သေခြင်းတရားထက် ပိုမိုခိုင်မြဲတဲ့ ချစ်ခြင်းမေတ္တာ

 


၁၉၁၇ ခုနှစ် အောက်တိုဘာလ။ အတ္တလန္တိတ်သမုဒ္ဒရာ။

သေခြင်းတရားထက် ပိုမိုခိုင်မြဲတဲ့ ချစ်ခြင်းမေတ္တာ။

 

ရွှေ့ပြောင်းအခြေချ အီတလီမိသားစုများကို တင်ဆောင်ပြီး နယူးယောက်မြို့ကို ဦးတည် မောင်းနှင် နေတဲ့ သင်္ဘောကြီးဟာ အတ္တလန္တိတ်သမုဒ္ဒရာထဲ ပြင်းထန်တဲ့ မုန်တိုင်းတခုနဲ့ ထိပ်တိုက်တိုးမိတယ်။ အဲဒီသင်္ဘောပေါ်မှာ အသက် ၂၈ နှစ်အရွယ် လက်သမားဆရာ Antonio Russo နဲ့ သူ့ရဲ့ ၅ နှစ်အရွယ် သမီးငယ်လေး Maria တို့ ပါတယ်။

လွန်ခဲ့သော ၂ နှစ်က Antonio ရဲ့ဇနီးဟာ မီးဖွားနေတုန်း ဆုံးပါးသွားတယ်။ အီတလီနိုင်ငံက မပေးစွမ်းနိုင်တဲ့ အနာဂတ်မျိုး သမီးလေးကို ပေးနိုင်ဖို့နဲ့ ဆင်းရဲတွင်းမှ လွတ်မြောက်ဖို့ အမေရိကန်က သူရဲ့ နောက်ဆုံး မျှော်လင့်ချက်ပါပဲ။

မနက်အစောပိုင်း ၂နာရီ လောက်မှာ ဧရာမလှိုင်းလုံးကြီးတွေက သင်္ဘောကုန်းပတ်ကို ရိုက်ခတ် လာတယ်။ အိပ်ပျော်နေတဲ့ မိသားစုတွေရှိတဲ့ သင်္ဘောဝမ်းဗိုက်နားရှိ တတိယတန်းစား အခန်းတွေထဲ ပင်လယ်ရေတွေ စီးဝင်လာတယ်။ သင်္ဘောကြီးဟာလည်း အပြင်းအထန် ဘယ်ညာလူးပြီး တိမ်းစောင်း လာတယ်။လူတွေ ကြောက်လန့်တကြား အော်ဟစ်ပြီး လှေကားရှိရာကို အလုအယက် ပြေးလွှားကြတော့ စင်္ကြန်တလျှောက် ပိတ်ဆို့ကုန်တယ်။ Antonio လည်း Maria ကိုရေပေါ်လွှတ်အောင် မြှောက်ချီပြီး တိုးထွက်ခဲ့တယ်။ လူအုပ်က အရမ်းများ၊ ရေစီးအဝင်က တအားသန်တော့ ရှေ့ကို တိုးမပေါက်ပဲ ဖြစ်နေတယ်။ သင်္ဘောကလည်း ပိုတိမ်းစောင်း လာနေတယ်။ ကယ်ဆယ်ရေးလည်း အချိန်မီရောက်နိုင်မှာ မဟုတ်ဘူးဆိုတာ Antonio သိလိုက်ပြီ။ အချိန်က သိပ်များများ မကျန်တော့ဘူး။

အဲဒီအချိန်မှာ ကွဲအက်နေတဲ့ ပြူတင်းပေါက်ငယ် (Porthole) တခုကို Antonio တွေ့လိုက်တယ်။ အဲဒီအပေါက်က ကလေးတယောက်သာ သီသီလေး ထွက်နိုင်တဲ့ အပေါက်ပါ။ အပြင်ဘက်မှာတော့ အမှောင်ထုကြီး ဖုံးလွှမ်းနေပြီး အေးစက်နေတဲ့ အတ္တလန္တိတ်သမုဒ္ဒရာကြီး ရှိနေတယ်။ မုန်တိုင်းကြား အဝေးတစ်နေရာမှာ ကယ်ဆယ်ရေးလှေတွေရဲ့ မီးရောင်ကို သူ မြင်လိုက်ရတယ်။

Antonio ဟာ Maria ကို တချက်ကြည့်လိုက်တယ်။ Maria ဟာ ကြောက်လန့်တကြား အဖေကို အားကုန်ဖက်ထားရင်း အမေကို တမ်းတငိုယိုနေရှာတယ်။ Antonio မှန်ကန်တဲ့ ဆုံးဖြတ်ချက်တခု ပြတ်ပြတ်သားသား ချလိုက်တယ်။ Maria ကို Porthole ကနေ အပြင်သို့ တွန်းထုတ်ပစ်လိုက်တယ်။ Maria သမုဒ္ဒရာထဲ ပြုတ်ကျသွားပြီး အော်ဟစ်ငိုယိုနေတယ်။

လေတွေ လှိုင်းတွေအသံကို ကျော်ပြီး Antonio လှမ်းအော်ပြောလိုက်တယ် …

“ကူး - သမီး ကူး၊ ဟိုမီးရောင်ရှိတဲ့ဘက်ကို ကူးသွား။ လှေတွေ လာနေပြီ၊ မြန်မြန်ကူးတော့!”

သမီးလေးမှာ အခွင့်အရေးရှိမှန်း သူသိတယ်။ သူကိုယ်တိုင်တော့ အခွင့်အရေး မရှိတော့မှန်းလည်း သူ သိပြီးသားပါ။ ၇မိနစ်လောက် အကြာမှာ သင်္ဘောကြီး နစ်မြုပ်သွားတယ်။ Antonio Russo အပါအဝင် ခရီးသည် ၁၁၇ ဦး ကွယ်လွန်သွားခဲ့တယ်။ သူ့ရုပ်အလောင်းတော့ ပြန်မတွေ့ခဲ့ပါဘူး။ ၄၅ မိနစ်အကြာမှာ Maria ကို ကယ်ဆယ်ရေးအဖွဲ့တွေ ရေထဲမှ ဆယ်ယူနိုင်ခဲ့တယ်။ အလွန်အအေးပတ်ပြီး အသက်ငင်နေပေမဲ့ အသက်ရှူနေတုန်းပဲ။ စောင်တွေနဲ့ ပတ်ပြီး သူမကို ဆေးရုံခေါ်သွားတယ်။

သူမ အသက် ၅ နှစ်ပဲ ရှိသေးတယ်။ မိဘမဲ့ကလေးတယောက် ဖြစ်သွားပြီ။ မရောက်ဖူးသေးတဲ့ တိုင်းတပါးမြေ။ အင်္ဂလိပ်စကားလည်း မပြောတတ်သေး။ သူမ မှတ်မိသမျှ တခုတည်းသော အရာက သူမဖခင်ရဲ့ နောက်ဆုံးစကားပဲ -

“မီးရောင်ရှိတဲ့ဘက်ကို မြန်မြန်ကူးသွား။”

Maria ဟာ နယူးယောက်ရှိ မိဘမဲ့ဂေဟာတခုမှာ ကြီးပြင်းခဲ့ရတယ်။ သူမရဲ့ဖခင် အသက်ရှင် နေအုံးမယ်လို့ နှစ်အတော်ကြာတဲ့အထိ သူမ ယုံကြည်ခဲ့တယ်။ ဘယ်သူမှလည်း သူမအဖေ အကြောင်း မပြောပြနိုင်ခဲ့ကြဘူး။

မျှော်လင့်ချက်တွေ တဖြည်းဖြည်း ဝေဝါးလာပြီး... နာကျင်မှုတွေ ဖြစ်လာခဲ့တယ်။ မတွေးသင့်တဲ့ အတွေးတခု သူမ ယုံကြည်လာတယ်၊ ဖခင်က သူမကို စွန့်ပစ်ခဲ့တာ လို့ …… သူမကို သမုဒ္ဒရာထဲ ပစ်ချပြီး စွန့်ထားခဲ့တယ်လို့ သူမ ထင်မှတ်လာခဲ့တယ်။ အဲဒီထင်မြင်ချက်နဲ နှစ်ပေါင်း ၂၅ နှစ်တိုင် နေခဲ့တယ်။

အသက် ၃၀ အရွယ်ရောက်မှ တကယ့်အမှန်တရား သူမ သိလာတယ်။ ၁၉၁၇ ခုနှစ်တုန်းက သင်္ဘောနစ်မြုပ်မှုကို လေ့လာနေတဲ့ သုတေသီတဦးက သေဆုံးသူများစာရင်းထဲမှာ Antonio Russo ရဲ့နာမည်ကို တွေ့ရှိလိုက်တယ်။အဲတော့မှ Maria နားလည်သဘောပေါက်သွားခဲ့တယ်။

ဖခင်ဟာ သူမကို စွန့်ပစ်ခဲ့တာ မဟုတ်ဘူး၊ သူမ အသက်ဆက်ရှင်နိုင်ဖို့ သူရဲ့အသက်ကို ပေးဆပ်သွားခဲ့တာ လို့ …။ Maria ဟာ ၂၀၀၄ ခုနှစ်အထိ အသက်ရှင်ခဲ့ပြီး အသက် ၉၂ နှစ်တွင် ကွယ်လွန်ခဲ့တယ်။ ၁၉၉၅ ခုနှစ် သူမ အသက် ၈၃ နှစ် အင်တာဗျူးတခုမှာ သူမက ဒီလိုပြောခဲ့တယ် -

“ကျမအဖေက ကျမကို သတ်ခဲ့တာလို့ ထင်ခဲ့တာ။ သူက ကျမကို ကယ်တင်ခဲ့တာ ကျမ နားမလည်ခဲ့ဘူး။ နှစ်ပေါင်းများစွာ သူ ကျမကို ထားခဲ့တယ်လို့ပဲ ယုံကြည်ခဲ့တယ်။ အမှန်တရား ကတော့ သူက ကျမကို ဒီကမ္ဘာကြီးဆီမှာ ပေးအပ်ခဲ့တာပါ။ သူ့ရဲ့ ဘဝတခုလုံးကို ပေးဆပ်ပြီးတော့ပေါ့။”

Maria အိမ်ထောင်ကျခဲ့ပြီး သားသမီး ၄ ယောက် မြေး ၉ ယောက်နဲ့ မြစ် ၆ ယောက် ရှိခဲ့တယ်။ အမှောင်ထုဖုံးလွှမ်းနေတဲ့ အတ္တလန္တိတ်သမုဒ္ဒရာထဲက ရဲရင့်ပြတ်သား မှန်ကန်တဲ့ ဆုံးဖြတ်ချက်တခုမှ တဆင့် အသက်ပေါင်း ၃၁ ခု ပေါက်ဖွားလာခွင့် ရခဲ့တယ်။

“ကျမ ဖြတ်သန်းခဲ့တဲ့ မွေးနေ့တိုင်း ကျမဘဝရဲ့ ပျော်ရွှင်စရာ အခိုက်အတန့်တိုင်းဟာ ကျမအဖေက သူ့ကိုယ်သူထက် ကျမကို ရွေးချယ်ခဲ့လို့သာ တည်ရှိနေတာပါ” လို့ သူမက ဆိုတယ်။

“ညတိုင်းမှာ အဲဒီပြတင်းပေါက်ငယ်ထဲက အဖေ့မျက်နှာကို ကျမ မြင်နေရတုန်းပဲ။

‘မီးရောင်ရှိတဲ့ဘက်ကို မြန်မြန်ကူးသွား’ လို့ အဖေ အော်ပြောနေတာကို ကျမ ကြားနေရတုန်းပဲ။”

ကျမ အဲဒီမီးရောင်ရှိရာဆီကို ၇၈ နှစ်တိုင်တိုင် ကူးခတ်ခဲ့ပါတယ်။ ကျမအတွက် သူ ဂုဏ်ယူ နေလိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်။”

Antonio Russo နဲ့ပတ်သက်တဲ့ သူမရဲ့ နောက်ဆုံးစကားမှာ ရိုးရှင်းပါတယ် -

“ကျေးဇူးတင်ပါတယ် ဖေဖေ၊ သမီးရဲ့ အသက်အတွက် ကျေးဇူးတင်ပါတယ် ဖေဖေ့ကို ချစ်တယ်။”

အချို့ချစ်ခြင်းမေတ္တာတွေဟာ အသက်ထင်ရှားရှိနေတာထက်ပင် ပိုတည်တံ့နေတတ်ပါတယ်။

#MHA21012026
https://www.facebook.com/share/19xk3vR6QE/

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review