အပြာရောင် သစ်ခွ ပွင့်ရဲ့ သမိုင်းအစ - ငြိမ်းကျော်
ဝတ္ထုနှင့် ဝတ္ထုရေးသူ - မလိခ မြန်မာဝတ္ထုအညွှန်း(မိုးဝေမဂ္ဂဇင်း၊ ၁၉၈၂ ခုနှစ်၊ မေလ)
ဝတ္ထု၏ ဦးတည်ချက်မှာ အမျိုးသမီးတစ်ဦး၏ အချစ်ရေးဆိုင်ရာ အားမာန်ဖြစ်သည်။ သစ်ပင်ကိုမှီ၍ မရှင်သန်လိုသော သစ်ခွမျိုး ဖြစ်လိုသော၊ ယောက်ျားအမှီခို ကင်းလိုသည့် အမျိုးသမီးတစ်ဦးအကြောင်းကို ဖွဲ့ထားသည်။ ထိုအမျိုးသမီးမှာ အဓိကဇာတ်ဆောင် မနှင်းဖွေး ဖြစ်သည်။ မနှင်းဖွေး၏ စိတ်ဓာတ် ရှင်သန်ရေးကို အဓိကအားပြုပေးသူများမှာ မနှင်းဖွေး၏မိဘ ဦးစိန်လှိုင်နှင့် ဒေါ်မြနွယ်ဖြစ်သည်။
အချစ်ဝတ္ထုများကိုသာ အရေးများသော စာရေးဆရာတစ်ဦး၏ ဝတ္ထုများတွင် ဦးတည်ချက်အားဖြင့် တန်ဖိုးထားနိုင်သော ဝတ္ထုဟု ဆိုနိုင်ပါသည်။ ဇာတ်ဆောင်များနှင့် ဇာတ်ဆောင်တို့၏ ဘဝပတ်ဝန်းကျင်ကို ဖွဲ့ရာတွင်လည်း အလုံးစုံကို ခြုံကြည့်လျှင် သင့်တင့်သည်ဟု ဆိုနိုင်၏။ မနှင်းဖွေးမှအပ စရိုက်ပေါ်လွင်သော ဇာတ်ဆောင်မှာ မနှင်းဖွေးအဖေ ဦးစိန်လှိုင်ဟု ဆိုရမည်။ စာရေးဆရာက ဦးစိန်လှိုင်ကို သရုပ်ဆောင်ထားပုံသည် နှစ်သက်ဖွယ်ဖြစ်၏။ စက်ချုပ်ဆိုင်ဘဝ ပတ်ဝန်းကျင်သည်လည်း လှပသောအဖွဲ့ဖြစ်လေသည်။ အောင်ငြိမ်းကို သရုပ်ဖော်ထားပုံမှာလည်း သင့်ပါသည်။ သို့သော် အဓိကဇာတ်ကောင်တစ်ဦး ဖြစ်သော်လည်း တစ်ပိုင်းတွင် မှေးမှိန်ထားနိုင်သည် ဆိုစေကာမူ အသင့်အတင့် စရိုက်ပေါ်အောင် ရေးသင့်သော ဝင်းဇင့်စရိုက်ကား မှေးမှိန်လွန်းလှသည်ဟု ဆိုစရာရှိလေသည်။
စာရေးသူသည် ဝတ္ထုကို အခန်း(၃၆)ဖြင့် စဖွင့်ပြီး သုညနှင့် အဆုံးသတ်ထားလေသည်။ ဝတ္ထုအဖွဲ့ပုံစံ ဆန်းသစ်စေလိုဟန်ရှိသည်။ အခန်းနံပါတ်များသာ ကြီးရာမှ ငယ်သွားသည်။ ဖြစ်ရပ်မှာကား အဆုံးမှ အစသို့ ပြန်သွားသည်ဟု မဆိုနိုင်ပေ။ အဆုံးသည် မနှင်းဖွေးအဖို့ ဘဝသစ်တစ်ခု ဖန်တီးခြင်းဖြင့် အစခန်းဖြစ်ရမည်ဟူသော သဘောကို ဆောင်လိုဟန်ရှိပေသည်။ သို့သော်လည်း အခန်းစဉ်အရ အစဖော်ပြသောအခန်းသည် နံပါတ်အားဖြင့် အဆုံးဖြစ်သော်လည်း ဖြစ်စဉ်အားဖြင့် အဆုံးမှစခြင်း မဟုတ်သဖြင့် တမင်ထွင်ထားသည့်သဘော သက်ရောက်နေသည်ဟု ဆိုရဖွယ်ရှိပေသည်။
ဇာတ်လမ်းသဘောအရ စိတ်သဘောထားရင့်ကျက်ပြီး အသိကြွယ်သော မိဘကောင်းမှ မွေးဖွားသော ကိုးတန်းကျောင်းသူကလေး မနှင်းဖွေးသည် ၀င်းဇင်နှင့် ချစ်လာပြီး ကိုယ်ဝန်ဆောင်ရခြင်းကို ဇာတ်၏အချက်အချာအဖြစ် ဖော်ပြပုံမှာလည်း မိဘတွေ အထိန်းအအုပ် ညံ့လေသလော။ မနှင်းဖွေးကပင် မဆင်မခြင် လုပ်ခြင်းပေလော။ စာရေးသူကပင် သည်ဇာတ်ကို သည်လိုဖန်တီးချင်၍ တမင်ဖန်တီးခြင်း ပေလောဟု အတွေးမှားစရာ ဖြစ်လေသည်။
အရေးအသားကား ပြေပြစ်ချောမွေ့သော အရေးအသားမျိုးဖြစ်သည်။
ငြိမ်းကျော်သည် အချစ်ဝတ္ထုများကိုသာ ရေးသော စာရေးဆရာတစ်ဦး ဖြစ်သည်။ စာလုံးအရေအတွက် များပြားသော ဝတ္ထုအမည်ကိုသုံးစွဲ၍ ပရိသတ်ကို ဖမ်းစားနိုင်ရန် ကြိုးပမ်းသော စာရေးဆရာတစ်ဦး ဖြစ်လေသည်။ သူ၏ ပထမဆုံးလုံးချင်းဝတ္ထုမှာ နှလုံးသားမြို့ဟောင်း တူးဖေါ်ချက်အစီရင်ခံစာ (၁၉၇၅) ဖြစ်သည်။ တတိယမြောက်ဝတ္ထု အချစ်ဦးသို့ ရွှေနားတော်သွင်းဧချင်း (၁၉၇၆) သည် မိဘနှင့် သားသမီးတို့၏ အချစ်ရေးကိစ္စကို အဓိကထားရေးဖွဲ့ထားသော ဇာတ်လမ်းဖြစ်သည်။ မိုးမသောက် မှောင်မိုက် အရိပ်မပြေးမီ (၁၉၇၆) သည်လည်း အချစ်ဝတ္ထုပင် ဖြစ်သော်လည်း သေခြင်းတရားကို ဆန့်ကျင်ဦးတည်ထား၏။ အချစ်ကိုရှာဖွေရင်း အချစ်ကိုမတွေ့ဘဲ ဘဝကိုသာ တွေ့ရသောအဖြစ်ကို အချစ်ရပ်ဝှမ်းဒေသ (၁၉၇၉) တွင် ဖွဲ့ထား၏။ အ,သုံးလုံးလှုပ်ရှားမှုကို နောက်ခံပြုလျက် အချစ်ဇာတ်လမ်းဖွဲ့ထားသော ဝတ္ထုမှာ ပန်းဇာဖြူ (၁၉၈၀) ဖြစ်သည်။
Whisper Of Words Review
ဆရာ ငြိမ်းကျော် ရေးထားတဲ့ နာမည်ကြီး အချစ်ဝတ္ထု တစ်အုပ်ပါ။ ဒါပေမဲ့ ရိုးရိုးအချစ်ဝတ္ထုထက် ပိုပြီး မိသားစုမေတ္တာနဲ့ လူ့ဘဝဒဏ် ကိုပါ ခံစားရတဲ့ ဇာတ်လမ်းပါ။
ဒီဇာတ်လမ်းရဲ့ ဗဟိုချက်က မနှင်းဖွေး ဆိုတဲ့ ကိုးတန်းကျောင်းသူလေးပါ။ သူ့ဘဝမှာ မမျှော်လင့်ဘဲ ချစ်သူ ဝင်းဇင် ကြောင့် ကိုယ်ဝန်ရလာတဲ့ အဖြစ်ကို အဓိကထား ရေးထားတာပါ။ ကောင်လေးကတော့ တာဝန်မယူဘဲ ရှောင်ပြေးသွားတော့ ကောင်မလေးမှာ အရှက်နဲ့ ဝေဒနာတွေနဲ့ ပြည့်နေတာပေါ့။
ကိုယ်ဝန်ရှိလာတော့ အိမ်မှာလည်း အကြီးအကျယ် ပြဿနာတက်တာပေါ့။ အမေဖြစ်သူက လူကြားထဲ မျက်နှာအိုးမည်းသုတ်ရမှာ ကြောက်ပြီး စိတ်ဆင်းရဲ၊ စိတ်ဓာတ်ကျနေချိန်မှာ မနှင်းဖွေးလေးကလည်း ဘာလုပ်ရမှန်းမသိအောင် ဖြစ်နေတယ်။
ဒီဝတ္ထုရဲ့ အကောင်းဆုံးနဲ့ အထိမိဆုံးအပိုင်း ကတော့ ဖခင် ဦးစိန်လှိုင် ရဲ့ စရိုက်ပဲ။
သမီးဖြစ်သူ ဘဝအမှားလုပ်ခဲ့ပေမဲ့ ဖခင်က ပြစ်တင်တာ၊ အပြစ်ရှာတာ လုံးဝ မလုပ်ဘူး။ "ဖြစ်ပြီးတာတွေအတွက် မပူနဲ့၊ မွေးရမှာပေါ့" ဆိုပြီး တည်တည်ငြိမ်ငြိမ် ဆုံးဖြတ်ချက်ချတဲ့နေရာ၊ ဇနီးသည်ကို စိတ်ခွန်အားပေးတဲ့ စကားလုံးတွေက တကယ့်ကို ဖခင်မေတ္တာစစ် ကို မြင်ရတယ်။
ဒီခက်ခဲတဲ့အခြေအနေကို ဘယ်လို စိတ်ရှည်ရှည်နဲ့ ရင်ဆိုင်ဖြေရှင်းရမလဲဆိုတာကို ဖခင်က ဦးဆောင်ပြသွားတာ အရမ်းကို အားရှိစေပါတယ်။ သမီးဖြစ်သူကိုလည်း စိတ်မဓာတ်ကျဘဲ ကိုယ်ဝန်နဲ့ပဲ ညကျောင်းပြန်တက် ဖို့ အားပေးတာတွေက စာဖတ်သူကိုပါ မျက်ရည်ဝဲစေနိုင်တယ်။
ဒီစာအုပ်က အချစ်ဇာတ်လမ်းထက် လူငယ်တွေရဲ့ ဘဝသင်ခန်းစာ နဲ့ မိဘတွေရဲ့ အသိဉာဏ်နဲ့ မေတ္တာ ကို အသားပေးပြသွားတာလို့ ခံစားရတယ်။
စာရေးတဲ့ပုံစံကလည်း စကားပြေ ချောချောမွေ့မွေ့လေးမို့ ဖတ်ရတာ အေးအေးဆေးဆေးပဲ။ ရင်နင့်အောင် ခံစားရမယ့် အပိုင်းတွေလည်း ရှိသလို၊ ဖခင်ကြောင့် စိတ်ဓာတ်ခွန်အား ပြန်ရမယ့် အပိုင်းတွေ လည်း ရှိတယ်။
အသည်းနင့်အောင် ခံစားပြီး ဖတ်ရမယ့်၊ ဖခင်မေတ္တာကို တန်ဖိုးထားတတ်အောင် သင်ပေးမယ့် စာအုပ်မျိုး မို့လို့ မဖတ်ရသေးရင် ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။