ကျောင်းသူ - တင်ဦးခက်

 


ကျောင်းသူ

schoolgirl

 

အိုဆာ့မု ဒါ့ဇိုင်း

Osamu Dazai

 

Translated by Allison Markin Powell

Modern Japanese Classics

 

တင်ဦးခက်



the key collection press

၅ (ခ) ၅လွှာ ဒဂုံတာဝါ ရွှေဂုံတိုင်လမ်း ဗဟန်းမြို့နယ်။

ဖုန်း ၀၁ - ၅၅၈၁၆၁၊ ဝ၉ - ၂၅၂၆၅၇၆၅၂

the key collection press

 

စာအုပ်မှတ်တမ်း

the key collection edition ပထမအကြိမ် မတ် ၂ဝ၂၂

ထုတ်ဝေသူ the key collection (၀၀၀၉၅)

ပုံနှိပ်သူ ဆံရှည်ရွှေဓန (ဝ၁၆၆၇)

စာအုပ်ချုပ် ကိုမြင့်

cover designed by Maung Di

အုပ်ရေ ၅၀၀၊ တန်ဖိုး K 4000

မူရင်းစာအုပ်အမည် : Schoolgirl / Osamu Dazai

Translated by Allison Markin Powell

တင်ဦးခက်

ကျောင်းသူ / တင်ဦးခက်

ရန်ကုန် the key collection ၂၀၂၂။ ၇၆စာ၊ ၁၃ × ၂၁ စင်တီမီတာ။

၁။ ကျောင်းသူ

QR Code 978-99999-10-15-0

အမှာစာ

 

အိုဆာ့မု ဒါ့ဇိုင်း ဖန်တီးခဲ့သော ဝတ္ထုတို၊ ဝတ္ထုလတ်၊ ဝတ္ထုရှည်တွေကို ဖတ်မည်ဆိုလျှင် အပြစ်ကိုဝန်ခံလိုသော သောကတွေ စိတ်ဖိအားမှုတွေ ကို စာဖတ်သူတွေ ကွက်ကွက်ကွင်းကွင်း ထိတွေ့မိကြပါလိမ့်မည်။ အရင်းရှင်ဘူဇွာ လူတန်းစားဘဝနှင့် ကြီးပြင်းလာသော သူ့ကိုယ်သူ အပြစ်တစ်ခုလို့ ခံစားနေရသူ။ ဘဝကို ရွံရှာမုန်းတီးနေသူ။ မတ်စ်ဝါဒပါတီနှင့် စကား များပြီး ကျောခိုင်းခဲ့ရတာကို နာကျင်နေသူ။ သူ့ကိုယ်သူ အဆုံးသတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သူ။ (နောက်ဆုံး အကြိမ်တွင် အောင်မြင်သည်) စင်စစ် အိုဆာ့မု ဒါ့ဇိုင်း၏ စာပန်းချီခြယ်မှုန်းထားသော ဆေးစက်များကား သူ့နှလုံးသွေးများပင်ဖြစ်လေရာ မြီးကောင်ပေါက် ဆယ်ကျော်သက် ကျောင်းသူလေးတစ်ယောက်၏ ဟန်ဆောင်ပန်ဆောင် အလွမ်းကိုဖွဲ့ပြသော ယခု ဝတ္ထုမှုတွင် စာရေးသူ၏စိတ်အခံကို ထိတွေ့နေရသည်။

မိမိကိုယ်တိုင် အပြစ်ကို ဝန်ခံရာတွင် ဂျပန်မော်ဒန်ကာလ အစော ပိုင်းကာလအတွင်း စာရေးဆရာကြီး အချို့၏ အစဉ်အလာပုံစံများအရ ဖြစ်စေ၊ မော်ဒန်ခေတ်၏ အသိတရားကင်းမဲ့နေသော ခံစားနားလည်မှုအရ ဖြစ်စေ ဒါ့ဇိုင်း၏အရေးအသားများမှာ သိပ်သည်းကျစ်လျစ်၍ ကျွမ်းကျင်ပိုင်နိုင်စွာ ဖန်တီးထားသည်။

ဇာတ်လမ်းဇာတ်ကွက်များသည်လည်း ဇာတ်ကောင်များမှ အမှတ်တမဲ့ ပေါ်ထွက်လာသော လျှို့ဝှက်ခြင်းတွေ၊ ရုတ်တရက် စိတ်ကယောက်ကယက်နှင့် အတက်အကျ အလွန်မြန်ဆန်သော စိတ်သဘာဝတွေ အကြိုအကြား အဖြတ်အတောက်မရှိ ပုံပျက်ပန်းပျက် ရွဲ့စောင်းနေသော စိုးမိုးခြယ်လှယ်ခြင်းတွေ အထူးသဖြင့် ချစ်ရသူတွေနှင့် သွေဖည်ဝေးကွာခြင်းတွေနှင့် ပြည့်လျှံနေသည်။ ဤသဘော သဘာဝတို့ကို ဖွဲ့ဆိုရာတွင် ၁၉၄၈ ခုနှစ်အတွင်းရေးသားခဲ့သော နင်းငဲန်ရှီကခု ဝတ္ထုမှာ ဒါ့ဇိုင်း၏အကောင်းဆုံး လက်ရာတစ်ခု ဖြစ်သည်။ ဥပမာ ၁၉၄၅ ခုနှစ်တွင် ရေးသားခဲ့သော ဒါ့ဇိုင်း၏ စီရင်စုပုံပြင်များကို ပြန်လည်တင်ဆက်ခြင်းမှာ ၁၆၈၅ ခုနှစ်နှင့် ၁၆၉၆ ခုနှစ်များတွင် ရေးသားခဲ့သော အိဟရစိုင်းကခု၏ စီရင်စုပုံပြင်များနှင့် အသုံးမဝင်တော့သော ပုဂ္ဂလိကပေးစာများ စာအုပ်နှစ်အုပ်ပေါ် အခြေခံထားသည်။ စိုင်းကခု စာအုပ်နှစ်အုပ်မှာလည်း ၁၇၄ဝ နှင့် ၁၇၈၂ ခုနှစ်များတွင်း ရေးသားခဲ့သော ပြင်သစ်စာရေးဆရာ၊ အန္တရာယ်များသော တိတ်တိတ်ပုန်းအချစ်ပုံပြင်များ နှင့် ရစ်ချတ်ဆန်၏ ဘာမီလာ စာအုပ်နှစ်အုပ်ထက် ရာစုနှစ်ဝက်ကျော်မျှ ရှေးကျနေသည်။ ဒါ့ဇိုင်း၏ အရေးအသားများတွင် ဂန္ထဝင်စကားပြေနှင့် ကဗျာတို့ကို သွယ်ဝိုက်စွာ အသုံးပြုထားသလို တရုတ် အပါအဝင် အခြားဘာသာစကား အဓိပ္ပာယ် အချို့ကိုလည်း သိမ်မွေ့စွာ ဖလှယ်ထားတာကြောင့် ဒါ့ဇိုင်း၏အရေးအသား များမှာ အလင်္ကာတွေ၊ အဓိပ္ပာယ် အသစ်တွေနှင့် ကြွယ်ဝနေသည်။ အိုဆာ့မု ဒါ့ဇိုင်း၏ စာပေ အများအပြားကို အခြားဘာသာစကားများဖြင့် ပြန်ဆိုထုတ်ဝေခဲ့ရာမှ စာပေပညာရှင် အများအပြားက သူ့ကို ဒေါ့တို ယက်စကီး၊ ချက်ကော့နှင့် ပြင်သစ်စာရေးဆရာ ရမ်ဘူးတို့နှင့် တစ်တန်း တည်းထား နေရာပေးကြသည်။

ယခုဝတ္ထုမှာလည်း လူတစ်ဦးတစ်ယောက်၏ အဇ္ဈတ္တသဏ္ဌာန် အတွင်း ပါးလျားစွာ ဖုံးကွယ်နေသော မိမိကိုယ်ကိုယ် စက်ဆုပ်မုန်းတီးခြင်း၊ လောကကြီးကို စိတ်ပျက်ငြီးငွေ့ခြင်း၊ နွေဦးလေရူးလို တိမ်းတိမ်းပွေပွေ ပျံ့လွင့်နေသော စိတ်အလျင်နှင့် ဘဝ၏ လုံးဝဥဿုံနတ္ထိက အဖြစ် တို့ကို ပဉ္စလက်မှော်ဆန်စွာ ဖမ်းယူ၍ ဘဝကို မကျေမနပ် ဖြစ်နေသော မိန်းမငယ်လေးတစ်ယောက်၏ ဖွင့်ဟဝန်ခံချက်အဖြစ် ဖန်တီးပြထားသည်။

တစ်နည်းအားဖြင့် ယခုဝတ္ထုမှာ ဖက်ဆစ်ဝါဒနှင့် ပတ်သက်ပြီး ဆောင်းပါးရိပ်ခြည် အတွေးဆန့်ထားသော သရုပ်ဖော် အရေးအသားလည်း ဖြစ်သည်။ အရွယ်ထက် အသိကြွယ်သော မိန်းကလေးတစ်ဦး ကလေးအရွယ် မှ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နှင့် ဖွံ့ဖြိုးကြီးထွားလာနေသော သူမ ခန္ဓာကိုယ်ကို စိတ်စနိုးစနောင့် ဖြစ်နေသူ၊ ဘဝကို အပေါ်ယံအားဖြင့် အပူအပင် များနေသူ။ သို့ပေမဲ့ စိတ်ကူးဖြင့် ဖွဲ့ထားသော စွဲမက်စရာတွေ မရှိသလောက် နည်းပါးသော လက်တွေ့လူမှုဘဝကို ခြေကန်ငြင်းဆန်လာ သည်နှင့်အမျှ သူမ၏ ဖြစ်တည်မှုအတွက် ကြီးမားသော အခြားအရာ တစ်ခုကို လက်မြှောက်အရှုံးပေးလိုက်ဖို့ ကမူးရှူးထိုး စဉ်းစားလာသည်။ ၁၉၃၉ ခုနှစ်အတွင်း ထုတ်ဝေသော စာအုပ်တစ်အုပ်ကို ယခုလိုဝေဖန် ရေးသားခြင်းမှာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်း မဟုတ်လျှင် တောင် အလွန် အန္တရာယ်များလေသည်။ သို့ရာတွင် မလွဲမရှောင်သာ။ ယခုဝတ္ထုဖြင့် ကမ္ဘာ့စာပေထိပ်တန်းနေရာ တစ်နေရာ ရောက်လာခဲ့သလို အိုဆာ့မု ဒါ့ဇိုင်း၏ လင်းလက်တောက်ပသော ပျက်စီးမှုဆီ ဦးတည်ရာ ရှေ့ပြေး နိမိတ် ဖြစ်လာလေသည်။

 

အာဒမ် အယ် ခန် ဩဂုတ် ၂၀၁၁

တိုကျို ဂျပန်



နိဒါန်း

 

ဂျပန်နိုင်ငံတွင် အိုဆာ့မု ဒါ့ဇိုင်းကို ပေါ်ပြူလာ စာရေးဆရာတစ်ယောက် အဖြစ် သတ်မှတ်မည်ဆိုလျှင် အလွန့်အလွန် လျှော့တွက်ရာကျပေလိမ့်မည်။ စိတ်ကျရောဂါခံစားနေရသော လူပုံချောချော လူငယ်တစ်ယောက်၊ သူ့ကိုယ်သူ အဆုံးသတ်ဖို့ အကြိမ်ကြိမ် ကြိုးစားရာ ၁၉၄၈ ခုနှစ် ရောက်ခါမှ နောက်ဆုံးအကြိမ် အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့သူ။ ယခု အိုဆာ့မု ဒါ့ဇိုင်းကား ဂျပန်နိုင်ငံမှာ အခြားမော်ဒန်စာရေးဆရာတွေနှင့်မတူ။ ပုဂ္ဂိုလ်ရေးအရ လေးစားချစ်ခင်သော အဆင့်တစ်ဆင့်ရလာပြီး ယခုတိုင် အိုဆာ့မု ဒါ့ဇိုင်းကို ချစ်ခင်သူ လေးစားသူ သဘောကျ အားကျသူ နောက်လိုက်နောက်ပါ အမြောက်အမြား ခြွေရံနေကြသည်။ အိုဆာ့မု ဒါ့ဇိုင်း ချစ်သူများဖြစ်သည်။ နှစ်စဉ် သူ့မွေးနေ့ရောက်ပြီဆိုလျှင် နေရာ တော်တော်များများမှာ မွေးနေ့ပွဲတွေ ကျင်းပကြသည်။ အဆွေးရိပ် သန်းနေသော အိုဆာ့မု ဒါ့ဇိုင်း ဓာတ်ပုံနှင့် နာရီလက်ဝတ်ပစ္စည်း၊ ပန်းကန်ခွက်၊ အိတ် အမျိုးမျိုး စသဖြင့် အသုံးအဆောင် ပစ္စည်းအမျိုးမျိုး အမှတ်တရအဖြစ် ထုတ်လုပ်ရောင်းချကာ တမြတ်တနိုး သိမ်းဆည်းကြသည်။ မျိုးဆက် မပြတ် ယနေ့တိုင် ရှိနေသော ဒါ့ဇိုင်း ပရိသတ်တွေကို ဘယ်အရာတွေ က ဆွဲဆောင်စေ့ဆော်နေပါသလဲ။ အဲဒီမေးခွန်းကို ယခု စာအုပ်နှင့်ပင် အဖြေပေးနိုင်သည်။

ဂျပန်နိုင်ငံစစ်ကာလအတွင်း တစ်နေ့တာကို ဖြတ်သန်းနေရသော ဆယ်ကျော်သက် မိန်းကလေးငယ် တစ်ဦး၏ အတွေးနှင့်စိတ်ကူးတွေ လှုပ်ခတ်ရုန်းကြွနေသော ခံစားချက်တွေ တစ်ခုခုကို ဆုံးဖြတ်ဖို့ ချီတုံချတုံ မဝံ့မရဲတွေ၊ အရှက်နှင့် စိတ်ကသိကအောက် ဖြစ်နေရာမှ ချက်ချင်း ဒေါသ နှင့် နီမြန်းသွားသောမျက်နှာ၊ ပတ်ဝန်းကျင် အဖြစ်အပျက်တွေကို တုံ့ပြန်ရင်း သူမစိတ်ထဲက အတွေးတွေကို အဖြေပေးရင်း ဖျတ်ခနဲ ထွက်လာသော ကျောင်းသူလေးတစ်ယောက်၏ စိတ္တဇတွေကို အိုဆာ့မု စကားလုံးတွေ နှင့် အရုပ်ရေးပြနိုင်သည်။ နေ့လယ်အိပ်မက်တွေထဲမှာ မျှော်မှန်းချက် နှင့် ရည်မှန်းချက်တွေထဲမှာ လွတ်လပ်ခြင်းကို တွေ့နေရသည့်တိုင် လူမှုဖိအားတွေကမူ သည်းညည်းမခံနိုင်လောက်အောင် မွန်းကြပ်နေသည်။ စာဖတ်သူတွေနှင့် တိုက်ရိုက်ဆက်သွယ်ပြီး သူ့ဇာတ်ကောင်တွေဆီက တကယ့်အသံထွက်လာအောင် အိုဆာ့မု ဖန်တီးနိုင်စွမ်းရှိသည်။ ဂျပန် လူငယ်တို့၏ ခံစားချက်နှင့် အတွေးတွေကို ကိုယ်ပိုင်ဘာသာစကားနှင့် ဖော်ပြနေတာကြောင့် အိုဆာ့မု ဒါ့ဇိုင်းမှာ ဂျပန်မျိုးဆက်သစ် လူငယ်တို့ ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်လို ဖြစ်နေသည်။ ယခု အင်္ဂလိပ် ဘာသာပြန်မူမှာလည်း အိုဆာ့မု၏ တိုက်ရိုက်ရေးဟန်ကို အထိခိုက် အနာဆာ မဖြစ်အောင် ထိန်းသိမ်းထားသည်။ အိုဆာ့မု၏ သိစိတ်အလျင်မှ ညင်သာချောမွေ့စွာ စီးဆင်းလာသည့်အတိုင်း တိုက်ရိုက်ထိတွေ့ကာ ကျောင်းသူလေး၏ မျက်လုံးများမှတစ်ဆင့် ကမ္ဘာလောကကြီးကို စာဖတ် ပရိသတ်တွေ ကိုယ်တိုင် မြင်တွေ့နိုင်လေသည်။ ဘာသာပြန်မူမှ တစ်ဆင့် အိုဆာ့မု၏ သိမ်မွေ့သောသိစိတ်နှင့် ဟာသတို့ကို ဒိုးယိုပေါက်မြင် နေရသလို ခေတ်တစ်ခေတ်မှ လူငယ်တစ်ယောက်နှင့်လည်း အနီးကပ် ဆက်သွယ်နိုင်သည်။

အိုဆာ့မု ဒါ့ဇိုင်းမှာ ဖန်တီးနိုင်စွမ်း မြင့်မားသော စာရေးဆရာ တစ်ယောက်သာမက စာပေပညာရှင် တစ်ယောက်လည်း ဖြစ်သည်။ သူ့ အရေးအသားများတွင် ဂျပန်စာပေကျမ်းကြီးကျမ်းခိုင်များအပြင် ဥရောပ စာပေတွေကိုလည်း မကြာခဏ အကိုးအကား ပြုတတ်သည်။ ကျောင်းသူ ဝတ္ထုမှာ စစ်ကြိုခေတ် စာပေအရေးအသားတစ်ခု ဖြစ်သည်။ ဂျပန်နိုင်ငံ စစ်ကြိုခေတ် နိုင်ငံတကာအခင်းအကျင်းနောက်ခံတွင် ဂျပန်တွေအတွက်အဖြေစရာမေးခွန်း အမြောက်အမြား ရှိလာသည်။ ကမ္ဘာစစ်ကြီးသည် ဂျပန် တွေနှင့် ဘယ်လို ပတ်သက်ခဲ့ပါသလဲ။ စစ်ပြီးခေတ် ဂျပန်တွေအတွက် ဘယ်လိုသရုပ်သကန်မျိုးမှာ အကောင်းဆုံး ဖြစ်နိုင်ပါသလဲ။ အစိုးရ (သို့ မဟုတ်) ဂျပန်စစ်တပ်နှင့် မသက်ဆိုင်သူ သာမန်ပြည်သူတွေအပေါ် ကမ္ဘာစစ်ကြီးက ဘယ်လို အကျိုးသက်ရောက်ခဲ့ပါသလဲ။ သို့ဖြစ်၍ ကမ္ဘာစစ်ကြီးက ပေးလိုက်သော အာဏာပါဝါ အမျိုးသား သရုပ်သကန်နှင့် ယောက်ျားဖြစ်ခြင်း မိန်းမဖြစ်ခြင်း (သို့မဟုတ်) လိင် စသဖြင့် အသိပညာ ဆိုင်ရာ မေးခွန်းတွေကို ယခုစာအုပ်ဖြင့် စာရေးသူ အဖြေပေးဖို့ ကြိုးစား ခဲ့သည်။

ကျောင်းသူဝတ္ထုကို ဖတ်ရုံမျှဖြင့် အိုဆာ့မု ဒါ့ဇိုင်းကို လေးစား ချစ်ခင်သူတစ်ဦးဖြစ်လာစရာအကြောင်း မရှိသော်လည်း အိုဆာ့မု၏ စာပေ အစိတ်အပိုင်း တစ်ခုခုကိုကား သဘောပေါက် နားလည်နိုင်သည်။ တစ်ချိန်တည်းမှာပင် လူငယ်မျိုးဆက်တွေ သူ့စာပေတွေကို ဘာကြောင့် တမြတ်တနိုး အလေးထားကြသည်ကို သိနိုင်လေရာ အိုဆာ့မု ဒါဇိုင်း၏ သန်းပေါင်းများစွာသော စာဖတ်ပရိသတ်တွေနှင့်အတူ သင်လည်း သဘော ထပ်တူကျလိမ့်မယ်လို့ မျှော်လင့်ရလေသည်။

 

ရစ်ချယ် ဟာချင်ဆန်



ကျောင်းသူ

 

နံနက်စောစော အိပ်ရာထရတာ အမြဲ စိတ်ဝင်စားစရာ ကောင်းသည်။ ကျွန်မတို့တွေ တူတူပုန်းတမ်းကစားကြတာကို သတိရနေသည်။ မှောင်မှောင်မည်းမည်း ဗီရိုအခန်းငယ်လေးထဲမှာ ကျွန်မ ဝင်ပုန်းနေတုန်း ဒဲ့ကို ရောက်လာပြီး ရုတ်တရက် ဗီရိုတံခါးပွင့်သွားသည်နှင့်အတူ အော်သံလည်း ကြားလိုက်ရသည်။ “တွေ့ပြီဟေ့ တွေ့ပြီ ဟောဒီ ဗီရိုခန်းထဲမှာ” ဗီရို တံခါး ဝုန်းခနဲ အဖွင့် တိုးဝင်လာသော အလင်းရောင်တွေနှင့် မျက်လုံး ပြာသွားပြီး ရှက်ကိုးရှက်ကန်းနှင့် ဘာလုပ်ရမှန်းမသိ။ ရင်တွေ တထိတ်ထိတ် ခုန်နေပြီး ဝတ်ထားသော ကီမိုနိုအင်္ကျီအရှေ့ အစနှစ်စကို နေသားတကျ ပြန်ဆွဲစေ့ကာ ဗီရိုခန်းထဲက ထွက်လာလိုက်သည်။ အဲဒီအချိန် ရှိုးတိုးရှန့်တန့် ဖြစ်နေရာမှ ရုတ်တရက် ကသိကအောက်ဖြစ်ရပြီး မခံချင်စိတ် ပေါက်လာသည်။ ခံစားမှုနှစ်ခု လုံးဝမတူ။ ဘယ်လိုမှ သည်းညည်း မခံနိုင်။ စက္ကူပုံးတစ်ပုံး ဖွင့်လိုက်သည့်အခါ အထဲမှာ နောက်တစ်ပုံး တွေ့ရပြီး။ အဲဒီပုံးကို ဖွင့်လိုက်ပြန်တော့လည်း နောက်ထပ်တစ်ပုံး တွေ့ ရပြန်သည်။ အဲဒီလိုနည်းနှင့် စက္ကူပုံးတစ်ပုံးပြီးတစ်ပုံး ဖွင့်လာလိုက်ရာ ခုနစ်ပုံး ရှစ်ပုံးအထိ ရောက်လာပြီးနောက် နောက်ဆုံး အလွန်သေးငယ်သော စက္ကူပုံးတစ်ပုံးကိုသာ တွေ့ရပြီး အဲဒီပုံးသေးသေးလေးကို ဖွင့်လိုက်ချိန်မှာတော့ အထဲမှာ ဟာလာဟင်းလင်း ဗလာကျင်းနေသည်။ ယခုလည်း အဲဒီလို ခံစားချက်နှင့် တူသည်။ နံနက်မိုးလင်း အိပ်ရာနိုးလာလျှင် မျက်လုံးလေးတွေ ပေကလပ် ပေကလပ် ဖြစ်နေတယ်လို့ ပြောကြသည်မှာ အလိမ်အညာများသာ ဖြစ်သည်။ မှုန်ဝါးရီဝေစွာဖြင့် မျက်လုံး နှစ်ဖက်ပွင့်လာပြီး ဝမ်းနည်းကြေကွဲခြင်းလည်း နိုးထလာသည်။ နံနက်ခင်းတွေက ကျွန်မကို အတင်းနှိုးနေသလို သည်းမခံနိုင်။ တကယ့်ကို မုန်းစရာ။ ကျွန်မကိုယ်တိုင် စိတ်မချမ်းသာစရာ မြင်ကွင်းတစ်ခုလို ခြေတွေလက်တွေ နုံးခွေနေသည်။ ဘာတစ်ခုမှ မလုပ်ချင်။ ကောင်းကောင်း မအိပ်ရတာကြောင့်ပဲလား မသိ။ နံနက်ခင်း အိပ်ရာနိုးလာလျှင် အင်အားတွေ ပြည့်နေတယ် ပြောကြတာ အလိမ်အညာတွေ ဖြစ်သည်။ ကျွန်မ အတွက် နံနက်ခင်းတွေ အားလုံး ရီဝေမှုန်ဝါးလျက် အားလုံး အားလုံး တကယ့်ကို ဗလာကျင်းနေလျက် နံနက်တိုင်း အိပ်ရာထဲမှာလှဲပြီး အဆိုးတွေပဲ စဉ်းစားမိနေသည်။ တကယ့်ကို စိတ်ပျက်စရာပါလား။ စိတ်ထဲ မှာ ရင်ကျိုးမတတ် နောင်တတွေ စုပြုံလာပြီး သောကဝေဒနာတွေနှင့် လွန့်လွန့်လူးရင်း ကျွန်မ နှလုံးသား ရပ်တန့်နေရာမှ ဆို့နင့်သွားသည်။

ကျွန်မကို နံနက်ခင်းတွေ နှိပ်စက်နေကြသည်။

“ဖေဖေ” တိုးတိတ်ညင်သာသော အသံတစ်သံ ကျွန်မနှုတ်မှ ထွက်လာသည်။ ပျော်ရွှင်ခြင်းနှင့် ကသိကအောက် ထူးဆန်းစွာ တွဲဖက်နေသည်။ ကပျာကယာထပြီး အိပ်ရာသိမ်းသည်။ “ကဲ လာပြီဟေ့” အိပ်ရာလိပ်ကို စင်ပေါ်မြှောက်တင်လိုက်ချိန်တွင် ပါးစပ်မှ ထွက်သွားသောအသံ ကိုကြားပြီး ကျွန်မ ထိတ်လန့်သွားသည်။ အဲဒီလို မထော်မနမ်း စကားလုံးတွေ ကျွန်မ ပါးစပ်က ပြောထွက်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့။ အသက်ကြီးကြီး မိန်းမတစ်ယောက် ကယောင်ကတမ်းနှင့် အော်လိုက်သလားလို့ ထင်ရလောက်သည်။ တကယ့်ကို စိတ်ပျက်စရာ အဲဒီလိုစကားလုံးတွေ ကျွန်မပါးစပ်က ဘာကြောင့်များ ထွက်လာပါလိမ့်။ ကျွန်မ ကိုယ်ထဲမှာ မိန်းမကြီးတစ်ယောက်ရှိနေသလို ပျို့အန်ချင်လာသည်။ ယခု ချိန်ကစပြီး သတိထားမှ ဖြစ်တော့မည်။ တကယ့်ကို စိတ်ဓာတ်ကျစရာ သူစိမ်းတစ်ရံဆံတစ်ယောက်၏ ရိုင်းစိုင်းသော အပြုအမူကို စက်ဆုပ် ရွံရှာသွားသလို တစ်ချိန်တည်းမှာ ကျွန်မလည်း အဲလိုပုံစံနှင့် တစ်ထပ်တည်း ကျင့်ကြံနေတာ သဘောပေါက် လိုက်သည်။ နံနက်ခင်းတွေမှာ ကျွန်မအတွက် ယုံကြည်မှုတွေ အမြဲပျောက် ဆုံးနေသည်။

ညဝတ်အင်္ကျီနှင့် မှန်ရှေ့ထိုင်ကာ မှန်ထဲကို ကျွန်မ ကြည့်လိုက်သည်။ မျက်မှန်မပါတာကြောင့် ကျွန်မ မျက်နှာ မှုန်ဝါးဝါး နေသည်။ မျက်မှန်တပ်နေရတာကိုလည်း အလွန်မုန်းသည်။ ဒါပေမဲ့ မျက်မှန်နှင့် ပတ်သက်ပြီး တခြားလူတွေ နားမလည်နိုင်သေးသော အကောင်းတွေလည်း ရှိသည်။ မျက်မှန်ချွတ်ပြီး အဝေးကြည့်လိုက်လျှင် အိပ်မက်ထဲကလို အရာအားလုံး မှုန်မှုန်ဝါးဝါး ဖြစ်နေသည်။ အံ့ဩစရာ၊ ညစ်ပတ်စုတ် ပြတ်နေတာတွေကို မမြင်။ တောက်တောက်စူးစူး ပြက်ပြက်ထင်းထင်း အရောင်တွေ အလင်းတွေသာ အမြင်အာရုံထဲ တိုးဝင်လာသည်။ မျက်မှန် ချွတ်ပြီး လူတွေ ကြည့်ရတာလည်း ပျော်စရာကောင်းသည်။ ကျွန်မ ပတ်ချာလည်က မျက်နှာတွေအားလုံး လှပပြီး ပြုံးရွှင်နေကြသည်။ တကယ့်ကို စိတ်ကောင်း နှလုံးကောင်း ရှိနေကြသလို ပိုပြီး ထူးဆန်းတာကတော့ မျက်မှန်ချွတ်ထားချိန်မှာ ဘယ်သူနဲ့မှ စကားများဖို့ မစဉ်းစားမိတာပဲ ဖြစ်သည်။ ခွန်းကြီးခွန်းငယ် ပြောဖို့ နေနေသာသာ စိတ်ထဲက ပုတ်ခတ် ဝေဖန်ချင်စိတ်ပင်မရှိ။ ရေငုံနှုတ်ပိတ်လျက် အရာအားလုံးကို ကြည့်လို့သာ နေချင်သည်။ အဲဒီလို အချိန်လေးတွေမှာ လူတိုင်းအတွက် ကျွန်မမှာ ချစ်စရာကောင်မလေးတစ်ယောက် ဖြစ်နေလိမ့်မယ် ထင်သည်။ သူတို့ အကြည့်တွေ အောက်မှာ တကယ်ပဲ ကျွန်မ တည်ငြိမ်ရင့်ကျက်လှ နေသလို မျက်မှန်တပ်ထားချိန်မှာတော့ သူတို့မျက်နှာပေါ်က အာရုံခံစား မှုတွေ ပြောင်းနေသည်။

မျက်နှာပေါ်က စိတ်ခံစားမှုတွေကို မျက်မှန်နှင့် တားဆီးထားနေ သလို သောကဝေဒနာ ရမ္မက်ဒေါသ အပြစ်ကင်းစင်ခြင်း၊ ရည်မွန်ခြင်း အားလုံးပါ ပျောက်ကွယ်သွားသည်။ သူတို့မျက်လုံးတွေနှင့် ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ ဘာ့ကြောင့် မဖြစ်နိုင်တာလဲဆိုတာလည်း စိတ်ဝင်စားစရာ ကောင်းသည်။

မျက်မှန်တစ်လက်မှာ တစ္ဆေတစ်ကောင်နှင့် တူသည်။ လူတွေမှာ လှပဆုံးအရာသည် မျက်လုံးတွေပဲလို့ ထင်သည်။ အဲဒါကြောင့်ပဲ မျက်မှန်ကို ကျွန်မ မုန်းရခြင်း ဖြစ်သည်။ လူတစ်ယောက် နှာခေါင်းကိုဖြစ်စေ ပါးစပ်ကိုဖြစ်စေ မမြင်အောင် အုပ်ထားသည့်တိုင် အခြားသူတွေနှင့် မျက်လုံးချင်း စကားပြောနိုင်သည်။ မျက်လုံးတွေနှင့် စေ့ဆော် ဆက်သွယ်ရင်း လှပစွာ အတူနေထိုင်နိုင်သည်။ ကျွန်မ မျက်မှန်ကြီးတွေ ကတော့ လက်ဖက်ရည် ပန်းကန်ပြားကြီးတွေနှင့် တူသည်။ ကြေးမုံမှန် နှင့် ကပ်ကြည့်လိုက်သည့်အခါတိုင်း စိတ်ပျက်စရာ အရောင်အဆင်းမဲ့ပြီး မီးသွေးခဲတွေနှင့် တူနေသည်။ မှန်ထဲမှာ ကျွန်မ မျက်လုံးတွေကို မြင်ရသည့်အခါတိုင်း တောက်တောက်ရွှန်းရွှန်း နူးညံ့သော မျက်လုံးတစ်စုံ သာ ဖြစ်လိုက်စေချင်သည်။ နက်ပြာရောင်ရေကန်နှင့် ရေတွင်းကြီးလို ဒါမှမဟုတ် တိမ်တွင် လွင့်မျောနေသော ကောင်းကင်ပြာကြီးလို မျက်လုံးတစ်စုံ၊ မျက်ဝန်းတွေထဲမှာ ငှက်ကလေးတွေ အရိပ်ခိုနေတာကိုတောင် မြင်ချင်မြင်ရနိုင်သည်။ ချစ်စရာ မျက်လုံးပိုင်ဆိုင်သူတွေနှင့်သာ သိကျွမ်း ခင်မင်မှု မျှော်လင့်မိသည်။

ယနေ့ ကျွန်မ စိတ်ထဲနည်းနည်းပေါ့ပါးနေတာ သတိထားမိသည်။ တကယ့်ကို ကျွန်မ ပျော်နေသည်။ မကြာမီ နွေရောက်တော့မည်။ ပန်း ဥယျာဉ်ထဲ လမ်းလျှောက်သွားခိုက် စတော်ဘယ်ရီပင်တွေ ပွင့်နေတာ တွေ့ရသည်။ ဒါပေမဲ့ အဖေ တကယ် သေဆုံးသွားတယ်ဆိုတာကတော့ ကျွန်မအတွက် ထူးဆန်းနေသည်။ ဘယ်လိုမှ နားမလည်နိုင်စရာ။ ကျွန်မ အစ်မ ဒါမှမဟုတ် သိကျွမ်းခင်မင်ခဲ့သူတွေ ဒါမှမဟုတ် ကြာရှည်ကြာမော မတွေ့ရ မမြင်ရသူတွေကိုတော့ လွမ်းနေမိသည်။ ကုန်ဆုံးပျောက်ကွယ်သွားသော အချိန်တွေကို မျှော်လင့်ချက် ကင်းမဲ့စွာ သတိရနေမိတာကြောင့် နံနက်ခင်းများမှာ ကျွန်မအတွက် သည်းညည်း မခံနိုင်စရာ။ ကျွန်မ သိကျွမ်းခဲ့သူတွေ၊ နီးနီးကပ်ကပ် နေဖူးသူတွေ အားလုံး သတိရခြင်းများမှာ မုန်လာချဉ်အနံ့လို လက်မှာ စွဲနေသည်။

ကျွန်မမှာ ဂျက်ပီနှင့် ပိုး ခေါ် ခွေးနှစ်ကောင်ရှိသည်။ ကျွန်မ ရှေ့မှာ သူတို့နှစ်ကောင်ကို ထိုင်ခိုင်းပြီး ဂျက်ပီကို ကျွန်မလက်နှင့် ပုတ်လိုက်သည်။ ဂျက်ပီ၏ အမွေးများမှာ ဖြူဖျော့ပေမဲ့ အရောင်တောက်နေသည်။ ပိုးမှာ ညစ်ပတ်သည်။ အဲဒါကြောင့် သူ့ကို ကျွန်မ လက်နှင့် မထိချင်။ ဂျက်ပီကို ကျွန်မလက်နှင့် ဆတ်ကာဆတ်ကာ ပုတ်နေစဉ် ပိုးထံမှ ညည်းသံလိုလို အီသံလိုလို ထွက်လာသည်။ ပိုးခြေထောက်တစ်ဖက် မသန်စွမ်းတာကိုလည်း သိနေသည်။ ဒါပေမဲ့ ယခုလို ပိုးဝမ်းနည်းနေတာကို ကျွန်မ မကြိုက်။ ယခုလို သနားစရာဖြစ်နေတာကိုကပဲ မုန်းစရာ။ သူ့ ကို ကျွန်မ နှိပ်စက်နေလို့လား။ ခွေးလေ ခွေးလွင့်တစ်ကောင်လို သူ့ကို တစ်ယောက်ယောက်က သတ်လိုက်သည်ဖြစ်စေ ဖမ်းခေါ်သွားသည် ဖြစ်စေ ဘယ်သူမှ သိမှာမဟုတ်။ ခြေထောက်တစ်ဖက် “ဆာ” နေတာ ကြောင့်ပဲ မြန်မြန်မပြေးနိုင်။ လုပ်စမ်းပါ ပိုး၊ ပြေးစမ်းပါ တောင်ပေါ်ထိ ပြေးစမ်းပါ၊ နင့်ကို ဘယ်သူမှ ဂရုစိုက်မှာမဟုတ်။ အဲဒီလိုဆို နင်သေသွားမှာပေါ့။ ပိုးအတွက်သာ မဟုတ်ပါဘူး။ ကျွန်မက ပိုးကိုသာ မဟုတ်ပါဘူး။ ဘယ်သူ့ကိုမဆို သူတို့တွေ မျှော်လင့်မထားတဲ့အရာတွေ လုပ်နေသလို မျှော်လင့်မထားသော စကားအားလုံးတွေလည်း ပြောတတ်သူ မိန်းကလေး တစ်ယောက်ပါ။ လူတွေကို ကျွန်မ စိတ်အနှောင့်အယှက်ပေးပြီး ရန်စ နေတာပါ။ ကျွန်မက တကယ့်ကိုပဲ အလွန်ဆိုးရွားတဲ့ မိန်းကလေး တစ်ယောက်ပါ။ ဂျက်ပီဦးခေါင်းကို ကျွန်မလက်နှင့် ပွတ်သပ်ပြီး ဝရန်တာမှာ ထိုင်နေတုန်း အစိမ်းရောင်ရွှဲရွှဲ စိုနေတဲ့ သစ်ရွက်လေးတွေကို ငေးကြည့် နေမိသည်။

အဲဒီအချိန်မှာပင် ငိုချင်စိတ် ပေါက်လာသည်။ တကယ် ငိုချင်တာတော့ မဟုတ်ပါဘူး။ ငိုဖို့ ကြိုးစားကြည့်တာပါ။ မျက်လုံးတွေ နီရဲလာအောင် အသက်ကို အောင့်ထားလိုက်သည်။ မျက်ရည်တွေကို ကျွန်မ ညှစ်ထုတ်နိုင်မယ် ထင်ခဲ့တာ။ ဒါပေမဲ့ တစ်စက်မှ ထွက်မလာ။ ကျွန်မ ခံစားချက်တွေ အားလုံး ပျောက်သွားပြီး တစ်ကိုယ်လုံးတုန်နေလား မသိ။

လက်လျှော့လိုက်ပြီး ရှင်းစရာတွေ၊ သိမ်းစရာတွေ လုပ်နေတုန်း တို့ဂျင်းအိုကိချိ ရုပ်ရှင်ကားထဲက သီချင်းတစ်ပုဒ် ညည်းမိလိုက်သည်။ တစ်ချိန်တည်းမှာပင် ဘယ်သူများကြားသွားပြီလဲ ရှက်ရွံ့စိတ်နှင့် ဘေးဘီ ဟိုဟိုဒီဒီ ကြည့်မိလိုက်သည်။ ဘယ်လောက်များ ရယ်စရာ ကောင်း လိုက်မလဲ။ ကျွန်မက မိုးဇတ်တို့ ဘတ်ခ်တို့လို ဂီတတွေကို အရူးအမူး ကြိုက်သူ။ အခုတော့ ရုပ်ရှင်သီချင်းတစ်ပုဒ်ကို ပါးစပ်ထဲက အလိုအလျောက် ထွက်သွားပါပေါ့လား။ စင်ပေါ်ကို အိပ်ရာလိပ် တင်တုန်းကလည်း ကဲ လာပြီဟေ့လို့ လွှတ်ခနဲ အော်လိုက်မိသည်။ အခု အိမ်သန့်ရှင်းရေး လုပ်နေတုန်းမှာလည်း ရုပ်ရှင်တေးတစ်ပုဒ် ညည်းမိလိုက်တယ်။ အဲဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် ကျွန်မအိပ်နေတုန်း ပါးစပ်ထဲက ဖရုသာဝါစာတွေ ထွက်သွားရင်တော့ ဒုက္ခပါပဲ။ ကျွန်မ စိတ်ထဲ စိုးရိမ်လိုက်တာ။ ဒါပေမဲ့ တစ်ခုခု ထူးခြားနေပါပြီ။ လက်ထဲမှာ တံမြက်စည်းကိုင်ရင်း ကျွန်မ ပြုံးမိသည်။

မနေ့က ချုပ်ပြီးသွားသော အောက်ခံအဝတ်တွေ လဲသည်။ အောက်ခံဘောင်းဘီပေါ်မှာ အဖြူရောင် နှင်းဆီဖြူလေးတွေ ပန်းထိုးထားသည်။ တခြားအဝတ်အစားတွေ ဝတ်သည့်အခါ အဲဒီ ဇာပန်းပွင့်လေးတွေကို ဘယ်သူမှမမြင်။ ဟောဒီနေရာမှာ ရှိလိမ့်မယ်လို့လည်း ဘယ်သူမှမထင်။ ကဲ ကျွန်မ ဘယ်လောက်တော်သလဲ။

တစ်ယောက်ယောက် မင်္ဂလာဆောင်ကိစ္စနှင့် အလုပ်ရှုပ်နေသော ဒီကနေ့မနက် အစောကြီး အိမ်ကထွက်သွားသည်။ ကျွန်မ ငယ်ငယ်ကတည်းက သူများကိစ္စတွေဆို အလွန်အကျိုးဆောင်ပေးတတ် တာကြောင့် ကျွန်မအတွက်တော့ ရိုးနေပြီ။ ဒါပေမဲ့ အလုပ်နှင့်လက် အဆက်မပြတ် ဇယ်ဆက်သလို လုပ်တတ်သော အမေ့ကို အံ့သြရသည်။ အထင်လည်း ကြီးသည်။ အဖေရှိစဉ်က ဘာအလုပ်မှမလုပ်။ စာပဲဖတ် နေတာကြောင့် အိမ်မှုကိစ္စတွေ အားလုံး အမေ ဒိုင်ခံလုပ်ရသည်။ အဖေက လူမှုရေးကိစ္စတွေနှင့် ဝေးဝေးနေသူ။ အမေကတော့ ချစ်သူခင်သူတွေ နှင့် လုံးလားထွေးလား နေတတ်သူ။ အဖေနှင့် အမေစရိုက်ချင်းမတူပေမဲ့ တစ်ယောက်ကိုတစ်ယောက် လေးစားကြသည်။ ပတ်ဝန်းကျင်ကလည်း သူတို့နှစ်ယောက်ကို ချီးကျူးကြသည်။ အေးဆေးပြီး အလွန်စိတ်ကောင်း စေတနာကောင်းရှိကြတယ်တဲ့ ဪ... ဩော် ကျွန်မတစ်ယောက်တည်း လူဝါးဝနေတာပေါ့။

မီးဖိုပေါ်မှာ မီစို့စွပ်ပြုတ်အိုး ဆူနေသည်။ ဒါပေမဲ့ မီးဖိုချောင် တံခါးဝမှာ ထိုင်ပြီး အပြင်ဘက် ခပ်လှမ်းလှမ်းက သစ်ပင်တစ်ပင်ပေါ် ငေးကြည့်နေတုန်း ဗြုန်းဆို အာရုံတစ်ခု ပေါ်လာသည်။ ထူးထူးဆန်းဆန်း ခံစားချက်တစ်ခု ဟိုးတုန်းကလည်း ဒီနေရာမှာ ဒီပုံစံနှင့်ထိုင်ပြီး အပင်ကို ငေးကြည့်ခဲ့သည်။ ယခုလည်း ဟောဒီနေရာမှာ ဟောဒီပုံစံနှင့် ထိုင်ပြီး ငေးကြည့်နေရင်း ကျွန်မအတိတ်၊ ကျွန်မအနာဂတ်၊ ကျွန်မပစ္စုပ္ပန် သုံးခုလုံး ပြိုကျသွားပြီး တစ်ခုတည်းဖြစ်သလို ခံစားလိုက်ရသည်။ ထိုင်ပြီး တစ်ယောက်ယောက်နှင့် စကားပြောနေပေမဲ့ ကျွန်မ အငေးတွေက စားပွဲတောင့်တစ်နေရာ ရောက်နေသည်။ ပါးစပ်သာလှုပ်နေပြီး အကြည့်တွေ တစ်နေရာမှာ စွဲကပ်နေသည်။ ခန္ဓာကိုယ်ထဲမှာ ထူးထူးဆန်းဆန်း သွေးလေချောက်ချား နေသလိုပါပဲ။ အဲဒီလိုတွေ ဖြစ်နေချိန်မှာ တစ်ခုတော့ ကျွန်မ သေသေချာချာ သိလိုက်သည်။ စားပွဲတောင့် တစ်နေရာကို စိုက်ကြည့်နေတုန်း စကားတွေ ပြောဖြစ်နေတာ။ နောင်လည်း အဲဒီလိုပဲ ဆက် ဖြစ်နေပါလိမ့်မယ်။ မြေနီလမ်းလေးမှာ လမ်းလျှောက်သည့် အခါတိုင်း ဘယ်လောက်ပဲ ဝေးဝေးလျှောက်လျှောက် ယခင်က လျှောက်ဖူးသောလမ်းလေးလို ခံစားမိနေသည်။ လမ်းလျှောက်ရင်း လမ်းဘေးက ကြာညို့အရွက်တွေကို လက်နှင့် ဆွဲခူးလိုက်ပြန်လျှင်လည်း ယခင်ကလည်း အဲဒီလိုလုပ်ဖူးသလို နောက်နောင်လည်း အဲဒီမြေနီလမ်းလေးတစ်လျှောက် အဲဒီနေရာက ကြာညို့အရွက်တွေကို ဆွဲခူး ထပ်ခါတလဲလဲ လုပ်နေဦးမှာပါ။ အခုလည်း အဲဒီလိုဖြစ်လာပြန်ပြီ မဟုတ်လား။ တစ်ခါတစ်ခါ ရေချိုးခန်းထဲမှာ ရေစိမ်နေတုန်း ကျွန်မ လက်တွေကို ရုတ်တရက် ဖျတ်ခနဲ ကြည့်မိသည်။ ရေစိမ်နေရင်း တွေးမိပြန်သည်။ နောင်နှစ် ပေါင်းများစွာကြာပြီး နောက် ကျွန်မလက်ကလေးကို အမှတ်တမဲ့ ကြည့်လိုက်သော အခိုက်အတန့်လေး ကျွန်မဆီ ပြန်ရောက်လာပြီး အဲဒီတုန်းက ခံစားမှုကို ပြန်သတိရနေမှာပါ။ အဲဒီအတွေးတွေနှင့်ပဲ ကျွန်မ အမြဲ မှုန်ရီဝေနေသည်။ အိုးထဲကို ဆန်ထည့်နေတုန်းမှာလည်း ခေါင်းထဲကို အတွေး တစ်ခု ဖျတ်ခနဲ ဝင်လာသည်။ အဲဒါကို ဉာဏ်ကွန့်မြူးတယ်လို့ ပြောရင် တော်တော် ကြီးကျယ်ရာရောက်မယ် ထင်ပါရဲ့။ ဒါပေမဲ့ ကျွန်မ ခန္ဓာကိုယ်ထဲကို တစ်ခုခု ဖြတ်သွားသလို ခံစားလိုက်ရတာတော့ အမှန်ပဲ။ ဘယ်လိုပြောမလဲ ဒဿနဆရာကြီးတွေလို ဖျတ်ခနဲ သိလိုက်သော အသိကို ပြောရင်ရမလား။ အတွေးထဲမှာ နစ်မြှုပ်နေရင်း ကျွန်မဦးခေါင်းထဲ ရင်တစ်ခုလုံး တိုးလျှိုပေါက်ကြီးဖြစ်လာပြီး ကျွန်မရဲ့ဖြစ်တည်မှုကလည်း ရေထဲမှာ ပေါလောမျောနေသလိုပါပဲ။ ပေါလောမျောနေရင်း ကျွန်မအပေါ် တိတ်ဆိတ်စွာ ဖြည်းဖြည်းလေး ကျလာနေသည်။ ခေါက်ဆွဲမလုပ်မီ တိုကိုလို့ဒဲန် အဖတ်တွေလို ပျော့ပျောင်းနူးညံ့စွာ တွဲကျလာတာမျိုး။ အသံလုံး ဝမထွက်။ အဲဒီနည်းလမ်းနှင့် အသက်ရှင်နိုင်မည့် လှပသော ခံစားချက်တွေ၊ အလင်းတွေ အဲဒီလှိုင်းတွေက ကျွန်မကို သယ်ဆောင်သွားသည်။

အတွေးအခေါ် ဝရုန်းသုန်းကားဖြစ်တာမျိုး မဟုတ်ပေမဲ့ နည်းနည်းတော့ ထိတ်လန့်စရာ ကောင်းသည်။ ခိုးစားထားသော ကြောင်တစ်ကောင်လို ရှင်သန်နေရတာ စိတ်ထဲမှာ ထင့်နေသည်။ အဲဒီလို ဆက်ဖြစ်နေမယ်ဆို ရင်တော့ တစ္ဆေသရဲစီးသလို အဲဒီအတွေးကိုပဲ စိတ်စွဲနေလိမ့်မည်။ ယေရှုခရစ်လိုပေါ့။ ဒါပေမဲ့ အမျိုးသမီးယေရှုခရစ်တော်လို့ ပြောလိုက်ရင် တော့ တော်တော် ကြောက်သွားကြမှာပဲ။

တစ်နေ့တစ်နေ့ ကျွန်မမှာ အားအားယားယားအချိန်တွေနှင့် ပူစရာ ပင်စရာလည်း တစ်ခုမှမရှိ။ ကျွန်မ စိတ်အထင်တော့ နိစ္စဓူဝ ကိစ္စတွေ ထောင်ပေါင်းများစွာ မဟုတ်ရင်တောင် ရာပေါင်းများစွာ ထုံကျင်နေပြီ လားမသိ။ အဲဒီကိစ္စဝိစ္စတွေက လေထဲမှာ မျောနေသော တစ္ဆေသရဲတွေ ရန်ရှာနေသလို စိတ်ညစ်စရာ ကောင်းသည်။

ကျွန်မတစ်ယောက်တည်း ထမင်းစားစားပွဲမှာ နံနက်စာ ထိုင်စားသည်။ ယခုနှစ်ထဲမှာ ပထမဆုံးအကြိမ် သခွားသီးစားသည်။ နွေရာသီ ကြည့်ရတာ သခွားသီးအစိမ်းရောင်တွေဆီက ရောက်လာသလို၊ မေလမှာ သီးသော သခွားသီးအစိမ်းရောင်မှာ ဗလာဟောင်းလောင်း ဖြစ်နေသော နှလုံးသားလို ကြေကွဲဝမ်းနည်းစရာ။ ဒါပေမဲ့ ဝမ်းနည်းကြေကွဲခြင်းမှာ တစစ်စစ်နှင့် ယားကျိကျိ ဖြစ်နေသည်။ တစ်ယောက်တည်း ညစာစား နေခိုက် ခရီးသွားချင်စိတ်ပေါက်လာပြန်သည်။ ရထားနှင့် ခရီးသွားချင်သည်။ သတင်းစာတစ်စောင်လှန်လိုက်တော့ ရုပ်ရှင်မင်းသား ဂျူးရှိလော့ ကိုနော့အဲ ဓာတ်ပုံတွေ့သည်။ သူက လူကောင်းမှ ဟုတ်ရဲ့လား။ သူ့မျက်နှာ ကြည့်ရတာ မကြိုက်ပါဘူး။ အထူးသဖြင့် သူ့နဖူးက တော်တော် အရုပ်ဆိုးတယ်။ သတင်းစာတွေထဲမှာ စာအုပ်ကြော်ငြာတွေကို ကျွန်မ အကြိုက်ဆုံးပင်။ သတင်းစာတွေထဲမှာ ကျွန်မ အကြိုက်ဆုံးက စာအုပ်ကြော်ငြာတွေ၊ ကြော်ငြာတစ်ကြောင်းကို ယန်း တစ်ရာ နှစ်ရာပေးရလိမ့်မည် ထင်သည်။

အဲဒါကြောင့် ကြော်ငြာရေးသူတွေ အကောင်းဆုံး ရေးကြသည်။ စာလုံးတိုင်း စာကြောင်းတိုင်း ထိမိနေတာကြောင့် အတင်းလုပ်ထားသော စာကြောင်းတွေအားလုံး ဝေဒနာနှင့် ညည်းညူနေကြသည်။ အဲဒီလောက် ဈေးကြီးသော စကားလုံးတွေ ကမ္ဘာကြီးမှာ တော်တော်ရှားပါးမယ် ထင်သည်။ ကြော်ငြာတွေနှင့် ပတ်သက်ပြီး ကျွန်မ သဘောကျတာ တစ်ခုမှာ သည်းထိတ်ရင်ဖိုရတာပဲ ဖြစ်သည်။

ထမင်းစားပြီး အိမ်ရှေ့တံခါးကို သော့ခတ်၊ စာသင်ကျောင်းကို ထွက်လာသည်။ အပြင်မှာ မိုးမရွာ။ မနေ့က အမေ ဝယ်ပေးသော ဖဲထီး လှလှလေး ဆောင်းသွားချင်တာကြောင့် ယူလာသည်။ အမေအိမ်ထောင် ကျကတည်းက ဟောဒီဖဲထီးလေး ဆောင်းလာသည်။ စိတ်ဝင်စားစရာ ဖဲထီးလေးကို ဂုဏ်ယူဝင့်ကြွားစွာနှင့် ကျွန်မ ရှာတွေ့ခဲ့သည်။ ဖဲထီးလေး ကိုင်ရင်း လမ်းလျှောက်လာချိန် ပါရီမြို့လမ်းတွေပေါ် လမ်းလျှောက် နေရသလို စစ်ပြီးနောက်ပိုင်း ဂျပန်ပြည်မှာ ဖဲထီးတွေ ပြန်ပြီးခေတ်စား လာသလားမသိ။ မေးသိုင်းကြိုး ဦးထုပ်ကလေးနှင့်ဆို ပိုမိုက်မှာပေါ့။ ကော်လာကြီးကြီးနှင့် ပန်းနုရောင်ကီမိုနို၊ ဇာအနားကွပ် အနက်ရောင် လက်အိတ်တစ်စုံ၊ အနားပြားကြီးကြီးနှင့် ခရမ်းရောင် ဦးထုပ်တစ်လုံး။ အဲဒါဆို အိုကေသွားပြီ။ စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လယ်စာစားဖို့ အပြင်ထွက်လာချိန် အရာအားလုံး စိမ်းလန်းစိုပြေလှပလို့ ပြီးတော့ စားပွဲတစ်လုံးမှာထိုင် လက်နှစ်ဖက်နှင့် မေးထောက်ပြီး ဖြတ်သွားဖြတ်လာတွေကို ငေးကြည့်နေခိုက် ဆိုင်တစ်နေရာက ဘေ့စ်ဂီတထွက်ပေါ်လာ၊ ဘယ်လောက်များ ပျော်စရာ ကောင်းလိုက်မလဲ။ အခု လက်တွေ့မှာတော့ လက်ကိုင်ရိုး ခနော်နီခနော်နဲ့ နှင့် ထီးစုတ်ကလေး ဆောင်းနေရသော ကျွန်မဘဝ ဘယ်လောက်များ သနားစရာ ကောင်းလိုက်ပါသလဲ။ အိမ်ပြင် ထွက်မလာခင် ခြံတံခါးခြေရင်းမှာ ပေါက်နေသော ပေါင်းပင်မြက်ပင်တွေကို ဆွဲနုတ်လိုက်သေးသည်။

တစ်နေ့တာအတွက် အမေ့ကို အိမ်အလုပ်တွေ ကူညီလုပ်ကိုင်ပေးသော သမီးအလိမ္မာလေး တစ်ယောက်လိုပေါ့။ ကံကောင်းပါလိမ့်မယ်။ ပေါင်းပင်တွေကလည်း ပုံစံအမျိုးမျိုးနှင့် အချို့က သူတို့ကို ဆွဲနုတ်ဖို့ ပြောနေသလို၊ အချို့ကတော့ နောက်ကွယ်မှာ ငြိမ်ကုတ်နေကြသလို သူတို့ကို ကြိုက်စရာကောင်းကောင်း မကောင်းကောင်း အတူတူလိုပါပဲ။ ဒါပေမဲ့ သူတို့သဘောနှင့်သူတို့ အထင်အမြင်တွေ ကွဲလွဲနေသလိုပဲ အချို့က ရိုးရိုးသားသား ရှင်သန်ပြီး အချို့ကတော့ မထိတ်သာမလန့်သာ။ ကောင်မလေးတစ်ယောက်လိုပေါ့။ သူမုန်းနေတာတွေဟာ ကျွန်မအတွက်တော့ ပေါက်ကရတွေပါပဲ။ ဆယ်မိနစ်လောက် ပေါင်းနုတ်ပြီးတော့ အိမ်ပြင် ထွက်လာသည်။ မြေနီလမ်းလေးအတိုင်း လယ်ကွင်းတွေကို ဖြတ်လျှောက် လာတိုင်း ပန်းချီကားတစ်ကား ဆွဲနေရသလို လယ်ကွင်းကိုလည်း ဖြတ်လာရသည်။ ဘုရားကျောင်း သစ်တောအုပ်တစ်အုပ်ကိုလည်း ဖြတ်လာရသည်။ ကျွန်မ လျှောက်လာသောလမ်းမှာ ကျွန်မကိုယ်တိုင် ရှာဖွေ ထားသော ဖြတ်လမ်း ဖြစ်သည်။ တောအုပ်ကို ဖြတ်လျှောက်လာချိန် မြေပေါ်မှာ ဟိုနားဒီနား အတွဲလိုက်ပေါက်နေသော မုယောစပါးပင်တွေ ကို ကြည့်မိသည်။ စိမ်းစိမ်းစိုစို မုယောစပါးပင်ပျိုတွေကို တွေ့လိုက်တာ နှင့် ယခုနှစ်လည်း ဟောဒီနေရာမှာ စစ်သားတွေ စစ်စခန်းချသွားတာ ပြောနိုင်သည်။ မနှစ်ကလည်း ဘုရားကျောင်းအနီး သစ်တောထဲမှာ စစ်သားနှင့် မြင်းတွေ စခန်းလာချကြသည်။ မုယောစပါးများကို စစ်သားတွေနှင့်အတူ မြင်းကျွေးဖို့ ယူလာကြသည်။ စခန်းချရာနေရာမှာ အိတ်တွေ၊ ပုံးတွေထဲက မုယောစပါးတွေ စပါးအချို့ မြေကြီးပေါ်ထွက်ကျပြီး အပင်ပေါက်ကြသည်။ ဒါပေမဲ့ စပါးပင်များမှာ မသန်။ တစ်ချိန်လုံး သစ်ပင်ကြီးတွေ အရိပ်မိုးနေတာကြောင့် နေရောင်ခြည် အပြည့်အဝမရဘဲ စပါးပင်တွေ ကြုံလှီနေကြသည်။

ဘုရားကျောင်း သစ်တောလမ်းဆုံးသွားတော့ ဘူတာရုံနား ရောက်လာသည်။ လမ်းမပေါ်မှာ အလုပ်သမား လေးငါးယောက် တွေ့ရသည်။ အဲဒီသေနာကောင်ဆီက အယုတ္တအနတ္တစကားတွေ ကြားလိုက်ရသည်။ ကျွန်မဘက်ကို လှည့်ပြီး တမင်ပြောနေခြင်း ဖြစ်သည်။ ကျွန်မ ဘာလုပ်ရင် ကောင်းမလဲ။ ချီတုံချတုံ ဖြစ်နေသည်။ သူတို့ကို ကျော်တက်သွားချင်သည်။ အဲဒီလိုလုပ်ဖို့ဆိုလျှင် သူတို့တွေကြားက တိုးသွားရလိမ့်မည်။ အဲဒီလိုတော့ မလုပ်ဝံ့။ နည်းလမ်းတစ်ခုတော့ ရှိသည်။ စကားတစ်လုံး မှမပြောဘဲ နေရာမှာ ခြေစုံရပ်နေ သူတို့တွေ ခပ်လှမ်းလှမ်းရောက်ခါမှ ကိုယ့်ခရီးကိုယ်ဆက်။ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ သတ္တိလိုသည်။ ကိုယ့်ဘက်က ရိုင်းပျရာကျပြီး သူတို့တွေ ဒေါသထွက်လာလျှင် ပိုခက်မည်။ ကျွန်မ တစ်ကိုယ်လုံး ပူခြစ်လာပြီး အော်ငိုချင်လာသည်။ မျက်ရည်ကျရမှာလည်း ရှက်စရာ။ အဲဒီတော့ သူတို့တွေဘက်လှည့်ပြီး ကျွန်မ အော်ရယ်လိုက်သည်။ အဲဒီနောက် သူတို့နောက် ဖြည်းဖြည်းချင်း လျှောက်လာသည်။ ဒါပေမဲ့ အဲဒီကိစ္စ အဲဒီမှာပင် ပြီးမသွားဘဲ ရထားပေါ်ထိ ပါလာသည်။ စိတ်တွေ ရှုပ်လိုက်တာ။ အဲဒီလို အသေးအဖွဲ ကိစ္စလေးတွေကို အဖက် မလုပ်ဘဲနေနိုင်ဖို့ ကျွန်မ အရွယ်မြန်မြန်သာ ကြီးလိုက်စေချင်သည်။

မီးရထားတံခါးဘေး လွတ်နေသော ထိုင်ခုံပေါ်မှာ ပါလာသော ပစ္စည်းပစ္စယတွေတင်ပြီး တွန့်လိပ်နေသော စကပ်အနားကို လက်နှင့် ပွတ်၍ ဆန့်လိုက်ပြီး ထိုင်မလို့လုပ်တုန်း မျက်မှန်နှင့် အမျိုးသားတစ်ယောက် ပစ္စည်းပစ္စယတွေကို ဘေးဖယ်ပြီး ထိုင်ချလိုက်သည်။

“အို ဘယ်လိုလုပ်လိုက်တာလဲ၊ အဲဒါ ကျွန်မထိုင်မဲ့နေရာလေ” လူကြီးက မပြုံးချင်ပြုံးချင်နှင့် နှုတ်ခမ်းတစ်ဖက်တွန့်ပြလိုက်ပြီး ဘာမှ မဖြစ်သလို သတင်းစာကို ဖတ်နေသည်။ ဘယ်လို လူကြီးပါလိမ့်၊ တော်တော်လည်း မျက်နှာပြောင်ပါလား။ ကျွန်မ မကျေမနပ် ဆောင့်ကြီး အောင့်ကြီးနဲ့ ဖဲထီးနှင့် အခြားပစ္စည်းတွေကို ရထားအမိုးအောက်မှ ပစ္စည်းတင်စရာစင်ထဲကို ထိုးထည့်လိုက်ပြီး ခန္ဓာကိုယ် ယိုင်မသွားအောင် လက်တန်းမှ သားရေကြိုးကို လက်တစ်ဖက်နှင့် ဆွဲထားလိုက်သည်။ စိတ်နည်းနည်း တည်ငြိမ်သွားပြီး တစ်ခဏ ထုံးစံအတိုင်း လက်တစ်ဖက် တည်းနှင့် မဂ္ဂဇင်းတစ်စောင်ကို လှန်လှောကာ ဟိုဖတ်ဒီဖတ်ဖတ်နေရင်း ထူးထူးဆန်းဆန်း အတွေးတစ်ခု ခေါင်းထဲရောက်လာသည်။

ကျွန်မမှာ ကိုယ်ပိုင်အတွေ့အကြုံတစ်ခုမှ မရှိ။ စာအုပ်တွေနှင့် ဝေးကွာသွားမယ်ဆိုလျှင် တကယ့်ကို ဒုက္ခရောက်မယ် ထင်ပါရဲ့။ တကယ်တော့ စာအုပ်တွေပေါ်မှာပဲ ကျွန်မ မှီခိုနေရတာ မဟုတ်လား။ စာအုပ် တစ်အုပ်ကို ဖတ်မယ်။ ပြီးရင် အရူးအမူး စွဲလမ်းသွားမယ်။ အဲဒီ စာအုပ်က ပြောတာတွေကို အဟုတ်အမှန်အဖြစ်နဲ့ လိုလိုလားလား လက်ခံလိမ့်မယ်။ ဒါမှမဟုတ် အကျေနပ်ကြီး ကျေနပ်နေလိမ့်မယ်။ အဲဒီနောက် ကျွန်မဘဝ အစိတ်အပိုင်းတစ်ခု ဖြစ်လာအောင် ကြိုးစားလိမ့်မည်။ ပြီးသွားရင် နောက်ထပ် စာအုပ်တစ်အုပ်ဖတ်ပြီးသည်နှင့် ယခင်စာအုပ်ကို လုံးလုံးလျားလျားမေ့ပြီး အဲဒီစာအုပ်ကပဲ ကျွန်မဘဝ အစိတ်အပိုင်းအသစ် ဖြစ်လာပြန်သည်။ တကယ်တော့ အခြားတစ်ယောက်ယောက်ဆီက အတွေ့အကြုံကို လိမ်ညာလှည့်ဖျားပြီး ခိုးယူ၊ ကိုယ်ပိုင်အတွေ့အကြုံ တစ်ခုလို ပြန်လည်ဖန်တီးခြင်းမှာ ကျွန်မ၏ ဧကန်စင်စစ် မူပိုင်ပါရမီ ဖြစ်တော့သည်။ တကယ်ပါ။ ကျွန်မ မာယာမှာ အတုအယောင်သာ ဖြစ်ပြီး တကယ့်ကို စိတ်အာရုံနောက်စရာ ကောင်းနေသည်။ တစ်နေ့ပြီး တစ်နေ့ အရှုံးတွေနှင့်သာ ရင်ဆိုင်ရမယ်ဆိုရင် ရလဒ်တစ်ခုအနေနှင့် ကိုယ်ပိုင်သရုပ်သဏ္ဌာန်ပုံစံ တစ်ခုခုတော့ ဖြစ်လာမှာ သေချာသည်။ အဲဒီလို တော့လည်း မဟုတ်သေးပါဘူး။ အဲဒီအမှားတွေကိုတောင် ယုတ္တိမဲ့ပုံသဏ္ဍန် အမျိုးမျိုးပြောင်းပြီး လှည့်ဖျားလိုက်တာ အင်မတန် အရောင် အဆင်း တောက်ပလာပြီး သူတို့နောက်ကွယ်မှာ လုံးဝပြည့်စုံသော သီအိုရီတစ်ခု ရှိတယ်လို့တောင် ထင်စရာ။ အဲဒီလို ကမူးရှုးထိုးလုပ်ပြဖို့ ကျွန်မဘက်က စိတ်စနိုးစနောင့်ဖြစ်မှာ မဟုတ်ပါဘူး။

ယခင်ကလည်း စာအုပ်တစ်အုပ်အုပ်မှာ အဲဒီစကားလုံးတွေ ကျွန်မ ဖတ်ဖူးထားတာ သေချာပါတယ်။

ဒါပေမဲ့ ကျွန်မအတွက် ဘယ်အရာမှန်သလဲဆိုတာ တကယ်မသိ။ ဖတ်စရာစာအုပ်တစ်အုပ်မှ မရှိတော့တဲ့အခါ ဒါမှမဟုတ် အတုခိုးစရာ ရိုးမော်ဒယ်တခြားတစ်ယောက် မတွေ့တော့ရင် ကျွန်မ ဘာများလုပ်မလဲ။ အကူအညီ အကမ်းလှမ်းမဲ့ ညည်းသံညူသံတွေနှင့်အတူ လွင့်ပါးပျောက် ကွယ်သွားမလား မသိ။ ဘယ်လိုပဲဖြစ်ဖြစ် နေ့စဉ် ရထားစီးရင်း အဲဒီလို ရည်ရွယ်ချက်အတွေးများမှာ ကျွန်မအတွက် အကျိုးမရှိ။ တစ်ခုခုလုပ်ရမှာပေါ့။ ဒါပေမဲ့ အဲဒီတစ်ခုခုဆိုတာကို ကျွန်မကိုယ်တိုင် စွဲစွဲမြဲမြဲ ဆုပ်ကိုင်နိုင်ပါ့မလား။ ကျွန်မကိုယ်ကျွန်မ ဝေဖန်နေပေမဲ့ အဓိပ္ပာယ်မဲ့နေသလို အဲဒီတော့ သေသေချာချာ အဆုံးအဖြတ် ပေးရမှာပေါ့။ မကောင်းသော သို့မဟုတ် အားနည်းသော ဉာဉ်တစ်ခုခု ရလာပြီဆိုသည်နှင့် ကိုယ့်ကိုယ်ကိုယ် ကရုဏာသက်နေပြီး အဲဒီအတွေးနှင့် ဉာဉ်ဆိုးထဲမှာ အစွန်းဆုံး ယစ်မူး ပြီးခါမှ မကောင်းဘူးလို့ ဆုံးဖြတ်။ ဘာ့ကြောင့် ကိုယ့်ဘာသာ မနေနိုင်ရမှာလဲ အဲဒီလိုနဲ့ပဲ ဝေဖန်တာတွေကို စွန့်လွှတ်။ ဘာကိုမှ မစဉ်းစားတော့တာပဲ အကောင်းဆုံး မဟုတ်ပါလား။

ယခု မဂ္ဂဇင်းထဲမှာလည်း ငယ်ရွယ်နုပျိုသော မိန်းကလေးများ၏ အားနည်းချက်များဆိုသော ခေါင်းစဉ်နှင့် အကြောင်းအရာတွေ အမျိုးမျိုး တွေ့နေရပြန်သည်။ ဖတ်ကြည့်တော့ ကျွန်မ တစ်ယောက်တည်းကို များ ရည်ရွယ်ပြောနေသလား မသိ။ စိတ်ထဲမလုံမလဲ ရှိုးတိုးရှန့်တန့် ဖြစ်လာသည်။ မိန်းမပျိုလေးများ၏ အားနည်းချက် အကြောင်းရေးသူ စာရေးဆရာအချို့မှာ တကယ့်ကို ရူးတူးတူး ပေါနန့်နန့်တွေ ရေးထားကြသည်။ အချို့ကတော့ သူတို့ဓာတ်ပုံတွေကြည့်တာနှင့် အေးအေးဆေးဆေး တည်ငြိမ်မှုရှိသလို ယခုရေးထားသော အကြောင်းအရာတွေကလည်း တစ်ခါတစ်ခါ တကယ့်ကို ရယ်စရာကောင်းတာကြောင့် ဖတ်နေရင်း အသံထွက်၍ပင် ရယ်မိသည်။ ဘာသာရေးသမားတွေဆီက ကိုးကွယ်ယုံကြည်မှုတွေ အကြောင်း၊ ကျောင်းဆရာ ဆရာမတွေဆီက စာရိတ္တကျင့်ဝတ်အကြောင်း၊ နိုင်ငံရေးသမားတွေဆီကတော့ တရုတ်ပုံပြင်အချို့ မစို့မပို့ ကြားရသည်။ စာရေးသူတွေအားလုံး အပျံစားစကားလုံးတွေ အသုံးပြုပြီး သူတို့ကိုယ် သူတို့ အဟုတ်ကြီး ထင်နေကြသည်။

ဒါပေမဲ့ သူတို့ရေးတာတွေအားလုံး မသေချာမရေရာ အနှစ်မရှိ အနက်မရှိ အပေါ်ယံအကာတွေ။ တကယ့် မျှော်လင့်ချက်၊ ရည်မှန်းချက် ဆိုတာမျိုးတွေ ကင်းမဲ့နေသည်။ ပြောရရင် ဝါးတားတားတွေ၊ ဝေဖန်ရေး တွေဆိုပေမဲ့ ကျွန်မအတွက်တော့ လားလားမှ မဆိုင်တာတွေ၊ ကိုယ့်ကိုယ် ကိုယ် ပြန်လည် ဆန်းစစ်တာတွေ မရှိ။ မိမိကိုယ်ကိုယ် လေးစားတာ သတိပြုရမှာတွေ မရှိ။ သူတို့တွေ စာရေးဖို့ သူတို့တွေ ပြောဖို့ သတ္တိနည်းနည်း လိုနေသလို ဖြစ်လာမဲ့ နောက်ဆက်တွဲတွေကို သူတို့တာဝန်ယူနိုင်ပါသလား။ သူတို့ပတ်ဝန်းကျင်နှင့် သူတို့ဘဝတွေ သဟဇာတဖြစ်အောင် ဖန်တီးချင် ဖန်တီးနိုင်ပါလိမ့်မယ်။ အဲဒီအလုပ်ကြီးကို အောင်မြင်စွာ လုပ်ချင်လုပ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာ သူတို့တွေပုံစံနှင့် ဘယ်လိုမှ တွဲဖက်လို့မရ။ အထက်စီးဆန်လွန်းနေပြီး ဖန်တီးမှု ပျောက်ဆုံးနေသည်။ အားလုံး အယောင်ဆောင်ထားတာတွေ။ ရင်ထဲအသည်းထဲက ထွက်လာသော ချစ်ခြင်းမေတ္တာ မရှိ။ ဂုဏ်သိက္ခာ မရှိ။ လေလုံးတွေ စကားလုံးတွေမျှသာ။ ဖတ်နေရင်း ကျွန်မ လန့်ဖျပ်လာသည်။ ဆောင်းပါးတိုင်းမှာ ရေးသားထားတာတွေ အားလုံး ကြိုးစားပမ်းစား ရေးခဲ့ကြပါ သလား။ သူတို့တွေ နားလည်တာနှင့် လွဲနေသည်။ သူတို့အမြင်များမှာ အကောင်းမြင်လွန်းသည်။ အနှစ်သာရ သို့မဟုတ် စစ်မှန်သော အဓိပ္ပာယ် စသဖြင့် စကားလုံးတွေကိုတော့ ဗုံးပေါလအော သုံးထားသည်။ ဒါပေမဲ့ စစ်မှန်သော ချစ်ခြင်းမေတ္တာ သို့မဟုတ် မိမိကိုယ်ကိုယ် မှန်မှန်ကန်ကန် သတိပြုမိခြင်း အဓိပ္ပာယ်ကိုတော့ ထုပ်ထုပ်ပိုက်ပိုက် ဆုပ်မိကြဟန် မတူ။ အရာအားလုံးကို သူတို့ သိကောင်းသိပါလိမ့်မယ်။ အဲဒီလိုဆိုရင် စာဖတ်သူတွေ နားလည်အောင် ရှင်းရှင်းလင်းလင်း တိတိကျကျ ရေးသင့်သည်။ ရိုးရိုးရှင်းရှင်း စကားလုံးတွေကို အနည်းငယ်သာ သုံးသင့်သည်။ ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ဖို့ ကျွန်မတို့တွေ လမ်းပျောက်နေကြသည်။ ဘာကိုလုပ် ဘာကိုမလုပ်နဲ့လို့ တစ်ယောက်ယောက်က ကျွန်မတို့ကို ပြောမဲ့အစား ကျွန်မတို့ လုပ်သင့်လုပ်ထိုက် တာတွေကို သေသေချာချာ ညွှန်ကြားမယ်ဆိုရင် အားလုံး ဝမ်းမြောက်ဝမ်းသာ ဂရုတစိုက် နားထောင် ကြမှာပါ။ လူတိုင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကြပါသလား။ ကျွန်မ ကတော့ သံသယ ရှိသည်။ သူတို့အတွေးတွေကို ပုံနှိပ်ထုတ်ဝေသူ အားလုံး ကျွန်မလိုပဲ ခံစားရမည် ထင်သည်။ ကျွန်မတို့မှာ တကယ့်မျှော်လင့်ချက်တွေ၊ တကယ့်ရည်မှန်းချက်တွေ မရှိဘူးဆိုပြီး ကျွန်မတို့ကို ကြိမ်းမောင်း နေကြပေမဲ့ ကျွန်မတို့ ကိုယ်ပိုင်အိပ်မက်တွေ နောက်လိုက်မယ်ဆိုရင် အဲဒီ လူတွေကကော ကျွန်မတို့နှင့်အတူလိုက်ပြီး စောင့်ကြည့်ပြီး လမ်းညွှန်နိုင် မှာတဲ့လား မေးလိုက်ချင်သည်။

ကျွန်မတို့သွားရမဲ့ အကောင်းဆုံးနေရာတွေ၊ ကြည့်ရမဲ့ အလှပဆုံး နေရာတွေ လူပုဂ္ဂိုလ် တစ်ယောက်အဖြစ် ကြီးထွားခွင့်ပေးမဲ့ နေရာတွေ အဲဒီနေရာကိုသွားဖို့ ကျွန်မတို့အတွေးတွေ ဝေဝါးနေကြလျက် ဒါပေမဲ့ အကောင်းဆုံး ဘဝရဖို့ကိုတော့ တောင့်တနေကြသည်။ ကျွန်မတို့မှာတကယ့်ရည်မှန်းချက်တွေ၊ တကယ့်မျှော်မှန်းချက်တွေ ရှိနေသည်။ ဒါပေမဲ့ ကျွန်မတို့ ဆုပ်ကိုင်ထားရမဲ့ ယုံကြည်မှု ယိမ်းယိုင်လှုပ်ခါ သွားရင်တော့ သည်းညည်းမခံနိုင်ကြ။ ကျွန်မတို့လို မိန်းကလေးတွေ ဘဝမှာ အဲဒီလို ကိစ္စတွေကို ဖော်ထုတ်ပြသဖို့ အားထုတ်မှုတွေ အများကြီး လိုအပ် ပါလိမ့်မည်။ နောက်ထပ် ကျွန်မတို့ အဖေတွေ အမေတွေ အစ်ကိုတွေ အစ်မတွေ စဉ်းစားနေကြပါလိမ့်မည်။ သူတို့အတွေးတွေ အားလုံး ခေတ် ကုန်သွားပြီလို့ ပြောနိုင်ပေမဲ့ ကျွန်မထက် အသက်အရွယ်ကြီးသူတွေ အုပ်ထိန်းသူတွေကို အထင်သေးတာမျိုး မရှိ။ ကျွန်မထက် သူတို့တွေအဆပေါင်းများစွာ သိကြမှာ သေချာသည်။ ကျွန်မမိသားစု အဖွဲ့ဝင်များမှာ ကျွန်မတို့ဘဝ အသွင်ပြင်တိုင်း၏ အစိတ်အပိုင်းပင် ဖြစ်သည်။ ကျွန်မတို့တွေ အားလုံး ခင်မင်ရင်းနှီးသူတွေ အပေါင်းအသင်းတွေလည်း ဖြစ်သည်။ အပေါင်းအသင်းတွေပါပဲ။ ကျွန်မတို့တွေကို ဧရာမအင်အားကြီး နှင့် ဖယ်ရှားတိုက်ခိုက်နေသော ကမ္ဘာကြီးလည်း ရှိသည်။ အဲဒါတွေ အားလုံး သိမြင်ကြားနာ စဉ်းစားမိသည့်အခါ ကျွန်မတို့ ကိုယ်ပိုင်စရိုက် လက္ခဏာတွေ တကယ်စစ်မှန်တာကို ဇာချဲ့ဖို့ အချိန်တောင်ရှိကြရဲ့လား။ အကောင်းစား အပျံစားကိစ္စများမှာ ကျွန်မတို့ ဂရုစိုက်အောင် လုပ်စရာမလို။ အခြား သာမန်လူတွေနှင့် တစ်လမ်းတည်း တိတ်တိတ်ဆိတ်ဆိတ် သွားတတ်ကြသည်။ လူနည်းစုအတွက် စည်းမျဉ်းစည်းကမ်းတွေကို တစ်ချိန်တည်းမှာ တခြားလူတွေ အားလုံးလိုက်နာဖို့ ချဲ့ထွင်လိုက်ခြင်းသည် ရက်စက်ရာကျပါလိမ့်မည်။ စာသင်ကျောင်းတွေမှာ သင်ကြားနေသော စာရိတ္တကျင့်ဝတ် သင်ခန်းစာတွေနှင့် အရပ်ထဲမှာ လူတွေကျင့်သုံးနေသော ဓလေ့စရိုက်တွေ တော်တော် ကွာခြားနေတာကို တဖြည်းဖြည်း ကျွန်မ သဘောပေါက် နားလည်လာသည်။ စာသင်ကျောင်းတွေမှာ သင်ကြားနေသော စာရိတ္တ သင်ခန်းစာတွေကို မဖြစ်ဖြစ်သည့်နည်းနဲ့ ကျင့်သုံးဖို့ ပြောဆိုဆုံးမနေသူတွေမှာ ကျွန်မအမြင် အရူးတွေနှင့် တူသည်။ သွပ်သွပ် ချောင်ချောင်တွေ ဖြစ်သည်။ သူတို့တွေ ဘယ်တော့မှ မအောင်မြင်။ အမြဲ ဖြူခါပြာခါကျနေသူတွေ။ သူတို့ထဲမှာ မလိမ်မညာ အဖြောင့်သမားတွေ ရှိပါသလား။ ရှိတယ်ဆိုရင် သူတို့အားလုံး အရှုံးသမားတွေသာ ဖြစ်ရမည်။ ဆွေမျိုးတွေထဲမှာ ရည်မွန်သူ တစ်ယောက်ရှိသည်။ သူ့ကိုယ်သူ ယုံကြည်သည်။ သူ့အိပ်မက်တွေကို အမြဲ ဆုပ်ကိုင်ထားသည်။ အခြား မိသားစု တွေက သူ့ကို သနားစရာလို ပြောနေကြပေမဲ့ နေ့စဉ် အဓိပ္ပာယ်ရှိသော ဘဝမှာ ရှင်သန်နေသူ။ အခြားလူတွေက ငကြောင်လို ဆက်ဆံကြသည်။

ကျွန်မလား၊ ကိုယ့်အိပ်မက်တွေအတွက် ဘေးပတ်ဝန်းကျင်နှင့် အခြားသူတွေကို မဆန့်ကျင်ရဲပါဘူး။ ဆန့်ကျင်မယ်ဆိုရင် အရိုက်ခံရမယ်ဆိုတာ သိတာပေါ့။ အရိုက်ခံရမှာ၊ ရှုံးနိမ့်မှာ ကျွန်မ ကြောက်သည်။ ငယ်ငယ်က အခြားလူတွေနှင့် လုံးဝဆန့်ကျင်နေသော အရာတစ်ခုခု ကျွန်မသိလိုက်ပြီဆိုလျှင် အမေ့ကို အမြဲမေးတတ်သည်။ “အဲဒါ ဘာကြောင့်လဲ၊ ဘယ်လိုဖြစ်တာလဲ” အဲဒီလို မေးခွန်းမျိုးမေးချိန်တိုင်း စိတ်မရှည်သော အမေ့ထံမှ စကားလုံး တစ်လုံးသာ ထွက်လာတတ်သည်။ “ဒီကောင်မလေး ဘာဖြစ်နေတာလဲ၊ လူကြီးတွေကို တော်တော် စိတ်အနှောင့်အယှက် ပေးနေပါလား” တစ်ခါတစ်ခါ အဖေ့ကို အဲဒီလို မေးခွန်းမျိုး မေးကြည့်ပြန်တော့ စကားတစ်လုံးမှမပြန်ဘဲ ပြုံးလို့သာ ကြည့်နေတတ်သည်။ ဒီကောင်မလေးက အခြားကလေးတွေနှင့် မတူပါလားလို့ အမေ့ကို အဖေပြောသံ ကြားရသည်။ အဲဒီလိုနှင့် ကျွန်မ အရွယ် ရောက်လာတော့ ရှက်တတ် ကြောက်တတ်လာသည်။ ဆန်းဆန်းပြားပြား အဝတ်အထည် ဝတ်ဆင်တယ်ဆိုရင်ပဲ ကျွန်မကို သူများတွေ ဘာထင်မလဲ စိုးရိမ်စိတ်နှင့် သိချင်နေသည်။ မှန်တာပြောရရင် ကျွန်မ ကိုယ်ပိုင်ပုဂ္ဂလိက ဘဝဆိုတာကို တိတ်တဆိတ်ချစ်ပေမဲ့ အခြား အကြောင်းအရာတွေနှင့် အမြဲ ပတ်သက်နေတတ်သည်။ ကျွန်မကို အားလုံး ဗိုင်းကောင်း ကျောက်ဖိ မိန်းကလေးတစ်ယောက်လို့ ထင်စေချင်သည်။ ကျွန်မအနားမှာ လူများများ ပတ်ချာလည်ဝိုင်းနေပြီဆိုလျှင် သူတို့တွေကို မျက်နှာလို မျက်နှာရနှင့် ပလီပလာ စကားအူပေါက်ပြောတတ်သော ကျွန်မအကျင့်ကို ကျွန်မကိုယ်တိုင် အံ့သြယူရသည်။ ကျွန်မ မဖြစ်ချင်မလိုချင်တာတွေ ခရားရေလွှတ် တတွတ်တွတ် ပြောတော့သည်။ အဲဒီလိုပြောတာဆိုတာ ကျွန်မအားသာချက်ဆိုပေမဲ့ အဲဒီအမူအကျင့်ကို မုန်းသည်။ စာရိတ္တကျင့်ဝတ်မှာ တော်လှန်ရေးတစ်ခုဖြစ်ဖို့ ကျွန်မ မျှော်လင့်နေသည်။ အဲဒီလိုဆိုရင် မျက်နှာလို မျက်နှာရ လုပ်တတ်သော ကျွန်မအကျင့်နှင့် အခြား မျှော်လင့်ချက်တွေအရ ဘဝကို ရုန်းကန်ဖို့ လိုအပ်တာတွေ ပျောက်ကွယ် သွားမည် ထင်သည်။

ဩော် အတွေးထဲမျောနေလိုက်တာ၊ ဟိုမှာ ထိုင်ခုံတစ်ခု လွတ်နေပါလား။ စင်ပေါ်က ဖဲထီးနှင့် အခြားပစ္စည်းပစ္စယတွေကို ကပျာကယာ ဆွဲယူ၊ ထိုင်ခုံအလွတ်ဆီ သွက်သွက်လေးလျှောက်ပြီး ထိုင်ချလိုက်သည်။ ကျွန်မဘေးမှာ ဂျူနီယာအထက်တန်းကျောင်းသူ တစ်ယောက်၊ ဘယ်ဘက်မှာ အမျိုးသမီးကြီး တစ်ယောက် အခါလည်အရွယ် ကလေးငယ်တစ်ဦးကို သူမကျောမှာ အနှီးစနှင့် စလွယ်သိုင်း၍ ချည်ပိုးထားသည်။ သူမအရွယ် နှင့်ယှဉ်လျှင် မျက်နှာမှာ မိတ်ကပ်တွေ အလွန်အကျွံ ခြယ်သပြီး ဆံပင်ပုံစံကလည်း အလိပ်အခွေတွေနှင့် အလွန် ခေတ်ဆန်လွန်းနေသည်။ သူမ မျက်နှာမှာ ချောမောလှပပေမဲ့ လည်ပင်းအရေပြားမှာ အရေးအကြောင်းတွေ အထပ်ထပ် ဖြစ်နေပြီး သူမ၏ ကြမ်းထော်ခက်မာသော အထိအတွေ့ကြောင့် ကျွန်မ စိတ်ထဲအောင့်သွားသည်။ ကြည့်စမ်း ဘယ်လောက် အံ့ဩစရာ ကောင်းလိုက်ပါသလဲ။ မတ်တတ်ရပ်နေချိန်၊ ထိုင်ခုံမှာ ထိုင်နေချိန် အနေအထားပေါ်မူတည်ပြီး အတွေးတွေလည်း လိုက်ပါပြောင်းလဲလိုက်ပုံများ ပြောပါတယ်။ ထိုင်နေချိန်မှာ အတွေးတွေ အမျိုးမျိုးပြောင်းလဲပြီး ငြီးငွေ့လာသလိုလို စိတ်မပါသလို ကျွန်မနှင့် မျက်နှာချင်းဆိုင် ရှေ့တည့်တည့်ထိုင်ခုံမှာ ကုမ္ပဏီဝန်ထမ်း လေးငါးယောက် သူတို့အားလုံး သက်တူရွယ်တူတွေလို့ ထင်ရသည်။ အလွန်ဆုံးရှိလှ သုံးဆယ်ဝန်းကျင်။ သူတို့ထဲက တစ်ယောက်မှ ကျွန်မ မကြိုက်။ မျက်လုံးတွေ ကြည့်ရတာ ဗလာကျင်းပြီး ငြီးငွေ့စရာ။ တက်ကြွလန်းဆန်းမှု မရှိ။ ဒါပေမဲ့ ခုနေများ သူတို့ထဲက တစ်ယောက်ယောက်ကို ကျွန်မ သွားဖြဲပြလိုက်လျှင် ကျွန်မကို ရထားပေါ်က နွားဆွဲသလို ဆွဲသွားကြပြီး တစ်ယောက်ယောက် နှင့် အိမ်ထောင်ပြုရမှာ သေချာသည်။ မိန်းမသားတစ်ယောက် ကံကြမ္မာကို အပြုံးလေးတစ်ပြုံးဖြင့် အဆုံးအဖြတ် ပေးနိုင်သည်။ တွေးကြည့်ရုံ နှင့် ကြောက်စရာ။ ကိုယ့်ဘက်က သတိထားဖို့ လိုတာပေါ့။ ဒီကနေ့ နံနက် ကျွန်မအတွေးတွေ တော်တော် ထူးဆန်းနေပါလား။ ပြီးခဲ့သော လေးငါးရက်က အိမ်ခြံဝင်းအတွင်း ပေါင်းပင်နှင့် အမှိုက်သရိုက် ရှင်းပေးသူ ခြံအလုပ်သမား တစ်ယောက်မျက်နှာ အတွေးထဲ ရုတ်တရက် ပေါ်လာသည်။ အလုပ်သမားတစ်ယောက်ဆိုလျှင် ကျွန်မအတွက် သူ့မျက်နှာမှာ ထူးခြား နေသည်။ ပုံကြီးချဲ့ပြောရရင် သူ့ကြည့်ရတာ ပညာတတ် အတွေးအခေါ် ပညာရှိသူတစ်ယောက်လို အသားအရေမှာ မည်းပြောင်ပြီး တင်းမာနေသည်။ ထူထဲ၍ ကြီးမားသော မျက်ခုံးတွေအောက်မှာ လှပသော မျက်လုံး တွေရှိသည်။ နှာခေါင်းပြားပေမဲ့ အသားအရေနှင့်လိုက်ဖက်ပြီး အင်အားကြီးသော တောရိုင်းတစ်ကောင်လို ထင်ရသည်။ နှုတ်ခမ်းများမှာ ကွေးညွတ်ပြီး ထူထဲသည်။ နားတွေကတော့ နည်းနည်း ညစ်ပတ်သည်။ သူ့လက်တွေကို ကြည့်လိုက်ပြန်တော့လည်း ခြံအလုပ်သမား တစ်ယောက် ဆိုတာ လူတိုင်းသိနိုင်သည်။ ခေါင်းပေါ်မှာ ဦးထုပ်ပျော့တစ်လုံး ရှေ့ကိုခပ်စိုက်စိုက် ဆောင်းထားသည်မှာ ခြံအလုပ်သမားတစ်ယောက်ဆိုတာကို ရှက်ရှက်နှင့် ဖုံးကွယ်ထားဟန်တူသည်။ သူက အမြဲ ခြံအလုပ်သမားတစ်ယောက် ပဲလားဆိုတာ အမေ့ကို ကျွန်မ မေးကြည့်သည်။ တစ်ခါ နှစ်ခါ သုံးခါ မေးပါများတော့ အမေ ကျွန်မကို ငေါက်လွှတ်သည်။ ကျွန်မတို့ခြံကို ခြံအလုပ်သမား ရောက်လာသော ပထမဦးဆုံးနေ့၊ လက်ဆောင်ပစ္စည်းတွေကို လှလှပပ ထုပ်ပိုးနည်းတွေကို ကျွန်မကို အမေ သင်ပေးသည်။ အဲဒီနေ့မှာပဲ တစ်အိမ်လုံး သန့်ရှင်းရေးလုပ်တာကြောင့် မီးဖိုချောင် ပြင်ဆင်သူနှင့် “တာတာမိ” ဖျာရက်သူ နှစ်ယောက်လည်း အတူရှိနေကြသည်။ ဗီရိုတွေထဲကို အမေရှင်းလင်းတော့ လက်ဆောင်ပစ္စည်း ထုပ်ပိုးဖို့ “ဖူလုရှိကီ” ပိတ်စများမှာ အလွန်လှပြီး မိန်းမဆန်ဆန်၊ ချစ်စရာလေးတွေ အမေ ကျွန်မကိုပေးသည်။ လွင့်နေသော အတွေးတွေ ကျွန်မဆီ ပြန်ရောက်လာပြီး အနီးအနားက လူတွေကို မျက်စိတစ်ချက် ဝေ့ကြည့်လိုက်သည်။ ကျွန်မနှင့် အတူပါလာသော “ဖူလုရှိကီ” အဝတ်စလေး ကို ရထားပေါ်က လူတွေမြင်စေချင်ပေမဲ့ ဘယ်သူမှ သတိထားမိ ပုံတောင် မရ။ လှလှပပ ချစ်စရာ “ဖူလုရှိကီ” တစ်ယောက်ယောက်ကများ ကြည့် လိုက်ပါလား။ အဲဒီလူနှင့်အတူ လိုက်သွားပြီး လက်တောင်ထပ် လိုက်ချင်ပါရဲ့။ သူတို့ပြောသော ဗီဇစရိုက်လက္ခဏာဆိုတာကို ကြားလိုက်သည့်အခါတိုင်း အော်ငိုလိုက်ချင်သည်။ ကျွန်မတို့ဗီဇစရိုက်တွေ ဘယ်လောက် ကြီးမားလိုက်ပါသလဲ။ ဘယ်လောက်များ အင်အားမဲ့လိုက်ပါသလဲ။ ကျွန်မတို့ကို မောင်းနှင်နေသော အင်အားကြီးတစ်ခုအောက်မှာ ဘယ်လောက်များ အစွမ်းအစတွေ ပြည့်လျှံလာပါသလဲ။ ဘဝအတွေ့အကြုံ အမျိုးမျိုးမှ ကျွန်မ သဘောပေါက်လာသည်။ တစ်ခါတစ်ခါ ကျွန်မ ရူးနေပြီလားလို့လည်း စဉ်းစားမိပြန်သည်။ အဲဒီတော့လည်း အာရုံတွေနောက်လာ။ ကျွန်မ ဘာလုပ်ရမလဲ။ ဘာလုပ်သင့်လဲ။ အဲဒီအင်အားကို လက်ခံလိုက် ဖို့ ဒါမှမဟုတ် တွန်းဖယ်ဖို့ နည်းလမ်းမရှိ။ ကျွန်မတဘဝလုံး ခြေဖျားမှ ငယ်ထိပ်ထိ မှောင်ရိပ်ကျသွားသလို ကျွန်မကို တရွတ်တိုက် ဆွဲခေါ်သွားနိုင်သည်။ အဲဒီလို တရွတ်တိုက် ဆွဲခေါ်ခံနေရချိန်မှာ ကျေနပ်နေသလိုလို၊ ဝမ်းနည်းနေသလိုလို ခံစားနေရသည်။ ကျွန်မတို့ဘဝမှာ ကိုယ့်အချစ်နဲ့ ကိုယ်ပဲ ဘာ့ကြောင့် မပျော်နိုင်ကြတာလဲ။ ဒါမှမဟုတ် ကိုယ့်ဘာသာ ကိုယ်ဘာ့ကြောင့် မပျော်နိုင်ကြတာလဲ။ ယနေ့အချိန်ထိ ကျွန်မ သိုမှီး သိမ်းဆည်းထားသော စိတ်နာချက်တွေ ဒါမှမဟုတ် အကြောင်းအကျိုး အဆင်အခြင်တွေကို ဗီဇစရိုက်ဆိုတာကြီးက ဝါးမျို ဖျက်ဆီးပစ်နေတာကို ကြည့်ရတာ ဘယ်လောက်များ ဝမ်းနည်းစရာ ကောင်းလိုက်ပါသလဲ။ ကျွန်မကိုယ်ကျွန်မ မေ့ပစ်နိုင်လောက်သော အပေါ့ပါးဆုံး အကြောင်းအရာ လေး တစ်ခုဖြစ်စေ အဲဒီလို အကြောင်းအရာလေးတွေကို ကျွန်မကိုယ်တိုင် ခွင့်ပြုလိုက်သည့်အခါတိုင်း စိတ်အပျက်ကြီး ပျက်ရသည်။ ဗီဇစရိုက်က အတ္တကို လွှမ်းမိုးထားတယ်ဆိုတာ ခိုင်ခိုင်မာမာ သိလိုက်ချိန်မှာပဲ ငိုပစ်လိုက်ချင်သည်။ အဖေနှင့်အမေရင်ခွင်ထဲ ပြေးဝင်လိုက်ချင်သည်။ ဒါပေမဲ့ ကျွန်မ မနှစ်သက်သော ကျွန်မ အသွင်အပြင်တွေထဲမှာပဲ အမှန်တရားကို ရုတ်တရက် တွေ့လိုက်ရတာ ပိုလို့တောင် သနားမိပါရဲ့။

ဟော “အို့ချနော့မိဇု” ဘူတာ ရောက်လာပါလား။ ပလက်ဖောင်း ပေါ် ခြေချလိုက်ချိန်မှာပဲ ကျွန်မ ရဲတင်းသွားသည်။ စောစောက ဖြစ်ခဲ့တာတွေကို ချက်ချင်း ပြန်မှတ်မိဖို့ ကြိုးစားပေမဲ့ ခေါင်းထဲမှာ အားလုံး လွင့်စင်သွားသည်။ နောက်ထပ် ဘာဖြစ်ဦးမလဲ စိုးရိမ်တကြီးနှင့် စဉ်းစား ကြည့်ပြန်တော့လည်း ဘာမှဖြစ်မလာ။ စိတ်မှာ ဗလာကျင်းနေသည်။ အဲဒီလို အချိန်လေးတွေ ထိထိခိုက်ခိုက်ဖြစ်ခဲ့ရသော အကြောင်းအရာလေးတွေ စိတ်ထဲမှာ စနိုးစနောင့်ဖြစ်ရတာ၊ ရှက်ရွံ့ခဲ့ရသော အချိန်တွေကို ပြန်စဉ်းစားသည့် အခါတိုင်း ဘာမှမဖြစ်တော့သလို ပျောက်ကွယ်သွားပြီး ပစ္စုပ္ပန် ကိုသာ စိတ်ဝင်စားနေသည်။

ဟုတ်တယ်လေ၊ အခုချိန်ပဲလေ၊ အဲဒီခဏငယ် အချိန်လေးကို ဖမ်းဆုပ်ဖို့ ကြိုးစားနေချိန်မှာပဲ ဟိုးအဝေးကို လွင့်ပျံသွားပြီး ပစ္စုပ္ပန်အသစ် တစ်ခုရောက်လာလေရောပဲ။ ကိုယ့်အလုပ်ကိုယ်လုပ်ရမှာလား။ ကျွန်မ ကိုယ် ကျွန်မ တံတားတစ်ခုပေါ်ဖြတ်ဖို့ အားယူတက်နေသလို ရယ်စရာ တော့ အကောင်းသား။ ကျွန်မ လုံးလုံးလျားလျား မပျော်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

သည်ကနေ့ ကျွန်မ နည်းနည်းအူမြူးနေတာလည်း ဖြစ်နိုင်သည်။ လှပသော ဟောဒီ နံနက်ခင်းလေးမှာ ကျွန်မခန္ဓာကိုယ်ပေါ်က “ဖူလုရှိကီ” ပိတ်စလေးလို လှနေသည်။ ဆရာမလေး ကိုဆင်” ကလည်း လှသည်။ အပြာရောင်လေးနှင့် တကယ့်ကို ချစ်စရာ။ သူမ ရင်သားတည့်တည့်ပေါ်မှာ ကြက်သွေးရောင် ဇော်မွှားပန်းလေးတွေ ဆရာမလေးခန္ဓာကိုယ် အခုလို မဟုတ်ဘူးဆိုလျှင်လည်း ကျွန်မ ချစ်မှာပါ။ ဒါပေမဲ့ ဆရာမလေးမှာ ဣန္ဒြေကြီးလွန်းသည်။ ဆရာမလေးမှာ သဘာဝမကျတာ တစ်ခုခု ရှိနေသလို သူ့ကြည့်ရတာ ပင်ပန်းလိုက်တာ။ ဖုံးကွယ်ထားတာ တစ်ခုခု ရှိလို့လား။ ဆရာမလေးနှင့် ပတ်သက်ပြီး ကျွန်မ မသိသေးတာတွေ အများကြီးပါလား။ သူမ အတွင်းစိတ်မှာ အုံ့မှိုင်းနေပေမဲ့ ကြိုးစားပြီး ပျော်ရွှင်ပြနေသလို ဘာပဲဖြစ်ဖြစ် ဆွဲဆောင်မှုရှိသည်။ ကျောင်းဆရာမ လုပ်ရတာကိုပဲ ရှက်နေလို့လား။ ဆရာမလေး စာသင်တာမကောင်းပေမဲ့ ကျွန်မကတော့ လူကိုပဲ သဘောကျနေသည်။ သူမ အသွင်သဏ္ဌာန်မှာ ရှေးဟောင်း ရဲတိုက်ကြီး တစ်တိုက်မှာ တစ်ယောက်တည်း နေနေရသူ အပျိုစင်လေးလို ရဲတိုက်ကြီးပေါ်က လှမ်းကြည့်လိုက်လျှင် တပြန့်တပြော ပြာလွင်လွင် ကန်ရေပြင်ကြီးကို တွေ့နေရသည်။ ဆရာမလေးအတွက် ကျွန်မ အလွန် ဂုဏ်ယူနေသည်။ ဒါပေမဲ့ ဆရာမလေး သင်ကြားပေးနေသော သင်ခန်းစာတွေမှာ ဘာကြောင့်များ မာတောင့်တောင့်ကြီး ဖြစ်နေရပါလိမ့်။ သူမရူးနှမ်းနေလို့လား။ စိတ်ထဲ ဝမ်းနည်းသွားသည်။ ကျွန်မတို့တတွေကို မျိုးချစ်စိတ်အကြောင်း ထပ်တလဲလဲ ရှင်းပြနေသည်။ နားထောင်ရတာ ပျင်းလာပြီး စာရေးခုံပေါ် တံတောင်နှင့်ထောက် လက်ဖဝါးပေါ် မေးစေ့တင်ပြီး ပြတင်းပေါက်ကတစ်ဆင့် ဟိုးအဝေးကို လှမ်းကြည့်နေလိုက်သည်။ တိမ်တွေလှလိုက်တာ။ လေတွေ တိုက်နေလို့လား မသိ။ ကျောင်းဝင်းခြံထောင့်နားက နှင်းဆီပင်မှာ အပွင့်လေးပွင့် အဝါတစ်ပွင့် အဖြူနှစ်ပွင့် ပန်းရောင်တစ်ပွင့် ပါးစပ်အဟောင်းသားနှင့် နှင်းဆီပွင့်လေးတွေကို ငေးကြည့်ရင်း လူသားတွေမှာ တကယ်ကောင်းတဲ့အရာတွေ ရှိသလားလို့ တွေးမိပြန်သည်။ ပန်းတွေရဲ့အလှကို ရှာဖွေတွေ့ရှိပြီး မက်မောကြတာလည်း လူတွေပဲ မဟုတ်လား။

နေ့လယ်ထမင်းစားချိန် သရဲတစ္ဆေပုံပြင်တွေအကြောင်း ကျောင်းသူ ကျောင်းသားတွေ ပြောနေကြသည်။ “အိချိကို”၏ အံ့ဖွယ်ခုနစ်ပါးထဲက သော့ခတ်ထားသော တံခါးပုံပြင်ကို “ယဆုဘဲ့” ပြောပြတော့ အားလုံး ငယ်သံပါအောင် အော်ကြသည်။ ကျွန်မအတွက် စိတ်ဝင်စားစရာကောင်း ပေမဲ့ ကြောက်စရာလို့ မထင်ပေါင်။ အားလုံးပုံကြီးချဲ့ထားကြတာပဲ မဟုတ်လား။ ထမင်းစားပြီးတာ ဘာမှမကြာသေးပေမဲ့ ဆာလာပြန်ပါသည်။ မုန့်ဆိုင်ပြေးပြီး ပေါက်စီတစ်လုံး ဝယ်စားလိုက်တာပေါ့။ အဲဒီနောက် အခြား ကျောင်းသားကျောင်းသူတွေ နှင့်ရောပြီး တစ္ဆေသရဲပုံပြင်တွေအကြောင်း အရသာခံနားထောင်ကြပြန်ရော။ နားထောင်ရတာ စိတ်လှုပ်ရှားစရာ ပါပဲ။ ခဏအကြာမှာ တစ္ဆေသရဲပုံပြင်တွေ လက်စသတ်ပြီး ဖူစနော့ ဆုကဲ့ခုဟရ” အကြောင်း ပြောင်းသွားသည်။ အဲဒါလည်း ပျော်စရာပါပဲ၊

မွန်းလွဲချိန် ပန်းချီသင်တန်း စသည်။ ကျောင်းသူတွေ အားလုံး ကျောင်းရှေ့ မြက်ခင်းပြင်ထဲထွက် ပုံဆွဲလေ့ကျင့်ကြသည်။ ဘာကြောင့်မှန်းမသိ မှန်းမသိ။ ဆရာ 'အီတို့' က ကျွန်မကိုပဲ အမြဲရှေ့တန်းတင် တတ်သည်။

ယနေ့လည်း ကျွန်မကို မော်ဒယ်ထိုင်ခိုင်းပြီး ဆရာ “အီတို့” ပုံဆွဲပြသည်။ ယခုပွဲမှာ ကျွန်မယူလာသော ဖဲထီးဟောင်းလေးကို အားလုံး စိတ်ဝင်စားကြသည်။ တစ်တန်းလုံးအတွက် ဖဲထီးအဟောင်းလေးမှာ စတားဖြစ်နေသည်။ အဲဒါကြောင့်ပဲ ဆရာ “အီတို့” ညွှန်ကြားချက်အတိုင်း ကျောင်းဝင်းထောင့် နှင်းဆီခြုံနားမှာ ဖဲထီးလေးကိုင်ပြီး ကျွန်မ မတ်တတ်ရပ်ရသည်။ ဆရာ အီတို့” ဆွဲသော ကျွန်မရုပ်ပုံကို လာမဲ့ပြပွဲမှာ ပြမယ်ပြောသည်။ ဘာပဲဖြစ်ဖြစ် မိနစ်သုံးဆယ်ကြာ မော်ဒယ် ထိုင်ပေးလိုက်ရတာကြောင့် ကျွန်မ ဝမ်းသာနေသည်။ ကျွန်မ ဆရာ “အီတို့” ကို မမှိတ်မသုန်ကြည့်ပြီး မလှုပ်မယှက် မတ်တတ်ရပ်နေရတာတော့ ပင်ပန်းသည်။ မော်ဒယ်ထိုင်ပေးရင်း ဆရာ အီတို့” နှင့် ပြတ်တောင်းပြတ်တောင်း စကားပြောကြသည်။ အရုပ်ဆွဲတာကို အာရုံစိုက်နေရတာကြောင့် ခဏခဏ စကားကြော ပြတ်သွားသည်။ ကျွန်မအကြောင်းကိုပဲ ဆရာ “အီတို့ မေးနေပြန်တော့ စိတ်ထဲ ကသိကအောက် ဖြစ်ရသည်။ ဆရာ အီတို့” ကြည့်ရတာ ဟိုလိုလို ဒီလိုလို ရယ်လည်းရယ်သေး ရှက်လည်းရှက်သေး၊ မဝံ့မရဲ လုပ်နေသော သူ့ကိုကြည့်ပြီး စိတ်တိုလာသည်။ “နင့်ကိုမြင်တော့ သေသွားတဲ့ ငါ့ညီမလေးကို သတိရလိုက်တာ” လို့ ပြောလိုက်ချိန်မှာ ကျွန်မ တော်တော်လေးကို စိတ်ညစ်သွားသည်။ ဆရာ “အီတို့”မှာ ခင်စရာကောင်းပေမဲ့ အမူအရာများမှာ သည်းမခံနိုင်စရာ။ သူ့လိုအမူအရာတွေ ကျွန်မလည်း အများကြီးလုပ်တတ်တယ် ပြောလိုက်သည်။ ပြီးတော့ ကျွန်မ အကျိုးအမြတ်အတွက်လည်း ဘယ်သူမှမသိအောင် တိတ်တိတ်လေး လုပ်ပြတတ်ပါသည်။ လေလုံးထွားတာကြောင့်လည်း တစ်ခါတစ်ခါ ဆက်ဆံရတာ တော်တော် ခက်သည်။ ဟန်အမူအရာတွေ များသွားပြီး လူလည်မလေး ဖြစ်လာတယ်လို့တောင် ပြောလိုက်ချင်သည်။ ဒါပေမဲ့ နောက်တစ်ခါ ကိုယ်ဟန်ပြောင်း ထိုင်ပေးတော့လည်း မျှော်လင့်သလို စကားလမ်းကြောင်း မလာ။ မော်ဒယ်ထိုင်ပေးရင်း စိတ်ထဲမှာ ကျိတ်ဆုတောင်းနေသည်။ “ငါ့ အမူအရာတွေ အားလုံး သဘာဝကျပါစေ၊ ငါ့အမူအရာတွေ အားလုံး သဘောရိုး ဖြစ်ပါစေ” စာအုပ်တွေ ဖတ်တာကိုတောင် စွန့်လွှတ်မယ်လို့ စဉ်းစားရင်း အဓိပ္ပာယ်မရှိတာတွေ မောက်မာသော ကိုယ်ဟန်အနေအထား တွေ၊ မဟုတ်မဟတ် အနေအထိုင်တွေအားလုံး ခေါင်းထဲက ထုတ်ပစ် လိုက်သည်။ ပြီးတော့လည်း နေ့စဉ်ဘဝ အဓိပ္ပာယ် မရှိတာတွေကို တစိမ့်စိမ့်တွေး။ နောက်ထပ် ရည်မှန်းချက်တွေ မျှော်မှန်း၊ ကိုယ်နှင့် ကိုယ်ပဋိပက္ခ ဖြစ်နေတာတွေကို ကြေကွဲညည်းညူ၊ အဓိပ္ပာယ်မရှိ လွမ်းမော တမ်းတ စိတ်ကူးယဉ်တယ်ဆိုတာ သိပေမဲ့ ပြန်လုပ်မိတာပဲ မဟုတ်လား။ ကျွန်မလုပ်နေသော အပြုအမူတွေ အားလုံး မိမိကိုယ်ကိုယ် နှစ်သိမ့်ဖို့ ကြိုးစားရင်း စိတ် အလိုလိုက်နေတာပဲ မဟုတ်လား။ အဲဒီလိုနှင့်ပဲ ကျွန် မကိုယ်ကျွန်မ ချီးကျူးလိုက်ပြန်ရော။ ဆရာ အီတို့” ရေးဆွဲထားသော ရုပ်ပုံမှာ ကျွန်မလို ညစ်ပတ်သော နှလုံးသားနှင့် တစ်စုံတစ်ယောက် ရုပ်ပုံဖြစ်တာကြောင့် ပန်းချီပြပွဲမှာ အပယ်ခံရဖို့ သေချာသည်။ ဘာလို့များ လှချင်တာလဲ။ ပြောရမှာ ကြောက်နေလို့လား။ ဩော် တကယ့် တကယ်တော့ ဆရာကြီးဆိုသူဟာ တော်တော့်ကို ရူးနှမ်းနေသူပါလားလို့ ကျွန်မ မှန်းဆမိသည်။ ကျွန်မ အောက်ခံဘောင်းဘီပေါ်က ဇာထိုးနှင်းဆီပွင့် လေးတွေကိုတောင် မသိရှာပါလား။

ကျောင်းဆင်းပြီးတော့ ကျွန်မနှင့် ဘုရားကျောင်း တရားဟောဆရာ သမီး “ကင်းကို” တို့ အိမ်ကနေလစ်ထွက်လာပြီး ဟောလီးဝုဒ် အလှပြင်ဆိုင်မှာ ဆံပင်ပြင်ကြသည်။ ဒါပေမဲ့ ကျွန်မလိုချင်တဲ့ ပုံဖြစ်မလာတာကြောင့် စိတ်အပျက်ကြီး ပျက်ရသည်။ ဘယ်လိုကြည့်ကြည့် ချစ်စရာမကောင်းတော့ပါဘူး။ စိတ်ညစ်လိုက်တာ။ လှချင်လို့ ပြင်ခါမှ သရဲမပုံ ပေါက်နေသည်။ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲနေပေမဲ့ “ကင်းကို” ကတော့ အူမြူးနေသည်။ မကြာခင် တစ်ယောက်ယောက်နှင့် လက်ထပ်တော့မဲ့ စတိုင်နှင့် ကျွန်မဆီက ထင်ကြေးပင် တောင်းနေသည်။

“ဒီလိုပုံစံနှင့် စေ့စပ်ပွဲသွားရင် မကောင်းဘူးလား။ ကီမိုနိုကို ဘယ် အဆင်ဝတ်မလဲ။ ခါးစည်းကကော ပန်းပွင့်လေးတွေနှင့်ဆိုရင် အလွန် လိုက်မယ်ထင်တယ်”

အရူးမ “ကင်းကို ”သူ့ကိုယ်သူ အဟုတ်ကြီး အောက်မေ့နေသလား မသိ။ နင်က ဘယ်သူနဲ့ လက်ထပ်မှာလဲလို့ ငေါ့ပြီးမေးလိုက်တော့ ဘယ်သူမဆိုဖြစ်တယ် အလုပ်ရှိရင်ပြီးရောတဲ့။ အံ့ပါရဲ့ သူမ ဆိုလိုတာ ဘာအဓိပ္ပာယ်ပါလဲ။ အလုပ်ရှိတဲ့ ယောကျ်ားတစ်ယောက်ရဖို့ အရေးကြီးလို့လား။ ကျွန်မကတော့ အနာဂတ်ကိုတွေးပြီး ဘယ်တော့မှ မပူပေါင်။ “ကင်းကို” ကိုကြည့်ရတာ ပင်ကိုယ်အရည်အသွေး ချို့တဲ့နေပုံပဲ။ အဲဒီတော့လည်း သူမ မိန်းမသားဘဝ ရွဲ့စောင်းသွားတာပေါ့။

စာသင်ကျောင်းမှာ “ကင်းကို” နှင့် ကျွန်မတစ်ခုံတည်း ဘေးချင်းကပ် ထိုင်ကြတာကြောင့်သာ သူမနှင့် သိကျွမ်းခြင်းဖြစ်သည်။ ဒါပေမဲ့ ကျွန်မတို့နှစ်ယောက် နီးစပ်တယ် မထင်။ ကျွန်မဟာ သူမ အခင်ရဆုံး သူငယ်ချင်းလို့ “ကင်းကို” လူတိုင်းကို ပြောတတ်သည်။ “ကင်းကို”က ချစ်စရာ ကောင်းပါသည်။ နေ့စဉ် ကျွန်မဆီ စာတစ်စောင်ရေးပို့တတ်သည်။ သူမ အခင်အမင်ကို ကျွန်မဘက်ကလည်း အသိအမှတ်ပြုသည်။ ဒီနေ့တော့ အူမြူးနေသူ “ကင်းကို”ကို ကြည့်ပြီး ကျွန်မ စိတ်အပျက်ကြီး ပျက်မိသည်။ “ကင်းကို” ကို နှုတ်ဆက်ပြီး ကျွန်မ ဘတ်စကားနှင့် အိမ်ပြန်လာသည်။ ရောက်မှန်းမသိ ကျွန်မ ငူငူငိုင်ငိုင် ဖြစ်နေသည်။ ဘတ်စကားပေါ်မှာလည်း မြင်ပြင်းကပ်စရာ မိန်းမတစ်ယောက်။ သူမ ကီမိုနို မှာ ညစ်ပေနေပြီး နီကြောင်ကြောင် ဖွာလန်ကြဲဆံပင်တွေကို ဘီးတစ်ချောင်းနှင့် နောက်မှာ သိမ်းထားသည်။ ခြေထောက်တွေ လက်တွေကလည်း ညစ်ပတ်နေသည်။ မျက်နှာမှာ စူပုတ်ပုတ်နီစပ်စပ် ယောကျ်ားလိုလို မိန်းမလိုလို ကြည့်နေရတာကိုက ပျို့ချင်အန်ချင်စရာ၊ ဗိုက်ကြီး ကလည်း ရှေ့ကို စူထွက်နေလိုက်တာ ခဏခဏ သူ့ကိုယ်သူ ပြုံးလိုက်သေး။ ဒါပေမဲ့ ကျွန်မကလည်း သရဲမ ဆံပင်ပုံနဲ့ အဲဒီမိန်းမကြီးနှင့် ကျွန်မ ဘာများကွာလို့လဲ။ မနက်က ရထားပေါ်မှာ ဘေးချင်းကပ်ထိုင်ခဲ့သူ မိတ်ကပ်တွေ အဖွေးသားနှင့် မိန်းမကြီးမျက်နှာကို ပြေးမြင်လိုက်သည်။ အမလေး အော်ဂလီဆန်စရာ အမျိုးသမီးတွေ မသတီစရာပါလား။ မိန်းမ ဖြစ်နေရတာကိုပဲ ညစ်ပတ်နေသလို စက်ဆုပ်စရာတွေနှင့် အတူနေရသလို၊ ဆပ်ပြာနှင့် ဘယ်လောက်ဆေးဆေး လက်မှာစွဲနေတဲ့ ငါးညှီနံ့လို ဪမိန်းမဘဝ သည်းညည်းမခံလောက်အောင် နံစော်နေသလို နေ့စဉ်နှင့်အမျှ ခန္ဓာကိုယ်ထဲက ဟောင်စပ်နေသည့်အနံ့တွေ တငွေ့ငွေ့ထွက် နေသလို။ မိန်းကလေးတစ်ယောက်အနေနှင့် ကျွန်မ သေသာသေလိုက် ချင်သည်။ ရုတ်တရက် အတွေးတစ်ခု ခေါင်းထဲ ရောက်လာသည်။ အကယ်၍ အသည်းအသန်ဖျားနာပြီး ခန္ဓာကိုယ်ထဲက ချွေးတွေ ဒလဟော ထွက်သွားရင် ကျွန်မခန္ဓာကိုယ်လည်း ဆေးကြောလိုက်သလို သန့်စင်သွားမည် ထင်သည်။ ဒါပေမဲ့ ဟောဒီဘဝမှာတော့ လွတ်မြောက်ဖို့ မဖြစ်နိုင်။ မဖောက်မပြန် တည်ကြည်ခိုင်မြဲသော ဘာသာရေး၏ အဓိပ္ပာယ်ကို သဘောပေါက်စ ပြုလာသည်။

ဘတ်စကားပေါ်က ဆင်းလာပြီးမှသာ နေရထိုင်ရတာ သက်သာ လာသည်။ ဘတ်စကားပေါ်မှာ ငြီးစီစီ ဖြစ်နေတာ၊ အနံ့အသက်တွေကြောင့် ဖြစ်မှာပါ။ တကယ်တော့ သဘာဝအတိုင်းပဲ ကောင်းပါသည်။ ကိုယ့်ခြေထောက်နှင့်ကိုယ် မြေကြီးပေါ် လမ်းလျှောက်ရတာ ပိုကောင်းသည်။ ကျွန်မက နည်းနည်းတော့ နမော်နမဲ့ နိုင်သည်။ ရုပ်တေးမလို့ ပြောလို့ရသည်။ ပျော်ပျော်နေသေခဲ မဟုတ်လား။ သီချင်းလေးတစ်ပိုဒ် ညည်းလိုက်သည်။ “အိမ်ကိုသွားကြစို့၊ အိမ်ကိုသွားကြစို့၊ အိမ်ပြန်လမ်းမှာ ဘာတွေတွေ့မလဲ၊ ကြက်သွန်ခင်းကြီးကို ကြည့်လိုက်စမ်းပါ၊ အိမ်ကိုသွားကြလို့ သူတို့တွေ အော်ပြောနေကြတယ်။ အဲဒါကြောင့်ပဲ အိမ်ကိုသွားကြစို့” ကလေးတစ်ယောက်လို စိတ်လွတ်ကိုယ်လွတ် နေနိုင်တာကိုပဲ ကိုယ့်ကိုယ်ကိုယ် မကျေမနပ် ဖြစ်လာပြန်သည်။ လမ်းဘေးက မြက်ပင်ရှည်ကြီးသုံးလေးပင်ကို ဆွဲနုတ်ပစ်လိုက်သည်။ သူတို့တွေ ဘာမှမသိ။ အရပ် ရှည်ဖို့သာ သိသည်။ ဗိုင်းကောင်းကျောက်ဖိ သမီးအလိမ္မာလေးဖြစ်ဖို့ ကြိုးစားကြည့်ချင်ပြန်သည်။

မြေနီလမ်းကလေးပေါ် နေ့တိုင်းလျှောက်နေရတာကြောင့် ကျွန်မ နှင့် အလွန်ရင်းနှီးနေပေမဲ့ ယခုလောက်ထိ တိတ်ဆိတ်နေမှန်း တစ်ခါမှ သတိမထားမိ။ ကြည့်စမ်းပါဦး။ လမ်းဘေးတစ်ဖက်တစ်ချက် သစ်ပင်တွေ လယ်ခင်းယာခင်းတွေ ဟောဒီကျေးလက်မြို့ငယ်လေးကို အခုမှ ရောက်လာသူတစ်ယောက်လို ကျွန်မ ဟန်ဆောင်ကြည့်လိုက်ချင်သည်။ ကျွန်မက အဲ “ခန်းဒ” မြို့က ခုံဖိနပ်လုပ်ရောင်းသူတစ်ယောက်ရဲ့ သမီးပေါ့။ အဲဒီလူကလည်း ဟောဒီမြို့ငယ်လေးကို တစ်ခါမှ မရောက်ဖူးသူ။ နောက်ပြီးတော့ ဘာဖြစ်မလဲ။ ကျေးလက်နေရာလေးကကော ဘာနဲ့တူသလဲ။ ကျွန်မကိုယ်ကျွန်မ အလွန်အရေးကြီးပြီး အလွန်လေးနက်သည့် ပုံစံနှင့် ဟိုဟိုဒီဒီ ပတ်ချာလည် ကြည့်လိုက်သည်။ သစ်ပင်တွေ အစီအရီနှင့် လမ်းလေးအတိုင်း လျှောက်လာ၊ စိမ်းစိုသစ်လွင်နေသော သစ်ရွက်တွေကို မော့ကြည့်၊ တော်တော်လေး ကျေနပ်သွားသလို ခံစားရင်း သစ်သားတံတားလေးကို ဖြတ်လာခိုက် တံတားအလယ်တည့်တည့်မှာ ရပ်ပြီး ချောင်းရေပြင်ကို ငုံ့ကြည့်လိုက်သည်။ ငုံ့ကြည့်လိုက်တော့ ရေထဲ မှာ ကျွန်မဘာသာ ခွေးတစ်ကောင်လို တုပပြီး ရေထဲက အရိပ်ကို ကျွန်မ ဟောင်လိုက်သည်။ အဲဒီနောက် စိတ်ထဲမှာ အရမ်းဘဝင်ကျသွားသောပုံဖမ်းပြီး မျက်လုံးတွေကို မှေးခါ လယ်ကွင်းတွေဆီ လှမ်းမျှော်ကြည့်နေသည်။ ပါးစပ်က ဟိုပြောဒီပြောပြောပြီး သက်ပြင်းလည်း ချလိုက်သေးသည်။ ဘယ့်နှယ်လဲ အဆင်ပြေသွားပြီ မဟုတ်လား။ ဆက်လျှောက်ရင်း ဘုရားကျောင်းရှေ့မှာ တစ်ခါ ရပ်လိုက်ပြန်သည်။ ဘုရားကျောင်းအနီးနားက သစ်တောအုပ်မှာ မှောင်မည်းနေတာကြောင့် ပခုံးနှစ်ဖက်ကို ဆတ်ခနဲတွန့် ပါးစပ်က တတွတ်တွတ် ရေရွတ်ရင်း ခပ်သွက်သွက် ဆက်လျှောက်လာသည်။ တောအုပ်တစ်ဖက်အထွက်မှာ အလင်းရောင်တွေ တိုးဝင်လာတာကြောင့် စိတ်ခွန်အားတွေ ပြန်ပြည့်လာသည်။ ကြောက်ရွံ့ ထိတ်လန့်စရာတစ်ခုခုကို ကျော်လွှားနိုင်လိုက်သလို လမ်းဆက်လျှောက်လာသည်။ အဲဒီနောက် မြေပြင်ပေါ်ထိုင် စောစောက အခိုက်အတန့် တစ်ခဏလေး ဝုန်းခနဲ ချက်ချင်းပျောက်ကွယ်သွားပြီး အဲဒီနေရာမှာ တက်ကြွ လန်းဆန်းခြင်းတွေ ချက်ချင်း ပြန်ဖြည့်ပေးလိုက်သလို ခံစားရင်း နေစမ်းပါဦး စောစောက ကျွန်မ ဘယ်လိုဖြစ်နေတာလဲ။ အခုတလော ဘာတွေ မှားနေပြန်ပြီလဲ။ မှားနေပြီလား။ ဘာကြောင့် စိုးရိမ်သောက ပိုနေတာလဲ။ တစ်ခုခုကို အမြဲကြောင့်ကြနေသလို ဟိုတစ်နေ့ကပဲ ကျွန်မကို လူတစ်ယောက် ပြောသွားသေးတယ်။ ဟေ့ အခုမှ နင်က ပုံမှန်ဖြစ်လာပြီ တဲ့။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ သေချာတာကတော့ တစ်ခုခု မှားနေသည်။ ကျွန်မကိုယ်ကျွန်မ သနားစရာ ဖြစ်နေပြီလား။ သေးနုတ်နေပြီလား။ လုံးဝ မှားယွင်းနေပြီလား။ ရုတ်တရက် ငယ်သံပါအောင် အော်လိုက်တော့မလို့ လုပ်ပြီးခါမှ ကိုယ်ရှိန်သတ်လိုက်သည်။ တစ်ခုခုကိုတော့ လုပ်ကိုလုပ်ရတော့မယ်။ တစ်ယောက်ယောက်ကို၊ တစ်စုံတစ် ယောက်ကို ကျွန်မ ချစ်မိနေပြီလား။ မြက်ခင်းစိမ်းပေါ် ပက်လက်လှန်လှဲချလိုက်သည်။ “အဖေ” နောက်ထပ် ဆက်ခါဆက်ခါ အသံထွက် ခေါ်ကြည့်သည်။

နေဝင်ဆည်းဆာမှာ လှလိုက်တာ။ အနောက်ဘက် ကောင်းကင်တစ်ခွင်လုံး ပန်းနုရောင်သန်းလို့။ နေမင်းကြီးဆီက အလင်းတွေ ဘယ်လိုဘယ်လို အရည်ပျော်ပြီး ညနေခင်းမြူတွေ ဖြစ်သွားတာပါလိမ့်။ လေထဲမှာ ပန်းရောင်မြူတွေ လွင့်မျောနေသည်။ သစ်တောအုပ်တွေကြားမှာ ယိမ်းထိုးရင်း လမ်းမပေါ် တရွတ်ဆွဲသွားရင်း မြက်ခင်းပြင်ကြီးကို ပွတ်သပ်ရင်း နောက်ဆုံး ကျွန်မခန္ဓာကိုယ်ကို နူးညံ့စွာ ပွေ့ဖက်လိုက်သည်။ ဆံပင်တွေကြား တိုးဝှေ့သွားသည်။ ကောင်းကင်ကြီးက ပိုလို့တောင် လှနေသည်။ ဘဝမှာ ပထမဦးဆုံးအကြိမ် မိုးကောင်းကင်ကြီးကို ဦးညွှတ်လိုက်သည်။ ဖန်ဆင်းရှင်ဘုရားသခင်ကို ယုံလိုက်ပြီ။ ကောင်းကင်ပြင်ကြီးကို ဘယ်အရောင်တွေ ခြယ်သထားတယ်လို့ ပြောမလဲ။ နှင်းဆီရောင်လား။ မီးတောက်မီးလျှံအရောင်လား။ ပြိုးပြိုးပြက်ပြက် လင်းလက်နေတာလား။ နတ်မိမယ်တို့ တောင်ပံအရောင်လား။ ဒါမှမဟုတ် ဧရာမဘုရားကျောင်းကြီးလား။ ဩော် မဟုတ်ပါဘူး။ အဲဒါတွေ တစ်ခုမှ မဟုတ်သေးပါဘူး။ တစ်ခုမှ မဟုတ်ပါဘူး။ အဲဒါတွေထက် ခမ်းနားသိမ်မွေ့လှသည်။

“အားလုံးကို ချစ်ပါရစေ” မျက်ရည်လည်ရွဲနှင့် ကျွန်မ ပြောနေတာပါ။ ကောင်းကင်ကြီးကို မော့ကြည့်လိုက်စမ်းပါ။ တဖြည်းဖြည်း ပြောင်းနေတာ တွေ့ရလိမ့်မယ်။ ညိုမှောင်ရီပြာ စိမ်းတချို့ နီတထွေ သက်ပြင်း တစ်ချက်နှင့်အတူ ကျွန်မခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေ အားလုံး ချွတ်ပစ်ချင်စိတ် ပေါက်လာသည်။ အဲဒီလောက်လှတဲ့ အလှမျိုး ယခင်က တစ်ခါမှ မမြင်ဘူး။ သစ်ရွက်နှင့် မြက်ပင်တွေ အလင်းဖောက်ကာ အရည် လဲ့ပြီး လှပနေသည်။ မြက်ပင်တွေကို လက်နှင့် ပွတ်သပ်လိုက်သည်။ လှပစွာ ကျွန်မ အသက်ရှင်နေချင်သည်။

အိမ်ပြန်ရောက်လာသည်။ ဧည့်ခန်းထဲမှာ ဧည့်သည်အချို့ ထုံးစံ အတိုင်း ရယ်ကာမောကာနှင့် အမေ ဧည့်ခံနေသည်။ ကျွန်မတို့သားအမိ ဘဝက ဘယ်လောက်ပဲ ခက်ခဲခက်ခဲ အမေ နှစ်ယောက်တည်းနေရပေမဲ့ မပြုံးမရယ် အသံတစ်ချက်တောင်မထွက်။ ဒါပေမဲ့ ဧည့်သည်တွေကို ဧည့်ခံနေချိန်မှာ အမေမပြုံးပေမဲ့ အသံထွက် ရယ်တတ်သည်။ ဧည့်သည်တွေကို နှုတ်ဆက်ပြီး အိမ်နောက်ဘက်ကိုလာ ရေစင်မှာ လက်နှစ်ဖက်ဆေး၊ ပြီးတော့ ခြေအိတ်တွေချွတ် ခြေထောက်နှစ်ဖက်ရေဆေးနေစဉ် ငါးရောင်းသူကြီး ရောက်လာပြီး ငါးကြီးတစ်ကောင် ရေစင်ပေါ်ချ ပေးသွားသည်။ “ရော့ ဒီမှာဟေ့ နင်တို့သားအမိ နှစ်ယောက်အတွက်” ဘာ ငါးကြီးလဲ ကျွန်မ မသိ။ အကြေးခွံတွေကို ကြည့်ရတာတော့ မြောက်ပင်လယ်ထဲက ငါး ဖြစ်နိုင်သည်။ ငါးကြီးကို ဇလုံထဲထည့်ပြီး လက်နှစ်ဖက်ကို နောက်တစ်ခါ ပြန်ဆေးသည်။ ထိုအခိုက် နွေအနံ့ကို ရလိုက်သည်။ လွန်ခဲ့သောနှစ်နှစ် နွေရာသီအားလပ်ရက်ရှည် ကျွန်မ အစ်မကြီး နေထိုင်ရာ “ဟော့ကိုင်းဒိုး” ကို သွားလည်တာ သတိရနေသည်။ ကျွန်မ အစ်မနေအိမ်မှာ ပင်လယ်ကမ်းခြေနှင့် နီးတာကြောင့် တစ်ချက်တစ်ချက် ငါး အညှီနံ့ ရတတ်သည်။ ဖြူဖြူသွယ်သွယ် အစ်မလက်ကလေးတွေ နှင့် ပင်လယ်ငါးတွေကို ကျွမ်းကျင်စွာ ကိုင်တွယ်ခုတ်ထစ်။ ကျွန်မတို့ အတွက် ညစာချက်ကျွေးတာ မြင်ယောင်နေသည်။ ဘာကြောင့်မှန်း မသိ။ အစ်မဆီက ယုယကြင်နာမှုကို ကျွန်မလိုချင်ခဲ့သည်။ ကျွန်မကို ဂရုစိုက် စေချင်သည်။ ဒါပေမဲ့ အိမ်ထောင်သည်ဘဝနှင့် ကလေးတစ်ယောက်ရနေ သော အစ်မကို ကျွန်မ မပိုင်တော့ပြီ။ ကျွန်မ အစ်မခန္ဓာကိုယ်တွေကို အားရှိပါးရှိ မပွေ့ဖက်နိုင်တော့တာကပဲ သူစိမ်းဆန်နေသလို အလင်းရောင်ဖျော့ဖျော့နှင့် မီးဖိုချောင် အခန်းထောင့် တစ်နေရာမှာ တစ်ယောက်တည်း မတ်တတ်ရပ်ရင်း ချက်ပြုတ်လုပ်ကိုင်နေသော အစ်မလက်ဖဝါး နုနုလေးတွေကို ငေးကြည့်နေမိသည်။ ပြီးဆုံးသွားသော အတိတ်မှ အရာ အားလုံးကို ကျွန်မ လွမ်းမောတမ်းတနေတော့သည်။

မိသားစုအကြောင်း စဉ်းစားကြည့်ရတာလည်း စိတ်ဝင်စားစရာ ပါပဲ။ မိသားစုဝင်မဟုတ်သူ အခြား လူတစ်ယောက်ယောက်နှင့် အကြာကြီးဝေးသွားချိန်မှာ သူနှင့်ပတ်သက်သော အမှတ်သညာတွေလည်း မှေးမှိန်ပျောက်ကွယ်သွားတယ် မဟုတ်လား။ ဒါပေမဲ့ ကိုယ့်မိသားစုဝင်တစ် ယောက်ယောက်နှင့် အကြာကြီး ခွဲခွာနေရသည့်အခါမှာတော့ တစ်ယောက် နှင့်တစ်ယောက် အကြင်နာတွေ၊ သံယောဇဉ်တွေ ပိုလာသလိုပါပဲ။ သူတို့ နှင့်ပတ်သက်ပြီး လှပတဲ့ အကြောင်းအရာတွေပဲ ပြန်သတိရနေတယ် မဟုတ်လား။

ရေတွင်းနားက ဘယ်ရီပင်အသီးတွေတောင် နည်းနည်းလေး ဝင်းမှည့်လာပြီပဲ။ ရှေ့တစ်ပတ် နှစ်ပတ်လောက်ဆို စားလို့ရတော့မှာပါ။ ပြီးခဲ့တဲ့နှစ်တွေမှာ ရယ်စရာတွေ တော်တော်များသည်။ တစ်ညနေ ဘယ်ရီသီးတွေ ကောက်ပြီးစားနေတုန်း ကျွန်မကို ဂျက်ပီ ငူငူကြီးထိုင်ကြည့်နေတာ သနားတာနဲ့ သူ့ကို ဘယ်ရီသီးတစ်လုံး ပစ်ပေးလိုက်တော့ စားပစ်လိုက်တယ်လေ။ အဲဒါနှင့် နောက်ထပ်နှစ်လုံးပေးလိုက်တော့လည်း မျိုချပစ်လိုက်တယ်။ တော်တော် ရယ်စရာကောင်းတယ်။ သစ်ပင်ကို လှုပ်ယမ်းပြီး ဘယ်ရီသီးတွေကို ချွေချလိုက်ပြန်တော့လည်း ဂျက်ပီ အားရပါးရကြီးကို ဝါးစားနေတော့သည်။ တော်တော်ရူးတဲ့ခွေးပဲ။ ဘယ်ရီသီး ကိုစားတဲ့ခွေး တစ်ခါမှ မမြင်ဖူးပါဘူး။ အခုမှပဲ တွေ့တော့တယ်။ မဖြစ်တော့ဘူး။ ဘယ်ရီသီးတွေကောက်ပြီး ကိုယ့်ဘာသာကိုယ်ပဲ စားလိုက် တော့သည်။ မြေကြီးပေါ်မှာ ကျန်နေသေးသော ဘယ်ရီသီး တချို့ကို ဂျက်ပီ ကိုက်စားနေပြန်သည်။ တော်တော်လည်း ရယ်ရသည်။ အဲဒီအ ကြောင်း ပြန်စဉ်းစားမိတော့ ဂျက်ပီကို လွမ်းပြီး သူ့နာမည်ကိုတောင် အသံထွက် ခေါ်မိသည်။ အိမ်ရှေ့တံခါးပေါက်ကနေ ဂျက်ပီ ဟန်ပါပါနှင့် လမ်းလျှောက်လာသည်။ ရုတ်တရက် စိတ်ထဲမှာ ဂျက်ပီကို ပွေ့ဖက်ထားချင်စိတ်ပေါက်လာပြီး သူ့အမြီးကို ခပ်ကြမ်းကြမ်းလေးဆွဲလိုက်တော့ ကျွန်မ လက်ကို ပြန်ကိုက်သည်။ ကျွန်မလည်း ငိုချလိုက်ချင်သလိုနှင့် သူ့ခေါင်းကိုလက် နှင့် လှမ်းရိုက်သည်။ သူကတော့ ဘာမှမဖြစ်သလို ရေတွင်းနားသွားပြီး တပျက်ပျက်နှင့် ရေသောက်နေသည်။

အိမ်ပြန်ရောက်တော့ အိမ်မီးတွေ လင်းနေသည်။ အဖေလည်း မရှိ တော့ပြီ။ အိမ်မှာ အဖေမရှိတော့ ဟာလာဟင်းလင်းကြီး ဖြစ်ပြီး ရင်ထဲ ထိုးကျင်နေသည်။ ကိုယ်ပေါ်က ဂျပန်ဝတ်စုံနှင့် အောက်ခံဘောင်းဘီကို ချွတ်၊ ဘောင်းဘီပေါ်က နှင်းဆီပွင့်လေးတွေကို တစ်ချက်နမ်းပြီး မှန်တင်ခုံရှေ့ထိုင်လိုက်ချိန်မှာ ဧည့်ခန်းထဲက ရယ်သံတွေ ကြားလိုက်ရသည်။ ကျွန်မ ရုတ်တရက် စိတ်ထဲမှာ ဖျဉ်းခနဲ ဖြစ်သွားသည်။ အမေနှင့်ကျွန်မ နှစ်ယောက်တည်းဆို အရာအားလုံး ချောမွေ့လှပနေသည်။ ဒါပေမဲ့ ဧည့်သည်တစ်ယောက်ယောက် ရောက်လာပြီဆိုလျှင်တော့ အမေ့ကြည့်ရတာ သူစိမ်းပြင်ပြင် ဖြစ်သွားသလို အေးစက်နေသည်။ အဲဒီလို အခါမျိုးမှာ အဖေ့ကို ပိုတမ်းတတတ်သည်။ စိတ်ထဲမှာလည်း ထိထိခိုက်ခိုက် ကြေကွဲ ရသည်။

ကိုယ့်ရုပ်ကို မှန်ထဲကြည့်လိုက်တော့ ဟယ် အံ့ဩစရာကြီး။ မှန်ထဲကရုပ်မှာ ကျွန်မနှင့် သူစိမ်းတွေလို လန်းဆန်းရွှင်လန်းနေသော မျက်နှာ၊ စောစောက ဝေဒနာတွေ၊ ခံစားချက်တွေနှင့် ဘာမှမဆိုင်တော့သလို ပါးနီမလိမ်းထားပေမဲ့ ကျွန်မပါးနှစ်ဖက်လုံး နှင်းဆီရောင်သန်းလို့ နှုတ်ခမ်းလေးတွေကလည်း ဖူးဖူးငုံငုံ လှလိုက်တာ။ မျက်မှန်ကိုချွတ်ပြီး မှန်ထဲက ကျွန်မကို နူးညံ့စွာ ပြုံးပြလိုက်သည်။ မျက်လုံးလေးတွေကလည်း ချစ်စရာလေးတွေပါလား။ ကြည်လင်ရွှန်းလဲ့လို့ မိုးကောင်းကင်ထက်က ကြယ်လေးတွေလိုပါပဲလား။ ကျွန်မ ကံကောင်းလိုက်တာ။

လက်နှင့် ခြေထောက်တွေကို မြူးမြူးကြွကြွလေး လွှဲရမ်းပြီး မီးဖို ချောင်ထဲဝင်။ ထမင်းချက်ဖို့ ဆန်ဆေးနေတုန်း စောစောက ဝမ်းနည်း ကြေကွဲမှုတွေ ပြန်ရောက်လာပါရော။ ကိုဂါနဲ့ မှာ ကျွန်မတို့ နေခဲ့သော အိမ်ကို လွမ်းမိသည်။ အဲဒီအိမ်မှာတုန်းက အဖေနှင့် အစ်မတို့လည်း ရှိကြသေးသည်။ စာသင်ကျောင်းမှ နေအိမ်ပြန်ရောက်လာပြီဆိုလျှင် မီးဖိုချောင် သို့မဟုတ် ဧည့်ခန်းထဲမှာ အမေနှင့် အစ်မစကားတွေ တွတ်ထိုး နေတတ်သည်။ ကျွန်မကတော့ သရေစာ တစ်ခုခုစား၊ တစ်ခါတစ်ခါ အစ်မနှင့် ကျွန်မ ရန်ဖြစ်ကြပေမဲ့ ကျွန်မကို သူတို့နှစ်ယောက်တုန်နေအောင် ချစ်ကြသည်။ ကျွန်မနှင့် အစ်မရန်ဖြစ်သည့်အခါတိုင်း အမေဆူ၊ ကျွန်မက စိတ်ကောက်ပြီး စက်ဘီးတစ်စီးနှင့် အိမ်အပြင် ထွက်သွား။ စက်ဘီးလျှောက်စီး။ ညနေအိမ်ပြန်ရောက်။ ပြီးတော့လည်း ညစာကိုသား အမိသားအဖတွေ အားလုံး ပျော်ပျော်ရွှင်ရွှင် စားကြတော့သည်။ အဲဒီ အချိန်မှာ ကျွန်မကိုယ်ကျွန်မ ပြန်တွေးစရာ အကြောင်းမရှိ။ ခန္ဓာကိုယ် မှာ ညစ်ပတ်နေလို့ ပူပင်စရာလည်း အကြောင်းမရှိ။ ကျွန်မကိုအားလုံး ဖူးဖူးမှုတ်ထားကြသည်။ တစ်အိမ်လုံး ကျွန်မတစ်ယောက်တည်း အခွင့်ထူးခံ ဖြစ်သည်။ ပျော်လိုက်တာ။ ဂရုစိုက်စရာ ဘာမှမရှိ။ စိုးရိမ်စရာ၊ ဝမ်းနည်းစရာ၊ နာကျည်းစရာမရှိ။ အဖေက အံ့သြစရာ အဖေ။ အစ်မက ကြင်နာတတ်သူ။ အစ်မနားမှာပဲ ကျွန်မ တဝဲလည်လည် လုပ်နေတတ်သည်။ ဒါပေမဲ့ ကျွန်မ တဖြည်းဖြည်း အရွယ်ရောက်လာတော့ ကိုယ့်ကိုယ်ကိုယ် ဦးဆုံးအကြိမ် ရွံရှာမိသည်။ ကျွန်မရနေသော အခွင့်ထူးအကြောင်း သေသေချာချာ မသိသေးခင် ပျောက်ကွယ်သွားလိုက်တာ ဗလာကျင်း နေတော့သည်။ တကယ့်ကို ဆိုးဆိုးရွားရွားကြီးပါလား။ ဘယ်သူ့ကိုမှလည်း နောက်ချင်ပြောင်ချင်စိတ် မရှိတော့။ တစ်ခုခုကို တွေးပြီး ငေးမှိုင်နေတတ် သည်။ အခက်အခဲတွေကလည်း မကြာခဏ ရောက်လာတတ်သည်။

အစ်မ အိမ်ထောင်ပြုသွားချိန်မှာ အဖေလည်း မရှိတော့။ အမေနှင့် ကျွန်မသာ ကျန်ရစ်ခဲ့သည်။ အမေဆိုရင် ကျွန်မထက်တောင် အထီးကျန်နေမှာပေါ့။ ဘဝမှာ အပျော်တွေ မရှိတော့ပါဘူး သမီးတဲ့။ တစ်ခါက အမေ ပြောခဲ့သည်။ သမီးကို ခွင့်လွှတ်ပါ အမေ။ အမေ့ကို ကြည့်ပြီး အမှန် ပြောရရင် သမီးလည်း မပျော်ပိုက်ပါဘူး။ အခုချိန်ကစပြီး ဘဝမှာ အပျော် ဆိုတာမရှိတော့ပါဘူး သမီး။ “အဲဒီလို ပြောရတဲ့အတွက် အမေ့ကို ခွင့် လွှတ်ပါ။ အမှန်တိုင်းပြောရရင် သမီးအဖေမှ မရှိတော့ဘဲ။ ဘဝမှာ ဘာအဓိပ္ပာယ်မှ မရှိတော့ပါဘူး။”

အပ်ချုပ်စက်မနင်းတဲ့အချိန် အဖေ့ကို အမေသတိရ။ လက်သည်း ခြေသည်းညှပ်တဲ့အချိန် အဖေ့ကို အမေ သတိရ။ ညဘက် ခြင်ရိုက်တဲ့ အချိန် အဖေ့ကို အမေသတိရ။ အထူးသဖြင့် လက်ဖက်ရည်ဖျော်တဲ့ အချိန် အဖေ့ကို အမေသတိရ။ သတိချည်းပဲ ရနေတော့သည်။ အမေ ခံစားနေရတာတွေကို ကျွန်မ ဘယ်လောက်ပဲ မျှဝေနိုင်ပါစေ။ အမေ့ကို ကျွန်မ ဘယ်လောက်ပဲ အဖော်အဖက် လုပ်ပေးနိုင်ပါစေ။ အမေ့ကို အဖေ နှင့် ဘယ်တော့မှ မနှိုင်းယှဉ်။ ကမ္ဘာလောကမှာ မိခင်မေတ္တာသည်သာ အကြီးမားဆုံး အသန်မာဆုံး အဖိုး အထိုက်တန်ဆုံး။ ကျွန်မတစ်ယောက်တည်း ရှိနေချိန်မှာတောင် အဲဒီလို မဆင်မခြင် တွေးမိတိုင်း မျက်နှာပူ လာပြီး ဆံပင်ကို ရေနှင့် ဖိသပ်ရသည်။ အမေ့ကို ကြည့်ပြီး သနားနေသည်။ အမေ အူလှိုက်အသည်းလှိုက်ပျော်အောင် ကျွန်မ ကြိုးစားသင့်သည်။ ကျွန်မဆံပင်တွေကို အမြန်ဆုံးဖြောင့်ပြီး အရှည်ထားရမယ်။ ကျွန်မဆံပင်အတိုနှင့်ဆို အမေ မကြိုက်။ ဆံပင်အရှည်နှင့်ဆို အမေသ ဘောကျမှာ ကျွန်မ လောင်းရဲသည်။ အမေ့ကို သနားစိတ်နှင့် အဲဒီလို လုပ်ရမယ်ဆိုရင်တော့ အဓိပ္ပာယ် မရှိသလို အဲဒီအကြောင်း စဉ်းစားမိ တော့ အခုတလော စိတ်ကသိကအောက်ဖြစ်တာတွေ အားလုံး အမေနှင့်ပတ်သက်နေသည်။ အမေဖြစ်ချင်သလို ဗိုင်းကောင်းကျောက်ဖိ သမီး အလိမ္မာလေး ဖြစ်လိုက်ချင်ပါသည်။ အမေ့စိတ်ဆန္ဒတွေနှင့် တစ်ထပ်တည်းကျသော သမီးလေး ဖြစ်လိုက်ချင်ပါသည်။ အဲဒါကြောင့်ပဲ အဓိပ္ပာယ်မရှိသော အတွေးတွေ ခေါင်းထဲရောက်လာရသည်။ ကျွန်မဆီက စကားတစ်လုံးမှ မထွက်ဘဲ ကျွန်မစိတ်ကို အမေသိနိုင်မယ်ဆိုရင် အကောင်းဆုံးပေါ့။ လုံးလုံးလျားလျား အမေ စိတ်ချမ်းသာမှာပေါ့။ ကျွန်မ အတ္တဘယ်လောက်ကြီးကြီး ကိုယ့်ကိုယ်ကိုယ် လူအများ ရယ်စရာ ဖြစ်အောင် ဘယ်တော့မှ လုပ်မှာမဟုတ်။ ဝေဒနာနဲ့ အထီးကျန်မှုတွေ ထဲမှာတောင် အဲဒီယုံကြည်ချက်ကို ကာကွယ်ရမှာပေါ့။ အမေနှင့် ဟောဒီ အိမ်ကို အလွန်ချစ်တာကြောင့်ပဲ ကျွန်မကို အမေ လုံးဝယုံကြည်သင့် တာပေါ့။ အေးအေးဆေးဆေး စိတ်ချလက်ချ ဖြစ်သင့်တာပေါ့။ ကောင်းတဲ့ကိစ္စတွေပဲ ကျွန်မ လုပ်မှာပါ။ ခွန်စိုက်အားစိုက် ကြိုးစားရမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနည်းလမ်းနှင့်သာ ကျွန်မ နေသင့်သည်။ ဒါပေမဲ့ အမေက ကျွန်မကို ယုံကြည်မှု တစ်စက်ကလေးမှမရှိဘဲ ကလေးလေး တစ်ယောက်လို ဆက်ဆံနေဆဲ။ ကလေးလို ပလီပလာတွေ ပြောတဲ့အခါ အမေ ပြုံးရွှင်နေတတ်သည်။ ဂစ်တာပေါက်စလေးကို ဟန်လုပ်တီးပြီး ဒိုးဒိုးဒန့်ဒန့် နန့်ပြလိုက်တဲ့အခါ အမေ လက်ခုပ်လက်ဝါး တီးပြီးတော့တောင် ကျွန်မကို အားပေးလိုက်သေးသည်။ ဩော် မိုးတွေတောင် ရွာနေပါကောလား။ အဲဒါမိုးသံတွေ ထင်ပါရဲ့လို့ အမေ ဟန်ဆောင်ပန် ဆောင်ပြောပြီး ကျွန်မကို စပြန်သည်။ ဂစ်တာပေါက်စလေးနှင့် ကျွန်မ ပေါကြောင်ကြောင် လုပ်နေတယ်လို့များ အမေ စဉ်းစားနေသလားမသိ။ အော်ငိုချင်လောက်အောင် ကျွန်မ စိတ်ဆင်းရဲသည်။ အမေ အခု ကျွန်မ လူကြီးဖြစ်နေပြီလေ။ ကမ္ဘာကြီးအကြောင်း အကုန်သိတယ်။ ကျွန်မအတွက် ဘာမှစိတ်မပူနဲ့။ အမေဘာပြောချင်လည်း ပြောနိုင်တယ်။ အမေ ကျွန်မကို ယုံကြည်တယ်ဆိုရင် အတွင်းစကားတွေအားလုံး ပြောနိုင်တာပေါ့။ အိမ်ရဲ့ ဝင်ငွေထွက်ငွေအ ကြောင်း ပြောမလား။ ကျွန်မကို ရှူးဖိနပ် တစ်ရံဝယ်ပေးဖို့ အမေ့ကို နားပူနားဆာ မလုပ်တော့ပါဘူး။ အခုချိန်ကစပြီး ပိုက်ဆံကို ချွေတာသုံးပါ့မယ်။ တကယ် တကယ်ပါ။ အားလုံး အားလုံး။ ဒါပေမဲ့ ကျွန်မအတွေးတွေ ဘယ်ရောက်သွားပါလိမ့်။ အဲဒါ သီချင်းတစ်ပုဒ်ခေါင်းစဉ် မဟုတ်လား။ ကိုယ့်ဘာသာ ထမင်းအိုးထဲ လက်နှစ်ဖက် ထည့်ပြီး ကြောင်တောင်တောင်နှင့် မတ်တတ်ရပ်ခါ အတွေးတွေ တိမ်းတိမ်းပွေပွေ ဟိုဟိုဒီဒီ ပြေးလွှားနေသည်။

အို ကျွန်မ တကယ် မေ့နေလိုက်တာ။ ဧည့်သည်တွေအတွက် ညစာစားဖို့ တစ်ခုခု လုပ်ပေးသင့်တာပေါ့။ စောစောက ငါးကြီးကိုပဲ ချက်ကျွေးရမလား။ ငါးကို အကြေးခွံခွာ၊ ဗိုက်ခွဲ ကလီစာတွေ ဘာတွေထုတ်၊ သုံးပိုင်းပိုင်း ရေစင်စင်ဆေး။ ပဲငံပြာရည်၊ ဟင်းခတ်အမွှေးအကြိုင် ဆီ ဆားအချိုမှုန့်တွေ ထည့်နယ်ပြီး ခဏနှပ်ထား။ အမလေး ကောင်းလိုက်မဲ့အရသာ။ ချက်ပြုတ်ရမှာတောင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်ဖို့ လိုတယ်လေ။ အစပ်အဟပ်ကိုလည်း သိရလိမ့်မယ်။ သခွားသီး နည်းနည်းကျန် သေးတယ်ဆိုတော့ “ဆန်းဘိုင်းဇု” အချဉ်ဆော့ လုပ်လို့ရပြီ။ ပြီးတော့ ကျွန်မ အကြိုက်ဆုံး ကြက်ဥမွှေကြော်။ နောက်ထပ်တစ်မျိုး ဘာလုပ်ဦးမလဲ။ “ရိုကိုကိုး” ချက်မယ်။ ကျွန်မဘာသာ တီထွင်ထားတဲ့ ဟင်းလျာ တစ်မည်ပေါ့။ မီးဖိုချောင်ထဲက ရှိရှိသမျှစားစရာတွေ ရောမွှေလိုက်တဲ့ ဟင်းလေ၊ ဝက်ပေါင်ခြောက်ပါမယ်၊ ကြက်ဥပါမယ်၊ တရုတ်နံနံပါမယ်၊ ဂေါ်ဖီပါမယ်၊ ဟင်းနုနွယ်ပါမယ် ဘယ်လောက်ကောင်းလဲ။ အကုန်အကျလည်း သက်သာ၊ ဘေးဥပဒ်လည်း ကင်းတယ်။ အရသာလည်း ကောင်းတယ်။ ကြက်ဥမွှေကြော်အောက်မှာ တရုတ်နံနံရှိမယ်။ ဘေးနားတဝိုက် မှာ နီညိုရောင်ဝက်ပေါင်ခြောက်တွေ၊ ရွှေရောင်သန်းနေတဲ့ ဂေါ်ဖီဖတ်လေးတွေက အနီပန်းပွင့်ဖတ်လေးတွေလို ပန်းကန်ပေါ်မှာ ပြန့်ကျဲနေသည်။ သူတို့အောက်မှာ စိမ်းလန်းကြွပ်ဆတ်နေတဲ့ ဟင်းနုနွယ်တွေ ကျွန်မ ဟင်းပွဲ ဘယ်လောက်ခမ်းနားလိုက်သလဲ။ အဲဒီလို ဟင်းလျာမျိုး နဲ့ ဧည့်သည်တွေကို ကျွေးမွေးလိုက်ရင် လူဝီဘုရင်ကိုတောင် သူတို့ သတိရသွားလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်မှာ မဟုတ်ပါဘူး။ အချက်အပြုတ် အလုပ်မှာ ကျွန်မ သိပ်မစွံလို့ပါ။ ကျွန်မ လုပ်နိုင်တာကတော့ အပြင်ပန်းအရ အလွန်လှပတဲ့ အရာတစ်ခုနှင့် ဧည့်သည်တွေကို မူးဝေသွားအောင် အရူး လုပ်တာပါပဲ။ ဒါပေမဲ့ ‘ရိုကိုကိုး” ဟင်းချက်ဆိုရင်တော့ ချက်မဲ့သူပါ။ အနုပညာအခံရှိဖို့ လိုတာပေါ့။ အရောင်အဆင်း အနံ့အရသာတွေကိုလည်း စူးစူးရှရှ အာရုံခံစားနိုင်ရမယ်။ အနိမ့်ဆုံးအဆင့် ကျွန်မလောက်တော့ရှိဖို့ လိုတာပေါ့။ အဘိဓာန်ထဲမှာ “ရိုကိုကိုး” စကားလုံးကို ဒြပ်ထု အကောင်အထည်မရှိပေမဲ့ အသေးစိတ် ခြယ်မှုန်းအလှဆင်ခြင်းလို့ ဖွင့်ဆိုထားတာကြောင့် ရယ်လိုက်ရသေးသည်။ အတုခိုးပြီး သရုပ်ဖော်တာပေါ့။ အလှတရားမှာ ဒြပ်ထုကိုယ်ထည်ရှိရမှာလား။ စစ်မှန်သော အလှတရားမှာ အဓိပ္ပာယ်မရှိ၊ အကျင့်သီလ မရှိဆိုတာ ပြောစရာမလို။ အဲဒါကြောင့်ပဲ “ရိုကိုကိုး” စကားလုံးကို ကြိုက်သွားသည်။ ချက်ဖို့ပြုတ်ဖို့ ဟိုဟာဒီဟာတွေ ပြင်ဆင်ပေးနေချိန် ရင်ထဲဟာတာတာနှင့် မောပန်းလာသည်။ ဒါပေမဲ့ ပြဿနာမရှိ။ နောက်ဆုံး ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ။ ကိုယ့်ဘာသာကိုယ် ဗလုံးဗထွေးပြောပြီး အသွင်အပြင်နှင့်လည်း မဆိုင်။ အရာအားလုံးနှင့်လည်း မဆိုင်။ အရသာနှင့်လည်း မဆိုင်တော့သလို ရှိသမျှ အားလုံးရောသမမွှေပြီး ဧည့်သည်တွေရှေ့ ဟင်းပွဲတွေ ယူသွားသည်။ ယနေ့ “အို့မို့ရိ” ခရိုင်မှ ရောက်လာသော ဧည့်သည်တွေ ထူးထူး ခြားခြား မျက်နှာတွေ မကြည်မလင် မစ္စတာ ‘အိမိုက်ဒ”နှင့် သူ့မိန်းမ၊ အသက် ခုနစ်နှစ်အရွယ် သူတို့သား “ယော့ရှိကို” လည်း ပါသည်။ မစ္စတာ ’အိမိုက်ဒ”မှာ အသက်လေးဆယ်လောက် ထင်သည်။ ဖြူဆွတ်ဆွတ် သူတို့ အသားအရေမှာ မသတီစရာ။ ဘာကြောင့်များ “ကိရှိမ” စီးကရက်ကို သောက်နေရတာလဲ စီးကရက်ဖင်စီခံက ညစ်ပတ်နေသလို ဆေးလိပ်ဖွာ ရှိုက်လိုက်လျှင်လည်း ညစ်ပတ်သွားသည်။ ဆေးလိပ်ဖွာလိုက် အိမ်မျက်နှာကြက်ကို မော့ကြည့်လိုက်ရင်း ဆေးလိပ်မီးခိုးတွေ မှုတ်ထုတ်လိုက်နှင့် သူ့ကြည့်ရတာ တစ်ခုခု ကြံစည်နေသလို ပါးစပ်ကလည်း ဟုတ်ပြီ ဟုတ်ပြီ သဘောပေါက်သည် ပြောနေသည်။ မစ္စတာ “အိမိုက်ဒ” မှာ ညကျောင်း တစ်ကျောင်းတွင် ဆရာလုပ်နေပြီး သူ့မိန်းမမှာ အရှက်အကြောက်ကြီးသူ။ ကိုယ်လုံးကိုယ်ပေါက် သေးသေးသွယ်သွယ်၊ သူတို့ပြောနေသော အကြောင်းအရာတွေမှာ ပျင်းစရာကောင်းပေမဲ့ တစ်ချက်တစ်ချက် သူမ တစ်ကိုယ်လုံး သိမ့်သိမ့်တုန်သွားအောင် ရယ်လိုက်ပုံမှာ ထိုင်နေသော “တာတာမိ” ဖျာနှင့် နဖူးတိုက်မိတော့မလိုလို ထင်ရသည်။ တကယ်ကော ရယ်စရာကောင်းရဲ့လား။ သူမကို လူတွေဂရုစိုက်လာအောင် ဟန်လုပ်ရယ်နေတာလား။ တော်တော် စိတ်ပျက်စရာကောင်းတဲ့ လူညစ်ပတ်တွေ။ ဘူဇွာလို့ခေါ်တဲ့ ငွေရှင်ကြေးရှင်တွေလား။ ဗျူရိုကရက်ပေါက်စတွေလား။ သူတို့ရဲ့ကလေး “ယော့ရှိကို” ကလည်း တော်တော် မျက်နှာပြောင်ပါလား။ ခင်မင်စရာ တစ်စက်မှ မရှိ။ စိတ်ထဲမှာ အဲလိုဖြစ်နေပေမဲ့ သူတို့ကို ဦးညွှတ်ပြုံးပြပြီး “ယော့ရှိကို” ကို တော်တော် ချစ်စရာကောင်းတဲ့ ကလေးလို့ ကျွန်မ ပါးစပ်ကပြောပြီး သူ့ခေါင်းကို ဖြည်းဖြည်းလေး တစ်ချက် ပုတ်လိုက်ရသည်။ ကျွန်မက သူတို့ကို လိမ်ညာလှည့်ဖျားနေတာဆိုတော့ သူတို့ကပဲ ကျွန်မထက် ဖြူစင်ရိုးသားနေတာလား။ ကျွန်မလက်ရာ ‘ရိုကိုကိုး’ ဟင်းကို သူတို့အားလုံးစားကြပြီး ချီးကျူးနေကြသည်။ စိတ်တိုတိုနှင့် ဝူးဝူးဝါးဝါး အော်လိုက်ချင်ပေမဲ့ မျက်နှာကိုပြုံးအောင် လုပ်ထားရတယ်လေ။ မဖြစ်မနေ သူတို့နှင့် တစ်ဝိုင်းတည်း ဝင်စားရပေမဲ့ အသားလွတ် အခြောက်တိုက်မြှောက်ပင့်နေသော “အိမိုက်ဒ” မိန်းမကို ဒေါကန်လာသည်။

ကောင်းပြီလေ။ အဲဒီလောက်တောင် ပလီပလာတွေ ပြောနေမှ တော့ သူမမျက်နှာကို ခပ်ထန်ထန်စိုက် ကြည့်လိုက်ပြီး ပြောလိုက်ရတော့တယ်။ “ကျွန်မချက်တဲ့ ဟောဒီဟင်းက တကယ့်ကို အရသာ မရှိပါဘူး။ ထူးထူးခြားခြားလည်း မဟုတ်ပါဘူး။ ဖြစ်သလို ကြည့်ကျက်လုပ်လိုက်တာပါ။” ကျွန်မ ပြောလိုက်တဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။

ပြောကာမှပဲ ပိုဆိုးလာသည်။ ကြည့်ကျက်လုပ်လိုက်တာဆိုသော ကျွန်မ စကားကို အလွန်သဘောကျသွားသလို လက်ခုပ်တီးပြီးတော့တောင် မြှောက်ပင့်နေပြန်ပါသည်။ လက်ထဲက “တူ” နဲ့ ပန်းကန်လုံးကို လွှင့်ပစ်ပြီး အသံကုန် အော်ပစ်လိုက်ချင်ပါရဲ့။ ဒါပေမဲ့ အနိုင်နိုင်စိတ် ထိန်းပြီး ကိုယ့်ကိုယ်ကိုယ် အတင်းလုပ်ပြုံးဖို့ ကြိုးစားနေတုန်း အမေ့ စကားကြောင့် ကျွန်မ လျှို၍ နေလိုက်သည်။

“သမီးက တဖြည်းဖြည်း အားကိုးလို့ ရလာပြီလေ”

သိပ်သိတာပေါ့။ ကျွန်မ စိတ်ဆင်းရဲနေမှန်းသိလို့ အမေက တမင်တကာ ကြားဝင်ပြီး “အိမိုက်ဒ”တို့ လင်မယားကို ဧည့်ထောက်ခံလိုက်တာ။ ဒါပေမဲ့ ဧည့်သည်ဆောင်သည်တွေကို အမေ အခုလို မျက်နှာလိုမျက်နှာရ လုပ်တာမျိုး တစ်ခါမျှ မတွေ့ဖူးဘူး။ ဧည့်သည်တွေရှေ့မှာဆို အမေဟာ အမေ မဟုတ်တော့သလို၊ တော်တော်လေးပဲ စိတ်ဓာတ်အင်အားပျော့သူ အမေပါလား။ အဖေ မရှိတော့တာကြောင့် အခုလို သူများတကာကို ခယဝယ လုပ်နေတာလား။ တကယ်စိတ်ဆင်းရဲစရာပဲ။ စကားတောင် မပြောချင်တော့ဘူး။ ဧည့်သည်တွေ မြန်မြန်ပြန်ကြစမ်းပါ။

အဖေ့မှာ ထူးထူးခြားခြား စရိုက်လက္ခဏာတွေ ရှိသည်။ တစ်ပါး သူတွေအပေါ် သနားညှာတာသည်။ ဒေါသကင်းသည်။ အခု အဖေ မရှိတော့။ ကျွန်မတို့ သားအမိကို ရှင်က အခုလို အထင်သေးတယ်ဆိုရင် မြန်မြန်သာ ပြန်ကြွပေတော့။ ဒါပေမဲ့ စကားကို ရင်ထဲမှာ မျိုချပြီး “အိမိုက်ဒ” မိန်းမကို ကျွန်မရှေ့က သီးစုံအချဉ်ခွက် လှမ်းပေးလိုက်သည်။ စားသောက်အပြီး မီးဖိုချောင်ထဲကို ချက်ချင်းပြန်လာပြီး ပန်းကန်ခွက်ယောက်တွေ ဆေးကြော။ စိတ်ထဲမှာ အဖုအထစ် ကျန်နေသေးသည်။ သူတို့လို လူတွေနှင့် တစားပွဲတည်းထိုင်ပြီး ဘာလို့ ကျွန်မ စကားပြောရတာလဲ။ မပြုံးချင်ပဲ ဘာလို့ ပြုံးရတာလဲ။

ကျွန်မလို ဧည့်ဝတ်ကျေသူနှင့် သူတို့ မထိုက်တန်ပါဘူး။ မုန်းစရာ၊ နောင်ဘယ်တော့မှ အခုလို မဖြစ်စေရဘူး။ ကျွန်မ နှိမ့်ချသည်းခံပြီး ဆက်ဆံခဲ့တာ အမေ စိတ်ချမ်းသာနေမလား မသိ။ လူတွေနှင့် ဆက်ဆံရာမှာ ပြတ်ပြတ်သားသား ဆက်ဆံရမလား။ ဖော်ဖော်ရွေရွေ ဆက်ဆံရမလား။ ကိုယ့်အကြောင်း မကောင်းပြောနေရင် ဟန်ဆောင်ပြုံးပြနေရမလား။ ကိုယ်တစ်ယောက်တည်း မှန်နေလို့ကော ပြီးသလား ကျွန်မ မသိ။

ရှင်တို့မကောင်းကြောင်း ပြောနေတာတောင် မိမိကိုယ်ကိုယ် ဘယ်တော့မှ မကွယ်မဝှက်ဘဲ အမြဲတမ်း အမှန်ဘက်က ရပ်တည်နေတာလား။ ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ် ဖော်ဖော်ရွေရွေနှင့် တုံ့ပြန်နေတာလား။ အင်အားချည့်နဲ့သူတွေ၊ ကြင်နာတတ်သူတွေ၊ ဖော်ရွေတတ်သူတွေကြား ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနိုင်သူတွေကို ကျွန်မ မနာလိုစိတ် ဖြစ်လာပြီး ဘဝမှာ အခက်အခဲမရှိ၊ အပူပင်သောကမရှိ နေနိုင်မယ်ဆိုရင် ကိုယ့်ဘာသာ ကြိုးစားစရာလိုမှာ မဟုတ်ပါဘူး။ ပြောစရာဆိုစရာ ရှိပေမဲ့ အခြားလူတွေအတွက် ကိုယ့်ခံစားချက်တွေကို မျိုသိပ်ထားရသည့်အခါ အိမိုက်ဒ” လင်မယားတို့လို လူတွေကို နေ့စဉ်မပြုံးချင်ဘဲ ပြုံးပြနေရမယ်ဆိုရင် ကျွန်မ ရူးသွားနိုင်သည်။ အဲဒီလို ကျွန်မ ချုပ်တည်းမထား နိုင်ပါဘူး။ ရုတ်တရက် ကျွန်မခေါင်းထဲ ထူးထူးဆန်းဆန်းတစ်ခု ဝင်လာသည်။ အိမ်ဖော်တစ်ယောက်အနေနှင့် မဟုတ်ရင်တောင် အိမ်ထောင်ရှင်မတစ်ယောက် အနေနှင့်ကော လုပ်နိုင်မလား။ အိမ်ထောင်ရှင်မဆိုတာ အိမ်ထောင်ရေးအကျဉ်းထောင်ထဲမှာ နေနေရသူ မဟုတ်လား။ အိမ်ရှင်မ သို့မဟုတ် ဇနီးမယားဖြစ်ရတာ တော်တော် စိတ်ညစ်စရာကောင်းမှာပဲ။ ကျွန်မ ဘဝကို တစ်စုံတစ်ယောက်အဖြစ် နှစ်မြှုပ်ရမယ်လို့ မဖြစ်မနေ ဆုံးဖြတ်ရတော့မယ်ဆိုလျှင် အဲဒီအလုပ်မှာ ဘယ်လောက်ပဲ အခက်အခဲတွေ ရှိပါစေ။ ကျွန်မ ဘဝနဲ့ရင်းပြီး လုပ်ကိုင်နိုင်သည်။ ကျွန်မဘဝမှာ ရည်ရွယ်ချက်လည်း ရှိသည်။ မျှော်လင့်ချက်လည်း ရှိသည်။ ဟုတ်တယ်လေ။ ကောင်းရောင်း ကောင်းဝယ် ဘယ်အလုပ်မဆို လုပ်နိုင်မှာပါ။ နံနက်ကနေ နေဝင်မိုးချုပ်အထိ ဇယ်ဆက်သလို အလုပ်နှင့် လက်မပြတ် လုပ်နေမှာပါ။ အဝတ်တွေ လျှော်ရတာလောက် စိတ်ညစ်တာ မရှိဘူး။ အဝတ်တွေကို တက်တက်ကြွကြွ လျှော်ဖွပ်ပါတယ်။ အနားကို မနေရတာ။ မသိရင် စိတ်ဂနာမငြိမ်ရောဂါ ဖြစ်နေပြီလား လို့တောင် ထင်မှာပါ။ ဘာပဲ ဖြစ်ဖြစ် နောက်မဆုတ်နိုင်ပါဘူး။ နောက်ဆုံး အဝတ်ထည်ကို လျှော်ဖွပ်ပြီး ကြိုးတန်းမှာ လှန်းပြီးမှသာ ကျွန်မ ဘဝင်ကျသွားသည်။

မစ္စတာ “အိမိုက်ဒ”တို့ ပြန်ဖို့ဟန်ပြင်နေသည်။ သူနှင့်အတူ အမေ ပါပါသွားတာကြောင့် အရေးတကြီး လုပ်စရာ တစ်ခုခု ရှိနေဟန်တူ သည်။ သူ့နောက်ကို အမေ ကပျာကယာ လိုက်သွားတာကို ကြည့်ရင်း ကျွန်မ ဒေါကန်လာသည်။ မစ္စတာအိမိုက်ဒ”ကို အမေ လိုက်လျောလွန်း သည်။ “အိမိုက်ဒ” ကလည်း သည်တစ်ကြိမ်မက အကြိမ်ကြိမ် အခွင့်အရေး ယူလွန်းတယ်လို့ ထင်သည်။

အိမိုက်ဒ” တို့လင်မယား အလိုက်မသိတာ၊ ရိုင်းပျတာကတော့ တော်တော် လွန်လွန်းသည်။ သူတို့အားလုံးကို ဆော်ပလော်တီး လွှတ်လိုက်ချင်သည်။ သူတို့အားလုံးကို အိမ်ရှေ့ခြံတံခါးအထိ လိုက်ပို့လိုက်ပြီး မှောင်မှောင်မည်းမည်း အဲဒီနေရာမှာပဲ တစ်ယောက်တည်း ရပ်ကာ လမ်းမကြီးကို ငေးကြည့်ရင်း ရင်ထဲ ငိုချင်စိတ် ပေါက်လာသည်။ အိမ်ရှေ့ခြံဝ စာတိုက်ပုံးထဲမှာ စာနှစ်စောင်နှင့် ညနေခင်း သတင်းစာ တစ်စောင်ရောက်နေသည်။ စာတစ်စောင်မှာ အမေ့နာမည် လိပ်မူထားသည်။ “မာဇုဆာ့က” ကုန်တိုက်မှ နွေရာသီဈေးရောင်းပွဲအတွက် ကြော်ငြာ ဖြစ်သည်။ နောက်တစ်စောင်မှာ ကျွန်မအတွက် ဝမ်းကွဲအစ်ကို “ဂျွန်းဂျီ” မှာ စစ်မှုထမ်းတစ်ယောက် ဖြစ်ပြီး ယခု “မားအဲ့ဘရှိ” မှာ တာဝန်ထမ်း ဆောင်နေရသည်။ အမေ ကျန်းမာစေကြောင်း ဆုတောင်းပေးထားတယ် လို့လည်း စာထဲမှာ ရေးထားသည်။ အရာရှိတစ်ယောက်ဖြစ်ပြီး ထူးခြားသော ဘဝ ပုံစံတစ်ခုနှင့်နေဖို့ မမျှော်လင့်ပေမဲ့ နေ့စဉ်စည်းကမ်းတွေနှင့် နေရသော “ဂျွန်းဂျီ” ဘဝကို အားကျမိပြန်သည်။ ကိုယ်ဟာ ဘယ်သူဘယ်ဝါ ဖြစ်ပြီး ဘာလုပ်ရမယ်ဆိုတာ တစ်ယောက်ယောက်က အမိန့်ပေးနေပြီး အဲဒီအတိုင်း အသက်ရှင်ရတာ ပိုပြီး ပေါ့ပါးမယ်ထင်သည်။ ယခု ကျွန်မ အခြေအနေမှာ အဲဒီလိုမဟုတ်၊ တစ်ခုခုကို မလုပ်ချင်ရင် မလုပ်ရုံသာ၊ နေလိုက်လို့ရသည်။ ဆိုးချင်သလောက် ဆိုးလို့ရသည်။ ဥပမာ အခု ကျွန်မ ဘာတစ်ခုမှ မလုပ်ချင်ဘူးဆိုလျှင် ဘာတစ်ခုမှ မလုပ်ရုံသာ။ ဒါပေမဲ့ နေ့စဉ်ဘဝမှာ စည်းကမ်းကလနားတွေ နှင့် တက်တက်ကြွကြွ ရှင်သန်နေ ရသောဘဝကို အားကျမိသည်။ တစ်ယောက်ယောက်က ကိုယ့်ကို ဘာလုပ်ရမယ်ဆိုတာ ပြောနေတာကြောင့် နေရထိုင်ရတာ တော်တော် သက်သာမယ် ထင်သည်။ ယခုတော့ ကျွန်မ ဘာမှမလုပ်ချင်ဘူးဆိုရင် မလုပ်ရုံပေါ့။ နောက်ပြီးတော့ တစ်ခါ ကျောင်းစာတွေ လေ့ကျင့်ချင်တယ်ဆိုရင် ကျွန်မ ဆန္ဒရှိသလောက် နာရီပေါင်းများစွာ လေ့ကျင့်နိုင်တာပေါ့။ အကယ်၍ တစ်ယောက်ယောက်က လိုက်နာရမဲ့ အကန့်အသတ် တစ်ခုခု ပေးခဲ့မယ်ဆိုရင် အဲဒီ အကန့်အသတ်ဟာ ကျွန်မ စိတ်ကို ဘယ်လောက် သက်သာစေမလဲဆိုတာ ဘယ်သိနိုင်ပါ့မလဲ။ ချုပ်ချယ်ကန့်သတ်မှုများ မှာ အနည်းနှင့်အများ လိုအပ်သည်လို့ ကျွန်မ ထင်သည်။ စာအုပ်ထဲမှာ ကျွန်မဖတ်ရတာ ရှေ့တန်းရောက်စစ်သားတွေ အလိုချင်ဆုံး ဆန္ဒတစ်ခုမှာ အိပ်ရေးဝဝအိပ်ဖို့ပဲလို့ ရေးသားထားသည်။ တစ်ဖက်က ကြည့်လျှင်လည်း အဲဒီစစ်သားတွေကို သနားနေသည်။ သူတို့ကို အားလည်း အားကျနေသည်။ သူတို့တွေ အားလုံး နေ့စဉ် စိတ်အနှောင့်အယှက် ဖြစ်စရာနှင့် ငြီးငွေ့စရာ သံသရာမှ လွတ်ကင်းနေကြသည်။ သူတို့မှာ အိပ်ဖို့မှလွဲပြီး တခြားတပ်မက်မှုမရှိ။ ကဲ ဘယ်လောက်များ ရိုးရှင်းပြီး သန့်စင်လိုက်ပါသလဲ။ အဲဒီအတွေးသက်သက်နှင့်ပင် ပျော်ရွှင်ကြည်နူးစရာ ကောင်းနေသည်။ တစ်နေ့နေ့ တစ်ချိန်ချိန် စစ်မှုထမ်းရမယ် ဆိုရင် နေ့စဉ်ဘဝကို စည်းကမ်းတွေနှင့် ဖြတ်သန်း၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သူ၊ အင်မတန် လှပသော အမေ့သမီး ဖြစ်နေရမှာပေါ့။ “ဂျွန်းဂျီ” ၏ညီ “ရှင်း” လိုလူတွေလည်း ရှိသေးသည်။ သူတို့တွေ စစ်မှုထမ်း မဟုတ်ပေမဲ့ လိုက်လျောနိုင်ကြသည်။ ကျွန်မကတော့ အဲဒီလိုမဟုတ်။ ခေါင်းမာသည်။ တကယ့်ကို ဆိုးသည်။ ကျွန်မနှင့် “ရှင်း” သက်တူရွယ် တူဆိုပေမဲ့ “ရှင်း” ဘာကြောင့် လိမ္မာသလဲဆိုတာ နားမလည်နိုင်။ ရှင်း” ကို ကျွန်မ ချစ်လည်း ချစ်သည်။ သနားလည်း သနားသည်။ “ရှင်း”မှာ မျက်စိအလင်း ပျောက်ဆုံးနေသူ။ ငယ်ငယ်ရွယ်ရွယ်နှင့် စက္ခုနှစ်ကွင်း အလင်းမရတော့တာ ဘယ်လောက်များ ကြောက်စရာ ကောင်းလိုက်ပါသလဲ။ ယခုလို တိတ်ဆိတ်သောည အခန်းထဲမှာ သူတစ်ယောက်တည်း ဘယ်လိုများ ခံစားနေမလဲ သိချင်လိုက်တာ။ ကျွန်မတို့ကတော့ သူလို မဟုတ်။ တစ်ယောက်တည်း တောင်တောင်အီအီ လွမ်းသလို ဆွေးသလို ဖြစ်လာလျှင် စာအုပ်တစ်အုပ် ကောက်ဖတ်နိုင်သည်။ ဒါမှမဟုတ် ပြတင်းပေါက်ကနေ သဘာဝရှုခင်းတွေ လှမ်းကြည့်နိုင်သည်။ အဲဒီလို လုပ်လိုက်လျှင် နည်းနည်းတော့ အာရုံပြောင်းသွားမှာ သေချာသည်။ ရှင်း” ကတော့ အဲဒီလို မလုပ်နိုင်။ သူစွမ်းသမျှ လုပ်နိုင်သည်မှာ ငြိမ်ငြိမ်လေး ထိုင်နေ လိုက်ရုံသာ။ ဒါပေမဲ့ အခြားကျောင်းသားတွေထက် နှစ်ဆ ရှင်း” ကျောင်းစာတွေကို လေ့ကျင့်သည်။ တင်းနစ်နှင့် အားကစားတွေမှာလည်း ထူးချွန်သည်။ မနေ့ညကပဲ ရှင်း” အကြောင်း စဉ်းစားသေးသည်။ အိပ်ရာဝင်ချိန် ငါးမိနစ်လောက်မျက်စိကို မှိတ်ထားဖို့ ကြိုးစားပေမဲ့ ငါးမိနစ်မှာ သည်းမခံနိုင်လောက်အောင် ရှည်ကြာလွန်းနေသည်။ မနက် မွန်းလွဲ ည တစ်ရက်ပြီးတစ်ရက် တစ်လပြီးတစ်လ အချိန်တွေကို ဖြတ်သန်းပေမဲ့ ဘာတစ်ခုကိုမှ “ရှင်း” မတွေ့မမြင်။ ရှင်း” ထံမှာ ညည်းသံညူသံ ဒါမှမဟုတ် ဒေါသပေါက်ကွဲတာ၊ အတ္တကြီးတာ အပြုအမူ တစ်မျိုးမျိုးများ ဖြစ်လာခဲ့လျှင် ကျွန်မအတွက် တော်တော် ပျော်စရာ။ ဒါပေမဲ့ အဲဒီလို အပြုအမူ မျိုး အသံမျိုး ‘ရှင်း” ထံမှ တစ်ခါမျှ မကြားရ။ တစ်ယောက်ယောက်ကို မကောင်းပြောတာ၊ တိုင်တာတောတာ မကြားရ။ တကယ်တော့ “ရှင်း” မျက်နှာမှာ အပြစ်ကင်းစင်ပြီး ပြုံးပြုံးရွှင်ရွှင် စကားပြောတတ်သည်။ အဲဒီလို ရှင်း” ၏အသွင်အပြင် အပြုအမူတွေ ကျွန်မစိတ်ထဲ တဖျတ်ဖျတ် ပေါ်လာလေသည်။ ဧည့်ခန်းထဲမှာ တံမြက်စည်းလှည်းနေခိုက် ကျွန်မအတွေးတွေ ပျံ့လွင့်နေသည်။ အဲဒီနောက် ရေချိုးဖို့ပြင်စဉ် ချိုးမဲ့ရေကို အပူပေး ရသည်။ အပူပေးထားစဉ် လိမ္မော်သီးပုံးပေါ်မှာ ထိုင်ရင်း မီးမွှေးထားသော ကျောက်မီးသွေး အလင်းရောင်နှင့် ကျောင်းစာတွေ လုပ်သည်။ ကျောင်းသင်ခန်းစာတွေ ပြီးသွားချိန် ရေ မပူသေးတာကြောင့် အရှေ့မြစ်မှ ထူးဆန်းသော ပုံပြင်စာအုပ်တစ်အုပ်ကို ဖတ်သည်။ စာအုပ်ထဲမှာ အများပြောသလို ရွံရှာတာတွေ၊ ညစ်ပတ်စရာတွေ ကျွန်မ မတွေ့မိပါလား။ စာရေးဆရာ ဟန်ဆောင်ပန်ဆောင် ဖွဲ့နွဲ့ထားတာတွေတော့ မကြာခဏ တွေ့ရပြီး ခေတ်နောက်ကျနေသော စာရေးဆရာကို မယုံမကြည် ဖြစ်လာသည်။

စာရေးဆရာမှာ သက်ကျားအိုတစ်ဦး ဖြစ်နိုင်သည်။ ဒါပေမဲ့ ဘယ်လောက်ပဲ အိုမင်းပါစေ။ နိုင်ငံခြားစာရေးဆရာများမှာ သူတို့ရေးသော အကြောင်းအရာများကို အလေးအနက် သဘောထားကြပြီး သရုပ်သဏ္ဌာန် အမှန်တိုင်း ရေးကြသည်။ ဂျပန်မှာတော့ ဟောဒီလို စာအုပ်တွေကို တော်တော် ကောင်းတယ်လို့ ယူဆနေကြသလားမသိ။ ဝတ္ထုစာအုပ်ထဲမှာ နှိုင်းယှဉ်မှုအရ အမှန်တရားနှင့် ကြိတ်မှိတ်သည်းခံမှုကိုတော့ တွေ့ရသည်။ အဲဒီစာရေးဆရာရေးသမျှ စာအုပ်တွေထဲမှာ ယခုစာအုပ်ကိုတော့ သဘောကျသည်။ အရင့်ကျက်ဆုံးစာအုပ်လို့ ထင်သည်။ စာရေးဆရာ ကြည့်ရတာ တာဝန်ယူမှုနှင့် ပတ်သက်ပြီး ခိုင်ခိုင်မာမာ ယုံကြည်ထားပုံရသည်။ ဂျပန် ကျင့်ဝတ်သိက္ခာကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာကြောင့် သူ့စာတွေမှာ ပိုပိုကဲကဲ တုံ့ပြန်မှုတွေနှင့် ပြူးပြူးပြဲပြဲ ဖြစ်နေပုံရသည်။ ဇာတ်ကောင်တွေမှာ အပြုအမူတွေထက် ခံစားမှုတွေ လွန်ကဲနေသည်။ ကောက်ကျစ်စဉ်းလဲပြီး သရဲမရဲ စီးနေသော မျက်နှာဖုံးနှင့် ကာကွယ်ဖို့ စာရေးသူဖက်က ကြံစည် ကြိုးစားပေမဲ့ အဲဒီအားထုတ်မှုကြောင့်ပဲ သူ့ပုံပြင် ဇာတ်လမ်းတွေမှာ အရောင်အဆင်း ဆင်းရဲမွဲခြောက်နေရတာ မဟုတ်လား။ ဒါပေမဲ့ ယခု ဇာတ်လမ်းမှာတော့ ကရုဏာရသကနေ ပြတ်ပြတ်သားသား စွမ်းအားတစ်ခုပေးနိုင်တာကြောင့် ကျွန်မ သဘောကျသွားသည်။

ရေချိုးလို့ရပြီ။ အသင့်ဖြစ်နေပြီ။ ရေချိုးခန်းထဲက မီးဖွင့်။ ဝတ်ထားသော “ကီမိုနို” ကို ချွတ်ချလိုက်သည်။ ပြတင်းပေါက်ကို ကျယ်ကျယ်လေး ဖွင့်ပြီး ခန္ဓာကိုယ်ကို ရေချိုးကန်ထဲ တဖြည်းဖြည်း လျှောဆင်းနစ်မြှုပ် လိုက်သည်။ ရေချိုးခန်း ပြတင်းပေါက်နားမှာ မိုးမခရွက်စိမ်းစိမ်းတွေ အခန်းမီးအလင်း ရောင်ပြန်နှင့် အစိမ်းရောင်တွေ တဖျပ်ဖျပ်တောက်နေသည်။ ဟိုးအဝေး ကောင်းကင်ပြင်ကြီးပေါ်မှာလည်း ကြယ်လေးတွေ တလက်လက်လင်းလျက် သူတို့ကို ဘယ်အချိန် ကြည့်ကြည့် လင်းမြဲလင်းနေဆဲ ရေချိုးကန်ထဲနစ်ပြီး ကြည်နူးလွမ်းမောစွာနှင့် ကြယ်ကလေးတွေကို ငေးကြည့်ရင်း ဖြူဖျော့ဖျော့ ကျွန်မခန္ဓာကိုယ်ကို မမြင်အောင် မျက်စိလွှဲထားသည်။ ဒါပေမဲ့ ဗလာကျင်းနေသော ခန္ဓာကိုယ် အသွင်သဏ္ဌာန်ကို စက္ခုအမြင် အဝန်းအဝိုင်း အစွန်အဖျားနားမှာ ဝိုးတဝါး တွေ့နေရသည်။ အားလုံး တိတ်ဆိတ်နေသည်။ ကျွန်မခန္ဓာကိုယ်မှာ ငယ်ငယ်တုန်းကလို ဖြူဖြူဖွေးဖွေး ကိုယ်ခန္ဓာ မဟုတ်တော့တာ အလိုလို သိနေသည်။ မသိလို့ မရပါလား။ စိတ်နှင့်ကိုယ် တခြားစီ ဖြစ်နေသည်။ သူ့ဘာသာ ကြီးထွားလာနေသော ခန္ဓာကိုယ်ကို သည်းညည်းမခံနိုင်။ စိတ်ရှုပ်လိုက်တာ။ လူကြီးဖြစ်တာ မြန်လိုက်တာ။ ကျွန်မဆန္ဒမပါဘဲ ခန္ဓာကိုယ်က ရှိုက်ဖိုကြီးငယ်တွေ ဖောင်းကားကြီးထွားလာနေပါလား။ ကျွန်မမှာ ရွေးချယ်ခွင့်မရှိ။ အစွန်းဆုံ ကြီးထွားဖွံ့ဖြိုးလာနေတာကို စောင့်ကြည့်ရင်း ဖြစ်သမျှအကြောင်း အကောင်းလို့သာ သဘောထားလိုက် တော့သည်။ ဒါပေမဲ့ ကျွန်မဆန္ဒကတော့ ရုပ်ခန္ဓာကို ကလေးလိုသာ အမြဲနေချင်သည်။ ကလေးတစ်ယောက်လို ဟန်ဆောင်ပန်ဆောင်လုပ်ဖို့ ကြိုးစားသည့်အနေနှင့် စိမ်နေသော ရေချိုးခန်းထဲက ရေတွေကို တဖြန်းဖြန်း ရိုက်သည်။ ဒါပေမဲ့ စိတ်မချမ်းသာ ဝမ်းနည်းနေဆဲ။ အသက်ရှင်သန်ဖို့ အကြောင်းပြချက်တစ်ခုမှ မရှိတော့သလို ရုတ်တရက် ဟိုးအဝေး ကွင်းပြင်တစ်နေရာမှ မျက်ရည်စက်လက်နှင့် အစ်မလို့ အော်ခေါ်နေသော အသံ တစ်သံ။ ရုတ်တရက် လန့်ဖျပ်သွားသည်။ ကျွန်မကို ခေါ်နေသော အသံ မဟုတ်ပေမဲ့ အစ်မကို ခေါ်နေသောအသံ မနာလို ဖြစ်မိသည်။ သူမ နေရာမှာ ကျွန်မသာဆိုလျှင် အဲဒီလို ချစ်စရာကောင်းသော မောင်လေး တစ်ယောက်သာရှိလျှင် အခုလို သိမ်ငယ်စွာ အသက်ရှင်နေမှာ မဟုတ်။ သတ္တိတွေ အပြည့်နှင့် မောင်လေးအတွက် ဘဝတစ်ခုလုံး ပေးဆပ်လိုက်မှာပေါ့။

ရေချိုးအဝတ်အစားလဲပြီး အိမ်ရှေ့ထွက်လာချိန်အထိ ကျွန်မ စိတ်ထဲမှာ ကြယ်လေးတွေနေရာ ယူထားကြလေသည်။ ယနေ့ည ကောင်းကင်မှာ ကြယ်လေးတွေ အပြည့်။ ဩော် နွေဦးတောင် ကျော်လွန်လာပါ ကောလား။ ဖားအော်သံတွေ တစ်ချက်ချက် ကြားနေရသည်။ မုယောစပါး တွေ လေနှင့်အတူ တရှဲရှဲယိမ်းလျက် ကောင်းကင်ကြီးကို ဘယ်အချိန် ပဲ ကြည့်ကြည့် ကြယ်တွေ အနန္တလင်းလျက်။ ပြီးခဲ့တဲ့နှစ် မဟုတ်ပါဘူး။ တမြန်နှစ်ကပေါ့။ အဖေနေမကောင်းပေမဲ့ ကျွန်မ နားပူနားဆာလုပ်တာ ကြောင့် သားအဖနှစ်ယောက် လမ်းလျှောက်ထွက်လာကြသည်။ လမ်းမှာ အဖေက “ငါ့အသက်တစ်ရာထိ” ဆိုသော ဂျာမန်သီချင်းတစ်ပုဒ် သင် ပေးသည်။ ကျွန်မအတွက် အဖေမှာ အလွန် အံ့သြစရာ ကောင်းနေသည်။ လမ်းလျှောက်တုန်း ပါးစပ်ကလည်း မကြာခဏ တံတွေးထွေးသည်။ မျက်လုံးမှိတ်တုတ်မှိတ်တုတ်နှင့် ကောင်းကင်ကြီးကို ကျွန်မ မော့ကြည့် လိုက်သည့်အခါ အဖေ့ကို ပြတ်ပြတ်ထင်းထင်း မြင်လိုက်ရသည်။ အဲဒီ နောက် တစ်နှစ် နှစ်နှစ် ကျော်လွန်လာချိန်မှာတော့ ကျွန်မမှာ လျှို့ဝှက်ချက်တွေများစွာနှင့် မိန်းမဆိုးလေးတစ်ယောက် ဖြစ်လာသည်။      

ကျွန်မ အခန်းထဲ ပြန်လာ။ စားပွဲပေါ် လက်ထောက်ပြီး စားပွဲပေါ် က လီလီနှင်းပန်းလေးကို လှမ်းကြည့်နေမိသည်။ ကြည်နူးနှစ်သက်ဖွယ်ရာ ပန်းရနံ့လေးတွေ သင်းပျံ့နေသည်။ အဲဒီပန်းနံ့လေးတွေ ပတ်ချာလည်မှာ တစ်သက်လုံး ဒီအတိုင်း ထိုင်ဆိုလည်း ကျွန်မ ထိုင်နေနိုင်သည်။ အဲဒီချိန်မှာ ညစ်ပတ်သော အတွေးတွေလည်း မရှိ။ လီလီနှင်းပန်းလေးတွေကို မနေ့ညနေမှာ ပန်းသည်တစ်ယောက်စီက ဝယ်လာသည်။ ကျွန်မ နေအိမ်မှ ဘူတာရုံသွားသည့် ကြားတွင် ပန်းသည်အချို့ ပန်းရောင်းနေကြသည်။ လီလီနှင်းပန်းကလေး ဝယ်လာပြီးကတည်းက ကျွန်မအခန်းထဲ အပြောင်းလဲကြီး ပြောင်းလဲသွားသလားမသိ။ အခန်းတံခါး ဆွဲတံခါးကြီးကို ဖွင့်ပြီး အခန်းထဲဝင်လိုက်သည်နှင့် နှာခေါင်းထဲ လီလီနှင်းပန်းနံ့လေးက ပြေးဝ င်လာသည်။ လီလီနှင်းပန်းအနံ့လေးက ကျွန်မ စိတ်ကို သက်သာစေသည်။ ယခုလို စားပွဲမှာထိုင်၊ ဘုရင်ကြီး၏ ခမ်းနားမှုနှင့်စည်းစိမ်ထက်တောင် သာလွန်နေသလို ပြီးခဲ့သော နွေရာသီ “ယာမဂတ” ကို ကျွန်မ အလည်ရောက်သွားပြီး တောင်တက်နေချိန် လီလီနှင်းပန်းတွေ တစ်လုံးတထွေးကြီး တွေ့လိုက်ရတော့ တအံ့တသြ ဖြစ်ကြရသည်။ လီလီနှင်းပန်းတွေ ချောက်ကမ်းပါးစောင်းတွေမှာ ပေါက်နေတာကြောင့် ကျွန်မတို့သွားပြီး မခူးနိုင်။ အဝေးကသာကြည့်ပြီး ပျော်နေကြသည်။ ဒါပေမဲ့ ကံကောင်းချင်တော့ မိုင်းနင်းအလုပ်သမားတစ်ယောက်နှင့် တွေ့ရပြီး သူက ကျွန်မတို့အတွက် ခဲရာခဲဆစ်နှင့် လီလီနှင်းပန်းတွေ တစ်ပွေ့တစ်ပိုက်ကြီး ခူးပေးသည်။ လီလီနှင်းပန်းတွေဖူးပွင့်ရာ ချောက်ကမ်းပါးကြီးကို ခက်ခက်ခဲခဲ တွယ်ကုပ်ကုပ်တက်ပြီး ပန်းတွေကို တစ်ပွေ့တစ်ပိုက်ကြီး ခူးပေးခဲ့ပေမဲ့ အဲဒီလူမျက်နှာမှာ အပြုံးယဲ့ယဲ့တောင် မတွေ့ရ။ တာဝန်အရ လုပ်ပေးရသလို ပန်းတွေပေးပြီး သူ့လမ်းသူ လျှောက်သွားသည်။ လီလီနှင်းပန်းတွေ ရလိုက်တာများ အလွန်ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲကြီးတွေမှာတောင် အခုလောက်များသော လီလီနှင်းပန်းတွေ မတွေ့။ ဒါပေမဲ့ ပထမဦးဆုံးအကြိမ် ထုံအီမွှေးပျံ့နေသော ပန်းအနံ့တွေကြောင့် ကျွန်မ မူးနောက်ရီဝေရသည်။ များလိုက်တဲ့ လီလီနှင်းပန်းတွေ လက်နှစ်ဖက်နှင့် တစ်ပွေ့တစ်ပိုက်ကြီး ပိုက်ထားရတာ လူကိုတောင် မမြင်ရတော့။ ဘယ်လောက်များ ကြင်နာစိတ်ရှိပြီး လေးစားစရာကောင်းလိုက် တဲ့ သတ္တုမိုင်းအလုပ်သမားလေးပါပဲ။ ယခု သူဘာလုပ်နေသလဲ သိချင်လိုက်တာ။ ခဲရာခဲဆစ်နေရာကနေ ပန်းတွေကို ပေးသွားတာကလွဲပြီး သူ့ထံမှ ဘာတစ်ခုမှ တုံ့ပြန်မှုမရှိ။ ကျွန်မအတွေးထဲ မိုင်းအလုပ်သမား လေး ရောက်လာတတ်သည်။

အံဆွဲကို ဖွင့်ပြီး မနှစ်နွေရာသီက ကျွန်မ အသုံးပြုခဲ့သော စက္ကူ ယပ်တောင်လေးကို အံဆွဲထဲမှာ မွှေနောက်ရှာဖွေလိုက်သည်။ ယပ်တောင်လေးပေါ်မှာ “ဂဲန်ရော့ခု” ခေတ် မိန်းကလေးတစ်ယောက် နောက်ခံအဖြူရောင်ပေါ်မှာ ခြေပစ်လက်ပစ် ပက်လက်လှန်လှဲနေသည်။ သူမအနား မှာ အစိမ်းရောင် တရုတ် လက်ဆွဲမီးအိမ်နှစ်လုံး၊ မနှစ်က နွေရာသီမှာ အခိုးအငွေ့တစ်ခုလို ယပ်တောင်လေးပေါ် ပြန်ရောက်လာသည်။ “ယာမ ဂတ” ခရိုင်မှာ နေခဲ့သော နေ့ရက်တွေ ဖရဲသီး၊ မြစ်တစ်မြစ်၊ ပုဇဉ်းရင် ကွဲလေးတွေ၊ လည်ဆွဲခလောက် လေးတွေ ယပ်တောင်လေးကိုယူပြီး ကားပေါ် ပြေးတက်ချင်လာသည်။ ယပ်တောင်လေးကို ဖွင့်လိုက်ရသော ခံစားချက်ကို သဘောကျသည်။ ယပ်တောင်လေးကို လှုပ်ယမ်းနေစဉ် အခန်းထဲ အမေ ရောက်လာသည်။ အမေ့ မျက်နှာပြုံးရွှင်လျက် “အမလေး ဒီကနေ့တော့ ဖတ်ဖတ်ကို မောလိုက်တာ သမီးရယ်” အမေ့မျက်နှာမှာ အမေ့ စကားလုံးကို သစ္စာဖောက်နေသည်။ တကယ်တော့ အခြားလူတွေ သဘောကျလာအောင် ကိုယ့်ထမင်း ကိုယ်စားပြီး ကူညီလုပ်ကိုင်ပေးရတာ အမေ ဝါသနာပါတာ ကျွန်မ သိသည်။ “ကိစ္စကတော့ တော်တော် ရှုပ်တယ် သမီးရေ။” စကားကိုဆက်ရင်း အမေ “ကီမိုနို” ကိုလဲကာ ရေချိုး ခန်းထဲ ဝင်သွားသည်။ အမေ ရေချိုးပြီးတော့ သားအမိနှစ်ယောက် လက်ဖက်ရည် အတူသောက်နေစဉ် အမေ့အပြုံးက ထူးဆန်းလိုက်တာ။ ကျွန်မကို ဘာပြောမလို့ပါလိမ့်။

ခြေထောက်ဗလာနဲ့ အမျိုးသမီး” ရုပ်ရှင်ကို သမီးကြည့်ချင်နေတာ အမေသိပါတယ်။ အဲဒီရုပ်ရှင်ကို တကယ်ကြည့်ချင်ရင် အမေ ခွင့်ပြုမှာပါ။ အပြန်အလှန်အနေနဲ့ ဒီကနေ့ည အိပ်ရာဝင်လျှင် အမေ့ကို သမီးနှိပ်နယ် ပေးပါဦး၊ အလုပ်လုပ်ပြီးရတဲ့ အခွင့်အရေးဟာ ပိုပြီး ကျေနပ်စရာ ကောင်းပါတယ်။

ပျော်လိုက်တာ အဲဒီရုပ်ရှင်ကို ကြည့်ချင်နေတာ ကြာပြီပေါ့။ ဒါပေမဲ့ လတ်လျားလတ်လျား သွားနေတော့ အမေ့ကို ပြောရမှာ တွန့်ဆုတ်နေသည်။ ကျွန်မစိတ်ကို သိနေသူ အမေက ပျော်ပျော်ရွှင်ရွှင် ရုပ်ရှင်သွား ကြည့်နိုင်မဲ့ အပေးအယူတစ်ခုကို စီစဉ်ပေးသည်။ ပျော်လိုက်တာ။ အမေ့ကို အားရပါးရ ပြုံးပြလိုက်သည်။ အိမ်မှာ အမေနှင့် ကျွန်မနှစ်ယောက်တည်း ယခုလို ပျော်ပျော်ရွှင်ရွှင် စကားမပြောမဆိုရတာ အချိန်တော်တော် ကြာနေပြီ။ အမေ့မှာ မိတ်ဆွေအပေါင်းအသင်းတွေနှင့် အမြဲတမ်း အလုပ် ရှုပ်နေတတ်သည်။ လူရယ်စရာဖြစ်မဲ့ အလုပ်မျိုးကိုတော့ အမေ ဘယ်တော့မှ မလုပ်။ အမေ့လက်၊ ပခုံးတွေကို နှိပ်နယ်ပေးနေစဉ် အမေ့ဘဝ အမောတွေ ကျွန်မကိုယ်ထဲ စီးဝင်လာသလို ခံစားမိလာသည်။ အမေ့ကို ကျွန်မ ဦးထိပ်ထားသင့်သည်။ စောစောက “အိမိုက်ဒ” တို့ လင်မယား ရှိနေတုန်း အမေ့ကို စိတ်ဆိုးပြီး အပြစ်တင်တာတွေအတွက် ရှက်မိသည်။ ခွင့်လွှတ်ပါ အမေလို့ ရင်ထဲက တိုးတိုးလေး ပြောမိသည်။ ကိုယ့်အကြောင်းကိုယ်ပဲ စဉ်းစားနေတာ။ အခုတော့ အမေ့ရင်ခွင်ထဲက ကလေး လေးတစ်ယောက်လိုသာ သဘောထားလိုက်သည်။ အမေ ဘယ်လောက် နာကျင်ခံစားရမလဲဆိုတာ ထည့်မစဉ်းစားဘဲ ကိုယ့်အကြောင်းကိုသာ စဉ်းစားနေတာ မဟုတ်လား။ အဖေ မရှိတော့ကတည်းက အမေ ချူချာ လာတာ သတိထားမိသည်။ အမေ့ကို ကျွန်မ မဆင်မခြင် အပြစ်တင် နေပေမဲ့ အမေကတော့ ကိစ္စ အသေးအမွှားလေးတွေ အတွက်တောင် ကျွန်မကို အားကိုးတကြီး တိုင်ပင်တတ်တာ တွေးရင်း ကျွန်မကိုယ်ကျွန်မ ခွင့်မလွှတ်နိုင်အောင် စက်ဆုပ်မိသည်။ တကယ်တော့ အမေနှင့် ကျွန်မနှစ်ယောက်လုံး တခြားလူတွေလို စိတ်ဓာတ် ပျော့ညံ့ကြသည်။ ယခုအချိန် ကစပြီး ကျွန်မတို့ သားအမိနှစ်ယောက်ဘဝနှင့်ပဲ ရောင့်ရဲတင်းတိမ်တော့မည်။ အမေ့ကို ကျွန်မ အမြဲ ဦးထိပ်ထားပြီး အတိတ်က အကြောင်းတွေ ၊အဖေ့အကြောင်းတွေ အားလုံး အမေ့ကိုပြောပြရင်း နှစ်သိမ့်နိုင်သည်။ အမေကြိုက်လျှင် ကျွန်မ တစ်နေကုန် တစ်နေခန်း ထိုင်ပြောပြမည်။ အမေမှာ ကျွန်မဘဝအတွက် ဦးထိပ်ထားရာ တစ်ဦးတည်းသော လူပုဂ္ဂိုလ်။ အဲဒီလို သဘောထားတာကြောင့်ပဲ ကျွန်မဘဝမှာ ကြီးမားတဲ့ ရည်ရွယ် ချက်တွေ ရှိလာနိုင်သည်။ ရင်ထဲမှာ အမေကျေနပ်စေဖို့ ဗိုင်းကောင်း ကျောက်ဖိ သမီးလေးဖြစ်ချင်ပေမဲ့ ကျွန်မ အပြုအမူတွေ ပြောစကားတွေ မှာ အလိုလိုက် အမိုက်စော်ကားသော ကလေးတစ်ယောက်လိုသာ ဖြစ်နေသည်။ ကလေးဆိုးတစ်ယောက်လို ကျွန်မ နာကျင်ရတာတွေ အထီးကျန်ရတာတွေ အဲဒီအကြောင်းတွေကိုပဲ တတွတ်တွတ် ပြောနေတာ။ ဘယ်လောက် အတ္တကြီးလိုက်ပါသလဲ။ ကျွန်မ တကယ် ပြောချင်နေတာ ဘာလဲ။ အမှန်ကို ပြောရမယ်ဆိုရင် ကျွန်မ သေသွားပါလိမ့်မယ်။ ကျွန်မ လုပ်သင့်လုပ်ထိုက်တာကို သေသေချာချာ သဘောပေါက် နားလည်ရင်း ပါးစပ်က စကားတစ်လုံးမှ မထွက်လာနိုင်ပါ့လား။ စိတ်ဆင်းရဲတာကို ပဲ ကျွန်မ သိနေသည်။ စိတ်ဆင်းရဲတာကိုပဲ သိနေရင်း နောက်ဆုံးတော့ ဒေါသတွေ ပေါက်ကွဲတော့သည်။ တကယ်ပါ ကျွန်မ ရူးသွပ်နေသလိုပါပဲ။ ဟိုးရှေးရှေးတုန်းက အမျိုးသမီးတွေကို ကျေးကျွန်လို့ ခေါ်ကြသည်။ ကလေးကစားစရာအရုပ်တွေလို သဘောထားကြသည်။ မိမိကိုယ်ကို လေးစားမှုမရှိသော တီကောင်တွေလို သတ်မှတ်ကြသည်။ အဲဒီလို ချိုးချိုး ဖဲ့ဖဲ့ ပြောကြပေမဲ့ ကျွန်မလိုလူတွေထက် သူတို့မှာ မိန်းမဘဝနှင့် ပတ်သက်ပြီး အသိတရား မြင့်မားကြသည်။ တစ်ယောက်ယောက်ကို လုပ်ကျွေးပြုစု။ ဒါမှမဟုတ် ကျေနပ်စေပြီး သူတို့ဘဝရပ်တည်နိုင်မဲ့ အသိဉာဏ် ရှိကြသည်။ သူတို့ကိုယ်သူတို့ စစ်မှန်စွာ စွန့်လွှတ် အနစ်နာခံခြင်း အ လှတရားကို သဘောပေါက် နားလည်ကြသည်။ အတုံ့အလှည့် မရှိသော လုပ်ကျွေးပြုစုခြင်း၏ ပီတီသုခကို နားလည်ကြသည်။

“အမလေး တကယ်ပါပဲ ငါ့သမီးလေး နှိပ်နယ်တာ ကောင်းလိုက်တာ တကယ့်ကို အနှိပ်သည်ကြီး တစ်ယောက်လိုပါပဲ။”

ထုံးစံအတိုင်း ကျွန်မကို အမေ စနေသည်။

“တကယ်လား အမေ။ ကောင်းတယ်ဆိုလည်း သမီးနှလုံးသားနဲ့ လုပ်ကိုင်ပေးနေလို့ ဖြစ်မှာပါ။ နှိပ်ပေးတာ သမီးရဲ့တစ်ခုတည်း ကျွမ်းကျင်မှု မဟုတ်ပါဘူး။ အမေသိပါတယ်။ အခြားအရာတွေလည်း အများကြီး ရှိပါသေးတယ်။”

ရင်ထဲရှိတဲ့ အတွေးတွေ ပွင့်ပွင့်လင်းလင်း ပြောလိုက်ရတာ တစ်ကိုယ်လုံး ပေါ့ပါးသွားသလိုပါပဲ။ ကျွန်မ ရင်ထဲရှိတာတွေကို တစ်ခါမှ ရိုးရိုးသားသား ထုတ်မပြနိုင်တာ ကြာခဲ့ပြီ မဟုတ်လား။ အသစ်အဆန်း တစ်ခုခုကို လုပ်လိုက်ရသလို ရင်ထဲ လှုပ်ရှားသွားသည်။ ကျွန်မ နေရာကို ရိုးရိုးသားသား လက်ခံလိုက်သည့်အခါ ကျွန်မ မဟုတ်သော ကျွန်မ တစ် ယောက်ရလာသလို ခံစားရသည်။

အမေ့ကို နှိပ်နှယ်ပေးပြီး ဒီကနေ့ တစ်ခုခုနှင့် အမေ့ကို ကျေးဇူး ဆပ်ချင်နေသည်။ အဲဒီလို စာအုပ်တွေ ဖတ်နေတာကိုမြင်ရင် အမေ သဘောကျတတ်သည်။ တစ်နေ့က “ဂျိုးဇက်ကာဆယ်”၏ ဘယ်ဒီဂျိုး စာအုပ်ဖတ်နေတုန်း အမေရောက်လာပြီး ကျွန်မဆီက စာအုပ်ကို ယူကြည့်သည်။ စာအုပ်မျက်နှာဖုံးကို မျက်မှောင်ကြုတ်ကြည့်ပြီး စကားတစ်လုံးမှမပြောဘဲ ကျွန်မကို ပြန်ပေးသည်။ အဲဒီစာအုပ်ကို အမေ မဖတ် ဖူးပေမဲ့ စာအုပ်ထဲက အကြောင်းအရာကို အမေ သိနေသလိုလို။ တိတ်ဆိတ်ငြိမ်သက်နေသော ညနေခင်း။ ဝတ္ထုစာအုပ်ကို အသံထွက်ပြီး ကျွန်မ ဖတ်နေသည်။ စာအုပ်အမည်မှာ “အသည်းနှလုံး” ဖြစ်သည်။ ကျယ်လောင် ကျယ်လောင် ထွက်လာသော ကျွန်မအသံက ရယ်ချင်စရာ ကောင်းနေ သလိုလို အမေ့ရှေ့မှာ နေရတာ စိတ်ကသိကအောက် ဖြစ်နေသည်။ တစ်အိမ်လုံး ပတ်ဝန်းကျင် တစ်ခွင်တစ်ပြင်လုံး တကယ်ကို ငြိမ်သက်နေတာကြောင့် သစ်ရွက်လှုပ်သံ လေတိုးသံမျှသာ ကြားနေရသည်။ ဒါပေမဲ့ စာသားတွေကို ဖတ်လိုက်ရသည့်အခါတိုင်း ငယ်ငယ်က စာဖတ်ခဲ့ရသလို ကျွန်မရင်ထဲ ထိထိခိုက်ခိုက် ဖြစ်နေသည်။ ကျွန်မနှလုံးသား သူ့ဘာသာသူ သန့်စင်နေတာမျိုးကို သဘောကျပေမဲ့ စာအုပ်ကို အသံထွက် ဖတ်နေတာနှင့် ကိုယ့်စိတ်ထဲကကိုယ် ဖတ်နေတာ မတူကွဲပြားနေသလို ရင်ကိုထိမှန်လာသော ခံစားချက်မှာ ထိတ်လန့်ချောက်ချားစရာ။ အမေ မျက်လွှာချနေပြီး “အင်ရိကိုနှင့်ဂယ်ရွန်း” တို့အကြောင်း ဖတ်နေချိန်မှာ အမေ မျက်ရည်ဝဲလာသည်။ ကျွန်မအမေလည်း စာအုပ်ထဲက “အင်ရိကို” တို့ အမေလို ကျော့ရှင်းလှပသည်။

ကျွန်မ စာအုပ် အဆုံးမသတ်မီ အမေ အိပ်ရာဝင်သည်။ တစ်နေ့လုံး အိမ်အပြင်မှာ အမေလျှောက်သွားနေတာကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနေလေပြီ။ အမေ့အတွက် ခေါက်မွေ့ရာကို ပြင်ဆင်ပေးပြီး အိပ်ရာ အခင်းအနားတွေကို အောက်ဖက်ခေါက်သွင်းပေးလိုက်သည်။ အိပ်ရာဝင် ခေါင်းချလိုက်သည်နှင့် မကြာခင် အိပ်ပျော်သွားသည်မှာ အမေ့ အကျင့် ဖြစ်သည်။

အဝတ်တွေလျှော်ဖို့ ရေချိုးခန်းထဲ ရောက်လာသည်။ အခုနောက်ပိုင်း ကျွန်မမှာ ထူးထူးဆန်းဆန်း အကျင့်တစ်ခု ရလာသည်။ ကျွန်မ ဝတ်ပြီးသား အဝတ်အထည်တွေကို မိုးကြီးစုန်းစုန်းချုပ်ခါမှ လျှော်ဖွပ်တတ်သော အကျင့်ဖြစ်သည်။ နေ့ခင်း အလင်းရောင်တွေ အောက်မှာ လျှော်ရဖွပ်ရမှာ ရှက်လို့လား မသိ။ ဒါမှမဟုတ် အခြား တစ်ခုခုလည်း ဖြစ်နိုင်မယ် ထင်သည်။ ရေချိုးခန်းပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်ပေါ် လမင်းကြီးကို မြင်နေရသည်။ ဆောင့်ကြောင့်ထိုင်ကာ အဝတ်အထည်တွေကို လျှော်ဖွပ်နေရင်း လမင်းကြီးကို ကျွန်မ ညင်သာစွာ ပြုံးပြလိုက်တော့ ကျွန်မကို လမင်းကြီး မမြင်ချင်ယောင်ဆောင်နေသည်။ တစ်ချိန်တည်းမှာ အဲဒီလမင်းကြီးကိုပဲ သိမ်မွေ့စွာ ပြုံးပြနေသူ အခြား ကောင်မလေး တစ်ယောက်ယောက် ကမ္ဘာမြေတစ်နေရာရာမှာ ရှိနေနိုင်သည်။ သူမလည်း ကျွန်မလို ဆောင့်ကြောင့်ထိုင်ပြီး ဝတ်ပြီးသား အဝတ်တွေ လျှော်ဖွပ်နေပါလိမ့်မည်။ တကယ့်ကို သူမ ပြုံးပြနေသည်။ ဒါပေမဲ့ ဝေဒနာတွေကို ခံစားနေရသည်။ ဟိုးအဝေး ကျေးလက်တစ်နေရာ တောင်ထိပ်ပေါ်က အိမ်လေးတစ်အိမ် အိမ်နောက်ဖေးတံခါးနားမှာ ညကြီးမိုးချုပ် ကျွန်မလိုပဲ အဝတ်တွေ ထိုင်လျှော်နေပါလိမ့်မည်။ ပါရီမြို့ လမ်းသွယ်လေးတစ်လမ်း စုတ်ပဲ့ညစ်ပတ်နေသော စင်္ကြံလမ်းမဘေး တစ်နေရာ အဲဒီနေရာမှာ ကျွန်မနှင့် ရွယ်တူကောင်မလေးတစ်ယောက် ဝတ်ပြီးသား သူ့အဝတ်တွေကို လူတွေမမြင်အောင် ပုန်းလျှိုးဝှက်လျှိုး လျှော်ဖွပ်ရင်း အဲဒီလမင်းကြီးကိုပဲ ငေးကြည့်နေပါလိမ့်မယ်။ ကျွန်မမှာ သံသယ ဆံချည်မျှင် တစ်မျှင်မျှတောင် မရှိ။ တယ်လီစကုပ်နှင့် ကြည့်နေရသလို အဲဒီ ကောင်မလေးကို မျက်ဝန်းထဲမှာ ပြတ်ပြတ်ထင်ထင် ကြည်ကြည်လင်လင် မြင်တွေ့နေရသည်။ ကျွန်မတို့ ဒုက္ခသုခတွေကို ကမ္ဘာမြေပေါ်မှာ ဘယ်သူမှ နားမလည်ကြ။ ကျွန်မတို့တွေ အပျိုကြီးဖားဖား ဖြစ်လာရင် လူကြီးတွေ ဖြစ်လာရင် အဲဒီဝေဒနာတွေ အထီးကျန်ခြင်းတွေကို နောက် ပြန်လှည့်ကြည့်ပြီး ရယ်မောပစ်ကြမှာ သေချာပါသည်။ ဒါပေမဲ့ ကျွန်မတို့တွေ မိန်းမကြီးတွေ ဖြစ်လာသည်အထိ မပြီးနိုင် မစီးနိုင် ဟောဒီနေ့ညတွေကို ဘယ်လို ဖြတ်သန်းကျော်လွှားကြမှာလဲ။ ကျွန်မတို့မှာ သင်ကြားပေးမဲ့သူ မရှိ။ ကျွန်မတို့မှာ ဝက်သက်ပေါက်နေသလို တစ်ယောက် မှ အနားမကပ်ရဲကြတော့ဘဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး စွန့်ပစ်လိုက်ကြတော့မှာလား။ နေ့စဉ်နှင့်အမျှ စိတ်ဖိစီးမှုတွေ ဒေါသတွေကြားမှာ ကျွန်မတို့လို တချို့ကောင်မလေးတွေ လမ်းလွဲသွားကြသည်။ ပြန်လည်ပြင်ဆင်လို့မရအောင် စာရိတ္တတွေ ပျက်စီး သွားကြသည်။ အဲဒီနောက်တော့ ဘဝတွေ အားလုံး ထာဝရ ကစဉ့်ကလျား ဖြစ်သွားကြပါလိမ့်မည်။ အဲဒီ လိုလူတွေထဲမှာ အချို့ဆိုရင် သူတို့ကိုယ်သူတို့ အဆုံးစီရင်ဖို့တောင် ဆုံး ဖြတ်ကြမှာပါ။ အဲဒီလိုဖြစ်လာရင်လည်း လူတွေ ပြောကြပါလိမ့်မယ်။ အလိုဘုရားရေ ယခုထက် အသက်ကလေးသာ နည်းနည်းလေး ပိုရှည်ခဲ့ရင် အဲဒီကောင်မလေး သဘောပေါက် နားလည်သွားမှာပါ။ ယခုထက် အရွယ်နည်းနည်းလေး ရောက်လာရင် ဘဝကို သူတို့နားလည်ကြမှာပါတဲ့။ ဘယ်လောက်များ ဝမ်းနည်းစရာ ကောင်းလိုက်သလဲ။ ဒါပေမဲ့ အဲဒီ လို လူတွေသာ ကျွန်မတို့နေရာက စဉ်းစားမယ်ဆိုရင် မဆံ့မပြဲ သောက ဝေဒနာတွေကို ရင်စည်းခါးစည်း ကြိတ်မှိတ်ခံစား နေရတာ သေချာမှာ ပါ။ တစ်လောကလုံးက ပြောမဲ့စကားတွေကို ကြိုးစားပမ်းစား အားစိုက် နားထောင်နေပေမဲ့ နောက်ဆုံးမှာတော့ သူတို့ကပဲ အပေါစားသင်ခန်း စာတွေ ထပ်ခါထပ်ခါ ပြောပြီး ကျွန်မတို့ကို ပျားရည်နှင့် ဝမ်းချကြမှာပါ။ မသိကျိုးနွံပြုခံနေရတဲ့ဘဝမှာ ဘယ်လို နေထိုင်အသက်ရှင်နေရတယ်ဆိုတာ သူတို့တွေ သိမှာပါ။ လတ်တလော ပစ္စုပ္ပန်ကိုပဲ ကျွန်မတို့ အလေးထားနေတာ မဟုတ်ပါဘူး။ ဟိုးအဝေးက တောင်ကြီးကို လက်ညှိုးထိုးပြီး ရောက်အောင် ရှင်တို့သွားနိုင်တယ်လို့ ပြောရင်လည်း ရှင်တို့စကားကို ကျွန်မ နည်းနည်းလေးမှ မယုံနိုင်။ အဲဒီတောင်ထိပ်ပေါ် ရှင်တို့သွားချင် ရင်လည်း သွားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မတို့တွေ ဗိုက်အောင့်တဲ့ ဝေဒနာလို အသည်းအသန် ခံစားနေရတာကိုတော့ ရှင်တို့ လျစ်လျူရှုထား ကြတယ် မဟုတ်လား။ ရှင်တို့ထဲက တစ်ယောက်ယောက် မှားမှားယွင်းယွင်းနှင့် ကျွန်မတို့ကို အဲဒီလမ်းပို့လိုက်တာ သေချာပါတယ်။ ရှင်ဟာအဲဒီထဲက အပြစ်တင်ရမဲ့ တစ်ယောက် မဟုတ်လား။

လျှော်စရာ ဖွပ်စရာတွေပြီးတော့ ခါးဆန့် ရေချိုးခန်းတံခါး ဖွင့်လိုက်ချိန်မှာ လီလီနှင်းပန်းအနံ့ ပျံ့လွင့်လာပြီး လန်းဆန်းလိုက်တာ။ ကျွန်မနှလုံးသားကို တိုးလျှိုပေါက် မြင်နေရသလို။ အဲဒီတော့ ရှင်တို့က တကယ့်ကို အဓိပ္ပာယ်မရှိတာပဲလို့ ပြောနိုင်ပါတယ်။ တိတ်တဆိတ်လေး ညအိပ်ဝတ်စုံလဲနေချိန် အမေ့ဆီက အသံကြားလိုက်ရတာကြောင့် လန့်ဖျပ်သွားသည်။ တစ်ခါတစ်ခါ အမေလည်း အလန့်တကြား ဖြစ်အောင် လုပ်တတ်သည်။

“နွေစီးရှူးဖိနပ်တစ်ရံ လိုချင်တယ်လို့ သမီးပြောတယ် မဟုတ်လား။ ဒီနေ့ “ရှိဘုယ” ကို အမေရောက်လို့ နွေစီးရှူးဖိနပ်တွေကို ကြည့်ခဲ့သေးတယ်။ ဈေးကြီးလိုက်တာ သမီးရယ်။ ဒါပေမဲ့ သမီးလိုချင်တယ် မဟုတ်လား။”

“ရပါတယ် အမေ။ သမီး မလိုချင်တော့ပါဘူး။”

“နွေစီးရှူးဖိနပ်တစ်ရံ သမီးလိုနေတယ် မဟုတ်လား။”

“လိုတော့ လိုပါတယ်”

ဒီနေ့လို မနက်ဖြန်သည်လည်း နောက်တစ်နေ့ ဖြစ်လာပေလိမ့်မည်။ ပျော်ရွှင်မှုကတော့ ကျွန်မဆီ ရောက်မလာမှာ သိနေသည်။ ဒါပေမဲ့ မနက်ဖြန်ရောက်လာမယ်ဆိုတာ ယုံကြည်စိတ်ချရင်း အိပ်ရာဝင်လိုက်တာ အကောင်းဆုံး ဖြစ်ပေမည်။ တမင်ရည်ရွယ်ချက်နှင့် အိပ်ရာပေါ်အသံထွက်အောင် ပစ်ချလိုက်သည်။ ဇိမ်ရှိလိုက်တာ ခေါက်မွေ့ရာ မျက်နှာပြင်မှာ အေးစက်နေပေမဲ့ ကြည်နူးစရာကောင်းသည်။ တစ်ခါတစ်ရံ ညကြီးမိုး ချုပ်ခါမှ ပျော်ရွှင်ခြင်းတွေ ရောက်လာတတ်သည်။ အိပ်ရာပေါ်မှာ လှဲနေရင်း အတွေးတစ်ခုခေါင်းထဲ ရောက်လာသည်။ ပျော်ရွှင်မှုကို စောင့်နေရင်း စောင့်နေရင်း အဆုံးမှာတော့ နည်းနည်းလေးမှ သည်းမခံနိုင်တော့ပဲ အိမ်ထဲက ထွက်ပြေးသွားပြီး အချိန်တော်တော်ကြာပြီးခါမှ နောက်တစ်နေ့မှာ စွန့်ပစ်ခဲ့တဲ့ အိမ်ကိုပဲ ပျော်ရွှင်ခြင်းတွေ ရောက်လာသည်။ ယခုလည်း အလွန်နောက်ကျသွားပါပြီ။ ညကြီးအချိန်မတော်ခါမှ ပျော်ရွှင်ခြင်းတွေ ရောက်လာပါပေါ့လား။

အိမ်ရှေ့ခြံဝင်းထဲမှာ “ပိုး” လမ်းလျှောက်သံ ကြားနေရသည်။ ဆတ်တောက်ဆတ်တောက်နှင့် “ပိုး” ခြေသံများမှာ ထူးခြားသည်။ “ပိုး” ၏ ရှေ့လက်တစ်ချောင်းမှာ နည်းနည်းလေး တိုနေသည်။ ကဏန်းလို တိုနေတာကြောင့် ခြေခွင်နေသည်။ အဲဒါကြောင့်ပဲ သူ့ကို သနားနေရသည်။ ယခုလိုပဲ ညသန်းခေါင်ယံမှာ အိမ်ကိုပတ်ချာလည် “ပိုး”လှည့်နေသည်။ သူဘာလုပ်နေတာလဲ သိချင်လိုက်တာ။ သနားစရာကောင်းလိုက်တဲ့ ခွေးလေး “ပိုး” ။ ယနေ့ နံနက် သူ့ကို ကျွန်မ ဂရုစိုက်ခဲ့ပေမဲ့ မနက်ဖြန်မှာ တော့ သူ့ကို အခြားစိတ်ဝင်စားစရာ တစ်ခုခု ရလာမှာပေါ့။ အိပ်ရာဝင်ခါနီး ကျွန်မမှာ အကျင့်ဆိုးတစ်ခု ရှိသည်။ မျက်နှာပေါ် လက်ဖဝါးတင် လိုက်ခါမှ အိပ်လို့ပျော်သည်။

အိပ်ပျော်သွားတာ ထူးဆန်းသော ခံစားချက် ဖြစ်သည်။ ငရှဉ့်တစ် ကောင် ဒါမှမဟုတ် ငါးကြင်းတစ်ကောင် ငါးမျှားချိတ်ကို ဆောင့်ဆွဲနေသည်နှင့် တူသည်။ သို့တည်းမဟုတ် ခဲသီးလို လေးလံသော အရာတစ်ခု ငါးမျှားကြိုးကို ဆွဲနေတာကြောင့် ဆတ်ခနဲ ငိုက်ကျသွားချိန်မှာ ခေါင်းကို ချည်ထားသော ငါးမျှားကြိုး ပြန်တင်းလိုက်သည်။ နောက်တစ်ကြိမ် ငိုက်သွားချိန်မှာ ကြိုးနည်းနည်း လျော့သွားသည်။ အဲဒီအချိန်မှာပဲ ကိုယ့်ကိုယ်ကိုယ် ပြန်သတိရပြီး လန့်ဖျပ်သွားသည်။ နောက်တစ်ခါ ငိုက်ကျသွားပြီး ဆတ်ခနဲ ကြိုးနှင့် အဆွဲခံလိုက်ရပြန်သည်။ အဲဒီနောက် သုံးကြိမ် လေးကြိမ် နောက်ဆုံး ကြိုးလျှော့လိုက်သည့်အခါ နံနက်မိုးလင်းခါမှ နိုး လာပါလိမ့်မည်။

ကောင်းသောညပါ။ ကျွန်မမှာ မင်းသားမရှိပေမဲ့ စင်ဒရဲလားတော့ စင်ဒရဲလားပါပဲ။ တိုကျိုမြို့ ဘယ်နေရာမှာ ကျွန်မကို ရှာရမလဲ။ ရှာတွေ့မလဲ ရှင် သိပါသလား။ ကျွန်မကို နောက်တစ်ကြိမ်တွေ့မှာ မဟုတ်တော့ပါဘူး။

Whisper Of Words


Download Epub Kfx 

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review