တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့် - အပိုင်း(၁) စစ်တွင်းကာလ အခန်း (၄) မှ အခန်း (၇)


တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

အပိုင်း(၁) စစ်တွင်းကာလ အခန်း (၄) မှ အခန်း (၇)


အပိုင်း (၁) စစ်တွင်းကာလ အခန်း (၁) မှ (၃) ဖတ်ရန်

https://whisper1of.blogspot.com/2026/02/blog-post_54.html



အခန်း [၄]

 

ထရီနတီ ဘုရားသုံးဆူပွဲတော် မကျင်းပမီ နှစ်ရက် လောက် အလိုတွင် ရွာနှင့် မလှမ်းမကမ်းရှိ မြက်သောက် တောကြီးအား ရွာရှိအိမ်ခြေ ဦးရေအလိုက် မြက်ရိတ်ရန် ခွဲခြမ်းဝေငှပေးသော အစည်းအဝေးတခုကို သူကြီး၏ ရုံးခန်းတွင် ကျင်းပပြုလုပ်၏။

ဤအစည်းအဝေးသို့ ပင်တာလီမွန်လည်း တက်ရောက်သည်။

ညနေထမင်းစားချိန်တွင် စည်းဝေးပွဲမှ ပြန်လည်ရောက်ရှိလာသော ပင်တာလီမွန်က သူ့ဘွတ်ဖိနပ်များကို ညည်းတွားသံ တချက်ပြုလျက် ချွတ်ပစ်လိုက်ပြီးနောက် ညောင်းညာ၍လာသော ခြေထောက်နှစ်ဖက်ကို တကျစ်ကျစ် အသံထွက်အောင် လက်ဖြင့်ကုတ်ကာ…

“တို့ရတဲ့အကွက်ကတော့ ကျောက်တောင်နီနဲ့ ကပ်နေတာပဲ။ မြက်က သိပ်မကောင်းလှဘူး၊ အကွက်ရဲ့ အထက်ပိုင်းက တောအုပ်ထဲအထိ ရောက်နေတယ်၊ အဲဒီနေရာမှာ ချုံနဲ့ စေးပျစ်တွေပဲ များတာပဲ။ နို့ပြီး… ပေါင်းပင်တွေ ကလည်း ပေါက်လာလေ ဦးမယ်”ဟု အိမ်သူအိမ်သားများအား ပြောလိုက်၏။

“ဘယ်တော့ မြက်ရိတ်မလဲ အဖေ”

ဂရီဂိုက မေးလိုက်၏။

“ဘုရားပွဲတော်ရက်တွေ ပြီးမှပေါ့”

ပင်တာလီမွန်၏ ဇနီးဖြစ်သူ အီလီနစ်ချ်နာက မီးဖိုချောင်တံခါးကို အသံမြည်အောင် ဖွင့်လိုက်ပြီးနောက် နွေးထားသော မုန်လာဥ စွပ်ပြုတ်ကို ယူလာ၏။

ပင်တာလီမွန်က ညစာကို အချိန်ဆွဲ၍စားရင်း နေ့လယ်က သူကြီးရုံးခန်းတွင် မြက်သောက်တောကို ဝေစုခွဲရာ၌ သူကြီးက ရွာသားများအပေါ်တွင် မည်သို့ မရိုးမသားဖြင့် ကလိမ်ကျပုံကို ပြောပြနေ၏။

“ဒါထက်…ကောက်သင်းကောက်ဖို့နဲ့ ကောက်ရိုးပုံတာကို ဘယ်သူလုပ်မှာလဲ၊ ကျွန်မတော့ တစ်ယောက်တည်း အားလုံး မလုပ်နိုင်ဘူး အဖေ…”

ဒူနီယာက မရဲတရဲပြောလိုက်၏။

“အက်စီနီယာကို တို့က အကူအညီတောင်းရမှာ ပေါ့ကွာ။ သူ့လင် စတီပင်ကလည်း သူဝေစုရတဲ့ အကွက်ကို တို့ပါ ကူပြီးရိတ်ပေးပါလို့ ပြောခဲ့တယ် မဟုတ်လား”

နှစ်ရက်ကြာပြီးသော အချိန်တွင် မစ်ကာသည် ခြေထောက်တွင် အဖြူရောင်ရှိသော မြင်းလားကြီး တစ်ကောင်ကို စီးလျက် ပင်တာလီမွန်၏ ခြံဝင်းအတွင်း သို့ ဝင်ရောက်လာခဲ့၏။

နံနက်အချိန်ပင် ဖြစ်သော်လည်း မိုးက တဖွဲဖွဲ ရွာနေလေသည်။

ရွာပေါ်တွင်မူ ထူထဲသောမြူနှင်းများက တဝေ့ဝေ့ တွဲလောင်းခိုလျက်ရှိနေ၏။

မစ်ကာက မြင်းလားကြီးပေါ်မှနေ၍ ကိုယ်ကို ကိုင်းပြီး ခြံမလွယ်ပေါက်တံခါးကို ဖွင့်လိုက်ပြီးကာ အတွင်းသို့ ဝင်လာ၏။

အီလီနစ်ချ်နာက လှေကားထစ်များပေါ်မှနေပြီး မစ်ကာအား လှမ်း၍နှုတ်ဆက်လိုက်၏။

“ဟေ့… လူယုတ်၊ ဘာဖြစ်လို့လာတာလဲ”

အီလီနစ်ချ်နာ၏ အသံတွင် မကျေနပ်သံက ထင်းထင်းကြီးပေါ်နေလေသည်။

တစွတ်ထိုးလုပ်တတ်သော၊ ရန်လိုသော မစ်ကာ ကို အဘွားကြီးက ချဉ်တင်တင်ဖြစ်နေသည်။

“ခင်ဗျားကရော ဘာဖြစ်လို့မေးရတာလဲ”

လှေကားထစ် လက်ရမ်းတိုင်ပွတ်လုံးတွင် သူ့မြင်းကို ချည်ရင်း မစ်ကာက အံ့သြသည့်အမူအရာဖြင့် ဆိုလိုက်၏။

“ဂရီဂိုနှင့် တွေ့ချင်လို့ လာတာ၊ သူ ဘယ်မှာလဲ”

“အိပ်နေတယ်၊ တင်းကုပ်မှာအိပ်နေတယ်၊ အရိုက်ခံခဲ့ရလို့ ငါ့သားကို အကူတောင်းဖို့လာတာလား၊ နင်က ဟိတ်ကြီးဟန်ကြီး လုပ်ပြီး မြင်းလားကြီး စီးလာတာ.. ခြေထောက်တွေ ကျိုးနေလို့လား”

“အဘွားကြီးက စကားပြောလိုက်ရင် အမြဲတမ်း ဒီလိုပဲ။ ပိဿာလေးနဲ့ ဘေးကို ပစ်လိုက်သလို”

မစ်ကာက ဤသို့ဆိုရင်း အဘွားကြီးကို စိတ်ခုသွားမိ၏။

ပြောင်နေအောင် ဆေးတိုက်ထားသော မြင်းစီးဖိနပ်ကို ကျာပွတ်ဖြင့် ဟိတ်ဟန်ပါပါ တချက်ရိုက် လိုက်ပြီးနောက် ဂရီဂို ရှိရာသို့ မစ်ကာ လာခဲ့၏။ ဂရီဂိုသည် လှည်းတစီးပေါ်၌ အိပ်ပျော်နေလေသည်။

ပစ်မှတ်ကို ချိန်သကဲ့သို့ လက်ဝဲဘက်မျက်စိကို မှေးထားလိုက်ပြီး မစ်ကာက ဂရီဂို၏ဆံပင်ကို ဆွဲလိုက်၏။

“ဟေ့ ... တောသား ထစမ်း”

တောသား ဟူသော စကားမှာ မစ်ကာအဖို့ အကြမ်းတမ်းဆုံး ဆဲဆိုသောစကားပင်ဖြစ်၏။

ဂရီဂိုက စပရင်ပေါ်တွင် အိပ်နေသူတစ်ယောက် ကဲ့သို့ ခုန်၍ထလာ၏။

“ဘာကိစ္စလဲကွ”

ဂရီဂိုက မေးလိုက်၏။

မစ်ကာက လှည်းဘေးတွင် ဝင်၍ ထိုင်လိုက်ပြီးနောက် မြင်းစီးဖိနပ်မှ ခြောက်နေသော ရွှံ့များကို တုတ်တချောင်း ဖြင့် ခြစ်ရင်း ...

“ငါတော့ ရန်စ,ခံခဲ့ရပြီကွာ” ဟု ဆိုလိုက်၏။

“ဘယ်လိုလဲ၊ ဆိုစမ်းပါဦး”

“ဒီလို …”

မစ်ကာက ကျိန်ဆဲလိုက်ရင်း …

“သူက…သူ့ကိုယ်ကိုသူ တပ်မှူးလို့ပြောတယ်ကွ”

မစ်ကာက ပါးစပ်ကို မဖွင့်ဘဲ စကားလုံးများ ကိုသာ ဒေါသတကြီး အပြင်သို့ လွှင့်ထုတ်နေ၏။ သူ့ခြေထောက် နှစ်ဖက်ကလည်း တုန်နေသည်။

ဂရီဂိုက ထိုင်ရာမှ ထလိုက်ပြီး ...

“ဘယ်တပ်က… တပ်မှူးလဲ”ဟု မေးလိုက်၏။

ဂရီဂို၏ အင်္ကျီလက်ကို ဆွဲထားရင်း မစ်ကာက စောစောကထက် ငြိမ်သက်သောအသံဖြင့် …

“နင့်မြင်းကို မြန်မြန် ကုန်းနှီးတင်ပြီး မြက်သောက်တောကို လိုက်ခဲ့စမ်း၊ သူ့ကို ငါပြပါမယ်၊ ငါက တပ်မှူး ဆိုတဲ့လူကို ပြောတယ်၊ ‘တပ်မှူးမင်းခင်ဗျား စိန်လိုက်စမ်းပါ၊ ဘယ်သူနိုင်မလဲဆိုတာ သိရမှာပေါ့’ လို့ ပြောတယ်။ ဒီတော့ တပ်မှူးမင်းလို့ ဆိုတဲ့လူက ‘မင်းနဲ့ …မင်းရဲ့သူငယ်ချင်းတွေ ရဲဘော် ရဲဘက်တွေကို ခေါ်လာခဲ့စမ်း။ မင်းတို့အားလုံးကို နိုင်အောင် ချိုးပြမယ်။ ငါ့မြင်းမရဲ့ အမေက ပီတာစဘတ်မှာ ကျင်းပတဲ့ အရာရှိတွေ မြင်းစီးပြိုင်ပွဲမှာ၊ တန်းခုန်ပြီး ပြေးရတဲ့ ပြိုင်ပွဲတွေမှာ ဆုတွေရခဲ့တယ်’ လို့ ပြောတယ်။ သူ့မြင်းကရော ဘာမို့လို့လဲ၊ သူ့မြင်းမရဲ့ အမေကရော ဘာမို့လို့လဲ၊ သေပါစေ၊ ငါ့မြင်းလားကြီးကိုတော့ ဘယ်တော့မှ အရှုံးမခံဘူး”ဟု ဇာတ်ကြောင်းလှန်လိုက်၏။

ဂရီဂိုက အလျင်စလို အင်္ကျီအဝတ်အစား ဝတ်နေသည်။ သို့တိုင်အောင် မစ်ကာက ဂရီဂိုကို နှေးရပါမည်လားဟု မာန်မဲလျက် အတင်းဆွဲခေါ်နေ၏။

“တပ်မှူးမင်း ဆိုတဲ့လူက ကုန်သည်ကြီး မိုကော့ တို့အိမ်ကို အလည်လာရင်းနဲ့ ငါနဲ့တွေ့တာ၊ နေပါဦး၊ သူ့နာမည် က ဘာဆိုလဲ။ အင်း… လစ္စနစ်စကီ ဆိုပဲ။ သူက တောင့်လည်း တောင့်တယ်၊ မျက်နှာကလည်း တည်တယ်၊ မျက်မှန်လည်း တပ်ထားတယ်၊ ဘာပဲ ဖြစ်ဖြစ်... သူနဲ့တော့ အနိုင်ကြဲရမှာပဲ၊ ဘယ်လိုပဲ မျက်မှန်တပ်ထားပါစေ၊ သူ့မျက်မှန်က လူကို ဘယ်လိုမှ ကယ်နိုင်မှာ မဟုတ်ပါဘူး၊ ငါ့မြင်းလားကြီးကို သူက ဘယ်လိုမှ လိုက်မမီစေရဘူး”

ဂရီဂိုက တချက်ရယ်လိုက်ပြီး အိမ်မှ မြင်းမကြီးကို ကုန်းနှီးတင်ကာ တလင်းပြင်ရှိရာ ခြံဝမှ မြက်သောက်တော ရှိရာသို့ ထွက်လာခဲ့၏။

တလင်းပြင်ရှိရာ အပေါက်မှ ထွက်လာခြင်းမှာ ဖခင်ဖြစ်သူနှင့် မတွေ့အောင် တမင်ရှောင်၍ လာခဲ့ခြင်း ပင်ဖြစ်သည်။

တောင်ကုန်းထိပ် ပေါ်တွင်ရှိသော ကွင်းပြင်ရှိရာသို့ ဂရီဂိုနှင့် မစ်ကာက မြင်းကိုယ်စီစီး၍လာခဲ့ကြသောအခါ ခြောက်သယောင်း နေသော အက်ချ် သစ်ပင်အနီးတွင် မြင်းစီးသမားအချို့ စောင့်ဆိုင်းလျက် ရှိသည်ကို တွေ့ရ၏။

ဤအထဲတွင် သူ့ကိုယ်ကိုသူ တပ်မှူးဆိုသော စစ်အရာရှိ လစ္စနစ်စကီအား လှပ၍ သန်မာဝဖြိုးသော မြင်းမ တစ်ကောင်ကို ကုန်းနှီးတင်လျက် စီးထားသည်ကို တွေ့ရပြီး ရွာထဲမှ လူရွယ် ခုနစ်ယောက်မှာ မြင်းများကို ကုန်းနှီးမပါဘဲ စီးထားသည်ကို တွေ့ကြရလေသည်။

“ကျုပ်တို့ ဘယ်က စမလဲ”

တပ်မှူးဟု ဆိုသူက သူ့မျက်နှာပေါ်တွင် ရှိနေသော နှာခေါင်းညှပ် မျက်မှန်ကို ပို၍ခိုင်အောင် ပြင်တပ် လိုက်ရင်း မစ်ကာ ဘက်သို့ လှည့်၍မေးလိုက်၏။

တပ်မှူးဟု ဆိုသူသည် မစ်ကာ၏ ဖောင်းကြွ သန်စွမ်းသော မြင်းရင်ဘတ်ကြီးကို အံ့သြချီးမွမ်း နေပုံရ၏။

“ဟောဒီ အက်ချ်သစ်ပင်ကနေပြီး စာရေကန်အထိ ပြိုင်ရအောင်”

“စာရေကန်က ဘယ်အနားမှာလဲ”

စစ်အရာရှိလစ္စနစ်စကီက အဝေးကိုကြည့်ရာ၌ မျက်စိမှုန်သူပီပီ မျက်စိနှစ်လုံးကို အားစိုက်၍ကြည့်ရင်း မေးလိုက်၏။

“ဟိုမှာပါ၊ တောစပ်နဲ့ နီးစပ်တဲ့ နေရာမှာပါ တပ်မှူးမင်း”

ပြိုင်ပွဲဝင်မည့်သူများက မိမိတို့မြင်းများကို တန်းစီ၍ ထားလိုက်ကြ၏။

စစ်အရာရှိက လက်ထဲမှ ကျာပွတ်ကို ခေါင်းထက်သို့ မြှောက်ရင်း ...

“ကျုပ်က သုံးလို့ဆိုရင် တာထွက်ကြရမယ် ဟုတ်ရဲ့လား” ဟု ပြောလိုက်ပြီးနောက် “တစ်…နှစ်…သုံး” ဟု ဆိုလိုက်၏။

တာထွက်တွင် စစ်အရာရှိ လစ္စနစ်စကီက ကောင်းနေ၏။ ကိုယ်ကို ကုန်းနှီးတွင် ကပ်လျက် ဦးထုပ်ကို လက်တစ်ဖက်ဖြင့် ကိုင်ရင်း မြင်းကို အပြေးနှင်သွားသော စစ်အရာရှိက အစတွင် အခြားသူများထက် ရှေ့သို့ ရောက်နေ လေသည်။

နောက်ကျနေသဖြင့် မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေသော မစ်ကာက မြင်းခြေနင်းကွင်းနှစ်ဖက်ကို နင်းကာ မတ်တတ်ရပ်လျက် စီးလာသည်။ မြင်းကို နှင်ရာတွင် ကြိမ်ချက်ပေးသည့် မစ်ကာက အလွန်နှေးသည်ဟု ဂရီဂိုက ယူဆ နေသည်။

ပန်းတိုင်ဖြစ်သော စာရေကန်သို့ နှစ်မိုင်ခန့် ဝေးသည်။ တာတဝက်သို့ ရောက်လာသည့် အချိန်တွင် မစ်ကာ၏ မြင်းလားကြီးက လေးညှို့မှ လွှတ်လိုက်သော မြားတစင်းလို အရှိန်ပြင်းစွာဖြင့် တက်လာပြီး စစ်အရာရှိကို မီလာ၏။

တာထွက်ခရီးကပင် နောက်ကျ၍ နေခဲ့သော ဂရီဂိုက မြင်းမကြီးကို မနှေးမမြန်စီးရင်း ပြိုင်ပွဲဝင်နေ သူများကိုသာ လိုက်၍ကြည့်နေလေသည်။

စာရေကန်သို့ ရောက်ခါနီးတွင် သဲပေါသော တောင်ကုန်းတခုက ကြားမှ ကန့်လန့်ခံလျက် ရှိ၏။ ဤတောင်ကုန်း မှာ နှစ်ပေါင်းများစွာ ကြာသည့် တိုင်အောင် အသုံးဝင်သည့် သစ်ပင်ဟူ၍ တပင်မှ မပေါက်ဘဲ စွဲစွဲမြဲမြဲ တည်နေခဲ့သော တောင်ကုန်းဖြစ်၏။

တောင်ကုန်းထိပ်မှာ ကုလားအုတ်ဘို့ ကဲ့သို့ ပုံသဏ္ဌာန်ရှိပြီး အဝါရောင်လွှမ်းနေ၏။ ကုလားအုတ် ဘို့နှင့်တူသော တောင်ကုန်းတွင် သဲမြေ၌ ပေါက်ရောက် တတ်သော အပင်ငယ်များဖြင့် ပြည့်လျက်ရှိ၏။

စစ်အရာရှိနှင့် မစ်ကာတို့သည် တောင်ကုန်းထိပ်ပေါ်သို့ ဒုန်းစိုင်း၍ တက်သွားပြီး တဖက်ရှိ တောင်ကုန်း အောက်တွင် ပြိုင်တူလိုပင် ပျောက်ကွယ်၍ သွားသည်ကို ဂရီဂိုက လှမ်း၍မြင်လိုက်ရ၏။

အခြားပြိုင်ပွဲဝင်သူများက မြင်းနှစ်ကောင် ပြေးရာ နောက်သို့ အတင်းလိုက်၍နေကြလေသည်။

စာရေကန်သို့ ဂရီဂို ရောက်ရှိသွားသော အချိန်၌ မြင်းစီးသမားများမှာ စစ်အရာရှိ လစ္စနစ်စကီကို ဝိုင်းလျက် အမောဖြေ နေကြသည်ကို တွေ့ရလေသည်။

မစ်ကာမှာ ပီတိအဖြစ်ကြီး ဖြစ်နေပုံရသော်လည်း ပီတိဖြစ်သမျှကို သိမ်းဆည်း၍ ချုပ်တည်းထားပုံရ၏။ သူ့လှုပ်ရှားမှု မှန်သမျှက အောင်မြင်ခြင်းအထိမ်းအမှတ် ကို ညွှန်ပြ၍နေလေသည်။

ပြိုင်ပွဲတွင် ရှုံးသွားသော စစ်အရာရှိမှာ ဂရီဂို မျှော်လင့်ထားသလို ပြိုင်ပွဲတွင် ရှုံးရသည့်အတွက် စိတ်ညစ်ညူးခြင်း၊ ဒေါသထွက်ခြင်း မဖြစ်ဘဲ အေးဆေးသော အမူအရာဖြင့် သစ်ပင်တပင်ကို ကျောမှီလျက် စီးကရက်တလိပ်ကို သောက်ရင်း ထိုင်နေသည်ကို မြင်ရ၏။

“ကျုပ်မြင်းမက မိုင်ပေါင်းတစ်ရာ့နှစ်ဆယ်တောင် ပြိုင်ခဲ့ပြီးပြီ၊ မနေ့ကလည်းပဲ ဘူတာရုံက ဒီရွာအထိ စီးလာခဲ့ပြီ။ မြင်းသာ မပန်းဘူးဆိုရင် ကျုပ်မြင်းကို မစ်ကာရဲ့မြင်းက ဘယ်လိုမှဖြတ်နိုင်မှာ မဟုတ်ဘူး”

စစ်အရာရှိက အမြှုပ်ထနေသော သူ့မြင်းကို လက်ညှိုးထိုး၍ ပြရင်း ပြောလိုက်၏။

“ဟုတ်ပါလိမ့်မယ်”

မစ်ကာက သဘောထားကြီးသည့်အမူအရာဖြင့် ပြန်၍စကားဆိုသည်။

ဂရီဂိုနှင့် မစ်ကာတို့သည် အခြားသူများအား ရေကန်နားတွင်ပင် ထားခဲ့ကာ တောကိုပတ်လျက် အိမ်ရှိရာသို့ မြင်းကိုယ်စီ စီး၍ ပြန်လာခဲ့ကြ၏။ စစ်အရာရှိ လစ္စနစ်စကီက ကျန်လူများကို ဦးထုပ်အဖျားစွန်း အောက်သို့ သူ့လက်ချောင်းကို သွင်းလိုက်ပြီး တခါမှ မတွေ့ဖူးသော လူများကို နှုတ်ဆက်သလို နှုတ်ဆက်ကာ မြင်းကို လှည့်၍ ထွက်ခွာ သွားသည်။

အိမ်နှင့်နီးလာသော ဂရီဂိုက မိမိရှိရာဘက်သို့ ရှေ့ရှု၍လာနေသော အက်စီနီယာကို တွေ့လိုက်ရ၏။ အက်စီနီယာ က သစ်ခက်ကလေး တခက်ကို အခွံနွှာရင်း လျှောက်လာသည်။ ဂရီဂိုကို သတိထား လိုက်မိသည်နှင့် တပြိုင်နက် အက်စီနီယာ က ခေါင်း ကို တမင်တကာပင် အောက်သို့စိုက်၍ ထားလိုက်သည်။

ရှေ့တူရူတွင် တွေ့နေရသော အက်စီနီယာကိုသာ တစူးစိုက်စိုက်ကြည့် ရင်းလာခဲ့သော ဂရီဂိုမှာ အက်စီနီယာကို မြင်းနှင့်ပင် ဝင်၍တိုက်မိတော့သလို ဖြစ်သွား၏။ ဤသို့ဖြစ်သွားပြီးမှ ဂရီဂိုက ဇက်ကို လျင်မြန်စွာ ဆွဲထားလိုက် သောကြောင့် မြင်းက ခြေသုံးချောင်းထောက်၍ ရပ်သွား၏။ မြင်းတင်ပါးကို ကျာပွတ်ဖြင့် မနာတနာရိုက်ချလိုက်သောအခါ မြင်းက နောက်ခြေနှစ်ချောင်းပေါ်တွင် ထိုင်ချလိုက်ပြီး ရှေ့ခြေ နှစ်ချောင်းဖြင့် မြေကြီးကို ပေါက်လိုက်၏။

ရွှံ့များက အက်စီနီယာပေါ်သို့ တဖွားဖွားကျလာ လေသည်။

“အို…တယ်မိုက်တဲ့အကောင်ပါလား”

အက်စီနီယာက ထိတ်လန့်တကြား စကား ဆိုလိုက်၏။

ဂရီဂိုက ထိတ်လန့်နေသော မြင်းကို ပြန်၍ အထခိုင်းကာ အက်စီနီယာ ရှိရာသို့ တိုးလာရင်း ...

“အချိန်တွေကို ဘာဖြစ်လို့ အလကားသက်သက် ဖြုန်းနေရတာလဲ” ဟု မေးလိုက်၏။

“ဒါနဲ့ …နင်နဲ့ မဆိုင်ပါဘူး”

"ဒီလိုစကားမျိုး ပြောတတ်လို့လည်း ခင်ဗျား ကိုယ်ပေါ်ကို ရွှံ့မိုးရွာအောင် ကျုပ်က လုပ်လိုက်တာပေါ့၊ ဒါလောက် လည်း မာနမကြီးစမ်းပါနဲ့ဗျာ”

“ငါ သွားပါရစေဟယ်...”

အက်စီနီယာက လက်နှစ်ဖက်ကို မြင်းနှာသီးဖျား ရှေ့တွင် ဝှေ့ယမ်းရင်း အော်၍ပြောလိုက်၏။

“ငါ့ကို ဘာဖြစ်လို့ မြင်းနဲ့ တက်နင်းဖို့ ကြံစည်နေရတာလဲ”

“ဒါက မြင်းမ,ခင်ဗျား”

“မ..မ..ထီး..ထီး..ငါနဲ့မဆိုင်ပါဘူး၊ ငါ့လမ်းကို ငါသွားမယ်…”

“ဘာဖြစ်လို့ ကျုပ်အပေါ်မှာ စိတ်ဆိုးနေရတာလဲ.. အက်စီနီယာ၊ ငါးဖမ်းဖို့သွားတဲ့နေ့က ကောက်ရိုးပုံမှာ ဖြစ်ခဲ့တဲ့ အဖြစ်ကြောင့်လား”

ဂရီဂိုက ဤသို့မေးရင်း အက်စီနီယာ၏ မျက်နှာကို ရွှန်းရွှန်းစားစား ကြည့်လိုက်၏။

အက်စီနီယာက ဂရီဂိုအား တစ်စုံတစ်ခု ပြန်ပြောရန် အားယူနေသည်။ ဤအချိန်တွင်ပင် ပုလဲရည်ငွေဥနှင့် တူသော မျက်ရည်ပေါက် တစ်ပေါက်က အက်စီနီယာ၏ နက်မှောင်သော မျက်စိထောင့်တွင် ရုတ်တရက် တွဲလဲခိုလျက် ပေါ်ထွက်လာ၏။ နှုတ်ခမ်းအစုံကလည်း သနားစဖွယ် တလှုပ်လှုပ် ဖြစ်နေ၏။

တကိုယ်လုံး တုန်ယင်လျက် ဆို့နင့်သော အသံ ဖြင့် အက်စီနီယာက တိုးတိုးကလေးပြောလိုက်၏။

“သွားစမ်းပါ ဝေးဝေးကို သွားစမ်းပါ၊ နင့်ကို ငါ စိတ်မဆိုးပါဘူး ... ငါ…”

အက်စီနီယာက စကားကို အဆုံးမသတ်ဘဲ ရပ်နေသည့်နေရာမှ ထွက်ခွာသွားသည်။

ဂရီဂိုက အံ့သြတွေဝေစွာ ရပ်လျက် ကျန်နေရစ်၏။ အိမ်ဝင်းခြံဝသို့ ရောက်တော့မှပင် ရေကန်မှ အတူတူ ထွက်လာ ခဲ့သော မစ်ကာကို မိလေတော့သည်။

“ညနေဘက် ရွာထဲကို လျှောက်လည်ဖို့ ထွက်ဦးမလား”

မစ်ကာ၏ အမေးကို ဂရီဂိုက တိုတောင်းစွာပင် “မထွက်ဘူး” ဟု အဖြေပေးလိုက်သောကြောင့် မစ်ကာက အံ့သြသလို ဖြစ်သွားကာ..

“ဘာလဲ ဘာဖြစ်လို့လဲ၊ အက်စီနီယာ... နင့် အဆက်ကြီးက ညကို သူနဲ့ လာအိပ်ပါလို့ ဖိတ်မန္တက ပြုလို့လား” ဟု မေးလိုက်၏။

ဂရီဂိုက သူ့မျက်ခုံးတဖက်ကို လက်ဝါးဖြင့် ပွတ်သပ်လိုက်၏။ မစ်ကာ ကိုကား ပြန်၍အဖြေမပေး။

 

(ခ)

 

ထရီနတီ ဘုရားသုံးဆူ ပွဲတော်ရက်များ၌ နိဋ္ဌိတံ သွားခြင်း၏ သင်္ကေတမှာ ရွာရှိ ခြံမြေဝင်းခြံများတွင် ခြောက်နေသော ‘သိုင်မ်’5 သစ်ခက်သစ်ရွက်များ မြေပြင်ပေါ်တွင် ပြန့်ကျဲလျက်ရှိခြင်း၊ ကျိုးပဲ့ကြေမွနေ သော သစ်ရွက် များမှ ကြွေကျသည့် အစအနများဖြင့် အမှိုက်ထူနေခြင်း၊ ခြံဝနှင့်လှေကားတွင် အထူးအမြတ် ပြု၍ ချိတ်ဆွဲချည်နှောင် ထားခဲ့သည့် ဝက်သစ်ချနှင့် အက်ချ်6 သစ်ကိုင်းသစ်ခက်များက စိမ်းလန်းနေရာမှ တွန့်လိမ်ခြောက်သယောင်း ကျိုးပဲ့ကာ လမ်းများပေါ်တွင် ပျံ့နှံ့လျက်ရှိခြင်းတို့ပင် ဖြစ်တော့၏။

ထရီနတီဘုရားပွဲတော် ပြီးဆုံးသည်နှင့် တပြိုင်နက်၊ မြက်ရိတ်ခြင်း လုပ်ငန်းကို တရွာလုံးက ကောက်၍ ကိုင်ကြသည်။

နံနက်မိုးလင်းသည့် အချိန်မှစ၍ မြက်သောက်တော ကြီးတစ်ခုလုံးမှာ အမျိုးသမီး ဂါဝန်များ အပေါ်ထပ်မှ ထပ်၍ ဝတ်ရသော အင်္ကျီများ၊ ခေါင်းဆောင်းပဝါ များဖြင့် ရောင်စုံပန်းများ ပွင့်သကဲ့သို့ ရှိတော့သည်။

ဝတ်ထားသော ဂါဝန်များမှာ ပျော်ပွဲရွှင်ပွဲ အားလပ်ရက်များတွင် ဝတ်ဆင်သည့် လှပသောဂါဝန်များ ဖြစ်သလို အပေါ်မှ ထပ်၍ဝတ်ထားရသော အင်္ကျီများကလည်း ဇာပန်းများဖြင့် လှလှပပ တောက်တောက် ပြောင်ပြောင်ရှိနေ၏။ ခေါင်းတွင် အုပ်ဆောင်းထားသည့် ပဝါများကလည်း ရောင်စုံဖြာနေလေသည်။ မိမိတို့အတွက် မိမိတို့ ဝေစုရထားခြင်း ဖြစ်ရာ ရွာလုံးကျွတ်ချီ၍ မြက်ရိတ်ရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။ မြက်ရိတ်မည့်သူနှင့် ကောက်သင်းကောက်မည့် သူများက တစ်နှစ်တွင် တကြိမ်သာရသည့် ပွဲတော်ရက်အားကို ဆင်နွှဲနေဘိအလား … ဟန်ပန်လက္ခဏာ ထုတ်နေကြ၏။ ဤသို့ ရွာလုံးကျွတ်ချီ၍ မြက်ရိတ်ထွက်ကြခြင်းမှာ ရွာ၏ ဓလေ့ဟောင်းကြီးတခုပင် ဖြစ်သည်မဟုတ်လား။

ဒွန်မြစ်ကမ်းပါး ပေါ်မှနေ၍ ‘အယ်လ်ဒါ’7... အင်တိုင်းတောရှိရာ အတန် ဝေးကွာသည့် နေရာအထိ ကျယ်ပြန့် ရှည်လျားသော မြက်သောက်တောကြီးမှာ အပြိုင်အဆိုင် ရိတ်သိမ်းနေကြသော သူများကြောင့် လှုပ်လှုပ်ရွရွ အုတ်အုတ် ကျက်ကျက် ဖြစ်နေလေသည်။

ပင်တာလီမွန် မီလက်ကော့ဗ်တို့ အိမ်ထောင်စုမှာ ထွက်ကတည်းကပင် နောက်ကျနေခဲ့၏။ ရွာလုံးကျွတ်လောက် နီးနီး မြက်သောက်တောကြီးသို့ ရောက်နေသည့် အချိန်တွင်မှ အိမ်က ထွက်လာနိုင်ခဲ့ကြ၏။

မြက်သောက်တောကြီး အနီးသို့ ရောက်ရှိလာသော ပင်တာလီမွန်တို့၏ လှည်းကို ကြည့်၍ မြက်ရိတ်နေ သူများက လှမ်းအော်ကြ၏။

“အဘိုးကြီးက… တယ်ပြီး အအိပ်ကြီး တာကိုး”

“ကျုပ်အပြစ် မဟုတ်ပါဘူးဗျို့၊ မိန်းမတွေကြောင့်ပဲ နောက်ကျရတာ”

ပင်တာလီမွန်က လှမ်း၍ ပြောလိုက်ပြီး ရယ်လိုက်၏။ ပြီးမှ နွားများကို သားရေစိမ်းဖြင့် လုပ်ထားသော နှင်တံဖြင့် ကြိမ်တို့ ၍ပေးနေလေသည်။

လှည်းနောက်ဘက်တွင် မျက်နှာကို နေရောင်ခြည် မထိုးအောင် ခေါင်းဆောင်းပဝါဖြင့် ပတ်ထားသည့် အက်စီနီယာ က ထိုင်လျက် လိုက်ပါလာ၏။ မျက်စိပေါက် နှစ်ပေါက် အတွက်သာ ကွက်၍ ချန်ထားသော ပဝါအောက်မှ နေ၍ အက်စီနီယာက မိမိနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်၍ ပါလာသော ဂရီဂိုကို တည်ကြည် ငြိမ်သက် လေးဆေးသော အမူအရာဖြင့် ကြည့်လျက် လာခဲ့ခြင်း ဖြစ်၏။

တနင်္ဂနွေ နေ့များတွင်သာ ဝတ်တတ်သည့် အကောင်းဆုံး အဝတ်အစားကို ဆင်မြန်းထားသော ဒါနီယာကလည်း မျက်နှာကို နေမထိုးအောင် ခေါင်းဆောင်း ပဝါဖြင့် ပတ်ရစ်ထား၏။

ခြေထောက်နှစ်ဖက်ကို လှည်းအိမ်အကန့်ထဲတွင် တွဲလောင်းချထားရင်း ဒါရီယာက ရင်ခွင်ထဲတွင် မှိန်း၍ လိုက်ပါ လာသော ကလေးကို နို့တိုက်နေ၏။

ဒူနီယာကမူ လမ်းတလျှောက်လုံး က,ရင်း လိုက်ပါလာခဲ့၏။ လမ်းတွင် တွေ့သမျှလူများနှင့် မြက်သောက် တောကြီး ကို လှည့်၍ကြည့်နေသော သူ့ မျက်စိအစုံက ရွှင်မြူးသည့် သဏ္ဌာန်ကို ဖော်ပြနေလေသည်။ ဦးထုပ် အဖျားစွန်း မှ နေ၍ စီးကျလာသော ချွေးများကို ပင်တာလီမွန်က ဝါချည်ဖြင့် ရက်လုပ်ထားသော အင်္ကျီလက်ကို လက်များပေါ်အောင် နောက်သို့ ဆွဲချလျက် သုတ်နေ၏။

ရှေ့သို့ကိုင်းနေသော ပင်တာလီမွန်၏ ကျောကုန်းမှာ ကျောဘက်မှ အင်္ကျီအဖုံးဖြင့် တင်းကျပ်နေ၏။ အင်္ကျီတခု လုံးတွင် ချွေးများဖြင့်စို့ကာ အနက်ရောင် သန်းနေလေသည်။

ပြေးလွှားကစားနေသော တိမ်ဖြူဖြူကို ဖြတ်သန်းလျက် နေမင်းကြီးက ရွေ့စောင်းစောင်းကလေး ထိုးကျနေကာ မြက်သောက်တောကြီး ပေါ်သို့လည်းကောင်း၊ ရွာကြီးပေါ်သို့ လည်းကောင်း၊ ဟိုအဝေးဆီတွင် ရှိနေသော ဒွန်မြစ်ကမ်း တလျှောက်ရှိ ဘော်ငွေရောင် တောင်များကို လည်းကောင်း ယပ်တောင်သဖွယ် ဖြစ်နေသော မြူနှင်းများနှင့် နှင်းမှုန်မှုန် ပျပျ ရောင်ခြည်များကို ဖြန့်၍ ကြဲချနေလေသည်။

နေ့က အိုက်စပ်စပ်။ တိမ်စုကလေးများက ကောင်းကင်ပြင်တွင် အိပ်ချင်မူးတူးဖြင့် လွင့်ပါနေပုံ ရ၏။ မြက်သောက်တော ရှိရာ လမ်းတလျှောက်တွင် ပြေးနေသော ပင်တာလီမွန်၏ လှည်းကိုပင် တိမ်စုကလေး များက မီအောင် မလိုက်နိုင်ကြ။

ကိုယ်ကို ရှေ့သို့ကိုင်း၍ လှည်းမောင်းနေသော ပင်တာလီမွန်သည်ပင်လျှင် သားရေစိမ်းဖြင့် လုပ်ထားသော နှင်တံကို ခေါင်းပေါ်တွင် ဝှေ့ယမ်းရင်း ကောင်းကင်မှ တိမ်စုကလေးများထက် အပြေးမြန်နေသော မိမိ၏ နံရိုးပြိုင်းပြိုင်းနှင့် နွားနှစ်ကောင်ကို ကြိမ်ချက်မပေး ရက်အောင် ဖြစ်နေမိသည်ဟု ထင်ရ၏။

ဤအကြောင်းကို ရှင်းလင်းစွာ သိနေဟန်တူသော နွားနှစ်ကောင်ကလည်း ခြေလှမ်းကို မြန်မြန်မလှမ်းဘဲ ကွဲဟ၍ နေသော ခွာများကို အကန်း လမ်းလျှောက် သကဲ့သို့ ရှေ့သို့ စမ်း၍ စမ်း၍ လျှောက်နေလေသည်။

ရွှေဝါရောင်နှင့် လိမ္မော်ရောင်အသွေးများ ရောစပ်ထားသော ပုစဉ်းတစ်ကောင်က နွားနှစ်ကောင်ပေါ်တွင် ပျံဝဲ၍နေလေသည်။

“ဟော...ဟိုမှာ...တို့ရတဲ့အကွက်ပဲ”

ပင်တာလီမွန်က နှင်တံကိုဝှေ့၍ အကွက်ရှိရာသို့ ညွှန်ပြလိုက်၏။

ဂရီဂိုက ပန်း၍လာသော နွားများကို လှည်းမှ ဖြုတ်နေ၏။

ပင်တာလီမွန်က လက်ဝဲဘက်တွင် ဆွဲထားသော နားကွင်း တလှုပ်လှုပ် တပြောင်ပြောင်ဖြင့် ဝေစု ရထားသော အကွက်အဆုံးတွင် မိမိပြုလုပ်ထားခဲ့သော အမှတ်အသားကို သွား၍ကြည့်နေ၏။

“တံစဉ်တွေကို ယူခဲ့ကြဟေ့”

ခဏအကြာတွင် ပင်တာလီမွန်က လက်ဖြင့်လည်း အချက်ပေးရင်း နှစ်ဖက်လွှဲ၍ ရိတ်ရသော တံစဉ်ကြီးများကို ယူလာရန် လှည်းရှိရာသို့ အော်၍ ပြောလိုက်သည်။

ဂရီဂိုက ထောင်နေသော မြက်ပင်များကို ဖိနင်းလျက် ဖခင်ရှိရာသို့ တံစဉ်ကြီးများကို ယူသွားသည်။

ဂရီဂို ဖိ၍နင်းသွားသော မြက်ခင်းပြင်တွင် မြက်ပင်များက ပြန်၍ခေါင်းထောင်လာကြ၏။ လှိုင်းကဲ့သို့ အိနေသော လူသွားလမ်းကလေးသည် သူ့နောက်တွင် ရှည်လျားစွာ ကျန်နေရစ်ခဲ့လေသည်။

မြက်မရိတ်မီ ပင်တာလီမွန်က အဝေးတွင်ရှိသော ဘုရားရှိခိုးကျောင်းမှ ခေါင်းလောင်းမျှော်စင်ဘက်သို့ မတ်တတ် ရပ်လျက် မျက်နှာမူလိုက်သည်။ သူ့ကိုယ်ပေါ်တွင် လက်ဝါးကပ်တိုင် အမှတ်အသားကို ညာလက်ဖြင့် ပြုလုပ်လိုက်၏။ လင်းယုန်နှုတ်သီးကဲ့သို့ ကောက်သော သူ့နှာခေါင်းမှာ အရောင်တင်ဆေးဖြင့် အသစ်တိုက်ချွတ်ထား သကဲ့သို့ အရောင် တောက်လျက် ရှိသည်။

ချွေးပေါက်က ညိုမှောင်နေသော ပါးချိုင့်များပေါ်၌ ဟီးလေးခိုနေ၏။

သူက ဖြူဖွေး၍ တောက်ပြောင်နေသော သွားများ ပေါ်အောင် ပြုံးလိုက်၏။ ဖြူဖွေးတောက်ပြောင်သော သွားများမှာ သူ၏ ကျီးကန်းအမွေးလို နက်ကြုတ်ကြုတ်ရှိသော မုတ်ဆိတ်မွေးနှင့် ဆန့်ကျင်ဘက် ဖြစ်ကာ ပို၍ ထွန်းတောက် လာသည်ဟု ထင်ရ၏။

အရေပြားများ တွန့်နေသော လည်ပင်းကို ညာဘက်သို့ စောင်းလိုက်ပြီးနောက် ပင်တာလီမွန်က နှစ်ဖက်လွှဲ၍ ရိတ်ရသော တံစဉ်ကြီးဖြင့် ဝေစုရသော အကွက်ကို စတင်၍ရိတ်လိုက်ရ၏။

စက်ဝိုင်းခြမ်း သဏ္ဌာန်ရှိသော တဖက်နှင့် တဖက် (၇) ပေခန့် ရှည်သည့် မြက်ပုံကြီးက ပင်တာလီမွန်၏ ခြေရင်းတွင် အခန့်သား လဲလျောင်းလျက် ရှိနေလေသည်။

ဂရီဂိုက ဖခင်ဖြစ်သူ ရိတ်သည့် စနစ်အတိုင်း လိုက်၍ရိတ်၏။

တချက်ရိတ်ပြီးနောက် ခေါင်းထောင်၍ ကြည့်လိုက်သည့်အခါတိုင်း အမျိုးသမီးများ၏ အပေါ်ထပ် အင်္ကျီများက ဂရီပိုရှေ့တွင် ဆွဲ၍ဆန့်ထားသော သက်တံ့ကြီး တခုကဲ့သို့ ရှိနေ၏။ သို့ပင်ရှိစေကာမူ သူ လိုက်၍ ရှာနေသော အပေါ်ထပ် အင်္ကျီမှာ အဖြူရောင်နှင့် စာပန်းများ အနားကွပ်ထားသော အင်္ကျီသာဖြစ်၏။

အက်စီနီယာ၏ အပေါ်ထပ်အင်္ကျီ ပင်တည်း။

ဂရီဂိုသည် အက်စီနီယာကို လှည့်၍ကြည့်လိုက်၊ မြက်ကိုရိတ်လိုက်၊ သူ့ဖခင်နှင့် အကွက်ညီအောင် နေရာ ပြင်လိုက် ဖြင့် အလုပ်များနေလေသည်။

မြက်ရိတ်နေရင်း အက်စီနီယာအကြောင်းကိုသာ တွေးနေမိ၏။ မျက်စိအစုံကို မပွင့်တပွင့် မှေး၍ထား လိုက်သော အတွေးထဲတွင် အက်စီနီယာအား ရမ္မက် ပြင်းစွာဖြင့် နမ်းနေမိ၏။ မည်သည့်နေရာက ပေါ်ထွက်လာသည်ဟု မသိရသော စကားလုံးများဖြင့် အက်စီနီယာအား ဆန္ဒပြင်းပြသောအချစ်ဖြင့် ချစ်စကားဆိုနေမိ၏။

ဤသို့ အတွေးနယ်ချဲ့ နေမိရာမှ အတွေးကြိုးမျှင်ကို ဖြတ်လိုက်ပြီး ဖခင်ကဲ့သို့ အကွက်မှန်အောင်၊ စနစ်ကျအောင် မြက်ကို ရိတ်၍နေရပြန်သည်။

ဂရီဂို၏ အတွေးများက နောက်ကြောင်းသို့ ပြန်၍ လာပြန်၏။

ငါးဖမ်းရာမှ အပြန် အက်စီနီယာတကိုယ်လုံး သေတော့မလို အေးစက် တောင့်တင်းလာသည်ဟု ဆိုသောကြောင့် ကောက်ရိုးပုံအတွင်းသို့ ဝင်၍ ထိုင်ရပုံများ၊ နေ့အချိန်ပင်ဖြစ်သော်လည်း နေမင်း၏ အလင်းရောင်က ထွန်းတောက်ခြင်း မပြုနိုင်ရှာသဖြင့် လဆုတ်ရက် လကွေးကလေးက ကောက်ရိုးပုံရှိရာ မြက်သောက်တောကြီး အထက်တွင် ပေါ်ထွက် နေပုံများ၊ သစ်ပင် ချုံပုတ်များ အကြားမှနေ၍ အောက်ဘက်ရှိ ရွှံ့နွံအိုင်များပေါ်သို့ တစက် တစက် ကျ၍နေသော ရေပေါက်များ။

ဤအတွေးများအဆုံးတွင်… တစ်… နှစ်.. သုံး… ဟု ရေရွတ်ရင်းမှ ရှေ့မှ ဖခင်နှင့် အကွက်ချင်းညီအောင် မြက်ကို ရိတ်၍နေရပြန်၏။

အတွေးအိပ်မက်က ဂရီဂိုအဖို့ ပျော်စရာမျိုး ဖြစ်နေလေသည်။

နောက်ဘက်နားဆီမှ ရယ်သံများပေါ်ထွက်လာ၏။ ဂရီဂိုက နောက်ဘက်သို့ လှည့်ကြည့်လိုက်၏။ မရီး ဖြစ်သူ ဒါရီယာက လှည်းအိမ်အောက်တွင် ပက်လက်ကလေး လဲလျောင်းလျက်ရှိပြီး မိမိက အရူးအမူး ချစ်ကြိုက်နေသည့် အက်စီနီယာ က ဒါရီယာ၏ ကိုယ်ပေါ်သို့ ကုန်းလျက် တစုံတခု ပြောနေသည်ကို မြင်ရ၏။

ဒါရီယာက လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်သော အခါ နှစ်ဦးစလုံးပင် ပြိုင်တူရယ်လိုက်ကြပြန်၏။

“ဟို…ရှေ့က ချုံပုတ်နားအထိ ရောက်အောင် ရိတ်မယ်၊ အဲဒီကို ရောက်ရင်တော့ ...မရိတ်တော့ဘူး”

ဂရီဂိုက ဤသို့ ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် ဆက်၍ ရိတ်လိုက်၏။ ဤသို့ ရိတ်လိုက်သည့်အခါ၌ပင် တံစဉ်သွားက နူးညံ့လျက် ပျော့ပျောင်းသောအရာ တခုကို သွား၍ ခုတ်မိမှန်း သတိထားလိုက်မိ၏။

ငုံ့၍ကြည့်လိုက်သောအခါ တောဘဲကလေး တစ်ကောင်က တစာစာအော်မြည်လျက် မြက်တောထဲသို့ ပြေးဝင် သွားသည်ကို တွေ့လိုက်ရ၏။ အသိုက်ရှိနေသည့် တွင်းအနား တွင်မူ တောဘဲကလေး တစ်ကောင်က တံစဉ်သွားဖြင့် ခုတ်မိပြီး နှစ်ပိုင်းပြတ်လျက် ရှိနေသည် ကို တွေ့ရပြန်၏။

ဂရီဂိုက သေနေသော တောဘဲကလေးကို လက်ဝါးပေါ်တွင် တင်ထားလိုက်၏။ မကြာမီရက်များ အတွင်းကမှ ဥမှပေါက်လာသော တောဘဲကလေး ဖြစ်ကြောင်း ထင်ရှားလှသည်။ သေနေပြီ ဖြစ်သော်လည်း အမွေးနုကလေးများတွင် နွေးဓာတ် ကလေးများ ရှိနေသေးသည်။

ရုတ်တရက် ပေါ်ထွက်လာသော ကရုဏာ စေတသိက်ဖြင့် ဂရီဂိုက မလှုပ်မရှား ငြိမ်သက်လျက် ရှိနေသော တောဘဲ ကလေးကို ငေး၍ ကြည့်နေမိလေသည်။

“ဘာတွေများ…တွေ့နေလို့လဲ”

ရိတ်ဖြတ်ထားသော မြက်ကွင်းပြင်အတိုင်း က၍ လာနေသော နှမဖြစ်သူ ဒူနီယာက လှမ်း၍မေးလိုက်၏။

ကျစ်ဆံမြီးနှစ်ဖက်က ဒူနီယာ၏ရင်ဘတ်ပေါ်တွင် လှုပ်ရှားကစားလျက် ရှိနေလေသည်။

ဂရီဂိုက မျက်မှောင် တချက်ကြုတ်လိုက်ရင်း ဘောလုံးကလေးကဲ့သို့ ဖြစ်နေသော တောဘဲရိုင်း ကလေးကို လက်ထဲမှ လွှင့်ပစ်လိုက်ပြီးနောက် မြက်ကိုသာ ဒေါကြီးမောကြီးဖြင့် ဆက်၍ရိတ်နေလေသည်။

ညနေစာ စားသောက်ပြီး ကြသောအခါ အမျိုးသမီးများက ကောက်သင်းကောက်ခြင်း အလုပ်ကို စ၍ လုပ်နေကြ၏။

ရိတ်ပြီးသား၊ နေလှန်းပြီးသား၊ ခြောက်သွေ့ပြီးသား မြက်စည်းများမှာ ထိုင်းမှိုင်းမူးဝေသော အနံ့များဖြင့် ပျံ့နေလေသည်။

ညစာစားကြသည် ဆိုသော်လည်း ရှိသမျှ အစားအစာကို မြန်မြန်ကြီး စားကြရခြင်းသာ ဖြစ်၏။ ကော့ဆက် အမျိုးသားများအဖို့ စားစရာ ဆိုသည်မှာ အဆီများများပါသော အသားနှင့် မပါလျှင် မပြီးသည့် နို့ချဉ်ပင်ဖြစ်တော့၏။

“အိမ်ပြန်ဖို့တော့ စိတ်တောင် မကူးကြနဲ့ဟေ့...”

ညစာ စားပြီးသည်နှင့် တပြိုင်နက် ပင်တာလီမွန် က စကားဆိုလိုက်၏။

“နွားတွေကို တောထဲမှာလွှတ်ပြီး လှန်ထားမယ်။ နက်ဖြန်မနက် နှင်းကွဲသွားတာနဲ့ တပြိုင်နက် မြက်ကို ပြီးအောင် ရိတ်ကြရလိမ့်မယ်”

တစ်နေ့တာအဖို့ ဝမ်းရေး ပြီးဆုံးသွားသည့် အချိန်တွင် အမှောင်ရိပ်ကလည်း ကျနေပြီ ဖြစ်လေသည်။

အက်စီနီယာက နောက်ဆုံးကျန်နေသော ရိတ်ပြီးသား မြက်လှိုင်းတန်းတန်းကို အထုံးများပြုကာ ကောက်သင်း ကောက်လိုက် ပြီးနောက် လှည်းရှိရာသို့ ပြန်သွားပြီး လူးဆပ်ကို သင့်လျော်သလောက် ထုတ်ယူ၍ ကျိုချက်နေသည်။

အက်စီနီယာက တနေ့လုံးလုံး ဂရီဂို ကိုသာ ကြည့်၍ ရယ်သွမ်းသွေးနေခဲ့၏။ အမုန်းစိတ်လုံးလုံး ဖြင့်သာ စိုက်၍ ကြည့်နေခဲ့၏။ ကမ္ဘာရန်ကြောင့် မကျေမချမ်းနိုင်ဘဲ ရှိနေသကဲ့သို့တည်း။

ဂရီဂိုမှာ စိတ်ထဲတွင် မသက်မသာ ဖြစ်ရ၏။ အက်စီနီယာ၏ အပြုအမူ အပြောအဆိုကြောင့် အက်စီနီယာကိုသာ တတမ်းတတ စွဲလမ်းရင်း နွားများကို ဒွန်မြစ်ထဲသို့ ရေချခဲ့ရသည်။ ဖခင်ဖြစ်သူကလည်း ဂရီဂိုနှင့် အက်စီနီယာတို့၏ အရိပ်အခြည်ကို တနေ့လုံး သတိထား၍ စောင့်ကြည့်နေခဲ့သည် မဟုတ်လား။

နွားများကို ရေချရန် ထွက်ခွာသွားသော ဂရီဂိုကို ဖခင်ဖြစ်သူက သဘောမကျသည့် အမူအရာဖြင့် စိုက်၍ ကြည့်ရင်း ...

“ညလယ်စာစား၊ စားပြီးရင် နွားတွေကို ဂရုစိုက်ပြီးကြည့်၊ မြက်တွေကို စားမပစ်အောင်လည်း သတိထား။ ငါ့ကုတ်အင်္ကျီ ကိုလည်း ယူထား” ဟု အမိန့်ပေးလိုက်၏။

ဒါရီယာက ကလေးကို လှည်းအိမ်အောက်တွင် သိပ်ထားလိုက် ပြီးနောက် ယောက်မဖြစ်သူ ဒူနီယာနှင့် အတူ တောထဲသို့ ထင်းရှာရန် သွားသည်။

လဆုတ်ရက်တွင် သာနေသော လမင်းက မရောက်မပေါက် နိုင်သော မည်းမှောင်နေသည့် ကောင်းကင် ပြင်ထက် သို့ တက်၍လာကာ မြက်သောက်တော အပေါ်တွင် စင်္ကြံဖြန့်လျက် ရှိနေလေသည်။

ပိုးဖလံများက အချိန်မတန်ဘဲ ကျရောက်လာသော နှင်းပွင့်များကဲ့သို့ မီးဖိုတဝိုက်တွင် ပြန့်ကျဲလျက် ရှိနေသည်။

ခရီးဆောင်အိုးထဲတွင် ထည့်၍ ကျိုထားသော လူးဆပ်က ဆူပွက်လာ၏။ ဇွန်းတချောင်းကို အောက်ခံ ဂါဝန်အနား ဖြင့် သုတ်လိုက်ပြီးနောက် မရီးဖြစ်သူ ဒါရီယာက မတ်တော်မောင် ဂရီဂိုအား ညလယ်စာ စားရန် လှမ်းခေါ် လိုက်သည်။

ဖခင်၏ ကုတ်အင်္ကျီကို ပခုံးနှစ်ဖက်ပေါ်တွင် ဖြန့်၍ တင်ထားသော ဂရီဂိုက အမှောင်ထုထဲမှ ထွက်လာကာ မီးဖိုနားသို့ ချဉ်းကပ်လာ၏။

မရီးဖြစ်သူက မတ်တော်မောင်၏ သုန်မှုန်နေသော မျက်နှာကို ကြည့်ရင်း ...

“ဘာဖြစ်လို့ ဒါလောက်တောင် စိတ်တိုနေရတာလဲ”ဟု မေးလိုက်၏။

“နွားတွေကို တညလုံး ကင်းစောင့်သလို စောင့်ပြီး မနေချင်လို့ ဖြစ်မှာပေါ့ …”

နှမဖြစ်သူ ဒူနီယာက ရယ်၍ ပြောလိုက်ပြီးနောက် အစ်ကိုလေးဖြစ်သူ ဂရီဂိုအနားတွင် တမင်တကာ လာ၍ ထိုင်ပြီး အစ်ကိုလေး စိတ်ပြေစေရန်အတွက် စကားစ ရှာ၍ ပြောလိုက်၏။

သို့ရာတွင် ဒူနီယာ၏ ကြိုးပမ်းချက်မှာ အောင်မြင်မှု မရဘဲ အရှုံးနှင့်သာ တွေ့ခဲ့ရ၏။

ဖခင် ပင်တာလီမွန်က စွပ်ပြုတ်ကို တစ်စွန်းချင်း သောက်လိုက်၏။ ပြီးမှ မနပ်တနပ် ဖြစ်နေသော လူးဆပ် ကို သွားနှစ်ခုအကြားတွင် ကြိတ်၍ ဝါးနေ၏။

အက်စီနီယာက ညလယ်စာကို ခေါင်းပင်မဖော်ဘဲ ငုံ့၍သာစားနေ၏။ ဒါရီယာက ပြက်လုံးထုတ်လိုက် သည့်အခါ များတွင်သာ စိတ်မပါ့တပါဖြင့် ပြုံးနေလေသည်။

နီရဲနေသော အက်စီနီယာ၏ ပါးမို့မို့နှစ်ဖက်မှာ ရှက်သွေးများဖြင့် ဖြာဝေလျက် ရှိလေသည်။

ညလယ်စာ စားပွဲမှ ပထမဆုံး ထလိုက်သူမှာ ဂရီဂို ပင်ဖြစ်၏။ ထပြီးနောက် မည်သူ့ကိုမှ စကား မပြောဘဲ နွားများ ရှိရာသို့ ထွက်သွားသည်။

မီးဖိုမှ မီးက အခိုးအလျှံ များစွာ မတက်ဘဲ တောက်လောင်သည် ဆိုရုံမျှသာ တောက်နေ၏။ မီးဖိုရှိ ထင်းများမှ ထွက်လာသော ရနံ့က မီးဖိုဘေးတွင် ဝိုင်း၍ ထိုင်နေရသော လူစုကလေးအား သစ်ရွက် ခြောက်များကို လောင်ရာမှ ပေါ်ထွက် လာသည့် အနံ့ သင်းသင်းကလေးဖြင့် ရစ်ပတ်လွှမ်းခြုံ၍ နေလေသည်။

နွားတရှဉ်း နှင့်အတူ မဲဇာသို့ အပို့ခံထားရသော ဂရီဂိုက ညသန်းခေါင်ယံအချိန်တွင် လှည်းဝိုင်းရှိရာသို့ တိတ်တဆိတ် ပြန်၍လာခဲ့ပြီး လှည်းနှင့် (၁၀) လှမ်းမျှ အကွာလောက်တွင် ရပ်လျက် လှည်းတဝိုက်မှ အခြေအနေကို အကဲခတ်လိုက်၏။

ဖခင်ဖြစ်သူက လှည်းပေါ်တွင် မှန်မှန်ကြီး ဟောက်သံပေးလျက် အိပ်ပျော်နေလေသည်။

မငြိမ်းသေးသော မီးခဲများက အပေါ်မှ ဖုံးအုပ်နေသည့် ပြာများအကြားမှနေ၍ ရဲရဲညီးလျက်ရှိနေသည်။ ရွှေဥဒေါင်း၏ မျက်စိများကဲ့သို့တည်း။

တကိုယ်လုံး အဖြူရောင် လွှမ်းခြုံထားသော အရာဝတ္ထုတစ်ခုက လှည်းစည်းဝိုင်းအတွင်းမှ ဖောက်ထွက်လျက် ဂရီဂို ရပ်လျက်ရှိသော နေရာသို့ ဖြည်းညင်းစွာ ရှေ့ရှု လာနေသည်။ ထိုအရာသည် ဂရီဂိုနှင့် ခြေလှမ်း နှစ်လှမ်း၊ သုံးလှမ်းမျှ အကွာလောက်တွင် ရပ်လိုက်၏။

“အက်စီနီယာ...”

ဂရီဂို၏ နှလုံးအိမ်တွင် သွေးပေါက်အက်ရိုက်၍ သွားသည်။

ရှေ့သို့ ကုန်း၍ လှမ်းကိုင်ပြီးနောက် ပခုံးပေါ်တွင် တင်ထားသော ကုတ်အင်္ကျီကို ဖြန့်လိုက်၏။

ဤသို့ဖြန့်ပြီးမှ မိမိအား တနေ့လုံး အငြိုးဆိုက်၍ နေခဲ့သော၊ ကာမရမ္မကိ လောင်ကျွမ်း၍နေသော အက်စီနီယာ ကို တအားကုန် ဖျစ်ညှစ်လျက် မိမိရှိရာသို့ ဆွဲယူလိုက်၏။

အက်စီနီယာ၏ ကိုယ်ခန္ဓာက ဒူးဆစ်နှစ်ဖက်မှ နေ၍ ခွေလာကာ ဂရီဂိုရှိရာသို့ ပါလာသည်။

အက်စီနီယာတကိုယ်လုံး တဆတ်ဆတ်တုန်ကာ သွားများ မေးချင်းခိုက်အောင် တဖျပ်ဖျပ်ရိုက်နေကြ၏။

ဝံပုလွေတစ်ကောင်က ကိုက်သတ်ပြီးသော သိုးတစ်ကောင်ကို မိမိကျောပေါ်၌ လွှား၍တင်လိုက်ဘိသကဲ့သို့ ဂရီဂိုကလည်း အက်စီနီယာအား မိမိ၏ လက်မောင်းပေါ်တွင် လှန်၍လှဲလိုက်၏။

ဤသို့ လှန်၍ လှဲလိုက်သည့်အချိန်တွင် ပခုံး နှစ်ဖက်ပေါ်၌ ဖြန့်၍တင်ထားသော ကုတ်အင်္ကျီက စွန်တောင်ဆွဲ၍ တဖက်သို့ လျော့ကျလာသည်ကို တက်နင်းမိ၏။

ဤသို့တိုင်အောင် ဂရီဂိုက သိုးတစ်ကောင်ကို ဝံပုလွေချီသကဲ့သို့ အက်စီနီယာအား ချီရင်း အသက်ကို မှားမတတ် ရှူကာ လှည်းစည်းဝိုင်းနှင့် ဝေးသည့်နေရာသို့ ပြေးထွက်လိုက်၏။

“အို…ဂရီဂို…ဂရီဂို…နင့်အဖေကြီး”

အက်စီနီယာ၏ စကားမဆုံးမီ ဂရီဂိုက အမိန့်ပေးသံဖြင့် ပြောလိုက်၏။

“တိတ်စမ်း …”

အက်စီနီယာက ဂရီဂို၏လက်ထဲမှ ရုန်းကန်၍ ထွက်ရန် ကြိုးစားရင်း အသက်ကို လု၍ ရှူနေရ၏။ သိုးမွေးဖြင့် ရက်လုပ်ထားသော ဂရီဂို့ ပခုံးပေါ်မှ ကုတ်အင်္ကျီမှာ ပုပ်အက်အက် နံနေသည့်အတွက် အက်စီနီယာက အသက်ကို လုရှူနေ ရခြင်းဖြစ်၏။

ဤသို့ ရုန်းကန်ရင်း အသက်ကို လု၍ရှူနေရင်း ကပင် အက်စီနီယာက ဝမ်းနည်းကြီးစွာဖြင့် မိမိအား ဝံပုလွေ တစ်ကောင်လို ချီ၍ယူလာခဲ့သူအား စိတ်လက် အားပျော့ အလျှော့ပေးလိုက်၏။

ဤသို့ စိတ်ပျက်အားပျော့ အလျှော့ပေးလိုက် ရသည်ကို အက်စီနီယာက နာကြည်းသောအသံဖြင့် ဖော်ထုတ် လိုက်၏။

“ငါ့ကို လွှတ်ပါတော့… ခုမှတော့ ဘာထူးတော့ လို့လဲ၊ နင်ခေါ်ရာကို... ငါ့ဟာငါ ကောင်းကောင်း လိုက်ပါ့မယ် ဟယ်…”

 

(ဂ)

 

မိန်းမတစ်ယောက်၏ အင်မတန် မျိုးသိပ် အောင့်အည်း၍ထားခဲ့ရသော အချစ်မှာ ဖူးပွင့်လာသည့်အခါ၌ ကောင်းကင်ပြာ နှင့် သွေးရောင်ရဲရဲ တောက်နေသော ပန်းပွင့်နှင့် မတူတော့ဘဲ တောလမ်းဘေးတွင် ပေါက်ရောက်နေသည့် အဆိပ်ပွင့်နှင့်သာ တူနေလေသည်။

မြက်သောက်တောကြီးတွင် ရိတ်သိမ်းပွဲများ ပြီးသည့်အချိန် မှစ၍ အက်စီနီယာက အပြောင်းလဲကြီး ပြောင်းလဲ၍ လာသော မိန်းမတစ်ယောက် အဖြစ်သို့ ရောက်လာရ၏။ တစုံတဦးသော ဝိဇ္ဇာဓိုရ် ပုဂ္ဂိုလ် တစ်ယောက်က အက်စီနီယာ၏ ဘဝကို မျက်နှာပေါ်တွင် တံဆိပ်ရိုက်လျက် ပြောင်းလဲပစ်လိုက် သကဲ့သို့တည်း။

အက်စီနီယာနှင့် လမ်းတွင် ဆုံတွေ့ရသော မိန်းမများက သူ့အား ရစရာမရှိအောင် ပက်ပက်စက်စက် ပြောဆို တတ်ပြီး သူကွယ်၍ သွားသောအခါ၌မူ ခေါင်းကို တညိတ်ညိတ်လှုပ်၍ ကျန်ရစ်ခဲ့တတ်၏။

ရွာရှိအပျိုများက အက်စီနီယာအား မလိုတမာ ရှိကြသည့်တိုင် ဂရီဂိုလို လူပျိုပေါက်နှင့် ချစ်ကြရခြင်း ကိုမူ အားကျ၍ နေကြ၏။

မည်သို့ပင်ဖြစ်စေ အက်စီနီယာကမူ ရှက်ကြောက် နေသည့်အကြားမှ ခေါင်းကို မတ်မတ်ထားကာ ဣန္ဒြေမပျက် နေလာခဲ့၏။

ဂရီဂို မီလက်ကော့ဗ်နှင့် အက်စီနီယာတို့ ချစ်ကြိုးသွယ်လျက် အချစ်နယ်တွင် ရွက်ကုန်မျောလျက်ရှိသည့် အကြောင်းကို တရွာလုံးရှိ လူများက သိရှိလာခဲ့ကြ၏။

ဂရီဂိုနှင့် အက်စီနီယာတို့ အကြောင်းကို ပထမသော် တီးတိုးမျှသာ အချင်းချင်း ပြောကြဆိုကြ၏။ မယုံတဝက် ယုံတဝက်ဖြင့် ပြောဆိုကြခြင်းတည်း။ သို့ရာတွင် ရွာရှိ သိုးကျောင်းသားများက ဂရီဂိုနှင့် အက်စီနီယာတို့အား လေရဟတ်ကြီး အနီးရှိ အပင်တိုတို သာ ထွက်နေသေးသော ‘ရိုင်’ ပင်များအကြား အရုဏ် တက်ခါနီး လရောင်အောက်၌ နှစ်ယောက်တည်း လဲလျောင်းလျက် တွေ့ခဲ့ရပါသည်ဟု ဆိုလာကြသော အခါ သူတို့နှစ်ယောက်၏ သတင်းမှာ ဒီရေဖြင့် တက်လာသော လှိုင်းလုံးပမာ တရွာလုံးသို့ ပျံ့နှံ့၍လာခဲ့ တော့၏။

ဒီရေဖြင့် တက်လာသော လှိုင်းလုံးမှာ ရွှံ့ရည်များဖြင့် နောက်ကျိ၍နေသည် မဟုတ်ပါလား။

အက်စီနီယာနှင့် ဂရီဂိုတို့၏ အချစ်ပလူးသည့် သတင်းက ဖခင်ဖြစ်သူ ပင်တာလီမွန် နားဝသို့ပင် ရောက်လာခဲ့ လေသည်။

ရောက်လာပုံမှာလည်း ဤသို့တည်း။

တခုသော တနင်္ဂနွေနေ့တွင် ပင်တာလီမွန်က ကုန်သည်ကြီး မိုကော့၏ ကုန်စုံဆိုင်သို့ ခရီးသွားဟန်လွှဲ သဘော မျိုးဖြင့် ဝင်ရောက်လာခဲ့မိ၏။

ဆိုင်ထဲတွင် လူများ ပြည့်ကျပ်လျက် ရှိနေသောကြောင့် တံခါးပေါက်မှ နောက်ထပ် တစုံတယောက် ဝင်ရောက် ရန်ပင် နေရာမရှိ သကဲ့သို့ ဖြစ်နေလေသည်။

ပင်တာလီမွန်က တံခါးပေါက်မှ ဆိုင်အတွင်းသို့ ဝင်၍သွားသောအခါ ဆိုင်အတွင်းရှိသူ ဟူသမျှတို့က သူ့အား နေရာဖယ်၍ ပေးကြဘိသကဲ့သို့ ထင်ရ၏။

ပင်တာလီမွန်က အထည်အလိပ်များ ရောင်းသော ကောင်တာရှိရာအထိ တိုးဝင်သွားသောအခါ ဆိုင်ပိုင်ရှင် မိုကော့ ကိုယ်တိုင်ပင်လျှင် ပင်တာလီမွန်အား ဆိုင်ရှင် ဝတ္တရားကျေပွန်အောင် ဂရုတစိုက်ပြုရှာသည်။

“မမြင်တာ ကြာပါပကောလား”

ဆိုင်ပိုင်ရှင်မိုကော့က ပင်တာလီမွန်အား ဧည့်ဝတ္တရားဖြင့် စကားဆိုလိုက်၏။

“အလုပ်တွေက သိပ်များတယ်၊ ခြံမှာလည်း လုပ်စရာတွေ အပြည့်ပဲ”

“သားတွေရှိတဲ့လူက… အလုပ်များရသေးသလား”

“သားကြီး ပိုင်အိုတျာက စစ်သင်တန်းစခန်းကို သွားနေရပြီး သားငယ် ဂရီဂိုနဲ့ ကျုပ်သာ နှစ်ယောက်တည်း ကုန်းလုပ် နေရတာပဲ”

ဆိုင်ပိုင်ရှင် မိုကော့က တုတ်တုတ်တိုတိုနှင့် နီညိုရောင်ရှိသော မုတ်ဆိတ်ကို လက်ချောင်းများဖြင့် အလယ်မှနေ၍ ကုတ်ရင်း ဆိုင်ထဲတွင်ရှိသော ရွာသားများအား မျက်စိထောင့်မှနေ၍ စောင်းကြည့်လိုက်၏။

မိုကော့၏ ကြည့်ပုံမှာ တမျိုးတဖုံ ထူးခြားနေလေသည်။

“ဪ... ဟုတ်ပေသားပဲ၊ ဒီအကြောင်းကို ကျွန်တော်တို့ကို ဘာဖြစ်လို့ မပြောရတာလဲ”

ဆိုင်ပိုင်ရှင် မိုကော့က ဆိုင်ထဲရှိသူများကို ထူခြားသည့် အမူအရာနှင့် ကြည့်လိုက်ပြီးမှ ပင်တာလီမွန် အား မေးလိုက်ခြင်းဖြစ်၏။

“ဒီအကြောင်းဆိုတာ..ဘာအကြောင်းပြောတာလဲ”

ပင်တာလီမွန်၏ ပြန်လှန်မေးခွန်းကို ဆိုင်ပိုင်ရှင် မိုကော့က

“ဒီအကြောင်းဆိုတာ.. ဘယ်အကြောင်း ရှိရဦး မှာလဲဗျာ၊ ခင်ဗျားသားကို မင်္ဂလာဆောင်မယ့် ကိစ္စပေါ့၊ သားကို မင်္ဂလာဆောင်ဖို့တောင် စဉ်းစားနေပြီး ကျွန်တော်တို့ကိုတော့ စကားတခွန်းမှ မဟခဲ့ဘူး မဟုတ်လား” ဟု ပြောလိုက်၏။

“ဘယ်သားကို ပြောတာလဲ”

“အို…ခင်ဗျားသား ဂရီဂိုကို ပြောနေတာလေ။ ခု... သူ မိန်းမရနေပြီ မဟုတ်လား”

“ခုအချိန်မှာတော့..သူက မိန်းမလိုချင်တဲ့လက္ခဏာ ကို နည်းနည်းတောင် မပြပါဘူး”

“ဒါပေမဲ့. ကျွန်တော် ကြားနေရတာကတော့ ခင်ဗျားရဲ့ ချွေးမဖြစ်မယ့် သူဟာ...အက်စီနီယာလို့ ကြားနေတယ်၊ စတီပင်ရဲ့ မိန်းမလေ”

“ဘာ…ဘာပြောတယ်၊ သူ့လင်ကြီးငုတ်တုတ်နဲ့ ခင်ဗျားက ကျုပ်ကို ရယ်စရာ ပြောနေတာလား၊ ဟုတ်လား ကျုပ်ကို ပြောစမ်းပါဦး”

ပင်တာလီမွန်က ထစ်ထစ်အအဖြင့် မေးလိုက်မိ၏။

“ရယ်စရာပြောနေတာ မဟုတ်ပါဘူးဗျာ၊ စတီပင် မိန်းမနဲ့ ခင်ဗျားသား ဂရီဂို တော်သလင်း ဇာတ်ခင်း နေတဲ့ အကြောင်း တခြားလူတွေဆီက ကျွန်တော် ကြားထားရလို့ပါ”

ပင်တာလီမွန်က နောက်ထပ် စကားတခွန်းမှ မပြောနိုင်တော့ဘဲ ကောင်တာပေါ်တွင် ဖြန့်၍ခင်းထားသော အထည်စ တခုကို လက်ဖြင့်ကိုင်ကြည့်လိုက်၏။ ပြီးမှ ဆိုင်ထဲက ချာခနဲ လှည့်၍ထွက်ကာ ထော့နဲ့ ထော့နဲ့ဖြင့် ထွက်ခဲ့၏။

ခေါင်းကိုအောက်သို့စိုက် လက်ချောင်းများကို လက်သီးဖြစ်လာအောင် ဆုပ်လျက် အိမ်သို့သာ တန်း၍ လာခဲ့၏။ စိတ်လှုပ်ရှား၍ နေသောကြောင့်လား မသိ၊ ခါတိုင်းလိုပင် ထော့နဲ့ ထော့နဲ့ဖြင့် လျှောက်လာခဲ့ သော်လည်း ခြေတပေါင်ကျိုး သွားသကဲ့သို့ ဖြစ်နေလေသည်။

စတီပင်တို့ အိမ်ရှေ့မှ ဖြတ်ကျော်၍ လာသောအခါ မိုးမခ သစ်ကိုင်းသစ်ခက် များဖြင့် စည်းရိုးကာထားသော ခြံအကြား မှနေ၍ စတီပင်တို့အိမ်ကို စောင်း၍ ကြည့်လိုက်မိ၏။

တင်ပါးဆုံနှစ်ခုကို ယမ်းလျက်၊ လှုပ်လျက်၊ သပ်ရပ်စွာ ဝတ်ထားလျက် ရေပုံးလွတ်တခုကို ကိုင်ကာ အိမ်ရှိရာသို့ သွားနေသော အက်စီနီယာမှာ ခါတိုင်းထက်ပင် နုပျိုနေသည်ဟု ထင်ရလေသည်။

“ဟေး ... နေစမ်းပါဦး”

ပင်တာလီမွန်က လှမ်း၍ခေါ်လိုက်ပြီး မလွယ်ပေါက် တံခါးမှနေ၍ တိုးဝင်လာခဲ့၏။

အက်စီနီယာက ရောက်သည့်နေရာတွင် ရပ်လျက် စောင့်နေလေသည်။

အိမ်အတွင်းသို့ ဝင်လိုက်သောအခါ ပြောင်လက်စွာ သိမ်း၍ထားသော ကြမ်းပြင်ကို တွေ့ရ၏။ မြေကြီး ကို သရွတ်ကိုင်၍ ထားသော ကြမ်းပြင်တည်း။ ဤ ကြမ်းပြင်ပေါ်တွင် အနီရောင်သဲမှုန့်များ ဖြန့်၍ ခင်းထားလေသည်။

အခန်းထောင့်ရှိ ထိုင်ခုံတခုပေါ်တွင် မီးဖိုပေါ်မှ ချပြီးစ မုန့်များကို တွေ့ရ၏။ မီးဖိုချောင်ဆီမှ ဟောင်စော်၍ နေသော အဝတ်အင်္ကျီများ အနံ့နှင့်အတူ မွှေးကြိုင်သော သစ်တော်သီးအနံ့က ထွက်လာသည်။

ခေါင်းကြီးကြီး အမွေးအရောင် ကျားကျားရှိသော ကြောင်ကြီးတကောင်က ပင်တာလီမွန်၏ ခြေထောက်နားသို့ ကပ်လာပြီး ကိုယ်ကို ကုန်းလိုက်ကာ ဘွတ်ဖိနပ်များကို ကိုယ်ဖြင့် ပွတ်နေ၏။

ပင်တာလီမွန်က ကြောင်ကို ရှေ့ဘက်တွင် ရှိနေသော ထိုင်ခုံဖြင့် တိုက်မိအောင် ကန်၍ ထုတ်လိုက်ရင်း အော်၍ ပြောလိုက်၏။

“ကြားရတာကတော့ နားတောင်လျှံနေပြီဟေ့၊ လင်သွားတာက ဘာမှမကြာသေးဘူး၊ နင်က နောက်တစ်ယောက် နဲ့ ဖောက်ပြန်နေ ပြန်ပြီ မဟုတ်လား။ ဂရီဂို ဆိုတဲ့ အကောင်ကိုလည်း သွေးချောင်းစီးအောင် ဆော်ပြမယ်၊ နင့်လင်ဆီ ကိုလည်း စာရေးမယ်၊ နင်က ဖာသည်မပဲ၊ နင် ငယ်ငယ်တုန်းက နင့်အမေက မဆုံးမလို့ ဒီလိုဖြစ်တာပဲ မဟုတ်လား၊ ဒီနေ့က စပြီး ငါ့ခြံထဲကို ခြေတလှမ်းတောင် မဝင်နဲ့၊ လူရွယ်လူပျိုပေါက် နဲ့လည်း ကမြင်းတယ်၊ စတီပင် လာတော့လည်း ကမြင်းဦးမယ်၊ ငါနဲ့ရော ကမြင်းဦးမလား”

အက်စီနီယာက မျက်စိအစုံကို မှေး၍ နားထောင် နေရာမှ သူ့ဂါဝန်ကို ရုတ်တရက် အရှက်ကင်းမဲ့စွာ လှန်၍ ပြလိုက်၏။

ပင်တာလီမွန်က မိန်းမဂါဝန်အနံ့ကို တဝကြီး ရှူနေရလေသည်။

အက်စီနီယာက ဤမျှနှင့် မရပ်သေးဘဲ ပင်တာလီမွန်ကို သူ့ရင်ဘတ်ဖြင့် ဖိ၍တိုးလိုက်၏။ နှုတ်ခမ်းတလန် ပန်းတလန်ဖြင့် သွားကို ဖြဲ၍လည်း ...

“အဘိုးကြီး ဘာဆိုင်လို့ လာပြောနေရတာလဲ၊ ငါ့ကို လာပြီး ဆရာစားရအောင် နင်က ဘယ်သူ့ကြောင့်လဲ၊ ဖင်ရှုံ့နေတဲ့ နင့်မိန်းမကို နင်သွားပြီး ဆရာစားပါလား၊ နင့်အိမ်မှာပဲ စနစ်ကျအောင် လုပ်ပါလား၊ ခြေကျိုးကြီး ခုချက်ချင်း ဒီက ထွက်သွားပါတော့၊ ဝက်ရိုင်းကြီးလို ငါ့ကို ကြည့်မနေနဲ့၊ နင်ခြောက်လို့လည်း ငါမကြောက်ဘူး” ဟု ဆဲဆို ရန်တွေ့ လိုက်၏။

“ဟဲ့ ... အရူးမ နေစမ်းပါဦး”

“နေစရာ ဘာမှမရှိဘူး၊ ကိုယ့်အိမ်ကိုယ်ပြန်၊ ငါက နင့်သားကို လိုချင်ရင်လည်း ယူမှာပဲ၊ ယူရုံမက တစ်ကောင်လုံး အစိမ်းစားပစ်လိုက်မယ်၊ အရိုးပါမကျန် စားပစ်လိုက်မယ်၊ စားလို့မကုန်နိုင်တာကို တမြုံ့မြုံ့နဲ့ ဝါးနေလိုက်ဦးမယ်၊ ဂရီဂိုက ငါ့ကို ကြိုက်နေရင်ရော ဘာဖြစ်လဲ၊ နင်က သူ့ကို သွေးချောင်းစီးအောင် ရိုက်မယ်… ဟုတ်လား၊ ငါ့လင်ဆီကိုလည်း စာရေးမယ်.. ဟုတ်လား၊ ငါ့လင် မကလို့ ဗိုလ်ချုပ်ကြီး ဆီကိုပဲ ရေးရေး ရေးချင်သလိုရေး၊ ဂရီဂိုကိုတော့ ငါ ပိုင်မြဲ ပိုင်နေမှာပဲ၊ သူဟာ ငါ့အချစ်၊ သူဟာ ငါကြိုက်တဲ့လူ၊ သူ့ကို ငါပိုင်နေပြီ၊ အမြဲပိုင်နေအောင်လည်း လုပ်မယ်”

အက်စီနီယာက ဤသို့ပြောရင်း စိတ်ပျက်ရွံရှာသော အကြည့်ဖြင့် ကြည့်နေသော ပင်တာလီမွန်ကို သူ့ရင်အစုံဖြင့် အတင်းဖိ၍ တိုးလိုက်၏။

ပါးလွှာသောအင်္ကျီကို ကိုယ်ပေါ်၌ ဝတ်ထားသည် ဖြစ်ရာ အက်စီနီယာ၏ ရင်သားအစုံက ညွှတ်ကွင်းထဲတွင် မိနေသောငှက်လို အပြင်သို့ ရှိုက်၍ ရှိုက်၍ ထွက်နေလေသည်။

ဤသို့ ရင်သားအစုံဖြင့် ဖိ၍တိုးနေရာက နက်မှောင်သော မျက်စိများက အလကားမထားဘဲ ပင်တာလီမွန် အား မျက်စိမှထွက်သော အခိုးအလျှံတို့ဖြင့် မီးလောင်တိုက် သွင်းလိုက်တော့မည်ကဲ့သို့ ကြည့်နေပြီး ပါးစပ်မှလည်း ပို၍ ပို၍ ညစ်ပတ်နိုင်သမျှ ညစ်ပတ်သော စကားလုံးများဖြင့် ဆဲဆိုနေလေသည်။

မျက်ခုံးနှစ်ဖက်က တဆတ်ဆတ်လှုပ်ရင်း ပင်တာ လီမွန်သည် တဲအိမ်တံခါးဝ ရှိရာသို့ ဆုတ်၍လာခဲ့ပြီး အခန်းထောင့်တွင် ထားခဲ့သော လက်ကိုင်တုတ်ကို စမ်း၍ ရှာလိုက်ပြီးနောက် လက်တဖက်ကို ဝှေ့ယမ်း နေရာမှ တံခါးကို သူ့တင်ပါးနှစ်ဖက်ဖြင့် တိုး၍ ဖွင့်လိုက်၏။

အက်စီနီယာကမူ ပင်တာလီမွန်အား ရင်သားအစုံဖြင့် အိမ်ဝအထိ တိုးတွန်း၍လိုက်လာရင်း အသက်ကို ပြင်းပြင်း ရှူလျက် အရူးတစ်ယောက်ကဲ့သို့ အော်၍ ပြောနေဆဲပင်ဖြစ်၏။

“ငါ့တသက်လုံး သူ့ကို ချစ်သွားမယ်၊ သူ့ကို နင်က သတ်ချင်ရင် သတ်လိုက်၊ ဂရီဂို ကတော့ … ငါ့ ချစ်သူပဲ၊ ဂရီဂိုကို… ငါပိုင်တယ်”

မုတ်ဆိတ်မွေး လှုပ်ရုံမျှသာ တကိုယ်တည်း ရေရွတ် မြည်တမ်းရင်း ပင်တာလီမွန်က ထော့နဲ့ တော့နဲ့ဖြင့် မိမိတဲ ရှိရာသို့ ပြန်လာခဲ့၏။

အိမ်သို့ရောက်သောအခါ ဂရီဂိုကို မီးဖိုချောင်ထဲတွင် ကိုင်လာသောတုတ်ဖြင့် ဂရီဂို၏ ကျောကုန်းကို ခုန်၍ ရိုက်လိုက်၏။ တုတ်ဒဏ်ကြောင့် တွန့်လန်၍ သွားသော ဂရီဂိုက ဖခင်၏ လက်မောင်းကို အတင်း ဆွဲထားရင်း ...

“ဘာဖြစ်လို့ ရိုက်တာလဲ...အဖေ”

ဟု မေးလိုက်၏။

“ခွေးမသား၊ ဘာဖြစ်လို့ ရိုက်ရမှာလဲ၊ ဟိုဟာ.... ဟိုဟာ...”

“ဘယ်ဟာလဲ...အဖေ”

“သူတပါး သားမယားကို မဖျက်ဆီးရဘူး၊ အဖေကို အရှက်မခွဲရဘူး၊ မိန်းမတွေ နောက်ကချည်း အမဲလိုက်ခွေးလို လျှာတယားယားထွက်ပြီး လိုက်မနေနဲ့”

ပင်တာလီမွန်က အသက်ကို ပြင်းပြင်းရှူလိုက်၏။ လက်ထဲမှတုတ်ကို လုယူရန်ကြိုးစားနေသော သား ဖြစ်သူအား မီးဖိုချောင်ပတ်၍ဆွဲနေ၏။

“ကျွန်တော့်ကို ရိုက်ဖို့ ဘာမှမလိုဘူး”

ဂရီဂိုက အသံသြသြကြီးဖြင့် ပြောလိုက်ပြီးနောက် သွားနှစ်ဖက်ကို ကိုက်ကာ အဖေ့လက်ထဲမှ တုတ်ကို အတင်းဆွဲ၍ ယူလိုက်ပြီး ဒူးပေါ်တင်၍ ချိုးလိုက်၏။ တုတ်က ဖြောင်းခနဲမြည်၍ ကျိုးသွားလေသည်။

“နင့်ကို ဈေးရှေ့မှာကို ကျာပွတ်နဲ့ရိုက်မယ်၊ ငရဲမှာ အမြဲနေရမယ့် တစ္ဆေရဲ့သား၊ နင့်ကို ရွာထဲက ဝမ်းတွင်းရူးမ တစ်ယောက်နဲ့ကို ပေးစားပစ်မယ်၊ အမွေ ဖြတ်ပစ်မယ်”

ဖခင် ပင်တာလီမွန်က ကြိမ်းမောင်းလိုက်၏။ ရိုက်သံ, ဆူသံ, ဆဲသံတို့ ကြားရသောကြောင့် အဘွားကြီး အီလီနစ်ချ်နာ က ပြေး၍လာသည်။

“တယ်လည်း…ဒေါသကြီးမနေနဲ့လေ၊ နေစမ်းပါဦး”

အလွန်စိတ်တိုနေပြီဖြစ်သော ပင်တာလီမွန်က အဘွားကြီးကို အပေါ်သို့ မြောက်တက်သွားအောင် ကန်လိုက်၏။ စားပွဲပေါ်တွင်ရှိနေသော လက်လှည့် အပ်ချုပ်စက် ကိုလည်း စားပွဲနှင့် အတူ တွန်း၍ ချလိုက်၏။ အပြင်သို့ လွင့်ကျသွား လေသည်။

ဒေါသကြီးနေသော ပင်တာလီမွန်က သားဖြစ်သူ နောက်သို့ တံခါးကို ဖွင့်၍ လိုက်လာ၏။ ဖခင်လက်ထဲမှ တုတ်ကို လုရာတွင် ဂရီဂို၏ အင်္ကျီမှာ စုတ်ပြဲသွားခဲ့၏။ အင်္ကျီအစုတ်ကို ချွတ်ပစ်ရန် အချိန်မရမီ ဖခင်ဖြစ်သူက မုန်တိုင်း တိုက်သလို ကြီးလှသောဒေါသဖြင့် ရောက်ရှိလာခြင်းဖြစ်၏။

"ဒီကောင်ကို…ခွေးကောင်ကို မိန်းမပေးစားပစ်မယ်”

ပင်တာလီမွန်က ကျောခိုင်း၍ ထွက်သွားသော သားဖြစ်သူ၏ ကြွက်သား အမြှောင်းမြှောင်း ထနေသော ကျောကုန်းကို ကြည့်ရင်း မြင်းတစ်ကောင်က မြေကြီးကို ခွာဖြင့်ပေါက်လိုက်သလို ပေါက်လျက် ပြောလိုက်၏။

“နက်ဖြန်ဆိုရင် စေ့စပ်ကြောင်းလမ်းဖို့အတွက် စီစဉ်ဖို့သွားမယ်၊ သားဖြစ်သူက အဖေ့သြဇာကို မနာခံတဲ့ အဖြစ်မျိုး နဲ့တော့ အသက်ရှည်ပြီး မနေချင်ဘူး”

မြည်တွန်တောက်တီးနေသော ဖခင်ဖြစ်သူအား ရှေ့မှသွားနေသော ဂရီဂိုက လှမ်း၍ပြောလိုက်၏။

“အင်္ကျီ အရင်ဝတ်ပါ ရစေဦး၊ ဝတ်ပြီးမှ မိန်းမ ပေးစားပါ…”

“အေး ... ပေးစားမယ်၊ ရွာထဲက ဝမ်းတွင်းရူး အကောင်မတစ်ကောင်နဲ့ ပေးစားမယ်”

ဖခင်ဖြစ်သူ၏ စကားအဆုံးတွင် တံခါးက အသံမြည်လျက် ပိတ်သွား၏။ အိမ်ပေါ်မှဆင်းလာသော ပင်တာလီမွန်၏ ခြေသံကို လှေကားပေါ်တွင် ကြားရပြီးနောက် ပျောက်၍သွားလေသည်။

 

(ဃ)

 

ဆီတျာကော့ဗ်ရွာ၏ ဟိုမှာဘက်အလွန်တွင်ကား မိုးဖြူဖြူလမ်းများ ဖြောင့်ဖြောင့်ဖြင့် မြို့ကလေးတမြို့ ရုတ်တရက် ပေါ်၍လာခဲ့၏။

ကတ္တရာစေးသုတ်ထားသော ရွက်ထည်အမိုးများ မိုးထားသည့် လေးဘီးတပ် လှည်းများသည် ကွင်း ပြောင်ပြောင် ပေါ်တွင် အစီအရီ တန်းစီလျက် ရှိနေကြ၏။ မြို့ကလေးများအလယ်တွင် ကွက်လပ်ကလေး တစ်ခု ရှိသည်။ ဤကွက်လပ် တွင် နေ့ရောညပါ တာဝန်ချထားသော အစောင့်ကင်းတပ်အဖွဲ့ ရှိနေလေသည်။

ဤမြို့ကလေး ပေါ်ပေါက်ခဲ့ပုံမှာ ယုံနိုင်စရာ မရှိအောင်ပင် လျင်မြန်လှပေသည်။ ဤမြို့ကလေးတွင် နေထိုင် ကြရသော အမျိုးသားများမှာ စစ်သင်တန်း တစ်ခု၏ ထုံးစံအတိုင်း ပျင်းရိငြီးငွေ့ဖွယ်ရာ နေထိုင်ကြရခြင်းပင် ဖြစ်၏။

နံနက်အချိန်ဆိုလျှင် ညက စားကျက်ထဲတွင် လှန်ထားသော မြင်းများကို စောင့်ကြပ်ကြည့်ရှုရန် တာဝန်ကျသော အဖွဲ့ကလေးတဖွဲ့ကို မြို့ကလေး ရှိရာသို့ ပြန်၍မောင်းယူလာမြဲဖြစ်၏။

ဤသို့မောင်းယူလာပြီးနောက် ပြုလုပ်နေကျ လုပ်ငန်းတာဝန်များကို ဆက်၍ပြုလုပ်ကြရပြန်သည်။ အိပ်ခန်းနှင့် လမ်းများကို သန့်ရှင်းခြင်း၊ မြင်းများ၏ သန့်ရှင်းကျန်းမာရေးကို ပြုလုပ်ပေးခြင်း၊ ကုန်းနှီးများ ပြင်ဆင် တင်ပေးခြင်း၊ နာမည်ခေါ် လူစစ်ရာသို့ သွားရခြင်းနှင့် စစ်ရေးပြရခြင်း တို့ပင်ဖြစ်၏။

စခန်းကို အုပ်ချုပ်နေသော စခန်းမှူးအရာရှိက အမြဲအော်ဟစ် ကြိမ်းမောင်းနေသလို စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ ကလည်း စခန်းအတွင်းတွင် ပျာယာခတ်လျက် လှုပ်ရှားနေကြ၏။ ကော့ဆက်အမျိုးသား သင်တန်းသားအသစ်များကို စစ်သင်တန်း ပေးနေသော တပ်ကြပ်ကြီးများကလည်း အော်ဟစ်၍ အမိန့်ပေး နေကြ၏။

သင်တန်းသားများက တိုက်ခိုက်ရေးသင်တန်းကို တက်ရာတွင် တောင်ကုန်းတကုန်း နောက်တွင် နေရာ ယူထားသည့်ပုံ ဆောင်ကြရ၏။ ရန်သူကို ကလိမ်ဉာဏ် သုံးလျက် ဝိုင်းထားသည့်သဏ္ဌာန် ပြုလုပ်ကြရ၏။ ပစ်မှတ်များကို ပစ်ခတ်ကြရ၏။ သင်တန်းသား လူသစ်များက ဓားခုတ်လေ့ကျင့်ပွဲ များတွင် အထူးဂရုစိုက်၍ ပါဝင်ဆင်နွှဲကြသော်လည်း လူဟောင်းများကမူ မောမော ပန်းပန်းလုပ်ရမည့် လေ့ကျင့်ခန်းများကို တတ်နိုင်သမျှ ‘လစ်’၍ နေကြလေသည်။

ဆီတျာကော့ဗ်ရွာ ဟိုမှာဘက်အလွန်တွင် ဖွင့်လှစ်ထားခဲ့သည့် စစ်သင်တန်းစခန်းကို ရုပ်သိမ်းရန် တစ်ပတ်မျှ အလိုတွင် သင်တန်း တက်ရောက်နေသော တိုမီလင် ၏ မိန်းမက တတာရက်စ်ရွာ မှနေ၍ လင်ဖြစ်သူထံ အလည်အပတ် ရောက်ရှိလာခဲ့၏။

အိမ်မှလုပ်ခဲ့သော ဘီစကွတ်ပါးပါး အချပ်ကလေးများ၊ စားကောင်းသောက်ဖွယ် အမျိုးမျိုးကို တိုမီလင် ၏ မိန်းမက သယ်ဆောင်လာသည့် နည်းတူ ရွာမှ သောင်းပြောင်းထွေလာ သတင်းများသည်လည်း သူနှင့် အတူ ပါ၍လာခဲ့ လေသည်။

တစ်ညတာ နေပြီးနောက် နောက်တနေ့ နံနက် စောစောတွင် ရွာသို့ပြန်သွားသည်။ ရွာမှ သင်တန်း တက်နေသူ များက သက်ဆိုင်ရာ ဆွေမျိုး သားမယား မိဘများထံသို့ အမှာအထား ပြုလိုက်သော သတင်းများကိုလည်း သူနှင့်အတူ ဆောင်ယူသွားသည်။

ရွာမှ စစ်သင်တန်းတက်ရန် စခန်းသို့ တက်ရောက်နေသူများ အားလုံးကပင် တိုမီလင်၏ မိန်းမနှင့် အမှာအထား စကားလက်ဆောင် ပေးလိုက်ကြသော်လည်း အမှာအထား မရှိသူမှာ စတီပင်တစ်ယောက်သာဖြစ်၏။

စတီပင်မှာ တိုမီလင်၏ မိန်းမ မလာရောက်မီ တစ်ညနေကပင် ဖျား၍နေခဲ့၏။ ဤသို့ဖျား၍ နေစဉ် ခံနေရသော ရောဂါကို ဗော့ကာအရက်ဖြင့်သာ ကုစား၍ နေခဲ့၏။ သို့ဖြစ်၍လည်း ဤမျှကျယ်ဝန်းသော ကမ္ဘာကြီး၌ မည်သည့်အရာ ကိုမျှ မတွေ့မမြင် နိုင်အောင် ဖြစ်နေခဲ့ရ၏။

တိုမီလင်၏ မိန်းမကိုလည်း စတီပင်က တွေ့မြင်ခဲ့ခြင်းမရှိ။ စစ်ရေးပြ အခမ်းအနားသို့လည်း တက်ရောက်နိုင်ခြင်း မရှိခဲ့။

စတီပင်၏ တိုက်တွန်း တောင်းပန်ချက်ကြောင့် လက်ထောက်ဆေးမှူးဖြစ်သူက စတီပင်၏ကိုယ်ခန္ဓာမှ သွေးကို ထုတ်ယူခဲ့၏။ ဤသို့ထုတ်ယူရာတွင် တဒါဇင်လောက်ရှိသော မျှော့များ စတီပင်၏ ရင်ဘတ်ပေါ်၌ ချထားကာ သဘာဝ နည်းအားဖြင့် စုပ်ယူခဲ့ခြင်း ဖြစ်လေသည်။

ရင်ဘတ်ပေါ်တွင် သွေးစုပ်နေသော မျှော့တဒါဇင်လောက်က ပွဲတော်ကြီးနှင့် ကြုံနေစဉ် စတီပင်မှာကား မျှော့များ၏ သွေးစုပ်သည့် ဒဏ်ချက်ကို အံကြိတ်၍ ခံနေရလေသည်။

အောက်ခံအင်္ကျီဖြင့် သာလျှင် လှည်းဘီးတခု၏ ပဒေါင်းပေါ်တွင် ထိုင်ရင်း သွေးစုပ်နေသော သွေးဝနေသော မျှော့ကြီးများကို စတီပင်က ငုံ့၍ကြည့်နေ၏။ ခေါင်းတွင် ဆောင်းထားသော ဦးထုပ်မှ အဖြူရောင်ပိတ်စ အဖုံးမှာ လှည်းမှ ထွက်နေသော ဆီဖြင့် ပေကျံလျက် ရှိနေလေသည်။

ရောင်ရမ်းနေသော ရင်ဘတ်ပေါ်ရှိ သွေးပုပ်ရောင် တောက်နေသည့် မျှော့ကြီးများကို ငုံ့၍ကြည့်နေစဉ် မိမိအနား သို့ ချဉ်းကပ်၍လာသော တိုမီလင်ကို စတီပင် က သတိထားလိုက်မိ၏။

စတီပင်က မျက်စချီလျက် နှုတ်ဆက်လိုက်၏။

“စကားတခွန်းလောက် ပြောချင်လို့ လာခဲ့တာ ပါကွာ”

“ပြောလကွာ”

“စခန်းကို ငါ့မိန်းမ အလည်ရောက်လာတယ်၊ ဒီနေ့မနက်မှ ပြန်သွားတယ်”

“ဟုတ်လား ...”

"နင့်မိန်းမနဲ့ ပတ်သက်ပြီး ရွာထဲမှာ ပြောကြ ဆိုကြတာကတော့ ဗြောင်းဆန်နေတာပဲ”

“ဘယ်လိုကွာ….”

“ပြောရမှာကတော့ …တယ်ပြီးမကောင်းလှဘူး”

“ဘယ်လိုလဲ...ပြောစမ်းပါဦး”

“နင့်မိန်းမ အက်စီနီယာက ဂရီဂိုနဲ့ ပြောင်ပြောင်တင်းတင်းပဲ... တော်သလင်းဇာတ် ခင်းနေတယ်”

ဤစကားကို ကြားလိုက်ရသည်နှင့်တပြိုင်နက် စတီပင်၏မျက်နှာက ဖြူရော်၍သွားသည်။

ရင်ဘတ်ပေါ်တွင် ပွဲတော်ကြီး ကျင်းပနေသော မျှော့များကိုလည်း အတင်းဆွဲဖြုတ်ကာ ဖိနပ်ဖြင့် တက်နင်းနေ၏။

နောက်ဆုံးတစ်ကောင်ကျန်သည်အထိ စတီပင်က ဖိနပ်ဖြင့် တက်၍ နင်းလိုက်ပြီးနောက် ဖွင့်ဟ၍ထားသော အင်္ကျီကို ကြယ်သီးတပ်လိုက်၏။ ဤသို့ တပ်ပြီးမှ ကြောက်လာသကဲ့သို့ ကြယ်သီးကို ပြန်၍ဖြုတ်နေ ပြန်သည်။

တွန့်လိမ်နေသော စတီပင်၏ နှုတ်ခမ်းအစုံက မပြတ်တမ်း လှုပ်ရှားနေ၏။ လှုပ်နေရာမှ တဆတ်ဆတ် တုန်ကာ နှုတ်ခမ်းနှစ်ခုက ပြုံးသလို ဖြစ်သွားသည်။ ကိုးရိုးကားရား နိုင်လှသော အပြုံး။

နှုတ်ခမ်းအစုံက ကိုးရိုးကားရား ပြုံးနေရာမှ တွန့်၍ စု၍ လိမ်၍လာကာ ရှုံ့ထားသော သားရေကွင်းတခု ကဲ့သို့ ဖြစ်လာပြန်၏။

မာသော ခဲသော စားသောက်စရာ တခုခုကို စတီပင် ဝါးနေသည်ဟု တိုမီလင် စိတ်တွင် ထင်နေမိ၏။

စောစောက ဖြူဖပ်ဖြူရော်ဖြစ်နေသော စတီပင်၏ မျက်နှာတွင် သွေးရောင်များ ပြန်၍ တဖြည်းဖြည်း တက်လာသည်။

သွားများဖြင့် ကိုက်ထားခြင်းခံခဲ့ရသော နှုတ်ခမ်း နှစ်ဖက်မှာ မလှုပ်နိုင် မရှားနိုင်အောင် ဖူးဖူးရောင်၍ လာခဲ့၏။

စတီပင်က ခေါင်းမှ ဦးထုပ်ကို ဖြုတ်လိုက်ပြီး လှည်းဆီများ ပေနေသော အဖြူရောင်အဝတ်အဖုံးကို သူ၏ အင်္ကျီလက်ဖြင့် သုတ်ပစ်လိုက်၏။

ပြီးမှ အသံကျယ်ကျယ်ဖြင့် ဆိုလိုက်၏။

“ဒီလိုလာပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်ကွာ”

“နင့်ကို လာပြီး သတင်းပေးတာပါ၊ စိတ်မရှိပါနဲ့ကွာ”

တိုမီလင်က စတီပင်အား စာနာသနားသည့် အမူအရာဖြင့် သူ့လက်နှစ်ဖက်ကို ဘောင်းဘီတွင် သုတ်လိုက်ပြီး မြင်းရှိရာသို့ ထွက်ခွာသွားသည်။

ဦးထုပ်အဖုံးပေါ်တွင် ဆီချေးများဖြင့် ပေနေသော အဖြူရောင်အဖုံးကို စိုက်၍ကြည့်ရင်း စတီပင်က ခဏမျှ ရပ်နေ၏။

ဖိနပ်ဖြင့် တက်၍ နင်းလိုက်သော်လည်း မသေမရှင် ဖြစ်နေသော မျှော့တစ်ကောင်က စတီပင်၏ဖိနပ်ပေါ်သို့ တွား၍တက်လာလေသည်။

 

(င)

 

နောက် ၁ဝ ရက်ကြာလျှင် ရွာမှ စစ်သင်တန်း တက်ရန် သွားရောက်ကြသူများက ပြန်လာပေတော့မည်။

အချိန်နှောင်းမှ ကြမ်းကြမ်းရမ်းရမ်းကြီး အချစ်အကြောင်းကို ကောင်းကောင်းကြီး သိလာခဲ့ရသော အက်စီနီယာ မှာ ပြန်ရောက်လာမည့် ကာမပိုင်လင်နှင့် လက်ရှိ အချစ်ကြီးချစ်နေသော အငှားလင် တို့အကြား တွင် ဗျာများ၍ နေလေသည်။

ဖခင်ဖြစ်သူက ခြိမ်းခြောက်မောင်းမဲ ထားလင့်ကစား ဂရီဂိုက ညတိုင်လျှင် အက်စီနီယာ ရှိရာသို့ ရောက် နေပြီး အရုဏ်တက်ခါနီးမှ အိမ်သို့ ပြန်လေ့ရှိသည်။

ဝန်နှင့်အား၊ မျှားနှင့်လေး ဆိုသကဲ့သို့မဟုတ်ဘဲ မိမိအားထက် ပို၍ကြီးသော ဝန်ထုပ်ဝန်ပိုးကို တင်ဆောင် ဆွဲယူ နေသော မြင်းတစ်ကောင်ကဲ့သို့ ဂရီဂိုက ရက်သတ္တ နှစ်ပတ်တိုင်တိုင် အားစိုက်လျက် အက်စီနီယာ နှင့် အပျော်ကြူးနေ မိ၏။

အအိပ်ပျက်ဖန် များသောကြောင့် အညိုရောင် ရှိသော ဂရီဂို၏ မျက်နှာပေါ်တွင် မွဲပြာရောင်များ ယှက်သန်း လာ၏။ မျက်တွင်းကျနေသဖြင့် မျက်စိအစုံကလည်း ရီဝေလျက် ရှိနေလေသည်။

အက်စီနီယာက မျက်နှာထား ပြောင်ပြောင်ဖြင့်ပင် ရွာထဲ၌ သွားလာလှုပ်ရှားနေ၏။ ခေါင်းတွင်ပင် ခေါင်းဆောင်း ပဝါ ကို မဆောင်း။ ဂရီဂို ကဲ့သို့ပင် သူ့မှာလည်း မျက်တွင်းများ နိမ့်ဝင်၍ကျနေ၏။

ရမ္မက်ပြင်းသော ထူသော သူ့နှုတ်ခမ်းအစုံက သောကမကင်းကြသည့် အပြုံးကို ပြုံးနေလင့်ကစား မည်သူ့ကိုမျှမမှု ဟူသောအဓိပ္ပာယ်ကို ဖော်ကျူးနေ လေသည်။

ဂရီဂိုနှင့် အက်စီနီယာတို့၏ ဆက်ဆံရေးများမှာ အထူးအဆန်း ဖြစ်နေသည့်အလျောက် သူတို့နှစ်ဦး စလုံး မှာလည်း ရမ္မက်မီး၏ လောင်ကျွမ်းခြင်းကို ခံနေကြရ၏။

အချစ်အကြိုက်ကိုသာ ဦးစားပေးပြီး မည်သူ့ကိုမျှ မမှုဘဲ ပြောင်ကျကျ ဆက်ဆံသွားလာ နေထိုင်ခဲ့ကြသော ကြောင့်လည်း ယိုသူမရှက်၊ မြင်သူရှက် ဟူသောစကားအတိုင်း သူတို့နှစ်ယောက်အား လူများက တွေ့ရမည်ကိုပင် ပြန်၍ ရှက်နေကြရ၏။

ဂရီဂိုအား အက်စီနီယာနှင့် ပတ်သက်၍ ယခင်က ပြောင်ခဲ့သော သူငယ်ချင်းများမှာလည်း ယခုအခါ တွင် သူ့ကို မြင်ပါက တိတ်တိတ်ကလေးသာ ရှောင်ကွင်း၍သွားတတ်ကြ၏။ ဂရီဂိုနှင့် စကားစမြည်ပြောကာ အတူတကွ နေထိုင်ရမည် ကိုပင် ကသိကအောက် ဖြစ်လာကြ၏။

မိန်းမများက အက်စီနီယာကို စိတ်ထဲမှနေ၍ အားကျနေကြ၏။ သို့သော် အပြင်ပန်းအားဖြင့် ကဲ့ရဲ့ သင်္ဂြိုဟ် စကားတင်းဆိုကြ၏။ မလိုမုန်းတီးစွာ ပြောဆိုကြ၏။ “သူ့လင် ပြန်လာရင် ဒီကောင်မတော့ ကောင်းကောင်း အကြောင်း သိမယ်” ဟူသော အတွေးဖြင့် အောင်ပွဲရသလို ပျော်နေကြ၏။

စတီပင် ပြန်လာလျှင် အက်စီနီယာအဖို့ မည်သို့ ဖြစ်လာမည်ကို သိချင်ဇောဖြင့် မိန်းမများက မော၍ နေကြ လေသည်။

ဂရီဂိုက အက်စီနီယာနှင့် ဆက်ဆံလှုပ်ရှား နေထိုင်သွားလာရာတွင် ပုန်းလျှိုးကွယ်လျှိုး သဘောမျိုးဖြင့် ပြုလုပ်ခဲ့လျှင် သော်လည်းကောင်း၊ အက်စီနီယာက ဂရီဂိုနှင့် ချစ်ကြိုက်နေခြင်းကို ယခုထက် လျှို့လျှို့ဝှက်ဝှက် သိပ်သိပ်သည်းသည်း ထားခဲ့လျှင်သော် လည်းကောင်း တရွာလုံးက သူတို့နှစ်ဦး၏ ဆက်ဆံရေးတွင် သူများထက် ပို၍ ‘ကဲ’ မှုမရှိဟု လျစ်လျူရှု၍ နေလိုက်ကြမည် ဖြစ်၏။

ရွာသူရွာသားများက ထုံးစံအတိုင်း ဂရီဂိုနှင့် အက်စီနီယာတို့ အကြောင်းကို အတင်းအဖျင်း ပြောကြပြီးနောက် အတန်ကြာလျှင် ဤအကြောင်းကို မေ့ပျောက်၍သွားကြမည်မှာ အမှန်ပင်ဖြစ်၏။

သို့ရာတွင် ဂရီဂိုနှင့် အက်စီနီယာတို့က တပူးတွဲတွဲဖြင့် ဗြောင်ကျကျနေထိုင်ကာ သူတို့နှစ်ဦးအား အလွန် ခိုင်မာသော သမုဒယနှောင်ကြိုးဖြင့် ချည်၍ ထားသည့်အလား လူနှစ်ကိုယ်မှ ခေါင်းတလုံးတည်း ပေါက်သကဲ့သို့ ရှိနေကြ လေသောခါ တရွာလုံးက သူတို့နှစ်ဦးအား ရွံ၍လာခဲ့ကြခြင်း ဖြစ်၏။

ဂရီဂိုနှင့် အက်စီနီယာတို့အား ပတ်ရစ်ချည်နှောင်၍ ထားသော သမုဒယနှောင်ကြိုးမှာ ယာယီမျှ သာဖြစ်သော နှောင်ကြိုးမျိုး မဟုတ်။ ဤနှောင်ကြိုးကို စတီပင် ရောက်လာပြီးနောက် ဖြတ်မှသာ ပြတ်တော့မည်ဟု တရွာလုံးက ထင်နေ ကြလေသည်။

စတီပင်နှင့် အက်စီနီယာတို့၏ အိမ်ခန်းရှိ အိပ်ရာ အထက်ဘက်တွင် ကြိုးတန်း တတန်း ရှိသည်။ ဤ ကြိုးတန်းတွင် အပ်ချည်လုံးများမှ ကျန်နေသော အဖြူနှင့် အနက် ဘီးကလေးများကို သွင်း၍ထားသည်။ ကြိုးတန်း ကို တန်ဆာ ဆင်ထားခြင်းတည်း။

ဤအပ်ချည်လုံး ဘီးကလေးများပေါ်တွင် ယင် များက ညတိုင်လျှင် အိပ်တန်းခိုကြ၏။ ပင့်ကူများ ကလည်း ဤဘီးလုံး ကလေးများမှ နေ၍ အထက် မျက်နှာကြက်ပေါ်သို့ရောက်အောင် အိမ်များ သွယ်တန်း ဆောက်လုပ်ထားသည်။

အဝတ် ဖုံးလွှမ်းထားခြင်း မရှိသော အေး၍နေသော အက်စီနီယာ၏ လက်မောင်းကို ခေါင်းအုံးရင်း ဂရီဂိုက အိပ်ရာ အပေါ်ဘက်တွင် ရှိနေသည့် အပ်ချည်လုံးဘီးများ သွင်းထားသော ကြိုးကို စိုက်၍ကြည့်နေလေသည်။

အက်စီနီယာ၏ လွတ်နေသော လက်တစ်ဖက် က ဂရီဂို၏ သန်စွမ်းသော ဆံပင်များကို ဆော့ကစား၍ နေ၏။

အက်စီနီယာ၏ လက်ချောင်းကလေးများက နွေးထားသော နွားနို့ရနံ့ကဲ့သို့ သင်းနေ၏။ ဂရီဂိုက ပက်လက်လှန် နေရာမှ သူ့ခေါင်းကို အက်စီနီယာ ဘက်သို့ လှည့်ကာ သူ့နှာခေါင်းကို အက်စီနီယာ၏ လက်မောင်းအကြား၌ မြှုပ်၍ ထားလိုက်သည့် အခါတိုင်းမွှေး၍ သင်းပျံ့သော မိန်းမတစ်ယောက်၏ ကိုယ်ရနံ့က သူ၏နှာဝနှစ်ဖက်ကို ပြည့်လျှံမွှမ်းထုံ၍ နေစေ၏။

အိပ်ခန်းထဲတွင် သစ်သားဖြင့် ပြုလုပ်ထားသော၊ ထောင့် လေးထောင့်တွင် ထင်းရှူးသီး ပုံသဏ္ဌာန် ခြယ်လှယ် ထားသော ခုတင်တလုံးအပြင် တံခါးနှင့် ကပ်နေသော နေရာ၌ သံကြိုးဖြင့် ချည်ထားသော သေတ္တာကြီးတစ်လုံး ရှိနေ သည်။

မင်္ဂလာဆောင်စဉ်က ရရှိခဲ့သော လက်ဖွဲ့ပစ္စည်းများနှင့် အက်စီနီယာ၏ လှလှပပ အင်္ကျီအဝတ်အစား များ ထည့်ထားသော သေတ္တာပင်ဖြစ်၏။

ခုတင်ခေါင်းရင်ဘက်ရှိ အခန်းထောင့်တွင် စားပွဲတလုံး ရှိနေသည်။ စားပွဲထက်၌ ဆီဆေးဖြင့် ခြယ်မှုန်း ထားသော ပန်းချီကား တချပ်ကိုလည်း တွေ့ရ၏။ ဗိုလ်ချုပ်ကြီး စကိုတိုလီယော့ဗ်က သူ့ရှေ့တွင် တလွင့်လွင့် လှုပ်ရှားနှိမ့်ချ ထားသော အလံရှိရာသို့ မြင်းကြီးကို စီးလျက်ကြွလာသော ပန်းချီကားပင်ဖြစ်သည်။

စားပွဲနှင့်ကပ်လျက် ကုလားထိုင်နှစ်လုံး ရှိနေသည်။ ဤပစ္စည်းများ၏ အထက်ဘက်တွင် ရွှေရောင်စက္ကူ သရဖူ များ၊ မကိုဋ်သင်းကျစ်များဖြင့် ဖြစ်ကတတ်ဆန်း စံပယ်နေရရှာသော ခရစ်တော်၏ ဆင်းတုရုပ်ပွားတော်များ ရှိသည်။

အိပ်ခန်းဘေးဘက်နံရံတွင် ယင်ကြီးဥများ ကပ်နေသည့် ဓာတ်ပုံများကို ချိတ်ဆွဲထား၏။ ဓာတ်ပုံတပုံ မှာ ကော့ဆက် စစ်မှုထမ်းတစုက တစ်ဦးကို တစ်ဦး ကျီစယ် နောက်ပြောင်လျက် ရင်ဘတ်ကိုကော့ မြင်းစီး ဓားလွယ်များကို စွဲလျက် ရိုက်ကူးထားသောပုံ ဖြစ်၏။ မို့မောက်သော ရင်အုံများပေါ်တွင် နာရီကြိုးများကိုလည်း ချိတ်ဆွဲလျက်ရှိကြ၏။ ဤလူစုထဲတွင် စတီပင် လည်း စစ်မှုထမ်းရဲဘော် အချို့နှင့်အတူ ပါနေ၏။

အင်္ကျီချိတ်တခုပေါ်တွင် စတီပင်၏ စစ်ယူနီဖောင်းက တွဲလောင်းကြီး ချိတ်လျက်ပင် ရှိနေ၏။

ပြတင်းပေါက်မှ မှေး၍ ဝင်လာသော လရောင်က စတီပင်၏ စစ်အင်္ကျီပေါ်ရှိ ပခုံးထောက်နှစ်ခုမှ အမွှန်းတန်း တန်ဆာဖြစ်သော အဖြူရောင်ကြိုးထုံး ဇာထည်နှစ်ခုကို မရဲတရဲ တို့ထိလျက်ရှိနေလေသည်။

သက်ပြင်းလေးလေးတချက်ကို ချရင်း အက်စီနီယာက ဂရီဂို၏ မျက်ခုံးနှစ်ဖက်အကြားကို နမ်းလိုက်၏။

"ဂရီဂို..အချစ်ရယ်”

“ဘာလဲ.. အက်စီနီယာ”

“၉ ရက်ပဲ ကျန်တော့တယ် မဟုတ်လား၊ ၉ ရက် ဆိုတာလည်း အတော်ကလေးတော့ နေရဦးမယ် မဟုတ်လား”

“ငါ…ဘယ့်နှယ်လုပ်ရမလဲကွယ်”

“ကျုပ် ဘယ်လိုလုပ်ပြီး သိပါ့မလဲ”

အက်စီနီယာက သက်ပြင်းကလေးတချက်ကို ချတော့မည်ပြုပြီးမှ ပြန်၍ထိန်းထားလိုက်၏။ ပြီးမှ စုတ်ဖွား၍ နေသော ဂရီဂို၏ ဆံပင်ကို လက်ဖြင့် ဖြီး၍ ပေးနေလေသည်။

“စတီပင်ကတော့…ငါ့ကိုသတ်မှာပဲ”

အက်စီနီယာက ပြောသလိုလိုနှင့် ဂရီဂိုထံမှ ပေါ်လာမည့်အဖြေကို တောင်းခံလိုက်၏။

ဂရီဂိုက မည်သို့မှ အဖြေမပေးဘဲ ငြိမ်နေသည်။ အိပ်ချင်စိတ်ကသာ လွှမ်းမိုးနေ၏။

မှေးနေသောမျက်စိကို အတင်းဖွင့်လိုက်သောအခါ သူ့မျက်နှာတည့်တည့်ပေါ်တွင် ပြာနေသော ရေအိုင် ကလေး နှစ်အိုင်ကို တွေ့လိုက်ရ၏။ အက်စီနီယာ၏ မျက်လုံးအစုံပင်တည်း။

“ငါ့လင် ပြန်လာတဲ့အခါကျတော့… နင်က ငါ့ကို ခုလို ချစ်တော့မှာ မဟုတ်ဘူး ထင်တယ်၊ နင်က.. သူ့ကို ကြောက်မှာ ပါပဲ”

အက်စီနီယာက သွေးတိုးစမ်း၍ စကားဆိုလိုက်၏။

“အံမာ...ကျုပ်က…ခင်ဗျားလင်ကို ဘာဖြစ်လို့ ကြောက်ရမှာလဲ၊ ခင်ဗျားက သူ့မယား၊ ခင်ဗျားကသာ ကြောက်ရမယ် မဟုတ်လား”

“နင်နဲ့ အတူတူရှိနေတဲ့ အခါမှာတော့ ငါက မကြောက်ဘူးပေါ့၊ ဒါပေမဲ့ … နေ့လယ်ဘက်မှာ ဒီအကြောင်းကို စဉ်းစားလိုက်တဲ့အခါတိုင်း ငါဖြင့် သိပ်ပြီးကြောက်မိတာပဲ”

ဂရီဂိုက တစ်ချက်သမ်းလိုက်ပြီး ..

“ခင်ဗျားလင်ကြီး ပြန်လာဖို့အတွက် ခင်ဗျားက အရေးတကြီးလုပ်ပြီး စိတ်ပူနေတာလား၊ ဒါထက် အရေးကြီး တာက ကျုပ်အဖေက ကျုပ်ကို မိန်းမ ပေးစားဖို့ လုပ်နေတဲ့ အချက်ပဲဗျ”

ဂရီဂိုက ဤသို့ ပြောလိုက်ပြီးနောက် ပြုံးလိုက်၏။ ပြုံးပြီးမှ စကားကို နောက်ထပ်၍ဆက်ရန် ကြံလိုက်၏။ သို့သော် ခေါင်းအုံး၍ ထားသော အက်စီနီယာ၏ လက်မောင်းက ရုတ်တရက် ပျော့အိနူးညံ့၍သွားကာ ခဏအကြာတွင်မှ ပြန်၍ နဂိုအတိုင်း ရှိလာသည်ကို ဂရီဂိုက သတိထားလိုက်မိသောကြောင့် စကားကို မဆက်ဘဲ ဖြတ်၍ထားလိုက်၏။

“နင့်အဖေက…နင့်ကို ဘယ်သူနဲ့ ပေးစားမလဲ” အက်စီနီယာက ဆို့နစ်သော အသံဖြင့် မေးလိုက်၏။

“ပြောရုံသာ ပြောသေးတာပါ၊ အမေကပြောတော့ အဖေက ကျုပ်ကို မီရွန်ရဲ့သမီး နာတာလီယာနဲ့ ပေးစားဖို့ ကြံနေတယ်လို့ ပြောတာပဲ”

“ဪ….နာတာလီယာလား၊ ကောင်မလေးက အချောသားပဲ၊ တော်တော်ကိုချောတယ်။ အဲဒီတော့ နင်ကလည်း သူ့ကို ယူမှာပေါ့ ဟုတ်လား။ ကောင်မကလေးကို တနေ့ကပဲ ဘုရားရှိခိုးကျောင်းမှာ မြင်ခဲ့သေးတယ်။ လှလှပပ ဝတ်လို့ စားလို့”

“နာတာလီယာ လှတဲ့အကြောင်း ကျုပ်ကို ပြောမနေစမ်းပါနဲ့ဗျာ၊ ကျုပ်ယူချင်တာက…ခင်ဗျားကိုသာ ယူချင်တာ”

အက်စီနီယာက ဂရီဂို၏ ခေါင်းအောက်မှ သူ့ လက်ကို ဆတ်ခနဲ ဆွဲထုတ်လိုက်ပြီးနောက် ပြတင်းပေါက်ကိုသာ ငေး၍ကြည့်နေလေသည်။

အက်စီနီယာ၏အကြည့်မှာ ရွှန်းလဲ့သော အကြည့်မျိုးကား မဟုတ်။

ဆီးနှင်းများဖြင့် ရောထွေးနေသော ဝါကျင့်ကျင့်ရောင် မြူများက ခြံဝင်းအတွင်းတွင် ဆိုင်းဆို့လျက် ရှိနေလေ သည်။ ပုစဉ်းရင်ကွဲများ၏ အော်သံများကလည်း တကျီကျီ ပေါ်ထွက်နေ၏။

ဒွန်မြစ် အောက်ဘက်တွင် ဗျိုင်းအောက်များကလည်း မြည်သံပေး၍နေကြ၏။ အသံဗလံများသည် ရောထွေး လျက် ပြတင်းပေါက်မှ အိပ်ခန်းအတွင်းသို့ ဝင်လာကြ၏။

“ဂရီဂို”

အက်စီနီယာက လေးနက်သော အသံဖြင့် ခေါ်လိုက်၏။

“ဘာများစဉ်းစားမိလို့လဲ... အက်စီနီယာ”

အက်စီနီယာက ဂရီဂို၏ ယောက်ျားပီပီ ကြမ်းတမ်းနေသော လက်နှစ်ဖက်ကို ဖျစ်ညှစ်လိုက်၏။ ဂရီဂို၏ လက်များက အက်စီနီယာ ဖျစ်ညှစ်ဆွဲယူလိုက်သည့် အတိုင်း လွယ်လွယ်ဖြင့် လိုက်မလာ။

အက်စီနီယာက ဂရီဂို၏ လက်တဖက်ကို သူ့ ရင်သားပေါ်တွင် ဖိ၍တင်ထားပြီး အခြားလက်တစ်ဖက် ကို လူသေကောင်ကဲ့သို့ တုတ်တုတ်အေးနေသော သူ့ပါးပြင်ပေါ်တွင် ဖိ၍တင်ထားရင်း နာကြည်းသော အသံဖြင့် စကား ဆိုလိုက်၏။

“နင်က ငါ့ကိုများ ဘယ်လိုများ ထင်နေသလဲဟင် ..ငါ့ကို နင်က ပျော်ရရုံ ကြံနေရင် နင်သေပါစေ...ငါ ဘယ်နှယ့် လုပ်ရမလဲ ဂရီဂိုရယ်။ ငါတော့ ဘယ်လိုမှ မလုပ်တတ်တော့ဘူး၊ စတီပင် ပြန်လာတော့မယ်၊ ငါက ဘယ်လိုပြောရမလဲ၊ ငါ့ကို ဘယ်သူလာပြီး အကာအကွယ်ပေးမှာလဲ”

ဂရီဂို စကားတစ်ခွန်းမျှ မပြောဘဲ ငြိမ်နေ၏။ အက်စီနီယာက ဂရီဂို၏ လင်းယုန်နှုတ်သီးကဲ့သို့ ကျက်သရေ ရှိသော နှာခေါင်းကို လည်းကောင်း၊ မျက်တွင်းနက်နေသော မျက်စိအစုံကိုလည်းကောင်း၊ တုံဏှိဘာဝေ တိတ်ဆိတ်၍ နေသော နှုတ်ခမ်းအစုံကို လည်းကောင်း ဝမ်းပန်းတနည်း စူးစိုက်၍ ကြည့်နေသည်။

ဤသို့ကြည့်နေရာမှ ချုပ်တည်းထားရသော တာတမံဆည်ကြီးကို ရုတ်တရက် ပေါ်ထွက်၍လာသော အချစ်ရေ အဟုန်က ဖောက်ထွက်၍ လာသကဲ့သို့ ဂရီဂို၏ မျက်နှာ၊ လည်ပင်း၊ လက်မောင်းနှင့် ရင်ဘတ်ပေါ်တွင် လိမ်၍ တွန့်၍ ကြမ်းတမ်းစွာပေါက်နေသော အမွေးများကို အရူးအမူး နမ်းရှုပ်နေ၏။

ဤသို့ အငမ်းမရ နမ်းရှုပ်နေရင်းက အသက်ရှူသွင်းရန် အချိန်ကိုလုရင်း ဂရီဂိုအား တိုးတိုးလေး ပြောလိုက်၏။

အက်စီနီယာ၏ တကိုယ်လုံးမှာ တဆတ်ဆတ် တုန်နေသည်ကို ဂရီဂိုက သတိထားမိလေသည်။

“ဂရီဂို … ငါအချစ်ဆုံး…. အချစ်ခဲ။ လွတ်ရာ ကျွတ်ရာကို သွားကြပါစို့ အချစ်ရယ်၊ တို့မှာရှိသမျှဟာ တွေကို စွန့်ပြီး သွားကြပါစို့၊ ငါ့လင်ရော ငါ့ပိုင်တဲ့ ပစ္စည်းတွေရော ငါ စွန့်ပြီးထားခဲ့မယ်။ နင်သာ ငါနဲ့.. အတူရှိမယ်ဆိုရင် ဘယ်ကို မဆို သွားဝံ့တယ်။ ငါတို့ သတ္ထုတွင်းတွေ ရှိတဲ့နေရာအထိ သွားကြရအောင်။ ငါက နင့်ကို အမြဲချစ်နေမယ်၊ အမြဲဂရုစိုက် ပြီး ပြုစုမယ်၊ ပါရိုမိုနော့ဖ် သတ္ထုတွင်းမှာ အလုပ်လုပ်နေတဲ့ ငါ့ဦးလေး တစ်ယောက် ရှိတယ်။ ညစောင့်အလုပ်သမား လုပ်နေတယ်။ သူက တို့ကို အကူအညီပေးလိမ့်မယ်။ ဂရီဂို ငါနဲ့အတူ လွတ်ရာကျွတ်ရာကို သွားမယ်လို့ အင်း.. ခတ်လိုက် စမ်းပါကွယ်”

ဂရီဂိုက အက်စီနီယာ ပြောသည့်စကားကို ငြိမ်၍ နားထောင်ရင်း စဉ်းစားခန်းဝင်နေ၏။

ဤသို့ စဉ်းစားခန်းဝင်နေရင်းမှ အလျှံပြောင်ပြောင် တောက်နေသော အာရှတိုက်သား၏ မျက်လုံးများနှင့် တူသော သူ့မျက်စိများကို ရုတ်တရက် ဖွင့်၍ အက်စီနီယာအား ကြည့်လိုက်၏။

ဂရီဂို၏ မျက်စိအစုံက အက်စီနီယာ ပြောသမျှ စကားကို ကဲ့ရဲ့ရယ်မောရင်း ပိတ်လုမတတ် ရှိနေ၏။

“အက်စီနီယာ... ခင်ဗျား အရူးပဲ။ ခင်ဗျားက လွှတ်ခနဲ တွေးမိတွေးရာကို ပြောလိုက်တာပဲ။ ဒါပေမဲ့ ခင်ဗျား စကားက နားထောင်ဖို့ ကောင်းတာဆိုလို့ တခွန်းမှ မပါဘူး။ ယာတော လယ်တောကနေပြီး ကျုပ်က ဘယ်အထိ သွားရမှာလဲ။ နောင်နှစ်ကျရင် စစ်မှုထမ်းဖို့ကလည်း ရှိနေတယ် မဟုတ်လား။ ဒီနယ်က နေပြီး ဘယ်ကိုမှ ကျုပ်မသွားဘူး။ ဒီမှာဆိုရင် ကွင်းပြင်ကျယ်ကြီးတွေ ရှိတယ်။ ဒီတော့ လေရှူဖို့နေရာ ရှိတယ်။ ဒါပေမဲ့ ခင်ဗျားပြောတဲ့ သတ္ထုတွင်းမှာ လေရှူဖို့ ကွက်လပ်တောင် ရှိပါ့မလား။ မနှစ်တုန်းက နွေရာသီမှာ အဖေနဲ့အတူ ဘူတာရုံကို သွားခဲ့တယ်။ ကျုပ်တော့ သေမလောက်ကို ဖြစ်သွားတာပဲ။ အင်ဂျင်စက်တွေက တဝုန်းဝုန်း၊ ကျောက်မီးသွေးတွေကလည်း တရဲရဲ တောက်ပြီး လေက စက်ဆီနံ့၊ မီးသွေးနံ့တွေနဲ့ ရောနေတာပဲ။ အဲဒီကလူတွေ ဘယ်လိုနေတယ် ဆိုတာတော့ မပြောတတ်ဘူး၊ သူတို့ ကတော့ အကျင့်ရနေပြီ ဖြစ်မှာပေါ့”

ဂရီဂိုက ဖွီခနဲမြည်အောင် တံတွေးတချက်ထွေး လိုက်၏။ ပြီးမှ သူ့စကားကို အဆုံးသတ်လိုက်၏။

“ကျုပ်တော့ ဒီရွာကိုစွန့်ပြီး ဘယ်ကိုမှမသွားဘူး”

ပြတင်းပေါက်မှနေ၍ ကြည့်လိုက်လျှင် အပြင်ဘက်တွင် ညအမှောင်ရိပ်က ပို၍နက်လာပြီ ဖြစ်သည်ကို တွေ့ရ၏။ တိမ်တိုက်တခုက လကို ကျော်လွှားလျက် ပြေးသွားသည်။ စောစောက ဆီးနှင်းဖြင့် ရောထွေးနေသော ဝါကျင့်ကျင့် မြူများက ခြံဝင်းအတွင်းတွင် ဆိုင်းဆို့နေရာမှ ပျောက်သွားပြီဖြစ်၏။ စောစောက အရိပ်ကျနေသော အရာများမှာလည်း ပြယ်လွင့်ကုန်ကြ ပြီဖြစ်၏။

ပြတင်းပေါက်နှင့် တန်းနေသော ခြံစည်းရိုး ဟိုမှာဘက်အလွန်တွင် ယခုတိုင် တဝေ့လည်လည် ရှိနေသော အမှောင်ရိပ်မှာ မနှစ်ကပင် ရှိနေခဲ့သော သစ်ပင်၏ အရိပ်ပင်လား။ သို့တည်းမဟုတ် နှစ်ပေါင်းများစွာကပင် ရှိနေခဲ့သော သစ်ငုတ်၏ အရိပ်လားဟူ၍ ခွဲခြားမရနိုင်အောင် ရှိနေလေသည်။

အပြင်ဘက်တွင် အမှောင်ရိပ်က ပြောင်းလဲ၍ နေသလို အိပ်ခန်း အတွင်းတွင်လည်း အရိပ်များက ပူးကပ်၍ သွားခဲ့ကြပြီဖြစ်၏။

စောစောက အင်္ကျီချိတ်တွင် ချိတ်၍ထားသော စတီပင်၏ ယူနီဖောင်းအင်္ကျီ ပေါ်ရှိ ပခုံးဒေါက်ကြိုးထုံး ဇာထည် နှစ်ခုပေါ်၌ မရဲတရဲ တို့ထိ၍ကျနေသော အလင်းရောင်မှာ ယခုအခါတွင် မှိန်၍သွားခဲ့ပြီး ငြိမ်၍နေသော ထူထပ်ပိတ်ဆို့၍ နေသော လရောင်ဖွေးဖွေးတွင် အက်စီနီယာ၏ ပခုံးနှစ်ဖက်က တဆတ်ဆတ်တုန်၍ နေသည်သို့လည်းကောင်း၊ မျက်နှာတွင် လက်ဝါးအပ်လျက် ခေါင်းအုံးပေါ်တွင် အသံမထွက်အောင် ငိုရှိုက်နေသည်ကို လည်းကောင်း ဂရီဂိုက မတွေ့ မမြင် နိုင်ခဲ့ပါချေ။

 

(စ)

 

စစ်သင်တန်းစခန်း ရှိရာသို့ တိုမီလင်၏ မိန်းမ အလည်ရောက်လာပြီးသည့် နောက်ပိုင်းအချိန်မှစ၍ စတီပင်၏ အသားအရေက သိသိသာသာကြီး မည်းမှောင် နက်ကြုတ်လာခဲ့၏။ မျက်ခုံးမွေးနှစ်ဖက်က မျက်ခွံများပေါ်တွင် တွဲလျား ကျ၍ နေကာ နဖူးပြင်တွင်လည်း အရေးအကြောင်းများက ထင်းနေပြီး မျက်နှာကလည်း အမြဲ မျက်မှောင်ကြုတ်လျက် ရှိလေသည်။

တငွေ့ငွေ့ ထွက်နေသော ဒေါသဖြင့် တစိမ့်စိမ့်ကျနေသော ဝမ်းနည်းကြေကွဲဖွယ်ရာ ဝန်ထုပ်ဝန်ပိုးကြီးကို စတီပင်က ကျောပေါ်တွင် တက်၍ စီးနေသည့် မြင်းစီးသမား တစ်ယောက်ကို မြင်းအကောင်က သယ်ဆောင် နေရ သကဲ့သို့ သယ်ဆောင်ထားရ၏။

ရဲဘော်ရဲဘက်များနှင့် စကားပြောသော်လည်း ယခင်ကလို ရွှင်ရွှင်ပျပျမပြော၊ စကားနည်းနေသည်။ အသေးအဖွဲ ကိစ္စလေးများနှင့် ပတ်သက်၍လည်း စကားများ ရန်ဖြစ်စ ပြုလာ၏။ ပိုင်အိုတျာ မီလက်ကော့ဗ် ကိုလည်း မဖြစ်နိုင်မှသာ လှည့်၍ စကားပြောတတ်၏။

စတီပင်နှင့် ပိုင်အိုတျာတို့အား စည်းလုံးရစ်ပတ်၍ ပေးခဲ့သော မိတ်ဆွေတည်းဟူသော နှောင်ကြိုးမျှင်များ မှာ ယခုအခါတွင် ပြတ်တောက်၍ သွားခဲ့ပြီ ဖြစ်၏။

မိမိတို့အိမ် အသီးသီးသို့ ပြန်လာသည့်အချိန်တွင် စတီပင်နှင့် ပိုင်အိုတျာမှာ ရန်သူများ ဖြစ်နေခဲ့ပေပြီ။

ပြန်လာခဲ့ရာတွင် အလာခရီးကဲ့သို့ မိမိတို့အစုနှင့် မိမိတို့ ပြန်လာခဲ့ကြ၏။ စစ်သင်တန်းစခန်း ရှိရာမှနေ၍ မိမိတို့ရွာရှိရာသို့ အစုမှာ အလာတုန်းက ကဲ့သို့ပင် ဖြစ်သော်လည်း ပိုင်အိုတျာနှင့် စတီပင်တို့မှာ ရန်သူဖြစ်နေခြင်းသာ ထူးခြားနေလေသည်။

မြင်းများကို လှည်းတွင် အလှည့်ကျတပ်၍ လာခဲ့ရာ ပိုင်အိုတျာနှင့် စတီပင်တို့၏ မြင်းများကို အတူတကွ လှည်းတွင် တပ်ရမည့် အလှည့်သို့ ရောက်လာခဲ့၏။

ခရစ္စတိုနီယာက မိမိ၏မြင်းကိုပင် စီးလျက် လှည်းနောက်မှ လိုက်ပါလာသည်။

အဖျားရောဂါကြောင့် မထနိုင်သော တိုမီလင်က ကုတ်အင်္ကျီကို အပေါ်မှခြုံလျက် လှည်းပေါ်တွင်ပင် လှဲ၍ လိုက်ပါလာ၏။

ဖီအိုဒေါ့က လှည်းမောင်းရန် အပျင်းထူ၍နေသောကြောင့် ပိုင်အိုတျာက ဇက်ကြိုးကို ထိန်း၍ လာခဲ့ရ၏။

စတီပင်ကမူ လှည်းဘေးမှလျှောက်၍ လိုက်ပါလာရင်း လက်ထဲမှ ကျာပွတ်ဖြင့် လမ်းဘေး ဆူးလေး ပင်များမှ ခရမ်းရောင်အညွန့်လေးများကို တဖျပ်ဖျပ် ရိုက်၍လာသည်။

မိုးက ရွာနေလေသည်။

နက်မှောင်၍ သြဇာကောင်းသော မြေကြီးက လှည်းဘီးများတွင် စက်ဆီများကဲ့သို့ ကပ်၍ပါလာသည်။

ကောင်းကင်က ဆောင်းဦးပေါက်အချိန်ကဲ့သို့ ပြာ၍ တိမ်တို့က ပြေးလွှားနေသည်။

ညသို့ရောက်လာသောအခါ ခရီးပတ်ဝန်းကျင်တွင် မီးရောင်ဟူ၍ မမြင်ရ။ ရွာတရွာမှ ရှိပုံမပေါ်။

ညအမှောင်တွင် ပိုင်အိုတျာက နွားရေပြားအစိမ်းဖြင့် ပြုလုပ်ထားသော ရိုက်တံဖြင့် မြင်းများကို အတင်း ရိုက်ရင်း လှည်းကို ခပ်သုတ်သုတ်နှင်နေသည်။

စတီပင်က မှောင်ထဲမှနေ၍ ရုတ်တရက် အော်လိုက်၏။

“ခင်ဗျားက… ခင်ဗျား၊ ခင်ဗျားမြင်း ကိုတော့ မရိုက်ဘဲနဲ့၊ ကျုပ်မြင်းကိုချည်းပဲ ရိုက်နေတာပဲ မဟုတ်လား …”

“သေသေချာချာလည်း ကြည့်စမ်းပါဦး၊ ကျုပ် ရိုက်တာက… မဆွဲဘဲ ပေပေကပ်ကပ် လုပ်နေတဲ့မြင်းကို ရိုက်တာ”

ပိုင်အိုတျာ၏ အဖြေကို စတီပင်က စောဒကမတက်။

မည်သူမှ စကားမပြောကြဘဲ လှည်းကို နောက်ထပ် နာရီဝက်ခန့် မောင်းလာသည်။

လှည်းဘီးများအောက်တွင် မြေကြီးက ကျွံ၍ သွားသည်။ မိုးက ကတ္တရာစေး သုတ်ထားသော ရွက်ထည်အမိုးကို တဖြောက်ဖြောက်လာ၍မှန်နေ၏။

ပိုင်အိုတျာက မြင်းဇက်ကြိုးကို လွှတ်ထားရင်း ဆေးလိပ်သောက်နေသည်။ စတီပင်နှင့် နောက်တစ်ခါ ထပ်၍ စကားများရလျှင် မည်သို့သော စကားလုံးများကို သုံး၍ပြောမည်ကို အပြန်ပြန် အလှန်လှန် စိတ်ထဲတွင် စဉ်းစား၍ ကြည့်နေ၏။

လှည်းက တစ်ခုခုနှင့် ရုတ်တရက် တိုက်မိပြီး ရပ်သွားသည်။ ရွှံ့ထဲတွင် ခြေချော်နေသော မြင်းများက မြေကြီးကို ခွာဖြင့်ပေါက်နေ၏။

“ဘာဖြစ်တာလဲ”

စတီပင်က ထိတ်လန့်တကြား မေးလိုက်၏။ ထမ်းပိုးအောက်တွင် ရှိနေသော မြင်းများက ရုန်းကန် လှုပ်ရှားရင်း နှာကို မှုတ်နေကြသည်။

တစ်ယောက်ယောက်က မီးခြစ် ခြစ်၍ ကြည့် လိုက်၏။

လိမ္မော်ရောင် အလင်းရောင်ကလေးက ခဏမျှ ပေါ်လာပြီး ချက်ချင်းလိုပင် မှောင်အတိကျ၍သွား ပြန်သည်။

ပိုင်အိုတျာက လမ်းပေါ်တွင် လဲကျနေသော မြင်းကို ဇက်ကြိုးမှနေ၍ ကိုင်ထားရင်း လက်နှစ်ဖက်က တုန်လျက်ရှိ နေလေသည်။

မြင်းက တချက်မျှ ခပ်လေးလေးဟီလိုက်ပြီး တဖက်သို့ လှိမ့်ချလိုက်၏။ ထမ်းပိုးက ကျိုးပဲ့သွားသည်။

စတီပင်က မီးခြစ်ဆံများကို ပူးလျက်ခြစ်ကာ အလင်းရောင်ရအောင် လုပ်နေသည်။

မြင်းတကောင်မှာ ဝပ်ကျင်းတခုအတွင်းသို့ ရှေ့ ခြေထောက်တဖက် ဒူးဆစ်အထိ ချော်ကျသွားပြီး လမ်းပေါ်တွင် လဲနေသည်ကို တွေ့ရ၏။

စတီပင်၏ မြင်းပင်ဖြစ်သည်။

မြင်းတွင် က,ထားသော ကြိုးများကို ခရစ္စတိုနီယာ ဖြေပေးလေသည်။

“ပိုင်အိုတျာရဲ့ မြင်းကိုလည်း က,ကြိုးတွေ ဖြေပေးလိုက်ပါ”

ခရစ္စတိုနီယာက အော်၍ပြောလိုက်၏။

လဲကျနေသော စတီပင်၏မြင်းကို ရပ်နိုင်အောင် အတော်ပင် ကြိုးစားပမ်းစား ပြုစုပေးကြရ၏။ ပိုင်အိုတျာ မြင်းကို ဇက်ကြိုးမှနေ၍ ကိုင်ထားစဉ် ခရစ္စတိုနီယာက ရွှံ့ပေါ်တွင် လေးဘက်တွားလျက် ဝပ်ကျင်းထဲသို့ ကျသွားသော ရှေ့ဘယ်ဘက် ခြေထောက်ကို စမ်း၍ ကြည့်နေ၏။

ဘယ်ဘက်ခြေထောက်မှာ... ဒူးဆစ်မှနေ၍ တွဲလောင်းကြီးကျနေလေသည်။

“ကျိုးသွားတာနဲ့ တူတာပဲ၊ ဒါပေမဲ့ လျှောက်နိုင်ဦး မလား မသိဘူး”

ခရစ္စတိုနီယာ၏ စကားအဆုံးတွင် ပိုင်အိုတျာက မြင်းကို ဇက်အုပ်မှနေ၍ ဆွဲကြည့်လိုက်၏။

မြင်းက တစ်လှမ်း၊ နှစ်လှမ်းလောက်သာ ခုန်၍ သွားသည်။ ရှေ့ဘယ်ဘက် ခြေထောက်ကိုမူ မြေကြီး ပေါ်တွင် မနင်း။ နာကျင်သည့်အသံဖြင့် ဟီ၍သာ နေသည်။

ကိုမီလင်က သူ့ဂရိတ်ကုတ်ကို ဆွဲ၍ဝတ်ရင်း ခြေတဖက်ကို ဆောင့်လျက် မခံမရပ် နိုင်သောအသံ ဖြင့် အော်၍ ပြောလိုက်၏။

“ခြေကျိုးသွားပြီ ဟုတ်လား ... မြင်းတစ်ကောင်တော့ ဆုံးပါပြီဗျာ”

ယခုအချိန်အထိ စကားတလုံးမှမပြောဘဲ နေခဲ့သော စတီပင်က တိုမီလင်ထံမှ ထွက်လာမည့် စကားမျိုးကို စောင့်နေဟန်တူသည်။

ခရစ္စတိုနီယာကို ဘေးသို့တွန်းဖယ်လိုက်ပြီးနောက် စတီပင်က ပိုင်အိုတျာအား ပြေး၍ထိုးလိုက်သည်။

နှစ်ယောက်သား ထွေးလုံးရစ်ပတ်လျက် ရွှံ့ထဲသို့ လဲကျသွားသည်။ အင်္ကျီစုတ်သံက တပြင်းပြင်းပေါ်ထွက် လာသည်။

စတီပင်က အပေါ်စီးရသွားပြီး ပိုင်အိုတျာ၏ ခေါင်းကို ဒူးတဖက်ဖြင့် ဖိလျက် လက်သီးများဖြင့် ထိုးနေ၏။

ခရစ္စတိုနီယာက စတီပင်အား အတင်းဆွဲ၍ ဖြုတ်လိုက်၏။

ပိုင်အိုတျာက ပါးစပ်ထဲမှ သွေးကို ထွေးထုတ်လိုက်ပြီး...

“ဘာဖြစ်လို့ ထိုးတာလဲကွ”

ဟု အော်၍ မေးလိုက်၏။

“လမ်းပေါ်ကနေပြီး ချော်မမောင်းနဲ့၊ ဟဲ့...မြွေဆိုး”

ပိုင်အိုတျာက စတီပင်ရှိရာသို့ ပြေးသွားရန် ဟန်ပြင်လိုက်စဉ် ခရစ္စတိုနီယာက ဖမ်း၍ဆွဲထားလိုက်၏။ သို့ရာတွင် ပိုင်အိုတျာက အတင်းရုန်းကန်၍ ထွက်နေ၏။

“မင်းက…ငါ့ကိုတောင် ထိုးဖို့ကြံနေတာလား”

ခရစ္စတိုနီယာက အော်ပြောရင်း ပိုင်အိုတျာကို လှည်းဘေးတွင် ဖိ၍ ကပ်ထားလိုက်၏။

စတီပင်၏မြင်းမှာ လှည်းကို ဆွဲနိုင်တော့မည် မဟုတ်သည့်အတွက် ဖီအိုဒေါ့ နှင့် ပိုင်အိုတျာတို့၏ မြင်းကိုသာ လှည်းတွင် တပ်လိုက်ရ၏။

ခရစ္စတိုနီယာက သူ့မြင်းကို စတီပင်အား စီးစေပြီး သူ့ကိုယ်တိုင်မှာ လှည်းပေါ်မှ ပိုင်အိုတျာနှင့် အတူတက်၍ လိုက်ပါလာခဲ့၏။

ရွာကလေး တရွာသို့ ရောက်သည့်အချိန်တွင် သန်းခေါင်တိုင်နေပေပြီ။

ပထမဆုံး တွေ့ရသည့် တဲရှေ့တွင် လှည်းကို ရပ်လိုက်ပြီး တဲရှင်အား တညတာ တည်းခိုခွင့်ပြုရန် မေတ္တာရပ် ခံကြ၏။

တည်းရန် ခွင့်ပြုချက် ရသည့်အလျောက် ဖီအိုဒေါ့က မြင်းများကို တဲခြံဝင်းအတွင်းသို့ ရှေ့ဆောင်၍ သွင်းလာ သည်။ ခြံဝင်းအတွင်းတွင် ပစ်၍ထားသော ဝက်စာကျင်း တခုကို ဝင်၍တိုက်မိသည့်အတွက် ဖီအိုဒေါ့က မအေကိုင်၍ ဆဲလိုက်၏။

မြင်းများကို မြင်းဇောင်းအတွင်း သွင်းထားပြီးနောက် တိုမီလင်က တဲအတွင်းသို့ ဝင်သွား၏။ သူ့မှာ မေး တခိုက်ခိုက် တုန်အောင် အဖျားတက်လျက် ရှိနေလေသည်။ ပိုင်အိုတျာနှင့် ခရစ္စတိုနီယာတို့က လှည်းပေါ်တွင်ပင် အိပ်ကြ လေသည်။

နောက်တနေ့ အရုဏ်တက်လာသည်နှင့် တပြိုင်နက် ခရီးဆက်ရန် ပြင်ဆင်ကြ၏။

တဲအတွင်းမှ ထွက်လာသော စတီပင်နောက်မှ ခါးကုန်းနေသော အဘွားကြီးတစ်ယောက်က ထော့ကျိုး ထော့ကျိုး ဖြင့် လိုက်ပါလာ၏။

မြင်းဇောင်းထဲ သွားကြခြင်းပင် ဖြစ်လေသည်။

“ဘယ်မြင်းလဲ”

သက်ကျားအို အဘွားကြီးက မေးလိုက်၏။

“အနက်ရောင်မြင်းပဲ”

စတီပင်က သက်ပြင်းတချက်ချလိုက်ရင်း အဖြေ ပေးလိုက်၏။

အဘွားကြီးက ထောက်၍လာသော တုတ်ကို မြေပြင်ပေါ်တွင် ချထားလိုက်ပြီးနောက် သူ့အရွယ်နှင့် စာလျှင် အလွန်သန်စွမ်းသည်ဟု ဆိုရမည်ဖြစ်သော အားဖြင့် နာနေသော မြင်းခြေထောက်ကို ကျင်လည်စွာ မ,၍ကြည့်လိုက်၏။

အဘွားကြီးက မြင်းဒူးခေါင်းရိုးကို ကွေးကောက်နေသော လက်ချောင်းများဖြင့် သေချာစွာစမ်းသပ်ကြည့်နေသည်။ မြင်းက နာကျင်သဖြင့် နားရွက်နှစ်ဖက်ကို နောက်သို့ပေလျက် နောက်ခြေနှစ်ဖက်ကို မြဲပြီးရပ်နေ၏။

“မကျိုးဘူး၊ ဘယ်နေရာကမှ မကျိုးဘူး၊ မြင်းကို ဒီမှာပဲထားခဲ့။ ကောင်းကောင်း ငါလုပ်ပေးမယ်”

စတီပင်က လက်တဖက်ကို ဝှေ့ယမ်းပြရင်း လှည်းရှိရာသို့ သွားနေ၏။

"မြင်းကို ထားခဲ့မှာလား”

အဘွားကြီးက စတီပင်ကို မျက်လုံးပုတ်ခတ် ပုတ်ခတ်ဖြင့်ကြည့်ရင်း လှမ်း၍မေးလိုက်၏။

“ထားခဲ့မယ်…”

စတီပင်က ပြန်၍ပြောလိုက်လေသည်။

 

(ဆ)

 

“သူ့ကို တရက် မမြင်ရရင် မနေနိုင်ဘူး၊ သူ့အတွက် ငိုရလွန်းလို့လည်း မျက်စိတွေ ကျိန်းစပ်နေပြီ၊ ဂါဝန်ရေသီ နားကိုတောင် သူ့ကြောင့် ဖြောင့်အောင် မတပ်နိုင်ဘူး၊ အိမ်ရှေ့က သူဖြတ်ပြီးသွားတာ မြင်ရရင် ကျွန်မရင်ထဲမှာ နေမထိ ထိုင်မသာ ဖြစ်မိတယ်၊ ထင်ကျန်ရစ်ခဲ့တဲ့ သူ့ခြေရာတွေကို သွားပြီးနမ်းမိတယ်၊ ဒါလောက်တောင် ဖြစ်နေပါပြီ အဘွားရယ်၊ ကျွန်မကို ကယ်ပါ၊ သူ့ကို သူ့မိဘတွေက မိန်းမပေးစားဖို့ လုပ်နေကြပြီ။ ကျွန်မကို ကယ်ပါ အဘွားရယ်၊ ဘယ်လောက်ပဲ ကုန်ကုန် ကျွန်မ ပေးပါ့မယ်၊ ကျွန်မ မကြာခင်ကလေးမှ ဝယ်ထားလိုက်တဲ့ အကောင်းဆုံး အင်္ကျီတထည် ရှိပါတယ်၊ အဲဒီအင်္ကျီကို ပေးပါ့မယ်၊ ကျွန်မကိုသာ ကယ်ပါ အဘွားရယ်”

အက်စီနီယာ၏ အသည်းကွဲသည့် ဇာတ်လမ်း အစုံကို နားထောင်နေသော အဘွားအို ဒရိုစက်စီကာက ခေါင်း တညိတ်ညိတ်ဖြင့် ရှိနေ၏။

ဇာနားများတွန့်သလို တွန့်နေသော အသားအရေ ပေါ်တွင် မီးစုန်းကဲ့သို့ တောက်ပြောင်သော မျက်စိအစုံက အဘွားအို ၏မျက်နှာတွင် ထွန်းပနေ၏။

“နင်နဲ့ ကြိုက်နေတဲ့ သူငယ်က ဘယ်သူလဲ”

“ပင်တာလီမွန် မီလက်ကော့ဗ်ရဲ့ သားပါ”

“တူရကီသွေးပါတဲ့ ပင်တာလီမွန်ပဲ မဟုတ်လား”

“ဟုတ်ပါတယ်”

အဘွားအိုက ဖြူဖပ်ဖြူရော်ဖြစ်နေသော ပါးစပ်ကို တစုံတခု ဝါး၍နေသည့်အလား တမြုံ့မြုံ့လုပ်ရင်း အဖြေ ပေးရန် နှောင့်နှေး၍ နေ၏။

ပြီးမှ...

“မနက်ဖြန် မနက်အစောကြီး ငါ့ဆီကို လာခဲ့။ လင်းရောင်ခြည် ပေါ်တာနဲ့ လာခဲ့။ ငါတို့ ဒွန်မြစ်ထဲကို သွားကြ မယ်။ ဒီသူငယ်ကို လွမ်းနေရတာ၊ ဆွေးနေရတာတွေ ပျောက်သွားအောင် ဖြေဖျောက်ပေးမယ်။ အဆွေးတွေ အလွမ်း တွေကို ခဝါချပစ်လိုက်မယ်။ လာတဲ့အခါ မိန်းကလေးအိမ်က ဆားတဆုပ်ပဲ ယူခဲ့ပါ”

အဘွားကြီးထံမှ စီစဉ်ညွှန်ကြားချက်ကို ရယူပြီးနောက် အက်စီနီယာသည် သူ့မျက်နှာကို အဝါရောင် ရှောစောင် ကလေးဖြင့် လူမမြင်အောင် ရစ်ပတ်လျက် အဘွားအို၏ တဲအိမ်မှ သတိကြီးစွာထားကာ ကုပ်ကုပ် ကလေး ပြန်၍ ထွက်လာခဲ့၏။

ဒရိုစက်စီကာ၏ ခြံဝမှ ထွက်လာသော အက်စီနီယာ၏ မည်းမည်းသဏ္ဌာန်မှာ လမ်းပေါ်သို့ ရောက်သည်နှင့် တပြိုင်နက် အမှောင်ထုထဲတွင် ပျောက်ကွယ်၍ သွားသကဲ့သို့ ရှိနေ၏။

အဘွားကြီး၏ တဲနှင့် ဝေး၍လာသောအခါ ရွာအဆုံးတနေရာမှ ပေါ်ထွက်၍လာသော သီချင်းဆိုသံ ကို ကြားရ လေသည်။

နံနက် အရုဏ်တက်သည်နှင့် တပြိုင်နက် အက်စီနီယာက အဘွားအို ဒရိုစက်စီကာ၏တဲဝသို့ ရောက်နေပြီ ဖြစ်၏။ တညလုံး တမှေးမှ မအိပ်ဘဲ အကြံအစည် အောင်မြင်ရေးကိုသာ အက်စီနီယာက တွေးနေခဲ့ရသည် မဟုတ်လား။

“အဘွားရေ...အဘွား...”

အက်စီနီယာက အသံကို အုပ်၍ တိုးတိုးခေါ်လိုက်၏။

“ဘယ်သူလဲဟေ့ …”

“ကျွန်မပါ... အက်စီနီယာပါ..ထတော့လေ”

အဘွားအိုနှင့် အက်စီနီယာတို့သည် လူသွားလူလာ မရှိသော လမ်းကြိုလမ်းကြား ကလေးမှ ဒွန်မြစ် ရှိရာသို့ လာခဲ့ကြ၏။

မြစ်ပြင်ရှိရာသို့ တိုးထွက်နေသော သောင်စပ်မှာ ရေခဲတမျှ အေးနေလေသည်။

စွတ်စိုသော၊ အေးမြသော မြူခြေများက ဒွန်မြစ်ပေါ်မှ ဝှေ့လျက် ကမ်းစပ်ရှိရာသို့ လာနေ၏။

အဘွားအို ဒရိုစက်စီကာက အရိုးငေါ၍ထွက်နေသော သူ့လက်ဖြင့် အက်စီနီယာကို ဆွဲကာ ရေစပ် ရှိရာသို့ ဆင်းလာသည်။

“အိမ်ကယူခဲ့တဲ့ ဆားကို ပေးစမ်း”

အက်စီနီယာက လက်ထဲတွင်ဆုပ်၍ ယူလာခဲ့သော ဆားကို ပေးလိုက်၏။

“နေထွက်ရာဘက်ကို မျက်နှာလှည့်ပြီး နင့်ကိုယ်ပေါ်မှာ လက်ဝါးကပ်တိုင် အမှတ်အသား လုပ်လိုက်ပါ”

အက်စီနီယာက အရှေ့ဘက်မှ နှင်းဆီရောင်ဖြင့် ပြုံးလျက်ရှိသော နေမင်း၏ အလင်းရောင်ကို မနာလို ဝန်တိုသည့် အကြည့်ဖြင့် ငေး၍ကြည့်ရင်း သူ့ကိုယ် ပေါ်တွင် လက်ဝါးကပ်တိုင် အထိမ်းအမှတ်လို ပြုလိုက်၏။

“လက်ခုပ်နဲ့ မြစ်ထဲက ရေကို ခပ်ပြီး တကျိုက်လောက် သောက်လိုက်ပါ”

အဘွားအို၏ ညွှန်ကြားချက်အတိုင်း အက်စီနီယာ က မြန်မြန်ပင်သောက်လိုက်၏။

အဘွားအို ဒရိုစက်စီကာသည် ပင့်ကူမည်းမည်းကြီး တစ်ကောင်ကဲ့သို့ ခြေကိုကားလျက် ရေထဲသို့ ဆင်းသွားပြီး တအိအိ လာ၍ပုတ်နေတဲ့ လှိုင်းလုံးကလေး တစ်ခုပေါ်၌ ဆောင့်ကြောင့်ထိုင်၍ချလိုက်၏။

ပြီးမှ နှုတ်မှ ရွတ်ဖတ်၍နေလေသည်။

“အသည်းနှလုံးထဲမှ ပေါ်ထွက်လာသော အမုန်း၊ ရေခဲ ကဲ့သို့လည်း အေး၏။ ဆူး ကဲ့သို့လည်း ရှ၏။ အသည်းနှင့် အသားများ လောင်ကျွမ်းလျက် ရှိနေရပါပြီ... သူ့နှလုံးအိမ်တွင် အရိုင်းစိတ်များ ဝင်နေပါ၏။ လွမ်းတမြည့်မြည့်နှင့် ဆွေးနေ ရပါပြီ..။ ဘုရားသခင်၏ တန်ခိုးတော် အမြင့်တကာတို့၏ အမြင့်၊ အမြတ်တကာတို့၏ အမြတ်၊ အစင်ကြယ် အမွန်မြတ် ဆုံးသော မယ်တော်..ဘုရားသခင် ကျွန်တော်မအား …ဂရီဂို”

အဘွားအိုကြီး၏နှုတ်မှ တီးတိုးရွတ်ဖတ် သရဇ္ဈာယ် နေသောအသံကို အုပ်စီနီယာ မကြားတချက် ကြားတချက် ရှိနေသည်။

အဘွားအိုက သူ့ခြေရင်းတွင်ရှိသော စိုထိုင်းသည့် သဲပေါ်သို့ ဆားအနည်းငယ်ကို ဖြူးလိုက်ပြီးနောက် အချို့ ဆားများကို ရေထဲတွင် ဖြူးလိုက်ကာ ကျန်နေသည့် ဆားကို အက်စီနီယာလက်သို့ ပေးလိုက်၏။

“ရေနည်းနည်းယူပြီး မိန်းကလေးရဲ့ပခုံးပေါ်မှာ ဖျန်းလိုက်စမ်းပါ”

အက်စီနီယာက အဘွားကြီးရဲ့ ညွှန်ကြားချက်အတိုင်း မြစ်ရေကို လက်ခုပ်ဖြင့် ခပ်၍ယူပြီး ပခုံးပေါ်တွင် မြန်မြန် ကလေး ဖျန်းလိုက်၏။

ဤသို့ ဖျန်းပြီးမှ နီညိုရောင် အရေပြား ကြမ်းများဖြင့် ပြီးအပ်သော အဘွားအို ဒရိုစက်စီကာ၏ မျက်နှာကို အက်စီနီယာ က ငေး၍ကြည့်လိုက်၏။

အက်စီနီယာ၏ အကြည့်တွင် ဝမ်းပမ်းတသာ ဖြစ်နေသည့် လက္ခဏာလည်း ပါသည်။ အဘွားအိုအား ရွံရှာသည့် အသွင်လည်း ပါသည်။

“ဒါ...ပြီးပြီလား၊ အဟုတ်လား”

အက်စီနီယာက အဘွားအိုအား မေးလိုက်၏။

“ဟုတ်တယ်…ဒါပဲ၊ ပြီးပြီ”

အက်စီနီယာက အသက်ရှူရန်ပင် သတိမရဘဲ အိမ်ရှိရာသို့ ပြေးလာခဲ့၏။

နွားများက နွားတင်းကုပ်ထဲတွင် တဘဲဘဲ အော်မြည်နေကြပေပြီ။

မိမိ၏နွားများကို နွားစားကျက်သို့ လွှတ်ရန်အတွက် ခြံဝင်းအတွင်းမှ မောင်းထုတ်၍ လာခဲ့သော ဒါရီယာမှာ အိပ်ချင်စိတ်ပင် မပြေသေး။

နွားများကို နွားကျောင်းသား လက်သို့ အပ်ရန် ထွက်လာခဲ့သော ဒါရီယာက မိမိအား ဖြတ်ကျော်၍ ပြေးသွားသော အက်စီနီယာကို တွေ့လိုက်ရသောကြောင့် ပြုံး၍ နှုတ်ဆက်လိုက်၏။

“ကောင်းကောင်း အိပ်ရရဲ့လား”

“ဘုရားသခင်ရဲ့ကျေးဇူးကြောင့် အိပ်ရပါတယ်၊ ဘုရားသခင် စောင်မ,ပါစေ”

“ဒါထက်….ဒါလောက် စောစောကြီး ဘယ်ကိုများ သွားနေတာလဲ”

"ရွာထဲမှာ ကိစ္စကလေးတခုရှိလို့ပါ”

အက်စီနီယာက အဖြေပေး လိုက်လေသည်။ နံနက် ဘုရားဝတ်ပြုရန် အတွက် ဘုရားရှိခိုးကျောင်းမှ ခေါင်းလောင်းသံ ပေး၍ နေလေသည်။

နွားကျောင်းသားများ၏ စားကျက်သို့ထွက်ရန် အချက်ပေးသံများကလည်း ကြိုကြား ကြိုကြား ပေါ်ထွက်လာ၏။ နွားကျောင်းသား များက နွားကျောင်းရာတွင် အသုံးပြုရသော ကျာပွတ်များကို လမ်းသေး လမ်းမြောင်များတွင် တဖြန်းဖြန်း ရိုက်နေသည်။

အက်စီနီယာက ခြံထဲမှ နွားမများကို စားကျက်သို့ လွှတ်မည့် နွားအုပ်ကြီးကို မီအောင် ခြံဝင်းထဲမှ မြန်မြန် ရိုက်၍ ထုတ်လိုက်ပြီးနောက် ညှစ်ပြီးသား နွားနို့ကို စစ်ရန် တဲအိမ်ဝသို့ ယူလာခဲ့၏။

လက်နှစ်ဖက်ကို ဂါဝန်အပေါ်မှ ထပ်၍ ဝတ်ထားသော အင်္ကျီတွင် သုတ်လိုက်ပြီး နို့ကို စစ်၍နေ၏။ ဤသို့ စစ်နေရ သော်လည်း သူ့အတွေးများက နို့စစ် သည့်နေရာတွင် မရှိဘဲ တခြားသို့ရောက်နေလေသည်။

ဤအခိုက်တွင် တကျွီကျွီမြည်သော လှည်းဘီးသံများနှင့်အတူ မြင်းများ၏ နှာမှုတ်သံက လမ်းမကြီး ရှိရာမှ ပေါ်ထွက် လာလေသည်။

အက်စီနီယာက နို့ထည့်ထားသောပုံးကို တနေရာတွင် သိမ်း၍ ထားလိုက်ပြီး အိမ်ရှေ့ ပြတင်းပေါက်သို့ ထ၍ လာကာ လမ်းဘက်သို့ မျှော်၍ကြည့်လိုက်၏။

ခါးတွင် ချိတ်၍ထားသော မြင်းစီးဓားလွယ်မှ ဓားနှောင့်အဖုကို လက်တဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်လျက် မလွယ်ပေါက် တံခါးမှ ဝင်၍လာသော စတီပင်ကို အက်စီနီယာက မြင်လိုက်ရ၏။

ထိတ်ထိတ်ပျာပျာ ဖြစ်သွားသော အက်စီနီယာက ဂါဝန်အပေါ်မှ ထပ်၍ ဝတ်ထားသော အင်္ကျီကို လက်နှစ်ဖက် ဖြင့် ဆုပ်ကိုင်၍ ထားလိုက်မိပြီးနောက် ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်၏။

လှေကားထစ်များပေါ်သို့ တက်၍လာသော ခြေသံများ …

တဲဝပေါ်သို့ တက်လာသော ခြေသံများ …

တံခါးပေါက်ဝအထိရောက်လာသော ခြေသံများ …

ဤခြေသံများ၏ အဆုံးတွင် ကြုံလှီသောကိုယ်ခန္ဓာ၊ စိမ်းကားသော အကြည့်ဖြင့် တံခါးခုံပေါ်တွင် ရပ်နေရသော စတီပင်ကို အက်စီနီယာက တွေ့မြင်လိုက်ရ၏။

“ဘယ့်နှယ် …”

စတီပင်က စကားစ,လိုက်၏။

လှပသော၊ ကျန်းမာသော၊ တောင့်တင်းသော၊ ဖွံ့ဖြိုးသော၊ ပြည့်တင်းသော ကိုယ်ခန္ဓာကို သယ်ဆောင် လျက် အက်စီနီယာက စတီပင် ရပ်လျက်ရှိသော နေရာသို့ ထ၍လာသည်။

တကိုယ်လုံးမှာ မူးဝေလျက် ယိမ်းထိုးနေလေသည်။

“ကျွန်မကို ရိုက်ပါ”

အက်စီနီယာက လေးကန်စွာပြောရင်း စတီပင် နှင့် ခပ်ယွန်းယွန်းနေရာတွင် ရပ်လိုက်၏။

“ဘယ့်နှယ်….အက်စီနီယာ..”

“ကျွန်မက ဘာမှ ကွယ်ဝှက်ပြီး မနေလိုတော့ပါဘူး၊ ကျွန်မကို ရိုက်စမ်းပါ”

အက်စီနီယာက သူ့ရင်ညွန့် ပေါ်တွင် ခေါင်းကို ငုံ့၍ထား၏။ လက်နှစ်ဖက် ကိုလည်း ရင်ဘတ်ပေါ်တွင် ပိုက်၍ ထား၏။

စတီပင်က ရိုက်ခဲ့လျှင် ဝမ်းဗိုက်အပေါ်၌ မကျအောင် လက်ကို ပိုက်၍ အကာအကွယ် ပြုရင်း အက်စီနီယာက သူ့လင်ကို ရင်ဆိုင်လေသည်။

အကြောက်လွန်နေသော၊ စကားမပြောတတ်သော ကျောက်ရုပ်ကဲ့သို့ ရှိနေသည့် အက်စီနီယာ၏ မျက်နှာပေါ်ရှိ မျက်တွင်း ကျနေသည့် မျက်စိများက မျက်တောင် တချက်မျှမခတ်ဘဲ စတီပင်ကိုသာ ငေးစိုက်၍ကြည့် နေလေသည်။

စတီပင်က အက်စီနီယာနှင့် ဝေးအောင် ယိမ်းထိုးလျက် ရှေ့မှဖြတ်ကာ အခန်းတွင်းသို့ ဝင်သွားသည်။ ယောက်ျား တစ်ယောက်၏ ချွေးနံ့နှင့် ခရီးသွားရာမှ ပြန်လာသော မဖွပ်မလျှော်ရသေးသည့် အင်္ကျီနံ့စူးစူးက ပျံ့လွင့်၍လာသည်။

ခေါင်းတွင် ဆောင်းထားသော ဦးထုပ်ကို မချွတ်ဘဲ စတီပင်က အိပ်ရာပေါ်တွင် ပစ်၍လှဲလိုက်၏။

ပြီးမှ ပခုံးနှစ်ဖက်ကို တွန့်၍လှုပ်ရင်း ဓားလွယ် ချိတ်ထားသည့် ခါးပတ်ကြိုးကို ဖြုတ်ပစ်လိုက်၏။

ကိုက်ပြီး ညှပ်ပြီးစ နှုတ်ခမ်းမွေး ကျင်စွယ်များမှာ အောက်ဘက်သို့ လျော့တိလျော့ရဲ ကျနေသည်။

အက်စီနီယာက ခေါင်းကို ချာခနဲမလှည့်ဘဲ စတီပင်အား ဘေးတိုက်မှ စောင်းငဲ့၍သာကြည့်လိုက်၏။

စတီပင်က ခြေထောက်နှစ်ချောင်းကို အိပ်ရာ ခြေရင်းဘက်တွင် တင်ထား လိုက်သောအခါ ခြောက်နေသော ရွှံ့များက ဘွတ်ဖိနပ်မှ တဖြည်းဖြည်း ကွာ၍ ကျနေလေသည်။

မျက်နှာကြက် ရှိရာသို့ ငေးစိုက်၍ ကြည့်ရင်း စတီပင်သည် ဓားလွယ်မှ ပန်းပွားကို လက်ဖြင့် ကစား၍ နေ၏။

“မနက်စာ စားပြီးပြီလား”

“မစားရသေးဘူး”

“ငါ့အတွက် တခုခုပေးစမ်းပါ”

စတီပင်က နို့ကို တကျိုက်ချင်း သောက်နေ၏။ နှုတ်ခမ်းမွေးမှာ နို့ဖြင့် စိုနေ၏။ ပေါင်မုန့်ကိုလည်း ဖြည်းဖြည်း ချင်း ဝါး၍နေသည်။

အက်စီနီယာက မီးဖိုနားတွင် ရပ်လျက် စောင့်နေလေသည်။ ဤသို့ ရပ်နေရင်း အစာစားလိုက်တိုင်း နိမ့်ချည် မြင့်ချည် ဖစ်နေသော အရိုးနုမျှင်များ ဖြင့်သာ ပြီးသည့် လင်ဖြစ်သူ၏ နားရွက်နှစ်ဖက်ကို အက်စီနီယာ က အလွန် ကြောက်လန့် တုန်လှုပ်နေရာမှ ကြည့်နေမိ၏။

စတီပင်က စားပွဲမှနေ၍ ခွာထွက်လိုက်ပြီး သူ့ကိုယ်ပေါ်တွင် လက်ဝါးကပ်တိုင် အထိမ်းအမှတ်ကို ပြုလိုက်၏။

“ဖြစ်ပျက်တာတွေအားလုံး ပြောပြစမ်းပါကွာ”

စတီပင်က တိုတိုတုတ်တုတ်နှင့် တိုက်ရိုက်ပင် မေးလိုက်၏။

အက်စီနီယာက ခေါင်းကို တွင်တွင်ကြီး ငုံ့ထားရင်း စားပွဲကို သိမ်းနေ၏။ နှုတ်ကလည်း တစုံတခုမှ မပြော။

“နင့်လင်ကို ဘယ်လို စောင့်ကြိုနေတယ် ဆိုတာ.. လင်ရဲ့ဂုဏ်ကို ဘယ်လို စောင့်စည်းခဲ့တယ်ဆိုတာ ပြောစမ်းပါဦး ...ကဲ…”

ပြင်းထန်သော လက်သီးဒဏ်ချက် ကို မျက်နှာပေါ်တွင် ခံလိုက်ရသောကြောင့် အက်စီနီယာက အောက်ခြေ လွတ်၍ သွားပြီး တံခါးပေါက်အနီးသို့ လွင့်စဉ်၍ လဲကျသွား၏။ ကျောကုန်းက တံခါးဘောင်နှင့် တိုက်မိသွားသည်။

အက်စီနီယာက နာကျင်သော ဝေဒနာဖြင့်… ညည်းညူလိုက်၏။

ခြေမခိုင်သော အားနွဲ့သူ မိန်းမသားတစ်ယောက် ကိုသာမဟုတ်။ ရမ္မက်ကြီး၍ တောင့်တင်းသော ယောက်ျားကြီးများ ကိုလည်း လက်ဖြောင့်လက်သီး တချက်သာ မျက်နှာတည့်တည့်ပေါ်သို့ ထိုးလိုက်ရပါက စတီပင်သည် အထိုးခံရသူအား လွင့်စဉ်၍သွားအောင် ထိုးနိုင်သူဖြစ်၏။

ကြောက်စိတ်ကြောင့်လား၊ မိမိတို့၏ သဘာဝ အခြေခံအချက်ကြောင့်လားမသိ အက်စီနီယာသည် ပုံလျက် ကျသွားသော နေရာတွင် ခဏမျှသာနေကာ ခဏမျှသာနားလျက် လေးဘက်ထောက်၍ ပြန်ထလာ၏။

ပုံလျက်လဲကျ သွားချိန်နှင့် ပြန်၍ လေးဘက်ထောက် ထလာသည့် အချိန်အတွင်းတွင် စတီပင်က စီးကရက် တလိပ်ကို မီးညှိပြီး ဖြစ်နေရုံသာမက အခန်းအလယ်တွင် မတ်တတ်ရပ်လျက် သမ်းဝေ၍ ပင်နေပြီ ဖြစ်၏။

စတီပင်က ဆေးနှင့် စီးကရက်စက္ကူများ ထည့်ထားသော အိတ်ကလေးကို စားပွဲပေါ်သို့ ပစ်၍ တင်လိုက်၏။

ဤအချိန်တွင် အက်စီနီယာက တံခါးကို ဂျုန်းခနဲ ပိတ်လျက် အပြင်သို့ ထွက်ပြေးပြီး ဖြစ်နေ၏။

သွေးများ ယိုစီးလျက်ရှိသော အက်စီနီယာက အိမ်ထဲမှ ထွက်လျက် သူတို့ခြံနှင့် ပင်တာလီမွန်တို့၏ ခြံကို ခွဲ၍ထားသော ခြံစည်းရိုးရှိရာသို့ ထွက်ပြေးလာစဉ် စတီပင်က နောက်မှ ပြေး၍လိုက်လာ၏။

စည်းရိုးနားသို့ အရောက်တွင်... စတီပင်က အက်စီနီယာကို မီ၍လာပြီး သူ၏ မည်းနက်သော လက်တဖက်က အက်စီနီယာ၏ ခေါင်းကို လင်းယုန် တစ်ကောင် သုတ်သကဲ့သို့ မြဲမြဲကြီး ဖမ်းချုပ်ကိုင်ထား လိုက်၏။

အက်စီနီယာ၏ ဆံပင်များက စတီပင်၏ လက်ချောင်းများအတွင်းတွင် ချော်၍ ချော်၍ ထွက်နေသည်။ စတီပင် က အက်စီနီယာဆံပင်ကို ဇတ်ဇတ်ပါ အောင်ဆွဲလျက် မြေကြီးပေါ်သို့ ဆောင့်၍ချလိုက်၏။

ဤသို့ချလိုက်သည်ကို အိမ်ရှေ့မှ ဖြတ်၍လျှောက်လာသော လက်ပြတ် အလက်ဇီက တွေ့မြင်၍သွားသည်။

“လင်ဖြစ်သူက မယားဖြစ်သူအား ဆံပင်ကို ဆောင့်၍ဆွဲချရုံတောင် မဟုတ်၊ ဖနောင့်ဖြင့်ပေါက် လျှင်ကော ဘာဖြစ်သလဲ”

အလက်ဇီက ဤသို့ တစ်ယောက်တည်း ထင်မြင်ချက်ပေးရင်း တံခါးပေါက်မှနေ၍ ခြံအတွင်းသို့ ကြည့်လိုက်၏။

ဤသို့ကြည့်ရင်း မျက်ခုံးတဖက်ကို ပင့်ချီလိုက်၏။ ချုံကဲ့သို့ အမွေးထူသော သူ့မုတ်ဆိတ်ကလေး ကိုလည်း ပြုံးလျက် လက်ဖြင့်ကုတ်၍ နေ၏။

တရားသဖြင့် ထိမ်းမြားလက်ထပ်၍ ယူထားသော မယားကို စတီပင်က အပြစ်ဒဏ်ခတ်နေပုံမှာ အဘယ်ကြောင့် ဖြစ်သည် ဟူ၍ကား အလက်ဇီက သဘောပေါက်ပြီးသား ဖြစ်နေ၏။

စတီပင်က မယားဖြစ်သူကို သေအောင်ရိုက်,မရိုက် ရပ်၍ ကြည့်နေချင်သော်လည်း သူ့လိပ်ပြာကို သူ မလုံသော ကြောင့် လည်းကောင်း၊ မိန်းမတစ်ယောက် မဟုတ်သောကြောင့် လည်းကောင်း အလက်ဇီက ရပ်၍ ကြည့်မနေဘဲ ဆက်၍သာ လျှောက်လာခဲ့၏။

စတီပင်အား ခပ်ဝေးဝေးမှ ကြည့်နေသူ တစ်ယောက်ကမူ လူတစ်ယောက်က ကော့ဆက် အမျိုးသားအကကို က,နေသည် ဟု ထင်မှတ်နေမည်မှာ အမှန်ပင်ဖြစ်၏။

မီးဖိုချောင် ပြတင်းပေါက်မှ နေ၍ လှမ်းကြည့်နေသော ဂရီဂိုကလည်း အပေါ်သို့ခုန်လိုက်၊ အောက်သို့ ဆင်းလိုက် လုပ်နေသော စတီပင်အား က၍နေသည် ဟုပင် အစပထမ၌ ထင်ခဲ့၏။

သို့ရာတွင် နောက်ထပ်၍ ကြည့်လိုက်သော အခါ၌ကား ဂရီဂိုက အဖြစ်မှန်ကို တွေ့လာတော့၏။

သို့ဖြစ်၍လည်း ဂရီဂိုက လက်သီးနှစ်ဖက်ကို ထိုးရန် အသင့်အနေအထားဖြင့် အိမ်ထဲမှ ထွက်ကာ စည်းရိုး ရှိရာသို့ ပြေးထွက်လာခဲ့၏။

ပိုင်အိုတျာက သူ့ညီနောက်မှ ထက်ကြပ်မကွာ လိုက်ပါလာသည်။

မြင့်မားသော စည်းရိုးကို ဂရီဂိုက ငှက်တစ်ကောင် ကဲ့သို့ ပျံ၍ ခုန်လိုက်ပြီး စတီပင်ရှိရာသို့ နောက်ကျော ဘက်မှနေ၍ အတင်းဒုန်းစိုင်းကာ ချဉ်းကပ်လာခဲ့၏။

အစပထမတွင် စတီပင်က အံအားသင့်၍ နေမိ၏။ ပြီးမှ ကိုယ်ကို တပတ်လှည့်လိုက်ကာ ဂရီဂိုအား ဝက်ဝံကြီး တစ်ကောင်ကဲ့သို့ အတင်းထိုးသတ်လိုက်၏။

ဂရီဂိုနှင့် အစ်ကိုဖြစ်သူ ပိုင်အိုတျာတို့က စတီပင် အား စိတ်ရှိလက်ရှိ ထိုးသတ်ကြ၏။ အသေကောင်ပုပ် ကို လင်းတများ ဆွဲသကဲ့သို့တည်း။

စတီပင်၏ လက်ခေါက်ဒဏ်ချက်ကြောင့် ဂရီဂို က မြေကြီးပေါ်သို့ ခွေခနဲ ခွေခနဲ လဲကျသွားခဲ့၏။ လက်ဆစ် လက်ခေါက်များ သန်မာသော စတီပင်နှင့် စာလျှင် ဝဖြိုးသော ပိုင်အိုတျာက ပို၍ တောင့်တင်းသည်ဟု ဆိုရမည်ဖြစ်၏။ သို့တိုင်အောင် ပိုင်အိုတျာမှာ စတီပင်၏ ထိုးသတ်ချက်ကြောင့် လေပြင်းပြင်း အတိုက်ခံနေရသည့် ကျူပင်လို ကိုင်း၍ ကုန်း၍ ခံနေရ၏။

သို့သော် မြေကြီးပေါ်သို့ကား လဲပြိုကျသွားခြင်း မရှိဘဲ ကြံ့ကြံ့ခိုင်၍ နေနိုင်လေသည်။

မျက်စိတဖက်က မီးတဝင်းဝင်းတောက်နေ သကဲ့သို့ ရှိနေပြီး အခြားတဖက်က အချိန်မတန်မီ မှည့်နေသော စပျစ်သီးကဲ့သို့ ညိုမည်းလျက်ရှိသော စတီပင်က နှစ်ယောက်နှင့် တစ်ယောက် ဖြစ်နေသည့် အတိုင်း အိမ်ရှေ့ လှေကားထစ်များရှိရာသို့ တဖြည်းဖြည်းဆုတ်ရင်း မီလက်ကော့ဗ် ညီအစ်ကိုနှစ်ယောက်ကို ထိုးသတ်နေ၏။

ဤအခိုက် တွင်ပင် စတီပင်ထံမှ မြင်းကကြိုး တန်ဆာပလာအချို့ကို ငှားရန်အတွက် ရောက်ရှိလာသော ခရစ္စတိုနီယာ က ရန်ဖြစ်နေသူများကို လူချင်း ခွဲ၍ ပေးလိုက်နိုင်ခဲ့၏။

“ရပ်စမ်း လူချင်းခွဲစမ်း၊ မခွဲရင် သူကြီးဆီကို သွားပြီးတိုင်မယ်”

ခရစ္စတိုနီယာက သူ့လက်နှစ်ဖက်ကို ဝှေ့ယမ်းရင်း ရန်ပွဲကို ဟန့်တားလိုက်၏။

ပိုင်အိုတျာက သတိကြီးစွာထား၍ သူ့လက်ဝါးထဲတွင် တံတွေးကို ထွေးထုတ်လိုက်သောအခါ တံထွေးမှာ သွေးအတိ ဖြစ်နေပြီး သွားကျိုးတပိုင်းကလည်း ထပ်၍ပါလာ၏။

ခရစ္စတိုနီယာက လူချင်းခွဲ၍ ထားလိုက်သည်ကို မကျေမနပ်ဖြစ်နေသော ပိုင်အိုတျာက သူ ့ညီအား အသံသြသြကြီးဖြင့် လှမ်း၍ပြောလိုက်၏။

“လာဟေ့-ဂရီဂို၊ တချိန်ချိန်မှာတော့ ဒီကောင်ကို တို့က အသေဆော်ပစ်နိုင်မှာပဲ...”

အိမ်ရှေ့လှေကားပေါ်သို့တက်နေသော စတီပင်က လှေကားပေါ်မှနေ၍ ပြန်ပြောလိုက်၏။

“နင်တို့ နှစ်ယောက်က ငါ့ကို ပုန်းပြီး ရိုက်ကြမလို့လား။ ဒါမျိုးတော့ သူရဲဘော ကြောင်ကြောင်နဲ့ မလုပ်ကြနဲ့...ဟေ့”

“မလုပ်ပါဘူးကွာ၊ မလုပ်ပါဘူး”

“မလုပ်ပါဘူးဆိုပြီး လုပ်ရင်တော့ မင်းတို့ရဲ့ အူတွေ အသည်းတွေကို ငါက ဆွဲထုတ်ပြီး သတ်ပစ်လိုက်မယ်”

လှေကားပေါ်တွင်ရပ်နေသော စတီပင်က ကြုံးဝါးလိုက်၏။

“နင်က… တကယ်ပြောနေတာလား”

မီလက်ကော့ဗ် ညီနောင်က ပြန်၍ ရန်စလိုက်၏။ စတီပင်က လှေကားပေါ်တွင်ရပ်နေရာမှ လှေကားထစ်များကို နင်းလျက် ပြေး၍ဆင်းလာသည်။

ဂရီဂိုက ခရစ္စတိုနီယာလက်ထဲမှ ရုန်းထွက် လိုက်၏။

သို့သော် ခရစ္စတိုနီယာက ဂရီဂိုအား ခြံပေါက်ရှိရာသို့ အတင်းတွန်းကန်၍ထုတ်ရင်း ကြိမ်းမောင်းလိုက်၏။

“သွားရဲရင် သွားစမ်း၊ နင့်ကို ဖွတ်ဖွတ်ကြေအောင် ရိုက်ပြမယ်”

 

အခန်း [၅]

 

“ပိုင်အိုတျာကို သူ့မြင်းနဲ့ မြင်းမကြီးကို လှည်းမှာ တပ်လိုက်လို့ သွားပြောစမ်းကွာ”

ပင်တာလီမွန်က သောက်လက်စ စွပ်ပြုတ်ကို အပြီးသတ်ရင်း တည်ငြိမ်သောအသံဖြင့် ဂရီဂိုအား အမိန့်ပေး လိုက်၏။

ပင်တာလီမွန်၏ အမူအရာမှာ ဘုရားဝတ်ပြု စည်းဝေးပွဲ၌ ကျောင်းထိုင်ဘုန်းကြီးကဲ့သို့ ရင့်ကျက် တည်ငြိမ်နေ၏။ ချွေးများကလည်း စွပ်ပြုတ်ပူပူကြောင့် တကိုယ်လုံးတွင် စိုနေ၏။ ပြေး၍ လာသော နွားထီးကြီး တစ်ကောင် ချွေးပြန်နေ သကဲ့သို့တည်း။

ဒူနီယာက…. ဂရီဂို၏ လှုပ်ရှားမှုမှန်သမျှကို ဂရုတစိုက် လိုက်၍ကြည့်နေသည်။

ဆံပင်တိုတိုညှပ်လျက် လိမ္မော်ဝါရောင် ရှောတဘက်ကလေးကို ခြုံထားသော အဘွားကြီး အီလီနစ်ချ်နာမှာ တနင်္ဂနွေနေ့ ဘုရားရှိခိုးကျောင်းသို့ သွားသည့်အခါမှ ဝတ်ဆင်တတ်သည့် အဝတ်အစားများဖြင့် အရေးကြီးသော ကိစ္စ တခုကို ဆောင်ရွက်တော့မည့် အသွင်ပေါက်နေ၏။

အဘွားကြီးက အိမ်ရှင်မနှင့် မိခင်တစ်ဦး ဖြစ်သည် နှင့်အညီ စွပ်ပြုတ်ကို လက်စသတ်သည့် လင်ယောက်ျား ဖြစ်သူအား သတိထား၍ကြည့်လိုက်ရင်း ...

“ထပ်ပြီး သောက်ဦးမလား၊ ကိုယ့်ဟာကိုယ် အငတ်ခံမနေပါနဲ့”

ဟု လင်ဖြစ်သူအတွက် စိုးရိမ်ကြောင့်ကြသည့်အသံဖြင့် ပြောလိုက်၏။

“စားဖို့သောက်ဖို့ အချိန်မရှိဘူးဟေ့”

အဘိုးကြီးက ဤသို့ ပြန်ပြောလိုက်သည့်အချိန် တွင်ပင် ပိုင်အိုတျာ၏ ဂျုံဝါရောင်ကဲ့သို့သော ရှည်လျားသည့် နှုတ်ခမ်းမွေး ကျင်စွယ်များက တံခါးပေါက်ဝတွင် ပေါ်လာ၏။

“ရထားပေါင်းချုပ်ရာ… ‘က’ လို့ဖြင့် ပြီးပါပြီ၊ ကြွတော်မူရန် အသင့်ပါ”

ပိုင်အိုတျာက မှူးကြီးမတ်ကြီးများအား အိမ်တော်ရှိ မင်းချင်းယောက်ျားက လျှောက်ထားသည့် ဟန်ပန် လေသံဖြင့် ပြောလိုက်သောကြောင့် ဒူနီယာက ခွက်ထိုးခွက်လန် ရယ်လိုက်၏။ ပြီးမှ သူ့မျက်နှာကို အင်္ကျီ လက်ဖျင် လက်ဖြင့် ကွယ်၍ ထားလိုက်လေသည်။

အဘွားကြီး အီလီနစ်ချ်နာ၏ ညီအစ်မဝမ်းကွဲတော်သူ ဗာစီလီစာမှာ ပင်တာလီမွန် တို့နှင့်အတူ အောင်သွယ်တော် အဖြစ် လိုက်ပါမည် ဖြစ်၏။

ဗာစီလီစာကို တအိမ်လုံးက အန်တီဟု ခေါ်ကြ၏။ နှုတ်သီးကောင်း လျှာပါးဖြင့် ရည်ရည်လည်လည် ပါးပါးနပ်နပ် ဖြင့် စကားပြောတတ်သူ ဖြစ်သောကြောင့် ဂရီဂိုအား မိန်းမပေးစားမည့် အရေးတွင် အောင်သွယ်တော်အဖြစ် အဘိုးကြီး က ခေါ်ယူထားခြင်း ဖြစ်၏။

အမိုးမပါသော လေးဘီးတပ် လှည်းပေါ်သို့ ပထမဆုံး တက်သူမှာ အန်တီပင် ဖြစ်၏။ ခေါင်းတလှုပ်လှုပ် တယမ်းယမ်းဖြင့် ရယ်၍မော၍ စကားကိုလည်း အမျှင်မပြတ် ပြောနေလေရာ အန်တီ၏ ကျုံ့နေသော နှုတ်ခမ်းများ အောက်တွင် မည်း၍နေသော၊ ကျိုး၍နေသော သွားများကို ထုတ်ပြနေသကဲ့သို့ ရှိနေလေသည်။

“နင့်သွားကျိုးကြီး တွေကို ထုတ်ထုတ်ပြီး ပြမနေနဲ့ ...ဗာစီလီစာ၊ နင့်သွားကျိုးကြီးတွေကို မြင်ပြီး တို့အကြံတွေကို လက်မခံဘဲ နေပါဦးမယ်၊ နင့်ပါးစပ်ထဲက သွားတွေက အရက်မူးနေတယ် ထင်တယ်၊ တချောင်းက ဟိုဘက်မှာထောင်၊ တချောင်းက ဒီဘက်မှာ ကပ်နဲ့”

လှည်းထက်တွင် ကပ်၍ထိုင်နေသော အောင်သွယ်တော်ကြီးအား အဘိုးကြီး ပင်တာလီမွန်က သတိပေး စကား ပြောကြားလိုက်၏။

“ကျွန်မက သတို့သားလောင်းမှ မဟုတ်ဘဲ”

အန်တီက ပြန်၍နှုတ်လှန်ထိုးလိုက်၏။

“သတို့သားလောင်းတော့ မဟုတ်ဘူးပေါ့ကွယ်၊ ဒါပေမဲ့ ရယ်ဖို့ကြုံတိုင်း သတိထားစမ်းပါ”

အောင်သွယ်တော်ကြီးက အဘိုးကြီး ပင်တာလီမွန် ကို စိတ်ခု၍သွားလေသည်။

ပင်တာလီမွန်နှင့် အောင်သွယ်တော်ကြီးတို့ စကားဆိုနေသည့် အခိုက်တွင်ပင် ပိုင်အိုတျာက ခြံဝင်းတံခါး ကို ဖွင့်၍ ပြီးနေလေပြီ။

ဂရီဂိုသည် အနံ့အသက် နံစော်ခြင်း မရှိသော ဇက်ကြိုးများကို ရွေးထုတ်လိုက်ပြီးနောက် လှည်းမောင်းသူ ထိုင်ရသည့် နေရာပေါ်သို့ ခုန်တက်လိုက်၏။

ပင်တာလီမွန်နှင့် ဇနီးဖြစ်သူက လှည်းနောက်ပိုင်းတွင် ငယ်ရွယ်သူနှစ်ဦးကဲ့သို့ ဘေးချင်းယှဉ်လျက် ထိုင်လိုက် ကြ၏။ လှည်းနောက်ပိုင်းမှာ သူတို့နှစ်ယောက်ဖြင့် ပြည့်သွားလေသည်။

ဂရီဂိုက နှုတ်ခမ်းကို ကိုက်လျက် မြင်းနှစ်ကောင်ကို ကြိမ်တို့ပေးလိုက်၏။ မြင်းများက ကကြိုးများကို တင်းအောင် ရုန်းကန်ရင်း ရပ်နေရာမှ ပြေး၍ ထွက်သွားကြ၏။

“သတိထားစမ်းပါ၊ လှည်းဘီးနဲ့ တံခါးတိုင်နဲ့ ဝင်ပြီး တိုက်မိနေပါဦးမယ်”

ဒါရီယာက ငယ်သံပါအောင် အော်ပြောလိုက်၏။ သို့တိုင်အောင် လှည်းက လျင်မြန်စွာပြေးလျက်ပင် ရှိနေ၏။

လမ်းဘေးတွင်ရှိသော တောင်ပူစာကလေး တခုကို လှည်းဘီးတဖက်က တက်၍နင်းမိပြီး လှည်းတခုလုံး တဖက်သို့ စောင်းလာ၏။ သို့ရာတွင် အရှိန်က ကောင်းနေသောကြောင့် လမ်းမကြီး ရှိရာသို့ ခြူသံ တညံညံဖြင့် ထွက်လာ နိုင်ခဲ့လေသည်။

ဂရီဂိုက တဖက်သို့ စောင်း၍မှီရင်း ပေကပ်ကပ် လုပ်နေသော ပိုင်အိုတျာ၏ မြင်းကို ကြိမ်ရိုက်၍ ပေးနေ၏။ ဖခင်ဖြစ်သူ ပင်တာလီမွန်က သူ့မုတ်ဆိတ်မွေးကို လေတိုက်ယူ၍ သွားမည်ကို စိုးသည့်အလား လက်တဖက်ဖြင့် ဆုပ်ကိုင် ထားလေသည်။

“မြင်းမကြီးကိုလည်း နာနာဆော်ပေးဟေ့”

ဂရီဂို၏ ကျောကုန်းအနီးသို့ ကုန်းလျက် ပင်တာလီမွန်က အော်၍ ပြောလိုက်လေသည်။

လေတိုးသဖြင့် ကျိန်းစပ်၍ ထွက်လာသော မျက်ရည်ပေါက် တပေါက်ကို အဘွားကြီး အီလီနစ်ချ်နာ က အင်္ကျီဇာဖျင် လက်ဖြင့် သုတ်ပစ်နေသည်။ ပြီးမှ ဂရီဂို၏ ကိုယ်ပေါ်တွင် ဝတ်ထားသော အပြာရောင် ပိုးအင်္ကျီကို မျက်စိကလေး ပေကလပ် ပေကလပ်ဖြင့် စိုက်၍ကြည့်နေ၏။

ဂရီဂို၏အင်္ကျီမှာ ရှေ့မှနေ၍ လေတိုးသည့်ဒဏ်ကြောင့် ကျောဘက်တွင် တလှုပ်လှုပ်ဖြင့် ဖောင်း၍နေလေသည်။

ဒုန်းမောင်း၍ လာသော ပင်တာလီမွန်တို့ လှည်းကို ကော့ဆက်အမျိုးသား အမျိုးသမီးများက လမ်းဘေးသို့ မောင်း၍ ရှောင်ပေးရင်း လှည်းပေါ်တွင် လိုက်ပါလာသူများကို ငေး၍ကြည့်နေကြ၏။

နွားတင်းကုပ်များအောက်မှ ပြေးထွက်လာသော ခွေးများကလည်း ပြေးနေသော မြင်းများ ခြေထောက် အကြားတွင် တိုးဝင်လျက် တကိန်ကိန် အော်၍နေကြ၏။

ဂရီဂိုက လက်ထဲတွင် ကိုင်ထားသော နှင်တံကိုလည်း အအားမပေး၊ မြင်းများကိုလည်း အအားမပေးဘဲ ခရီးနှင်၍ လာခဲ့သောကြောင့် ဆယ်မိနစ်အတွင်းတွင်ပင် ရွာကိုလွန်၍ မီရွန်၏ ခြံဝင်းကြီးနှင့် နီးကပ်၍ လာခဲ့လေသည်။

ဇက်ကြိုးများကို တုံ့၍ဆွဲလိုက်သောအခါ လှည်းက သစ်သားစာပေါက် ပန်းဖြင့် လှပစွာဆေးခြယ်ထားသော ခြံဝင်းတံခါး ရှေ့တွင် ရပ်၍သွားလေသည်။

ခြံဝင်းကို သစ်သားပျဉ်ပြားများဖြင့် ကာ၍ထားပြီး အထဲတွင် ကြီးမားသောတဲအိမ်ကြီးတခုက တည်ငြိမ်စွာ ရပ်လျက် ရှိနေလေသည်။

လှည်းမှ ဖြုတ်လိုက်သော မြင်းများကို စောင့်ကြည့်ရင်း ဂရီဂိုက ခြံဝင်းအတွင်းတွင် ကျန်နေရစ်ခဲ့၏။ ဖခင်ဖြစ်သူ ပင်တာလီမွန်က ထော့နဲ့ ထော့နဲ့ဖြင့် အိမ်ရှေ့လှေကားထစ်များ ရှိရာသို့ သွားနေသည်။

အဘွားကြီး အီလီနစ်ချ်နာနှင့် အောင်သွယ်တော်ကြီးတို့က နောက်မှ လိုက်လာ၏။ ဝတ်ထားသော ဂါဝန်များက အသစ်ကျပ်ချွတ် ဖြစ်နေသောကြောင့် လမ်းသွားလိုက်တိုင်း တရွှမ်းရွှမ်းမြည်နေလေသည်။

လမ်းတလျှောက်လုံး အားတင်း၍ ထားခဲ့သော သတ္တိများ ပျောက်ကုန်မည်ကို စိုးသည့်အလား၊ ပင်တာလီမွန်က လှေကားထစ်များကို မြန်မြန်ကြီး တက်လိုက်၏။ ငယ်စဉ်ကပင် ထော့နင်း ထော့နင်း ဖြစ်ခဲ့ရသော ခြေထောက်တဖက်က လှေကားထစ်နှင့် တိုက်မိနေ ပြန်သည်။

ခြေထောက်တွင် နာသွားသည်ကို မျက်မှောင်ကြုတ်လျက် အောင့်ခံရင်း သန့်ရှင်းစွာ လှည်းကျင်း၍ ထားသော လှေကားထစ်များကို တက်၍လာခဲ့၏။

မီးဖိုဆောင်အတွင်းသို့ ဝင်လိုက်သောအခါ အဘိုးကြီး ပင်တာလီမွန်မှာ ဇနီးဖြစ်သူနှင့် ဘေးချင်းယှဉ်လျက် ဝင်မိလျက်သား ဖြစ်နေ၏။

ဇနီးဖြစ်သူက သူ့ထက် ခြောက်လက်မတိတိ အရပ်မြင့်၍ နေသည်ဖြစ်ရာ မိန်းမနှင့် ဘေးချင်ယှဉ်လျက် ရပ်နေရခြင်းကို ပင်တာလီမွန်က မနှစ်သက်။ သို့ဖြစ်၍ ရှေ့သို့ တလှမ်းမျှ လှမ်း၍ သွားလိုက်ပြီးနောက် ဦးခေါင်းမှ ဦးထုပ်ကို ချွတ်ကာ အနက်ရောင်ရှိသော ခရစ်တော် ဆင်းတုဘက်သို့ မျက်နှာမူလျက် သူ့ကိုယ်ပေါ်တွင် လက်ဝါးကပ်တိုင် အထိမ်းအမှတ်ကို ပြုလုပ်လိုက်သည်။

ပြီးမှ အိမ်ရှင်ဖြစ်သူအား နှုတ်ခွန်းဆက်မင်္ဂလာ စကား ဆိုလိုက်၏။

“ကျန်းမာခြင်းနှင့် ပြည့်စုံပါ စေ…”

“ဘုရားသခင် စောင်မ,ပါစေ”

ဝဝတုတ်တုတ်နှင့် ဆံပင်ဖွာရာကြဲနေသော အိမ်ရှင် အဘိုးကြီးက ထိုင်ခုံပေါ်မှ ထလျက် ပင်တာလီမွန်အား ကြိုဆိုနေ၏။

“ကျုပ်နဲ့အတူ ဧည့်သည်တွေလည်း ပါလာသေး တယ်ဗျို့”

ပင်တာလီမွန်က ဆက်၍ပြောလိုက်၏။

“ဧည့်သည်တွေကို အမြဲပဲကြိုဆိုနေပါတယ်”

အိမ်ရှင်ဖြစ်သူ မီရွန်က ပင်တာလီမွန်အား ဧည့်ခံစကားပြောနေရာမှ မိန်းမဖြစ်သူ ရှိရာသို့ လှည့်၍ ပြောလိုက်၏။

“မာရီယာ ... ဧည့်သည်တွေ ထိုင်ဖို့ ခွေးခြေတွေ ပေးစမ်းပါဂ

အသက်ကြီးကြီး ရင်ဘတ်ပြားပြားနှင့် ဇနီးဖြစ်သူက ခွေးခြေသုံးခုံပေါ်မှ မရှိသော ဖုန်များကို သုတ်လိုက် ပြီးနောက် ဧည့်သည်များအား ထိုး၍ ပေးလိုက်၏။

ပင်တာလီမွန်က ခွေးခြေအစွန်းဖျားပေါ်တွင် တင်ပါးနှင့် ထိရုံ ထိုင်လိုက်ကာ ချွေးစို့နေသော နဖူးကို လက်ကိုင် ပဝါဖြင့် သုတ်လိုက်၏။

“ကိစ္စရှိလို့ လာခဲ့ကြတာပဲဗျာ”

နိဒါန်းလည်းမပျိုး၊ စကားပလ္လင်လည်းမခံဘဲ ပင်တာလီမွန်က တုံးတိတိကြီးပင် ပြောလိုက်၏။

ဤအချိန်တွင် ပင်တာလီမွန်၏ ဇနီးဖြစ်သူနှင့် အောင်သွယ်တော်ကြီး ဗာစီလီစာတို့က မိမိတို့ဂါဝန် များကို သိုသိုသိပ်သိပ် ရှိအောင် ပြုပြင်ပြီးနောက် ခွေးခြေ များပေါ်တွင် ထိုင်မိကြပြီး ဖြစ်၏။

“ကိစ္စဆိုလို…ဘာကိစ္စများ အထူးရှိသလဲဗျာ”

အိမ်ရှင်မီရွန်က ပြုံး၍မေးလိုက်၏။

ဤအချိန်တွင် ဂရီဂိုက မီးဖိုအဆောင်ထဲသို့ ဝင်လာပြီး တချက်မျှ လှည့်ပတ်၍ ကြည့်လိုက်ပြီး အိမ်ရှင် ဇနီးမောင်နှံ အား နှုတ်ဆက်စကား ဆိုလိုက်၏။

တွန့်ရှုံ့နေသော မီရွန်၏ မျက်နှာပေါ်မှ အသား အရေမှာ နီညိုလျက် ကြမ်းတမ်းနေ၏။

ဧည့်သည်များ မည်သည့်ကိစ္စအတွက် ရောက်ရှိသည်ကို မှန်းဆနိုင်ပြီဖြစ်သော မီရွန်က ဇနီးဖြစ်သူ ဘက်သို့ လှည့်၍ ပြောလိုက်၏။

“မြင်းတွေကို ခြံဝင်းထဲသွင်းထားပြီလား မသိဘူး၊ ကောက်ရိုးနည်းနည်း ပေးလိုက်စမ်းပါကွာ”

“ပြောစရာလေး နည်းနည်းရှိနေလို့ပါဗျာ”

ပင်တာလီမွန်က ကောက်လိမ်နေသော မုတ်ဆိတ်မွေးကို လက်ဖြင့်ကိုင်လိုက်၊ လက်ဝဲဘက်နားမှ နားကွင်း ကိုဆွဲလိုက် လုပ်ရင်း ဆက်၍ပြောနေသည်။

“ခင်ဗျားတို့မှာ မင်္ဂလာမဆောင်ရသေးတဲ့ သမီး တစ်ယောက် ရှိတယ်၊ ကျုပ်တို့မှာ သားတစ်ယောက် ရှိတယ်၊ ဒီတော့ သူတို့ နှစ်ယောက် နေရာချပေးဖို့ မသင့်ပေဘူးလား။ ဒီလို နေရာချပေးဖို့ သင့်,မသင့် တိုင်ပင်ချင်လို့ လာခဲ့တာပါ။ ခင်ဗျားတို့ သမီးကို ကျုပ် သားနဲ့ ပေးစားနိုင်မယ်... မပေးစားနိုင်ဘူးဆိုတာ သိချင်ပါတယ်၊ သူတို့နှစ်ယောက်ကို နေရာ ချလိုက်ရင်တော့ ခင်ဗျားတို့ ကျုပ်တို့အားလုံး ဆွေမျိုးတွေ ဖြစ်သွားကြမှာပေါ့ဗျာ”

အိမ်ရှင်မီရွန်က ခေါင်းပေါ်တွင် ဆံပင်မရှိသော အကွက်ကိုမှ လက်ဖြင့် ရွေး၍ ကုတ်လိုက်ရင်း ...

“ဆွေမျိုးတွေ မဖြစ်ဘူးလို့ရော... ဘယ်သူက ပြောနိုင်မှာလဲဗျာ။ ဒါပေမဲ့ ဒီလိုရှိပါတယ်၊ ဆောင်းဦးပေါက်မှာဖြင့် ကျွန်တော်တို့ သမီးကို ယောက်ျား မပေးစားသေးဘူးလို့ စိတ်ကူးထားပါတယ်။ ကျွန်တော်တို့မှာ လုပ်စရာ ကိုင်စရာတွေ ကများ၊ သမီးကလည်း သိပ်ပြီးကြီးသေးတာ မဟုတ်ဘူးဆိုတော့... ခုပြောတဲ့ အတိုင်းပဲ စဉ်းစားထားပါတယ်။ သမီးက ခုမှ ဆယ့်ရှစ်နှစ်က ကျော်ရုံလေးပဲ ရှိပါသေးတယ်။ ဟုတ်တယ် မဟုတ်လား မာရီရာ...”

မီရွန်က ပင်တာလီမွန်အား အကျိုးသင့် အကြောင်းသင့် ပြောနေရာမှ ဇနီးဖြစ်သူဘက် လှည့်၍ အကူအညီ တောင်းလိုက်၏။

“ဟုတ်တာပေါ့၊ ခု...မိုးဦးမှာမှ သမီးက ဆယ့်ရှစ်နှစ် ကျော်ရုံလေး ရှိဦးမယ်”

“ဒီ...အချိန်အရွယ်ဟာ ယောက်ျားယူဖို့ အသင့်တော်ဆုံးပေါ့ရှင်”

အောင်သွယ်တော်ကြီး ဗာစီလီစာက ကြားဝင်၍ စကားစ,လိုက်၏။

“မိန်းကလေးဆိုတာ ခဏကလေးနဲ့ အရွယ်ကျ သွားတတ်တယ်”

ခွေးခြေပေါ်တွင် ထိုင်နေသော အောင်သွယ်တော်ကြီးမှာ တည်တည်ငြိမ်ငြိမ် မနေနိုင်ရှာဘဲ ကိုယ်ကို လှုပ်၍ နေရရှာသည်။ လှေကားအတက် မီးဖိုဆောင် အဝတွင် တွေ့ခဲ့ရသော တံမြက်စည်းမှ တံမြက်စည်း ချောင်းအချို့ကို အခြားသူများ မမြင်အောင် ချိုး၍ ယူလိုက်ပြီးနောက် အောက်ခံအင်္ကျီထဲတွင် ထည့်၍ယူလာ ခဲ့သဖြင့် လက်ဟန် ခြေဟန်ဖြင့် စကားပြောလိုက်သည့် အခါတိုင်း တံမြက်စည်းချောင်းများက အသားကို လာ၍ စူးနေသောကြောင့်ဖြစ်၏။

မိန်းကလေးရှိသော အိမ်မှ တံမြက်စည်းကို. အောင်သွယ်လုပ်သူက ခိုးယူနိုင်လျှင်... အဆိုပါ မိန်းကလေးအား မိမိ လိုလားသော သတို့သားလောင်း နှင့် အောင်သွယ်၍ ပေးရာတွင် အထမြောက်အောင်မြင် သည်ဟု အယူ ရှိသော ကြောင့်ပင် ဖြစ်၏။

“မိုးဦးမကျခင် ကတည်းက ကျွန်မတို့သမီးနဲ့ ကြောင်းလမ်းစေ့စပ်ဖို့ လာတာတွေ အများကြီးပါပဲရှင်၊ ကျွန်မတို့ သမီးကတော့ ဘယ်လိုမှ အပျိုကြီးဖြစ်ပြီး ကျန်ရစ်မှာ မဟုတ်ပါဘူး၊ ဘုရားသခင်စီမံရာပေါ့လေ၊ သမီးကတော့ အလုပ် သိပ်ကောင်းတာ၊ လယ်ထဲမှာပဲ ဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် အလုပ်က သိပ်ကောင်းတာ”

အောင်သွယ်တော်ကြီး၏ အဆိုပြုချက်ကို မီရွန်၏ ဇနီးဖြစ်သူက လေအေးဖြင့် ချေပလိုက်၏။

မီရွန်၏ဇနီးနှင့် အောင်သွယ်တော်ကြီးတို့၏ အချေအတင် စကားစစ်ထိုးပွဲ မပြီးပြတ်ခင် ပင်တာလီမွန်က ကြားဝင်၍ ပြောလိုက်၏။

“လူတော် လူကောင်းလေး တစ်ယောက်ကိုသာ ရမယ်ဆိုရင် ခင်ဗျားတို့ကလည်း ဘယ်နည်းနဲ့မှ ထုတ်ငြင်းမှာ မဟုတ်ပါဘူး”

"ငြင်းတယ် မငြင်းဘူးရယ်လို့ မဟုတ်ပါဘူးဗျာ၊ သမီးအတွက် သင့်တော်မယ့်လူကိုသာ ရမယ်ဆိုရင်..… ဘယ်အခါ ဘယ်အချိန်မဆို ပေးစားနိုင်ပါတယ်”

အိမ်ရှင်မီရွန်က ခေါင်းကိုကုတ်ရင်း ပြောလိုက်၏။ စေ့စပ်ကြောင်းလမ်းရေး၏ ပထမအဆင့်တွင် နှစ်ဦးနှစ်ဖက် သဘောကွဲလွဲချက်က ရှိနေပြီဖြစ်ရာ သားနှင့် သမီး မင်္ဂလာဆောင်နှင်းရေးကိစ္စကို ပျက်၍သွားတော့မည့် အခြေအနေသို့ ရောက်ရှိလာလေသည်။

စိတ်လှုပ်ရှားလျက်ရှိသော ပင်တာလီမွန်၏ မျက်နှာမှာ မုန်လာဥနီကဲ့သို့ နီ၍လာပြီး မီရွန်၏ဇနီးမှာ သိန်း တစ်ကောင်၏ ထိုးသုတ်ခြင်းကို ခံရတော့မည်ကဲ့သို့ ရှိနေသော… ကြက်သားအုပ်မကြီး တစ်ကောင်ကဲ့သို့ ဖြစ်နေ၏။

ဤအချိန်တွင်ပင် အောင်သွယ်တော်ကြီး ဗာစီလီစာ က ကြားဝင်၍ ဖျန်ဖြေပေးလိုက်၏။

ရေအလျဉ်ကဲ့သို့ တသွင်သွင် စီးနေသော စကားများက အောင်သွယ်တော်ကြီး၏ နှုတ်မှ ပျို့အန်၍ ကျလာ၏။ မီးပေါ်တွင် ဆားကို ကြဲချလိုက်သကဲ့သို့ တည်း။

စောစောက သမီးရှင်နှင့် သားရှင်တို့ ကြားတွင် အဟပ်၍လာသော အနာကို အောင်သွယ်တော်ကြီး ဗာစီလီစာက ကျက်သွားအောင် အချိန်မီ ကုစား၍ ပေးနိုင်ခဲ့၏။

“သမီးရှင်ရော… သားရှင်ရော... ကျွန်မ တစ်ခု အစီရင်ခံပါရစေ။ သားရေး သမီးရေးကိစ္စကို ယခုလို ဆွေးနွေး ကြတဲ့အခါ သားအတွက်ရော သမီးအတွက်ပါ ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းသာသာ ဖြစ်ဖို့အရေးကို မျှော်တွေးပြီး လူကြီးလူကောင်းများ ပီပီ ဆွေးနွေးကြရပါတယ်။ သမီးရှင်များဘက်က နာတာလီယာ ဆိုတာကလည်း …. လိုက်ပြီး ရှာကြည့်စမ်းပါ ထမင်းထုပ်သာ သိုးသွားမယ်၊ နာတာလီယာလို အိမ်မှုကိစ္စ ရော….လယ်ထဲကအလုပ်ရော နိုင်နင်းတဲ့ မိန်းကလေးမျိုး ဘယ်မှာမှ ရှာလို့တွေ့မှာ မဟုတ်ဘူး။

အလုပ်နဲ့လက် ဘယ်အခါမှမပြတ်တဲ့ မိန်းကလေး …အိမ်ရှင်မပီသတဲ့ မိန်းကလေး။ ယောက်ျားကလေး မိဘများဖြစ်သူ များကလည်း ကိုယ့်ချွေးမလောင်းကို အလုပ်တော်တဲ့အကြောင်း၊ အိမ်ရှင်မကောင်း တစ်ယောက် ဖြစ်တဲ့ အကြောင်း သိပြီးကြရောပေါ့ရှင်”

အောင်သွယ်တော်ကြီးက ပင်တာလီမွန်၏ ဇနီးဖြစ်သူဘက်သို့ လက်နှစ်ဖက်ကို ဆန့်တန်းလျက် ပြောပြ သော်လည်း အမှန်စင်စစ်တွင် သမီးရှင်၏ မိဘများ ပီတိဖြစ်အောင် သွယ်ဝိုက်၍ စကားဆိုနေခြင်းသာ ဖြစ်၏။

“သားရှင်ဘက်ကို ကြည့်လိုက်မယ်ဆိုရင်လည်း ယောက်ျားလေးဖြစ်တဲ့ သူဟာ လင်တော် လင်ကောင်း ဖြစ်နိုင်တယ် ဆိုတာ ဘယ်သူနဲ့ပဲ ယှဉ်ပြီးပြောပြော ပြောနိုင်တဲ့ ယောက်ျားလေးတစ်ယောက်ပါ။ ဒီသူငယ်လေးကို မြင်ရတိုင်း ကျွန်မဖြင့် ကွယ်လွန်သွားပြီးတဲ့ ကျွန်မ ယောက်ျားနဲ့ တထေရာတည်း တူလွန်းလို့ ကျွန်မဖြင့် ရင်တလှုပ်လှုပ် ခုန်ပြီး လွမ်းနေမိတယ်။ မိဘဖြစ်သူများက အလုပ်နဲ့လက် မပြတ်အောင် အလုပ်လုပ်တတ်သလို ဒီသူငယ်ကလေးကလည်း အင်မတန်မှ အလုပ်ကောင်းတဲ့ ကလေးပါပဲ။ တစ်ရွာလုံးမှာ ဘယ်သူ့ကိုပဲမေးမေး မီလက်ကော့ဗ် မိသားစုရဲ့ အလုပ်နဲ့ ပတ်သက်တဲ့ အကြောင်းကိုတော့ အကောင်းချည်း ပြောကြမယ့်လူသာရှိတယ်၊ တရွာလုံးသာမက တနယ်လုံးကလည်း မီလက်ကော့ဗ် မိသားစုတွေဟာ ဘယ်လောက် ရိုးသားတယ်ဆိုတာ သိကြပြီးသားပါ။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဘယ်သားရှင် သမီးရှင်ကမှ ကိုယ့်သားသမီး ဒုက္ခရောက်တာကို မြင်ချင်ကြမှာ မဟုတ်ဘူး။ ဆင်နင်းပြီး မြင်းကန်ခံရမှာကို ဘယ်မိဘရှင်ကမှ လိုလားကြမှာ မဟုတ်ပါဘူး။ ကိုယ့်သား သမီးကို ဆင်စီးပြီး မြင်းရံတာကိုပဲ မြင်ချင်ကြတယ် မဟုတ်လား”

ကြောင်းကျိုးပြ၍ ပြောဆိုနေသော အောင်သွယ်တော်ကြီး၏ အသံကလေးတစာစာက ပင်တာလီမွန်၏ နားထဲသို့ သကာရည်များ လောင်းချလိုက်သလို ချိုမြိန်လှသည်။

နှာဝထဲမှ တွန့်လိမ်နေသော နှာခေါင်းမွေးလှလေးများကို လက်ခလယ်နှင့် လက်ညှိုးဖြင့် ညှပ်လျက်ဆွဲရင်း အောင်သွယ်တော်ကြီး၏ စကားကို ပီတိဖြစ်စွာဖြင့် နားထောင်နေ၏။

“အင်း…ဘယ်လောက်များ အပြောကောင်းလိုက်သလဲ.. ပြောလိုက်တာ ချောနေတာပဲ၊ ဘာကို ဘယ်လို ရည်ရွယ်ပြီး ပြောနေတယ်ဆိုတာ သိသာလောက်ပါပေတယ်။ ခယ်မတော် ဗာစီလီစာကို အောင်သွယ်တော်ကြီး အဖြစ်နဲ့ ခေါ်မလာဘဲ တခြားမိန်းမ တစ်ယောက်ယောက် ကိုသာ ဒီလိုအပြောခိုင်းရင် နားထောင်ရတဲ့သူမှာ အပြောမတတ်ဘဲ စကားတွေသာ များနေတဲ့အတွက် နားအူနေမှာပဲ။ အင်း ... ဒီလိုချောအောင် ပြောတတ်တာလည်း မိန်းမတွေပဲ မဟုတ်လား”

အောင်သွယ်တော်ကြီးအဖြစ် လိုက်ပါလာသော ခယ်မတော် ဗာစီလီစာကို စိတ်ထဲမှနေ၍ ပင်တာလီမွန် က ချီးမွမ်းနေမိ၏။

အောင်သွယ်တော်ကြီးက သမီးရှင်နှစ်ဦးနှင့် သမီးဖြစ်သူအား လွန်လေပြီးသော ဆွေဆက်မျိုးဆက် ငါးဆက် လောက်မှ စကာ မိုးထိအောင် မြှောက်ကော်လျက် ချီးမွမ်းခန်းဖွင့်နေလေသည်။

“ဟုတ်တာပေါ့ရှင့် ... ကျွန်မတို့ သမီးကိုတော့ ဘယ်မှာ မကောင်းတာ ဖြစ်စေချင်မှာလဲ”

သမီးရှင် မာရီယာက အောင်သွယ်တော်ကြီး၏ စကားကို ထောက်ခံချက်ပေးလိုက်၏။

“ခက်နေတာက သမီးကို ယောက်ျားပေးစားဖို့ စောလွန်းနေတာ တခုပါပဲဗျာ”

အိမ်ရှင် လင်ယောက်ျားဖြစ်သူ မီရွန်ကလည်း ကျေအေးသည့် အသံဖြင့် ပြုံး၍ပြောလိုက်သည်။

“မစောလွန်းပါဘူးဗျာ၊ ဘုရားစူးရပါစေရဲ့… မစော လွန်းပါဘူး...”

ပင်တာလီမွန်က ဝင်၍ပြောလိုက်၏။

“သမီးကို အနှေးနှင့်အမြန် ယောက်ျားပေးစားရ မှာကတော့ အမှန်ပါပဲ၊ သမီးနဲ့ ခွဲရမှာကတော့ အနှေး နှင့် အမြန်ပဲ မဟုတ်လား”

အိမ်ရှင်မ ဖြစ်သူ မာရီယာက ဤသို့ပြောလိုက်ရင်း တရှုပ်ရှုပ်ငိုလိုက်၏။ ပရိယာယ်ဖြင့် တဝက် တကယ် ငိုချင်သည့် စိတ်က တဝက်ဖြင့် ငိုလိုက်ခြင်းပင်တည်း။

“ခင်ဗျားသမီးကို ခေါ်လိုက်စမ်းပါဗျာ၊ ကြည့်ကြ ရအောင်”

ပင်တာလီမွန်က ပြောလိုက်သောကြောင့် ဖခင်ဖြစ်သူက သမီးကို လှမ်း၍ခေါ်လိုက်၏။

တံခါးပေါက်ဝတွင် မိန်းကလေးတစ်ယောက်က ရှက်ကြောက်သည့်အမူအရာဖြင့် ပေါ်လာ၏။ ညိုမှောင်သော သူ၏ လက်ချောင်းများကို အင်္ကျီနှင့် ဂါဝန်များ အလုပ်လုပ်ရာတွင် ညစ်ပေ၍ မသွားရန်အတွက် အပေါ်မှ ထပ်၍ ဝတ်ထားသော အင်္ကျီစကို ချွတ်ရင်း လှုပ်ရှား၍ နေလေသည်။

“လာလေသမီး … လာပါ၊ သမီးက သိပ်ပြီး ရှက်တတ်တာကိုး ..”

မိခင်ဖြစ်သူ မာရီယာက ငိုနေရာမှ ပြုံးလိုက်ပြီး သမီးဖြစ်သူကို လှမ်း၍ခေါ်နေ၏။

ဂရီဂိုက တံခါးပေါက်မှနေ၍ ရှေ့သို့တိုးလာသော မိန်းကလေးကို စိုက်၍ ကြည့်လိုက်၏။

မိန်းကလေး၏ အမည်မှာ နာတာလီယာ ဖြစ်ကြောင်းကို စောစောကပင် ဂရီဂိုက သိရှိနေပြီး ဖြစ်သည်။

ဖုန်တက်နေသော အနက်ရောင် ခေါင်းစည်းပဝါ အောက်တွင် ရဲရင့်၍ မှုန်ပြာပြာ အရောင်ရှိသော မျက်စိအစုံကို တွေ့ရ၏။ သားရေကဲ့သို့ ချောမွေ့သော ပါးပေါ်တွင် နှင်းဆီရောင်ပြေးနေသော ပါးချိုင့်ကလေး တခုကိုလည်း သတိထားလိုက် မိသည်။

မျက်နှာကို ကြည့်နေရာမှ ဂရီဂိုက နာတာလီယာ ၏လက်များ ရှိရာသို့ မျက်စိရောက်သွားသည်။

လက်များမှာ အလုပ်လုပ်နေသော လက်မျိုးဖြစ်၍ သန်မာသည်၊ ကြီးထွားသည်။ အလုပ်ကြမ်းများကို လုပ်နေသော ကြောင့်လည်း အသားမာများ ထွက်နေသည်ကို တွေ့ရ၏။

သန်မာဖွံ့ဖြိုးသော ကိုယ်ခန္ဓာကို ပတ်ရစ် ထားသော တိုသော အစိမ်းရောင်အင်္ကျီ အောက်မှနေ၍ လုံးကျစ် ဖုထစ်သော ရင်သားအစုံက အသက်ရှူလိုက်တိုင်း နိမ့်ချီ မြင့်ချီ ဖြစ်နေပြီး အပျိုစင်တစ်ယောက်၏ ရင်သား ဖြစ်ကြောင်း ထင်ရှား နေစေသည်။

အင်္ကျီအထက်တွင် တွေ့မြင်နေရသော ရှိုက်ဖိုကြီးငယ် အသွယ်သွယ်တွင် နို့သီးဖြားနှစ်ခုက ကြယ်သီး ကလေးနှစ်ခု ကဲ့သို့ စူလျက်တက်နေသည်ကိုလည်း သတိထားလိုက်မိ၏။

ဂရီဂို၏ မျက်စိအစုံက နာတာလီယာ တကိုယ်လုံးကို ခေါင်းမှနေ၍ ခြေဖမိုးအထိ ခဏအတွင်းတွင် ပိုက်စိပ် တိုက်လျက် ရှုကြည့်ပြီး ဖြစ်နေလေသည်။

ခြေဖမိုးကပင် ဖောင်းဖောင်းအိအိဖြင့် လှ၍ နေလေသည်။

မြင်းမတစ်ကောင်ကို မဝယ်မီ စေ့စေ့စပ်စပ် စစ်ဆေးကြည့်ရှုနေသကဲ့သို့ ဂရီဂိုကလည်း နာတာလီယာကို ကြည့်ရင်း စိတ်ထဲတွင် “သူဆိုရင်တော့ အတော်ပါပဲ” ဟု မှတ်ချက်ချလိုက်မိ၏။

ဖောင်းဖောင်းမို့မို့ကလေးလှနေသော ခြေထောက်မှ နာတာလီယာ၏ မျက်နှာရှိရာသို့ ပြန်၍ကြည့်လိုက်သောအခါ နာတာလီယာကလည်း မိမိအား စူးစူးစိုက်စိုက်ပင် ကြည့်နေသည်ကို ဂရီဂိုက တွေ့ လိုက်ရ၏။

နာတာလီယာ၏ ရိုးသားသော၊ ပွင့်လင်းသော၊ စိတ်အနည်းငယ် ကျဉ်းကျပ်ပုံရနေသော အကြည့်က နဂိုအတိုင်း အပျိုရိုင်း ရှုချင်တိုင်း ရှုပါရော့၊ “ကြော့လှသည့်မိန်းမ ရွှေသဘောတော်ကျပါစေ” ဟု လှမ်း၍မေး နေသည့်အသွင်ကို ဆောင်နေသည်။

ဂရီဂိုကလည်း “နဂိုအတိုင်း အပျိုရိုင်း စိတ်တိုင်း ဖြင့်ကျပါရဲ့”ဟု မျက်စိဖြင့်ပင် ပြန်၍အဖြေပေးရင်း ပြုံးလိုက်၏။

ဖခင်ဖြစ်သူ မီရွန်က သမီးဖြစ်သူအား “အေး ဒါပါပဲကွာ” ဟု ပြောရင်း မီးဖိုအဆောင်ထဲမှ ထွက်ခွာသွားရန် လက်ဖြင့် အချက်ပြလိုက်၏။

မီးဖိုဆောင်ထဲမှ ထွက်ခွာလာသော နာတာလီယာ က သူ့နောက်မှ တံခါးကို အဆောင်အတွင်းဘက်သို့ မျက်နှာကို လှည့်လျက် ပိတ်ရင်း ဂရီဂိုအား ထပ်၍ကြည့်လိုက်၏။ ဤသို့ကြည့်လိုက်ရာတွင် သူ၏အပြုံးကိုလည်း ဖုံးကွယ်ခြင်းမရှိ၊ စူးစမ်းလိုသည့်ဆန္ဒကိုလည်း လျှို့ဝှက်မှုမပြဘဲ ကြည့်လိုက်ခြင်းသာ ဖြစ်လေသည်။

အိမ်ရှင်မီရွန်က ဇနီးဖြစ်သူနှင့် အကြည့်ခြင်းဆုံကာ တစ်ယောက်သဘောကို တစ်ယောက်အား အရိပ်အခြည် အားဖြင့် ပြလိုက်ပြီးနောက် ဤသို့စကားဆို၏။

“ကျွန်တော် တခုပြောပါရစေ.... ခင်ဗျားတို့ကတော့ သားရှင်ဖြစ်တဲ့အတိုင်း ကျွန်တော်တို့ကို လိုရင်းကိစ္စ ပြောပြလို့ ပြီးပါပြီ။ ဒီတော့ ကျွန်တော်နဲ့ ကျွန်တော်တို့ အိမ်သားတွေ ဒီအကြောင်းနဲ့ ပတ်သက်ပြီး တိုင်ပင်ဖို့ ရအောင် အချိန် ကလေးတော့ ပေးပါဦးခင်ဗျာ... ဒီလို တိုင်ပင်ပြီးမှ အဖြူလား..အမည်းလားဆိုတာ ကွဲပြားအောင် အကြောင်းပြန်ပါ ရစေ”

သမီးရှင် ဖြစ်သူထံမှ ချေငံသော အကြောင်းပြန် စကားကို ရလိုက်ပြီ ဖြစ်သည့်အတွက် ပင်တာလီမွန်က မီးဖိုဆောင် အခန်းမှ ထွက်လာခဲ့၏။

လှေကားသို့အဆင်းတွင် ပင်တာလီမွန်က စကားတခွန်းကို အမှာအထားပြုလိုက်ပြန်၏။

“နောက်တပတ် တနင်္ဂနွေနေ့မှာ... ကျုပ်တို့ လာခဲ့ပါဦးမယ်”

အိမ်ရှင် မီရွန်က ပင်တာလီမွန်၏ စကားကို မကြားချင်ယောင်ဆောင်ကာ မည်သို့မျှ အဖြေပြန်၍ မပေးဘဲ နှုတ်ဆိတ်၍ နေလေသည်။

 

(ခ)

 

တိုမီလင်ထံမှ မိန်းမဖြစ်သူ အက်စီနီယာ၏ ဖောက်ပြန်သည့် အကျင့်အကြံကို သိရှိလာခဲ့ရပြီးမှ သာလျှင် စတီပင်က မိန်းမဖြစ်သူ အပေါ်၌ ချစ်နေမိကြောင်း သတိပြုလာမိ၏။

အသည်းနှလုံးထဲ၊ ဦးနှောက်ထဲတွင် ခံစားနေရသော နာကြည်းမှု၊ မုန်းတီးမှုဝေဒနာကို ကုစားနေရင်း ကပင် အက်စီနီယာနှင့် ကသီလင်တ အဖြစ်မျိုးဖြင့် နေခဲ့ရလင့်ကစား သူ့အပေါ်တွင် ငြီးငွေ့သော၊ မုန်းတီးသော အချစ်မျိုးဖြင့် ချစ်နေကြောင်း သတိထားမိလာသည်။

ညအချိန်များ၌ လှည်းပေါ်တွင် တက်၍ အိပ်ကာ စစ်သင်တန်းစခန်းမှ ပြန်သွားလျှင် အက်စီနီယာက မည်သို့မည်ပုံ မည်သည့်အသွင်ဖြင့် ဆီးကြိုမည်ကို နဖူးပေါ် လက်တင်၍ စဉ်းစားခန်းဝင်နေရသည်နှင့်ပင် အချိန်ကုန်ခဲ့၏။

ကိုယ်ပေါ်တွင် ကုတ်အင်္ကျီကိုခြုံလျက် လှည်းပေါ်တွင် အိပ်သော်လည်း အိပ်၍မရ။ မျက်လုံးပေါ်တွင် မျက်တောင်များက မှေးယှက်၍နေသော်လည်း အတွေးများကမူ ပြန့်ထွက်လျက် ရှိနေ၏။ ဖောက်ပြား လော်လီသော အက်စီနီယာ အပေါ်၌ မည်သို့မည်ပုံ လက်စားချေရမည် ဟူသောအတွေး။

အသည်းထဲ နှလုံးထဲတွင် အက်စီနီယာကြောင့် ခံစားနေရသော နာကြည်းမှုဝေဒနာ၊ မုန်းတီးမှုဝေဒနာ ကို ပြုလုပ်သူ အပေါ်၌ မည်သို့ ပြန်၍ ဒဏ်ခတ်လက်စား ချေရမည်ကို တွေးနေခြင်းသာဖြစ်၏။

အက်စီနီယာအား ဒဏ်ခတ် လက်စားချေရမည့် နည်းပေါင်း ထောင်သောင်းများစွာကို အသေးစိတ်လျက် စဉ်းစားရင်း အချိန်ကုန်ခဲ့ရခြင်း ဖြစ်၏။

စစ်သင်တန်းစခန်းမှ အိမ်သို့ ပြန်လည်ရောက်ရှိမည့်အချိန်မှစ၍ စတီပင်နှင့် အက်စီနီယာတို့၏အိမ်တွင် မတွေ့မမြင် နိုင်သော မကောင်းဆိုးဝါး တကောင် ဝင်ရောက်၍လာကာ ဒုက္ခအမျိုးမျိုးပေးနေသကဲ့သို့ ရှိတော့၏။

အက်စီနီယာက လုပ်စရာကိုင်စရာများကို ခါတိုင်းလိုပင် လုပ်၏။ သို့ရာတွင် ရွှင်ရွှင်ပျပျမရှိ။ အိမ်ထဲတွင် သွားသောအခါ အသံမမြည်အောင် ခြေဖျားထောက်၍ သွားသည်။ စကားပြောသောအခါလည်း တိုးတိုးကလေး သာပြောသည်။

အက်စီနီယာ၏ မျက်လုံးအစုံတွင် ကြောက်ရွံ့ခြင်းတည်း ဟူသော ပြာက ဖုံးအုပ်လျက် ရှိနေသည်မှာ အမှန်ပင် ဖြစ်၏။

သို့ရာတွင် ကြောက်ရွံ့ခြင်းတည်း ဟူသော ပြာများ အောက်မှ မီးခဲကလေးတခဲက ခိုကပ်၍ ရှိနေသေးသည်သာ ဖြစ်၏။ ဂရီဂိုက မွှေး၍ပေးခဲ့သော မီးတောက်မီးလျှံမှ ကြွင်းကျန်နေသေးသည့် မီးခဲကလေးပင် ဖြစ်တော့သည်။

ဤသို့ ကျန်နေကြောင်းကိုလည်း အက်စီနီယာ၏ အရိပ်အကဲကို အမြဲစောင့်၍ ကြည့်နေသော စတီပင်က တွေ့လာခဲ့၏။ ကိုယ်တိုင်တွေ့မြင်ခြင်း မဟုတ်ဘဲ စိတ်ဖြင့် တွေ့ထိသိမြင်ခြင်းသာ ဖြစ်လေသည်။

ဤအသိကြောင့် ပင်လျှင် စတီပင်မှာ မိမိကိုယ်မိမိ စိတ်ဒုက္ခပေးနေသလို ဖြစ်နေရပြန်သည်။

စေတသိက်က ဝေဒနာကို ခံစားနေရသော စတီပင်က ညအချိန်သို့ ရောက်လေတိုင်း အက်စီနီယာအား ပြန်၍ ဒဏ်ခတ်နေလေ့ရှိ၏။

ယင်များက ထုပ်လျောက် ပေါင်းကွပ်များပေါ်တွင် အိပ်နေကြပြီး အက်စီနီယာက အိပ်ရာကို ဖြန့်ခင်းပြီး သောအခါ စတီပင်က အက်စီနီယာ၏ ပါးစပ်ကို အမွေးထူသော လက်တဖက်ဖြင့် မအော်နိုင်အောင် ပိတ်ထားပြီး အခြားတဖက် ဖြင့် နာနာပါအောင် ရိုက်သည်။ ဂရီဂိုနှင့် မည်သို့မည်ပုံ အရှက်မရှိ အချစ်ပလူးခဲ့ပုံကို အသေးစိတ် ဖော်ထုတ်၍ ပြောပြရမည်ဟု ကြိမ်းဝါးသည်။ နာနာပါအောင် အရိုက်ခံနေရသော အက်စီနီယာမှာ နူးညံ့ခြင်းမရှိသည့် အိပ်ရာပေါ်၌ ကုန်းပေါ်သို့ ရောက်လာသော ငါးတစ်ကောင်ကဲ့သို့ လူးလှိမ့်ရင်း အသက်ကိုပင် မရှူနိုင်လောက်အောင် ဖြစ်နေရ၏။ ကိုယ်ခန္ဓာပေါ်မှ နူးညံ့သည့် အစိတ်အပိုင်းများကို ညှဉ်းပန်းနှိပ်စက်၍ မောသွားသောအခါ စတီပင်က အက်စီနီယာ၏ မျက်နှာတွင် မျက်ရည်စများ ရှိမရှိ စမ်းကြည့်ပြန်သည်။

အက်စီနီယာ ပါးပြင်နှစ်ဖက်မှာ မျက်ရည်စဟူ၍ တစမှမရှိဘဲ နာကြည်းမှုဝေဒနာဖြင့် ခြောက်သွေ့လျက် သာရှိနေသည် ကို တွေ့ရပြန်၏။

“လင်ငယ်နဲ့ အရှက်မရှိ တော်သလင်းဇာတ် ဘယ်လိုခင်းသလဲ ပြောပြစမ်း”

“မပြောဘူး”

“မပြောရင် နင့်ကိုသတ်မယ်”

“သတ်ပါ…. သတ်ပါ၊ ဘုရားစူးပါစေရဲ့။ သတ်သာ သတ်စမ်းပါ၊ ခုလို နေရတာနဲ့စာရင်…”

စတီပင် အံသွားနှစ်ဖက်ကို ကြိတ်လိုက်ပြီး အက်စီနီယာ၏ ချွေးများဖြင့် စိုရွှဲသော ရင်သားကို အတင်းလိမ်၍ ဆွဲလိုက်၏။

အက်စီနီယာ တကိုယ်လုံးမှာ ဆတ်ဆတ်တုန်လျက် ညည်းညူသံ ပေါ်ထွက်လာ၏။

“ခုမှနာသလား”

စတီပင်က အပြောင်အပြက်သဘောစွက်၍ မေးလိုက်၏။

“ဟုတ်တယ်၊ နာတယ်”

“နင်နာသလို ငါက မနာဘူးလို့ ထင်လို့လား”

ညဉ့်နက် သန်းခေါင်တိုင်အောင် နှိပ်စက်နေပြီးမှ စတီပင်က အိပ်ပျော်၍ သွားတတ်၏။ အိပ်ရင်းလည်း လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတတ်သည်။

အက်စီနီယာက အိပ်ရာပေါ်တွင် မေးကို လက်နှစ်ဖက်ဖြင့် ထောက်ထားရင်း စတီပင်အား စိုက်၍ ကြည့်လိုက် ၏။ စောစောက ဘီလူးသဘက်လို ဒေါသထွက်ခဲ့သော လင်ယောက်ျားဖြစ်သူမှာ အိပ်ပျော်နေ သည့်အချိန်၌ လူကောင်း ကလေးဖြစ်ကာ မင်းသားကလေးလို လှ၍နေသည်ဟု ထင်မိ၏။

ခေါင်းအုံးပေါ်တွင် ခေါင်းကို ပြန်၍ လှဲချလိုက်ပြီးနောက် အက်စီနီယာက တကိုယ်တည်း တီးတိုးကလေး ရေရွတ်၍ နေမိလေသည်။

ယခင်က လမ်းတွင် မကြာခဏ ဆုံတွေ့နေတတ်သော ဂရီဂိုကို ယခုအခါတွင် အက်စီနီယာက တခါတရံမှသာ တွေ့ရတော့၏။

ဒွန်မြစ်ရေစပ်တွင် တခါတည်းသာ ဂရီဂိုကို လမ်းကြုံ၍ တွေ့ခဲ့ရ၏။

နွားများကို ရေတိုက်ပြီးနောက် ကမ်းပါးထိပ်ပေါ်သို့ ပြန်၍မောင်းလာသော ဂရီဂိုက ကြိမ်တုတ်ကလေး တခုကို လက်ထဲတွင် ဝှေ့ယမ်းရင်း ခေါင်းငုံ့လျက် လာနေသည်။ အက်စီနီယာက မြစ်ထဲသို့ ရေခပ်ရန် အသွား တွေ့ရခြင်းဖြစ်၏။

ဂရီဂိုကို မြင်လိုက်ရသည် နှင့်တပြိုင်နက် လက်ထဲတွင် ကိုင်လာသော ထမ်းပိုးက ရေခဲကဲ့သို့ အေးစက်၍ သွားသည်ဟု ထင်မှတ်လိုက်ရပြီး အကြောများအတွင်းရှိ သွေးများက ပွက်ပွက်ဆူ၍လာလေသည်။

ဂရီဂိုနှင့် ဒွန်မြစ်ကမ်းပါးတွင် တွေ့ခဲ့ပုံကို အက်စီနီယာက ပြန်ပြောင်းစဉ်းစား၍ ကြည့်လိုက်ကာ ဂရီဂို နှင့် တကယ်ပင် တွေ့ခဲ့ခြင်းမှာ မယုံနိုင်စရာပင် ကောင်းနေသည်ဟု ထင်နေမိ၏။

ငုံ့၍ တက်လာသော ဂရီဂိုက သူ့အနားမှ… အက်စီနီယာက ဖြတ်၍သွားတော့မှပင် မြင်မိခြင်းဖြစ်၏။

လက်ထဲတွင် ကိုင်ထားသော ရေပုံးနှစ်ပုံးကို အသံမြည်အောင် တမင်ရှပ်တိုက်လျက် ကမ်းပါးထိပ်မှ ဆင်းလာ သော အက်စီနီယာကို အသံကြားရတော့မှပင် ဂရီဂိုက ခေါင်းထောင်၍ ကြည့်လိုက်မိခြင်း ဖြစ်၏။

တမင်အသံပေး၍ ဖြတ်သွားသော အက်စီနီယာကို မြင်လျှင် မြင်လိုက်ရချင်း ဂရီဂိုက မျက်ခုံးနှစ်ခုကို ပင့်ချီလိုက်မိကာ အလိုလိုလည်း ပြုံးမိလျက်သား ဖြစ်နေ၏။

အက်စီနီယာက ဂရီဂို၏ မျက်နှာကို ကြည့်နေရင်းက ဒွန်မြစ်ထဲရှိ မြရောင်လှိုင်းလုံးကလေးများကို လည်းကောင်း၊ ဝေးဝေးတွင်ရှိသော သဲသောင် ကျွန်းဆွယ်ကိုလည်းကောင်း တွေ့နေရ၏။

အက်စီနီယာက လေးငါးလှမ်းမျှ ဆက်၍ သွားပြီးမှ ဂရီဂိုဘက်သို့ လှည့်လိုက်၏။ ခေါင်းကိုလည်း ငုံ့၍ ထားသည်။ လက်သီးချက်တချက် ကျမလာမီ ခေါင်းကို ရှောင်ထားသကဲ့သို့တည်း။

နွားအုပ်နောက်ဘက်တွင် နောက်ကျ၍ ကျန်နေရစ်သော နွားထီးတစ်ကောင်ကို ဂရီဂိုက ကြိမ်ဖြင့် ဒေါသတကြီး ရိုက်လိုက်ပြီးနောက် ခေါင်းကို အက်စီနီယာ ဘက်သို့ မလှည့်ဘဲ။

“စတီပင်က ဘယ်တော့လောက်... ရိုင်ရိတ်ဖို့ သွားမှာလဲ”ဟု မေးလိုက်သည်။

“သွားဖို့တော့ အသင့်ပြင်ပြီးပြီ”

“သူ…သွားတာကို လိုက်ကြည့်ပြီး ကျုပ်တို့ တွေ့နေကျ နေကြာပန်းခြံထဲကို လာခဲ့၊ ကျုပ်လည်း လာခဲ့မယ်”

ရေပုံးနှစ်ပုံးကို တခုနှင့်တခု အသံမြည်အောင် ရှပ်တိုက်လျက်ပင် အက်စီနီယာက ရေစပ်ရှိရာသို့ ဆင်းပြေးလာ ခဲ့၏။

မြရောင် တောက်သော လှိုင်းလုံးကလေးများ အကြားတွင် ရွှေရောင် ဇာပန်းပေါက်များနှင့် တူသော ရေမှုန် ကလေးများက မြွေကြီးတစ်ကောင်လို တွန့်လိမ် ကောက်ကွေ့ရင်း ကမ်းစပ်ရှိရာသို့ ပြေး၍လာနေကြ၏။

စွတ်စွတ်ဖြူသော အတောင်များကို ဖြန့်လျက် ပင်လယ်စင်ရော်များကလည်း ရေမျက်နှာပြင်ပေါ်တွင် ပျံဝဲကာ တေးသီဆို နေကြ၏။ ငါးငယ်ငယ် တစ်ကောင်က ရေမျက်နှာပြင်ပေါ်သို့ ငွေရောင်ရေစက်များကို ဖြစ်ပေါ်စေရင်း တက်လာသည်။

ဒွန်မြစ် တဖက်ကမ်း ဖြူလွှလွှ ကျွန်းဆွယ်၏ ဟိုမှာဘက်ကမ်းတွင် နှစ်ပေါင်းများစွာကပင် ရှိနေခဲ့သော ပင်လယ် ထင်းရှူးပင်များက ရင့်ကျက်သော စိတ်နေမြင့်သောအသွင်ကို ဆောင်နေကြ၏။

မြစ်ထဲမှ ရေကို ခပ်နေသော အက်စီနီယာက လက်ထဲမှ ရေပုံး လွတ်ကျသွားသဖြင့် ဂါဝန်ကို မ,လျက် ဒူးဆစ်အထိ နက်သော ရေထဲသို့ ဆင်းလိုက်၏။ လိမ့်၍ တက်လာသော လှိုင်းခေါင်းဖြူ ကလေးများက ဖြူဖွေး၍ နေသော သူ့ခြေသလုံး သားလေးများကို လာ၍ကလိနေကြ၏။ စတီပင် ပြန်လာသည့် အချိန်မှစ၍ ရယ်ရ ပြုံးရမည်ကိုပင် သတိမရ နိုင်ခဲ့သော အက်စီနီယာက ယခုမှ တိတ်တခိုးလေး ရယ်လိုက်မိ၏။

ဤသို့ ရယ်လိုက်မိသည်ကိုပင် တကယ်ရယ်မိခြင်းမှ ဟုတ်ပါလေစဟု သံသယဝင်နေမိလေသည်။

ရေခပ်နေရာမှနေ၍ အက်စီနီယာက သမင်လည်ပြန် ကြည့်လိုက်၏။

ဂရီဂိုသည် လက်ထဲမှ တုတ်ကို ဝှေ့ယမ်းရင်း ကမ်းပါးထိပ် ဆီသို့ ဖြည်းဖြည်းပင် တက်နေလေသည်။

မျက်ရည်ဥနေသော မျက်လုံးအစုံဖြင့် အက်စီနီယာ က ဂရီဂို၏ သန်မာသော ခြေထောက်များကို ကယု ကယင် ချစ်တုံ့တင်သည့် အကြည့်ဖြင့် လိုက်၍ ကြည့်နေမိ၏။

ဂရီဂို၏ ခြေလှမ်းလှမ်းပုံကပင် တစ်မျိုးကျက်သရေ ရှိသည်ဟု ထင်နေမိ၏။ ခြေဆစ်နားတွင် အဖြူရောင် ခြေအိတ်များ အတွင်းသို့ အနားကျယ်သော ဘောင်းဘီ အစနှစ်ဖက်ကို သွင်းထား၏။ ဘောင်းဘီမှာ နီရဲသော မတ်တတ် စင်းများဖြင့် လှ၍နေလေသည်။

ဂရီဂို၏ ကိုယ်ပေါ်ရှိ အင်္ကျီတွင် ကျောဘက်၌ မကြာသေးခင်ကလေးကမှ စုတ်ပြဲ၍ထွက်ကာ ပခုံး ညှပ်ရိုးပေါ် အထိ လှုပ်၍တက်နေသော အင်္ကျီစ တစကို တွေ့ရ၏။ စုတ်ပြဲနေသော အင်္ကျီအပေါက်မှနေ၍ ညိုမောင်းရောင်ထနေသော အသားကွက်ကလေး တကွက်ကို တြိဂံသဏ္ဌာန် တွေ့ရ၏။

ဤအသားကွက်ကလေးကို ရေစပ်တွင်ရှိနေသော အက်စီနီယာက စိတ်ဖြင့် လှမ်း၍နမ်းနေမိ၏။

တြိဂံပုံသဏ္ဌာန် တွေ့မြင်နေရသော အသားမှာ ဂရီဂို၏ ကိုယ်ခန္ဓာမှ အသားပင် မဟုတ်လား၊ ကျန် ခန္ဓာကိုယ်ကို တကြိမ်သောအခါက မိမိက ပိုင်ဆိုင် ထားခဲ့ရသည် မဟုတ်လား။

ဤအတွေးကြောင့် အက်စီနီယာက ပို၍ ငိုချင်လာသည်။

ဖျော့တော့နေသော ပြုံးနေသော နှုတ်ခမ်းများပေါ်သို့ မျက်ရည်ဥများက လိမ့်၍ စီးကျလာလေသည်။ ရေဖြည့်၍ ပြီးသွားသော ပုံးနှစ်ပုံးကို ကမ်းစပ်တွင် တင်ထားလိုက်ပြီးနောက် ထမ်းပိုးလျှို၍ ထမ်းရန် အလှည့်လိုက်တွင် ကမ်းစပ်၌ တင်၍ ကျန်ရစ်နေသော ဂရီဂို၏ ဖိနပ်ရာများကို တွေ့လိုက်ရ၏။

အက်စီနီယာက ဘေးဘီတဝိုက် ခိုးကြောင်ခိုးဝှက် လှည့်ကြည့်လိုက်သည်။

ကမ်းစပ်ခပ်ဝေးဝေးတွင် ရေချိုးနေသောကလေး များမှအပ အနီးတဝိုက်တွင် မည်သူမျှမရှိ။

အက်စီနီယာက သဲပြင်ပေါ်တွင် ဆောင့်ကြောင့် ထိုင်လိုက်ပြီး ထင်နေသော ခြေရာခွက်ကို လက်ဖြင့် ဖုံးလိုက်၏။ ပြီးမှ ထိုင်ရာမှ ထလိုက်ကာ ထမ်းပိုးကို ပခုံးထက်တွင် လျှိုလျက် အိမ်ရှိရာသို့ သုတ်ခြေတင်၍ လာခဲ့၏။

ဤသို့လာခဲ့ရင်းလည်း တကိုယ်တည်း ပြုံး၍ နေမိလေသည်။

နှင်းမြူပိတ်ပါးများ အကြားတွင် မိ၍နေသော နေမင်းက ရွာပေါ်မှ ဖြတ်ကျော်လျက် ရှိနေသည်။

တွန့်လိမ်ကောက်ကွေ့၍ နေသော တိမ်ဖြူလေးများ၏ ဟိုမှာဘက်တွင် ကျယ်ပြန့်သော အပြာရောင် စားကျက်ကြီး က အေးမြသောအသွင်ကို ဆောင်နေလျက် ရှိနေ၏။

နေရောင်ကြောင့် ပူလောင်နေသော သံဖြူအမိုးများပေါ်တွင် လည်းကောင်း၊ လူသူကင်းမဲ့နေသည့် ဖုန်ထူသောလမ်းများ ပေါ်တွင်လည်းကောင်း၊ ခြောက်သွေ့ ဝါရော်နေသောမြက်များ ပေါ်နေသည့် လယ်တောများတွင် လည်းကောင်း နေမင်း၏ အိုက်စပ်သော အပူဒဏ် က ပြင်းထန်စွာ ကျရောက်နေလေသည်။

အိမ်ရှိရာသို့ ချဉ်းကပ်၍လာမိသောအခါ စတီပင် က အနားကျယ်သော ကောက်ရိုးဦးထုပ်ကို ဆောင်းထားရင်း မြင်းများကို ‘ရိုင်’ များ ရိတ်သိမ်းသည့် စက်တွင် ‘က’ လျက်ရှိသည်ကို အက်စီနီယာက တွေ့ရလေသည်။

စတီပင်သည် ရွက်ထည်ဖြင့်ချုပ်ထားသော ကုတ်အင်္ကျီကို အရှေ့ပိုင်း ထိုင်ခုံပေါ်တွင် ပစ်တင်လိုက်ပြီး နောက် ဇက်ကြိုးနှစ်ခုကို ကောက်၍ကိုင်လိုက်၏။

“ခြံတံခါးဖွင့်လိုက်စမ်းပါ”

အက်စီနီယာက ခြံတံခါးကိုဖွင့်ရင်း မဝံ့မစားသော လေသံဖြင့် စတီပင်အား မေးလိုက်၏။

“ဘယ်တော့ပြန်လာမှာလဲ”

“ညနေစောင်းလောက်မှာ... ပြန်လာမယ်၊ အင်နီကူရှကာနဲ့ လက်စားလိုက်ပြီး ရိတ်ပေးဖို့ ပြောထားပြီးပြီ၊ မနက်စာကို သူတို့အိမ်ကိုပဲ လာပို့ပါ၊ ပန်းပဲဖိုမှာ ပြင်စရာရှိတာလေးတွေ ပြင်ပြီးရင် သူက လယ်ထဲကို လာမှာပဲ”

ရိတ်စက်၏ ဘီးများက စ၍အသံပေးရင်း ဖုန်ထူသောလမ်းပေါ်တွင် ကွေ့ကောက်သော ဘီးရာများကို ထင်လာ စေသည်။

အက်စီနီယာက တဲအိမ်အထဲသို့ ဝင်သွားပြီးနောက် ခေါင်းကို လက်တဖက်ဖြင့် ဖိရင်း ခဏမျှ ရပ်နေ၏။ ဤသို့ ရပ်နေပြီးမှ ခေါင်းဆောင်းပဝါတခု ကို ခေါင်းပေါ်တွင် လှမ်းတင်လိုက်ပြီး မြစ်ဆိပ်ရှိရာသို့ ပြေး၍ဆင်းလာခဲ့၏။

“တကယ်လို့ …သူပြန်လာရင် ဘယ်လိုလုပ်မလဲ” ဤအတွေးက အက်စီနီယာ၏ ရင်ကို ပူလောင်၍ လာစေသည်။ ရှေ့တွင် အလွန်နက်သော ချောက်ကမ်းပါးကြီး တခုကို တွေ့လိုက်ရသည့်အလား... အက်စီနီယာက ရုတ်တရက် ရပ်ပစ် လိုက်၏။ ပြီးမှ နောက်သို့ လှည့်စောင်း၍ ကြည့်လိုက်သည်။

ဤသို့ကြည့်ပြီးမှ မြစ်ချောက်ကမ်းပါး တလျှောက် မှနေ၍ စားကျက်များ ရှိရာသို့ တဟုန်တည်း ပြေးထွက်၍ လာခဲ့လေသည်။

ခြံစည်းရိုးများ၊ ဥယျာဉ်များကို ဖြတ်ကျော်၍နေသော နေကြာပန်းခင်းကြီး ရှိရာသို့ ရောက်လာခဲ့၏။ ပန်းခင်းကြီး သည် အဝါရောင်ပင်လယ် ကဲ့သို့ ရှိနေလေသည်။

အစိမ်းနုရောင် အာလူးပင်များရှိသည့် စိုက်ခင်းတွင် လက်ပြတ်အလက်ဇီတို့ အိမ်မှ မိသားစုမိန်းမများက အာလူးခင်းထဲတွင် ငန်းပြားများဖြင့် အလုပ်များနေသည်ကို မြင်ရ၏။ နှင်းဆီရောင် အင်္ကျီများကို ဝတ်ထားသော မိန်းမများသည် အလုပ်ကိုသာ ကုန်း၍ လုပ်နေကြ၏။

မီလက်ကော့ဗ်မိ သားစု ပိုင်ဆိုင်သော ဥယျာဉ်သို့ အရောက်တွင် အက်စီနီယာက ဘေးဘီတဝိုက်သို့ စောင်းငဲ့၍ ကြည့်လိုက်ပြီးနောက် ခြံ၌ သစ်ကိုင်းဖြင့် လုပ်ထားသော မျောက်လက်ကို အပေါ်သို့ မ,လိုက်ပြီး ခြံတံခါးကို ဖွင့်လိုက်၏။

တွေ့ရသော လမ်းကလေးမှာ နေကြာပန်း ပင်စည်များ စိမ်းစိမ်းစိုစို ထူထူထပ်ထပ် ရှိနေသည့် နေရာကို ဖြတ်လျက် ပြေးသွားနေသည်ကို တွေ့ရ၏။

လမ်းကလေး တနေရာသို့ အရောက်တွင်... အက်စီနီယာက ခဏမျှ ရပ်လိုက်ပြီးနောက် နေကြာ ပန်းခင်းကြီး အလယ်သို့ တိုး၍ဝင်လာခဲ့၏။

ရွှေရောင် နေကြာပန်းဝတ်မှုန်များက အက်စီနီယာ ၏မျက်နှာကို လာ၍ ကလူကျီစယ် နေကြ၏။

အက်စီနီယာသည် ဂါဝန်ကို မ,လိုက်ပြီးနောက် မြေကြီးပေါ်တွင် ထိုင်ချလိုက်လေသည်။

နေကြာပန်းခင်းကြီး အလယ်တွင် ထိုင်နေသော အက်စီနီယာက နားကိုစွင့်ထား၏။ တိတ်ဆိတ်ခြင်း သာ မင်းမူလျက် ရှိနေလေသည်။

ခေါင်းပေါ်ထက် တနေရာတွင် ပျားတစ်ကောင်က တဝီဝီမြည်သောအသံကို ပေးရင်း ပျံဝဲလာသံကို ကြားရ၏။

နာရီဝက်ခန့်အထိ တစ်ယောက်တည်း ထိုင်၍နေမိသည်ဟု ထင်သည်။ မသင်္ကာစိတ်ကြောင့်လည်း မိမိကိုယ်ကို မိမိ ညှဉ်းပန်းနေသကဲ့သို့ ဖြစ်နေရ၏။

“သူ…လာမှလာပါ့မလား”

သွားတော့မည်ဟု စိတ်ကူးကာ ခေါင်းပေါ်တွင် ဆောင်းထားသော ပဝါကို ပြန်၍ အနေအထားကျအောင် ပြင်လိုက်စဉ် ခြံတံခါးက တခုနှင့် တခု ပွတ်တိုက်သော အသံကို ပြုလျက် ပွင့်သွားသည်ဟု ထင်လိုက်ရ၏။

“အက်စီနီယာ...”

ဂရီဂို၏အသံဖြစ်ကြောင်း အက်စီနီယာက အတပ် သိလိုက်၏။

“ဒီဘက်မှာ”

အက်စီနီယာက ပြန်၍ အသံပေးလိုက်၏။

“အား …ခင်ဗျားက ကတိတည်သားပဲ”

အပင်များကို အသံတရှဲရှဲမြည်အောင် တိုးရင်း မိမိထံသို့ လာနေသော ဂရီဂို၏အသံကို ကြားရ၏။

အက်စီနီယာအနီးသို့ ရောက်လာသော ဂရီဂိုက အနားတွင် ကပ်၍ထိုင်လိုက်၏။

မျက်လုံးချင်းသွား၍ဆုံကြ၏။

ဂရီဂိုက စကားတခွန်းမျှမဆို။ သို့တိုင်အောင် သူမေးလိုသည့် အမေးပုစ္ဆာကို အက်စီနီယာက သိပြီး ဖြစ်နေ၏။

ဂရီဂို၏ တိတ်ဆိတ်သော အမေးပုစ္ဆာကို... အက်စီနီယာ ငိုရှိုက်ခြင်းဖြင့်သာ အဖြေပေးနေလေသည်။

“ငါ့မှာ အားကိုးစရာရယ်လို့ မရှိတော့ဘူး၊ ငါ့ ဘဝကတော့ ဆုံးပြီ ဂရီဂို”

အက်စီနီယာက ဒေါသမာန်ဖြင့် သူ့အင်္ကျီမှ ကော်လာကို ဖြုတ်၍ပြလိုက်၏။

မိန်းမတစ်ယောက် ပီသအောင် ဖြိုးသော နှင်းဆီရောင် ပြေးနေသော ရွှေရင်အစုံတွင် အပြာရောင် ချယ်ရီပန်း ကဲ့သို့ ညိုမည်း၍နေသော မြောက်မြားလှစွာသော ဒဏ်ရာဒဏ်ချက်များကို ဂရီဂိုက တွေ့မြင်လိုက်ရ၏။

“သူက ငါ့ကို နေ့ရှိသမျှ ရိုက်နေတာ နင် မသိဘူးလား။ သူက ငါ့သွေးကို စုပ်နေတာ။ အင်း ... နင်ကတော့ သိပ်တော်တာပေါ့လေ၊ ငါ့ကို ခွေးတစ်ကောင်လို ဖျက်လိုဖျက်ဆီး လုပ်ပြီးတော့ နင်ကတော့ ရှောင်နေနိုင်တာပေါ့လေ၊ နင်ဟာ…နင်လေ”

အက်စီနီယာက စကားကို အဆုံးမသတ်ဘဲ အင်္ကျီကြယ်သီးများ ကိုသာ ပြန်၍တပ်နေ၏။ ဤသို့ တပ်နေရင်း လည်း သူ့စကားကြောင့် တစ်ဖက်သား စိတ်ဆိုး၍သွားမည်ကို စိုးရိမ်မိသည့်အလျောက် ဂရီဂို ကို ခေါင်းငဲ့၍ ကြည့်နေ၏။

ဂရီဂိုက မျက်နှာကို တဖက်သို့လှည့်ပစ်လိုက်၏။

“ဒီအတိုင်း ဆိုရင်တော့ ရှိသမျှအပြစ်ကို ကျုပ် အပေါ် ပုံချဖို့ ခင်ဗျားက ကြံနေတာပေါ့”

မြက်ပင်တပင်ကို ကိုက်ရင်း ဂရီဂိုက ဖြည်းဖြည်းချင်းပင် စကားဆိုလိုက်၏။

“နင့်ကိုပဲ အပြစ်ပုံမချလို့ ဘယ်သူ့ကို ပုံချရဦး မှာလဲ”

အက်စီနီယာက စိတ်ပေါက်ပေါက်ဖြင့် ကြောက်စရာကောင်းလောက်အောင် အော်၍ပြောလိုက်၏။

“မကမြင်းချင်တဲ့ ခွေးမတစ်ကောင်ကို ခွေးထီးကလည်း ဂရုစိုက်မှာ မဟုတ်ပါဘူးဗျာ”

ဂရီဂို၏ စကားကြောင့် အက်စီနီယာက သူ့ မျက်နှာကို လက်နှစ်ဖက်ဖြင့် ဖုံးထားလိုက်မိ၏။

စဉ်းစဉ်းစားစားဖြင့် စကားလုံးပြောင်ပြောင်ကို သုံးကာ ပြောလိုက်သောစကားမှာ အက်စီနီယာအဖို့ ပြင်းထန် သော ထိုးနှက်ချက်ကို ခံလိုက်ရသကဲ့သို့ ရှိနေချေသည်။

မျက်မှောင်တချက် ကြုတ်လိုက်ရင်း ဂရီဂိုက အက်စီနီယာအား ဘေးမှနေ၍ ခေါင်းငဲ့ကြည့်လိုက်၏။ လက်ညှိုးနှင့် လက်ခလယ် အကြားတွင် မျက်ရည်ပေါက် တပေါက်က တွဲလဲခိုလျက် ရှိနေလေသည်။

ပန်းပွင့်များအကြားမှ ထိုးဖောက်ကျရောက် လာသော နေရောင်ခြည် တခုက တွဲလဲခိုလျက် ရှိနေသော မျက်ရည်ပေါက် ပေါ်သို့ ကျရောက်လာသည်။ မျက်ရည် ပေါက်က နေရောင်ခြည်ဖြင့် ထွန်းလင်းတောက်ပ၍ လာ၏။ ကြည်လင်၍ နေသော မျက်ရည်ပေါက်ကို နေရောင်ခြည်က ခြောက်သွေ့အောင် ပြုလုပ်လိုက်သည် သာမက လက်ပေါ် တွင် မျက်ရည်ပေါက် အရာပင် မထင်အောင် စွမ်းဆောင်၍ ပေးနေလေသည်။

မျက်ရည်ကို မြင်လိုက်ရသော ဂရီဂိုအဖို့ စိတ်ထဲ နှလုံးထဲတွင် မချိတလိဖြစ်လာခဲ့ရ၏။ မျက်ရည်ပေါက် ကို မြင်လိုက်သည့်အခါတိုင်း ဂရီဂိုက မခံချိနိုင်အောင် ဖြစ်ရသည်မှာ အမြဲပင်တည်း။

ဂရီဂိုသည် မျက်ရည်ပေါက်ကိုကြည့်ကာ ငြိမ်၍ မနေနိုင်။ တခုခု လှုပ်လှုပ်ရှားရှားလုပ်မှ ဖြစ်တော့မည်ဟု စိတ်ကူးရကာ ဘောင်းဘီပေါ်သို့ တက်လာသော ပုရွက်ဆိတ်ညိုကြီး တစ်ကောင်ကို ဒေါသတကြီးဖြင့် ခြေပစ်လိုက်၏။

ပြီးမှ အက်စီနီယာကို ခေါင်းငဲ့၍ ကြည့်လိုက်ပြန်သည်။ အက်စီနီယာက ထိုင်ပုံမပြောင်းဘဲ ယခင်အတိုင်းပင် ထိုင်နေ၏။ သို့ရာတွင် မျက်ရည်စီးကြောင်း သုံးခုက အက်စီနီယာ၏ လက်ဖမိုးပေါ်တွင် တစ်ခုနောက်မှ တစ်ခု လိုက်လျက် စီးဆင်းနေလေသည်။ “ဘာဖြစ်လို့လဲ၊ ခင်ဗျားကို ကျုပ်က စိတ်နာအောင် လုပ်မိလို့လား၊ တိတ်စမ်းပါဗျာ ...တိတ်စမ်းပါ၊ ကျုပ်က ပြောစရာရှိလို့ပါ...”

အက်စီနီယာက မျက်နှာပေါ်တွင် အုပ်ထားသော လက်နှစ်ဖက်ကို ခွာပစ်လိုက်ရင်း...

“ဒီကို…ငါလာခဲ့တာက နင့်ဆီက အကြံဉာဏ် ကလေးများ ရမလားဆိုပြီး လာခဲ့တာ၊ နင်ကတော့ ဘာလုပ်ဖို့ ဒီကို လာတာလဲ၊ အဖြစ်က..အခုအတိုင်း ဆိုရင်တောင် အဖြစ်ဆိုးနေပြီ၊ နင့်အတွက်ကတော့ ဘာမှ ပူနေစရာ မလိုဘူးပေါ့၊ ငါ.. ဒီကိုလာတာ နင့်ကို... အရဖမ်းရအောင်လာတာ မဟုတ်ပါဘူး၊ မကြောက်ပါနဲ့ဟာ…”

အက်စီနီယာက ရှိုက်ရင်းပြောလိုက်၏။

ဤသို့ ပြောလိုက်သည့် အချိန်၌ စိတ်ထဲတွင် ရှိသမျှကို တကယ်ပင် ပြောလိုက်ခြင်းပင် ဖြစ်သည်ဟု အက်စီနီယာက ယုံကြည်လိုက်၏။ သို့သော် ဒွန်မြစ်ကမ်းပါး တလျှောက်မှနေ၍ နေကြာပန်းခင်းကြီး ရှိရာသို့ ပြေးလာခဲ့စဉ် ကမူ အက်စီနီယာက တမျိုးတဖုံ စဉ်းစား၍လာခဲ့သည်မှာ အမှန်ပင်ဖြစ်၏။

“ဖြစ်သမျှ အကြောင်းစုံကို အကုန်ဖွင့်ပြီး ပြောပြလိုက်မယ်၊ ဂရီဂိုအပြင် ဘယ်သူနဲ့များ ငါ့မှာ နေဖို့ ရှိတော့သလဲ၊ သူနဲ့ နေမှပဲ ပျော်မယ်မဟုတ်လား” ဟု စဉ်းစားခဲ့မိ၏။

ဤသို့ စဉ်းစားမိရာမှ စတီပင်ကို ပြန်၍သတိရလာသည်။ ဤသို့ သတိရလာရင်းကပင် ခေါင်းကို သွက်သွက် လည်အောင် ခါလိုက်မိ၏။ စိတ်ရှုပ်ထွေးစေမည့် အတွေးမျိုးကို မတွေးတော့ဟု ဆုံးဖြတ်ကာ ခေါင်းကို ခါလိုက်ခြင်းပင် ဖြစ်၏။

“ဒါဖြင့် ကျုပ်တို့ အချစ်ဇာတ်လမ်းကလည်း စခန်း ရပ်သွားပြီပေါ့”

ဂရီဂိုက ဤသို့မေးလိုက်ပြီး ဝမ်းလျားမှောက်၍ နေလိုက်ကာ လက်တဖက်က သူ့မေးတဖက်ကို ထောက်ထား လိုက်၏။ ဝါး၍နေသော နှင်းဆီရောင် (rosy petals of the flower) ပွင့်ဖတ်ကလေးကို လည်း ပါးစပ်ထဲမှ ထွေး၍ ထုတ်လိုက်၏။

“ဘယ်လို စခန်းရပ်သွားတာလဲ၊ ဘယ်လိုလဲဟင်”

အက်စီနီယာက ထိတ်ထိတ်ပျာပျာ မေးလိုက်ရင်း ဂရီဂို၏ မျက်နှာကိုသာ အသနားခံ တောင်းပန်သည့် အမူအရာဖြင့် ကြည့်နေမိ၏။

ဂရီဂိုက အက်စီနီယာကို မကြည့်ဘဲ တဖက်သို့ လွှဲ၍နေလိုက်၏။

အောက်ရေကုန်ခန်းကာ ခြောက်သွေ့နေသော မြေကြီးမှ စိုထိုင်းထိုင်းအနံ့နှင့် နေရောင်ခြည်က ပြန်၍ ပေါ်ထွက် လာ၏။ လေက နေကြာပန်းပင်များအကြား တွင် လှုပ်ရှားကစားနေသည်။ ပြေးလွှားကစား၍ လာသော တိမ်လိပ်တခုဖြင့် ဝင်၍ တိုးမိနေသောကြောင့် နေရောင်ခြည်က ခဏအဖို့ မှေးမှိန်၍သာ သွားသည်။ သို့ဖြစ်၍လည်း မြက်ခင်းကြီးပေါ်၌ လည်းကောင်း၊ အတွေးလွန်နေသော အက်စီနီယာ၏ ခေါင်းပေါ်သို့ လည်းကောင်း မီးခိုးရောင်အရိပ်များက ထိုးကျလျက် ရှိနေလေသည်။

ဂရီဂိုက သက်ပြင်းတချက်ကို လေးလေးကြီး ချလိုက်၏။ သူသက်ပြင်းချပုံမှာ လည်ချောင်း နာနေသော မြင်းတစ်ကောင်၏ ဟီသံနှင့် တူနေလေသည်။ မှောက်လျက်သား ခေါင်းကို ထောင်လျက် လဲလျောင်းနေသော ဂရီဂိုက ပက်လက်လှန် လိုက်၏။ သူ့ပခုံးနှစ်ဖက်က ပူနေသော မြေကြီးနှင့် တွေ့ထိကာ အနွေးဓာတ်ရလာသည်။

“နားထောင်စမ်းပါဦး... အက်စီနီယာ၊ ကျုပ်မှာ စိတ်ကူးတခုရထားတာ ရှိတယ်၊ ဘယ်လိုလုပ်ရမယ် ဆိုတာ စိတ်ကူး နေတာလည်း ကြာလှပြီ”

ဂရီဂိုကစ၍ ဖြည်းဖြည်းချင်း ပြောနေလေသည်။ ဤအခိုက်တွင်ပင် နေကြာပန်းခင်းကြီးကို ဖြတ်လျက် လှည်းဘီး ကြိတ်သံ ပေါ်ထွက်လာပြီး “ဟဲ့-နွား သွားစမ်းပါလား” ဟူသော မိန်းမတစ်ယောက်၏ လှည်းမောင်းသံကိုလည်း ကြားလိုက်ကြရ၏။

မိန်းမတစ်ယောက်၏ လှည်းမောင်းသံမှာ အက်စီနီယာအဖို့ အနားမှကပ်၍ ထွက်ပေါ်လာသော အသံနှင့် တူနေသည့် အတိုင်း မြေကြီးပေါ်တွင် ပြားပြားဝပ်၍ နေလိုက်မိ၏။

ဂရီဂိုက ခေါင်းကို ထောင်လိုက်ရင်း ...

“ခင်ဗျားခေါင်းကို ဆောင်းတဲ့ ပဝါကို ဖြုတ်ထားလိုက်စမ်းပါ၊ ဒါကို တခြားသူတွေ မြင်သွားနိုင်တယ်၊ ကျုပ်တို့ကို တော့ တွေ့သွားမယ် မထင်ဘူး”

တီးတိုးသံဖြင့် ပြောလိုက်၏။

အက်စီနီယာက ခေါင်းဆောင်းပဝါကို ဖြုတ်ထားလိုက်၏။

နေကြာပန်းခင်းကြီး အတွင်းသို့ ဝင်ရောက် ဆော့ကစားနေသော ပူလောင်လောင် အိုက်စပ်စပ် လေက အက်စီနီယာ၏ လည်ကုပ်ပေါ်တွင် မြက်ခြောက် အစည်းကလေးကဲ့သို့ ရှိနေသည့် ရွှေရောင် မွေးညင်းနုကလေး များကိုပါ ကလူကျီစယ်လျက် ရှိနေသည်။

လှည်းသံက တဖြည်းဖြည်း ဝေး၍သွားသည်။

“အဲ…ကျုပ်စိတ်ကူးနေတာက ဒီလိုပါ”

ဂရီဂိုက ပြတ်သားသော စကားကို ပြန်၍ဆက် လိုက်ပြန်၏။

“ပြီးပြီးသား အလုပ်ကတော့ ဘယ်လိုမှ ပြင်လို့ရတော့မှာ မဟုတ်ဘူး၊ ဒီတော့ အပြစ်ကို ဘယ်သူ့အပေါ်မှ ပုံချဖို့ မလိုတော့ဘူး။ ဒါပေမဲ့ ကျုပ်တို့ကတော့ အသက်ရှင်ပြီး နေထိုင်သွားဖို့က လိုသေးတယ် မဟုတ်လား”

ဂရီဂိုက စိတ်အား ထက်ထက်သန်သန်ဖြင့် ပြောနေလေသည်။

ဂရီဂိုက စိတ်အား ထက်ထက်သန်သန်ဖြင့် ပြောနေသကဲ့သို့ အက်စီနီယာကလည်း သိလိုစိတ်ပြင်းစွာဖြင့် နားထောင်လျက် ရှိသည်။ ဂရီဂိုထံမှ ကြားရမည့် စီစဉ်ချက်ကို ဇောဖြင့် နားထောင်ရင်း လက်ထဲတွင် ကိုင်ထားသော နေကြာပန်းပင် တခုကို ချိုး၍ပစ်လိုက်မိ၏။

ဂရီဂို၏မျက်နှာကို လှမ်းကြည့်လိုက်သောအခါ တည်ကြည်ငြိမ်သက်နေသည့် အမူအရာကို တွေ့ရ၏။

“ကျုပ်တို့က အခုဇာတ်လမ်းကို ဘယ်လိုစခန်း သိမ်းသင့်တယ် ဆိုတာ စဉ်းစားခဲ့တာ အတော်ကလေး ကြာခဲ့ပါပြီ...”

ဂရီဂိုထံမှ ပေါ်ထွက်လာမည့် စကားအဆုံးသတ် ကို စောင့်ရင်း အက်စီနီယာမှာ နတ်ပူးသကဲ့သို့ တကိုယ်လုံး ယိမ်းထိုး၍ပင် နေမိ၏။ လက်ချောင်းကလေးများက တွန့်လိမ်ကွေးကောက် လာပြီး နှာဝနှစ်ဖက်ကလည်း ကျယ်၍ လာသည်။

ကြောက်လန့်ခြင်း မီးအလျှံနှင့်အတူ ကာမဂုဏ် မီးအလျှံက အက်စီနီယာ၏ မျက်နှာပေါ်တွင် ပေါ်လွင်၍ နေသည်။ ပါးစပ်မှာလည်း ရေငတ်နေသူ တစ်ယောက် ကဲ့သို့ ခြောက်၍နေ၏။

“ကျုပ်တို့ဇာတ်လမ်းကို စခန်းသိမ်းလိုက်ဖို့ဆိုတာ စတီပင်ကို ခင်ဗျားက လုံးဝစွန့်ပစ်လိုက်ဖို့ပဲ”

ဂရီဂိုက ဤသို့သော စကားမျိုးကို ဆိုလိမ့်မည် ဟု အက်စီနီယာက တွေးထင်နေမိ၏။

သို့သော် တွန့်နေသောနှုတ်ခမ်းကို တမင်အနာခံ၍ ကိုက်ရင်း ဂရီဂိုက ပြောလိုက်သည်။

“ကျုပ်တို့ဇာတ်လမ်း ဒါလောက်နဲ့ပဲ စခန်းသိမ်း ကြပါစို့”

အက်စီနီယာက ထိုင်နေရာမှ ဆတ်ခနဲထလိုက်ကာ နတ်ပူးသကဲ့သို့ ယိမ်းထိုးနေသော ရွှေရောင် နေကြာပန်းပွင့် များကို အတင်းတိုးလျက် တံခါးရှိရာသို့ ထွက်သွားသည်။

“အက်စီနီယာ…”

ဂရီဂိုက ဖျစ်ညှစ်၍ ထုတ်လိုက်ရသော ဆို့နစ်သည့် အသံဖြင့် ခေါ်လိုက်၏။

ဦးထုပ်တွင် အနီရောင် ရစ်ပတ်ထားသော ဖဲပြားကို အခြားသူများ တွေ့မြင်သွားခြင်း အားဖြင့် မိမိကိုပါ တွေ့သွားမည် ကို စိုးရိမ်ကာ ဂရီဂိုက ခေါင်းတွင် ဆောင်းထားသည့် ဦးထုပ်ကိုပါ ချွတ်၍ လွှင့်ပစ်လိုက်၏။

ပြီးမှ အက်စီနီယာကို ငေးကြည့်နေမိ၏။

သူမြင်ရသော အက်စီနီယာမှာ... ယခုခဏလေး အတွင်းတွင်မှ ထသွားသော အက်စီနီယာ မဟုတ်လား။

တင်ပါးဆုံနှစ်ဖက်ကို ကာမဂုဏ်ကြွအောင် လှပ်၍ ယမ်း၍ နေကြာပန်းခင်းကြီးအား နောက်ခိုင်းလျက် သွားနေ သူမှာ....တခါမှ မတွေ့ဖူး မမြင်ဖူး မသိဖူးသော မိန်းမတစ်ယောက်သာ ဖြစ်နေလေသည်။

အက်စီနီယာသည် ဂရီဂိုအဖို့ တခါမှ မတွေ့ဖူး မမြင်ဖူးသော သူစိမ်းတစ်ယောက် သာလျှင် ဖြစ်နေပေ တော့သည်။

· · ─ ·✶· ─ · ·

 

‘ရိုင်’ များကို ရိတ်သိမ်းပြီးသည့်နောက် ကျီပင် မသွင်းရသေးမီ ဂျုံများက မှည့်လာကြ၏။

မြေစေးပါသော လယ်ကွင်းများနှင့် တောင်စောင်း များတွင် ခြောက်သွေ့နေသောအရွက်များက အဝါရောင်သို့ ကူးပြောင်းလာပြီးနောက် အလိပ်များ ဖြစ်၍လာ ကြ၏။ အပင်များကလည်း ဖျော့တော့၍လာကြ၏။

ကောက်ပဲသီးနှံ အထွက်ကောင်းမည်ဟု လူတိုင်းကပင် အားရဝမ်းသာ ထင်မြင်ချက်ပေးခဲ့ကြ၏။ ကောက်ပင်တွင် ကောက်နှံများက များသလို အဆန်များကလည်း အလေးချိန်လည်း စီးသည်။

သို့ရာတွင် မိုးဦးအချိန်မှစ၍ အရှေ့ဘက်နယ်စပ်မှ စကာ မိုးခေါင်၍လာခဲ့သောကြောင့် ကောက်ပင်များ မှာ ရေကို ဝဝလင်လင် မသောက်ကြရသည့် အလျောက် ပင်တံများတိုကာ ကောက်ရိုးများမှာလည်း နွားစာ မြင်းစာအတွက် အသုံးမဝင် လောက်အောင် ဖြစ်ခဲ့ရ၏။

စေ့စပ်ကြောင်းလမ်းရေး ပထမအဆင့်ဖြင့် အောင်သွယ်တော်ကြီးနှင့် သွားရောက် ပြောဆိုပြီးသည့်အခါမှ စ၍ နာတာလီယာ၏ မိဘနှစ်ပါးက စေ့စပ်ကြောင်းလမ်းခြင်းကို သဘောတူလက်ခံမည်ဟု ဆိုသည့်တိုင် မင်္ဂလာလက်ထပ်ပွဲကို သြဂုတ်လ တစ်ရက်နေ့အထိ ရွှေ့ဆိုင်းပစ်မည်ဟု ပင်တာလီမွန်က ဆုံးဖြတ်ထားခဲ့၏။

စေ့စပ်ကြောင်းလမ်းခြင်းကို နာတာလီယာ၏ မိဘများက သဘောတူ မတူကိုပင် သွားရောက် မေးမြန်းရန် အချိန်မရခဲ့။ ကောက်ရိတ်သိမ်းရခြင်း တို့ဖြင့်သာ အချိန်ကုန်ခဲ့ရသည် မဟုတ်လား။ ထို့ပြင် သမီးရှင်မိဘများထံသို့ သွားရောက် မေးမြန်းရန်အတွက် နှစ်ဦးနှစ်ဖက်အဖို့ အားလပ်ပျော်ရွှင်သည့် ရက်အားလည်း ဖြစ်ရမည် မဟုတ်လား။

ပင်တာလီမွန်မီလက်ကော့ဗ် မိသားစုက သောကြာနေ့ တနေ့တွင် ကောက်ရိတ်သိမ်းခြင်းကို စတင်ခဲ့ကြ၏။

လေးဘီးတပ်လှည်းမှ အမိုးများ၊ ထိုင်ခုံများကို ဖြုတ်လိုက်ပြီးနောက် လှည်းအိမ်အောက်ခံ ကိုယ်ထည် ကိုသာ ကောက်လှိုင်းများ သယ်ယူ၍ကောင်းအောင် ပင်တာလီမွန်က ပြင်ဆင်နေသည်။

သားနှစ်ဦးဖြစ်သော ပိုင်အိုတျာနှင့် ဂရီဂိုတို့က လယ်ထဲသို့ ကောက်ရိတ်ဆင်းသွားကြသည်။

ပိုင်အိုတျာက ကောက်ရိတ်စက်ပေါ်တွင် စီး၍လာခဲ့သော်လည်း ဂရီဂိုက အစ်ကိုဖြစ်သူနှင့် ရင်ပေါင်တန်းလျက် လမ်းလျှောက် လိုက်လေသည်။

အတွေးထဲတွင် နစ်ကာ အမုန်းရေယာဉ်ထဲတွင် မျောပါနေသောကြောင့်လည်း ဂရီဂို၏ မေးရိုးမှ ပါးရိုး အထိ ရှိသော အသားစိုင်များတွင် အသားဖုများက တကြွကြွလှုပ်ရှားနေကြ၏။

ဤအခြင်းအရာကို မြင်နေရသော ပိုင်အိုတျာက ဂရီဂိုမှာ ဒေါသစိတ်ဖြင့် ဂနာမငြိမ်နိုင်အောင် ဖြစ်နေကြောင်း သိနေသည်။ ထစ်ခနဲဆိုလျှင် ရန်ဖြစ်ရန် အသင့်ဖြစ်နေတတ်သော ညီဖြစ်သူ၏ သဘာဝကို သိနေသည့်တိုင် ပိုင်အိုတျာက ဂျုံဝါရောင်ရှိနေသော နှုတ်ခမ်းမွေးကျင်စွယ်ကို ကော့၍နေအောင်ထောင်လျက် ပြုံးရင်း သူ့ညီကို ‘စ’ လိုက်၏။

“ဘုရားစူးပါစေရဲ့ကွာ… နင့်အကြောင်းကို... ခရစ္စတိုနီယာရဲ့ မိန်းမက ငါ့ကို သူကိုယ်တိုင် ပြောပြတယ်ကွာ”

ဂရီဂိုက နှုတ်ခမ်းမွေးကျင်စွယ်မှ အမွေးနုကလေး များကို တမြုံ့မြုံ့ဝါးရင်း ...

“သူက ဘာတွေပြောသလဲဗျ”

ဟု မပွင့်တပွင့် မေးလိုက်၏။

“ကျွန်မက မြို့ကအပြန် နေကြာပန်းခင်းကြီးနား ရောက်တော့... အဲဒီ ပင်တာလီမွန် မီလက်ကော့ဗ်တို့ ပိုင်ဆိုင်တဲ့ နေကြာပန်းခင်းအကွက်နားကို ရောက်တော့ ပန်းခင်းထဲက စကားပြောသံတွေကို ကြားရတယ်”

“ဟေ့ ...အစ်ကို တော်စမ်း”

“စကားပြောသံတွေ ကြားရတော့ ကျွန်မက လှည့်ဝိုက်ပြီး ကြည့်လိုက်မိတယ်၊ ခြံစည်းရိုးပေါက် ကနေပြီး ကြည့်လိုက် မိတယ်”

ပိုင်အိုတျာ၏ စကားမဆုံးမီ ဂရီဂိုက မျက်တောင် ကို တဖျပ်ဖျပ်ခတ်လိုက်ပြီး သွေးမရှိသောမျက်နှာဖြင့် ပြောလိုက်၏။

“ခင်ဗျား ဒါလောက်နဲ့ တော်မလား၊ မတော်ဘူးလား”

“မင်းက တော်တော်ဆန်းတဲ့ အကောင်၊ ငါ့ဟာငါ ဆုံးအောင်ပြောပါစေလား”

“အစ်ကိုနော်..ခင်ဗျားကို ကျုပ်သတိပေးတယ်၊ တော်ကြာရင် ရန်ပွဲဖြစ်နေလိမ့်မယ်”

နှစ်ယောက်သား ရင်ပေါင်တန်းသွားရာမှ ဂရီဂိုက နောက်လျှို၍ ကျန်နေရစ်ခဲ့ပြီး အစ်ကိုဖြစ်သူအား ကျုံးဝါး၍ ပြောလိုက်၏။

ကောက်ရိတ်စက် ပေါ်တွင် ထိုင်၍ လိုက်ပါလာသော အစ်ကို ပိုင်အိုတျာက မျက်ခုံးနှစ်ဖက်ကို ချီလိုက်ပြီး ညီဖြစ်သူ ဘက်သို့ လှည့်လိုက်၏။

"ခြံစည်းရိုးပေါက်ကနေ ကြည့်လိုက်တော့ သူတို့နှစ်ယောက်ကို တွေ့ရတာပေါ့…။ အချစ် နာလန်ထနေတဲ့ နှစ်ယောက်လေ၊ တစ်ယောက်ကို တစ်ယောက် ဖက်လို့။ ကိုယ့်ကို သူကပြောတယ်၊ ဒီတော့ …ဘယ်သူတွေလဲလို့ မေးလိုက်တဲ့ အခါ သူကပြန်ပြောတယ်...။ ဘယ်သူ ရှိရဦးမှာလဲ။ အက်စီနီယာနဲ့ ရှင့်ညီပဲပေါ့လို့ ပြောတယ်။ ဒီတော့…”

ပိုင်အိုတျာ၏စကား အဆုံးမသတ်မီပင် နောက်လျှို၍ ကျန်ရစ်ခဲ့သော ဂရီဂိုက ကောက်ရိတ်စက်ပေါ်တွင် တင်ယူ လာသော ကောက်ဆွတစ်ချောင်းကို ဆွဲယူလိုက်ပြီး အစ်ကိုဖြစ်သူရှိရာသို့ ပြေးဝင်၍သွားသည်။

ပိုင်အိုတျာက ကိုင်ထားသော မြင်းဇက်ကြိုးကို လွှတ်ချလိုက်ပြီး ထိုင်နေသည့်နေရာမှနေ၍ မြင်း နှစ်ကောင် ရှေ့သို့ရောက်အောင် လွှားခနဲ ခုန်ချလိုက်၏။

“ဖွီ … ဟေ့ကောင် ရူးများရူးသွားပြီလား၊ လူကိုလည်း ကြည့်စမ်းပါဦး”

ဂရီဂိုက ဝံပုလွေတစ်ကောင်ကဲ့သို့ သွားများကို ဖြဲလိုက်ရင်း အစ်ကိုဖြစ်သူအား ကောက်ဆွဖြင့် ထိုးလိုက်၏။

ပိုင်အိုတျာ ရုတ်တရက် လေးဘက်ထောက်၍ ချလိုက်၏။ ကောက်ဆွက ပိုင်အိုတျာနှင့် နှစ်လက်မခန့် အကွာတွင် မြေကြီးထဲသို့ စိုက်ဝင်သွားပြီး ထောင်နေသည်။

ကောက်ဆွလက်ကိုင်မှာ တစီစီမြည်လျက်လှုပ်ကာ ယိမ်းထိုးလျက်ပင် ရှိနေလေသည်။

လေးဘက်ထောက်နေရာမှ အောက်သိုးသိုးမျက်နှာဖြင့် ပြန်၍ထလာသော ပိုင်အိုတျာက လန့်၍သွားသော မြင်းနှစ်ကောင် ကို ဇက်အုပ်မှနေ၍ ကိုင်ထားရင်း ညီဖြစ်သူအား ပက်ပက်စက်စက်ကျိန်ဆဲနေ၏။

“မင်းလက်ချက်နဲ့ ငါ့ကို အသက်ထွက်အောင် လုပ်မလို့လား၊ နည်းနည်းလေးပဲလိုသွားတယ်၊ ဟေ့ … ဝက်ကောင်”

“ကျုပ်ကတော့ အသေသတ်မလို့ပဲ”

“မင်းက ပေါကြောင်ကြောင်နဲ့ ရူးတူးတူး အကောင် ပါကွာ၊ မင်းကလည်း အဖေလို ဒေါသထွက်လာရင် ဘယ်သူ့ကိုမှ မညှာတဲ့လူမျိုးပဲ။ တူရကီလို မိုက်ကန်း ပါကလား”

ဂရီဂိုက မြေကြီးတွင် ထောင်စိုက်နေသော ကောက်ဆွကို နုတ်ယူလိုက်ပြီးနောက် ကောက်ရိတ်စက် နောက်မှ နေ၍ လိုက်ပါလာခဲ့၏။

ရှေ့တွင်ရှိသော ပိုင်အိုတျာက ညီဖြစ်သူကို လက်ညှိုးနှင့် တချက်ပြ၍ ခေါ်လိုက်ပြီး ...

“မင်းလက်ထဲက ကောက်ဆွကို ငါ့ပေးစမ်း”ဟု အသံမာမာဖြင့် အမိန့်ပေးလိုက်၏။

မြင်းဇက်ကြိုးကို လက်ဝဲတက်လက်တွင် ပြောင်း၍ ကိုင်လိုက်ပြီးနောက် ပိုင်အိုတျာက ကောက်ဆွကို ညာလက် ဖြင့် လှမ်းယူလိုက်၏။ ပြီးမှ ညီဖြစ်သူအား ကောက်ဆွအရိုးတံဖြင့် ကျောရိုးကို ခုန်၍ရိုက်လိုက်၏။

“ဒါနဲ့ ရိုက်ရတာထက် ကြိုးနဲ့ ရိုက်ရတာက ပိုကောင်းလိမ့်မယ်”

ရိုက်ချက် မမိအောင် လွှဲရှောင်၍ ပြေးသွားသော ညီဖြစ်သူကို ကြည့်ရင်း ပိုင်အိုတျာက ပြောလိုက်၏။

ခဏမျှ ကြာသောအခါ ပိုင်အိုတျာနှင့် ဂရီဂို ညီအစ်ကိုနှစ်ယောက်က မိမိတို့ စီးကရက်များကို အသီးသီး ညှိလိုက် ပြီးနောက် တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်လိုက်ကြ၏။ ဤသို့ ကြည့်ပြီးနောက် နှစ်ယောက်သား ပြိုင်တူလိုပင် တဟားဟား ရယ်လိုက် ကြ၏။

အခြားလမ်းတလမ်းမှနေ၍ လယ်တဲမှ အိမ်ရှိရာ သို့ လှည်းဖြင့်သွားသော ခရစ္စတိုနီယာ၏ မိန်းမက လမ်းပေါ်တွင် ညီဖြစ်သူ ဂရီဂိုက အစ်ကို ပိုင်အိုတျာ အား ကောက်ဆွဖြင့် ထိုးသည်ကို တွေ့မြင်သွား၏။

‘ရိုင်’ ကောက်လှိုင်းများ ပေါ်မှနေ၍ အောက်သို့ လိမ့်မကျအောင် ကျားကန်ထားရင်း မတ်တတ်ရပ်လျက် ကြည့်ရသောကြောင့် တကြောင်း၊ ကြားတွင် ကောက်လှိုင်းရိတ်စက်က ကန့်လန့်ခံနေသည်က တကြောင်း တို့ကြောင့် ဂရီဂိုက ပိုင်အိုတျာအား ကောက်ဆွဖြင့် ထိုးလိုက်သည်ကိုသာ မြင်လိုက်ရပြီး နောက်ထပ် မည်ကဲ့သို့ ဆက်လက်၍ ဖြစ်သည်ကိုမူ သိမြင်သွားခြင်း မရှိခဲ့။ သို့ဖြစ်၍လည်း ရွာသို့ ရောက်လျှင်ရောက်ချင်း အိမ်နီးနားချင်းတစ်ယောက်အား လှမ်းအော်၍ ပြောလိုက်၏။

“ပင်တာလီမွန်ကို ပြေးပြီးပြောစမ်းပါဦး။ သူ့သား နှစ်ယောက် ကောက်ဆွတွေ ကိုယ်စီနဲ့ သတ်ကုန်ကြပြီလို့။ တာတာ တောင်ကုန်းနားမှာပေါ့၊ ဂရီဂိုက သူ့အစ်ကိုကို နံဘေးကို ကောက်ဆွနဲ့ ထိုးလိုက်တယ်၊ အစ်ကိုကလည်း ပြန်ပြီးထိုးတာပေါ့၊ သွေးတွေကလည်း မြင်မကောင်းအောင် ထွက်လို့”

ဤအချိန် အတောအတွင်းပင် ညီအစ်ကိုနှစ်ယောက်က ကောက်ပင်များကို စ၍ ရိတ်သိမ်းနေကြပြီ ဖြစ်၏။ ပိုင်အိုတျာမှာ မြင်းများကို အော်ရငေါက်ရ လွန်းသဖြင့် အသံပင် ပြာနေသည်။ မြင်းများကလည်း ပန်းနေကြပြီ ဖြစ်သည်။

ဂရီဂိုက ဖုန်အလိမ်းလိမ်းကပ်နေသော ခြေထောက်တဖက်ကို မြက်ရိတ်စက် လျှောက်တန်းပေါ်တွင် တင်ကာ ထွန်စက်မှ ရိတ်ပြီးသား ကောက်လှိုင်း အစုအပုံများ ကို ကောက်ဆွဖြင့် ဆွနေလေသည်။

လယ်ကွင်းပြင် တခွင်လုံးတွင် အပြိုင်အဆိုင် သူ့ထက်ငါကောင်း ကောက်ရိတ်လျက် ရှိနေကြ၏။ ကောက်ရိတ်စက် မှ ဓားသွားများက နေရောင်တွင် တပြောင်ပြောင် လက်နေသလို ကောက်ရိတ်စက်များ လှုပ်ရှားသံ ကလည်း စီစီညံလျက် ရှိနေ၏။ လယ်မြေ တခွင်တပြင်လုံးမှာ ရိတ်ပြီး ကောက်လှိုင်းပုံများဖြင့် ပြည့်နှက်လျက် ရှိနေ လေသည်။

ကောက်ရိတ်စက် မောင်းနေသူများကို အားကျသည့်အလား အခေါင်းထဲတွင် ရှိနေသော ရှဉ့်များကလည်း ဘာသာ ဘာဝ အော်မြည်လျက် ရှိနေကြ၏။

“နောက်ထပ် နှစ်တန်းလောက် ရိတ်ပြီးရင် ခဏ နားကြမယ်ကွာ၊ ဆေးလိပ်ကလေး သောက်ကြရအောင်”

ပိုင်အိုတျာက ညံစီစီဖြစ်နေသော ကောက်ရိတ်စက် သံထက် ပို၍ကျယ်အောင် အော်ဟစ်၍ပြောလိုက်၏။

ဂရီဂိုက ခေါင်းညိတ်လိုက်သည်။

ခြောက်၍ ကွဲနေသော နှုတ်ခမ်းများကို ဂရီဂိုက အတော်ပင် ကြိုးစား၍ လှုပ်ရှားနေရ၏။ ကောက်ဆွကို အသွား ဘက်နှင့် ကပ်နေသည့် နေရာမှ ကပ်၍ကိုင်ရင်း၊ ရိတ်ပြီးသား ကောက်ပုံကြီးများကို အားစိုက်၍ ဆွရင်း အသက်ကို ခိုး၍ ရှူနေရလေသည်။

ချွေးသီးချွေးပေါက်များက နဖူးမှနေ၍ စီးကျလာသည်။ မျက်စိထဲသို့ ဝင်လာသော ချွေးပေါက်များမှာ ဆပ်ပြာ ကဲ့သို့ စပ်နေ၏။

နောက်ထပ်နှစ်တန်း ရိတ်သိမ်းပြီးသောအခါ နှစ်ဦးစလုံးပင် ခေတ္တနားလျက် အပန်းဖြေနေကြ၏။

“မြင်းကို အပြင်းစိုင်းပြီး တစ်ယောက်ယောက် လာနေတယ်”

ပိုင်အိုတျာက နေရောင် မထိုးအောင် မျက်စိကို လက်ဝါးဖြင့်ကာ၍ ကြည့်ရင်း ပြောလိုက်၏။

ဂရီဂိုက လှမ်း၍ကြည့်လိုက်ပြီးနောက် အံ့သြသည့် အမူအရာဖြင့် မျက်ခုံးနှစ်ဖက်ကို ပင့်ချီ၍ထားလိုက်၏။

“ခု…လာနေတာ အဖေပဲ၊ အစစ်ပဲပေါ့”

“မင်း ရူးများနေသလား၊ အဖေက ဘာများစီးပြီး လာမှာလဲ၊ အိမ်မှာရှိတဲ့ မြင်းနှစ်ကောင်က ဒီမှာရောက် နေပြီ မဟုတ်လား”

“အဖေမှ အဖေအစစ်ဗျ၊ ဘုရားစူးရပါစေရဲ့”

မြင်းကို ဒုန်းစိုင်း၍ လာသူသည် ပိုင်အိုတျာတို့ ညီအစ်ကိုနှစ်ယောက်ရှိရာ လယ်ကွက်နှင့် ပို၍ နီးလာသည်။ ခဏအကြာတွင် မြင်းစီးလာသူ၏ မျက်နှာကို သဲသဲကွဲကွဲ မြင်၍လာရတော့၏။

“ဟုတ်တယ် အဖေပဲ”

ပိုင်အိုတျာက အံ့ဩသည့်စိတ်၊ သိလိုစိတ်ဖြင့် လက်နှစ်ဖက်ကို မြှောက်လိုက် ချလိုက် လုပ်နေသောကြောင့် က,နေသကဲ့သို့ ဖြစ်သည်။

“အိမ်မှာ တခုခုဖြစ်လို့ လာတာဖြစ်မယ်”

ဂရီဂိုက ရင့်ကျက်သော အမူအရာဖြင့် ပြောလိုက်၏။ ညီအစ်ကို နှစ်ယောက်စလုံးပင် စိတ်ပူနေကြလေသည်။

ကိုက်တစ်ရာခန့်အကွာ မှနေ၍ မြင်းကို ဇက်သတ်လိုက်ရင်း ကျာပွတ်ကို ခေါင်းပေါ်တွင် ဝှေ့ယမ်းလျက် ပင်တာလီမွန်က အော်၍ပြောလိုက်၏။

“ခွေးမသားတွေ၊ နင်တို့နှစ်ကောင်စလုံး ကျောကွဲ အောင်ရိုက်မယ်”

“ဘာများဖြစ်လို့လဲ”

ပိုင်အိုတျာက ဖခင်ဖြစ်သူ၏စကားကြောင့် အံအားအသင့်ကြီး သင့်ကာ နှုတ်ခမ်းမွေးကျင်စွယ် တဝက်လောက်ကို ပါးစပ်ဖြင့် ကိုက်ထားလိုက်၏။

“ကောက်ရိတ်နေတဲ့ အခြားလူတွေကိုလည်း မေးကြည့်ပါဦး၊ သားရေစိမ်းနဲ့လုပ်ထားတဲ့ ရိုက်တံနဲ့သာ ရိုက်မယ် ဆိုရင် ဘုရားရေ.. တို့တော့ သေရတော့မှာပဲ။ အူထွက်ပြီး သေလိမ့်မယ်…”

ဂရီဂိုက သူနှင့် ဖခင်အကြားတွင် ကောက်ရိတ်စက်ကို မောင်း၍သွင်းလိုက်ပြီး ပြုံးလိုက်၏။

အမြှုပ်တစီစီ ထနေသောမြင်းက ကောက်လှိုင်းများ ရှိရာသို့ မနှေးမမြန် လာနေသည်။ ပင်တာလီမွန်က မြင်းနံဘေးကို ခြေထောက်နှစ်ဖက်ဖြင့် တို့၍ပေးနေ၏။ မြင်းကို ကုန်းနှီးမပါဘဲ၊ မြင်းစီးဖိနပ်မပါဘဲ အလျင်စလို စီးလာ ခဲ့ရသည်ဖြစ်ရာ ပင်တာလီမွန်မှာ ခြေဖြင့်သာ ကြိမ်တို့၍ပေးနေရလေသည်။

“မင်းတို့ ဒီမှာ ဘာတွေဖြစ်နေကြတာလဲ၊ တယ်ပြီး မိုက်မဲတဲ့အကောင်တွေ”

ပင်တာလီမွန်က ကျာပွတ်ကို ကိုင်၍ တချက်မျှ ဝှေ့ယမ်းလိုက်ရင်း မေးလိုက်၏။

“ကျွန်တော်တို့ အဖေမြင်တဲ့အတိုင်း ကောက်ရိတ်နေတာပေါ့”

ပိုင်အိုတျာက လက်နှစ်ဖက်ကို ဖြန့်လိုက်ရင်း ဖခင်ဖြစ်သူ၏လက်ထဲမှ ကျာပွတ်ကိုလည်း စိုးရိမ်တကြီး ကြည့်ကာ အဖြေပေးလိုက်၏။

“ကောက်ဆွနဲ့ ထိုးပြီး သတ်နေကြတယ်ဆိုတာ ဘယ်သူလဲ၊ ဘာဖြစ်လို့ ရန်ဖြစ်နေရတာလဲ”

ဂရီဂိုက အဖေဖြစ်သူကို ကျောခိုင်း၍နေလိုက်ပြီး ကောင်းကင်ပြင်တွင် ရွေ့လျားလျက်ရှိသော တိမ်တိုက် အစု ကလေးများကို အသံကလေးခပ်ကျယ်ကျယ်ဖြင့် စ၍ရေတွက်လိုက်၏။

“ကောက်ဆွနဲ့ ဘယ်သူသတ်နေတာလဲ၊ ဘယ်သူကရော ရန်ဖြစ်နေတာလဲ”

ပိုင်အိုတျာက ဖခင်ဖြစ်သူကို ခေါင်းမှ ခြေဖျားအထိကြည့်ရင်း ပြန်၍မေးလိုက်၏။

“ဒါ ဖြင့်...ဟိုကောင်မက ကြက်မ ကတော်လိုက် သလို အတင်းပြေးပြီး ငါ့ကို လာပြောရတာလဲ၊ ရှင့် သားတွေ ကောက်ဆွတွေနဲ့ ထိုးသတ်ကုန်ကြပြီတဲ့၊ ဒါကိုရော မင်းတို့က ဘယ်လိုပြောမလဲ။ ဒါကြောင့် မြင်းတစ်ကောင်ကို ငှားပြီး ဒုန်းစိုင်းလာခဲ့ရတယ်...ကွ”

ပင်တာလီမွန်က ခေါင်းကို တညိတ်ညိတ် လှုပ်လိုက်ပြီးနောက် မြင်းစက်ကို လှုပ်လိုက်ကာ ကုန်းနှီးပေါ်မှ ခုန်၍ဆင်းလိုက်၏။

“ဒါ…ဘယ်သူက ပြောတာလဲ”

“မိန်းမတစ်ယောက်က ပြောတာ”

“အဲဒီမိန်းမက မဟုတ်တာတွေပြောတာ အဖေ၊ လှည်းပေါ်မှာ အိပ်ပျော်ပြီးပါလာရင်းနဲ့ အိပ်မက်မက်တာ ဖြစ်လိမ့်မယ်”

“အင်း...ဒီတခါလည်း မိန်းမကြောင့်ပဲ”

မုတ်ဆိတ်မွေးကို လက်ဖြင့် သပ်နေရာမှ… ပင်တာလီမွန်က ခပ်ကျယ်ကျယ်လေး အော်၍ ပြောလိုက်၏။

“ဟိုကောင်မ…ဟိုကြက်မ ‘ကလီမော့ဗ်နာ’ ဆိုတဲ့ ကောင်မပေါ့ကွာ၊ အင်း … ဒီခွေးမကိုတော့ နာနာ ရိုက်ပေး ရဦးမယ်”

ပင်တာလီမွန်က ဒေါသဖြင့် လက်သီးလက်မောင်း တန်း၍ ပြောလိုက်လေသည်။

ဂရီဂိုက ကြိတ်၍ ရယ်ရင်း မြေကြီးကိုသာ ငုံ့၍ ကြည့်နေ၏။ ပိုင်အိုတျာကမူ ဖခင်ဖြစ်သူကိုသာ စိုက်၍ ကြည့်နေ၏။

ပင်တာလီမွန် သည် နဖူးပေါ်တွင် စီးကျနေသော ချွေးများကို လက်ဖြင့်သုတ်လိုက်ပြီးနောက် လက်သီး လက်မောင်း တန်း၍ အားရအောင် ဆဲဆိုကြုံးဝါးနေသည်။ စိတ်ကျေနပ်အောင် ဆဲဆိုပြီးနောက် ငြိမ်၍ သွားသည်။

ပြီးမှ ကောက်ရိတ်စက်ပေါ်တွင် တက်၍ထိုင်လိုက်ကာ အတန်း နှစ်တန်းလောက် ကုန်အောင် ရိတ်လိုက်၏။

ဤသို့ရိတ်ပြီးသည့်နောက်မှ စီးလာခဲ့သော မြင်းကိုပင် ပြန်၍စီးလျက် အိမ်ရှိရာသို့ ထွက်ခွာသွားသည်။

ပိုင်အိုတျာက ဖခင်ဖြစ်သူ နေ၍ ကျန်ရစ်ခဲ့သော ကျာပွတ်ကို မြေကြီးပေါ်မှ ကောက်ယူလိုက်ပြီး တက်စမ်း၍ ကြည့်လိုက်၏။

“ဒါက ရိုးရိုးကျာပွတ် မဟုတ်ဘူး၊ သားရေစိမ်းနဲ့ လုပ်ထားတဲ့ ရိုက်တံပဲ၊ ဒါနဲ့သာ အရိုက်ခံမယ်ဆိုရင် မင်းတော့ ဓားနဲ့စဉ်းသလို ဖြစ်သွားမှာပဲ။ ဒါနဲ့ ရိုက်ရင် မင်းခေါင်းတောင် ပြတ်ပြီးထွက်သွားနိုင်တယ်။ ကံကောင်း လို့ပါကွာ”

ပိုင်အိုတျာက ညီဖြစ်သူအား လှမ်း၍ပြောလိုက်လေသည်။

 

(ဂ)

 

နာတာလီယာ၏မိဘများမှာ တတာရက်စ်ရွာတွင် အချမ်းသာဆုံးဟု နာမည်ကြီးနေသူများဖြစ်၏။

မွေးမြူရေးအစုတွင် နွားထီး၊ မြင်းထီး၊ မြင်းမ ဆယ့်လေးရှဉ်း ရှိသည်။ ထို့ပြင် နွားမ ဆယ့်ငါးကောင်၊ အခြား ကျွဲ နွား အများအပြားနှင့် သိုးများကို ရာဖြင့်ချီ၍ ပိုင်ဆိုင်သူများ ဖြစ်၏။

သံဖြူမိုးထားသော မီရွန်၏အိမ်ကြီးမှာ ကုန်သည်ကြီး မိုကော့၏အိမ်လိုပင် အိမ်ကြီးအိမ်ကောင်း ဖြစ်၏။ ပြတင်းတွင် မှန်ကူကွက်များ တပ်ထားသော အခန်းကြီးခြောက်ခန်း ရှိနေခြင်းကပင်လျှင် အိမ်ကြီး၏ ခမ်းနားပုံကို ညွှန်လျက် ရှိနေ၏။

ခြံဝင်းအတွင်းတွင် လှပ၍ ပုံစံအသစ်ဖြစ်သော အုတ်ပြားများ ခင်းထားသည်။ ခြံဝင်းဥယျာဉ်ကြီး ကလည်း သုံးဧက လောက် ကျယ်ဝန်းသည်။ ဤမျှ ချမ်းသာမည်ဆိုလျှင် လူတစ်ယောက်အဖို့ နောက်ထပ် မည်သည့်ပစ္စည်းဥစ္စာများ လိုပါသေးသနည်း။

သမီးရှင်ဖြစ်သူ မီရွန်တို့က ဤမျှ ပစ္စည်းဥစ္စာ ချမ်းသာနေသောကြောင့်လည်း ပင်တာလီမွန်သည် မိမိသားနှင့် နာတာလီယာအား စေ့စပ်ကြောင်းလမ်းရန် ပထမခြေလှမ်း လှမ်းရမည်ကိုပင် အတွင်းကြိတ်၍ ကြောက်ရွံ့စိုးရိမ် နှောင့်နှေး နေခဲ့ရလေသည်။

နာတာလီယာအဖို့ ဂရီဂိုထက် ချမ်းသာကြွယ်ဝသော သတို့သားတစ်ယောက်ကို ခေါင်းခေါက်၍ ရွေးယူနိုင်မည်မှာ အမှန်ပင် ဖြစ်၏။

သမီးရှင်ဖြစ်သူတို့၏ ချမ်းသာကြွယ်ဝပုံကို သိရှိနေသောကြောင့်လည်း မိမိတို့က စတင်ကြောင်းလမ်းရန် ခြေလှမ်း လှမ်းလိုက်သည် ကိုပင် မီရွန်တို့က ငြင်းပယ်၍ ချလိမ့်မည်ဟု ပင်တာလီမွန်က စိုးရိမ်နေခဲ့၏။

သမီးရှင်ဖြစ်သူ မီရွန်တို့လင်မယားကို အောက်ကျ နောက်ကျခံကာ တိုးလျှိုး၍လည်း ပြောချင်သူမဟုတ်၊ သို့ရာတွင် ဇနီးဖြစ်သူ အီလီနစ်ချ်နာက မိမိအား သံကို သံချေးတက်၍ စားသကဲ့သို့ တတွတ်တွတ် တတိုးတိုး ပြောဆို လာသောအခါ ပြောပါများ မယားစကားအောင် ဆိုသည့်အတိုင်းပင် ပင်တာလီမွန်မှာ ပျော့၍သွားခဲ့ရခြင်းလည်း ဖြစ်၏။

စေ့စပ်ကြောင်းလမ်းရေး ပထမအဆင့်တွင် တပ်ခေါက်၍ ပြန်လည်ဆုတ်ခွာလာရခြင်း မရှိသောကြောင့် ကောက်ရိတ် အပြီး အားလပ်သောနေ့ တနေ့တွင် မီရွန်ထံသို့ အကြောင်းပြန်ကြားချက် ရရှိရေးအတွက် ပင်တာလီမွန်က ဇနီးကိုပါ ခေါ်လျက် ကိုယ်တိုင် လှည်းမောင်း၍ ထွက်လာခဲ့၏။

ဤသို့လာခဲ့ရင်းလည်း ဇနီးဖြစ်သူကိုလည်းကောင်း၊ သားဖြစ်သူကိုလည်းကောင်း စိတ်ထဲမှ ပျစ်ပျစ်နှစ်နှစ်ကို ကျိန်ဆဲ၍ လာခဲ့သည်သာမက အလွန်ကျယ်ပြောလှသော ကမ္ဘာမြေကြီးတခုလုံးကိုပင် မာန်ခုကာ ရန်ပြု၍နေမိလေသည်။

စေ့စပ်ကြောင်းလမ်းရေး ပထမအဆင့်ကို ဆင်နွှဲခဲ့ သူများ ပြန်သွားပြီးသည့် နောက်ပိုင်းတွင် မီရွန်၏ မိသားစု ၌လည်း ဂိုဏ်းဂဏကွဲပြားမှုများ၊ ငြင်းခုံမှုများသည် စေ့စပ်ကြောင်းလမ်းရေးနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ပေါ်ပေါက် နေခဲ့လေသည်။

ပင်တာလီမွန် မီလက်ကော့ဗ်တို့ ပြန်သွားကြပြီးနောက် သမီးဖြစ်သူ နာတာလီယာက မိဘနှစ်ပါးအား… “ဂရီဂို ကသာ…သမီးကို ချစ်မယ်ဆိုရင်.. သမီးတော့ သူကလွဲပြီး ဘယ်ယောက်ျားကိုမှ မယူတော့ဘူး” ဟု အတိအလင်း ဖွင့်ဟ ပြောဆိုခဲ့၏။

“ဒီကောင်မက သတို့သားကို သူကိုယ်တိုင်ရှာ နေပါပေါ့လား…ဝမ်းတွင်းရူးမ နင်လိုချင်တဲ့အကောင်က ဂျစ်ပစီလို မည်းတူးပြီး နေတာ မတွေ့ဘူးလား။ သမီးကတော့ ဘယ်ရီသီးကလေးလို လှတဲ့ မိန်းကလေး၊ သမီးက ဒီလို ယောက်ျားမျိုး ကို ယူမယ်ဆိုတာကိုတော့ အဖေ သဘောမတူဘူး”

ဖခင်ဖြစ်သူ မီရွန်က နာတာလီယာအား ဤသို့ ပြောခဲ့၏။

“သူ့အပြင် ဘယ်သူ့ကိုမှ မလိုချင်ပါဘူး အဖေ”

ရှက်သွေးကလေးဖြန်းလာရာမှ စကားပြောရင်း စ၍ငိုလိုက်၏။

“သူနဲ့မယူရဘူး ဆိုရင်တော့ သမီးကို မယ်သီလရှင် ကျောင်းကိုသာ ပို့လိုက်ပါတော့ အဖေ”

“ဒီသူငယ်ဟာ လမ်းမှာလျှောက်ပြီး ကြမ်းပိုးထိုး ရတာကို သိပ်ပြီး သဘောကျတဲ့သူ။ ကြာသမား၊ သိုက်သမား၊ လင်နဲ့ကွဲနေတဲ့ မိန်းမတွေ နောက်ကိုပဲ တကောက်ကောက်လိုက်တတ်တဲ့ အကောင်…”

ဖခင်ဖြစ်သူ မီရွန်က သတို့သားလောင်းအကြောင်း ကို သမီးဖြစ်သူ ဘွင်းဘွင်းကြီး သိသွားပြီး စိတ်ပျက် လာအောင် စကားဆိုလိုက်၏။

“အဲဒီလိုဖြစ်တယ်ဆိုရင် ဖြစ်ပါစေ အဖေ”

နာတာလီယာမှာ အကြီးဆုံးသမီး ဖြစ်သည်။ ဖခင်၏ အချစ်ဆုံးလည်း ဖြစ်၏။ သို့ဖြစ်၍လည်း သမီးဖြစ်သူအား လာရောက် တောင်းရမ်း ကြောင်းလမ်း ကြသောသူများ အများအပြား ရှိနေလင့်ခဲ့ကစား သမီး ဖြစ်သူအား အိမ်ထောင် ပြုရန် မည်သည့်အခါမှ အတင်းအကြပ် မပြောဆိုခဲ့။

စေ့စပ်ကြောင်းလမ်း တောင်းဆိုရန် လာကြသူများမှာ ရွာထဲမှသာမဟုတ်၊ ဝေးလံသော အရပ်ဒေသ များမှ ချမ်းသာကြွယ်ဝသူများ၊ ဘာသာရေးဂိုဏ်းဝင်ချင်း တူသူများလည်း ပါဝင်သည်။

သို့ရာတွင် ရောက်လာသမျှသော သတို့သား မှန်သမျှကို နာတာလီယာက ကြိုက်နှစ်သက်ခြင်း မရှိခဲ့လေ သောကြောင့် အိမ်ထောင်ရေးကိစ္စမှာ ယခု အထိ ကြန့်ကြာ၍နေခဲ့ရခြင်းဖြစ်၏။

ဂရီဂိုက ကော့ဆက်အမျိုးသား ဖြစ်သည်ကို လည်းကောင်း၊ လယ်ယာအလုပ်များနှင့် အလုပ်ကြမ်း များတွင် ကျွမ်းကျွမ်းကျင်ကျင် သန်သန်မာမာ လုပ်ကိုင်နိုင်သည့် အရည်အချင်းကိုလည်းကောင်း သမီးရှင်ဖြစ်သူ မီရွန်က စိတ်ထဲမှနေ၍ နှစ်ခြိုက်နေသည်မှာ အမှန်ပင် ဖြစ်၏။

မြင်းပြိုင်ပွဲတွင် ရွာရှိ အခြားလူပျိုကာလသားများ နှင့် ယှဉ်ပြိုင်ရာ၌ ဂရီဂိုက ဗိုလ်စွဲခဲ့သည့်အချိန်ကပင် မီရွန်က သမက်လောင်းအဖြစ် မျက်စိကျ၍နေခဲ့သည် မှာလည်း အမှန်ပင်ဖြစ်၏။ သို့ရာတွင် မိမိကဲ့သို့ ချမ်းသာကြွယ်ဝသူ တစ်ဦးက မိမိသမီးအား ဆင်းရဲသူ တစ်ယောက်နှင့် ပေးစားရမည်ကို သိမ်ငယ်သည်ဟု ယူဆခဲ့သောကြောင့်တကြောင်း၊ ဂရီဂိုက မြာလိုက်ရာတွင် သူများ မယားကို အချောင်နှိုက်တတ်သည့် အကျင့်ရှိသည်ဟူသော မကောင်းသတင်းကြောင့် တကြောင်း၊ သမီးဖြစ်သူအား လက်ထပ်ပေးစားခြင်း မပြုဘဲ ခပ်အေးအေးနေခဲ့ခြင်းပင် ဖြစ်၏။

“ကောင်ကလေးက အင်မတန် အလုပ်လည်း ကောင်းတယ်...လှလည်း လှတယ်၊ သမီးကလည်း သူ့ကိုဆို သူမှပဲ ဖြစ်နေတယ်လေ”

ဇနီးဖြစ်သူက အိပ်ရာဝင်ချိန် မီရွန်၏အနားသို့ ကပ်လျက် တိုးတိုးသက်သာပြောလိုက်၏။

ဤသို့ပြောရင်းလည်း အရေပြားများ တွန့်လိမ်၍ နေကာ အမွေးထူသော ခင်ပွန်းဖြစ်သူ၏ လက်ကို ပွတ်သပ်၍ ပေးနေ၏။

မီရွန်က တဖက်သို့လှည့်သွားပြီး ဇနီးဖြစ်သူအား ကျောပေး၍နေလိုက်၏။

အေးစက်လျက် နို့ပျဉ်းတွဲလောင်းကျနေသော ဇနီးဖြစ်သူကို ကျောပေး၍နေရာမှ မီရွန်က ဒေါမာန် တကြီးဖြင့် ဆိုလိုက်၏။

“တိတ်စမ်း ခွေးစာ ဝက်စာမ...၊ စဉ်းစားရက် မရှိတော့ဘူးလား။ ရုပ်ကလေးက လှတယ်...၊ ဘာ လှတာလဲ… ရုပ်လှသလောက် အကျင့်ယုတ်တာကိုတော့ ထည့်မပြောတော့ဘူးလား။ သူလုပ်ထားတာတွေကို တို့က တရားခံအဖြစ် ဝင်ပြီး ဓားစာခံရမှာလား။ ငါ့သမီးကို လူမိုက်လူတေ... တူရကီ တစ်ယောက်နဲ့ ပေးစားလိုက်တာကို ကိုယ့်အရှက်ကို ကိုယ်ခွဲတာနဲ့ အတူတူပဲ။ ကိုယ့်ဟာကိုယ် ပျက်စီးအောင်…ဂုဏ်သရေ ယုတ်အောင် လုပ်တာနဲ့ အတူတူပဲ”

သို့တိုင်အောင် ဇနီးဖြစ်သူက…

“ကောင်ကလေးမိသားစုက…အလုပ်ကို ကြိုးကြိုး စားစားလုပ်တဲ့အပြင် ... မချမ်းသာပေမယ့် တင့်တင့် တယ်တယ် နေနိုင်ကြသားပဲ” ဟု ထပ်၍ တိုးတိုး ညင်းညင်းပြောရင်း ခင်ပွန်းဖြစ်သူ၏ ကျောအနားသို့ တိုး၍ ကပ်လာကာ ယုယ ဖျောင်းဖျသည့် အနေဖြင့် လက်ကို ပွတ်သပ်ပေးနေပြန်၏။

“ဟေ့… စုန်းမ ရွှေ့စမ်း၊ မရွှေ့နိုင်ဘူးလား။ ငါ့မှာ အိပ်ဖို့ နေရာတောင် မရှိတော့ဘူး။ ငါ့လက်ကိုရော ဘာဖြစ်လို့ ပွတ်သပ်ပေးနေရတာလဲ။ ငါ့ကို စီးရှိတဲ့ နွားမများ မှတ်နေသလား။ နင့်သမီး နာတာလီယာ ဆိုတဲ့ အကောင်မကလည်း နင်သိတဲ့အတိုင်း ဘောင်းဘီ ဝတ်ထားတဲ့လူဆိုရင် ဘယ်လိုယောက်ျားမျိုးမဆို လာခဲ့၊ ကြိုက်မယ့်အစားထဲကပဲ”

“ကိုယ့်သမီးအတွက်..ကိုယ်ချင်းလည်းစာဦးမှပေါ့ ရှင် …”

ဇနီးဖြစ်သူက မီရွန်၏ အမွေးထူသောနား နားတွင် ကပ်၍ သံပျောင်းသံညင်းဖြင့် ပြောနေပြန်သည်။

မီရွန်က ခုတင်နှင့် ကပ်နေသော နံရံအနီးသို့ တတ်နိုင်သမျှ တိုး၍ကပ်ရင်း ဇနီးဖြစ်သူက အိပ်ပျော် သွားပြီဟု ထင်အောင် ဟောက်၍နေလေသည်။

 

(ဃ)

 

စေ့စပ်ကြောင်းလမ်းခြင်း ပထမဆင့်မှ ပေါ်ထွက်လာမည့် အဖြေကို ရယူရန် ရောက်ရှိလာခဲ့သော ပင်တာလီမွန် မီလက်ကော့ဗ်ကြောင့် မီရွန်တို့ အိမ်သားများမှာ သဘောအယူအဆချင်း ကွဲပြားနေခဲ့သည့် အလျောက် ပို၍ရှုပ်ထွေးသော ပြဿနာဖြင့် ရင်ဆိုင်တိုးရတော့၏။

အမိုးမပါသော လှည်းပေါ်မှ အီလီနစ်ချ်နာက အဆင်းလိုက်တွင် လှည်းမှာ ပက်လက်လှန်၍သွားတော့ မတတ် ဖြစ်သွားခဲ့၏။

သို့ရာတွင် ပင်တာလီမွန်က မောင်းသူနေရာတွင် ထိုင်နေရာမှ တိုက်ကြက်ဖလေး တစ်ကောင်ကဲ့သို့ လျင်မြန်စွာ ခုန်ဆင်းလိုက်ပြီး လှည်းကို ထိန်းထားလိုက်သောကြောင့်သာ ပက်လက်လန်၍ မကျဘဲ သက်သာရာ ရသွားခြင်း ဖြစ်၏။

ဤအဖြစ်အပျက်ကို ပြတင်းပေါက်နားတွင် ရှိနေသော မီရွန်က တွေ့မြင်သွားပြီးနောက် ညည်းတွား၍ ပြောလိုက်၏။

“ဟော..ဟိုမှာ သူတို့ လာကြပြန်ပြီ၊ ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ဘာဖြစ်လို့များ လာကြသလဲ မသိဘူး”

ပင်တာလီမွန်သည် တံခါးပေါက်သို့ ရောက်သည် အထိ လှေကားကို တက်၍သွားပြီးနောက်...

“ကျန်းမာပါစေ”ဟု အိမ်ရှင်ဖြစ်သူ မီရွန်အား တိုက်ကြက်ဖတစ်ကောင် တွန်သံမျိုးဖြင့် နှုတ်ဆက်လိုက်၏။

ဤသို့ နှုတ်ဆက်လိုက်ပြီးနောက် ကျယ်သင့်သည်ထက် ပို၍ကျယ်သွားသောအသံအတွက် ရှက်၍နေမိလေသည်။

ပင်တာလီမွန်က ရှက်သွေးပြေစေသောအားဖြင့် ပေါင်ဝက်နီးနီးရှိမည့် မည်းနက်သော မုတ်ဆိတ်ကို သူ့ပါးစပ် အတွင်းသို့ မ,၍ သွင်းလိုက်ပြီးနောက် ခရစ်တော် ရုပ်ပွားတော်ရှေ့တွင် ပြုလုပ်ရန် မလိုအပ်ပါဘဲ လက်ဝါးကပ်တိုင် အထိမ်းအမှတ်ကို ပြုလိုက်၏။

နံနက် ဘုရားရှိခိုး စည်းဝေးပွဲသို့ တက်ရောက်ပြီးမှ လာခဲ့သူအဖို့ အဘယ်မှာလျှင် နောက်ထပ် အထိမ်းအမှတ်ကို ပြုရန် လိုပါတော့မည်နည်း။

“ကောင်းသောနေ့ပါခင်ဗျား …”

မီရွန်က အိမ်ပေါ်သို့ တက်လာသော ဧည့်သည်များကို ငေး၍ စောင်း၍ ကြည့်နေရာမှ ဝတ်ကျေ ဝတ်ကုန် စကားဆိုလိုက်၏။

“ဘုရားသခင် ကျေးဇူးတော်ကြောင့် ရာသီဥတု ကလည်း ကောင်းမွန်ပါပေတယ်”

“ဘုရားသခင်ကို ချီးကျူးရမှာပဲ၊ ကောင်းတဲ့ ရာသီဥတုက အမြဲပဲတည်နေပါစေ”

“ရာသီဥတု ကောင်းတဲ့အတွက် လူတွေလည်း နည်းနည်းတော့ ချောင်ချောင်လည်လည်ရှိကြမှာပေါ့ ဗျာ”

“ဟုတ်ပါတယ်...ဟုတ်ပါတယ်”

“ဟုတ်တာပေါ့ဗျာ”

“ဟုတ်ပေသပေါ့”

“ကဲ..ဒီတော့…. ကျုပ်တို့လာတဲ့အကြောင်းလည်း ခင်ဗျားတို့ သိရှိသားပဲ။ ခင်ဗျားတို့အချင်းချင်း တိုင်ပင် ဆွေးနွေး ကြတဲ့အချိန်မှာ ဘယ်လိုများ အဖြေထွက်လာတယ်ဆိုတာ သိစမ်းပါရစေ။ ကျုပ်တို့က စေ့စပ်ကြောင်းလမ်းရေးကို ဆက်ပြီး လုပ်ရမှာလား။ ဒါလောက် နဲ့ပဲ ရပ်တန်းက ရပ်နေရမှာလား”

“အထဲကိုဝင်ပြီး ထိုင်ကြပါဦးရှင် ဖြည်းဖြည်းပေါ့”

မီရွန်၏ဇနီးဖြစ်သူ မာရီယာက ဧည့်သည်များအား ကိုယ်ကိုကိုင်းညွှတ်၍ ကြိုဆိုလိုက်၏။ ရှည်လျား၍ ဆောက်ခုံး ပုံသဏ္ဌာန်ရှိနေသော ဂါဝန်က ကြမ်းပြင်ပေါ်တွင် တရွတ်တိုက်လျက် ရှိနေလေသည်။

ပေါ်ပလင် ကုတ်အင်္ကျီကို ဝတ်လာသော... အီလီနစ်ချ်နာ သည် အိမ်ရှင်မဖြစ်သူက ဧည့်ဝတ်ပြု သောနေရာတွင် ဝင်၍ ထိုင်လိုက်၏။ အင်္ကျီက အသစ်ကျပ်ချွတ် ဖြစ်နေသောကြောင့် တရွှမ်းရွှမ်း မြည်နေလေသည်။

အိမ်ရှင်ဖြစ်သူ မီရွန်က စားပွဲခင်းအသစ် ခင်းထားသော စားပွဲပေါ်တွင် လက်နှစ်ဖက်ကို တင်လျက် တိတ်ဆိတ်စွာ ရှိနေသည်။

ပြင်သစ်ပြည်မှ လာသော စားပွဲခင်းမှာ ရုပ်ပုံများဖြင့် တန်ဆာဆင်ထား၏။

စားပွဲခင်းထောင့်စွန်းများတွင် ကွယ်လွန်လေပြီးသော ဇာဘုရင်နှင့် မိဖုရားကြီးတို့၏ပုံများကို ရုပ်လုံး ဖော်၍ ထားသေးပြီး အလယ်တွင်မူ စိုးစံဆဲ ဇာဘုရင် နီကိုလတ်စ် အလက်စ်စန် ဒရိုဗစ်ချ်နှင့် နန်းမတော်ကြီး၏ပုံကို လည်းကောင်း၊ သမီးတော်များ၏ ပုံကို လည်းကောင်း ဆေးရောင်စုံဖြင့် ရိုက်နှိပ်လျက် ပါရှိလေသည်။

သမီးရှင်ဖြစ်သူ မီရွန်ကပင် စားပွဲတွင် ဝိုင်း၍ ထိုင်နေကြသူများအား စတင်၍စကားဆိုလိုက်၏။

“အင်း …ကျွန်တော်တို့ကတော့ သမီးကို ခင်ဗျားတို့ သားနဲ့ လက်ဆက်ဖို့ ဆုံးဖြတ်ပြီးကြပြီ။ လက်ဖွဲ့ပစ္စည်းနဲ့ ပတ်သက်ပြီး သဘောတူကြမယ် ဆိုရင်တော့ ကျွန်တော် တို့တတွေ ရွှေမျိုးဉာတိတွေ ဖြစ်ကြမှာပါပဲ”

သမီးရှင် မီရွန်၏ စကားအဆုံးတွင် အံ့ဩဖွယ် ကောင်းသည့် အခြင်းအရာတခု ပေါ်ပေါက်၍လာခဲ့၏။

ချောမွတ်တောက်ပကာ လက်ဖျင်ပွပွရှိသောအင်္ကျီ ကို ဝတ်ဆင်ထားသည့် သားရှင်ဖြစ်သူ အီလီနစ်ချ်နာက အင်္ကျီ အတွင်းတွင် မည်သို့မည်ပုံ ဝှက်၍ယူလာခဲ့သည် ကိုပင် သိနိုင်စွမ်းခြင်းငှာ မရှိတော့သော ဂျုံမှုန့် အကောင်းစားဖြင့် လုပ်ထားသော ပေါင်မုန့်ကြီးတလုံးကို အင်္ကျီအတွင်းမှ ထုတ်ယူလိုက်ခြင်းပင် ဖြစ်၏။ အင်္ကျီ အရှေ့အတွင်းဘက်ကို စမ်းသလိုလိုနှင့် နောက်ကျောဘက်မှနေ၍ ပေါင်မုန့်ကြီးကို ထုတ်ယူလိုက်ပြီးနောက် အီလီနစ်ချ်နာက ပေါင်မုန့်ကြီးကို စားပွဲပေါ်တွင် ဗုန်းခနဲ မြည်အောင် ပစ်ချလိုက်လေသည်။

ဤအချိန်တွင်ပင် သားရှင်ဖြစ်သော ပင်တာလီမွန် ကလည်း မည်သည့် အကြောင်းကြောင့်မှန်း မသိ၊ မိမိကိုယ် ပေါ်တွင် လက်ဝါးကပ်တိုင် အထိမ်းအမှတ် ပြုလုပ်လိုစိတ် ပေါ်ပေါက်လာသည်။

ကြက်ငှက်ခြေထောက်များကဲ့သို့ ရှိနေသော တွန့်လိမ်ပျော့တော့နေသည့် ပင်တာလီမွန်၏ လက်ချောင်းများက လက်ဝါးကပ်တိုင် အထိမ်းအမှတ်ကို ပြုလုပ်ရန်အတွက် သင့်လျော်သည့် အနေအထားသို့ ရောက်နေကြ၏။ သို့ရာတွင် ပင်တာလီမွန်က နဖူးထိရောက်အောင် မြှောက်ရမည့် လက်ကို ထက်ဝက်လောက်သာ မြှောက်ထားပြီးနောက် လက်အနေ အထားကို ရုတ်ခြည်းပင် ဖြောင့်ပစ်လိုက်၏။

ပင်တာလီမွန်က မလိုလားပါဘဲလျက် ကြီးမားသော မည်းနက်နေသည့် လက်မကြီးသည် လက်ညှိုးနှင့် လက်ခလယ် အကြားသို့ မမျှော်လင့်ဘဲ ဝင်၍သွားပြီး နောက် ဤသို့ ပိုင်ရှင်သခင်ကို ဆန့်ကျင်သော အရှက်ကင်းမဲ့သော လက်ချောင်းများက ပင်တာလီမွန်၏ ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသော အပြာရောင်ကုတ် အင်္ကျီရှိ ဟနေသည့် အင်္ကျီစ နောက်ဘက် အတွင်းသို့ ခိုးကြောင်ခိုးဝှက် ဝင်၍သွားပြီးနောက် အနီရောင် အဖုံး ရှိသော ဗော့ကာအရက်ပုလင်း တလုံးကို ဆွဲထုတ်၍ ယူလာလေသည်။

မျက်တောင်များကို စိတ်လှုပ်ရှားစွာ တဖျပ်ဖျပ် ခတ်ရင်း ပင်တာလီမွန်က သမီးရှင် မီရွန်၏ ရှုံ့တွနေသော မျက်နှာကို စောင်းငဲ့၍ ကြည့်လိုက်၏။ ပြီးမှ ဗော့ကာအရက်ပုလင်း ဖင်ဝိုင်းဝိုင်းကြီးကို တယုတယ လက်ဖြင့် ပွတ်သပ်၍ နေလေသည်။

“ကဲ… ဆွေမျိုးဉာတိများ ခင်ဗျား ခု...ကျုပ်တို့ ဘုရားသခင်ဆီမှာ ရှိခိုးဆုတောင်းရင်း အရက်သောက် ကြပါစို့။ အရက်သောက်ရင်း ကျုပ်တို့ကလေးတွေ အဖို့ မင်္ဂလာဆောင် ထုံးတမ်းစည်းကမ်းတွေကို ပြောကြ ဆိုကြပါစို့”

ပင်တာလီမွန် အဆိုပြုချက်ကြောင့် တစ်နာရီခန့် အတောအတွင်းပင် သားရှင်နှင့် သမီးရှင်များ ဖြစ်ကြသော မီရွန်နှင့် ပင်တာလီမွန်တို့က ပူးကပ်စွာ ထိုင်နေမိကြပြီး ဖြစ်နေသည်။ မည်မျှပူးကပ်စွာထိုင်နေသနည်း ဟုဆိုလျှင် ပင်တာ လီမွန်၏ ဆီတဝင်းဝင်းဖြင့် ရှိနေသော မုတ်ဆိတ်မွေး အခွေအလိပ်များက မီရွန်၏ သွယ်တန်းကျနေသော အနီရောင် မုတ်ဆိတ်မွေးများ အကြားတွင် တိုးဝင်လျက်ရှိနေသည်အထိ ဖြစ်တော့သည်။

မင်္ဂလာဆောင် လက်ဖွဲ့ပစ္စည်းနှင့် ပတ်သက်၍ ပင်တာလီမွန်က ငြင်းဆိုကန့်ကွက်ခြင်းများ ပြုနေရာ ကန့်ကွက်ချက် ကို ဇောဖြင့် ပြောနေရသောကြောင့် ပင်တာလီမွန်၏ ဝင်သက်ထွက်သက်များက သခွားသီး အချိုသုပ် အနံ့များဖြင့် လှိုင်လျက် ရှိနေလေသည်။

“ဉာတိဆွေမျိုးများ ခင်ဗျား”

အသံကွဲ အသံပြာကြီးဖြင့် ပင်တာလီမွန်က ခပ်တိုးတိုးပင် စကား စ,လိုက်၏။ ပြီးမှ အသံကို အော်သလောက် နီးနီး တိုး၍မြှင့်လိုက်ကာ...

“အချစ်ဆုံး ဆွေမျိုးဉာတိများ ခင်ဗျား” ဟု ထပ်၍ ဆိုနေပြန်သည်။

“ဆွေမျိုးဉာတိများ ခင်ဗျာ... လက်ဖွဲ့ပစ္စည်းနဲ့ ပတ်သက်ပြီး ခင်ဗျားတို့တောင်းဆိုတဲ့ အရေအတွက်က ကျုပ်အဖို့ အင်မတန်မှ များလွန်းနေပါတယ်။ စဉ်းစား ကြည့်စမ်းပါ၊ ချစ်ဉာတိဆွေမျိုးများ ခင်ဗျား၊ ခင်ဗျားတို့က ကျုပ်ကို အရှက်ကွဲအောင် ခွဲဖို့ ကြံနေတာနဲ့ မတူဘူးလား။ ဖိနပ်အပေါ်က ထပ်ရတဲ့ ခြေပတ်နဲ့ ကြက်ပေါင်ဆေးဖိနပ် အဲဒါက တစ်၊ သိုးမွေးကုတ်အင်္ကျီ တထည် အဲဒါက နှစ်၊ သိုးမွေးအင်္ကျီ ဝတ်စုံနှစ်ခု အဲဒါက အရေအတွက် အမှတ်သုံး၊ ပိုးခေါင်းဆောင်း ပဝါတထည် အဲဒါက လေး။ ဒီပစ္စည်းတွေ အားလုံး ကိုသာ သတို့သမီးကို လက်ဖွဲ့ပစ္စည်းအဖြစ်နဲ့ ပေးရမယ်ဆိုရင် ကျုပ်တော့ မွဲပါပြီဗျာ”

ပင်တာလီမွန်က အသံသြသြကြီးဖြင့် ပြောနေ၏။ ခြေမလောက်ကြီး၍ ခြေမလို ကုန်းသော သွားကြီးများ ကလည်း စကားပြောလိုက်တိုင်း ပေါ်၍ ပေါ်၍ နေကြ၏။

“ကျုပ်တော့ မွဲပါပြီဗျာ”

ဤစကားဖြင့် အဆုံးသတ်ရင်း ပင်တာလီမွန်က သူ့လက်နှစ်ဖက်ကို နောက်ဘက်သို့ ဆန့်ကား၍ ပြလိုက်၏။

မီရွန်က ခေါင်းကို အောက်သို့ စိုက်ထားရင်း ဖိတ်ကျနေသော အရက်များ၊ သခွားသီးသုပ် အရည်များဖြင့် အိုင်ထွန်း လျက်ရှိသော စားပွဲခင်းကိုသာ စိုက်၍ ကြည့်နေလေသည်။

စားပွဲခင်းပေါ်တွင် လက်ရေးအသော့ဖြင့် ရေးထားသော စာတမ်း တတမ်းကို ဖတ်ကြည့်လိုက်၏။

“ရုရှား သက်ဦးဆံပိုင်ဘုရင်များ”

ဤစာတမ်း အောက်ဘက်တွင် ရှိသော စာတမ်း တခုကို ဆက်၍ဖတ်ကြည့်လိုက်သောအခါ...

“မြေရှင်... ရေရှင် အင်ပါယာတို့၏ အရှင်၊ ဘုန်းတန်ခိုး ကြီးမြတ်တော်မူသည့် ဧကရာဇ်ဘုရင် နီကိုလတ်စ်” ဟု တွေ့ရ၏။

စာတမ်းမှာ မဆုံးသေးသော်လည်း နီကိုလတ်စ် သို့ အရောက်တွင် အာလူးခွံတခုက ဖုံးလျက် ရှိနေသောကြောင့် ဆက်၍ ဖတ်မရဘဲ ရှိနေ၏။

မီရွန်က စားပွဲခင်းပေါ်တွင် ရှိနေသော ပုံကို ကြည့်လိုက်၏။

ဧကရာဇ် ဘုရင်မင်းမြတ်၏ ရွှေမျက်နှာတော် ပေါ်တွင် ဗော့ကာအရက် ပုလင်းလွတ်တလုံးကို ထောင်လျက် ရှိနေလေသည်။

ဧကရာဇ်အရှင်သခင် ဘုရင်မင်းမြတ်၏ ရွှေမျက်နှာတော်ကို ဖူးမြော်ခစားရခြင်းငှာ အခွင့်အလမ်း မသာလေ သောအခါ မီရွန်က ဧကရာဇ်မင်းမြတ်၏ ကိုယ်ခန္ဓာပေါ်တွင် ဆင်မြန်းထားသည့် လှပဆန်းကြယ်စွာ ဆင်ယင်ထားသည့် ဝတ်စုံကို ရိုသေခန့်ညားသည့် အကြည့်ဖြင့် ကြည့်နေ၏။

မျက်တောင်ကို အဆက်မပြတ် ခတ်နေမိသည့်တိုင် ဧကရာဇ်ဘုရင် မင်းမြတ်ကြီးအပေါ်၌ကား ရိုသေခန့်ညားမှု ပျက်သွားခြင်းမရှိ။

လှပဆန်းကြယ်စွာ စီရင်ချုပ်လုပ်ထားသော ဝတ်စုံပေါ်တွင် ဘော်ငွေရောင် ခါးပတ်တခုကို ပတ်လျက် ရှိသည်။

ဧကရာဇ်ဘုရင်မင်းမြတ်၏ ရွှေမျက်နှာတော်ကို ဖူးမြော်ခွင့်မသာသောကြောင့် လှပဆန်းကြယ်စွာ စီရင် ချုပ်လုပ် ထားသော ဝတ်စုံတော်ကို ကော်ရော်လေးစား စွာဖြင့် ဖူးမြော်ပါတော့မည်ဟု ဆုံးဖြတ်လိုက်သော အခါ၌လည်း ဧကရာဇ် မင်းမြတ်၏ ဝတ်စုံတော်အပေါ်၌ သခွားသီး အချိုသုပ်မှ ချောကျိနေသော သခွားသီးစိတ်များဖြင့် ပြည့်နှက်လျက် ရှိနေပြန် သောကြောင့် မီရွန်အဖို့ ဒုက္ခကြီးစွာဖြင့် ဖြစ်နေရပြန်၏။

မိဖုရားခေါင်ကြီး၏ ရွှေမျက်နှာတော်သည်သာ မင်းစည်းစိမ်ကို ခံစားရသဖြင့် ကျေနပ်ရွှင်ပြုံးသော အမူအရာဖြင့် ရုပ်ပုံထဲမှ နေ၍ မီရွန်အား ရှုစားလျက် ရှိနေချေသည်။

အနားကျယ်သော ဦးထုပ်ကို ဆောင်းထားသည့် မိဖုရားခေါင်ကြီးကို သမီးတော်များက ဝိုင်းဝန်း ခြံရံလျက် ခစား နေကြ၏။

ဘုရင်ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးတို့၏ သမီးတော်များပင် ဖြစ်သော်လည်း ပညာဉာဏ်နှင့် အလိမ္မာ ဟူ၍ကား ရှိသူများ မဟုတ်ကြ။ အနှစ်မဲ့သော သမီးတော် များသာတည်း။

ဧကရာဇ် ဘုရင်မင်းမြတ်နှင့် မိဖုရားခေါင်ကြီးတို့၏ အသိအလိမ္မာ ဉာဏ်ကင်းမဲ့သော သမီးတော်၏ ပုံကို ဖူးမြော်ရင်း သမီးရှင် ဖြစ်သော မီရွန်မှာ မိမိနှင့် အဖြစ် သနစ်ချင်း တူလေသည်တကားဟု တွေးမိရင်း မျက်ရည်များပင် ဝိုင်း၍ လာမိလေသည်။

မီရွန်က မိဖုရားခေါင်ကြီး၏ ရွှေမျက်နှာတော်ကို စိမ်းစိမ်းဝါးဝါး ကြည့်ရင်း စိတ်ထဲမှ ရေရွတ်ပြောဆိုလိုက်၏။

ထိပ်ခေါင်တင် အရှင်မိဖုရားကြီးဘုရား၊ အရှင် မိဖုရားကြီးသည် ယခုအချိန်အခါ၌ တောင်းထဲတွင် သမီးငယ် များနှင့် အတူရှိနေသော ဘဲငန်းမကြီးကဲ့သို့ အလွန်ပင်လျှင် ဂုဏ်ယူကြွားဝါ နေလင့်ကစား အရှင် မိဖုရားခေါင်ကြီး၏ သမီးတော်များကို ကြင်ရာတော်များနှင့် စုလျားရစ်ပတ် လက်ထပ်ပေးသည့်အခါတွင် မည်သို့ စိတ်ပူပန်ရမည်ကို သတိ ထားတော် မူစေလိုပါသည်။

ယခုအချိန်တွင် အရှင်သခင်မကြီးက ပျာယာခတ်ကာ တုန်လှုပ်လျက်ရှိသော ကျွန်တော်မျိုးအား စိတ်အေး လက်အေးဖြင့် ရှုစားတော်မူနိုင်သော်လည်း အရှင်သခင် မိဖုရားခေါင်ကြီး၏ သမီးတော်များကို ကြင်ရာတော်များနှင့် စုလျား ရစ်ပတ် လက်ထပ်ပေး ရမည့်အချိန်တွင် ထိပ်ခေါင်တင် ဘုရင်မကြီးက ကျွန်တော်မျိုးကဲ့သို့ ငရဲပြာလူး အထူး တုန်လှုပ်လျက် ရှိနေသည်ကို ကျွန်တော်မျိုးက ဖူးမြင်၍ နေရပါတော့မည် ဘုရား”

သမီးရှင်ဖြစ်သူ မီရွန်က မိမိအတွေးဖြင့် မျက်ရည်များ ဝိုင်းလျက်ရှိနေစဉ် သားရှင်ဖြစ်သော ပင်တာလီမွန် က နားထဲသို့ ဧရာမပျားကြီးတစ်ကောင် ဝင်၍လာကာ အော်မြည်နေသကဲ့သို့ အော်၍ပြောနေပြန်သည်။

ပျားကြီးမှာ မတုပ်တတ်သောကြောင့် သက်သာရာ ရ၍နေခြင်း ဖြစ်၏။

မျက်ရည်ဝိုင်းနေသော မျက်လုံးအစုံကို မော့၍ ထားရင်း မီရွန်က နားထောင်နေသည်။

“ခင်ဗျားတို့သမီး … အဲလေ…ခုတော့ ကျုပ်တို့ သမီးကို ကျုပ်တို့သားနဲ့ ပေးစားနိုင်ဖို့အတွက် ဖိနပ် အပေါ်ထပ် ခြေပတ်တွေ၊ သိုးမွေးကုတ်အင်္ကျီတွေကို လက်ဖွဲ့ပစ္စည်းအဖြစ် ပေးရမယ်ဆိုရင်... ကျုပ်တို့မှာ နွားမတစ်ကောင်ကို ဈေးထဲ မောင်းပြီး ရောင်းလိုက်ရဖို့ ရှိတော့တာပဲ”

“ဒီလို….ရောင်းပြီး သတို့သမီးအတွက် လက်ဖွဲ့ပစ္စည်း၊ ခန်းဝင်ပစ္စည်း ပေးရမှာကို.. ခင်ဗျား စေတနာ မရှိလို့လား၊ တွန့်တိုနေလို့လား၊ ကတ်သတ်နေလို့လား”

သမီးရှင် မီရွန်က စိတ်ပေါက်ပေါက်ဖြင့် ပြန်၍ မေးလိုက်ရင်း စားပွဲကို လက်သီးဖြင့် ထုလိုက်၏။

“စေတနာမရှိလို့၊ တွန့်တိုလို့၊ ကတ်သတ်လို့ ပြောနေတာ မဟုတ်ပါဘူးဗျာ...”

“ခင်ဗျားက စေတနာ မရှိဘူးလား”

သမီးရှင် မီရွန်က ထပ်၍မေးလိုက်၏။

“နေစမ်းပါဦးဗျာ...နေစမ်းပါဦး”

ပင်တာလီမွန်၏ စကားမဆုံးမီ မီရွန်က ချွေးများ နှင့် စိုနေသောလက်ဖြင့် စားပွဲပေါ်တွင်ရှိသော ဖန်ခွက်များကို အောက်သို့ သိမ်းကျုံး၍ပစ်ချလိုက်ရင်း …

“စေတနာမရှိရင်လည်း မာရ်နတ်ဆီကိုပဲ သွားပေ တော့”ဟု အော်၍ ပြောလိုက်၏။

“ခြံထဲက နွားမတစ်ကောင်တော့ ရောင်းရတော့ မှာပဲဗျာ”

ပင်တာလီမွန်က ခေါင်းတခါခါဖြင့် ညည်းတွား၍ ပြောလိုက်၏။

“လက်ဖွဲ့ခန်းဝင် ပစ္စည်းကတော့ ပေးရမှာပဲ၊ မပေးလို့ကို မဖြစ်ဘူး၊ ခန်းဝင်ပစ္စည်းတွေ ထည့်ဖို့အတွက် သမီးမှာ သေတ္တာတလုံး သပ်သပ်ရှိတယ်။ ကျွန်တော် ပြောတာကိုလည်း သတိထားပြီး နားထောင်စမ်း၊ ခင်ဗျားတို့သားနဲ့ ကျွန်တော့် သမီးကို ပေးစားချင်တယ် ဆိုရင် ကျွန်တော်ပြောတာကို ခင်ဗျားတို့က လိုက်ပြီး လုပ်ဖို့ပဲရှိတယ်။ ဒီလို လက်ဖွဲ့ခန်းဝင် ပစ္စည်း တောင်းနေရတာကလည်း ကျွန်တော်တို့ ကော့ဆက်သတို့သား ထုံးစံ ဓလေ့အတိုင်း တောင်းနေရတာပါ။ ရှေးရှေး တုန်းကလည်း ဒီဓလေ့ထုံးစံအတိုင်း လုပ်ခဲ့ကြတာပဲ မဟုတ်လား။ ကျွန်တော်တို့က ရှေးထုံးကိုလည်း မပယ်နဲ့ ဆိုတဲ့ စကားအတိုင်း ရှေးထုံးကို လိုက်တဲ့သူတွေပါ”

“ခင်ဗျားပြောတာကို ကျုပ်ကလည်း လေးလေး စားစား သတိထားပါတယ်”

“သတိထားစမ်းပါ”

“ကျုပ်ကလည်း သတိထားနေတာပဲ”

“ဒီလို သတိထားတယ်ဆိုရင် ကလေးတွေက ရှေးထုံးစံကို လိုက်နာကြပါစေ၊ ကျွန်တော်တို့ကလည်း ရှေးထုံးစံကို အစဉ်သဖြင့် လိုက်နာခဲ့ကြတာပဲ မဟုတ်လား။ ရှေးထုံးစံကို လိုက်နာတဲ့လူတွေလို ကျွန်တော်တို့ကလည်း နေထိုင်ခဲ့ ကြတာပဲ မဟုတ်လား။ ဒီတော့ ကလေးတွေကို ရှေးထုံးစံကို လိုက်နာအောင် လုပ်ပေးရမှာက ကျွန်တော်တို့တာဝန်ပဲ မဟုတ်လား”

မီရွန်နှင့် ပင်တာလီမွန်တို့မှာ တစ်ဦးနှင့်တစ်ဦး ပူးကပ်လျက် အခြေအတင် ဒေါနှင့်မောနှင့် စကား ဆိုနေကြ သောကြောင့် နှစ်ဦးစလုံး၏ မုတ်ဆိတ်မွေးများမှာ တခုနှင့် တခု ရောယှက်လျက် အရောင်အမျိုးမျိုး ထွက်ကာ လှိုင်းထ သကဲ့သို့ ရှိနေလေသည်။ ပင်တာလီမွန်က အရည်မရှိလေသော ရှုံ့တွ၍နေပြီ ဖြစ်သော သခွားသီးကို စ၍ စားလိုက်၏။ ထိုသို့ စားရင်းလည်း ဝမ်းသာဝမ်းနည်း ဖြစ်၍လာကာ မျက်ရည် တစမ်းစမ်းဖြင့် ငိုလိုက်၏။

ဝမ်းသာခြင်းမှာ မိမိသားအတွက် မီရွန်၏သမီး ဖြစ်သူကို ရတော့မည်ဖြစ်ပြီး၊ ဝမ်းနည်းခြင်းမှာ ဤသို့ ရရန် အတွက်လည်း မိမိပိုင် နွားမတစ်ကောင်ကို လက်ဖွဲ့ ခန်းဝင်ပစ္စည်းများ ဝယ်ယူရန်အတွက် ရောင်းချလိုက်ရတော့မည် ဖြစ်သောကြောင့် ပင်တည်း။

သားရှင်နှင့် သမီးရှင် အဘိုးကြီးနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် မုတ်ဆိတ်မွေးချင်း ရောထွေး ယှက်တင် နေအောင် ထိုင်နေကြသကဲ့သို့ သားရှင်နှင့် သမီးရှင် မိခင်နှစ်ဦးကလည်း သေတ္တာကြီး တစ်လုံးပေါ်တွင် တစ်ယောက်ကို တစ်ယောက် ဖက်၍ထိုင်ရင်း မိမိတို့ ရင်သွေးများဘက်မှ အကောင်းဟူသရွေ့ ကိုချည်း ကွက်၍ အသံစာစာ နှင့် ပြောဆိုလျက်ရှိနေကြ၏။

ဂရီဂို၏ မိခင်ဖြစ်သူ အီလီနစ်ချ်နာက ဗော့ကာ အရက်ရှိန်ကြောင့် ချယ်ရီရောင်လွှမ်းလျက်၊ နာတာလီယာ ၏ မိခင်ဖြစ်သူ မာရီယာမှာ ဆောင်းခ၍နေသော သစ်တော်သီးလို လန်းဆန်းလျက်ရှိနေ၏။

“ဒီလို ကလေးနှစ်ယောက်ကိုတော့ ကမ္ဘာမှာ ဘယ်နေရာမှာမှ ရှာလို့တွေ့နိုင်မှာ မဟုတ်ပါဘူး”

“သမီး နာတာလီယာက အိမ်မှုဝတ္တရား ကျေပွန်လိမ့်မယ်၊ ယောက္ခမ မိဘစကားကို နားထောင်လိမ့်မယ်၊ ယောက္ခမနဲ့ ဆန့်ကျင်တဲ့စကားဆိုလို့ တခွန်းမှလည်း ပြောမှာ မဟုတ်ပါဘူး”

ဟု မာရီယာက ဆိုလိုက်၏။

လက်ဝဲဘက် တံတောင်ဆစ်ကို လက်ယာဘက်ဖြင့် အောက်မှပင့်၍ကိုင်ကာ လက်ဝဲဘက်က မေးကိုထောက် ထားသော ဂရီဂို၏မိခင် အီလီနစ်ချ်နာက ကြားဖြတ်၍...

“ကျွန်မကတော့ သားကို အမြဲဆုံးမပါတယ်၊ အကြိမ်ဘယ်နှစ်ခါကျပြီလို့ မပြောတတ်ဘူး၊ တနင်္ဂနွေ တရက်က ညနေစောင်းမှာ သားက အပြင်ကို ထွက်မလို့ လုပ်နေတယ်၊ ဒီတော့ ကျွန်မက ဟဲ့သား …မင်း ဘယ်တော့ ဒီကြောင်မကို ပစ်မှာလဲ၊ မင်းလုပ်ပုံကြောင့် အရှက်ရတာလည်း များလှပြီ၊ ဟဲ့...ဝက်မသား မိစ္ဆာ ဒိဋ္ဌိ၊ တို့လည်း အသက်ကြီးလာပြီ၊ မင်းက ခုထက်ထိတို့ကို အရှက်ရအောင် လုပ်နေဦးမှာလား။ စတီပင်က မင်းတို့ ကမြင်းကြောထနေတာကို တစ်ရက်တော့ လှလှပပကြီး လက်စားချေလိမ့်မယ်လို့ ဆုံးမတယ်”ဟု ဆိုနေပြန်သည်။

 

(င)

 

လက်ထပ်မင်္ဂလာပွဲအတွက် ပြင်ကြဆင်ကြဖြင့် ကော်ရှူနော့ဗ်မိသားစု၏အိမ်မှာ ပျားအုံတွင် ပျားများ တဝီဝီ ဝဲပျံ နေသလို အသံဗလံတွေ ဆူညံနေ၏။ သတို့သမီးအတွက် အတွင်းခံ အဝတ်အစားများကို အသည်းအသန်ချုပ်နေကြသည်။

နာတာလီယာက ညနေတိုင်း ထိုင်ပြီး သူမ၏ သတို့သားလောင်းအတွက် ဆိတ်မွေးခေါင်းစည်းကို ဖျက်ပြီး ရိုးရာ လက်အိတ်များ ထိုးနေသည်။ သူမ၏ မိခင်ကတော့ အငှားအပ်ချုပ်သမားတစ်ဦး အကူအညီဖြင့် အပ်ချုပ်စက်ပေါ်တွင် ထိုင်ပြီး အဝတ်အစားတွေ ချုပ်လုပ်နေလိုက်သည်မှာ ညနေမိုးချုပ်နေဝင်သည့်တိုင်။ မစ်ကာတစ်ယောက် သူ့ဖေဖေ၊ ယာတော အထူးလုပ်သားများ နှင့်အတူ အိမ်ပြန်ရောက်လာသည်။ သူက ခြေလက်ဆေးကြောဖို့ မရပ်သည့်အပြင် သူ၏ ယာတောစီး ဘွတ်ဖိနပ်ကြီးများကိုပင် မချွတ်။ သို့သော် နာတာလီယာ အနီးသို့ သွားသည်။ သူက သူ့ညီမအား နောက်ပြောင် ကျီစယ်ပြီး စိတ်ဒုက္ခပေးရသည်ကို အကြီးအကျယ် ကျေနပ်နှစ်သိမ့်တတ်သူ။

“ဇာထိုးနေတာလား” ဆိတ်မွေးခေါင်းစည်းကို မေးငေါ့ပြပြီး တိုတိုတုတ်တုတ်မေးသည်။

“ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ”

“ထိုးထိုး၊ သေအောင်သာထိုး ငတုံးမ၊ နင့်ကို ကျေးဇူးတင်မယ့်အစား အဲဒီကောင်က နင့်နှာခေါင်းကို ရိုက်ချိုး လိမ့်မယ်”

“ဘာဖြစ်လို့ရိုက်ချိုးရမှာလဲ”

“အိုး၊ ဂရီဂိုအကြောင်း ငါသိတာပေါ့၊ ဒီကောင်က ငါ့သူငယ်ချင်းပဲဟာ၊ ဒီကောင်က နင့်ကို ကိုက်ဆွဲပြီး ဘာကြောင့် ကိုက်ဆွဲတယ်ဆိုတာ ပြောမပြတဲ့ ကောင်စားမျိုးဟဲ့”

“ပေါက်ကရ စကားတွေ လာပြောမနေနဲ့၊ ကျွန်မက သူ့ကို မသိဘူးလို့ ကိုကိုထင်လို့လား”

“ဒါပေမဲ့ သူ့အကြောင်း ငါက ပိုသိတာပေါ့၊ ငါတို့က ကျောင်းအတူတူတက်ခဲ့တာလေ”

နာတာလီယာ စိတ်ဆိုးလာသည်။ မျက်ရည်မကျအောင် ထိန်းထားရသည်။ ပြီးတော့ စိတ်ဆင်းရဲနေသည့် မျက်နှာ ကလေးကို ခေါင်းစည်းပဝါပေါ် ငုံ့ထားသည်။

“ဒါပေမဲ့ အားလုံးထဲမှာ အဆိုးဆုံးက သူ့မှာ ချောင်းဆိုးသွေးပါရောဂါ ဖြစ်နေတာပဲ။ နင်ကတော့ တကယ့် အရူးမလေးပဲ။ သူ့ကို ငြင်းလိုက်၊ ငါ မြင်းကုန်းနှီး ဆင်ပေးမယ်။ မြင်းစီးသွားပြီး သူတို့ကို ပြောပြ..”

မစ်ကာ၏ ညှဉ်းပန်းနှိပ်စက်မှုမှ နာတာလီယာကို ကယ်တင်လိုက်သူမှာ သူတို့၏အဘိုး ဂရစ်ရှကာ။ ဂရစ်ရှကာက ဆေးဆိုးထားသည့်အတွက် ရွှေဝါရောင်သမ်းနေသည့် မုတ်ဆိတ်မွေးကို သပ်ကာသပ်ကာ အဖုတွေ အထစ်တွေ ဖြစ်နေသည့် တုတ်ကောက်ကို ကြမ်းပေါ်တွင် စမ်းတဝါးဝါး ထောက်ကာ ထောက်ကာဖြင့် အခန်းထဲဝင်လာသည်။ သူက မစ်ကာ၏ နံဘေးကို တုတ်ကောက်ဖြင့်ထိုးရင်း မေးလိုက်၏။

“မင်း ဒီမှာ ဘာလာလုပ်နေတာလဲဟေ့”

“ကျွန်တော် လာလည်တာပါ ဘိုးဘိုး”

မစ်ကာ တောင်းတောင်းပန်ပန် ပြောသည်။

“လာလည်တာ...ဟုတ်လား၊ ကဲ..အဲဒါဆိုရင်တော့ ဒီက ထွက်သွားတော့၊ သွားစမ်း မြန်မြန်”

ဘိုးဘိုးဂရစ်ရှကာ ကမ္ဘာလောကကြီးပေါ်မှာ ရှင်သန်နေထိုင်ခဲ့တာ ခြောက်ဆယ့်ကိုးနှစ် ရှိပြီး ၁၈၇၇ ခုနှစ်၊ တူရကီ နှင့် ဖြစ်သည့်စစ်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့၏။ ဗိုလ်ချုပ်ကြီး ဂူရ်ကို၏ အကူရဲဘော်ဖြစ်ခဲ့၏။ သို့သော် ဗိုလ်ချုပ်ကြီးက မနှစ်သက်တော့သည့်အတွက် သူ၏ မူလတပ်ရင်းသို့ ပြန်ပို့ခြင်းခံခဲ့ရ၏။ ပလက်ဗ်နာမြို့နှင့် ရောဆစ်စ်မြို့ တိုက်ပွဲများတွင် သူ၏ သတ္တိပြောင်မြောက်မှုအတွက် သူရတံဆိပ်နှစ်ခုနှင့် စိန့်ဂျော့တံဆိပ် တခု ချီးမြှင့်ခြင်းခံရသည်။

ယခုတော့ သူ့သားနှင့်အတူနေထိုင်ပြီး တစ်ရွာလုံး၏ ရိုသေလေးစားမှုကို ခံယူနေရသည်။ ကြည်လင် ပြတ်သားသော သူ့စိတ်၊ အဂတိလိုက်စားမှု ကင်းပြီး ရိုးသားဖြောင့်မတ်သော သူ့စိတ်အပြင် ရင်းနှီးဖော်ရွေ ဧည့်ဝတ်ကျေ တတ်သော သူ့အနေအထိုင်များကြောင့် တရွာလုံးက ဝိုင်းပြီး ကြည်ညိုလေးစားမှုကို ခံယူနေခြင်းပင်။ သူ၏ အမှတ်တရ အတွေ့အကြုံများကို ပြန်ပြောင်းအောက်မေ့ သတိရရင်း သူ့ဘဝ၏ လက်ကျန် သက်တမ်းကို ကုန်လွန်နေစေခဲ့၏။

နွေရာသီဆိုလျှင် သူက အိမ်ရှေ့အဖီကလေးတွင် နံနက်မိုးသောက်ချိန်မှသည် ညနေ မိုးချုပ်ချိန်အထိ ထိုင်နေလေ့ ရှိသည်။ ဦးခေါင်းကို ငိုက်စိုက်ချပြီး လက်ထဲမှ တုတ်ကောက်ဖြင့် မြေကြီးကို ဆွဲခြစ်နေတတ်၏။ သူ့ကက်ဦးထုပ်မှ ကျိုးနေသည့် ဦးထုပ်လျှာ က မှိတ်ထားသော မျက်လုံးများပေါ်သို့ အရိပ်ထိုးနေစေ၏။ တုတ်ကောက်ကို ဆုပ်ကိုင် ထားသည့် သူ့လက်ချောင်းများပေါ်တွင် အကြောများ ပြိုင်းပြိုင်းထနေသည်။ ပြိုင်းပြိုင်းထ အကြောတွေထဲ လေးကွေးစွာ စီးနေသည့် သွေးများက အနက်ရောင်သမ်းနေသည်။

“ဘိုးဘိုးက သေရမှာ ကြောက်သလားဟင်” ဟု နာတာလီယာက မေးတတ်သည်။

“ငါက သေခြင်းတရားကို ခင်မင်ရင်းနှီးတဲ့ ဧည့်သည့်တစ်ယောက်ကို စောင့်မျှော်သလို စောင့်မျှော် နေခဲ့တာကွဲ့။ အချိန်ကျနေပြီလေ။ ငါ့ရဲ့နေ့ရက်တွေကို နေထိုင်ခဲ့ပြီ။ ငါ့ရဲ့ ဇာဘုရင်တွေကို အလုပ်အကျွေးပြုခဲ့ပြီ။ နောက်ပြီး ငါ အသက်ရှင်နေစဉ် အတွင်း ဗော့ဒကာတွေ ဝဝလင်လင် သောက်ခဲ့ပြီလေကွာ”ဟု ဘိုးဘိုးကြီးက အပြုံးဖြင့် ပြန်ပြောသည်။

နာတာလီယာက သူမအဘိုး၏လက်ကို ပွတ်သပ်မည်၊ ပြီးတော့ သူ့ကို ဦးခေါင်းငိုက်စိုက်ချပြီး မြေကြီးကို သူ့တုတ်ကောက်ဖြင့် ဆွဲခြစ်လျက်ပင် ထားရစ်ခဲ့မည်။ နာတာလီယာ မင်္ဂလာဆောင်တော့မည့် သတင်းကို ဘိုးဘိုး ဂရစ်ရှကာ က အပြင်ပန်း တည်ငြိမ်အေးချမ်းစွာ နားထောင်သည်။ သို့သော် စိတ်ထဲမှာတော့ ကြေကွဲနေသည်။ နောက်ပြီး ရှူးရှူးရှားရှားလည်း ဖြစ်နေသည်။ ထမင်းဝိုင်းတွင်ဆိုလျှင် နာတာလီယာက ကောင်းပေ့ဆိုသည့် ဟင်းလျာများကို ရွေးပြီး ဘိုးဘိုးပန်းကန်ထဲသို့ ထည့်ပေးတတ်သည် မဟုတ်လား။ ဘိုးဘိုး၏ အဝတ်အစားများကို လျှော်ပေးသည်၊ ဖာထေးချုပ်လုပ် ပေးမည်။ နောက်ပြီး ဘိုးဘိုးဝတ်ဖို့ စတော့ကင် ခြေစွပ်များကို ထိုးပေးသည်။ ဘောင်းဘီတွေ၊ ရှပ်အင်္ကျီတွေလည်း ချုပ်ပေး တတ်သည်။ သည်တော့ မြေးမ လက်ထပ်တော့မည် ဆိုသည့်သတင်းကို ကြားရသောအခါ မြေးမလေး ကို နှစ်ရက် တိုင်တိုင် ဒေါသဖြင့် စူးစူးဝါးဝါးကြည့်သည်။ မျက်နှာ တင်းတင်းဖြင့် မျက်စောင်းထိုးသည်။

“မီလက်ကော့ဗ် မျိုးနွယ်တွေက နာမည်ကြီး ကော့ဆက်တွေပဲ၊ ပရိုကိုဖေနဲ့ ငါက တပ်ရင်း တစ်ရင်းတည်းမှာ အမှုထမ်း ခဲ့ကြတာကွ။ ဒါပေမဲ့ သူ့မြေးတွေ ကျတော့ ဘယ်လိုနေလဲ” သူက မီရွန်အား မေးသည်။

“သူတို့တတွေ သိပ်မဆိုးလှပါဘူး”

ဟု မီရွန်က ဆင်ဝှေ့ရန်ရှောင် ဖြေသည်။

“အဲဒီ ဂရီဂိုဆိုတဲ့ကောင်လေးကတော့ လူကြီးမှန်း မသိ၊ သူကြီးမှန်းမသိ ကောင်လေးပါကွာ။ ဟိုတစ်နေ့ က ငါ ဘုရားကျောင်းက ပြန်လာတော့ သူနဲ့ တွေ့ပါရောလား။ အဲဒါ နှုတ်ဆက်စကားလေး တခွန်းတောင် ပြောဖော်မရဘဲ ဖြတ်သွားသဗျ။ အိမ်း ... ဒီခေတ်မှာ အဘိုးကြီးတွေ သိပ်အရိုသေခံရတာမှ မဟုတ်ဘဲ။ အင်းလေ… နာတာလီယာက သူ့ကို သဘောကျတယ် ဆိုရင်တော့...”

စေ့စပ်စကားဝိုင်းတွင် သူ ဝင်မပါသလောက်ပင်။ သူက စားဖိုဆောင်ထဲမှ ထွက်လာပြီး စားပွဲတွင် ခဏတဖြုတ် ဝင်ထိုင်သည်။ ဗော့ဒကာ တစ်ခွက်၊ နှစ်ခွက် သောက်သည်။ ထို့နောက်တော့ သူ့ကိုယ်သူ မူးသွားပြီ ဟု ထင်ပြီး စားပွဲမှ ထသွားပြန်သည်။ ပျော်ရွှင်မြူးထူး နေသည့် နာတာလီယာကို နှစ်ရက်တိုင်တိုင် စောင့်ကြည့် အကဲခတ်သည်။ ထို့နောက် မှာတော့ သိသိသာသာပင် သူ့ စိတ်သဘောထား ပျော့ပျောင်းလာသည်။

“နာတာလီယာ. ငါ့မြေးမကလေးရေ၊ ဒီတော့ ညည်း အရမ်းပျော်နေတယ်ပေါ့၊ ဟုတ်လား”

“ကိုယ့်ဟာကိုယ်တောင် ဘယ်လိုဖြစ်နေမှန်း မသိတော့ပါဘူး ဘိုးဘိုးရယ်”

နာတာလီယာ တိုးတိုးတိတ်တိတ် ပြောသည်။

“အင်း … အင်း … ညည်းကို ဘုရားသခင် စောင့်ရှောက်ပါစေကွယ်”

ထို့နောက်မှာတော့ သူငယ်မလေးအား ခါးခါး သီးသီးနှင့် အာဃာတကြီးစွာ ဆူပူကြိမ်းမောင်းတော့၏။

“ငါ သက်ရှိထင်ရှား ရှိနေတုန်းမှာ ညည်း ငါ့ကို ပစ်သွားလိမ့်မယ်လို့ ထင်မထားဘူး၊ ညည်းမရှိတော့တဲ့ နောက်မှာ ငါ့ဘဝက ခါးသီးနေတော့မှာပဲ”

သူတို့ပြောဆိုနေသည်ကို မစ်ကာက နားထောင်နေသည်။ ပြီးမှ ဝင်ပြီး မှတ်ချက်ချသည်။

“ကြည့်ရတာ ဘိုးဘိုးက နောက်ထပ် အနှစ်တစ်ရာလောက် အသက်ရှည်ဦးမယ့်ပုံပဲ ဘိုးဘိုးရဲ့၊ အဲဒီလိုသာဆိုရင် နာတာလီယာက အဲဒီတချိန်လုံး စောင့်နေရမှာလား ဘိုးဘိုးရဲ့၊ ကျန်းမာရေးက ဒေါင်ဒေါင်မြည် နေတဲ့ဟာကို...”

အဘိုးကြီး၏မျက်နှာသည် ဒေါသကြောင့် ရဲရဲနီနေသည်။ သူက တုတ်ကောက်ကို ဆောင့်သည်။ ခြေထောက်ကို ဆောင့်သည်။

“ဟေ့ကောင်.. မိမစစ်မသား ထွက်သွားစမ်း၊ ထွက်သွားလို့ ငါပြောနေတယ်နော်၊ မိစ္ဆာဒိဋ္ဌိကလေး မင်းကို ဘယ်သူ နားထောင်ခိုင်းလို့လဲ”

 

(စ)

 

တနေ့တွင် ကျင်းပဖို့ စီစဉ်ထားသည်။ မင်္ဂလာအခမ်းအနားကို ပွဲတော်နေ့၏ နောက် Day Of The Assumption8 နေ့တွင် ဂရီဂိုက သူ၏ သတို့သမီးလောင်းထံသို့ အလည်အပတ် လာသည်။ သူက အသားနားဆုံး အခန်းထဲရှိ စားပွဲဝိုင်းကြီးတွင် ဝင်ထိုင်သည်။ သတို့သမီးလောင်း၏ မိန်းကလေး သူငယ်ချင်းများနှင့်အတူ နေကြာစေ့များ အခွံခွာသည်။ ပြီးတော့ မြင်းစီးပြီး အိမ်ပြန်သည်။ နာတာလီယာက သူ့ကို ခြံဝထိ လိုက်ပို့သည်။ အိမ်ရှေ့ရှိ တင်းကုပ် အမိုးအောက်တွင် ဂရီဂို၏ မြင်းကို လှန်ထားသည်။ မြင်းပေါ်တွင် တင်ထားသည်မှာ လှလှပပ အသစ်စက်စက် ကုန်းနှီး တခု၊ မြင်းနံဘေးသို့ ရောက်သောအခါ နာတာလီယာက သူမ၏ရင်ညွန့်ထဲသို့ လက်နှိုက်လိုက်၏။ နောက်ပြီး ရှက်သွေးဖြာ သောမျက်နှာ၊ ချစ်ရည်ရွှမ်းသော မျက်လုံးများဖြင့် ဂရီဂိုအား ငေးငေးမောမော ကြည့်သည်။ ပြီးတော့ ရင်ညွန့်ထဲမှ ထုတ်ယူ လိုက်သည့် အထုပ်သေးသေး ပျော့ပျော့ကလေးကို ဂရီဂို့လက်ထဲ ထည့်ပေးသည်။ ဂရီဂိုက ချစ်လက်ဆောင်ကို လှမ်းယူရင်း ဖြူဖွေးသော သွားတွေ ဝင်းလက်သွားအောင် ပြုံးပြလိုက်၏။

“ဒါက ဘာလဲဟင်”ဟုလည်း မေးသည်။

“ရှင် တွေ့ပါလိမ့်မယ်၊ ရှင့်ဖို့ ဆေးရွက်အိတ် ကလေးတလုံး ထိုးပေးထားတယ်”

ဂရီဂိုက မဝံ့မရဲဖြင့်ပင် ကောင်မကလေးကို သူ့ထံသို့ ဆွဲယူလိုက်သည်။ ကောင်မကလေးကို နမ်းချင်သည်။ သို့သော် ကောင်မကလေးက သူ့ရင်ဘတ်ကို လက်ဖြင့် အတင်းတွန်းထားသည်။ သူမ၏ ကိုယ်ကိုလည်း နောက်သို့ လန်ထား၏။ နောက်ပြီး အိမ်ပြတင်းပေါက်ဆီသို့ ကြောက်လန့်တကြား လှည့်ကြည့်သည်။

“သူတို့ တွေ့သွားလိမ့်မယ်”ဟု လေသံမျှဖြင့် ပြောသည်။

“တွေ့ပါစေလေ”

“ကျွန်မ ရှက်တယ်ရှင့်”

ဂရီဂို မြင်းပေါ်တက်သောအခါ နာတာလီယာက ဇက်ကြိုးကို ကိုင်ထားပေးသည်။ ဂရီဂို မျက်မှောင်ကြုတ်လျက် သူ၏ခြေထောက်ကို ခြေနင်းကွင်းထဲ ထည့်သည်။ ကုန်းနှီးပေါ်တွင် သက်သောင့်သက်သာ ထိုင်သည်။ ပြီးတော့ ခြံဝသို့ မြင်းစီး သွားသည်။ သူငယ်မက ခြံတံခါးဖွင့်ပေးသည်။ ပြီးတော့ မြင်းစီးထွက်သွားလေ သူကို မျက်စိတဆုံး ငေးမော ကြည့်နေသည်။

“ဆယ့်တစ်ရက်ပဲ လိုတော့တယ်”

ဟု နာတာလီယာ စိတ်ထဲမှ တွက်ချက်သည်၊ ပြီးတော့ သက်ပြင်းချသည်။ ပြီးတော့ ပြုံးသည်။


အခန်း [၆]

(၁)

 

ဂျုံပင်များသည် မြေကြီးကို ခွဲထွက်ပြီး အပင်များ အဖြစ် တိုးထွက်လာသည်။ သီတင်းပတ်အနည်းငယ် အတွင်း စူးစူးချွန်ချွန် အရွက်စိမ်းများဖြင့် တောထနေသည့် ၎င်းဂျုံပင်များ အလယ်သို့ ကျီးအတစ်ကောင် ပျံဝင်သွားလျှင် ၎င်းကျီးသည် မြင်ကွင်းထဲမှ ပျောက်သွားပါလိမ့်မည်။

ပြောင်းပင်များက ကမ္ဘာမြေကြီး၏ အဆီအနှစ်များကို စုပ်ယူသည်။ ပြီးတော့ အဖူးအပွင့်တွေ အသီးအနှံတွေ ဝေဆာပွင့်ဖူးကြသည်။ ဂျုံပင်တွေသည် ချိုမြိန်သော မွှေးပျံ့သော နို့ရည်များဖြင့် ငွားစွင့်နေသည်။ ထို့နောက် ဝေစည် လာသော အဖူးအပွင့်များပေါ်တွင် ရွှေဝါရောင်အမှုန့်ကလေးများ ဖုံးအုပ်လာတော့၏။

ယာသမားကြီးသည် မြက်ခင်းပြင်ထဲသို့ ထွက်သည်။ ရပ်ပြီး မျက်စိတဆုံး ငေးကြည့်နေသည်။ သို့ပေမဲ့ သူ မပျော်နိုင်၊ မရွှင်နိုင်၊ သူ ကြည့်လိုက် လေရာတိုင်းတွင် အုပ်ကွဲနွားတအုပ်က ပြောင်းခင်းကို ဝင်မွှေသွားပုံရသည်။ ဂျုံခင်း ပြောင်းခင်းများကို မြေကြီးပေါ်မှာ ပြားပြားဝပ်နေအောင် နင်းခြေသွားကြသည်။ သူတို့ မွှေနှောက်သွားလေရာ တိုင်းတွင် ကြေမွနေသော ဂျုံပင်တွေ အကွက်လိုက် ဖြစ်နေသည်။ မြင်တွေ့နေရသည့် မြင်ကွင်းကြောင့် လယ်သမားကြီးရင်ထဲ ခါးသီး နာကြည်းလာသည်။ မှုန်ယိုစိတ်တွေ ဖြစ်ပေါ်လာသည်။

ယာသမားကြီးနည်းတူ ထပ်တူထပ်မျှ ခံစားနေရသူမှာ အက်စီနီယာ။ သူမ၏ ခံစားချက်များနှင့် အတူ စွင့်စွင့်ကားကား ပွင့်လန်းလာသော ရွှေဝါရောင် ပန်းပွင့်များကို ဂရီဂိုက လေးလံသော သားရေဘွတ်ဖိနပ်ကြီး များဖြင့် နင်းခြေသွားသည်လေ။ သူက သည်ပန်းပွင့်ကလေးများကို ညစ်နွမ်းစေသည်။ ဖြစ်စဉ် ကတော့ ဒါပါပဲ။

မီလက်ကော့တို့ ပိုင်သည့် နေကြာပန်းခင်းထဲမှ ပြန်လာကတည်းက အက်စီနီယာ စိတ်ဓာတ်တွေ ကျလာသည်။ ရင်ထဲမှာ ဟာလာဟင်းလင်းနှင့် စိတ်ရိုင်းတွေဝင်နေသည်။ မေ့မေ့လျော့လျော့ ပစ်ပယ်ထားခဲ့သည့် အတွက် ဆူးချုံတွေ ထနောင်းပင်တွေ တောထနေသော ယာခင်းတကွက်လိုပေါ့။ အက်စီနီယာသည် သူမ၏ လက်ကိုင်ပဝါ ထောင့်စွန်းကလေး များကို သွားဖြင့် ကိုက်ဝါးရင်း လျှောက်လာသည်။ နောက်တော့ ပြောချလိုက်ချင်သည့် နာကြည်းကြေကွဲစကားတွေ လည်ချောင်းတွင် တစ်ဆို့နေသည်။ အိမ်ထဲသို့ လှမ်းဝင်လိုက်သည်။ ပြီးတော့ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ မျက်ရည်တွေ ပြိုကျမလာအောင် ထိန်းထားရသည်။ စိတ်ဆင်းရဲစရာကောင်းသော၊ ထိုင်းမှိုင်းငြီးငွေ့စရာ ကောင်းသော ဖော်မဲ့ခံစားချက်က အတွေးထဲ တိုးဝင်လာသည်။ သို့သော် ယင်းခံစားချက် ပြန်ပျောက်သွားသည်။ ရင်ထဲ တိုးဝင်လာသည့် စူးနစ်နာကျင်မှုသည် သူမ၏ နှလုံးသားထဲတွင် ခန်းခြောက် ပျောက်ကွယ်သွားသည်။

နွားအုပ် နင်းခြေသွားသော ဂျုံပင်တွေ ပြန်ပြီး ခေါင်းထောင်လာသည်။ မြူနှင်းနှင့် နေခြည်၏ ပံ့ပိုးမှုကြောင့် မြေပေါ်မှာ ပြားပြားဝပ်နေသည့် အစို့အညှောက် ကလေးတွေ ပြန်မတ်လာသည်။ မိုးယံသို့ ထိုးတက်ကြသည်။ ကနဦးပိုင်း တွင် မနိုင်ဝန်ထမ်းရသည့် လူတစ်ယောက်လို ခါးကိုင်းနေသည်။ ဦးညွတ်နေသည်။ ထို့နောက်မှာတော့ မားမားမတ်မတ် ဖြစ်လာသည်။ ဦးခေါင်းတွေ မော့လာသည်။ သူတို့အပေါ်သို့ နေ့အလင်းရောင်က ထွန်းတောက်စွာ ပက်ဖျန်းသည်။ လေတွေက တဝီဝီတိုက်ပြီး သူတို့ကို ယိမ်းနွဲ့ ကခုန်စေသည်။

ညအချိန်တွင် ခင်ပွန်းသည်ကို ယုယုယယ ထွေးပွေ့ထားသော်လည်း အက်စီနီယာ အတွေးထဲ စိုးမိုးနေသူမှာ အခြားသူ တစ်ဦး။ သူမ၏နှလုံးသားထဲတွင် အမုန်းတရားနှင့် ကြီးစွာသော ချစ်မေတ္တာတရားက လုံးထွေး သတ်ပုတ်နေ၏။ သူမ ကြံစည်နေသည်။ စီမံကိန်းဆွဲနေသည်။ ကဖျက်ယဖျက် ဖျက်ဆီးမှု အသစ်တခု။ သို့တိုင် ဟောင်းနွမ်းနေသော ယုတ်မာမှုတခု။ နာတာလီယာဆိုသည့် ကောင်မလေးက အချစ်၏ ပျော်ရွှင်ကြည်နူးစရာကိုရော ခါးသီးနာကြည်းစရာကိုပါ သိရှိခံစားဖူးသူ မဟုတ်။ လောလောဆယ်မှာတော့ သည်ကောင်မလေး အပျော်ကြီး ပျော်နေလိမ့်မည်။ ပျော်ရွှင်မြူးထူး နေသည့် နာတာလီယာ၏ လက်ထဲမှ ဂရီဂိုကို အရယူဖို့ အက်စီနီယာ သန္နိဋ္ဌာန်ချထားသည်။ ညညဆို သူမ၏ စီမံကိန်းများကို အကွက်ချ စီစဉ်ရင်း သူမ လဲလျောင်းနေတတ်၏။ သို့သော် သူမ ပိုင်ပိုင် နိုင်နိုင် စိတ်ပိုင်းဖြတ်နိုင်တာ တခုပဲ ရှိသည်။ ဂရီဂိုကို ဘယ်သူ့လက်ထဲမျှ အရောက်မခံ။ လူတိုင်းထံမှ ပြန်ပြီး အရယူမည်။ သူ့ကို မိမိ၏ ချစ်ခြင်း မေတ္တာများဖြင့် ထုံမွှမ်းနေစေမှာပေါ့။ သူ့ကို ဟိုတုန်းက မိမိပိုင်ဆိုင် ခဲ့သလို နောင်တွင်လည်း ထာဝစဉ် ပိုင်ဆိုင်နေ ရစေ့မည်။

နေ့အချိန်တွင် အက်စီနီယာသည် သူမ၏အတွေးများကို အိမ်ထောင်တာဝန်များ၊ အလေးထားဂရုပြုစရာ များထဲတွင် နှစ်မြှုပ်ထားသည်။ သူမ သွားရင်းလာရင်း ဂရီဂိုနှင့် ရံဖန်ရံခါ ဆုံစည်းသည်။ ထိုသို့ တွေ့မိဆုံမိတိုင်း သူမ၏ မျက်နှာမှာ ဖြူရော်သွားတတ်သည်။ သူ့ကို တမ်းတမ်းတတ ဖြစ်နေသည့် သူမ၏ လှလှပပ ကိုယ်ခန္ဓာကို မာန်တင်းပြီး သယ်ဆောင် ရွေ့လျားရသည်။ သို့ဖြစ်သည့်တိုင် ဂရီဂို၏ မျက်နက်သူငယ်အိမ်ထဲအထိ စူးနစ်ဝင်သွားအောင် စိန်ခေါ်သော အကြည့် များဖြင့် အရှက်တရားကင်းမဲ့စွာ စူးစိုက်ငေးမော ကြည့်ခဲ့သည်ချည်း။

သူမနှင့် တကြိမ်ဆုံစည်းပြီးတိုင်း ဂရီဂို ရင်ထဲတွင် သူမအား တောင့်တစိတ်များဖြင့် တင်းကျပ်နေတတ်သည်။ သူသည် အကြောင်းမဲ့ စိတ်တိုနေသည်။ ဒေါသထွက်နေသည်။ သူ့ဒေါသများကို သူ့ညီမ ဒူနီယာနှင့် သူ့မိခင်အပေါ်သို့ပဲ သွန်ချလေ့ရှိသည်။ သို့ပေမဲ့ များသောအားဖြင့် ကက်ဦးထုပ်ကို ဆောင်းသည်။ အိမ်နောက်ဖေး ကွက်လပ်သို့သွားကာ တုတ်တုတ် ခိုင်ခိုင် သစ်ကိုင်းသစ်စက် အကျိုးပဲ့များကို ချွေးတဒီးဒီး ကျအောင် ခုတ်ထစ်ပစ်တော့၏။ သူ ထိုသို့လုပ်လျှင် သူ့ဖေဖေ ပင်တာလီမွန်က ဆူဆဲနေကျ။

“သောက်သုံးမကျတဲ့ အကောင်၊ သူခုတ်ထစ်ပစ် လိုက်တာ ခြံစည်းရိုးနှစ်ခုစာလောက် သစ်ကိုင်းတွေ ကုန်သွားပါ ပကော။ အင်းပါ...မင်း ကြည့်နေပါ၊ မင်း မိန်းမရပြီးတဲ့အခါ မင်း အဲဒီလို ခုတ်နိုင်သေးရဲ့လား ဆိုတာ ကြည့်ကြ သေးတာပေါ့။ မင်း မကြာခင် တွေ့ရတော့မှာပါ”

 

(၂)

 

မြင်းနှစ်ကောင်ကသည့် ဘီးတပ်မြင်းလှည်းလေးစီး၊ တောက်ပစွာ လှပစွာပြင်ဆင်ထားသည့်၊ အမိုးဖွင့်ထား သည့် ခရီးသည်များထိုင်ရန် ခုံတန်းများမှာ ကန့်လန့်ဖြတ်တစုံ၊ အလျားလိုက် မျက်နှာချင်းဆိုင် နှစ်ခုံ လှည်းလေးစီးဖြင့် ပျော်ပျော်ပါးပါး သွားပြီး သတို့သမီးကို ခေါ်ကြမည်။ လောလောဆယ် မီလက်ကော့ဗ်ခြံထဲတွင် ရပ်ထားသည့် အဆိုပါ မြင်းလှည်းလေးစီး ပတ်လည်တွင် ဝိုင်းရံတိုးဝှေ့ နေသည့် ရပ်မိရပ်ဖများသည် အလုပ်နားရက် အဝတ်အစားများ ဝတ်ဆင် ထားသည်။

သူတို့အထဲတွင် ပိုင်အိုတျာက လူပျိုရံ။ သူက အနက်ရောင်ကုတ်အင်္ကျီရှည်နှင့် အပြာစင်းဘောင်းဘီရှည် ဝတ်ထားသည်။ သူ၏ ဘယ်ဘက်လက်မောင်းတွင် လက်ကိုင်ပဝါအဖြူ နှစ်ထည်စည်းထားသည်။ နောက်ပြီး ဂျုံမှုန့်လို ဖြူသော နှုတ်ခမ်းမွေးများအောက်တွင် ဘယ်တော့မျှ ပြောင်းလဲမသွားသည့် အပြုံးဝင်းပကို ဆင်မြန်းထားသည်။

“ရှက်ကိုးရှက်ကန်း ဖြစ်မနေနဲ့ ဂရီဂို” သူ့ညီကို ပြောသည်။

“မင်းခေါင်းကို ကြက်ဖတစ်ကောင်ရဲ့ ခေါင်းလို မတ်မတ်ထောင်ထားစမ်း”

ရပ်စ်ဘယ်ရီသီးအနီရောင် သိုးမွေးစကတ် ဝတ်ဆင်ထားသည့် ဒါရီယာက သူမ၏ ပင်ကိုအတိုင်း သွယ်သွယ်နွဲ့နွဲ့ ကလေး ရှိသည်။ သူမက သူ့ခင်ပွန်းသည် ပိုင်အိုတျာအား တံတောင်ဖြင့် အသာအယာတို့ကာ “ရှင်တို့ သွားဖို့ အချိန်သင့်နေပြီနော်”ဟု သတိပေးသည်။

“ကိုယ့်နေရာကိုယ်ယူကြဟေ့” ပိုင်အိုတျာ အမိန့်ပေးလိုက်၏။ “ငါ့လှည်းပေါ်မှာ သတို့သားနဲ့ နောက်ထပ် ငါးယောက်တက်” သူတို့တတွေ အမိုးဖွင့် မြင်းလှည်းများပေါ် တက်ရောက် နေရာယူကြသည်။ အနီရောင် အဝတ်အစား ဝတ်ဆင်ပြီး တက်ကြွမြူးပျော်နေသော အီလီနစ်ချ်နာက ခြံဝင်းတံခါးများ ဖွင့်ပေးသည်။ အမိုးဖွင့် မြင်းလှည်းလေးစီးသည် လမ်းမကြီးတလျှောက် တစ်စီးနောက်သို့ တစ်စီး အမီပြေးလိုက်နေကြ၏။

ပိုင်အိုတျာက ဂရီဂိုနံဘေးတွင် ထိုင်သည်။ သူတို့နှင့် မျက်နှာချင်းဆိုင်တွင်ထိုင်သည့် ဒါရီယာက ဇာပန်း ထိုးထားသည့် လက်ကိုင်ပဝါကို ဝှေ့ယမ်းနေသည်။ ချိုင့်များ ကျင်းများက သူတို့ သံပြိုင်ဟစ်ကြွေးနေသော သီချင်းကို ပြတ်တောင်း ပြတ်တောင်း ဖြစ်အောင် နှောင့်ယှက်နေသည်။ ကော့ဆက် ကက်ဦးထုပ်များပေါ်မှ အနီပတ်များ၊ အပြာနှင့် အနက်ရောင် ယူနီဖောင်းများ၊ ကုတ်အင်္ကျီအရှည်များ၊ အဖြူရောင်ပဝါများ စည်းပတ်ထားသည့် လက်မောင်းများ၊ သက်တံရောင်စုံ ဖြာနေသည့် အမျိုးသမီး ခေါင်းစည်းပဝါများ၊ တောက်တောက်ပပ စကတ်များ၊ နောက်ပြီး မြင်းလှည်း တစ်စီးချင်း၏ နောက်တွင် ဝေ့ဝဲလိုက်ပါလာသည့် ဖုန်မှုန့်များ၊ ဒါတွေ အားလုံး ပေါင်းစပ်လိုက်တော့ တောက်တောက်ပပ ရောင်မျိုးစုံဖြင့် ခြယ်မှုန်းထားသည့် ပန်းချီကားကြီး တချပ်လို ဖြစ်နေတော့၏။

ဂရီဂို၏ ညီဝမ်းကွဲတော်သူ အနစ်စီက သတို့သား စီးမည့် မြင်းလှည်းကို မောင်းသည်။ မြင်းမြီးများပေါ် သို့တိုင် ခါးကိုင်းထားသည့် အနစ်စီသည် သူ့ထိုင်ခုံ ပေါ်မှ ပြုတ်ကျမတတ် ဖြစ်နေသည်။ သူက ကျာပွတ်ဖြင့် ရွှမ်းခနဲနေအောင် ရိုက်သည်။ ပြီးတော့ လက်ခေါက် မှုတ်သည်။ ချွေးဒီးဒီးထွက်နေသည့် မြင်းများသည် တင်းရင်းနေသော မြင်းကကြိုးများကို ပို၍ ပြင်းပြင်းထန်ထန် ရုန်းကန်ပြေးလွှားကြ၏။

“ကျော်တက်ပစ်စမ်းကွာ” သတို့သား၏ မိခင်ဘက်မှ ဦးလေးတော်သူ အီလီယာက ဒုတိယမြင်းလှည်း ဖြင့် ကျော်တက်ဖို့ ကြိုးစားရင်း ကြုံးဝါးသည်။ သူ့ဦးလေး ၏ နောက်ဘက်မှ ဒူနီယာ၏ အပျော်မျက်နှာကလေး ကို ဂရီဂို မှတ်မိလိုက်၏။

“အား … ဘယ်ရမလဲဗျ” အနစ်စီ ခုန်ထပြီး အော်ဟစ်သည်။ ပြီးတော့ စူးစူးရှရှအသံထွက်အောင် လက်ခေါက် မှုတ်သည်။ မြင်းတွေကို ကျာပွတ်စာ ကျွေးလိုက်သည့်အတွက် မြင်းတွေ သွေးရူးသွေးတန်းဖြင့် ဒုန်းစိုင်းပြေးသည်။ “နင်တော့ လိမ့်ကျတော့မှာပဲ” ဒါရီယာ အလန့်တကြားအော်ပြီး အနစ်စီ၏ ပေါလစ် တိုက်ထားသော လည်ရှည် ဘွတ်ဖိနပ် များကို လက်ဖြင့် ပွေ့ဖက်ထားသည်။ “ဟေ့ကောင် ကိုင်ထားလေကွာ” သူတို့နှင့် ယှဉ်လျက်ပြေးနေသည့် လှည်းပေါ်မှ ဦးလေး အီလီယာ လှမ်းအော်သည်။ သို့ပေမဲ့ အဆက်မပြတ် ဒုန်းဒုန်းဒိုင်းဒိုင်းမြည်နေသည့် လှည်းဘီးအသံများထဲတွင် ဦးလေး၏အသံ ပျောက်ဆုံးသွားသည်။

ယောက်ျားတွေရော မိန်းမတွေပါ အပြည့်အသိပ် တင်ဆောင်လာသည့် အခြားမြင်းလှည်း နှစ်စီးသည်လည်း ဘေးချင်းယှဉ်ပြီး မောင်းလာသည်။ မြင်းများကို အနီရောင်၊ အပြာရောင် ပန်းဖွားများ၊ စက္ကူပန်းများဖြင့် အလှဆင် ထားသည်။ နောက်ပြီး လည်ဆံမွေးနှင့် ဦးစွန်းဖုတ်များတွင် ဖဲကြိုးများ ရက်ယှယ်ထားသည်။ မညီညာသော လမ်းပေါ်တွင် မြင်းလှည်းများ ဝုန်းဒိုင်းကြဲ ပြေးနေသည်။ မြင်းတွေကတော့ အမြှုပ်တစီစီ ထလျက်၊ နောက်ပြီး ချွေးများဖြင့် ရွှဲနစ် နေသည့် မြင်းကျောကုန်းများပေါ်တွင် ပန်းဖွားများက လှုပ်ရှား ကခုန်လျက်။

ကော်ရှူနော့ဗ် မိသားစု၏ ခြံတံခါးဝရှေ့တွင်မူ လေလွင့်ကလေးသူငယ် တစုက မြင်းလှည်းတန်းကြီး အလာကို စောင့်ကြည့်နေကြသည်။ လမ်းမပေါ်တွင် ဖုန်လုံးကြီး လိပ်တက်လာသည်ကို တွေ့ကြရသောအခါ ခြံဝင်းအထဲသို့ ပြေးဝင် သွားကြသည်။ ပါးစပ်ကလည်း “သူတို့လာပြီ၊ သူတို့လာပြီ”ဟု အော်ဟစ်ကြသည်။

အမိုးဖွင့် မြင်းလှည်းတွေ ခြံဝင်းတံခါးရှေ့သို့ ဒုန်းဒုန်းဒိုင်းဒိုင်း ဆိုက်ရောက်လာသည်။ ပိုင်အိုတျာက ဂရီဂိုကို ဦးဆောင်ပြီး အိမ်ရှေ့လှေကားထစ် များဆီသို့ သွားသည်။ အခြားလူတွေက သူတို့နောက်မှ လိုက်ကြသည်။ အိမ်ရှေ့ဆင်ဝင် မှသည် စားဖိုဆောင် သို့တိုင် ရှိရှိသမျှ တံခါးများကို အခိုင်အမာ ပိတ်ထားသည်။ ပိုင်အိုတျာက တံခါးခေါက်သည်။

“အို…အဘ ဘုရားသခင်၊ သားတော်တို့အပေါ် ကရုဏာထားတော်မူပါ"

ပိုင်အိုတျာ တည်ငြိမ်အေးဆေးစွာ ရွတ်ဆိုသည်။

“အာမင်”

တံခါး၏တဖက်ခြမ်းမှ အသံထွက်လာသည်။

ပိုင်အိုတျာ သုံးကြိမ်တိုင်တိုင် တံခါးခေါက်ပြီး ထိုစကားလုံးများကိုပင် သုံးကြိမ်မြောက်အောင် ရွတ်ဆို သည်။ သူ တကြိမ်ရွတ်ဆိုတိုင်း တဖက်မှ အဖြေ ကလည်း သည်အတိုင်းပင်။

ထို့နောက်မှာတော့ “ကျွန်တော်တို့ ဝင်ရမလား” ဟု သူက မေးသည်။

“သင်တို့ဆန္ဒရှိတဲ့အတိုင်းပါ"

တံခါးကို ဖွင့်ပေးလိုက်သည်။ မိဘများ၏ ကိုယ်စားလှယ်အဖြစ် နာတာလီယာ၏ ခေါင်းကိုင် အမိဖြစ်သူက ခြေထောက်တဖက် ရှေ့ထုတ်၊ ဒူးညွတ် အရိုအသေပေးပြီး ကြိုဆိုသည်။ ရပ်စ်ဘယ်ရီအနီရောင် ဆိုးထားသည့် နှုတ်ခမ်းများက ပြုံးလျက်...

“သတို့သားရဲ့ ကျန်းမာရေးအတွက် ဒါလေး သုံးဆောင်တော်မူပါ”

အဘွားကြီး ပြောပြီး လတ်ဆတ်သော၊ ခါးသက်သော ကွားစ်(ရုရှားဘီယာတမျိုး) တဖန်ခွက်ကို ကမ်းပေးသည်။ ပိုင်အိုတျာက သူ့နှုတ်ခမ်းမွေး များကို သပ်သည်။ ဘီယာကို မော့ချလိုက်၏။ ပြီးနောက် ခိုးခိုးခစ်ခစ်.... ကျိတ်ပြီး ရယ်သံများ ကြားထဲတွင် ထစ်ထစ်အအဖြင့် ဒရောသောပါးပြောသည်။

“အဲ…အမေက ကျွန်တော့်ကို ခရီးဦးကြို ပြုလိုက်တာပေါ့လေ၊ စောင့်ကြည့်လိုက်ပါ၊ မည်းမည်းညစ်ညစ် ဘလက် ဘယ်ရီသီး အမေကြီးရေ၊ ကျွန်တော်ကတော့ အမေ့ကို ဒီလိုမဆက်ဆံသင့်ပါဘူး၊ အမေ ကျွန်တော့် ကို အကြွေးဆပ်ချင် လာအောင်လုပ်မှာပါ”

သတို့သားအရံနှင့် နာတာလီယာ၏ ခေါင်းကိုင်အမိတို့ ဉာဏ်ရည်ပြိုင်ပြီး စကားနိုင်လုနေချိန်တွင် သတို့သား ဘက်မှ လိုက်ပါလာသည့် ဆွေမျိုးများအား ကြိုတင် သဘောတူညီချက်အတိုင်း တစ်ဦးလျှင် ဗော့ဒကာ သုံးခွက်စီတိုက်ပြီး ဧည့်ဝတ်ပြုသည်။

သတို့သမီးဝတ်စုံကို ဝတ်ဆင်ပြီး မျက်နှာလွှား ဇာလွှာပါးကို ဆင်မြန်းထားပြီဖြစ်သော နာတာလီယာက စားပွဲကြီးနောက်တွင် မတ်တတ်ရပ်နေသည်။ သူမကို စောင့်ကြပ်ကာကွယ်နေသည်မှာ သူမ၏အစ်မနှစ်ဦး၊ မာရီယာ၏ ဆန့်တန်းထားသည့်လက်ထဲတွင် မုန့်ညက်ကြိတ်သည့် တလိမ့်တုံးကို ကိုင်ထားသည်။ နောက်တစ်ယောက် ကတော့ အက်ဂရီပီနာ၊ သူမက သူနိုင် ငါနိုင် ယှဉ်ပြိုင်စိန်ခေါ်သည့် မျက်လုံးများကို အရောင် တဖျပ်ဖျပ် ထွက်စေကာ ပိုင်အိုတျာ တို့ကို ကြည့်နေသည်။ သူမ၏လက်ထဲတွင် ကိုင်ထားသည်မှာ မီးဆွတံကြီး တစ်ချောင်း၊ ဗော့ဒကာ တန်ခိုးကြောင့် ရီဝေဝေဖြစ်ပြီး ချွေးပြန်နေသည့် ပိုင်အိုတျာက အစောင့်အကြပ် ညီအစ်မ နှစ်ယောက်အား ဦးညွှတ်လိုက်သည်။ ပြီးတော့ သူ့လက်ထဲမှ ဖန်ခွက်ထဲသို့ ကိုပက် ငါးဆယ်တန် တစ်စေ့ ထည့်ပြီး ကမ်းပေးသည်။ သို့သော် မာရီယာက သူမလက်ထဲမှ မုန့်ကြိတ် တလိမ့်တုံးဖြင့် စားပွဲကို ထုလိုက်၏။

“မရဘူး၊ ဒီလောက်နဲ့တော့ တို့ရဲ့ သတို့သမီးကို မပေးနိုင်ဘူး” သူမက ကြေညာသည်။

ပိုင်အိုတျာက ဖန်ခွက်ထဲသို့ ငွေသားတစ ထည့် ပေးပြန်သည်။

“မရဘူး သတို့သမီးကို ရှင်တို့လက်ထဲ လွှဲကို မလွှဲပေးဘူး”

ညီအစ်မနှစ်ယောက်က မျက်လွှာချထားသည့် နာတာလီယာကို တံတောင်ဖြင့် တို့ပြီး ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ပြောသည်။

“ဟား-ဒါက ဘယ်လိုဖြစ်တာလဲဗျ၊ ကျွန်တော်တို့ ခဲဖိုး ပေးထားပြီလေ၊ ပေးသင့်တာထက်ကို ပိုပေးထား ပြီပဲဟာ”ဟု ပိုင်အိုတျာ ကန့်ကွက်သည်။

“ကလေးမတွေ နောက်ဆုတ်ကြစမ်း”

မီရွန် အမိန့်ပေးလိုက်၏။ ပြီးတော့ ပြုံးပြုံးရွှင်ရွှင်ဖြင့် စားပွဲဆီသို့ တိုးကပ်လာသည်။ မီရွန်၏ မီးစိမ်း ပြချက်ကြောင့် စားပွဲပတ်လည်တွင် ဝိုင်းထိုင်နေသည့် သတို့သမီး၏ ဆွေမျိုးများ မတ်တတ်ရပ်ကြသည်။ ဧည့်သည်များအား နေရာပေးသည်။

ပိုင်အိုတျာက တဘက် တထည်၏ အစွန်းတဖက်ကို ဂရီဂိုလက်ထဲ ထည့်ပေးသည်။ သူကတော့ ခုံတန်းရှည် တလုံးပေါ် ခုန်တက်ပြီး ဂရီဂိုကို သတို့သမီး ရှိရာသို့ ခေါ်သွားသည်။ သူတော်စင်များ ရုပ်ပုံအောက် တည့်တည့်တွင် ထိုင်နေသည့် နာတာလီယာက တဘက်၏ အခြားတဖက်စွန်းကို စိတ်လှုပ်ရှားပြီး ချွေးပြန်နေသောလက်ဖြင့် လှမ်းကိုင် သည်။ စားပွဲပတ်လည်တွင် သွားချင်းကြိတ်သံတွေ ထွက်လာသည်။ သူတို့က ကြက်သားပြုတ်များကို တစစီ ဖြစ်အောင် လက်ဖြင့် ဆွဲဖဲ့နေကြခြင်း။ ပြီးတော့ သူတို့ လက်များကို ဆံပင်ပေါ်တွင် ပွတ်သပ်သုတ်လိမ်း ပစ်ကြသည်။ အနစ်စီက ကြက်သားပြုတ် လက်ဆုပ်စာကို အားရပါးရ ဆွဲကိုက်လိုက်ရာ အဝါရောင် ကြက်ဆီများ သူ့မေးစေ့ပေါ် မှတဆင့် အင်္ကျီကော်လာပေါ်သို့ စီးကျ ကုန်တော့၏။

ဂရီဂို ကိုယ့်ကိုယ်ကို သနားစိတ်တွေ ဖြစ်ပေါ်နေ၏။ ထိုသို့ခံစားရင်းပင် လက်ကိုင်ပဝါ တထည်ဖြင့် ပတ်ချည် ထားသည့် မိမိ၏စွန်းနှင့် နာတာလီယာ၏ ဇွန်းကို ဦးစွာငေးစိုက်ကြည့်နေမိ၏။ ထို့နောက်မှာတော့ စလုံကြီး တလုံးထဲ ထည့်ထားသည့် ခေါက်ဆွဲများကို ကြည့်သည်။ ခေါက်ဆွဲတွေက အငွေ့တထောင်းထောင်း ထနေသေးသည်။ သူ စားချင် သောက်ချင်စိတ်တွေ ထိန်းမနိုင် သိမ်းမရ ဖြစ်ပေါ်နေပြီ။ သူ့ဗိုက်ထဲမှာ အူတကြုတ်ကြုတ်မြည်နေပြီ။ ဗိုက်ဆာသည်။ တခုခု စားချင်လှပြီ။ သို့ပေမဲ့ မင်္ဂလာဆောင် ထုံးတမ်းစဉ်လာ က တားမြစ်ထားသည်။

ဧည့်သည်တွေ မြိန်ရေရှက်ရေ မွှေးနေကြတာ ကြာပြီ။ ယောက်ျားသားများထံမှ ထင်းရှူးနံ့ကဲသော ချွေးနံ့နှင့် မိန်းမသားများထံမှ အမွှေးအကြိုင်စွက်သော ကိုယ်နံ့တွေ ရောထွေးပျံ့လွင့်နေ၏။ ကြီးမားခိုင်ခံ့သည့် သေတ္တာကြီးတွေထဲ ထည့်သိမ်းထားတာ ကြာတောင့် ကြာရှည်ဖြစ်နေသည့် စကတ်တွေ၊ ကုတ်အင်္ကျီရှည်တွေ၊ တဘက်ပဝါတွေဆီမှ အောက်သိုးသိုး မှိုနံ့တွေ ထွက်နေ၏။

သူ့နံဘေးရှိ နာတာလီယာကို ဂရီဂို စွေစောင်းကြည့်သည်။ ခုမှ ပထမဦးဆုံးအကြိမ်အဖြစ် သတိထား လိုက်မိသည်။ သူမ၏ အပေါ်နှုတ်ခမ်းက ထော်နေသည်။ အောက်နှုတ်ခမ်းပေါ်တွင် ကက်ဦးထုပ်လျှာလို အမိုး မိုးပေး ထား၏။ ထို့ပြင် သူမ၏ညာဘက်ပါး မေးရိုး အောက်နားတွင် အညိုရောင် မှဲ့ကလေးတလုံး ရှိသည်ကိုလည်း သတိပြုမိ၏။ ၎င်းမှဲ့ကလေးမှ ရွှေရောင်အမွေးကလေးနှစ်ပင် ပေါက်နေသည်လေ။ ထိုအခါ အကြောင်းတခုခုကြောင့် ဂရီဂို စိတ်ဆိုး သွားသည်။ ကောက်ကွေးနုနယ်သော ဆံခွေကလေးများ ထွေးနေသည့် အက်စီနီယာ၏ သွယ်သွယ်စင်းစင်း လည်တိုင် ကလေးကို မျက်စိထဲ ပြန်မြင်ယောင်မိသည်။ တစုံတဦး က စူးစူးချွန်ချွန် ကောက်ရိုးလက်တဆုပ်စာကို သူ့ အင်္ကျီ ကျောပြင်ထဲ လာထည့်ထားသည့်နှယ် မရိုးမရွ ခံစားရသည်။ ခန္ဓာကိုယ်ကို ဆတ်ခနဲတောင့်လိုက်၏။ ကံဆိုး မိုးမှောင် ကျသူ တစ်ဦးလို ခံစားနေရသည့်စိတ်ကို မျိုသိပ်ရင်း ပလုပ်ပလောင်းစားနေသူတွေ၊ နှုတ်ခမ်းကို ပျပ်ပျပ်မြည်အောင် ပြုလုပ်နေသူတွေကို လိုက်ကြည့်နေ၏။

စားပွဲဝိုင်းမှ ထလိုက်သောအခါ သူ့ထံမှ ပေါင်မုန့် ဖုတ်သည့်ဂျုံမှ ထွက်သည့် အချဉ်နံ့မျိုး ရှူရှိုက်မိသည်။ တစုံတဦးက သူ့အား မကောင်းဆိုးဝါးများ အန္တရာယ် မပြုနိုင်အောင် ကာကွယ်သည့်အနေဖြင့် ဂျုံစေ့ လက်တဆုပ်စာ လောက်ကို သူ့ဘွတ်ဖိနပ်ထဲသို့ လောင်းထည့်လိုက်သည်။ အိမ်အပြန်လမ်း တလျှောက်လုံး ဂျုံစေ့များက သူ့ခြေထောက်ကို ဒုက္ခပေးလာသည်။ သူ့ခြေထောက် နာကျင်လာသည်။ ထိုမျှ မကသေး၊ တင်းကျပ်စွာ စည်းနှောင်ထားသည့် ရှပ်အင်္ကျီ ကော်လာက သူ့ကို အသက်ရှူလို့ မဝအောင် ချုပ်ထားသေးသည်။ သည်တော့ သူ စိတ်ပျက်သည်။ တစ်ယောက်တည်း ကူကယ်ရာမဲ့စွာ ဒေါသ အမျက်ခြောင်းခြောင်းထွက်သည်။ နောက်ဆုံးတော့ သူ့ကိုယ်သူ ကျိတ်ပြီး ကျိန်ဆဲ နေမိ၏။

 

(၃)

 

အိမ်ပြန်လာသည့် သူတို့အုပ်စုကို မီလက်ကော့ဗ် မိသားစု လူကြီးပိုင်းက ဆီးကြိုနေသည်။ ပင်တာလီမွန် ၏ မုတ်ဆိတ်မွေးမှာ အနက်ရောင်တွင် ငွေရောင်စွက်နေပြီ။ သူက လက်ထဲတွင် သူတော်စင်ရုပ်တုတခု ကိုင်ဆောင် ထားသည်။ သူ့နံဘေးတွင် ရပ်နေသူမှာ သူ့ဇနီး။ ပါးလျားသော နှုတ်ခမ်းများကို တင်းတင်းစေ့ ထားသည်။

ကြဲဖြန့်နေသည့် ဗျစ်ပန်းများနှင့် ဂျုံမှုန့်များအောက်မှ တိုးဝင်ပြီး လူကြီးသူမများ၏ ကောင်းချီးမင်္ဂလာပြုမှုကို ခံယူရန် ဂရီဂိုနှင့် နာတာလီယာတို့ ရှေ့တိုးသွားသည်။ ပင်တာလီမွန်က ကောင်းချီးသြဘာပြုသည့် မင်္ဂလာ စကားများ ပြောရင်း မျက်နှာပေါ်သို့ မျက်ရည်များ တလိမ့်လိမ့်စီးကျလာသည်။ ထိုအခါ သူ မျက်မှောင် ကြုတ်သည်။ ဂနာမငြိမ် ဖြစ်သည်။ သူ၏စိတ်ပျော့မှုကို တစ်ယောက်ယောက် တွေ့သွားလိမ့်နှိုးဖြင့် စိတ်ကသိကအောက် ဖြစ်မိသည်။

သတို့သားနှင့် သတို့သမီး အိမ်ထဲဝင်သည်။ ဒါရီယာ အိမ်လှေကားများ ဆီသို့သွားပြီး ပိုင်အိုတျာကို ရှာသည်။ ဒူနီယာနှင့် တိုးသည်။

“ပိုအိုတျာရော” ဒါရီယာ စိတ်တိုတိုဖြင့် မေးသည်။

“ကျွန်မ မတွေ့မိပါဘူး”

“သူ ဘုန်းကြီးဆီ သွားရတော့မှာ၊ ခု ဘယ်မှာမှ ရှာမတွေ့ဘူး၊ ဒီသေနာကျ တော့နော်”

နောက်ဆုံး ပိုင်အိုတျာကို တွေ့ပါသည်။ လှည်းတစီးပေါ်တွင် တုံးလုံးပက်လက်၊ ပါးစပ်မှ တအင်းအင်း ညည်းနေ သေးသည်။ ဗော့ဒကာတွေ ရေချိန်လွန်အောင် သောက်ထားခြင်း၊ ပိုင်အိုတျာအား လှမ်းကိုင်လိုက်သည်။ သိုးကလေး တစ်ကောင်အား စွန်တစ်ကောင်က ဖမ်းသုတ်သည့်နှယ်။

“ကဲ…ဘုရားဖြစ်မယ့်အုတ်နီခဲရေ၊ ရှင် အလွန်အကျွံ သောက်လိုက်ပြန်ပြီ။ ကဲ...ထ... ဘုန်းကြီးဆီကို ပြေးလိုက်ဦး”

ဒါရီယာ ဒေါသဖြင့် ပြောသည်။

“သွားစမ်းကွာ၊ မင်းက ဘယ်ကောင် အောက်မေ့လို့ လာပြီး အမိန့်ပေးနေတာလဲ”

ပိုင်အိုတျာက ပြန်ဟောက်သည်။

မျက်ရည်တွေ ဝိုင်းနေသည့် ဒါရီယာ ပိုင်အိုတျာ့ ပါးစပ်ထဲသို့ လက်နှစ်ချောင်း ထိုးထည့်သည်။ သူ့လျှာကို လက်နှစ်ချောင်းဖြင့် ညှပ်ကိုင်သည်။ ပြီးတော့ ပိုင်အိုတျာ သက်သောင့်သက်သာ ဖြစ်အောင် ထူမတ်ပေးသည်။ ထို့နောက်တွင် ရေအေးအေး တကရားဖြင့် ပက်သည်။ ပိုင်အိုတျာကို ရေခြောက်သွားအောင် သူမ တတ်နိုင်သလောက် ဂရုစိုက် ရေသုတ်ပေးသည်။ ပြီးတော့ ဘုန်းတော်ကြီးထံသို့ ခေါ်သွားသည်။

နောက်တစ်နာရီ နီးပါးအကြာတွင် ဘုရားကျောင်း ထဲ၌ ဂရီဂို သည် နာတာလီယာနှင့် ယှဉ်လျက် မတ်တတ် ရပ်နေသည်။ သူ့လက်ထဲမှာ ဖယောင်းတိုင်တစ်ချောင်း ဆုပ်ကိုင်လျက်။ သူ့မျက်လုံးများက တီးတိုးစကားများ ပြောရင်း သူ့ပတ်လည်တွင် တံတိုင်းခတ်ထားသည့် လူအုပ်ကို လိုက်ကြည့်နေသည်။ နောက်ပြီး သူ့ရင်ထဲ တကျည်ကျည် အော်မြည် နေသည့် စကားလုံးများကို စိတ်ထဲ ပြန်ရွတ်နေသည်။ “ငါသွားပြီ၊ ငါ တခန်းရပ်သွားပြီ” သူ့နောက်မှ ပိုင်အိုတျာ ချောင်းဟန့် သည်။ လူအုပ်တွင်း တနေရာတွင် ဒူနီယာ၏ တလက်လက် တောက်နေသည့် မျက်လုံးကလေးများ တွေ့လိုက် မိသည် ထင်၏။ အခြားသူများ၏ မျက်နှာများကိုလည်း မှတ်မိသည်ထင်၏။ အသံကြောင်ကြောင်နှင့် မညီမညာ သံပြိုင် သီကြွေးနေသည့်တေးသံ ကြားရသည်။ နောက်ပြီး ဘုန်းကြီးကျောင်းသားများ၏ တုံ့ပြန်သံ တဝီဝီကိုလည်း ကြားရသည်။ ဒါတွေအားလုံးကို သူ စိတ်မဝင်စား။ သူက စာခုံကို ကွေ့ပတ်လျှောက်သည်။ နောက်ပြီး ဆရာတော် ဗီဆာရီယွန်၏ စုတ်ပြတ်နေပြီ ဖြစ်သည့် ရှူးဖိနပ်များနောက်မှ ထက်ကြပ်မကွာ လိုက်သွားသည်။ ပိုင်အိုတျာက သူ၏ကုတ်အင်္ကျီရှည်ကို အသာအယာ ဆွဲလိုက်တော့မှ သူ ခြေလှမ်းရပ်သည်။

ယိမ်းနွဲ့လှုပ်ရှား ကခုန်နေသည့် ဖယောင်းတိုင် မီးခွက်ကလေးများကို ငေးစိုက်ကြည့်နေသည်။ နောက်ပြီး သူ့ကို လွှမ်းခြုံစိုးမိုး နေသည့် ထိုင်းမှိုင်းလေးလံစိတ်ကို ကြိုးစားဖျောက်ဖျက်နေ၏။

“လက်စွပ်ချင်းလဲပါ”

ဆရာတော် ဗီဆာရီယွန်၏အသံကို ကြားရသည်။ အမိန့်နာခံလိုက်ကြသည်။ ပိုင်အိုတျာအကြည့်နှင့် ဆုံမိတော့ ဂရီဂိုက “ပြီးတော့မလား” ဟု အသံတိတ် မေးသည်။ ပိုင်အိုတျာ၏ နှုတ်ခမ်း ထောင့်စွန်းကလေး များ ကော့တက် သွားအောင်ပြုံးသည်။ “ပြီးတော့မှာပါ”။ ထို့နောက် ဂရီဂိုက သူ့ဇနီး၏ ပေါ့ပျက်ပျက် စိုထိုင်းထိုင်း နှုတ်ခမ်းအစုံကို နမ်းလိုက်၏။ ဘုရားရှိခိုးကျောင်းထဲ တွင် မီးငြှိမ်းလိုက်သော ဖယောင်းတိုင်များမှ အနံ့အသက်များ နံစော်နေ၏။ လူအုပ်သည် ဘုရားကျောင်း တံခါးဝဆီသို့ တိုးဝှေ့သွားကြသည်။

နာတာလီယာ၏ လက်ကြမ်းကြမ်းကို သူ့လက်ဖြင့် ကိုင်ဆွဲရင်း ရှေ့ဆင်ဝင်အောက်သို့ ထွက်ခဲ့သည်။ သူ့ဦးခေါင်းမှ ဦးထုပ်ကို လက်ဖြင့် ပုတ်လိုက်၏။ အရှေ့အရပ်မှ တိုက်ခတ်လာသည့် လေပြည်နွေးနွေးက သူ့နှာဝဆီသို့ သစ်နံ့ ကိုင်းရနံ့ကို သယ်ဆောင်လာ၏။ ညဉ့်၏ အအေးဓာတ်သည် မြက်ခင်းလွင်ပြင်ဆီမှ ရွေ့လျားလာနေသည်။ ဒွန်မြစ်၏ ဟိုးဘက်တွင် လျှပ်စီးလက်သည်။ မိုးက လာနေချေပြီ။ ဘုရားရှိခိုးကျောင်း ၏ အဖြူရောင်စည်းရိုး အပြင်ဘက်ဆီမှ စကားတွတ်ထိုးသံ တဝီဝီကို ကြားနေရ၏။ ထိုအသံများကို ကျော်လွှား ထိုးဖောက်လာသည်ကတော့ လှုပ်လှုပ်ရွရွ လုပ်လိုက်သော မြင်းများတွင် ဆွဲထားသည့် ခေါင်းလောင်းကလေးများမှ ထွက်ပေါ်လာသော ခေါင်းလောင်းသံ ချိုချိုကလေးများ။

 

(၄)

 

သတို့သားနှင့် သတို့သမီး ဘုရားကျောင်းသို့ ထွက်ခွာသွားသည့် အချိန်အထိ ကော်ရှူနော့ဗ် ဆွေမျိုးများက မီလက်ကော့ဗ် မိသားစု၏ အိမ်သို့ ရောက်မလာသေး။ သူတို့ လာနေပြီလားဆိုတာ ကြိုတင်သိရအောင် ခြံတံခါးဝသို့ ပင်တာလီမွန်က ထွက်ကြည့်ခဲ့သည်မှာ အကြိမ်ပေါင်း မနည်းတော့ပြီ။ သို့သော် လမ်းဘေး တဖက်တချက်တွင် ဆူးချုံပင်များ တန်းစီပေါက်နေသည့် မှုန်မှိုင်းမှိုင်း လမ်းမပေါ်တွင် လူသူကင်းရှင်း နေသည်။ သူ့အကြည့်ကို ဒွန်မြစ်ဘက် သို့ ရွှေ့လိုက်၏။ သစ်တောသည် အဝါရောင်မှ ရွှေရောင်သို့ ကူးပြောင်းစ ပြုနေပြီ။ ရင့်မှည့်သော ကျူပင်များက ဒွန်မြစ် ကမ်းနံဘေး စိမ့်တောများပေါ်သို့ နွမ်းလျစွာ ကိုင်းကျနေသည်။ အချိန်ကာလမှာ ဆောင်းဦးရာသီပင် မရောက်တတ်သေး။ သို့သော် ငိုက်မျဉ်းစရာ ကောင်းသည့် ပြာမှိုင်းမှိုင်း မြူနှင်းများသည် ညနေဆည်းဆာနှင့်ပေါင်းပြီး ကျေးရွာကလေးကို ပွေ့ပိုက်ထားသည်။ ပင်တာလီမွန် တမျှော်တခေါ် ငေးကြည့်နေသည်။ ဒွန်မြစ်ကြီး။ ထုံးကျောက်လွှမ်းသော တောင်ကြော တောင်စောင်းများ။ မြစ်၏ ဟိုဘက် ခရမ်းပြာရောင် မြူနှင်းကမ္ဗလာကြီး အောက်မှ ရုန်းထွက်ဖို့ အကွက်ချောင်းနေသည့် တောအုပ်ကြီး။ နောက်ပြီး တပြန့်တပြော မြက်ခင်းလွင်ပြင်ကြီး၊ လမ်းဆုံ လမ်းခွ အကျော် အကွေ့တခု၏ လမ်းနံဘေးတွင် တည်ထားသည့် ဗိမာန်တခု ရှိ၏။ ဗိမာန်၏ အရိပ်သည် မိုးကောင်းကင်နောက်ခံတွင် ထင်ရှား ပေါ်လွင်နေ၏။ ပင်တာလီမွန်၏ နားများက ကြားရရုံမျှသာ ဖြစ်သော အသံသဲ့သဲ့ကလေးကို ကြားလိုက်ရ၏။ လှည်းဘီးသံများနှင့် ခွေးဟောင်သံများ။

အမိုးဖွင့် မြင်းလှည်းနှစ်စီးသည် ကွက်လပ်ထဲမှ ထွက်ပြီး လမ်းမပေါ်သို့ ချိုးကွေ့ဝင်လာသည်။ ရှေ့ မြင်းလှည်း ပေါ်တွင် ထိုင်နေသူမှာ မီရွန်၊ သူနှင့် ယှဉ်လျက် ထိုင်နေသူကတော့ သူ့ဇနီးသည်။ သူတို့နှင့် မျက်နှာချင်းဆိုင်တွင်မူ သစ်သစ်လွင်လွင် ယူနီဖောင်းကို ဆင်မြန်းထားသည့် ဘိုးဘိုးဂရစ်ရှကာ၊ သူ့ယူနီဖောင်း ပေါ်တွင် သူရထားသည့် စိန်ဂျော့ တံဆိပ်နှင့် အခြားတံဆိပ်များ ဆွဲချိတ်ထားသည်။ မစ်ကာက မြင်းလှည်း မောင်းသူ။ မောင်းသူထိုင်ခုံပေါ်တွင် နမော်နမဲ့ ထိုင်လာသည်။ သူက အမြှုပ်တစီစီထွက်နေသည့် မြင်းများကို ကျာပွတ်စာကျွေးဖို့ တစက်မျှ ဝန်မလေးသူ။

ပင်တာလီမွန် ခြံဝင်းတံခါးများကို တွန်းဖွင့်သည်။

မြင်းလှည်းနှစ်စီးက ခြံဝင်းထဲထိ မောင်းဝင်လာသည်။ အီလီနစ်ချ်နာ ဆင်ဝင်အဝမှ အိအိညက်ညက် အပြေး လှမ်းလာသည်။ သူမ၏ ဂါဝန်အနားကွပ်က ဖုန်တောထဲတွင် စွတ်ကြောင်းထင် ကျန်ရစ်စေသည်။

“စိတ်ကောင်း နှလုံးကောင်းရှိတဲ့ မိတ်ဆွေများရှင့်၊ ကျွန်မတို့ကို မေတ္တာထား အားပေးတဲ့ အနေနဲ့ ကျွန်မ တို့ရဲ့ နုံနုံချာချာ အိမ်ကလေးထဲ ဝင်တော်မူကြပါရှင်” သူမ၏ တုတ်တုတ်ခိုင်ခိုင်ခါးကြီးကို ကိုင်းပြီး ဦးညွှတ် ကြိုဆိုသည်။

ပင်တာလီမွန်က ဦးခေါင်းကို တဖက်သို့လှည့်၊ လက်နှစ်ဖက်ကို ဖြန့်ထားပြီး ဧည့်သည်များအား ကြိုဆိုသည်။

“အိမ်ထဲကိုဝင်ဖို့ အနူးအညွတ် ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျာ”

သူ့လူများအား မြင်းကကြိုးတွေ ဖြုတ်ပေးဖို့ မှာကြားပြီး သူကိုယ်တိုင်ကတော့ ဧည့်သည်များဆီသို့ သွားသည်။ အပြန်အလှန် နှုတ်ခွန်းဆက်ပြီးနောက် ဧည့်သည်များက အသားနားဆုံး အခန်းတခန်းအတွင်း သို့ အိမ်ရှင်ဇနီးမောင်နှံ၏ နောက်မှ ဝင်သွားသည်။ အခန်းထဲတွင် ရောက်နှင့်ပြီး နည်းနည်းထွေနေပြီ ဖြစ်သည့် ဧည့်သည်များက စားပွဲပတ်လည်တွင် ဝိုင်းထိုင်နေ၏။ သတို့သမီး၏ ဆွေမျိုးများ ရောက်လာပြီး မကြာမီ အတွင်းမှာပင် လက်ထပ်ပြီးစ အသစ်စက်စက် ဇနီး မောင်နှံလည်း ဘုရားကျောင်းမှ ပြန်ရောက်လာသည်။ သူတို့နှစ်ယောက် အိမ်ထဲဝင်လာစဉ် ပင်တာလီမွန်က ဗော့ဒကာ တခွက် ငှဲ့ထည့်သည်။ သူ့မျက်လုံးများတွင် မျက်ရည်များ ဝိုင်းလျက်။

“ကဲ...မီရွန်ရေ၊ ဟောဒီမှာ ကျွန်တော်တို့ကလေး နှစ်ယောက်အတွက် ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ ဘဝ တွေလိုပဲ သူတို့လေးတွေရဲ့ ဘဝလည်း သာယာဖြောင့်ဖြူး ပါစေ။ သူတို့ကလေးတွေ ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး ဘဝရဲ့ ချမ်းသာသုခ တွေကို ပျော်ရွှင်ခံစား နိုင်ကြပါစေသော်ဝ် …”

သူတို့က ဘိုးဘိုးဂရစ်ရှကာအတွက် ဖန်ခွက်ကြီးကြီး တခွက်ဖြင့် ဗော့ဒကာ ထည့်ပေးသည်။ ဂရစ်ရှကာက ဗော့ဒကာတဝက် ပါးစပ်ထဲ ရောက်အောင် အောင်အောင်မြင်မြင် သောက်လိုက်နိုင်၏။ ကျန်တဝက် ကတော့ သူ့ ယူနီဖောင်း လည်ထောင်ကော်လာပေါ် ဖိတ်ကျကုန်သည်။ ဗော့ဒကာဖန်ခွက်များ အချင်းချင်း ထိခတ်ကြ၏။ ဧည့်သည်တော် တွေ သောက်ကြသည်။ သောက်ပြီးရင်း သောက်ကြသည်။ စကားပြောသံများသည် ဈေးတွင်း ဆူညံသံလို ပွက်လောရိုက်နေ၏။ ကော်ရှူနော့ဗ်မိသားစုနှင့် ဆွေမျိုးနီးစပ်တော်သူ ကိုလိုဗီဒင် ဆိုသူက စားပွဲအစွန်းတဖက်တွင် ထိုင်နေသည်။ သူက သူ့လက်ထဲမှ ဖန်ခွက်ကို မြှောက်ပြီး ကြွေးကြော်လိုက်၏။

“ဒီယစ်ရွှေရည်က ခါးတယ်”

“ခါးတယ်၊ ခါးတယ်”

စားပွဲပတ်လည်တွင် ဝိုင်းထိုင်နေသည့် ဧည့်သည်တော်တွေအားလုံး ပွက်ပွက်ညံညံလိုက်ဟစ်ကြသည်။

“ဟယ်...ခါးတယ်”

လူတွေ ပြည့်သိပ်နေသည့် စားဖိုဆောင်ဆီမှ တုံ့ပြန်သံ ထွက်လာသည်။

ဂရီဂိုက မျက်မှောင်ကြုတ်ထားရင်း သူ့ဇနီး၏ စိုစွတ်စွတ် နှုတ်ခမ်းကို နမ်းသည်။ ပြီးတော့ အခန်းပတ်လည်ကို အငြိုးတကြီး လှည့်ပတ်ကြည့်သည်။ မူးယစ်ရီဝေသော အကြည့်များနှင့် အပြုံးများ။ အငမ်းမရ လောဘတကြီး ကိုက်ဝါး နေသော ပါးစပ်များထဲမှ သွားရည်တွေ ပန်းထိုးစားပွဲခင်းများပေါ် စီးကျကုန်သည်။ ဆူဆူညံညံ အော်သံဟစ်သံများ ကျွက်ကျွက်ညံနေသည်။

ကိုလိုဗီဒင်က ပြတင်းပေါက် ဖောက်ထားသည့် သူ့ပါးစပ်ကို အကျယ်ကြီးဟသည်။ ပြီးတော့ သူ့ဖန်ခွက်ကို မြှောက်သည်။

“ဒီယစ်ရွှေရည်က ခါးတယ်ကွ”

“ခါးတယ်”

သူ့ကြွေးကြော်သံကို လိုက်အော်ကြပြန်သည်။

ကိုလိုဗီဒင်၏ ပါးစပ်ကြီးတွင်းသို့ ဂရီဂို မုန်းတီးစက်ဆုပ်စွာ စိုက်ကြည့်သည်။ “ခါးတယ်ကွ” ဟု အော်လိုက်သည့် အခါ ညိုညိုမည်းမည်းလျှာကြီးကို မြင်ရသည်။

“စားကြစမ်း၊ ကြက်နုနုကလေးတွေ”

ပိုင်အိုတျာက တပျပ်ပျပ် ဝါးရင်း ပြောသည်။

စားဖိုဆောင်ထဲတွင် ဒါရီယာ ကတော့ မူးနေပြီ။ မျက်နှာတွေ နီမြန်းနေ၏။ သူမက သီချင်းတပုဒ် ကောက်ကာ ငင်ကာ ဆိုလိုက်၏။ သူ့တေးသံကို အခြားသူများ လိုက်ဆိုပြီး အသားနားဆုံး ဧည့်ခန်းထဲ သို့ ပို့ပေးလိုက်ကြ၏။ အသံတွေ ပေါင်းစပ်သွားသည်။ သို့သော် အသံဗလံ အားလုံးကို လွှမ်းပြီး ပေါ်ထွက်နေသည်ကတော့ ပြတင်းမှန်များပင် လှုပ်ခါ နေလောက်သည့် ခရစ္စတိုနီယာ၏ ဝမ်းခေါင်းသံကြီး။

တေးသီချင်း ဆုံးသွားသည်။ အစားအသောက်ဘက် ပြန်လှည့်ကြပြန်သည်။

“ဟောဒီဆိတ်သားကို စားကြည့်”

“နင့်လက်ကို ရုပ်စမ်း၊ ငါ့ယောက်ျား ကြည့်နေတယ်ဟဲ့”

“ခါးတယ်၊ ခါးတယ်”

စားဖိုဆောင်ထဲတွင် တကွိကွိ မြည်နေသော ကြမ်းခင်းများ လှုပ်ခါနေသည်။ ရှူးဖိနပ်ခွာသံများ တဒေါက်ဒေါက် မြည်နေသည်။ ကြမ်းပြင်ပေါ်သို့ ဖန်ခွက်တလုံး စွမ်းခနဲမြည်အောင် ကျကွဲသွားသည်။ သို့သော် ဖန်ခွက်ကျကွဲသံသည် ပွက်လောရိုက် ဆူညံသံများကို မထိုးဖောက်နိုင်။

စားပွဲတွင် ထိုင်နေသူများ၏ ဦးခေါင်းများပေါ်မှ ကျော်ပြီး စားဖိုဆောင်ဆီသို့ ဂရီဂို လှမ်းကြည့်သည်။ ခုတော့ အမျိုးသမီးတွေ က,ခုန်နေကြပြီး သူတို့သည် အော်ဟစ်အားပေးသံ၊ လက်ခေါက်မှုတ်သံများနှင့် စည်းချက်ညီ လိုက်ဖက်အောင် က,ကြသည်။ သူတို့က သူတို့၏ ကြီးထွားသော တင်သားများကို လှုပ်ယမ်း က,ကြသည်။ (သေးကွေးသော တင်သားဟူ၍ မရှိ၊ သူတို့က စကတ်တွေ ငါးထည်၊ ခြောက်ထည် ဝတ်ထားကြသည်။) စာပန်းထိုး လက်ကိုင်ပဝါများကို ဝှေ့ယမ်းသည်။ ကလို့ရအောင် တံတောင်ဆစ်များဖြင့် တွန်းဖယ် နေရာယူကြသည်။

သုံးထပ် အကော်ဒီယံ ဂီတသံသည် အရေးတကြီး ပေါ်ထွက်လာသည်။ အကော်ဒီယံ သမားက ကော့ဆက် အက တေးသံကို စတင်တီးခတ်သည်။ အော်ဟစ်သံ တခု ပေါ်ထွက်လာသည်။

“စက်ဝိုင်း၊ စက်ဝိုင်းတဝိုင်းဖြစ်အောင် ဝိုင်း”

“လူချင်း နည်းနည်းတိုးကပ်ကြ”

ပိုင်အိုတျာက မိန်းမတွေကို ဘေးဘက်သို့ တွန်းဖယ်ရင်း တောင်းဆိုသည်။

ဂရီဂို ထိုင်ရာမှ ထသည်။ ပြီးတော့ နာတာလီယာကို မျက်စိတဖက် မှိတ်ပြသည်။

“ပိုင်အိုတျာ ကော့ဆက်အက က,လိမ့်မယ်၊ ကြည့်နေ”

“ဘယ်သူနဲ့ က,မှာလဲဟင်” သူက မေးသည်။ “မတွေ့ဘူးလား၊ မင့်မေမေနဲ့လေ”

မာရီယာက လက်နှစ်ဖက်ကို ခါးမှာထောက်ထားသည်။ ဘယ်ဘက်လက်ထဲတွင် သူမ၏ လက်ကိုင်ပဝါကို ကိုင်လျက်။ ပိုင်အိုတျာက ကညာစစ်သော ခြေလှမ်းများဖြင့် သူမထံ ချဉ်းကပ်သွားပြီး ဆောင့်ကြောင့် ထိုင်ချလိုက်သည်။ ပြီးတော့ ပြန်ထသည်။ သူ၏ မူလနေရာသို့တိုင် နောက်ပြန်လျှောက်သွားသည်။ မာရီယာက သူမ၏စကတ်ကို ဆွဲမ,သည်။ သူ့ပုံဟန်က စိုထိုင်းထိုင်း မြက်ခင်းကို အသော့ဖြတ် ပြေးတော့မည့်နှယ်။ ခြေမကလေး မြေကြီးပေါ်ထောက်ပြီး အရှိန် ယူသည်။ ထို့နောက်မှာတော့ သဘောတကျ ဟစ်ကြွေး အားပေးသံများ ကြားထဲတွင် ယောက်ျားတစ်ယောက် လို ခြေထောက်တွေ ဆန့်ထုတ်ကာ ဆန့်ထုတ်ကာ က,တော့၏။

အကော်ဒီယံသမားက သံရှိန်ကို မြှင့်သည်။ သို့သော် ပိုင်အိုတျာက ဂီတသံကို အမီလိုက်က,နိုင်၏။ သူက အလွန်မတန် အသေးစိတ်သည့် ခြေလှမ်းများဖြင့် က,နေသည်။ ထို့နောက် ဟစ်ကြွေးသံတချက် ဟစ်ကြွေးကာ ဆောင့်ကြောင့်ထိုင်လိုက်၏။ ဆောင့်ကြောင့်ထိုင် ပုံစံဖြင့်ပင် လှည့်ပတ်က,သည်။ လက်ဝါးနှစ်ဖက်ဖြင့် ဘွတ်ဖိနပ်လည်တံ များကို အသံမြည်အောင် ရိုက်ကာ ရိုက်ကာ က,သည်။ သူ့နှုတ်ခမ်းမွေး အစွန်းနှစ်ဖက်ကို နှုတ်ခမ်းထောင့်စွန်းများတွင် ကိုက်ထားသည်။ ဒူးခေါင်းနှစ်လုံးကို အလွန်လျင်မြန်စွာ စုလိုက် ကျဲလိုက် လုပ်သည်။ သူ၏ ဦးစွန်းဖုတ်ဆံပင်ထွေးက သူ့နဖူး ပေါ်တွင် လှုပ်ယမ်းလျက်။

တံခါးဝတွင် ပိတ်ဆီးရပ်နေကြသော ပရိသတ်ကြောင့် ဂရီဂို မြင်ကွင်းပျောက်နေသည်။ သူကြားနေရသည်မှာ အရက်မူးနေပြီ ဖြစ်သည့် ဧည့်သည်များ၏ အော်ဟစ်ကြွေးကြော်သံများသာ။ နောက်ပြီး ထင်းရှူးပြား တပြားကို မီးလောင်လျှင် ဖြောင်းဖြောင်းမြည်သံ ထွက်သလို ဘွတ်ဖိနပ်ခွာများ အဆက်မပြတ် ထွက်ပေါ်နေသည့် ခြေဆောင့်သံများ ပါတည်း။

ထို့နောက် မီရွန်က အီလီနစ်ချ်နာနှင့် တွဲကသည်။ သူတို့နှစ်ယောက်က ကကွင်းထဲသို့ တလေးတစား လှမ်းဝင် နေသည်။ တစ်ဦးကိုတစ်ဦး အပေးအယူမျှစွာ ကခုန်ကြမည့်ဟန်မျိုး။ ခွေးခြေတလုံးပေါ်တွင် ရပ်ပြီး ခြေတစ်ချောင်း တွဲလောင်းချထားသည့် ပင်တာလီမွန်က သူတို့နှစ်ယောက်ကို ကြည့်ရင်း ပါးစပ်မှ စည်းချက် လိုက်နေသည်။ သူ့ခြေထောက်များဖြင့် က,ရမည့် အစား သူ့နှုတ်ခမ်းများနှင့် သူ့နားကွင်းက လှုပ်ယမ်းကခုန် နေသည်။

အက သိပ်မကျွမ်းကျင်သည့် အခြားသူများက ကော့ဆက်အကနှင့် အခြားခက်ခက်ခဲခဲအကများကို လိုက်ကဖို့ အားထုတ်ကြသည်။ သို့သော် ပွဲကြည့် ပရိသတ်က သူတို့ကို အော်ဟစ်ကြသည်။

“သူများတွေ လှလှပပကနေတာကို ဝင်မဖျက်နဲ့ဟေ့”

“ခြေလှမ်းစိပ်စိပ်လှမ်းကွ၊ အို..မင်းကတော့ကွာ…”

“သူ့ခြေထောက်တွေက တော်တော်ကလေး ပေါ့ပါတယ်၊ ဒါပေမဲ့ သူ့ဖင်ကြီးက လေးနေတာပဲဟာ”

“ဟား ... စည်းချက်နဲ့ အမီလိုက်လေ”

ထိုသို့ တစ်ယောက်တပေါက် ကောင်းချီးသြဘာပေးပြီး ပွဲမဆူမီ အစောကြီးကတည်းက ဘိုးဘိုး ဂရစ်ရှကာသည် ခြေလွတ်လက်လွတ် အမူးကြီးမူးနေပြီ။ သူက ခုံတန်းပေါ်တွင် သူ့နံဘေးမှ ကပ်ထိုင်နေသူ၏ အရိုးပြိုင်းပြိုင်းကျောကုန်းကို ဖက်လိုက်၏။ ပြီးတော့ ထိုသူ၏နားထဲသို့ ပိတုန်းမြည်သံလို တဝီဝီဖြင့် စကားတွေ အမျှင်မပြတ်ပြောထည့်တော့၏။

“ခင်ဗျား ဘယ်နှခုနှစ်က စစ်တပ်မှာ အမှုထမ်းခဲ့သလဲ”

“၁၈၃၉ ခုနှစ်က ငါ့သားရေ”

“ခင်ဗျာ့နာမည်က ဘယ်သူလဲ၊ ဘယ်တပ်ရင်းမှာ တာဝန်ထမ်းခဲ့တာလဲ”

“ငါ့နာမည်က.. မက်စင်ဘိုဂါတီရိဗ်။ ငါက ဘာကလာနော့ဗ်ရဲ့ တပ်ရင်းမှာ တပ်ကြပ်တစ်ယောက် ပေါ့ကွာ”

“ခင်ဗျားက မီလက်ကော့ဗ် မိသားစုဝင်လား”

“ဘာပြောတယ်”

“ခင်ဗျားမျိုးရိုးကို မေးတာပါ”

“အဟား၊ ငါက သတို့သားရဲ့ အဘိုးလေ၊ သူ့ အမေဘက်က တော်တာ”

“ဘာကလာနော့ဗ်ရဲ့တပ်ရင်းလို့ ခင်ဗျား ပြောလိုက်သလားလို့”

အဘိုးကြီးက ဝေသီသော မျက်လုံးများဖြင့် ဂရစ်ရှကာကို ငေးကြည့်သည်။ ပြီးမှ ခေါင်းညိတ် ပြသည်။

“ဒါဆို ကော့ကေးဆပ် စစ်ပွဲမှာ ပါခဲ့မှာပေါ့”

“ငါက ဘာကလာနော့ဗ်ကိုယ်တိုင်ရဲ့ လက်အောက်မှာ အမှုထမ်းပြီး ကော့ကေးရှန်းတွေကို အနိုင်တိုက်နိုင်အောင် ကူညီခဲ့တာကွ၊ ငါတို့တပ်ရင်းမှာ ကော့ဆက်တွေ တော်တော်ရှားရှားပါးပါး ရှိတာကလား၊ အရပ်ကြီး တွေက အစောင့် တွေလို ထောင်ထောင်မောင်းမောင်းနဲ့။ ဒါပေမဲ့ လက်ပြင်ကလေးတွေတော့ နည်းနည်းကိုင်းသဗျ၊ လက်တံရှည်ရှည် ရင်အုပ် ကားကားကြီးတွေနဲ့လေ၊ အဲဒါ တို့တပ်ရင်းမှာရှိတဲ့ ရဲဘော်တွေပေါ့ ငါ့သားရေ၊ ခုတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ငါတို့ တပ်ရင်းမှူးကြီးက တယ်ပြီး သဘောကောင်းသကိုး။ ဒါကြောင့် ငါ့ကို ကော်ဇောတချပ် ခိုးခွင့်ပေးခဲ့တာပေါ့”

“အဲဒီအချိန်တုန်းက ကျုပ်က တူရကီတွေနဲ့ နွှဲတဲ့ စစ်ပွဲမှာ ဝင်တိုက်နေခဲ့ရတာပေါ့။ အား …ဟုတ်ပါ့၊ ကျုပ် အဲဒီကို ရောက်ခဲ့တာပေါ့"

ဂရစ်ရှကာက သူ၏ ကြုံကြုံလှီလှီ ရင်ဘတ်ကို ကော့လိုက်၏။ ရင်ဘတ်တွင် ချိတ်ဆွဲထားသည့် တံဆိပ်တွေ တချွင်ချွင်မြည်နေ၏။

“…မနက်မိုးသောက်ချိန်မှာ ငါတို့ ရွာတရွာကို သိမ်းလိုက်တယ်၊ နေ့လယ်ကျတော့ စစ်ခရာမှုတ်သမား က တပ်လှန့်ပါ ရောဟေ့”

အဘိုးကြီးက ဂရစ်ရှကာ ပြောနေသည်ကို အရေးမလုပ်ဘဲ သူ့စကားသူ ဆက်ပြောနေ၏။

“ကျုပ်တို့က ရော့ဆစ်တဝိုက်မှာ တိုက်ပွဲဝင်နေတာပေါ့၊ ကျုပ်တို့ တပ်ရင်းက အမှတ် ၁၂ ဒွန် ကော့ဆက် တပ်ရင်းလေ၊ အဲဒီတုန်းက အော့တိုမန် အင်ပိုင်ယာရဲ့ အတော်ဆုံးဆိုတဲ့ လက်ရွေးစင်တပ်တွေနဲ့ ရင်ဆိုင်ရတာပေါ့ဗျာ” ဂရစ်ရှကာ ပြောပြသည်။

“ငါက အိမ်တလုံးထဲ ရောက်နေတုန်း စစ်ခရာ သမားက တပ်လှန့်ပါလေရောဗျား ...”

“ဟုတ်ပါ့ဗျာ”

ဂရစ်ရှကာ ဆက်ပြောသည်။ စိတ်ဆိုးမာန်ဆိုးဖြင့် လက်တဖက်ကို ဝှေ့ယမ်းနေပြီး ...

“တူရကီ လက်ရွေးစင်တပ်သားတွေက သူတို့ ခေါင်းပေါ်မှာ အိတ်အဖြူတွေ စွပ်ထားတာကလား၊ ဟုတ်ပါ့၊ အိတ်အဖြူတွေ စွပ်ထားသဗျ”

“…စစ်ခရာသမားက တပ်လှန့်ရော တွတ်တော့တာဗျ၊ ဒါနဲ့ ငါက ငါ့ရဲဘော်ကို ပြောရတော့တာပေါ့၊ ငါတို့ တပ်ဆုတ်ရ တော့မယ် တီမိုဖီ။ ဒါပေမဲ့ ငါတို့ နံရံပေါ်က ကော်ဇောကြီးကို အရင်ဖြုတ်ဦးမှ”

“ကျည်ဆန်မိုး ရွာနေတဲ့အထဲမှာ စွန့်စွန့်စားစား ရဲရဲဝံ့ဝံ့ အမှုတော်ထမ်းတဲ့အတွက် သူရသတ္တိနဲ့ ပတ်သက်တဲ့ တံဆိပ်နှစ်ခု ချီးမြှင့်ခံရတယ်လေ။ ကျုပ်က တူရကီ ဗိုလ်မှူးတစ်ယောက်ကို အရှင်ဖမ်းပေး ခဲ့တာလေ”

ဘိုးဘိုးဂရစ်ရှကာ မျက်ရည်တွေတွေကျသည်။ ပြီးတော့ သူ့အနီးမှလူ၏ ကျောကုန်းကို ပိန်ပိန်ချည့်ချည့် လက်သီးဖြင့် ထုလိုက်၏။ သို့သော် ကျောထုခံလိုက် ရသည့် အဘိုးကြီးက ကြက်သားတဖဲ့ကို ချယ်ရီသီး ယိုထဲနှစ်ပြီး တို့နေသည်။ ပေရေညစ်ပတ် နေပြီဖြစ်သည့် စားပွဲခင်းကို ကြောင်စီစီ ငေးစိုက်ကြည့်နေသည်။ ပြီးမှ ဗလုံးဗထွေး ပြောသည်။

“နေဦး၊ နားထောင်ဦး၊ ငါ့ရဲ့ မသန့်ရှင်းတဲ့ လိပ်ပြာက ငါ့ကို ဘယ်ဘဝရောက်အောင် ပို့ပေးခဲ့တယ် ထင်လဲ ငါ့သား၊ ငါဟာ ငါမပိုင်တဲ့ပစ္စည်းကို ဘယ်တုန်းကမှ မယူခဲ့ဖူးဘူး။ ဒါပေမဲ့ အဲဒီကော်ဇောကို တွေ့လိုက် ရတဲ့အခါမှာတော့ “မြင်းလုပ်တဲ့ အဝတ် လုပ်ရရင် အရမ်းကောင်းမှာပဲ” လို့ တန်းတွေးမိတော့တာပဲ”

“အဲဒီဘက် အပိုင်းတွေကို ကျုပ်ကိုယ်တိုင် ရောက်ဖူးထားတာလေ။ ကျုပ်က ပင်လယ်တဖက်ကမ်းက နယ်မြေ တွေလည်း ရောက်ဖူးတာပဲ”

ဂရစ်ရှကာက သူ့နံဘေးမှ အဘိုးကြီးနှင့် မျက်လုံးချင်း ဆိုင်ကြည့်ဖို့ ကြိုးစားသည်။ သို့သော် အဘိုးကြီး၏ မျက်ကွင်း နက်နက်ပေါ်တွင် တောထနေသည့် မျက်ခုံးမွေးများက ဖုံးအုပ်နေသည်။ သည်တော့ ဉာဏ်နီဉာဏ်နက်တွေ သုံးဖို့ ဆုံးဖြတ်လိုက်၏။ သူ့ ဇာတ်လမ်းဇာတ်ရှိန်က အမြင့်ဆုံးအပိုင်းကို သူ့နံဘေးမှ အဘိုးကြီး အာရုံစိုက် နားဆင်စေ လိုသည်။ သို့ဖြင့် ဘာမျှ အခင်းအကျင်းတွေ ပြောမနေဘဲ ဇာတ်လမ်းအလယ်ပိုင်းကို ကောက်ကာငင်ကာ ပြောချ လိုက်၏။

“ဒါနဲ့ ဗိုလ်ကြီးက အမိန့်ပေးတော့တာပဲ၊ မြင်းတပ်တွေ ရှေ့ကိုချီ၊ အရှိန်အဟုန်နဲ့ ဝင်တိုက်တဲ့”

သို့သော် ဘာကလာနော့ဗ် တပ်ရင်းမှ ကော့ဆက် တပ်သားကြီးသည် စစ်ခရာတွတ်သံ ကြားလိုက်ရသည့် တိုက်ခိုက်ရေးသမား တစ်ဦးလို ဦးခေါင်းကို နောက်သို့လှန်လိုက်၏။ ပြီးတော့ စားပွဲကို လက်သီးဖြင့် ထုပြီး လေသံမျှဖြင့် ပြော၏။

“လှံတွေ အသင့်ပြင်...၊ ဓားတွေ ဆွဲထုတ်၊ ဘာကလာနော့ဗ်ရဲ့ တပ်သားတွေကွ”

သူ့အသံ ရုတ်တရက် မာကျောလာသည်။ ဝေသီနေသော သူ့မျက်လုံးတွေ မီးကျည်မီးခဲလို အရောင် တဖိတ်ဖိတ် ထွက်လာသည်။ “ဘာကလာနော့ဗ်ရဲ့ တပ်သားတွေကွ” သွားတွေမရှိသည့် သွားဖုံးတွေပေါ်အောင် ပါးစပ်ကို ဖြဲအော်သည်။

“တိုက်၊ ရှေ့တက်”

သူက ငယ်နုပြီး ဉာဏ်ရည်ထက်သော အကြည့်ဖြင့် ဂရစ်ရှကာကို ကြည့်သည်။ နောက်ပြီး လျှံကျလာသည့် မျက်ရည်များကို မသုတ်ဘဲ မုတ်ဆိတ်မွှေး များပေါ်သို့ စီးကျခွင့်ပြုလိုက်၏။

ထိုအချိန်တွင် ဂရစ်ရှကာလည်း စိတ်လှုပ်ရှားလာသည်။

“သူက သူ့ဓားကို ဝှေ့ယမ်းပြီး အဲဒီအမိန့်ကို ပေးတော့တာပဲ။ ကျုပ်တို့ မြင်းကို ဒုန်းစိုင်းစီးပြီး ချီတက်ကြတယ်။ အဲဒီမှာ တူရကီလက်ရွေးစင် တပ်တွေက တန်းစီပြီး ကြံ့ကြံ့ခံတော့တာပဲ။ ကျုပ်တို့ သုံးကြိမ်တိတိ ထိုးစစ်ဆင်တယ်။ သုံးကြိမ်စလုံး ကျုပ်တို့ကို တွန်းလှန်ထုတ်ကြတာပဲ။ ကျုပ်တို့က ထိုးစစ်ဆင်ပြီးရင် သူတို့ရဲ့ မြင်းတပ်သားတွေ တောအုပ် ကလေးတွေကို လိုက်တိုက်တာပေါ့။ ကျုပ်တို့ ဒီကောင်တွေကို စိစိညက်ညက်ကြေအောင် ချေမှုန်းပစ်လိုက်တာပေါ့။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်လိုမြင်းတပ်သားမျိုးတွေက ကော့ဆက်တွေရဲ့ တိုက်ရည်ခိုက်ရည်ကို ကြံ့ကြံ့ခံနိုင်မှာတဲ့လဲ”

“သူတို့ တောထဲ ဝင်ပြေးကြတယ်လေ။ အဲဒီမှာ သူတို့ရဲ့ စစ်ဗိုလ်ကို ကျုပ်ရဲ့ရှေ့နားကလေးမှာ တွေ့လိုက်ရတယ်။ နှုတ်ခမ်းမွေးသဲ့သဲ့နဲ့ ရုပ်ဖြောင့်ဖြောင့် စစ်ဗိုလ်တစ်ယောက်ပါ။ သူက ကျုပ်ကို လှည့်ကြည့်ပြီး သူ့ ပစ္စတိုကို ဆွဲထုတ်တယ်။ ပြီးတော့ ကျုပ်ကိုပစ်တယ်။ ဒါပေမဲ့ ကျုပ်ကို မထိဘူး၊ လွဲသွားတယ်။ ကျုပ်ရဲ့မြင်းကို ဖနောင့်ဆူးတို့ပြီး အတင်းမောင်း လိုက်တော့ စစ်ဗိုလ်ကို မီသွားတယ်။ ပထမတော့ သူ့ကို ဓားနဲ့ ပိုင်းချလိုက်မလို့ပါ။ ဒါပေမဲ့ ဒီထက်ကောင်းတာကို စဉ်းစား လိုက်မိတယ်။ ပြောရမယ်ဆိုရင် သူလည်း ယောက်ျား တစ်ယောက်ပဲလေ။ ကျုပ် ညာဘက်လက်နဲ့ သူ့ခါးကို ဖမ်းပွေ့ လိုက်တယ်။ ဒီတော့ သူ ကုန်းနှီးပေါ်ကနေ ပြုတ်ကျသွားတာပေါ့။ ကျုပ်ရဲ့ လက်မောင်းကို ဒီလူ ကိုက်ဆွဲတယ်။ ဘာပဲဖြစ်ဖြစ် ကျုပ် ဒီလူ့ကို အရှင် ဖမ်းလိုက်နိုင်တယ်လေ..”

ဂရစ်ရှကာက အောင်မြင်ဝင့်ကြွားစွာဖြင့် သူ့နံဘေးမှ လူအား ကြည့်လိုက်၏။ သို့သော် အဘိုးကြီး၏ အရိုးငေါငေါ ဦးခေါင်းက သူ့ရင်ဘတ်ပေါ် စိုက်ကျနေပြီ။ အဘိုးကြီး စိတ်အေးချမ်းသာ ဟောက်လို့ပင် နေလိုက်သေး။


အခန်း [၇]

(၁)

 

ဆာဂျီ ပလာတိုနိုဗစ်ချ် မိုကော့သည် သူ၏ မျိုးရိုးစဉ်ဆက် သမိုင်းကြောင်းကို တော်တော်များများ နောက်ကြောင်းပြန် ခြေရာကောက်လို့ ရခဲ့လေသည်။

ပထမ ပီတာဘုရင် တိုင်းပြည်မင်းလုပ် အုပ်ချုပ်သည့်ခေတ်တွင် နိုင်ငံပိုင် ကုန်တင်လှေကြီးတစင်းသည် အဇောမြို့ သို့ရောက်အောင် ဒွန်မြစ်ရိုးအတိုင်း စုန်ဆင်းလာသည်။ လှေပေါ်တွင် တင်လာသည့် ကုန်ပစ္စည်းများမှာ ဘီစကွတ် မုန့်များနှင့် ယမ်းမှုန့်များ ဖြစ်၏။ ဒွန်မြစ်ညာ၏ ကမ်းပါးတနေရာတွင် ချီဂိုနက် ဆိုသည့် မြို့ကလေးတမြို့ ရှိ၏။ ချီဂိုနက်မြို့ကလေးသည် ခိုးဆိုးလုယက် တိုက်ခိုက်သည့် ကော့ဆက်များ ခိုအောင်းနေထိုင်ရာ မြို့ကလေးလည်းဖြစ်၏။ သူတို့ မြို့ကလေး ရှေ့သို့ ရောက်လာသည့် ကုန်တင်လှေကြီး ကို ချီဂိုနက် မြို့သားများက ညဘက်တွင် စီးနင်း တိုက်ခိုက် ကြ၏။ အိပ်ချင်မူးတူး အစောင့်များကို အသေသတ်ပစ်သည်။ ဘီစကစ်တွေနှင့် ယမ်းမှုန့်များကို လုယက်သည်။ ပြီးတော့ ကုန်တင်လှေကြီးကို ဖျက်ဆီး နစ်မြှုပ်ပစ်လိုက်ကြသည်။

ချီဂိုနက် မြို့ကလေးကို တိုက်ခိုက်နှိမ်နင်းဖို့ ဗော်ရိုနက်မှ စစ်သားများအား ဇာဘုရင်က အမိန့်ပေး လိုက်၏။ ဇာဘုရင်အမိန့်အရ ချီတက်လာသော စစ်သားများက ချီဂိုနက်မြို့ကလေးကို မီးလောင်တိုက်သွင်းပစ်သည်။ အပြစ်ရှိသော ကော့ဆက်များကို ရက်ရက်စက်စက် နှိပ်ကွပ်သည်။ စစ်သားများ၏ ဓားအောက်တွင် အသက်ပျောက်ကြရ၏။ ပြစ်မှု ကျူးလွန်သည့် ကော့ဆက်တွေထဲမှ ရာဇဝတ်သား လေးဆယ်ကို ကြိုးစင်တင် အသေသတ်ပြီး ကြိုးစင်များကို ဖောင်ပေါ် တင်ပြီး ဒွန်မြစ်ရိုးတလျှောက် မျှောလွှတ်လိုက်၏။ ငြိမ်ဝပ်ပိပြားမှု မရှိသည့် ကျေးရွာများမှ မြင်သာအောင် သတိပေး လိုက်သည့်သဘော။

နောင်ဆယ်နှစ်လောက် အကြာတွင် မီးလောင်တိုက် ဖြစ်ခဲ့သော ချီဂိုနက်တွင် ပြန်လည်သက်ဝင် လှုပ်ရှား လာသည်။ ပြာပုံအတိ မီးလောင်ပြင်တွင် အိမ်ကလေးတွေ ပြန်ဖြစ်လာသည်။ အိမ်ကလေးများရှိ မီးလင်းဖိုများမှ မီးခိုးငွေ့တွေ တလူလူ ထွက်လာပြန်သည်။ တချိန်တည်းတွင် ဇာဘုရင်၏ ညွှန်ကြားချက်ဖြင့် ရုရှားတောင်သူ လယ်သမား တစ်ဦးသည် သူလျှိုအဖြစ် အမှုထမ်းရန် ထိုမြို့ကလေးတွင် လာရောက်အခြေချ နေထိုင်သည်။ အဆိုပါ တောင်သူ လယ်သမား၏ အမည်မှာ မိုကော့ ဖြစ်၏။ မိုကော့က မြို့ထဲတွင် ဓားရိုးများ၊ ဆေးရွက်ကြီး၊ မီးခတ်ကျောက် စသည်ဖြင့် ကော့ဆက်များ၏ နေ့စဉ်ဘဝတွင် အသုံးလိုသည့် တိုလီမိုလီပစ္စည်းများ ရောင်းသည်။ သူက ခိုးရာပါပစ္စည်းများ လက်ခံ ဝယ်ယူသည်။ ပြီးတော့ ပြန်ရောင်းသည်။ တစ်နှစ် တစ်ကြိမ်၊ နှစ်ကြိမ်လောက် ဗော်ရိုနက်သို့ ခရီးထွက်သည်။ သူ အထူးလိုအပ်သော ရောင်းကုန်ပစ္စည်းများ ထပ်မံဖြည့်တင်းသည်။ သို့သော် ဗော်ရိုနက် မြို့သို့ ခရီးထွက်ခြင်း ရည်ရွယ်ချက် အစစ်အမှန်မှာ ပြည်နယ်အာဏာပိုင်များထံ အစီရင်ခံဖို့ ဖြစ်၏။

အဆိုပါ ရုရှားတောသား နီကီတာမိုကော့မှ မိုကော့ ကုန်သည်မိသားစု ဆင်းသက် ပေါက်ဖွားလာ၏။ သူတို့သည် ကော့ဆက်မြေပေါ်တွင် အခြေစိုက်ကြ၏။ သူတို့မျိုးနွယ်များသည် ကြံ့ခိုင်တောင့်တင်းသော တောရိုင်းချုံနွယ်များလို ပေါက်ဖွားလာသည်။ ကြီးထွား ပျံ့နှံ့လာသည်။ ဗော်ရိုနက်ပြည်နယ် အုပ်ချုပ်ရေးမှူးက သူတို့၏ ဘိုးဘေးများအား ချီးမြှင့်ခဲ့သည့် နာမည်ကောင်း တံဆိပ်ပြားများအား တရိုတသေ မြတ်မြတ်နိုးနိုး သိမ်းဆည်းထားခဲ့ကြ၏။ စင်စစ် ၎င်းဆုတံဆိပ်သည် ယနေ့ထက်တိုင် မပျောက်မပျက် ရှိနေဦးမည် ဖြစ်၏။ သို့သော် ဆာဂျီမိုကော့၏ အဘိုး လက်ထက်တွင် အကြီးအကျယ် လောင်မြိုက်သော မီးထဲ ပါသွားသည့်အတွက် မရှိတော့ချေ။ အဆိုပါ မိုကော့သည် ဖဲရိုက် လွန်းသည့် အတွက် တချီတွင် ဘဝပျက်သွားသေးသည်။ သို့သော် ကျုံးရုန်းထပြီး သူ့ခြေထောက်ပေါ်သူ မတ်မတ်ရပ်နိုင် ချိန်ကျမှ အဆိုပါမီးကြီးက ရှိစုမဲ့စုအရာအားလုံးကို မီးလောင်တိုက်သွင်းသွားလေသည်။

လေသင်တုန်းဖြတ်ထားသည့် ဒုက္ခိတဖခင်ကြီးကို မြေမြှုပ်သင်္ဂြိုဟ်ပြီးသောအခါ ဆာဂျီပလာတိုနိုဗစ်ချ်သည် ဘဝကို အသစ်တဖန် စ,ပြန်လေသည်။ သူက ဝက်မှင်ဘီးအမွေးများ၊ ငှက်မွေးငှက်တောင်များ ဝယ်ယူခြင်းဖြင့် လုပ်ငန်း စသည်။ ငါးနှစ်လုံးလုံး ဆင်းရဲပင်ပန်းကြီးစွာ နေထိုင်စားသောက်ရသည်။ တိုက်နယ်တွင်းရှိ ကော့ဆက်များက ကလိမ်ကျ သည်။ ကော့ဆက်များထံမှ ရနိုင်သမျှ ကိုပက်တိုင်းကို မရအရ ညှစ်ယူသည်။ ထို့နောက်တွင်တော့ ဆာဂျီပလာ တိုနိုဗစ်ချ်သည် ရုတ်တရက်ဆိုသလို ‘နွားကုန်သည် ဆီရီယိုဧကာ’ ဖြစ်သွားတော့၏။ ကနဦးပိုင်းတွင် အချုပ်အလုပ် ပစ္စည်းသေးသေး မွှားမွှားကလေးများ ရောင်းသည့်ဆိုင် ဖွင့်သည်။ ထို့နောက် ဦးနှောက် ကျပ်မပြည့်သည့် ဘုန်းတော်ကြီး တစ်ပါး၏ သမီးနှင့် လက်ထပ်သည်။ သတို့သမီးဘက်မှ ပေးသွင်းရသော မင်္ဂလာကြေးစို့စို့ပို့ပို့ကို လက်ခံရရှိသည်။ နောက်တော့ သူတို့လင်မယား ပေါင်းပြီး အထည်အလိပ်ဆိုင်ကလေး တဆိုင် ဖွင့်သည်။ ဆာဂျီပလာတိုနိုဗစ်ချ် အထည် အလိပ် စတင်ရောင်းချချိန်မှာ အချိန်သင့်အခါသင့် ဖြစ်သွားသည်။

ဒွန်မြစ်၏ ဘယ်ဘက်ကမ်းစပ် တလျှောက်ရှိမြေများမှာ သဲမြေတွေ၊ ထွန်ယက်စိုက်လို့ မကောင်း၊ ကောက်ပဲသီးနှံ ဖြစ်ဖြစ်ထွန်းထွန်းမရှိ။ သို့ဖြစ်ရာ စစ်တပ်အာဏာပိုင်များ၏ ညွှန်ကြားချက်အရ မြစ်၏ ဘယ်ဘက်ခြမ်းတွင် နေထိုင်သည့် ကော့ဆက်များသည် မြစ်၏ညာဘက်ခြမ်းသို့ ရွာလုံးကျွတ် ပြောင်းရွှေ့ အခြေစိုက်ကြ၏။ သူတို့သည် သူတို့ လိုအပ်သော ပစ္စည်းများ ဝယ်ဖို့ မိုင်သုံးဆယ်၊ သို့မဟုတ် မိုင်သုံးဆယ်ကျော် ခရီးကို သွားရောက်ဝယ်ယူမည့်အစား မိုကော့၏ ဆိုင် ကလေးကို မျက်စိကျကြသည်။ မိုကော့၏ ဆိုင်ကလေး တွင် သူတို့လိုချင်သည့် ပစ္စည်းတွေ တော်တော် စုံစုံ လင်လင် ရှိလေသည်။ နောက်ပြီး ဝေးဝေးလံလံ သွားဝယ်နေဖို့ မလို။ တနေရာတည်း၊ တဆိုင်တည်းတွင် လိုရာပစ္စည်းတွေ ဝယ်လို့ရသည်။

ဆာဂျီက သူ့လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်သည်။ သုံးထပ် အကော်ဒီယံလို ပစ္စည်းမျိုးပင် သူ့ဆိုင်တွင် ဝယ်လို့ရအောင် စီစဉ်သည်။ နောက်ပြီး ရိုးရှင်းသော ကျေးလက်ဘဝနေဟန်နှင့် ကိုက်ညီမည့် အသုံးအဆောင်ပ စ္စည်းအားလုံး သူ့ဆိုင်တွင် ရနိုင်အောင် ထောင့်စိစိ စီစဉ်သည်။ နောက်တော့ သူက စိုက်ပျိုးရေးဆိုင်ရာ စက်ယန္တရားများ ပင် တင်ရောင်းသည်။ သူ၏ အရောင်းအဝယ်လုပ်ငန်းက ဖြတ်ထိုးဉာဏ် ကောင်းလှသည်။ ဆာဂျီအတွက် အမြတ်ငွေ ကြီးကြီးမားမား ရှာဖွေပေးနိုင်တာ သိသာပါသည်။ ဘာကြောင့်ဆို သုံးနှစ်တာကာလအတွင်း ဂျုံသယ်ရန် ဇလားတပ်စက် ခါးပတ်ကို သူရောင်းချနေပြီ။ နောက်ပြီး သူ၏ပထမဇနီး ကွယ်လွန်ပြီး နှစ်နှစ်အကြာတွင် ရေနွေးငွေ့ဖြင့် လည်ပတ်သည့် ဂျုံကြိတ်ခွဲစက် တလုံး စတင် တည်ဆောက်ခဲ့သည်။

တတာ့ရပ်စ်နှင့် နီးနားပတ်ဝန်းကျင်ရှိ ကျေးရွာကလေးများကို သူက အပိုင်ဆုပ်ကိုင်ထားသည်။ ၎င်းရွာ အားလုံးသည် သူ့လက်ခုပ်ထဲမှ ရုန်းမထွက်နိုင်ကြ။ ဆာဂျီမိုကော့၏ ကြွေးနှင့်ကင်းသည့် အိမ်ဆိုလို့ တအိမ်မျှ မရှိ။ ဂျုံစက်တွင် အလုပ်သမားကိုးယောက် ငှားထားရသည်။ အရောင်းဆိုင်တွင် ခုနစ်ယောက်။ လုံခြုံရေး အစောင့်က လေးယောက်၊ မှီခိုသူ စုစုပေါင်း အယောက် နှစ်ဆယ်၏ ပါးစပ်ပေါက်များကို နေ့စဉ် အစားအစာ ကျွေးမွေးနေသည်မှာ ကုန်သည်ကြီး ဆာဂျီမိုကော့ပင် ဖြစ်ပါသည်။

သူ၏ ပထမဇနီးနှင့် သားသမီးနှစ်ယောက် ထွန်းကားသည် အဲလိဇဘတ်တာ ဆိုသည့် သမီး ကလေးနှင့် နှေးကွေးလေးကန်ပြီး ကိုယ်ကျင့်တရား အားနည်းသော ဗလာဒီမာ ဆိုသည့် သားကလေး။ သူ၏ဒုတိယဇနီးသည် အင်နာနှင့် ကလေးမရ။ သူမ၏ တိုရေရှားရေ မိခင်မေတ္တာနှင့် ကိန်းအောင်းနေသော အမျက်ဒေါသအားလုံးကို သူမက ကလေးနှစ်ယောက် အပေါ် ပုံအောသည်။ စိတ်ဆတ်သော သူမ၏ ပင်ကိုစရိုက်က ကလေးနှစ်ယောက်အပေါ် ဆိုးကျိုးများ သက်ရောက်စေ၏။ သူတို့ ဖခင်က လုပ်ငန်းခွင်ထဲ အမြဲ နစ်နေသူ။ သူက ကလေးနှစ်ဦးကို သူ့အိမ်မှ ထမင်းချက် တစ်ဦးလောက်၊ မြင်းထိန်း တစ်ဦးလောက်ထက် ပိုပြီး အချိန်မပေး၊ ဂရုမစိုက်နိုင်။ ကလေးနှစ်ဦးသည် အထိန်း အကွပ်မဲ့ ကြီးပြင်းလာသည်။ စာနာစိတ်ကင်းမဲ့သည့် သူ့မိန်းမက ကလေးနှစ်ဦး၏ နုနယ်ဆန်းပြားသည့် စိတ်ခံစားချက် များကို သိမြင်နားလည်အောင် ထိုးဖောက်ဖို့ စိတ်မဝင်စား၊ ကလေးတွေအကြောင်း စူးစမ်းလေ့လာဖို့လည်း အာရုံမရှိ။

မောင်နှမနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး အသွင်မတူ၊ တစ်ဦးနှင့်တစ်ဦး အစေးမကပ်၊ အနေစိမ်းသည်။ သူတို့၏ မိဘများနှင့်လည်းမတူ။ ဗလာဒီမာက လေးကန် ထိုင်းမှိုင်းပြီး သုန်သုန်မှုန်မှုန် နေတတ်သူ။ နောက်ပြီး ငါသာသိ ငါသာတတ် ဆိုပြီး ဆရာကြီးလုပ်တတ်သူ။ နောက်ပြီး ကလေးမဆန်သည့် လေးနက်ခြင်းကိုလည်း ရင်မှာ ပွေ့ပိုက်ထားသူ။ အဲလိဇဘတ်တာ ကလေး ကတော့ တမျိုး၊ သူမက အထိန်းတော် ထမင်းချက် အမျိုးသမီးတို့နှင့်သာ အများဆုံး နေထိုင်ကြီးပြင်းခဲ့ရသူ။ (သူတို့နှစ်ယောက်ထဲမှ ထမင်းချက် အမျိုးသမီးမှာ အသောက်အစားဖက်ပြီး အတွေ့အကြုံ စုံလွန်းလှသူ ဖြစ်၏။ သည်တော့ လီဇာ (အဲလိဇဘတ်တာ) သည် ဘဝ၏ သိမ်ဖျင်းယုတ်ညံ့သောအပိုင်းကို ငယ်ငယ် ရွယ်ရွယ်နှင့် တွေ့မြင်သိရှိခဲ့သည်။ မိန်းမကြီးများက ကလေးမကလေးအား အရွယ်နှင့်မလိုက်သည့် သိချင်စိတ်များကို ပြင်းပြင်းပြပြ ဖြစ်ပေါ်စေ၏။ သူမသည် အရိုးငေါင်းစင်းနှင့် ရှက်ကြောက်တတ်သည့် အပျိုဖော်ဝင်စ မိန်းကလေးတစ်ဦး ဖြစ်သော်လည်း သူမသည် အထိန်းအကွပ်မဲ့ ဖူးပွင့်တော့မည့် တောပန်းကလေး တပွင့်လို အားယူနေလေပြီတည်း။

 

(၂)

 

စိတ်မရှည် သည်းမခံချင်စရာ နှစ်ကာလများ တဖြုတ်ဖြုတ်ကုန်သွားသည်။ အသက်ကြီးသူတွေ ရင်အို လာသည်။ ငယ်နုသူတွေ အလှသွေးကြွယ်လာသည်။

အသားအရေ ဖြူဖပ်ဖြူရော်နှင့် ပိန်ပိန်ရှည်ရှည် ဗလာဒီမာမိုကော့က ငါးတန်းကျောင်းသား ဖြစ်နေပြီ။ သူက ဂျုံကြိတ်ခွဲ စက်ရုံဝင်းထဲ ဖြတ်လျှောက်သွားသည်။ နွေရာသီ ကျောင်းပိတ်ရက်အတွက် အိမ်ပြန်ရောက် လာတာ သိပ်မကြာသေး။ သူက ထုံးစံအတိုင်း စက်ရုံဝင်းထဲ လျှောက်ကြည့်သည်။ ပြီးတော့ ရှုပ်ယှက်ခတ် နေသော လူအုပ် ကြားထဲ တိုးဝင်သည်။ ကော့ဆက် တွန်းလှည်းသမားများ၏ ရိုရိုသေသေ လေးလေးစားစား တီးတိုးစကားသံများက ဗလာဒီမာ၏ ဘဝင်မြင့်စိတ်ကို အညွန့်တက်လာစေသည်။

“သခင်ကြီးရဲ့ အရိုက်အရာကို ခံစားမယ့် သခင်လေးပေါ့”

သူက လှည်းများနှင့် မြင်းချေးဖုန်များကို သတိထား ကွေ့ပတ်ရှောင်ရှားရင်း ခြံဝင်းတံခါးဝသို့ ရောက်လာသည်။ ထိုအခါတွင်မှ ဓာတ်အားပေးစက်ရုံကို မကြည့်ရသေးပါကလားဟု သတိရပြီး ပြန်လှည့်လိုက်၏။

အနီရောင်ဆီကန်ကြီးနှင့် ကပ်လျက်ရှိသည့် စက်ခန်းအဝင်ဝတွင် တွေ့ရသည်မှာ စက်ရုံအလုပ်သမား တီမိုဖေး၊ အရောင်းသမား ဗဲလက်နှင့် တီမိုဖေး၏ လက်ထောက် ဒေးဗစ်တို့ဖြစ်၏။ သူတို့သုံးဦးသည် ဖိနပ်မပါ ခြေချည်း သက်သက်ဖြင့် စက်ဝိုင်းသဏ္ဌာန် ပုံထားသည့် ရွှံ့များကို နင်းနယ်နေကြ၏။ သူတို့၏ ဘောင်းဘီရှည်များကို ဒူးခေါင်း အထက်သို့ ရောက်အောင် လိပ်တင်ထားကြ၏။

“ဟား သခင်လေးပါလား”

အရောင်းသမားက ရယ်ရွှန်းဖတ်ရွှန်းဖြင့် ကြိုဆို နှုတ်ဆက်သည်။

“မင်္ဂလာနေ့လယ်ခင်းပါ၊ ခင်ဗျားတို့ ဘာတွေ လုပ်နေကြတာလဲဗျ”

“ကျုပ်တို့ ရွှံ့နယ်နေတာလေ”

ဒေးဗစ်က စေးထန်းချွဲကပ်နေသော ရွှံ့စေးတွေထဲမှ သူ့ခြေထောက်ကို ခဲရာခဲဆစ်ဆွဲထုတ်ရင်း မဲ့ပြုံး ပြုံးလျက် ပြောသည်။

“သခင်လေးရဲ့ဖခင်က သူ့ရူဘယ်ငွေတွေ မယိုဖိတ်အောင် အရမ်းသတိထားတာကလား။ ဒါကြောင့် ဒီရွှံ့နယ်တဲ့ အလုပ်ကို လုပ်ဖို့ မိန်းမအလုပ်သမားတွေ မငှားဘူးလေ။ သခင်လေးရဲ့ဖခင်က ကပ်စေးနှဲဗျ”

ဗလာဒီမာ မျက်နှာနီသွားသည်။ ထာဝစဉ် ပြုံးပြုံး ရယ်ရယ်ရှိသည့် ဒေးဗစ်၊ သူ၏ အငေါ်တူးသောလေသံ ကို ရုတ်တရက် အမြင်ကတ်သွားသည်။

“ခင်ဗျား ဘာပြောတာလဲ၊ ကပ်စေးနှဲဆိုတာ”

“သူက အရမ်းနှမြော တွန့်တိုတယ်လို့ ပြောတာ”

ဒေးဗစ်က ပြုံးပြီး ရှင်းပြသည်။

အခြားသူများက သဘောတူ ထောက်ခံသည့် သဘောဖြင့် ရယ်မောကြသည်။ သို့သော် ဗလာဒီမာက သည်လောက်တော့ ပါးနပ်ပါသည်။ သူတို့၏ မောက်ကျော် စော်ကားမှုကို သိလိုက်၏။

သူက ဒေးဗစ်အား အေးစက်စွာစိုက်ကြည့်သည်။

“ဒီတော့ … ခင်ဗျားက မကျေနပ်ဘူးပေါ့”

“ဒီအထဲကို လာပြီး သခင်လေးကိုယ်တိုင် နယ်ကြည့်လေ၊ အဲဒီအခါကျ သခင်လေး သိလာလိမ့်မပေါ့။ ဘယ်အရူးက ကျေနပ်မှာလဲ၊ သခင်လေးရဲ့ ဖခင် ဒီအလုပ်မျိုး နည်းနည်းပါးပါးလုပ်ကြည့်ရင် ကောင်းမယ်၊ တစ်ခါတည်း ဗိုက်ထဲက အောင့်တက်လာလိမ့်မယ်”

ဒေးဗစ် ပြန်ပြောသည်။ နောက်ပြီး ရွှံ့ဝိုင်းကြီးထဲတွင် တစွပ်စွပ် လှည့်ပတ်ပြီး ရွှံ့တွေကို နင်းနယ်နေသည်။ ခုတော့ သူ ပျော်ပျော်ကြီး ပြုံးနေသည်။ ဒါက အမြည်းသဘော လက်စားချေခြင်းပဲ ရှိသေးသည်လေ။ ဗလာဒီမာက သူ့စိတ်ထဲ ရှိသည်ကို ပြောချလိုက်၏။

“ကောင်းပါလေ့ဗျာ” တစ်လုံးချင်းပြော၏။

“ခင်ဗျားလုပ်နေရတဲ့ အလုပ်ကို ခင်ဗျား မကျေနပ်ဘူးဆိုတာ ဖေဖေ့ကို ပြောပြလိုက်ပါမယ်”

ဒေးဗစ်မျက်နှာကို မျက်စောင်းထိုးကြည့်သည်။ သူ့ကြောင့် ဖြစ်ပေါ်လာသည့် မျက်နှာသွင်ပြင်ကို ကြည့်ပြီး အလန့်တကြား ဖြစ်သွားသည်။ ဒေးဗစ်သည် စိတ်ဆင်းရဲစွာ ဖျစ်ညှစ်ပြုံးနေသည်။ နောက်ပြီး အခြားလူနှစ်ဦး၏ မျက်နှာများမှာ ညို့မှိုင်းနေသည်။ သုံးယောက်သား တဖြုတ်မျှ ကြာအောင် တိတ်ဆိတ်စွာ ဆက်ပြီး ရွှံ့နယ်နေကြသည်။ ထို့နောက်တွင်မှ ဒေးဗစ်က ရွှံ့တွေလူးနေသည့် သူ့ခြေထောက်များဆီမှ မျက်လုံးများကို လွှဲဖယ်လိုက်ကာ အာဃာတ ကဲသည့် လေသံကို ပတ်ချွဲနပ်ချွဲ လုပ်ပြီး ပြောသည်။

“ကျုပ် သက်သက်ကျီစယ်နေတာပါ ဗော်လိုဒီယာရယ်”

“ခင်ဗျားပြောတာ ဖေဖေ့ကို ပြောပြမယ်”

သူ့ဖခင်ကိုရော သူ့ကိုပါ အစော်ကားခံရသည့်အတွက် မျက်လုံးအိမ်တွင် မျက်ရည်များ ပြည့်လျှံလျက် ဗလာဒီမာ ထွက်ခွာသွားသည်။

“ဗော်လိုဒီယာ၊ ဗလာဒီမာ ဆာဂျီဗစ်ချ်” ဒေးဗစ် ထိတ်လန့်တကြားအော်ခေါ်သည်။ ရွှံ့ပုံကို ရွှံ့တွေ ပေရေထဲမှ လှမ်းထွက်သည်။ ခေါက်တင်ထားသည့် ဘောင်းဘီကို ညစ်ပတ်နေသည့် ခြေသလုံးပေါ်သို့ ဖြည်ချသည်။

ဗလာဒီမာ ခြေလှမ်းကို ရပ်လိုက်သည်။ ဒေးဗစ် သူ့ဆီပြေးသွားသည်။ မောကြီးပန်းကြီး အသက်ရှူလျက်။

“သခင်လေး ဖေဖေ့ကို သွားမပြောနဲ့နော်၊ ရူးမိုက်တဲ့ ကျုပ်ကို ခွင့်လွှတ်ပါကွယ်၊ ဘုရားစူးရပါစေရဲ့၊ ကျုပ် မစဉ်းမစား ပြောလိုက်မိတာပါ”

“ကောင်းပြီလေ၊ ကျွန်တော် သူ့ကို မပြောတော့ဘူး”

ဗလာဒီမာ မျက်မှောင်ကြုတ်ပြီး ပြောသည်။ ပြီးတော့ ဝင်းတံခါးဆီသို့ ဆက်လျှောက်သွားသည်။

“ခင်ဗျားက အဲ့ဒီအစား ဘာကို ပြောစေချင်သလဲ”

ဗဲလက်၏ အသံသြသြကြီးက သူ့နားဆီသို့ ရောက်လာသည်။

“သူတို့ကို သွားမနှောက်နဲ့၊ ဒါဆို သူတို့ကလည်း မင်းကို ဒုက္ခပေးမှာ မဟုတ်ဘူး”

“ဝက်စုတ်ကြီး”

ဗလာဒီမာ စိတ်ဆိုးမာန်ဆိုး စဉ်းစားသည်။

“ဖေဖေ့ကို ကျွန်တော်ပြောရမှာလား၊ မပြောရဘူးလား”

နောက်ဘက်သို့ ငဲ့စောင်းကြည့်သောအခါ သူ၏ ထာဝရအပြုံးကို ဆင်မြန်းထားသော ဒေးဗစ်ကို တွေ့လိုက်ရ၏။ “ငါ ဖေဖေ့ကို ပြောကို ပြောမယ်”ဟု ဆုံးဖြတ်လိုက်၏။

ဗလာဒီမာ အိမ်ရှေ့လှေကားပေါ်မှ တက်ခဲ့၏။ သူ့ဦးခေါင်းပေါ်တွင် စပျစ်ရိုင်းပင်မှ အရွက်တွေ ယိမ်းထိုး နေသည်။ စပျစ်ရိုင်းပင် များက ဆင်ဝင်နှင့် ဝရန်တာ ပေါ်တွင် ရှုပ်ထွေးစွာ ရစ်ပတ်ယှက်နွယ်နေသည်။ သူက သူ့ဖေဖေ၏ သီးသန့်အခန်းသို့သွားပြီး တံခါး ခေါက်လိုက်၏။ ဆာဂျီပလာ တိုနိုဗစ်ချ်သည် အေးစက်သော သားရေ ညောင်စောင်း ပေါ်တွင် ထိုင်ရင်း ဇွန်လထုတ် မဂ္ဂဇင်းတစ်စောင်မှ စာမျက်နှာများကို လှန်ကြည့်နေသည်။ သူ့ခြေရင်းတွင် ချထား သည်မှာ အဝါရောင် အရိုးဓားကလေးတစ်ချောင်း။

“ဟေ….မင်း ဘာလိုချင်လို့လဲကွ”

“ကျွန်တော် ဂျုံကြိတ်စက်ရုံက ပြန်လာတော့ …”

ဗလာဒီမာ ချီတုံချတုံဖြင့် ပြောသည်။ သို့သော် ဒေးဗစ်၏ တောက်တောက်ပပ အပြုံးကို ပြန်လည် မြင်ယောင် မိသည်။ သူက သူ့ဖခင်၏ ဝဝဖိုင့်ဖိုင့် ဗိုက်ကြီးကို စိုက်ငေးကြည့်နေသည်။ ပြီးမှ စိတ်ကို ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ကာ စကားဆက် ပြောသည်။

“စက်ရုံအလုပ်သမား ဒေးဗစ်ပြောတာ ကျွန်တော် ကြားခဲ့တယ်”

သားတော်မောင် ပြောသည့် ဇာတ်လမ်းကို ဆာဂျီ ပလာတိုနိုဗစ်ချ် ဂရုတစိုက်နားထောင်သည်။ ပြီးတော့ “ငါ ဒီကောင်ကို အလုပ်ဖြုတ်ပစ်လိုက်မယ်” ဟု ပြောသည်။ သူက အသံထွက်ညည်းညူလျက် စက္ကူဖြတ်သည့် ဓားကလေးကို ကုန်းကောက်လိုက်သည်။

 

(၃)

 

ညညဆိုလျှင် ရွာ၏ ပညာတတ် အလွှာများသည် ဆာဂျီမိုကော့၏အိမ်တွင် စုဝေးလေ့ရှိ၏။ သူတို့အထဲ တွင် မော်စကို နည်းပညာကျောင်းသား ဘိုယာရစ်ရှ်ကင် ပါသည်။ အဆုတ်ရောဂါ နှင့် ဘဝင်မြင့်ရောဂါ၏ ဝါးမျိုခြင်း ခံနေရသည့် ကျောင်းဆရာ ဘလန်ဒါ ပါသည်။ ဘလန်ဒါ၏ လက်ထောက်လည်းဖြစ်၊ လက်မထပ်သေး သော်လည်း အတူ ပေါင်းသင်းနေထိုင်သည့် မာသာဂျရာ ဆီမော့ဗ်နာ ပါသည်။ မာသာ၏ အဝတ်အစားတွေက ဘယ်တော့မျှ လုံလုံခြုံခြုံမရှိ။ ဝတ်လိုက်လျှင် မပေါ့်တပေါ် တွေချည်း။ နောက်ပြီး သူ့ကြည့်ရတာ ဘယ်တော့မျှ အသက်ကြီးလာပုံ မရ။ နောက် တစ်ယောက် ကတော့ ချိပ်နံ့နှင့် အပေါစား ရေမွှေးနံ့တွေ ရောထွေး နံစော်နေသည့် စာတိုက်ဗိုလ် လူပျိုကြီး။ ရံဖန်ရံခါ မှသာ ရောက်လာတတ်သူ တစ်ဦး ရှိသေးသည်။ သူ ကတော့ တပ်စုမှူးလူငယ်ကလေး ယူဂျင်းလစ္စနစ်စကီ ဖြစ်၏။ သူက သူ့ဖခင်၏ ကျေးလက်စံအိမ်ကြီးဆီမှ မြင်းစီးလာလေ့ရှိသည်။

သူတို့အုပ်စုသည် ဝရန်တာတွင် စုဝေးထိုင်ပြီး လက်ဖက်ရည်သောက်ကြသည်။ အရည်မရ အဖတ်မရ စကားတွေ ပြောကြသည်။ သူတို့ ပြောဆိုနေသည့် စကားအလျဉ် ခေတ္တခဏကလေး တန့်သွားပြီ ဆိုသည် နှင့် ဧည့်သည်တွေ ထဲမှ တယောက်ယောက် ဗွေဖောက်တော့၏။ အိမ်ရှင်သူဌေး၏ ကျောက်သံပတ္တမြားတွေ မြှုပ်နှံစီခြယ် ထားသည့် အဖိုးထိုက် အဖိုးတန် ဓာတ်စက်ကြီးကို ဖွင့်ကြတော့၏။

ကြုံတောင့်ကြုံခဲ အခါကြီးရက်ကြီး အလုပ်နားရက်များ ဆိုလျှင်တော့ ဆာဂျီပလာတိုနိုဗစ်ချ်က စပြီး ဗွေဖောက် သည်။ ထိုသို့သော ညမျိုးဆိုလျှင် သူက တခွက်တဖလား သောက်လိုက်ချင်သည်။ သူက ဧည့်သည်များအား တန်ဖိုး ကြီးသော ဝိုင်အကောင်းစားများကို လတ်ဆတ်သော ငါးဥဆားနယ်၊ အခြား ရှားရှားပါးပါး အမြည်းများဖြင့် တည်ခင်း ဧည့်ခံလျက် ဧည့်သည်တော်များ၏ ဘဝင်နှလုံးကို ရွှင်ပြုံးချမ်းမြေ့စေသည်။ အခြားအချိန်များ တွင်တော့ သူက ခြိုးခြိုးခြံခြံ ချွေချွေတာတာပင်။ သူ့စိတ်ကိုသူ ချုပ်တည်းမှု ကင်းကင်းနှင့် ဘယ်လောက်ကုန်ကုန် သုံးလေ့သုံးတတ်သည် ကတော့ စာအုပ်များနှင့် ပတ်သက်၍ ဖြစ်၏။ စာအုပ်တွေနှင့် ပတ်သက်လာလျှင် သူက ဖောဖောသီသီ သုံးတတ်သည်။ သူက စာဖတ် ဝါသနာပါသည်။

စာဖတ်ရတာကို မြတ်နိုးသည်။ နောက်ပြီး သူဖတ်ပြီးသမျှ အကြောင်းအရာအားလုံးကို မြန်မြန်ဆန်ဆန် လက်သင့်ခံဖို့ ဝန်မလေးတတ်သူ။

သူတို့ကျေးရွာတွင် ဘုန်းတော်ကြီးနှစ်ပါးရှိသည်။ ဆရာတော် ဝိဆာရီယံနှင့် ဆရာတော် ပန်ကရေတီ။ ၎င်းဆရာတော် နှစ်ပါးစလုံး ဆာဂျီပလာတိုနိုဗစ်ချ်နှင့် သိပ်ပြီး ခင်ခင်မင်မင် ရင်းရင်းနှီးနှီးမရှိကြ။ သူတို့နှစ်ဦး နှင့် ဆာဂျီ တို့တွင် ကျောင်းတော်မှ ရန်စ,ရှိခဲ့ကြသည်။ ပြောသာပြောရသည်၊ ဆရာတော်နှစ်ပါးကလည်း သူတို့ အချင်းချင်း သိပ်သင့်မြတ် လှသည် မဟုတ်။ စိတ်ကြီး ရန်လိုတတ်ပြီး အသိရခက်သော ဆရာတော်ပန်ကရေတီ က သူ့တပည့် တပန်းများအား လိမ္မာပါးနပ်စွာ သိမ်းသွင်းသည်။ ပြီးတော့ အမူအကျင့် အားဖြင့် ဖောက်ပြန်စေသည်။ ပင်ကိုအားဖြင့် ဖော်ရွေတတ်သော ဆရာတော် ဝိဆာရီယံကတော့ ဆစ်ဖလစ်ရောဂါ ဖြစ်နေသည့် မုဆိုးဖိုတစ်ဦး ဖြစ်၏။ သူက ယူကရိန်း အမျိုးသမီး တစ်ဦးနှင့် အတူနေသည်။ နောက်ပြီး သူက စိတ်ကြီးဝင်နေသူ၊ အောက်ခြေလွတ်နေသူ၊ သူ၏ လွန်ကဲသော မာနနှင့် အသိရ ခက်သော စရိုက်သဘာဝ ကြောင့်ပင် သူက ဆရာတော် ပန်ကရေတီ ဆိုလျှင် ကြည့်လို့မရ၊ ချစ်ခင် နှစ်သက်ခြင်း မရှိ။

သူတို့အထဲတွင် ကျောင်းဆရာ ဘလန်ဒါ ကလွဲပြီး ကျန်ပညာတတ်တွေ အားလုံး အိမ်ပိုင်ရာပိုင်တွေချည်း ဖြစ်၏။ မိုကော့၏ အပြာရောင်ဆေးသုတ်ထားသည့် အိမ်သည် ရွာလယ် လေးထောင့်ကွက်ပေါ်တွင်ရှိသည်။ သူ့အိမ် မျက်နှာမူရာ လေးထောင့်ကွက်၏ အလယ်တည့်တည့်တွင် သူ့ဆိုင် ရှိသည်။ မှန်တံခါးတပ်ထားသည့် ဆိုင်၏ဆိုင်းဘုတ်မှာ နေစားပြီး အရောင်တွေ မှေးမှိန် ပျက်ပြယ်နေပြီ။ ဆိုင်နှင့် တွဲစပ်နေသည်မှာ ပစ္စည်းပစ္စယများ သိုလှောင်သည့် ရုံကလေး။ အမိုး နိမ့်နိမ့်၊ ရှည်လျားလျားရုံကလေးတွင် မြေအောက်ခန်းလည်း ရှိသည်။ အဆိုပါရုံကလေးမှ ကိုက်တစ်ရာလောက် ရှေ့ဆက်သွားလျှင် တွေ့ရမည်မှာ ဘုရားကျောင်း ဥယျာဉ်ကို ဝင်းခတ်ထားသည့် အုတ်နံရံကြီး။ ကြက်သွန်ဥပုံစံ အမိုးခုံး ကလေးရှိသည့် ဘုရားကျောင်း အဆောက်အအုံကို ဆေးအစိမ်းရောင်သုတ်ထားသည်။

ဘုရားကျောင်းအလွန်တွင်မူ ထုံးသုတ်ထားသည့် ထည်ထည်ဝါဝါ ကျောင်းအုတ်တံတိုင်းကြီး များနှင့် သားသားနားနား သပ်သပ်ရပ်ရပ် အိမ်နှစ်လုံး ရှိသည်။ တလုံးက အပြာရောင်၊ အပြာရောင် သံဆူးတိုင်များ ကာရံ ထားသည်။ သည်အိမ်က ဆရာတော် ပန်ကရေတီ ၏အိမ်။ ဆရာတော် ပန်ကရေတီ၏ အိမ်နှင့် ဆင်တူမှု မရှိအောင် အညိုရောင် ဆေးသုတ်ထားသည့် အိမ်ကတော့ ဆရာတော် ဝိဆာရီယံ ပိုင်သည့်အိမ်။ ကျယ်ပြန့်သော လသာဆောင်ကြီး ရှိသည်။ အဖျားကောက်ထားသည့် သံတိုင်များဖြင့် ခြံစည်းရိုးခတ်ထားသည်။ ထို့နောက်မှာတော့ နှစ်ထပ်အိမ် နှစ်လုံး။ ထို့နောက် စာတိုက်ရုံးခန်း၊ ကော့ဆက်တွေ၏ အိမ်များ၊ သွပ်မိုးအိမ်များပါသည်။ သက်ငယ်မိုးအိမ်များလည်း ပါသည်။ ထို့နောက်တွင်မှ ဂျုံကြိတ်စက်ရုံ၊ စက်ရုံအမိုးခေါင်ချုပ် ပေါ်တွင်မူ သံချေး တက်နေပြီ ဖြစ်သည့် ကြက်ဖအရုပ် ကလေးများရှိသည်။

သူတို့ကျေးရွာတွင် နေထိုင်သည့် ရွာသူရွာသား အားလုံးသည် အတားအဆီး အကာအရံများ နောက်တွင် နေထိုင်ကြသည်။ ရွာထဲမှာရော ရွာပြင်မှာပါ သီးသီးခြားခြား နေကြသည်။ ပြင်ပကမ္ဘာနှင့် အဆက်အဆံမရှိ။ ညပိုင်း များတွင် သူတို့သည် အိမ်နီးချင်း တအိမ်အိမ်သို့ အလည်အပတ် သွားလျှင်သွား၊ ထိုသို့မှ မဟုတ်လျှင် မိသားစုတိုင်းသည် ကိုယ့်အိမ်တံခါးများကို ကလန့်ချသည်။ မင်းတုပ်ထိုးသည်။ ခွေးများကို ကြိုးဖြည်ပြီး ခြံထဲ လွှတ်ထားကြသည်။ တိတ်ဆိတ် ငြိမ်သက်မှုကို တချီ တချီ အနှောင့်အယှက်ပေးတတ် သည်မှာ ညစောင့်များ၏ အချက်ပေးသံများသာ ရှိလေသည်။

 

(၄)

 

သြဂုတ်လကုန်ပိုင်း တစ်ရက်တွင် မစ်ကာ ကော်ရှူနော့ဗ်သည် အဲလိဇဘတ်တာ မိုကော့ကို တိုက်တိုက် ဆိုင်ဆိုင် မြစ်ကမ်းစပ်တွင် တွေ့လိုက်ရ၏။ သူက မြစ်ဟိုဘက်ကမ်းမှ လှေဖြင့် ကူးလာပြီး သူ့လှေကို ကြိုးဖြည်နေခိုက် တောက်တောက် ပပ အလှဆင်ထားသည့် တစ်ယောက်စီး လှေကလေးတစီး ရေပြင်ပေါ် လျှပ်ပြေး လာသည်ကို သတိထား လိုက်မိ၏။ လှေကလေးကို လှော်ခတ်လာသူမှာ ဘိုယာရစ်ရှကင် ဆိုသည့် ကျောင်းသားကလေးတစ်ဦး။ ပြောင်နေသော သူ့ဦးခေါင်းပေါ်တွင် ချွေးများဖြင့် အရောင်တလက်လက် တောက်နေသည်။ သူ့နဖူးပေါ်တွင် အကြော စိမ်းကြီးတွေ အပြိုင်းပြိုင်း ထနေသည်။

လှေကလေးပေါ်တွင်ထိုင်နေသည့် အဲလိဇဘတ်တာ ကို တွေ့တွေ့ချင်း မစ်ကာ မမှတ်မိ။ သူမ ဆောင်းထားသည့် မြက်ဦးထုပ်ကြီးက သူမ မျက်နှာပေါ် အရိပ်မိုး နေစေသည်။ နေလောင်ထားသဖြင့် ညိုမောင်းနေသော လက်များဖြင့် စုကိုင်ထားသည့် ကြာပန်းဝါဝါ များကို သူမ၏ ရင်မှာ ကပ်ထားသည်။

“ကော်ရှူနော့ဗ်” မစ်ကာကို မြင်သည်နှင့် သူမ လှမ်းခေါ်သည်။

“ရှင် ကျွန်မကို လိမ်သွားတယ်နော်”

“လိမ်သွားတယ်၊ ဟုတ်လား”

“ရှင် မမှတ်မိဘူးလား၊ ရှင်ပဲ ကျွန်မကို ငါးဖမ်းတဲ့ဆီကို ခေါ်သွားမယ် ပြောထားပြီးတော့”

ဘိုယာရစ်ရှကင်က လှော်တက်များကို လှေဝမ်းထဲ ချပြီး ကျောဆန့်လိုက်သည်။ လှေကလေးသည် ကမ်းစပ်ကို လှေဦးဖြင့် ကျိခနဲမြည်အောင် ထိုးဆိုက်သည်။

“ကဲ...မှတ်မိပြီလား”

အဲလိဇဘတ်တာ လှေပေါ်မှခုန်ဆင်းရင်း ရယ်မောသည်။

“အချိန်ကို မရပါဘူးဗျာ၊ အလုပ်တွေပိနေတာနဲ့”

ကောင်မကလေး ရှေ့တိုးလာတော့ မစ်ကာ တောင်းတောင်းပန်ပန် ပြောသည်။

“ကဲ … ဒါဆို ကျွန်မတို့ ဘယ်တော့ ငါးဖမ်း ... ထွက်ကြမလဲဟင်”

မစ်ကာ၏လက်ကို ဆွဲလှုပ်ရင်း ကောင်မကလေး မေးသည်။

“ခင်ဗျား အဆင်ပြေမယ်ဆိုရင် မနက်ဖြန် သွားမယ်လေ၊ ကျွန်တော့်တလင်း နယ်ပြီးသွားပြီဆိုတော့ အချိန်လေး ပိုလာပြီလေ”

“ဒီတခါတော့ ရှင် ကျွန်မကို လိမ်ပြောတာ မဟုတ်ပါဘူးနော်”

“မဟုတ်ဘူး၊ လိမ်ပြောတာ မဟုတ်ပါဘူး”

“ကျွန်မ ရှင့်ကို စောင့်နေမယ်လေ၊ ကျွန်မ ပြထားတဲ့ ပြတင်းပေါက်ကို ရှင် မမေ့သေးပါဘူးနော်၊ ခု လောလောဆယ်တော့ ကျွန်မ သွားတော့မှ ထင်တယ်၊ တကယ်တော့ ကျွန်မက ငါးအရမ်းမျှားချင်တာရှင့်”

သူမ ခဏမျှနှုတ်ဆိတ်နေသည်။ ပြီးမှ တကိုယ်တည်း ကျိတ်ပြုံးလိုက်ရင်း မေးသည်။

“ရှင်တို့အိမ်မှာ မင်္ဂလာဆောင် ရှိတယ်နော်၊ ဟုတ်တယ် မဟုတ်လား”

“ဟုတ်တယ်၊ ကျွန်တော့် ညီမလေး”

“သူက ဘယ်သူနဲ့ လက်ထပ်မှာလဲဟင်"

ထို့နောက် အဖြေကို စောင့်မနေဘဲ ဖျတ်ခနဲ ကျိတ်ပြုံးလိုက်ပြန်သည်။

“တကယ်လာနော်၊ လာမယ် မဟုတ်လား”

ကောင်မကလေး၏ အပြုံးက သူ့အား နောက်တကြိမ် မထိတထိ ကလိလိုက်ပြန်၏။

လှေဆီသို့ သွားနေသည့် သူမကို မစ်ကာ လိုက်ကြည့်သည်။ ဘိုယာရစ်ရှကင် စိတ်မြန်လက်မြန်ဖြင့် လှေကို တွန်းလိုက်၏။ အဲလိဇဘတ်တာ ကတော့ သူ့ ဦးခေါင်းပေါ်မှ ကျော်ကာ မစ်ကာအား လှည့်ကြည့်နေသည်။ နောက်ပြီး နှုတ်ဆက်သည့်အနေဖြင့် ခေါင်းဆတ်ပြသည်။

သူတို့၏ စကားသံကို မစ်ကာ မကြားနိုင်လောက် သည့်နေရာသို့ သူတို့၏ လှေကလေး ရောက်မှ... ဘိုယာ ရစ်ရှ်ကင်က ဖြည်းဖြည်းသက်သာမေးသည်။

“ဒီငနဲက ဘယ်သူလဲ”

“အသိတစ်ယောက်ပါ”

“အသည်းနှလုံးနဲ့ ပတ်သက်တဲ့လူ မဟုတ်ဘူးပေါ့”

ခတ်ကွင်းမြည်သံတကျွီကျွီကြောင့် ကောင်မကလေး၏ အဖြေကို မစ်ကာ မကြားလိုက်ရ။ ဘိုယာရစ်ရှ်ကင် ခေါင်းမော့ ခါးကော့ပြီး ရယ်လိုက်သည်ကို တွေ့ရ၏။ သို့သော် အဲလိစဘတ်တာ၏ မျက်နှာကို မမြင်ရ။ သူမ၏ ဦးထုပ် မှသည် သူမ၏ လည်ကုပ်ဆီသို့ ကျနေသည့် ခရမ်းနုရောင် ဖဲပြားကလေးသည် လေပြည်အနော့တွင် ညင်ညင်သာသာ ကလေး လှုပ်ယမ်းနေသည်။

ငါးမျှားတံ၊ ငါးမျှားကြိုးဖြင့် ငါးမျှားလေ့မရှိသော မစ်ကာသည် ထိုညနေကတော့ အဆိုပါ ပစ္စည်းကိရိယာ များကို စိတ်အားထက်သန်စွာ ပြင်ဆင်နေသည်။ သူ တကြိမ်တခါမျှ သည်လောက်စွဲနပဲကြီးစွာ မပြင်ဆင်ခဲ့စဖူး၊ ပြင်ဆင်ပြီး သောအခါ အိမ်ရှေ့ခန်းသို့ သွားသည်။ ဘိုးဘိုးဂရစ်ရှကာက ပြတင်းပေါက်နံဘေးတွင် ထိုင်နေသည်။ ကြေးကိုင်းမျက်မှန် ဝိုင်းဝိုင်းက သူ့နှာခေါင်းပေါ် လျှောကျနေသည်။ သူဖတ်နေသည်မှာ ခရစ်ဝင်ကျမ်းလာ တရားတော်များ။

“ဘိုးဘိုး”

မစ်ကာက ပြတင်းဘောင်ကိုမှီရင်း ခေါ်လိုက်၏။ အဘိုးကြီးက မျက်မှန်ပေါ်မှ ကျော်ပြီး ကြည့်လိုက်၏။

“ဟေ…”

“ကျွန်တော့်ကို ကြက်ဦးတွန်တွန်ချင်းနှိုးပါနော်”

“ဒီလောက်အစောကြီး မင်းက ဘယ်သွားမလို့လဲ”

“ငါးမျှား”

အဘိုးကြီးက ငါးသံကြားလျှင် မနေနိုင်။ သူက ငါးအလွန်ကြိုက်သူ။ သို့ပေမဲ့ မစ်ကာ၏အကြံကို ဆန့်ကျင်ဟန် ဆောင်လိုက်၏။

“မနက်ဖြန် လျှော်ပင်တွေ ထုရမယ်လို့ မင့်အဖေ ပြောနေတယ်နော်၊ မင်း အပျင်းထူပြီး အလေလိုက်နေဖို့ အချိန် မရှိဘူး”

မစ်ကာ ပြတင်းတံခါးနားမှ ခွာလိုက်သည်။ ပြီးတော့ နည်းဗျူဟာတခု သုံးလိုက်၏။

“အင်းလေ.. အဲဒါဆိုလည်း ဘယ်တတ်နိုင်မလဲ၊ ကျွန်တော်က ဘိုးဘိုးကို ပြုစုမလို့ဟာ၊ ဒါပေမဲ့ လျှော်ပင်တွေ ထုရဦးမယ်ဆိုတော့ ကျွန်တော် မသွားတော့ပါဘူးလေ”

“နေဦး၊ ခု ဘယ်သွားမလို့လဲ”

အဘိုးကြီး ပျာပျာသလဲမေးပြီး နှာခေါင်းပေါ်မှ မျက်မှန်ကို ချွတ်သည်။

“ငါ မင့်အဖေကို ပြောလိုက်ပါ့မယ်၊ မင်း သွားရမှာပါ၊ ငါ မင်းကို နှိုးမယ်လေ”

ညဉ့်သန်းခေါင်ချိန် ရောက်တော့ လက်တဖက်က ပိုးဘောင်းဘီကို ကိုင်၊ ကျန်လက်တဖက်က တုတ်ကောက်ကို ကိုင်ပြီး အိမ်ရှေ့ လှေကားထစ်များပေါ်မှ စမ်းတဝါးဝါး ဆင်းလာသည်။ ပြီးတော့ ခြံကိုဖြတ်ပြီး တင်းကုပ်ကြီးဆီသို့ သွားသည်။

မစ်ကာ ကော်စောကြမ်း တထည်ပေါ်တွင် အိပ်နေသည်မှာ ကွေးကွေးကလေး။ ဂရစ်ရှကာက သူ့ကို တုတ်ကောက်ဖြင့် လှမ်းထိုးလိုက်သည်။ သို့သော် တော်တော်နှင့်နှိုးလို့မရ။ ပထမတော့ တုတ်ကောက်ဖြင့် ခပ်သာသာ ထိုးသည်။ ပါးစပ်ကလည်း ခပ်တိုးတိုး ခေါ်သည်။

“မစ်ကာ…မစ်ကာ…ဟေ့ မစ်ကာ”

သို့သော် မစ်ကာက သက်ပြင်းချရုံပဲ ချသည်။ ပြီးတော့ ခြေထောက်နှစ်ချောင်းကို ကွေးပြီး ရင်ဘတ်ဆီသို့ ကပ်လိုက်သည်။ ဂရစ်ရှကာ စိတ်တိုလာပြီး မစ်ကာ၏ ဝမ်းဗိုက်ဆီသို့ တုတ်ကောက်ဖြင့် ထိုးသည်။ မစ်ကာ ရုတ်ခြည်း နိုးသွားသည်။ တုတ်ကောက်ထိပ်ဖျား ကို ဖမ်းဆုပ်ထားသည်။

“ဒီလောက်တောင် အအိပ်ကြီးရသလားကွာ”

အဘိုးကြီးက မေတ္တာပို့သည်။

မစ်ကာ တိုးတိုးတိတ်တိတ် ခြံဝင်းထဲမှထွက်သည်။ ရွာလယ်ကွက်လပ် ဆီသို့ ခပ်သုတ်သုတ်သွားသည်။ မိုကော့၏ အိမ်သို့ ရောက်သည်။ ငါးမျှား ကိရိယာများကို အသာချထားသည်။ ခြံထဲမှခွေးတွေ လန့်နိုးမကုန်အောင် အသာအယာ ခြေဖျားထောက် သွားသည်။ အိမ်ရှေ့ ဆင်ဝင်အောက်သို့ နိုဝင်သည်။ သံသော့ခလောက် အေးအေး စက်စက်ကြီးကို ဆွဲကြည့်သည်။ သော့ခတ်ထားသည်။ သည်တော့ သူက အိမ်ရှေ့ဝရန်တာ လက်ရန်းကို တွယ်တက်သည်။ ပတ္တာတပ်တံခါးရွက် ရှိသည့် ပြတင်းပေါက်သို့ သွားသည်။ ပြတင်းတံခါးမှာ ခပ်ဟဟကလေး ဖြစ်နေသည်။ တံခါးရွက် အဟကလေး ထဲမှ လွင့်ပျံလာသည့် အမျိုးသမီး ကိုယ်သင်းနံ့နှင့် အမျိုးသမီးသုံး အမွှေးရနံ့တွေကို ရှူရှိုက်မိသည်။

“အဲလိဇဘတ်တာ ဆာဂျိဗ်နာ”

သူ့အသံ အရမ်းကျယ်သွားသည်ဟု မစ်ကာ ထင်လိုက်မိသည်။ သူ စောင့်ကြည့်သည်။ တိတ်ဆိတ် နေသည်။ ပြတင်းပေါက်များ မှားနေသလား၊ သည် အခန်းထဲတွင် မိုကော့ကိုယ်တိုင် လာအိပ်နေခဲ့လျှင် ဘယ့်နှယ်လုပ်မလဲ။ သူက သေနတ်ဆွဲပြီး ထွက်လာချင် ထွက်လာမှာ။

“အဲလိဇဘတ်တာဆာဂျိဗ်နာ၊ ငါးမျှား လိုက်မှာလား”

သူ အခန်းမှား ခေါ်မိလျှင်လည်း အရှုံးပေါ်နိုင်စရာ အကြောင်းမရှိ။

“ခင်ဗျား နိုးနေပြီလား”

မစ်ကာ စိတ်တိုတိုဖြင့် မေးသည်။ ဟနေသည့် တံခါးရွက်ကြားထဲသို့ ခေါင်းကို ထိုးသွင်းလိုက်သည်။

“ဘယ်သူလဲ”

အသံက တိုးတိုးတိတ်တိတ်။ ညဉ့်အမှောင်ထဲတွင် နည်းနည်း အထိတ်တလန့်ဖြစ်နေပုံလည်းရသည်။

“ကျွန်တော်ပါ၊ ကော်ရှူနော့်ဗ်လေ၊ ငါးမျှား လိုက်မှာလား”

“ဪ...ခဏလေးနော်”

အခန်းတွင်းမှ လှုပ်ရှားသံ ကြားရသည်။ သူမ၏ နွေးထွေးနေသည့် အိပ်ချင်မူးတူး အသံကလေးတွင် ပူဒီနာ ရနံ့ကလေး သင်းနေသယောင် ထင်ရ၏။ မှောင်မည်းမည်း အခန်းထဲမှ လှုပ်ရှားနေသည့် အဖြူရိပ် တစ်ရိပ်ကို တွေ့ရ၏။ ခဏနေတော့ ပြတင်းဝတွင် ပဝါဖြူ စည်းထားသည့် အပြုံးမျက်နှာကလေး ပေါ်လာသည်။

“ကျွန်မ ဒီဘက်ကပဲထွက်မယ်၊ ကျွန်မကို ကိုင်ပေးပါဦး”

မစ်ကာ၏လက်ကို သူမ၏လက်ဖြင့် ဖျစ်ညှစ်ကိုင်ရင်း သူ့မျက်လုံးများကို အနီးကပ် စူးစူးစိုက်စိုက် ကြည့်သည်။

နှစ်ယောက်သား ဒွန်မြစ်ဆီသို့ သွားသည်။ မြစ်ရေက ညကတည်းက တက်နေပြီ။ ညနေပိုင်းတုန်းက ကမ်းပေါ်တွင် ခြောက်ခြောက်သွေ့သွေ့ ကြိုးချည်ထားခဲ့သည့် လှေသည် ယခု ရေပေါ်တွင် ပေါလောပေါ်ပြီး လှုပ်ယမ်း နေသည်။ မဆိုစလောက်လည်း နေရာ ရွေ့နေသည်။

“ကျွန်မရဲ့ ရှူးဖိနပ်တွေ ချွတ်ရလိမ့်မယ်နော်”

အဲလိဇဘတ်က သက်ပြင်းချရင်း ပြောသည်။

“ခင်ဗျားကို ကျွန်တော် ချီသွားပါရစေ”

မစ်ကာ အဆိုပြုသည်။

“နေပါစေ၊ ကျွန်မဖိနပ်တွေ ချွတ်လိုက်တာ ပိုကောင်းမယ် ထင်ပါတယ်”

“ခင်ဗျားကို ချီပြီးသယ်သွားရတာ ကျွန်တော့်အတွက် ကြည်နူးစရာ ဖြစ်မှာပေါ့”

“ကျွန်မကတော့ အဲဒီလို မလိုက်ချင်ပေါင်”

သူမ၏ အသံတွင် စိတ်ကသိကအောက်ဖြစ်မှု စွက်နေသည်။

မစ်ကာက ဆက်ပြီး ငြင်းခုံမနေတော့ဘဲ ခြေသလုံးနှစ်ဖက်ကို သူ၏ ဘယ်ဘက်လက်ဖြင့် ပွေ့လိုက်၏။ နောက်ပြီး သူမကို အလွယ်တကူ ပွေ့ချီပြီး တစွပ်စွပ်ဖြင့် ရေထဲ ဖြတ်လျှောက်သွားသည်။ ကောင်မကလေးက မစ်ကာ၏ တုတ်တုတ်ခိုင်ခိုင် လည်ပင်းကြီးကို မလွှဲသာ မရှောင်သာ ဆုပ်ကိုင်ပြီး တိုးတိုးတိတ်တိတ် ရယ်လိုက်သည်။

ရွာသူတွေ အဝတ်လျှော်ပို့ချထားသည့် ကျောက်တုံးကြီး တတုံးကိုသာ မစ်ကာ ဝင်မတိုက်မိဘူး ဆိုလျှင် မတော်တဆ ချော်လဲတော့မလို ဖြစ်မည်မဟုတ်။ ထိုသို့ မဖြစ်လျှင် ကောင်မကလေးအား နမ်းရာရောက်သွားသည့် အဖြစ်မျိုးလည်း ဖြစ်မည်မဟုတ်။ ကောင်မကလေး အသံထွက်ပြီး ယောင်ယမ်းသည်။ သူမ၏မျက်နှာကို မစ်ကာ၏ နှုတ်ခမ်းများဖြင့် အယောင်ယောင် အမှားမှား ဖိကပ်ထားလိုက်မိ၏။ ဟပ်ထိုး ဖြစ်သွားသော မစ်ကာသည် လှေနှင့် ခြေနှစ်လှမ်း အကွာလောက်တွင် ရပ်သွားသည်။ ရေတွေက သူ၏ ဘွတ်ဖိနပ် အပေါ်ပိုင်းအထိ ဝေ့တက်လာပြီး သူ့ခြေထောက်များကို အေးစိမ့်နေစေ၏။

လှေကို ကြိုးဖြည်ပြီး တွန်းလိုက်သည်။ လှေပေါ်သို့ ခုန်တက်သည်။ သူက မတ်တတ်ရပ်လျက် လှော်တက်ကို ခတ်သည်။ လှေကလေးသည် ရေစီးကြောင်းကို ညင်ညင်သာသာ တိုးဝင်သွားပြီး ဟိုဘက်ကမ်းဆီသို့ သွားသည်။ သဲသောင်နှင့် လှေရောငြိသံ ဂျိခနဲ မြည်သွားသည်။ ခွင့်ပြုချက်တွေဘာတွေ တောင်းမနေတော့ဘဲ မစ်ကာက ကောင်မ ကလေးကို ပွေ့ချီလိုက်၏။ နောက်ပြီး ဟောသွန်းဆူးပင် များထဲမှ ဖြတ်သယ်သွားသည်။ ကောင်မကလေးက သူ့မျက်နှာကို ကိုက်သည်၊ ကုတ်သည်။ တစ်ကြိမ် နှစ်ကြိမ်လောက် တိုးတိုးကလေး အော်သည်။ သူမ ရုန်းကန်အားတွေ ကျလာကြောင်း သတိထားမိသောအခါ သူမ ဒေါသတကြီး ငိုရှိုက်လိုက်၏။ သို့သော် မျက်ရည်ကျခြင်းတော့ မရှိ။

နံနက်ကိုးနာရီလောက်တွင် သူတို့ ပြန်လာသည်။ မိုးကောင်းကင်ကြီးကို နီကြန့်ကြန့် မြူနှင်းများက လွှမ်းခြုံ ထားသည်။ မြစ်ပြင်ပေါ်တွင် ကခုန်နေသည့် လေကြောင့် လှိုင်းများထိပ်တွင် အမြှုပ်များထကုန်၏။ လှေကလေးသည် လှိုင်းများ ပေါ်တွင် ကခုန်နေသည်။ ရေခဲလို အေးစက်သော ရေမှုန်ရေစက်များက အဲလိဇဘတ်တာ၏ ဖြူဖပ်ဖြူရော် မျက်နှာကလေးကို ပက်ဖျန်းသည်။ ပြီးတော့ သူမ၏မျက်တောင် ကော့ကြီးများနှင့် ဆံခြည်မျှင်များပေါ်တွင် တွဲခိုနေသည်။

အဲလိဇဘတ်တာသည် လေးလံထိုင်းမှိုင်းနေသည့် မျက်လုံးများကို အားယူပြီး မှေးစင်းကြည့်သည်။ နောက်ပြီး ပန်းတပွင့်၏ အရိုးကို ဂနာမငြိမ်စွာ ချိုးဖဲ့နေသည်။ မစ်ကာက သူမကို မကြည့်ဘဲ လှေလှော်နေ၏။ သူ့မျက်နှာပေါ်တွင် ထင်ဟပ်နေသည်မှာ လိပ်ပြာမသန့်မှုများ၊ ကျေနပ်ရောင့်ရဲမှုများနှင့် စိုးရိမ်ကြောင့်ကြမှုများ။

“ကျွန်တော် ခင်ဗျားကို ဆီမီယိုနော့ဗ် လှေဆိပ်ကို ပို့ပေးမယ်နော်။ အဲဒီနေရာဆိုရင် ခင်ဗျား ပြန်ရတာ ပိုနီးသွားမယ်”

သူက ရေစီးဘက်သို့ လှေဦးကိုတည်ရင်း ပြောသည်။

မြစ်ကမ်းစပ်တလျှောက်တွင် ဖုန်တွေ ဖွေးဖွေးဖြူအောင် ကပ်နေသည့် သစ်ခက်သစ်လက် စည်းရိုးများ ကာရံ ထားသည်။ လေးလံသော နေကြာပန်းကြီး များသည် ရင့်မှည့်ပွင့်ကားနေပြီး စာကလေးများ ဆိတ်ကြဆွကြ သည့်အတွက် မြေပြင်ပေါ်တွင် နေကြာစေ့တွေ ပြန့်ကျဲနေသည်။ ကမ်းခြေမြက်ခင်းပြင်သည် မြေလွှာထဲမှ တိုးထွက်မြက်ကလေးများဖြင့် မြစိမ်းရောင် လွှမ်းလျက်။ ဟိုးခပ်လှမ်းလှမ်း ဆီမှာတော့ ခွာတရှပ်ရှပ် ခုတ်နေသည့် မြင်းလားကြီးများ၊ တောင်လေက မြစ်ပြင်ပေါ်မှ ဖြတ်တိုက်နေသည်။

အဲလိစဘတ်တာ လှေပေါ်မှ ဆင်းလာသောအခါ မစ်ကာက ငါးတစ်ကောင် ကောက်ယူပြီး သူမထံသို့ ကမ်းပေးသည်။

“ရော့ … ဖမ်းမိတဲ့အထဲက ခင်ဗျာဝေစုကို ယူသွားဦးလေ”

ကောင်မကလေး အံ့သြတကြီးဖြင့် မျက်ခုံးတွေ ပင့်လိုက်၏။ သို့ပေမဲ့ ငါးကိုယူလိုက်သည်။

“ကဲ…ကျွန်မ သွားပြီနော်”

ငါးချည်ထားသည့် သစ်ခက်ကို ကိုင်ဆွဲရင်း စိတ်ဆင်းရဲစွာ လှည့်ထွက်သွားသည်။ စောစောပိုင်းတုန်းက သူမမှာ ရှိခဲ့သည့် မိမိကိုယ်မိမိ ယုံကြည်စိတ်ချမှုများနှင့် ပျော်ရွှင်မြူးကြွမှုများ အားလုံးသည် ဟောသွန်းဆူးချုံများထဲတွင် ကျန်ရစ် ခဲ့ပြီ။

“အဲလိဇဘတ်တာ”

ကောင်မကလေး လှည့်ကြည့်သည်။ အံ့သြခြင်းနှင့် စိတ်ဆိုးခြင်းကို ဖုံးဖိမျိုသိပ်ထားသည်။ ကောင်မကလေး အနီးသို့ ကပ်လာသောအခါ ရှက်ကိုးရှက်ကန်း ဖြစ်နေမိသည့် မိမိကိုယ်မိမိ စိတ်တိုနေသော မစ်ကာက ပြောသည်။

“ခင်ဗျာ့ ဂါဝန်နောက်ဘက်မှာ အပေါက်တပေါက် ဖြစ်နေတယ်၊ သေးတော့ သေးသေးကလေးပါ”

သူမ၏ မျက်နှာမှသည် ညှပ်ရိုးသို့တိုင် နီရဲသွားသည်။ ခဏမျှတိတ်ဆိတ်နေပြီးမှ မစ်ကာက အကြံ ပေးသည်။

“နောက်ဖေးလမ်းတွေက သွားပေါ့”

“ဘယ်လမ်းကပဲသွားသွား ကျွန်မ ရွာလယ် မြေကွက်ထဲက ဖြတ်သွားရမှာပဲ။ ကျွန်မ စကတ် အနက်ကလေး ဝတ်ခဲ့ရရင် ကောင်းသား”

ကလေးမ လေသံမျှဖြင့် ပြောသည်။ သူမ၏ လေသံတွင် နောင်တရမှုများနှင့် မျှော်လင့်မထားသော မုန်းတီးမှုများ စွက်နေသည်။

“ကျွန်တော် သစ်ရွက်တရွက်နဲ့ နည်းနည်းကလေး အစိမ်းရောင်သမ်းသွားအောင် လုပ်ပေးရမလား”

မစ်ကာ ခပ်ရိုးရိုး အကြံပြုသည်။ သို့သော် သူမ၏ မျက်ဝန်းတွင် ပြည့်လျှံလာသည့် မျက်ရည်များကို တွေ့လိုက် ရသည့် အတွက် အံ့သြတကြီး ဖြစ်သွားသည်။

 

(၅)

 

ပန်းသတင်း လေညင်းဆောင်သကဲ့သို့ပင် သူတို့ နှစ်ယောက်သတင်းတွေ ရွာထဲ ဟိုးလေးတကျော် ဖြစ်နေ၏။

“မစ်ကာကော်ရှူနော့ဗ်က ဆာဂျီပလာတိုနိုဗစ်ချ်ရဲ့ သမီးကလေးကို တညလုံး အပြင်ခေါ်ထုတ်သွားတယ် ဆိုပဲ”

ရွာသူများသည် သူတို့၏နွားများကို ရွာမှ နွားအုပ်ဆီသို့ နံနက်စောစော မောင်းပို့ရင်း အတင်းပြောကြ၏။ သို့မဟုတ် ရေတွင်းများတွင် ရေခပ်ဖို့ ဟန်ပြင်ရင်း၊ သို့မဟုတ် ကမ်းစပ်ရှိ ကျောက်ပြားများပေါ်တွင် အဝတ်လျှော်ရင်း အတင်းတုတ်ကြသည်။

“သိတယ်မဟုတ်လား၊ ကောင်မလေးရဲ့ အမေအရင်းက ဆုံးသွားပြီလေ”

“သူ့အဖေက မနားမနေ တရစပ် အရမ်းအလုပ် လုပ်နေတာတော့်၊ သူ့မိထွေးကလည်း လှည့်ကြည့်ဖော် ရတာ မဟုတ်ဘူး”

“အိမ်အစွန်က ပြတင်းပေါက်ကို ညဉ့်နက်သန်းခေါင်မှာ လူတစ်ယောက် ဖွဖွကလေး ခေါက်နေတာ ပစ္စည်းသိုလှောင်ရုံ အစောင့်က တွေ့သတဲ့တော့၊ ပထမတော့ ဒါဟာ အိမ်ထဲ ဖောက်ထွင်းဝင်ဖို့ကြိုးစားနေတဲ့ သူခိုး ဖြစ်မှာပဲ လို့ စဉ်းစားမိတာပေါ့။ ဒါနဲ့ ပြေးသွားပြီး ကြည့်တော့မှ မစ်ကာ ဖြစ်နေတာ တွေ့ရဆိုပဲ”

“ဒီခေတ် ကောင်မလေးတွေနော်... မကောင်းမှု နွံအိုင်ထဲမှာ နှာခေါင်းအထိ နစ်နေကြတာကလား၊ တစ်စက် ကလေးမှ ကောင်းကွက် မရှိကြဘူး”

"ဒီကောင်မလေးကို လက်ထပ်ယူမှာပါလို့ ကျွန်မ သား မိုက်ကယ်ကို မစ်ကာက ပြောသတဲ့”

“သူတို့ပြောတော့ ကောင်မလေးကို ဒီကောင် အတင်းအကြပ် ကြံစည်လိုက်တာတဲ့နော”

“အမယ်လေး … ကောင်မရယ်၊ ခွေးထီးတစ်ကောင် က အမြီးနှန့်မနေတဲ့ ခွေးမတစ်ကောင်နားကို ရစ်တောင် မရစ်ပါဘူးအေ...”

နောက်ဆုံးတော့ ကောလာဟလသတင်းများသည် မိုကော့ကိုယ်တိုင်၏ နားဝသို့ ရောက်လာသည်။ ပြုတ်ကျလာသည့် အိမ်ယက်မကြီး တစ်ချောင်းကြောင့် အပိခံလိုက်ရသည့်သူ မြေကြီးပေါ်တွင် စိစိညက်ညက် ကြေသွား ရသလိုမျိုး အမင်္ဂလာသတင်းဆိုးက သူဌေးကြီး မိုကော့ကို ရိုက်ခတ်သည်။ သူသည် နှစ်ရက်လုံးလုံး ဘယ်ကိုမျှမသွား။ အပြင်သို့မထွက်၊ ထိုကုန်ပစ္စည်း သိုလှောင်ရုံသို့ရော ဂျုံစက်ဆီသို့ပါ မရောက်။

တတိယမြောက်နေ့တွင်မူ ဆာဂျီပလာတိုနိုဗစ်ချ်က သူ၏ လေးဘီး အမိုးဖွင့်လှည်းကလေး ဒရော့ရှ်ကီတွင် အစက်အပြောက်များ ပါသော မီးခိုးရောင်မြင်းကြီးကို က,စေ၏။ ပြီးတော့ ဒရော့ရှ်ကီ နောက်မှ လိုက်မည့်လှည်းမှာ ဖိတ်ဖိတ်တောက် အရောင်ထွက်စေသည့် အရောင်တင်ဆီ သုတ်ထားသည့် ရထားလုံးတစ်စီး၊ သည်လှည်းကိုတော့ ကြွားကြွားရွားရွား မြင်းနက် နှစ်ကောင် က,သည်။ မြင်းရထားသမား နောက်တွင် အဲလိစဘတ်တာ ထိုင်နေသည်။ သူမသည် လူသေကောင် တစ်ကောင်လို ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ကြေကွဲစွာ ယဲ့ယဲ့ပြုံးနေသည့် သူမ၏ ဒူးခေါင်းများပေါ်တွင် အပေါ့စား ခရီးဆောင် လက်ဆွဲသေတ္တာကလေး တင်ထားသည်။ ဂိတ်တံခါးဝသို့ ရောက်တော့ ဗလာဒီမာ နှင့် သူမ၏ မိထွေးအား သူမ၏ လက်အိတ်ကလေးဖြင့် ဝှေ့ယမ်းပြပြီး နှုတ်ဆက်သည်။

ထိုအခိုက်တွင် စတိုအဆောက်အအုံထဲမှ ပင်တာလီမွန် ပရိုကိုဖီဗစ်ချ် ထွက်လာသည်နှင့် ကြုံနေရာ သူက ခြံစောင့်ကို မေးလိုက်သည်။

“သခင်ကြီးရဲ့ သမီးက ဘယ်သွားမလို့လဲကွ”

“မော်စကို ကို၊ ကျောင်းကို”

ထိုအကြောင်းသည် နောက်တနေ့တွင် ရွာထဲ၌ ပြောစရာ ဆိုစရာ အကြောင်းတရပ် ဖြစ်လာပြန်သည်။

ဒီတော့ ရွာထဲမှ မိန်းမတွေ မြိန်ရေရှက်ရေ စကားတင်း ဆိုကြပြန်၏။ နံနက်ပိုင်း နွားတွေကို စားကျက်ဆီသို့ မောင်းပို့ရင်း ပြောသည်။ ရေခပ်ရင်း ရေတွင်းများ နံဘေးတွင် ရပ်ပြီးပြောသည်။ မြစ်ကမ်းစပ် ကျောက်ပြားများတွင် အဝတ်လျှော်ရင်း ပြောသည်။

ညနေ မှောင်ရီမသမ်းမီကလေးတွင် (စားကျက်များ တွင် လှန်ထားသည့် နွားတွေ ရွာထဲသို့ ပြန်ရောက်နေပြီ) မစ်ကာက ဆာဂျီပလာတိုနိုဗစ်ချ်ကို သွားတွေ့သည်။ တကယ်တော့ လူတွေ မတွေ့စေလိုသည့် အတွက် ညနေ နေဝင်ရီ တရောအထိ စောင့်နေခဲ့သည်။ သူ ထိုသို့သွားသည်မှာ အလည်သက်သက် သွားခြင်းမဟုတ်။ မိတ်ဖြစ် ဆွေဖြစ် သွားလည်ခြင်း မဟုတ်။ သို့သော် မိုကော့၏ သမီး အဲလိဇဘတ်တာကို သွားရောက်တောင်းရမ်းဖို့ ဖြစ်၏။

သူ ကောင်မကလေးနှင့် တွေ့ခဲ့ဖူးသည်မှာ လေးကြိမ်လောက် ရှိမည်။ သည့်ထက်မပို။ နောက်ဆုံး တကြိမ် တွေ့စဉ် ကတော့ စကားလမ်းကြောင်းသည် အိမ်ထောင်ရေးဘက်သို့ ဦးတည်ခဲ့၏။

“အဲလိဇဘတ်တာ... ခင်ဗျား ကျွန်တော့်ကို လက်ထပ်မလားဟင်”

“အိုး .. အဓိပ္ပာယ်မရှိတာ”

“ကျွန်တော် ခင်ဗျားကို စောင့်ရှောက်ပါ့မယ်၊ ချစ်ပါ့မယ်၊ ကျွန်တော်တို့အတွက် အလုပ်လုပ်ပေးဖို့ လူတွေလည်း ရှိပါတယ်၊ ခင်ဗျားက ပြတင်းပေါက်နားမှာ ထိုင်ပြီး ခင်ဗျာစာအုပ်တွေ ဖတ်နေရုံပါပဲ”

“ရှင်ဟာ အရူးပဲ”

မစ်ကာ စိတ်ဆိုးသွားသည်။ ထို့ကြောင့် ဘာတခွန်းမျှ ထပ်မပြောတော့။ ထိုညနေတွင် အိမ်သို့ အစောကြီး ပြန်သည်။ နောက်နေ့နံနက်တွင် သူ့ဖခင်ကို ဖွင့်ပြောသည်။ ဖအေကြီးမှာ မယုံနိုင်လွန်းသဖြင့် ပါးစပ် အဟောင်းသား ဖြစ်နေသည်။

“ဖေဖေ၊ ကျွန်တော့်မင်္ဂလာဆောင်အတွက် စီစဉ်ပါတော့”

“မဟုတ်က ဟုတ်ကကွာ”

မီရွန် ဟောက်သည်။

“တကယ်ပြောတာပါ ဖေဖေ၊ ကျွန်တော် နောက်နေတာ မဟုတ်ပါဘူး”

“ကမန်းကတန်းကြီး မိန်းမ ယူတော့မယ်ဆိုပါတော့၊ မင်းကို ဘယ်သူက အမိဖမ်းလိုက်တာလဲ၊ ဟိုအရူးမ မာသာလား”

“အောင်သွယ်တော် တွေသာ ဆာဂျီပလာတိုနိုဗစ်ချ် ဆီ လွှတ်ပေးပါ ဖေဖေရာ”

မီရွန်က သူ့လက်ထဲမှ ဖာထေးချုပ်လုပ်လက်စ မြင်းကကြိုးများကို ဂရုတစိုက် အောက်ချလိုက်၏။ ပြီးတော့ အော်ကြီးဟစ်ကျယ် ဟားတိုက်ရယ်မောသည်။

"ဒီနေ့ ငါ့သား ရယ်စရာမောစရာတွေ တော်တော် ပြောတတ် လာပါလားဟေ့”

သို့သော် မစ်ကာ စွတ်ဆက်ပြောနေသည်။ သည်တော့ သူ့ဖခင် ရှူးရှူးရှားရှား ဖြစ်လာသည်။

“ဟေ့ကောင် အရူး၊ ဆာဂျီပလာတိုနိုဗစ်ချ် ဆိုတာက ရူဘယ် တစ်သိန်းကျော် ချမ်းသာတဲ့လူကွ၊ သူက ကုန်သည်ကြီး၊ မင်းက ဘာကောင်လဲ၊ သွားစမ်းပါကွာ၊ မဟုတ်ရင် မင်းကို ငါ ဟောဒီသားရေကြိုးနဲ့ ရိုက်လွှတ်ရလိမ့်မယ်”

“ကျွန်တော်တို့မှာ သင်းပြီးသားနွား ဆယ့်နှစ်ရှဉ်း ရှိတယ်။ နောက်ပြီး ကျွန်တော်တို့ပိုင်တဲ့ မြေတွေလည်း ကြည့်ပါဦး။ ဒါ့အပြင် သူက တောသား၊ ကျွန်တော်တို့က ကော့ဆက်တွေလေ”

“ဟေ့ကောင်၊ သွားစမ်းကွာ” မီရွန် ခပ်ဆတ်ဆတ်ပြောသည်။

သူ၏လိုအင်ဆန္ဒကို စာနာရိုင်းပင်းစွာ နားထောင်ပေးမည့်သူ ဆိုလို့ ဘိုးဘိုးဂရစ်ရှကာ တစ်ဦးသာ ရှိကြောင်း မစ်ကာ တွေ့ရ၏။ အဘိုးကြီးက သူ့မြေး၏ဆန္ဒကို လိုက်လျောပေးဖို့ သားဖြစ်သူ မီရွန်အား နားချသည်။

“မီရွန် မင်းက ဘာကိစ္စ သဘောမတူရတာတုံး၊ ကလေးရဲ့ ခေါင်းထဲမှာ...”

"ဖေဖေရယ်.. ဖေဖေကလည်း တကယ့်ကလေးကြီး ကျနေတာပဲ။ တကယ်ပါပဲ၊ မစ်ကာက ရူးလို့ မိုက်လို့ ပြောနေတာ။ ဒါပေမဲ့ ဖေဖေက…”

"ပော့ကောင် စကားကို ဆင်ဆင်ခြင်ခြင်ပြောစမ်း၊ ငါတို့က သူတို့နဲ့ တန်းမတူဘူးလား။ သူ့သမီးကို ကော့ဆက် တစ်ယောက်ရဲ့ သားက လက်ထပ်ယူတာကို ဒီလူ ဂုဏ်တောင်ယူရဦးမယ် ငါတို့ကို ဟောဒီ ကျေးလက်ဒေသပိုင်းမှာ မသိသူ မရှိဘူးကွ။ ငါတို့က သူရင်းငှားတွေ မဟုတ်ဘူးကွ။ ငါတို့က မြေရှင်ယာရှင်တွေ။ သွားပြီး စကားကမ်းလှမ်း လိုက်စမ်းပါ မီရွန်ရာ။ မင်္ဂလာကြေး အဖြစ် သူ့ဂျုံစက်ကို တင်ခိုင်း”

မီရွန် ရှူးရှူးရှားရှား ဖြစ်လာပြန်သည်။ သည်တချီတော့ သူက ခြံထဲဆင်းသွားသည်။ ထို့ကြောင့် ညနေ နေဝင်ရီတရော အချိန်ထိ စောင့်ဖို့ မစ်ကာ ဆုံးဖြတ်လိုက်သည်။ ညနေကျလျှင်တော့ မိုကော့ကို ကိုယ်တိုင် သွားတွေ့မည်။ သူ့ဖေဖေ၏ ခေါင်းမာမှုက အချိုချက်မရ၊ အချဉ်ချက်မရ ခေါင်းမာမှုမျိုး။ သူ့ကို ချောင်းဖျောင်းဖျဖျ ပြောလို့မရသလို မာမာကျောကျော အကြမ်းကိုင်လို့လည်း မရကြောင်း မစ်ကာ သိနေသည်။ သည်တော့ ဘာကိစ္စ သူ့ကို အချိန်ကုန်ခံပြီး ပြောနေမည်လဲ။

သူ လေကလေးတချွန်ချွန်ဖြင့် မိုကော့၏ ခြံဝသို့ တိုင်သွားသည်။ ထို့နောက်မှာတော့ ရှက်ကိုးရှက်ကန်း ဖြစ်လာသည်။ ခဏမျှ တုံ့ဆိုင်းနေသည်။ နောက်ဆုံး ခြံထဲမှလည်း အိမ်ဘေးတံခါးဆီသို့ သွားသည်။ လှေကားထစ်များပေါ် တက်ပြီး အိမ်ဖော်အမျိုးသမီး တစ်ဦးကို မေးသည်။

“သခင်ကြီး အိမ်မှာ ရှိသလားဗျ”

“သခင်ကြီး လက်ဖက်ရည် သုံးဆောင်နေတယ်၊ ခဏလေးစောင့်နော်”

မစ်ကာ ထိုင်ပြီးစောင့်သည်။ စီးကရက်တလိပ် မီးညှိသောက်သည်။ ဆေးလိပ်တိုကို ကြမ်းပေါ်တွင် ထိုးခြေ ပစ်သည်။ ကိုယ်ကျပ်အင်္ကျီပေါ်တွင် တင်နေသည့် ပေါင်မုန့်အစအနများကို လက်ဖြင့်ခါချရင်း မိုကော့ ထွက်လာသည်။ မစ်ကာကို တွေ့သောအခါ မျက်မှောင်ကြုတ်သည်။ သို့သော် “အထဲဝင်လေ”ဟု ပြောသည်။

မိုကော့၏ တိတ်ဆိတ်အေးချမ်းသော သီးသန့်အခန်းထဲသို့ မစ်ကာ လိုက်သွားသည်။ သူ တစ်ချိန်လုံး အားတင်း မွေးမြူထားသည့် သတ္တိတွေသည် အိမ်ရှေ့ ခွေးကတက်အထိပဲ တောင့်ခံနိုင်ပါကလားဟု စိတ်ထဲ ခံစားရသည်။ ကုန်သည်ကြီးက သူ့စားပွဲဆီသို့ သွားသည်။ ပြီးတော့ ချာခနဲလှည့်ကြည့်သည်။

“ဆိုစမ်း”

သူက သူ့လက်တွေကို နောက်ပစ်ထားသည်။ လက်ချောင်းကလေးများက စာရေးစားပွဲထိပ်ကို ကုတ်ခြစ်နေသည်။

“ကျွန်တော်လာခဲ့တာက…”

မိုကော့၏ အေးစက်မာကျောသော မျက်လုံးများဖြင့် အကြည့်ခံလိုက်ရသည့် မစ်ကာသည် ဆတ်ခနဲ တုန်သွားသည်။

“ဦးအနေနဲ့ အဲလိဇဘတ်တာကို ကျွန်တော်နဲ့ လက်ဆက်ခွင့် ပေးနိုင်မလားလို့”

မျှော်လင့်ချက် ပျက်သုဉ်းခြင်း၊ ဒေါသထွက်ခြင်း၊ ကြောက်လန့်ခြင်း … ခံစားချက်များအားလုံး စုပေါင်းပြီး သူ့မျက်နှာပေါ်တွင် ချွေးသီးချွေးပေါက်များအဖြစ် ပေါ်ထွက်လာသည်။

မိုကော့၏ ဘယ်ဘက်မျက်ခုံးသည် တဆတ်ဆတ် တုန်နေသည်။ အပေါ်နှုတ်ခမ်းက မဲ့ရွဲ့နေသည်။ သူက လည်တိုင်ကို ဆန့်ထုတ်ပြီး တကိုယ်လုံးကို ရှေ့သို့ ကိုင်းလိုက်၏။

“ဘာပြောတယ်၊ ဘာ...ပြော...တယ်ကွ။ ဟေ့ ကလေကဝကောင် ထွက်သွားစမ်း။ ငါ မင်းကို ကုပ်က ဆွဲပြီး ကော့ဆက်ဥက္ကဋ္ဌဆီ ပို့ပစ်မယ်နော် ကမြင်းမသား”

မိုကော့၏ ဟိန်းဟောက်သံကို ကြားရတော့ မစ်ကာ သတ္တိမွေးလိုက်၏။

“ခုလိုပြောတာကို စော်ကားတယ်လို့ မယူဆပါနဲ့ ခင်ဗျာ၊ ကျွန်တော်က ကျွန်တော့်အမှားကို ကျေရာကျေကြောင်း လုပ်ဆောင်ပေးချင်တာ သက်သက်ပါ”

မိုကော့က နီရဲနေသော မျက်လုံးများကို ချာလည်လှည့်သည်။ ပြီးတော့ သံဖြင့်ပြုလုပ်ထားသည့် ဆေးလိပ် ပြာခံခွက်ကြီးကို မ,ပြီး မစ်ကာ၏ ခြေထောက်ဆီသို့ ပစ်ပေါက်လိုက်၏။ ပြာခံခွက်ကြီး ကြမ်းပြင်မှ မြောက်တက်ပြီး မစ်ကာ၏ ဒူးခေါင်းကို ထိသည်။ မစ်ကာက နာကြည်းမှုကို မညည်းမညူ ကျိတ်မှိတ်ခံသည်။ ပြီးတော့ တံခါးကို ဆွဲဖွင့် သည်။ သူ ရှက်သည်။ နာလည်း နာကျင်သည်။ ဝေဒနာနှစ်ရပ် ပေါင်းစပ်ပြီး ရှေ့သွားတွေပေါ်အောင် ပါးစပ်ဖြဲပြီး အော်ဟစ် လိုက်သည်။

“ခင်ဗျာ့သဘောပဲ ဆာဂျီပလာတိုနိုဗစ်ချ်၊ ခင်ဗျာ့ သဘောပဲ။ ဒါပေမဲ့ နားနဲ့မနာ ဖဝါးနဲ့မနာပါ ခင်ဗျာ.. ခုလို အနေအထားမျိုးမှာ ခင်ဗျာ့သမီးကို ဘယ်သူ ယူချင်တော့မှာလဲ၊ ကျွန်တော်ကတော့ သူ့အရှက်ကို ကာကွယ်ပေးဖို့ စဉ်းစား တာပဲ။ ဒါပေမဲ့လည်း ခုတော့ မတတ်နိုင်ဘူးလေ….သူများကိုက်ပြီးသား ဝါးပြီးသား အရိုးတချောင်းကို ဘယ်ခွေးကမှ နမ်းကြည့်မှာ မဟုတ်ဘူး”

လက်ထဲမှာ ဆုပ်ခြေထားသည့် လက်ကိုင်ပဝါဖြင့် ပါးစပ်ကို ဖိပိတ်ရင်း မစ်ကာ၏နောက်သို့ မိုကော့ လိုက်သွား သည်။ သူက တံခါးမကြီးသို့ သွားသည့် လမ်းကို ကာဆီးထားသည်။ မစ်ကာက ခြံထဲသို့ သွားသည်။ သည်နေရာတွင် သခင်ကြီးက ဘာမျှ လုပ်စရာမလို။ ရထားသမားအား မျက်စိတစ်ဖက် မှိတ်ပြလိုက်ရုံသာ။ တောင့်တင်းလှသည့် ပင်မတံခါးကြီး၏ မင်းတုပ်ကို မစ်ကာ အသည်းအသန် ဆွဲမ,သည်။ ထိုသို့ အလုပ်ရှုပ်နေခိုက် ကြိုးဖြည်လွှတ်လိုက်သည့် ခွေးလေးကောင် ဂျုံကျီကြီးကို ကွေ့ပတ်ပြီး ပြေးထွက်လာသည်။ ခြံကိုပတ်ပြီး မစ်ကာဆီသို့ တည့်တည့်ပြေးသည်။ မစ်ကာ ပြန်လှည့်ကြည့်ဖို့ မချိန်မရလိုက်မီ ရှေ့ဆုံးမှခွေးက သူ့ပခုံးကို ပတတ်ရပ်ပြီး ဟပ်တော့၏။ ခွေးသွားများက သူ့ဂျာကင် အင်္ကျီထဲ နစ်ဝင်သွားသည်။ ခွေးလေးကောင်စလုံး သူ့ကို ဝိုင်းပြီးရန်လုပ်ကြသည်။ ကိုက်ဖဲ့ကြသည်။

မစ်ကာက ခွေးတွေကို လက်ဖြင့်တွန်းပစ်သည်။ မတ်တတ်မှ လဲပြိုကျမသွားအောင် မနည်း ထိန်းထားရသည်။ ရထားသမား ယီမီလျံကို လှမ်းမြင်လိုက်ရသည်။ သူ့ဆေးတံထဲမှ မီးဖွားတွေ တရဲရဲထွက်လျက်၊ ရထားသမားက စားဖိုဆောင်ထဲ ဝင်သွားသည်။ ပြီးတော့ စားဖိုဆောင်တံခါးကို ဝုန်းခနဲ ဆွဲပိတ်လိုက်၏။

လှေကားထစ်များအနီး ရေဆင်းပိုက်ကို ကျောမှီပြီး ရပ်နေသူကတော့ ဆာဂျီပလာတိုနိုဗစ်ချ်၊ အမွေးထူထူ ဖြူဖြူဖွေးဖွေး လက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ မစ်ကာ ဒယီးဒယိုင်ဖြင့် ခြံဝင်းတံခါးကို ဆွဲဖွင့်သည်။ သွေးဆာနေသည့် ခွေးများက သူ့ ခြေထောက်များကို ဝိုင်းဆွဲထားသည်။ ခွေးတွေ သူ့ ခြေထောက်ကို ဝိုင်းဆွဲလျက်ပင် မစ်ကာ ခြံပြင်သို့ ပြေးထွက်သည်။ သူက ခွေးတစ်ကောင်ကို လည်ပင်းမှ ဆွဲကိုင်ပြီး ဟန့်တားထားသည်။ လမ်းသွား လမ်းလာ ကော့ဆက်များက ကျန်ခွေးသုံးကောင်ကို ရိုက်နှက်ပြီး ခက်ခက်ခဲခဲ မောင်းထုတ်ကြရသည်။


ဆက်ရန်

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review