အစ်ကို ပျောက်နေလို့ သောကရောက် နေတဲ့ မိသားစုကို မုန့်တွေနဲ့ နှစ်သိမ့်ပေးတဲ့ စေတနာရှင်မကလေး အဖြစ်နဲ့ ပေါ့။

ချစ်တယ် အစ်ကို။

***

ကျမ ရှိနေတာ ဘယ်သူမှ မသိကြဘူး

 

[၁]

 

ဓားကိုင်ထားတဲ့ အမျိုးသမီးဟာ လဲကျနေတဲ့ အမျိုးသမီး တယောက်ရဲ့ အလောင်းကို ခွလျက်ကနေ မတ်တတ်ထရပ်လိုက်တယ်။ ထိပ်ချွန်ဒေါက်ဖိနပ် စီးထားတဲ့ ခြေဖျားနဲ့ လဲကျနေတဲ့ အမျိုးသမီးရဲ့ ပါးကို တို့ကြည့်တယ်။ ဓားကိုင်ထားတဲ့ အမျိုးသမီးရဲ့ ဆံပင်တွေက လေပြည်ထဲမှာ တလွင့်လွင့်။ အမျိုးသမီးက နှုတ်ခမ်းလှလှလေးတွေကို တွန့်ကွေးပြီး မဲ့ပြုံး တချက်ကို ပြုံးလိုက်တယ်။

“ကဒ်… ကောင်းတယ်ဗျာ”

ဘာမှ မကောင်း။ ဇာတ်ဆောင်မင်းသမီးရဲ့ မျက်လုံးတွေက ဒီထက် ပိုပြီး အမုန်းတွေနဲ့ တောက်ပနေသင့်တာ မဟုတ်လား။ လူတယောက်ကို သတ်ပစ်တယ် ဆိုတာ အဆုံးစွန်ဆုံးသော အမုန်းတွေ မဟုတ်ရင်တောင် အင်မတန်ကို အင်အားကြီးတဲ့ စိတ်စေစားမှုတွေကြောင့်သာ လုပ်နိုင်တာ…။ အင်း... သူ့မျက်လုံးတွေ ဒီထက်ပိုပြီး တောက်ပနေသင့်တယ်။

“ခင်ဗျား... ဒီမှာ ဘာလာလုပ်နေတာလဲ”

နောက်ကျောဘက်ဆီက လာတဲ့ အေးစက်စက် လေသံကြောင့် ချာခနဲ လှည့်ကြည့်လိုက်မိတော့ နံရံကို ကျောမှီပြီး ရပ်နေတဲ့ လူတယောက်။ မီးခိုးပြာရောင် ရှပ်အင်္ကျီနဲ့ အနက်ရောင် ဂျင်းဘောင်းဘီအရှည်ကို ဝတ်ထား တယ်။ သူ့လေသံက ရေခဲရေ အေးစက်စက်နဲ့ ဖြည်းဖြည်းချင်း လောင်းချခံရ သလို ခံစားချက်မျိုးကို ပေးတယ်။ အဲဒီလူကို အချေအတင် စကားတွေ ပြန် မပြောတော့ဘဲ “ကိုယ့်ဘာသာ ဘာလုပ်လုပ် သူ့ကိစ္စဖြင့် မဟုတ်ဘဲနဲ့´ လို့ တွေးပြီး ရိုက်ကွင်းဘက်ကိုပဲ ခေါင်းပြန်လှည့်လိုက်တယ်။ လူတွေကို အရေး တယူလုပ်ပြီး စကားပြန်မပြောဖြစ်တော့တာ ကြာလှပြီပဲဥစ္စာ။

အခုတောင် ရိုက်ကွင်းက စကားတွေ နားထောင်ချင်လို့သာ နားမှာ တပ်ထားနေကျ နားကြပ်တွေကို ခဏဖြုတ်ထားမိတာ ဆိုးတယ်။ ဖြုတ်ထား လိုက်တာနဲ့ အပိုစကားတွေကို ကြားရတော့တာပဲ။ ဒီနေရာမှာ ကျမကို သိတဲ့လူ တယောက်မှ မရှိဘူး။ အင်း... ကျမကလည်း ဘယ်သူ့ကိုမှ မသိပါ ဘူး။ ကောင်းတယ်လေ...၊ သိနေရင် ဟန်ဆောင်ပြီး မပြောချင်တဲ့ ပဋိသန္ဓာရ စကားတွေကို ပြောနေကြရဦးမယ်။ ဒါပေမဲ့ ဒီလူကကော ကျမကို သိနေတာ များလား။

ထမင်းစားချိန်ရိုက်ကွင်းနားပြီမို့လို့ကျမပြန်လှည့်ထွက်လာခဲ့တယ်။ အခုမှ မနက်ကတည်းက ဘာမှ မစားရသေးတာကို သတိရပြီး အနီးအနား က တဆိုင်ဆိုင်မှာ စားဖို့ ဆုံးဖြတ်လိုက်တယ်။ ရိုက်ကွင်းတည်ထားတဲ့ နေရာ က ဆိတ်ငြိမ်ရပ်ကွက်မို့ လူရော၊ မုန့်ဆိုင်တွေပါ ရှင်းလင်းနေတယ်။ အိမ်ကို ပြန်မယ်လို့ တွေးပြီး ဘတ်စ်ဂိတ်ဘက်ကို မှန်းပြီး လမ်းလျှောက်လာခဲ့ပေမဲ့ တော်တော်ကြာတဲ့အထိ စားသောက်ဆိုင်၊ မုန့်ဆိုင် စသဖြင့် ဘာဆိုဘာမှမတွေ့ဘူး။ အရင်ကတည်းက အစားကို ပုံမှန်မစားတတ်လို့ ဗိုက်ဆာချိန် ဆိုရင် နေ့တွေ ညတွေကို သိပ်ခွဲခြားမနေတတ်ဘူး။ ဗိုက်ဆာလာရင် ကြုံရာ ဆိုင်မှာ ကြုံရာစားစရာကို ဝယ်စားတတ်တာ မဟုတ်လား။

“လမ်းကလည်း ခေါင်လိုက်တာဟယ်... လို့ တွေးနေတုန်းမှာပဲ လမ်းချိုးလေးထဲက မုန့်ဆိုင် ကုပ်ကုပ်ကလေးကို တွေ့လိုက်ရတယ်။ မုန့်ဆိုင် လေးက အတော့်ကို ချောက်ချီးချောက်ချက်။ ဆိုင်အတွင်းကို လှမ်းကြည့် တော့လည်း မှောင်မည်းတိတ်ဆိတ်လို့။ “ငါ အလစ်သုတ်သွားရင်တောင် သိမယ် မထင်ဘူး” လို့ တွေးပြီး အသံပြုဖို့ စိတ်ကူးလိုက်သေးတယ်။ ဒါပေမဲ့ ဒီနေ့အတွက် ပြင်ပက စကားသံတွေကို ကြားနေရတာ လုံလောက်နေပြီပဲ၊ ဘယ်သူနဲ့မှ စကားထပ်မပြောချင်တော့သလို ဘယ်သူဆီကမှလည်း ဘာ စကားကိုမှ ထပ်မကြားနိုင်တော့ဘူး မဟုတ်လား။

အသံမပြုဖို့ ဆုံးဖြတ်ရင်း ဖုန်တက်နေတဲ့ မုန့်ထုပ်တွေထဲက ကိတ် ခြောက်ထုပ်တထုပ်နဲ့ ရေခဲသေတ္တာ အဟောင်းကြီးထဲက ရေတဘူးကို ယူ လိုက်တယ်။ ဘောင်းဘီအိတ်ကပ်ထဲက တထောင်တန် နှစ်ရွက်ကို ထုတ်ပြီး ဆိုင်အတွင်းဘက်က မုန့်ထုပ်တွေအောက်မှာ ဖိထားပေးခဲ့တယ်။ ပိုက်ဆံ ပို မှန်းသိပေမဲ့ တနေ့ကို လူတယောက်လောက်တောင် ရောင်းရမိမှာ မဟုတ်တဲ့ ဆိုင်ပိုင်ရှင်ပဲ ယူပါစေတော့ပေါ့လေ..။

[၂]

 

“ကဒ်… ကဒ်၊ မဟုတ်ဘူး မင်းသမီး၊ ဒီနမ်းတဲ့ ဇာတ်ဝင်ခန်းက ရှက်နေဖို့ မလိုဘူး၊ စိတ်ကို လျှော့ထားပေး..။ ပြီးတော့ ကိုယ်က အပေါ်စီးက နေ အနမ်းကို ရယူတာမို့လို့ မျက်လုံးတွေက စူးလက်နေရမယ်၊ နင်က ငါ့အပိုင်လို့ ပြောပြနေတဲ့ အကြည့်တွေ ဖြစ်ရမယ်“

“အင်း... ဒါရိုက်တာဆီမှာတော့ ဇာတ်ကောင်မှော် ဝင်သွားပြီပဲ“လို့ တွေးရင်း ကျေကျေနပ်နပ် ပြုံးလိုက်မိတယ်။ အမျိုးသမီးသရုပ် ဆောင်က အမျိုးသားသရုပ်ဆောင်ရဲ့ မျက်လုံးတွေကို စိုက်ကြည့်ပြီး သရုပ် ဆောင်တာကို ပြန်စနိုင်ဖို့ ကြိုးစားနေတယ်။

“ခင်ဗျား... ထပ်ပြီး ရောက်လာပြန်ပြီလား..."

“အေးစက်စက် ခံစားမှုကို ပေးနိုင်တဲ့ လေသံကြောင့် ဟိုတနေ့က လူပဲ ဆိုတာကို သိလိုက်တယ်။ လှည့်ကြည့်မိလောက်အောင် စိတ်မဝင်စား ဘူးဆိုတဲ့ သဘောမျိုးကို ဖော်ပြရာရောက်အောင် နားထဲကို earbuds တွေ ပြန်ထိုးထည့်လိုက်တယ်။ သီချင်းသံက ပြင်ပရဲ့ ဘယ်အသံကိုမဆို အာရုံ စိုက်မိလောက်အောင် မကြားရဖို့ လုံလုံလောက်လောက် ဖုံးလွှမ်းထားတယ်။ ဒီနေ့အဖို့တော့ ဒီရိုက်ကွင်းကို လာကြည့်နေတာ လုံလောက်ပြီ ထင်တာပဲ။ ဒီဒါရိုက်တာလေး ရိုက်မှာမို့လို့ ကျမ ဝတ္ထုကို ရောင်းပေးခဲ့တာ...၊ ဒီနောက်ပိုင်း ရုပ်ရှင်ဒါရိုက်တာတွေထဲမှာ သူ့ကို သဘောအကျဆုံးမို့လို့လေ။

ပြန်တော့မယ်လို့ ဆုံးဖြတ်ပြီး လှည့်ထွက်လာခဲ့တဲ့နောက်ကို ဟိုလူ့ အသံက ကပ်ပြီးပါလာတယ်။

“ခင်ဗျား... ဒီကိုထပ်ပြီး မလာသင့်တော့ဘူး” တဲ့။

အမလေး...။ ဘယ်လောက်တောင် အကျယ်ကြီး ပြောနေလို့ နား ထဲက သီချင်းသံကို ကျော်ပြီး သူ့အသံကြီးကို ကြားနေရတယ် မသိပါဘူး။ အဲဒီလောက် အသံကျယ်ရင် တခြားသူတွေပါ ကြားကုန်ပြီး ကျမကို အာရုံစိုက်လာကြရင် ဒုက္ခပဲ။ လူတွေဆီက အာရုံစိုက်ခံရတာကို မကြိုက်ပါဘူးဆို၊ ခေါင်းပေါ်ကို ဝတ်ထားတဲ့ ဟူဒီက ခေါင်းစွပ်ကို ဖုံးပစ်လိုက်ပြီး ခပ်သုတ်သုတ် ထွက်လာခဲ့တယ်။

[၃]

 

ဟိုအရင်တုန်းက ကျမဟာ လူတွေကို ယုံလွယ်လွန်းတဲ့ မအူမလည် အတီးအတ စာရေးသူကောင်မလေးပေါ့။ ကျမ ဝတ္ထုတွေကို ရုပ်ရှင်ရိုက်မယ် ဆိုတော့ ပျော်လို့။ အဲဒီနောက် စာရေးသူ ကျမကို တိုင်ပင်ခြင်းမရှိဘဲ ဇာတ် ပြောင်းတာတွေ၊ လိုချင်တာတွေ ထပ်ထည့်ပြပစ်တာတွေအတွက် ကျမနဲ့ ထုတ်ဝေသူတွေ၊ ဒါရိုက်တာတွေဟာ အကြီးအကျယ် ပြဿနာတက်ကြတာပေါ့။

နောက်တော့ ကျမ စာရေးတာကို သုံးနှစ်လောက် ရပ်ပြီးမှ စာအုပ် ပြန်ထုတ်ခဲ့တယ်။ Mystery နဲ့ Psychological thriller အမျိုးအစားမှာ ရေးတဲ့ အမျိုးသမီးစာရေးသူ နည်းလို့ထင်တယ်...၊ ကျမ စာအုပ်ဟာ တကြိမ် တည်း bestseller စာရင်းကို ဝင်တော့တာပဲ။ ကျမနောက်ကို ရုပ်ရှင် ထုတ်လုပ်သူတွေ စုပြုံလိုက်လာကြတယ်။

ကျမ စာအုပ်ကို ရုပ်ရှင်ရိုက်ကူးဖို့ကို ငြင်းလိုက်တဲ့အခါ ပိုပြီး နာမည် ကြီးလာတယ်။ ဒီစာရေးသူက သူ့စာအုပ်တွေလိုပဲ လျှို့ဝှက်သည်းဖိုဆန်တဲ့ စာရေးဆရာမ... တဲ့။ ဘာလို့လဲ ဆိုတော့ ကျမက ဘယ်သူနဲ့မှ အတွေ့မခံ ဘဲ ဆိုရှယ်မီဒီယာပေါ်က Page နဲ့တင် အဆက်အသွယ် လုပ်တာမို့လို့ပဲ။ ဒီ ဒါရိုက်တာလေးကို ရိုက်ဖို့ ခွင့်မပြုပေးခင် နိုင်ငံခြားပြန် ဒါရိုက်တာ တယောက် ကို ရိုက်ကူးခွင့် ပေးဖူးသေးတယ်။ ဒါပေမဲ့ ဇာတ်ညွန်းမှာတင် ကျမ ဇာတ်လမ်း ရဲ့ အသွားအလာကို ဖောက်ထုတ်ဖျက်ဆီးပစ်လို့ အနုပညာကြေးကို ပြန် အမ်းပြီး ရုပ်ရှင်ရိုက်ကူးခွင့်ကို ဖျက်ပစ်ခဲ့ဖူးတယ်။

အခုဇာတ်လမ်းကို ဖျက်ဆီးမိရင် ကျမကို အနုပညာကြေး ကြီး အများ ကြီး အလျော်ပေးရမယ့် အကြောင်းပါတဲ့ စာချုပ်တခုကြောင့်သာ ဒီဒါရိုက်တာ လေးကို လက်ခံခဲ့တာ။ အဲဒါအပြင် သူက ဟိုးအရင်ကတည်းက ကျမရဲ့ အမာခံ စာဖတ်သူ ဖြစ်ခဲ့တော့ ကျမ ပေးတဲ့ code တွေကို သူက ရှာဖွေနိုင် သိရှိနိုင်တဲ့သူ ဖြစ်နေတာကြောင့်လည်း ပါတယ်။

လူတွေနဲ့ သိပ်ပြီး အဆက်အဆံ မလုပ်တတ်တဲ့ ကျမက ဒီရုပ်ရှင် ရိုက်ကွင်းကို ရောက်နေခဲ့တာဟာလည်း ဒီဇာတ်လမ်းကို လုံးဝကြီးကို စောင့် ကြည့်ထားဖို့ လိုနေလို့ပဲ။ ဒီဇာတ်လမ်းဟာ ကျမ ဘဝရဲ့ အကောင်းဆုံး မာစတာပိစ် ဖြစ်ခဲ့တဲ့ ဇာတ်လမ်း။ ပြောရမယ် ဆိုရင် ဒီဇာတ်လမ်းဟာ ကျမ ဘဝရဲ့ အရာအားလုံးပဲ။ စာရေးတယ်ဆိုတာလည်း ကျမဘဝရဲ့ အရာအားလုံး ပဲ။

တကယ်တမ်းက ကျမဘဝဟာ သေသွားတာရော၊ အသက်ရှိနေ တာရောက ဘာမှ သိပ်ကွာခြားလှတာမှ မဟုတ်တာ။ အခုလည်း ကျမ ရှိနေ တာ ဘယ်သူမှ မသိကြဘူးလေ။ ကျမရေးတဲ့ စာတွေဆိုတာ လူတွေကို ကျမ စာတွေကနေတဆင့် ကျမ ရှိနေသေးကြောင်းကို ဖော်ပြနိုင်တဲ့ တခုတည်း သော အချက်ပြသင်္ကေတပဲ ဆိုပါတော့။

ဘယ်သူနဲ့မှ မတွေ့ဘူး ဆိုတာ ကျမက သိပ်လျှို့ဝှက်လွန်းလို့ မဟုတ်ပါဘူး။ ဘယ်သူဆီက အသံပြုတာ တခုခုကိုမှ မကြားချင်တော့တာ ကြောင့်ပါပဲ။ ကျမ အသံတွေကို မကြားနိုင်တော့တာ လွန်ခဲ့တဲ့သုံးနှစ်ကတည်း ကပဲ။ အကြားအာရုံ ကောင်းပါတယ်။ မကြားချင်တော့လို့ မကြားနိုင်အောင် ကြိုးစားတာ။ အရာရာတိုင်းဟာ ကျမအတွက် သိပ်ကို ဆူညံလွန်းတယ်။ ကျမ နားထဲမှာ အမြဲတမ်း earbuds တွေကို တပ်ထားတတ်ပြီး သီချင်းတချို့ကို သံကုန်ဖွင့်ထားတတ်တယ်။ နားထဲက earbuds ကို ဖြုတ်တာ ဆို လို့ အိပ်ချိန်ရယ် မိုးတွေရွာတဲ့ အချိန်ရယ်ပဲ ရှိတယ်။ ၊ ကျမ မိုးရွာတဲ့ အသံတွေ ကိုတော့ချစ်တယ်။မိုးတွေရွာနေတဲ့အချိန်လမ်းဆင်းလျှောက်ရတာကိုလည်း ကြိုက်တယ်။

အခု အိမ်အပြန်လမ်းမှာလည်း မိုးဖွဲဖွဲကလေးတွေက လှလှပပ ရွာ ကျနေခဲ့တယ်။

[၄]

 

“မင်း ငါ့ကို မသွားပါနဲ့လို့ တားခဲ့လား...၊ တားခဲ့ဖူးလို့လား“ အမျိုးသမီးရဲ့ ပခုံးသားတွေကို အကြမ်းပတမ်း လှုပ်ခါပြီး မေးလာ တဲ့ အမျိုးသားရဲ့ ရင်ဘတ်ကို အမျိုးသမီးက ဆောင့်တွန်းလိုက်တယ်။ ပြီး တော့ လက်ဝါးကို မြှောက်ပြီး ပါးကို ရိုက်ချပစ်လိုက်တယ်။ အဲဒီနောက် အမျိုးသမီးရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ တဖြည်းဖြည်း ပြည့်အိုင်ဝေ့သီ...။ ပြီးတော့ ဘယ်ဘက်မျက်ဝန်းကနေ မျက်ရည်ပေါက်ကြီး တပေါက်က ပါးပြင် ပေါ်ကို လိမ့်ခနဲ ပြုတ်ကျ…။

“ကဒ်”

ဒါရိုက်တာဆီက အသံထွက်လာပြီးတာတောင် ရိုက်ကွင်းတခုလုံး နှစ်စက္ကန့်လောက် ငြိမ်သက်နေကြသေးတယ်။ သရုပ်ဆောင်အမျိုးသမီးရဲ့ ဝမ်းနည်းနာကျင်မှုတွေဟာ ရိုက်ကွင်းထဲမှာ ရှိသမျှ လူတိုင်းရဲ့ စိတ်ထဲကို စီးဝင်သွားကြပုံပဲ။ ကျမ ကိုယ်တိုင်လည်း မျက်ရည်ဝဲနေမိတာမို့ ကျေနပ်သွား မိတယ်။ ဒါရိုက်တာရော၊ သရုပ်ဆောင်တွေပါ ဒီဇာတ်လမ်းရဲ့ မှော်ကို စီးကူးမိ သွားကြပြီပဲ။

“မင်း ဒီကို မလာသင့်တော့ပါဘူးကွာ….။ ကိုယ့်လမ်း ကိုယ်သွားပါ တော့

အေးစက်စက် လူရဲ့ စကားသံက ဒီနေ့မှ ပိုပြီး လေးလံအေးစက်နေ တယ်။ သူ့စကားသံက ကျမကို ရေခဲရေထဲကို ဆွဲနှစ်မြှုပ်ပစ်လိုက်သလို ခံစားမှုမျိုးကို ပေးတယ်။ ပထမတော့ လှည့်ပြီး ရန်စွာလိုက်မလို့ လုပ်ပြီးမှ သူ ဆက်ပြောတဲ့ စကားကြောင့် စိတ်ပြောင်းသွားရတယ်။

“မင်း ဒီဇာတ်လမ်းကို စွဲလမ်းနေတာကို ရပ်သင့်ပြီ။ မင်းနဲ့မှ မဆိုင် တော့ဘဲ“

သူ ပြောတာ မှန်တယ်။ ကျမ အနေနဲ့ ဒီရိုက်ကွင်းကို လာနေတာ နဲ့တင် အလုပ်အကိုင်တွေလည်း ပျက်လှပြီ မဟုတ်လား။

“စီးကရက် သောက်မလား....

အဲဒီလူဟာ ကျမ နောက်နားက နေပြောနေရာက ကျမဘေးကို ရောက်လာပြီး ဘောင်းဘီအိတ်ထဲကို လက်နှိုက်ရင်းက မေးတယ်။ ကျမ ခေါင်းခါပြလိုက်ရင်း လက်က ဘောင်းဘီနောက်ဘက် အိပ်ကပ်ကို နှိုက်ယူ လိုက်တယ်။ ကျမမှာလည်း စီးကရက်တွေ ပါသားပဲ။

ဒါပေမဲ့ ကျမ လက်ထဲကို ပါလာတာတွေက စီးကရက်ဘူး မဟုတ် ဘဲ တွန့်ကြေနေတဲ့ လိပ်စာကဒ်ပြားလေး တခု။ စုတ်ပြတ်တွန့်ကြေနေတဲ့ လိပ်စာကဒ်ပြားလေးကို ငေးရင်း ကျမ စိတ်တွေဟာ လွင့်ခနဲ…။ မျက်လုံးထဲ က မျက်ရည်စက်ဟာ လိပ်စာကဒ်လေးပေါ်ကို ပေါက်ခနဲ ပြုတ်ကျ။

အဲဒီ အချိန်မှာ...

ဒါရိုက်တာဆီက နောက်ဆုံး ကြားလိုက်ရတဲ့ အသံက-

“ရှူတင် ဖျက်ကြမယ်..၊ ဆေးရုံ တင်ထားတဲ့ စာရေးဆရာ အခုပဲဆုံးသွားပြီ” တဲ့။

[၅]

 

၂၄ နာရီ ဖွင့်တဲ့ convenience store ကနေ မုန့်ဝယ်ပြီး ပြန်လာ တဲ့ အမျိုးသမီးကလေးဟာ သူတွေးလက်စ ဇာတ်လမ်းထဲမှာ စိတ်အာရုံ တခုလုံး နစ်မြုပ်နေတယ်။ လမ်းလျှောက်ရင်း ရလာတဲ့ အတွေးမို့လို့ သူဟာ လမ်းတွေကိုပဲ လျှောက်ပြီးရင်း လျှောက်လို့။ သူ့အကျင့်က အဲဒီလိုပဲ၊ တခုခုကို လုပ်နေရင်း အာရုံတခု ရလိုက်ရင် အဲဒီခံစားချက်ကို ဖမ်းမမိမချင်း လုပ်နေတဲ့ အလုပ်ကိုပဲ ထပ်ကာထပ်ကာ ပြန်လုပ်နေတတ်တယ်။

အတွေးထဲကို နစ်နေတဲ့ အမျိုးသမီးလေးဟာ အချိန်ကာလကို လည်း သတိမထားမိဘူး။ ပတ်ဝန်းကျင်အနေအထားကိုလည်း သတိမထား မိဘူး။ earbuds ကို နားထဲမှာ တပ်ပြီး အသံကုန် ဖွင့်ထားတဲ့ သီချင်းသံ ကြောင့်လည်း သူ့နောက်ကနေ ကပ်ပြီးလိုက်လာတဲ့ အရက်မူးနေတဲ့ အမျိုး သား သုံးယောက်ကိုလည်း သတိမထားမိခဲ့ပါဘူး။ စီးကရက် သောက်မယ် ဆိုပြီး ဘောင်းဘီနောက်အိတ်ကပ်ထဲက ဘူးကို ဆွဲထုတ်လိုက်တဲ့ အချိန်မှာ လက်ထဲကို ပါလာတာက စီးကရက်ဘူး မဟုတ်ဘဲ လိပ်စာကဒ်ပြားလေး တခု။

သူ့ပခုံးကို လှမ်းဆွဲလိုက်တဲ့ လက်တဖက်၊ ပြီးတော့ သူ့ပါးစပ်ကို ဆွဲပိတ်လိုက်တဲ့ လက်ချောင်းတွေ..။ အဲဒီနောက် သူ့ကမ္ဘာဟာ အရှင်လတ် လတ် ငရဲဘုံကို ရောက်သွားခဲ့တော့တယ်။

ဒဏ်ရာဒဏ်ချက်ပေါင်းများစွာနဲ့ အဝတ်အစားကင်းမဲ့နေတဲ့ အမျိုး သမီးကလေးရဲ့ ခန္ဓာကိုယ်ကို မနက်အစောကြီး ဈေးကိုသွားမယ့် ပန်းသည်တွေက လမ်းဘေးမြောင်းထဲမှာ ရှာတွေ့ခဲ့ကြပါတယ်။

မိုးက ဖွဲဖွဲကလေး ရွာကျနေတယ်။ လူသူ ကင်းရှင်းနေတဲ့ ရုပ်ရှင် ရိုက်ကွင်း တည်ထားဆဲ လမ်းသွယ်ကလေးထဲက မုန့်ဆိုင်ထဲကနေ အိုမင်း နေတဲ့ ခပ်ဖိုင့်ဖိုင့် အမေအိုကြီးတယောက် ထွက်လာပြီး ချိတ်ထားလက်စ မုန့်ထုပ်ကလေးတွေကို ဆိုင်ထဲ သိမ်းတယ်။ မုန့်ဘူးတခုအောက်မှာ ဖိထား တဲ့ တထောင်တန်လေး နှစ်ရွက်ကို တွေ့တဲ့အခါ-

“ဒီအဘိုးကြီးကတော့လေ ဈေးရောင်းပြီးရင် ပိုက်ဆံကို ဘယ် တော့မှ မသိမ်းဘူး

လို့ ပွစိပွစိ တောက်တီးပြီး ချွေးခံအင်္ကျီ အိတ်ကပ်ကလေးထဲကို ခေါက်ထည့်ထားလိုက်တော့တယ်။

ရပ်စောင့်နေတဲ့ လိပ်ပြာ

 

[၁]

 

ခြောက်ထပ်တိုက်တွေဟာ ဘယ်လောက်မြင့်လဲ။ ပေါင် ၁၂ဝ လောက် လေးတဲ့ မိန်းမတယောက် မြေကြီးထိအောင် ပြုတ်ကျသွားဖို့ရော... အချိန် ဘယ်လောက်လိုသလဲ။

[၂]

 

နီနီ ဒီအခန်းလေးကို ပြောင်းလာတော့ လက်ထဲမှာ ပိုက်ဆံ ခုနစ် သောင်းပဲ ပါတယ်။ နီနီ့လို တကိုယ်ရေ တကာယ နေတဲ့သူအဖို့ ကြီးကြီးမား မား သယ်စရာ ဘာပစ္စည်းမှ မရှိပါဘူးလို့ ထင်ထားခဲ့ပေမဲ့ မိန်းမတွေဟာ ထင်တာထက် တိုလီမုတ်စ များလွန်းတယ်မဟုတ်လား။ တက်စီခကတင် တသောင်းကျော် ပေးလိုက်ရတယ်။

အခန်းကို ရှင်း၊ ပစ္စည်းတွေ နေရာချနဲ့ အရာရာကို နေသားကျ အောင် ပြင်ဆင်လိုက်ပြီးတဲ့နောက်မှာ အခန်းဟာ နေချင်စရာ သီးသန့်ကမ္ဘာလေး။ ပြတင်းပေါက် ကျယ်ကျယ်တွေကနေ မြင်ရတဲ့ ကောင်းကင်စွန်းစွန်း၊ ပြီးတော့ မိုးသံလေသံကို ကောင်းကောင်းကြားရတဲ့ အပေါ်ဆုံးထပ်။ နီနီဟာ ဒီအိမ်ရောက်မှ ညအိပ်ချိန်တွေ အချိန်မှန်လာသလို မနက်ဆိုရင်လည်း ခုနစ် နာရီဆို တကယ်ကြီး ကောင်းကောင်းနိုးနေတတ်ပြီ။

နီနီဟာ မနက်ဆို ကော်ဖီတခွက် ဖျော်ပြီး စီးကရက်တလိပ်နဲ့ သူ့ အိပ်ခန်းရဲ့ ပြတင်းပေါက်ကလေးကနေ တစွန်းတစလောက်ပဲ မြင်ရတဲ့ ကောင်းကင်ဆီကို ငေးပြီး တိမ်တွေလို ဆုပ်ကိုင်မရတဲ့ အတွေးတွေကို တွေး နေတတ်တယ်။ ကော်ဖီခွက် ကုန်သွားလို့ အဲဒီနေရာက ခွာလိုက်ရင် ခုနက တွေးခဲ့တာတွေ အကုန်လုံးဟာ စမ်းရေတွေထဲ မျောပါသွားတဲ့ ပန်းပွင့်ချပ် တွေလို... သူ့အနားကနေ တမုဟုတ်ချင်း ပျောက်ရွေ့သွားတော့တာပဲ။ နီနီ ဟာ အနာဂတ်မရှိတာ ကြာပြီ။ သူ့မှာ အသက်ရှင်ရုံ ရှင်နေတယ် ဆိုတဲ့ အနေအထားမှာ ရပ်တန့်နေခဲ့တာ...။ အသီးအပွင့်တွေ အ,သွားတဲ့ သစ်ပင် တပင်လိုမျိုး။

နီနီဟာ ပြတင်းပေါက်ကနေ မီးမသတ်ထားတဲ့ အစီခံထိလုနီးပါး စီးကရက်ကို တောက်ထုတ်လိုက်ပြီးမှ အောက်မှာ လူရှိနေရင် ပြဿနာပဲလို့ တွေးပြီး ငုံ့ကြည့်လိုက်တယ်။ အရိပ်ကျနေတဲ့ အမှောင်ရိပ်ရယ်၊ ခပ်နွဲ့နွဲ့ ချုံပင် တွေရယ်က လွဲရင် ဘာမှ မရှိဘူး။ မိုးရာသီမို့ ဆေးလိပ်မီးဟာ စိုစွတ်လက်စ မြေကြီးပေါ်မှာ ငြိမ်းသွားမှာတော့ အသေအချာပဲလို့ ထင်တယ်။

[၃]

 

နီနီဟာ ညဘက်တွေ ဆိုရင် ပြတင်းပေါက်တွေကို အကုန် ကျယ် လွင့်နေအောင် ဖွင့်ထားပြီးမှ အိပ်တတ်တယ်။ တကိုယ်ရေ တကာယ နီနီ့တိုက်ခန်းဟာ တခါတလေ လာလည်တတ်တဲ့ သူနဲ့ အိပ်ဖော်အိပ်ဖက် အမျိုး သား တယောက်တလေ လာတဲ့အချိန်ကလွဲရင် လာလည်သူ မရှိသလောက် ရှားလို့ အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်နေတတ်တာပဲ။ လာလည်တဲ့သူ ရှိမှ နီနဲ့အခန်းကနေ ဂစ်တာသံ၊ သီချင်းသံတွေ ကြားရတတ်တယ်။

ညညဆိုရင် နီနီဟာ မီးအမှောင်ချလို့ သူ့ဖုန်းကနေ ရုပ်ရှင်ဇာတ် လမ်း တခုကို ကြည့်ရင်း ဖြစ်ဖြစ်၊ စာအုပ်တအုပ်ကို ဖတ်ရင်း ဖြစ်ဖြစ်၊ သူ့ သူငယ်ချင်းလေးတွေဆီ video call ခေါ်ရင်း ဖြစ်ဖြစ် အချိန်ဖြုန်းတတ်တယ်။ အဲဒီအချိန်တွေက လွဲရင် နီနီဟာ တယောက်တည်း ရှိနေတာတောင်မှ နား မှာ earphone ထိုးပြီးမှပဲ သီချင်းတို့၊ ရုပ်ရှင်တို့ကို ကြည့်တာ။ သူ့ကိုယ်သူ ကမ္ဘာကြီးနဲ့ အဆက်ဖြတ်ထားခဲ့တာ။

[၄]

 

နီနီဟာ အိပ်မပျော်လို့ ည တနာရီကြီးကို အခန်းထရှင်းတယ်။ ပန်း ကန်ဆေးတဲ့ စတီးဘေဇင်ကို ဆေးကြောရင်း နေရာမလောက်လို့ ပြတင်း ပေါက်ပေါင်ပေါ် တင်ထားတဲ့ ပန်းကန်ဆေးဆပ်ပြာဆီဟာ လက်ချော်ပြီး အောက်ကို ပြုတ်ကျသွားတယ်။ နီနီဟာ တမြန်နေ့ကမှ ဝယ်လာတဲ့ တထောင့်နှစ်ရာတန် ပန်းကန်ဆေးဆပ်ပြာဘူးလေးကို ပြန်ကောက်လို့ ရလေ မလား ဆိုတဲ့ နှမြောစိတ်နဲ့ ပြတင်းပေါက်ကနေ ငုံ့ကြည့်ပြီး လိုက်ရှာတယ်။

ပထမတော့ အဲဒီအရာဟာ သစ်ပင်တွေနဲ့ စွန့်ပစ်ပစ္စည်းတချို့ရဲ့ အရိပ်လို့ ထင်သွားခဲ့သေးတယ်။ အမှတ်မဲ့ ကျော်သွားတဲ့ နီနီ့မျက်လုံးတွေကို ဘာက ဆွဲဆောင်တယ် မသိပါဘူး..။ ဒုတိယအကြိမ် ပြန်ကြည့်မိတဲ့အခါ အဲဒီအရာက နီနီ့ကို သူ့မျက်လုံးတွေနဲ့ ပြန်ပြီး မော့ကြည့်လာခဲ့တယ်။

အဲဒီလူလား၊ အဲဒီအရာလား...။ နီနီ မသေချာဘူး။ ဒီတော့ အဲဒီ အရာလို့ပဲ သုံးနှုန်းလိုက်တော့မယ်။ အဲဒီအရာဟာ ရှပ်အင်္ကျီ အနီကွက် ဝတ်ထားတဲ့ အသက်ခပ်ရွယ်ရွယ် အမျိုးသားတယောက်။ အဲဒီအရာရဲ့ မျက်လုံးတွေကို ခြောက်လွှာမြင့်တဲ့ တိုက်ခန်းကနေ သဲသဲကွဲကွဲ မြင်ရတာ တော့ တကယ်ဆန်းတဲ့ ကိစ္စပဲ။ အဲဒီမျက်လုံးတွေကို ငေးမိတဲ့ခဏ နီနီ နား ထဲမှာ ပြတ်ပြတ်သားသားနဲ့ အနားကို ကပ်ပြီး တိုးဖွဖွ လာပြောလိုက်သလို စကားသံတခု။

“ခင်ဗျားဟာ ကျနော့်ကို လာစောင့်နေတာများလား... တဲ့။ နီနီဟာ ပြတင်းပေါက်ကို အသံမြည်အောင် ဆွဲပိတ်ပြီး တံခါးချက် တွေကို အလျင်အမြန် လိုက်ပိတ်ပစ်လိုက်တယ်။ အဲဒီညက အမြဲအမှောင်ချ ထားတဲ့ နီနဲ့အခန်းကလေးဟာလည်း မီးတွေထိန်အောင် လင်းနေခဲ့ပြီး နီနီ ဟာလည်း ကြက်သွန်လှီးဓားကို ကျစ်ကျစ်ဆုပ်လို့ ငုတ်တုတ်ထိုင်ရင်း မိုး လင်းသွားခဲ့တယ်။

[၅]

 

လူတွေဟာ ကြောက်ပေမဲ့ အဲဒီအရာကို မကြည့်ဘဲ မနေနိုင်ကြ သလို နီနီဟာလည်း အဲဒီပြတင်းကနေ အောက်ကို ငုံ့မကြည့်ဘဲ မနေနိုင်ပြန် ဘူး။ နီနီ ကြည့်မိတိုင်းလည်း အဲဒီအရာဟာ သူ့ကို ပြန်ပြီး မော့ကြည့်နေတာ ချည်းပဲ။ မနက်တိုင်း သူ ကော်ဖီသောက်နေကျ ပြတင်းဟာ ညညဆို သူ့ကို ခြောက်လှန့်နေတဲ့ နေရာအဖြစ် ပြောင်းသွားတယ်။ နီနီအနေနဲ့ ညတွေ ရောက်လာတဲ့အခါ ပြတင်းတံခါးတွေကို မဖွင့်ဘဲထားရင် စိတ်လုံခြုံလို့သာ ပိတ်ထားတာ။ တကယ်တော့ မှန်ပြတင်းပေါက်ဟာ နီနီကို မကာကွယ်နိုင်မှန်းကိုလည်း နီနီ သိပြန်တယ်။ အိပ်မပျော်တတ်တော့တဲ့ မိန်းမတယောက်တည်း နေတဲ့ အလုံပိတ်အခန်းကလေးဟာ ညဆိုရင် စီးကရက်မီးခိုးတွေနဲ့ ပြည့်နှက် နေတတ်တယ်။

နီနီဟာ နားကြပ်ကို အရင်လို နှစ်ဖက်တပ်မထားတော့ဘူး...။ နားကြပ်တဖက်တည်းနဲ့ တခြားအသံတွေကိုပါ နားထောင်ကြည့်လာတယ်။ မမြင်ရတဲ့ တဖက်လောကက တချို့အရာတွေက လူတွေကို အဆင့်သုံးဆ နဲ့ လွှမ်းမိုးနိုင်ဖို့ ကြိုးစားတတ်ကြတယ်လို့ Conjuring ဇာတ်ကားထဲမှာ နီနီ ကြည့်ဖူးတယ်။ အခု နီနီကို အဲဒီအရာက လွှမ်းမိုးဖို့ ကြိုးစားနေတာများလား။

အခုဆိုရင် နီနီဟာ သူ့ဆီကို မမြင်ရတဲ့ တစုံတရာဆီက အသံများ ထပ်ပြီး ရောက်လာဦးမလားလို့ ရင်တထိတ်ထိတ်နဲ့ စောင့်နေတတ်လာပြီ။ အသံဟာ လေထုထဲကနေ မိုးကြိုးကလေးတစလို ပါးပါးလျလျလေး လွင့် လာပြီး နီနီ့နှလုံးသားကို ရစ်ချည်လိုက်သလို နူးညံ့တဲ့၊ ဆို့နင့်တင်းကျပ်တဲ့ ခံစားချက်ကို ပေးတယ်။

“ခင်ဗျားဟာ ကျနော့်ကို စောင့်နေတာများ ဖြစ်နေမလားလို့ ပြန် စဉ်းစားကြည့်ပေးပါလား...”

နီနီဟာ ဖြုတ်ထားတဲ့ နားကြပ်တဖက်ကို သူ့နားထဲကို ပြန်ထိုး ထည့်ပြီး လက်ဖဝါးတွေနဲ့ပါ နားကို အုပ်ထားလိုက်ရတယ်။

[၆]

 

"ပုံပြင်လေးတပုဒ် ဆင်စွယ်လက်အစုံ... ငါဟာ လွှတ်ချတတ်ဖို့ တဖွဖွ ပြောခဲ့ဖူး...”

Messenger Call ကနေ ဆိုပြနေတဲ့ သီချင်းသံနဲ့ ဂစ်တာသံကခပ်တိုးတိုးလေး..။ နီနီကလည်း သူ့ဒူးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ ပွေ့ထားပြီး နားကြပ်ကလေးနဲ့ ငြိမ်ငြိမ်လေး။ ဒါဒါဒါးဝါ့ဒါ ဆိုတဲ့ ဟာမိုနီသံတွေနေရာ လောက်မှာပဲ နှုတ်ခမ်းလေးတွေကနေ ဖွဖွကလေးလိုက်ညည်းလို့ သူ့လက် ချောင်းလေးတွေကို ဖွဖွကလေး တီးလုံးနဲ့အတူ စည်းချက်လိုက်တာလောက် ပဲရှိတယ်။

သီချင်းဆုံးသွားတော့ တဖက်က ကောင်လေးဆီက ထွက်လာတဲ့ မီးခြစ်သံ ဆေးလိပ်ရှိုက်ဖွာသံသဲ့သဲ့တွေကို နီနီက ပြုံးပြီး နားထောင်နေတယ်။ ကောင်လေးက ဆေးလိပ်ကို ရှိုက်ဖွာရင်း နီနီကို လှမ်းပြောတယ်။

“အစ်မ… ကျနော်တို့ကိစ္စတွေကို မေ့ပစ်လိုက်ရအောင်၊ ကျနော် အစ်မကို ခင်တယ်၊ ဒါပေမဲ့ ချစ်ကြည့်ဖို့ ကြိုးစားတာ ဘယ်လိုမှ မရဘူး”... တဲ့။

မီးခြစ်နဲ့ ဆေးလိပ်ဘူးကို လှမ်းယူလက်စ နီနီလက်ကလေးတွေ လေထဲမှာ ရပ်တန့်သွားတယ်။ ဒါပေမဲ့ နီနီက “အင်းပါ” လို့ပဲ တိုးတိုးကလေး ပြန်ပြောတယ်။ ပြီးတော့ စီးကရက်ဘူးကို ယူ၊ ဆေးလိပ် ထုတ်၊ မီးညှိပြီး အောက်ဆီဂျင်တွေ ရှူသွင်းသလို ရှိုက်သွင်းလိုက်တယ်။ ဆေးလိပ် ကိုင်ထား တဲ့ နီနီ့လက်ကလေးတွေကတော့ တဆတ်ဆတ် တုန်ခါလို့။

“ကျနော် နားတော့မယ်နော်၊ မနက်ကျ စောပြီး ထချင်လို့...”

ကောင်လေးက နီနီကို နှုတ်ဆက်ပြီး အိပ်ဖို့ ပြင်တယ်။ နီနီက “အင်း……”လို့ ပြန်ပြောပြီးမှ “ခဏလေးပါ…” တဲ့။ “လွှမ်းမိုးရဲ့ မနှင်းဆီကို ထပ်ပြီး တီးပြပေးနိုင်မလား” လို့ ကောင်လေးကို နီနီက မေးတော့ ကောင် လေးဘက်က ခဏတိတ်သွားပေမဲ့ သက်ပြင်းချပြီး ဂစ်တာကို ကောက်ကိုင် လိုက်သံ ကြားရတယ်။ သီချင်းသံက တမြေ့မြေ့၊ နီနီ ဆက်မသောက်ဖြစ်တော့တဲ့ စီးကရက်ကလေးကလည်း ပြာခွက်ထဲမှာ တမြေ့မြေ့ …။ မျက်ရည် မကျတတ်တဲ့ နီနီ့လက်ဖျံမှာတော့ သွေားစီးကြောင်း ပါးပါးလေးတွေ။ မျက် ရည်နဲ့ မခိုတတ်တဲ့ နီနီဟာ သွေးတွေနဲ့ပဲ အသံတိတ် ငိုချပစ်လိုက်တတ်တာ ကြာပြီပဲဟာ။

[၇]

 

နီနီဟာ သူ့အိမ်နားမှာ သူ အစာကျွေးနေကျ ခွေးကလေးကို နိုင်ငံ ခြားဖြစ် အမဲသားဘူး ဝယ်ကျွေးတယ်။ သူ့မွေ့ရာကိုတော့ သူ အဝတ်လျှော်ဖို့ အပ်နေကျ ဒိုဘီသည် အစ်မကြီးကို ပေးတယ်။ သူ့စာအုပ်ကလေးတွေကို တော့ သူ့ကို မချစ်တဲ့ ဂစ်တာတီးတဲ့ ကောင်လေးဆီကို ဒလီဗာရီနဲ့ ပို့တယ်။ စာအုပ်တိုင်းရဲ့ ရှေ့ဆုံးမှာ ဒီစာအုပ်ကိုတော့ ဘာကြောင့် ဖတ်ကြည့်သင့်တယ် ဆိုတဲ့ Recommend လေးတွေနဲ့။

အဲဒီညက စပြီး နီနီဟာ မအိပ်တော့ဘူး။ ပြတင်းတံခါးကို ဖွင့်ပြီး သူ့ဆီကို ရောက်လာမယ့် အဲဒီအရာကို စောင့်တယ်။

ကိုယ့်ဆီကို ရောက်မလာစေချင်တဲ့ အရာတွေကသာ မြန်မြန်ဆန် ဆန်ကြီး ရောက်လာတတ်ကြပေမဲ့ ရောက်လာစေချင်တဲ့ အရာတွေကျတော့ အရမ်းကို ကြာတတ်တယ်။ ညဟာ တဖြည်းဖြည်း နက်လာတယ်။ ပြတင်း တံခါးပေါင်ပေါ်မှာ စီးကရက်တိုကလေးတွေ ပိုပိုပြီး များလာတယ်။ လက်ဖျံမှာ ဓားရာကလေးတွေလည်း ပိုစိပ်လာလို့ သွေးတွေဟာ တစက်စက်။

"Hey..."

နီနီအသံက တိုးတိုးလေးပေမဲ့ လုံလောက်တယ် ထင်ပါရဲ့..။ အဲဒီ အရာက နီနီ့ကို မော့ကြည့်တယ်။ နီနီက အဲဒီအရာရဲ့ မျက်လုံးတွေဆီကိုစိုက်ကြည့်ပြီး ပြုံးပြလိုက်တယ်။ အဲဒီအရာကလည်း နီနီ့ကို စိုက်ကြည့်ပြီး ခေါင်းညိတ်ပြတယ်။ နီနီဟာ တစုံတခုကို သင်ယူဖို့ ဆရာ့ဆီက ခွင့်ပြုချက် ရသွားတဲ့ ကျောင်းသူကလေးလို အားရပါးရ ပြုံးလိုက်တယ်။

[၈]

 

မြေကြီးနဲ့ မထိခင်လေးမှာပဲ နီနီ့ဆီကို အဲဒီအရာက စကားလှမ်း ပြောတယ်။

“ခင်ဗျား ကျနော့်ကို စောင့်နေတယ် ဆိုတာကို ကျနော် သိပါတယ်“ တဲ့။

[၉]

 

နီနီဟာ အိမ်အပေါ်ထပ်ကို တယောက်တည်း ပြောင်းလာတဲ့ လူဆီ ကို မော့ကြည့်ပြီး တိုးတိုးကလေး လှမ်းမေးလိုက်တယ်။

“Hey... ရှင်ဟာ ကျမကို စောင့်နေတာများလား”

အလပ်

 

[၁]

 

မာယာကော့်ဗ်စကီးရဲ့ ကဗျာတကြောင်းကို ငါ မှတ်မိနေခဲ့ဖူးတယ် ဇာနည်။ “အချစ်ဆိုတာ ပြဒါးနဲ့ တူတယ်” တဲ့...။ မျက်စိနဲ့ ကြည့်တဲ့အခါမှာ တွေ့မြင်နေရပေမဲ့ ဖမ်းယူဆုပ်ကိုင်ဖို့ ကြိုးစားရင် လျှောကျကွယ်ပျောက်သွား တတ်တယ်" တဲ့လေ...၊ အမှန်ပဲနော်။ နင်လည်း ငါ့လက်ဖဝါးတွေထဲကနေ လျှောကျပျောက်ကွယ်သွားခဲ့တာပဲ မဟုတ်လား။

[၂]

 

မှတ်မှတ်ရရ အဲဒီနေ့က မိုးတွေ ရွာနေခဲ့တာ အရမ်းပဲ။ အိမ်တံစက် မြိတ်ကနေ ကျနေတဲ့ မိုးရေစက်တွေကို ငေးရင်း ကော်ဖီ သောက်နေတဲ့ ငါ့ မျက်စိထဲကို နင် ဝင်လာခဲ့တယ်။ ငါတို့နဲ့ မျက်နှာချင်းဆိုင် အိမ်ထဲကို အဲဒီနေ့ က နင်တို့မိသားစု ပြောင်းလာခဲ့တာ။ နင်က ခဲပြာရောင်မိုးကာ ဝတ်ပြီး အလုပ်သမားတွေကို လူကြီးတယောက်လို စီမံခန့်ခွဲနေခဲ့တာ။ အဲဒီတုန်းကငါတို့အသက်တွေ ဘယ်လောက်များ ရှိသေးလို့လဲ ဆယ်တန်းအောင်စာရင်း ထွက်ပြီးခါစ ဆိုတော့ ဆယ့်ခြောက်နှစ်တွေပေါ့။ ငါ ဘယ်တုန်းကမှ လူတွေ အပေါ်မစီမံ၊ မခန့်ခွဲဖူးဘူး ဇာနည်...။ ငါ အမိုးနဲ့ ဖေကြီး ခိုင်းတာတွေ၊ ကိုကြီး နဲ့ ငါ့မမ စီမံတာတွေကိုပဲ တသက်လုံး နာခံလာခဲ့တာ။ အဲဒီနေ့က ဘာ ကြောင့်မှန်း ငါ မသိဘဲ နင်တို့ အိမ်ပြောင်းတာ ပြီးတဲ့အထိကို ဝရန်တာက ပန်းအိုးတွေ အကွယ်ကနေ ထိုင်ပြီး ငေးကြည့်နေခဲ့မိတယ်။

နောက်ရက်ကျတော့ နင်တို့အိမ်တက် ငါတို့ကို လာဖိတ်တယ်။ ငါ မလိုက်ရပါဘူး။ အမိုးနဲ့ မမပဲ သွားကြတာ။ ကရင်လူမျိုးချင်း တူတဲ့ ငါ့အမိုးနဲ့ နင့်မေမေဟာ ခဏအတွင်း ရင်းနှီးသွားကြတယ်နော်။ အိမ်က မလိုက်လာတဲ့ လူတွေစားဖို့ ဆိုပြီး နင်ကိုယ်တိုင် မုန့်ဟင်းခါး လာပို့မှ နင်နဲ့ ငါ စပြီး ဆုံခဲ့ကြ တာ မဟုတ်လား။ နင့်မျက်လုံးလေးတွေက ကြယ်ကလေးတွေလို တဖျပ်ဖျပ် လက်နေခဲ့တာ။ သွားတက်ကလေးနဲ့ မျက်လုံးလေးတွေကနေပါ ပြုံးတတ်တဲ့ နင့်ကို ကြောင်ပြီး ငေးကြည့်နေခဲ့မိတဲ့အထိ နင်ဟာ ငါ့ကို အသိစိတ်လွတ် အောင် ဖမ်းစားနိုင်ခဲ့တယ်။ မြင်မြင်ချင်း အချစ်တွေကို မယုံကြည်ခဲ့ဖူးပေမဲ့ နင့်ကို စတွေ့ကတည်းက ငါ ချစ်ခဲ့မိပါတယ် ဇာနည်။

လူတောမတိုးတဲ့ငါဟာ နင့်ကို မရင်းနှီးရဲခဲ့ပါဘူး။ ဒါပေမဲ့ ငါ့အတွက် ကံဆိုးဖို့လား၊ ကောင်းဖို့လားပဲ...။ နင်ဟာ ကျောင်းမှာ ငါနဲ့ မေဂျာတူ လာဖြစ် နေခဲ့တဲ့အပြင် နင်တို့အိမ်က ရန်ကုန်မှာ အင်မတန့်ကို ရှားပါးလာပြီ ဖြစ်တဲ့ စာအုပ်အငှားဆိုင်ကလေးကို ဖွင့်လာတာပဲ။ အသက်ငယ်ငယ်လေးနဲ့ စာကြီး ပေကြီးတွေ ဖတ်တဲ့ နင်ရယ်၊ တိတ်ဆိတ်တဲ့ အဖော်တွေကို ပိုနှစ်သက်လို့ စာအုပ်ဖတ်တတ်တဲ့ ငါရယ်ဟာ အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်လာကြ တယ်နော်။

[၃]

 

အလတ်တွေရဲ့ ခံစားမှုကို နင် သိလား ... ဇာနည်၊ ဘယ်သိပါ့မလဲ နော်... နင်က တစ်ဦးတည်းသော သားပဲ။ နင့်မေမေက နင့်ကို အရာရာမှာ နင့်ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေကို လေးစားပေးတယ် မဟုတ်လား။ နင် လုပ် ချင်တာတွေကို လိုက်လျောပေးတယ် မဟုတ်လား။ ငါကတော့ မဟုတ်ဘူး...။ ငါ့အတွက် သီးသန့်ဆိုတဲ့အရာ၊ ငါ့စိတ်တိုင်းကျ ငါလုပ်ချင်တာ လုပ်ခွင့်ရတယ် ဆိုတဲ့ကိစ္စမျိုးတွေ ငါ့ဘဝမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ ငါက ငါ့မိသားစု ထဲမှာ အလတ်၊ တကယ့်ကို အလယ်တည့်တည့် အလတ်၊ အရာအားလုံးဟာ အလပ်...။

မိသားစုရဲ့ စားဝတ်နေရေးကို တာဝန်ယူထားရတဲ့ သင်္ဘောသား အစ်ကိုကြီး၊ စာတော်ပြီး လှလည်းလှတဲ့ ဆရာဝန်လောင်း မမ၊ အောက်က အမြွှာမောင်နှစ်ယောက်ကြားမှာ အလယ်က အလတ် ငါဟာ တကယ့်ကို ဟို မရောက် ဒီမရောက်။ သားသမီး ငါးယောက်ထဲမှာ တကယ့်ကို အလယ် တည့်တည့် အလတ် ဖြစ်ရတာဟာ တွေးကြည့်ရင် ဘယ်နေရာမှာမှ ကျေနပ် စရာ မရှိခဲ့ဘူး။ အကြီးဆိုပြီး အလိုလိုက် မခံခဲ့ရသလို အငယ် ဆိုပြီးတော့ လည်း ဘယ်နေရာမှာမှ ဦးစားပေး မခံခဲ့ရဘူး။ ကိုကြီးမို့လို့ ဦးစားပေးပေးရ၊ အဝတ်အစား ဆိုလည်း မမရဲ့ အကျတွေကိုမှ ဝတ်ရ၊ အငယ်လေးတွေမို့လို့ အလျှော့ပေးရတဲ့ ငါ့ဘဝကြီးရဲ့ အရာအားလုံးဟာ စိတ်ပျက်ငြီးငွေ့စရာတွေ ချည်း ဖြစ်နေခဲ့တယ်။

ငါဟာ ငါ့မိသားစုထဲက ဘယ်သူ့ ဆီကမှ နွေးနွေးထွေးထွေး ဆက် ဆံတာကို မခံရဘူး။ ငါ့မိသားစုက ငါ့ဘဝကို သူတို့ လိုချင်သလို ခြယ်လှယ်နိုင်ဖို့ ပုံသွင်းလို့ မရကြတဲ့အခါ ငါဟာ အိမ်မှာ အပိုလူသား ဖြစ်လာတယ်။ အမိုးနဲ့ အဖေက ဘာမှ ထွေထွေထူးထူး မပြောပေမဲ့ ကိုကိုကြီးနဲ့ မမဟာ ငါ့ ကို မမလို ဆရာဝန် ဖြစ်ရင် ဖြစ်၊ မဖြစ်ရင် သူနာပြု ဆရာမဖြစ်ဖြစ် တခုတော့ ဖြစ်စေချင်ကြတယ်။

အဲဒီလို ဖြစ်လာဖို့ အတွက်လည်း ငါ့ကို ဆယ်တန်းမှာ ကျူရှင်တွေ ဂိုက်တွေ အများကြီး ပံ့ပိုးခဲ့ကြပေမဲ့ ငါလည်း ကြိုးစားခဲ့ပေမဲ့ ဖြစ်မလာခဲ့ဘူး ဇာနည်...။ သူတို့တွေ ငါ့ကို အရမ်း စိတ်ဆိုးကြပေမဲ့ ငါ ပျော်တယ်။ ဘာဖြစ် လို့လဲ ဆိုတော့ သွေးသံရဲရဲတွေကို မကြည့်ရဲလောက်အောင် ကြောက်တတ် တဲ့ ငါဟာ ဘယ်လိုမှ ဆရာဝန်တွေ၊ နာ့စ်တွေ ဖြစ်မလာနိုင်လို့ပဲ။ ငါ့ကို အား မလို အားမရ ဆူပူသောင်းကျန်းခဲ့ကြတဲ့ ကိုကိုနဲ့ မမဟာ ငါ့ရဲ့ တက္ကသိုလ်ဝင် ခွင့် ထွက်လာပြီးတဲ့နောက် ပိုဆိုးဝါး စိမ်းကားသွားခဲ့ကြတယ်။

နောက်ထပ် သူတို့ ရွေးခိုင်းတဲ့ နည်းပညာတက္ကသိုလ်ကို မယူခဲ့ဘဲ အဝေးသင်မြန်မာစာကိုပဲ ယူခဲ့လို့တဲ့လေ။ အဲဒီအချိန်က စလို့ ငါဟာ ဘာ သင်တန်းမှ မတက်ရတော့ဘူး။

“နင် အဝေးသင်ဘွဲ့ကို ယူမှာလောက်နဲ့ ဘာသင်တန်းမှ တက်မနေ နဲ့၊ နင့်လို မဖြစ်စလောက် ဘွဲ့မျိုးနဲ့ ဘွဲ့ရ အလုပ်လက်မဲ့တွေမှ ပုံလို့၊ အောက်က နှစ်ယောက်ရဲ့ ကျောင်းစရိတ် ရှိသေးတယ်၊ ဘရဏီလည်း ကျောင်းက ပြီး သေးတာ မဟုတ်ဘူး၊ အဝေးသင်တက်မယ့် အတူတူ ဘာသင်တန်းမှ တက် မယ် ထပ်မပြောဘဲ အိမ်အလုပ်ကို ကူ၊ ငါ့ကိုလည်း အားနာဦး”

ဆိုတဲ့ ကိုကို့ရဲ့ စကားနဲ့ ငါ့ရည်ရွယ်ချက်တွေကို ငါ စွန့်ပစ်ခဲ့ရတယ်။ အဲဒီနောက်မှာ ပိုပိုပြီး စာကျက်လာရတဲ့ မမ၊ အတန်းကြီးလာပြီ ဖြစ်တဲ့ မောင်အငယ်နှစ်ကောင်၊ အသက်ရလာပြီ ဖြစ်တဲ့ အမေတို့ကြောင့် ငါဟာဒေးမူနဲ့ အတူတူ အိမ်ရဲ့ ဗာဟီရတွေကိုပဲ လုပ်ရတဲ့သူ ဖြစ်လာတော့တယ်။

[၄]

 

နင် ငါ့ဘဝထဲကို ရောက်မလာခင်ကာလက ငါ့ရဲ့ တနေ့တာတွေဟာ ပင်ပန်းပြီး ငြီးငွေ့စရာ ကောင်းလွန်းတယ်။ မနက်မိုးလင်းရင် အစောကြီး အိပ်ရာက ထရတဲ့ အမိုးကို သနားလို့ အမိုး မနိုးခင် ငါ အရင်နိုးအောင် ထရတယ်။ ငါတို့အိမ်က လူများတော့ မနက်ခင်းစာကို ဆိုင်တွေကနေ ဝယ် စားမယ့်အစား စားစရိတ်သက်သာအောင် အိမ်မှာပဲ တခုခု လုပ်စားကြရ တယ်။

လွယ်ကူမြန်ဆန်တဲ့ ကော်ဖီမစ်တွေထက် ကော်ဖီအစစ်ကိုပဲ နှပ် ဖျော်သောက်ပါ ဆိုတဲ့ မမရဲ့ စကားနဲ့ ကော်ဖီနှပ်၊ စားစရာစားပွဲဝိုင်း ပြင်ပြီးတာ နဲ့ ကျောင်းအတွက် ထမင်းချိုင့်တွေ တန်းစီပြီး ထည့်ရတယ်။ အမိုးလည်း ဈေးသွား၊ အငယ်နှစ်ကောင်နဲ့ မမလည်း ကျောင်းသွား၊ ဖေကြီးကလည်း ဆိုင်ကို ထွက်သွားတော့မှ ငါနဲ့ ဒေးမူ မနက်စာ စားရတယ်။ စားသောက်ပြီးရင် အမိုး ဈေးက ပြန်လာတာနဲ့ အဆင်သင့်ချက်လို့ရအောင် ဒေးမူက ငရုတ်၊ ကြက်သွန်တွေ ခွာ၊ ထောင်းထုနေချိန်မှာ ငါက ဘုရားပန်းအိုး လဲတာ၊ ဆွမ်း တော် ပန်းကန်တွေ ဆေးတာကို လုပ်ရတယ်။

ဈေးကနေ အမိုး ပြန်လာတာနဲ့ အမိုးနဲ့ ကူညီချက်ပြုတ်ပေးပြီး ဆိုင်အတွက် ထမင်းချိုင့်ကို ပြင်ရပြန်တယ်။ ထမင်းချိုင့်ယူပြီး အမိုး ဆိုင်ကို ထွက်သွားမှ ငါနဲ့ ဒေးမူ အိပ်ခန်းတွေကို ရှင်းရ၊ အိမ်ကို နေရာခွဲပြီး တံမြက် စည်း လှည်းရပြန်တယ်။ အိမ်အလုပ်တွေ ဆိုတာ ကုန်တယ်မှ မရှိတာ..။ အိမ်သန့်ရှင်းရေး ပြီးတာနဲ့ ဒေးမူက အဝတ်တွေ လျှော်ဖို့ လုပ်သလို ငါကမီးပူတွေ တိုက်ရတယ်။ အလုပ်တွေ ပြီးလို့ ငါနဲ့ ဒေးမူ နေ့လယ်စာ စားချိန်ဟာ တနာရီခွဲ နှစ်နာရီချည်းပဲ။

အဲဒီကနေ ခဏတဖြုတ် နားလို့ မှိန်းပြီးရင် ကျောင်းက ပြန်လာ မယ့် ကလေးတွေ အဆာပြေ စားဖို့နဲ့ ညစာအတွက် အရံဟင်းတွေကို စီစဉ်ရ ပြန်တယ်။ တခါတလေ မီတာခတို့၊ ရေခွန်တို့ သွားဆောင်ရတဲ့ အချိန်တွေ ဆို ငါ့မှာ ညနေသုံးနာရီ အိမ်ပြန်ရောက်နိုင်ဖို့ မနည်း အချိန်လုပြီး ပြန်လာရ တာတောင် ရှိသေးတယ်။

အငယ်တွေ ကျူရှင်ကို မသွားခင်စပ်ကြား ရေချိုး၊ အဝတ်လဲခိုင်း ဖို့တို့၊ မျောက်ရှုံးအောင်ဆော့တဲ့ နှစ်ကောင်ကို တဟဲ့ဟဲ့ ခေါ်ရင်း စားစရာ ကျွေးရတယ်၊ သူတို့ ကျူရှင်သွားကာမှ ခြံထဲဆင်းပြီး ပန်းပင်တွေကို ရေလောင်း ရ၊ သစ်ရွက်ခြောက်တွေကို တံမြက်စည်း လှည်းတာတွေ လုပ်ရတယ်။ ဘယ် မှာလဲ ငါ့ကိုယ်ပိုင် ဝါသနာတွေ၊ ကိုယ်ပိုင်ရပ်တည်မှုတွေအတွက် အချိန်။

[၅]

 

ခြံထဲက ပန်းပင်လေးတွေဟာ ငါ့လက်နဲ့ ပြုစုယုယထားပေမဲ့ ငါ့ လက်နဲ့ ဝယ်ခဲ့ဖူးတာတွေ မဟုတ်ဘူး။ ပန်းပင်မှန်သမျှကို ချစ်ပါတယ် ဆိုပြီး ဝယ်လာတတ်တဲ့ မမဟာ ပန်းပင်တပင်ကို ဘယ်လို ပျိုးထောင်ရတယ် ဆို တာ သူ မသိပါဘူး၊ သူ့အလုပ်နဲ့၊ သူ့စာနဲ့သူ ရှုပ်ထွေး မအားလပ်ရင်း တပတ်မှာ တခါလောက် ရေလေးလောင်းပေးရရုံနဲ့ သူ့ပန်းပင်တွေ ဒီလို ရှင်သန်လှပနေတယ်လို့ ထင်နေတာကတော့ ခက်တယ်။ ဒီအကြောင်းကို ငါက ပြောရင်လည်း “ငါ ဒေးမူကို ရေလောင်းခိုင်းတာ၊ နင် လုပ်စရာ မလိုဘူး လို့ ပြန်ပြောတတ်ပြီး သူ ခိုင်းခဲ့တဲ့ ဒေးမူဟာဖြင့် အလုပ်နဲ့လက် မပြတ်လို့ဘာပန်းပင်မှကို မကြည့်ပေးအားတာကိုလည်း သူ မသိဘူး။ သူ သိတာက “ပန်းပင်လေးတွေက လှလိုက်တာ၊ ဘယ်သူ စိုက်တာလဲ” လို့ လူတွေက မေး လာရင် “ဘရဏီအပင်တွေလေ” လို့ ပြုံးပြုံးလေး ပနံယူ ဖြေလိုက်ဖို့ပဲ သိတာ။

ငါ့မိသားစုတွေနဲ့အတူ အပြင်ကို မထွက်လည်ဘူး ဆိုတာ နင် သိ တယ်နော်...၊ အထူးသဖြင့် မမနဲ့ပေါ့။ အမြဲလိုလို ကြော့ရှင်းလှပနေတတ်တဲ့ မမနဲ့ အပြင်ကို သွားရတိုင်း ငါ အရမ်းကို သိမ်ငယ်ရတယ်။ သမီးတို့က ဘာ တက်နေတာလဲလို့ မေးပြီးကြရင် ဖြစ်သွားကြတဲ့ သူတို့မျက်နှာပေါ်က အပြောင်းအလဲတွေကို ငါ မုန်းတယ်။ “ဟယ် ညီအစ်မနှစ်ယောက်က တူလဲ မတူဘူးနော် လို့ အားနာပါးနာ ပြောတတ်ကြတဲ့သူတွေရဲ့ ပါးစပ် တွေကို ငါ ကြောက်တယ်။ မမကို ကြည့်ပြီး သမီးကြီးက လှလိုက်တာ” လို့ ပြောပြီမှ ငါ့ကို သနားသလို ကြည့်ပြီး “အငယ်လေးကလည်း ချစ်စရာလေးပဲ” လို့ ဟန်ဆောင်ရယ်မောပြကြတာတွေကိုလည်း ငါ အရမ်းမုန်းတယ် ဇာနည်ရယ်။

သူတို့တွေ မမအကြောင်း ဘယ်လောက်များ သိကြတာမို့လို့လဲ၊ မမဟာ လူတွေရှေ့မှာ လှတဲ့၊ တော်တဲ့၊ သိမ်မွေ့ယဉ်ကျေးတဲ့ အပြုံးချိုချိုနဲ့ ဆရာဝန်မလေးလို့ပဲ သိကြမှာ။ နောက်ကွယ်မှာ ငါ့အတွက် ဘာမှ မငဲ့ကွက် ပေးတတ်တဲ့၊ ညီအစ်မရယ်လို့ တိုးတိုးဖော် ဖြစ်မလာပေးခဲ့တဲ့သူလို့ ဘယ်သူ ကမှ သိကြမှာ မဟုတ်ဘူး။ သူ လုပ်တာဆိုလို့ မီးဖိုထဲဝင်လို့ ဟင်းအိုးတချက် တောင် မမွှေပေးဖူးတဲ့သူက ငါ ချက်ပေးတဲ့ ဟင်းတွေကို အခံ့သား စားပြီး ဘယ်ဟာကတော့ မကောင်းဘူး၊ ဘယ်ဟာက ငန်တယ်၊ ဘယ်ဟင်းကတော့ ဖြင့် ကျန်းမာရေးနဲ့ မညီညွတ်ဘူးရယ်လို့ ဒိုင်ခံ ညည်းညူပြပါလိမ့်မယ်။ သူ့ အဝတ်အစားတွေကို ဒေးမူ မီးပူတိုက်ပေးတာ အဆင်မပြေဘူးဆိုလို့ ငါ ကိုယ်တိုင်ပဲ အမြဲတမ်း တိုက်ပေးရတယ်။ သူ အားလို့ အိမ်မှာ ရှိနေရင်တောင်ငါ မီးပူတိုက်နေတာ မြင်နေရက်နဲ့ ဖုန်းအသုံးမပျက်ဘူး။ ကိုကြီး ပြန်လာလို့ ပါလာတာတွေ ဆိုရင်လည်း လှပေ့ညွန့်ပေ့ဆို အကုန်ယူ...၊ သူ မလိုချင်မှ ငါ ယူရတယ်။

ငါ့ကို သူ့ညီမ ဆိုပြီး ပွဲထုတ်ပေးမယ် ထင်လို့လား။ တခါတုန်းက မင်္ဂလာဆောင်တခု သွားဖို့ရှိလို့ အမိုးက ငါ့ကို ခေါ်သွားတော့ ငါ့မှာ အဝတ် အစားနဲ့ လိုက်တဲ့ ဖိနပ်မရှိလို့ သူ့ဖိနပ်ကလေး ယူစီးမိတာ ငါ့ကို တလလောက် စကားမပြောတော့ဘူးလေ။ အဲဒီဖိနပ်ကိုလည်း ဒေးမူကို သွားပစ်ခိုင်းလိုက် သေးတယ်။ ငါက နူနေလို့လား ဇာနည်ရယ်...၊ ပြောစမ်းပါဦး ငါ့ကို။ ငယ်ငယ် ကတည်းက ငါ့ထက် အရာရာ သာချင်တယ်၊ ဂရုစိုက် ခံရချင်တယ်၊ သူဟာ ငါ့ထက် ရုပ်ရည်၊ ပညာ၊ အမူအကျင့် အရာအားလုံးမှာ သာလွန်တဲ့ အကြောင်း ကို လူတကာက အသိအမှတ်ပြုစေချင်တယ်။ အဲဒီလို အသိအမှတ်အပြု ခံရဖို့ အတွက် ငါက သူနဲ့အတူ ယှဉ်တွဲအထားခံရတဲ့ စံမမီတဲ့ အရုပ်တရုပ်ပဲ ဇာနည်။

[၆]

 

ငါ တခါတလေ ဝမ်းနည်းပေါက်ကွဲလို့ အမိုးရှေ့မှာ မျက်ရည်ကျရင် အမိုးက “ငါ့သမီးလေး ကူနေလို့ အမိုးက သက်သာနေရတာ” လို့ လို့ တိုးတိုး ကလေး ချော့တတ်ပြီး ဖေကြီးက သူ့ဟာသူ သက်သက်စုထားတဲ့ ပိုက ပိုက်ဆံ တွေကို သင်တန်းကြေးလုပ်ဖို့ ပေးတဲ့အခါကျပြန်တော့လည်း ငါ မယူရက် တော့ပြန်ဘူး။ ဒီလိုနဲ့ ငြီးငွေ့စိတ်ပျက်စရာတွေနဲ့ လုံးလည်ချာလည်လိုက်နေ တဲ့ ငါ့ဘဝထဲကို နင် ရောက်လာခဲ့တယ်။ အရယ်အပြုံးနည်းတဲ့ ငါ့ကို ရယ် မောလာအောင် နင် လုပ်တယ်။ ညနေတိုင်း ဟိုဘက်ရပ်ကွက်က ဖူဆယ်ကွင်းမှာ ဘောလုံးသွားကန်တတ်တဲ့ နင့်နောက်ကို ငါအတူ လိုက်နိုင်အောင် ပန်းပင်တွေ ရေကူလောင်းပေးတာတို့၊ ခြံထဲကို တံမြက်စည်း ကူလှည်းပေး တာတို့ လုပ်ပေးတယ်။

ငါ ဝါသနာပါတဲ့ မုန့်ဖုတ်သင်တန်းကို စနေ၊ တနင်္ဂနွေတွေမှာ သွား တက်နိုင်အောင် အငယ်ကောင်တွေရဲ့ ကျူရှင်ကို အကြိုအပို့ လုပ်ပေးတယ်။ စက်ဘီးအတူ လျှောက်စီးကြရင် ငါ မရောက်ဖူးတဲ့ ရပ်ကွက်ကြိုကြားတွေထဲ ကနေ ပတ်သွားပြီး စားကောင်းတဲ့ မုန့်ဆိုင်လေးတွေမှာ နင်နဲ့အတူ ဝင်စားရ တာလည်း ပျော်စရာပါပဲ။ ငါ အပျော်ဆုံးကတော့ နင်နဲ့အတူ ကျောင်းတွေ၊ ကျူရှင်တွေ သွားပြီး စာလုပ်ရတာကိုပါပဲ။ ငါ မဖတ်ရသေးတဲ့ စာအုပ်တွေ၊ မသိရသေးတဲ့ အကြောင်းအရာတွေကို သိလာအောင် ငါနဲ့အတူ ဖတ်ပြီးသမျှ စာအုပ်တွေကို ပြန်ပြီးဆွေးနွေးကြရတဲ့ အချိန်တွေ မှန်သမျှကလည်း ငါ့ အတွက် အရမ်းကို အဖိုးတန်လွန်းနေခဲ့ပါတယ်။

ကျောင်းမှာလည်း ငါတို့ဟာ စားအတူ၊ သွားအတူ တတွဲတွဲနဲ့မို့ လူ တွေက ငါတို့ကို အတွဲလားလို့ အမြဲတမ်း ထင်ကြတယ်နော်။ ဒီအကြောင်း ကို ငါက ပြောတိုင်း နင်က “ဘာလဲ..၊ နင် အနေရခက်လို့လား..၊ ငါ့အတွက် တော့ မပူနဲ့၊ အချိန်တန်ရင် သူတို့ သိလာကြမှာပါ၊ ထင်နေကြတော့ ပိုတောင် ကောင်းသေး၊ နင့်ကို တခြားကောင်တွေ လာမကြိုက်ရဲတော့ဘူးပေါ့..” ဆိုတဲ့ နင့်စကားတွေမှာ ငါ အရည်ပျော်ခဲ့ရတယ်။

ဇာနည်ရယ် နင်ကလေ ငါ့ကို အမြဲ စာနာပေးတယ်၊ နားလည် ပေး တတ်ပြီး ငါ စိတ်ချမ်းသာလာအောင် အမြဲတမ်းထားတယ်နော်။ “နင်က ငါ့ရဲ့ တကယ့်အဖိုးတန် သူငယ်ချင်းလေးပါ လို့ ပြောတိုင်း “အရူးမ... ဒီလို တော်ကီတွေနဲ့ပဲ ငါ့ကို ချုပ်ထား... ဟုတ်လား” ဆိုပြီး ငါ့ခေါင်းကို ချစ်စနိုးဟန်နဲ့ တွန်းတတ်တဲ့ နင့်ကို ငါ တွယ်တာခဲ့ရတယ်။ အရာရာတိုင်းမှာ နင်မှ ငါ့အနားမှာ မရှိရင် မနေတတ်တော့လောက်အောင်ကို နင့်အပေါ်မှာ အားကိုး ခင်တွယ်ခဲ့မိပါတယ် ဇာနည်ရယ်။

ငါက သာမန်ရုပ်ရည်အပြင် လုံးဝ မပြင်တတ်၊ မဆင်တတ်လို့ရော၊ ပင်ကိုကတည်းက အလှအပကို ဝါသနာမပါတဲ့သူမို့ ကပိုကရို အဝတ်အစား တွေ၊ အဆီပြန်မျက်နှာတွေနဲ့ ငါ့ကို နင်က ဘယ်တုန်းကမှ မငြိုငြင်တတ်ခဲ့ဘူး နော်။ “ဒါတွေ မလိုပါဘူးဟာ...၊ နင့်အတွင်းစိတ် ဖြူဖြူလေးကို ခင်တာ၊ ငါ ဒါတွေကို လိုက်ကြည့်နေတာမှ မဟုတ်ဘဲ” လို့ ပြောဖူးတဲ့ နင့်ကို သံယောဇဉ် တွေ ပိုမိတာ ငါ့အမှားလား။

အရပ်ရှည်ရှည် သန့်စင်ကြည်လင်တဲ့ ရုပ်ရည်ရှိတဲ့ နင် မိုးပေးတဲ့ ထီးရိပ်အောက်ကနေ နင့်ခြေလှမ်းတွေကို အမီလိုက်နိုင်ဖို့ နင့်လွယ်အိတ် ကြိုးကို ဆွဲပြီး ကျောင်းထဲမှာ လမ်းလျှောက်ရတိုင်း ငါ့နှလုံးက ခုန်လှုပ်မက် မောတတ်ခဲ့တာကကော ငါ့အမှားလား။ ကုန်ကုန်ပြောရရင် တလောကလုံး မှာ နင့်တယောက်တည်းကိုပဲ အသည်းနှလုံးတခုလုံးကို ပုံပြီး အချစ်ကြီး ချစ် မိသွားခဲ့တာကကော ငါ့အပြစ်တွေပဲ ဖြစ်သွားသလား ဇာနည်၊ ဖြေပါ.. ငါ့ကို ဖြေစမ်းပါဟာ။

[၇]

 

ငါ့ဘဝရဲ့ အမှားယွင်းဆုံးကတော့ နင့်ဆီက ဖွင့်ပြောလာမယ့် ချစ်တယ် ဆိုတဲ့ စကားကို အရမ်းမျှော်လင့်ခဲ့တာပဲ ဇာနည်။ ငါတို့တွေဟာ တယောက်ကို တယောက် နားလည်ကြပြီးသားမို့ တကူးတက ပြောစရာမလို ဘဲ ငါ့အချစ်တွေကို နင် နားလည်နေလိမ့်မယ်လို့ ထင်ထားခဲ့တာ။ နင့်ဆီကဖွင့်ဟမပြောသေးပေမဲ့ နင်လည်း ငါ့လိုပဲ အချစ်တွေ ရှိခဲ့လိမ့်မယ်လို့ ငါ့ကိုယ်ငါ လိမ်ညာယုံကြည် နေခဲ့မိတာ။ တချိန်ချိန်မှာတော့ နင်ဟာ ငါ့ကို သေချာ ပေါက် ဖွင့်ပြောပြလိမ့်မယ်လို့ ရင်ဘတ်တခုလုံးစာ ခံစားချက်တွေ တွေ အပြည့် အနင့်နဲ့ မျှော်လင့်နေခဲ့ရတာ။

ဒါပေမဲ့ ငါတို့တွေ ကျောင်းပြီးသွားတဲ့အထိ နင့်ဆီကနေ ဘာမှ ဖွင့် ပြောမလာခဲ့ဘူး။ ဒီလိုနဲ့ နင်က လုပ်လက်စ မိသားစုစီးပွားရေးကို ဆက်လုပ် နေပေမဲ့ ငါကတော့ အိမ်အလုပ်တွေ လုပ်ရင်း ယောင်လည်လည်နဲ့ပဲ နဲ့ပဲပေါ့။ နောက်တော့ မမကိုယ်ပိုင် ဆေးခန်းဖွင့်ရင် အကူအညီ ရအောင်လို့ ဆိုပြီး အိမ်က တက်ခိုင်းတဲ့ ငါလုံးဝ ဝါသနာမပါတဲ့ ဆေးဝါးကျွမ်းကျင်သင်တန်းကို တက်နေခဲ့ရတယ်။

ဒီသင်တန်းကို တက်ဖို့ လက်ခံလိုက်ရတဲ့ အကြောင်းတွေထဲမှာ နင့်တိုက်တွန်းချက်ကြောင့် ဆိုတာကတော့ ထိပ်ဆုံးကပေါ့ ဇာနည်။ နင့် စကားတခွန်းနဲ့တင် ငါ့ဘဝရဲ့ career အဖြစ် ရွေးထားခဲ့တဲ့ မုန့်လုပ်တဲ့သူ ဖြစ်လာဖို့ ဆိုတဲ့ အိပ်မက်ကို စွန့်လွှတ်ခဲ့တာ။ ငါ့ဘဝကြီးကို လိုချင်သလို ခြယ်လှယ်ပစ်ကြခွင့်ကို ငါ့မိသားစုနဲ့ နင့်လက်ထဲကို ငါကိုယ်တိုင် ပျော်ပျော် ရွှင်ရွှင် ထည့်ပေးခဲ့ပါတယ်။ အဲဒီအတွက် ငါ ပြန်ရလာတာက ဘာတွေတဲ့လဲ ဇာနည်။

[၈]

 

မှတ်မှတ်ရရ အဲဒီနေ့ဟာ နင့်ကို ငါ ပထမဆုံးစတွေ့ခဲ့ဖူးတဲ့ နေ့က လိုမျိုး မိုးတွေ အသည်းအမည်းကို ရွာချနေခဲ့တယ်။ မိုးတွေ အရမ်းရွာနေလို့ ဝါ သင်တန်းမသွားဘူး။ မိုးရေစက်တွေကို ဝရန်တာကနေ တစိမ့်စိမ့် ထိုင်ငေးနေတဲ့ ငါ့ဆီကို နင် ရောက်လာခဲ့တယ်။ “မိုးရွာနေပြီဟ... စက်ဘီး သွားစီးရ အောင်လေ” ဆိုပြီးတော့ပေါ့။ မိုးရေတွေကို ချစ်တယ်၊ မိုးရွာထဲမှာ စက်ဘီး စီးရတာကို ကြိုက်တယ် ဆိုတဲ့ စကားကို နင် မမေ့လို့ ငါ အရမ်းကို ပျော်သွား ခဲ့တယ်။

ငါတို့အတူတူ စက်ဘီး လျှောက်မစီးရတာတောင် ကြာပြီနော်။ ဒါပေမဲ့ ငါက ငါ့စက်ဘီး ဘီးပေါက်နေတယ်လို့ ပြောတော့ နင်က နင့်စက်ဘီး နဲ့ပဲ သွားမယ်၊ ပြောစရာတွေ ရှိတယ်တဲ့။ ငါ့ရင်ထဲမှာ လှိုက်ခနဲပဲ ဇာနည်...။ ဒီလောက် မိုးတွေ သည်းနေခါမှ တကူးတကနဲ့ ငါ့ကို ပြောစရာ ရှိတယ် ဆိုတဲ့ စကားဟာ ဘာများဖြစ်နိုင်မလဲ။ မိုးရေထဲ ဒီအတိုင်း ထွက်သွားလိုက်ဖို့ ကြိုး စားတဲ့ ငါ့ကို နင်က တံတောင်ဆစ်ကနေ ဆွဲပြီး မိုးကာခြုံပေးတယ်။ အဲဒီ အချိန်တုန်းက ငါ့ရင်တွေ တလှပ်လှပ်နဲ့ တိမ်တွေပေါ်ခုန်ပေါက်ပြေးလွှားနေခဲ့ ရသလိုပဲ။

ဒါပေမဲ့ တကယ်တမ်းမှာတော့ အဲဒီနေ့ဟာ ငါ့အသည်းနှလုံးတွေ၊ ငါ့အိပ်မက်တွေ၊ ငါ့မျှော်လင့်ချက်တွေ အားလုံးကို တစစီ ကျိုးပဲ့ကြေမွသွား အောင် ရိုက်ချိုးဖျက်ဆီးမယ့်နေ့ ဆိုတာ ငါ တကယ်ကို မသိခဲ့ဘူး ဇာနည်။

နင်... နင် ပြောလိုက်တာကလေ… ငါ့မမနဲ့ နင်နဲ့ လက်ထပ်ကြတော့ မယ်တဲ့။ ရွာနေတဲ့ မိုးတွေနဲ့ အတူတူ ငါ့ခေါင်းပေါ်ကို ကောင်းကင်ကြီးတခု လုံး တဝုန်းဝုန်း ပြိုကျလာခဲ့သလိုပဲ။ ငါ့ဘေးမှာ ရှိတဲ့ အရာအားလုံးဟာ ငါ့ကို ဖုံးအုပ်ဝါးမျိုပစ်လိုက်ကြသလိုမျိုး။ ငါလေ ငိုချပစ်လိုက်ဖို့ကိုတောင် မေ့လျော့ သွားလောက်အောင် အကြီးအကျယ်ကို ရူးသွပ်ချောက်ချားသွားခဲ့တာ။

“ဟုတ်တယ် နရဏီ.. ငါ မနဲ့ လက်ထပ်တော့မယ်...။ ငါတို့ ကြိုက် နေတာ ကြာလှပြီ။ ငါက မကို ကျောင်းပြီးကတည်းက လက်ထပ်ချင်တာမက ဟောက်စ်ဆင်းနေတာ မပြီးသေးလို့ စောင့်နေတာ၊ အခုကျ ပိုစတင်တွေ ဘာတွေ ဝင်ရရင် ငါ ဘယ်လိုမှ စိတ်မချနိုင်တော့ဘူးဟ...

ကြည့်စမ်း... ငါ တုံးခဲ့၊ အ,ခဲ့လိုက်ပုံများ...။ ဒီလောက်အထိ နင့် မျက်နှာကို အလွတ်ရမတတ် အရိပ်အကဲ ကြည့်နေခဲ့တဲ့ ငါက ဒီကိစ္စတွေကို လုံးဝ မရိပ်မိခဲ့ဘူးတဲ့။ နင်တို့ကပဲ ပိရိသိုသိပ်လွန်းခဲ့သလား။ ငါကပဲ ထုံထိုင်း ညံ့ဖျင်းလွန်းခဲ့တာလား။ ငါလေ... နင်လည်း ငါ့ကို ငါ့လို ခံစားချက် ရှိခဲ့လိမ့်မှာ ပဲလို့ ငါ့ကိုယ်ငါ ဇွတ်မှိတ် ယုံကြည်နေခဲ့မိတာ။

စကျင်သား ကျောက်ရုပ်တရုပ်လို ဖြူဖျော့အေးခဲသွားတဲ့ ငါ့ကို နင် လုံးဝ သတိမထားမိခဲ့ပါဘူး။ နင်နဲ့ မမရဲ့ အနာဂတ် အစီအစဉ်တွေအကြောင်း ငါ့ကို တတွတ်တွတ် ပြောပြနေခဲ့တယ်။ ငါ့ဆီက ဘာစကားမှ ပြန်မလာတာကို သတိထားမိသွားတော့မှ နင်က ငါ စိတ်ဆိုးသွားတာလို့ ထင်ပြီး ပျာပျာသလဲ ချော့တယ်။

“ဆောရီးပါ သူငယ်ချင်းရာ...။ နင့်ကို အရင်ဆုံး ပြောပြမယ် ဆိုတာ ငါ သိပါတယ်။ ငါ ကြိုးလည်း ကြိုးစားခဲ့ပေမဲ့ မပြောနိုင်ခဲ့ဘူး။ မက နင့်ကို လျှို့ဝှက်ထားစေချင်လို့ပါ။ အခုက အမိုးတို့လည်း သိသွားပြီးကြပြီ။ နောက် တပတ် ငါတို့ လာတောင်းကြတော့မှာ...။ ငါ့အချစ်ဆုံး သူငယ်ချင်း နင်နဲ့ ငါ အမျိုးတော်ရတော့မှာ၊ ပျော်စရာကြီး...။ နင် ငါ့ကို အစ်ကိုလို့ ခေါ်ရမှာကွ...။ ဟား ဟား"

နင့် ပျော်ရွှင်မှုဟာ ငါ့ပျော်ရွှင်မှုပဲလို့ အမြဲတမ်းအတွက် ငါ လက်ခံ ထားခဲ့ပေမဲ့ ငါ ဒီတခါတော့ မပျော်ဘူး ဇာနည်။ နင် သိရဲ့လား...။ နင့်ဆီက ချစ်တယ် ဆိုတဲ့ စကားကို ငါးနှစ်ကျော်ကြာအောင် အိပ်မက်မက်ခဲ့ရတဲ့ ငါ့ အတွက်ဆောရီးဆိုတဲ့စကားတခွန်းကနှစ်သိမ့်ဖို့လုံလောက်သွားခဲ့ပါပြီလား။

အချစ်ဆုံး သူငယ်ချင်းဆိုတဲ့ ပတ်သက်မှုဟာ ငါ့ကို ချွေးသိပ်ဖို့ လုံလောက် နေခဲ့ပြီလို့ နင် ထင်တာလား။

[၉]

 

ပြန်မယ် ဆိုတဲ့ စကားတခွန်းကို အနိုင်နိုင် အားထုတ်ပြောပြီး စက်ဘီးကို နင့်လက်ထဲကနေ ဆွဲယူလိုက်တာဟာ တခုခုကို အားစိုက်ထုတ် လိုက်ရင်များ ရင်ဘတ်ထဲက စူးစူးဝါးဝါးနဲ့ ထိုးအောင့်နေတဲ့ အနာတွေ သက်သာလိမ့်မလား ဆိုပြီးတော့ပေါ့။

နင်ကတော့ ငါ စိတ်ကောက်သွားတာပဲလို့ တွေးပြီး ငါ ပြန်ပြီး ရယ် မောလာဖို့ တတွတ်တွတ် စနောက်ချော့မော့နေခဲ့တယ်။ ငါလေ အရာအားလုံး ကို ထုံထိုင်းနေတဲ့အထိ၊ အသိတွေနဲ့ ငါ့ကိုယ်ငါ လဲမကျသွားအောင် အတင်း ကာရော ကျားကန်နေခဲ့ရတာ။ ငါ့ထက် နှစ်ဆလောက်လေးတဲ့ နင့်ကိုယ်ကို စက်ဘီးကယ်ရီယာပေါ် မနိုင်ရင်ကန် အားစိုက်တင်နင်ပြီး အတောမသတ် ကျလာတဲ့ မျက်ရည်တွေကို သဲသဲမဲမဲ ရွာနေတဲ့ မိုးစက်တွေနဲ့ နင် မမြင်နိုင် အောင် ဖုံးကွယ်ထားခဲ့တယ်။

ဟုတ်တယ် နင် မမြင်ဘူး...။ ငါ့မျက်ရည်တွေကိုရော၊ မိုးရေတွေထဲ မှာ ခုံးကျော်တံတားအောက် ဟိုးအဝေးကြီးကနေ လာနေတဲ့ ဆီသယ်ကား ကြီးကိုလည်း နင် မမြင်ဘူး။ ငါပဲ... မြင်နေခဲ့တယ် ဇာနည်။ အဲဒီကားကြီးဆီကို တိုးဝင်သွားဖို့ ငါအခု ကိုင်ထားတဲ့ စက်ဘီးလက်ကိုင်က ဘရိတ်ကို လက်လွှတ်ချလိုက်ဖို့ပဲ လိုတာ မဟုတ်လား...။

ငါတို့ ငယ်ငယ်က ငါဟာ မမရဲ့ ဝက်ဝံရုပ်ကလေးကို ယူပြီး ကစားခဲ့ ဖူးတယ်။ မမ မြင်သွားတော့ ငါ့ဆီက ဆွဲလုရင်း ငါ့ကို တွန်းလှဲတယ်။ ငါလဲကျတော့ အရှိန်လွန်ပြီး အဲဒီအရုပ်ကလေးရဲ့ ခြေထောက်နေရာကနေ ပြုတ် ထွက်သွားခဲ့တယ်။ မမက လဲကျနေတဲ့ ငါ့ကိုလည်း မထူခဲ့ဘူး။ ခြေထောက် ပြုတ်သွားတဲ့ အရုပ်ကလေးကို ငါ့ဆီကို ပစ်ပေးပြီး ငါ့နားကနေ ထွက်ပြေး သွားခဲ့တယ်။ ဟုတ်တယ် ဇာနည်...။ သိပ်အတ္တကြီးတဲ့ မမဟာ နင်သာ ဒုက္ခိတ ဖြစ်သွားခဲ့မယ် ဆိုရင် နင့်ကို သူ ငါ့ဆီက လုယူချင်တော့မှာ မဟုတ် တော့ဘူးနော်။ အရုပ်ကလေးလို ကျိုးပဲ့သွားခဲ့ရင် မမက နင့်ကို ငါ့ဆီ ပျော် ပျော်ကြီး ပစ်ပေးလိုက်မယ် ထင်တယ်နော်။ ငါ့စိတ်တွေ အမှောင်ဖုံးနေခဲ့တယ် ဇာနည်။ နင့်ကို ငါကပဲ ပိုင်ဆိုင်ချင်တဲ့ စိတ်တွေနဲ့... ငါ..။

ငါ စက်ဘီးလက်ကိုင်ကို လွှတ်လိုက်တော့မယ် ဇာနည်။

ငါ့အတွေးတွေထဲက မြင်ကွင်းထဲမှာတော့ နင်ရယ်၊ ငါရယ်၊ ငါတို့ စက်ဘီးကလေးရယ်က ကားကြီးရဲ့အောက်မှာ ပုံပျက်ပန်းပျက် ကျိုးပဲ့ကြေမွ လို့။

[၁၀]

 

အချစ်ဆိုတဲ့ အရာဟာ သိပ်ကို နီးကပ်ခဲ့တိုင်း၊ လိုချင်နေခဲ့တိုင်း လည်း ငါတို့ မပိုင်ဆိုင်ရနိုင်ဘူး ဆိုတာကို ငါ လက်ခံနိုင်ဖို့ အချိန်တွေဟာ အခုထိကို ကြာခဲ့ပါတယ် ဇာနည်။

စက္ကူလေဒီ

 

[၁]

 

ကင်းဗတ်စတစ်စကို ကြက်သွန်လှီးတဲ့ဓားနဲ့ထိုးပြီး စုတ်ဖြဲပစ်ရတာ လွယ်ပေမယ့် လူ့အသားကတော့ မလွယ်ဘူး။ လည်ပင်းက သွေးလွှတ် ကြောတည့်တည့်ဆိုတော့ ပိုပြီးတော့ မလွယ်ဘူး။ ဒါပေမဲ့ အလုပ်ကတော့ ဖြစ်သွားပြီပဲ။

[၂]

 

ခင်ဗျားတို့ ဘဝမှာ လိင်ဆက်ဆံနေရင်းနဲ့ ကိုယ့်ရဲ့ အဖော်ကို ဓားနဲ့ ထိုးပစ်လိုက်တဲ့ ကိစ္စမျိုးကို လုပ်ဖူးလား။ အင်း… ခဏ လုပ်ဖူးဖို့ထားဦး။

စဉ်းတောင် စဉ်းစားဖူးလား။ ကျနော်ကတော့ မစဉ်းစားဖူးဘူး… မစဉ်းစားဖူး ပါဘဲနဲ့ ခေါင်းထဲချက်ချင်းပေါ်လာတာကိုပဲ လုပ်ပစ်လိုက်တာ။ ပြီးတော့ အဲ့ဒီဓားဟာ မြရဲ့ဓား… တိုက်ခန်းတစ်ခုမှာ သူတစ်ယောက်တည်းနေတဲ့ မြဟာ သူ့ကိုယ်သူ ကာကွယ်လို့ရအောင်ဆိုပြီး ကြက်သွန်လှီးဓားကို သူ့အိပ်ရာ ဘေးမှာ အမြဲတမ်းထားအိပ်တတ်တာ။

အဲဒီလို လုပ်လိုက်တုန်းက မြရဲ့ မျက်လုံးလေးတွေဟာ လက်ခနဲ။ ညည်းညူနေရာကနေ အော်ဟစ်ပစ်လိုက်ဖို့ ပွင့်ဟသွားတဲ့ မြရဲ့ နှုတ်ခမ်း လှလှလေးတွေကို ကျွန်တော့်လက်တွေနဲ့ ဖိပိတ်လိုက်တယ်။ မြရဲ့ မျက်ဝန်း အိမ်ထဲက နောက်ဆုံးအလင်းရောင်လေး ပျောက်မသွားခင်လေးမှာတင် မျက်ရည်ဥလေးတွေ လိမ့်ကျလာတယ်။

မြရဲ့ မိန်းမကိုယ်ထဲမှာ ရောက်နေတဲ့ ကျွန်တော့်ရဲ့လိင်တံဟာ တင်း ကျပ်လွန်းတဲ့ မြရဲ့ နောက်ဆုံးညှစ်ယူမှုကြောင့် ထိန်းထားလို့ မရလိုက်နိုင် ခဲ့ဘူး။ ကျွန်တော့်ဘဝရဲ့ အကောင်းဆုံး လိင်ဆန္ဒပြည့်ဝမှုနဲ့အတူ ပြီးမြောက် သွားပုံက နောက်ကို ဘယ်တော့မှ ဒီလောက်ကောင်းတာမျိုး ထပ်ပြီး မကြုံ တွေ့နိုင်တော့လောက်အောင် လိုမျိုး။

[၃]

 

ကျွန်တော် မြကို သတ်ပစ်ဖို့ အကြိမ်ကြိမ် စိတ်ကူးကြည့်ခဲ့ဖူးပေမယ့် ဒီလိုနည်းတော့ မပါခဲ့ဘူး။ အများအားဖြင့် စိတ်ကူးယဉ်ဖူးတာက မြကို သတ်ပြီးရင် ကျွန်တော်နဲ့အမြဲတမ်း အတူရှိနေအောင် ဘယ်လိုများ သိမ်း ထားရပါ့မလဲဆိုတဲ့ ကိစ္စပဲ။

မြရဲ့ လည်ပင်းကထွက်လာတဲ့သွေးတွေဟာ အိပ်ရာခင်းကနေတစ်ဆင့်မွေ့ရာထဲကို စိမ့်ဝင်နေကြပုံပဲ။ အသန့်ကြိုက်တဲ့ မြကတော့ သူ့အိပ်ရာခင်း တွေ ပေကျံသွားတာကို ကြိုက်လိမ့်မှာ မဟုတ်ဘူး။ သူသာ ရှိနေသေးရင် “နင် တအားစုတ်ပဲ့တယ်၊ အခု ငါ့အိပ်ရာခင်းကို အသစ်ပြန်ဝယ်ပေး”လို့ ကျွန်တော့်ကို အော်မှာ။ မြဟာ ကျွန်တော့်အပေါ်မှာ နိုင်လို့ရလို့ထင်တယ် အရမ်းအနိုင်ယူတယ်၊ စကားတွေနဲ့ရော အပြုအမူတွေနဲ့ရော။ အရေးမကြီး ပါဘူး… အခု သူမလုပ်နိုင်တော့ဘူး။

ကျွန်တော် မြရဲ့ကိုယ်လုံးကလေးကို ပွေ့ယူပြီး လည်ပင်းက ဓားကို နှုတ်ယူလိုက်တယ်။ မြရဲ့ ခန္ဓာကိုယ်လေးက ပူနွေးနေတုန်း။ ဓားကို နှုတ် လိုက်တဲ့ အပေါက်ကနေ သွေးတွေဟာ မြရဲ့ Coller bones ကလေးကနေ တစ်ဆင့် ရင်သားပေါ်ကိုဖြတ်ပြီး စီးဆင်းသွားကြတယ်။ အနီရောင်နှင်းဆီ ပန်းတွေ စီးဆင်းနေတဲ့ မြစ်ကြောင်းကလေးတွေလိုမျိုး။ မြဟာ သွေးတွေ စွန်းပေနေတာတောင်မှ သိပ်လှနေတုန်းပဲ။

ကျွန်တော် ဖုန်းကိုဖွင့်ပြီး Bluetooth ကနေ မြရဲ့ စားပွဲတင် Speaker လေးကိုချိတ်ပြီး သီချင်းဖွင့်လိုက်တယ်။ ကျွန်တော်ကြိုက်တဲ့ အဆိုတော်ရဲ့ သီချင်းသံက အိပ်ခန်းတစ်ခုလုံးကို လွှမ်းသွားတယ်။ ကျွန်တော် အချိန်သိပ် မရဘူး… လုပ်စရာတွေက အရမ်းများတယ် မဟုတ်လား။ ကျွန်တော် မြရဲ့ နှုတ်ခမ်းကလေးကို နောက်ဆုံးအနေနဲ့ မွတ်မွတ်သိပ်သိပ် ဖိနမ်းလိုက် တယ်။

ပြီးတော့ မြရဲ့ဖုန်းကိုယူ၊ သူ့လက်ဗွေနဲ့ ဖွင့်ပြီး သူ့လက်ဗွေနေရာမှာ ကျွန်တော့်လက်ဗွေကို အစားထိုးလိုက်တယ်။ ဖုန်းကို အားသွင်းဖို့ လုပ်နေ တုန်းမှာပဲ Sms တစ်စောင် ဝင်လာတယ်.. “မမ…ဘယ်နေ့တွေ့မှာလဲ၊ လွမ်းလှပြီ“တဲ့။ ထွီ … ယောက်ျားဖြစ်ပြီး ချွဲပြစ်ပြစ်နဲ့။ ““မင်းတို့ ဘယ်တော့မှ မြကို မတွေ့နိုင်တော့ဘူး နွားတွေရဲ့ ‘`လို့ ကျွန်တော် ဆဲပစ်လိုက်တယ်။

အခုလို မြရှေ့တင် အဲဒီကောင်တွေကို အသံထွက်ပြီး ဆဲလိုက်ရလို့ ကျွန်တော် တော်တော်ကျေနပ်သွားတယ်။ နင် ဘာတတ်နိုင်သေးလဲ မြရယ်…

[၄]

 

“ကျွန်တော်တို့ ဘာကူရမလဲ ဆရာ… တစ်ခါတည်း ကူသွားမယ်လေ”

ကျနော်တို့ လိုတဲ့ပစ္စည်းတွေ လာပို့တဲ့ ကျနော့်အလုပ်က တပည့် လေးက မေးပေမဲ့ ကျနော် ငြင်းလိုက်တယ်။ Stay home နေတုန်း အပျင်း ပြေ အိမ်ကို Decoration လုပ်တဲ့ကိစ္စဟာ ကျနော့်လို Interior decoration designer အတွက် ခက်ခဲလှတာမျိုးမှ မဟုတ်တာ။ ကျနော် ကျနော့်ကောင်မလေးနဲ့ ဒီကာလမှာ အတူနေရင်း သူ့အိမ်ကို ပြင်ပေးမလို့ ဆိုပြီး သူတို့ကို ပစ္စည်းတွေ လာပို့ခိုင်းလိုက်တာ။

“ရတယ်၊ အိမ်ကိုသာ သေချာပြန်၊ ကျန်းမာရေးကို ဂရုစိုက်ကြ…. ရော့... ဒါက မုန့်ဖိုးနဲ့ လမ်းစရိတ်“

သူ အပါအဝင် ကျန်တဲ့ ကောင်လေးတွေကိုပါ မုန့်ဖိုး ခပ်များများ ပေးလိုက်တယ်။ Covid 19 second wave ရဲ့ stay home ရတဲ့ ကာလမို့ လူတော်တော်များများက အပြင်မှ မထွက်ကြတော့တဲ့ဟာ မြ ပျောက်နေတာ ကိုလည်း ဘယ်သူမှ သတိမထားမိကြပါဘူး။ နဂိုကတည်းက မြဟာ ပတ်ဝန်း ကျင်နဲ့ အဆက်အဆံမှ မရှိတဲ့သူကိုး။

ကောင်လေးတွေ ပြန်သွားတော့ ခုတင်အောက်ထဲကနေ ပလတ် စတစ် အကြည်တွေနဲ့ အထပ်ထပ် ပတ်ပြီး ဝှက်ထားတဲ့ မြရဲ့ အလောင်းကို ဆွဲထုတ်လိုက်တယ်။ ကျနော် သူ့ကို အကောင်းဆုံး ဝှက်ရမယ် မဟုတ်လား။ မြရဲ့ သွေးတွေစွန်းနေတဲ့ ခေါင်းအုံးစွပ် အပြာရောင်ကိုတော့ Coating ကောင်းကောင်းလုပ်၊ ဘောင်ကြက်ပြီး ပန်းချီကားလိုမျိုး အိပ်ရာခေါင်းရင်းက နံရံမှာ ကပ်ထားမယ်လို့ ကျနော် စိတ်ကူးထားတယ်။

[၅]

 

မြရဲ့ အိမ်ရှင် အဒေါ်ကြီးက အတော် သဘောကောင်းပါတယ်။

ကျနော်ဟာ မြရဲ့ ရည်းစားပါ ဆိုတဲ့ အကြောင်းကို မြနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံတွေကနေ ယုံကြည်ပေးရှာတယ်။ Covid ကာလ နယ်ပြန်သွားတယ် လို့ ပြောတာကိုလည်း ယုံကြည်ရှာတာပါပဲ။ အင်း... ကျနော်ပေးတဲ့ အိမ်လခ တနှစ်စာ မျက်နှာကြောင့်လည်း ပါမှာပေါ့။

မြ နေတဲ့ အခန်းတည့်တည့် အောက်ထပ်အခန်းက အိမ်ပိုင်ရှင်ရဲ့ ညီမ အခန်းလေ။ ဒီအခန်းမှာ အတွင်းပိုင်း ပြင်ဆင်မှုတွေ လုပ်နေတယ် ဆို တာကို သူတို့ သတင်းပို့လိုက်လို့ ဒီမိန်းမကြီးက လာကြည့်ပုံပါပဲ။ ကျနော်က ကျနော်နဲ့ မြ လက်ထပ်တော့မှာမို့ မြ မရှိတုန်း အိမ်ကို နည်းနည်းပြင်နေတာပါ ဆိုတဲ့ အကြောင်း၊ မြက မိဘတွေက ပြန်ခေါ်လို့ ပြန်သွားရင်း မြတို့ မြို့က Lockdown မို့ ပြန်လာလို့ မရသေးတဲ့အကြောင်းတွေကို ရွှန်းရွှန်းဝေ ပြော ပြလိုက်ရတယ်။

တကယ်တော့ မြမှာ မိဘလည်း မရှိသလို၊ ဘယ်နယ်မှာမှလည်း မနေဘူး ထင်တာပဲ။ ကျနော်နဲ့ သိခဲ့၊ ပတ်သက်ခဲ့တဲ့ တနှစ်တာကာလ တလျှောက်လုံး မြရဲ့ မိဘဆိုတာတွေဆီကလည်း ဖုန်းတောင် မလာဖူးသလို မြကလည်း ဘာမှပြောတာ မကြားဖူးဘူး။ ဒါတွေကိုလည်း ဒီမိန်းမကြီး သိပုံ မရပါဘူး။ သူက သူ့အိမ် ပျက်စီးသလားကိုပဲ စိတ်ဝင်စားတာ။ ဒါပေမဲ့ သူ့ အိမ်ရဲ့ အတွင်းပိုင်းဟာ အရင်ကထက် အများကြီးလှပြီး ကောင်းသွားတော့ ကျေနပ်သွားပုံပါပဲ။

“နောက်ဆို တခုခု ပြင်ချင်ရင် အန်တီကို ကြိုပြောပါကွယ်၊ သူများ ပြောမှ သိရတာကျ မကောင်းဘူးပေါ့” ဆိုတဲ့ စကားကို ပြောပြီး ပြောပြီး အိမ်လခ တနှစ်စာနဲ့ ပြန်သွားတာပါပဲ။ အလကားမိန်းမကြီးတွေ... ပိုက်ဆံရယ်၊ အပြုံး ချိုချိုရယ်၊ တယောက်ယောက်ဆီက နာခံတဲ့၊ ယဉ်ကျေးပျူငှာတဲ့ စကားသံရယ်ပဲ သူတို့ဘဝမှာ အရေးကြီးတာ။ ညကျမှ မြရဲ့ ဖုန်း Viber ကနေ အန်တီ ရေ ဘာညာနဲ့ သူယုံအောင် ရွှီရှောင်တွေ ထပ်ပြောရမယ်။

“ပင်ပန်းတယ် မြရယ်... နင်နဲ့ အတူနေနိုင်အောင် လုပ်ရတာ ပင်ပန်းလွန်းတယ်...

[၆]

 

“နင် နောက်ဆုံးမှာတော့ ငါ့ကြောင့် မျက်ရည် ကျဖူးသွားရတာပဲ မဟုတ်ဘူးလား”

မြဟာ သူ့ထုံးစံအတိုင်း နှုတ်ခမ်းလေး တဖက်တည်းကို တွန့်ကွေး ပြီး ပြုံးတယ်။ ကျနော့်ကို အနိုင်ယူနေကျ လှောင်ပြုံးမျိုး။ ပြီးတော့ လည်ပင်း က ဓားရာကို လက်ညှိုးထိုးပြတယ်။ ကျနော့်ကြောင့် မဟုတ်ဘဲနဲ့ ဓားဒဏ်ရာ ကြောင့်ပါပေါ့။ မြဟာ အမြဲတမ်း “နင့်အတွက် ငါ မျက်ရည်ကျရလောက် အောင် နင်က ဘာကောင်မို့လို့လဲ” လို့ ကျနော့်ကို ပြောနေကျ။ သူ ပြော လိုက်တိုင်း ရင်ထဲက တဆစ်ဆစ် အောင့်မျက်နေအောင် ကျနော် နာတယ်။ အခုတော့ သူ မပြောနိုင်တော့ဘူး။ အမူအရာနဲ့ လုပ်ပြနေတာတွေကိုတော့ ကျနော် မကြည့်ရင် မမြင်ဘူး မဟုတ်လား။

မြဟာ ကျနော်နဲ့ နောက်ဆုံးရှိနေခဲ့တုန်းကအတိုင်း ဝတ်လစ်စလစ် နဲ့ပဲ။ ကျနော် သိတယ်...၊ ဒါ မြအစစ် မဟုတ်ဘူးဆိုတာကို။ ဒါပေမဲ့ ဒီပုံရိပ်ကို ကျနော် လုံးဝကို ဖျောက်မပစ်ချင်ဘူး။ ကျနော်ကလွဲပြီး မြကို ဘယ်သူမှ မတွေ့ရတော့ဘူး ဆိုတာဟာ ကျနော် အဖြစ်စေချင်ဆုံး ကိစ္စပဲ မဟုတ်လား။

“မြ... ဒီည ငါ့အနားမှာ နေပေးပါလား“

မြဟာ ပခုံးကို တွန့်ပြီး ရေချိုးခန်းထဲကို ဝင်သွားတယ်။ အသက်ရှင်နေတုန်းကရော၊ အခုရော မြဟာ ကျနော့်စကားကို နားထောင်ဖို့ စိတ်ကူး လုံးဝ ရှိပုံကို မရဘူး။“နင်… ငါ့ကို အမြဲတမ်း အနိုင်ယူနေတော့မှာလား မြရယ်“

ကျနော် ရေချိုးခန်းထဲကို လိုက်ဝင်ခဲ့တယ်။ Bathtub ထဲ ဝင်ထိုင် ပြီး ဆေးလိပ်သောက်တယ်။ ဒီညတော့ မြဟာ ကျနော့်မျက်စိရှေ့ ထပ်ပြီး ပြန်ပေါ်လာတော့မယ် မထင်ဘူး။

ကျနော် သက်ပြင်းမောတွေကို မှုတ်ထုတ်ပစ်ပြီး Bathtub ထဲကို ပက်လက်လှန် လှဲချလိုက်တယ်။ Repeat နဲ့ အမြဲလိုလို ဖွင့်ထားတဲ့ သီချင်း ကို Bathtub ရဲ့ ကြမ်းပြင်ကို ပုတ်ပြီး စည်းချက်လိုက်ရင်း တိုးတိုးကလေး လိုက်ညည်းနေလိုက်တယ်။ Bathtub နဲ့ ရေချိုးခန်းရဲ့ မူလကြမ်းပြင်ကြားမှာ ကျနော်ထည့်ပြီး မြှုပ်နှံထားတဲ့ မြလည်း ကြားနိုင်အောင်လို့လေ။

ဥုံ ဥုံဖွပါ ချစ်သူ...၊ ဥုံဖွပါ ချစ်သူ...။

အမြစ်သေ သစ်ပင်

 

[၁]

 

အရင်က အိမ်က ဘဘကြီးက ရပ်ကွက်ထဲက တက္ကစီကား မောင်း တဲ့ ကိုအောင်မြင့်ဝင်းကို အတော်ခင်တယ်။ ဘဘကြီးက ရုပ်ရှင်တွေ၊ ဘောလုံးပွဲတွေ ကြိုက်သလို လက်ဖက်ရည်ဆိုင် ထိုင်ရတာကိုလည်း ကြိုက် တယ်။ အိမ်မှာ သူ့သားနဲ့ ချွေးမရော ကျန်တဲ့ လူတွေကပါ သူ့အလုပ်နဲ့သူ ရှုပ်နေကြတာ ဆိုတော့ သူနဲ့ ဘယ်သူကမှ စကားမပြောအားဘူး။ သူက လည်း စကားတခါ ပြောရင် သိုင်းဝိုင်းပြီး ပြောတတ်တော့ နားထောင်ရတာ လည်း အရှည်ကြီးဖြစ်တော့ ဘယ်သူကမှ အချိန်မပေးနိုင်ဘူးလေ။ ဒီတော့ ဘဘကြီးက ကိုအောင်မြင့်ဝင်းကို ခင်တယ်။

ကိုအောင်မြင့်ဝင်းကလည်း ဘဘကြီးကို အတော်ခင်တွယ်တာ။ လက်ဖက်ရည်ဆိုင်ထိုင်လည်း အတူတူ၊ ဘဘကြီး ဘုရားတို့၊ သာရေးနာရေး အစည်းအဝေးတို့၊ ဆေးခန်းပြတာတို့ သွားရင်လည်း ကိုအောင်မြင့်ဝင်းနဲ့ပဲ အတူတူ သွားတတ်တယ်။ တခါတလေ ဘီယာလေးဘာလေး တခွက် တဖလားလောက် သောက်ကြရင်လည်း အတူတူပဲ။ ပြီးတော့ ကိုအောင်မြင့်ဝင်းက လည်း ဘဘကြီးကို သားရေး၊ သမီးရေး၊ သူ့အိမ်တွင်းရေးကအစ တိုင်ပင်လေ့ရှိတယ်။

ဘဘကြီးက ကိုအောင်မြင့်ဝင်းကို ခင်တာလည်း မပြောနဲ့။ သူတို့ စကားပြောနေကြရင်း ကိုအောင်မြင့်ဝင်းကို ကားလာခေါ်လို့ စကားစ ပြတ် သွားရင် ကိုအောင်မြင့်ဝင်းက ပြန်ရောက်တာနဲ့ ဘဘကြီးဆီ ရောက်လာပြီး စကားစကို ပြန်ကောက်တော့တာပဲ။ တအိမ်လုံး ဘယ်သူနဲ့မှ စကားပြော မရရှာတဲ့ ဘဘကြီးဟာ သူ့စကားကို အရေးအရာလုပ်မယ့်သူ ရှိတော့ ဝမ်းသာ ရှာတယ်။

ကိုအောင်မြင့်ဝင်းက သူ ပေးဖတ်တဲ့ စာအုပ်ဆိုလည်း သေသေ ချာချာ ဖတ်ပြီး သူ နားမလည်တာတွေကို “အဘ ဒီဟာက ဘယ်လိုလဲ… ဘာလဲ” နဲ့ ပြန်ပြီး ဆွေးနွေးတတ်တယ်လေ။ သူ့သားတောင် ဘဘကြီးကို ကိုအောင်မြင့်ဝင်းလောက်မှ အဖက်မလုပ်နိုင်တဲ့ဟာ။ တအိမ်လုံးလည်း ကိုအောင်မြင့်ဝင်းနဲ့သာဆို ဘယ်သွားသွား စိတ်ချလက်ချ ရှိကြတယ်။

[၂]

 

ဘဘကြီးက ရုပ်ရည် တအားသန့်တယ်။ အသက် ၇ဝ ကျော်ပေမဲ့ ဖျတ်ဖျတ်လတ်လတ်ရှိတုန်း။ တခေါင်းလုံး ဖြူဖွေးနေတဲ့ ဆံပင်တွေကို သပ် သပ်ရပ်ရပ် ဖြီးထားတတ်ပြီး ရှပ်အင်္ကျီလက်ရှည်ကို အရောင်နုလေးတွေနဲ့ ရှေးတုန်းက ရုံးအုပ်ကြီး ဟန်ပန်အတိုင်းလည်း သပ်သပ်ရပ်ရပ် နေတတ်တယ်။ အသားဖြူဖြူနဲ့၊ ရွှေကိုင်းမျက်မှန်နဲ့၊ နေဗီယာချိုင်းလိမ်းတောင့်နံ့လေး တသင်းသင်းနဲ့ ဘဘကြီးဆီက လူအိုနံ့ ဆိုတာကို မရဖူးဘူး။

ဘဘကြီး ငယ်ငယ်က တကယ်ချောလို့၊ အမျိုးသမီးတွေ သိပ် ကြည်တာလို့ ဘဘကြီး သားကတော့ အမြဲပြောတတ်တယ်။ ဟုတ်မှာပါပဲ...။ ဘဘကြီးကို နှစ်ခြံကျော်က စက်ချုပ်တဲ့ အသက် ၅ဝ လောက် အန်တီကြီး ဆို ဦးလေးဖို့ဆိုပြီး ဟင်းတွေ လာလာပို့နေကျ။ မျက်နှာချိုတဲ့အပြင် စကား အရာလည်း ခေတ်မီပွင့်လင်းပြီး အင်္ဂလိပ်စာလည်းတတ်တော့ ဘဘကြီးဟာ ရပ်ကွက်ထဲမှာ သိပ်ပြီး မျက်နှာပွင့်တယ်။ ဘဘကြီးကိုဆို ဖိတ်ချင်၊ ခေါ်ချင်၊ ကျွေးချင်၊ မွေးချင်ကြတာချည့်ပဲ။

[၃]

 

ဘဘကြီးနဲ့ သူ့ဓမ္မမိတ်ဆွေတအုပ် မော်လမြိုင်ကို ဘုရားဖူးချင်ကြ တယ် ဆိုလို့ သူ့ချွေးမက ကိုအောင်မြင့်ဝင်းကားနဲ့ ပို့ပေးခိုင်းလိုက်တယ်။ သုံး ညအိပ်၊ လေးရက်ခရီးကို အသေအချာ စီစဉ်ပေးလိုက်ပေမဲ့ ဘဘကြီးတို့က နှစ်ညပဲ နေပြီး နောက်ရက်ညနေမှာ ပြန်ရောက်လာကြတယ်။ အဲဒီက ပြန် လာပြီးကတည်းက ဘဘကြီးက သိသိသာသာ စကားနည်းပြီး အခန်းတွင်းပဲ အောင်းနေတာ များလာတယ်။

ထမင်းလည်း အရင်လို ဟက်ဟက်ပက်ပက် မစားဘူး။ ဆေးလိပ် တွေချည်း ဖိသောက်နေလို့ သူ့ချွေးမက “အဖေနော်၊ ဒီတခါလဲရင် ဆေးရုံ တက်ရတော့မှာ လို့ ဆူလို့တောင် ကတောက်ကဆ နည်းနည်းဖြစ်ကြသေး တယ်။ ကိုအောင်မြင့်ဝင်းကလည်း အဘကို တွေ့ချင်လို့ ဆိုပြီး ပြီး မကြာခဏ လာရှာတယ်။ ဘဘကြီးက ရေချိုးနေလို့၊ အိပ်နေလို့၊ တရားထိုင်နေလို့တွေ ပြောပြီး ရှောင်နေတာပါပဲ။ ချွေးမနဲ့ သားက “အဖေ ဘာဖြစ်တာလဲ၊ ဘယ် နေရာမှာ နေမကောင်းဘူးလဲ” လို့ မေးပေမဲ့လည်း ဘဘကြီးက မဖြေဘူး။

ဘဘကြီးကို ကြည့်ရတာ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေမှန်း အရမ်းသိသာပြီး ဒီရက်အတွင်း အင်မတန့်ကို အိုစာကျလာတယ်။

[၄]

 

“အဖေ့ကို နားအေးပါးအေး သွားနေလို့ရမယ့် တနေရာရာလောက် စီစဉ်ပေးပါ” ဆိုလို့ ဘဘကြီးရဲ့ ချွေးမက ဘဘကြီး သူတို့ရွာက ဘုန်းကြီး ကျောင်း တခုဆီကို ပို့လိုက်တယ်။ ရွာနဲ့ မနီးမဝေး တောအတွင်းဘက်နားက ဘုရားကြီးတဆူဘေးမှာ ဆရာတော်တပါးတည်း သီတင်းသုံးတဲ့ကျောင်း ဆို တော့ ဆွမ်းကွမ်း မပူရဘူး။

အဲဒီရွာကို သွားဖို့ ကိုအောင်မြင့်ဝင်းကားကို ဘဘကြီး ချွေးမက ခေါ်ပေးမယ်လုပ်တော့ အဖေ့ကို လမ်းစရိတ်ပဲ ပေးလိုက်ပါ လို့ ဘဘကြီးက ပြောတယ်။ ဘဘကြီး ချွေးမက လူပါးဆိုတော့ ဘဘကြီးကို တခြားကား ငှား ပေးလိုက်ပြီး စားစရာ၊ သောက်စရာ လှူစရာ၊ တန်းစရာ တပုံတပင်နဲ့ ရွာကို ပို့ပေးလိုက်တယ်။

ဘဘကြီးက အိမ်က ထွက်သွားတာနဲ့“ကိုအောင်မြင့်ဝင်းကို ခေါ်ပြီး အဖေနဲ့ ဘာဖြစ်ကြတာလဲ” လို့ တည့်တည့်မေးတယ်။ “ဘုရားဖူးခရီးမှာ ကျနော့် ကို စိတ်ဆိုးသွားတာပါ ဆိုပေမဲ့ ကိုအောင်မြင့်ဝင်းရဲ့ မျက်လုံးတွေက ဂနာ မငြိမ်ဘူး။ ဘဘကြီးရဲ့ ချွေးမက အသေးစိတ် မမေးဘူး။ ရယ်ရယ်မောမောနဲ့ အဖေက အဲဒီလိုပဲ စိတ်ကောက်တတ်တယ်၊ စိတ်ထဲ မထားပါနဲ့၊ ပြန်လာရင် စိတ်ပြေသွားမှာပါ” လို့ စိတ်သက်သာရာရအောင် ပြောပြီး ပြန်လွှတ်လိုက် တယ်။

ညနေခင်းအရောက်မှာ ဘဘကြီးရဲ့ ချွေးမဟာ ဘဘကြီးနဲ့မော်လမြိုင်အတူ သွားခဲ့တဲ့သူတွေဆီကို ဖုန်းဆက်မေးပေမဲ့ ဘယ်သူကမှ ဘဘကြီးနဲ့ ကိုအောင်မြင့်ဝင်း အကြောင်းကို မသိကြဘူး။ မော်လမြိုင်မှာ ဘုရားဖူးပြီး နောက်တနေ့မနက်မှာ ကျိုက္ခမီ-စက်စဲကို သွားကြမယ်လို့ စီစဉ် ထားပေမဲ့ ဘဘကြီးက နေမကောင်းဘူး ဆိုပြီး အိပ်ခန်းထဲက ထွက်မလာ လို့ အရင်ညက သူနဲ့ တခန်းတည်းကို မျှသုံးတဲ့ ကိုအောင်မြင့်ဝင်းတောင် ကျန်တဲ့သူတွေနဲ့ လာပေါင်းပြီး အိပ်ခဲ့ရကြောင်း၊ နောက်တနေ့ မနက်ကျ ချက်ချင်း အိမ်ပြန်မယ်ဆိုလို့ ပြန်ဆင်းလာကြောင်းတွေကိုပဲ ပြောပြကြတယ်။

ဘဘကြီး ချွေးမဟာ ဘဘကြီးဆီကို ဖုန်းဆက်ပြီး မေးပေမဲ့ ဘဘ ကြီးက လုံးဝ မဖြေဘူး။ သူ့သားကို ဘာမှမပြောပါနဲ့လို့ သူ့ချွေးမကို မှာတယ်။

“အဖေ ဖြစ်စေချင်တာကို ပြောပါ၊ သမီး အကုန်လုပ်ပေးမယ်၊ ဘာမဆို ဖြစ်စေရပါမယ်လို့ ဘဘကြီး ချွေးမက ပြောတော့ ဘဘကြီးက ငိုတယ်။ ဒါပေမဲ့ ဘာမှတော့ မပြောဘူး။

[၅]

 

ဘဘကြီး ဘုန်းကြီးကျောင်းကနေ ရုတ်တရက် ပျောက်သွားတဲ့ အကြောင်း ရွာက ဆရာတော့်ဒကာတယောက်က ဖုန်းလှမ်းဆက်တာနဲ့ ဘဘ ကြီး သားနဲ့ ချွေးမဟာ ရွာကို ဒရောသောပါး လိုက်သွားကြတယ်။ ဘဘကြီးရဲ့ ခေါင်းအုံးအောက်ကနေ ရလာတဲ့ စာတစောင်ကို ဖတ်ပြီးတဲ့နောက် သားနဲ့ ချွေးမဟာ ရန်ကုန်ကို ချက်ချင်းပြန်လာ၊ ရဲစခန်းမှာ ကိုအောင်မြင့်ဝင်းကို တိုင်ချက်ဖွင့်ပြီး ဖမ်းလိုက်ကြတယ်။ ဖမ်းရတဲ့ အကြောင်းအရာက မယုံနိုင် စရာ အရမ်းကို ကောင်းလွန်းနေခဲ့တယ်။

ကိုအောင်မြင့်ဝင်းဟာ မော်လမြိုင်ခရီးမှာ ဘဘကြီးကို အိပ်ဆေး ခတ်ပြီးမှ မုဒိန်းကျင့်ခဲ့တယ်တဲ့။

[၆]

 

ကြားရတဲ့ သတင်းကို ဘယ်သူမှ မယုံဘူး။ ကိုအောင်မြင့်ဝင်း မိသားစုကလည်း မယုံဘူး။ ကိုအောင်မြင့်ဝင်းကို ရဲတွေ လာဖမ်းပြီးတော့ ရပ်ကွက်ထဲမှာ ကိုအောင်မြင့်ဝင်းဘက်က အမျိုးတွေနဲ့ ဘဘကြီးတို့ မိသားစု ဟာ တုတ်တပြက်၊ ဓားတပြက် ဖြစ်လုနီးပါးနဲ့ အခြေအနေတွေ တင်းမာကုန် ကြတယ်။ ဒါပေမဲ့ ဘဘကြီးကို မတော်မတရား စွပ်စွဲတယ်လို့လည်း ဘယ်သူ ကမှ မပြောရဲကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဘဘကြီးဟာ အဲဒီနေ့ညက သူဝတ်ခဲ့တဲ့ပုဆိုးကို စနစ်တကျ ထုပ်ပိုးပြီး သေသေချာချာ သိမ်းဆည်းထားခဲ့ တဲ့အတွက် သက်သေအခိုင်အမာ ရှိနေခဲ့တယ်။

အဲဒီလို အခြေအနေမှာပဲ ဘဘကြီးရဲ့ချွေးမဆီကို ဖုန်းဝင်လာတယ်။ “ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ အဘိုးကြီးရဲ့ ကိုယ်ပေါ်မှာ ဆက်သွယ်ရ မယ့် ဖုန်းနံပါတ်တွေ့လို့ ဆက်သွယ်ပေးကြတာပါ တဲ့။ ဘဘကြီးဟာ ကွယ် လွန်သွားတဲ့ သူ့ဇနီးကို မြှုပ်ထားတဲ့ သုသာန်က ဇရပ်မှာ သူ့ကိုယ်သူ ဆွဲကြိုး ချပြီး သတ်သေသွားခဲ့တယ်။ ဘဘကြီးရဲ့ သားဟာ စိတ်တွေ မတင်းနိုင် လောက်အောင် ဟီးချပြီး ထိုင်ငိုလို့ မြင်သူတိုင်းက စုတ်တသပ်သပ်။ ပြီးတော့ သွေးတွေ ဆောင့်တိုးလာလို့ ဆေးရုံပါ တင်လိုက်ရတယ်။

ဘဘကြီးရဲ့ ချွေးမကတော့ တည်တည်ငြိမ်ငြိမ်နဲ့ လုပ်စရာရှိတာ အားလုံးကို လုပ်ပေးသွားတယ်။ ဘဘကြီးဟာ သူ့စာထဲမှာ “ဒီဘဝမှာတော့ ဒီကိစ္စကြီးကို ဖွင့်မပြောဘဲနဲ့ မနေနိုင်သလို၊ ဖွင့်ထုတ်ပြီးရင်လည်း ဘယ်လိုမှ အသက်ရှင်ပြီး မနေနိုင်တော့လို့ပါ” လို့ သူ့သားကို တောင်းပန်သွားတယ်။

[၇]

 

နုနယ်တဲ့ ပန်းပွင့်လေးတွေ မဟုတ်ပေမဲ့ ဖွင့်မပြောပြနိုင်ခဲ့လို့ လူ မသိ သူမသိ ခုတ်ဖဲ့ချိုးဖျက်ခံလိုက်ရတဲ့ သစ်အိုပင်တွေရော ကျမတို့ ပတ်ဝန်း ကျင်မှာ ဘယ်လောက်တောင်မှ ရှိခဲ့ဖူးကြလိမ့်မလဲ။

တစ္ဆေတကောင်နှင့် စကားစမြည်

 

[၁]

 

အိပ်ဆေးလွန်ပြီး အိပ်မပျော်တဲ့ ညတညမှာ ကျမနဲ့ အဲဒီတစ္ဆေ ကောင်တို့ စတွေ့ခဲ့ကြတယ်။ အဲဒီညက ကြိုးစားပမ်းစားနဲ့ အိပ်ပျော်ဖို့ ကြိုး စားနေပေမဲ့ ကျောအောက်က အိပ်ရာနဲ့ ခေါင်းအောက်က ခေါင်းအုံးတွေ ကသာ မီးထတောက်တော့မလို ပူလောင်လာတယ်။ ကျမကတော့ အိပ်လို့ မပျော်ဘူး။ အခါတိုင်းသောက်နေကျ အိပ်ဆေးနှစ်လုံး ဆိုရင် ဒီအချိန်မှာ ကျမ အိပ်ပျော်သွားလောက်ပြီ။ ဒီညကတော့ ပိုပြီး မြန်မြန်အိပ်ပျော်ချင်တာ ရော မနက်ဖြန်ကို ရှောင်နေချင်တာကြောင့်ရော သောက်နေကျ အိပ်ဆေးကို ငါးလုံးအထိ သောက်ပစ်လိုက်တာ။ ကျမ မနက်ဖြန် မနက်မှာ အိပ်ရာကနေ ထမလာချင်ဘူး။

အိပ်မရလို့ ကျမ ခေါင်းတခုလုံး ရီဝေမှိုင်းမှုန်နေတယ်။ Aircon က အအေးဓာတ်ကို အဆုံးထိ တင်ပစ်ထားလည်း ချွေးတွေနဲ့ ကျမ တကိုယ် လုံး စေးကပ်နေတယ်။ ကျမကိုယ် ကျမ overdose ဖြစ်နေပြီ ဆိုတာကိုသိလို့ ရေခဲသေတ္တာဆီ ထသွားပြီး ဖျော်ရည်တခုခု သောက်ဖို့ ကြိုးစားချင် ပေမဲ့ ကျမ ခန္ဓာကိုယ်က မလှုပ်နိုင်ဘူး။ လူတယောက်အနေနဲ့ သေတော့မယ် ဆိုတာ ဒီလိုခံစားချက်မျိုးလား။

အဲဒီအခြေအနေမှာ ကျမ မျက်နှာကြက်ပေါ်က ခြေသံကို စပြီး ကြားရတော့တယ်။ ကျမ အိမ်က ဒါဘာ….။ ခေတ်မီအောင် လှလှပပ ပြောရ ရင် Penthhouse ပေါ့။ ကျမအိမ်ရဲ့အပေါ်မှာ ခေါင်မိုးသွပ်ပြားတွေက လွဲရင် လေထုပဲ ရှိတော့တာ။ ဒီတော့ ဒီခြေသံဟာ မျက်နှာကြက်ပေါ်ကနေ လာတာ လို့ ကျမ ယူဆလိုက်တယ်။ သူ့ခြေသံက ကျမကို တော်တော် စိတ်အနှောင့် အယှက် ပေးတယ်။ လေးငါးဆယ်လှမ်း လျှောက်လိုက်၊ အလိုမကျသလို ဖနောင့်နဲ့ ဒုန်းခနဲ ဆောင့်နင်းလိုက်နဲ့။

“အဲဒီပေါ်မှာပဲ လမ်းလျှောက်မနေဘဲနဲ့ ဒီကို ဆင်းလာပါလား”

ဒီစကားကို ကျမ တကယ့်စိတ်ရင်းနဲ့ ပြောလိုက်မိတာလား၊ မပြော မိတာလား ဆိုတာ ကျမကိုယ် ကျမ မရေရာလှဘူး။ ဒါပေမဲ့ တစ္ဆေကတော့ ကျမ ခွင့်ပြုချက်ရတာနဲ့ မျက်စိရှေ့မှာ ဘွားခနဲ ဦးစောက်ဂျွမ်းပြန် ဇောက်ထိုး အနေအထား ပေါ်လာခဲ့တယ်။ တစ္ဆေရဲ့ အပြုအမူက ကျမကို လန့်မသွားစေဘဲ Deadpoolက Superhero တွေကို Superhero landingလို့ သရော်သလို “ဘာလဲ၊ Ghost landing လား လို့ မေးပစ်လိုက်ချင်စိတ်က ကျမ စိတ်ထဲမှာ ကျလိကျလိ။ ကျမကိုက အဲဒီလို သရော်တော်တော် မိန်းမပါ။ အဲဒီဗီဇကြောင့်ပဲ ကျမ ဘဝမှာ ပြဿနာတွေ များခဲ့တာ။ “ဆောရီး၊ ကျနော် ရိုးရိုးပဲ ဆင်းလာခဲ့သင့်တာ၊ ခင်ဗျားကို နည်း နည်းလောက်တော့ လန့်စေချင်လို့ ဒီလိုလုပ်လိုက်တာ...

တစ္ဆေက သူ့ဆံပင်တွေကို ကုတ်ဖွရင်း ရှက်ကိုးရှက်ကန်းဟန်နဲ့ကျမကို ပြန်ပြောတယ်။ တစ္ဆေတွေက ရှက်တတ်လို့လား၊ တစ္ဆေက ကျမ စိတ်ထဲက စကားကို ကြားလိုက်သလိုမျိုး ပြန်ဖြေတယ်။

“ပုံမှန်အားဖြင့်ကတော့ ကျနော်တို့ မရှက်တတ်ပါဘူး၊ ခင်ဗျားကို လန့်အောင် မလှန့်နိုင်တာတော့ နည်းနည်းရှက်စရာ ကောင်းလို့“

တစ္ဆေက သူ ဝတ်ထားတဲ့ ရှပ်အင်္ကျီအကွက်ရဲ့ ဖားလျားကျနေတဲ့ လက်ဖျားတွေကို ခေါက်တင်ကြည့်ဖို့ ကြိုးစားနေရင်းက ပြန်ပြောတယ်။ ကျမ ရဲ့ စိတ်ထင်ယောင်ထင်မှား ဖြစ်မှုဟာ အမြင့်ဆုံး အခြေအနေကို ရောက်နေ ပေမဲ့ ဒီအခြေအနေကနေ ကျမ ရုန်းမထွက်ချင်ဘူး။ တစ္ဆေနဲ့ စကားပြောနေရ တာက ကျမကို နေသာထိုင်သာ ရှိစေတယ်။

“ထိုင်ခုံရှိတယ်လေ၊ ရှင် ထိုင်ပါလား“

တစ္ဆေက ထိုင်ခုံကို ငဲ့ကြည့်ပြီးမှ ခေါင်းကို ခပ်လေးလေး ခါတယ်။

“ဒီခုံက ခင်ဗျား ထုတ်တန်းမှာ ကြိုးတက်ချည်တုန်းက သုံးခဲ့တဲ့ခုံ မဟုတ်လား“

“ရှင် မှတ်မိနေသားပဲ၊ ဒါပေမဲ့ ကျမတို့ အဲဒီအချိန်က မဆုံကြဘူးနော်"

“အဲဒီအချိန်က ခင်ဗျားဆီမှာ ရှင်သန်ချင်စိတ်က သိပ်ပြီး မမှေးမှိန် သေးဘူးလေ

သူ့စကားကို နားလည်ပုံ မရတဲ့ ကျမကို တစ္ဆေက သက်ပြင်းချတယ်။ ဘုရား...။ တစ္ဆေတွေက အသက်ရှူလို့ သက်ပြင်းချတာလား။ တစ္ဆေက သူ့အင်္ကျီရဲ့ အပေါ်ဆုံး ရင်ဘတ်ကြယ်သီးကို ဖြုတ်လိုက်တယ်။ သူ့အင်္ကျီ အောက်မှာ ဘာမှ မရှိဘူး။ အင်း မဟုတ်ဘူး ရှိတော့ ရှိတယ်၊ အဲဒါအမှောင်တွေ။

“ခင်ဗျားကိုယ်ခင်ဗျား ကြည့်ကြည့်ပါဦး“

ကျမရဲ့ ညဝတ်အင်္ကျီအောက်မှာတော့ ကျမ ရင်သားတွေက လွဲရင် ထူးခြားတာ ဘာမှမရှိ။

“ကျမ ရင်သားတွေပဲ ရှိတယ်လေ“

“ဒါကိုက ခင်ဗျား မပျောက်ကွယ်သွားသေးဘူး ဆိုတာကို ပြတာ မဟုတ်လား”

“အိုး... ဘာများ အထူးအဆန်း မြင်ရမလဲလို့လေ“

“ခင်ဗျားက စိတ်ကူးယဉ်သမား ထင်တယ်၊ သဘာဝလွန်တွေကို အရမ်း မျှော်လင့်ထားပုံပဲ“

တာကိုး" “ဟုတ်မှာပေါ့လေ... ဘဝက အရမ်းကို reality ဆန်လွန်းနေခဲ့

ကျမရဲ့ စကားကို တစ္ဆေက ပြုံးတယ်။

“ခင်ဗျားဆီမှာ ရှင်သန်ချင်စိတ်က သိပ်ကို မှေးမှိန်လာတယ်နော်၊ သတိထားမိလား“

“အို အခုမှတဲ့လား၊ ကျမကဖြင့် အသက်မရှင်ချင်တာ ကြာလှပြီ”

တစ္ဆေက ကျမကို ကြည့်ပြီး နောက်ထပ် သက်ပြင်းတချက်ကို ထပ်ချတယ်။ ကျမက ဘူးထဲက စီးကရက်ကို ထုတ်ပြီး အငွေ့တွေကို ရှိုက် သွင်းလိုက်တယ်။ စီးကရက်နဲ့ ကျမကို ငေးကြည့်နေတဲ့ တစ္ဆေဆီကို စီးကရက် မီးခိုးငွေ့တွေနဲ့ မှုတ်ထုတ်ပစ်ပြီးမှ အဆက်အစပ် မရှိတဲ့ စကားကို ကျမက စပြောတယ်။ မီးခိုးငွေ့တွေကြားမှာ တစ္ဆေရဲ့ သဏ္ဌာန်က မှုန်ရီဝါးဝေ။

ရှင်သိလား၊ လူတွေကလေ တယောက်ကို တယောက် လိုအပ် ကြတယ် ဆိုတာ တယောက်ရဲ့ စိတ်အဆာအလောင်တွေကို နောက်တယောက်က ဖြည့်ဆည်းပေးဖို့ လိုတဲ့အချိန်လောက်ပဲ။ ကျန်တဲ့အချိန်မှာ ကိုယ့်ကမ္ဘာနဲ့ပဲ ကိုယ်နေချင်ကြတာ။ သူတို့ မလိုအပ်တော့တဲ့ အချိန်မှာ သူတို့အနားကို ရောက်သွားရင် အဲဒါ ရန်သူပဲ။ တယောက်ကို တယောက် ပတ်သက်နေကြတယ် ဆိုတာ အဲဒီတယောက်က သူတို့စိတ်ထဲက လိုချင် တပ်မက်မှုတွေကို ဖြည့်ပေးနိုင်တယ်လို့ အထင်ရောက်နေကြလို့ပဲ သိလား”

“ကျနော်က သိပါတယ်။ ဒါပေမဲ့ ဒါတွေ သိနေတဲ့ ခင်ဗျားကျတော့ ခင်ဗျားကို မလိုချင်တဲ့သူကိုမှ ဘာဖြစ်လို့ လိုအပ်နေရတာတဲ့လဲ”

“ဒါ လူတွေရဲ့ သဘာဝပဲလေ၊ သိတာက သက်သက်၊ လိုက်နာတာ က သက်သက်ပဲပေါ့။ ကျမစိတ်ထဲက ကွက်လပ်ကို သူနဲ့မှ ဖြည့်နိုင်လို့ပေါ့ တစ္ဆေရော ကျမပါ ထပ်ပြီး တိတ်ဆိတ်သွားတယ်။ တစ္ဆေက သူ့ ပေါင်ကို လက်ချောင်းကလေးတွေနဲ့ တတောက်တောက် ခေါက်လို့ ဘေးဘီ နံရံတွေကို ရောက်တတ်ရာရာ ငေးမောလို့။

"ခင်ဗျား"

"ရှင်"

တပြိုင်နက်တည်း စကားစမိကြလို့ တစ္ဆေရော ကျမပါ ပြုံးလိုက်ကြ တယ်။ တစ္ဆေက ကျမကို Lady first လို့ ပြောတယ်။

“ကျမ အိပ်ဆေးလွန်နေပေမဲ့ အိပ်မရဘူး၊ အိပ်မရမယ့် အတူတူ လွတ်ရာလွတ်ကြောင်း တခုခု လုပ်သင့်သလား”

တစ္ဆေက ကျမကို သူ့ပခုံးနှစ်ဖက်ကို ဟန်ပါပါ တွန့်ပြတယ်။ အင်း... သူ ပြောချင်တာက ဒါ ကျမ ရွေးချယ်မှုပေါ့လေ။

ထိုင်ခုံပေါ်တက်ပြီး ထုတ်တန်းဆီမှာ ကွင်းလျှောချည်နေတဲ့ ကျမကို တစ္ဆေက ပြုံးကြည့်နေတယ်။ သေသပ်တဲ့ ကျမလက်ရာ ကွင်းလျှောကို ကျေကျေနပ်နပ်နဲ့ ပြန်ငေးမိနေတုန်းမှာပဲ တစ္ဆေက က သူ့စကားကို ပြန်စတယ်။ “ဘာဖြစ်လို့များ အလောတကြီး ပျောက်ကွယ်သွားချင်နေတာလဲ၊ ကမ္ဘာပေါ်ကနေ လူတယောက် စိတ်ချလက်ချ ပျောက်ကွယ်သွားဖို့ ဆိုတာ ရှိခြင်းနဲ့ မရှိခြင်းကြားမှာ ခင်ဗျား ပိတ်မိနေမယ့် အလွှာတွေ ရှိသေးတယ်

“အလောတကြီး မဟုတ်ပါဘူး၊ ကျမ စိတ်ကူးနေ၊ ကြံစည်နေတာ အရမ်းကြာခဲ့ပြီပဲဟာ“

တစ္ဆေက ပြောမကောင်းတဲ့ ကလေးဆိုးကို ကြည့်သလို အကြည့် မျိုးနဲ့ ကျမကို ပြုံးကြည့်တယ်။

“ဘယ်ကစားနည်းမဆို အခြေခံ စည်းမျဉ်းတွေ ရှိတာ သိတယ်မလား"

“ဟာ… ဒါက ကစားနည်း ဖြစ်သွားပြန်ပြီလာ–

“ဒါ ကစားနည်းပဲလေ၊ လူတိုင်း အစအဆုံး ကစားကို ကစားရမယ့် Game မှာ ခင်ဗျားက Bonus Level ကို တန်းယူတာကိုးဗျ”

ဒီ စကားတတ်တဲ့ တစ္ဆေကိုတော့ ကျမ တကယ်မယှဉ်နိုင်ဘူး။"ကဲ ဆိုပါဦး"

“ကျနော် ရှိခဲ့ဖူးတာကို ခင်ဗျား မှတ်မိနေရမယ်“

“ဒီလောက် ရိုးစင်းလို့လား”

“တခါတလေ အရိုးစင်းဆုံးလို့ ထင်တဲ့အရာတွေကပဲ အခက်ခဲဆုံး တွေ ဖြစ်နေတတ်တာ ခင်ဗျား သိသားနဲ့”

“ပြောပါဦး... ကျမ ရှင့်ကို ဘယ်လို မှတ်မိနေပေးရမလဲ”

“ကျနော် ခင်ဗျားကို လိမ္မော်ခွံယိုပုလင်း ကမ်းပေးခဲ့ဖူးတယ်၊ တချိန် တုန်းက… ကျနော် ကိုင်တွယ်ထိတွေ့လို့ရတုန်းက”

“ဟင်… ဒါပဲလား”

တစ္ဆေက စိတ်ပျက်လက်ပျက်နဲ့ ခေါင်းကို ခါတယ်။ သူ ဘာမှ မတတ်နိုင်ဘူး ဆိုတဲ့ ရုပ်နဲ့။

“ဟုတ်တယ်၊ ဒါပဲ၊ ကျနော်တို့က လူတိုင်းဆီသွားလို့ မရဘူး၊ ကျနော် တို့ ရှိနေခဲ့ဖူးတုန်းက ပတ်သက်ခဲ့ပြီး အဲဒီလူရဲ့ ရှင်သန်လိုစိတ် အနည်းဆုံး အချိန်ကျမှ ကျနော်တို့ကို မြင်ရတာ။ ရှိခြင်းနဲ့ မရှိခြင်း အလွှာကြားကနေ လွတ်မြောက်ဖို့ တခုတည်းသော နည်းလမ်းက မှတ်မိခံရဖို့။ အဲဒါဟာ နာမည် နဲ့ အချက်အလက်တွေ မဟုတ်ဘူး၊ အဖြစ်အပျက်တွေပဲ“

“လွယ်မယောင်နဲ့ ခက်ခဲလိုက်တာ”

“ဒါကြောင့် ခင်ဗျားမှာ ရွေးချယ်ခွင့် ရှိနေသေးတာ၊ ခင်ဗျား ရှင်သန် လိုစိတ် ပြန်ပြင်းပြလာရင် ကျနော်က အလိုလို ခင်ဗျားနဲ့ ပြန်ဝေးသွားမှာ။ အဲဒီကျရင် ကျနော် နောက်တယောက် ရှာရတော့မှာပေါ့။ ကျနော်နဲ့ အများ သုံးအိမ်သာ အဝင်အထွက်မှာ ပခုံးချင်း တိုက်မိဖူးတဲ့သူ ဖြစ်ဖြစ်ပေါ့

“ရှင့်တည်ရှိမှုက အဲဒီလောက် မှေးမှိန်ခဲ့တာလား၊ တခြား တယောက်… ဥပမာ အမေ၊ ညီမ၊ ချစ်သူ ဒါမျိုးတွေကကော“

“သူတို့ကမှ ရှင်သန်ချင်စိတ် မမှေးမှိန်သေးတာ“

တစ္ဆေရဲ့ မျက်နှာဟာ စိတ်ညစ်သွားတဲ့ပုံ ပေါက်နေတယ်။ သူ ဘယ်လောက်တောင် ပိတ်မိပြီး ဘယ်လောက်တောင် လွတ်မြောက်နေချင်ခဲ့ တာလဲ။

“မိုးလင်းတော့မယ်"

တစ္ဆေက ကျမ အခန်းပြတင်းကနေ အပြင်ကောင်းကင်ကို လှမ်း ငေးပြီး ပြောလိုက်တယ်။ ကျမ ခေါင်းထဲမှာတော့ တစ္ဆေနဲ့ဆိုင်တဲ့ အချက်အလက်တွေကို ရှာဖွေဖို့ မှတ်ဉာဏ်အလွှာတွေကို အလုပ်ပေးပြီး ပြေးလွှား နေတယ်။ လိမ္မော်ခွံယို၊ လိမ္မော်ခွံယိုရဲ့ အရသာကို နေရာတိုင်းမှာ မစားဖူးပါ ဘူး၊ ဘယ်မှာများ...။

မှတ်ဉာဏ်ဟာ လက်ခနဲ၊ “လိုအပ်တာရှိရင် ပြောပါခင်ဗျာ” ဆိုတဲ့ အပြုံးနဲ့ သွားတက်အစွယ်ကလေး၊ ပြီးတော့ အဖုံးဖွင့်ပြီး ကမ်းပေးလာတဲ့ လိမ္မော်ခွံယိုပုလင်း။

“ရှင်က… ရှင်က ကလောက ဟိုတယ်တခုက ဝိတ်တာလေးလား” ကျမ အသံတွေက စိတ်လှုပ်ရှားမှုကြောင့် တုန်ခါနေတယ်။ ကျမ စကားအဆုံးမှာ တစ္ဆေရဲ့ ခန္ဓာကိုယ်က ပိုပြီး ထင်ရှားလာတယ်။ ပြီးတော့ ခေါင်းကို တဆတ်ဆတ် ညိတ်ပြတယ်။ ကျမ ခုံပေါ်ကနေ ခြေဖျားထောက်ပြီး ထုပ်တန်းဆီက ကြိုးကွင်းကို အောင်ပွဲပန်းကုံးကို လည်ပင်းမှာ စွပ်ယူလိုက် တယ်။

တစ္ဆေက တစ္ဆေအသစ် ဖြစ်လာတော့မယ့် ကျမကို သင်ခန်းစာကို မမေ့အောင် ထပ်ပြောတယ်။

“အရေးကြီးဆုံး အချက်က ခင်ဗျား ရှိခဲ့ဖူးတယ်လို့ တယောက် ယောက်က အသိအမှတ် ပြုလိုက်ရင် ခင်ဗျားလည်း ထွက်သွားလို့ ရပြီ။ ခင်ဗျား ဘယ်သူဖြစ်တယ်၊ ဘာလုပ်တယ် ဆိုတဲ့ အချက်အလက် မဟုတ်ဘူး နော်။ သူ့မှတ်ဉာဏ်ထဲက အချက်အလက်က ခင်ဗျားဖြစ်ရင် ရပြီ၊ ခင်ဗျားက တော့ ကျနော့်ထက် တော်လိမ့်မယ်လို့ ထင်ပါတယ်။ ကျနော့်ကို မှတ်မိပေး ခဲ့လို့ ကျေးဇူးတင်ပါတယ်။ ခင်ဗျား ကျနော့်ကို တွေ့ဖို့ အချိန်အကြာကြီး ကျနော် စောင့်ခဲ့ရတာ“

အရင် တစ္ဆေက ပြောပြောပြီးချင်း အလင်းရောင်ထဲမှာ ဒရာမာဆန်ဆန် ပျောက်ကွယ်သွားတယ်။ ကျမ ခန္ဓာကိုယ်ကတော့ ဟောဒီ ထုပ် တန်းမှာ ဘယ်အချိန်ထိ တွဲလဲခိုနေဦးမယ် မသိသေးဘူး။

[၂]

 

တစ္ဆေအမျိုးသမီးက ကျနော့်ပါးကို ကိုင်ပြီး နမ်းလိုက်တယ် ထင် တယ်။ ပြီးတော့ သူ နမ်းခဲ့နေရာကို ဖွဖွကလေး ကိုင်ပြီး တိုးတိုးကလေး ပြော တယ်။

“လူတွေရဲ့ မှတ်ဉာဏ်ဟာ နောက်ဆုံးတွေ့ခဲ့ကြတဲ့ အချိန်မှာ ရပ်တန့်သွားတတ်ကြတယ်တဲ့။ ရှင်ကော ကျမကို နောက်ဆုံးအဖြစ် တွေ့ခဲ့ ကြသလိုမျိုး မှတ်မိနေပေးမယ် မဟုတ်လား။ ကျေးဇူးပြုပြီး မှတ်မိနေပေးပါ။ ဒီကမ္ဘာမှာ ရှင်မှ ကျမကို မမှတ်မိရင် ကျမ ရောက်လာခဲ့ဖူးတယ်လို့ မှတ်မိ မယ့်သူ တယောက်မှ မရှိဘူး။ ကျေးဇူးပြုပြီး ကျမကို မှတ်မိပေးမယ်လို့ ကတိပေးပါ

ပြတင်းပေါက်အစွန်းမှာ ရောင်နီကလေးတစ လင်းလာတယ်။ ကျနော့်ကို ကြည့်နေတဲ့ တစ္ဆေအမျိုးသမီးရဲ့ မျက်ဝန်းထဲမှာတော့ သူ့ကို မှတ်မိပေးနေဖို့ တောင်းဆိုတဲ့ မျှော်လင့်ချက်အရောင်တွေက လက်ဖြာတုန်း ပါပဲ။

စက်တင်ဘာ ၂၇

 

[၁]

 

စက်တင်ဘာ ၂၇။

အခုချိန်ဆိုရင် ကိုကိုတယောက် သူ စီးရမယ့် လေယာဉ်ပေါ်ကို ရောက်နေလောက်ပြီဟု တွေးရင်း ပန်းအိုးကလေးထဲသို့ နှင်းဆီပွင့်နီနီ ကလေးတွေကို ထိုးစိုက်လိုက်သည်။ ကိုကိုက နှင်းဆီပန်းရနံ့ကို အလွန် ကြိုက်သည်။ တိုက်ခန်းတခုလုံးကို သူမ ဝေ့ကြည့်လိုက်တော့ ပစ္စည်း အားလုံး သူ့နေရာနှင့်သူ စနစ်တကျ ရှိနေခဲ့ပြီ။ ဇာခန်းဆီး အသစ်ကလေးတွေက လည်း ပြတင်းမှ ဝင်လာသော လေနုနုကလေးမှာ ညင်ညင်သာသာ လှုပ်ခတ်လို့နေသည်။ Taylor Swift သီဆိုသော You Belong With Me သီချင်းကို သူမ တိုးတိုးညင်ညင် လိုက်ဆိုနေမိသည်။ မနက်က ဈေးက ပြန် လာပြီးအွန်လိုင်းဝင်တော့ ကိုကိုနှင့် တွေ့ရသေးသည်။

သူမ အံ့ဩစွာနှင့်ပင် လေယာဉ်ပေါ် မတက်ရသေးဘူးလား ကိုကို ဟု မေးတော့ “အခုမှ လေဆိပ်သွားနေတုန်း၊ ကားပေါ်က သုံးနေတာ” ဟုပြန် ဖြေခဲ့သေးသည်။ ခဏနေတော့ လေဆိပ်ရောက်ပြီဟု ပြောကာ လိုင်းပေါ် မှ ထွက်သွားတော့သည်။ ညနေခြောက်နာရီ ဆိုက်မည့် လေယာဉ်မို့ ညနေမှ သူမ သွားကြိုရပါမည်။ ဒီနေ့တနေ့လုံး အိမ်ကလေးကို ကိုကို့အကြိုက် ပြုပြင် နေမိသည်။ ကိုကိုက ကက္ကတစ်ငါးပေါင်းကို ကြိုက်တာမို့ မနက်တုန်းက မှာ မရအရ လိုက်ရှာဝယ်ခဲ့ပြီး ကိုကို့အကြိုက် အကောင်ပျောက် အရိုးနူး ပေါင်းထားလိုက်ပြီ။ ။ ပုစွန်ခြောက် ပုစွန်ခြောက် ငါးပိချက်ကလေးနှင့် ငါ ကျန် န် ဟင်းရံတွေလည်း ဖွယ်ဖွယ်ရာရာပင် ချက်ထားပြီးပြီ။ ဈေး

အိမ်ထောင်တခုအတွက် အရေးကြီး လူသားတယောက် ဖြစ်သလို သူမ အတွက်လည်း ကိုကိုက ကမ္ဘာပေါ်မှာ တဦးတည်းရှိသော အချစ်ဆုံးလူ ဖြစ်ပါသည်။ ကိုကို့ကို သူမ ဘဝထက်တပင် ပိုချစ်ပါသေးသည်။ ကိုကိုက မိဘမဲ့ တကောင်ကြွက်ဖြစ်သော သူမ ဘဝကို လုံခြုံအောင် ကာကွယ်ပေးခဲ့သူ ဖြစ်ပြီး၊ သူမ အပေါ်မှာလည်း အမြဲတမ်း ခင်ပွန်းကောင်း ပီသခဲ့သူ ဖြစ်သည်။

ချစ်သူတွေ ဘဝကတည်းက ကိုကိုက သူမကို အလိုလိုက်စရာ ရှိ လျှင် သူမတူအောင် အလိုလိုက်တတ်သော်လည်း ဆုံးမပြုပြင်စရာ ရှိနေလျှင် လည်း အစ်ကိုတယောက်လို ပြောဆိုဆုံးမတတ်သည်။ ချစ်သူ မဖြစ်ခင် ကတည်းက သူမ ဘဝကို တည့်မတ်အောင် ပြုပြင်ထိန်းကျောင်းပေးလာသူ။ သူမတို့အိမ် ထောင်ကျပြီးသော်လည်း ကိုကိုက နိုင်ငံခြားမှာပင် အလုပ်ဆက် လုပ်သည်။ သူမနှင့် လက်ထပ်တုန်း ခြောက်လသာ အိမ်ပြန်လာပြီး အလုပ် ရှိရာ နိုင်ငံသို့ ပြန်သည်။ စာချုပ်ပြည့်သွားသော်လည်း ခဏသာ ပြန်လာပြီး၊ အဆင်ပြေ၊ အရွယ်ရှိတုန်း ပိုက်ဆံကို ပိုရှာရမည်ဟု ဆိုကာ အလုပ်ကို ဆက် လုပ်နေတုန်းပင်။

သူမနှင့် နေ့တိုင်း အွန်လိုင်းမှာ တွေ့သည်။ ကိုကို ပို့သော ပိုက်ဆံတွေနှင့် သူမက ဖုန်းဆိုင်ကလေး ဖွင့်ထားသည်။ စည်ကားလာသော နေရာ ဖြစ်သည့်အတွက် ဝင်ငွေကလည်း အရင်ကထက် ပိုရလာသည်မို့ အဆင် ပြေပါသည်။ အခုဆို ကိုကို ထပ်ပို့သော ပိုက်ဆံတွေကို စုကာ သူမတို့ ကိုယ် ပိုင် တိုက်ခန်းကလေးပင် ဝယ်နိုင်ခဲ့ပြီ။ နံရံပေါ်က သူမတို့ မင်္ဂလာဆောင် ဓာတ်ပုံကို ကြက်မွေးနှင့် သုတ်ရင်း ကိုကို့မျက်နှာကလေးကို လက်ချောင်းများ နှင့် တို့ထိကာ-

“သိပ်ကို လွမ်းနေတာ...“

ဟု ပြောလိုက်မိသည်။ နာရီပိုင်းအတွင်း တွေ့ရတော့မည်ကို ပထမ ဦးဆုံး ချိန်းတွေ့ချိန်လို စိတ်လှုပ်ရှားနေမိသည့် သူမကိုယ် သူမ သဘော တကျ ပြုံးရင်း အိပ်ခန်းထဲသို့ ဝင်လာခဲ့သည်။ အိပ်ရာခင်းနှင့် ခေါင်းအုံးစွပ် များကို အသစ်လဲသည်။ ပန်းရောင်ဖျော့ဖျော့ပေါ်တွင် အနီရဲရဲ နှင်းဆီပွင့်ချပ် တွေနှင့် အိပ်ရာခင်းက ခင်းလိုက်မှ ပိုလှသွားသည်။ နာရီကြည့်လိုက်တော့ ၁၂ နာရီသာ ရှိနေသေးသည်။ ထမင်းစားပြီး အောက်ထပ်ခဏဆင်းကာ ဆိုင်ကို စစ်ရမည်။ ပြီးလျှင် စီးတီးမတ် သွားပြီး ကိုကို့အတွက် ကော်ဖီ မိတ်ကာစက်နှင့် ကော်ဖီတွေ ဝယ်ရမည်။

ကိုကိုက ကော်ဖီအေးကို အလွန်ကြိုက်လေသည်။ ထမင်းစားခန်း ထဲ ဝင်လာပြီး ထမင်းအနည်းငယ် စားလိုက်သည်။ ထမင်းစားရင်းနှင့် ဝရန် တာက ပန်းအိုးကလေး ပြင်စိုက်ဖို့ သတိရလိုက်သည်။ ညနေအတွက် ချက် ထားသော ဟင်းတွေကို မစားတော့ဘဲ မနက်က ကျန်သော ငါးခြောက်ဖုတ် နှင့်သာ စားဖြစ်လိုက်သည်။ ပန်းကန်တွေကို ဆေးပြီးသောအခါမှ ကိုကို အချိုတည်းဖို့ ပူတင်း လုပ်ရဦးမည်မှန်း သတိရသည်။ ကြက်ဥ၊ နွားနို့၊ သကြားနှင့် ဂျုံတို့ကို အချိုးကျ ရောစပ်လိုက်ပြီး မိုက်ကရိုဝေ့ဖ်ထဲ ထည့်လိုက်ပြီး အချိန် မှတ်ထားလိုက်သည်။ အိမ်ရှေ့မှ ခေါင်းလောင်းကြိုးဆွဲသံ ကြားတာမို့ ငုံ့ကြည့်လိုက်တော့

ဂျာနယ်သမားက သူမ အပတ်စဉ်မှာသော ဂျာနယ်ကို လာချိတ်ပေးတာ ဖြစ် သည်။ ဂျာနယ်ကို ဆွဲယူလိုက်ပြီး ပန်းအိုးကလေးကိုပါ လှမ်းဆွဲယူကာ ညှိုး လျော်ဝါခြောက်နေသော အရွက်တချို့ကို ဖယ်ရှားပစ်သည်။ မြေဆွပြီး အား ဆေး ထည့်သည်။ ပြီးနောက် အိမ်ထဲ ပြန်ဝင်လာခဲ့ကာ လက်ဆေးပြီး ပူတင်း ကျက်မှာကို စောင့်သည်။ ပူတင်း ကျက်သောအခါ ရေခဲသေတ္တာ အတွင်းသို့ ထည့်ခဲ့ပြီး ဆိုင်ရှိရာ အောက်ထပ်ကို ဆင်းလာခဲ့သည်။ ဆိုင်က ဝန်ထမ်း ကလေးများနှင့် ဆိုင်လာပြီး ကူစောင့်ပေးသော ကိုကို့ညီလေးကို မှာစရာ ရှိတာ မှာပြီး အပေါ်ပြန်တက်လာခဲ့သည်။ အချိန်စောသေးတာမို့ရော မနက်က စိတ် လှုပ်ရှားပြီး စောစောနိုးလာတာကြောင့်ပါ အိပ်ခန်းထဲဝင်ပြီး ခုတင်ပေါ် လှဲချ ကာ နားလိုက်သည်။ ဖတ်လက်စ စာအုပ်ကို လှမ်းယူကာ ဖတ်နေရင်း သူမ မှေးခနဲ အိပ်ပျော်သွားခဲ့သည်။

[၂]

 

“အဲဒါ သူ့ရဲတနေ့တာပဲ ဆရာ... သူ့မှတ်ဉာဏ်ထဲမှာ စက်တင်ဘာ ၂၇ ရက်နေ့ နေ့လယ်တနာရီခွဲလောက် အထိကိုပဲ မှတ်မိတော့တယ်။နေ့ တိုင်း နေ့တိုင်း သူ လုပ်နေသမျှဟာ စက်တင်ဘာ၂၇ ရက်နေ့တုန်းက သူ လုပ်ခဲ့တာတွေကိုပဲ“

တာဝန်ကျ နာ့စ်ကလေး ပြောပြသမျှကို ဒေါက်တာအောင်စည် ခေါင်းတညိတ်ညိတ် နားထောင်နေမိသည်။ သီးသန့်ခန်းထဲမှာ ထားရသော လူနည်းစုတွင် ထိုအမျိုးသမီးလည်း ပါသည်။ အသက် ၃ဝ ပင် မပြည့်သေးပုံရသော်လည်း သူမ ပုံသဏ္ဌာန်က နွမ်းနယ်လို့နေသည်။ သည်အခန်းကျဉ်း ကလေးထဲမှာ ဘာမှ မရှိသော်လည်း သူမက ရှိသယောင် ထင်မှတ်ကာ လှုပ် ရှားနေခြင်းသာ ဖြစ်သည်။ အလွန်ဆိုးရွားသော စိတ်ထိခိုက်မှုကြောင့် ရခဲ့ သည့် ရှားပါးသော အတိတ်မေ့ စိတ်ဝေဒနာတမျိုးကို ခံစားနေရသည့် ဝေဒနာရှင် အမျိုးသမီးကို သူ သေချာလေ့လာမိသည်။

ဖတ်လက်စ စာအုပ်ကို အိပ်ရာဘေး မှောက်လျက်ချရင်း အိပ်ပျော် လို့နေသည်။ ဖတ်လက်စစာအုပ် ဆိုသည်ကလည်း တကယ့်ဂန္တဝင်ဝတ္ထုတခု။ Dafine Du Morriour ရေးသားသော Rebecca ဆိုသည့် ဝတ္ထုကို အထောက်တော်လှအောင် သာသာပြန်ထားသော စာအုပ်ဖြစ်သည်မို့ သူ စိတ်ဝင်စားသွားမိသည်။ ဒီစာအုပ်မျိုး ဆိုသည်က အတော်အတန် စာဖတ် သက် ရင့်သူတွေသာ နှစ်သက်တတ်သော စာအုပ်မျိုး။

“ဆရာမ.. ဒီစာအုပ်က ဆရာမတို့ ပေးထားတာလား

“မဟုတ်ဘူး ဆရာ၊ သူ့ရောဂါအကြောင်း ပြောပြတော့ သူ့အိမ်က လူတွေ လာပေးသွားတာ။ ဒါ သူ နောက်ဆုံးဖတ်နေခဲ့တဲ့ စာအုပ်တဲ့

“ကျွန်မလေ သူ့ကိုကြည့်ပြီး သနားလိုက်တာ ဆရာရယ်၊ ရက်တွေ လတွေသာ ပြောင်းလာတယ်။ သူကတော့ နေ့စဉ်နေ့တိုင်း ဒီအတိုင်းပဲ လုပ် နေမြဲပဲ။ ရောဂါအခြေအနေက တိုးတက်မှုလည်း ရှိမလာဘူး”

“သူ... အခုလို ဖြစ်သွားရလောက်အောင် ဆိုးတဲ့ အကြောင်းရင်းက ဘာများလဲ... ဆရာမ သိလား”

“ဒီလိုဆရာ... အဲဒါတွေ အားလုံးက သူ အိပ်ရာက နိုးပြီးမှဖြစ်တာ။ သူဟာ အခုလို အိပ်နေရာကနေ အိပ်ရာနိုးပြီးချိန် နောက်ပိုင်းကို ဘာမှ မသိတော့ဘူး... အဲဒီနေ့က...။

[၃]

 

သူမ အိပ်ရာက နိုးလာတော့ ၄ နာရီပင် ထိုးပြီ။ အချိန်ကြာကြာ အိပ်ပျော်သွားရသော သူမကိုယ် သူမ အပြစ်တင်ရင်း အိပ်ခန်းကို ပြန်ပြီး ရှင်းလင်းလိုက်သည်။ ကော်ဖီတခွက်နှင့် မုန့်ကြွပ်တခုကို စားလိုက်ပြီး ရေချိုး ခန်းအတွင်းသို့ ဝင်လာလိုက်သည်။ ရေချိုးပြီး မှန်တင်ခုံရှေ့ ဝင်ထိုင်ကာ ခပ်ရိုးရိုးသာ ပြင်ဆင်လိုက်သည်။ ဆံပင်ရှည်ကြီးကို ဖြီးသင်ရင်း ကိုကိုမြင်ရင် သဘောကျမှာပဲဟု တွေးနေမိသည်။ ကိုကိုက ဆံပင်ရှည်နက်နက်တွေကို အလွန်ကျက်သရေ ရှိလှသည်ဟု ပြောကာ သူမကို ဆံပင်ရှည်ထားဖို့ တောင်း ဆိုခဲ့သည်။ အခုဆိုရင် သူမ ဆံပင်တွေက ထွေးထွေးအိအိနှင့် နက်မှောင် တောက်ပနေကြသည်။

ဆံပင်တွေကို ရှင်းလင်းပြီး ရိုးရှင်းသော ကျောက်စီကလစ်တခုနှင့် သာ သိမ်းညှပ်လိုက်သည်။ အဝတ်အစားကိုလည်း သာမန်သေသပ်လှပရုံသာ ဝတ်လိုက်သည်။ လေယာဉ်ကွင်းကို တောက်တောက်ပြောင်ပြောင် ဝတ်စား လာတတ်သူများကို သူမ သဘောမကျပါ။ တံခါးကို သော့ခတ်ပြီး အိမ်အပြင် ကို ထွက်လာတော့ ၅ နာရီ ထိုးနေပြီ။ လမ်းမဘက်သို့ လျှောက်ရင်း တက္ကစီ တားပြီး လေဆိပ်သို့ ထွက်လာခဲ့လိုက်သည်။ ရုံးပိတ်ရက်မို့ ကားတွေ မပိတ် ချေ။ လေဆိပ်ကို ရောက်တော့ ၅ : ၄၅ နာရီ။ သူမ သိပ်မစောင့်လိုက်ရဘဲ ကိုကိုပါသော လေယာဉ် ဆိုက်လာခဲ့ပြီမို့ ကိုကို ထွက်လာမည့်နေရာကိုသာ မျှော်ကြည့်နေလိုက်သည်။

နူးညံ့သော အပြုံးတွေနှင့် ကိုကိုက သူမ ရှိရာကို လျှောက်လာသည်။

သူမကို ခပ်သာသာ ပွေ့ဖက်လိုက်ပြီး ခပ်တိုးတိုး ဆိုသည်။

“လွမ်းလိုက်ရတာ”

“အတူတူပါပဲ ကိုကိုရယ်“

ထို့နောက် သူမတို့ ပစ္စည်းတွေကို သယ်ကာ လေဆိပ်အပြင်ဘက် သို့ ထွက်လာခဲ့ကြသည်။ မိုးတွေက သဲသဲမဲမဲ ရွာနေသည်။ တက္ကစီတစီးကို ငှားပြီး အိမ်သို့ ပြန်ခဲ့ကြသည်။ ကိုကိုက အပြင်က ထမင်း၊ ဟင်းကိုချည်း စား လာရတာငြီးငွေ့လှပြီ၊ သူမ လက်ရာကိုပဲ စားတော့မည်ဟု ရယ်မောကာ ဆိုသည်။ သူမကလည်း ကိုကို့အကြိုက်တွေ ချက်ထားကြောင်း ပြန်ပြော သည်။ ကားကလေးက ပုံမှန်အရှိန်နှင့် ပြည်လမ်းမပေါ်မှာ ပြေးနေသည်။

အရာအားလုံးကတော့ မျက်စိတမှိတ်အတွင်းမှာ ဖြစ်ပျက်သွားကြ သည်။ ကားတာယာကွဲသံနှင့်အတူ သူမတို့ စီးလာသော ကားကလေး တပတ် လည်သွားသည်။ မိုးရေရွှဲနေသော လမ်းမကြီးမှာ ကားကလေးက လျှောတိုက် ပါသွားသည်။ သဲမဲစွာ ရွာနေသော မိုးရေတွေကြောင့် အနောက်မှ ပါလာသော ဘတ်စ်ကားကြီးက ရှေ့က တက္ကစီကလေး ဘာဖြစ်သွားလဲ ဆိုတာကို မမြင် လိုက်ရပါ။

ထို့ကြောင့်...

သူမ၏ ခင်ပွန်းသည် ထိုနေရာမှာပင် ပွဲချင်းပြီး ကွယ်လွန်သွားလေ သည်။ သူမကိုယ်ကို အုပ်မိုးကာကွယ် ဖက်တွယ်ထားသော သူမ ခင်ပွန်း ဆီမှ သွေးများက သူမ တကိုယ်လုံးကို စွန်းပေကုန်တော့သည်။ သူမ သတိ လစ်မသွားခင် မြင်လိုက်ရသော ခင်ပွန်းသည်၏ နောက်ဆုံးအဖြစ်ကို သူမ မည်ကဲ့သို့မှ လက်ခံနိုင်စွမ်း မရှိခဲ့..။

[၄]

 

သူနာပြုဆရာမ၏စကား ဆုံးသောအခါ ဒေါက်တာအောင်စည် သက်ပြင်းမောကို လေးပင်စွာ မှုတ်ထုတ်လိုက်မိသည်။ သူမ၏ အဖြစ်က ဆိုး သလို နေ့တနေ့၏ အချိန်တိုကလေးထဲမှာပင် ပိတ်မိနေရသော သူမ၏ဘဝ က ပို၍ပင် ဆိုးဝါးလွန်းလှပါသည်။

“ဒီလို ဖြစ်နေမယ့်အစားဗျာ... ဟူး

ဆရာဝန်တယောက်အနေနှင့် မပြောသင့်သောစကား ဖြစ်သော် လည်း သာမန်လူသား အတွေးဖြင့် သူ့နှုတ်မှ ရုတ်တရက် ခုန်ထွက်သွားသည်။ သူ ဆက်မပြောသော စကားကို သူ့နံဘေးမှာ ရပ်နေသော သူနာပြုဆရာမက နားလည်စွာ သူ့ကို ငဲ့ကြည့်ရင်း ခေါင်းညိတ်ပြသည်။

သူတို့က သူမကို ဆေးတွေ ထိုးပေးရုံ၊ ဆေးတွေ တိုက်ပေးနေရရုံ အပြင် ဘာကိုမှ မတတ်နိုင်ခဲ့ပါ။ ဘယ်အချိန်မဆို အိပ်ရာက နိုးလာပြန်တိုင်း စက်တင်ဘာ ၂၇ ရက်နေ့ကို ပြန်ပြန်ရောက်သွားခဲ့သော သူမ ဘဝက ကျောက်တုံးတတုံးနှင့် ဘာမျှ မခြားနားချေ။

[၅]

 

ဒေါက်တာအောင်စည် ထိုဆေးရုံသို့ ရောက်ပြီး ခြောက်လအကြာ တခုသော နေ့လယ်ခင်း နှစ်နာရီတွင် သူမအခန်းသို့ ဆေးထိုးပေးရန် ဝင် ရောက်သွားသောအခါ ခုတင်ပေါ်တွင် နှလုံးခုန် ရပ်နေပြီဖြစ်သော သူမ၏ ခန္ဓာကိုယ်ကလေးကိုသာ တွေ့ကြရလေတော့သည်။ သူမ၏ ခေါင်းအုံးတွင် စိုနေခဲ့သော မျက်ရည်များ မခြောက်သေးသည်က သူမ ထွက်ခွာသွားတာမကြာသေးကြောင်းကို ဖော်ပြနေကြသည်။

အဆိုးရွားဆုံး အဖြစ်အပျက်များကို လုံးဝ မေ့ထားပြီး ပျော်ရွှင်ခြင်း၊ မျှော်လင့်ခြင်းနှင့် စောင့်စားခြင်းတို့တွင်သာ တဝဲလည်လည် ပိတ်မိနေခဲ့သော သူမ လွတ်မြောက်သွားခဲ့ပြီ ဆိုတာကို ဒေါက်တာအောင်စည် နားလည်လိုက် သည်။ လူသားတယောက်၏ သေဆုံးခြင်းကို ဝမ်းနည်းမိပါသော်လည်း သူမ ၏ လွတ်မြောက်မှုအတွက်တော့ သူ ဝမ်းသာမိပြန်ပါသည်။ တိုက်တိုက် ဆိုင်ဆိုင်ပင် ထိုနေ့သည် “ စက်တင်ဘာလ ၂၇ ” ရက်နေ့ ဖြစ်ပါသည်။

အ... လုံးကြီးတင် မ... သတ်

 

“သမီးတို့က… အဲဒီတိုက်တန်းလျားမှာ နေကြတာ... သမီးစကားကို မမက မယုံဘူးလား...။ မယုံလည်း နေပေါ့၊ သမီး တို့ မိသားစုက အဲဒီ မြင်နေရတဲ့ တိုက်တန်းလျားကြီးမှာ နေကြတာ။ အဲ... ည မအိပ်ရတာက လွဲလို့ပေါ့။ ညကျတော့ ဟိုးအနောက်ဘက်က ကြက်ခြံ တွေရှေ့မှာ ဆောက်ထားတဲ့ မော်တော်ယာဉ်ရပ်နားစခန်းထဲကို သွားအိပ်ကြ တာလေ။ တိုက်တန်းလျားလောက် သမံတလင်းတွေက မကောင်းပေမဲ့ မြေ ကြီးတွေပေါ်ထက်တော့ သာတာပဲ။

အဲဒီ ယာဉ်ရပ်နားစခန်းထဲက နားနေဆောင်မှာ သမီးတို့မိသားစု ခြောက်ယောက်က တခြမ်း၊ အောင်မြင့်မြတ်တို့မိသားစု လေးယောက်က တခြမ်း နေကြတယ်။ အဲ... ညအိပ်ကြတယ်။ သမီးတို့ နေတဲ့နေရာက သွပ်မိုး နဲ့ပေမဲ့ ဘေးက အကာမပါဘူး။ အင်း... အပြည့်မပါဘူးပေါ့။ ကိုလေး တက် ထိုင်နေကျ သမီးနဲ့ မမီတဲ့ အုတ်ပေါင်တွေတော့ ပါတယ်။ နွေဆို သမီးတို့ နေရာက လေလေး တဖြူးဖြူးနဲ့။ ဆောင်းတွင်းတော့ နည်းနည်းအေးတယ်။

မိုးဆိုရင်တော့ မိုးသည်းသည်းရွာရင် သမီးတို့နဲ့ အောင်မြင့်မြတ်တို့ အလယ် ကို စုအိပ်ကြတာပဲ။ ဒါပေမဲ့ မိုးသိပ်သည်းရင် မလုံပါဘူး။ အဖေကတော့ ပြောတယ်..။ ငါတို့ကို သွပ်မိုး၊ မြေညီလုံးချင်းဆို ရန်ကုန်ဈေးနဲ့ သူဌေးမှ နေနိုင်တာကွ” တဲ့။ အဲဒီလိုပြောတိုင်း အမေကတော့ “ဟုတ်ပါပြီ ကိုရွှေသူဌေး မင်းရယ်...” လို့ ပြန်ပြောတတ်တယ်။ နှုတ်ခမ်းကို ထော်လို့။

အောင်မြင့်မြတ်တို့နဲ့လား...၊ ဘာမှ မတော်ပါဘူး။ အစက သမီးတို့ မှာ နေစရာ မရှိဘူး။ ဈေးထဲမှာ သွားအိပ်ရတာ။ အဲဒီနေရာမှာ အောင်မြင့်မြတ် တို့က နေတာ ကြာပြီ။ နောက် အဖေက ဟိုးအနောက်ဘက်က ဝက်ခြံတွေ မှာ ဝက်တွေကို ကားတင်တဲ့ဆီကို အလုပ်ဝင်လိုက်တော့ အောင်မြင့်မြတ်တို့ အဖေက သူတို့နဲ့ လာနေဖို့ ခေါ်လိုက်တာ။ သူတို့က တည့်ကြတယ်။ အလုပ် သွားလည်း အတူ...၊ အလုပ်လည်း အတူ၊ ဟိုဒင်း... အရက်သောက်တော့ လည်း အတူတူပဲလေ။ အဖေတို့၊ အမေတို့နဲ့က တည့်တယ်၊ သမီးနဲ့ အဲဒီ ကောင်က မတည့်ဘူး။ အလကား ဘာမှ မအောင်မြင့်မြတ်ဘူး...။ အောင် စုတ်ပဲ့။ သမီးတော့ အဲဒီလိုပဲ ခေါ်တယ်။ သူတောင် သမီးနာမည်ကို နှမ်းဆီ မွှေးလို့ ခေါ်သေးတာပဲ။ ဩော် သမီးနာမည်လား...၊ သမီးနာမည်က နှင်းဆီ ဖွေးတဲ့။

နာမည်လား...၊ လှလို့လား...။

အမေ ပေးတာလေ။ အမေက ဝတ္ထုစာအုပ်ထဲက နာမည်လှလှလေး တွေ မှတ်ထားပြီး ပေးတာတဲ့။ မကြီး နာမည်က သင်းကြည်အေး၊ အစ်ကို လတ်က ခန့်မဟော်၊ မောင်လေးက ထွဋ်တေဇ တဲ့။ သမီးဆို မောင်လေး နာမည်ကို တော်တော်နဲ့ မှန်အောင် မပေါင်းတတ်ဘူးရယ်။ “ထွတ်တေဇ” ဆိုလို့ ကျောင်းက ဆရာမက ရယ်လိုက်တာ အရမ်း။ တိုက်တန်းလျားပေါ်ကအမေ အဝတ်လျှော်နေကျ အိမ်က ကြီးမေကြီးကဆိုရင် အမြဲပြောတယ်။

“နင်တို့ အမေက နာမည်ပေးမှာတော့ အိတ်စပတ်” တဲ့။

ကျောင်းလား...။ နေတယ်။ သမီးက နှစ်တန်း၊ အစ်ကိုလေးက သုံး တန်း။ သမီးလား...။ ဟီးဟီး သမီးက စာမတော်ဘူး။ သမီး စာကျက်ရတာ မကြိုက်ဘူးလေ။ သမီးက တီဗွီကြည့်ရတာ ကြိုက်တယ်။ အစ်ကိုလေးလည်း စာမတော်ဘူး...။ ရီ(ရယ်)ရတယ် သိလား မမ၊ အမေက အစ်ကိုလေးကို ဒီ နာမည်ကို ဉာဏ်ကောင်းအောင်လို့ ပေးထားတာတဲ့။ ဘာမဟော်ဆိုလား...။ အမေက ခေါ်တယ်။ နင်ကျ မျောက်လောင်းတဲ့... ဟီး ဟီး။

ဟုတ်တယ်...၊ အဲဒီမှာက နေ့ဘက်ဆို နေလို့ မရဘူးလေ။ ကြက် လာဝယ်တဲ့ ကားတွေက ဝင်လိုက်၊ ထွက်လိုက်ကိုး။ တိုက်တန်းလျားထဲတော့ နေ့ဘက်နေလို့ ရတယ်။ တနေရာကို အထုပ်တွေ စုထားပြီး လျှောက်ဆော့နေ လိုက်ကြတယ်။ အမေက အဝတ်လျှော်တယ်လေ...။ သမီးတို့ အစ်မကတော့ အဲဒီတန်းလျားထဲက ထမင်းဆိုင်မှာ လုပ်တယ်။ သမီးက ဖြစ်နိုင်ရင် ညဘက် လည်း တိုက်တန်းလျားထဲပဲ အိပ်ချင်တာ...။ ဒီမှာက ကြက်ချေးစော်နံလို့။

တိုက်တန်းလျားမှာ မအိပ်ရတာကလား...၊ အိပ်လို့ မရဘူးလေ။ ညဆိုရင် လုံခြုံရေးတွေ လာလာမောင်းထုတ်လို့လေ။ သမီးငယ်ငယ်၊ ဒီတိုက် ကြီး ပြီးခါစက တိုက်တန်းလျားထဲ ဝင်အိပ်ကြတယ်။ ဟင့်အင်း..၊ အခန်းတွေ ထဲတော့ မဟုတ်ပါဘူး။ ဓာတ်လှေကားတွေလေ သိလား..၊ အဲဒီဓာတ်လှေ ကား ထောင့်ချိုးတို့၊ ကော်ရစ်တာအကွယ်တို့မှာ နေကြတာ။ အရင်က ဒီမှာ လူနေတာ မများဘူးလေ။ ပြီးကျ အကျယ်ကြီးပဲ...၊ မိုးရောလေရော လုံတယ် (လေလုံတာက ပူတော့ပူတယ်)။

အရင်လုံခြုံရေး ဦးလေးကြီးတွေက သိပ်တော့ မပြောရှာပါဘူး။ညဦးပိုင်း လာကြည့်ပြီးရင် မလာတော့ဘူး။ အခုကျ တိုက်တန်းမှာ နေတဲ့လူ တွေ များလာတော့ သမီးတို့တွေ အဲဒီမှာ အိပ်ရင် မကြိုက်ကြလို့တဲ့။ ဘာ ဆိုင်လို့လဲနော်..။ သမီးတို့မှာ နေစရာမရှိလို့ ဥစ္စာ။ ပြီးတော့ သမီးတို့က အိမ် တွေထဲ ဝင်နေတာမှ မဟုတ်တာ။ အကျယ်ကြီးလွတ်နေတဲ့ နေရာတွေမှာ နေနေတာပဲကို...။ ချမ်းသာတဲ့ လူတွေက ကပ်စေးနှဲစရာမရှိ ရှာကြံကပ်စေးနှဲ ကြတာပဲ။

တကယ်ပြောတာ မမရဲ့ ...၊ အန်တီကြည်ဆို အရမ်းကို ကပ်စေးနှဲ တာ။ သမီးကို ပိုက်ဆံသုံးတတ်မှာစိုးလို့တဲ့ ဘယ်တော့မှ မုန့်ဖိုးမပေးဘူး။ ဪ... အန်တီကြည် ဆိုတာက သမီးကို ခေါ်ထားတဲ့ အိမ်ကလေ။ အန်တီ ကြည်ရယ်၊ ဦးဦးရယ်၊ ဘဘရယ်၊ ကြီးကြီးသတ်ရယ်နဲ့ သမီးသွားနေရသေး တယ်။ ကျောင်းတက်ရတယ်။ အင်္ကျီအသစ်တွေလည်း ပေးတယ်။ ဧည့်ခန်း မှာလည်း အိပ်ရတယ်။ အမေတို့တော့ မပါဘူးပေါ့။ သမီးတယောက်တည်းကို ပဲ ခေါ်ထားတာ။ မောင်လေးကို သမီးက ခေါ်ထားချင်တယ် ပြောပေမဲ့ မခေါ် ရဘူးတဲ့။

အန်တီကြည်တို့ အိမ်မှာလား...၊ ဘာမှ သိပ်မလုပ်ရပါဘူး။ မနက် ခင်း ဆိုရင် ကြက်မွေးတံမြက်စည်းနဲ့ ဖုန်လှည်းရတယ်၊ ဘာမှမရှိလည်း နေ့ တိုင်း လှည်းရတာ။ ကြမ်းတိုက်ရတယ်။ ပြီးတော့ အမှိုက်အိတ်တွေကို အမှိုက်သမား လာယူမယ့်နေရာကို သွားထားရတယ်။ ပန်းကန်တွေ ဆေးရ တယ်။ ရေချိုးခန်း ဆေးရတယ်။ ကြီးကြီးသက်နဲ့ ဘဘ ညောင်းရင် နင်းပေး ရတယ်။ ဦးဦးဖို့ နိုင်တီတူးနဲ့ ကွမ်းနှစ်ရာဖိုး ဝယ်ပေးရတယ်။ အန်တီကြည်က ဟိုဟာဒီဟာ လိုတာလေးတွေ ဈေးဆိုင် ပြေးဝယ်ပေးရတယ်။ ပိုတဲ့ ပိုက်ဆံ ကို သေသေချာချာ တွက်ပြီး ပြန်ပေးတိုင်း အန်တီကြည်က “လိမ္မာတယ်” လို့ပြောတယ်။ ပြီးရင်တော့ ကျောင်းသွားပေါ့..၊ ညကျရင်တော့ စာကြည့်ရတယ်။

စာကြည့်ရတာက သိပ်တော့ မကောင်းပါဘူး။ အန်တီကြည်က သမီး စာမရရင် အရမ်းဆူတာပဲ။ စာမရရင် နားရွက်ဆွဲ ထိုင်ထလုပ်ခိုင်းတယ်၊ စာခဏခဏ ထစ်ရင် ခေါင်းခေါက်တယ်၊ အဲဒီနေ့ တီဗွီလည်း ပေးမကြည့် တော့ဘူး။ အောင်မြင့်မြတ်တို့က အတူဆော့ဖို့ အပြင်ကနေပြေးရင်း အသံ ပေးရင် သမီးက သွားဆော့ချင်ပြီ။ အန်တီကြည်က သမီးကို သူတို့နဲ့ မဆော့ ရဘူးတဲ့။ သူတို့က ဆိုးတယ်တဲ့။ သမီးဆော့ဖို့ အရုပ်မရုပ် အဟောင်းလေး ပေးတယ်။ အရုပ်မကို သမီးက ချစ်လို့ ပါးမှာ ဘောပင်အနီနဲ့ ပါးနီ ဆိုးပေး လိုက်တုန်းက အန်တီကြည်က အရမ်းစိတ်ဆိုးတာ။ သူငယ်ငယ်ကတည်းက အရုပ်ကလေး ပေးထားတာကို သမီးက အကောင်းနဲ့ မတန်ဘူးတဲ့။

တကယ်က သမီးလည်း အရုပ်နဲ့ မပျော်ပါဘူး၊ အောင်မြင့်မြတ်တို့နဲ့ အတူ အခန်း ၈ဝ၂ က ခွေးကြီးကို စချင်တာ။ ခွေးကြီးကို အပြင်ကနေ လှမ်းစ၊ သူက ဟောင်လို့ သူ့အိမ်ရှင် ထွက်လာရင် တဝုန်းဝုန်းနဲ့ ပြေးရတာ ပျော်စရာကြီး။ ပြီးတော့ ကိုးလွှာက ဟိုအစ်ကိုကြီးတွေနေတဲ့ အခန်းရှေ့မှာ ပုလင်းတွေ သွားကောက်ပြီး သွားရောင်းစားကြရတာလည်း ကောင်းတယ်။ အဲဒီပုလင်းတွေကို မနက် ၁ဝ နာရီ မထိုးခင်တော့ ကောက်ရတယ်။ နောက် ကျရင် အမှိုက်သိမ်းတဲ့လူတွေ ယူကြပြီပဲ။ အမှိုက်လာသိမ်းတဲ့ လူတွေထဲက ခြေတဖက် ဆာနေတဲ့ ဦးလေးကြီးက ပိုဆိုးတယ်။ ပုလင်းတွေက သူ့ဟာတဲ့... သမီးတို့ ယူရင် ရိုက်သတ်မယ်တဲ့။ သိသားပဲ...၊ အဲဒီပုလင်းတွေထဲက အရည် ကျန်တာတွေကို ပုလင်းတလုံးထဲ စုထည့်ပြီး သူ သောက်သောက်နေရလို့ ဆိုတာ သမီး သိသားပဲ။

အန်တီကြည်က သမီး စာဖျင်းလို့ ခေါင်းခေါက်တာ လွဲရင်၊ အရုပ်တွေကို ဖျက်ဆီးလို့ စိတ်ဆိုးတာက လွဲရင် ကောင်းပါတယ်။ ကြီးကြီးသက်က မုန့်တခုပဲ ကျွေးရင်တောင် အန်တီကြည်က သမီး ထပ်တောင်းစားရင် ပေး တယ်။ ကားလေးနဲ့ အပြင်ကို ခေါ်သွားပြီး တိရစ္ဆာန်ရုံရယ်၊ ရွှေတိဂုံဘုရားရယ် လည်း ပို့ပေးတယ်။ ရွှေတိဂုံဘုရားကို သမီး တခါမှ မရောက်ဖူးဘူးလေ။ ဈေး ထဲကို ခေါ်သွားပြီး ကျောင်းစိမ်းလှလှလေးတွေ၊ ဖိနပ်အသစ်လေးတွေလည်း ဝယ်ပေးတာပဲ။ အန်တီကြည်က သမီး ကျောင်းသွားဖို့ အိမ်က ထွက်တိုင်း “ညနေ အိမ်ကို တန်းတန်းမတ်မတ် ပြန်လာနော်“ လို့ မှာတတ်တယ်။ နေ့ တိုင်းလည်း တီဗွီအကြီးကြီးကနေ ရုပ်ရှင်တွေ ကြည့်ရတယ်။ ဦးဦး ကြည့်တဲ့ သရဲကားတွေတော့ သမီး မကြည့်ဘူး...၊ ကြောက်လို့။

အခုလား...၊ အန်တီကြည်တို့ သမီးကို ကျောင်းမထားပေးတော့ဘူး။ အိမ်မှာလည်း မနေရတော့ဘူး။ ဟိုဒင်း... အမေက အန်တီကြည်တို့အိမ်မှာ မီးပူလာတိုက်ပေးရင်း ကြီးကြီးသက်ရဲ့ ထဘီအသစ်ရယ်၊ ဦးဦးရဲ့ ဖုန်းရယ်ကို ခိုးလို့တဲ့။ ခိုးတယ် ဆိုတာ မကောင်းဘူးလို့ ကျောင်းမှာ သင်ရတယ်။ အမေ့ ကို ဘာလို့ ခိုးတာလဲလို့ မေးတော့...မသာမကြီးတွေက အကြွေးနဲ့ နှိမ်လို့ နင်တို့ ငတ်မသေအောင် ယူတာဟဲ့” လို့ ပြောပြီး ဆဲရင်း ငိုတော့တာပဲ။ အမေ ငိုတော့ အဖေက ဆေးလိပ်ဖွာပြီး အပြင်ကို အကြာကြီး ထိုင်ငေးနေတော့ တာပဲ။ သမီးတော့ နားမလည်ပါဘူး။

သမီးကို အဖေ လာပြန်ခေါ်တော့ ပစ္စည်းတွေ ထည့်ပေးရင်း အန်တီကြည်က မျက်နှာမကောင်းပေမဲ့ ကြီးကြီးသက်တို့က ဘယ်တော့မှ လက်မခံတော့ဘူးတဲ့။ အန်တီကြည်က သမီး ကျောင်းတက်ဖို့ အကုန်လုံး ထည့်ပေးလိုက်တယ်တဲ့။ ကျောင်းသွားတဲ့ ထမင်းချိုင့်ကလေးမှ ပါတယ်။ အခု အောင်မြင့်မြတ်တို့နဲ့ သမီး ကြိုက်သလို ဆော့နိုင်ပေမဲ့ တီဗွီမကြည့်ရတာရယ်၊ မုန့်ကောင်းကောင်းလေးတွေ မစားရတော့တာရယ်၊ ဖျာ ချောချောလေးပေါ် မအိပ်ရတော့တာရယ်ကတော့ မကောင်းဘူးပေါ့။

သမီးလည်း အန်တီကြည်တို့ အိမ်ကို ပြန်ချင်ပါတယ်။ သမီး မရှိရင် အန်တီကြည် တယောက်တည်း ကြမ်းတွေ တိုက်နေရမှာပေါ့။ ကြီးကြီးသက် နဲ့ ဘဘ ညောင်းရင်လည်း ဘယ်သူက နင်းပေးမှာလဲ။ ဦးဦးဖို့ နိုင်တီတူးနဲ့ ကွမ်းနှစ်ရာဖိုးကို ဘယ်သူက ဝယ်ပေးမှာလဲ။ ဟိုဟာဒီဟာလေး ဝယ်ဖို့ ဈေး ကို ဘယ်သူ သွားတော့မှာလဲ။ ဦးဦးရဲ့ဖုန်းကို သမီး ယူတာမှ မဟုတ်ဘဲ နော်...၊ ဘာလို့ သမီးကိုပါ မနေခိုင်းတော့တာလည်း မသိဘူး။

သမီးလေ... အိမ်ကို ပြန်ချင်တယ်။ ဟုတ်တယ်...၊ သမီးအိမ်ပဲ။ အန်တီကြည်ရော ဦးဦးရောက သမီးကို ဒါ သမီးအိမ်ပဲတဲ့...၊ ကိုယ့်အိမ်လိုပဲ သဘောထားလို့ ပြောဖူးတယ်။ အန်တီကြည်တို့အိမ်မှာ နေတော့မှ ကျောင်း က ကောင်မတွေနဲ့ ဆရာမသမီး ချစ်ချစ်ကြည်က မစတော့တာ။ သမီးနဲ့ မခေါ်တဲ့ ဆရာမသမီး ချစ်ချစ်ကြည်ကို ခေါ်လာပြီး ဒါ ငါတို့အိမ်လေလို့ ပြ လိုက်နိုင်လို့လေ။ အခုတော့ သူက ဟိုတုန်းကလို လက်ညှိုးကို ကရော်ကရော် နဲ့ လုပ်ပြီး သမီးကို ပြန်လိုက်စနေတော့မှာ။

သမီးကို ဘယ်လိုစလဲ ဟုတ်လား...။

“ကြက်ကားဂိတ်မှာ နေတဲ့ ကောင်မ… အိမ်မရှိတဲ့ ကောင်မ“တဲ့။

အနက်ရောင် ကြောင်ကလေး

 

[၁]

 

“ကော်ဖီပူပူ တခွက်လောက် ပေးမလား၊ ကျမ နှလုံးသားလေးတွေ အရမ်းအေးစက်နေလို့”

သိမ်းခါနီးဆဲဆဲ ကော်ဖီဆိုင်ကလေးရဲ့ တံခါးကို ခပ်ကြမ်းကြမ်း တွန်းဖွင့်ဝင်လာတဲ့ အမျိုးသမီးက လှမ်းပြောတယ်။ အပြင်မှာ မိုးတွေကလည်း သည်းကြီးမည်းကြီး ရွာလို့။ အမျိုးသမီးဟာ မိုးရွာခါစလေးမှ ဆိုင်ထဲကို ပြေး ဝင်လာခဲ့ပုံရလို့ သူ့ခန္ဓာကိုယ်မှာတော့ ရေသိပ်မစိုဘူး။ ခါးအထိရှည်တဲ့ ခပ် ပွပွ ဆံပင်တွေပေါ်မှာတော့ ရေစက်ကလေးတချို့ တင်နေတယ်။ အမျိုးသမီး ကို ကြည့်ရတာ အမွေးစုတ်ဖွား ကြောင်ကလေးနဲ့ တူတယ်။

ကော်ဖီဆိုင်က ကိုယ်တိုင်ယူစနစ် ဆိုတော့ အမျိုးသမီးက ပိုက်ဆံ လှမ်းပေးပြီး ကော်ဖီခွက်ကို ဆွဲယူသွားတယ်။ ဆိုင်ရဲ့ ထောင့်နားက မှန် ပြတင်းပေါက်ကို သွားထိုင်ပြီး မှန်ချပ်ပေါ်က မိုးရေစက်တွေကို ဖြတ်သန်းပြီး အပြင်ကိုပဲ ဝေးနေတယ်။ ဟင့်အင်း... လမ်းမပေါ်ကို မဟုတ်ဘူး၊ မီးလင်းနေတဲ့ တိုက်ခန်းတခုပေါ်ကို။

အမျိုးသမီးက အနက်ရောင် တီရှပ်လက်ရှည်ပွပွကြီး တထည်ကို ဝယ်ထားတယ်။ တီရှပ်ဟာ သူနဲ့ ကြီးမားပွယောင်းနေလို့ ဂါဝန်တိုလိုမျိုး သူ့ ပေါင်တံတွေကို ဖုံးအုပ်ထားတယ်။ ကွင်းထိုးဖိနပ် အနက်ရောင်နဲ့ သူ့ပုံစံဟာ ခေတ်မီမီ ဝတ်စားတတ်တဲ့ စုန်းမတယောက်နဲ့ ပိုတူတယ်။ အမျိုးသမီးဟာ သူ့လည်ပင်းက အနက်ရောင် choker ကလေးကို လက်ချောင်းတွေနဲ့ ပွတ် သပ်ရင်း မိုးရေတွေကို ဖြတ်သန်းပြီး တခုခုကို မြင်ရတော့မလို ငေးကြည့် နေတာက လွဲရင် ဘာဆိုဘာမှ မလုပ်ဘူး။ နှလုံးသားတွေ အေးစက်နေပါ တယ်လို့ ပြောခဲ့ပေမဲ့ အဲဒီကော်ဖီခွက် ပူပူကိုလည်း လုံးဝ မသောက်ဘူး။

ကော်ဖီကလည်း လုံးဝ အေးစက်သွားပြီ။ အပြင်ဘက်မှာ မိုးရေက လည်း ဖျောက်တောက်တောက်ပဲ ကျတော့တယ်။ နာရီကို ကြည့်တော့ ကိုး နာရီ မတ်တင်း၊ ဆယ်နာရီ ကာဖျူးမို့လို့ ဆိုင်ပိတ်တော့မယ်ဆိုတဲ့ အကြောင်း သွားပြောတော့ ခေါင်းကို ဆတ်ပြပြီး ထိုင်ရာကနေ ထတယ်။ ပြီးတော့ တံခါး ကို ဆွဲဖွင့်ပြီး တိုက်လှေကား အမှောင်ိုတွေထဲကို တိုးဝင်သွားပုံက ကြောင် အနက်ကလေး တကောင်လိုမျိုး။

[၂]

 

နေ့လယ် ၂ နာရီမှာ ကော်ဖီဆိုင်တံခါးပေါ်က ကတ်ပြားကလေးကို Open လို့ လှည့်လိုက်ပြီး သိပ်မကြာခင်မှာပဲ ဆိုင်ထဲကို အဲဒီအမျိုးသမီး ဝင် လာခဲ့ပြန်တယ်။

သူ့ပုံစံက တညလုံး အလည်လွန်နေတဲ့ ကြောင်ကလေးဟာ အိမ်တံခါး အဖွင့်မှာမှ ပြတင်းပေါက်က ခုန်ဝင်လာသလို ပေါ့ပေါ့ပါးပါးပဲ။ ဒီနေ့ကတော့ အတွင်းအင်္ကျီ အနက်ရောင်ပေါ်ကနေ ရှည်လျားတဲ့ Cardi gan အနက်ရောင်ဖားလျားကို ထပ်ဝတ်ထားပြီး ဆံပင်ဖားလျားနဲ့ ဆိုတော့ သူ့ကို ကြည့်ရတာ ပိုပြီး စုန်းမနဲ့ တူလာတယ်။ ထိုင်နေကျ မှန်ပြတင်းကနေ ငေးနေ ကျ တိုက်ခန်းဆီကို မမှိတ်မသုန်ပဲ။

အဲဒီတိုက်ခန်းမှာနေတဲ့ စုံတွဲကို သတိပေးလိုက်ရင် ကောင်းမလား လို့ စိတ်ကူးမိပေမဲ့ ဝန်ဆောင်မှုပေးရတဲ့ စီးပွားရေးနဲ့ ရှုပ်ထွေးတတ်တဲ့ လူမှုရေးပြဿနာတွေ ဆိုတာ ဝေးနိုင်သမျှ ဝေးဝေးနေသင့်တဲ့အရာ မဟုတ် လား။ မပြောတော့ဖို့ပဲ ဆုံးဖြတ်လိုက်ရတယ်။

[၃]

 

“ကြောင်တကောင်ကို ခွေးအကျင့်မျိုး လေ့ကျင့်ပေးလိုက်တော့ ဘာဖြစ်တတ်လဲ သိလား“

ကော်ဖီခွက်ကို လှမ်းယူရင်း အမျိုးသမီးက အရင်းအဖျား မရှိဘဲ စကား စပြောတယ်။ ပြီးတော့ ကော်ဖီခွက်ကို တရှုံ့ရှုံ့နဲ့ အနံ့ခံနေပြန်တယ်။ သူ့အသံက ချိုရှရှ။ ဒါပေမဲ့ အဲဒီမေးခွန်းကိုလည်း သူ့ဘာသာ မေးပေမဲ့ ဘယ်သူ့ဆီက အဖြေကိုမှ လိုချင်ပုံ မရပါဘူး။ ကော်ဖီဆိုင်ပိုင်ရှင်က ဖြေမလို့ ပြင်ပေမဲ့ အမျိုးသမီးက အဖြေကို မစောင့်ဘူး။

“အူကြောင်ကြောင် ဖြစ်သွားတယ်လေ သိလား ဟား ဟား၊ ခွေးလို ပဲ အူနေရတော့မလိုလို၊ ကြောင်တွေလို Fuck off လို့ ပြေးထွက်သွားရ မလိုနဲ့ပေါ့ ဟား ဟား ဟား...

သူ့မေးခွန်းကို သူ့ဟာသူ ဖြေပြီး ခေါင်းကို မော့လှန်လို့ ရယ်မောနေ ပေမဲ့ အဲဒီအမျိုးသမီးမျက်လုံးတွေက ရယ်ချင်ပုံ သိပ်မရဘူး။ မဟုတ်ဘူးလုံးဝ မရယ်တဲ့ မျက်လုံးတွေပဲ။ အဲဒီမျက်လုံးအသေတွေဟာ တတိယထပ်က တိုက်ခန်းဆီကိုပဲ မမှိတ်မသုန် ငေးကြည့်နေခဲ့တယ်။

[၄]

 

“ကျမဆီကို ပြန်လာလေမလားလို့ လာစောင့်နေတာ မဟုတ်ပါဘူး၊ ကျမကို သွားတော့လို့ ပြောလာမယ့် စကားကိုပဲ လာစောင့်နေခဲ့တာ

ကော်ဖီဆိုင်က စားပွဲပေါ်မှာ အမျိုးသမီးကျန်ခဲ့တဲ့ Journal ထဲက နောက်ဆုံး စာမျက်နှာမှာ ရေးထားတဲ့ စာကြောင်းကလေး။

နောက်ဆုံး စာမျက်နှာလို့ ပြောရတာက ရှေ့စာမျက်နှာအားလုံးမှာ ပန်းချီပုံတွေချည့်ပဲ အပြည့်။ အမျိုးသားတယောက်ရဲ့ သွယ်လျတဲ့ လက်ချောင်း ရှည်ရှည်တွေရဲ့ ပုံကိုပဲ ရှုထောင့်ပေါင်းစုံက ဆွဲထားခဲ့တာ။

နောက်တနေ့မနက် ဆိုင်မဖွင့်ခင်ကတည်းက တံခါးရှေ့မှာ လာရပ် နေလို့ တံခါးဖွင့်ပေးလိုက်တော့ စားပွဲပေါ်က သူ့ Journal လေးဆီကို အပြေးအလွှား။

ကျမ ပိုင်တာဆိုလို့ ဒါတွေပဲ ရှိတာ” တဲ့။

ဒီအချိန်ထိ တခါမှ မမြင်ခဲ့ဖူးတဲ့ မျက်ရည်စတွေဟာ အမျိုးသမီးရဲ့ ပါးပြင်ပေါ်မှာ၊ ရင်ဘတ်မှာ ဖွင့်ပြီး ပွေ့ထားတဲ့ ပန်းချီစာရွက်ပေါ်ကို ပြုတ်ကျ သွားတဲ့ မျက်ရည်စက်ကလေးကို အမျိုးသမီးက စက္ကူလက်သုတ်ပဝါကလေး နဲ့ ဖွဖွကလေး ဖိသုတ်လို့။ ပြီးတော့ ရှိုက်သံတဝက်နဲ့ တိုးတိုးကလေး။

“တောင်းပန်ပါတယ်... စိတ်အနှောင့်အယှက် ဖြစ်သွားစေဖို့ မရည် ရွယ်ခဲ့ပါဘူး” တဲ့။

[၅]

 

ကော်ဖီအစက်တွေက ဆံပင်ပွပွတွေပေါ်က စီးကျလို့။ ဘယ်တော့ မှ မသောက်ဖြစ်ပါဘဲနဲ့ မှ မှာထားခဲ့တဲ့ အမေရိကာနိုဟာ မပူနေခဲ့လို့သာတော်သေးတယ်လို့ ပြောရမယ်။

“အရှက် မရှိဘူးလား၊ မယားငယ်မ၊ ကျွန်မ၊ လင်ခိုးမ–

တခြားအမျိုးသမီးရဲ့ ဒေါသတကြီးနဲ့ ဖရုဿဝါစာ ခပ်ကြမ်းကြမ်း တွေကို အမျိုးသမီးက ဘာမှ မတုံ့ပြန်ဘူး။ သူ့မျက်နှာကို ကော်ဖီနဲ့ ပက်ပစ် လိုက်တာကိုတောင်မှ အရုပ်တရုပ်လိုပဲ ငြိမ်သက်လို့။ ဆိုင်ထဲကို အမျိုးသား တယောက်က ဝင်လာပြီး ဒေါသကြီးနေတဲ့ အမျိုးသမီးကို ပွေ့ဖက်ဆွဲခေါ် တယ်။ အနက်ရောင် ဝတ်ထားတဲ့ အမျိုးသမီးရဲ့ မျက်လုံးတွေဟာ ဝင်လာတဲ့ အမျိုးသားရဲ့ လက်ချောင်းတွေဆီကို မျက်လွှာချပြီး ငေးကြည့်နေတယ်။ အမျိုးသားရဲ့ လက်တွေဟာ ပန်းချီကားတွေထဲကလို ထူးထူးခြားခြား ရှည် သွယ်ပျော့ပြောင်းလို့။ အမျိုးသားက ဒေါသကြီးနေတဲ့ အမျိုးသမီးကို ဆွဲခေါ် နေရင်းနဲ့ အမောတကော ပြောတယ်။

“ဒီအခြေအနေ ရောက်နေပြီ ဆိုရင်လည်း ဒီကနေ ထွက်သွားလိုက် တော့လေကွာ၊ မင်းမှာ ဦးနှောက် မရှိဘူးလား”

“တောင်းပန်ပါတယ်၊ စိတ်အနှောင့်အယှက် ဖြစ်သွားစေဖို့ မရည် ရွယ်ခဲ့ပါဘူး”

အမျိုးသမီးရဲ့ လေသံက တိုးတိုးကလေး။ အမျိုးသားဟာ တစက္ကန့် လောက်တော့ ငြိမ်သွားပေမဲ့ ဒေါသကြီးနေတဲ့ အမျိုးသမီးကို ဆွဲခေါ်ပြီးတော့ ပဲ ကော်ဖီဆိုင်ထဲကနေ ထွက်သွားတယ်။ ကျန်ရစ်ခဲ့တဲ့ အမျိုးသမီးဟာ အမျိုးသားဆီကို တခုခု ပြောချင်နေတဲ့ အကြည့်တွေနဲ့ မျက်စိတဆုံးလိုက်ပြီးငေးမောနေခဲ့ပေမဲ့ ဘာစကား တခွန်းကိုမှ မပြောတော့ဘဲ စားပွဲပေါ်မျက်နှာ မှောက်ပြီး ချုံးပွဲချ ငိုချပစ်လိုက်တယ်။

[၆]

 

မီးလောင်မှုဖြစ်တဲ့ နေရာနဲ့ ကော်ဖီဆိုင်က လမ်းဟိုဘက်နဲ့ ဒီဘက် ဆိုတော့ နီးနီးကလေးပဲ။ ဒါပေမဲ့ မီးလောင်တဲ့ နေရာက အတွင်းက လှိုက်ပြီး လောင်နေခဲ့တာ ဆိုတော့ အပေါ်ထပ် အခန်းကို နည်းနည်း ထိခိုက်သွားတာ က လွဲရင် မီးက ကူးမသွားခဲ့ဘဲ မီးသတ်သမားတွေက ခပ်မြန်မြန်ပဲ ငြိမ်းလိုက် နိုင်တယ်။ မီးလောင်ပြင်တိုက်ခန်းကနေ အမျိုးသားနဲ့ အမျိုးသမီး body နှစ်ခုကို အရေးပေါ်ကားတွေက သယ်သွားတာကို တွေ့ရတယ်။ သေသလား၊ ရှင်သလားတော့ မသိနိုင်ဘူး။

အရုဏ်တက် လင်းအားကြီးအချိန်ကြီးမှာ ဆိုတော့ လူတွေလည်း ကျွတ်စီကျွတ်စီနဲ့ လမ်းမပေါ်မှာ။ မီးလောင်တိုက်ခန်းရဲ့ အနောက်ဘက် လမ်းကြားကနေ ထွက်လာတဲ့ အမျိုသမီးကလည်း လူတွေနဲ့ ရောယောင်လို့။ ရုတ်တရက်ကြီး မိုးရွာချလာတော့ လူတွေက ကိုယ့်အခန်းရှိရာကို အပြေး အလွှား ပြန်တက်ဖို့ ပြင်ကြတယ်။ ပြန်စရာရှိပုံမရတဲ့ အမျိုးသမီးကသာ မိုးရေထဲမှာ၊ ပြီးတော့မှ တိုက်ခန်းတခုရဲ့ နောက်ဖေးလမ်းကြားကို ဝင်ပြီး အခင်းဖြစ်နေရာကနေ လစ်ထွက်သွားဖို့ ကြံတယ်။

“တိုက်ခန်းကို မီးရှို့တာ အဲဒီမိန်းမ၊ လူနှစ်ယောက်ကို သတ်လိုက် တာ အဲဒီမိန်းမ”

ကော်ဖီဆိုင်ပိုင်ရှင်ရဲ့ အသံကြောင့် နောက်ဖေးလမ်းကြားကနေ လှစ်ခနဲ ပျောက်ကွယ်သွားတဲ့ အမျိုးသမီးနောက်ကို ရဲတချို့နဲ့ လူတချို့ ပြေးလိုက်သွားကြတယ်။ နောက်ဖေးလမ်းကြားက အပိတ်ကြီး။ မီးရထားလမ်းကို ခတ်ထားတဲ့ လက်ခုပ်တဖောင်လောက်မြင့်တဲ့ စည်းရိုးကို အမျိုးသမီး တယောက်အနေနဲ့ ချက်ချင်းကြီး ဘယ်လိုများ ကျော်ဖြတ်သွားခဲ့လဲ။ မီးလန့် တာနဲ့ အကြောက်လွန်ပြီး ကယောင်ကတမ်းတွေ မြင်နေတယ်လို့ ကော်ဖီဆိုင် ပိုင်ရှင်ကို ရဲတွေနဲ့ လူတချို့က မြည်တွန်တောက်တီးတယ်။ ပြီးတော့ မိုးလင်းနေ ပြီ ဖြစ်တဲ့အတွက် လမ်းသွယ်တွေဘက်ကိုပဲ အသီးသီး ထွက်သွားကြတယ်။

ကြောင်နက်တကောင်ဟာ ဇဝေဇဝါနဲ့ ပြန်လာတဲ့ ကော်ဖီဆိုင်ပိုင်ရှင် ရဲ့ ခြေထောက်ဘေးကနေ ဖြတ်ပြီး အုတ်နံရံပေါ်ကို ခုန်တက်သွားတယ်။ သူ့ကို မကျေမနပ်နဲ့ လှမ်းကြည့်တဲ့ ကော်ဖီဆိုင်ပိုင်ရှင်ကို အုတ်နံရံပေါ်ကနေ ခပ်တည်တည်ပဲ ပြန်ကြည့်နေတယ်။ ကော်ဖီဆိုင်ရှင်ဟာ နောက်ဖေးလမ်း ကြားကနေ ထွက်ပြီး လမ်းမပေါ်ကို စိတ်ပျက်လက်ပျက် လှမ်းတက်လိုက် တယ်။

“စိတ်အနှောင့်အယှက် ဖြစ်သွားစေဖို့ မရည်ရွယ်ခဲ့ပါဘူး“

နောက်ဖေးလမ်းကြားကို အပြေးအလွှား ပြန်လာကြည့်တဲ့ ကော်ဖီ ဆိုင်ရှင်ဟာ ရထားလမ်းဘက်ကို ခုန်ချသွားတဲ့ ကြောင်အနက်ကလေးကိုပဲမြင်လိုက်ရတော့တယ်။

နေရီ

 

နေရီမှာ ကိုယ်ဝန်ရှိနေပြီလို့ ပြောတော့ သူ့ရည်းစားတွေထဲက တော်တော်များများက နေရီကို ပြန်မဆက်သွယ်ကြတော့ဘူး။ နေရီကတော့ အေးအေးဆေးဆေးပါပဲ။ ငါ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ စာကို သုံးလပတ်လည် အတွင်း သူနဲ့အတူ အိပ်ဖြစ်ခဲ့တဲ့သူ တချို့ဆီကို copy and paste လုပ်ပြီး လိုက်ပို့တုန်းပဲ။ ရည်းစားလို့သာ အလွယ်ပြောတာပါ။ တချို့ကလည်း တည တလေ အိပ်ပြီး အခေါ်အပြော မပျက်ရုံ ဆက်ပတ်သက်တာမျိုးက ခပ်များ များ။

အရင်းစစ်ချလိုက်တော့ နေရီမှာ တကယ်တွဲတဲ့ ရည်းစားဆိုလို့ သုံးယောက်လားပဲ ရှိတယ်။ အဲဒီထဲက တယောက်ကတော့ “ငါ သေချာ စဉ်းစားပါရစေ” လို့ နေရီကို ချိုချိုလေး ပြောပြီး ဖုန်းပိတ်သွားတယ်။ ထပ်ပြီး ဆက်သွယ်လို့ မရအောင် Facebook မှာပါ block သွားခဲ့တယ်။ ဖုန်းတွေ ပြင်တဲ့ ခပ်ငယ်ငယ် ကောင်လေးကတော့ “မရေ.. စိတ်ထင်ရာတွေ မလုပ် ရဘူးနော်...။ မနက်ဖြန်ကျရင် bae လာခဲ့မယ်” လို့ စာပြန်ပို့လာတယ်။

နောက်ထပ် နေရီက တော်တော်ချစ်တဲ့ ရည်းစားဆရာဝန်လေးကျတော့ နောက်ထပ် နေရီကို အရင်ဆုံး ဆေးသေချာသွားစစ်ဖို့ လှမ်းပြောပြီး bank account ထဲ ပိုက်ဆံထည့်ပေးလိုက်တယ်။ သူ ၊ သူ အလုပ်သိပ်ရှုပ်နေလို့ ပြန်ပြောမယ်နော်တဲ့။

နေရီကို တော်တော်ချစ်ခင်တဲ့ နေရည်နဲ့ အီစီကလီ လုပ်နေတဲ့ စာရေးဆရာ အစ်ကိုကြီးကတော့ နေရီနဲ့ မအိပ်ရသေးဘူး။ ဒါပေမဲ့ နေရီက ကိုယ်ဝန်ရှိတဲ့ အကြောင်းကို ပြောပြလိုက်တော့ နေရီကို ဆူပါလေရော။ ညနေကျ သူ လာခေါ်ပြီး ဆေးခန်းပို့ပေးမယ်လို့လည်း ပြောတယ်။

နေရီနဲ့ တခါပဲ အိပ်ဖူးတဲ့ ပါးချိုင့်ထင်းထင်းကလေးနဲ့ ချစ်စရာ ကောင်ငယ်လေးကတော့ “အစ်မက မွေးပဲပေးပါ...။ ကျနော့်ကလေး ဟုတ် ဟုတ်၊ မဟုတ်ဟုတ် ကျနော် စောင့်ရှောက်မယ်” လို့ ဖုန်းလှမ်းဆက်ရှာတယ်။ နေရီကတော့ တုံ့ပြန်မှုအားလုံးကို စီးကရက် ထိုင်သောက်ရင်း သူနဲ့ မဆိုင် သလိုပဲ စိတ်အေးလက်အေး စောင့်ကြည့်နေခဲ့တာ။

အီစီကလီ စာရေးဆရာ အစ်ကိုနဲ့ ဆေးသွားစစ်တော့ နေရီ ကိုယ်ဝန်က သုံးလကျော်နေပြီ။ နေရီက သူ့ကိုယ်သူ သိပ်ပြီး ပစ်စလက်ခတ် နေတတ်လွန်းတော့ ဘာကိုမှ မှတ်မှတ်သားသား မရှိဘူးလေ။ ရာသီမလာ တော့လည်း မလာလည်း အေးတာပဲလို့ ဒီအတိုင်းပဲ ပစ်ထားလိုက်တာ။ ရေချိုးခန်းထဲကအထွက် မူးလဲမှ နေရီနဲ့ အတူတူ နေနေတဲ့ ညီမတွေက ဇွတ်တရွတ် ဆီးစစ်ခိုင်းလို့သာ ကိုယ်ဝန်အကြောင်းကို သိရတာပဲ။ သူ့ဟာသူ ဆို ဗိုက်တော်တော် ပူလာမှ သိလိမ့်မယ် ထင်တယ်။

အီစီကလီ စာရေးဆရာ အစ်ကိုက သူ့ကားမှန်ကို ချပြီး ဆေးလိပ် သောက်ဖို့ ပြင်နေပြန်တဲ့ နေရီလက်ထဲက ဆေးလိပ်ကို ဆွဲလှတယ်။ မသောက်ရဘူးတဲ့...။ ဆေးလိပ်ရော၊ အရက်ရော၊ ဘီယာရော နေရီ ရှောင်ရမတဲ့။ နေရီက ခပ်အေးအေးပဲ...။ ဖျက်ချလိုက်ဖို့ မရဘူးလားလို့ မေးလိုက်လို့ စာရေးဆရာ အစ်ကိုဟာ သူ့ကားကို ဒက်စတော့ပ်အုပ်ပစ်ပြီး နေရီကို တအံ့ တဩ ကြည့်တော့တာပဲ။ နောက်က ကားကပ်ပြီး မပါလာလို့ တော်သေးတယ်။ ပြီးတော့ အဲဒီစကားတွေကို မပြောရဘူး၊ ဗိုက်ထဲက ကလေးတွေဟာ ခံစား သိနဲ့ သိနိုင်တယ်လို့ ပြောတယ်။ ပြီးတော့ ကလေးကို ဖျက်မချပါနဲ့...၊ ကိုယ့် ကို လက်ထပ်ပါ လို့ ပြန်ပြောတယ်။ နေရီကတော့ နှုတ်ခမ်းလေး တဖက်ကို တွန့်ပြီး သူ့ဆံပင်တိုတိုကို လက်ချောင်းတွေ ထိုးထည့်ပြီး ဖွပစ်နေတော့တာပဲ။ ဘာစကားမှ ပြန်မပြောတော့ဘူး။

ညကျတော့ နေရီရည်းစား ဆရာဝန်လေးက အခြေအနေကို ဖုန်း ဆက်မေးတယ်။ “အစ်မ ဘာလုပ်ချင်လဲ တဲ့။ နေရီက အဲဒီတယောက်ကိုကျ အရမ်းယုံကြည်တယ်။ သူ့စိတ်ထဲ ရှိတဲ့အတိုင်း အရာရာကို ထုတ်ပြောပြတတ် တယ်။ သူ့စိတ်ထဲ ဘာလုပ်ရမလဲ ဆိုတာ မသိတဲ့အကြောင်း ပြောတော့ နေရီရည်းစား ဆရာဝန်လေးက “စိတ်အေးအေးထားနော် အစ်မ၊ အစ်မကို မထိခိုက်မယ့် အရာတွေကိုပဲ လုပ်ရမယ်၊ ကျန်တာ ခဏမေ့ထား” လို့ပဲ ပြော တယ်။ နေရီလည်း အများကြီးတွေးဖို့ တကယ်ပဲ စိတ်ကူးမရှိဘူး။

ဖုန်းပြင်တဲ့ ကောင်လေးကတော့ နောက်တနေ့မနက်မှာ အစော ကြီး ရောက်ချလာတယ်။ လက်ထဲမှာလည်း စားစရာပေါင်းစုံ ဝယ်လာပြီးတော့ ပေါ့။ နေရီ အိပ်ပျော်နေလို့ တိတ်တိတ်ကလေးပဲ ဘေးကနေ ထိုင်ပြီး နေရီကို စောင့်နေခဲ့တယ်။ တော်တော်ကြာမှ အိမ်ရာနိုးလာတဲ့ နေရီကို ဘာစားမလဲ လို့ အတင်းချော့ကျွေးတယ်။ မစားတဲ့ နေရီကို ကလေးတယောက်လို ဆူ တယ်။ “မက ခြောက်နှစ်ကြီးလည်း bae ကတော့ ဆူရမှာပဲ” ဆိုပြီး ဆူဆူ ပူပူနဲ့ အစားတွေ ကျွေးတော့တာပဲ။ ပြီးတော့ သူ့ကို လက်ထပ်ပါလို့ နေရီကိုဖက်ထားပြီး ပြောတယ်။ နေရီ ဗိုက်ကလေးကို ပွတ်ပြီး အထဲက ကလေးကို တီတီတာတာစကားတွေ ပြောတယ်။ နေရီက တွန်းလွှတ်ပြီး “နင့်ကိုယ်နင် ကလေးအဖေယောင်ဆောင်နေတာ တော်စမ်းပါ...။ ဘယ်သူနဲ့ ရမှန်းတောင် ငါ မသိဘူး” လို့ ပြောတော့ ငိုတော့မလို မျက်လုံးတွေနဲ့ နေရီကို ကြည့်ပြီး မရဲ့ ကလေးဟာ... bae ကလေးပဲ” တဲ့။ နေရီက သူ့ကို စိတ်မောတဲ့ အကြည့် တွေနဲ့ ကြည့်ပြီး သက်ပြင်းတွေကိုပဲ မှုတ်ထုတ်လိုက်တော့တယ်။

ဖုန်းပြင်တဲ့ ကောင်လေး ပြန်သွားတော့ နေရီဆီကို ပါးချိုင့်ထင်းထင်း နဲ့ ကောင်လေး ရောက်လာတယ်။ “အစ်မ ဘာတွေလိုလဲ” တဲ့။ နေရီက သူ့ ခုတင်ဘေးက ပစ္စည်းအပုံကို မေးငေါ့ပြတော့ ကောင်လေးက ရယ်တယ်၊ နေရီကလည်း ခပ်ဖျော့ဖျော့လေး လိုက်ရယ်တယ်။ “အစ်မ၊ စင်ဂယ်မားသား လုပ်မှာလား' တဲ့။ နေရီက သူ ဘာမှ မဆုံးဖြတ်ရသေးတဲ့အကြောင်း ပြောပြ တော့ ကောင်လေးက ခေါင်းညိတ်တယ်။ ကောင်လေးက နေရီထက် အများ ကြီး ငယ်ပေမဲ့ နေရီစိတ်ကို သူ သိပ်သိတယ်။ ဖျက်တော့ မချနဲ့နော် အစ်မ၊ မွေးပြီးတာနဲ့ ဒီအတိုင်းပဲ ကျနော့်ဆီ ပေးလိုက်လို့ ရတယ်” တဲ့။

သူ့အပြောကို နေရီ ခေါင်းကုတ်ပြီး ရယ်ပြနေတုန်းမှာပဲ နေရဲ့ဖုန်း က မြည်လာပြန်တယ်။ တကိုယ်လုံးမှာ တက်တူးတွေ အများကြီးနဲ့ အိမ်ထောင် သည် ကောင်လေး။ သူက နေရီနဲ့ လပိုင်းလောက် တွဲဖြစ်ပြီး အိမ်ထောင်ပြု သွားခဲ့တာ။ ဒါပေမဲ့ တွေ့တော့ တွေ့ဖြစ်နေကြသေးတာပဲ။ နေရီက သူ ကိုယ်ဝန်ရှိကြောင်းကို ဒီတယောက်နဲ့ ပြောမိလား၊ မပြောမိလားကို ခဏ လောက် စဉ်းစားနေမိသေးတာ။

ငါ့ကလေး ဟုတ်ဟုတ်၊ မဟုတ်ဟုတ် နင် မွေးနော် နေရီ၊ ကလေး စရိတ်အကုန်လုံး ငါ တာဝန်ယူမယ်၊ ကလေးအဖေ နာမည်လည်း ငါ့နာမည်သုံးလို့ ရတယ်၊ ဒါပေမဲ့ နင့်ကိုတော့ ငါ လက်ထပ်လို့ မရတာ ခွင့်လွှတ်' တဲ့ လေ။ နေရီ ရယ်လိုက်တာမှ မရပ်တော့ဘူးလို့တောင် ထင်ရတယ်။ “နင် ငါ ဗိုက်ကြီးတာ ဘယ်ကသိလဲ” ဆိုတော့ နေရီကို ပြန်မဆက်သွယ်တော့တဲ့ ရည်းစားဆီကတဲ့လေ။ နေရီကတော့ ငါ စဉ်းစားပါ့မယ် ပြောလိုက်တယ်။ ဘေးကနေ နေရီကို ကြည့်နေတဲ့ ပါးချိုင့်ထင်းထင်းနဲ့ ကောင်ကလေးက “အစ်မကလေးက ထူးထူးခြားခြားပဲ၊ အခုတောင် အစ်မဆီကနေ ဝိုင်းလုနေ ကြပြီပဲ” လို့ ပြောတယ်။ နေရီကတော့ ဘာမှ ထွေထွေထူးထူး မှတ်ချက် မပေးလိုက်တော့ဘူး။

နေရီကိုယ်ဝန် ခြောက်လထဲ ဝင်လာလို့ အာထရာဆောင်း ရိုက် တော့ “သမီးလေး” တဲ့။ နေရဲ့ရည်းစား ဆရာဝန်ကောင်လေးက “အစ်မ… သမီးလေးတဲ့လား” ဆိုပြီး result စာရွက်ကလေးကို အပြုံးနဲ့ စိုက်ကြည့် နေခဲ့တာ။ “အစ်မကသာ ပေးမယ် ဆိုရင် သမီးလေးကို လိုချင်တယ်... စင်ဂယ်ဖားသား လုပ်ချင်တယ်“ တဲ့။ သူ့ရည်းစား ဆရာဝန်ကောင်လေးကို ပြုံးပြီး ပြန်ငေးကြည့်နေခဲ့ပေမဲ့ နေရီမျက်ဝန်းထဲမှာ မျက်ရည်စတွေနဲ့။ နေရီ ဟာ မျက်တောင်တွေကို တဖျပ်ဖျပ် ခတ်ပြီး မျက်ရည်တွေကို ပြန်သိမ်းလိုက် တယ်။

နေရီဟာ ဒီနေ့ညမှာ သမီးလေး အကြောင်းကို စပြီး တွေးမိတယ်။ သမီးကလေးတဲ့..။ သူလိုမိန်းမဘဝထဲ မရည်ရွယ်ပါဘဲ ရောက်လာမယ့် ကလေးလေး။ သူ တကယ်ပဲ မိခင်စိတ် ရှိရဲ့လားလို့ မသေချာဘူး။ စီးကရက်အစားထိုး အီလက်ထရောနစ် ပစ္စည်းကလေးကနေ အငွေ့တွေကို ရှိုက်ထုတ် ရင်း စဉ်းစားမိတာတောင် တော်တော်ကြာနေပြီ။ သူ့ဟာနဲ့သူဆို ဆင်ခြင်စိတ် မရှိပါဘူး...။ စီးကရက် မသောက်ရတာ၊ အရက် မသောက်ရတာ၊ နောက်ပြီး လိင်မဆက်ဆံရတာတွေကိုလည်း သူ မကြိုက်ဘူး။ ဘေးနားကနေ မခွာသွား ကြတဲ့သူတွေကလည်း နေရီနဲ့ အတူနေဖို့ထက် ကလေးရဲ့ ကျန်းမာရေးကိုပဲ ပိုစိတ်ဝင်စားနေကြတော့တာ မဟုတ်လား။

နေရီဟာ ကလေးကို ချစ်ရဲ့လား။ မသိဘူး...၊ အချိန်တော်တော် များများမှာ နေရီဟာ ကလေးထက် ဘာမှမဟုတ်တဲ့ အကြောင်းအရာတွေကို ပဲ တွေးနေတာ။ နေရီခေါင်းထဲက အတွေးတွေဟာ အလုံပိတ်အခန်းတခုထဲ က စီးကရက် မီးခိုးငွေ့တွေလိုပဲ။ ပြည့်သိပ်မွန်းကျပ်နေပေမဲ့ ဖမ်းဆုပ်ယူလို့ လည်း မရနိုင်တဲ့ အရာတွေချည်းပဲ။ နေရီဟာ မနက်ဖြန်အကြောင်းကိုတောင် မနက်ဖြန်မှပဲ စဉ်းစားတတ်ချင်တဲ့သူလေ။

နေရီသမီးလေးဟာ နေရီနဲ့ပဲ တူတယ်။ ဆံပင်ညိုညို အခွေလေး တွေနဲ့၊ နေရီလို မျက်လုံးလှလှလေးနဲ့...။ ပြီးတော့ နေရီလိုပဲ အိုသွေး။ သမီးလေး မွေးတဲ့နေ့က သူ့ဖေဖေ ဖြစ်ချင်ကြသူ ငါးယောက်စလုံးဟာ နေရီ အနားမှာ ရှိနေခဲ့ကြတာပဲ။ ဆေးရုံက ခွဲခန်းမဝင်ခင် ကလေးအဖေနာမည် စာရင်းသွင်းဖို့ပြောတဲ့အခါ နေရီကို ငါးယောက်စလုံးက လှမ်းကြည့်ကြတယ်။ ကလေးက အဖေ မရှိပါဘူးလို့ ပြောလိုက်တဲ့ နေရီကိုလည်း သူနာပြု ဆရာမ က အထူးအဆန်းလို ငေးကြည့်ပြန်တာပါပဲ။

အခုအချိန်ထိ ဘာမှ မဆုံးဖြတ်သေးတဲ့ နေရီကို ဘယ်သူကမှ အတင်းကြီးမတိုက်တွန် ကြပေမယ့် ဆုံးဖြတ်ချက်ကို လိုချင်နေကြပြီမှန်းတော့ နေရီ သိတယ်။ နေရဲ့သမီးလေးကို နာမည်ဝိုင်းပေးကြဖို့ တ တယောက်တမျိုးစီ စဉ်းစားလာကြတတ်တာတွေ ရှိပေမဲ့ နေ နေရီက သမီးလေးလို့ပဲ လို့ပဲ ခေါ်တယ်။ မွေး ပြီးပြီးချင်း သုံးရက်လောက် နို့မထွက်တဲ့ နေရီကိုလည်း ဆေး ဆေးကုကြရသေး တယ်။ ပထမဆုံး နို့တိုက်ရတဲ့နေ့မှာ နေရီ နေရီနှုတ်ခမ်းလေးတွေဂ လေးတွေက ပြုံးနေပေမဲ့ မျက်ဝန်းကတော့ မျက်ရည်တွေ တလိမ့်လိမ့် ရွာကျနေခဲ့တယ်။

နေရီက ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ ကလေးမရနိုင်တဲ့ လင်မယား ဆီကို သမီးလေးကို ပေးလိုက်တော့ နေရီကို သမီးလေးရဲ့ ဖေဖေဖြစ်ချင်သူ တွေက စကားတောင် ပြန်မပြောကြတော့ဘူး။ နေရီကတော့ သူထုံးစံအတိုင်း ပြုံးပြုံးပါပဲ။ နေရီက သူ့ကိုယ်ဝန်နဲ့ ကာလမှာ သူ့အတွက် ဝယ်လာပေးတာ မှန်သမျှကို လူနဲ့ စာရင်း မှတ်ပြီး bank account တွေထဲကို ပိုက်ဆံ ပြန် ထည့်ပေးခဲ့တယ်။ ပြီးတော့ လိပ်စာအသီးသီးကို နှင်းဆီပွင့် အဝါကလေးတွေ ပို့ပေးလိုက်တယ်။ အရာရာတိုင်းအတွက် ကျေးဇူးတင်ပါတယ် ဆိုတဲ့ သူ့လက်ရေးနဲ့ ရေးထားတဲ့ စာသားလေးနဲ့ပေါ့။

ဘယ်သူကမှ နေရီကို အကြာကြီး စိတ်မဆိုးကြပါဘူး။ နေရီဟာ တသက်လုံး သူ လုပ်ချင်တာကို လုပ်ပြီးတော့ပဲ အသက်ရှင်နေတတ်တဲ့သူ မဟုတ်လား။ နေရီ ဘာလုပ်လုပ် အဲဒီအလုပ်ဟာ သူ လုပ်ချင်လို့ လုပ်လိုက် တတ်တာချည်းပဲမို့ အပြစ်တင်နေလည်း အလကားပဲကိုး။

ကလေးမွေးနေဆဲ ကာလမှာ မသုံးဖြစ်တဲ့ နေရီ Facebook account ကနေ ရက်ပေါင်းများစွာအတွင်း ပထမဆုံး Post ပြန်တင်လာ ခဲ့တယ်။ နေရီဟာ ခရီးတခုကို ထွက်နေခဲ့ပုံပါပဲ။ သူ့ခြေထောက်ကလေးကို ရေပြင်တခုပေါ်က တံတားဆီမှာ တွဲလောင်းချထားတဲ့ပုံ။ အဲဒီဓာတ်ပုံကို ကဗျာဆရာ ဝေးခေါင်ရဲ့ “အစိမ်း” ဆိုတဲ့ ကဗျာလေးနဲ့ တွဲတင်ထားခဲ့တယ်။ အဲဒီကဗျာကို တွေ့တော့ နေရဲ့ရည်းစား ဆရာဝန်လေးဟာ ကျန်တဲ့ လေးယောက်ဆီကို နေရီကို ရှာဖို့ ဒရောသောပါး ဖုန်းဆက်တော့တာပါပဲ။ ကမ္ဘာပေါ်မှာ နေရီစိတ်ကို အသိဆုံးလူက သူပဲ မဟုတ်လား...။

“ငါ့အခန်းကဏ္ဍဟာ

ကောင်းကင်လို ပေါလောမျောနေတယ်

ယောင်ယမ်းလန့်ဖျပ်စရာ အရိပ်တောင် မရှိ။

တံတားတွေရဲ့ လှပမှုကို သူ ပြောခဲ့ပုံက

ခုန်ချလိုက်ရင်

အောက်မှာ

ဒုက္ခအပေါင်းမှ

အေးငြိမ်းလွတ်မြောက်ဖွယ်ရာ

အစိမ်းလဲ့နေတဲ့ ရေပြင်”တဲ့...။

(ဖော်ပြထားသော ကဗျာသည် ကဗျာဆရာ ဝေးခေါင်၏ “အစိမ်း” ကဗျာ ဖြစ်ပါသည်။)

 

မယ်လွင့်

💕💕💕

 

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review