ပြိုမှာလေလား မိုးရဲ့ - အောင်ပြည့်

 


၆၂ မျိုးဆက် တာဝန်ကျေတဲ့ ကိုအောင်ပြည့်

 

ရန်ကုန် တက္ကသိုလ် ကျောင်းသား လှုပ်ရှားမှုများဟာ အားလုံး သိကြတဲ့ အတိုင်း ၁၉၂ဝ ပြည့်နှစ် ပထမ ကျောင်းသား သပိတ်ကြီးက စလို့ ၁၉၃၆ ခုနှစ် ဒုတိယ ကျောင်းသား သပိတ်၊ ၁၉၃၈ (၁၃ဝဝ ပြည့် အရေးတော်ပုံ) တတိယ ကျောင်းသား သပိတ် စသည်ဖြင့် ဒုတိယ ကမ္ဘာစစ်ကြီး မတိုင်မီ အထင်အရှား ဖြစ်ပွားခဲ့ပါ တယ်။

ပထမ ကျောင်းသား သပိတ်ကြီးက ရန်ကုန် တက္ကသိုလ် အက်ဥပဒေကို မကျေနပ်တဲ့ ကျောင်းသားထုကြီးက ဆန့်ကျင် ဆန္ဒပြ ကန့်ကွက်ခဲ့ကြတာပါ။ အဲဒီနောက် အမျိုးသား ပညာရေး ထူထောင်ဖို့ ဆိုပြီး တစ်ပြည်လုံးမှာ အမျိုးသား ကျောင်းတွေနှင့် အမျိုးသား ကောလိပ်ကြီး ပေါ်ပေါက်ခဲ့ပါတယ်။

ဒုတိယ ကျောင်းသား သပိတ်ကြီးက တက္ကသိုလ် ကျောင်းသား သမဂ္ဂ မဂ္ဂဇင်း (အိုးဝေ) အယ်ဒီတာ ကိုအောင်ဆန်းနှင့် သမဂ္ဂ ဥက္ကဋ္ဌ ကိုနုကို ကျောင်း ထုတ်မယ်ဆိုလို့ ဝိုင်းဝန်း ကန့်ကွက် ဆန္ဒပြကြတဲ့ သပိတ် ဖြစ်ပါတယ်။

တတိယ ကျောင်းသား သပိတ်ကြီးက ရေနံမြေ အလုပ်သမားတွေနှင့် တောင်သူ လယ်သမားတွေရဲ့ နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးမှာ ကျောင်းသား တွေက ပူးပေါင်း ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

စစ်မဖြစ်ခင်က အဲဒီ သပိတ်ကြီး သုံးလုံး အကြောင်းကို ဖြစ်ပြီးပြီးချင်းမှာ ရော၊ နောင် နှစ်အတန်ကြာမှာရော မှတ်တမ်းတွေ စာအုပ်တွေ အသီးသီး ရေးခဲ့ ကြတယ်။ ဆရာ ဦးသိန်းဖေမြင့်ရဲ့ “သပိတ်မှောက် ကျောင်းသား” တို့၊ “အရှေ့က နေဝန်း ထွက်သည့်ပမာ” တို့ဟာ ဂန္ထဝင်မြောက် စာပေများ ဖြစ်ခဲ့ပါတယ်။

စစ်ပြီးခေတ် ကျောင်းသား လှုပ်ရှားမှုတွေကိုလည်း စာရေးဆရာတွေ အသီးသီး ရေးခဲ့ကြတာပါပဲ။ ဆရာ နတ်နွယ်ရဲ့ အဝါ၊ အပြာ” ဝတ္ထုတွေဟာ ၁၉၅၃၊ အောက်တိုဘာ ကျောင်း တစ်လပိတ်ရေး အရေးတော်ပုံကို နောက်ခံထားပြီး ရေးခဲ့ တာပါပဲ။ နောက် ဆရာ တက္ကသိုလ် ဘုန်းနိုင်ရဲ့ ‘ညီမလေးရယ် စိုးရိမ်မိတယ်” မှာလည်း အောက်တိုဘာ အရေးတော်ပုံကို စာမျက်နှာ အတော်များများ ရေးဖွဲ့ခဲ့ ပါတယ်။

ကျွန်တော်တို့ ကိုအောင်ပြည့်တို့ ရန်ကုန် တက္ကသိုလ်မှာ ရှိနေတုန်း ဖြစ်ပွား ခဲ့တဲ့ ဆဲဗင်းဂျူလိုင် အရေးတော်ပုံ (၁၉၆၂ ခု၊ ဇူလိုင်လ ၇ ရက် ကျောင်းသား အရေးအခင်း) ကို ကျတော့ မှတ်တမ်း အနေနှင့် ကျွန်တော် ရေးတဲ့ “ခွပ်ဒေါင်းနှင့် အတူ ၁၉၆၂-၆၃ ရန်ကုန်တက္ကသိုလ် ကျောင်းသား အရေးတော်ပုံ မှတ်တမ်း ဆိုတဲ့ စာအုပ်ကလေး တစ်အုပ်ပဲ ထွက်ခဲ့ပါတယ်။ ၁၉၆၃ ခု အတွင်း တက္ကသိုလ် နယ်မြေထဲမှာပဲ ဖြန့်ဝေခဲ့တာ ဖြစ်လို့ ပြင်ပ စာဖတ် ပရိသတ် လက်ထဲ ကျယ်ကျယ် ပြန့်ပြန့် မရောက်ခဲ့ပါဘူး။ အဲဒီ အချိန်ကာလများမှာ ကဗျာ စာအုပ်တွေတော့ အများကြီး ထွက်ခဲ့ပါတယ်။ မန္တလေးဆောင်က ကိုခင်ဆွေတို့၊ ကိုခင်မောင်မြင့် (ကိုအောင်ပြည့်) တို့ ထုတ်တဲ့ “ရင်ပြင်နီ”၊ အင်းဝဆောင်က ကိုသန်းထွန်းတို့ ထုတ်တဲ့ “အနိုင်မခံ”၊ “တိုက်ပွဲခေါ်သံ”၊ “သွေးမော်ကွန်း စသည်ဖြင့် အတော် များပါတယ်။

အဓိပတိ လမ်းမကြီး ဝင်ပေါက် တံခါးက အုတ်တိုင်ကြီးရဲ့ မျက်နှာပြင် နှစ်ဘက်ကိုလည်း ကျောင်းသားတွေက နံရံကပ် စာစောင် အဖြစ် အသုံးချကြတယ်။ ကဗျာတွေ၊ ခံစားချက် စာတွေ ရေးပြီး လာကပ်ထားကြတယ်။ ကျောင်းသား ကျောင်းသူတွေရော၊ တက္ကသိုလ်ရိပ်သာလမ်းက ဖြတ်သွား ဖြတ်လာ ပြည်သူ တွေရော ရပ်ပြီး ဖတ်ကြ၊ စာအုပ်ထဲ ကူးရေးကြနှင့် စည်ကားနေတာပေါ့။ (တရုတ်ပြည်က တိန်အန်မင် ရင်ပြင် တံတိုင်းက နံရံကပ်စာ လှုပ်ရှားမှုထက် ကျွန်တော်တို့က နှစ် အများကြီး စောတယ်။)

ကိုအောင်ပြည့် ဖြစ်လာမယ့် ကိုခင်မောင်မြင့်က တက္ကသိုလ် နယ်မြေက ထုတ်တဲ့ စာစောင် အများစု အတွက် မျက်နှာဖုံးတွေ ရေးပေးရတယ်။ ကျွန်တော့်ရဲ့ “ခွပ်ဒေါင်းနှင့် အတူ” စာအုပ် အဖုံးကိုလည်း သူပဲ ရေးပေးပါတယ်။ နောင် နှစ်ပေါင်း ကြာတဲ့အထိ သူရော ကျွန်တော်ပါ ဒီအတွေ့အကြုံလေးကို မမေ့နိုင်ကြ ပါဘူး။ သူကလည်း ကြုံတဲ့အခါ ပြန်ပြောတတ်သလို ကျွန်တော်ကလည်း မှတ်မှတ် ရရ ပြန်ရေးဖူးပါတယ်။

၁၉၆၆-၆၇ လောက်မှာ ကိုအောင်ပြည့်ရဲ့ “ပြိုမှာလေလား မိုးရဲ့” ဝတ္ထု ထွက်လာပါတယ်။ စာပေစိစစ်ရေး ပေါ်ဦးစ အချိန်လောက်ပါ။ အဲဒီတုန်းက “န၊ စ၊ ဘ” လို့ အတိုခေါ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး စာအုပ်တွေကိုပဲ စာပေ စိစစ်ရေးကို ကြိုတင်ပြီး စာမူ တင်ရပါတယ်။ ကျွန်တော် မှတ်မိသလောက် ၁၉၇၆ ခုနှစ်လောက်အထိ ဝတ္ထု စာအုပ်တွေကို စာမူ ကြိုပြီး တင်စရာ မလိုခဲ့ ပါဘူး။ အဲဒီ အခြေအနေ တစ်ရပ် ရှိနေပေမဲ့ တခြား စာရေးဆရာတွေက သိပ် မကြာခင်က ဖြစ်ခဲ့တဲ့ ဆဲဗင်းဂျူလိုင် ကျောင်းသား အရေးတော်ပုံ အကြောင်းကို မည်သည့် စာပေ ပုံစံနှင့်မျှ မရေးခဲ့ကြပါဘူး။ ကိုအောင်ပြည့် စာအုပ် ထွက်လာတော့ တအံ့တသြနှင့် ရှာဖတ်ကြတယ်။ ကိုအောင်ပြည့်ကိုလည်း ချီးကျူးကြပါတယ်။ သို့ပေမဲ့ “ပြိုမှာလေလား မိုးရဲ့” စာအုပ် လက်ကျန်တွေကိုတော့ သက်ဆိုင်ရာက လိုက် သိမ်းဆည်းခဲ့ပါတယ်။ သိရသလောက်တော့ စာဖတ်သူတွေ လက်ထဲ အတော် များများ ရောက်ပြီးမှ အသိမ်း ခံရတာဖြစ်လို့ ဝယ်ထားသူတွေဆီက လက်ဆင့်ကမ်း ငှားဖတ်ကြရင်း အတော် ပျံ့နှံ့ခဲ့ပါတယ်။

သည်စာအုပ်က သာမန် ဖတ်လိုက်ရင် ရိုးရိုး အချစ် ဝတ္ထုရှည် တစ်ပုဒ်လိုလို ထင်ရပါတယ်။ သို့ပေမဲ့ သေချာ ဖတ်ရင် ၁၉၆၀ နှစ်များဆီက ရန်ကုန် တက္ကသိုလ် ရနံ့တွေ ထုံမွှမ်းနေတာ တွေ့ရပါမယ်။ တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက် အဦ အကြောင်း လွမ်းစရာတွေ အများကြီး ပါပါတယ်။ ကိုအောင်ပြည့်က ယူနီယံ၊ ယူနီယံလို့ ကျောင်းသား ကျောင်းသူတွေ သုံးစွဲနေကျ အခေါ်အဝေါ် အတိုင်း ရေး ထားတယ်။ ကျွန်တော်တို့ အချင်းချင်း ပြောရင် ဘယ်သွားမလို့လဲ၊ ယူနီယံမှာ ဆံပင် သွားညှပ် မလို့လေ စသဖြင့် ပြောကြတယ်။ ဘကြီး ကံသိန်းရဲ့ ဆံပင် ညှပ်ဆိုင် ရှိတယ်။ ဒေါ်ကြည်ရဲ့ လက်ဖက်ရည်ဆိုင် စားသောက်ဆိုင် ရှိတယ်။ အပေါ်ထပ်မှာ အစည်းအဝေး ခန်းမကြီး ရှိတယ်။ ယူနီယံ ဥက္ကဋ္ဌနှင့် အမှုဆောင် တွေ အတွက် အခန်းတွေ ရှိတယ်။ တက္ကသိုလ် ရုက္ခစိုးကြီးလို့ ပြောစမှတ် ပြုရတဲ့ ကိုနန်းဝေရဲ့ ပန်းချီကားတွေ ရှိတယ်။ ကိုအောင်ပြည့် ဝတ္ထုမှာ အဲဒီ ဝန်းကျင် အဖွဲ့လေးတွေကို သင့်သလို ထည့်ရေးသွားတယ်။

၁၉၆၂၊ ဇွန်လ တက္ကသိုလ်တွေ ပြန်ဖွင့်ချိန်မှာ အဆောင်နေ ကျောင်းသား တွေဟာ ထောင်စည်းကမ်းတွေလောက် တင်းကျပ်ထားတဲ့ ကျောင်းဆောင် စည်းကမ်း တွေနှင့် ရင်ဆိုင် တိုးကြရပါတယ်။ ဘယ်လိုမှ လက်မခံနိုင်အောင် တမင် ဖိနှိပ် ချုပ်ချယ်တဲ့ စည်းကမ်းတွေ ဖြစ်လို့ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂက ဦးဆောင်ပြီး ၁၉၆၂ ခု၊ ဇူလိုင် ၇ ရက်နေ့မှာ ကျောင်းသားများ ဆန္ဒပြပွဲကို ကျင်းပရာက ဖမ်းဆီးမှုတွေ၊ ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး နောက်နေ့ မနက်စောစောမှာ ယူနီယံကြီးကိုပါ မိုင်းတွေနှင့် ဖောက်ခွဲ ဖျက်ဆီး ခံလိုက်ရတဲ့ အဖြစ်ဆိုးကြီး အကြောင်းကို “ပြိုမှာလေလား မိုးရဲ့” ဝတ္ထုရဲ့ နောက်ခံ ကားချပ် အဖြစ် ရေးဖွဲ့ ခဲ့တဲ့ အတွက် ကိုအောင်ပြည့်ကို ကျွန်တော်က ကြုံတိုင်း ချီးကျူးစကား ပြောမိ

ပါတယ်။ ခင်ဗျား ၆၂ မျိုးဆက် တာဝန် ကျေပါတယ်ဗျာလို့ ပြောတဲ့အခါ တာဝန် ကျေတယ် မပြောပါနှင့်ဦးဗျာ၊ ကျွန်တော်တို့ ဒီ့ထက်မက လုပ်စရာတွေ အများကြီး ရှိသေးတယ်လို့ ပြန်ပြောတတ်ပါတယ်။

“ပြိုမှာလေလား မိုးရဲ့” ကို ပြန်လည် ပုံနှိပ် ထုတ်ဝေဖို့ အပျိုစင် မဂ္ဂဇင်း ပဲ့ကိုင်ရှင် ကိုမြင့်လွင်နှင့် ကိုတင်ဆွေမိုးတို့ ကျွန်တော့်ဆီ လာပြောပြီး စာအုပ်ပါ ခဏ ပေးသွားလို့ ပြန်ဖတ်ဖြစ်ပါတယ်။ ပထမအကြိမ်ထုတ်မှာ ဆရာ မောင်ကိုယု က အမှာစာ ရေးထားပါတယ်။ ဆရာ့ အမှာစာကို ဖတ်ရင်း တက္ကသိုလ်က ကျောင်းသား အင်အားစုတွေ အကြောင်း ပြန်သတိရမိတယ်။ ဆရာယုက တပ်ဦး သစ် ခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။ ကိုအောင်ပြည့်က ဆရာယု တပည့်ရင်း ဖြစ်ပြီး သူလည်း တပ်ဦးသစ်နှင့် နီးစပ်ခဲ့ပါတယ်။ ကျွန်တော်တို့က တပ်ဦးတွေ ဖြစ်ပါ တယ်။ (တပ်ဦးဆိုတာ ရန်ကုန် တက္ကသိုလ် ကျောင်းသား ညီညွတ်ရေး တပ်ဦးရဲ့ အတိုကောက် အခေါ်အဝေါ် ဖြစ်ပါတယ်။) ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အမှုဆောင် ရွေးကောက်ပွဲတွေမှာ တပ်ဦးတွေက ၁ဝ နှစ်လောက် ဆက်တိုက် အနိုင်ရခဲ့တာ ၁၉၆၂-၆၃ ကိုဗဆွေလေး ဦးဆောင်တဲ့ အမှုဆောင် အဖွဲ့အထိပါပဲ။ နောက်ဆုံး တကသ အမှုဆောင်ထဲက လက်ကျန်ဆိုလို့ ကိုလှရွှေ (ဘိုကလေး) တစ်ယောက်ပဲ သက်ရှိထင်ရှား ကျန်ရှိပါတယ်။ ယခု လက်ရှိ ဆောင်းပါးရှင် အောင်သာ (ပီသုံးလုံး) အဖြစ် နိုင်ငံရေး ဆောင်းပါးတွေ ရေးနေသူ ဖြစ်ပါတယ်။ ကျောင်းသား ညီညွတ်ရေး တပ်ဦးရဲ့ နောက်ဆုံး အမှုဆောင်အဖွဲ့ လက်ကျန်ကတော့ ကျွန်တော် အပါအဝင် အနည်းဆုံး သုံးယောက်လောက် ကျန်ဦးမယ် ထင်ပါတယ်။ ဥက္ကဋ္ဌ ကိုသာဒိုး၊ အတွင်းရေးမှူး ကိုသိန်းထွန်း (ရှေ့နေကြီး ဒေါ်မြင့်မြင့်ခင်ရဲ့ မောင်၊ တောတွင်းအမည် ဘသန်း) တို့ကတော့ တောထဲမှာ ကျဆုံးခဲ့ကြပါတယ်။

ကိုအောင်ပြည့်ဟာ စာပေဘက်မှာ ပိုပြီး အားသန်ခဲ့ပုံရပါတယ်။ သူ မြန်မာ စာ ထူးချွန်ဆုတွေ ရတယ်။ ရသ ကဗျာတွေ၊ ရသ စာတန်းတွေ၊ ဝတ္ထုတွေ ရေးတယ်။ စံရိပ်ငြိမ်ထဲမှာ ဦးဆောက်ပန်း စာအုပ်ဆိုင် ဖွင့်တယ်။ ၁၉၆၉ ခုနှစ်မှာ အထောက်တော်လှအောင်နှင့် လက်တွဲပြီး သတင်းဂျာနယ်ကို အောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့တယ်။ အဲဒီမှာ သူ အပတ်စဉ်ထုတ် ဂျာနယ် လုပ်ငန်း အကြောင်း အတော် ပညာရလိုက်ဘယ်လို့ ဆိုနိုင်ပါတယ်။ ၁၉၇၂ ခု၊ သတင်းဂျာနယ် ရပ်စဲသွားချိန်မှာ ကိုအောင်ပြည့်ဟာ နာမည်ကျော် မြန်မာစာ ကျူရှင်ဆရာ ဖြစ်လာတယ်။ သည်ကြားထဲ သူ့ရဲ့ ဝါသနာ အလုပ်တစ်ခုအဖြစ် ရုပ်ရှင် သရုပ် ဆောင်လည်း လုပ်လိုက်သေးတယ်။ သူ့သူငယ်ချင်း ဒါရိုက်တာ မောင်ဝဏ္ဏနှင့် တွဲခဲ့တာ များပါတယ်။ အရေးကြီးတဲ့ ဇာတ်ပို့ နေရာမျိုးကနေ ကိုအောင်ပြည့်

အတော်များများ သရုပ်ဆောင်ခဲ့တာ အမှတ်တရ ဖြစ်စရာပါပဲ။ တစ်ချိန်တည်းမှာ စာပေ မဂ္ဂဇင်း တချို့ကို စတင် တည်ထောင်တဲ့ အယ်ဒီတာအဖြစ် ထင်ရှား လာတယ်။ ကျွန်တော် မှတ်မိသလောက် ချယ်ရီ မဂ္ဂဇင်း၊ ဝါနီပြာ မဂ္ဂဇင်း၊ ရာစု ဂျာနယ်၊ ဖတ်စရာ ဂျာနယ် စတာတွေကို သူ စတင် ပျိုးထောင်ခဲ့တာ ဖြစ်ပါတယ်။ ဖတ်စရာ ဂျာနယ် အရှိန်ကောင်းနေတုန်း သူ ကွယ်လွန်သွားပါတယ်။

ဖတ်စရာ ဂျာနယ်မှာ ကိုအောင်ပြည့်ရဲ့ တီထွင်ချက်ဖြင့် စာရေးဆရာတွေရဲ့ ဆောင်းပါးနှင့် ဓာတ်ပုံ တွဲထည့်တာ အပတ်တိုင်း ပါပါတယ်။ ကျွန်တော်က “ဝေါမြို့က မိဝိုင်းသို့” ဆိုတဲ့ ပေးစာ စတိုင်လ် ဆောင်းပါး ရေးပေးတယ်။ သူ့ အကြံ ပေးချက်အရ ဆောင်းပါးကို တိုနိုင်သမျှ တိုအောင် ရေးပေးရလို့ လိုရင်း တိုရှင်း ရေးရတဲ့ ဂျာနယ်၊ ဆောင်းပါး အတွေ့အကြုံ အလေ့အကျင့် ရလိုက်ပါတယ်။ ဖတ်စရာ ဂျာနယ်ထဲ ရေးခဲ့တဲ့ “ဝေါမြို့က မဝိုင်းသို့” ဆောင်းပါးတွေကို စုစည်းပြီး စာအုပ် တစ်အုပ်တောင် ထွက်ခဲ့ပါတယ်။

ကိုအောင်ပြည့် ကွယ်လွန်ပြီး ကျန်ရစ်သူ ဇနီး မမာသီက ဒလအိမ်မှာ နှစ်စဉ်လို နှစ်ပတ်လည်ပွဲ ပြုလုပ်ပါတယ်။ ကိုအောင်ပြည့်ရဲ့ မိတ်ရင်း ဆွေရင်းတွေ ပြန်ဆုံကြ၊ စကားလက်ဆုံကျကြနှင့် အမှတ်တရ ဖြစ်ရပါတယ်။

အခု “ပြိုမှာလေလား မိုးရဲ့” ပြန်လည် ထုတ်ဝေတဲ့အခါ အများကြီး ဂယက် ရိုက်မယ်၊ ဆဲဗင်းဂျူလိုင် အကြောင်း ဂဃနဏ သိချင်တဲ့ လူငယ်တွေ အတွက် များစွာ အထောက်အကူ ဖြစ်မယ်လို့ ကျွန်တော် ခန့်မှန်းမိပါတယ်။ သည်ဝတ္ထုကို ရေးခဲ့တဲ့ ကိုအောင်ပြည့်ကို ကျွန်တော် ပြောလေ့ရှိတဲ့ စကား ရှေ့ပိုင်းမှာ ဖော်ပြပြီး ပါပြီ။“ကိုအောင်ပြည့်ရေ၊ ခင်ဗျားရဲ့ တခြား စာပေ အနုပညာ အလုပ်တွေမှာ ချီးကျူးစရာတွေ အများကြီး ရှိမှာပါ၊ ကျွန်တော်ကတော့ ခင်ဗျား ““ပြိုမှာလေလား မိုးရဲ့” ကို တကယ့် ခေတ်ဆိုး ခေတ်ကျပ်ကြီးထဲမှာ ဖြစ်အောင် ရေးထုတ်ခဲ့တာ တစ်ခုတည်း အတွက် ချီးကျူးရုံမက ၆၂ မျိုးဆက် ကျောင်းသား အားလုံးနှင့် အတူ ခင်ဗျားကို ကျေးဇူးတင်လို့ မဆုံးဘူးဗျာ၊ ခင်ဗျား တကယ် တာဝန် ကျေပါ ပေတယ်” လို့ ထပ်ပြောလိုက်ချင်ပါတယ်။


မောင်ဝံသ

၂၄၊ ဖေဖော်ဝါရီ၊ ၂၀၁၃။

maungwuntha@gmail.com


အကြင်သူ တစ်ဦးဦးသည်

ဤဝတ္ထုပါ အကြောင်းအချက်များနှင့်

တိုက်ဆိုင်သည် ဟူငြားအံ့

ထိုသူ့အားပင် ရည်ညွှန်းပါသည်။

စာရေးသူ


မိတ်ဆက်ပါသည်

 

ရဲဘော်‘အောင်ပြည့်” က သူ့ဝတ္ထုတွင် အမှာစာ ရေးပေးပါရန် တာဝန် လာပေးသည်။ အမှာစာ ရေးခိုင်းသည်ကို ကြည့်၍ တုန်လှုပ်မိ၏။ ကိုယ်နှင့် မတန်မရာ လာ၍ တာဝန် ပေးရက်လေခြင်းဟု စိတ်မောရပါသည်။

တစ်ခါက မိတ်ဆွေ တစ်ယောက်သည် သူ ပြုစုသော စာအုပ် အတွက် အမှာရေးရန် ဤသို့ စေခိုင်းဖူးပါသည်။ ကျွန်တော်၌ အမှာရေးနိုင်လောက်အောင် အရည်အချင်း မရှိပါဟု ငြင်းဆန်မိသဖြင့် မိတ်ပျက်ခဲ့ဖူးသည်။

ယခုတော့ မငြင်းဆန်နိုင်တော့ပါ။ ပခုံးကို တွန့်၍ သူ့၌ တစ်ပွေ့ တစ်ပိုက်ကြီး ပါလာသော ဝတ္ထုစာမူများကို လှမ်းယူမိပါသည်။

အမှာစာ ရေးသူ၏ တာဝန်မှာ စာရေးဆရာအား စာဖတ် ပရိသတ်နှင့် မိတ်ဆက်ပေးရန် ဖြစ်ပါသည်။ ထို့ပြင် ဝတ္ထု၏ အကြောင်းအရာကို ခြေဆင်းလေး အဖြစ် လေပြည် ထိုးပေးရန် ဖြစ်ပါသည်။

ဤသို့ဆိုလျှင် မိတ်ဆက်ပေးသူကိုလည်း စာဖတ် ပရိသတ်က သိထားရန် လိုပေသည်။

မိတ်ဆက်ပေးသူသည် စာပေလောက၌ ယုံကြည် စိတ်ချနိုင်လောက်သော နှံ့စပ် ကျွမ်းကျင်သူ ဖြစ်ရမည်။ စာဖတ် ပရိသတ်က အသိများပြီး ကျော်ကြား သူလည်း ဖြစ်ရမည်။ သို့မှသာ စာဖတ် ပရိသတ်က သူ မိတ်ဆက်ပေးသော စာရေးဆရာကို ယုံကြည်မည်။ ထိုစာရေးဆရာ ရေးသား ပြုစုသော ဝတ္ထုကို လက်ခံ ဖတ်ရှုကြမည်။

ယခုမူ ဤအရည်အချင်းမျိုး ကျွန်တော့်၌ မရှိသော်လည်း မည်သို့မျှ မတတ်သာ။ ရဲဘော် အောင်ပြည့် ပေးအပ်သော ဝတ္ထုစာမူကို ဖတ်ပြီး အမှာစာ ရေးရန် ခေါင်းညိတ်လိုက်ရပါသည်။

စာဖတ်သူများသည် ကျွန်တော့်အား သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ စာရေးဆရာ အောင်ပြည့်နှင့် သူ့ဝတ္ထုကို အကျွမ်းဝင်အောင် ကျွန်တော် မိတ်ဆက် ပေးရပါတော့မည်။

သူတပါး၏ လက်ရေး စာမူကို ဖတ်ရှုရခြင်းမှာ အလွန် ပင်ပန်း ဆင်းရဲ သော ဒုက္ခတစ်ရပ် ဖြစ်ကြောင်းကို အယ်ဒီတာများသာ လက်တွေ့ သိနိုင်ပါသည်။ ကျွန်တော်သည် သူတစ်ပါး၏ လက်ရေး စာမူကို မည်သည့်အခါမျှ ကြိုးစား၍ မဖတ်ဖူးပါ။ ယခု တာဝန် ကျရောက်လာသဖြင့် ရဲဘော် အောင်ပြည့်၏ ဝတ္ထု စာမူကို ကြိုးစား၍ စတင် ဖတ်လိုက်ပါသည်။

ကျွန်တော် ထိုနေ့ညက မိုးလင်းသွားပါသည်။ သူ့ဝတ္ထု မဆုံးသေးပါ။ နောက်ဆုံး နိဂုံးကို နံနက် ၁၁ နာရီတွင် အဆုံးသတ် ဖတ်လိုက်ရသည်။ မနက်စာကို နေ့လည် ၁၂ နာရီမှ စားဖြစ်ပါသည်။ ထိုနေ့က ကျောင်းဆရာ ကျောင်း မသွားဖြစ်ပါ၊ ခွင့်တိုင်လိုက်ရပါသည်။

ကျွန်တော့် မျက်စိရှေ့တွင် ရန်ကုန် တက္ကသိုလ် ပရဝုဏ်ကြီးသည် မျက်ဝါး ထင်ထင် ပြေး၍ မြင်လိုက်မိတော့သည်။ ထိုတက္ကသိုလ်တွင် စိန်ပန်းပင်များ ရဲရဲနီလျက် ရှိသည်။ ပင်းယဆောင်ရှေ့ ကတ္တရာလမ်းသည် ဖွေးဖွေးလှုပ် ကြွေကျလျက်ရှိသော စိန်ပန်းတို့ဖြင့် ရဲနေကြသည်။

ထီးတည်းကြီး ရပ်တည်နေသော ဂျပ်ဆင် ဘုရားရှိခိုးကျောင်းကြီး၏ မျက်စောင်းထိုးတွင် ရေတမာပင်တန်းသည် အုံ့ဆိုင်းလျက် ရှိ၏။ တက္ကသိုလ်၏ နေရာ အနှံ့အပြားတွင် ကံ့ကော်ပင်တို့သည် တောကြီးတမျှ ဟီးထ၍ နေကြပြီ။ တက္ကသိုလ် ကျောင်းဆောင် ရုံးရှေ့ရှိ သစ်ပုတ်ပင်ကြီးသာ သူနှင့် မလှမ်း မကမ်းတွင် ခံ့ညားစွာ တည်ရှိနေသော ဘွဲ့နှင်းသဘင် ခန်းမဆောင်နှင့် သက်တမ်း ပြိုင်လျက် နေတော့သည်။

ဤတက္ကသိုလ်လောကတွင် ဇာတ်လမ်းပေါင်း များစွာ ကခဲ့ကြပါသည်။ ဤတက္ကသိုလ်တွင် ကျွန်တော်တို့ ချစ်ခဲ့၊ မုန်းခဲ့၊ လွမ်းခဲ့၊ ဆွေးခဲ့၊ နာကျည်းခဲ့၊ ရင်မောခဲ့၊ လှုပ်ရှားခဲ့ကြပါသည်။

တက္ကသိုလ်တွင် အရပ် ရှစ်မျက်နှာက ကျောင်းသား ကျောင်းသူများ လာရောက် ဆုံစည်းကာ အချစ်ဇာတ်၊ အလွမ်းဇာတ်၊ အဆွေးဇာတ်၊ အသေဇာတ်၊ တိုက်ပွဲဇာတ် အဖုံဖုံကို ဇာတ်ကောင်များအဖြစ် ကခဲ့၊ ခုန်ခဲ့၊ ပါဝင်ခဲ့ကြသည်။ ကံ့ကော်ပင်အောက်ပင် ချစ်သူတို့ မြူးခဲ့ကြသည်၊ ရူးခဲ့ကြသည်၊ ငိုခဲ့ကြ သည်၊ ရယ်ခဲ့ကြသည်။ ထိုနေရာတွင် ချစ်ဇာတ်ကို ဖွင့်၍ မုန်းဇာတ်ကို နိဂုံး ချုပ်ခဲ့ကြသည်။ ထိုနေရာတွင်ပင် မေတ္တာဟောင်း ကြွေ၍ မေတ္တာသစ်များ ဝေခွဲကြပြန်သည်။ မိဘရပ်ထံမှ အထုပ်ကို ထမ်း၍ ရယ်မော ပျော်ရွှင်လျက် လာခဲ့သော တချို့ ကျောင်းသား ကျောင်းသူတို့သည် မျက်ရည်ကို ရင်ခွင်ပိုက်၍ ပြန်သွားကြသည်။ တချို့မူကား ပညာစုံ၊ ကြင်ယာစုံဖြင့် အိမ်ပြန်လှခဲ့ကြပါသည်။

ကျွန်တော်တို့ တက္ကသိုလ်က မစွန့်ခွာမီ၊ စွန့်ခွာပြီး ကာလတို့တွင် တက္ကသိုလ်ကြီးသည် စနစ်မျိုးစုံ အဖြစ်မျိုးစုံ ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ သို့သော် ဤတက္ကသိုလ်၌ စနစ် အသစ် အသစ်တို့ ပြောင်းလဲလာခဲ့သော်လည်း၊ ဤ တက္ကသိုလ်ကြီး၌ ကျောင်းသား ကျောင်းသူ အသစ် အသစ်တို့ ပျားပန်းခတ်မျှ ဝင်ခဲ့ ထွက်ခဲ့ကြသော်လည်း စိန်ပန်းကြွေသော လမ်းက ဇာတ်လမ်းများ၊ ကံ့ကော် ပင်အောက်က အဖြစ်များ၊ အင်းလျားကန် နံဘေးက အလွမ်းများတို့သည် ဆက်လက် တည်ရှိမြဲ၊ ဖြစ်ပျက်မြဲပင်။

ယခု အောင်ပြည့်သည် ဤတက္ကသိုလ်ကို ပင်မ ဇာတ်ခုံအဖြစ် ဇာတ်အိမ် တည်လိုက်သည်။ အောင်ပြည့်သည် တက္ကသိုလ် ကျောင်းသား တစ်ဦး ဖြစ်သည်။ သူသည် စနစ်ဟောင်း တက္ကသိုလ်နှင့် စနစ်သစ် တက္ကသိုလ်အတွင်း နှစ်ဘဝ လှုပ်ရှားခဲ့သူ ဖြစ်သည်။ သူ ကျင်လည် ကျက်စားခဲ့သော ဤတက္ကသိုလ် နှစ်ခု၏ ဘဝတွင် တွေ့ခဲ့၊ ကြုံခဲ့၊ သိခဲ့၊ ကြားခဲ့သော ချစ်စရာ၊ ခင်စရာ၊ ကြည်နူးစရာ၊ ရယ်ရွှင်စရာ၊ ဝမ်းနည်းစရာ၊ လွမ်းစရာ၊ ဆွေးစရာ၊ တမ်းတစရာ အဖြစ်တို့ကို ဤဝတ္ထုဖြင့် ဇာတ်အိမ် တည်ထားပါသည်။

အောင်ပြည့်၏ ဝတ္ထုတွင် ပါဝင်သော အချို့အယူအဆတို့နှင့် တချို့သည် အမှာစာရေးသူ ကျွန်တော်နှင့် သဘောတူချင်မှ တူပေလိမ့်မည်။ ကျွန်တော် ကိုယ်တိုင် သိချင်မှ သိမည်။ အကြောင်းကား ကျွန်တော် ကျင်လည်ခဲ့သော တက္ကသိုလ်နှင့် အောင်ပြည့် ကျင်လည်ခဲ့သော တက္ကသိုလ်တို့ ကွာလှမ်းခဲ့၍ ဖြစ်ပေသည်။

သို့သော် အောင်ပြည့်သည် သူ့ဝတ္ထုထဲ၌ ယနေ့ တက္ကသိုလ် ကျောင်းသား ကျောင်းသူတို့ တကယ်ဖြစ်သော အဖြစ်၊ တကယ် တွေ့သော အတွေ့အကြုံတို့ကို ဇာတ်အိမ် ဖွဲ့ထားသည်ကိုတော့ ကျွန်တော် ရဲရဲအာမခံနိုင်ပါသည်။

ဤဝတ္ထုတွင် တက္ကသိုလ် ကျောင်းသား ကျောင်းသူများ တကယ်ပြောသော စကားကို တကယ့် မူမှန်အတိုင်း ပြောပြထားသည်။ ဤဝတ္ထု၌ တက္ကသိုလ် ကျောင်းသားများ တကယ်လုပ်သော အလုပ်ကို ရေးခြယ်ထား ပါသည်။ ဤဝတ္ထုထဲတွင် တက္ကသိုလ် ကျောင်းသားတို့ မပြောသော စကားကို ပြောသယောင် ရေးမထားပေ။ ဤဝတ္ထု၌ ဇာတ်လိုက် တက္ကသိုလ် ကျောင်းသား သည် မိုးရွာထဲ၌ အသံ မမြည်နိုင်သော တယောကို မထိုးပါ။

တို့ အကြောင်းမှာ မိုးရွာထဲ၌ တက္ကသိုလ် ကျောင်းသားများ တယော မထိုး ခဲ့၍ ဖြစ်ပါသည်။

တိုတိုနှင့် လိုရင်းကို ဆိုရပါမူ အောင်ပြည့်၏ တက္ကသိုလ် နောက်ခံ ထားသည့် တကယ့် ဇာတ်လမ်း ဖြစ်တော့သည်။

တက္ကသိုလ် ကျောင်းသားများ ချစ်တတ်ကြသည့်အတိုင်း ချစ်ခြင်းကို ပြသည်၊ ပြောတတ်ကြသည့်အတိုင်း ပြန်ပြောပြသည်၊ ရယ်တတ်ကြသည့်အတိုင်း ရယ်စရာ ပြောသည်၊ လွမ်းတတ်ကြသည့်အတိုင်း အလွမ်းဖွဲ့ကို ဖွဲ့သည်။

ထို့ကြောင့် တက္ကသိုလ်တွင် ကျင်လည် ကျက်စားခဲ့သူတို့သည် သူတို့၏ ဘဝဟောင်းကို ပြန်လည် တမ်းတစရာ ဖြစ်လာနိုင်ပါသည်။

ကျင်လည် ကျက်စားနေသူတို့ အတွက်မူ သူတို့အကြောင်းကို ရေးခြယ်သယောင် ထင်မှတ်စရာ ဖြစ်ပါပေလိမ့်မည်။

ရဲဘော် အောင်ပြည့်က သူသည် ဝတ္ထုလုံးချင်း မရေးဖူးပါဟု ကျွန်တော့်အား ဝန်ခံထားပါသည်။ သူ့ဝတ္ထုကို တစ်ညနှင့် တစ်နံနက် မနားတမ်း ဖတ်ပြီးသောအခါ သူ့ ဝန်ခံစကားကို မယုံနိုင်တော့ပါ။

အောင်ပြည့်သည် လုံးချင်းဝတ္ထု တစ်အုပ်ကို ရေးရာ၌ ကျွန်တော် ဖတ်ခဲ့ဖူးသော လုံးချင်းဝတ္ထုများ ဖွဲ့စည်းပုံ၊ တန်ဆာဆင်ပုံ၊ ရေးပုံသားပုံနှင့် လုံးဝ မတူသည်ကို တွေ့ရပါသည်။

သူ၏ ရေးသားဟန်သည် အသစ်အဆန်း ဖြစ်သည်။ လူငယ် တစ်ဦးက သူ့ရင်၌ရှိသော အကြောင်းအရာကို ပြောပြရာ၌ လူကြီး တစ်ဦးကဲ့သို့ သွယ်ဝိုက် ခြင်း၊ ပညာရှိဆန်ဆန် လှည့်ပတ်ခြင်း မရှိဘဲ ရဲရဲရှင်းရှင်း တိုတိုရှင်းရှင်း ပြောသကဲ့သို့ အောင်ပြည့်၏ ဝတ္ထုရေးဟန်သည် ထိုလူငယ်တို့၏ ဟန်များ တွေ့ရပါသည်။

ရှင်းသည်၊ တိုတောင်းသည်၊ ရဲသည်၊ အဖွဲ့ အခရာ ပါသည်။ ချစ်လျှင် ချစ်သလို၊ မုန်းလျှင် မုန်းသလို သူ့ရေးဟန်၌ ထင်ပေါ်သည်။

ဤသို့ ရေးဟန်သစ်ဖြင့် ဝတ္ထုလုံးချင်း တစ်အုပ် ဖန်တီးလာသူသည် ကလောင်သစ် ဖြစ်ပါသည်ဟု ဝန်ခံလာခြင်းမှာ ဟုတ်နိုင်မည်ဟု ကျွန်တော် မထင်တော့ပါ။

မောင်ကိုယု


အခန်း ၁

 

အမှားများသူ

အဘယ်မိန်းမ လှသောရုပ်နှင့် ကျွန်ုပ်ကိုမြူ မကြည်ဖြူနှင့်၊

သည်မူကိုယ်ကား၊ သင်ပြုစား၍

အမှားများခဲ့သူပေတည်း။

နောင်


အခန်း ၂

 

တယ်ပူတဲ့ နွေပါလား... ။

အခါတိုင်း နွေဆိုရင် အသားကိုသာ ပူတာ။ အခု နေ၊ အခု နွေက အသည်းကိုပါ ကျွမ်းအောင် ပူတော့တာပဲ။ လူတစ်ယောက်ရဲ့ အသည်းကို တမြေ့မြေ့ ကျွမ်းအောင် ညှဉ်းနိုင်တဲ့ မိန်းမနော်။ လမ်းပေါ်က လေလို လူတေ လူပေ မောင်လေပွေ ဖြစ်အောင် စေနိုင်တဲ့ မိန်းမ။

“ကျွန်တော် မှားတာပါ ဆရာရယ်၊ မိုးပေါ်မှာရှိတဲ့ ငွေကြယ်ပွင့်လေး တွေကို လိုချင်မိလို့ ကျွန်တော် ခံစားမှု ကြီးရတာပဲ၊ ကျွန်တော် နားလည်ပါပြီ ဆရာရယ်၊ ကျွန်တော် လိုချင်လို့လည်း မရနိုင်ပါဘူး၊ ကြယ်ပွင့်လေးဆီ ရောက်အောင်လည်း ကျွန်တော် အမြင့် မတက်နိုင်ပါဘူး၊ ကြယ် အကြွေကို စောင့်ပြီးတော့ ကြွေပွင့်လေးပဲ ကောက်တော့မယ်”

သည်စကားကို ခင်ညို ပြောစဉ်က သူ့ဆရာ ဦးနန်းဝေ တစ်ယောက် သည်နှစ် နွေလို ခံစားရသည် မဟုတ်ပေ။ သူ့တပည့်ကို အားပေးရင်း ပြောင်လိုက် နောက်လိုက်နိုင်သေးသည်။ ပျက်ရယ် ပြုလိုက်နိုင်သေးသည်။

“ဟ ကောင်ရ၊ မင်း ဒါလောက် အပင်ပန်းခံပြီး ကြယ်အကြွေကို စောင့် မနေပါနဲ့လား၊ အင်းလျားစောင်း သွားပြီးတော့ ကျောက်ခဲလေးတွေပဲ သွား ကောက်ချေတော့၊ သွား” ဟူ၍ ပြုံးပြုံးရွှင်ရွှင် ပြောပြီး နှစ်သိမ့် လိုက်နိုင် သေးသည်။ ခင်ညို့ ခေါင်းကို ဖွဖွလေး ပုတ်ပြီး “မှုတ်ဘူးလားကွ အညို” ဟုပင် ကြည်စားနိုင်သေးသည်။

“ဘယ်လိုလဲကွယ့်” တဲ့လေ။

“သူ ဒီစကားလေးကိုတော့ နွဲ့နွဲ့လေးပြုံးပြီး ပြောတာ ဆရာရဲ့၊ ကြည် နေတဲ့ မျက်နှာက ပါးခွက်လေး ချိုင့်ဝင်သွားအောင် ရယ်တောင် ရယ်လိုက် သေးတယ်၊ ကျွန်တော်များ ကျောင်း တစ်ရက် မလာဘူးဆိုရင် သူ့မျက်နှာက ညှိုးနေတာပါ ဆရာရယ်၊ ကျွန်တော်က လွဲလို့ သူ ဘယ်သူ့ကိုမှ မချစ်ဘူးတဲ့၊ ဘယ်သူ့ကိုမှလည်း မယူပါဘူးတဲ့၊ ကဲ သူ သိပ်ကြင်နာတတ်တဲ့ မိန်းကလေး”

ဦးနန်းဝေက မျိုးစုံအောင် ကြားခဲ့ဖူးပေပြီ။ တစ်မျိုး တစ်ခါ ဖြစ်သည်ကို အမျိုး တစ်ရာလောက် ခွဲပြောသော ခင်ညှို့ စကားတွေကို အလွတ်လောက်ပင် ရနေပေပြီ။

“မင်း သိပ်အသည်းကြီးတဲ့ ကောင်ကလေးပဲ ခင်ညို၊ ခေါင်းလည်း သိပ်မာတဲ့ အကောင်”

နွေတကာ့ နွေထဲမှာ သည်နွေဟာ အလောင်ကျွမ်းစေနိုင်ဆုံး နွေပဲ၊ စိတ်မောစရာ နွေ။

ပိုးပိ သူ့မေတ္တာ တေးသံတွေကို ခင်ညို ဆိုလာတိုင်း၊ သူ့အောင်မြင်မှုတွေကို ကြွားဝါလာတိုင်း သူ့တပည့်ကို ဦးနန်းဝေက နောက်ပြောင် ပြောခဲ့သည်သာ။ အလေးအနက် ခင်ညို တိုင်ပင်ဖို့ ရောက်လာသည်ကိုပင် ရယ်ရွှန်း ပတ်ရွှန်း လွမ်းပြလိုက်သည်သာ။

ပြီး ချစ်သော တပည့်နှင့် နောက်ရင်း ပြောင်ရင်း ရင်အေးစေခဲ့သည်။ ပြားလာ ခုတော့ ဦးနန်းဝေ ကိုယ်တိုင်ပင် နှလုံး နွမ်းရပြီ မဟုတ်လား။ မေတ္တာနှင့် ပတ်သက်လို့ သူပင် လေးစားလောက်အောင်၊ သူပင် ချီးကျူးယူရအောင် အစွမ်း ပြခဲ့သည်မို့ ချစ်သော တပည့်ကို တမ်းတနေရပြီ မဟုတ်ပါလား။

ဪ အညိုရယ်... လေ။

ဦးနန်းဝေသည် “ဪ... အညိုရယ်” ဟု တိုးတိုးသာသာ ညည်းပြီး သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်လေသည်။

သူသည် တစ်ခါက ခင်ညို ပြောခဲ့သလိုပင် “တယ်ပူတဲ့ နွေပါလား” ဟူ၍ ပြောနေရသူ ဖြစ်နေပေပြီ။ သည်လို ပူလောင် အိုက်စပ်လှသည့် နွေ ခေါင်ခေါင်မှာပင် ခရီးသွား တစ်ယောက် ဖြစ်ရပေဦးမည်။ တာဝန်ကြီးသည့် ခရီးသည်။

သူသည် တိုးဝှေ့ နေရာယူကြသည့် ရထားစီး ခရီးသည် တစ်ယောက် အဖြစ် မော်လမြိုင် ရထားကြီးပေါ်တွင် ထိုင်နေမိ၏။

ရထား ထွက်သောအခါ၌ စိတ်ပျက် အားငယ်စွာ ကျန်ခဲ့သည့် သူ့တပည့် များ၊ ခင်ညို သူငယ်ချင်းများကိုပင် နှုတ်ဆက် လက်ပြ မနေတော့ဘဲ မော်လမြိုင် ရထားကြီးနှင့်အတူ ရန်ကုန်မြေမှ ထွက်ခွာခဲ့လေသည်။

သူ့ ရင်မှာတော့ တင်းကျပ် နာကျည်းနေရသည့် ခံစားမှုနှင့်ပါ။

ရန်ကုန် နယ်နိမိတ်ကို လွန်လျှင်ပင် သူ့ဘောင်းဘီအိတ် အတွင်းမှ တစ်စုံတစ်ခုကို ထုတ်ယူပြီး ကြည့်လိုက်မိ၏။

သားရေအိတ် အညို လေး။ မိန်းမကိုင် ပိုက်ဆံအိတ်လိုလို၊ ဆေးတံ ဆေးအိတ်လိုလို၊ အလျား အနံ ငါးကျပ်တန် အရွယ်လောက်ရှိသည့် အညို ရောင် အိတ်လေး ဖြစ်၏။ ဆွဲဇစ် သုံးဘက် ပါသော သေသပ် ခိုင်ခံ့စွာ ချုပ်ထားသည့် သားရေအိတ်လေး ဖြစ်လေသည်။

ခေတ်ဦးနန်းဝေသည် သားရေအိတ်လေးကို စူးစူးစိုက်စိုက် ကြည့်လိုက်၏။ သူသည် သည်ရက်အတွင်း သည်အိတ်လေးကြောင့်သာ စိတ်ရှုပ်ထွေးခဲ့ရသည်။ သည်အိတ်လေးကြောင့်ပင် သူ ဆောက်တည်ရာမရ ဖြစ်ခဲ့ရသည်။ သည်အိတ်လေး မြင်တိုင်းလည်း ကြေကွဲ ဝမ်းနည်းရသည်။ သို့သော် သည်အိတ်လေးကိုပင် အကြိမ်ကြိမ် အခါခါ ထုတ်ကြည့်နေမိပေသည်။ အခုလည်း ကြည့်နေမိပြန်ပြီကော။

“ဘယ်လိုလဲကွယ့်” တဲ့။

ပြုံးပြုံးလေး “အညို” မျက်နှာ၊ မူနွဲ့နွဲ့လေး ‘ဖြူ’ အမူအရာ။

ဦးနန်းဝေသည် အတော်ကြီး စိတ်ထိခိုက်သွားပြန်၏။ ရင်က လှိုက်လာ သည်နှင့်အမျှ ဆို့နင့်လာ၏။ သူ့ နှုတ်ခမ်းကိုပင် တင်းတင်း ကိုက်ထားလိုက်မိ၏။

ရထားစီး ခရီးသည်များကတော့ တရွေ့ရွေ့ တလှုပ်လှုပ်နှင့် အလုပ် ရှုပ်နေကြ၏။ ထိုင်စရာ တစ်နေရာအတွက် ရွှေ့ကာ ပြောင်းကာ လှုပ်ရှားနေ ကြ၏။ ဦးနန်းဝေ၏ စိတ်လှုပ်ရှားမှုကို သတိပြုမိကြဟန် မတူ။ သူနှင့် မျက်နှာချင်း ဆိုင်ပြီး ထိုင်နေသည့် ခရီးသည် နှစ်ဦးပင် နေရာ စိတ်ချသည်နှင့် မျက်လုံး မှိတ်ပြီး အိပ်နေကြပေပြီ။

တရွေ့ရွေ့ သွားနေသော ရထားကြီးသည် ရှုခင်း အဖုံဖုံကို ဖြတ်ကျော် သွား၏။ တဝေါဝေါ တဂျိမ့်ဂျိမ့် တငြိမ့်ငြိမ့် တအိအိနှင့် သိသိသာသာ မြန်လာခဲ့၏။ ဖြတ်သန်းလာခဲ့ရသည့် ခရီးကတော့ စိတ်ကို ညွတ်ပျောင်းစေမည့် မြင်ကွင်းများနှင့်သာပါ။ နံနက်ခင်း လေညင်းလေပြည်နှင့် အတူ ယိမ်းနွဲ့ လှုပ်ရှား နေသည့် ရိုးပြတ်များ၊ ညို့မှိုင်းနေသော တောင်တန်းများ၊ အုပ်အုပ်ဆိုင်းဆိုင်း

ပေါက်နေကြသော သစ်တောကြီးများ၊ တလင်းပြင် ရွှေစပါးနှင့် လှုပ်ရှား နေကြသည့် တောင်သူလယ်သမားများ။

တစ်မြို့ပြီး တစ်မြို့ ဖြတ်လာခဲ့ရသည့် အိမ်ကြီး အိမ်ငယ်များ... ။ ဘူတာစဉ် ရပ်တိုင်း ဆင်းကြ တက်ကြ၊ ပြောကြ ဆိုကြ၊ သယ်ကြ ပိုးကြသည့် ခရီးသွားများ . . .။

ဦးနန်းဝေ ဘာကိုမျှ မမြင်ပေ။ သူသည် ဘယ်လက်တွင် သားရေအိတ် အညိုလေးကို ကိုင်၍ ရထား ပြတင်းမှ ငေးကြောင် ကြည့်နေသော်လည်း ဘာပစ္စည်း ဘာအရောင်ကိုမျှ မမြင်ပေ။

ဘာကိုမျှ မြင်သည် မဟုတ်ဟု ဆိုရသော်လည်း သူကတော့ တစ်နေရာ ကို စူးစိုက် ကြည့်နေလိုက်ပေသည်။ ပြောင်းလဲလျက်ရှိသော သူ ကြည့်နေရာ မြင်ကွင်းသည် မြင့်ချည်၊ နိမ့်ချည်၊ စောင်းချည်၊ ရွေ့ချည်၊ စိမ်းချည်၊ ဝါချည် ဖြစ်နေသော်လည်း သူက စိတ်ဝင်စားနိုင်ခြင်း မရှိပေ။ ဘယ်နေရာမှန်း မသိသော နေရာကိုသာ လိုလိုချင်ချင် ကြည့်နေမိပေသည်။

“ဆရာတို့က ဖြူအကြောင်း မသိလို့ မရေရာဘူးလို့ ထင်နေတာပါ၊ ဖြူက တကယ် ပြတ်သားတဲ့ မိန်းကလေး ဆရာရဲ့”

ဦးနန်းဝေသည် ရထား ပြတင်းကို ကျော်ကြည့်နေရင်းမှ အံကို တင်းတင်း ကြိတ်လိုက်မိပြန်၏၊ ရင်အုံကြီး မြင့်မောက်လာအောင် သက်ပြင်းကို ရှူထုတ်လိုက် ပြန်၏။ ညာလက်တွင် ကိုင်ထားသော ဆေးပြင်းလိပ်တိုကို ပြာခြွေပြီး ပါးစပ်မှာ တပ်လိုက်ပြန်၏။ ပြီးတော့ မီးမရှိဘဲလျက် ရှိုက်ကာ ရှိုက်ကာ ဖွာနေမိပြန်၏။ မျက်လုံးကို မှေးပြီး မျက်မှောင်ကုတ်ထားလိုက်ပြန်သည်။

‘ဪ... အညိုရယ်’

သူသည် အသံ မထွက်ဘဲ စိတ်ထဲက တတွတ်တွတ် ညည်းနေမိ၏။ ခေါင်းကိုလည်း ဖြည်းဖြည်းငြိမ်ငြိမ်ပင် ခါယမ်းလိုက်ပြန်၏။ ဆို့လာ ပျို့လာ ပြီလေ။

“ငါထူမှ လဲရတာပါလား အညိုရယ်”

*

ဦးနန်းဝေသည် ရန်ကုန်တက္ကသိုလ်မှ တစ်ကိုယ်တော် သုတေသန ဆရာ တစ်ဦး ဖြစ်၏။

စစ်ကြိုခေတ်ကပင် တက္ကသိုလ်တွင် ကျင်လည်လာခဲ့သူ ဖြစ်သောကြောင့် ခေတ်အဆက်ဆက် ကျောင်းသား၊ ဆရာများ အားလုံးက သူ့ကို သိဖူး ကျွမ်းဖူးကြလေသည်။ သူ့ကို ပန်းချီဆရာ ဦးနန်းဝေ အဖြစ်လည်း တက္ကသိုလ် ဝန်းကျင် သာမက အနုပညာ တစ်လောကလုံးက သိပေသည်။ ခရုသင်း အခွေလိုလို၊ ဘုရား နဖူး သင်းကြစ်လိုလို လက်မှတ် အခွေအကောက်လေးကို မြင်ကာမျှနှင့် သူ့လက်မှတ် သင်္ကေတလေးအဖြစ် အများက မှတ်မိနေကြပေပြီ။ စာပေဗိမာန် ပန်းချီပြပွဲများ၊ တစ်ကိုယ်တော် ပန်းချီပြပွဲများတွင် ထူးခြားသော သူ့ ဆီဆေး ပန်းချီကားချပ်ကြီးများ တန်ခိုးအရှိန်ဖြင့်လည်း ပန်းချီဆရာကြီး တစ်ဦးအဖြစ် အများက လေးစား နှစ်သက်ကြလေသည်။

သုတေသန လုပ်ငန်းကိုမူ လွန်ခဲ့သည့် နှစ်အနည်းငယ်ကမှ စတင် လုပ်ကိုင်ခြင်းဖြစ်၏။ သုတေသန လုပ်ငန်းကို လုပ်ပြီဆိုတော့လည်း သည် လုပ်ငန်းကို စူးစူးစိုက်စိုက်သာ လေးစားခုံမင် လုပ်၏။ စာပေဆိုင်ရာ၊ ဒေသသုံး စကားဆိုင်ရာ၊ အနုပညာမျိုးစုံနှင့် ပန်းချီ ပန်းပုဆိုင်ရာများကို နယ်လှည့် စုဆောင်း ရှာဖွေနေသူ ဖြစ်၏။ ယခုလည်း ပျောက်ဆုံးနေသော မြန်မာ့ ဗိသုကာများကို ဖေါ်ထုတ် တင်ပြရန် ပြင်ဆင်နေပြန်ပြီလေ။

သူသည် သူ့လုပ်ငန်းဆိုင်ရာ စူးစမ်း ရှာဖွေမှု၊ စုဆောင်း သိမ်းဆည်းမှု အတွက် မြန်မာပြည် အနှံ့အပြားကို ရောက်၏။ ရောက်ရာ အရပ်တိုင်းမှ သူ့ လက်ရှိ အလုပ်နှင့် ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်ဖြစ်စေ ပစ္စည်းဟောင်းလေးများ တွေ့လျှင် မက်မော ခုံမင်စွာပင် သိမ်းဆည်းတတ်လေသည်။

ပေပုရပိုက် အဟောင်းများ၊ ရှေးဟောင်း ရုပ်တု အကျိုးအပျက်များ၊ ခေတ်ဟောင်းသုံး ပစ္စည်း အသုံးအဆောင်များ...။

သမိုင်း နောက်ခံနှင့်တကွသော ဝတ္ထု ပစ္စည်းများရလျှင်ကား သူသည် ဆွေ့ဆွေ့ခုန်မျှ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး တရိုတသေပင် ယူဆောင်လာတတ် လေသည်။

“ခင်ဗျား အခန်းထဲမှာလည်းဗျာ၊ ပစ္စည်း အကောင်းကို မရှိဘူး၊ ဘုရား ကျိုး ဘုရားပဲ့တွေကလည်း ပြည့်လို့ ကြည့်ပါဦး၊ ဒီမှာ နှာခေါင်းကျိုးရော၊ နားရွက် ပဲ့ရော၊ ခေါင်းပြတ်ရော၊ ခင်ဗျားတော့ ငရဲကြီးမယ့် လူပဲ”

"အို... ဟိုမှာလည်း ဆွေးပြီးတော့ ခြေထောက်တောင် ပြတ်နေတဲ့ ကိန္နရာ ရုပ်တွေပါလား၊ ဒီအုတ်ခဲတွေကကောဗျာ၊ ခင်ဗျားဗျာ... လှလှ ကောင်းကောင်း လေးတွေ ဝယ်ထားစမ်းပါဗျ၊ ပန်းပုဆရာတွေ ပြည့်လို့ပါ၊ အလကား အစုတ် အပြတ်တွေ စုရတယ်လို့ နားမလည်သူများက သည်လိုပင် ပြောကြ၊ ပြောင်ကြသည့်တိုင် အပြုံး မပျက် လုပ်ငန်းမဖျက် လုပ်နိုင်ခဲ့လေသည်။

အခုလည်း ပစ္စည်းဟောင်းလေး တစ်ခု၊ သူ့လက်ဝယ် ရောက်နေပြန်ပြီ။ ပစ္စည်းက ပစ္စည်းဟောင်းဟု ဆိုလိုက်ရသော်လည်း မကြာသေးသော အချိန် ကာလက ပစ္စည်းလေး ဖြစ်၏။ ပြီးတော့ သမိုင်းနောက်ခံအတိနှင့်။

ဦးနန်းဝေသည် သူ့ လုပ်ငန်းဆိုင်ရာများနှင့် စပ်ပြီး လုပ်ကိုင်ရာတွင် အတော် အပင်ပန်းခံသူ ဖြစ်၏။ တစ်နေရာမှ တစ်စုံတစ်ခုသော ပစ္စည်းဝတ္ထုကို တွေ့လျှင် သိအပ် မှတ်အပ်သည်များ စုံစမ်းရမိနိုင်သမျှ စုံစမ်းပြီးမှ ယူ၏။ တစ်ဆင့်ခံ သိရသော ထိုထို ပစ္စည်းလေးများကိုလည်း တရိုတသေ မြတ်နိုး ယုယစွာ သိမ်းဆည်းပြီး မှတ်တမ်း တင်ထားတတ်၏။ ပစ္စည်းတစ်ခုမှ နှစ်ခု စုမိသည်ဆိုလျှင်ပင် သူက ပျော်မဆုံးနိုင်တော့။ ဒါကြောင့်လည်း သူ့ရုံးခန်းတွင် သစ်သား လက်ရာ၊ ကျောက်သား လက်ရာ၊ ပေ ပုရပိုက်၊ ရှေးဟောင်း ပစ္စည်း တွေ တောင်လိုပုံနေခြင်းပင်။

ယခု သူ့ လက်ထဲတွင်လည်း နောက်ဆုံး သူ ရလိုက်သည့် ပစ္စည်းဟောင်း တစ်ခု၊ သားရေအိပ် အညိုလေးလေ။

သည်ပစ္စည်းလေးကို ရလိုက်ချိန်တွင်တော့ ယခင်အခါ ပစ္စည်းတိုးလေ သည်သို့ မပျော်နိုင်ပေ။ မပျော်နိုင်ရုံမျှမက သူ့စိတ်မှာ ထိခိုက် ခံစားရပြီး နှလုံး နာကျင်ရသေးသည်။ မဖော်ပြနိုင်သော ကျေကွဲ ဝမ်းနည်းရခြင်းနှင့် ကြုံရ သေးသည်။

သည်အိတ်လေး အတွင်းတွင် ဘာပစ္စည်းများ ရှိသည်ကို ဦးနန်းဝေ သိလေသည်။ သည်အိတ်လေး၏ နောက်ကြောင်း သမိုင်းစုံကိုလည်း မည်သူ့ အားမျှ မေးမြန်း စုံစမ်းရန် မလိုပေ။ သုတေသနပြုရန်လည်း မလိုပေ။

သူသည်ပင်လျှင် သည်ပစ္စည်းလေး၏ သမိုင်းဝင် ဇာတ်ကောင် တစ်ယောက် မဟုတ်ပါလား။

ဦးနန်းဝေသည် ဆေးပြင်းလိပ်ကို မီးညှိပြီး အဆက်မပြတ် ဖွာနေပြန်၏။ ရင်အုံကြီး မြင့်တက် မြင့်တက်လာအောင် အသက်ကိုလည်း ပြင်းပြင်းရှုနေမိ၏။ ဘယ်ဘက် လက်ထဲမှ သားရေအိတ်လေးကိုလည်း ဆို့ဆို့နင့်နှင့်ပင် ကြည့်မိ ပြန်၏။

ဆွဲဇစ်လေးဖြင့် ပိတ်ထားသော်လည်း ထွင်းဖောက်ပြီး မြင်နိုင်သည် ဖြစ် သောကြောင့် သူသည် နောက်ခံကားကို မြင်ပြီး မသက်မသာ ခံစားနေရတော့၏။ သူ၏ ပြောင်နေသော နဖူးသည်ပင် ချွေးငွေ့လေးတွေ စို့နေပြီ။ အိုရုပ် ကျနေသော သူ့ အဆင်းသည်ပင် သည်အိတ်လေးကို ငုံကြည့်ကာမှ ပိုပြီး ကျသထက် ကျသွားသလိုလို။

“မင်း အဖြစ်က ငါမှ တာဝန် ကင်းရဲ့လား အညိုရယ်၊ မင်းဇာတ်ကို ငါ ဘယ်လိုလုပ်ပြီး ဆက်ကရဦးမှာလဲ”

တွေးရင်း မောနေရသည့် ရင်၊ ဆွေးရင်း မောနေရသည့် ရင်ပါလား။

ဦးနန်းဝေ၏ ကျန်ခဲ့သော လုပ်ငန်း အစီအစဉ်တွင် ရသမျှ စုဆောင်း သိမ်းဆည်းမိသမျှ ပစ္စည်း အထွေထွေကို သူ့အတွက်၊ သူလုပ်ကိုင် ကူညီနေသော ဌာနအတွက်၊ သူ့ တိုင်းပြည်အတွက် အသုံးကျအောင် အသုံးချ၏။ သည်လို အသုံးချနိုင်အောင်လည်း ရနိုင်သည့် နည်းနှင့် ရအောင်ယူပြီး သိမ်းခဲ့သူဖြစ်၏။

အခုတော့ သည်လို မဟုတ်ပေ။

ဒီသားရေအိတ်လေး၏ သမိုင်းကြောင်း အစမှ အဆုံးထိ၊ အပ်ချမတ်ချ သူ သိနေသည့်တိုင်၊ သူပင်လျှင် သမိုင်းဝင် ဇာတ်ကောင်တစ်ဦး ဖြစ်သည့် တိုင် သူ မယူပိုင်ချေ။ သူ့အခန်းတွင်းမှ ပစ္စည်းလေးများလို သိမ်းဆည်း ထားခွင့် မရှိပေ။

သည်ပစ္စည်းလေးကို တစ်နေရာကို ရောက်အောင် သူ ပို့ပေးရမည်။ လေးစားစွာ သိမ်းဆည်းရင်း အမြန်ဆုံး ရောက်အောင် ပို့ရမည်။ အခုအချိန်သည် ပစ္စည်းလေး၏ အရွှေ့အပြောင်းနှင့် စပ်လျှင်း၍ သူသာ တာဝန် အရှိဆုံး။

သူသည် သားရေအိတ် အညိုလေးကို တစ်ဖန် ပြန်ကြည့်လိုက်ပြန်သည်။ သူ့ရင်မှာ လှိုက်၍ လှိုက်၍ ခံစားလာရပြန်သည်။ ညှိုးနွမ်း အားလျော့သော စိတ်နှင့်ပင် မချိတင်ကဲ ခံစားလာရပြန်သည်။

နှမြောတသခြင်း၊ ဝမ်းနည်း ပူဆွေးခြင်း၊ နာကျည်းခြင်း၊ ရွံမုန်းခြင်း၊ ဒေါသဖြစ်ခြင်း၊ ရွံ့ကြောက်ခြင်းများနှင့်အတူ အခိုးလျံသော မျက်လုံးက စူးရှ တောက်ပြောင်လာပြန်သည်။

သူသည် အံကို တင်းတင်းကြိတ်၏။ သားရေအိတ်လေးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိ၏။ ပြန်မရနိုင်တော့ပြီဖြစ်သော ဆုံးရှုံးမှုကို သတိရမိမှ တမ်းတရပြန်လေသည်။

“အညို ရယ်”

သူသည် လေသံတိုးတိုးပင် ညည်းတွားလိုက်မိ၏။

ရိုးဖြောင့်တဲ့ အညိုလေး။ ကြိုးစားတဲ့၊ နိုးကြားတဲ့၊ သတ္တိရှိတဲ့ ကောင်လေး။ ပညာတော်တယ်၊ အစွမ်းအစ ရှိတယ်၊ ကိုယ့်ကိုယ်ကိုယ် လူကောင်း ဖြစ်အောင် အားမွေးနိုင်တဲ့ ကောင်လေး။ အများအတွက် ဆိုရင် စွန့်လွှတ်ရဲတဲ့အထိ ကိုယ်ကျိုး စွန့်နိုင်တဲ့ ကောင်လေး။

အဖက်ဖက်မှာ စိတ်ဓါတ်ကျနိုင်လောက်တဲ့ အညိုဟာ သည်တစ်ခုကျတော့ ခေါင်းမာပါလား။ ဘယ်လို မြှင့်လို့မှ မမြင့်ပါလား။ ဘယ်လို အားသွင်းလို့မှ မပြင်းထန်လာပါလား။

ဒီတစ်ခုမှာ မင်း ပျော့ညံ့လွန်းတယ် အညို။ လိုတာထက် ပိုပြီး မင်း အားနည်းတယ်။ ငါက လူကောင်းကလေး ပြန်ဖြစ်ပြီလို့ ယုံကြည်တဲ့အထိ မင်း အစွဲအလန်း ကြီးတယ်။

အေးလေ မင်းအမိုက်က မိုက်တွင်း နက်လွန်းပေမဲ့ ငါ ခွင့်လွှတ်တယ် အညို။ နောက်ဆုံးတော့ မင်းကိုတောင် ငါ ချီးကျူးနိုင်ပါသေးတယ်။ မင်းက မိုက်လုံးကြီးပေမဲ့ မင်း ကောင်းခဲ့တာတွေနှင့် ငါ ချေနိုင်ပါတယ်။

မင်း သိပ်အသည်းကြီးတဲ့ ကောင်ကလေး။

ဦးနန်းဝေသည် သူ့တပည့်ကို ပြန်ပြီး တမ်းတမိပြန်၏။ သူ အားကိုးသော၊ သူ ချစ်သော၊ သူ မျှော်လင့်ချက် အထားဆုံးသော ခင်သို့ လှုပ်ရှားမှုလေးတွေကို ပြန်တွေးယူကြည့်မိပြန်၏။ ပြီးတော့ ခင်ညို ဘဝ၏ အကောင်းအဆိုး အကျိုး အပြစ်တွေကို ချိန်စက် တွေးဆမိပြန်ပါသည်။

သူ သည်အကြောင်းကို ပြန်စဉ်းစားရသော်လည်း သက်သာလှသည် မဟုတ်ပေ။ အင်အား ကုန်ခမ်းလုနီးပါး လှုပ်ရှားရ၏။ ရင်ကို စည်းတုပ် ကြံ့ခိုင် အောင် ထိန်းသိမ်းယူရ၏။ မောလွန်းလှ၏။

သူသည် အိပ်မပျော်နိုင်သော်လည်း မီးရထား ထိုင်ခုံ နောက်ကို အသာ မှီပြီး မျက်လုံးအစုံ မှိတ်ထားလိုက်မိပေသည်။

“ဪ... မောင်ခင်ညိုရယ်”


အခန်း ၃

 

မြို့ကို ဝင်လုနီးမှာပင် ရထား အရှိန်သည် ပို၍ သွက်လာ၏။ မြို့အဝင် ရဲ့နွဲ့ ချောင်းကို ကျော်ဆောက်ထားသော တံတားသို့ ရောက်သောအခါ မီးရထား ခေါင်းမှ ဥဩရှည်ကြီးကို ဆွဲပြန်၏။ ပြီးတော့ တဝေါဝေါနှင့် မီးရထား သံ တံတားကြီးကို ဖြတ်လိုက်လေသည်။

မောင်ခင်ညိုသည် ထိုင်ခုံတန်းလျားကို မှီပြီး မှိန်းနေရာမှ ဆတ်ခနဲ ခေါင်းထောင် ကြည့်လိုက်၏။ ပတ်ဝန်းကျင်ကား အလွန် သာသာယာယာ ရှိနေ ချေပြီ။ ညနေ ဆည်းဆာကို မိုးဖွဲလေးများက ပုဝါပါးဖြင့် ကာထားသလို ကာထား ကြချေပြီ။ မိုးဖွဲ မိုးဖွားလေးများကို ဖောက်ပြီး မြင်ရသော ရိုးမတောင်တန်း၊ မြို့အဝင်မှ ပင်းတလဲ ဘုရား၊ မြို့ဦး စေတီတော်တို့ကို မှုန်ဝါးဝါး မြင်နေရပေပြီ။

ဪ... ပြွန်တန်ဆာတောင် ဝင်တော့မှာပဲ။

သူသည် ပြတင်းပေါက်ကို မေးတင်ပြီး ငေးကြည့်နေမိ၏။ မိုးငွေ့လေး ကလည်း ခပ်အေးအေး ရှိလှသဖြင့် ပင်နီ တိုက်ပုံအင်္ကျီကိုလည်း ရင်စေ့လိုက် ရ၏။ နေရောင် မှိန်မှိန်လေးနှင့် မိုးပန်းတန်းလေးတွေ ဖြူလွလွဟာ တယ်ပြီး လိုက်ဖက်ပါလား။ ကောင်းကင်က တိမ်တောက်လေးတွေကလည်း ကျန်နေ သေးတယ်။ မိုးရိပ်လေးတွေကလည်း တရွေ့ရွေ့တက်စ။ လှလိုက်တဲ့ ညနေလေ။ ရန်ကုန်မှာ ပင်ပန်းခဲ့ရသမျှ ကိုယ့်မြို့ကို လှမ်းပြီးမြင်တာနှင့် လန်းသွား တာပါပဲလား။

“ကိုထင်ကျော်၊ ထတော့ဗျာ၊ ပျို့၊ ကိုထင်ကျော်၊ မြို့ဝင်နေပြီ မောင်ခင်ညိုသည် သူ့ ရှေ့ခုံတွင် မျက်နှာကို လက်ကိုင်ပဝါ ပတ်ပြီး အိပ်နေသူကို နှိုးလိုက်၏။

“ငါ မအိပ်ပါဘူး အညိုရ၊ ပင်ပန်းလွန်းလို့ အသာမှိန်းနေတာပါ၊ ဘူတာ ရောက်မှ အေးအေးဆေးဆေး ချတာပေါ့ကွာ”

“မဟုတ်ဘူးဗျ၊ စာရွက်ထုပ်တွေ ပြန်စည်းရဦးမယ်၊ ကျော်မြင့်တို့ လာကြို နေရင် တစ်ခါတည်း ချပေးလိုက်ရုံပေါ့

မောင်ခင်ညို က ခါးကို ဆန့်လိုက်ပြီး ထိုင်ခုံအောက်မှ စာရွက် စာတမ်း များ၊ စာအုပ်ထုပ်များကို ဆွဲယူရန် ပြင်လိုက်၏။

“ဘူတာ ရောက်မှ လုပ်စမ်းပါဆိုကွာ၊ မင်းနှယ် အလကား အလုပ် များနေတယ်၊ ဆွဲထုတ် ကြည့်စမ်းပါဦး အထုပ်တွေ”

“အဲ... ချည်ပြီးနေပြီပဲဗျ၊ ခင်ဗျာ ဘယ်တုန်းက လုပ်လိုက်တုန်း ဟင် စာရွက်များ၊ စာအုပ်များမှာ ရန်ကုန် ဘူတာရုံ ရောက်မှပင် ပစ်တင် ခဲ့ရ၍ ဖွာလန်ကြဲနေသော်လည်း ယခု စည်းစည်းထုပ်ထုပ် ဖြစ်နေသောကြောင့် မောင်ခင်ညိုက အံ့သြသွား၏။

“ပဲခူး ဘူတာကတည်းက ငါ လုပ်ထားတာပေါ့၊ မင်း လက်ဖက်ရည် သောက် ထွက်သွားတော့ စိတ်ကူးရတာနဲ့ ငါ ထလုပ်လိုက်တာ၊ မင်း ဝယ်လာတဲ့ စာအုပ်တွေတောင် ငါ ထပ်စည်းထားသေးတယ်”

“ကျေးဇူးပဲဗျို့၊ ကျောင်းရောက်မှ ခင်ဗျားကို မမနှင်းနဲ့ ပြောပေးမယ်”

မောင်ခင်ညိုသည် သူ့စကား သူသဘောကျပြီး တဟားဟားနှင့် ရယ် လိုက်လေ၏။ ကိုထင်ကျော်ကတော့ ဘာမျှ မပြော၊ ပြုံးပြီးသာ ကြည့်နေမိလေသည်။

*

ရထားသည် အလံပြတိုင်ကို လွန်လျှင်ပင် ဥသြကို အဆက်မပြတ် ဆွဲပြီး မြို့ကို နှုတ်ဆက်နေပြန်၏။ သည်ရထားမှာ ပြွန်တန်ဆာ ခေါင်းရုံက မနက် ခြောက်နာရီခွဲ ထွက်၊ ရန်ကုန်ကို ၁၁ နာရီ ဝင်၊ ရန်ကုန်မှ တစ်နာရီ ပြန်ထွက်၊ ငါးနာရီ ပြွန်တန်ဆာ ရောက်၊ ပြီး ပြွန်တန်ဆာမှာပင် ညအိပ်ရသော ရထား ဖြစ်၏။ ထို့ကြောင့်ပင် နောက်ဆုံး ခရီးသည်များအဖြစ် ရှိနေသော ကိုထင်ကျော်တို့၊ မောင်ခင်ညိုတို့ စိတ်ချလက်ချ စီးနိုင်ပေသည်။

ကိုထင်ကျော်နှင့် မောင်ခင်ညိုမှာ ပြွန်တန်ဆာ အစိုးရ အထက်တန်း ကျောင်းမှ တက္ကသိုလ်ဝင်တန်း ကျောင်းသားများ ဖြစ်ကြ၏။ ကျောင်းသားသမဂ္ဂ အမှုဆောင်ဟောင်းများလည်း ဖြစ်၏။ ရန်ကုန်တက္ကသိုလ်တွင် ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ပညာရေး နှီးနှောဖလှယ်ပွဲသို့ ပြွန်တန်ဆာမှ တက်ရောက်သော ကျောင်းသား ကိုယ်စားလှယ် ကျောင်းကောင်စီ ဝင်များလည်း ဖြစ်၏။ ကျောင်းသားထု အများ၏ မဲဆန္ဒ ရွေးချယ်ချက်ဖြင့် ၉၊ ၈၊ ၅၈ နေ့မှ ၁၂၊ ၈၊ ၅၈ နေ့ထိ ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပသော ပညာရေး နှီးနှောပွဲသို့ ပါဝင် နှီးနှောခဲ့ရပြီး မြို့ပြန်ခဲ့သူများ ဖြစ်လေသည်။

ကိုထင်ကျော်မှာ မောင်ခင်ညိုထက် အသက် သုံးနှစ်ခန့် ကြီးပြီး ထောင် ထောင် မောင်းမောင်း ခံ့ခံ့ချောချော ဖြစ်၏။ ကျောင်းသား အားလုံးက လေးစား သော ကျောင်းသားကြီး ဖြစ်လေသည်။

မောင်ခင်ညို ကမူ ကိုထင်ကျော်ကဲ့သို့ အရပ် မမြင့် မရှည်သော်လည်း လူပု တစ်ယောက် မဟုတ်ပေ။ နှုတ်သွက် လျှာသွက် ပြောရဲဆိုရဲသော သတ္တိ ကြောင့် ကျောင်းဆရာ အချို့မှ လွဲလျှင် လူတိုင်းနှင့် ခင်မင်မှု ရယူနိုင်သူ ဖြစ်လေသည်။ နာမည်သာ ခင်ညိုဖြစ်သော်လည်း အသားက မညို၊ ဖြူသည်ဟု ပြောလျှင်ပင် ရနိုင်သည့် အသားအရေမျိုး။

အသက်က ၁၆ နှစ်ကျော်ရုံမျှ ရှိသေးသည်။ သို့သော် လူကြီးဆန်ဆန် နေတတ်သော အကျင့်၊ ရှုတည်တည် မှုန်ကုပ်ကုပ် လုပ်တတ်သော အကျင့်ကြောင့် ရှိရင်း အသက်ထက် ကြီးရင့်နေသလို။ ဒါတွင် မဟုတ်။ ပင်နီ အပေါ်အင်္ကျီ ကိုလည်း ကိုယ်က မချချင်။ လုံချီ ရွေးတော့လည်း အကွက်မှတဲ့။ အနက်မှတဲ့။ သည်ပုံ သည်အမှုနှင့် စကား စစ်ထိုးပြီး၊ ဒေါင်းတင် မောင်းတင် အော်ပြီဟစ်ပြီ ဆိုတော့ လက်သီးကြီး ကျစ်ကျစ်ပါအောင် ဆုပ်ပြီး မေးရိုးကြီးတွေ ငေါထောင် တက်လာအောင် မာန်ထွက်သူ။

ကိုထင်ကျော်ထက် အသက် ငယ်သည်တော့ မှန်၏။ သို့သော် ကျောင်း စာကြည့်တိုက်မှူး ဖြစ်ခြင်း၊ ပညာတော်ခြင်း၊ ဟောပြောပွဲတွေ စကားရည် လုပွဲတွေတွင် ခေါင်းဆောင် ပြောဆိုနိုင်ခြင်း၊ အလုပ်ကျလာလျှင် မခိုမကပ် သွက်လက်ချက်ချာ လုပ်တတ်ခြင်းများကြောင့် ကိုထင်ကျော်လိုပင် ကျောင်းသား များက လေးစား ချစ်ခင်သည်။

သို့ကြောင့်ပင် သူတို့နှစ်ဦးသည် ကျောင်းသားထု၏ မဲအများဆုံးဖြင့် ပညာရေး နှီးနှောဖလှယ်ပွဲသို့ တက်နိုင်သည့် ကိုယ်စားလှယ်များ ဖြစ်ခဲ့ရသည် မဟုတ်ပါလား။ သမဂ္ဂ ပြန်လည် ဖွဲ့စည်းခွင့် မရသည့်တိုင် ကျောင်းကောင်စီတွင် ပါလာရခြင်း မဟုတ်ပါလား။

၁ကဲ... ဖိုးခင်ညို၊ ဘူတာရုံ ပလက်ဖောင်းကိုလဲ ကြည့်လိုက်ဦး၊ ကျော် မြင့်တို့ လာကြိုမယ် ပြောထားနှင့်တယ် မဟုတ်လား”

ကိုထင်ကျော် ပြောလိုက်မှ ကိုခင်ညိုသည် ရထား ပြတင်းတွင် ကိုယ် တစ်ပိုင်း ပြူထွက်ပြီး ကဲကြည့်နေလိုက်၏။

သူက ကဲကြည့်သည်ဟု ဆိုရသော်လည်း စင်စစ် ကျော်မြင့်တို့ လာကြို လျှင် သူတို့ ပါလာပြီဖြစ်ကြောင်း ရပ်ပြခြင်းသာ ဖြစ်၏။

ရထား ရပ်လိုက်သောအခါ အခန့်သင့်ပင် ကျော်မြင့်တို့ ကြိုစောင့်နေရာ တည့်တည့်၌ ကျနေ၏။ ကျော်မြင့်ကို တွေ့၍ လက်လှမ်းပြလိုက်ပြီးသော အခါ တွင်မူ မောင်ခင်ညို တစ်ယောက် အံ့သြသွားရပြန်၏။ လာကြိုနေသော သူငယ် ချင်းတွေက တစ်ပြုံကြီးပင်။ ထို့ထက် သူ့ မမနှင်းကပါ ပါလာခြင်းဖြစ်၏။

မောင်ခင်ညိုသည် ကျော်မြင့်ကို အိတ်လှမ်းပေးလိုက်ပြီး ကိုထင်ကျော်ကို ပခုံး လှမ်းပုတ်လိုက်၏။

“ဟေ့ လူကြီး၊ မမနှင်း လာကြိုနေတယ်ဗျ၊ ပြောလိုက်ရမလား” ဟုလည်း တိုးတိုး ကပ်ပြောလိုက်၏။

ကိုထင်ကျော်က မျက်နှာကြီး နီသွားပြီး “ငညိုကတော့ကွာ” ဟူသော ညည်းလိုက်တော့၏။

"ဟ... ကိုခင်ညို၊ ပိန်လို့ပါလားဗျ”

ကျော်မြင့်က နှုတ်ဆက်လိုက်၏။ မနှင်းမြကမူ ပြုံးရုံသာ ပြုံးပြပြီး ကိုစိုးမောင်နှင့် မောင်ကျော်မြင့်လေး ပစ္စည်း သယ်နေသည်ကို ငေးကြည့်နေ၏။

မောင်ခင်ညို နှင့် ကိုထင်ကျော်သည် အားလုံး ပစ္စည်းများ ကုန်မှ ရထား ပြတင်းကို ကျော်ပြီး ဆင်းလိုက်၏။ မောင်ခင်ညိုက သူ့ မမနှင်း နားသို့ ဦးစွာ ကပ်သွား၏။

“ကျွန်တော် ကနေ့ ပြန်ရောက်မယ်လို့ မမနှင်းကို ဘယ်သူ ပြောလို့လဲ” မနှင်းမြက လက်ကမ်းနေ၍ သူ့ အရူး လွယ်အိတ်ကြီးကို လှမ်းပေးရင်း မေးလိုက်၏။

“မနက်ကပဲ ချစ်ချစ် ပြောတယ်၊ မမနှင်း သွားကြိုမယ် ပြောလို့ ကိုရဲက စက်ဘီးနဲ့ လိုက်ပို့တာ၊ မင်းလည်း အသံတောင် မထွက်တော့ပါလား အညိုရဲ့၊ မင်းကတော့ လုပ်ရင် ဘယ်တော့မှ မဆင်ခြင်ဘူး၊ မျက်တွင်းတွေလည်း ချိုင့်နေပြီ၊ ဘယ်နှညတောင် အိပ်မပျော်ခဲ့လို့လဲကွယ်”

မောင်ခင်ညိုသည် ဘာမှ ပြန်မပြော။ ပြုံးရုံသာ ပြုံးနေမိ၏။ မမနှင်း ပြောမှပင် သူ့ညီ ကိုရဲကို မြင်၍ လှမ်းခေါ်ပြီး စက်ဘီးပေါ် အိပ်ရာလိပ် တင်ခိုင်း လိုက်၏။ ပြီးမှ ကိုစိုးမောင်နှင့် ကိုထင်ကျော်တို့ စကားဝိုင်းသို့ ရောက်လာလေ၏။

“ဟေ့ကောင်၊ မင်း မမနှင်းက ဘာတွေ အလွမ်းသယ်လိုက်ပြန်ပတုံး” ကိုစိုးမောင်က လှမ်းနောက်လိုက်၍...

“မဟုတ်ပါဘူး အစ်ကိုရာ၊ စကား အကောင်း ပြောနေတာပါ၊ ကဲ... ကိုထင်ကျော်၊ မိုးလည်း စဲနေမှပဲ၊ ဆိုက်ကားနဲ့ ခင်ဗျား လိုက်သွားပါလား၊ သိပ်လည်း နေမကောင်းဘူး မဟုတ်လား၊ ကျွန်တော်တော့ ပစ္စည်းတွေကို ရဲ စက်ဘီးနဲ့ တင်ပြီး အစ်ကိုတို့နဲ့ လမ်းလျှောက်ပြန်ခဲ့မယ်”

အေးလေ၊ ဟိုစာရွက်တွေကိုတော့ ငါ ယူသွားမယ်၊ နက်ဖြန်မှ ကျောင်း မှာ တွေ့တာပေါ့၊ လာသွားစို့

သူတို့နှစ်ဦး အချိန်းအချက် လုပ်ပြီး ဘူတာ အပြင်ဘက်သို့ ထွက်ခဲ့ ကြလေသည်။ ဘူတာအပြင် ရောက်သော် သူ့စာအုပ်ထုပ်ကိုပါ ကိုထင်ကျော် ဆိုက်ကားပေါ် တင်ပေးပြီး လမ်းထိပ် လက်ဖက်ရည်ဆိုင်တွင် ချခဲ့ရန် မှာ၍ လမ်းလျှောက် ပြန်လာကြလေသည်။

ကျော်ကြီး နေမကောင်းဘူး ထင်တယ်ကွ၊ ကိုယ်တွေလည်း ပူနေတယ်” ကိုထင်ကျော် ဆိုက်ကား ထွက်သွားသောအခါ လမ်းလျှောက်လာကြရင်း ကိုစိုးမောင်က မေးလိုက်၏။

“ဟုတ်တယ် အစ်ကိုရဲ့၊ ဟိုမှာ ပင်ပန်းခဲ့ပြီး အိပ်ရေးပျက်လို့ ရန်ကုန် ကတည်းက ဆေးထိုးခဲ့ရတာ

“မင်းတို့ နှစ်ယောက်ကလည်းကွာ၊ စံပါပဲ၊ တစ်ယောက်မှလည်း အသံ မထွက်ကြဘူး”

ကိုစိုးမောင်က ထပ်ပြောပြန်၏။

“မင်းတော့ အဲဒီလို ကြပ်ကြပ်လုပ်နေ၊ အစားမမှန် အအိပ်မမှန်နဲ့၊ နောက်ပြီး လက်ဖက်ရည်ကလည်း နင်းကန်သောက်၊ သူ့ဗိုက်ကဖြင့် ကောင်းတာ မဟုတ်ဘူး”

မနှင်းမြက ကရုဏာဒေါသောနှင့် ဝင်ပြောပြန်၏။

“လက်ဖက်ရည်တောင် ဝအောင် မသောက်အားပါဘူး မမနှင်းရယ်” မောင်ခင်ညို ကလည်း ခေါင်းကို ငုံ့ရင်း ပြန်ပြော၏။

“ချစ်ချစ်ကလည်း မင်းကို ပြောနေတယ်၊ သွားကတည်းက လောလော လောလောနဲ့ ထွက်သွားပြီး ဗိုက်နာရင် သောက်ဖို့ ဆေးပြားဘူး. အသစ် ထုတ်ပေးထားတာတောင် ကျန်ရစ်လို့တဲ့”

ဒီ “ရပါတယ် မမနှင်းရယ်၊ ဟိုမှာ ဗိုက်နာလို့ ဆော်ဒါ ဝယ်သောက် လိုက်တာ ပျောက်တာပါပဲ”

“လာပြန်ပြီ ဒီဆော်ဒါ၊ မင်း ကြာရင် အူပြတ်မယ်၊ ချစ်ချစ်ကလည်း ဆော်ဒါ သောက်တာ တစ်စက်မှ မကြိုက်ဘူး မဟုတ်လား”

ကိုစိုးမောင်ကတော့ မောင်ခင်ညို နှင့် မနှင်းမြ ပြောနေသည်ကို ပြုံးပြီးသာ နားထောင်ရင်း လျှောက်လာ၏။ သူတို့ စကားပြတ်မှ မနှစ်က တက္ကသိုလ်ကို သွားသော သူ့သူငယ်ချင်း ခင်မောင်အေး အကြောင်းကို မေးလေသည်။ ခင်မောင် အေးမှာ ၅၇ ခုနှစ်က ကိုစိုးမောင်နှင့် ၁၀ တန်း အတူ အောင်ကြပြီး၊ ကိုခင် မောင်အေးက တက္ကသိုလ် ဆက်သွား၍ ကိုစိုးမောင်က အလယ်တန်း ဆရာ လုပ်နေရပေသည်။

“အစ်ကိုရာ၊ ကိုခင်မောင်အေး မပြောနဲ့ ကျွန်တော့် အစ်ကိုကြီး ကိုကိုဦးနဲ့ အစ်ကိုကြည်တို့ လာတွေ့တာတောင် ငါးမိနစ် ပြည့်အောင် စကား မပြောခဲ့ရ ပါဘူး”

မောင်ခင်ညိုက အသံကို ထွက်နိုင်သမျှ ထွက်အောင် ညှစ်ပြောပြီး ငြိမ်နေသော သူ့ မမနှင်းကို လှည့်ကြည့်လိုက်၏။ နှင်းမမကတော့ နှုတ်ခမ်းကို ကိုက်ပြီး အဓိပ္ပာယ်ရှိသော မျက်လုံးနှင့် သူ့ကို ပြန်ပြီး ကြည့်လိုက်လေသည်။ လမ်းထိပ် ရောက်သောအခါ ကျော်မြင့်လေးတို့ကို နှုတ်ဆက်၊ ကိုစိုး မောင်ကို နှုတ်ဆက်ပြီး လက်ဖက်ရည်ဆိုင်သို့ ဝင်လိုက်၏။ မနှင်းမြကလည်း ဝင်လိုက်ခဲ့၏။

“ရောက်မှ မရောက်သေးဘူး၊ မင်း လက်ဖက်ရည် သောက်ဦးမလို့လား အညို”

မောင်ခင်ညို က နောက်လှည့် ပြုံးပြပြီး...

“မဟုတ်ပါဘူး မမနှင်းရဲ့၊ အိမ်ရောက်ရင် ထမင်း စားရတော့မှာ၊ ကျွန်တော် သိပါတယ်၊ ဒီမှာ ကိုထင်ကျော် ထားသွားတဲ့ ကျွန်တော့ စာအုပ်စည်း ဝင်ယူတာပါ”

မနှင်းမြက ကျေနပ်သွားပြီး စာအုပ်စည်းလေးကို သူပါ ဝင်ကိုင်၏။ “နေပါစေ မမနှင်းရဲ့၊ ကျွန်တော် ထမ်းခဲ့ပါ့မယ်”

“မင်း စာအုပ်တွေကလည်း အဟောင်းတွေချည်းပါပဲလားကွယ်”

“ဟုတ်တယ် မမနှင်းရဲ့၊ မနေ့က အချိန်ရတုန်း အဟောင်းဆိုင်တွေ လိုက်မွှေတာလေ၊ စာအုပ်ကောင်းတွေ အတော်များများ ရတယ်၊ ကျွန်တော် လိုချင်တဲ့ စာအုပ်တွေလည်း ပါတယ်ဗျ၊ ပိုက်ဆံတော့ ပါတာ အကုန်ချောတာ ပါပဲ”

မောင်ခင်ညိုက စာအုပ် အဟောင်းဆိုင်များ အကြောင်း၊ သခင်ဗဟိန်း၏ ကျောင်းသား အရေးတော်ပုံလို နဂါးနီ အသင်းထုတ် စာအုပ်မျိုးကိုပင် ပြား ၅ဝ နှင့် ရခဲ့ကြောင်းများကို အားပါးတရ ပြောရင်း အိမ်နား ရောက်လာခဲ့ကြ၏။ အိမ်ရှေ့ ခြံဝ ရောက်မှပင် သူ့ မေမေကို သတိရပြီး...

“မေမေ လာသေးလား မမနှင်း” ဟု မေးလိုက်၏။

“နင့် အမေ တစ်နေ့ကပဲ ပြန်သွားတယ်၊ ဒီမှာ တစ်ည အိပ်သွားတယ်၊ နင့်ကို ချီးမွမ်းခန်းထုတ်ပြီး ပြန်လေရဲ့၊ လိုက်ပါတယ်... နင်တို့ သားအမိကတော့” ဟု ပြောပြီး...

“ကဲ မမနှင်း၊ အိမ် ခဏပြန်ဦးမယ်၊ အခုလေးတင် ပြန်ခဲ့မယ်” ဟု ပြောပြီး နှုတ်ဆက် ထွက်သွားလေသည်။

*

မနှင်းမြမှာ မောင်ခင်ညို နှင့် ဆယ်တန်း အတူတက်နေသူ ဖြစ်လေသည်။ မောင်ခင်ညိုထက် အသက် နှစ်နှစ်ကျော်လောက် ကြီးပြီး အငယ်အရွယ်ကပင် လူကြီးချင်းရော ကလေးချင်းပါ ခင်နေကြသူများ ဖြစ်ကြလေသည်။ နေတော့ လည်း မောင်ခင်ညိုတို့ အိမ်နှင့် ငါးအိမ်သာ ခြား၏။

မောင်ခင်ညိုကမူ အမေနှင့် လိုက်မနေ။ သူ့ဒေါ်လေး အမေ့ညီမ ဒေါ်လေး သိန်းချစ်နှင့် နေလေသည်။ အမေ့ဆီတော့ ရံဖန်ရံခါသာ ရောက်၏၊ မောင်ခင်ညို တွင် အဖေရှိသည် မဟုတ်။ သူ လေးငါးနှစ်သားကပင် သူ့အဖေက သူတို့ မိသားစုကို မျက်ကွယ် ပြုသွားချေပြီ။ အဖေ ဆုံးပြီး အမေက အိမ်ထောင်သစ် ထူ၍ သူနှင့် အငယ် ခင်ခင်အေးတို့၊ ကိုရဲတို့ ဒေါ်လေး ဒေါ်သိန်းချစ်နှင့် နေကြခြင်း ဖြစ်၏။ အမေနှင့် လိုက်မနေခြင်းမှာ ပထွေးနှင့် မတည့်၍ မဟုတ်၊ ပထွေးနှင့် တည့်သမှ လုံးနေ၏။ ပထွေးကလည်း ကျောင်းဆရာ လူထွက် စာသမားဖြစ်၍ မောင်ခင်ညိုနှင့် ဆိုလျှင် လေမပြတ်တမ်း စကားပြောဖြစ် ကြသည်။ မောင်ခင်ညို ငယ်ငယ် အမျိုးသားနေ့ ပြဇာတ်တစ်ခုတွင် ဗိုလ်ချုပ် တို့နှင့် ဆိုင်သော ပြဇာတ်တခု ပြသည်။ ဦးလေးထွန်းက ဗိုလ်ချုပ် ဘိလပ် သွားတုန်းက ဝတ်သော ကုတ်အင်္ကျီ အရှည်ကြီးမျိုး ဝတ်ပြီး ဗိုလ်ချုပ် အသံနှင့် စကားပြောသည်။ တော်တော်လည်း တူသည်။ အင်္ဂလိပ်လိုရော၊ ဗမာလိုရော ဘယ်လိုပြောပြော ဗိုလ်ချုပ်နှင့် တစ်ထေရာတည်း တူသည်မို့ လူအတော် များများက သူ့ကို ဗိုလ်ချုပ်လို့သာ ခေါ်သည်။ မောင်ခင်ညိုတို့ကလည်း ဗိုလ်ချုပ်လို့သာ ခေါ်သည်။ ဦးလေးထွန်းနှင့် မောင်ခင်ညို အမေတို့ ယူကြသည့်တိုင် ဗိုလ်ချုပ်လို့သာ ခေါ်ပြီး တရင်းတနှီး ရှိနေတော့သည်။ ဗိုလ်ချုပ် လူထု ပညာရေးမှူးအဖြစ် နယ်လှည့် သွားနေသောအခါတွင်ပင် မောင်ခင်ညိုက နွေရက် များ လိုက်နေသေးသည်။ အခုတော့ လူထု ပညာရေးမှူးများကို ဖြုတ်ပစ်သော အခါမှ ဗိုလ်ချုပ် တစ်ယောက် ရေတာရှည်တွင် သောင်တင်နေပြီး အထည်ဆိုင် ဖွင့်ရောင်းနေတော့၏။

ပန်းမောင်ခင်ညိုထက် အငယ် အေးအေးနှင့် ကိုရဲ တို့ကိုမူ ဒေါ်လေးက အမွေစား အမွေခံအဖြစ် အပြီး မွေးစား၏၊ သူတို့မှာ ကလေးမှ မရှိပဲလေ။ သူ့ အစ်ကိုကြီး ကိုဦးကတော့ ဘီအေ အောင်ပြီးလို့ မိန်းမနှင့် ကလေးနှင့် ဖြစ်နေပြီ။ ကိုကိုကြည်သာ အလုပ် တစ်ဖက်နှင့် သက်ကြီး တက္ကသိုလ်မှာ တက်တုန်း။ အစ်မ သန်းသန်းကလည်း မနှစ်ကပဲ အိမ်ထောင်ကျသည်။

ဦးလေးနှင့် ဒေါ်လေးတို့က သူ့ သားနှင့် သမီးကို တုန်နေအောင် ချစ်၏၊ မောင်ခင်ညို ကိုလည်း သားမဟုတ်ပေမဲ့ သွေးမို့ ချစ်သည်ပင်။ အိမ်က ကလေး ထဲတွင် အကြီးဆုံးမို့ အဖော်လည်း ရသည်။ ပြီးတော့ ပြည်သူ့ ရဲမေ ဘဝ ကတည်းက စာကြည့်တိုက်မှူး၊ အမျိုးသမီး ရဲခေါင် ဖြစ်ခဲ့တဲ့ ဒေါ်လေးက မောင်ခင်ညို စာဝါသနာ ကြီးပုံကို သိပ်သဘောကျသည်။ သူ့တူကိုလည်း အလွန် အားထားလေသည်။ နိုင်ငံရေးကို နောကျေခဲ့သည်မို့ နိုင်ငံရေးနှင့် နစ်မွန်း သွားမှာကိုတော့ သူက ပူပန်သည်။ ဦးလေးကတော့ အလွန် စကား နည်းသည်။ ဘာကိုမှ မပြော။

ဒေါ်လေးက ပြွန်တန်ဆာ တစ်မြို့လုံးနှင့် ကျွမ်းကျွမ်းဝင်ဝင်လည်း ရှိသည်။ ချစ်ချစ် ချစ်ချစ်နှင့် တစ်မြို့လုံး အရေးကို ကူသည်။ သာရေး နာရေးက အစ ခြေသည်း လက်သည်းပင်။ ဘာကြောင့်မှန်းမသိ၊ နိုင်ငံရေးကိုတော့ သူက စိတ် နာသည်။ လွတ်လပ်ရေးနေ့ကိုပင် ချစ်ချစ် တစ်ယောက် စိတ်မဝင်စားတော့။ ပြီးခဲ့သော ပြည်ထောင်စုနေ့ကတော့ ထူးထူးဆန်းဆန်း စကားတစ်ခု ပြောလိုက် သေးသည်။ “တို့ ပြည်ထောင်စု အမျိုးသားတွေ ညီညွတ်နေပြီလား” တဲ့။

*

“အတော်မှ ပင်ပန်းခဲ့ရဲ့လား အညို”

အိမ်ထဲ ရောက်လျှင်ပင် ချစ်ချစ်က ပစ္စည်းတွေ လှမ်းယူရင်း ပြော လိုက်၏။

“အို... ဖားသွားတာပဲ ဒေါ်လေးရယ်၊ ပင်ပန်းလိုက်တာလည်း လွန်ပါရော၊ ပြီးတော့ ပင်ပန်းသလောက်လည်း အကျိုးရှိပါ့မလား မသိဘူး”

မောင်ခင်ညိုက ညည်းညည်းညူညူ ပြောရင်း ကြမ်းပေါ်တွင် လှဲချလိုက်၏။

“အေး... ငါ ထင်ပါတယ်၊ သတင်းစာထဲမတော့ နင်တို့တွေ အသံက တယ်ကျယ်ကိုးကွယ့်၊ ဒါနဲ့ အနှင်းကော”

“ပြန်သွားပြီ ဒေါ်လေး၊ ခဏကြာမှ ပြန်လာမယ် ပြောတယ်၊ ဒေါ်လေး အတွက်လည်း စာအုပ်တွေ ကျွန်တော် ဝယ်လာသေးတယ်၊ ညမှပဲ အထုပ် ဖြေတော့မယ်လေ”

ချစ်ချစ်သည် မောင်ခင်ညို ကို အသေအချာ ကြည့်ပြီး နဖူးကို စမ်း ကြည့်၏။

“အင်း... မင်း သိပ်နေမကောင်းဘူး၊ အသံလည်း ခွေးစားကုန်ပြီ၊ သွားချေ၊ ဆေးသောက်ဦး၊ အချိန်မရွေး ဆေးပဲ သောက်ပြီး နားလိုက်ဦး၊ ခဏကြာမှ ထမင်းစား” ဟု ပြော၍ ပစ္စည်းတွေကို သိမ်းနေ၏။

“အေးအေးရေ၊ နင့်အတွက် လက်ဆောင် ပါတယ်၊ ဟိုမှာ” ဟု အဝတ်ဟောင်းထုပ်ကို ညီမအား လှမ်းပြပြီး မောင်ခင်ညိုက အိပ်ရာပေါ် လှဲနေ လိုက်လေသည်။

ညခင်း ထမင်း စားပြီးချိန်တွင် မနှင်းမြလည်း ရောက်လာ၏။ မောင်ခင် ညိုက တက္ကသိုလ် အတွေ့အကြုံ၊ နေရ စားရသော အခက်အခဲ၊ အကြောင်းမဲ့ ဆူပူနေသော ကျောင်းသားများ၊ ထိုင်ခုံ ရိုက်ချိုးသူများ၊ ကမ္ဘာအေး စောင်းတန်းမှ ညခင်း ဆွေးနွေးပွဲများ အကြောင်း၊ ကြွေးကြော်သံများ အော်ရ ဟစ်ရပုံ၊ ကိုယ်စား လှယ် ၇၈၉ ဦး၏ လှုပ်ရှားမှု အမျိုးမျိုး၊ တ-က-သ ဥက္ကဋ္ဌ ကိုစိုးသိန်း အကြောင်းတို့ကို ပြန်ပြောပြနေ၍ အားလုံး ငြိမ်ပြီး နားထောင်နေကြ၏။ ည ကိုးနာရီခန့်တွင် “အညို၊ နက်ဖြန်တော့ ကျောင်းတက်နော်၊ မမနှင်း ဝင်ခေါ်မယ်” ဟု မှာပြီး ချစ်ချစ်နှင့် ကလေးများကို နှုတ်ဆက်၍ မနှင်းမြ ပြန်သွားလေသည်။

*


အခန်း ၄

 

ခင်ညို အကြီးအကျယ် ဖျားသည်။ မနှင်းမြ ဝင်ခေါ်သောအခါ ချစ်ချစ်ကသာ ခွင့်တိုင်စာ ထွက်ပေးလေသည်။ “မိအေးနဲ့ ရဲတော့ သွားနှင့်ပြီကွယ့်၊ အနှင်းပဲ ခွင့်စာ ပေးလိုက်ပါတော့၊ ရော့... ဆရာဦးသူတော်ကို ပေးဖို့တဲ့၊ အညို ဝယ်ခဲ့တဲ့ စာအုပ်” ဟု သားရေဖုံးနှင့် အကျအန ဖုံးထားသော စာအုပ် တစ်အုပ်ကို လှမ်းပေးလိုက်၏။

“အနှင်း ဘာကူရဦးမလဲ ချစ်ချစ်”

မနှင်းမြက အတော် စိတ်မကောင်းဖြစ်သွားပြီး မေးလိုက်ပြန်သည်။ "ချစ်ချစ် တူကတော့ ပေကို ပေပါတယ် ချစ်ချစ်ရယ်၊ အနှင်းတော့ သူ့ကို ကြည့်ပြီး စိတ်ညစ်ပါရဲ့” မနှင်းမြက ပြောပြောဆိုဆို ကျောင်းလွယ်အိတ်ကို ချပြီး ထိုင်ရန် ဟန်ပြင်လိုက်၏။

“ကျောင်းတက်ပါ အနှင်းရယ်၊ နင့်မောင်က ညနေကျရင် နေကောင်း သွားမှာပါ၊ အခုတောင် အတော် သက်သာနေပါပြီ၊ ညကသာ တဟီးဟီးနဲ့၊ ဒါတောင် မနက်က ကျောင်းသွားနိုင်ပါတယ်၊ ကျောင်းမှာ ရှင်းလင်းပွဲ ရှိသေး တယ်နဲ့ သွားဦးမလို့”

မနှင်းမြသည် ချစ်ချစ် စကားဆုံးသည်နှင့် မောင်ခင်ညို လှဲနေရာသို့ လျှောက်သွား၏။ ပြီးတော့ နဖူးကို အသာစမ်းပြီး

“အနှင်း ကျောင်း မတက်တော့ဘူး ချစ်ချစ်၊ အိမ်မှာလည်း ချစ်ချစ် တစ်ယောက်တည်း ရှိတာပဲ”

“အို... တူမကြီးရယ်၊ ချစ်ချစ် ကနေ့ အားပါတယ်၊ ဦးလေးလည်း နေခင်းဆို အလုပ်က ပြန်လာမှာပဲ၊ သွားပါ၊ စာတွေ နောက်ကျနေပါ့မယ်”

အနှင်းက ချစ်ချစ်ကို ဘယ်လိုမှ ပြောမရတော့မှ မောင်ခင်ညို အိပ်ရာနားက ခြေဖွနင်းပြီး ထွက်ခဲ့လေသည်။

မောင်ခင်ညိုကတော့ မနှင်းမြ လာကတည်းက သိသည်။ ခေါင်းကလည်း မူးနေသည်မို့ မျက်လုံး မဖွင့်တော့ဘဲ အသာငြိမ်ပြီး နားထောင်နေခြင်း ဖြစ်၏။ သူ့အပေါ် စေတနာထားသော နှင်းမမကိုသာ ကျိတ်ပြီး ကျေးဇူးတင်နေမိသည်။ ညနေ မနှင်းမြ ပြန်လာပြောမှ ကိုထင်ကျော်လည်း ဖျားနေလို့ ကျောင်း မလာနိုင်ဘူးတဲ့။ သူတို့ နှစ်ယောက် ရန်ကုန်ကတည်းက မကောင်းတာကို အောင့်ပြီး ယူလာခဲ့ကြလား မသိပေ။

ကျောင်းဆရာကြီး ဦးရွှေစီကတော့ မောင်ခင်ညို ခွင့်စာပေးသည်ကို သိပ်မယုံချင်။ မောင်ခင်ညိုကိုလည်း သူက ကြည့်လို့ရသည် မဟုတ်။ ဆရာကြီး နှင့် ခင်ညိုကတော့ တစ်နှစ်လုံး တကျက်ကျက်။ ဗ-က-သကို မဖျက်ခင် ကတည်းက မောင်ခင်ညိုကို ကျောင်းအုပ်ကြီးက မျက်ခြေမပြတ်သာ ကြည့်နေ ခဲ့သည်။ ဆရာကြီး ဦးသူတော် တစ်ယောက် ဖေးဖေးမမ ရှိလို့သာ မောင်ခင်ညို ကျောင်းထုတ် မခံရခြင်း ဖြစ်၏။

မောင်ခင်ညိုကလည်း စည်းရုံးရေး တာဝန် ဟူသမျှ၊ လှုပ်ရှားမှု မှန်သမျှမှာ ခေါင်းဆောင်ပိုင်းကချည်း ဖြစ်နေသည်။ သူ့ ခေါင်းဆောင်မှု နောက်မှာလည်း ကျောင်းသားထုက အမြဲရှိသည်။ ဒါကိုပင် ဆရာကြီးက အမြင်ကပ်ဆုံး၊ ဆရာကြီး လိုပင် ဆရာ အသစ် နှစ်ဦးကလည်း ကြည့်မရကြ။

မောင်ခင်ညို ကလည်း မောင်ခင်ညိုပင်။ တော်ရုံ ကိစ္စမျိုးပင် သူက သည်းခံသည် မဟုတ်၊ ဇိုးဇိုးဇပ်ဇပ်နှင့် အာသွက်လွန်းသည်။ ကျောင်းဆရာကြီး စာဝင်သင်ချိန် အရက်သောက်သော အခါမျိုးကို သူက လုံးလုံး သည်းခံသည် မဟုတ်၊ အတန်းက ဗြောင်ထွက်သွားသည်။ ဒါကို ဆရာကြီးကလည်း သိသည်။ ထိုအချိန်မျိုးတွင် စိတ်အပူရဆုံးက အနှင်း။

ဆရာကြီးက မောင်ခင်ညိုကို မုန်းသော်လည်း ကြောက်ရသည်။ ရုံ ကြောက်မျိုး။ ဒီကောင် ဇပ်ဇပ်ကြံဟု သူက နားလည်ထားပြီးပြီကိုး။

တစ်ခါက ကျောင်းအုပ်ကြီး ရုံးခန်းရှေ့တွင် မောင်ခင်ညို ရပ်နေမိသည်။ ဆရာကြီးက မသိ။ အကြမ်းအိုးထဲမှ အရက်များကို အကြမ်းပန်းကန်လုံးထဲ ငှဲ့သောက်နေ၏။ မောင်ခင်ညိုက ဒုတိယ ကျောင်းအုပ် သူ့ဆရာကြီး ဦးသူ တော်ကို ခေါ်ပြသည်။ ရိုးသားသော ဦးသူတော်က လက်ဖက်ရည်ကြမ်း သောက်နေတာပါဟုသာ နှစ်သိမ့်နေသေးသည်။ မောင်ခင်ညိုက “အရက် ဆရာကြီးရ၊ အဲ့ဒါ သောက်ပြီးတာနဲ့ ကျွန်တော်တို့ ကလပ်စ် သူ ဝင်မှာ” ဟု ကျယ်ကျယ် အော်ပြော၏။ မောင်ခင်ညိုပြောမှ ဦးသူတော် ကဲကြည့်ရာ၊ အကြမ်း ပန်းကန်လုံးထဲမှာ အရက်များကို တွေ့တော့သည်။ ဆရာကြီးကမူ အကြမ်းပန်းကန် လက်က လွတ်ကျမတတ် အံ့သြသွားပြီး မျက်နှာကြီး ရဲနေအောင် ပုံဆိုး ပန်းဆိုး ဖြစ်သွားတော့၏။

ဒါကြောင့်ပင် မောင်ခင်ညိုကို အပြစ် ရှာနေမိသည်။ အနှင်းကတော့ သူ့ မောင်ကို အမြဲသတိပေးသည်။ မောင်ခင်ညိုက လုပ်ချင်သည်၊ လုပ်သင့်သည် ဟူလျှင်တော့ ဘာကိုမှ ကြည့်တော့မည် မဟုတ်။ ခြေလှမ်းကလည်း ကြဲလိုက် သည့် ဖြစ်ခြင်း။

ဗ-က-သများ ဖျက်သိမ်းတော့ ခင်ညို တစ်ကောင် ငြိမ်လေပြီဟု ဆရာကြီးက ဝမ်းသာနေသေးသည်။ ဒါနှင့် ကျောင်းကောင်စီ ဖွဲ့ပြီ ဟူတော့ မောင်ခင်ညိုကို ကျောင်းကောင်စီအဖြစ် ခေါင်းဆောင်စေပြန်ရာ၊ သူ့ ကျောင်း ကောင်စီတွင် အများ ဆန္ဒဖြင့် မောင်ခင်ညို တက်လာသည်ကို သူက လုံးဝ မကြည်ပေ။ “ဒီအကောင် နေရာတကာ ဝပ်ရှုပ်တဲ့ကောင်” ဟုသာ နားလည် ထားတော့သည်။

စာသင်တော့လည်း ဆရာကြီးက ယူထားသော အချိန်လေး သုံးလေး ချိန်ကိုပင် စေ့အောင် သင်သည် မဟုတ်။ သင်္ချာ ပုစ္ဆာလေး ပေးပြီး ပြန်ထွက် သွားသည်သာ များသည်။ အင်္ဂလိပ်စာ လေးငါးကြောင်းလောက် ရေးပေးပြီး ပစ်ထားခဲ့တတ်သည်။ ကြာကြာ အတန်းရှေ့ ရပ်တော့လည်း အရက်ကလေး တမြမြ၊ အမူးကလေး ထွေထွေနှင့်။

သင်္ချာအချိန် ထွေလာရင်တော့ မောင်ခင်ညို ကို မဲတတ်သည်။ မောင်ခင် ညို အတန်းပြင် မထွက်ခင် သဲသဲမဲမဲ မေးသည်။ အတန်းရှေ့ထွက် မြေဖြူ ပေးပြီး သင်ပုန်းမှာ တွက်ခိုင်းလိုက်သေးသည်။ ဒါမျိုးတော့ မောင်ခင်ညို က မဖြုန်၊ ရင်ကော့ပြီး ထွက်တွက်သည်။ ပုစ္ဆာကို အဖြေမှန် ရသည့်တိုင်ပင် နောက်တစ်မျိုး တွက်ပြ၊ ဟိုလို လုပ်ဦး၊ သည်လို လုပ်ဦးနှင့် မရှုပ်ရှုပ်အောင် လုပ်ခိုင်းသည်။ ဒါကို မောင်ခင်ညိုက ကြိုပြီးသိလို့ပင်။ ပြင်ပြီး ဆင်ပြီးသား အသင့်ဖြစ်နေပြီ။ သူက ဆရာကြီး သင်လို့တော့ စာတတ်မှာ မဟုတ်ဘူးရယ်လို့ ညပိုင်းဆရာ ဦးလှမောင်အိမ်မှာ ကျူရှင် ယူလိုက်သည်။ သူ့ နှင်းမမကိုလည်း ဆွယ်ပြီး တက်ခိုင်းသည်။ စတော့နှင့် ရှယ်ယာ ပုစ္ဆာမျိုး ရှုပ်ဗလပွကိုပင် ဦးလှမောင်က ထောင့်အမျိုးမျိုးက ခွဲပြထားလို့ မောင်ခင်ညိုတို့က နောကျေနေပြီ။

ဂျီဩမေတြီ ဆိုတာလည်း ဦးလှမောင် ညီမ ဆရာမ ဒေါ်နီနီက စေတနာနှင့် အစ်ကို့ ကျောင်းမှာ အပို လာပြပေးသေးသည်။ ပြသမှ စီးကွင့်စ်ထဲမှ ပုစ္ဆာ အကုန်အပြင် ထွင်ထားသော ပုစ္ဆာများ၊ မေးခွန်းဟောင်းများ၊ ဆောက်လုပ်ချက် အမျိုးမျိုးထားပြီး ပြထားသည်။ သည်တော့လည်း ဆရာကြီးက ပုစ္ဆာ တစ်ပုဒ်ကို အတန်းရှေ့ တွက်ပြခိုင်းလျှင် “ဆရာကြီး ဒါကို ကွန်စထပ်ရှင်း သုံးမျိုးထည့်ပြ နိုင်တယ်၊ သုံးမျိုးလုံး ပြရမလား” ဟု မချိုမချဉ် မေးသည်။ ခွေးကောင်၊ လူကိုက ကျွတ်ဆတ်ဆတ်နှင့်ဟ၊ ဆရာကြီးက ကျိတ်ဆဲပြီး “ဆယ်မျိုးရရ ပြပေါ့ကွ၊ မင်း အတော် လျှာရှည်တဲ့ အကောင်” ဟု မရိုင်းအောင် ဆဲလိုက် သေးသည်။ ဒါမျိုးကိုတော့ မောင်ခင်ညို က မနာပေ၊ မေတ္တာပင် ပို့နိုင်သေးသည်။ ဆရာကြီး ညှိုးလွန်းလို့ ပိုတောင် အလုပ်ဖြစ်သေးသည်။ ဗေဒင်ဆရာလို ကျောက် သင်ပုန်း၊ ကျောက်တံနှင့် တဒေါက်ဒေါက် ခေါက်ပြီး လုပ်ထားနှင့်နိုင်သည်။ စာနှင့်တော့ အနိုင်မခံဘူးလို့ သူက တင်းခံထားပြီး ဖြစ်သည်ကိုး။

မြန်မာစာ အချိန်မျိုးမှာတော့ ခင်ညိုတို့ စိတ်ချမ်းချမ်းသာသာ သင်နိုင်သည်။ မြန်မာစာပြ ဆရာကြီးကလည်း ဦးသူတော်မို့ ခင်ညို တစ်ယောက် မျက်တောင် မခတ်၊ နားရွက်မလှုပ် ငြိမ်ပြီး နာခံသည်။ ဦးသူတော်ကတော့ အတော် ခေတ်မီတဲ့ ဆရာကြီးပေပဲ။ မန္တလေး နော်မံလို ကျောင်းမျိုးတွေ၊ ဗမာ အမျိုးသား ကျောင်းမျိုးတွေမှာ ဆရာသက် ရင့်ခဲ့လို့ အတွေ့အကြုံလည်း စုံနေပြီ။ မြန်မာစာ သင်ချိန်မှာ စာသာ မဟုတ်၊ ဗဟုသုတ မျိုးစုံရသည်။ ဘယ်စာအုပ်ဖတ်၊ ဘယ်စာကို ကိုးနှင့်လည်း ညွှန်းနိုင်သည်။ ဦးသူတော် ပုံကို ကြည့်လျှင်တော့ နှုတ်ခမ်းမွှေး ကားကား၊ ဆံပင်က သျှောင်ထုံး၊ ခေါင်းပေါင်း ပါးပါးနှင့်မို့ ရှေးရိုး ဆရာကြီးဟု အမြင်အရ ထင်နိုင်သည်။ သို့သော်လည်း ခေတ်မီလိုက်သမှ လေထက်ပင် မြန်သေးသည်။ စာသင်ရင်း နိုင်ငံရေးရာ အကြောင်းများ ရောက်ရင်တော့ ဦးသူတော်တို့ အတန်းပြောင်း ခေါင်းလောင်းသံ ကိုပင် မကြားတော့။ မောင်ခင်ညိုတို့ကို ကြွအောင် ဆွပေးသလိုမို့ သူ့ကိုတော့ မောင်ခင်ညို အလွန် ရိုကျိုးသည်။ ရွှေလရောင်တို့၊ ဝန်းသိုစော်ဘွားတို့၊ ဆရာစံတို့ အကြောင်းများ ပြောရင် ဆရာခမျာ သူ အိုနေပြီ ဆိုတာကိုပင် မေ့သည်။ ရာဇဝင်မှာ အတိုအစသာ ပါပေမဲ့ ဆရာ ဘယ်က ရှာပြောသည် မသိ။ သိပ်ကို စိတ်ဝင်စားဖို့ ကောင်းသည်။ အတော်လည်း နှံ့စပ်တဲ့ ဆရာကြီး။

ပုဂံ ရာဇဝင်လိုမျိုးကိုတော့ ဆရာကြီးက ကျောင်းသုံး စာအုပ်က ပြောတာကို ယုံသည် မဟုတ်။ တချို့ကို “ဒဏ္ဍာရီလို့ပဲ မှတ်ကွယ်” ဟု အချိုသတ်ပြီး ရပ်တတ်သည်။ ဆင်ဖြူရှင် စစ်ပွဲလို၊ ဘုရင့်နောင် စစ်ပွဲများ အကြောင်းများကို ဆရာက အသေးစိပ် သင်သည်။ သည်စစ်ပွဲ တစ်ပွဲကို တစ်ပတ်လောက် မြေပုံတွေ ဆွဲပြီး ရှင်းပြသည်။ ဒါမျိုး သူ တစ်ခါပြလျှင် စာအုပ်ပင် ကိုင်စရာ မလိုအောင် စွဲနေတတ်ကြသည်။

လိုင်း မြန်မာစာ အချိန် ဝေဿန္တရာ သင်တော့လည်း ဇာတ်ကြောင်းကို ချုံးပြီး စကားပြေကို ခွဲပြသည်မှာ တော်လွန်းသည်လို့သာ မောင်ခင်ညို က အလွယ်ဆုံး ပြောနိုင်တော့သည်။ ပြီးတော့ မြန်မာစာပေ သမိုင်းကို ဆယ်တန်း ကျောင်းသား တိုင်း တစ်ယောက် တစ်အုပ် ဝယ်ခိုင်းပြီး၊ တစ်ပတ် တစ်ခန်း ကျေအောင် ဖတ်ခိုင်းသည်။ ရေးလည်း ရေးခိုင်းသည်။ တစ်ယောက်စီလည်း လူမချန် မေးသည်။ “ပြဋ္ဌာန်းထားတဲ့ စာအုပ် မဟုတ်လို့ မရိုမသေတော့ မလုပ်နဲ့နော်၊ ဒါ မောင်တို့ကို အများကြီး အမြင်ကျယ်စေတဲ့ စာအုပ်ပဲ” ဆိုပြီး တစ်ခေါက် ဆုံးလျှင် နောက်တစ်ခေါက် အထပ်ထပ် မြည်နေစေရသည်။ သည်တော့လည်း ကဗျာ့ပန်းကုံး သင်နေရသည့် ၁၀ တန်း ကျောင်းသားများ ပိုပြီး မြင်လာစေသည် မဟုတ်လား။

ဦးသူတော်က တစ်ခု ကောင်းသေးသည်။ စာတော်သည်ရယ်လို့ သူက မျက်နှာသာပေးသည် မဟုတ်။ ညံ့သူကိုလည်း ညံ့ရပါမို့လားဟု မနှိမ်လေ။ တစ်သားတည်း ထားပြီး တစ်မျဉ်းတည်း ကျင့်သည်။ သူ့စိတ်ကို အနှောင့်အယှက် ဖြစ်စရာ ဆိုးလာကြရင်တော့ ဘယ်သူမျှ မညှာပေ၊ နှုတ်ခမ်းမွှေး ထောင်လာပြီး ပျစ်ပျစ်နှစ်နှစ်သာ ပြောတော့သည်။ အပြစ် ကြီးလျှင်လည်း နှစ်လုံး ပူးထားသည့် ထားဝယ် ကြိမ်လုံးနှင့် ရွှပ်ကနဲ ရွှပ်ကနဲ ချသည်။ သူ ရိုက်သည်ကို တစ်မြို့လုံး မိဘများက ကျေနပ်သည်။ ဆရာကြီး၏ သိက္ခာကိုလည်း ယုံသည်မို့ပဲလေ။

မောင်ခင်ညိုတို့ လှုပ်ရှားမှု ဟူသမျှကိုတော့ သူက ဖေးဖေးမမ ရှိ၏။ ထိန်းသိမ်း ပြုပြင်ပေး၏။ တားတန်လျှင် တားသည်။ ကိုယ့်ထူးကိုယ်ချွန်ပြီး နိုင်ငံခြားက မဟာဝိဇ္ဇာ (ပညာရေး) အောင်ခဲ့သည့် သည်ကျောင်းက ဆရာဟောင်း ဦးထွန်းကြွယ်ကို ပုံစံပြ၍လည်း ကြိုးစားမှုကို နှိုးဆွသည်။ သူ့စကားကို စကား ကောင်း အဖြစ်နှင့် ကျောင်းသားတွေက နာသည်ချည်း၊ ဆင်ခြင်ကြသည်ချည်း။

ကျောင်းသားတွေထဲမှာလည်း ဆရာကြီး အနားကပ်ပြီး အခွင့်အရေး ယူသူ၊ ချောက်တွန်းသူများကို မောင်ခင်ညိုတို့ ရင်ဆိုင်ရသေးသည်။ သို့သော်လည်း ဆရာကြီးကို မေတ္တာ မထားသူ အတော်နည်းသည်မို့ သည်ကျောင်းသားမျိုး သုံးလေးဦးသာ ရှိသည်။ ဖြစ်တတ်သော လူ့အလေ့ တစ်မျိုးမို့ ဒါကိုပင် အများက ခွင့်လွှတ်ပါသေးသည်။ မိတ်ဆွေရင်းချာလိုပင် မောင်ခင်ညိုတို့ ပေါင်းသင်း နိုင်ပါသေးသည်။

၁၇ ကျောင်းသား သမဂ္ဂ၏ လှုပ်ရှားမှုအပိုင်းမှာ မောင်ခင်ညိုတို့လို မြို့လေး များတွင် သိပ် ထကြွကြသည် မဟုတ်ပေ။ ကျောင်းသား အများစုကလည်း သိပ်နိုးကြားကြသည် မဟုတ်။ တက္ကသိုလ်လိုသာ လှုပ်ရှားလိုက်ရလျှင်လည်း မောင်ခင်ညို တစ်ယောက် ကျောင်းအုပ်ကြီး၏ နဂါး မျက်စောင်းဖြင့် အရည် ပျော်တာ ကြာပေရော့။

အခွင့်အရေး ရှိတုန်း ကျောင်းအဆောက်အဦး ကိစ္စ၊ စာသင်ချိန် ကိစ္စ လောက် ခင်ညိုတို့ ဆွေးနွေးချက်ကိုပင် ဆရာကြီးက တစ်လုံး နားထောင်သည် မဟုတ်။ ကျောင်းဘေး အဆောင်ငယ်တွင် လူနှစ်ဆယ်လောက် စုမိလျှင်ပင် ချက်ချင်း နှင်ထုတ်သည်သာ။

ဝန်ကြီးများ၊ အမတ်များ လာလျှင်တော့ ဆရာကြီး ဦးရွှေစီ တစ်ယောက် ပျာနေပေပြီ။ မျက်နှာကို အပြုံးနိုင်ဆုံး ပြုံးပြီး တန်းလန်းတန်းလန်းနှင့်၊ နောက်ပြီး ဘာတစ်ခုမျှ ရအောင် ပြောပေးနိုင်သည် မဟုတ်၊ သူ့အလုပ် မြဲဖို့လောက်သာ သူ ငတတ်သည်ကိုး။ ကျောင်းကိုလည်း ကြည့်ပါဦး၊ ၁၉၂၀ ခုနှစ်က ဆောက် ထားသည့် ကျောင်းအိုကြီး၊ အမိုးကလည်း နေမြင် လေမြင်၊ ကျောင်း ကြမ်းကျွံ ၍ ဆေးရုံ ပို့ရသော ကလေးတွေကလည်း မနည်းပြီ။ နိုင်ငံရေးသမားများ မဲတောင်းစဉ် အခါသာ ထိုကျောင်းကြီး ဖြစ်တော့မလို ကြားပြီး သူတို့ ဝန်ကြီး ဖြစ်သည်နှင့် မြို့ကိုပင် ပြန်လာတော့သည် မဟုတ်။

မြို့ တစ်ခါက ပညာဝန်ကြီး တိုင်းခန်း အလှည့် ရောက်သည်။ ဆရာ ဦးသူ တော်က ခေါင်းမိုး အုတ်ကျွတ်ကို ထီးနှင့် ထိုးပြရာ အပြင်တွင် ရွာနေသော မိုးက တရဟော အသွန်နှင့် ပညာရေး ဝန်ကြီး ကိုယ်ပေါ် အမှိုက် သစ်ရွက်တွေပါ ကျလာသည်။ အုတ်ကျွတ်ပါ ဆွေးနေသော ကျောင်းကြီး ဖြစ်ကြောင်း ပြခြင်း ဖြစ်သည်။ ဝန်ကြီးကတော့ ဪ... အတော် အိုနေပြီပဲ၊ မြေသာ ရှာကြပါ၊ ကျွန်တော် ကြိုးစားပါမယ်” ဟု ပြုံးပြုံးရွှင်ရွှင် ပြောသွားသည်။ ဆရာကြီးက ဦးသူတော် ဒီလို လုပ်ရပါ့မလား၊ အခုတော့ ဝန်ကြီး ပေကုန်ပြီလို့ အတော် ဒေါပွ၏။ ဦးသူတော်က သူ ပြချင်တာ ပြရပြီမို့ သူကို ပြောသည်လို့တောင် မမှတ်၊ ဒါကိုပင် ကျောင်းသားတွေက ကလိကလိ ပြုံးမိနေကြသည်။

မနှင်းမြကတော့ တဟဲ့ဟဲ့နှင့်သာ မောင်ခင်ညိုကို စောင့်ကြည့်နေသည်။ “မမနှင်းနှယ်ဗျာ၊ အဘွားကြီး ကျနေတာပဲ၊ တဗျစ်ဗျစ်နဲ့” ဟုသာ ခင်ညိုက ငြိုငြင်သည် ဒီလို အပြောခံရလျှင် မနှင်းမြ တစ်ယောက် ချက်ချင်း မျက်နှာ ပျက်သွားတတ်သည်။“မဟုတ်ပါဘူး၊ မမနှင်း မောမှာ စိုးလို့ပါ၊ တကယ်ပါ ဖွားမိကျနေတာပဲ”

ခင်ညိုက အလွန် စိုးရိမ်ပြီး စားလည်း စားပြန်ပြီ၊ သွားလည်း သွားပြန်ပြီ၊ နားလည်း နားပြန်ပြီနှင့် မပြောဘဲနေလို့ မရ၊ တပြောတည်း ပြောနေသော သူ့အဘွားနှင့် နှိုင်းပြီးနောက်မှ အကြောင်းသိ အနှင်းက ရယ်နိုင် ပြုံးနိုင်သည်။

“မိညို၊ နင် ဆရာကြီးကို တစ်ခါတလေများ လိုက်လျောလိုက်စမ်း ပါလားဟ၊ နင်သာ လိုက်လျောရင် အဘိုးကြီးက ဖူးဖူးတောင် မှတ်ထားဦးမယ်”

သည်လို ချော့လာရင် “ကျွန်တော်တော့ အမြင်မတော်ရင် မလိုက်နိုင်ပေါင် ပါဗျာ၊ ဖူးဖူးမှုတ်ထားခံချင်ရင် မမနှင်း လိုက်လျောပါလား၊ ကဲ” ဟု ပြန်နောက်သည်။ ဒါမျိုးကို အနောက် ကြမ်းသည်၊ မဆင်ချင်ဘဲ ပြောသည်မို့ မနှင်းမြ ရင်နာရသည်။ သူ့ကိုလည်း စိမ်းကားလွန်းသည်ဟု ထင်သည်။ ပြတ်ပြတ် ပြောသည်ကို မနှင်းမြက တစ်စက်ကလေးမှ မကြိုက်၊ မောင်ခင်ညိုကလည်း သည်လူကြီးတော့ သည်တစ်သက် ကြည့်ရမည် မဟုတ်၊ သူက အမြဲ ငခံမို့ သူ့ကိုလည်း ညှိုးလွန်းလို့ အစားမချေသော်လည်း ဘယ်ကျေနိုင်ပါ့မလဲ”

တစ်ခြားတစ်ပါး ကျောင်းသူတွေနှင့် မောင်ခင်ညို ဆက်ဆံပုံကို မနှင်းမြ က သဘောကျသည်။ အသက်ငယ်ငယ်နှင့် လူကြီး လုပ်နေသည်ကိုလည်း သူက ကြိုက်သည်။ မှုန်ကုပ်ကုပ် ရှုတည်တည်နှင့် သူ့ အဆက်အဆံကို မနှင်းမြက အပြစ် မတင်ပေ။ မောင်ခင်ညို တစ်ယောက်က ကျောင်းသူတွေကို နည်းနည်း ထန်လွန်းသည်။ အထူးသဖြင့် အသက်အရွယ် ရွယ်တူတွေကိုပေါ့။ သည် ရွယ်တူချင်း ပလူးပလဲ ကိစ္စကို ခင်ညိုက မကြိုက်။ မောင်မောင်တို့၊ ကျော်မြင့် တို့ နေတာကိုတော့ သူတို့ ရင်းနှီးနေတာပဲလို့ ဘာမှ မပြော။ ဝေဖန်လည်း မပြုလေ။ သူကလည်း နေချင်သလိုသာ နေသည်။ အားလုံးနှင့်တော့ သူ မမုန်း တမ်း ရင်းနှီးသည်။ ငညို... ငညိုနှင့် အစ်ကို အရွယ်တွေ၊ အစ်မ အရွယ် တွေက တရင်းတနှီး ထားသလို၊ မောင်ခင်ညို၊ ကိုခင်ညိုနှင့် ရွယ်တူတွေက ခေါ်ပြော နှုတ်ဆက်သည်။

တစ်ခုတော့ ရှိသည်လေ။ ခင်ညို က တယောပြားလေးကို တညှိညှိ ချွဲနိုင်သည်။ ညနေခင်း လေသာ ကန်တံတားပေါ်က ခင်ညို တယော ချွဲသံကို ကျောင်းခန်းထိ သတင်း ရကြသည်။ ပြီးတော့ ပန်းချီလည်း သူက ဆွဲသေးသည်။ စုံလည်း စုံတဲ့ ခင်ညို ။

ဟိုစပ်စပ် ဒီစပ်စပ်နှင့် လုပ်နေ လှုပ်နေတော့ “အစ်ကိုညို ပုံဆွဲပေးပါ” ဆိုပြီး စာရွက်နှင့် ခဲတံ လာပေးတဲ့ ညီလေး ညီမလေးတွေလည်း တစ်ပုံကြီးရယ်။ ကျောင်း အားရက်တွေမှာ ခင်ညိုကို ဆံပင်ညှပ်ဆိုင်တွေမှာ တွေ့နိုင် ပေသည်။ မြို့ရဲ့ ဆံပင်ညှပ်သမား အများကလည်း ဂီတသမားများ ဖြစ်သည်။ နှဲကြီး တတော်တော် မှတ်သူကအစ ဒုံမင်းကို သံစဉ် ပြည့်ပြည့်၊ စောင်းကောက်ကို မင်မောင်းကျကျ တီးခတ်နိုင်သူအထိ ရှိသည်။ ဒါကြောင့်လည်း ခင်ညိုတို့ တရစ်ဝဲဝဲ ရှိနေခြင်းပင်။

“ဖိုးညိုရေ၊ ကိုဗိုလ်လောဆိုင်က တယော သွားဆွဲကွာ၊ မောင်ရီပါ ဝင် ခေါ်ခဲ့ဟေ့၊ လူပါးတုန်း ပုလဲ သံဆန်းလေးတွေ တီးလိုက်ရအောင်”

ဆရာလှ ဆံပင်ညှပ်ဆိုင် ဝင်မိလျှင် ပုလွေဆရာ၊ ဂီတဆရာ ဆရာလှက မောင်ခင်ညို့ကို တီးခိုင်းပြီးမှ လွှတ်သည်ချည်း။ “လက်ကို အနား မပေးနဲ့ကွ၊ မင်းက တယ်အလုပ်များကို၊ ချီးမှပဲ” နှင့် ဆဲဆိုကာ တီးခိုင်းသည်။ လိုရင်း အကွက်နည်းရင် “ဟိုအကွက်က အောက်ပြန်ကွ၊ တဲ့နယ်တူနယ် သူ့နယ် တဲ့နယ်... လို့ ထပ်ထပ် လုပ်နေတော့ ရိုးတာပေါ့၊ ခင်ညို တယော မှေးထား တုန်းမှာ ငရီက အကွက် ဖော်ပေးမှ” စသဖြင့် ပါးစပ်အတော တောပြပြီး လမ်းညွှန်သည်။ မြင့်ဆွေ တစ်ယောက် ရှိသေးသည်။ သည်တစ်ယောက်ကတော့ မယ်ဒလင်ကို အပီတီးသည်။ ရန်ကုန်မှာ စာရေး သွားလုပ်ရင်း “ဂီတ နက်သန် ဝိုင်း က ဆရာတွေဆီ သီချင်းတက်သည်။ သည်တော့ ကိုစောငြိမ်း သီချင်း လေးတွေကို သူ ပြန်လာတိုင်း ပါပါလာသည်။ မြင့်ဆွေ လာလျှင်တော့ သူတို့ တခြား သီချင်း မတီးမိကြ၊ ပွင့်ဦးတို့၊ ပပဘာတို့၊ စိန်တို့၊ သစ္စာတို့နှင့်သာ အချိန်ကုန်သည်။

ကိုမြင့်ဆွေ၊ မြနဒီလေး ပြန်တီးစမ်းပါဦးဗျာ၊ ဆိုတီးလေးပေါ့၊ ကျွန်တော် နောက်အပိုဒ် မကျေဘူးဗျ၊ ဒေါင်းဖန်ဝါက စလုပ်ဗျာ”

အဲဒီလို ကန်ဘေးက ညမျိုးမှာတော့ ခင်ညိုတို့ ည နက်မှန်းပင် မသိ တော့၊ ကိုရဲက နှစ်ခါလောက် လာခေါ်မှ ထတတ်သည်။

ချစ်စရာ ကောင်းသည်က မနှင်းမြပေပဲ။ အိမ်ရှေ့ ကန်စောင်းမှာ တီးကြ၊ မှုတ်ကြပြီဆိုလျှင် သူ စာမကျက်နိုင်။ စီးနှင့် ဝါးကို ယူပြီး ဝင်ဆိုတတ်သည်။ ခင်သန်းရီတို့၊ မနှင်းမြတို့ထက် အဆိုကောင်းသော်လည်း ဆိုပါဆိုလျှင် မူတတ်သည်။ မမနှင်းကတော့ ခင်ညိုနှင့်လည်း ရင်းနှီးရင်းစွဲမို့ ရဲရဲသာ ဆိုသည်ချည်း။ ဒါ့ကြောင့် ခင်ညိုက နှင်းမမကို ပိုခင်ခြင်းလည်း ပါသည်။

သင်္ကြန် တစ်ညတုန်းကပေါ့။ မြင့်ဆွေလည်း ရုံးပိတ်လို့ မြို့ပြန်ရောက်နေသည်။ ခင်ညိုတို့ အိမ် တံတားရှေ့မှာ ဖျာခင်းပြီး ခြောက်ပေါက်ခွဲ သီချင်းလေးတွေ တစ်ပုဒ်ပြီး တစ်ပုဒ် တီးနေကြသည်။ အေးအေးတို့၊ ကိုရဲတို့ကား နားထောင် သမားများအဖြစ် အလိုက်သိသိ ငြိမ်နေကြသည်။ စာမေးပွဲတွေ ပြီးနေပြီမို့ အနှင်းလည်း အေးအေးဆေးဆေး သီချင်းဆို ရောက်နေသည်။ ကိုရဲက ဘာ စိတ်ကူး ပေါက်သည် မသိ။

“မမနှင်း လိုက်လေ ဝေး... ဝေးတယ်ဆိုတဲ့ သီချင်းလေး ဆိုပြပါဦး” ဟု သူ ကိုင်ထားသော စီးနှင့် ဝါးကို ပေးပြီး တောင်းဆိုသည်။

“သီချင်းကြီး ဆိုချင်တယ်ကွယ်၊ ကိုရဲ သီချင်းက အလွမ်း သီချင်းကြီး အဲဒါပဲ ဆိုပါ မမနှင်းရယ်”

ကိုရဲကလည်း ဒါကိုပင် ထပ်တောင်းနေသည်။ မြင့်ဆွေကတော့ ခြောက်ပေါက်ခွဲ အသံပင် စမ်းနေပြီ။ ခင်ညိုက “မမနှင်း ကြိုက်တာ ဆိုပါစေကွာ၊ ရဲရာ၊ မင်း နားထောင်ရ ပြီးရောပေါ့” ဟု ပြောသေး၏။

“မဟုတ်ဘူး ကိုကိုညိုရဲ့၊ အဲဒီသီချင်း မမနှင်း ဆိုတာ သိပ်ကောင်းတာ၊ ဟိုနေ့က မမနှင်း မီးဖိုချောင်ထဲမှာ အဲဒါ ဆိုနေတယ်၊ ရဲ ဝင်သွားရင် ရပ်သွားမှာ စိုးလို့ သီချင်းဆုံးမှ ဝင်လိုက်တာ၊ သိပ်ကောင်းတာ ကိုကိုညိုရဲ့၊ လုပ်ပါ၊ အဲဒါသာ တီးပါ”

“ကဲ အညို၊ ရဲ နားထောင်ချင်လည်း ဆိုမယ်ကွယ်” မနှင်းမြက သနပ်ခါး ပါးကွက်နှင့် လှချင်တိုင်း လှနေသည်ကို ခင်ညို က သတိပြုပြီး ကြည့်နေမိသည်။ ပြီးတော့ သူ့ နှင်းမမကလည်း အရောင် တောက်နေသော မျက်လုံးနှင့် သူ့ကို ကြည့်နေသည်။ ဒါ့ကြောင့်ပင် ခင်ညိုက သက်ပြင်း ချလိုက်ပြီး မနှင်းမြ ထံမှ မျက်လုံး လွှဲလိုက်၏။ သူ့စိတ်ထဲမှာ တစ်မျိုးတော့ ဖြစ်သွားသည်။

“အညို၊ နင်က ငါ ခင်သလို ငါ့ကို ခင်တာမှ မဟုတ်ဘဲကွယ်၊ နင်လုပ်ချင် တာ လုပ်နေရရင် ပြီးတာပဲ၊ တို့များ ရှိတယ်တောင် မအောက်မေ့ဘူး”

ဒါမျိုးတွေကို နှင်းမမက မကြာခဏ ပြောသည်။

“မဟုတ်ပါဘူး မမနှင်းရယ်၊ ကျွန်တော်က မမနှင်းကို ခင်ပါတယ်။ သူများတွေ ဟိုပြော ဒီပြော ပြောနေကြတာတောင် ကျွန်တော် ဂရုစိုက်တာမှ မဟုတ်ဘဲ၊ မိန်းကလေးဆိုလည်း မမနှင်း တစ်ယောက်ပဲ ကျွန်တော် ပေါင်းတာပဲ၊ ပြီးတော့ အေးအေးကို ချစ်သလို မမနှင်းကိုလည်း ကျွန်တော် ချစ်တာပါဗျာ”

သည်အဖြေမျိုးကို မနှင်းမြ မကြိုက်ပေ။ ခင်ညိုကို သူ ငယ်ငယ်က မောင်လေး တစ်ယောက်လို ရင်းနှီးသည်တော့ မှန်သည်။ ကြာတော့လည်း ခင်ညို့အတွက် ခံစားလာရသည်။ ပူပင်လာရသည်။ ခင်ညို ကျောင်းပျက်လျှင် စာကူးထားပေးရသည်။ ဆရာကြီး ဦးရွှေစီက ခင်ညိုကို ထန်ကြည့်လျှင် သူ ရင်ဖိုရသည်။ ခင်ညို့အိမ် အလည်လာပြီး ရယ်လား မောလား ပြောနေလျှင် သူ ပျော်ရပြန်သည်။ ခင်ညို ဒေါသဖြစ်လျှင် သူ ရင်ခုန်ရသည်။ ခုနစ်တန်း ရှစ်တန်း စာမေးပွဲတွေ အောင်စဉ်ကဆိုလည်း ခင်ညို ပထမချည်း ရသည်ကို သူ ရသလို ပျော်ပစ်သည်။ ခင်ညို့ အဖေ ဆုံးတုန်းက သူ မသိတတ်သေးလို့ပင်။ ခုအရွယ် လိုသာ ကြီးမှ ဆုံးလျှင် သူလည်း သမီးတစ်ယောက်လို ချုံးပွဲချ ငိုဖြစ်မည်အမှန်။

ကြာတော့ ခင်ညိုနှင့် ပတ်သက်လာလျှင် သူ အားလုံး ခံစားလာရ တော့သည်။ တီးကြ ဆိုကြရာတွင်ပင် ငါးပေါက်သံ အမြူးလေးတွေ တီးလျှင် သူ့မျက်နှာက ပြုံးလို့။ သံမှန် သီချင်းတွေ တီးလျှင် သူက တည်တည်ငြိမ်ငြိမ်။ ခြောက်ပေါက်သံ၊ ခြောက်ပေါက်ခွဲ သံမျိုးကျလျှင်တော့ တည်ပြီး၊ မှိုင်းပြီး၊ ဆွေးပြီး၊ ငိုမလို ညိုတိုတိုနှင့်။

အခု သူ ဆိုနေရပြန်ပြီ။ “ချစ်ရေး ခင်ရေး×××လိုက်လေ ဝေးလေ လေ” တဲ့။

ခင်ညိုက တယောလေးကို စိမ်ပြီး ညို့နေသည်။ အရသာခံပြီး မျက်လုံး ကိုလည်း မှေးထားလိုက်သေးသည်။ အေးအေးကတော့ ကမ္ဘာ့ အအိပ်ကြီး၊ တံတားဘောင်တန်းပေါ် ခေါင်းတင် အိပ်ပျော်နေပြီ။ ဂီတ ဝင်စားလို့ အသက် ရှူသံပင် ပြင်းလာပြီ။ ရဲ တစ်ယောက်ကတော့ မျက်တောင်ပင် မခတ်၊ သည် ကောင်လေးလည်း ဝါသနာအိုးလေး ဖြစ်သည်။ မြင့်ဆွေကြီးက ဒရုဒရန့် အညု အခန့်လေးတွေ ခုပြီး မယ်ဒလင်ကိုသာ ကြည့်တီးနေသည်။ တစ်ခါတစ်ခါ ကြိုးလေးတွေကို နော့ပြီး ချွဲလိုက်သည်ကို ခင်ညို က မျက်လုံးဖွင့်ကြည့်မိသည်။

‘xxxလိုက်လေxxဝေးxxဝေးတယ်... ချစ်တဲ့ အရေးကို’

မောင်မောင်ညွန့် ဆိုထားသည်ထက်ပင် လှိုက်လှိုက်လှဲလှဲ ရှိသည်လို့ ခင်ညိုက နှင်းမမကို ကြည့်လိုက်မိသည်။ မနှင်းမြကိုတော့ ဆိုစကတည်းက ခုထိ ခင်ညိုကို စေ့စေ့ကြည့်လို့။ ခင်ညို သူ့ကို ကြည့်နေသော်မှလည်း ခင်ညို့ မျက်လုံးကို သူ မဖယ်၊ ခင်ညို ရဲ့သွားမိသည်။ မမနှင်း တစ်ယောက် ဘာတွေ တွေးပြီး စိတ်မကောင်း ဖြစ်နေပါလိမ့်လို့ သူ နားလည်ထားလိုက်မိသည်။ မျက်လုံး အစုံမှာ မျက်ရည် မဖုံးသော်လည်း အနှင်း မပြုံးနိုင်ပြီကို သူ သဘောပေါက်သည်။ ဘာကြောင့်များပါလိမ့်။

မနှင်းမြက အားမရနိုင်။ နားမလည်နိုင်လေခြင်း အညို ရယ်လို့သာ ပြောပြစ်လိုက်ချင်သည်။ သူ ရင်ပူရသည်။ သူ ရင်ခုန်ရသည်။ သူ လှုပ်ရှား ရသည်။ အထူးသဖြင့် သည်လို ညမျိုးမှာပေါ့။ နေနိုင်ရက်လေ အညို ရယ်။

*

“ဟေ့ ခင်ညို၊ နင်နဲ့ မမနှင်းနဲ့က ဘယ်လိုလဲကွယ့်”

မောင်မောင်တို့ကရော၊ မယဉ်နုတို့ ခင်သန်းနွဲ့တို့ကရော သည်မေးခွန်း ကိုတော့ လှိုင်လှိုင်မေးမြဲ။

“ဘယ်လိုရမလဲဟ၊ အမေက မမွေးလို့ပေါ့၊ နို့မို့ဖြင့် မမနှင်းက ငါ့ အစ်မပေါ့”

“နင့် အမေက မမွေးလို့ မေးနေတာပေါ့ဟ၊ နင်တို့ဟာ ရိုးမှ ရိုးရဲ့လားဟာ”

သည်လို အပြောခံရလျှင်တော့ ခင်ညို ချက်ချင်း တုံ့ပြန်တတ်သည်။ သူ့ကို ခင်လျှင် ဒါမျိုးစတာ သူက သဘောမကျ။

“နင်တို့ဟာ အတော် စပ်စုတာပဲ၊ ဒို့ ငယ်ငယ်လေးကတည်းက ဒီလို နေလာတာ၊ ဒါ စော်ကားစရာ မဟုတ်ဘူးကွ၊ တော်ကွာ၊ မမနှင်း သိနေရင် အလကား စိတ်မကောင်း ဖြစ်နေမယ်”

“သိပါတယ် ခင်ညိုရယ်

မိနွဲ့က လျှာ အလွန်ရှည်သည်။

“ဘာသိပါတယ်လည်း၊ ဟေ့ အနွဲ့၊ နင် ငါ့ကို နောက် ဒါမျိုး ဘယ်တော့မှ မပြောနဲ့၊ ငါ့ အကြောင်းလည်း နင်တို့ သိသားပဲ၊ မမနှင်းကို ငါ့ အစ်မ အရင်း လိုပဲ ငါ သဘောထားတာ၊ အို... ရိုးတယ်လို့ ငါ အပြတ်ပြောပြီးပြီ၊ နောက်တစ်ခါ ငါ့ကို ပြောရင် နင်တို့နဲ့ ငါ အသိပဲ”

ပြောသာ ပြောရသည်၊ အနွဲ့တို့က ဇပ်ဇပ်ကြဲမို့ ထပ်နောက်မှာ အပူသား။ သူ့ကို နောက်လို့တော့ အသားလည်း မနာဘူး၊ ပဲ့လည်း မသွားဘူး ဆိုပြီး သူက ဖြိုသည် မဟုတ်။ မမနှင်း ကြားပြီး စိတ်မကောင်း ဖြစ်မှာသာ သူက ပူသည်။ သူ့ကို မခင်တော့မှာသာ သူ ပူသည်။

“မောင်ခင်ညိုရေ၊ မင်း အနှင်းကို ပြောပေးကွာ”

ကိုထင်ကျော် တစ်ယောက် သည်စကားမျိုး ပြောသည်တော့ နောက်သည် မဟုတ်မှန်း ခင်ညို သိသည်။ ကိုထင်ကျော်နှင့် ဆိုလျှင် ရွယ်တူလောက်ပဲ။ ကိုထင်ကျော်က သဘောကောင်းသည်။ မမနှင်းကတော့ ပြောစရာ မရှိ။

“ခင်ဗျားဘာသာ ပြောပါလားဗျ”

တကယ် ဖြေပြီဆိုတော့ ဒီလိုသာ ဖြေနိုင်သည်။

“မင်းက နှမျောနေလို့လားကွ”

“နှမျောတာလည်း ပါတာပေါ့ဗျာ၊ ကိုယ့် အစ်မကို ကလေကချေ ရမှာ တော့ ပူတာပေါ့”

‘ငါက သားမှတ်မှတ် မယားမှတ်မှတ် ယူမှာပါ ယောက်ဖရာ

ကိုထင်ကျော်က ခင်ညို ကို ခင်လည်း ခင်သည်၊ ညီလို ချစ်သည်သာ မဟုတ်၊ သူငယ်ချင်းလိုလည်း ပေါင်းသည်။ အခု ဆယ်တန်းနှစ်မှာတော့ ပိုလို့ တောင် အရေးပေးသေးသည်။ မမနှင်း မျက်နှာကြောင့်ပေပဲလို့ သူက နားလည် ထားပြီးပြီလေ။ ဒါပေမဲ့ လူကြီးက မမနှင်းကို ရဲရဲ ဆက်ဆံဝံ့သည် မဟုတ်။ မနှင်းမြက ကိုထင်ကျော်ကို ဘယ်လိုမှ သဘောထားသည်လည်း မဟုတ်။ ခင်ညို့ အိမ်မှာ ဆုံလျှင်လည်း ပြောလား ဆိုလား တဟားဟား ဝိုင်းဖွဲ့ပြီး ဟားနေကြရင်တော့ ချစ်ချစ် တစ်ယောက် ရေနွေး တည်လိုက် လက်ဖက် သုတ်လိုက် ပျားပန်းခတ်နေပြီ။

မောင်ထင်ကျော်၊ မင်းညီကိုလည်း ကြည့်ဆုံးမနော်၊ ဒီကောင်က တယ်ပြီး ခြေမြန်လက်မြန်ရှိတယ်”

ကိုထင်ကျော် လာလျှင် တူတော်မောင်ကို ယုံယုံကြည်ကြည် အပ်တတ်သည်။

“ချစ်ချစ်ရယ်၊ ချစ်ချစ် တူက ကျွန်တော့်ထက် အသက်သာ ငယ်တာပါ၊ ဒီကောင်က လူကြီးပါပဲ၊ မှုန်တေတေနဲ့မို့ တစ်ခါတစ်ခါ သူ့ပဲ ကြောက်နေရ သေးတယ်”

မနှင်းမြက ဘေးက ပြုံးတုံ့တုံ့။

“မင်းတို့ ဆရာကြီးကလည်း ဆိုးပါဘိနဲ့ကွယ်”

ပြီးသော် ချစ်ချစ်ရဲ့၊ အနှင်း ရှိသားဘဲ၊ သူ့ မမနှင်း စကားကိုတော့ သူ နားထောင်ပါတယ်”

ကိုထင်ကျော်က စကား ဖြတ်ပြောလိုက်သည်။

“ထောင်ပါလိမ့်မယ် ကိုထင်ကျော်ရယ်၊ အညိုက ကျွန်မကို အသက် ရှိတယ်တောင် မထင်ဘူး၊ လုပ်ချင်ရင် တရှူးထိုးပဲ၊ သူ့များတော့လား ဟင်း လက်တင် မကဘူး၊ ခြေပါ မြှောက်တယ်”

“မမနှင်းကလည်းဗျာ၊ လူမြင် မကောင်းအောင်”

သည်လိုစကား အကျကောက်တာတော့ ခင်ညိုက တယ်သွက်။ မနှင်းမြ “ကြည့်ပါလား” ဆိုပြီး နဖူးကို လှမ်းခေါက်သည်၊ ချစ်ချစ်နှင့် ကိုထင် ကျော်က ရယ်လို့။

ကိုထင်ကျော် သည်နှစ် မူအပျက်ဆုံး ဖြစ်သည်။ မနှင်းမြကို ကိုထင်ကျော် ချစ်တဲ့ မျက်လုံးနှင့် ကြည့်သည်ကို သူ မြင်ဖူးပေါင်း များပြီ။ လူကလည်း ရိုး၊ သတ္တိကလည်း နည်းပြီး သူ စကား ဆိုရဲသည် မဟုတ်၊ ချစ်လို့မှ ချစ်တယ် ပြောရဲသူ မဟုတ်။

သည်နှစ် ကိုထင်ကျော် နည်းနည်းရဲလာသည်။ မနှင်းမြကလည်း ဒါကို သိသည်။ မိန်းမ ကိစ္စနှင့် နှင်းမမက သူ့ကို စလျှင် သူက ကိုထင်ကျော် ပြောသည်များကို . ပြန်ပြောတတ်သည်မို့ ကိုထင်ကျော် သဘောကို မနှင်းမြ သိထားသည်။ ခင်ညို ပြောပြီးမှ သတိထားမိပြန်တော့ ခင်ညို ပြောသည်ထင်၊ ပိုဆိုးနေပြန်သေးသည်။ ဒါပေမဲ့ ကိုထင်ကျော်ကို သူ မချစ်နိုင်ပေ။ ကိုထင်ကျော် ကို အနှင်းက လေးစားသည်။ ခင်မည်ဆိုလျှင် အစ်ကိုလို ခင်နိုင်မည်။ မောင်ခင်ညို ကို ချစ်တာမျိုးတော့ သူ ချစ်လို့ မရ။ ဒါကိုလည်း ယထာဘူတကျ နည်းမျိုးလို့ သူ့ကိုယ်သူ ထင်ထားသည်။

ကိုထင်ကျော်က အနှင်းကို တစ်နေ့တော့ ရှင်းရှင်း ဖွင့်ပြောမယ်လို့ ပြင်နေဆဲ။ စာကိုလည်း စာမေးပွဲအတွက် လုံးပမ်းနေရဆဲ။ ကျောင်းမှာ လုပ်စရာ တွေကိုလည်း ခင်ညိုတို့နှင့် တွဲပြီး လုပ်နေရဆဲ။ ဘာကိုမျှ ယတိပြတ် လုပ်နိုင် အားသေးသည် မဟုတ်ပေ။ သူ ပြောလို့ ကောင်းသည့် အေးအေးဆေးဆေး အချိန်အခါတော့ ရှိသည်။ ညပိုင်း ကျူရှင်သွားကြတဲ့ အချိန်တွေမှာပေါ့ ။ အဆင်ပြေဖို့ ဖြစ်လာသေးသည်။ ကိုထင်ကျော်တို့ ရွှေဘုံသာပိုင်းမှာ ဆရာ ဦးအောင်နိုင် ညကျောင်းဖွင့်သည်။ ကျောင်းသားများလို့ ရက်ခွဲထားသည်။ ခင်ညိုတို့ သုံးယောက်လုံး သည်ကျောင်း တက်ဖြစ်သည်။ ကျောင်း ထောင်သည့် ဦးအောင်နိုင် ဆိုသည်က ခင်ညိုတို့ အစ်ကိုလို နေသည့် ဆရာဖြစ်သည်။ အငယ် ကပင် အစ်ကိုအောင် အစ်ကိုအောင်နှင့် ခေါ်ခဲ့ရသည့် ဆရာတည်း။ ချစ်ချစ်က လည်း ကိုအောင်နိုင် တက္ကသိုလ် မသွားမီကတည်းက အလွန်ခင်သည်။ သူ တက္ကသိုလ်မှာ နှစ်ရှည်လများ နေခဲ့ပြီး၊ ကျောင်းသား အရေးလည်း ကျင်လည် ခဲ့ပြီး တပ်ဦး ခေါင်းဆောင်လည်း ဖြစ်ခဲ့ပြီ။ နိုင်ငံရေးထဲ ရောက်ခဲ့သူ။ နောက် တော့ အလွတ် ပညာသင် ကျောင်းဆရာ၊ နောက်တော့ မြို့ကို ပြန်လာပြီး ညီတွေ ညီမတွေကို တစ်လှည့်ကူသူဖြစ်သည် သူ့ကျောင်းမှာ သူက အင်္ဂလိပ် (၁) ကို ပြပြီး၊ အငြိမ်းစား ဆရာကြီး ဦးထွန်းရှိန်က အင်္ဂလိပ် (၂) ပြသည်။ အစ်ကို အောင်နိုင်က ရန်ကုန် အလွတ် ပညာသင်ကျောင်း အတွေ့အကြုံ ရခဲ့ပြီမို့ တိုးတက်တဲ့ ကျောင်းသား ခေါင်းဆောင် တစ်ယောက်လည်း ဖြစ်လို့ ချစ်ချစ်က စိတ်ချသည်။ ဒါနှင့်ပင် ခင်ညိုတို့ သုံးဦး စနေ၊ တနင်္လာ၊ အင်္ဂါ၊ သုံးရက်ကို အင်္ဂလိပ်စာ ကျူရှင် ယူဖြစ်သည်။

စာသင်ရသည့် အချိန်ကလည်း ညအချိန်တွေ ဖြစ်သည်လေ။ သည်တော့ ကျောင်းပြန်လျှင် ကိုထင်ကျော်က သည်နှစ်ယောက်ကို လိုက်ပို့မြဲ။ အသီးသီး အိမ်ဝင်ကြမှ လေတဖြူးဖြူး သာနေသည့် ကမ်းရိုးအတိုင်း လေလေး တချွန်ချွန်နှင့် ထီးတည်း ပြန်ခဲ့မြဲ။ တစ်ခါတစ်ခါတော့လည်း ခင်ညိုက ကိုထင်ကျော်ကို ပြန်ပို့ သေးသည်။

“ဟ... ကောင်ရ နင့်ကိုငါ ပို့ချင်လွန်းလို့ မဟုတ်ပါဘူး၊ အနှင်းနဲ့ ပြန် ရတာ ငါ စိတ်ချမ်းသာလို့ လိုက်တာပါ၊ အောင်မယ်လေး သူက ဂုဏ်ခံချင် သေးတယ်”

ဘယ်လိုပြောပြော ခင်ညို က သိတတ်ပေသည်။ အနည်ဆုံး ကန်တံတား ကို ကျော်ပြီး လမ်းထိပ် လဘက်ရည်ဆိုင်ထိတော့ လိုက်ပို့တတ်သည်။ သည်လို ကိုထင်ကျော်ကို ပြန်ပို့ရလို့လည်း သူ့အတွက် အကျိုးယုတ်သည် မဟုတ်ပေ။ လက်ဖက်ရည်ဆိုင် ရောက်လျှင် လဘက်ရည်ကျကျ တစ်ခွက်တော့ သူ သောက် ဖြစ်သည်။ သည်တော့မှလည်း ညပိုင်း သူ စာ အေးအေးဆေးဆေး ကျက်နိုင် သည်လေ။ လက်ဖက်ရည် သောက်မှန်း သိလျှင်တော့ ချစ်ချစ်က ဆူသည်သာ။ ရာ အိမ်မှာ ကော်ဖီသောက်ပါလား အညို ရဲ့၊ ဆိုင်မှာ တစ်မတ် တန်တာလည်း မဟုတ်ဘူး” ၄၄၀ဒီကော်ဖီနဲ့ မတူဘူး ဒေါ်လေးရဲ့၊ ကော်ဖီက လူမမာစော် နံတယ်၊ ပြီးတော့ သူ့ သောက်ပြီးရင် ပျို့တတ်လာတာပဲ၊ လက်ဖက်ရည်က သောက်ပြီးတာနဲ့ လန်းဆန်းလာတာ၊ စာကျက်လို့တော့ တကယ် ကောင်းတာ”

စာကျက်တာလေး အကြောင်းပြ ကောင်း၍ တော်ရုံတန်ရုံ အကြောင်းတွေ ချစ်ချစ် လက်လျှော့ရသည်။ ငွေကုန် သက်သာအောင်ဆိုပြီး လက်ဖက်ခြောက် နှပ်ပေးပြန်တော့လည်း ဆိုင် လက်ဖက်ရည်မှတဲ့။

အို... မိအေးတို့လို ဟိုဟာ ဝတ်ချင်တယ်၊ ဒီဟာ ဝတ်ချင်တယ်၊ ဟိုဟာ ချက်ကျွေးပါ၊ ဒီဟာ မကောင်းဘူးနှင့် ခင်ညို မှ မပူဆာဘဲ။ စားတာတို့ ဝတ်တာတို့ ဆိုရင် ခင်ညို ကြေးမှ မများဘဲလေ၊ သည်တစ်ခုပဲ သူ တောင့်တတာ ဆိုပြီး ကြာတော့ ချစ်ချစ် လက်မြှောက်ရသည်။ သို့သော်လည်း ဗိုက်နာပြီ ဆိုလျှင် တော့ လက်ဖက်ရည် ရာဇဝင်ကို ခင်းပြီး ဆူတော့သည်သာ။“အေး... လက်ဖက် ရည် ကြပ်ကြပ်သောက်၊ ကြာရင် ချုပ်ပြီး ဒုက္ခရောက်မယ်” ဆိုပြီး တဗျစ်ဗျစ် ဗျစ်တတ်သည်။

ကျောင်းမှာ ဗျစ်သူကတော့ အနှင်းလေ။ နေ့ခင်း ထမင်းစားပြန်လျှင် ခင်ညိုက စောစော ထမင်းစားသူမို့ အိမ်မပြန်တော့။ စာကြည့်တိုက် စာအုပ် ငှားသူတွေကို စာအုပ် ထုတ်ပေးပြီးလျှင် ကိုအောင်ငြိမ်းဆိုင် ဝင်တော့သည်။ သည်အချိန်မျိုးဆိုလျှင် အနှင်းက မျက်နှာ အောက်သိုးသိုးနှင့်။

“သောက်ပြန်ပြီ၊ ငါ ချစ်ချစ် ပြန်ပြောမယ်၊ ဆေးကျတော့ ဟုတ်တိ ပတ်တိ မသောက်ချင်ဘူး” စူစူအောင့်အောင့် ဆိုင်အထိ လိုက်ပြောသည်။ ကိုအောင်ငြိမ်းကတော့ သည်မောင်နှမကို အကြောင်းသိမို့။

“အေး... အနှင်း၊ ငါလည်း သူ့ကိုပြောတာ များပြီ၊ နွားနို့ ကောင်းလို့ ပြောင်းသောက်ခိုင်းတာလည်း မရဘူး” ရယ်လို့ အတင်းတွန်းပြီး စ၏။ မောင်ခင်ညို ကတော့...

“မမနှင်း စိတ်ဆိုးရင် သိပ်ချစ်ဖို့ကောင်းတာ ကိုအောင်ငြိမ်းရဲ့၊ ကြည့် ပါလား နှုတ်ခမ်း စူနေတာ၊ ဘယ့်လောက် လှလဲ၊ ကဲ... ဒါကြောင့် ကျွန်တော် လက်ဖက်ရည် စွဲနေတာပေါ့ဗျ” ဆိုပြီး မနှင်းမြကို လက်ညှိုး ကွေးပြသည်။ ကောက်နေသည် ဆိုခြင်းပေါ့ ။

မနှင်းမြက ခင်ညို လုပ်ချင်တာတွေ ဆန္ဒအားလုံး ဖြစ်စေချင်ပါသည်။ ရောဂါ ဖြစ်မှာတော့ သူ မလိုလားပေ။ ချစ်ချစ်ကို ပြန်ပြောမည် ဆိုသော်လည်း သူ ပြန်မပြောရက်ပေ။ ချစ်ချစ် မေးလျှင်ပင် ညပိုင်း ကိုထင်ကျော်နဲ့သာ တစ်ခါတလေ သောက်တာပါ၊ ကျောင်းမှာတော့ အညို နေနိုင်သားပဲ၊ သောက် ရင် အနှင်းလည်း ဘယ်နေပါ့မလဲ၊ ပြောမှာပေါ့”

သည်အဖြေကို ခင်ညိုက သိပြီးသား၊ မနှင်းမြကိုလည်း ယုံပြီးသား၊ သောက်သည်ကလည်း လွတ်သောနေ့ ခပ်ရှားရှား။

အစ်ကို အောင်နိုင် ကျောင်းကို မသွားရသော နေ့တွေမှာလည်း ဆရာ ဦးလှမောင် အိမ် သင်္ချာတွက်ဖို့ သွားရသေးသည်။ ဦးလှမောင်အိမ်က ရုပ်ရှင်ရုံ ဘေးမှာ၊ လက်ဖက်ရည်ဆိုင်နှင့်လည်း ကပ်လျက်။ သင်္ချာ ကျောင်းဆင်းလျှင်တော့ မနှင်းမြပါ ရေနွေး သောက်ရင်း စောင့်ရတတ်သည်။ တစ်ခါတစ်ခါမှသာ ပျင်းလို့

မုန့်ဟင်းခါး စားရင်း စောင့်သည်။ ခင်ညို ကိုတော့ သည်အထိ သူက သည်းခံပြီး အလိုလိုက်သည်။ အနှင်းက စောင့်မှတော့ ကိုထင်ကျော်ကြီးက ဘာမို့ မစောင့် နိုင်ရမည်လဲ။ လက်ဖက်ရည် မကြိုက်သော်လည်း ရောယောင်ပြီး သူပါ မှာ သောက်တတ်သေးတော့သည်။

ချစ်တယ်ဆိုတာ ဘယ်လိုဟာမျိုးပါလိမ့်နော်။


အခန်း ၅

 

သည်နှစ် ဆယ်တန်း တက်ရသည်က ခင်ညိုတို့ အပင်ပန်းဆုံးနှစ် ဖြစ်သည်။ နေ့လယ် ကျောင်းသွား၊ ညလည်း ကျောင်းတက်၊ နားရသည်ကို မရှိပေ။ သည်လို မလုပ်လျှင်လည်း မဖြစ်၊ အစိုးရကျောင်းတွေက ဆရာ လုံလောက်သည် မဟုတ်။ ဝတ်ကျေတန်းကျေလို သင်နေကြသည်။ စာမေးပွဲ အောင်စာရင်းကို ကြည့်ပါဘိ။ အလွတ် ပညာသင်ကျောင်းတွေက ရာခိုင်နှုန်း အနိုင်နိုင် အောင်သည်။ ဦးရွှေစီလို ဆရာကြီးမျိုး ရှိနေသေးသ၍ ပညာရေး အခြေအနေ သည်လိုသာ ဖြစ်နေ တော့မည်။ အစိုးရ ကျောင်းသားတွေသည် တစ်ကျောင်းတည်း အားကိုးလို့တော့ ရေစုန်သာ မျောမည်။ ခင်ညိုတို့ပင် အခု တောင်ပြေး မြောက်ပြေး ပြေးနေရပြီလေ။ ဆယ်တန်းကိုလည်း နှစ်ချင်းပေါက် အောင်မြင်ချင်ကြသည်ကိုး။

အလယ်တန်းတုန်းကတော့ အင်္ဂလိပ်စာ တစ်ခုသာ သူ စိုးရိမ်သည်။ သို့သော်လည်း ဘကြီး မောင်ထင်က အလယ်တန်း အင်္ဂလိပ်စာ ကျူရှင်ပေးနေပြီမို့ ခံသာသေးသည်။ သားချင်းမို့ ခင်ညို တစ်ယောက် ကျူရှင်လခ မပေးရ။ အခုတော့ ကမောက်ကမ ပညာရေးလောကမှာ ခင်ညို ဆယ်တန်း ဖြေရတော့ မည်။ အကျမခံနိုင်လေတော့ နေ့မီး၊ ညမီး လင်းရတော့သည်ပေါ့။ တောင်ကူး မြောက်ပြေး လုပ်ရသည်ပေါ့ ။

စာမေးပွဲကြီး နီးသည့် တစ်လခန့်ကဆိုလျှင် သူတို့ အမောရဆုံး ဖြစ်သည်။ ခင်ညိုတို့ တယောသံလည်း ငြိမ်နေတော့သည်။ ညပိုင်းဆိုလျှင် သင်ပုန်း တစ်ချပ် နှင့် တဂျီဂျီ ခြစ်နေသည်မို့ ဦးလေးတို့ ဒေါ်လေးတို့ပင် အိပ်မရကြ။

“ဟဲ့... အညို၊ စောစောထဖတ်ပါလား ညဉ့်နက်လှပြီ” သည်အသံမျိုး ငါးခါလောက် ကြားမှ အိပ်ဖြစ်သည်။ မနက်ဆိုလျှင်တော့ အေးအေးတို့ ဈေးက ပြန်လာသည်ထိ သူ မနိုးတတ်သေး။ သူက မိုးအလင်း စာကြည့်နိုင်သည်။ မနက် ထရမှာတော့ အကြောက်သား။ “နေထွက်တပြူ၊ အိပ်သောသူ၊ ထိုသူ သေးပေါက် ခက်လတ္တံ့” ဆိုသော ချစ်ချစ် အသံ လာမှ ထမြဲ။ တစ်နံနက် နွေ တစ်နေ့ မနှင်းမြ ရောက်လာသည်။

‘အညို နင် အားလုံး ကျက်ပြီးပြီးလား”

သူက ပူပင်သောကနှင့် လာခြင်း ဖြစ်သည်။

“တစ်ခေါက်ပြီးပြီ မမနှင်းရဲ့၊ Maths က များလွန်းလို့ ပြန်တွက်နေရ တာပေါ့၊ ဘာဖြစ်လို့လဲ မမနှင်း ”

မောင်ခင်ညိုက အေးအေးဆေးဆေး မေး၏။

“ငါတော့ ဒုက္ခပဲ အညိုရယ်၊ ရှေ့က ကြည့်၊ နောက်က မေ့၊ ပြန်စဉ်းစား တော့ အားလုံး ပျောက်ကုန်ပြီ”

“ဖြေတော့လည်း ဖြစ်လာမှာပေါ့ မမနှင်းရယ်၊ မမနှင်းက ပူတတ် လွန်းလို့ပါ၊ သည်လိုဆို မမနှင်းနဲ့ ကျွန်တော် ဒစ်ကပ်လုပ်မယ်လေ၊ တစ်လှည့်စီ ပြောကြေးပေါ့

ဆွေးနွေးကြပြီဆိုတော့လည်း စာချည်း ပြောဖြစ်သည် မဟုတ်၊ ခင်ညိုက နောက်လား ပြောင်လား အချိန်တွေက ရှိသေးသည်။ ဘာပဲပြောပြော နှင်းမမက ပျော်သည်။ ခင်ညိုနှင့် ပြုံးရယ် ရွှင်ပျနေရလျှင် သူ စိတ်ချမ်းသာသည်။ ခင်ညို စလို့ မျက်နှာ ညိုရသော်လည်း ချိုနေသော ညိုခြင်းသာ ဖြစ်သည်။။ သူ့မောင် ကျီစားသည်ကို သူက နားလည်ပြီးသား။

“မမနှင်း၊ ကျွန်တော် ကိုထင်ကျော်ကို သွားခေါ်ရမလား၊ သုံးခေါက် ဆိုတော့ အဆင်ပြေတာပေါ့၊ ဟင်”

ဒါမျိုးတွေ ခင်ညိုက လုပ်တတ်သေးသည်။

“မင်း သဘောပေါ့ကွ၊ မင်း သိပ်ခေါ်ချင်ရင် သွားခေါ်လေ” မနှင်းမြကလည်း သူ့အဓိပ္ပာယ်နှင့် သူတည်း။ တကယ်တော့ မနှင်းမြ ပြောသည်ကို ခင်ညို နားလည်ပါသည်။ နားမလည်သည်က မနှင်းမြ စိတ်ကိုပင်။ ပြီးတော့ မနှင်းမြ နှလုံးသားကို။

တစ်ခါတစ်ခါ သူက စဉ်းစားသည်။ “မမနှင်းဟာ... အရင်ကလို ငါ့ကို မဆက်ဆံဘူး၊ တစ်ခါတစ်ခါလည်း စိမ်းသွားသလိုလိုပဲ၊ တစ်ခါတစ်ခါတော့ လည်း တည်တည်ကြီးနဲ့၊ အငယ်ကလို ရင်းရင်းနှီးနှီး သိပ်မရှိတော့ဘူး”

မှန်ပေသည်။ ခင်ညိုနှင့် မနှင်းမြတို့ အစိုးရ ကျောင်းကြီးကို ပြောင်းစတွင် သိပ်ပျော်ဖို့ ကောင်းသည်။ ကျောင်း အားရက်များဆိုလျှင် အိမ်နားက ဘုန်းကြီး ကျောင်းဝင်းထဲတွင် ကစားရသည်မှာ အတော့်ကို ပျော်ဖို့ကောင်း။ တူတူပုန်းကြစို့ ဆိုလျှင် မိအေးရှာလို့ ဘယ်တော့မှ မတွေ့။ နှစ်ယောက်သား ဖက်ပြီး ဘုရား နောက်ကွယ်တွင် ပုန်းနေကြသည်။ ဖက်ထားကြရင်းလည်း သနပ်ခါး ဖွေးနေသော မမနှင်းကို အားရ ပါးရ နမ်းပစ်တတ်သည်။ ခင်ညို နမ်းလျှင် ခင်ညို နှာခေါင်းကို မမနှင်းက ဆွဲလိမ်သည်။

“ဘယ်နှစ်ခါရှိပြီလဲ” တဲ့။

သည်လိုလုပ်လို့များတော့ ခင်ညိုက မလျှော့။

“ကဲ... ကဲ” ဆိုပြီး လက်နှစ်ဖက်ကို မလှုပ်နိုင်အောင် ချုပ်ကိုင်၍ အထပ် ထပ် နမ်းတတ်သည်။

သည်တုန်းက အနမ်း တစ်ရာ နမ်းသော်လည်း သည်ပန်းလေး နွမ်းသည် မဟုတ်ပေ။ အနမ်းသည်ပင် သြဇာဓာတ်လို ပိုပြီး လန်းခဲ့ရသည်။ ကျေကျေနပ်နပ် လည်း အနှင်းက အနမ်း ဆက်ခဲ့သည်ချည်း။

ပျော်တုန်းကတော့ ပျော်လိုက်သည့်ဖြစ်ခြင်းလေ။

အခုလည်း အနှင်း ပါးပြင်တွင် သနပ်ခါးတွေ ဖွေးလို့ပင်။ နှာတံလေး ပေါ်မှ တန်းနေသော သနပ်ခါးစလေးကပင် ကိုထင်ကျော်ကို ညှို့နိုင်သေးသည် မဟုတ်လော။ အမေရိကန် ဆံတောက် ဖားဖားလေးနှင့် ညိုတိုတို မနှင်းမြသည် ခုတော့ ပြည့်ပြည့်စိုစို မနှင်းမြ ဖြစ်နေပေပြီ။ နက်ပြီး၊ မှောင်ပြီး ရှည်လျားသော ဆံပင်သည် သူ့ အထိမ်းအမှတ် ဖြစ်ပေမည်။ မတ်တတ်ရပ်လျှင် ဆံပင်က ခြေဖမိုး ဝဲနေသည်။ ညိုပင် ညိုသော်လည်း ညက်နေသော အသားကြောင့် အလှအပ ဆိုတာဟာလေ” ဟု ပြောနေသယောင်ပင်။

“ခင်ညိုရယ်၊ မင်းနဲ့ ငါနဲ့ လဲလိုက်ချင်တယ်’

“အနှင်းတို့ အလှ လျော့တဲ့နေ့ တစ်နေ့မှ မရှိဘူးဟေ့”

“ရှိုက်ဖိုကြီးငယ်၊ အသွယ်သွယ်မှု၊ တင့်တယ်စေမှု၊ သိကြားထုသို့ ဆိုတဲ့ စာဟာ အနှင်းနဲ့ အလိုက်ဆုံးပဲကွာ”

“မပြုမပြင်၊ ပင်ကိုအလှ ဆိုတာ ဒါမျိုးပေါ့ကွ၊ မနှင်းမြက ဘယ်လို ကြည့်ကြည့် ယဉ်နေမင့်ဟာပဲ”

“သူ့ အလှက ငြိမ်တယ်နော်”

ကျောင်းသားတွေ ကာလသားတွေ စကားကတော့ ပြောမဆုံးပေါင်၊ တော သုံးထောင် ရှိသည်။ နှင်းမမကို ဋီကာချဲ့ရလျှင် သူတို့ အမြှုပ် ထွက်အောင် ပြောနိုင်ကြသည်။

မနှင်းမြကလည်း မနှင်းမြပေပဲ။ ဒေါင်းမလေးဟု ဆိုရပေမည်။ တစ်နှစ် ကြီးလာလေလေ တစ်မျိုး လှလာလေလေ။

လှသည်ဟု အရိုးဆုံး ဆိုရသော်လည်း ကလက်သော၊ မြူးသော အလှမျိုး မဟုတ်။ တည်ငြိမ်သော၊ မလှုပ်ရှားသော အလှမျိုး။

ကုသိုလ်လို့ပင် ဆိုရမည်လား။ သူက သူ့ကိုယ်သူ မပြင်သော်လည်း ယဉ်ပြီးသား ဖြစ်နေသည်ကို သူ သိသည်။ သူ့ကို ချစ်ကြ၊ တပ်မက်ကြသည်ကို သူ သိသည်။ သူ့ကို လိုလိုချင်ချင် ကြည့်သည့်တိုင် သူက မျက်လွှာချပြီး သွားသည်။ ဒါသည်ပင် ဂုဏ်တစ်ခုလို ဖြစ်နေခဲ့သည်ကတော့ သူ မတတ်နိုင်ပေ။

သူ့ကို သူတကာက ကြည့်ကြ၊ ပြောကြ၊ နောက်ကြ၊ ချစ်ရေးဆိုကြ၍ သူက မလှုပ်ရှားသော်လည်း ခင်ညို တစ်ယောက်အတွက်တော့ လှုပ်ရှားသည်။ - ခင်ညို မျက်နှာလွှဲပြီး ငြိမ်နေသည်ကပင် သူ့ရင်ကို ခုန်စေသည်။

ခင်ညို တစ်ယောက် အနှင်း အဖြစ်ကို ခရေစေ့တွင်းကျ မသိလေ။ နှင်းမမ အငယ်ကလို မဟုတ်သည်ကိုတော့ သူ သိသည်။ သူလည်း အငယ်က လိုမှ မဟုတ်တော့သည်ပဲ။ အရွယ် အသက်တွေ ပြောင်းခဲ့သည်နှင့်အမျှ ရင့်ကျက် ခဲ့သည်ပဲ။

“မရွှေနှင်း၊ နင် အညိုနဲ့ နေတာထိုင်တာ ကြည့်နေနော်၊ နင်တို့ဟာက...” တစ်ခါတစ်ခါတော့ မနှင်းမြ အမေ ဒေါ်ပိုက ဟန့်သည်။ သမီး မလိမ္မာ ၍ မဟုတ်၊ ချစ်ချစ်တို့ကို မရင်းနှီး၍လည်း မဟုတ်၊ သို့သော်လည်း သမီး အကြောင်း အပြော များလာခြင်းကိုတော့ သူက မခံချင်။

“အမေကလည်းလေ၊ အနှင်းတို့ ဒီလိုပဲ နေလာတာပဲဟာ၊ လူတွေက မနေနိုင် မထိုင်နိုင် ပြောနေတာပဲ၊ အညိုသိရင် စိတ်မကောင်းတောင် ဖြစ်ဦးမယ်” ရိုးလား၊"အေးပါ အေ၊ အညို အကြောင်းလည်း ငါသိပါရဲ့၊ လူတွေ ပြောတာ၊ ငါ ကြားလို့ ညည်းကို ပြောရတာ၊ ဒါနဲ့ အညိုတောင် ခုတစ်လော ပျောက်နေ ပြန်ပြီ”

အဆုံးမှာတော့ ဒေါ်ပိုလည်း ခင်ညိုကို ဝင်စားပါသည်။ ခင်ညို၏ အနေ အထိုင်ကိုလည်း သိသည်မို့ စိတ်ချပြီးသားလည်း ဖြစ်သည်။

“ခင်ညို စာတွေ ဖိကျက်နေတယ် အမေရဲ့၊ တယောတောင် မကိုင် ပြန်ဘူး၊ သူ အောင်မှာပါ အမေရယ်၊ အနှင်းသာ သင်္ချာ ကြောက်နေလို့ သူနဲ့ တိုင်ပင်ပြီး တွက်တွက်နေရတယ်”

စာမေးပွဲ မစစ်မီ အတွင်းမှာ သူတို့ စာကြည့်ရက် အပို ရကြသည်။ ထိုအချိန်တွင် ကျော်မြင့်လေးတို့က ဘုန်းကြီးကျောင်းတွင် ချောင်ခို စာကြည့်နေ ကြသည်။ ခင်သန်းနွဲ့တို့က ဈေးရောင်းလို့ ကောင်းတုန်း။

ခင်ညိုကတော့ သူ့ဘဝ သူ သိသည်လေ။ စာမေးပွဲ အောင်ပြီး တက္ကသိုလ် မတက်နိုင်သည့်တိုင် မေမေတို့ ဒေါ်လေးတို့ ကျေးဇူးတွေက ရှိသေးသည်။ စာမေးပွဲကိုတော့ ကျလို့ မဖြစ်။ မက်ထရစ် ဆိုသည်ကလည်း အစိုးရသည် မဟုတ်။ စာတော်ပြီး စာမေးပွဲ ကျသူတွေ သူ့ရှေ့မှာ တစ်ပုံကြီး။ ကိုယ်က တော်ရုံ မဟုတ်၊ ထူးမှ ဖြစ်မည်လို့ သူက နားလည်ထားသည်။ ထို့ကြောင့်ပင် စားပွဲ ထိုင်လိုက်၊ အိပ်ယာပေါ် အိပ်လိုက် တကုပ်ကုပ် ကြည့်နေရသည်။ စာကြည့်တာကို ဝါသနာလို ဖြစ်နေ၍ ခင်ညိုအတွက် အပန်းကြီးသည်ဟုတော့ မဆိုသာပေ။

ကိုကိုညို စာမေးပွဲ ရှိသည်ဆိုပြီး အေးအေးတို့ ကိုရဲတို့ပင် စကား ကျယ်ကျယ် မပြောတော့။ ညီတွေ ညီမတွေကလည်း အလိုက်သိသည်။

တစ်နှစ်လုံး ပြေးလိုက် လွှားလိုက် လုပ်နေရပြီး၊ ဖြေတော့လည်း ဘာမှ မဟုတ်ပေ၊ စာမေးပွဲတော့ အားလုံး ဖြေနိုင်ကြသည်။ အောင်စာရင်းကို ရင်ပင့်ပြီး တစ်ခါစောင့် ရပြန်သေးသည်။

စာမေးပွဲကြီး ပြီးပြီဆိုတော့ ခင်ညိုတို့ စိတ်တစ်ထစ် အေးသွားရပြန်သည်။ ခုမှပဲ အပြင် စာအုပ်ကို အားပါးတရ ဖတ်နိုင်သည်။ ညခင်း လေသာမှာ တေးညည်းနိုင်သည်။ ဆံပင်ညှပ်တန်းမှာ အချိန်ဖြုန်းနိုင်သည်။ ဆေးရောင် လေးတွေ ပေါင်းစပ်နိုင်သည်။ ဗိုလ်ချုပ်နှင့် အမေတို့ထံကိုလည်း တစ်လလောက် သွားနေနိုင်သည်။

သည်အချိန်တွေမှာ မနှင်းမြ တစ်ယောက် ကြောင်တောင်ကြီး ဖြစ်နေ တတ်၏။ ခင်ညိုကလည်း မရှိ။ စာမေးပွဲကြီး ပြီးလို့ စာအုပ်တွေလည်း မကိုင်ချင်။ အမေပိုကလည်း ဈေးထွက်နေသည်။ အဖေအိုကြီးနှင့်သာ အိမ်တွင်းပုန်း လုပ်နေ မိသည်။

အညို သွားတာက အပျော်ခရီး အလည်အပတ် သွားနေတာမှ မဟုတ်ဘဲ လေ။ သူ့ အမေဆီ သူ တစ်နှစ်မှ တစ်ခါ သွားတာဆိုပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရသည်။

“လွမ်းတော့ အလွမ်းသားကလား”

ခင်ညို စာမေးပွဲ အောင်တော့ ဂုဏ်ထူး နှစ်ခု ပါလာသည်။ သင်္ချာနှင့် မြန်မာစာ ဂုဏ်ထူး။ ကိုထင်ကျော်နှင့် မနှင်းမြပါ စာမေးပွဲ အောင်ကြသည်။ ကျောင်းက သည်နှစ် အောင်ချက် မဆိုးလှ။ သိန်းမြင့် တစ်ယောက်လည်း သိပ္ပံနှင့် သင်္ချာ ဂုဏ်ထူးထွက်သည်။ ခင်သန်းနွဲ့ တစ်ယောက်တော့ မအောင်ပေ။ သူငယ်ချင်း အတော်များများ ကျသည်မို့ ပျော်ရင်းနှင့် ဆရာကြီးကို ဒေါသ တွက်ရသေးသည်။

သည်မျှ အောင်သည်ပင်လျှင် ဆရာ ဦးငြိမ်းမောင်တို့၊ ဒေါ်နီနီတို့၊ ဆရာကြီး ဦးသူတော်တို့ ကြိုးစားကြလွန်း၍ ဖြစ်သည်။ ကျောင်းသားတွေက လိုလိုချင်ချင် ကျူရှင် ယူကြလွန်း၍ ဖြစ်သည်။

“မမနှင်း၊ တက္ကသိုလ် သွားမလား”

ခင်ညိုက စာမေးပွဲ အောင်သော်လည်း သိပ်တော့ စိတ်မကောင်းလှ။ မနှင်းမြ အခြေအနေကိုလည်း သိတော့ သိသည်။

အညိုရယ်၊ ဘယ်က ပိုက်ဆံနဲ့ ငါက ကျောင်းနေရမှာလဲ”

“မမနှင်း အစ်ကို တစ်ဝမ်းကွဲတွေ ရန်ကုန်မှာ ရှိတယ်ဆို”

“တစ်ခြားစီပါကွယ်၊ ငါ ဒီမှာပဲ အလုပ် လုပ်မှာပါ၊ နင့် အတွက်သာ ငါ စိတ်မကောင်းတာဘဲ၊ နင့် အမေလည်း စိတ်ကောင်းမှာ မဟုတ်ဘူး”

မနှင်းမြ မျက်နှာလည်း အိုနေပေပြီ။ သူက ခင်ညိုကို ကရုဏာကြီးစွာ ကြည့်နေမိသည်။

အမေလည်း ရောက်နေတယ် မမနှင်းရဲ့၊ သူလည်း အတော် စိတ် မကောင်း ဖြစ်နေတယ်၊ ဂုဏ်ထူးပါလို့ ပျော်တာတော့ ပျော်ပါရဲ့ဗျာ”

“ချစ်ချစ်ကရော ဘာပြောသေးလဲ”

“ဒေါ်လေးကတော့ စကားတောင် မပြောတော့ဘူး မမနှင်းရယ်၊ သူ လည်း အတော် စိတ်ထိခိုက်နေတယ်၊ မနက်ကတော့ မေးတယ်၊ တက္ကသိုလ် ဝင်ခွင့် နောက်ဆုံးရက်ဟာ ဘယ်နေ့လဲတဲ့”

“ကျောင်းက ဘယ်သူတွေ ဆက်တက်မလဲ မသိဘူးနော်”

မနှင်းမြက စုံစမ်းရင်း မေးသည်မို့ “ကိုထင်ကျော်တော့ ခြင်ထောင် ချုပ်ပြီးပြီဗျ၊ မယဉ်နုတို့လည်း ဆက်သွားလိမ့်မယ်၊ အို မမနှင်းရယ်၊ ကိုယ့်မှာ မပြည့်စုံတဲ့ဟာ၊ မသွားရလည်း ကိစ္စ မရှိပါဘူး”

ခင်ညိုက ပြောရင်း စားပွဲခုံကို လက်နှင့် ခြစ်နေမိသည်။ သူ့အိမ်ကိုလည်း သူ သိပ်မပြန်ချင်ပေ။ အောင်စာရင်း သိသိချင်းသာ အိမ်တွင် ကိုရဲတို့ အေးအေးတို့ အသံ ဆူညံသွားသော်လည်း နာရီပိုင်းအတွင်း ငြိမ်ကျသွားသည်။ ရှေ့ရေးကို တွေးပြီး တိတ်သွားသည်။

ခင်ညိုကတော့ အစကတည်းက ကြိုတွက်ထားပြီးပြီဖြစ်၍ အပြင်းအထန် စိတ်ထိခိုက်သည် မဟုတ်။ သို့သော် ဒေါ်လေးနှင့် အမေကို ကြည့်ပြီး သူပါ အနေရ ခက်လာသည်။ သူတို့တွေ အနေနှင့်လည်း သည်လောက်တော့ ခံစား ထိခိုက်မည်လေ။ အမေဆိုလျှင် ကြမ်းပေါ်မှာ တစောင်းလှဲပြီး မျက်ရည်လေး စမ်းစမ်းနှင့် ဖြစ်နေပြီ။ ခင်ညို ဘယ်မှာ စိတ်ကောင်းနိုင်တော့မည်နည်း။

ခင်ညို အဖေ ရှိစဉ်ကဆိုလျှင် အမေ တစ်ယောက် စိန်တွဲလဲ ရွှေတွဲလဲ နှင့် နေရသည်။ အဖေလိုပင် ငါးသုံးလုံး စီးကရက်ကို လက်က ချသည်မဟုတ်။ ကောင်းကောင်းစားသော အမေသည် ကျိုက်ထိုဘက်မှ ဒူးရင်းခြံ၊ မင်းဂွတ် ခြံတွေကို ခြံချုပ်ပြီး စားသည်။ အဖေကလည်း မီးရထားဌာနမှ ဝန်ထောက် တစ်ယောက်မို့ ရထားတွဲလိုက် တင်ပြီး အလှူကြီးပေးသည်။ ဘုရားပန်းကိုပင် တစ်နေ့ ပန်းငါးအိုးလောက် ဝေနေအောင် ကပ်သည်။ ဘုန်းတော်ကြီးများ အတွက်လည်း ကျက်သရေခန်း အပြည့် ဖြည့်ပေးနိုင်သည်။ သားအကြီး ကိုဦးကို ရန်ကုန် သာသနာပြုကျောင်းမှာ ထားပေးနိုင်သည်။ အိမ်မှာလည်း တပည့် လက်သား အစေအပါးတွေနှင့် နားနားနေနေ နေနိုင်ခဲ့သည်။

သည်လို နေရတော့လည်း အမေ ဘာကိုမှ မလုပ်တတ်။ ထမင်းအိုးပင် ဖြောင့်အောင် တည်တတ်ခဲ့သည် မဟုတ်။ ချစ်ချစ်ကသာ မီးဖိုချောင် ကိစ္စ စီမံရသည်။

ပဲခူး ရောက်လိုက်၊ သာစည် ရောက်လိုက်၊ ပျဉ်းမနား ရောက်လိုက် အဖေ တစ်ယောက် အလုပ် ရွှေ့နေသည့်တိုင် အမေက ပစ္စည်းတစ်ခု ကိုင်ပြီး ရွှေ့ဖြစ်သည် မဟုတ်။ အဖေကလည်း အမေ အလုပ်လုပ်လျှင် မကြိုက်။ ဒါကြောင့်လည်း မင်းကတော်များ ဖဲဝိုင်းတွင်သာ အမေ အချိန် ကုန်ခဲ့သည်။

အဖေ ပျဉ်းမနားမှာ ရှိစဉ် အမေက ခင်ညိုကိုယ်ဝန်ကြီးနှင့်ဖြစ်သည်။ ဖဲဝိုင်းမှာ ဖဲရိုက်နေရင်းပင် ဝမ်းနာပြီး ခင်ညိုကို မွေးခြင်း ဖြစ်၏။ ဒါကြောင့်ပင် ခင်ညို့ကို “ဂျိုကာ” ဟူ၍ အမည် တွင်နေသည်လေ။

အေးအေးတို့ ကိုရဲတို့ကိုတော့ ပြွန်တန်ဆာမှာ မွေး၏။ ကိုရဲကို မွေးပြီး နို့စို့အရွယ်မှာပင် အဖေက ဘာမှ မလုပ်တတ်သော အမေနှင့် သားသမီးတွေကို ပစ်သွားတော့သည်။

ထိုသည်တုန်းက အမေသည် မငိုနိုင်လောက်အောင် ဝမ်းနည်းခဲ့ရသည်။ သားသမီးတွေနှင့် ရှေ့ခရီးကို ကြည့်ပြီး စိတ်ဒုက္ခ ရောက်ရသည်။ အဖေ မရှိသည်နှင့် လူလိမ်ခံရ၊ ဓားပြတိုက်ခံရ၊ ပစ္စည်းတွေလည်း ဆုံးပါးခံရသည်။ အထည်ကြီးပျက်မနှင့် သားတစ်ပြုံလုံးသည် မဟာဒုက္ခ တွင်းဆုံးကျခဲ့ရသည်။

အမေ့တွင် ချစ်ချစ်တို့လောက်သာ ဆွေမျိုးနီးနီး ရှိသော်လည်း အဖေ့တွင် ဆွေမျိုး များသည်။ အဖေက ကျောက်ဖြူမွေး၊ ရခိုင်သား ဖြစ်၏။ အမေ ရန်ကုန်တွင် ရှိစဉ်က အဖေ့ အစ်မ၏ သားများ၊ အဖေ့ အစ်ကို၏ သားများ ရန်ကုန် တက္ကသိုလ်တွင် ကျောင်းလာနေကြ၍ အဖေကပင် ကြည့်ရှု ကျောင်း ထားသည်။

အခုတော့ အဖေလည်း မရှိတော့ပြီလေ။ သည်နောက်တော့ အမေလည်း တချာလည်လည် လုပ်ကိုင်စားရသည်။

ဒါတွေကို အမေ ဒေါ်သန်းမြင့် စဉ်းစားပြီး အဖေ့ကို တလို့ ငိုလိုက် ချင်သည်။ စာတော်သည့် အချို့ကိုလည်း ပြလိုက်ချင်သည်။ ခုမှတော့ ဒေါ်သန်း မြင့် ဘာမှ မတတ်နိုင်တော့ပြီ။ ဆွေမျိုးတွေကိုလည်း အားမကိုးလိုတော့ပြီ။

“အညို၊ မင်း ဘယ်လို လုပ်ချင်လဲ” အမေတို့ ချစ်ချစ်တို့က မေးသည်။

“ကျွန်တော် အလယ်တန်းဆရာ လုပ်မယ်၊ ဆရာ ဦးသူတော်နဲ့လည်း တွေ့ပြီးပြီ၊ သူလည်း အကူအညီ ပေးမှာပါ၊ မေမေတို့ စိတ်မကောင်း ဖြစ်စရာ မရှိပါဘူး မေမေရယ်”

သည်လို ပြောမှပင် အမေက မျက်ရည်စို့ရပြန်သည်။ သားရှေ့မှာမို့ အားတော့ တင်းထားသည်။ ဗိုလ်ချုပ် တစ်ယောက်ကလည်း အခု အလုပ်ရှိသည် မဟုတ်။

“လွယ်ပါ့မလား အညိုရယ်”

ချစ်ချစ်က စိုးရိမ်ပြန်သည်။ စိုးရိမ်မည် ဆိုလျှင်လည်း စိုးရိမ်လောက်သည်။ အညိုတို့ အနှင်းတို့လိုပင် ကျောင်းဆက် မသွားနိုင်သူတွေက များသည် မဟုတ်လား။

တကယ် လျှောက်လွှာတင်ပြီဆိုတော့ ခင်ညို အလယ်တန်းဆရာ မဖြစ် လေ။ မနှင်းမြနှင့် ဆရာကြီး ရေပူ ရေချမ်း လက်လှမ်းနေသော တပည့်ကျော်တို့ နှစ်ဦးသာ ရသည်။ ခင်ညို ကိုတော့ ကျောင်းသား ရာဇဝတ်ကောင်လို ထောက်ခံ ချက်ပင် ရေးမပေး။

သို့သော် ခင်ညို ထောင်းသာသေးတော့သည်။ အစ်ကို အောင်နိုင်က သည်နှစ် ဘာသာစုံ အလွတ်ပညာသင်ကျောင်း ဖွင့်မည်တဲ့။ အတန်းက ဆယ်တန်း ထိ၊ ဘာသာစုံ သင်မည်တဲ့။

“ခင်ညို၊ မင်း ငါ့ ကျောင်းမှာ လာလုပ်ချေ၊ ဘာမှ ပူမနေနဲ့၊ အတန်းမှာ သင်္ချာနဲ့ မြန်မာစာပဲ ပြ၊ မင်း နိုင်တဲ့ subject ပဲ၊ ဒီတော့ စနေ၊ တနင်္ဂနွေ ရက်တွေမှာ Inter က course တွေ ငါ ပြပေးမယ်”

“တကယ်လား အစ်ကိုအောင်”

ခင်ညို က ဝမ်းသာလွန်း၍ မယုံနိုင်အောင်ပင် ဖြစ်ရသည်။

“ဪ တယ်ခက်တဲ့ ကောင်ပဲ၊ ငါ့သူငယ်ချင်း အေးမြင့် ရန်ကုန် Private ကျောင်း တစ်ကျောင်းက ထွက်ပြီး ငါ့ကျောင်းမှာ Maths လာပြလိမ့်မယ်၊ ကျောင်းကိုတော့ Shwezarmyaing Institute လို့ နာမည် ပေးထားတယ်ကွာ၊ ရွှေဇာမြိုင် နည်းပြကျောင်းပေါ့”

“ဆရာကြီးဦးထွန်းရှိန်ကော

“ဆရာကြီးက English II ပဲ ပြမယ်၊ ငါက အထက်တန်းမှာ History ရယ်၊ Burmese ရယ် ပြမယ်ကွာ၊ အေးမြင့်က Geography လည်း ပြလိမ့်မယ်၊ အားလုံး တို့ လေးယောက်ပေါ့၊ စုလုပ် စုစားပေါ့ကွ”

ခင်ညို အိမ်ကို အပြေးလာပြီး ချစ်ချစ်ကို ပြောရသည်။ ချစ်ချစ်လည်း ဒီအလုပ်ကို သဘောကျသည်။ အနှင်းကလည်း ပြုံးနေအောင် ပျော်နေသည်။

“ရွှေဇာမြိုင်တွင် ပန်းတိုင်း ပွင့်ရမည်” ဟူသော ကြွေးကြော်သံဖြင့် သူတို့ ကျောင်းလေးက အမည် ဟိန်းလာသည်။ အစိုးရကျောင်းက ကျောင်းသား အတော် များများလည်း သည်ကျောင်းကို ရွှေ့လာကြသည်။ ညောင်လေးပင်နှင့် ဒိုက်ဦးတို့မှ စက်ဘီးနှင့် ကျောင်းလာတက်ကြသူတွေပင် ရှိသည်။

ကျောင်းဆရာ ဖြစ်စ ဆိုရသော်လည်း ခင်ညို သိပ်အခက်အခဲ မရှိလှ။ စကားရည်လုပွဲတွေ ပွဲတိုးခဲ့တာ များပြီလေ။ သူ သင်ရသော ဘာသာကလည်း သူ့အကြိုက် ဘာသာရပ်များ ဖြစ်သည်။ အလုပ်လည်း များလှသည် မဟုတ်။ တစ်ခါတစ်ခါ ရှစ်တန်း၊ ကိုးတန်းကိုတော့ နည်းပြတန်း စောင့်ပေးရသည်။ ကျောင်း စာကြည့်တိုက်လေးကို ထိန်းသိမ်းပေးရသည်။

မနှင်းမြ တစ်ယောက်တော့ ဆရာမ ဖြစ်ပြီးမှ ပိုပြီး ကျက်သရေ တိုး လာ၏၊ ယခင်ကထက်ပင် တည်ငြိမ်မှု ပိုသွားသည်။ ခင်ညိုကတော့ နှုတ်သွက် အာသွက် နဂိုအတိုင်းပင်။ ဆရာမို့ သိပ်ပြောင်းလဲသည် မဟုတ်။ သူ့ တပည့်တွေနှင့်ရော၊ ကျောင်းသားကြီးတွေနှင့်ရော တရောရောရှိသည်။ ဒါကို အစ်ကို အောင်က သဘောကျသည်။

ချစ်ချစ်နှင့် အနှင်းကသာ သိက္ခာနှင့် နေဖို့ ပြော၏။

“ဟာ... မမနှင်းကလဲ၊ ဆရာဆိုပြီး ဣန္ဒြေကြီး တစ်ခွဲသားနဲ့ နေရမယ်လို့၊ မဟုတ်သေးပါဘူး”

"ဟဲ့... နင့်ကို ဘယ်ရိုသေတော့မှာလဲ အညိုရဲ့”

ချစ်ချစ်ကလည်း သူ မြင်သာသလို ပြောသည်။

“ခုခေတ် ကျောင်းသားတွေက ဒါလောက် မရိုင်းပါဘူး ဒေါ်လေးရယ်၊ ဆရာကို ကြောက်စရာလို ဖြစ်နေရင် သူတို့ စာဘယ်တတ်တော့မလဲ”

“ချစ်စရာ ဖြစ်ရမှာပေါ့” အနှင်းက မဲ့ပြီး ပြောသည်။

“ဒါပေါ့ မမနှင်းရဲ့”

အနှင်းက မျက်လုံးပြူး ပခုံးတွန့်ပြီး သက်ပြင်းချလိုက်သည်။

“ကျွန်တော်တော့ ကျောင်းအပြင်မှာ သူတို့နဲ့ သူငယ်ချင်းပဲ၊ စာသင်ချိန်မှာသာ သူတို့ ဆရာပေါ့”

“ဖြစ်မလား အညိုရယ်၊ နင်ဟာလေ”

မနှင်းမြက မကျေနပ်ချင်။

“ဖြစ်တယ် မမနှင်းရဲ့၊ သူတို့ စာတတ်အောင် ကျွန်တော်မှာ တာဝန် ရှိတယ်၊ စာကြိုးစားဖို့ကျတော့ သူတို့မှာ တာဝန် ရှိတယ်၊ ဒီနှစ်ခု ဖြစ်မြောက်ရင် ပြီးတာပဲ မဟုတ်ဘူးလား”

ခင်ညိုက သူ့ အမြင်ကိုတော့ ပြောဖြစ်အောင် ပြောလိုက်သေးသည်။

“အေးလေ... နင်ကတော့ မဟာပညာကျော်ကြီးပါပဲ၊ ငါ အရှုံးပေးပါတယ်”

“အဲဗျ၊ မမနှင်းကို နိုင်ချင်လို့ ပြောတာ မဟုတ်ပါဘူးဗျာ၊ အလကား အနိုင် ရနေတယ်”

“နို့... နင်က အရှုံးပေးလို့လား”

“ဒါကတော့ မမနှင်းဘာသာ မမနှင်း အရှုံးပေးတာပဲ”

“အေးပါ၊ ငါက အရှုံးပေးပါတယ်ဆိုနေမှပဲ၊ မဏ္ဍပ်တိုင် တက်နေပြန်ပြီ” ခင်ညိုကတော့ ပြုံးလို့။

“အရှုံးပေးရုံတင် မဟုတ်သေးဘူးလေ၊ မမနှင်းလည်း ကျောင်းကြီးမှာ ကျောင်းသားတွေနဲ့ ရင်းနှီးဖို့ လိုတယ်၊ မျက်နှာကြီး ပုပ်မနေရဘူး”

“အောင်မလေးဟဲ့ အညိုရဲ့၊ ငါ ဘယ်တုန်းကများ ပုပ်နေလို့တုန်း”

“သိဘူးလေ”

“ဘာခုမှ သိဘူးလေ... လဲ”

“ဪကျွန်တော် ရင်းရင်းနှီးနှီး နေတာကို မမနှင်းက မကြောက် ကြောက်အောင်များ လုပ်နေလားလို့ပေါ့”

“ဟုတ်တယ်၊ ငါက ကလေးတွေကို မျက်လုံးပြူးပြီး လျှာထုတ်ပြတယ်၊ ကဲ” ဒါလောက်တောင် ဖြစ်လှတာ မှတ်ကရော ဟူသော သဘောဖြင့် မနှင်းမြ က ပြော၏။

“ဒီလိုဆို ကလေးတွေက ရယ်မှာပေါ့ မမနှင်းရဲ့”

“လာပြန်ပြီ”

ခင်ညိုက လက်ခုပ်လက်ဝါး တီးပြီး ပြောနေတော့သည်။

“ဟုတ်တယ်လေ၊ မျက်လုံးပြူးပြ၊ လျှာထုတ်ပြတော့ ကလေးတွေက သူတို့ကို ပြောင်ပြတယ် အောက်မေ့မှာပေါ့၊ အဲသည်တော့ ရယ်မှာပေါ့”

မနှင်းမြက ခင်သို့ ကျောကို လှမ်းထုပြီး...

“နင်ဟာလေ... အတော့်ကို ပေါက်ကရ ပြော”

ကျောင်းတက်ချိန် ကျောင်းချင်း မတူကြသော်လည်း ကျောင်းအားချိန် များတွင်တော့ အနှင်းနှင့် ခင်ညိုတို့ တစ်တွဲတွဲပင်။ ဟိုအိမ်ကူး သည်အိမ်ကူးနှင့် အခင်အမင် မပျက် ရှိသည်။ စနေ တနင်္ဂနွေရက်များတွင်လည်း အစ်ကိုအောင်၏ Inter Class ကို အနှင်းပါ လိုက်တက်သည်။

တစ်ခါတစ်ခါတော့ မနှင်းမြ ကျိတ်မနိုင် ခဲမရ ဖြစ်သည်။ ခင်ညို့ကိုပေါ့။ သူ မေတ္တာထားသလို သူ့ကို ပြန်ပြီး တုံ့မပြန်နိုင်သည်ကိုလည်း သူက မကျေနပ် ချင်။

“အညို တစ်ယောက်ဟာလေ၊ အသည်းနှလုံးမှ ရှိရဲ့လား မသိဘူး၊ မေတ္တာ ဆိုတာမှ ဒင်းကလေး နားလည်ရဲ့လား မသိဘူးပင်” တစ်ခါတစ်ခါ တွေးနေတတ် မိသည်။

တကယ်တော့ လုံးလုံးကြီးလည်း သူ အပြစ် မဖို့ရက်။ အညိုက ဘယ် မိန်းကလေးကိုမှ ချစ်ယောင် မပြသည်ကို သူ အသိဆုံး ဖြစ်သည်။ အညို မျက်နှာနှင့် သူ့ကို ယောက်မ တော်ချင်သူတွေ ရှိသည်ကိုလည်း သူပင် အသိဆုံး ဖြစ်သည်။

ဘယ်သူတွေကိုမှ မချစ်လည်း သူ့ကိုတော့ အညို ချစ်သင့်သည်ပေါ့။ သူ့အစ်မ ဘဝကနေ သူက မပြောင်းချင်တော့ဘူးတဲ့လား။

“ခွေးကောင်လေး၊ ကဲ”

ခွေးကောင်လေးကတော့ အတော်လည်း နေနိုင်သည်။ တွေ့ရင်တော့ နောက်လား ပြောင်လား သူချည်း စကားပြောသည်။ ဟိုတို့ သည်ဆိတ် လုပ်သည်။ အနောက် အကစားကလည်း ကြမ်းလိုက်သည့်ဖြစ်ခြင်း။ မျက်ကွယ် ရောက်သွားပြီ ဆိုရင်တော့ သူ့စာအုပ်ပုံကြားတွင်သာ စာတွေ စားနေတော့သည်။

“ကွယ်ရင်မေ့၊ တွေ့ သေအောင်လွမ်းကလေး”

ကိုထင်ကျော် တစ်ယောက်လည်း ရန်ကုန်တွင် နေသားကျနေပေပြီ။ ခင်ညို့ထံ မကြာမကြာ စာထည့်သည်။ ခင်ညို ကို အမည်တပ် ရေးသော်လည်း စာတွေကတော့ အနှင်း အကြောင်းချည်း။ စာလာတိုင်းပင် ရေးလိုက်ကွ ကိုထင်ကျော်ကြီးလို့ ထထအော်ပစ်လိုက်ချင်စရာ။

ကိုထင်ကျော် စာမှာ သူ စာ ကြိုးစားနေတယ်တဲ့။ မောင်ခင်ညို့ထက် အနှင်းကို ပိုပြီး သတိရတယ်တဲ့။ တက္ကသိုလ်မှာ မိန်းကလေးတွေ သိပ်လှတာ ပဲတဲ့။ ဒါပေမဲ့ အနှင်းကို ယှဉ်နိုင်တဲ့ မိန်းကလေး တစ်ယောက်မှ မရှိဘူးတဲ့။ ထင်သားပဲ။

သူ ယူနီယံ(သမဂ္ဂ) ကိုတော့ သိပ်မရောက်ဖူးတဲ့။ စာတွေလည်း အသစ်တွေမို့ တ-က-သကို စိတ်တိုင်းကျ မကူးနိုင်ဘူးတဲ့။ ခင်ညို ပါလာရင် တော့ တက်တက် ကြွကြွ လုပ်နိုင်မှာပဲတဲ့။

သူ့စာတွေမှာ အနှင်းနှင့် စပြီး အနှင်းနှင့် ဆုံးသည်မို့ ခင်ညိုက အတော် သဘောကျသည်။ အလိုက်သိစွာ စာကိုလည်း နှင်းမမကို ပေးဖတ်မြဲ။

“အဲဒါ ဘာဖြစ်လဲ”

စာ ဖတ်ပြီးလျှင်တော့ မနှင်းမြက သည်စကားကို ပိုင်ပိုင်သုံးသည်။

“ကျွန်တော်က ဘာဖြစ်တယ် ပြောလို့လဲ၊ သူက မမနှင်းကို သတိရတယ် ဆိုလို့၊ စာတစ်စောင်လုံးလည်း မမနှင်း အကြောင်းချည်း ရေးထားလို့ လာပြတာ ဥစ္စာ” နားမလည်သလို၊ မသိသလိုနှင့် နှင်းမမကို စရသည်ကို အရသာ ရှိသလို စ နေတတ်သည်။

မနှင်းမြက စေ့စေ့ကြည့်ပြီး “ဟင်း... နော်” ဟုသာ ရင်နာနာနှင့် ပြောရသည်။

“ဟင်းသည် လာပါဦး”

“သွား နောက်ရွှတ်ရွှတ်နဲ့

“အေးလေ၊ မမနှင်းက နှင်မှတော့ သွားမှာပေါ့” ပြောပြောဆိုဆို ခင်ညိုက ထွက်သွားတတ်သည်။ ခင်ညို နောက်ပြီး ထွက်သွားတာကိုပင် မနှင်းမြက စိတ်မကောင်း ဖြစ်ရပြန်သည်။ ပြီးတော့ သူပဲ အင်္ကျီစ လိုက်ဆွဲသည်။

“တကယ် မပြန်ပါဘူး မမနှင်းရဲ့၊ ကျွန်တော်ကလည်း မမနှင်း မခေါ်ရင် ပြန်လာမှာပါ” ခင်ညိုက တဟားဟား ရယ်ရင်း၊ နှစ်သိမ့်တတ်သည်။

မနှင်းမြ ဘာကို နားလည်ရတော့မည်နည်း။ ခင်ညို သူ့ကို မမုန်းတာ တော့ ဟုတ်ပါပြီ။ ဘာဖြစ်လို့ ချစ်တယ်လို့ မပြောသေးတာလဲ၊ သူ ငါ့ကို ချစ်ကော မချစ်ဘူးလားကွယ်။

ဪ... မိခင်ညို ရယ်။


အခန်း ၆

 

သည်နှစ်တွင် ကျောင်းခန်း ပြင်ပ အလုပ်မျိုးကို ခင်ညို အတော် လုပ်ဖြစ်သည်။ အမြင် ကျယ်သည်။ အတွေ့အကြုံ များသည်ရယ်လို့ သူ့ကိုယ်သူလည်း ကျေနပ်သည်။

တိုင်းပြည် နိုင်ငံရေးလောက အပြောင်းအလဲတွေကလည်း အမျိုးမျိုး ဖြစ်သည်။ နိုင်ငံရေး ခေါင်းဆောင်တွေ ရင်ကြား စေ့မရအောင် နှစ်ခြမ်း ကွဲသည်။ ဗိုလ်ချုပ်ကြီး အိမ်စောင့် အစိုးရ တက်လာသည်။ ရန်ကုန်မှာ ကျောင်းသား ခေါင်းဆောင်တွေ အဖမ်းအဆီး ရှိသည်။ တစ်ချို့လည်း ထောင်ကျ၊ ကိုကိုးကျွန်း ကိုလည်း တစ်သီကြီး။

နယ် အခြေအနေတော့ မဆိုးလှ။ ၁၇ လ ပြည့်လုလို့ ရွေးကောက်ပွဲ ပြုလုပ်မည် ပြင်သည်နှင့် မဲဆွယ် စကားလေးတွေ ကြားရသည်။

ချစ်ချစ်နှင့်တော့ ခင်ညို သည်တလော နိုင်ငံရေးစကား ပြောဖြစ်သည်။ ကျောင်းဆရာ ဖြစ်နေလို့လား မသိ။ ချစ်ချစ်က ခင်ညိုကို ယခင်ကထက် လူကြီးလို ဆက်ဆံလာသည်။ မေးသည်။ ပြောသည်။ တိုင်ပင်သည်။

ကျောင်းမှာလည်း ကျိတ်ကျိတ်တိုး တိုးတိုးဝိုင်းလေးပေါ့။ အိုးဝေ... အိုးဝေလို့ အော်ခဲ့သည့်၊ တပ်ဦးခေါင်းဆောင်ဖြစ်ခဲ့သည့်၊ လူပိန်သလောက် အသံ ကျယ်ကျယ် အော်တတ်သည့် ကိုအောင်နိုင်ကြီးလည်း လှုပ်ရှားစ ပြုလာသည်။ ပြန်ပြီး နိုးသစ်လာသည်လို့ ဆိုရမည်လား။

“ဟေ့... ဖိုးခင်ညို၊ ရှစ်တန်းမှာ Burmese Discussion Class ဝင်လိုက် စမ်းပါဦး၊ ကနေ့ Essay ပဲ၊ အစ်ကိုအောင် အနောက်ပိုင်း လစ်လိုက်ဦးမယ်”

သည်လိုနှင့် တစ်မြို့လုံး လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ ဆရာကြီး ဦးထွန်းရှိန်ကတော့ နိုင်ငံရေးကို သိပ်စိတ်ဝင်စားသည် မဟုတ်။ ခင်ညိုနှင့် ကိုအေးမြင့်၊ ကိုအောင်နိုင်တို့ ပြောကြ ငြင်းကြလျှင် မျက်မှန်ထူကြီး ကြားက မျက်လုံး မှေးပြီး နားထောင်သည်။

သည်နှစ် နွေကို ခင်ညို အတွေ့အကြုံ များသည်လို့ ဆိုရသည်မှာ တစ်ခြား အကြောင်း ရှိသေးသည်။ တန်းခွဲတန်းချ ပြဿနာက ဂယက် ပြင်းလာသည်မို့ ကျောင်းသား ခေါင်းဆောင်တွေ နယ်ဆင်းပြီး စည်းရုံးသည်။ ပြွန်တန်ဆာကိုတော့ ဗကပ ဥက္ကဋ္ဌ ကိုဇော်ဝင်း ရောက်လာသည်။ သူလည်း ရဲရဲတောက် တစ်ယောက် ပေပဲ။ သမဂ္ဂ အခံနှင့် ကျောင်းပြင် ရောက်နေသည့် ခင်ညို တစ်ယောက်လည်း နဖူးကြော တွန့်ရတော့သည်။

ကိုဇော်ဝင်း လာသည့်နေ့မှာပင် ရွှေဇာမြိုင်မှာ စကားဝိုင်း ကျယ်လာသည်။ အစီအစဉ်တွေ ဆွဲရသည်။ နောက်တော့ ကိုရွှေစီကို လက်လျှော့ရသည်နှင့် ကျောင်းသား အားလုံး ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ဆွေးနွေးကြသည်။ ကိုဇော်ဝင်းက ပြောလိုက်သည်မှာတော့ တားယူရသည်။ ကိုမြဦးတို့ ကိုကျော်စိန်တို့ ကလည်း တက်ကြွနေပြီ။ ဆန္ဒရပြီဆိုတော့ လည်ပြီး ဆန္ဒပြလိုက်ကြသည်။

မန်းတက္ကသိုလ် ကိုကျော်စိုးတို့၊ ရန်ကုန်က ကိုသာဘန်းတို့၊ လူငယ့် တပ်ဦးက အတွင်းရေးမှူး ကိုဝင်းထွဋ်တို့လည်း ရွှေဇာမြိုင်မှာ ဆုံသေးသည်။ ဒေါင်းတင်မောင်းတင်ချည်းမို့ ပွဲကြီး ပွဲကောင်းတွေ မြို့က မြင်ရသည်လေ။

သည်လူတွေနှင့် တွေ့ရပြန်တော့ ခင်ညို တက္ကသိုလ် သွားချင်စိတ် ဝင်လာမိသည်။ ကိုဇော်ဝင်း လာစဉ်က ခင်ညို အကြောင်း မေးပြီး အတော် စိတ်ဝင်စားသွားသည်။

ဒါကြောင့် ကျုပ်တို့ရဲ့ ပညာရေးစနစ်ဟာ မရေရာဘူးလို့ ပြောတာပေါ့ ငါ့ညီရဲ့၊ စာတော်ပြီး တက္ကသိုလ် မလာနိုင်တဲ့ ကျောင်းသားတွေ တစ်ပုံကြီး ရယ်ကွာ”

“ကျွန်တော်ကတော့ ဒါလောက် မထိခိုက်တော့ပါဘူး အစ်ကိုရယ်၊ ခေတ်ဆိုး ခေတ်ကျပ်မှာ လူလားမြောက်ရတဲ့ ကျွန်တော့်ကိုယ် ကျွန်တော်ပဲ မကျေနပ်တာ”

“ဟ... မဆိုင်ဘူးကွ၊ ဒီခေတ်ဟာ ကိုလိုနီခေတ် မဟုတ်ဖူး၊ တို့တိုင်းပြည် ဟာလည်း ကိုလိုနီတိုင်းပြည်လို့ မခံယူဘူး၊ လွတ်လပ်တဲ့ တိုင်းပြည် မဟုတ်လား”

“ဒါတော့ဒါပေါ့လေ”

အေး... ဒါပေါ့လို့ ပေါ့ပေါ့လေး ပြောလို့ မဖြစ်ဘူးကွ၊ တက္ကသိုလ် ဆိုတာ မင်းတို့လို စာတော်ပြီး တက်ကြွတဲ့ ကျောင်းသားတွေနဲ့ချည်း ပြည့်နေဖို့ လိုတယ်၊ အိုကွာ အခုအချိန် ပညာရေး အသုံးစရိတ်ကို ငါးရာခိုင်နှုန်း ထား ကတည်းက ဘယ်ဟုတ်တော့မလဲ”

“တက္ကသိုလ် ပညာတော့ ကျွန်တော် တစ်နေ့နေ့ သင်နိုင်မှာပါဗျာ၊ ရန်ကုန် မှာ အလုပ်တစ်ခုခု လုပ်ပြီး၊ သက်ကြီး တက္ကသိုလ်တက်မယ် စိတ်ကူးထားတာပဲ”

ကိုဇော်ဝင်းက ခင်ညို စကားကြောင့် တွေးနေ၏။ ဆေးပေါ့လိပ် ကိုက်ပြီး ငေးငိုင် စဉ်းစားနေလိုက်၏။ ပြီးတော့မှ...

“ဒါကတော့ တစ်ယောက်ကောင်း ထွက်ပေါက် ရှာတာမျိုး ရဲဘော်၊ ဒီလို အလုပ်လုပ်ပြီး ကျောင်းတက်နေတာဟာ ဗမာ တစ်ပြည်လုံးက တက္ကသိုလ် မလာနိုင်တဲ့ လူအားလုံးအတွက် မဖြစ်နိုင်ဘူးကွ၊ တက္ကသိုလ်ကို ပိုက်ဆံရှိမှ လာနိုင်တယ်ဆိုတဲ့ စနစ်ကိုက မဟုတ်တာ၊ အဲ့ဒါကို ဖျက်ရမယ်၊ ဒီစနစ် မဖြစ်နိုင်သေးသမျှ ရဲဘော်တို့ ငါတို့ရဲ့ ပညာရေးဟာ ကျွန်ပညာရေးပဲ ဖြစ်မှာပဲ” ကိုဇော်ဝင်းက ပြောရင်း စိတ်တက်ကြွလာသည်။ စကားအဆုံးတွင် မောဟိုက် သွားပြီး ဆေးပေါ့လိပ်ကိုသာ ပါး ချိုင့်ဝင်သွားအောင် ဖွာနေလိုက်သည်။ ပြီးတော့ ဒေါပွလာသလို ဖြစ်ပြီး “တောက်” တစ်ချက် ပြင်းပြင်းခေါက်ကာ တွေးနေ တော့၏။

“ကိုကျော်စိုးတို့ အညာမှာကော”

အညာ တက္ကသိုလ် ကျောင်းသား ခေါင်းဆောင် ကိုကျော်စိုးနှင့် ဆုံတုန်းကလည်း သူ သိချင်သည်ကိုသာ ခင်ညို မေးသည်။

“ရဲဘော်ရယ်၊ တို့ အညာ မြို့လေးတွေမှာရှိတဲ့ ကျောင်းတွေကို မင်းကို ပြချင်တယ်၊ ဝက်တဲ တင်းကုတ် သာသာပဲ ရှိတာကွ၊ အဲဒီ ကျောင်းတွေထဲ နေရတဲ့ ကလေးတွေဟာလည်း လေလုံ မိုးလုံကို စာသင်ရတယ် မရှိပါဘူးကွာ၊ ဆရာက မလုံလောက် ကျောင်းကလည်း ကျောင်းအို ကျောင်းစုတ်”

ခင်ညို သိချင်လို့ မေးလိုက်မိသည်ကပင် သူတို့တွေအတွက် ခံပြင်း၊ မြင်ကပ်၊ ဒေါသခိုး ဝေလာရသည်။ အတော်လည်း စိတ်ပြင်းတဲ့ ရဲဘော်ကြီး တွေနော။

စကားဝိုင်းတွေ ဖြစ်သမျှတော့ ခင်ညိုက ငေးပြီး စိတ်ဝင်တစား နားထောင်ရသည်ချည်း။ သူတို့တွေက စကားပြော အလွန် ကောင်းသည်။ ချက်ပိုင် လက်ပိုင်နှင့် ထိခိုက်အောင် ပြောနိုင်ကြသည်လေ။

ခင်ညိုက သူတို့ကို ကြည့်ပြီး ကျေနပ်နေဆဲ။ အထင်တကြီးနှင့် သူတို့ လိုပင် အပင်ပန်းခံ အလုပ်လုပ်သည်။ ကျောင်းသားကြီး ဖြစ်အောင် ကြိုးစားဦးမည်ဟု တွေးမိနေဆဲ။ သူတို့က ခင်ညိုကို ချီးကျူးပြန်သည်။

“ငါ့ညီက စာတော့ အတော် ဖတ်သကိုးကွ၊ မင်း သတ္တိလည်း ငါတို့ သဘောကျပါတယ်၊ လက်တွေ့ပိုင်းသာ တို့တွေနဲ့ အလုပ် လုပ်ရရင် မင်း အတော် တိုးတက်လာနိုင်တယ်ကွ၊ ငယ်လည်း ငယ်သကိုးကွာ၊ မင်းလို ညီမျိုး တော့ ငါတို့ လိုချင်တယ်ဟေ့”

“ကျွန်တော်ကလည်း အစ်ကိုတို့ကိုမှပဲ အစ်ကို တော်ချင်တာပါဗျာ”

မြို့လေး တစ်မြို့ရဲ့ အလွတ် ပညာသင်ကျောင်းက ဆရာပေါက်စလေး ကိုတော့ သူတို့ အတော် သဘောကျသွားသည်။ မြို့နှင့် စပ်သမျှသော လှုပ်ရှားမှု၊ စည်းရုံးမှုတွေကိုလည်း ခင်ညို အင်အားနှင့် အလွယ် လုပ်ဖြစ်ကြသည်ကို သိပ် သဘောကျသည်။

“မြို့တွေ နယ်တွေက ခေါင်းဆောင်တွေဟာ အဲ့ဒီ စည်းရုံးမှုတော့ လိုတယ်ကွ၊ တစ်ယောက် တစ်ယောက်လည်း ယိုင်းပင်း ညီညွတ်ဖို့ လိုတယ်၊ တို့ရောက်ခဲ့တဲ့ တစ်ချို့နေရာတွေဆိုရင် သူ့တို့ ပြဿနာတွေကိုပါ ရှင်းပေး နေရသေးတယ်၊ စိတ်ကုန်ရော”

“တက္ကသိုလ်မှာကော အဆင်ပြေကြရဲ့လားဗျ”

ခင်ညို ခုတလောတော့ တက္ကသိုလ်ကိုသာ စိတ်ဝင်စားသည်။ ကိုထင်ကျော်လိုသာ စာမေးပွဲ အောင်ပြီး အိပ်ရာ ပြင်နိုင်လျှင် ခင်ညိုလည်း ခုအချိန် တက္ကသိုလ် ကျောင်းသားကြီးပေါ့။ တက္ကသိုလ်ကို လူးနေအောင် သွားချင်သည့် ခင်ညို၊ ရောက်လျှင် ဘယ်လိုများ ဖြစ်နေမည် မသိ။

တို့ ယူနီယံမှာလည်း သိပ်တော့ ထူးတယ် မဟုတ်ဘူးပေါ့ကွာ၊ ကလိ တာလေးတွေ၊ မထိတထိ ထိုးတာလေးတွေပေါ့ကွာ၊ အကွဲအပြဲ ဆိုတာတော့ မရှိလို့မှ မဖြစ်ဘဲကိုး”

“ရဲခေါင်တွေ အခြေအနေကောကွ”

မေးချင်လျှင်တော့ ကိုအောင်နိုင်က သည်မေးခွန်းမျိုး မေးတတ်သည်။

“ခုတလောတော့ မထပြန်ဘူးကွ၊ ဘယ်အချီ ကျယ်ကျယ် ကျယ်ကျယ် လုပ်မယ် မသိဘူး၊ တာစူတာတော့ စူချင် စူမှာပေါ့”

ကိုယု လာစဉ်ကတော့ ခင်ညို အတော် ပျော်သည်။ ရွှေဇာမြိုင်တွင်ပင် ရက်အတော်ကြာ နေသွားသည်မို့ ခင်ညိုနှင့်လည်း အတော် ရင်းနှီးသွားသည်။ ဗဟုသုတလည်း အတော် တိုးသည်။

ကိုယု ဆိုသည်ကလည်း နာမည်တစ်လုံးနှင့် နေသူဖြစ်သည်။ တပ်ဦး ကျောင်းသား ခေါင်းဆောင် တစ်ဦးလေ။ ရဲသည်ကလည်း တွတ်တွတ်ကို နီနေသည်။

ကိုယုကိုတော့ လူ မမြင်ရခင်၊ မခင်ရခင်ကပင် ခင်ညိုက လေးစားသည်။ သည်လူကြီးက ပျော်လည်း အတော် ပျော်တတ်သည်။ အနောက်လည်း ကြမ်းသည်။ စကား ပြောပြီဆိုလျှင်တော့ ဟောဟောဒိုင်းဒိုင်းနှင့် စက်သေနတ်ကျည် ထိခံရသလို ကိုယ်ရော စိတ်ရော နှလုံးသားရော ခံစားရအောင် ပြောတတ်သည်။ ကိုယု စကားပြောသည်ဆိုလျှင် တစ်ခေတ် တစ်ခါက တက္ကသိုလ် ကျောင်းသား ပရိသတ်တွေ စုပြုံ နားထောင်ကြသည်။ သာမန် စကားဝိုင်းတွင် သူက ၁ဝ မိနစ်လောက် ပြောဖို့ရှိလျှင် ကျောင်းသားတွေက နာရီဝက်လောက် ပြောစေချင်သည်တဲ့၊ ဒီလောက်ပဲ။

သည်ထက် သူက ဝရမ်းပြေး၊ ထောင်ပြန်၊ ကိုကိုးကျွန်းပြန်၊ ကျောင်း ထုတ်ခံ ဖြစ်ခဲ့သည်မို့ သတ္တိခေသူ မဟုတ်ပေဘူးပေါ့။

ခင်ညို ပိုပြီး သဘောကျသည့် တစ်ချက် ရှိသေးသည်။ သူက အလွတ် ပညာသင်ကျောင်း ဆရာတဲ့လေ။ ပြီးတော့ “မောင်ကိုယု” ဆိုတဲ့ နာမည်နှင့် ခင်ညိုတို့ ဖတ်ဖူးသော ဝတ္ထုတိုတွေ ရေးတာ ရှိသေး။ စာသမား ခင်ညိုနှင့် စာရေးဆရာ၊ ကျောင်းသား ခေါင်းဆောင်၊ နိုင်ငံရေးသမား၊ အလွတ် ပညာသင် ကျောင်းဆရာတို့ ပေါင်းမိကြခြင်းပေါ့။

ပြွန်တန်ဆာကို ကိုယု ရောက်နေသည့် အချိန်ကပင် ပြန်သည်ထိ ခင်ညို ကိုယု နားက ခွာသည် မဟုတ်။ မေးလိုက်ရသည်ကလည်း နားသည် မရှိ။ ရယ်ရသည်ကလည်း အူကို နာလို့။

ကိုယုကလည်း ခင်ညိုကို နားလည်လာတော့ ညီတစ်ယောက်လို ခင် သွားသည်လေ။ ငညို ငညိုနှင့် နှုတ်ကို သီးသွားသည်ထိပဲ။

“မင်း ရန်ကုန် လိုက်ခဲ့ကွာ၊ ဖြစ်သလို ငါ ကျောင်းထားပေးမယ်၊ ဘယ့်နှယ်လဲ

သည်စကားမျိုးထိပင် ပြောလာသည်။

“အဘိုးကြီး၊ ခင်ဗျား အညို့ကို ဖျက်ဆီးမလို့လား၊ ဒါလေးကလည်း ငြိမ်သကိုး”

ကိုအောင်နိုင်တို့က သူ့ကို အဘိုးကြီးဟု ချစ်စနိုး ခေါ်သည်။ ခေါ်လည်း ခေါ်လောက်သည်။ ကိုယူက အပြော အဟော လုပ်ရည် ဇွဲတွေဘက်သာ နာမည်ကြီးသည်။ ရုပ်ကတော့ အတော် ချာသည်။ ပါးစပ်က ပြဲပြဲ၊ သွားက ခေါခေါ၊ ပြီးတော့ ခါးက ကုန်းနေသေးသည်။ တရုတ်သွေးမို့ အသားကလည်း နီစပ်စပ် ဖြူလျော်လျော်။ ရုပ်ကတော့ ဘယ်မှာ ကြည့်ကောင်းနိုင်မှာတုံးလို့။

“အေး... ဖျက်ဆီးမလို့ပေါ့ကွ၊ သူ့ဘဝဟောင်းကို ဖျက်ဆီးပြီးတော့ ဘဝသစ် ထူပေးမလို့ဟေ့”

သူက ခပ်တည်တည် ပြန်ပြောသည်။ ခင်ညိုကတော့ တုတ်တုတ်မျှ မလှုပ်။

“မလုပ်ပါနဲ့ဗျာ”

“မင်းက ဒီမှာ ခိုင်းကောင်းနေလို့လား အောင်နိုင်ရဲ့”

သည်တစ်ချက်တော့ ကိုအောင်နိုင် မျက်နှာပျက်သွား၏။

“ဒီလိုလည်း မဟုတ်ပါဘူးဗျာ”

“နို့သူ့ကို ရန်ကုန် ဘာလို့ မလွှတ်ချင်ရတာတုံး”

အရှိန်ရပြီဆိုတော့ ကိုယုက မနားတမ်း မေးတော့၏။

“အဘိုးကြီးကလည်း တယ်မြန်တာကိုးဗျ၊ ခင်ဗျားကရော ရန်ကုန်မှာ အေးအေးဆေးဆေး နေရလို့လား၊ ခင်ဗျားကိုက ဟိုပြေးရ သည်ပြေးရနဲ့ဟာကို၊ ပြီးတော့ ဒီကောင်တွေကို ကျွန်တော်လည်း အိုင်အေ coures တွေ သင်ပေး နေတာပဲ”

“တော်စမ်းပါ အောင်နိုင်ရာ၊ မင်းဟာမင်း ဟိုလူ့ မဲဆွယ်၊ ဒီလူ့ မဲဆွယ်နဲ့ အလုပ် များနေပြီးတော့ ငါ သူ့စာအုပ်တွေ ယူကြည့်ပြီးပါပြီ”

ကိုအောင်နိုင် ရှင်းပြသည်ကို ကိုယုက လက်မခံပေ။ တွင်တွင်သာ နှက်နေတော့သည်။

“အေးလေ၊ ခင်ဗျား ကောင်လည်း မေးစမ်းပါဦး” ကိုအောင်နိုင်က မတတ်သာသည့်အဆုံး ငြိမ်ပြီး ငေးနေသော ခင်ညိုကို လက်ညှိုး ညွှန်ပြီး ပြောလိုက်၏။

ကဲ ခင်ညို ဘယ့်နှယ်လဲ”

ကိုယုက မဆိုင်းမတွပင်။

“ဖြစ်မှာ မဟုတ်ပါဘူး ဆရာယုရယ်”

ခင်ညိုက လေးလေးပင် ဖြေလေသည်။

“ဘာမို့ မဖြစ်ရမှာလဲ အကောင်ရ”

ခင်ညိုက မဖြေပေ။

“ဟေ့ ဘယ်လိုလဲကွ၊ လုပ်စမ်းပါဦး”

ကိုယုက အားမရဟန် ထပ်မေး၏။

ခင်ညို အတော် စိတ်ထိခိုက်သည်။ တစ်ချိန်တည်းမှာ အမေရော၊ ချစ်ချစ်ရော၊ အေးအေးနှင့် ရဲကိုရော မြင်မိပြီး ရင်မှာ ခုနေသည်။

“မင်းကို ချစ်ချစ်က မလွှတ်မှာ စိုးလို့လားကွ”

ကိုယုက ထိုင်ခုံကို ရှေ့တိုး ဆွဲပြီး ခင်ညို့ကို စေ့စေ့ ကြည့်မေးသည်။ သူကလည်း ခင်ညိုတို့ မိသားစုကို သိနေပြီလေ။

“မဟုတ်ပါဘူး ဆရာယုရယ်”

ကိုယု တစ်ယောက် အတော် မောသွားသည်။ ကိုအောင်နိုင်ကတော့ ဘာမှ ဝင်မပြော။ ဆေးလိပ်သာ တွင်တွင်သောက်နေသည်။ ဝိုင်းပြိုင်မင်းကို လိုက်နေဖို့ ပြောတာလည်း ငါက ချမ်းသာလွန်းလို့ မဟုတ် ပါဘူးကွ၊ ငါနဲ့ တူတူစား တူတူအငတ်ခံ နေပြီးတော့ စာသင်ဖို့ပဲ”

“ကျွန်တော့်ကြောင့် အားလုံး ဒုက္ခရောက်ပါ့မယ်ဗျာ”

ကိုယုက သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ ပြီးတော့ ဆေးလိပ်နှင့် မီးခြစ်ကို ယူပြီး စကားမပြောဘဲ ဖွာနေလိုက်၏။ ခင်ညို ဆက်မပြောတော့မှ... အင်း... ဒုက္ခ ဟုတ်လား၊ ဒါမျိုးကို ဒုက္ခလို့ မခေါ်ဘူး ခင်ညိုရဲ့၊ ဘဝမှာ ရုန်းကန်တယ်လို့ ခေါ်တယ်၊ ဒုက္ခလို့ မင်းက ခေါ်ချင်ရင်လည်း ဒါဟာ အကျိုး တစ်ခုအတွက် ရင်းနှီးချက်ပဲလို့ မှတ်ထားရမယ်။

“ငါတို့က မင်းကို တက္ကသိုလ် လိုက်နေဖို့ ခေါ်တာက တက္ကသိုလ်မှာ နေဖြစ်အောင် ကူညီတာပဲ၊ မင်း တစ်ယောက် ဒီဂရီရပြီး အထက်တန်းစား အရာရှိ ဘဝနဲ့ နေသွားစေချင်လို့ မဟုတ်ဘူး။”

“မင်းရဲ့ အခြေခံ ဘဝက မှန်တယ်၊ ဒါကို ငါတို့တစ်တွေနဲ့ ရင်းနှီးပြီးတော့ မင်းနဲ့ ဘဝတူ ကျောင်းသားတွေနဲ့ လက်တွဲစေချင်တယ်၊ ကျောင်းသားတွေ အတွက်လည်း ရုန်းကန် လှုပ်ရှားနေတဲ့ မင်းဟာ အားကိုးလောက်တဲ့ ရဲဘော် တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ယုံတယ်။”

“ဒီမယ်ကွာ၊ မင်းဟာ တက္ကသိုလ် ကျောင်းသားလည်း ဖြစ်ရမယ်၊ တက္ကသိုလ် ပညာလည်း သင်ရမယ်၊ ပြီးတော့ ထောင်ကျဖို့၊ ထမင်းငတ်ဖို့၊ ဝရမ်းပြေးဖို့တွေ ဆုံရမယ် ဆိုတာလည်း ငါ ကတိပေးတယ်၊ ဘယ့်နှယ်လဲ၊ မင်းနဲ့ ငါ့ဘဝ သတ္တိ စမ်းလိုက်ရအောင်”

ကိုယုက စကားကို အဆက်မပြတ် ပြောပြီးမှ မောသွားဟန် တူသည်။ ဆေးလိပ်ကို ရှိုက်ကာ ရှိုက်ကာ ဖွာလိုက်သည်။ ခင်ညို ဘယ်လို ပြန်ပြော လေမလဲဟုလည်း နားစွင့်နေလိုက်သည်။

ခင်ညိုကတော့ မပြောသာပါပြီ။ တက္ကသိုလ် သွားချင်သည်မှာတော့ ထွန့်ထွန့်ကို လူးနေ၏။ ခုပင် ထသွားလိုက်ချင်သည်။ ဆရာယု ပြောသည့် အတွေ့အကြုံ အဖြစ်အပျက်တွေကိုလည်း လူငယ် တစ်ယောက် အနေနှင့် တွေ့ကြုံ ပါဝင်လိုက်ချင်တာလည်း အမှန် ဖြစ်သည်။

တကယ် ထားပေးမည်၊ တာဝန်ယူသည်ဟု ရဲရဲဆိုသူ ရှိပြန်တော့လည်း “နေပါစေဗျာ” ကိုသာ ထပ်တလဲလဲ ပြောနေရသည်။

သည်တစ်ခါလည်း ခင်ညို အားငယ်ရပြန်သည်လေ။ ဘာမှ မဆိုနိုင်။ နှုတ်ခမ်းသာ ကိုက်ထားရသည်ပေါ့။

“အေးလေ... မင်း ချစ်ချစ်နဲ့ တိုင်ပင်ကြည့်ပါဦး၊ မင်းဟာမင်းလည်း စဉ်းစားကြည့်ပေါ့၊ မင်းကိုယ်မင်းက ငါတို့ထက် ပိုသိတာပဲ၊ ဆုံးဖြတ်ပြီးလို့ အဆင်ပြေရင်တော့ တစ်ခါတည်းသာ ငါနဲ့ လိုက်ခဲ့”

ကိုယုက ဒါပဲ ပြောသည်။

ကိုအောင်နိုင်ကတော့ စီးကရက် မီးခိုးကို အကွင်း အကွင်း ဖြစ်အောင် မှုတ်ထုတ်ရင်း မလှုပ်မယှက် ငြိမ်နေသည်။

ခင်ညို့အိမ် ရောက်တော့ ချစ်ချစ်က သဘော မတူပေ။ သူတစ်ပါးကို ဒုက္ခပေးသည်လို့။ မင်း တက္ကသိုလ်ပညာ မတတ်တော့ကော ဘာဖြစ်မှာလဲလို့ ကရုဏာဒေါသော ပြောနေပြန်သည်။

တကယ်တော့ ခင်ညို ကျောင်းနေချင်တာသာရှိသည်။ သူ့ တပည့် လေးတွေကိုလည်း ခွဲနိုင်သည် မဟုတ်။ ပြီး ထပ်ကုန်ရမည့် ငွေကြေး ပမာဏ ကလည်း နည်းသည် မဟုတ်။ ပြီးတော့ သူ့ ကျေးဇူးရှင် ကိုအောင်နိုင်ကိုလည်း သူက အားနာသေးသည်။ သည်လိုနှင့် ကိုယုသာ ပြန်ရော ခင်ညို မလိုက်ဖြစ်ခဲ့။ ကျောင်းမှာတော့ ခင်ညို နေသားကျပြီလေ။ ခုဆို ရှစ်တန်း ကျောင်းသား တွေကပါ သူ့ကို လက်ခံလာကြပြီ။ ရှင်းအောင် သင်နိုင်သည်လို့၊ ကြိုးစားသည်လို့ နားလည်လာကြပြီ။ ခင်ညို အပင်ပန်းခံ ကြိုးစား သင်ရကျိုး နပ်သည်ပေါ့ ။ စာသင်ရတဲ့ အတွေ့အကြုံလည်း ရလာပြီပေါ့။

*

ခင်ညို ကျောင်းချိန်အားလျှင်တော့ အစိုးရ ကျောင်းကြီးဘက် ရောက်တတ်သည်။ သူ့ ဆရာတွေလည်း ရှိသည်။ အစ်ကို စိုးမောင်လည်း ရှိသည်။ အနှင်းလည်း ရှိသည်လေ။

မောင်ခင်ညို လာလျှင် အနှင်းက ပျော်လို့။ သူ့တပည့်တွေကိုပင် သူက ပြောပြသေးသည်။ ထို့ပြင်

“သူ့ကို မင်းတို့ မှတ်မိတယ် မဟုတ်လား၊ အခု ရွှေဇာမြိုင်မှာ ဆရာ လုပ်နေတယ်ကွ၊ မင်းတို့ သူ့လို တော်အောင် ကြိုးစားကြ သိလား” တဲ့။

ကျောင်းသားတွေက ခင်ညိုကို မသိ ဘယ့်နှယ် ရှိပါမည်လဲ။ အစည်း အဝေးတိုင်း၊ အမျိုးသားနေ့ လွတ်လပ်ရေးနေ့ စတဲ့ အခမ်းအနားတိုင်း ခင်ညိုက အသံကျယ်သည်ကိုး။ ဆရာ ဦးသူတော် ပြောပြောနေတာလည်း သူ့ကိုပဲ မဟုတ်ပါလား။

‘မမနှင်း’

“ဘာလဲ အညို”

ကလေးတွေက မမနှင်းကို အတော် ကြောက်ပုံရတယ်”

“ဘာဖြစ်လို့လဲကွယ့်”

'အိုဗျာ... စောစောက မမနှင်း စာသင်နေတုန်း အပြင်က ကျွန်တော် ကြည့်နေတယ်၊ သူတို့ လက်လေးတွေ ပိုက်ပြီး လှုပ်မှ မလှုပ်ကြတော့ဘဲ”

“ဒါ... ငါက စည်းကမ်း လုပ်ထားတာပဲ”

“လက်ပိုက် ခိုင်းထားတယ်” မောင်ခင်ညိုက အံ့သြသွားသည်။

“အေးလေ”

“ရိုက်လည်း ရိုက်သေးတယ်”

"ဟဲ့... အညိုရဲ့၊ ဒီကောင်တွေ အကြောင်း နင် မသိသေးလို့၊ မျောက်ရှုံးတယ် သိလား”

“မဟုတ်တာ မမနှင်းရယ်”

ခင်ညိုက ခေါင်းကို ခါရင်းနှင့် ပြော၏။

“ဟဲ့... နင့် ကျောင်းသားတွေနဲ့ နင်နဲ့ နေသလို လုံးထွေး နေစေ့ချင် လို့လား၊ ဒါက ပရိုက်ဗစ်ကျောင်း မဟုတ်ဘူးကွဲ့”

ခင်ညိုက ဆတ်ခနဲ ခေါင်းထောင်လိုက်သည်။ စိတ်ထဲမှာလည်း ကျင်သွားသည်။

“ဪ... မမနှင်းတောင် ဦးရွှေစီ လေသံတွေ ဝင်နေပြီနော်”

သူက စိတ်မကောင်းခြင်း ကြီးစွာနှင့် ပြန်ပြော၏။ ပြီးတော့ သူ့ မမနှင်းကို မမြင်ဖူးသလို ငေးပြီး ကြည့်နေမိသည်။

“ငါ့သဘောနဲ့ ငါလုပ်တာပါ အညိုရယ်၊ ကလေးတွေ စည်းကမ်း မရှိရင် တို့အပေါ် တာဝန်ကျမယ် မဟုတ်လား”

“တာဝန် တစ်ခုလိုတော့ ဝတ်ကျေတန်းကျေ မလုပ်စေချင်ဘူး မမနှင်း”

“ဪ... မိညိုရယ်” မနှင်းမြက ပြုံးပြီး ညည်းလိုက်သည်။

“မဪနဲ့... မမနှင်း”

“ဒါဖြင့် ကလေးတွေ နေချင်သလိုနေ ဆိုပြီး ငါက လွှတ်ထား ရမလား၊ ကဲ...”

သည်တစ်ခါတော့ မနှင်းမြက ကဲ... ဆိုပြီး ခပ်ဆတ်ဆတ်ကလေး ပြော၏။ မျက်နှာထား မှုန်မှုန်နှင့်လေ။

“မမနှင်း၊ ကျွန်တော် ပြောတာ စိတ်ဆိုးလား”

“စိတ်ဆိုးတယ်လို့ ငါက နင့်ကို ပြောလို့လား”

တကယ်တော့ မနှင်းမြ သိပ်မကျေနပ်ချင်ပေ။ သို့သော်လည်း ခင်ညို ကိုတော့ မေတ္တာ ဘယ်မှာ ပျက်ပါမည်လဲ။

“ကျွန်တော်က အကောင်း ပြောတာပါ မမနှင်းရယ်၊ မမနှင်းကိုလည်း ဆရာ လုပ်တာ မဟုတ်ပါဘူး၊ မမနှင်းကလည်း ကျွန်တော့်ထက် အကြီးပဲနော်၊ မဟုတ်ဘူးလား”

သူက မချိုမချဉ်နှင့် ပြီးတော့ သူ လိုချင်တာပဲ သူ ဆက်ပြောသည်။

“ကျွန်တော် တစ်ခါ ပြောတယ် မဟုတ်လား မမနှင်းရဲ့၊ ကြောက်ဖို့ မလိုပါဘူး၊ ချစ်ဖို့ဘဲ လိုတာပါလို့”

“လာပြန်ပြီ” မနှင်းမြက ပြုံးပြုံးကြီး။

“အင်းလေ... ရိုသေဖို့တော့ လိုတာပေါ့၊ ရိုသေတယ် ဆိုတာတောင် အခုနလို ကျောင်းထိုင် ဆရာတော်ကို ဘုန်းကြီး ကျောင်းသားက ရွံ့နေအောင် ရိုသေတာမျိုး ပြောတာ မဟုတ်ပါဘူး၊ ဆရာနဲ့ ကျောင်းသား နားလည်မှု ရဖို့ ပြောတာပါ”

“ပြောပြော၊ နင်ပဲ ပြော”

မနှင်းမြက မောင်ခင်ညိုကို ပြောရင်း သူ့ ကလေးတွေကို ကြည့်လိုက်သည်။ ကလေးများကတော့ မလှုပ်မရှက် ငြိမ်လျက်။ သူ ပေးထားသော သင်္ချာ ပုစ္ဆာကို မဲပြီး တွက်နေသည်။ အဖြေ မှားလျှင် ဆရာမ ရိုက်မှာ ကြောက်လို့ ဟဲ့လေ။

“ပြောဆိုလည်း ပြောဦးမယ်လေ၊ မမနှင်းကို မြင်တော့ ကျွန်တော်တို့ ခြောက်တန်းတုန်းက ဆရာမကြီးကို ပြန်သတိရတယ်၊ မမနှင်း မှတ်မိတယ် မဟုတ်လား၊ ဒေါ်သန်းမေလေ”

“အေးပါ၊ ပြောမှာသာ ပြောစမ်းပါ”

မနှင်းမြက မျက်စောင်းလေး ချိတ်လို့။

“ဪ... အဲဒီ ဆရာမကြီးနဲ့ သင်ရတုန်းက ကျွန်တော်တို့ မလှုပ်ရဲဘူး မဟုတ်လား၊ ဘယ်လောက် စိတ်ကျဉ်းကြပ်လဲလို့၊ မသေချာလို့လည်း ထပြီး မမေးရဲ၊ သူ ဝင်လာတယ် ဆိုရင်လည်း မလှုပ်ရဲတော့ဘူး၊ သူ ပြပြီးလို့ နားလည်လား မေးရင် လည်လည် မလည်လည် ဟုတ်ကဲ့လို့ချည်း ပြောခဲ့ရတယ် မဟုတ်လား၊ မမနှင်းကော နားမလည်ရင် မေးရဲလို့လား၊ သူ့တောင် စေ့စေ့ ကြည့်ရဲကြတာ မဟုတ်ဘူး”

“ဒါပေမဲ့ ဆရာမကြီးက တော်ပါတယ်ကွယ်”

“ဟုတ်ပါတယ်လေ၊ ညံ့တယ်လို့ ကျွန်တော် မပြောပါဘူး၊ သူ့ကို ကြောက် နေရတော့ ကျွန်တော်တို့ မသိပေမဲ့ မမေးရဲ မပြောရဲတာကို ပြောတာပါ”

မနှင်းမြက ခဏလေး စဉ်းစားလိုက်သည်။ သူ့ ကျောင်းသားတွေဘက် လှည့်ကြည့်လိုက်တော့လည်း တွက်ပြီးသူက ပြီးလို့ ခေါင်းထောင်နေပြီလေ။

“အေးပါ အညိုရယ်၊ နင် ပြောတာ ငါ နားလည်ပါတယ်၊ သွားချေဦး၊ ဆရာတွေ အခန်းမှာ အစ်ကို စိုးမောင် ရှိတယ်၊ အတန်းပြီးရင် ငါ လာခဲ့မယ်’

*

ခုတလော ကိုထင်ကျော် စာရှည်ရှည် ရေးသည်။ မနှင်းမြကို ပေးဖို့ စာတို လေးတွေပင် ညှပ်ညှပ်ပါသေးသည်။ မနှင်းမြကို သီးခြား စာရေးသော်လည်း သူ့စာမှာ “နှင်း” တွေ ဝေနေသေးသည်။ ချစ်တာကိုး။

နောက်ပိုင်း ကိုထင်ကျော် စာများတွင် သူ့စာအကြောင်း၊ တက္ကသိုလ် ထမင်းဟင်း ကိစ္စ၊ သူ့အခန်း ပါတနာ ဂီတာ အတီး ကောင်းကြောင်း၊ သူ့အရင် ရောက်နှင့်သော မြို့က မခြူး တစ်ယောက် နာမည်တွေ အသစ်ပြောင်းပြီး ဖြစ်ချင်သလို ဖြစ်နေကြောင်း၊ အချို့စာများတွင်...

ဖိုးခင်ညိုရွှေ၊ တို့များ နှီးနှောဖလှယ်ပွဲ လာတုန်းက အများကြိုက် ပညာ ရေး စနစ်ကို ပြောင်းလဲဖို့၊ စာမေးပွဲ တစ်နှစ် တစ်ကြိမ် ပြောင်းစစ်ဖို့ ဆိုတာတွေ ဟာ အကောင်အထည် မပေါ်လာဘူးကွာ ဆိုတာတွေလည်း ပါသည်။

သြဂုတ်လ ၃၁ ရက်နေ့က တ-က-သ က ငွေထိန်း ကိုဗဆွေလေးနှင့် အမှုဆောင် ကျောင်းသား နှစ်ယောက်ကို ကျောင်းထုတ်လိုက်တယ်ကွ၊ ဒါပေမဲ့ ပါမောက္ခချုပ်တောင် မသိလိုက်တဲ့ ကိစ္စ ဆိုပြီးတော့ ခုတော့ ပြန်ဝင်ခွင့် ရပါပြီကွာ၊ ပါမောက္ခချုပ်ကိုတောင် ကျော်ပြီးတော့ အခွင့်အာဏာ သုံးတယ်ဆိုပြီး ကျောင်းသားထုကတော့ ဒေါသ ဖြစ်နေတာပေါ့ကွာ။

ကျောင်းမှာ သုံးခါကျ မရှိတော့လို့ နှစ်ခါကျ စနစ်တော့ ကျန်သေးတယ် ခင်ညိုရွှေ။ နောက်ဆက်တွဲ စာမေးပွဲတွေလည်း မရှိတော့ဘူးကွ။ အဓိပတိ ဝန်ကြီးချုပ် ဦးနုကတော့ သည်ကိစ္စကို ဆီးနိတ် တင်ပြမယ်လို့ ဆိုတာပဲ ဆိုတာ တွေလည်း ပါသည်။

စက်တင်ဘာ ၂၅ ရက်နေ့ နေ့လည်က သမဂ္ဂ ဥက္ကဋ္ဌသစ် ကျမ်းသစ္စာ ဆိုပွဲ လုပ်တယ်ကွ။ ငါလည်း အဲဒီနေ့က ရောက်တယ်။ ဂျပ်ဆင် ခန်းမမှာ လုပ်တယ်။ ဂျပ်ဆင် ခန်းမ ဆိုတာ မင်းနှင့် ငါ ရောက်တုန်းက မခြူးကို အတွဲနှင့် တွေ့တဲ့ နေရာပေါ့ကွ၊ မင်း မှတ်မိပါလိမ့်မယ်။

အမှန်ကတော့ ဥက္ကဋ္ဌဟောင်းက တိုင်ပေးရတာပေါ့ကွာ။ မနှစ်က ဥက္ကဋ္ဌ ကိုခင်မောင်အုန်း ကိုကိုကျွန်း ရောက်နေတာနှင့် ဦးနုက လာလုပ်ပေးတာပဲကွ။ ဦးနုကလည်း တ-က-သ ဥက္ကဋ္ဌဟောင်း မဟုတ်လားကွ။ ငါလည်း လူကြီးတွေ စုံအောင် တွေ့ချင်တာနှင့် အဲဒီနေ့က ရောက်သွားတာပဲ။

ပထမဆုံး တ-က-သ ဦးကျော်ခင် ဆိုတာကိုလည်း ငါ တွေ့ဖူးခဲ့တယ်။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောလည်း လာပြီး မိန့်ခွန်း ပြောတယ်ကွ။ မင်း ရှိနေရင်တော့ ကောင်းမှာပဲ ခင်ညိုရယ်၊ မင်း တွေ့ချင်တဲ့ လူတွေမှ တစ်ပြုံကြီးပဲ။

“မင်း ရှိနေရင်တော့ သိပ်ကောင်းမှာပဲ” ဆိုသော စာမျိုးကို ကိုထင်ကျော် အမြဲလိုလို ရေးသည်။ ဒီအပိုဒ်ကို ဖတ်မိလျှင် ခင်ညို ရင်ညွန့်နားက အောင့် တက်လာသည်။

ကိုထင်ကျော်က ခင်ညို့ကို သူငယ်ချင်းလို ညီလို ပေါ့ပေါ့တန်တန် ရေးပြီး မနှင်းမြကိုတော့ လေးလေးနက်နက် ရေးသည်။ သူက ဘယ်လောက်ပင် နှလုံးသား ရင်းနှီးပြီး ရေးသော်လည်း မနှင်းမြကို တုန်လှုပ်အောင်တော့ စွမ်းသည် မဟုတ်။ သို့သော် သူ ပေါ့ပေါ့တန်တန် ရေးသော စာတွေက ခင်ညို့ကို တုန်လှုပ်စေသည်လေ။

အမျိုးသား အောင်ပွဲနေ့ ဗိုလ်အောင်ကျော် ရင်ပြင်မှာ လုပ်ပုံ၊ စည်ကား ပုံတွေကိုလည်း ကိုထင်ကျော်က အရှည်ကြီး ရေးလိုက်သေးသည်။

“သည်တစ်ခါတော့ မင်းကို ပျော်စရာတွေ ရေးရမှာကွာ” ဆိုပြီး သူက ချီလိုက်သေးသည်။

အဲ့ဒီညက အငြိမ့်လည်း ပြတယ်ကွ။ တ-က-သ ရန်ပုံငွေ အတွက် ဆိုပြီး စားသောက်ဆိုင်တွေလည်း ဖွင့်တယ်လေ။ ကျောင်းသား လှုပ်ရှားမှု ဓာတ်ပုံ ပြပွဲတွေရော ပန်းချီ ပြပွဲတွေရော စုံလို့ပါကွ။

ဟောပြောပွဲတွေကတော့ ကောင်းတယ်ဟေ့။ အမျိုးသား ညီညွတ်ရေး တို့၊ အမျိုးသား လွတ်မြောက်ရေး ထိန်းသိမ်းမှုတို့၊ အမျိုးသား ပညာရေး စတဲ့ အဆိုတွေပေါ့ကွာ။

ပန်းချီပြပွဲတွေမှာတော့ မင်း ပြောပြောနေတဲ့ ဦးနန်းဝေရဲ့ ပန်းချီကားတွေ တွေ့တယ်။ ငါကတော့ နားမလည်ဘူး အကောင်ရေ။ ဆီဆေးဆိုတာတောင် မင်း ပြောလို့ ငါ မြင်ဖူးတာပဲ၊ မင်း တစ်ခါပြတုန်းက သွားတိုက်ဆေးဘူး ရောင်စုံတွေပဲ ငါ အောက်မေ့တာပဲ မဟုတ်လား။

ကိုထင်ကျော်ကတော့ ရိုးသားစွာပင် စာကြိုးစားသူ ဖြစ်လေတော့ တက္ကသိုလ်မှာ လူအေးလို့ပင် ဆိုရပေမည်။ ဒါကြောင့်လည်း ရောက်နှင့်နေသူတွေ ရော၊ သူနှင့်အတူ ရောက်နေသူတွေပါ သူက လေးစားမှု မပျက်ဘဲ ရှိသည်။ သူကလည်း သူ့တစ်ယောက်တည်း စာကြိတ်ပြီး ကြိုးစားနေသူတော့ မဟုတ်။ အားလုံးကိုလည်း ကူညီသည်။ နှုတ်၏ စောင်မခြင်း၊ လက်၏ စောင်မခြင်း တွေပေါ့ ။

ဒါပေမဲ့ မရွှေခြူးကိုတော့ လက်မြောက်ပါရဲ့တဲ့။

ခင်ညိုက သူ့ကို စာသာ ကြိုးစားနေသူ၊ တစ်ယောက်ကောင်း ထွက် ပေါက် ရှာသူရယ်လို့ အပြစ် မရေးပေ။ သူ့ အခြေအနေ၊ နယ် အခြေအနေ၊ ပြီးတော့ မပါရင် မရ၊ ပါနေရသည့် နှင်းမမ အခြေအနေတွေသာ ရေးသည်။ သည်လိုနှင့် ကိုထင်ကျော်နှင့် အဆက်အသွယ် ပြတ်သည် မရှိ။

ကိုထင်ကျော်ကလည်း အကြောင်း ရှိရှိ မရှိရှိ ပြွန်တန်ဆာကိုတော့ ဝတ်မပျက်။ မနှင်းမြကိုပင် ယခင် ရှေးရိုးထက် ကျော်လွန်လာပြီ။ အလွမ်းလေး တွေ၊ အပူဘွဲ့လေးတွေ။

ခင်ညို့ စာတိုင်းမှာ လိုလိုတော့ တမင်များ ရေးပြီး ဆွနေသလားမသိ။ “မင်းသာ ရှိနေရင်ကွာ” ဆိုတာ ပါမြဲ။


အခန်း ၇

 

ရွေးကောက်ပွဲ နီးလာမှ ကိုအောင်နိုင် ကျောင်းမကပ်နိုင်အောင် အလုပ်များသည်။ တစ်နှစ်လောက် အတွေ့အကြုံရပြီမို့ ခင်ညို တစ်ယောက် ကျောင်းပျော် ဖြစ်နေပြီ။

ကိုခင်ညိုရာ၊ ဂျီသြမေတြီ ကူစမ်းပါဦး၊ ဆရာ အေးမြင့်လည်း ပျာရာ ခတ်နေပြီ” ဟူ၍ ဆယ်တန်း ကျောင်းသား သူငယ်ချင်းဟောင်းများက အကူ အညီ တောင်း၍ပင် ဆယ်တန်း အခန်းသို့ သူ ရောက်နေပြီ။ တစ်ချိန် တစ်ချိန် သဒ္ဒါ ဝင်ဆွေးနွေးလိုက်၊ ကဗျာ ဝင်ရှင်းလိုက်နှင့် ၁ဝ တန်းမှာလည်း အဖွဲ့ ကျနေပေပြီ။

သည်ကြားထဲ တစ်ခါတစ်ခါ ကိုအောင်နိုင်က ချွေးတပ် ဆွဲသေးသည်။ မဲဆွယ်ဖို့တဲ့လေ။

တစ်ညက ခင်ညို တစ်ယောက် တစ်ရေးမှ မမှေးလိုက်ရ။ ကား တစ်စင်းနှင့် မြို့ပတ်နေရသည်။ ကိုအောင်နိုင်က တစ်နေရာ ရပ်လျှင်...

“ဟေ့ ခင်ညို၊ အနောက်ဘက် လှည့်ပြီး ကိုင်ထားကွာ”

ခင်ညို က လော်စပီကာ အော်လံကြီး ကိုင်လို့။ ကိုအောင်နိုင်က စကား ပြောခွက် ကိုင်ပြီး မဲဆွယ်သည်။

“ကျွန်တော်တို့ မြို့ရဲ့ အခြေအနေလည်း အားလုံး အသိပဲ၊ မဲပေး မှားခဲ့လို့ မြို့လည်း ဒဏ်ခံရပေါင်း များပြီ၊ ဒီနှစ်ဦး ဘယ်သူ့ကို မဲပေးရင် ကန်ကြီး ပြင်ဖို့ ကိစ္စ၊ ကျောင်းဆောက်ဖို့ ကိစ္စ၊ လမ်းပြင်ဖို့၊ ဈေးပြင်ဖို့၊ ရပ်ရွာ စည်ပင် ဖို့တွေ တာဝန်ယူမည်” ဆိုသည့် အကြောင်းများသာ ဖြစ်သည်။ ရွှန်းရွှန်းကို ဝေလို့။

“ရန်ကုန်မှာတော့ တစ်မြို့လုံး ဝါထိန်*နေပြီ ကိုယ့်လူ၊ ဒီမှာ အခြေအနေ ဘယ်လိုလဲ”

စကားဝိုင်းက သည်စကားတွေသာ ပြောနေရသည်။ ဦးနုနှင့် ဒေါ်ခင် ကြည် မဲအဆွယ် ရောက်တုန်းလည်း မြို့လုံးကျွတ် ဆူဆူညံညံ ဖြစ်နေကြသည်။

“အိုကွာ... မဲလိုချင်မှ တို့ဆီ လာတော့တာပဲ”

“အလကား ထင်ရာ ပြောမှာပါကွာ”

“ဦးနုကြီး တရားပွဲတဲ့ဟေ့၊ ဝန်ကြီးချုပ်ကနော် ကျောက်ဆင်းတု ကိုယ်တော်တောင် ခေါင်းညိတ်အောင် ပြောနိုင်တာတဲ့”

ထင်ကြေး အမျိုးမျိုး၊ ချီးကျူးသံ ပြစ်တင်သံ အမျိုးမျိုးနှင့် တရားပွဲကြီး ကတော့ စည်ကားလိုက်သည့် ဖြစ်ခြင်းလေ။

ဝါသနာကြောင့်ရော အခြေအနေကြောင့်ရော အော်ရဟစ်ရ ပင်ပန်းခဲ့ရ သော်လည်း ချစ်ချစ်က ခုတစ်လော ငြူစူသည်။ လိုတာထက် ပို၍ပင် အရင်လို စကား မပြောတော့။ အချိန်တန်တော့လည်း ပထစ1 အစိုးရသာ နေရာအနှံ့ မြို့အနှံ့ မဲမဆံ့အောင် ရပြီး တက်လာသည်။ ဗုဒ္ဓဘာသာ ဗမာ နိုင်ငံတော်ကြီး။ ဝန်ကြီးကလည်း ဘုရားလောက်နီးနီး ကုသိုလ်ရှင်ကြီး။

ဦးနု အစိုးရ တက်လာသည်နှင့် လိုက်လျောတတ်သော အမူအရာကြောင့် ကျောင်းသားရေးရာပိုင်းမှာ ချောင်သလိုလို ရှိသည်။ ဒီမိုကရေစီ အခွင့်အရေးများ လမ်းပွင့်လာသယောင် ရှိသည်။ သို့ကတဲ့လေ မြို့နယ်များ ခရိုင်များ၌ သမဂ္ဂများ တရားဝင် ဖွဲ့ခွင့် မရကြ။ ပြည်တွင်း ငြိမ်းချမ်းရေးကလည်း အကောင်အထည် မဖော်နိုင်ပြန်ချေ။ သမဂ္ဂ ဖွဲ့စည်းဖို့ ကိစ္စ ခင်ညိုတို့ လွန့်ရုံရှိသေး၊ ကြိုတင်ပြီး ဟန့်တားမှု ပိတ်ပင်မှုတွေက ရှိနေပြန်သည်။

သည်ကြားထဲ တန်းမြင့် ကျောင်းထွက်နှင့် တက္ကသိုလ်ဝင်တန်း ခွဲခြားမှ ပြဿနာက ဝင်လာသည်။ ကျောင်း တိုးချဲ့မှု မပြုနိုင်ဘဲ အတန်း ပိုလာခဲ့သည်။ ပညာရေးခရီး တစ်ထစ် တိုးလာခဲ့သည်။ ဆရာကလည်း မရှိ။ ကျောင်းသား တွေရော မိဘ ပြည်သူတွေပါ အားငယ် စိတ်ပျက်ကြရပြန်သည်။ တိုးတိုး တစ်မျိုး၊ ကျယ်ကျယ် တစ်မျိုး ဆူလာသည်။

သို့လျှင် ပြဿနာက ကြီးလာရသည့်အထဲ စာမေးပွဲ စစ်ဆေးမှု အမှား အယွင်းတွေကြောင့်လည်း ကျွက်ကျွက် ညံလာသည်။ မဖြေသူတွေက စာမေးပွဲ အောင်နေသည်။ သေသူတွေပင် အောင်နေသည်။ ကျောင်းသူနှင့် ကျောင်းသား လွဲနေသည်။ ရှုပ်လို့။

ပြဿနာပေါင်း ဗွေပေါင်းစုံ ရှုပ်ပြီး သပွတ်အူ လိုက်လာသောအခါ ကျောင်းသားထုက အုံကြွလာပြန်သည်။ ပေါက်ကွဲ ဆူညံလာပြန်သည်။ အခွင့်သာ သည်နှင့် ခင်ညိုတို့ ဓမ္မာရုံတွင် စုမိပြန်သည်။ ဘုန်းတော်ကြီးက ခင်ညိုတို့ ငယ်ဆရာမို့ လိုရာ သုံးလို့ပင် အပ်ထားသည်မို့ ခင်ညိုပင် တာဝန်ယူ လုပ်လိုက်သည်။ “ကမောက်ကမ ပညာရေး ဖျက်သိမ်းပစ်” ဆိုသော အသံကို မြို့လုံးကျွတ် ကြားအောင် အော်လိုက်နိုင်သည်။ စကား ပြင်းပြင်း ကျယ်ကျယ် အော်ဟစ်သည့် ကျိတ်ဝိုင်းလေးပေါ့။ အသိနိုးသည့် သည်လို ဆန္ဒပြမှုလေးနှင့်သာ ပြီးလိုက်ရသည်။

ခင်ညိုတော့ သည်နှစ် ဖားနေသည်။ ဆံပင်ညှပ်တန်းက ဆရာလှတို့ ထံကိုပင် မလှည့်သာအောင် ဖြစ်နေသည်။ နေ့ဆိုလျှင် စာဖတ်ချိန် မရ၊ သတင်း စာနှင့် ပြီးသည်။ စာပြဖို့ ပြေးရ၊ စည်းရုံးဖို့ ပြေးရ။ နှစ်စပိုင်းက ဆိုလျှင်လည်း ကိုအောင်နိုင်ကြီးနောက် တကောက်ကောက် လိုက်ရနှင့် နိုင်ငံရေး သတ္တဝါ တစ်ကောင် ဖြစ်မှန်းမသိ ဖြစ်နေသည်။ သင်ပြဖို့ ပြင်ဆင်မှု၊ သူ ကြိုက်သည့် စာလေးတွေ ဖတ်မှုကိုပင် ညပိုင်းအချိန် ကြိုးကုတ်ရသည်။ တစ်နှစ်လုံး ဟိုက်လို့။ ပြီး ဒီဇင်ဘာ ကျောင်းပိတ်ရက်မှာတော့ ကိုထင်ကျော်ကြီး ပြန်ရောက် လာသည်။ ခင်ညို့ဖို့ စာအုပ်တွေလည်း တစ်ထမ်းကြီး။ ချစ်ချစ်ဖို့... မနှင်းမြဖို့ လက်ဆောင်တွေလည်း တစ်ထွေးကြီး။

“မင်းကို လာခေါ်တာ ခင်ညို”

“အဲဗျ”

“အကောင်း ပြောတာ၊ မင်း ခေါ်ဖို့ ငါ ပြန်ခဲ့တာ၊ နို့မို့ဖြင့် ငါ စာကျက် နေမှာပေါ့”

ကိုထင်ကျော်က ရောက်သည့်နေ့ပင် ချစ်ချစ်ရှေ့မှာ လက်ဆောင်တွေ ပေးရင်း ပြောသည်။

“ဘာ အရေးကြီးလို့တုန်းဗျ”

“မဟုတ်ပါဘူး၊ ကျောင်းသား ပွဲတော်ရှိတုန်း မင်းလည်း တို့ဆီ အလည် လိုက်ဖို့ လာခေါ်တာပါ”

“အိုဗျာ၊ ဒီမှာ ကျွန်တော့် ကျောင်းက ရှိသေးတယ်၊ ကျောင်းသား တွေလည်း Exam နီးပေါ့”

ခင်ညိုက လိုက်ချင်သော်လည်း တာဝန်ကို ပြောပြသည်။

“မင်း တစ်ရက် နှစ်ရက် လိုက်ချင် လိုက်သွားပါလား အညိုရဲ့၊ သည်မှာ ကျောင်းလည်း ပိတ်ထားတာပဲဟာ”

ချစ်ချစ်က သူ့တူ အနား ရစေလိုသော စေတနာနှင့် ဝင်ပြောသည်။ “ခင်ဗျားက ဘယ်တော့ ပြန်မှာမို့တုံး

ခင်ညိုက ချစ်ချစ် လွှတ်ပြီဆိုတော့ ချက်ချင်း ဆုံးဖြတ်ပြီး မေးလိုက်သည်။ “ငါ နှစ်ညလောက် အိပ်ပြီး ပြန်မှာပဲ” တဋ္ဌာပွဲတော် စမှာက ဘယ်နေ့လဲ”

“ဇန်နဝါရီ ၆ ရက် နေ့ကနေ ၁ဝ ရက်နေ့ အထိပဲ၊ မင်းလည်း ယူနီယံ တစ်ခါတည်း ရောက်တာပေါ့”

ခင်ညိုက ချစ်ချစ်ကို ကြည့်နေသည်။ သူ ဆုံးဖြတ်ရလည်း ခက်နေသည်။

“အောင်နိုင်ကို ပြောပြပြီး လိုက်သွားပါလား၊ သူလည်း လွှတ်မှာပါပဲ၊ မောင်ထင်ကျော်ကတောင် တကူးတကန့် ပြန်လာခေါ်သေးတာကွာ”

ချစ်ချစ် ပြောမှ ခင်ညိုက ရယ်ချင်လာသည်။ ကိုထင်ကျော်ကိုလည်း ပြုံးပြုံးကြီး လှမ်းပြီး...

“ဟုတ်လား ကိုထင်ကျော်” လို့ မချိုမချဉ် မျက်နှာပေးဖြင့် မေးလိုက်၏။ ကိုထင်ကျော်က နားလည်စွာပင် လက်သီး ဆုပ်ပြီး ခင်ညိုကို ရွယ်သည်။

“အလကား ဒေါ်လေးရေ၊ သူ ပြွန်တန်ဆာကို ပြန်လာချင်တာနဲ့ ကျွန်တော့် ကို အကြောင်းပြပြီး ပြန်လာတာ၊ ခင်ဗျားဗျာ... ကိုယ့်မြို့ ပြန်လာတာပဲ အလကား အကြောင်းရှာလို့”

ခင်ညိုက ဒေါ်လေး ချစ်ချစ်ကို ပြောရင်း ကိုထင်ကျော်ကိုပါ သွေး ဆွလိုက်သည်။ ကိုထင်ကျော်က သူနှင့် နီးရာ ခင်ညို့ နားရွက်ကို အသာ ဆွဲပြီး “အညိုကတော့ကွာ စကားနဲ့ အစွန်း ထုတ်ရမယ် ဆိုရင် နှစ်ယောက် မရှိဘူး၊ ငါက မင်းကို တကယ် လာခေါ်တာဟ အကောင်” ဟူ၍ ရယ်ရယ် ရွှန်းရွှန်း ပြောလိုက်သည်။

“ကိုထင်ကျော် သည်လိုလုပ်ဗျာ၊ ခင်ဗျား ဒီမှာ သုံးရက်လောက်နေပေါ့၊ လေးရက်နေ့မှ ကျွန်တော်တို့ သွားမယ်လေ၊ ဒါဆို ကျွန်တော်လည်း ကျောင်း သိပ်မပျက်ဘူးပေါ့”

ခင်ညိုက အစီအစဉ် ဆွဲလိုက်သည်။ ကိုထင်ကျော်ကလည်း သဘော ကျပါသည်။

“ရက် နည်းလို့လားဗျ”

ခင်ညိုက စပြန်သည်။

“လာပြန်ပြီ ဒီကောင်၊ မင်း နားရွက် ပြတ်မယ်”

“အဲဗျ၊ ကျွန်တော် ဟိုမှာ နေရမယ့် ရက်ကို ပြောတာပါ၊ ခင်ဗျားက ဘာလျှောက်တွေးနေပြန်တာတုံး”

ကိုထင်ကျော်ကလည်း လူပါးပင်။ ခင်ညို ကျန်နားရွက်ကို ထပ်ဆွဲပြီး...

“ကဲ စကားများတဲ့ကောင်၊ ထ... ၊ ဟိုဘက် သွားမယ်” ဟု ဆွဲခေါ်၏။

“ဘယ်ဘက်တုံးဗျ”

ခင်ညိုက ပြုံးတုန်းတုန်း၊ မသိသလိုလို... ။

“လိုက်သွားလိုက်စမ်း အညိုရယ်၊ မောင်ထင်ကျော်ကို မင်းက မင်းထက် အငယ်ကျနေတာပဲ”

ချစ်ချစ်က သည်လို ဝင်ဟန့်မှ ခင်ညိုတို့ တဟဲဟဲ ရယ်ရင်း မနှင်းမြ အိမ်ဘက် ထွက်ခဲ့ကြသည်။

မင်း သုံးပါး ဆုံပြန်ပြီလေ။

*

ခြံဝကတည်းက ခင်ညို လေလေး တချွန်ချွန်နှင့် ဝင်သွားသည်။ မနှင်းမြက သူတို့ နှစ်ယောက်လုံးကို မြင်မြင်ချင်း လှေကားရင်း ဆင်းကြိုလေသည်။

“ကိုထင်ကျော် လာခေါ်တယ် မမနှင်းရဲ့”

တွေ့တွေ့ချင်းပင် ခင်ညိုက နောက်ရွှတ်ရွှတ် လုပ်လိုက်သည်။ မနှင်းမြက “ဘယ်သူ့ လာခေါ်တာလဲ ဟဲ့” ဟု အလန့်တကြား မေး၏။ ခင်ညို က အဖြောင့် မဖြေပေ။

“ရန်ကုန်ကို သူနဲ့ တစ်ခါတည်း လိုက်ခဲ့ရမယ်တဲ့ဗျ”

သူက တကွေ့ ကွေ့လိုက်သေးသည်။ မနှင်းမြက ကိုထင်ကျော်ကို ဆီးကြည့်ပြီး...

“အညို ဘာတွေ ပြောနေတာလဲ ကိုထင်ကျော်ရဲ့” ဟု မေး၏။

“ဒီကောင် နောက်နေတာပါ အနှင်းရယ်၊ သူ့ကို တက္ကသိုလ် အလည် လိုက်ခဲ့ဖို့ လာခေါ်တာပါ၊ ဟိုမှာ ကျောင်းသား ပွဲတော်ရှိလို့” ဟူ၍ ပြောပြော ဆိုဆို အိမ်ပေါ် တက်ခဲ့လေသည်။

“ကျွန်တော်လည်း အဲဒါ ပြောတာပဲ”

အညိုက ကလိလိုက်၏။

ပြီးတော့ ရင်းရင်းနှီးနှီးနှင့်ပင် စကားဝိုင်း စိုလာလေသည်။ ဒေါ်ပိုက လည်း ရေနွေးတည်၊ လက်ဖက်သုပ်နှင့် အလုပ် များသွားသည်။

“အေးပေါ့လေ၊ လက်ဆောင် ပါတဲ့ ဧည့်သည်ကို အိမ်ရှင်တိုင်း မေတ္တာ ထားကြတာပေါ့၊ ကျွန်တော်ကတော့ ကိုထင်ကျော် မျက်နှာနဲ့ စားရတာပါ” ဟု ဘယ်သူ့ကိုမှ မကြည့်ဘဲ တည်တည်ပြော၏။ မနှင်းမြက သဘော မကျချင်။

“ကျွန်တော် အမြဲတမ်း ရောက်နေတာဗျာ၊ အမေတို့များ တစ်ခါမှ လက် ဖက်သုပ် မကျွေးဘူး၊ ခုမှ”

လူကြီးကိုလည်း ခင်ညိုက အလွတ် မပေးပေ။ နောက်ရွှတ်ရွှတ်နှင့် ခွပ်လိုက်သေးသည်။

ဒါကို မနှင်းမြက ပြောဖို့ တပြင်ပြင် ဖြစ်နေသည်။ ခုအချိန် သူ ဘယ်သူ့ ကို စေတနာ အရှိဆုံး ဆိုသည်ကို ခင်ညို သိဖို့ ကောင်းသည်။ ပြောင်ပါဦး၊ နောက်ပါဦးတဲ့၊ သူ့ကို ရှေ့ထားပြီး သည်လိုတော့ မပြောသင့်။ ခုတော့ ကြည့်လေ သူ့ကို စေတနာ မရှိသလို ပြောသည်။

“အနှင်း ငါ့စာ ရလား”

သုံးယောက်သား ရှိနေချိန်တွင် ကိုထင်ကျော်က လေးလေးနက်နက် မေး၏။

“ရပါတယ် ကိုထင်ကျော်”

မနှင်းမြက ဣန္ဒြေနှင့် ဖြေသည်။

“ကျွန်တော် ပြန်နှင့်ရမလား ကိုယ့်လူကြီး”

ခင်ညိုက လှမ်းနောက်၍ ကိုထင်ကျော် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ပြီးတော့လည်း ပြုံးဖြီးဖြီးနှင့်ပင် ခင်ညိုကို လက်သီး ရွယ်ပြသည်။ ရန် လက်သီး တော့ ဟုတ်မည် မထင်ပေ။

ဒါကိုလည်း မနှင်းမြက ကလိ ကလိ ဖြစ်အောင် သွေးဆူသည်။ ခု တစ်လော ခင်ညို စကားကိုပင် သူနှင့် တည်တည်တံ့တံ့ မပြောဟု သူက ယူဆသည်။ တစ်ခုခု သူက အလေးအနက် ပြောလျှင်ပင် ရွှတ်ပြောင်ပြောင် လုပ်လို့ လမ်းစ ပျောက်ရသည်ဟု မချိတင်ကဲ နားလည်ထားသည်။

တကယ်တော့ ကနေ့လိုမျိုးမှာ ခင်ညိုကလည်း ကိုထင်ကျော်ကို ထားပြီး ပြန်မည် မဟုတ်ပေ။ သင့်လည်း မသင့်ဘူး ဆိုသည်ကို သူ နားလည်သည်။ ကိုထင်ကျော်က မမနှင်းကို စိတ်ဝင်စားခြင်းအတွက်တော့ သူက အားပေး ချင်သည်။ သည်လူမျိုးနှင့်တော့ သူ့ မမနှင်းကို သဘောကျသည်။ ခက်သည်က မနှင်းမြပေပဲ။ သူ့ကိုမှ ချစ်သည်တဲ့လေ။

ခင်ညိုက မိန်းမတွေကို အကြောင်းမရှိ မမုန်းသော်လည်း လန့်သည်။ သူ့ မမနှင်းကိုတော့ သူ ယုံပါသည်လေ။ အစ်ကို စိုးမောင် တစ်ယောက် မခင်မေကို ချစ်ပြီး ဒုက္ခ ရောက်သည့် အချိန်ကစပြီး သူ ကြောက်ချင်သလိုလို ဖြစ်လာသည်။ ကိုစိုးမောင်မှာ သူ့ခေတ် သူ့အတန်းမှာ အထူးချွန်ဆုံး ဖြစ်သည်။ စာတော်သည်၊ စာရိတ္တ ကောင်းသည်။ မခင်မေကို ချစ်မိပြီး၊ မခင်မေကလည်း ပြန်ချစ်ပြီးမှ သူ့ကို လှည့်စားသည်ကိုတော့ ခင်ညိုက အရင်းနှီးဆုံး အနီးကပ်ဆုံး သိလိုက်ရသည်။ ခုတော့ ကိုစိုးမောင် ကျောင်းဆရာသာ ဖြစ်နေသည်၊ အရက် လေး တမြမြနှင့် ပါးစပ်က တစ်မေတည်း မေပြီး လမ်းကြို လမ်းကြားမှာ တခွေခွေ လဲခဲ့ရပေါင်း များပြီ။

“အညိုရ၊ ငါဟာလေ၊ ဟင်... ခင်မေက သေဆိုရင် သေ၊ ထိုင်ဆိုရင် ထိုင်၊ လာဆိုရင် လက်အုပ်ချီပြီးသား အကောင်၊ သိလား၊ အဲဒီလို အကောင်ကိုတောင် ဒင်း လှည့်စားတယ်၊ ဒင်း လှည့်စားတယ် အညို ရဲ့”

ကိုစိုးမောင်က မူးလာရင် သည်စကားကိုပဲ ထပ်တလဲလဲ အာလေး လျှာလေး ပြောသည်။

“အစ်ကို ဖြေမရပါဘူးကွဲ့××× မေပျိုနှမရယ်×××မေပျိုနှမရယ်” ဆိုသော တေးက သူ့ တစ်ခုတည်းသော တေးပင် ဖြစ်ပါတော့သည်။

တစ်ခါတစ်ခါ ခင်ညို တယော ထိုးနေသောအခါနှင့် ဆုံလျှင်တော့...

“မိန်းမတွေသည်××× ဆောင်းလေပမာညီ×××အတွင်းသဘောက မတည် ပြောင်းလဲတတ်သည် လှေနဲ့မြင်းလို မယွင်းဘဲ တူညီ’ ဟူသော တေးဟောင်းကြီးကို အသံကုန်အော်ပြီး ခင်ညိုကို တယော ထိုးခိုင်းသည်။

ဆိုရင်း ဆိုရင်း ထိခိုက် နာကျင်လာသည့် အခါမျိုးတွင်...

“အညိုရယ်၊ အကိုလည်း မောလှပါပြီ၊ အေးအေးဆေးဆေး ညဉ့်သုံးယံ ထိုးကွာ၊ ပြီးတော့ မင်းပဲ တိုးတိုးဆိုနော်၊ အစ်ကို အိပ်ပြီး နားထောင်မယ်၊ ကဲ လုပ်ကွာ” ဟု ပြောပြောဆိုဆို မြက်ခင်းပေါ်တွင် အိပ်ပြီး နားထောင်တတ်သည်။

“ညဉ့်သုံးယံ” ထိုးပြီး “အို ကြံကာ ပန်းပါဘိ” အပိုဒ် ရောက်သည်နှင့်...

“အဲဒါ အပိုဒ် တစ်ခုတည်းပဲ၊ ထိုးပါ ငါ့ညီရာ၊ သိလား”

သည်လိုညမျိုး ကိုစိုးမောင် ပြန်လျှင် ဒယိမ်းဒယိုင် အာလေးလျှာလေးနှင့် သီချင်းကို အော်ဆိုသည်။

“ရွှေပင်လယ်×××ဆီး×××သည်သို့×××နီးမယ် မထင်တော့×××တယ်” တဲ့လေ။

*

ကိုစိုးမောင် အပူကို ခင်ညိုက ကူနေရသူဆိုတော့၊ အဖြစ်စုံ အကြောင်းစုံကိုလည်း သိသည်ဆိုတော့၊ ခင်ညိုကိုလည်း ညီတစ်ယောက်လို၊ ယုံကြည်ရတဲ့ အပေါင်း အသင်းကောင်း တစ်ယောက်လို တိုင်တည်လေတော့ ခင်ညိုလို အကောင်က ဘာမို့ မခံစားတတ်ဘဲ ရှိပါ့မလဲ။ ဒါကြောင့်လည်း ခင်ညိုက အတွေ့အကြုံနှင့်၊ စာသိနှင့် ဆုံးဖြတ်ထားသည်။ “ငါ့ ရည်ရွယ်ချက်တွေ မအောင်သေးသမျှတော့ နေနှင့်ဦး၊ မိန်းမတွေ” တဲ့။ မေတ္တာကို အောင့်ထားလို့များ ရသည်လို့ ခင်ညို ယူဆထားဟန်ပင်။

ဘယ်သူ အောင့်လို့ ရရ မရရ၊ ခင်ညို ခုထိ အောင့်ထားသေးတာတော့ အမှန် ဖြစ်သည်။ သည်လောက် နီးစပ်ပြီး သည်လောက် အခွင့်အရေးပေးသည့် မနှင်းမြလို မိန်းကလေးမျိုးကိုပင် သူက မူမပျက်တမ်း ဆက်ဆံနိုင်သည်။ သူ့ မေတ္တာကို သူ ထိန်းထားနိုင်သည်။

တကယ်တော့ အချိန်မရမှုဟုပင် ပြောရမည်လား မသိ။ သည်လို စိတ်ကူး မျိုး ထားဖို့လည်း ခင်ညို အချိန်မရှိ။ သူ့ အလုပ် သူ့ ဝါသနာကိုသာ စိတ်ဝင်စားမှု အားကြီးပြီး သည်ကိစ္စတွေကို နောက်ချန်ထားခဲ့နိုင်ခြင်း ဖြစ်သည်။

ခုလည်း ကြည့်လေ၊ သူ့ကို ကြည်ဖြူသူကိုမှ သူက အောင်သွယ်လို ကြားက တံတားခင်းနေမိသည့် အဖြစ်ကို သူ သတိမထားမိဘဲ ရှိသည်။ မနှင်းမြ တနုံးချိချိ ခံစားရအောင် သူကပါ ကူပြီး မီးမြှိုက်နေသလို လုပ်သည်။

သည်အတွက်နှင့်တော့ ခင်ညိုကို အပြစ်ဆိုလို့ မဖြစ်။ ဆိုပါဦးတော့တဲ့ သူက ဖြေမည်လေ။ “ဒါ ကျွန်တော့် အလွန်လားဗျ” လို့။

သည်လိုပင် သွားလား လာလား စကားများပြီး ခင်ညိုတို့ ရန်ကုန် ထွက်ဖြစ်ခဲ့ကြသည်။ “မမနှင်း လိုက်ပို့ပါဦး” ဆိုပြီး ခင်ညိုက တောင်းဆိုလို့ မနှင်းမြက ကိုရဲ စက်ဘီးနောက်က စီးပြီး လိုက်ပို့သည်။ ခင်ညိုက ကိုထင်ကျော် အတွက် ကျောင်းပြန် အလွမ်းပြေဆေးလေး ဖြည့်သည် ဖြစ်သော်လည်း မနှင်းမြ ကတော့ “မောင်တော်ဘုရားလေး ခရီးထွက်မှာမို့ ချစ်နှုတ်ဆက်လေ” တဲ့။

“အနှင်းရယ်၊ နှင့် မောင်ကို ဘယ်မိန်းကလေးမှ မဆွဲထားစေရပါဘူး၊ စိတ်ချပြီး ထည့်လိုက်နော်”

ကိုထင်ကျော်က မနှင်းမြကို နှုတ်ဆက်ရင်း သည်လို အရိုးစစ် ပြောခဲ့ သော်လည်း မနှင်းမြက သူ့ စိတ်နှင့်သူ ရို့သွားသည်။ ဘာပြန်ပြောရမှန်းပင် မသိလိုက်ဘဲ ခဏကြာမှ...

"စိတ်ချပါတယ် ကိုထင်ကျော်ရယ်၊ အညိုက မိန်းမ မယူဘဲ ဘုန်းကြီး လုပ်မဲ့ဟာပဲ’ ဟု ကိုယ်လိုရာ ကိုယ် ဆွဲပြီး ပြောသည်။ ကိုယ်လိုရာ ကိုယ်မပြောလို့ သူတစ်ပါး လိုရာကို ဘာ့ကြောင့်မို့ ပြောနေနိုင်မှာလဲဟု သူက ခုတော့ နားလည်ထားပြီလေ။

“ငါတော့ ဒီကောင့်ကို ဘုန်းကြီး ဖြစ်မယ် မထင်ပါဘူး အနှင်းရယ်”

ကိုထင်ကျော်က ခင်ညို့ကို စေ့စေ့ကြည့်ပြီး မနှင်းမြကို ပြောသည်။ ခင်ညိုကတော့ မလှုပ်။

“ဘာဖြစ်လို့” မနှင်းမြက ပြုံးနွဲ့နွဲ့ အမေး...”

“အလားအလာမှ မရှိဘဲကွယ့်”

“ဒါဖြင့်ရင် မိန်းမရှာ ဖြစ်မှာပေါ့”

“သာ မဖြစ်သေးတယ်”

“ဘာဖြစ်လို့”

“အဲဒါလည်း အလားအလာမှ မရှိဘဲ”

“ဒါဖြင့် လူမိုက် ဖြစ်မှာလား”

“အို... နင့် မောင်က လိမ္မာလိုက်သမှဟယ်”

“သိပါပြီ၊ ဂီတဆရာပါ”

“ဂီတဆရာဆို မိန်းမတွေနဲ့ လုံးနေမှာပေါ့”

“ပန်းချီဆရာ”

“အဲဒါဆို ခုကတည်းက ဒီကောင် မိန်းမ ရနေပြီ”

“ဟင် ကိုထင်ကျော်ဟာကလဲ”

“မဟင်နဲ့လေ၊ အနှင်းက သူ မိန်းမ စိတ်မဝင်စားလို့ ပြောနေတာ မဟုတ်လား”

မနှင်းမြက မလှုပ်။

“ငါနဲ့ ကွာလို့ မေးနေတာ မဟုတ်လား”

မနှင်းမြက ခေါင်းကြီး ငုံ့လို့။ ကိုထင်ကျော်ကလည်း သူ လိုရာဆွဲ လိုက်ရသည်ပဲ။ အညိုကတော့ အကင်းပါးပြီမို့ ခပ်ရို့ရို့သာ ချိုနေသည်။

“သူ ဘာဖြစ်တယ်ဆိုတာ အနှင်း မသိဘူးလား”

“အနှင်းက ဗေဒင်ဆရာမှ မဟုတ်ဘဲ”

မနှင်းမြက သည်တစ်ခါတော့ သုတ်သုတ် သွက်သွက် ဖြေသည်။ ကိုထင်ကျော်နှင့် ခင်ညိုက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးသည်။

“ဒါနဲ့ ခုနကတော့ ဘုန်းကြီး လုပ်မဲ့ဟာဆို”

“အဲဒါက သူ့ မျက်နှာ အောက်သိုးသိုးနဲ့ ဂွကျကျမို့ ပြောတာ”

“အဲဒါကြောင့် ဘုန်းကြီး မဖြစ်ပါဘူးလို့ ငါ ပြောတာပေါ့”

“ဘုန်းကြီးတော့ စိတ်ချ မလုပ်ဘူး မမနှင်းရေ”

ခင်ညိုက သည်တစ်ချီတော့ မငြိမ်နေတော့ပေ။

“ဘယ်လုပ်မလဲ၊ နင်က ကွန်မြူနစ်ဟာပဲ”

“အဲ”

ခင်ညိုက “အဲ” တစ်လုံးတည်း ထွက်ပြီး မျက်လုံး ပြူးသွားသည်။

“မဟုတ်ဘူးလား”

“အဲ”

မြားဦးက ခင်ညို့ဘက် လှည့်လာပြီ။

“ဘာအဲလဲ၊ အလံနီ ပေါက်စက”

“အဲဗျ”

သူတို့ အားလုံး ပြုံးပြီးသား ဖြစ်နေသည်။

“စုံပြီလား မမနှင်းရဲ့”

“ဘာစုံပြီလားလဲ”

“နာမည်တွေလေ၊ အလံဖြူ တို့ ရဲဘော်ဖြူ တို့ ကရင်သူပုန်တို့ မဒညတတို့”

“နင် မဟုတ်ဘူးလား၊ ချစ်ချစ်က ဘုရား ရှိခိုးခိုင်းရင် တီကို ဆားနဲ့ တို့လိုက်သလို တွန့်တွန့်သွားပြီးတော့”

“အဲဒါက စိတ်မှ မပါဘဲ”

“ကဲ”

မနှင်းမြက ကဲတဲ့။

“မကဲနဲ့လေ”

“ဒါကြောင့် ငါ ပြောတာပေါ့”

“စိတ်ပါရင် ကျွန်တော် ရှိခိုးပါတယ်လေ”

“တစ်လ တစ်ခါတောင် နင် ရှိခိုးရဲ့လား”

"အို... တစ်လ တစ်ခါမှ စိတ်မပါဘဲဟာ”

“ကြည့်ပါလား၊ ပြောင်ချော်ချော်နဲ့”

“မပြောင်ပါဘူး၊ စိတ်ပါတော့ ကျွန်တော် ရှိခိုးတာပဲ၊ အခု လာခါနီးတောင် ချစ်ချစ်ကို ရှိခိုးခဲ့သေးတယ်”

“ဒါလည်း နင် ပိုက်ဆံ လိုချင်လို့ မဟုတ်လား”

ခင်ညိုက ရယ်ပြီး “ခက်ပြီ” လို့သာ ပြောနိုင်တော့သည်။

“မဟုတ်ဘူးလား”

“ကျွန်တော်က ဘုန်းကြီးကျောင်းထွက်ပါ မမနှင်းရယ်၊ ပြီးတော့ ဗုဒ္ဓဘာသာပဲဟာ”

“ဘုရားနားက ခွေးပေါ့ကွ” ကိုထင်ကျော်က ခွပ်ပြန်သည်။

“အလဲ့”

ခင်ညိုက အဓိပ္ပာယ်ပါပါ ကိုထင်ကျော်ကို လှမ်းကြည့်ပြီး “အလဲ့” ဟု ဆိုလိုက်။

“နေနှင့်ဦးပေါ့၊ မမနှင်း ရှေ့မှာ မျက်နှာ လုပ်တဲ့ လူ” ဟုလည်း တေး ထားလိုက်သည်။

“ကဲ ဆုံးမှာ မဟုတ်ဘူး၊ ရထားလည်း ထွက်တော့မယ်၊ မမနှင်း ပြန်မယ်၊ ပွဲတွေ ကြည့်ပြီး အိပ်ရေးလည်း အပျက် မခံနဲ့ဦး၊ ရော့ ဟောဒီမှာ ဆေး၊ လဘက်ရည်လည်း တစ်နေ့ ခွက်တစ်ရာသောက်၊ ဟုတ်လား” ဟု သူ့မောင်ကို တဗျစ်ဗျစ် ပြောပြီး ကိုထင်ကျော်ကို နှုတ်ဆက်လျှက် ပြန်သွား၏။

မနှင်းမြ ပြန်မှ ရထားပေါ်တက်ပြီး ခင်ညိုက ကိုထင်ကျော်ကို ဆွလိုက် သေးသည်။

“ဘယ်နဲ့ ကိုကြီးကျော်၊ ဘုရားတော့ ရအောင် မပင့်ဘဲ ခွေးကို ပင့်ပြီး ရန်ကုန် ပြန်မလို့လား” ဟု တဟဲဟဲ ရယ်ပြီး ပြောလိုက်၏။

“မင်းက နာလို့လား ခွေးဝဲစားရဲ့

“မနာပါဘူးဗျာ... ၊ ကိုထင်ကျော် ဘုရားက ခွေးဝဲစား ရန်ကုန် ကြွတာကို လိုက်ပို့လို့ သဘောကျနေမိတာပါ”

ပြောမနိုင်တော့သည်နှင့် ကိုထင်ကျော်က သူ့ ခြေတံရှည်ကြီး ကြွပြီး ထိုင်နေသည့် ခင်ညို့ ခေါင်းကို လှမ်းပုတ်လိုက်သည်။

“ဘုရား ခွေးနော်၊ ကိုကြီးကျော် ငရဲကြီးလိမ့်မယ်”

ကိုထင်ကျော်က ရယ်ပြီး လက်လျှော့ ထိုင်ချလိုက်သည်။ တယ် လျှာရှည်တဲ့ ကောင်ပဲ။ ရှည်တာပေါ့၊ သူ့ကို ပြောတာလည်း ကြည့်ပါဦး။

“ဘုရားနားက ခွေး” တဲ့လေ။


အခန်း ၈

 

ရန်ကုန် ရောက်ရောက်ချင်း ခင်ညိုက ကိုယုကို အလျင်ရှာသည် မခက်လှပါ။ တ-က-သ လက်ဖက်ရည်ဆိုင်တွင် အသင့် တွေ့ရပါသည်။ သူနှင့်အတူ ကိုကျော်ငြိမ်း၊ ကိုဘကောင်းတို့ကိုပါ တွေ့သည်။

“ဆရာယု၊ ကျွန်တော် ကိုဇော်ဝင်းနဲ့လည်း တွေ့ချင်သေးတယ်၊ အစ်ကို အောင် ပေးလိုက်တဲ့စာ တစ်စောင်လည်း သူ့ကို ပေးစရာရှိတယ်”

“အမယ်လေး အကောင်ရယ်၊ မင်း မရှာရပါဘူး၊ နက်ဖြန် ငါနဲ့ ဒီမှာ ချိန်းထားတယ်၊ လာပါလိမ့်မယ်”

ကိုဇော်ဝင်းနှင့် တွေ့ပြီးချိန်တွင်တော့ ကိုယုနှင့် ကိုဇော်ဝင်း အလယ်က လျှောက်၍ အချိန် ဖြုန်းရသည်။ ကိုထင်ကျော် အခန်းသို့ပင် သိပ် ကပ်လှသည် မရှိ၊ တ-က-သတွင်ပင် အချိန်ကုန်သည်။

ပွဲတော် အကြိုရက်များတွင်တော့ ခင်ညို တစ်ယောက် ကိုဗဆွေလေးကို ကူရ ပံ့ရပြန်သည်။ ပိုစတာတွေ ရေးပေးရသည်။

မောင်ခင်ညို ဒီရောက်လာရင် ကောင်းမယ်ကွာ၊ တို့ ရဲဘော် တစ် ယောက် တိုးတာပဲ၊ မင်း လက်ရေးကလည်း အတော် ပိတာပဲကွ”

ကိုတင်ထွန်းကြီးက ခင်ညို စာရေးသည်ကို ကြည့်ပြီး ပြောသည်။

“မင့် အကြောင်းတော့ ကိုယု ပြောထားလို့ တို့တွေ သိထားပါပြီကွာ၊ သူက မင်းကို အတော်လေး သံယောဇဉ် ကြီးတယ်၊ ဒီမှာလည်း ရှိစေချင်တယ်”

“ကျွန်တော်ကလည်း လာချင်တာပေါ့ ကိုတင်ထွန်းရယ်၊ အခြေအနေအရ မြို့က မခွာ ဖြစ်တာပဲ”

“မင်း စာလည်းရေး ဆိုကွ”

“တောင်ခြစ် မြောက်ခြစ်ပါဗျာ၊ ဖတ်လို့တောင် အားမရသေးဘူး”

“မင်း စာလည်း အတော် ဖတ်တယ်လို့ ပြောပါတယ်ကွ၊ မင့် စာအုပ် စင် အကြောင်းတောင် ကိုယုက ဒီမှာ အားကျအောင် ပြောနေသေးတယ်”

“ဟုတ်ပါတယ်၊ ကျွန်တော်က ပြည့်အောင် ကြိုးစားနေတာပဲ၊ ပြည့်တဲ့ အချိန် ကျရင်တော့ ချပြီ”

“အယ်... ပြည့်အောင် စောင့်လို့တော့ မင့် သေသာသွားမယ်၊ ဘယ်တော့မှ မပြည့်ဘူး မောင်ခင်ညို၊ ရှိတဲ့ အဆင့်နဲ့သာ ကြိုးစားပြီး ရေးပေါ့”

“ကျွန်တော်က လုပ်ချင်တာတွေ များနေတယ်ဗျ၊ ဝါသနာလည်း စုံရော၊ ဒါနဲ့ ဘယ်ဟာမှလည်း ဖြစ်ဖြစ်မြောက်မြောက် မထွန်းပေါက်ဘူး”

“တစ်မျိုးတော့ ကောင်းတာပေါ့ကွာ၊ ဒါပေမဲ့ တစ်ခုခုတော့ ထူးချွန်အောင် လုပ်ပေါ့၊ နို့မို့ဖြင့် ဂျက်ပဲ ဖြစ်နေမယ် မာစတား အော့ဖ် နန်း ဆိုတာလို ဖြစ်နေမယ်”

ခင်ညိုက သဘောကျသွားသည်။ အတော်လည်း စိတ်ရှည်တဲ့ လူပဲဟု မှတ်ချက်ချသည်။

“မင်းကို ကိုနန်းဝေနဲ့ ငါ မိတ်ဆက်ပေးဦးမယ်၊ နက်ဖြန် သူ့ ပြပွဲ ရှိတယ်”

“ပန်းချီဆရာ ဦးနန်းဝေကို ပြောတာလား”

“အေးလေ”

“ဟာ... ကျွန်တော်လည်း သိပ်တွေ့ချင်တယ်၊ အတော်ပဲ”

ခင်ညို က ဝမ်းသာအားရ ပြောလိုက်မိသည်။ သူ့အစ်ကိုကြီး ပြန်ပြန်ပြော သော စာပေဗိမာန် ပန်းချီပြပွဲ အကြောင်းများတွင် နန်းဝေ ဆိုသော အမည်သည် အမြဲ ပါသည်။ သူ့ ဆီဆေး အကြောင်းကိုလည်း အမြဲ ကြားဖူးသည်။ အစေ့ အစပ်သာ ခင်ညို မမြင်ဖူးခဲ့။

“နှစ်တိုင်း သည်နေရာမှာ လုပ်လားဗျာ”

ပွဲတော် ပြင်ဆင်နေသော အောင်ကျော် ရင်ပြင် ရောက်သောအခါ ခင်ညို က ကိုယုကို မေးမိသည်။

“မဟုတ်ဘူးကွ၊ ခါတိုင်း ဂျပ်ဆင် မြက်ခင်းမှာ လုပ်တယ်၊ ဒီနှစ်တော့ ပါမောက္ခချုပ်က ခွင့်မပေးတာနဲ့ ဒီမှာ လုပ်ရတာ”

အောင်ကျော် ရင်ပြင်တွင် ပြခန်းများက စုံလှသည်။ လူမျိုးရေးရာ ပြခန်း၊ တ-က-သ အနှစ် ၃၀ သမိုင်းဝင် ပစ္စည်းများ ပြခန်း၊ ခေတ်ကြေးမုံ ကာတွန်းများ ပြခန်း၊ ဆေးပညာ ပြခန်း၊ အင်ဂျင်နီယာ ပြခန်း၊ သံရုံး အသီးသီးမှ ပြခန်းများနှင့် ဦးနန်းဝေ၏ တစ်ကိုယ်တော် ပန်းချီ ပြခန်း။

ဦးနန်းဝေကို တွေ့ချိန်တွင် ပထမ ခင်ညို အံ့အား သင့်သွားသည်။ သူက အင်္ကျီ အဖြူ ဘောင်းဘီရှည် အဖြူ ဝတ်ထားသည်။ တရုတ် ကပြားလိုလို နဖူးပြောင်ပြောင် ပုံစံနှင့် ဆေးပြင်းလိပ်တိုကို အကျအန ခဲပြီး ပြုံးပြုံး စကား ပြောသူ ဖြစ်သည်။

သူနှင့် အတူ ဆေးပြင်းလိပ် ခဲနေသူ လူတစ်ယောက် တွေ့ရသေးသည်၊ သူက ကိုယုကို တွေ့တွေ့ချင်း ထလာပြီး ကိုယု တိုက်ပုံ အင်္ကျီ အိတ်ကို ဆီး ကြည့်သည်။ ပြီးတော့ ငွေနှစ်ကျပ်ကို ထုတ်ယူပြီး “တော်ပါသေးရဲ့” ဟု ဆိုကာ ဦးနန်းဝေကို အားပါးတရ ထောင်ပြလိုက်သည်။

“ခင်ညိုစေ့၊ အဲဒါ သိန်းသန်းထွန်းကွ”

“ဟာ... စာရေးဆရာ သိန်းသန်းထွန်းလား”

ကိုယုက ခေါင်း ညိတ်ပြသည်။

ခင်ညိုက အားရ ကျေနပ်စွာနှင့် လှမ်းကြည့်နေသည်။ ဆေးပြင်းလိပ် ခဲထားသူကလည်း ခင်ညို့ကို ပြုံးပြီး ပြန်ကြည့်သည်။

“မင်း သူ ရေးတာကို ဖတ်လား”

ဦးနန်းဝေက မေးသည်။ ခင်ညိုက

“ဟုတ်ကဲ့”

“ကြိုက်လား”

“ကြိုက်တယ် ဆရာ၊ မပန်ပါနဲ့ ကြွေချင်တယ်ဟာ စကားလေးတွေ ညွတ်နေတာပဲ”

“မင်းလည်း အချွဲသမား ထင်တယ်”

ဦးနန်းဝေက ခင်ညို့ ပုခုံးကို ပုတ်ပြီး ပြောသည်။ “ငါတော့ သူ့ စာဖတ်ပြီး အားငယ်ငယ်လာလို့ ဆုံးအောင်တောင် မဖတ်ဘူး” ဟုလည်း ပြောလိုက် သေးသည်။

"မိုးတစ္ဆေက မာပါတယ် ဆရာရဲ့”

“အေးကွာ... ငါ့ညီ လာမှပဲ ဟန်ကျတော့တယ်၊ ခါတိုင်း သူတို့ နှစ် ယောက် ဆုံရင် ဝိုင်းနှံကြတာနှင့် မလှုပ်သာဘူးကွ”

“အစ်ကို့ကို ခင်လို့ နောက်တာ ဖြစ်မှာပါ၊ အစ်ကို ဝတ္ထုကို ကျွန်တော်တို့ လူငယ်တွေ အားလုံး ကြိုက်ပါတယ်၊ ရှုမဝမှာ ပါကတည်းက စွဲနေကြတာပဲ၊ ပေဖူးလွှာ မဂ္ဂဇင်းမှာ မိုးတစ္ဆေ ပါတုန်းက style တစ်မျိုးမို့လို့ အရသာ တောင် တွေ့သေးတယ်၊ ဒါပေမဲ့ မပန်ပါနဲ့ ကြွေချင်တယ်ကို ပိုကြိုက်တယ်”

“ငါ့ညီက ဖတ်သားပဲ”

“ဒီကောင်က စာရူး၊ ပန်းချီရူး၊ ဂီတရူး၊ နိုင်ငံရေးရူး၊ အကောင်းကို မရှိဘူး”

ကိုယုက တဟားဟား ရယ်ရင်း ပြောပြသည်။ တစ်ခဏချင်းပင် ဦးနန်း ဝေကိုရော ကိုသိန်းသန်းထွန်းကိုပါ ကိုယုက ခင်ညို့ အကြောင်းစုံ ပြောပြပြီး မိတ်ဖွဲ့ပေးလိုက်သည်။

“ကြိုးစားပေါ့ကွာ”

သူတို့ နှစ်ယောက်က သည်လိုသာ အားပေးလိုက်သည်။ ကိုသိန်းသန်း ထွန်းက ရေးလက်စ အချစ်ရူးလေးရဲ့ အချစ်ဦး” စာမူကြမ်းကိုပင် ဦးဦးဖျားဖျား ပြလိုက်သေးသည်။

ပွဲတော်ကို တာဝန်ခံ ခေါ်ခဲ့သူ ကိုထင်ကျော် တစ်ယောက်ကတော့ လက်ဝှေ့ပွဲ၊ ခြင်းပွဲတွေ လည်ကြည့်ပြီး ညညမှ ခင်ညို နှင့် ပြန်ဆုံတော့သည်။ နောက်ရက်များတွင် ခင်ညို ဦးနန်းဝေ၏ ပန်းချီ ပြခန်းတွင်သာ အချိန် ဖြုန်းတော့သည်။ သည်မှာ လူစုံလည်း သူ တွေ့ရသည်။ ကျောင်းသား လောကမှ ကျောင်းသားကြီးများသာမက ပန်းချီလောကမှ ပန်းချီဆရာ များကိုလည်း တွေ့ရသည်။ ခုမှပဲ ကိုထင်ကျော်ကို ကျေးဇူးတင်သည်လေ။ မြို့ပြန်တော့လည်း ပွဲတော်လွန် ဇန်နဝါရီ ၁၁ ရက်နေ့မှသာ ပြန်ဖြစ်တော့သည်။

မြို့သာ ပြန်ခဲ့သော်လည်း သူ့ မျက်လုံး အစုံတွင် ပွဲတော် အရေးအခင်း အဖြစ်အပျက်များက စွဲကျန်ခဲ့သည်။ ပွဲတော်က လူများကိုလည်း ခင်လာခဲ့သည်။ မိတ်ဆွေသစ်များနှင့်လည်း အကြာကြီး နေချင်လာခဲ့သည်။

သည့်ထက်ကတော့ တေးသံတွေပဲ။ ရက်ဆက် အချိန်ဆက် နားမှာ စွဲပြီး၊ ခုထိ ကြားနေတုန်း ရှိသေးသည်။ သံပြိုင် တက်တက်ကြွကြွ အော်ကြ သံတွေ၊ ကျောင်းလုံး ပဲ့တင်ထပ်ခဲ့သံတွေ။

“အနုမြူဗုံး ပိတ်ပစ်ပါ

အနုမြူဗုံး ပိတ်ပစ်ပါ

စစ်ကို မလိုပါ၊ စစ်ကို မလိုပါ

ငြိမ်းချမ်းရေးသာ

ငြိမ်းချမ်းရေးသာ ပေးပါ၊ ပေးကြပါ”

ခင်ညိုက နားမှာ စွဲနေသော အသံကို ညည်းနေမိသည်။

“တို့ ကျောင်းသားတွေ

တို့ ကျောင်းသားတွေ

ကျွန် ပညာရေး စနစ်ကို မလိုလားသည်

သခင် ပညာရေး စနစ်ကိုသာ တို့ လိုလားသည်”

ဆိုတဲ့ အပိုင်းအစတွေကိုလည်း အော်အော်ပြီး ဆိုနေမိသည်။ အခုတလော မနှင်းမြတို့ ကိုရဲတို့ပင် တစ်ပိုင်းတစ်စ အော်နေကြပြီ။

“စစ် ဆိုသည်မှာ အနှုတ် လက္ခဏာ

ငြိမ်းချမ်းရေးသည် ချစ်မြတ်နိုးစရာ” တဲ့။

သည်တော့ ခင်ညို တယောကြိုး ညှိရသည်။ ပြီးတော့ မနှင်းမြ၊ ကိုရဲနှင့် အေးအေးတို့ကို သံပြိုင် သီချင်း တစ်ပုဒ် တက်ပေးသည်။ သူတို့ သုံးယောက် ညီပြီး စီနေတော့ ခင်ညို တစ်ယောက် ပြုံးပြီး တယောကို အသွက် ထိုးဖြစ်သည်။

“အဓိဋ္ဌာန် ဆိုမည် ×× ကျောင်းသူ၊ ကျောင်းသားတွေ ××× ဘယ်တော့မှ အနိုင်မခံ အလံဖြူ မလွှင့်လိုပြီ ×××တပ်ဦးကြီး အောင်လံအောက်မှာ စုဝေးလို့အတည် ××× ညီရင်း အစ်ကိုတစ်တွေ xxx မောင်ရင်း နှမတွေ စုံစုံညီ xxx အပြုံးချင်း ဖလှယ် လက်ချင်း ယှက်လို့ ××× ညီညွတ်ဖို့ အဓိဋ္ဌာန် ပြုမည် ××× အရေးတော်ပုံ အောင်ပါပြီ အရေးတော်ပုံ အောင်ပါပြီ ပန်းတိုင်း ပွင့်ရမည် ××× ကျောင်းတိုင်း ဖွင့်ရမည် xxx”

သီချင်းကလည်း မြိုင်လိုက်တာလေ။

*

ခုတလောတော့ ခင်ညို တစ်ယောက် စာကိုသာ သဲမဲ ဖတ်နေမိသည်။ ကျောင်းကြီး ဘက်ပင် သိပ် မရောက်လှ။ မနှင်းမြ အိမ်ကိုလည်း ညနေတိုင်း မရောက်။ ဗိုက်နာတာလေး အကြောင်းပြပြီး အိပ်ရာမှာသာ ခွေပြီး စာဖတ်နေသည်။ ကျောင်းသားတွေလည်း စာမေးပွဲ နီးပြီမို့ စာကိုသာ အပြင်းအထန် ဖတ်နေကြ ရသည်။

အေးအေးတို့ ကိုရဲတို့လည်း ခုနစ်တန်းတွေ ရှစ်တန်းတွေ ဖြေရတော့မှာမို့ ခင်ညိုက သင်္ချာတွေ တွက်ခိုင်းနေရပြီ။ ခင်ညို ကတော့ ကိုအောင်နိုင် Inter Classလည်း မှန်မှန် မတက်ဖြစ်၍ ကျောင်းစာ အထူး မဖတ်ဖြစ်လှ။ ထွက်သမျှ မဂ္ဂဇင်းနှင့် ကျောင်း စာကြည့်တိုက်မှ စာအုပ်တွေသာ ဖတ်နေရသည်။

မနှင်းမြ စကားနာ ထိုးသည်ကို အပြော မခံလိုသည်နှင့် ဝေးသလိုလည်း ဖြစ်နေမိသည်။ သို့သော်လည်း မနှင်းမြကတော့ မနေရက်ပါ။ ခင်ညို မရောက်လာသော်လည်း သူ ရောက်ဖြစ်ပါသည်။ စကားဝိုင်း ဖွဲ့ဖြစ်ပါသည်။ အေးတို့ ရဲတို့ကိုလည်း စာကူပြဖော်ရပါသည်။

သည်လို ငြိမ်နေစဉ်မှာပင် ကိုတင်ထွန်း (ဗ-က-သ အတွင်းရေးမှူး) ထံမှ အရေးတကြီး အကြောင်းကြားစာများ ရသည်။ ကမောက်ကမ ပညာရေး တိုက်ပွဲများအတွက် အညွှန်းများလည်း ပါသည်။

ခင်ညိုတို့ သွေးဆူရပြန်သည်။ တန်းခွဲ တန်းချ ကိစ္စ၊ နှစ်ခါကျ ကျောင်း ထုတ်ခြင်း ကိစ္စ၊ နောက်ဆက်တွဲ အောင်စာရင်း ကိစ္စများအတွက် ပိုစတာများ အားချင်း ရေးရသည်။ ဖေဖော်ဝါရီ တစ်ရက်နေ့က စာမေးပွဲ ဖြေမည့် ကျောင်း သားတွေပါ စုရုံး ဆန္ဒပြပွဲဖြစ်အောင် စုစည်းလိုက်နိုင်သည်။

ရန်ကုန်မှာလည်း ဆန္ဒပြပွဲများ၊ မန္တလေး ပဲခူး စသည့် နေရာများမှ အော်သံ၊ တောင်းဆိုသံ၊ အစာငတ်ခံ ဆန္ဒပြပွဲများ၊ သတင်းစာ အသီးသီးမှ မြင်ရသော ကမောက်ကမ ပညာရေး အလောင်းကောင် မီးရှို့ပွဲ၊ ရေမျှော်ပွဲ များ စသည့် ပုံစံအမျိုးမျိုးသော တောင်းဆိုပွဲများကို ကြားရ မြင်ရတော့သည်။

သည်အတွင်း ကိုထင်ကျော် စာတွေကလည်း ရင်ခုန်စေရသည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့က အမေရိကန် သံရုံးရှေ့ ဝိုင်းပုံ၊ နယ်ချဲ့ ကိုလိုနီစနစ် အလောင်းကောင် မီးရှို့ပြီး ဆန္ဒပြပုံ၊ ပ-ထ-စ အစိုးရက အကြမ်း ဖက်ပုံ၊ ကျောင်းသားများ သွေးမြေကျရပုံတို့ကို အစေ့အစပ် ရေးလိုက်သည်။ သူပါ ပါဝင်သော ပွဲမို့လည်း သည်တစ်ချီ ခင်ညို့ဆီကို စိတ်ပါဝင်စား ရေး လိုက်ခြင်း ဖြစ်သည်။

ဒါကြောင့်လည်း ခင်ညို လက်သီး တစ်ဆဆ၊ အံ တစ်ကြိတ်ကြိတ်နှင့် စိတ်လှုပ်ရှားရပြန်သည်။

ချစ်ချစ်တို့ကပင် မောင်ထင်ကျော် တစ်ယောက် စာမေးပွဲတွေ ဘာတွေ အနှောက်အယှက် ဖြစ်နေပါဦးမယ်ဟု စာဖတ်ပြီး မှတ်ချက်ချရသည်ထိပင်။

သို့သော်လည်း ကိုထင်ကျော် တစ်ယောက် စာမေးပွဲ အေးအေးလူလူ ဖြေပြီး မြို့ပြန်နိုင်ခဲ့ပါသည်။ ကျောင်းသားသမဂ္ဂ ရှေ့က ဘတ်စ်ကားများနှင့် ခွပ်ဒေါင်း အလံများ လွှင့်ပြီး သွားသည်က အစ၊ အော်ပုံ၊ ပြောပုံ၊ ဆန္ဒပြပုံ၊ ပြေးရပုံ၊ အခန်း ရောက်ပုံထိ အစေ့အစုံ ပြန်ပြောပြနိုင်ခဲ့ပါသည်။

ခင်ညိုနှင့် မနှင်းမြပင် ငေးလို့။

ကိုထင်ကျော် ပြန်ရောက်လာတော့ ခင်ညိုတို့ အစုလေး ပြန်စိုလာ ပြန်သည်။

မနှင်းမြလည်း ပိုပြီး လှုပ်ရှားလာသည်။ ကိုထင်ကျော်က အနှင်း အနှင်းနှင့် တဖြစ်ဖြစ် မြည်နေချိန်တွင် မနှင်းမြက ခင်ညို ကိုသာ မဲပြီး ကြိတ်မနိုင် ခဲမရ ဖြစ်နေရသည်။ ခင်ညိုလည်း မတတ်သာသည်နှင့် သိသိကြီး အပြစ်က အောင် သွယ် တံတား လုပ်နေရသည်။ သူ့ ဘဝ၊ သူ့ ခရီး၊ သူ့ ရှေ့ရေးတွေနှင့် သူ့ ဝါသနာ၊ သူ့ အလုပ်၊ သူ့ မိသားစု အရေးတွေက ရှိနေလေတော့ သူ့တွင် အပူ မရှာလိုသည် မဟုတ်၊ တစ်ပါး တစ်ယောက်ကိုလည်း သူက အပူ မပေးခဲ့ချင်။

တစ်နေ့နေ့...။

အဲဒီတစ်နေ့ ရောက်ရင်တော့ သူ့ စိတ်ကို လျှော့မည်လို့ သူက ဆုံးဖြတ် ချက် အခိုင်အမာချပြီး ခုထိတော့ ခေါင်းမာဆဲ၊ မေတ္တာကို မင်းမူနိုင်ဆဲ၊ သူ့ ကိုယ်သူ ဆုံးမနိုင်ဆဲ ဖြစ်သည်။

စိတ်ကို လျှော့ပြီဆိုသည့် အချိန် သူက သူ့စိတ်ကို အရှုံးပေးပြီ သူ့ မေတ္တာ ခေါင်းမာသားလေးကို လိုက်လျောပြီ ဆိုလျှင်လည်း မနှင်းမြကိုတော့ သူက မစဉ်းစားချင်။ သူ့ အစ်မလိုမို့ အစ်မကို သူ စိတ်မကူးရက်။ မိန်းကလေး တစ်တွေ အပေါ် သူက မှုန်တေတေနှင့် ရင်းနှီးမှု ရိုးသားမှု ပြချင်သော်လည်း မနှင်းမြ အပေါ်မှာတော့ ခလေးလို နွဲ့ဆိုး ဆိုးချင်သေးသည်။ ဒါကို မနှင်းမြ ကလည်း အမှတ် မပေးစေလို။ အသိအမှတ် ပြုရုံလောက် ဆိုလျှင် ခင်ညိုက ကျေနပ်ပြီ။

ခုတော့...။

အခုတော့ ခင်ညို ချိုခဲ့သည့် အမူအရာတွေသည်ပင် မနှင်းမြကို မင်စာ က ပြုစားသလို ဖြစ်နေပြီလားဟု သူက လန့်လာသည်။ ဒါကြောင့်ပင် သူ့ နှင်းမမကို ကိုထင်ကျော် ချင်ခြင်း ဖြစ်နေမူအတွက် သူက မျက်နှာ အောက်ချပြီး ရှေ့က ရပ်နေရခြင်းဖြစ်သည်။

တော်သေးသည်။ မသိ၍ပေလား၊ မသိချင်ယောင် ပြုခြင်းလား ကိုထင် ကျော် လူအေးကြီးကတော့ သူနှင့် မနှင်းမြ အခြေအနေကို စိုးစဉ်းမျှ စုံစမ်းခြင်း၊ စကား တောင်းခြင်း မရှိ။ ရှင်းလို၍ ဝင်မရှုပ်ခြင်းလည်း ဖြစ်နိုင်သည်။ ဘယ်လိုပင် ဖြစ်စေလေ... ။

ခင်ညို ချိုသည်ကို သူ သိပြီး ဖြစ်လျှင် တော်ပေသေးတော့။

ခင်ညို ကျော မှောက်ပြီး တံတား ဆောက်ထားခြင်းကို သူ လျှောက် လာလို့ရလျှင် တော်ပေသေးတော့။

*

နွေ...။

သည်နွေမှာ ခင်ညို အရူး တစ်ယောက် ပျော်သလို ပျော်သွားမိသည်။ သည်လို ပျော်ရသည့် အထဲတွင် သူသာ မဟုတ် ချစ်ချစ်၊ အေးအေး၊ ရဲ၊ မနှင်းမြ၊ ကိုထင်ကျော်တို့အပြင် သူ့မိတ်ဆွေ အားလုံးဖြစ်သည်။

ခင်ညို တက္ကသိုလ် သွားရတော့မည်။

ဆန္ဒ ချင်ခြင်း ပြည့်ရပြီ။

သည်နွေမှာပင် ညောင်လေးပင် မြို့နယ် အသင်းက ပညာချွန် ထောက်ပံ့ ကြေး ဆုများ စတင် ချီးမြှင့်ရန် ဘုတ်အဖွဲ့ခေါ်သည်။ လျှောက်လွှာများ လက်ခံသည်။ ငွေကြေး အခက်အခဲအတွက် မြို့နယ်အသင်း နာယကကြီး ဦးပု-ဒေါ်စော ကြည်တို့က မတည်ငွေ ကျပ်တစ်သိန်း ဘဏ်မှာ ထည့်ပေးသည်။

လူရွေးချယ်မှု မူကိုလည်း သတ်မှတ်ပေးလိုက်သည်။

တက္ကသိုလ် သွားချင်လှသည့် ခင်ညို တစ်ယောက်ကလည်း ဒါမျိုးတော့ လျင်လှသည်။ ဘယ်အချိန်က လျှောက်လွှာ တင်ထားသည်ကို ချစ်ချစ်ပင် မသိလိုက်။ ကိုအောင်နိုင်ကြီးပင် မသိလိုက်။

မနေ့က ဆရာကြီး ဦးသာထွန်း အိမ်ကို လာသည်။ ဆရာကြီးက ဘုတ် အဖွဲ့ဝင် လူကြီးတစ်ဦးဖြစ်ပြီး ညောင်လေးပင် အစည်းအဝေးမှ ရောက်ရောက်ချင်း ခင်ညိုကို သတင်းကောင်းပေးခြင်း ဖြစ်သည်။

“တို့က အမှတ်နဲ့ ရွေးတယ်ကွ၊ မင်းက အောင်တာလည်း နှစ်ဦးနေတယ်၊ ပြီးတော့ Distination လည်း နှစ်ခုပါတယ်၊ အသင်းက လုပ်တဲ့ Easy Competetion တွေမှာလည်း ပထမချည်း ခြောက်ခါလောက် ရထားတော့ သေချာ သလောက် ဖြစ်နေတာပေါ့၊ ပြီးတော့ Fatherless မဟုတ်လား၊ အမှတ်တွေ ပေါင်းကြည့်တော့လည်း မင်း အများဆုံးမို့ မင်းနဲ့ ဒီနှစ် အောင်တဲ့ မြို့နယ်က ကျောင်းသား ငါးယောက်ကို တစ်နှစ် ငွေ ၈ဝဝ ပေးဖို့ ဆုံးဖြတ်လိုက်တယ်” ခင်ညို ပျော်လွန်းလို့ ချက်ချင်း ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်သွားသည်။ မျက်လုံးတွေလည်း ပြာမှိုင်းသွားသည်။ သူ့ မျက်လုံးအစုံတွင် ရုတ်ချည်း မျက်ရည်ပူတွေပင် ဖုံးသွားသည်။ ပျော်လွန်းလို့။

ဆရာကြီး ဦးသာထွန်း နှုတ်ဆက် ဆုံးမပြီး ပြန်သွားချိန်တွင်ပင် ခင်ညို ဘာမှ ပြန်မပြောလိုက်မိ။ ချက်ချင်း‘ရွှေဇာမြိုင်”ကို ပြေးရသည်။ ကိုအောင်နိုင်ကို ပြောပြရသည်။ ကျောင်းကို အလည် ရောက်နေသော တွေ့သည့် ကျောင်းသား များကို ပြောပြရသည်။ ဆရာလှတို့ ဆံပင်ညှပ်တန်းကို ပြေးပြောရသည်။ သူ့အမေနှင့် ဈေးကူရောင်းနေသော မမနှင်းကိုလည်း ပြောလိုက်ရသည်။

မနှင်းမြကလည်း မျက်ရည်များပင် စီးကျလာသည်ထိ။

အမေ့ထံကိုလည်း ကျောင်းပိတ်ရက် မလာဖြစ်ကြောင်း၊ အမေ လာခဲ့ဖို့ အကြောင်းနှင့် ကျောင်းကိစ္စများကို ချုံ့ပြီး အမြန်ရေးလိုက်သေးသည်။

အသင်း နာယက အဖွဲ့ ညောင်လေးပင်မြို့မှ ဆရာ ဦးအုန်းကျော်၊ ညောင် လေးပင် မြို့နယ် တက္ကသိုလ် ကျောင်းသားများ အသင်း အတွင်းရေးမှူး ကိုပြည် ညွန့်တို့နှင့် တွေ့ပြီးချိန်တွင်တော့ ခင်ညို အတော် အားရှိသွားသည်။ ကျောင်း ဖွင့်ချိန် အသင့်ဖြစ်ဖို့သာ လိုသည်။

“မင်း ရန်ကုန် ရောက်ရောက်ချင်း ကိုယုနဲ့တော့ တွေ့ဖို့ လိုတယ်၊ ပြီးတော့ ကျောက်မြောင်းကို သွား၊ ကိုယုကိုလည်း လိုက်ပို့ခိုင်းပေါ့၊ ကျောက်မြောင်း ဈေးရှေ့မှာ နေရှင်နယ် အကယ်ဒမီ အလွတ် ပညာသင်ကျောင်း ဆိုတာ ရှိတယ်၊ အဲဒီက ကိုသန်းညွန့် ဆိုတာကို မေးပြီး ဒီစာကိုပေး၊ ရော့’

ကိုအောင်နိုင်က စာတစ်စောင် ပေးသည်။ ပြီးတော့ အသေအချာ မှာလိုက်သေးသည်။

“မင်းက မင်း စာအုပ်ဖိုးအတွက် ငွေလိုချင်တယ် မဟုတ်လား၊ စာလည်း ပြချင်တယ် မဟုတ်လား၊ အဲဒီ ကျောင်းဟာ ငါ လုပ်ခဲ့တဲ့ ကျောင်းပဲ၊ သူတို့လည်း ဆရာ လိုနေတယ်၊ ငါ့စာ ဖတ်ပြီးရင် မင်းကို ခန့်မှာပဲ၊ ညပိုင်း တစ်နာရီလောက် ပြရင် ဖြစ်တာပဲ”

အဆင်ပြေချင်တော့လည်း ခင်ညိုတို့ နတ်မသလို အားလုံး အဆင်ပြေ လေသည်။

‘ရွှေဇာမြိုင်’ က သူ့ တပည့်လေးတွေကလည်း လုံချည်၊ အင်္ကျီစများနှင့် လာပြီး ကန်တော့ကြသည်။ ဝမ်းသာ ဝမ်းနည်း စကားဆိုကြသည်။ သူ့မှာ အဝတ်အစားချုပ်ဖို့ မလိုလောက်အောင်ပင် အလျှံပယ် များသွားသည်။ တပည့်တွေက လက်အုပ်ချီပြီး ကန်တော့ချိန်တွင်တော့ သူက မနေသာပါ။

“အောင်မယ်လေးကွာ၊ ငါက မင်းတို့ရဲ့ ဆရာကြီး သမားကြီး မဟုတ် ပါဘူး၊ မင်းတို့ကို ကူညီတာပါပဲ၊ ငါ စာမေးပွဲ မအောင်ခင်က အစ်ကို စိုးမောင်တို့ ကိုခင်မောင်အေးတို့က ကူသလို မင်းတို့ကိုလည်း ငါက ကူညီတာပါကွာ၊ ငါလည်း မင်းတို့လို ကျောင်းသားပါပဲ” ခုနစ်တန်း ရှစ်တန်း ကျောင်းသား ငယ်တွေကိုတော့ သည်လိုသာ နှစ်သိမ့်ရသည်။ သူတို့ကလည်း ခင်ညိုနှင့် ညီအစ်ကို၊ မောင်နှမတစ်တွေလို တစ်စုတစ်ပေါင်း နေလာကြသည်မို့ မခွဲချင်ကြ။

သို့သော်လည်း သူတို့က ခင်ညိုကို ပညာတတ်ကြီး ဖြစ်စေချင်ပြန်သည်။ ဘွဲ့တွေ ဒီဂရီတွေ ရစေချင်ပြန်သည်။

အတန်းကြီး သူငယ်ချင်းတွေကတော့ ခင်ညိုကို ဖြစ်မြောက်စေချင်သည်။ “ကိုခင်ညို၊ ခင်ဗျား အစုံ မလုပ်နဲ့ဗျာ၊ ဟိုကျရင် နိုင်ငံရေးထဲ စိတ်ပါပြီး စာလျော့သွားမှာတော့ ကျုပ်တို့ ပူတယ်ဗျ၊ စာကိုတော့ ခင်ဗျားကို စိတ်ချ ပါရဲ့၊ အဲဒါတွေနဲ့ဆို ခင်ဗျား အလကား အချိန်ကုန်မှာ စိုးတယ်”

ကျောင်းဖွင့်ရက် နီးလာလေလေ ခင်ညို အလုပ်များလေလေ ဖြစ်နေသည်။ သူ့ကျောင်းသားတွေ အိမ်စေ့ဝင်ရသည်။ နောက်ပြောင် နှုတ်ဆက်ပြီး စာကြိုးစား ဖို့ မှာရသေးသည်။

ခုတလော အငြိမ်ဆုံး လူကတော့ မနှင်းမြ ဖြစ်သည်။ သူ ခင်ညို့ အတွက် ဝမ်းသာရဆုံး ဖြစ်နေသည်။ ပြီးတော့ မနှင်းမြ ကျိတ်ငိုနေရသည်။ တစ်မြို့တည်း အနီးကပ် နေနေရာမှ ခင်ညို ခွဲသွားတော့မည်။ သည်မှာပင် ခင်ညို သည်လို အရေးတယူ မရှိ၊ လုပ်ချင်ရာ လုပ်နေသေးလျှင်တော့ ဟိုမှာ ဘယ်လို ဖြစ်နေမည်ကို မနှင်းမြ ကြိုပြီး စဉ်းစားထားသည်။ စာသင်သွားသူ ရယ်လို့ အခန်းအောင်းပြီး စာချည်း ဖတ်နေမည့် ခင်ညို မဟုတ်သည်ကို မနှင်းမြ အသိဆုံး။ ပူချင်း ပူရမည်ဆိုလျှင် ခု သူလည်း အပူရဆုံး။

“မမနှင်းက ဝမ်းမသာလို့လားဗျ” မနှင်းမြ ရှေ့မှာ ခင်ညိုက ပွင့်ပွင့်ပဲ မေးသည်။

“အေး... မင်းက သည်လိုပဲ ထင်ထားလို့လား”

“မဟုတ်ဖူးလေ၊ မမနှင်းက ခုတလော အိမ်ဘက်တောင် မလာတော့ဘူး၊ မေမေလည်း ရောက်နေတယ်၊ ချစ်ချစ်ကလဲ တစ်နှင်းတည်း နှင်းနေတာ”

မနှင်းမြက စကား ပြန်မဖွဲ့ပေ။ ခင်ညို ကိုသာ စိမ်းစိမ်း ကြည့်နေသည်၊ ကြည့်သာ ကြည့်နေရသည်၊ သူ ပီပြင်အောင် မမြင်ရပါ။ သူ့ မျက်လုံးက ခင်ညိုကို အချိန်ကြာကြာ ကြည့်နေရလျှင် ငိုမိတော့မည်။ မျက်ရည် ဖြိုင်ဖြိုင် သွန်းရတော့မည်။ အခုပင် အရည်ကြည် အရည်လဲ့နှင့် မျက်ခမ်းတွေ နီနေပေပြီ။

“မင်း အမေနဲ့ ငါ မနက်က တွေ့ပြီးပါပြီ၊ မင်းအတွက် ခြင်ထောင်နဲ့ လုံချည် သုံးထည်လည်း ပေးထားခဲ့တယ်၊ ပြန်တော့ အညို”

မနှင်းမြက စကားကိုပင် ဆုံးအောင် မပြောနိုင်ရှာပါ၊ ခင်ညိုကို အတင်း နှင်ပြီး အိမ်ထဲ ဝင်သွားတော့သည်။

ခင်ညို အခုတော့ စိတ်ထဲ ကျဉ်သွားမိသည်။ မမနှင်းကိုလည်း သနား သွားမိသည်။ သို့သော် ဘာကော တတ်နိုင်ဦးမည်လဲ။

“သူလည်း ၁ဝ တန်း အောင်တာပဲ၊ ငါ ကျောင်း သွားတယ်ဆို သူလည်း လိုက်ချင်မှာပဲ” လို့သာ တွေးပြီး အားနည်း ညှိုးငယ်ခြင်းနှင့်သာ ပြန်ခဲ့ရသည်။

မသွားခင် ညက ခင်ညို မိုးလင်းထိပင် မျက်လုံး ကြောင်နေမိသည်။ ညဉ့်နက်သည်ထိပင် ချစ်ချစ်နှင့် အမေကလည်း တတွတ်တွတ် မှာသေးသည်။ အမေကတော့ ကျန်းမာရေး ဂရုစိုက်ဖို့၊ စာကြိုးစားဖို့ စာရေးဖို့သာ မှာသည်။ ချစ်ချစ်ကတော့ စုံသည်လေ။ ဗိုက်နာ ဆေးစားဖို့၊ လက်ဖက်ရည်တွေ နင်းကန် မသောက်ဖို့၊ နိုင်ငံရေး မလုပ်ဖို့ စုံလို့။ ပြီးတော့ မျက်ရည်လေး စမ်းစမ်းနှင့် ဝင်အိပ်ကြသည်။

အေးအေးနှင့် ကိုရဲ နှစ်ယောက်သာ ပြုံးပြုံးရယ်ရယ်ရှိသည်။ သူတို့ ကလည်း မှာလိုက်သည်က တစ်ပုံကြီး။ ညီနှင့် ညီမကိုလည်း ချစ်ချစ်ကို အိမ်မှာ ကူလုပ်ပေးဖို့ သူက ပြန်မှာရသည်။

အားလုံး အိပ်ကြချိန်တွင်တော့ ခင်ညို တစ်ယောက်တည်း စဉ်းစားနေမိသည်။ မြို့အကြောင်း တွေးတော့လည်း မဆုံး။ ရှေ့ကို တွေးတော့လည်း မဆုံး။ ဘယ့်ကလောက် ရုန်းရဦးမည်လဲ မသိ။

ဪ... ပညာရေးရယ်လေ။

*


အခန်း ၉

 

မနက် အားလုံး နိုးချိန်တွင် အစောဆုံး မမနှင်း ရောက်လာသည်။ ဈေးဝယ်ရင်း သူလည်း ပဲခူးအထိ လိုက်ခဲ့ဦးမည် တဲ့။

ဘူတာရုံတွင် ကိုထင်ကျော်နှင့် ဆုံသည်။ သူ့ ကျောင်းသားတွေလည်း ပြည့်နေသည်။ ဆရာကြီးဦးသူတော်၊ အစ်ကို အောင်နိုင်၊ ကိုစိုးမောင်တို့ တစ်တွေ လည်း ရောက်နှင့်နေသည်။

“ငါ့တပည့် ဆင်ခြင်ပြီးတော့ နေပေါ့၊ မင်းက ဒိုးဒိုးဒေါက်ဒေါက်နဲ့ အင်မတန် စိတ်မြန်တယ်၊ မောင်ထင်ကျော်လည်း ရှိတယ်၊ ဟိုမှာ ခင်မောင်အေး လည်း ရှိတယ်၊ အကြောင်းရှိရင် သူတို့လည်း တိုင်ပင်ပြီး လုပ်ပေါ့၊ လူကများတော့ အပေါင်းအသင်းကိုလည်း ကြည့်ပေါင်းပေါ့ကွာ”

ဆရာကြီးက ဖြည်းဖြည်းချင်း နားဝင်အောင် မှာသည်။

ခင်ညိုက ဘူတာရုံမှာပင် ဆရာကြီးကို လက်အုပ်ချီပြီး ကန်တော့လိုက် သေးသည်။ ဘူတာရုံမှာ အမေနှင့် ချစ်ချစ်က ဘာမျှ မပြောတော့။ သူ့ ကျောင်းသားတွေ ဆရာတွေ သူငယ်ချင်းတွေနှင့်သာ ပြုံးပျော်နေသော ခင်ညို ကို ကြည့်ပြီး ငြိမ်သက်နေကြသည်။

ခင်ညိုတို့ အားလုံး ရထား ပေါ်ရောက်ပြီး ထွက်ခါနီးတွင်မူ ဆံပင် ညှပ်ဆိုင်က ဆရာလှ တစ်ယောက် အပြေး ရောက်လာသည်။ လက်ထဲမှာလည်း တယောအိတ် တစ်ခုနှင့်။

“ခွီး... မှီမှ မှီပါ့မလားလို့ကွာ၊ ပေးပေး... မင်း တယော၊ ငါလည်း ဘာမှ လက်ဆောင် မပေးနိုင်ဘူး ခင်ညို၊ ငါ့ တယောကို မင်းကို လက်ဆောင် ပေးလိုက်မယ်၊ ဒါပေမဲ့ မင်း တယောတော့ ငါ ထိုးဖို့ ပေးခဲ့

ဆရာလှက သူ အမြတ်တနိုး ထားသော သူ့ညီ တစ်ယောက် ဝယ်ပေး သည့် ဂျာမဏီဖြစ် တယောပြားလေးကို ပေးခြင်းဖြစ်သည်။ ခင်ညို့ ရင်မှာ နင့်သွားသည်။ စိတ်ထဲမှာလည်း အတော် ထိခိုက်သွားသည်။

“နေပါ့စေ ဆရာလှရယ်၊ ကျွန်တော့် တယောလည်း ထိုးလို့ ဖြစ်ပါတယ်”

“ပေးစမ်းပါကွာ၊ တက္ကသိုလ် ကျောင်းသားက တယော အစုတ်နဲ့ဆို မလိုက်ပါဘူး၊ ငါတို့ ဆံပင်ညှပ်သမားက အရေးမကြီးပါဘူး”

“ကိုယ့်ဘာသာ စုတ်စုတ်ပေါ့ ဆရာလှရယ်၊ ကျွန်တော် မယူဘူးဗျာ”

ခင်ညို ငိုချင်လာသည်။ ဝမ်းနည်းလာသည်။

“ဟေ့ကောင် ငညို၊ မင်းက ငါ့ စေတနာကို စော်ကားတာလားကွ၊ မင်း ငါ့ကို နားမလည်ဘူးလား”

ဆရာလှက အသံတုန်ပြီး ဆဲဆို အော်ဟစ် ပြောတော့သည်။ ကျောင်းသား တွေရော၊ မိတ်ဆွေတွေရော၊ ဆရာတွေပါ သူတို့ နှစ်ဦးကို ကြည့်ပြီး ကြောင်နေ ကြသည်။

‘ယူလိုက်ပါ တပည့်ရယ်၊ သူက မင်းကို ချစ်လွန်းလို့ အမြတ်တနိုး ပစ္စည်းကို ပေးတာပဲ၊ ပေး... မင်း တယော၊ ရော့ လဲထားလိုက်”

သည်တစ်ချီတော့ ခင်ညို မဟန်နိုင်တော့ပြီ။ ဆရာကြီး ဦးသူတော် လှမ်းပေးသော တယောကို ယူပြီး သူ့ တယောကို လှမ်းပေးကာ ရထားကို မှီထားလိုက်ရသည်။ မျက်နှာကို လက်ဝါးနှင့် အုပ်ထားလိုက်သည်။ ရင်မှာ တင်းကျပ်ပြီး ဆို့တက်လာသည်။

“စိတ်မကောင်း မဖြစ်ပါနဲ့ သားရယ်၊ မင်း မိတ်ဆွေတွေက မင်းကို စေတနာနဲ့ ကောင်းကောင်း သုံးစေချင်လွန်းလို့ ပေးတာပဲဟာ”

အမေက ခုမှ ရထားနား ကပ်ပြီး ဝင်ပြောသည်။ ဘေးက မနှင်းမြကို လည်း...

“အနှင်း၊ ကျကွဲဦးမယ်၊ သူ့ လက်ထဲက တယော ယူပြီး အပေါ် တင်ထားလိုက်ကွယ်” ဟု လှမ်းပြောပြီး...

“ဟဲ့ကောင်ကြီး အညို၊ ယောက်ျားကလည်းကွာ ဒါလောက် ဝမ်းနည်း ရသလားဟ၊ ဒါနဲ့များ ကျောင်းသား ခေါင်းဆောင် လုပ်ဦးမလို့တဲ့၊ ကဲပါ မင်း ဆရာလှကို နှုတ်ဆက်ပါဦး” ဟု ပြောပြောဆိုဆို အမေက ခင်ညို ခေါင်းကို လှမ်းပုတ်သည်။ ခင်ညို ငိုနေပြီလေ။

ရထားကလည်း ဥဩ အချက်ပြနေပေပြီ။ ငြိမ့်ခနဲ ရထား လှုပ်မှ ကိုထင်ကျော်က ရထားပေါ်တက်လာပြီး ခင်ညို မျက်နှာ အုပ်ထားသော လက်ကို ဆွဲခွာသည်။

မျက်ရည်တွေ အပြည့်နှင့်။

သည်မျက်ရည် အပြည့်နှင့်ပင် ခင်ညိုက အားလုံးကို ပြန်ပြုံး ပြုံးပြသည်။ ဘူတာရုံထဲမှ လူ အားလုံးကလည်း လက်ယမ်းပြသည်။

ကြည့်ပါဦး၊ ပြုံးသူမှာ မျက်ရည်စတွေနဲ့။

*

“ဘယ်လိုလဲ သံမဏိ ခဲကြီးရဲ့...”

မြို့လွန်လျှင်ပင် မနှင်းမြက ပြုံးပြီး စသည်။ “ဒီလိုကျတော့လည်း ခင်ညိုက ဝမ်းနည်းတတ်တာကိုးကွ ကိုထင်ကျော်ကလည်း နောက်သည်။

“ဟာဗျာ၊ ကျွန်တော်တော့ စိတ်ကို ရှုပ်သွားတာပဲ၊ မနေ့က ဆံပင် ညှပ်တန်း ရောက်ကတည်းက ကိုဗိုလ်ကေ ပြောသားပဲ၊ ဆရာလှ ပေးမယ် ဆိုတာလည်း ကျွန်တော် သိတယ်၊ ဒါ့ကြောင့် သူ့ဆီတောင် သူ မရှိတဲ့အချိန် ဆိုင်ထဲ ဝင်ပြီး စာလေး ရေးပြီး နှုတ်ဆက်ခဲ့တာဗျ၊ ပြီးတော့ သူ့ တယောကလည်း တကယ် ကောင်းတာ၊ သူကလည်း အဲဒါလေးပဲ သနေတာ၊ ကျွန်တော် ထိုးဖူး ပါတယ်၊ အသံလည်း သိပ်မျှတာပဲ၊ ပြီးတော့ ဘယ်သူ ဝယ်ဝယ် သူ မရောင်းဘူး၊ ငှားတာတောင် လူ ကြည့်ပြီး ငှားတာ”

“သူလည်း အတော် စိတ်မကောင်း ဖြစ်ရှာတာပဲဟယ်၊ နင့်ကို ဒါလောက် ခင်မှန်းတောင် ငါတို့ မသိပါဘူး”

“အိုကွာ ပြောမနေနဲ့တော့၊ သူက စေတနာနဲ့ ပေးတော့လည်း မင်း တယော ကောင်းကောင်း ထိုးရတာပေါ့”

“ကျွန်တော့် တယောကလည်း အဟောင်းကြီး ကိုထင်ကျော်ရဲ့၊ သူ ထိုးဖူး သားပဲ၊ အမြဲ ညည်းပဲ၊ ကျွန်တော့် တယောနဲ့ ဘယ်တော့မှ နှစ်ပုဒ် ပြည့်အောင် မထိုးဘူး”

ခင်ညိုက ရှုံ့မဲ့ပြီး ပြောပြသည်။

“တော်ကွာ ပြောမနေနဲ့တော့၊ မင်း တတ်နိုင်တော့ သူ့ကို တစ်ခု အသစ် ဝယ်ပေးလိုက်ပေါ့”

စကား ပြတ်တော့ မနှင်းမြက စာရေးဖို့ ပြောပါသည်။ “နင် တစ်ပတ် တစ်ခါ စာမရေးရင် အသိပဲ” တဲ့။

“ရေးပါ့မယ် မမနှင်းရယ်၊ အိမ်ကိုလည်း မကြာ မကြာ သွားပါဦး၊ ရဲနဲ့ အေးအေးကိုလည်း ကူပြီး စာလေး ဘာလေး လုပ်ပေးပါဦး”

“နင့် အိမ်တော့ စိတ်သာချပါ၊ ကိုယ့်ကိုယ်ကိုယ်သာ အဆင်ပြေအောင် နေစမ်းပါဦး၊ ကိုထင်ကျော်၊ အညို မဟုတ်တရုတ်တွေ လုပ်ရင် အနှင်းဆီကို လှမ်းပြီး ရေးနော်”

ကိုထင်ကျော်ကြီးက ပြုံးပြီး ခေါင်းညိတ်သည်။ ခုမှ ခင်ညိုလည်း ပြုံးပြီး နောက်နိုင်သည်။ ပဲခူး ရောက်သည်ထိ တတွတ်တွတ် မနှင်းမြချည်း ပြောနေ တော့သည်။

ပဲခူး ဘူတာမှာတော့ မျက်ရည် ဖုံး၍ ပြုံးနေသော စိတ်ညှိုးသူကလေးကို သူတို့ ထားခဲ့ရပြန်သည်။

မတတ်သာပြီလေ။

*

အခန်း မရခင်တော့ ကိုထင်ကျော် အဆောင် ရာမညမှာ ခဏ နေရသေးသည်။ နောက်တော့ ခင်ညို မန္တလေးဆောင်မှာ ရသည်။ အဆောင်မှူး ဒေါက်တာ ခင်မောင်ဝင်း၊ လက်ထောက် အဆောင်မှူး ဦးထွန်းဦးတို့နှင့် တွေ့ပြီး အခန်း ပြောင်းပြီးသည်ထိ ကိုထင်ကျော်ပင် စီစဉ်ပေးသည်။

ကျော်မြင့်လေးလည်း အမရဆောင်မှာ ရှိနေသည်။ မောင်မောင်က တောင်ငူဆောင်၊ ကိုထင်ကျော်က ရာမည၊ ခင်ညိုက မန္တလေး၊ သည် လေးဆောင် မှာ ပြွန်တန်ဆာသားတွေ။ အားရှိစရာ ရောက်နေကြပြီ။

သူတကာ ဖရက်ရှာတွေလိုတော့ ခင်ညို မရွံ့ပေ။ သူက ခုမှ သစ် သော်လည်း တက္ကသိုလ်တော့ သူ နောကျေနေပြီ။ မြို့နယ်အသင်း စာစီစာကုံး ဆုကိုလည်း အကြိမ်ကြိမ် လာယူဖူးပြီ။ ပညာရေး နှီးနှောပွဲတုန်းကလည်း ကမ္ဘာအေးနှင့် ဘွဲ့နှင်းသဘင်ကို အကြိမ်ကြိမ် ကူးခဲ့ပြီးပြီ။ ညီလာခံလည်း ရောက်ခဲ့ပြီ။ ကျောင်းသားပွဲတော်ပင် နောက်ဆုံး ရောက်ပြီးပြီ။ အခုမှ ရောက် သော်လည်း မိတ်ဆွေတွေ ပြည့်လို့၊ အားငယ်စရာ မရှိပြီ။

မန္တလေးဆောင်ကျသည် ဆိုကတည်းက ခင်ညို ပျော်သွားသည်။ ယူနီယံ နှင့် ကပ်နေသည် မဟုတ်လား။ လုပ်စရာတွေ ရှိသေးသည် မဟုတ်လား။ သူ ပေါင်းချင် သင်းချင် သူတွေနှင့် အနီးကပ် ပေါင်းသင်းနိုင်သည် မဟုတ်လား။

ဘာသာတွဲ ကိစ္စ အတွက် လမ်းညွှန် စာအုပ် အကူအညီ၊ သူငယ်ချင်းများ အကူအညီနှင့် ဗွီကွန်ဘိုင်နေရှင်းကို တွဲလိုက်သည်။ အင်္ဂလိပ်စာ၊ မြန်မာစာ အပြင် စိတ်ကြိုက် မြန်မာစာ၊ သမိုင်း၊ ပထဝီ ပါသော ဘာသာတွဲ ဖြစ်သည်။

“မင်း သင်္ချာ မယူဘူးလား”

ကိုယုက ဘာသာတွဲကို တင်ချိန်တွင် မေးသည်။

“ယူလို့ မဖြစ်တော့ဘူး ဆရာယုရဲ့၊ လိုချင်တာကတော့ သင်္ချာရော မြန်မာစာရောပဲ၊ ဒီနှစ်ခုတွဲ ဘာသာတွဲ မရှိဘူး”

အေးလေ... မင်း စိတ်ရှိတိုင်း လုပ်နိုင် ကိုင်နိုင်ပြီဆိုပြီး စာကိုတော့ လက်လွတ်စပယ် မဖြစ်စေနဲ့ပေါ့ကွာ

“မဖြစ်ရပါဘူး ဆရာယုရယ်၊ ကျွန်တော် ကြိုးစားမှာပါ၊ အခု ဗွီ ကွန်ဘိုင်းနေးရှင်း တွဲတာလည်း ကျွန်တော် အင်တာပြုတ်ရင် မြန်မာစာ ဂုဏ်ထူး တန်း တက်ချင်လို့ပါ”

“အေးလေ... Inter B နှစ်မှာတော့ ပိုပြီး အမှတ်များအောင် လုပ်ရမှာပေါ့၊ မင်းက မြန်မာစာ အခံရှိထားတော့ ဖြစ်နိုင်ပါတယ်လေ”

ရည်ရွယ်ချက်နှင့် ဆိုတော့ သူတကာ ဘာသာတွဲ ပြောင်းကြချိန်တွင်ပင် ခင်ညို မပြောင်းတော့။ ကြံထားသည်ကို အကောင်အထည် ဖော်မည်ရယ်လို့ နှစ်ဦးကပင် စတင် ပြင်ဆင်တော့သည်။ တစ်နေ့ စာကို တစ်နေ့ ရှင်းပစ် လိုက်သည်။ တစ်ပတ် စာကို တစ်ပတ် ရှင်းပစ်လိုက်သည်။

ကျောင်းကို ရောက်ပြီး တစ်လ ပြည့်သည်နှင့် တ-က-သ လှုပ်ရှားမှုကို ခင်ညို ဒက်ထိ ရင်ဆိုင်ရသည်။ သည်မှာတွင်ပင် သွေး ပြန်နိုးလာရသည်။ ၃ဝ၊ ၆၊ ၆၁ ၌ သမဂ္ဂ ခန်းမဆောင် စည်းဝေးပွဲ ခန်းမတွင် ခင်ညို တက္ကသိုလ် ကျောင်းသား တစ်ယောက်အဖြစ် ပါဝင်နေမိပြီ ဖြစ်သည်။ ကမောက်ကမ ပညာရေး ဆန္ဒတောင်းပွဲကြီး ဖြစ်၍ မြို့က ပါလာသော အရှိန်က ကြွလာသည်။ ခေါင်းဆောင်များ တင်ပြသော ပြဿနာ ဟူသမျှလည်း စင်စစ်တော့ ကြိုးစား ရကျိုး နပ်လှသည် မဟုတ်။ ပညာရေး ဝန်ကြီးက အရေးတယူ ရှိလှသည် မဟုတ်။ အစိုးရ ပြန်ကြားချက်ကို ကျောင်းသားထုက သဘော မတူကြပြန်။ သြဂုတ်လ ပါလီမန်တွင် သည်အဖြစ်အတွက် ဗ-က-သ က ဦးဆောင် တင်မည် လို့သာ တစ်ခန်းရပ်ခဲ့ရသည်။

သတင်းစာများတွင် ပါသည်ထိ ကြီးကျယ်သော ကိစ္စမျိုး ဖြစ်လာ လျှင်တော့ အိမ်ကို စာရေးဖို့ ခင်ညို ပြင်ထားပြီး ဖြစ်သည်။ အိမ်က စိတ်ပူမှာစိုးသည်။ အဆောင်နှင့် အခန်း သိချိန်ကလည်း မနှင်းမြနှင့် ချစ်ချစ်၊ မေမေတို့ထံ ခင်ညို စာရေးပြီးပြီ။ ခုဆိုလျှင် တစ်ပတ် တစ်ခါ စာရေးရမည်ဆိုသော မမနှင်း ထံသို့ ခင်ညို စာ ခြောက်စောင်ထိ မှန်မှန် ရေးပြီးချေပြီ။ နောက်တော့လည်း စာနှင့်၊ အပေါင်းအသင်းနှင့်၊ အလုပ်နှင့်၊ တစ်ပတ် လေးရက် ညနေ ထွက်ပြ ရသော အလွတ် ပညာသင်ကျောင်း ကိစ္စနှင့် ခင်ညို ဘယ်မှာ စာမှန်မှန် ရေးနိုင် တော့မည်နည်း။

ပေါင်းရ သင်းရသည့် လူတွေတော့ ခင်ညို အားရသည်။ စာကြိုးစား သည့် တွံတေးက စိုးလွင်နှင့် မိတ္ထီလာမှ ချစ်ဆွေကိုတော့ ထိပ်ဆုံးက ထားလိုက်သည်။ သူတို့ နှစ်ယောက်လုံး ခင်ညို ထက်တော့ စောပြီး တက္ကသိုလ် ရောက် ကြသည်။ စိုးလွင်က ခင်ညို့ထက်ပင် ငယ်သေးသည်။

ကိုသိန်းသန်းထွန်းနှင့် ပတ်သက်ပြီး မောင်မြင့်မြတ် (ကဗျာဆရာ)၊ ဆရာဝန် ကိုမြင့်ထွန်းသိန်း (ထွန်းထွန်း-ဆေးသိပ္ပံ)၊ ဦးမြင့်ဦး (မောင်လင်းယုန်- ရှမ်းပြည်)၊ ကိုသန်းတင် (သင်းအောင်) စသည့် စာရေးသူတွေကိုလည်း မိတ်ဆွေ ဖြစ်ရသည်။ ယူနီယံက တစ်ဖွဲ့လုံး၊ ဗ-က-သ က ကိုတင်ထွန်းနှင့် ရဲဘော် တစ်တွေလည်း မိတ်ဆွေ ဖြစ်ရသည်။

ဦးနန်းဝေနှင့် တစ်တွဲတွဲ တွဲမိပြန်တော့လည်း ပန်းချီ ဦးအောင်တို့၊ ဦးသိန်းတို့၊ မောင်ငွေထွန်းတို့၊ ဆရာ ဦးဘကြည်တို့နှင့် ခင်ရမင်ရ ပညာယူရ ပြန်သည်။

ခုတော့ ခင်ညို တစ်ယောက် မျက်စေ့နှင့် နား အားသည်ပင် မရှိတော့။ အလုပ်နှင့်လက် နားသည်ပင် မရှိတော့။

“မောင်ခင်ညိုဆိုတာ မင်းလား

တစ်နေ့တော့ ကျောင်းဆောင်ဌာနမှ ဆရာ ဦးကျော်ရင်ကလည်း ပြုံးပြီးမေးသည်။

“တယောလည်း ထိုးတယ်ဆိုကွ”

သူတို့ ဘယ်က သတင်း ရသည် မသိ။ ခင်ညို့ကို အနုပညာ အသင်းတွင် ကူလုပ်ဖို့ ပြောကြသည်။ ခင်ညို သည်လို အလုပ်မျိုး ဘယ်ငြင်းလိမ့်မည်လဲ။

အနုပညာအသင်း ပန်းချီသင်တန်းကို ဆရာ ဦးဘကြည်က အခမဲ့ လာပြ ပေးသည်။ ခင်ညိုက သင်တန်းကို တစ်ပတ် တစ်ခါ ပြင်ဆင်ပေးရသည်။ သင်တန်းကြေး ငွေများ ကောက်ခံပေးရသည်။ တယော သင်တန်းတွင်တော့ သူက သီချင်းကြီး တက်ဖို့ သင်တန်းသားအဖြစ် တက်သည်။

တတ်လိုသမျှ ရလိုသမျှ သင်နေရ မြင်နေရပြီ ဆိုတော့ မှိုရသည့် ခင်ညို လေ။

ကနေ့မှ မိုးက ဆိုးဆိုးကဲကဲ ရွာသည်။

ခင်ညိုတို့သည် ဆရာ ဦးဘကြည် ဆွဲခိုင်းထားသော သက်ငြိမ် ပစ္စည်း များကို ရေဆေးနှင့် ဆွဲနေကြသည်။ သက်ငြိမ် ပစ္စည်းကလည်း ငှက်ပျောသီး၊ သရက်သီးနှင့် ပန်းအိုးတစ်လုံး ဖြစ်သည်။ ခင်ညို သည် ခေါင်းမဖော်သာအောင် ငှက်ပျောသီးကို အရောင် သွင်းနေမိသည်။ ထိုစဉ်မှာပင် အင်းလျားဆောင်မှ ရဲရဲတောက် မစိန်စိန် ဝင်လာသည်။

“ကိုခင်ညို၊ ရှင့်ကို ကိုယုက အရေးတကြီး ခေါ်ခိုင်းလိုက်တယ်”

ယူနီယံမှာ မိတ်ဆွေဖြစ်သော မစိန်စိန်က အလောတကြီး လာပြောသော ကြောင့် ခင်ညို ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။

“ဟုတ်တယ်၊ အရေးပေါ် အစည်းအဝေးအတွက် ပိုစတာ ရေးဖို့ဆိုလား၊ ချက်ချင်း လာခဲ့ပါတဲ့၊ သူ ယူနီယံအောက်က လက်ဖက်ရည်ဆိုင်မှာ ဦးနန်းဝေနဲ့ စကားပြော နေရစ်တယ်၊ အဲဒါ ကျွန်မတို့ သီရိလာရင်း ကြုံလို့ ဝင်ပြောခိုင်းတာနဲ့”

ခုမှ ခင်ညိုက သတိပြုမိသည်။ မစိန်စိန်နှင့်အတူ ကျောင်းသူ တစ်ဦး ပါလာသည်လေ။ ဦး“ဒါဖြင့် ကျွန်တော် အခုပဲ သွားမယ်၊ ဆရာ ဦးဘကြည်ကို ပြောလိုက် ဦးမယ် ခင်ညိုက ပြောပြောဆိုဆို သင်တန်းခန်းထဲ ဝင်မည်ပြုပြီးမှ သူ့ကို ကြည့်နေသော ဧည့်သည် ကျောင်းသူကို ပြန်ကြည့်လိုက်မိသည်။

ကျွန်မတို့လည်း သွားမယ်၊ သီရိဆောင်မှာ ကိစ္စရှိသေးလို့”

“ဟုတ်ကဲ့ ကျေးဇူးပဲ” မစိန်စိန်ကို နှုတ်ဆက်ပြီး ခင်ညို ယူနီယံ ပြေးခဲ့ ရသည်။ ကိုတင်ထွန်းနှင့် ကိုယု အသင့်စောင့်နေကြ၍ ဆရာ ဦးနန်းဝေ ထံမှ စုတ်ပြားများ ငှားပြီး လိုအပ်သည့် အကူအညီကို ပေးလိုက်ရသည်။ ခင်ညို တစ်ယောက်တည်း ပိုစတာ တစ်ပုံတစ်ခေါင်းကို ခေါင်းမဖော်သာ ရေးနေခြင်းကို သူတို့ နှစ်ယောက်ကလည်း ရေယူလိုက် ဆေးယူလိုက်နှင့် ကူကြပါသည်။

“ဟဲ့ကောင်၊ ဘာတွေ စဉ်းစားနေတာလဲ”

ခင်ညိုက ခေါင်းငုံ့ပြီး တစ်ရွက်ပြီး တစ်ရွက် ပေးသမျှ ရေးနေလေတော့ ကိုတင်ထွန်းက ပြုံးပြီး မေးလိုက်သည်။ မေးလည်း မေးလောက်သည်လေ။ ခင်ညို ခုတင်က စိန်စိန်တို့ မြင်ကွင်းကို ပြန်မြင်မိသည်ကိုး။ ဒါပေမဲ့ ကိုတင်ထွန်း ကိုတော့ ခင်ညို အမှန်အတိုင်း မဖြေမိပေ။

“ကိုတင်ထွန်းနဲ့ ကိုယု ရင်းရင်းနှီးနှီး နေတာမြင်လို့ စဉ်းစားနေတာပါ”

ဟ... ဒါ အဆန်းလားကွ”

“ဆန်းတာပေါ့ ကိုတင်ထွန်းရ၊ အလံနီနဲ့ ဘီ၊စီ၊ပီ မဟုတ်လား”

“အိုကွာ... တို့တစ်တွေ ဦးတည်ချက်ချင်း တူတော့လည်း ဝါဒ မတူပေမဲ့ လက်တွဲလို့ ဖြစ်ပါတယ်၊ မင်းက မကျေနပ်လို့လား”

“ကျေနပ်ပါတယ်ဗျာ၊ တစ်ချို့ ကွဲကြ ခွာကြ စောင်ကြတာတွေ မြင်ဖူးလို့ပါ”

“ကိုတင်ထွန်းက လူတော်ပါ ခင်ညိုရဲ့၊ မင်းလည်း အခုလောက် ပေါင်းမိ တယ်ဆို သိရောပေါ့၊ ဘီ၊စီ၊ပီ ထဲမှာတော့ အတော် ပြေပြစ်တဲ့ လူတစ်ယောက် ပဲကွ၊ လူတိုင်းနဲ့လည်း ပေါင်းလို့ဖြစ်တဲ့ လူပဲ”

“ကျွန်တော်လည်း ကိုတင်ထွန်းကို သဘောကျပါတယ် ဆရာယုရဲ့၊ သူ လုပ်ပုံကိုင်ပုံကလည်း အတော် တာဝန်ကျေပါတယ်”

“ငါကတော့ မင်းကို အလုပ်နဲ့ ဝါဒနဲ့ရယ်တောင် မဟုတ်ဘူး၊ လူကိုပါ သဘောကျတယ်ကွ၊ မင်းဟာ အတော် ချစ်ဖို့ကောင်းတဲ့ သတ္တဝါလေးပဲ”

“ကဲ ခင်ညို၊ ဒီ သုံးလေးရွက်ကို ဆေးအနက် တစ်ရောင်တည်းနဲ့ ရေးပြီး ရင် ကိုနန်းဝေဆီ လိုက်ခဲ့ကွာ၊ တစ်ခုခု စားရအောင်”

ကိုယုက ပြောပြောဆိုဆို ကိုတင်ထွန်းကို ခေါ်ပြီး အောက်ထပ် လက်ဖက်ရည်ဆိုင်သို့ ဆင်းသွားသည်။

ထိုစဉ်တွင် ဦးနန်းဝေမှာ ယူနီယံအောက်ထပ်တွင် လက်ဖက်ရည်ဆိုင် တင်ဒါ ရထား၍ ဖွင့်နေပြီ။ သူ့မိခင် ဒေါ်သန်း အလုပ် ဖြစ်သော်လည်း သူပင် ကွပ်ကဲ အုပ်ချုပ်၍ တာဝန်ယူထားခြင်း ဖြစ်သည်။ လက်ဖက်ရည်သာမက ထမင်း၊ အသုတ်စုံများပါ ရသော စားသောက်ဆိုင် ဖြစ်သည်။ ခင်ညို အဖို့တော့ အကောင်းဆုံးနှင့် အနီးဆုံး လက်ဖက်ရည်ဆိုင်လေ။

သည်လို စာမျိုး၊ သည်လို ကြွေးကြော်သံ ပြင်းပြင်းတွေကို ခါတိုင်း ခင်ညို ရေးရ ဖတ်ရလျှင် စိတ်က အလိုလို တက်ကြွနေသည်။ ကနေ့တော့ ခင်ညို ထိုင်းမှိုင်းနေ၏။ ခဏလေး တဒင်္ဂ မြင်လိုက်ရသော မိန်းကလေးကို သူ့ မျက်စေ့မှာ စွဲနေမိသည်။ ဒါလေးကြောင့်ပင် သူ နုန်းသွားမိသည်။ ကြည့်လေ၊ အကြောင်း မဟုတ်တာကို။

မိန်းမနှင့် စပ်သည့် အချစ်မျိုးကို သူလိုသမျှ ပန်းတိုင်တွေ မကျော်နိုင် မချင်း မျက်နှာလွှဲခဲ့မည်ဟု ကျိတ်ကြံ၊ ဆန္ဒပြင်းခဲ့သော ခင်ညိုကလေး၊ ကနေ့ မိန်းကလေး တစ်ယောက်ကို မျက်စေ့တစ်ချက် လှန်ကြည့်မိရုံမျှဖြင့် မှတ်မိ နေတော့သည်။

စိုးလွင်က ညနေတိုင်း ဝင်းဝင်းကြည် အကြောင်း ပြောပြီး တစ်ဝင်းတည်း “ဝင်း” နေချိန်၊ ချစ်ဆွေက ငြိမ်း အကြောင်း ပြောပြီး တစ်ငြိမ်းတည်း ‘ငြိမ်း’ နေချိန်တွင် ခင်ညိုက နားထောင်သမား သက်သက်။

“မောင်ရင်တို့ဟာက မလွန်လွန်းဘူးလား၊ အချိန်ရှိသမျှ ဒီကိစ္စချည်းပဲ” သည်လိုပင် သူက ရှုတ်ချ ကဲ့ရဲ့ပြီး ပြောသေးသည်။ သူက ပြောစရာလည်း မရှိ၊ ပြောဖို့လည်း မလို။ ညနေဆို ချစ်ဆွေက ရတနာရှေ့ ငြိမ်းကို မြင်ရဖို့ လမ်းသလားနေဆဲ။ စိုးလွင်က ဝင်းဝင်းကြည့် ရှိနေသည့် မာလာဆောင်ရှေ့ လျှောက်နေရဆဲ။ ခင်ညိုက တွေးချင်ရာ တွေးပြီး သူတို့ ပြောသမျှ တအင်းအင်း အင်းလိုက်ကာသာ လျှောက်နေရသည်။ သူ့ကိစ္စ ဘာမှမပါပဲ သူငယ်ချင်းအတွက် သူက အဖော်သက်သက်ပင်။

နေ့ခင်း ကျောင်းချိန်ကျတော့လည်း ချစ်ဆွေက အတန်းကြီးသမားမို့ ဘီလစ်တွေ ဘာတွေယူလို့ မိန်း class တွေမှာ တက်နေရသည်။ စိုးလွင် “ဖီလော်ဆော်ဖီ” ဂုဏ်ထူးတန်း တက်ဖို့ တာစူနေသူ ဖြစ်သည်နှင့် ဂျပ်ဆင်မှာ တက်ရသည်။ ခင်ညိုက ဘီအိုစီ ကောလိပ်မှာ။ ဒါတောင် စိုးလွင် တစ်ကောင် အားချိန် ရအောင်ယူပြီး ဘီအိုစီထိ ဝင်းဝင်းကြည် ရှိရာ လိုက်သည်ကို ခင်ညိုက ပြောလို့ မဆုံး။

“ကိုယ့်လူက တရားလွန်ပဲကိုးကွ၊ class လည်း လစ်ရသေးတယ်၊ ညနေလည်း ထမင်းကို ခွေးပြေး ဝက်ပြေး စားပြီး ကိုယ်ရောင် ပြရသေးတယ်၊ ညကျတော့လည်း စားမြုံ့ပြန်ရသေးတယ်၊ မလွန်ဘူးလားဟ၊ နင့် ဂုဏ်ထူးတန်း တက်ဖို့ လွယ်ပါဦးမလား”

ပြောသာ ပြောပါသည်။ စာတော့ စိုးလွင်က စွဲအောင်လုပ်သည်။ ညဆို အတော်နှင့် အိပ်သူ မဟုတ်။ လူသာ ငယ်သည်၊ ဆေးလိပ်လေး မီးတစ်ဖွာဖွာ နှင့် ရွက်ချင်း အပိုင် ကြည့်သည်။ Double Literature နှင့် Philosophy ယူထားသူမို့ ခေတော့ မခေ။

ခုတော့ စိုးလွင်နှင့် ချစ်ဆွေကို တစ်ပူပူ လူကြီး လုပ်ခဲ့မိသော ခင်ညို တစ်ယောက် တစ်ခါမှလည်း မမြင်ဖူးသော၊ မြင်တော့လည်း ခဏလေးသာ မြင်လိုက်ရသော၊ ဘယ်ကမှန်း ဧည့်သည်မှန်း ကျောင်းသူမှန်းလည်း မသိသော မိန်းကလေးကို မြင်မြင်ချင်း ခေါင်းထဲ သွင်းထားလိုက်မိသည်။ စွဲကို စွဲလို့။

လမ်းသွားလျှင် ကျားလိုက်လာသလို သုတ်ခြေတင် သွားတတ်ပြီး ဆံပင် ဖွားလျားကျနှင့် သူ တစ်ယောက်တည်း ရှိနေသလို ဘယ်မိန်းကလေးကိုမှ အရာ မသွင်းခဲ့သည့် ခင်ညို။ သည် သတ္တဝါကောင်ကို ထူးသည်လို့ မိန်းကလေးချင်း ကပင် လန့်လို့လား လှောင်ချင်လို့လား မသိ၊ လက်တို့ပြီး လက်ညှိုးညွှန် ပြုံးနေ ရယ်နေ လုပ်ခဲ့ရအောင် ထောင့်မကျိုးချင်။ နေချင်သလိုနေ၊ ဝတ်ချင်သလိုဝတ်၊ သွားချင်သလို သွားနေသည့် အကောင်က အခု ခေါင်းဖြီး ဆံသ လှချင်နေမိ ပြန်သည်။ ကဲ။

“အလဲ... ဒီကောင် ဘာစိတ်ပေါက်လာတယ် မသိဘူး၊ ခေါင်းတွေ ဘာတွေ ဖြီးလို့” ကိုလင်းယုန်ကြီးက မနာလိုချင် သလိုလို၊ ထူးသလိုလို ပြောသည်။

“မထူးပါဘူး ခင်ညိုရယ်၊ မင်း ဘယ်လောက်ပြင်ပြင် သူလို ငါလို ပါပဲ” ကိုယုကတော့ ဝါသနာအတိုင်း နောက်ပြီး သူ မပြောသလို လ္ဘက်ရည်သာ ငုံ့သောက်သည်။

“မဟုတ်မှ လွဲရော ဒီကောင်လေး အချစ်တွေ ဘာတွေ တွေ့နေပြီ ထင်တယ်” လူပျိုကြီး ဦးနန်းဝေကတော့ ကိုယ်ချင်းစာဟန် တူသည်။ အဖြောင့် ပင် တွေးပြီး ဒက်ထိ ပြောလိုက်သည်။

“ဟာဗျာ... ဆရာတို့ကလဲ၊ တစ်ခါခါတော့လည်း သန့်သန့်ရှင်းရှင်း နေချင် စိတ် ပေါက်လာတော့ ဒါလောက်တော့ လုပ်မပေါ့ဗျ”

“အေး... အဲဒါကြောင့် ပြောတာပေါ့”

သူတို့တစ်တွေ ရယ်စရာ ဖြစ်လောက်အောင်ပင် ခင်ညို ပြောင်းလဲ လာသည်။ သို့သော်လည်း ရေရှည် မခံပါ၊ စိတ်ရင်းကတော့ မပျောက်ပါ။ ဖြစ်သလို နေသော အလေ့က တည်လျက်၊ မပျောက် ထွက်သွားပါ။ တစ်ခါတည်း မြင်မိပြီး ပျောက်သွားသော၊ ဘာကို စွဲနေမိမှန်းလည်း မသိသော မိန်းကလေးကို ခင်ညို သတိ မပြုနိုင်တော့ပါ။ မန္တလေးဆောင် အမှုဆောင်သစ် ရွေးပွဲ၊ မြို့နယ် အသင်း လှုပ်ရှားမှု ကိစ္စတွေနှင့် လုံးထွေးပြီး ငြိမ်သွားတော့သည်။

တစ်ခါက မနှင်းမြ ပြောသော အသည်းနှလုံးမှ မပါတဲ့ အကောင်လေးကို။

*


အခန်း ၁ဝ

 

အတော်ပြောင်တတ် နောက်တတ်သည့် မိုး။

ခင်ညိုတို့ မြို့က ကိုစိုးမောင်ကြီး အမြဲလုပ်သည်။ လမ်းသွားရင်း ကလေး ငယ်လေးတွေ တွေ့လျှင် နားရွက်ကို လက်ညှိုးနှင့် လှမ်းတောက်သည်။ ကလေးက နာသွားသည့် နားရွက်လေး ပွတ်ပြီး လှည့်ကြည့်လျှင် သူ မလုပ်သလို ခပ်တည် တည် ရပ်နေတတ်သည်။

သည်လိုပဲ၊ မိုးလည်း အခုလေးတွင် တဝုန်းဝုန်း တဒိုင်းဒိုင်း အော်ပြီး တက္ကသိုလ် တစ်ခုလုံး ဖွေးသွားအောင်၊ စိန်ပန်းပွင့်တွေ အလှပျက်ကုန်အောင် သဲသဲမဲမဲ ရွာပြီးကာမှ မိုးပွင့်ကို ရှာမရတော့လောက်အောင် ချက်ချင်း ပျောက် သွားသည်။ နေပင် ရဲရဲကြီး ပူနေလိုက်သေးသည်။ ဘွဲ့နှင်းသဘင် လမ်းမကြီး ဆိုလျှင် ခြောက်ပြီး ပြောင်နေသည်။ အတော်ဆိုးတဲ့ မိုး၊ အခုနက သူ တစ်ဖွဲမှ မဖွဲထားသလိုပင်။

ခင်ညိုကို မိုးက လိမ်လို့ ဘယ်မှာ ရပါမည်လဲ။ ကနေ့ သမဂ္ဂကို မသွားမဖြစ် သွားရမည်မို့ ခင်ညို အင်္ကျီ အဝတ်အစား လဲပြီး တိုက်ပုံ စွပ်လိုက် ကာမှ မိုးက တဝေါဝေါ ရွာချလို့ အခန်းထဲ ပြေးဝင်ပြီး ကွေးနေလိုက်ရသည်။ မိုးသံ ဆူဆူကြီးထဲမှာပင် တေး နှစ်ချိုးလောက် တယော ချွဲလိုက်မိသေးသည်။ အခု တေးဆုံးတော့ မိုးကိုပင် မမြင်လိုက်ရ။ အာဂ မိုးလေ။

ကနေ့ အရှေ့ ဂျာမနီပြည်မှ ပန်းချီ ပါမောက္ခနှင့် ဂီတ ပါမောက္ခတို့ သမဂ္ဂ လ္ဘက်ရည်ဆိုင်ကို အလည် ရောက်မည်လို့ မနက် အစောကြီးကပင် ခင်ညို့ကို ဦးနန်းဝေက ပြောသည်။ နေ့ခင်း သူ လာခဲ့မည်ကိုလည်း ဆရာ

ဦးနန်းဝေကို သူက ပြောထားပြီး ဖြစ်သည်။ သွားမည်လည်း ပြင်ရော မိုးဆင်လို့ အသာငြိမ်နေရပြီး မိုးစဲမှ သူက လက်ဖက်ရည်ဆိုင်ကို ကူးခဲ့ခြင်း ဖြစ်၏။

ယူနီယံထဲ သူ ဝင်ဝင်ချင်း ထူးထူးဆန်းဆန်း မြင်ကွင်းကို မြင်ရသည်။ လှေခါး အတက်နားကနေပြီး အားကစားရုံကို မျက်နှာမူရာ အရှေ့ဘက်ထိ ကော်ဇောနီလိပ်ကြီး ခင်းထားသည်။ စားသောက်ဆိုင် အတွင်းတွင် ကျောင်းသား အချို့ ရှိသော်လည်း အရှေ့ဘက် စင်္ကြံမှာ သီးသန့် ယူထားဟန်တူသည့် စားပွဲခင်း အသစ်များနှင့်၊ ရှေ့အခန်း တံခါးများလည်း ပိတ်ထားသည်။

ခင်ညို ရောက်ရောက်ချင်း ဆရာ ဦးဘကြည်ကို ဦးဆုံး တွေ့ရသည်။ ဧည့်သည်များ မရောက်သေးကြောင်းနှင့် သူတို့ ကြိုနေကြောင်း ပြော၍ ခင်ညိုက ဆိုင်ထဲ ဝင်လိုက်သည်။

ဆိုင်ထဲ ငွေသိမ်းရာ စားပွဲအနီးတွင် ဆရာ ဦးနန်းဝေနှင့် ဗိုလ်လက်ျာ (ရဲဘော်သုံးကျိပ်) တို့ ရယ်ပြုံး ပြောဆိုနေကြသည်။ ခင်ညို့ကို မြင်တော့ ဦးနန်းဝေက လှမ်းခေါ်လိုက်ပြီး...

“မောင်ခင်ညို၊ ခုံတစ်ခု ဆွဲလိုက်စမ်းပါကွာ”

ခင်ညို က ခုံယူပြီး ဦးနန်းဝေ ညွှန်ရာတွင် ချလိုက်သည်။ ဦးနန်းဝေက ခင်ညို့ နောက်က ကပ်ပါလာသူ နဖူးပြောင်ပြောင် အဘိုးကြီး တစ်ဦးကို နေရာ ပေးသည်။

“ငါက နောက်များ ကျနေပြီလားလို့ကွာ” အဘိုးကြီးက ခပ်ဝဲဝဲ စကား ပြောသည်။

“မကျပါဘူး ဆရာရဲ့၊ ဆရာ ဦးစံဝင်းတောင် ခုလေးတင် ရောက်တယ်၊ ဧည့်သည်တွေတော့ ဦးခင်မောင်နဲ့ လာမယ် ထင်တယ်”

“ဆေးပြင်းလိပ်တစ်လိပ် ပေးစမ်းပါကွ”

ဆရာကြီးက လှမ်းတောင်းသည်။

“မောင်ခင်ညို၊ ဟို ပုလင်းထဲက ယူပေးလိုက်စမ်းပါ” ဟု ဆရာ ဦးနန်းဝေက လှမ်းပြော၍ ခင်ညိုက ယူပေးလိုက်သည်။

“မင်းဆီ... ပုံ ရေးနေတယ်ဆိုတာ သူလားကွ”

“ဟုတ်တယ် ဆရာ၊ မောင်ခင်ညို... ဒီဆရာကြီးကို သိလား၊ ဆရာ ဦးငွေကိုင်လေကွာ” ခင်ညို က ပြုံးပြီး ဆရာကြီးကို စိုက်ကြည့်နေမိသည်။

“အေး... ကြိုးစားပေါ့ကွ၊ မင်း ဆီဆေးပါ ရေးနေတယ်လို့ မောင်နန်းဝေ ပြောတယ်၊ အားရင် ငါ့ စတူဒီယိုလည်း လာခဲ့ပေါ့၊ မောင်နန်းဝေနဲ့ လိုက်ခဲ့ကွ၊ ကြားလား”

“ဟုတ်ကဲ့ ဆရာကြီး ခင်ညို က ဆရာ ဦးငွေကိုင်ကို ရိုသေစွာ ဦးညွှတ် ပြီး ပြောလိုက်သည်။ အတော် သဘောကောင်းတာပဲ။

“မင်း ယူနီဗာစတီကလား” ဗိုလ်လက်ျာက မေးလိုက်သေးသည်။ ဗိုလ် လက်ျာကိုတော့ ခင်ညိုက မြင်ဖူးပြီမို့ သိထားသည်။ ရဲဘော် သုံးကျိပ်ဝင်၊ တော်လှန်ရေးသမား၊ ဝါသနာ ပန်းချီဆရာကြီး အဖြစ်လည်း သိသည်။

“ဟုတ်ကဲ့၊ ကျွန်တော် ဒီနှစ်မှာ ရောက်တာပါ”

“သူကတော့ ကျွန်တော့်ထက်တောင် စုံသေးတယ်၊ တယောလည်း ထိုး၊ စာလည်း ရေးပဲ”

“အေး... ဒါမှ Artist ကွ”

ဦးနန်းဝေက ဝင်ပြော၍ ဗိုလ်လက်ျာက ပြုံးပြီး ပြန်ပြောသည်။ ခင်ညို ကိုလည်း စူးစူးစိုက်စိုက် ကြည့်နေလိုက်သည်။

ထိုအချိန်မှာပင် အရှေ့ဘက် စင်္ကြံမှ ဆရာ ဦးစံဝင်း၊ ပန်းချီ Mတင်အေး နှင့် ဦးလှရှိန် (I.C.S ရှမ်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီး) တို့ ဝင်လာ၍ စကား ပြတ်သွားပြီး၊ ခင်ညို က ထောင့် တစ်ထောင့်တွင် သွားထိုင်နေသည်။ လူကြီးများ စကားပြောပြီး ခဏအကြာတွင်ပင် ဦးခင်မောင် (ပြည်ထောင်စု ယဉ်ကျေးမှ ဌာန) နှင့် ဧည့်သည်တော်များ ရောက်လာသည်။ သူတို့ အားလုံး အရှေ့ဘက် ပြင်ထားရာ စင်္ကြံသို့ ထွက်သွားကြသည်ထိ ခင်ညိုက မျက်တောင်မခတ် ကြည့်နေသည်။ အားလုံး အနုပညာသမားချည်းမို့ ခင်ညို က စိတ်ဝင်တစား ငေးမောနေမိသည်။ ဧည့်သည်များမှာ ဘောင်းဘီ၊ ကုတ်အင်္ကျီနှင့် ဖြစ်ကြပြီး မြန်မာ ပန်းချီဆရာများမှာ တိုက်ပုံ ခေါင်းပေါင်းတို့နှင့် ဖြစ်သည်။ ဦးလှရှိန်နှင့် ဦးနန်းဝေ နှစ်ယောက်ကတော့ ဗမာထဲတွင် ထူးထူးခြားခြား အင်္ဂလိပ် ဝတ်စုံ ဝတ်ထားသည်ကို ခင်ညိုက သတိပြုမိသည်။ သူ့ဆရာက ကနေ့မှ အင်္ကျီ အနက် ဘောင်းဘီ အနက်နှင့် ဖကူးနား ဝတ်စုံ ဝတ်ထား၍ ပြုံးပြီးပင် ကြည့်ပြီး ပီတိ ဖြစ်နေလိုက်သည်။

“ဘာများ သဘောကျ နေတာလဲ” သူနှင့် ကပ်နေသည့် ကုလားထိုင်တွင် မစိန်စိန် ဝင်ထိုင်သည်ကို ခင်ညို မသိလိုက်။

“ဪ... မစိန်စိန်၊ မဟုတ်ပါဘူးဗျာ၊ ဆရာဦးနန်းဝေ အနက်တွေ ဝတ်ထားတာ မြင်လို့ပါ”

ခင်ညိုက ပြုံးနှုတ်ဆက်ပြီး ချက်ချင်း မစိန်စိန် နောက်က ရပ်နေသူကို မော့ကြည့်လိုက်မိသည်။

သူလေ၊ သူ မြင်ဖူးသော သူပင် ဖြစ်ပေသည်။ ခင်ညိုက မြင်ဖူးသူ ကိုပင် အထူးအဆန်းလို မော့ကြည့်နေလိုက်သည်။ ပြီးမှ ပြုံးဖြစ်အောင် ပြုံး လိုက်ပြီး...

“ထိုင်ဗျာ” ဟု ပြတ်တောင်းတောင်း ဆိုလိုက်မိသည်။ ဘယ်က လာတာလဲ မစိန်စိန်

“ဪ... ကျွန်မတို့ မြို့ထဲ ထွက်မလို့၊ သည်ရှေ့ ရောက်တော့ ထူးထူး ဆန်းဆန်း ကောဇော အနီကြီး ခင်းထားတာ မြင်တာနဲ့ ဘာလဲလို့ ဝင်ကြည့်တာ၊ ပထမ အပေါ်ကို တက်ကြည့်မလို့၊ ရှင် တစ်ယောက်တည်း ထိုင်ပြီး ပြုံး နေတာ မြင်လို့ ဝင်လာတာပဲ”

ခင်ညိုက သူ သိသမျှ ပြောပြလိုက်သည်။

“ကျွန်မတို့တော့ မသိပါလား”

"ဟုတ်တယ်၊ ဘယ်သူ့ကိုမှ မဖိတ်ဘူးလေ၊ ယဉ်ကျေးမှု ဌာနက ဒီကို တမင် ခေါ်လာတာနဲ့ တူတယ်၊ ဒီမှာ ဆရာ ဦးနန်းဝေ ပန်းချီကားတွေလည်း ရှိတယ် မဟုတ်လား” ဟု ဦးနန်းဝေ ပန်းချီကားများကို လှမ်းပြလိုက်သည်။

“‌ဪ”

မစိန်စိန်က ဩော်ဟုသာ ပြောလိုက်သော်လည်း သူနှင့် ပါလာသူ အမျိုး သမီးငယ်က ခင်ညို ပြလိုက်သော ဆိုင်တွင်းမှ ပန်းချီ ကားချပ်များကို စိတ်ဝင် စားစွာ ကြည့်နေလေသည်။

“အတော်ပဲ ကိုခင်ညို ၊ သူကလည်း ပန်းချီ ဝါသနာပါတယ်၊ ရှင်နဲ့ မိတ်ဆက် ပေးရဦးမယ်” အခုမှ မိန်းကလေးက ခင်ညို ကို ပြုံးပြီး ခေါင်းညိတ် ပြလိုက်သည်။

“သူက သီရိက ရှင်တို့ classကပဲ၊ GG Combination ယူတယ်၊ ဖြူဖြူ တဲ့၊ နာမည်ရင်းကတော့ ဝင်းစံဖြူ၊ ဖြူဖြူ... သူက ဟိုနေ့က ကိုယ်တို့ လိုက် ရှာတဲ့ ကိုခင်ညိုလေ ”

ခင်ညို့ ရင်မှ နွေးသွားသည်။ နှုတ်ခမ်းလေး စိပြီး သူ့ကို ပြုံးကြည့်နေ သော ဖြူဖြူကို ကြည့်ရင်း ခင်ညို က ခေါင်းငုံ့ချလိုက်သည်။ ယောက်ျားကြီးက

‘ဝင်းစံဖြူ’ သူက နာမည်ကို ဆိုကြည့်သည်။

“ဟုတ်တယ်၊ ဒါပေမဲ့ ကျွန်မတို့တော့ ငယ်ငယ်ကတည်းက ဖြူဖြူပဲ ခေါ်တယ်”

“ရခိုင်လား”

ဘယ်ကလာ မစိန်စိန်က ခေါင်းကို စောင်းပြီး ပြုံးဖြေသည်။

“ရခိုင် နာမည်လိုပဲနော်” ခင်ညို က အတော်လေး နှုတ်သွက်နေသည်။

“ရှင်ကသာ ရခိုင်သွေးပါတာ၊ မိဖြူက ဗမာ အစစ်ရှင့်၊ နော်ကွယ်” မစိန်စိန်က ခင်ညို့ကို ပြောရင်း ဖြူဖြူကိုပါ တိုင်တည်လိုက်သည်။

“မွန် သွေးတော့ နည်းနည်း ပါပါတယ်၊ ဖြူဖြူ အမေဘက်က အဘွားက မွန်ပဲ၊ အခုထိ မုဒုံဘက်မှာ နေတယ်”

“ဝင်းစံဖြူ ဆိုတဲ့ နာမည်က လှသားပဲဗျ ခင်ညို က မစိန်စိန်ကို ကြည့်ပြီး ခေါင်းတညိတ်ညိတ်နှင့် ပြောလိုက်သည်။

“အံမယ်... ရှင်တို့ ရခိုင် နာမည်နဲ့ တူလို့လား မစိန်စိန်က မဲ့ပြုံးပြုံးပြီး ခနဲ့လိုက်သည်။

“ဟုတ်ပါတယ်၊ ဖြူဖြူ အဖေက ဒီလို ရခိုင် နာမည်ကိုပဲ သဘောကျပြီး ပေးတာပါ” ဖြူဖြူက ရဲရဲပင် ခင်ညိုကို ကြည့်ပြီး ဆည်းလည်းသံသာနှင့် ပြောလိုက်သည်။

“ရခိုင်ရယ်၊ ဗမာရယ် မဟုတ်ပါဘူး မစိန်စိန်ရယ်၊ ကျွန်တော်လည်း အဖေသာ ရခိုင်ပါ၊ အမေက ဗမာ အစစ်ပါပဲ၊ နာမည်ကို ရယ်ဂျီစတာ လုပ်ထားတာမှ မဟုတ်ဘဲဗျ”

သူတို့တစ်တွေ ပြုံးရယ် ပြောဆိုနိုင်သော စကားဝိုင်းလေး ဖြစ်လာ ခဲ့သည်။ ခင်ညိုက မစိန်စိန်ကို လက်ဖက်ရည်ပင် မှာပြီး တိုက်လို့ “ဖြူဖြူတော့ အအေးပဲ သောက်မယ်” ဆိုသည်နှင့် လိမ္မော်ရည်လည်း သွက်သွက်လက်လက် ကိုယ်တိုင် ထယူပေးလိုက်သေးသည်။

“ဟိုပုံဟာ နွဲ့နွဲ့စန်း ပုံလား ကိုခင်ညို” သောက်နေကြစဉ်မှာပင် ဖြူဖြူက ယူနီယံ အရှေ့ဘက်ခြမ်းမှ ပန်းချီကား တစ်ချပ်ကို ပြရင်း မေးသည်။ ပုံမှာ အငြိမ့် မင်းသမီး နွဲ့နွဲ့စန်း ယိုးဒယား ကန်တော့ခန်း ပြီးချိန် ပန်ချီကား ဖြစ်လေသည်။

“ဟုတ်ပါတယ်” ခင်ညို ကလည်း ပုံကို ကြည့်ရင်းပင် ဖြေသည်။ မစိန်စိန် ကလည်း ကြည့်လျက်...

“တူတယ်နော်၊ ဓာတ်ပုံကို ကြည့်ဆွဲတာလား”

“ဟုတ်ပါတယ်၊ စက်မှု တက္ကသိုလ် ဖွင့်ပွဲတုန်းက ရိုက်ထားတဲ့ ပုံလို့ ဆရာ ဦးနန်းဝေ ပြောတာပဲ”

“ကျွန်မတော့ အမြဲ ရောက်နေသားပဲ၊ နွဲ့နွဲ့စန်းမှန်းတောင် မသိဘူး၊ ဖြူ သိသားပဲ”

“ဖြူဖြူက ထင်လို့ မေးကြည့်တာပါ၊ အရင် နှစ်ခေါက်လောက် ရောက်ပြီး ပြီ၊ ဘယ်သူ့ မေးရမှန်း မသိလို့၊ အခု ကိုခင်ညို ပြောမှ သိတာပါ”

“ကျွန်တော်က ဆရာ ဦးနန်းဝေ ဆီမှာ ဆီဆေး သင်နေတယ်ဗျ၊ ဒါကြောင့် ဆရာ ပြောပြောနေလို့”

“ကားနာမည်ကော ပေးထားသေးလား ဟင်” သည် မိန်းကလေးက သည်မျှဆိုလျှင် မဆိုးတော့၊ ပန်းချီကားကို ပန်းချီဆရာတွေ အမည် မှည့်တတ် ကြတာကိုပင် သူက မေးနေပေပြီ။

“ပေးထားပါတယ်၊ အရှင်လတ်လတ်တဲ့ဗျ၊ ဆရာဦးနန်းဝေ ပြောပြော နေတာကတော့ Nwe Nwe San Alife လို့ ဆိုတာပဲ”

“ဪ... ဪ”

ဖြူဖြူက အမည်ကို သဘောကျသွားသည်။

“ဟိုဘုရားက ပုဂံက ကန်တော့ပလ္လင် ဘုရား မဟုတ်လား”

ဖြူဖြူက ငွေသိမ်းစားပွဲ နောက်ဘက် ခင်ညို့ ရှေ့တည့်တည့်က ပုံကို နောက်ပြန် ကြည့်ရင်း မေးသည်။ ခင်ညိုက ဖြေမည်ပြုစဉ် ဧည့်သည်များ အရှေ့ဘက် အပေါက်မှ ဝင်လာကြလေသည်။ ပန်းချီ ပါမောက္ခက စကားပြန်မှ တစ်ဆင့် ပန်းချီကားများကို ဝင်ဝင်ချင်း တမေးမေး ရှိသည်။ စကားပြန်က အင်္ဂလိပ်လို ပြန်ပြောသည်။ ဆရာ ဦးနန်းဝေက ခင်ညိုတို့ကို တစ်ချက် လှည့်ကြည့် ပြုံးပြပြီး ဧည့်သည်များနှင့် စကားပြောနေသည်။

“မဖြူဖြူ၊ အေးအေးဆေးဆေး တစ်နေ့လောက် မစိန်စိန်နဲ့ လာခဲ့ပါလား၊ ဆရာနန်းလည်း ကျွန်တော် မိတ်ဆက် ပေးမယ်လေ၊ ကျွန်တော်လည်း သည်မှာ အမြဲ ရှိတာပဲ”

“ဟုတ်တယ် ဖြူဖြူ၊ ကိုယ်တို့လည်း သွားစရာ ရှိသေးတာပဲ၊ ခင်ညို ကိုတော့ ဖမ်းလို့ လွယ်ပါတယ်ကွယ်၊ သူက ထမင်းမှ စားရဲ့လား မသိဘူး၊ စိန်စိန်တော့ သူ လက်ဖက်ရည် သောက်နေတာပဲ အမြဲ တွေ့တယ်”

မဝင်းစံဖြူက သူ့ပြုံးရိုး၊ ခင်ညိုကို မမေ့စေနိုင်လောက်သည့် အပြုံးနွဲ့ လေး ပြုံးပြပြီး...

“ဆရာ ဦးနန်းဝေကကော သည်မှာ အမြဲ ရှိလို့လား” ဟု မေး၏။ သူကတော့ သူ သိချင်သမျှ ချန်မထားသည့် မိန်းကလေးလေ။

“ဒါ အဲဒီ ဆရာ့ ဆိုင်ကွယ့်၊ သူကလည်း စိန်စိန်တို့ ရဲဘော်ကြီးပဲ၊ လာပါ၊ လမ်းမှာ စိန်စိန် ပြောပြပါ့မယ်၊ သွားမယ် ကိုခင်ညို ၊ မိုးမိနေဦးမယ်”

“သွားဦးမယ် ကိုခင်ညို၊ ဖြူ၊ အေးအေးဆေးဆေး လာပါဦးမယ်”

သူတို့တွေ နှုတ်ဆက် ပြန်သွားမှပင် ခင်ညို ထိုင်ခုံမှ ထပြီး ဆရာ ဦးနန်းဝေ အနား ကပ်လာနိုင်သည်။ ခင်ညို က ပြုံးဖြဲဖြဲနှင့်။ ဆရာ ဦးငွေကိုင်က ဆေးပြင်းလိပ် ခဲရင်း ခင်ရဲ့ ပခုံးကို လှမ်းဖက်ပြီး ဧည့်သည်များ နောက် လိုက်နေသောကြောင့် ခင်ညိုပါ လူအုပ်များနှင့် ကပ်ပြီး သူ ပြုံးနေမိခြင်းကိုပဲ စဉ်းစားလို့ လိုက်နေမိသည်။

ဝင်းစံဖြူတဲ့။

ညက ခင်ညို အိပ်လို့ ပျော်နိုင်သည် မဟုတ်၊ သည်မျက်နှာကိုသာ မြင်ယောင်နေမိသည်။ ဥဩတေးကို ကြားယောင်နေမိသည်။

တော်တော်လည်း တော်တဲ့ သူ့ အဖေပဲ၊ သူ့ သမီးနှင့် လိုက်ဖက်တဲ့ နာမည်ကိုမှ ရွေးပေးတယ်။ ကြည့်ပါဦး၊ “ဝင်းစံဖြူ” တဲ့။

သူ့အသားက ဖွေးပြီး နုနေတယ်။ ဖြူပြာလဲ့ဆိုတဲ့ အသားမျိုးပဲ။ ဖြူရုံ မဟုတ်သေးပါဘူး၊ ညက်နေသေးတယ်။ Complexion ကောင်းတယ်ဆိုတာ ဒါမျိုးကို ပြောတာ ထင်တယ်။

ချစ်စရာ အကောင်းဆုံးနှင့် ခင်သို့ ရင်ကို ခုန်အောင်၊ စိတ်ကို မတည်ငြိမ် အောင် ညှို့နိုင်တာကတော့ သူ့ မျက်လုံးလေးတွေပေါ့။ ဒါတောင်လေ ဖြူဖြူက ဒီဂရီ မျက်မှန်နှင့် မျက်လုံးကို ခြားထား၊ ကာထားသေးလို့။ အဲ့ဒါကြောင့်ပဲ ခင်ညို ဒီလောက်ထိ သက်သာသေးတာလား၊ ဒါမှမဟုတ်လည်း မျက်မှန် မပါဘဲ သူ့ မျက်စိသူငယ်အိမ်လေးကို မြင်မိရင် ရင်ခုန်တာ ရပ်ပြီး အသက်ရှူများ မှားလေ မလား။

မဟုတ် ဒါဖြင့် သူ လှလို့လားလေ။ လှတယ်လို့တော့ ခင်ညိုက တရားလက်လွတ် မပြောချင်။ ကိုချစ်ဆွေရဲ့ “ငြိမ်း”ဟာ ငြိမ်ပြီး လှတာ ချောတာကို ကိုချစ်ဆွေတွင် မက ခင်ညိုပါ လက်ခံနိုင်သည်ပဲ။ “အဲ့ဒီ မိန်းကလေးမျိုးမှ လှတာဗျ” လို့ ဝင်းဝင်းကြည်ကို အရိုးစွဲအောင် ချစ်တဲ့သူက ပြောနိုင်သေးသည်။

ငြိမ်းလိုပဲ ယဉ်ချော၊ ခံ့ချော၊ သန့်ချော၊ နုချော၊ နွဲ့ချော၊ ညိုချောတွေ တက္ကသိုလ်မှာ ပုံလို့ပါ။ မောင်မယ်သစ်လွင်နေ့က အလှဟာ ကိုသိန်းထွန်းကြီး လက်ဖျားခါနေအောင် လှတယ် ဆိုတာလေးတွေလည်း ခင်ညို ကို ပြလို့ တွေ့ဖူး ခဲ့ပြီပဲ။ ခင်ညိုတို့က မထီပေါင်။

ဝင်းစံဖြူဟာ အလှကြီး ထဲကလားလို့၊ အလှကြီး မပြောနှင့် အလှလေးလို့ တောင် အလှ ကြည့်တတ်သည့် မောင်မောင်တို့လို တင်မြင့်မောင်တို့လို မျက်လုံး မှတ်ကျောက်တွေက ပြောလိမ့်မည် မဟုတ်။ ကဲ ဒီလောက်ပဲ။ ဒါကိုများ ဖြစ်နေလိုက်တာ။

သူ့ကိုယ်သူ အလုပ်နှင့်သာ ပျော်မွေ့လို့၊ သူ အနုပညာနှင့် စာနှင့်သာ ကြီးပြင်းလိုသူရယ်လို့ အထင်ကြီး တစ်ခွဲသား၊ တစ်ပြားသားမှ မလျှော့။ သူက သူတကာ နှစ်ခါ ပြန်လှည့်ကြည့်မည့်သူ မဟုတ်ဘူးဆိုသည့် လှဂုဏ်ငယ်သူကို စွဲနေသည်တဲ့။ ကြည့်ပါဦး၊ သဲနေလိုက်တာ၊ အိပ်ရာမှာ လူးလို့။

“ကိုခင်ညို၊ ခင်ဗျား ဘယ်လို ဖြစ်နေတာလဲဗျ၊ အခန်း အောင်းလှ ချည့်လား”

တစ်ခန်းလုံး သူ တစ်ယောက်တည်း အမြဲနေရသော သူ့အခန်းဖော် ကိုဝင်းမောင်ကြီးကပင် မေးယူနေရပြီ။ ခါတိုင်းဆိုလျင် ခင်ညိုက တီ ဆားလူး ဟိုကူး သည်ကူး ပြေးနေသူ။ သူငယ်ချင်းထဲမတော့ ဒီသတ္တဝါဟာ ဒက် ဟမ်းမားရှိုးထက်တောင် အလုပ်များတဲ့ ကောင်ဟု ချစ်ဆွေတို့ ခင်ဆွေတို့က ပြောယူ ရသူ။ ခုတော့ ငြိမ်နေပြီ။

ဟိုအသင်းက ပိုစတာ ရေးပေးပါဦးဆိုလည်း ခင်ညိုပဲ ပြေးရ။ သည် အဆောင်က အခမ်းအနား တစ်ခုအတွက် နဖူးစည်း ရေးပေးပါဆိုလည်း ခင်ညိုပဲ ပြေးရ။ ကိုယ့်အဆောင် ကိစ္စဆိုလည်း အိမ်ကိစ္စလို ခင်ညိုက မမောတမ်း မပန်းတမ်း လုပ်ပြီး သူ့အခန်းကိုတော့ ထွက်ချည် ဝင်ချည်သာ အချိန်ကုန်သည်။ အခန်းကို ပြန်ရောက်တိုင်း ကိုဝင်းမောင်ကတော့ ခြင်ထောင်ချပြီး တခေါခေါနှင့် သိုးနေအောင် အိပ်သည်။ တော်ရုံ class မျိုးတော့ ဝင်းမောင်တို့က class လို့ပင် မထင်။ ရေမိုး သန့်စင်ချိုး၊ အဝတ်အစား လဲပြီး မကြောင့်မကျ အိပ်သည်။ ဒါတောင် သူက ခြင်ထောင်မှာ စာဆွဲထားသေးသည်။

“စာကျက်နေသည်၊ မနှိုးပါနှင့်” တဲ့။

ခင်ညိုက ဝင်တိုင်း၊ ထွက်တိုင်း သည်စာတန်း ကြည့်ပြီးသာ ပြုံးနေ ရသည်။ ခါးကျောရှည်သလောက် အပျင်းထူသူကြီး။

ခုတော့ ထိုသူမှာလည်း ခုတင်မှာ ခွေလို့။ ဘယ်သူမှ မနှိပ်စက်ဘဲ ဒဏ်ရာလည်း ရလို့။ ဘယ်သူမှ မချောက်ဘဲလည်း တစ်ခုခုကို ကြောက်လို့။ ပြီးတော့ ချစ်သူ မရှိဘဲ လွမ်းလို့။

“ဖိုးခင်ညို၊ တို့များလည်း ပြောစမ်းပါဦးဟ”

“နင့်ဟာက လဒကြီးလို တမှိုင်မှိုင်နဲ့”

ချစ်ဆွေတို့ကပင် ပြောနေရပြီ။ ခင်ညို ဘာဖြစ်နေသည်ကိုတော့ သူတို့ချင်း အပြုံး ဆုံမိကြပြီမို့ သိနေပြီ။ ခုတော့ ဒင်းတို့ ပြုံးနိုင်လေ၊ ခင်ညို တခွေခွေ ခွေနေချိန်မှာပင် စိုးလွင်က အင်းလျားမှာ ဝင်းဝင်းကြည်နှင့် လှေ အတူစီးသည့် ဘဝ ရောက်ပြီ။ ချစ်ဆွေဆိုလည်း ငြိမ်းနှင့် ရုပ်ရှင်တောင် အတူ ကြည့်နိုင်သည့် အခွင့်အရေး ရသူ။

“တို့ကျတော့ မောင်ရင့်ကို အားလုံး ပြော၊ မင်းဟာက မဟုတ်သေးပါဘူး” အားမလို အားမရ လှုပ်ကြ ခေါ်ကြ နှိုးကြသည်။ မနိုးဘူးလေ ခင်ညို။ မနိုးချင်ယောင် ဆောင်နေသည်ကိုး။

“မောင်ရင့် မမနှင်းဆီက စာလာလို့လားကွ”

“မဟုတ်ပါဘူးဟာ”

“ဒါဖြင့် ဘာလို့ သေမလို့ ဖြစ်နေရတာလဲ”

“ပျင်းလို့ပါ”

“အံမယ်... ခင်ညိုက ပျင်းသတဲ့ဟေ့၊ ဒါလောက် ဖင်မငြိမ်တဲ့ အကောင် ကများကွာ၊ ဒီမယ် ဖိုးခင်ညို၊ ဆရာကြီးတွေ ရှိတယ်၊ ကျိတ်တော့ မခံနဲ့ ကိုယ့်လူ၊ အောင့်ထားရတာလောက် ဒုက္ခဖြစ်တာ မရှိဘူး၊ တော်ကြာ ချုပ်ပြီး လိပ်ခေါင်း ဖြစ်နေမယ်”

ချစ်ဆွေက နောက်ပြောင်ပြီး ကလိနေသည်။ စိုးလွင်ကတော့ အတွေး အခေါ်သမားပီပီပင် ခြူး ဆေးပေါ့လိပ်ကို ဖွာပြီး ခေါင်းတညိတ်ညိတ်နှင့် စဉ်းစားပြီးမှ ပြောသည်။

“ခင်ဗျားဟာ မြုံနေတဲ့ မေတ္တာ ဝါဒသမားပဲ” တဲ့။

ဒါကို ခင်ညိုက ပြန်မဖြေပေမဲ့ လက်မခံချင်။ သူက အမြုံ မေတ္တာရှင် မဟုတ်။ ဖူးမည်၊ ပွင့်မည်၊ သီးမည်၊ သို့သော် ဆိုင်းငံ့နိုင်သည်လို့ ယူဆထားသူ ဖြစ်သည်။ အရိပ်ကို လိုသည်မို့ နေပူချင် ပူပါစေဆိုပြီး ရက်ချိန်း ရွေ့ထားခဲ့သူ ဖြစ်သည်။

အခု ထမင်း ဆာသူက မအောင့်သာပြီ။ အူလိမ်ပြီး ဗိုက်မှောက်နေ သော်လည်း တကြုတ်ကြုတ် ဝမ်းခေါင်းသံနှင့် အတူ ကျောက်ရုပ်လို ငြိမ်နေပြီ။ ချစ်လျှင် ချစ်ရေး ဆိုဖို့သာ ရှိသည်။ လိုလျှင် တောင်းဆိုဖို့၊ ရအောင် ကြိုးစားဖို့သာ ရှိသည်။ ခုတော့ ခင်ညိုက တမြေ့မြေ့၊ လောင်စာမီး စွဲပြီး ကြိတ်ရဲရဲ နေသည်။

အချိန်ပြည့် သူ မြင်နေသည်က ဒါပဲ။ သူ့ ကြားနေသည်ကလည်း ဆည်းလည်းသံသာပဲ။

စာဖွဲ့လောက်စရာတော့ ရှိသည် မဟုတ်ပါ။ ဝင်းစံဖြူက ငန်းဖြူမ ကလေးလို ဖွေးဖွေးနုနုလေး၊ အသားအရေက ချောမွတ် စင်ကြယ်သူလေး။ ထူးတော့ ထူးသည်လို့ ဆိုချင် ဆိုနိုင်သည်တော့ ရှိသည်။

သူ့ဆံပင်တွေက မြန်မာဆန်ဆန် ကောင်းသည်လို့ ပြောနိုင်သော်လည်း နက်မှောင်ပြီး များသည် မဟုတ်။ ရွှေတော့မလို ညိုတိုတိုနှင့်။ သူတကာ မျက်လုံး မျက်ဆံက မဟူရာ အနှစ်ခဲလို မဲမဲရွဲရွဲ ဆိုပြီး ဖွဲ့သာပေမဲ့ ဖြူက မမဲ ရွှေတော့မလို ညိုတိတိပေပဲ။ မျက်မှန်ကတော့ ထူသည်။ မျက်မှန် အထူကပင် သူ့အသားအရေ သူ့မျက်လုံး အချို့ အားကို ကူနိုင်သေးသည်လို့ ခင်ညိုက ယူဆသည်။

မိန်းကလေးဆိုလျှင် မြင့်မြင့် သွယ်သွယ် နွဲ့နွဲ့ပြောင်းပြောင်းမှတဲ့။ ဖြူကို ရုပ်ချည်း ကြည့်လျှင် ပုပြီး ဝသယောင် ထင်ရသည်။ မထင်လေနှင့်။ ချပ်ယပ် အောင် ပုံသွင်းပြီး မဆင်သည့် ဖြူ အဆင်းကြောင့် သူ့ကို သာမန် ကြည့်လျှင် ဝသလို ထင်ရသော်လည်း ထင်မှုသာ ဖြစ်မည်။ ဖြူက ထစ်ထစ် ကျစ်ကျစ်လေးပဲ။ ငယ်ငယ်က အားကစားသမ ဖြစ်ပြီး လှုပ်ရှား နေထိုင်ခဲ့သည့် ကိုယ်ခန္ဓာ အချိုး အစားသည် အဝတ်အစား စံ မကိုက်မှုနှင့် မဆိုင်ချင်။ လမ်းသွားလျှင်တော့ မြန်သည်။ ဖျတ်လတ်သည်၊ သွက်လက်သည်။ ခြုံကြည့်လိုက်လျှင်တော့ ဆံမြိတ်လျကို ကြွရွနေအောင် ချထားသည့် သူ့အလှ၊ ငြိမ်ပြီး ငြိမ်းနေသော သူ့သဘာဝ၊ တိမ်မှူးအောင် သွေးဆောင် မပြသော်လည်း ညှို့စွဲနေစေသည့် သူ့ အမူအရာ၊ ပြီးတော့ ပွင့်တော့မည့် ပန်းဖူးလို။ မယုံလို့ တိုင်းတာလျှင် စံကိုက် နေမည့် ကိုယ်လုံး ဖွံ့ဖြိုးမှုနှင့်ပေါ့။

ကိုင်း သည်တစ်တွေ ဟိုတစ်တွေ ဆိုစရာ ပြောဆို ဖြစ်နိုင်သော်လည်း ခင်ညို ကတော့...

“သူ့မျက်လုံးလေးပဲဗျာ” တဲ့

“ဗမာချော ချောတယ်ဆိုတာ ဒါမျိုးပဲ ထင်ရဲ့” တဲ့။

မိန်းကလေး အများကြီးကို ခင်ညို မမြင်သော်လည်း သည်မိန်းကလေးကို တော့ ခင်ညို တွေ့တွေ့ချင်း မြင်သည်။ ဒါတွင်မက မတွေ့သော်မှလည်း မြင်နေ လိုက်သေးသည်။

အခုရက်ပိုင်း Class တက်သော်လည်း ခင်ညို အချိန်ပြည့် တက်နိုင် သည်ကား မဟုတ်။ နေ့ခင်းပိုင်းမှာလည်း သူ့ အလုပ်က များသည်။ ညနေပိုင်း တွင်လည်း ကျောက်မြောင်းကို စာပြဖို့ ပြေးရသေးသည်။ ညကျပြန်လည်း

ကိုယ့်ကျောင်းစာ ဖတ်ရ၊ ကျောင်းသားတွေ သင်ဖို့ ပြင်ရ ဆင်ရနှင့် ခေါင်း မနားရ။ စိတ် မအားရ။ သည်ကြားထဲက ဝင်းစံဖြူ။

နှစ်ဦးပိုင်း class များ တက်စက ဆယ်မိနစ် အားချိန်များပင် ခင်ညိုက ဖတ်ချင်သော စာအုပ်ကို လက်ညှိုးညှပ် ဖတ်သည်။ သစ်ပင်အောက်၊ အခန်း ထောင့်တို့မှာ ထီးတည်း။ ဘီအိုစီ ကောလိပ်ဘက် စိုးလွင် ရောက်သည့် အချိန် မှာသာ စိုးလွင် ခေါ်ရာ ပါရသည်။

ခုတော့ ခင်ညို ရှက်ရှက်နှင့်ပင် L.CR ရှေ့မှာ နှစ်ခေါက်လောက် ဝတ်မပျက် ဖြတ်သည်။ ကော်ရစ်တာ ခိုနန်းချိုးမှာ ဖြူနှင့် တွေ့လျှင်လည်း ပြုံးရယ်ပြီး အပျော်ဆုံး စကား ပြောသည်။ သူ မမော။

“ဖြူရော စိန်စိန်ပါ အားတဲ့ တစ်နေ့တော့ ကိုခင်ညိုနဲ့ ပန်းချီအကြောင်း ပြောကြရအောင်နော်၊ စိန်စိန်ကလည်း တစ်နေ့မှ မအားဘူး ကိုခင်ညို ရယ်”

အဲဒီ အေးအေးဆေးဆေး တစ်နေ့ကို ခင်ညို မျှော်နေမိသည်။ ယူနီယံမှာ လက်ဖက်ရည် သောက်တိုင်းလည်း ဖြူနှင့် စိန်စိန်များ ဝင်လာလေမလားဟု သူ့လည်ပင်းက ညောင်ရေအိုး။

ညခင်းဆည်းဆာ လမ်းလျှောက်ပါသော်လည်း ဖြူက အဖော်အပေါင်းနှင့်။ သူကလည်း တစ်ယောက်တည်း မဟုတ်။ မလွယ်လှ။

ဘာကို မလွယ်မှန်း ခင်ညို မသေချာသေး။ တစ်ခါ တစ်ခါ သူ့ကိုယ် သူလည်း အံ့သြသည်။ ဆုံးဖြတ်ချက်ကြီး ဧရာ ချပြီးကာမှ မထိန်းမသိမ်း လွတ်နေသော သူ့စိတ်ကိုလည်း အံ့သြသည်။ ချစ်ရုံသာ ချစ်ရသေးသည်၊ နှလုံး ပူနွေး စိတ်မအေးရတော့လည်း နှင်းမမကို တစ်ခါ တစ်ခါ သတိရသည်။ ဖြူကို ချစ်သာ ချစ်နေသည်၊ ခုဆို ဖြူက သိဦးမည် မဟုတ်။ ဒါနှင့်များ ဖြူကသာ “ရှင့်လို လူမျိုးကို မချစ်နိုင်ဘူးရှင့်” လို့ ပစ်ပစ်ခါခါ ပြောလိုက် လျှင်တော့၊ အို မတွေးရဲပေ။ ခင်ညို ဒါကျတော့ သတ္တိနည်းသည်။ ဒါ ခင်ညို၏ ပျော့ကွက်ပဲ ဖြစ်မည်။

သည်ကိစ္စမျိုးမှာ မပြောရဲ မဆိုရဲ၊ သတ္တိမဲ့သော်လည်း ရဲပြီဆိုတော့ ကြည့်ဦးလေ။

သြဂုတ်လ ၂၄ ရက်နေ့ လွှတ်တော်ကို ဝိုင်းပြီး ပညာရေး လွတ်လပ်ခွင့် တောင်းဆို တိုက်ပွဲဝင်ရန် သူက သွေးဆူနေပြီ။ ဗ-က-သ ကလည်း ဆုံးဖြတ် လိုက်ပြီ။ သူတို့တစ်တွေ အားလုံးလည်း အခိုင်အမာ ပြင်ဆင် ဆုံးဖြတ်ပြီးနေပြီ။ သည်ကိစ္စအတွက်ပင် မန္တလေးခရိုင် ကျောင်းသား သမဂ္ဂက နာရီ ၆၀ ဆန္ဒပြပွဲကြီး မန္တလေး ကျုံးထောင့်တွင် ကျင်းပလိုက်သည်။ တစ်ပြည်လုံး ဆန္ဒဂရက်က ရိုက်ခတ်သွားတော့သည်။

၆၁ ခု သြဂုတ်လ ပါလီမန် ရောက်သောအခါ အစိုးရက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းရန် ရှေ့တန်းတင်လာသည်။ ဘတ်ဂျက် ကိစ္စ၊ ကမောက်ကမ ပညာရေး ကိစ္စ၊ သုံးပွင့်ဆိုင် ရှုပ်ထွေးနေမှုကို နိုင်ငံတော် ဘာသာ ပြဿနာနှင့် ဖုန်းကွယ်နေတော့သည်။

ခင်ညိုတို့တစ်တွေမှာ ပထစ အစိုးရကို ခါးသီးစွာ ရွံမုန်းမိသော အဖြစ် ကို ကြုံရပြန်သည်။ ကြည့်လေ၊ နိုင်ငံတော် ဘာသာကို အကြောင်းပြပြီး ကျောင်းသားများ၏ ဆန္ဒပြပွဲကို လက်နက်အင်အား လူအင်အားနှင့် ခြိမ်းချောက်သည်။ တစ်ပြည်လုံးမှာ ဖြူစောထီး တစ်ဖြစ်လဲ၊ အရံ ရဲများကို ခေါ်ပြီး ရဲ အင်အား ၅ဝဝဝ ခန့်နှင့် လွှတ်တော်ကို ဝိုင်းထားသည်။ သံချပ်ကာ ကားများ၊ အချုပ်ကားများ တန်းစီ ရပ်ပြသည်။ လွှတ်တော်နှင့် ကိုက်တစ်ထောင်အတွင်း ဆန္ဒ မပြရဟု တစ်ချက်လွှတ် အမိန့်ကို ထုတ်ပြန်လိုက်သည်။ စင်စစ်တော့ ပထစ အစိုးရ၏ ဒီမိုကရေစီသည် ပုလိပ်များ၊ သံချပ်ကာ ကားများ၊ လက်နက် များ၊ အချုပ်ကားများ၊ တစ်ချက်လွှတ် အမိန့်များဖြင့် သရုပ်သကန် ပေါ်လာ တော့သည်။

ပြည်သူတွေကတော့ သည်ကိစ္စကို ရင်မပြီး ပူနေကြသည်။ အမျိုးမျိုး မေတ္တာရပ်ခံသည်။ သည်အထဲ အများပြည်သူသည် ဗုဒ္ဓဘာသာ ရိုးရာများ ဖြစ်ကြ လေရာ သာသနာရေးသည် ကိုယ့်အရေးလို ဖြစ်ပြီး တိမ်းညွှတ် ယစ်မူးနေချိန်လည်း ဖြစ်သည်။ ကျောင်းသားများ ဆန္ဒပြလျှင် သည်လက်နက် သည်ရဲတွေနှင့် ကျောင်းသားများ ထိခိုက် သေဆုံးကြမည်။ ဒဏ်ရာ အနာတရ ဖြစ်မည်ကိုလည်း ပူပန်သည်။ ဘငြိမ်းချမ်း ဖြစ်သော ဆရာကြီး သခင်ကိုယ်တော်မှိုင်းကပင် နောက်ထပ် အောင်ကျော်တွေ ဖြစ်ကုန်ရော့မယ်ကွယ်” ဟု ညည်းညူလေ သည်ထိ။

ဒါကို ကျောင်းသား ခေါင်းဆောင်တွေ ခေါင်းချင်းရိုက် ဆွေးနွေးရသည်။ အများ ပြည်သူနှင့် မိဘများ စိတ်ချမ်းသာရေး၊ ကိုယ့်အပေါ်ထားရှိသော မေတ္တာ ကို တုံ့ပြန်ရေးအတွက် ဆန္ဒပြမှု အစီအစဉ်ကို ပုံစံ ပြောင်းလိုက်လေသည်။ သောနုတ္ထိုရ မုဆိုးဟာ ဆဒ္ဒန် ဆင်မင်းကို သင်္ကန်းပြပြီးတော့သည်မှာ အနိုင် ယူလိုက်တာပဲ။

တော်သေးသည် လွှတ်တော် အမတ် အချို့တို့က လက်ရှိ ပညာရေး စနစ်၏ ချို့ယွင်းချက်များကို ပြင်းထန်စွာ ကန့်ကွက်ပေးသည်။ ပညာရေးအတွက်ပင် ဖြတ်တောက် အဆို ၉၇ ခု ကို တင်သွင်း တောင်းဆိုကြသည်။ သည့်နောက်တော့ စုံစမ်းရေးအဖွဲ့များ ဖွဲ့ပြီး မရေရာသော စုံစမ်းမှုများသာ ပြုနေတော့သည်။ သို့လျှင် တိုက်ပွဲခရီးသည် မဆုံးခဲ့။ ဂယက် အထွေထွေသည် လည်း မငြိမ်ဆိတ်ခဲ့။

ခင်ညို မငြိမ်ဆိတ်ရသည့် ဂယက်ပြင်းတွေထဲတွင် ဖြူ ဂယက်ကလည်း ပါသေးသည်။ ကျောင်းသားထု အခွင့်အရေး၊ ကမောက်ကမ ပညာရေး၊ ပညာရေး လွတ်လပ်ခွင့်၊ ဒီမိုကရေစီ ဆိုသည့် တိုက်ပွဲ တော်လှန်ရေးတွေက ခင်ညိုတို့၏ ခေါင်းဆောင်တွေ ဦးစီးသည်။ ခေါင်းပေါင်း များစွာ တိုင်တည်နိုင်ကြသည်။ ကျောင်းသား အများစု ခံစားရပြီး အများစုပင် တိုက်ပွဲဝင်ကြသည်။ ခင်ညို့ ဖြူ တိုက်ပွဲက တစ်ယောက်တည်း။ တစ်ဖက်လူကို သူက မေတ္တာတိုက်ပွဲ ဝင်ရမှာ ဖြစ်သည်။ စိန်မခေါ်ဘဲနှင့် အရှုံးမပေးတန်ကောင်းဘူး ဖိုးခင်ညို။

“ဟကောင်ရ၊ မင်းက တိုက်ပွဲ မဝင်ရသေးဘူး လက်နက် ချချင် နေပြီလား”

သိပြီလည်းဆိုရော ကိုထင်ကျော်က အားပေးသည်။

“တွေးဆပြီး လုပ်ဖို့လိုတယ် ခင်ညို၊ သည်ကိစ္စက သိမ်မွေ့သလောက် နူးညံ့တယ်၊ ဒါပေမဲ့ မူသေဝါဒတော့ မထားနဲ့၊ အခွင့်သာသလိုသာ သုံး”

ဆရာယုက သည်တစ်ခါ အလေးအနက် ပြောသည်။

“ကျုပ်တုန်းကတော့ ရေရှည် တိုက်ပွဲနော် ကိုခင်ညို၊ ခင်ဗျား အသိပဲ၊ ကျုပ် အမျိုးသမီးက အခုထိ လိုက်လျောတယ်ဆိုပေမဲ့ အဖြေ မရသေးဘူး၊ ဒါပေမဲ့ ကျုပ် စိတ်ဓာတ် မကျဘူး၊ ခင်ဗျား သတ္တိရှိဖို့သာ လိုတယ်နော်”

စိုးလွင်ကလည်း သူ့နည်းနှင့် သူပင်။

“ကျုပ်ဘာလုပ်ရမလဲဗျာ”

ကိုယ့်ကို အားပေးကြပြီဆိုတော့ သူကလည်း ပြန်ပြီး အပူကပ်ရသည်။

“မင်း ပြောပေါ့ကွ၊ မပြောဘဲနဲ့ တစ်ယောက်တည်း ကြိတ်ချစ်နေလို့ သူ သိမလားဟ၊ သိပါဦးတဲ့... ဟိုက မိန်းမကွ၊ နားလည်ရဲ့လား”

“မပြောရဲဘူး”

“Hall ကို စာထည့်လိုက်ကွာ” ချစ်ဆွေက အကြံပေးသည်။

“ဟာ... ဖြစ်ပါ့မလားဗျာ”

“စာတော့ မပေးနဲ့ ကိုခင်ညို ၊ ခင်ဗျား ရဲဆေး တင်ပြီးတော့သာ လိုက် ပြော၊ စာပေးတာကို မိန်းကလေးတွေက တကယ် အထင်သေးတယ်ဗျ”

စိုးလွင်ကလည်း ဘာအစ်ဇင်မှန်း၊ ဘယ်သူ့ဝါဒမှန်း မသိသော မူကို တင်နေသည်။

“တော်ကြာ ဆရာယု ရေးတဲ့ ညနေစာ အလှည့်လေးလိုမျိုး ဖြစ်နေမယ် နော်၊ မောင်ရင်က စာပေးလိုက်၊ သူက သူ့သူငယ်ချင်းတွေနဲ့ စုဖတ်ပြီး ဟား လိုက်နဲ့ ကိုယ့်လူ ခံနေရဦးမယ်၊ ပြောရင်လည်း ပြောကွာ”

သူတို့တွေ ပြောပြီး သဘောကျ ရယ်လိုက်သည်။ လက်ခုပ် လက်ဝါး များပင် တီးလို့။ သူ့သတ္တိက အချီးကျူးခံ ဖြစ်နေရပြီပဲ။

သူက ဖျင်းသည်လည်း မပြောနှင့်။ တွေ့တော့လည်း ထေ့ပင် ထေဝံ့ သူ မဟုတ်။ တောင်စဉ်ရေမရ ဟိုသည် ပြောင်းပြီး စကားသာ ကောင်းခဲ့ သည်ချည်း။

ရတနာဆောင် အင်းလျားချိုင့်ထဲက ဒေါ်ရှမ်း ဘူးသီးကြော်ဆိုင်မှာ ဆုံစဉ်ကဆိုလျှင် အေးအေးဆေးဆေး အခါ ဖြစ်သည်။ စနေနေ့ ညနေခင်းပေါ့။ ချစ်ဆွေရော စိုးလွင်ပါ အောင်ပွဲခံသွားကြသည်မို့ ခင်ညိုကလည်း တစ် ယောက်တည်း အင်းလျားဘက် လျှောက်လာခြင်း ဖြစ်သည်။ သည်မှာ ဖြူနှင့် စိန်စိန် အကြော် စားနေလျက် ဆုံသည်။

“အမယ်၊ ကိုခင်ညိုက ဆေးလိပ်တွေ ဘာတွေ သောက်လို့ပါလား”

သူ ဝင်ထိုင်ထိုင်ချင်း စိန်စိန်က နှုတ်ဆက်၏။

“ဘာရယ် မဟုတ်ပါဘူးဗျာ၊ တစ်ယောက်တည်း အဖော် မရှိတာနဲ့ အလကား ဖွာရင်း လျှောက်လာတာပါ”

သူကလည်း မခေတော့။ ဖြူကို ကြည့်ပြီး ဖြေလိုက်သည်။ ဖြူကတော့ ပြုံးလို့။

“ရှာထားပေါ့ ရှင်၊ ရှင်ဆိုရင် စွံနိုင်ပါတယ်”

မစိန်စိန်က ဘာကို မြင်ပြီး ပြောသည်တော့ မသိ။ ဒါနှင့်သာ အားလုံး ပြုံး သဘောကျ နေကြပြန်သည်။

“ကျွန်တော်က ဘာမို့ စွံနိုင်ရမှာလဲ မစိန်စိန်ရယ်၊ သူ့လို ငါလို လူချင်း ပဲဟာ”

“အို... ဘယ်မဟုတ်မလဲ၊ ရှင့်မှာ မိန်းကလေးတွေ ချစ်နိုင်တဲ့ အရည် အချင်းတွေ အများကြီး ရှိပါတယ်”

“မရှိပါဘူး မစိန်စိန်ရယ်၊ ကျွန်တော်က လူမွဲပါ၊ ကျောင်းတောင် အနိုင်နိုင် လာရတာဗျာ”

“ဟုတ်ပါတယ်လေ၊ ရှင့် အကြောင်းကို အစ အဆုံး ကျွန်မတို့ ကြားပြီးပါပြီ”

“ကြားပြီးပြီ”

ခင်ညိုက အံ့သြနေ၏။

“အင်းလေ”

“အဲဗျ၊ ဘာတွေ သိတာတုံး”

“အစုံပါ ဆိုမှ ရှင်၊ ရှင်က ဘာမလုံပြန်တာတုံး၊ ရှင့်အကြောင်း အကောင်းတွေချည်း သိတာပါ၊ စာတော်တာတို့ ကြိုးစားမှု ရှိတာတို့ သတ္တိ ပြောင်တာနဲ့ အနုပညာ ဝါသနာပါတာတို့ပါ၊ အမယ်လေး”

“ကျွန်တော်ကလည်း တလိုက်ချင်ပါတယ်ဗျာ၊ အမယ်လေးလို့”

“ရှင့်မှာ မလုံမလဲဖြစ်စရာတွေ ကျွန်မတို့ မသိတာ ရှိနေလို့လား” တဲ့။

“မဟုတ်ပါဘူးဗျာ”

ခင်ညို က စိန်စိန် ယူပေးသော ခုံပုလေးမှာ ထိုင်မိနေပြီး ခုချိန်ထိ အပြုံး ရှင်မလေး ဖြူက တစ်လုံးမျှ ဝင်မပြောသေးပေ။ ခေါင်းငုံ့နေလိုက်၊ ပြုံးတုံ့ ရယ်လိုက်နှင့်သာ ငြိမ်နေသည်။ အပြုံး ဆုံလိုက်လျှင်တော့ မလုံသူက တုန်မတတ် ငြိမ့်ခနဲ ဖြစ်ရသည်။

“ဘယ်က သိတာတုံးဗျ၊ ဘယ်သူတွေက လာပြီး ခင်ဗျားကို ကျွန်တော့် အတင်း ပြောနေတာတုံး”

“အတင်း မဟုတ်ပါဘူးတော်၊ ကိုထင်ကျော် ရှင့်၊ ကိုထင်ကျော်က ရှင့် မကောင်းကြောင်း ပြောပါ့မလား”

“ဪ... မစိန်စိန်နဲ့ ကိုထင်ကျော်လည်း ဒါလောက်ထိ ခင်လား”

”အရင်ကတော့ တစ်ခါ တစ်ခါမှ တွေ့တာပါ၊ ကျွန်မတို့ science subject ချင်းလည်း တူတာကိုး၊ တစ်ခါ တစ်ခါလည်း သူ ယူနီယံကို ရောက် တယ်၊ ရှင် ရောက်လာပြီးတော့ ရှင့်ကို လာလာရှာရင်း ကျွန်မနဲ့ ဆုံတာပါ”

“ဖြူဖြူနဲ့ရော သိလား”

“ဖြူနဲ့ မသိပါဘူး၊ စိန်စိန် ပြလို့တော့ မြင်ဖူးပါတယ်”

“ကိုထင်ကျော်တင် ဘယ်ကမလဲ၊ ရှင်တို့ မြို့က မသိန်းညွန့်တို့ မယဉ်နုတို့တွေပါ ကျွန်မတို့ အင်းလျားမှာ ဆုံမြဲရှင့်”

“သူတို့က ရတနာမှာပဲ”

ဟုတ်ပါတယ်လေ၊ မယဉ်နုက Hall E.C ဆိုတော့ ကျွန်မနဲ့ ရဲဘော်မချင်း ဖြစ်တာပေါ့၊ ရှင်တို့တွေ မဆိုးဘူးနော် မနှစ်က ကျောင်းသား ပွဲတော် တုန်းကဆိုရင် မယဉ်နုက ပြဇာတ်တွေ ဘာတွေမှာတောင် ဝင်ပြီး ကလို့”

“ဪ ဟုတ်တယ်၊ မြတ်လေးရဲ့ ဆံမြိတ်လည်း ပြေ ပန်းလည်း ကြွေ ပြဇာတ်မှာ သူ ပါတယ်”

“ကိုခင်ညိုက ပြွန်တန်ဆာမြို့ကနော်”

ခုမှ သွက်လက်ချက်ချာ မနှင်းဖြူလေးက ဝင်မေးသည်။

"ဪ... ဖြူက ကျွန်တော့် မြို့ကိုပါ သိနေတာကို”

“စိန်စိန်ဆီ ရောက်လွန်းလို့ သိနေတာပါ”

“ဖြူဖြူ ကတော့ အညာသူပေါ့နော်”

“မဟုတ်ပါဘူး”

“တောင်တွင်းကြီးက မဟုတ်ဘူးလား”

“မဟုတ်ပါဘူး”

ဖြူဖြူက ပြောပြီး ပါးစပ်ကို လက်ကိုင်ပုဝါလေး အုပ်၍ ရယ်နေသည်၊ စိန်စိန်က အသံပင် ထွက်လို့။

“စိန်စိန်နဲ့ တစ်မြို့တည်း မဟုတ်ဘူးလား”

သည်တစ်ခါတော့ ဖြူက ဖြေပင် မဖြေနိုင်၊ ကိုယ်လေး ယိမ်းသွားအောင်ရယ်ပြီး ခေါင်းခါပြသည်။

“ဒါဖြင့်ရင်”

ခင်ညိုက အံ့သြစွာ မေးလိုက်သည်။

“ဖြူက ပဲခူးသူပါ”

“ဪ... ပဲခူးက”

“ဟုတ်ပါတယ်၊ ကိုခင်ညိုက စိန်စိန်နဲ့ တွဲနေလို့ တောင်တွင်းကြီးက အောက်မေ့တာ မဟုတ်လား”

“အေးလေ”

“စိန်စိန်နဲ့ ဖြူက ဖြူ မက်ထရစ် မအောင်ခင်ကတည်းက တွေ့တာပါ၊ အင်းလျားကို မနှစ်က ဖြူ အမြဲရောက်တယ်”

ခင်ညို က ဆေးလိပ် တစ်လိပ် ထပ်ထုတ်သောက်နေရင်း နားထောင် နေသည်။

“ဖြူ မနှစ်က စိန်ဖီလိုမီးနားမှာ ဘော်ဒါ နေတယ်လေ၊ exam ဖြေ တော့သာ ပဲခူး စင်တာက သွားဖြေပြီး အောင်ခဲ့တာ၊ ဒါကြောင့်လည်း Hall ရတာပေါ့၊ ပြီးတော့ ဖြူ အစ်မ ဝမ်းကွဲက စိန့်စိန့် ပါတနာ၊ ဒါ့ကြောင့် စိန်စိန် နဲ့ ခင်တာ”

“ဪ ဖြူဖြူက မစ်ရှင်နရီ စကူးက အောင်ခဲ့တာကိုး” ခင်ညိုက ခေါင်းလေးညိတ်ပြီး တိုးတိုးပြောသည်။

“ကဲ... ရှင်းပြီလား”

စိန်စိန်က ဝင်ပြီး နိဂုံးချုပ်လိုက်သည်။

“ကျွန်တော်ကလည်း စဉ်းစားနေတာဗျ၊ ဒီအညာသူမလေးက ဘာလို့ ဖြူနေရတာလဲလို့”

“အံမယ် . . .အညာသူမတိုင်း မည်းရမလားရှင့်၊ ရှင်တို့ အောက်သား တွေထဲမလဲ အသားမည်းတွေ ပြည့်လို့”

စိန်စိန်က ကက်ကက်လန်။

“မဟုတ်ပါဘူးလေ၊ ဖြူဖြူက ဖွေးပြီး နုနေလို့ပါ”

ဖြူဖြူက ခင်ညို ပြောလိုက်မှ ဘာမှမဖြေ၊ ခေါင်းငုံ့ပြီး ဖျာစကို ချိုး နေသည်။

“ကျွန်တော်လည်း အညာသားပါ မစိန်စိန်ရဲ့၊ ကျွန်တော့်ကို ပျဉ်းမနားမှာ မွေးတာ၊ လသား သာသာလေးမှာပဲ ပြွန်တန်ဆာကို အဖေ အလုပ်ပြောင်းလို့၊ နောက်မှ အောက်သား ဖြစ်တာပါ”

“ဪ... ရှင်တို့ အဖေ ပြွန်တန်ဆာရောက်မှ ဆုံးတာပေါ့”

“ဟုတ်ပါတယ်” ခင်ညို ဖြေပြီးတော့ သူတို့ သုံးယောက် အတွေးကိုယ်စီနှင့် ငြိမ်နေမိပြန်သည်။

“ရှင်တို့ အမေက ပဲခူးကနော်”

“ဟင်... ဒါလည်း မစိန်စိန်တို့က သိတာပဲ”

“သိတာပေါ့ရှင့်၊ မျက်စေ့နဲ့ နားကို ဖွင့်ထားတာကိုး”

“အလဲ့” ခင်ညိုက ပြုံးပြီး နောက်လိုက်သည်။

“ရှင့် အဖေနဲ့ အမေကလည်း ရခိုင်နဲ့ ပဲခူးသူ၊ စံပါပဲ”

“မေတ္တာကိုဗျ”

“ဖြူဖြူတို့လည်း ရှင့်လိုပဲ၊ အမေက မွန်အနွယ်၊ အဖေက ပဲခူးသား၊ ကဲ”

“ဒါလည်း မေတ္တာဆုံတာပေါ့ စိန်စိန်ရဲ့” ဖြူဖြူကလည်း သဘောကျစွာ ဖြေလိုက်သည်။

သည်လို နေ့တွေမှာ သည်လိုသာ အချိန်ကုန်သည်။ ခင်ညိုကလည်း ဖြူနှင့် နီးနီးစပ်စပ် ပြောနေရခြင်းပင် ကြီးပွားသော အောင်မြင်မှုကြီးရယ်လို့ ပီတိဖြစ်နေမိသည်။ သည်ပီတိက အခန်း ပြန်ရောက်လျှင် ဘာမှ အကြောင်း ထူးသည် မဟုတ်လို့ ပျက်ရသည်ချည်း။

“ဒီလိုလည်း ဘယ်ဟုတ်မလဲ ကိုခင်ညိုရဲ့၊ တဖြည်းဖြည်းနဲ့ နီးစပ်တော့ အဆင်ပြေလာမှာပေါ့၊ ရင်းနှီးမှုက စတဲ့ မေတ္တာရှင်တွေ တက္ကသိုလ်မှာ ရိုက် သတ်လို့တောင် မကုန်ဘူး”

စိုးလွင်က တစ်နေ့ တစ်မျိုး ပြောနေသည်လေ။

“ငါ တွေ့ရသလောက်တော့ မင်း ဖြူဖြူဟာ နားလည်မှု ရှိမယ့်ပုံပဲကွ၊ ရိုးသား ပွင့်လင်းမှုလည်း ရှိတယ်၊ မင်းကို နားလည်ဖို့ အရေးကြီးတာပဲလေ” လူပျိုကြီး ဆရာနန်းကလည်း ထင်မြင်ချက် ပေးပြန်သည်။

“အချစ်မှာလည်း မဟာဗျူဟာတို့ နည်းဗျူဟာတို့ ရှိတယ်နော်၊ မောင်ရင် ခြေလှမ်းမှားရင် အစားခံရမှာပဲ၊ နည်းပရိယာယ် ဆိုပေမဲ့ ပုံသေတော့ မဟုတ် ဘူးပေါ့လေ၊ လိုတိုး ပိုလျှော့တွေ၊ Constructionတွေ ရှိသေးတယ်၊ ကျွမ်းကျင်မှ လိုတာပေါ့”

“မကျွမ်းကျင်လို့ ဒီကောင် ဒီလို ဖြစ်နေတာပေါ့ ကိုယုရဲ့ ဦးနန်းဝေက ဟားတိုက် ရယ်ပြီး ခင်ညို့ကို ချီးမွမ်းသည်။ ကိုယု နည်းပေး လမ်းပြမှု ပြုသည် ကိုတော့ ခင်ညို က ပြန်မတုံ့။ အမှန်တရားတွေပဲ ဆိုတာကိုလည်း သူ မြင်သည်။

“အို... ခင်ညိုက ကိုနန်းဝေ တပည့် လုပ်နေကတည်းက ဘယ်စွံတော့ မလဲ” ကိုယုက သိမ်းကြုံးပြီး ဆရာ့ကိုပါ ရံဖန်ရံခါ တွယ်တတ်သည်။ သည်လို ကြုံလျှင်တော့ ခင်ညို ကိစ္စကနေ ဆက်ပြီး အခြားအကြောင်း ပြောင်းသွား တတ်သည်။ ဆရာနန်းကလည်း အသားလွတ် ဆရာယုကို နှက်သည်။

“ခင်ဗျားကတော့ ဒီစထရပ်တစ် ဂျီးနီးယပ်စ်ပဲ” တဲ့။

ခင်ညို ညံ့တာတော့ လွန်လွန်းနေသည်။ လိုသည်ထက် ပိုပြီး ညံ့သည် လို့ပင် ပြောထားနှင့်ရမည်။ တစ်ယောက်နှင့် တစ်ယောက် ချစ်ကြ ကြိုက်ကြပြီ။ ချစ်ရေး ဆိုကြ၊ လက်ခံကြ၊ ငြင်းပယ်ကြ၊ ယူကြ၊ ညားကြ၊ ကွဲကြတာတွေ ကမ္ဘာကမ္ဘေက ရှိနေနှင့်ပြီးသားကို သူက အံ့ဘနန်း ဆန်းနေသည်။ ခုပင် သူ မသိ ငါပိုးနှင့် ရွပိုးသာ ထိုးသည်။ အကျိုး မမယ်ဘဲသာ ရှိသည်။ ဇာတ်ကြောင်း မလည်ဘဲ ခရုပတ်လမ်းကြောင်း ဖြစ်နေရသည်။

ကလေးငယ်တွေ တူတူပုန်းတမ်း ကစားသည်ဆိုရာမှာ အတော် ပျော်ဖို့ ကောင်းသည်။ ပုန်းသူက ပုန်းနေတုန်း လိုက်ရှာသူ နီးလာလျှင် တွေ့တော့ မှာပဲဟု ရင်ဖိုရသည်။ မတွေ့ဘဲ ပုန်းသူကို ကျော်သွားလျှင် ပုန်းသူ အနား ရောက်ပြီးမှ ရှာသူက စိတ်ပျက် လက်လျှော့ ဖြစ်နေရင်လည်း ရင်ထဲမှာ ကလိ ကလိနှင့်။

ခုတော့ ခင်ညို တစ်ယောက်တည်း ပုန်းနေသူ။ အတော်တော့ ပျင်းဖို့ ကောင်းသည်။ သူ ပုန်းနေမှန်း ဖြူက သိသည် မဟုတ်။ ဒါတောင် သူ ပုန်းနေ သည်ကို ဖြူ သိသွားမှာ ကြောက်နေသေးဟန် တူလို့ ဖြူ၊ ကြားအောင် အော် လိုက်ရမည်ကို ဝန်လေးနေသူလေ။

ပုန်းသာ ပုန်း၊ ကျောက်တုံး ဖြစ်အောင် ပုန်း။

*


အခန်း ၁၁

 

အညို၊ မမနှင်းဆီ မင်း စာလေး တစ်ရွက် နှစ်ရွက် မရေးနိုင်လောက်အောင် အလုပ်များနေသလားကွယ်။ စာမေးပွဲတွေလည်း နီးပြီ မဟုတ်လား။ တမှိုင်မှိုင်နှင့် တယောချည်း ထိုးနေတယ်လို့လည်း မမနှင်း သတင်းရတယ်။ ဘာဖြစ်နေတာလဲ။ ပြွန်တန်ဆာကို လွမ်းလို့တော့ မဟုတ်ဘူးဆိုတာ မမနှင်း အတတ်သိပါတယ်။ တို့ကို နိုင်ခဲ့ပေါင်း များလို့ ငါ့မောင်ကို နိုင်မယ့်လူများ ပေါ်နေရော့လားကွယ်။ အညိုဟာ ဘယ်သူ့ကိုမှ အရှုံးမပေးဘူး ဆိုတာတော့ မမနှင်း သိပါတယ်လေ။ စာမေးပွဲ အောင်အောင် ကြိုးစားပါကွယ်။

မနှင်းမြ စာရေးမှပင် သူ ဘယ်သူ့ကိုမှ စာမရေးဘဲ ပျက်ကွက် နေသည်ကို သတိရသည်။ အမြဲမပြတ် သည်လို စာရေးရသည်ကို ပျင်းစရာ တစ်ခုလိုလည်း သတိရလျက်နှင့် မရေးဘဲ ထားပစ်သည်။ မလုပ်ချင်တာကို မလုပ်ဘဲ၊ မတွေးချင်တာကို မတွေးဘဲ၊ လုပ်ချင်တာ လုပ်ပြီး တွေးချင်တာသာ သူက တွေးနေလိုက်သည်။

“ခင်ဗျား ကြည့်ရတာ အေးအေးဆေးဆေးပဲ၊ Tutorial အမှတ်တွေ တင်းနေပြီ ထင်တယ်”

အခန်းနီးချင်း ကံညွန့်တို့ မောင်မောင်တို့က မေးယူရသည်ထိ အေးအေး ဆေးဆေးပေပဲ။ အမှန်တော့ ယခုနှစ် စတင် ပြုလုပ်သည့် Tutorial ပုံစံကလည်း တွက်ကြေး ကိုက်သည်။ ကျောင်းခေါ်ချိန်ကလည်း စာမေးပွဲ အမှတ်တွင် ပေါင်းထည့်ပေးလိုက်သေးသည်။ ဒုတိယ နှစ်ဝက် ဖြေပြီးလို့ အောင်လို့ Class မှာလည်း မှန်၊ Tutorialမှာလည်း အမှတ်ပြည့် ရထားလျှင် တိန်တိန်မြည်နေပြီ။ တချို့များ Final Exam ကို မဖြေဘဲနှင့် အောင်မှတ် သိပြီးနေသည်ထိ။

ခင်ညိုက သူ့ကိုယ်သူ အောင်ရမည် ဆိုသည်ကိုတော့ ခုကတည်းက ရဲရဲပြောထားနိုင်သည်။ သူ့အမှတ်တွေ ပိုနေလို့ စိတ်အေးအေး တွေးနိုင်သည်ပေါ့။ တေးချိုချို ချွဲ နိုင်သည်ပေါ့။ အခန်းဖော် ကာလနဂါးကြီးကသာ ခုမှ နေ့မီး ညမီးနှင့် ခြင် တဖတ်ဖတ်ရိုက်ပြီး စားပွဲ ထိုင်နေရသည့်အဖြစ် ကြုံသည်။ ဒါတောင် တစ်ခါတစ်ခါ “စာကျက်နေသည် မနှိုးပါနှင့်” ဆိုသည့် သူ့စာတန်း ကလေးကို ဂုဏ်ပြုသည့် အနေနှင့် စာအုပ် ဗိုက်ပေါ်တင်ပြီး တခေါခေါ အသံ ထွက်လို့ ကျက်နေတတ်သေးသည်။

“တို့ရောက်စက ဆိုရင်လေ office ရှေ့က သစ်ပုတ်ပင်ကြီး အရွက် ကုန်တာနဲ့ တို့တွေ တစ်နှစ်လုံး လစ်ထားတဲ့ စာတွေ ကူးတာပဲ၊ လက်ဖက်ရည် ဆိုင်က ဦးချစ် မိန်းမ မအုန်း ဗိုက်ပူလာတာနဲ့ စာစကျက်တာပဲ၊ အဲဒါ တို့အတွက် အချိန်ပဲ ကိုယ့်လူ”

အတန်းကြီး ကျောင်းသားတွေ စကားက ရယ်ရမလိုနှင့် မှန်သည်။ နွေဦးပေါ်စ နောက်ဆုံး စာမေးပွဲ နီးသည်နှင့် ဒေါ်အုန်းက အချိန်မှန်သည်။ ကံကောင်းတာက ကံ့ကော် ရွက်ကြွေ ရွက်ကြွင်းတွေနှင့်အတူ သစ်ပုတ်ပင် ကလည်း အကိုင်းချည်း ကျန်အောင် ရွက်သစ်လောင်းတတ်သည်။ ကျောင်းသား တွေက ရွက်ခြောက် မြေရှပ်မှ အတန်းမှန်သူထံမှ စာကူးပြီး နူးကြ နှပ်ကြမြဲ။ သည်လိုနှင့်ပင် တစ်တန်းမှ တစ်တန်း တက်ခဲ့ကြရမြဲ။ တော်သူရော၊ ညံ့သူရော၊ စာကြိုးစားသူရော၊ စာ မကျက်သူရော အချိန်အခါ ကြည့်ပြီး အောင်ကြမြဲပင်။ တစ်နှစ်လုံးလည်း အတန်းလစ်ပြီး စာမေးပွဲနီးတော့လည်း အရှိန် မသေသေးသူ တွေသာ ကျသည်။ ခုတော့ ဝင်းမောင်ကြီး လန့်မည်ဆိုလည်း လန့်စရာပေပဲပေါ့။

စာမေးပွဲ နီးလို့ ရာသီ ပူပူကြီး ရောက်ကာမှ ရာသီနှင့်အတူ ခင်ညို ရင်ပူရသည်။ သည်လို အပူမျိုး မထိဖူး မကြုံဖူးလေတော့ ခင်ညိုပင် ရူးပင် ရူးမတတ်၊ သစ်ရွက်ခြောက်လေးတွေလိုပင် လိမ့်ကာ လူးကာနှင့် တဝေ့ဝေ့ ဝဲရသည့် အဖြစ်။

အမှန်က သည်အချိန်မှာ ခင်ညို စိတ်ကူးယဉ်လို့ ကောင်းနေတုန်း အချိန် ဖြစ်သည်။ မင်းသား မပါသော အငြိမ့်ကို ကြည့်နေရသူလို ကိုယ်က မင်းသား အဖြစ်နှင့် ဖြူကလည်း မနှိပ်စက်ဘဲ အသည်း ကွဲမလို ဖြစ်နေရသူလေ။ ကျိတ် ချစ်၊ ကျိတ်လွမ်းပြီး ကျိတ်ငိုနေရသည့် ခင်ညိုပေါ့။ မချစ်ရဲသည်နှင့်၊ ချစ်ဖို့ သတ္တိ နည်းသည်နှင့် ရင်ကွဲရမည်ဆိုသည်က စင်စစ် လူကြားလို့မျှပင် မလျော်။

တကယ်တော့ ခုလိုအချိန်မှာ တက္ကသိုလ်ကြီးက လွမ်းစရာ အကောင်းဆုံး အချိန် ဖြစ်သည်။ စိန်ပန်းပြာ ပွင့်လေးတွေပင် လေပူကို မလိုပြီလို့ မြက်ခင်း စိမ်းစိမ်းနုနုလေးတွေ အကြား ဆင်းပုန်းနေကြပြီ။ နံနက်ခင်းမှာတော့ နှင်းကြွင်း လေးတွေ စိုတိုတိုမို့ အေးသလိုလို ရှိသည်။ မရမ်းရွက်၊ တမာရွက်နှင့် ကံ့ကော် ရွက်တွေက မဝါခင်ကပင် မြေပြင် တစ်ခုလုံးကို ဆင်းပြီး မင်းမူသည်။ အဓိပတိ လမ်းမှာဆို သူတို့ချည်း။ ခင်ညို မြင်ပြီး မနာလိုစရာ ကောင်းအောင် ဟိုပြေး သည်ပြေး စိန်ပြေးတမ်း ကစားနေလိုက်ကြသေးသည်။ အသဲဆုံးကတော့ ကံ့ကော်ရွက်တွေပဲ။ သူတို့က အပေါင်းအသင်းလည်း များသည်မို့၊ တက္ကသိုလ် ရေလည်း ဝနေပြီမို့ ရွက်ကျယ်တွေ ရွက်လည်တွေ လုပ်နေကြသည်။ မကြည့်ရဲ စရာ ကောင်းသည်က သစ်ပုတ်ပင်ကြီးပင် ဖြစ်သည်။ သည်အချိန်မျိုး သူ့ နားကို ရောက်နေမိလျှင် မော့မကြည့်ဘဲ မနေဖြစ်။ ကြည့်မိတော့လည်း ထီးတည်းကြီး၊ အပင်က ပန်းလျှ နွမ်းနယ် နေနေဟန်။ ခြောက်သယောင်းပြီး မလှုပ်မရှား ငြိမ်နေလို့ ကြည့်မိလျှင် ဘယ်မှာ စိတ်ကောင်းနိုင်စရာ ရှိပါမည်လဲ။

ညခင်းဆည်းဆာ အင်းလျား ကန်စပ်ကတော့ သာယာတယ်လို့ ဆိုနိုင်သေးသည်။ ဒါကပင် စင်စစ် လွမ်းစရာ ကောင်းခြင်း ဖြစ်သည်လေ။

စာမေးပွဲကြီး ပြီးလို့ ကျောင်းက ပိတ်တော့မည် မဟုတ်လား။ ချစ်သူ စုံတွဲတွေ ဆိုလျှင် ဟိုအရိပ်ခို သည်အရိပ်ခိုနှင့် နှစ်လကြီးများ ခွဲကြရတော့မည်မို့ မျက်နှာလေးတွေ အိုလို့။ တင်မြင့်မောင် တစ်ယောက်ကို ကြည့်ပါလား၊ ခုတလော အခန်းနားကိုပင် မသီ။ သူ့ထမင်းပင် သူ ပြန်မစား၊ ဆရာမများ အဆောင်မှာ သူ့ ဆရာမလေး ရှီလာနှင့် ဘယ်ဆီ နှစ်ပါးသွား ထွက်နေသည် မသိ။ ချစ်ဆွေ ဆိုလည်း မာလာ စက်ဝန်းက မလွန့်သာချိန်။

ခင်ညိုက ဖုန်မှုန့်လေးတွေ လေမှာ ဝဲနေသည့် သည်ရာသီမှာ လွမ်းလိုက် သေးသည်။ ခင်ညို က လွမ်းလို့ အကြောင်းပြစရာ ရှိသေးသည်။ ဝင်းမောင်ကြီး ကပင် လွမ်းသည်တဲ့။ လွမ်းတော့ လွမ်းတယ်ဗျာ၊ ဘာကို လွမ်းရမှန်း မသိလို့တဲ့။ ရာသီကတော့ သည်မျှ ခြောက်ခြားဖွယ် ကောင်းသည်။

စာမေးပွဲတွေ ပြီးလျှင် ကျောင်းကလည်း ပိတ်တော့မည်။ ရာသီကလည်း ဖောက်လွဲ ဖောက်ပြန် ဖြစ်ချင်စရာ ကောင်းလောက်အောင် တငွေ့ငွေ့ လောင်စေ သည့် ရာသီဖြစ်ကာမှ ရောဂါထသူတွေလည်း တစ်ပုံချည်း။ ဟို မိန်းကလေး ပြောရနိုး၊ သည်မိန်းကလေး ပြောရနိုးနှင့် ယောင်ခြောက်ဆယ် ဖြစ်နေရသူတွေ လည်း တစ်ပုံကြီး။ အဂျလာကြီးတို့ကတော့ လေရူးနှင့်အတူ စကားဝိုင်းဖွဲ့ ပြောဆိုနေကြမို့ လေမပြတ်တတ်။ Tutorial တွေမှာ အမှတ် ဖူလုံ လောက်ငနေပြီမို့၊ စာမေးပွဲကြီး နီးကာမှ စာကျက်ချင် စိတ်လည်း မရှိသည်မို့ Discussion လုပ်သည်ဆိုပြီး စာအုပ် ကိုယ်စီကိုင်ကာ တစ်ခန်းဝင် တစ်ခန်းထွက် စကား စုပြောသည်။

“ဟာဗျာ Exam က တစ်လမက လိုသေးတယ်၊ ခင်ဗျားတို့က ပြာရာ ခတ်နေပြီလား”

အမရ ဆောင်မှာ အခန်းရှိသော်လည်း မန္တလေးဆောင်မှာချည်း အချိန် လာဖြုန်းနေသော မန္တလေးသား ကိုခင်မောင်သိန်းက အဂျလာတို့၊ ပျဉ်းမနား မြင့်ဦးတို့ကို ခနဲ့သည်။

“စာမကျက်ပါဘူးလေ၊ စကား စုပြောနေတာပါ”

“အဲဒီလို ခေတ်မီစမ်းပါ၊ ကျုပ်မယ် ပျင်းလို့ ခင်ဗျားတို့ Hallလာကာမှ စာအုပ်တွေ ကိုင်ထားတာ မြင်လို့ စိတ်ကို ပျက်သွားတာပဲ”

တကယ်တော့ သူကလည်း စာအုပ်လေး ကိုင်လာပြီး စကားဝိုင်း ဝင်ခြင်း ဖြစ်သည်။ ကိုခင်မောင်သိန်းက လူနောက်မို့ သူရောက်လျှင် သူတစ်ပါးကို ဒေါက်ဖြုတ်ရင်း ရယ်စရာသာ ပြောဖြစ်သည်။ မန္တလေးတက္ကသိုလ်က ပြောင်း လာပြီး သည်မှာ ဝိဇ္ဇာတန်း လာတက်နေသည် ဖြစ်သောကြောင့် သူ့မှာ တက္ကသိုလ်တွေအကြောင်း ပြောစရာတွေ ပြည့်လို့။

“နေသင့် အကြောင်း ကြားပြီးပြီလား”

ခင်မောင်သိန်း လာလျှင် သည်လို သတင်း အစအနလေးတွေ ပါလာမြဲ ဖြစ်သည်။

“ကျုပ်တို့ ပျဉ်းမနားက နေသွင်လားဗျ၊ ဘာဖြစ်လို့လဲ”

ကိုမြင့်ဦးက အလန့်တကြား မေးတတ်သည်။

“ဟာ သည်ခွေးသူတောင်းစား တစ်ယောက်တည်းရှိတာ ဘယ် နေသွင် ရှိဦးမလဲ”

အဂျလာတို့က ဖိနှိမ်သည်။ ဒါက ထုံးစံလိုပင်။

“အင်း... ဒီကောင် အတော်ရွတ်တာပဲဗျ”

“ဆိုစမ်းပါဦး”

“မနေ့တုန်းက ရတနာက ခင်ခင်ဝင်းကို စာလိုက်ပေးတယ်ဗျ”

“စာပေးတာ ဆန်းလားဟ” ခင်ဆွေက ဝင်ဖြောင့်သည်။

“သူ ပေးပုံ ဆန်းလို့ပေါ့” ခင်မောင်သိန်းက ပြောဖို့အရေး သွေးနွေး နေသေးသည်။

“ဟိုဟာလေးတွေက Hall ပြန်တာဗျ၊ ခင်ခင်ဝင်းအပြင် အေးအေးမြင့်တို့ ဟိုဇပ်ဇပ်ကြဲမလေး အေမီတို့ပါ ပါတယ်”

“အင်း” အဂျလာက စိတ်ဝင်စားသည်။

“စာကြည့်တိုက် ရှေ့မှာ ဒီကောင်က လက်ထဲ စာ အတင်းထည့်တာဗျ”

“အဲသည်တော့”

“အဲသည်တော့ ဟိုက ပစ်ချခဲ့တာပေါ့”

“ကောင်းရော”

ကိုမြင့်ဦးကလည်း စိတ်ဝင်စားသွားသည်။ ခင်မောင်သိန်းက မဆုံးသေး။

“မကောင်းနဲ့ ကိုယ့်လူ၊ နေသွင်က ချက်ချင်း ကောက်ပြီး ပြန်ပေးတာပဲ”

“ပစ်ပြန်ရောလား”

“ဒါပေါ့... နှစ်ခါလောက် ပစ်လိုက် ကောက်လိုက်လုပ်နေတုန်း၊ ဖြတ်သွား နေတဲ့ လူတွေကလည်း ကြည့်နေတော့ သည်ကောင်က စိတ်တိုလာတယ်နဲ့ တူပါတယ်ဗျာ”

“ဆဲခဲ့ရောလား” အဂျလာက လောနေသည်။

“မဟုတ်ဘူးဗျ” ဘေးကပါတဲ့ အေမီကို ပြုံးဖြဲဖြဲ လုပ်ပြပြီး “အေမီ၊ ခင်ဗျားပဲ ယူပါတော့ဗျာ ဆိုပြီး ချက်ချင်း ထိုးပေးတယ်”

အခုမှ တဟားဟား ရယ်ပစ်လိုက်ကြ၏။

“ကံကောင်းလို့နော်၊ အေမီက ဖိနပ်ချွတ်ပြီး သူ့ကို တီးမလို့”

“ကျုပ်လို ဖြစ်တာပေါ့”

အဂျလာ သိန်းထွန်းက မအောင့်နိုင်။

“ဆိုစမ်းပါဦးဗျ”

ခင်မောင်သိန်းက သတင်းစုဖို့အတွက် စောင့်နေသူပီပီ စကား ကြောင်းပေးလိုက်သည်။

“ကျုပ်လည်း ဟိုဖီးယက် အဖြူလေးနဲ့ ကျောင်းလာလာနေတဲ့ ကပြား မလေးကို ဒီလိုပဲ ပေးရတာဗျ”

“ပစ်ချတာပဲလား”

”အိုဗျာ... ရှက်စရာ ကောင်းတာမှလေ ကျောင်းကလည်း Class တွေ ပြီးတဲ့ အချိန်ဗျ၊ Class ပြီးပြီးချင်း ကျုပ်က သူ့ လွယ်အိတ်ထဲ ထည့်၊ သူက ထုတ်ပြီး ပစ်၊ တစ်ခါ ပြန်ထည့်၊ ပြန်ပစ်၊ လူတွေကလည်း ဝိုင်းပြီး ရယ်လို့ ဗျာ၊ နောက်ဆုံးတော့ သူလည်း ကားပေါ်တက်ရော ကျုပ်က ကားထဲ ပစ်ထည့် တာပေါ့”

“ကဲ...”

“မကဲနဲ့ ကိုယ့်လူတို့၊ ကားလည်း ထွက်ရော သူက ချက်ချင်း ပြန်ချ ထားခဲ့တယ်ဗျ”

“အောင်မယ်လေး အဂျလာရယ်”

“ကျုပ်ဗျာ ရှက်လည်းရှက်၊ စာကို လူမြင်မှာလည်း စိုးတော့ ချက်ချင်း ကောက်ပြီး တစ်ချိုးတည်း လစ်ခဲ့ရတယ်၊ နောက်ပိုင်းမှာတော့ ရယ်သံတွေလား လှောင်သံတွေလား မသိပါဘူး၊ ဆူညံပြီး ကျန်ခဲ့တာဗျ”

“မိန်းမတွေဟာ ဒါမျိုးချည်းပဲ” ကိုမြင့်ဦးက စိတ်နာနာနှင့် ပြောသည်။

“ဒါမျိုးချည်းတော့လည်း ဘယ်ဟုတ်မလဲလေ၊ သူတို့ မကြိုက်ခင်သာ ဒီလို ဂုဏ်ခံနေတာပါ၊ ကြိုက်လည်း ကြိုက်ရော မျက်စေ့ကို နောက်လို့” မန္တလေးသားက လေအေးအေးနှင့် စကားကို ချွဲပြီး ပြောသည်။

“အောင်မယ်၊ မောင်ရင့်ကို မျက်စေ့ နောက်လောက်အောင် ကြိုက်မယ့် ဟာကော ရှိသေးလို့လား အဂျလာက ကြားက ဝင်ပြန်သည်။

“ခင်မောင်သိန်းတဲ့နော် ကိုယ့်လူတို့ရ၊ သူများလို စာပေးတာတောင် ပြန်ပြီး ပစ်ချခံရတဲ့ဟာမျိုး မဟုတ်ဘူး၊ ဒီကောင်က ပါးစပ်ပဲ၊ ဒီမှာကြည့် အံတိုနေပြီ” ခင်မောင်သိန်းက လက်မ ထောင်ပြီး ဟန်နှင့်ပန်နှင့် ပြောသည်။

“ဟောဒီ ကောင်က ဖင်ခေါင်း ကျယ်ရမယ်ဆိုရင် နှာခေါင်း ရှည် သလောက် စွာတယ်”

ဘာမှ မဆိုင်သော ဒီလို စကားမျိုးတွေကိုပင် သူတို့ ဝိုင်းက တီကြ ထွင်ကြ၊ ပြောဆို ဖြန့်ကားကြပြီး ဟားတိုက်ကြသည်ချည်း။

ခင်ညိုကတော့ ခင်မောင်သိန်းတို့ အဂျလာသိန်းတို့နှင့် နေရလျှင် ပျော်နေ တတ်ပြီး အခန်း ပြန်ရောက်သည်နှင့် ထုံးသုတ်ထားသော အုတ်နံရံကို ငေးကြည့်ခါ စိတ်ပျက် နွမ်းနယ် မှိုင်နေတတ်သည်။

တစ်နေ့တော့ ခင်လို့ ကမ္ဘာလေး ကြေကွဲ ပျက်စီးရသည်။ ခင်ညို တစ်ယောက် ဆောက်တည်ရာ မရဖြစ်ပြီး အရုပ်ကြိုးပြတ် ဖြစ်ရသည်။

နွေပူပူ ညနေချမ်းပဲပေါ့၊ ခင်ညို က ချစ်ဆွေကို အဖော်ခေါ်ပြီး အင်းလျား ဘက် ထွက်ခဲ့သည်။ ညနေခင်း လေညင်းလေသာ ဖြူးသည်မို့ ကျောင်းသား တွေလည်း အင်းလျား ပတ်ဝန်းကျင် အနှံ့ လမ်းသလားနေချိန်။ မိန်းကလေး တွေပင် သုံးလေးယောက် တွဲပြီး မြေနီလမ်း အင်းလျား ဘောင်ပေါ် လျှောက် ကြချိန်။

ခင်ညို နှင့် ချစ်ဆွေလည်း မြေနီလမ်းအတိုင်း စကား တပြောပြော ပြောရင်း လျှောက်လာကြသည်။ ထိုစဉ်မှာပင် မြောက်ဖက်ဆီမှ လျှောက်လာ သော စုံတွဲ တစ်တွဲကို တွေ့သည်။ မိန်းကလေးက ဖြူဖြူလေး၊ ပြုံးပင် ပြုံးလို့၊ ယောက်ျားသားကတော့ မဖြူ မညို၊ ခင်ညိုတို့လို အသားအရေမျိုး။

ခင်ညို ခြေလှမ်း တုံ့သွားသည်။ ဖြူ၊ များလားလို့။ မမှားပေ။ သူ့ ဖြူမှ ဖြူ အစစ် ဖြစ်သည်။ မျက်မှန်ထဲမှ ပြုံးနေသည့် မျက်လုံးကို ခင်ညို မြင်မြင်ချင်း အဝေးကပင် သိသည်။ သုတ်ခြေတင် လျှောက်လေ့ရှိသော မိဖြူက ကနေ့မှ ငြိမ့်ငြိမ့်လေး။

ခင်ညိုလိုပင် ချစ်ဆွေကလည်း ကြောင်ပြီး ကြည့်နေမိသည်။ သူတို့တွေ ကြက်သေပင် သေနေမတတ်။

“မောင်ရင့် ဖြူပါလား” ချစ်ဆွေက ခဏကြာမှ သေချာလို့ ခင်ညို့ ပခုံးကို ပုတ်ပြီး ပြောသည်။

“ပြန်ကြစို့ဗျာ” ဖြူတို့အတွဲ နီးလာလေမှ ခင်သို့ ရင်က ပူပြင်း လောင် ကျွမ်းမှု အရှိန်ပြင်းလာပြီမို့ တစ်ချိုးတည်း ပြန်လစ်ခဲ့ရသည်။ အပြန်လမ်းမှာ ခေါင်းပင် မဖော်သာ။ စကားပင် မဟဖြစ်။ တစ်ခြစ်ခြစ်နှင့် နှလုံးသားကို ရစ်လာသည်။ တမြေ့မြေ့နှင့် ချက်ချင်း ငွေ့ငွေ့ပူလာသည်။

ဆန့်ကျင်ဘက်ဆီမှ ရွက်ကြွေခြောက်လေးတွေက ခင်ညို့ဆီ ဝမ်းပန်း တနည်း ပြေးလာ ဆီးကြိုသည်။

ရွက်ဝါကြွေ နွေမူးမူးမို့။

*

“ခင်ဗျားဟာက စိတ်ဓာတ် အကျမြန်လှချေလားဗျ၊ စုံစမ်းစမ်းပါဦး”

ခင်ညို ပူပြီဆိုတော့ စိုးလွင်တို့ မနေသာ “ဘယ့်နှယ် ကိုဗျတ်ဝိ၊ အားလျှော့ လှချေကလား

ကိုခင်ဆွေကလည်း ဝင်နှောက်သည်။

“တက္ကသိုလ်မှာ အတွဲ တွေ့တိုင်း သမီးရည်စားချည်းပဲ မထင်နဲ့ဦးနော်၊ မောင်နှမလည်း ဖြစ်နိုင်တယ်၊ ဆွေမျိုးလည်း ဖြစ်နိုင်တာပဲ”

“ဟာ... သူက သူတို့ မိသားစုမှာ အကြီးဆုံးဗျ၊ ကျွန်တော် သိပြီးပြီ၊ သူ့ မောင်တွေက ငချွတ်တွေပဲ”

“ကာဆင် ဖြစ်ရင်ကော”

“အေးကွ၊ ကာဆင်ဆိုရင်လည်း ကြောက်ရတာပဲ၊ အောင်ကျော်ဇံတို့ကို ကြည့်ပါလား၊ ကာဆင် ကာဆင်နဲ့ မကြာပါဘူး အိစွပ် ဖြစ်တာပဲ” ချစ်ဆွေက သက်သေ ထူပြန်သည်။ ပြီးတော့ ပြောလိုက်သေးသည်။ “အတွဲတော့ အတွဲပဲဗျ၊ သားချင်းထဲက ရင်းရင်းနှီးနှီးရှိဦး၊ နှစ်ကောင်စလုံးသည် မျက်နှာပေး မဟုတ်ဘူး ဗျ၊ အခုဟာက ပခုံးချင်း ပွတ်ပြီး လျှောက်လာတာပဲ”

ခင်ညို ဘာလုပ်ရမှန်းပင် မသိအောင် ဖြစ်နေရသည်။ သည်တော့လည်း ဒီသတင်း မှန် မမှန် စုံစမ်းရပြန်သည်။

“ဪ... နင် မသိဘူးလား၊ သူတို့ နှစ်ဝက် Examပြီးကတည်းက တွဲ နေကြတာပဲ၊ ဟိုလူကလည်း သူတို့အိမ် အဝင်အထွက်ရှိတဲ့ လူလို့ ပြောတယ်” မကြာလှပါ၊ ခင်ညို့အတွက် သတင်းဆိုးကို ဖြူနှင့် တစ်ဆောင်တည်းနေ ပြွန်တန်ဆာသူ မသိန်းကြွယ်တို့က ပြောပြသည်။

“တကယ် ပြောတာလားဗျ” ခင်ညိုက မယုံတယုံမို့ မေးရသည်။

“အော်ဟယ်... ကျားကိုက်ပါတယ်ဆိုမှပဲ၊ နင့်ကို ဘယ်သူ မေးခိုင်းလို့လဲ”

“ဘယ်သူမှ မမေးခိုင်းဘူးဗျ”

“ဒါဖြင့် နင် ကြိုက်နေလို့လား”

ခင်ညိုက ခေါင်းသာ ညိတ်ပြရသည်။

“အလဲ့၊ နင်လည်း နောက်ပိုးတွေ ဘာတွေ တတ်နေပြီပဲ၊ ပိုးတော့လည်း သူများ ရည်စားမှ ပိုးရသလားဟယ်”

“ကျွန်တော် မပိုးသေးပါဘူးဗျ”

“ကြိုက်နေပြီ မဟုတ်လား” မသိန်းကြွယ်က ခင်ညို့ကို စေ့စေ့ ကြည့်မိသည်။

ခင်ညိုက တုံဏှိဘာဝေ။

“မောင်ခင်ညို ရယ်၊ မိန်းမတွေ ပေါလွန်းလို့ပါ ငါ ပြောပေးစမ်းပါ့မယ်”

“မလိုချင်ပါဘူးဗျာ”

‘သူများ ရည်းစားပဲ ကြိုက်တယ်ပေါ့”

ခင်ညို အားပျက်ရသည်။ စိတ်အကြီးအကျယ် ထိခိုက်ရသည်။ ချစ်ပြီလို့ နှလုံးသားက ကြေငြာပြီးကာမှ မလွတ်လပ်သူနှင့်၊ ဦးနှင့်သူနှင့် တွေ့နေရသည်။ ဒါနှင့် သူ မကျေနပ်သေး။ ယူနီယံမှာ မစိန်စိန်ကို စောင့်ရပြန်သည်။ စိန်စိန်ကို တော့ အကြောင်းသိ ရဲမေမို့ ဒဲ့ဒိုး မမေးရဲ။

“မစိန်စိန်၊ ခင်ဗျား ဖြူ ဖြူ က မဆိုးဘူးဘဲဗျ၊ အတွဲတွေ ဘာတွေနဲ့”

“ရှင်နဲ့ တွေ့ပြီးပြီလား”

“တွေ့တယ်လေ၊ တစ်နေ့က အင်းလျားကန်ပေါ်မှာ စုံတွဲ ခုတ်လာတာ မြင်လို့”

“ဪ... ဟုတ်မှာပေါ့၊ ကိုခင်မောင်ရီက တစ်ရက်ခြား ဆိုသလို လာတတ်တယ်”

“ကိုခင်မောင်ရီတဲ့လား”

“အင်းလေ၊ ရှင့်ကို မိတ်မဆက်ပေးဘူးလား”

“ဪ... ကျွန်တော်တို့က လှမ်းမြင်တာပါ၊ ခပ်ဝေးဝေးကပဲ၊ အမျိုးသားက ပဲခူးကပဲလားဗျ”

“မဟုတ်ပါဘူး၊ ရန်ကုန်သားပါ၊ ဘယ်နှယ် စုံစမ်းလှချည်လား”

“ဪသူတို့ စုံတွဲတွေ့တော့ အားကျလို့ဗျာ”

အံမယ်... ရှင်တောင် ဒီစကားတွေ ပြောနေပြီပဲ”

‘ယောက်ျားလေးပဲဗျ”

“အလဲ့”

“အဲသည်လူ ကြည့်ရတာ အောင်ပြီးပြီနဲ့ တူတယ်”

“ဟုတ်တယ်၊ မနှစ်က အောင်တာပေါ့၊ အခု ဖော်ရက်စထရီမှာ ဆရာ လုပ်နေတယ်လေ”

“ဪ...” ခင်ညိုက “ဪ” တစ်လုံးသာ အသည်းနှင့်နှင့် ပြောနိုင် တော့သည်။

ပြောင်းဝေးသည့် ဘိန်းစားလို မှိုင်တွေနေချိန်တွင်တော့ ကိုယုက မြေနိမ့်ရာ လှံစိုက်ဖို့ ရောက်လာသည်။ အဲသည်နေ့က စောင် ခေါင်းမြီးခြုံပြီး ခင်ညိုက အတွေးခေါင်နေစဉ် ဖြစ်သည်။ ကိုယုက အခန်းထဲ တိုးတိုးတိတ်တိတ် ဝင်လာပြီး ခေါင်းရင်း စားပွဲတွင် အကျ ထိုင်လိုက်သေးသည်။ ပြီးမှ...

“အလဲ... ကိုဝင်းမောင်က ဖြီးလို့ လိမ်းလို့ပါလား၊ သည်တစ်ခါတော့ အိပ်လျက် မတွေ့ဘဲကိုးဗျ”

ကိုဝင်းမောင်ကြီးက ပြန်ပြုံး ပြုံးပြသည်။

“ဪ... အဆန်းချည်း တွေ့ရတာပဲ၊ အမြဲတမ်း အိပ်နေတဲ့ လူကလည်း လမ်းထွက်ဖို့ ပြင်လို့၊ လမ်းချည်း ထွက်ပြီး အခန်း မကပ်တဲ့ ဒီကောင်ကလည်း အိပ်လို့”

ခင်ညို က အိပ်မပျော်ဘဲ ရှိသည်မို့ ကိုယု ပြောနေသမျှကို ကြားသည်။ သို့သော် ခေါင်းလှပ် မကြည့်။ အသာငြိမ်ပြီး မျက်လုံးသာ မှိတ်ထားလိုက်သည်။

ခင်ဗျားလည်း ဒါလောက် ပြင်နေပုံထောက်တော့ ဂေါ်ရေးပြဖို့ပဲ ထင်တယ်” ကိုယုက ဝင်းမောင်ကြီးကိုချည်း အသေအချာ ကြည့်ပြောနေသည်။

“ဟ လုပ်မနေပါနဲ့ကွာ၊ နင် ဘယ်လောက်လုပ်လုပ် သူလို ငါလို ပါပဲ” အခန်းပြင်မှ ကြည့်ပြီး စိန်အစ်ကပင် ပြောင်ချော်ချော် ပြောသွားသေးသည်။ ဝင်းမောင်ကြီးကတော့ သူ့ကို မပြောသလိုပင် အပြုံးမပျက် ခေါင်းဖြီးမြဲ၊ ဆံသမြဲ။

“ဂေါ်တာလည်း ကြည့်ဂေါ်နော် ကိုဝင်းမောင်၊ နံပါတ်ချိတ်ပြီးသားတွေ ဂေါ်မိလို့ သရိုးသရီ ဖြစ်နေဦးမယ်”

ကိုယုက ဝင်းမောင်ကို ပြုံးပြပြီး ခင်ညိုကို လက်ညှိုးထိုးလျက် ပြောသည်။ မျက်စေ့ပင် တစ်ဖက် မှိတ်ပြလို့။ ခင်ညိုကတော့ ဆရာယုနှယ် ဘယ်သူ ပြောလို့များ သည်ကိစ္စနှင့် ရောက်လာပါလိမ့်ဟု အံ့သြနေသည်။

“ကျုပ်တို့ကတော့ ကိုယ် ကြိုက်လို့ ကိုယ့်ကို ပြန်မကြိုက်ရင် အားကြီး သောက်မြင်ကတ်တာဗျ”

သူတို့တွေ တဟားဟား အရယ် ရပ်ကာမှ ခင်ညိုက စောင်လှပ်ပြီး ဆရာယုနှင့် စကား ပြောသည်။

“ဟေ့ကောင်၊ စိန်စိန်နဲ့ ပါလာတဲ့ မျက်မှန်လေးနဲ့ ချာတိတ်မကို မင်း ကျနေတယ်ဆိုကွ”

“ဟုတ်သပေါ့” ခင်ညို က ဆရာယုကို ပျော်ပျော်ပင် ပြုံးပြီး ပြောသည်။ “သူ့မှာလည်း အတွဲရှိဆိုကွ”

“အဲဒါကြောင့် ခက်နေတာပေါ့ ဆရာယုရဲ့”

“ငါ့ကောင် ခံနေရပြီ ထင်တယ်”

“ဪ... ဒါ့ကြောင့် ကိုခင်ညို တမှိုင်မှိုင်ဖြစ်နေတာကို၊ ကျွန်တော် မေးတာ မရဘူး”

ကိုဝင်းမောင်က ကိုယုကို ပြောပြသည်။

“ယူနီယံ သွားရအောင် ဆရာယု၊ လက်ဖက်ရည် ဆာလို့ ခင်ညို က စကား ဖြတ်လိုက်သည်။

“အေးပါလေ၊ ငါလည်း မင်းကို လက်ဖက်ရည် သောက်ဖို့ လာခေါ် တာပါပဲ၊ မင်းဟာလေး အကြောင်း ပြောစမ်းပါဦး”

“ကျွန်တော့်ဟာလေး မဟုတ်ပါဘူး ဆရာယုရယ်”

“ဟုတ်ပါပြီ၊ ဘယ်သူ့ဟာလေး ဖြစ်ဖြစ်ပါ”

“ဘာပြောရမှာလဲ ဆရာယုရဲ့”

“မင်း သူ့ကို ကြိုက်နေတာ သူ သိလား”

“မပြောတတ်ဘူးလေ”

“ဟ... ဒါနဲ့များ မင်းက ဆွေးနေရသေးလား၊ မင်း ဆွေးနေလို့ကော သူက ဖြိုမတဲ့လား၊ အလကား သောက်သုံးမကျတာ လျှောက်လုပ်နေတယ်၊ မင်းမှာ ဒိပြင် လုပ်စရာတွေ တစ်ပုံကြီး”

ခင်ညိုက ငြိမ်နေရသည်။

“မင်း ညကျောင်းရော မှန်မှန်ပြရဲ့လား”

“ပြပါတယ် ဆရာယုရဲ့၊ အဲ့ဒါတော့ ကျွန်တော် ဘယ်တော့မှ မပျက်ဖူး” အေးလေ၊ မင်းအခြေအနေ မင်း သိတာပေါ့၊ လာ ကိုနန်းဝေဆီသွားမယ်”

ဦးနန်းဝေထံ ရောက်ပြန်လည်း ခင်ညို သက်သာသည် မဟုတ်။ ပျော့ ရန်ကော၊ ညံ့ရန်ကောဟု ခင်ညို့ကို မေ့မျော လဲကျသွားမတတ် ပြောလိုက် ကြသည်ကလေ။

“အင်း... ငါ့ဆရာလည်း ဒါ့ကြောင့် လူပျိုကြီး ဖြစ်နေတာပဲ” ဟုသာ ကြိတ်ပြီး မှတ်ချက်ချလိုက်ရသည်။

*

အကျိုးလည်း မရှိ၊ အချိန်လည်း ကုန်၊ အလုပ်တွေလည်း ပျက်၊ လူလည်း ညှိုးချုံး ကျလာသည်တွင်မှ ခင်ညို ပြန်ပြီး လှုပ်ရှားလာသည်။ သို့သော်လည်း ဖြူကိုတော့ မျက်လုံးက မြင်နေရမြဲ။ ဘယ့်နှယ် ဖျောက်လို့ ရနိုင်ပါမည်လဲ။ ချစ်မေတ္တာ နှလုံးသားနှင့် သည်တစ်ခါသာ ခင်ညို စွဲစွဲမြဲမြဲ ချစ်ဖူးသေးသည်ကိုး။

စာမေးပွဲတွေလည်း တဖြည်းဖြည်း ကပ်လာပြီမို့ ခင်ညို စာကိုတော့ သဲသဲမဲမဲ ဖတ်ဖြစ်သည်။ ဦးနန်းဝေနှင့် ကိုယုကလည်း မကြာခဏ ဆိုသလို လာပြီး သတိပေးသည်။ သူကလည်း ဝတ်မပျက်ပါ။ လက်ဖက်ရည် သောက်ရင်း ဦးနန်းဝေဆီ ဝင်နိုင်သည်။ ညကျောင်းသွားရင်း ဆရာယု စာပြသည့် ကျောင်း များသို့ ရောက်သည်။ ညနေခင်းများတွင်သာ ထမင်းစားပြီး စိတ်ဖြေ ပြေရာ လမ်းလျှောက်ရသည်။ သည်လို လမ်းထွက်သည့် ရက်များတွင် ဖြူတို့နှင့် ဆုံလျှင်တော့ သူ ဝေးဝေးက ပြေးရသည်။ ခင်ညို တစ်ယောက်က သူ့ စိတ်ကို သူ့ သူနိုင်သူ မဟုတ်။

သည်ရာသီမှာမှ တက္ကသိုလ် တစ်ခုလုံး ကံ့ကော်ပန်းတွေ လှိုင်နေအောင် ပွင့်သည်။ ကျောင်းသူတွေ မနက် ကျောင်းတက်ပြီဆိုလျှင် ကံ့ကော်ပန်း အပန်လွတ် သူ အတော်ရှားသည်။ တကူးတက ခူးပေးသူတွေလည်း ရှိသည်လေ။

ခင်ညိုတို့ မန္တလေးဆောင်မှာပင် ည အိပ်ရေးပျက်ခံပြီး ကံ့ကော် အဖူး ခူးကြသူတွေ အပြည့်။

စိုးလွင်တို့ ချစ်ဆွေတို့ လုပ်ပုံက မဆိုးလှ။ ညဆိုလျှင် ဝိဇ္ဇာ စာသင် ခန်းများမှာ စာ ထွက်ကျက်သည်။ တစ်နာရီထိုးလောက်အထိ။ သည်အချိန် တွေမှာတော့ ခင်ညို မလိုက်လို့ မဖြစ်။ သူတို့ကလည်း မချန်။ ခင်ညိုနှင့် သူတို့နှစ်ယောက် ချစ်ကြရသည်တွင် စာ ကြိုးစားချင်သည့်စိတ် ရှိခြင်းက တူကြ သည်ကိုး။ စာအုပ်ဆိုင်တွေ ဝင်မိပြီဆိုလျှင် သုံးယောက်သား သုံးစရာ မကျန်အောင် စိတ်တူ ကိုယ်တူ ဝယ်ပြီး စုဖတ်ကြသည်ကိုး။

ခုလည်း စာကျက်ဖို့ သွားသည်ဆိုတော့ တစ်ယောက်ကို တစ်ယောက် စောင့်ခေါ်သွားကြသည်။ အမရဆောင်သား စိုးလွင်က အမြဲ မန္တလေးဆောင်ကို ကြိုရောက်သည်။ ပြီးတော့ ခင်ညိုနှင့် ချစ်ဆွေကို ခေါ်ပြီးသွားသည်ချည်း။

ည တစ်နာရီလောက် ဆိုလျှင်တော့ သူတို့ နှစ်ယောက် ဖင်ရွနေတတ်သည်။ မျက်နှာ ပြုံးချိုချို လုပ်လာတတ်သည်။

“သွားကြမလား” သည်စကားကို သူတို့ နှစ်ယောက် အနက် တစ်ယောက် ယောက်က စပြီး ဖောက်သည်။ လာကတည်းက လက်နှိပ်မီး ပါလာသည်မို့ တစ်ယောက်က မီးထိုး၊ တစ်ယောက်က အပင်တက်နှင့် ကံ့ကော်ဖူး ခူးကြသည်။ ခူးသည် ဆိုသော်လည်း အေးအေးဆေးဆေး မဟုတ် ဘေဘီ ကြည့်ရသေးသည်။ ဆရာတွေက ပန်းခူးသည်ကို ကြိုက်လှသည် မဟုတ်။ တက္ကသိုလ်၏ အလှအပ များကို ဖျက်ဆီးကြသည်လို့ အပြစ်ဖွဲ့သည်။ ပြီး စောင့်ကြပ်နေကြသေးသည်။

သူတို့တွေ အလုပ်က အခန်း ရောက်သည်နှင့် အဖူးတွေ ရေစိမ်ပြီး မနက်ကြီး စောစော အဆောင်ရှေ့က စောင့်ရသည်။ ချစ်ဆွေကတော့ အဆင် ပြေသည်။ ငြိမ်းနှင့် အချိန်းအချက် ရှိသည်မို့ ခုနှစ်နာရီ မထိုးမီပင် အဆောင် ရှေ့မှ စောင့်ပြီး “ရွှီ” ကနဲ လေချွန်လျှင် ငြိမ်းက ထွက်လာတတ်သည်။ စိုးလွင် ကတော့ ဒုက္ခကြီး တစ်ခု၊ တစ်ခါတလေ ခြောက်နာရီခွဲလောက်က သူ ရောက် သော်လည်း ခုနှစ်နာရီ ထိုးသော်မှပင် သူ့လက်က ပန်းစီးက အရာမယွင်း။ ဝင်းဝင်းကြည် လာနိုး၊ လူကြုံ လာနိုးနှင့် တစ်ခါတစ်ရံများဆို စိတ်ပျက်ပြီး အဆောင်ကို ခေါင်းစိုက် ပြန်လာတတ်သည်။

ခင်ညိုကတော့ ပေးစရာ လူ မရှိ။ သို့သော်လည်း သူတို့အတွက်တော့ အဖေါ်လိုက်ပြီး သစ်ပင် တက်သည်။ ဒါလည်း သူတို့ လိုက်လျော၍ ဖြစ်သည်။ ပန်းခူးပြီး အပြန် သူတို့တွေ အဆောင်ကို ဖြောင့်ဖြောင့် ဝင်ရသည် မဟုတ်၊ ခင်ညို့နောက် ပြန်လိုက်ရသည်။ ခင်ညိုက ညလုံးပေါက် ဖွင့်သည့် လှည်းတန်း အဝိုင်းထိပ်က ချစ်ကြည်ရေး လက်ဖက်ရည်ဆိုင် ထိုင်ရသေးသည်။ ဒါမှလည်း အိပ်ပျော်သည်။

သူတို့ တစ်တွေလိုပင် ခင်ညိုလည်း ပန်းတွေ အားပါးတရ ခူးသည့်နေ့ ရှိသည်။ သည်နွေမျိုးတွင်တော့ အပွင့် လေးငါးဆယ်လောက် ရအောင်ပင် ခူးသည်။ ပေးရမည့် လူ မရှိလေတော့ အခန်း ပြန်ရောက်လျှင် ဖြန့်ကြဲထား လိုက်သည်။ မွေ့ရာပေါ်၊ ခြင်ထောင်ပေါ်၊ အခန်းထောင့် ကံ့ကော်ပန်းတွေ ဖြန့်ပြီး အိပ်သည်။ ဒါကိုပင် စိတ်ကူးယဉ်ပြီး ရူးသည်လို့ သူ့ကို အခန်းနီးချင်း ကံညွန့် တို့က နှာခေါင်းပိတ် ပြောသေးသည်။

တစ်ခါကတော့ လက်ထောက် အဆောင်မှူး ဦးထွန်းဦးပင် မအိပ်နိုင် လောက်အောင် နံသည်ဆိုပြီး ခင်ညို့ကို လာတားရသည်။ အဲသည့်နေ့က ခင်ညို ပန်းတွေ တစ်ပွေ့ကြီး ရသည်။ ခါတိုင်းလိုပင် သူက ပန်းမွှေ့ရာ ပန်းသင်းနံ့ နှင့် ပန်းညီလာခံကြီး ခင်းနေချိန် ဖြစ်သည်။

“ကိုခင်ညို၊ ခင်ဗျား မနံဘူးလားဗျ”

“မနံပါဘူး ဆရာ၊ မွှေးလို့ပါ”

“ဟာဗျာ၊ ကျွန်တော် မအိပ်နိုင်လို့ ထလာရတာ၊ ခင်ဗျား အခန်းက ဖြစ်မှာပဲဆိုပြီး လာနှိုးရတာ”

“ကျွန်တော်တော့ ဘာမှ မဖြစ်ပါဘူး ဆရာ”

“မဟုတ်ဘူး၊ ခင်ဗျား လူ မသိဘဲ သေသွားလိမ့်မယ်၊ ဒီလို မွှေးတာ မျိုးက နည်းနည်းပဲ ကောင်းတယ်၊ အခု ကြည့်စမ်းပါဦး၊ ခင်ဗျား ပန်းတွေက”

ဦးထွန်းဦးက ခင်ညှို့ အခန်းထဲဝင်လာပြီး ပန်းတွေကို ပြသည်။ ဘေးက စိန်အစ်၊ မောင်မောင်နှင့် ကံညွန့်တို့ပင် နိုးပြီး အလန့်တကြား ဝင်လာကြသည်။

“ဒီကောင်က အရူးပဲ ဆရာ “

သူတို့က ဝိုင်းပြီး နှိမ်လိုက်ကြသေးသည်။ မောင်မောင်ကတော့ အသက် ကြီးသူပီပီ လေအေးအေးနှင့် ပညာပေးသည်။

“ဟုတ်တယ် ကိုခင်ညိုရဲ့ ကျွန်တော်တို့ဆီမှာ မိန်းမ တစ်ယောက် သည်လိုပဲဗျ၊ သူက ပန်းသည်ဆိုတော့ ပန်းခြင်းတွေအကြား အိပ်တာ၊ မူးပြီး ဆေးရုံကို ချက်ချင်း ပို့ယူရတယ်၊ အသက် မှီလို့ပေါ့ဗျ...”

“ကျွန်တော်ကတော့ ဘာရယ် မဟုတ်ပါဘူး ကိုမောင်မောင်ရယ်၊ ပန်း အနံ့ကို သဘောကျတာနဲ့ ခူးထားတာပါ၊ ကျွန်တော့် နှာခေါင်းထဲတော့ သင်းနေရုံ ရှိတာဗျ”

“မလုပ်နဲ့ ကိုယ့်လူ၊ ဒုက္ခ များသွားမယ်” ဦးထွန်းဦးက ဖြောင့်ဖြသည်။

“ကိုခင်ညိုက အိပ်မက်ထဲ အနံ့သင်းသင်းလေး မွှေးပြီးသား ဖြစ်အောင်နဲ့ တူပါတယ် ဆရာ”

စိန်အစ်က အိပ်မှုန်စုံမွှား ဝင်နောက်လိုက်သေးသည်။

နောက်ဆုံးတော့လည်း ခင်ညို က လက်လျှော့လိုက်ရပြီး နောက်လည်း ဆင်ခြင်နေလိုက်ရသည်။

“ကံ့ကော်ပန်းဟာ မွှေးလွန်းလို့ နံကြသတဲ့လေ”

ကျောင်းမှာ ဖြူနှင့် ဆုံသေးသည်။ စာအကြောင်း စာမေးပွဲအကြောင်းသာ ဣန္ဒြေရရ ပြောဖြစ်ကြသည်။ အမူအရာမပျက် ဖြူကို ဆက်ဆံရသည်။

“ဖြူတို့ကို ကိုခင်ညို မြင်တယ်ဆို” တစ်ခါကတော့ ဖြူက သည်လို မေးသည်။ မစိန်စိန်နှယ် လျှာရှည်ရန်ကောဟု ခင်ညိုက ဒေါထချင်လာသည်။ အတော်ပဲ ပွင့်လင်းတဲ့ မိန်းကလေးပဲဟု စိတ်ထဲ မှတ်လိုက်ရသေးသည်။ ဘာမှတော့ ထူးလာ၍ မဟုတ်။ မနေသာ၍သာ။

စာမေးပွဲ ရက်တွေမှာ ခင်ညိုက ညကျောင်းကို ခွင့်ယူထားလိုက်သည်။ သူ စာကိုပဲ မဲကြည့်သည်။ ဖြေလိုက်ရတော့လည်း ဘာမှ မထူးလှ။ မက်ထရစ် ဖြေသည်လောက်ပင် တုန်လှုပ် ချောက်ချားမှု မရှိ။

“ကိုခင်ညို ဘယ်နေ့ ပြန်မလဲ” စာမေးပွဲ နောက်ဆုံးနေ့ တွေ့တော့ ဖြူက မေးသည်။

“ကျွန်တော် ပြန်ဖြစ်မယ် မထင်ဘူးဗျ၊ ကျွန်တော့် ပရိုက်ပိတ် ကျောင်းက ရှိသေးတယ်၊ Exam ရက်တွေကလည်း ကျွန်တော် ကျောင်းပျက်ထားတာတွေ ရှိတယ်လေ”

“အင်း... ဟုတ်သားပဲ”

“ဖြူဖြူ ကော ဘယ်တော့ ပြန်မှာလဲ” ဒါကိုတော့ သိချင်လို့ ခင်ညို မေးခြင်း ဖြစ်သည်။

“အိမ်က လာခေါ်မှာကို စောင့်နေတာပါ၊ သုံးလေးရက်လောက်ဆို ရောက်မယ် ထင်တယ်”

“ဪ”

“မစိန်စိန်ကော”

သူကတော့ ဘယ်ကျောင်းပိတ်ရက်မှ အိမ်မပြန်ဘူး ကိုခင်ညိုရဲ့၊ သည်မှာပဲ အချိန်ကုန်တာပဲ၊ အခု နွေလည်း အလုပ်တွေ ရှိတယ်တဲ့၊ ဖြူကိုတော့ စောစောပြန်ခဲ့ဖို့ မှာတာပဲ”

“ဟုတ်သားပဲ”

ဟုတ်သားပဲဟုသာ ခင်ညို က ပြောလိုက်သော်လည်း ပြောပြီးမှ ဖြူကို မော့ကြည့်လိုက်မိသည်။ ဖြူ ကတော့ မထူးခြားလှ။ ပြီးတော့မှ...

“သူလည်း နွေဆိုတော့ ပျင်းနေမှာပေါ့၊ Hallမှာ လူမှ မရှိဘဲ”

“အို... မစိန်စိန်က အကျင့်ဖြစ်နေပြီ၊ သူက ဖြစ်သလို နေတာပဲ၊ ကိုခင်ညို ကော၊ ဟောမှာပဲ နေမှာလား”

“မနေပါဘူး၊ မြို့ထဲက အစ်ကို တစ်ယောက် အိမ်မှာ နေမှာပါ၊ ကျွန်တော် သည်မှာ တစ်ပတ်လောက်ပဲ ရှိတော့မှာပါ၊ ဒါပေမဲ့ နေ့ခင်းပိုင်းဆိုရင်တော့ ယူနီယံမှာ ရှိမှာပါပဲ”

“ကဲ... သွားမယ် ကိုခင်ညို၊ မတွေ့ရင် ဒါ တစ်ခါတည်း နှုတ်ဆက်ခဲ့ တာပေါ့၊ နောက်နှစ် ဆုံကြသေးတာပေါ့”

ခင်ညိုက ဖြူ နှုတ်ဆက်ပြီး ထွက်သွားသည်ထိ။ ထိခိုက် လွမ်းဆွေး ကျန်ရစ်သည်။ မျက်စိ တစ်ဆုံးပင် တိုင်မှီပြီး ငေးငိုင် ရပ်ကြည့်နေမိသည်။

“ဟေ့ လူကြီး”

ကြည့်ပါဦး။ သူ့နောက်က စိုးလွင် ရောက်နေသည်ကိုပင် သူ မသိ။ ကျောကို လှမ်းပုတ်မှ ပြုံးပြီး သူက စိုးလွင်ကို နှုတ်ဆက်ရသည်။

“ခင်ဗျာ့ ဖြူဖြူ၊ မဟုတ်လားဗျ”

“ဖြူမို့လို့ ရပ်ကြည့်နေတာပေါ့ဗျ၊ ဝင်းဝင်းကြည်သာဆို ကျုပ် ဖြတ် သွားတာ ကြာလှပြီ”

"အင်း... ခင်ဗျားတော့ အဲဒါနဲ့ သေမှာပဲ”

“ချစ်တာကိုးဗျ... ဘယ့်နှယ့် တတ်နိုင်မလဲ”

“လာပြန်ပြီဗျာ၊ ခင်ဗျား နောက်နှစ် ပြန်ရောက်ရင် နောက်တစ်ယောက် လုပ်ဗျာ”

“ဟာ မဟုတ်တာ၊ မေတ္တာကို ဒီလို လုပ်လို့လည်း ရလားဗျ”

“မလုပ်လို့ ဟိုက လင်ပဲ ယူတော့မယ်၊ ခင်ဗျား ရနိုင်တာမှ မဟုတ်ဘဲ”

“ကျွန်တော် ချစ်တာတော့ ဘယ်လို ပြောင်းလို့ ရမလဲဗျ”

“စိတ်ကူးယဉ် မနေစမ်းပါနဲ့ဗျာ၊ ခင်ဗျားဟာ ဝတ္ထု မဟုတ်ဘူးဗျ၊ တကယ် ဖြစ်နေတာ၊ တော်ကြာ ခင်ဗျား ကြိုက်တာ တွေ့ရင် မေ့သွားမှာပါပဲ”

“ကျုပ် ဘယ်တော့မှ မေ့မှာ မဟုတ်ဘူးဗျ”

“အေးပါ၊ စောင့်ကြည့်သေးတာပေါ့၊ လာဗျာ လိုက်ခဲ့စမ်းပါဦး၊ L.C.R မှာ ဝင်းနဲ့ ချိန်းထားလို့”

“ကိုယ့်ဟာကိုယ် ချိန်းထားရင် သွားပါလား ကိုယ့်လူရ “မဟုတ်ပါဘူး၊ လာစမ်းပါ၊ ကနေ့ Exam ပြီးလို့ Picture ကြည့်မလို့ဗျာ”

“ကျွန်တော် Picture တော့ မလိုက်ချင်ဘူးဗျာ ဖိုးစိုးလွင်”

“ခင်ဗျားကလည်း ကျွန်တော့် အတွက်ပါဗျ၊ သူတို့လည်း အဖော်တွေ ပါမှာပါ၊ လာဗျာ” စိုးလွင်က အတင်း ဆွဲခေါ်သည်နှင့် ခင်ညို ပါသွားရသည်။

“မောင်ရင်တို့ Exam တွေ ကျန်သေးတယ် မဟုတ်လားဟင်”

“လာစမ်းပါဗျာ၊ Gapတွေ အများကြီး ရှိပါသေးတယ်၊ ဦးနှောက် ရှင်းတဲ့ သဘောပေါ့”

L.C.Rရှေ့တွင် ဝင်းဝင်းကြည်က အသင့် စောင့်နေလေသည်။ ဝင်းဝင်းကြည် အပြင် အဖော် မိန်းကလေးပင် ရှိနေသေးသည်။

“ကိုခင်ညိုပါ ပါလာတာကိုး၊ ကျွန်မတို့နဲ့ အတူလိုက်မယ် မဟုတ်လား”

“လိုက်မှာပေါ့ အဝင်းရဲ့၊ သူ့ကို မနည်းခေါ်လာရတာ

ခင်ညိုက မဖြေ၊ စိုးလွင်က ဝင်ဖြေသည်။

“ကိုခင်ညိုတို့တော့ ဖြေနိုင်မယ် ထင်တယ်၊ ကျွန်မတော့ Logic Paper မရလို့” ဝင်းဝင်းကြည် စာမေးပွဲအကြောင်း စကား စလိုက်သည်။

“ကျွန်တော်တော့ ဖြေတာပဲဗျာ၊ ဆိုးတော့ မဆိုးပါဘူး”

“ရှင်က အေးအေးဆေးဆေး ရမှာပါ၊ ရှင့် သူငယ်ချင်းက ရှင့်အကြောင်း ပြောလို့ သိပြီးပါပြီ”

ခင်ညိုက မပြောသာသလို ရှိနေစဉ် “အချိန် စောပါသေးတယ် အဝင်းရဲ့၊ (shed)ထဲသွားပြီး တစ်ခုခု စားရအောင်ပါ” စိုးလွင်က ဖိတ်ခေါ်လေသည်။

ခင်ညို ကတော့ သည်အထိ အဆင်ပြေနေသော စိုးလွင်ကို လှမ်းကြည့် ပြုံးပြီး ဘီအိုစီ ကောလိပ်နှင့် ကပ်နေသည့် စားသောက်ဆိုင် တဲကြီးသို့ ထွက်ခဲ့ ကြသည်။

“ကိုခင်ညို သူ့ကို သိလား”

မုန့်ဟင်းခါးဆိုင် ထိုင်မိကြလျှင်ပင် ဝင်းဝင်းကြည်က သူ့မိတ်ဆွေကို ပြပြီး မေးသည်။ ခင်ညိုက စူစူးစိုက်စိုက် ကြည့်ပြီးမှ...

ပြန်မြင်တော့ မြင်ဖူးတယ် ထင်တယ်”

“ကျွန်မတို့ကတော့ သိပါတယ်”

“ဪ ကျွန်တော်ကိုတော့ ခွင့်လွှတ်ဗျာ၊ ကျွန်တော်က ဟိုပြေး သည်ပြေးနဲ့ Class တောင် မှန်အောင် မနည်း လုတက်နေရလို့ပါ၊ ဘာကွန်ဘိုင် နေးရှင်းယူလဲ”

ခင်ညိုက အားနာပါးနာ ဖြစ်ပြီးမှ နှုတ်သွက် လျှာသွက် မေးသည်။

“ခင်ဗျားနဲ့ အတူတူပဲဗျ၊ ဗွီ ကွန်းဘိုင်နေးရှင်းပဲ၊ စံပဲ ခင်ဗျားကတော့”

စိုးလွင်က သူ့လို သညာ မရှိရန်ကောဟု အမောတကော ပြောသည်။

“ကျွန်မကို သိလိမ့်မယ် အောက်မေ့တာ၊ ကျွန်မနဲ့ သူငယ်ချင်း သုံးယောက် အမြဲ ရှင့်ခုံရှေ့က ထိုင်တာပဲ၊ ခုံချင်း ကပ်နေတဲ့ဟာကို”

သူကလည်း အပြစ်တင် ပြောသည်။

“ကဲ... ကိုခင်ညို၊ သူက Day က မဟင်္သာတဲ့၊ မေ့ဦးမယ်၊ မှတ်ထားဦး”

ဝင်းဝင်းကြည်က ရယ်ရယ်ရွှန်းရွှန်း မိတ်ဆက်ပေးသည်။

“ဆောရီးပဲဗျာ၊ ကျွန်တော်က Class တက်ကာနီးမှ ရောက်ရောက် လာတော့ သိပ်ပြီး အမှတ် မထားမိဘူး၊ ယောက်ျားလေး အဖော်တောင် အဆောင်မှာပဲ ရင်းရင်းနှီးနှီးရှိတယ်”

“သိပါတယ်၊ ကျွန်မတို့ဆို ရှင့်ကို နာမည် အမျိုးမျိုး ပေးထားတာ”

“အင်း... လုပ်ပါဦးဗျ၊ ဘာတွေများလဲ”

ခင်ညို ကလည်း ပျော်ပျော်ရွှင်ရွှင်ပင်။

“ရှင်က တိုက်ပုံ အင်္ကျီ အမြဲဝတ်လို့ ကျွန်မ သူငယ်ချင်းတွေက ကိုတိုက်ပုံ တဲ့၊ ကနေ့တောင် မြင့်မြင့်သိန်းက ပြလို့၊ ရှင် Exam Hall ထဲ ဝင်လာတာကို ကိုတိုက်ပုံ လာပြီတဲ့”

“ဖြစ်ရလေဗျာ၊ ဒီပြင် နာမည်တွေကောဗျာ”

အခုမှ စိုးလွင်ရော ဝင်းဝင်းကြည်ပါ လိုက်ပြီး ရယ်နေမိကြသည်။

“ရှိသေးတာပေါ့၊ ကြွက်” တဲ့။

မဟင်္သာက ပြောပြီး ဘာသာ သဘောကျစွာ ဟက်ဟက်ပက်ပက် ရယ်လေသည်။

ခင်ညို ကလည်း ရယ်ရွှန်းရွှန်းနှင့်ပင်။

“အဲဒါက ဘာဖြစ်လို့လဲဗျ”

“အဲဒါက အဝင်းရဲ့ အခန်း Partner အချို့ ပေးတဲ့ နာမည်လေ”

“လုပ်စမ်းပါဦးဗျ၊ ကိုယ့် နာမည်တောင် ကိုယ် မသိဘဲ ဖြစ်နေပါဦးမယ်လေ”

“ရှင်က ပြာရာပြာရာ အမြဲ လျှောက်တယ် မဟုတ်လား၊ Class ပြီးရင် လည်း ဟိုဝင်တိုက် သည်ဝင်တိုက်၊ ခေါင်းက စိုက်စိုက် စိုက်စိုက်နဲ့၊ ကြွက်လိုပဲ၊ ရှင် တစ်ခါ၊ အချိုကို တိုးပြီးမှ ဆောရီး ဆိုပြီး ရှင် ထွက်သွားတာ မမှတ် မိဘူးလား”

“ဟား... တိုးမိပေါင်း များတော့ မသိတော့ဘူးဗျို့”

“ပြီးတော့ ရှင့် နားရွက် ကားတာကိုပါ တွေ့ပြီး အချို့က သည်နာမည် ပေးတာ”

ခင်ညိုက သူ့ နားရွက် သူ ဆွဲကြည့်ပြီး “ကောင်းလိုက်လေဗျာ” ဟုပင် ပြောပြီး ရယ်ချလိုက်သည်။

ထိုစဉ်မှာပင် စိုးလွင် အလိုက်သိစွာ မှာထားသော လက်ဖက်ရည်နှင့် သူတို့အတွက် မုန့်ဟင်းခါး သုံးပွဲ ရောက်လာ၍ စားရင်း သောက်ရင်း စကား ပြောကြလေသည်။

‘ဘယ့်နဲ့လဲဗျ

စိုးလွင်က ခင်ညိုကို မေးထိုးပြီး မေးသည်။ ခင်ညိုက မဖြေ။ ပြုံးသာ ပြသည်။

“ကြွက် ဆိုတာတော့ မဆိုးဘူးဗျ၊ ခင်ဗျား အချို ဆိုတာကို ပြောလိုက် ပါဗျာ၊ ကျွန်တော်က ကြာသာပတေးသားလို့၊ ပြီးတော့ ကြွက်ဆိုတာ နားရွက် သေးသေးလေးပါလို့”

“မိချိုကဟယ်... နာမည် ပေးတာတောင် ကြွက်လို့ပဲ”

“တိရိစ္ဆာန် နာမည်မို့လား အဝင်းရဲ့”

စိုးလွင်က ဝင်းဝင်းကြည်ကို မေးလိုက်သည်။

“ကျွန်မလည်း တိရိစ္ဆာန် နာမည်ပါပဲ ကိုစိုးလွင်ရဲ့”

“အား···ဆောရီးဗျာ၊ ဟုတ်သားပဲ”

စိုးလွင်က မဟင်္သာကို အားနာသွားသည်။

“အို... ကိုစိုးလွင်ရယ်၊ လူဆိုတာ တိရိစ္ဆာန်ချည်းပဲ မဟုတ်ဘူးလားဗျ၊ နာမည် ဆိုတာကလည်း ပညတ်ပဲဟာ၊ ဘာမှည့်မှည့်ပေါ့ ရပါတယ်၊ မဟင်္သာ နာမည်ကတော့ ကောင်းတယ်ဗျ၊ တကယ့် တကယ် ဗမာ နာမည်ပဲဗျ”

ခင်ညိုက စိုးလွင်လို ပြောရင်း မဟင်္သာ နာမည်ကိုပါ ချီးကျူးလိုက် သည်။

“မင်းကကော... ကိုခင်ညို့ကို နာမည် မပေးဘူးလားကွ”

ဝင်းဝင်းကြည်က မုန့်ဟင်းခါး စားရင်း မဟင်္သာကို မေးသည်။

“ကိုယ်ကတော့ ပေးတယ် မဟုတ်ပါဘူး၊ သူငယ်ချင်းတွေ ခေါ်တာ လိုက်ခေါ်တာပါပဲ အဝင်းရယ်”

မဟင်္သာက ဝင်းဝင်းကြည်ကို ပြောရင်း ခင်ညိုကို လှမ်းကြည့်သည်။

“နောက် ကျန်သေးတဲ့ နာမည်တွေ ပြောစမ်းပါဦး”

စိုးလွင်က စပေးပြန်သည်။

“ကျန်သေးလို့လားဗျ”

ခင်ညိုကလည်း သိလည်း သိချင်နေသည်။

“ကျန်တာပေါ့ ကိုခင်ညိုရယ်၊ အချို့ဆိုရင် နာမည် အပေးဆုံးပဲ”

“ဘာတွေလဲဗျ”

“အောက်စိုက်တဲ့၊ လွယ်အိတ် မင်းသားတဲ့၊ ဘုန်းမောင်တဲ့၊ နဂါးတဲ့”

“များပါ့ဗျာ၊ ဘာလဲဗျ နဂါးဆိုတာ”

ခင်ညိုက အံ့သြဘနန်း မေးရသည်။

“ရှင့် နားရွက်က ကားနေတာ

“ဪ... ဖြစ်ရလေ၊ ဘုန်းမောင် ဆိုတာကကော”

“အရင်တုန်းကတော့ ရှင် တစ်ယောက်တည်း လာလာနေလို့ ဟို ဗန်းမော်တင်အောင် ဝတ္ထုထဲက ကိုဘုန်းနိုင်လို၊ တစ်ယောက်တည်း သွားသွား နေတာနဲ့ ဘုန်းမောင် တစ်ယောက်တည်းရယ်ကွဲ့လို့ ရှင့်ကို မကြားတကြား ပြောပြောနေတာ”

“အချို ဆိုတာကလား”

“အင်းလေ... နောက်တော့ သူပဲ ခေါ်ရတာ ရှည်တယ်ကွာ ဆိုပြီး ဘုန်းမောင်၊ ဘုန်းမောင်နဲ့ လုပ်နေတာ”

“မင်းတို့ကလည်း ခေါ်တာပဲလား

“အိုကွာ... ကိုခင်ညို ကိုတော့ ဘယ်ခေါ်မလဲ၊ ကိုယ်တို့ချင်း ပြောကြ ဆိုကြရင်း သည်နာမည်ကို ပြောတာ၊ အချို့ကလည်း မင်း သိတဲ့အတိုင်းပဲ သိပ်နောက်တယ် မဟုတ်လား၊ ကိုခင်ညို စိတ်တော့ မဆိုးနဲ့နော်၊ ကျွန်မတို့ လူနောက်ချည်းပဲ”

“ကိစ္စမရှိပါဘူးဗျာ၊ ပျော်လို့ သူတို့ ပြောကြတာဟာပဲ”

“ကဲ... ကိုယ့်လူ၊ ကိုယ်တို့ ပျော်ဖို့လည်း ကျန်သေးတယ်၊ လစ်ကြ ရအောင်”

စိုးလွင်က ပိုက်ဆံ ရှင်းပြီး ရုပ်ရှင်သွားဖို့ ဟန်ပြင်လေသည်။ ပြန်လမ်း ရောက်သည်ထိ သူတို့ လေးယောက် သည်အကြောင်းတွေပင် စကား တပြောပြော ပြောလာကြပြီး သုံးဘီးဖြင့်ပင် ရုပ်ရှင် လာကြလေသည်။ သည်လိုကျတော့လည်း သူ့ အချစ်လေး ပင်ပန်းမည်ကို ဖိုးချောက အစိုးသား။ ငွေကြေး အကုန်အကျ များမည်ကို စိတ်ပင် မဝင်စား။

ခုလေးတင် ရင်ခုံ ဖိုလှိုက် ခံစားလိုက်ရသော်လည်း မဟင်္သာတို့နှင့် ရယ်မော ပြောဆိုနေချိန်တွင် ခင်ညို စိတ်ပျော်သွားသည်။ စိုးလွင် ကျေးဇူးကြောင့်ပင် ခင်စရာ မင်စရာကောင်းသော၊ ရိုးသားသော မဟင်္သာနှင့် မိတ်ဆွေ ဖြစ်ရသည်။ သူတို့ မိတ်ဆွေ ဖြစ်ရသည်ကလည်း အထူးသား။ စာသင်နှစ်၏ နောက်ဆုံးနေ့တွင် တစ်ပါတည်းနှင့် တရင်းတနှီး ခင်လိုက်ကြပြီး ကျောင်း ပိတ်ရက် ခွဲကြရလေသည်။

မဟင်္သာက ရန်ကုန်သူ ဖြစ်သည်။ ဖြူဖြူနွဲ့နွဲ့နှင့် စကားပြောလျှင် သွက်လက်ချက်ချာ ရှိသည်။ ပွင့်လင်းသည်။ ရိုးသားသည်။

ရန်ကုန်သူ ဆိုသော်လည်း ရန်ကုန်မှာ မွေးသူ မဟုတ်။ သူ့ကို သန်လျင်မှာ မွေးသည်။ သူ့မိဘတွေ၏ စီးပွားရေးအရ ရေကြည်ရာ မြက်နုရာ ရန်ကုန်ကို ရောက်ခဲ့ခြင်း ဖြစ်သည်။ ခုတော့ သူတို့ မိသားစုက ကန်တော်ကလေးမှာ၊ သူက နေ့ကျောင်းသူ။

မဟင်္သာနှင့် ခင်မင် ရင်းနှီးရခြင်းကြောင့် ခင်ညို့ကို အကျိုးကျေးဇူး များစွာ ဖြစ်လာခြင်းများ ရှိသည်။ ရန်ကုန်သူ မမနှင်း တစ်ယောက်လို့ ဆိုရ လောက်တဲ့ သူတစ်ယောက် သူ့အတွက် ရသည်ကို နောက်မှ သူ သိရသည်: ခင်ညို ကံပေပဲ။

အလုပ် တာဝန် ရှိသေး၍ ရန်ကုန် မြေက မခွာရသေးသော်လည်း ရန်ကုန် နွေကိုတော့ ခင်ညို မုန်းချင်သလိုလို ရှိသည်။ နွေမှာတော့ ညကျောင်းက လွဲလျှင် အလုပ် အမယ် အထူး မရှိပြန်။ နေ့ခင်းပိုင်းအားလျှင် ကုလား စာအုပ် အဟောင်းဆိုင်များတွင် လှည့်လည် အချိန်ကုန်သည်။ ယူနီယံမှာတော့ အထူး တာဝန် ရှိလှသည် မဟုတ်။ ခင်ညိုက တ-က-သ အမှုဆောင်လည်း မဟုတ်။ ဝါသနာ ကြီး၍၊ လိုလည်း လိုအပ်၍၊ သည်နားမှာပင် တရစ်ဝဲဝဲ ရှိနေခြင်းဖြစ်သည်။ လာတော့လည်း အေးအေးဆေးဆေး နေဖို့ အခြေအနေက ရှိသည်။ ယူနီယံ အောက်ထပ်တွင် ဆရာ ဦးနန်းဝေ ရှိသည်။ ည ကျောင်းသွားရန် မလိုသော နေ့များတွင် ဆရာနန်းဝေနှင့်ပင် ညအိပ်နေလိုက်သည်။ ဆာလျှင် ထမင်းကလည်း အားမနာရ။ လက်ဖက်ရည်ကလည်း အသင့်။ အကြောင်းရှိလျှင် ဆွေးနွေး ပြောဆိုဖို့ ဆိုသည်ကတော့ ရဲဘော် ကျောင်းသားတွေ တစ်လှေကြီး။

သို့သော်လည်း သွားကာ လာကာနှင့် စိတ်က ကြည်လွန်းသည်တော့ မဟုတ်။ တစ်ခုခု လိုနေသလို ရင်မှာ ဟာနေသေးသည်။ အစား ရှိသော ဝမ်းခေါင်းက ဆာနေရသေးသည်။

ချစ်သူ ပြန်လာခဲ့တယ်လို့

ဟိုဝဲ သည်ဝင်နှင့်

ရွက်ကျင်လို လေနှင် ဝိုင်းသို့နှယ်

ရပ်တိုင်းသို့ ရွေ့ရသည့် လမ်းပေါ်က ရွက်ဝါကလေး

လေနဲ့ လူးနေရတဲ့ လမ်းပေါ်က လေကလေး။

*


အခန်း ၁၂

 

နွေကို နာကျည်းရတော့မလို၊ ကျောင်းပိတ်ရက်ရှည်မှာ ပူဆွေးနေရတော့ မလို၊ လိုတာကို မရတာနှင့် ငိုတာ ရှည်ရတော့မလို အခြေအနေဖြစ်ရာမှ နွေကို ခင်ညို စိတ်ဝင်စားရပြန်သည်။ နွေအလှကို ခင်ညို မြင်ရပြန်သည်။ တောင် လေပြည် ရွက်ကြွေနွဲ့နှင့် ဥဩပျို၏ တေးချွဲသံကို သာယာသလို ခံစားရမိ ပြန်သည်။ အပြောင်းအလဲ အထူးအကဲလေးပေပဲ။

ကျောင်းဖွင့်ဖို့က လိုသေးသည်။ ကျောင်းမှာလည်း ရှင်းလို့။ ရပ်ဝေးမှ ပြည်နယ် ကျောင်းသား မပြန်သူ အချို့နှင့် ယူနီယံက လူစုလောက်သာ တက္ကသိုလ် မှာ ရှိသည်။ စာမေးပွဲ အောင်စာရင်းတွေကလည်း ထွက်ပြီမို့ ခင်ညို ပြွန်တန်ဆာ ကိုပင် အပူတပြင်း စာရေးလိုက်ရသည်။ ချစ်ချစ်လည်း ဝမ်းသာဖို့၊ ကိုအောင် နိုင်ကြီးလည်း ဝမ်းသာဖို့၊ မနှင်းမြလည်း ဝမ်းသာဖို့။

ခင်ညို ခင်သည့် အတန်းတူ သူငယ်ချင်းတွေ အားလုံး အောင်သည်။ သူ့အခန်းဖော် ဝင်းမောင်ကြီးပင် စာမေးပွဲ ရှောရှောရှုရှု အောင်သည်။ အောင် စာရင်း ထွက်သည့်နေ့က မဟင်္သာနှင့်ပင် ဘွဲ့နှင်းသဘင်ရှေ့ ဆုံပြီး သူတို့ သူငယ်ချင်း တစ်တွေပါ အောင်ကြကြောင်း ခင်ညို သိရသည်။

“ကိုခင်ညို ဒီလေး ဘာလေး မပါဘူးလား”

“မဟင်္သာရယ်၊ ကျွန်တော့်မယ် ညကျောင်းတစ်ဖက် ပြီးတော့ လုပ်သင့် လုပ်ထိုက်တာတွေ လုပ်ရတာနဲ့၊ ကိုယ်ရေး ကိုယ်တာနဲ့”

“ကိုယ်ရေးကိုယ်တာဆိုတာ ဘာပြောတာတုံး”

မဟင်္သာက အစေ့အစပ် မေးလေသည်။ တစ်လုံးကျ မခံ။

“အစုံပေါ့ဗျာ”

“သိပါတယ်၊ ကိုခင်ညိုက ဖုံးနေပြန်ပြီ မဟင်္သာက ပြုံးပြီး ခင်ညို့ကို အစ်အောက်သည်။

ခင်ညိုကတော့ ဣန္ဒြေ မပျက်လှ။ မဟင်္သာ ဘာကို ဆိုလိုပါလိမ့်ဟုသာ သိချင်နေ၏။

“ကျွန်တော့်အကြောင်း မဟင်္သာ ဘာတွေ ကြားထားလို့တုံး”

“မကြားပါဘူးလေ၊ ကိုခင်ညို ငယ်သူငယ်ချင်း မနှင်းမြ တက္ကသိုလ် မလာနိုင်တာနဲ့ စိတ်မကောင်း ဖြစ်နေသလားလို့ပါ”

မဟင်္သာက မချိုမချဉ် ပြောပြီး “ဟုတ်တယ်မို့လား” ဟုပင် မေးလိုက်၏။

“မမနှင်း အကြောင်းလည်း မဟင်္သာတို့က သိထားနေပြီးကိုး၊ ဟုတ်ပါ တယ်ဗျာ၊ ကျွန်တော်က မမနှင်းကိုတော့ အောင်စေချင်တာပါပဲ၊ ဒါပေမဲ့ ရိုးသား ပါတယ်ဗျာ”

“ဪ... ကျွန်မကလည်း မရိုးသားဘူးလို့ မပြောပါလား” သူက ပြောပြီး ရှင်းရှင်းပင် ရယ်လို့။

“ဟုတ်ပါပြီလေ၊ မဟင်္သာတို့ မှားပြီး ထင်နေကြမှာ စိုးလို့ပါ၊ ကျွန်တော် တို့က တရင်းတနှီး သိပ်နေခဲ့ကြတာမို့လား”

ခင်ညိုက မျှော်လင့်သော စကား မကြားရဘဲ မမျှော်လင့်သော စကား ကြားရ၍ နည်းနည်းတော့ အံ့သြမိသည်။ သို့သော်လည်း တော်သေးသည်လို့ ဖြေရသည်။ ကနေ့ ညနေပိုင်း အောင်စာရင်း ထွက်မည် ကြားကတည်းက သူက ဝင်းစံဖြူကို မျှော်နေမိသည်။ ပဲခူး ပြန်နေမှန်း သိသော်လည်း Result ကို လာကြည့်လို့ သူ့မျက်ဝန်း စိုစိုလေးကို မြင်ရလျှင် စာမေးပွဲ အောင်စာရင်းထဲ ပါတာထက် ဝမ်းသာမှာပဲဟု တွေးနေမိရင်း မဟင်္သာနှင့် ဆုံခြင်းဖြစ်သည်။ ထို့ကြောင့်ပင် မဟင်္သာက သိပါတယ်ဟု ပြောလေတော့ ဖြူ ကိစ္စပေလားဟု လန့်စိုးမိခြင်း ဖြစ်သည်။ ခုတော့ ခုတ်ရာ တစ်ခြား၊ ရှရာ တစ်ခြားမို့ တော်ပဲ တော်ပေသေးတော့။

“ကိုခင်ညို အိမ်ကို မလွမ်းဘူးလား”

မဟင်္သာက စကား စပေးပြန်သည်။

“မလွမ်းဘဲနှယ် ရှိပါ့မလဲဗျာ ခင်ညိုကလည်း အရိုးစစ် ပြန်ပြောသည်။

“ဒါဖြင့် ဘာလို့ မပြန်သေးတာလဲ၊ ပရိုက်ဗိတ် ကျောင်းတွေလည်း ပိတ်ပြီ မဟုတ်လား၊ ကျွန်မဖြင့် ကိုခင်ညို ပြန်ပြီအောက်မေ့တာ”

“ဟုတ်ပါတယ်၊ ကျွန်တော် Resultလည်း စောင့်ရင်း ကျွန်တော့် ဆရာ ဦးနန်းဝေကလည်း ပန်းချီကားတွေ ဆွဲခိုင်းထားလို့ မပြန်ဖြစ်တာပါ၊ နောက် သုံးလေးရက်ဆိုရင်တော့ ကျွန်တော် ပြန်မယ်၊ ကျောင်းဖွင့်မှ ပြန်လာမယ်လေ”

“အလွမ်းပြေလောက်ပဲ ပြန်မယ်ဆိုပါတော့”

“ဒါပေါ့ လေ”

မဟင်္သာ လိုချင်သော အဖြေကို ခင်ညိုက ကျေကျေနပ်နပ်ပင် ပေးလိုက်သည်။ မဟင်္သာ နှုတ်ဆက် ထွက်သွားမှပင် ခင်ညိုက တ-က-သ လက်ဖက်ရည် ဆိုင်သို့ သတင်းကောင်းကို ဆောင်ယူလာခဲ့လေသည်။

“အောင်တယ်မဟုတ်လား ခင်ညို ယူနီယံ အဝ ရောက်လျှင်ပင် အသင့် စောင့်နေသော ကိုယုက မေးသည်။

“အောင်ပါတယ် ဆရာယုရဲ့ “

အေး... ကျစရာလည်း မရှိပါဘူးကွာ၊ဒါလောက် အခွင့်အရေး ရနေမှပဲ၊ အောင်ပြီ ဆိုတော့လည်း ဗုံးပေါလအောပေါ့” ကိုယုက ပညာရေး စနစ်ကို ခုအချိန်ထိ မကျေမချမ်း မြင်သူ ဖြစ်လေတော့ အထေ့အငေါ့လေးနှင့် ပြောသည်။

“ကျတဲ့ လူတွေလည်း တစ်ထမ်းကြီးပဲ ဆရာယုရဲ့”

အေးကွာကျတဲ့ လူတွေကတော့ နည်းနည်း တရားလွန်ပါတယ်၊ ဒီလောက် အောင်နေကြတဲ့ အထဲ၊ သူတို့တွေ ကျန်ခဲ့တယ်ဆိုတာတော့ ညံ့လွန်းလို့ ပဲဟေ့၊ ကဲ လာကွာ၊ မင်းကို ကွန်ဂရက်ကျူလေးရှင်း လုပ်မလို့ လက်ဖက်ရည် မှာဟေ့”

ပြောပြောဆိုဆို ကိုယုက တ-က-သ လက်ဖက်ရည်ဆိုင်ထဲ ဝင်သော ကြောင့် ခင်ညိုလည်း ဝင်လိုက်ခဲ့သည်။ ဆိုင်ထဲ ရောက်ရောက်ချင်း ဦးနန်းဝေက ကောင်တာမှ ပြုံးပြုံးကြီး ထလာပြီး “ခင်ညို့ကို ဆရာ ဒီနေ့ တိုက်ပါ့မယ်ကွာ၊ အဝစားပြီးမှ ပြန်ပေါ့” ဟု ပြောကာ သူ့ ဆိုင်တွင်းကို ဝင်သွားပြီး စားစရာများ မှာသည်။

“မင်း Result စောင့်နေလို့ မပြန် ဖြစ်သေးတာလား ထိုင်မိကြလျှင်ပင် ကိုယုက မေးသည်။

“ဒါချည်းပဲ မဟုတ်ဘူး ဆရာယုရဲ့”

“ရှစ်တန်း ကျောင်းသားတွေ Special class ခေါ်သင်ပေးဖို့ ကျွန်တော့် head က ပြောတာနဲ့ လုပ်နေရလို့၊ အခုတော့ ပြီးပါပြီ၊ တစ်ရက် နှစ်ရက်ဆို ကျွန်တော် ပြန်မယ်”

“အေးလေ၊ ချစ်ချစ်လည်း မင်းကို တွေ့ချင်မှာပေါ့”

“ဟုတ်ပါတယ်၊ အခု ရက်အတွင်း ကျွန်တော်လည်း အိမ်ကို လွမ်းသလိုလိုဘဲ”

“အေး... နက်ဖြန်တော့ မင်း ဒီကို လာဦးလေ၊ သိန်းသန်းထွန်းလည်း မင်းကို မေးနေတယ်”

“ကိုသိန်းသန်းထွန်း ဒီမှာပဲလား၊ အိမ်ကို မပြန်ဘူးလား”

“ဟာ... ဒီကောင်က တစ်ကောင်ကြွက်ပဲ၊ သူ့ ကလောင်အသင်း ကိစ္စတွေ ရှိနေသေးတယ်လို့ ဆိုတာပဲ၊ နက်ဖြန် လာလိမ့်မယ်”

“ဒါဖြင့် ကျွန်တော် မြို့ထဲ ပြန်လိုက်ဦးမယ် ဆရာယု၊ နက်ဖြန် လာခဲ့မယ်လေ”

နောက်တစ်နေ့ ခင်ညို ယူနီယံ ရောက်သောအခါ ရှမ်းပြည် မောင်လင်း ယုန်ကြီးနှင့် အရင် တွေ့ရသည်။ ခင်ညို့ကို ခါးက ဖက်ပြီး၊ ခင်ညို့ ပန်းချီ ကားများကို သူ သဘောကျကြောင်း၊ သူ့အတွက် ချယ်ရီပန်းပွင့်များကို ကားလုံး ပြည့် ဆီဆေး တစ်ကား ဆွဲပေးရမည့် အကြောင်းများ ပြောရင်း လက်ဖက်ရည် အတူသောက်နေကြသည်။

“ဟဲ့... မောင်ခင်ညို၊ နင်က မြှပ်ချက်သား ကောင်းလှချည်လား”

ကိုသိန်းသန်းထွန်းက ကိုကျော်ဦးနှင့် အတူ လက်ဖက်ရည်ဆိုင်ထဲ ဝင်လာသည်။ သူနှင့်အတူ အရုပ်ဆိုးဆိုး လူတစ်ယောက်လည်း ပါသည်။

“မမြှုပ်ပါဘူး အစ်ကိုရ၊ ကျွန်တော် လာတိုင်း အစ်ကိုနဲ့ လွဲနေလို့ပါ၊ ကိစ္စရှိလို့လား”

“ရှိတာပေါ့၊ ဒါထားစမ်းပါဦး၊ ဟောဒါ မှတ်ထား၊ မောင်ပေါက်စည် ဆိုတဲ့ ကဗျာဆရာပဲ၊ အညာသားပေါ့”

“ဟာ... ကျွန်တော်က ဝဝဖိုင့်ဖိုင့်ကြီး အောက်မေ့တာပဲ”

ခင်ညိုက မောင်ပေါက်စည်ကို ကြည့်ပြီး အားရပါးရ အော်ပြောသည်။

“နို့... ပိန်ကော ပိန်လို့လားဟ၊ ဒီ့ထက် ဝရရင် ပုပ်ပြီး သေဖို့ပဲ ရှိတယ်”

ကိုသိန်းသန်းထွန်းက ပြော၍ အားလုံး သဘောကျ ရယ်နေမိကြသည်။

“ကျွန်တော့်ကို တွေ့ချင်တယ်ဆိုတာက”

“ဪ... ငါ့ သမိုင်းဘာသာနဲ့ ဆိုင်တဲ့ ပုံလေးတွေ ကူးရေးပေးဖို့ပါ၊ နင် အားမှ...”

“ရပါတယ် အစ်ကိုရယ်၊ ကျောင်း ပြန်ဖွင့်ရင် လုပ်ပေါ့၊ ကျွန်တော် အိမ်ပြန်ဦးမယ်၊ ရက်လည်း သိပ်မရှိတော့ဘူး”

ထိုစဉ်မှာပင် ခင်ညို့ မျက်လုံးများ ပြာမှိုင်းသွားအောင် တစ်စုံတစ်ခုကို မြင်လိုက်မိသည်။

ဟင်... ဟု တစ်လုံးသာ အသံထွက်ပြီး ခင်ညိုက ယူနီယံ အဝကို ငေးကြောင် ကြည့်နေသောကြောင့် ကိုသိန်းသန်းထွန်းတို့ ကိုလင်းယုန်ကြီးတို့ ကပါ လိုက်ကြည့်သည်။

“ငမ်းလှချည်လား ငညိုရ”

ကိုလင်းယုန်ကြီးက အားမနာတမ်း ချက်ချင်း ဝေဖန်လိုက်သည်။ ကိုသိန်း သန်းထွန်းကတော့ ခင်ညိုကို ကြည့်ပြီး ပြုံးလို့။ ဦးနန်းဝေက သူတို့တစ်တွေ ဘာကို ကြည့်နေကြပါလိမ့်ဟူသော အကြည့်မျိုးဖြင့် ကောင်တာမှ ထပြီး ခါး စောင်းကြည့်သည်။

“ဟေ့ မောင်ခင်ညို၊ မင့် ကောင်မလေး မဟုတ်လား” အတော် မှတ်မိ တတ်သည့် ဆရာ နန်းဝေပဲ၊ တစ်ခါသာ မြင်ဖူးပြီး ချက်ချင်း မှတ်မိလိုက်သည်။

“ဟိုမှာ ရပ်နေတယ်၊ သွားလိုက်လေကွာ”

ဦးနန်းဝေ ဆက်ပြောမှ ခင်ညို နေရာက ထပြီး လျှောက်သွားသည်။ လက်ဖက်ရည်ဝိုင်းက လူကြီးများကတော့ ငေးပြီး ကျန်ရစ်သည်။

“မောင့်ရင့် လူက ဘယ်ဆိုးလို့လဲ” မောင်ပေါက်စည်ကြီးက ကိုသိန်း သန်းထွန်းကို မျက်စိတစ်ဖက် မှိတ်ရင်း ပြောလိုက်သည်။ ခင်ညိုက အဝ ရောက်သည်ထိ စကား မပြောနိုင်သေး။ ရင်ထဲမှ ဝေဒနာက ပြန်ပြီး ဆောင့် လာသည်။ ရင်ညွန့်ဆီကလည်း တဒိတ်ဒိတ် ခုန်လို့။ မိန်းကလေးကတော့ မျက်မှန်အောက်မှ အားအရဆုံး ပြုံးနေလိုက်တာများ။

“ဖြူဖြူ ဘယ်တုန်းက ရောက်လဲ”

“ခုကလေးတွင်ပဲ”

“စိန်စိန်ရော”

“ဖြူ၊ စိန်စိန့်ဆီ အရင်သွားတာပဲ၊ အခန်း သော့ခတ်ထားတာ တွေ့တာနဲ့ တ-က-သ မှာ ရှိမှာပဲဆိုပြီး လာတာ၊ အပေါ်မှာ မရှိဘူးလား”

“ကျွန်တော်တောင် ကနေ့ အပေါ် မရောက်သေးဘူး၊ သွားကြည့်ပေးမယ်လေ”

“ဖြူ ပါ လိုက်ခဲ့ပါ့မယ်”

ခင်ညိုက အပေါ်ထပ် တက်မည် ပြုပြီးမှ ဝင်းစံဖြူ တစ်ဖက်သို့ ကူး သွား၍ စောင့်နေလိုက်သည်။ ဖြူတွင်မက ကလေးငယ် တစ်ဦးလည်း အဖော်ပါ လာသည်ကိုး။ ချာတိတ်က အဘ ဦးကံသိန်း ဆံပင်ညှပ်ဆိုင်မှာ ငေးနေသော ကြောင့် ဖြူဖြူက ထွက်သွားပြီး ခေါ်ခြင်းဖြစ်သည်။

“သူက ဖြူဖြူ မောင်လား”

“ဟုတ်ပါတယ်၊ မောင် အငယ်ဆုံးပေါ့၊ ဇေယျတဲ့”

“ဩော်... ဇေယျတဲ့လား”

“ကျောင်းနာမည်တော့ ဇော်ဝင်းလှိုင်လေ၊ အိမ်မှာတော့ ဇေယျပဲ”

“တွေ့ရတာ ဝမ်းသာပါတယ် ကိုဇေယျရဲ့၊ ကျွန်တော့် နာမည် ခင်ညိုပါ၊ နောက်တွေ့လည်း ခေါ်ပါနော်”

ခင်ညိုက လှေခါးအလယ်မှ ဆီးပြီး နောက်နေသောကြောင့် ဖြူက လက်ကိုင်ပုဝါလေး ပါးစပ်ပိတ်ပြီး တခစ်ခစ် ရယ်နေလေသည်။ ဇေယျကလည်း ရယ်ပြီး ပြေးတက်လိုက်လာ၏။

ယူနီယံ အပေါ်ထပ်တွင်တော့ မစိန်စိန် မရှိ။ ကိုတင်ထွန်းနှင့် ကိုဗဆွေ လေးသာ ရှိသည်။ ကိုသက်က ကုလားထိုင်တွင် သတင်းစာကို သဲကြီးမဲကြီး ဖတ်နေသည်။

ခင်ညိုတို့ကို မြင်သောအခါ ကိုသက်နှင့် ကိုတင်ထွန်းက ပြုံးပြပြီး ထိုင်ဖို့ပြောသည်။

“မစိန်စိန် လာရှာတာတဲ့ ကိုတင်ထွန်းရဲ့”

ကနေ့ မလာပါလား ကိုခင်ညိုရဲ့၊ ကိစ္စ အရေးကြီးလို့လား”

“အရေးတကြီးတော့ မဟုတ်ပါဘူး၊ ဒီမှာ ရှိမလားလို့ပါ၊ စိန်စိန်ကို တွေ့ချင်တယ်ဆိုလည်း ရှာပေးမယ်လေ၊ သူတော့ ဗာစတီ ဟောက်စ်ကို သွား တတ်တယ်”

ကိုဗဆွေလေးက ဝင်းစံဖြူကို မတ်တတ်ရပ်ပြီး စကား ပြောသည်။ ဖြူဖြူက သူတို့ကို အားနာသွားပြီး ခင်ညို့ကို ပြုံးကာ...

“ကိုခင်ညို အားလား” တဲ့။

“အားသားပဲ၊ ကိစ္စ ရှိလို့လား” တယ်သွက်တယ်။

“ဟုတ်တယ်၊ ဖြူ Form လာတင်တာ၊ စိန်စိန်ရှိမယ် အောက်မေ့လို့၊ အိမ်က ကားကို အင်းလျားရှေ့ရပ်ခိုင်းပြီး ပြန်လွှတ်လိုက်မိတယ်၊ အဖော်မရှိလို့”

“ရပါတယ်၊ ကျွန်တော် လိုက်ခဲ့ပါမယ်” ဖိုးကျိုင်းတုတ်က အကျေနပ်ကြီး ကျေနပ်သွားသည်။ သူတို့ကို ကြည့်နေသော ကိုတင်ထွန်းကိုပင် မလုံမလဲ ပြန်ပြီး ပြုံးပြလိုက်သေးသည်။

ဒါဖြင့် သွားမယ်လေ ဖြူဖြူက ဇေယျ လက်ကို ဆွဲပြီး လှည့်ပြန်မည် လုပ်ပြီးမှ...

“အစ်ကိုကြီးတို့ကို ကျေးဇူးတင်ပါတယ်၊ ကိုခင်ညို လိုက်ပေးရင်တော့ အဆင်ပြေပါပြီ” ဟူ၍ ပြုံးပြီး ပြောလိုက်သည်။

“အေးပါ၊ နောင် ညီမတို့ အကူအညီလိုလည်း လာခဲ့ပေါ့၊ ဒီမှာ တွေ့တဲ့ လူ ဘယ်သူဖြစ်ဖြစ် အကူအညီတောင်းလို့ ဖြစ်ပါတယ်၊ တတ်နိုင်တာတော့ အစ်ကိုတို့ ကူမှာပါပဲ”

ကိုတင်ထွန်းက ရှေ့တိုးလာပြီး အေးအေးဆေးဆေးပင် ပြန်ပြောသည်။ ခေါင်းတညိတ်ညိတ်နှင့်၊ လူကြီးက ခင်ညိုတော့ မနာလိုပေါင်။

လှေကား ဆင်းသောအခါ ခင်ညိုက ပြေးဆင်းလာပြီး လက်ဖက်ရည် ဆိုင်ထဲ သုတ်ခြေတင် ဝင်လိုက်သည်။

“အစ်ကို၊ ကျွန်တော် Office ကို ခဏလေး လိုက်သွားမယ်၊ ဒီမှာ အစ်ကိုတို့ ရှိဦးမယ် မဟုတ်လား”

ကိုသိန်းသန်းထွန်းက ခေါင်းညိတ်ပြသည်။ မောင်လင်းယုန်ကြီးက ဘာတွေ တွေးမိသည် မသိ။ ပြုံးပြီး ခေါင်း ညိတ်ကာ ညိတ်ကာ လုပ်နေသည်။ ပြီးမှ “မစောင့်နိုင်ဘူး ကိုယ့်လူ၊ ပြည်သူ့ စာပေကို သွားစရာရှိတယ်၊ လိုက်ချင်ရင် ၁၅ မိနစ်အတွင်း ပြန်လာ”

ခင်ညိုက ဘာမျှ ပြန်မပြောတော့။ ဝင်းစံဖြူတို့ မောင်နှမက ယူနီယံ ဝင်းဝ ရောက်နေပြီမို့ ခပ်သုတ်သုတ် ပြေးလိုက်သွားမိသည်။

“ဖြူဖြူ Form တင်တာကလဲ စောလှချည့်လား၊ မနေ့ကပဲ Result ထွက်တာဟာ

“ဟုတ်ပါတယ်၊ အိမ်က ကား ရန်ကုန်လာတာ ကြုံလို့ စိန်စိန်နဲ့ တွေ့ပြီး တိုင်ပင် မလို့ပါ၊ စောစော တင်တော့လည်း အေးတာပေါ့ ကိုခင်ညို ရယ် မဟုတ်ဖူးလား” ဆိုပြီး ခေါင်းကို ဆတ်ကနဲ မော့ပြီး ပြုံးပြောသည်။ ကိုခင်ညိုက ကြည်နူးသွားမိသည်။ ကိုယ် ချစ်သော သူက ကိုယ့်ကို ပြန်ပြီး မချစ်နိုင်သည့် အခြေအနေမှာ ရှိသော်လည်း သည်လို အကူအညီပေးနိုင်သည်ကိုတော့ ခင်ညို ကျေနပ်မိသည်။ ရင်ခုန်ရခြင်းနှင့်အတူ ကြည်နူး နှစ်သိမ့်မိသည်။ သို့သော်လည်း သူ့မှာ ချစ်သူနှင့် ဆိုတော့... ။

ခင်ညိုက ဘာသာတွေးပြီး သက်ပြင်းရှည်ကြီးပင် မှုတ်ထုတ်လိုက်မိသည်။ ဝင်းစံဖြူက ခင်ညို့ကို တစ်ချက်စွေကြည့်လိုက်ပြီး မသိမသာပင် လျှောက်သွားသည်။

“ဖြူဖြူ မစိန်စိန်နဲ့ တွေ့ဦးမလား”

ရုံးရှေ့ သစ်ညိုရိပ် ရောက်လျှင်ပင် ခင်ညိုက စမေးလိုက်သည်။ ကြာဖြူ၊ စိန်စိန့် အခန်းမှာ အိပ်မှာ၊ သန်ဘက်ခါလောက်မှ ပြန်မယ်”

“ကောင်းပါတယ်”

လာပြန်ပြီ သည်ကောင်းပါတယ်။ ပြောပြီးတော့လည်း သူ မလုံမလဲ ဖြူဖြူကို ကြည့်လိုက်သေးသည်။

“ကိုခင်ညိုတို့ ပရိုက်ဗိတ် ကျောင်းတွေ ပိတ်ကုန်ပြီ မဟုတ်ဘူးလား၊ ဖြူဖြူ တော့ ကိုခင်ညို ရှိမယ်တောင် မထင်ဘူး”

“ကျွန်တော်လည်း အခုရက်ပိုင်းအတွင်း ပြန်မှာပါပဲ”

“ကျောင်းဖွင့်မှ လာမယ်ပေါ့”

ခင်ညိုက ခေါင်းညိတ်ပြသည်။ ရုံးထဲ ရောက်လျှင်ပင် ကိုစောလွင်တို့၊ ကိုကိုအေးတို့က ခင်ညို့ကို ပြူးပြဲကြည့်သည်။ ဒါနှင့်ပင် သူတို့ကို အကူအညီ တောင်းပြီး ဖြူဖြူ လျှောက်လွှာ စစ်ဆေးခြင်း၊ ငွေသွင်းခြင်းတို့ကို အကူအညီ တောင်းရသည်။

“ကိုခင်ညို လျှောက်လွှာကော”

“ကျွန်တော်တို့ မြို့နယ်က အားလုံး စုပေါင်း တင်ကြလိမ့်မယ်၊ အစ်ကို ကြီးတွေက သည်လိုပဲ စုလုပ်နေကြလေ”

“သီရိမှ ပြန်ရပါ့မလား မသိဘူးနော်

“ရနိုင်ပါတယ်၊ မိန်းကလေးတွေကို သိပ်ပြီး အပြောင်းအရွှေ့ မလုပ်ပါဘူး၊ ယောက်ျားလေးတွေသာ တစ်နှစ် တစ်ဆောင်လို ပြောင်းနေကြတာပါ၊ ဒါလည်း လူပြည့်တာတို့၊ ငွေသွင်း နောက်ကျတာတို့ ဖြစ်မှပါ”

ထိုစဉ်မှာပင် ဘယ်က ပေါက်လာသည် မသိ၊ မစိန်စိန် ရောက်လာသည်။

“အောင်မလေး မိဖြူရယ်၊ ငါ့ဖြင့် ထိတ်သွားတာပဲ၊ ဟော ရောက်ပြီးမှ ပြန်ထွက်သွားတယ်ဆိုလို့ လိုက်ရှာရတာ”

“ဖြူများ စိတ်ပူနေရတယ် စိန်စိန်ရယ်၊ ဖြူ အကြောင်းလည်း သိသားနဲ့” အေးပါ၊ ညည်းကတော့ ကိုယ့်ကိုယ်ကိုယ် ထင်သလို နေတဲ့ဟာမ၊ ငါဖြင့် ကိုတင်ထွန်း ပြောမှ ကိုခင်ညိုနဲ့ ပါသွားတယ်ဆိုလို့ စိတ်အေးတော့တယ်”

ဪ... စိတ်အေးလာတယ်ပေါ့၊ ကျွန်တော်လည်း မယုံရဘူးနော် မစိန်စိန်”

“အကြောင်းသိတွေပဲ ကိုခင်ညိုရယ်၊ ကိစ္စ မရှိပါဘူး၊ ဒါနဲ့ ဘာလာလုပ် တာတုံး”

“စိန်စိန့်ကို အောက်မေ့လို့ လာတာပေါ့”

“အမယ် လွမ်းနေလိုက်တာ၊ အခု ဘာစောင့်နေတာတုံး”

“ရောက်တော့ Form ပါ တစ်ခါတည်း တင်ခဲ့တာပေါ့၊ အခု ပြေစာ စောင့်နေတာ”

“မိဖြူရယ်၊ ပဲခူးကနေ ငါ့ဆီ ပို့ပေးလည်း ဖြစ်တာပဲ၊ ညည်းက ကဲကို ကဲတယ်”

“သူများကို အပူ မရှာချင်လို့ပေါ့ စိန်စိန်ရဲ့”

“ဒါဖြင့် . . .ကိုခင်ညို့ကို ဘာလို့ ခေါ်လာသေးလဲ၊ ကိုယ့်ဟာကိုယ် လုပ်ပါလား”

“ဒါတော့ အကူအညီ တောင်းရမယ့် လူကိုး၊ ပြီးတော့ အဆင်သင့်လည်း တွေ့လို့ပါ၊ နော် ကိုခင်ညို”

သည်မိန်းကလေးနှယ်နော်၊ စကားဆုံးတိုင်း ပြုံးချိုချို မျက်နှာပေးနှင့် ခင်ညိုကို သွေးနွေးနိုင်ရန်ကော။ ခင်ညို သည်လို မေးထိုး ပြုံးပြလျှင် ရင်ဖိုရ သည်ချည်း။ ဘာရယ် မဟုတ်မှန်း သိသိကြီးနှင့်ပင် ဟုတ်သလို ဖိုလှိုက်သည်း ဖြစ်ရသည်ချည်း။ ပြီးတော့ ကြည့်ပါဦး၊ သူ့ကို ရင်းရင်းနှီးနှီးပင် ဆက်ဆံလို့။ အကူအညီ တောင်းသင့်တဲ့သူမို့တဲ့၊ ငါ့နှယ်နော်။

ခင်ညို မချိတင်ကဲ ခံစားရပြန်သည်။

“ဪ... ကိုသိန်းသန်းထွန်းက ရှင့်ကို တွေ့ရင် ပြောလိုက်ပါတဲ့၊ နက်ဖြန် မှ သူ လာမယ်တဲ့၊ မှော်ဘီဆိုလား တိုက်ကြီးဆိုလား သွားမလို့တဲ့၊ အဲဒါ ကိုခင်ညို လက်ဖက်ရည်ဆိုင်က စောင့်တဲ့”

“အင်း ချိန်းပြန်ပြီ၊ ခိုင်းစရာရှိတဲ့ လူကလဲ၊ သူချည်း ချိန်းနေတာပဲ”

“မနက်စာ အဲဒီမှာ စားမယ်တဲ့”

“သူ ကျွေးမယ်တဲ့လား”

“ကိုမြင့်ဦးကြီး (မောင်လင်းယုန်) ကျွေးမယ် ပြောတယ်၊ သူ့ စာမူခ ရှုမဝက ကနေ့ ရမတဲ့၊ စိန်စိန်တောင် လာခဲ့မယ်လို့ ပြောလိုက်သေးတယ်”

“လာပါလားဗျ၊ ဖြူဖြူ ပါ ခေါ်ခဲ့ပါ”

“သူ ကျွေးမှာဖြင့် မဟုတ်ဘဲနဲ့”

ဝင်းစံဖြူက ချက်ချင်း ခင်ညို့ကို ထေ့လိုက်သည်။

“ကျွေးပါမယ်ဗျာ၊ လိုက်သာ လိုက်ခဲ့ပါ”

“တကယ် လာမှာနော”

ပြောပြန်ပြီ ဒီအပြုံးလေးနှင့်။ သည်လိုသာ မကြာခဏ ကြုံနေရလျှင်၊ သည် အပြုံးကို လှုံနေရလျှင် ခင်ညို သေလိမ့်မည်။ သည်အပြုံးဒဏ်နှင့်ပင် ခင်ညို အသည်း ပြွန်းပြီး ဒဏ်ခံရပေလိမ့်မည်။

တကယ်ပင် လာပါသည်။ နောက်သည် ပြောင်သည် အောက်မေ့ လိုက်သေးလည်း နောက်နေ့ မနက်ခင်း ဘယ်သူမှ မရောက်လာခင်မှာပင် စိန်စိန်၊ ဝင်းစံဖြူနှင့် ဇေယျလေးတို့ ရောက်လာကြသည်။

“စားမယ့် လူတွေကလည်း ဝိရိယ ကောင်းလှချည်လားဗျ”

ခင်ညိုက တံခါးအဝတွင် ကြိုရပ်ရင်း စလိုက်သည်။

“ဝင်ကြည့်တာပေါ့၊ စာတိုက်ကို သွားစရာလည်း ရှိလို့၊ ရှင်တို့တွေ လာမှ လာရဲ့လားလို့”

“ကျွန်တော် ညကတည်းက သည်မှာ အိပ်တာ၊ ဆရာနန်းနဲ့ စကား ပြောရင်း မပြန်ချင်တော့တာနဲ့”

ပြောသာ ပြောရသည်၊ သည်နေ့ ခင်ညို နောက်ကျမည် စိုးသောကြောင့် ညကတည်းက ဝိရိယ ကောင်းလိုက်သည်ကို သူပဲ သိသည်။ ဇေယျကတော့ ဆိုင်ထဲ တန်းဝင်ပြီး ပန်းချီကားများကို လိုက်ကြည့်နေသည်။ တောင်ဘက် နံရံမှ အတာသင်္ကြန် ကားကြီးကို မြင်သောအခါ သူ သဘောကျသွားဟန် တူသည်။ ခင်ညိုတို့ ရှိရာ အပြေးကလေး ရောက်လာပြီး...

“ကိုကို၊ ဟိုက ရေပက်နေတဲ့ ပုံကို ဘယ်သူ ဆွဲတာလဲ” ဟု မေး၏။

ခင်ညိုက ကောင်တာတွင် ထိုင်နေသော ဆရာ ဦးနန်းဝေကို လက်ညှိုး ထိုးပြပြီး...

“အဲဒီ ဦးဦး ဆွဲတာကွ၊ သည်ဘက်က ပုံတွေ အားလုံးလည်း သူဆွဲတဲ့ ပုံတွေပဲ၊ မင်း လိုချင်လား”

ခင်ညိုက ဇေယျကို ကျေနပ်သည်ထိ ရှင်းပြီး မေးလိုက်သည်။ ဇေယျ ကလည်း အလွန်သွက်။ ခေါင်းညိတ်ပြသည်။ သူ့ အစ်မကတော့ ပြုံးပြီး ခင်ညို့ကို ကြည့်သည်။

“ကဲလေမေးပြီး ယူမယ် ပြောတယ် မဟုတ်လား၊ ဖြုတ်ပေးလိုက် ပေါ့” ဟု စိန်စိန်က ခင်ညိုကို ပြောလိုက်သည်။

“အဲဒီ ဦးဦးဆီ မင်း သွားတောင်းပါလားကွ၊ ရပါတယ်”

ခင်ညိုက ဇေယျကို တစ်ဖန် ပြန်ဆွသည်။

“ကြောက်တယ်” ဇေယျက ပြောပြီး ပြန်ထွက်သွားသည်။ ဦးနန်းဝေကို ပင် လှည့်မကြည့်တော့။

ထိုစဉ်မှာပင် ခင်ညိုတို့ သုံးယောက် ရပ်စကားပြော နေရာ အဝသို့ လက်ဖက်ရည် သောက်နေသူ နှစ်ယောက်က စူးစိုက်ကြည့်နေသည်။ အထူးသဖြင့် ပင်နီအင်္ကျီ ဝတ်ထားသော ပိန်ပိန်လူက ခင်ညို့ကို မျက်နှာထန်ထန်နှင့် ကြည့်နေသည်။ ခင်ညိုကလည်း သူ့ကို ပြန်ပြီး စိုက်ကြည့်မိသည်။ လူတစ်ယောက်ကို စားမလို ဝါးမလို ကြည့်နေသူ ဖြစ်သောကြောင့် ခင်ညိုက မြင်မြင်ချင်း ပိန်ပိန် လူကို တစ်မျိုး ဖြစ်သွားသည်။ စိတ်ထဲမှာလည်း မကျေနပ်သလိုဖြစ်ပြီး စကား ပြောနေရင်းမှပင် တစ်ခါ တစ်ခါ လှည့်ကြည့်မိသည်။ ကြည့်မိတိုင်း သူနှင့် မျက်လုံးချင်း ဆုံသည်ချည်း။ ဘယ်လို အကောင်မျိုးပါလိမ့်၊ ခင်ညို့ ရင်ထဲ ဒေါသူပုန်ပင် ထလာသည်။

ငါ့မှာ ရန်သူလည်း မရှိပါလား။ ဖြူဖြူ အစ်ကိုမို့လား။ အို... သူက အကြီးဆုံးလို့ ပြောတာပဲ။ မဖြစ်နိုင်ပါဘူး။ သားချင်းထဲက ဆိုရင်လည်း သူ နှုတ်ဆက်မှာပေါ့။ ဘာဖြစ်လို့ ငါ့ကို စားမလို ကြည့်နေပါလိမ့်။

ခင်ညို တွေးလို့ မရနိုင်လောက်အောင် ဖြစ်လာသည်။ စကား ပြောနေ ရင်းမှလည်း ထိုလူကို တစ်ခါ တစ်ခါ ကြည့်မိသည်။ ကိုလူမိုက်ကလည်း ကြည့်နေလိုက်တာ မျက်တောင်ပင် မခတ်။

“ဆွမ်းတော်တင်ဆိုတာ ဟိုကားလား ကိုခင်ညို ”

ဝါသနာရှင်မလေးက ဆရာနန်း ထိုင်နေရာ အနောက်ဘက် နံရံမှ ပန်းချီ ကားကို ပြပြီး မေးသည်။

“အင်း... ဆွမ်းတော်တင် ဆိုပြီး လူတွေ ပြောပြောနေတာတော့ ဟုတ်ပါ တယ်၊ ဒါပေမဲ့ ဆရာက သူ့ကားကို မိန်းမသားလို့ နာမည် ပေးထားတာ၊ မနှစ်တုန်းက ကျောင်းသားပွဲတော်မှာ အဲ့ဒီကား ပြသေးတယ်”

“ဆေးတွေကတော့ အတုံးလိုက် အခဲလိုက်ပဲနော်”

မစိန်စိန်က ပြောပြန်သည်။

“ဆီဆေးကို စိန်စိန်ရဲ့” ဖြူဖြူက သည်လောက်တော့ သိသည်။ စိန်စိန်ကို ပင် ရှင်းလို့။

“မောင်ခင်ညို၊ မင်း ဧည့်သည်တွေ ထိုင်ခိုင်းပါလား၊ လာပါ အထဲကို”

ဆရာ ဦးနန်းဝေက လူ ရှင်းသွားသည်နှင့် ကောင်တာမှ ထလာသည်။ ခင်ညိုတို့ကို ခေါ်ပြီး လွတ်နေသော အလယ်မှ စားပွဲကို လက်ညှိုးထိုးသည်။

“ဆရာ၊ ဟောဒါ ကျွန်တော် ပြောတဲ့ ဝင်းစံဖြူလေ၊ အခု စာမေးပွဲ အောင်တာနဲ့ ကျွန်တော့်ကို ထမင်းကျွေးမလို့ ဆိုပြီး ပဲခူးကတောင် လာရတာ”

သိပြီးသားဖြစ်သော ဆရာနန်းက ပြုံးပြီး “ဟုတ်လား” ဟု မသိသလို ဖြူဖြူကို မေးသည်။ ဖြူဖြူက နှုတ်ဟ မပြန်။ ပါးစပ်လေးကို စေ့ပြီး နွဲ့နွဲ့လေး ပြုံးကာ ခေါင်းညိတ်ပြသည်။ ခင်ညိုပင် အံ့အားသင့်လို့။

“အလကားပါ ဖြူ ဖြူ ရယ်၊ ကိုမြင့်ဦးကြီး အခု လာမှာပါ၊ ဒါနဲ့ ဆရာ၊ သူက ပန်းချီ ဝါသနာပါတယ်၊ သည်ကားတွေအကြောင်း သိချင်လို့တဲ”

ခင်ညိုက သူ့ ဆရာနှင့် မိတ်ဆက်ပေးပြီး ဖြူဖြူ၊ မေးထားသော ဆန္ဒကို ဖြည့်လိုက်သည်။

“ရပါတယ်၊ နာမည်လောက် အကြောင်းအရာလောက်ပဲ ပြောတာပေါ့၊ ဒီပန်းချီကားတွေ အကြောင်း လျောက်ပြောလို့တော့ မဆုံးဘူးပေါ့”

“ဟုက်ကဲ့ဆရာ”

ဆရာဦးနန်းဝေက ရင်းရင်းနှီးနှီးပင် ပြောနေသောကြောင့် ဖြူဖြူ ကလည်း စိတ်ဝင်စားစွာ လိုက်ကြည့်သည်။ ဆရာက ကောင်တာနောက်တွင် ချိတ်ထားသော ပုံက စပြသည်။ ဖြူဖြူ၊ မစိန်စိန်၊ ဇေယျနှင့် ခင်ညိုတို့က လိုက်ကြည့်ကြသည်။ ဆိုင်ထဲမှာ လူ ရှင်းသည်ဟု ပြောရမည် ဖြစ်သော်လည်း စောစောပိုင်းက ရှိနှင့်သော ပင်နီဝတ် လူပိန်ပိန်နှင့် ပုပုဝဝ လူ နှစ်ယောက်က ထိုင်နေမြဲ။ ပြီးတော့ ခင်ညိုကို အကဲခတ်နေမြဲ။

“ဒီပုံက မိန်းမသားဆိုတဲ့ ပုံပေါ့၊ မနှစ်က ကျောင်းသားပွဲတော်မှာ ပြသေးတယ်၊ ပြီးတော့ ဆိုဗီယက် ပန်းချီပွဲလည်း ပါသွားသေးတယ်”

“ဒီပုံက ပုဂံက ဘုရား မဟုတ်လား ဆရာ” ဝင်းစံဖြူက မိန်းမသားနှင့် ယှဉ်ချိတ်ထားသော သကြားလုံး၊ ချောကလက် စသည်များ ထားသည့် ဗီရိုပေါ်မှ ပုံကို ပြရင်း မေးသည်။

“ဟုတ်တယ်၊ မင်း ပုဂံ ရောက်ဖူးလား”

“ရောက်ဖူးပါတယ် ဆရာ”

“အေး... အဲဒါ ကန်တော့ပုလ္လင် ဘုရားပေါ့၊ ပုဂံ အနောက်ဘက် ဗိုလ်တဲ နားက ဘုရားပဲ”

“ဟိုဟာက မြင်းလှည်းလေးနော်၊ ဆိတ်ကလေးတွေလည်း ပါတယ်” ဇေယျလေးက အသေအချာ ကြည့်ပြီး သူ့ အစ်မကို လှမ်းပုတ်ရင်း ပြောလိုက်သည်။ ဆရာ ဦးနန်းဝေက အရှေ့ဘက် အားကစားရုံကို ကျောပေးထားသော နံရံကို ညွှန်ပြရင်း “ဒီဘက်ဆုံး ပုံက လှိုင်မြစ်ပုံကွ၊ လှိုင်မြစ်ကို ဆရာ နှစ်ပုံ ဆွဲဖူးတယ်၊ ဒါကို ပထမတော့ လှိုင်မြစ် (၂) လို့ နာမည် ပေးထားတာ၊ နောက်မှ ဒီရေ အချိန်လို့ ပြင်လိုက်တယ်”

“ဟုတ်တယ်နော်၊ ရေတွေ လှိုင်းတွေ တကယ် လှုပ်နေသလိုပဲ”

ဖြူဖြူက စိန်စိန့် လှမ်းပြောသည်။

‘လှိုင်မြစ် (၁) ဆိုတာ ရှိသေးလား ဆရာ” ဟုလည်း စပ်စုလိုက် သေးသည်။

“အဲဒီပုံက ဗိုလ်လက်ျာ ယူသွားတယ်၊ အခု သူ့ဆီမှာ ရှိနေတာပေါ့”

“တစ်နေရာတည်း ဆွဲတာလား ဆရာ” ခင်ညိုကလည်း အခုမှ သူ မသိသေးသည်ကို မေးလိုက်ရသည်။

“မဟုတ်ဖူးကွ၊ မင်း မှတ်ထား၊ Artistတစ်ယောက်ဟာ တစ်ပုံတည်းကို နှစ်ခါ ဘယ်တော့မှ မဆွဲဘူး၊ အင်မတန် မတတ်သာမှ လုပ်ကြတာ”

သူ့တပည့်ကို ရှင်းပြလိုက်သေးသည်။

“ဒီဘက်က ပုံတော့ ကိုခင်ညို တစ်ခါ ပြောပြလို့ သိပြီးပြီ ဆရာ”

ဖြူဖြူက နွဲ့နွဲ့စန်း ပုံကို ပြရင်း ဆရာ့ကို ပြောလိုက်သည်။

"အေး... အဲဒါက ဓာတ်ပုံကို ဆွဲထားတာလေ၊ R.IT ဖွင့်ပွဲတုန်းက နွဲ့နွဲ့စန်း ယိုးဒယား ကပြီး ပြန်အထမှာ ရိုက်ထားတဲ့ ပုံပေါ့၊ လာ... ဒီဘက် ကို လာ”

ဆရာ ဦးနန်းဝေက ပြောရင်း အရှေ့တောင်ထောင့်ကို ခေါ်သွားသည်။ ပုံမှာ ကရင် အမျိုးသားများ လက်ဖက်ရည် သောက်နေသော ပုံဖြစ်သည်။ ခင်ညို့ကို ရန်သူလို ကြည့်နေကြသူများပေါ်မှ ပုံလည်း ဖြစ်သည်။ ဆရာ ဦးနန်းဝေက ထိုလူများကို ရှောင်၍ တောင်ဖက် တိုးသွားပြီး အဝေးကပင် လှမ်းပြသည်။

“ဒီပုံက night scene လေ၊ ဒီလက်ဖက်ရည်ဆိုင်ထဲမှာပဲ ရိုက်ထားတဲ့ ပုံပေါ့၊ ကရင် လူမျိုးစုတွေ ဝတ်စုံအပြည့်နဲ့ လက်ဖက်ရည် သောက်နေတုန်း ရိုက်ထားတဲ့ ဓာတ်ပုံကို ပြန်ဆွဲတာ၊ ကားနာမည်ကိုတော့ တ-က-သ စား သောက်ဆိုင်လို့ ပေးထားတယ်”

“ဒါက ဇေယျ သဘောကျတဲ့ ပုံဟေ့” မစိန်စိန်က တောင်ဘက် နံရံမှ ကားရှည်ကြီးကို လက်ညှိုးထိုးရင်း ဇေယျ လက်ကို လှမ်းဆွဲသည်။

ဒါကတော့ ရှေးရိုးရာ အတတ် သဘင်ပါ။ ယဉ်ကျေးမှုကို သရုပ် ဖော်တဲ့အနေနဲ့ ဆွဲထားတာ”

“အဲဒီပုံကို ဇေယျက လိုချင်လို့တဲ့ ဦးနန်းဝေရဲ့”

စိန်စိန်က ဇေယျ ခေါင်းကိုပုတ်ပြီး ပြောလိုက်သည်။

“ဟုတ်လား ချာတိတ်၊ မင်း တစ်ယောက်တည်း ထမ်းနိုင်ရင် ယူသွားကွာ” ပန်းချီကားက ကြီးပြီး လှသောကြောင့် ဦးနန်းဝေက ရှောရှောရှူရှူပင် ပေးလိုက်သည်။ ဝင်းစံဖြူကတော့ ပြုံးလို့။ သူ့မောင် တွေ့ပြီး စဉ်းစားနေသည်ကို သဘောကျနေမိသည်။

ပြီးတော့ သူတို့ အားလုံး အနောက်ဘက် အဓိပတိလမ်းကို ကျောပေး ထားသော နံရံကို ကြည့်နေမိကြသည်။

“ဒါ ပဒေါင်း လူမျိုးလား ဆရာ”

“အေးကွ၊ ပဒေါင်း သားအမိပေါ့၊ သူတို့က ဒီလိုပဲ ကျောပိုးပြီး သားကို ချီတတ်တယ်၊ နောက်မှာလည်း ကလေး တစ်ယောက်”

“သိပ်ရိုးသားတဲ့ မိသားစု ပုံပဲနော်”

“အေး မင်းက နားလည်သားပဲ”

ဖြူဖြူက ရှက်ချင်သလိုလို ပြုံးလိုက်သည်။

“ဒီပုံကတော့ တစ်မျိုးကြီးပဲ”

ပဒေါင်း မင်းသမီးနှင့် ကပ်လျက်ပုံကို ပြရင်း စိန်စိန်က ပြောသည်။

“ဒါ ပဒီ အမျိုးသမီးကွ၊ နင်တို့ မြင်နေကျ မဟုတ်တော့ နည်းနည်း ဆန်းမှာပေါ့”

“ဖြူဖြူတော့ ဟိုဘက်က ပုံကို သိပ်သဘောကျတာပဲ၊ နွဲ့နွဲ့စန်းပဲ မဟုတ်လား ဆရာ”

မှန်ကြည့်နေသော မိန်းကလေးပုံကို စူးစူးစိုက်စိုက် ကြည့်ပြီး စိတ်ဝင် တစား ပြောသည်။ ဆရာ ဦးနန်းဝေက ခင်ညို့ကို တစ်ချက် လှည့်ပြုံးလိုက်ပြီး ဖြူဖြူကို...

“တူနေပြီဟေ့၊ ငါ့ တပည့်ကလည်း ဒီပုံကို အကြိုက်ဆုံးတဲ့၊ ကားက တစ်ခါမှ ပြပွဲ မလုပ်ဖူးသေးတဲ့ ကားပဲကွ၊ အဲ့ဒါကိုပဲ ခင်ညိုက သဘောကျ နေတာပဲ”

ခင်ညိုက ဆရာ ပြောပြီးသည်နှင့် ပြုံးပြီး ဖြူဖြူကို ကြည့်လိုက်သည်။ ဖြူဖြူထံမှလည်း ပြုံးပန်းကလေး ပြန်ရသည်။ ဒါပေမဲ့ ခင်ညို မကြည်နူးနိုင်ပါ၊ ရင် မငြိမ်းနိုင်ခဲ့ပါ။

“နာမည်ပေးရင် ဘယ်လိုပေးမလဲ ဆရာ”

ဝင်းစံဖြူက ခင်ညိုထံမှ မျက်လုံးခွာပြီး ဦးနန်းဝေကို မေးပြန်သည်။

“ဆရာ့ စိတ်ထဲမှာတော့ ရှိတယ်၊ အသုံးချရင်တော့ Girl With a Looking Glass ပေါ့ကွာ၊ ဒါ အရိုးဆုံး ဆန်းတာပဲ”

“ဟိုမှာ ကြည့်ပါဦး မိဖြူ၊ ပါးလေးကို ရဲနေတာပဲ၊ ပအို့ဝ်မလေးကို”

စိန်စိန်က သူတို့ ရပ်နေရာ ညာဘက်မှ ပအို့ဝ် အမျိုးသမီးပုံကို ပြရင်း ပြောသည်။

“ခေါင်းက ဟာလေးက ဘာလေးလဲ ဆရာ” ဟု ဖြူဖြူက ဆံပင်တွင် စိုက်ထားသော ဆံထိုးလို ဖြူဖြူလေးကို မေးသည်။

“အဲဒါ အပျိုဆိုတဲ့ အထိမ်းအမှတ်ကို ပြတာပေါ့၊ ပအို့ဝ် အမျိုးသမီးတွေ မှာ အပျိုဖော် ဝင်လာလို့ ယောက်ျား မယူရသေးရင် အဲဒါမျိုး စိုက်တတ်တယ်”

“ကြွားတာပေါ့နော်”

မစိန်စိန်က ရယ်ရင်း နောက်ပြောသည်။

“ဒါ့ကြောင့် ဒီကားကို အပျိုစင်လို့ နာမည်ပေးထားတာပေါ့”

“ဟိုပုံက ပန်းပွင့်တွေနော်”

ဇေယျလေးက ခင်ညို လက်ကို ပုတ်ရင်း ပြောပြန်သည်။

“အေးကွ၊ ပန်းပွင့်တွေကို ဆွဲထားတာကိုး”

ကလေး ပြော၍ အားလုံး ထိုပန်းချီကားကို ကြည့်ကြသည်။ ပန်းချီ ကားမှာ အဓိပတိလမ်းမက ဝင်ဝင်ချင်း တံခါးပေါက် အပေါ်နားမှ ကားချပ် ဖြစ်သည်။

“အဲဒါ still life ဆွဲတာပေါ့၊ သစ်ခွနဲ့ ခေါင်ရမ်း ပန်းနှစ်မျိုးကို စားပွဲပေါ်မှ ချပြီး ဆွဲထားတာ”

ဆရာ ဦးနန်းဝေက ရှင်းပြသည်။

“ကိုခင်ညို ဟိုတစ်ခါ ကိုင်လာတဲ့ ပုံမျိုးနော်”

မစိန်စိန်က ခင်ညိုကို မေးသည်။

“ဟုတ်တယ်၊ ကျွန်တော့် ပုံက ခရေပွင့်ကလေးတွေနဲ့ စပယ်ပန်းပွင့် ကလေးတွေကို ဆွဲတာပါ”

“မိဖြူတောင် စက္ကူနဲ့ ဆွဲထားသေးတယ်၊ ကျွန်မ အခန်းမှာ ချိတ်ထား တယ်၊ မိန်းကလေး တစ်ယောက် ခရေပွင့် ကောက်နေတဲ့ ပုံပေါ့”

စိန်စိန်က သူ့ညီမကို ပြုံးပြပြီး ကြွားလိုက်ပြန်သည်။

“ဪ... ဖြူဖြူက ချိတ်လို့ရတဲ့ ကားမျိုးတောင် ဆွဲနေပြီလား” ဦးနန်းဝေက ဖြူဖြူကို မေးသည်။

“အလကားပါ ဆရာ၊ ခဲတံ ရောင်စုံနဲ့ စမ်းပြီး ဆွဲကြည့်တာပါ၊ ဖြူဖြူ ခရေပွင့်လေးတွေ ကောက်နေတဲ့ ပုံကို ဖြူ ဦးလေးက ဓာတ်ပုံ ရိုက်ထားတာနဲ့ အဲဒီပုံကို ပြန်ဆွဲထားတာပါ”

“ခရေကောက် ပန်းချီကားပေါ့လေ”

ခင်ညိုက သူ မမြင်ရသော ကားကိုပင် နာမည်ပေးလိုက်သည်။

“ရှင်က အခုမှ နာမည်ပေး၊ သူက ကျွန်မကို ပေးကတည်းက ခရေ ကောက်လို့ အောက်က ရေးပေးထားတာ”

“တိုက်ဆိုင်ပေါ့ဗျာ”

သူတို့အားလုံး သဘောကျသွားကြသည်။

ပန်းချီကားတွေလည်း ကုန်အောင် ပြောပြပြီးပြီမို့ သူတို့ စားပွဲ ထိုင်ကြပြန်သည်။ ထိုင်ထိုင်ချင်း ခင်ညိုက တောင်ဘက်ဆုံး စားပွဲက လူကို ကြည့်ပြန်သည်။ ပင်နီဝတ် လူပိန်ပိန်က ခုချိန်ထိ ခင်ညို့ကို မာန်စောင် ကြည့်နေတုန်းပင်။ ဝင်းစံဖြူ ကတော့ မြောက်ဘက်ကို လှည့်ထိုင်နေသည်မို့ လူကိုလည်း မြင်ဟန် မတူ။ မိန်းမသား ပန်းချီကားကို အကျအန စိုက်ကြည့်နေပြန်သည်။ ပြီးတော့...

“မိန်းမသားဆိုတဲ့ ကားက ဆိုဗီယက် ဘယ်နေရာမှာ ပြတာလဲ ဆရာ” ဟု ဦးနန်းဝေကို မေး၏။

"အဲဒါ Gorky Central Recreation Center မှာ ပြတာလေ၊ ဒီဘက်က ပအို့ဝ်မလေးက လန်ဒန်မှာ ပြတာ”

ဦးနန်းဝေက အပျိုစင်ကား အကြောင်းပါ ပြောလိုက်သည်။

“ဘယ်နှစ်ကလဲ ဆရာ”

ခင်ညိုကလည်း အခုမှ မေးရသည်။

“၅၆ ခုနှစ်ကပေါ့ကွ၊ မင်းကို ငါ မပြောမိသေးဘူးလား၊ အခန်းထဲမှာ ကက်တလောက်တောင် ရှိသေးတယ်”

ဪ... Royal Society of Portrait Painters ဆိုတဲ့ စာအုပ်လေးလား”

“အေးပေါ့၊ အဲ့ဒီထဲမှာ ငါ့ကားနာမည် ပါသားပဲ၊ အဲ့ဒီ ပြပွဲပြီးတော့ ဆန်ခါတင် ၂၃ ကား ရွေးတာတောင် ဒီကား ပါသွားသေးတယ်၊ ဟိုမှာတော့ မင်းစိုးရာဇာ ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေပေါ့ ကွာ”

ဆရာ တပည့် နှစ်ယောက် ပြောနေကြသည်ကို ဝင်းစံဖြူတို့ ငေးပြီး နားထောင်နေကြသည်။

“ဒါဖြင့် နာမည်ကြီး ကားပဲ ဆရာရဲ့”

“အေးပေါ့ကွာ၊ လူတို့တွေက နားလည်တော့ ရွေးပြတာပေါ့”

“ကိုခင်ညို့ ပုံလဲ ဒီမှာ ချိတ်ထားပါလား ရှင့်”

မစိန်စိန်က ခင်ညို့ကို မြှောက်လိုက်သည်။

“မလုပ်ပါနဲ့ မစိန်စိန်ရယ်၊ ဆိုင်ထဲ လက်ဖက်ရည် သောက်တဲ့ လူ မရှိဘဲ နေပါဦးမယ်”

အားလုံး ရယ်လား ရွှင်လား ပြောနေကြစဉ်မှာပင် ကိုမြင့်ဦးကြီး (မောင်လင်းယုန်) ဝင်လာသည်။

“တယ် ဝီရိယ ကောင်းပါလားဗျ၊ စားဖို့ကျတော့ မပျက်ဘူးပေါ့၊ အတော် ကောင်းတဲ့ ကောင်လေး”

ဝင်ဝင်ချင်း ကိုခင်ညို့ကို ပြောသည်။

“ည အိပ်ပြီးတောင် စောင့်တာ အစ်ကိုရ”

“ဟဲ့ကောင်၊ သန်းထွန်း မလာသေးဘူးလား”

“လာပါလိမ့်မယ်၊ သူ မကျွေးရဘူးဆိုရင် သူလည်း မပျက်ပါဘူး” ခင်ညိုက ပြောပြန်သည်။

“ကျွန်မတို့ကတော့ အဝစားမှာနော်၊ အားတော့ မနာဘူး၊ ပိန်တာက ပိန်တာ တစ်ခြားပဲ၊ အစား ကျရင်တော့ ကိုမြင့်ဦးထက် သာလိမ့်မယ်၊ ဟောဒီ မိဖြူကဆိုရင် ကျွန်မထက်တောင် အစားငမ်းသေးတယ်”

မစိန်စိန်က အားမနာတမ်း စားတော့မည့် အကြောင်း ကြိုပြောထား လိုက်သည်။

“စားစမ်းပါ မိစိန်စိန်ရယ်၊ နင်တို့ အကြောင်းတော့ ငါလည်း သိပါတယ်၊ ငါ့မှာ စာမူခအပြင် ငွေပို ပါပါတယ်”

“စားမှာပါပဲ၊ ပိုက်ဆံ မထုတ်ခဲ့ရသေးဘူး ပြောရင်တော့ ကိုနန်းဝေ ဆီမှာ အကြွေး ကျွေးခိုင်းမလို့ ကိုယ့်လူ”

ကိုမြင့်ဦး စကားပင် မဆုံးချင်သေး ကိုသိန်းသန်းထွန်း ဝင်လာပြီး ပြောသည်။ စားပွဲထိုး ကောင်လေးက ခင်ညိုတို့ ဝိုင်းမှာပင် ခုံတစ်လုံး လာချသည်။

ခင်ညိုကတော့ ဖြူဖြူနှင့် မျက်နှာချင်းဆိုင် ထိုင်ပြီး အလှဖူးနေရသည် မို့ ကျေနပ်လို့။ တကယ် ထမင်း မှာစားသောအခါမှပင် ရင်ခံနေသည်ထိ ဖြစ်သည်။ ဖြူဖြူက အပြောလွတ် အဝ စားသည်။

“ထမင်းတော့ ဘယ်အချိန်စားစား ဝင်တာပဲ”

ဟုပင် မိရွှေဖြူက သူ့ကိုယ်သူ ပြောလိုက်သေးသည်။

ဦးနန်းဝေက ခင်ညိုတို့ကို လက်ဖက်သုပ်၊ ရှောက်သီးသုပ်များပင် အပို လာပေးသေးသည်။ သူ ကိုယ်တိုင်တော့ ဝင်မစား။ ကိုသိန်းသန်းထွန်းက တရှူးရှူး တရှဲရှဲနှင့် ခေါင်းပင် မဖော်။

ခေါင်းဖော်ပြန်တော့လည်း ဝင်းစံဖြူကို စောင်းငဲ့ပြီး ခင်ညို့ကို မျက်စိ တစ်ဘက် မှိတ်ပြသည်။ နေပူပူ နွေပူပူကြီးပင် ဖြစ်သော်လည်း ထမင်းဝိုင်းက စိုပြည်လွန်းသည်။

“ထမင်း မြိန်လို့ ကိုခင်ညို့ကို အများကြီး ကျေးဇူးတင်ပါတယ်”

ထမင်း စားပြီးပြီးချင်း လက်သုတ်ရင်းမှ ဝင်းစံဖြူက ပြောသည်။

“ဟဲ့ မိဖြူ၊ ကျွေးတာက ကိုမြင့်ဦးပါကွာ”

မစိန်စိန်က ဖြူဖြူကို ပခုံး တစ်ဖက်ဖြင့် တွန်းပြောလိုက်သည်။

“အို စိန်စိန်ကလဲ၊ အစ်ကိုမြင့်ဦးကို စိန်စိန်က ကျေးဇူးတင်ပေါ့၊ ဖြူက ကိုခင်ညို ခေါ်တာ လိုက်လာရင်း စားရလို့ပဲဟာ”

ဖြူဖြူက အကြောင်းပြလိုက်သည်။

“အေးပါ၊ မင်း တင်ချင်တဲ့ လူပဲ မျက်နှာလိုက် တင်ပေါ့၊ ရပါတယ်၊ ရပါတယ်”

ကိုမြင့်ဦးက ခပ်ဝဲဝဲ ရှမ်းသံနှင့် ပြောလိုက်ရာ ခင်ညိုပင် အနေရ ခက်သလို ဖြစ်သွားသည်။ ဝင်းစံဖြူကတော့ ဣန္ဒြေ မပျက်လှ။ ကြားပင် မကြားလိုက်သလို နေသည်။

ညရောက်တော့ ခင်ညို အိပ်မပျော်နိုင်ပေ။ ချစ်သူ ရှိသော သူ ချစ်သည့် မိန်းကလေးက သူနှင့် ရင်းရင်းနှီးနှီး ဆက်ဆံနေသဖြင့် သူ နားမလည်နိုင်သလို ဖြစ်နေသည်။

ဖြူဖြူကိုတော့ သူ အထင်သေး၍ မဟုတ်၊ သို့သော်လည်း သူ ဘယ်လိုမှ စဉ်းစားမရအောင် ဖြစ်နေမိသည်။

ဝင်းစံဖြူကတော့ အဆင်းရူပကျက်သရေဆောင်သည်နှင့်တူ သိမ်မွေ့ ယဉ်ကျေးသူလေး ဖြစ်သည်။ ဖော်ရွေသည်။ သွက်လက်သည်။ ယောက်ျားသားများနှင့် ရင်ဆိုင် နေရသော်မှလည်း ရွံ့စိုး ကြောက်လန့်ဟန် မရှိ။ တည်ငြိမ်ပြီး ရဲရင့်ဟန်။ ယောက်ျားကော ဘာမို့လဲ၊ မကြောက်ပေါင် ဟူသော သတ္တိ သွေးမျိုး ပါသူလေ။

သည်အကြောင်းတွေကိုတော့ မနှင်းမြနှင့် တွေ့ချိန်တွင် သူဟပင် မဟခဲ့။

“မင်း မိတ်ဆွေတွေ ဘာတွေ တိုးနေပြီဆို၊ ကိုထင်ကျော် အခန်းတောင် သိပ်မရောက်ဘူးလို့ ဆိုပါလား” ဟု ကိုထင်ကျော် ပြောခဲ့ဟန်ရှိသော မနှင်းမြ စကားများကိုသာ ခင်ညိုက အရိုးဆုံး မျက်နှာဖြင့် ခေါင်းညိတ်ပြသည်။

ဘယ်လိုလဲကွ အညိုရ၊ တက္ကသိုလ်က ပြန်လာပြီးမှ တယ်ပြီး တေမိ လုပ်နေပါလား”

တစ်ခါ တစ်ခါ မနှင်းမြကပင် အားမလို အားမရဖြစ်ပြီး လှုပ်မေးရသည် ထိ ခင်ညို ငြိမ်ချက်သား ကောင်းနေမိသည်။ ဆယ်ရက်လောက် မြို့မှာ နေရသည်ကို ကြာလွန်းလို့ ယူဆနေမိသည်။

ဆရာလှကပင် ပြောသည်။

“ငညိုရဲ့၊ ငါတို့က မင်း ရန်ကုန် ရောက်ရင်တော့ တက်တက်ကြွကြွနဲ့ မိုင်ကုန်ဒစ်ကုန် ကြဲတော့မှာပဲဆိုပြီး ဒီမှာ ပြောနေကြတာ၊ အခု မင်း ကြည့်ရတာကကွာ ခွေးနာ လောက်ကိုက်သလို၊ ချီးမှပဲ”

ဘာရယ် မဟုတ်သော်လည်း ဆရာလှ ပြောမှ သူ့ရင်က ဆာလာသည်။ အချစ်ဆာ၊ အလွမ်းဆာမျိုး။

သူက ပြည်တော် ပြန်ချင်ပြီ။ သူ့ကို ချစ်ရိပ်ပြသလို ရှိသော်လည်း တစ်ပါးသူ ရင်ခွင်တွင် ဝင်နေသူကလေးကို သတိရနေပြီး အလွမ်းကဲနေ သော်လည်း ဖြူဖြူကတော့ ပဲခူး လိပ်ပြာကန်ဘေးတွင် လေညှင်းခံလို့ ဇေယျလေး တို့နှင့် ကစားလို့။

ညနေတိုင်း ကိုထင်ကျော် အလည်လာသည်ကိုပင် သူက သိပ်ပြီး ဟက်ဟက်ပက်ပက် မပြောချင်တော့။

“လာပါ... အညိုရ၊ မမနှင်းဆီ သွားချေရအောင်ပါ” ဟု အတင်း ဆွဲခေါ် လျှင်ပင် ဇွတ်ကန် ချန်ရစ်သည်။

“သွားပါ ကိုထင်ကျော်ရယ်၊ ကျွန်တော် လမ်းမထွက်ချင်လို့ပါ” ဟူ၍ အကြောင်းမရှိ ငြင်းသည်။

သူက တစ်ခွေတည်း ခွေ။ အိမ်ပြန်လာကတည်းက တယောလေးကိုသာ အသံ စိမ်ပြီး ငြီးသံ ချွဲသံလေးတွေသာ ထိုးနေသောကြောင့် ချစ်ချစ်ကပင်...

“တော်စမ်းပါ အညိုရယ်၊ နင့်အသံကြားရတာ စိတ်အိုက်လွန်းလို့” ဟူ၍ တားသည်။

သူ တေးဆိုတော့လည်း အပူဖွဲ့လေးတွေကိုသာ ရွေးဆိုသည်။ မြဝတီ ဝန်ကြီး ရေးသည့် လွမ်းဓလေ့ ပတ်ပျိုးကိုတော့ ရောက်သည့် ညကစပြီး ပြန်မည့် နေ့ထိပင်။

မဆီမဆိုင် သဖြန် အပိုဒ် ရောက်တိုင်းလည်း လေးငါးခါ ကျော့နေ သေးသည်။ တိုးတိုး ညည်းပြီး တယောကို နွဲ့နွဲ့ထိုးရာမှ...

“xxxပူဖွယ်စိမ့်ပျိုး×××မျှော်တော်ကျူး ရွာဘူးထင့် မိုးပေကို သည်လို မှန်ပ×××နွေမြန်း×××ခါခါ ညွန့်တယ်×××လေးကျွန်းတဲ့ မိုး ဟူပြီး အဆုံးကို ချွဲချွဲကျယ်ကျယ် ဆိုသည်။

“ကာလပေါ် တီးပါ ကိုကိုညိုရယ်”

ကြားရဖန် များလွန်းလေတော့ ညီမ အေးအေးကပင် လမ်းပြောင်းခိုင်းသည်။ ခင်ညိုကတော့ ပြောင်းပါသည်။ သူ အသံ မထုတ်ချင်လေမှ...

“ဟေ့... ရဲလေး၊ ဆိုကွာ၊ မင်း ကြိုက်တဲ့ သီချင်း”

ဟူ၍ ညီကို ဆိုခိုင်းသည်။ ဖိုးရဲကလည်း အကင်းပါးသည်။

“ကိုကိုညို ပြည်တော် ပြန်ချင်နေပြီ မဟုတ်လား၊ ကိုထင်ကျော်ကြီးနဲ့ ပြောနေတာ ရဲ ကြားတယ်၊ အဲဒါကြောင့် ကိုကိုညို့အတွက် သပြေရွက်ရေ ဆိုမယ် ညီတွေ ညီမတွေ အလိုကျ ထိုးပေးရသည် ဆိုသော်လည်း သူ ကိုယ်တိုင် ကြားချင် ဖွဲ့ချင်သည့် သီချင်းပေပဲ။

“ပစ္စင် ပြအိုး ရွှေပြသာဒ်နဲ့ နေရပ်ကို ပြန်ချင်ပါတော့သည်၊ မျှော်ရှာသူ သပြေရွာကို ရေတွက်ပါလို့ စောင့်ကာ နေရော့မည်”

ရဲက ခင်ညို ရယ်လိုက်သည်နှင့် “ပြန်ကျော့ဦးလေ ကိုကိုညိုရယ်၊ နေပြည်တော်ဆီ ဆိုတဲ့ အပိုဒ်ကို” ညီငယ်ပင် အတော် အဆို ပိုင်နေပြီ။

“ရဲ၊ မင်း ဒီသီချင်းတောင် ဆုံးအောင်ရနေပြီပဲ”

ခင်ညိုက သူ့ညီ ဆိုသည်ကို သဘောကျပြီး တယောကို ဘေးချရင်း ပြောလိုက်သည်။

“ရမှာပေါ့၊ နင် မရှိကတည်းက ရဲ တစ်ကောင် ကိုလှတို့ ဆိုင်ကကို မခွာဘူး”

ချစ်ချစ်က တိုင်သလိုနှင့် ချီးကျူးလိုက်သည်။

“စာကော ကျက်ရဲ့လားကွာ”

ခင်ညိုက စိုးရိမ်သွားပြီး လေပြေနှင့် မေးလိုက်သည်။

“ကျက်ပါတယ် ကိုကိုညိုရဲ့၊ ရဲ အားမှ သီချင်း ဆိုဖို့ သွားတာပါ၊ ဆရာလှဆီမှာ မယ်ဒလင်လည်း တက်နေတော့ အဆိုပါ တွဲလိုက်တာပေါ့”

“မျှော်ရှာသူ သပြေရွက် ဆိုတာ ဘာလဲ ကိုကိုညို”

ငြိမ်နေသော အေးအေးက သူ နားမလည်သလို ရှိသော စကားလုံးကို ကြားနေမိ၍ သူ့ အစ်ကိုကို မေးလိုက်သည်။

“သပြေရွက် ဆိုတာ မိန်းမပျိုလေးကို ပြောတာကွာ”

“အောင်သပြေ မဟုတ်ဘူးလား ကိုကိုညိုရဲ့”

အေးအေးက သူ နားလည်သလို ပြောပြသည်။

“ဒီသီချင်းမှာတော့ မဟုတ်ဘူးလေ၊ မျှော်ရှာသူ ဆိုပြီး ရေးထားတယ်မို့လား၊ ဒါ လူကို ပြောတာ ဖြစ်မှာပေါ့”

“ရှင်းမှ မရှင်းဘဲ”

မိရွှေအေးက နားမလည်နိုင်။

“မင်းတို့ကို ဆရာ ဦးသူတော် ပြောမပြဘူးလား၊ ကျွန်မ အသက် သပြေခက် ဆိုတာလေ”

“ဟင့်အင်း”

“စကား ရှိပါတယ်ကွာ၊ ကျွန်မ အသက် သပြေခက်၊ ရလာဒ် စားခြေ ညီပါစေတဲ့”

“အဲဒါ ဘာကို ပြောတာလဲဟင်”

“ဒါက ဂဏန်းတွေပေါ့ အေးအေးရဲ့၊ ဗေဒင်ဆရာတွေ ယူသလို “သ” က သောကြာနံ ၆ ဂဏန်း၊ “ပြေ” က ကြာသပတေးနံ ၅ ဂဏန်း။ “ခက်” က တနင်္လာနံ ၂ ဂဏန်း၊ စီလိုက်ရင် ၆၅၂ မဟုတ်လား”

“ကခဂဃင တနင်္လာတို့ ဘာတို့လိုလား”

“အေးလေ”

“ဒါဖြင့်လဲ ၆၅၂ နဲ့ ဘာဆိုင်လို့လဲ”

“အော်ကွာ ၆၅၂ ကို ဗေဒင်နည်းလိုဘဲ ဗြောင်းပြန် ပြန်ယူတော့ ၂၅၆ မဟုတ်လား”

“ဟုတ်ပါတယ်”

“အေး၊ အဲဒါကို သူ အဆိုအတိုင်း ရလာဒ်နဲ့ စားခြေနဲ့ တူအောင် ၁၆ နဲ့ စားမှ ပြတ်တယ် မဟုတ်လားကွ”

အေးအေးက လက်ဝါးကို လက်ညှိုးနှင့် ထောက်တွက်ပြီးမှ...

“ဟုတ်တယ် ကိုကိုညို၊ ၁၆x၁၆ လီပေါ့”

“အဲဒါပေါ့ အေးအေးရဲ့၊ ၁၆ နှစ် သမီးအရွယ်ကို ပြော”

“အမယ်လေး ကိုကိုညိုရယ်၊ ရှုပ်လိုက်တာကလည်း လွန်ပါရော

“မရှုပ်ပါဘူးကွ၊ အဓိပ္ပာယ် အနက်ရှိတဲ့ သီချင်းပဲ၊ ရဲ ဆိုတာလည်း ကောင်းသားပဲ”

“အလကား ကိုကိုညို၊ ရဲက ဘာမှ နားလည်တာ မဟုတ်ဘဲနဲ့ အော် နေတာ”

“မမအေးကော သိလို့လား၊ ကိုကိုညို ပြောပြမှ လေလာကျယ်နေတယ်”

သည်မောင်နှမက တစ်ရွယ်တည်းလို ဖြစ်နေသည်မို့၊ ကစားဖက်လည်း ဖြစ်လို့ ထစ်ခနဲဆို တကျက်ကျက်။

“အောင်သပြေရွက်တွေကို ဆစ်ချိုး ရေတွက်နေတဲ့ မိန်းကလေးကို ပြောတာ မဟုတ်ဖူးလား အညိုရဲ့၊ စစ်ထွက် ယောက်ျားက လွမ်းဟန် ရေးထားတာ မဟုတ်လား”

စာသမား ချစ်ချစ်က အိမ်ကပြင်တွင် လှဲနေရာမှ မောင်နှမ တစ်သိုက် ဆီသို့ လှမ်းပြောသည်။

“သီချင်းပဲ ဒေါ်လေးရယ်၊ အဓိပ္ပာယ် အမျိုးမျိုး ရှိမှာပေါ့၊ ဒေါ်လေး ပြောသလိုမျိုးလည်း ဖြစ်နိုင်တာပါပဲ

“နင် ပြောလို့ ငါလည်း စဉ်းစားကြည့်နေတာပါ၊ မျှော်နေတဲ့ ပြည်တော်မှာ ကျန်နေသူလေးက အောင်သပြေရွက်လေးတွေကို တစ်ရွက်ချင်း ရေတွက် နေမှာကို အလွမ်းဘွဲ့ ဖွဲ့ထားတဲ့ သဘော အောက်မေ့တာပဲ”

အတော် စဉ်းစားပြီးမှ သူ့တူကို စိတ်အေးလက်အေး ရှင်းပြသည်။

“ဖြစ်နိုင်ပါတယ် ဒေါ်လေးရဲ့၊ ကိုစောငြိမ်း ရေးတဲ့ ရည်ရွယ်ချက်က ဒေါ်လေး ရှင်းပြတာမျိုး ပိုဖြစ်ပါတယ်၊ ဒါပေမယ့် အေးအေးတို့ အလွယ် နားလည်အောင် ကျွန်တော် ပြောတာပါ”

ခင်ညိုက ချစ်ချစ်ကို ဝမ်းထဲမှ ကျိတ်ချီးကျူးရင်း သီချင်းကို တစ်ကျော့ ပြန်ထိုးပြန်သည်။

သဲလဲ သဲနိုင်တဲ့ ခင်ညို။

ချွဲလဲ ချွဲနိုင်တဲ့ တယော။


အခန်း ၁၃

 

ဇွန်လဆန်းတွင် ရန်ကုန်တက္ကသိုလ်ကြီး ပြန်လည် စည်ကားလာသည်။ တက္ကသိုလ် တစ်မြေလုံး စိန်ပန်းတွေ ရဲလို့၊ မိုးပန်းဝေဝေဖြင့် ကျောင်းသားတွေကို ကြိုနေ ကြသည်။ ရန်ကုန် မိုးကလည်း ရွာချည် စဲချည်နှင့် ကူလီကူမာ လုပ်နေပြန်သည်။

စိန်ပန်းတွေ နီသည် ဆိုလိုက်ရာမှာပင် အထူးအကဲ ပြဖို့ လိုလာပြန်သည်။ တက္ကသိုလ်မြေက စိန်ပန်းမှ နီသည် ရဲသည်လို့၊ အရောင်ကဲရာတွင် သည်ပရဝုဏ် နှင့် အပြင်မှ အပွင့်တွေနှင့် မတူ။

ခင်ညို ပြောသည်ကတော့ သီရိဆောင် ဝင်းထဲက စိန်ပန်းကမှ ပိုပြီး ရဲသတဲ့။ ပေါက်ပင်တွေ ပွင့်တုန်းကလည်း သည်စကားကိုပင် သူ ပြောသေးသည်။ လက်ဝဲသုန္ဒရ ရေးသည့် သာစိနပျို့လာ “ပေါက်ပွင့် နီတျာ၊ ကျေးနှုတ်မှာမူ၊ သန္တာ မပြား၊ ကျေး နားသောခါ၊ မသိသာသို့ ဆိုသည်မှာ သီရိက အပင်မျိုး ကိုမှ ဆိုသည်ဟု ပြောသောကြောင့် ချစ်ဆွေတို့ စိုးလွင်တို့ နှာခေါင်း ရှုံ့ရဖူးပြီ။ အဲသည်ထက် ဆိုးသည်က သီရိရှေ့က မရမ်း အချဉ်ပင်ဟာ သီရိ ရှေ့ကမို့ ချို သတဲ့လေ။ ကဲ... သည်လောက် သဲသည့် ခင်ညို။

ညောင်လေးပင် မြို့နယ် အသင်းက ကိုပြည့်ညွန့်တို့၊ ကိုကျော်ဇောတို့ လျှောက်လွှာ တင်ထားပေးသည့် ကျေးဇူးကြောင့် ခင်ညို တစ်ယောက် မန္တလေးဆောင်ပေါ် တက်နေလိုက်ရုံ အဆင်သင့်သည်။

လူတွေကတော့ ရုတ်ရုတ်သဲသဲ ရှိလှသည်။ ရုံးရှေ့မှာဆိုလျှင် အဆောင် ကြေး သွင်းသူတွေ၊ အဆောင် စာရင်း ကြည့်သူတွေ၊ ထမင်းစား လက်မှတ် တန်းစီးသူတွေက တိုးလို့... ဝှေ့လို့။

မနှစ်က နှစ်လည် မဂ္ဂဇင်းတွင် ခင်ညို သူငယ်ချင်း ရဲထွတ် ဆွဲထားသည့် ကာတွန်းလို တက္ကသိုလ်ကတော့ လျှောက်လွှာလဲ တိုးပြီးတင်၊ ငွေသွင်းလည်း တိုးသွင်း၊ လက်ချာ အတန်းလည်း တိုးတက်၊ ညကြီး သန်းကောင်ထိပင် မိမိ ဘယ်အဆောင် ရောက်မည်ကို တိုးဝှေ့ ကြည့်ရသည့် တက္ကသိုလ်ကြီး။

အဓိပတိ လမ်းပေါ်မှာတော့ ကားတွေက ရှုပ်လို့ ပွေလို့။ သုံးဘီးကား လေးတွေလည်း ဝင်ချည် ထွက်ချည် ရှိနေပြီ။

သည်နှစ် ရောက်ကာမှ လိပ်ခုံး" သိပ္ပံဝင်းကြီးမှာလည်း လူ အတော် များသည်။ တက္ကသိုလ် လျှောက်ထားသူ ကျောင်းသားသစ်တွေကို လိပ်ခုံးမှာ လက်ခံသည်။ လျှောက်လွှာ စစ်ဆေးခြင်း၊ ဘာသာ တွဲခြင်းတွေလည်း သည်မှာ လုပ်သည်။

ကထိက ဆရာကြီးများကလည်း လိပ်ခုံး အတွင်းတွင် စားပွဲ တစ်လုံးစီ ထိုင်ပြီး ဘာသာတွဲအတွက် လမ်းညွှန် လမ်းပြ လုပ်နေကြသည်။ ဗဟိုရုံးက ကိုအေးတို့ ကိုသောင်းတို့ပင် အားသည့် အခန်းများ ယူပြီး လျှောက်လွှာ စစ်ဆေးမှု ပြုနေကြ၍ မအားကြ။ သည်လောက် ရှုပ်ထွေးနေသည့် ကြားမှပင် ခင်ညိုတို့ အနုပညာ အသင်းသားတွေက ဟိုတစ်စု သည်တစ်စု နေရာ ယူထားကြ သေးသည်။ အသင်းကို ခုကတည်းက ဝင်ဖို့၊ အကူအညီ လိုလျှင်လည်း ပေးဖို့ စားပွဲ တစ်လုံးစီနှင့်။

တက္ကသိုလ် ဆေးရုံမှာလည်း လူအုပ်ကြီး။ ကျောင်းသားသစ်တွေ စစ်ဖို့ စုရုံး စုရုံးနှင့်။ တစ်ချို့ ကျောင်းသားတွေဆိုလည်း လျှောက်လွှာလေး ကိုင်ကာ ယောင်ချာ ယောင်ချာ လည်နေတုံး။

“ဟောဒါက လိပ်ပုံ ဆောက်ထားတဲ့ လိပ်ခုံးကြီးကွ2၊ ဒီဘက်က အနီတွေ အစိမ်းတွေနဲ့ဟာက ခြအုံကြီးပေါ့”

ကိုယု တစ်ယောက်ကတော့ သူ့ အလွတ် ပညာသင်ကျောင်းမှ အောင် ခဲ့သူ ကျောင်းသား နှစ်ဦးနှင့် ပဲခူးမှ သူ့သားချင်း နှစ်ယောက်ကို ကျောင်းဝင်ဖို့ ကူညီရင်း ရှင်းပြနေသည်။ ဒါနှင့် မနားသေး။ သူ့စကားက…

“မင်းတို့ တစ်တွေကို တက္ကသိုလ်က မွေးပြီးတော့ ဒီလို လိပ်ကလေးတွေ ခြကလေးတွေ ဖြစ်အောင် သင်ပေးမလို့”

တကယ် ပေါက်ပေါက်ရှာရှာ ပြောနိုင်သည့် လူ။ သူမို့ သည်အကြံဝင်သည်။

"မင်းဟာမလေး တွေ့ပြီးပြီလား”

ခင်ညိုကို တွေ့တွေ့ချင်း ကိုယုက စသေးသည်။

“မင်းလည်း ဒီနှစ် စီနီယာ အင်တာ ဖြစ်လာတော့ အလုပ်လုပ်ရလိမ့်မယ် ခင်ညို၊ စာမှာလည်း ပေါ့လို့ မဖြစ်ဖူး၊ မင်း မြန်မာစာ ဂုဏ်ထူးတန်း တက် ချင်တယ်ဆိုတာ ဒီနှစ် အမှတ်နဲ့ ဆုံးဖြတ်မှာပဲ”

“ကျွန်တော်လည်း အားခဲထားပါတယ် ဆရာယုရဲ့”

“အေးလေ၊ မိန်းမ ပိုးတာလည်း ကြည့်ပိုးပေါ့ကွာ၊ အကြောင်းမဲ့တော့ မင်းကို အချိန်ကုန် မခံစေချင်ဘူး၊ အချစ်ရူး ရူးပြီး ပျက်စီးတဲ့ အကောင် မျိုးတော့ ငါ သောက်မြင် အကပ်ဆုံးပဲကွ”

ကိုယုက စာ အကြောင်း ဆုံးမ ပြောဆိုနေရာမှ ခင်ညိုကို တည့်တည့်ပင် တွယ်လိုက်သည်။ ခင်ညိုကတော့ ပြန်ပြီး မပြောသာ။ စာကို သူ့ ဆုံးဖြတ်ချက်နှင့် ဖတ်နိုင်၊ ကြိုးစားနိုင်သလို ဖြူဖြူကိုလည်း အသည်းနှင့်၊ ရင်နင့် သူ ချစ်နိုင်သည်။ အခုပင် ဖြူဖြူကို သူ ရှာရပေဦးမည်။ ကိုယု အပါးက အမြန်ဆုံး ခွာချေမှ။ သည် ဆရာ့နှယ် ကိုယ်ချင်းမစာ၊ ပြောလျှင် ပိဿာလေးနှင့် ဘေးပစ်လိုက်သလို ဆော်တတ် နှင့်တတ်သည် မဟုတ်လား။ ကျောင်းဖွင့်စ အချိန်ဖြစ်၍ ကျောင်းသား ယူနီယံမှာလည်း လူစုံလှသည်။ တစ်နှစ်စာ အလုပ်အတွက် ပြင်ကြ ဆင်ကြ၊ စာရင်းဇယား ဆွဲကြ၊ စီမံ ခန့်ခွဲကြနှင့် အားလုံး မအားကြ။ ခင်ညိုပင် ကြွေးကြော်သံ လက်ကမ်း ကြော်ငြာတွေ၊ လက်ကမ်း စာစောင်တွေ အတွက် အပူတပြင်း ကူရသည်။

သည်နှစ်မှာပင် အင်းဝဆောင်မှ ရွေ့လာသည့် ခင်ညိုတို့ မြို့သား ခင်မောင် မြင့် တစ်ယောက်လည်း မန္တလေးဆောင် ရောက်လာသည်။ ခင်မောင်မြင့်ကတော့ ဘာကိုမှ သိပ်စိတ်ဝင်စားလှသူ မဟုတ်။ ကျောင်းသား အရေးတွေ၊ အမျိုးသား ပညာရေးတွေ၊ ကျောင်းသား လွတ်လပ်ခွင့်တွေ ဘယ်လောက် အော်အော် သူက အချိန်မှန်မှန် ရုပ်ရှင်ကြည့်၊ ညနေတိုင်လျှင် အားကစားရုံသွားပြီး ကစား၊ လူ့ ပေါ်ကြော့ ဖြစ်သည်။ သူက ရုပ်ရှင်ကြည့် ဝတ္ထုဖတ်၊ ဒါနှင့်သာ အချိန်ကုန်သည်။ မနှစ်က အင်းဝဆောင်မှာ သူ ရောက်နေသော်လည်း ယောင်လို့ပင် ခင်ညိုတို့ ထံ ရောက်မလာ။ အခန်းမှာလည်း သိပ်မရှိလှ။ ခင်ညိုကသာ အင်းဝဆောင်မှ ကိုအောင်မျိုးတို့ သန်းထွန်းဦးတို့ဆီ အလည်ဖြစ်စေ ကိစ္စနှင့် ရောက်ရင်း သူ့ကို ရှာကြည့်သည်။ သူက ရုပ်ရှင်ရုံလောက် အဆောင်ကို ခင်သူ မဟုတ်တော့ ရှာသူသာ မောမည်။ သည်နှစ်တော့ ပုံစံ ပြောင်းလာသေးသား။ တစ်ဆောင် တည်းမို့လားတော့ မသိ။ ခင်ညို အခန်းကို လာဖော်ရသည်။ ကိစ္စရှိလာလျှင် တိုင်ပင်ဖော် ရသည်။ ဝတ္ထုစာအုပ်ချင်း လဲဖတ်ဖို့ ဆိုပြီး စာအုပ်သစ်လေးတွေ လည်း ကိုင်လာတတ်သည်။

ဘွဲ့နှင်းသဘင်တွင် ကျင်းပသော မောင်မယ်သစ်လွင် နေ့ကတော့ ခင်ညို အတော်ပျော်သည်။

ခင်ညိုက အစောကြီးကတည်းကပင် ဘွဲ့နှင်းသဘင်ရှေ့ ရောက်နေသည်။ တပ်ဦးက မိတ်ဆက် စာရွက်တွေ၊ ကျောင်းသား ကြွေးကြော်သံတွေ ပါသည့် လွယ်အိတ်ကြီးလည်း လွယ်လို့။

သူလိုပင် သစ်လွင် အခမ်းအနား မကျင်းပမီ ရောက်နှင့်နေသူက ဝင်းစံဖြူ။ အဖြူက ကနေ့မှ တကယ့် အဖြူ ပင်။ အင်္ကျီ လက်ရှည် အဖြူ၊ တစ်ပတ်လျှို ဆံထုံးတွင် ခရေပွင့် အခွေလေး တစ်ကွင်း၊ ပြီးတော့ ရခိုင် လုံချည် အဖြူနှင့်၊ တကယ့် အဖြူ။ တကယ့် ချိုးမလေး၊ တကယ့် ငြိမ်းချမ်းရေး၏ သမီးပျိုလေး။

သူက ဘွဲ့နှင်းသဘင် အရှေ့ဘက် ဆင်ဝင်အောက်တွင် မစိန်စိန်နှင့် အတူ ထိုင်နေသည်။ သူတို့ကို တွေ့တော့ ခင်ညိုက ငြိမ်းချမ်းရေး၏ သမီးပျိုလေး ထံ အရောက်သွားရသည်။ လူက သွားချင်သလို၊ စိတ်က ဆွဲဆောင်သလို၊ ခြေလှမ်းက လျင်လိုက်တာများ။

“အိုးဝေတွေပါလားဗျ”

ခင်ညိုက စားပွဲပေါ်မှ ခွပ်ဒေါင်းတွေ အစီအရီ လှုပ်ရှားနေသည့် ပန်းချီ ဦးဘရင်လေး မျက်နှာဖုံးနှင့် စာအုပ်များကို ကြည့်ပြီး ပြောလိုက်သည်။

"ဟုတ်တယ် ကိုခင်ညိုရ၊ အိုးဝေ နည်းနည်း ကျန်နေတာနဲ့၊ ပြီးတော့ ကိုသိန်းသန်းထွန်း လာပေးထားတဲ့ နှစ်လည် မဂ္ဂဇင်းတွေ”

မစိန်စိန်က ကံ့ကော်ပွင့်များ ဝေနေသည့် ပန်းချီ အောင်စိုး အဖုံးနှင့် စာအုပ်များကို လှမ်းပြသည်။

“ဖြူဖြူက ကူရောင်းပေးတာလား”

ခင်ညိုက ဝင်းစံဖြူကို ပြုံးပြီး မေးသည်။

“ဟုတ်တယ် ကိုခင်ညို၊ ဖြူလည်း တတ်နိုင်တဲ့ဘက်က ကူရတာလေ”

“ကောင်းပါတယ်ဗျာ၊ ဖြူ ဖြူလည်း မစိန်စိန်နဲ့ ပေါင်းပြီး တကယ့် ရဲမေကြီး ဖြစ်နေမယ် ထင်ပါရဲ့”

ဖြူ ဖြူ က ဘာမျှ ပြန်မပြော။ မစိန်စိန်က ချက်ချင်း ပြောသည်။

“မိဖြူကို အထင် မသေးနဲ့နော်၊ ကျွန်မတို့ ကိုခင်ညိုတို့ထက် ထက်သေး တယ်၊ သူနဲ့ စကားပြောကြည့်မှ သိတယ်၊ သူ့စိတ်နဲ့ သူ့သတ္တိမျိုးတော့ ကျွန်မတို့ မမီဘူး ရှင်ရေ”

မစိန်စိန်က ဘာတွေ မြင်ထား သိထားသည် မသိ။ ဖြူဖြူကို ညွှန်း နေသည်။

“အေးဗျာ၊ ရဲဘော်မ တစ်ယောက် တိုးတာပေါ့”

“ကျွန်မတို့က အတွေ့အကြုံ နည်းသေးတယ် ကိုခင်ညို၊ တတ်နိုင်တဲ့ အကူအညီမျိုးကိုတော့ ပေးဖို့ အသင့်ရှိပါတယ်၊ ကျွန်မတို့ ကူနိုင်တဲ့ တာဝန်မျိုး ဆိုလည်း ပေးပါ၊ ရပါတယ်”

အချိန်စေ့၍ ကျောင်းသားသစ်များ စီတန်း ထွက်လာကြသောအခါ ခင်ညိုက စာရွက်များကို တစ်ရွက်စီ တစ်ယောက်စီ ပေးသည်။

မောင်မယ်သစ်လွင်များကတော့ အထူးအဆန်းလို လုယက် တောင်းယူကြသည်။ တစ်ချို့က ရုပ်ရှင်ကြော်ငြာ ကမ်းသည်များ ထင်လေသလား မသိ။ လေးငါးရွက် ရအောင် တောင်းသူလည်း ရှိသည်။

မောင်မယ်သစ်လွင် နေ့တွင် လတ်လျားလတ်လျားနှင့် ကျောင်းသား ဟောင်းများကို တွေ့ရသေးသည်။ အဆိုးဆုံးမှာ ခင်ညိုတို့ မန္တလေးဆောင်မှ စိန်အစ်တို့၊ အဂျလာ သိန်းထွန်းကြီးတို့၊ အမေရိကန် သိန်းထွန်းကြီးတို့ ဖြစ်သည်။ သိန်းထွန်းတွေက မန္တလေးဆောင်တွင် အများသား။ မနှစ်က သံရုံး ဆန္ဒပြပွဲတွင် ဝင်ကြဲသွားသည့် အဂျလာနှင့် တစ်ထေရာတည်း တူသည့် သိန်းထွန်းကို အားလုံးက အဂျလာဟုပင် ခေါ်သည်။ ဘောင်းဘီ မချွတ်တမ်း ရှိုးကျကျ ဝတ်တတ်သည့် သတ္တဝါ သိန်းထွန်းကိုတော့ အမေရိကန် သိန်းထွန်းလို့။

တစ်ယောက် ရှိသေးသည်။ သည်လူက အဂျလာတို့၊ အမေရိကန်တို့လို ရှုပ်တတ် ပွေတတ်သော သိန်းထွန်း မဟုတ်။ သို့သော် သူက ခြေတစ်ဖက် မသန်။ ဒါနှင့် သူ့ကို ဂျိုးသိန်းထွန်းလို့ ခေါ်သည်။

မောင်မယ်သစ်လွင် နေ့ကတော့ အဂျလာနှင့် အမေရိကန်တို့၏ ခွေး ဘုရားပွဲ နေ့ကြီး ဖြစ်သည်။ သူတို့တွေ ကင်မရာ တစ်လုံးစီ လွယ်ပြီး ပျားပန်းခတ် အလုပ်ရှုပ်နေကြသည်။

အဂျလာကတော့ ဆိုးသည်။ မောင်မယ်သစ်လွင်များကိုပင်မက ခင်ညို တို့ကို ကျောင်းသားအုပ်ကြီး ဝိုင်းနေသည့် ပုံပါအောင် ဓာတ်ပုံ ရိုက်လိုက် သေးသည်။ ပြီးတော့လည်း...

“ဟေ့ ကိုခင်ညို၊ ဟို ပေါ်တီကို အောက်က စာအုပ် ရောင်းနေတဲ့ အဖြူမလေးက ရွဲနေတာပါဘဲလားဗျ” လို့ ဒီစကားကို လာပြောသေးသည်။ ခင်ညိုကတော့ အလုပ်များ နေသည့်ကြားကမို့ ဘာမှ ပြန်မပြောဖြစ်။ မပြော ဖြစ်သည်ကပင် တော်သေးတော့။ အဂျလာက အိုးဝေ တစ်အုပ်၊ နှစ်လည် မဂ္ဂဇင်း တစ်အုပ် ဝယ်ရင်း ဓာတ်ပုံရအောင် ရိုက်ခဲ့သည်ကို ခင်ညို အဆောင် ရောက်မှ သိရသည်။ အတော်လည်း လက်စွမ်းထက်တဲ့ လူပေပဲ။

“ကိုခင်ညို၊ ကျန်တဲ့ စာအုပ်တွေ ဝိုင်းယူပါဦး”

ကျောင်းသားတွေ ရှင်းပြီဆိုတော့ သူတို့ချည်း ကျန်ချိန်တွင် ခင်ညို့ကို အကူအညီ တောင်းသည်။

“ရပါတယ်၊ ကျွန်တော်လည်း သမဂ္ဂ ပြန်ဦးမှာပဲ၊ ခင်ဗျားတို့က တယ်ညံ့တာကိုးဗျ၊ ကျွန်တော်ဖြင့် သုံးထောင်လောက် ယူလာတာ တစ်ရွက်မှ မကျန်ဘူး၊ ခင်ဗျားတို့မယ် သုံးရာတောင် မရှိဘူး၊ ကျန်တော့လည်း တစ်ပုံကြီး”

“ကျွန်မတို့လည်း အလကား ဝေပေးရင် ကုန်တာပေါ့၊ အခု လူရှင်းတဲ့ အချိန်ပေးတောင် တစ်နာရီ မကြာစေရဘူး၊ ဘယ့်နှယ်လဲ”

ခင်ညိုကို ဝင်းစံဖြူက ဟန်နှင့် ပန်နှင့် ပြောသည်။ သူ ပြောသည် ကလည်း အမှန်မို့ ခင်ညိုက စာအုပ်တွေ ကြိုးစီးရင်း...

“အလကားတော့ မဝေလိုက်ပါနဲ့ ဖြူဖြူရယ်၊ ထိခိုက်ကုန်ပါဦးမယ်” ဟုသာ ပြောရသည်။

ယူနီယံ စားသောက်ဆိုင် ရောက်ချိန်တွင်တော့ သူတို့တွေ အချိန်ကြာကြာ စကားပြောဖြစ်ကြသည်။ ဒါကပင် ခင်ညိုအတွက် ကြည်နူးစရာ။

“ကိုခင်ညိုက လဖက်ရည် သိပ်သောက်တာပဲနော်”

“ဟုတ်တယ်၊ ကျွန်တော် လက်ဖက်ရည်ပဲ ကြိုက်တယ်၊ ဒိပြင် အစားအစာ တွေ သိပ်မကြိုက်ဘူး”

ခင်ညို လက်ဖက်ရည် မှာလို့ ဖြူဖြူက မေးသည်ကို သောက်ရင်း နှင့်ပင် ပြန်ပြောသည်။

“ဖြူတော့ ထမင်းပဲ ကြိုက်တယ်၊ ဒိပြင် ဘာအစာမှ ဒါလောက် မကြိုက်ဖူး၊ စားတာတော့ စားတာပေါ့လေ”

ဖြူဖြူက ကျောင်းပိတ်ရက်အတွင်းက ခင်ညိုတို့နှင့် သူ အားပါးတရ ထမင်းစားသည်ကို သတိရမိသလား မသိ။ ပြုံးမိရင်း ပြောနေသည်။

“ကျွန်တော်တော့ ထမင်းကို စားသင့်လို့သာ စားနေရသလိုပဲ၊ သိပ် မကြိုက်လှဘူးဗျ”

“လက်ဖက်ရည်ပဲ ဆိုပါတော့” မစိန်စိန်က ဝင်ပြောသည်။

“ဟုတ်တယ် မစိန်စိန်၊ လက်ဖက်ရည် သောက်နေရမယ်ဆိုရင် ထမင်း မစားဘဲ ဖြစ်တယ်”

“ဒီလိုဆို ရှင် တစ်သက်လုံး လက်ဖက်ရည်ပဲ သောက်နေပါလား” မစိန်စိန်က အမြင်ကတ်လာဟန်တူသည်။ ခင်ညို့ကို ဆတ်ဆတ်လေး ပြောလိုက်၏။

“အို စိန်စိန်ကလဲ”

ဖြူဖြူက မျက်နှာလေး စူပြီး ဟန့်လိုက်သည်။

“မစိန်စိန် ပြောမယ်ဆိုလည်း ပြောစရာပဲဗျ၊ ထမင်းက ကျွန်တော့်ကို သိပ်ကို မဆွဲဆောင်ဘူးလေ၊ ဆာတယ် ဆိုရင်လည်း ထမင်း မဆာဘူးဗျ၊ လက်ဖက်ရည်ပဲ ဆာတယ်”

“ကြာရင် ကိုခင်ညို ထိခိုက်လိမ့်မယ်၊ လက်ဖက်ရည် များများသောက်ရင် မကောင်းဘူး မဟုတ်လား”

စေတနာရှင်မလေးက စေတနာစကား ဆိုလိုက်ပြန်သည်။

“ထိခိုက်မယ်ဆိုရင်တော့ ထိခိုက်မှာပဲ ဖြူဖြူ၊ ကျွန်တော်က ခပ်ငယ်ငယ် လေးကတည်းက ဂက်စတစ်လိုမျိုး ဖြစ်ချင်နေတာ၊ ဒါပေမယ့် လက်ဖက်ရည် သောက်လို့တော့ မဟုတ်ဖူးဗျ၊ လက်ဖက်ရည် သောက်လို့ သက်သာသလိုသာ ရှိတယ်”

“တကယ်ပါပဲ”

ဝင်းစံဖြူက မျက်စောင်းလေး ချိတ်ပြီး ပြောလိုက်သည်။

“ဟုတ်ပါတယ် တကယ်ပါပဲ”

ခင်ညိုကလည်း မြူးမြူးကြွကြွ ပြောပြန်သည်။ ပြီးတော့လည်း...

“ဖြူဖြူက ခရေပန်းတော့ အတော် ကြိုက်ပုံ ရတယ်နော်၊ ခေါင်းမှာ အမြဲလိုလို ပန်တတ်တာပဲ”

ဝင်းစံဖြူက နှုတ်ဖြင့် မဖြေ။ ပြုံးပြီး ခေါင်းညိတ်ပြသည်။

သည်အပြုံးလေးပေပဲ။ တစ်နွေလုံး ခင်ညို ဆာနေရသည့် အပြုံးလေး။ ရှက်ပြုံးလိုလည်း မပျော့၊ အားရပါးရ ရယ်ပုံထိလည်း မပွင့်လင်း။ ကျေနပ်မှ ပြရုံသာဟု ဆိုရပေမည်။ ပါးစပ်လေးကို စေ့ပြီး ခေါင်းငုံ့နေရာမှ မျက်လုံးလေး လှန်ကြည့်ပြီး မျှဉ်းမျှဉ်းလေး ပြုံးပုံမျိုးလေး။ သည်အပြုံးမျိုး ရုပ်ရှင်မင်းသမီး ခင်ယုမေ ပြုံးတတ်သည်ကို ခင်ညို မှတ်မိသည်။ မပွင့်တပွင့်လေး “အင်း” ဟု ဆိုရင်း ပါးစပ်ကို စေ့ရင်း ရိရိပြုံးရင်း ခေါင်းလေးကို ညိတ်ပြပုံမျိုး။

သို့သော်လည်းလေ...

ဘယ်လိုပင် ခင်ညိုက ရင်ခုန်အောင်၊ ရင်ငြိမ်းအောင်၊ ရင်ဆူအောင် ခံစားရပါသည်၊ လှုပ်ရှား ငြိတွယ်ရပါသည် ဆိုသော်လည်း ဝင်းစံဖြူတွင် ချစ်ရ မည့်သူ ရှိနေသည်ကို ခင်ညို သိပြီးပြီ မဟုတ်ပါလား။

မတတ်သာပြီ။ သည်အတိုင်းသာ ခင်ညို နွမ်းနေ တမ်းနေရတော့မည်။ မောင်မယ်သစ်လွင် နောက်နေ့ ဘီအိုစီတွင် မဟင်္သာနှင့် ဆုံသေးသည်။ မဟင်္သာ တစ်ယောက်တော့ ကျောင်းပြန်အဖွင့်တွင် ပိန်သွားသလို ခင်ညို ထင် လိုက်မိ၏။ သို့သော်လည်း တွေ့တွေ့ချင်း...

"အို... ကိုခင်ညို ပိန်သွားပါလား၊ ဘွဲ့နှင်းသဘင် ရှေ့မှာ ကျွန်မနဲ့ တွေ့ တုန်းက မသိသာပါဘူး”

“ထင်လို့ ဖြစ်ပါလိမ့်မယ် မဟင်္သာရယ်”

“မဟုတ်မှ လွဲရော၊ ကိုခင်ညိုတော့ လွမ်းရမယ့်လူ ရှိနေပြီ ထင်တယ်” ခင်ညိုက ဘာမျှ ပြန်မဖြေပေ။ မဟင်္သာ တစ်ယောက်က အတော် ဖော်ဖော်ရွေရွေ ရှိတာပါကလားဟုသာ တွေးနေလိုက်မိသည်။

“ဘာလဲ၊ ပြန်မပြော သဘောတူ ဆိုတာလို ဝန်ခံတဲ့ သဘောလား”

“အို... မရှိပါဘူး မဟင်္သာရယ်၊ ကျွန်တော့်လို လူမျိုး ဘယ်သူ ကြိုက် မှာလဲဗျ”

ခင်ညိုက ပျာပျာသလဲ ပြန်ပြောလိုက်သည်။

“အောင်မယ် ကိုခင်ညိုက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေပြန်ပါပြီ၊ ကျွန်မ တို့က မိန်းကလေး အချင်ချင်း ပိုသိတာပေါ့ရှင်”

သည်လိုပင် ပြောကြ ဆိုကြဖြင့် တက္ကသိုလ် မိုးရက်များတွင် ခင်ညိုတို့ လှုပ်ရှားနေမိကြသည်။ ဘီအိုစီတွင် ဝင်းစံဖြူနှင့် ဆုံသည့်အခါ ဆုံတတ်သည်။ မဟင်္သာ ယူလာသော ထမင်းဘူးမှ ထမင်းကို ယူစားပြီး စကား ပြောဆိုနေမိ သည်လည်း ရှိသည်။

ဝင်းစံဖြူက ခင်ညိုကို တွေ့လျှင် ဘာမှမဖြစ်သလို၊ တစ်ခြား တစ်ယောက် ယောက်ျားပျိုလေးတွေနှင့် နေသလိုပင် မပြောင်းလဲလှ။ ခင်ညို အဖို့ကတော့ မဟင်္သာနှင့် စကားပြောရ ရင်းနှီးရသော ခံစားချက်သည် ဖြူဖြူနှင့် ခဏရပ်ပြီး အကြည့် ခံရတာလေးနှင့်ပင် စာလို့မဖြစ်၊ ကိုဖိုးသဲ။

မိန်းမတွေနှင့် အနေဝေးခြင်း၊ အတွေ့အကြုံ နည်းခြင်းကြောင့်ရယ်လို့တော့ ခင်ညိုကို အပြစ်ဆိုလို့မရ။ မနှင်းမြနှင့် နေခဲ့ဖူးပြီ မဟုတ်လား။ မနှင်းမြ ဆိုသည် ကလည်း မိန်းမပေပဲ မဟုတ်လား။ မဟင်္သာကကော ကဲ။

“ဟေ့ ကိုခင်ညို၊ ခင်ဗျား အဖြူလေးကို စီစီကွန်ဘိုင်နေရှင်းက တင်သန်း လိုက်စကား ပြောတယ်ဗျ”

“ခင်ဗျား မြင်ခဲ့လို့လား”

ဘာမှဆိုင်သည် မဟုတ်သော်လည်း ခင်ညို နောက်ခန်းက ကိုမောင်မောင် လာပြောချိန်တွင် ခင်ညို့ရင်က ဒိန်းကနဲ မြည်သွားသလို ခံစားလိုက်ရသည်။ ဒါကြောင့်ပင် ကိုမောင်မောင်ကို ချက်ချင်း ပြန်စစ်သည်လေ။

“ဟာ မြင်တာပေါ့ဗျ၊ ခင်ဗျားဟာလေးကတော့ ခပ်ပြုံးပြုံးပဲ ကိုယ့်လူ၊ မယုံရင် အဘကို မေးကြည့်ပါလား”

ခင်ညိုတို့က တစ်ခန်းကျော်မှ ကိုသိန်းအောင်ကို အဘဟု ခေါ်ကြသည်။ သူက ခင်ညိုတို့နှင့် တက္ကသိုလ် အတူရောက်သော်လည်း အသက်က ကြီးလှ ပြီလေ။ မက်ထရစ်ကို အကြိမ်ကြိမ် ဖြေရင်း မောင်သူမွန် (ဝါးခယ်မ) ဘာညာနှင့် စာတွေ ကဗျာတွေ ရေးပြီး တဝဲလည်လည် ဘဝက နောက်ကျစွာ ရောက်လာ သူမို့ သည်လိုခေါ်ခြင်း ဖြစ်သည်။

ခင်ညိုက ဘာမှ မပြောနိုင်။ ပြီးတော့ ဘာမှလည်း မပြောချင်။ ဒါနှင့်ပင် မောင်မောင်က ကိုသိန်းအောင်ကြီးကို လှမ်းခေါ်သည်။

“ဟုတ်တယ် အကောင်၊ ငါလည်း သေသေချာချာ ကြည့်နေတာပဲ၊ မင်းဥစ္စာကကွာ တအုံနွေးနွေးနဲ့၊ ဒီအတိုင်းဆို သူများလက်ထဲ ပါသွားမှာပဲ”

“အခုလည်း ပါနေပါပြီ အဘရာ၊ သူ့မှာ အမျိုးသားရှိတယ် ပြောတာပဲ”

“အမျိုးသားရှိကော ဘာဖြစ်လဲ ကိုခင်ညိုရ၊ ကမ္ဘာ့ ဟင်းသီးဟင်းရွက် တွေပဲဟာ” မောင်မောင်က စိတ်မရှည်နိုင်စွာ ဝင်ပြောသည်။

“ဒီလိုဖြင့် မင်းစိတ်ထဲ ဒီဟာမကို ထည့်မထားနဲ့ပေါ့ကွ” ကိုသိန်းအောင်က ကရုဏာသက်စွာ ပြောသည်။

“ကျွန်တော် မေ့လို့မရဘူး အဘရ၊ ရှိပြီးသားမှန်း သိနေတော့ ပြောလည်း မပြောရဲဘူးဗျ”

“ဟာ မဟုတ်တာ ခင်ညိုရယ်၊ ပြောမှ မပြောကြည့်သေးဘဲနဲ့”

“ကျွန်တော် ပေါင်းကြည့်တော့ သိတယ် အဘရဲ့၊ ဒီမိန်းကလေး စိတ်က သူများလို မဟုတ်ဘူးဗျ”

“အောင်မယ်လေး ကိုခင်ညိုရယ်၊ ခင်ဗျားကလည်း ခုကတည်းက ရိုသေနေလိုက်တာ”

“မဟုတ်ဘူး ကိုမောင်မောင်၊ ဒီမိန်းကလေးက ထူးကို ထူးတာ”

“ချီး၊ ငါပြောရရင် မကောင်းဘူး” ကိုသိန်းအောင်ကလည်း စိတ်မရှည် တော့ပြီ။

“တကယ် ပြောတာဗျ၊ ကျွန်တော် သိသလောက် သူ့ကို လိုက်ပြောတဲ့ လူ မနည်းတော့ဘူး၊ သူကတော့ ပြုံးပြုံးပဲ၊ သူတို့ ချစ်လို့ လာပြောတာပဲ ချစ်ပါစေ ဆိုပြီး နေတာဗျ”

“အလဲ့၊ သူကတော့ ဘာမှ ပြန်မပြောဘူးလား”

ကိုမောင်မောင်က စိတ်ဝင်စားလာသည်။

“သူက ချစ်မှ ပြန်မချစ်ဘဲကိုဗျ၊ ကျွန်မကို ချစ်လို့ ရပါတယ် ကျွန်မ ကတော့ ပြန်မချစ်ဘူးနော်လို့ ပြန်ပြောတာပဲတဲ့”

“ကောင်းကွာ” ကိုသိန်းအောင်က သူ့ပေါင် သူပုတ်ပြီး ထအော်လေသည်။

“ဒါတောင်လေ၊ အားနာလို့ဆိုပြီး တစ်ခါတလေ ချစ်တယ်လို့တောင် ပြန်ပြောဖို့ စိတ်ကူးပေါ်သေးတယ်တဲ့”

“တကယ့် ဟာမ ပါလားဟ”

အခုမှ ကိုသိန်းအောင်ကြီးက သြချသည်။

"အဲဒါကြောင့် ကျွန်တော် ပြောတာပေါ့ဗျ၊ သူက ယောက်ျားလေး တွေလည်း သိပ်လန့်တာ မဟုတ်ဘူး၊ သူ့အိမ်ကလည်း ဒါတွေသိလို့ သူ့ကို စိတ်ချတယ်လေ”

“အင်း”

ခင်ညိုက ဖြူ ဋီကာ ဖွင့်နေချိန်တွင် ကိုမောင်မောင်နှင့် ကိုသိန်းအောင်ပါ စိတ်ဝင်စားလာသည်။

“ဒါဖြင့် မင်းလည်း စမ်းပြီး ပြောကြည့်ပါဦးလား” ကိုသိန်းအောင်က စကားဆုံးသည်နှင့် ခင်ညိုကို အကြံပေးသည်။

“သူ့မှာ အတွဲကြီးနဲ့မှန်း ကျွန်တော် သိတော့ မပြောချင်တော့ဘူးဗျာ” ခင်ညိုက ညည်းညည်းတွားတွား ပြောလိုက်သည်။

“ခင်ဗျား အဖြူဗျာ၊ ခုတစ်လော တစ်ယောက်တည်းပဲ တွေ့ပါလားဗျ၊ ညနေခင်းတိုင်းလိုလို မိန်းကလေးအုပ်နဲ့ပဲ လမ်းလျှောက်တာ တွေ့ပါတယ်၊ ဘယ်အကောင်မှ မပါပါဘူးဗျ”

“ရှိတော့ ရှိတယ်ဗျ၊ မလာလို့ ဖြစ်မှာပါ၊ ဟိုလူက ဖော်ရက်စထရီမှာ ဆရာ လုပ်နေသတဲ့”

“ခွာပြနေသလားမှ မသိဘဲကွ”

“ဒီလိုတော့ ဟုတ်မယ် မထင်ပါဘူးဗျာ၊ အဲဒီလူကို ကျွန်တော်တို့က စောင့်ကြည့်နေတာမှ မဟုတ်ဘဲဟာ၊ သူ့ဟာသူ လာချင်တဲ့အချိန် လာမှာပေါ့”

ခင်ညိုက ရင်နင့်နင့်နှင့်ပင် ပြန်ပြောလိုက်ရသည်။

“ဒါနဲ့ နေစမ်းပါဦး၊ အခုနှစ် ကျောင်းဖွင့်မှ မင်း ဒေးက ကောင်မလေး တစ်ယောက်နဲ့ ပြေလည်တာလည်း တွေ့ပါလား”

ကိုသိန်းအောင်ကြီးက စပ်စုပြန်သည်။

“မဟင်္သာကို ပြောတာဗျာ၊ ကျွန်တော်တောင် ခင်ဗျားကို နောက်သွားတဲ့ အမျိုးသမီးဟာလေ”

ကိုမောင်မောင်ကလည်း ဝင်ထောက်သည်။

“အဲဒါက မိတ်ဆွေပါဗျာ၊ စိုးလွင် အမျိုးသမီးရဲ့ သူငယ်ချင်းပါ”

“အဲဒါလေးပဲ လုပ်ပါလား ခင်ညိုရယ်၊ အန္တရာယ်ကင်း ဘေးကင်းပေါ့”

“ဟာဗျာ၊ ကျွန်တော့်မှ မချစ်ဘဲ၊ မဟင်္သာကိုလား၊ ကျွန်တော့် ညီမ တစ်ယောက်လို ခင်တာပါ”

“အေးပါကွာ၊ တော်ကြာ ညီမ ညီမနဲ့ လခွီး”

ပြောမရ ဆိုမရ၊ အရေမရ အဖတ်မရ၊ တစ်ယောက်တည်းကိုသာ တန်းတန်းစွဲ စွဲနေသူ ခင်ညိုကို စိတ် မရှင်းနိုင်ကြတော့။

သည်လိုသာ ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း၊ အကြံပေးခြင်းများ ပြုကြ၊ သွေးထိုးကြ၊ နှိမ့်ချကြနှင့် ကျောင်းဖွင့်လို့ တစ်လကျော်ခဲ့ရပြန်သည်။ အခြေ အနေက မပြောင်းလဲခဲ့။ ခင်ညိုကတော့ သည်လောက် ခေါင်းမာသည်။ အုန်းရေ ချိုမည် မချိုမည်ကို အပင် မော့ကြည့်ပြီး မသိနိုင်ဘဲ မော့ကြည့်နေလိုက်သည်က လည်ပင်း ညောင်ရေအိုး ဖြစ်လှပြီလေ။

သည်အချိန်မှာ ခင်ညိုတို့က ကျောင်းသားဟောင်းတွေမို့ ကျောင်းစာ အပြင် ကိုယ်ရေးကိုယ်တာ ကိစ္စကို လုံးပန်းနိုင်သည်။ ဝါသနာ ပါရာတွေမှာ ပါဝင်နိုင်သည်။ လုပ်ချင်သမျှ တက်တက်ကြွကြွ လုပ်လိုက်နိုင်သည်။

ကျောင်းသားသစ်တွေကတော့ မသက်သာလှ။ ကျောင်းဆောင် ကိစ္စ၊ ဝင်ခွင့် ကိစ္စနှင့် ဇူလိုင်လထိတိုင်ပင် အပူ မပျောက်ကြ။ မြူးသံတွေ၊ ညည်း သံတွေ... ။

သုံးဘီးကား သံတွေ မစဲခင်၊ အဝင် အထွက် မစဲခင်၊ ကျောင်းဆောင် တွေကို ကျောင်းသားသစ်များ လာနေဆဲမှာပင် ရန်ကုန် တက္ကသိုလ်ကြီး၏ အခြေအနေ အပြောင်းလဲခြင်း ကြီးစွာ ပြောင်းလဲသွားလေသည်။

တက္ကသိုလ် တစ်ဝိုက်မှာ ရွာနေသည့် မိုးပင် လန့်ပြီး တိတ်သွားသည်။ အနီချင်းပြိုင်၊ အခိုင်ချင်း လုပြီး ပွင့်နေသည့် စိန်ပန်းပွင့်များလည်း ဦးကျိုး ခေါင်းငုံ့ပြီး မြေမှာ ဝပ်စင်းနေကြပြီ။ နေရာတကာ အပွင့်တွေလည်း ဖွာလန် ကြဲလို့၊ မိုးတွင်း နေက ကျွတ်အောင် အပူ ထိနေသည့် အဓိပတိ လမ်းမကြီးပင် အငွေ့တွေ ပြန်ပြီး သည်းထန်စွာ ငိုကြွေးနေဟန်၊ ငိုနေသည် မျက်နှာမည်းကြီး လိုလေ။

မိုးငွေ့နှင့် အရွက်တွေ ထပ်ထပ် ကြမ်းနေကြသည့် တမာပင်၊ ကံ့ကော်ပင် တို့ကတော့ လေ့လာလို့မှ အသံ မပြုရဲကြ။

သည်တစ်ဝိုင်းမှာ အထိမ်းနိုင် အသိမ်းနိုင်ဆုံး၊ တရား အရှိဆုံးကတော့ ခေါင်းပင်ကြီးလို့ တစ်ချို့တွေ ခေါ်သည့် ကျောင်းဆောင်ရုံးရှေ့က သစ်ပုတ်ပင်ကြီး ဖြစ်သည်။ ငါ ဘာမှ မပြောချင်ဘူး၊ ငါ ဘာမှ မဖြစ်ပါဘူး၊ ငါ့ကိုလည်း ဘာမှ လာမပြောပါနှင့် ဟူလိုဟန် စက္ခုဣန္ဒြေနှင့် မျက်လွှာချပြီး နေသည်။

ကံ့ကော်တောမှာ အိပ်မက်တွေ ဆိုးလေခြင်းနော်... ။

*


အခန်း ၁၄

 

ဥပစာ (ခ) ကို ခင်ညို အောင်လို့ ဝိဇ္ဇာ ဂုဏ်ထူးတန်း ပထမနှစ်ကိုသာ ရောက် ခဲ့သည်။ သည်နှစ်အဖို့ ကျောင်းမှာပင် သိပ်မနေလိုက်ရ။ ပြီးခဲ့သည့် တစ်နှစ် ကုန်ခဲ့သည်ကို ခင်ညိုတို့ မမေ့နိုင်သော်လည်း ပြန်မတွေးချင်တော့။ တွေးပြီး အံကိုသာ တင်းတင်းကြိတ်ရလျှင် အသားထဲကို သွားတွေ ဝင်လုမတတ် ရှိမည်။

သို့သော်လည်းလေ...

ဖြူကို မေ့မရလေတော့---၊

မေ့ဖို့လည်း မကြိုးစားချင်လေတော့၊ အတိတ်ကို ရက်ဆက် ခေါင်းထဲ ထည့်နေမိသည်။ ဆက်စပ် သွယ်ဝိုက်ပြီး အနိဋ္ဌာရုံတွေကိုပင် ပြန်ပြန်မြင်ရသည်။ သည်တော့လည်း...

ငိုနေရမည်လား၊

မျက်လုံးကို မှိတ်ထားရမည်လား၊

နားကို ပိတ်ထားရမည်လား၊

အိပ်ဆေး သောက်ပြီး အိပ်နေရမည်လား၊

ပါးစပ်ကို ဆို့ထားရမည်လား။

ကံ့ကော်ပွင့်တွေကို နံစေချင်သည့်တိုင် မွှေးပေလိမ့်မည်။ စိန်ပန်းပွင့် တွေကို ဖြူစေချင်သည့်တိုင် နီပေလိမ့်မည်။ တမာပင်တွေကို ချိုစေချင်သည့်တိုင် ခါးပေလိမ့်မည်။ ဒါက ယထာဘူတ မဟုတ်လား။

မနှစ်က သည်လို ဇူလိုင်လမှာပင် ခင်ညိုတို့ တစ်တွေ ရှုပ်ပွေပြီး အလုပ်များခဲ့သည်။ ဥဒဟို ပြေးကာ လွှားကာနှင့် ဗျာများခဲ့သည်။

မိုးငွေ့ကလည်း တစိမ့်စိမ့်နှင့် အေးလို့။

မိုးဖွဲ လေးတွေကလည်း အညှာ လွယ်လိုက်ကြတာလေ။

အဲဒီအချိန်မှာ ဘွဲ့နှင်းသဘင် အဆောက်အဦးကြီးက မှုန်ကုပ်ကုပ်နှင့် ဘာကို အလိုမကျ ဖြစ်နေသည် မသိ။ အမြဲတမ်း တည်တည်ငြိမ်ငြိမ် နေလေ့ရှိတဲ့ သစ်ပုတ်ပင်ကြီးကတော့ တစ်ခုခုကို ပူပန်နေသလို မှိုင်တွေပြီး နေသည်။ မပြော သာလို့ ပြောမထွက်ပေမဲ့ အင်းလျား ရေပြင်ကြီးက တစ်ခုခုကို တွေးပြီး မမှိတ်မသုန် ငြိမ်နေသည်။

“ဖိုးခင်ညို၊ နက်ဖြန် နေ့ခင်း အစည်းအဝေး ရှိတယ်နော်၊ မင်း မေ့နေ ဦးမယ်”

ညောင်လေးပင်အသင်း အတွင်းရေးမှူးဟောင်း ကိုပြည့်ညွန့်က ခင်ညိုကို သတိပေးသည်။ နက်ဖြန်ဆိုလျှင် ညောင်လေးပင်မြို့နယ်အသင်း နှစ်ပတ်လည် အစည်းအဝေး၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် အမှုဆောင်သစ် ရွေးပွဲရှိသည်။

“မမေ့ပါဘူး ကိုပြည့်ရ၊ ကျွန်တော် ကြိုပြီး ရောက်လာမှာပါ၊ မမြင့်မြင့် ထက်ကတောင် သူ့ ဝင်ခေါ်ဖို့ ခုလေးတင် ပြောသွားသေးတယ်”

“အေးကွာ၊ ဒါဖြင့်လည်း မင်းတို့ ဟောက ကျောင်းသားသစ်တွေပါ စောင့်ခေါ်ခဲ့ပါ၊ သူတို့ အခန်းရှာရ ခက်နေဦးမယ်၊ မင်းတို့ကို မနှစ်က ကြိုတဲ့ အခန်းပဲနော်”

ခင်ညိုက အတော် နွမ်းနေသည်။ သူ့ မျက်လုံးတွေလည်း ကျိန်းစပ်ပြီး ဖန်နေပြီ။ ညက တစ်ညလုံးလိုလို အိပ်မပျော် ဖြစ်ခဲ့။ ညဦးပိုင်းက ကျောင်းသားထု အုံကြွမှု ဖြစ်လုဆဲဆဲ။ အဆောင်တိုင်းမှာလိုလိုလည်း ရုတ်ရုတ်သဲသဲ။

ကျောင်းသားထုက ကျောင်းဆောင် အခက်အခဲ၊ စာသင်ခန်း အခက် အခဲနှင့် ပြဿနာမျိုးစုံ ခေါင်းထဲပြွနေစဉ် ညပိုင်း ထောင်လို ချုပ်နှောင်ထားမှ အတွက် မကျေမချမ်း ဖြစ်နေကြသည်။ အဆောင်တွေ ရှစ်နာရီ မထိုးခင် တံခါး သော့ခတ်သည်ကိုလည်း အနေရ အထိုင်ရ ကျဉ်းကျပ်နေကြသည်။ ထမင်း စားချိန် စကောစကကိုလည်း မနှစ်မြို့ကြ။

အားလုံး တအုံနွေးနွေးနှင့် ခေါင်းချင်း ရိုက်နေသည့် အချိန် ဖြစ်သည်။

ခင်ညို တစ်ယောက် ကနေ့ညလည်း အိပ်ဖြစ်ဦးမည် မဟုတ်။ မောင်မောင် တို့ ကျောင်မြင့်တို့က လာခေါ်ထားသေးသည်။ နက်ဖြန် မြို့နယ်အသင်း အမှ ဆောင်သစ်အတွက် နော်မီးနေးရှင်း ဆွဲဖို့တဲ့။

ခင်ညိုက သည်အသင်း အတွက်တော့ ဂရုစိုက်ရမည်။ သည်အသင်း ကျေးဇူးကြောင့် သူ တက္ကသိုလ်ကျောင်းသား ဖြစ်ရသည်ကို မမေ့နိုင်။ ဒါကြောင့်ပင် နက်ဖြန် ဇူလိုင် ၇ ရက်နေ့ ကျောင်းသားထု စည်းဝေးပွဲ တကသမှာ ရှိသည်ကိုတောင် လာဖြစ်မည် မဟုတ်ကြောင်း ကိုတင်ထွန်းကို မှာထားရ သေးသည်။

ထင်သည့်အတိုင်းပင် ညပိုင်း စကားဝိုင်းက အတော်နှင့် မပြီးနိုင်။

ပိန်းဇလုပ်သား ကိုလှမြင့်တို့ ကိုကြည်သိန်းတို့က...

“မြို့နယ်အသင်းပဲဗျ၊ ညောင်လေးပင်ကချည်း မေဂျာပို့စ်တွေ ယူထားလို့ ဘယ်ဖြစ်မလဲ”

သည်လိုကစပြီး ညနေက အဆောင်ပိတ်ချိန်ထိ စာရင်းရှင်းနေသည်။ ဒါမျိုးက မြို့နယ်အသင်းတို့၏ ဂယက်ပေပဲ။

အဆောင် ပြန်ရောက်ချိန်တွင်တော့ ခင်ညို စာကြည့်လို့ မရ။ နက်ဖြန် နေ့ခင်း တကသ အစည်းအဝေးမှာ ဘာတွေ ဆုံးဖြတ်ကြမလဲ။ မြို့နယ်အသင်း အမှုဆောင် အစည်းအဝေးကော ကျေကျေလည်လည် ပြီးပါ့မလား။

ခင်ညို တွေးနေဆဲမှာပင် ပင်မ ကျောင်းဆောင်များဆီမှ အသံတွေ ဆူလာသည်။ ခင်ညို နားစိုက်ထောင်လိုက်မှပင် အသံတွေက ပိုပြီး ကျယ် လာသည်။

“ထောင်လို ချုပ်ထားတာ မလိုချင်ဘူးကွ”

"ဟေး"

“ဟေး” ဆိုသော အသံထုကြီးက ကြက်သီးထခမန်း။

“မီးတွေ ပိတ်ကွ”

“ပဲခူးဆောင် ရဲဘော်တွေ ဆင်းခဲ့ကွ”

ခင်ညို အဆောင် သံဆန်ခါကြားက ကြည့်မိသည်။ ဗဟိုဆောင် အတွင်း မှောင်နှင့်မည်းမည်း။ မီးပျက်သည်က စပြီး ဆူကြဟန် တူသည်။ ပြီးတော့ အပြင်ကို ပြိုထွက်လာကြဟန် တူသည်။ ထို

မန္တလေးဆောင်တွင်းမှာတော့ အဆောင်မှူး ဆရာ ဦးခင်မောင်ဝင်းတို့၊ ဦးထွန်းဦးတို့ ပျာနေကြပြီ။ ညစောင့် မောင်သောင်းပင် မျက်လုံးပြူးပြီး ဘာလုပ် ရမှန်း မသိ။ တဖြည်းဖြည်းနှင့် ကျောင်းသားတွေ အားလုံးလိုလို အဆောင်ဝ တံခါးမကြီးတွင် စုမိကြသည်။

“ရဲဘော်တို့ ထွက်ခဲ့ပါ၊ ကျုပ်တို့ ဖိနှိပ် ချုပ်ချယ်မှုကို ကန့်ကွက်ဖို့ ဆိတ်ငြိမ် ဆန္ဒပြမယ်”

“မကြောက်ပါနဲ့ လာသာလာခဲ့ပါ”

မောင်သောင်းက လန့်ပြီး သော့ အားလုံးကို ဆရာ ဦးခင်မောင်ဝင်း လက် အပ်လိုက်သည်။ တံခါးက ပိတ်မြဲ။

“ဟေ့ မိန်းမရှာတွေလားကွ”

ပေါ်တီကို အောက်တွင် ရပ်နေသော ရဲဘော် တစ်ယောက်က အော်သည်။

“ချလွမ်”

ခင်ညိုက အံကို ကြိတ်ပြီး လက်သီးကို ကျစ်ကျစ် ဆုပ်ထားချိန်၊ ဘာကို စလုပ်ရမှန်း မသိချိန်မှာပင် ဘယ်အချိန်က အပြင် ရောက်နေမှန်း မသိသော မန္တလေးဆောင်သား စိန်အစ်က မီးချောင်းကို ပစ်ခွဲလိုက်သည်။

ပေါ်တီကို တစ်ခုလုံး မှောင်သွားပေပြီ။

“ထွက်ဟေ့၊ ထွက်ဟေ့”

ပြောပြောဆိုဆို အပြင်တွင် ရှိနေသော ကျောင်းသားထုက သံဆွဲ တံခါးကို ဝိုင်းမသည်။ ကြောင်ပြီး ကြည့်နေရာမှ အသက်ဝင်လာသော ခင်ညိုတို့ အဆောင် သားတွေက ခုမှ တံခါးကို ဝိုင်းတွန်းသည်။

မကြာလှပါ။

တံခါးကြီး ကော့လန်သွားသည်။

ကျောင်းဆောင်သား အားလုံးလိုလို ငုံ့ပြီး ထွက်လိုက်ကြသည်။ အို ကျောင်းသားထုက မနည်းပါကလား။

လာကြဟေ့ ရဲဘော်တို့၊ အမရဆောင်ကို ဒီနည်းအတိုင်း ဖွင့်မယ်” ရှေ့ဆုံးမှ ရဲဘော် ကျောင်းသား တစ်ယောက်က ပြေးရင်း အော်ပြော သွားသည်။ ကျောင်းသားထုကြီးလည်း သူ့နောက် ပြေးလိုက်သွားသည်။

“ဟေ့ ဖိုးစိုးလွင်”

အမရဆောင် လှေကားအောက်တွင် အဆောင်သားတွေ စုပြုံနေကြပြီး ဖြစ်သည်။ စိုးလွင် ဂျပုက ရှေ့ဆုံးမှာ သံတံခါးနှင့် ကပ်လို့။

“ဘယ်လိုလဲဗျ ကိုခင်ညို”

စိုးလွင်က မျက်နှာသေလေးနှင့် မေးသည်။

“ဟ ဘယ်လိုလဲမနေနဲ့ ကိုယ့်လူ၊ တံခါးသာ ဝိုင်းတွန်းပေတော့”

ခင်ညို ပြောနေချိန်တွင် “ဆွဲ... ဆွဲ” နှင့် အပြင် ကျောင်းသားထုက ဆွဲပြီး “တွန်း... တွန်း” နှင့် အတွင်း ကျောင်းသားထုက တွန်းသည်။

“ဟေး”

တံခါးကြီး လန်သွားပေပြီ။

“ရဲဘော်တို့ ရာမညကလည်း ထွက်လာကြပြီ၊ အားလုံး အဓိပတိ လမ်းမှာ စုမယ်၊ စည်းကမ်း အတတ်နိုင်ဆုံးထားပြီး လိုက်ခဲ့ကြပါ”

"ဟေး"

ကိုဗဆွေလေးက အမရဆောင် အုတ်ခုံမြင့်လေးပေါ်က အော်ပြော လိုက်ပြီး ရှေ့က ထွက်သွားသည်။ ကျောင်းသား အားလုံး သူ့နောက် ပါလာ ကြသည်။

“တပည့်တို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါကွာ၊ မှားကုန်ပါ့မယ်”

သမဂ္ဂရှေ့ စုမိကြလျှင်ပင် ကျောင်းသားရေးမှူး ဆရာ ဦးစံထွန်း ရောက် လာသည်။ ရောက်ရောက်ချင်း ဆရာက အော်ပြောခြင်း ဖြစ်သည်။

“စိတ်ချပါ ဆရာ၊ ကျွန်တော်တို့ စည်းကမ်း အရှိဆုံး ဆန္ဒပြကြမှာပါ”

မတတ်သာတော့သည့်အဆုံး ဆရာက ပြုံးပြုံးပင် လက်လျှော့လိုက်သည်။

“လာကြဟေ့၊ အဝိုင်းလေးမှာ စုမယ်၊ တကောင်းတို့ ပြည်တို့က ရဲဘော် တွေလည်း ဆူနေပြီ၊ သူတို့နဲ့ သွားပေါင်းမယ်”

ကျောင်းသား ခေါင်းဆောင် တစ်ယောက်က လက်မြှောက်ရင်း အော် ပြောသည်။

“အေးဟေ့၊ ကောင်းတယ်”

ကျောင်းသားထု အသံက ဆူညံသွားသည်။ ပြီးတော့ တရွေ့ရွေ့နှင့် အဓိပတိလမ်း တံခါးဝနား ရောက်လာသည်။ ဆရာ ဦးစံထွန်းသည် ကျောင်းသား ထု၏ ရှေ့က ပြေးပြီး အဝိုင်းလေး မြေမြင့်ပေါ် တက်လိုက်သည်။ ပြီးတော့ သူ့ခေါင်းက ဦးထုပ်ကလေးကို မြှင့်ဆောင်းလိုက်ပြီး မျက်မှန်အောက်က ပြုံးသော မျက်လုံးကို ထုတ်ပြရင်း ကျောင်းသားထုကို လက်နှင့် အရှိန်ရပ်လိုက်သည်။ အားလုံး ရပ်သွားမှ...

“တပည့်တို့ကို ကျောင်းပြင် မထွက်စေချင်ဘူးကွာ၊ အခွင့်အရေး တစ်ခုခု အတွက် ဆန္ဒပြရင် ကျောင်းထဲမှာပဲ စည်းကမ်းရှိရှိ ဖြစ်စေချင်တယ်၊ တကောင်း ဘက် မသွားပါနဲ့တော့”

ဆရာ ဦးစံထွန်း ရပ်နေရာ အပိုင်းလေးပေါ်တွင်လည်း ကျောင်းသား တစ်အုပ် ရှိသည်။ ခပ်နောက်နောက် တစ်ယောက်က ဆရာ့ ခေါင်းပေါ်က လက်တစ်ချောင်း ကျော်ပြီး “အလကား လှိမ့်တာ” ဟူသော ဟန်မျိုးဖြင့် လက် ခါပြသည်။ ကျောင်းသားတွေက ပြုံးလို့။

“ရဲဘော်တို့၊ ဆရာ ပြောတဲ့ စကားက လမ်းကျပါတယ်၊ အားလုံး ပြန်ဝင်ကြစေချင်ပါတယ်”

ကိုဗဆွေလေးက ဆရာ့အနား တိုးလာပြီး အော်ပြောလိုက်သည်။ ကျောင်း သားထုက ငြိမ်သွားသည်။ ကျောင်းသားတွေ တဖြည်းဖြည်း များလာလိုက်သည် မှာလည်း အဓိပတိ တစ်လမ်းလုံး မည်းလို့။

“အေးကွာ၊ ငါ့ တပည့်တွေက နားလည်မှု ရှိပါတယ်၊ ကျောင်းဝင်း ထဲမှာပဲ စနစ်ကျကျ လုပ်ကြစမ်းပါ”

ဆရာ ဦးစံထွန်းက သူ့ စကား နားထောင်သော ကျောင်းသားများ အတွက် ကျေနပ်သွားဟန် နှစ်နှစ်ကာကာ ပြုံးရင်း ပြောသည်။ ကျောင်းသား အားလုံးတို့ ဘွဲ့နှင်းသဘင်ကို ပြန်ပြီး မျက်နှာမူလိုက်ကြသည်။

ဘွဲ့နှင်းသဘင်နှင့် စစ်ကိုင်းလမ်းဆုံရာရှေ့ ရောက်လျှင် တစ်ယောက်က ထအော်ပြန်သည်။

“မိန်းကလေးဆောင်တွေဘက် သွားမယ်ဟေ့”

တစ်ယောက်ကလည်း...

ညီမလေးတွေကို သွားပြီး အသိပေးဖို့ လိုတယ် ရဲဘော်တို့၊ သူတို့ အချုပ်ခန်းထဲမှာ ဘာမှ မသိကြရှာဘူး

ဒါနှင့်ပင် ကျောင်းသားထုကြီးသည် စစ်ကိုင်းလမ်းအတိုင်း အင်းလျား ဆောင်ဘက် ထွက်လာခဲ့ကြသည်။ အခုအချိန်တွင် ကျောင်းသားထုမှာ သွေး ဆူပြီး တစ်ခုခုသာ လုပ်ချင်နေကြသည်။ ဘယ်သူ ခေါင်းဆောင်ရယ်လို့လည်း သိပ်ပြီး အသိအမှတ် မပြုချင်လှ။

“ဆရာ၊ ကျွန်တော်တို့နဲ့အတူ လိုက်ပြီး ဆန္ဒပြပါ”

ရေတမာကိုင်းတွေ ချိုးပြီး ကိုင်ထားသော ကျောင်းသား တစ်ယောက်က ဆရာ့ကို သစ်ကိုင်း တစ်ကိုင်း ပေးပြီး ပြောလိုက်သည်။ ဆရာကလည်း သဘော ကောင်းလေစွ။ ခေါင်း အသာညိတ်ပြီး သစ်ကိုင်းကို လှမ်းယူလိုက်သည်။ ပြီးတော့ သူလည်း ကျောင်းသားထုနှင့်အတူ လိုက်လာခဲ့သည်။

“ဆရာ တစ်နေရာရာမှာ နေရစ်ပါ ဆရာ၊ ပင်ပန်းလှပါတယ်၊ ကျွန်တော် တို့ကို စိတ်ချပါ”

အင်းဝဆောင်ရှေ့ ခုံးအောက် ရောက်ချိန်တွင် ခင်ညိုက ဆရာ ပင်ပန်းနေ သည်ရယ်လို့ အားနာပြီး ပြောလိုက်၏။

“နေပါ့စေ တပည့်ရယ်၊ ဆရာ သွားနိုင်ပါတယ်”

ဆရာ ဦးစံထွန်းကလည်း စိတ်ချဟန် မတူ၊ အင်းလျားဆောင်နား ရောက်ချိန်တွင် ကျောင်းသားတွေက အမျိုးမျိုး အော်နေ ဟစ်နေကြသည်။ ကျောင်းသူတွေလည်း ကြောက်နေ လန့်နေကြဟန်တူသည်။

“ပုဂံလမ်းထဲ ဝင်မယ်ဟေ့၊ ဦးယုခင် အိမ်ကို ဝိုင်းရမယ်”

ကျောင်းသားတွေက တဖြည်းဖြည်း သွေးဆူလာသည်။ လက်ယား နေသော၊ သွေးကြွနေသော၊ စိတ်ဓာတ်ပြင်းသော ကျောင်းသားတွေကလည်း တုတ် တပြင်ပြင်နှင့် ရှိသည်။ မန္တလေးဆောင်နှင့် မျက်စောင်းထိုး ပါမောက္ခချုပ် ဆရာကာ အိမ်ကိုပင် ခဲတွေ ဝိုင်းပေါက်နေလို့ ကိုတင်ထွန်းနှင့် ကျောင်းသား တစ်စု ပြေးရသေးသည်။ တောင်ငူဆောင်က ရဲဘော် လှဦးဆိုလျှင် ခါးတောင်း မြှောက်အောင် ကျိုက်ပြီး ပြတင်းမှန်ကို အတင်း ပစ်ခွဲနေသောကြောင့် ခင်ညိုက အတင်း ဆွဲခဲ့ရသေးသည်။ ဆရာကာနှင့် တကွသော အိမ်သားတွေလည်း တုတ်တုတ်မျှ မလှုပ်။

အခုလည်း ဦးယုခင် အိမ် ဝိုင်းမည်တဲ့။

“တောင်းဆိုချက်တွေကို အေးအေးဆေးဆေးသာ တောင်းကြ ရဲဘော်တို့၊ ကျောင်းသားတွေ အမှား မဖြစ်ပါစေနဲ့”

ကျောင်းသား ရဲဘော် တစ်ယောက်က အသံဝင်နေသည့် ကြားက သူ့ အသံကို မြှင့်အော်ပြီး သတိပေးသည်။

“စိတ်ချပါ ရဲဘော်၊ ကျုပ်တို့ ညီညွတ်မှု အပြည့်ရှိပါတယ်”

ပြန်ပြောသူကလည်း သည်သို့ ပြန်ပြောသည်။ ဆရာ ဦးယုခင် အိမ်ရှေ့ ရောက်နေသူများက ဆရာ့ကို အတင်း အော်ခေါ်သည်။ ၁ဝ မိနစ်ခန့် ကြာမှ ဆရာ ဦးယုခင်က ဓာတ်ခဲသုံး စကားပြောခွက်ကို ကိုင်ပြီး ခြံတံခါးကို ဦးတည် ထွက်လာသည်။ ဆူညံနေသော ကျောင်းသားထုကြီးသည် မီးကို ရေ ပေးလိုက် သလို ငြိမ်းအေးသွားသည်။

“မင်းတို့ တောင်းဆိုချက်တွေ အားလုံးကို အထက် တင်ပြဖို့ ဆရာ ကတိပေးပါတယ်၊ အေးအေးဆေးဆေးသာ ပြန်ကြပါ”

ကျောင်းဆောင်ရေးမှူး ဆရာ ဦးယုခင်၏ ကတိစကား ရသောအခါ ကျောင်းသား အားလုံး ပျော်ပြီး ပြန်လှည့်ခဲ့ကြသည်။

ခင်ညိုလည်း မောမောပန်းပန်းနှင့် လှည်းတန်းသို့ ထွက်၊ လက်ဖက်ရည် တစ်ခွက်သောက်၊ အဆောင် ပြန်အိပ်တော့သည်။ အိပ်လို့တော့ အတော်နှင့် မပျော်ပြန်။ အရေးထဲ ဗိုက်က အောင့်သေးသည်။

ဇူလိုင် ၇ ရက် နေ့သည် စနေနေ့ ဖြစ်သောကြောင့် မနက်ခင်း တစ်ချိန်သာ ခင်ညိုတို့ တက်ရသည်။ ဘီအိုစီ အဝတွင် ဝင်းစံဖြူနှင့် ဆုံသည်။

“ကိုခင်ညိုရယ် ညက ဖြူဖြင့် စိတ်ပူလိုက်တာ”

“ဘာစိတ်ပူတာလဲ ဖြူဖြူရဲ့”

“ဟို ကျောင်းသားတွေကိုပေါ့၊ တစ်ခုခုများ ဖြစ်မလားလို့၊ တော်ပါသေးရဲ့၊ အေးအေးဆေးဆေး ဖြစ်သွားလို့”

“ကနေ့ တကသမှာ အစည်းအဝေး ရှိတယ်၊ ကိုခင်ညို တက်မယ် မဟုတ်လား”

“ရောက်တော့ ရောက်မယ် ဖြူဖြူ၊ ကျွန်တော် နောက်ကျလိမ့်မယ်၊ ကျွန်တော်တို့ မြို့နယ်အသင်း မတ်စ်မီတင် ရှိလို့ မသွား မဖြစ်လို့ပါ၊ အဲဒီက ပြီးတာနဲ့ ကျွန်တော် လာခဲ့ပါမယ်၊ ဖြူဖြူ၊ အဲဒီကိုလား”

“ဟုတ်တယ်၊ ကျွန်မ စိန်စိန်နဲ့ ယူနီယံ အဝမှာ ချိန်းထားတယ်”

“တစ်နာရီမှ မဟုတ်လား၊ အေးဗျာ၊ ကျွန်တော် မှီချင်လည်း မှီမှာပါ၊ ကျွန်တော့် သူငယ်ချင်း စိုးလွင်တို့၊ ကိုချစ်ဆွေတို့ကိုတော့ သွားပြီး နားထောင်ဖို့ မှာထားပါတယ်၊ ဘာတွေ ဆုံးဖြတ်လဲဆိုတာ မမှီလည်း သိမှာပါ”

ပြောပြောဆိုဆို ခင်ညို က နှုတ်ဆက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။

“ဖြူ ယူနီယံထိ မလိုက်ခဲ့ရဘူးလား”

“အော် ဟုတ်သားပဲ၊ လိုက်ခဲ့ပါ ဖြူဖြူ၊ ဆောရီးဗျာ”

တကယ်တော့ ခင်ညိုက ခေါ်ချင်ပါသည်။ သူက မရိုးသားသူဆိုတော့ မပြောရဲ။ ခုလို ဖြူဖြူက ပြောလာမှတော့.။

“ကိုခင်ညိုက ဖြူနဲ့ တွေ့ရင် တစ်မျိုးပဲ၊ စကား မပြောချင်သလို ပြောချင်သလိုနဲ့”

“ပြောချင်ပါတယ် ဖြူဖြူရယ်”

“ဖြူတော့ မထင်ဘူး၊ တစ်ခါတလေများ တမင် ရှောင်သွားတာတောင် မြင်သေးတယ်၊ ကဲ အဲဒါက ဘာဖြစ်လို့လဲ၊ လိမ်ပါဦး ဆရာကြီးရဲ့”

“ဘာမှ မဖြစ်ပါဘူးဗျာ”

ပိတောက်လမ်းအတိုင်း အေးအေးဆေးဆေး လမ်းလျှောက်လာရင်း သည်လို စကားတွေ ပြောလာကြသည်။ ခင်ညို့ ရင်ကတော့ တဒိတ်ဒိတ် ခုန် နေရပြန်ပြီ။ အရေးဆို ဒီရင်က တစ်မျိုး။

“ဘာမှ မဖြစ်လို့သာဘဲနော်၊ အခုတောင် ဖြူကို ရှောင်ပြေးမလို့၊ နို့မို့ဖြင့် ဖြူ တစ်ယောက်ထည်း ပြန်ရမှာပေါ့”

ခင်ညိုကတော့ ဘာမှ ပြန်မပြောနိုင်ပေ။

“ဪ... မိန်းကလေးရယ်” လို့သာ စိတ်ထဲက ညည်းလိုက်မိသည်။

တကယ်ပါပဲ မိန်းကလေးရယ်လေ...။

“ကိုခင်ညိုက မြို့နယ်အသင်း နော်မီနေးရှင်းထဲ ပါနေသေးလို့လား”

ခင်ညို တစ်ယောက်တည်း ခေါင်းစိုက် စဉ်းစား လျှောက်လာမိစဉ်ပင် ဝင်းစံဖြူက သူ့ကို ဘေးတစောင်း ကြည့်ပြီး မေးလိုက်သည်။

“ပါနေတယ် ဖြူဖြူ ၊ ကျွန်တော့်အနေနဲ့ အမှုဆောင် တစ်ယောက်အဖြစ် အသင်းမှာ တာဝန်ယူလည်း ယူနိုင်ရမယ်လေ”

“ကောင်းပါတယ်၊ ကိုခင်ညိုတို့ အသင်းကတော့ မြို့နယ်အသင်းတွေ ထဲမှာ နာမည် အကြီးဆုံး အသင်းပဲ၊ ညောင်လေးပင်အသင်းကို စိတ်ဝင်စားတဲ့ လူ အတော်များတယ်”

မိန်းကလေးနှယ်နော်၊ ခင်ညိုနှင့် ဆက်စပ်နေသမျှကို ဘာကြောင့်များ သိနေနှင့်တာပါလိမ့်။

“ကိုခင်ညိုတို့ အသင်း နောက်လှုပ်ရှားမှုတွေ လုပ်ရင် ဖြူ လိုက်ခဲ့မယ်နော်”

“ဘာလှုပ်ရှားမှုမှ မလုပ်ပါဘူး ဖြူဖြူရယ်”

“အို ကိုခင်ညိုက ဖြူကို မလိုက်စေချင်လို့လား၊ ပစ်ကနစ်တွေ ဘာတွေ တောင် ထွက်တဲ့ အသင်းပဲဟာ”

"ဪ... ဒီလို လှုပ်ရှားမှုတော့ လုပ်ပါတယ်၊ ဖြူ ဖြူ သာ လိုက်မယ် ဆိုရင်တော့ ကျွန်တော်က သိပ်ခေါ်ချင်တာပေါ့ဗျာ”

“တကယ်လား”

ကြည့်ပါဦး၊ မျက်လုံးလေး ချိတ်လို့... ။ ခင်ညိုပင် ထိတ်ခနဲ ခံလိုက်ရသည်။

“တကယ်ပါ ဖြူဖြူရယ်”

ကြာသည်တော့လည်း ဖြူဖြူက ကျေကျေနပ်နပ် ပြုံးပြီး ပြန်ကြည့်လိုက်သည်။ မျက်မှန်လေး အောက်က မျက်လုံးလေးက စိုလို့၊ စေ့ထားတဲ့ နှုတ်ခမ်း နှစ်လွှာကလည်း နှုတ်ခမ်းထောင့်ဆုံးတွင် အရစ်လေးတွေ ပေါ်နေအောင် မျှင်မျှင် လေး၊ ခင်ယုမေ ပြုံးတဲ့ အပြုံးလွင်လေးလေ... ။

ယူနီယံရှေ့ ရောက်တော့လည်း ခင်ညိုကို သည်အပြုံးလေးနှင့်ပင် နှုတ်ဆက်ပြီး ဝင်သွားသည်။

“ဖြူဖြူ ကျွန်တော် အပေါ်ထိ လိုက်ခဲ့ရဦးမလား”

ဖြူဖြူက လည်ပြန် ပြန်ကြည့်ရင်း ပန်းပွင့် ပြုံးလေးကိုပင် ပြုံးပြန်ပါသည်။ နှုတ်ကတော့ မဟ၊ ဒါနှင့်တောင် လှလို့။

“ခုနက ပြောလိုက်လို့လား ကိုခင်ညိုရဲ့၊ ဖြူ အလကား စတာပါ၊ ကိုခင်ညို ဟိုမှာ အစည်းအဝေး နောက်ကျနေပါမယ်၊ ဖြူက ကိုခင်ညိုနဲ့ စကား ပြောရင်း လာချင်လို့ တမင် ပြောတာပါ၊ ဖြူ၊ အမြဲ တစ်ယောက်တည်း ကျောင်းသွားနေ ကျပဲ”

ဖိုးခင်ညို ပီတိအဟုန်နှင့် အဆောင်ထဲ ပြေးဝင်လာခဲ့သည်။ သည်လို -တော့လည်း မြူးလို့။ အခန်း ရောက်တော့လည်း တိုက်ပုံ အင်္ကျီပင် မချွတ်နိုင်။ စာအုပ်တွေ ပစ်ထားလျက် မသိန်းကြွယ်တို့၊ မမြင့်မြင့်ထက်တို့ကို ဝင်ခေါ်ပြီး အသင်း အစည်းအဝေးကို အပြေးလာခဲ့ရသည်။

ကိုထင်ကျော်လည်း ရောက်နေပြီ။ မောင်မောင်တို့၊ ကျော်မြင့်တို့လည်း ရောက်နေပြီ။ မယဉ်နုတို့၊ မသိန်းညွန့်တို့ တစ်တွေပင် ဘိလပ်ရည် ပုလင်းတွေ ဖွင့်ပြီး အလုပ်များလို့။ ပိန်းဇလုပ်က ကိုလှမြင့်တို့၊ မဒေါက်နှင့် ညောင်လေးပင်က ကိုပြည့်ညွန့်နှင့် တကွသော ကျောင်းသားတွေလည်း တွတ်တွတ်ထိုးလို့။

ကိုပြည့်ညွန့်က နှစ်ဟောင်း ရှင်းတမ်းတွေရှင်း၊ အမှုဆောင်သစ်ရွေး၊ အကျွေးအမွေးတွေနှင့် စားကြ သောက်ကြပြီး သစ်လွင်ကြိုပွဲ ပြီးလုနီးနီး ဖြစ်သွားသည်။

“တိုက်ဖျက်ပစ် တိုက်ဖျက်ပစ်”

“ချက်ချင်းပေး ချက်ချင်းပေး”

ဘာတွေ တိုင်လာသည် မသိ။ သည်အသံတွေသာ အဓိပတိလမ်းဆီမှ တိုးလိုက် ကျယ်လိုက် ထွက်လာသည်။ မြို့နယ်အသင်း အစည်းအဝေးခန်းတွင်းမှ ကျောင်းသားတွေ အားလုံးလည်း လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ အတွင်းရေးမှူး သစ် ကိုကျော်ဇောက အလိုက်သိစွာပင် အစည်းအဝေးကို နိဂုံးချုပ်လိုက်သည်။

ခင်ညိုတို့ အဓိပတိလမ်းရှေ့ ရောက်သောအခါတွင် ကျောင်းသား ထုကြီး လူစုကွဲသွားပြီ ဖြစ်သည်။ အချိန်ကလည်း အတော်ကြာသွားသည်ကိုး။

မန္တလေးဆောင် ပြန်ရောက်ချိန်တွင်တော့ ကျောင်းဆောင်သားတွေ အတော်လေး သွေးအေးသွားသလိုရှိသည်။ အခန်းဖော် ဝင်းမောင်ကြီးပင် အိပ်နေသည်မှာ သိုးလို့။ တံခါးဖွင့်ဖို့ မနည်းပင် နှိုးယူရသည်။

“ခင်ဗျား အတော်နဲ့ ပြန်မရောက်ဖူး ထင်လို့ အခန်းတံခါးပိတ်ပြီး အိပ်တာဗျ၊ ခုလေးတင်ရယ်”

“ခင်ဗျားကတော့ဗျာ၊ ဘယ်ဘဝကများ အိပ်ရေးပျက် လာတယ် မသိဘူး၊ ခေါင်းချတာနဲ့ ပျော်တဲ့လူပဲ”

ခင်ညိုက ကိုဝင်းမောင်ကြီးကို နောက်ပြောရင်း တိုက်ပုံ အင်္ကျီချွတ်၍ ကုတင်ပေါ် လွှားတင်လိုက်သည်။

“ခေါင်းဆောင်တွေ ဆွဲကုန်ပြီဗျို့”

မန္တလေးဆောင်ရှေ့မှ အသံ တစ်သံက စူးစူးရှရှ ထွက်လာသည်။ စိန်အစ်နှင့် တင်မြင့်မောင် နှစ်ယောက်ကလည်း ပေါ်တီကို အောက်ဆီမှ လှမ်းအော်ပြန်သည်။ ခင်ညိုသည် ကမန်းကတန်း အခန်းပြင် ပြေးထွက်မိလိုက်၏။

“ဟာ”

ချက်ချင်းပင် ကျောင်းသားတွေ ရောက်လာသည်။ ပုလိပ် ကားတွေ ပါလား။

“ကိုဝင်းမောင်ရေ၊ အခန်းကို စေ့ပြီး လိုက်ခဲ့ဗျာ”

ခင်ညိုက အော်ပြီး အဆောင်ပြင်ဘက် ပြေးထွက်ခဲ့သည်။

“ဘဆွေလေးတို့ ဆွဲသွားပြီဗျ၊ ခင်ဗျား ကိုတင်ထွန်းကြီးလည်း ပါသွားပြီ၊ ဟိုမှာ မြင်လား၊ ပုလိပ်ကားတွေ ထွက်သွားပြီ၊ အဲဒီပေါ် ပါကုန်ပြီဗျ”

ကိုမောင်မောင်က ဆို့ဆို့နင့်နင့် ပြေးလာရင်း ပြောသည်။ ခင်ညိုလည်း ဘာလုပ်ရမည် မသိတော့။

“ရဲဘော်တို့၊ ကျုပ်တို့ ခေါင်းဆောင်တွေကို ဟိုကောင်တွေ ဝင်ဆွဲသွားပြီဗျာ”

ကျောင်းသား ရဲဘော် တစ်ယောက်က အသံကို ဖျစ်ညှစ်ပြီး ငိုသံပါ ကြီးနှင့် ပြောသည်။ ညက တစ်ညလုံး အော်ထားဟစ်ထားသည့် ကျောင်းသား ဖြစ်ဟန်တူသည်။ အသံပင် မထွက်ချင်တော့။

“ဘယ့်နှယ် လုပ်ကြမလဲဗျို့”

စိုးလွင်နှင့် ချစ်ဆွေတို့ ခုမှပေါ်လာ၏။ သူတို့ နှစ်ယောက် မျက်နှာ ပေါ်တွင်တော့ စိုးရိမ်ကြောင့်ကြမှုတွေ ပေါ်နေသည်။

“အေးဗျာ၊ တစ်ခုခုတော့ ဖြစ်လိမ့်မယ် ထင်တယ်၊ ဒီအတိုင်းဆို ထိန်းမနိုင် သိမ်းမရနဲ့ ကျောင်းသားတွေ ဆူကုန်မလား မပြောတတ်ဘူး”

မကြာလှပါ။ တစ်စတစ်စနှင့် ကျောင်းသားတွေ အော်ဟစ်ရင်း မန္တလေး ဆောင် ရှေ့တွင် လာစုမိကြသည်။ အော်သူ အော်၊ ဆဲသူ ဆဲနှင့် ဟိုတစ်စု သည်တစ်စု။ တိုးတိုး တစ်မျိုး၊ ကျယ်ကျယ် တစ်မျိုး ပြောနေသူတွေလည်း ရှိသည်။

အဆိုးဆုံး အသဲဆုံးကတော့ ပါမောက္ခချုပ် ဆရာကာ အိမ်ရှေ့တွင် စုနေသော အစုဖြစ်သည်။ အခုမှပင် ကျောင်းသားတွေလည်း ပရွက်တွင်း ဆွ သလို ရွရွ ရွရွနှင့်။

သည်လို ဆိုကြ ဆဲကြ အော်ကြ ဟစ်ကြနှင့် ရွပိုးထိုးနေစဉ်မှာပင် နောက်ထပ် ပုလိပ်ကားတွေ ရောက်လာပြန်သည်။ ယူနီယံရှေ့ ကားတွေ ဆိုက် လိုက်သည်နှင့် ဆင်းလာလိုက်သည်က ပုလိပ်သားတွေ တစ်ပြုံကြီး။ မျက်ရည်ယို ဗုံး လက်နက် ထည့်သည့် သေတ္တာတွေ အသီးသီး လွယ်လို့။

“ရဲဘော်တို့၊ ပုလိပ်တွေ ထပ်ရောက်လာကုန်ပြီ၊ အတင့်မရဲကြနဲ့ဟေ့၊ မျက်ရည်ယို ဗုံးတွေလည်း ပါတယ်၊ သတိရှိကြပါ”

ကျောင်းသား တစ်ယောက်က အော်ဟစ်ရင်း လူစုအနှံ့ ပြေးပြောသည်။

“ဟေ့ကောင်တွေ ဒါ တက္ကသိုလ်ကွ၊ မင်းတို့ နေရာ မဟုတ်ဘူး၊ လာမကျယ်နဲ့ဟေ့”

“တက္ကသိုလ်မြေကွ၊ ကုလားချေတွေ လာမရှုပ်နဲ့ဟေ့”

အသံ အမျိုးမျိုး၊ အော်ပုံ အမျိုးမျိုး၊ ဆဲသံ ဆိုသံ အမျိုးမျိုးနှင့် တက္ကသိုလ် သည်တစ်ဝိုက်မှာတော့ ညံနေချေပြီ။

“ဟေ့ အညို၊ သတိထားကွ၊ မျက်ရည်ယိုဗုံးတွေ သုံးလိမ့်မယ်၊ လက်ကိုင် ပဝါတွေ ရေဆွတ်ပြီး ဆောင်ထား”

ကိုပြည့်ညွန့်က ဆံပင် ဖွာလန်ကြဲနှင့် ခင်ညိုတို့ အဆောင်ရှေ့ ရောက် လာပြီး ပြော၏။ သူ ပြောသည်ကို ခင်ညို နားမလည်လိုက်။ လက်ကိုင် ပဝါ ရေစို့နှင့် ဘာလုပ်ရမည်နည်း။

“ရဲဘော်တို့ ရေပုံးတွေ ဆောင်ထားပါ၊ ဗုံးငွေ့လာရင် ရေနဲ့သာ မျက်နှာ သုံးပါ၊ အဝတ်စိုနဲ့ အုပ်ထားရင် အငွေ့သက်သာပါတယ်”

ကိုပြည့်ညွန့်က ယူနီယံရှေ့မှ ပုလိပ်များကို ခဲနှင့် လှမ်းပေါက်နေသည်။ ကျောင်းသားများကို အော်ပြောပြန်သည်။ နောက် သူလည်း ဘယ်ပျောက် သွားသည် မသိ။

မကြာလှပါ။ ဗုံးမိုး သည်းထန်စွာ ရွာပါတော့သည်။ ခင်ညိုတို့လည်း ခုမှပင် ရေစိုအဝတ်၏ တန်ဖိုးကို နားလည်တော့၏။ ဗုံးလုံးတွေက သိပ်ပြီး အရှိန်ပြင်းလှသည် မဟုတ်သောကြောင့် အဂျလာတို့ အုပ်စုက ကလို့၊ ခုန်လို့ပင် ဗုံးကို ရှောင်သည်။ အနီးအနား လာကျလျှင် ပြန်ကောက်ပြီး ပစ်လိုက်သေးသည်။ ပုလိပ်တွေက အဓိပတိလမ်းပေါ်မှာ၊ ကျောင်းသားထုက မန္တလေးဆောင် ရှေ့မှာ တချို့၊ ကျောင်းသူရေးမှူး ဒေါ်ကျင်စိန် အိမ်ရှေ့မှာ တချို့။ ပြေးလိုက်၊ စုလိုက် စိတ်အိုက်စရာပင်။

အခုအချိန်တွင်တော့ မိန်းမရှာ ကျောင်းသားတွေပင် ကျောင်းဆောင်များ အခန်းများတွင် မရှိတော့။ ရှိနေလို့လည်း မရ။ ဗုံးငွေ့က ပြန့်ပြန့် ကြဲနေသည် မဟုတ်လား။ အခန်းထဲ နေလည်း ဗုံးငွေ့ထိသည်ပဲ။

ခဏကြာလျှင် ဗုံးအပစ် ရပ်သွားသည်။ ပုလိပ်သားတွေက သေနတ်များ ကိုင်ထားသော်လည်း ပစ်မိန့် မရသေး၍ထင့်။ သည်အတိုင်းသာ ရပ်နေမြဲ။ တချို့ဆိုလည်း အဝိုင်းလေး မြက်ခင်းတွင် ထိုင်နေလေသည်။

အခြေအနေကို မမှန်းသာသောကြောင့် ခင်ညိုနှင့် မန္တလေးဆောင်မှ ကိုချစ်ဆွေ၊ ကိုသိန်းထွန်းတို့ အဓိပတိ တံခါးမကြီးကို သွားပိတ်လိုက်ကြသည်။ ဘယ်အဆောင်ကမှန်း မသိသော အနီးအနားမှ ကျောင်းသား ရဲဘော်များကလည်း ဝိုင်းပိတ်ကြသည်။

‘ယူနီယံထဲ ဝင်ကြည့်ရအောင်”

တံခါးဝမှ ခင်ညို ပြန်လှည့်လာစဉ်မှာပင် စိုးလွင်၊ ချစ်ဆွေနှင့် မောင်မောင် တို့တွေ ရောက်လာကြရင်း ခင်ညို့ကို ခေါ်သည်။ ခင်ညိုလည်း သူတို့တွေနှင့် ယူနီယံထဲ ဝင်ခဲ့သည်။ ယူနီယံ တောင်ဘက်ဆုံး အဘ ဦးကံသိန်း ဆံပင် ညှပ်ဆိုင် ရှေ့တွင်လည်း ကျောင်းသားတွေ တစ်စုကြီး။ ထိုစဉ်မှာပင် ဆေးရုံ ရှေ့တွင် ရပ်ထားသည့် ပုလိပ်ကား တစ်စီးဆီမှ ပစ်လိုက်သော မျက်ရည်ယို ဗုံးတစ်လုံး ကျော်မြင့်နား လာကျသည်။ စိမ်းစိမ်းရွှေရွှေ အနံ့နှင့်အတူ ကိုခင်ညို့ မျက်လုံးလည်း ပြာသွားသည်။ မူးမေ့ပြီး လဲမတတ်။

“ဟေ့လူ၊ ဪ... ပုဝါမှ ရေမဆွတ်ထားဘဲ၊ လာ လာ ကျွန်တော်နဲ့ လိုက်ခဲ့၊ ထမင်းဆိုင်ထဲမှာ ရေရှိတယ်”

စိုးလွင်က ဦးနန်းဝေ ဆိုင်ထဲကို တွဲခေါ်သွားသည်။ အတွင်းခန်း ရေစည် ပိုင်းနားကို ရောက်မှ တစ်ခေါင်းလုံး နှစ်လိုက်ရသည်။ ဒီလိုတော့လည်း ဗုံးငွေ့က ပြယ်သွားသား။ အဓိပတိ ဝင်းတံခါးကြီး ပိတ်ထားသောကြောင့် အခုအချိန် ကျောင်းဝင်းတွင်း၌ စစ်ကားများတော့ မရှိပြီ။ ကျောင်းသားတွေသာ ခဲတွေကိုင်၊ တုတ်တွေကိုင်နှင့် အဝိုင်းလေး ဝန်းကျင်တွင်တော့ ပုလိပ်ကားများ အပြင် စစ်ကားတွေပါ ထပ်ရောက်လာသည်။

ဒီမြင်ကွင်းကတော့ ကြောင့်ကြ ပူပန်စရာတကား။

ခင်ညို၊ စိုးလွင်၊ ချစ်ဆွေနှင့် ကျော်မြင့်တို့ကတော့ မောသွားဟန်တူသည်။ မန္တလေးဆောင် အုတ်ခုံပေါ်တွင် ခြေပစ်လက်ပစ် ထိုင်နေကြသည်။ သည်လိုပင် တချို့ကျောင်းသားတွေလည်း ရေတမာတန်းတွင် ခြပန်းလက်ပန်း ဖြေနေကြသည်။

ထိုစဉ်တွင် ကျောင်းသား တစ်စုသည် ဆရာကာ အိမ်တွင်းမှ ဗော့စ် ဝက်ဂွန်းကား နီနီရဲရဲလေး တစ်စီးကို တွန်းလာကြ၏။ ဘွဲ့နှင်းသဘင် တံခါးမ ကြီးထိ။

တံခါးမကြီးရှေ့ အရောက်တွင် ကားကို ပက်လက် လှန်လိုက်ကြ၏။ ပြီးတော့ မီးရှို့ပစ်လိုက်ကြ၏။

ကားနီနီလေးနှင့်အတူ မီးတောက်က ရဲရဲ။ လက်ခုပ်သံ ဆူညံ၊ အော်ဟစ် သံတွေကလည်း တသဲသဲ။

ဪ... သွေးဆူနေကြချိန်တကား။

ဒါနှင့် မနားသေးပေ။ နောက်ထပ် ကျောင်းသားတစ်စုက ကားပြာလေး တစ်စီး ထုတ်လာပြန်သည်။ သည်လိုပင် အိမ်ရှေ့အရောက် လှန်ပြီး မီးရှို့လိုက်ကြ ပြန်သည်။

ထိန်းနိုင် ဦးဆောင်နိုင်သည့် ခေါင်းဆောင်တွေလည်း မရှိတော့ပြီ။ သည် အချိန်တွင် အသံကျယ်ကျယ် ရဲရဲတင်းတင်းနှင့် ရှေ့က လျှောက်သူသာ ခေါင်း ဆောင် ဖြစ်တော့၏။

ကားနှစ်စီး မီးတောက်ငြိမ်းသော အခါတွင်ကား ကျောင်းသားတွေလည်း အစုလိုက် အစုလိုက် ခြေပစ်လက်ပစ် ထိုင်နေကြတော့သည်။ တချို့က အဓိပတိ လမ်းပေါ်မှာ၊ တချို့တွေက မြက်ခင်းဆီမှာ။

အဓိပတိ ဝင်းတံခါးမကြီးကတော့ ပိတ်ထားဆဲ။ အထဲတွင် ကျောင်းသား တွေ ငြိမ်သူ ငြိမ်၊ လှုပ်ရှားသူ လှုပ်ရှား၊ စကားများသူ များနေသော်လည်း သံတံတိုင်း အပြင်တွင် စစ်ကားတွေ အစီအရီနှင့်။

ခင်ညိုတို့ တစ်တွေလည်း အာညောင်း လက်ညောင်းမို့ အဓိပတိ ကတ္တရာ လမ်းမပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် လှဲနေလိုက်ကြသည်။

တောင်ဆီမှာတော့ မိုးတွေညို့လို့။

မိုးသေး မိုးဖွဲလေးတွေကလည်း လွမ်းလောက်စရာ။ မရဲတရဲ ရွာနေပြန်သည်။ ခင်ညို့ မျက်နှာပေါ်တွင် မိုးသီးလေးတွေ ကွက်ကျား စိုလျက်ရှိနေ၏။ မှောင်ရီပင် သန်းလာချေပြီ။

သည်လို ဆူဆူပူပူ ကြားမှာပင် ခင်ညိုက ဖြူဖြူကို သတိရလိုက် သေးသည်။ သံတိုင် အပြင်ဘက်ကို ကျော်ကြည့်ရင်းလည်း သက်ပြင်းရှည်ကြီး ကို မှုတ်ထုတ်လိုက်ပြန်ပြီ။

“အဆောင်ထဲ ဝင်စို့ဗျာ၊ မိုးရွာမယ် ထင်တယ်” လှဲနေ လှိမ့်နေရာမှ ချစ်ဆွေက ပြောလိုက်၏။

“အေးဗျာ၊ လူတွေ မြင်နေရတာ စိတ်မချမ်းသာဘူး၊ ကိုယ့်အခန်းမှာ ကိုယ် ပြန်နားတာ အေးပါတယ်” စိုးလွင်ကလည်း ပြန်ချင်ပြီ။

“ကဲ ဒါဖြင့် နီးနီးနားနား ကိုယ့် အခန်းကို သွားမယ်လေ၊ အခြေအနေ လည်း ချက်ချင်းသိတာပေါ့”

အားလုံး သဘောတူ ထလိုက်ကြသည်။ ခင်ညိုလည်း ဆံပင်တွေ စိုနေ သည်ကို ခါပြီး ထလာသည်။ သူတို့တွေ အေးအေးလူလူပင် စကား မပြောမိဘဲ လျှောက်လာကြသည်။

“ဟိုရဲဘော် ကြည့်ပါဦးဗျာ၊ တံခါးဝက အုတ်ခုံပေါ်မှာ”

ချစ်ဆွေ ပြော၍ အားလုံး လှည့်ကြည့်လိုက်သောအခါ ကျောင်းသား တစ်ယောက် ခါးတောင်း မြှောင်အောင် ကျိုက်ပြီး အုတ်ခုံမြင့်ပေါ်တွင် ထိုင်အော် နေသည်ကို တွေ့၏။

မကြာလိုက်ပါ။

ခင်ညိုတို့တွေ ခေါင်းပြန်မလှည့်မီမှာပင် ရန်ကုန်တက္ကသိုလ်ကြီးအတွက် အခြေအနေ အားလုံး ပြောင်းလဲစေလိုက်မည့် ပထမဆုံး သေနတ်သံကို ကြားလိုက် ရပေသည်။ ပြီးတော့ ဆက်၍ ဆက်၍။

ခင်ညိုသည် ဘာကိုမှ မကြည့်နိုင်တော့။ အဆောင်တွင်းကို အတင်း ပြေးဝင်လိုက်လေသည်။

သူ့အခန်း ရောက်ချိန်တွင် ကိုဝင်းမောင်သည် မျက်စိ မျက်နှာ ပျက်ပြီး အသက်ရှူ မှားမတတ် ဖြစ်နေ၏။ စကားမေးပင် မရ။

ခင်ညိုလည်း သူ့ကိုယ်သူ အတော် အံ့သြမိလိုက်သည်။ တန်းတန်း မတ်မတ် ရောက်လာသည့် သူ့ အသက်ကိုပင် သူ အံ့သြမိလိုက်သည်။ အင်း ကံကောင်းပေလို့။

သူ သတိပြန်ဝင်လာသောအခါ သူငယ်ချင်းတွေကို စိတ်ပူမိ၏။ ဘယ်လို ကွဲသွားသည်ကိုလည်း သူ မသိ။ သူတို့တွေလည်း ခြေဦးတည့်ရာ ပြေးကြ မည်သာ။ သူ့ရင်တွေ ပူလာသည်။ အခုမှ ထမင်း မစားရသေးသည်ကို သတိရမိပြီး ထမင်းလည်း ဆာလာသည်။ သို့သော် အခြေအနေက အခန်း ပြင်ကို ပြန်ထွက်ဘို့ မလွယ်ပြန်။

သည်လိုနှင့်ပင် တစ်ည ချုပ်ခဲ့ရသည် နှစ်ရက် ဆက်ပြီး အသံပေါင်းစုံလျှံ ဂယက်ညံနေသော တက္ကသိုလ်ကြီးသည် ပကတိ ငြိမ်ကျသွားသည်။

ညတကာ၏ ညပေပဲ။

ရေဒီယိုက တက္ကသိုလ်နှင့် ကောလိပ်များကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ကြောင်း ကြေညာလေသည်။

တစ်ညလုံး အိပ်မရသော အတွေးကြောင့် ခင်ညို တလူးလှိမ့်လှိမ့် ခံစား နေရသည်။ အိပ်ရေးပျက် မခံသော ဝင်းမောင်ကြီးပင် တလှုပ်လှုပ် ဖြစ်နေသည်။ နှစ်ယောက်သား အံကျိတ်ရင်း အတွေးကိုယ်စီနှင့် ငြိမ်နေမိကြသည်။

ည နှစ်နာရီထိ မီးဖွင့်ထားသော်လည်း သည့်နောက်တွင် မီးပိတ်ပြီး ဆိတ်ငြိမ်ခြင်း အာရုံကို ဝင်စားနေမိလိုက်သည်။ နက်ဖြန်ဆို အိမ်ပြန်ရတော့မည်။

ဘယ်အချိန် အိပ်ပျော်သွားသည် မသိ။ “ဝုန်း” ဆိုသော အသံကြီးနှင့် အတူ မြေတုန်ပြီး အဆောင် လှုပ်ခါသွားတော့မှ ခင်ညို အိပ်ရာက နိုးတော့သည်။

နိုးသည်ဆိုတော့လည်း အဆောင် လှုပ်ခါမှု အရှိန်ကြောင့် ခင်ညိုတို့ နှစ်ယောက်လုံး ခုတင်အောက် ရောက်သွားသည်။

“အဆောင်ကြီး ပြိုပြီထင်တယ်ဗျ”

ကိုဝင်းမောင်က ကြောက်ကြောက်လန့်လန့်ပင် အသံနှိမ့်ပြီး ပြောသည်။ ဝပ်နေလိုက်တာလည်း ပြားလို့။

“အေးဗျာ၊ ဒုက္ခတော့ ဖြစ်ပြီထင်တယ်”

ခင်ညိုက ပြောရင်း နာရီကို လှမ်းကြည့်သည်။ မိုးပင် လင်းတော့မည်ပဲ။

“ငလျင် လှုပ်သလိုပဲ ကိုခင်ညို၊ ခုတော့ အသံစဲသွားပြီ”

“လာဗျာ၊ ခြေသံတွေလည်း ကြားတယ်၊ ထွက်ကြည့်ရအောင်”

အခန်းပြင် ရောက်သောအခါတွင်ကား ယူနီယံဘက်ကို ငေးကြည့်နေသည့် ကျောင်းဆောင်သားများကို တွေ့ရသည်။

“ဟင်”

တ-က-သ အဆောက်အဦးကြီး မရှိတော့ပြီ။ ခင်ညို့ ရင်ထဲတွင် ဟာ သွားတော့သည်။

“ဖိုးခင်ညို၊ အပေါ်ထပ် သွားကြည့်ရအောင်”

ဘယ်အချိန်က သူ့နား ရောက်နေသည် မသိ။ ချစ်ဆွေက သူ့ လက်ကို ဆွဲခေါ်သွားသည်။ အဆောင်ပေါ်တွင်လည်း အမိုး အုတ်ကြွတ်တွေ ဖွာလျာ ကြဲနေသည်မို့ ရှောင်ကွင်းသွားရသည်။

“ဟိုမှာ ကြည့်စမ်းဗျာ၊ ဖုန်ငွေ့တွေပဲ ရှိတော့တယ်”

ချစ်ဆွေက လှမ်းပြ၏။ ခင်ညို ကြည့်လိုက်သောအခါ အငွေ့ တထောင်း ထောင်းနှင့် အုတ်ပုံကြီးသာ မြင်တော့သည်။ သံပေါင်ကြီးတွေ ထိုးထိုး ထောင် ထောင် ထွက်နေသည့်ကြားက အငွေ့တွေ... ။

“ဆရာနန်း”

ခင်ညိုသည် သူ့ဆရာကို ချက်ချင်း သတိရလိုက်သည်။ သူသည် ခေါင်း နပန်း ကြီးပြီး မျက်လုံးများပင် ပြာမှိုင်းသွားသည်။ သူ့မျက်နှာကို လက်ဝါးနှင့် အုပ်ရင်း နံရံကို မှီထားလိုက်ရသည်။

“ဆရာ သေပြီ ထင်တယ် ကိုချစ်ရေ”

ခင်ညိုသည် မျက်ရည်လျှံနေသော မျက်လုံးဖြင့် ကိုချစ်ဆွေကို အားကိုး တကြီး ကြည့်ပြီး မေးလိုက်သည်။ သူက နှုတ်ခမ်းကိုလည်း ပြတ်လုနီးနီး ကိုက်ထားသည်။ နာရမှန်းပင် မသိ။

“လူတွေ မပါဘူး ပြောပါတယ်ဗျာ၊ ခင်ဗျာ့ ဆရာ လှည်းတန်းထဲ ပြန်ရောက်နေမှာပါ”

သူငယ်ချင်း စိတ်ထိခိုက် နာကျည်းခြင်း ဖြစ်နေသည်ကို ရိပ်စားမိသော ချစ်ဆွေက နှစ်သိမ့်ပြော ပြောရင်း အောက်ဆင်းလာခဲ့ကြသည်။

ကိုဝင်းမောင်ကတော့ အထုပ်အပိုးတွေပင် ပြင်နေပြီ။

“နေ့ခင်း တစ်နာရီကို အပြီး ထွက်ရမယ်တဲ့ဗျ”

ကိုဝင်းမောင်က တက္ကသိုလ်တွင် အိပ်ပျော်နေရာက နိုးထရမည်ဆိုတော့ စိတ်မကောင်း ဖြစ်နေဟန် တူသည်။ တစ်ချက် တစ်ချက် သူ့ခုတင်ကို စွေပြီး ကြည့်နေသည်။ ချစ်ဆွေနှင့် ခင်ညိုလည်း ဘာမှ ပြန်မပြောနိုင်ကြ။ ရှုပ်ပွေ နေသော အခန်းကို ကြည့်ပြီး မှိုင်တွေနေမိကြ၏။

“ဟာ အတော်ပဲဗျို့၊ ကျုပ်ဖြင့်ဗျာ၊ ခင်ဗျားတို့ကို စိတ်ပူနေတာ”

ထိုအချိန်မှာပင် စိုးလွင်သည် ပြုံးပြုံးရွှင်ရွှင်ပင် အခန်းဝ ရပ်ရင်း ကျယ်ကျယ်လောင်လောင် ပြောလိုက်လေသည်။

“လာစမ်းပါဦး၊ အဆောင်က လာတာလား”

ချစ်ဆွေက စိုးလွင်ကို လှမ်းခေါ်ရင်း မေး၏။

“အဆောင်ကတော့ အဆောင်ကပါပဲ၊ ဒါပေမဲ့ အမရက မဟုတ်ဘူးဗျ၊ မာလာက ပြန်လာတာ၊ အဝင်းဆီ ပြေးတာ”

“မောင်ရင့်နှယ်ကွာ၊ ဒါလောက် ရှုပ်ပွေနေရတဲ့အထဲ အမျိုးသမီးဆီ သွားနေရသေးလား၊ ဝင်းတံခါးတွေ ပိတ်ထားတယ်ဆိုကွ၊ တောင်ငူရှေ့က ပိတ်တယ် မဟုတ်လား”

ချစ်ဆွေက ခေါင်းကိုခါရင်း စိုးလွင်ကို အပြစ်တင်လိုက်သည်။

“ပိတ်တော့ ပိတ်တာပဲလေ၊ ကျုပ်လည်း ဘယ်လိုဖြစ်တယ် မသိဘူးဗျာ၊ သွားချင်တာနဲ့ ခုနက ယူနီယံလဲ ပြိုပြီးရော ရောက်အောင် သွားလိုက်တာ တောင်ငူရှေ့ မလွယ်ပေါက်လေးက ထွက်လို့ရတယ်၊ ဟောဒီမှာ ရော့... ကိုခင်ညို့ အတွက် စာ။

စိုးလွင်က မြူးမြူးကြွကြွ ပြောပြီး ခင်ညိုကို စာတစ်စောင် လှမ်း ပေးသည်။

“ဟ အရေးထဲ ဘယ်ကစာတုံး၊ ဘယ်သူ ပေးတာတုန်းဗျ”

ခင်ညိုက သူ့နာမည် ရေးထားသော စာကို လှမ်းယူရင်း စိုးလွင်ကို ပြုံးပြုံးပြဲပြဲ မေးလိုက်၏။

“ကျုပ် သီရိရှေ့က ဖြတ်ပြန်လာတာဗျ၊ ဂျပ်ဆင်နား ရောက်မှ ခင်ဗျား အမျိုးသမီးက ခေါ်ပေးတာ၊ ကျုပ်ကို ဘယ်တုန်းက မှတ်မိနေမှန်းတောင် မသိဘူး၊ ခင်ဗျားဆီ ရောက်အောင် ပေးပါဆိုလို့ ဒီအရင် ဝင်လာတာပေါ့”

စကားဆုံးသည်နှင့် ခင်ညိုက စာကို ကမန်းကတန်း ဖောက်လိုက်သည်။

ကိုခင်ညို

ဖြူ စိုးရိမ်လို့ စာရေးလိုက်တာ၊ မနေ့က အခြေအနေတွေလည်းမကောင်းဘူးမို့လား။ ဖြူဖြင့် တစ်ညလုံး အိပ်မရဘူး၊ ကိုခင်ညိုက မန္တလေးဆောင်မှာ ဆိုတော့ ပိုပြီး စိတ်ပူမိတယ်၊ ဆင်ခြင်ပြီး နေပါ ကိုခင်ညိုရယ်၊ အခြေအနေက ဘယ်လိုမှန်းလည်း မသိဘူး။

ဖြူလည်း ကနေ့ ပဲခူးကို တန်းပြန်မယ်၊ မြို့ထဲ အိမ်က ကားနှင့် လာခေါ်မယ်ထင်တယ်၊ ပဲခူး အိမ်ကို စာရေးပါ။

ဖြူ။

ဖြူဖြူက ပဲခူး လိပ်ပြာကန်အိမ် လိပ်စာနှင့်တကွ ပူပူပင်ပင် စာရေးလိုက်ခြင်း ဖြစ်သည်။

“ခင်ဗျား အမျိုးသမီးက ဒီလိုတော့လည်း သံယောဇဉ်ရှိသားပဲ”

ခင်ညို ကတော့ စာကိုသာ ခေါက်ပြီး တွေးနေသည်။

“ဒီလို အရေးရယ် အကြောင်းရယ်မှာ ပူပင်ရမှန်း သိနေတာတော့ စဉ်းစား စရာပဲဗျ၊ ကျွန်တော့်ကို တွေ့တော့လည်း အတော် စိတ်ပူနေတဲ့ ပုံဗျ၊ ညက သတင်းတွေ မေးလိုက်တာပဲ စုံလို့ပဲ၊ မိန်းမတွေကတော့ဗျာ အသိရ ကျပ်ပါ တယ်”

စိုးလွင်က မှတ်ချက်ချလိုက်သည်။

“ခင်ဗျား ဘာနဲ့ ပြန်မလဲ ကိုခင်ညို”

အပြန်ခရီးကို ချစ်ဆွေက ပူနေပြန်သည်။

“ဖြစ်ပါတယ်ဗျာ၊ ကျွန်တော် ကိုထင်ကျော်နဲ့ စာအုပ်တွေပဲ ပြန်ပေး လိုက်မယ်၊ ကျွန်တော် မြို့ထဲမှာပဲ ရှိမှာပါ၊ ညကျောင်းက ရှိသေးတယ်လေ”

စိန်ပန်းပွင့်တွေ နီနီရဲရဲ ပြန့်ကြဲနေသော နံ့သာကျွန်းမှ သည်လိုနှင့်ပင် လွမ်းလျက်နှင့် စွန့်ခွာ ဖြစ်ခဲ့ကြပြန်လေသည်။

*


အခန်း ၁၅

 

ကိုခင်ညို

၉၊ ၇၊ ၆၂ နေ့စွဲနှင့် ပေးလိုက်တဲ့ စာကို ရပါတယ်။ ဖြူ မြို့ထဲပြန်တဲ့နေ့က စိန်စိန့်ကိုပါ အင်းလျားမှာ ဝင်ခေါ်ခဲ့လို့ သူလည်း သိပါတယ်။ ကျောင်းသားတွေလည်း အားလုံး အဆက်ပြတ်ကုန်ကြတာ ပဲနော်။ တက္ကသိုလ်လည်း ပြန်မှ ဖွင့်ပါ့မလားမသိဘူး ကိုခင်ညိုရယ်။

ကိုခင်ညိုကတော့ စာဖတ်လိုက်၊ ပန်းချီဆွဲလိုက်၊ ညနေခင်း ဆရာ သွားလုပ်လိုက်နှင့် အားလုံးကို မေ့နေမယ် ထင်တယ်။ ဖြူတော့ တက္ကသိုလ်ကို သိပ်လွမ်းတာပဲ။

ဖြူ ရန်ကုန် လာဖြစ်ရင် ကိုခင်ညို စာပြတဲ့ ကျောင်းကို လာခဲ့ရမလား။

ချမ်းမြေ့ပါစေ။

ဖြူ

၁ဝ၊ ၇၊ ၆၂။

ကိုခင်ညို

နေ့ခင်းကပဲ ဖြူ၊ စာဖတ်ရပါတယ်။ ရန်ကုန်မှာ နေတဲ့ သူငယ် ချင်း ယဉ်ယဉ်နဲ့ဆီကလည်း စာရပါတယ်။ သူက မိဖြူ သူငယ်ချင်းကို တောင် သမ္မတရုံမှာ တွေ့တယ်တဲ့။ “ပုလဲမျက်ရည်” သွားကြည့်တာ မဟုတ်လား၊ သိပါတယ်။ ကိုခင်ညိုက ခင်ယုမေဆို အသဲပဲ။ ဒါလောက် တဒိန်းဒိန်း တဒိုင်းဒိုင်း ကြားထဲက ထွက်လာပြီးတော့ ဒီစစ်ကားတွေ ကြည့်တာ စိတ်မညစ်ဘူးလား။ ဖြူဖြင့် ခုထိ ရင်တုန်တုန်း ရှိသေးတယ်။

ကိုခင်ညိုက ညဆိုရင် တယောပဲ ထိုးနေတယ်ဆိုတော့ တစ်ခုခု ကို လွမ်းနေပြီ ထင်တယ်။ ဘယ်သူ့ကို လွမ်းနေလဲ၊ ဖြူကိုလည်း ရင်းရင်းနှီးနှီး အသိပေးနော်။

ဖြူလည်း ပဲခူးမှာ ပြန်နေရတာ ငြီးငွေ့လာပြီ။ ညနေဆို ဇေယျ တို့နှင့် လိပ်ပြာကန် လမ်းလျှောက်တဲ့ အလုပ်ပဲ အလုပ်ကြီး လုပ်နေ ရတယ်။ ကိုခင်ညို ဘာစာအုပ်တွေ ဝယ်ဖတ်သေးလဲ။

ချမ်းမြေ့ပါစေ။

ဖြူ

၁၉၊ ၇၊ ၆၂။

 

ကိုခင်ညို

တက္ကသိုလ်အကြောင်း ဝေဖန်ကြတာတွေတော့ သတင်းစာထဲမှာ တွေ့တယ်။ ကိုခင်ညိုရော ကျောင်းဘက် ရောက်သေးလား။ အင်းလေ စိတ်မချမ်းသာစရာတွေ မရေးချင်ပါဘူး။

ဖြူလည်း မျက်မှန်အသစ် လဲဖို့ ရန်ကုန် ရောက်ဖြစ်မယ်။ ကိုခင်ညို ကျောင်းက ကျောက်မြောင်းဈေး ရှေ့မှာနော်။ ဖြူ လာဖြစ်ရင် ယဉ်ယဉ်နဲ့ပါ ခေါ်ခဲ့မယ်လေ။

ကိုသိန်းသန်းထွန်း စာအုပ် ကြော်ငြာလည်း တွေ့တယ်။ အချစ်ရူး လေးရဲ့ အချစ်ဦး” တဲ့။ သူက သိပ်နွဲ့တာပဲနော်။ နာမည်လေးကတော့ တစ်မျိုးလေးပဲ။ ထွက်မယ့် ရက်လည်း မပါဘူး။

ဖြူတော့ ပျင်းပျင်းရှိတာနဲ့ နန်းဆန်တဲ့ “မြိုင်” ကို အလွတ် ကျက်နေတယ်။ ဦးပုညက သိပ်တော်တာပဲ။ ကိုခင်ညိုက စာရေးဆရာ ဖြစ်မယ့်လူ ဆိုတော့ ပိုသိမှာပါလေ။

ချမ်းမြေ့ပါစေ။

ဖြူ

၂၇၊ ၇၊ ၆၂။

 

အလွမ်း မင်းသားကြီး

ထူးထူးဆန်းဆန်း ကိုခင်ညို သူငယ်ချင်း ကိုစိုးလွင်နှင့် ဆုံတယ်။ ခုနစ်ရက်နေ့က ဖြူ စာကြုံပေးလိုက်တဲ့ လူပေါ့။ ပဲခူးဘူတာထဲမှာ ပုတက် ပုတက်နှင့် လမ်းလျှောက်နေရင်း ဖြူကို မြင်တော့ လာ နှုတ်ဆက် တယ်။ မန္တလေးဘက် သွားမလို့တဲ့။ ဖြူကလည်း ဖေဖေ့ ဧည့်သည်

သစ်ကုန်သည်တွေကို လာကြိုတာလေ။

ကိုခင်ညိုလည်း တမှိုင်မှိုင်နှင့်လို့ ပြောပါလား။ မေးလို့လည်း “ မရဘူးတဲ့။ အားတာနှင့် တယော ချွဲပြီး တေးညည်းနေတာပဲဆို၊ ဘာ ဖြစ်နေလဲကွယ်။ ကြားရတာ ဖြူ စိတ်မကောင်းပါဘူး။ ဖြူတို့ကိုလည်း အကူအညီလိုရင် ပြောပါ။ ကူနိုင်ပါတယ်။

နောက် တစ်ရက်၊ နှစ်ရက်ဆို ဖြူ၊ ရန်ကုန် လာဖြစ်ပါတယ်။ မျက်မှန်ကိစ္စ ပြီးရင် ယဉ်ယဉ်နွဲ့နှင့် လာမယ်နော် ဆရာကြီး၊ စာ မပြန်နှင့်ဦးပေါ့။

ချမ်းမြေ့စေချင်ပါတယ်။

ဖြူ

၅၊ ၈၊ ၆၂။

ကျောင်းဆရာကြီး

ဖြူ ခုနစ်ရက်နေ့က ရန်ကုန် ရောက်တယ်။ မင်္ဂလာဒုံက ဦးလေး ဗိုလ်ကြီး တစ်ယောက် လိုက်လုပ်ပေးတာနှင့် မျက်မှန် ကိစ္စက ချက်ချင်း ပြီးသွားတယ်လေ။

ကိုးရက်နေ့က ခြောက်မိုင်ခွဲ ယဉ်ယဉ်နွဲ့တို့ အိမ်မှာ အိပ်တယ်၊ အဲဒီညရှစ်နာရီလောက် ဆရာကြီးတို့ ကျောင်းကို ရောက်သပေါ့။ နေရှင်နယ် အကယ်ဒမီ ကျောင်းလေ။ ဆရာကြီးက ဘလ္လာတိယ ပြီး ပျို့ထဲက ကိန္နရာ မောင်နှံ အကြောင်းကို ပြောနေတာ တကယ် အပြော “ကောင်းပဲ။ ပင်နီတိုက်ပုံနှင့် ရခိုင် လုံချည်အနက်နှင့် တကယ့် ဆရာကြီး ပဲ။ ဖြူတို့က ကျောင်းရှေ့မှာ ကားရပ်ပြီး နားထောင်နေလို့ အကုန် ကြားတယ်။

ဆရာတွေ ထိုင်တဲ့ ဧည့်ခန်းကို ကြည့်လိုက်တော့မှ ဦးနန်းဝေနှင့် ဆရာ ကိုယုတို့ ထိုင်စောင့်နေတာ တွေ့လို့ ကိုခင်ညိုကို ကိစ္စရှိလို့ စောင့်နေတာပဲ ဆိုပြီး ပြန်ခဲ့တာ။ ပြီးတော့ ကားမောင်းပို့တဲ့ ယဉ်ယဉ်နဲ့ မောင်လေးကိုလည်း အားနာလို့လေ။

အခု အိမ်ရောက်မှ ဘလ္လာတိယပျို့ကို မက်ထရစ် ကျောင်းသား တစ်ယောက်ဆီက ငှားကြည့်ရတယ်။ အဲဒီညက ကိုခင်ညို ရှင်းပြနေတာ။

“လျှောက်ရွာမိုးဖြူ၊ အငြိုးကူ၍၊ ကလူသည့်နှယ်၊ မြှူသည့် နှယ်လျှင်၊ ဘယ်ဘယ်ညာညာ၊ဝိုက်ကာဝေ့လည်၊ လေပြည်တချင်း၊ ထိုလေပြင်းတစ်လိုက်၊ အပိုက်တစ်လဲ၊ အဖွဲ့တစ်ခါ၊ ရွာလှာဆိုဆမ်း၊ ချစ်မျိုး လျှမ်းခဲ့၊ ငယ်ကျွမ်းညက်ခြေ၊ သက်ဝေညံ့နူး၊ နွဲ့ခေါင်ကျူးနှင့်၊ မဖူး ရပါ၊ သည်တစ်ခါသည်၊ နောင်သာ ကိုယ်လုံး ချည့်ခဲ့ပြီ” ဆိုတဲ့ ကိန္နရာ ဖို ငိုချင်း မဟုတ်လား။ ယဉ်ယဉ်နွဲ့ကတော့ သေသေချာချာ နားထောင်ပြီး ပြောတယ်။ သည်လူ ခံစားချက်နှင့် သင်လို့ ကောင်းတာတဲ့။ ဟုတ်လား ဆရာကြီး။

ချမ်းမြေ့စေချင်ပါတယ်။

ဖြူ

၁၄၊ ၈၊ ၆၂။

 

နောက်ဆုံး စာကို ဖတ်ရချိန်တွင် ခင်ညို တွေဝေသွားပြန်သည်။ ဖြူဖြူ ကိုလည်း ဘယ်လို နားလည်ရမှန်း သူ မခန့်မှန်းသာတော့ပေ။ သူ့ကို ရင်းရင်းနှီးနှီး စာရေးဖော် ရလို့၊ ပူပန် စိုးရိမ်ဖော် ရလို့၊ ပြီးတော့ သူ စာ သင်နေသော ကျောင်းကိုပင် တကူးတက လာဖော် ရလို့ ခင်ညို ကျေနပ်ခြင်းတော့ ဖြစ်မိသည်။ ဘယ်လို နားလည်ရမလဲ မိန်းကလေးရယ်။ ငါ ချစ်နေတာ သူ သိကောင်းမယ် ထင်တယ်၊ ခက်ပါတယ်လေ။

 

ကိုခင်ညို

ဝမ်းသာလိုက်တာ ကိုခင်ညိုရယ်၊ သြဂုတ်လ ၂၇ ရက်နေ့ ကျောင်းပြန်ဖွင့်မယ်ဆိုတာ ဖြူလည်း ကြားတယ်။ နယ်မှာ ခံဝန်ချက်တွေ ဘာတွေ ရေးရဦးမှာ ဆိုပါကလား။ အလုပ်တော့ ရှုပ်ဦးမှာပါဘဲ ကိုခင်ညို ရယ်။ ကိစ္စ မရှိပါဘူးလေ၊ ကျောင်းပြန်ဖွင့်တာကိုပဲ ပျော်လွန်းလို့။ ဘာလဲ ဆရာကြီး၊ တပည့်တွေနှင့် ပျော်ပြီးတော့ ကျောင်း ပြန်မတက် ချင်တော့ဘူးလား၊ ဖြူကို မခင်ဘူးလား။

ကိုယ့်အခန်း ကိုယ် ပြန်နေရမယ်ဆိုတော့ ဖြူ သီရိမှာပဲ ရှိမှာ ပဲလေ။ တွေ့တော့မှ စကားတွေ အများကြီး ပြောရဦးမယ်။

ချမ်းမြေ့စေချင်ပါတယ်။

ဖြူ

၂၃၊ ၇၊ ၆၂။

 

ကျောင်း ပြန်ဖွင့်တော့ ခင်ညို မန္တလေးဆောင်မှာပင် နေရသည်။ ဝင်းမောင်ကြီးလည်း စောစောစီးစီး ပြန်ရောက်လာသည်။

“ဖိုးခင်ညို၊ ကိုယ်တို့ သဟာယနဲ့ စာဖတ်အသင်း ပြန်ဖွဲ့မယ်၊ မောင်ရင် ပို့စ် တစ်နေရာ ယူပါ၊ ဖြစ်နိုင်ရင် မေဂျာပို့စ်ထဲကပေါ့”

စိန်ပန်းမြေကို နင်းမိသည်နှင့် ကိုခင်ဆွေတို့ ကိုအေးကိုတို့က ခင်ညိုတို့ တစ်တွေကို လိုက်စည်းရုံးသည်။ ခင်ညိုတို့က သည်လောက် ပြောနေရမည့် သူတွေမှ မဟုတ်ဘဲလေ။ ဒါကြောင့်လည်း အဆောင်မှာ အမှုဆောင် တစ်ယောက် ဖြစ်လာပြန်သည်။ အားလုံးကတော့ တက်ကြွ ထက်သန်မှု အပြည့်နှင့်။

ထို့ထက်ကား ကျောင်းသားစုက သဟာယနှင့် စာဖတ်အသင်းများ ဖွဲ့စည်းဖို့ စိုင်းပြင်းခြင်း ဖြစ်သည်။ အမရဆောင်မှ ကိုတင်အေး၊ ကိုချစ်ဆောင်တို့၊ တကောင်းဆောင်မှ ကိုစိုးသိန်းတို့၊ ပုဂံဆောင်မှ ကိုတင်ထွန်းတို့ တစ်တွေသည် စောစီးစွာ ကြံဆမိကြသည်။ နိုဝင်ဘာ ၁၇ ရက်နေ့က ဘီအိုစီ မြက်ခင်းတွင် ယာယီ ပြင်ဆင်မှုများ လုပ်သည်။ သို့သော် မအောင်မြင်ခဲ့ကြ။ သို့သော် တာဝန်ခံ ကော်မတီ တစ်ခုကိုတော့ ဖွဲ့ဖြစ်အောင် ဖွဲ့နိုင်ကြပြန်သည်။

သည်အတွင်းမှာ ဝင်းစံဖြူနှင့် ခင်ညိုတို့ ဆုံစည်းရမှု ပိုလာခဲ့သည်။

ဖြူဖြူက ကျောင်းတက်လျှင်သာ ယဉ်ယဉ်နွဲ့တို့နှင့် အတွဲဖြစ်သော်လည်း ကျန်အချိန်များတွင်တော့ စိန်စိန်နှင့် ထပ်ကြပ်မကွာ ရှိသည်။ နှစ်ယောက်လုံး ကလည်း မျက်မှန် တဝင်းဝင်းနှင့် ပွဲတိုင်းစုံသူ နှစ်ဦး ဖြစ်တော့သည်။

သည်နှစ်ထဲမှာတော့ ခင်ညိုလည်း စာကြိုးစားမှုရှိသည်။ ကျောင်းဆောင် တွင် အလုပ်များသည့် ကြားက၊ ကျောင်းပြင်တွင် အလုပ်များသည့်ကြားက ဂုဏ်ထူးတန်း တက်နိုင်ရေးကိုတော့ သူ လေးလေးစားစား အလုပ် လုပ်သည်။ ညတိုင်လျှင် အတော်နှင့် မအိပ်ဖြစ်။ အဖွဲ့အစည်း အသီးသီးက ပိုစတာတွေ၊ စာရွက်စာတမ်းတွေလည်း သူက ဒိုင်ခံရေးသည်။ ကိုယ်တိုင်လည်း လှုပ်ရှားသည်။ ညပိုင်းကိုတော့ ညကျောင်းတွင် ကျောင်းသားတွေနှင့် ပျော်ရသေးသည်။

သည်လိုနှင့် လှုပ်ရှားမှုတွေ ကြားတွင် ဝင်းစံဖြူနှင့် ရင်းနှီးနေဖြစ်သလို၊ စာသင်ခန်းနားတွင် မဟင်္သာနှင့် စာစကား ပြောရသလို၊ ကျောင်းဆောင်တွင်လည်း ဟိုအရေး သည်အရေးတွေ ပွေရှုပ်နေသည်မို့ လူကတော့ ပျားပန်းခပ်နေချိန်။

သူ့ဆရာ ဦးနန်းဝေ အိမ်က လှည်းတန်း ရှောက်ပင်ခြံတွင်ပင် ရှိသည်မို့ သူ ဝတ်တော့ မပျက်။ သို့သော်လည်း အေးအေးလူလူ ရေးဆွဲရမည့် ဆီဆေးကို တော့ ကိုင်ပင် မကိုင်အားပေ။ ဆရာက ကျောင်းကိုတော့ သိပ် ခြေမလှည့်။ သူလည်း သူ့ခံစားချက်နှင့်သူမို့ ခင်ညိုကသာ ဆရာ့အိမ် သွားရသည်။ သူကလည်း အရှုံးတွေ အဆုံးတွေနှင့် ခေါင်းခြောက်နေချိန် ဖြစ်သောကြောင့် စိတ် အနားပေးချင်ပေလိမ့်မည်။ ဆရာ အားရှိအောင်သာ သူက သွားနေရခြင်း ဖြစ်၏။ ခင်ညို မလာလည်း ဆရာကတော့ ခွင့်လွှတ်ပါတယ်လေ။

ရန်ကုန်တက္ကသိုလ်ကြီးကတော့ ပိုပြီး လွတ်လပ်လာသည်ဟု ဆိုရကောင်းသည်။ ကျောင်းသား ကျောင်းသူတွေ အနေနှင့် ဘာကိုမှ အကြောင့်အကျ မရှိ သလို နေမြဲ စားမြဲပင်။ ကျောင်းသား ခေါင်းဆောင်ပိုင်းတွင်သာ ဆွေးနွေးလိုက်၊ စည်းရုံးလိုက်၊ ပြင်ဆင်လိုက်နှင့် ရှိနေသည်။

စာတွေသာ ကုန်းရုန်း ကျက်နေသူတွေလည်း ရှိသည်။ ကျောင်းသား အရေး တစ်ခုတည်းကိုသာ ဇောက်ချ လုပ်နေသူတွေလည်း ရှိသည်။ အဆောင်နှင့် ကျောင်းခန်းကို ကူးချည်သန်းချည်လုပ်ပြီး အလုပ် အမယ် မပြနိုင်သူတွေလည်း ရှိသည်။ ဝါသနာ လုပ်ငန်းလေးတွေကို မစွန့်နိုင်သည်မို့ အခက်အခဲတွေ ကျော်ရင်း လွှားရင်း ဖြစ်မြောက်အောင် လုပ်နေသူတွေလည်း ရှိသည်။

မနက်ခင်းကပင် ကိုသိန်းသန်းထွန်းနှင့် ကိုလင်းယုန်ကြီး ရောက်လာ၏။

“ငချွတ်လေး၊ နင် အခု ဘာတွေ လုပ်နေသလဲ”

လင်းယုန်ကိုမြင့်ဦးကြီးက တွေ့လျှင် သည်လိုပဲ။

“အစုံပဲ အစ်ကိုရေ၊ ကျရာ လုပ်နေတာပဲ”

ခင်ညိုက ချုံးပြီး ပြောလိုက်၏။

“ဘုံကျွန် ဆိုပါတော့ကွာ”

ကိုသိန်းသန်းထွန်းက နာမည် တပ်ပေးလိုက်သည်။

“အစ်ကိုတို့ ကိစ္စနဲ့ လာတာ မဟုတ်လား၊ ကျွန်တော် လိုက်ခဲ့ရမှာလား”

ခင်ညိုကလည်း အကြောင်းသိလို ဖြစ်နေပြီမို့ ငါ့တော့ လာချွေးတပ် ဆွဲပြီ ဆိုပြီး မေးလိုက်သည်။

“လိုက်တာကတော့ ဦးချစ်ဆိုင်ကို လက်ဖက်ရည် သောက်ဖို့ လာခေါ် တာကွ၊ ကိစ္စလည်း ရှိတယ်၊ တို့တွေ ကဗျာစာအုပ်လေး တစ်အုပ် ပေါင်းရိုက် မလို့၊ နင်လည်း ကူဦးပေါ့၊ အဖုံးကိုတော့ ကိုနန်းဝေကို ဆွဲခိုင်းထားတယ်”

“ဘယ်တော့ ထွက်မှာလဲဗျ”

“စာဆိုတော်နေ့ အထိန်းအမှတ် အဖြစ်နဲ့ ထုတ်မှာလေကွာ၊ အချိန်ကလည်း ကပ်နေပြီ၊ ကလောင်အသင်း အနေနဲ့ ထုတ်မှာ၊ မြကျွန်းသာ ကဗျာများလို့ နာမည် ပေးထားတယ်”

“ဪ... ဟုတ်ပြီ အစ်ကိုရေ၊ ဟိုဘက်အခန်းက မောင်သူမွန်ကြီးတောင် သင် မယုံသော် ဘာညာနဲ့ အဲဒီအတွက် ကဗျာ ရေးနေတယ် ပြောတယ်”

“အေးပါ၊ အဲဒါ လာပြောတာပဲ၊ လာကွာ၊ မသောက်ဖူးတာ တစ်ခု သွားသောက်ရအောင်”

“ဘာလဲ အစ်ကိုရ”

“လက်ဖက်ရည်လေကွာ”

ခင်ညိုတို့တွေ တဟားဟား ရယ်ပြီး ဦးချစ် လက်ဖက်ရည်ဆိုင် ထွက် လာခဲ့ကြသည်။

ဦးချစ် ဆိုင်ထဲတွင် ကျောင်းသားတွေ ရုံးစု ရုံးစု ဖြစ်နေကြသည်။ နက်ဖြန် နိုဝင်ဘာလ ၂၁ ရက်နေ့ စတုဒီသာ ကျွေးပွဲကြီး။ အမျိုးသားနေ့ အလှူကြီးကို သပိတ်မှောက်ကြမလို့တဲ့။ ကျောင်းသားတွေ စိတ်မငြိမ်နိုင်သေးသမျှ ထကြွကြွသာ ရှိနေတော့မည်လေ။

သည်အမျိုးသားနေ့က စပြီး တက္ကသိုလ်ကြီး ပြန်ဆူလာပြန်သည်။ ကျောင်းသား ကော်မတီတွေနှင့် ကျောင်းဆောင် ကော်မတီတွေ၊ ဆရာတွေ၊ တာဝန်ရှိသူတွေ တိုင်ပင် ဆွေးနွေးရသည်။ ဒီဇင်ဘာလသည် တောင်းဆိုသံတွေ နှင့်သာ လျှံနေတော့သည်။ တောင်းသူကလည်း တောင်း၊ ပေးသူကလည်း ပေးသည်။ သို့သော်လည်း...

“လိုတာကို မရလျှင် ရတာကို မယူနှင့်” ဆိုပြီး အမျိုးမျိုး အသံ ဆူလာသည်။ နောက်ပိုင်း တင်းခံနေမည် ဆိုသူများ၊ ကြေအေးလိုသူများ၊ ငြိမ်းချမ်း လိုသူများ ဆိုပြီး ခင်ညိုတို့တွေ ခေါင်းခြောက်လောက်အောင် ခေါင်းဆောင် သူတွေ အချင်းချင်း ကွဲလို့။

ခင်ညိုတို့ မန္တလေးဆောင် အနေနှင့်တော့ ညီညွတ်မှုတွေ ရှိသေးသည်။ ‘ရင်ပြင်နီ” လို စာစောင်မျိုးပင် ခင်ညိုတို့တွေ ဦးစီးပြီး ကျောင်းသားထုကို ထုတ်ပြနိုင်သေးသည်။ သည့်နောက်တော့လည်း ။

သည်အတွင်းမှာ...

သည်အတွင်းမှာပင် ဝင်းစံဖြူ၏ ကရုဏာ အကြင်နာ တရားတွေသည် ခင်ညို ရင်ကို ငြိမ်းအေးစေခဲ့ရပြန်သည်။ အုန်းရည် ချိုမည် မချိုမည်ကို ခင်ညို မသိသော်လည်း လိုချင်သော အုန်းသီးကတော့ သူ့အနားမှာ လာကျသည်လေ... ။

“ကိုခင်ညို အိပ်ရေးတွေလည်း ပျက်တယ် ထင်တယ်ကွယ်၊ အတော့်ကို ကျသွားတယ်”

တက္ကသိုလ် ကျောင်းဆောင်ဌာန ရှေ့တွင် မမျှော်လင့်ဘဲ ဖြူဖြူနှင့် သူ့ သူငယ်ချင်း မိန်းကလေးကို တွေ့ပြီး တုံ့ပြန် ပြုံး ပြုံးနေစဉ်မှာ ဖြစ်သည်။

“ခုတလော ကလပ်စ်လည်း မမှန်ဘူး ထင်တယ်၊ ဘီအိုစီမှာတောင် သူ့ကို သိပ်မတွေ့ဘူး”

“တက်ပါတယ် ဖြူဖြူရယ်”

“တက်တယ်သာဆိုတယ် ကိုခင်ညိုရယ်၊ ကိုစိုးလွင်လောက်တောင် မတွေ့ဘူး”

"ဪ... သူကတော့ သူ့ အမျိုးသမီး ရှိနေတာကို ဒီမှာချည်းပေါ့” ကိုခင်ညိုကလည်း သိပ် အလုပ်များတာပဲနော်၊ ဟစ်စထရီ နုတ်စ်တွေ ထပ်ပေးတာလည်း ကလပ်စ်ထဲမှာ သူ့ကို မတွေ့ရဘူး၊ စာအုပ်တွေ ဖြူကို ပေးထားလေ၊ ဖြူ ကူးပေးမယ်”

“နေပါ့စေ ဖြူ ရယ်၊ ကျွန်တော် ကူးယူပါ့မယ်”

“ဒါနဲ့ ကျောင်းတက်တယ်ဆို”

“ပျက်တာလည်း ရှိတာပေါ့”

“အဲဒါကြောင့် ဖြူ ကူးပေးမယ် ပြောတာပေါ့”

“သူငယ်ချင်း တစ်ယောက် ကူးဖို့ ယူထားတယ်၊ ပထဝီ မှတ်စုတွေပါ သူ ကူးပေးနေတယ်”

“ဪ... သိပြီ သိပြီ၊ မဟင်္သာ မဟုတ်လား”

“ဟုတ်တယ်၊ ဖြူ နဲ့ သိတယ် ဟုတ်လား”

“သိပါတယ်၊ ခင်တော့ မခင်ပါဘူး၊ ဖြူနဲ့ ကွန်ဘိုင်နေရှင်းချင်းမှ မတူဘဲ ဟာ၊ ပြီးတော့ ဖြူက သူငယ်ချင်း များများ မရှိပါဘူး”

“မဟင်္သာက သဘော သိပ်ကောင်းပါတယ်”

“ဟုတ်ပါတယ်လေ၊ အို... ဖြူက ဘာပြောလို့လဲ၊ ကိုခင်ညို သူငယ်ချင်း ကို ဘာမှ မပြောရသေးပါလား၊ ဘယ်လိုလဲ ဆရာကြီးရဲ့”

“မဟုတ်ပါဘူး”

ဖြူနှင့် သူ့မိတ်ဆွေ မိန်းကလေးသည် ခင်ညို့ကို ကြည့်ပြီး အသံ ထွက် အောင် ရယ်ပစ်လိုက်ကြသည်။ သူတို့ ရယ်မှပင် ခင်ညိုမှာ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

“ကိုခင်ညို သူ့ကို သိလား”

“ဖြူနဲ့ တွဲနေတာတော့ မြင်ဖူးတယ်လေ၊ နာမည်ကိုတော့ မသိဘူး”

“သူ့နာမည် ယဉ်ယဉ်နွဲ့တဲ့၊ ဒေးက တက်တယ်”

ယဉ်ယဉ်နွဲ့က နာမည် နှင့် လိုက်အောင်ပင် အယဉ်ဆုံး ပြုံးပြသည်။ သူ့အသားက ညိုညက်ညက်လေးနှင့် ကုလားဆင်မလေး ဖြစ်သည်။ သူက သွားဖြူဖြူချွန်ချွန်လေးတွေ ပေါ်အောင် ပြုံးလိုက်တော့မှ...

“ဪ... ကျွန်တော် မှတ်မိပြီ၊ ကျောင်းပိတ်ထားတုန်းက ညကျောင်းကို ဖြူနဲ့ လာတယ်ဆိုတာ သူ မဟုတ်လား”

တက္ကသိုလ်မှာတော့ သည်လိုပင် တစ်ဦးနှင့် တစ်ဦး စပ်ပြီး မိတ်ဆွေ တိုးရသည်။ အပေါင်းအသင်း နည်းသူတွေပင် အကြောင်းဆုံပြီး ရပ်ဝေးရပ်နီး မဟူ ရင်းနှီး ကျွမ်းဝင်ခဲ့ရသည်ချည်း။

“ဟုတ်ပါတယ်၊ သူလည်း ဖြူလိုပဲ ဂျီဂျီကွန်ဘိုင်နေရှင်းပဲ၊ ဟစ်စထရီ တော့ ကိုခင်ညိုတို့ အခန်းမှာ ဖြူတို့ နှစ်ယောက်လုံး တက်တယ်”

“အေးဗျာ၊ ကျွန်တော်ကလည်း လျှမ်းတယ်၊ ကိစ္စနဲ့ ကြုံလျက်နဲ့ မခေါ် မပြော ဖြစ်ရင် ခွင့်လွှတ်ပါဗျာ”

ခင်ညိုက သူ့အရေးနှင့်သူ ဖြစ်တတ်မြဲမို့ ကြိုတင် တောင်းပန်ထားရသည်။

“ကိုခင်ညို၊ ညနေ အဆောင်လာပါဦး၊ ကိစ္စရှိလို့”

စကားပင် မပြတ်သေး၊ ဖြူဖြူက ခင်ညို့ကို ဖိတ်လိုက်သည်။

“သီရိကိုလား”

“အင်းလေ”

“ဖြစ်ပါ့မလားဗျာ”

“ဘာဖြစ်လို့လဲ ဆရာကြီးရဲ့”

ဖြူဖြူ အမူအရာလေးတွေက ဆွတ်ပျံ့ဖွယ် ကောင်းလှသည်။

“ကျွန်တော် သိပ်မလာရဲဘူး”

"အမလေး ရှင်ရယ်၊ မိန်းကလေးဆောင် လာတာများ၊ ရှင်တို့တွေ ပိုစတာ လိုက်ကပ်တော့ ဝင်ရတာပဲ မဟုတ်ဘူးလား”

ခင်ညိုတော့ နားမလည်နိုင်တော့ပေ။ သူ့ စိတ်ထဲတွင်တော့ မခေါ်မီ ကတည်းက သွားနေပြီး ဖြစ်သည်။

သူ့ခေါင်းထဲတွင် အမြဲ ရှိနေသော သူနှင့် စေ့စပ်ထားသည်ဆိုသည့် ဆရာ ကိုခင်မောင်ရီပင်။

သို့သော်လည်း အဆောင်ကိုတော့ သူ မသွားဘဲ မနေနိုင်ပါ။ ခေါ်သူကပင် ခေါ်နေပြီပဲ။

“ရော့ ကိုခင်ညို့အတွက်”

ဧည့်ခန်းတွင် ခင်ညို ထိုင်မိပြီဆိုလျှင်ပင် ဖြူက ဆေးဘူး တစ်ဘူး ပေးသည်။

“ဘာလဲ ဖြူဖြူ”

“ကိုခင်ညို့အတွက် ဆေးလေ”

ခင်ညိုက နားမလည်နိုင်သလို ဖြူဖြူအား စူးစိုက် ကြည့်နေလိုက်မိ၏။

“ဘယ်လိုလဲကွယ့်”

ခင်ညို သက်ပြင်းများပင် မှုတ်ထုတ်လိုက်မိသည်။ သူ့ ရင်သည် “ဘယ်လို လဲကွယ့်” ဆိုသော အသံပင် ဆုံးအောင် မခံပါ။ ဆို့ကျပ်ပြီး တင်းလာသည်။ ကျေနပ် နှစ်သိမ့်ခြင်းက ရသည့် အကြည့်မောလေးပဲ ဖြစ်မည်။

“ဗိုက်နာရင် သောက်ဖို့ ရှားရှားပါးပါး တွေ့လို့ ဝယ်လာရတာ၊ ဘယ်လိုလဲ ဆရာကြီးရဲ့”

ခင်ညိုက ကြောင်တက်တက်နှင့် ကျောက်ရုပ်လို ငြိမ်နေသောကြောင့် ဖြူကပင် စကား ဆက်ပြောသည်။

“ကျွန်တော် အမြဲ မနာပါဘူး ဖြူ ဖြူ ရယ်၊ အလကား ဒုက္ခရှာလို့”

သူ ဗိုက်နာတတ်သည်ကိုပင် ရအောင် သတင်းယူပြီး ဆေးရှာပေးသည့် မိခင်မကြီးကို ခင်ညိုက အံ့သြရင်း ကျေးဇူးတင်နေမိသည်။ သူ ချစ်နေရသူက သည်လို စေတနာထားကာမှပင် သူ့ ဝေဒနာက ပြင်းလာရပြန်သည်။ မလူးသာ မလွန့်သာပါလား။

“ဖြူ သိပါတယ်၊ ဒီဆေးက အစာလည်း ကြေတယ်၊ ကိုခင်ညိုက အစားမမှန် အအိပ်မမှန်နှင့် တော်ကြာ လဲမယ်၊ ဒီဆေးက ဂက်စတစ် မဖြစ်အောင် ထိန်းတဲ့ဆေး”

သည်ည တစ်ညလုံးလည်း ခင်ညို မအိပ်နိုင်ပေ။ အလုပ်ဆိုလည်း ဘာ တစ်ခုမှ မလုပ်ချင်တော့ပေ။ ကိုခင်ဆွေ လာရေးခိုင်းသော ဖယောင်း စက္ကူရွက် များကိုပင် စားပွဲပေါ် ပစ်တင်ထားပြီး လူးလှိမ့်နေလိုက်မိသည်။

ဖွင့်ပြောလို့လည်း မဖြစ်။ သူ့အရင် ချစ်နေနှင့်သူကလည်း ရှိနေပြီ။ သူကလည်း ချစ်နေလိုက်သည်မှာ အချိန်ပြည့်။ ခက်ပြီ။ ခင်ညို ရင် လှုပ်တာနှင့် ရင်အုံပင် ပြုတ်၍ ပြတ်၍ ထွက်ရချေတော့မည်။

တက္ကသိုလ်တွင်း လှုပ်ရှားမှုတွေက အလွန်အမင်း ပြင်းထန်လာသည်။ ၆၃ ခု၊ ဇန်နဝါရီလတွင် အရေးတော်ပုံ ကျောင်းတိုက်ကြီးကိုလည်း ကျောင်းသား တွေ အင်အားနှင့် ဆောက်လိုက်ကြသည်။ ကျောင်းသား အခွင့်အရေး ကာကွယ်မှ ကော်မတီကိုလည်း ဖွဲ့လိုက်သည်။ သထုံဆောင်မှ ကိုကြည်ဝင်း၊ ပင်မ နေ့ အသင်းမှ ကိုမိုးဟိန်း၊ ဥပစာ နေ့အသင်းမှ ကိုတင်မောင်ဝင်းတို့ ခေါင်းဆောင်ပြီး တိုက်ပွဲတွေကို ပြင်ကြ၊ ဆင်ကြပြန်သည်။ ကိုခင်ဆွေပင် အထွေထွေ အတွင်း ရေးမှူးအဖြစ် ခေါင်းဆောင်လာသည်။ တက္ကသိုလ်သည် ငြိမ်မဆိတ်၊ တလှုပ်လှုပ် တရွရွ အားပြိုင်လာပြန်သည်။ နေ့မီး ညမီးနှင့် ခရီးရှည်လာသည်။ အသံတိတ် ဆန္ဒပြပွဲတွေလည်း ကြွလာပြန်သည်။ အစာငတ်ခံ ဆန္ဒပြပွဲတွေလည်း လုပ်လာသည်။ လုပ်သည်၊ စုံလို့ စုံလို့။

သည်အရေးတွေအတွက် ခင်ညိုသည် ခေါင်းဆောင်ကြီး မဟုတ်သော် လည်း ဦးဆောင် တာဝန်ယူရသည့် နေရာတိုင်းမှာ ဦးလည်မသုန် လှုပ်ရှား ခဲ့ရသည်။ စိတ်ဓာတ်ကျသည် မရှိခဲ့။

သူ စိတ်ဓာတ်ကျသည်ကတော့ ရှိသည်။ ငြိမ်းချမ်းစွာ ပညာ သင်ကြား ရေး၊ အမျိုးသား ပညာရေး၊ ပညာရေးစနစ် ပြုပြင်ရေးတွေကို တောင်းဆိုခြင်း၊ ကြိုးပမ်းခြင်း ပြုရမည့်အစား ခေါင်းဆောင်ဆိုသူတွေ သွေးကွဲခြင်း၊ ဗိုလ်လုခြင်း၊ မညီညွတ်ခြင်းများကိုပင် ဖြစ်သည်။ ကျောင်းသားတစ်တွေ သွေးပူနေသည်ကို အကြောင်းပြပြီး အရေးအခင်း ကြီးသထက် ကြီးအောင် လုပ်သူတွေကြောင့် ဖြစ်သည်။

သည်အရေးအခင်းတွေမှာ ဝင်းစံဖြူ တစ်ယောက်က ငြိမ်နေသူ မဟုတ်။ သူကလည်း သူနည်းနှင့်သူ ရှင်သန် လှုပ်ရှားနေသည်။

အစာငတ်ခံ ဆန္ဒပြသည့်နေ့က၊ ထိုနေ့သည် ၁၈၊ ၂၊ ၆၃ ဖြစ်သည်ကို ခင်ညို မမေ့ပေ။ ခင်ညို နှင့်အတူ ရဲဘော် ကျောင်းသားတွေ ယူနီယံ မြေလွတ် တွင် နေပူကျဲကျဲ တိုက်ပွဲဝင်နေချိန်။

“ကိုခင်ညို ဒီဆေးပြား သောက်ထားအုံး၊ ရော့ ဒီမှာ ရေ”

ဖြူဖြူမှာ မျက်နှာက သိပ်မကောင်းလှ။ သို့သော် အားယူပြီး ပြုံးထားသေးသည်။

“အစာ မရှိရင် ဗိုက်နာမယ်၊ အချစ်တော် လက်ဖက်ရည်လည်း မသောက် ရဘူး မဟုတ်လား”

သူလိုပင် ဝါးစည်းဝိုင်း အပြင်မှ ရေချိုင့် ကိုယ်စီ ကိုင်ထားသည့် စိန်စိန်၊ မြင့်မြင့်၊ မခင်ညွန့် စသည့် ရဲဘော်မများက ပြုံးကြည့်နေကြသည်။

“သောက်လေ”

ခင်ညို သောက်ရပါသည်။ ငြင်းလည်း မငြင်းချင်ပါ။ ဪ... စေတနာဖြူလှချည့်လား ဝင်းစံဖြူရယ်။

ပြေးကြည့်ပါဦး၊ သူ့အလိုကျ ခင်ညို သောက်လိုက်တော့မှပဲ လေးကိုင်းလို ညှို့နေသည့် နှုတ်ခမ်း ရွရွလေးက နွဲ့နွဲ့လေး ပြုံးလို့လေ။

ပြိုမလို့လား ညို့နေတဲ့ မိုးရယ်။

*


အခန်း ၁၆

 

မနှစ်က သည်အဖြစ်တွေ တွေးမိတိုင်း ရင်အေးစရာရယ်လို့ တစ်ခုမှ မဖြစ်ခဲ့။ နားရသည်လည်း မရှိခဲ့။ သည်နှစ်တော့ ခင်ညို မူပြောင်းရပေလိမ့်မည်။ ခုဆိုလျှင် ဝိဇ္ဇာ ဂုဏ်ထူးတန်းသားကြီး မောင်ခင်ညို။ စာ အခံလေး ရှိ၊ ဉာဏ် အကူအပံ့လေး ရသောကြောင့် ကျောင်းပျက် ရက်ကျော်တွေ ကြားမှ ဂုဏ်ထူးတန်း တက်နိုင် လောက်သည့် အမှတ်ပြည့် ရသည်ကိုပင် ခင်ညို ဝမ်းသာနေရသည်။ ဒါလောက် အလုပ်တွေ များ၊ ပန်းချီ ပိုစတာတွေ ရေး၊ စာအုပ်တွေ ထုတ်၊ အလုပ်နှင့် ခေါင်း မြှုပ်နေသည့် တိုက်ပွဲတွေကြားက နောက်ဆုံး စာမေးပွဲတွင် အမှတ် ဖြည့်နိုင်သည်ကို သူ ပျော်ရသေးသည်။

ဒါတွေအားလုံး မဟင်္သာ ကျေးဇူး ပါသည်ကိုတော့ မဟင်္သာနှင့် တွေ့တိုင်း သူက ပြောရသည်။ မဟင်္သာကတော့ “ကျေးဇူး တင်ခံချင်လို့ မဟုတ် ပါဘူး ကိုခင်ညိုရယ်” တဲ့။

သည်နှစ်မှာ ဝင်းစံဖြူနှင့် ယဉ်ယဉ်နွဲ့လည်း ဂုဏ်ထူးမှတ် ရသည်မို့ ဂုဏ်ထူးတန်း တက်ခွင့်ရသည်။ မဟင်္သာ နိုးနိုးကြားကြား ကြိုးစားသည့် ကြားက စာမေးပွဲ ကျသည်။ ခင်ညို့ကို အဖြစ်နိုင်ဆုံး အကူအညီပေးပြီး ခင်ညို ဂုဏ်ထူး တန်း တက်နိုင်သည့် အချိန် ရောက်သည်တွင်မှ မဟင်္သာက ဥပစာ (ခ) ကို ကျရသေးသည်။ ခင်ညို ယူကျုံးမရသော အဖြစ်တစ်ခုပင်။

ပြန်ပြီး ကြိုးစားဖို့၊ နောက်နှစ် အမှတ် ကောင်းအောင် လုပ်ဖို့နှင့် သူလည်း ကူညီမည့် အကြောင်းသာ ခင်ညို အားပေးနိုင်သည်။

တစ်ဖက်ကတော့ ပျော်စရာ ကောင်းလှသည်လေ။ ဖြူဖြူရော သူပါ အတန်းရော ဘာသာပါ လာတူနေပြီ မဟုတ်လား။

ပြီးတော့ သည်နှစ်မှပင် ညီမ အေးအေး မက်ထရစ် အောင်လာပြန်သည်။ ချစ်ချစ် တစ်ယောက်တော့ ရှာရ ကြံရပေဦးမည်။ ဘယ်လို အခက်အခဲပင် ဖြစ်ဖြစ် မရွှေအေး အောင်လာသည်ကိုပင် ခင်ညို့အတွက် တစ်အား ဖြစ်တော့သည်။ သူ တစ်ယောက်ကို တက္ကသိုလ်ရောက်အောင် ပို့သည်ဆိုတော့ ချစ်ချစ် စေတနာနှင့် ချစ်ချစ် လုံ့လသည်လည်း မသေး။ ငွေ ရှာကြံရမည့် ဒုက္ခကလည်း မသေးပေ။

ကျောင်းတွင်းမှာလည်း ပဋိပက္ခတွေက မစဲသေးပေ။ သို့သော် တကသ ယာယီ အဆောက်အဦးလေးတစ်ခု ကြိုးစား တည်ဖြစ်ကြသည်။ ဗဆွေလေး၊ ကိုတင်ထွန်း၊ ကိုသက် စသည့် ခေါင်းဆောင်တွေ ပြန်လွတ်လာကြပြီမို့ သည်မှာ ပင် ခိုနား ဝဲပျံလာကြသည်။ ယာယီ အဆောက်အဦးလေး အနောက်ဆောင်ကို လက်ဖက်ရည်ဆိုင် ဖွင့်လိုက်သည်ကိုတော့ ခင်ညို အတော် သဘောကျသည်။ အဆောင်နှင့်နီးနီး သောက်ရတော့မည် မဟုတ်လား။

ခင်ညိုတို့တစ်တွေ ပင်မ တက္ကသိုလ်ဘက် ရွှေ့လာရပြီဆိုတော့ မဟင်္သာ က လွမ်းလွမ်းဆွေးဆွေး ကျန်ရစ်ခဲ့ပြန်သည်။ သူလည်း အားငယ်ရှာမည် ဆိုသည် ကို ခင်ညို နားလည်ပေသည်။ သို့လည်း မတတ်သာလှ။

ချစ်ဆွေကတော့ ဘီအေ အောင်သွားချေပြီ။ ကိုယ်တော်က ကံ့ကော်မြေကို မစွန့်နိုင်သေး။ ဒီအိုင်အာ (အပြည်ပြည်ဆိုင်ရာ နိုင်ငံရေး ဒီပလိုမာဘွဲ့) တက်ဖို့ လျှောက်လွှာတောင် တင်ထားပြီတဲ့။ အင်္ဂလိပ်စာ တော်သူဆိုတော့ သူနှင့်တော့ အကိုက်။

စိုးလွင်ကလည်း ပထမနှစ် ဂုဏ်ထူးတန်းတွင် အမှတ်တွေ အလျှံပယ် ဖြစ်နေအောင် များလို့ ဂုဏ်ထူး တစ်ခုတည်း ယူရမည်ကိုပင် အတွေး ကြပ်နေပြန် သတဲ့။ အင်္ဂလိပ် အနုစာပေ၊ ဗမာ အနုစာပေနှင့် သဘာဝတ္ထု ယူသည့် သူလိုလူ ကလည်း အတော်ရှားသည်။ ခွေးကောင်လေး၊ လူသာ ငယ်သည်၊ စာက တော် လိုက်တာများ။

ခင်ညိုတို့ အားလုံး ၀င်ပန်းရကျိုးတော့ နပ်သည်။ ရည်မှန်းချက်တွေ ဖြစ်မြောက်ရမည်ရယ်လို့ ပျော်လည်း ပျော်ရသေးသည်။

ခင်ညို့အတွက် စာအုပ်ဖိုးတော့ သိပ်မကုန်လှ။ မြန်မာစာအတွက် ကျောက် စာတွေ၊ ပျို့တွေ၊ ကဝိလက္ခဏလို စာအုပ်ကြီးတွေကအစ စိုးလွင် စာအုပ် ယူလိုက်ရုံပင်။ ကျန် စာအုပ်တွေကလည်း ချစ်ဆွေနှင့် စိုးလွင် ပေါင်းလိုက်တော့ မဝယ်ရသလောက် ပြည့်စုံသွားသည်။ သည်နှစ် တကယ် လုပ်တော့မည်။

“ကိုခင်ညို၊ ခင်ဗျာ့ ဝင်းစံဖြူ၊ သူ့အမျိုးသားနဲ့ ခွာပြဲသွားပြီ ဆိုပါလားဗျ”

တစ်ညနေ ဆရာ ဦးနန်းဝေ၏ လှည်းတန်း ရှောက်ပင်ခြံ အိမ်တွင် ပန်းချီဆွဲနေစဉ် စိုးလွင်က လာပြောသည်။

ခင်ညို့ ရင်ထဲ တစ်မျိုး ခံစားလိုက်ရသည်။ ပူသလိုလို။

“မောင်ရင် ဘယ်က သတင်း ယူလာပြန်ပြီတုံး”

ခင်ညိုက သူ့ အနားတွင် ဆေးပြင်းလိပ် ခဲပြီး ထိုင်နေသော ဆရာ့ကို လှမ်းကြည့်လိုက်ရင်း စိုးလွင်ကို ပြန်မေးသည်။

“ခက်တဲ့ လူပဲ”

စိုးလွင်က စိတ်ပျက်သွားသည်။

“ပြန်ထိုင်စမ်းပါဦး၊ ဘယ်က ကြားလာတာတုံး”

“အဝင်း ပြောတာပေါ့ဗျ၊ ကျုပ်က ခင်ဗျားကို မြင်ရတာ စိတ်မချမ်းသာ လွန်းလို့ သူ့ကို စုံစမ်းခိုင်းတာ၊ ဟိုလူ ခင်မောင်ရီ ဆိုတဲ့ ဆရာနဲ့လည်း တွဲတာ မတွေ့တာနဲ့ မိန်းကလေးချင်းဆို သိမှာပဲဆိုပြီး မေးကြည့်တာပေါ့ ဗျ”

“ကိုယ်လည်း အခြေအနေ ကြည့်နေတာ ဖိုးစိုးလွင်ရ၊ ခုတလော ကိုယ့် ကိုလည်း သိပ်လိုက်လျောတယ်၊ ပြီးတော့ သူ့ဆရာလည်း လာတာ မတွေ့ဘူး”

“ခင်ဗျားကတော့ ခုထိ စွဲတုန်းမို့လား”

“ဟာ စွဲတာပေါ့ဟ”

“အင်း”

ဦးနန်းဝေက ပြုံးပြီး “အင်း”တစ်လုံးတည်း ဆိုလိုက်သည်။

“ခင်ဗျားဟာက ပန်တော်ကျကြီးပါဗျာ”

စိုးလွင်က နောက်ရွှတ်ရွှတ်နှင့် ခင်ညို့ကို စသည်။

“ဟ... ဖီလော်ဆော်ဖီ ဂုဏ်ထူးတန်းသားကြီးကလည်း ဒါတွေ လုပ်နေ ရသေးလား၊ မေတ္တာမှာ အသစ်တွေ အဟောင်းတွေ မလိုပါဘူးကွာ၊ ရိုင်းရိုင်း ပြောရရင် စားပြီးသား ပန်းကန်တောင် ရေဆေးလိုက်၊ ပြောင်သေးတာပဲ”

“ဒွတ်တဲ့မှပဲ”

ဆရာနန်းက ကုလားထိုင် နောက်မှီတွင် မှီချလိုက်ရင်း သူ့တပည့်ကို လှောင်လိုက်သည်။ ပြီးတော့ မေးလိုက်သေးသည်။

“အခုနေ မင်း ကောင်မလေးက ယူလှည့်ပါဆိုရင် ယူမှာပဲလား” တဲ့။

“ကပြီးတောင် ယူသေးတယ် ဆရာရဲ့”

“တစ်ခုလပ် ဖြစ်နေပြီ ဆိုရင်ကောကွာ”

“အို... ဆရာရယ်၊ ကလေးပါ ပါလာရင် ပါလာပေ့စေ”

“အဖြစ်ကလည်း ဒါလောက်တောင် သဲတယ်နော်”

စိုးလွင်နှင့် ဆရာနန်းက လက်ခုပ် လက်ဝါးများပင် တီးပြီး ရယ်နေကြသည်။ လှောင်လည်း လှောင်စရာကိုး။

တကယ့် ခင်သို့ စိတ်တွင်တော့ ဒီသတင်းသည် “မင်းကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးပေးဖို့ စိုင်းပြင်းနေပြီ” ဆိုသော သတင်းထက် တန်ဖိုး ရှိပေလိမ့်မည်။ ကြည့်လေ၊ သူ ချစ်တဲ့သူကို သူ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ချစ်ရတော့မည် ဆိုတော့။

စိုးလွင် သတင်းနှင့် သူ မယုံနိုင်သေး။ မစိန်စိန်ကို ရှာပြီး မေးရပြန်သည်။ မစိန်စိန်ကတော့ ဘုဂ္ဂသမား။

“အို... ဘာဖြစ်လို့ သူများအကြောင်း သိချင်ရတာလဲ ကိုခင်ညိုရယ်”

ဟုတ်ပေပြီ။ စိန်စိန်ပင် မပြောချင်လောက်အောင် သူတို့ အချစ်ရေးက မပြေမလည် ဖြစ်ရပြီကိုး။

ဘာပဲဖြစ်ဖြစ် ခင်ညို ဆုံးဖြတ်ချက် အခိုင်အမာကို ချလိုက်ပြီ။ ဒီတစ်ခါ တွေ့လျှင် ဖြူကို ပြောတော့မည်။ သူ့ဝေဒနာနှင့် သူ့မေတ္တာကိုလေ။

သည်ကြားထဲလည်း နီးစပ်ရာတွေကို မေးမြန်း စုံစမ်းရသေးသည်။ ဖြူကို စိတ်ဝင်စားနေသည့် ဖြူတို့ ပဲခူးသား ကိုတင်အောင်ကတော့ ပြောသည်။

“ချာတိတ်မက သိပ်သဘောကျတာ မဟုတ်ဘူးဗျ၊ လူကြီးတွေက စီစဉ် တာမို့လို့ သူ မငြင်းသာဘဲ လုပ်တာနဲ့ တူပါတယ်ဗျာ၊ ခုတော့ မစစ်မှန်တဲ့ မေတ္တာတို့ရဲ့ ထုံးစံအတိုင်းပေါ့၊ ခွာပြဲပြီနဲ့ တူပါတယ်၊ ဟို ဖိုးချောလည်း သူနဲ့ကို မတွဲတော့ဘူးတဲ့” ပဲခူးသား လှမိုး ပြောတော့လည်း တစ်မျိုးပင်။

“ဟာဗျာ၊ ခင်ဗျားမို့လို့ ဒီအမျိုးသမီးကို သဘောကျနေတယ်၊ သူက ရည်စားကို ထည်လဲနဲ့ ထားတာဗျ၊ ကျွန်တော်နဲ့ ကျောင်းနေဘက်ပဲ၊ ကျွန်တော် အကုန်သိတယ်၊ ဒီကောင်မလေး ငါးတန်းကတည်းက ရည်းစား စထားတာ

“ဟုတ်ပါ့မလား ကိုလှမိုးရဲ့”

ခင်ညိုက နားသာ ထောင်နေရသည် မယုံပေ။

“ဪ... သိပ် ဟုတ်တာပေါ့ဗျာ၊ လိပ်ပြာကန် ထောင့်နားက ချာတိတ်နဲ့ အရင်ကဆို တစ်တွဲတွဲပေါ့ဗျ၊ သူ့အရင်ကလည်း ရည်းစားတွေမှ တစ်ထမ်းကြီး၊ ဒါပေမဲ့ အဲဒီကောင်လေးနဲ့ကျတော့ မြဲတယ်ဗျ၊ သူ ရန်ကုန်မှာ ကျောင်းသွား မနေခင်အထိ ကျွန်တော်တို့ မျက်စိရှေ့မှာ တစ်တွဲတွဲပဲ”

“ဟာဗျာ၊ အိမ်နီးနားချင်းမို့ ဖြစ်မှာပေါ့”

“အောင်မယ်လေး ကိုခင်ညိုရယ်၊ ကျုပ်လည်း သူတို့ ကိုယ့်မင်းကိုယ့်ချင်း လမ်းနား နေလာတဲ့ အကောင်ပါ၊ အတွင်းသိ အစင်းသိ”

“အဲဒီ ချာတိတ်နဲ့ ဘာလို့ ကွဲသွားတာလဲဗျ”

“အဲဒါတော့ အတိအကျ မပြောတတ်ဘူးဗျ၊ သူတို့ လူကြီးချင်း အဆင် မပြေရာက စတာနဲ့ တူတာပဲဗျာ၊ စီးပွားပြိုင်ဘက်တွေ မဟုတ်လားဗျ”

“အေးဗျာ၊ လူကြီးတွေကြောင့် လူငယ်တွေရဲ့ ချစ်ခြင်း ကွဲရတယ် ဆိုတာ ကတော့ တကယ် ကြေကွဲစရာ ကောင်းတာပေါ့”

“အောင်မယ်လေး၊ ခင်ဗျားက ဝင်ပြီး ကြေကွဲနေလိုက်သေးတယ်၊ ခင်ဗျား ဟာမလေး ဘာကြာလို့လဲ၊ ဒီဆရာ ကိုခင်မောင်ရီ ဆိုတဲ့ လူနဲ့ တွဲပြန်တာပဲ၊ ဟို ချာတိတ်ကလည်း အောင်လာတဲ့ နှစ်ကတည်းက အင်းလျားက ဟာလေး တစ်ယောက်နဲ့ တွဲနေတာပဲ”

ခင်ညို ကိုလှမိုးကို နိုင်အောင် မပြောနိုင်ပေ။ ချက်လက် ကျနစွာ ပြောသော သူ့စကားတွေကလည်း တိကျ ခိုင်မာလွန်းလှသည်။

“မိန်းမတွေဟာ ဒီလိုပဲ ကိုခင်ညို၊ ခင်ဗျားက ဒီဘက်မှာ အတွေ့အကြုံ နည်းသေးတော့ သိပ်အထင်ကြီးနေတာ၊ အလကားဗျ၊ သူတို့မှာ ချစ်ခြင်းမေတ္တာတို့ သစ္စာတရားတို့ဆိုတာ သိပ်ရှိတာ မဟုတ်ဘူး၊ သူတို့သိတာ စီးပွားရေး အမြင် တစ်ခုတည်းပဲ”

“ဒီလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ ကိုလှမိုးရယ်၊ မေတ္တာကို တန်ဖိုး ထားတဲ့ မိန်းမတွေလည်း ရှိပါတယ်လေ”

“ရှားပါတယ်ဗျာ”

ဝင်းစံဖြူနှင့် ပတ်သက်ပြီး အကောင်းရော အဆိုးရော ခင်ညို ကြားရ ချေပြီ။ ဘာဖြစ်ဖြစ် ခုဆို မိရွှေဖြူက လွတ်လပ်နေပြီ မဟုတ်လား။ အရေးကြီး သည်က ဒါပဲ ဖြစ်သည်။ ခင်ညို ကင်းကင်းရှင်းရှင်း ချစ်ချင်သည်။ နောက်ပိုင်းက ဘယ်လောက် ရှုပ်ခဲ့ပေ့စေ၊ ရည်းစား ထောင်သောင်း တွေ့ခဲ့ပေ့စေ၊ အို... အမှား အယွင်းရှိလို့ သူ့ကျော ဖုတ်တွေပေတဲ့ထိ ဖြစ်ပေ့စေ၊ ခင်ညို ချစ်သည်က ချစ်သည်ပဲ။ ခင်ညို ဒါပဲ နားလည်သည်။

ဖြူဖြူ ကလည်း သူ့ကိုတော့ ခင်မင်မှု အပြည့်ရှိပါသည်။ သံယောဇဉ် လည်း တွယ်တာတတ်ပါသည်။ ပြီးတော့ နာမည် ဖျားမည်ကအစ ဂရုစိုက်သည် မဟုတ်ပါလား။

သည်အခြေအနေမျိုး ဆိုက်ကြုံနေသည့်တိုင် ခင်ညို အခက်ကြီး ခက်ရ ပြန်သည်။ ဖြူကို သူ ရင်မဆိုင်ရဲ။ တကယ် ပြောတော့မည်ဆိုကာမှ သတ္တိက နည်းလှသည်။ ဘယ်လို စရပါ့မလဲ။

“မင်းကွာ၊ တက္ကသိုလ်မှာ ဒီလောက် နေလာပြီးတော့ ဒါလောက် ညံ့ရ လား၊ ပြီးတော့ မင်းနဲ့လည်း အခင်အမင် ရှိတဲ့ဟာကို၊ တဖြည်းဖြည်း နူးပြောပေါ့ကွ”

ဆရာယုကို ပြောပြ တိုင်ပင်တော့ ဆရာယုက ခင်ညို့ကို အပြစ်တင် ရင်း၊ စကားပြောရင်း စောင်းပါးရိပ်ခြည် စဖို့ အကြံပေးသည်။

“ဟ အညို၊ ချစ်ရင် ချစ်တယ်ပေါ့ကွ၊ ဗြောင်ပြောပေါ့၊ သူနဲ့ မင်းနဲ့ ဒီလောက် ရင်းရင်းနှီးနှီး တွဲနေကြတဲ့ဟာ၊ ဘာကြောက်နေစရာလိုလဲ၊ ပြီးတော့ မင်းဟာမလေးကလည်း ရှက်ကြောက်နေတဲ့ ဟာမျိုးမှ မဟုတ်တာ၊ သူ့ ကြည့်ရ တာလည်း မင်းကို နားလည်ပုံ ရပါတယ်”

ဆရာ ဦးနန်းဝေကလည်း ချိန်ဆပြီး ပြောပြန်သည်။

မဖြစ်နိုင်ပါ။ ခင်ညို ဖြူကို ချစ်စကား ပြောဖြစ်ဖို့ နေနေသာသာ ကြံစည် စိတ်ကူးလိုက်လျှင် ဝမ်းခေါင်းက ဟာတာတာ ဖြစ်လာသည်။ ရင်ညွန့်က နာလာသည်။ ပြောပင် မပြောရသေး။ ပြောဖြစ်လို့ ရှင်က အရောဝင်တာနဲ့ မိဖြူကို အထင်သေးလား၊ ရှင်လိုလူမျိုး တစ်သက် မမှန်းသေးဘူး” ဆိုပြီး ထွီထွမ် လုပ်သွားလျှင်တော့ ခင်ညို ရင်ကွဲပြီး သေပေလိမ့်မည်။

နောက်ဆုံးတော့ ခင်ညို စာသာ ရေးလိုက်ရပေသည်။

ဖြူ

ကိုယ် စကားနှင့် ပြောဖြစ်အောင် အင်အားမရှိလို့ စာရေးလိုက် တာပါ။ ဖြူ သိတဲ့အတိုင်းပဲ၊ ကိုယ် ဘယ်မိန်းကလေးကိုမှ မချစ်ဖူးပါဘူး ဖြူရယ်။ ဖြူကို ပန်းချီ သင်တန်းဘေးမှာ စိန်စိန်နှင့် တွေ့တဲ့ နေ့ ကတည်းက ကိုယ် ချစ်မိတယ်။ တစ်ခါဖူးမျှ တစ်စုံတစ်ယောက်ကို မချစ်ဖူးတဲ့ မေတ္တာမျိုးနှင့် ကိုယ် ချစ်မိပါတယ်။ ကိုယ် ချစ်ပေမဲ့ ကိုယ့် အချစ်ကို မျိုသိပ်ခံပြီးတော့ ပင်ပန်းခဲ့ရတဲ့ ရက်တွေ များပါပြီ ညီမရယ်။ ချစ်ပေမဲ့ ချစ်တယ်လို့ မပြောသာ၊ ချစ်တယ်လို့ မပြောရဲတာမို့ ကိုယ့်ရင်မှာ တင်းကျပ်ခဲ့ရတယ်။ ခုတော့ ရင်ပွင့်တော့မယ် ညီမရေ၊ ရ ချစ်ရုံနှင့် ပွင့်အန်ပြီး ထွက်လာတော့မယ့် ကိုယ့် နှလုံးသားရဲ့ အစေအခိုင်းကို ကိုယ် မလွန်ဆန်သာတော့ဘူး။ ကိုယ့် ရင်ထဲက ဝေဒနာဟာ လုပ်အား များလွန်းလို့ အောင့်အည်း သည်းမခံနိုင်တဲ့ အဆုံး ကိုယ် အရဲကိုးပြီး စာရေးတာပါ။

ကိုယ် ပျော်ပါရစေ ညီမရယ်၊ ကိုယ့် အချစ်ကို တုံ့ပြန်စေချင် ပါတယ်။ မေတ္တာစစ်နှင့် ချစ်တဲ့ ကိုယ့်အချစ်ကို ဖြူ စဉ်းစားပြီး တုံ့ပြန် စေချင်ပါတယ်။

စာကို ထည့်လိုက်ပြီးကတည်းက ခင်သို့ ရင်တွေ ခုန်နေသည်။ ငါ့ကို စိတ်များ ဆိုးမလား။ စာကိုများ ဆုတ်ဖြဲ ပစ်လိုက်မလား။ ကျောင်းမှာ တွေ့လျှင် ကက်ကက်လန် ရန်များ တွေ့လေမလား။ ခင်ညို တွေးရင်း လန့်နေမိသည်။ ဖြူနှင့် ရင်ဆိုင်ရမည်ကို မလုံမလဲ ချောက်ချား နေမိသည်။ ကြောက်အား ကြီးလှသည်နှင့် ခင်ညို တစ်ရက် နှစ်ရက် ကျောင်းပင် မတက်တော့ချေ။

သည်လောက် ပူလောင်နေသည့် ကြားထဲ ဗ-က-သ ကိုတင်ထွန်းကြီးက လာလိုက်သေးသည်။

“မောင်ခင်ညို၊ ကျောင်းသား လှုပ်ရှားမှုတွေနဲ့ ဆိုင်တဲ့ ဆီဆေးကား ငါးကား ခြောက်ကားလောက် ဆွဲကွာ၊ တို့ ယူနီယံ တဲနန်းလေးမှာ ပန်းချီနဲ့ ဓာတ်ပုံပြပွဲ လုပ်ချင်တယ်၊ မင်း တစ်ယောက်တည်းရဲ့ တစ်ကိုယ်တော် ပန်းချီ ပြပွဲမျိုးဖြစ်ရင် ပိုကောင်းတယ်၊ စကက်ချ် ဆွဲတန်တာလည်း ဆွဲပေါ့ကွာ”

အတော် အလိုက်မသိတတ်သည့် လူကြီး။ ဒီမှာဖြင့် ရင် မီးတောက် နေပြီ၊ တကတည်း။

“ကျွန်တော် ကြိုးစားပါ့မယ် ကိုတင်ထွန်းရယ်၊ နှစ်ပုံ သုံးပုံလည်း ကျွန်တော် ဆွဲထားပြီသား ရှိပါတယ်၊ အချိန်တွေ ရှိပါသေးတယ်”

ကိုတင်ထွန်းကို ကျေနပ်အောင် ပြောလိုက်ရသော်လည်း ခင်ညို ချက်ချင်း စိတ်ဖျောက်လိုက်သည်။

ကြည့်စမ်း။ နှစ်ရက်ကျော်သွားပြီ။ ခုထိ စာမပြန်ပုံထောက်တော့ ဖြူ စိတ်ဆိုးနေလို့ ဖြစ်မည်။ စာပို့သမားက တစ်နေ့ နှစ်ခါ လာသော်လည်း ခင်ညို့ စာကို ယူမလာ။

လေးရက်မြောက် နေ့တွင်ပေါ့။ ခင်ညိုက ခုတင်တွင် လူးနေဆဲ ဖြစ်သည်။ တံခါးပိတ်ပြီး တစ်ယောက်တည်း အလုပ် ရှုပ်နေမိသည်။ မှောက်လိုက်၊ လှန်လိုက်၊ စောင်ခြုံလိုက်၊ စောင်ခွာလိုက်။

“စာ”

တံခါး တရုတ်ကပ်ကြားက စာအိတ်ပြာလေး ကျလာသည်။ ခင်ညို့ ရင်တွင်းမှ “ဒိန်း”ခနဲ အသံကြီး ဖြစ်သွားမတတ်။

ခင်ညို ခုတင်ပေါ်မှ ပြေးဆင်းပြီး စာအိတ်ကို ဖောက်ဖတ်လိုက်သည်။

မနှင်းမြ စာ။

ခင်ညို အတော် စိတ်ပျက်သွားသည်။ စာကို ဆုံးအောင်ပင် မဖတ်တော့။ အုတ်နံရံတွင် ချိတ်ထားသော တယောကို လှမ်းယူပြီး သီချင်း အစအနလေးတွေ ကို ဆက်နေလိုက်တော့သည်။

“ဟေ့လူ”

မျက်လုံး မှေးပြီး ခင်ညို ချွဲနေချိန်မှာပင် တံခါးခေါက်သံနှင့်အတူ စိုးလွင် ခေါ်သံကို ကြားလိုက်မိသည်။

“ဟေ့ ကိုခင်ညို”

စိုးလွင် ထပ်ခေါ် ထပ်ခေါက်မှ တံခါး သွားဖွင့်ပေးရသည်။

“ဪ... ခြင်္သေ့ကြီးနှယ်ဗျာ၊ ဂူအောင်း နေလိုက်တာ အစာရှာလည်း ထွက်ဦးမှပေါ့”

“နောက်မနေစမ်းပါနဲ့ ဖိုးစိုးလွင်ရယ်”

“အောက်က ကျုပ် လှမ်းအော်တာ မကြားဘူးလား၊ အင်းလေ... ဘယ်ကြားပါ့မလဲ၊ ဟိုဘက်ခန်းက ကိုခင်မောင်မြင့်က ထွက်ပြောလို့ ခင်ဗျား ရှိမှန်းသိတာ၊ တကယ့်လူ ဗျာ”

စိုးလွင် အောက်ထပ်မှ ခေါ်နေသည်ကို ခင်ညို လုံးဝ မကြားမိပေ။ သည်နှစ် အလယ်ထပ် ထောင့်ဆုံးခန်း ၄၁ မှာ နေရသည်မှာ အတော် အဆင်ပြေသည်။ အခန်းရှေ့က ဖြတ်သူလည်း မရှိ။ ခါတိုင်းဆို စိုးလွင် အောက်က လှမ်းခေါ်ရုံနှင့် အပေါ်နှင့်အောက် စကားပြောနိုင်သည်။ ခင်ညို့ အခန်း ၄၁ က နေပြီး တောင်ငူဆောင် အရှေ့ဖက် တောင်ပံမှ မောင်မောင့် အခန်းကိုပင် အလွယ်တကူ လှမ်းစကားပြောနိုင်သည်။

“ကိစ္စရှိလို့လား”

အပေါ်ထပ်ထိပင် အထူးတလည် တက်လာသည် ဆိုတော့ ခင်ညိုက တယော ချိတ်ရင်း မေးလိုက်သည်။

“ရှိတာပေါ့ဗျ၊ လက်ဖက်ရည်တိုက်မှ ပြောမယ်”

စိုးလွင်က ဂုဏ်ခံလိုက်သည်။

“မောင်ရင့်နှယ်နော်၊ လုပ်လိုက်ရင် ဒီတိုင်းချည်းပဲ၊ လက်ဖက်ရည် လိုက်တိုက်ရအောင် ဘာအကြောင်းမို့လဲ”

“ခင်ဗျား သိချင်တဲ့ အကြောင်းမို့ပေါ့ဗျ”

“ပြောစမ်းပါ ဖိုးစိုးလွင်ရာ၊ ကိုယ် ကြားပြီးရင် ဆိုင်သွားမှာပါ”

ခင်ညို ချော့တော့မှ ဘသားချော ပျော့တော့သည်။ လက်ဖက်ရည်ဆိုင် ရောက်လျှင် သူပင် ပိုက်ဆံ ထုတ်ပေးရမည်ကို သူ မသိ။ ဒီကဖြင့် ဘိုင်ကျနေ သည်ကို။

“ခင်ဗျား မဖုရားလေးနဲ့ အင်းလျားကန်ရိုးမှာ ဆုံလို့ မှာလိုက်တယ် ဗျာ၊ နက်ဖြန်ကို ကျောင်းတက်ဖြစ်အောင် တက်ပါတဲ့၊ သူ စောင့်နေမယ်တဲ့”

ခင်ညို့ မျက်နှာသည် ပြုံးပြုံးကြီး ပြုံးသွားသည်။ ဝမ်းသားလုံး ဆို့သွား မတတ် ရင်အုံကြီးက ကျပ်ပြီး မို့လာသည်။

“သေချာတယ်နော်”

ခင်ညိုက မေးသာ မေးရသည်။ သည်သူငယ်ချင်းကိုတော့ သူ စိတ်ချ ပါသည်။ သေချာလွန်းလို့ပေါ့။ စိုးလွင်က ညည်းသေးသည်။

“ခင်ဗျားနော်၊ အဲဒါနဲ့ ရူးမယ်” တဲ့။

ခင်ညို ဂျပ်ဆင် ခန်းမကို ကျော်လိုက်ကတည်းက ဝင်းစံဖြူနှင့် ယဉ်ယဉ်နွဲ့ ကို လှမ်းမြင်လေသည်။ သူတို့ နှစ်ယောက်လုံး ကျောင်းဆောင် ရုံးရှေ့က သစ်ပုတ်ပင်ကြီး ခြေရင်းတွင် ထိုင်လို့။

ခင်ညို့ကို မြင်မြင်ချင်းပင် ယဉ်ယဉ်နွဲ့က ပြုံးပြသည်။ ဖြူဖြူကတော့ အကြည်လဲ့ မျက်လုံးနှင့် ပြုံးမလိုလို ချိုမလိုလို။

ခင်ညိုက အဓိပတိလမ်းကို ဖြတ်ပြီးသည်နှင့် မြန်မာစာဌာနကို လှမ်းကြည့် လိုက်သေးသည်။ ဆရာတွေကို မတွေ့။ သူတို့ ဂုဏ်ထူးတန်းက သက်တင်နှင့် ကျော်တင့်ကိုသာ တွေ့လိုက်သည်။ ကိစ္စ မရှိ။

“ဘယ်လိုလဲကွယ့် ကျောင်းပြေးကြီးရဲ့”

သည်အသံကိုသာ ခင်ညို ကြားချင်ပါသည်။ မရွှေဖြူ က မျက်မှန် တပ်လိုက်ရင်း နှုတ်ဆက် စကားလေး။

“ဘယ်လိုလဲကွယ့်”

ခင်ညိုက ဖြူ မျက်ဝန်း ရွှန်းစိုစိုလေးကိုသာ ငေးကြည့်နေမိသည်။ အသံတော့ မထွက်၊ ရင်တွေလည်း ခုန်လို့။

“ဘာဖြစ်လို့ ကျောင်းပြေးရတာလဲ”

“ကြောက်လို့”

ခင်ညို တကယ်ပဲ ကြောက်လို့ပါ။

“ဖြူကိုလား”

ခင်ညို ခေါင်းသာ ညိတ်ပြလိုက်သည်။

“ကြောက်တဲ့လူက ရည်းစားစာတော့ ပေးရဲလား”

ဝင်းစံဖြူက အတော် ဣန္ဒြေကောင်းသည်။ မျက်လုံးက ပြုံးသည်နှင့် ထန်နေခြင်း ရောနေသလိုပင်။

“ဒါက ကိုယ် ချစ်လို့ပဲ”

ဖြူဖြူ တွေသွား၏။ သူ ဘာမှ ပြန်ပြောနိုင်။ အားမရှိတော့သလို ညို သွားသည်။ ခင်ညို့ကို ကြည့်လိုက်တော့လည်း ခင်ညိုက သူ့ကို မျှော်လင့်ခြင်းနှင့် ကြည့်လို့။ ဘေးမှာ ထိုင်နေသည့် ယဉ်ယဉ်နွဲ့ကတော့ ခင်ညို့ကို အားနာဟန် တူသည်။ နှစ်လှမ်းလောက် လှမ်းပြီး ကျောင်းဆောင် ရုံးဘက်ကို မျက်နှာ မူကာ ရပ်နေလိုက်သည်။

“ကိုခင်ညိုရယ်”

ဖြူဖြူက တိုးတိုးညှင်းညှင်းပင် ဆိုလိုက်ပြီး ရင်အုံကြီး မို့တက်လာအောင် သက်ပြင်း ရှူလိုက်လေသည်။

“ကိုယ် လိုချင်တဲ့ စကားကို ပြောပါဦး ဖြူရယ်”

ခင်ညိုက အရဲကိုးပြီး ဒီစကားကို ပြောလိုက်သည်။

“မဖြစ်ဘူး ကိုခင်ညို”

ခင်ညို မူးမိုက်သွားမတတ် အဖြေစကားလေ။ ဒီစကားကလေးကပင် သူ့ အသားတွေကို စပ်စပ်ကျင် နာသွားအောင် ရိုက်ပုတ်လိုက်သလို ခံစား လိုက်ရသည်။ နှုတ်ကတော့ ချက်ချင်း မတုံ့ပြန်နိုင်လိုက်ပါ။

“မဖြစ်နိုင်ပါဘူး ကိုခင်ညိုရယ်”

ခင်ညို စကား မဟနိုင်မီမှာပင် ဝင်းစံဖြူက သူ့ စကား ပိုပြီး ခိုင်လုံ အောင် ထပ်ပြောလိုက်ပြန်သည်။

“ဘာဖြစ်လို့လဲ ဖြူဖြူ”

မျှော်လင့်ချက်နှင့် ဝေးပြီလားရယ်လို့ ခင်ညိုက ဆို့ဆို့နင့်နင့်ပင် မေးလိုက်၏။

“ဖြူမှာ ရှိတယ်”

“ဘယ်လို

“ဖြူမှာ ချစ်ရမယ့်သူ ရှိတယ်လို့ ပြောတာပါ”

“မဖြစ်နိုင်ပါဘူး ဖြူရယ်၊ ကိုယ် ဖြူအကြောင်း စုံစမ်းပြီးပါပြီ”

“ဖြူအကြောင်း ကိုခင်ညို မသိပါဘူး”

ဝင်းစံဖြူ အသံကလည်း အက်ကွဲ ဆို့နင့်သံပင်။

“မညာပါနဲ့ ဖြူရယ်”

“ကိုခင်ညိုရယ်၊ ဖြူ ဘယ်တော့မှ မညာပါဘူး၊ ညာလည်း မညာတတ်ပါဘူး၊ ညာလည်း မညာချင်ပါဘူး”

“သူကိုယ့် အချစ်ကို လက်မခံရင်တော့ ကိုယ် ရူးလိမ့်မယ် ဖြူ၊ ကိုယ်က မျှော်လင့်ချက်ကြီးနဲ့ ရူးနေတာလည်း ကြာပါပြီ၊ ဖြူမှာ ချစ်ရမယ့်သူ ရှိနေတယ် ဆိုတာလဲ ကိုယ် မယုံဘူး၊ ကိုယ် စုံစမ်းပြီးမှ စာရေးတာပါ”

ခင်ညိုသည် ပြောပြီး မြန်မာစာဌာနဘက်သို့ လှည့်ကြည့်မိပြန်သည်။ ကိုကျော်တင့်က သူ့ကို ပြုံးပြသည်။ ခင်ညိုက ပြန်ပြုံးပြနိုင်ဘို့ အားမရှိပါ။

“ဝိုင်းပြောပေးပါဦး ယဉ်ယဉ်နွဲ့ရယ်၊ ဖြူက ကျွန်တော့်ကို ညာတယ်ဗျာ”

ခင်ညိုက သစ်ပင်ကွယ်ပြီး ရပ်နေသည့် ယဉ်ယဉ်နွဲ့ကို အရူးလို အကူ အညီ တောင်းနေပြန်သည်။ ယဉ်ယဉ်နွဲ့က သူတို့ထံ လှည့်လာသည်။ ပြားကို

“တကယ်ပြောတာပါ ကိုခင်ညိုရယ်၊ မယုံရင် မနွဲ့ကို မေးကြည့်ပါ”

“ဟုတ်ပါတယ် ကိုခင်ညို၊ ကိုခင်ညို စာကို သူ ဖတ်ပြီးတော့ နွဲ့ကိုလည်း ပြောပါတယ်၊ မိဖြူလည်း ကိုခင်ညို့အတွက် စိတ်မကောင်း ဖြစ်နေတယ်၊ ဖြူမှာ ကိုခင်သို့ အရင် ဦးတဲ့သူ ရှိနေတာ တကယ်ပါ”

“ဖူးစာမှာလည်း ဦးရာလူက ရတမ်းလား မနွဲ့ရယ်”

ခင်ညိုက မယုံသော်လည်း သည်စကားကိုတော့ ယဉ်ယဉ်နွဲ့ကို ပြော လိုက်သည်။ စိတ်ဝေဒနာ အရှိန်ကတော့ ဘယ်မှာ ငြိမ်းနိုင်ပါတော့မည်လဲ။

“ကျောင်းတက်ပါ ကိုခင်ညိုရယ်”

ငေးငေးငူငူနှင့် ဘွဲ့နှင်းသဘင် ခန်းမကြီးကို ကြည့်ပြီး ငိုင်နေသော ကိုခင်ညိုကို ဖြူဖြူက စိတ်မချမ်းသာစွာ ကြည့်ရင်း ပြောလိုက်သည်။

“ကျောင်းက အရေးမကြီးပါဘူး ဖြူရယ်”

စာကိုသာ ချစ်သည်၊ ပညာ ရှာရမည်ရယ်လို့ ရည်ရွယ်ချက် ကြီးခဲ့သည့် ခင်ညိုက သည်လို စကားမျိုး ပြောလိုက်သည်။

“အို... ကိုခင်ညိုရယ်၊ ဖြစ်မှ မဖြစ်နိုင်တဲ့ ဟာကို ဘာဖြစ်လို့ စိတ်ဆင်းရဲ ခံနေရတာလဲကွယ်၊ ဖြူ ကြောင့်တော့ ကိုခင်ညို ဒီလို မဖြစ်စေချင်ဘူး၊ ကိုခင်ညို့ ရည်မှန်းချက်တွေ မပျက်စီးစေချင်ဘူး”

ခင်ညိုသည် မြက်ခင်း စိမ်းလဲ့လဲ့ကိုသာ ခေါင်းစိုက်ကြည့်နေရင်း မောပန်း နွမ်းလျစွာ ငြိမ်နေမိသည်။ တက္ကသိုလ် ရုံးနှင့် ဂျပ်ဆင် ခန်းမဆောင်ဘက် ကူးနေသန်းနေသူတွေကတော့ ခင်ညိုတို့ သုံးယောက်ကို မထူးတော့သလို မျက်နှာ လွှဲသွားသည်။ သည်လို နှစ်ယောက်တွဲ၊ သုံးယောက်တွဲတွေသည် တက္ကသိုလ် မှာ မဖြစ်ချင် အဆုံး မဟုတ်လား။

“ကိုယ်တော့ ဘာမှ မသိတော့ဘူး ဖြူဖြူ၊ ဖြူကို ချစ်တာ တစ်ခုတည်းပဲ သိတယ်၊ ကိုယ် ဘာမှလည်း လုပ်လို့ မရဘူး၊ အခုအချိန် ဘာကိုမှလည်း စိတ်မဝင်စားတော့ဘူး”

ခင်ညိုက ခေါင်းသာ တွင်တွင်ငုံ့ပြီး တုန်ယင် အက်ကွဲသံနှင့် သည်လို ပြောလိုက်သည်။ ယဉ်ယဉ်နွဲ့ တစ်ယောက်လည်း ကြားက စိတ်မကောင်း တော့ပေ။ သူလည်း ခေါင်းတွင်တွင် ငုံ့လို့။ ဖြူ တစ်ယောက်သည်သာ ခက်တော့ ခက်ကြပြီ ဆိုသော အတွေးမျိုးဝင်ပြီး ခင်ညိုကို ကရုဏာ မျက်လုံးနှင့် ကြည့်နေ တော့သည်။ ပြီးတော့မှ...

“မနွဲ့ရယ်၊ ဖြူတော့ သေသာ သေလိုက်ချင်တော့တာပဲ” တဲ့။

ဖြူက သူ့ အခက်အခဲနှင့် သူမို့ ယဉ်ယဉ်နွဲ့ကို တိုင်တည်ပြီး ညည်းညူ လိုက်သည်။ သူလည်း မဖြစ်နိုင်ဘူးရယ်လို့ ပြောလိုက်ရသော်လည်း ပေါ့ပါး သက်သာစွာ ပြောလိုက်နိုင်သည်တော့ မဟုတ်ပေ။ သူ့ရင်တွင်းမှာလည်း မီး ဟုန်းဟုန်း တောက်နေရချေပြီ။

“ကျောင်းတက်ပါကွယ်”

နောက်ဆုံးတော့ သူ ဒါပဲ ပြောနိုင်တော့သည်။ ခင်ညိုတို့ ဥပစာတန်း တွင် သင်ရသည့် မုဒုလက္ခဏ ပျို့ထဲကလိုပါပဲလား။ စကား ပရိယာယ် ကြွယ်ကြွယ်နှင့် လိုတာကို တောင်းတဲ့ ရသေ့လို ခင်ညို စကားမဖွဲ့စွမ်းပေမဲ့ တောင်းသူလည်း ငိုရပြီး၊ အတောင်းခံ သူကလည်း ရင်ဖိုရတဲ့ အဖြစ်ပါလား။

သည်နှင့်ပင် မျှော်လင့်ချက် ကြီးကြီးထားပြီး ဖြူ မှာရာသို့ သွားခဲ့သော ခင်ညို တစ်ယောက် နွမ်းလျ ပင်ပန်းစွာ ပြန်ခဲ့ရပါသည်။

“ကိုခင်ညို၊ ခင်ဗျား ကိုယ်ရေး ကိုယ်တာ ကိစ္စတွေ ခဏ လျှော့ထားချိန် တန်ပြီ ထင်တယ်ဗျာ၊ ကျွန်တော်တို့ အဆောင်ကိစ္စလေးတွေလည်း လုပ်ဖို့ ရှိသေး တယ်မဟုတ်လား”

မှန်ပေသည်။ ခင်ညို အမှုဆောင် တစ်ယောက် ဖြစ်နေပါလျက်နှင့် ပေါ့လွန်းလှသည်။ ဥက္ကဋ္ဌ ကိုခင်ဆွေကပင် ခင်ညို့ကို ခုလို ပြောယူရသည်ထိ။

“ကျွန်တော့်ကို ခွင့်လွှတ်ပါ ကိုခင်ဆွေရယ်၊ ကျွန်တော်လည်း ကျွန်တော့် ကိုယ် ကျွန်တော် မနိုင်တော့ဘူးဗျာ”

“ဟ ရဲဘော်ရ၊ ဒီလို ဘာမဟုတ်တဲ့ ကိစ္စနဲ့တော့ ကိုယ်တို့ လုပ်ငန်းကို မထိခိုက်စေချင်ဘူး၊ ကျောင်းတွင်း အခြေအနေလည်း မောင်ရင် သိတဲ့အတိုင်း ရှုပ်ပွေနေတာ မဟုတ်လား၊ ခင်ဗျား ဆင်ခြင်ဗျာ”

သထုံဆောင်က ဥက္ကဋ္ဌ သူငယ်ချင်း ကြည်ဝင်းကလည်း ခင်ညိုကို အချိုသတ်ပြီး ရှုတ်ချသည်။ ကြည်ဝင်းကတော့ စိတ်ဆတ်သည်နှင့်အမျှ နားဝင် ချိုအောင် သိပ်ပြောသူ မဟုတ်။ မခံချင် လဲသေ။ သူ မြင်တာတော့ ရဲရဲသာ ပြောသည်။ စေတနာကောင်းသော်လည်း ဒီလို ကြွပ်ဆပ်ဆပ် ဆောင့်ကြွားကြွား အမူအကျင့်တွေကြောင့် သူ့ကို ချဉ်သူ အော့သူတွေ ရှိသည်။ သူ့အမူအရာကို မှပင် သတ္တိပြောင်သူရယ်လို့၊ လက်ရဲဇက်ရဲ ရှိသည်ရယ်လို့ ချီးပသူလည်း ရှိသည်ပေါ့။

သည်နေရာမှာ ရဲဘော် ခင်ဆွေက လူကြီးဆန်ဆန် အနေအထိုင်လေး တွေတော့ ရှိသည်။ ခင်ညို့ကိုလည်း ညီတစ်ယောက်လို ဖေးမမှု ရှိသည်။ အကူအညီလည်း ပေးသည်။ ဒါပေမယ့်လည်း တာဝန်ကိုတော့ သူက မျက်နှာသာ မပေးလှ။ ဒါကြောင့်သာပေါ့။

“ဖိုးခင်ညို၊ တာဝန်တွေ ပျက်လှပြီ၊ သြဂုတ်လ ၂၄ ရက်နေ့မှာ လုပ်မယ့် ကိုယ်တို့ အဆောင် ရန်ပုံငွေအတွက် ဟောပြောပွဲတော့ မောင်ရင် တာဝန်ယူ ရမယ်”

“အေးဗျာ၊ အဲဒီလို သတ်သတ်မှတ်မှတ် ခိုင်းမှပဲ ကျွန်တော် လုပ်ဖြစ်တော့ မှာပဲ”

ရဲဘော် ခင်ဆွေ ခိုင်းသည့် အလုပ်ကလည်း ခင်ညို ဝါသနာ အလုပ် ကိုးလေ။ အလုပ်ကလည်း ကြည့်ပါဦး။ ဟောပြောပွဲအတွက် စာရေးဆရာတွေ လိုက်ပြီး ဖိတ်ရမည်တဲ့။

ဒါကြောင့်ပင် ခင်ညို ၂ဝ ရက်နေ့ အင်္ဂါနေ့ကတည်းက ဗိုလ်မြဲသွေး အိမ်ရော၊ သခင် တင်မောင် (ကျုံမငေး) အိမ်ရော ခင်ညို အပြီးအပြတ် ကူရှာ ပေးလိုက်သည်။ ဗန်းမော် တင်အောင်ကို ရှာဖို့ အခက်အခဲရှိသည်ဆိုတော့ ကိုခင်ဆွေက ဝိုင်းပြီး တာဝန်ယူပေးပြန်သည်။ သည်နေ့ ဟောပြောပွဲအတွက် တော့ ကိုမိုးဟိန်းက အဆောင်သား၊ အမှုဆောင် မဟုတ်ဘဲ ခရီးစေ့ ကူသည်မို့ အပန်းဖြေရိပ်သာတွင် စနေနေ့ ကျင်းပတော့ အောင်မြင်စွာပင် ပြီးသွားခဲ့သည်။

သည်ရက်တွေ အတွင်းမှာ အဆောင်ကိစ္စ၊ ဟောပြောပွဲ ကိစ္စတွေနှင့် အလုပ်ရှုပ်လှသည်မို့ ခင်ညို ဖြူနှင့်ပင် ထပ်မတွေ့တော့ပေ။ စိတ်ကတော့ အချိန်ပြည့် သီရိမှာ။

အရင်နှစ်တွေက ဖြူနှင့် တွဲနေကျ စိန်စိန်ကြီးကတော့ အင်းလျားမှာ ဥက္ကဋ္ဌပေပဲမို့ သည်နှစ် အလုပ်ရှုပ်သည်။ ဖြူကလည်း ကျောင်းရည်ဝပြီမို့ သူ စိတ်ချဟန် တူသည်။ ပွဲကြီးလမ်းကြီးလောက်သာ သူနှင့် ဖြူ တွဲဖြစ်သည်။ စိန်စိန်နှင့် ခင်ညို တွေ့ချိန်မှာတော့ “ကိုခင်ညို အတန်း မမှန်ဘူးလို့ ဖြူ ပြော သွားတယ်၊ ဟုတ်လား” ဟု အလေးတစား မေးသည်ကိုပင် “အို... ဘယ်မှာ အချိန်ရှိလို့တုန်းဗျ” ဆိုပြီး လှီးလွှဲလိုက်သည်။

ဒါလောက် ဖြစ်နေရသည့်အထဲ အဆောင်မှာ အမှုဆောင်ချင်း ကွဲရ သေးသည်။ ဆရာ ဦးလှရွှေ ဝမ်းနည်း ကြေကွဲရလောက်အောင် ဒဂုံဆောင်မှာ ကွဲပြီးပြီ။ ခုလည်း မန္တလေးဆောင်က ဂယက်မသေး။ ကိုတင်ထွန်းလေးက အဆောင်မှာ အပြင်းအထန် ဖြစ်နေသည်။ ဒါလောက် အရေးတွေမှာ ဘယ်လောက် စိတ်ပျက်ဖို့ ကောင်းသလဲ။ ကဲ၊ ခင်ညို ကျောင်းက ထွက်သွားချင်လောက်အောင် အားလျော့ စိတ်ပျက်မိသည်။ စိတ်ပျက်စရာတွေက များပြီး မဟုတ်လား။

မကျေနပ်ဘူးဆိုပြီး အဆောင်မှာ မဲပြိုင် ရွေးပြန်တော့လည်း ခင်ဆွေတို့၊ ခင်ညိုတို့ ရှုံးရပြန်သေးသည်။ ၆၆ မဲ၊ ၆၇ မဲ နဲ့ တစ်မဲ ထပ်ကပ်ရှုံးသည်။ သည်အထဲမှာ ၁ဝ၇ မဲက ပယ်မဲဆိုတော့ သည်ရွေးကောက်ပွဲက အမှန် ရှိပါဦး မတဲ့လား။

ပြွန်တန်ဆာသား တောင်ငူဆောင်မှာ အတွင်းရေးမှူး ဖြစ်နေသည့် သူငယ်ချင်း မောင်မောင်ကတော့...

“ဟေ့ကောင်ရာ၊ ဒါလောက် ဗိုလ်လုပ်ချင်နေကြတာ မင်း ဝါသနာ ပါတာပဲ မင်းလုပ်၊ စိတ်ရှုပ် ခံမနေနဲ့တော့” လို့ အကြံပေးသည်။ မှန်လည်း မှန်ပေသည်။ သို့ကတည်း ခင်ညို ငြိမ်ပြီး မနေတတ်ပါ။ သည်အလုပ်တွေပဲ လုပ်ရလိမ့်မည်။ ကျောင်းသွားလည်း ကိုယ့်ကို မချစ်နိုင်ပါဘူး ဆိုသူနှင့် မျက်နှာ ဆုံလို့ ရင်ခုန်ရပေဦးမည်။ ခုတလော စိန်စိန်နဲ့ အတွဲ နည်းသေးခြင်းကပင် ကောင်းလေသေးတော့။

ကျောင်းပြေးပြီး ကျောင်းသား အရေး လုပ်နေရသော်လည်း ခင်ညို စိတ်ပျက်ရသည်ကို ကြည့်လေ။ စက်တင်ဘာလဆန်း ၁ ရက်နေ့မှာ ဖက်ဒရေးရှင်း အစည်းအဝေး ရှိသည်မို့ ခင်ညိုတို့ အစည်းအဝေးတက်သည်။ မန္တလေးဆောင် ကိုယ်စားလှယ်အဖြစ် ကိုခင်ဆွေနှင့် ခင်ညို သွားသည်။ သထုံက ကိုကြည်ဝင်းတို့ လည်း ရှိနေသည်။ သီရိကတော့ ဘယ်လို ပါလာသည်မသိ မိရွှေဖြူက။

ခင်ညို့ သူငယ်ချင်း ချစ်ဆွေက အောင်ပြီး အဆောင် မရသေးသည်မို့ နေ့ကျောင်းသားအဖြစ် လာသည်။ လူတွေကတော့ စုံမှစုံ။

အစည်းအဝေး မစမီပင် ခင်ညိုတို့တွေကို အမှုဆောင် ပြွတ်တွေမို့ စည်းဝေးခန်းမက ထွက်ပေးဖို့ အဆိုတင်သူက တင်သည်။ ညီညွတ်ရေးကဖြင့် တကယ် မရှိတော့ပြီ။ ကိုကြည်ဝင်းရော၊ မန္တလေးက ခင်ညိုတို့နှင့် ခင်ဆွေရော ထွက်ခဲ့ရပါပကော။

တကသ အဆောက်အဦးသစ် တဲနန်းလေး အပြင်ရောက်မှ နာနာ ကျည်းကျည်း ခင်ညို လည်ပြန် ကြည့်လိုက်မိသည်။ ဝင်းစံဖြူက မျက်မှန် ထူထူလေးမှာ မျက်ရည်ပူငွေ့လေးတွေ ပြန်လို့။ ခင်ညိုတို့ ဗိုလ်အောင်ကျော် ကျောက်တိုင်နားရောက်တော့ ဖြူက ပြေးထွက်ပြီး လိုက်လာသည်။

“ဘယ်လိုဖြစ်ကြတာလဲ ကိုခင်ညိုရယ်” တဲ့။

“အခြေအနေ အရပေါ့ဗျာ၊ အတွင်းတိုက်ပွဲဆိုတာ ဒါမျိုးပေါ့”

ကိုခင်ဆွေက ဖြူကို ရှင်းပြလိုက်သည်။

“ကိုခင်ညို ညနေ အင်းလျားကန်ရိုးကို လာခဲ့ပါလား၊ ယဉ်ယဉ်နွဲ့လည်း ကနေ့ည အဆောင် လာအိပ်မှာမို့ သူနဲ့ လမ်းလျှောက်မလို့”

ဖြူက ကိုခင်ဆွေ့ စကား ဆုံးသည်နှင့် ခင်ညို့ကို ဖိတ်ခေါ်ပြန်သည်။ ခင်ညိုက တုံဏှိဘာဝေ ငြိမ်နေပြီးမှ ခေါင်း အသာညိတ်ပြလိုက်သည်။

“ဖြူလည်း အဆောင် ပြန်တော့မယ်၊ အစည်းအဝေးခန်းထဲ ပြန်မဝင်ချင် တော့ဘူး”

ဖြူဖြူက ပြောပြောဆိုဆို ခင်ညိုတို့ အပါးမှ ထွက်သွားသည်။ သုတ်သုတ် သွက်သွက်နှင့်။

“ဖိုးခင်ညို၊ ခင်ဗျား လိုက်ပို့လိုက်ပါလား”

ကိုခင်ဆွေက အကြံပေးသေးသည်။ ခင်ညို မလိုက်လိုတော့ပါ။ ညနေမှ သွားလိုက်မယ်ဗျာ ဟုသာ ပြောပြီး ထွက်လာခဲ့သည်။

ညနေ လေးနာရီခွဲလောက်ကတည်းက ဖြူနှင့် ယဉ်ယဉ်နွဲ့က ကန်ပေါင် ပေါ် ရောက်နေနှင့်၏။ ခင်ညို ရောက်တော့ သူတို့ နှစ်ယောက် နေသားတကျ ထိုင်မိနေကြပြီ ဖြစ်သည်။

“ဒီမှာ လာထိုင်ပါ ကိုခင်ညို

သူတို့နား ရောက်ရောက်ချင်း ဖြူဖြူက သူ့ အနားမှာ လာထိုင်ဖို့ ခေါ်သည်။

“ကိစ္စရှိလို့လား ဖြူ”

“ထိုင်လည်း ထိုင်ပါဦးလေ၊ မတ်တတ်ကြီး”

ခင်ညိုက ဖြူ ညာဘက်မှာပင် ဝင်ထိုင်လိုက်သည်။ ဖြူ ဘယ်ဘက် မှာတော့ ယဉ်ယဉ်နွဲ့က မရှိသလို ငြိမ်နေသည်။

“ဘယ်လို ဖြစ်နေတာလဲကွယ်”

ခင်ညိုက မတုန်မလှုပ် ကျောက်ရုပ်လိုဆိုတော့ ဖြူက မျက်နှာသေ လေးနှင့် မေး၏။ မေးသော်လည်း မဖြေ။ ခင်ညိုကတော့ တုံဏှိဘာဝေ။

“ဖြူကို စကားတောင် မပြောချင်တော့ဘူးလား ကိုခင်ညို”

“ပြောချင်ပါတယ် ဖြူရယ်”

စလေပြီ။ သူ့စကားက လေးလေးပင်ပင်နှင့် မထွက်ချင်သလို။

“ဖြူ စိတ်မချမ်းသာအောင် မလုပ်ပါနဲ့ ကိုခင်ညိုရယ်” “

ကိုယ့်ကို ကိစ္စရှိလို့ မှာတာလား”

“ကိစ္စမရှိရင် ဖြူကို စကား မပြောချင်တော့ဘူးလား”

“ကိုယ် သေလိမ့်မယ် ဖြူ၊ ကိုယ့်မှာ အင်အားလည်း မရှိဘူး၊ အတွေ့ အကြုံလည်း မရှိဘူး၊ ကိုယ့်ကို မလိမ်ပါနဲ့ ဖြူရယ်”

“ဒါကိုပဲ ပြောနေတော့တာပဲကွယ်၊ ဖြူ၊ မလိမ်ပါဘူး”

“မလိမ်ရင် ဖြူ ညာတာပေါ့”

ဘေးမှာ ထိုင်နေသည့် ယဉ်ယဉ်နွဲ့က အသံထွက် ရယ်လိုက်သည်။

“မနွဲ့ရယ်၊ ခင်ဗျားကတော့ ရယ်နိုင်တာပဲ၊ ကျွန်တော်ကတော့ သေ တော့မယ်”

ခင်ညိုက ယဉ်ယဉ်နွဲ့ကို တိုင်တည်ရင်း သူ့အဖြစ် သူ ပြောလိုက်သည်။

“မဟုတ်ပါဘူး ကိုခင်ညိုရယ်၊ နွဲ့ကလည်း ကိုခင်ညို့ကို ကိုယ်ချင်း စာပါတယ်၊ ဖြူ ပြောတာလည်း တကယ်ပါ၊ နွဲ့ အားလုံး သိပါတယ်”

ယဉ်ယဉ်နွဲ့က ရယ်လိုက်မိသည်မို့ ဖြေပြီး ပြောရသည်။

“အရင်တုန်းက ချစ်ရင် ဘာလို့ မပြောလဲ၊ ကျောင်းရောက်စက ပြောရင် ကိုခင်ညို ဒီလို ခံစားရမှာ မဟုတ်ဖူး”

ခင်ညိုက ထိုင်နေရင်း မြက်ပင်လေးများကို နုတ်ကစားနေရာမှ ဝင်းစံဖြူ ကို လှည့်ကြည့်လိုက်သည်။ ဖြူကတော့ မျက်ရည်ဖုံးသော မျက်လုံးအစုံနှင့်။ ခင်ညို ဘာပြန်ပြောရမည်နည်း။

“ဟုတ်တယ် ကိုခင်ညို၊ နွဲ့လည်း စိတ်မကောင်းဘူး၊ ကိုခင်မောင်ရီတို့ အိမ်နဲ့ မိဖြူတို့ အိမ်ချင်း စကားပြောနေတယ်ဆိုတာ ဖြူ၊ ကျောင်းရောက်ပြီးလို့ နေသားကျတော့မှ ပြောတာ”

ယဉ်ယဉ်နွဲ့က ကိုယ်လေးယိမ်းပြီး ခင်ညို့ကို ပြောသည်။ ခင်ညိုကတော့ ရင်မှာ ပူလာတင်းလာပြီမို့ ဘာမျှ ပြန်မပြောနိုင်ပေ။

“နွဲ့ကတော့ ကိုခင်ညို နောက်ကျလို့ ဒီလို ဖြစ်ရတာပဲလို့ ထင်တာပဲ၊ ကိုခင်ညိုနဲ့ မိဖြူနဲ့ ဆိုလည်း စိတ်ချင်းလည်း တူတယ်၊ ဝါသနာချင်းလည်း တူတယ်၊ သိပ်လိုက်မှာပဲ၊ မနေ့ကတောင် မိဖြူကို နွဲ့ ပြောနေရသေးတယ်”

“အခုမှတော့ ပြောမနေပါနဲ့ မနွဲ့ရယ်” ခင်ညိုက ရင်ထဲတွင် ဗလောင် ဆူလာပြီမို့ ဒါလောက်သာ ထိန်းသိမ်း ပြောလိုက်လေသည်။

ခင်ညို ဒါလောက် ထိန်းနိုင်သော်လည်း ဝင်းစံဖြူက ခံစားနေရပါပြီ။ နှုတ်က စကား မတုံ့သော်လည်း သူ့ မျက်နှာက စကားပြောနေပါပြီ။ ခုတော့ သူက ခေါင်းတွင်တွင် ငုံ့ပြီး မျက်မှန် ချွတ်လျက် မျက်လုံးကို ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။

“ကျွန်မလည်း ကြားက စိတ်ညစ်တယ် ကိုခင်ညိုရယ်၊ ရှင်တို့ အဖြစ် ကလည်း တကယ်ပါပဲ”

ဟုတ်ပါသည်။ သည်အဖြစ်ကို ဖြူနှင့် အနီးစပ်ဆုံး ယဉ်ယဉ်နွဲ့က ဘယ်မှာ မခံစားနိုင်ပါမည်လဲ။ သူလည်းလေ လောကီသားပါပဲ။

“ကျောင်းတော့ တက်ပါကွယ်၊ ကျောက်စာတွေလည်း လေးငါးချပ် ထပ်တက်ပြီးပြီ” ဖြူက ကျောင်းတက်ခိုင်းပြန်ပါပြီ။

“တစ်နေ့ကတောင် ဆရာ ဦးဖိုးကျော်မြင့်က မေးနေသေးတယ်၊ မောင်ခင် ညို ကျောင်းပျက်ရက်တွေ များနေပြီတဲ့”

“ကိုယ် စိတ်မပါဘူး ဖြူ၊ ကိုယ် စိတ်ပါတာ ကိုယ် မလုပ်ရရင် ကိုယ် ဘာမှ သိပ်မလုပ်ချင်ဘူး၊ ဆရာတွေ ပြောချင်လည်း ပြောကြပါစေ၊ စာမေးပွဲလည်း သိပ်စိတ်မဝင်စားတော့ပါဘူး”

“ဒီလို မလုပ်ပါနဲ့ကွယ်၊ ဒီလိုဆိုရင် ကိုခင်ညို ဒုတိယနှစ် ဂုဏ်ထူးတန်းကို ဘယ်တက်နိုင်တော့မလဲ၊ ကိုယ့်ကိုယ်ကိုယ် မနှစ်ချင်ပါနဲ့ကွယ်၊ ဒီအတိုင်းဆိုတော့ ကိုခင်ညို ကျောင်းသား အရေးမှာလည်း ဟုတ်တိပတ်တိ မလုပ်နိုင်ဘူး၊ စာလည်း မဖတ်နိုင်ဘူး၊ ဒါအားလုံး ဖြူ၊ ပယောဂကြောင့် ဖြစ်နေတာပေါ့”

ဖြူက နှိုင်းချိန် စဉ်းစားပြီး စေတနာစကားကို ဆိုလေသည်။ ဖြူ စကားဆုံးတော့မှ “ကိုယ် ပြန်တော့မယ် ဖြူ” လို့ တစ်ခွန်းသာ ဆိုပြီး ခင်ညိုက မြေနီလမ်းအတိုင်း ပြန်လာခဲ့တော့သည်။ ငိုက်စိုက်ငိုက်စိုက်နှင့် ခင်ညို ထွက်သွား သည်ကို ဝင်းစံဖြူနှင့် ယဉ်ယဉ်နွဲ့က ကြေကြေကွဲကွဲပင် ကြည့်၍ ကျန်ရစ် ခဲ့တော့သည်။

ဪ “ဟင့်အင်း ဟင့်အင်း” နှင့်သာ စပြီး ဆုံးခဲ့ရသော ညကလေး တကား။

*


အခန်း ၁၇

 

ကိုညို

အကြံဉာဏ်လည်း မပေးတတ်တော့ဘူးကွယ်။ ဖြူ ပယောဂ ကြောင့် စိတ်မချမ်းမြေ့နေတာ မြင်တိုင်း ကိုယ့်ဘဝ ကိုယ့်အခြေအနေကိုပဲ မကျေမနပ် ဖြစ်နေရတယ်။ ဖြူသာ တတ်နိုင်တဲ့ အခြေအနေမှာ ရပ်တည် နေရတယ်ဆိုရင် ကိုညို အလိုကျတဲ့ စကားမျိုး အဖြေပေးမိမှာပါ။ ခုတော့ ဖြူအဖြစ်က ကိုယ့်အတွက်လည်း မတတ်နိုင်၊ ကိုကို့ အတွက်လည်း မကယ်နိုင်တဲ့ အဖြစ်မို့ပါ။

ကိုညို စိတ်ချမ်းသာအောင်သာ နေပါကွယ်၊ ကျောင်းလည်း တက်ပါဦး။ ဖြူကတော့ တတ်နိုင်တဲ့ဘက်က ပေးစွမ်းနေမှာပါ။

ချမ်းမြေ့ စေချင်ပါတယ်။

ဖြူ

အခန်းကို စာရောက်လာတော့ စိုးလွင်ပါ အခန်းတွင်း ရှိနေနှင့်သည်။ ဖြူနှင့် သူ့အကြောင်းကို ဆွေးနွေး နေချိန်တွင်ပင် ဖြစ်သည်။

“ခင်ဗျား အမျိုးသမီးက ခင်ဗျားကို ချစ်တော့ ချစ်နေတာပဲဗျ၊ ဒါပေမဲ့ ဟိုမောင့် ကိစ္စကို မလွန်ဆန်သာဘူးနဲ့ တူပါတယ်”

သည်လိုပင် စိုးလွင်က မှတ်ချက်ချသည်။

“ကိုယ်လည်း ဘာမှ နားမလည်နိုင်တော့ဘူး ဖိုးစိုးလွင်ရယ်၊ မောင်ရင်ပဲ အကြံ ပေးစမ်းပါအုံး ဘာဆက်လုပ်ရမှန်းတောင် မသိတော့ဘူး”

သည်အချိန်မှာပင် စာက ထူးထူးဆန်းဆန်း ရောက်လာ၏။ ခင်ညိုရော စိုးလွင်ပါ စာကို မြန်မြန်သုတ်သုတ် ဖတ်လိုက်သည်။

“မထူးပါဘူး ဖိုးစိုးလွင်ရယ်၊ သူ ပြောပြီးတဲ့ အတိုင်းပါပဲ၊ ထူးတယ် ပြောရရင်တော့ ကိုညိုလို့ ခေါ်ပြီး ရေးလိုက်တာပဲ ထူးတယ်”

“ဟာ... ဒါဆို တစ်ထစ် လျော့တာပဲဗျ၊ ခင်ဗျား ချက်ချင်းကြီးတော့ ကိုယ့်ဘက် ဘယ်ပါနိုင်ပါ့မလဲ”

“မဟုတ်ပါဘူးကွာ၊ မောင်ရင် သူ့အကြောင်း မသိလို့ပါ၊ ဘယ်တော့မှ ကိုယ့်ဘက်ပါမှာ မဟုတ်ဘူး၊ ဒီ မိန်းကလေးက သူများထက် ပြတ်သားတယ်”

“ဟ ကိုခင်ညိုရ၊ ဒါ ပြတ်သားတာ မခေါ်ဘူးဗျ၊ မပြတ်သားလို့ ဒီစာ မျိုး ရေးတာပေါ့၊ ခင်ဗျားကလည်း စိတ်ဓာတ်ကျ အလွန်မြန်ကိုး”

“ကျလောက်တယ် ကိုယ့်လူ၊ ဒီ မိန်းကလေးက ကြည်အေး ဝတ္ထုထဲက မိန်းကလေးမျိုး၊ တစ်ခုခု ဆုံးဖြတ်ပြီးရင် ပြန်ပြင်မယ့်ဟာလေး မဟုတ်ဘူး”

ခင်ညိုက သူတို့တစ်တွေ ကြည်အေး ဝတ္ထုတွေ စွဲလန်းပြီး “ဖုန်းသက် တိုင် ထဲက မေမေစိန် အကြောင်း၊ “ကေဖွဲ့ဆိုသီ” ထဲက ဆွေးအကြောင်း “မီ” ထဲက မီအကြောင်းတွေကို အထူးအဆန်းထားပြီး ပြောနေကြသည်မို့ သည်လို ပြောလိုက်ခြင်း ဖြစ်၏။

“အဲဒါကိုက ခင်ဗျား မှားတာဗျ၊ ခင်ဗျာ့ ဖြူဟာ မေမေစိန်တို့ ထွေးတို့နဲ့ လုံးဝမတူဘူး၊ ဟိုအမျိုးသမီးတွေလိုလည်း ပြတ်သားတာ မဟုတ်ဘူး၊ ကြည်အေး နဲ့ကို မတူဘူးဗျာ၊ တူရင်လေ၊ အို ခင်ဗျားကို ချစ်ပါတယ်လို့ ပြောတာ ကြာပြီ” ဖီလော်ဆော်ဖီ ဂုဏ်ထူးတန်းသားကြီးက ခင်ညိုကို အရည်လည်အောင် ရှင်းပြလိုက်သည်။ ခင်ညိုကတော့ သူ့ကို ပြန်ပြီး ငြင်းချက် မထုတ်တော့ပေ။ ကိုယ့်ဝေဒနာနှင့် ကိုယ်သာ ငြိမ်နေလိုက်တော့၏။

“မင်း ကောင်မလေးကို မင်း ကျေးဇူးတင်ဖို့ ကောင်းတယ် အညို၊ သူက မင်းကို နားလည်လို့ ဒီစာမျိုး ရေးတာပေါ့၊ သူ ပြန်ချစ်တာ မချစ်တာ အဓိက မဟုတ်ပါဘူးကွာ၊ မင်း သူ့ကို ပြန်ပြီး နားလည်ဖို့ အရေးကြီးတာပဲ၊ သူ့အခြေအနေတွေ အားလုံး မင်းကို ပြောပြတာပဲ”

ဆရာနန်းကလည်း လူကြီးစကား သည်လို ပြောပြန်သည်။ ခင်ညိုက သဘောမတူ။ ဘယ့်နှယ်ဗျာ၊ ဆရာတို့ ခေတ်မှ မဟုတ်တော့တာဘဲ။ ကြည့်ပါဦး၊ ပြန်ချစ်တာ မချစ်တာ အဓိက မဟုတ်ဘူးတဲ့။ ဒီမှာဖြင့် နှလုံးသားတွေ ပြုတ်ပျက် ကုန်တော့မယ်။

ဖြူထံက စာရပြီးနောက် နှစ်ရက် အကြာမှာတော့ မမျှော်လင့်ဘဲ ဖြူနှင့် ရှောင်ပုန်း ငိုကြွေးနေသူတို့ တွေ့ပြန်ပါသည်။

ထိုနေ့က ခင်ညိုသည် ဆရာ ဦးနန်းဝေ ပို့ခိုင်းသော စာတစ်စောင်ကို ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေးဌာန တည်ရာ လူမှုရေးသိပ္ပံ မဟာဌာန(SS) အဆောက်အဦး (ယခု စီးပွားရေးတက္ကသိုလ်) သို့ ပို့ပြီး တစ်ယောက်ထီးတည်း ပြန်လာချိန် ဖြစ်သည်။ စက်တင်ဘာလ မိုးကြွင်း နုနုကလေးတွေကလည်း အလုအယက် ဆင်းနေချိန် အခါဖြစ်သည်။ ခင်ညိုက ထီးဆောင်းတတ်သူ မဟုတ်လေ၍ လွယ်နေကြ လွယ်အိတ်ကိုပင် ခေါင်းပေါ်တင်ပြီး လရောင် အောက်မှာ လမ်းလျှောက်နေသလို ဖြည်းဖြည်းချင်း လျှောက်လာသည်။ က သား မာလာဆောင် နောက်နားရှိ စားသောက်ဆိုင်တန်းထဲက ဖြူ ပြေးထွက် လာသောအခါ ခင်ညို ခဏတော့ အမ်းသွားမိသည်။ နောက်တော့ ပြုံးသည် မဟုတ်သော်လည်း မျက်နှာကို လျှော့ပြီး ဖြူကို ရပ်ကြည့်နေမိသည်။

“ဒီအမိုးအောက်ကို ဝင်ပါ၊ ဒါလောက် မိုးရွာနေတဲ့ဟာကို၊ သူ အအေးမိ ဦးမယ်” ခင်ညိုကတော့ ရပ်နေမြဲ။

“ပြောရတာ တယ်ခေါင်းမာတာပဲ”

ဖြူက ထွက်ပြီး ဆွဲခေါ်တော့မလို အားမလိုအားမရ ဖြစ်နေသည်။

တောင်ဘက်တွင်ရှိသော လက်ဖက်ရည်ဆိုင်မှ ကျောင်းသားများနှင့် မြောက်ဘက် တရုတ် ဆီချက်ဆိုင်မှ ကျောင်းသားများကတော့ သူတို့နှစ်ယောက် အဖြစ်ကို နားမလည်နိုင်သလို၊ ရယ်ချင်သလို မျက်နှာပေးမျိုးများဖြင့် အသေအချာ ကြည့်နေကြသည်။ ဒါကို ခင်ညို လုံးဝ သတိ မပြုမိ၊ ဖြူက သတိပြုမိဟန် ရှိသော်လည်း ထီမထင်ဟန်။

“လာပါကွယ်”

နောက်ဆုံး ဖြူ ခေါ်လိုက်တော့မှ ဘသားချောက ရေတံစက်မြိတ်ကို ငုံ့ပြီး ဖြူ နားကို ခုန်ဝင်လိုက်သည်။ ဖြူ ခေါ်ရာနောက် လိုက်သွားသည်။

သူတို့ စောစောက ထိုင်နေသည်မှာ ထိုစားသောက်ရုံထဲမှာ ဒေါ်သန်းကြည် ထမင်းဆိုင်တွင် ဖြစ်သည်။ ဖြူရယ်၊ ယဉ်ယဉ်နွဲ့ရယ် ပြီးတော့ ခင်ညိုထက် ငယ်ဟန်ရှိသော ယောက်ျားလေး တစ်ယောက်ရယ်။ ဖြူ နှင့် ယဉ်ယဉ်နွဲ့က ဒေါ်သန်းကြည်နှင့် မျက်နှာချင်းဆိုင် ယမ်းဘီးလူးဆိုင်မှ သံပုရာရည် မှာသောက် နေပြီး ယောက်ျားလေးက ဒေါ်သန်းကြည်ဆိုင်မှ ထမင်းကြော် စားနေ၏။ ခင်ညို ထိုင်မိသောအခါ ဒေါ်သန်းကြည်က ပြုံးပြပြီး “ခုမှပဲ ပေါ်လာတော့တယ်” ဟု အမြဲ ပြောနေကျ စကားနှင့်ပင် နှုတ်ဆက်သည်။

ဒေါ်သန်းကြည် ဆိုင်မှာ ဆရာယုတို့၊ ကိုသိန်းသန်းထွန်းတို့နှင့် ပတ်သက်ပြီး ခင်ညိုတို့ ခိုနားနေကျ ဆိုင်လို ဖြစ်နေသည်။ ခင်ညိုက ဘယ်သူနှင့် ဒီစားသောက်ရုံထဲ လာလာ၊ ဒီဆိုင်ကို ဝင်ဖြစ်အောင် ဝင်သော်လည်း ဒီဆိုင် ထမင်းကို တစ်ခါမှ မစားဖြစ်။ လက်ဖက်ရည်သာ သောက်မြဲ။

“ထမင်းကြော် စားမလား ကိုညို”

နှုတ်နှင့် ပထမဆုံး ကိုညိုလို့ ခေါ်ခြင်း ဖြစ်သော်လည်း ဖြူက တုံ့နှေး နေခြင်း မရှိ။ ခေါ်ရိုနေသလိုပင်။ ကြားရသူ ခင်ညိုကသာ တစ်ချက် တွေပြီး လှည့်ကြည့်လိုက်သည်။

အမယ်လေး... ငါ့ ညီမ၊ မမကြည်ဆိုင်က ထမင်းကို အညို စားရင် ဘုရားပွင့်မယ်၊ သူ ဘယ်တော့မှ မစားဘူး”

“ဒါဖြင့် သံပုရာရည် သောက်မလား”

“မသောက်ပါဘူး၊ ကိုယ် လက်ဖက်ရည်ပဲ သောက်မယ်”

ခင်ညိုက ပြောပြီး ‘မမကြည် လက်ဖက်ရည် မှာပေးပါဦး” ဟု ဒေါ်သန်းကြည်ကို အကူအညီ တောင်းသည်။

ဒေါ်သန်းကြည်က အော်ပြီး လက်ဖက်ရည် မှာနေစဉ်တွင် “တကယ်ဘဲ” ဟု ဆိုပြီး ယဉ်ယဉ်နွဲ့က ခင်ညိုကို မေးငေါ့ ပြသည်။ ဖြူကတော့ ပြုံးပြုံးလေး။ ကိုညို၊ ဒါ မနွဲ့ မောင်တစ်ဝမ်းကွဲလေ၊ ဖြူတို့ မြို့ထဲမှာ ကိစ္စရှိလို့ သူနဲ့သွားမလို့၊ ခုတော့ ကိုညိုနဲ့ပဲ သွားတော့မယ်၊ သူ့ကို ပြန်လွှတ်လိုက်တော့မယ်” ဖြူက ထမင်း စားနေသူကို မိတ်ဆက်ပေးပြီး ခင်ညိုကို မြို့ထဲ လိုက်ဖို့ ခေါ်သည်။

“အားတယ် ဟုတ်လား”

“ကိုယ် အမြဲ အားပါတယ်”

ဖြူက တစ်ခုခု ပြောမည် ဟန်ပြင်သေးသည်။ နောက်မှ ဘာမျှ မပြောတော့ဘဲ သံပုရာရည်သာ ငြိမ်သောက်နေလိုက်သည်။

ဒေါ်သန်းကြည်ကတော့ အခါတိုင်းလို မဟုတ်သော၊ မိန်းမလှလေး တစ်ယောက်က စကားပြောသည်ကိုပင် ဟက်ဟက်ပက်ပက် မရှိသော ခင်ညိုကို တအံ့တသြ ငေးနေသည်။ ခဏအကြာတွင်ပင် ယဉ်ယဉ်နွဲ့ မောင် ဆိုသူက ယဉ်ယဉ်နွဲ့နှင့် စကား အနည်းငယ် ပြောပြီး အားလုံးကို နှုတ်ဆက်လျက် ထွက်သွားတော့သည်။

ခင်ညိုသည် မည်သူ့ကိုမျှ စကားမပြောဘဲ ဒေါ်သန်းကြည် ချပေးသော လဖက်ရည်ကိုသာ ငုံ့သောက်နေ၏။ လက်ဖက်ရည် သောက်ရင်း “ဘာအကြောင်းများ ရှိလို့ပါလိမ့်” ဟူ၍ ဖြူကိုတော့ တစ်ချက် တစ်ချက် စွေကြည့်သည်။ တစ်ခါတစ်ရံတော့ ဒေါ်သန်းကြည် အရှေ့ဘက် မုန့်တီဆိုင်ဘက်ကိုသာ ငေးကြည့် နေမိသည်။

မုန့်တီဆိုင်တွင် အောင်ကျော် ဘိုကေနှင့် လူတစ်ယောက်ကို သူ စူးစိုက် ကြည့်နေမိသည်။ ထိုလူကလည်း ခင်ညိုကို စိမ်းစိမ်းကြည့်နေသည်။ ရန်သူ တစ်ယောက်ကို ကြည့်နေသည့် မျက်လုံးမျိုး။

ခင်ညို ခေါင်းထဲ ဝေခွဲမရအောင် ဖြစ်နေသည်။ သူ့အသိ များလား၊ သူ့ အလွတ် ပညာသင်ကျောင်းတွေက ကျောင်းသားလား။ မဟုတ်နိုင်ပေ။ သည်လို မျက်လုံးရိုင်းမျိုး သူ့မိတ်ဆွေ လောကတွင် မရှိပေ။ သို့သော်လည်း သည် မျက်လုံးကိုတော့ ခင်ညို မြင်ဖူးသည်။ ပြွန်တန်ဆာကလား၊ မန္တလေး ဆောင်ကလား၊ ကျောင်းမှာလား၊ မြို့ထဲမှာလား။

သူက ဘာလို့ ဒီလို ရိုင်းရိုင်းကြည့်နေရတာလဲ။ ဖြူနှင့် သိလို့လည်း မဖြစ်နိုင်။ ဖြူကိုလည်း သူ တစ်ခါ တစ်ခါ ပြောင်းကြည့်သည်။ သိလျှင် နှုတ်ဆက်ပေမည်။

ဒါဖြင့် သူ ဘယ်သူလဲ။ ခင်ညို စိတ်ကိုထိန်းပြီး သူ့ကို ပြန်စဉ်းစား ပြန်သည်။

“ဆရာဦးနန်းဝေရော နေကောင်းရဲ့လား”

ခင်ညို စွေနေ တွေနေလို့ ဖြူက တိုးတိုးမေးလိုက်သည်။

သိပြီ။

သည်လူ့ကို သိပြီ။

"မေးနေတယ်လေ ဆရာကြီးရဲ့”

“ဪ... ဆရာ နေကောင်းပါတယ်၊ အခုတောင် ဆရာ ခိုင်းလို့ ထရန် စလေးရှင်း ဒီပတ်မင့်က ပြန်လာတာ”

ဖြူက ဆရာဦးနန်းဝေကို မေးမှ မုန့်တီဆိုင်က လူကို ပြန်စဉ်းစား မိသည်။

အိုင်အေ ပထမနှစ် ဖြေပြီး နွေကျောင်းပိတ်ရက်မှာ တွေ့တဲ့ လူပဲ။ ဖြူ၊ စိန်စိန်နှင့် ဇေယျတို့ကို သမဂ္ဂ အဆောက်အဦးဟောင်း လက်ဖက်ရည်ဆိုင် တွင် ပန်းချီကားများ အကြောင်း ပြောပြသည့်နေ့က တွေ့သူပင် ဖြစ်သည်။

ထိုလူက ယခင်လိုပင်။ ယခုလည်း ပင်နီ တိုက်ပုံနှင့် ယခင်ကလိုပင် ရိုင်းပျ ယုတ်ညံ့သော မျက်လုံးနှင့်။

ခင်ညို အတော်ပင် စဉ်းစားရ ကျပ်နေသည်။ ကိုယ့်အပူနှင့် ကိုယ် ရင်ဆူ နေရသည်ကို ဘာအကြောင်းနှင့် သည်လူ ရန်လိုနေပါလိမ့်။ သို့သော် လူတွေ ပြည့်နေသည့် သည်လောကမှာ သူနှင့် ရင်မဆိုင်ချင်သေး။ ဖြူတို့ လည်း ရှိနေသေးသည်။ နှစ်ယောက်ချင်း တွေ့မှ မေးရပေဦးမည်။ နေနှင့်ဦး နဂါး မျက်လုံးရေ။

ခင်ညိုတို့ စားသောက်ရုံလေးထဲက ထွက်လာချိန်ထိလည်း ထိုလူက ကြည့်နေသေးသည်။ သည်တစ်ခါ ထိုလူ ထိုင်နေသည့် ဆိုင်နားက ဖြတ်လာ သည်မို့ သူ့ကို အသေအချာ ကြည့်လိုက်သည်။ လူက နှာခေါင်းကြီးကြီး၊ ကျောက်ပေါက်မာ ကျိုးကျဲကျဲ ရှိသည်။ ပင်နီ တိုက်ပုံအင်္ကျီကိုတော့ အတော် မြတ်နိုးပုံ ရသည်။ လူ အချိုးအစားကတော့ သားသားနားနားပေပဲ။ တက္ကသိုလ် ကျောင်းသားပဲ ဖြစ်မည်။

“ဘာတွေ စဉ်းစားနေပြန်တာလဲ ဆရာကြီးရဲ့”

မာလာဆောင်နှင့် ဂျပ်ဆင် ကောလိပ် ကြားလမ်းက ဖြတ်လာစဉ် ခင်ညိုက ထိုလူအကြောင်း စဉ်းစားနေမိသောကြောင့် ဖြူက မေးခြင်း ဖြစ်သည်။ ဖြူ၊ ထင်သည်ကတော့ သည်လူ ခုထိ စိတ်မပျက်နိုင်သေးဘူး။ အတော် အစွဲ အလန်း ကြီးတဲ့သူ။ မရနိုင်ပါဘူးဆိုကာမှ ပိုလိုချင်သူ။ ခေါင်းမာလွန်းသူရယ်လို့။

“ပြုံးပြုံးရွှင်ရွှင်များ နေစမ်းပါဦး ကိုညိုရယ်”

သည်လို ကိုညိုလို့ ပြောင်းခေါ်သည်ကိုတော့ ခင်ညို ကျေနပ်ပါသည်။ သို့သော် မချစ်နိုင်သူ၊ ချစ်ရမည့်လူ ရှိနေသူက ဘယ်လို အကြောင်းနှင့် ပြောင်း ခေါ်ရမည်နည်း။

“ကိုညို ခဏလေး စောင့်နော်၊ ဖြူတို့ စာအုပ်တွေထားပြီး အခု ပြန်ဆင်းခဲ့မယ်”

သီရိဆောင် အချိုး ဂျပ်ဆင်ရိပ်တွင် ခင်ညို့ကို ခဏစောင့်ခိုင်းပြီး ဖြူနှင့် ယဉ်ယဉ်နွဲ့ နှစ်ယောက် အဆောင်ထဲ ဝင်သွားသည်။ ခင်ညိုက သူတို့ ထားခဲ့သည့် ဂျပ်ဆင် ဘုရားရှိခိုးကျောင်း ဆင်ဝင်အောက်ရှိ ဝါးရုံရိပ်တွင်ပင် မလှုပ်မယှက် ရပ်နေရင်း သူတို့ ပြေးသွားသည်ကို ကြည့်လိုက်၏။

မပြေးသော်လည်း သွက်သွက် လျှောက်သွားသော ဖြူ ဟန်သည် လှုပ်လီ လှုပ်လဲ့ ပင်ကိုနွဲ့မို့ ခင်ညို သက်ပြင်းချရပြန်တကား။

“ရုပ်ရှင် ကြည့်မလို့ ကိုကို့ကို ခေါ်ခဲ့တာ သုံးဘီးကားပေါ် ရောက်လျှင် ဖြူက သွားလေး ဖွေးဖွေးတွေပေါ်အောင် ပြုံးပြီး ခင်ညိုကို ပြောသည်။ ယဉ်ယဉ်နွဲ့ ကလည်း “လူအကြီး ပါလာပြီ၊ ခုတော့” ဆိုသော ဟန်မျိုးနှင့် ခင်ညိုကို ယဲ့ယဲ့လေး ပြုံးကြည့်၏။ ခင်ညိုကတော့ အပေါ်နှုတ်ခမ်းလေးကို ကိုက်ပြီး ဖြူကိုသာ စိုက်ကြည့်နေလိုက်လေသည်။

“ဘယ်လိုလဲကွယ့်၊ ရုပ်ရှင်ထဲက မင်းသားကြီး ကျနေတာပဲ၊ ဣန္ဒြေ ကြီးနဲ့၊ ကြည့်ပါဦး မနွဲ့ရယ်”

ဖြူက ရှေ့ခုံရှိ ခင်ညို့ကို ပြောရင်း ဘေးက ယဉ်ယဉ်နွဲ့ကို လက်တို့ ပြလိုက်၏။

“ကိုယ်က မင်းသား မဟုတ်ပါဘူး၊ ဖြူဖြူတို့ မင်းသား၊ မင်းသမီး ဇာတ်လမ်းထဲ နောက်မှ ဝင်လာတဲ့ လူကြမ်းပါ”

ခင်ညို့ကို စရင်း ပြုံးနေသော ဖြူ မျက်နှာသည် ခင်သို့ စကားကြောင့် ပြောင်းသွားသည်။ ရှုတည်တည်။ ယဉ်ယဉ်နွဲ့ကတော့ နေရထိုင်ရ ကျဉ်းကျပ်လာ ဟန် တူသည်။ သုံးဘီးကား သွားရာ ကျန်ရစ်ခဲ့သည့် မိုးစိုနေသော ကတ္တရာ လမ်းကိုသာ အတွေးဖြင့် ငေးကြည့်နေလိုက်သည်။

“ဘာကား ကြည့်မလို့လဲ”

ဖြူ မျက်နှာ မကြည်မသာ ဖြစ်သည်ဆိုတော့ ခင်ညို ရင်ထဲမှာလည်း ပူနွေးလာရပြန်သည်။ ဖြူကို သူကပင် အချော့စကား ပြောရပြန်သည်။

“အိတ်စယ်စီယာမှာ ချစ်တဲ့သူရဲ့ ရင်ခွင် သွားကြည့်မလို့”

အိဖြူက စောစောကလောက် မအိုသော်လည်း မပျိုသေးသည့် မျက်နှာနှင့် ဖြေသည်။

သည်လိုဆိုတော့ ခင်ညိုက လေတိုးတိုင်း ယိမ်းထိုး ကစားနေသည့် ဖြူ ဆံယဉ် စလေးများကို ငေးကြည့် နေပြန်သည်။ ဝါဂွမ်းနုလေးလို ဖြူနေသည့် ညံ့ညံ့သက်သက် စိုပြည်သော အသားပေါ်တွင် သည်ဆံနုလေးတွေက ဖြူနေ ချေသည်တကား။ ခင်ညိုသာ ဆံမြိတ်စုလေးဆိုလည်း လေခိုပြီး ဖြူ ပါးနုနုလေး ပေါ်မှာ ယိမ်းကစားနေမယ် ထင်ပါတယ်။ ကြည့်ပါဦး၊ ဖြူ ပါးပေါ်က ဆံနု လေးတွေက မနာလိုစရာ။

ခင်ညိုက သူ့ရှေ့တွင် ပျံ့ပျံ့လေး ညှိုးငယ်ငယ် တွေနေသော ဖြူကို စွဲစွဲလန်းလန်းပင် ငေးကြည့်နေပြန်သည်။ နှစ်ယောက်လုံး ငြိမ်ချက်သား ကောင်း နေပြီဆိုတော့ သုံးဘီးကား စက်သံကပင် ဆူလွန်းနေ၏။ ယဉ်ယဉ်နွဲ့ကလည်း လမ်းနှင့် မျက်နှာ မခွာပြန်။

ခင်ညိုလိုပင် ဖြူကလည်း ခင်ညို့ကို စွေကြည့်နေပြန်သည်။ ခင်ညို့ အကြည့် အဓိပ္ပာယ်မျိုးနှင့်တော့ မတူနိုင်ပေ။ ခင်ညိုက မရနိုင်သော စပျစ်သီးမှ ချိုသကွ ဆိုသော လိုလိုချင်ချင် နှမြောတသ ရသော ခံစားချက်မျိုးနှင့် ဖြစ်ပြီး ဖြူကတော့ ငါ့ကြောင့် ကိုညို စိတ်မချမ်းမသာ ဖြစ်ရရှာပေတယ်ဟူသော ကရုဏာ အကြည့်။

ဖြူ့ ဆံမြိတ်လေးက လေတွင် ဝေ့ဝေ့ဝဲဝဲပင် ရှိသေးသည်။ မျက်နှာပေါ်က မှဲ့ညိုညိုလေးတွေကလည်း နေသားတကျ ရှိနေသလိုပင်။ အသေချာ ကြည့်မိ တော့မှ ဖြူ သွားဖြူဖြူ ပုလဲသွယ်လေးတွေက အညီတော့ မဟုတ်။ ရှေ့ကို နည်းနည်း ယိုင်နေသလို။ ဒါကပင် ယဉ်နေသေးတော့။ သူတကာ အလှနှင့် ယှဉ်မရသည့် အလှမျိုး ဖြစ်နေသေးတော့။

ကား အရှိန်၊ လေ အရှိန်နှင့်ဆိုတော့ အင်္ကျီပါးလေးက သူ့ကိုယ်မှာ ထွေးပိုက်ထားပြန်သည်။ သည်တွင်မှ သူ့နဂိုနေ အချိုးက ပေါ်သည်လေ။ မို့မို့ မောက်မောက်ဖြိုးဖြိုးပြေပြေ အဆင်းကို ခုမှ တွေ့ရသည်လေ။

ခြုံလိုက်တော့ ဖြူ လှသည်၊ ယဉ်သည်၊ နွဲ့သည်။ ဖြူ အလှက လှတန် သည်ကို ကျူးကျော်နေသည့် အလှပေပဲ။ သည်အလှပိုင်ရှင်မလေးကိုမှ ခင်ညို နောက်ကျခဲ့ရသည်။ ခင်ညို့ ကုသိုလ်ကံ။

“ဘီဒီအက်စ်ကို ဝင်ဦးမယ်လေ ဖြူ ရယ်၊ ဝယ်စရာ တွေ့ချင် တွေ့မယ် ထင်တယ်”

အတွေးကောင်းတုန်း တစ်မျှဉ်းမျှဉ်းနှင့် ခံစားချက် ရှိနေတုန်းမှာပင် ယဉ်ယဉ်နွဲ့က လှည့်ပြီး အကြံပေးသည်။ သုံးဘီးက ဆန်းကဖီးရှေ့ ရောက်လာပြီ ဖြစ်သောကြောင့် သူလည်း သိမ်ကြီးဈေးဘက် သွားဖို့ သတိရလာဟန်တူသည်။

မှန်သည်။ သည်အချိန်က မြို့ထဲရောက်သော တက္ကသိုလ်ရင်ငွေ့ လှုံသူ တစ်ဦးသည် ဘီဒီအက်စ်ခေါ် ကုန်စုံဆိုင်ကြီးသို့ သွားလိုချင်စိတ် ရှိကြသည်။ အဆိုးဆုံးက ကျောင်းတော်သားကြီးများ ဖြစ်သည်။ သည်ဆိုင်ကြီးမှာ ဌာန ၁၄ ခု ပေါင်းဖွင့်ထားသည့် ကုန်မျိုးစုံဆိုင်ကြီး ဖြစ်သောကြောင့် ကုန်မျိုးစုံ အလွယ် သက်သာ ဝယ်ယူနိုင်သလို တိမ်းမူးမက်ဖွယ် မိန်းမငယ်လေးတွေက အလှပြင် ရောင်းနေသောကြောင့် ကိုယ်တော်ချောများကလည်း မသွား မနေနိုင် ရှိကြသည်။ အထူးသဖြင့် ခင်ညိုတို့ အဆောင်မှ အဂျလာတို့ဆိုလျှင် ခဲတံ တစ်ချောင်း ဝယ်ဖို့သော်မှ အခြားဆိုင်တွင် မဝယ်ပေ။ ဘီဒီအက်စ်မှာမှတဲ့။

ယခုနှစ်တွင် ခင်ညို အခန်းဖော် လာဖြစ်နေသော တင်မြင့်မောင် ဆိုလည်း အားကစား ပစ္စည်းများ ရောင်းနေသည့် ထားဝယ်မယ် နှစ်ခါ ဆက်ရဖူးသူ မလှသိန်းဆိုသူ စာရေးမလေးကို သဘောကျသည်ဆိုပြီး တစ်နေ့ တစ်ခါလောက် မှန်မှန် ရောက်သည့် ဆိုင်။

ကျောင်းသူတွေအဖို့တော့ သည်ဆိုင်က အဆင်ပြေသည်။ အားလုံးလိုလို သူတို့တစ်တွေ ကြိုက်တတ်သည့် ပစ္စည်းချည်းမို့ ဖြစ်သည်။ ဒါကြောင့်ပင် မြို့ထဲ ရောက်သူတို့ သည်ကို ဝင်လိုကြခြင်း၊ ငေးမော ကြည့်လိုကြခြင်း ဖြစ်၏။

ယခုလည်း ယဉ်ယဉ်နွဲ့က ဦးဝိစာရလမ်းကို လွန်ပြီး ဆန်းကဖီးရှေ့ အရောက်တွင် ဘီဒီအက်စ် ဝင်ဖို့ ဆွယ်သည်။

“မဝင်ပါနဲ့တော့ မနွဲ့ရယ်၊ နောက်နေ့မှ အေးအေးဆေးဆေး လာတာပေါ့၊ ဒီအချိန်ဆို လူတွေလည်း ပြည့်ကျပ်နေမှာ၊ ဒီလို ရှုပ်ရှက်ခတ်နေရင် ဖြူ အားကြီး စိတ်ညစ်တယ်၊ ပြီးတော့ ရုပ်ရှင် လက်မှတ်လည်း ဝယ်ဦးမှာ ဟုတ်လား”

ဖြူက သူ့ဆန္ဒလေးကို ပြောသည်။ ခင်ညိုကတော့ သူတို့နှစ်ဦး စကား ဖွဲ့နေကြခြင်းကို ဝင်မပြော။ အသာ နားထောင်နေလိုက်သည်။ ကနေ့ ချစ်သော သူနှင့်အတူ တွဲပြီး ရုပ်ရှင်ကြည့်ရမည် ဆိုသည်ကိုပင် စိတ်ထဲ တစ်မျိုး ဖြစ်နေ မိသည်။ လှုပ်လှုပ်ရှားရှားလည်း ရင်က ခုန်နေရပြန်သည်။ ရုပ်ရှင်ရုံမှာ အသိ ကျောင်းသားတွေ မြင်ရင် ငါ့ကို ဘယ်လိုထင်ကြမလဲ။ ဖိုးခင်ညို စွံနေပြီပကော ရယ်လို့ ဆိုကြလေမလား။ ခင်ညိုဖြင့် မောလိုက်ရတာ။

ရုပ်ရှင်သာ ကြည့်နေရသော်လည်း ခင်သို့ စိတ်က မလုံမလဲ ဖြစ်နေပြန်သည်။ ချစ်သူရှိသော မိန်းကလေးနှင့် ရိုးသားစွာ မချစ်နိုင်သော သူ့အဖြစ်ကို ဇယားချ ကြည့်မိနေပြန်သည်။ ဖြူသာ သူ့ချစ်သူအဖြစ် အခုလို သူနှင့် ယှဉ်ကြည့် ရသည်ဆိုလျှင် စကား တွတ်ထိုးပြီး ရုပ်ရှင်ကားကို မမှတ်မိနိုင်အောင် ပြော ဖြစ်မည် ထင်သည်။

ခုတော့ ဘာမှ မပြောသာ။ ရုပ်ရှင်သာ ပြီးသွားသည်။ ခင်ညို သက်ပြင်း သာ ချနေမိရင်း အချိန်ကုန်ခဲ့၏။

“ဖြူတို့နဲ့ လိုက်ခဲ့ရတာ အတော် စိတ်ညစ်နေလို့လား ကိုညို”

ခင်ညိုက အောက်သိုးသိုး နံ့နဲ့နဲ့ အမူအရာမျိုးချည်းသာ ဖြစ်နေလေတော့ ဖြူက သည်အမေးကိုပင် မေးရ၏။

“တစ်ခါတလေများ ပျော်ပျော်ရွှင်ရွှင်နေပါဦး ကိုခင်ညိုရယ်”

ယဉ်ယဉ်နွဲ့ကလည်း အားမရလေတော့ ခင်ညို့ကို ပြောသည်။ ပြီးတော့ ပြောလိုက်သေးသည်။

“ကိုခင်ညိုတို့ မြို့က ခင်သန်းနွဲ့တို့ ပြောပြတယ်၊ ကိုခင်ညိုဟာ သိပ်ပျော်တတ်တာတဲ့၊ စကားရည်လုပွဲတွေ ဘာတွေရင်လည်း ကိုခင်ညို တက်လာ ကတည်းကက တဝါးဝါးပဲ ရယ်ရတာတဲ့၊ သိပ် အပြောကောင်းတဲ့ ဒီဖိတ်တာ ကြီးလို့ ပြောပါတယ်၊ အခု နွဲ့ တွေ့ကတည်းက တစ်ခါမှ စကားကောင်းကောင်း မပြောသေးဘူး၊ ပျော်စရာ ပြောဖို့ ချော့ထားလိုက်တော့”

ယဉ်ယဉ်နွဲ့ စကားက အကြားအတိုင်း အမှန် ဖြစ်ပေသည်။ ခင်ညိုက စကားပြောရမည်ဆိုလျှင် နားထောင်သူသာ ရှိ၊ ဘယ်တော့မှ မမောပေ။ ဒါကြောင့် လည်း စာရေးဆရာမ ကြည်အေး၏ နွမ်းလျ အိမ်ပြန် ဝတ္ထုထဲတွင် မတင်မေ တစ်ယောက် စကားပြောဖော် မရှိသောကြောင့် သစ်ပင်ပန်းပင်လေးတွေနှင့် စကား ပြောရသည်ဆိုတော့ သူ ရင်နင့်ခဲ့ရဖူးသည်။ ပြောစရာရှိလျှင်လည်း သူက အားရပါးရ ရယ်ရွှန်းဖတ်ရွှန်း ပြောသူလည်း ဖြစ်သည်။ သူ မြန်မာစာ ပြနေသည့် စာသင်ခန်းကိုပင် ကြည့်တော့။ လွမ်းလျှင်လည်း လွမ်းရသလောက်၊ ကြောင်လျှင်လည်း ကြောင်ရသလောက် စာသင်ခန်းက မြူးနေတတ်သည်မို့ တစ်ဘက်ခန်းမှာ ဆရာ တစ်ယောက်ယောက် ရှိလျှင် ရပ်နားထားရသည်ထိ။

သည် အပြောအဆိုကြောင့်ပင် အသက်ငယ်ငယ်နှင့် ဆရာ လုပ်နေသော် လည်း ကျောင်းသားတွေက ချစ်ကြ၊ လေးစားကြသည်။ ကျောင်းသားတွေက သူ ဆိုလျှင် သူငယ်ချင်းလို တောင်မေး၊ မြောက်မေး။ လက်ဖက်ရည်ဝိုင်းတွင်ပင် မေးသော်လည်း သူက မမောတမ်း လေရှည်သူ။ ခုတော့... ။

အခုတော့ စကားလုံး စေ့အောင်ပင် စိတ်ဝင်တစား မပြောတော့။ မျက်နှာ ကလည်း သေတော့မလို မျက်နှာအိုကြီး ရှစ်ခေါက်ချိုးနှင့်။

“ကိုခင်ညိုရယ်၊ အဲဒီလို မနေပါနဲ့၊ ဖြူ၊ သေလိမ့်မယ်၊ ကိုညိုက ကိုညို တစ်ယောက်တည်းအတွက် စိတ်ညစ်ရတာ၊ ဖြူက အများကြီးအတွက် သိရဲ့လား”

ဖြူက ဆောင့်ဆောင့်အောင့်အောင့်ပင် ဆို့ဆို့နင့်နှင့် ပြောသည်။ သည်တော့ လည်း ခင်ညိုက စကားအချက် ရလာသည်လေ။

“ဖြူရယ်၊ ဖြူမှာ ဖြောင့်ဖြောင့်ဖြူးဖြူး ဒါလောက် ခရီး ကောင်းနေတဲ့ ဟာကို စိတ်ဆင်းရဲနေရသေးလား၊ ဖြူမှာ ခရီးအဖော်နဲ့ အဆင်ပြေပြေရှိနေ နှင့်တဲ့ ပန်းတိုင်နဲ့၊ ပြီးတော့ ဒီခရီးကို ဖြောင့်ဖြူးသာယာအောင် ဖေးမ ပေးကြမယ့် အသိုက်အဝန်းနဲ့၊ ကဲ ကိုယ်က တစ်ကောင်ကြွက်ပါ ဖြူရယ်၊ ကိုယ် တစ်ခါမှ ဒီလို စိတ်ကူးမျိုး မရှိပေမဲ့ အခုအချိန် ဖြူကို တွေ့တော့ ထိန်းမနိုင် သိမ်းမရ ပြန်သွင်းလို့ မရတဲ့ မေတ္တာတွေ ထုတ်ပြီးကာမှ လိုတာကို မရဘဲ တစ်ယောက်တည်း ခံရတဲ့ သူပါ၊ တစ်ခါမှ မချစ်ဖူးတဲ့ အချစ်နဲ့ ချစ်မိလို့ တစ်ခါမှ မခံစား ဖူးတဲ့ ဝေဒနာကို ခံစားနေရတာပါ၊ ကိုယ့်အတွက်နဲ့ ဖြူ၊ ဘာမှ စိတ်ဆင်းရဲစရာ မရှိပါဘူးကွယ်”

ယဉ်ယဉ်နွဲ့ ပြန်သွားပြီး သီရိဆောင်ရှေ့ ရေတမာပင်တန်းနား ရောက် သည်တွင်တော့ ခင်ညိုက လေရှည်ဆွဲပြီး သည်လို ရှည်ရှည်လျားလျား ပြောသည်။ ဒါနှင့်ပင် သူက အတောမသတ်သေး။

“ဖြူကို ပြုံးပျော် နေနိုင်အောင် ထားနိုင်တဲ့ လူကြီးတွေလည်း သဘော ကျတဲ့ အိမ်ထောင်ရှင်ဖြစ်ဖို့ အသင့် ဖြစ်နေပြီဟာကွာ၊ မင်းမှာ ဘာစိတ်မချမ်းသာ စရာ ရှိဦးမှာလဲ၊ အများအတွက်ရော ဘာကူပြီး စိတ်ညစ်နေစရာ လိုသေးလို့လဲ” ဒါတွေ ကြားရတော့ ဖြူက ပိုပြီး ရင်လှုပ်အောင် ခံစားလိုက်ရပြန်သည်။ ခင်ညို သူ့ကို နားမလည်လေခြင်းလို့လည်း အကျိတ်အခဲ ဖြစ်ရပြန်သည်။

“ကိုညိုက သိပ်ခက်တာပါပဲလား၊ ဖြူ အကြောင်းကို ကိုညို ဘာမှ မသိဘူး၊ ဖြူကိုလည်း ကိုညို နားမလည်ဘူး၊ ဒါကြောင့် ကိုညို ဒီလိုပြောနေတာ”

ဖြူက ဒီလိုဆိုသော်လည်း ခင်ညို ဒီထက်ပိုပြီး ဘာနားလည်ရဦး မည်နည်း။ ဒီထက်ပိုပြီး နားလည်လို့ကော ခင်ညိုကို ဘယ်လို အကျိုးထူးပါ မည်နည်း။ သို့သော် သည်စကားတွေ ပြောနေရသည့် ဖြူကတော့ မျက်မှန် ထူထူအောက်တွင် မျက်လုံး မကြည်တော့ပြီ။ မျက်ရည် ပျို့လို့ စို့နေပေပြီ။ ဖြူ မို့သာပဲ၊ သူတကာ ဆိုလျှင် ပါးပြင်ပေါ်တွင် စီးကြောင်း ကျန်တော့မည်။ မိန်းမတွေဟာ ဒါပဲ တတ်သည်၊ ငိုဖို့ပဲ။

“ကိုယ်ပြန်မယ် ဖြူ”

ခင်ညိုက ရင်ထဲမှာ ဆူလာတော့၊ အဆောင်ရှေ့တွင် ရပ်နေသည်လည်း ကြာပြီဆိုတော့ ဖြူကို နှုတ်ဆက်ပြီး ခြေလှမ်းပြင်လိုက်သည်။ ဖြူက ခေါင်းသာ ညိတ်၏။

“ကျောင်းတော့ တက်ပါကွယ်”

ခု အချိန်တွင်တော့ မျက်မှန်အောက်က ပြူနေသည့် စမ်းကလေးများ ခန်းသွားပြန်ပြီ။

“တက်မယ် ဟုတ်လား၊ နက်ဖြန် လာဖြစ်အောင် လာပါ ကိုညိုရယ်၊ ဖြူ ကျောက်စာတွေလည်း ကူးထားပေးတယ်၊ ပြီးတော့ စိန်စိန် လာရောင်း ခိုင်းထားတဲ့ ကိုကြည်ဝင်းတို့ စာအုပ်ဖိုးတွေရော၊ ရွှေဘိုဆောင်အတွက် ကိုညို ဆွဲပေးတဲ့ ပန်းချီ ပြက္ခဒိန်ဖိုးတွေရော ကိုညိုနဲ့ ပေးလိုက်ချင်လို့”

ခဏလေး ခွဲရမည်ဆိုတော့ ခင်ညို့ ရင်မှာ ဆို့လာပြန်သည်။ ဖြူ အဆောင်ဝင်းထဲ ဝင်သွားသည်ထိ သူက ငေးငိုင်ပြီး ကျန်ရစ်ခဲ့သည်။ ကိုယ် မနမ်းရသည့် ပန်းကမှ ပိုလန်းနေသည် ထင်ပါရဲ့။

အဆောင် ပြန်ခဲ့သော်လည်း ခင်ညို့ ခြေလှမ်းက လေးလံ ထိုင်းမှိုင်း လှချေတကား။ အင်အားသည်လျှင် ကုန်ခန်းခဲ့ချေပြီတကား။

အခန်းရောက်တော့ စာနှစ်စောင် ရောက်နေကြောင်း တင်မြင့်မောင်က ဆီးပြောသည်။ တစ်စောင်က မနှင်းမြထံက စာ။ တစ်စောင်က ရန်ကုန်မြို့ ထဲက မဟင်္သာထံက။ ခင်ညိုက မဟင်္သာ စာကို အလျင်ဖတ်လိုက်သည်။

 

ဘယ်လိုလဲ နိုင်ငံရေးသမားကြီးရဲ့၊ နိုင်ငံရေးနှင့်ပဲ အကျဉ်း ကျနေပြီလား။ “မိန်း ́နဲ့ ဘီအိုစီ ဘယ်လောက် ဝေးလို့လဲ၊ မဟင်္သာတို့ ဘက်ကို လာဖို့ကောင်းပါတယ်။ ရောက်တော့ ရောက်တယ် မဟုတ်လား။ ပိုစတာတွေ လာလာကပ်တယ်လို့ သူငယ်ချင်းတွေ ပြောပါတယ်။

မဟင်္သာ စာမေးပွဲ ကျကျန်ခဲ့တာနဲ့ မခေါ်ချင် မပြောချင်တော့ ဘူးလား ကိုခင်ညိုရယ်။ ကျောင်းလည်း တက်တာ မတွေ့ဘူးဆို။ ပညာရေးကို အထိခိုက် ခံပြီးတော့ ဒါလောက် အချိန် မသုံးသင့်ဘူး ထင်ပါတယ် ကိုခင်ညိုရယ်။ ဘုန်းကြီး စာချ လုပ်တာ မဟုတ်ပါဘူး။ မဟင်္သာ စေတနာနှင့် ရေးတာပါ။ ကိုခင်ညိုက စာတွေဖတ်ပြီး အတွေ့အကြုံ များတဲ့သူမို့လို့ မဟင်္သာတို့ထက် ပိုသိမှာပါ။ တော်ကြာ ကျောင်းသားတွေ ဆူလွန်းလို့ ဖမ်းလားဆီးလားနဲ့။ ကိုခင်ညို ပါရင်တော့ မဟင်္သာ စိတ်ကောင်းနိုင်မှာ မဟုတ်ဘူး။ ခြေစကြာ ဖြန့်ခဲ့ပါဦး ဆရာကြီးရဲ့။

စာဆုံးတော့ ခင်ညို ပြုံးလိုက်မိပါသည်။ ငါ့အပေါ် စေတနာထားတဲ့ ဟင်္သာငှက်မလေးပါလားလို့ ကြည်သွားမိသည်။

 

ကိုခင်ညို

မင်း နေကောင်းရဲ့လား။ ခုတလော မင်း စာရေး အတော် ပျင်းနေပြီ ထင်တယ်။ မင်းတို့ လှုပ်ရှားမှု ပုံတွေထဲမှာ မင်းပုံ တွေ့လို့ ချစ်ချစ်ကလည်း သိပ် စိတ်ပူနေတယ်။ အညိုလည်း စာတွေပဲ ဖိဖတ် နေတာပဲလို့ ရေးလိုက်တဲ့ ကိုထင်ကျော် စာကို ပြပြီး မင်းပုံ မဟုတ်ပါဘူး၊ တူလို့ပါလို့ မမနှင်း အတင်းပြောမှ အေးသွားတယ်။

ချစ်ချစ်က အေးအေး အဆောင်ကို မကြာ မကြာ သွားပါလို့ လည်း မှာတယ်။ အညို ညီမကိုလည်း စောင့်ရှောက်ပေါ့ကွယ်။ စာတော့ အရေး မပျင်းပါနဲ့ အညိုရယ်။

မနှင်းမြ စာက ဒါပဲ ဖြစ်သည်။ သည်စာ ဖတ်ရတော့လည်း ခင်ညို အိမ်ကို လွမ်းသလိုလို ဖြစ်လာမိသည်။ အားငယ် စိတ်နွမ်း နေချိန်တွင် ချစ်ချစ် သည် သူ့ကို အကြည်ဆုံး ဖြစ်စေသည် မဟုတ်လား။ ပူပူပင်ပင်နှင့် တဖျစ်ဖျစ် ချစ်ချစ် ပြောသည်ကိုပင် သူ နားထောင်လာခဲ့သည် မဟုတ်လား။ အမေတို့ ဗိုလ်ချုပ်တို့ကတော့ သားကို လုံးလုံးစိတ်ချသည်။ စာရေးလည်း နည်းသည်။ ရေးတော့လည်း “ငါ့သား မင်း တော်မယ် ထင်တာတော့ ဆင်ခြင်လုပ်ပေါ့ကွယ်၊ စာသာ အပျက် မရှိစေနဲ့ပေါ့” ဆိုတာမျိုးပဲ ဖြစ်သည်။ စိတ်ချပါ အမေရယ်။ ညက စာတွေ တစ်ခေါက် ပြန်ဖတ်ပြီး ပညာရေးကို မလစ်ဟင်းစေလိုသူ တွေကို စိတ်ထဲက စိတ်ချစေခဲ့သော်လည်း မနက်ခင်း ကျောင်းဘက် ထွက် ခဲ့ချိန်တွင်တော့ ခင်ညို စိတ်တွင် လေးလံ ထိုင်းမှိုင်းနေသည်။

ကျောင်းဘက် မရောက်သည်မှာလည်း အတော်ကြာပြီ။ ကနေ့တော့ ဖြူကို ကျောင်းတက်ပါ့မယ်လို့ ခေါင်းညိတ်ခဲ့ပြီး ဖြစ်သောကြောင့်သာ သူ လာခဲ့ခြင်းလေ။ ဂုဏ်ထူးတန်း အကြို ကျောင်းသား ဖြစ်သောကြောင့် အတန်းတွင် လည်း ကျောင်းသား နည်းသည်။ ဒါကြောင့် ခင်ညို တစ်ယောက် ကျောင်း မလာဘူးဆိုလျှင် ဆရာတွေက သိမည် အသေအချာပင်။

“ဟဲ့ မောင်ခင်ညို၊ ကျောင်းတွေ ဘာတွေ တက်တော့မလို့ပေါ့လေ” ပြင်ပ သိပ္ပံ မဟာဌာန ထောင့်ချိုးတွင် ဆရာ ဦးလှရွှေနှင့် တွေ့ပြီး ခင်ညိုကို ကလိသွားသည်။ ပညာရှာ လာသည့် ခင်ညို တစ်ယောက် ရင်ကို အောင့်သွားသည်။ မြန်မာစာဌာန အရောက်တွင်လည်း ကိုဇော် (ဆရာ ဦးဇော်မြင့်) နှင့် တွေ့ပြန်သည်။

“အေး... မင်းက ခုမှ ပေါ်လာတယ်၊ မနေ့ကလည်း ကိုယုနဲ့ ကိုနန်းဝေ ပေါက်လာသေးတယ်၊ မင်းကို လာရှာတာ၊ ငါက မတက်တာ အတော်ကြာပေါ့လို့ ပြောလိုက်မိတယ်ကွာ၊ တစ်ခါတည်း ဒေါဖောင်းပြီး ဆဲဆို ပြန်သွားလေရဲ့”

ခင်ညို စာသင်ခန်းထဲ မဝင်ချင်ပြန်။ စင်္ကြံမှာပင် ရပ်ပြီး သစ်ပုတ် ပင်ကြီးကို ငေးငိုင်ကြည့်ရင်း စဉ်းစားနေပြန်သည်။ ကျောင်းဆင်း ခေါင်းလောင်း သံနှင့်အတူ ကျောင်းသားတွေ ဆင်းပြီး စဲသွားသည်တွင်မှ ဖြူနှင့် ယဉ်ယဉ်နွဲ့ကို ကျောင်းဆောင် ရုံးအဝတွင် ရပ်လျက်သား တွေ့မိလိုက်သည်။ သူတို့ နှစ်ယောက် က ခင်ညို အလာကို ဆင်ဝင်အောက်တွင် ရပ်ပြီး ကြိုစောင့်နေခြင်း ဖြစ်သည်။

ဖြူကို မြင်တော့ ခင်ညို ရပ်မနေသာ။ ချက်ချင်း ပြေးဆင်းခဲ့လေသည်။

“ဖြူတို့က ဒီက စောင့်နေတာ”

ခင်ညို သူတို့ နား မရောက်မီပင် ဖြူက ပြောလိုက်သည်။

“တွေ့တယ်၊ ကိုယ် ဒီပတ်မင့်က လှမ်းမြင်ပါတယ်”

ခင်ညိုက အရင်နေ့တွေလောက် မသုန်မမှန်။

“ရော့ ကိုညို”

ဖြူက ဗလာစာအုပ် နှစ်အုပ် လှမ်းပေးသည်။

“ဘာစာအုပ်တွေလဲ ဖြူ”

“ကျောက်စာတွေနဲ့ ဒေါက်တာသန်းထွန်း လက်ချာ လိုက်ထားတဲ့ သမိုင်းလေ၊ စာတွေက အများကြီးရယ်”

‘ကိုယ်မလိုချင်ပါဘူး”

“အို ဘယ်လို ဖြစ်ရပြန်တာလဲ ကိုညိုရယ်”

“ဒီစာတွေ မဖတ်ချင်တော့ဘူး”

“မဖတ်ချင်လို့ ဖြစ်မလား၊ ကိုညို ဘယ်လိုလုပ်ပြီး ကွာလီဖိုင်း ဖြစ်မလဲ”

“မဖြစ်ချင်လည်း နေတော့ ဖြူရယ်။ ရိုးရိုး ဒီဂရီ ပတ်စ်တော့ ဖြစ်ရ မှာပေါ့”

“မနွဲ့ရေ၊ ဒီမှာ ပြောပေးစမ်းပါဦး၊ သူ မယူဘူးတဲ့”

ပြောမရတော့ ဖြူက မနွဲ့ကို စစ်ကူတောင်းသည်။

“ဟုတ်သားပဲ ကိုခင်ညိုရယ်၊ ကူးတဲ့လူက စေတနာနဲ့ ကူးပေးတဲ့ ဟာပဲကို”

“ကျွန်တော် မကြည့်ချင်တော့ဘူးဗျာ”

“အို... မကြည့်ချင်လို့ ဘယ်ဖြစ်မလဲ၊ သူများက မျက်စိ ကိုက်တဲ့ ကြားထဲက အသေအလဲ ကူးထားရတာ၊ ဆရာ အေဘယ် အက်ဒ်ဝပ် ပေးထား တဲ့ အင်္ဂလိပ်နုတ်တွေတောင် ကူးပေးနေတာ မပြီးသေးလို့၊ အခု ပြီးတာ အရင် ယူလာတာ၊ ရော့ပါ... ယူပါ”

ခင်ညို မယူပေ။ ဖြူကိုသာ လွမ်းလွမ်းဆွေးဆွေး ကြည့်နေပြန်သည်။

“သေသာ သေလိုက်ချင်တော့တာပဲ”

ဖြူက စိမ်းညို့နေသော မျက်ခုံးထူထူလေးတွေကို တွန့်ပြီး ညည်းညူ လိုက်သည်။

“မသေချင်ပါနဲ့ ဖြူရယ်၊ သေရမှာက ကိုယ်ပါ”

“တော်ပါ၊ သေ စကားတွေ အသာထားစမ်းပါဦး၊ အခု ဒီစာအုပ်တွေ ယူသွားပြီး ကြည့်ရမယ်”

“ကိုယ် လိုချင်တာ စာအုပ်တွေ မဟုတ်ဘူး ဖြူ၊ ကိုယ် ထပ်ပြောရဦးမလား”

ဝတ္ထုတွေ ဖတ်ပြီး ဝတ္ထုထဲကလိုပင် ခင်ညိုက မိန်းကလေးနှင့် စကား ပြောတတ်ပေပြီ။

“လာပါ မိဖြူရယ်၊ ဒီရုံးရှေ့မှာ လူတွေက များပါတယ်၊ တစ်နေရာရာ သွားမယ်”

ယဉ်ယဉ်နွဲ့က နှစ်ယောက်သား ဘေးတွင် ကြောင်အမ်းအမ်း ရပ်နေ၍ စိတ်ညစ်ညူးလာသည်။

"အို... မနွဲ့ရာ၊ လူတွေ အရေးစိုက်စရာ မလိုပါဘူး၊ ကိုယ့်အပူနဲ့ ကိုယ်ပါ”

“အင်း... ကောင်းတယ်၊ နင်တို့ နှစ်ယောက်ကတော့ တစ်ချိုးတည်းပဲ၊ ငါ မပြောလိုက်ချင်ဘူး”

ယဉ်ယဉ်နွဲ့က သည်နှစ်ယောက်ကိုပင် သည်အချိုးချည်း ဘာလို့ ပြောနေ ပါလိမ့်။

“ဒါဖြင့်လည်း သွားမယ် မနွဲ့ရယ်၊ ဖြူလည်း ကလပ်စ် တက်ချင်စိတ် မရှိတော့ဘူး၊ ဒေါ်ခင်စော တစ်ချိန်တည်းပဲ၊ ပြောရင်လည်း နောက်နေ့မှ ပြောပစေတော့”

ခင်ညိုတို့ အင်းလျားဘက် ထွက်လာခဲ့ကြသည်။ တက္ကသိုလ် လှေလှော် အသင်းနှင့် နိုင်ငံခြားသားများ ရွက်လှေအသင်း တည်ရာ ကြားရှိ ကျွန်းစွယ် လေးတွင် ထိုင်နေမိကြ၏။

“ဟိုအကြောင်းတွေ မပြောနဲ့တော့ ကိုညိုရယ်၊ အေးအေးဆေးဆေး စကား ပြောရအောင်ပါ၊ စိတ်ချမ်းသာရမယ့် စကားတွေ ပြောရအောင်ပါ”

ကျွန်းဆွယ် သစ်ပင်ခြေရင်း၌ ထိုင်မိလျှင်ပင် ဖြူက စကားသန်းထား နှင့်သည်။ သူလည်း ခင်ညို့ ညည်းညူသံ၊ သုန်မှုန်သည့် ဟန်ပန်တွေကို ကြုံရဖန် များသောကြောင့် ဆင်းရဲပင်ပန်းလှပြီလေ။

ကနေ့တွင် ခင်ညိုလည်း အခါတိုင်းထက် လန်းသည်ဟု ဆိုနိုင်သည်။ တကယ်တော့ သူ နေ့တိုင်း လန်းချင်ပါသည်။ ဖြူနှင့် ခုလိုပင် တွဲပြီး ပျော်ရွှင် ချမ်းမြေ့ဖွယ်၊ ကြည်နူး နှစ်လိုဖွယ် စကားတွေကိုသာ ပြောလိုနေပါသည်။ သည်လို နေနိုင်အောင်လည်း သူက ကြိုးစားရနိုင်ပါသည်။

သို့လည်းလေ၊ ခင်ညိုက စိတ်မှာ ကြည်သာစရာ အဖြစ်တွေ တွေးမိတိုင်း၊ မြူးမြူးကြွကြွ နေတော့မည်ဟု ပြင်လိုက်တိုင်း သူ့ဦးနှောက်တွင်းသို့ ဆရာ ကိုခင်မောင်ရီက ဝင်လာသည် မဟုတ်လား။ ဖြူကို ပိုင်ပိုင်စိုးစိုး ချစ်နှင့် သူက ရှိနေခဲ့သည် မဟုတ်လား။ ဒါ့ကြောင့်လည်း ဖြူက သူ့အချစ်ကို လက်မခံဘဲ ငြင်းဆန်ခဲ့သည် မဟုတ်လား။

“ကိုယ်က ဒါပဲ အရေးကြီးနေတယ် ဖြူရယ်၊ ဖြူ က ဘယ်လိုပဲ မေ့လို့ ရပေမဲ့ ကိုယ်က ခေါင်းထဲမှာ ဒီကိစ္စ တစ်ခုတည်း ရှိနေတယ်၊ ဖြူလည်း ကိုယ့်ကို တွေ့ပြီး စိတ်ညစ်မှာပဲ၊ အဆောင်က အပေါင်းအသင်းတွေဆိုလည်း တအိအိနဲ့ နားငြီးတယ်ဆိုပြီး ကိုယ့်ကို ရှုတ်ချကုန်ကြပြီလေ”

“ဖြူလည်း ဘယ်တတ်နိုင်ပါ့မလဲ ကိုညိုရယ်၊ ဖြူ ကိုယ်ကိုယ်လည်း ဖြူ ပိုင်တာမှ မဟုတ်ပဲ၊ ဖြူ၊ လုပ်လို့ရတာဆိုရင် ကိုညို ဒီလောက်တောင် စိတ် မဆင်းရဲ စေရပါဘူး၊ အခုတော့ ဖြူ အခြေအနေက ကိုယ့်ဘဝကို မပိုင်တဲ့ အဖြစ် မဟုတ်လား”

မိန်းကလေးက ဖြည်းဖြည်းလေးပင် စဉ်းစားပြီး ပြောသည်။ ဒါကိုတော့ ခင်ညို သိပ်ပြီး အားမရနိုင်။

ဖြူ အပြောအရ၊ ပဲခူးသူ ပဲခူးသားတွေ ပြောစကားအရ အငယ်အရွယ်က ဖြူသည် သည်လိုမဟုတ်။ သူ ထင်သလို နေသူတဲ့။ အိမ်မှာ အကြီးဆုံး မိန်းကလေးမို့လည်း သူ့ခြေ သူ့လက်။ သူက ခြေသည်း လက်သည်းပဲတဲ့။ အငယ် နုတုန်းကများ သူက စေတနာနှင့် သူ့အမေ ရေချိုးပြီး သနပ်ခါး ကြိုသွေးပေး ထားသည်ကို မသိလို့ သမီးက သနပ်ခါးလေးတောင် သွေးပေးဖော် မရဘူးလို့ ငေါက်ငေါက်လေး ပြောလိုက်ရင် သူ့စေတနာကို စော်ကားရပါ မို့လားဆိုပြီး သွေးထားပြီးသားတွေ သွန်ပစ်လိုက်သတဲ့။

မောင်ငယ်လေးတွေသာ ရှိတဲ့ တစ်ဦးတည်း မိန်းကလေး ဆိုတော့လည်း အဖေရော အမေကပါ ချစ်သတဲ့လေ။

ပဲခူး မီးကြီး လောင်တုန်းကပေါ့။ ကြိုးတံတားနားက မီးက မီးလျှံ မီး ကြီးမို့လို့ လူတွေ ပြေးလား လွှားလားဆိုပဲ။ ဖြူ အဖေက သစ်လုပ်ငန်းနှင့် ခရီးထွက်နေတာမို့ အိမ်မှာ ကျန်ခဲ့တဲ့ အမေဟာ တုန်တုန်ယင်ယင်နှင့် ပျာနေသတဲ့။ ဒီအချိန်မှာ ဖြူကတော့ ရယ်လို့မောလို့တဲ့။ ဝိုင်းဝန်းပြီး သယ်တန်ပိုးတန်သည် ကိုတော့ သယ်ပိုးပါသတဲ့။ သူ ရယ်တာက သူ့အမေ အယောင်ယောင်အမှားမှား ဖိနပ်ကိုင် တံမြက်စည်းကိုင်တာကို ရယ်တာပါတဲ့။

မီးတောက်တွေ ငြိမ်းလို့ သူ့အမေလည်း မောမောပန်းပန်း အိပ်ချလိုက် တော့မှ...

“မေမေရယ်၊ ဖြူတို့ အိမ်တော့ မပါသွားဘူးနော်၊ ပါသွားရင် သိပ် ပျော်စရာ ကောင်းမှာ” လို့ ပြောသတဲ့။

နိမိတ်မဲ့ ပြောရပါမို့လားဆိုပြီး သူ့အမေက တစ်ပတ်လောက် စကား မပြောဘဲ နေသည်ကိုပင် သူ မဖြုံသော မိန်းကလေး။

အိမ်နီးနားချင်း ကျော်သင်းနှင့် ချစ်ကြ ကြိုက်ကြသည်ကိုလည်း သူ့ မိဘတွေက သိသည်။ သမီးကို စိတ်ချသည်မို့ အတားအမြစ် မရှိ။ သို့သော်လည်း လူကြီးချင်း အဆင်မပြေ ဖြစ်ကြကာမှ ကလေးတွေ ချစ်ကွဲ ကွဲရသည် ဆိုသည်။ နောင်တော့ ကိုခင်မောင်ရီကို သဘောကျကြသတဲ့။ ကိုခင်မောင်ရီတို့ မိဘတွေက အစိုးရ အမှုထမ်းတွေမို့ မြို့ပေါင်း များစွာ ကူးချည်သန်းချည် ရှိခဲ့သည်။ ပဲခူး ရောက်တော့ ဖြူ မိဘတွေနှင့် ခင်သည်။ ကိုခင်မောင်ရီက နောင်တွင်တော့ ဖြူတို့ အိမ်ကို စားအိမ် သောက်အိမ်လို ဖြစ်လာသည်တဲ့။ နောက်တော့လဲ... ။

အမှန်က ဖြူ သူ့စိတ်ကို သူ နိုင်သည်။ သူက မှန်တယ် ထင်လျှင် တစွတ်ထိုး လုပ်တတ်သည်ချည်း။ သည်အကြားတွေ ခင်ညို့တွင် ရှိသည်တော့ မှန်၏။ အကြားပဲ ဖြစ်မည်။ ခင်ညို သိသည်က ဖြူသည် နောင်တမရ ဖြစ်တတ် သူ၊ ရင်ဆိုင်ရဲသူ၊ ပွင့်လင်းပြီး သတ္တိ ရှိသူရယ်လို့။ သုံးသပ်ပြီး ဆုံးဖြတ် တတ်သူရယ်လို့။

အခုတော့ ဖြူက ကိုယ့်ဘဝကိုယ် မပိုင်သူ ဆိုပြီး ပြောလိုက်သည်။ ခင်ညို စဉ်းစားရပြန်ပြီ။ ဖြူ အကြောင်း အကြား သတင်းတွေကို ပြန် စဉ်းစားရပြန်ပါပြီ။ 32

“ဘယ်လိုလဲကွယ့်”

ခင်ညို တွေးနေ ငေးမောနေတော့ ဖြူက သူ့ မောင်လေးတွေကို မေးသလို မေးသည်။ “ဘယ်လိုလဲကွယ့်” တဲ့။ ပျော့ပျော့ချွဲချွဲလေးနှင့်မို့ ခင်ညို ရင်ကိုတော့ တဒင်္ဂ အေးငြိမ်းစေပါ၏။

“ကိုယ် ဘယ်လိုမှ ကိုယ့် မေတ္တာကို မထိန်းနိုင်တော့ဘူး ဖြူ၊ ကိုခင် မောင်ရီနဲ့ ဖြူ ကိစ္စကို ကိုယ် အစောကြီးကတည်းက သိပါတယ်၊ ဒါပေမဲ့ ကိုယ် ချုပ်တည်းနိုင်ခဲ့တယ်လေ၊ အခုတော့ ကိုခင်မောင်ရီနဲ့ ကင်းကင်းရှင်းရှင်း ဆိုလို့သာ ကိုယ်က ရင်ကိုဖွင့်ပြီး ချစ်ရတာပါ၊ အခုမှတော့...”

“ကင်းကင်းရှင်းရှင်းလို့ ဘယ်သူက ပြောလို့လဲ ကိုညိုရယ်”

“ကိုယ်လည်း စုံစမ်းယူရတာပဲ၊ သေချာပြီးမှ ဖြူဆီ စာရေးတာပါ”

“လူတွေ အထင်မှားတာ ကိုညို၊ သူ အလာအသွား မတွေ့လို့ ပြတ်ကြပြီ ထင်နေတာ၊ ဖြူ၊ သူ့ကို မလွန်ဆန်သာဘူး”

“ဘာဖြစ်လို့ သူ မလာတော့တာလဲ”

“ခု သူ အလုပ်ပြောင်းသွားပြီ၊ သစ်လုပ်ငန်းအဖွဲ့မှာ ရလို့ အညာဘက် တက်သွားတယ်”

“ဪ...”

ခုမှ ခင်ညို ရှင်းတော့သည်။ ကိစ္စတွေက လွန်ပြီးကုန်ပြီ။ ကြမ်းကျွံသည့် ကိစ္စ မဟုတ်။ စကားလွန်ပြီးလေပြီ။ ပြီးတော့ အထင်ကြီး တစ်ခွဲသားနှင့် စွဲစွဲ လန်းလန်း ချစ်နေမိပြီ။ ရှေ့တိုးပြီးခဲ့ပြီမို့ နောက်မဆုတ်ချင်တော့။ လှမ်းပြီးသား ခြေလှမ်းကို ပြန်ရုပ်သိမ်းဖို့ အင်အားလည်း မရှိတော့။ မောပြီ။

“သူ ဘယ်တော့ လာဦးမှာလဲ”

ခင်ညိုက မျက်နှာဖြူ အမျိုးသား နှစ်ဦး ရွက်ဖွင့် စီးသွားသော လှေငယ် လေးကို ငေးကြည့်ရင်း မေးလိုက်၏။

“ဟင်... သိချင်လိုက်တာလဲ လွန်းနေတာပဲ”

သည်လို တစ်ခါတစ်ခါ ချစ်စရာ ဆည်းလည်းသံသာကို ခင်ညို ကြားရ သည်မှာတော့ နှလုံးကို နွေးမြစေခဲ့သည်။ လွန်နေတာပဲတောင် မဟုတ်။ လွန်း နေကာပဲတဲ့၊ ဖြူ အနွဲ့ချွဲလေး။

ခုတော့ ခင်ညိုက မျှဉ်းမျှဉ်းလေး ပြုံးပြီး ကြည့်နေလိုက်သည်။ ဖြူက လည်း ပြုံးပြုံးလေးပါပဲ။

“ဘာပြုံးတာလဲ”

ဖြူက မေးလိုက်တော့ ယဉ်ယဉ်နွဲ့ကပါ မြက်ပင်လေးတွေ နုတ်ကစား နေရာမှ ခင်ညို့ကို ပြုံးကြည့်သည်။

“သဘောကျလို့”

“ဘာကို သဘောကျတာလဲ”

“ဖြူကိုလေ”

“ဘယ်လိုလဲကွယ်”

ဖြူလည်းပဲ ပြုံးလို့ပင်။ သည်ဆိုတော့ အင်းလျားကန်ကြီးက သာယာလွန်း ပါသည်။ စိမ်းနေ ညို့နေသည့် ကန်ဝန်းကျင်ကလည်း လှလွန်းပါသည်။ ဧရိပ် ငြိမ်လေးပါပဲ။

“ရယ်ပြန်ပြီ၊ ဘာရယ်တာလဲ”

“သဘောကျလို့ပါ”

“ဖြူက ရယ်စရာ ဖြစ်နေလို့လား”

“ချစ်စရာ ဖြစ်နေလို့ပါ”

“ဟင်းနော်”

ဖြူက လက်သီးကို ဆုပ်ပြီး ခင်ညို့ကို ရွယ်သည်။

“ဘယ်လိုမှန်းလဲ မသိဘူး”

မျက်စောင်းလေး ချိတ်ပြီး ပြုံးတုံ့လှယ် အမူနွဲ့နှင့်မို့ ခင်ညို ချစ်မော စိတ်လေး ဝင်ရပြန်ပြီကော။

ခင်ညို နေဝင်လုမှပင် အဆောင် ပြန်ရောက်သည်။ မန္တလေးဆောင်ရှေ့ မှာတော့ ကျောင်းသားတွေ ရုံးစုစု ဖြစ်နေပြန်သည်။ ဒါနှင့် ခင်ညို ကိုခင်ဆွေ အခန်းကို ပြေးရသည်။ နေ့ကျောင်းသား ဖြစ်နေသည့် ချစ်ဆွေနှင့် ကိုမိုးဟိန်း တို့ရော၊ ကိုတင်အေးတို့ ကိုကြည်ဝင်းတို့ရော ရောက်နေကြသည်။ အောက်တိုဘာ ကျောင်းပိတ်ရက် အကြောင်း ဆွေးနွေးနေကြခြင်း ဖြစ်သည်။

ကျောင်းသားထုက ပိတ်ချင်နေ၏။ ခေါင်းဆောင်တွေလည်း အများစု ဆန္ဒအတိုင်း လိုက်လျောချင်၏။ သည်အတွက်ပင် တောင်းဆို တိုက်ပွဲဝင် ထားသည်။

ခင်ညို့ ဆန္ဒကတော့ တစ်ရက်ပင် မပိတ်ချင်။ ကျောင်းသားတွေ ကျောင်း ပိတ်လို့ အိမ်ပြန်သည်ဆိုခြင်းကိုပင် မနှစ်မြို့ချင်။ အထူးသဖြင့် ၎င်းစံဖြူ ပဲခူး ပြန်မည်ကို အစိုးရိမ်ဆုံး။

ပြီးတော့ ကျောင်းကလည်း ဟုတ်ဟုတ်ဟတ်ဟတ် တက်ရသေးသည် မဟုတ်။ တကယ် စာလိုက်စားလိုသူ အတွက် စာသင်ရက်က နည်းလွန်း သေးသည်။ သည်ရာသီကလည်း စာသင်လို့ စာပျော်လို့ ကောင်းတုန်း ရာသီ မဟုတ်လား။

သို့သော်လည်း ခင်ညို ချင်ခြင်းတွေ တစ်ခုမှ မပြည့်ပေ။ ညခင်း ကိုထင် ကျော် လာခေါ်သောကြောင့် အချိန်ပို ညကျောင်းရှိရာ လိပ်ခုံး အဆောက်အဦးသို့ သွားပြီး အပြန် အဆောင် အရောက်တွင် ကျောင်း တစ်လပိတ်လိုက်ကြောင်း ရေဒီယိုက ကြေညာသံ ကြားလိုက်ရပေသည်။

ကျောင်းဆောင်တွေမှာတော့ ဆူသွားသည်။ ဗဟိုဆောင်များမှ ကျောင်း သား တစ်တွေ အိုးစည် ဒိုးပတ်များ တီး၍ပင် ကျောင်းဝင်းတွင်း လှည့်လိုက်ကြသည်။ မှန်ကန်သော တောင်းဆိုချက်ကို လိုက်လျောခြင်း ဆိုပြီး မြူးလိုက်သည်ကလေ။

ကျောင်း ပိတ်သော်လည်း ခင်ညို ပြွန်တန်ဆာကို သုံးရက်လောက်သာ ပြန်ဖြစ်သည်။ အခုအချိန် သူ စာပြနေရသည်က နေရှင်နယ် အကယ်ဒမီသာ မဟုတ်။ ရေကျော်ထဲက နည်းသစ် အလွတ်ပညာသင်ကျောင်းမှာလည်း တစ်ချိန် ယူရသေးသည်။ မပြန်ဖြစ်။ ညီမ အေးအေးကို ပို့ရင်း သုံးရက်သာ နေရက် ရသည်မို့ ချစ်ချစ်က ဆွဲထားချင်သေးသည်။ မမနှင်းက တားလိုက်ချင်သေးသည်။ အစ်ကို အောင်နိုင်ကြီးကတော့ “ငါ့ကောင်လည်း တကယ့် ဆရာကြီး ဖြစ်နေပြီ ကောကွ၊ အေးကွာ၊ ကိုယ့်အတွက်လည်း ကြည့်လုပ်ဦးပေါ့” ဆိုပြီး နှစ်သိမ့်၍ ပြန်လွှတ်ရသည်သာ။

ကျောင်းပိတ်ရက် အတွင်းမှာ ဖြူထံက စာနှစ်စောင်ရသည်။ ခင်ညို ကလည်း စာ သုံးစောင်မက ရေးသည်။

ခင်ညိုက ဖြူနှင့် ကျောင်းပိတ်ခင်လေး ထိုင်သွားသော ကျွန်းဆွယ် လေးမှာ သူ လွမ်းလွမ်းဆွေးဆွေး သွားထိုင်သေးကြောင်း၊ သူလည်း အဆောင် မှူးကို ပြောပြီး အဆောင်မှာပင် နေကြောင်းနှင့် အင်းလျားမှာ ထိုင်နေစဉ် သူ့ ခေါင်းထဲ ဝင်လာသည့်

လှိုင်းကြက်တွန့်လျှင်

လူးလွန့်ခုန်ပေါက်၊ ရေကြည် နောက်မှ

လှမ်းရောက် မနိုင်၊ ရနံ့လှိုင်ကို

ပိုင်လိုသည့် စိတ်၊ ပြည့်အသိပ်နှင့်

ဖိနှိပ်မရ၊ လွမ်းကျင်လှ၏။

ဆိုသော စကားလေးများ ပါသည့် “လွမ်း ရေယဉ် လှိုင်း” ဆိုသော ကဗျာလေးကို ကူးပေးလိုက်သည်။

တစ်လ ဆိုသော်လည်း ခင်ညို အကြာကြီး ထင်သလောက် မကြာလှပါ။ ဖြူက တစ်ပတ်လောက် ကြိုပြီး အဆောင် ပြန်ရောက်သည်မို့ ခင်ညို ပျော်ရ ပြန်သည်။ လူသူ ရှင်းရှင်းနှင့် သီရိရှေ့ အုတ်ခုံလေးတွင် စကားဖွဲ့ဖြစ်ကြသည်။ နှစ်ယောက်သား စားလား သောက်လား၊ ရုပ်ရှင် ကြည့်လားနှင့် မြကျွန်းသာမှာ သာလွန်းနေကြသည်။

ယဉ်ယဉ်နွဲ့ကတော့ ပြောသည်။

“အံ့ရော ကိုခင်ညိုရယ်၊ ခါတိုင်းဆို မိဖြူ ဘယ်တော့မှ စောစော ပြန်မလာဘူး၊ အို... ကျောင်းဖွင့်တာတောင် သူ ပြန်မလာတတ်ဘူး၊ သူ့အခန်းက အကောင်တွေက တစ်မျှော်မျှော်နဲ့ပေါ့၊ တကယ် အိမ်ခင်တဲ့ ကောင်မ၊ သိလား၊ အခုမှပဲ စောစောကြွလာတော်မူတာ”

သည်လို ယဉ်ယဉ်နွဲ့ ပြောသည်ကိုတော့ ခင်ညိုက ကျေနပ်သည်။ သူ မျှော်လင့် စောင့်စားနေသည်ကို ဖြူ လိုက်လျောပေသားပဲ။

အောက်တိုဘာ လကုန်ရက်က သီတင်းကျွတ်အခါမို့ ဖြူတို့ အဆောင်တွင် ဆံပြုတ် ကျွေးသည်။ ဖြူက “လာခဲ့ရမယ်နော်” ဆိုသည်နှင့် ကျော်မြင့်တို့ မောင်မောင်တို့အပြင် စိုးလွင်ရော ခင်ညိုပါ အုပ်သင်းဖွဲ့ပြီး သွားကြသည်။

သည်ညက သီရိသူတွေ တဝင်းဝင်း တလက်လက် ပြင်ကြ၊ သထား ကြသည်။ ခင်ညိုတို့ ရောက်တော့ အဂျလာတို့၊ နေသွင်တို့ပင် ရောက်နေနှင့်ပြီ။ အဂျလာဆိုလျှင် သူ့ ကိုယ်ထည် အတ္တဘောကြီးမှ အားမနာ။ ဘောင်းဘီရှည်နှင့် ကုတ်အင်္ကျီနှင့် အကျသား။ ဆံပင် ဖြီးထားသည်မှာလည်း ပြောင်လို့ လက်လို့။ “ဘီဒီအက်စ်က မလှသိန်းကိုမှ လှတဲ့ မိန်းမလို့ ခေါ်တာဗျ” ဟု ပြောသော တင်မြင့်မောင် တစ်ယောက်လည်း ထားဝယ်က ကျောင်းသူ တစ်ယောက်နှင့် မရမ်းပင် အောက်တွင် တိုးတိုး တိုးတိုး ဘာတွေ ပြောနေသည် မသိ။ မျက်နှာ ကတော့ ရွှန်းရွှန်းဝင်းဝင်းပေပဲ။

ခင်ညိုတို့ ဝင်လာပြီး စားပွဲလွတ် တစ်ခုမှာ ထိုင်မိမှ ဖြူနှင့် ယဉ်ယဉ်နွဲ့ ရောက်လာသည်။ ကျောင်းသူတွေ တဝိုးဝိုး တဝင်းဝင်း ပြင်ဆင်ထားကြချိန်တွင် ဖြူသည် ပကတိ အရိုးလေး။ ဆံပင် နောက်တွဲလေး ထုံးဖွဲ့ထားသည်။ ခရေကုံး လေး တစ်ကုံးသာ လျော့ရဲရဲ ဆံထုံးမှာ ချည်ထားသည်။ ယဉ်ယဉ်နွဲ့ကတော့ နှင်းဆီ နီရဲရဲလေး ပန်လို့။ သူလည်း အစဉ် ချိုပြုံးနေသည့် အပြုံးကို မဖျက်တမ်း ပြုံးသူ ဖြစ်သည်။

ဖြူက အင်္ကျီ အဖြူ လက်ရှည်နှင့် ဖြစ်၏။ တက္ကသိုလ် ကျောင်းသူနှင့်ပင် မတူချင်။ ဒါကပင် ယဉ်သလောက် ရိုးရိုးလေး လှသူလို့ ခင်ညိုက စိုးလွင်ကို တိုးတိုးလေး ပြောလိုက်သေးသည်။

“မနွဲ့ အဆောင်မှာ အိပ်လို့လား”

သူတို့ နှစ်ယောက် ခင်ညိုတို့ စားပွဲဝိုင်းရှိရာ သစ်ပင်အောက် ရောက်လျှင် ပင် ခင်ညိုက ယဉ်ယဉ်နွဲ့ကို နှုတ်ဆက်လိုက်သည်။

“ဟုတ်တယ် ကိုခင်ညို၊ မိဖြူ၊ အတင်းဆွဲတာနဲ့ အိမ်ကို ပြောပြီး ပြန်လာခဲ့ရတာ”

ယဉ်ယဉ်နွဲ့ စကားဆုံးလျှင် ကျော်မြင့်တို့ မောင်မောင်တို့ကို အဖွဲ့တို့ ဖြူတို့နှင့် မိတ်ဆက်ပေးသည်။ စိုးလွင်ကတော့ သိပြီး ကျွမ်းပြီးသားမို့ မလို။ သူတို့တွေ စကား ကောင်းနေလိုက်ကြသည်မှာ ဆံပြုတ် သောက်ရန်ပင် မေ့နေသည်။ အလိုက် သိတတ်သော ခရမ်းသူ မနုယဉ်တို့ လာပေးမှပင် သောက်ကြ ရသည်။

စားသောက်ပြီးလို့ ပြန်မည်ပြင်တော့ ဖြူက ခင်တို့ကို ခပ်တိုးတိုး ပြောသည်။

“ကိုညို၊ ဖြူတို့ မီးထွန်းပွဲ ခဏ လှည့်ကြည့်ချင်တယ်” တဲ့။ ဖိုးကျိုင်း တုတ်က လိုက်ပို့ပါသည်။ ကျောင်းသူတွေ ကနေ့ည ဆယ်နာရီထိ လည်နိုင် ထွက်နိုင်ကြသည်မို့ ခင်ညိုတို့ တစ်ပြုံတစ်မကြီး ရွှေတိဂုံဘုရားပေါ် တက်ကြသည်။ အပြန် လသာသာတွင် ခင်ညို၊ ဖြူနှင့် ယဉ်ယဉ်နွဲ့တို့ အင်းလျားကန်ရိုးပေါ် လျှောက်ကြပြန်သည်။

လေအလှုပ်တွင် အင်းလျားရေကန် လှိုင်းကြက်ခွပ်လေးတွေက လွန့်နေ လူးနေကြ၏။ မြူးကြွ ကခုန် နေဟန်ပင်။ လသာသာ လေညှင်းညှင်းကြောင့် လှိုင်းလေးတွေလည်း ပျော်နေကြဟန် တူသည်။ ခင်ညို ပျော်လို့ သူတို့လည်း ပျော်နေဟန်ပါ။

“ဘာပြုံးနေတာလဲ ဆရာကြီးရဲ့”

“ဪ... လှိုင်းလေးတွေပါ ဖြူရယ်၊ ကြည့်ပါဦး၊ ဖြူနဲ့ ကိုယ်နဲ့ လျှောက် လာကြတာကို သိပ်လိုက်တဲ့ အတွဲပဲတဲ့လေ”

“စာရေးဆရာကြီးက စိတ်ကူးယဉ်နေပြန်ပြီ ထင်တယ်”

မနွဲ့က နှစ်နှစ်ခြိုက်ခြိုက် ရယ်ပြီး ခင်ညို့ကို ပြုံးနွဲ့နွဲ့နှင့် နောက်လိုက်သည်။ ဖြူကတော့ ပြုံးပြုံးပေပဲ။

“တကယ်ပြောတာ မနွဲ့ရဲ့၊ ဟောထပ်တောင် ပြောနေသေးတယ်၊ မနွဲ့နဲ့ ဖြူနဲ့ နှစ်ယောက်တည်းသာ လာရင် သူတို့ ဒီလောက် မမြူးပါဘူးတဲ့၊ ကိုညိုပါ ပါလာလို့ ခုလို ကကြ ခုန်ကြ ပျော်မြူးကြရတာတဲ့၊ အတော် ချစ်ဖို့ ကောင်းတဲ့ လှိုင်းလေးတွေ”

“တော်စမ်းပါ၊ အပိုတွေ”

ဖြူက ခင်လို့ ကျောကို လက်ဖမိုးနှင့် ဖွဖွလေး လှမ်းထုပြီး ပြော လိုက်သည်။ လရောင်နှင့် ဝင်းနေသည့် သူ့ မျက်နှာကတော့ စိုစိုစိမ်းစိမ်း နုပေသည်။ ထုတာကလည်း တစ်ချက်တည်း။ နည်းလိုက်တာ။

“သိပ်ဝေးဝေး မလျှောက်နဲ့ကွယ်၊ ညဆိုရင် ဖြူက မျက်မှန်နဲ့ပေမဲ့ သိပ် မမြင်ဘူး”

“ဒါဖြင့်ရင် ဒါ ဘယ်နှစ်ချောင်းလဲ ဖြူ”

ခင်ညိုက လက်ညှိုး တစ်ချောင်း ဖြူကို ထောင်ပြသည်။

“တော်ကွယ်၊ သူ ဒီည သိပ်စကား များတာပဲ၊ ဒီမှာ အေးအေးဆေးဆေး ထိုင်ရအောင်ပါ”

ဖြူက ကန်ဘောင် အုတ်ခုံပေါ်တွင် ထိုင်ချလိုက်ရင်း ခင်ညို့ လက်ကိုပါ ဆွဲထိုင်ချလိုက်သည်။ ခင်ညိုကလည်း အလိုက်သင့်ပင် ဖြူနှင့် ယှဉ်ပြီး ထိုင်လိုက်သည်။ ဖြူက ဒီလို ရင်းနှီးသည့် အမူအရာမျိုး ပြုမူပြန်တော့ ခင်ညို အတွေးရ ခက်ပြန်သည်။

“ကိုညို၊ ဖြူနဲ့ ဒီလိုနေတော့ ပိုပြီး စိတ်ဆင်းရဲမှာပေါ့၊ ဖြူကို မတွေ့ရရင် မကောင်းဘူးလား”

ခင်ညို နေသားတကျ ထိုင်မိလျှင်ပင် ဖြူက မေးလိုက်၏။

“စိတ်မဆင်းရဲလို့ ကိုယ် ဒီစကားတွေ ပြောနေတာပေါ့ ဖြူရယ်၊ ဖြူကို အစက မတွေ့ဖူး၊ မမြင်ဖူးရင်တော့ ဟုတ်တာပေါ့၊ ခုလို တွေ့ဖူး မြင်ဖူးတဲ့ အပြင် ချစ်ရဖူးပြီးမှတော့ ဖြစ်နိုင်ရင် ကိုယ် ဒီညတောင် ပြန်မခွဲချင်တော့ဘူး”

“အခုလည်း ဖြူကို ကိုညို မတွေ့ရရင် ကောင်းတာပေါ့၊ ဖြူ မရှိရင် ကိုညို တဖြည်းဖြည်းနဲ့ အရင်လိုပဲ စာကြိုးစားတဲ့လူကြီး ဖြစ်မှာပဲ”

“မဖြစ်ဘူး ဖြူ၊ ကိုယ်က ချစ်လည်း ချစ်ခဲ့တယ်၊ ချစ်တော့လည်း အခု ပြန်ပြီး မမုန်းနိုင်ဘူး၊ ကိုယ့် အချစ်ကို ကိုယ် ပြန်ပြီး မဖျက်ဆီးနိုင်ဘူး”

“ဒီလိုဆိုရင် ဖြူက ကိုကို့ကို သက်သက် နှိပ်စက်နေသလို ဖြစ်နေမှာပေါ့၊ ကိုကို့ကို ယူလည်း မယူနိုင်ဘဲနဲ့ မျှော်လင့်ချက်ပေးထားသလို ဖြစ်မှာပေါ့”

ဒီစကားတွေကြောင့် ခင်ညို့ ရင်ထဲမှာတော့ မချိလှပေ။ သူက ဖြူလို မိန်းကလေးကို ပိုင်ပိုင်နိုင်နိုင် ရသည့် ကံကောင်းသော ကိုခင်မောင်ရီနှင့် ကံမွဲသော သူ့ဘဝကို နှိုင်းယှဉ်နေမိသည်။ သူ့ကို မယူနိုင်ပါဘူးဆိုသော စကားကို ခုလို တရင်းတနှီး အခြေအနေမှာပင် ပြောနေသေးသည်။ ခင်ညို့ အဖို့မှာ ခုလိုလည်း တစ်တွဲတွဲ နေဖြစ်ပြီး သည်စကားမျိုးချည်းလည်း ကြားနေသည်ဆိုတော့ ဗလောင် ဆူနေရသည်။ သည်လို ညမျိုး၊ သည်လို ဖက်လှဲတကင်း နေခဲ့သည်သာ မဟုတ် သေး။ နောက်ပိုင်းရက်များ ခင်ညို ကျောင်းစာ မှန်မှန် မကြည့်ဖြစ်သည့်တိုင် အတန်းမှန်ပြီး ဖြူနှင့် တစ်တွဲတွဲ ရှိပြန်တော့ ပိုဆိုးသည်။ ခင်ညို ပိုပြီး နှလုံး နွေးရသည်။ စိတ်ပါ လေးရသည်လေ။

ထိုနေ့က ဖြူ မှာထားသည်နှင့် ခင်ညို သီရိဆောင်ရှေ့တွင် ဝေလီဝေလင်း အရုဏ်ပေါ်စကတည်းက ရပ်နေသည်။ ရွှေတိဂုံဘုရား သွားချင်လို့တဲ့။ ငါးနာရီ ငါးမိနစ်တွင် ဖြူ အဆောင်က ထွက်လာသည်။

“ကိုညို ရပ်နေတာ မြင်တယ်၊ ဆေးလိပ်မီးကလည်း တစ်ဖွားဖွားနဲ့၊ တစ်ခါတည်း၊ နောက်ပြီး သူ ချောင်းဆိုးဦးမယ်”

ဖြူက ရောက်ရောက်ချင်း ခင်ညို့ကို မူနွဲ့နွဲ့ ပြောသည်။

“ဖြူ၊ တော်တော်နဲ့ မလာတာနဲ့ ဖွာနေတာပါ ဖြူရယ်၊ ဘာရယ် မဟုတ် ပါဘူး၊ နည်းနည်းလည်း အေးတာနဲ့ ဆေးလိပ် ဝယ်လာရတာ”

“ဖြူ အစောကြီးကတည်းက နိုးနေတာ၊ ရေမိုးတောင် ချိုးပြီးပြီ၊ ကိုညို ရောက်တာ မြင်လို့ ဆင်းလည်း ဆင်းလာရော အောက်တံခါးက မဖွင့်သေးဘူးလေ၊ ဒါနဲ့ အခန်းပေါ် ပြန်တက်နေတာ”

“ခုတော့ ဖွင့်ပြီလား”

“ခုလည်း မဖွင့်သေးဘူး ကိုညိုရဲ့၊ သူ စောင့်နေရတာ သိပ်ကြာနေမှာ စိုးလို့၊ မီးဖိုဘက်က ထွက်လာတာ”

ဖြူက ပြုံးပြုံးလေး။ သနပ်ခါး အဖွေးသားနှင့်မို့ ကြည်လိုက်သည့် မနက်ခင်းလေ။ ဘတ်စ်ကား စီးသွားပြီး ဗိုလ်ရှုခံ မှတ်တိုင်မှာ ဆင်းကြသည်။ ပြီးတော့ ဗိုလ်ရှုခံရှေ့ ကွက်လပ် ဝါဝါဝင်းကွင်း (ယခု ပြည်သူ့ဥယျာဉ်) အတိုင်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာနှင့် ပခုံးချင်းတိုက် လက်ချင်း ရိုက်နှင့် ဘုရားပေါ် ရောက်ကြ၏။

“ကိုညို ရှိခိုးလေကွယ်”

ဖြူက အနောက်မုဒ် နှစ်ပြားတန်ဆောင်း တည့်တည့်မှ ဇရပ်ပေါ် ရောက် ရောက်ချင်း ဘုရားဝတ်ပြုပြီး ခင်ညိုကို လှည့်ပြောသည်။ ခင်ညိုက ပြုံးသာ နေသည်။

“ဘယ်လိုလဲကွယ့်”

ခင်ညိုက မလှုပ်မရှား ပြုံးပြီးသာ ငြိမ်နေသောကြောင့် ဖြူ က တံတောင် နှင့် တွတ်ရင်း ပြောလိုက်သည်။

“ကိုယ့်မှာ အချစ် ဘုရားလေး ပါသားပဲ ဖြူ ရယ်”

“ဘာတွေ လျှောက်ပြောနေတာလဲကွယ်”

“ဪ... ကိုယ် စိတ်မပါလို့ မရှိခိုးတာပါ ဖြူ၊ ဘုရားကို တစ်ပတ် ပတ်ပြီးတော့မှ မဆင်းခင် ကိုယ် ဝတ်ဖြည့်ပါ့မယ်၊ လာပါ၊ လျှောက်ရအောင်ပါ”

“သူ ဒိဋ္ဌိ ကျနေတာပဲ”

ဖြူ ခင်ညို့ကို မျက်စောင်းကလေး တင်ပြီးပြောမှ ခင်ညိုက ပြွန်တန်ဆာတွင် ကျန်ရစ်သည့် မနှင်းမြကို သတိရလိုက်မိသည်။ ဖြူလိုပဲ ဒိဋ္ဌိလေးတဲ့လေ။ ပို ဘာစိတ်ကူး ပေါက်ပြန်သည် မသိ။ ကြာသပတေးထောင့် အရောက်တွင် ပန်း ဆီမီး ပူဇော်ပြန်၏။ သည်တစ်ခါမှာတော့ ခင်ညိုလည်း ဖြူနှင့် အတူ ယှဉ်လို့ ဘုရား ဝတ်ဖြည့်သည်။

“ဘယ်လို ဆုတွေ တောင်းနေတာလဲ ဖြူ”

မျက်လုံး အစုံမှိတ်ပြီး ခင်ညို ဦးသုံးကြိမ် ချပြီးသည်ထိ ရှိခိုးမြဲမို့ ဖြူ ဝတ်ဖြည့် ပြီးပြီးချင်း ခင်ညိုက မေး၏။

“ကိုညိုကော ဘာဆုတွေ တောင်းလဲ”

“ကိုယ် မေးတာတော့ မဖြေသေးဘဲနဲ့”

“အင်းလေ၊ ဖြူက သိချင်တာကိုး”

“ဖြူ၊ သိချင်လည်း ကို အလျှော့ပေးပြီး ပြောပါမယ်ကွယ်၊ ဖြူနဲ့ ချစ်ပြီး ညားတဲ့သူ ဖြစ်ပါစေလို၏လို့ ဆုတောင်းတာပါပဲ၊ ဖြေပြီးပြီ ဖြူ ပြော”

“မပြောချင်ပါဘူး”

“သိပါတယ် ဖြူရယ်၊ မပြောချင်ဘူးဆိုတော့ ကိုခင်မောင်ရီ အတွက်မို့ မဟုတ်လား”

မိန်းကလေး ကျွဲမြီးတိုသွားသည်။ ခင်ညို့ကိုလည်း ထန်ထန် စကား ဆိုလိုက်သည်။

“သူ အေးအေးဆေးဆေး မနေချင်ဘူး ထင်တယ်၊ ဖြူကို မစနဲ့သိလား” တဲ့။

ခင်ညိုပင် စပြီး ခင်ညိုပင် ချော့ရပြန်ပါသည်။ ဖြူ အလိုကျ ဘုရား ထောင့် ခရေပင်ကြီးအောက်က ခရေပွင့်လေးတွေ ကောက်ပေးရပါသည်။ ခရေ ပွင့်ကို အကြိုက်ဆုံးပန်း ဆိုသူလေး။ ပွင့်ကြွေတွေကို တစ်ယောက်တည်း လုလုပြီး ကောက်။ မြူးလို့။ နှစ်ယောက်ပေါင်းလိုက်တော့ ခင်ညို့ လက်ကိုင်ပုဝါ တစ်ထုပ်ကြီးရယ်။

“ဖြူ ပန်ချင်တယ် ကိုညိုရယ်”

သီစရာ ကြိုးလည်း မရှိ၊ နှီးသားလည်း မရှိ၊ ဒါနှင့်ပင် ခင်ညို ပန်း သည်များ ရှိရာ သွားမည်လို့ ပြင်လိုက်သည်။

“နေပေ့စေ ကိုညို၊ ဖြူ၊ သိပြီ၊ ဖြူ ဆံပင် သုံးချောင်းလောက် ဖြတ် လိုက်ရင် သီလို့ရတာပဲ၊ ရော့ ရော့ ဖြတ်ပေးစမ်းပါ”

ဖြူက မြန်သည်။ ပြောပြောဆိုဆို သူ့ ဆံပင်ထွေးကြီးကို ခင်ညို့ကို ဖြန့်ပေးသည်။

“မဖြတ်ပါနဲ့ ဖြူရယ်၊ ဆံပင်လေးတွေ သနားပါတယ်” ဖြူက ကိုယ်လေး ယိမ်းသွားအောင် ခင်ညို့ စကားကို သဘောကျ ရယ်လိုက်ပြီး “ဖြတ်လိုက်ပါ ကိုညိုရယ်၊ သူများတွေ ကြိုးနဲ့ သီတာ၊ ဖြူတို့ ဆံပင်နဲ့ သီတော့ ပိုမြတ်တာပေါ့”

မငြင်းနိုင်ပါ။ ခင်ညို သွားနှင့် ကိုက်ပြီး ဖြတ်ပေးလိုက်ရပါသည်။ ပြီးတော့လည်း ခက်ခက်ခဲခဲ သီရသေးသည်။ တကယ့် မိန်းကလေး။ သူ လိုချင် တာတော့ လုပ်ဖြစ်အောင် လုပ်သူလေး။

အပြန် ခင်ညိုတို့ မြို့တွင်းက လှည့်ပြန်သည်။ မဂိုလမ်း (ရွှေဘုံသာလမ်း) က ချစ်တီး ထမင်းဆိုင်မှာပင် ငှက်ပျောဖက်ခင်း စားကြသည်။ အဆောင် ပြန်ရောက်တော့ နေ့ခင်းပင် တိုင်ပြီ။ ယဉ်ယဉ်နွဲ့ပင် အတန်းပြီးလို့ ပြန်ပြီတဲ့။

“ကိုညို ဒီမှာ ခဏလေးစောင့်နော်၊ ဖြူ၊ မကြာပါဘူး၊ ပြန်ဆင်းခဲ့မယ်” သီရိဆောင်ရှေ့တွင် စကားပြောနေကြရင်းမှ ဖြူ အဆောင်ထဲ ဝင်သွားသည်။ အဆောင် ဧည့်ချိန် မဟုတ်သောကြောင့် ဖြူ အစီအမံအတိုင်း အဆောင်ရှေ့ ရေတမာပင် အောက်တွင်ပင် ရပ်ပြီး စောင့်နေသည်။ သီရိသူတွေက ကျောင်း ပြေးလေးကို ကြည့်ပြီး ပြုံးကြသည်။ ဖြူကို စောင့်နေမှန်း သိသည်မို့ ရယ်ဖြဲဖြဲ လုပ်သွားသူတွေလည်း ရှိသည်။ ဖြူကို ကိုခင်မောင်ရီနှင့် တတွဲတွဲ နေခဲ့သည့် အဖြစ်၊ သီရိ ဧည့်ခန်းတွင် ကိုခင်မောင်ရီနှင့် နောက်ဆုံး နာရီအထိ ရယ်မော ပြောဆိုခဲ့သည့် အဖြစ်တွေကိုပါ မြင်ဖူး၊ သိဖူးသည့် မိန်းကလေးတွေကလည်း ခင်ညိုကို ကြည့်ပြီး သူတို့ချင်း ပြုံးပြော ပြောသွားကြပြန်သည်။ အပြုံးလေး တွေ.ချီးကျူးပြုံး၊ လှောင်ပြုံး၊ ကြည်ပြုံး၊ တည်ပြုံး၊ မဲ့ပြုံး၊ ရွဲ့ပြုံး၊ ရှုံ့ချပြုံး၊ ကရုဏာပြုံး၊ အားနာပြုံး အို... စုံလို့ ရှိမည်။ ပြုံးကြစေတော့ မတတ်သာပြီ။

မကြာလှပါ။ ဖြူ ကချင်လွယ်အိတ် အမွှေးဖွားလေး လွယ်ပြီး ပြန်ဆင်းလာသည်။

“ဖြူ ကြာသွားသလား ကိုညို”

ခင်ညိုနား ရောက်ရောက်ချင်း အဆင်ရိုး အသွင်ရိုးလေး ပြောင်း ဆင်း လာသော ဖြူက မေးသည်။

“ဖြူ လာမယ်ဆိုတာ သိလို့တော့ ဖြူရယ်၊ ကြာချင်သလောက် ကြာစမ်း ပါ၊ ကိုယ် ကျောက်ရုပ်ဖြစ်တဲ့ထိ စောင့်နိုင်ပါတယ်”

“သူကတော့ ပိုပြီ၊ ဟင်း၊ ကျောက်ရုပ်ဖြစ်နေရင် ဖြူ လာမှတော့ ဘယ် သိတော့မလဲ တကတည်း”

“ဘယ်သွားဦးမလို့လဲ ဖြူ”

လွယ်အိတ်နှင့် ဘာနှင့် ဆင်းလာလေတော့ ခင်ညိုက မေးရသည်။

မေးရအောင်လည်း သူက ဂျပ်ဆင်ဘက်သို့ ခြေလှမ်းပြင်နေပြီ။

“ဘယ်သွားသွားလေ၊ သူ မလိုက်ဘူးလား”

“ကဲ... ကြွသာ ကြွပါဗျာ၊ ဖြူ ဘယ်သွားသွား ဖြူနဲ့အတူ ကိုယ် လိုက်ရ တာပဲဟာ၊ အဆောင်ကို ပြန်မလာနိုင်တဲ့ထိ သွား၊ ကိုယ် လိုက်ပါ့မယ်”

ဖြူက အတော် သဘောတွေ့သွားသည်။ ဖြတ်သန်း သွားလာနေကြသည့် ကျောင်းသူတွေ လှည့်ကြည့်မိအောင်ပင် ဟက်ဟက်ပက်ပက် ရယ်လိုက်၏။ ပြောလိုက်သေးသည်။

“သဘောတော့ ကျနေပြီကွယ်”

“ဖြူ သဘောကျဖို့ အရေးကြီးနေတာပါပဲကွယ်၊ ဖြူက ခုထိ ကိုယ့်ကို ချစ်တယ်လို့ ပွင့်ပွင့် မပြောလို့ ခက်နေတာပေါ့”

“သူ သိပ် စကားတတ်တာပဲ”

ခင်ညို ဖြူနှင့်ယှဉ်ပြီး ဖြူ ခြေလှမ်းပြင်သည့်အတိုင်းပင် လိုက်သွားသည်။ ဖီလော်ဆော်ဖီ ဌာနကို လွန်သွားသည်။ ခင်ညိုက စိုးလွင်များ ရှိလေမလားလို့ ကြည့်လိုက်သေးသည်။ မရှိ။ ဂျပ်ဆင် ကောလိပ် ထောင့်ဆုံး အပေါက်မှ ဆင်းမည် အပြု `အဟမ်း” ဟု ချောင်းသံကျယ်ကျယ် ကြားလိုက်သည်။ တယ်လီဖုန်း အော်ပရေတာ လုပ်နေသည့် ဌေးမြင့်နှင့် ဘီအေ အောင်ပြီးသည်ထိ အလုပ် မရသေးဘဲ တလယ်လယ် လုပ်နေသော မန္တလေးသား ခင်မောင်သိန်း။ ခင်ညို လှည့်ကြည့်တော့ ဖိုးခင်မောင်သိန်းက မျက်စိ မှိတ်ပြလိုက်သေးသည်။ သူ့ ညာလက်ညှိုးနှင့် ဘယ်လက်ညှိုးတို့ကို ယှဉ်ပြီး ခေါင်းညိတ်ပြသည်။ အတော် နောက်တဲ့ လူ။

နောက် ဘွဲ့နှင်းသဘင်ကို ကျော်ပြီး အင်းလျားချိုင့်ထဲ ရောက်ကြသည်။ အရိပ်ကောင်းသော သရက်ပင်ကြီး တစ်ပင်အောက်တွင် ဖြူ ထိုင်လိုက်သည် နှင့် ခင်ညိုပါ ထိုင်လိုက်သည်။ ဖြူက ထိုင်ထိုင်ခြင်း သူ့ မျက်မှန်လေး ချွတ်ပြီး ရှေ့မှာရှိသည့် သစ်ပင် ကိုင်းခြောက်လေးတွင် ချိတ်ထားလိုက်သည်။ ကချင် လွယ်အိတ်ကလေး ပိုက်လို့။

“ဖြူ၊ မောသွားပြီလား”

ခင်ညိုက သရက်ပင်ကို မှီပြီး ဖြူ၊ နောက်ကျောကို ကြည့်ရင်း မေး လိုက်သည်။

“သူ မောလို့ပြောတာ မဟုတ်လား”

“ဖြူနဲ့ အတူတူ သွားနေမှတော့ ဘယ်မောပါ့မလဲ ဖြူရယ်”

“ဒါဖြင့် ဘာလို့ သူများကို မေးသေးလဲ”

“သူများကို မမေးပါဘူး၊ ဖြူကို မေးတာပါဗျာ”

ဖြူက နောက်လှည့်ပြီး ခင်ညို့ ရင်ကို လှမ်းထုသည်။ မနာပါဘူး။ ခင်ညို ပျော်နေသည်၊ မြူးနေသည်၊ မှိုရသည့် မျက်နှာမျိုး။

“ဘာပြုံးနေတာလဲ”

ဖြူလည်းပဲ ပြုံးလျက်သာပင်။ ခင်ညိုလည်း ပြုံးမြဲ။

“ဘာ သဘောကျနေပြန်တာလဲ”

“ဖြူကို ချစ်လွန်းလို့”

“လာပြန်ပြီ၊ သူ ဒါပဲသိတယ်”

“ဟုတ်ပါတယ်၊ ကိုယ် ဒါပဲ သိပါတယ်

“တော်ပါရော့”

ဖြူက ပြောပြောဆိုဆို သူ့ ရင်ခွင်ထဲမှ ကချင်လွယ်အိတ်လေးကို ခင်ညို့ကို ပေးသည်။ လွယ်အိတ်ထဲမှ ဓာတ်ဘူးလေး တစ်လုံး။

“ဘယ်လိုလဲကွယ့်”

ခင်ညိုက ဖြူ မေးနေကျ၊ ချိုနေကျ စကားလေးကိုပင် ပြောလိုက်သည်။ “ဘယ်လိုလဲကွယ့်” လို့။ “ဒီလိုပဲလေကွယ်” တဲ့။

ဥဩပျိုမလေး တေးချိုသည်ဆိုတာ အလကား။ ခင်ညို မယုံ။ အခုလို ချိုလျှင်တော့ ဟုတ်ပေသား။ သူ ပြောနေကျ စကားနှင့် သူ အခု ဖြေလိုက်ပုံ နွဲ့နွဲ့လေးကို ခင်ညို အတော် သဘောကျသွားသည်။

“ဓာတ်ဘူးက ဘာလုပ်ဖို့လဲ ဖြူ”

“သိချင်ရင် ဖွင့်ကြည့်ပါလား

ခင်ညို သိချင်ပါသည်။ ဖွင့်ကြည့်ပါသည်။ ခင်ညို ချစ်သော လက်ဖက် ရည်တွေပါ။

“ဖြူ၊ ဘယ်တုန်းက ဝယ်ထားတာလဲကွယ်”

“ဖြူ၊ မဝယ်ပါဘူး၊ ခုနက သူ အဆောင်ရှေ့မှာ စောင့်နေတုန်း ဖျော်တာလေ”

“အချိုခြောက်က ရှိနေတယ် ဟုတ်လား”

ဖြူက နှုတ်ခမ်းစေ့ပြီး ခင်ညို အမေးကို ပြုံးလျက် ခေါင်းညိတ်ပြသည်။ ပြုံးပြန်ပြီ သည်အပြုံးမျိုး၊ ခင်ညို မောပြီ။

“ကိုညို အဆောင်လာရင် ဖျော်တိုက်မလို့ တမင် ဝယ်ထားတာ၊ အခု ကြုံလို့ လက်ဖက်ရည် သောက်ဖို့ ဒီဘက် လာခဲ့တာပေါ့”

ဪ... ကြည်နူးရပြန်ပါပြီ။

“အဆောင်မှာ သောက်လို့တော့ ဘယ်ကောင်းမလဲ ဖြူရယ်”

“ဘာဖြစ်လို့ မကောင်းရမှာလဲ၊ ကိုယ့် ဧည့်သည် ကိုယ် တည်တာကို”

“ဒီ့ပြင် ကျောင်းသူတွေက မေးငေါ့မှာပေါ့ ဖြူရဲ့”

အို... သူ အားကြီး အကြောက်ကြီးတာပဲ၊ သူတို့ကို အနှောက်အယှက် ပေးတာမှ မဟုတ်ဘဲ၊ ဖြူတော့ အရေးမစိုက်ပါဘူး”

မှန်ပေသည်။ ဖြူ အရေးမမူသည်မှာ တရားကို လွန်ပါသည်။ ခင်ညိုသာ မရပ်စဖူး သီရိရှေ့ လာလာ ရပ်ရသည်ကို ကြောင်သည်၊ ကျက်သည်လို့ အားယူလာရခြင်းဖြစ်သည်။ မိန်းကလေးတွေနှင့် ကင်းခဲ့ ရှင်းခဲ့ပါလျက် ဖြူနှင့် သည်လို နေရသည်ကိုလည်း မလုံမလဲ ဖြစ်သည်။ ဖြူက သူ့ ပိုင်ပိုင်နိုင်နိုင် ချစ်ဦးသူ ဆိုလျှင်တော့ ခင်ညို အရေး မမူလိုပါ။ ပြောချင်သူ ပြော၊ မောအောင် ပြောပါ။

ခုတော့ ဖြူက လက်ထပ်ဖို့လူ တရားဝင် ဖြစ်နှင့်ပြီ။ ခင်ညိုက နောက်ကျသား။

တတွဲတွဲ တွဲနေလွန်းလို့ သူငယ်ချင်းတွေက ဖိုးစွံလို့ ခေါ်လျှင်တောင်မှ ခင်ညို ခေါင်းမဖော်သာသည့် အဖြစ်။ စိုးလွင်ကတော့ အကြောင်းသိမို့ ခင်ညို အဖြစ်စုံ ပြောပြပါသည်။ လူတကာကို ရှင်းနေရအောင်လည်း အဖြစ်က ဆိုး လွန်းသည်။ ကိန်းကတော့ ဘုရားသွား အတူတူ၊ ကျောင်းသွား အတူ၊ မင်္ဂလာ ဆောင်တော့ တစ်ခြားစီ ဖြစ်ရမည့် ကိန်း။

ဖြူကတော့ သိပ်မမှု၊ တကယ့်ကို အရေးမယူ။ အခန်းဖော် အပေါင်း အသင်းတို့ မတင်ရွှေတို့ မေးသည်ကိုပင် “ဘယ်လို ထင်လို့လဲ၊ ထင်ချင်သလို ထင်လေကွာ” လို့ ပြောသူ။ မင်းဟာက မရိုးပါဘူးကွာဟု ဆိုလျှင်လည်း“မရိုး မှန်းလည်း မင်း သိသားနဲ့ အလကား မေးတယ်ကွယ်” ဟု ပြောပစ်သည်။

ခင်ညိုသာ နှုတ်ငုံ နေရသူ။ အဂျလာတို့ မေးလွန်းသည်နှင့် “ ဘာမှ မဖြစ်ပါဘူးဗျာ၊ ခင်တာပါ” ဆိုသည်ကိုပင် “ခင် ခင်နိုင်လွန်းတယ်ကွာ၊ တစ်နေ ကုန်” လို့ အပြောခံရသည်။ ပြောပါစေတော့။

“ဘယ်လိုလဲကွယ့်၊ တစ်ခါ တစ်ခါ သူ အားကြီး ငိုင်တာပဲ၊ ဘာတွေ တွေးနေမှန်း မသိဘူး”

ဖြူက ခင်ညို့ လက်ထဲမှ ရေနွေးဓာတ်ဘူး ယူပြီး အဖုံးတွင် လက်ဖက် ရည် ထည့်ပြီးနေပြီ။ သူ ပေးမှပင် ခင်ညိုလည်း အားပါးတရ သောက်လိုက်သည်။

“ခါးလား ကိုညို”

“ကောင်းတယ် ဖြူ”

“ခါးလား မေးတာပါ”

ဖြူက ဆောင့်ဆောင့်အောင့်အောင့်လေး မေးမှ “ဪခါးပါရဲ့၊ ခါးပါရဲ့” ဟု ပြောင်ချော်ချော် ခင်ညို ဖြေလိုက်သည်။ အတော်လည်း အလိုက် သိသည့် ဖြူပင်။

“တမင် ခါးအောင် ဖျော်လာတာလား”

အင်းလေ၊ ဖြူနဲ့ ဆိုင်ထိုင်တိုင်း လက်ဖက်ရည်ခါးခါးဆိုတဲ့ အသံပဲ ကြားကြားနေလို့ ခါးအောင် ဖျော်လာတာပေါ့”

ရှားပါသည်။ ဖြူလို မိန်းကလေးမျိုးတော့ ခင်ညိုမို့ လက်လွတ်ခံရသည်။ ဒါလောက် ခင်ညို့ကို စေတနာ ထားနိုင်သားနှင့် ဂရုစိုက်နိုင်ရက်သားနှင့် သူ့ အချစ်ကို ခင်ညို မရ။ နှမြောဖို့ အလွန်ကောင်းတော့သည်။

“ဖြူ ကနေ့ တစ်ရက် ကျောင်းပျက်တာပေါ့”

“သူကကော”

“ကိုယ်က အရေးမကြီးပါဘူး ဖြူရယ်၊ စာဖတ်ဖို့ သိပ်လည်း စိတ်မပါဘူး၊ ဖြူနဲ့ ဒီလို နေနေရရင် ကိုယ် ဘာကိုမှ စိတ်မပါဘူး ဖြူ၊ တစ်ခုပဲ”

“ကူးထားတဲ့ စာတွေ ပေးတာလည်း သူ မယူဘူး”

“ကိုယ် ပြောပြီးပါပြီကော”

“ဒီလိုဆို ဖြူလည်း ကျောင်းမတက်တော့ဘူး၊ စာလည်း မကျက်တော့ဘူး”

“အို... ဘယ်ဟုတ်ပါ့မလဲ၊ ဖြူ က ဘာမှ အဆင်းရဲခံစရာ မလိုပါဘူး ကွယ်၊ ဖြူမှာ အဆင်ပြေစရာတွေချည်းနဲ့ပဲဟာ”

“သူက ဒီလိုချည်း အတန်း မတက်ပဲနေတော့ ဖြူ၊ ဘယ်စိတ်ချမ်းသာပါ့ မလဲ၊ ဖြူကြောင့် ကိုညို ဒီလို ဖြစ်ရတာဆိုတော့ ဖြူလည်း ဘယ်မှာ စာ ကြည့်လို့ရမလဲ”

“ဒါဖြင့်ရင် နှစ်ယောက်လုံး စိတ်ချမ်းသာအောင် ကိုယ့်ကို ချစ်တယ်လို့ ပြောပါလား ဖြူရယ်”

“အို... ကိုညိုရယ်၊ ဖြူမှာ ကိုခင်မောင်ရီကြီး ရှိနေတာ ဘယ်နှယ့် လုပ်ရမလဲ၊ အိမ်က အလိုကျ ဖြူက ခေါင်းလည်း ညိတ်ပြီးပြီ၊ ဖြူ၊ တစ်ပြိုင်တည်း နှစ်ကြိမ် ခေါင်းမညိတ်နိုင်ဘူးကွယ်၊ ဖြူ၊ စိတ်ညစ်တယ်”

မိန်းကလေးက အုံ့မှိုင်းပြီး ရွာတော့မည့် မိုးလို ညိုသွားပါသည်။

သူ ဖြူကို နားမလည်ဘူးလို့လည်း ဆို့ဆို့နင့်နှင့် ပြောရှာသည်။ ပြည့်“စာကျက်ပါကွယ်၊ ဖြူနဲ့ တစ်နေရာရာမှာ အတူတူ ဖတ်မယ်လေ၊ စာကြည့်တိုက်မှာဖြစ်ဖြစ်၊ ကျောင်းခန်းထဲမှာ ဖြစ်ဖြစ်ပေါ့”

ခင်ညို သည်လိုလည်း စိတ်မဝင်စားပါ။ သူ ဖြူကိုသာ ပိုင်ပိုင် ချစ်ချင် နေသည်။ သူနှင့် ဝါသနာတူ အယူအဆ တူသည့် မိန်းကလေးကို လက်မလွှတ် ရက်အောင် ဖြစ်နေသည်။

ခုတော့ ‘နေ့ သီချင်းဆို၊ ညမှာ ငို’

ဆိုသည့် ဒေါင်းနွယ်ဆွေ ကဗျာလိုပင် တစ်နေကုန် ဖြူနှင့် မျက်နှာချင်း ဆိုင်ပြီး အခန်းရောက်သော် တစ်ယောက်ထီးတည်း ရင်မောနေရသည်။ “ငါ မပိုင်လေခြင်း” ရယ်လို့ ရင်မောနေရသည့် သောကအပူက ညတိုင်း ဆူရသည်။ ကနေ့ညလည်း သည်လိုပင် ပူရဆွေးရပေဦးမည်။ စိတ်ညစ်လိုက်တာ။

“ကိုယ်နဲ့ ဖြူနဲ့ သည်လို သွားနေ လာနေတာ ကိုခင်မောင်ရီ သိရင် ဖြူကို ပြောမှာပေါ့”

“သိပါတယ်၊ ဖြူ၊ အားလုံး စာ ရေးတာပဲ၊ ဖြူ က ဘယ်ဟာမှ ဖုံးကွယ်ပြီး မလုပ်ချင်ဘူး”

“ဖြူ မိဘတွေကရော”

“အို... သူကလည်း စလောင်းက ပူနေလိုက်တာ၊ သူတို့ လူကြီးတွေ သဘောအတိုင်း ဖြစ်ရမယ်လို့ ဖြူ ခေါင်းညိတ်ပြီးပြီပဲ၊ နေတာတော့ ဖြူ နေချင်သလို နေမှာပေါ့၊ သူက ပူနေရပြန်ပြီ”

ရှိစေပူနေရပါသည်။ သည်လို ဖြူ ပြောသည်ကပင် သူ့အတွက် ပိုပြီး ရင် မောစရာ ဖြစ်ရသည် မဟုတ်လား။ ကြည့်လေ၊ ဖြူက သူ့ကို ခိုင်ခိုင်ပင် ပြောနေပြီ။

“ဖြူ ရယ် ကိုယ် သေလိမ့်မယ်၊ ကိုခင်မောင်ရီဆီက သွားတောင်းယူ ရလိမ့်မယ် ထင်တယ်”

မိန်းကလေးက မှိုင်းမှုန်ရီဝေ ဣန္ဒြေနှင့် ငြိမ်နေပါပြီ။ သူလည်း မချိနွမ်းလျ ဖြစ်နေပါပြီ။

“ကိုညိုရယ်၊ အခု ဖြူနဲ့ နေရတာ ပျော်တယ် မဟုတ်ဘူးလား၊ ပြီးရောပေါ့”

“အခုတင် မဟုတ်ဘူးကွာ၊ ကိုယ် တစ်သက်လုံး ပျော်ချင်လို့ ပြောတာပါ”

ဖြူ သက်ပြင်းပဲ ချနိုင်တော့သည်။ ခင်ညို့ကို ပြောရမှာလည်း ကျပ်လှသည်။ သူ့မှာလည်း အခက်အခဲတွေ၊ အကာကြီးတွေ၊ တံတိုင်းကြီးတွေနှင့်။

“ဖြူ အချစ်ကို ပိုင်ပိုင်ရဖို့ ဒီလောက်တော့ စောင့်ရမယ် ထင်ပါရဲ့”

ခင်ညိုက ပြောရင်း လက်မကို ကွေးထားသော ညာဘက် လက် လေးချောင်းနှင့် ဘယ်ဘက် လက်ညှိုး တစ်ချောင်း နှစ်ဖက်ပေါင်း ငါးချောင်း ထောင်ပြလိုက်သည်။

“ငါးနှစ် ဟုတ်လား”

ဖြူက မျက်ခုံး စိမ်းစိမ်းနုနုလေးတွေ တွန့်ပြီး မေးသည်။

“မဟုတ်ဘူးလေကွာ၊ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပြောတာ”

“အို... သူ ဘာတွေ ပြောနေမှန်းလဲ မသိဘူး၊ စိတ်ညစ်တယ်၊ ပြန်ကြပါစို့”

နောက်ဆုံးတော့ ဖြူ ဆန္ဒအတိုင်း လိုက်လျောပြီး ပြန်ခဲ့ကြရ၏။ ဖြူကို အဆောင်ဝအထိ ခင်ညို ပြန်ပို့လေသည်။ အဆောင်ထဲ ဝင်မည်ပြုပြီးမှ ဖြူက ထူးထူးခြားခြား ဘုရားတွင် ဆံပင်ချည်နှင့် သီခဲ့သည့် ခရေကုံးကို သူ့ခေါင်းက ဖြုတ်ပြီး ခင်ညိုကို လှမ်းပေးသည်။

“ဖြူတို့ နှစ်ယောက် ကောက်ထားတာပဲ၊ ဖြူ၊ ပန်ပြီးပြီ၊ သူလည်း ပန်ဦး ပေါ့” လို့ပင် မချိပြုံးလေး ပြုံးပြီး ပြောလိုက်သေးသည်။

ပန်း ရသော်လည်း နွမ်းလျ အိမ်ပြန်၊ ခင်ညို ပြန်ခဲ့ရခြင်းဖြစ်၏။ တစ်နေ့ စာ သီချင်း ဆိုခဲ့ပြီးပြီ၊ တစ်ညစာ ငိုရပေဦးမည်။ လွမ်းရ တမ်းတရပေဦးမည်။

ခင်ညို ပန်းကုံးလေးကို ရွရွလေး ကိုင်လာသည်။ ခေါင်းက ငိုက်ပြီး ထွေကရာ တွေးကာ ပြန်လာခဲ့ရသည်မို့ သူ့အခန်းဖော် တင်မြင့်မောင်၏ အစ်ကို ဒဂုံဆောင်က ကိုတင်ထွေး လက် လှမ်းဆွဲမှ တုံ့သွားသည်။ .

“ဘယ့်နဲ့ ကိုခင်ညို၊ ခင်ဗျားကို အမျိုးသမီး ပန်းလေး ဖြုတ်ပေးလိုက်တာ ကျွန်တော် မြင်တယ်ဗျ၊ ကျုပ်က ထားဝယ် အသင်းအတွက် အီးစီတွေနဲ့ ရပ် စကား ပြောနေတာ၊ ခင်ဗျား ကျုပ်တောင် မမြင်ဘူး မဟုတ်လား၊ ခင်ဗျား အမျိုးသမီးက တကယ် မှည့်ပဲဗျ၊ အသားလေးတွေ ဖြူပြီး ဝင်းနေတာပဲဗျာ၊ ခင်ဗျားနဲ့တောင် မလိုက်ဘူး၊ ကျုပ်နဲ့ပဲ လိုက်တယ်”

ကိုတင်ထွေးက လေရှည်ကြီးနှင့် ခင်ညိုကို ဆွနေပြန်သည်။ ခင်ညို ထွက်သွားသည်ထိပင် နောက်က လိုက်လာသည်။ ကျောင်းသား တစ်စုကို ခင်ညို အမျိုးသမီး ပြည့်ကြောင်း၊ ဖြိုးကြောင်း၊ ရွဲနေကြောင်း ပြောနေသေးသည်။ တကယ့် ထားဝယ်သား။

“လာပြီဟေ့၊ အချိန်မှန် ဒီဇယ်ကြီး”

အခန်းမှာတော့ စိုးလွင်နှင့် ချစ်ဆွေ နှစ်ယောက် ရောက်နေနှင့်ကြသည်။ သူတို့ နှစ်ယောက်နှင့် တင်မြင့်မောင်တို့ ခင်ညို့ အတင်း ချနေခြင်း ဖြစ်မည်။ ခင်ညို့ နောက်ကွယ်တွင် ခင်ညိုကို ဒေါက်ဖြုတ်နေကြခြင်း ဖြစ်မည်။ ဒါကြောင့်ပင် ဒီဇယ်ကြီးလို့ ပြောသည်ပေါ့။

ထုံးစံအတိုင်းပင် တွေ့တော့လည်း ခင်ညို့ကို ဝိုင်းပြီး အပုတ်ချကြသည်။ သုံးယောက်နှင့် မပြီး၊ နောက်ခန်းက ရခိုင်သား အောင်ကျော်ဇံတို့၊ ခင်ညို့ ငယ်သူငယ်ချင်း စာသမား ခင်မောင်မြင့်တို့၊ ဖဲသမား သိန်းလှိုင်တို့ ပါသေးသည်။ သူတို့ ပြောတော့လည်း ဒီလို မပြတ်မသား လုပ်တဲ့ မိန်းကလေး တစ်ယောက် အတွက် ခံနေရပါမို့လား။ ဒီလို အခွင့်အရေးမျိုး ပေးတာကိုပင် ငြိမ်ပြန်ခဲ့ရပါ မို့လား။ မိန်းကလေးက မိန်းမလည်ကွ၊ ဟောဒီကောင်က လူပျော့ကွ၊ အမျိုးကို စုံနေသည်။ တိုက်တိုက်ဆိုင်ဆိုင် ခင်မောင်သိန်းက ရောက်လာပြန်သေးသည်။ သူ နေ့ခင်းက မြင်ထားသည်နှင့် ခင်ညိုကို ပြောစရာရှိလို့ လာခြင်းဖြစ်သည်ကို သိသာနိုင်သည်။ အားလုံး အမျိုးမျိုး ဝေဖန်ပြီးကာမှ သူက ရိုင်းရိုင်းရဲရဲပင် ပြောသည်။

“ကိုခင်ညို၊ ခင်ဗျားဗျာ... အလကား အချိန်ကုန်ခံနေတယ်၊ အဲဒါ ခင်ဗျား ကို မျှောနေတာဗျ”

အစလေးကတော့ ချိုပါသည်။

“ကျုပ် ပြောမယ်ဗျာ၊ နှစ်မျိုးပဲ ရှိတယ် သိလား၊ တစ်မျိုးက သူ ခင်ဗျားကို သိပ်ချစ်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားကို ယူပြီး အားလုံးကို ရင်ဆိုင်ဖို့ သူ ဆုံးဖြတ်ပြီးပြီ၊ နောက်တစ်မျိုးကတော့ ဟဲ ဟဲ ခင်ဗျား စိတ်မဆိုးနဲ့ပေါ့ဗျာ၊ သူ ကမြင်းကြော ထနေချင်လို့ သိလား”

ခင်မောင်သိန်းက မန္တလေးသားပီပီ လိုရင်းရောက်အောင်တော့ ဆွဲပြော ဖြစ်အောင် ပြောသည်။ ရုပ်ကြမ်းသမား ဖြစ်လို့လည်း ဒိုးဒိုးဒေါက်ဒေါက် ချလိုက်သည်။ ခင်ညို့ ရင်တွင်းမှာ ချက်ချင်း မီးတောက်သွားသည်။ ဒေါသူပုန် ထသွားသည်။ သို့သော်လည်း ကိုယ့်အခန်း လာသည့် မိတ်ဟောင်းမို့ ငုံ့ပြီးသာ ငြိမ်နေလိုက် ရသည်။ ဒါပေမဲ့ စိုးလွင်က ကြားဝင်ပါသည်။

“မဟုတ်သေးပါဘူး ကိုခင်မောင်သိန်းရ၊ ခင်ဗျားဟာက အပြောအဆို လွန်ပါတယ်ဗျာ၊ ကာယကံရှင်ထက်တော့ ခင်ဗျား ပိုပြီး ဘယ့်နှယ် သိနိုင်မှာ လဲ၊ ကျွန်တော် နားလည်သလောက်တော့ ဟို မိန်းကလေးက တကယ် စိတ်ကောင်း ရှိတယ်ဗျ၊ ကိုခင်ညိုကို သူ့ကြောင့်၊ သူ့ကို ချစ်မိလို့ ဒီလို ဖြစ်ရတယ် ဆိုပြီး ကိုခင်ညို စိတ်ချမ်းသာအောင် သူ အနစ်နာခံနေတာဗျ”

“ဒါ အနစ်နာ ခံတာလားဗျ”

“ဟာဗျာ ခင်ဗျားနှယ်၊ ခုအချိန်ဆိုရင် သီရိဆောင်က သူ့အကြောင်း သိတဲ့ မိန်းကလေး အားလုံးက သူ့ကို အပုတ်ချမှာပေါ့ဗျ၊ မျက်နှာများတဲ့ ကောင်မ၊ တစ်ယောက် ရှိရဲ့သားနဲ့ အားမရတဲ့ ကောင်မ၊ ပြီးတော့ ကိုခင်ညိုကို ပုဂ္ဂိုလ်စွဲ ခင်တဲ့ ကျောင်းသူတွေလည်း ရှိတာပဲ၊ သူတို့တွေကလည်း ကိုခင်ညို ဒီလို ဖြစ်နေရတော့ ကိုခင်ညိုဘက်က နာပြီး မိန်းကလေးကို ထေ့ကြ ငေါ့ကြမှာပေါ့ဗျ”

“အဲဒါနဲ့ ကိုခင်ညိုနဲ့ တွဲရောလား”

ခင်မောင်သိန်းက ပြုံးစိစိပင် ပြောသည်။ လှောင်သလိုလို။ “သူ့ စိတ်ကြိုက် ဖြစ်အောင် အလိုလိုက်ပေးတာပေါ့ဗျ”

“ဟာဗျာ... ကိုစိုးလွင်၊ ခင်ဗျား ဖီလော်ဆိုဖီ အောနပ်စ် တက်နေပြီး၊ ခင်ဗျား အတွေးအခေါ်တွေက အောက်တန်းကျလွန်းတယ်၊ ကြည့်ဗျာ၊ သူနဲ့ သွေးလည်း မတော်ဘူး၊ မောင်နှမလည်း မဟုတ်ဘူး၊ ပြီးတော့ မိန်းမချင်းလည်း မဟုတ်ဘူး၊ အဲဒီလို လူနဲ့ အဆောင်ရှေ့မှာလည်း နေကုန်အောင် စကားပြော၊ ပါလာထဲလည်း ပြော၊ ရုပ်ရှင်လည်း သွား၊ ဘုရားလည်း သွား၊ အိုဗျာ... အင်းလျား ချောင်ထဲမလည်း ထိုင်၊ ကဲ... ခင်ဗျားတို့ စဉ်းစားကြည့်စမ်း၊ ဒါ ကိုခင်ညိုကို မချစ်ရင် ကမြင်းချင်လို့ မဟုတ်ဘူးလား”

ခင်မောင်သိန်းက အားလုံးကို တိုင်တည်ပြီး သူ ပြောချင်သည်ကို အား ရအောင် ပြောသည်။ ခင်ညိုက သွေးဆူလာပြီမို့...

“ပြန်ဗျာ၊ ခင်ဗျားတို့ အားလုံး ပြန်ဗျာ” ဆိုပြီး တံခါးကိုသာ အတင်း ပိတ်လိုက်သည်။ ကုတင်ပေါ် ပစ်လှဲပြီး လူးရင်း လှိမ့်ရင်း ဖြူကိုသာ စဉ်းစား နေလိုက်သည်။ မှောင်ရီသမ်းပြီး ချမ်းအေးအေး အုံ့မှိုင်းမှိုင်းလေးဖြစ်မှ နံရံတွင် ချိတ်ထားသည့် တယောပြားလေးကို ကြိုးစမ်းပြီး ထိုးနေလိုက်သည်။ သူ့ အားကိုး စရာ အဖော်လေး။

သီချင်း တစ်ပုဒ်ကို သူ မျှဉ်းမျှဉ်းလေး ညို့ချွဲပြီး ထိုးနေသည်တွင် ခင်ညို့ တယောသံ နားရည်ဝနေပြီဖြစ်သော တစ်ဘက် ခုတင်မှ တင်မြင့်မောင်က ကိုစောငြိမ်း၏ “မိုးသက်လေနှင်” သီချင်းမှန်း သိသည်နှင့် လိုက်ဆိုတော့သည်။

××××× အနောက်တောင် ×× ဆီက ××× ရွာမည်ဟန်ပြင် ×××× မိုးသက်လေနှင့် × မုန်တိုင်း ×× ပင့်လျှင်၊ စစ်မျက်နှာဖွင့် ×××× တိမ်ခိုး လွင့်ကာနှင် ××× မှိုင်းမှိုင်းရိပ်မှောင် စွန်တောင်မှင် ×××× ပြိုမှာလေလား မိုးရဲ့ xxxxx


အခန်း ၁၈

 

xxx စစ်မျက်နှာဖွင့် ×××× တိမ်ခိုးလွင့်ကာနှင် မှိုင်းမှိုင်းရိပ်မှောင် xxx စွန်တောင်မှင် ×× ပြိုမှာလေလား xx မိုးရဲ့ xx စိုးအောင် × ခုပင် ×× အမ္ဗုန်မောင် ဖန်အားလေတဲ့ xxx အင် xxxx

(လျှံရွှေစင် ×× ပြိုးပြိုးပြက် ×× လျှပ်စက် ရောင်ခြည်မျှင် ×× ဗျူဟာဆင် ×× မိုးလုံးပြည့် ×× တရွေ့ရွေ့ ×× ယူဆဲတွင်)။ နယ် × ရှစ်ခွင် × မင်းလွင် ×× ဝန်းကျင် ×× လွမ်းအောင်ဖော်ပြ ×× အာကာဝေဟင် ×× ဘယ်ရှေး xx ဝဋ်ကြွေးတုံ့တင် ××× ချေပြီ ×× ထင်ခဲ့ ×× ခိုမှီးရာမဲ့ xx x

ခင်ညိုသည် သီချင်းလေးကို ကြိုက်သည်နှင့် တယော ကိုင်မိတိုင်း တီးမိ၊ ညည်းမိသော်လည်း တေးမဆုံးမီပင် ရင်မောရသည်။ တေးမဆုံးမီပင် တယောကို ချလိုက်ရသည်ချည်းပင်။ သည်ထက် ရင်မောစရာ၊ စိတ်ညစ်စရာ၊ အကောင်းဆုံးကို ကြုံရပြန်သေးသည်။

ပျော်ရွှင်နေရာက ဖြူနှင့် တစ်တွဲတွဲ အတွဲ မဖြုတ်စတမ်း သွားချည် လာချည် ရှိနေရာက ခင်ညို ပူဆွေး လွမ်းဆွတ်ရသော အဖြစ်ပါ။

ရန်ကုန် တက္ကသိုလ်ကြီးလည်း အလှုပ်အရွ ရပ်သည် မရှိပါ။ ကျောင်းက အခြေအနေ ဘယ်လိုရှိမည် မသိဘူး၊ စာသာ ကုန်းရုန်းပြီး လုပ်ချေမှ ဆိုပြီး စာနှင့် ခေါင်းမဖော်နိုင်အောင် အလုပ်ရှုပ်နေသူတွေလည်း ရှိသည်။ ကျောင်း မသွားရ ပြီးရောကွာ၊ အော်နေချေရအောင်ဆိုပြီး အချိန်မဲ့ အခါမဲ့ ဆဲဆို အော်ဟစ် နေသူတွေလည်း အပြည့်၊ ကျောင်းကို လာသော်လည်း အဆောင်နား စာသင်ခန်း နားကိုပင် မသီ၊ ကျောင်းဆိုသည်မှာ ပျင်းစရာဆိုပြီး ရုပ်ရှင်ရုံများဆီမှာသာ ဝဲလည် ပျော်ပါးနေသူတွေလည်း ရှိသည်။ အမျိုးသား ပညာရေးကို တိုက်ယူမည်။

ပညာရေး လွတ်လပ်ခွင့်ကို တောင်းယူမည် ဆိုသူတွေလည်း ရှိသည်။ ရည်ရွယ်ချက်မှ အလေးအနက် မရှိဘဲ တက္ကသိုလ်ကြီး ဆူအောင် ပူအောင်၊ ကျောင်းသားတွေ သွေးကြွနေအောင်၊ မငြိမ်မဆိတ် တလှုပ်ရွရွ ဖြစ်နေအောင် သွေးထိုး မြှောက်ပင့်နေသော အကျင့်တန်သူတွေလည်း များလှသည်။

အခုတလောတွင်တော့ ခင်ညို တစ်ယောက် အတန်း မမှန်သော်လည်း ကျောင်းကိုတော့ ရက်ပျက်သည် မရှိလှ။ ဖြူ ငြူစူမည် စိုး၍ ကျောင်းတက် ရသော်လည်း သူ့ရင်ထဲက အကျိတ်အခဲကြောင့် နေမပျော်လှ။ ကျောင်းသား လှုပ်ရှားမှု အပိုင်း ကျတော့လည်း မူမမှန်သော၊ ဗိုလ်လုသော ပဋိပက္ခတွေနှင့်မို့ တဖြည်းဖြည်း စိတ်ကုန်ခန်းလာသည်။

ကနေ့တော့ ဆရာ ဦးနန်းဝေ ချိန်းထားသည်နှင့် အဆောင်မှာပင် ခင်ညို စောင့်နေသည်။ အင်းလျားလမ်းတွင် ရှိသော မြန်မာ-အမေရိကန် ယဉ်ကျေးမှ ဌာနတွင် ပန်းချီပြပွဲ ရှိသည်နှင့် သွားကြည့်ကြရန် ဖြစ်သည်။ ပြပွဲမှာ မန္တလေးက လူငယ် ပန်းချီဆရာ ပေါ်ဦးသက်၏ တစ်ကိုယ်တော် ပြပွဲ ဖြစ်သောကြောင့် ဆရာနန်းက လေ့လာကြည့်ဖို့ ခင်ညို့ကို ခေါ်ထားခြင်း ဖြစ်သည်။ ဝါသနာ ရှင်မလေးကလည်း လိုက်ဦးမည် ဆိုသောကြောင့် ဆရာနန်း လာလျှင် ဖြူကို အကြို ထောက်ရပေဦးမည်။

ဆရာနန်း ရောက်လာသောအခါမှ ဖြူကို သီရိမှာ အကြို သွားရသည်။ ဖြူက တစ်ပတ်လျှို ဆံထုံးလေး၊ ပါနေကျ ခရေကုံးလေးနှင့်ပင်။ သနပ်ခါး ရေကျဲလေးသာ ပါးပေါ်တွင် ရေးရေးမြင်ရသည်။

“ဪ... ဆရာပါ လာကြိုတော့ ဖြူ၊ အားနာသွားပြီ ဆရာရယ်”

ဖြူက ပြုံးပြုံးလေး ဆရာနန်းကို နှုတ်ဆက်သည်။ ဆရာနန်းကတော့ သူ့တပည့် စိတ်ချမ်းသာမှုအတွက် လူငယ်လိုပင် အဖော်လိုက်လာခြင်း ဖြစ်သည်။ ဒါ့ကြောင့်ပင် “ကိစ္စ မရှိပါဘူးကွယ်၊ ဆရာလည်း တက္ကသိုလ်ထဲမှာ နေလာ တော့ မင်းတို့ကို နားလည်ပါတယ်” ဟူ၍ ပြောလိုက်နိုင်သည်။

ခင်ညိုတို့ ဂျပ်ဆင် အဆောက်အဦးကို ဖြတ်ပြီး စစ်ကိုင်းလမ်းအတိုင်း လျှောက်သွားကြသည်။ အင်းလျားလမ်း ရောက်မှ ဟက္ကသိုလ်ရိပ်သာလမ်းကို ချိုးပြီး ခြေလျင်ပင် လျှောက်သွားကြသည်။

“မင်းတို့ စာမေးပွဲတွေလည်း နီးပြီနော်၊ အခု နိုဝင်ဘာပဲ ကုန်တော့မယ်” ဆရာနန်းက စာမေးပွဲကို သတိပေးရင်း ပြော၏။

“ဟုတ်တယ် ဆရာ၊ ဆရာ့ တပည့်ကိုလည်း ပြောပါဦး၊ သူ စာလည်း မကြည့်ဘူး”

ဖြူက ဆရာနန်းကို တိုင်ပြောပြောသည်။ ဆရာကတော့ အကြောင်း သိပြီး ပြီမို့ ပြုံးရုံသာ ပြုံးလိုက်သည်။

ထိုအချိန်တွင် အလုပ်သမား ထောက်ခံပွဲသို့ သွားနေကြသော ကားများ သည် တစ်စီးပြီး တစ်စီး ခင်ညိုတို့ကို ဖြတ်သွားသည်။ အိုးစည် ဒိုးပတ်တွေလည်း တီးကြ မှုတ်ကြရင်း၊ ကခုန်သွားကြခြင်း ဖြစ်သည်။ တချို့ ကားများကလည်း ပြည်ထောင်စု အလံကို လွှင့်ထူပြီး သံချပ်များ တိုင်တည် အော်ကြွေး သွားနေ ကြသည်။

ပြပွဲ ရောက်သောအခါ ဆရာနန်းက ပေါ်ဦးသက်နှင့် စကားပြော ကျန် ခဲ့ပြီး ခင်ညိုတို့ နှစ်ယောက်သာ ဆီဆေး ပန်းချီကားများကို လိုက်ကြည့်သည်။

ထိုအချိန်တွင် ကားတွေ၊ ကားတွေက အော်ဟစ် ဆူညံနေဆဲ။ အပြန် လမ်းတွင် ဖြူက စိတ်ထဲ တစ်မျိုးဖြစ်နေသည်။ ကားတွေ ကျောင်းဝင်းထဲမှာ လည်း ဝင်ချည် ထွက်ချည် ရှိနေသည်။ ဒါနှင့် ဆရာ့ကို မေးရသည်။ ဆရာ အလုပ်သမားတွေကလည်း များလှချည်လား”

“အေးလေ၊ အလုပ်သမားထု ထောက်ခံပွဲ ရှိတယ်၊ အဲဒီအတွက် သွားနေ ကြတာပဲ၊ လူ သိန်းကျော်လောက်တော့ ရှိမယ် ထင်တယ်”

ခင်ညိုတို့ အဝိုင်းလေးနား ရောက်ချိန်တွင် ကား အခြေအနေက တစ်မျိုး ပြောင်းနေချေပြီ။ ကျောင်းသားတွေ ကမာရွတ် အဝိုင်းကြီးပေါ်တွင် စုမိနေပြီး အော်ဟစ် ဆူညံနေကြပြီ။

“ဆရာ ဘယ်လို ဖြစ်နေပြန်လဲ မသိဘူး၊ ဖြူကို ပြန်ပို့ပြီးရင် ကျွန်တော် သွားလိုက်ဦးမယ်”

ခင်ညိုက အလန့်တကြား ပြောပြီး လှုပ်ရှားလာသည်။

“မသွားပါနဲ့ကွယ်”

ဖြူကတော့ စိတ်ပူတတ်သူမို့ တားသည်။ ထိုအချိန်တွင် ဒပ်ဆန်း ကားလေး တစ်စီး မောင်းပြီး အဓိပတိလမ်းကို ချိုးနေသော ခင်မောင်သိန်းကို မြင်သောကြောင့် ခင်ညိုက တားလိုက်သည်။

“ကိုခင်မောင်သိန်း ဟိုမှာ ဘာတွေ ဖြစ်နေတာလဲဗျ”

“ဟာဗျာ၊ ဟောလ်က ကျောင်းသားတွေ ဖြစ်မှာပေါ့၊ ကားတွေက သံချပ် ဆိုနေကြတာကို သူတို့က အောက်က ဆိုလား ဆဲလား လုပ်နေကြတယ်၊ ကားဘေးက ပိုစတာတွေလည်း ဖြဲပြီး မီးပုံ ရှို့ပစ်နေတယ်လေ၊ ကားတွေလည်း အားလုံး တားနေလို့ ကျွန်တော်တောင် ခဏ ရပ်ပေးလိုက်ရသေးတယ်”

ခင်ညို အတော် စိတ်ပျက်သွားသည်။ အလုပ် မဟုတ်သည်ကို လုပ်ရ လေခြင်းဟု စိတ်ထဲမလည်း နားကျည်းသွားသည်။

“ဒုက္ခပါပဲဗျာ”

ဒါပဲ သူ ညည်းလိုက်နိုင်တော့သည်။

“ခင်ဗျား ဒုက္ခဆိုတာ ကျုပ် မယုံပါဘူးဗျာ”

ခင်မောင်သိန်းက ခင်ညိုနှင့် ဖြူကို ရယ်ကျဲကျဲ ကြည့်ပြီး ကားမောင်း ထွက်သွားတော့သည်။ ဆရာနန်းကလည်း “ကဲ အညို၊ ဆရာ ပြန်မယ်၊ သိပ်လည်း လျှောက်သွား မနေနဲ့ဦး၊ အချိန်ရရင် ကိုယ့် စာလည်း ကိုယ် ကြည့်ဦးပေါ့” ဟု ဆိုကာ ထွက်သွားသည်။ ဖြူကိုသာ ခင်ညို လိုက်ပို့ရသည်။ ခင်ညို့ စိတ်ထဲမှာ တော့ ကျောင်းသားထုကို မြင်ပြီး တွေနေ ဝေနေ၏။

ဖြူကလည်း အဆောင်ရှေ့ ရောက်သည့်တိုင်ပင် ခင်ညိုကို ချက်ချင်း ပြန်မလွှတ်၊ ဆွဲထားသည်။ အဆောင်ပိတ်ချိန်မှ ခင်ညို ပြန်ခဲ့ရသည်။

နောက်နေ့တွင် တက္ကသိုလ်ကြီးကို ရက် အကန့်အသတ်မရှိ ပိတ်လိုက်ပြီ ဆိုသော သတင်းဆိုးကြီး ရေဒီယိုမှ ကြားရတော့သည်။ မနေ့က ဆူပူမှုကြောင့် ကျောင်းသားများ အေးချမ်းစွာ ပညာသင်ကြားမှုကို အနှောင့်အယှက် ပြုသည်။ ပြည်သူကို စော်ကားသည် ဟူ၍။

ခင်ညို့ စိတ်ထဲတွင်တော့ ဖြေဆည် မရအောင် ဖြစ်သွားမိ၏။ သည်တစ်ခါ ကျောင်းကြီး ဘယ်နည်းနှင့်မှ ပြန်ဖွင့်မှာ မဟုတ်တော့ဘူး၊ ပညာသင်ဖို့ မလွယ် တော့ဘူးလို့လည်း နားလည်လိုက်သည်။ အကြောင်းမဲ့ ဆူကြပူကြသူတွေကိုလည်း ကြိတ်ပြီး ဒေါထလာသည်။

“မထွက်ဘူးကွာ၊ ကျောင်းထဲက အပြင်မထွက်ဘူး၊ ပညာ မသင်ပေး လည်း အတင်း သင်မယ်၊ ဒီထဲမှာပဲ နေမယ်”

ရေငတ်ပြီဆိုမှ ရေ၏ တန်ဖိုးကို နားလည်ပြီး ခင်ညို့တို့ သောက ရောက် ကြရသည်။ ဝေဒနာ ဖြစ်လာကြသည်။ သည်လို စိတ်ပေါက်သူတွေလည်း အတော် များသည်။

ထို့ကြောင့်ပင် တက္ကသိုလ် အဓိပတိ ဝင်းတံခါးကြီးကို ပိတ်ထားလိုက်ကြသည်။ မထွက်ဘူး၊ မပြန်ဘူး၊ ကျောင်းပြန်ဖွင့်ပေး ဟူသော အသံတွေကလည်း ဆူလာ၊ ညံလာသည်။

ခင်ညို သွေးဆူရပြန်သည်။ တစ်ညလုံး ခင်ညိုတို့ တာဝန်ခွဲပြီး တံခါးဝ တွေ ထွက်ပေါက်တွေကို ပိတ်ထားလိုက်သည်။ ကျောင်းသားထုက ယူနီယံ ဖျက်စဉ်က ဘေးရောက်နေသော သံပေါင် မြားတန်းကြီးတွေကို ပုရွက်ဆိတ် ထမင်း ဝိုင်းချီသလို ချီကြ ပိုးကြပြီး တံခါးတွေ လိုက်ပိတ်သည်။ ခင်ညို့ တစ်ကိုယ်လုံးလည်း စူးဒဏ် ရှဒဏ်တွေ ပြည့်နေပြီ။ အမောလည်း ဆိုက်နေပြီ။ ကားသော်လည်း တားရသည် မဟုတ်။ တစ်ချို့လည်း ဘာသာ ပစ္စည်းယူပြီး ပြန်နေကြသည်။ ညတွင်းချင်း မြို့ထဲ ပြောင်းသူလည်း ပြောင်းပြီ။ ကို ခင်ညို တစ်ယောက်တော့ သူ့ကို တာဝန် ပေးထားသည့် သထုံ ဂိတ်ဝမှာ လုံအောင် ပိတ်နေသည်။ စိတ်က ပြင်းပြီး သွေးက ဆူလာပြီမို့ တစ်ကမ္ဘာလုံး မှောင်နေခြင်းသာ သူ သိသည်။

“ရဲဘော်၊ ကျုပ်တို့ အပြင်ထွက်စို့ဗျာ၊ အခြေအနေ မကောင်းဘူး”

ရဲဘော် ခင်ဆွေနှင့် ရဲဘော် ကြည်ဝင်း လာပြောသောအခါ ခင်ညို အတော် ခံပြင်းသွားသည်။ သူတို့က ခေါင်းဆောင်တွေဖြစ်ပြီး သည်စကား ဆိုရပါမို့လား ဆိုပြီး ဆဲဆို အော်ဟစ်ပစ်သည်။ ပြောမရ၍ ကိုခင်ဆွေတို့ ထွက်သွားသော အခါမှ သူ့ကို ဆေးလိပ်ခဲပြီး ပြူးကြည့်နေသူ တစ်ယောက်ကို ခင်ညို မြင်လိုက်မိသည်။ ကျောင်းသားတွေကလည်း ထွက်သူရော၊ ဝင်သူရော၊ အော်သူရော၊ ဆဲသူရော၊ စုံတကာစေ့။

သည်တစ်ခါ ခင်ညိုသည် အံကို တင်းတင်းကြိတ်လိုက်မိသည်။ မီး တောက်နေသော မျက်လုံးဖြင့် ထိုလူ့ကို ကြည့်လိုက်မိသည်။ ဒါလောက် သွေးပူ သွေးဆူ နေချိန်တွင်မှ သည်လူနှင့် တွေ့ရသည်။ နှုတ်ခမ်းမွှေး ရေးရေး၊ နှာခေါင်း ပွပွနှင့် ယူနီယံမှာ တစ်ခါ၊ ဒေါ်သန်းကြည်ဆိုင်ရှေ့မှာ တစ်ခါ၊ ဖြူနှင့် ခင်ညို တွဲလာသည်ကို နဂါးမျက်လုံးနှင့် ကြည့်နေသူ။ ခင်ညို ချက်ချင်း စိတ်ရိုင်း ဝင်လာပြီး သူ ရှိရာသို့ ဦးတည်ပြီး အသုတ် လျှောက်သွားလိုက်သည်။

မတွေ့တော့ပါ။ ညကလည်း မှောင်နေသည်။ ကျောင်းသားတွေကလည်း ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ သည်လူ ခင်ညို့ကို ရင်မဆိုင်ဝံ့ပါလား။

တစ်ညလုံး မအိပ်ရသော်လည်း မိုးလင်းလင်းချင်း ညီမ အေးအေး ရှိရာ တကောင်းဆောင်ကို ချစ်ဆွေ ခေါ်ပြီး အလျင် ပြေးရသည်။ သည်နှစ်မှ ကျောင်း ရောက်သော ညီမ ပူပန်နေမည်ကိုတော့ ခင်ညို အသိဝင်လာလာချင်း ပြေးသွား မိခြင်းဖြစ်သည်။

တော်ပေသေးသည်။ မြို့ထဲက အစ်ကိုဝမ်းကွဲ တစ်ယောက် ကားနှင့် လာကြိုနှင့်သည်။ သူ့ကို ပစ္စည်းတွေ ထမ်းတင်ပေးလိုက်ပြီး ပြန်နှင့်ဖို့ ပြောလိုက် ရသည်။ တကောင်းကနေ တစ်ဆက်တည်း သီရိကို ပြေးခဲ့ရပြန်သည်။ သီရိတွင်တော့ မိန်းကလေးတွေ တစ်ယောက်မှ မထွက်ရ။ အဆောင် အမှုဆောင် များက တားထားကြသည်။ အင်းလျားမှာလည်း သည်နည်းနှင်နှင်။

ညနေခင်းမှာ မိန်းကလေးတွေ အိမ်ပြန်ကြသည်။ ညရောက်တော့ ဗိုလ် ကျော်ဇောကလည်း လာရောက် မေတ္တာရပ် ဖျောင်းဖျသည်နှင့် ကျောင်းသားတွေ တံခါးမကြီး ဖွင့်လိုက်ကြသည်။

နောက်တစ်နေ့တွင် ခင်ညို ကျောင်းပြင်ထွက်ခဲ့ရသည်။

ခုတော့ ကျောင်းဆရာ လုံးလုံးဖြစ်နေပြီ။ ပြွန်တန်ဆာလည်း မပြန်ဖြစ်။ ရန်ကုန်မှာသာ တစ်ကျောင်းဝင် တစ်ကျောင်းထွက် တဝဲလည်လည် နေရသည်။ ဘားလမ်း (မဟာဗန္ဓုလပန်းခြံလမ်း) က ကျောင်းတစ်ကျောင်းမှာတော့ ခင်ညို ကျောင်းဆရာ တစ်ပိုင်း ကျောင်းစောင့် တစ်ပိုင်းလိုပင် နေလိုက်သည်။ စာသင်ချိန် တွင်သာ ကျောင်းသားတွေနှင့် စာအကြောင်း ပေအကြောင်း ပြောနေရ၍ စိတ် သက်သာရာရသော်လည်း ကျန်အချိန်များတွင်တော့ တက္ကသိုလ်ကိုလည်း လွမ်းသည်၊ ဖြူကိုလည်း လွမ်းသည်။ သို့သော် ကံကြမ္မာ မုန်တိုင်းက ရိုင်းသည် ထက် ရိုင်းလာတော့သည်။

တက္ကသိုလ်ကျောင်းသားဆိုးတွေကို စာမေးပွဲ ဖြေခွင့် မပေး။ တစ်ချို့ကို ကျောင်းထုတ်သည်။ ကျန်ကျောင်းသားများကိုသာ မိမိတို့ ခရိုင်မြို့များတွင် ဖြေကြရမည် ဟူ၍။

ပညာတတ်ချင်သော၊ တက္ကသိုလ်ပညာကို တရှိုက်မက်မက် တွယ်တာ ခဲ့ရသော ခင်ညို တစ်ယောက် စာမေးပွဲ မဖြေရတော့ပြီ။

ခင်ညို နှလုံးသားသည် သည်သတင်းကြောင့်ပင် အစိတ်စိတ်အမြွာမြွာ ကွဲသွားသည်။ အသက်ရှုပင် ရပ်သွားမလောက် ဖြစ်သွားသည်။ ချစ်ချစ်တို့ တစ်တွေ သည်သတင်းကြောင့် ငိုကြ ယိုကြရော့မည်။ ခင်ညို ချက်ချင်း ပြွန်တန် ဆာ ပြန်လာခဲ့ရသည်။ သူလိုပင် တောင်ငူဆောင်တွင် အတွင်းရေးမှူး လုပ်ခဲ့သော မောင်မောင် တစ်ယောက်လည်း စာမေးပွဲ မဖြေရ။ ချစ်ချစ်ကို ခင်ညို အတော် ဖျောင်းဖျရသည်။ မေမေကတော့ ပြွန်တန်ဆာ ပြန်လာပြီး “မင်း ဒါမျိုးတွေမှာ ပါနေတော့ ဒီလိုဖြစ်မယ်ဆိုတာ သိထားရမှာပေါ့ သားရယ်၊ ယောက်ျားပဲ တစ်နေ့ နေ့တော့ စာမေးပွဲဖြေရမှာပေါ့” ဆိုပြီး ခင်ညိုကို ဖျောင်းဖျသည်။ မနှင်းမြနှင့် အေးအေးကတော့ အချို့ ဒဏ်ထိမှုအတွက် မျက်ရည်နှင့်ပင် ဝမ်းနည်းကြောင်း ပြလိုက်သည်။

ခင်ညို ဖြေသာပါသည်။ စိတ်လိုက်မာန်ပါ လုပ်လည်း လုပ်ခဲ့မိပြီကိုး။ ဆိုးလည်း ဆိုးခဲ့မိပြီကိုး။ ရှိစေတော့ နောင်သာ ဆင်ခြင်ပေရမည်။

ကိုထင်ကျော်တို့၊ အေးအေးတို့တော့ မိမိတို့ခရိုင် စာစစ်ဌာနရှိရာ ပဲခူးမှာ စာမေးပွဲ သွားဖြေရလိမ့်မည်။ ခင်ညိုသာ ဖြေခွင့်ရလျှင် ပဲခူးမှာ စာမေးပွဲ ဖြေရင်း ဖြူနှင့် ပျော်ရပေဦးမည်။ ခုတော့ သွားသည့်တိုင် ဖြူလည်း စိတ်ကောင်း နိုင်မည် မဟုတ်။ ကိုထင်ကျော်ကိုသာ အေးအေးကို စောင့်ရှောက်ပြီးသွားဖို့၊ ပဲခူးမှာ အတူတူ တည်းဖို့ မှာပြီး ပြန်ခဲ့ရသည်။ အလွတ်ပညာသင် ကျောင်းက ရှိသေးသည်ကိုး။

ရန်ကုန်ရောက်တော့ ဖြူ စာရောက်နေသည်။ သူ ဘယ်လောက် ငိုရ ကြောင်း၊ ပူဆွေး ဝမ်းနည်းကြောင်း၊ စာမကြည့်နိုင်ကြောင်း။

ထို့ကြောင့်ပင် ခင်ညိုက စိတ်ဖြောင့်ဖြောင့်ထားဖို့၊ အခွင့်သာလျှင် ဆုံဖို့၊ စာမေးပွဲချိန် ပဲခူးကို ခဏလာမည့် အကြောင်းများပါ အားပေးစာ ရေးလိုက်ရ တော့သည်။


အခန်း ၁၉

 

စနစ်သစ် တက္ကသိုလ် ပြန်ဖွင့်သောအခါတွင်ကား ခင်ညိုတစ်ယောက် လိုချင်သော ပညာကို ပြန်ပြီး ဆည်းပူးခွင့်ရပါသည်။ သက်ဆိုင်ရာကို အသနားခံပြီး လျှောက် လွှာ တင်သောကြောင့် ခင်ညိုလိုပင် ကျောင်းသား အတော်များများ ကျောင်း သား ပြန်ဖြစ်ကြသည်။

ခင်ညို အနေနှင့်လည်း သူ လိုချင် တောင့်တသော အသက်မွေး ဝမ်းကျောင်း ပညာ၊ စစ်မှန်သော စနစ်သစ် ပညာကို ရသည်မို့ ပျော်နေသည်။ ဖြူနှင့်လည်း ကျောင်း အတူပြန်တက်ရမည်။ အတန်းမတူသော်လည်း ကျောင်းမှာ၊ အဆောင်မှာ တွေ့နိုင်သည်လေ။

ဂုဏ်ထူးတန်း မတက်ရသော်လည်း ခင်ညို တတိယနှစ် ဝိဇ္ဇာတန်းမှာ တက်ရမည်။ မြန်မာစာ အဓိက ယူနိုင်သည် ဖြစ်သောကြောင့် ဂုဏ်ထူးတန်းမှာ လိုပင် တစ်မျိုးတည်း စိတ်ဖြောင့်ဖြောင့် သင်နိုင်တော့မည်။ ဟိုဘာသာ ယောင် ဝါးဝါး၊ သည်ဘာသာ ယောင်ဝါးဝါးနှင့် တစ်ခု တစ်ခုတွင်မှာမှ ထွန်းပေါက်ခြင်း မရှိသော ယခင် ပညာရေးစနစ်မျိုးကနေ လိုချင်သော ဘာသာကို ထူးချွန်အောင်၊ ကြိုးစားနိုင်သမျှ ကြိုးစားနိုင်အောင် ဆည်းပူး သင်ယူနိုင်သည်ဆိုတော့ ခင်ညိုတို့ တောင့်တ မျှော်လင့်သော ပညာရေးပင် မဟုတ်ပါလော။

ခုဆိုလျှင် ဖြူက ဝိဇ္ဇာ ဂုဏ်ထူးတန်း ဒုတိယနှစ်၊ စိုးလွင်တို့က နောက်ဆုံး နှစ်။ ချစ်ဆွေကတော့ ဒီအိုင်အာ တက်ရင်း ကျောင်းထုတ်ခံရပြီး ပြန်ဝင်ခွင့်လည်း မရပြီ။ ကိုခင်ဆွေတို့လည်း အလုပ်လုပ်နေကြပြီ။ ကိုကြည်ဝင်းတို့ ၊ စိန်စိန်တို့ တစ်တွေလည်း ထောင်ကျသူ ကျ၊ ထောင်က ထွက်သူ ထွက်လာကြပြီ။ ကိုထင်ကျော်ကြီးလည်း စာမေးပွဲအောင်ပြီး ပြွန်တန်ဆာ ပြန်ကာ အထက်တန်းဆရာ လုပ်နေပြီ။

ခင်ညိုသာ လိုချင်သော ပညာရေးကို အရအမိ သင်တော့မည် ဆုံးဖြတ် သည်မို့ စာနှင့်သာ တစ်ယောက်တည်း။

စိုးလွင်က ရွှေဘိုဆောင်မှာ၊ ခင်ညိုက ပင်းယမှာ၊ ဖြူကတော့ သီရိမှာပင်။

စနစ်သစ် ပညာရေးမှာတော့ ဆရာတွေ ကျောင်းသားတွေ အတော် ရင်းနှီးမှု ရှိသည်။ ဘာသာရပ်အလိုက် စုနေကြရသည် ဖြစ်သောကြောင့်လည်း ဆွေးနွေး တိုင်ပင်မှုများ ပြုနိုင်ကြသည်။ ကိုယ် နှစ်သက် ခုံမင်ရာ ပညာကို သင်ကြရသောကြောင့်လည်း ပျော်မြူးနေကြသည်။

သည်ပညာရေးစနစ် သည့်ထက် အောင်မြင်လာရင်တော့ ကောင်းမှာပဲ။ ခင်ညိုက ပြန်ပြီး စဉ်းစားလာမိသည်။ “အောင်မြင်မှာပါပဲ” ဟုလည်း ယုံကြည် ထားသည်။ ထို့ကြောင့်ပင် မမှိတ်မသုန် လေ့လာတော့မည်၊ အားထုတ်တော့မည်လို့ ဆုံးဖြတ်ချက် ချလိုက်မိသည်။

ခုတော့ ခင်ညိုတို့ တောင်ငူဆောင်မှာ စာသင်ရသည်။ မန္တလေးဆောင်တို့၊ အမရ၊ တောင်ငူဆောင်တို့က စာသင်ခန်းတွေ ဖြစ်နေပြီ။ မြန်မာစာဌာနက တောင်ငူဆောင်မှာ ရှိသည်။ ဆရာဦးနန်းဝေလည်း ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေးဌာနတွင် စာပြုခန့်ထားခြင်း ခံရသည်မို့ မန္တလေးဆောင်တွင် ရောက် နေပြီ။

ခင်ညိုအတွက် ကြည်နူးစရာ တစ်ချက် ရှိသေးသည်။ မဟင်္သာလေ တတိယနှစ် ကျောင်းသား ဖြစ်လာသည်။ ခင်ညိုနှင့် အတန်းတူ အခန်းတူ။ သူကတော့ ပျော်လို့။

တတိယနှစ် သင်တန်းအတွက် စာအုပ်စာရင်းတွေ မြင်တော့ မဟင်္သာက ခင်ညိုကို အကူအညီ တောင်းသည်။

“ကိုခင်ညို၊ ဒီမှာကြည့်ပါဦး၊ စာအုပ်စာရင်းတွေ အုပ် ၃၀ ကျော်တယ်၊ မဟင်္သာတော့ လန့်နေပြီ”

သည်တော့လည်း ဖိုးခင်ညိုက အားပေးရင်း ရှင်းပြရသည်။

“မများပါဘူး မဟင်္သာရယ်၊ အမှန်က ဒါ နည်းတောင် နည်းသေးတယ်၊ ဘာသာရပ် တစ်ခုခုမှာ ကျွမ်းကျင်အောင် သင်တော့မယ်ဆိုတော့ ဒီလောက်လေး နဲ့ဘင် ဘယ်လုံလောက်မလဲ၊ အပြင်စာတွေတောင် အများကြီး ဖတ်ဖို့ လိုသေးတယ်”

“ဒါတွေ သင်လို့ ကုန်ပါ့မလား ကိုခင်ညိုရယ်”

“ကုန်အောင် သင်ရမှာပေါ့ မဟင်္သာရဲ့၊ ဆရာက အားလုံးတော့ အသေး စိတ် ဘယ်သင်မလဲ၊ တချို့တွေကိုတော့ အကြမ်းဖျင်းပဲ ပြောမှာပေါ့၊ ကိုယ့်ဘာသာ လည်း အားထုတ်ရမှာလေ”

“ဟင် ကိုခင်ညိုရယ် အားလုံးလည်း မသင်ဘူး၊ အပြင်စာတွေလည်း ဖတ်ရဦးမယ် ဆိုတော့...”

မဟင်္သာက ပုခုံးလေးတွန့်ပြီး ရှုံ့ရှုံ့မဲ့မဲ့ ပြောလိုက်၏။

“အမယ်လေး ကျောင်းသူကြီးကလည်းလေ၊ ဖတ်ပဲ ဖတ်ကြည့်ပါဦးဗျာ၊ နောက် အကြောင်း သိလာမှာပါ”

ခင်ညိုက အချိန်ဆွဲပြီးသာ ပြောလိုက်ရသည်။ လိုအပ်လျှင် သူလည်း အကူအညီပေးမည့် အကြောင်း ပြောထားနှင့်သည်။

“အခုမှပဲ ကိုခင်ညိုလည်း စာစကား ပေစကား ပြောတော့တယ်၊ ကျောင်း တွေ ဘာတွေများ လာလို့၊ တကတည်း အရင်နဲ့ကို မတူတော့ဘူး”

“ဪ... မဟင်္သာရယ်၊ ခုမှပဲ ကျွန်တော်တို့ မျှော်မှန်းတဲ့ ပညာရေး စနစ်ကို ရတာကိုးဗျာ၊ ဒီပြင် စီးပွားရေးတွေ ဘာတွေကို ကျွန်တော် နားမလည် ပေမဲ့ ဒီစနစ်သစ် ပညာရေးကိုတော့ ကျွန်တော် ကြိုက်တယ်လေ၊ ဒါကြောင့်လည်း ဆုံးခဲ့ ရှုံးခဲ့ရတဲ့ နှစ်အတွက်ပါ ကြိုးစားမလို့”

“အလဲ့၊ မဟာဝိဇ္ဇာတွေ ဘာတွေပါ ဆက်တက် ကြိုးစားမလို့ပေါ့”

“ဒါပေါ့၊ အခြေအနေပေးရင် တက်မှာပေါ့”

“ကောင်းပါတယ်၊ ကိုခင်ညိုတို့နဲ့တော့ ကိုက်ပါတယ်၊ စာပျော်ကြီးပဲဟာ” ၁၉ဂိုး ခင်ညို တကယ်ပဲ စာကြည့်ဖြစ်တော့သည်။ စာက လွဲ၍ ထည့်ရဦးမည် ဆိုလျှင် စာနှင့် ဖြူက လွဲ၍ ဘာကိုမှ သိပ်စိတ်မဝင်စား။ သည်ဆုံးဖြတ်ချက်ကို နိုင်နိုင် အကောင်အထည် ဖော်တော့မည်။

အဆောင်မှာ နေရသည်လည်း ခင်ညိုတို့ သိုက်သိုက်ဝန်းဝန်း ရှိသည်။ ယခင်အခါကလို အော်လား ဟစ်အား မရှိတော့သော်လည်း ပျော်လားပျက်လား တော့ ကျောင်းသား ဘဝ သိပ်မလွတ်လှ။ ပင်းယရောက်မှ အမြဲမပြတ် ပြောသော တင်အောင်ညွန့်တို့ ဝင်းတင့်တို့နှင့် ဆုံဆည်းမိသေးသည်။ ဝင်းတင့်က ငယ်ငယ် သေးသေး၊ လူနှင့် မလိုက်အောင် စကားကြီးစကားကျယ် အလွန် ပြောသည်။ စိန်မြင့်ကတော့ အေးအေးဆေးဆေး ရွှတ်တတ် နောက်တတ်သည်။ စကားလုံး စေ့အောင် မပြောသော ကိုညွန့်ရွှေတို့လို လူမျိုးတွေလည်း ရှိသည်။ မြန်မာစာ အဓိက ကျောင်းသားဆိုပြီး ရတုတွေ၊ ရကန်တွေသာ ပါးစပ်က အမြဲရွတ်ပြီး ပြောတော့လည်း ကာရန်ပါမှ စကားပြောတတ်သည့် ကိုတင်ဆွေကြီးလည်း ရှိသည်။ သူ့ကိုတော့ နတ်ရှင်နောင် ဟူ၍သာ ကျောင်းသားတွေက ခေါ်သည်။ ပရဟိတ လုပ်ငန်းဖြင့် ပျော်သူလည်း ရှိသေးသည်။ ကိုစိန်ဝင်း၊ သူက အခန်း ရှေ့တွင် ရေအိုး တစ်လုံးကို ထားပြီး ရေမှန်မှန်ဖြည့်သည်။ ညနေဆိုသူက ရေအိုးလေးထမ်းပြီး ရေချိုးခန်း ဝင်သွားပြီ။ သူကိုတော့ အများက သုဝဏ္ဏသာမ ဟူ၍။

ကိုချစ်ရှိန် တစ်ယောက်ကတော့ ထူးထူးခြားခြား အသားမည်းသည်။ သူက ရေနံချောင်း၊ ချောက်ဘက်သားမို့ သူ့အခန်းတွင် ချစ်ရှိန် (ချောက်) ဟူ၍ ရေးထား၏။ သို့သော် သူ့ကို ချစ်ရှိန်လို့ ခေါ်သူ အတော်နည်းသည်။ ရေနံချောင်းတဲ့။ နောင်တော့ သူ့မြို့လေးကိုပါ စွဲပြီး ရေနံချေး (ချောက်) ခေါ်ရာက “ရေနံချေးခြောက်” ဟူသော အမည်ပင် တွင်ကျန်တော့သည်။

လူရိုးလူအတွေလည်း အခုမှ ခင်ညို စပ်စုမိသည်။ မြင့်သိန်းလို လူမျိုးတွေ။

တစ်နေ့ ဝင်းတင့်က မြင့်သိန်းကို မေးသည်။ “ကိုမြင့်သိန်း၊ ခင်ဗျား ဘာလူမျိုးလဲဗျ”

“ကျွန်တော် ဗမာပါဗျ”

ဒါကို မြင့်သိန်းက အတော် စဉ်းစားပြီးမှ ပြောနိုင်သည်။ မြင့်သိန်းက တရုတ်စပ် အသားဖြူဖြူ မို့ မေးခြင်းကို သူ သဘောမပေါက်၊ ဝင်းတင့်က ဆွပြန်သည်။

“မဟုတ်ဘူးလေဗျာ၊ ခင်ဗျားတို့ အဖေက တရုတ်မို့လား၊ ဘယ်လို တရုတ်မျိုးလဲ- မေးတာ၊ မော်စီတုန်းတို့က မော်မျိုး မဟုတ်လား၊ ချင်ရီဆို ချင် မျိုးဗျာ၊ တန်ယုဆိုင်ဆို တန်မျိုးဗျာ၊ ချောင်အင်လေးဆို ချောင်မျိုးဗျာ၊ အဲဒါမျိုး မေးတာ၊ ခင်ဗျား အဖေက ဘာမျိုးလဲ”

မြင့်သိန်းက အတော် တွေနေသည်။ ခေါင်းကို တဗျစ်ဗျစ် ကုတ်ပြီးမှ ခေါင်းခါပြသည်။

“အေး... မှတ်ထား၊ ခင်ဗျား ခွေးမျိုးဗျ” ဝင်းတင့်က ပြောပြီး ထွက်ပြေး တော့၏။ သည်လိုတော့ အဆောင်ဟာ စိုလို့ပြည်လို့။

ခင်ညိုက နောက်ဆုံးမှ ကျောင်းဆောင်ရောက်သည်မို့ အောက်ဆုံးထပ် ထောင့်ခန်းမှာ နေရ၏။ သို့သော်လည်း အလယ်ထပ်က တင်အောင်ညွန့်၊ ဝင်းတင့် တို့ဆီ ရောက်မြဲ။ အပေါ်ဆုံးထပ်က ခင်မောင်မြင့်တို့ဆီ ရောက်မြဲ ဖြစ်သည်။

သူက ဒီအခန်းကို အတော် သဘောကျသည်။ နောက်အခန်းက လူနေသည် မဟုတ်။ စတိုခန်း။ ထို့ကြောင့်ပင် သူ တေးညည်းလျှင်၊ တယော ထိုးလျှင် အားနာရမည် မဟုတ်။

ပိုပြီး အဆင်ပြေသည်ကား၊ ကိုယု တစ်ယောက် ဥပဒေဌာနတွင် နည်းပြ ဆရာ ဖြစ်လာခြင်းတည်း။ ခင်ညို့အတွက် များစွာ အားကိုးရသည်။ ဆရာနန်း ကလည်း ဘာသာပြန် ဌာနမှာ။

ခင်ညိုမှာ ရွှေဘိုဆောင် စိုးလွင်ဆီ သွားလိုက်၊ ဘာသာပြန်ဌာန ဆရာ နန်းဆီ သွားလိုက်၊ ဥပဒေဌာန ဆရာယုဆီ သွားလိုက်၊ သီရိက အချစ်ဘုရား လေးဆီ သွားလိုက်နှင့် ကျောင်းပျော် ပြန်ဖြစ်နေ၏။

ဖြူနှင့်တော့ သည်ဇာတ်မျောကိုပင် ကနေရဆဲ။ တစ်နေ့ တစ်နေ့ လူကိုများ ဗြောင်ဖွင့်ပြီး သူ့ဘက် ပါလေမလား ဟူ၍ စောင့်စားနေရဆဲ။ ခုချိန် ထိတော့ ဖြူက ချစ်သည် မပြောသော်လည်း ခင်ညို့ကို အလိုလိုက်သည်။ ခင်ညို ဖြစ်ချင်သလို ဖြစ်နေသည်ချည်း။

သာကိုယုကတော့ သူ့ကို ပြောသည်။

“မောင်ခင်ညိုရာ၊ မင်းဟာကလေ တို့ငယ်ငယ်က ကြားဖူးတဲ့ မြေခွေး မိုက်လို ဖြစ်နေပြီကွ၊ မြေခွေးဟာ ရေထဲက ဒိန်ခဲကို လိုချင်တော့ သူ အကြံရ ခက်နေတယ်၊ သူ စောင့်နေတာ ဒိန်ခဲက ပေါ်မလာဘူးကွ၊ ဒါနဲ့ သူ ရေတွေပဲ ကုန်းကုန်းသောက်ရော၊ ဘယ်ကုန်အောင်သောက်နိုင်မှာလဲကွ၊ အဲဒီ ခွေးမိုက်လိုပဲ မင်းလည်း တမျှဉ်းမျှဉ်းနဲ့၊ မဟုတ်သေးပါဘူးကွာ၊ အပြတ် လုပ်ပစ်လိုက်စမ်းပါ”

ခင်ညို သည်ထက် ပိုမကျွမ်းတော့ပါ။

“မင်းကောင်မလေးကလည်း မပြတ်သားပါဘူးကွာ၊ မချစ်ရင်လည်း မချစ် ဘူးပေါ့၊ ချစ်ရင်လည်း ဘာငဲ့နေစရာ ထိန်းနေစရာ လိုလို့လဲ၊ စွန့်ရဲရမှာပေါ့”

ဒါကိုလည်း ခင်ညို မဆွေးနွေးရဲပါ။

“ဒီမှာ အကောင်၊ ကြက်မဟာ ကြက်ဥကို ဥတယ် မဟုတ်လား၊ ဥအထဲ ကြက်ကလေးပုံစံကို ကြည့်သိရဲ့လား၊ ဒီကြက်ကလေး အသက်ရှင်ဖို့ဟာ ကြက်ဥ အခွံ ပျက်စီးမှ ဖြစ်တယ်ကွ၊ ကြက်ဥ အခွံလည်း ဒီတိုင်းဖြစ်စေချင် ကြက်ကလေးလည်း အသက်ရှင်ချင်လို့ မဖြစ်ဘူးကွ ကြက်ကလေးရ၊ သိရဲ့လား၊ မင်းကြက်မကြီး ဒီအတိုင်း ပြောလိုက်၊ သတ္တိ ရှိစမ်းပါလို့”

ခင်ညို ဖြူကို ပြောပြဖို့ အတော်ကောင်းသော စကားများ ဖြစ်ပါသည်။ သို့သော်လည်း ခင်ညို ဖြူနှင့် တွေ့လျှင်တော့ သည်လို စကားမျိုး မပြောဖြစ်နိုင်ပါ။ ဘာသာသာ သိစေတော့၊ နားလည်စေတော့ ဆိုပြီး ကျိတ်သာ ခံခဲ့ရတော့သည်။

တစ်နေ့မှာ ဖြူနှင့် အင်းလျားလမ်း လျှောက်ကြရင်း၊ သည်အကြောင်းသာ သူ တစ်ဖွဖွ ပြောသည်။ ရဲဖို့ သတ္တိရှိဖို့။ သို့သော် နောက်တစ်နေ့တွင် ခင်ညိုထံ စာလေး တစ်စောင်သာ ပေးလိုက်သည်။

 

ဘယ်လိုလဲကွယ့်...

သူ အားကြီး သဲတာပဲ။

သူ့ကို ချစ်တယ်ဆိုတာ ပြောဖို့ လိုသေးသလားကွယ်၊

ဖြူ သစ္စာမဲ့တဲ့ မိန်းကလေး မဖြစ်ချင်လို့ပါ။

ဖြူ

သည်လောက်ပဲ ဖြစ်သည်။ စိုးလွင်ကတော့ ဒီစာကို မကျေနပ်လှပေ။

“ဘယ်လိုလဲဗျ၊ ခင်ဗျား အမျိုးသမီးက အတော် ဝေ့လည်ကြောင်ပတ် နိုင်တာပဲ၊ ချစ်တယ်လို့လည်း ရေးလိုက်ပြီဗျာ၊ တစ်ဖက်မှာလည်း သစ္စာမဲ့တဲ့ မိန်းကလေးအဖြစ် မခံချင်လို့တဲ့၊ ခုကတည်းကိုက ဟိုမှာ သစ္စာပျက်နေပြီပဲဗျ

မှန်ပါသည်။ ခင်ညိုလည်း စာတစ်စောင်မျှကိုပင် နာရီဝက်လောက် ဖတ်ပြီး စဉ်းစားပြီးပြီ။ ခုထိကို အတွေး မပေါက်သေး။ ခေါင်းလည်း ခြောက်ပြီ။ သို့သော်လည်း ဖြူနှင့် တွေ့လျှင်တော့ သူက ဖြူးလို့။

တစ်နေ့။ ဒီနေ့မှာတော့ ခင်ညို အတော် ချောက်ချားသွားသည်။ ဖြူနှင့် ယဉ်ယဉ်နွဲ့ နှစ်ယောက် စကော့ဈေး သွားမည်ဆို၍ ခင်ညိုပါ လာခဲ့ကြသည်။ သူတို့ နှစ်ယောက် ဝယ်လိုသမျှ ဝယ်ပြီး စကော့ဈေးထောင့် ပြန်အထွက်မှာပင် ဖြူက ခင်လို့ကို သူ့လက်ကိုင်အိတ်လေး ခဏပေးထားပြီး “သော့မှ ပါလာရဲ့လား မသိဘူး” ဆိုကာ ဈေးလွယ်အိတ်တွင်းမှ သော့နှိုက်ရှာနေလေသည်။ ထိုအချိန် မှာပင် ခင်ညိုတို့ ရှေ့နားမှာ လူတစ်ယောက် ရှိနေသည်ကို သူတို့ သုံးယောက်လုံး မသိပေ။ ထိုလူသည် ခင်ညိုတို့တစ်တွေ ရယ်လားမောလား ပြောဆိုပြီး၊ ပစ္စည်းများ ပြန်ထည့်နေချိန်တွင်ပင် သူ့လွယ်အိတ်ထဲမှ ကင်မရာ နှိုက်ပြီး ဓာတ်ပုံရိုက်လိုက် လေသည်။ သူသည် တစ်ပုံနှင့် အားမရသေး။ နောက်တစ်ပုံ ရိုက်ရန် ကင်မရာကို ချိန်လိုက်ပြန်သည်။ ထိုအချိန်မှာပင် ခင်ညိုသည် ကားတစ်စီးကို မှီပြီး သူ့ကို ကြည့်နေသည့် နဂါး မျက်လုံးရှင်ကို မြင်လိုက်၏။ သူ ချက်ချင်း ဒေါသူပုန် ထသွားသည်။ နဂါးမျက်လုံးကို ကြည့်ရင်းမှပင် ကင်မရာနှင့်လူ ဓာတ်ပုံ ဖျတ်ခနဲ ရိုက်လိုက်သည်ကို မြင်တော့သည်။ ထို့ကြောင့်ပင် ဖြူတို့ကို ဘာမျှ မပြောဘဲ

ဖြူ ပိုက်ဆံအိတ် ပြန်ပေးပြီး ဓာတ်ပုံသမားနောက် ပြေးလိုက်သွားသည်။ သူက မှီမှီချင်း အင်္ကျီစကို အတင်းလှမ်းဆွဲလိုက်၏။

“ခင်ဗျား ဘာလို့ ဓာတ်ပုံရိုက်တာလဲဗျ”

သူက အသားတွေ တုန်နေပြီး ဒေါနှင့် မေးသော်လည်း ထိုလူက ဣန္ဒြေ မပျက်ပေ။

“ဟာ... ခင်ဗျား လူမှားလို့ ထင်တယ်ဗျ”

ခင်ညို သူ့အဖြေကြောင့် ပိုပြီး ဒေါထလာသည်။ သူ ရိုက်နေသည်မှာ ခင်ညို့ မျက်မြင်။ ခုတင် နဂါးမျက်လုံးကိုရော သူ့ကိုပါ မြင်မြင်ချင်း ဓာတ်ပုံ သမားကို အရင် လိုက်ဆွဲခြင်း ဖြစ်သည်။

“ခင်ဗျား မရိုက်ဘူးဆိုရင် ခင်ဗျား လွယ်အိတ်ထဲမှာ ဘာရှိလဲ ပြဗျာ”

ခင်ညိုက အသံ နည်းနည်းပျော့ပြီး တောင်းပန်သလို ပြောသည်။ ထိုလူ ကတော့ အချိုး မပြောင်းပေ။

“ဘာလို့ ပြရမှာလဲဗျ၊ ကျုပ် လွယ်အိတ် ဘာရှိရှိပေါ့”

“ဒါဖြင့် ခုနက အောင်ကျော် ဆံထောက်နဲ့ နှာခေါင်းပွပွလူ ဘယ်မှာလဲ၊ အဲဒီလူ ရိုက်ခိုင်းတာ မဟုတ်လား”

ခင်ညိုကလည်း အသည်း တယားယား ဖြစ်နေပြီ။

“ဟာ... ခင်ဗျား အောင်ကျော်ရော၊ နှာခေါင်းပွပွရော မသိပါဘူး”

ထိုအချိန်တွင် ဖြူနှင့် ယဉ်ယဉ်နွဲ့မှာ သူတို့ကို အံ့သြခြင်းကြီးစွာ ကြည့် နေမိသည်။ ဖြူက ပထမ ပြေးသွားစဉ် မိတ်ဟောင်း ဆွေဟောင်း တွေ့၍ နှုတ်ဆက်ဖို့ သွားခြင်းဟုသာ ထင်လိုက်သည်။ အသေအချာ ကြည့်လိုက်တော့မှ ထိုးမည် ကြိတ်မည် ဖြစ်နေသောကြောင့် ယဉ်ယဉ်နွဲ့ လက်ဆွဲပြီး ခင်ညို နောက် လိုက်ခဲ့သည်။

“ဘာဖြစ်တာလဲ ဟင်”

ခင်ညိုက အဖြစ်ကို ရှင်းပြလိုက်သည်။ ဖြူရော ယဉ်ယဉ်နွဲ့ပါ ဘာ ပြန်ပြောရတော့မည် မသိ။

“မင်းကို တစ်ချက်ထိုး မရှိဘူး အကောင်၊ ငါ ဆော်တီးပြီး မင်း ကင်မရာ ယူလို့ရတယ် သိလား”

ခင်ညို့ နှုတ်က မပြောသော်လည်း စိတ်ထဲမှာ ပြောနေမိသည်။ အံကို တင်းတင်းကြိတ်ပြီး နဂါးမျက်လုံးကို ရှာသေးသည်။ မတွေ့။ ဒါနှင့် လက်လျှော့ ပြီးသာ ပြန်ခဲ့ရသည်။

“ဖြူတို့ ပါလို့ပေါ့ကွာ၊ မပါရင်တော့ ကိုယ်နဲ့ ဒီလူ ဆော်ဖြစ်ပြီ”

မတွေးတတ် မကြံတတ်တော့ပြီမို့ သည်စကားသာ ပြောပြီး ကျိတ်မနိုင် ခဲမရဖြစ်ခါ အဆောင် ပြန်ရောက်တော့သည်။

အတော် တွေးရကျပ်သူတွေပဲ။

ဒီနှစ် ညကျောင်းတွေမှာ အပိုမြန်မာစာ ပြရခြင်းအတွက် ခင်ညို အတော် စိတ်ဝင်စား၏။ သူ ပြရသော စာအုပ်များထဲမှ တစ်အုပ်သည် မဟာ မင်းလှ မင်းခေါင်၏ ဥမ္မာဒန္တီပျို့ဖြစ်သောကြောင့် ပိုပြီး ထက်သန်ရပြန်၏။ သိဝိမင်းကြီး သည် အဘိပါရက စစ်သူကြီး၏ မယား ဥမ္မာဒန္တီကို တပ်မက်သော မေတ္တာဖြင့် အရူးအမူးချစ်မိသည်။ မရနိုင်သော အချစ်ကိုလျှင် တိမ်းယိမ်း ယဉ်ပါးမိသည်။ ခင်ညို ကျောင်းသားတွေကို စာမသင်မီကပင် ကြေအောင် သူ ဖတ်လိုက်သည်။ သည်ကတည်းက သူ့အကြောင်း သူပြန်တွေးနေသလို ပျို့တွင် နစ်မွန်း သွားမိသည်။

“ရိုးတံရိုးဆစ်၊ ပြေပြစ်ချောမော၊ မြကြောစိမ်းစိမ်း၊ ရှမ်းရှိမ်း စိုစို၊ လှသည့် ကိုယ်၌၊ ရှိုက်ဖိုကြီးငယ်၊ အသွယ်သွယ်မှု၊ တင့်တယ်စေမှု၊ သိကြားထုသို့” ဟူသော အလှဖွဲ့လေးများကို လည်းကောင်း။

“ကျီးအာနှိုင်းတမ်း၊ ရွှေနှုတ်ခမ်းလည်း၊ ကွမ်းပန်းမထိ၊ ပကတိ ဖြင့်၊ တင့်ဘိလွန်ကဲ၊ ရှုမရဲသည်၊ ပုလဲလျှံထွက်၊ သွားရောင်လက်နှင့်၊ အောက်ထက်စုရုံး၊ ဝန်းကျင်လုံးသား၊ လှဆုံးခေါင်ချုပ်၊ ရွှေရည်မြှုသို့”

စသော ဥပမာစကားလေးများကို ဖတ်နေမိသော်လည်း ခင်ညိုသည် ဥမ္မာဒန္တီ၏ ရုပ်ပုံ ပေါ်မလာပေ။ သူ မမြင်ဖူးသော ဥမ္မာဒန္တီသည် ဦးရွှန်း အဆိုအတိုင်း “ဖြူ” လို့သာ သူက ထင်နေမိသည်။ သရုပ်ဖော် စကားတိုင်းသည် ဖြူ အကြောင်း ပြောနေသည်ဟုပင် သူက ထင်ထားသည်။ သည်သရုပ်ဖော် ကြောင့် ဖြူသာ သူ့အာရုံတွင် စိုးမိုးလာသည်။

“ဖြူ နှုတ်ခမ်းနီ မဆိုးဘူးနော်”

“ဖြူ ငယ်ငယ်ထဲက နှုတ်ခမ်းနီ မဆိုးပါဘူး၊ မေမေကဆို သူ့သမီးကို ခေတ်မီစေချင်လို့ ဆိုပြီး ဝယ်တော့ပေးတာပဲ၊ ဒါပေမယ့် ဖြူ မသုံးပါဘူး”

“တစ်ခါမှ မဆိုးဘူးလားကွာ”

“အို... သူကလဲ၊ ငယ်ငယ်ကတည်းက မဆိုးပါဘူးဆိုမှပဲ၊ မသိတဲ့ အချိန် ကတော့ ဖြူ၊ ဆိုးမိချင် ဆိုးမှာပေါ့၊ ဖြူ၊ နှုတ်ခမ်းကို ဆိုးမှ ရဲတာလည်း မကြိုက်ဘူး၊ ပြီးတော့ မိတ်ကပ်တွေ ဘာတွေလည်း မကြိုက်ဘူး၊ သနပ်ခါးပဲ၊ ဒါတောင် ထူရင် မနေတတ်လို့ ကျဲကျဲပဲ လိမ်းတယ်လေ”

ခင်ညိုသည် အကြောစိမ်းလေးများပေါ်အောင် နုနေသော ဖြူကို မြင်လာ ရင်း ဖြူ အသံကိုပါ ကြားလာမိသည်။ လှုပ်လီလှုပ်လဲ့နှင့် ပြေပြစ်ချောမော သူလေး၊ နုထွတ် ညံ့သက်သော နတ်မိမယ်လေး အဖြစ် မြင်လာပြန်သည်။ စာအဆိုလိုပင် ပြေပြစ်အောင် လှတဲ့ ဖြူပေပဲ။

“ဥမ္မာမယ်သည်၊ လာ၍စူးစူး၊ သေသောက်ကြူးဖို့၊ ရစ်မူးသေရက်၊ သေရည်ခွက်ကို၊ မျက်နှာအပ်၍၊ ကမ်းလျက်ငွေ့သို့၊ ဘယ်နေ့သောခါ၊ ငါ့ကို လာ၍၊ မျက်နှာကမ်းပါလတ္တံ့နည်း” ဟူသော သိဝိမင်းကြီး၏ ညည်းသံ၊ တမ်းတ သံကို ဖတ်ရပြန်သောအခါ၌လည်း ခင်ညိုပင် တမ်းတမိဖူးသလို ရင်ထဲမှာ နင့်သွားမိသည်။ ဦးရွှန်း တော်လို့လား၊ ခင်ညိုပင် ခံစားချက်ပြင်းလို့လား၊ ဖြူပင် ဆွဲဆောင်မှု လွန်ကဲလွန်းလို့လား။ ထိုညကျောင်းမှာ သည်စာအုပ်အကြောင်း သိဝိမင်းကြီးနှင့် အဘိပါရက စစ်သူကြီးမဟာ အကြောင်း ပြောတော့ ကျောင်းသားတွေက စိတ်ဝင်စားကြ ပြန်သည်။ ပေါက်တတ်ကရ ဟိုမေး သည်မေး မေးသည့် စာသင်သားတွေ ကလည်း ရှိသေးသည်။

“ဆရာရယ်၊ သိဝိမင်းကြီးမှာ ဒါလောက် မိန်းမ ရှားမယ် မဟုတ်ပါဘူး၊ ပြီးတော့ သူပြောသလောက်လည်း လှမယ်ဆိုတာ မယုံပါဘူး ဆရာရယ်”

ကျောင်းသားတွေထဲမှာ နောက်ရွှတ်ရွှတ် ကျောင်းသားတွေလည်း ရှိသည်။ အလွတ် ပညာသင်ကျောင်းကို အပျော် လာတက်နေသူတွေလည်း ရှိသည်။ သား တစ်ဖက်၊ မယား တစ်ဖက်၊ အလုပ် တစ်ဖက်နှင့် ကုတ်ကတ် ကြိုးစား နေသူတွေလည်း ရှိသည်။ တချို့ ကျောင်းသားတွေက ကျောင်းရောက်စဆိုလျှင် ဆရာကို ပညာစမ်းချင်သည်။ မလိုအပ်ပါဘဲနှင့်လည်း တောင်မေး၊ မြောက်မေး အကွက် နှိုက်တတ်သေးသည်။ တာကို sp

“ရှေးက မင်းသမီးတွေ ဘယ်လောက်လှလဲ ဆိုတာတော့ စာအဆိုပဲ တွေ့ဖူးတာ ဆရာ၊ သီပေါမင်း မိဖုရား ထိပ်စုဖုရားလတ်တောင်မှ အစောပိုင်းမှာ ကျွန်တော်တို့က မင်းသမီး မိဖုရားဆိုတော့ အတော် ချောမယ် အောက်မေ့တာ၊ ဂျူဗလီဟော ရောက်လို့ ဓာတ်ပုံလည်း မြင်ရော စိတ်ကို ညစ်သွားတာပဲ၊ ရှေးစာရေးဆရာတွေ ရေးတဲ့ မင်းသမီးတွေ လှတယ်ဆိုတာ ယုံကို မယုံတော့ဘူး”

ခင်ညိုက ပြုံးသာ နေလိုက်ရသည်။

“ဥမ္မာဒန္တီလည်း မြင်သူတွေ မူးအောင် မေ့အောင် လှတယ် စွဲဆောင် နိုင်တယ်ဆိုတာ ဆရာ ယုံလားဟင်”

နှုတ်သွက် အာသွက် ကျောင်းသားကြီး တစ်ယောက်က မေးသည်။ “ယုံတာပေါ့” ခင်ညိုက သည်လိုပင် ပြောလိုက်ချင်ပါသည်။ သူက ဦးရွှန်း ရေးသမျှတွင် ဥမ္မာမယ်ဟု မမြင်၊ ဖြူလို့သာ ထင်နေသည်ကိုး။ သို့သော် လည်း ကျောင်းသားတွေ ကျေနပ်အောင် စာထဲက စိတ်မထွက်သွားအောင်တော့ ပြေပြေပြစ်ပြစ် ဖြေရသေးသည်။

“ဖြစ်ချင်လည်း ဖြစ်မှာပေါ့ဗျာ၊ ကျမ်းဂန်အဆိုကို ဦးရွှန်းက အပြောက် အမွှမ်းခြယ်ရတာဟာပဲ၊ စာထဲမှာ ဒီလိုရေးထားတော့ ဒီလိုပဲ မှတ်ရမှာပေါ့” လို့။ “ဟာ... ဆရာရယ်၊ မြင်သူတွေ မူးတယ်၊ မေ့တယ်ဆိုတော့ သူ့ယောက်ျား အဘိပါရကလည်း ဘာမို့လဲ ဆရာရဲ့၊ သူကျတော့ ဘာမှ မဖြစ်သလိုဘဲ”

အတွေး အမျိုးမျိုး၊ တင်ပြချက် အမျိုးမျိုးနှင့် စာသင်ချိန်မှာ ခင်ညို့ စိတ်ကြည်ဖို့ ဖြစ်သည်။ မေးသမျှကိုလည်း သူတို့တွေ ကျေနပ်အောင် အကျယ် တဝင့် ရှင်းပြ ပြောပြတတ်သည်မို့ တစ်ချိန် တစ်ချိန် ဖြေရသည့် မေးခွန်းကလည်း မနည်းလှ။

သည်လို ဆွေးနွေးခန်းတွေမှာ ဆရာတစ်ယောက် ပီသဖို့၊ ကျောင်းသား တွေ သိလိုသမျှ အတတ်နိုင်ဆုံး ဖြေနိုင်ဖို့ ခင်ညို စာတွေဖတ်၊ မှတ်စုစာတွေ ပြင်ထားရသည်။ မသက်သာလှ။ သို့သော် အကျိုးမမဲ့ပေ။ ကိုယ်တိုင်က မြန်မာစာ အဓိကဖြင့် ကျောင်းသားတစ်ပိုင်း ဖြစ်နေပြန်သောကြောင့် သူ စာသင်ဖို့ စာပြင် ရခြင်းပင်လျှင် သူ့ကျောင်းသားဘဝ စာပေ အတွေ့အကြုံကို ရင့်လာစေခဲ့သည်။ အတွေ့အမြင် များလာစေခဲ့သည်။

သည်လိုပင် ခင်ညို မောမှန်းမသိ၊ ပင်ပန်းမှန်းမသိ၊ သူ့အတွက် စာပေ ဗဟုသုတ ပြန်ပြီး ပြည့်လာရသည်။ အချိန်အား ရတိုင်းလည်း ဟိုမဂ္ဂဇင်း ပို့၊ သည်စာစောင် ပို့နှင့် ကဗျာ ဝတ္ထုလေးတွေလည်း ရေးဖြစ်၊ တွေးဖြစ်လာသည်။

သို့သော် သူ့အတွက် စာအုပ်ဖိုးက မသက်သာလှ။ ခင်ညို ကျောင်း ရောက်စက မြို့နယ်အသင်း၏ အကူအညီရသော်လည်း ယခုသော် ကျောင်းဆရာ လခနှင့် ချစ်ချစ်ပို့သော ငွေအနည်းအကျဉ်းသာ ရှိသည်။ ဒါ့ကြောင့်လည်း ကျောင်းဆောင်ကြေးနှင့်၊ စာအုပ်ဖိုးနှင့် တဝဲလည်လည် အလျဉ်မမီ ဖြစ်သည်။ သည်ကြားထဲ မသောက်လျှင် မဖြစ်သော လက်ဖက်ရည်ဖိုးက ပါသေးသည်။

ဒါ့ကြောင့်ပင် ခင်ညို ကျောင်းလခ ကြွေးကျန်သောအခါက မနည်းလှ။ အဆင်ပြေလျှင် သွင်းလိုက်၊ အဆင်မပြေလျှင် ထားလိုက်ရနှင့် သည်အတွက် လည်း ရင်ပူရသေးသည်။

အခုနှစ် နောက်ဆုံးစာမေးပွဲ စစ်ချိန်တွင်မှ ခင်ညို ကျောင်းလခကြွေး ကျန်ရပြန်သည်။ စာမေးပွဲ ဝင်ကြေးကလည်း ရှိသေးသည်။ ခင်ညို စိတ်ပျက်သည် မှာတော့ ငိုရမတတ်။

သည်အကြောင်းကို ဖြူက သိသည်။ သူ့ကြွေးစာရင်းကိုလည်း ကျောင်း ဆောင်ရုံးက တွေ့ခဲ့ရပြီး၊ စုံစမ်းပြန်တော့ သူ သိသည်ထက် ခင်ညိုက ဆိုးနေသေးတော့။

ဒါနှင့်ပင် ခင်ညိုကို တွေ့အောင် ရှာရသည်။ တွေ့ပါပြီ။ ခင်ညိုနှင့် ဆရာနန်းဦးချစ် လက်ဖက်ရည်ဆိုင်က ပြန်အလာ တောင်ငူဆောင်ပေါ်က စောင့်သည်နှင့် မိသည်ပဲ။

“ဘယ်လိုလဲ ဆရာကြီးရဲ့၊ အဆောင်ကို မလာတာတောင် သုံးရက် ရှိသွားပြီ”

တွေ့တော့လည်း ခင်ညို ပြုံးရ ပျော်ရပြန်သည်။ သူ ငွေရေးကြေးရေး အတွက် စိတ်အနှောင့်အယှက် ဖြစ်နေသောကြောင့် ဖြူကို မသိစေချင်၍ တမင်ပင် ရှောင်နေခြင်းဖြစ်သည်။ ဆရာနန်းကိုတော့လည်း သူ အားနာပြီးမို့ သည်အကြောင်း မပြောဖြစ်။ ယူပေါင်း များပြီကိုး။

“ဆရာ၊ ဖြူတို့ ဝိဇ္ဇာခန်းမဘက် သွားမလို့ ဆရာ၊ အညိုကို ထည့်လိုက် ပါနော်၊ စိတ်ချပါ ဆရာရဲ့”

ဖြူက ဦးနန်းဝေထံ ခွင့်ပန်သည်။ ရီကျဲကျဲလေးနှင့်ပင် ဆရာက သဘော ပေါက်သည်မို့ ခင်လို့ ကျောကို ပုတ်ပြီး နှုတ်ဆက် ထွက်သွားသည်။

ဝိဇ္ဇာခန်းမဟု ပြောခဲ့သော်လည်း ဖြူက အင်းလျားကန်ဘက် ဆက် လျှောက်လာသည်။ ဘွဲ့နှင်းသဘင် မြောက်ဘက် ကျွန်းဆွယ်လေးပေါ် ထိုင်မိမှ ဖြူက သူ့ လည်ပင်းတွင် ဆွဲထားသော ရွှေဆွဲကြိုးလေးကို ခင်ညို့ လက်ထဲ ထည့်လိုက်သည်။

“ဘာလုပ်ဖို့လဲ ဖြူ”

ရုတ်ချည်းဆိုတော့ ခင်ညို စိတ်ထဲ ထင့်သွားသည်။

“သူ့ဖို့လေ”

“ကိုယ် ဘာလုပ်ရမှာလဲ”

“လုပ်ချင်တာ လုပ်ပေါ့”

“ဖြူကလဲကွာ”

ခင်ညို ဘာပြောရမည် မသိ။ ဘာ့ကြောင့် သည်ဆွဲကြိုးကို ကနေ့ ပေး သည်လည်း မတွေးတတ်။

“သူ ရုံးမှာ အဆောင်ကြေးတွေ ကျန်နေတယ် မဟုတ်လား”

ဖြူကလည်း စိတ်ဝေဒနာ အညစ်နှင့်ပင် ပြောရသည်။ သူ လွယ်လွယ် ကူကူ ပြောထွက်သည်တော့ မဟုတ်။ ခင်ညိုကတော့ ခေါင်းကြီး အောက်ချလို့။

ဂဖြူ၊ သွင်းပေးချင်တယ် အညို၊ ဖြူလည်း ဒီလ အသုံး များသွားလို့ အဲဒီကြိုးကို သူ ကြိုက်သလို လုပ်ပြီးသာ သွင်းလိုက်ပါ၊ နို့မို့ဖြင့် သူ့စာမေးပွဲ အတွက် ထိခိုက်နေလိမ့်မယ်”

ခင်ညို ခုမှ သဘောပေါက်သည်။ သည်တော့လည်း ဖြူ ကြိုးလေးကို သူ မယူရက်ပေ။ အတင်း ပြန်ပေးသည်။ ဘယ်လိုမှ ပေးမရ။

“ဖြူ၊ အဲဒီကြိုးကို ပြန်ယူရရင်တော့ သူနဲ့ဖြူ သေခန်းဖြတ်ပဲ”

ခင်ညို အကြောက်ဆုံးစကားနှင့် ခင်ညို့ လက်ထဲ ကြိုးကျန်အောင် ပြော နိုင်ပါပေသည်။

သို့သော် သည်ကြိုးကို ခင်ညို မသုံးရက်ပါ။ နောက်ဆုံး ဆရာ ဦးနန်း ဝေကို အဖြစ်စုံ ပြောပြပြီး ငွေတောင်းရပြန်ပါသည်။ ကျောင်းဆောင်ကြေး စာမေးပွဲကြေးများ ကျေပြီး၊ ဖြူကို ကြိုးပြန်ပေးသော်လည်း ဖြူက လက်မခံ တော့။ သူ့ကို ပေးထားပြီးပြီပဲ၊ ဖြူ ပြန်ယူရရင်တော့ ဒါပဲနော်” ဆိုသော စကားနှင့်ပင် ကြိုးလေးကို သိမ်းထားလိုက်ရပါသည်။

သို့နှင့်ပင် ခင်ညို စာမေးပွဲကို ဖြောင့်ဖြောင့်ဖြူးဖြူး ဖြေနိုင်ခဲ့ပေသည်။ ဖြူနှင့် ပျော်ပါးနေရခြင်း၊ ကျောင်းသားတွေနှင့် ပျော်ပါးနေရခြင်း၊ စာကို စိတ်ဝင် တစား ကြည့်နိုင်ခြင်းတွေကြောင့် သည်စာမေးပွဲကို သူ အားအရဆုံး ဖြေလိုက် နိုင်ခြင်း ဖြစ်တော့သည်။


အခန်း ၂ဝ

 

စာမေးပွဲ အောင်စာရင်းများ ထွက်သောအခါ ခင်ညိုသည် ရတောင့်ရခဲ မြန်မာစာ ဂုဏ်ထူးမှတ်နှင့် အောင်လာခဲ့သည်။

စနစ်သစ်တက္ကသိုလ်တွင် သည်အမှတ်ရဖို့ မလွယ်လှ။ စာမေးပွဲကို အဆင့် ငါးဆင့် ခွဲထားသည်။ ဖြေတော့လည်း လေးခါ ဖြေရသည်။ လေးခါကို အမှတ် ပေါင်းပြီး အဆင့် တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး ဟု ယူသည်။ တစ်ကို အညံ့ဆုံး၊ နှစ်ဆိုလျှင် ရှုံးသေးသည်၊ သုံးဆိုလျှင် အောင်မှတ်၊ ငါးဆိုလျှင်ကား ဂုဏ်ထူးမှတ် ဖြစ်တော့သည်။ အခု ခင်ညိုက အမြင့်ဆုံး အဆင့် ငါးတွင် ဝင်နေပြီ။

စနစ်သစ် ပညာရေးကို ယုံကြည် လေးစားမှုဖြင့် ပညာသင်သော ခင်ညို အတွက် အကျိုးအာနိသင် ပေါ်ခြင်းဟု ဆိုရပေမည်။ မြန်မာစာဌာန ဆရာများ ကလည်း ချီးမြှင့်သောအားဖြင့်၊ စတုတ္တနှစ်စတွင် မက်ထရစ် အောင်သော မောင်မယ်သစ်လွင်တို့ ကြိုဆိုပွဲနှင့် ဆုနှင်းသဘင်တွင် ခင်ညိုကို ချီးကျူးရင်း ဆုများချီးမြှင့်ကြသည်။ မြန်မာစာ အသင်းက ဆုတွင် မဟုတ်။ မြန်မာစာ ပါမောက္ခ ဦးမောင်မောင်ကြီး၊ ဆရာ ဦးဖိုးကျော်မြင့်၊ ဆရာ ဦးခင်မောင်ထွန်း စသူတို့ကပါ ဖောင်တိန်၊ စာအုပ် စသဖြင့် ခင်ညို ကြိုးစားမှုကို အသိအမှတ် ပြုသည်။

ပျော်ရသည်ထဲတွင် ခင်ညိုသာ မဟုတ်၊ ဖြူရော မဟင်္သာပါ ပါသည်။

“ကိုညို ကြိုးစားကွယ်၊ ဒီနှစ်မှာ ဂရိတ်ဖိုး ဖြစ်လို့ရှိရင် အမ်အေ ဆက် တက်နိုင်မယ် မဟုတ်လား၊ အဲဒီတော့ ဖြူနဲ့ အတူတူ တက်ရမှာပဲ”

မှန်ပေသည်။ နောက်ဆုံးနှစ်မှာသာ ခင်ညို အမှတ် ကောင်းလျှင် ဆက် တက်နိုင်သည်။ သို့သော် အလွတ်ပညာသင်ကျောင်းတွေက အခုအခါ သင်ဖို့ မလွယ်ပြီ။ မနှစ်က နောက်ဆုံးလများပင် ခင်ညို ကျူရှင်ကျောင်း တစ်ခုတွင် ပြရခြင်း ဖြစ်သည်။ ၆၄ ခုနှစ်ကပင် ကျောင်းတွေ ဖျက်သိမ်းခြင်း၊ ပြည်သူပိုင် သိမ်းခြင်းများကြောင့် ခင်ညိုတို့လို ဘွဲ့မရသေးသော ဆရာများ စာ မသင်နိုင် ကြတော့။ ဘယ်လိုပဲဖြစ်ဖြစ် ခြစ်ချုပ်ပြီး သည်တစ်နှစ်တော့ ကြိုးစားရလိမ့်မည်။

သည်နှစ်မှာ ခင်ညို့ တာဝန်တွေတော့ ပိုလာသည်။ ဆရာတွေက “ခင်ညို ဟာ စာလည်း တော်တယ်၊ ပန်းချီလည်း ဆွဲတတ်တယ်” ဆိုပြီး မြန်စာဂုဏ် မဂ္ဂဇင်းအတွက် တာဝန်ပေးခြင်း ဖြစ်သည်။ ခင်ညို ကူရပါသည်။ မိမိလည်း ဝါသနာပါသည်နှင့် ပန်းချီဆွဲတန်သည်ကို ဆွဲ၊ စာမူအတွက် အကူအညီ ပေးတန်သည် ပေး၊ စာအုပ်ရိုက်ခြင်း၊ ပရုဖတ်ခြင်းကအစ တာဝန်ယူပြီး လုပ် ရသည်။

“သူ သူများ အလုပ်တွေချည်း သိပ်မလုပ်နဲ့ဦးနော်၊ ကိုယ့်စာလည်း ကြည့်ဦး”

ဖြူက သတိပေး၏။ သို့သော် ခင်ညိုကတော့ စက္ကူထမ်း စာအုပ် ရိုက်သည်ကအစ အောက်ခြေသိမ်း လုပ်ရသည်ကိုပင် ပျော်နေသည်။ ကျောင်းစာ ကိုတော့ သူ အကြည့် မပျင်းပေ။

သည်လို စာနှင့် အလုပ်နှင့် ရက်အား မရလောက်အောင် ခင်ညို ဗျာများ နေချိန်မှာပင် တစ်နေ့ မဟင်္သာထံက စာတစ်စောင်ရသည်။

 

ကိုခင်ညို

လူချင်း တွေ့ ရင် ပြောလို့ မဖြစ်တာနှင့် စာရေး ပြောရတာပါ။ ကိုခင်ညို တစ်ယောက် မဟင်္သာ အပေါ်မှာ အရင်လို ခင်ခင်မင်မင် မရှိတော့ဘူးလို့ အောက်မေ့တယ်။

အတန်းတူ ဘာသာတူ ဖြစ်လျှက်နှင့် သည်လို ကိုခင်ညိုက စိမ်းတာမျိုးမို့ မဟင်္သာ ကျိတ်ပြီး ငိုရတယ် ကိုခင်ညို။ ကိုယ်က မိန်းကလေးမို့ မဟင်္သာ ဒီထက် ပိုမရေးစွမ်းပါဘူး။ ကိုခင်ညို သီရိမှာ စက်ကျနေတယ်ဆိုတာလည်း မဟင်္သာ သိပါတယ်။

စာက ရှင်းရှင်းနှင့် တိုတိုပင် ဖြစ်၏။ သို့သော် ခင်ညို ဖတ်ရင်း ရှုပ် လာ၏။ ရှုပ်ဖန် များလာသောအခါ ခင်ညို ဝမ်းနည်း လာသည်။

မဟင်္သာ သဘောကိုလည်း နားလည်လာသည်။ ခင်ညို မကြံတတ်၊ မစည်တတ်သည်နှင့် သူ့ဆရာထံကိုပင် ပြေးပြောပါသည်။

ဆရာနန်းကတော့ စာကို အထပ်ထပ် ဖတ်ရင်း စဉ်းစားပါသည်။

“ငါ ဒီလို ဖြစ်လိမ့်မယ်လို့တော့ ကြိုသိတယ်၊ အညို၊ မင်းကလည်း တစ်ဖက်မှာ သိပ်ပြီး အရူးအမူး ဖြစ်နေတော့ စောစောပိုင်းကတည်းက မင်းကို သံယောဇဉ် ရှိနေတာပဲ၊ မင်းစိတ်ကိုလည်း သိတာပဲ၊ ဒါပေမဲ့ သူက အေးတယ် ရိုးတယ်၊ ဒါ့ကြောင့်လည်း သူ့ အပူကို သူ ထိန်းပြီး နေခဲ့တာ ဖြစ်မှာပဲ၊ အခုမှ မအောင့်နိုင်တော့တာနဲ့ ဒီလို ရေးဖြစ်တာပေါ့”

“ဒါဖြင့် ကျွန်တော် ဘယ်လို လုပ်ရမလဲ ဆရာ၊ သူ့ဆီကို စာ ဘယ်လို ပြန်ရေးရမလဲ”

“ဒါတော့ မင်း ဆုံးဖြတ်လေကွာ၊ မင်းမှာလည်း ရှေ့လုပ်စရာတွေ အများကြီး ရှိသေးတာပဲ၊ အကျိုးမဲ့တော့ ငါ မဖြစ်စေချင်ဘူး၊ ငါလည်း တစ်ရက် နှစ်ရက်ဆိုရင် အညာခရီး ထွက်ဦးမယ်”

ဆရာနန်းက ခင်ညို့ကို တာဝန် ပုံပေးပြန်သည်။ မစဉ်းစားတတ်လို့ အကြံ တောင်းခါမှ မင်းဘာသာ စဉ်းစားတဲ့။ ပြီးတော့ ခရီးထွက်ဦးမယ်တဲ့။ တကယ်ပင် ခင်ညို့ကို အခန်းတွင်းက ရုပ်ထုတွေ ပစ္စည်းတွေ ကြည့်ဖို့ သော့ အပ်ပြီး ခရီးထွက်ပါတော့သည်။

ဒါနှင့်ပင် ဥပဒေဌာန ဆရာယုထံ ပြေးရပြန်သည်။ ဆရာယုကတော့ သိပ်အချိန်ယူ မပြော။

“ဟကောင်၊ ဒါမင်းအတွက် အခွင့်အရေးပဲကွ၊ ပြတ်သားတဲ့ မိန်းကလေးနဲ့ မပြတ်သားတဲ့ မိန်းကလေး ချိန်ဖို့ပဲ၊ မင်း သီရိဆောင် ရှေ့မှာ နေကုန်အောင်ရပ်၊ လူမြင်မကောင်း သူမြင်မကောင်း ဖြစ်နေတာထက် ကိုယ့်ကိုချစ်တဲ့ မိန်းကလေးက လက်ကမ်းတာကို လိုက်တာက အဓိပ္ပာယ် ရှိတာပေါ့ကွ” လို့ ချက်ချင်းပင် ဖြေသည်။

သို့သော်လည်း ခင်ညို့ စိတ်က တစ်ရွေးသားမှ မရွေ့ပေ။ မဟင်္သာ ထံကိုသာ နားမလည်သလိုနှင့် အလုပ် များနေကြောင်း၊ အခင်အမင် မပျက် ပါကြောင်း စာရေးလိုက်ရသည်။ စိတ်ထဲကတော့ မကောင်းလှ။

ခုတလောတော့ ဖြူကလည်း သူ့ကို သိပ်အရေးပေးသည်ဟု ခင်ညို ထင်သည်။ အဆောင်မှာ စားဖို့ဆိုပြီး သူ့အိမ်မှ ပို့သော ငါးပိချက်တွေ၊ သရက်သီး သနပ်တွေပင် တကူးတကန့် ခွဲပို့သည်။

သို့သော် ခင်ညိုက မစားရက်ပါ။ ကုန်သွားမှာ စိုးလို့ဆိုပြီး သည်အတိုင်း စားပွဲပေါ် တင်ထားသည်။

ငါးပိချက် မြင်လျက်နှင့် မစားရသောကြောင့် ဝင်းတင့်တို့က မကျေနပ်ချေ။

ထို့ကြောင့်ပင် “ငါးပိချက်ဘုရား” ဆိုသော စာတန်းလေး ရေးလာပြီး ခင်ညို မသိအောင် အခန်းထဲဝင်ကာ ပုလင်းရှေ့တွင် ထောင်ထားသည်ထိ ပြောင်ကြ လှောင်ကြသည်။ လှောင်စရာကိုး။

သည်လို စားစရာတွင် မပြီးသေး၊ ခင်ညို လက်သည်း ရှည်သည်ကို မညှပ်ဘူးဆိုပြီး လက်သည်းညှပ်ပစ္စည်း လှလှလေး ပေးထားသည်။ ခင်ညို့ မွေးနေ့တွင်လည်း ခင်ညိုပင် သတိ မရသော်လည်း သူက မှတ်မှတ်ရရ ပတ်ကား ဖောင်တိန် တစ်ချောင်း လက်ဆောင်ပေးသည်။

ခင်ညို ဘာတစ်ခုမျှ မလိုချင်။ ပြောလို့လည်း မဖြစ်။ သူက သူ ပေးလျှင် ယူမှ ကြိုက်သည်ဆို၍ ပြန်ပေးလျှင်လည်း စိတ်ဆိုးမည် ဆိုး၍ ယူရသည်ချည်း။ ထိုလက်ဆောင်တွေထက် တန်ဖိုးကြီးသော လက်ဆောင်ကိုကား ဖြူက ကြည်ကြည်ဖြူဖြူ မပေးသော်လည်း၊ ခင်ညို တောင်းပြီး ရအောင် ယူလိုက် ပါသည်။

“ကိုညို၊ နက်ဖြန် လွတ်လပ်ရေးအတွက် ကျောင်းလည်း ပိတ်တယ်၊ ဖြူ၊ သန်လျင် သွားချင်လို့၊ လိုက်ခဲ့ပါနော်”

ထိုနေ့က ယဉ်ယဉ်နွဲ့နှင့် ဖြူတို့ အလောတကြီးပင် ခင်ညို့ကို ခေါ်သည်။

“လိုက်မယ် မဟုတ်လားဟင်”

“သိပ်လိုက်တာပေါ့”

ခင်ညိုက မချိုမချင် ပြန်ပြောသည်။

“နောက်မနေနဲ့ကွယ်၊ ဖြူ အခန်းက မနှစ်က အောင်သွားတဲ့ သူငယ်ချင်းဆီ သွားမလို့”

“သွားပါ၊ လိုက်ပါတယ်”

“ငြင်းပါဦးလား ကိုခင်ညို ရဲ့”

ယဉ်ယဉ်နွဲ့က ခင်ညိုကို ကလိသည်။ သူကလည်း “ဘယ် ငြင်းလိမ့် မလဲဗျ” လို့ ရယ်ကျဲကျဲနှင့် ပြန်ပြောသည်။ ယဉ်ယဉ်နွဲ့က ခင်ညိုတို့ အကြောင်းသိ ဖြစ်လာပြီမို့ သည်စကား ပြောနိုင်ခွင့် ရှိသည်လေ။

“သူ အားရဲ့လား မသိဘူး”

ဖြူက စိုးရိမ်နေသေး၏။

“မအားလဲ အားပါတယ် ဖြူရယ်”

“တော်ကွယ် ဒါဖြင့် နက်ဖြန် ရှစ်နာရီလောက် ပင်းယရှေ့ကပဲ အဆင်သင့် စောင့်နေလေ”

“ခုကတည်းက အဆင်သင့် ဖြစ်ပါပြီ ဖြူရဲ့”

ခင်ညိုကို ဖြူ စိတ်တိုလာပြီ၊ မျက်စောင်းပင် ထိုးပြီ။ ချစ်မျက်စောင်းပါပဲ။

“ဘယ်လိုလဲကွယ်၊ သူ အားကြီး ရွတ်တာပဲ၊ ဟိုမှာ နှစ်ညလောက် အိပ်မှာ၊ အဝတ်ပိုပါ ယူခဲ့ဦး”

“ပြန်မလာဘဲနေနေ ဖြစ်ပါတယ် ဖြူရယ်”

နောက်ဆုံးတော့ သူတို့ စိတ်မရှည်နိုင်တော့ပဲ ပြန်ကြရသည်။ ရ ကြ နောက်နေ့ မနက်တွင် ခင်ညို ပြင်ဆင်ပြီး ပင်းယရှေ့ စာတိုက်ပုံး နားက ကြိုစောင့်နှင့်၏။ ဖြူက မပန်စဖူး နှင်းဆီးနီရဲရဲကြီး တစ်ပွင့် ပန်လာသည်။ ထမီ အနက်ပြောက် ပွင့်လေးတွေနှင့် ယဉ်ယဉ်နွဲ့နှင့် ဆင်တူ ဝတ်လာကြသည်။ သူတို့က ယိုးဒယား ဆွဲခြင်းလေးတွေ ကိုယ်စီ ဆွဲလာ၏။ ခင်ညို ကတော့ အထူး မလို။ သူ ပါနေကျ လွယ်အိတ်ကြီးမှာပင် အဝတ်အစား ပိုထည့်နိုင်သည်။

ခင်ညိုတို့ သီတာ သင်္ဘော ကိုးနာရီခွဲ အခေါက်ကို စီးဖြစ်သည်။

“မနွဲ့အိမ်က ဒီလိုတော့လည်း လွှတ်သားပဲ”

သင်္ဘောပေါ်တွင် ဇင်ယော်လေးတွေနှင့် ပျော်နေသော သူတို့ နှစ်ယောက်။ ကိုခင်ညို က တွေးနေရင်းက လှမ်းပြောလိုက်သည်။

“ကျောင်းသူတွေ တစ်ဖွဲ့ကြီး သွားမှာလို့ နွဲ့ လှိမ့်ခဲ့တယ်လေ၊ မိဖြူပါ ကူလှိမ့်ပေးလို့ ပါတာပေါ့၊ ပြီးတော့ နွဲ့ ကျောက်တန်း ရေလယ် ဘုရားလည်း ဖူးချင်လို့ပါ”

ယဉ်ယဉ်နွဲ့က သူ့ဆန္ဒကို ပြောသည်။ ဖြူကတော့ တစ်ဖက်ကမ်းတွင် လှမ်းမြင်နေရသော ဘုရားရွှေရွှေ၊ ဘုရားဖြူဖြူများနှင့် ဘီအိုစီ အဆောက်အဦး များကို ကြည့်ပြီး အတွေး ဖြန့်နေ၏။ သည်ခရီးကို ဒုတိယအကြိမ် လာရခြင်း အတွက် ဖြူတွင် စိတ်နူးစေသော အကြောင်းများ ဖြစ်နေသည်။

သူ အိုင်အေ ဒုတိယနှစ်က ကိုခင်မောင်ရီနှင့် သည်လိုပင် သင်္ဘောစီးပြီး သန်လျင် လာခဲ့ကြသည်။ ဘုရားတွေ အနှံ့ဖူးသည်။ သူ့ဇနီးလောင်းလေးကို နေရာ နှံ့စေချင်သော စေတနာနှင့် အငှား ဂျစ်ကား တစ်စင်း ငှားပြီး၊ မွေ့နွန်း စံရာ မြို့ဟောင်းကို လည်စေ ပတ်စေခဲ့၏။

ယခု ဖြူ လာသည်က ကိုခင်ညိုနှင့်။ ဖြူသည် တွေးရင်း ရင်အုံလေး မောက်လာအောင် သက်ပြင်းရှည်ရှည်လေး ရှူလိုက်မိသည်။

“ဖြူ၊ ဘာတွေ တွေးနေတာလဲကွယ်”

ဖြူ တွေးနေ ငေးနေသည်ကို စက္ကန့်မလတ် ဂရုစိုက်နေသော ခင်ညိုက သိချင်စိတ်နှင့် မေးလိုက်သည်။

“မတွေးပါဘူးကွယ်၊ မွေ့နွန်း မင်းသမီးနဲ့ နန္ဒာ မင်းသားလေး အကြောင်း စဉ်းစားနေတာပါ၊ သူတို့အဖြစ်က ဆိုးလွန်းတယ်နော်”

ဖြူက ခင်ညို ကျေနပ်အောင် လှီးလွှဲပြီး ပြောလိုက်သည်။ လေးလေး နက်နက် စဉ်းစားပြီး ပြောသလိုပင် ဖြေးဖြေးအေးအေးပင် ပြော၏။

“မသိပါဘူးကွာ၊ ကိုယ်က ဟိုတစ်နှစ်တုန်းက ဖြူ လာဖူးတဲ့ အကြောင်း ကိုများ စဉ်းစားနေသလားလို့ပါ”

ခင်ညိုက သူ သိထားပြီးသော အကြောင်းဖြစ်၍ ဖြူကို ဆွလိုက်သည်။ ကိုခင်မောင်ရီနှင့် ဖြူ ဇာတ်လမ်းကို သူက ခရေစေ့တွင်းကျ စုံစမ်းထားသူမို့ သူက ကျွမ်းနေပြီ။ ကိုခင်မောင်ရီက ချမ်းသာသော မိသားစုမှ ဖွားမြင်လာသည်။ သူတို့ မိသားစုမှာ အင်းလျားမြိုင်ထဲတွင် တိုက်ကြီး ခြံကြီး ကားကြီးတွေနှင့် ဟိန်းအောင် နေနိုင်သည်။ သားတွေ သမီးတွေဆိုလည်း အားလုံး ပညာတတ် တွေချည်း။ ဘွဲ့ရသူတွေ၊ အရာရှိ ဖြစ်နေသူတွေ၊ ကိုခင်မောင်ရီပင် တက္ကသိုလ်မှာ ကျူတာ လုပ်ဖူးပြီ။ ယခုဆိုလျှင် လခ သုံးရာ့ငါးဆယ် စကေးစား သစ်လုပ်ငန်း ဌာန အရာရှိ တစ်ယောက်၊ ပြီးတော့ ဖြူ မိဘတွေကရော သူ့ မိဘတွေကပါ ဖြူနှင့် ကြောင်းလမ်းထားသူ။

ခင်ညို ဒါတွေ တစ်ဖြည်းဖြည်း စုံစမ်းရင်း အမှန်ကို သိလာသည်။ ကိုခင်မောင်ရီ၏ မြင့်လွန်းသော ဘဝနှင့် သူ့အနိမ့်စား အခြေအနေကိုလည်း အမြဲပင် စဉ်းစားရင်း အားငယ်နေမိသည်။

ဒီလို အခြေအနေကောင်းသူ တစ်ယောက်ကို ဖြူ မိဘတွေက သဘော ကျသည်ဆိုခြင်းမှာ တရားလမ်းမှန်ပေပဲ။ ဖြူကလည်း ခင်ညိုလို အခြေအနေ မကျသူ၊ အနာဂတ်၏ အကောင်းအဆိုးကို မပြသာသေးသူနှင့် ကိုခင်မောင်ရီလို လူကို ချိန်ထိုးလျှင်...

“အိုဖြူက သူ့ကို ချစ်ပါတယ်၊ သူ တစ်နေနေ့တော့ မေတ္တာကို တန်ဖိုးထားလာမှာပဲလေ၊ ဖြူက ဂုဏ်တွေ မာန်တွေ ရှိတဲ့ မိန်းကလေးမျိုး မဟုတ်ပါဘူး”

ကိုခင်မောင်ရီ ခေါင်းထဲဝင်လာတိုင်း ခင်ညို ရင်မောရသည်။ ယဉ်ယဉ်နွဲ့ တို့၊ စိန်စိန်တို့၊ သန်းသန်းတို့တွေ ကိုခင်မောင်ရီ အကြောင်း ပြောလျှင်ပင် သူက သူ့ အသည်းကို ဓားနှင့် မွှန်းသလို ခံလိုက်ရသည်။

အလိုက်သိတတ်သော မနှင်းဖြူလေးက ဒါကို နားလည်သည်။ ခင်ညို ရှေ့တွင် ကိုခင်မောင်ရီနှင့် စပ်သော အကြောင်းအဖြစ် ဟူသမျှကို မြှုပ်သည်။ “သူ စိတ်မကောင်း ဖြစ်နေမယ်” ဆိုသော အသိနှင့် အရိပ်အခြည်မျှပင် မပြော။

အခု သည်အမည်ကို မကြားဝံ့သူ၊ သတ္တိနည်းသူက သည်လို စကားမျိုး ပြောတော့ ဖြူက တောက်လောင်သော မျက်လုံးနှင့် သူ့ကို လှည့်ကြည့်၏။ ခင်ညို မသိဘူး ထင်၍ လှီးလွှဲ ပြောမိသည်ကို ခင်ညိုက သိပါသည် ဆိုသော စကားမျိုးဖြင့် သူ့စိတ်ကို မြင်သလို ပြောသောကြောင့် စိတ်ထဲမှာ နာကျင် သွားသည်။

“သူ ဖြူကို မခန့်ပါနဲ့ကွယ်၊ ဖြူ၊ စိတ်ညစ်တယ်”

မိန်းကလေးက မျက်မှန်အောက်က တောက်လောင်နေသော မျက်လုံးကို ဘာသာပင် အရည်ကြည်လေးများဖြင့် သုတ်လိမ်းရင်း လေးလေးနွဲ့နွဲ့ ပြောသည်။ ဖြူ သည်လို မျက်နှာညိုပြီဆိုတော့ ခင်ညိုလည်း ရင်ဖိုရသည်။ ဖြူက ညိုရုံ ညိုသော်လည်း သူက ငိုချလိုက်ချင်အောင်။

“ကိုခင်ညိုကလည်း အလကား စစနေတာပဲ၊ နောက်ပြီး သူပဲ စိတ်ညစ် သလေး ပူရသလေးနဲ့”

ယဉ်ယဉ်နွဲ့က ဖြူ ကိုယ်ပေါ်ကို ဆွယ်တာ ဝါဝါလေး လွှမ်းပေးရင်း ခင်ညို့ကို အပြစ်တင်လိုက်၏။

“အေးဗျာ၊ ကျွန်တော့် ခေါင်းထဲမှာလည်း ကိုခင်မောင်ရီက အမြဲ နေရာ ယူနေလေတော့ ပြောလိုက်မိတာပါ၊ ပြောပြီးတော့လည်း ကျွန်တော်ပဲ စိတ် မကောင်း ဖြစ်ရတာပါပဲ၊ ကျွန်တော် ဆင်ခြင်မယ်ဗျာ”

ခုတော့ ဖြူက ဇင်ယော်လေးတွေကိုပင် ပြန်ပြီး ငေးမောရင်း ခင်ညို့ကို ကျောခိုင်းထားလိုက်တော့သည်။

“ငါ့ကို သူ ခုထိ နားမလည်သေးဘူး” ဟုလည်း စိတ်ထဲက ပြောရင်း ရင်ထဲမှာ ဆို့နင့်လာသည်။

“ဖြူ စိတ်ကောက်သွားပြီ ထင်တယ်၊ ဒီဘက် လှည့်စမ်းပါဦးကွ ခင်ညိုက ဖြူဆွယ်တာလေးကို ဆွဲရင်း ပြောလိုက်၏။ ဖြူ ကတော့ တင်းခံနေသည်။ မလှုပ်။

“ကြည့်ပါဦးကွာ၊ ဟိုမှာ ဇင်ယော်လေးတွေက ကရော်ကရော် လုပ်နေ ကြတယ်၊ မိန်းကလေး တစ်ယောက် နှုတ်ခမ်းကြီးစူပြီး စိတ်ကောက်နေတယ်တဲ့၊ ရှက်လည်း မရှက်ဘူးတဲ့”

ခင်ညိုက ဖြူနှင့် ယှဉ်ရပ်ပြီး လက်ရမ်း သံတန်းပေါ် မှီရင်း ဖြူကို ချော့သည်။ ဖြူကတော့ မတေမိ။ သည်တော့ ခင်ညိုက ပခုံးချင်းတိုက်ပြီး “ဘယ်လိုလဲကွယ့်” ဟု ပြုံးပြီး မေးရပြန်သည်။

“ဖြူ စိတ်ကောက်တတ်တဲ့ မိန်းကလေး မဟုတ်ဘူး သိရဲ့လား၊ စိတ် ဆိုးလို့”

“ဩော်ကွာ၊ ကိုယ့်မှာ အပြစ်ရှိရင် ရိုက်ပေါ့ကွ၊ ဟိုတစ်ခါ ရုပ်ရှင်ရုံ ထဲမှာ လိမ်ဆွဲသလိုလည်း ဆွဲလို့ရတာပဲ၊ ဖြူကို မေတ္တာတင် မကဘူး၊ ကိုယ့် တစ်ကိုယ်လုံးပေးပါရဲ့၊ ရော့... ကိုယ့် လက်ညှိုးကို ပြတ်အောင်ကိုက်”

ခင်ညိုက ရယ်ရယ်ရွှန်းရွှန်း ပြောပြီး လက်ညှိုးကို ဖြူရှေ့ ထိုးပေးသည်။ ခုလိုဆိုတော့ ဖြူက ရယ်ချင်လာပြီ။ စိတ်လည်း ပြောင်းသွားပြီ။

“အေး၊ ဖြူ၊ သန်လျင်ကို သွားရင် စိတ်ဆိုးပြီး သွားလို့ မရဘူး၊ နတ်သျှင် နောင်ကုန်းမှာ ဘုရားစောင့်တဲ့ နတ်ကြီး ရှိတယ် သိလား၊ အဲဒီ နတ်ကြီးက လူနှစ်ယောက် လာလို့ တစ်ယောက် စိတ်ဆိုးရင်လေ အဲဒီ နှစ်ယောက်လုံး ပြန်မလွှတ်တော့ဘူးတဲ့၊ စိတ်ကောင်းတဲ့ လူတွေကိုမှ သူက နတ်လမ်းညွှန်တာတဲ့၊ နို့မို့ရင် သူ ပြုစားတာနဲ့ ပြန်ရမှာ မဟုတ်ဘူး၊ အေးလေ... ဖြူ စိတ်ဆိုးရင်လည်း စိတ်ဆိုးပေါ့၊ ဖြူနဲ့ ကိုယ်နဲ့ နှစ်ယောက် သန်လျင်က မပြန်ရရုံ ရှိတာပေါ့”

သည်တစ်ခါတော့ ဖြူရော ယဉ်ယဉ်နွဲ့ပါ မအောင့်နိုင်တော့ပေ။ ပြုံး မျက်နှာလေးတွေနှင့် ဖြစ်လာကြပြီ။ မနွဲ့ဆိုလျှင် ပြောင်သလိုလိုနှင့် “မိဖြူရယ်၊ ဒါဖြင့်လည်း စိတ်ကောင်းလိုက်ပါတော့၊ တော်ကြာ နွဲ့ပါ ကန့်လန့်ကန့်လန့်နဲ့ ကျန်နေခဲ့ပါဦးမယ်” ဟူ၍ပင် ရွဲ့ရွဲ့ပြောသည်။

ခင်ညိုကလည်း မရပ်သေး။ ထပ်ပြီး တွတ်လိုက်သေးသည်။ လက်ညှိုး လေး တထောင်ထောင်လုပ်ပြီး...။

“ပုံသေတော့ မဟုတ်ဘူး မမရဲ့၊ မိန်းကလေးက တကယ် စိတ်မဆိုး ဘဲနဲ့ ချစ်လို့ ကျီစားတာမှန်း နတ်ကြီးက သိရင်တော့ ပြန်လို့ ရတယ်ဗျ၊ ပိုသေချာအောင် ချစ်လို့ ကျီစားတာပါ နတ်ကြီးရယ်လို့ ပြောပေါ့” လို့ အတည်ပေါက်နှင့် ဆိုသေးသည်။ ပေါက်တတ်ကရ။

“ချစ်ပါလိမ့်မယ် အားကြီး၊ ကျဲသေးတယ်” ခုမှ ဖြူက စကားရယ် ဟဟလေး ပြောသည်။ စိတ်တော့ ပြေနေပြီလေ။ သူက “ကျဲသေး ́ ဆိုပြီး မျက်လုံး ထောင့်ကပ် ကြည့်ကာ ပြောသောကြောင့် ခင်ညို နားလည်လိုက်ပြီ။ စကား အသံကသာ “ကျဲသေး” လို့ ထွက်လာသော်လည်း သူ့ ရွှန်းလဲ့သော မျက်လုံးနှင့် ပြုံးနွဲ့နွဲ့ အမူအရာကတော့ ချစ်ပါတယ်လို့။ ဘယ်ရမလဲ၊ လူပါးပဲ။

သင်္ဘော သန်လျင်ကမ်းကို ကပ်ပြီးသောအခါ ဖြူ၊ ခေါင်းဆောင်သော နောက်ကို ခင်ညိုနှင့် ယဉ်ယဉ်နွဲ့က လိုက်ရသည်။ သုံးယောက်သား မြင်းလှည်း တစ်စီး ငှားပြီး ပဲခူးစုထိ စီးသည်။

ကုန်းတက် ကုန်းဆင်းလေးတွေ စိမ်းစိမ်းစိုစို သစ်ရိပ်ငြိမ်နှင့် သန်လျင် ကျွန်းက အတော် သာယာသည်။ ဟံသာဝတီ ခရိုင်၏ မြို့တော် ဖြစ်သော ကြောင့်လည်း ရုံးတွေ အဆောက်အဦးကြီးတွေနှင့် ခမ်းခမ်းနားနားပင်။

ဖြူ့ သူငယ်ချင်း အိမ်မှာ ကမ်းနားမှ တက်ပြီး ဈေးတွေ၊ ရုပ်ရှင်ရုံတွေကို လွန်သွားရသော ပဲခူးစု ရပ်ကွက်တွင် ဖြစ်၏။ ကုန်းမြင့် ရပ်ကွက်လေး။

မဂ္ဂင်လမ်းဆိုသော လမ်းတိုလေးတွင် ရှိသည့် ဝင်းနှင့်ခြံနှင့် နှစ်ထပ် အိမ်ကြီး ဖြစ်သည်။ ဝင်ဝင်ချင်း ခင်ညို ကြည့်လိုက်သောအခါ ထောင့်တွင် စွယ်တော်ပင်တွေက ရိပ်ရိပ်ဆိုင်းဆိုင်း။ မိုးကို အမြင့်ပြိုင်နေသော အုန်းပင်ကြီး သုံးပင်လည်း ရှိသည်။ လေလာတိုင်း ရွက်ချင်းခတ်သံ ညံနေသော ညောင်အို ပင်ကြီးလည်း တစ်ပင်။

ခင်ညိုတို့ အိမ်ပေါက်ဝတွင် ရပ်လိုက်သည် ဆိုလျှင်ပင် အသားဖြူဖြူ ပိန်ပိန်ပါးပါး အမျိုးသမီး တစ်ဦး ပြေးထွက်လာသည်။ ပြူးတူးပြဲတဲနှင့်။

`ဪ... မိဖြူရယ်၊ စာမရေး ဘာမရေးနဲ့ ဘယ်လို ဖြစ်လာတာလဲ၊ ငါ့ကို စာရေးရင် ရန်ကုန်ထိ လာခေါ်မှာပေါ့၊ ကောင်မ တော်တော် ကဲတယ်၊ ကြည့်ပါဦး မိနွဲ့ပါ သူ ပါအောင် ခေါ်လာတယ်”

အမျိုးသမီးလည်း ဖက်လဲတကင်းပင် တတွတ်တွတ် ပြောပြီး ဖြူနှင့် ယဉ်ယဉ်နွဲ့ လက်ထဲက ခြင်းများကို လှမ်းယူသည်။ ခင်ညို့ကိုလည်း အထူး အဆန်းလို တစ်ချက် စွေပြီး ကြည့်လိုက်သည်။

“မမသိန်း၊ ဒါ ဖြူတို့ မြန်မာစာကလေ၊ ကိုခင်ညို ဆိုတာ၊ မမသိန်းကို မနှစ်က ပြောပြထားပြီးပါပြီ၊ လူချင်းသာ မတွေ့ဖူးကြသေးလို့ပါ၊ ကိုညို၊ ဒါ ဖြူ လမ်းမှာ ပြောခဲ့တဲ့ မမအေးသိန်းပေါ့၊ မနှစ်ကပဲ အောင်သွားတာ၊ ခုတော့ အလုပ်လက်မဲ့ ဘီအေလေ

ဖြူက သူ့မမသိန်းနှင့် မိတ်ဆက်ပေးသည်။

“ကဲ ကဲ မှတ်မိပါပြီ၊ ထိုင်စမ်းပါဦး၊ အမေ နောက်ဖေးမှာ ရှိတယ်၊ မိဖြူ သွားနှုတ်ဆက်ချေဦး၊ တော်ကြာ ဗျစ်တောက်ဗျစ်တောက်နဲ့ ထွက်လာ လိမ့်မယ်”

မအေးသိန်းမှာ ဧည့်သည်တွေ လာသည်နှင့် ဖျာယူလိုက်၊ ကုလားထိုင် ချလိုက် အလုပ် များနေသည်။ “အမေစေ့၊ ဟောဒီမှာ မိဖြူရယ်၊ ထွက်စမ်း ပါဦး” ဟုလည်း နောက်ဖေးကို လှမ်းအော်သည်။

“အော် ဖြူဖြူပါလား၊ ဆိုင်းမဆင့် ဗုံမဆင့်ကွယ်၊ ကြည့်စမ်း ဝလို့ လှလို့၊ မသိန်းသိန်းနဲ့တော့ ကွာတယ်ဟေ့”

ဖြူ နောက်ဖေးဘက် မဝင်မီပင် ၀၀ပုပု အဒေါ်ကြီး ထွက်လာ၏။ ဖြူကိုလည်း ခြေဆုံးခေါင်းဆုံး ကြည့်ပြီး ပြုံးပြုံးကြီး ပြောသည်။

မေမေ နေကောင်းတယ်နော်၊ မေ့မေ့ကို တွေ့ချင်လို့ တမင်လာတာ၊ မမသိန်းကိုတော့ မတွေ့ချင်ပါဘူး၊ ဪ... အတယ်ရော

ဖြူက အဒေါ်ကြီးကို ဖက်ရင်း ကလေးဆိုးလေး တစ်ယောက်လို နော့ပြီး ပြောနေသည်။

“အေးကွယ်၊ ငါကလည်း ငါ့သမီးကို တွေ့ချင်ပါရဲ့၊ ညည်း အတယ် ဈေးထွက်တယ်လေ၊ ညနေမှ ပြန်လာလိမ့်မယ်၊ နေ့ခင်း ထမင်းပို့ရင်း ငါ ပြောခဲ့ပါ့မယ်တော်၊ ကဲ... ထမင်း မစားခင် ရေမိုးချိုးချင် ချိုးဦး၊ ဟင်းတွေ အဆင်သင့်ပဲ၊ ထမင်း တစ်လုံးသာ တည်ရမှာ၊ ညည်း ဧည့်သည်တွေလည်း ပြောပါဦး၊ ညည်းက အိမ်သားပဲဟာ”

အဒေါ်ကြီးကလည်း သမီးလိုပင် ဖော်ရွေလှသည်။ ဖြူ ပြောထားသည့် အတိုင်းဆိုလျှင် ဒီအဘိုးကြီး အဘွားကြီးတွင် ဒီသမီး တစ်ယောက်သာ ရှိသည်။ သမီးကိုလည်း တုန်နေအောင် ချစ်သည်။ သမီးကလည်း အိမ်ခင်လိုက်သမှ တစ်လ တစ်ခါလောက် သန်လျင် ပြန်သည်။ ဒါမှလည်း အိမ်က ကြိုက်သည်တဲ့။ သမီးကိုလည်း အလိုလိုက်သည်။ အိမ်မှာဆို သူ့လက် သူ့ခြေ၊ သူပင် ခြေသည်း လက်သည်း။ ဒီသားအမိ သုံးယောက်သာ ရှိသည့် အိမ်ကြီး ဖြစ်သည်တဲ့။

“ပျင်းနေပလား မနွဲ့ရဲ့”

ဖြူက မီးဖိုဆောင်ဝင်ပြီး မအေးသိန်းတို့ သားအမိကို ကူနေချိန် ဧည့်ခန်း တွင် ခင်ညိုနှင့် ယဉ်ယဉ်နွဲ့သာရှိခိုက် ခင်ညိုက ယဉ်ယဉ်နွဲ့ကို မေးလိုက်သည်။

“နွဲ့မပျင်းပါဘူး ကိုခင်ညိုရယ်၊ သင်္ဘောက လေတိုက်လို့ နည်းနည်း ခေါင်းမူးချင်သလိုဖြစ်လို့ ငြိမ်နေတာပါ၊ ပြီးတော့ ဒေါ်စောမယ်ကိုလည်း သဘော ကျလွန်းလို့ပါ”

“ဪ... အဘွားကြီး နာမည်က ဒေါ်စောမယ် တဲ့လား၊ ဟိုမှာ သူတို့ ဓာတ်ပုံ၊ ကြည့်ပါဦး၊ အဘိုးကြီးက တရုတ် အစစ်ပဲနော်”

ခင်ညိုက တိုင်တွင် ချိတ်ထားသည့် တရုတ် အဝတ်အစားနှင့် ရိုက်ထား သော မအေးသိန်း အဖေနှင့် အမေပုံကို လှမ်းပြလိုက်သည်။

“အိမ်ကြီးကလည်း အကြီးကြီးပဲနော်၊ ခြံကလည်း ခြံကျယ်ကြီး၊ အပင် တွေလည်း စုံနေတာပဲ၊ မမသိန်း နောင်ရေးအတွက် ပြင်ထားတာနဲ့ တူပါတယ်”

ယဉ်ယဉ်နွဲ့က ခြံဝင်းနှင့် အိမ်ကို အသေအချာ ကြည့်ပြီး မှတ်ချက် ချသည်။

“ကဲ... ကိုယ့်အိမ်လိုပဲ သဘောထားပြီး သက်သာသလို နေနော် မိနွဲ့၊ အဝတ်အစား လဲချင် လဲလေ၊ ကိုခင်ညို အားမနာနဲ့နော်”

မအေးသိန်းက ရှေ့ထွက်လာပြီး ဧည့်ဝတ်ပြုပါသည်။

“တကယ် စေတနာကောင်းတဲ့ မိသားစုပဲ”

တစ်နေ့ခင်းလုံး၊ တစ်ညလုံး၊ ခင်ညိုတို့ လေးယောက် သန်လျင်တွင် လည်ကြပတ်ကြသည်။ ဘီအိုစီ ဝင်းထဲရော။ ဒါရကာ၊ ဂေါ့ဖ်ကွင်း၊ နတ်သျှင် နောင်ကုန်း၊ ကျိုက်ခေါက် ဘုရား။ ညနေ မောမှ ပြန်ခဲ့ကြသည်။

ညနေ နေဝင်သောအခါ ပဲခူးစုက ဆိတ်ငြိမ်နေသည်။ အိမ်ရှေ့ ညောင်ပင်မှ ညောင်ရွက်ချင်း ခတ်သံပင်လျှင် အတော်လေး ကျယ်ကျယ်လောင်လောင် ဆူလာသည်။

ဖြူ၊ ခင်ညို၊ မအေးသိန်း၊ ယဉ်ယဉ်နွဲ့တို့ လေးယောက်သား ခြံဝင်းထဲတွင် ထွက်ထိုင်နေကြ၏။ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောသည်။ မအေးသိန်းက ခင်ညို့ ကျောင်းသား အတွေ့အကြုံတွေကို နာမည်သာ ကြားဖူးသည်၊ အစေ့အစပ် မသိ ဆို၍ ပြန်ပြောရသေးသည်။ ည ၁၁ နာရီ ထိုးထိ။ အိမ်ထဲက အဘိုးကြီး အဘွားကြီးက “ဟဲ့... ကလေးတွေ၊ လေတိုက်တယ်၊ အေးတယ်၊ ဝင်တော့၊ ဖျားလိမ့်မယ်” ဆိုသည်ကို အကြိမ်ကြိမ် ပြောမှ ည တစ်ချက်ထိုးလောက်တွင် ဝင်ဖြစ်သည်။ ခင်ညို့ကို အပေါ်ထပ် ဘုရားခန်းတွင် အိပ်ရာ အသင့် ပြင်ထား ပေးပြီး ဖြူ တို့က အောက်ထပ် မအေးသိန်း အခန်းတွင် အိပ်ကြသည်။

ခင်ညို အိပ်ရာနိုးတော့ ဖြူက ထနှင့်နေပြီ။ သနပ်ခါး အဖွေးသား၊ လည်ဟိုက် အင်္ကျီပွလေးနှင့် ဖြစ်နေပြီ။

“သူ အားကြီး အအိပ်ကြီးတာပဲ”

ပြောလည်း ပြောစရာပင်။ ခင်ညို ညက အပေါ်ထပ် တက်ပြီး အတော်နှင့် အိပ်ပျော်သည် မဟုတ်။ ဖြူနှင့် ခုလို ညအိပ်ခရီးထိ ထွက်လာသည်ကို ပြန်ပြီး စဉ်းစားနေမိသည်။ သူ့ကို သည်မျှ အခွင့်အရေး ပေးသော ဖြူကိုလည်း သူ အံ့သြနေသည်။ “သူ့ ကိုခင်မောင်ရီသာ သိရင် ဘယ်လိုနေမလဲ” ဆိုသည်ကိုလည်း စဉ်းစားနေမိသည်။ ဖြူ အကြောင်းကို သိသော မအေးသိန်းကကော ခင်ညို့ကို ဘယ်လို ထင်မလဲ။ အတော် အိပ်ရခက်သည့် ည။

ခင်ညို အောက်ထပ် ဆင်းတော့ ဖြူက မျက်နှာသုတ်ပဝါ၊ သွားတိုက် ဆေး အသင့် ပေးသည်။ ရေချိုးတော့လည်း ခင်ညို့ လွယ်အိတ်ထဲက အင်္ကျီ လုံချည် အဆင်သင့် ထုတ်ပြီး ပြင်နေသည်။ အစ်ကိုတွေကို၊ လင်တွေကို ပြုစုသည့် ညီမ တစ်ယောက်၊ ဇနီးမယား တစ်ယောက် စေတနာမျိုးတွေမို့ ခင်ညို အံ့ဩ ရသည်။ ပီတိ ဖြစ်ရသည်။

ဒုတိယနေ့မှာ ခင်ညိုတို့တွေ ကျောက်တန်း ရေလယ်ဘုရား၊ ပါဒကြီး ဘုရားတွေကို ဖူးကြ၏။ ညတိုင်းတော့လည်း ယမန်နေ့ကလိုပင် ညဉ့်နက် သန်းခေါင်။

ကနေ့ညတော့ မအေးသိန်းက အိပ်ချင်ပြီဆိုပြီး စောစောစီးစီးပင် အိမ်ထဲ ဝင်နှင့်သည်။ ခင်ညိုတို့ သုံးယောက်သာ ညောင်ရွက် လေချီသံနှင့်အတူ ခုံရှေ့ ပေါ်တွင် စကားနိုင်လုနေကြ၏။ အလိုက် သိတတ်သော ယဉ်ယဉ်နွဲ့က ခဏသာ စကားပြောပြီး လသာသာတွင် လမ်းလျှောက်နေတော့သည်။

သည်လို တိတ်ဆိတ်သည့် ညမှာ နှစ်ယောက်တည်း ဆိုတော့ ခင်ညို ရင်ဖိုရပြန်သည်။ ဖြူကတော့ ခင်ညိုနှင့် ပူးပူးကပ်ကပ် ထိုင်နေသော်လည်း ဣန္ဒြေ မပျက်လှ။

“ဖြူရယ်၊ ကိုယ်တော့ ဖြူနဲ့ မခွဲနိုင်တော့ဘူး၊ ရန်ကုန်တောင် မပြန်ချင်တော့ဘူး”

ခင်ညိုက ဖွဖွလေး ညည်းသည်။

“ဘယ်လိုလဲကွယ့်” တဲ့။

မိန်းကလေးက သူ သုံးနေကျ စကားကိုပင် ဆိုပြန်သည်။

“တကယ် ပြောတာ ဖြူ၊ ကျောင်းကြီး ပိတ်လို့ ဖြူကို သူများ ရင်ခွင်ထဲ ပြောင်းသွားတာ သိရရင် ကိုယ် သေမှာပဲ”

“ခက်ပါလား၊ ဖြူလည်း မကြံတတ်တော့ဘူးကွယ်”

တကယ်တော့ ဖြူလည်း ခင်ညို ညည်းသံကို မခံနိုင်ပါ။ ခင်ညို သည် စကားမျိုး ပြောတိုင်း သူ ရင်ဆူရမြဲ ဖြစ်၏။ သောက ရောက်ရမြဲ ဖြစ်၏။

ခင်ညိုနှင့် ဖြူတို့ တိုးတိုးပင် ညည်းနေသော်လည်း မနွဲ့က ကြားသည်။ သူက ခင်ညိုတို့ နှစ်ယောက်ကို နှုတ်မဆက်တော့။ ခြေဆေးပြီး အိမ်ထဲ သွားတော့၏။

“ကလေးတွေ၊ သိပ်ညဉ့်နက်အောင် မနေနဲ့ကွယ်၊ အိပ်ကြတော့၊ လေစိမ်း တိုက်ရင် မကောင်းဘူး”

အိမ်ထဲက အသံသဲ့သဲ့ကို ကြားရသေးသည်။

“ဟုတ်ကဲ့ပါ မေမေ၊ လသာလို့ ခဏ ထိုင်နေတာပါ” လို့သာ ဖြူက လှမ်းပြောပြီး ထိုင်နေမြဲ။

“ဖြူ၊ ကိုယ့်ကို မချစ်ဘူးလားကွယ်”

ခင်ညိုက ခုံတန်းရှည်ကို မှီထားရာက ကြွပြီး ဖြူ မျက်နှာလေးကို စေ့စေ့ကြည့် မေးသည်။ လပြောက်လေး ထိုးနေသော ဖြူ မျက်နှာလေးက ဝင်းနေသည်။ ညမို့ မျက်မှန် ချွတ်ထားသောကြောင့်လည်း တစ်မျိုး လှနေသည်။ အင်္ကျီ လည်ဟိုက်လေးနှင့် အိမ်နေသူ အသွင်လေးမို့ ခင်ညို့ စိတ်ကို ပိုပြီး လှုပ်ရှားရပြန်သည်။ ပြီးတော့ ည... ။

“သူ ဒါပဲ မေးနေတော့တာပဲကွယ်၊ ဖြူ ပြောနေစရာ လိုသေးလားလို့၊ ဖြူ အခြေအနေတွေကို သူ အကုန် သိပြီးပြီပဲဟာ”

ဖြူကလည်း ခင်ညို့ကို ရွှန်းရွှန်းစိုစိုကြည့်ပြီး ပြောသည်။ ရင်ထဲမှာတော့ မချိတင်ကဲ ဝေဒနာနှင့်။

“ဒါဖြင့် ဖြူ ကိုယ့်ကို မချစ်ဘူးလားဟင်”

ဖြူ ဘယ်သူ့ကိုမှ မမုန်းပါဘူး”

“မမုန်းရင် ချစ်တယ်ပေါ့”

ဖြူက မပြောပေ။ သူ့ လက်ဖဝါးလေးချင်းသာ ပွတ်ပြီး ကစားနေသည်။ ခေါင်းကိုလည်း ငုံ့ထားလိုက်သည်။

“ပြောပါကွယ်၊ ကိုယ် မောလှပြီ၊ မမုန်းရင် ကိုယ့်ကို ချစ်တယ်ပေါ့ ဟုတ်လား”

ခင်ညိုက ငုံ့နေသည့် ဖြူကိုပင် ခေါင်းငဲ့ပြီး မေးပြန်သည်။ ဖြူက သက်ပြင်းသာ မှုတ်ထုတ်ပြီး ငုံ့နေမြဲ။

လေပြည်လေညင်းလေးက တဖြူးဖြူး သာနေ၏။ ပဲခူးစုအစွန် ကန်ကြီး ဘက်ဆီမှ ခွေးတွေကလည်း အူနေကြသည်။ သူတို့အထက် ညောင်ပင်ကြီး ဆီမှလည်း ရွက်ချင်း ရိုက်သံ တရှဲရှဲနှင့်။

ခင်ညို စိတ်တွေက ထွေနေ၏။ ရင်ကလည်း ခုန်နေ၏။ သူ စောင့်စည်း သည်းခံနိုင်စွမ်း မရှိတော့ပြီ။ မထိန်းနိုင်တော့ပြီ။

ကျောက်ရုပ်လို ငြိမ်ပြီး ငုံ့နေသူကို သူ့ပခုံး နှစ်ဖက်မှ ဆွဲလှည့်လိုက်၏။ ပြီးတော့ သူ့ရင်ခွင်ထဲသို့ အတင်း ဆွဲသွင်းလိုက်မိသည်။

ဖြူက ကြောင်ပြီး လန့်သွား၏။ မမျှော်လင့်ဘဲ ရုတ်ခြည်းမို့ နှလုံးသွေးပင် ရပ်သွားမတတ် မေ့သွားမတတ်ပင်။

အချိန်က မိနစ်ပိုင်းအတွင်းမှာပင် ဖြစ်သည်။ ခင်ညိုလည်း သွေးဆူပြီး မထူးတော့ပြီမို့ ဖြူကို မလွှတ်တမ်း တင်းတင်းကျပ်ကျပ် ဖက်ထားရင်းက အထပ်ထပ် နမ်းတော့သည်။

ပါးကို၊ လည်ပင်းကို၊ နဖူးကို ပြီးတော့ နှင်းဆီလွှာ အငုံလေးကို။ ဖြူက လွန့်သည်၊ ရုန်းသည်။ အားချင်း မမျှပါ။

“ဖြူ သေချင်တယ်၊ လွှတ်နော်”

ဖြူ တကယ်ပဲ စိတ်ထွက်လာသည်။ အတင်းရုန်းရင်း ပြောသည်။

“ချစ်တယ်လို့ ပြောလေကွယ်”

“မပြောဘူး မပြောဘူး”

ဖြူက အသံကို ထိန်းရင်း ဖွဖွပင် ဒေါနှင့် ပြောသည်။

“မပြောရင် မလွှတ်ဘူး ဖြူ၊ ချစ်တယ်လို့ ပြောမှ”

“မမသိန်းတို့ သိကုန်ကြလိမ့်မယ်ကွယ် လွှတ်ပါ၊ ဖြူ တောင်းပန်ပါတယ်၊ ရှိကြီးခိုးပါရဲ့”

ဖြူက အသနားခံသော မျက်လုံးနှင့် ခင်ညို့ကို မော့ကြည့်ရင်း ပြောသည်။ အသံလည်း ပျော့နေပြီ။

“ပြောလေ”

“အို ဒီမှာ သေတော့မယ်၊ လွှတ်ကွယ်”

“ကိုယ့်ကို ချစ်တယ်လို့ပဲ ပြော၊ ချက်ချင်း လွှတ်မယ်လေ”

ပြုံးပြီး ကျေကျေနပ်နပ် ပြောနေသော ခင်ညို့ မျက်နှာကို မျက်မှန် မပါသော်လည်း ဖြူ မြင်ပါသည်။ ပြောမှပင် လွှတ်တော့မည်တဲ့။

“ကဲ... ချစ်တယ် ချစ်တယ်၊ တစ်ခါတည်းကို”

သည်အသံသည် ခင်ညို နားနှစ်ဖက်ထဲက ဝင်ပြီး တစ်ကိုယ်လုံးကို ခိုက်ခိုက် ကျင်သွားအောင် ပီတိလျှံသွားသည်။ ပြောပြီးသော်လည်း သူ ဖြူကို မလွှတ်လိုက်မိ။ ဖြူ နှင်းဆီငုံ နှုတ်ခမ်းကိုသာ မလွှတ်တမ်း စုပ်ငုံထားလိုက် မိသည်ကိုသာ သတိရတော့၏။

အနမ်းတစ်ရာ ည။ စိတ် ပျော်လွန်း၍ အိပ်မပျော်သော ည။ အို... နေထွက်သော ညလေးပါ။

အိပ်နိုးထ အချိန်၊ သင်္ဘောပေါ်မှာ၊ ရန်ကုန်မြေ၊ ဘယ်မှာမှ ဖြူ အမူအရာ မပျက်ပေ။ ယဉ်ယဉ်နွဲ့ကို ခြောက်မိုင်ခွဲထိ ပို့ပေးပြီး သီရိဆောင်ဝ ရောက်သည် ထိပင် သူ့ကို ပေးနေကျအတိုင်း ခေါင်းက နှစ်ရက်တိုင်တိုင် ပန်ထားသော နှင်းဆီ အနီပွင့်လေး ဖြုတ်ပေးပြီး “သူ တော်တော်လယ်တယ်” ဟု မြူးမြူး ကြွကြွ ပြောကာ အဆောင်ထဲ ဝင်သွားသေးသည်။

သို့သော်လည်းလေ... ။

နောက်တစ်နေ့ နေ့ခင်း ဖြူထံ သွားမည် ဆိုပြီး အခန်း ပိတ်နေတုန်းမှာပင် ဖြူ ထံက ထူးထူးဆန်းဆန်း လူကြုံနှင့် စာပေးလိုက်သည်။ တစ်ညလုံး ကြွားဝါ ပြီး ပျော်ပါးခဲ့သော ခင်လို့ စိတ်ကူးယဉ် စိန်တောင်ကြီး ပျက်စီး ပြိုကျရ တော့၏။ ခင်ညို စာကို သုံး လေးခေါက် ဖတ်ပြီး ချေမွကာ အခန်းနံရံကို လှမ်းပေါက်လိုက်သည်။ အသားတွေလည်း တဆတ်ဆတ် တုန်နေ၏။ အသက်ရှူ ပင် မမှန်ချင်တော့။ မျက်နှာကိုသာ လက်ဖဝါးနှင့် အုပ်ပြီး အံကို ကြိတ်ထား လိုက်မိသည်။ ပြီးတော့ ကြေမွနေသော စာကို ပြေးကောက်ပြန်သည်။ အခန်း တံခါးကို စေ့ပြီး နောက်တစ်ခေါက် ဖတ်ပြန်သည်။ စာက

စာက ကနေ့ နေ့စွဲနှင့်ပင်။

ကိုညို

ဖြူကို ခွင့်လွှတ်ပါ။ ဖြူ နှစ်ညလုံး အိပ်မပျော်ဘူး။ ခေါင်းတွေ လည်း မူးနေပြီ။ အပြန်ပြန် အထပ်ထပ်လည်း စဉ်းစားပြီးပြီကွယ်။

သူ ချစ်တာထက် အဆရာထောင်မက ဖြူ ချစ်ပါတယ်။ ဒါပေမဲ့ ဖြူ အိမ်ကို မလွန်ဆန်နိုင်ပါဘူး။ ချစ်တာတစ်ခြား လက်ထပ်တာ တစ်ခြားပဲလို့ အောက်မေ့လိုက်ပါတော့။

စိတ်လည်း ညစ်မနေပါနဲ့တော့ တဲ့။

စာနှင့် မျက်နှာအပ်ပြီး အိပ်ရာပေါ်တွင် ခင်ညို ခွေနေရပြန်သည်။ သူက မငိုမိရုံ တမယ်၊ ရင်ထဲက လှိုက်လှိုက်လာသည်။ သူ့နှုတ်ခမ်းကိုလည်း ပြတ်လု မတတ် ကိုက်ထားမိသည်။

ထိုအချိန်မှာပင် ဦးနန်းဝေက တံခါးကို အသာဖွင့်ပြီး ဝင်လာ၏။ ခင်ညို မသိလိုက်ပေ။ မျက်နှာပေါ် စာရွက်အုပ်ပြီး ငြိမ်နေသော ခင်ညို့ကို ဆရာက ပြုံးပြီး ကြည့်နေသည်။ မနေ့ကပင် မြူးမြူးကြွကြွနှင့် သူ့အောင်မြင်ခြင်း သတင်း ကို ဦးဦးဖျားဖျား လာပြောထားသောကြောင့် ခင်ညို စိတ်ကူးယဉ်နေသည်ဟုသာ ဆရာနန်းက ထင်သည်။

“သားတွေ သမီးတွေ ကစားစရာ ဝယ်ပေးဖို့ထိ စဉ်းစားနေပြီလား အညို ရ”

ဆရာက စာကြည့်စားပွဲမှာ ထိုင်လိုက်ပြီး ခင်ညို့ ခုတင်ကို လှမ်းပုတ်ရင်း နောက်လိုက်သည်။ ဆရာ့ အသံ ကြားမှ ခင်ညိုက ထထိုင်လိုက်၏။ သူ့မျက်လုံး အစုံက နီနေရဲနေပေပြီ။

ခင်ညိုကို ကြည့်ပြီး ဦးနန်းဝေ ရင်ထဲမှာ ထိတ်သွားသည်။ ပါးစပ် အဟောင်းသားနှင့်သာ ငေးနေလိုက်မိသည်။

ခင်ညိုက ဘာမှ မပြောတော့ပေ။ ဦးနန်းဝေကို မြင်မှ သူ့ ရင်မီးက ပိုပြီး လောင်လာသည်။ ဦးနန်းဝေကို စာရွက် ထိုးပေးပြီး ခုတင်ပေါ် ထိုင်ရင်း နံရံကိုသာ မှီနေလိုက်ရသည်။ မျက်လုံးအစုံကို ပိတ်လို့။

ဦးနန်းဝေက စာကို အသုတ် ဖတ်လိုက်ပြီး “မင်းလည်း ဒုက္ခပါပဲလား အညိုရယ်” ဟုသာ ညည်းနိုင်တော့သည်။

“သန်လျင်မှာတုန်းက ကျွန်တော့်ကို ပါးချလိုက်တယ်ဆိုရင် တော်သေး တယ် ဆရာရယ်၊ ခုတော့ ချစ်တယ်လည်း ပြောသေးတယ်၊ ဟိုကောင်ကိုပဲ ယူမယ်တဲ့”

ခင်ညိုက ဆို့ဆို့နင့်နှင့် ပြောရင်း မျက်ရည်တွေ စီးကျလာ၏။ ယောက်ျား ကြီးက···။

“ယောက်ျားပဲကွာ၊ မင်း ဒါလောက် စိတ်ပျက်စရာ မလိုပါဘူး၊ ဖြူဖြူနဲ့ တွေ့ပြီး ဆွေးနွေးကြည့်ဦးပေါ့”

ညနေ အဆောင်ဖွင့်ချိန် ရောက်ရောက်ချင်း ခင်ညို သီရိကို သွားသည်။ ဒရဝမ် ဂိုရမ်းကို ခေါ်ခိုင်းပြီး ဧည့်ခန်းတွင် စကားပြင်ရင်း စောင့်နေပါသည်။ ဖြူ မလာပေ။ “အစ်မ အပြင် ထွက်သွားတယ် ဆရာ” ဆိုသော ဂိုရမ်း စကား နှင့်ပင် စိတ်လျှော့ ပြန်ခဲ့ရသည်။ မချိခွေလျော့၊ အားလျော့ ပင်ပန်းလှချေပြီ။ ၀၄ နောက်ရက်များတွင် ခင်ညို ဖြူကို ရှာရပြန်သည်။ အဆောင် သွားတော့ လည်း ဆင်းမတွေ့၊ ကျောင်းကျတော့လည်း ယဉ်ယဉ်နွဲ့သာ တွေ့သည်။ ဒါနှင့် ယဉ်ယဉ်နွဲ့ကို ပူဆာရပြန်သည်။

“ကိုခင်ညိုရယ်၊ နွဲ့လည်း ဘာမှ မပြောနိုင်တော့ဘူး၊ မိဖြူက တစ်မျိုး၊ ကိုခင်ညိုက တစ်မျိုး၊ ကြားထဲက နွဲ့ပါ သေလိုက်ချင်ပြီ”

ရှင်ကြီး ကျားထက်ဆိုး ဆိုသော အဖြစ်က ကြုံရသည်။ ခင်ညို ဖြေဆေး မတွေ့နိုင်တော့ပေ။ နောက်ဆုံး လူမတွေ့ရသော်လည်း စာနှင့် ပြောမည်ဆိုပြီး စာတိုက်က စာထည့်ရပြန်သည်။ တက္ကသိုလ်တွင် အဆောင်ချင်း နေ့ချင်း စာရောက်သည်မို့ တစ်နေ့ တစ်စောင်ပင် ထည့်သော်လည်း ဖြူထံက စာမပြန်ပေ။

ကျောင်းလည်း ပျက်ရက် များပြီး၊ တစ်ပတ် သုံးရက်သာ ပြနေရသော ကျူရှင် ညကျောင်းလေးကိုပင် အချိန်မှန်မှန် မရောက်တော့။ ခင်ညို လေလွင့် နေမိတော့သည်။

အင်းလျားဆောင် ရောက်နေသော ညီမ အေးအေးကလည်း ကိုကိုညို ရောဂါတက်နေသည် ဆိုပြီး အစ်ကို့ကို လာအားပေးသေးသည်။ သူ့အစ်ကိုကို နှိပ်စက်ရပါမို့လားဆိုပြီး မိန်းကလေးကို ဒေါပွနေသေးသည်။

တစ်ခါ တစ်ခါမှ လည်ပြီး ကျောင်းဘက် ရောက်လာသော ကိုသိန်းသန်းထွန်းကြီးကလည်း “ဒီလို ခံရမှ ဘဝကျေတာကွ ခင်ညိုရ၊ လောကဓံဆိုတာ အကောင်းချည်း ဘယ်တွေ့ရမလဲ” ဆိုပြီး လာလာ ကလိသည်။ လွန်ခဲ့သည့် လကပင် ဥပဒေဌာန၌ နည်းပြဆရာ ဖြစ်နေသော မန္တလေးသား ခင်မောင်သိန်း ကလည်း ခင်ညို ပူရ ဆွေးရသည်ဆိုပြီး အညှာမပေး။ “ခင်ဗျားဗျာ၊ ဒီမိန်းမ ကိစ္စက ခုထိကို မပြီးဘူး၊ မိန်းမအတွက်နဲ့ ဒီလိုဖြစ်နေတယ်ဆိုတော့ ခင်ဗျား ဟာက ပျော့ညံ့လွန်းပါတယ်” ဆိုသော စကားမျိုး လာပြောသည်။ ဦးနန်းဝေ ကတော့...

“အညို၊ မင်း စိတ်ကို သိပ်လည်း မလျှော့နဲ့ဦး၊ သိပ်ချစ်တဲ့အခါမို့လို့ သိပ်ခံရခက်တာဟာ ဓမ္မတာပဲကွ၊ ပြီးတော့ အနုပညာသမား ဆိုတာဟာက စွဲလမ်းရင်လည်း အပြင်းအထန် ဖြစ်တတ်တယ်ကွ၊ ချစ်တော့လည်း ဒီလိုပဲ၊ ခဏလေး ပျော်ရုံပါးရုံ စဉ်းစားတာ မဟုတ်ဘူး၊ ဘဝတစ်ခုလုံး အတွက် စဉ်းစားပြီးတော့ တစ်ဘက်မှာ ဖြစ်ချင်သလို မဖြစ်လာတဲ့ အခါမှာတော့ လူးတာပဲ၊ ဒီတော့ မင်း ဒါလောက် အကြောင်းသိရင် တော်လောက်ပြီ၊ စာမေးပွဲလည်း နီးပြီ မဟုတ်လား၊ မင်း ရည်ရွယ်ချက်လည်း မပျက်စေချင်ဘူး အညို၊ ဖြစ်နိုင်ရင် မင်း ဒီမိန်းကလေးကို မေ့ပစ်လိုက်တော့ကွာ” ဟူ၍ သူ့ တပည့်ကို ဖြေသိမ့်သည်။

“ကျွန်တော် မမေ့နိုင်ပါဘူး ဆရာ၊ သူ့ကို ဘယ်တော့မှလည်း မမုန်းဘူး” နောက်ဆုံးနှစ်အတွက် နောက်ဆုံး စာမေးပွဲကြီး နီးသောအခါ ဖြူကို ခင်ညို ဖမ်းမိပါသည်။ စာတိုက်က ပြန်လာသည့် ဖြူကို မန္တလေးဆောင် ဆရာ ဦးနန်းဝေ အခန်းတွင် ငေးငိုင် ထိုင်နေသော ခင်ညို မြင်ပြီး ပြေးထွက်ဖမ်းခြင်း ဖြစ်သည်။ ဖြူနှင့်အတူ ယဉ်ယဉ်နွဲ့ရော သူ့အခန်းဖော် သန်းသန်းပါ ပါလာသည်။

“ဘယ်လိုလဲကွယ့်”

ခင်ညို ရှေ့က ပိတ်ပြီး ရပ်လိုက်ချိန်တွင် ကြားနေကျ ဖြူ စကားကိုပင် မူနွဲ့နွဲ့ ကြားရပြန်သည်။ အဖော်တွေကို ခင်ညို အားမနာနိုင်တော့ပါ။

“ဘာဖြစ်လို့ ရှောင်ပုန်းနေတာလဲ ဖြူရယ်” လို့ လမ်းပေါ်မှာပင် လှိုက်လှိုက် လှဲလှဲ မေးလိုက်မိသည်။ ယဉ်ယဉ်နွဲ့နှင့် သန်းသန်းက အလိုက်သိစွာပင် ဖြူနှင့် ခင်ညိုကို ချန်ပြီး တောင်ငူဆောင်ဘက် လျှောက်နှင့်ကြသည်။

“မပုန်းပါဘူးကွယ်၊ ဖြူ၊ စိတ်ညစ်လွန်းလို့ အခန်းမှာပဲ စာဖတ်နေတာပါ၊ သူလာတာလည်း ဖြူ သိပါတယ်”

အခုတော့လည်း မိန်းကလေးက ပြောရိုးပြောစဉ်လိုပင် ပြောသည်။ ခင်ညို ဘာပြောရမည်နည်း။ သူက သွေးဆူပြီး ရင်ခုန်နေရသလောက်၊ ဖြူကတော့ အေးအေးဆေးဆေး ရှိလှသည်။

ခင်ညိုနှင့် ဖြူ သည်လို ရပ်စကားပြောနေချိန်တွင် မန္တလေးဆောင် မြောက်ဘက် သရက်ပင် ကိုင်းအောက်တွင် ကျောင်းသားတစ်စု ထိုင်နေကြသည်။ သူတို့ထဲတွင် အသားမည်းမည်း ရှိုးကောင်းကောင်း မော်တော်ဆိုင်ကယ်နှင့် အကျသား ကျောင်းလာသည့် ချစ်သိန်း၊ ပြုံးတုံ့တုံ့နှင့် အလကားနေရင်း ခေါင်းလေး တဆတ်ဆတ် ငြိမ့်နေသော ကျောင်းသား တစ်ယောက်လည်း ပါသည်။ သူက ကျော်ညွန့်။ ကဗျာတွေ ဘာတွေ ရေးတော့ မောင်မင်းယာ ဆိုလား။ နောက် တစ်ယောက်က ပဲခူးသား တင်အေး။ သူတို့တွေက စနစ်သစ်တွင် ကျောင်း ရောက်လာပြီး ပြွန်တန်ဆာသား ခင်မောင်မြင့်နှင့် ပတ်သက်ပြီး ခင်ညိုနှင့် ခင်နေ ကြသူတွေ ဖြစ်သည်။

အခု ခင်ညို အမျိုးသမီး တစ်ယောက်နှင့် တရင်းတနှီး ပြောနေသည်ကို တွေ့တော့ သူတို့က ပြုံးဖြီးဖြီးနှင့် ကြည့်နေကြသည်။ သူတို့အပြင် တခြား ခုံတန်းလေး တစ်ခုပေါ်တွင်လည်း မိန်းကလေး တစ်သိုက် ရှိသည်။ ခင်ညို စာပြခဲ့သည့် အလွတ် ပညာသင်ကျောင်းက အောင်လာပြီး ယခု ဒုတိယနှစ်တွေ တတိယနှစ်တွေပင် ရောက်ပြီး ဆရာနှင့် အတန်းတူလောက် ဖြစ်နေသည့် မာစီ အောင်တို့ အသိုက်ကလည်း သူတို့ဆရာကို ရယ်ကျဲကျဲနှင့် ငေးကြည့်ကြသည်။ သူတို့အထင်မှာ တို့ဆရာ တယ်စွံပါလားလို့။ ဆရာ ခံနေရသည်ကိုတော့ သူတို့ မသိရှာ။

ခင်ညို ကျောင်းသား ကျောင်းသူတွေ စုနေရာသို့ တစ်ချက် စွေကြည့် မိသည်။ သိသူတွေရော၊ မသိသူတွေရော သို့သော် ရှက်မနေနိုင်အားပါ။ စာတိုက်“ဖြူ၊ ကျောင်းလည်း ဘာလို့ မလာတာလဲ ဟင်၊ ကိုယ့်ကို တွေ့မှာ စိုးလို့လား”

“လာပါ့မယ် ဆရာကြီးရယ်၊ တစ်ခါတည်းကိုမှပဲ၊ ညနေကျရင် အဆောင် လာခဲ့၊ ဖြူ စောင့်နေမယ်”

ပြောပြန်ပြီ မျက်စောင်းလေးထိုးလို့။ ဘယ်လို ပြောပြောပါ။ ညနေ လာခဲ့ ဆိုတဲ့ စကားကို ရပြီပဲ။

“တကယ် ပြောတာနော်”

ခုတော့ ကိုယ်တော်ချော နှုတ်ရွှင်လာပြန်သည်။

“ဘယ်လိုလဲကွယ့်” တဲ့။

မိန်းကလေးကလည်း မြူးမြူးကြွကြွလေးပေပဲ။

“သူ တော်တော် အဖြစ်သဲတယ်”

ဖြူက ပြောပြောဆိုဆိုပင် လက်ညှိုးလေး ထောင်ပြီး ခင်ညိုကို နှုတ်ဆက် ကာ ထွက်သွားသည်။

မိန်းကလေး ထွက်သွားသည်ဆိုလျှင်ပင် မျက်မှန် တဝင်းဝင်းနှင့် သစ်ပင် အောက်တွင် သွားရေယိုနေသော တင်အေးက လှမ်းခေါ်သည်။ လာမလို့ပါပဲ။ ကိုယ့်လူတို့။

“ဘယ်လိုလဲကွယ့်” တဲ့။

သစ်ပင်အောက် ရောက်လျှင် ဘသားချော ချစ်သိန်းက မေးကို ရှေ့ထိုးပြီး သူ သဲ့သဲ့မြင်လိုက် ကြားလိုက်သော ဖြူ အမူအရာ၊ ဖြူ အသံမျိုးနှင့် ကြိုသည်။ ကျော်ညွန့်တို့ ခင်မောင်မြင့်တို့ တစ်တွေ ပွဲကျသွားသည်။

”ဒါ ကျုပ်တို့ ပဲခူးကဗျ၊ တလောက ခင်ဗျား တွဲတွဲခုတ်နေတာ သူနဲ့လား”

တင်အေး အခုမှ အိပ်ယာက နိုးလာသူလို ခင်ညိုကို မေးသည်။

“မင်းက အခုမှ မေးနေ၊ ကိုခင်ညိုက ငါတို့ သိတာပဲ နှစ်နှစ်လောက် ရှိပြီ တွဲနေတာ”

ချစ်သိန်းက ဝင်ပြီး ဆရာ လုပ်သည်။

“ဘယ်ကမလဲကွ၊ ငါ အင်းဝမှာ ရှိကတည်းက ဒီကောင် သရိုးသရီ ဖြစ်နေတာပေါ့၊ ခုမှပဲ ငခင်ညို အီစကလီ ဖြစ်တော့တယ် ထင်တယ်”

ခင်မောင်မြင့်ကလည်း သူ သိသလောက် ဝင်ပြောသည်။

“သေသေချာချာ ကြည့်တော့ ကိုခင်ညို အမျိုးသမီးက မဆိုးဘူးဗျ၊ စလင်းပဲဟေ့၊ ဖောင်လည်း အတော် တောင့်တာပဲ၊ အသားကလည်း ဝင်းနေတာပဲ”

ချစ်သိန်းက ဒဂုံဆောင်ဘက် ချိုးသွားသော ဖြူတို့ကို ကြည့်ပြီး အားပါး တရ ပြောနေသည်။

“နာမည်ကလည်း ကြည့်ဦးလေ၊ ဝင်းစံဖြူတဲ့”

ကဗျာဆရာက ခုမှ မှတ်ချက်ချ၏။

“ချစ်သိန်း အသားနဲ့တော့ ကွာသကွာ”

တင်အေးက တဟဲဟဲ ရယ်ရင်း၊ အသားမည်းသော ချစ်သိန်းကို လက်ညှိုးထိုး ပြော၏။

“ချစ်သိန်းကို အထင်မသေးနဲ့ တင်အေးရ၊ ဒီကောင့်ကို အစိုးရကတောင် ဝယ်ထားတယ်”

ခင်မောင်မြင့် အတည်ချိုးနှင့် ပြောလိုက်၏။

“ဘာလုပ်ဖို့လဲကွ”

ကျော်ညွန့်က ဝင်ပို့ပြန်သည်။

“ဟ၊ သူ့အသားက ရေနံချေး ထွက်ချင် ထွက်မယ်ဆိုပြီး ရေနံတွင်း ရှိလားလို့ စမ်းမလို့တဲ့လေ”

ခင်မောင်မြင့် စကားကြောင့် ချစ်သိန်းပါရယ်ပြီး ထဆဲသည်။

“အတော် တန်ဖိုးရှိတဲ့ အရောင်အသွေးပေပဲ” ဟု တင်အေးက ကလိ ပြန်သည်။

“တန်ဖိုးရှိတာတော့ မပြောနဲ့ ကိုယ့်လူ၊ ဒီကောင်တွေ ဥက္ကလာပ မီးလောင် တုန်းကလေ သူ့အိမ်ပေါ်မှာတင် ထိုင်နေတာ သိလား၊ သူ့အိမ် တစ်အိမ်လုံးသာ ပြာကျသွားတယ်၊ ဒီကောင့်ကို မလောင်ဘူးဗျ”

ခင်ညိုတို့ ချစ်သိန်းတို့ အားလုံးက ဒီကောင် ဘာရှုပ်ဦးမည်လဲလို့ နားစွင့် နေကြသည်။

“ဘာဖြစ်လို့လဲကွ”

သည်တစ်ခါတော့ တင်အေးက ပို့သည်။

“ဟ၊ မီးက သူ့ကို လောင်ပြီးသား သစ်ငုတ်အကြွမ်းလေး အောက်မေ့ လို့တဲ့”

သည်တစ်ချီတွင် ချစ်သိန်းက ကိုင်ထားသော စာအုပ်နှင့် ခင်မောင်မြင့်ကို လှမ်းပေါက်တော့သည်။ ကျွဲမြီးတိုလာပြီလေ၊ စကားဝိုင်းလည်း ဆူနေပြီ။

“အံမာ၊ မောင်ရင်တို့ကသာ အသားမည်းလို့ သည်လို မြင်နေတာ၊ သူ့အမျိုးသမီးကတော့ မဟူရာခဲလေး ကျနေတာပဲတဲ့၊ ဟားဟား”

ကဗျာဆရာက ရယ်ဟဟလေးနှင့် ဆွပြန်သည်။

“လိုက်တယ်ကွာ၊ ဘဲဥကြော်နဲ့ မဟူရာခဲ” လို့ပင် ဆက်လိုက်သေးသည်။ ‘ဘာလဲဗျ ဘဲဥကြော်ဆိုတာ”

ခငညိုက ကျော်ညွန့် ပြောသည်ကို သဘော မပေါက်ပေ။

“ကျော်ညွန့်နော်... မင်း၊ မင်းနဲ့ သင်းသင်း အကြောင်း ငါ အကုန်သိတယ် နားလည်လား၊ လျှောက်ပြောမှာ၊ ဒွတ်တဲ့မှပဲ”

ဘဲဥကြော်ဆိုတာ သူ့အမျိုးသမီးက ပိန်ပြီး ဟိုဒင်းလေး၊ ဘဲဥကြော် လောက်ပဲ ရှိတယ်လို့ ပြောတာပေါ့ဗျ”

ကျော်ညွန့်က ပြောရင်း ထိုင်လျက်နှင့်ပင် နောက်ကို လှမ်းဆုတ် လိုက်သည်။ ချစ်သိန်းက တွယ်တော့မည်လေ။ အားလုံးကလည်း ညံနေကုန်ပြီ။

အေးပါ၊ ငါ မပြောချင်ပါဘူး၊ မင်းဘာသာမင်း သူများ လှည့်စားတာ ခံလို့ ခွေးဖြစ်မှ ငါ ပြောမယ်၊ နားလည်လား”

မပြောပါဘူး ဆိုသူက ဇာတ်လမ်း စလိုက်ပေပြီ။

“́ဟ၊ ဘာထူးတော့လို့လဲ ချစ်သိန်းရ၊ အခုလည်း ခွေးဖြစ်နေပြီပဲဟာ၊ ဒီကောင် ဒီထက်ခံရရင် သူ့ကိုယ်သူ သတ်သေဖို့ပဲ ရှိတော့တယ်၊ သူ့ကို ပြောရင်သာ၊ အို... ခံရတော့ ကဗျာတောင် ထွက်သေးတယ် ဘာတယ်နဲ့၊ လူကဖြင့် ယဲ့ယဲ့ရှိတော့တယ်”

ခင်မောင်မြင့်က ပူးသတ်ပြန်သည်။ ကဗျာဆရာက ခုတော့ ခေါင်း မထောင်တော့ပြီ။ နှုတ်မဟတော့ပြီ။ သူ့ကို ကလိသော်လည်း ထိသွား မိသွား ပြီလေ။

မှန်ပေသည်။ ကျော်ညွန့်နှင့် သင်းသင်းတို့ ဇာတ်လမ်းကလည်း သူတို့ လောကလေးတွင် ကြေကွဲစရာ အဖြစ်လေး တစ်ခု ဖြစ်နေသည်ကိုး။

သင်းသင်းက စာလေးပေလေး ဖတ်သည်။ ကျော်ညွန့် ကဗျာလေးတွေ ဖတ်ရင်းက ကျော်ညွန့်နှင့် ရင်းနှီးသည်။ နောက်တော့ အတန်းတူ၊ ဘာသာတူ ဖြစ်လာသည်မို့ သူတို့ ရင်းနှီးမှုက ရင့်မာလာသည်။ တေးသံလေးတွေ ချိုလာသည် နှင့်အမျှ သူတို့တစ်တွေ ပျိုလာကြသည်။ နောက်တော့ “သင်း” “အစ်ကို”နှင့် သူတို့၏ ပြုံးမျက်နှာလေး တစ်စုံကို တတွဲတွဲ မြင်လာသည်။ ကျော်ညွန့် ကဗျာ လေးတွေကလည်း ပန်းကောက်တေးလေးတွေ၊ ချစ်သူ့ တေးသံလေးတွေ ဖြစ်လာသည်။

တကယ်ကျတော့ ဟန်ဆောင်မှုက အရှည်အကြာ မခံလှပါ။ တက္ကသိုလ် လောကမှာ ဖြစ်လေ့ရှိသည့် မိန်းမလည်လေးတို့၏ ဇာတ်လမ်းလိုပင်။ ကျော်ညွှန့်က အသင်း ကစားရာ ပါလေသည့် အရုပ်ကလေး ဖြစ်လာတော့သည်။ ရှိရာ သင်းသင်းက တက္ကသိုလ်အရည် မဝသေးသော်လည်း ခေသူ မဟုတ်၊ ဆေးသိပ္ပံမှာလည်း တစ်ယောက်၊ စက်မှုတက္ကသိုလ်မှာလည်း တစ်ယောက်၊ စီးပွားရေး တက္ကသိုလ်မှာ တစ်ယောက်၊ သည်လို အပြောင်းပြောင်း အလှယ် လှယ်နှင့် လှပ ပြည့်ဖြိုးသော သူ့အချို့လေးတွေကြောင့် ပန်းလိပ်ပြာလေးတွေကို ဝဲလာ ကျလာစေသည်လေ။

သို့သော် သူက ခုမှ ဘုရင်မ ဖြစ်ခဲ့သော်လည်း ယခင်ကတော့ အကျ နာခဲ့သည်။ သူ့ကို ပညာသည်မလေး ဖြစ်အောင် သင်ပေးလိုက်သူတွေက ရှိသည်။ သူ အင်္ဂလိပ် မက်သဒစ်မှာ နေစဉ် ကတည်းက သည်ပညာတွေ တတ်ခဲ့သည်။

သူ ပညာယူစက သူ့ကို ပညာပေးသွားသူတွေက အပြည့်။ ဆရာဝန် ဖြစ်နေသည့် ဂျင်မီက တစ်ယောက်၊ ဆယ်တန်းပင် မအောင်သေးသော်လည်း ကားတဝီဝီ လှည့်နိုင်သည့် တိုနီဖေတင်က တစ်ယောက်။ သူတို့တွေ အလှည့် ပြီးတော့ လမ်းသရဲလိုလို မိန်းမရှာလိုလို နေတတ်သော ကမာရွတ် အာတီးယား ထဲမှ ချိုတာဆိုသူ အရာရှိ ပေါက်စလေး တစ်ယောက်။

သည်လူတွေက သူ့ကို ပညာ အပြည့်အစုံ ပေးပြီး ကျေနပ် အားရကာမှ သူ့ကို ရှောင်ခဲ့ကြသည်။

ဒီတော့ သင်းသင်းက သားတစ်ကောင်ကို မျှော်နေချိန်။ နာထားသည့် ကျား ဖြစ်သောကြောင့် ကျားနာခဲ ခဲဘို့ ချိန်နေချိန်။ သည်လို သားကောင် မျှော်နေချိန်မှာပင် ကျားရှေ့ ဝပ်တွားမိသည်က သမင်မိုက်ကလေး ကဗျာဆရာ။

အဘယ်မှာလျှင် အစာကို ချမ်းသာပေးလိမ့်မည်နည်း။ သားမင်းသည် ဘယ်သို့သော သတ္တဝါ သားကောင်မှ ချမ်းသာပေးခဲ့ဖူးသည် မရှိ။

ခုဆိုလျှင် ပညာနုသော ကဗျာဆရာလေးသည် အဆွေး ကဗျာမှ လွဲ၍၊ မျက်ရည်နှင့် အလွမ်းမှ လွဲ၍ တက်ကြွသော ပြည်သူ့ ကဗျာကို မရေးစွမ်းနိုင် တော့ပြီတကား။

ခင်ညိုက ကျော်ညွန့်ကို ကိုယ်ချင်းစာလေသည်။ ကျော်ညွန့်က ဖြေသိမ့်ဖို့ ကဗျာ ရေးသည်။ သူလည်း မရေရာသော အဖြစ်နှင့်မို့ စာရေးလိုက်၊ တေး ညည်းလိုက် အချိန်တွေ ကုန်ခဲ့ရသည် မဟုတ်လား။

ခင်ညို သူတို့ကို နှုတ်ဆက်ပြီး ထွက်လာချိန်တွင်တော့ “မုန်းသော်လည်း မေ့မရပါဘူးဗျာ” လို့ ပြောသည့် ကဗျာဆရာလေးက မချိပြုံးသာ ပြုံးနိုင် တော့သည်။ သူ ပြောလိုက်သည်နှင့် ဝိုင်းက ငြိမ်သွားသောကြောင့် ချစ်သိန်း ကလည်း အားရ ကျေနပ်နေပြီး ခင်မောင်မြင့်တို့ တင်အေးတို့လည်း ဝတ္ထုစာအုပ် ကိုယ်စီနှင့် သစ်ပင် မှီနေကြပြီ။

မိန်းကလေးတွေ အုပ်စုနား ရောက်တော့ မာစီအောင်က သူ့ဆရာကို ချီးကျူးသည့် အပြုံးလေးနှင့် နှုတ်ဆက်သည်။ ထူးသည်က စာရေးဆရာမ မြင့်သိင်္ဂီမော်။

မြင့်သိင်္ဂီမော်က အောင်မြင်သော ဝတ္ထုရေး ဆရာမ တစ်ဦး ဖြစ်နေပြီ။ အမျိုးသား စာပေဆုပင် ရထားပေပြီ။ အခုမှ ငယ်မူပြန်ကာ ကျောင်းပြန်တက်နေသည်။ မော်လမြိုင် ကောလိပ်က ပြောင်းလာပြီး ရန်ကုန်မှာ မာစီအောင်တို့နှင့် အဖွဲ့ကျလို့။

“ကျမ ရှင့်အကြောင်းတွေ အကုန်သိတယ် ကိုခင်ညို၊ အဲဒါ ဖန်တီးပြီး ဝတ္ထုရေးမလို့၊ ရှင် နေပုံထိုင်ပုံ၊ လှုပ်ရှားပုံတွေကို စိတ်ဝင်စားလို့၊ ဘယ့်နှယ်လဲ ရေးခွင့် ပေးမလား”

သူက မျက်မှန်ထု ထူထူကြီး တဝင့်ဝင့်နှင့် ပြုံးပြီး ခင်ညို့ထံ ခွင့်တောင်းသည်။

“ဟာဗျာ၊ ဝတ္ထု ရေးရလောက်အောင် ကျွန်တော့်မှာ ဇာတ်လမ်း မရှိ ပါဘူး၊ ကျွန်တော်လည်း ဘာမှ မဖြစ်ပါဘူး မခင်စောမြင့်ရယ်”

ခင်ညိုက သူ့အမည် အရင်းကိုပင် တရင်းတနှီး ခေါ်ပြီး ကွယ်သည်။

“အေးပါလေ၊ ကျွန်မ သိသလောက်နဲ့ ဇာတ်အိမ် တည်ပြီး ရေးမှာပဲ၊ မငိုစတမ်းနော်”

စာရေးဆရာမ ဆိုတော့ မရေးနဲ့ဆိုလည်း ရမည် မဟုတ်။ ပြီးတော့ ရေးဖြစ်ချင်မှလည်း ရေးဖြစ်မှာ။ ဒါနှင့် ရေးရင်လည်း ရေးပေါ့ဗျာ၊ ခင်ဗျား သိထားတာတွေလည်း တကယ် မဟုတ်ပါဘူး၊ ကျွန်တော့်မှာ ဇာတ်လမ်းကို မရှိဘူး၊ တကယ်ပါ၊ မာစီအောင်တို့ မေးကြည့်ပါလား”

ခင်ညိုက သူ့တပည့်ကို သက်သေထူပြီး နှုတ်ဆက် ထွက်ခဲ့သည်။ “ကျွန်မလည်း ပဲခူးသူပါ ကိုခင်ညိုရယ်” ဆိုသော မခင်စောမြင့် အသံကိုတော့ သူ ခပ်လှမ်းလှမ်းရောက်မှ ကြားလိုက်ရပေသည်။

ဪ... ခင်ညိုဟာ စာရေးဆရာတွေက အလွမ်း ဇာတ်ကောင်လို့ မြင်တဲ့ထိ အဖြစ်နာနေပါပကောလား။

စက်တင်ဘာ နောက်ဆုံး စာမေးပွဲကြီး နီးကပ်လာချိန်တွင်တော့ ဖြူနှင့် ခင်ညိုတို့ တပူးတွဲတွဲ ဖြစ်လာပြန်သည်။ နှစ်ယောက်သား ရုပ်ရှင်လည်း ကြည့်၏။ အင်းလျားမှာလည်း ထိုင်၏။ လှေကလေးနှင့်လည်း ရေလယ်မှာ မျှော၏။ စကားမကုန် တောင်လိုပုံလို့။

သို့သော်လည်း “ဖြူကို ချစ်လားလို့ ထပ်မမေးတော့နဲ့ကွယ်” ဆိုသော ဖြူ စကားကိုတော့ ခင်ညို မလွန်ဆန်သာတော့ပေ။ ဖြူ၊ ခေါ်ရာ၊ ဖြူ၊ ရှေ့ဆောင်ရာ နောက် လိုက်၊ ဖြူ ပြောသမျှ ခေါင်းညိတ်ပြီး ကြိတ်မှိတ် ပူဆွေးနေလိုက်ရသည်။

အတန်းထဲရောက်တော့ မဟင်္သာက တစ်မျိုး၊ သူက အခုအချိန် ခင်ညို့ အဖြစ်တွေကို အကုန် သိနေပြီ။ သို့သော်လည်း သူက မျက်ရည် ဖုံးနေသည့် အပြုံးနှင့်ပင် ကြိုသည်။ ခင်ညို ပျက်သော စာတွေ ကူးပေးသည်။ မသိသလို မမေးဘဲ နေသည်။ အတန်းထဲ ဆရာ ဝင်လာပြီ ဆိုလျှင် ခင်ညို လာမှ လာပါ့ မလား၊ ကျောင်းမှ တက်ပါ့မလား ဟူ၍ လည်ပြန် ကြည့်ရသည်က အမော။

ခင်ညိုကတော့ ဖြူ အချစ်ကျေးကျွန် ဖြစ်နေပြီ။ မုန်းလို့လည်း မရ၊ မေ့လို့လည်း မရ။ လို၍ မရသော ဆင်းရဲတွင်းမှာ နစ်နေရပြီ။ နေချင်သလို မဖြစ်သည်နှင့် ဖြစ်သလို နေနေရသော ဘဝ။

“ကိုခင်ညို၊ မွန်ကျောက်စာတွေက သိပ်များတယ်၊ ပါမောက္ခကလည်း တစ်ချပ်ပြီး တစ်ချပ် ဆက်တက်နေတာ၊ ကျောင်းလည်း လာစမ်းပါဦး၊ မွန် ရရင် စာမေးပွဲ အတွက်က အမှတ်ပြည့်ပဲ”

ခုတော့ ခင်ညို အောင်ရုံသာ မှန်းတော့သည်။ ရည်ရွယ်ချက်လည်း သိပ်မကြီးတော့။ မဟင်္သာ စာတွေ ကူးပေးသော်လည်း ကြည့်မရ၊ ကျက်မရ။ မောတာသာ အဖတ်တင်သည်။

သို့သော်လည်း တစ်ချီ တစ်ချီ ရည်ရွယ်ချက်က ပြန်ထလာသည်။ ငါ စာဖတ်မည်၊ ငါ့ရည်ရွယ်ချက်က မဟာဝိဇ္ဇာ တက်ဖို့၊ ဆရာ လုပ်ဖို့၊ စာရေးဖို့ ဆိုပြီး မျက်လုံးတွေ ကြိမ်းနေ စပ်နေအောင် စာထဲပေထဲ ခေါင်းထိုးထား ကြည့်သည်။ ဖြူက စာအုပ်နှင့် မျက်လုံးကြားက ဇာပဝါပါးလေးဆိုတော့ ဖြူကို မြင်ပြီးမှ အပူဓာတ် အဆွေးဓာတ်နှင့်အတူ စာကို မြင်ရသည်ချည်း။

ဘယ်လိုပဲဖြစ်ဖြစ် ရင်ဆိုင်လာသော နောက်ဆုံး စာမေးပွဲကြီးကတော့ လျောလျောလျူလျူပင် ဖြေဖြစ်ခဲ့ပါပြီ။ စာမေးပွဲရက် အတွင်း အတတ်နိုင်ဆုံး စိတ်ကို ထိန်းပြီး ကြည့်ရ ဖြေရသောကြောင့် စိတ်သက်သာရာ ရခဲ့တော့သည်။ ဖြူရော မဟင်္သာကပါ အားပေး အားမြှောက် ပြု၍လည်း နှလုံးငြိမ်ဆေးလေး ခေတ္တခဏ ရခဲ့ပါသည်။

ခင်ညို ဖြတ်သန်းလာသော စာဖတ်ခြင်း အတွေ့အကြုံ၊ စာသင်ပြမှု အတွက် ပြင်ဆင်လာခဲ့သော အတွေ့အကြုံ၊ ဝါသနာအလျောက် စာပေလောကထဲ တဝဲလည်လည် ဖြစ်ခဲ့ရသည့် အတွေ့အကြုံတွေကြောင့် သူ့အဖြေလွှာတွေ အတွက်တော့ ခင်ညို ကျေနပ်သည်။ ဒီနှစ်တော့ တက္ကသိုလ်က ဝဋ်ကျွတ်ပါပြီလို့။

စာမေးပွဲပြီးချိန် ဆယ်ရက်လောက်ထိ ဖြူက မပြန်သေး။ သီရိက နည်းပြ ဆရာမ တစ်ယောက် အခန်းတွင် ခဏခိုပြီး ခင်ညိုနှင့် ပျော်ကြ ပါးကြသေးသည်။ မြို့ပတ်ရထား လည်စီးလိုက်၊ ကားနံပါတ် စုံအောင် ဂိတ် အစအဆုံး ပြောင်းစီး လိုက်နှင့် လိပ်ပြာလေးတွေ လေမှာ ဝဲနေသလို။

“ဖြူ အမ်အေ ပြန်တက်မယ်ဆိုတာ သေချာတယ်နော်” ခင်ညိုက ဖြူ ပြန်မလာမှာကို စိတ်ပူနေရသည်။

“ဘယ်လိုလဲကွယ့်၊ သူက ဖြူကိုတောင် မယုံတော့ဘူးလားကွယ်၊ ဖြူ ဆက်တက်ဖို့ အိမ်လည်း ပြောထားပြီးသားပါကွာ”

ကွယ်တွေ၊ ကွာတွေနှင့် မူနွဲ့နွဲ့ မိန်းကလေးက ခင်ညို့ စိတ်ကို ပျောင်းစေ ညွှတ်စေရပြန်သည်။ မြို့ပတ်ရထား ပြတင်းပေါက်မှာ မေးလေး တင်ပြီး ခင်ညို့ကို မျက်စောင်းချီ ပြောသည်။

“တကယ်”

ခင်ညိုက သွက်သွက်လေး မေးတော့ သူ့ မဲ့ပြုံးလေးနှင့်သာ ခေါင်းညိတ် ပြသည်။

ဖြူ မပြန်ခင် ရက်ထိ ဖြူနောက် ခင်ညို တကောက်ကောက် ပါသည်။ ဖြူ သွားချင်တယ်ဆိုသည့် နေရာမှန်သမျှ သူ လိုက်ပို့သည်။

“တို့ အဘွား ငယ်ငယ်က ပြောဖူးပါတယ်ကွာ၊ တို့တွေ အိပ်ချိန် ပုံပြော တော့ သစ်တုံးကြီး တစ်တုံးကို သစ်ခုတ်သမား တစ်ယောက်က မြစ်ညာကနေ ခုတ်ပြီး မျှောလိုက်သတဲ့၊ အဲဒီ သစ်တုံးကြီးဟာ မျောသွားရောတဲ့ကွယ်ဆိုပြီး တို့တွေ အိပ်ခဲ့ရတယ်ကွ၊ ဒါနဲ့ သတိရလို့ အဘွား၊ သစ်တုံးကြီး မျောလာတာ ဆက်ပြောပါဦး” ဆိုတော့လည်းမျောတုန်းပဲ ငါ့မြေးရယ်” လို့ ပြောတယ်ကွာ၊ အဲဒါ ဘယ်အချိန်မေးမေး မျောတုန်းနဲ့ကို အဘွားပုံက မဆုံးဘူး ငညိုရ၊ အခုလည်း မင်း မျောတုန်း ဖြစ်နေပြီ ထင်တယ်”

ကိုယုက သတင်းကြားသည်နှင့် သည်လို ပုံတိုပတ်စလေးချည်း ပြောပြော ဆွဆွ လုပ်သည်။

ဘယ်လိုဘဲဖြစ်ဖြစ် ခင်ညို ပျော်နေသည်ကတော့ တကယ်ပင်။ ညအချိန် စာဖတ်လိုက်၊ တယော ချွဲလိုက်၊ အတော်နှင့် မအိပ်ဖြစ်သော်လည်း မိုးလင်း ချိန်မှာတော့ ဖြူ မှာသည့်အချိန် အရောက် သီရိရှေ့ ရောက်နေပြီ။ တစ်နေကုန်၊ တစ်နေခမ်း မမောတမ်း မပမ်းတမ်း။

ကဗျာဆရာ “နောင်” ၏ “ကျွန်တော် သူ့ နှင်းဆီ” ဆိုသည့် ကဗျာလေးလို တွေသော၊ ဝေသော၊ ညို့သဘောလို၊ မိန်းမောမဟန်၊ အမှန်မှာကား၊ သူ ကစားရာ၊ ပါသောအရုပ်၊ ကျွန်ုပ်ဖြစ်သည်” လို့ ဆိုရမလောက်ပင်။

သည့်နောက် ဆက်လာသည့် စာသားလေးတွေနှင့် အဓိပ္ပာယ် အစုံကို တော့ ခင်ညို မကြာမတင်မှာပင် ကြုံသိရသည်။ တိုက်ဆိုင်လိုက်တာ။

အဆိုကတော့၊ ကျွန်တော့်အဖြစ်

သူ့ချစ်နှင်းဆီ၊ ပလီပါ၏

တီတာပါ၏၊ မာယာပါတည့်

တိုင်းရင် ဗလာအနှစ်၊ သည်းမှာလစ်လပ်

သစ္စာမဟုတ်၊ လုပ်ကြံတတ်သူ

ရနံ့ကြူသည့်၊ ဖြူနှင်းဆီကို

ရယ်ကာပြုံးကာ၊ ခေါင်းမှာလဲဆင်

ရင်မှာလဲတပ်၊ နှာဝကပ်နမ်း

အဆန်းဆန်းမှ၊ သူ့လက်လှနှင့်

ချေမွပလေ၊ ကြစေနွမ်းစေ

အဖြစ်တွေကို၊

မိုးရေ (သို့မဟုတ်) မျက်ရည်မြင်တိုင်း

ကျောနောက်ခိုင်းမေ့၊ ဘဝတွေ့မှ

ကြုံတွေ့ပြန်လို၊ တောင့်တကြိုသည်

အို ကျွန်တော် သူ့နှင်းဆီပါပဲကလား တဲ့။

 

*


အခန်း ၂၁

 

ပြန်သည့်နေ့က ဘူတာရုံကို ခင်ညိုတို့ အစောကြီး ကြိုရောက်နေနှင့်သည်။ စကားတွေ ဖောင်ဖွဲ့ပြီး လွမ်းနယ်ချဲ့ နေကြသည်။

“စိတ်ချပါ ကိုညိုရယ်၊ အောင်စာရင်းတွေ ထွက်ပြီးတာနဲ့ ဖြူ ပြန်ခဲ့မယ်၊ ကိုညို့ စိတ်ကြိုက် ဖြစ်ရပါစေ့မယ်၊ တကတည်း” ဟူ၍ပင် သူ့ကို တွန်းထိုးရင်း ပြောခဲ့သည်။ သူ့ကိုယ်စား ဆိုပြီး သူ့ဓာတ်ပုံလေး တစ်ပုံပါ ပေးခဲ့သည်။

ထို့ထက် ချိုသော အချို့ကတော့ ရထား ဥသြဆွဲချိန်မှာ ဖြစ်၏။ ဖြူက ရထားပေါ်မှာ၊ ခင်ညိုက ဘူတာရုံ ပလက်ဖောင်းပေါ်မှာ ရပ်ပြီး ရင်ပူနေရချိန်။ ဖြူက “ကိုညို၊ ဖြူ တိုးတိုးလေး ပြောမယ်” ဆို၍ ခင်ညို ဖြူ နားကို ကပ်လိုက် ရ၏။ ဖြူက ရထားပေါ်ကပင် ခင်ညို့နားနားကပ်ပြီး...

“ကိုညိုက လွဲလို့ ဖြူ ဘယ်သူ့ကိုမှ မချစ်ဘူး၊ မယူတော့ဘူး၊ စိတ်ချကွယ် နော်” ဟူ၍ မမေးဘဲ ပြောသွားသည်။ စကားဆုံးသည်နှင့် ရထားဘီးက လိမ့်ပါတော့သည်။ ခင်ညို့ နားတွင် အသံတွေ သီးနေ ထပ်နေတော့သည်။ ဆူနေတော့သည်။

ချစ်တယ်တဲ့၊

ကိုခင်ညိုက လွဲလို့ ဘယ်သူ့ကိုမှ မချစ်တော့ဘူးတဲ့၊

မယူတော့ဘူးတဲ့၊

စိတ်ချကွယ်တဲ့ နော်တဲ့

ခင်ညို ကမ္ဘာလေးသည် ချက်ချင်း ကောင်းကင်ဘုံ ဖြစ်သွား၏။ မျက်ရည်လေး စို့ပြီး ညှို့အားလေးနှင့် အားယူပြုံးကာ ပြောသွားသော ဖြူ မျက်နှာလေးက ဝေးသထက် ဝေးသွားခဲ့ပြီ။ ခင်ညို ပြန်လာချိန်တွင် မြေကြီးနှင့် ခြေထိလေသည်ဟုပင် မထင်တော့။ အရူးလို တစ်ယောက်တည်း ပြုံးပြီး လျှောက်လာခဲ့၏။ လမ်းတွေ ကျော်လာခဲ့၏။ ကားတွေကို ဘယ်လို ရှောင်လာ ခဲ့သည်ကိုပင် မမှတ်မိ။ ပျော်လွန်းလို့ ရင်က ဆူနေရပြန်၏။ ဘတ်စ်ကား ပေါ်ရောက်တော့ မျက်လုံးကို စုံမှိတ်ပြီး ပြုံးနေလိုက်မိ၏။ ကားစပယ်ယာနှင့် ခရီးသည်တွေက သူ့ကိုကြည့်ပြီး ပြုံးနေကြသည်။ ဘာ စိတ်ကူးယဉ်လာသလဲ ဟုလည်း တွေးနေကြသည်။ ခင်ညိုက မမှုပါ။ လောကကြီးမှာ ဘယ်သူ့ကိုမှ မမှုတော့ပါ။ မှုစရာ ဖြူ တစ်ယောက်တည်းရယ်။

ငါးနှစ်ကျော်လောက် တဖွဖွ မေးနေရ၊ တောင်းဆိုနေရသော စကားလေး ခုမှ ရတော့သည်။ အတော်လည်း နှမြော၊ တွန့်တိုတတ်တဲ့ ဖြူလေး။ ဒါလောက် မျှော်လင့်တကြီး လိုချင်နေမှန်း သိလျက်နှင့် တကယ် ကတ်သတ်တဲ့ ကပ်စေးနဲမလေး။

အခန်းရောက်တော့ ခင်ညို အူမြူးနေ၏။ ပျော်လွန်းလို့ ဘယ်သူနှင့်မှလည်း စကား မပြောချင်၊ တံခါးပိတ်ပြီး ခေါင်းအုံးကို ဖက်ကာ လှိမ့်နေလိုက်သည်။

“တကယ်တော့ ဖြူ၊ ငါ့ကို ချစ်တာပါပဲ၊ သူ ချစ်ပေမဲ့ အခြေအနေအရ ငါ့ကို စပ်·နေတာပါ၊ မိန်းကလေးဆိုတာ ဒီလိုပဲပေါ့၊ ချက်ချင်း ယုံပြီး ချက်ချင်း ပြန်ကြိုက်လိုက်လို့ ဘယ်ဖြစ်ပါ့မလဲ၊ သူတို့က အားနွဲ့သူတွေ မဟုတ်လား၊ ဖြူ လုပ်တာ မှန်တာပေါ့”

ခင်ညိုသည် အိပ်ရာပေါ်တွင် ပက်လက်လှန်ရင်း ခေါင်းအုံးကိုလည်း တင်းနေအောင် ဖက်ထား၏။ ပြုံးပြီးတော့လည်း သက်ပြင်းကြီးကို အခါခါ မှုတ်ထုတ်နေမိ၏။ သိပ်ပျော်တာပဲ။

“... ဖြူ က တကယ် ပြတ်သားတဲ့ မိန်းကလေးပဲ၊ ကိုခင်မောင်ရီကို သူ ဖြတ်တော့မယ်၊ အိမ်ကို ပြောပြပြီး ငါနဲ့ ယူမှာပဲ၊ ကြည့်စမ်း၊ မေတ္တာကို ဘယ်လောက် တန်ဖိုးထားသလဲလို့၊ ကိုခင်မောင်ရီလို အင်းလျားမြိုင်မှာ တိုက် အိမ်ကြီးနဲ့ ခြံကြီးနဲ့ မာစီဒီး အမျိုးအစား နောက်ဆုံးပေါ် ကားကြီးနဲ့၊ လောလော ဆယ်လည်း လခ ၃၅ဝ စကေးစား၊ ဒီလိုလူကို ပယ်ဖို့ ဆုံးဖြတ်တာဟာ တကယ့် သတ္တိပဲ၊ တော်ရုံ မိန်းကလေး ဘယ်စွန့်ရဲမလဲ၊ ဒီတစ်ခါ ပြန်လာမှ ချစ်လွန်းလို့ ဖြူလေး သတ္တိကောင်းလွန်းလို့ ဆိုပြီး တအား ဖက်ထားမယ်၊ အို... လွှတ်ကွယ်၊ သူများ မောတယ် ဆိုရင်တောင် မလွှတ်ဖူး၊ စကား မပြောနိုင်အောင်လို့ သူ့ နှင်းဆီငုံလေးကို တစ်နေ့လုံး ငုံထားလိုက်မယ်၊ ဟင်း... လာဟေ့စေဦး”

ခင်ညိုက ဘယ်လူးညာလှိမ့် တလူးလိမ့်လိမ့်နှင့် ရွှင်နေခဲ့၍ ခေါင်းအုံး လည်း မသက်သာလှ၊ ဖျစ်ထား ညှစ်ထားလိုက်သည်ကလည်း တင်းပြီး ကန်ပြီး ရှုံ့တွေ ထွက်လာတော့ မတတ်ပင်။

ခင်ညို ခုတင်အောက်ကို ဆင်းပြန်သည်။ သေတ္တာကို ဖွင့်ပြီး စက္ကူ ဘူးလေး တစ်ဘူးကို ထုတ်ပြန်၏။ ပြီးတော့ ခုတင်ပေါ် ပြန်ထိုင်ပြန်သည်။ ကုတင်ပေါ်ရောက်တော့ တစ်ယောက်ထီးတည်း ပြုံးပြီး ဘူးလေးကို ဖွင့်လိုက် ပြန်သည်။

ဖြူ ပေးထားသည့် ရွှေဆွဲကြိုးလေး၊ ဆံပင်ခြည်လေး သုံးချောင်းကို ကြိုးလုပ်ပြီး သီထားသည့် ခရေကုံးခြောက်လေး၊ မင်ပင် မထည့်ရသေးသည့် ပတ်ကား ဖောင်တိန် အညိုလေး၊ လက်သဲညှပ်လေးနှင့် နှင်းဆီပွင့် နီနီရဲရဲ အခြောက်လေး၊ အခြား ခရေကုံးခြောက်လေးတွေ။

အိပ်ရာခင်းပေါ် ဖြန့်ချပြီး စီကာစဉ်ကာ ကြည့်နေမိသည်။ ဖြူ မျက်နှာ ဖြူ ဖြူ ဝင်းဝင်းလေးကို မြင်လာပြန်သည်။ ဖြူ ဆည်းလည်း သံသာလေးကို ကြားလာပြန်သည်။

“ဘယ်လိုလဲကွယ့်” တဲ့။ သည်စကားကတော့ ဖြူ လက်သုံးစကား...

“သူ ပြန်ပေးရင်တော့ ဖြူနဲ့ သေခန်းဖြတ်ပဲ”

ခင်ညိုက ရွှေကြိုးလေးကို ကြည့်ရင်း ပြုံးလိုက်သည်။ “သေခန်း မပြော ပါနဲ့ကွယ် ရှင်ခန်းတောင် ခဏလေး တဒင်္ဂလောက် ကိုယ် မဖြတ်ချင်ပါဘူး”

“သူလည်း ကောက်ထားတာပဲ၊ ဖြူ၊ ပန်ပြီးပြီ၊ သူလည်း တစ်လှည့် ပန်ဦးလေ”

ခရေကုံးလေး။ ထူးထူးခြားခြား ဆံခြည်ကိုပင် ဖြတ်ပြီး သီထားသည့် ခရေကုံးလေး။

“ကြည့်စမ်း၊ သူ အားကြီး မေ့မေ့လျော့လျော့ နေတာပဲ၊ ကိုယ့် မွေးနေ့ တောင် ကိုယ် မမှတ်ဘူး၊ ဖြူက တစ်ပတ်လောက်ကတည်းက ကြိုသိထားလို့ ဝယ်ပြီးတော့ ညိုလို့ နာမည်တောင် ထိုးထားတာ၊ အရောင်ကလည်း အညိုပဲ”

ပတ်ကား ဖောင်တိန်လေး ပေးတုန်းကလည်း သည်လိုပင် ချစ်စဖွယ်လေး ပြောပြီး ပေးတဲ့ ဖြူ။

ပြားနေတဲ့ နှင်းဆီခြောက်လေးကလည်း သန်လျင်က ပြန်လာတဲ့နေ့က ပေးတာပေါ့။ အိပ်မပျော်နိုင်အောင် ပျော်နေတဲ့ ညရဲ့ နောက်နေ့မှာလေ။

ခရေကုံးလေးတွေက ကြုံရာမှာ ဖြူ၊ ဝယ်ပြီး ပန်တာပဲ။ ခရေကြိုက် မလေး ဖြူပဲ။ ပန်းတွေ ရာသီစုံမှာ ပြိုင်ပြီးလှ ပြိုင်ပြီး ပွင့်နေတာကို ခရေမှ စောင့်ပန်တဲ့ ဖြူလေး။ ပန်ပြီးတိုင်းလည်း သူ မြေမချဘူး။ ခင်ညို့ကို ပန်တော်ကျ လေးတွေ စုဖို့ ဆိုပြီး ပေးတတ်တယ်။ ခရေခြောက်တွဲလေးတွေကတော့ ခင်ညို့မှာ တစ်ပုံကြီးပဲ။

မိန်းကလေး ငါ့ကို တော်တော့်မေတ္တာနှင့် ချစ်တာ မဟုတ်ဘူး။ မျက်နှာ များတယ်လို့လည်း အပြောခံရ၊ ငါ့ကို မျှော်လင့်ချက်ပေးပြီး ကြိုးရှည် လှန်ထား တာလို့ ပြောသူကလည်း ပြော၊ ကမြင်းကျော ထတာလို့ ဆိုသူက ဆို။ သူ့ အကောင် မရှိတာနှင့် မနေတတ်လို့ ယောက်ျားလေး တစ်ယောက်ကို အမိ ဖမ်းတဲ့ ကောင်မ ဆိုပြီး မဲ့ကြ ရွဲ့ကြတာတွေလည်း ရှိတယ်။

သူတို့တွေ ဖြူ စိတ်ကို နားမလည်လို့ပဲ၊ ဖြူက တကယ် နှစ်နှစ် ကာကာနှင့် ငါ့ကို ချစ်တာ။ အေးလေ...

အေးလေ... အရင်တုန်းကတော့ ငါက ပြန်မှ မပြောနိုင်ဘဲကိုး။ ဖြူကလည်း ဒီလို ထင်စရာကောင်းအောင် ဖြစ်နေခဲ့တာကိုး။ ဒီတစ်ခါ ပြောရင်တော့ ဖြူဘက်က ငါ ပြောပြီ၊ ပြောတဲ့ ကောင်လည်း ငါနှင့် အတွေ့ပဲ... ။

ဖြူကလည်း ချက်ချင်း ပြောလို့ ဘယ်ဖြစ်မလဲ၊ စောစောကဆိုတော့ ငါ့ စိတ်ကို ဘယ်သိနိုင်ဦးမလဲ၊ ဗြုန်းစားကြီးဟာ၊ ပြီးတော့ သူ့မှာ နောက်ကလည်း အနှောင်အဖွဲ့ကြီးနှင့်၊ ငါကလည်း အတွေ့ နောက်ကျခဲ့တယ်လေ... ။

မိဘတွေ အနေနှင့်ကတော့ သမီးကို ခင်မောင်ရီလို သမက်မျိုးနှင့်ပဲ ပေးစားချင်မှာပေါ့၊ လူကြီးကိုး။ ကိုယ့်သမီးပဲ ဆင်စီးပြီး မြင်းရံတာသာ မြင်ချင် မှာပေါ့။ ချမ်းသာ တင့်တယ်တဲ့ မိသားစုဆိုတော့ သမီးဘာသာ ချစ်ချစ်၊ မချစ်ချစ် လူချမ်းသာကိုပဲ မျက်စိကျမှာပေါ့။ ပြီးတော့ သူ့အမေကလည်း အမြင်က ကျယ်ပါ ဘိသနှင့်။

ဒီလောက် အရံတွေ တံတိုင်းတွေ ကျော်ပြီး ငါ့အလိုကျ ဖြစ်မယ်ဆိုတဲ့ ဖြူ သတ္တိကတော့ကွာ တကယ့် မေတ္တာစစ် မေတ္တာမှန်ကို တန်ဖိုးထားတဲ့ ဖြူ လေးပေပဲ။

ခင်ညို တစ်ယောက်တည်း ကျေကျေနပ်နပ်ကြီး မြူးပြီး တွေးပြီး ပစ္စည်း လေးတွေကို ရွရွလေး ပြန်သိမ်းသည်။ နောက် ခေါင်းအုံးဖက်ရင်း ပက်လက် ကုလားထိုင်တွင် လှဲနေလိုက်ပြန်သည်။ ဖြူအကြောင်း တွေးရတာ အရသာ ရှိလေခြင်းဆိုပြီး ခေါင်းအုံးပေါ် မေးတင်ကာ မျက်စိမှိတ် တွေးနေပြန်သည်။ ပြီးတော့ ခေါင်းရင်းမှာ ချိတ်ထားသည့် ဖြူ ဓာတ်ပုံလေးကို ပြုံးပြီး ကြည့် လိုက်သည်။ သိပ်ပျော်စရာ ကောင်းတဲ့ မြကျွန်းသာပဲ။

ခင်ညို ဘယ်လောက်ကြာကြာ အရူးထနေမိသည်ကို မသိ။ သူ့ကို အဆောင် နည်းပြဆရာ ဦးခင်မောင်ထွန်းက ပြုံးပြီး ကြည့်နေသည်ကို မမြင်ပေ။ ကျောင်းပိတ်ချိန် အဆောင်က ကျောင်းသားတွေ ပြန်ကုန်ကြပြီမို့ ကျောင်းသား ဆိုလို့ သူ တစ်ယောက်သာ ရှိသည်။ အဆောင်မှာ ယခုဆိုလျှင် နည်းပြဆရာ သုံးယောက်၊ အဆောင်မှူး ဦးမျိုးဆွေ တစ်ယောက်နှင့် ခင်ညို တစ်ယောက်သာ။

“ဟေ့ကောင်၊ ဘာအရူးထနေတာလဲ”

“ဟာ ဘိုးတော်”

ခင်ညို ခုမှ လန့်သွား၏။ မလုံမလဲ ရှက်ကိုးရှက်ကန်းလည်း ဖြစ်သွားသည်။ “ဘိုးတော် ထမင်းစားပြီးပြီလား” ဟူ၍လည်း တွေ့ကရာ ကောက်မေး မိသည်။

ကျောင်းသားတွေက ဦးခင်မောင်ထွန်းကို ဘိုးတော်လို့ ခေါ်သည်။ တက္ကသိုလ် အနုပညာအသင်းက ရာမဇာတ်တော် ကလျှင် ဒီဆရာက အမြဲ ဘိုးတော်ရသေ့ လုပ်ရသောကြောင့် ဖြစ်၏။

“ဒီကောင် ဘာကြောင်နေတာလဲ၊ အိပ်ချိန်တောင် ရောက်နေပြီဟ၊ အဆောင်ရှေ့မှာ ကိုနန်းဝေ နင့်ကို စောင့်နေလို့ အိပ်ပျော်နေတယ် အောက်မေ့ တာနဲ့ လာနှိုးတာ၊ သွားလိုက်ချေဦး နှင့် ဆရာသမားဆီကို။

ဘိုးတော်ကို ကျေးဇူးတင်ကြောင်း ပြောပြီး ခင်ညို လူးလဲထခဲ့၏။ ဆရာ ကတော့ ပင်းယရှေ့ ပိတောက်ပင်ကြီး အောက်တွင် ဆေးပြင်းလိပ်ကြီး ခဲလျက်၊ သူ ဝတ်နေကျ အင်္ကျီအဖြူ ဘောင်းဘီအဖြူနှင့်ပင် ရှိုးကျကျ ရှိနေ၏။

“ကွန်ဂရက်ကျူလေးရှင်း အညိုရေ၊ မင်း အခန်းမှာ စာလာရေးထားတာ တွေ့တယ်၊ ငါ အင်ရ်အိုင်တီ သွားနေလို့ကွ၊ ပါမောက္ခ ဦးမျိုးမြင့်စိန်က ငါ့ကို ပုဂံလိုက်ဖို့ ခေါ်နေတယ်၊ အဲဒါ သွားဖြစ်လိမ့်ဦးမယ်”

ဆရာက ညာလက်ကို ကမ်းပေးပြီး ခင်ညို လက်ကို မိချိန်တွင် အားရ ပါးရ လှုပ်ခါရင်း ပြောသည်။

“ကြာမလား ဆရာ”

အေးကွ၊ တစ်လလောက်တော့ ကြာလိမ့်မယ်၊ အုပ်ချုပ်ရေးရုံးက တစ်ဆင့် သူတို့က တောင်းတာကိုးကွ၊ ကျောင်းသားတွေလည်း ပါလိမ့်မယ်”

“အိပ်က်စ်ကားရှင်း သဘောလား ဆရာ”

“မဟုတ်ဘူး အညို၊ ဗိသုကာ ကျောင်းသားတွေ ဖီးဆင်းတာလေ၊ ပုဂံမှာ ဘုရားတွေ တိုင်းဖို့တာဖို့ပေါ့ကွာ၊ နေပါဦး၊ ဖြူဖြူ က ခုလိုကျတော့လည်း ပြတ်သားလှချည်လားကွ ဟင်”

“ချစ်တာကိုး ဆရာရဲ့”

ဦးနန်းဝေက “အဲ” ဟု တစ်လုံးသာ ဆတ်တတ်တတ် ပြောပြီး လျှောက် လာခဲ့ကြသည်။ အဆောင်မှာ ခင်ညို ထမင်း မရတော့သည်နှင့် လှည်းတန်း ထွက်ပြီး ထမင်းစားခြင်း ဖြစ်သည်။ သည်ကျောင်းပိတ်ရက်တော့ သည်ဆိုင်လေးပဲ အားကိုးရတော့မှာ။

“မင်း ပုဂံ ဘာမှာဦးမလဲ”

ခင်ညိုက ပုဂံတော့ ရောက်ဖူးပြီ။ မြန်မာစာအသင်း ခရီးထွက်စဉ်ကရော၊ ဆရာနန်းနဲ့ နွေကျောင်းပိတ်ရက် အကူလိုက်သွားတုန်းကရော။ ဒါ့ကြောင့်ပင် ဆရာက သူ့တပည့်ကို မေးသည်လေ။

“ဪ... ဆရာ ဗိုလ်တဲက ဦးသိန်းမောင်ကြီးရဲ့ သားတွေကိုသာ ပြော လိုက်ပါ ဆရာ၊ သူတို့ ကျွန်တော့်ကို မက်ထရစ်နုတ်တွေ ဝယ်ပို့ဖို့ မှာထားတယ်၊ အဲဒါ စာမေးပွဲ နီးမှပဲ ပို့တော့မယ်လို့”

ပြောပြီးပြီးချင်း ခင်ညိုက ဖြူကို သတိရလိုက်ပြန်သည်။ ဆရာ အပြန် လောက်ဆို ဖြူ ရန်ကုန်ရောက်မည်။ အတော်ပဲ။

“ဆရာ၊ ရွှေစည်းခုံ စောင်းတန်းက ရွှေချထားတဲ့ ယွန်းပေါင်ဒါဘူးလေး တစ်ဘူးနဲ့ ပန်းအိုးလှလှလေး တစ်ခုလည်း ဝယ်ခဲ့ပါ ဆရာ၊ အဲဒါတော့ မမေ့ ပါနဲ့နော်” ဟု ထပ်မှာသည်၊ ဖြူ အတွက်လေ။

“ဘာလုပ်ဖို့လဲ မိန်းမသုံး ပစ္စည်းတွေကို”

ခင်ညိုက ထမင်းလုပ် ပါးဖောင်းဖောင်းနှင့် ဆရာ့ကို ပြုံးပြလိုက်သည်။ ဆရာကတော့ သိပါပြီ။

“မင်းလည်း အတော်ရူးတဲ့ကောင်ပဲ” တဲ့။

*


အခန်း ၂၂

 

စေ့စပ်ကြောင်းလမ်းပြီးစီးခြင်း

ခင်မောင်ရီ (B.Sc) (လက်ထောက် မန်နေဂျာ၊ သစ်လုပ်ငန်းဌာန)

နှင့်

ဝင်းစံဖြူ (ဖြူဖြူ) (B.A Hons, Final)

 

ခင်ညို ကြက်သေ သေနေပြီ။ ကိုခင်မောင်သိန်းက စောစောစီးစီး လာနှိုးပြီး သတင်းစာ ပြသည်ကို လာနောက်သည်ဟုသာ ထင်ခဲ့၏။ အခန်း တံခါး ခေါက်စဉ်ကတည်းက သူ လက်ဘက်ရည်သောက်ဖို့ အဖော် လိုသည်နှင့် ခင်နို့ကို လာနှောက်ယှက်သည်လို့သာ အောက်မေ့သည်။ တကယ် တံခါးဖွင့်ပေး လိုက်တော့မှ ခင်မောင်သိန်းက အလောတကြီးပင် သတင်းစာ ပြသည်။

သူထောက်ပြရာသို့ ခင်ညို ကြည့်လိုက်သောအခါမှာ ခင်ညို ချက်ချင်း မျက်လုံး မှိတ်ထားလိုက်ရ၏။ မူးမေ့ပြီး လဲသွားမတတ် တစ်လောကလုံး ပြာမှိုင်း သွား၏။ သူ့ ရင်ညွန့် အထက်ဆီတွင် ဆို့နင့်ပြီး ပျို့တက်လာသည်။ သူ့နှုတ်ခမ်း ကို ပြတ်လုနီးနီး ကြိတ်ကိုက်ပြီး သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်ရလေသည်။

ခေါင်းစည်းကို မြင်မြင်ချင်း သူ ခုလို အရုပ်ကြိုးပြတ်လို ဖြစ်သွားခြင်း ဖြစ်၏။ အောက်ပိုင်းက အကျယ်ပြ စကားတွေကို ကြည့်စရာလည်း မလိုပေ။

“ကျုပ် မပြောဘူးလားဗျ၊ ခင်ဗျားက မိန်းမတွေကို တယ်အထင်ကြီး တာကိုး”

ခင်မောင်သိန်းက ပေါ့ပေါ့ဆဆပြောလိုက်သော်လည်း ခင်ညို ခုမှ ပို ဝမ်းနည်းလာ၏။ နဖူးကြော အရစ်တွေ ထလာအောင် မျက်လုံးကို အတင်းမှိတ်ရင်း အိပ်ရာပေါ် ပြန်လှဲလိုက်ရသည်။ ခုတင်ပေါ်မှာ လိမ့်ပြီးမှ “တောက်” တစ်ချက်ကို ပြင်းပြင်း ခေါက်လိုက်၏။ စကားတော့ မပြော။

သူ တောက်ခေါက်လိုက်ကာမှ ခင်မောင်သိန်းက လှုပ်ရှားလာရသည်။ ဟေ့လူ၊ ခင်ဗျား အတော် ထိခိုက်သွားလား”

ခင်ညိုက ပြန်မပြောပေ။ ရင်က ချက်ချင်း တင်းကျပ် နာကျည်းလာ ပြီမို့ အသားကိုပင် ဖွင့်ပေါက်ထွက်တော့မည်။ သူ့မျက်နှာကို လက်မောင်း နှစ်ဖက် ယှက်ပြီး အုပ်ထားလိုက်ရသည်။ မောတယ်၊ ရင်မောတယ်။

ခင်ညို တောက်တစ်ချက် ထပ်ခေါက်ပြီး အံကို တင်းတင်း ကြိတ်တင်း လိုက်ပြန်သည်။ မေးရိုးတွေ ထောင်လာ တင်းလာသည်မို့ ခင်မောင်သိန်းက သူ့ခုတင်ပေါ် တက်ထိုင်ရင်း မျက်နှာအုပ်ထားသည့် လက်ကို ခွာယူလိုက်၏။

“ခင်ဗျားကလည်း သိပ်ပြီး စိတ်ကို လျှော့တာကိုးဗျ”

ခင်မောင်သိန်းက ခင်ညို့ကို ကြည့်ပြီး စိတ်မကောင်းစွာ ပြောသည်။

“ထဗျာ၊ မျက်နှာသစ်၊ လက်ဖက်ရည်ဆိုင် သွားရအောင်ပါ”

ခင်ညိုက ခေါင်းသာ ခါပြသည်။ မျက်လုံးလည်း မဖွင့်။ သူ မျက်လုံး ဖွင့်လိုက်လျှင် သူ့မျက်လုံးအစုံက မျက်ရည်တွေ ဒလဟော သွန်ကျလာမည်လား။ မျက်ရည် မရှိဘဲ ငိုနေသည့် ခင်ညိုလေ။

“စိတ်ကို တင်းစမ်းပါဗျာ၊ ယောက်ျားပဲဗျ၊ မိန်းမဆိုတာကတော့ သာရာ နောက် လိုက်မှာပဲ”

ခင်မောင်သိန်းက ခင်လို့ကို အတင်း ဆွဲထူလိုက်၏။ ခင်ညို ခုတင်ပေါ်မှာ ထိုင်နေမိပြီ။ သူ တွေ့ပြီး ခေါင်းအုံးကိုသာ ကြည့်နေ၏။ အံကို ကြိတ်ထား လိုက်သည်ကလည်း မေးရိုးတွေ ကန်ပြီး ထွက်လာတော့မလောက်။ အသက် ရှုတာကလည်း ပြင်းပြီး မြန်လိုက်တာ၊ တရှူးရှူး တရှဲရှဲနှင့်။

“ဟေ့လူ၊ ဪ... ခင်ဗျားနှယ်ဗျာ၊ စိတ်ထဲမှာ သိပ်ခံစားနေရရင်လည်း ထုတ်ပစ်လိုက်ဗျာ၊ ငိုချင်လည်း ငိုပစ်လိုက်၊ အောင့်မနေနဲ့၊ စိတ်လျှော့ထားလိုက်ဗျာ”

သည်တစ်ချီတော့ ခင်မောင်သိန်းပင် ခင်ညို့ကို သနားလာသည်။ ပျော်ကာ ပျက်ကာ ပြောနေကျလူပင် စိတ်ရှုပ်လာပြီ။

သူကိုယ်တိုင်ပင် ဘာတွေ ပြောနေမိသည် မသိ။ တင်းခိုင်းလည်း မရ။ အခု လျှော့ခိုင်းရပြန်ပြီ။ သူ မသက်မသာ ကြည့်ပြီး ‘အားတင်းပါဗျာ” လို့ ဆို့ဆို့နင့်နှင့်ပင် ပြောရပြန်သည်။

“အားတင်းစရာ အားအင် မရှိတော့ဘူး ကိုခင်မောင်သိန်းရယ်၊ ကျွန်တော် ဖြူကို နားမလည်နိုင်တော့ဘူးဗျာ၊ သူ ကျွန်တော့်ကို အရူး လုပ်သွားတယ်”

ခင်ညိုက ခုမှ စကားဟသည်။ လေသံကလည်း တိုးတိုးမျှဉ်းမျှဉ်း၊ ရင်ခေါင်းထဲက လာသည့် အဆွေးသံ။

“ကျွန်တော် ဘာလုပ်ရမလဲဗျာ”

ငိုသံပါကြီးနှင့် ထပ်ပြောပြန်သည်။ ခင်မောင်သိန်းကိုလည်း အသနား ခံသော မျက်လုံးနှင့် သူကြည့်နေသည်။ ခင်မောင်သိန်း သူ့ကို သေသေချာချာ ကြည့်တော့ ခင်ညို့မျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်နေပြီ။ မျက်လုံး အစုံက ရဲရဲတောက်လို့။ အပူငွေ့တွေလား၊ ဒေါသခိုးတွေလား။

“အေး... ငါထင်သားပဲ၊ မင်းတော့ ဆတ်ဆတ်လူးနေပြီလို့၊ ဆရာ ခင်မောင်သိန်းလည်း ရောက်နေသကိုး”

ကိုယုက သတင်းစာ ဖတ်ပြီးပြီးချင်း ခင်ညို့ဆီ လာခဲ့သည်။ ခင်ညိုက စိတ်လည်း ပျော့ပါဘိသနှင့်ဆိုပြီး တစ်ခုခုဖြစ်မည် စိုး၍ ကြိုလာခြင်း ဖြစ်သည်။

“ကဲ... ခင်ညို၊ မင်းဇာတ်က ဒီမှာ ဆုံးပြီ၊ ဒီမိန်းကလေး အတွက်လည်း မင်း အချိန်တွေ ကုန်လှပြီ၊ မင်း မေ့ပစ်လိုက်တော့၊ ကိုယ် လုပ်စရာရှိတာသာ လုပ်ကွာ”

ကိုယုက ပြောစရာ စကားတွေ အများကြီး ရှိသည်။ ခင်ညို့ကို တွေ့လျှင် ပြောမယ်လို့ပင် ပြင်ဆင်လာခဲ့ပြီးသား။ အခု ခင်ညို့ကို သည်လိုပုံနှင့် မြင်တော့ သူ သနားသွားရသည်။

“ကဲ... ခင်ညို”

ကိုယုက ပြောနေရင်း ခင်ညို့ကို ကြည့်လိုက်တော့ ခင်ညိုက ဖြူ ဓာတ်ပုံလေးကို ငေးကြည့်နေပြန်သည်။ ခင်မောင်သိန်းနှင့် ကိုယုက ခင်ညို လိုပင် ဓာတ်ပုံလေးကို ကြည့်လိုက်မိသည်။

ဓာတ်ပုံလေးက ခေါင်းရင်းစားပွဲ တည့်တည့်တွင် တွဲလောင်းလေး။ ဘေးက ခင်ညို လက်စွမ်း ယိုးဒယားပန်း ဒီဇိုင်းလေး၊ ရဲလို့။ ဓာတ်ပုံကပ်ထားသည့် ကပ်စက္ကူထူလေးကိုလည်း ခရေပန်း သီထားသည့် ပန်းကြိုးလေးနှင့် ဆိုင်းထား၏။

သူတို့ စိတ်ထဲမှာပင် တစ်မျိုး ဖြစ်သွားသည်။

“ကျွန်တော် ဘာလုပ်ရမလဲ ဆရာယုရယ်”

ခင်ညိုက သည်စကားကိုပင် ကိုယုကို ပြောပြန်သည်။ တကယ် ဘာလုပ်ရမည်ကို ခင်ညို မသိတော့။

“ဘာမှ လုပ်မနေနဲ့တော့ ခင်ညို၊ မင်းစိတ်ကိုသာ ကောင်းကောင်းထား၊ ဒါလောက် မင်းအပေါ် နှိပ်စက်တဲ့ မိန်းကလေးကိုလည်း စဉ်းစားမနေနဲ့တော့၊ အချိန်တန်ရင် သည်လို သူဌေးသား အရာရှိကိုသာ ယူမယ်ဆိုတာ မင်း သိထားဖို့ ကောင်းတယ်၊ မင်း မျှော်လင့်နေတာကိုက မင်း အမှား၊ မင်းလည်း ဝတ္ထုတွေ ဖတ်နေတာပဲ၊ ဒါမျိုးတွေ မင်း စာတွေ့မှာ တစ်ပုံချည်း မဟုတ်လား၊ အခု မင်း ကိုယ်တွေ့ပေါ့၊ သည်လောက်နဲ့ ရပ်သွားတာပဲ တော်လှပြီ ခင်ညို၊ အဲဒါ မင်း ကံကောင်းသေးတယ်၊ မိန်းမတွေ ယုတ်ညံ့ပြီဆိုတော့ ဘယ်ဟာ ညံ့တာနဲ့မှ မတူတော့ဘူး၊ မင်း စိတ်သာ ပြောင်းလိုက်တော့ကွာ”

ကိုယုက စကားအရှည်ကြီး ပြောလိုက်ည်။ ခင်ညို သွေးပူနေချိန် ဘယ်လိုမှ မေ့မရနိုင်သည်ကို သူ သိသည်။ မပြောလို့လည်း မဖြစ်။ သူက ဘာလုပ်ရမလဲ မေးနေမှကိုး။

“ကျွန်တော် မမေ့ဘူး ဆရာရယ်၊ မုန်းလည်း မမုန်းဘူး၊ ကျွန်တော် ဘယ်တော့မှ မမုန်းဘူး”

ခင်မောင်သိန်းက စိတ်မောသွားသည်။ သက်ပြင်းပင် အသံ ထွက်အောင် မှုတ်လိုက်မိသည်။ ကိုယုကလည်း ခေါင်းကို ခါလိုက်မိ၏။ ပြီးတော့ ဆေးပေါ့လိပ် တစ်လိပ် မီးညှိရင်း... ။

“အေးပေါ့ကွာ၊ အခုချက်ချင်းမို့ပါ၊ မင်း တဖြည်းဖြည်းတော့ မေ့သွား မှာပဲ၊ မိန်းမတွေ ပေါလွန်းလို့ပါ ခင်ညိုရယ်၊ မင်းရုပ် မင်းရည်နဲ့ တစ်ပုံချည်း ရနိုင်ပါတယ်၊ ကဲ... ထကွာ၊ လက်ဖက်ရည်ဆိုင် သွားမယ်၊ ငါ့ကားပါတယ် ဟု ပြောချော့၏။

သူ့ကို ခုတင်ပေါ်ကလည်း အသာ ဆွဲလိုက်၏။ ခင်ညို သံမံတလင်းပေါ် တွေရပ်နေပြီး။

“ကျွန်တော် ဖြူကို တစ်သက်လုံး မေ့မှာ မဟုတ်တော့ပါဘူး၊ မေ့လောက် စရာကို မရှိပါဘူး ဆရာယုရယ် လို့ ညည်းညည်းညူညူ ပြောလိုက်သေးသည်။

“ဒါပေါ့ဗျာ၊ ကိုယ်က နှလုံးသားနဲ့ ရင်းနှီးပြီး၊ ချစ်ရတာ ဆိုတော့”

ခင်မောင်သိန်းက မပြောစဖူး ကဗျာဆန်ဆန် ပြောရင်း ခင်ညို့ကို ရေချိုးခန်း အတင်း ခေါ်ခဲ့သည်။

လက်ဖက်ရည်ဆိုင်မှာတော့ ခင်ညို အသိတွေလည်း တွေ့သည်။ ဖြူနှင့် ခင်ညိုတို့ မခွဲစတမ်း တွဲနေကြသည်ကို မြင်ဖူးပြီး သတင်းစာပါ သတင်းကို သိပြီးသူတွေလည်း ပါသည်။ တချို့က ခင်လို့ကို “ခံရပြီပေါ့ တစ်ယောက်” ဆိုသော အကြည့်မျိုးနှင့် ကြည့်၏။ တချို့ကလည်း သတင်းစာ မဖတ်ရသေး ဟန်ထင့်၊ ဖြူနှင့်ပင် နောက်လိုက်သေးသည်။

ခင်ညို ဘယ်သူနှင့်မှ စကား မပြောချင်၊ ရင်မဆိုင်ချင်။

လက်ဖက်ရည်ကိုပင် မီးခဲလို မျိုနေရချိန်ပါ။

ကျူရှင်ကျောင်းလေးကို သွားနေရသော်လည်း ခင်ညို စိတ်မပါတော့ပေ။ ဝမ်းရေးနှင့် စာနာမှုက ရှိနေသေးတော့ မသွားလည်း မဖြစ်ပြန်။

နေ့ခင်းဆို ဘယ်သူနှင့်မှ မတွေ့ချင်လေတော့ ဆရာနန်း အခန်းကို သော့ဖွင့်ပြီး အကြောင်သား ထိုင်နေရသည်။ ခုတော့ ဆေးလိပ်လည်း လိပ်ချင်း ဆက်လို့။

ရင်ပူသည်။ အသည်းတွေလည်း ကျွမ်းပြီ။ တနုန်းခွေခွေ၊ စားမရ အိပ်မရမို့ အင်အားလည်း မရှိတော့ပြီ။ အသည်း နှင့်အောင် ချစ်ရတဲ့ ဖြူရယ်။

နောက်ဆုံး ခွဲခါနီး၌ပင်...

“ကိုညိုက လွဲလို့ ဘယ်သူ့ကိုမှ မချစ်တော့ဘူး၊ မယူတော့ဘူး၊ စိတ်ချ ကွယ်နော်” တဲ့။

ခင်ညို နားနှစ်ဖက်ကို ပိတ်ထားပြီး စားပွဲပေါ်တွင် ခေါင်းချလိုက်ရသည်။ သည်လိုပင် အခန်းမှာ တစ်လှည့်၊ ဆရာနန်း ရုံးမှာ တစ်လှည့်၊ တလှည့် လှည့် တလည်လည်။

ဘယ်လိုပိတ်ပိတ် အသံတွေက ကြားနေသည်ပဲ။ ဖြူ အသံတွေ၊ သင်္ဘော ဥဩသံတွေ၊ ကားသံတွေ၊ ဆူသံညံသံတွေ၊ ရထားသံတွေ ကြားက ဖြူ ဆည်းလည်း သံသာလေး။

ဘယ်လိုလဲကွယ့် တဲ့။ ပြုံးပြုံးလေး မေးတဲ့ မိန်းခလေး...

သူ သိပ်ကဲတာပဲ တဲ့။ နွဲ့နွဲ့လေးပြောတဲ့ မိန်းကလေး ချစ်တယ်၊ ချစ်တယ် လွှတ်ကွယ် တဲ့။

အသနားခံတဲ့ မျက်နှာလေး...

ခင်ညို ခေါင်းကို အတင်း ခါယမ်းလိုက်သည်။ အနားတွင် အသင့် ရှိနေသည့် ဆေးပေါ့လိပ် တစ်လိပ် လှမ်းယူပြီး မီးညှိလိုက်သည်။

သည်တော့လည်း ဖြူက ရောက်လာပြန်၏။

“ဆေးလိပ် သောက်တဲ့လူကို သိပ်မုန်းတာပဲ”တဲ့။

“ဒါဖြင့် ဆေးလိပ် မသောက်တဲ့လူကို ဆိုတော့...”။

ခင်ညိုက လက်ထဲရှိ စီးကရက်လေးကို တောက်ပစ်လိုက်ရင်း မေးဆတ် ကာ မေးလိုက်၏။

“သူ သိပ်သိတတ်တာပဲ၊ ပေါက်တူးပဲ၊ ကိုယ့်ဘက် ကိုယ်ယက်တဲ့ ပေါက် တူး”́ တဲ့ ရယ်ကျဲကျဲလေးနှင့်။

ခင်ညို စိတ်မနိုင်တော့ပြီ။ မီးရဲနေသည့် ဆေးပေါ့လိပ်ကို စားပွဲပေါ် စိုက်ထိုးလိုက်၏။ ပြီးတော့ အုတ်နံရံဆီကို အားကုန် ပစ်လိုက်မိသည်။ ကုလား ထိုင်ကို မှီပြီး မျက်စိကို အတင်း မှိတ်ထားလိုက်ရသည်။ ရင်မောလိုက်တာ။

ပြန်သည့်နေ့က အိမ်ရောက်ရောက်ချင်း ဖြူ စာရေးလိုက်သည်လေ။

ရန်ကုန်က ရထားဘီး စလှိမ့်ကတည်းက လွမ်းရတယ်တဲ့၊ ညှိုးကျန်ခဲ့တဲ့ သူ့ မျက်နှာကို မြင်ရပြီး ခုန်ချခဲ့ချင်တယ်တဲ့၊ ကျောင်းပိတ်ရက် မပြန် မဖြစ်လို့သာ ပြန်ရတာပါကွယ်တဲ့၊ သူများ မရှိတုန်း သူများကို လွမ်းတယ်ဆိုပြီး သူ လေလို လွင့်မနေနှင့်ဦးနော်တဲ့၊ လက်ဖက်ရည်တွေ သောက်ပြီးတော့လည်း ဗိုက်နာ နေဦးမယ် တဲ့။

သည်မိန်းကလေးက အခုတော့ ငါ့ကို ညာတာ၊ ငါ့ကို လှည့်စားတာ၊ ငါ့ကို စော်ကားတာ၊ ချစ်ယောင်ပြပြီး ငါ့ကို နှိပ်စက်တာ၊ ခုတော့ သူ့လင်နှင့်သူ ပြန်ပေါင်းထုပ်တော့မယ်။

မိန်းမဆိုး၊ မိန်းမယုတ်...

မိန်းမယုတ်၊ မိန်းမယုတ်... ။

သူ အသံကုန် အော်သည်။ စားပွဲကို ခြေနှင့် အားကုန် ကန်ပစ်လိုက်သည်။ စာပွဲခင်းကို ဆွဲချ၍ အခန်းတွင်းမှာ ပစ္စည်းတွေ ဖွာလန်ကြဲသွားသည်။ တော်သေး သည်၊ အဆောင်မှာ လူမရှိလို့။

“သူတို့အိမ် အချင်းချင်း လူကြီး အချင်းချင်း စကားကမ်းထားပြီးသား ကိစ္စ၊ အချိန်ကျလို့ မယူ မဖြစ်ရင် ယူယုံသာ ရှိတယ်၊ အခုတော့ စေ့စပ်တာကိုပဲ သတင်းစာထဲမှာ ခမ်းကြီးခမ်းနားနဲ့၊ ဒါ ငါ့ကို တမင် နှိပ်စက်တာ၊ အချိန်ကျရင် သူနဲ့ပဲ ယူမှာဆိုရင် ငါ့ကို ချစ်တယ်လို့ ဘာမို့ ပြောသေးလဲ။

ငွေမက်တဲ့ မိန်းမ၊ အရာရှိကတော် လုပ်ပြီး မာစီဒီးကားမှ စီးချင်တဲ့ မိန်းမ၊ ရုပ်လှသလောက် စိတ်ညံ့တဲ့ မိန်းမ၊ နင့်အလှလေးနဲ့ ငါ့ကို ချူတယ်၊ ငါ့ကို မြူတယ်၊ ငါ့ကို ပျက်စီးအောင် ဖျက်ဆီးတယ်၊ ကဲ... မှတ်ထား ဟင်း” ခင်ညိုသည် ခရေကုံးလေး တန်းလန်းနှင့် ဓာတ်ပုံကို အစိတ်စိတ်အမြွာမြွာ ဖြစ်အောင် ဆုတ်ပစ်လိုက်သည်။ ပြီးတော့ အားကုန် လက်ယမ်းပြီး လွှင့်ပစ် လိုက်သည်။ မောတယ်။

စက္ကူစလေးတွေကတော့ ယိမ်းကသလို လေမှာဝဲလို့။

အသောက်သည်ဆိုသော်လည်း သူတကာလို အာရွှင်ရုံ ခင်ညို သောက်ချင်သူ မဟုတ်။ မူးအောင်၊ မူးပြီး မေ့သွားအောင်၊ ဖြူကိုရော လောကကြီးကိုရော သူ့ကိုယ်သူကိုရော။

မမူးပါ။ ဖြူကို မမေ့သောကြောင့် ခင်ညိုက မမူးပါဟု ဆိုသည်။ အရက် ပိုဝင်လေ ခင်ညို ဖြူကို သတိရလေတဲ့။

စိုးမိုးလှချည့်လား ဖြူရယ်။

အဖြူကို သောက်သည်။ အနီကို သောက်သည်။ ဝါကြန့်ကြန့်ကို သောက်သည်။ သောက်တိုင်း မထူးလှ။ အဖော် ပါသူတွေက အဆောင် အရောက်၊ အခန်းအရောက် ကားနှင့်ပို့၊ ထမ်းပို့သည့်တိုင် အန်ဖတ်တွေ တဝေါ့ဝေါ့ ကြားက တစ်ဖြူတည်း၊ ဖြူနေရသည့်အဖြစ်။

“လာ အညို၊ မင်း တအိအိနဲ့ ညည်းမနေနဲ့၊ အချိန် ရှိသေးတယ်”

ဘိုးတော်ကလည်း အလိုက်သိသည်။ “မူးချင်လို့တော့ အောင့်မထားနဲ့၊ မူးပစ်လိုက်၊ ပြောချင်တာကိုလည်း ပြောပစ်လိုက်၊ ရော့ မင်း အပြင်းပဲသောက်၊ ငါကတော့ ဘီယာပဲ”

“ကျွန်တော့်ကို မူးအောင်တိုက်နော် ဘိုးတော်”

“သောက်ပါ၊ ငါ့လခ ကုန်အောင် သောက်၊ ငါ လူပျိုပဲကွာ၊ မိန်းမတွေ စိတ်နာလွန်းလို့ ဘယ်မိန်းမမှ မယူတာ ကြည့်”

ခုမိန်းမကို စိတ်နာလွန်းလို့ ဆိုသူတွေကိုတော့ ခုအချိန် ခင်ညိုက သိပ် လေးစားသည်။ မူးနေတုန်း အဲဒီလို ပြောသူ တွေ့လျှင် သူက ထိုင်ပြီး ဦးချလိုက် သေးသည်။ “ငါက ခေါင်းထဲမှာကို မထားတော့ဘူးကွ” ဆိုသူမျိုးတော့ ယောက်ျား ချင်းပင် သူက အတင်းဖက်ပြီး နမ်းပစ်သည်။ မူးသကိုး။

ချီးကျူးလောက်သည်လေ၊ သူက မုန်းရအောင် ခုမှ ကြိုးစားနေရသူ၊ ပြီးတော့ မုန်းလို့ မရသေးသူ။ မိန်းမကို စော်ကား ပြောမည်။ ရမ်းမည် ကြံရင် နှုတ်ရွံ့ လက်ရွံ့၊ တွန့်နေ နှေးနေသူ။

“ခင်ဗျား ကျုပ်ပြောတာ သဘောပေါက်ပြီ မဟုတ်လား၊ ဘယ်မိန်းမကိုမှ မယုံစားနဲ့၊ ခင်ဗျားဟာမလေးဆို ခင်ဗျားကို မချစ်ဘူး မဆိုချင်ပါဘူး၊ ချစ်တော့ ချစ်မှာပဲ၊ ဒါပေမဲ့ ငွေထုပ်ကြီးနဲ့ ယှဉ်ကြည့်လိုက်တော့၊ မောင်ခင်ညိုက ချစ် စရာ မကောင်းတော့ဘူးဗျ၊ မာစီးဒီးကားကြီးနဲ့ ယှဉ်လိုက်တော့ မောင်ခင်ညိုက တီ ဆိုတဲ့ စူးစူးရှရှ ကားတွန်းသံလေးလောက်တောင် တန်ဖိုး မရှိတော့ဘူး၊ ဟားဟား၊ မဟုတ်ဘူးလား ကျုပ် ပြောတာ၊ ဒက်ထိပဲ မဟုတ်လား၊ ဟဲ ဟဲ အခုနေသာ ခင်ဗျားက လခ ရှစ်ရာစား ဦးခင်ညို ဖြစ်လိုက်စမ်း၊ ဟင်း မီတုန်နော် (မြန်မာ့ လက်ရွေးစင် အပြေး ချန်ပီယံဟောင်း) ကိုတောင် စံချိန် ချိုးပြီး ပြေး လာမယ်၊ မိန်းမဗျ၊ မိန်းမ”

ခင်မောင်သိန်းက မူးပြီး အာလေး ရှာလေး ပြောလျှင်တော့ ခင်ညိုက ဇက်ကျိုးအောင် မူးနေရာကပင် ခေါင်းညိတ်ပြနိုင်သည်။ အမှန်တွေချည်း ပြော နိုင်တဲ့ ဆရာ ကိုခင်မောင်သိန်း။

“ခင်ဗျား အမျိုးသမီးက ပညာသည်ဗျ၊ ၁၂ ကြိုး ဘယ်ကမလဲ၊ ဆယ့် လေး ငါးကြိုး၊ ၁၆ ကြိုး၊ ၁၇ ကြိုး၊ ၁၈ ကြိုး၊ ၁၉ ကြိုး၊ ဟိုး... ကြိုးတွေမှ ဟိုး... ကြိုးတွေမှ အများကြီး၊ ရုပ်ကို ကြည့်တာနဲ့ ကျုပ် သိတယ်၊ ခင်ဗျားကို အားနာလွန်းလို့ ခုမှ ပြောတာ၊ ခင်ဗျား သရိုးသရီ ဖြစ်လောက်အောင်လည်း သူက လှနေ သကိုးဗျ၊ ဟဲ ဟဲ ရော့၊ တစ်ကျိုက် မော့ချလိုက်ဦး၊ ခင်ဗျား ကစ်မလာသေးဘူး၊ အေး၊ အဲဒီလိုမှ သူက ကွယ်လို့ နော့ချွဲလေး ချွဲလိုက်ရင် ခင်ဗျား ခွေသွားတာပဲ မဟုတ်လား၊ ဘယ်လိုလဲကွယ့် ဆိုပြီး လက်သီးလေး ရွယ်လိုက်တာနဲ့ ခင်ဗျား ဝါဂွမ်းဆီထိ ပီတိဝှန်လိုက် အသည်းတွေ၊ အူတွေ အကုန်ခိုက်သွားတယ် မဟုတ် လား၊ ကျုပ်သိတယ်၊ ကျုပ်သိတယ်၊ ကျုပ်သိတယ်၊ ကျုပ်သိတယ်ဗျ”

မန္တလေးသားက စားပွဲကို ရိုက်ကာ ရိုက်ကာနှင့် ခင်ညို့ကို တရား ဟောနေပြီ။ ဘယ်လောက် နာထား ခံထားဖူးသည် မသိ။

အင်း... မိန်းမဆိုး အမုန်း၊ သည်ဘဝတွင် သည်မျှနှင့် တုံးပါစေတော့။

“ခင်ဗျားက ထင်လိမ့်ဦးမယ်၊ ကျုပ်က ခံထားရဖူးတယ်လို့ ဘယ်တော့ မှ မခံ၊ ခင်မောင်သိန်းတို့က နော နောဧကမှ နော၊ သူတို့က ဒီလိုလေး လှည့် တာနဲ့ ကျုပ်က ဒီလို ဒီလို အထပ်ထပ် လှည့်”

သည်လို ခင်မောင်သိန်း ခေါင်းစိုက်ကျမှ ခင်ညို တွဲပြီး ပြန်ခဲ့ရသည် လည်း ရှိသည်။ မကျေနပ်။ ကိုယ်က မေ့အောင် သောက်ပါမှ သူတကာက မူးသွား မေ့သွားပြီး လောကကြီးနှင့် အဆက်ပြတ်သွားလျှင်လည်း ခင်ညိုက မနာလိုပေ။ အမူးချင်း လဲလိုက်ချင်သည်။ အမေ့ချင်း လဲလိုက်ချင်သည်။

မေ့အောင် ခင်ညို စာဖတ်ပါသည်။ ဖြူက စာအုပ်ကြားမှာ။ ကဗျာ ရေးကြည့်သည်။ ဖောင်တိန် ထိပ်ဖျားလေးမှာ။ ဘာမှ လုပ်လို့မရ။ ဘယ်ကိုမှ လှည့်မရ။ ဘယ်ကို ကြည့်ကြည့်၊ ကြည့်သည့်နေရာ ဖြူ ရောက်လာသည်ချည်း။

သေချင်သည်။ ခုထိလည်း မသေနိုင်သေး။ ကိုယ့်ကိုယ်ကိုယ်ပင် သတ်သေလိုက်ချင်သည်။ ဒါက ချင်ခြင်းသက်သက်ပဲ။

ခင်ညို့မှာ သည်လောက် သတ္တိမရှိ။ ရေထဲ ခုန်ချသူနှင့် သတ္တိချင်း လဲလိုက်ချင်သည်။ ကားအောက်ပြေးဝင်သူနှင့် သတ္တိချင်း လဲလိုက်ချင်သည်။ မရဲ။ ခင်ညို သည်ထိ သတ္တိမကောင်း။

မေ့သာ မေ့ချင်သည်။ ဖြူအကြောင်း မတွေးဘဲလည်း မနေရဲ။ မုန်းသာ မုန်းချင်သည်။ ဖြူအပြုံးနှင့် နွေးရသည်မို့လည်း မမုန်းရဲ။ ကြောက်သည်၊ သတ္တိ နည်းသည့် ခင်ညို။

အရက်တွေချည်း သောက်လို့တဲ့။ ကိုယုက လာဆူသေးသည်။ မင်း ချစ်ချစ်ကို မသနားဘူးလားတဲ့။ စေတနာနှင့် တားတဲ့ အဆောင်မှူး ကိုမျိုးဆွေကိုလည်း အားနာဖို့ ကောင်းတယ်တဲ့။ ယောက်ျားလေးပဲ သောက်ပါဦး၊ တော်ရုံပေါ့တဲ့။ အခု မင်းဟာက တရားလွန်ပဲတဲ့။ သည်မိန်းမ တစ်ယောက် မရတာများ အဖေ အမေ သေတာ ကျနေတာပဲတဲ့။

ခက်တယ် လူကြီး။ ကိုယ့်ကို စေတနာနှင့် ပြောတာဆိုတော့ နှုတ်လှန်ဖို့ ခက်တာ။ သူ မမသန်းမြင့်ကို ရတုန်းက သည်လောက် မခံရလို့၊ တစ်ခါတည်း ပိုးပြီး၊ တစ်ခါတည်း စွံလို့ လာဆူတာပဲ။ သူ မခံရဘူးလို့ပေါ့။ မော်စီတုန်း ပြောတဲ့ သွားတိုက်ဖူးမှ သွားကိုက်တဲ့ ရောဂါသည်ကို ကိုယ်ချင်းစာတတ်တယ် ဆိုတာ သည်ဆရာ မသိဘူး။

မူးနေတုန်းဆိုတော့ ဆရာမို့ ဆယ်တန်း မအောင်ခင်ကတည်းက လေးစား ခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ပညာပေးတဲ့ ကျေးဇူးရှင်မို့လို့ ခင်ညို ခေါင်းငုံ့ပြီး ငုံ့ခံနေသည်။ ဝမ်းထဲကတော့ ကိုယ်ချင်းစာတရား မရှိဘူးလို့။

ငါ့ဆရာ ဦးနန်းဝေသာဆိုရင် သည်လို ငါ့ကို မဆူဘူး။ ဆရာက ငါ့ကို နားလည်တယ်။ ငါ့စိတ် ငါ့အကြောင်းလည်း သိတယ်။ အနုပညာသမား ဆိုတော့၊ ပြီးတော့ သူကိုယ်တိုင်လည်း ငါ့လို အတွေ့အကြုံမျိုး ကြုံခဲ့ဖူးတော့ သူသာ အညာ မသွားရင် ငါ့ကို နှစ်သိမ့်စကားပဲ ပြောမှာ။ သည်မိန်းမ တစ်ယောက် မရတာများ” ဆိုပြီး မဲ့ကာ၊ ရွဲ့ကာနှင့် ရန်တွေ့သလို ငါ့ကို ပြောမှာ မဟုတ်ဘူး၊ ဆရာယု ကိုယ်ချင်းစာတရား မရှိဘူး။ ခင်ညို သည်တစ်ခါ အမူးမှာ အန်ဖတ်နှင့် မျက်ရည် ရောသွားတော့သည်။ သိပ်ဝမ်းနည်းတာပဲ။

သည်ကြားထဲ ဘာမသိညာမသိ အညာမှာ ခြေစကြာဖြန့်သည့် ကိုသိန်း သန်းထွန်းက အကြားနှင့် ခင်ညို့ထံ စာတိုစာရှည်ရေးပြီး လှောင်သေးသည်။ ကဗျာတိုလေးတွေနှင့်လည်း စသည်။ ‘ညီမ မိုးတိမ်တဲ့”၊ “မောင့် ရင်ထဲက မိုးရာသီတဲ့”၊ “မစပယ် ဘယ်လို မွှေးသော်လည်း ပန်ရေးငယ် မလွယ်ကူလို့” ဘာညာနှင့်။

သည်မှာ ဘာဖြစ်နေတယ်တော့ သူ မသိဘူး။ နီးရင် ဆော်ဒါ ပုလင်းနှင့် ပြေးရိုက်ချင်စရာ လူကြီး။

ချစ်စရာကောင်းတဲ့လူတွေ တစ်ခါ တစ်ခါ မုန်းချင်လာသည်။ သူများ ဖြစ်ရင် လှောင်ဖို့ပဲ သိသည်။ သူများ မရှူနိုင် မကယ်နိုင်ဖြစ်သည်ကို လှောင်စရာ လို လှောင်သည်။ သည်မှာဖြင့် သေလုမျောပါး။

အရက်ဆိုင်တွေ စုံတကာစေ့မှာ “အီးဂဲလ်” လို ဆိုင်က ခင်ညို့ကို ဆုံးမသူတွေ အတော်များသည်။ အရက်သောက်တာ မကောင်းမှန်း ခင်ညို သိသည်ပဲ။ သောက်ချင်လို့ သောက်တဲ့ဟာကို။

ဘိုးတော် တကာခံတိုင်း “အီးဂဲလ်” ကိုတော့ အခေါက်ခေါက်၊ အခါခါ။ သည်မှာ လင်းယုန် မောင်မောင်တို့၊ ဦးအောင်လင်းတို့က “ငါ့လူလေး၊ ငယ်ငယ် လေးနဲ့ အလွန်အကျွံ သောက်မနေနဲ့” တဲ့။ “နင့် စာတိုလေးတွေက မဆိုးဘူး၊ တော်ကြာ တုံးသွားမယ်” တဲ့။ ကြည့်ပါဦး လူကြီးတွေက၊ သူတို့ကတော့ သောက်ပြီးတော့။

ဆရာ ပါရဂူကြီးကတော့ ဘိုးတော်သူငယ်ချင်းမို့ ခင်ညို့ကို ရင်းရင်း နှီးနှီးပဲ။ ဗုဒ္ဓစကားနှင့် ခင်ညို့ကို လမ်းပြပြီး လူကောင်းဖြစ်ဖို့ ပြောပြန်တယ်။ ဆိုးပေ့စေ ဆရာတို့၊ ဆိုးပေ့စေ။ အရက်သောက်တာက ကံ ငါးပါးသင့်တယ် ပြောတဲ့ ဗုဒ္ဓစကားကို ကျွန်တော် မစောင့်နိုင်ဘူး။ ဆရာတော့ သောက်ပြီးတော့၊ အခု ဗုဒ္ဓစကား မကြိုက်ဖူး။ တော်လှန်သော အတွေးအခေါ်နှင့်ပဲ ဆုံးမပါ ဆရာရဲ့။

ပန်းချီ အောင်စိုးကြီးကတော့ မူးလာလို့ ခင်ညို မိန်းမဆိုးဋီကာ ပြောဗျာ၊ တခြား မပြောပါနဲ့၊ ပန်းချီပညာတွေ၊ အရှေ့တိုင်း အတ်တွေ မလုပ်ပါနှင့်ဆိုမှ ယောက္ခမ ကြောက်ရတာကို ခင်ညို့ လာတိုင်ပြန်သည်။

“ယောက္ခမ မပြောနှင့်၊ မယားလည်း မရှိဘူး၊ ခင်ညို့မှာ ရည်စားလည်း မရှိဘူး၊ မိန်းမဆို ဘယ်မိန်းမမှ သစ္စာ မရှိဘူး၊ ဦးအောင်စိုးပဲ ကြောက်၊ ခင်ညို ဘယ်သူ့မှ မကြောက်ဘူး၊ မူးတယ်၊ ခေါင်းကြီး ချာချာလည်နေတယ်”

သိပ်ချစ်ရတဲ့ ဖြူလေးရယ်။

ခင်ညို မူးလျှင် ဆုံးမသော လူကြီးများကိုပင် ရိုင်းချင်လာသည်။ စေတနာ စကားလည်း စေတနာမှန်း မသိ။ လူငယ် လူကောင်းလေးမို့ မေတ္တာ ထားကြ သည်ကို နားမလည်။ တန်ဖိုး မသိ။ အရက် သေရည်၏ သတ္တိ။

မျက်လုံးတွေလည်း နီနေ ကြောင်နေပြီ။ အသားတွေလည်း ထူနေ အန်း နေပြီ။

ခုလောက်ဆို ချစ်ယောင်ပြသည့် နတ်မိမယ်လေးကတော့ သူများ ရင်ခွင်ထဲ ရှိရော့မည်။ ပြုံးလို့ ပျော်လို့ နေရော့မည်။ “မောင်” လို့ ခေါ်ပြီး၊ ခင်ညို့ကို မူနွဲ့နွဲ့လေး ချွဲသလို တစ်ပါးသူကို ချွဲတော့မည်။

ပညာသည်မလေး။

ငါ့နှလုံးသားကို ယူသွားသည့် လှည့်စားတတ်သူလေး။ ငါမြတ်နိုး ခုံမင်စွာ ပေးသည့် မေတ္တာကို ချေမွပစ်လိုက်သည့် မိမာယာလေး။

နာကျည်းသံတွေကို ခင်ညို စာလုံး သီနေမိပြီ။ ဘဝနာမှ စာလာသည့် ဆိုသော ဆရာတွေ စကားက တယ်မှန်ပါလား။ ခုမှ အသည်းခွဲခံရသူ၏ ကြိမ်းဝါး သံတွေက အဓိပ္ပာယ်ရှိပါလား။ ကိုယ်တိုင် ချရေးကြည့်တော့လည်း ချောခနဲ၊ လျောခနဲ အဆင်ပြေပါလား။ သူတကာ ရင်ခုန်သံတွေ ကြားတော့လည်း သွားကိုက်ဖူးသူဆိုတော့ ကိုယ်ချင်းစာတတ်ပါကလား။ ကြည့်ပါဦး၊ “ဂုဏ်ဝင်း ၏ “ရင်ဖွင့်သံ ကို။

‘ချစ်တတ်လှတယ်၊ ဆိုရသော်လည်း

ကိုယ့်အသည်းကို၊ သွေးရဲသံရဲ

မြင်ဝံ့ပဲနှင့်၊ ခွဲမပြချင်

ကိုယ့်ရင်နုထဲ၊ ရုပ်ထုပုံလွှာ

သင့်မျက်နှာတည့်၊

ကဗျာရေးဖွဲ့၊ သင်လာနွဲ့၏

သေငှဲ့မည်ပြု၊ သင်လာညု သည်

အနုကဗျာ၊ သူရာထွေကြမ်း

သည်နှစ်လမ်းမှာ

ခြေလှမ်းပျက်အောင်၊ ထိန်းချုပ်နှောင်တင်း

သင့်ချစ်ခြင်းကို၊ ပယင်းတစ်ကျိုက်

စာတစ်ပိုဒ်ထက်၊ ဇွတ်မိုက်ရှေ့တိုး

မမြတ်နိုးပြီ၊

မုန်းမိုးသည်းထံ စွေရွာဦး ́ တဲ့။

*


အခန်း ၂၃

 

ခုတော့ သူတကာ့ ကြိမ်းသံတွေ ဟိန်းသံတွေကိုပဲ နောက်ယောင် ခံရသေးသည်။ သူတကာက ကျယ်ကျယ်ဆိုသည်ကို ကိုယ်က ညည်းရုံ အရဲစွန့်ရသည်။ ကိုယ့် ကိုယ်ကိုယ် သတ္တိ သွင်းရသည်။

စေတနာနှင့် သင်လာခဲ့သည့် ရက်ကောင်းလေးတွေ ရှိခဲ့လို့ ညကျောင်းက ကျောင်းသားတွေကတော့ ဆရာ့ကို အလေးစား မပျက်၊ လက်ရော ခြေရော ဟာသနှောပြီး မြူးမြူးပျော်ပျော် သင်တဲ့ ဆရာက ငြိမ်လွန်းတော့ သူတို့လည်း မလှုပ်ရှားသာ။ ဆရာကို မသိလို့ဘဲ ဖြစ်ဖြစ်၊ သိလျက်နှင့် ဆရာညို ရှင်းတာမှ နားထောင်ချင်လို့ပဲ ဖြစ်ဖြစ်၊ စာကျက်ပျင်းသည်နှင့် နောက်တစ်ခေါက် ပြောပါဦး ဆရာရယ်၊ တစ်ခေါက်တည်းပါလို့ လိုသလို အကူအညီပေးသော ဆရာကို ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်သော်လည်း ခုလို ဆရာ့ မျက်နှာ ပုပ်နေပုံ ညှိုးနေပုံနှင့်ဆိုတော့ မမေးရဲပေါင်ပါတဲ့။ သည်ဆရာတော့ ချစ်ကြောက် ကြီး ကြောက်ပါ၏တဲ့။ သိတတ်လိုက်သည့် ခင်ညို့ ဆွေးနွေးဖော်တွေလေ။

ဆရာ ပြန်ပြီး ကြိုးစားပါ့မယ်ကွယ်။ ယစ်ရွှေရည်ရဲ့ တန်ခိုးတွေ မကောင်း မှုရဲ့ အဆိုးတွေကို ချင့်ချိန် ကြံဆတတ်မှုနှင့် တွဲပြီး ကြည့်ဖို့ သုံးသပ်ပြီး ဆုံးဖြတ်ဖို့ ဆရာ သင်ခဲ့တာပဲ၊ ဦးဆောင်ပြီး ခေတ်မီမီ ဆွေးနွေးခဲ့တာပဲ။ လူငယ်သိ အတွေး သစ် အမြင်သစ်တွေကို အတတ်နိုင်ဆုံး နည်းမှီးပြခဲ့တာပဲ။ လူ မတော်ရင် နေပေ့စေ၊ လူကောင်းတော့ ဖြစ်ကြစေနော်လို့ မောအောင် ဆရာ ပြောခဲ့တာပဲ။ ဗုဒ္ဓစကားတွေ ပညာရှိစကားတွေ၊ ဆရာ့ အတွေ့အကြုံတွေနှင့် မင်းတို့ မှတ်မိ လောက်အောင် ပုံဆောင် ရုပ်ပြပြီး ဆရာ ကြိုးစားခဲ့တယ်လေ။

ဒါပေမဲ့ ဆွေးနွေးဖော်တို့... ။

သေချင်းတရားဆိုတာ သင်္ခါရကွဲ့၊ မသေသူမရှိဘူး။ ဘုရား လက်ထက် တော် အခါကဆိုရင် ဘယ်သူဟာ မုန်းညှင်းစေ့ ခုနစ်စေ့ကို ဘယ်လို ရှာလိုက်တာ၊ ဘာညာနှင့် မသာအိမ်တွေမှာ တရားပြတဲ့ ဘုန်းကြီးလိုပဲ၊ သူ့ တကာမကြီးလည်း ဆုံးရော ငိုသတဲ့လေ။ ဆရာတော်ဘုရား၊ သေခြင်းဆိုတာ သင်္ခါရပါလို့ တပည့် တကာတွေက နှစ်သိမ့်တာတောင်မှ ဒါက ငါ့အမေကွယ့်၊ မသင်္ခါရနိုင်ဘူးလို့ ပြောပြီး ချုံးပွဲချ ငိုတယ်ဆိုတာ ကြားဖူးတယ် မဟုတ်လား။

အခု ဆရာလည်း ကိုယ့်လောကဓံမို့ ဒီလောက် ခံရတာကွယ်၊ ဒီလောက် ပျက်စီးရတာပဲ။ လေလိုပဲ တဝေ့ဝဲဝဲနဲ့ မပြီးနိုင်ဘူး။

ခုတော့ အတွေ့အကြုံအရ ဆရာ အနည်ထိုင်လုပါပြီ။ ဆရာ ကြိုးစားပြီး မင်းတို့ စာသင်ခန်းရှေ့မှာ ပြုံးပြမယ်လေ။ ပြီးတော့ အရင်လိုပဲ အမြှုပ် ထွက်အောင် ဆရာ သင်တော့မယ်။

ခင်ညို အားတင်းသည်။ စေတနာနှင့် သူ့ကို ဆုံးမသူတွေကိုလည်း အပြစ် ကြီးခဲ့သည်မို့ စိတ်ထဲကသာ တောင်းပန် ဝန်ချရသည်။

“ဟကောင်၊ ငဒို့ကတော့ နင့်ကို အပြစ် ရှိတယ်တောင် မမှတ်ပါဘူး၊ နင်ကမှိုင်းတိုက်ခံထားရတဲ့ ကောင်မို့သာ ဘယ်ကို ကြည့်ကြည့် အားလုံး မှောင်နေတာ၊ နင် အခြေခံလည်း ရှိခဲ့တာ၊ အတွေ့အကြုံလည်း ရှိခဲ့တာ၊ ဒီအချိန် စာရေးဖို့ ဘယ်လောက် ကောင်းလဲ၊ ကြိုးစား အားထုတ်ပြီး ကိုယ့် အနုပညာကို ကိုယ် အသုံးချဖို့ ဘယ်လောက် ကောင်းလဲ”

သည်လို ကိုယု ကျေနပ်သလို၊ အားလုံးကလည်း ကျေနပ်ကြသည်။ ခင်ညို့ မျက်လုံး ဝေနေရာက ကြည်သလို ရယ်လာသည်မို့ “အင်း၊ ဒီလောက်နဲ့မို့ တော်သေးရဲ့” ဆိုပြီး ရင်ဖိ၊ ရင်သပ် ကျေနပ်ကြသည်။ “အချိန်ရှိတုန်းမို့ မင်းကို ပြောတာ ကိုယုက သည်လို စပြီး၊ နာသည် ဆိုလျှင် နားချ ဆုံးမသည်ချည်း။ နားသွင်းတော့သည်ချည်း။

“အချိန်ကောင်းတုန်းမို့ မင်းကို ပြောတာ၊ မင်းဟာ အသက် တို့ထက်ငယ် ပေမဲ့ မင်း အတွေ့အကြုံက မနည်းဘူး၊ မင်း ဖြတ်သန်းလာခဲ့ရတဲ့ စထရာဂယ်လ် (Straggle) ကလည်း အုံနဲ့ ကျင်းနဲ့၊ မင်းစာမေးပွဲမှာလည်း အဆင်ပြေနိုင်တာပဲ၊ ဆက်ပြီး မဟာဝိဇ္ဇာ ဆက်တက်နိုင်တဲ့ အခြေအနေလည်း ရှိမှာပဲ၊ အဲဒါဆို အခြေအနေအရ မင်း ကျူတာတောင် ပြန်ရဦးမယ်၊ အနည်းဆုံး မင်း အချိန်ပိုင်း ဆရာတော့ လုပ်သားမှာ ရနိုင်မှာပဲ။

“သည်တော့ မင်း စာနဲ့ စိတ်နဲ့ ညှိထားဖို့ အရေးကြီးတယ်၊ တွေးနိုင်၊ ရေးနိုင်တဲ့ အချိန်မှာ တွေးဖို့ရေးဖို့ လိုတယ်၊ နောက်ဆုံးကွာ၊ မင်း မကျေနပ်ချက် တွေကိုတောင် ရေးလို့ ရတယ်၊ မင်း လုပ်လို့တော့ nothing ဆိုတာ မဖြစ် ပါဘူး၊ anything တော့ လာမှာပဲ၊ တစ်ဘက်မှာ မကျေနပ်ဘူး၊ အားလျော့ တယ်ဆိုပြီး ပစ်မထားရဘူးကွ၊ တစ်ဘက်က ဖိပြီး တွယ်ရတယ်၊ ခြေတို့ လက်တို့ မရှိတဲ့ လူတောင် သိမ်ငယ် မနေဘဲနဲ့ တစ်ဘက်ဘက်မှာ ချွန်အောင် လုပ်တော့ ချွန်တာပဲ မဟုတ်ဘူးလားကွ၊ အေး ကိုယ့် Life ကို ကိုယ် ကျေနပ် ပြီး ငြိမ်နေရင်တော့ ဘာမှ မဖြစ်လာဘူး၊ တဖြည်းဖြည်း ငတုံး ဖြစ်မှာပဲ”

အားရှိစရာတွေပဲ၊ စိတ်ဓာတ် တက်ကြွ လှုပ်ရှားချင်စရာပေပဲ။

ခင်ညို ခေါင်းလည်လာရပြန်သည်။ သို့သော်လည်း ရင်ထဲက အပူ အဆာက ဘယ်သူ လာချေလို့မျှ မကျေ။ ဘယ်သူ လာဖျက်လို့မျှ မပျက်။ ခက်သည်။ ဆောင်ရမည့် လူရှေ့ ဣန္ဒြေနှင့်ဆောင်နေသော်လည်း ရင်အနာ က မသက်သာလှ။ မမြင်ရသော ဒဏ်ရာကြီးက သေရာ ပါနေပြီလေ။ တစ် သက်မှာ တစ်ခါသာ သည်လို ချစ်ဖူးပြီး တစ်ခါပင် သည်လို ခံစားရလေတော့ မှတ်လောက်သားလောက် နင့်ရသည်။

အစ်ကို နောင်” ၏ ကဗျာလေးက သူ့လို ဖြစ်စေခိုင်းနေတာလား။ ရင်မှာ မေတ္တာစိတ်နှင့် ပြည့်သိပ်နေတယ် အစ်ကိုရယ် ဆိုလို့ လှောင်လိုက် တာလား။ အစ်ကို့လောက် သတ္တိမရှိဘူး အစ်ကို နောင်” ရယ်။

“ရင်ခွင်လွတ်” တဲ့၊ နာမည်ကကို ကျွန်တော့ကို ပိုပြီး ထိခိုက်ပါတယ်။ အားရှိပါစေ၊ ဒီစိတ်နှင့် ကြိတ်ပြီး၊ မှိတ်ပြီး မခံရပါစေနှင့် ဆိုတဲ့ အစ်ကို့ စေတနာကို နားလည်ပါတယ်။ သတ္တိဆောင်ပြီး အလင်းပြတာကို နားလည် ပါတယ်။ ကြောက်တယ်ဗျာ။

“ရင်ခွင်လွတ်”

ချစ်တတ်ပြီဆို၊ နီညိုသွေးရင့်

သဲပွင့်အငုံ၊ ကြုံသူထိပါး

ကစားသည်လည်း၊ ရင်ဆိုင်ရဲပြီ

ရစ်ဝဲငြိစို၊ မျည်ရည်ဆိုလျှင်

မငိုတတ်၍၊ ခြောက်သွေ့ပြတ်လပ်

နေသာတတ်ပြီ၊ လွတ်သောရင်ခွင်

ဘယ်သူဝင်ခို၊ ဘယ်လိုနေနား

ထွက်ခွာသွားလည်း၊ သနားတွယ်တာ

စိတ်မပါတော့၊ တွေ့ရာမြူးပျော်

အိပ်သော်ပျောက်မေ့၊ နောက်တစ်နေ့တွင်

အသစ်မြင်သည်၊

ရင်ခွင်အမြဲ လွတ်တကား... တဲ့လေ။

ကျွန်တော်ကတော့ ပြုံးရင်နှင့် မျက်ရည်လည်ရတုန်းမို့ပါ အစ်ကိုရယ်။ ကျွန်တော့် သတ္တိက အစ်ကို သွင်းပေးသလို ရင်ခွင်လွတ် ပြီး အခိုကွန်း အဖြစ် ထားဖို့ဆိုတာ ဝေးပါသေး။

အရှိလေး အပူကိုတောင်

ဖျောက်ချင်ပေမဲ့

ပျောက်သွားမှာလည်း စိုးရသေးလို့ပါ။

စာမေးပွဲ အောင်စာရင်းတွေ ထွက်လာသည်။ အေးအေးလည်း အောင်သည်။ မဟင်္သာလည်း အောင်သည်။ သူငယ်ချင်း တစ်တွေလည်း အောင်သည်။ ဦးခင်မောင်ရီ၏ ဇနီးကြီး ဒေါ်ဝင်းစံဖြူလည်း အောင်ပါသည်။

ခင်ညို လုံးဝ မမျှော်လင့်ပေ။ သည်လောက် အဖြစ်ဆိုးသည်ကို သူ့ တစ်သက် ဒီတစ်ခါသာ ကြုံရသည်။ ကံဆိုးကောင် သွားရာ မိုးလိုက်လို့ လာပါပြီကော။

ခင်ညို အပါအဝင် ကျောင်းသား တစ်စုကို စာမေးပွဲ အောင်စာရင်း မထုတ်ပေးဘူးတဲ့။ တတိယနှစ်နှင့် အောက်ပိုင်း ကျောင်သားတွေကိုတော့ ကျောင်းထုတ်လိုက်သတဲ့။ ဒုတိယအကြိမ် ကျောင်းထုတ်ခံရသည့် သူရဲကောင်း လူညံ့လေး။

ခင်ညို အဆောင်ပေါ်က ခုန်ချဖို့ပင် ပြင်သည်။ ဘိုးတော်က နေ့ရော ညပါ ခင်ညို နားက မခွာ။ ဆိုးသည့် ကျောင်းသားတွေကလည်း ဆိုးလွန်းသည်။ အကြောင်းမဲ့ အထင်မှား အမြင်မှားစရာ အော်လားဟစ်လား ပညာ သင်ကြား မှုကို အနှောင့်အယှက်ပေးသည်။ ပြီးခဲ့တဲ့ ဇူလိုင်လကပေါ့တဲ့။

ကျောင်းသားတစ်တွေ လက်သီး လက်မောင်းတန်း အော်ကာ ဟစ်ကာ ဆဲဆိုတာနှင့် ဆန္ဒပြကြသည်တဲ့။ အုပ်ချုပ်သူတွေ ခေါင်းကြီးစေရသည်တဲ့။

ခင်ညို မသိခဲ့။ သည်တုန်းက သူ ကြိုပြီး အရေး မြင်သည်။ အမေ့ စကား ချစ်ချစ် စကားကို နားလျှံအောင် ကြားထားသည်မို့ မှတ်မှတ်ရရ ဘားလမ်း အလွတ် ပညာသင်ကျောင်းမှာ စာတစ်အုပ်နှင့် စာသင်ဖို့ ပြင်ရ ဆင်ရချိန်။ မေ့ပျောက် ကောင်းသည် မဟုတ်သော်လည်း ကိုယ် လိုသော ပညာသင်ကြားမှု စနစ်နှင့် ဆုံစည်းရပြီမို့ ကြိုးစားခဲ့သည်။ နိုးကြား ထကြွစွာ ပညာရေးစနစ်ကို အကူအညီ ပေးခဲ့သည်။ ခင်ညို သူတကာ မရသည့် “မြန်မာ စာ ဂုဏ်ထူး” ဟူသော အမြင့်ဆုံး ပန်းကို ဆွတ်ခူးနိုင်ခဲ့ခြင်းက သက်သေ မဟုတ်လား။

ခု ခင်ညို ကျောင်းမှ အပယ်ခံရပြန်ချေပြီ။ ချစ်ချစ်များ သိလျှင် ရင်ကျိုးရော့မည်။ မေမေ သိလျှင် ဒေါသအိုး ပေါက်ကွဲတော့မည်။

ခင်ညို ဘာအပြစ် ရှိခဲ့သနည်း။ သူ ပြန်စဉ်းစားသည်။ ခင်ညို ဒါတွေ အားလုံး စွန့်ခဲ့ပြီ မဟုတ်လား။ စိတ်သစ် လူသစ်နှင့် ပညာရေးမှာသာ မဏ္ဍိုင် တည်ခဲ့သည့် မဟုတ်လား။

ခင်ညို ပျက်စီးခဲ့ရခြင်း ဟူသည်မှာ ဖြူကြောင့်သာ ဖြစ်ရပါမည်။ ဒါလည်း မည်သူ တစ်ဦးတစ်ယောက်အားမျှ မထိခိုက်သော ထီးတည်း ပျက်စီး မှုသည် ပျက်စီးမှုသည်ပင်။ စနစ်သစ်၏ သားကောင်က အနည်ထိုင်ရော့မည်။

“ကျွန်တော့်ကို သတ်ပါဗျာ၊ ကျွန်တော် ပညာရေးစနစ်ကို နှောင့်ယှက် ရင် ငြိမ်းချမ်းစွာ ပညာသင်ကြားသည့် ကျောင်းသားများကို နှောင့်ယှက်ရင် တီးတိုး ဝါဒဖြန့်ရင် သည်လိုစနစ်ကို အကူအပံ့ပေးသူ တစ်ယောက်က သူ ကြိုက်သည်ဆိုသော ပညာရေးကို ပုတ်ခတ် ပြောဆိုသည်ဆိုလျှင် ခင်ညို ရင်ကော့ပြီး ခံပါမည်။

“အမေကပါ သားနှင့်အတူ သား၏ သစ္စာတရားကို သက်သေ ထူ လိမ့်မည်”

ခင်ညို ထကြွခဲ့ပါသည်။ အသံဝင်အောင် အော်ပြီး လက်သီးကို မိုးထိ ခမန်း ထောင်ခဲ့ပါသည်။

လိုတာကို မရလို့ပါ။ ဖြူကို မရလို့ သောက အရှည် တည်သလို လိုသည့်အခါက ခင်ညို ထကြွခဲ့ရိုး အမှန်။ ခေါင်းမာခဲ့ရိုး အမှန်။

အခု ဖြူကို မရသော်လည်း သူ အားထားသော စနစ်ကို သူ မြတ်နိုး ခုံမင်စွာပင် ဦးညွှတ်ခဲ့သည်။ သူလိုလူတွေ ဖြစ်အောင်ပင် စနစ်သစ် ပညာရေးအတွက် အကူအညီ ပေးခဲ့သည်။ တတ်စွမ်းပါသမျှ ကူမခဲ့သည်။ တရားသေ ဝါဒကို ခင်ညို မကိုးကွယ်သည်မှာ မေမေ အသိ။ ဖြူ ကိစ္စကိုတော့ ခွင့်လွှတ် ကြပါ။

“မင်းက နောက်တုန်းက ထခဲ့လို့ ဖြစ်မှာပါကွာ”

ထို့နောက်တုန်းက လွတ်ငြိမ်းခဲ့ရပါပြီဗျာတို့။ ခင်ညို အခု နောက်တုန်းက လူ မဟုတ်ပါဘူး။ စနစ်သစ် ခင်ညိုပါ။

“မင်းက တစ်ခုခုမှာ ထူးချွန်အောင် လုပ်လေ့ရှိတယ် မဟုတ်လားကွ၊ ဆိုပါတော့ကွာ၊ မြန်မာစာဌာနမှာ မင်းက သူတကာထက် ကဲပြီး အကောင်းဆုံး ဂရိတ်စွဲတယ်၊ ပြီးတော့ စာလေးပေလေး အနုပညာ လိုင်းလေးမှာလည်း အစွမ်းလေးက ထွက်လာတယ် မဟုတ်လား၊ ဒီတော့ မင်းကို ဂျဲလပ်စ် (မနာလို စိတ်)ဝင်တဲ့ လူတွေ ရှိတာပေါ့ကွ၊ ဒီတော့ မင်းကို အပြစ်ရှာဖို့လည်း နောက်က ရှိခဲ့တော့ အချိန်မီ ဒေါက်ဖြုတ်တာပေါ့ကွ”

“မဖြစ်နိုင်ဘူးဗျာ၊ မဖြစ်နိုင်ဘူး၊ ကျွန်တော် ဘယ်သူ မုန်းအောင်မှ မနေဘူး၊ စာ ကြိုးစားတာ မဂ္ဂဇင်းကိစ္စနဲ့ တခြား အကူအညီပေးတာတွေလည်း လုပ်သင့်တဲ့ အများအကျိုး လုပ်တာ၊ ကျွန်တော့်ကို မနာလိုတဲ့ လူ သည်လောက လေးမှာ မရှိဘူး”

“ဘယ်ဟုတ်မလဲကွယ်၊ မင်းက သည်နှစ် ဖိုင်နယ်၊ တော်ကြာ မင်း အရှိန်လေးနဲ့ မင်း အခြေခံလေး ကြိုးစားမှုလေးတွေနဲ့ ကွာလီဖိုင်း ဖြစ်မယ်လို့ ထင်သူတွေက ထင်ထားတယ်၊ ပြီးတော့ မင်းက အစလေးထောင် အစွန်းလေး ထွက်တော့ ဦးချိုးချင်တဲ့ လူက ရှိမြဲပဲကွ၊ အညွန့် မတက်နိုင်အောင် ပိုင်းပစ် ချစ်တဲ့ လူတွေကလည်း ရှိတာပေါ့။ သူတို့တွေ နာမည် ယူမလို့ ပြင်လိုက်ရင် မင်းက ရှေ့က ရောက်နေရင်း ဆိုတော့၊ ပြီးတော့ မင်းတို့ ဌာနကလည်း ညီညွတ်မှု ရှိသကိုးကွ၊ အဲဒီတော့ မင်းကို အမြင်ကတ်တဲ့ တစ်ကောင်ကောင်က တွယ်တာပဲ၊ မင်းကို ချမလို့ ချောင်းနေတာ၊ အခု အကွက်ဝင်တုန်း သရမ်းတဲ့ ကောင်တွေကလည်း ရှိတော့ ရောပြီး ဆွဲလိုက်တာပဲပေါ့”

“ကျွန်တော့်ကို အထင် လွဲကုန်ပြီဗျာ၊ ဂုဏ်ထူးရလို့၊ နာမည်ကြီးလို့၊ တက်ကြွလို့ ဆိုရင် အားလုံး ပြန်ပေးပါ့မယ်ဗျာ၊ မေမေ သေလိမ့်မယ်၊ ချစ်ချစ် လည်း ရင်ကျိုးလိမ့်မယ်၊ စာမေးပွဲသာ အောင်စာရင်းလည်း ထွက်ပေးစေချင် ပါတယ်၊ အဲဒီ စာမေးပွဲမှာလည်း ကပ်ပြီး အောင်လည်း အအောင်ပဲ ပေးပါ။ ဟိုနှစ်က အမှတ်တွေ အများကြီး ဖြစ်တာလည်း ပြန်ယူပါ၊ လူတွေ သိတယ် ဆိုတဲ့ ခင်ညိုဆိုတဲ့ နာမည်ကို ကျွန်တော် ပြောင်းဆို ပြောင်းပါ့မယ်၊ တက်တက် ကြွကြွ မနေနဲ့ ငြိမ်နေဆိုလည်း နေပါ့မယ်ဗျာ”

ခင်ညို လူတကာကို အကူအညီ လိုက်တောင်းရသည်။ ပြွန်တန်ဆာ ပြန်ပြီး ရှင်းပြပေဦးမှ၊ ချစ်ချစ်ကို နားအေးစေဦးမှ။

အချစ်ကလည်း အပယ်ခံရသည့် ခင်ညို။

စနစ်ကလည်း အပယ်ခံရသည့် ခင်ညို။ ရူးပြီ၊ ခင်ညို့ လောကကြီး ဂျွမ်းထိုး မှောက်လှန်၊ လန်ချင်တိုင်း လန်ပြီကော။ မဟာဒုက္ခ အောက်ဆုံး ကျပြီကော။ မှောင်အတိကျပြီ ခင်ညို။ မိုးပါ မက လေပါ ပြင်းသည့် မုန်တိုင်း တွင်းက ငှက်တေလေလေး။

သည်တစ်ခါတော့ ချစ်ချစ်ဆီ ခင်ညို အပြေး သွားရသည်။ သတင်း ကြားပြီး မေမေကလည်း ရောက်လို့။ ခက်ပြီ။

ချစ်ချစ်က ရောက်ရောက်ချင်း သည်လို အလုပ်မျိုးတွေ ဆန့်ကျင်ပြီး လုပ်ရပါမို့လားဆိုပြီး အော်ကြီးဟစ်ကျယ် ပြောပြောဆူဆူ ငိုသည်။ ဆုံးမလို့ မရတဲ့ ကောင်ပဲ။ အသိမဲ့တဲ့ နွားပဲ။ သူ့ကို ပြောရတာ ကျွဲပါး စောင်းတီး သလိုတဲ့။ လုပ်တဲ့ကောင် ခံတဲ့။ ကျွန်ဖြစ်မယ့်ကောင်၊ အမွေးအတောင် တပ် ပေးတာတောင် စေတနာကို မသိဘူးတဲ့။

အေးအေးကတော့ သူ စာမေးပွဲ အောင်လျက်နှင့် အစ်ကို့ အကြောင်း ကြားလို့ မျက်ရည်အိုး သွန်ရပြန်သည်။

ကိုရဲကတော့ ဘာမှ မသိ။ တက္ကသိုလ် ရောက်စ လူပျိုပေါက်လေးမို့ ဆူဆူညံညံ မကြားချင်ဟန် အိမ်ပြင် ထွက်နေသည်။

မေမေ။ သည်မေမေက သားအကြောင်း သိသည်။ သား လိမ္မာသည်ကို မေမေ အသိဆုံး။ အမေ့ကို ကတိ ပေးပြီးသား။ စာ ကြိုးစားသည်။ လူကောင်း ဖြစ်အောင် ကြိုးစားသည်ကို အမေ အသိဆုံး။

သားကိုလည်း စိတ်ချ၍ သား ရှင်ပြသည်ကိုလည်း အကြွင်းမဲ့ ချိန်ဆပြီး လက်ခံသည်က သည်အမေလေ။

သည်အမေက ခုတော့ တက်မတတ် ငိုသည်။ ထိန်းမရ၊ သိမ်းမရ။ စိတ်ကလည်း ကြီးဘိသနှင့်။

“ငါ့သား အမှား မလုပ်ဘူး မရွှေချစ်၊ နင့်တူ အကြောင်း နင် မသိ ဘူးလား၊ နင် ဒီလောက် လက်ပွန်းတတီးနေတာ ဒီကောင် လုပ်ရင် လုပ်တယ် ပြောတာပဲ၊ အညိုနဲ့ ငါ အများကြီး ဆွေးနွေးပြီးပြီ၊ ငါ့သားကွယ်... မမိုက်ဘူးဆိုတာ နင်တို့ ယုံ၊ သူ ကြိုက်တယ်၊ သူ ကြိုးစားမယ် ဆိုရင် ငါ့ သားကို ဘယ်သူ ကြောဖူးလို့လဲ၊ ခု သူ ကြိုးစားတာပဲ၊ မိန်းမ ကိစ္စမှာ အဖြစ် မရှိတာက လွဲရင် ငါ့သား နေရာတကာ အဖြစ်ရှိတယ်၊ အခု ငါ့သား အပြစ် မရှိဘူး”

အမေ သားအတွက် ငိုခဲ့သည်။ ခင်ညို ဂုဏ်ထူးတန်း ပထမနှစ် ကျောင်းထုတ်ခံရစဉ်က အမေ ဖြူသည် မဟုတ်။ ငိုဖို့တော့ ကျဲသေး။ လုပ်လို့ ခံရတာ ဆိုပြီး အားပေးခဲ့သေးသည်။ လုပ်ရဲရင်လည်း ခံရဲမှ သတ္တိလို့ သည်အမေက ပညာ ပေးသည်။

အခု အမေ ငိုသည်က အငိုလေး မဟုတ်။ အငိုကြီး၊ ငိုမနေနဲ့ အမေ၊ သားလည်း လောကဓံ အတော် ကျေပါပြီ။ စုံလည်း စုံပါပြီ။ သား စာရေးမယ်။ ပန်းချီ ဆွဲမယ်။

မမနှင်းကလည်း မတွေ့ရတာ ကြာနေပြီ ဖြစ်သည့် ခင်ညို့ကို သည် တစ်ခါတော့ အပြစ် မပြောပေ။ စိတ်ညစ်စရာတွေ ဖြေရင်း ပြွန်တန်ဆာမှာ နေချေဦးတဲ့။ မင်း ငါ့ကို ညှာဘို့ ကောင်းတယ်တဲ့။ မင်းအတွက် ဒါ ငါ နောက်ဆုံး ငိုတာပဲဆိုပြီး ငိုပြန်သည်။

မကြာခင် ကိုထင်ကျော်နှင့် လက်ထပ်တော့မည့် သတို့သမီးလောင်း၏ အပူကိုလည်း မကြည့်နိုင်သည်မို့ ခင်ညိုကပင် ချော့ရပြန်သည်။

မျက်ရည်သာ အားကိုးတော့သည့် ခင်ညို့ အသိုက်အဝန်းပါလား။

ခင်ညို ပြွန်တန်ဆာမှာ ကြာကြာ မနေဖြစ်ပါ။ ချစ်ချစ် နားလည် သဘောပေါက်ချိန်၊ မေမေ့ကိုလည်း အားဖြည့်ပြီးချိန်တွင် ပြန်ခဲ့ရသည်။ အေးအေးနှင့် ရဲကိုလည်း လိမ္မာဖို့၊ မမနှင်းကိုလည်း ကျေနပ်ဖို့ ကြိုးစား ရှင်းပြခဲ့ရသည်။

အခုအချိန် အစ်ကို အောင်နိုင်ကြီးကလည်း ကျောင်းဖျက်ကာ ပြန်ကြား ရေး ဌာနတွင် အရာရှိကြီး ဖြစ်နေပြီမို့ ပြွန်တန်ဆာမှာ မရှိပြီ။

သူ လေးစားသည့် ဆရာလှတို့ ဆံပင်ညှပ်သမား ဦးလေးတစ်တွေ၊ အကိုတစ်တွေ၊ သူငယ်ချင်းတစ်တွေကိုလည်း ရှင်းနိုင်သမျှ ရှင်းပြီး ချက်ချင်း ပြန်လာရ၏။

သို့ဖြင့် အဆောင်မှာ မနေအပ်တော့သည်မို့ ခင်ညို့ကို မေတ္တာထားသည့် ဆရာ သမားတွေထဲမှ ဆရာ ဦးချစ်ဖေ အိမ်ရှိရာ ရာမညဆောင်တွင် ပစ္စည်းတွေ အပ်ခဲ့ရသည်။ ဆရာတွေကလည်း သနားခြင်း ကရုဏာနှင့် ဆရာရော ဇနီး သည်ပါ ကိုယ်တိုင် ကားနှင့် ပစ္စည်း ရွှေ့ပေးခဲ့ကြသည်။

ရန်ကုန် ပြန်ရောက်တော့ ဆရာနန်းက ပြန်ရောက်နှင့်နေပြီ။ အဖြစ်စုံ ကိုလည်း ကြားပြီး သိပြီးပြီ။ ဖြူ ကိစ္စရော ခင်လို့ ကျောင်းကိစ္စပါ။ ဆရာနန်း သည် တပည့်အတွက် မည်မျှ ခံစားထားရသည် မသိ။ အမူအရာ ပျက်နေပြီ။ သူ့ ပြောင်နေသော နဖူးကို ပွတ်ကာ ပွတ်ကာနှင့် စကား မပြောနိုင်အောင် ဖြစ်နေပြီ။

ဆရာနန်း ရုံးခန်း ရောက်ရောက်ချင်း ခင်ညို ဆရာ့ ပစ္စည်းပုံကို စားပွဲပေါ်မှာ တင်လျက်ပင် တွေ့၏။ ပေရွက်တွေ၊ ဘုရားကျိုးလေးတွေ၊ ပုဂံခေတ်သုံး ဆေးတံအိုးပဲ့နှင့် မြေအိုး နှုတ်ခမ်းကွဲတွေ။ ပြီးတော့...

ခြူးရုပ် ပန်းကွက်နှင့် ရွှေတဝင်းဝင်း ထွက်နေသော ယွန်းဘူးလေး။ ယိုးဒယားကွက် အပြည့်နှင့် ပန်းအိုးလေး။ တစ်ပေလောက် မြင့်သည့် ကိန္နရာ ရုပ်လေး။

ဆရာ ခင်ညို့ အလိုကို သိပ်လိုက်ပါလား။ ခင်ညို အားလျော့ ညှိုး ငယ်စွာ ထိုင်နေရာမှ ချက်ချင်း ခါးကို မတ်လိုက်မိသည်။ မျက်လုံးက အရောင် တောက်လာသည်။ အကျိုးအပဲ့တွေ ဘေးတွင် ဖဲကြိုးလေးနှင့် စည်းထားသည့် ပစ္စည်းလေး သုံးခုကို ခင်ညိုက လှမ်းဆွဲလိုက်သည်။

“ဒါ ကျွန်တော် မှာတဲ့ ပစ္စည်းတွေလား ဆရာ ဟင်” ခင်ညိုသည် တုန်ယင်သော လက်နှင့် ကြိုးစလေးကို ဖြေရင်း မေးလိုက်၏။ သူ့ အမူအရာက မမှန်တော့ပြီ။ သူ့ နှလုံးသားက ဆူလာပြီ။

“ဘာဖြစ်လို့ ဝယ်လာရတာလဲ ဆရာရယ်” ဝန ခင်ညိုသည် မျက်လုံးအိမ်မှာ မျက်ရည်ပူတွေ စီးကျလာသည်ကို မသုတ် မိပေ။ ပေါင်ဒါဘူးလေး တစ်လှည့်၊ ကိန္နရာရုပ်လေး တစ်လှည့်၊ ပန်းအိုးလေး တစ်လှည့် အပြန်ပြန် ကြည့်နေလိုက်သည်။

ဆရာနန်းက ခင်လို့ကို ကြည့်ပြီး ကြောင်နေသည်။ သူ့တပည့်ကို ဘာမှ မပြောမိ။

“ဆရာ၊ ဒီပစ္စည်းတွေ ကျွန်တော် မှာလို့ ဝယ်ခဲ့တာလား ဟင်”

ထပ်မေးပြန်ပြီ။ ဆရာကတော့ သူ့ တပည့်ကိုသာ ကရုဏာ အပြည့်နှင့် ကြည့်နေမိသည်။

ဖြူကို လက်ဆောင်ပေးဖို့ ငါ မှာခဲ့တာ။ ကြည့်စမ်း၊ ဆရာက ငါ့ကို ပျော်ပါစေ၊ သူ့ အချစ်လေးအတွက် လက်ဆောင် ပေးပါစေဆိုပြီး ကိန္နရာ ကကြိုးလေးပါ ဝယ်ခဲ့သေးတယ်။

ငါ စေတနာ မရှိဘူး။ ငါ တန်ဖိုးထားတဲ့ မေတ္တာကိုတောင် အလွဲ သုံးစား လုပ်တဲ့ မိန်းမ၊ သည်လို လက်ဆောင်မျိုးကိုတော့ ဟင်း။ ဒီကိန္နရာ ရုပ်လေးက ဘယ်လောက် အပြစ်ကင်းလဲ။ အို... ပျော့ပျောင်းတဲ့ ကကြိုး လေး၊ ပန်းပု လက်ရာကလည်း တော်လိုက်တာ၊ ခါးလေးက ကွေးလို့၊ ရင်သား လေးတွေကလည်း ပြေပြေလေး။ သူလို အရုပ်လေးတွေ ချစ်တာကမှ မေတ္တာ မှန်လိမ့်မယ်။ ဒီအရုပ်လေးက ငါ့ကို လှည့်စားမှာ မဟုတ်ဘူး။ မချစ်ဘဲနဲ့ ချစ်တယ်လို့ လိမ်ပြောမှာ မဟုတ်ဘူး။ ပညာသည်မလေးလည်း မဟုတ်ဘူး။ သည်အရုပ်လေးကို ချစ်ရတာ ငါ့အတွက် အန္တရာယ်ကင်းတာ။

ခင်ညိုက အားလုံးကို မေ့ပြီး အရုပ်လေးကို လက်နှင့် ပွတ်၏။ သူ့ အပြုံးလေးက ချက်ချင်း ညှိုးချုံးကျသွားပြန်သည်။ ဆရာကတော့ ခုထိ တုဏှိဘာဝေ ဆိတ်ဆိတ်နေတုံး။ သူ့ တပည့်ကို မမြင်ဖူးသလို ကြောင်ပြီး ကြည့်ငေးနေသည်။

“မချစ်ဘူး၊ မချစ်ဘူး၊ ကိန္နရာမလည်း ငါ မချစ်ဘူး၊ မချစ်ဘူးကွာ၊ သွားကွာသွားကွာ”

“အညို”

ဆရာက လေးအေးအေးနှင့် အခုမှ ခင်ညို့ကို ခေါ်သည်။ ခင်ညိုက ချက်ချင်းခဏမှာပင် အရုပ်လေးတွေ၊ ဘူးလေးတွေကို နံရံနှင့် ပေါက်ပစ်လိုက်ပြီ။ အစိတ်စိတ်အမြွှာမြွှာ တစ်စစီ ဖြစ်နေကြပြီ။ ခုနကတုန်းက ရွရွလေး ကနေတဲ့ ကိန္နရာမကလေး။

“အညိုက သိပ်စိတ်မြန်တာကိုကွ၊ ကိုယ့်ကိုယ်ကိုယ်လည်း သိထားဦး မှပေါ့၊ မင်းလည်း ခရီးပန်းလာတာ နားနားနေနေ ထိုင်ပါဦး”

ဆရာနန်းက သူ့တပည့် စိတ်ကြိုက် ပစ်ခွဲနေသည်ကို လုံးဝ မတား။ “အညို” တစ်လုံးသာ ခေါ်သည်။ စိတ်ရှိတိုင်း ကြဲစေတော့။

“ကျွန်တော် သေချင်ပြီ ဆရာရယ်၊ ဆရာ သွားကတည်းက ကျွန်တော် နွားဖြစ်တာပဲ၊ ကျွန်တော့် ရင်ထဲမှာ ဘာမှ မရှိတော့ဘူး ဆရာ၊ နော်... အားလုံး ဆုံးပြီ၊ ပညာလည်း ဆုံးပြီ၊ ဖြူလည်း လက်ထပ်သွားပြီ၊ သွားပြီ ဆရာ၊ အားလုံးသွားပြီ”

“အေးပေါ့ကွာ၊ ငါ မင်းကိစ္စ အားလုံး သိပြီးပါပြီ၊ နားပါဦး အေးအေး ဆေးဆေး၊ မင်း ပစ္စည်းတွေ ကိုချစ်ဖေ အိမ်မှာလား”

ဆရာက သူ့ တပည့်ကို လမ်းပြောင်းလိုက်၏။

“ဟုတ်ပါတယ် ဆရာ၊ လောလောဆယ်တော့ ကျွန်တော် ဆရာ ဦးချစ် ဖေ အိမ် နေရမှာပဲ၊ မြို့ထဲက ကျောင်းက ရှိနေတော့ ပြွန်တန်ဆာ ပြန်နေ လို့လည်း မဖြစ်ဖူး”

“အေးလေ၊ ကိုချစ်ဖေ အိမ်မှာလည်း မင်း လွတ်လပ်တာပဲ၊ ငါ့ အိမ်မှာ နေရင်လည်း ဖြစ်တယ်၊ မနက်ကတောင် မင်းသူငယ်ချင်း ကျော်ညွန့်တို့ ခင်မောင်မြင့်တို့နဲ့ တွေ့တယ်၊ သည်ကောင်တွေလည်း လှည်းတန်းထဲမှာ စုပြီး အိမ်ငှားထားသတဲ့၊ မဟာဝိဇ္ဇာတက်နေတဲ့ ထွန်းသန်းလည်း သူတို့နဲ့ အတူပဲ၊ မင်းကိစ္စအတွက်လည်း သူတို့အားလုံး စိတ်မကောင်းကြဘူး၊ သူတို့လည်း ခုတစ်ရက် နှစ်ရက်ဆို စာအုပ်ဆိုင် စုဖွင့်ကြမလို့တဲ့၊ ဟို ယူနီယံ ဓာတ်ပုံဆိုင် အောက်မှာလို့ ပြောတယ်၊ အားလုံးတောင် ပြင်ပြီး ဆင်ပြီးနေပြီ ထင်ပါရဲ့။ မင်း သူတို့နဲ့လည်း သွားတွေ့လိုက်ဦးပေါ့”

ခင်ညိုလည်း သနားစရာ သတ္တဝါ တစ်ကောင် ဖြစ်နေရပြီပဲ။

*


အခန်း ၂၄

 

ခင်မောင်မြင့်တို့ အတင်းခေါ်သည်နှင့် ခင်ညို သူတို့ အိမ်ကို ပြောင်းဖြစ်သည်။ သူတို့တွေကတော့ စာသမားတွေမို့ “ဦးဆောက်ပန်း” စာပေ ဆိုပြီး ဆိုင်ကနား ဖွင့်ဖြစ်သည်ထိ ကျိတ်ကြံ ကြိုးစား ဖြစ်ကြသည်။ တက်လူတွေပဲ။

ခင်ညိုလည်း သူတို့တွေနှင့်နေမှ စာအုပ်တွေကြား ရောက်ရပြန်သည်။ ရောဂါကြွင်းလေးတွေ ကတော့ မကုန်။ သမင်မိုက်လေး ကဗျာဆရာကလည်း ဘဝတူ “ငခံ” ချင်းမို့ ပေါင်းလို့ ဖြစ်သည်။ ပြောစရာကို ပြောလို့ ဖြစ်သည်။ ထွန်းသန်းတို့ ခင်မောင်မြင့်တို့က မိန်းကလေးတွေ၏ အလှဘွဲ့ကို မမောတမ်း ပြောနေကြချိန်တွင် ခင်ညိုနှင့် ကျော်ညွန့်တို့ မဃဒေဝက မိန်းမဆိုးဘွဲ့တွေ ထုတ်ရင်း၊ မုဒုလက္ခဏာထဲက မိန်းမ ပညာတွေ ထုတ်ရင်း နာကျည်းမှ အရင်းခံ လေးတွေနှင့် ဥုံ ခံနေရချိန်။

ခုအချိန် ထွန်းသန်းတို့တွေ၊ ခင်မောင်မြင့်တို့တွေ အလုပ်ကိုယ်စီ ဖြစ်နေ ကြသလို တခြား သူငယ်ချင်းတွေလည်း အနယ်နယ် ပြန်နေပြီ။ စိုးလွင်ဆို စစ်ဗိုလ် ဖြစ်နေပြီ။ ကျော်မြင့်လေးလည်း ဗိုလ်ကျော်မြင့် ဖြစ်ပြီး နေသွင်တို့၊ ကိုမြင့်ဦးတို့က ပျဉ်းမနား ပြန်ကုန်ပြီ။ ချစ်ဆွေက ကျောင်းဆရာ။ သထုံသား တင်အောင်ညွန့်တို့လို ကိုယ့်အရပ် ကိုယ်ပြန် ဆရာ လုပ်နေသူတွေလည်း ရှိသည်။ ဝင်းတင့်တို့လို အလုပ်ရှာရင်း ထမင်းပြတ်သူတွေလည်း ပြည့်နှင့်သည်။ ခင်ညိုလို လေလွင့်ရင်း ကျောင်းဆရာ လခလေးနှင့် ရပ်တည်နေရသူတွေလည်း ပြည့်လို့။

တက္ကသိုလ်ဆိုတာ အရပ်တကာ သည်လို ကျောင်းသား ကျောင်းသူ တွေ လာကြ၊ ပညာ ရှာကြရင်း၊ ခင်မင်ကြရင်း ချစ်လျက်နှင့်ခွဲ၊ လမ်းကွဲသလို လမ်းခွဲကြတာပဲ။

ဘယ်သူ ဝင်လာလာ ဘွဲ့နှင်းသဘင် အဆောက်အဦးနှင့် တကွသော အဆောက်အဦးတွေ၊ ရေတမာပင်တွေ၊ ကံ့ကော်ပင်တွေက ကြိုနေကြလိမ့်မည်။ စိန်ပန်းပွင့်လေးတွေ ခင်းပြီး စောင့်လိမ့်မည်။ ကံ့ကော်သင်းနံ့လေးနှင့် မြူလိမ့် မည်။ ပိတောက်ပွင့်ဝါလေးတွေနှင့် ကျူလိမ့်မည်။

အသစ်တွေ ဘယ်လိုလာလာ၊ သူတို့ ဝမ်းသာကြမှာပဲ။ အသစ်တွေ ဟောင်းသွားတော့လည်း သူတို့ ရင်ခုန်ကြမှာ မဟုတ်တော့ဘူး။ အဓိပတိ လမ်းမကြီး၏ မျက်နှာလိုပဲ။ ရင့်ကျက်သည့် အသွင်နှင့် တာဝန် ထမ်းသွားကြ မှာပဲ။

သူတို့က တက္ကသိုလ် ဝါရင့်ကြီးတွေလေ။ ဝင်လာသူတွေ နားခိုသူတွေ၊ ထွက်သွားသူတွေ၏ ငိုသံတွေ၊ ရယ်သံတွေ၊ ရင်ခုန်သံတွေကို သူတို့ အားလုံး သိခဲ့ပြီပဲ။ တက္ကသိုလ်က သူတို့ဆိုသော အဖြစ်တွေထဲမှာ တူတာတွေလည်း ရှိသည်။ ကွဲတာတွေလည်း ရှိသည်။ အင်းလျားကန်ကြီးဟာ သာယာတယ် နော်လို့ ပေါ့ပေါ့လေး ပြောသော ကံ့ကော်တောက ဣန္ဒြေမပျက်ပါဘူး။ အို... လွမ်းသူတို့၏ မခန်းသော မျက်ရည်တွေပါလို့ ဆိုလည်း တုန်လှုပ်ကြမည် မဟုတ်။

သူတို့ ဝါရင့်ကြပြီလေ။ သူတို့ အတွေ့အကြုံ များခဲ့ပြီပဲ။

တစ်ခါတစ်ခါ ခင်ညိုက သူ ချစ်သော၊ နှစ် ရှည်ရှည်ကြာကြာ နေလာ ခဲ့သော အမိတက္ကသိုလ်ကြီး အကြောင်း စဉ်းစားမိသည်။

သူ သည်နားကလည်း မခွဲနိုင်ခဲ့ပါ။ သူ မုန်းစရာတွေ တစ်ပြုံတစ်မကြီး ရှိသော်လည်း သူ့ အသည်းကို မီးနှင့်လောင်လိုက်သလို ရှို့စာကြီးတွေ ရှိနေရာ ကပင် သူ ရုန်းမထွက်နိုင်ခဲ့ပါ။ အချိန်အားတိုင်း သည်နားမှာပင် တရစ်ရစ် တဝဲဝဲလည်နေမိခဲ့သည်။

တစ်ခါတစ်ခါ စိတ်ကို ထိန်းပြီး လျှောက်သည်။ တက္ကသိုလ် ရုံးရှေ့က သစ်ပုတ်ပင်ကြီး နားရောက်လျှင် ရင်ထဲက တလှိုက်လှိုက် ရုန်းသံနှင့် နေရ ခက်ပြန်သည်။ သူ ငဲ့ပြီးမှ မကြည့်ရဲ။ မကြည့်သော်လည်း သူ မြင်ပြန်သည်။ သစ်ပုတ်ပင်ကို မသိဟန်ပြုသွားကာမှပင် သစ်ပင် အမြစ်ခြေမှ ဖြူက လှမ်း ခေါ်နေသလိုလို၊ ဖြူနှင့် ယဉ်ယဉ်နွဲ့က သူ့ကို ငေးပြီး ကြည့်နေကြသလိုလို။

ဘွဲ့နှင်းသဘင်ကို လွန်လို့ အင်းလျား ရေပြင်ကျယ်ကြီး လှမ်းမြင် ပြန်တော့လည်း သူ ရှေ့ဆက် မလျှောက်ရဲပြန်။ လှေပေါ်မှာ ဖြူ။

အဓိပတိလမ်း မြေပေါ် မနင်းရဲသည်နှင့် ဝိဇ္ဇာခန်းမ စာသင်ခန်းတွေ ကြားက ဖြတ်သွားတော့လည်း ဂျပ်ဆင် အဆောက်အဦးကြီးကို ဦးမတိုက်လို့ မဖြစ်။ ဦးတိုက်ပြန်တော့လည်း “သူ မြန်မြန် တက်ခဲ့ကွယ်၊ ဖြူ၊ ကြောက် တယ်” လို့ မျှော်စင် အထက်ဆီမှ ခေါ်သံသဲ့သဲ့က လေအဟုန်နှင့် ဆင်းလာသံ။

“တက္ကသိုလ်ထဲမှာလေ၊ သီရိဆောင်ဟာ ကျက်သရေ အရှိဆုံး သိလား ဘာဖြစ်လို့”

“ဖြူ ရှိနေလို့ပေါ့ကွ”

“စိန်ပန်းတွေ အများကြီး ပွင့်ပေမဲ့၊ ပေါက်ပင်တွေ အများကြီး ရှိပေမဲ့ တက္ကသိုလ်ထဲက ပန်းအနီတွေထဲမှာ သီရိဝင်းထဲက စိန်ပန်းနှင့် ပေါက်ပွင့်ကမှ နီတာဗျ”

“ဘာဖြစ်လို့”

“သိသားနဲ့ကွာ၊ ပြီးတော့လေ၊ မရမ်းပင်တွေ သည်ကျောင်းဝင်းထဲမှာ အားလုံး အချဉ်ချည်းပဲ ဖြူ ရ၊ ဟောဒီ သီရိ ခြံထောင့်က အချဉ်သီးကျတော့ ချိုနေရောကွာ၊ ကဲ...”

“သူ သကြားနဲ့ မှားစား ထင်တယ်၊ မဟုတ်ပါဘူးကွာ၊ ကျန်စစ်သား လာတဲ့နေ့က သမ္ဘူလ တစ်ယောက် အဆောင်ပေါ်က ပြေးဆင်းလာလို့ပါ”

ခင်ညို သည်နားမှာလည်း ကြာကြာ မနေရဲပါ။

အို... တက္ကသိုလ် တစ်ဝင်းလုံး သူ နေရဲစရာကို မရှိပါ။ ဖြူနှင့် သူ ဖြန့်ခဲ့သည့် ခြေရာက တက္ကသိုလ်မြေအနှံ့ မဟုတ်လား။

ခင်ညို တစ်ယောက်ထီးတည်း ဟိုတိုး သည်တိုး တိုးနေသည်ကို ဆရာ နန်းက စိတ်မချပေ။

စိတ်မချသည်မို့ အဖော်အပေါင်းနှင့် သွားသည် . ဆိုပြန်တော့လည်း ခင်ညိုက မူးပြီး ပြန်လာပြန်၏။ တစ်ခါတစ်ခါ ခင်ညို မူးပြီး လဲနေရာကို ကျော်ညွန့်တို့ပင် မသိ။ အသိအကျွမ်းတွေ ကျောင်းသားဟောင်းတွေ လာတွဲပို့မှ ပျော့ပျော့ခွေခွေ ခင်ညို ပါလာတတ်သည်။

“ကိုခင်ညို၊ ခင်ဗျား ဒါလောက်တောင် စိတ်မှာ အကျိတ်အခဲဖြစ်ရင် လဲ သွားခိုးဗျာ၊ ကျွန်တော်တို့ လိုက်ခဲ့မယ်၊ ဘယ့်နှယ်လဲ၊ အက်စ်တီဘီက ဦးတင်အုန်း ကား ဆွဲလည်း ရတယ်ဗျာ၊ ကျွန်တော်တို့ သူငယ်ချင်း မြသောင်း ကားလည်း ရှိတယ်”

တစ်ခါ တစ်ခါ မြင်နေရသည်ကို စိတ်မောလွန်းသောကြောင့် အတူ နေသည့် ကျော်ညွန့်တို့က ဆွပေးကြည့်သည်။

“မဖြစ်ပါဘူးဗျာ၊ ပြောမနေကြစမ်းပါနဲ့၊ ဒီမိန်းမ ခုလောက်ဆို အို... တော်ကြဗျာ၊ စိတ်ညစ်တယ်”

“အေးဗျာ၊ ခင်ဗျား အစား ကျွန်တော်တို့ပါ ရင်နာပါတယ်၊ မိန်းကလေး က ရိုးပုံရိုးပန်းနဲ့ အတော်လာတဲ့ မိန်းကလေးဗျ၊ အသည်းနှလုံးမှ ရှိရဲ့လား မသိပါဘူးဗျာ”

“ဒါလောက်တောင် ဂုဏ်မက်ရလား၊ ဂုဏ်တွေ ငွေတွေ မက်နေရင် လည်း ဘာလို့ နန့်ရတာလဲ၊ သူများ သားသမီးကို ပျက်စီးအောင် လုပ်ပြီးမှ လင်ယူလို့ ရလားဟ ဆိုပြီး ပါးကို ဘယ်ပြန် ညာပြန် ချပစ်ချင်တယ်ဗျာ၊ ကိုးဆယ် ဒီဂရီ သေသေချာချာ တည့်ပြီးတော့ ရိုက်၊ စောင်းသွားတာနဲ့ ပြန် တည့်ရိုက်”

“တော်ပါတော့ဗျာ၊ ဘာမှလဲ အကြောင်း မထူးတော့ပါဘူး”

“အေးလေ၊ ခင်ဗျား ဒီလောက် သိထားရင် ပြီးတာပါပဲ၊ ခင်ဗျား ဆရာနန်းလည်း မပြောပေမဲ့ အတော်လေး ထိခိုက်နေပြီဗျ၊ ဆိုင်ထဲ ဝင်လာ တာနဲ့ ခင်ဗျား မမြင်ရင် ခင်ဗျား နာမည် အရင် မေးတာပဲ၊ ခင်ဗျား ဆရာ့ကို လည်း ညှာဦးဗျ”

“ခက်တာကဗျာ၊ တို့ ဘုရားကလည်း မယားဘက် ခပ်ပါပါ ဆိုတာလို ဖြစ်နေလို့ ကျွန်တော်တို့ကလည်း ဘာမှ မပြောနိုင်ဘူး”

“ခင်ဗျား စာရေးနိုင်တာပဲ ကိုခင်ညိုရာ၊ ကိုးကားစရာတွေလည်း ကျွန်တော်တို့ဆိုင်မှာ တစ်ပုံကြီးပဲ၊ လုပ်စမ်းပါ၊ ဝတ္ထုရေးရင်လည်း ကျွန်တော်တို့ ထုတ်ဖြစ်အောင် လုပ်မယ်”

အမျိုးမျိုးပေပဲ။ ခုတလော အရက်နှင့် ဆေးလိပ်သာ အဖော် အောက်မေ့ သော်လည်း သူ့ကို လူကောင်း ဖြစ်စေချင်ကြလို့တဲ့။ ခင်ညို ဆိုးနေတာပါ ကလား။

“ဟကောင်ကြီး၊ ခေါင်းတွေ ဘာတွေလဲ ညှပ်စမ်းပါဦး အညိုရယ်၊ ပိုက်ဆံရော ရှိသေးရဲ့လား၊ ဟိုစားပွဲထဲမှာ ဆယ်တန် ငါးချပ် ရှိတယ်၊ လိုရင် အဲဒီမှာ ယူသုံး၊ ကြားလား၊ မင်း ပျင်းရင် ဦးသိန်းကြီးနဲ့ လိုက်သွားပါလား၊ ဒီလူကြီး အောက်ဒိုး ထွက်ဆွဲမလို့တဲ့”

ဆရာနန်းက ခင်ရို့ကို တဖြည်းဖြည်း သူ့အခန်း ကပ်လာစေသည်။

“အညို ဟိုမှာ စက္ကူ အဖြူ နှစ်ရွက်ယူ၊ ဒီစာအုပ်ထဲက နက္ခတ်ပုံတွေ စကေးအတိုင်း အကြီး ချဲ့ပေးစမ်းပါဦး၊ ငါ ဒီပေထုပ်လေး ဆက်ကူးဦးမယ်” ဆိုပြီးတော့လည်း ခြေငြိမ်အောင် အလုပ်ခိုင်းသည်။ လက်ဖက်ရည်ဆိုင် သွားလျှင် သူငယ်ချင်းတွေနှင့် ထင်ရာ ထွက်သွားမည် စိုး၍ လက်ဖက်ရည် ကိုပင် ဦးချစ်ဆိုင်က ပို့ခိုင်းထားသည်။

အေးအေးတို့၊ ရဲတို့ အဆောင်တွေ သွားလည်မည် ပြုလျှင်လည်း စိတ် ဖောက်ပြန်မည်ကို နားလည်သော ဆရာက သူပါ လမ်းလျှောက်ရင်း ဆိုပြီး လိုက်လာခဲ့သည်။

“တောင်တွင်းကြီး သွားရဦးမယ် အညိုရေ့၊ ဒီတစ်ခါတော့ မင်းပါ လိုက်ရလိမ့်မယ်၊ ပစ္စည်းတွေ တစ်ပြုံတစ်မကြီးနဲ့မို့၊ ဟိုက ကိုလှဖေ ပြတိုက်မှာ ကူးစရာတွေလည်း ရှိသေးတယ်”

သည်လိုလည်း ခင်ညို အညာခရီးကို ဆရာနှင့် အဖော် ပါတတ်လာသည်။

“မင်း မန္တလေးထိ ရထားနဲ့သွားပေါ့၊ ဟိုမှာ ကိုသန်းထွန်းကို သုံးရက် အတွင်း ထွက်ဖို့ ပြောပြီးတော့ သမိုင်း ကျောင်းသားတွေနဲ့ ပုဂံလိုက်ခဲ့၊ ငါ ကျောက်ပန်းတောင်းဘက်ကပဲ လာခဲ့မယ်၊ တောင်တွင်းကြီး ဝင်မလို့ကွ၊ ပုဂံမှာ ဆုံမယ်လေ”

သည်လိုလည်း ခင်ညို တစ်ယောက် ထီးတည်း ကြိုသွားနှင့်ရသည် လည်း ရှိသည်။ မန္တလေး သွားရသည့် ခရီးကတော့ မဆိုးလှ။ ဒေါက်တာ သန်းထွန်း အိမ်တွင် ကိုသိန်းသန်းထွန်းဆို ဗိုက်ကြီး တစ်ခွဲသားနှင့် တွေ့ရသော ကြောင့် ဖြစ်သည်။ မထွက်ခင် ကိုခင်မောင်အုန်းတို့၊ ကိုသိန်းသန်းထွန်းတို့နှင့် လက်ဖက်ရည်ဆိုင် ထိုင်ရသည်က ပျော်စရာ ကောင်းသား။

ပုဂံ စတုတ္ထ အခေါက် ရက်အကြာဆုံး သွားသည်ကတော့ ဗိသုကာ ကျောင်းသားများ အဖွဲ့နှင့် ဖြစ်သည်။ ဆရာနန်းတို့၊ ဆရာကျော်တို့ အပြင် ပန်းချီဦးအောင်စိုးကြီးလည်း ပါသည်။ ဦးအောင်စိုးက စက်မှုတက္ကသိုလ် တွင် နည်းပြဆရာ လုပ်နေသောကြောင့် သူပါ လိုက်ခဲ့သည်တဲ့။

ဆရာတွေနှင့် ကျောင်းသားတွေက ဘုရားတွေ တူး၊ ပေကြိုးတွေ တိုင်း လုပ်နေကြချိန်တွင် ခင်ညိုက ဆီဆေးကား လေးငါးချပ် ရအောင် ဆွဲ ဖြစ်ခဲ့သည်။ စာတွေလည်း ရေးဖြစ်ခဲ့သည်။

သည်လိုနှင့် ခရီးသည်လေး ဖြစ်မှန်းမသိ ဖြစ်လာခဲ့လေသည်။

*


အခန်း ၂၅

 

ခင်ညိုတို့ အောင်စာရင်းတွေလည်း သည်နှစ် ကျောင်းပြန်အဖွင့်မှာ ထုတ်ပေးသည်။ တချို့ အတန်း မဆုံးသေးသည့် ကျောင်းသားတွေလည်း ကျောင်း ဝင်ခွင့် ရကြသည်။

ခင်ညိုတို့ ပြန်ပြီး စန်းထလာပြီပဲ။ တငွေ့ငွေ့ ဆွေးစရာတွေချည်း ကြုံခဲ့ရာက ခုတော့ ခင်ညို ဘီအေ ဘွဲ့တွေပင် ရလို့။ မေမေတို့ ချစ်ချစ်တို့ ကလည်း ကျောင်းထွက်ပြီး အလုပ် တစ်ခုခုလုပ်ဖို့ အကြံပေးသည်။ ဆရာနန်း ကတော့...

“မင်း ပြန်ကြားရေးဌာနမှာ ရရင် ကောင်းတယ်၊ အလုပ်တွေလည်း ခေါ်နေတယ်” ဆိုသည်နှင့် လျှောက်လွှာ တင်ထားလိုက်ရသည်။ အခုတော့ ခင်လို့ စိတ်တေလေလည်း အနည်ထိုင်လာပြီ။ ဆရာနန်း ကျေးဇူးကြောင့် အရက်လည်း မသောက်တော့ပြီ။ ဆေးလိပ်သာ ဆရာနှင့် အတူ ပြိုင်သောက် နေသည်။

အလုပ် မရခင်စပ်ကြား ခင်မောင်မြင့်တို့ ဆိုင်မှာ ဝိုင်းရောင်းပေးလိုက်၊ စာအုပ်တွေ ဖတ်လိုက်၊ ဆရာနှင့် ခရီးထွက်လိုက်နှင့် သည်လောကလေးထဲ ပျော်နေပြန်သည်။

ခင်ညို သည်လို အနေ မှန်လာသည်ဆိုတော့ သူငယ်ချင်းတွေကလည်း ပျော်လို့။ တယော ထိုးလိုက်၊ သီချင်း ဆိုလိုက်၊ စာဖတ်လိုက်၊ စာရေးလိုက် နေသော သူ့ကို အားရနေကြသည်။ အကူအညီလည်း ပေးကြသည်။

ခင်ညိုကလည်း အလုပ်နှင့် လက် ပြတ်လှသည် မရှိ။ စာဖတ်လျှင် ဖတ်၊ ပန်းချီဆွဲလျှင် ဆွဲ၊ မဆွဲလျှင် ဆရာနန်း အခန်း၌ ဆရာနန်း စာတွေ ဆရာနန်း အလုပ်တွေကို ကူနေသည်ချည်း။

အခု နွေမှာ ဆရာ ပုဂံကို သွားရပြန်သည်။ ဌာနအတွက် လိုအပ်သော ဝေါဟာရများ ရှာရန်နှင့် လိုအပ်သော ပန်းချီပုံများ ဆွဲရန် ဖြစ်သည်။

“မင်း နေခဲ့ပါလား အညို၊ အေးအေးတို့ ရဲတို့လည်း ပို့ရင်း မင်း ချစ်ချစ်ဆီ ပြန်ချေပါဦးလား”

သည်တစ်ခါ ဘယ်ဖြစ်မလဲ။ အရင်တစ်ခေါက်ကတည်းက တေးလာတဲ့ ပုဂံ သီရိပစ္စယာ ရွာလေးအကြောင်း ဝတ္ထုရေးဖို့ ပြင်ထားတာ။ အခုမှ သေသေ ချာချာ ဇာတ်အိမ်ချပြီး ရေးမလို့။

“ဆရာ့ အလုပ်က ကျွန်တော် ကူရဦးမှာပါ ဆရာရယ်၊ ကင်မရာ ရိုက်ဖို့ရော၊ ပုံဆွဲဖို့ရော ပြီးတော့ ပစ္စည်းတွေနဲ့၊ အပြန်ကျတော့လည်း ဆရာက တထမ်းတပိုးကြီး၊ ပြီးတော့ ကျွန်တော်လည်း အေးအေးဆေးဆေး စာရေးချင်လို့”

ခင်ညို ပါလာရပြန်သည်။ ခင်ညိုတို့ အမြဲစီးသည့် ရထားက ရန်ကုန် နှစ်နာရီခွဲ ထွက်၊ ပျဉ်းမနားကို မနက်ကြီး စောစော ရောက်၊ ထိုမှတစ်ဆင့် ကျောက်ပန်းတောင်းကို လမ်းပြောင်းရသည်။ ကျောက်ပန်းတောင်းကမှ ပုဂံထိ ကားနှင့်။

“ဆရာ ကျွန်တော် ကိုနေသွင်တို့ ကိုမြင့်ဦးတို့ဆီ တစ်ညအိပ်ခဲ့မယ်လေ၊ အရင်တစ်ပတ်က ကျွန်တော် အိပ်ကျန်ခဲ့တဲ့ အိမ်ပါ၊ ဒီဘူတာ အကွေ့လေး တင်ပါ ဆရာရဲ့၊ နော့”

ပျဉ်းမနား ရောက်တော့ ခင်ညို ဆင်းပြန်သည်။ ယခင် တစ်ခေါက်တုန်း ကလည်း သည်မှာ သူ ဆင်းအိပ်သည်။ သူတို့ မန္တလေးဆောင်မှာ အတူ နေခဲ့သည့် နေသွင်တို့ ကိုမြင့်ဦးတို့ ရှိသောကြောင့် ရှေးဟောင်း နှောင်းဖြစ် လေးတွေ ပြောရင်း နေခဲ့သည်။ အရင်တစ်ခေါက်က ကိုမြင့်ဦးပင် ကျောက် ပန်းတောင်းထိ ခင်ညို့ကို လိုက်ပို့သည်။

“အေးလေ၊ ငါ ကျောက်ပန်းတောင်းကပဲ စောင့်မယ်၊ ကိုတင်ဝေတို့ အိမ်ကို သိတယ် မဟုတ်လား၊ အိမ် မှတ်မိတယ် မဟုတ်လား၊ ရုပ်ရှင်ရုံ ရှေ့က လမ်းနော်”

“မှတ်မိပါတယ် ဆရာရယ်၊ စပယ်ရုံလေးနဲ့ အိမ်ပါ”

ဆရာနန်းက သူ့တပည့်ကို စိတ်ချပြီး ချန်ရစ်သည်။

နေသွင်က အခုအချိန် အလုပ်အကိုင်နှင့် ဖြစ်သည်ထိ အရွှတ်အနောက် မလျော့သေး။ ကျောင်းမှာတုန်းက ပွေခဲ့ရှုပ်ခဲ့ သလိုပင် ပွေနေ ရှုပ်နေသေးသည်။

“တကယ်ပဲ၊ ခင်ဗျားကတော့ တစ်သက်လုံး ဒီအချိုးက ပြောင်းတော့မှာ မဟုတ်ဘူး”

ခင်ညိုက သူ စပ်ဖြဲဖြဲနှင့် တလှုပ်ရွရွ ဖြစ်နေပုံကို ကြည့်ပြီး မှတ်ချက် ချသည်။

“ဟ ကိုခင်ညိုရ၊ အဖိုးတန်တဲ့ လူတစ်ယောက်ရဲ့ တန်ဖိုးရှိတဲ့ အမူအရာ ဆိုတာ ကမ္ဘာတည်တဲ့ထိ ကျန်ကောင်းတယ်ဗျ၊ ကြည့်လေ၊ သည်အချိုးပဲ။”

“ခင်ဗျား၊ နေသွင့်ကိုတော့ မအံ့သြနဲ့ ကိုခင်ညို၊ နောက်တစ်ခေါက် ခင်ဗျား ဆယ်နှစ်လောက်မှ ခြားပြီး လာကြည့်၊ ဒီယုတ်ညံ့တဲ့ အချိုးပဲ ရှိဦးမှာ”

ကိုမြင့်ဦး သည်လို နှိမ်သော်လည်း နေသွင်က မဖြုန်ပေ။ လက်နှစ်ဖက် ကို ချိုင်းအောက်မှာ ခါးထောက်သလို ထောက်ပြီး “အဟမ်း” ဟုပင် မြည် လိုက်သေးသည်။ တကယ်ရွတ်။

“နေပါဦးဗျ၊ ခင်ဗျားလည်း အရင်လို တစ်ဖြူဖြူနဲ့ မအော်တော့ပါလား၊ ခံရတာများလို့ ထုံသွားပြီနဲ့ တူပါရဲ့”

ဦးပြည့် နေသွင်က ပြန်စပြန်သည်။ ဖြူအကြောင်း မေ့ထားချင်သည့် ခင်ညို မဟုတ်လား။ မမေ့နိုင်လွန်းလို့ မေ့ရအောင် ကြိုးစားနေရသည် မဟုတ်လား။ “ကျောင်းတုန်းကတော့ ပျော်တယ်ဗျာ၊ ကျွန်တော်က မနွံပေမဲ့ သူများတွေ စွဲနေရတာ ကြည့်ပြီး ပျော်တာပဲ”

ကိုမြင့်ဦးက ငယ်ချစ်နှင့် ရနေသူဆိုတော့ ရိသဲ့သဲ့ ကလိနိုင်သည်။

“ကျုပ်တို့ကတော့ မခံရဖူးပေါင်ပါဗျာ၊ ကိုယ်က ချစ်တယ် ပြောလို့ မချစ်ဘူးဆိုလည်း ပျော်ပျော်ပဲ၊ အပုလေးက မချစ်ရင် အရှည်ကို ပြောင်း၊ အဝလေးက မချစ်ရင် အပိန်လေး ပြောင်း ဟား ဟား မိန်းမတောကြီးဟာဗျာ”

နေသွင့် စကားကလေ သည်လူ တကယ် စံတင်ရမည့် လူ။ ပြောသလို ကျင့်တဲ့လူ။

“အေးပါ၊ ခင်ဗျားလို လူတော့ တစ်ခေတ်မှာ တစ်ယောက် ဆိုရ မလောက်ပါပဲ၊ တွဲလည်း တွဲနိုင်ပါရဲ့၊ ခံရသလောက်လည်း စွံတဲ့လူနော့”

ခင်ညို သည်လို ချီးကျူးတော့ နေသွင်က ငြိမ်မနေပြန် အတွန့်တက် လိုက်သေးသည်။

“စံဆိုလည်း မပြောနဲ့လေဗျာ၊ ကျုပ်လို ယောက်ျား ပီသတဲ့ ယောက်ျား ကလဲ ရှားတယ် မဟုတ်လားဗျ၊ ကံဆိုးချင်တဲ့ မိန်းကလေးတွေလောက်သာ ကျွန်တော့်ကို ချစ်ရမှန်း မသိတာပါဗျာ၊ ကျုပ် နောက်ဆုံးချစ်တဲ့ အချစ်ဦး လေး တစ်ယောက်ပဲ ကျွန်တော့် အစွမ်းအစနဲ့ ရုပ်လက္ခဏာကို သိတာဗျ”

“ဘယ်လိုလဲဗျ၊ ခင်ဗျား စကားက နောက်ဆုံး ချစ်တဲ့ အချစ်ဦးလို့ပဲ” သူ့စကား မရေမရာကို ခင်ညိုက အံ့သြရင်း မေးယူရသည်။

“ဟ၊ ကျွန်တော့်မှာ ချစ်ခဲ့တဲ့ မိန်းကလေး များပေမဲ့ အကုန်လုံး အချစ်ဦး ကြီးပဲဗျ၊ သည်ပျဉ်းမနားမှာ ဆယ်တန်းတုန်းက ကပြားမလေးက ပထမ အချစ်ဦးဗျာ၊ အင်တာတုန်းက မျက်မှန်လေးနဲ့ဟာက နောက်တွေ့တဲ့ အချစ်ဦးဗျာ၊ ဟို... ခင်ဗျားနဲ့ သီရိရှေ့ တစ်ခါဆုံတဲ့ မျက်စိ စွေစွေလေးက တတိယ အချစ်ဦးဗျာ၊ နောက်...”

“တော်ပါတော့ဗျာ၊ သဘောပေါက်ပါပြီ၊ နားလည်း ငြီးလှပါပြီ”

ကိုမြင့်ဦးက သည်စကားတွေ ရိုးလောက်အောင် ကြားနေရ၍ တား ယူရသည်။

သည်လိုပင် ရှေးဟောင်း နှောင်းဖြစ်တွေ ပြောပြီး ရယ်လား ရွှန်းလား ဖြင့် အားမရနိုင်။ ပျဉ်းမနားမြို့ကို ပတ်လိုက်သေးသည်။ ရုပ်ရှင်ရုံတွေ ရှေ့တွင် အပေါင်းအသင်းတွေနှင့် ရယ်မော ပြောဆို နေလိုက်သေးသည်။ ခင်ညိုတို့ ငယ်ငယ်က နေခဲ့ဖူးသည့် ရန်အောင် ရပ်ကွက်ထဲက အိမ်ကို ရောက်သည် ထိပင် အူနာအောင် ရယ်စရာတွေ တွတ်ထိုးရင်း နေသွင်တို့ လှုပ်ရွ လိုက်ခဲ့ သည်လေ။

မနက် လေးနာရီတွင်တော့ ကိုမြင့်ဦးနှင့် နေသွင် ရထားပေါ်ထိသာ လိုက်ပို့သည်။ သူတို့တွေ အလုပ်သမားတွေမို့ အချိန် မအားကြတော့။

တစ်သက်လုံး ပျော်နေသည့် နေသွင်ကတော့ ဘူတာရုံမှာလည်း ရွှတ်လုံး နောက်လုံးတွေ ထုတ်နေသေးသည်။

“အေးဗျာ၊ ခင်ဗျားတို့ ဆရာ တပည့်နှယ် အလကား အကျိုးအပဲ့တွေ ကောက်၊ အဟောင်းအမြင်းတွေ စုနဲ့ အလုပ်ရှုပ်နေတယ်၊ မန္တလေးမှာ ဝယ် လိုက်စမ်းပါဗျာ၊ လှလှပပ လတ်လတ်ဆတ်ဆတ်လေးတွေ ရပါရဲ့”

သူ သုတေသန သဘောကို သိလျက်နှင့်ပင် သက်သက် အရွှန်း ပြောသည်။ ရထား ထွက်သည်ထိပင်။

“လူကလေး၊ ကောင်းကောင်းသွားနော်၊ လမ်းမှာ အချဉ်တွေ ဘာတွေ မစားနဲ့၊ ညကျလည်း ဘုရား တရား ရှိခိုးပြီးမှ အိပ်၊ ကြားလား၊ နေသွင့်ကို ကန်တော့ပြီးမှ အိပ်ဖို့လည်း မမေ့နဲ့နော်၊ အိုက်တယ် ဆိုပြီး ပင်နီ တိုက်ပုံကို ချွတ်မထားနဲ့ဦး၊ လေပူ နေပူ ခံတယ်” ဟု လက်ပြ နှုတ်ဆက်ရင်း အော်ပြော သေးသည်။ ခင်ညိုပါမက ခရီးသည်တွေပါ ရယ်ရရွှန်းရသည်ထိ။

နေသွင်တို့နှင့် ခွဲခဲ့ပြီးချိန်တွင်တော့ ခင်ညို စိတ်ထဲတွင် ဝေဒနာ ပြန်တိုး ခဲ့ရသည်။ ကျောင်းမှာ နေသွင်တို့နှင့် နေခဲ့ရသည့် အဆောင်သား ဘဝလေးကို ပြန်မြင်လာမိသည်။

သည်တော့လည်း သူ့စိတ်က နွမ်းလာရ၊ အားငယ်လာရပြန်သည်။ နေသွင်တို့လို ကျောင်းပျော်ကြီး အဖြစ်၊ အပူအပင် ကင်းသူ အဖြစ် သူ မနေ ရဘူး မဟုတ်လား။

ခင်ညို ကံဆိုးခဲ့ပါသည်။ လူမှန်း သိစကပင် ဒုက္ခပင်လယ်တွင် တဝဲ လည်လည် လည်ခဲ့ရသည်။ သည်ဒုက္ခတွေကို တွန်းလှန် ရုန်းထွက်ရင်း တက်လူ ဖြစ်အောင် ကြိုးစားခဲ့ရသည်က အမော။ အခုထိတိုင်ပင် မောသည်။

တကယ်တော့ ခင်လို့ ကံဆိုးမှုသည် သည်တွင် ရပ်သေးသည် မဟုတ် ပါ။ သူ့ ဒုက္ခအရှိန်သည် အခုအချိန်ထိ ငြိမ်သေးသည် မဟုတ်ပါ။

သည်ထက် အဖြစ်ဆိုးရသည့်၊ သူ မုန်းချင် မေ့ချင်သည့် ဖြူကို မုန်းနိုင် မေ့နိုင်ရသည်ထိ ဒုက္ခကြီးနှင့် ကြုံရပြန်သည်။

ဪ... ဖြူကို လုံးဝ မေ့သွားသည့် ခင်ညိုလေး... ။

ပျဉ်းမနားမှ ရထား လေးနာရီ စထွက်သည်။ ငါးနာရီ မိနစ်ငါးဆယ် အရောက် မင်းပြင်နှင့် ဒလန့်ကျွန် ဘူတာအကြား မိုင်တိုင် အမှတ် (၂၅၇၊ ၈-၉) တွင် သူပုန်များ ဝိုင်းပစ်ခြင်း ခံရတော့သည်။

သူပုန်များက ရထား သံလမ်းပေါ် သစ်ပင် လှဲချထားပြီး ရထားကို ဝိုင်းပစ်ခြင်း ဖြစ်၏။ လုယက် တိုက်ခိုက် မီးရှို့ခြင်း ဖြစ်၏။ သေနတ်သံ၊ မီးပေါက်သံ၊ အော်သံ၊ ဆူသံ၊ ငိုသံတွေနှင့် ရုတ်ချည်း ပြောင်းလဲသွားသည့် ကြေကွဲဖွယ် မြင်ကွင်းလေး တစ်ခု။ အင်းပြီးခား၌ ပရတိုက်ပွဲလေး တစ်ခုပါ။ ပြေးကြလွှားကြ ရုတ်ရုတ်သဲသဲ အခင်းတွင် ခင်ညို့ကို ကျည်ဆန် တစ်ချက်မှန်ပြီး သွေးအိုင်ထဲတွင် လူးသွားတော့သည်။

အို... တစ်ကမ္ဘာလုံး ချားလို လည်နေပါပြီကော။

မောလိုက်တာ။

နာတယ်၊ ဟင်း... ဆရာနန်း၊ ဖြူ...။

ခင်ညိုသည် တအင့်အင့်နှင့် လူးနေသည်။ ပါးစပ်တစ်ခုလုံး တင်းတင်း ပိတ်ထားသော်လည်း သွေးတွေက စီးကျလာသည်။ သည်ကြားထဲက သူ့ တိုက်ပုံအင်္ကျီအိတ်ထဲ လက်နှိုက်ထားသေးသည်။ သည်လက်ကို သူ ပြန်ရုပ် နိုင်သည် မဟုတ်။ သူ မျောနေရသည်။

ငါ မသေဘူး။ မသေနိုင်ဘူး။ ဆရာဆရာနန်း၊ ဆရာနန်း ဆရာနန်း... ။

နေ့ခင်း ဆရာနန်း ကျောက်ပန်းတောင်းမှ ဆင်းကြို၏။ အိမ်က စောင့် သော်လည်း နောက်ကျ၍ ဘူတာ လိုက်ခဲ့ခြင်း ဖြစ်သည်။

ဘူတာ ရောက်ရောက်ချင်း ရထား သတင်းကို ဆရာနန်း ကြားသည်။ ဘုရား... ဘုရား ခင်ညို စီးလာသည့် ရထား။

မလွဲပါ။ ဆရာနန်း ပျဉ်းမနားကို အားချင်း လိုက်လာချိန်တွင် စာရင်း အရ ခင်ညိုပါ ဒဏ်ရာရပြီ။ လူနာတွေကို မေးတော့ တောင်တွင်းကြီးကို ယူသွားပြီတဲ့။

ဆရာနန်း တောင်တွင်းကြီး ဆေးရုံသို့ လိုက်ခဲ့ရပြန်သည်။

ခင်ညိုသည် မျက်လုံးကို မှေးမှေးလေး မှိတ်ထား၏။ သူ့ ခုတင်ဘေး တွင် တောင်တွင်း ဦးလှဖေနှင့် မေမြို့ စစ်တက္ကသိုလ်က အိမ် ပြန်ရောက်နေ သော ဆရာ အောင်သင်း၊ ပျဉ်းမနားက လိုက်လာသည့် နေသွင်တို့ ရှိနေကြ၏။ “ကိုနန်းဝေ၊ ခင်ဗျား တပည့်က ဒီရောက်ကတည်းက ခင်ဗျားကို တဖွဖွ မေးနေတယ်၊ ခေါ်ပေးပါချည်း ပြောတယ်၊ ကျွန်တော်တို့ကလည်း ချက်ချင်း ဆိုတော့ ဘယ်ခေါ်ရမှန်း မသိဘူးဗျ”

ဦးအောင်သင်းက ခင်ညို နိုးသွားမည်စိုး၍ ခပ်အုပ်အုပ်လေး ပြောသည်။

“ဘယ်လို ဖြစ်တာလဲဗျာ၊ ဆေးရုံက ကျုပ် လာခေါ်တော့ လန့်သွား တယ်၊ သူ ဒီရောက်ရောက်ချင်း တောင်တွင်းကြီး ဆေးရုံမှန်းလည်း သိရော ဦးလှဖေ ခေါ်ပေးပါဆိုပြီး သတိတရ ကျွန်တော့်ကို မေးလို့ ဟောဒီ မောင်နေ သွင် လာခေါ်တာဗျ၊ သူ့ဆီလည်း ရောက်ရော ခင်ဗျားကို ခေါ်ခိုင်းပြန်တာပဲ၊ အတော် အခြေအနေ ဆိုးတယ် ကိုနန်းဝေ၊ စောစောပိုင်း ကျွန်တော့်ကို စကားပြောတာ ပါးစပ်က သွေးအန်ကျတယ်၊ ခင်ဗျား ဆရာဝန်ကြီး တွေ့ကြည့် ပါဦး”

“ဆရာ” ခင်ညို လွန့်လာပြီ၊ ဦးလှဖေက အုပ်အုပ်ပြောသော်လည်း ခင်ညို စကားဆုံးအောင် နားထောင်နေသည်။ သူ့ဆရာ ရောက်နေမှန်းလည်း သူ သိလိုက်သည်။

“ဆရာ”

“အညို၊ ဖြည်းဖြည်းပြော၊ မင်း မောမယ်”

ဦးနန်းဝေ ပြောလိုက်ရသော်လည်း သူကိုယ်တိုင် မောဟိုက် ပင်ပန်း နေပြီ။ အချို့ နဖူးတွင် ချွေးသီးတွေ စို့နေသလို သူကလည်း ချွေးနှင့် တစ်ကိုယ် လုံး ရွှဲနေပြီလေ။ ခင်ညို့ ခုတင်ပေါ်တွင် အသာလေး မှေးထိုင်နေပြီး နဖူးမှ ချွေးများကို သုတ်ပေးလိုက်သည်။ ခင်ညိုက တအင့်အင့် လွန့်ပြန်သည်။ ချွေး သုတ်သော်လည်း ဇောချွေးတွေက အသီးလိုက် အသီးလိုက်။

“ဆရာ”

“အညို”

ဆရာတပည့် နှစ်ယောက်ကို ဦးလှဖေတို့ တစ်တွေက ဘာမှ မပြောနိုင်။ ငိုင်ပြီးသာ ကြည့်နေကြသည်။

“ဖြူကို ပေးပေးပါ”

ခင်ညိုက စကား တစ်လုံးထွက်ဖို့ ရှုံ့ရှုံ့မဲ့မဲ့ ဖြစ်ပြီးမှ ထွက်လာရသည်။ “အညိုရယ် သိပ်နာနေလား၊ မင်း ငြိမ်နေပါလားကွာ” ခိုင်ကို ခင်ညိုက ပြောရင်း လက်တစ်ဖက်မှ တဆတ်ဆတ် လှုပ်နေသည်။ ဦးအောင်သင်းက အသာချပြီး ဖိထားလိုက်သည်။ ဦးနန်းကတော့ မျက်နှာ ပျက်နေပြီ။ လူကြီးမို့ အတော် ချုပ်တည်းထားရဟန် တူသည်။ သူ့ နဖူးကြော တွေက တင်းပြီး ထောင်နေသည်။

ခင်ညိုက တစ်ချက် မျက်လုံး ဖွင့်ကြည့်ပြန်သည်။ လက်က တဆတ် ဆတ် လှုပ်ပြန်သည်။ ဦးအောင်သင်းက ထပ်ပြီး ဖိမည်ပြုသည်။ ဦးနန်းဝေက ခြုံစောင်ကို အသာလေး လှပ်ကြည့်လိုက်သည်။ ခင်ညို လက်က တိုက်ပုံ အင်္ကျီအိတ်တွင်း နှိုက်လျက်ပင် သူ့လက်ကို သူ မထုတ်နိုင်ပေ။ သူ့လက်ကို သူ မနိုင်တော့ပေ။

“ဆရာ”

သူ ထပ်ခေါ်ပြန်၏။ လက်ကလည်း တဆတ်ဆတ် လှုပ်နေ၏။ ရင်ညွန့်က တစ်ချက် တစ်ချက် ဆောင့်ဆောင့်ပြီး မောက်လာ၏။ ဦးနန်းဝေက စောင်စွန်းနှင့် အသာ ဖိထားပြန်သည်။

“ဆရာ”

ဦးနန်းဝေ မထူးနိုင်ပြီ။ မျက်လုံးအိမ်မှာ မျက်ရည်တွေ စို့တက်လာပြီ။

“သူ့ ယောက်ျား မ... သိ... စေ...”

“ဪ... အညိုရယ်၊ မင်း ခုထိ အစွဲကြီးလှချည်လားကွယ်”

ဦးနန်းဝေက အသံ မထွက်ဘဲ စိတ်ထဲက ပြောမိလေသည်။ အခုမှ သူ လက်နှိုက်ထားသည့် အိတ်ကို ကြည့်လိုက်တော့...

သားရေအိတ် အညိုလေး။

သူ အိတ်ကလေးကို စွေကြည့်ပြီး ခင်ညို မျက်နှာကို ပြန်ကြည့်လိုက် ချိန်တွင် ခင်ညို တစ်ယောက် ဇက်ကျိုးကျသွားလေပြီ။

“အညို သေပြီ”

ဦးနန်းဝေသည် ပါးစပ်မှ ကျယ်ကျယ်လောင်လောင်ပင် အော်ပြောပြီး ခင်ညို ဗိုက်ပေါ် မှောက်ချလိုက်သည်။

“ကိုနန်းဝေ သတိထားဗျာ”

ဦးလှဖေက ဦးနန်းဝေကို ဖက်ပြောရင်း သူလည်း မျက်လုံးအိမ်တွင် မျက်ရည်တွေ လျှံကျလာသည်။ နေသွင်ပင် သူငယ်ချင်းအတွက် ရှိုက်ကာ ရှိုက်ကာ ငိုနေမိတော့သည်။

“ကျွန်တော့် ညီလို သားလို ချစ်တဲ့ တပည့်တစ်ယောက် ဆုံးပြီဗျာ၊ ဒီကောင်လေး လူတော်လေး၊ လူကောင်းလေးဗျ၊ အခု သူ သေပြီ ”

ဦးနန်းဝေက အက်ကွဲ ဆို့နင့်သော အသံနှင့် တုန်တုန်ယင်ယင် ပြော မိ၏။ ပြီးတော့ ခင်ညို ညာလက်ကို အသာ မ,ယူလိုက်သည်။ သူ့လက်တွင် သားရေအိတ် အညိုလေးကို ခိုင်ခိုင်မာမာ ဆုပ်ထားလျက်ပင် ရှိ၏။

ဦးနန်းဝေက ချက်ချင်းပင် ဒေါထသွားသည်။ တောက် တစ်ချက် ပြင်းပြင်းခေါက်ပြီး အံကို ကြိတ်ထားလိုက်ပြန်၏။ ဦးလှဖေနှင့် ဦးအောင်သင်း ကတော့ ဘာမျှ နားမလည်သော အကြည့်ဖြင့်သာ ဦးနန်းဝေကို ကြည့်နေကြ၏။ ဦးနန်းဝေသည် ခင်ညို လက်ထဲတွင် ကျစ်ကျစ်ပါအောင် အဆုပ် ခံထားရသော အိတ်လေးကို အားအင်နှင့်ပင် ဆွဲယူလိုက်၏။ ပြီးတော့ သူ ချက်ချင်း ကြည့်လိုက်ပြန်သည်။ သူ သိပြီးသား ပစ္စည်းတွေ ဖြစ်သည်နှင့် ချက်ချင်းပင် ဆွဲဇစ်ကို ပြန်ပိတ်လိုက်သည်။

အညိုရယ်၊ ငါလာတဲ့ထိ စောင့်ပြီး မင်း သေတယ်၊ ငါ မလာသေးရင် ငါ့ကို ဒီအိတ်လေး မပေးရသေးရင် မင်း သေမှာ မဟုတ်ဘူး၊ ငါ သိတယ် အညို၊ မင်း သိပ်အစွဲအလန်းကြီးတဲ့ ကောင်လေး။

“ဖြူကို ပေးပါတဲ့။

“မင်း သည်ထိအောင် ဒီပစ္စည်း ယူလာတာ ငါ မသိခဲ့ဘူး အညို၊ ခုထိ မင်း စွဲလန်းတုန်းပဲ၊ မင်း သေတဲ့ထိ သူ့ကို ချစ်တုန်းပဲ။”

“သူ့ ယောက်ျား မသိစေနဲ့လို့ မင်း ပြောမလို့ မဟုတ်လား။”

“မင်း အိတ်လေး ပြန်ပေးလို့ သူတို့ အိမ်ထောင်ရေး အနှောင့်အယှက် ဖြစ်မှာ မင်း ပူပြန်တယ် အညိုရယ်။”

“မင်းက သူ့ကို သည်လို စေတနာတွေ ထားပေမဲ့၊ မေတ္တာတွေ ထားပေမဲ့ မင်း သူ့ဆီက ဘာမှ မရဘူး မဟုတ်လား၊ မင်းလိုချင်တဲ့ မေတ္တာ စစ်ကို မင်း အခု သေတဲ့ထိ မရသွားဘူး မဟုတ်လား၊ ငါ ချီးကျူးပါရဲ့ အညိုရယ်၊ ခုလောက်ထိ မေတ္တာမပျက်တဲ့ မင်း စိတ်ကို ငါ ချီးကျူးပါရဲ့။”

“မင်း လူကောင်းလေး၊ မင်း လူတော်လေး။”

မင်းမင်း အခု သေရပြီ အညို။”

“မင်း ဖြစ်ချင်တာတွေ ဘာမှ မဖြစ်ရသေးဘူး၊ မင်း အသက် စွန့်လိုက် ရပြီ အညိုရယ်...”

နောက်တစ်နေ့ သတင်းစာများတွင် “ရထားကို သူပုန် ဝိုင်းတိုက်ကြရာ ခရီးသည်တို့ သေကြ နာကြ” ဆိုသော ခေါင်းကြီးနှင့် သတင်း အပြည့်အစုံ။ သေသူ၊ နာသူ လိပ်စာ နေရပ်တို့ပါ ပါလာသည်။

“ကြေးမုံ” လို သတင်းစာကြီးများကလည်း ရထားသတင်းကို မျက်နှာ ဖုံးက ထည့်သည်။

အာကာသယာဉ်မှူး ဂါဂါရင် ကွယ်လွန်သည့် သတင်းနှင့် ဓာတ်ပုံ။ တက္ကသိုလ် ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်လှစ်ခြင်း သတင်း။ အိန္ဒိယ နိုင်ငံသို့ ချစ်ကြည်ရေး သွားသည့် ဗိုလ်ချုပ်ကြီး နေဝင်း သတင်း ဓာတ်ပုံတွေနှင့် ထူးထူးခြားခြား ပါလာတော့သည်။

သူငယ်ချင်းတွေ ပူဆွေးနေကြပြီ။ ပြွန်တန်ဆာမှာလည်း ငိုပွဲကြီး ဆင်ပြီး အားလုံးသော မိတ်ဆွေ သင်္ဂဟတွေလည်း စုတ်သပ် ဝမ်းနည်းကြသည်။ နှမြောတသကြသည်။

ဦးနန်းဝေ ပြန်ရောက်ချိန်တွင် သတင်း ပိုစုံလာ၏။ ဆရာကလည်း စကား မေးမရလောက်အောင် ပူဆွေးခြင်း ဝေဒနာ ခံနေရပြီ။ တစ်ကိုယ်လုံး လည်း ခြစ်ခြစ်တောက် ပူနေပြီ။

ခင်ညို့ကို သူ သိပ်ချစ်သည်။ အားကိုးသည်။ ကိုယ်ချင်းစာပြီး သူက ကောင်းအောင် လမ်းညွှန် ရှေ့ဆောင်ခဲ့သည်။ ယခု သူနှင့်လိုက်လို့ ခင်ညို သေရသည်။ သောက်စား လေလွင့်ပြီး လူကောင်း ဖြစ်မှပင် အညို သေရ တော့သည်။

သူ တက္ကသိုလ် ကျောင်းသား ဘဝက “အမြိုင်”ကို အသည်းနှလုံး ပေးပြီး ချစ်ခဲ့ရသည့် အကျိုးကြောင့် အခု ခင်ညို ဖြစ်သလိုပင် ဖြစ်ခဲ့ရသည်။ ဒီဂရီလည်း မပြီးသေး၊ စိတ် ထင်ရာစိုင်းပြီး ထွက်ခဲ့ရသည်။

သည်လိုနှင့်သူ သူ ရောက်ရာဒေသ ဓလေ့လေးတွေကို ဝင်စားပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းကာ စကော်လာ တစ်ယောက် ဖြစ်အောင် ကြိုးစား ခဲ့ရသည်။ အနုပညာသမား တစ်ယောက် ဖြစ်လာရသည်။

နောင်တော့ အရှုံးထဲက အမြတ်ယူပြီး သည်သုတေသန လုပ်ငန်း၊ အနုပညာ လုပ်ငန်းကိုသာ စွဲလန်းမိရင်း အောင်မြင်လာရခြင်း ဖြစ်သည်။

ခင်ညို လေလွင့်နေသည်ဆိုတော့ သူ မကြည့်ရက်ပေ။ ခင်ညို့ကို အရင်းနှီးဆုံး နေရာက ကိုယ်ချင်းစာသည်။ သူလိုပင် ဖြစ်အောင် ထိန်းသိမ်း သွားရမည်။ ခင်ညို့ကို အနုပညာသမား တစ်ယောက် ဖြစ်အောင်၊ တိုင်းပြည် ရဲ့ သားကောင်း တစ်ယောက် ဖြစ်အောင်၊ သုတေသီ တစ်ဦး ဖြစ်အောင် သူ အတတ်နိုင်ဆုံး ကူညီမည်ရယ်လို့ ဆုံးဖြတ်လိုက်သည်။

အခုတော့ သူ့ စေတနာတွေလည်း သဲကျရေ ဖြစ်ရပါပကောလား။

တာဝန်က ရှိသေးသည်။ ဖြူဖြူနှင့် သူ့ယောက်ျားရှိရာ ခြေရာ ကောက် ရပေမည်။

ခင်ညို့ သူငယ်ချင်းတွေကတော့ ခင်ညို့ကို လွမ်းဆွေး တသရင်း သည်အမျိုးသမီးကို ရှာပြီး သတ်ချင်စိတ် ပေါက်နေသည်။

“ဆရာ ကျွန်တော်ပါ လိုက်ခဲ့မယ် ဆရာရယ်၊ တွေ့ရင် ဓားနဲ့ နုပ်နုပ် စင်းပြီး သတ်ခဲ့မယ်” ဟု မချိတင်ကဲ ပြောသူက ပြောလို့။

“သွားပြီး ပေးမနေပါနဲ့တော့ ဆရာရယ်၊ အလကား၊ ကိုခင်ညိုက နောက်ဆုံးအချိန်ထိ တန်ဖိုးထားတဲ့ သဘောကိုလည်း နားလည်မယ့် အမျိုးသမီး မဟုတ်ပါဘူး”

“အို... သူ့ယောက်ျား လက်ထဲသာ အပ်ခဲ့ပါ ဆရာ၊ သူတို့ဘာသာ ကွဲကွဲပြဲပြဲပေါ့၊ ဒါလောက်တော့ နာပေးမှ ဆရာရဲ့”

“ငါ သွားပေးရမယ်၊ ခင်ညိုဟာ ငယ်ပေမဲ့ ငါ့ကို သူ အများကြီး အကူအညီ ပေးခဲ့တယ်၊ ငါ့ စကားလည်း သူ နားထောင်တယ်၊ သူက ငါ့ကို လေးစားသလို သူ့ကိုလည်း ငါက လေးစားရလိမ့်မယ်၊ ပြီးတော့ သူ ဒီဆန္ဒလေးကို နောက်ဆုံးအချိန်ထိ အစွဲအလန်းနဲ့ ထားခဲ့တာ၊ သူ အမြတ်နိုးဆုံး ပစ္စည်းလေးတွေ၊ သေတဲ့အထိ အသက်နဲ့ ထပ်တူ ကိုယ်မှာ မြဲခဲ့တဲ့ ပစ္စည်း လေးတွေ၊ ငါ့ တပည့်ရဲ့ နောက်ဆုံးဆန္ဒတော့ ပြည့်စေရမယ်ကွာ၊ ဘယ်မှာပဲ မိန်းကလေး ရှိနေရှိနေ၊ ငါ ရှာပြီး ပေးရလိမ့်မယ်၊ ဒါမှလည်း ငါဟာ တပည့် ကောင်း ဆရာ ပီသမယ်၊ လူ တစ်ယောက်ရဲ့ ပေးအပ်လိုက်တဲ့ တာဝန်လည်း ကျေပေမယ်”

“ဝင်းစံဖြူ တံခွန်တိုင်မှာတဲ့၊ မော်လမြိုင် မုဒုံဘက်က တံခွန်တိုင် မှာတဲ့”

ပဲခူးသား တင်အေးထံမှ နောက်ဆုံးသတင်း ရသည်။

“တံခွန်တိုင် ဆိုတာ ဆရာရယ်... ပန်းချီဆရာ ဦးအုန်းလွင် ဇာတိဒေသ ပေါ့၊ ဦးအုန်းလွင်ဆို ဆရာနဲ့ ခင်သားပဲဟာ”

“ဟာ... ဦးအုန်းလွင်ဆီ တစ်ခါ သွားနေရဦးမယ်၊ မြန်မာစာဌာနမှာ ဆရာ ဦးရွှေသွင် ရှိတာရော သူ့ကို မေးရင် သိတာပေါ့၊ ဦးရွှေသွင်လည်း အဲဒီ တံခွန်တိုင်သားပဲ”

ဦးရွှေသွင်ထံ ရောက်တော့ သတင်းစုံ ရသည်။ “သည်မှာ မြန်မာစာ ဂုဏ်ထူးတန်း တက်သွားတဲ့ မိန်းကလေး ပြောတာ မဟုတ်လား၊ ဟုတ်တယ်၊ သူ့ အဘွားအရင်း ရှိတယ်လို့ ကျွန်တော့်ကို ပြောဖူးတယ်၊ ကျွန်တော် တံခွန် တိုင်ကမှန်း သိလို့ သူ့အဘွားဆီတောင် ကျွန်တော် အပြန် စာတစ်စောင် ပေးဖူးသေးတယ်။

“ဦးနန်းဝေ သွားချင်ရင်တော့ လွယ်ပါတယ်၊ ဟိုမှာ ကျွန်တော့် သူငယ် ချင်း ကိုကြီးစိန် ရှိတယ်၊ သူက အဲ့ဒီ တံခွန်တိုင်က ကျောင်းအုပ်ဟောင်းပေါ့၊ အခုတော့ ကမာဝက် ကျောင်းအုပ် ဖြစ်နေတယ်၊ နေတော့ တံခွန်တိုင်မှာပဲ နေတာပါ၊ ဦးနန်းဝေ အကူအညီတောင်းလို့ ဖြစ်ပါတယ်၊ သူ ဦးနန်းဝေကို သိမှာပါ၊ ကျွန်တော်လည်း စာရေးပေးလိုက်မယ်လေ၊ ပြီးတော့ အခု ဆရာကြီး ဖြစ်နေတဲ့ ဦးပန်းလှိုင်ဆိုတာလည်း ကျွန်တော်တို့ ဆရာ တစ်ယောက်ပါပဲ၊ သဘောလည်း ကောင်းပါတယ်”

လိပ်စာ အပြည့်အစုံလည်း ရပြီ။ ခင်ညို လိုလိုချင်ချင် ဖြစ်စေချင် သည့် တာဝန်ကို ကျေမှ တပည့်ကို ချစ်မြတ်နိုးရာ ရောက်မည်။

ငါ ကိုယ်တိုင် တံခွန်တိုင် အရောက် သွားပေးမယ် အညို။

*


အခန်း ၂၆

 

ရထားက စစ်တောင်း တံတားကြီးကိုပင် တဝေါဝေါ ကျော်နေပြီ။

အပန်းဖြေခရီး ထွက်ခြင်းသာ ဆိုလျှင်တော့ သည်တနင်္သာရီခရီးက အတော်သာယာသည်ဟု မှတ်ချက်ချနိုင်သည်။ တောင်တန်းကြီးတွေက ပြာကာ၊ ညိုကာ၊ စိမ်းကာနှင့်။ နီးလိုက်၊ ဝေးလိုက်၊ ကြီးလိုက်၊ သေးလိုက်၊ လှလွန်းမက လှသည်။

တောင်ခြေက ယာခင်းတွေ၊ ရိုးပြတ် ရိုးကြွင်းနှင့်။ တလင်းတွေ၊ ရွှေဝါရောင် စပါးပုံကြီးတွေ၊ လှုပ်ရှား တေးဆိုနေကြသူတွေ၊ ညို့ညို့ဆိုင်းဆိုင်းနှင့် စိမ်းလန်းစိုပြည်နေသော တောတန်း တောင်တန်းကြီးတွေ။

ဒါတွေကို ဦးနန်းဝေ စိတ်မဝင်စားနိုင်ပေ။ အချို့ အကြောင်းကို တွေးမိတိုင်း ကြည်လင် ခန့်ညားသည့် အညှို့ ရုပ်လုံး ရုပ်ဟန်လေး ပေါ်လာ တိုင်း အချို့ လှုပ်ရှားမှုလေးတွေ၊ အညှို့ ကြိုးစားမှုလေးတွေကို သတိရမိတိုင်း ခေါင်းကိုသာ တွင်တွင်ခါယမ်းရသည်။ တံတွေးကို ခဲခဲယဉ်းယဉ်း မျိုချရသည်။ သက်ပြင်းရှည်ကြီးကို အင်အားစိုက်ပြီး အသံမြည်အောင် မှုတ်ထုတ်ရသည်။

ပတ်ဝန်းကျင်မှ လူအချို့ကမူ သည်လူ ဘာအလိုမကျ ဖြစ်နေလဲ မသိဘူး။ လူပုံကလည်း တစ်မျိုးပဲ။ ရှမ်းလိုလို၊ တရုတ်လိုလို။ လက်ထဲက အိတ်လေးကလည်း ဘာပစ္စည်းတွေလဲ။ ရထားပေါ် ထိုင်ကတည်းက တကိုင် ကိုင်နဲ့။ သူ့ကို အာရုံ စူးစိုက်ပြီး အံ့သြနေသူကလည်း ရှိသေးသည်။

သူကတော့ မည်သူ့ကိုမှ ဂရုမစိုက်နိုင်။ သူ့စိတ်မှာ ခံစားရသလိုသာ သူ နေတော့သည်။ သူ့ကို ကြည့်ပြီး အမျိုးမျိုး မြင်ကြတော့မည်ကို သူ နားလည်သည်။ မြင်ပေ့စေ။ ကိုယ့်ဝမ်းနာ ကိုယ်သာ သိသည်။

ဦးနန်းဝေသည် အိတ်အညိုလေးကို ဇစ်ဆွဲပြီး ကြည့်ပြန်သည်။ သည် တစ်ခါပါဆို ငါးကြိမ်ထက် မနည်းပြီ။

ပန်းခြောက်လေးတွေ၊ ခရေပွင့်ခြောက်လေးတွေချည်း။ နှင်းဆီ နီညို ခြောက်လေးက ပါသေးသည်။

အညို သန်လျင်က ပြန်လာပြီး ငါ့ဆီ ပြေးပြတဲ့ ပန်းလေး။ ဟိုထောင့်လေးက ဆံပင်ခြည်မျှင်လေးတွေနှင့်။ ပန်းတွေတောင် ပြေထွက်လို့။

ဦးနန်းဝေက ဘုရားပေါ်မှာ ပန်းကောက်ကြသည့် မြင်ကွင်းကို ပြန်မြင်သည်။ အိတ်လေးကို လက်ညှိုးလေးနှင့် ဖွရင်း... ။

ဖောင်တိန်ကလည်း အသစ်မှ အသစ်စက်စက်အတိုင်း မြတ်မြတ်နိုးနိုး ပါလားကွယ်။

ဟော... လက်သဲညှပ်လေးရော။ ဒါလေးတော့ ခရီးထွက်ကြတုန်း သူတောင် ယူသုံးဖူးသေးတယ်။

ရွှေဆွဲကြိုးလေး။ သည်ကြိုးလေးကို ခင်ညို တဖွဖွ ပြောသည်။ တစ်ခါ တစ်ခါ သူ့လည်မှာ ဆွဲပြသေးသည်။

ဘယ်အချိန်ကများ သည်လို အိတ်လေး ဝယ်ပြီး တစ်စုတစ်ပေါင်း ထားလိုက်တာလဲ အညိုရယ်။ မင်း သေရင် ဒီလို ပေါင်းစုပြီး ပေးခဲ့မယ်လို့ စိတ်ကူးထားလို့လား။

“မင်း သိပ်အချစ်ကြီးတဲ့ကောင်”

လက်ဦးနန်းဝေသည် ပြတင်းကို ကြောင်ကြည့်ရင်းက ဇစ်ကို ဆွဲပိတ်လိုက်သည်။ သူ့အတွေးကတော့ ပျံ့လွင့်နေဆဲပါ။

“ဆရာ”

အို... သထုံ ဘူတာတောင် ရောက်မှပဲ။ သူ သိပင် မသိလိုက်။ သူ အချို့ ကမ္ဘာလေးထဲ နစ်မျောနေလိုက်တာ။

“ဆရာ၊ ကျွန်တော် ဘူတာထဲက ဆရာ့ကို မြင်လို့ လာတာ၊ သတင်း စာထဲမှာ ကိုခင်ညို့ သတင်း ကြားတယ် ဆရာ၊ ဗမာစာ အသင်းကလည်း ဝမ်းနည်းကြောင်း ရေးတာ ဖတ်ရတယ်”

တင်အောင်ညွန့်။ ပင်းယဆောင်မှာ နေသွားတဲ့ တင်အောင်ညွန့်။ သထုံ သား ဆရာ ဦးတင်အောင်ညွန့်ပေါ့။ ခင်ညို သူငယ်ချင်း နှုတ်သွက် လျှာသွက် ကောင်လေး။

“ဪ... ငါ မင်းကို မှတ်မိပြီ၊ မမေးပါနဲ့တော့ကွာ၊ အခုလည်း သူ့ ကောင်မလေးဆီ သူ့ပစ္စည်းဟောင်းတွေ အပေး သွားမလို့”

ဆရာနန်းက ချုံးပြီး အဖြစ်ကို ပြောပြသည်။ တင်အောင်ညွန့်က တောက် တစ်ခေါက်ခေါက်နှင့်။

တင်အောင်ညွန့်က သူ့အဆောင်နေ သူငယ်ချင်း။ အကြောင်းသိမို့ အဆောင်မှာ ရူးပုံလေးများ ပြောရင်း တစ်ဘူတာအလွန်ထိ လိုက်ခဲ့သည်။

ဪ... ငါတောင် ရိုးရိုးလေးလို့ မှတ်ထားတဲ့ မိန်းမဆန်းလေး။

မော်လမြိုင်ကို နေ့ခင်းမှ ရောက်၍ တံခွန်တိုင် ဆက်မသွားဖြစ်။ မော်လမြိုင် ဥပစာကောလိပ် ဆရာ ဦးလှရွှေ အိမ် သွားတည်းရသည်။ သည်မှာ လည်း အနုပညာအသင်း ဝမ်းနည်းသဝဏ်၊ မြန်မာစာအသင်း၏ ဝမ်းနည်း ကြောင်း သတင်းများက တစ်ဆင့် ကိုဇော်တို့၊ ကိုနန္ဒတို့က တခြိမ့်ခြိမ့် ဒေါထ နေကြပြီ။ ခင်ညို့ကိုလည်း ခင်မင်ရင်းစွဲ စိတ်နှင့် သတိရ တမ်းတနေကြပြီ။ ဦးလှရွှေ ကိုယ်တိုင်ပင် အနုပညာ အသင်းမှာ ပန်းချီ ဆွဲနေတဲ့ ကောင်လေး ဆိုပြီး ရှေးဟောင်း နှောင်းဖြစ်တွေ ပြောရင်း ဆို့နင့်နေပြီ။

နောက်တစ်နေ့ နေ့ခင်းမှာ ဦးနန်းဝေကို မုဒုံ ကားဂိတ်သို့ ကိုဇော်တို့ လိုက်ပို့သည်။

“သတ်ခဲ့ဗျာ ကိုနန်းဝေ၊ ခင်ဗျား တပည့်ကို သတ်တဲ့ဟာမ၊ လက်စား ချေခဲ့” လို့ အံတင်းတင်းကြိတ်ပြီး ပြောလိုက်သေးသည်။

သတင်းကြားသူ ယိုးရိပ် သိသူ အားလုံးက ကျည်သင့်လို့ သေသည့် အချို့ကို ဖြူဖြူ သတ်သည်လို့ပင် ပြိုင်တူ မြင်နေကြပြီတကား။

အညိုရေ မင်း မရွှေဖြူကို မင်း သတ်တဲ့ တရားခံတဲ့။

မင်း စေတနာ ကောင်းတယ်။ ဖြူအတွက် အနစ်နာခံရဲတယ် ဆိုတဲ့ ကောင်။ ဖြူမှာ အပြစ် မရှိဘူး၊ ကျွန်တော် ကျည်ဆန် မြင်လို့ ရင်ကော့ ပေးလိုက်တာပါ” လို့ လာကွယ်ဦး အညို။

မင်း သေရာက ထလာတာ ဆိုရင်တော့...

“ဘယ်လိုလဲကွယ့်” လို့ မင်းကို သူ အံ့သြမှာ မဟုတ်ဘူး၊ မိန်းကလေး ဆိုတော့ မင်းကို ကျူအောင် ချူလိမ့်ဦးမယ်။

သူတို့ရဲ့ အကြီးမားဆုံး လက်နက် မျက်ရည်နှင့် သူ ကျမယ့် မျက်ရည် ဟာ မျက်လုံးထဲက မဟုတ်ဘဲနှင့် အသည်းနှလုံးက လာတဲ့ မျက်ရည် ဆိုရင် တော့ ငါ့တပည့် အသေဖြောင့်နိုင်ပါတယ်ကွယ်။

မင်း ဖြူက နှလုံးသားနှင့် ငိုတတ်ရဲ့လားဟင်။

“ဪ... ကျွန်တော်ကတော့ မြင်ဖူးပါတယ်၊ ယူနီယံ လက်ဖက်ရည် ဆိုင် ရောက်ရင်လည်း ပန်းချီကားတွေ မြင်ဖူးပါတယ်”

ဦးရွှေသွင်၏ ငယ်သူငယ်ချင်းဆိုသူ ဆရာစိန်က ဖော်ရွေလှသည်။ ဗမာဟန် ဖြစ်သော်လည်း မွန်တွေကြား နေ၍ စကား ဝဲနေသယောင်။

“သူ့ ယောက်ျား ပြောင်းလို့ သူ လိုက်ခဲ့တာလား”

“ဗျာ”

ဦးနန်းဝေ အမေးကြောင့် ဦးကြီးစိန်က “ဗျာ” တစ်လုံးသာ ထူးနိုင်အောင် အံ့သြသွားသည်။

“ဪ သူ့ယောက်ျား ကိုခင်မောင်ရီဆိုတာ သစ်လုပ်ငန်းဘက်မှာ အရာရှိဗျာ၊ မုဒုံဘက် ပြောင်းလာသလားလို့၊ အခုအချိန် အိမ်မှာ သူ့ ယောက်ျား ရှိနေမလားလို့ပါ”

“မဟုတ်ဘူး ဦးနန်းဝေ၊ ဒီ ဆရာမလေးမှာ ယောက်ျား မရှိဘူး”

“ဗျာ”

သည်တစ်ခါ မျက်လုံးပြူးသွားရသည်။ “ဗျာ၊ ဆရာ ဘာပြောတယ်” ဟုပင် အလန့်တကြား ထပ်မေးရသည်။

“ဟုတ်တော့ ဟုတ်တယ်၊ သူ စေ့စပ်ကြောင်းလမ်းတဲ့ထိ ဖြစ်ဖူးတာ တော့ ကျွန်တော့် မိန်းမက တစ်ဆင့် ကျွန်တော် သိဖူးပါတယ်”

“အင်းလေ၊ စေ့စပ်ကြောင်းလမ်းပြီးတော့ နောက် သူ့တို့ လက်ထပ် တယ် မဟုတ်ဘူးလား”

ဦးနန်းဝေက အတော်ပင် တုန်လှုပ် ချောက်ချားစွာပင် အံ့သြသော စိတ်နှင့် မေးနေရ၏။ ဦးကြီးစိန်ကတော့ သမားရိုးကျ စကား ပြောသလို သာပင်။

“ဆရာ သိချင်ရင် ကျွန်တော့် မိန်းမသာ မေးကြည့်ပေတော့”

သိချင်ပါသည်။ ဖြူ အကြောင်း အကုန်အစုံ ဦးနန်းဝေ သိချင်သည်။ သူ လာရင်းကိစ္စကပင် ဖြူ ကိစ္စ၊ အချို့ကိစ္စ မဟုတ်လား။ အချို့ ကိုယ်စား သူက ပစ္စည်းပို့ လာသည်ဆိုတော့ သူ အားလုံး သိသင့်သည် မဟုတ်လား။

ဦးကြီးစိန်က အညို့ ဇာတ်လမ်းကို မေး၍ ရှင်းပြပြီးမှ သူ့ဇနီး မမကြီး နှင့် ဆိုင်ပေးသည်။ သူ့ ဇနီးကိုလည်း အကြောင်းစုံ ပြောပြသည်။

ဦးကြီးစိန် ကတော် ဒေါ်မမကြီးက စကားပြော အတော် ကောင်းသူ ဖြစ်၏။ သူ သိသမျှ အကြောင်းစုံကိုလည်း ရှင်းအောင် ပြောပြနိုင်၏။ သူက လည်း ဖြူအကြောင်းကို သိသမျှ ထုံးလိုချေ ရေလိုနှောက်လို့။

မှန်ပေသည်။ ဖြူအကြောင်း အဖြစ်စုံကို ဒေါ်မမကြီး သိနိုင်လောက်သည်။ အခွင့်အရေးကလည်း ရှိသည်။

သူက ပထမ ဖြူကို စိတ်ဝင်စားသည်။ ဒီလောက် ဘီအေ ဂုဏ်ထူး တန်း အောင်ပြီးသည်အထိ ဘွဲ့ရသူက သူတို့ ရွာလိုမှာ ဆရာမ လုပ်မည် ဆိုလို့။ သည်တုန်းက ဆရာ ဦးကြီးစိန် ကမာဝက်ကိုပင် မပြောင်းသေး။ တံခွန်တိုင် ကျောင်းမှာပင် ရှိသေးသည်။

ပြီးတော့ ဖြူက ယဉ်ယဉ်လေးနှင့် ချောချော ပြေပြေလေး ဖြစ်သည်မို့ နှမလေးလို ချစ်သည်။ ဆရာမလေး ဒေါ်ဝင်းစံဖြူ အိမ်ကလည်း သူတို့ အိမ် နှင့် ဝေးလှသည် မဟုတ်၍ အဝင်အထွက် များသည်။

သည်အိမ်က ဖြူ အမေ အပျိုဘဝ ကတည်းက သူ ရောက်နေသည့် အိမ်။ ဖြူ အမေကို သူတို့က အစ်မကြီး တစ်ယောက်လို ချစ်ပြီး ဖြူ အဘွားကိုလည်း အမေလိုပင် ညာစားရနိုင်ခဲ့သည်။

ဒါ့ကြောင့်ပင် ဆရာကြီး ကတော်ကို ဖြူ အဘွားက အကြောင်းစုံ ပြောပြသည်။ မြေး၏ဒုက္ခ မြေးအဖြစ်ကို ရင်နင့်နင့်နှင့်ပင် ပြောသည်။

ရွာမှာ လာပြီး အပူသည် လာဖြစ်နေသည့် အဘွား သမီးကို အဘယ်မှာ ပင် ဒေါ်မမကြီး မစာနာနိုင်ဘဲ ရှိပါမည်နည်း။ ကရုဏာ မသက်ဘဲ ရှိပါ မည်နည်း။

သူ့ကို စေတနာ ဝင်မိသည်နှင့် အမျှ၊ အဖြစ်စုံကို သိသည်နှင့် အမျှ သူကပါ ဖြူအစား ရင်နာနေရသည်။

ဒါကြောင့်ပင် ဦးနန်းဝေက သိချင်သည်ဆိုတော့၊ သူ သိသမျှနှင့်လည်း ဆက်နွှယ်နေသည်ဆိုတော့ ဒေါ်ပြောချင်က ကရားထဲက ရေအသွင်လို အမျှင် မပြတ်တမ်း ပြောပြတော့သည်။

ကိုခင်မောင်ရီ၏ မိဘများက သူ့ကို သင်္ကာမကင်းသည့် အကြည့် မျိုးနှင့် ကြည့်၍ ဖြူ နေရထိုင်ရ ခက်လှပြီ။ ခုတလော မင်္ဂလာဆောင်ရက် သတ်မှတ်ပြီး ဖြူ အမေက အပူတပြင်း စီစဉ်နေသည်။ ပဲခူးနှင့် ရန်ကုန်ကို ကူးချည် သန်းချည် လုပ်နေသည်။ ကိုခင်မောင်ရီ၏ မိခင် ပါလာတိုင်း ဖြူ ရင်ဖိုရသည်။ ဒီအဘွားကြီး စကား ပြောတာ တစ်မျိုးပဲ။

တစ်နေ့တော့ ဆိုင်းမဆင့် ဗုံမဆင့် ကိုခင်မောင်ရီ ပဲခူးကို ပေါက်လာ၏။ ဖြူနှင့် အေးအေးဆေးဆေး စကားပြောချင်သည် ဆိုပြီး အိမ်ရှေ့ လိပ်ပြာကန်ထောင့်က ခုံတန်းလေးကို သွားကြသည်။

“ကိုခင်ညို့ ကိစ္စကို ပြောချင်လို့ မောင် အညာက ရောက်ရောက်ချင်း လာခဲ့တာ ဖြူ”

အေးအေးဆေးဆေး ထိုင်မိကြသည် ဆိုလျှင်ပင် ဖြူရင်က နွေးခနဲ ဖြစ်သွားအောင် ကိုခင်မောင်ရီက စပြောသည်။

“ဘာပြောချင်လို့လဲ မောင်”

“ဪ... ဖြူနဲ့ ကိုခင်ညိုနဲ့ ဖြစ်ခဲ့တဲ့ ကိစ္စကိုပါ”

“မောင်ရယ် ဒီအကြောင်း ဖြူကို ထပ်မပြောပါနဲ့တော့၊ မောင့်ကိုလည်း ဖြူ စာရေးပြီး ပြောဖူးသားပဲ၊ ဖြူနဲ့ ဖြစ်ခဲ့တဲ့အကြောင်း မောင့်ဆီ စာရေး တာပဲ၊ ဖြူ၊ သိပြီးသားဟာကို ထပ်မပြောပါနဲ့တော့၊ ဖြူ၊ ရင်မောတယ်”

ပြောရင်းပင် ဖြူက ဖိုလှိုက်သဲနှင့် ဖြစ်နေပြီ။

“ဖြူ စာတွေ မောင် ဖတ်ရပါတယ်၊ ဖြူ ရေးလိုက်တုန်းက မောင် ဒါလောက်ထိ လေးလေးနက်နက် မစဉ်းစားမိပါဘူး၊ ခုတော့ အခြေအနေ အကုန်လုံးကို မောင် သိရပြီ၊ ကိုခင်ညို့ အကြောင်းကို ဆိုရင်တော့ ဖြူ သိတာထက်တောင် မောင် ထပ်သိပြီးပြီ၊ အမေတို့လည်း ဒီအကြောင်းတွေ အကုန်လုံးသိတယ်”

“အမေတို့ သိတယ်”

ဖြူက တအံ့တသြ ဖြစ်သွားမိ၏။

“ဟုတ်တယ်၊ အမေ ပြောပြမှ ပိုတောင် စုံစုံသိရသေးတယ်”

ဖြူ က ဘာမှ ထပ်မမေးတော့ပေ။ ကိုခင်မောင်ရီ ဘာပြောမလဲ ဟု နားထောင်ရင်း လိပ်ပြာကန် ရေပြင်ကိုသာ ငေးကြည့်နေလိုက်၏။ ဘာဖြစ်လို့ ငါ့ကို ကိုညို့ အကြောင်း ပြောပြီး ဆွနေပါလိမ့် ဟုလည်း စိတ်မကောင်း ဖြစ်မိ၏။

“အမေက သိရုံမကဘူး၊ ဟောဒါတွေတောင် ပြသေးတယ်”

ကိုခင်မောင်ရီက ပြောပြောဆိုဆို သူ့ အင်္ကျီအိတ်တွင် အသင့် ထည့် လာသည့် ဓာတ်ပုံ သုံးပုံ ယူပြီး ဖြူကို လှမ်းပေးလိုက်၏။ ပြီးတော့ ဖြူ မျက်နှာကိုလည်း အသေအချာ ကြည့်လိုက်လေသည်။

ဖြူက ကိုခင်မောင်ရီ လှမ်းပေးသည့် ဓာတ်ပုံများမှ အပေါ်ဆုံး ပုံကို ငေးပြီး ကြည့်နေမိ၏။ အင်းလျားကန် သရက်ပင် တစ်ပင်အောက်တွင် ခင်ညို နှင့် ဖြူတို့ နှစ်ယောက်ကြားမှ လှမ်းမြင်နေရသည်ပုံ။ တစ်ဦးလက်ကို တစ်ဦး ဆုပ်လျက်။

ဖြူက သူ့နှုတ်ခမ်းကို သူ တင်းတင်းကိုက်ရင်း ကိုခင်မောင်ရီ လက် ထဲမှ ဓာတ်ပုံကို လှမ်းယူလိုက်၏။ ပြီးတော့ ဒုတိယ ပုံကို ကြည့်လိုက် ပြန်သည်။

မြင်မြင်ချင်း ဖြူက ဆတ်ခနဲ ခေါင်းထောင်လိုက်၏။ မျက်လုံးက အရောင် ထွက်ပြီး ပုံကို ပြန်ငုံ့ကြည့်လိုက်ပြန်၏။ သူ့ ရင်ထဲမှာတော့ ကျိုက်ကျိုက်ဆူလို့ ပူနေပြီ။

ပုံက ဗိုလ်ချုပ်ဈေးထောင့်တွင် ဖြူ၊ ယဉ်ယဉ်နွဲ့၊ ခင်ညိုတို့ ရယ်မော ပြောဆိုနေပုံ။ ခင်ညို့ လက်ထဲမှာ ဖြူ လက်ကိုင်အိတ်လေးနှင့်။

ဖြူက ကန်ရေပြင်ကို ဒေါသဖုံးသော မျက်လုံးနှင့် ပြန်ကြည့်ပြန်၏။ ကိုခင်မောင်ရီကတော့ ဘာမှ မပြော။ ဖြူ အမူအရာကိုသာ မမှိတ်မသုန် ကြည့်နေ၏။

နဂါးမျက်လုံး၊ ဒီကောင့် လက်ချက်၊ နဂါးမျက်လုံး အကြောင်း အညို ပြောစဉ် ဖြူက ရယ်စရာလိုသာ သဘောထားသည်။ ကိုညို့ကို ကျောင်းသား ခေါင်းဆောင် တစ်ယောက်ဆိုပြီး စုံထောက် လိုက်နေပြီ ထင်တယ်ဟုလည်း သတိပေးရင်း ချောက်လှန့်ရင်း ပြောခဲ့သေးသည်။ အခု ဒင်း လက်ချက်။

နောက်တစ်ပုံက သန်လျင် သင်္ဘောဆိပ်မှာ။ ကြည့်စမ်း၊ ဒီကောင် ဒီထိအောင် လိုက်ပြီး စုံစမ်းတယ်။ ငါ့ယောက္ခမတွေက ဘာသဘောနှင့် ငါ့ကို ဒါလောက် စုံစမ်း နေရတာလဲ။ ဓာတ်ပုံဆရာ တစ်ယောက် လွှတ်ပြီး မျက်ခြည်မပြတ် ကြည့်ခိုင်းရလောက်အောင် ငါ့ စကားနှင့် ငါ့မိဘ ကတိကို မယုံကြဘူးလား။

“ဘာသဘောနဲ့ ဖြူကို ဒီပုံတွေ လာပေးတာလဲ မောင်”

ဖြင့် ဖြူ တကယ်ပင် နားမလည်ပေ။ သူ ငေါက်ဆတ်ဆတ် မေးမိအောင် ပင် အသားတွေက ဆတ်ဆတ် တုန်နေပြီ။ စိတ်ထဲမှာ တင်းလာ ကျပ်လာပြီး ဖြူ မေးသော်လည်း ကိုခင်မောင်ရီက မဖြေသေး။ ဖြူ ပိုပြီး စိတ်ထွက် လာရအောင်ပင် ခေါင်းတညိတ်ညိတ်နှင့် ညိတ်နေသေးသည်။

“အမေ အရင်ပြောတုန်းက မောင် မဖြုံခဲ့ပါဘူး၊ မောင်တို့ သားချင်း ထဲက ရန်နိုင်ဆိုတဲ့ကောင် စုံစမ်းပေးတာလို့ အမေ ပြောတော့ မောင် သာပြီး မယုံဘူး”

“ရန်နိုင်ဆိုတာ နှာခေါင်းပွပွနဲ့ ပင်နီအင်္ကျီ အမြဲဝတ်တဲ့ ကောင် မဟုတ်လား”

ဖြူက နဂါးမျက်လုံးလား သိချင်၍ အံကြိတ် နေရာကပင် ကိုခင်မောင် ရီကို မေး၏။

“ဟုတ်တယ်၊ ဘဲမြီး ဆံတောက်နဲ့ ကောင်၊ နိုင်ငံရေးသမားလိုလို ကောင်ပဲ၊ ဖြူတော့ တွေ့ဖူးမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ဖြူကို သူ ကြိုက်တဲ့ အကြောင်း မောင့်ကို ပြောဖူးလို့၊ ပြီးတော့ ဒီကောင့် စိတ်လည်း သိလို့၊ သူ တမင် မနာလိုမှုနဲ့ ပြောတာပဲလို့ အောက်မေ့တာ၊ ဒါကြောင့်လည်း အမေ့ကို သူ ပြန်တိုင်တယ်ဆိုတာ အပ်တွေ ချဲ့ပြီး ပြောတာလို့ မောင် နားလည်ခဲ့ တာပဲ”

“သြော”

ဖြူက မခံချည့်ပြုံးနှင့်ပင် ရေပြင်ကို ငေးရင်း ပြောလိုက်၏။

“နောက်တော့ ကိုခင်ညို့ကို သိတဲ့ မောင့် သူငယ်ချင်းတွေကလည်း ဇာတ်စုံ ခင်းပြတယ်၊ သူတို့ကတော့ ကိုခင်ညို့ကို သနားပြီး မောင့်ကို နှိမ်တာ ပါလေ၊ ဒါက ကိစ္စ မရှိပါဘူး၊ မောင့် ညီမလေးတွေလည်း အဆောင်ကနေပြီး သတင်းတွေ အကုန်ကြားပါတယ်၊ အဲဒါကြောင့်လည်း ဖြူဆီကို မောင် အချိန်မီ လိုက်လာခဲ့တာ”

ဖြူက ငြိမ်နေပြန်၏။ ရင်ထဲက တလှိုက်လှိုက် ဖြစ်နေသော်လည်း သူ မငိုနိုင်တော့ပေ။ ဘာမှလည်း ထပ် မပြောချင်ပေ။ သူ့ကို နားမလည်နိုင် ကြသည့် ကိုခင်မောင်ရီ အသိုင်းအဝိုင်းကိုသာ စိတ်ထဲက မကျေမနပ်ဖြစ်ရင်း အံကို တင်းသထက် တင်းအောင် ကြိတ်ထားမိတော့၏။

“ကိုခင်ညို့ကို ဖြူ သိပ်ချစ်သလား ဟင်”

ကိုခင်မောင်ရီက ငြိမ်နေသည့် ဖြူကို အသက် သွင်းပေးလိုက်၏။ “မောင် ဒါတွေ မေးနေဖို့ မလိုတော့ဘူး ထင်တယ်၊ ဖြူ အားလုံး အကြိုက်ကို လိုက်ပြီးပြီ၊ အမေတို့ စီမံတဲ့အတိုင်း ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ရ မယ်လို့ ပြောပြီးပြီ၊ မောင် ဒါလောက် သိတယ်ဆိုရင် ဖြူ ကို မေးဖို့တောင် မလိုတော့ဘူး၊ ဖြူ သူ့ကို ချစ်တယ်၊ ချစ်သမှ တုန်နေအောင် ချစ်တယ်၊ ဒါပေမဲ့ ဖြူ သူ့အသည်းကို ခွဲပြီးပြီ၊ သူ ဘယ်လောက် စိတ်နာမလဲ ဆိုတာ မောင်ပဲ စဉ်းစားကြည့်၊ ဒါပေမဲ့ မောင့်ကို ယူပါ့မယ်လို့ ပြောပြီးပြီပဲ၊ ဖြူ၊ အားလုံး ဆန္ဒကို လိုက်ပြီး ကိုယ် ချစ်တဲ့ လူကို ရက်စက်လိုက်ပြီပဲ၊ ဖြူကို ဘာလို့ ဒါတွေ ထပ်မေးနေတာလဲ”

ဖြူက မအောင့်နိုင်တော့ပေ။ နာကျည်းမှုတွေ၊ ဝမ်းနည်းမှုတွေ သီးနေ ရာက တုန်တုန်ယင်ယင်ပင် ပြော၏။ စိတ်က နာရလွန်း၍ ကျယ်ကျယ် လောင်လောင်ပင် ဒေါသအပူနှင့် အော်ပြောလိုက်မိ၏။ မငိုချင်ပါမှ မျက်ရည် တွေက ကျလာပြန်ပြီ။

“မောင် နားလည်ပါပြီ၊ ဒါ့ကြောင့်လည်း ဖြူကို မေးတာပါ”

ကိုခင်မောင်ရီက တည်တည်ငြိမ်ငြိမ်ပင် ပြောပြန်သည်။ သူက တည် ငြိမ်နိုင်လောက်အောင် လည်း လာလမ်းကတည်းက သူ့မှာ ဆုံးဖြတ်ချက်ကြီးနှင့်။ သူ့ထက် ချစ်ရမည့်သူ ရှိသော ဖြူကို သူ လက်မထပ်လိုတော့ပေ။ ဖြူ စိတ်ချမ်းသာမှု ကိစ္စတွင် သူက အရေးအပါဆုံး ဖြစ်နေသည်ကို သူ နားလည်သည်။ ဖြူက သူ့ကို ချစ်လို့ လက်ထပ်ခြင်း မဟုတ်သည်ကို သူ နားလည်ပြီ။ ဒီအတိုင်းဆိုလျှင်လည်း ဒီမိန်းကလေး တစ်သက်လုံး ဒီလိုသာ ရှိတော့မည်။ အသည်းကြီးသည့် မိန်းကလေး မဟုတ်လား။

“စေ့စပ်ကြောင်းလမ်းခြင်းကို မောင် ဖျက်ပေးမယ် ဖြူ၊ မောင် လိုက် လျောပါ့မယ်၊ ကိုခင်ညိုနဲ့ ဖြူတို့ရဲ့ ချစ်ခြင်းကို မောင် မခွဲပါဘူး၊ မောင် ကူညီပါ့မယ်၊ မောင် ခွင့်လွှတ်ပါ့မယ်”

မိန်းကလေးက ဒီတစ်ခါမှ ချုံးပွဲချငိုသည်။ ဒါ ခွင့်လွှတ်တာလား မောင် ဟူ၍ တစ်လုံးသာပင် သူ ပြောနိုင်တော့သည်။

အခြေအနေ အပြောင်းအလဲက မြန်လှသည်။ အခြေအနေ အားလုံး ရှင်းပြီးမှ ခင်ညို့ထံ အကြောင်းကြားတော့မည်ဟု ဖြူ တစ်ယောက်တည်း ပျော်လို့ပင် အားမရသေး။ သတင်းဆိုးတွေက ပဲခူး တစ်မြို့လုံး ပျံ့နေလေပြီ။

ကိုခင်မောင်ရီက နားလည်နိုင်သော်လည်း သူ့မိဘတွေက နားမလည် ကြပေ။ ကာယံကံရှင်တွေကပင် ချစ်လျက်နှင့် ရေငုံကာ ကြိတ်နာနိုင်သော်လည်း လူကြီးတစ်တွေ ဤရွေ့ ဤမျှနှင့် အားမရတော့ပေ။ ဝါဒ တွင်တွင်ဖြန့်တော့သည်။ ဖြူနား မဆံ့အောင်ပင် ဖြူ သတင်းက ဆိုးရွားလှသည်လေ။

မျက်နှာများသူ၊ ဖောက်ပြန်သူ၊ လင်နှစ်ယောက် တစ်ပြိုင်နက် လိုချင်သူ၊ ချွေးမ မတော်ခင်ကပင် ဒီလောက် အမြှောင်ထားချင်တဲ့ မိန်းမယုတ်မျိုး မလိုပေါင်။

မိန်းမဆိုး၊ မိန်းမရိုင်း၊ မိန်းမယုတ်၊ ကလေးတောင် ဘယ်နှစ်ချီ ဖျက်ချ ပြီးပြီလဲ မသိဘူး။

ဒီအထိ ရိုင်းလိုက်သည့် အရိုင်းဘုံ။ ဖြူ၊ ခင်ညိုနှင့် ကိုခင်မောင်ရီ တို့သာ သိသည့် ဇာတ်လမ်း။ ဖြူ၊ ခင်ညို၊ ကိုခင်မောင်ရီတို့သာ ရှင်းနိုင်သည့် ဇာတ်လမ်း။ အခု မြို့လုံးကျွတ် ရှင်းနေပြီ။ ရှုပ်လောက်အောင် ရှင်းကြပြီ။

လူငယ်တွေ၏ မေတ္တာတရားကို လူကြီးတွေ နားမလည်နိုင်ကြတကား။ ကိုခင်မောင်ရီ မိခင်သည် နားမလည်သူတွေထက်ပင် နားဝေးလေတကား။ အရိုင်းဘုံက ယုံသူတိုင်းတို့အတွက် အပျော်အပါး ပြောစရာ စကား ဖြစ်လာချေ ပြီကော။ တောမီးလို တစ်တောလုံး နှံ့နေပြန်နေချေပြီကော။ ကာမိ ။ပခ မိဖြူလေး၊ ကိုယ့် နှလုံးသည်းပွတ်ကို အပျက်အစီးခံပြီး မိဘ စကား နားထောင်မိသည့်အတွက်၊ ကတိတည်မိသည့်အတွက် အခု အရှက်တကွဲ ဖြစ်ရပြီ။ အကျိုးနည်းခဲ့ရပြီ။ သူတကာ တံတွေးခွက်တွင် မျောနေရပါပြီကော။

“လွန်ကုန်ပြီ၊ အားလုံး ဒုက္ခရောက်ကုန်ပြီ”

ဦးနန်းဝေက ကြေကွဲ ဝမ်းနည်းစွာပင် မှတ်ချက်ချလိုက်လေသည်။

“မောင်ခင်ညိုလေး ဒီလိုဖြစ်တယ်ဆိုတော့ ကျွန်မတို့လည်း စိတ် မကောင်းပါဘူးဦးနန်းဝေရယ်၊ သူတို့ အဖြစ်က ဆိုးမှဆိုးပဲ”

ဒေါ်မမကြီးကလည်း ဇာတ်ရည် လည်ချိန်တွင် သူ့မောင်လေး တစ်ယောက် ဆုံးရှုံးရသလို ပူဆွေးဝမ်းနည်းသွားရသည်။

“ငါကလည်း တစ်နေ့နေ့မှာ သူတို့ ပြန်ဆုံကြလိမ့်မယ်လို့ မှတ်ထား တာပဲ မကြီးရယ်၊ ဦးနန်းဝေ ပြောလိုက်ကတည်းက ငါ စိတ်မကောင်းဘူး၊ ဒီဆရာမလေး ကုသိုလ်ကံကလည်း ဆိုးပါတယ်ကွာ”

“စိတ်မကောင်းတော့ ဖြစ်စရာပဲ ဦးနန်းဝေရယ်၊ ဖြူဖြူ အနေနဲ့ကလည်း သူ ဒီလောက် အနစ်နာခံရဲ့သားနဲ့ သူ့ကို ဒီလောက် ပက်ပက်စက်စက် လုပ်ရပါ့မလားဆိုပြီး နာကျည်းမိမှာပါပဲ၊ တစ်ဖက်ကလည်း မောင်ခင်ညို ဆိုတာက သူ့ကို အထင်မှား၊ တစ်ဖက်ကလည်း ခေါင်းမဖော်နိုင်အောင် အရှက်ကွဲ ဖြစ်ရတော့ သူလည်း အတော် ခံပြင်းလာပုံ ရတယ်၊ ဟုတ်တာကိုတော့ သူ အပြောခံသားပဲလေ၊ မဟုတ်တာတွေပါ သူ့ကို ထိခိုက်လာတော့ နောက်ဆုံး သူ့မိဘကိုပါ သူ စိတ်နာလာတာပဲ၊ သူ့ အဖေ အမေ လိုက်ခေါ် တာတောင် သူ ပြန်မလိုက်သွားဘူး၊ ဘယ်လောက်ထိ သူ စိတ်ထိခိုက်နေမယ် ဆိုတာ ဦးနန်းဝေပဲ စဉ်းစားကြည့်တော့ ရှင် ဒေါ်မမကြီးက ကြေကွဲ ဆို့နင့် စွာပင် အားလျော့လျော့ ပြော၏။

“အညို ဆုံးတာတော့ သူ သိပြီးရောပေါ့ ဆရာကတော်” သောကနှင့် အပူပြင်းပြင်း ခံနေရသော်လည်း ထိန်းသိမ်းသော စိတ်ဖြင့်ပင် ဦးနန်းဝေက မေး၏။

“မပြောတတ်ပါဘူးရှင်၊ ကျွန်မလည်း ခုတစ်လော သူတို့ အိမ်ဘက် မရောက်ဘူး၊ ကလေး တစ်ပြုံညာနဲ့ အလုပ်များနေတာနဲ့၊ သူတို့ အိမ်လည်း... ဟိုရှေ့ ရုံကြီးနားရပ်တွင်ပါ”

“လူကြီးတွေ အမြင်မကျယ်ကြတာနဲ့ လူငယ်တွေရဲ့ ဘဝ ဆုံးရှုံးရတာပဲ ဦးနန်းဝေ၊ သူတို့အဖြစ်က အတော်လည်း ရင်နာဖို့ ကောင်းတဲ့ ကိစ္စပဲဗျာ၊ ဖတ်ကောင်းတဲ့ အလွမ်းဝတ္ထု တစ်ပုဒ်လောက်ကို ကြုံနေတော့တာပဲ”

ဦးကြီးစိန်က ကျောင်းဆရာပီပီပင်။

“အေးဗျာ၊ ကျွန်တော်လည်း မိန်းကလေးကို ခင်ပါတယ်၊ အရင် အညိုနဲ့ တစ်တွဲတွဲလည်း ကျွန်တော့်ဆီ ရောက်တာပဲ၊ သူ ကျွန်တော့်ကိုလည်း လေးစား ပါရဲ့၊ ကျွန်တော်ကလည်း အညိုနဲ့ ပတ်သက်ပြီး ကျွန်တော့် နှမထွေးလေးလို ချစ်တာပါပဲ၊ နောက်တော့ ကျွန်တော်ပါ မိန်းကလေးကို စိတ်နာလာတယ်ဗျ၊ ဒီအဖြစ်တွေသာ စောစောက ကျွန်တော် သိရရင် ကျွန်တော် ကိုယ်တိုင် ပဲခူးကို လိုက်တယ်ဗျာ၊ ဟိုလူကလည်း ဒါလောက် သဘောထားကြီးနိုင်ရဲ့နဲ့ နောက်ပိုင်း ကျွန်တော်တို့တစ်တွေနဲ့ လာဆွေးနွေးဖို့ ကောင်းတယ်၊ အခုတော့ တစ်ယောက်ကလည်း အသေဆိုးနဲ့ သေရပြီ၊ ဒီမှာ တစ်ယောက်ကလည်း အပူသည်အဖြစ် ကျန်တယ်ဆိုတော့...”

ဦးနန်းဝေက သူ့ အပူလိုပင် ရင်ထဲ ဆို့လာသည်။ စကား ထိန်းပြောနေရသည်ထိ စိတ် ယောက်ယက်ခပ်နေမိတော့သည်။

“ကျွန်တော် သူတို့ မြေးအဖွားဆီ သွားလိုက်ဦးမယ်ဗျာ၊ မပြန်ခင် လာပါဦးမယ်၊ ပထမတော့ သူ့ ယောက်ျားရှေ့ ဒီပစ္စည်းတွေ ပေးရခက်လို့ ဆရာကြီး အိမ်ပဲ အကြောင်းပြ ခေါ်ပြီး ပေးပို့ ဆုံးဖြတ်လာတာ၊ အခုတော့ ကျွန်တော်ဘဲ ပြောပြပြီး ပေးခဲ့တော့မယ်”

အညိုရယ် ငါ့တပည့် အဖြစ်က ကြာလေ ဆိုးလေပါပဲလား၊ မင်း ဖြူလေးသာ မင်းကို ဒီလောက်ထိ ချစ်တယ်ဆိုတာ သိရင် မင်း ဒီလိုဖြစ်မှာ မဟုတ်ဘူး၊ မင်း သေတဲ့အထိ ကံဆိုးရှာတဲ့ ကလေးပဲကွယ်။

ဒီသတင်းကို မင်း စောစောစီးစီး သိရင် မင်း မြူးနေတဲ့ပုံ၊ ကိုခင်မောင်ရီ ဘုရားလောင်းကြီး ဆိုပြီး မင်း ကုန်းကုန်း ကန်တော့မယ့်ပုံ၊ ကြားကြား ချင်း ဒီအရောက် ပြေးလာမယ့် ပုံတွေကို ငါ မြင်တယ် အညို၊ မင်းကလည်း ခေါင်းမာတယ်၊ စိတ်ကလည်း ပျော့တယ်၊ ဖြစ်ပြီဟေ့ဆိုရင် မင်းက မီးကုန် ယမ်းကုန်ပဲ၊ မင်း သေခါနီး အချိန်ထိ ဒီစိတ်နှင့်ပဲ အသက်ရှင် နေတာကို ပြသွားတယ်၊ ရင်နာဖို့ကောင်းတယ် အညိုရယ်။ မင်း ဘဝမှာ အဆင်မပြေ တာတွေချည်း များခဲ့တယ်၊ အဆင်ပြေမယ့် အချိန်ကျတော့ မင်းက မရှိတော့ ဘူး၊ အဖြစ် ဆိုးလှချည့်ကွယ်။

ဖြူအိမ် ရောက်တော့ ဖြူ၊ ကျောင်းသွားသည်လို့ ဖြူဖြူခန့်ခန့် အဘွားကြီး တစ်ဦးက ထွက်ပြောသည်။ သည်မျက်နှာ သည်မျက်လုံးနှင့်မို့ ဖြူ အဘွားပေပဲ။

နေပူပူ ကျောင်းပိတ်ရက်ကြီး။

“ကျောင်းပိတ်ထားတယ် မဟုတ်လား ဒေါ်ဒေါ်ရဲ့”

ဦးနန်းဝေက လာရင်း အကျိုးအကြောင်း ပြောပြပြီး အဘွားအိုကို မေးရပြန်သည်။

“ကျောင်းက တောင်ပိုင်းတင်ပါ ကိုရင်ရယ်၊ ဒီလိုဆို လိုက်သွားပါဦး၊ ကိုရင်တို့ ဆရာတပည့် အကြောင်းတော့ ငါ့မြေး နေ့စဉ်ရက်ဆက် ပြောပါရဲ့၊ ငါက စာရေး မှာချည်ဆိုတော့သာ ဖြစ်ချင်သလို ဖြစ်ပါစေတော့ အဘွားရယ် ဆိုပြီး ငိုသာနေတာပဲကွယ်”

အဘွားကြီးလည်း ငိုရင်းသာ ပြောတော့သည်။

“ဒီ လေးငါးရက်ဟာ မိဖြူ ကို ဘာမှ ကျွေးလို့လည်း မစားဘူးကွယ့်၊ အဲဒီကျောင်းမှာ သွားသွားပြီး ငိုနေတော့တာပဲ၊ ဒေါ်ဒေါ်လည်း စိတ်ညစ်ပါရဲ့၊ ငါ့ မြေးကိုလည်း သနားပါတယ်ဟယ်”

မျက်ရည်သာ ခရီးတိုင်း မြင်နေရပါကလား။ ခင်ညိုနှင့် စပ်တဲ့ ခရီးတွေကတော့ ပူပင်လယ် ခရီးချည်းပါလား။

“လွန်ခဲ့တဲ့ ဆယ့်ငါးရက်၊ ရက်နှစ်ဆယ်လောက်ကတည်းက သူ့ကို ချော့မရ၊ မေးမရ ငိုတာပဲ၊ နောက်မှ မင်းပြောတဲ့ မောင်ခင်ညို ဆိုတာကွယ်၊ သူ ချစ်တယ်ဆိုတဲ့ လူကလေး ဆုံးလို့တဲ့၊ ဒေါ်ဒေါ့်ကို သတင်းစာလည်း ပြပါရဲ့၊ အဲဒါ သူ့အပြစ် သူ့ကြောင့် သေရတာဆိုပြီး မျက်ရည်နဲ့ မျက်ခွက် ပါပဲ၊ ငါ့မလဲ မြေးအတွက်နဲ့ တစ်ရက်မှ စိတ်မအေးရပါဘူး”

အလယ်တန်း ကျောင်းကြီးကို ဦးနန်းဝေ အသုတ် နှင်ရပြန်သည်။ ကျောင်းကြီးကတော့ ပကတိ ဆိတ်ငြိမ်နေ၏။ လှလှပပ ကျောင်းသစ်ကြီး ဘေးဆီမှာလည်း ဘုရားစေတီ၊ ဘုန်းကြီးကျောင်းကြီးနှင့် ထန်းပင်တွေက ညို့လို့။ ပူဆွေးနေရသူကို ပိုပြီး ဆူစေပွက်စေမည့် ရှုခင်းလေ။

“ဟင်... ဆရာ”

မိန်းကလေးက ငိုပြီး မောနေဟန် တူသည်။ လှေကားက တက်လာ သည့် ဆရာ့ကို မတွေ့။ ကျောင်းဝရန်တာ လက်ရန်းကို မှီရင်း ထန်းတော ညို့ညို့ဆီကို ငေးပြီး တစ်ချက် တစ်ချက် ရှိုက်နေသည်။ ခြေသံ ကြားလို့ လှည့်ကြည့်လိုက်မှ သူ မြင်နေကျအတိုင်း ဘောင်းဘီ အဖြူ၊ အင်္ကျီ အဖြူနှင့် ခင်ညို့ ဆရာကို မြင်သည်။

ဖြူဖြူသည် သူ့ရင်ကို သူဖိပြီး အလန့်တကြားပင် ဖြစ်သွား၏။

“ဆရာ ဘယ်တုန်းက လာလဲ ဆရာ”

ထင်ပါသည်။ ဖြူကို တွေ့လျှင် မျက်ရည်ကိုသာ အရင် တွေ့ရမည်လို့။

“ဆရာတို့တော့ ဖြူကို သိပ်မုန်းနေမှာပါ ဆရာရယ်”

မိန်းကလေးက ရှိုက်ရင်း စကားစေ့အောင်သာ ကြိုးစား ပြောနေရ ပေသည်။ သူ့ရင်ထဲမှာ နေကြီး ခုနစ်စင်း။

“အခုမှ ဘာလို့ ငိုနေသေးလဲ ဖြူဖြူရယ်၊ အကြောင်း မထူးတော့ပါဘူး”

အခုအချိန် ဦးနန်းဝေက စိတ်ကို အတင်းနိုင်ဆုံးလူ ဖြစ်နေပါပြီ။ ဖြူကို ရင်ဆိုင်ပြီး အားရပါးရ ပြောလိုက်မည်ဟု ပြင်ခဲ့သော စကား တွေလည်း ဦးနန်းဝေ မပြောနိုင်တော့ပြီ။ သူ ခေါင်းသာ တွင်တွင်ညိတ်နေ ရတော့၏။

“ဖြူဆီ သက်သက် လာတာပဲလား ဆရာ”

ဦးနန်းဝေက ခေါင်းသာ ညိတ်ပြ၏။

“ပြောပါဦး ဆရာ၊ သူ ဖြူကို ဘာမှာသွားလို့လဲ”

ဖြူက ကိုယ်လေး ရှေ့ကို ယိမ်းလာရင်း အရင်စလို မေး၏။

“မမှာပါဘူး”

ဦးနန်းဝေက ထိုင်ခုံ တစ်ခုမှာ ဝင်ထိုင်ရင်း အေးဆေး တည်ငြိမ်စွာပင်။

“ဘာမှ မမှာဘူးလား ဆရာ ဟင်”

အကြောင်း တစ်ခုခုကြောင့် လာသည်လို့ ထင်ရပြီး ရင့်ကျက် တည်ငြိမ် လှသည့် ဆရာ့ကို ဖြူ အားမရပေ။ သူကတော့ အခု ငါးရံ့ ပြာလူး ဖြစ်နေ ရပြီ။ မအေးနိုင်ပြီ။

“ဖြူ ရက်ဆက် ငိုနေရတယ် ဆရာရယ်”

ငိုသတင်းကို ငိုချင်းနှင့်ပင် ဖြူက ပြော၏။

“ငိုရမှာပေါ့။”

“ငိုရုံငိုရတာ ဖြူဖြူ၊ ငါ့တပည့်က သေရပြီ မဟုတ်လားကွယ့်”

မပြောတော့ဘူး ဆိုသော်လည်း သည်စကားကိုတော့ ပြောဖြစ်အောင် ပြောလိုက်မိသည်။ အလွမ်း မင်းသမီးကတော့ ရှိုက်သံ မစဲနိုင်သေး။ အားရ အောင် ငိုကွယ့် မိဖြူလေး။

“တော်သေးတယ် ဖြူဖြူ၊ မင်း ယောက်ျားနဲ့များ ငါ ဆုံမလားလို့ ငါ ရင်မပြီး လာခဲ့ရတာ၊ ဒီရောက်မှ အကြောင်းစုံ သိလို့ ဖြူက ရှိုက်ပါသည်။ ဆရာ သူ့ကို ထပ်ပြီး နှိပ်စက်ဖို့ ရောက်လာသည်လို့ တအိအိနှင့်ပင် မြည်သံ စီနေပြန်သည်။ အရာပင်မုနးမှ ၂ လာ ၉နခ သူက တစ်ခါရှိုက်တိုင်း၊ တစ်ချက်အိတိုင်း နှလုံးသားက ငိုတဲ့ ရှိုက်တဲ့ အသံကွယ့်” လို့ ပြောင်းပြီး နားလည်နိုင်ပြီ ဖြစ်သည့် ဆရာကတော့ မချိလှပေ။ လခအညို မမှာပေမဲ့လည်း ငါလာမှာပဲ ဖြူဖြူ၊ ဟောဒီမှာ သူ့ အမြတ် နိုးဆုံး အိတ်ကလေး၊ သူ ဒါလေးကို နောက်ဆုံးအချိန်ထိ သူနဲ့မကွာ ထားခဲ့တာ” ဦးနန်းဝေက ပြောပြောဆိုဆို သူ့ဘောင်းဘီ အိတ်ထဲမှ သားရေအိတ် အညိုလေးကို ထုတ်ပြီး ဖြူလက်ထဲ ထည့်လိုက်၏။

“ဘာလဲ ဆရာ”

ဖြူက ပဝါဖြူလေးနှင့် မျက်ရည် ချက်ချင်း သုတ်ပြီး လျင်လျင်မြန်မြန်ပင် ဖွင့်လိုက်၏။

“ဆရာရယ်”

သည်တစ်ခါမှ ဖြူ တက်မတတ် ငိုပြန်သည်။ ရှိုက်သံ တသဲသဲနှင့် ချုံးပွဲချ ငိုသည့် အလွမ်းသည်မလေး။

ဖြူက အိတ်ကလေးကို ရင်မှာ ကပ်လိုက်၊ ငိုလိုက်၊ စားပွဲခုံပေါ် မျက်နှာအပ်ထားလိုက်နှင့် သောက မုန်တိုင်းဒဏ်နှင့် လူးနေရပြီ။

“ငါ မအားတဲ့ ကြားထဲက မင်း လက်ထဲ အရောက် လာပေးတာ ဖြူဖြူ၊ ကဲအခုမှ ငိုလည်း ငိုမနေနဲ့တော့၊ ငါ ပြန်မယ်”

ဦးနန်းဝေက ပြောရင်းပင် ထလိုက်၏။ ဖြူ ခေါင်းကို သပ်ရင်း “တိတ်တော့ ဖြူဖြူ၊ မင်း စိတ်ကို မင်း ထိန်းပြီးသာ နေခဲ့တော့” ဟု ပြောပြီး ဖြူကို ကျောခိုင်းခဲ့တော့သည်။

ငြိမ်းသော အေးသော စိတ်သဘောနှင့်တော့ မဟုတ်။ သောက ရင်စီး နှင့် ဆရာ့ ခြေလှမ်းတွေပါ။ ရင် မရှိသော ရင်ဟင်းလင်းနှင့်သာပါ။

ဦးနန်းဝေ လှေကားထစ်တွေကို ဆင်းနေချိန်ထိ ရှိုက်သံက တသဲသဲ ဝဲလိုက်လာသေးသည်။

သူ လှည့်မကြည့်နိုင်တော့ပေ။ လိုလည်း မလိုတော့ပေ။ ဒီလို ငိုသံ ပေါင်းများစွာကို သူ ကြားဖူးပြီ။ သူလို ယောက်ျားကြီးက ချုပ်တည်း သည်းခံ နိုင်ရမည် မဟုတ်လား။

အောင်ပြည့်

၁၃၊ ၇၊ ၆၈။


၂၄-၆-၂၀၁၁ အင်္ဂါနေ့၌ ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်းရှိ City Star Hotel တွင် ကျင်းပသော စာရေးဆရာ၊ အယ်ဒီတာ၊ သရုပ်ဆောင် အောင်ပြည့် ကွယ်လွန်ခြင်း ငါးနှစ်ပြည့် အမှတ်တရ အခမ်းအနားတွင် မောင်ခေတ်ထွန်း ဖတ်ကြားသော စာတမ်းငယ်

 

အောင်ပြည့်စာ၊ အောင်ပြည့်စကား

 

ဆရာပြည့်ဟာ စာပေနှင့် အနုပညာ လုပ်ငန်းတွေကို ကွယ်လွန်တဲ့ အချိန်အထိ မရပ်မနား လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ တက္ကသိုလ် တက်ရောက် စဉ်ကတည်းက တက္ကသိုလ် သတင်းထောက် လုပ်ခဲ့ပြီး နောက်ဆုံး ကွယ်လွန် တဲ့ အချိန်အထိ “ဖတ်စရာ” ဂျာနယ်ကို အယ်ဒီတာချုပ်အဖြစ် အောင်မြင်စွာ တည်းဖြတ် ထုတ်ဝေခဲ့ပါတယ်။ တစ်ချိန်က တစ်ဟုန်ထိုး အောင်မြင်ခဲ့တဲ့ ဆရာ အထောက်တော် လှအောင်ရဲ့ သတင်းဂျာနယ်မှာလည်း ၁၉၆၉ ခုနှစ် ကတည်းက စပြီး ရပ်သွားတဲ့ အချိန်အထိ အယ်ဒီတာ တောက်လျှောက် လုပ်ခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်က အရောင်အသွေးစုံ၊ လက်ရာစုံ၊ အနှစ်သာရ စုံလင်စွာနှင့် အောင်မြင်စွာ ထွက်ပေါ်လာခဲ့တဲ့ ‘ချယ်ရီ” မဂ္ဂဇင်းဟာလည်း ဆရာပြည့် တည်းဖြတ် ထုတ်ဝေခဲ့တဲ့ မဂ္ဂဇင်း တစ်စောင်ပါပဲ။ မဂ္ဂဇင်း မွမ်းမံ ပြင်ဆင် အလှခြယ်မှုဟာ ဆရာရဲ့ စီစဉ်မှုပဲ ဖြစ်ပါတယ်။ ဆရာ့ကို ပန်းချီဆရာ အဖြစ် သိသူ နည်းလှပါတယ်။ ဆရာ့ကို ကျောင်းဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ၊ ရုပ်ရှင် သရုပ်ဆောင် အဖြစ်သာ လူသိများကြ ပါတယ်။ ဆရာဟာ ပန်းချီဆရာ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဆရာပြည့် ရေးဆွဲခဲ့တဲ့ ဆီဆေး ပန်းချီကားတွေ ဆရာ့အိမ်မှာ ချိတ်ဆွဲထားတာကို တွေ့မြင် နိုင်ပါတယ်။ တက္ကသိုလ် ကျောင်းသား ဘဝကတည်းက ဆရာဟာ ပန်းချီတွေ ရေးဆွဲနေပြီ ဖြစ်ပါတယ်။ မြန်မာစာဌာနက ထုတ်ဝေတဲ့ မြန်စာဂုဏ် မဂ္ဂဇင်း၊ မြန်မာစာ ဂျာနယ်တွေရဲ့ အဖုံးတွေ၊ မင်းလှ စာအုပ်တိုက်က ထုတ်ဝေတဲ့ စာအုပ် အဖုံးတွေဟာ ဆရာပြည့် လက်ရာတွေချည်းပါပဲ။ ဆရာပြည့်ရဲ့ အောင်မြင် ကျော်ကြားခဲ့တဲ့ “ပြိုမှာ လေလား မိုးရဲ့” ဝတ္ထု မျက်နှာဖုံး တစ်ခု ဟာလည်း ဆရာပြည့်ရဲ့ လက်ရာ ဖြစ်ပါတယ်။ ဆရာပြည့်က ပန်းချီဆွဲပြီးလို့ လက်မှတ်ထိုးရင် သူ့နာမည်အရင်း ခင်မောင်မြင့် ဆိုတဲ့ နာမည်ကို လခြမ်းကွေး သဏ္ဌာန် ရေးထိုးပါတယ်။

ကျွန်တော် ရန်ကုန်တက္ကသိုလ် ရောက်တဲ့နှစ်ဟာ ဆရာပြည့် ဘွဲ့ယူတဲ့ နှစ် ဖြစ်ပါတယ်။ နှစ်ကာလရှည်စွာ ကျောင်းတက်နေပျော်တဲ့သူတွေ စာရင်း ထဲမှာ ဆရာ ငြိမ်းကျော်နှင့် ဆရာပြည့်တို့ နှစ်ဦးဟာ ထိပ်ဆုံးက ပါမယ် ထင်ပါတယ်။ ဆရာပြည့်က တက္ကသိုလ်မှာ ၁ဝ နှစ်လောက်နေပြီးမှ ၁၉၆၈ ခုနှစ်မှာ ဘွဲ့ရပါတယ်။ ဒါပေမဲ့ ဆရာပြည့်ကို နှလုံးမွေ့လျော်ဖွယ် ကောင်းတဲ့ တက္ကသိုလ် ရပ်ဝန်းထဲမှာပဲ အစဉ်အမြဲ တွေ့နေရပါတယ်။ ငှက်ပျောတော အုပ်ထဲက ဦးချစ် လက်ဖက်ရည်ဆိုင်ဟာ ကျောင်းသူ၊ ကျောင်းသားတွေ၊ ကဗျာဆရာတွေ၊ စာရေးဆရာတွေ စကားဝိုင်းဖွဲ့တဲ့ နေရာလေးပါ။ အဲဒီမှာ ဆရာပြည့်ကို လူတွေကြားမှာ ဆေးပေါ့လိပ်ကို ခဲရင်း အာပေါင်အာရင်း သန်သန် စကားပြောနေတာကို တွေ့ရမြဲပါ။ အဲဒီ ဦးချစ်ဆိုင်မှာ ဆရာပြည့်နှင့် အတူ ဆရာ ဦးကိုယု၊ ဆရာ ပန်းချီ ဦးနန်းဝေ၊ ဆရာ ငြိမ်းကျော်၊ ဆရာ ချစ်ဦးညို၊ ဆရာ မောင်ဝဏ္ဏ၊ စက်မှုတက္ကသိုလ် တက်နေတဲ့ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ဆရာ အောင်စိုးဦး၊ ဆေးတက္ကသိုလ် တက်နေတဲ့ ဒေါက်တာ ငွေစိုး၊ မြန်မာစာက ဆရာ မြင့်စိုးလှိုင်၊ သန်လျင် မောင်ဝင်းဝါ၊ စန္ဒရား တင်ဝင်း (လှိုင်)၊ အညာတမာ၊ မောင်နံ့သာ စသူတွေကို တွေ့ရတတ်လေ့ ရှိပါတယ်။ တခြား နာမည် မမှတ်မိတော့တဲ့ သူတွေလည်း ရှိပါတယ်။ ကျောင်းပြီးသွားပေမဲ့ တက္ကသိုလ်ကို လွမ်းလို့ ရောက်လာတဲ့ သူတွေလည်း ပါပါတယ်။ ဆရာဟာ တက္ကသိုလ်ကို အလွန် ချစ်တဲ့သူပါ။ တက္ကသိုလ်နှင့် အဆက်မပြတ်အောင် “ဦးဆောက်ပန်း” ဆိုတဲ့ စာအုပ်ဆိုင်ကလေးကိုတောင် တက္ကသိုလ်နှင့် အနီးဆုံးဖြစ်တဲ့ လှည်းတန်း အဝိုင်းကြီးနားမှ ဖွင့်လှစ်ခဲ့ပါတယ်။ ဆရာ့ စာအုပ်ဆိုင်မှာ လှည်းတန်းမှာနေတဲ့ ဆရာ ထင်လင်းနှင့် ဆရာ စိန်ခင် မောင်ရီတို့ စာအုပ်တွေ လာလာ ငှားဖတ်ကြတယ်လို့ ဆိုပါတယ်။ အဲဒီတုန်းက ကျွန်တော်က လှည်းတန်းမှာ နေတော့ ဆရာပြည့် ဆိုင်ကို ရောက်လေ့ ရှိပါ တယ်။ ဆရာပြည့်ဟာ သူ့ဆိုင်က ဆိုင်းဘုတ်ကိုတောင် သူကိုယ်တိုင် ရေးပါ တယ်။ အနီရဲရဲ နောက်ခံပေါ်မှာ “ဦးဆောက်ပန်း” ဆိုတဲ့ ခပ်စောင်းစောင်း စာလုံး (လက်ဝဲ စာလုံးလို့လည်း ခေါ်ကြပါတယ်။) ကို အဖြူ နှင့် ရေးထား တာကို မှတ်မိနေပါတယ်။ အဲဒီ ဆိုင်မှာတော့ ဆရာပြည့် သူငယ်ချင်း ကဗျာ မောင်မင်းယာ၊ သက်ဆွေ (ရန်ကုန်တက္ကသိုလ်) တို့ကို အမြဲလိုလို တွေ့ရတတ်ပါတယ်။

အဲဒီကာလက တက္ကသိုလ်မှာ စနေနေ့တိုင်းလိုလို စာပေပွဲ၊ အနုပညာ ပွဲတွေနှင့် စာတမ်းဖတ်ပွဲတွေ ကျင်းပလေ့ ရှိပါတယ်။ အမရဆောင် ဒုတိယထပ် မှာတော့ ဦးတင်လှသော် (ပုဂံစက် ဦးသော်ရဲ့ သား) တို့ရဲ့ ကန်သာစိမ်းလဲ့ စာတန်းဖတ်ပွဲ ရှိပါတယ်။ ဆရာပဲဖြစ်ဖြစ်၊ ကျောင်းသားပဲဖြစ်ဖြစ် ဘယ်သူ မဆို တက်ရောက် ဖတ်ကြားလို့ရပါတယ်။ ဆရာကြီး သန်းထွန်း၊ ဆရာ မင်းကျော်၊ ဆရာ သိန်းသန်းထွန်းတို့က စာတမ်းများ ဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီမှာလည်း ဆရာပြည့်က သူ ပြုစုထားတဲ့ “တက္ကသိုလ် နောက်ခံ မြန်မာဝတ္ထုများ” ဆိုတဲ့ စာတမ်း တစ်စောင်ကို ဖတ်ကြားခဲ့တာ နားထောင် ခဲ့ရပါတယ်။ စာတမ်းဖတ်ပွဲမှာ သဘာပတိလုပ်တဲ့ သူက ဆရာ ဦးကိုယု ဖြစ်ပါတယ်။ စာတမ်းတွေကို ပြန်စုထုတ်တဲ့ “ကန်သာစိမ်းလဲ့ စာတန်းများ” စာအုပ်မှာ ဆရာပြည့်ရဲ့ အဲဒီ စာတမ်းလည်း ပါပါတယ်။

၁၉၇ဝ ပြည့်နှစ် နှစ် ၅ဝ ပြည့် တက္ကသိုလ် ရွှေရတုသဘင်ပွဲ အကြိုမှာ တက္ကသိုလ်နှင့် ပတ်သက်တဲ့ ကဗျာစာအုပ်တွေ အတော်များများ ထွက်လာ ပါတယ်။ အဲဒီထဲမှာ ဆရာပြည့်ရဲ့ “ပြိုမှာလေလား မိုးရဲ့” ဝတ္ထုနှင့် “နေရစ်တော့ မြသီလာ” ကဗျာစာအုပ်၊ ဆရာ မောင်ပန်းမွှေးရဲ့ “တစ်ခုသော ပန်းဥယျာဉ်” ကဗျာစာအုပ်တို့ဟာ အထင်ရှားဆုံး အအောင်မြင်ဆုံးပါပဲ။ “ပြိုမှာလေလား မိုးရဲ့” ဆိုရင် နှစ်ကြိမ် ပြန်ရိုက်ရတယ်လို့ ဆိုပါတယ်။ “ပြိုမှာလေလားမိုးရဲ့ ဟာ တက္ကသိုလ် နောက်ခံ ဝတ္ထုဖြစ်ပြီး တက္ကသိုလ်မှာ သက်ရှိ ထင်ရှား ရှိနေကြတဲ့သူတွေကို ဇာတ်ကောင်တွေအဖြစ် ထားကာ ရေးဖွဲ့ထားတဲ့ ဝတ္ထု ဖြစ်ပါတယ်။ အဲဒီ ဝတ္ထုထဲက ဇာတ်ကောင် တစ်ယောက် ဖြစ်တဲ့ ဦးခင်ဆွေ (ရွှေစွန်ညို) ဆီ ဆရာပြည့် လာလည်တိုင်း ကျွန်တော်တို့ ရုံးအောက် လက်ဖက် ရည်ဆိုင်မှာ ထိုင် စကားပြောကြတာကို သတိရနေပါတယ်။

ကျွန်တော်ဟာ ဆရာပြည့် ကွယ်လွန်ခြင်း နှစ်ပတ်လည် အခမ်းအနား ကျင်းပတိုင်း တက်ရောက်လေ့ ရှိပါတယ်။ ကျင်းပတဲ့ နေရာကတော့ ဆရာ နောက်ဆုံး နေထိုင်သွားခဲ့တဲ့ ရန်ကုန် တစ်ဖက်ကမ်း ဒလမြို့နယ်က အိမ်ကလေး မှာပါ။ အမှတ်တရစကား တစ်ကြိမ် ပြောဖြစ်ခဲ့ပါတယ်။ အခုနှစ်တော့ လာတဲ့သူတွေ သွားရ၊ လာရ အဆင်ပြေအောင် City Star မှာ ကျင်းပတာပါလို့ ပြောပါတယ်။ ဒီပွဲမှာ ဆရာပြည့်ရဲ့ စာတွေနှင့် ပတ်သက်လို့ စာတမ်းတစ်စောင် ဖတ်ပေးပါလို့ ဆရာပြည့်ရဲ့ ဇနီး ဒေါ်မာသီနှင့် ဆရာ နန္ဒာမိုးကြယ်တို့က ကျွန်တော့်ကို တာဝန် ပေးပါတယ်။ ဆရာပြည့် ရေးခဲ့တဲ့ မဂ္ဂဇင်းတွေ၊ ဂျာနယ် စာစောင်တွေ ပေးပါတယ်။ ဆရာပြည့် ရေးခဲ့တာ တော်တော် များပါတယ်။ အကြောင်းအရာစုံပါ။ အဲဒီထဲက သင့်နိုးရာရာကို ထုတ်နုတ်ပြီး ရေးခဲ့ရာမှာ စာတမ်းက တော်တော် ရှည်သွားခဲ့ပါတယ်။ ဒီမှာတော့ အချိန်ကို ငဲ့ကာ ဆရာပြည့်ရဲ့ စာပေ အမြင် အတွေးတွေကို စာတမ်း သဘောမျိုးမဟုတ်ဘဲ ကောက်ကြောင်း ဖော်မိရုံသာ ရွေးထုတ် တင်ပြသွားပါ့မယ်။ တစ်နေ့မှာတော့ ဆရာပြည့်နှင့် ပတ်သက်လို့ စာတမ်းဖတ်ဖို့ ရည်ရွယ်ထားပါတယ်။ ဆရာပြည့်ဟာ စာမျိုးစုံ ရေးသားတဲ့သူမို့ ဆရာပြည့်ရဲ့ စာပေ အတွေးအမြင်တွေကိုသာ တင်ပြရမယ် ဆိုရင် ဆုံးနိုင်မယ် မထင်ပါ။ အခု ကျွန်တော် တင်ပြတဲ့ “စာစု” ဟာ လုံးချင်းစာအုပ်တွေ ဖြစ်ကြတဲ့ စကားအကြောင်း စာအကြောင်း၊ ပြိုမှာလေလားမိုးရဲ့၊ နေရစ်တော့ မြသီလာ၊ ကလူ၏သို့ မြူ၏သို့၊ ကိုကို နီတာရဲနှင့် ညီမလေး ခရမ်းပြာ၊ လေထဲ ဆောက်တဲ့ အိမ်ကလေး၊ ဘာလိုသေးလဲ အချစ်ရယ် စတာတွေ မပါပါ။ ဝတ္ထုတိုတွေ မပါပါ။ ဆရာပြည့် ရေးတဲ့ စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်းတွေထဲက ဆောင်းပါးတွေကိုသာ ရွေးချယ် ထုတ်နုတ် တင်ပြသွားမှာ ဖြစ်ပါတယ်။

ဆရာပြည့်က သူ့ ကျန်းမာရေး အခြေအနေကို သိတယ်။ ဒါပေမဲ့ စာပေ စိတ်ဓာတ် အားမာန် အပြည့် ရှိကြောင်း၊ စိတ်ဓာတ် မကျကြောင်းကို အခုလို ရေးသား ဖော်ပြခဲ့ပါတယ်။

၂ဝဝ၆၊ ဇူလိုင်လ ၂၄ ရက်နေ့ ဆိုလျှင် ကျွန်တော့် အသက် ၆၅ နှစ် တင်းတင်း ပြည့်ပြီ၊ နေဝင်ချိန် ရောက်ပေပြီ၊ အခြေအနေ အကြောင်းကြောင်းကြောင့် ဖွင့်ဆိုရလျှင် သင်္ချိုင်းကို မျက်စပစ်နေမိ ပြီတည်း။

သို့ငြား ကျွန်တော် လှုပ်ရှားနိုင်သေး၏။ အနီးအနားမျှကို မပြေး နိုင်တော့သည့်တိုင် ဝေးလံခေါင်ဖျားထိရောက်အောင် တွေးနိုင်သေး၏။ များအကြောင်း ထွေလာ စုံစီနဖာ ရေးစရာတွေကို ရေးနိုင်သေး၏။ ငယ်ငယ် ကလိုဆို ဘာကို လုပ်လုပ် စိတ်နှစ်၊ လူနှစ်၊ အားကုန် ဖျစ်ညှစ်၍ ၂၀၁၀ နစ်နစ်မျောမျော စိတ်မော လူမော၊ မောချင်သလောက် မောပေ့စေ၊ မမောခဲ့ချေ။

ခုတော့ ငယ်ဘဝ အထွေထွေကို လွမ်းမောတမ်းတ သတိရနေ ရုံသာ ရှိ၏။ ပီတိတော့ ဖြစ်နေမိသား။ ထိုအဖြစ်များကို မိမိကိုယ် မိမိ လည်ပြန် စောင်းငဲ့ ကြည့်ပြီး အားကျနေမိသေးတော့။ တကယ်တော့မူ ငယ်ဘဝကို မှန်းဆပြီး သတိရရုံသာ ရှိ၏။ ပြန်ရောက်လိုစိတ်တော့ မရှိ။ မငယ်လိုသောကြောင့် ဖြစ်၏။ ကြီးနေသော အခု အခြေအနေမှာသာ ဘယ်လောက် ကြာကြာ နေခွင့် သာမည်လဲ၊ အချိန် ဆွဲချင်တော့၏။

ထို့အတွက်လည်း မည်သူ့ထံကမှ တောင်းဆိုရယူနိုင်မည် မဟုတ် ပြင်း ကြောင်း ကောင်းကောင်းကြီး သိပါ၏။ အသက် ဉာဏ်စောင့်သည် ဟူသော သဘော တရားကိုသာ နှလုံးသွင်းရင်း ကျေနပ်ခြင်းဖြင့် နေပျော် ပါ၏။

[*စာရေးဆရာ အလွှာလွှာနှင့် ဝါနီပြာတွက်ချင့် စာညီလာရွက်လွှင့် သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၂၀၀၆၊ စာ ၉၀။]

ဆရာပြည့်ဟာ ဆရာသခင် လမ်းညွှန်ရှင်များရဲ့ ကျေးဇူးတရား ကြီးမား ပုံကိုလည်း အစဉ်ထာဝရ အလေးထားသူ ဖြစ်ပါတယ်။ ဆရာပြည့်ဟာ တပည့် အဖြစ် နှစ်ပေါင်း ကြာအောင် ဆရာများထံ ပညာရည်နို့ သောက်စို့ခဲ့သလို ဆရာဘဝဖြင့် တပည့်များအား နှစ်ပေါင်း အတန်ကြာအောင် ပညာပို့ချခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆရာဆိုတဲ့ တန်ဖိုး၊ ကျေးဇူးတရားကို သိတဲ့သူ ဖြစ်ကြောင်းကို ၂၀ဝ၆ ခနှစ်၊ ဇန်နဝါရီလထုတ် “သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း” မှာ ပါရှိတဲ့ “စာရေးဆရာ အလွှာလွှာနှင့် ဝါနီပြာ တွက်ချင့် စာညီလာ ရွက်လွှင့်” ဆိုတဲ့ ဆောင်းပါးမှာပဲ ဒီလို ဖော်ပြခဲ့ပြန်ပါတယ်။

နှောင်းတမြေ့မြေ့ အောက်မေ့ရခြင်း အထွေထွေတွင် ဆရာသခင် လမ်းညွှန်ရှင်များသည် အထင်သား မြင်ကွင်း၌ အရှင်းသား ရှင်းရှင်း ပေါ်၏။ လင်းလင်းချင်းချင်း၊ ဝင်းဝင်းပြောင်ပြောင် ဖြစ်နေ၏။ နေ့၊ ရက်၊ နာရီ မပီသအောင်လည်း အဖြစ်အပျက်တို့က ကွင်းကွင်းကွက်ကွက် ပြက်ပြက် ရှင်း၏။

ဆရာတို့သာ ဆရာ မလုပ်လျှင်၊ ဆရာတို့သာ မပါလျှင်၊ ဆရာ တို့သာ ရှေ့က မသွားပြလျှင်၊ ဆရာတို့သာ ဦးမဆောင်လျှင်၊ ဆရာတို့သာ... လမ်းမညွှန်လျှင်၊ ဆရာတို့သာ နည်းမပေးလျှင်၊ ဆရာတို့သာ တွဲမခေါ် ၉၆ လျှင်၊ ဆရာတို့သာ ခွင့်မပြုလျှင်၊ ဆရာတို့သာ မဆိုဆဲလျှင်၊ ဆရာတို့သာ လက်မလွှဲလျှင်၊ ဆရာတို့သာ ရဲဆေး မပေးလျှင်၊ ဆရာတို့သာ စိတ်မချ လျှင်၊ ဆရာတို့သာ... ၊ ဆရာတို့သာ···။

တပည့်အဖြစ် အကြာကြီးကြာအောင် ဆရာများစွာထံ ပျပ်ဝပ် မိမိ ကျိုးနွံ အလွန် ရိုးစင်စွာ မှတ်သား လေ့ကျင့်ခြင်းဖြင့် နည်းနာများ မူရာ ရခဲ့၊ အခြေခိုင်ခဲ့ပြီး စွန့်စားခြင်း များစွာ၊ စွန့်လွှတ် စွန့်စားရာက လူကြီးနေရာ အသက်ကြောင့် ကြီးလာသော ခုအခါ၌... ။

ဆရာပြည့်ဟာ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတရား ကြီးမားပုံ၊ စာဖတ်သူ၊ “စာဖတ်တဲ့ တိုင်းပြည် တိုးတက်ပုံ၊ စာမဖတ်ရင် ဆုတ်ယုတ် ပျက်ပြားရပုံ၊ မငတ်အောင် အကျိုးရှိတဲ့ ဖတ်စရာ စာများ ရှာဖွေ ဖတ်ရှုရဖို့ လိုအပ်ပုံ စသည် တို့ကို “ဖတ်စရာ ဂျာနယ်” (၄-၁-၂၀၀၅) ရဲ့ အယ်ဒီတာ အညွှန်းမှာ အောက်ပါ အတိုင်း ရေးသား ဖော်ပြခဲ့ပါတယ်။

စာဖတ်သူသည် အစဉ် တိုးတက်၏။ စာမဖတ်သူသည် အစဉ် ဆုတ် ယုတ်၏။ စာဖတ်သော တိုင်းပြည်သည် အစဉ် စည်ပင် ဖွံ့ဖြိုး၏။ တိုးတက် ချမ်းသာ၏။ စာ မဖတ်သော တိုင်းပြည်သည် ပရမ်းပတာ ဖွာလန်ကြဲ၏။ ဆင်းရဲ မွဲတေ၏။ “စာပေစကား နေ့တိုင်းကြားက ထူးခြား ၅၀) လိမ္မာ ရှိသည်သာ” ဟူ၍ စောစီးကာလ အင်းဝခေတ်ကပင် ဆရာတော် ကာ ရှင်မဟာရဋ္ဌသာရက လမ်းညွှန် ပြခဲ့သေး၏။ စာဖတ်သူသည် လုပ်ကိုင် လုပ် ဆောင်ရွက် အကြံထွက်၏။ အတတ် အသိ အမြဲ ရှိ၏။ ထူးချွန် ထက်မြက် တိုးတက်၏။ သတ္တဝါတို့တွင် အသိဉာဏ် ရှိခြင်းဖြင့် တံခွန်ထူသော လူသည် စာဖတ်ခြင်းဖြင့် အသိပညာ၊ အတတ်ပညာ၊ ဉာဏ်ပညာကို တ တိုးမြှင့်နိုင်၏။ “မတတ်အပ်သော၊ အတတ်ပညာ ဟူသည် မရှိ၊ မလုပ်အပ် သည်သာ ရှိ၏” ဟူ၍ ဆရာကြီး ဇေယျက မိန့်ဆိုခဲ့ဖူးသည်မှာ ကြီးစွာ သတိမူရာသော အကြောင်းတည်း။

လူ့ခန္ဓာကိုယ်အတွက် အာဟာရ လိုအပ်၏။ အစာ လိုအပ်၏။ သ ဖြည့်ဆည်းရ၏။ သို့သော် စားစရာတိုင်းသည် မိမိကိုယ်ကို အာဟာရ တာ ဖြစ်ကောင်းမှ ဖြစ်၏။ အန္တရာယ် ဖြစ်စေသော အစာပင် ရှိသေး၏။ သတိ။

လူ့ဦးနှောက်အတွက် စာအာဟာရ လိုအပ်၏။ ဦးနှောက်ကို စာတည်း ဟူသော အာဟာရဖြင့် ဖြည့်ဆည်းရ၏။ ဖတ်ရ၏။ သို့သော် ၌ ဖတ်စရာတိုင်းသည်လည်း မိမိဦးနှောက်ကို အာဟာရ ဖြစ်ကောင်းမှ ဖြစ်၏။ အန္တရာယ် ဖြစ်စေသော စာမျိုးလည်း ရှိနိုင်သေး၏။ သတိ။

ဆရာပြည့်ဟာ စာနယ်ဇင်းလောကမှာ ချယ်ရီ မဂ္ဂဇင်းကို အောင်မြင် အောင် ဆောင်ရွက်နိုင်သူ ဖြစ်ပြီး ရာစုဂျာနယ်နှင့် ယခု အောင်မြင်စွာ ရပ်တည် နေတဲ့ ပေါ်ပြူလာ ဂျာနယ်ကို မျိုးစေ့ချခဲ့သူ ဖြစ်ပါတယ်။ စာပေလောကမှာ ဖတ်စရာ များစွာ လိုသေးတယ် ဆိုပြီး “ဖတ်စရာ ဂျာနယ်” ကို ကွယ်လွန်တဲ့ အချိန်အထိ အောင်အောင်မြင်မြင် ကြိုးပမ်း လုပ်ဆောင်ခဲ့တာ အားလုံးအသိ ဖြစ်ပါတယ်။ ဆရာပြည့်က သူ ရင်းနှီး မြှုပ်နှံခဲ့တဲ့ အယ်ဒီတာ ဘဝရဲ့ အတွေ့ အကြုံတွေပေါ် တည်မှီပြီး ‘အယ်ဒီတာ” ရဲ့ အဓိပ္ပာယ်ကို ဒီလို ဖွင့်ဆို ပြခဲ့ ပါတယ်။

အယ်ဒီတာဆိုတာ စာရေးဆရာ ကြီးကြီး၊ ငယ်ငယ်၊ လတ်လတ် အကုန်လုံးရဲ့ တပည့် ဖြစ်နိုင်မလား၊ ဖြစ်ပြီဆိုရင် အယ်ဒီတာတစ်ဝက် သေချာသွားပြီ။ နောက်တစ်ဝက်၊ ကိုယ်လို စာဖတ်သူတွေကို ဘယ်လောက် လမ်းပြနိုင်မလဲ၊ ဘယ်လောက် အကြံဉာဏ် ပေးနိုင်မလဲ။ သူ ဖတ်တာ များရင် စာကောင်းတာ၊ မကောင်းတာကို ရွေးချယ်နိုင်မှာပဲ။ အဓိကက စာဖတ်နာဖို့ပဲ။ စာဖတ်နာမှလည်း ကိုယ်လို ဖတ်သူတွေကို သတင်းပေး၊ ပြန်အကူအညီ ပေးနိုင်မှာပေါ့။ အမှန်ကတော့ အယ်ဒီတာ ဆိုတာ အကူ အညီ ပေးတဲ့ သူပဲ။ စာရေးဆရာရဲ့ ကောင်းတဲ့ စာတွေ ရွေးပြီး အဲဒါ ကောင်းတယ်လို့ ပေးတဲ့ လူကိုး။

[*ဆရာ စိန်ခင်မောင်ရီအား စိတ်ထဲမှာ လက်အုပ်ချီ၍ ဆရာ အောင်ပြည့် ဖြစ်ရပ်မှန် ပြောကြား (ကိုဦးဆွေ မေး၍ ဆရာ အောင်ပြည့် ဖြေ)၊ မိုးဆမ်းပန်းဂျာနယ်၊ ၂၂-၁၂-၂၀၀၄၊ စာ၂။]      

ဆရာပြည့်ဟာ စာရေးဆရာ တစ်ယောက်ဖြစ်ဖို့ ဘယ်လို အရည်အချင်း တွေ လိုအပ်တယ်၊ ဘယ်လို စိတ်ကူးမျိုး ထားအပ်တယ်၊ ဘယ်လို ခံယူချက်၊ ယုံကြည်ချက်မျိုး ထားရမယ်ဆိုတာနှင့် ပတ်သက်လို့လည်း အတွေးသစ် ဂျာနယ်” (၂၃-၆-၂၀၀၃) မှာ ပါတဲ့ “စာရေးဆရာ၊ ကဗျာဆရာ ဘယ်လို ဖြစ်လာသလဲ” ဆောင်းပါးမှာ ခုလို တင်ပြထားတာ တွေ့ရပါတယ်။

စာရေးဆရာ တစ်ယောက်ဖြစ်ဖို့၌ စာလုံးများ စီကုံး၊ ဇာတ်လမ်း များ ဆင်ဖွဲ့၊ အကြောင်းရပ်များ ရှင်းလင်း ရေးသား ရုံမျှဖြင့် ပြည့်စုံလုံလောက်နိုင်သည်မဟုတ်။ အတွေး၊ အရေး၊ အသိ၊ အမြင်၊ အဆင်ခြင် ့ မျှ မက ဖန်တီးနိုင်စွမ်းသော အတတ်ပညာ၊ ထက်မြက် ရဲရင့်သော တို့ အနုပညာ အပါအဝင် လူနှင့်တူသော လူတစ်ယောက်လည်း ဖြစ်သင့်သည်။ လူသာမန်တို့ မြင်သည်၊ ကြားသည်၊ တွေးသည်၊ သိသည်ထက် ထို ပို၍ မြင်၊ ကြား၊ တွေး၊ သိဖို့လည်း လိုပေဦးမည်။ ကိုယ်ချင်းစာစိတ် ထားကာ စိတ်ကောင်းစိတ်မြတ် မွေးနိုင်၊ အကျင့်ကောင်း အကျင့်မြတ် ကျင့်နိုင်သည့် လူ သူတော်ကောင်း တစ်ယောက်လည်း ဖြစ်အပ်သည်။ သစေ ခိုင်မာ ပြတ်သားသော ယုံကြည်ချက်၊ ခံယူချက်လည်း မှန်ကန်စွာ ထားရှိအပ်သည်။

ဆရာပြည့်ဟာ ကျောင်းဆရာ ဘဝဖြင့် လူငယ်တွေနှင့် အများဆုံး ထိတွေ့ ဆက်ဆံလာခဲ့ရသူ ဖြစ်တဲ့အတွက်လည်း လူငယ်ရဲ့ သဘာဝ၊ သဘော ထား အမြင်၊ လူကြီးနှင့် လူငယ် ကွာဟချက် စသည်တို့ကို လေ့လာသိရှိ ထားသူဖြစ်ရာ လူငယ့်အရေးနဲ့ ပတ်သက်၍လည်း ၂၀၀၅ခုနှစ်၊ မေလ ၁၇ ရက်နေ့ထုတ် “ဖတ်စရာ ဂျာနယ်” အယ်ဒီတာအညွှန်းမှာ အခုလို တင်ပြထား တာကို တွေ့ရပါတယ်။

လူကြီးတိုင်း၏ အဆုံးအမ စကားများ၊ လမ်းညွှန်မှုများ၊ သြဝါဒ များ၊ အဆိုအမိန့် ရည်ညွှန်းချက်များဖြင့် နားလျှံအောင် ကြားပြီး ကြီးထွား ဖွံ့ဖြိုးလာခဲ့ရသော လူငယ်တို့သည် လူကြီးသူမ မျိုးစုံ၏ လမ်းညွှန်၊ အမှာ၊ အညွှန်း၊ သွန်သင်မှု၊ တားမြစ် ပိတ်ပင်ခြင်းတို့ကို ကြားရဖန် များလာသောအခါ ရိုးအီ ပြေလျော့၍ သဘော မတွေ့တော့ချေ။

အဆုံးအမ အမျိုးမျိုးတို့သည် လူငယ်တို့ကို မတိုးမဖောက်နိုင် တော့ချေ။ မနွေးထွေးတော့ပေ။ အစဉ်အလာ၊ ရိုးရာ၊ ဂါရဝ၊ နိဝါတတွေ ကာဆီး ပိတ်ဆို့ထား၍သာ တန်ပြန် တုံ့လှယ်၍ မဖျက်ကြ၊ မပယ်ကြခြင်း ဖြစ်သည်။ သို့ငြား ဘာသိဘာသာ နေသာသလို နေနေကြသည်။ အချို့ လည်း အဆုံးအမ စကားများ “ဟုန်” ကာ ဘာဆိုဘာမှ အရေးမထား တော့ချေ။ မလေးစားတော့ချေ။ ပြန်မပြော နားမထောင် အိပ်ချင်ယောင် တန်ဆောင်နေလိုက်ကြသည်။

အကြားများ၍ စကားဟုန်သော်လည်း ဖြစ်ကြုံလာသော အခက် အခဲတိုင်းတွင်မူ မျက်ကလဲဆန်ပြာ ဆောက်တည်ရာ မရ၊ ဘုရား တရ ဖုံးကြသည်ချည်းသာ။ အမိ တရသည်ချည်းသာ။

လူငယ်တိုင်း ဖျတ်လတ်၊ သွက်လက်၊ ထက်မြက်၊ ရဲရင့်၊ လွတ်လပ် ပေါ့ပါး၊ ရိုးသား၊ လိမ္မာ၊ ရှာဖွေ၊ စူးစမ်း၍ လမ်းသစ်ကို မျှော်ကြမြဲ ဖြစ်သည်။ ဒါကြောင့် ပင် အဆန်းတကြယ်ကို ဖက်တွယ်ခုံမင် အားကျချင်ကြသည်။ အတုမြင် အတတ်သင်ကြသည်။ ဝံ့ဝံ့စားစား၊ ပပလွှားလွှား၊ ထထကြွားကြွား၊ တွန်းတွန်း တိုက်တိုက်၊ တုံးဆိုတိုက်၊ ကျားဆိုကိုက်၊ စိတ်လိုက်မာန်ပါ ရဲရင့်မြန်ဆန်စွာ ဆုံးဖြတ် လှုပ်ရှား ကြသည်။ လူကြီးများကမူ လူငယ်ဘဝမှာ အနေကြာလာခဲ့ပြီးမှ ကြီးကြ ရသူများ ဖြစ်နေ၍ အပွင့် ပွင့်သည်ကိုရော၊ အပွင့် ကြွေသည်ကိုရော၊ အသီး တင်သည်ကိုရော၊ သီးကင်းတဖုတ်ဖုတ် ပြုတ်ကျသည်ကိုရော၊ အညွန့် ဝေသည်ကိုရော၊ အညွန့်အချိုး ခံရ၍ အကျိုးမြန်ကြသည်ကိုရော ၁၁၉၁၄ ခက်လက်ဝေဖြာ စည်ပင်သာပြီး သီးမှည့်တဝင်းဝင်း တင့်တယ်ခြင်းကိုရော နောဧကနောခဲ့ကြလေရာ... ။

အခုလောက်ဆိုရင် ဆရာပြည့်ရဲ့ စိတ်စေတနာ၊ သဘောထား အမြင်၊ အယူအဆတို့ကို သဘောမျှ သိလောက်ပြီ ထင်ပါတယ်။ ဆရာပြည့်ဟာ စာပေကို ချစ်ပါတယ်။ အယ်ဒီတာ ဘဝကို မြတ်နိုးပါတယ်။ အနုပညာ လုပ်ငန်းမှာ မွေ့လျော်ပါတယ်။ သူ့ဘဝ တစ်သက်တာလုံး နီးပါးမျှ စာပေနှင့် အနုပညာ အပေါ် သူ့တစ်ကိုယ်လုံးကို မြှုပ်နှံထားသူ ဖြစ်ပါတယ်။ ဆရာပြည့်ဟာ သေမှာကို သိပေမဲ့ သေရမှာကို ကြောက်သူ မဟုတ်။ သူ လျှောက်လှမ်းနေတဲ့ စာပေနဲ့ အနုပညာကို ခွဲခွာသွားရမှာကိုသာ စိုးရွံ့သူ ဖြစ်ပါတယ်။ ဆရာပြည့်က သူ မကွယ်လွန်မီက ဆောင်းပါး တစ်ပုဒ်၌...

စာကို မွေ့လျော်၍ပင် ကျောင်းဆရာ အဖြစ်လည်း စာသင် ပါသည်။ အခြေအနေ ဖန်တီးလာ၍ မဂ္ဂဇင်း၊ ဂျာနယ်၊ အယ်ဒီတာ အဖြစ်လည်း ကြိုးစား အားထုတ် လုပ်ဆောင် စီမံခဲ့ပါသည်။ ကုန်လွန် ခဲ့သော အချိန်များကို ငဲ့စောင်း ကြည့်လျှင် စာသင် စာဟော၊ ဆွေးနွေး ပြောဆို၊ တည်းဖြတ် ခြယ်မှုန်း၊ တောင်းရမ်း စုဆောင်း၊ စာအုပ် ဖွဲ့စည်း၊ ဆေးရောင် ခြယ်သ၊ ရေးမှဖြစ်မည် ဆိုလျှင်လည်း ရေးသား ဖွဲ့သီကာ နှစ်များစွာ ကျော်ဖြတ်ခဲ့ပါသည်။ “ငါ စာရေးဆရာ မဖြစ်သေးပါကလား ဟူ၍ကား အစွဲကြီးကာ ဇွဲကြီးစွာဖြင့် ကြိုးကုတ်လုံ့လ ပြင်းပြ ထက်သန် ခဲ့ပါသည်။ ဤသို့ စောင့်ရင်း စောင့်ရင်းဖြင့်သာ မကြာတော့သော နှစ်အနည်းငယ် အတွင်းမှာမူ မြန်မာစာပေ လောက၊ လူ့လောကကြီးမှ ကျွန်တော် မလွဲမသွေ ခွဲခွာရမည်သာ။ သေချာပါသည်။ စာရေးဆရာ မဖြစ်သေးပဲ ကျွန်တော် ဘဝပြောင်းရတော့မည်ပဲ။ လို၍ မရသော ဆင်းရဲခြင်းဖြင့် သေရတော့မည်ပဲ။

လို့ ရေးခဲ့ရာ သူ ချစ်မြတ်နိုးသော စာပေနှင့် အနုပညာကို မည်မျှ သံယောဇဉ် ကြီးမားကြောင်း ထင်ရှား သိသာစေပါတယ်။

အမှန်တော့ ဆရာပြည့်ဟာ သူ့ကိုယ်သူ နှိမ့်ချခဲ့သလို စာရေးဆရာ မဖြစ်သေးသူ မဟုတ်ပါ။ အယ်ဒီတာ စစ်စစ်၊ စာရေးဆရာ စစ်စစ်၊ အနုပညာ သမား စစ်စစ်ကြီး ဖြစ်ပါကြောင်း စာပေ အနုပညာသမားတိုင်း အသိအမှတ် ပြုထားပြီး ဖြစ်ပါတယ်။ ဆရာပြည့်ဟာ လူသာ သေသွားပေမဲ့ သူ စိုက်ပျိုးခဲ့တဲ့ စာပန်း၊ ကဗျာပန်း၊ အနုပညာပန်းတွေဟာ သူ့အမည်နှင့်အတူ ကမ္ဘာဆုံးတိုင် လန်းဆန်း ရှင်သန် မွှေးပျံ့ ကြိုင်လှိုင်နေမည်သာ ဖြစ်ပါကြောင်း ဖတ်ကြားရင်း ကျွန်တော့် တင်ပြချက် စာစုကို ဒီနေရာမှာပဲ နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။

မောင်ခေတ်ထွန်း


တက္ကသိုလ် နောက်ခံ မြန်မာ ဝတ္ထုများ

 

တက္ကသိုလ် နောက်ခံ မြန်မာ ဝတ္ထုတွေကို ကျွန်တော် ငယ်ငယ်ကတည်း က ကြားဖူးပါတယ်။ ဒီဝတ္ထုတွေကို ကျွန်တော့် အမေ၊ ကျွန်တော့် အဘွားနှင့် ကျွန်တော့် အဒေါ် စသူတွေက ပြောတာပါ။ သူတို့ ပြောပြတဲ့ ဝတ္ထုတွေမှာ တက္ကသိုလ်မှာ တက္ကသိုလ် ဒီသာပါမောက္ခ ဆရာကြီးဟာ အမြဲလိုလို ပါပါတယ်။ အဓိက ဇာတ်ကြောင်းကတော့ ဒီသာပါမောက္ခကြီး သမီးနှင့် လက်ဆက်ရတဲ့ မင်းသားလေး အကြောင်းပါပဲ။

ကျွန်တော်တို့ စာသင်ကျောင်း ရောက်တဲ့ အချိန်မှာလည်း ဒီဝတ္ထုတွေကို ဆက်ပြီး တွေ့ပါတယ်။ ဆရာတွေကလည်း စာသင်ခန်းထဲမှာ ပြောပြပါတယ်။ အဲဒီတုန်းက လူကြီးတွေ ပြောပြတဲ့ တက္ကသိုလ်ဆိုတာ အများအားဖြင့် မင်းညီ မင်းသား၊ ဘုရင့် ဆွေတော် မျိုးတော်တွေ နေတဲ့ တက္ကသိုလ်တွေပါ။ အရပ်သား တွေ နေတာ ရှိပေမယ်လို့လည်း ကျွန်တော်တို့ ကြားဖူး ဖတ်ဖူးသမျှ အတော် နည်းပါတယ်။

တက္ကသိုလ်လို့ အဲဒီကတည်းက တွင်ခဲ့တဲ့ ဝေါဟာရကတော့ အားလုံး လိုလို နားလည်ပြီး ဖြစ်မယ်လို့ ယူဆပါတယ် မူကွဲ ရှိတာကတော့ တချို့တွေ အယူအဆမှာ အိန္ဒိယပြည် တက္ကသီလာမြို့ (Taxila) ကို စွဲပြီး ခေါ်တယ်လို့ ပြောသူက ပြောပြီးတော့ ပါဠိစကား ဖြစ်တဲ့ တက္က+သီလ=အထူးထူး ကြံစည် လုပ်ကိုင်ခြင်း အတတ်ကို သင်ပေးတဲ့ ဌာန ဆိုပြီး ကြံဆသူက ကြံဆတာပါပဲ။

အဲဒီ ရှေးတက္ကသိုလ်တွေမှာ သင်တဲ့ ပညာရပ်တွေကလည်း အတော် များပါတယ်။ ဗေဒင် သုံးပုံလိုကနေ စပြီးတော့ ဆေးပညာ၊ လေးမြား၊ အင်းအိုင် ဂါထာ မန္တရား၊ မျက်လှည့်၊ မြွေအလမ္မာယ် စတဲ့ အဋ္ဌာရသ ၁၈ ပါးကို သင်တာပါပဲ။ တက္ကသိုလ်လိုပဲ သင်တဲ့ ဘုန်းတော်ကြီးကျောင်း တက္ကသိုလ် တွေလည်း ရှိခဲ့ပါတယ်။

အဲဒီလို တက္ကသိုလ်တွေက အဲဒီလို အတတ်ပညာတွေကို သင်ပေး လေတော့ ကျွန်တော်တို့ ကြားဖူးတဲ့ တက္ကသိုလ် နောက်ခံ ဝတ္ထုတွေထဲက မင်းသားတွေဟာလည်း ပညာရှင်တွေ ဖြစ်နေတော့တာပါပဲ။ သူတို့ ပါတဲ့ ဝတ္ထုဟာလည်း ပညာနှင့် စပ်တဲ့ ဇာတ်လမ်းလေးတွေပါပဲ။ အထူးသဖြင့်ကတော့ ဝတ္ထုတွေမှာ မင်းသမီး ဇာတ်ဆောင်ဟာ အတော် နည်းပါတယ်။ ဘာပြုလို့လဲ ဆိုရင် တက္ကသိုလ်မှာ ပညာ လာသင်ကြတာက မင်းသားတစ်တွေ အများစု ဖြစ်လို့ပါပဲ။ အဲဒီ မင်းသားတစ်တွေထဲမှာ ပညာတော်တဲ့လူ၊ ဒါမှမဟုတ်လည်း ရိုးသားတဲ့လူ စတဲ့ ဒီသာပါမောက္ခ ဆရာကြီး သဘောကျတဲ့ သူဟာ သူ့သမီးကို ရတာ များပါတယ်။ အဲဒီ သမီးရ မင်းသားရဲ့ ဇာတ်လမ်းမှလည်း စိုစိုပြည်ပြည် ဇာတ်လမ်းလေးတွေ ဖြစ်ပြီး ကျန်ခဲ့ပါတယ်။

“သမီးလေးကို ပေးစားလိုက်ရောကွယ့်” ဆိုပြီး လူကြီးတွေ ပြောတုန်းက ကျွန်တော်တို့ နားထောင်လို့ အတော် ကောင်းပါတယ်။ နောင် ဆင်ခြင်ကြည့် တော့မှ ဒီသာပါမောက္ခ ဆရာကြီးနှယ်ဗျာ၊ သမီးတွေ ဘယ်နှယောက်များ မွေးထားလို့တုန်း ဆိုပြီး မကျေမနပ် ဖြစ်ရတာပါပဲ၊ သမီး ရတာ မဟုတ်တဲ့ မင်းသားတွေ အကြောင်းကတော့ စွန့်စားခန်းတွေ များပါတယ်။ လမ်းမှာ အခက် အခဲတွေ ကျော်ဖြတ်ရတာကို တွေ့ရပါတယ်။ တချို့ဆိုလည်း မျက်စိလည် လမ်းမှားပြီးတော့ တိုင်းပြည်ကို အတော်နှင့် ပြန်မရောက်တာလည်း တွေ့ရပါတယ်။

တချို့တစ်တွေ ကျတော့ကာ ရွာတွေ၊ ဇနပုဒ်တွေကို ဖြတ်ရင်း တောသူ လေးတွေနှင့် ရည်ငံပြီး တိုင်းပြည် ပြန်ကြတာမျိုး၊ တိုင်းပြည် ရောက်တော့ အမျိုးသမီးငယ်ရဲ့ အပယ်ခံဘဝ စတဲ့ ဒုက္ခခန်း၊ အလွမ်းခန်းတွေကို တွေ့နိုင် ပါတယ်။ တချို့ မင်းသားတွေကျတော့လည်း သင်ခဲ့တဲ့ ပညာကို အခြေခံပြီး ကြင်ယာ ရခဲ့တာမျိုးလည်း ရှိပါတယ်။ နယ်ကျူး ရပ်ကျော်ပြီး ကိုယ်နှင့် လူမျိုးမတူ ဘာသာမတူ အင်မတန် ရိုးသားပြီး အပြစ် ကင်းတဲ့ လူမျိုးကွဲ အမျိုးသမီးနှင့် ရခဲ့တဲ့ မင်းသားမျိုးတွေ အကြောင်းလည်း မှတ်သားမိဖူးပါတယ်။ အဲဒီ မိန်းကလေးမျိုးတွေကျတော့ ရွှေပြည်မြို့ကို ရောက်ဖူးဖို့ မပြောနှင့် ကြား တောင် မကြားဖူးတာတွေလည်း ရှိပါတယ်။

(ရွှေနန်းကျင် ဝတ္ထု ပြောပြသည်။)

ဝေဿန္တရာ ဇာတ်တော်ကြီးမှာ ပါတဲ့ သိရီကာလကဏ္ဍိ ပြဿနာခန်းက ပိင်္ဂုတ္တရ လုလင်လို တက္ကသိုလ်ပြန် လုလင်မျိုးတွေ အကြောင်းလည်း မှတ်ဖူး ပါတယ်။ ဒီသာပါမောက္ခ ဆရာကြီး သမီးလည်း ရရဲ့၊ ရိုးသားမှုလည်း ရှိရဲ့ ဒါပေမဲ့ ဘုန်းတွေ ကံတွေ အကြောင်း ပါလာပြန်ပါတယ်။ ဖာတစ်လုံး ခေါင်းကျား လို ဝတ္ထုမျိုးကလည်း အဆန်းဆန်း အကြယ်ကြယ်ပါပဲ။

ဒီလို ရှေးခေတ် တက္ကသိုလ်တွေကို အခြေခံပြီး ပြတဲ့ ဝတ္ထုတွေ အကြောင်း ကတော့ ပြောမဆုံးပေါင် တောသုံးတောင် ဆိုတာလိုပါပဲ။ အင်မတန် များပါ တယ်။ (အသေးစိတ် သိဖို့ ဆရာကြီး ရွှေဥဒေါင်းကို မေးရင် ရမယ် ထင်ပါတယ်။ ဘာပြုလို့လဲ ဆိုတော့ သူဟာ ရှေးပဝေဏီက နာလိန္ဒ တက္ကသိုလ်က ဆရာကြီး ဖြစ်ခဲ့ဖူးတယ်လို့ အဆိုရှိလို့ပါ။)

ဒါပေမဲ့ အဲဒီ တက္ကသိုလ် အကြောင်း တက္ကသိုလ်ပြန် မင်းသားတွေ အကြောင်းတွေဟာ ရာဇဝင်ပုံပြင် အဖြစ်နှင့်သာ အခု လူတွေ မှတ်ယူပါတယ်။ သမိုင်း မပေါ်ခင် ဗုဒ္ဓဝင်၊ ရာဇဝင်၊ မဟာဝင် စတဲ့ အကြောင်းအချက်တွေက ထုတ်ပြီးတော့ စံပြ ဝတ္ထုလေးတွေ အဖြစ်နှင့် ကျန်ခဲ့တာပါပဲ။ ဒါကြောင့်လည်း ယုတ္တိတန်သည် မတန်သည် ဆိုတဲ့ ကိစ္စ မရောက်ခင်မှာ နားထောင်လို့ ကောင်းတဲ့၊ နာပျော်တဲ့၊ ပညာရတဲ့ ဒဏ္ဍာရီလေးတွေ အဖြစ်နှင့် ကျန်ခဲ့တာတော့ အမှန်ပါပဲ။

ကျွန်တော် အခု တင်ပြချင်တဲ့ ဝတ္ထုတွေကတော့ ခေတ်တက္ကသိုလ်ကို နောက်ခံတဲ့ ဝတ္ထုတွေပါ။ အထူးသဖြင့်ကတော့ ၁၉၈ဝ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့က စပြီး ရန်ကုန် ယူနီဗာစတီ ကောလိပ် အဖြစ်တွင်တဲ့။ ရန်ကုန် တက္ကသိုလ်။ ၁၉၂၅ ခုနှစ်၊ ဇွန်လမှာ စပြီး ဖွင့်တဲ့ မန္တလေး ဥပစာ ကောလိပ် (နောင် မန်းတက္ကသိုလ်) စတဲ့ တက္ကသိုလ်တွေ ဝန်းကျင်မှာ ကနေ့အထိ ဖြစ်လာတဲ့ ဇာတ်လမ်းလေးတွေကို တင်ပြချင်တာပါပဲ။

တက္ကသိုလ်ရဲ့ အရှိန်အဟုန်ဟာ အတော်ကြီးပါတယ်။ နိုင်ငံ အရပ်ရပ်မှာ ရှိတဲ့ မြို့ကြီးပြကြီးတွေမှာ ဆိုရင် တက္ကသိုလ်တွေ တစ်ခုမက နှစ်ခုမက ရှိပါ တယ်။ ကျွန်တော်တို့ ဗမာပြည်မှာတော့ ပထမဦးဆုံး ရန်ကုန် တက္ကသိုလ်ရယ် လို့သာ ထီးတည်း ရှိတာပါ။ နောင်မှ ဆင့်ပွားပြီး မန္တလေး တက္ကသိုလ်နှင့် ကောလိပ်တွေဟာ သူတကာ တိုင်းတစ်ပါးတွေထက် နောက်ကျပြီး ဖြစ်ခဲ့ ထွန်းခဲ့ ရတာပါ။

အဲဒီလို တစ်ခုတည်းသာ ဖြစ်ခဲ့တဲ့ တက္ကသိုလ်ကို တိုင်းပြည်က အတော် စိတ်ဝင်စားပါတယ်။ ဖြစ်လာခဲ့တဲ့ တက္ကသိုလ် သမိုင်းစဉ်ရဲ့ အခြေခံကလည်း ကောင်းတယ်လို့ ဆိုချင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ တက္ကသိုလ် တည်နေတဲ့ နေရာကိုလည်း ကြည့်ပါဦး။ ရိပ်ရိပ်ဆိုင်းဆိုင်းနှင့်။ ပန်းသင်း နံ့သာနှင့်။ အင်းလျား ကန်ကြီးနှင့်။ သစ်မျိုးစုံ၊ သီးမျိုးစုံ အေးရိပ်ငြိမ်လေးပါပဲ။ “တက္ကသီလာ မြကျွန်း သာ” ဆိုပြီး နာမည် ပေးခဲ့ကြတာ အတော် လိုက်ဖက်ပါတယ်။ ပန်းသင်းနံ့ လေးတွေ ထုံထုံပျံ့ပျံ့ ရှိတာမို့ ကျွန်တော်တော့ “နံ့သာကျွန်း” လို့တောင် ခေါ် လိုက်ချင်ပါရဲ့။

အဲဒီလို တက္ကသိုလ်က လှပြီး အေးပြီး ငြိမ်ပြီး၊ ပတ်ဝန်းကျင်ကလည်း ရိပ်ရိပ်ဆိုင်းဆိုင်း ရှိပြီး ရေခံ မြေခံ ကောင်းလေတော့ကာ၊ ပညာရိပ်သာ ဧရိပ်သာကြီး ဖြစ်လေတော့ကာ ဒီလို နေရာကို စိတ်ဝင်စားကြတယ် ဆိုတာ မဆန်းပါဘူး။

ပြီးတော့ ဒီလို နေရာကို ကျောင်းသားတွေ စာလာသင်တယ် ဆိုပေမဲ့ လူတကာ လာကြရတာ မဟုတ်ပါဘူး။ အထက်တန်း ပညာကို တတ်ပါမှ၊ ၁ဝ တန်း အောင်ပြီးပါမှ လာလို့ရတာပါ။

ဝန်းကျင် တစ်ခုက ဆိုခဲ့ပြီးသလို ဆွဲဆောင်မှု ရှိလေတော့ ရောက်ပြီးရင် ခွာဖို့ အတော် ခဲယဉ်းတဲ့ နေရာပါ။ ဆွတ်ပျံ့ဖွယ် ကောင်းတဲ့ ဒီနေရာကို မလွမ်းတဲ့သူ အတော် ရှားပါတယ်။

ဒါတွေဟာ သင်ပေးနေတဲ့ ပညာ၊ သင်ယူရတဲ့ အတတ်တွေကို ထားပြီး ညှို့ဖမ်းဆွဲယူအား ကောင်းတဲ့ တက္ကသိုလ် ဝန်းကျင်ကို ကျွန်တော် ပြောပြနေ ခြင်းပါ။ တကယ်တော့ တက္ကသိုလ်ရဲ့“အား” ဟာ အတော်ကြီးတယ်လို့ ဆိုချင်ပါတယ်။

အဲဒီလို တက္ကသိုလ် ကမ္ဘာလေးက ကြည်နူးဖွယ်၊ နေချင့်စဖွယ် ဖြစ်နေ တော့ အပြင်လောကက လူတွေဟာ တက္ကသိုလ် လောကကို စိတ်ဝင်စားပါ တယ်။ တက္ကသိုလ် လောကက လူတွေကလည်းပဲ ကိုယ့်လောကလေးကို ကိုယ် စိတ်ဝင်စားပါတယ်။ အထူးသဖြင့်တော့ အထက်တန်း ပညာသင်သား၊ စာသင် သားတွေရဲ့ ခြေလှမ်းဟာ ဒီကို လှမ်းနေတယ်လို့ ဆိုချင်တာပါပဲ။

တက္ကသိုလ်ကို ရောက်တယ် ဆိုရင်လည်း တက္ကသိုလ်ကို ချစ်တယ်၊ ဒီမှာ ပျော်တယ်၊ ဒီကိုသာ မြတ်နိုးတယ် ဆိုပေမဲ့ အချိန်တန်တော့ အများစုဟာ ဒီက ခွာရပါတယ်။ မခွဲချင်ပေမဲ့ ခွဲရပါတယ်။ မျက်နှာချင်း ဆိုင်ချင်ပေမဲ့ ကျောချင်း ခိုင်းရပါတယ်။

အဲဒီလိုနှင့် တက္ကသိုလ်ကို လာသူတွေ၊ ပြန်သူတွေ၊ ဝင်သူတွေ၊ ထွက်သူ တွေ ဆိုတာ ရှိလာရတာပါပဲ။

နောက် တက္ကသိုလ်ကို လာတယ် ဆိုတဲ့ အရွယ်တွေကို ကြည့်ပါဦး၊ အနည်းဆုံး အသက် ၁၄-၁၅ ထက် ကြီးတဲ့ အရွယ်တွေပါ။ စစ်တွေ၊ ဒုက္ခဆိုး တွေ ညှပ်ထားခြင်း ခံရတဲ့ ကျောင်းသားမျိုးတွေ ကျတော့ ဒီထက်တောင် အရွယ် အသက် ကြီးပါတယ်။ ဒီတော့ အကြမ်းအားဖြင့် ပြောပါဆိုရင် လူပျို ပေါ် ရောက်စ၊ အပျိုပေါ်ဝင်စ အရွယ်လေးတွေရဲ့ နေရာလို့ ဆိုရမှာပါ။ အဲဒီ အချိန်ဆိုတော့ အချစ် ပျိုးချိန်၊ ချစ်ငွေ့လူချိန်၊ ချစ်ဆန်းချိန် အရွယ်တွေလို့ ဆိုရတော့မှာပါ။

ဒီတော့ရင် လောကလေး တစ်ခုလို့ ကျွန်တော် ဆိုခဲ့တဲ့ တက္ကသိုလ်မှာ ဘဝလေးတွေ ရှိလာတော့တာပါပဲ။ အလှလေးတွေ ရှိလာတော့တာပါပဲ။

အဲဒီ အလှလေးတွေ ဆို ဖြူတဲ့ အလှမျိုး၊ မည်းတဲ့ အလှမျိုး၊ လှုပ်ရှားတဲ့ အလှမျိုး၊ အေးတဲ့ အလှမျိုး၊ ပူတဲ့ အလှမျိုး၊ အရုပ်ဆိုးတဲ့ အလှမျိုး၊ အကြည်း တန်တဲ့ အလှမျိုး စတဲ့ အလှမျိုးစုံ၊ အမူအကျင့် မျိုးစုံ၊ အဖြစ်အပျက် မျိုးစုံ၊ ပညာရှာပုံ မျိုးစုံကို တွေ့လာရတော့တာပါပဲ။

လူရွယ်လေးတွေ ပညာ သင်ကြား ကျင်လည် ကျက်စားတဲ့ နေရာလည်း ဖြစ်၊ အပျိုရွယ်လေးတွေ လှုပ်ရှား မြူးကြွခြင်းနှင့် ပညာရှာကြတဲ့ နေရာလည်း ဖြစ်၊ ပတ်ဝန်းကျင်ရဲ့ ချမ်းငြိမ်း အေးမြခြင်းကလည်း ရှိလေတော့... ၊

နောက်ပြီး ကျောင်းသားပျိုတွေမှာလည်း အရောင် အမျိုးမျိုး၊ စိတ် အမျိုးမျိုး၊ အမူအကျင့် အမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုး၊ ရည်မှန်းချက် အမျိုးမျိုး၊ လှုပ်ရှားမှု အမျိုးမျိုး ရှိလေတော့... ၊

ကျောင်းသူ ပျိုရွယ်တွေမှာလည်း ဒီနည်းနှင်နှင် ရှိလေတော့ သူတို့ တစ်တွေရဲ့ ပေါင်းစည်းခြင်း၊ ဆန့်ကျင်ခြင်း၊ မျက်နှာချင်းဆိုင်ခြင်း၊ ကျောခိုင်း ခြင်း၊ လက်တွဲခြင်း၊ ဖဲခွာခြင်းတွေနှင့် တစ်ပြိုင်တည်းမှာ...

ပြုံးခြင်း၊ ရယ်ခြင်း၊ ငိုခြင်း၊ တက်ကြွခြင်း၊ တွန့်ဆုတ်ခြင်း၊ ရှေ့တိုးခြင်း၊ နောက်ဆုတ်ခြင်း၊ ခြေလှမ်းကျဲခြင်း၊ ခြေလှမ်းစိပ်ခြင်း၊ ငြိမ်ခြင်း၊ အသံမြည်ခြင်း၊ သိမ်မွေ့ခြင်း၊ ကြမ်းတမ်းခြင်း၊ ထူးချွန်ခြင်း၊ ညံ့ဖျင်းခြင်း စတဲ့ ဖြစ်သင့်သမျှ တွေဟာ ဖြစ်လာတာပါပဲ။

ပြီးတော့ကာ ဖြစ်ခြင်း လောကလေး တစ်ခု ရှိနေလေတော့ ဝန်းကျင် လောကလေး ရှိလာပါတယ်။ အဖြူ ရှိတာနှင့်အမျှ အမည်းတွေ၊ အနီတွေ ရှိလာပါတယ်။ တက္ကသိုလ် ကမ္ဘာလေး ရှိလာတော့ အခြား ကမ္ဘာလေးတွေ လည်း ဆိုင်ရာ ဆိုင်ရာ ရှိလာပါတယ်။ အဲဒီ ဖြစ်လာ၊ တည်လာ၊ ရှိလာတဲ့ ဝန်းကျင်နှင့် တစ်ခါ ဆက်စပ်မှု ရှိလာပြန်ပါတယ်။

ကျောင်းသားတွေက တက္ကသိုလ် ဆိုတာကို လာတယ်။ ပညာနှင့် တကွ သော ပညာကို ရှာတယ်၊ မှီးတယ်၊ စုတယ်၊ ပြီးတော့ ဒီက ခွာတယ်။ အဲဒီ တော့ တက္ကသိုလ် လောကကို မလာခင် ရှိနှင့်တဲ့ လောကနှင့် တက္ကသိုလ် ရောက်ပြီး သွားရမယ့် လောကဆိုတာ ရှိတာပါပဲ။ ဒီတော့ တက္ကသိုလ် လောက ဟာ ဘာလောကနှင့်မှ အဆက်မပြတ်ပါဘူး။ ထီးတည်း မဟုတ်ပါဘူး။ ဥတစ်လုံး မဟုတ်ပါဘူး။

ဒီလို ပတ်ဝန်းကျင်နှင့် ဆက်စပ် နေပြန်တော့ ခေတ်တွေ၊ စနစ်တွေ၊ ပညာရေးတွေ၊ အုပ်ချုပ်ရေးတွေ၊ စီးပွားရေးတွေ၊ နိုင်ငံရေးတွေ၊ ပြည်တွင်းရေး တွေ စတဲ့ အကြောင်းအရာတွေဟာ တက္ကသိုလ်နှင့် ယှဉ်ပြီး အမျှင် မပြတ်ပါဘူး။ အဲဒါတွေကလည်း အတိုးအဆုတ်၊ အတက်အကျနှင့် တကွ သည်ဝန်းကျင်နား၊ သည်ဝန်းကျင်ထဲမှာ တဝဲလည်လည် ရှိပြန်ပါတယ်။

ဒါတွေကို ခြုံကြည့်လိုက်ရင် တက္ကသိုလ်ဆိုတာ စာသင်တဲ့ ကျောင်း ကြီးပဲ၊ တက္ကသိုလ်ဆိုတာ စာသင်သားတွေ နေတဲ့ လောကလေး တစ်ခုပဲ။

အဲဒီထဲမှာ မြေ ရှိတယ်၊ ဝင်း ရှိတယ်၊ စာသင်ကျောင်း ရှိတယ်၊ လူ နေတဲ့ အဆောင် ရှိတယ်။

စာသင်တဲ့ ဆရာတွေ ရှိတယ်၊ အုပ်ချုပ်တဲ့ လူတွေ ရှိတယ်၊ ပြီးတော့ ဒီပညာ ကမ္ဘာလေးမှာ ရှိအပ်တာတွေ အားလုံးလိုလို ရှိတယ်။

သည်လို အခြေခံ အကြောင်းတွေ ရှိနေတော့ သည်လောကမှာ... အချစ်တွေ ရှိလာပြန်တယ်။

အမုန်းတွေ ရှိလာပြန်တယ်။

ဝမ်းသာစရာ၊ ဝမ်းနည်းစရာ၊ ရင်ခုန်စရာ၊ ရင်နင့်စရာ၊ ရင်ပူစရာ၊ ရင် အေးစရာ၊ ပြုံးစရာ၊ ရယ်စရာတွေ ရှိလာပြန်တယ်။

တခြား လောကက ကူးစက်လာပြီး ဆက်စပ်လာတဲ့ စီးပွားရေးရာ၊ နိုင်ငံရေးရာ၊ ပညာရေးရာ၊ လူမှုရေးရာတွေ ရှိလာပြန်တယ်။

ဒီတော့ ပျော်ရွှင် ချမ်းမြေ့ခြင်းကို မြင်ရသလို ရင်မောစရာတွေကိုလည်း မြင်ရပြန်တယ်။ ဆိတ်ငြိမ် အေးချမ်းမှုကို မြင်ရသလို လှုပ်ရှား ရုန်းကန်မှုတွေ ကိုလည်း မြင်လာရပြန်ပါတယ်။ ပညာလာသင်ပြီး ပညာတတ်တဲ့ လူတွေကို တွေ့ရသလို ပညာသင်ပြီး ပညာငတ်တဲ့ လူတွေကိုလည်း တွေ့ရတတ်ပါတယ်။ လိုတာထက် ပိုပြီး ရတဲ့လူတွေလည်း တွေ့ရပြန်ပါတယ်။ တက္ကသိုလ် ဆိုတာကို အထင်ကြီးခြင်းနှင့် အထင်ကြီးဖို့ လာတဲ့လူတွေ အထင်ကြီးပြီး ပြန်ကြတာ ရှိသလို အထင်ကြီးရင်း လာလျက်နှင့် အထင်သေးပြီး ပြန်တဲ့လူတွေကိုလည်း တွေ့ရပါတယ်။ အထင်သေးပြီး မဖြစ်လို့ လာလျက်နှင့် အထင်ကြီးပြီး ပြန် ထွက်သွားသူတွေကိုလည်း တွေ့ရပြန်ပါတယ်။ အထင်သေးပြီး အခြေအနေ တစ်ခု တစ်ခုကြောင့် လာရလျက်နှင့် အထင်သေးပြီးပဲ ပြန်ထွက်သူတွေကိုလည်း တွေ့ရပြန်ပါတယ်။ အမျိုးမျိုးပါပဲ။ ဒါတွေကို တက္ကသိုလ် ဝါရင့်ကြီးတွေက ပြောပြတဲ့ ပုံပြင်၊ တက္ကသိုလ် နောက်ခံ ဝတ္ထု၊ သမိုင်းတွေရဲ့ ဖော်ပြချက်တွေ အရ အတိအကျ သိရတာတွေပါ။

လူတွေဟာ ကိုယ့်မှာ အနာရလာတော့ တစ်ပါး တစ်ယောက်ကို ပြော ပြလေ့ ရှိပါတယ်။ ကိုယ့်မှာ ခံစားလာရတော့ တစ်ပါး တစ်ယောက်ကို ပေါ့လို ပေါ့ငြား ပြောပြလေ့ ရှိပါတယ်။ ကိုယ်က သိပြန်တော့လည်း တစ်ခြား တစ်ပါး ကို ဖောက်သည်ချလေ့ ရှိပါတယ်။

ကျွန်တော် အခု ပြောပြတဲ့ အနာတို့၊ ခံစားချက်တို့ ဆိုတာဟာ ပုံစံ အမျိုးမျိုးနှင့် လာတာပါ။

ဝမ်းသာလို့ ရတဲ့ အနာ၊ ဝမ်းနည်းလို့ ရတဲ့ အနာ၊ ကိုယ်တိုင် ခံစားလို့ ရတဲ့ အနာ၊ သူတကာ ခံစားတာကို သိလို့ ရတဲ့ အနာ၊ ဒီလို ဝေဒနာ အမျိုးမျိုး ပါပဲ။

ကိုယ့်ရင်မှာ ကျပ်အောင် ခံစားလာရတဲ့ အခါကျတော့ နားထောင်တဲ့ လူကို ပြောပြပါတယ်။ ပါးစပ်နှင့် ပြောရုံ အားမရတော့ စာဖတ်သူကို စာနှင့် ရေးပြပါတယ်။

ကိုယ် သိတဲ့၊ ကိုယ် ခံစားတဲ့ အကြောင်းကို သူများကို ပြောပြတဲ့ အခါမှာ တစ်ပါးရဲ့နား ဝင်အောင် ဆင်ခြင်ပြီး ပြောသလို ရေးပြတဲ့ အခါ ကျတော့လည်း ဖတ်ပျော်အောင် ရေးကြတာပါပဲ။

အဲဒီမှာ ဝေဒနာသည်တွေကို ကျွန်တော်တို့ တွေ့လာရပါတယ်။ ဝေဒနာ ကို ဖောက်သည်ချသူတွေကို တွေ့လာရပါတယ်။

တက္ကသိုလ်ကို တက္ကသိုလ်တွင်းကရော တက္ကသိုလ် ပြင်ပကပါ စိတ် ဝင်စားမှု ရှိတဲ့အကြောင်း ကျွန်တော် ပြောခဲ့ပြီးပါပြီ။

စာရေးသူတွေမှာလည်း တက္ကသိုလ် အတွင်းမှာရော တက္ကသိုလ် ပြင်ပ မှာရော ရှိလေတော့ တက္ကသိုလ်က သိဖူး၊ မြင်ဖူး၊ ကြုံဖူး၊ ခံစားဖူးတာတွေကို သရုပ်ဖော်ပြ ပြန်အံပြတဲ့ စာရေးသူ ဝတ္ထုရေး ဆရာတွေကို တွေ့လာရတာပါပဲ။ သူတို့ ရေးတဲ့ ဝတ္ထုတွေကို ဖတ်လာရတာပါပဲ။

အဲဒီ ဝတ္ထုတွေမှာ ပီပြင်တာလည်း ရှိတယ်။ မှုန်ဝါးဝါး ဖြစ်နေတာလည်း ရှိတယ်။ ထက်ထက်မြက်မြက် ထိတာတွေလည်း ပါပါတယ်။ အမျိုးမျိုးပါပဲ။ တက္ကသိုလ် နောက်ခံ မြင်ကွင်း၊ တက္ကသိုလ်တွင်း အဖြစ်အပျက်တွေကို ဖော်ပြတဲ့ နေရာမှာလည်း အဖြစ်မှန်၊ အကြောင်းရပ်မှန်တွေကို မြင်လာရသလို ဖြီးဖြန်းပြီး ရေးတာ၊ မစေ့မစပ် ရေးတာကိုလည်း တွေ့ပါတယ်။

တချို့ ဝတ္ထုတွေမှာ တက္ကသိုလ်ရဲ့ တကယ့် အဖြစ်အပျက် အကြောင်း မှန်တွေ တွေ့ရပြီးတော့ တချို့ ဝတ္ထုတွေမှာ မဆိုင်ရာ ဆီလူးတဲ့ အဖြစ်မျိုး တွေကိုလည်း တွေ့နိုင်ပါတယ်။ တချို့ တကယ့် အဖြစ်မျိုးကို အခြေခံပေမဲ့ ဖော်ပြပုံ မပီပြင်လေတော့ လုပ်ဇာတ်ခင်းသလို အဆက်အစပ် ကင်းတာတွေကို မြင်ရပြီး တချို့ စိတ်ကူး မှန်းဆ ရေးတာနှင့် အဖြစ်မှန်လို ထက်ကြပ် ထိမိ တာမျိုးကိုလည်း တွေ့ရပါတယ်။ (နောက်ပိုင်းမှာ ကျွန်တော် ပုံစံပြပါမယ်။)

တက္ကသိုလ်နှင့် ဆက်စပ်နေလို့ တက္ကသိုလ် အမည်ခံထားတဲ့ စာရေး ဆရာတွေ ရှိတာကိုလည်း သတိပြုမိပါတယ်။ ကလောင် နာမည်ရဲ့ ရှေ့မှာ ဘာ့ကြောင့် တက္ကသိုလ် နာမည် ခံထားတယ် ဆိုတာကိုတော့ ကာယကံရှင်မှ သိမှာပါ။

ကျွန်တော်တို့ ငယ်ငယ် ဝတ္ထု ဖတ်စကတော့ တက္ကသိုလ် အကြောင်း ချည်း ရေးတာမို့ပဲလို့ ဆိုပြီး ထင်မိမှားခဲ့ပါတယ်။ တကယ်တော့ သူတို့တွေ တက္ကသိုလ် အကြောင်းချည်း ရေးကြတာ မဟုတ်ပါဘူး။ တချို့ လုံးလုံး မရေး ပါဘူး။

သည်စာရေးဆရာတွေထဲက အချို့ကို နာမည် ထုတ်ပြရရင်...

တက္ကသိုလ် မောင်မောင်ခင်

တက္ကသိုလ် နန္ဒမိတ်

တက္ကသိုလ် မောင်မောင်ကြီး

တက္ကသိုလ် ဘုန်းနိုင်

တက္ကသိုလ် မြတ်သူ

တက္ကသိုလ် ခင်မောင်အေး

တက္ကသိုလ် ဟန်ဝင်းအောင်

တက္ကသိုလ် မင်းညို

တက္ကသိုလ် တင့်လွင်ဦး

တက္ကသိုလ် မောင်မေတ္တာ

ထွန်းထွန်း (ဆေးသိပ္ပံ)

မောင်ပေါက်စည် (မန်းတက္ကသိုလ်) စသည်ဖြင့်ပေါ့။

သူတို့တစ်တွေ ဘာရည်ရွယ်ချက်နှင့် ဒီလို တက္ကသိုလ် အမည်ခံထား တယ် ဆိုတာတော့ အတိအကျ မသိနိုင်ပါဘူး။ နှစ်သက်လို့ပဲ ဖြစ်ဖြစ် “ဪ... ဒီစာရေးဆရာ တက္ကသိုလ်ပညာ သင်ဖူးသကို” ဆိုပြီး သိချင်လို့ပဲဖြစ်ဖြစ် အပြစ် မဆိုချင်ပါဘူး။ သာမန် နာမည်ထက် ထူးတဲ့ နာမည်တွေပဲ ဆိုတာကိုသာ ထုတ်ပြခြင်း ဖြစ်ပါတယ်။

စာရေးကြသူတွေတင် မကပါဘူး။ ကျွန်တော်တို့ အတွက် တက္ကသိုလ် ဝတ္ထု ဖတ်ချင်ရင် ဒါဟာ တက္ကသိုလ်နှင့် စပ်ဆိုင်တဲ့ ဝတ္ထုပဲလို့ နာမည် ကြား ရုံနှင့် သိနိုင်တဲ့ ဝတ္ထုစာအုပ်တွေ ရှိပါတယ်။ ဘာပြုလို့လဲဆိုရင် ဝတ္ထု စာအုပ်မှာ ကိုက တက္ကသိုလ် ဆိုတဲ့ စကားလုံး ပါနေလို့ပါ။ တက္ကသိုလ်နှင့် နှီးနွယ် ဆက်စပ်နေလို့ပါ။

အဲဒီ ဝတ္ထုတွေကို ပုံစံပြရရင်...

ဇဝန      ကောလိပ်ကျောင်းသား

ဇဝန      ကောလိပ်ဂျပိုး

မောင်စည်သူ       တက္ကသိုလ် ဆရာတစ်ဦး

မောင်စည်သူ      တက္ကသိုလ် ကျောင်းသူ တစ်ဦး

မောင်စည်သူ       တက္ကသိုလ် ကျောင်းသား တစ်ဦး

မင်းကျော်       တက္ကသိုလ် ပုံပြင် (ပေါင်းထုတ်)

ဝင်းဦး       တက္ကသိုလ် ကျောင်းသား တစ်ဦး

နတ်နွယ်       တက္ကသိုလ်နှင့် ပြင်ပကမ္ဘာ (အနည်း ငယ်သာပါ၊ ဘာသာပြန်-မှီး)

ဟန်ဝင်းအောင်      တက္ကသိုလ်ရောက် ညီမငယ်

စတဲ့ ဝတ္ထုတွေပါပဲ။

တချို့ ဝတ္ထုတွေကတော့ ခုနကလို တက္ကသိုလ်ဆိုတဲ့ စာလုံး မပါပေမဲ့ လို့ စာအုပ် နာမည်ကို မြင်တာနှင့် ဒါဟာ တက္ကသိုလ် နောက်ခံဝတ္ထု ဖြစ်မှာပါလို့ ယူဆနိုင်တဲ့ ဝတ္ထုမျိုးတွေ ရှိပါတယ်။ တက္ကသိုလ် အရိပ်အငွေ့ကို နာမည် က ပေးနေတဲ့ သဘော ဆောင်လို့ပါပဲ။

ဒါတွေက...

သိန်းဖေမြင့်      သပိတ်မှောက် ကျောင်းသား      

ခင်မျိုးချစ်       သပိတ်မှောက် ကျောင်းသူ

လင်းယုန်နီ      ခေတ်သစ် ကောလိပ် ကျောင်းသား

ဗန်းမော် တင်အောင်       ပါမောက္ခ အုန်းကျော်

လင်းယုန်နီ       အင်းလျား

တက္ကသိုလ် ခင်မောင်အေး       ကံ့ကော်တောကို စွန့်ခဲ့ပြီ

တက္ကသိုလ် ဟန်ဝင်းအောင်      ချစ်ရက်ရှည်ရှည် အင်းလျားမြေ

စတဲ့ ဝတ္ထုမျိုးတွေပါ။

တချို့ ဝတ္ထု စာအုပ်တွေကတော့ စာအုပ် မျက်နှာဖုံးကို မြင်လိုက်ရင်ပဲ ဪ ဒါဟာ တက္ကသိုလ် နောက်ခံ ဝတ္ထုကိုးလို့ ပြောနိုင်တာ ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် မျက်နှာဖုံးမှာ တက္ကသိုလ်က လူသိများတဲ့ အဆောက် အဦ၊ တက္ကသိုလ်နှင့် စပ်ဆိုင်တဲ့ ပစ္စည်း တစ်ခုခုကို မြင်သာအောင် ဆွဲထား လို့ပါပဲ။

အဲဒီ စာအုပ်မျိုးတွေက ဆိုရင်...

ကြည်အေး      (ကေဖွဲ့ဆိုသီ) ဘွဲ့နှင်းသဘင်ပုံနှင့်

သိန်းဖေမြင့်      (သပိတ်မှောက် ကျောင်းသား/ဒု - ထုတ်) ခွပ်ခေါင်း အလံနှင့်

တင်ထွေး       (မိုးမြင့်မြင့်ထွား) ခွပ်ဒေါင်း အလံကိုင် ကျောင်းသားထုနှင့်

နတ်နွယ်       (အပြာ အ၀ါ-ပေါင်းထုတ်) ခွပ်ဒေါင်း အလံ နောက်ခံနှင့်

သိန်းသန်းထွန်း      မပန်ပါနှင့် ကြွေချင်တယ်) ဂျပ်ဆင် ဘုရားရှိခိုးကျောင်း

သိန်းသန်းထွန်း      (အချစ်ရူးလေးရဲ့ အချစ်ဦး) ဘွဲ့နှင်း သဘင် နောက်ခံ

မောင်စည်သူ      (မိုးမြေသိမ့်သိမ့်) ဘွဲ့နှင်းသဘင် နောက်ခံ

စတဲ့ ဝတ္ထုမျိုးတွေပေါ့။

တချို့ ဝတ္ထုတွေကျတော့ စင်စစ် တက္ကသိုလ် နောက်ခံ ဝတ္ထုတွေပါပဲ။ ဒါပေမဲ့လို့ စာရေးဆရာက သူ့စာအုပ်ကို သူ ကြိုက်တဲ့ နာမည် ပေးပါတယ်။ စာဖတ်သူဟာ ဒီစာအုပ် ဘာအကြောင်း ရေးတယ်ဆိုတာကို ဖတ်ပြီး ကြားပြီးမှ သိမှာပါပဲ။ အဲဒီလို စိတ်ကြိုက် နာမည် ပေးထားပြီးတော့ ရေးတဲ့ တက္ကသိုလ် နောက်ခံ ဝတ္ထုတွေကတော့ အများကြီးပါပဲ။ တချို့ကို ထုတ်ပြရရင် (နှစ် အစီအစဉ်တော့ မှန်ချင်မှ မှန်ပါလိမ့်မယ်။ ရေးသူနှင့် စာအုပ်သာ ပြောကြပါစို့ ခင်ဗျာ။)

မင်းရှင်      မေ့ဘူးကွယ့် သက်လယ်

ဒဂုန် မြတ်လေးနွယ်      ခရေနှင့် နှင်းဆီ

ကြည်အေး       ဘုန်းသက်တိုင်

ကြည်အေး       ကေဖွဲ့ဆိုသီ

ဗန်းမော် တင်အောင်      ဘုန်းမောင့်တစ်ယောက်တည်းရယ်

လင်းယုန်နီ       မကောင်းတော့ပြီဖြစ်သော မနှင်းရီ            

သိန်းဖေမြင့်      အရှေ့က နေဝန်းထွက်သည့်ပမာ

နတ်နွယ်       အပြာ အဝါ

တင်ထွေး       မိုးမြင့်မြင့်ထွား

တက္ကသိုလ် ဘုန်းနိုင်       ညီမလေးရယ် စိုးရိမ်မိတယ်

မြတ်လေး       ဆံမြိတ်လည်းပြေ ပန်းလည်းကြွေ

ဗန်းမော် တင်အောင်       ဖြစ်လေရာ ဘဝကွယ်

လင်းဦး       မိုးရက်ကြမ္မာ ကြွေလေဦး

မောင်သာရ      ခေါင်းက ပန်းခိုင် ပြုတ်ရချည်ရဲ့

မောင်သာရ      ချစ်သူကနေ့ ကိုယ်ကည

သိန်းသန်းထွန်း       မပန်ပါနှင့် ကြွေချင်တယ်

တင်မြင့်အောင်       ရေနံ့သာဦး

ဂုဏ်ဝင်း       ချစ်လျက်နှင့်ပင်

မောင်သာရ       မောင်သိန်းလွင်၏ မစန်းစန်းဝင့်

တက္ကသိုလ် မြတ်သူ       ကဗျာရူးမလေး

မောင်ပေါက်စည်       တစ်ထောက်နား၍ ပျံပါလေ

ဒေါင်းနွယ်ဆွေ       အသည်းခါးခါးမုန်း

သိန်းသန်းထွန်း       အချစ်ရူးရဲ့ အချစ်ဦးနှင့် ငွေစပယ်ရဲ့ လမင်းငယ် ဘဝ

မြေလတ် ကျော်ဝင်း       ချစ်မေတ္တာ လေမှာ လွင့်ရှာပေါ့

လင်းဦး      မိုးရက်ကြမ္မာ ဗျာပါနှောင်

တက္ကသိုလ် ဟန်းဝင်းအောင်       ငယ်ကျွမ်းချစ်သူ

မောင်မိုးသူ       

ဆန်းလွင်       အသည်းလမ်းဝယ် လျှောက်ခဲ့ပါ

မောင်အောင်မွန်      သိင်္ဂီတစ်ဝက် မြတစ်ဝက်

ဝင်းဇော်       စောမိုးခန်း

တက္ကသိုလ် တင့်လွင်ဦး       ယိမ်းလို့ခေါ်သည့် မိန်းကလေး

တက္ကသိုလ် မြတ်သူ       လရောင်ဆမ်းမှ လန်းသောပန်း

စသဖြင့် တစ်ပြုံကြီး ရှိပါတယ်။ ကျွန်တော် ရှာမပြနိုင်ဘဲ ကျန်ခဲ့တာ တွေလည်း ရှိဦးမှာပါ။ အနီးဆုံးရှိသမျှ ပြန်ဖတ်နိုင်သမျှထဲက ထုတ်ပြရတာပါ။ တချို့ ဝတ္ထုတွေမှာတော့ ဇာတ်ရင်းလောက်၊ ဇာတ်အိမ်လောက် (တစ်နည်း အားဖြင့် တက္ကသိုလ် အကြောင်း ပါတယ် ဆိုရုံလောက်) ပါပြီးတော့ တခြား လောက အကြောင်းတွေကို ရေးထားတာ တွေ့ရပါတယ်။ အဲဒီလို တစ်စိတ် တစ်ဒေသသာ ပါတဲ့ ဝတ္ထုတွေကတော့ မမှတ်နိုင်အောင် များပါတယ်။ တချို့ ကို ထုတ်ပြရရင်...

လင်းယုန်နီ       (မမ... မြင့်... စသည်များ)

ဗန်းမော် တင်အောင်      ပါမောက္ခ အုန်းကျော်

ဒဂုန်တာရာ      မေ

မင်းရှင်       မိုးနှင့် မြေ

ခင်နှင်းယု      မွှေး

ခင်နှင်းယု       ပုံပြောကောင်းသော မိန်းကလေး

ခင်နှင်းယု       မိုးကျော်သူ

ဒေါက်တာ ထွန်းရွှေ       နှောင်းချစ်ဝေ့လယ်

ဒေါက်တာ ထွန်းရွှေ       ချစ်ပါရမီ

တက္ကသိုလ် မောင်မေတ္တာ      ရွှေလက်ကယ် အတူကိုင်ကာရယ်

ဗန်းမော် တင်အောင်      ဝမ်းနည်းဝမ်းသာ

မောင်စည်သူ       မိုးမြေသိမ့်သိမ့်

အောင်လင်း       နီလာ

နတ်နွယ်       တစ်ကွေ့တော့ တွေ့ကြဦးမည်

မြသန်းတင့်       မေတ္တာ အသင်္ချေ

ကျော်ထင်      သူလည်း မေ့လောက်ပါချေပြီ

လို ဝတ္ထုမျိုးတွေလို့ ဆိုရပါမယ်။

တချို့ ဝတ္ထုတွေကတော့ ထီးတည်း သီးသန့် ရေးထားတဲ့ ဝတ္ထုမျိုးတွေ မဟုတ်ပါဘူး။ မဂ္ဂဇင်း ဝတ္ထုရှည်လိုမျိုး၊ မဂ္ဂဇင်း ဝတ္ထုတိုလိုမျိုးတွေပါ။ အဲဒါ တွေကို စာရေးသူက သူ့အခြား ဝတ္ထုတွေနှင့် ပူးတွဲပြီး တစ်စုတစ်ပေါင်း ထုတ် တာ ရှိပါတယ်။ ဒါကြောင့် ဝတ္ထုစာအုပ်အမည်ကျတော့ သူ့စိတ်ကြိုက် အမည်ကို ရွေးတာမို့လို့ အဲဒီ တက္ကသိုလ် နောက်ခံဝတ္ထုတို အမည် ဖြစ်ချင်လည်း ဖြစ်မယ်။ အခြားသူ ပေးတဲ့ အမည်လည်း ဖြစ်ချင် ဖြစ်တာပါပဲ။ အဲဒီဝတ္ထုတွေက

သုခ      အနုပညာ (သုခ၏ ဝတ္ထုတိုပေါင်းချုပ်)

ဒဂုန်တာရာ      စန္ဒကေသီ (စပယ်ဦး)

သန်းဆွေ      စိန်ပန်းနီနီ(စိန်ပန်းနီနီ)

တက္ကသိုလ် ဘုန်းနိုင်      ဆရာ ပြောပြမည် မိလွမ်းနွယ် (ပြန်လည် တင်ပြသည်)

တက္ကသိုလ် ဘုန်းနိုင်       ပိတောက်ချင်းတော့ မတူပါလေ (တန်ခူးလေနှင့် လျောတော့သည်)

မောင်ဆွေတင့်       မေတ္တာစာ တစ်ပုဒ်

မောင်ဆွေတင့်       ခုတော့ အရိုင်းနှင့် မတန်ပြီ

မောင်ဆွေတင့်      မဆန်းတော့သော အချစ်ဇာတ်လမ်း

မောင်ဆွေတင့်      ပညာတတ် အလိမ္မာ (မေတ္တာစာ တစ်ပုဒ်)

ခင်နှင်းယု       ပန်းကလေးများကြောင့် (ရွှေပြည်တော်၏ ပုံပြင်များ)

မင်းကျော်       တိမ်လွှာ (သူ့အကြောင်း၊ ကိုယ့်အကြောင်း၊ မင်းအကြောင်း)

ခင်ဆွေဦး       နွေဦးကြမ္မာ

ခင်ဆွေဦး      သူငယ်ချင်းကောင်း ယောင်းမတို့လေး

ခင်ဆွေဦး       အမျိုးသားစိတ် (ကောင်းနှင့် ခိုင်) (ခေတ်နှင့် အတူ)

သိန်းဖေမြင့်       ဆရာအို ပြဿနာ (သိန်းဖေမြင့် ဝတ္ထုတို ပေါင်းချုပ်)

ဗန်းမော် တင်အောင်       မမထား (မမထားနှင့် အခြား ဝတ္ထုတိုများ)

ဝင်းဦး       တက္ကသိုလ် ဆရာမ တစ်ဦး ပြောသော ပုံပြင်

ဝင်းဦး      အနမ်းသံသရာ

ဝင်းဦး      မန်းမြို့သူဇာမေ

ဝင်းဦး      သတ္တိရှိသော ယောက်ျား (လွမ်းလေသူ အမိုက်အမဲနှင့် အခြား ဝတ္ထုများ)

ဗန်းမော် တင်အောင်      စဝ်သုနန္ဒာ (မြကေသီ)

ဗန်းမော် တင်အောင်       ညိုဝါရွှေ(ညိုဝါရွှေ)

ဒီလိုပုံစံ အမျိုးမျိုး၊ အကြောင်းအရာ အမျိုးမျိုး၊ ကာလဒေသ အမျိုးမျိုး ကို ဖတ်မိ မှတ်မိရင်းနှင့် တက္ကသိုလ် ဆိုင်ရာ အကြောင်းတွေပေါ်မှာ မူတည် ပြီးတော့ ခွဲပိုင်းနိုင်တဲ့ အချက်တွေ ရှိလာပြန်ပါတယ်။

တက္ကသိုလ်ကို ဝင်စားပြီး ရေးကြတဲ့ ဝတ္ထုရေးသူတွေဟာ သူတို့ စိတ်ထဲ၊ ရင်ထဲမှာ ရှိသလို ထုတ်ပြ ရွေးကြတာမို့လို့ အကြောင်းအရာတွေ မျိုးကွဲလာ တာပါ။ ဇာတ်လမ်းဆင်ပုံချင်း၊ တင်ပြပုံချင်း မတူဘဲ ဖြစ်လာတာပါ။

အဲဒီ ဝတ္ထုတွေကို ခြုံကြည့်လိုက်ရင်...

တက္ကသိုလ်ရဲ့ လှုပ်ရှား ရုန်းကန်ခဲ့တဲ့ နိုင်ငံရေး၊ ပညာရေးစနစ် နောက်ခံ ထားတာတွေ၊ ကျောင်းသားရေး မြင်ကွင်းကို အခြေခံပြီး ရေးတဲ့ ဝတ္ထုတွေ အဖြစ် တွေ့ရပါတယ်။ ပြီးတော့ ရယ်ရွှင်ဖွယ် ဟာသနှောပြီး ရေးတဲ့ ဝတ္ထုတွေ၊ အချစ် အလွမ်းနှင့် စွန့်စားခန်းတွေကို အခြေပြုပြီး ရေးတဲ့ ဝတ္ထုတွေ၊ လေးနက် ခိုင်မာတဲ့ အိမ်ထောင်ရေးကို ရှေ့ရှုတဲ့ ဝတ္ထုတွေ ဆိုပြီး ခွဲလာနိုင်တာပါပဲ။

အဲဒီ ဖန်တီးချက်တွေ အားလုံးဟာလည်း ဖြစ်ခဲ့တာတွေ၊ ဖြစ်နေတာ တွေ၊ ဖြစ်နိုင်တာတွေမို့လို့ စိတ်ဝင်စားဖို့ အင်မတန် ကောင်းပါတယ်။ အဆင် မပြေတဲ့ တကယ့် ဖြစ်ရပ်တွေနှင့် ဆန့်ကျင်တဲ့ ဝတ္ထုမျိုးတွေလည်း ပါတော့ ပါပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဝတ္ထု၊ အဖြစ်နှင့် တင်ပြထားလို့ ကျွန်တော်တို့ ဖတ်ခဲ့ရပါပြီ။

ဒီတော့ အဲဒီ ဝတ္ထုတွေထဲက တက္ကသိုလ်မှာ ဖြစ်ပျက်ခဲ့တဲ့ လှုပ်ရှားမှု၊ နိုင်ငံရေး၊ ကျောင်းသားရေး၊ ပညာရေးစနစ် မြင်ကွင်းကို ပြတဲ့ ဝတ္ထု အချို့ကို ပထမ ထုတ်ကြည့်ချင်ပါတယ်။

ဘယ်လို ဝတ္ထုမျိုးတွေလဲ ဆိုရင်...

သိန်းဖေမြင့်      သပိတ်မှောက် ကျောင်းသား

ခင်မျိုးချစ်       သပိတ်မှောက် ကျောင်းသူ

ဗန်းမော်တင်အောင်      ဘုန်းမောင့် တစ်ယောက်တည်းရယ်

နတ်နွယ်       အပြာ အဝါ

တင်ထွေး       မိုးမြင့်မြင့်ထွား

သိန်းဖေမြင့်      အရှေ့က နေဝန်းထွက်သည့်ပမာ

လင်းဦး       မိုးရက်ကြမ္မာ ကြွေလေဦး

လင်းဦး      မိုးရက်ကြမ္မာ ဗျာပါနှောင်

စတဲ့ ဝတ္ထုတွေဟာ ထင်ရှားတဲ့ ဝတ္ထုတွေပါပဲ။ ဝတ္ထုပါ အကြောင်းအရာ အများစုဟာ သူ ဖော်ပြတဲ့ အချိန်က တက္ကသိုလ်မှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး လှုပ်ရှားမှု ဂယက်၊ ကျောင်းသား အဖွဲ့အစည်း လှုပ်ရှားမှု ဂယက်တွေကို ဖော်ပြခြင်း ဖြစ်ပါတယ်။

ရယ်စရာ ဟာသခန်းတွေ ထည့်ပြီးတော့ ခပ်ရွှင်ရွှင် ခပ်သွက်သွက် ရေးတဲ့ ဝတ္ထုမျိုးတွေကတော့...

ဇဝန       ကောလိပ် ကျောင်းသား

ဇဝန      ကောလိပ်ဂျပိုး

စိန်လွင်လေး      တက္ကသိုလ် ဟာသဝိဇ္ဇာ

စတဲ့ ဝတ္ထုတွေဟာ အများဆုံး ရယ်စရာ ရွှင်စရာတွေနှင့် ရေးတာပါ။ ဒီလို အခန်းမျိုးတွေ ဒီ့ပြင် ဝတ္ထုတွေမှာ ရှိပေမဲ့လို့လည်း ဝတ္ထု သွက်ရုံလောက် အနည်းအကျဉ်းပဲ ရှိပါတယ်။ ဒါတွေကိုတော့ ဟာသဝတ္ထု စာရင်းထဲ ထည့် ရင်တောင် ရနိုင်ပါတယ်။ အောင်မြင်တာ မအောင်မြင်တာ ဆိုတာကတော့ တစ်သီးတစ်သန့်ပါ။

ဒီလို ဝတ္ထုတွေက လွဲလို့ ကျန်တဲ့ အထက်က ဖော်ပြပြီးခဲ့တဲ့ ဝတ္ထု တွေကတော့ အချစ်၊ အလွမ်း၊ စွန့်စားခန်းနှင့် လူ့ဖွဲ့စည်းမှု သဘောတွေပါပဲ၊ အဲဒါတွေကို အတွေးအခေါ်တွေ၊ ကျောင်းပညာရေးတွေ၊ လူမှု ဆက်ဆံရေး တွေ၊ လူငယ် လူရွယ်တွေရဲ့ မြူးမြူးကြွကြွဟန်တွေ၊ ဗီဇဝါသနာနှင့် ထင်ရာ စိုင်းတတ်ကြတဲ့ အပြုအမူလေးတွေနှင့် ရောပေါင်းပြီးတော့ တက္ကသိုလ် ဝန်းကျင်ရဲ့ နောက်ခံကားကြီးနှင့် ဝတ္ထုဇာတ်အိမ် ဖွဲ့တာပါပဲ။

အဲဒီတော့ ဝတ္ထုတွေမှာ...

ပျော့ပျော့နွဲ့နွဲ့လည်း ပါတယ်၊ ချွဲချွဲပျစ်ပျစ်လည်း ရှိတယ်၊

တည်တည်ငြိမ်ငြိမ်လည်း ရှိတယ်၊

သွက်သွက်လက်လက်လည်း ရှိတယ်၊ ထိုင်းထိုင်းမှိုင်းမှိုင်းလည်း ရှိတယ်၊

ဒေါနှင့် မာန်နှင့် ဗိန်းမောင်းဟန်တွေလည်း ပါလာတာပါပဲ။

ဝတ္ထု ဖန်တီးသူရဲ့ အားပေါ်မှာ မူတည်ပြီးတော့ အမျိုးမျိုး ဖြစ်လာခဲ့ တာပါပဲ။ ဒီလို အကြောင်း အမျိုးမျိုး၊ ပုံစံ အမျိုးမျိုး၊ ဟန် အမျိုးမျိုးနှင့် ဝတ္ထု တွေမှာ တက္ကသိုလ်ကို အခြေခံပြီးတော့ တစ်မျက်နှာ နှစ်မျက်နှာ ရှိတဲ့ ဝတ္ထုမျိုး၊ (တက္ကသိုလ် နှစ်လည် မဂ္ဂဇင်းပါ ဝတ္ထုအချို့) ကနေပြီး အရှေ့က နေဝန်းထွက် သည့်ပမာလို ဆိုက်ကြီးနှင့် စာမျက်နှာ ၁ဝဝဝ နီးပါး ရှည်လျားအောင် ရေးတဲ့ထိ ရှိလာပါတယ်။

တက္ကသိုလ် နောက်ခံဝတ္ထုတွေကို ခွဲပြီးတော့ တစ်မျိုး၊ ပေါင်းပြီးတော့ တစ်ဖုံ ကျွန်တော် ဆက်တိုက် ဖတ်မိတဲ့ အခါမှာ ဝတ္ထုပါ အချက်အလက်ချင်း တူနေတာတွေကို တွေ့ရပြန်ပါတယ်။ ဇာတ်ကောင်ချင်း တူတာ၊ အဖြစ်မှန်ချင်း တူတာကို မဆိုလိုပါဘူး။ အထူးအခြား ပြထားတဲ့၊ မတူဘူးဆိုရင် ဖြစ်နိုင်တဲ့ အခြေအနေ တူတာကို ဆိုလိုတာပါ။

ဒါဟာလည်း တစ်ယောက်ဆီက တစ်ယောက်က ယူတယ်လို့ ကျွန်တော် မစွပ်စွဲလိုပါဘူး။ စိတ်ကူးမယ်ဆိုရင် စိတ်ကူးချင်း တူနိုင်ပါတယ်။ တကယ် ဖြစ်ကြမယ် ဆိုရင်လည်း အဖြစ်ချင်း တူနိုင်ပါတယ်။ သိန်းဖေမြင့်နှင့် ဗန်းမော် တင်အောင် ဇာတ်ကောင် နာမည်ချင်းတောင် တူနေသေးတာပဲ။

ဒါပေမဲ့ သုခရဲ့ “အနုပညာ” ဆိုတဲ့ ဝတ္ထုပါ အဓိက အချက်နှင့် သူ့ထက် နောက်ကျတဲ့ ဝတ္ထု တစ်ပုဒ်ပါ အချက် တူပုံမျိုး။

မင်းရှင်ရဲ့ “မေ့ဘူးကွယ့် သက်လှယ်ရယ်” ထဲက အပြုအမူ တစ်ခုနှင့် သူ့ထက် နောက်ကျတဲ့ ဝတ္ထု တစ်ပုဒ်ပါ အချက်အလက် ထပ်တူ ဖြစ်ပုံမျိုးတွေ ကျတော့ အဆန်းတကြယ်လို့ ဆိုရမှာပါပဲ။

အင်း ဒါတွေဟာ ဉာဏ်ချင်းထပ်တူ ဖြစ်နိုင်သလို ရှေ့က ဝတ္ထုကို ဖတ်ပြီး တော့ ကိုယ့်ခေါင်းထဲ စွဲနေရာက ကိုယ့်ကြံဆချက်အမှတ်နှင့် သုံးမိတာလည်း ဖြစ်ချင် ဖြစ်နိုင်တာပါပဲ။ ဒါမျိုးကလည်း ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ အဖြစ်မျိုး တစ်ခုမို့ပါ။

တက္ကသိုလ် နောက်ခံ ဝတ္ထုတွေမှာ ပါတဲ့ ဇာတ်ကောင်တွေကို ကြည့် ပါဦး။ တက္ကသိုလ်ဟာ ကမ္ဘာလေး တစ်ခု၊ လောကလေး တစ်ခုလို ဖြစ်နေတော့ ဇာတ်ကောင် အမျိုးမျိုး ရှိလာပါတယ်။ ရိုးသားတဲ့ လူ ဆိုးဝါးတဲ့ လူ၊ အရုပ် ချောတဲ့ သူ အကျည်းတန်တဲ့သူ၊ မြင့်တဲ့သူ နိမ့်တဲ့သူ၊ ချမ်းသာသူ ဆင်းရဲတဲ့သူ၊ စိတ်ထား မြင့်မြတ်သူ၊ စိတ်ထား ယုတ်ညံ့သူ၊ စာတော်သူ ညံ့သူ၊ ကြိုးစားသူ ပျင်းရိသူ၊ ထက်မြက်သူ ထိုင်းမှိုင်းသူ။

ပြီးတော့ အနုပညာသမား၊ အားကစားသမား၊ နိုင်ငံရေးသမား၊ ပညာ လိုလားသူ၊ ရည်မှန်းချင်ကြီးသူ၊ ဖြစ်သလို ပျော်သူ၊ အမြဲ စိတ်ဓာတ်ကျနေသူ၊ အမြဲ တက်ကြွနေသူ၊ မကောင်းမှုသာ ပျော်မွေ့သူ၊ ကိုယ်ကျင့်တရား ကောင်းသူ စတဲ့ လူအမျိုးမျိုး စိတ်အထွေထွေကို တွေ့ရပါတယ်။ အဲဒီတော့ တက္ကသိုလ် ကို နောက်ခံပြီး အစေ့အစပ် ရေးတဲ့ ဝတ္ထုမျိုးတွေမှာလည်း ဒါတွေကို ပိုပြီး သိသာနိုင်ပါတယ်။ ဒါလောက် များတဲ့ ဝတ္ထုတွေမှာလည်း တက္ကသိုလ် ကို ပီပြင်အောင် ဖော်ပြီး ကျစ်ကျစ်လျစ်လျစ် ရေးတဲ့ ဝတ္ထုတွေက ရှားပြန် ပါတယ်။

အဲဒီမှာ ကျွန်တော်တို့ ပြဿနာ တစ်ခု သတိပြုမိပါတယ်။ ဘာလဲဆိုရင် ဝတ္ထုရေး ဆရာတွေဟာ တက္ကသိုလ်နှင့် ဝေးသွားတဲ့အခါ၊ တက္ကသိုလ်ကို ခွဲခွာပြီးတဲ့ အခါကျမှ မှတ်သားမိသလောက်ကို အရင်းခံ ရေးလို့ အလွဲလွဲ အချော်ချော် ဖြစ်လေသလား ဆိုတဲ့ အချက်ပါပဲ။

တက္ကသိုလ် နောက်ခံ ဝတ္ထုတွေကို အဓိက ရေးတဲ့ စာရေးသူ အများစု ဟာ တက္ကသိုလ်ထွက်များ ဖြစ်တာ များပါတယ်။ တက္ကသိုလ်မှာ ကျင်လည် ကျက်စားပြီးတော့ ကိုယ် ကျက်စားခဲ့တဲ့ ကမ္ဘာလေးကို တအောက်မေ့မေ့ ပြန်ပြီး သရုပ်ဖော်ကြတာပါ။ အဲဒီမှာ အချိန် ကြာလာတာနှင့်အမျှ အဖြစ်မှန်တွေဟာ ပျောက်လာခဲ့တာပါ။ ပိုပြီး ဆိုးတာကတော့ တကယ့် တက္ကသိုလ် အခြေအနေနှင့် ဝတ္ထုမှာ ဖော်ပြတဲ့ တက္ကသိုလ် အခြေအနေချင်း မညီမမျှ အပ်စပ်မှု မရှိတဲ့ အရေးအသား၊ အပြောအဆို၊ အနေအထိုင်မျိုး သရုပ်ဖော်ကြတာဟာ အတော် အရုပ်ဆိုးတဲ့ ကိစ္စပါ။ မယ်သီလရင်ကို အတင်း ဘီးစိုက်ခိုင်း၊ သနပ်ခါး လူးခိုင်း ပြီးတော့ ကုလားကို ဝက်သား ကျွေးတဲ့ အဖြစ်မျိုးတွေနှင့် ကြုံနေရလို့ပါ။ အရှိကို မသိဘဲ ဖြီးဝါးပြီး ရေးပြ၊ စမ်းတဝါးဝါး ဖော်ပြတော့ သိတဲ့လူတွေ ဖတ်မိရင် ရှက်စရာ ကောင်းနေလို့ပါ။ မြေခွေးနှင့် ငှက်ကျား ပုံပြင်ထဲကလို အဆင်မပြေတာတွေချည်းမို့ ကဲ့ရဲ့စရာ ကောင်းလို့ပါ။ ဒီတော့ သေချာစေ့စပ်တဲ့ ဝတ္ထုမျိုး၊ အဖြစ်အပျက်ကို ရေးရင်၊ အရှိကို ရေးရင်၊ အမှန်တကယ် ကျွမ်းကျင်မှုနှင့် ရေးတာမျိုးမှ အရသာရှိမယ် ထင်ပါတယ်။ မသေချာရင် ပေါ့ပျက်ပျက် နိုင်မယ် ထင်ပါတယ်။

အဲဒီလိုကျတော့ တက္ကသိုလ်က အဆက်မပြတ်လိုလို ထုတ်တဲ့ တက္ကသိုလ် နှစ်လည် မဂ္ဂဇင်း၊ ကျောင်းသား ကြွေးကြော်သံ ဖြစ်တဲ့ အိုးဝေ မဂ္ဂဇင်း၊ ခရိုင်နှင့် မြို့နယ် အသင်းတွေက ထုတ်တဲ့ မဂ္ဂဇင်းတွေမှာ ပါတဲ့ ဝတ္ထုတိုလေး တွေကတောင်မှ ပိုပြီး ပီပြင်တယ်လို့ ဆိုလိုက်ချင်ပါတယ်။ ၇ ၊း၁၀

အဲဒီ စာအုပ်တွေမှာ တက္ကသိုလ် စာရေးဆရာ အတော်များများ ပါဝင် ရေးသားပါတယ်။ ပြီးတော့ တက္ကသိုလ် နောက်ခံ အကြောင်းလေးတွေပဲ ရေးတာ များပါတယ်။ အဲဒီ မဂ္ဂဇင်းတွေက အခြေခံပြီး စာရေးခဲ့တဲ့ စာရေးသူ အတော် များများတောင်မှပဲ အခုအချိန်မှာ စာရေးဆရာကြီးတွေ ဖြစ်နေပြီ ဆိုတာ သတိ ထားမိပါတယ်။ များလွန်းလို့ အရင်က တက္ကသိုလ် နောက်ခံ အကြောင်းအရာ လေးတွေကိုလည်း ရေးပြီး နောင်မှာလည်း အလျဉ်းသင့်သလို စိတ်ဝင်တစား ရေးတဲ့ လူတွေကို ပြရရင်...

ဥပမာ သိန်းဖေမြင့်၊ ကြည်အေး၊ ခင်နှင်းယု၊ မင်းကျော်၊ တက္ကသိုလ် ဘုန်းနိုင်၊ ဂုဏ်ဝင်း၊ ညွန့်ကြူး၊ သိန်းသန်းထွန်း၊ ခင်ဆွေဦး၊ တက္ကသိုလ် ဟန်ဝင်း အောင်၊ မောင်ကိုယု၊ ထွန်းထွန်း (ဆေးသိပ္ပံ)၊ မောင်အောင်မွန်၊ မောင်ဆွေတင့် စသူတွေကို အလွယ် ပြနိုင်ပါတယ်။

အဲဒီ တက္ကသိုလ်က ထုတ်တဲ့ မဂ္ဂဇင်းတွေထဲက ဝတ္ထုတွေ အကြောင်း အကျယ် မပြောခင်မှာ နာမည်ကြီးတဲ့ တက္ကသိုလ် နောက်ခံ ဝတ္ထုရှည်တွေ အကြောင်း ပြောပြချင်ပါတယ်။

ပထမ ဝတ္ထု တစ်ပုဒ်လုံး တက္ကသိုလ် ကမ္ဘာလေးကို နောက်ခံ ဖော်ပြတဲ့၊ တက္ကသိုလ်နှင့် တစ်အုပ်လုံးလိုလို မကင်းတဲ့ ဝတ္ထုတွေကို ကျွန်တော် ဖတ်မိ သမျှထဲက အလျင် ရွေးလိုက်ချင်ပါတယ်။

ဒီဝတ္ထုတွေကတော့...

ဇဝန       ကောလိပ် ကျောင်းသား၊ ကောလိပ် ဂျပိုး

သိန်းဖေမြင့်       အရှေ့က နေဝန်းထွက်သည့် ပမာ၊ သပိတ်မှောက် ကျောင်းသား

တက္ကသိုလ် ဘုန်းနိုင်      ညီမလေးရယ် စိုးရိမ်မိတယ်

မင်းရှင်       မေ့ဘူးကွယ့် သက်လှယ်ရယ်

နတ်နွယ်      အပြာ+အဝါ

သိန်းသန်းထွန်း       မပန်ပါနှင့် ကြွေချင်တယ်၊ အချစ်ရူးလေးရဲ့ အချစ်ဦး၊ ငွေစပယ်နှင့် လမင်းငယ်ဘဝ

ဗန်းမော် တင်အောင်      ဘုန်းမောင့် တစ်ယောက်တည်းရယ်

ကြည်အေး      ကေဖွဲ့ဆိုသီ၊ ဘုန်းသက်တိုင်

လင်းယုန်နီ       အင်းလျား

တင်ထွေး       မိုးမြင့်မြင့်ထွား

ဝင်းဦး      တက္ကသိုလ် ကျောင်းသား တစ်ဦး

မောင်စည်သူ       တက္ကသိုလ် ဆရာတစ်ဦး၊ ကျောင်းသူ တစ်ဦး၊ ကျောင်းသား တစ်ဦး

တက္ကသိုလ် ခင်မောင်အေး       ကံ့ကော်တောကို စွန့်ခဲ့ပြီ

စတဲ့ ဝတ္ထုတွေပဲ ဖြစ်မယ် ထင်ပါတယ်။ ဒီအမျိုးအစားထဲက တခြား ဝတ္ထုတွေကတော့ ဒါတွေလောက် ပရိသတ်ကို သြဇာ မညောင်းတာ၊ မစူးရှတာ သာ ရှိနိုင်တာပါ၊ ကောင်းတာ ဆိုးတာကို မဆိုလိုပါဘူး။ ဒီဝတ္ထုတွေကို ပြန် ကြည့်ရင်...

ဇဝနရဲ့ ကောလိပ် ကျောင်းသား ဝတ္ထုတွေဟာဆိုရင် သူ့ခေတ် တက္ကသိုလ် ရဲ့ လူငယ် လူရွယ်တွေ အကြောင်းကို ပြောပြတဲ့ နေရာမှာ အောင်မြင်တဲ့ ဝတ္ထုကြီး တစ်ပုဒ်ပဲလို့ ဆိုနိုင်ပါတယ်။ ဆရာ ဇဝနရဲ့ ငယ်စဉ် ကျောင်းရိပ် ကျောင်းငွေ့ မကုန်ခင် ရေးတဲ့ ဝတ္ထုမို့လည်း သည်လို ကျောင်းသားဘဝ သရုပ်ကို ပီပြင်အောင် ဖော်နိုင်တာပါ။ ခုအချိန်မှာ ဒီဝတ္ထု ရေးရင် အလွဲလွဲ အမှားမှား နှင့် အဆင်မပြေ ဖြစ်ချင် ဖြစ်နေမှာပါပဲ။ ဒါကို ဆရာ ဇဝန ကိုယ်တိုင်လည်း သဘောပေါက်ပါတယ်။ ဒါ့ကြောင့်လည်း ပုဂံ စာအုပ်တိုက်က ထုတ်တဲ့ ကောလိပ် ကျောင်းသား စာအုပ် အမှာမှာ...

“ယနေ့သာ တက္ကသိုလ် ကျောင်းသား ဝတ္ထုကို ကျွန်တော် ရေးရပါက အဖြစ်အတိုင်း မရေးဘဲ ဖြစ်စေလိုသည့် ရည်သန်ချက်ဖြင့် ရေးသည့်ဘက်က အလေးသာပေလိမ့်မည်” တဲ့။

နောက်တစ်ခုက...

“ကျွန်တော့်အား ကျွန်တော်တို့ ခေတ်က ကောလိပ် ကျောင်းသားတို့၏ ဘဝကို သရုပ်ဖော်သော ဝတ္ထုတစ်ပုဒ် ရေးပေးပါဟု ပုံနှိပ် ထုတ်ဝေသူ တစ်ဦးဦး လာရောက် တောင်းခံအံ့၊ ကျွန်တော် ငြင်းပယ်ကောင်း ငြင်းပယ်ပေလိမ့်မည်၊ သို့မဟုတ် သဘောတူ လက်ခံ၍ ရေးသားပေးပါကလည်း ဤကောလိပ် ကျောင်းသား ဝတ္ထုမျိုး ဖြစ်မလာနိုင်ပေ” ဆိုပြီးတော့ နားလည်စွာ ရေးထား တာကို တွေ့ရပါတယ်။

ကောလိပ် ကျောင်းသား ဝတ္ထုတွေကိုတော့ အများစုက ဖတ်မိကြမယ် ထင်ပါတယ်။ မဖတ်မိတောင်မှပဲ “ကောလိပ်ဂျင်” ဆိုတဲ့ ရုပ်ရှင်မှာ ပြန်ပြီး မြင်နိုင်ပါတယ်။ “ကျေပါတယ် မအေးစိန်ရယ်” ဆိုတဲ့ စကားဟာ တစ်ခုသော သင်္ကြန်မှာ လျှံပြီး ကျန်ခဲ့ဖူးပြီ ဖြစ်ပါတယ်။ သူ ရေးတဲ့ သူ့ခေတ် ဆိုတာက ၁၉၃ဝ-၁၉၄ဝ ပတ်ဝန်းကျင် အကြောင်းပါ။ ဝတ္ထုမှာ လေးနက် ခိုင်မာတဲ့ ဇာတ်လမ်း မရှိပေမဲ့လို့ အသောနှင့် အလွမ်းကို ပေါ်အောင် ဇာတ်ကွက်ဆင်ပြီး ရေးထားတာမို့လို့ အတော် ဖတ်ကောင်းတဲ့ ဝတ္ထုတစ်ပုဒ်လို့ ဆိုချင်ပါတယ်။ သိန်းဖေ၊ ကျော်ဝင်း၊ ဘဦး၊ မအေးစိန်၊ မသန်းမြင့်၊ ကျူတာ ကိုတင်အောင် စတဲ့ ဇာတ်ကောင်တွေ ရှုပ်ထွေး ပွေလီနေပေမဲ့လို့ မြူးမြူးကြွကြွ ဖြစ်အောင် ဟာသခန်းတွေ ပါတော့ ဇာတ်လမ်းက အရေးမကြီးသလို ဖြစ်လာပါတယ်။ တစ်ခန်းစီ တစ်ခန်းစီက ဟာသတွေ သိထားတာကို မပျင်းမရိ စွဲပြီး ဖတ်နေရ သလိုပါပဲ။

ဇဝနဟာ ကောလိပ် ကျောင်းသား ဝတ္ထုကို သူ ကျောင်းက ထွက်ပြီး ငါးနှစ်လောက် ကြာမှ ရေးတယ်လို့ ဆိုပေမဲ့လို့ ငယ်စိတ် မကုန်သေးတာကြောင့် သူ ရေးချင်တဲ့ စေတနာ ပေါ်ပါတယ်။ သူကိုယ်တိုင် ဖြစ်ကြုံဖူးတဲ့ ရွှတ်နောက် နောက် အဖြစ်မျိုးတွေမို့လို့လည်း အစေ့အစပ် ရေးနိုင်ဟန် တူပါတယ်။ ရယ်စရာ အကွက်နှင့် လွမ်းဖို့ ဖြစ်လာတဲ့ အလှည့်လေးတွေနှင့်သာ ဇာတ်ဆင်ထားတာ ဖြစ်ပြီးတော့ တက္ကသိုလ်နှင့် စပ်တဲ့ တခြား အကြောင်းအချက် မပါသလောက် ပါပဲ။ အားမရစရာ ပြရရင် အဲဒီခေတ် ပညာရေးစနစ် အောက်ကျ နောက်ကျ ဖြစ်ရမှု ရှိတာမျိုး ပေါ်အောင် မရေးတဲ့ အကြောင်းပါပဲ။

ဘာပဲဖြစ်ဖြစ် ဒီဝတ္ထုကိုတော့ တက္ကသိုလ် နောက်ခံ ဟာသ ဝတ္ထုတွေ ထဲမှာ ခေတ်ကောင်းနေဆဲ ဝတ္ထုတစ်ပုဒ်လို့ မြင်ပါတယ်။

တက္ကသိုလ်ဟာ ပညာရေး စနစ်တွေ အမျိုးမျိုး ပြောင်းနိုင်ပါတယ်။ အုပ်ချုပ်ရေး ယန္တရားကြီးကလည်း လည်ချင်သလို လည်မှာပါပဲ။ တက္ကသိုလ်မှာ ရှိတဲ့ အဆောက်အဦးတွေတောင် အပြောင်းအလဲ အတိုးအဆုတ် ရှိမှာပါပဲ။ ဒါပေမဲ့ လူငယ် လူရွယ် ကျောင်းသား ကျောင်းသူတွေရဲ့ အချစ်ရေးရာ ဖို မ ကိစ္စကတော့ ရွှေ့ပြောင်းလိမ့်မယ် မထင်ပါဘူး။ ခေတ်တိုင်းမှာ ရှိနေမယ့် ကိစ္စပါ။

ဒါကြောင့် ဇဝန ပြောပြတဲ့ သူ့ခေတ် မှတ်တမ်းဟာ ခေတ်ကျန်တဲ့ မှတ်တမ်း အဖြစ်နှင့် အောင်မြင်နေခဲ့တာပါ။

သိန်းဖေမြင့်ရဲ့ သပိတ်မှောက် ကျောင်းသား ဝတ္ထုကတော့ အဖြစ်အပျက် နှင့် မကွာလှမ်းဘဲ ပူပူနွေးနွေး ပြန်ရေးတဲ့ ဝတ္ထု ဖြစ်ပါတယ်။ သူ့ဝတ္ထုရဲ့ အဓိက အကြောင်းရင်းဟာ ၁၉၃၆ ကျောင်းသား သပိတ် အရေးတော်ပုံ အကြောင်းပါပဲ။ ရေးလို့ ပြီးတာက ၁၉၃၇ ခု၊ ဒီဇင်ဘာ ၇ ရက်နေ့မှာပါ။

ဒီဝတ္ထုဟာ ဝတ္ထု မည်ကာမတ္တ မဟုတ်ပါဘူး။ တစ်ခေတ်တစ်ခါ တက္ကသိုလ် ကမ္ဘာလေးမှာ လှုပ်လှုပ်ရှားရှား ဖြစ်ပျက်ခဲ့တာများကို ဝတ္ထုသဖွယ် သုံးသပ် တင်ပြခဲ့တာပါ။ တက္ကသိုလ်က လှုပ်ရှားမှု ကိစ္စလို့သာ ဆိုလိုက်ပေမဲ့လို့ နောင်မှာ ဗမာပြည် နိုင်ငံရေး ရာဇဝင်နှင့် စပ်ဆိုင်နေပြီဆိုတာ ထင်ရှားပါတယ်။

အဲဒီ ၃၄-၃၅-၃၆ ခုနှစ်တွေမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေဟာ တက္ကသိုလ်ကို အုပ်ချုပ်တဲ့ မျက်နှာဖြူ ဆရာတွေရဲ့ အနိုင်အထက် ကျင့်မှု၊ ကျွန်ပညာရေး စနစ်ကို တည်ဆောက်မှု၊ ကျောင်းသူ ကျောင်းသားတွေကို ကျွန်စိတ်သွင်းမှု စတဲ့ အကြောင်းအချက်တွင် မကပါဘူး။ တိုင်းပြည်အတွင်း မှာလည်း မျက်နှာဖြူတွေ ဗြိတိသျှ အင်ပီရီရယ်လစ်တွေက မြန်မာပြည်ရဲ့ စီးပွား ရေးကို အညွန့်ခူး၊ ဗမာတွေကို ကျွန်ဇာတ်သွင်း၊ အချုပ်အချယ် ပြုချင်တိုင်း ပြုတာတွေ ပါရှိနေလေတော့ နိုးကြားတဲ့ ကျောင်းသား ခေါင်းဆောင်တွေက သပိတ်မှောက်တာပါပဲ။ ကိုယ့်တိုင်းပြည် ကိုယ့်စီးပွားရေးကို ကိုယ်တိုင် စီမံ ချင်လို့၊ ကျွန်ဘဝက လွတ်ပြီး သခင် ဖြစ်ချင်လို့ ထပြီး သပိတ်မှောက်တာပါပဲ။

အဲဒီ သပိတ် သမိုင်းစဉ်ကို သိန်းဖေမြင့်က ဝတ္ထုလို ဖန်တီးပြီး ရေးတာ ပါ။ ဇာတ်ကောင် ဇာတ်ရံတွေနှင့် ဝိုက်သိုင်းပြီးတော့ တကယ့် အဖြစ်ကို အခြေခံ ရေးတာပါ။ ဝတ္ထု အဆုံးကတော့ သစ္စာဖောက် ခေါင်းဆောင်တွေရဲ့ ညံ့ဖျင်းမှ တွေကြောင့် တောင်းဆိုချက်တွေ မရခင် သပိတ် လှန်လိုက်ရတဲ့ဆီမှာ ဆုံးတာ ပါပဲ။

စာရေးဆရာ သိန်းဖေမြင့်ဟာ ဝတ္ထုကို အတိအကျ မှတ်တမ်းထားပြီး ရေးပါတယ်။ သူကိုယ်တိုင်က အဲဒီအချိန် ကျောင်းသား ခေါင်းဆောင် တစ်ယောက် အဖြစ်၊ စာသင်သား တစ်ယောက် အဖြစ် ရှိနေတာမို့ အဖြစ်အပျက်တွေကို အမြင် ရှိပါတယ်။ အကြား ရှိပါတယ်။ ပြီးတော့ သူ့ လှုပ်ရှားမှုတွေလည်း ရှိခဲ့ပါတယ်။ သူ မမြင်တဲ့၊ သူ မကြားတဲ့၊ သူ မသိတဲ့ အကြောင်းတွေ ကျတော့လည်း သိတဲ့ ခေါင်းဆောင် ကျောင်းသားတွေထံက မှတ်စု မှတ်တမ်း တွေ ယူပြီး ရေးတယ်လို့ ဆိုပါတယ်။

သမိုင်းကို အမှန်အတိုင်း ဖြစ်စေချင်လို့၊ ၃၆ ခုနှစ် ရှေ့ပိုင်းက အဖြစ် တွေကို အကြောင်းမှန်အတိုင်း ဓာတ်ပုံရိုက်ပြသလို မြင်စေချင်လို့ ကြိုးစား ရေးတယ်လို့လည်း ဆိုပါတယ်။ သူ့ဝတ္ထု အမှာမှာဆိုရင်...

“ဤသပိတ်မှောက်ကြောင်းစဉ်နှင့် သပိတ်မှောက် ကျောင်းသား ဝတ္ထုကို ရေးလိုက်ပေရာ အမှန်ကို ဘွင်းဘွင်းကြီး ရေးသဖြင့် တစ်စုံတစ်ယောက်ကို ထိခိုက်သွားလျှင် သွားပါစေ၊ ကျွန်ုပ်အား အပြစ် လွှတ်ပါဟု ကျွန်ုပ်ကား မတောင်းပန်။ တောင်းပန်နေလျှင် အမှန်သည် အချိန် ပေါ့သွားချေမည်” လို့ ရေးထားတာတော့ အတော် ချစ်ဖို့ ကောင်းပါတယ်။

ပြီးတော့လည်း...

“ရေးအံ့သော အခါ၌ မှန်ကန်သော အကြောင်းများသည်သာ ကျွန်ုပ်၏ ကလောင်မှ ထွက်နိုင်စေရန် ကျွန်ုပ်၌ တစ်စုံတစ်ရာ အတွက် နာကျည်းသော စိတ်၊ တစ်ယောက်ယောက်ကို ငြိုငြင်သော စိတ်၊ တစ်ဦးဦးကို ငြူစုသော စိတ် စသော မကောင်းသော စိတ်များကို ကြိုးစားကာ ပယ်ပြီး ကိုယ့်စိတ်ကိုယ် ဖြူစင်ပြီဟု ယုံကြည် စိတ်ချရမှ ဤဝတ္ထုကို ရေးလိုက်ပေသည်” ဟုလည်း ဆိုပါတယ်။

ဒီတော့ကာ သိန်းဖေမြင့်ရဲ့ သပိတ်မှောက် ကျောင်း သားဟာ ဖြစ်ခဲ့တဲ့ အဖြစ် တစ်ခုကို ရေးတယ်၊ ဝတ္ထုလို ရေးတယ်၊ အကြောင်းအချက်တွေ မှန်အောင် ထည့်ထားတယ်လို့ ဆိုရမှာပါပဲ။

ဒီဝတ္ထုမှာတော့ အင်္ဂလိပ် အစိုးရ လက်အောက်ခံ ရန်ကုန် တက္ကသိုလ် အစိုးရ အလိုတော်ရှိ အုပ်ချုပ်သူများ၊ ဆရာ ဆရာမများ၊ ကျွန်စိတ်သွင်းသူများ၊ သင်ပေးသော ပညာများမှာလည်း စိတ်ကို ညံ့ဖျင်းစေသော၊ အများ တိုးတက် သော အတွေးအခေါ်နှင့် သိပ္ပံပညာများ ဖြစ်ထွန်းမှုကို ဟန့်တားမှုများ၊ မဟုတ် မခံ ကျောင်းသားများကို ဆရာများက အပြစ်ရှာခြင်းများ၊ ကျောင်းသား နိုင်ငံရေး မလုပ်ရ ဟူ၍ ပိတ်ပင်ချက်များ၊ မျိုးချစ်စိတ်ကို ဖိနှိပ်တတ်ခြင်းများသည် ကျောင်း သား သမဂ္ဂကို ဖြစ်မြောက်အောင် ထူထောင်လိုက်တဲ့ အရေးကြီးတဲ့ အချက် တွေဟာ အဖိုးတန်လှပါတယ်။

ဒီမှာ ခေါင်းဆောင် ကိုနုရဲ့ အစွမ်းအစကို တွေ့ရပါတယ်။ အုပ်ချုပ်ရေး ကောင်စီက မျက်စိ စပါးမွေး စူးလောက်အောင် ကိုနုရဲ့ ထက်မြက်ချက်တွေကို တွေ့ရပါတယ်။ နောက် ကိုနု ကျောင်းထုတ် ခံရပါတယ်။ သည်နောက်တော့ ကျောင်းသားထု အုံကြွမှုတွေကို တွေ့ရတာပါပဲ။ အဓိက ဇာတ်ကောင်ကတော့ ညိုထွန်းပါ။

သိန်းဖေမြင့်ဟာ ဒီဝတ္ထုမှာ အဖြစ်မှန်တွေကို ရေးပေမဲ့လို့ ဇာတ်ကောင် အများစုရဲ့ နာမည်တွေကို ပေးတဲ့ နေရာမှာတော့ သူ့ စိတ်ကူးထဲရှိတဲ့ ကြားဖူးတဲ့ နာမည်တွေ ပေးဟန် တူပါတယ်။ သူကိုယ်တိုင် ပါဝင်ပြီး လှုပ်ရှားမှု ပြဟန် ရေးပေမဲ့လို့လည်း ရန်ကုန်ဘဆွေ ရေးတဲ့ ဦးသိန်းဖေမြင့်သို့ အိတ်ဖွင့်ပေးစာ ဆိုတဲ့ စာအုပ်မှာ...

“ဦးသိန်းဖေမြင့်ဟာ အင်္ဂလိပ် လက်ထက် တက္ကသိုလ်ကျောင်းတော်ကြီး သပိတ်မှောက်စဉ်က ကျောင်းက ထွက်သွားပြီး ဖြစ်နေပါလျက်နှင့် သပိတ်မှောက် ကျောင်းသား ဆိုတဲ့ စာအုပ် ထွက်လာတော့ ဦးသိန်းဖေမြင့်ဟာ သပိတ်မှောက် ကျောင်းသားထဲမှာ တကယ့် အရေးပါ အရာရောက်တဲ့ ဇာတ်လိုက်ကြီး ဖြစ်နေ ကြောင်းကို မျက်နှာ ပြောင်ပြောင်နှင့် ရေးခဲ့ဖူးတဲ့ သက်သေ သာဓကတွေ ရှိခဲ့ ဖူးတယ် မဟုတ်လား” ဆိုပြီး ဝေဖန်ပါတယ်။ ဒီဝေဖန်ချက် မှန် မမှန်ကတော့ စာရေးသူပေါ်မှာ တည်ပါတယ်။ တစ်ယောက်နှင့် တစ်ယောက် စာရေးရာက အစ အချင်းများစေတဲ့ ရေးချက်မို့ အဓိကတော့ မထားချင်ပါဘူး။ ဝတ္ထု တစ်ပုဒ် ဖြစ်လာ တာကိုပဲ ကျွန်တော်တို့လို စာဖတ် ပရိသတ်တွေ အတွက် အမြတ်လို့ ဆိုလိုက် ချင်ပါတယ်။

သိန်းဖေမြင့်ဟာ သပိတ်မှောက် ကျောင်းသားလိုပဲ နောက်တစ်ပုဒ် ထပ် ရေးပါတယ်။ အဲဒါက “အရှေ့က နေဝန်း ထွက်သည့်ပမာ” ဆိုတဲ့ ဝတ္ထုပါ။ ၁၉၅၅ ခုနှစ်လောက်က စပြီး မြဝတီမှာ အခန်းဆက် ဝတ္ထု ရေးလာတာ ၅၈ ခုနှစ်မှာမှ ပြီးပါတယ်။ နောက် ကျော်လင်း စာပေက စုပေါင်းပြီး ထုတ်ပါတယ်။ ၆၆ ခုနှစ်မှာ နံ့သာတိုက်က တစ်ခါ ထုတ်ပြန်ပါတယ်။

ဒီဝတ္ထုဟာ တက္ကသိုလ် သမိုင်း ဝတ္ထုရှည်ကြီး ဖြစ်ရုံမကဘူး။ မြန်မာ့ ဝတ္ထုလောကမှာပါ ရှည်လျားတဲ့ ဝတ္ထုကြီး တစ်ပုဒ်အဖြစ် ထင်ရှားခဲ့တာပါ။ မြန်မာ့ လွတ်လပ်ရေးအတွက် ခေါင်းဆောင်ခဲ့ကြတဲ့ ခေါင်းဆောင်ကြီးတွေရဲ့ တက္ကသိုလ် ဘဝကို စိတ်ဝင်စားဖို့ ကောင်းအောင် ရေးထားတာပါ။ ဝတ္ထုရဲ့ အဓိက ဇာတ်ဆောင်ကတော့ တင်ထွန်း ပါပဲ။ ဒီဝတ္ထုကြီးကို တင်ထွန်း မွေးတာက စပြီးတော့ တက္ကသိုလ် နောက်ခံ အဖြစ်အပျက်တွေနှင့် ခြယ်ထားပါတယ်။ တင်ထွန်း တက္ကသိုလ်က ဘီအေ အောင်ပြီးလို့ ဂျပန်ခေတ် ရောက်တဲ့ အချိန် မှာမှ ဝတ္ထုကို အဆုံးသတ်လိုက်ပါတယ်။ ဆိုဗီယက် ယူနီယံကိုသွား ဘာသာ ပြန်ပြီး ထုတ်ဝေဖို့တောင် ဆရာ ဦးကျော်ရင်တို့ စီစဉ်ဖူးတယ်လို့ ဆိုပါတယ်။

ဝတ္ထုက ရှည်လွန်းတယ်။ ဒါ့ကြောင့် ချုံ့ပေးဖို့၊ ပိုတဲ့ အခန်း ပိုတဲ့ အပိုင်းတွေကို ဖြုတ်ပေးဖို့ ဦးသိန်းဖေမြင့်ကို စကားကမ်းဖူးတယ် ဆိုပါတယ်။

သိန်းဖေမြင့်ကတော့ စိတ်ရှိလက်ရှိ ကောင်းမယ် ထင်သလို ရေးထားတာမို့ ဘယ်ဟာမှ ပိုတယ် မထင်ဘူးလို့ ဆိုပါတယ်။

ဒီဝတ္ထုကြီးဟာ သမိုင်းကြောင်းနှင့်ပဲ ကြည့်ကြည့်၊ တက္ကသိုလ် နောက်ခံ ဝတ္ထု အဖြစ်နှင့်ပဲ ကြည့်ကြည့်၊ မြန်မာ ဝတ္ထုရှည် တစ်ပုဒ်အဖြစ်နှင့်ပဲ ကြည့်ကြည့်၊ စံဂိုဏ်းဝင် ဝတ္ထုကြီးမို့ ဝတ္ထုဆိုင်ရာ တချို့ကို နည်းနည်း ပြောချင်ပါတယ်။ ဒီ ဝတ္ထုကြီးမှာ တင်ထွန်းရဲ့ တက္ကသိုလ် ကျောင်းသားဘဝ တင်ထွန်း ကျောင်းနေ ချိန် တက္ကသိုလ်ရဲ့ လှုပ်ရှားမှု၊ တင်ထွန်းရဲ့ အချစ်ရေး စတဲ့ အကြောင်းတွေ တွေ့ရပါတယ်။

သူ့ တက္ကသိုလ် ကျောင်းသား ဘဝမှာတော့ စာတော်သူ ဖြစ်ပါတယ်။ အဖေ့ အလိုကျ အိုင်စီအက်စ် စာမေးပွဲ အောင်တဲ့ထိ သင်ပြီးတော့ ဝန်ထောက် ဖြစ်ဖို့ ပညာကို ကြိုးစားသင်လာတာပါပဲ။ နောက်တော့ သူ့ရဲ့ ထက်သန်တဲ့ နိုင်ငံရေး စိတ်ကြောင့်မို့လို့ ကိုနု၊ ကိုဗဆွေ၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုကျော် ငြိမ်း စတဲ့ ခေါင်းဆောင်တွေနှင့် ပေါင်းမိတဲ့ထိ ဖြစ်ပြီး ကျောင်းသား သမဂ္ဂ မှာ တစ်ရစ်ဝဲဝဲ ကျောင်းသား အရေးတွေမှာ ဇွဲနဘဲနှင့် လုပ်ခဲ့သူ ဖြစ်လာပါ တယ်။ နောင် ကျောင်းက ထွက်လာတဲ့ အချိန်ထိတောင်မှပဲ ဗမာပြည်ရဲ့ လွတ် လပ်တဲ့ အချုပ်အခြာ အာဏာ ရရှိရေး အတွက် တကြိုးတပမ်းပမ်း စွန့်စား ဆောင်ရွက်သူ ဖြစ်လာခဲ့တာပါ။

သူ ကျောင်းနေချိန်မှာဆိုရင် ကျောင်းတွင်းမှာရော ကျောင်းပြင်မှာရော တလှုပ်လှုပ် တရွရွနှင့် ရှိနေပါတယ်။ သမဂ္ဂ လှုပ်ရှားမှုကလည်း ပြင်းပါတယ်။ ဒေါက်တာ ဘမော် အစိုးရရဲ့ လှုပ်ရှားမှုကလည်း ပြင်းပါတယ်။ သူဟာ ဒီအရေး တွေမှာ ပါဝင်တဲ့ထိ ဖြစ်လာအောင် ခေါင်းဆောင်တွေရဲ့ အကူအညီတွေ ယူရ ပါတယ်။ ကိုကြီးနုလို လူကြီးဆန်ဆန် လူမျိုးကနေ ကျောင်းပြင် ရောက်တော့ သခင်သန်းထွန်း၊ သခင်စိုးတို့ရဲ့ နိုင်ငံရေး သင်တန်းသား အဖြစ် ကြိုးစားယူတဲ့ ထိပါပဲ။

သူ့ အချစ်ရေးကတော့ အဆန်းဆန်း အပြားပြား ရှိပါတယ်။ သူ့ဝတ္ထု ရှည်ကြီးနှင့် ပရိသတ်ကို ညှို့ဖမ်းတဲ့ နေရာမှာ သူ ပေးချင်တဲ့ အသိ၊ သူ ပေးချင်တဲ့ သမိုင်း ဗဟုသုတ၊ သူ ပေးချင်တဲ့ ဝါဒကို ပေးတဲ့ နေရာမှာ သူ့ အချစ်ဇာတ်ကွက်လေးတွေဟာ အညှို့အား ပါတဲ့ ဇာတ်ကွက်လေးတွေပါပဲ။

ကျောင်းရောက်စက ဝင်နီဖေ ခေါ်တဲ့ မသိန်းဝင်းနှင့် ဘာဂလိုတိုတို ဖြစ်တယ်။ နောက် သူ့ထက် အသက်ကြီးတဲ့၊ အတန်းလည်း ကြီးတဲ့ မြန်မာစာ ဂုဏ်ထူးတန်းက မမြင့်ဦးနှင့် တစ်စ တစ်စကနေ မေတ္တာရင့်လာတယ်။ နောက် လင်ရှိမယား မမြမှီနှင့် ကျူးလွန်ပြီး လင်ငယ်အဆင့်မျိုးထိ ဖောက်ပြန်တယ်။ တစ်ချိန်တည်းမှာ ရိုးသားတဲ့ နိုင်ငံရေး အမြင်၊ နိုင်ငံရေးစိတ် ရှိတဲ့ မခင်သစ် လေးနှင့် သစ္စာချစ် ချစ်ပြန်ပါတယ်။ ဒီအခန်းတွေ ဖတ်ရတဲ့ အခါမှာ ကောလိပ် ကျောင်းသား တင်ထွန်းကို တယ်စုံတဲ့ လူပါလားဆိုပြီး ပြုံးမိပါတယ်။ တစ်ခါ တစ်ခါ အားလည်း ကျပါတယ်။

ဒါပေမဲ့ သတိပြုစရာ အချက်တော့ ရှိပါတယ်။ အဲဒါက ဒီဇာတ်ကောင် အမျိုးသမီးတွေနှင့် တင်ထွန်း တွေ့တိုင်း သူကချည်း ဖောက်ပြန်ချင်သလို ဖြစ်တဲ့ ကိစ္စပါ။ ဒါဟာလည်း အဆန်းတော့ မဟုတ်ပေမဲ့ ကျောင်းသား ခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင် တစ်ယောက်ကို ကိုယ်စားပြုတဲ့ တင်ထွန်းမို့လို့ပါ။

ဝတ္ထုထဲမှာ ပထမဆုံး ဝင်နီဖေ ခေါ် မသိန်းဝင်းနှင့် တွေ့တဲ့အခန်း (နံ့သာထုတ် စာမျက်နှာ ၃၂)

“ကျွန်တော်ကလည်း မဆွတ်ခင်က ညွှတ်ချင်သည့် ပန်း” ဆိုတာကို တွေ့ပါတယ်။

စာမျက်နှာ ၃၄၇ မမြမှီနှင့် အခန်းမှာလည်း“ကျွန်တော်ကား မဆွတ် ခင်က ညွှတ်ချင်နေသော အခြေအနေမှာ ရှိပါသည်” ဆိုပြီး လာပါတယ်။

စာမျက်နှာ ၃၈၈၊ မခင်သစ်နှင့် အခန်းမှာလည်း မဆွတ်ခင်က ညွှတ်ချင် နေပါသည်။ နောက်အခန်းတွေမှာလည်း ဒီလို သဘောတူ ဝါကျတွေ တွေ့ရ ပါတယ်။ ထူးနေလို့ပါ။

ဒီအချစ်ရေးရာ အကြောင်းကို ပြတဲ့ ပြကွင်းတွေထဲမှာတော့ မမြမှီနှင့် တင်ထွန်း ကြာခိုတဲ့ အခန်းကို ရေးတာ အတော် ပြတ်ပြတ်သားသား ရှိပါတယ်။ သူက ရှင်းရှင်းကွင်းကွင်း ရေးပြတာမို့လို့ ဒဂုန်တာရာရဲ့ “မေ” ဝတ္ထု အမှာမှာ ကိုဗဟန်းက ရှန်ပိန်အရက် အရသာနှင့် နှိုင်းပြသလို ရှိန်းဖိန်းပြီး ခံစားရပါတယ်။

ကြာခိုခန်းလို့ ကျွန်တော်က ရေးပေမဲ့ ဝတ္ထုလာ ဇာတ်ကြောင်းအရတော့ မမြမှီက ဖောက်ပြားတာပါ။ လင်သည်က “ပရလိုက်စ်” ခေါ်တဲ့ ရောဂါမျိုး ဖြစ်နေတော့ ကာမဆန္ဒသွေး ကြွရာက အစ တင်ထွန်းကို မြှူဆွယ်တဲ့ သဘော ပါ။ တင်ထွန်းက တက္ကသိုလ် ကျောင်းသားပေမဲ့ အရိုင်းမို့လို့ ပါရတာပါ။ နောက်တော့ အရူး အမဲသား ကျွေးမိသလို တန်းတန်းစွဲ ဖြစ်တာပါ။

ဒါမျိုးဟာ ကနေ့ ကျောင်းသား လောကမှာထိ ဖြစ်လေ့ရှိတဲ့ အလေ့ အထမျိုးပါပဲ။ ဒီဇာတ်လမ်းမျိုးကို ခေတ် အဆက်ဆက် တက္ကသိုလ် ကျောင်း သားတွေရဲ့ အချစ်ရေးမှာ ရှိမှာပါပဲ။ တင်ထွန်း ပြင်သလို ပြင်နိုင်ဖို့သာ အရေး ကြီးတာပါ။

“အရှေ့က နေဝန်းထွက်သည့်ပမာ” နှင့် စပ်လို့တော့ ပြောမယ်ဆိုရင် ပြောစရာတွေ အတော်များများ ရပါတယ်။ ဆောင်းပါး တစ်စောင် စာတစ်ဖွဲ့ လောက် ရေးပြောရမလောက်ပါပဲ။

ကျန်တဲ့ ထူးခြားချက်လေးတွေကိုတော့ ချုပ်ပြောပါရစေ။ ဆိုပါတော့ ဗိုလ်အောင်ကျော် ကျဆုံးခန်း၊ အဲဒီ အခန်းမျိုးကို သခင်ဗဟိန်းရဲ့ ကျောင်းသား အရေးတော်ပုံမှာရော၊ ဒဂုန်တာရာရဲ့ ဒဂုန်တာရာမှာရော ဖတ်ခဲ့ဖူးပါတယ်။ အကြောင်းအရာချင်း အတူဖြစ်ပေမဲ့လို့ ရေးပုံချင်း မတူတာကနေ၊ တင်ပြပုံချင်း မတူတာကနေ သဘော ကွဲနိုင်စရာလေးတွေ မြင်ရပါတယ်။

နောက် အဲဒီခေတ်က ပြည်သူဟာ ကျောင်းသားတွေကို သိပ် မထောက်ခံ ဘူး ဆိုပေမဲ့လို့ ကနေ့ခေတ်နှင့်စာရင် အားပေးမှု အများအပြား ရှိတာ တွေ့နိုင် ပါတယ်။ ဒါကို ဦးသိန်းဖေမြင့်တို့ခေတ် ပြည်သူတွေရဲ့ အပြုအမူ၊ ၅၃ ခုနှစ် အောက်တိုဘာ အရေးတော်ပုံ ပတ်ဝန်းကျင်က ပြည်သူတွေရဲ့ ဆန္ဒနှင့် ၆၁ ခုနှစ်က ကနေ့ထိ ပြည်သူတွေရဲ့ စိတ်ထားတွေကို နှိုင်းယှဉ်ကြည့်ရင် သိနိုင် ပါတယ်။

ဦးသိန်းဖေမြင့်ရဲ့ ဒီစာအုပ် တစ်နေရာမှာပဲ အဘွားအို တစ်ဦးရဲ့ စကားကို ကြည့်ပါဦး။

“ပြောလိုက်ပါကွယ်၊ မင်းတို့ ကျောင်းသား ခေါင်းဆောင်တွေကို အဘွား က အင်မတန် အားကိုးပါတယ်လို့၊ မဟုတ်မခံ ရှိသူတိုင်း ကျောင်းသားတွေကို အားကိုး နေတာပါပဲ၊ (သမီးများဘက် လှည့်၍) ဟဲ့ ဟဲ့ ထမင်း ကျွေးကြတော့လေ”

စတဲ့ စကားမျိုးတွေ အားပေးမှုတွေ အများကြီး ပါပါတယ်။ ခုခေတ် လူတွေနှင့် အဲဒီတုန်းက ပြည်သူတွေ အခြေအနေချင်း မတူတာကိုတော့ သတိ ပြုမိပါတယ်။

နောက် H.G.Well ကို အင်းလျား အလယ်ကျွန်းမှာ ဧည့်ခံတာနှင့် ပတ်သက်ပြီးတော့ ဒဂုန်တာရာ ရေးတာလည်း တွေ့ရပါတယ်။ အရှေ့က နေဝန်း ထွက်သည့်ပမာ” မှာလည်း တွေ့ရပါတယ်။ ဒဂုန်တာရာ စာအုပ်မှာ ဒဂုန်တာရာက ပြကွင်း တစ်မျိုးပြပြီး အရှေ့က နေဝန်း ထွက်သည့်ပမာမှာ တင်ထွန်းတို့ အဖြစ်ကလည်း တစ်မျိုးပါပဲ။ ဝတ္ထုဆိုတဲ့ အသိကိုတော့ ကျွန်တော် တို့ မမေ့ပါဘူး။

နောက်တစ်ခုက အခန်း ၄၅ အစမှာ စာရေးသူ ဦးသိန်းဖေမြင့်ရဲ့ အာဘော် ကို တွေ့ရပါတယ်။ အဲဒီမှာ...

“ဘုန်းတော် အလွန်တစ်ရာ ကြီးမြတ်တော်မူသော ဂျော့ဘုရင်မင်းမြတ်၏ အရိပ် အာဝါသတွင် ခိုလှုံနေရသော မြန်မာနိုင်ငံတွင် အခက်ခဲဆုံး အလုပ်သည် ဘယ်အရာနည်းဟု မေးလျှင် အလုပ် ရှာရသည့် အလုပ် ဖြစ်သည်ဟု ဖြေရပေ လိမ့်မည်။ အလုပ် ရှာရသည့် အလုပ်”

ဆိုပြီး ရေးလိုက်ပါတယ်။ တင်ထွန်း အလုပ်ရှာပုံတော်နှင့် စပ်ပြီး ရေးတာပါ။ ဒါကို ကနေ့ခေတ်မှာ ရှိတဲ့ ဘွဲ့ရ ကျောင်းသားတွေက ပြန်ဖတ် မိရင်...

“ဆရာ ဦးသိန်းဖေမြင့် ခင်ဗျား၊ ဆရာ့ အိုင်ဒီယာလေးတွေ စကားလုံး လေးတွေ ခဏ ငှားပါ၊ ကျွန်တော်တို့လည်း ပြောချင်လို့ပါ” ဆိုပြီး ပြောမိကောင်း ပြောမိမယ်ဆိုတာ စဉ်းစားလိုက်မိပါတယ်။

နောက်တစ်ခု အခန်း ၅၃ မှာ စောသုနန္ဒ အကြောင်း ရေးထားတာ တွေ့ရပါတယ်။ အဲဒီမှာ ဗန်းမော် တင်အောင်နှင့် နာမည် ရွေးပုံချင်း တူတဲ့အပြင် လူမျိုးရေးနှင့် ပတ်သက်ပြီးတော့ မြင်ပုံချင်း တူနေတာကိုလည်း ထူးထူးဆန်းဆန်း တွေ့လိုက်ရပြန်ပါတယ်။

သူ့စာပေ အယူအဆနှင့် ပတ်သက်ပြီးတော့ တက္ကသိုလ် မြန်မာစာကို ခပ်လှောင်လှောင်လေး ရေးထားတာ တွေ့ရပါတယ်။ စာမျက်နှာ ၆၀၂ မှာပါ။ စာပေသစ်နှင့် ပတ်သက်ပြီးတော့ စေတနာပြ သဘောမျိုးပါပဲ။

အဲဒီအခန်း မမြင့်ဦး ပြောတဲ့ စကားမှာ...

“စာနှံ့လေ စာမရေးတတ်လေပဲ၊ စာကြီး ပေကြီးတွေ ဖတ်ရတော့မှ စာပေဆိုတာ ဘယ်လောက် ခက်တယ်ဆိုတာ သိတယ်၊ ပေါ့ပေါ့ဆဆ စာပေ မပြုစုအပ်ဘူးလို့ နားလည်လာတယ်၊ ရှေးစာပေတွေရဲ့ အဆင့်အတန်းမီဖို့ဟာ တော်တော့ ပါရမီနဲ့ မဖြစ်ဘူးဆိုတာ သဘောပေါက်တယ်၊ အရင်က ကျွန်မ ကိုယ်တိုင် စည်းစနစ် မသိဘဲ စပ်တတ်တယ်၊ ရေးတတ်တယ် ဆိုရုံနဲ့ အရမ်း ရေးခဲ့တာတွေ အတွက် ရှက်လာတယ် ရေးနိုင်ရင် ရှေးစာဆိုတော်တွေ မီအောင် ရေး၊ မရေးနိုင်ရင် ဘာမှ မရေးနဲ့၊ ရှေးစာပေ အမွေအနှစ်တွေကိုသာ မပျောက် အောင် သိမ်းထား ဆိုပြီးတော့ မြန်မာစာ ဂုဏ်ထူးတန်း ကျောင်းသူကြီး စကားကို ထည့် ပါတယ်။ (ခေတ်အလိုက် ဖန်တီး ဆန်းသစ်မှုကို မရှာဘဲ စာသစ် တင်ပြကြတာ မျိုးကို လှောင်လိုဟန်ပါ။)

အရှေ့က နေဝန်း ထွက်သည့်ပမာမှာ အခြား သတိထားစရာ တစ်ချက် ကတော့ သူ့ဝတ္ထုဟာ ကြီးသလောက်၊ ဇာတ်အိမ် ကျယ်သလောက်၊ အကြောင်း အရာ စုံသလောက်၊ တလှုပ်ရှားရှား ဖြစ်နေတာပါပဲ။ ဝတ္ထုကသာ မဟုတ်ဘူး။ ဇာတ်ကောင်တွေကလည်း လှုပ်နေပါတယ်။ စာရေးသူ ဦးသိန်းဖေမြင့်နှင့် အဓိက ဇာတ်ကောင် တင်ထွန်းဟာလည်း တူလိုက် ကွာလိုက်ပါပဲ။ ပြီးတော့ ဇာတ်လမ်း ဟာ အပြင်ထွက်လိုက် အထဲဝင်လိုက် ရှိနေပြန်တယ်။ တင်ထွန်း ကိုယ်တိုင် စမ်းတဝါးဝါး အဖြစ်မျိုးကိုလည်း တွေ့ရပါတယ်။ အဲဒီခေတ် တကယ့် နိုင်ငံ ရေး အခြေအနေကလည်း မတည်မငြိမ်မို့လို့ ဒီလို ဖြစ်ရတာလို့ ယူမှတ်ပါတယ်။

မမြမှီနှင့် တွေ့ပြီး မတည်မငြိမ် လှုပ်ရှားတာမျိုးကိုတော့ ခွင့်လွှတ်ရမှာ ပါပဲ။ အဲဒီ လှုပ်ရှားမှုကြောင့် ထိခိုက်တယ်ဆိုရင် အများစုက တင်ထွန်းရဲ့ ထိခိုက်မှုသာ ဖြစ်မှာပါ။ လွတ်လပ်ရေးအတွက် လှုပ်ရှားပြီး စမ်းတဝါးဝါး ဖြစ်တာမျိုးကျတော့ တင်ထွန်းသာ မဟုတ်၊ စာရေးသူသာ မဟုတ်၊ တိုင်းပြည် နှင့်ပါ ဆိုင်လာမယ် ထင်ပါတယ်။

“အရှေ့က နေဝန်း ထွက်သည့်ပမာ” အကြောင်း ပြောနေရရင်လည်း ကနေ့ ဆုံးနိုင်မယ် မထင်မိတော့ပါဘူး။

တက္ကသိုလ် ဘုန်းနိုင်ရဲ့ ညီမလေးရယ် စိုးရိမ်မိတယ်” ဝတ္ထုကို ပြောင်း ကြည့်ပါဦးမယ်။ ဒီဝတ္ထုကလည်း နာမည်ကြီး ဝတ္ထု တစ်ပုဒ်ပါ။ တက္ကသိုလ် နောက်ခံ ဝတ္ထုတွေ အနက်မှာ တက္ကသိုလ် စရိုက်ကို အောင်အောင်မြင်မြင် ဖော်ထုတ်ခဲ့တဲ့ ဝတ္ထုတစ်ပုဒ်လို့ ဆိုရမှာပါပဲ။ နာမည်ကျော် စာရေးသူကို စာရေး ဆရာ အဖြစ် တွန်းပို့လိုက်တဲ့ ဝတ္ထု ဆိုရင်တောင် မမှားပါဘူး။

ဇဝနရဲ့ ကောလိပ် ကျောင်းသား ဝတ္ထုမျိုးတွေ ပြီးရင် ထင်ထင်ရှားရှား နာမည်ကြီးတဲ့ ဝတ္ထုပါ။

သူ့ဝတ္ထုမှာ ဆရာ ဦးမြင့်သူ၊ မေရီ၊ မေဘယ်လ်၊ မောင်သက်တင် စတဲ့ ဆရာ၊ ကျောင်းသား ကျောင်းသူတို့ ဘဝကို စကားလုံး နုနုလှလှ လေးတွေနှင့် အပြောက်အမွမ်း ခြယ်ပြီး စွဲမက်စာ ကောင်းအောင် ရေးထား ပါတယ်။ လူအများစု ဖတ်ဖူးတဲ့ ဝတ္ထု ဖြစ်မှာပဲ... ရုပ်ရှင်လည်း ကြည့်ဖူးကြ မှာပါ။

ဒါပေမဲ့ ဇဝန ဝတ္ထုတွေနှင့် တက္ကသိုလ် ဘုန်းနိုင် ဝတ္ထု နှစ်ပုဒ်မှာ ခြားနားချက်ကြီး တစ်ခုကို ပြက်ပြက်ထင်ထင် တွေ့လိုက်ရပါတယ်။ ဆရာ ဇဝနရဲ့ ဝတ္ထုဟာဆိုရင် စာပေ လောကကြီး တည်နေသရွေ့ အရှည် တည်နိုင်တဲ့ ဂန္ထဝင်မြောက် ဝတ္ထု စာရင်းထဲ ဝင်နိုင်မယ့် ဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ်။ ဦးသိန်း ဖေမြင့် ဝတ္ထုကိုလည်း ဒီလိုပဲ ဂန္ထဝင် သွင်းရမှာပါ။ တက္ကသိုလ် ဘုန်းနိုင်ရဲ့ ဝတ္ထုကတော့ သည်လို မဟုတ်ပါဘူး။ သူ့ဝတ္ထုဟာ လူ့သဘော လူ့သဘာဝ လူ့စရိုက်ကို ရေးတာထက် ခေတ်တစ်ခေတ် စနစ်တစ်ခု အကြောင်းတွေကို ကောင်းဆိုး ဝေဖန်ပြီး ပြထားလို့ပါ။ ဆရာ တက်တိုး အဆိုအမိန့်မျိုး ပြောရရင် ဇာတ်ကောင်တွေက တရားဟောနေကြလို့ပါ။

ဒီမှာဦးသိန်းဖေမြင့်ရဲ့ စာအုပ်နှင့် ကွဲပြန်ပါတယ်။ အရှေ့က နေဝန်း ထွက်သည့်ပမာ ဝတ္ထုကတော့ သမိုင်းကြောင်းအရ အဖြစ်အမှန်ကို တင်ပြတာမို့ ကျန်ရင် သမိုင်းကျန် အမှန်ပြ ဝတ္ထုအဖြစ် ဆိုးဆိုးကောင်းကောင်း ကျန်မှာပါ။ တက္ကသိုလ် ဘုန်းနိုင် ဝတ္ထုကတော့ တစ်ချိန်မှာ တစ်မျိုး၊ တစ်ခေတ်မှာ တစ်ပုံစံလို ဖြစ်ခဲ့တာမို့ အောင်မြင် ကျော်ကြားတဲ့ ဝတ္ထု ဖြစ်ပေမဲ့ ကနေ့အခါမှာ စာရေးသူ အတွက် အများကြီး သိက္ခာကျပါတယ်။ အခြေအနေ ဆိုးလာစေပါတယ်။

“မောင်သက်တင်က ၅၅ဝ ဇာတ်ကြီး အဆုံး၌ သစ္စာလေးပါးနှင့် ချုပ် သကဲ့သို့ သူ့စကားအား ထုံးစံအတိုင်းပင် စာအုပ်ကြီးအရ အရင်းရှင် နိုင်ငံများ ကို ပုတ်ခတ်လျက် အဆုံးသတ်လိုက်သည်” ဆိုပြီး တက္ကသိုလ် ဘုန်းနိုင်က ရေးလိုက်ပါတယ်။ ဒီလိုပဲ စာရေးသူဟာ သူ့စာအုပ်နေရာ အနှံ့အပြားမှာ ဆရာ ဦးမြင့်သူရဲ့ စကားပြော၊ တခြား ဇာတ်ကောင်တွေနှင့် ယှဉ်တဲ့အခါမှာရော ဆိုရှယ်လစ် စနစ် အပုပ်ချစကား၊ အရင်းရှင် စနစ်ကို အမွှမ်းတင်တဲ့ စကားတွေ တွင်တွင်ကြီး ရေးပါတယ်။

ဥပမာ နောက်ဆုံးထုတ် စာမျက်နှာ ၆ဝ က ၉၇၊ ၂၅၄ က ၂၆၄ တွေမှ ကြည့်ပါ။

“ဘယ်ပါတီ၊ ဘယ်အစိုးရ တက်တက်၊ ဒီအဖွဲ့အစည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကြီးကို မလွန်ဆန်ရဘူး၊ မလွန်ဆန်နိုင်ဘူး” လို့ ၂၆၃ မှာ ဦးမြင့်သူက ပြောပါတယ်။

စာရေးသူ အတော်ကို အထင်ကြီးတဲ့၊ အတိုင်းထက် အလွန် ကိုးစားတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ကြီးကတော့ အနှစ်သာရ ဘယ်လောက်ပဲ ကောင်း ကောင်း တန်ဖိုး ဘယ်လောက်ပဲ ရှိရှိ၊ ဇီဝိန်ချုပ်ခဲ့ရပါပြီဆိုတာ ဘယ်လိုမှ ငြင်းလို့ မရပါဘူး။

ဒါပေမဲ့ စာရေးသူဟာ ခံယူချက် တစ်မျိုး ပြောင်းပြီးတော့ ပြီးခဲ့တဲ့ သုတေသန ဆွေးနွေးပွဲမှာ တော်လှန်ရေး ခေတ်သစ် တစ်ရပ်ကို အသိအမှတ် ပြုလိုက်ပါတယ်။ နိုင်ငံရေး ဆိုတာက ပြောင်းမှာပါပဲ။ ဒါပေမဲ့ သူ့အမူအရာက “သာသမျှ ငါ့ဟာ” ဆိုတာလို ဖြစ်နေလို့ပါ။ တွေးကြည့်ရင် အတော် ရှက်ဖို့ ကောင်းတဲ့ ကိစ္စပါ။ ဒါကြောင့်လည်း ဒီစာအုပ်နှင့် ပရိသတ် များလာတဲ့ တက္ကသိုလ် ဘုန်းနိုင်ဟာ အခုအချိန် သူတစ်ပါး စာရေးဆရာ အုပ်ရေ ၃ဝဝဝ ကုန်အောင် ဖျစ်ဖျစ်မြည် ရောင်းချနေရတဲ့ အချိန် သူက အဟောင်း ထောင် သောင်းချီပြီး ပြိုက်ခနဲ ပြိုက်ခနဲ ဖြစ်နေလျက်နှင့် ဒီဝတ္ထုကို ပြန်မထုတ်ဟန် တူပါတယ်။ ဒါဟာ နောင် စာရေးကြမယ့် ကျွန်တော့် သူငယ်ချင်းတွေ သတိ ပြုသင့်တဲ့ အချက်များ ဖြစ်မလားပဲ။ ပြီးတော့ ရှိပါသေးတယ်။ စာမျက်နှာ ၁၁၄ မှာပါ။

အနုပညာကို ပြည်သူ အနုပညာရယ်လို့ ဘယ်သူက ဆုံးဖြတ်မလဲ။ နိုင်ငံရေးသမားတွေကလား၊ ဒါမှမဟုတ် အများစု လူပိန်းတွေကလား။

ဒီလို စကားတွေကို ရင့်ရင့်သီးသီး ထက်ထက်မြက်မြက် ရေးခဲ့ပြီး လက်မခံရုံသာမက မဆင်မခြင် စော်ကားခဲ့ပြီးမှ ပြည်သူ့ကြားမှာ အမှန်ရှာနေ တာကို တွေ့ရတာဟာလည်း ရှက်စရာ တစ်ခုပါ။

ပြီးတော့ ကြည့်ပါဦး။

“ခင်ဗျား တစ်ခါက အသဲစွဲ ယုံကြည်ပြီး အခုလည်း သံယောဇဉ် မပြတ် သေးတဲ့ မက်စ် လီနင် ဝါဒ ခေါ်တဲ့ အကြမ်းဖက် နိုင်ငံတော် ဆိုရှယ်လစ် ဝါဒကြီးပေါ့ ကိုလှဝေ”

ဆိုပြီး ရေးပါတယ်။ လှောင်ပါတယ်။ ကြောင်ပါတယ်။

ဆိုရှယ်လစ် ဝါဒများရဲ့ တရားကိုယ် သဘောကိုက အမြဲ မှန်ကန်သော၊ မပြောင်းလဲသော တရားသေဝါဒ သဘော ပါတယ်လို့ မဆိုပါဘူး။ဆိုရှယ်လစ် ဝါဒသည် တရားသေ မဟုတ်၊ လမ်းညွှန်ချက်သာ ဖြစ်သည်” ဆိုတဲ့ လီနင်၊ စတာလင်တို့ရဲ့ အဆို အမိန့်ကို ဥပေက္ခာပြုပြီး ရေးတာဟာ ယထာဘူတ မကျလှ ပါဘူး။ ဘယ်ဝါဒကိုဖြစ်ဖြစ် အမြဲ ရပ်တည်တယ် ဆိုပြီး ဝေဖန်တာ အပြစ် ပြောတာဟာ မပြုသင့်တဲ့ အပြုအမူလို့ ထင်ပါတယ်။ ခရုရှက် ပြီးတဲ့ နောက်ပိုင်း ဆိုဗီယက် ခေါင်းဆောင်တွေဟာ ဆိုရှယ်လစ် သဘောတရားတွေကို ပြုပြင်တန် သလောက် ပြုပြင်ပြီးတော့ ကျင့်သုံးနေတာကို အလွယ် သိနိုင်ပြီ ဖြစ်ပါတယ်။

ညီမလေးရယ် စိုးရိမ်မိတယ် ဝတ္ထုမှာတော့ကာ ဇွတ်ပြောတဲ့ စကားတွေ၊ တကယ့် ကျောင်းသားတွေ ပြောခဲ့တဲ့ စကားတွေ၊ နသားပါးရား ဝေဖန်ချက်တွေ တွေ့နေလို့ ဖော်ပြတာပါ။

စာရေးသူဟာ လူလတ်တန်းစား ပညာတတ် အလွှာက နေပြီး ရေးတာ ဖြစ်လေတော့ မူရင်း ညာဉ် မပျောက်ဘဲနှင့် သူငယ်နာ အတွေးအခေါ်မျိုးတွေကို ပြနေသလို မြင်မိတာပါပဲ။

အောက်တိုဘာ အရေးတော်ပုံ ကျောင်းသား လှုပ်ရှားမှုနှင့် ပတ်သက် လို့တော့ အတော်လေး ဖန်တီးပြီး ရေးတာ အံ့သြဖို့ ကောင်းပါပေတယ်။ သူ မြင်ချင်တာ ဖြစ်ချင်တာတွေကို ရဲရဲကြီး ရေးပြတဲ့ သူ့သတ္တိကလည်း ချီးကျူး စရာပါပဲ။ ဒါကြောင့်လည်း တချို့ အချက်တွေဟာ ကျောင်းသား လှုပ်ရှားမှ အောက်တိုဘာ သမိုင်းနှင့် စပ်လို့ ဟုတ်သလိုလိုရယ်ပါ။

သူ ရေးတဲ့ အချိန်၊ အဖြစ်အပျက် ကာလ နောက်ခံတွေဟာ အမှား အယွင်း အကျိုးအပျက်တွေ ဖြစ်နေမှန်းလည်း တွေ့ရပြန်ပါတယ်။ သူ ရေးပြ ထားတဲ့ အဖြစ်မျိုး တက္ကသိုလ်မှာ မဖြစ်ခဲ့ဖူးလို့ လိမ်လည် လှည်စား တင်ပြခြင်း မျိုးလို့ ဆိုနိုင်ပါတယ်။ ပြင်ပ ကမ္ဘာကို လှည့်စားပြီးတော့ သမိုင်းနောက်ခံ အမှန်လို လှည့်စား ရေးပြတာမို့လို့ စာပေ သစ္စာဖောက်လို့တောင် စွပ်စွဲနိုင်ပါ တယ်။ အဲဒီ သမိုင်းစဉ်မှာ အများစု ကျောင်းသားဆန္ဒ လှုပ်ရှားမှုကို အဖြစ် အတိုင်း မတင်ပြဘဲနှင့် ကွန်မြူနစ်တွေက လုပ်သလို မဟုတ်မဟပ် လုပ်ဇာတ် ပြတာမို့လို့ သစ္စာမဲ့လွန်းသူ ဖြစ်ကြောင်း ပြောရတာပါ။

ဘာပဲ ဖြစ်ခဲ့ဖြစ်ခဲ့ပေါ့လေ၊ ဒီဝတ္ထုဟာ တက္ကသိုလ် ဘုန်းနိုင်ကို စာပေ လောကထဲကို တောက်တောက်ပြောင်ပြောင် ရောက်စေခဲ့တယ် ဆိုတာကိုတော့ မငြင်းပါဘူး။ “နိုင်ငံရေး အပုပ်ချစကား အပေါစား ဆန်ခြင်းများ၊ ကျောင်းနှင့် မလျော်သော အသုံးများ၊ ပြီးတော့ ပယောဂနှင့် လှည့်စား ရေးပြခြင်းများ ပယ်လိုက်မယ် ဆိုရင်တော့ ကျော်ကြားလောက်တဲ့ ဝတ္ထုအဖြစ် ပိုပြီး သန့်ရှင်းလိမ့်မယ်လို့ ယူမှတ်မိပါတယ်။

နောက် မင်းရှင် ရေးတဲ့ “မေ့ဘူးကွယ့် သက်လှယ်ရယ်” ဆိုတဲ့ ဝတ္ထု ပါ။ မင်းရှင်းကို ထင်ရှားစေတဲ့ ဝတ္ထုတွေထဲက တက္ကသိုလ် နောက်ခံ ဝတ္ထု တစ်ပုဒ်ပါပဲ။ ဒီဝတ္ထုဟာ သူ အသက် ၂ဝ က ရေးတာ။ တက္ကသိုလ်က ကျူတာ မခင်ဆွေနှင့် အနုပညာသမား ဥပစာတန်း ကျောင်းသား သိန်းအောင် တို့ရဲ့ ဆွတ်ပျံ့ ရင်မောဖွယ် ဇာတ်လမ်းလေး ဆိုပါတော့။

လူလတ်တန်းစား ဧည့်ခန်းဆောင်နှင့် တက္ကသိုလ် ဝန်းကျင်ဆီက ပြော ကြ၊ ဆိုကြ၊ ချစ်ကြ၊ ကြိုက်ကြ၊ ကွဲကြ၊ ပေါင်းကြတာတွေကို ရေးပြတာ ဖြစ်ပေမဲ့လို့ ဖတ်သူကို ထိထိခိုက်ခိုက် ညှို့ဖမ်း ဆွဲဆောင်နိုင်တဲ့ ဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ်။ ၄၁ ခုနှစ်လောက်က ပထမအကြိမ် ထုတ်ပြီးတော့ မနှစ်က တတိယ အကြိမ် ပြန်ထုတ်တဲ့ အခါမှာ နာမည်ကြီး စာရေးဆရာတွေရဲ့ ဝေဖန် ချက်တွေ၊ မြန်မာ့အသံ၊ သတင်းစာ၊ မဂ္ဂဇင်းတို့ရဲ့ ဝေဖန် ချီးကျူးချက် ၁၃ ခုနှင့် ပြန်ထွက်လာတဲ့ ဝတ္ထုပါ။

အဲဒီ ဝေဖန်ချက်တွေအရ

ဒဂုန်တာရာက “ဒီဝတ္ထုဟာ တစ်ခန်းပြီး တစ်ခန်း ရှေ့ကို ဆက်ဖတ်ချင် အောင်၊ လမ်းသွားရင်းထိ ဖတ်ချင်အောင် အညှို့ခံရတဲ့ ဝတ္ထု၊ တက္ကသိုလ် ရိပ်သာရဲ့ ငွေလရောင် အရိပ်တွေကို ဆေးခြယ်ထားတဲ့ အချစ်ဇာတ်လမ်း” လို့ ဆိုပါတယ်။

ငွေတာရီ မဂ္ဂဇင်းမှာ ပေါ်သစ်က “မေ့ဘူးကွယ့် သက်လှယ်ရယ်တွင် စိတ်ကူးယဉ် ဇာတ်လမ်းထက် ပိုမို ခိုင်မာတဲ့ အရည်အသွေးများ ရှိသည်” လို့ ဆိုပါတယ်။

မြန်မာ့အသံ ဝေဖန်ချက်ကတော့ ဟောင်းနွမ်း ဆွေးမြည့်ပြီး မေ့ကျန် ရစ်မည့် ဇာတ်လမ်းမျိုးမဟုတ်” တဲ့။

စာကြေးမုံမှာတော့ကာ “တက္ကသိုလ် လောင်းရိပ်က မေတ္တာဘွဲ့” လို့ ဆိုပါတယ်။

ဟံသာဝတီ သတင်းစာရဲ့ အညွှန်းကတော့ “ဖတ်လို့ ကောင်းပြီး စိတ်ထဲ စွဲနေပြီး သိမ်းထားချင်အောင် ကောင်းတယ်” လို့ ညွှန်းပါတယ်။

အဲဒီ ဝေဖန် တင်ပြချက်တွေထဲက မြသန်းတင့် အဆိုအပြောလေးကို ကြည့်ဘိဦးတော့။ သူ့အဆိုက...

“သိန်းအောင်၏ မမဆွေသည် ရင်ကို တစ်လှပ်လှပ် ခုန်စေ၏။ ၁၉၄၈ ခုနှစ်တွင် စိမ်းညိုရိပ်ငြိမ်သော တက္ကသိုလ် ပရိဝုဏ် အတွင်းသို့ ကျွန်တော် ရောက်သောအခါ ကျွန်တော်သည် မင်းရှင်၏ ဝတ္ထုထဲမှ ကျူတာ မမဆွေကို လိုက်ရှာမိလေသည်။ ကော်ရစ်ဒါများတွင် လည်းကောင်း၊ ဆည်းဈာမှုန်မှုန် အင်းလျားကန်ပေါင်ရိုးတွင် လည်းကောင်း၊ ဘွဲ့နှင်းသဘင် ခန်းမကို ဦးတိုက် နေသော အဓိပတ လမ်းမပေါ်တွင် လည်းကောင်း” တဲ့။

ဒါလောက်ဆိုရင် ဒီဝတ္ထုရဲ့ အရည်အချင်းကို သိလောက်ပါပြီ။ ကျူတာ မခင်ဆွေဟာ စေ့စပ်ထားတဲ့ ကိုထွန်းလှ ရှိလျက်နှင့် လူငယ်လေး မောင်သိန်း အောင်ကို ချစ်ပြီး ရင်နင့်ရတဲ့ ဇာတ်လမ်းကို ပြန်ပြောရမှာ ကျွန်တော် သတ္တိ မရှိပါဘူး၊ ပြီးတော့ ကိုယ် ချစ်သူက ကိုယ့်ကို ရေမျောကမ်းတင် မရေမရာ ပျစ်ပျစ်ချွဲနေချိန်မှာ ကိုယ် မချစ်သူက ကိုယ့်ကြောင့် ဒုက္ခရောက်တာကို မြင်နေရတဲ့ သိန်းအောင် အကြောင်းကိုလည်း အစေ့အစပ် ပြန်ပြောနိုင်တဲ့အား ကျွန်တော့် မှာ မရှိတော့ပါဘူး။

ဒီဝတ္ထုဟာ ခုအချိန်ထိ လူငယ်တွေ ဘဝကို အထောက်အပံ့ ပေးပြီးတော့ ၄၈ ခုနှစ်လောက်က မင်းရှင်ရဲ့ ဇာတ်သိမ်းခန်းဟာ ကနေ့အချိန် ဖားပြီး အများ ဆိုရှယ်လစ်လို့ လိုက်လစ်နေတဲ့ ပြုပြင်ရေးဆိုတဲ့ စာအုပ်တွေထက် အဆင့်အတန်း မြင့်တဲ့ တက္ကသိုလ် နောက်ခံ ဝတ္ထု တစ်ပုဒ်ဆိုတာကိုတော့ ကျွန်တော် ရဲရဲပြောဝံ့ပါတယ်။

တက္ကသိုလ် နောက်ခံထဲမှာ ထင်ရှားတဲ့ နောက်ဝတ္ထုက နတ်နွယ်ရဲ့ လူငယ်တွေ မြတ်နိုးတဲ့ “အပြာ အဝါ” ပါ။ အပြာက မန်းတက္ကသိုလ်ကို နောက်ခံထားပါတယ်။ ဒီဝတ္ထု၊ နှစ်ပုဒ်ရဲ့ ဇာတ်လိုက်ဟာ တစ်ယောက်ထဲလို ပါပဲ။ အပြာထဲက မောင်လှမြင့်ဟာ နတ်နွယ်ကို ကိုယ်စားပြုတယ်။ သူ့ဝတ္ထု ဟာ ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုကို ပြပြီးတော့ မောင်လှမြင့်ဟာ တပ်ဦး ကျောင်းသား တစ်ယောက် ဖြစ်တယ်။ ဒီဝတ္ထုမှာ လူငယ်တို့ဘာဝ ချစ်ကြိုက် ကြတဲ့ အဖြစ်ဆန်းကလေးတွေကို ပြပါတယ်။ အချစ်ရေးနှင့် အဆင်မပြေတဲ့ ကျောင်းသား တစ်ယောက်ရဲ့ ကျဆုံးခန်းကိုလည်း တွေ့ရပါတယ်။ အဲဒီ ကျောင်း သားဟာ ကျောင်းသား အရေးမှာ အရေးပါတဲ့ သမဂ္ဂ အမှုဆောင် တစ်ယောက် ဖြစ်လျက်နှင့် မိန်းကလေး တစ်ယောက်ကို စွဲစွဲလမ်းလမ်း ချစ်ရာကနေပြီးတော့ ကျောင်းပျက်၊ တာဝန်ပျက်၊ အကျင့်တရားပျက်နှင့် လေလို လွင့်ခဲ့ရပါတယ်။ နောင် အစ်မလို ချစ်တဲ့ မိန်းမ တစ်ယောက်ရဲ့ အထိန်းအသိမ်းကြောင့် ပြန်ကောင်း မွန်လာတဲ့ ဇာတ်လမ်းကလေးပါ။ သူ့ဝတ္ထုမှာ မထိတထိနှင့် ရေးထားတဲ့ ချစ်စရာ အရေးအသားကလေးတွေကို တွေ့ရပါတယ်။ မထိတထိနှင့် ပြောတတ်တဲ့ ကြည်နူးစရာ ကောင်းတဲ့ စကားပြောကလေးတွေကိုလည်း တွေ့ရပါတယ်။ နတ်နွယ်ကို ထင်ရှားစေတဲ့ တက္ကသိုလ် နောက်ခံ ဝတ္ထု တစ်ပုဒ်ပါပဲ။

အဝါကတော့ မန်း တက္ကသိုလ်ကနေ ရန်ကုန် တက္ကသိုလ်ကို ပြောင်းပြီး ပညာလာသင်တဲ့ မောင်မြင့်နောင် အကြောင်းကို ရေးထားတာပါ။ အပြာက မောင်လှမြင့်နှင့် အဝါက မောင်မြင့်နောင်ဟာ နတ်နွယ်လိုပါပဲ။ ဒါပေမဲ့ မောင် မြင့်နောင်ဟာ သူ ယုံကြည်တဲ့ ကျောင်းသား အရေးအခင်းတွေကို လုပ်တဲ့ နေရာမှာ မောင်လှမြင့်ထက် ပြတ်သားတယ်။ ရဲတယ်။ သူဟာ အမှန်ကို လုပ်ပေ မယ်လို့ ဒုက္ခတွေ တစ်သီကြီးနှင့် ရင်ဆိုင်ရတယ်။ အောက်တိုဘာ အရေးတော်ပုံနှင့် ပတ်သက်ပြီးတော် ပီပြင်အောင် ဖော်ပြတဲ့ ဝတ္ထု တစ်ပုဒ်ပါပဲ။ အဲဒီ ဝတ္ထုကို ဖတ်ပြီး တက္ကသိုလ် ကျောင်းသူ ရွှေစင်ဦးကို ကျွန်တော်တို့ မျက်စိထဲ မြင်လာပါတယ်။ ရွှေစင်ဦးဟာ ဒီအက်စ်အို ကျောင်းသား တစ်ယောက်နှင့် ချစ်ပြီး ယုံကြည်ချက်နှင့် မေတ္တာရဲ့ ဒုက္ခ ပဋိပက္ခ ပြဿနာကို တင်ပြထားတာပါ။ အရေးအသားကလည်း ဆွဲဆောင်ပြီး အဖြစ်အပျက်ကလည်း တက္ကသိုလ်မှာ ဖြစ်ပျက်တတ်တဲ့ တကယ့် အဖြစ်အပျက်မျိုးမို့လို့ တက္ကသိုလ် နောက်ခံ ဝတ္ထု တစ်ပုဒ် အဖြစ်နှင့် အောင်မြင်ပါတယ်။ သူက ကွေ့ကွေ့ဝိုက်ဝိုက် ဖျတ်ဖျတ် လတ်လတ် ရေးတတ်တာမို့ စာအရေးအသားနှင့် ပတ်သက်ပြီး စာဖတ်သူ အချို့ ဖတ်ရတာ ခက်ခဲသလို ရှိတယ်လို့ ကြားဖူးပါတယ်။ ကျွန်တော့် အမြင်တော့ ဒီလို အကြောင်းအရာကို ဒီလို ရေးတာပဲ ကြိုက်ပါတယ်။

နောက်ဝတ္ထုတွေကတော့ သိန်းသန်းထွန်း ဝတ္ထုတွေပါ။ တက္ကသိုလ် အကြောင်းကို သူ ရေးထားတာ အားလုံး စာအုပ် သုံးအုပ် ရှိပါတယ်။ မပန်ပါနှင့် ကြွေချင်တယ်ရယ်၊ အချစ်ရူးလေးရဲ့ အချစ်ဦးရယ်၊ ငွေစပယ်ရဲ့ လမင်းငယ် ဘဝရယ်၊ ဒီဝတ္ထု၊ သုံးပုဒ်စလုံးဟာ တက္ကသိုလ်မှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက် တွေ အပြင် အပိုသိပ်ပြီးတော့ မပါပါဘူး။ ဒါပေမယ်လို့ အချစ်နှင့် ပတ်သက်တဲ့ သူ့ ရေးသားချက်တွေဟာ သိပ်ပြီး နုလွန်းတယ်လို့ ထင်ပါတယ်။ သူ့ ဝတ္ထု တွေကို ဖတ်နေရပေမယ်လို့ ကဗျာတွေ ဖတ်ရသလိုပါပဲ။ ခွင့်လွှတ်သင့်တဲ့ အချက် တော့ ရှိပါတယ်။ အဲဒါက အကြောင်းအရာပိုင်းပါ။ အကြောင်းအရာက ဒီလို ဟန်နှင့် ရေးမှ လိုက်ဖက်မှာမို့ သူ ရွေးပြီး ရေးတာလည်း ဖြစ်နိုင်ပါတယ်။ ရာဇ ဒီအရေးအသား၊ ဒီအကြောင်းအရာတွေကြောင့်ပဲ သူ့မှာ ပရိသတ်တွေ များလာတယ် ဆိုတာကိုတော့ ငြင်းကွယ်စရာ မရှိပါဘူး။ သူ့ဝတ္ထုတွေဟာ ပီလောပင် ပက်ကျိ တက်သလို ချွဲချွဲနွဲ့နွဲ့ ရှိပေမဲ့ မြီးကောင်ပေါက် လူငယ် တွေရဲ့ ဘဝနှင့် ဟပ်နေတာကို တွေ့ရပါတယ်။ အထူးသဖြင့် တက္ကသိုလ် မရောက်သေးခင် ကျောင်းသားတွေနှင့် တက္ကသိုလ် ရောက်စ ကျောင်းသားတွေ အတွက် အင်မတန် စိတ်ကူးယဉ်ဖို့ ကောင်းတဲ့ ချစ်ရေး ကြိုက်ရေး ကိစ္စတွေ ပါပါတယ်။ စကား အသုံးအနှုန်းတွေပါ ပါတယ်။ တကယ်တော့ သူ့ညည်းညူ သံတွေဟာ ရင်ထဲက လာတဲ့ ညည်းညူသံတွေမို့လို့ ဖတ်တဲ့ လူငယ်တွေကို ညှို့ဖမ်း ဆွဲယူအား ရှိတာပါ။ ဒါကြောင့်လည်း အတွေးအခေါ်က ပျော့၊ အရေး အသားက ပျော့ပေမဲ့ လူငယ်တွေ ကြိုက်ကြတာပါ။

သူ့ဝတ္ထုတွေနှင့် ပတ်သက်ပြီးတော့ မနှစ်က မန္တလေးမှာ ဝေဖန်ပါတယ်။ သူ့ကိုယ်သူ ပြန်ဝေဖန်တဲ့ ဝေဖန်ရေးပါပဲ။ သူ့ ဝေဖန်ချက်မှာ သူ့ဝတ္ထုကို သူ ပြန်မကြိုက်တော့သလို ဝေဖန်ပါတယ်။ ခေတ်က တိုးတက်လာလို့၊ သူ့ဝတ္ထုက နိမ့်ကျခဲ့ရလို့ သူက အမှားကြီး တစ်ရပ်လို့ ဝေဖန်ပါတယ်။ သူ့ကိုယ်သူ သရုပ် ပျက် စာရေးဆရာ အဖြစ်နှင့် ဝေဖန်ပါတယ်။ သူ ဒီလို ဝေဖန်တာကို သူ့ဝတ္ထု ကို ကြိုက်ခဲ့တဲ့ ကျွန်တော် အပါအဝင် လူငယ် အများစုက လက်မခံပါဘူး။ သူ့ ဝေဖန်ချက်မှာ...

“ဒီဝတ္ထုဟာ အသုံးမကျပါဘူး၊ စကားလုံး အလှရှိုင်းတွေနှင့် တုပ်ပြီး လူငယ်တွေကို အချစ်ရူး ရူးပြီး လေလွင့်ချင်အောင်၊ ကျောင်းပြေးချင်အောင်၊ ကျောင်းပြေးပြီး ချစ်သူနှင့် လျှောက်လည်ချင်အောင် ဖန်တီးတဲ့ ဝတ္ထု ဖြစ်ပါ တယ်၊ အဲဒါကို ကျွန်တော် ရေးထုတ်ပြီး မကြာခင်ပဲ သိပါတယ်” လို့ ဖော်ပြ ထားပါတယ်။ အဲဒါကိုက ကျွန်တော်တို့နှင့် ဆန့်ကျင်ပါတယ်။ ဝတ္ထုတိုင်းဟာ အတင်း ဆိုရှယ်လစ်နေလို့ မရပါဘူး။ သူ့ဝတ္ထု ဖတ်တဲ့ လူငယ်တိုင်းဟာလည်း သူ ထင်သလို မပျက်စီးပါဘူး။ ကျွန်တော့် အနေနှင့်တော့ ချစ်စရာ ကောင်းတဲ့ အချစ်အကြောင်းကလေးတွေကို နူးနူးညံ့ညံ့ ချစ်စရာလေး ရေးပြလို့ ကြိုက်တယ်။ အဲဒီ အချစ်အကြောင်းကလေးတွေနှင့် တွဲပြီး ကိုယ် ဝင်စားမိနေတဲ့ တက္ကသိုလ် ကို ကြည်ကြည်နူးနူး မြင်ရလို့ ကြိုက်တယ်။ ပြီးတော့လည်းပဲ လေလွင့်တဲ့ ကိုထွန်းနိုင်နှင့် မလေးတို့လို ကျောင်းသူ ကျောင်းသားတွေကို ပြသလို ကောင်းတဲ့ ကျောင်းသား ကျောင်းသူတွေကိုလည်း ပြတာပဲ။ အချစ်ရေးနှင့် လေအဟုန် စီးတဲ့ သူတွေကို ပြသလို စာကြိုးစားပြီး ကျောင်းသား အရေးမှာ ထက်သန်တဲ့ သူတွေကိုလည်း ပြတာပဲ။ ပြီးတော့ ကျောင်းသားတွေရဲ့ ဖောက်ပြန်တဲ့ အမျိုး သား ယဉ်ကျေးမှုကို နှိမ့်ချတဲ့၊ ဖောက်ပြန်တဲ့ အဝတ်အစားနှင့် ဖောက်ပြန်တဲ့ အတုခိုးမှုတွေကို ရှုတ်ချတဲ့ အမူအရာတွေလည်း သူ ကြိုးစားပြီး ရေးထား သားပဲ။ လွမ်းရတာကို လွမ်းတယ်လို့ သူက ရိုးရိုးလေး ပြောတာပဲ။ တက္ကသိုလ်မှာ ဒီလို အချစ်ဇာတ်လမ်းလေးတွေ ရှိတယ်လို့ စင်းစင်းလေး ပြောတာပဲ။ ဒီလို အမှန်ကို အမှန်အတိုင်း သိရလို့ သူ့ဝတ္ထုကို ကြိုက်ရင်းနှင့် သူ့ ဝေဖန်ချက်ကို ရှုတ်ချပါတယ်။

နောက် ဗန်းမော် တင်အောင်ရဲ့ ဘုန်းမောင့် တစ်ယောက်တည်းရယ်ကို ကြည့်ပါဦး၊ ဒီဝတ္ထုမှာ အပိုင်း သုံးပိုင်း ပါပါတယ်။

ပထမပိုင်းက သူပုန် ကျောင်းသား။

ဒုတိယပိုင်းက ဒီမိုး ဒီလေ ဒီလူတွေနှင့်။

တတိယပိုင်းက အဆုံးစီရင်ပါတော့ကွယ်။

အဲဒီ သုံးခုထဲမှာ သူပုန် ကျောင်းသားဟာ လုံးဝ စာက္ကသိုလ် နောက်ခံ ပါပဲ။ သူ့ဝတ္ထုကို တစ်ပိုင်းစီ ဖတ်လို့လည်း ရတယ်။ တစ်အုပ်လုံး ခြုံဖတ် ချင်လည်း ရတယ်။ ဒီဘုန်းမောင့် တစ်ယောက်တည်းရယ် ဝတ္ထုရဲ့ လှုပ်ရှားမှ ကလည်း မသေးပါဘူး။ ကိုဘုန်းနိုင်ရဲ့ လှုပ်ရှားမှု အမူအရာတွေနှင့် ဗန်းမော် တင်အောင်ရဲ့ အရေးအသားတွေကို ကြိုက်လွန်းလို့ မြန်မာ စာပေလောကမှာ ဘုန်းနိုင်ဆိုတဲ့ စာရေးဆရာ တစ်ယောက်တောင် တိုးလာသေးတာပဲ။

သူပုန် ကျောင်းသားကိုတော့ ရန်ကုန် တက္ကသိုလ် ၃၆ ခုနှစ် လှုပ်ရှား မှုကို အခြေခံပြီး ရေးပါတယ်။ သိန်းဖေမြင့်ရဲ့ သပိတ်မှောက် ကျောင်းသားနှင့် အရှေ့က နေဝန်း ထွက်သည့်ပမာမှာ ပါတဲ့ ကာလ ဒေသတွေကို ဒီမှာလည်း တွေ့ရပါတယ်။ တိုတိုလေးနှင့် ထိထိခိုက်ခိုက် ဖြစ်အောင် ရေးထားလို့၊ ပြတ်ပြတ် သားသားနှင့် ရဲရဲရင့်ရင့် ရေးထားလို့ ဖတ်တဲ့သူဟာ ဖတ်နေရင်း လက်သီးကို ဆုပ်မိမတတ်ပါပဲ။ အဲဒီ သပိတ်လှန်တဲ့ ကိစ္စနှင့် ပတ်သက်ပြီး သူ ဝေဖန်ပြတဲ့ အချက်တွေကိုလည်း ကြက်သီးထခမန်း စူးစူးရှရှ ရှိလှပါတယ်။

ဒုတိယ အခန်းနှင့် နောက်ဆုံး အခန်းကတော့ ကိုဘုန်းနိုင်ရဲ့ အဆင် မပြေတဲ့ အချစ်ရေး ကိစ္စပါ။ စာဖတ်တဲ့သူရဲ့ ရင်ခေါင်းမှာ အလုံးကြီး တစ်လုံး တင်လာအောင် ရေးပြလိုက်တဲ့ အရေးအသားတွေပါ။ စာအုပ် ဆုံးတာနှင့် ကျွန်တော်တော့ ဘုန်းမောင့် တစ်ယောက်တည်းရယ်ပါကွယ်လို့ ညည်းလိုက်မိ တော့တာပါပဲ။

နောက်ဝတ္ထုတွေက ကြည်အေး ဝတ္ထုတွေပါ။ ကြည်အေးဟာ ဝတ္ထု စာအုပ် ငါးအုပ် ထုတ်ခဲ့တဲ့ အထဲက ကေဖွဲ့ဆိုသီနှင့် ဘုန်းသက်တိုင်တို့ကို တက္ကသိုလ် နောက်ခံပြီး ရေးပါတယ်။ သူဟာ စာ စရေးတဲ့ အချိန်က စပြီးတော့ အခု ကျွန်တော်တို့ စာတန်းဖတ်တဲ့ အချိန်ထိ တက္ကသိုလ် ကျောင်းရိပ်ကို တစ်ကျော့ ပတ်နေသေးတဲ့ စာရေးဆရာမ ဖြစ်ပါတယ်။ စာအုပ် နည်းနည်းသာ ထုတ်ပေမဲ့၊ လူကြိုက်လည်း နည်းပေမဲ့ စာပေ ဝါသနာရှင်တွေ လေးစားတဲ့ စာရေးဆရာမ ဖြစ်ပါတယ်။ အမျိုးသမီး စာရေးဆရာမတွေထဲမှာ ထက်ထက်မြက်မြက် ရဲရဲ ရင့်ရင့်နှင့် ဇာတ်လမ်းကိုရော စာဟန်ကိုပါ ထွင်ပြီး ရေးနိုင်တာမို့လို့ ကျွန်တော် တော့ ထိပ်တန်းက ထားပြီး ကြိုက်ပါတယ်။

“ကေဖွဲ့ဆိုသီ” မှာ မြကေခိုင်ရဲ့ အကြောင်းကို ရေးရင်းနှင့် အင်းလျား ကျောင်းသူ အချို့ရဲ့ ဘဝကို ရှင်းရှင်းကွင်းကွင်း မြင်အောင် ပြပါတယ်။ ဒီဝတ္ထု ထဲက ထွေးဟာတော့ ကြည်အေးကို ကိုယ်စားပြုဟန် တူပါတယ်။ တက္ကသိုလ် ကျောင်းသူတွေထဲမှာ ကြည်အေးဟာ ထူးထူးခြားခြား နေခဲ့လို့ နာမည်ကြီးသလို၊ ထူးထူးခြားခြား တွေးပြီး ထူးထူးခြားခြား ရေးလို့လည်း ထင်ရှားပါတယ်။ သူ့ ဝတ္ထုဟာ တက္ကသိုလ်ကို နောက်ခံထားပြီ ဇာတ်လမ်း ဆင်တယ် ဆိုပေမဲ့ ဘဝ တစ်ခုလုံးအတွက် အသုံးကျတဲ့၊ ပညာတတ်တွေတင်မက ပညာငတ်တွေပါ လေးစားအပ်တဲ့ အချက်တွေကို တွေ့ရပါတယ်။ ဝတ္ထုရဲ့ စာကြောင်းတိုင်း၊ စာပိုဒ် တိုင်းမှာလည်း မိန်းမ တစ်ယောက်နှင့် မတန်အောင် မြင်တဲ့၊ မိန်းမ အမြင်မျိုး ထဲမှာ ရှားတဲ့ အတွေးသစ်၊ အခေါ်သစ်၊ ဟန်သစ်တွေကို တွေ့ရပါတယ်။

ဘုန်းသက်တိုင်ဆိုရင် ဒီထက် ထူးပါတယ်။ ဒီဝတ္ထုမှာ ကွန်မြူနစ် ဝါဒကို သက်ဝင် ယုံကြည့်ပြီး ကျဆုံးနေတဲ့ ကိုဖုန်းခင်နှင့် စာ အင်မတန် တော်ပြီး နေချင်သလိုနေ၊ ဖြစ်သလိုလုပ်တဲ့ ဘင်တန် (သီရိ) ကျောင်းသူ မေမေစိန်တို့ရဲ့ စမ်းတဝါးဝါး အချစ်ရေးကို ပြပါတယ်။ ရွာတော့မလို ညိုတိုတိုနှင့် ဆိုတာလို ချစ်နိုး ချစ်နိုးနှင့် မျှော်လင့်ချက်ကြီးပြီး စောင့်နေတဲ့၊ အကြောက်ကြီးတဲ့ ကိုဖုန်း ခင်ကို သနားစရာ သတ္တဝါ တစ်ယောက် ဖြစ်အောင် ရေးထားပါတယ်။ ရင့် ကျက်တဲ့ အတွေးအခေါ်တွေ ပါလွန်းလို့ ဖတ်လို့ နားမလည်ဘူး ဆိုပြီး တချို့က ညည်းပါတယ်။ ကြည်အေးဆိုတာ မိန်းမ မဟုတ်နိုင်ပါဘူးလို့ ငြင်းချက် ထုတ် သူတွေကလည်း ထုတ်ပါတယ်။ ဒီလောက်အထိ အရှိန်အစော် ကြီးတဲ့သူပါ။ တကယ့် အဖြစ်တွေနှင့် ထူးကဲတဲ့၊ ဖြစ်လည်း ဖြစ်နိုင်တဲ့ မေမေစိန်တို့ အချစ် မျိုးဟာ ကနေ့ ကျောင်းသားလောကမှာလည်း ရှိတယ်ဆိုတာကို ကျွန်တော်က ကိုယ်တွေ့မို့ ယုံပါတယ်။

ကြည်အေးဟာ ဒီနှစ်ပုဒ်တင် တက္ကသိုလ် နောက်ခံပြီး ရေးတာ မဟုတ် ပါဘူး။ တခြား ဝတ္ထုတိုလေးတွေရော၊ ကဗျာလေးတွေရော ကံ့ကော်ရိပ်နှင့် မကင်းတာကို တွေ့နိုင်ပါတယ်။ သူ ဖန်တီးထားတဲ့ ဘင်တန်သူ မေမေစိန်လို စိတ်ထား မြင့်မြတ်တဲ့ မိန်းကလေးမျိုးကို ကျောင်းသားတွေနှင့် ကြုံရရင် ဆွတ်ပျံ့ ကြည်နူးဖွယ် ကောင်းပေမဲ့လို့ မေမေစိန်လို တဝေ့ဝဲဝဲ မျှော်လင့်ချက်ပေးတဲ့ အဖြစ်မျိုးနှင့် မကြုံရရင်လည်း ချမ်းမြေ့ ကြည်နူးစရာ ကောင်းမယ် ထင်ပါတယ်။

နောက် လင်းယုန်နီရဲ့ “အင်းလျား” ကို ကြည့်ပါဦးစို့။ အင်းလျားဆိုတဲ့ အတိုင်းပဲ။ အင်းလျား ကျောင်းဆောင်က အဖြစ်ဆန်းကလေး တစ်ဘဝကို ရေးပြ တာပါ။ အကျင့်ယုတ်တဲ့၊ လှည့်စားတတ်တဲ့ အင်းလျားသူ မိန်းကလေး တစ်ယောက် အကြောင်းကို ဇာတ်ဝင်အောင် ရေးထားတာပါ။ တက္ကသိုလ်မှာ ဂုဏ်တု ဂုဏ်ပြိုင် ကိစ္စတွေ ရှိတယ်။ ပျက်စီး လေလွင့်နေတဲ့ မိန်းကလေးမျိုးတွေလည်း ရှိတယ်။ တစ်ချိန်က အင်းလျားဟာ နာမည် ကြီးလွန်းလို့ ဘုန်းကြီးတွေတောင် အဆောင်ပေါ် တက်ဖို့ ခွင့်တောင်းရတဲ့အထိ ဖြစ်ခဲ့တယ် ဆိုတာကို ဇာတ်လမ်း ဆင်ပြီး ရေးထားတာပါ။ ဝတ္ထုမှာ လေးနက်တဲ့ အကြောင်းအရာ အထူး မရှိလှ ပေမဲ့ ဖတ်ပျော်တဲ့ ဝတ္ထုကောင်းပါ။

ဝတ္ထုဟာ ဝတ္ထုပဲ ဖြစ်ပြီးတော့ တကယ့် အရှိအဖြစ်တွေနှင့် ဆန့်ကျင်တဲ့ အဖြစ်တွေကို တွေ့ရလို့ မကျေချမ်းစရာလေးတွေပါ ပါပါတယ်။ သူ ရေးတဲ့ “မကောင်းတော့ပြီ ဖြစ်သော မနှင်းရီ” ဆိုတဲ့ ဝတ္ထုဟာလည်း အင်းလျားသူလေး တစ်ယောက် အကြောင်းပါပဲ။ အင်မတန် ရိုးသားတဲ့ မနှင်းရီဟာ နောက်ဆုံး မကောင်းတော့တဲ့ မနှင်းရီ အဖြစ် တက္ကသိုလ် ဘဝကို အခြေခံပြီးတော့ ရေးပြ ထားတာပါ။ ရိုးသားတဲ့ ကျောင်းသူကလေးရဲ့ မဟာဒုက္ခတွင်း ကျဆုံးပုံကို တပ်မတော်သား ဆာဂျင် ကိုဝေလင်းနှင့် ဇာတ်ဖွဲ့ပြီးတော့ ကျောင်းသူတွေကို သင်ခန်းစာ ပေးထားတာပါ။

နောက် အောက်တိုဘာ လှုပ်ရှားမှု နောက်ပိုင်း ၅၆ ခုနှစ် အခြေအနေကို အခြေခံတဲ့ ဝတ္ထုတစ်ပုဒ် ရှိပါတယ်။ အဲဒါက တင်ထွေးရဲ့ "မိုးမြင့်မြင့်ထွား ပါပဲ။ ဒီဝတ္ထုဟာ ဇာတ်ကောင်း နည်းနည်းလေးနှင့်၊ ဇာတ်လမ်း ကျဉ်းကျဉ်း လေးနှင့် ဆွဲဆောင်မှုရှိတဲ့ ဝတ္ထုပါပဲ။ ဇာတ်လမ်းမှာ ကိုကိုလတ်ရယ်၊ မခင်ချို ရယ်၊ အမာရယ်။ ဒီဇာတ်ကောင် သုံးကောင်ပဲ အဓိက ရှိပါတယ်။ ကိုကိုလတ် တပ်ဦး ခေါင်းဆောင် တစ်ယောက်၊ မခင်ချိုက ပြင်းထန်တဲ့ ဒီအက်စ်အို မလေး၊ အမာက ကိုကိုလတ်ကို ကျိတ်ချစ်နေတဲ့ ရွက်ပုန်းသီး အချစ်သမလေး၊ ဒီသုံးယောက်ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းကို ဆွတ်ပျံ့ဖွယ် ဖြစ်အောင် ရေးထား တာပါ။ ယုံကြည်ချက်ချင်း မတူတဲ့ ချစ်သူ နှစ်ဦးရဲ့ အခက်အခဲတွေ၊ ကိုယ် ယုံကြည်ရာ ကိုယ် လှုပ်ရှားကြတဲ့ လေးနက်တဲ့ လှုပ်ရှားမှုတွေ၊ နောက်ဆုံး မိုးနှင့် အပြိုင် တင်စားလို့ရတဲ့ မေတ္တာစစ် မေတ္တာမှန်တွေကို အရိုးဆုံးနှင့် ဆန်းအောင်၊ အသိမ်မွေ့ဆုံးနှင့် ယဉ်အောင် လှပတဲ့ အမှန်တရားကို ပြထား တာပါ။ အောင်မြင်တဲ့ ဝတ္ထုတစ်ပုဒ်လို့ ဆိုချင်ပါတယ်။

နောက်ဝတ္ထုကတော့ ဝင်းဦးရဲ့ “တက္ကသိုလ် ကျောင်းသား တစ်ဦး ပါပဲ။ ဝင်းဦးဟာ အခုအချိန် ရုပ်ရှင်မင်းသား အဖြစ် ကျော်ကြားတာ ဖြစ်ပေမဲ့လို့ တစ်ချိန်က စာရေးကောင်းသူ တစ်ယောက်အဖြစ် ကျော်ကြားခဲ့သူပါ။ ဒီ တက္ကသိုလ် ကျောင်းသား တစ်ဦး ဆိုတဲ့ ဝတ္ထုဟာ သူ့ကို အောင်မြင်တဲ့ စာရေး ဆရာ တစ်ယောက်အဖြစ် တွန်းပို့လိုက်တဲ့ ဝတ္ထုတွေထဲက အရေးအပါဆုံး ဝတ္ထု တစ်ပုဒ်ပါပဲ။ အခုအချိန် ပြန်ထွက်လာလည်း အောင်မြင်ဦးမှာပါ။

ဒီဝတ္ထုမှာ အင်းဝ ကျောင်းဆောင်က မောင်သက်ဝေနှင့် အင်းလျား ဆောင်က မခင်ယုတို့ အကြောင်းကို အကွေ့၊ အဝိုက်၊ အလှည့်အပတ်ကလေး တွေနှင့် ရေးထားတာပါပဲ။ ချစ်ခြင်း မေတ္တာဆိုတာ အလှအပ အကြွယ်အဝတွေ မဟုတ်တဲ့ အကြောင်း ရေးထားလို့ ရည်ရွယ်ချက် ကောင်းတဲ့ ဝတ္ထုတစ်ပုဒ်ပါ။ ဒါပေမဲ့လို့ ဒီက အဓိက ဇာတ်လိုက် မောင်သက်ဝေဟာ ဝင်းဦး မဟုတ်ပါဘူး လို့ ဝင်းဦး တစ်ယောက်ကို ထည့်ပြထားပေမဲ့ ဝင်းဦးပဲ ဖြစ်နေတယ် ဆိုတာကို နှုတ်ခမ်းမွေးရှိတဲ့ အကြောင်း မပြောဘဲ သိသာပါတယ်။ ဒီနောက်မှာတော့ကာ မောင်သက်ဝေဟာ သိပ်ချောတယ်၊ သိပ်လှတယ်။ ကျောင်းသူတွေ မပြောနှင့် ကျောင်းသားတွေတောင် ရင်သပ်ရှုမောရတယ်လို့ အမွှန်းတင်ထားပုံက “တယ် လှတဲ့ ငါပါလား” ဆိုထားသလို ဖြစ်နေပါတယ်။ သူ့ကိုယ်သူ မှန်ထဲ ကြည့်ပြီး ပြန်ရေးထားသလိုမို့ အလွန်အကဲ ဖြစ်နေတာတွေကိုလည်း တွေ့ရပါတယ်။

ကျောင်းသား တစ်ယောက်ရဲ့ ချစ်ခြင်း မေတ္တာနှင့် ပတ်သက်လို့ ဇာတ်လမ်း ဆင်ပုံကတော့ အတော် အဆင်ပြေပါတယ်။ အလှည့်စား ခံရတဲ့ မောင်သက်ဝေရဲ့ ဘဝဟာလည်း ရင်နာစရာ ကောင်းပါတယ်။ တကယ့် အဖြစ် များလားလို့ ထင်စရာ ကောင်းအောင် ရေးပြထားတာပါပဲ။

တက္ကသိုလ် မောင်လှသူ ရေးတဲ့ ဝင်းဦးရဲ့ တကယ့် အကြောင်းကို ရေးထားတဲ့ “တစ်ခေတ်မှာ တစ်ယောက်” ဆိုတဲ့ စာအုပ်ထဲမှာ “ယနေ့ အောင် မြင်မှ သရဖူကို ဆောင်းထားသော အနုပညာရှင် တစ်ဦးအား စွဲစွဲလမ်းလမ်း ချစ်ခဲ့ရသော ချစ်ဝေဒနာမျိုး” လို့ ဖတ်ရပြီးတော့၊ တက္ကသိုလ် ကျောင်းသား တစ်ဦးထဲမှာလည်း မောင်လှသူ ဖွင့်ပြတဲ့ အဖြစ်မျိုးလေးတွေ ပါနေတော့၊ သူ အသည်းနှင့် ရင်နင့် ချစ်ခဲ့ရတဲ့ ဇာတ်ဆောင် အမျိုးသမီးရဲ့ နာမည်ကိုလည်း မခင်ယုလို့ ရေးထားတော့ ကိုယ့် အတွေးနှင့် ကိုယ် ဖတ်ရတာ တော်တော် အရသာ ရှိပါတယ်။ ဒီဝတ္ထုထဲက ပုတ်ခတ် စောင်းမြောင်းတဲ့၊ မလိုအပ်တဲ့ စာပိုဒ်မျိုးတွေ ဖယ်လိုက်ရင် အချစ်ဝတ္ထု သက်သက် အဖြစ်နှင့် ပြည့်ပြည့် ကောင်းလာမယ်လို့ ယူဆပါတယ်။

နောက် မောင်စည်သူရဲ့ ဝတ္ထုသုံးပုဒ်ကို မြင်ကြည့်ချင်ပါတယ်။ ဒီသုံးပုဒ် စလုံးမှာ ဆရာ ကိုရိုးမောင်ဟာ အဓိက ဇာတ်ဆောင်ပါပဲ။ အရွှန်း အသောလေးတွေနှင့် ကျောင်းသူ ကျောင်းသားတွေရဲ့ ဖြစ်တတ်တဲ့ ဘဝကို သွက်သွက် လက်လက် ရေးထားတဲ့ ဝတ္ထုပါပဲ။ ရည်ရွယ်ချက် အထူးအထွေ မရှိပေမဲ့လို့ ဆရာရယ်၊ ကျောင်းသားရယ်၊ ကျောင်းသူရယ် ဆန်းဆန်းကြယ်ကြယ် ဖြစ်တတ် ပုံလေးတွေကို ကြည်နူး ရင်မောစရာ၊ မကျေချမ်းစရာတွေနှင့် ခြယ်ထားတာ မို့လို့ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ဝတ္ထုပါပဲ။ ဆရာ ကျောင်းသား ချစ်ကြည် ရင်းနှီးမှု၊ ကျောင်းသား အချင်းချင်း နားလည်မှု ရှိမှုတွေကို ဒီမှာ တွေ့ရလို့လည်း နှစ်သက်စရာ ကောင်းလှပါတယ်။

နောက်တစ်ယောက်ကတော့ တက္ကသိုလ် နောက်ခံ ဝတ္ထု ရေးပြီး တစ်ဟုန် ထိုး ကျော်ကြားလာတဲ့ တက္ကသိုလ် ခင်မောင်အေး ဖြစ်ပါတယ်။ သူ့ဝတ္ထုတွေက ကံ့ကော်တောနှင့် ဝေးခဲ့ရတဲ့ အကြောင်းတွေပါ။ သူ့ ဇာတ်လမ်းမှာ ပါတဲ့ အဖြစ်အပျက်တွေနှင့် ဇာတ်ကောင်တွေကတော့ တက္ကသိုလ် ဘုန်းနိုင်ရဲ့‘ညီမ လေးရယ် စိုးရိမ်မိတယ်” ဝတ္ထုထဲက ကာလဒေသနှင့် နောက်ခံမျိုးတွေပါ။ ဝတ္ထုထဲမှာ ဇာတ်ကောင်တွေ အများကြီး ထည့်ထားပြီးတော့၊ အယူအဆတွေ အမျိုးမျိုး ပြောပြီးတော့၊ လှုပ်ရှားမှုတွေ အမျိုးမျိုး ပြပြီးတော့ ဟုန်နေတဲ့ ဝတ္ထု တစ်ပုဒ်လို့ ဆိုချင်ပါတယ်။ ဖွဲ့ဖွဲ့နွဲ့နွဲ့နှင့် ညုညုချွဲချွဲ ရေးလို့သာ လူငယ်တွေက အရေးပေးပြီး ဖတ်ခဲ့ဟန် တူပါတယ်။ ဝတ္ထုသုံးအုပ်စလုံးကို ခြုံလိုက်ရင်တော့ တက္ကသိုလ် လောကတင် မကဘဲနှင့် စစ်မှုထမ်း လောကကိုပါ မြင်လိုက်ရပါ တယ်။ တက္ကသိုလ် ကျောင်းသား တစ်ဦးလည်း ဖြစ်ခဲ့တဲ့ အခုတစ်ချိန် စစ်သား တစ်ဦးလည်း ဖြစ်နေတဲ့ ဗိုလ်ကြီး ခင်မောင်အေးရဲ့ နောက်ခံ လောကလေးတွေ များလားလို့ ထင်မှတ်စရာပါပဲ။

ခု ပြောခဲ့တဲ့ ဝတ္ထုတွေဟာ တက္ကသိုလ်ကို နောက်ခံထားပြီး ရေးတဲ့ ထဲက ထင်ရှားတဲ့ ဝတ္ထုတွေပါပဲ။ တက္ကသိုလ် နောက်ခံထားပြီး မထင်ရှားပေမဲ့ ခုပြောခဲ့တဲ့ ထင်ရှားတဲ့ ဝတ္ထုတွေလို၊ တချို့ ထင်ရှားတဲ့ ဝတ္ထုတွေထက်တောင် သာတယ်လို့ ယူဆရတဲ့၊ လူသိနည်းတဲ့ ဝတ္ထုတွေ ရှိပါသေးတယ်။ ပုံစံပြရရင် စာရေးဆရာ ဝင်းဇော်ရဲ့ စောမိုခမ်းလို ဝတ္ထုမျိုးပါ။ ဒီဝတ္ထုဟာ မန်းတက္ကသိုလ်ကို နောက်ခံထားတဲ့ ဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ်။ ဝတ္ထု တစ်ပုဒ်လုံးကို ခြုံလိုက်ရင် သိပ်ကောင်းတာပဲလို့တော့ ကျွန်တော် မပြောချင်ပါဘူး။ အဲဒီ ဝတ္ထုထဲက မောင်ငြိမ်းချမ်းနှင့် ရှမ်းမလေး ရီတာ ခေါ်တဲ့ စောမိုခမ်းတို့ရဲ့ ကြည်နူးစရာ ကောင်းတဲ့ အချစ်၊ လူမျိုးတူချင်း စေ့စပ်ထားတဲ့သူနှင့် ယူဖို့ ဖြစ်လာတဲ့ စောမိုခမ်းကြောင့် တစ်သက်မှာ တစ်ခါသာ ချစ်ဖူးတဲ့ အချစ်မျိုးနှင့် ချစ်တဲ့ ရင်ပွင့်လု ခမန်း ခံရတဲ့ မောင်ငြိမ်းချမ်းရဲ့ အလွမ်း၊ ပြီးတော့ ပျက်စီး လေလွင့်ခြင်းရဲ့ အပြစ်၊ တစ်ဆက်တည်းမှာပဲ ပျက်စီး လေလွင့်ခြင်းကရတဲ့ အမြတ်၊ နောက် သူ့ရဲ့ ပြန်လည် မွေးဖွားပေးတဲ့ မိခင်သစ်ဖြစ်တဲ့ သူ့မမနန်းရဲ့ မေတ္တာစစ် မေတ္တာ မှန်၊ နောက်တော့ သူတို့ သုံးယောက်ရဲ့ ရှုပ်ထွေးပွေလီနေတဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းကို လျှို့ဝှက် ဆန်းကြယ်တဲ့ အဖြစ်ကလေးတွေ သုံးပြီးတော့ စာဖတ်သူ ရင်ကို လှုပ်ခါသွားအောင် ရေးထားတာ တွေ့ရပါတယ်။ ဒါပေမဲ့လို့ ဒီဝတ္ထု ကောင်းကို ပျက်စီးစေတဲ့ အဖျက်အဆီးတွေကို (ဒီလိုပြောတာ ရိုင်းမယ်ဆိုရင်)၊ သူ အတင်း ဇွတ်ထည့်ထားတဲ့ အကြောင်းအချက်တွေကြောင့်မို့လို့ အဲဒီ အခန်း တွေဟာ အရသာမဲ့ ဖြစ်သွားပါတယ်။ အချို့ကို ထုတ်ပြရရင် အင်မတန် တော်တဲ့ မန္တလေးသားတွေ အကြောင်း အကျယ်တဝင့် ရေးထားတဲ့ အခန်းတွေပါပဲ။ အဲဒီ အခန်းလေးတွေသာ လန်ဘား ဂျောက်ဒါး မဖတ်ရရင် လူငယ် စာဖတ် ပရိသတ် အတွက် ဒီဝတ္ထုဟာ အတော် ညှို့နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

အဲဒီ စောမိုခမ်းလို နာမည်မကြီးဘဲ ပုန်းလျှိုး တိမ်မြုပ်နေတဲ့ တခြား ဝတ္ထုတွေလည်း ရှိပါတယ်။ တစ်အုပ်စီ လိုက်ထုတ်ပြဖို့ အချိန်လည်း မရနိုင် ပါဘူး။ တချို့ ဝတ္ထုတွေကျတော့ ပြောစရာ ကောင်းလောက်အောင် ညံ့နေတာ တွေ့ရပါတယ်။ ဒါဟာလည်း ကျွန်တော် တစ်ယောက်တည်း အမြင် ဖြစ်ချင် ဖြစ်မှာပါ။ စာဖတ်သူ ဆိုတာဟာ ကိုယ့်အသိနှင့် ကိုယ်၊ ကိုယ့်ခံစားချက်နှင့် ကိုယ်၊ ကိုယ့်အတွေ့အကြုံနှင့် ကိုယ် ဖတ်ကြတာမို့လို့ စာအုပ်ရဲ့ အရသာကို ခံယူပုံချင်းတော့ မတူကြပါဘူး။ အရေးအသားနှင့် ပတ်သက်ပြီး ကြိုက်ကြတာ မျိုး၊ အကြောင်းအရာနှင့် ပတ်သက်ပြီး ကြိုက်ကြတာမျိုး၊ တစ်မျိုးမျိုး ရှိတာ မို့လို့ စာအုပ် စာရင်းကိုတော့ ထုတ်မပြချင်ပါဘူး။

နောက်တစ်ပိုင်းကတော့ တက္ကသိုလ်ကို နောက်ခံပြီး ရေးထားတဲ့ ဝတ္ထု တိုလေးတွေထဲက အားကောင်းတဲ့ ဝတ္ထုလေးတွေကို ပြချင်တာပါ။ ဝတ္ထုအတို ဆိုပေမဲ့လို့ ဝတ္ထု၊ အရှည်တွေ ဖတ်ရသလောက် စာဖတ်သူရဲ့ ရင်ကို ထိခိုက် ခံစားစေရတာမျိုးတွေ ရှိပါတယ်။ အဲဒီ ဝတ္ထုတွေထဲမှာ တက္ကသိုလ် နှစ်လည် မဂ္ဂဇင်း စာအုပ်တွေထဲမှာ ပါတဲ့ ဝတ္ထုတွေက ရှေ့တန်းက နေလိမ့်မယ် ထင်ပါ တယ်။ ပြီးတော့ ကျွန်တော် ပြခဲ့ပြီးတဲ့ ဝတ္ထုတို ပေါင်းချုပ်တွေထဲမှာလည်း ရှိပါတယ်။ ပြေးရာမှူး

ဆိုပါတော့ “သိန်းဖေမြင့်ရဲ့ ဆရာအို ပြဿနာ”။

ဒီဝတ္ထုထဲက ဆရာအိုဟာ အဓိက ဆရာကြီး တစ်ဦး ဖြစ်ပါတယ်။ စည်းကမ်းလည်း အင်မတန် ရှိပါတယ်။ သိက္ခာလည်း အင်မတန် ရှိပါတယ်။ သူဟာ ဒေါက်တာ သာလှတို့၊ ပါမောက္ခ ဦးအေးမောင်တို့၊ ဒေါက်တာ မောင်မောင်ခတို့၊ ဦးသိန်းဟန်တို့၊ ဦးဝန်တို့ထက် အသက်ကြီးသူ ဖြစ်ပါတယ်။ သူဟာ ကျန်းမာရေး မကောင်းလို့ အိုကြီး အိုမအရွယ် ဖြစ်ပေမဲ့ ဖျတ်ဖျတ် လတ်လတ် ရှိတဲ့၊ ထစ်ထစ်အိအိရှိတဲ့ သူရဲ့ ရှိုက်ဖိုကြီးငယ်တို့နှင့် ဆွဲဆောင်အား ရှိတဲ့ ကျောင်းသူ တစ်ယောက်နှင့် တွေ့တဲ့အခါကျတော့ အဖောက်ပြန်ကြီး ဖောက်ပြန်ပစ်လိုက်ပါတယ်။ သူ့ကိုယ်သူ လူပျိုပေါက်စလေးလို့ မြင်ပြီးတော့ အချစ်စိတ်တွေ ပြန်လည် ဆန်းသစ်လာတာကို ပြထားတာပါ။ စိတ်ရဲ့ လှည့်စား တတ်တဲ့ အဖြစ်ကလေး တစ်ခုကို ဖြစ်တတ်တဲ့ ဖြစ်နိုင်တဲ့ နေရာဖြစ်တဲ့ တက္ကသိုလ် ဝန်းကျင်မှာ အခြေခံပြီး ရေးလိုက်တာပါပဲ။ ဒီဝတ္ထုနှင့် ပတ်သက် ပြီးတော့ ဝတ္ထု ဖတ်နေရင်းမှာ ပုဂံလမ်းထဲ ဝင်သွားတဲ့ ကထိက အဘိုးကြီး တစ်ဦးနှင့် သူ့ရှေ့တူရူက ပျိုမျစ် နုငယ်တဲ့ မိန်းကလေးကို မြင်လိုက်မိပေမဲ့လို့ မြင်ပြီးတော့လည်း သူငယ်ပြန်သလို ဖိုဓာတ် ပြန်လည်လာသလိုဖြစ်တဲ့ ဆရာ အိုကြီးရဲ့ ရယ်စရာကောင်းတဲ့ အဖြစ်ကို မြင်ပေမဲ့လို့၊ ဦးသိန်းဖေမြင့်ကတော့ တပေါင်း မင်းလွင်ကို ရေးတယ်လို့ ဆိုပါတယ်။

ဒီလို အခြား ဝတ္ထုလေးတွေထဲက မောင်ကိုယုရဲ့ “ညနေစာ အလှည့် လေး” လို၊ “စေတနာ” လို၊ “စိတ်ကူးယဉ်တဲ့ အချစ်” မျိုးလို။

မင်းလှ ညွန့်ကြူးရဲ့ “မောင့်အလိုကျ ဝတ္ထုမျိုးလို။

ထွန်းထွန်း (ဆေးသိပ္ပံ) ရဲ့ “မေတ္တာသူရဲကောင်းမလေး မိုး လို။

ဗန်းမော် တင်အောင်ရဲ့ “နိုင်ငံရေး သတ္တဝါကောင်” လို။

ကြည်အေးနှင့် တကွသော အခြား ကျောင်းသား စာရေးဆရာတွေရဲ့ ဝတ္ထုတွေလို။

အဲဒီလို ဝတ္ထုတွေက ပီပြင်မှ ပိုပြီး ရှိပါတယ်။ ပူပူနွေးနွေး ဖြစ်ပျက် နေတဲ့ တက္ကသိုလ်က အဖြစ်အပျက်တွေကို လတ်လတ်ဆတ်ဆတ် တင်ပြတာ မို့လို့ အရှိန် ရှိပါတယ်။

ဆိုပါတော့ မောင်ကိုယုရဲ့ “ညနေစာ အလှည့်လေး။ ဒါမျိုးဟာ တက္ကသိုလ် ကျောင်းသား အခန်းတွေမှာ နေ့စဉ်ဖြစ်နေတဲ့ အဖြစ်မျိုး တစ်ခုပါ။ ဒီဝတ္ထုတိုလေးကို မြန်မာ့အသံ ဇာတ်လမ်းပမာ အခန်းမှာရော၊ ပြဇာတ် အဖြစ်နှင့် ရော ကြားဖူး ကြည့်ဖူးကြမယ် ထင်ပါတယ်။

ကျောင်းသူ အချို့ဟာ အဖွဲ့နှင့် အသင်းနှင့် ကျောင်းသားတွေကို လှောင် တတ်ပါတယ်။ တကယ် မေတ္တာစစ်နှင့် ချစ်တဲ့ ကျောင်းသားမျိုးကိုသော်မှပဲ ကစားစရာလို လုပ်တတ်ပါတယ်။ ဒီအခါ ကျောင်းသားကတော့ အဟုတ်ကြီး ထင်ပြီး ရူးရတာမျိုးကို ခပ်လှောင်လှောင် ရေးထားတာပါ။

“စေတနာ” ကတော့ စစ်ကြောင့် တက္ကသိုလ်လောက ကမ္ဘာလေး တစ်ကမ္ဘာ ပျက်စီးရတာကို ရေးတာပါ ။

“စိတ်ကူးယဉ် အချစ် မျိုးကျတော့ ကဗျာ ဝါသနာပါတဲ့ တက္ကသိုလ် ကျောင်းသူ မာလာနှင့် မက်ထရစ် မအောင်သေးပေမဲ့ ကျော်ကြားပြီး ဝင်ငွေ မရှိတဲ့ ကဗျာဆရာ ကိုဝဏ္ဏတို့ရဲ့ ချစ်လျက်နှင့် စိတ်ကူးယဉ် ဆန်သွားတဲ့ အကြောင်းကို ရေးထားတာပါ။

သူ့ဝတ္ထုတိုလေးတွေဟာ ဇာတ်လမ်း အချိတ်အဆက်နှင့် မျက်စိလည် သွားအောင် လှည့်စားတဲ့ အလှည့်လေးတွေ အချုပ်လေးတွေကြောင့်မို့လို့ တက္ကသိုလ် အဖြစ်အပျက်လေးတွေကို ရင်ထဲမှာ ကျန်အောင် ခံစားရပါတယ်။

သည်ဝတ္ထု အတိုတွေနှင့် ပတ်သက်လို့လည်း ပြောစရာ တစ်ပုံတစ်မကြီး ရှိပါတယ်။ အချိန်လည်း ရှည်ခဲ့ပြီမို့ ဝတ္ထုတို ကိစ္စကိုလည်း ရပ်လိုက်ချင်ပါတယ်။

ဒီတော့ တက္ကသိုလ် နောက်ခံ ဝတ္ထုတွေကို ခြုံပြီး ကြည့်လိုက်လို့ရှိရင် ဝတ္ထုကောင်းတွေရော၊ ဝတ္ထုဆိုးတွေရော၊ အဖြစ်ဆန်းတွေရော၊ အဖြစ်ကြမ်း တွေရော၊ အနုအလှတွေရော၊ စက်ဆုတ်စရာတွေရော၊ အပျောင်းအနွဲ့တွေရော၊ ရဲစိတ်ပြင်းစရာတွေရော၊ ဟားတိုက်ပြီး ရယ်တဲ့ ရယ်သံကိုရော၊ တိတ်တိတ် လေး ကျိတ်ပြီး ငိုတဲ့ ငိုသံကိုရော၊ ငိုသံ ညည်းသံတွေကိုရော၊ ဟစ်အော် အုံကြွတဲ့ အဖြစ်အပျက်တွေကိုရော၊ ပုန်းလျှိုး ကွယ်ပျောက်သွားတဲ့ အဖြစ် တွေကိုရော၊ ဝါဝါလေး ပွင့်တဲ့ ပိတောက်ပွင့်လေးတွေ အကြောင်းရော၊ ရဲရဲနီနီ ပွင့်တဲ့ စိန်ပန်းပွင့် အကြောင်းရော၊ တက်ခြေမှ ပန်ရတဲ့ ကံ့ကော်ပွင့်လေးတွေ အကြောင်း ရော၊ အညှာလွယ်တဲ့ ပန်းပြာပွင့်လေးတွေ အကြောင်းရော၊ ထီးတည်း ရှိနေတဲ့ သစ်ပုတ်ပင်ကြီး အကြောင်းရော၊ ရေမခန်းသေးတဲ့ အင်းလျားကန်ကြီး အကြောင်းရော။

ပြီးတော့လည်းပဲ...

  • ရည်းစား ငါးယောက်လောက် ပြောင်းတဲ့ မိန်းကလေး အကြောင်းရော၊
  • လင်ပစ်မလေးတွေ အကြောင်းရော၊
  • ကျောင်းဆွေးဆွေး နှစ်ဆွေးဆွေးနေပြီး မစွံတဲ့ အပျိုကြီးတွေ အကြောင်းရော၊
  • လူတွေ့တိုင်း ပြုံးပြတဲ့ မိန်းမလှလေးတွေ အကြောင်းရော၊
  • ချစ်သူကို ခွာခဲ့ပြီးတော့ အိမ်က ပေးစားသူနောက် မြူးပါသွားတဲ့ ဂုဏ်မက် သူတွေ အကြောင်းရော၊
  • ဂုဏ်တွေ၊ ငွေတွေနှင့် မျှားတာကို မပါဘဲနှင့် ချစ်သူနောက် လိုက်ခဲ့တဲ့ သစ္စာရှင်မလေးတွေ အကြောင်းရော၊
  • သစ္စာမဲ့ ယောက်ျားတွေကြောင့် ပျက်စီးသွားရတဲ့ မိန်းကလေးတွေ အကြောင်းရော၊
  • ယောက်ျားဆိုရင် စိတ်နာပြီးတော့ ကျားနာခဲ ခဲတတ်သူတွေ အကြောင်းရော၊
  • ယောက်ျား မှန်သမျှကို ကစားစရာ အရုပ်လို လှည့်စားတတ်တဲ့ မိန်းကလေးတွေ အကြောင်းရော၊
  • ယောက်ျားတွေရဲ့ အလှည့်စားကို ခံနေကြရတဲ့ မိန်းမရိုးလေးတွေ အကြောင်းရော၊
  • အားလုံး ရယ်စရာမှတ်တဲ့ လူနောက်လေးတွေ အကြောင်းရော၊
  • မိန်းကလေး မှန်သမျှ ကိုယ့်ချစ်သူလို့ မှတ်တတ်တဲ့ ယောက်ျား လူလည် လေးတွေ အကြောင်းရော၊
  • မိန်းမကို ဘုရားလို ကိုးကွယ်သူတွေ အကြောင်းရော၊
  • မိန်းကလေး တစ်ယောက်ကြောင့် ပျက်စီး လေလွင့်ရတဲ့ ကျောင်းသားလေး တစ်ယောက် အကြောင်းရော၊
  • မိန်းကလေး တစ်ယောက်နှင့်မျှ စကားမပြောဖြစ်ဘဲနှင့် ကျောင်းက ထွက် သွားရသူတို့ အကြောင်းရော၊
  • ပူရုပ်ကို ဟန်နှင့် ဖုံးပေမဲ့ ပြုံးရင်းနှင့် မျက်ရည် လည်ရသူ တစ်ယောက် အကြောင်းရော၊
  • အိုင်တွေ့တိုင်း ခြေဆေးတတ်သူလေး အကြောင်းရော၊
  • နိုင်ငံရေးနှင့်သာ အချိန်ကုန်သူတွေ အကြောင်းရော၊
  • စာအုပ် ကြားမှာသာ ခေါင်းလျှိုနေသူတွေ အကြောင်းရော၊
  • ပြုံးပျော်နေကြတဲ့ စုံတွဲလေး အကြောင်းရော၊
  • ငိုရှိုက်နေကြတဲ့ မောင်နှံ အကြောင်းရော၊
  • တမ်းတ စောင့်စားကြတဲ့ ကြေကွဲစရာ အကြောင်းရော၊
  • ချစ်လို့တွဲတဲ့ အတွဲရော၊
  • ချစ်မလားလို့ တွဲတဲ့ အတွဲရော၊
  • မချစ်ဘဲနှင့် တွဲရတဲ့ အတွဲရော၊
  • ချစ်တယ်၊ အဆင်ပြေတယ်၊ ညားတယ် ဆိုတာတာတွေရော၊
  • ချစ်တယ်၊ အဆင်မပြေဘူး၊ လွမ်းတယ် ဆိုတာတွေရော၊
  • မချစ်ဘူး၊ အဆင်ပြေတယ်၊ ညားတယ် ဆိုတာရော၊
  • မချစ်ဘူး၊ အဆင်မပြေဘူး၊ ညားတယ် ဆိုတာတွေရော၊
  • ဘုရားသွား အတူတူ၊ ကျောင်းသွား အတူတူ၊ မင်္ဂလာဆောင်တော့ အခြားစီ ပြီး ဆိုတဲ့ အဖြစ်မျိုးရော။
  • ရိုးသားပြီး ကြိုးစားတဲ့ ဆရာ အကြောင်းရော၊
  • ဖောက်ပြန်ပြီး ကြိုးစားတဲ့ ဆရာ အကြောင်းရော၊
  • စေတနာ ဆရာရော၊
  • အသပြာ ဆရာရော၊
  • မြာပွေတဲ့ ဆရာရော၊
  • ဂိုဏ်းဖွဲ့တဲ့ ဆရာရော၊
  • အမူးသမား ဆရာရော၊
  • ယောင်ခြောက်ဆယ် ဆရာရော၊
  • စာ ဆို စာပဲ သိတဲ့ ဆရာရော၊
  • အသင်ပြ တော်သူရော၊ အသင်ပြ ညံ့ဖျင်းသူရော၊
  • ဘက်လိုက်သူရော၊
  • ကျောင်သားနှင့် ရင်းနှီးသူရော၊
  • ကျောင်းသားကို ရန်ထောင်သူရော၊
  • ကျောင်းသူနှင့် ရှုပ်ထွေးတဲ့ ဆရာရော၊
  • လေသမားရော၊ အဖြီးအဝါးသမားရော၊ ဆရာနှင့်တူတဲ့ ဆရာရော။

ဒီ “ရော” ပေါင်း များစွာတွေဟာ ဒီဝတ္ထုတွေက တစ်ဆင့် တက္ကသိုလ် အကြောင်းကို ပြောပြတာ ဖြစ်ပါတယ်။ တက္ကသိုလ်ကို ရှုထောင့်အဖုံဖုံက ကြည့်ပြ ကြတာ ဖြစ်ပါတယ်။

ဒီလို ဝတ္ထုမျိုးတွေ ဖတ်ရတော့ ကိုယ် စိတ်ဝင်စားတဲ့ ကမ္ဘာလေးကို ပြန်ပြီး လွမ်းဆွတ် ကြေကွဲသူတွေလည်း ရှိပါလိမ့်မယ်။ အံကြိတ်ပြီး လက်သီး ကျစ်သူတွေလည်း ရှိပါလိမ့်မယ်။ တက္ကသိုလ် ဝန်းကျင်နှင့် မကင်းသေးတုန်းမို့ ခေါင်းတညိတ်ညိတ်နှင့် ကျေနပ်နေသူတွေလည်း ရှိပါမယ်။

ဖြစ်ပြီးတဲ့၊ ဖြစ်နေတဲ့၊ ဖြစ်ဦးမယ့် အဖြစ်တွေကလည်း စုံလို့ပါ။ ကွေ့ ကြောင်လိန် ဝင်္ကပတ်နှင့် ရှုပ်ယှက်ချင်း ခတ်နေတာမို့ အဆုံးသတ်ဖို့ ခက်လှ ပါတယ်။

နောင်ကိုလည်း ဒီတက္ကသိုလ် နောက်ခံ ဝတ္ထုမျိုးတွေ ဖတ်ရဦးမှာ ဖြစ် ပါတယ်။ ဒီဝတ္ထုမျိုးတွေကို စာရေးဆရာတွေ ရေးဖို့ဟာ အချစ်ရေးတွေ၊ အနု အနွဲ့တွေက ဖန်တီးယူလို့၊ တွေးယူလို့ ရပေမဲ့ လှုပ်ရှားမှုမျိုး အတိအကျ ရေးပြ ရမယ့် အဖြစ်မျိုးကတော့ စာရေးဆရာတွေ စိတ်ကူးပြီး ရေးလို့ မတော်ပါဘူး။ တကယ် မရှိတော့တဲ့အခါမှာတော့ ဒါမျိုး အသစ်အဆန်းတွေ ဖတ်ရဖို့ မလွယ်ကူ -ပါဘူး။

တက္ကသိုလ်ကို စိတ်ဝင်စားတဲ့ ဝတ္ထုဖတ်သူ ကျွန်တော် တစ်ယောက် အနေနှင့် ကောင်းကောင်း၊ မကောင်းကောင်း လက်လှမ်းမီသမျှ ဖတ်ပြီးလို့ရှိရင် ရင်ထဲရှိတာတော့ တစ်ယောက်ယောက်ကို ပြောဖြစ်လိမ့်ဦးမယ် ထင်ပါတယ်။ ကျွန်တော် ပြောရင် ကျွန်တော့် အမြင် ဆင်ခြင်ချက်မို့လို့ တရားဖြစ်ရင် တရားခံ ဟာ ကျွန်တော်ပဲ ဖြစ်တဲ့အကြောင်း ဝန်ခံပါတယ် ခင်ဗျား။ မင်းမှာ

အခုအချိန်ထိ သည်းခံ နားထောင်ကြတဲ့ အားလုံးသော မိတ်ဆွေတွေနှင့် ဆရာ ဆရာမ အပေါင်းကို ကျေးဇူး အထူးတင်ပါတယ်။

အောင်ပြည့်

(၂၃၊ ၆၊ ၆၈ ရက်နေ့ နေ့လယ် ၂ နာရီ မိနစ် ၃၀ တွင် ဦးကိုယု သဘာပတိ မူသော ကန်သာ စိမ်းလဲ့ ဆွေးနွေးပွဲ၌ ဖတ်သည်။)


ဇူလိုင် ၇ ရက် အရေးတော်ပုံနှင့် ဆရာ အောင်ပြည့်

 

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့သည် မြန်မာပြည်ကြီး ကံဆိုးမိုးမှောင်ကျသွားသော နေ့ ဖြစ်သည်။ ထိုနေ့ ထိုရက်တွင် စစ်အာဏာရှင်များက ဖွဲ့စည်း အုပ်ချုပ်ပုံအရ ရွေးချယ် တင်မြှောက်ထားသော အစိုးရကို လက်နက်ဖြင့် အကြမ်းဖက်ကာ အာဏာ သိမ်းလိုက်သောကြောင့် ဖြစ်သည်။ ထိုအချိန်အခါမှစ၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဆိတ်သုဉ်း ပျောက်ကွယ်သွားလေသည်။

ထိုကဲ့သို့ ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားသော အစိုးရကို စစ်တပ်က အာဏာသိမ်းလိုက်ပြီးသည့်နောက် မတ်လ ၄ ရက်နေ့တွင် တကသ၊ ရကသ၊ ဗကသတို့က ကန့်ကွက်ကြောင်း ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မတ်လ ၆ ရက်နေ့တွင် ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုခင်မောင်အုန်းက တော်လှန် ရေး ကောင်စီကို ထောက်ခံကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန် ကြေညာခဲ့သည်။ ဗကသ အဖွဲ့ချုပ်က အမှုဆောင် အစည်းအဝေး ခေါ်ယူပြီး ဥက္ကဋ္ဌ ကိုခင်မောင်အုန်း ကို ထုတ်ပယ်လိုက်သည်။ ဒုဥက္ကဋ္ဌ ကိုသက်အား ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ပြီး တော်လှန်ရေး ကောင်စီက အာဏာသိမ်းခြင်းကို ကန့်ကွက်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

မေလ ၉ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ် အက်ဥပဒေနှင့် မန္တလေး တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းလိုက်ပြီး တက္ကသိုလ် ကောင်စီကိုလည်း ဖျက်သိမ်းခဲ့သည်။ တက္ကသိုလ် ကောင်စီကို ပြန်လည် ဖွဲ့စည်းရာ၌ စစ်ဗိုလ်ချုပ်ကြီး များနှင့် ဖွဲ့စည်းခဲ့သည်။

ရန်ကုန်တက္ကသိုလ် ပြန်လည် ဖွင့်လှစ်သည့် အခါတွင် ကျောင်းသူ ကျောင်းသားများ လိုက်နာရမည့် စည်းကမ်းများကို ထုတ်ပြန် ကြေညာခဲ့သည်။

ဇူလိုင် ၇ ရက်၊ နေ့လယ် ၁ နာရီတွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ကြီးမှူး၍ ကျောင်းဆောင် စည်းကမ်းများ ရုပ်သိမ်းပေးရေး ဆန္ဒပြပွဲကို ကျင်းပခဲ့သည်။ ကျောင်းသူ ကျောင်းသားပေါင်း ၂ဝဝဝ ကျော်ခန့် တက်ရောက် ကြပြီး ဖိနှိပ်သည့် ကျောင်းဆောင် စည်းကမ်းများ ရုပ်သိမ်းပေးရေးအတွက် ကန့်ကွက်ပွဲ ကျင်းပပြီး ဆန္ဒပြ လှည့်လည်ခဲ့ကြသည်။

ဆန္ဒပြပွဲ ပြီးသောအခါ ကျောင်းသားများသည် သမဂ္ဂ လက်ဖက်ရည်ဆိုင် တွင် ထိုင်နေကြသည်။ မုန့်စားသူ စား၊ လက်ဖက်ရည် သောက်သူ သောက်နှင့် ရှိနေစဉ် မော်တော်ကား သုံးစီးသည် သမဂ္ဂ အဆောက်အအုံ ရှေ့တွင် ထိုးရပ် လိုက်ပြီး ကျောင်းသားများကို လိုက်လံ ဖမ်းဆီးတော့သည်။ ထိုသို့ ဖမ်းဆီးရာတွင် တကသ ဥက္ကဋ္ဌ ကိုဗဆွေလေး၊ ဗကသ ဥက္ကဋ္ဌ ကိုသက်နှင့် အခြား ကျောင်းသား ခေါင်းဆောင်များ ဖမ်းဆီးခံရလေသည်။

ကျောင်းသား ခေါင်းဆောင်များကို ဖမ်းနေပြီဟူသော သတင်းသည် အဆောင် များသို့ ပျံ့နှံ့သွားရာ အဆောင်တိုင်းမှ ကျောင်းသားများ ထွက်လာကြပြီး သမဂ္ဂ ထဲသို့ ဝင်ရန် ကြိုးစားကြသည်။ ကျောင်းသားများကို ဖမ်းဆီးသော ရဲများကို ပြန်လည် ခုခံခဲ့ကြသည်။ ကျောင်းသားများက ရဲများကို ခဲများဖြင့် ပစ်ပေါက်ခဲ့သဖြင့် ရဲများ ဆုတ်ခွာသွားခဲ့သည်။ ထို့နောက် ကျောင်းသားများက အဓိပတိလမ်းထိပ်ရှိ ခြင်္သေ့ တံခါးကို ပိတ်လိုက်သည်။

ညနေ ၄ နာရီတွင် သီးသန့် ရဲအဖွဲ့မှ ရဲသား ၁ဝဝ ခန့်သည် အထိကရုဏ်း နှိမ်နင်းရေး ကားနှစ်စီး၊ သေနတ်ကိုင် တပ်မတော်သားများ တင်ဆောင်လာသည့် ကား ငါးစီး ရောက်လာသည်။ သီးသန့် ရဲများက မျက်ရည်ယိုဗုံး ခုနစ်လုံး ပစ်ဖောက်လိုက်သည်။ ကျောင်းသားများက ဆက်လက် ဆန္ဒပြလျက်ရှိသည်။

ညနေ ၄ နာရီ ၄၅ မိနစ်တွင် မျက်ရည်ယိုဗုံး ခြောက်လုံး ပစ်ပြီး နှိမ်နင်း ပြန်သည်။ ကျောင်းသားများက ဆက်လက် ဆန္ဒပြနေသဖြင့် နောက်ထပ် ဗုံးလေးလုံး ထပ်၍ ဖောက်ခဲ့သည်။

ကျောင်းသား လှုပ်ရှားမှု အနည်းငယ် ရပ်ဆိုင်းသွားသော် ဒုဗိုလ်မှူးကြီး စိန်လွင်က ကျောင်းသားများဆီ သွားပြီး ကျောင်းသား ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး ဆူပူမှုကို ထိန်းပေးပါက မိမိတို့ ရဲများကို ရုပ်သိမ်းပေးမည်ဟု ပြောသည်။ ကျောင်းသား ကိုယ်စားလှယ်များတွင် တက္ကသိုလ် အရံ တပ်ရင်းမှ စစ် ဝတ်စုံ ဝတ်ထားသော ကိုလှထွန်းလည်း ပါလာရာ ကျောင်းသားများက စစ်အင်္ကျီကို ဝိုင်းချွတ်ပြီး စစ်ဦးထုပ်ကို ဘောလုံးလို လုပ်ပြီး ကန်ကြသည်။ ထို့နောက် ဆန္ဒပြမှုများ၊ ခဲပစ်မှုများ ဆက်လက် ဖြစ်ပွားလာသဖြင့် သီးသန့် ရဲများက မျက်ရည်ယို ဗုံး ခြောက်လုံး ထပ်မံပစ်ရာ မျက်ရည်ယိုဗုံးကြောင့် ဒဏ်ရာ ရသွားသော ကျောင်းသား များကို ကျောင်းသား အချင်းချင်း ဖေးမ၍ အဆောင်တွင်းသို့ ခေါ်ဆောင်သွား ကြသည်။

ညနေ ၅ နာရီ ၄၅ မိနစ်တွင် ရဲများကို ပြန်လည် ရုပ်သိမ်းပြီး စစ်တပ်ကို အစောင့် ချလိုက်သည့် အခါတွင် ကျောင်းသားများသည် အဓိပတိလမ်းဘက်သို့ ပေ ၂ဝ ခန့် ဆုတ်ခွာသွားပြီး ပါမောက္ခချုပ် ဦးကာ၏ ကားနှင့် ကျောင်းရုံးပိုင် ကားများကို မီးရှို့လိုက်ကြသည်။

ကျောင်းသားများ ပိုမိုများပြားလာကာ ဆန္ဒပြမှု မြင့်မားလာပြီး ဆက်လက် ဆန္ဒပြလျက်ရှိရာ ညအချိန်တွင် သေနတ်နှင့် ပစ်ခတ် နှိမ်နင်းခဲ့သဖြင့် ကျောင်းသား များ သေဆုံးမှု၊ ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့သည်။ ရန်ကုန်ခရိုင် ရာဇဝတ် တရား သူကြီးက ကမာရွတ် အဝိုင်းကြီး နယ်မြေအား ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး တက္ကသိုလ် နယ်ခြေအတွင်း နေဝင် မီးငြိမ်း အမိန့် ထုတ်ပြန်ခဲ့သည်။

၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့၊ နံနက် ၆ နာရီတွင် တက္ကသိုလ် သမဂ္ဂ အဆောက်အအုံကို ဒိုင်းနမိုက်ဖြင့် ဖြိုခွဲလိုက်လေသည်။ ဤသို့နှင့် နယ်ချဲ့ ဆန့်ကျင် ရေး၊ ဖက်ဆစ် ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး သမိုင်းဝင် အဆောက် အအုံကြီး ဖြစ်သော သမဂ္ဂ အဆောက်အအုံကြီးသည် စစ်အာဏာရှင်တို့၏ မိုက်မဲ မှုဖြင့် မြန်မာ့မြေပေါ်မှ ပျောက်ကွယ်သွားရတော့သည်။

ကျောင်းများ ပြန်လည် ဖွင့်လှစ်သည့်အခါ တက္ကသိုလ် ကျောင်းသား ကျောင်းသူများသည် ဇူလိုင် ၇ ရက် အရေးတော်ပုံကြီးကို စာဖြင့် ကဗျာဖြင့် မှတ်တမ်း တင်ခဲ့ကြသည်။ ၁၉၆၂-၆၃ အရေးတော်ပုံ ကာလအတွင်း တစ်တပ် တစ်အား ပါဝင် ရေးသား ထုတ်ဝေခဲ့သည့် စာစောင် စာအုပ်များ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ ရင်ပြင်နီ      မန္တလေးဆောင်

၂။ တက္ကသိုလ်ဝန်းကျင် ကဗျာများ      မောင်ကြည်ဝင်း (ပခုက္ကူ)၊ မောင်သူမွန် (ဝါးခယ်မ)၊ မောင်တင်အေး (မြင်းခြံ)

၃။ အောင်ကျော်နေ့ လင်္ကာများ       ကဗျာ စာပေအသင်း

၄။ ပိတောက်လမ်း       ကဗျာ စာပေအသင်း

၅။ မြကျွန်းသာ ကဗျာများ       ကလောင်အသင်း

၆။ အရေးတော်ပုံ      အင်းဝဆောင်

၇။ အနိုင်မခံ       ဆန်းထွန်းဦး-အင်းဝဆောင်

၈။ ချယ်ရီပွင့်လွှာ ကဗျာများ      ရှမ်းပြည်နယ် ကျောင်းသူ ကျောင်းသားများ အသင်း

၉။ ဥဒါန်းမကျေ      ဒဂုန်ဆောင်

၁၀။ ဆွေမော်ကွန်း       ပဲခူးခရိုင် ဗကသ

၁၁။ အရေးတော်ပုံကတ်ပြား      ကျောင်းသား အခွင့်အရေး ကာကွယ်ရေး ကော်မတီ

၁၂။ အရေးတော်ပုံ ပြက္ခဒိန်      ရွှေဘိုဆောင်

၁၃။ ခွပ်ဒေါင်းနှင့်အတူ      စိုးသိန်း

၁၄။ ဇူလိုင် သမိုင်းဝင် ဖြစ်ရပ် ဓာတ်ပုံများ      သထုံဆောင်

ထိုအချိန် ထိုအခါက ရန်ကုန် တက္ကသိုလ်တွင် ကိုခင်မောင်မြင့် (ဆရာအောင်ပြည့်) သည် မြန်မာစာ ဂုဏ်ထူးတန်းတွင် ပညာသင်ယူလျက် ရှိနေသည်။ ထို့ကြောင့် ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက် အရေးတော်ပုံကြီးကို ကိုယ်တိုင် ကိုယ်ကျ ပါဝင်ခဲ့သူ တစ်ယောက် ဖြစ်ခဲ့သည်။

အရေးတော်ပုံကြီး အပြီး ကျောင်းများ ပြန်ဖွင့်သည့်အခါ တက္ကသိုလ် ကျောင်းသားများသည် အရေးတော်ပုံကြီး အကြောင်းကို စာဖြင့် ကဗျာဖြင့် မှတ်တမ်း တင်ခဲ့ကြသည်။ ထိုစာစောင် စာအုပ် မျက်နှာဖုံး သရုပ်ဖော်ပုံ အများစုကို ဆရာ အောင်ပြည့်သည် ခင်မောင်မြင့် (ပြွန်တန်ဆာ) အမည်ဖြင့် ရေးဆွဲပေးခဲ့သည်။


ခင်မောင်မြင့် (ပြွန်တန်ဆာ) အမည်ဖြင့် ရေးဆွဲပေးခဲ့သော ဆရာ အောင်ပြည့်၏ စာစောင် စာအုပ် မျက်နှာဖုံး အချို့။




ဆရာ အောင်ပြည့်သည် သူ ပါဝင် လှုပ်ရှားခဲ့သော ဇူလိုင် ၇ ရက် အရေး တော်ပုံကြီး အကြောင်းကိုလည်း သူ ပထမဆုံး ရေးသားသည့် “ပြိုမှာလေလား မိုးရဲ့” စာအုပ်တွင် မှတ်တမ်း တင်ခဲ့သည်။ ဆရာ အောင်ပြည့်သည် ဇူလိုင် ၇ ရက် အရေးတော် ပုံကြီး၏ ပုံရိပ်ကို စာဖြင့် ပထမဆုံး ရေးသား မှတ်တမ်းတင်ခဲ့သူ ဖြစ်လေသည်။ ဇူလိုင် ၇ ရက် အရေးတော်ပုံကြီး အကြောင်းကို ဤ “ပြိုမှာလေလား မိုးရဲ့” ဝတ္ထု စာအုပ်၏ စာမျက်နှာ ၁၈၃ မှ ၁၉၇ အတွင်း၌ ဆရာ အောင်ပြည့်၏ ရေးသား ပုံဖော်ပုံများ ကို စိတ်လှုပ်ရှားဖွယ် ဖတ်ရှုရမည် ဖြစ်ပါသည်။


မြင့်ဆွေဦး

၂၈၊ ၂၊ ၂၀၁၃။

🅦🅗🅘🅢🅟🅔🅡 of 🅦🅞🅡🅓🅢

Download Epub Kfx 


Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review