Liza - Mg Si Thu - လီဇာ - မောင်စည်သူ


About Us


ကျွန်တော်တို့အဖွဲ့သည် မြန်မာနိုင်ငံအတွင်းက e-Books Reader အသုံးပြုသူများနှင့် Digital Devices ‌တွေမှာ စာဖတ်သူများ အတွက် မြန်မာစာအုပ်များကို ဖတ်ရှုနိုင်စေရန် ကူညီပေးဖို့ ရည်ရွယ် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ တိုးတက်လာသော နည်းပညာများအရ e-books Reader အသုံးပြုသူများလည်း များပြားလာပြီ ဖြစ်သော်လည်း နိုင်ငံတွင်းမှတော့ e-books Reader အသုံးပြုသူများ အတွက် မြန်မာစာအုပ် ဖတ်ရှုနိုင်ရန် အလွန် ခက်ခဲလျက်ရှိသည်။ ထို့ပြင်လက်ရှိမှာလည်း မြန်မာစာအုပ်များကို Digital နည်းဖြင့် ဖြန့်ဝေမှု လုံးဝမရှိသလောက် ဖြစ်သည်။ ထိုအခက်ခဲများကို ကျနော်တို့ တတ်နိုင်သည့် ဘက်မှ ကူညီပေးနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

မူပိုင်ခွင့်ချိုးဖေါက်ပြီး ကိုယ်ကျိုးအတွက် လုံးဝ(လုံးဝ)အသုံးမပြုပါ။

အကယ်၍ ဤစာအုပ်အတွက် အဖိုးအခ တစ်စုံတစ်ရာ ပေးခဲ့ပြီး ရခဲ့သည် ရှိသော် ဂျင်းထည့်ခံရပြီ မှတ်ပါ။

🅦🅗🅘🅢🅟🅔🅡 of 🅦🅞🅡🅓🅢

Subscribe Telegram Channel

https://t.me/TheBookR


ရာပြည့်စာအုပ် ၄၉၅

 

 

မောင်စည်သူ

လီဇာ

LIZA OF LAMBETH

W. Somerset Maugham

 

ရာပြည့်စာအုပ်တိုက်

www.yarpyae.com


ပုံနှိပ်မှတ်တမ်း

 

တပြည်လုံးဖြန့်ချိရေး

ရာပြည့်စာအုပ်ဆိုင် ပန်းဆိုးတန်း

(ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အနော်ရထာလမ်း အကြား)၊

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း။ ၀၉၇၃ ၂၄၅ ၂၈၉ (ဆိုင်)၊ ဝ၁-၃၇၅၉၅၂ (နယ်/ ဖြန့်ချိရေး)

ပုံနှိပ်ခြင်း ပထမအကြိမ်

(၂၀၂၀) ရာပြည့်စာအုပ်တိုက် (ဇွန် ၂၀၂၀)

အုပ်ရေ [၆၀၀]

ထုတ်ဝေသူ

ဒေါ်ခင်အေးမြင့်၊ ရာပြည့်စာပေ [၀၀၆၆၀]

၂ဝ၆၊ ဗိုလ်တထောင်ဘုရားလမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့ ။

ပုံနှိပ်သူ

ဒေါ်ကြည်ပြာသွယ်ဝင်း တိုးအောင်အော့ဖ်ဆက် [ဝ၀၄၂၀]

၁၈၁ လမ်း ၅၀၁၀ ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

မျက်နှာဖုံး ပန်းချီ နှင့် ဒီဇိုင်း

M. F. Husain (India) နှင့် လင်းဝဏ္ဏ

တန်ဖိုး ၂ဝဝဝ ကျပ်


သတိပေးပါသည်

 

ဤစာအုပ်ထုတ်လုပ် ဖွဲ့စည်းမှုပုံစံသည် ရာပြည့်စာအုပ်တိုက်၏ မူပိုင်ဖြစ်သည်။ စာအုပ်အညွှန်း၊ စာအုပ်ဝေဖန်ချက် ရေးခြင်းမှလွဲ၍ ယခုပုံစံအတိုင်း စာတအုပ်လုံးကိုဖြစ်စေ တစိတ်တပိုင်းကိုဖြစ်စေ အခြားသော မည်သည့်ပုံစံသို့မျှ ပြုပြင် ပြောင်းလဲ သုံးစွဲခွင့် မပြု။


| ၁ |

 

သြဂုတ်လဆန်း စနေနေ့၌ နေသည် တိမ်တောင်တိမ်တိုက်ကင်းသော ကောင်းကင်မှ ထွက်ပြူကာ အိမ်ခေါင်မိုးတွေပေါ်သို့ သိပ်နှိပ်ပြီး ပူပြင်းစေခဲ့သဖြင့် အပေါ်ဆုံးထပ်များမှာ မီးဖိုနှင့်မခြား အပူဒဏ်ကို အလူးအလှိမ့် ခံခဲ့ရလေရာ၊ ညနေ အေးလာ၍ အပူလျော့စ ပြုတော့မှပင် ဝီရာလမ်းသူလမ်းသားတို့သည် အပြင်ထွက်ကြ၊ သက်သောင့်သက်သာ နေကြထိုင်ကြနှင့် အေးချမ်းစွာ နေနိုင်တော့ပေသည်။

ဝီရာလမ်းသည် ဝက်(စ်)မင်စတာ တံတားလမ်းမှ ခွဲထွက်လာသော လမ်းတိုကလေး ဖြစ်ပြီးလျှင် ဟိုဘက်ဒီဘက် အိမ်ခြေလေးဆယ်ခန့်စီ ညီညီညာညာဖြင့် လည်းကောင်း၊ အိမ်ပုံကလေးတွေမှာလည်း ပဲစေ့ကလေးတွေ သို့မဟုတ် အပျိုပေါက်စကလေးတွေ အချင်းချင်း တစေ့နှင့် တစေ့၊ တယောက်နှင့် တယောက် ရွေးမရအောင် တူသကဲ့သို့လည်းကောင်း ဆင်တူရိုးမှားကလေးတွေဖြင့် သုံးထပ်တိုက်၊ တိုက်ကတုံးကလေးတွေချည်း ဖြစ်ကြကာ လမ်းမဘက်သို့ ဆင်ဝင်၊ ဝရန်တာ စသည်တို့ မထုတ်ကြဘဲ ဟိုဘက်ထိပ်မှ ဒီဘက်ထိပ်ထိအောင် တမျဉ်းတည်း၊ တဖြောင့်တည်းသာ စည်းကမ်းမပျက် တန်းလျက် ရှိကြပေသည်။

ဒီ စနေနေ့၏ ညနေခင်းသည် အတော်ပဲ အသက်ဝင်နေပုံ ရလေသည်။ လမ်းပေါ်တွင် ယာဉ်များလည်း သိပ်ရှုပ်မနေကြရကား ပလက်ဖောင်းနှစ်ခုကြားရှိ နေရာရှိသမျှကို ကလေးများကပဲ အပိုင်စီးထားနိုင်ပေတော့သည်။ သူတို့သည် ဆူညံအော်ဟစ်ခါဖြင့် ဘတ်ရိုက်တမ်း ကစားနေကြလေသည်။

အချို့ကောင်ကလေးများသည် အင်္ကျီကိုချွတ်၍ အိတ်လုပ်ကာဖမ်းကြသဖြင့် ရိုက်တံကလည်း ခပ်သေးသေး ဖြစ်ရကား ခဏခဏ မိကြသည့်အတွက် အငြင်းအခုံ များပြီး နားကွဲလုမတတ် အသံများဖြင့် ဆူညံနေပေတော့သည်။ ကောင်မကလေးများမှာတော့ အတော်ကလေး ငြိမ်ဝပ်နေကြလျက် ကြိုးခုန်တမ်း၊ ဖန်ခုန်တမ်းလောက်သာ ကစားကြသဖြင့် အလွန်ဆုံး နှုတ်ခမ်းစူကြရုံ၊ မကြားတကြား ဆဲကြရုံပဲ ရှိကြလေသည်။ အချို့ကလေးများသည် အတော်ပဲ ဆိုးရွားသဖြင့် လမ်းက သဲများကို တူးဆွကြပြီး အိမ်ဆောက်တမ်း၊ တိုက်ဆောက်တမ်း ကစားကာ စိတ်ကူးယဉ်လျက် ရှိကြပေသည်။

ကလေးဦးရေမှာ ထူးထူးကဲကဲကို များလွန်းလှပါသည်။ လမ်းခုံပေါ်တွင် လေးဖက်တွားနေကြလျက် တချို့တံခါးဝတွေမှာ ပြူတစ် ပြူတစ်နဲ့ တချို့။ မိခင်တွေရဲ့ဂါဝန်ပေါ် တွယ်တက်နေသူက တချို့။ အလွန်တမင်း ပေါများနေကြလေသည်။ မိခင်များမှာတော့ တံခါးပေါက်ဝပေါ်တွင် နှစ်ယောက်တွဲ ထိုင်ကြပြီးလျှင် သူမတို့ရဲ့ဝဲယာ၌ လင်သည်များသည် လည်းကောင်း၊ မိန်းမဖော်တွေသည် လည်းကောင်း ကုလားထိုင်များပေါ်တွင် ထိုင်လျက် ရှိကြလေသည်။ မိန်းမများ၏ ထူးခြားချက်များမှာ နို့စို့ရွယ် ကလေးကိုယ်စီနှင့် ဖြစ်နေကြခြင်း ဖြစ်ပြီးလျှင်၊ အနည်းဆုံး အရွယ်ရောက်သည့် မိန်းမမှန်သမျှ ကိုယ်ဝန်ဆောင်နဲ့ချည်းလိုလို ဖြစ်ကြလေသည်။ တကယ်ဆိုတော့ ယောက်ျားများကို သိပ်မတွေ့ရဘဲ ဓာတ်တိုင်မှီပြီး စီးကရက် သောက်နေသူ၊ တံခါးပေါင်တွင် မှီနေသူ စသည်လောက်သာ အနည်းငယ်ခန့်ကို တွေ့ရပေသည်။

သည်လောက် ကလေးပေါသည့် နေရာမို့လားမသိ။ ဝီရာရပ်ကွက် သူတို့မှာ ကလေးအကြောင်းကလွဲပြီး ပြောစရာ ရှာမရကြသဖြင့် လူစုမိလျှင် ဘယ်သူ ကလေးမွေးသည့် အကြောင်း၊ အရပ်ဝမ်းဆွဲများ၏ အဆိုးအကောင်း စသည့်အကြောင်း ကိုယ်တွေ့ မီးဖွားပုံများကို ပြောပြ၍ တယောက်နှင့် တယောက် ဘယ်လိုကွာခြားပုံတို့ကို ဖွဲ့နွဲ့ကာ ပြောဆိုနေတတ်ကြပေသည်။

“မင်း ဒီလို ဒုက္ခကလေးမျိုးတွေနဲ့ တွေ့ရဖို့ သိပ်ကြာတော့မှာ မဟုတ်ဘူးနော် ပေါ်လီ”

ကလေးနို့တိုက်နေသူ မိန်းမတဦးက အခြား ကိုယ်ဝန်ဆောင်တဦးအား ပြောလိုက်လေသည်။

“အိုး... လိုပါသေးတယ်၊ ကိုယ် တွက်ထားတာတော့ နောက်နှစ်လထက် မမြန်နိုင်...”

ပေါ်လီရဲ့ စကားတောင်မှ မဆုံးသေးခင် အခြားမိန်းမတယောက်က ဝင်၍

“အေး... ဟုတ်တယ်၊ မင်းရုပ်ကို အကဲခတ်ရတာ အနည်းဆုံး ဒီလောက်ပဲလို့ ငါ အထင်သား”

“ဒီတခါ မင်းကြည့်ရတာ လွယ်ပါလိမ့်မယ်”

မိန်းမ ခပ်ကြီးကြီး ခပ်ဝဝ၊ နေရာတကာ ဆရာလုပ်ချင်သည့်ဂိုက် ပေါက်နေသူတဦးက ပြောလေသည်။

“ဒါနဲ့များ နောက်ဆုံးတယောက် မွေးတုန်းက တော်ပြီတဲ့။ နောက်ထပ် မလိုချင်တော့ဘူး တဲ့”

ဤကား ပေါ်လီရဲ့ယောက်ျားဖြစ်သူက ဝင်ပြောလိုက်ခြင်းဖြစ်ရာ

“ဟယ်... ဒီလိုပဲ ပြောကြရတာပေါ့။ ဒီလိုပြောတိုင်းလဲ ဘယ်မှာ အတည်ယူလို့ ဖြစ်နိုင်ပါ့မလဲ”

ထိုဝဝ မိန်းမကြီးကပဲ ဆရာလုပ်သည့်လေသံနှင့် ဆက်ပြောသည်။

“ကိုယ့်ကို ကြည့်လေ၊ အခု သုံးယောက်တောင် ရှိထားတယ် မဟုတ်လား။ ဒါပေမဲ့ နောက်ထပ် မလိုချင်ဘူးလို့များ မထင်နဲ့။ ရရင် သာတောင်ကြိုက်သေးတယ် တကယ့်ကို ပြောတာပါ”

“ရှင့်အဖို့တော့ ဟုတ်မယ်ပဲ ထားပါရှင်၊ ကျုပ်အဖို့တော့ ဒီမယ်နော် ဟယ်ရီ၊ မင်းလဲ မကြားမရှိနဲ့၊ နောက်တခါ ငါ ကလေးရရင် မင်းနဲ့ ကွာရလိမ့်မယ်။ ဒါပဲ”

ပေါ်လီသည် ဤသို့ သူ့ယောက်ျားအား လှမ်းပြောလိုက်လေသည်။ ထိုအတွင်း လက်ဆွဲဘာဂျာသမားသည် လမ်းကွေ့မှ ပေါ်လာလေသည်။ လူရော အသံပါ သူတို့ဘက်သို့ လာနေလေသည်။ လေး ငါး ခြောက်ယောက်လောက် ထိုဘာဂျာသမားနောက်မှ ပြုံလိုက်လာကြလေ သည်။ သူသည် အီတာလျံလူမျိုးဖြစ်ပြီးလျှင် ဆံပင်နက်၍၊ နှုတ်ခမ်းမွေးရေးရေး ရှိလေသည်။ သူသဘောကျသော နေရာတခုတွင် ရပ်ပြီး တီးလက်စ သီချင်းကို ခဏရပ်ကာ အသံပြောင်း၍ စမ်းနေလေသည်။ သူ့ဦးထုပ်ပျော့ကြီးကို တစောင်းပြင်ဆောင်းလိုက်ပြီးလျှင် သူသည် အတော် အလိုက်သွက်သည့် သီချင်းတပုဒ်ကို တီးလိုက်လေရာ၊ မကြာမီ ကလေး လူကြီး၊ အပျို အအိုများ ဝိုင်းအုံလာကြလေသည်။ ဒါပေမဲ့ အအိုများမှာတော့ သိပ် ကချင်စိတ် မပြင်းပြကြသဖြင့် ခပ်လှမ်းလှမ်းကသာ ဝိုင်းနေကြလေသည်။ အပျိုအရွယ်ကလေးတွေမှာမူ အတော် ရိုးတိုးရွတ ဖြစ်လာကြလေသည်။

“လာလေ ဖလော်ရီ၊ မင်းနဲ့ငါနဲ့ တွဲရအောင်”

တယောက်က စပြီး အဖော်ညှိလိုက်ရာ နောက်တယောက်က ငြင်းတောင်မငြင်းဘဲ ထွက်လာပြီး တယောက်က ယောက်ျားလို၊ တယောက်က မိန်းမလို လုပ်၍ ကကြလေသည်။ မကြာမီ ဒီလိုပဲ သုံးလေးတွဲ ဝင်လာကြလေသည်။ နောက် သူတို့သည် သူ့အတွဲနှင့်သူ မော့ကာ၊ ထောက်ကာဖြင့် လည်းကောင်း၊ လှည့်ကာပတ်ကာဖြင့် လည်းကောင်း သီချင်းသံကို ခို၍ ဟန်ဟန်ပန်ပန် တကယ့် အကခန်းကြီးထဲမှာလို သဘောထားပြီး ကကြလေသည်။ မကြာမီ ယောက်ျားကလေးတွေပါ စိတ်ပါလာပြီးလျှင် သူတို့ဘာသာ အတွဲရှာရသောအခါ ရော၍ ကကြပြန်သည်။

ထိုကဲ့သို့ အားရပါးရ ကနေကြစဉ်မှာ လှုပ်လှုပ်ရွရွ ဖြစ်လာပြီး “ဟိုမှာဟေ့ လီဇာ” တယောက်က လှမ်းပြောလိုက်ရာ လူအုပ်ထဲမှာ တချို့ ထွက်လာကြပြီး

“ဟုတ်တယ်ဟေ့၊ ဟိုမှာ... လီဇာ၊ ကြည့်စမ်း”

ကနေကြသူများသည် ခဏရပ်ထားလိုက်ကြပြီး အခြားလူများ ကြည့်ရာသို့ လိုက်ကြည့်မိကြသည်။ ဘာဂျာသမားတောင်မှ သီချင်းဆုံးသွားသောအခါ သူတို့ ကြည့်သည့်ဘက်သို့ လိုက်ကြည့်မိသွားလေသည်။

“လီဇာ... ဒီမှာဟေ့... လီဇာ...”

သူတို့သည် အော်ခေါ်ကြလေသည်။ ဝိုင်းပျက်လောက်အောင် စွမ်းဆောင်နိုင်သူကလေးမှာ အသက်ဆယ့်ရှစ်နှစ်ခန့်၊ မျက်လုံးနက်နက်၊ ဆံပင်အုပ်များ ကောင်းပြီး ဖောင်းဖောင်းလိမ်လိမ် အတွန့်ကလေးတွေဖြင့် နဖူးကို အုပ်လုနီးနီး တွဲလောင်းကျနေသည့် အပျိုမကလေးတဦးသာပဲ ဖြစ်လေသည်။ သူမသည် ခရမ်းရောင် ခပ်လွင်လွင် ပိုးသားအစကို ဂါဝန်ချုပ်ဝတ်ထားပြီး ငှက်မွေးဦးထုပ် အနက်ကြီးကြီး တခုကို ဆောင်းထားလေသည်။

“လီဇာ... ဒီနေ့ အရမ်းကို လုပ်လာပါလား ဟေ့”

လူအုပ်ထဲမှ တယောက်က သူမ ဖြတ်သွားစဉ် မှတ်ချက်ချလိုက်လေရာ

“ဒီ သောက်ဖက်ရှင်မျိုးတော့ မုန်းလိုက်တာ”

လီဇာသည် သူမ အဘယ်မျှ လူတွေကို ချောက်ချားစေလိုက်သည်ကို ရိပ်မိသွားလျက် အရွဲ့တိုက်လိုသည့်သဘောဖြင့် ခေါင်းကလေးကို မော့၊ ရင်ကလေးကို ကော့လိုက်ပြီးလျှင် ကိုယ်ကလေး တခါခါ၊ တင်ကလေး တလှုပ်လှုပ် လုပ်၍ တလမ်းလုံး သူမတယောက်တည်း ရှိဘိအလား အစွမ်းကုန် ကြဲလိုက်လေတော့သည်။

“ဟေ့... ဒီလမ်းဟာ မင့်လမ်းဆိုပဲ... ဟင်၊ ဘီ(လ်)”

လူငယ်တဦးက ဘီ(လ်)အား လှမ်း၍ မြှောက်ပေးလိုက်ရာ အားလုံးက သူနှင့် သံယောင်လိုက်ပြီး

“ဖိုးကြွားကြီးကို အလိုမရှိ”

တဒါဇင်လောက် လူငယ်ကလေးတွေသည် ဝိုင်းပြီး အော်ကြလေသည်။ နောက် သူတို့အထဲမှ တယောက်က အသံကြောင်ကလေးနှင့် -

“ဟဲ့ လီဇာ…”

ဤသို့ အော်လိုက်ရာ သူ့ထက် ကြောင်သော၊ စူးသော၊ တုန်သော အသံအမျိုးမျိုး ပေါ်ထွက်လာပြီး တလမ်းလုံး ပဲ့တင်ထပ်သွားလေသည်။ လက်ခေါက်မှုတ်သံလည်း ပေါ်လာသေးသည်။

လီဇာမှာမူ သူတို့အား ဂရုစိုက်ဖို့ ဝေးစွ၊ ပို၍ပင် ကျေနပ်သည့်အသွင်ဖြင့် ကြွားဝင့်သော မျက်နှာပေးကို လှည့်၍ပြလိုက်သေးရာ၊ အဝီစိပွက်သည်ထက် ပိုဆိုးသွားလေတော့သည်။ သူမသည် လူစုရှိရာသို့ပင် ရဲဝံ့စွာ လျှောက်လာလေသည်။

“ဒါ မင်းရဲ့ နောက်ချုပ်တဲ့ဟာလား”

“ကြည့်ပါလားကွဲ့၊ အရင် အဟောင်းတွေနဲ့ တူလားလို့”

“ဘယ်က ရတာလဲဟေ့... လီဇာ”

“လမ်းမပေါ်က ကောက်ရတာပေါ့ကွ”

လီဇာက အရွဲ့တိုက်ကာ ဖြေလိုက်လေရာ

“ငါ အပေါင်ဆိုင်မှာ တွေ့တာ ဒီအင်္ကျီပဲ ထင်တယ်”

ယောက်ျားတယောက်က ဝင်၍ လီဇာအား မခံချင်အောင် ပြောလေသည်။

“ဪ… အဲဒီတုန်းက ရှင့်ဘောင်းဘီကို လာပေါင်ရင်း တွေ့မိမှာပေါ့”

သူမသည် ဤသို့ ပြန်နှက်လိုက်ရုံတင် မကသေးဘဲ

“ဒါပဲနော်... ရှင်တို့ နောက်ထပ် မပြောနဲ့။ ဒါတွေဟာ တိုက်က ဝယ်လာပြီး တိုက်က စက်သမားဆီမှာ အပ်တာ။ ဘာမှတ်လို့လဲ”

သူမသည် ဤသို့ ကြွားဝင့်စွာ ပြန်ပြောလိုက်လေရာ သူတို့က ရယ်ကြလေသည်။ ဒါပေမဲ့ လီဇာက ဂရုမစိုက်ချေ။ သူမသည် ဘာဂျာသမားကို တွေ့သောအခါ အူမြူးသွားလေသည်။ သူမသည် စောစောက သူမရဲ့ အဝတ်အစားကို ကြွားနေရသဖြင့် သတိမထားမိဘဲ ရှိလေသည်။ နောက် သူမသည် အခြား အပျိုမကလေးတယောက်ဆီသို့ လှမ်း၍

“လာဟေ့ ရှယ်လီ၊ မင်းနဲ့ငါနဲ့ ကကြရအောင်။ အရူးတွေ နင်တို့ ဖယ်ကြ...”

သူမသည် ခုနက သူမအား လှောင်သူများကို တွန်းဖယ်ပြီး ကဖို့ ပြင်တော့လေသည်။

“ဒီမယ် ရှင့်ဘာဂျာဆရာ”

လီဇာက မျက်လုံးကလေး ထောင့်ကပ်ကာ ပြောလိုက်လျှင်ပင် ဘာဂျာသမားသည် အသံညှိ၍ သီချင်းအသစ်တပုဒ်ကို တီးလေတော့သည်။ လီဇာတို့အတွဲကို အားကျ၍ အခြားအတွဲတွေလည်း မကြာမီ ဝင်လာကြပြီးလျှင် ယခင်ကကဲ့သို့ လှည့်ကာပတ်ကာ ကကြပြန်လေသည်။ သူတို့သည် ဟန်ဟန်ပန်ပန် ဖြစ်နိုင်သမျှဖြစ်အောင် သူ့ထက်ငါကောင်း ကြိုးစားပြီး ဣန္ဒြေရရ ကကြသည်။ ဒါပေမဲ့ လီဇာတို့အတွဲမှာ ထူးချွန်ပေါ်ထင်လျက် ရှိတော့လေရာ အခြားအတွဲတွေသည် မိဖုရားကလေးတွေတမျှ ကြော့မော့အောင် ကနိုင်ကြသည် ဆိုပါလျှင်၊ လီဇာသည် ထိုနေ့အဖို့ ဘုရင်မကဲ့သို့ ကျက်သရေရှိစွာ ကသည်ဟုပဲ ဆိုရပေတော့မည်။ သူမရဲ့ ခြေဖျားထောက် ကသည့်ဟန်၊ ရင်ကလေးကို ချီထားပုံ၊ မျက်လုံးကလေးတွေ မှေးထားသည့် အမူအရာ၊ နှုတ်ခမ်းကလေးတွေ အားမလို အားမရ ကိုက်ထားသည့် အမူအရာတို့သည် ဝီရာလမ်းသားတို့ကို ဖမ်းနိုင်သည် ဆိုခြင်းမှာ တကယ်ဆိုတော့ အံ့သြစရာတောင် မဟုတ်တော့ချေ။

ရုတ်တရက် လီဇာသည် ရပ်ပစ်လိုက်ပြီးလျှင် သူမ ဖက်ထားသည့် လက်ကိုလည်း ဖြေလိုက်ကာ အဖော်အား

“အို... ဒီလို နှေးနှေးကြီး ကနေရတာ လီဇာ အားမရလိုက်တာကွယ်”

ဟုတ်ပါသည်။ ဒီလိုဟန်နှင့် ကရသည့် အကမျိုးကို လီဇာသည် ငြီးငွေ့လာတော့သည်။

“ဒီမယ် ဆရာ၊ ခပ်သွက်သွက်ကလေးနဲ့ ဒီ့ထက်ပိုပြီး အသက်ပါတဲ့ တီးလုံးမျိုး တီးစမ်းပါ ဆရာ။ ကြည့်ဟေ့... ရှယ်လီ၊ ဂါဝန်အက ငါ ကပြမယ်”

“ကင်တာဘာရီနဲ့ လန်ဒန်မှာ ကတဲ့ ဘဲလေး အကမျိုးလား။ အိုကေ... ကောင်းပြီ၊ ဝီရာလမ်းက ဘဲလေးအကနဲ့ ပြိုင်ကြရအောင်”

ဤသို့ အတီးဆရာက လီဇာအား သရော်လိုက်ရာ လီဇာသည် သူ့အနားသို့ ကပ်သွားပြီး သူ့ဦးထုပ်ပျော့ကြီးကို မျက်နှာတခုလုံး ဖုံးသွားအောင် အတင်းစွပ်ချလိုက်၍

“မဟုတ်ပါဘူး ကိုအီတာလျံရဲ့၊ နည်းနည်း ခုန်လို့ ပျံလို့ ကောင်းတဲ့ အလိုက်ဆိုရင် တော်ပါပြီ တဲ့”

ဘာဂျာသမားသည် လီဇာ့အမိန့်အတိုင်း ခပ်သွက်သွက်အလိုက်နှင့် သီချင်းတပုဒ် စလေတော့သည်။ ဒီအကမှာ တယောက်ချင်း က ကြရသည်။ သီချင်းမစခင်ကတည်းက သူမတို့သည် ဂါဝန်ကလေးတွေကို သလုံးသားများပေါ်အောင် မ ထားကြရသည်။ နောက် စလျှင်စချင်း ခြေထောက်ကို များများအသားပေး၍ က ရသည့် ခြေဆတ်၊ ခြေမြှောက်၊ ခြေတန်းတို့ ပါရလေသည်။

အားလုံး မိန်းကလေးများသည် ပထမတော့ ကြိုးစား၍ပဲ က ကြပါသည်။ ဒါပေမဲ့ သူမတို့သည် လီဇာလို အကကျင်လည်သူများ မဟုတ်ကြလေရာ အမှားများလာသောအခါ ခပ်ရှက်ရှက်နှင့် ဘေးသို့ဝင်ပြီး ထိုင်ကြလေတော့သည်။

“ကိုယ်လဲ တော်ပြီ... လီဇာ”

ရှယ်လီက မောကြီးပန်းကြီးနှင့် ပြောရင်း ထိုင်ချလိုက်လေတော့သဖြင့် လီဇာတယောက်သာ ကလျက် ကျန်နေလေတော့သည်

“လီဇာ ဆက် က ပါ ဟေ့”

လီဇာသည် သူတို့ ပွဲမတောင်းလျှင်လည်း ဆက်ကမည်သာ ဖြစ် သည်။ သူမသည် မည်သူ့မျှ ဂရုမစိုက်ဟန်ဖြင့် ဂါဝန်ကလေးကို မကာ မကာ က လေသည်။ တခါတရံ သူမသည် သီချင်းသံနှင့်အတူ တက်ကြွလာပြီးလျှင် ရွှေ့၍ ရွှေ့၍ ဝိုင်းနေအောင် ကလေသည်။ ဂါဝန်ကလေးမှာ မိုးပွင့်ကြီးတပွင့် ဇောက်ထိုးစိုက်ထားသလို ဝိုင်းနေပေသည်။ ပရိသတ်သည် သြဘာလက်မြှောက် ပေးရန်ကိုပင် မေ့လုမတတ် စိတ်ဝင်စားနေလေတော့သည်။ တခါတရံ ယောက်ျားကလေးတွေရဲ့ မချင့်မရဲ အာမေဋိတ်သံတွေကို ကြားရသောအခါ၌ လီဇာသည် တိုး၍ သဲမဲ ကြမ်းတမ်းလာပြီးလျှင် ခပ်ကြမ်းကြမ်း ခြေကို ပိုမြှောက်၍လည်းကောင်း ဂါဝန်ကို တခါတရံ ရင်နားအထိ ဝိုင်းတက်လာအောင် လုပ်၍လည်းကောင်း ကော့၍ နော့၍ ကလေသည်။ သူမ ပါးစပ်မှလည်း “ဟောကြည့်... ဟောဒီလို...” ဤသို့ သူမကိုယ်သူမ အားပေး၍ ကလေသည်။ ပရိသတ်သည် ထိန်းမရအောင် ရိုးတိုးရွတ ဖြစ်လာလေသည်။ ဘာဂျာသမားလည်း အထူးရွှင်ပျကာ အစွမ်းကုန် တီးလေရာ၊ ဝီရာလမ်းကလေး၌ မကြုံဖူးသော ကပွဲတခု မမျှော်လင့်ဘဲ ကြုံရသလို ဖြစ်သွားလေတော့သည်။

“ကြည့်စမ်း၊ ထူးဆန်းတဲ့ ခြေထောက်ကလေးတွေ”

ယောက်ျားတယောက်က ချီးကျူးမိလေသည်။

“ဟယ်... ဂါဝန်ပျံကလေး ဟ”

အခြားတယောက်က ပြောပြန်သည်။

လီဇာသည် သူတို့တတွေ ရူးသထက်ရူးအောင် တိုး၍ က လေသည်။ သူမကိုယ်ကလေးကို မွှတ်နေအောင် လှည့်နေလေရာ ခြေထောက်နှင့် မြေကြီးတောင် ထိမှထိရဲ့လား အောက်မေ့ရလေတော့သည်။

“ဟေ့... သတိထားနော်၊ ပေါင်တချောင်း လွင့်စဉ်သွားမယ်”

လူနောက်တယောက်က သူမ ခြေထောက်အမြှောက်လိုက်တွင် နောက်လိုက်လေသည်။

လီဇာသည် ထိုသူရဲ့စကား မဆုံးမီ သူမ ခြေထောက်တချောင်းကို အစွမ်းကုန်မြှောက်လိုက်ပြီး ထိုသူ၏ ခေါင်းပေါ်မှ ဦးထုပ်ကို လွင့်သွားအောင် ကန်ပစ်လိုက်လေရာ ပွဲအကျကြီး ကျသွားလေတော့သည်။ လက်ခုပ်သံ၊ လေချွန်သံတို့မှာ တခဲနက်စွာ ထွက်ပေါ်လာကြလေသည်တွင် လီဇာသည် ကျေနပ်စွာ ပြုံးလျက် တိုး၍ က ပြန်လေသည်။ သူမသည် သီချင်းဆုံးခါနီး၌ နောက်ဆုံး ကြိုးစားခြင်းဖြင့် ကိုယ်ကို ဂျင်ကဲ့သို့ လှည့်လိုက်၊ ကော့လိုက်၊ ကုန်းလိုက် လုပ်ကာနှင့် နောက်ဆုံး စွန်ကဲ့သို့ဝဲပြီး ငေးနေသော ယောက်ျားပျိုတယောက်၏ လက်ထဲသို့ လှဲချလိုက်လေရာ

“အို... လီဇာ မွှေးမွှေးလေးလဲ ပေးပါလားကွယ်”

ထိုသူက ဤသို့ပြောရင်း လီဇာအား ကုန်း၍မွှေးမည်ပြုစဉ်၊ လီဇာသည် သူ့အား တအားကုန် တွန်းလိုက်ပြီး သူ့လက်ထဲမှ ခုန်ထွက်လိုက်လေသည်။

“ကိုကို့ကိုလဲ ပေးပါဦးကွယ်”

နောက်တယောက်က ကပ်လာပြန်ရာ၊ သူမသည် ကျင်လည်စွာ ရှောင်လိုက်ရင်း

“ဟင်း... နော်၊ ပါးကို ချလိုက်မယ် သိလား”

“ဟေ့… ဟေ့… ဖမ်းဟေ့၊ တို့အားလုံး ဝိုင်းမွှေးမယ်”

တယောက်က မြှောက်ပေးလိုက်ရာ၊ လူသောင်းကျန်းကလေးတွေ တသိုက်သည် တကယ် မလုပ်ဘူးလို့ မည်သူမျှ မပြောနိုင်တော့ချေ။

“ဒါပဲနော်၊ မလုပ်ကြနဲ့”

လီဇာသည် လန့်သွားကာ အသံတောင်မှ တုန်သွားလေသည်။ ဒါပေမဲ့ မရ။ သူတို့သည် သူမအား လိုက်ဖမ်းကြလေသည်။ သူမသည် သူတို့အား အမျိုးမျိုး ရှောင်၍ လူအုပ်ထဲမှ ကြိုးစားပမ်းစားထွက်ကာ ဂါဝန်ကလေး မ ပြီး ပြေးရလေတော့သည်။ လူနှစ်ဆယ်ခန့်သည် နောက်မှ ညာသံပေးပြီး လိုက်လေသည်။ လူကြီးတွေကလည်း ပျော်စရာလို အိမ်ဝတွေမှ ထွက်ကြည့်ကြလေ သည်။ လီဇာသည် ရှေ့ကိုသာ သွန်ပြီး ပြေးလေသည်။ လမ်းအကွေ့တခုသို့ ရောက်သောအခါ သူမသည် လန့်သွားလေသည်။ လူကြီးတယောက် သူမရှေ့က ဆီးလျက်ထားလေသည်။ သူမသည် ဘယ်လိုလှည့်ပတ်ပြေးရမည် မကြံစည်လိုက်ရသေးမီ သူ့လက်မောင်းထဲသို့ ရောက်သွားလေတော့ သည့် ခဏ၌ သူမရဲ့နုဖပ်သော ပါးပြင်ကလေးပေါ်သို့ နှစ်ကြိမ်တိုင်တိုင် အားရပါးရ မွှေးလေတော့သည်။

“ကြည့်စမ်း၊ ရှင် တကယ် မွှေးတယ်ပေါ့ ဟင်”

သူမသည် တကယ် တုန်လှုပ်ချောက်ချားသံဖြင့် ပြောလိုက်လေသည်။

နောက်မှလိုက်လာသူ လူတစုနှင့် ဘေးမှ ရပ်ကြည့်နေသူ တချို့၏ ဝါးခနဲ ရယ်လိုက်သံကို လည်း သူမ ကြားလိုက်ရလေသည်။ နောက် သူမသည် ရှက်ရှက်နှင့်ပင် သူမအား မွှေးသူကို မော့ကြည့်လိုက်မိရာ အသက်ကြီးကြီး၊ အရပ်မြင့်မြင့်၊ မုတ်ဆိတ်မွေးနဲ့ လူကြီးတယောက်။ သူမသည် သူ့အား အစက ဒီလမ်းထဲ၌ မမြင်ဖူးချေ။

သူမရဲ့မျက်နှာမှာ ရှက်သွေးဖြင့် နှင်းဆီရောင် လွှမ်းသွားလေသည်။ သူ့အား ငိုမဲ့မဲ့မျက်နှာနှင့် တချက်ကြည့်လိုက်ပြီး အတင်းရုန်းထွက်လိုက်ကာ ရယ်သံပြောင်သံတွေကြားထဲမှ နီးရာအိမ်ထဲသို့ အတင်း ဝင်ပြေးသွားလေတော့သတည်း။


| ၂ |

 

လီဇာသည် သူမအမေ မစ္စက်ကင့်နှင့်အတူ ညစာ စားနေလေသည်။ မစ္စက်ကင့်သည် အသက်အရွယ် ကြီးရင့်ပြီဖြစ်သည်။ မုဆိုးမတဦးဖြစ်ပြီး သူမယောက်ျားမှာ စစ်သားဘဝနှင့် ဆုံးခဲ့ရကား ယခုအခါတွင် လီဇာနှင့်အတူ ထိုဝီရာလမ်းကလေးထဲတွင် အခန်းကလေးတခု ငှားလျက် နေထိုင်နေရလေသည်။ သူမ၏ ယောက်ျားအတွက် ရသော ပင်စင်လခကလေးနှင့်ပင် နေနိုင်ထိုင်နိုင်သော်လည်း သူမ၏ အရက်ကြိုက်တတ်သည့် ဝါသနာကလေးကြောင့် ဝင်ငွေ ပိုနိုင်သမျှ ပိုအောင် တောက်တိုမည်ရကလေးတွေ လုပ်လေသည်။ လီဇာသည် စက်ရုံတရုံမှရသော နေ့စားအလုပ်ကလေးဖြင့် သူမ၏ ဝတ်ဖိုးစားဖိုး ဝယ်ရလေသည်။

“ဒီညနေ ဘယ်သွားနေသလဲ လီဇာ”

“လမ်းထဲမှာပဲ ရှိနေသားပဲ”

“ငါ အလိုရှိတိုင်း ဒီလိုချည်း လမ်းထွက်နေတာ တွေ့ရတာပဲ”

“မေမေ အလိုရှိမှန်းမှ လီဇာ မသိဘဲ”

“အေး... အဲဒီလို ငါ့ကို ပစ် ပစ်ထား၊ တော်တော်ကြာတော့ ငါ့တယောက်တည်း သေနေတာ တွေ့ရမယ်”

လီဇာသည် တွေတွေကလေး ငြိမ်ကျသွားလေတော့သည်။

“ဒီနေ့ ငါ့ကိုယ်လက်ကိုက်ရောဂါ ထနေတယ် ထင်တယ်။ ဆရာက တခုခု လိမ်းပေးရမယ်တဲ့။ ညည်း ငါ့အတွက် ဘာမှလဲ လုပ်မပေးဘူး”

“မနေ့ကတော့ အမေ့ကိုယ်လက်ကိုက်ရောဂါက သက်သာနေတယ် မဟုတ်လား”

“ညည်းမှာ အဝတ်အစားသစ်ကလေးနဲ့ အရပ်ထဲမှာ လည်ပြနေဖို့ပဲ တတ်တာပဲ။ ငါ့ကိုဖြင့် လုံးလုံးဂရုစိုက်ရမှန်း မသိဘူး။ ကြည့်စမ်း ငါ့အဝတ်တွေ ဘယ်လောက် ဟောင်းနွမ်းနေပြီလဲ”

လီဇာသည် ဝမ်းနည်းစွာဖြင့် အဖြေမပေးနိုင်ဘဲ ရှိနေလေရာ သူမသည်လည်း နောက်ထပ် ပြောစရာ ရှာမတွေ့တော့သဖြင့် ထမင်းကိုပဲ ဆက်စားနေလေတော့သည်။ လီဇာသည် အတော်ကြာ တွေးနေရာမှ -

“ဒီလမ်းထဲမှာ လူသစ်တွေ တိုးလာတာ မေမေ မြင်မိသလားဟင်”

“ဟင့်အင်း... ဘယ်က လူတွေလဲ”

“လူကြီးတယောက် မုတ်ဆိတ်မွေးတွေနဲ့ ဟိုဘက်နားမှာ တွေ့တာပဲ”

သူမသည် ပြောရင်း ရှက်သွေးကလေး ဖြန်းနေလေသည်။ ပါးကလေးကိုလည်း ပွတ်ကြည့်သည်။

“ဘယ်သူပဲဖြစ်ဖြစ် လူကောင်းတော့ မဟုတ်ပါဘူး။ ဒီလမ်းကို လူကောင်း မလာဘူး မှတ်”

ထမင်းစားပြီးကြသောအခါ မစ္စက်ကင့်သည် ဘီယာတဖန်ခွက် သောက်လေသည်။ နောက်

“လီဇာ သိမ်းလိုက်တော့ သမီးရယ်၊ ငါ ဟိုဘက်နားက မစ္စက်ကလေးတန် အမြွှာပူးကလေး မွေးနေလို့တဲ့၊ သတင်းသွားမေးလိုက်ဦးမယ်။ အို သူ့မှာလည်း လက်ရှိ ကလေးကိုးယောက်နဲ့ ဘုရားသခင်ရယ်...”

သူမသည် ဒီလို မှတ်ချက်ချပြီး ထွက်သွားလေသည်။

လီဇာသည် မသိမ်းဆည်းနိုင်သေးမီ ပြတင်းပေါက်နားသို့ ကုလားထိုင်တလုံး ယူလိုက်ပြီး အပြင်သို့ ငေးမိပြန်လေသည်။ နေဝင်ခါနီး မှောင်စပျိုးလျက်ရှိသည့် ညနေခင်းကလေးသည် သာယာနေလေသည်။ လမ်းသူလမ်းသားတို့သည် အပြင်မှာပဲ အေးအေးဆေးဆေး စကားလက်ဆုံ ကျနေကြတုန်းပင် ဖြစ်လေသည်။ ကလေးများလည်း ဘက်ရိုက်တမ်း ကစားတုန်းပင် ဖြစ်လေသည်။ သူတို့အသံသည် လီဇာနားထဲသို့ လျှံ၍ ဝင်လာကြပေသည်။

ဒီညနေ သူမသည် အရသာထူးတခုကို ရင်တဖိုဖိုနှင့် ခံစားမိလေသည်။ ပျော်သလိုလို၊ လွမ်းသလိုလိုနှင့် ဘယ်လိုမှန်း သူမသည် မဝေခွဲတတ်ချေ။ နက်ဖြန် နေ့အားမို့ ပျော်ရမလိုလို။ နောက်ပြီး သူမ ဆွေးသလိုလို။ တခုကတော့ အို... ညနေက အတွေ့ကြောင့်ဟုပဲ ထင်ပါသည်။ သူမသည် ဘယ်လိုကြောင့်မှန်းမသိ အော်ဟစ်ပြီးသာ ငိုလိုက်ချင်တော့လေသည်။

ထိုအတွင်း မဲမဲသဏ္ဌာန်တခုခု သူမ အခန်းတွင်းသို့ ဝင်လာရာ သူမသည် လန့်ပြီးတောင်မှ အော်မိသွားလေသည်။

“ဘယ်သူလဲ... ဟင်”

သူမသည် မှောင်ဝါးဝါးတွင် ရပ်နေသောယောက်ျားအား ကြောက်ကြောက်နှင့် မေးလေသည်။

“ကိုယ်ပါကွ… လီဇာ”

“တွမ်လား”

“အင်း...”

သူသည် လူရွယ်တဦးဖြစ်ပြီး ဆံပင်မှာ ရွှေရောင်ပြေးကလေး၊ နှုတ်ခမ်းမွေးရေးရေးနှင့် လူချောကလေးတဦး ဖြစ်လေသည်။ သူသည် မျက်လုံးပြာကလေးနှင့် ကလေးကလေး၏ မျက်နှာကဲ့သို့ နှစ်လိုစရာ အပြုံးကလေးဖြင့် ရှက်ယို့ယို့ အမူအရာ ရှိလေသည်။

“ဘာကိစ္စလဲ ဟင်၊ တွမ်”

“လမ်းလျှောက်လိုက်မလားလို့၊ ဟင် လီဇာ လိုက်မလား”

“မလိုက်ဘူး”

လီဇာက ဆုံးဖြတ်ထားသကဲ့သို့ ပြောလေသည်။

“မနေ့က မှာထားပြီးတော့”

သူက ဝမ်းနည်းသံကလေးကို ဖုံးဖိရင်း ပြောလေသည်။

“မနေ့က မနေ့၊ ဒီနေ့က ဒီနေ့... တခြားစီပဲ”

သူမက ကြီးကြီးကျယ်ကျယ် လုပ်ပြောလိုက်လေသည်။

“လာပါ... လီဇာရယ်”

“မလိုက်ချင်ဘူးလို့ ဆိုနေ”

“လိုက်ခဲ့ပါကွယ်... ပြောစရာတခု ရှိလို့ပါ”

သူသည် ဤသို့ပြောရင်း ပြတင်းပေါင်ပေါ်၌ တင်ထားသော သူမ၏လက်ကလေးကို ဆုပ်ကိုင်လိုက်လေသည်။ သူမသည် ဖျတ်ခနဲ သူမလက်ကလေးကို ရုပ်လိုက်လေသည်။

“ဒီလမ်းထဲက ဟိုလူသစ်တွေဟာ ဘယ်ကလဲ တွမ်၊ မုတ်ဆိတ်မွေးညိုညိုနဲ့ လူကြီးဟာလေ...”

လီဇာက မေးလေသည်။

“လီဇာကို ညနေတုန်းက နမ်းတဲ့ အကောင်ကြီးကို မေးတာလား”

လီဇာသည် ရှက်သွားလေသည်။ ထို့ကြောင့် ရှက်ရမ်း ရမ်း၍

“သူ့ဘာသာသူ နမ်းတာ ဘာဖြစ်သလဲ”

“မနမ်းရဘူး မပြောပါဘူးကွယ်၊ သူပဲလားလို့ မေးရုံမေးတာပါ”

“ဟုတ်တယ်၊ သူ ဘယ်သူတဲ့လဲ”

“ဂျင်တဲ့၊ ဟိုဘက်အိမ် အထက်ထပ် နှစ်ခန်းတွဲမှာ နေတယ်”

“ဘာဖြစ်လို့ နှစ်ခန်းတွဲ နေရသလဲ”

“ကလေး ငါးယောက်တောင်မှပဲ ရှိနေတဲ့ဟာ... မတွေ့ဘူးလား၊ သူ့မိန်းမ ဝဝမြင့်မြင့်ကြီးဟာ”

“ဪ... သူ့မှာ မိန်းမနဲ့လား”

လီဇာသည် ငေးမိသွားပြန်သည်။ သူမသည် အဝေးသို့ လှမ်းမျှော်ကြည့်နေလေသည်။ တွမ်မှာမူ လီဇာအား စိုက်၍ ကြည့်နေရာက

“လာပါ လီဇာ၊ လမ်းလျှောက်ထွက်ရအောင်ကွယ်”

လီဇာက ခေါင်းကို ယမ်းပြလေသည်။ နောက် အသံပျော့ကလေးဖြင့်

“နောက်ကျနေပြီ”

“လီဇာ”

တွမ်က အသံကလေး တုန်တုန်ဖြင့် ခေါ်လိုက်လေသည်။

“ဘာလဲ”

“လီဇာ”

သူသည် ရှက်သွေးဖြန်းနေသည့် မျက်နှာကလေးဖြင့် ဤတွင် ထစ်နေပြီးမှ မနည်းကြိုးစား ပြောရသည့် လေသံနှင့်

“လီဇာ၊ နင့်ကို ငါ ချစ်နေပြီ လီဇာရယ်...”

“အို... သွားစမ်း တွမ်၊ ငါ စိတ်ညစ်နေလို့”

တွမ်သည် သွေးပူလာကာ အနည်းငယ် ရဲလာသဖြင့် သူမလက်ကို ဆုပ်ကိုင်လိုက်လေသည်။

“လီဇာရယ် ငါ အခု လခ သျှီလင်သုံးဆယ်တောင် ရပါတယ်ကွယ်၊ အိမ်ထောင်ပရိဘောဂ တွေလည်း ငါ ဝယ်ပြီးသားပါကွယ်”

လီဇာက မတုန်မလှုပ် တွေနေလေသည်။

“လီဇာ ငါဟာ လင်ကောင်းတယောက် ဖြစ်နိုင်ပါတယ်ကွယ်၊ ငါ အရက်လည်း ကြိုက်တတ်တဲ့ကောင် မဟုတ်ဘူးဆိုတာ သိတယ် မဟုတ်လားကွယ် ဟင်၊ ငါ့ကို လက်ထပ်နိုင်မလား ကွယ်”

“ဟင့်အင်း... မဖြစ်နိုင်ဘူး တွမ်”

“တကယ်လား လီဇာ ဟင်”

“တကယ် မယူနိုင်ဘူး”

“ဘာဖြစ်လို့လဲကွယ်... ငါဟာ မင်း သူငယ်ချင်းပဲ မဟုတ်လား၊ ညနေတိုင်း လမ်းလျှောက်ကြတာတွေ မေ့ပြီလား လီဇာ”

“အခု ငါ စိတ်ပြောင်းသွားပြီ တွမ်”

“ဪ… ဒီ့ပြင်လူနဲ့ မင်း တွဲနေပြီပေါ့”

“မဟုတ်သေးပါဘူး”

“ဒါဖြင့် ဘာဖြစ်လို့ ငါ့ကို မချစ်နိုင်ရတာလဲကွယ်ဟင် လီဇာ၊ မင့်ကို ငါ သိပ်ချစ်တယ်ကွယ်။ ဘယ်သူ့ကိုမှ ဒီလို တခါမှ မချစ်ဖူးဘူးကွယ်”

“မဖြစ်နိုင်ပါဘူး တွမ်”

လီဇာက ခိုင်ခိုင်ကြီး ပြောလေသည်။

“ဒီ့ပြင်တယောက် ရှိနေလို့လား လီဇာ”

“မဟုတ်ပါဘူး”

“ဒါဖြင့် ဘာဖြစ်လို့ ငါ့ကို မယူနိုင်ရတာလဲ”

“ဝမ်းနည်းပါတယ် တွမ်၊ ငါ မင့်ကို လက်ထပ်နိုင်လောက်တဲ့အထိ မချစ်သေးလို့ပဲကွယ်”

“အို... လီဇာရယ်”

သူမသည် သူ့မျက်နှာကိုတော့ ကောင်းကောင်း မကြည့်မိပါ။ ဒါပေမဲ့ သူ့အသံကို ကြားရုံနဲ့ပဲ အဘယ်မျှလောက် သူ စိတ်ထိခိုက်သွားသည်ကို ခန့်မှန်းကြည့်နိုင်လေသည်။ သူမသည် သူ့အား အလွန်သနားသွားပြီး သူမ၏ လက်ကလေးနှစ်ဖက်ကို ဆန့်တန်းလိုက်ကာ သူ့လည်ပင်းမှာ သိုင်း၍ ဖက်လိုက်လေသည်။ နောက် သူ့ရဲ့ပါးပြင်အား မွှေးလေသည်။

“ဒီလောက်ပဲ လီဇာကို ချစ်သလား တွမ်ရယ်... လီဇာကို မင်း မချစ်ချင်ပါနဲ့ကွယ်”

လီဇာသည် ဒီလိုပြောပြီး ပြတင်းတံခါးကို ဆောင့်ပိတ်လိုက်ကာ အိမ်ထဲသို့ ဝင်ပြေးသွားလေတော့သည်။


| ၃ |

 

နောက်တနေ့မှာ တနင်္ဂနွေနေ့ဖြစ်၍ လီဇာအဖို့ နေ့အားဖြစ်ပေရာ သူမသည် စောစောစီးစီး ဖြီးလိမ်းကာ ကြော့နေနိုင်တော့သည်။ သူမအမေသည် ညက လမ်းထဲမှ မျက်နှာစိမ်းတွေနှင့် လိုက်၍ တအိမ်တက်ဆင်း အသိဖွဲ့နေမိသဖြင့် ဒီနေ့မနက် ကိုယ်လက်ကိုက်ခဲသည့်ရောဂါ ထနေတော့လေ သည်။

“ခေါင်းကိုက်တဲ့ရောဂါ ပြန်ထလာပြန်ပြီကွယ်။ ညကလည်း ကိုယ်တွေ လက်တွေ ကိုက်လိုက်တာ အိပ်လို့မရဘူး”

သူမသည် ခေါင်းကို လက်နှင့်နှိပ်ထားရင်း ပြောလေသည်။

“ဆေးရုံတက်ရင် မကောင်းဘူးလား”

လီဇာက အကြံပေးလေသည်တွင် သူမသည် သိပ်သဘောမကျသည့် မျက်နှာမျိုးဖြင့် သူ့သမီးအား ကြည့်လေသည်။ နောက် သူမသည် စိတ်မရှည်သည့်လေသံဖြင့် သူမအိမ်မှာ စောင့်ရှောက်ရသည့်တာဝန်၊ ချက်ပြုတ်ရသည့်တာဝန်၊ အိမ်မှု အသေးအဖွဲ တာဝန်တွေကို ထမ်းဆောင်ရသဖြင့် ငြီးငွေ့ကြောင်း၊ အကယ်၍သာ သူမသည် ဘီယာကလေး အရက်ကလေးကို မှန်မှန်သာ မသောက်ရလျှင် သေတာကြာပြီ ဖြစ်လိမ့်မည် ဆိုသည့်အကြောင်းတွေကို ညည်းညူလေပြီးသောအခါ –

“လီဇာ ညည်း မနက်စာ စားပြီးရင် ငါ့ဘွတ်ဖိနပ်ကို ဆေးသုတ်ထားလိုက်စမ်းပါကွယ်၊ နောက်ပြီးတော့ ညည်းပဲ ဒီနေ့ ချက်စရာ ပြုတ်စရာ ရှိတာတွေ အကုန်လုပ်လိုက်ပါ။ ငါတော့ တနေ့လုံး ဒီကိုယ်လက်ကိုက်တဲ့ ရောဂါနဲ့ အိပ်ရာထဲက ထနိုင်မှာ မဟုတ်ဘူး”

“ကောင်းပြီ မေမေ၊ နေမကောင်းရင် အိပ်နေပါ။ လီဇာ အကုန် လုပ်လိုက်မယ်”

“အေး ကောင်းတယ်၊ ညည်း ဒါတွေအတွက် မညည်းနဲ့ ကြားလား။ ညည်း ငယ်ငယ်တုန်းက ငါ ဘယ်လောက် တာဝန်တွေ ယူထားခဲ့သလဲ။ ပြီးတော့ ညည်းကို မွေးတုန်းကများ ဆရာဝန်က ငါ့ကို ချည့်သွားမယ်တောင် ပြောတယ်။ ကံကောင်းပေလို့ပေါ့။ အခုလောက် နေနိုင်တာ။ ညည်း ဒီတပတ်ရတဲ့ ပိုက်ဆံတွေကော”

“သိမ်းထားတာပေါ့ မေမေ”

လီဇာက အေးအေးပဲ ဖြေလေသည်။

“ဘယ်မှာများ သိမ်းထားသလဲ”

“စိတ်ချရတဲ့ နေရာမှာပါ မေမေ”

“ဘယ်နေရာမှာလဲ၊ ပြောစမ်း”

လီဇာအား ပိတ်၍ မေးလိုက်လေရာ လီဇာသည် အတော်အကျပ်ကျသွားလေသည်။

“ဘာဖြစ်လို့ သိချင်ရတာလဲ”

“အို... မသိရတော့ဘူးလားကွယ်။ ညည်းဟာကို ခိုးမယ်များ ထင်သွားသလား”

“မဟုတ်ပါဘူး”

“ဒါဖြင့် ဘာဖြစ်လို့ မပြောနိုင်ရသလဲ”

“အို... လီဇာ တယောက်တည်း သိတဲ့နေရာဆိုတော့ ပိုပြီးလည်း လုံခြုံမယ် မဟုတ်လား”

လီဇာ၏အဖြေမှာ လိမ္မာသလောက် မစ္စက်ကင့်မှာ ဒေါပွသွားလေသည်။ သူမသည် အိပ်ရာမှ လူးလဲထလိုက်ပြီးလျှင် သူမ၏လက်သီးကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်၍

“ညည်းက ငါ့ကို မယုံဘူးပေါ့လေ ဟုတ်လား။ ညည်းပိုက်ဆံကို ငါကများ ခိုးမယ်မှတ်လို့လား ဟင်... အကောင်မ၊ တယ်...”

သူမသည် ဒေါသဖြင့် ဆဲလေသည်။ အတော်ပဲ ညစ်ညစ်ညမ်းညမ်း ဆဲလေသည်။ လီဇာသည် သူမ မိခင်အား သနားသွားလေသည်။ ထို့ကြောင့် သူမသည် နှစ်သိမ့်စေလိုသဖြင့် -

“ဒီလို မေမေ၊ အခု လီဇာတို့မှာ ငွေအကုန်များတယ် မဟုတ်လား။ ဒီတော့ လွယ်လွယ်ထားရင် ယူယူသုံးမိတာနဲ့ ပျောက်ပျောက်သွားတယ်။

“ဒါကြောင့်မို့ ခက်တဲ့နေရာမှာ ထားတာပါ မေမေ”

မစ္စက်ကင့်သည် လက်သီးဆုပ်ကလေးကို လှုပ်ယမ်းရင်း

“အောင်မယ်... ညည်းသောက်ငွေကို ငါများ ယူသုံးတယ် ဆိုလိုချင်သလား”

ဒေါသနှင့် ပြောလေသည်။

“မဟုတ်ပါဘူး မေမေ၊ ဒီလို စုထားတာကလေးရှိရင် တကယ်လို့ မေမေ့ရောဂါ တိုးလာတဲ့အခါများတောင်မှ လွယ်လွယ်ကူကူ ရနိုင်မယ် မဟုတ်လား”

“အို... ညည်း ဆင်ခြေမများပါနဲ့၊ ဒီလို စုထားမဲ့အစား၊ ညည်းဝယ်ချင်တာတွေ ဝယ်ဝတ်နေမဲ့အစား ငါ့ကို ညည်းရတဲ့ တပတ်အတွက် ပိုက်ဆံအကုန် ပေးထားရင် မကောင်းဘူးလား

အမှန်မှာ မစ္စက်ကင့်သည် ဒီလိုပိုက်ဆံများ အကုန် သူမထံတွင် အပ်ထားသည့်အခါများ၌ ဘယ်တော့မှ အင်္ဂါနေ့ထက် နောက်ကျအောင် မသုံးချေ။ နောက်နေ့တွေအတွက် လီဇာကချည်း ရှာပေးရလေသည်။

လီဇာသည် ဒါတွေကို သူမမိခင်အား ရှင်းပြောနေရလျှင် သူမအား မောပန်းစေမည်သာ ဖြစ်သဖြင့် ရှောင်ထွက်သွားဖို့ စိတ်ကူးမိပြီး ဦးထုပ်ကို ယူဆောင်းလိုက်လေသည်တွင်

“အင်း… ငါ့ထားပြီး ယောက်ျားတွေနဲ့ လျှောက်အလေလိုက်နေဦးမလို့လား။ အေး ညည်း ကောင်းတယ်ထင် ဒီလိုပဲ ပစ်ပစ်သွား၊ ငါ့ဘာသာ ငါ သေနေ သေနေ...”

ဒီလိုပြောရင်း သူမသည် အသံထွက်၍ ငိုလေရာ လီဇာသည် ဇွတ်နှစ်၍ လမ်းသို့ ထွက်သွားလေသည်။ လမ်းပေါ်ရောက်လျှင်ပင် လီဇာသည် တဖက်အိမ်နံရံတွင် မှီနေသော တွမ်အား တွေ့လေသည်။

“ဟေး တွမ်၊ မင်း ဘာလုပ်နေတာလဲ”

“လီဇာ... မင်း အလာကို စောင့်နေတာပဲကွယ်”

လီဇာသည် သူ့အနားသို့ မြန်မြန်လျှောက်သွားရင်း

“မင်း စောင့်နေပေမဲ့ မင်းနဲ့ ငါ လမ်းလျှောက်မလိုက်နိုင်ဘူး တွမ်”

“မခေါ်ပါဘူး လီဇာရယ်၊ ညက မင်းပြောတာ ငါ သဘောပေါက်ပါတယ်”

သူ့အသံသည် ဝမ်းနည်းသံပါနေလေသည်။ လီဇာတောင်မှ သူ့ကို သနားသွားမိလေသည်။

“မင်း ငါ့ကို စိတ်နာမနေဘူးလားဟင် တွမ်”

လီဇာက ကြင်နာသည့်လေသံဖြင့် မေးလေသည်။

“နက်ဖြန်လည်း ဘဏ်နေ့နော်၊ ရုံးတွေ ပိတ်တယ်”

အေး… ဘာဖြစ်လဲ”

“ချင်းဖိုဒ်ကို အပျော်ခရီး ထွက်ကြမယ်မသိသေးဘူးလား”

“အင်း... ဟုတ်တယ်”

တွမ်သည် သူမအား မျှော်လင့်စွာဖြင့် ကြည့်နေမိလေသည်။

“ငါလဲ သွားမယ် လီဇာ၊ မင်းကော လိုက်ဦးမလား၊ တလမ်းလုံး သွားကြမယ့် လူချည်းလိုလိုပဲ”

“ဘာဖြစ်လို့လဲ၊ မင့်မှာ ပိုက်ဆံနည်းနေလို့လား။ အို... ကိစ္စမရှိပါဘူးကွယ်။ လိုက်မယ် မလိုက်ဘူးသာ ပြောပါ”

တွမ်က မရဲတရဲနှင့်ပင် စွန့်၍ သူမအား ဆွဲဆောင်လေသည်။

“ကျေးဇူးတင်ပါတယ်... ကွယ်... ဒါပေမဲ့လဲ”

“ဘာများ မင့်မှာ ဝန်လေးစရာ ရှိသေးသလဲကွယ်”

“မလိုက်ချင်ပါဘူးကွယ်၊ မင်းကို ငါ ဘာမှ မျှော်လင့်ချက် မပေးနိုင်ဘဲနဲ့ သက်သက် ဒုက္ခမရှာချင်ဘူး”

သူမသည် ဒီတခါ အတော်စဉ်းစဉ်းစားစားနှင့် လေးလေးနက်နက် ပြောပါသည်။

“ငါ နားမလည်ပါဘူး လီဇာ”

“မင်းနဲ့ငါ မတွဲနိုင်တော့ဘူးလို့ ညက ပြောပြီးပြီ မဟုတ်လား တွမ်”

တွမ်သည် ခေါင်းငိုက်စိုက် ကျသွားလေတော့သည်။

“လီဇာ မင်းမပါရင် ဘယ်နေရာမှ ငါ တစိကလေး ပျော်နိုင်မှာ မဟုတ်ပါဘူးကွယ်”

“တခြားတယောက် ရှာကြည့်စမ်းပါဦးကွယ်။ မင်း ပျော်လာမှာပါပဲ”

ဒီလိုပဲပြောပြီး သူမသည် သူ့ကိုထားခဲ့၍ ဆက်လျှောက်သွားလေသည်။ နောက် ရှယ်လီတို့ အိမ်ရှေ့သို့ ရောက်သောအခါ အိမ်ပေါ်ထပ်သို့ မော့ကြည့်လေရာ ရှယ်လီသည် ပြတင်းဝတွင် ရပ်နေသေည်ကို တွေ့၍ “ရှယ်လီ” ဟု သံကုန်အော်ခေါ်လေသည်။

ရှယ်လီက မကြားသေးပေ။ ဒါပေမဲ့ အခြားယောက်ျားကလေးတွေ သူ့လိုလိုက်ပြီး အော်ခေါ်ကြသည်။ သူမသည် သူတို့အား လှည့်၍ အရူးတွေဟု ပြန်နှက်လေသည်။ နောက်ထပ် ခေါ်ပြန်သည်။ ရှယ်လီသည် မကြားဘဲ အထဲသို့ပင် ဝင်သွားလေတော့သည်။ ထို့ကြောင့် တခါ ထပ်ပြီး အသံကုန် ဟစ်၍အော်မှ ရှယ်လီ ထွက်လာလေသဖြင့် သူမသည် ဦးထုပ်ကိုချွတ်ပြီး ယမ်းပြရင်း “လာဟေ့” ဟု အော်ခေါ်လေသည်။ မကြာမီ လှေကား ပြေးဆင်းလာသည့် ဖိနပ်သံများ ကြားရပြီး ရှယ်လီသည် လီဇာအား ပြေးဖက်လေသည်လီဇာကလည်း ပြန်ဖက်ပြီး “အချစ်ဆုံး ဘဲမကလေးရေ” “အသက်ဘူး ကြက်မကလေးရေ” ဟု တယောက်ကိုတယောက် ခေါ်ရင်း နမ်းကြလေသည်။ သူတို့သည် အချစ်ဆုံး သူငယ်ချင်းများ ဖြစ်ကြသည်။

“မင်းမယ်တော်ကြီးကော နေကောင်းလား ဟေ့”

လီဇာက စ မေးလေရာ

“အို... သိပ်ကို အောရိုက်၊ ဖတ်စ်ကလပ်ပဲ၊ ဒါနဲ့ မင်းရဲ့ မိဖုရားခေါင် မယ်မယ်ကြီးကော”

ရှယ်လီက ဖြေရင်း လီဇာနည်းတူ ပြန်ပြီး နောက်လေသည်။

“အေး... ကိုယ့်ထိပ်ထား မယ်မယ်ကြီးတော့ စိတ်နှလုံးတော် မအီမသာ ဖြစ်နေတုန်းပဲကွယ်”

လီဇာက မျက်နှာညိုညိုနဲ့ပင် ရယ်သွမ်းသွေးရလေတော့သည်။ ရှယ်လီကဲ့သို့မဟုတ်၊ ပိန်ပိန်ပါးပါး လီဇာမှာ မျက်လုံးပြာကလေးနှင့် ဖြစ်ပြီး သွားကျဲတဲတဲ ဖင်လိမ်လိမ်ဖြင့် ရုပ်ချောသူကလေးတယောက် မဟုတ်ရှာပေ။ သူမသည် ဂါဝန်တိုတိုကလေး ဝတ်ထားလေသည်။ လက်မောင်းကလေးတွေ ပေါ်အောင် အင်္ကျီလက်တိုထားသည်။ ဒါပေမဲ့ သူမသည် ခေါင်းကို အလိမ်အတွန့်ကလေးတွေဖြင့် သပ်ရပ်စွာ ပြုပြင်ထားလေသည်။ လီဇာသည် သူမခေါင်းကို သေသေချာချာ ကြည့်ပြီး

“အမယ် ကြည့်စမ်း အကျကို လုပ်ထားပါလားကွယ့်။ ဒီည မင့်လူ လာခေါ်မယ်ထင်တယ် ဟုတ်လား”

“ဟင့်အင်း... ဒီည ဘယ်မှမသွားပါဘူး။ ဟယ်ရီက နက်ဖြန် ချင်းဖိုဒ်ကို အပျော်ထွက်ဖို့ ခေါ်ထားတယ်။ မင်းကော လီဇာ၊ မသွားဘူးလား။ ဟောလီးဒေးမှာ မပျော်တော့ဘူးလား”

လီဇာက ခေါင်းခါပြလေသည်။

“တွမ်လည်း လိုက်မှာပဲ... မခေါ်ဘူးလား။ အို... သူလား၊ လီဇာကို သိပ်ခေါ်ချင်မှာပဲ”

“ခေါ်သားပဲကွယ်၊ ငါက မလိုက်ချင်တာပါ”

“အို... ဘာဖြစ်လို့လဲကွယ်”

“အခု သူနဲ့ ငါ မတွဲတော့ဘူး ရှယ်လီ”

“ဟင်... မင်းနဲ့ အမြဲတွဲနေတာပဲ။ အခု ဘာစိတ်ဆိုးကြလို့လဲ”

“အေး... ဟုတ်တယ်အခု မတွဲတော့ဘူး။ မင်း ဟယ်ရီနဲ့ တွဲနေတုန်းပဲ မဟုတ်လား”

“အင်း..” ရှယ်လီက ဖြေသည်။

“သူ့ကို မင်း ယူမယ်မဟုတ်လား”

“ဒါပေါ့ကွယ့် လီဇာရဲ့”

“အေး... ငါ တွမ်ကို မယူချင်ဘူး။ ဒီတော့ မတွဲတော့ဘူး”

လီဇာက အဓိပ္ပာယ်ပေါ်အောင် ပြောပြလေရာ ရှယ်လီသည် အတော်အစဉ်းစားရ ခက်သွားလေသည်။ နောက် သူမတို့သည် ဝက်စ်အားမင်စတာတံတားဘက်သို့ လျှောက်သွားကြလေ သည်။ ရှယ်လီသည် သူ့အဆက် ဟယ်ရီအား တွေ့သဖြင့် ခဏနော်ဆိုပြီး လီဇာအား ခွဲထွက်သွားလေသည်။ လီဇာသည် ရှယ်လီအား စောင့်မနေတော့ဘဲ အိမ်ပြန် ထမင်းချက်ဖို့ လှည့်လာခဲ့လေသည်။ သူမ၏ခြေလှမ်းသည် မသွက်ဘဲ ရှိနေလေသည်။ အိမ်ရှင်မတွေသည် တံခါးပေါက်ဝတွေ၌ ထိုင်၍ အာလူးအခွံခွာနေကြလေသည်။ လီဇာသည် အချို့အား လှမ်း၍ နှုတ်ဆက်သွားလေရာ သူတို့သည် လီဇာကို အဆိုးအကောင်းပြော၍ ကျန်ခဲ့ကြလေသည်။ နောက် ကလေးတွေ ကစားနေသည့်အနား၌ ဖြတ်လာလေရာ ကလေးတွေသည် လီဇာအား လက်ကို ဆွဲသူဆွဲ၊ ဂါဝန်ကို တွယ်သူတွယ်နှင့် လုပ်ကြလေသည်။ သူမအား ကစားရန် အတင်း ခေါ်ကြလေသည်။ လီဇာသည် အချို့အား ပြန်မွှေးမွှေးပေးသည်။ အချို့အား ယုယစွာ ရိုက်သည်။ ဒါပေမဲ့ သူတို့သည် လီဇာကို မြင်ရင် ချစ်ကြသည်။ လီဇာသည် ကြိုးအတင်းခုန်ခိုင်းသဖြင့် ဝင်၍ တကြော့ နှစ်ကြော့ ခုန်ရလေသည်။ သူကလေးတို့သည် မြူးသွားကြလေသည်။

နောက် သူမသည် အတင်းပြန်လာခဲ့ရာ အိမ်နားသို့ ရောက်ခါနီးတွင်

“မောနင်း လီဇာ”

သူသည် “ဂျင်” ဆိုသူဖြစ်ရာ လန့်သွားလေသည်။ သူသည် အိမ်တအိမ်ရှေ့က ခွေးခြေကလေးပေါ်တွင် ထိုင်နေလေသည်။ ကလေးနှစ်ယောက်သည် သူ့ဒူးကို မြင်းလုပ်၍ စီးနေလေသည်။ လီဇာသည် သူ၏မုတ်ဆိတ်မွေးညိုညိုကြီးတွေကို ကြည့်ပြီး မနေ့ကအဖြစ်ကို သတိရကာ ကြက်သီးထမိသွားလေသည်။ ဒီတခါ သူမသည် သေသေချာချာ ကြည့်မိရာ သူ့ရဲ့ ခံ့ထည် ထွားကျိုင်းသော ကိုယ်လုံး၊ ရင်အုပ်ကားကား၊ လက်မောင်းထွားထွားတို့ကို သတိပြုမိလေသည်။ အသက်လည်း လေးဆယ်ထက် ငယ်ပုံ မရချေ။

“မောနင်း”

သူက ထပ်ပြီးပြောသဖြင့် လီဇာသည် ခြေလှမ်းတုံ့သွားလေသည်။ နောက်ပြီး သူမသည် ရှက်သွေးကလေး ဖြန်းသွားလေသည်။ ဖြေလည်း မဖြေနိုင်အောင် ကြက်သေ သေသွားလေသည်။

“ကိုက်မစားပါဘူးကွဲ့၊ ဒီလောက် ကြောက်မနေပါနဲ့”

“ဪ… ရှင်ပဲကိုး၊ မကြောက်ပါဘူး၊ ဘာလို့ ကြောက်ရမှာလဲ”

“ဪ…. မျက်နှာကလေး နီနေလို့ ကြောက်များ သွားသလားလို့။ ဒါဖြင့် မနေ့က မင်းကို မွှေးလို့ စိတ်ဆိုးနေလို့လား”

သူမက မဖြေဘဲ သူ့အား ရဲဆေးတင်၍ ကြည့်နေလေသည်။ သူမသည် ဒေါသသံဖြင့် ပြောလေသည်။

“မင်းက ငါ့ဆီကို အတင်း ဝင်တိုးတာပါကွယ့်”

“ရှင် ထွက်ပြီး တမင် ကျွန်မကို ဖမ်းတာမဟုတ်လား”

“ထားပါတော့ကွယ်၊ မင်းကို ငါ သဘောမတူဘဲနဲ့ နမ်းတယ်ပဲ ထားပါ။ ဒီတော့ မင်း မကျေနပ်ရင် ငါ့ကိုလည်း ငါ သဘောမတူဘဲနဲ့ပဲ ပြန်နမ်းပေါ့”

“ဟုတ်တယ်၊ ရှင်က နမ်းချင်စရာမှ မဟုတ်ဘဲ အန်ချင်စရာကြီး”

သူက သဘောကျစွာ ရယ်လိုက်လေသည်။ သူ့ဒူးပေါ်က ကလေးတွေသည်လည်း ဘာသဘောကျသည်မသိ၊ ခုန်၍ ခုန်၍ ဆော့ကြလေသည်။

“ဒါတွေ ရှင့်ကလေးတွေလား”

“ဒါတွေတင် ဘယ်ကမလဲ၊ ငါးယောက်တောင် ရှိတယ်။ အကြီးဆုံးက ဆယ့်ငါးနှစ် မိန်းကလေး နောက် ဆယ့်နှစ်နှစ် မိန်းကလေး၊ နောက် ယောက်ျားကလေး နှစ်ယောက်”

“အင်း ဒါဖြင့် ရှင် ရတဲ့ပိုက်ဆံတွေ စားပေးဖို့ လူတွေ အတော်များသားပဲ”

“များရုံ ဘယ်ကမလဲကွာ... သိပ်များတာပေါ့... နောက်လဲ ရှိကြဦးမှာပဲ”

“မညည်းနဲ့ပေါ့ရှင်… ဒါ ရှင့်အပြစ်ပဲ မဟုတ်လား”

သူမသည် ဒီလို ရယ်ရယ်မောမော ပြောကာ နှုတ်ဆက်၍ ဆက်လျှောက်သွားလေသည်။ သူသည် လီဇာအား နောက်မှ မျက်စိတဆုံး ကြည့်၍ ကျန်ခဲ့လေသည်။


| ၄ |

 

ဘဏ်နေ့ ရုံးပိတ်ရက် နေ့အားကလေးသည် လင်းစကတည်းက သာသောင့်သာယာပဲ ရှိနေပါသည်။ ဒါပေမဲ့ ရှင်းနေလျက်ရှိသော ကောင်းကင်ကမူ အလွန်ပူတော့မည့်ဟန်ဖြင့် ခြိမ်းခြောက်နေပေသည်။

လီဇာသည် အစောကြီး အိပ်ရာမှထ၍ သန့်ရှင်းစွာ ဖြီးလိမ်းပြီးသော် နံနက်ခင်းအရသာကို ခံနေလေသည်။ ဒီလို သာယာသည့် နေ့တနေ့ကို ဘယ်လိုများ ကုန်လွန်စေရပါ့မလဲ။ ရှယ်လီတော့ ချင်းဖို့ဒ်သွားပြီး ပျော်နေမှာပဲ။ သူမ မရှိရင် မိမိအဖို့ ပျင်းကျန်ခဲ့တော့မည်ဖြစ်သည်။ လီဇာသည် ဒီနေ့အဖို့ နေ့အား မဟုတ်ဘဲ ရိုးရိုးအလုပ်တက်သည့် နေ့တနေ့ပဲ ဖြစ်ပါစေတော့ဟု ပျော်မည့်ပါးမည့်သူတွေအတွက် မနာလိုပြီး ဆုတောင်းမိလေသည်။ သူမအမေသည်လည်း အိပ်ရာက နိုးလာပြီး၍ စားဖို့သောက်ဖို့လောက်သာ စီမံ စိုင်းပြင်းလျက် ရှိနေပေသည်

လီဇာသည် ရှယ်လီ အဝေးမှ လာနေသည်ကို စိတ်ကလေး စောစွာဖြင့် ရပ်ကြည့်နေမိလေ သည်။ ရှယ်လီမှာ သူမကိုယ်သူမ ခြယ်မှုန်းလာသည်။ ပန်းနုရောင် ဂါဝန်ပျော့၊ ခေါင်းပေါ်မှာလည်း အမွေးဖွား ဦးထုပ်ကြီးဖြင့် ရှယ်လီသည် အတော်ပဲ ဂိုက်ကျလာလေသည်။ သူမရဲ့ လမ်းလျှောက်ပုံမှာ လည်း ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် ရှိလှပေသည်။

“ဟေး... လီဇာ”

လီဇာကို တွေ့လျှင်ပင် သူမက ရွှင်မြူးအားရစွာဖြင့် လှမ်းခေါ်လေသည်။ လီဇာမှာမူ အားကျစွာ ကြည့်နေရတုန်း ဖြစ်သဖြင့် ပြန်မထူးနိုင်ဘဲ ပြုံးရုံသာ ပြုံးပြလိုက်လေသည်။

“ဟယ်ရီနဲ့အတူ ကိုယ်တော့ ရထားစောင့်စီးမလို့”

“ဘယ်နှနာရီ အဲဒီက ထွက်မှာတဲ့လဲ”

“ရှစ်နာရီခွဲလောက်ပေါ့ကွယ့်”

“အို... ဒါဖြင့် အခုပဲ ရှစ်နာရီ ရှိနေပြီဟာ၊ သူ ဟိုက စောင့်နေမှာပေါ့နော်”

“ဒါပေါ့ လီဇာရဲ့၊ သူက ဒါမျိုးတော့ ဝီရိယ ရှိပါတယ်ကွယ်။ ကိုယ်လဲ အစောကြီး ငါးနာရီလောက်က ထပြီး ပြင်တာပဲ။ နောက်ကျမယ့်ကျတာ၊ ညကလည်း မအိပ်နိုင်ပါဘူးကွယ်။ စိတ်က စောနေလို့ကွ”

“ကောင်မက ဒီလောက်ပဲ ဖြစ်ရသလား”

လီဇာက မနာလိုသံဖြင့် ခနဲ့လိုက်လေသည်။

“ဖြစ်ရတာပေါ့ လီဇာ၊ နည်းတောင် နည်းပါသေးတယ် ဟဲ... ဟဲ၊ မင်းကော မလိုက်ချင်ဘူးလားကွယ်”

“ငါ လိုက်ချင်ရင် လိုက်မှာပေါ့ကွယ်၊ မလိုက်ချင်လို့ပေါ့”

လီဇာက မိမိအခြေအနေကို ဝန်မခံဘဲ အမာစား ပြောလိုက်လေသည်။

“မင်း အခွင့်အရေးကောင်းကို မူမနေပါနဲ့ကွယ်။ တွမ်က ခေါ်သားပဲဟာ၊ လွတ်သွားမယ် ဆရာ”

“လွှတ်လိုက်ပြီးသားပါကွယ်၊ မျှော်လင့်စရာလည်း မရှိပါဘူး”

လီဇာ့အသံမှာ ဝမ်းနည်းခြင်းဖြင့် အနည်းငယ် အဖျားခတ်နေလေသည်။

“ကဲ... ဒါဖြင့် ရထားဆိပ်အထိ ငါ့လိုက်ပို့ပါကွယ်၊ လာပါ”

“အို... မဟုတ်တာပဲကွယ်၊ သွားပါတော့ကွယ်၊ မင်းဘာသာမင်း သွားပါ”

“လာပါကွယ် လီဇာ၊ ဟယ်ရီနဲ့ တွေ့တော့ မင်း ပြန်ချင် ပြန်နိုင်ပါပြီကွယ့်”

“ကဲကွာ မင်း ဒီလောက်တောင်ခေါ်မှ ငါ လိုက်ကြည့်ဦးမယ်။ ရထားထွက်ရင် ပြန်လာမယ်နော်”

လီဇာသည် ဦးထုပ်တောင် မဆောင်းဘဲ ဒီအတိုင်းပင် ထလိုက်သွား လေသည်။ သူမတို့သည် မြင်းရထားဆိပ် ရထား စထွက်မည့်နေရာသို့ လျှောက်သွားကြလေသည်။

သူမတို့သည် ထိုနေရာသို့ ရောက်သောအခါ ရထားမှာ အပေါက်ဝတွင် အဆင်သင့် ရပ်ထားသည်ကို တွေ့ရလေသည်။ ဒါပေမဲ့ လူစုံပုံတော့ မရသေးပေ။ ရထားသည် အတော်ကလေး ကြီး၍ အထဲတွင် ထိုင်ခုံများမှာ လေးယောက်တတွဲစာ စီမံထားပြီး မြင်းကြီးနှစ်ကောင်မှာ ကြိုးကထားနှင့်ကာ သူတို့သခင်က အစာကျွေးလျက် ရှိလေသည်။ မကြာမီ လူခြောက်ယောက်ခန့် ရောက်လာကြလေသည်။ ရှယ်လီသည် ဟယ်ရီအား မတွေ့ရသေးပေ။ နောက် ဘီယာသေတ္တာများ ထမ်းလာကြကာ ရထားအတွင်း ထိုင်ခုံအောက်၊ မြင်းရထားသမား ထိုင်ခုံအောက်တို့တွင် နေရာချထားသည်ကို လီဇာတို့သည် ငေးကြည့်နေကြလေသည်။

“သူ လာဖို့ ကောင်းပြီကွယ်၊ ဘာလို့များ ဒီလောက် နောက်ကျနေပါလိမ့်”

ရှယ်လီသည် ဝက်စမင်စတာလမ်းဘက်ကို မျှော်ကြည့်ရင်း ပြောလေသည်။

“လာမှာပေါ့ကွယ့်၊ အချိန်လိုသေးတဲ့ဟာပဲ”

လီဇာကတော့ ခပ်အေးအေးဆေးဆေးပဲ ပြောနိုင်ပါသည်။ ဒါပေမဲ့ လီဇာ့စကားတောင် မဆုံးမီ

“ဟောဟိုမှာ ဟုတ်တယ်၊ ဟယ်ရီပဲ”

ရှယ်လီသည် သူမ ချစ်သူအား ပြေး၍ကြိုဆိုလေသည်။ လီဇာတောင်မှ တယောက်တည်း ကျန်နေခဲ့ပေသည်။ လီဇာသည် တွမ်၏ဖိတ်ကြားချက်ကို လက်မခံမိသည့်အတွက်ကို နောင်တ မရစေခါမူ သူ့ ဖိတ်ကြားခြင်းက လှိုက်လှဲစွာ၊ သစ္စာရှိစွာဖြင့် လက်ခံနိုင်သည့် အခြေအနေမျိုးကိုတော့ တောင့်တလျက် နေလေသည်။ မကြာမီ ရှယ်လီနှင့် သူ့ရည်းစားသည် လက်တွဲလျက် လာနေလေသည်။ သူသည် ချစ်သူတယောက်နှင့် တကယ်တူပါပေသည်။ စတစ်ရှပ်နှင့်၊ နောက်ပြီး သူ့လက်ထဲတွင် ဂီတာကြီးကို ပိုက်လျက် ရှိလေသည်။ လမ်းခရီးမှာ ဂီတာဖြင့် ပျော်စိမ့်သောငှာ ဖြစ်ပေလိမ့်မည်။

“ဟင်... လီဇာ မလိုက်ဘူးလား”

သူက လီဇာ ဦးထုပ်မပါ ဘာမပါ ဖြစ်နေသည်ကို အံ့သြစွာ ကြည့်ရင်း မေးလေသည်။

“မလိုက်ဘူးတဲ့ ဟယ်ရီရယ်၊ တွမ်ကလဲ ခေါ်သားနဲ့တဲ့ကွယ်”

ရှယ်လီက ဝင်ဖြေလေသည်။ ဟယ်ရီသည် လီဇာအား အပြစ်မတင်အားမီ ရထားပေါ်တွင် လူတွေ တက်နေကြသဖြင့် နေရာကောင်းရရန် ရှယ်လီ့လက်ကို ဆွဲ၍ ခေါ်သွားလေသည်။ လီဇာမှာ တယောက်တည်း ကျန်ခဲ့ပြန်သည်။ နောက် လူတအုပ် ထပ်လာပြန်ရာ ရထားမှာ ပြည့်လုနီး သွားလေသည်။ အားလုံးအား လီဇာ သိပါသည်။ ဒါပေမဲ့ သူတို့သည် မအားကြပေ။ နောက် တွမ်လာလေရာ သူမသည် သူ့အနားသို့ လျှောက်သွား၏။

“လီဇာ ဘယ့်နဲ့လဲကွယ်၊ မင်း စိတ်မပြောင်းသေးဘူးလားဟင်။ လိုက်ခဲ့ပါလားကွယ်”

“တွမ် ငါ ပြောတယ် မဟုတ်လားကွယ်၊ မဖြစ်ဘူးလို့”

လီဇာကိုယ်တိုင်ပင် ဒီလိုချည်း အခါပေါင်းများစွာ ပြောမိခဲ့ခြင်းကို သတိထားမိပါသည်။

“အေးကွယ်၊ လီဇာ မပါရင် ကိုယ်တော့ မပျော်ပါဘူး၊ ယုံပါ”

“ဒါတော့ မတတ်နိုင်ဘူးလေ”

လီဇာက စိတ်မရှည်သလို၊ ဒေါသနှင့်လိုလို ပြောလေသည်။ လီဇာသည် ထိုသို့ ပြောလိုက်ရသည့်တိုင်အောင် မိမိအဖို့ ပျင်းစရာ ကောင်းမည်ကို တွေးပြီး ကြောက်နေမိလေသည်။ ပျော်မြူးနေကြသည့် လူတွေကြားထဲတွင် မိမိကိုယ်ကိုပါ ထည့်ပြီး တွက်ကြည့်မိလေသည်။ ထိုအခါ သူမသည် ငိုချင်တောင်မှ သွားပေသည်။ ဘာလို့ သူမ ဒီလိုမပျော်နိုင်ပါလိမ့်။ သူမသည် မလိုက်ဘူး၊ ဘာလို့ လိုက်ရမှာလဲဟု စိတ်ကို တင်းနေစဉ် ရထားသမားသည် ခရာကို ရှည်လျားစွာ တွတ်၍ အချက်ပေးလိုက်လေသည်။ လီဇာသည် ဝမ်းနည်းသလို ဖြစ်မိသွားသည်။

မကြာမီ လူနှစ်ယောက် ကမန်းကတန်းနှင့် ပြေးလာသည်။

အို... ဘုရားရေ၊ ‘ဂျင်’ မဟုတ်လား။ ဟိုဝဝဟာမကြီးက သူ့မိန်းမပဲနဲ့ တူပါရဲ့။ အနီးသို့ ရောက်လာကြသောအခါ ဂျင်က

“လိုက်မလို့လား လီဇာ”

“ဟင့်အင်း... ရှင်ကော လိုက်မလို့နော်... လီဇာ အစက မသိရပါဘူး”

“လိုက်ခဲ့ပါလားကွယ်။ တို့နဲ့ ပျော်ပျော်ပါးပါးပေါ့”

လီဇာသည် ငိုချင်လောက်အောင် လိုက်ချင်သွားသည်။ ဒါပေမဲ့ တွမ် ခေါ်သည်ကိုတော့ ငြင်းပြီး၊ အို ဘာဖြစ်သလဲ၊ သူနဲ့ ဘာမှ မဟုတ်သေးဘဲ။ တွမ်ကတော့ ဝမ်းနည်းသွားမှာပဲ။ နို့ပြီးလည်း ရှယ်လီက သူမအား ဘယ်လိုထင်မလဲ။

တွမ်သည် လီဇာ့ဘေးမှာပဲ ရပ်နေတုန်း ဖြစ်သည်။ သူသည် မပျော်နိုင်အောင် တကယ်ပဲ သူ့မှာ တုဏှိဘာဝေ ဖြစ်နေလေသည်။

“လာပါ လီဇာ၊ လိုက်ခဲ့ပါကွယ်၊ ဟုတ်သားပဲ”

ဒီလိုသာ ဂျင်၏စကားကို တွမ် ဝင်ထောက်ခံလိုက်ရင် သူမသည် ဘယ်လောက် အာပတ်ဖြေလို့ ကောင်းမလဲ။ အခုတော့ ကိုယ်တော်က တုဏှိဘာဝေ လုပ်နေပေရာ သူမကပဲ စကားခေါ်ရပေတော့မည်။

“တွမ်... မင်းကြည့်ရတာ ငါ စိတ်မကောင်းပါဘူးကွယ်”

“ငါတယောက်တည်း သွားတောင် မသွားချင်တော့ဘူး လီဇာရယ်”

အို... ဒါလည်း ခေါ်တာမှ မဟုတ်သေးဘဲ။ ခက်လိုက်တာ တွမ်ရယ်။ သူ့အခေါ် စောင့်နေတုန်း ရထားထွက်သွားမှဖြင့်။ အချိန်က ဆယ်မိနစ်လောက်သာ လိုတော့မည်။ သူမ၏ ရင်ခုန်သံသည် ချက်ချင်း မြန်လာလျက် ရှိလေသည်။

“ကဲ ဒါဖြင့် ငါ ဘာလုပ်ရမလဲ တွမ်၊ မင်းက သိပ်ခက်တာပဲကွယ်”

“လိုက်ခဲ့ပါလား လီဇာ၊ ကဲကွယ် ခေါင်းညိတ်လိုက်စမ်းပါ”

အိုး... အဲဒီလိုမှပေါ့ တွမ်။ ဒါမှ ချစ်သူ့ခေါ်သံနဲ့ တူတာပေါ့။ ဒါတောင်မှ လီဇာသည် နည်းနည်းမူ၍

“လိုက်တော့ လိုက်ချင်တယ် တွမ်၊ ကောင်းပါ့မလား”

“ကောင်းပါတယ်ကွယ်၊ မင်း ပျော်မှာပါပဲ၊ လာပါ”

တွမ်သည် ဝမ်းသာသွားသဖြင့် သူမ၏ လက်ကလေးနှစ်ဖက် ကိုင်ဆုပ်ထားမိလေသည်။

“ကောင်းပြီနော်၊ နောက်တော့ မပျော်ဘူး မပြောနဲ့”

သူမက လက်ညှိုးကလေး ထောင်၍ ပြောလေသည်။

“အို... လီဇာပါရင် စိတ်ချ”

“နောက်ပြီး တခုနော်၊ ငါ လိုက်ပေမဲ့ မင်းနဲ့ချည်း တွဲရမယ် မဟုတ်ဘူးနော်”

“ဪ…. လီဇာရယ်၊ မင်း မကြိုက်တာဆို ငါ ဘာမှမလုပ်ဘူး ဆိုနေမှပဲကွယ်”

“ကောင်းပြီ လိုက်မယ်၊ မင်းစကားလဲ မင်းမှတ်ထားနော်”

“လီဇာက ဒီလိုဆိုတော့ သိပ်လိမ္မာသားပဲကွယ်”

သူသည် “ဟယ်ရီရေ လီဇာပါ လိုက်တော့မယ်တဲ့ဟေ့” ဟု အော်ပြောလိုက်လေရာ “ဟုတ်လားဟေ့ လီဇာ” ဟု ရှယ်လီနှင့် ဟယ်ရီက လီဇာအား လှမ်းမေးလိုက်လေသည်။ လီဇာက ခေါင်းညိတ်ပြလိုက်သည်တွင် သူတို့သည် “လာခဲ့ဟေ့၊ နေရာရှိတယ်” ဟု ပျာပျာသလဲ ပြောကြလေသည်။

“ဒါဖြင့် ငါ အိမ်ပြန်ပြီး အမေ့ကို ပြောချည်ဦးမယ်”

လီဇာက ပြောသည်။

“ငါးမိနစ်ပဲ ကျန်တော့တယ်နော်။ မြန်မြန်၊ ဒီမယ်ရှင့် ရထားဆရာ၊ မထွက်နဲ့ဦးနော်၊ တယောက် ကျန်သေးတယ်”

ရှယ်လီက အော်ပြောရာ ရထားသမားက

“ကောင်းပါပြီ မယ်မင်းကြီးမ”

လီဇာသည် အိမ်သို့ အပြေးသွားလေသည်။ အခန်းထဲသို့ အပြေးဝင်ပြီး အိပ်နေသော မိခင်အား -

“မေမေ လီဇာ ချင်းဗို့ဒ်ကို သွားဦးမယ်” ဟု အော်ပြောရင်း အဝတ်အစားတွေ ချွတ်ချလိုက်ကာ အဝတ်သစ်များကို ကမန်းကတန်း ဝတ်လေသည်။ နောက် ဦးထုပ်ကိုဆွဲပြီး ရထားဆီသို့ ပြန်ပြေးလာပြီး ခြေနင်းပေါ်မှ လွှားခနဲ တွမ်ရဲ့ကိုယ်ပေါ်သို့ ခုန်တက်လိုက်လေသည်။

ရထားသမားသည် ကြိမ်သံပေးလိုက်သည်။ ရထားနောက်မှ ခရာသမားသည် ခရာ တွတ်လိုက်လေရာ အထဲမှ ခရီးသည်တွေ၏ ကောင်းချီးပေးသံနှင့်အတူ ဝင့်ကြွားသော မြင်းနှစ်ကောင်ကလည်း ခွာသံပေးကာ ပြေးလေတော့သည်။


| ၅ |

 

လီဇာသည် စောစောက အရေးတကြီး လုပ်ခဲ့ရသဖြင့် မောပန်းသမျှ ပြေသလို ရှိသွားသောအခါ ရထားထဲမှ လူတွေကို လျှောက်ကြည့်နိုင်အားပေတော့သည်။ သူမသည် ဂျင်၏အနားက မိန်းမကြီးအား ပထမဦးဆုံး ဂရုစိုက်၍ ကြည့်မိလေရာ၊ ဂျင်က

“ဒါ ငါ့မယားပေါ့ကွယ့်”

ဂျင်သည် သူမအား လက်မနှင့် ထိုးပြလိုက်ပြီး ပြောလေသည်။

“လမ်းထွက်တာ မတွေ့ဘူးနော်”

လီဇာက အသိဖွဲ့လိုသဖြင့် စပြီး ပြောလေသည်

“အင်း… ကလေးအငယ်ဆုံးကလေးက မှက်ခရုတွေ ပေါက်နေလို့ တယ်မထွက်နိုင်ဘူး”

“ဪ…. အခုတော့ ပျောက်သွားပြီပေါ့နော်”

သူမက ခေါင်းညိတ်ပြလေသည်။ နောက် လီဇာသည် သူမကိုပဲ ဂရုစိုက်မိလာ၍ ကြည့်မိလျက်ပင်ဖြစ်ရာ၊ သူမသည် ရိုးရိုးနှင့် ပုံပန်းမကျသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး အသက်မှာ သုံးဆယ်နှင့် လေးဆယ်ကြားတွင် ခန့်မှန်းရ၍ အတော်ပင် သန်စွမ်းပုံရလေသည်။ သူမသည် မျက်နှာကျယ်ကျယ်၊ ပါးစပ်ခပ်ပြဲပြဲနှင့် ဆံပင်ကို အလယ်မှ တည့်တည့်ခွဲကာ ဘေးသို့ နားရွက်ဖုံးအောင် ချထားလေသည်။ သူမ၏လက္ခဏာတွင် ကလေးများများ မွေးခဲ့ရခြင်းတို့သည် ပေါ်လွင်နေသည့်တိုင်အောင် ခွန်အားဗလနှင့် ထူးကဲစွာ ပြည့်စုံကြောင်း ပြလျက် ရှိလေသည်။

ရထားတွင်းရှိ လူအားလုံးနှင့်လိုလို လီဇာ သိလေရာ သူတို့သည် ခရီးထွက်ရခြင်း၏ စိတ်စောမိသည်တို့ ပြေစပြုလာသောအခါ တယောက်နှင့် တယောက် စကားစပြောကြလေသည်။ သူတို့သည် လီဇာ လိုက်လာသည့်အတွက် ပျော်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် လီဇာ ပါလျှင် ပွဲစည်တတ်သောကြောင့် ဖြစ်လေသည်။ လီဇာသည် ထောင့်တထောင့်တွင် အစွမ်းကုန် ဖွင့်လာသော လူရွယ်တယောက်အား ခနဲ့တဲ့တဲ့ဖြင့် ကြည့်ပြီးနောက်

“စမတ်ဘဲ ဘီလ်”

“ဘာ စမတ်လဲ လီဇာရဲ့”

သူက ရှက်ကိုးရှက်ကန်းနှင့် လီဇာအား ကြည့်ပြီး ပြောလေသည်။

“ဪ…. မင်းအင်္ကျီကို သဘောကျလို့ပါ ဟဲဟဲ”

အပြောခံရသူ ဘီလ်မှာ ဘယ်လိုမှ မဖြေတတ်အောင် ရှိန်းသွားလေသည်။ ဒါပေမဲ့ သူ့ရဲ့သစ္စာရှိသော သူငယ်ချင်းတယောက်က ဝင်ပြီး

“ကိုယ့်လူကိုတော့ ချမ်းသာပေးပါ လီဇာရယ်၊ သူ့ဘာသာသူ နေပါစေ”

လီဇာအား သရော်သလို ချေပလိုက်လေရာ

“စိတ်ချပါရှင် စိတ်ချပါ။ ဒီက စိတ်နဲ့တောင် မပစ်မှားပါဘူး။ လီဇာမှာ ရှင့်ယမင်းရုပ်ကလေး ထက် အဆပေါင်းများစွာသာတဲ့ ရွှေရုပ်ကလေးတွေ ပြည့်လို့ပါ။ မဟုတ်ဘူးလား တွမ်ရယ်”

တွမ်ဘက်သို့ မျက်စကလေးချီ၍ ပြောလိုက်ရာ တွမ်သည် သူမ၏ချေပပုံကို သဘောကျ သွားသည့်တိုင်အောင် တဖက်သားအား အလွန် အားတုံ့အားနာ ဖြစ်သွားသဖြင့် လီဇာအား အသာ တံတောင်ကလေးနှင့် တွက်ပြီး သတိပေးမိသည်တွင် -

“အို... ဘယ့်နှယ် ဆရာကြီး၊ နံရိုးကျိုးသွားပါ့မယ်”

လီဇာက ကိုယ်ကလေး တဖက်သို့ ရွံ့လိုက်၍ ပြောသည်တွင် တွမ်မှာ အတော်အောင့်သွားလေသည်။

“နံရိုးမှ ဟုတ်ရဲ့လားကွယ်၊ ငမန်းရိုး ဖြစ်နေပါ့မယ်”

ခုနက လူရွယ်က လီဇာအား နှက်လိုက်ပြန်သည်တွင် ရထားတခုလုံး ပွဲကျသွားလေသည်။ လီဇာသည် သူ့အား ပြန်မချေပဘဲ တွမ်ကိုသာ ခနဲ့လိုသဖြင့် –

“ဟေ့ တွမ်ဒီလို ဖက်မထားပါနဲ့ကွ၊ မင်းလက်ကြီးက။ ငါ့ကို ဖက်တဲ့လူဆိုရင် ငါ့ကို ယူရမယ် ဆရာ”

လီဇာက သူမခါးပေါ်တင်ထားသည့် တွမ်၏လက်ကို ဖြေရင်း ပြောလေရာ တွမ်သည် ရှက်တတ်သူတယောက်ဖြစ်၍ မျက်နှာနီသွားလေသည်။ ဒါပေမဲ့ သူသည် မျက်နှာမထားတတ်အောင် ရှက်သွားရင်းက

“ဒါကြောင့်မို့ ဖက်ထားတာပေါ့ လီဇာရဲ့”

“ဟင်း... မင်းပါးစပ် ပိတ်ထားစမ်း”

ရထားနောက်မြီးက လူသည် ခရာကြီးကို တအားမှုတ်ပြန်ရာ စူးသွားလေသည်။

“ဆရာကြီး ဗိုက်လည်း ပေါက်သွားပါဦးမယ်”

လီဇာက နောက်လိုက်ပြန်ရာ ပွဲကျသွားပြန်လေသည်။

ဒီလို ပျော်ပျော်ပါးပါးဖြင့် သူတို့ရထားသည် ချင်းဖို့ဒ်သွားရာ လမ်းမပေါ်သို့ ရောက်လာလေတော့သည်တွင် အခြားသော အခြားသော လမ်းဆုံတွေမှ လာသည့် ရထားမျိုးစုံတို့နှင့် ဆုံမိကြတော့လေသည်။ သူတို့သည် ရထားတခုနှင့်တခု လှမ်း၍ နောက်ကြလေသည်။ အားလုံးထဲတွင် သူတို့ရထားသည် ပွဲအစည်ဆုံး ဖြစ်လေသည်။ သူတို့ရထားအမည်ကို ခြင်္သေ့နီဟု မှည့်ထားလေသည်။ ပျော်ကြသည့်တိုင်အောင် သူတို့သည် စိတ်ညစ်စရာတခုနှင့် ကြုံရလေသည်။ ၎င်းမှာ နေပူစပြုလာခြင်းပင် ဖြစ်လေတော့သည်။

မိန်းမတွေကစပြီး အပေါ်ရုံတွေကို ချွတ်ပြီး ထိုင်ကြလေရာ ယောက်ျားတွေပါ လိုက်၍ လက်တိုကလေးတွေနှင့်ချည်း ဖြစ်သွားလေတော့သည်။ မကြာမီ သူတို့သည် တဲစခန်းကလေးတခုသို့ ရောက်လာကြလေသည်။ ဒီနေရာ၌ မြင်းတွေကို အနားပေးရင်း ရေတိုက်ရမည် ဖြစ်သည်။

မကြာမီ တောင်ကုန်းကလေးပေါ်မှ တောသားတစုတို့သည် ပြေးဆင်းလာကြပြီး “ဘီယာဟေ့... ဘီယာ လာပြီဟေ့” ဟု အော်ဟစ်လာကြလေသည်။

နောက် သူတို့သည် ဘီယာစည်ကြီးများကို ဝိုင်းကြလေရာ ရထားအုပ်ကို ခေါင်းဆောင်လာသူ လူကြီးတယောက်က

“အေး... ရမယ်... ဖြည်းဖြည်းကွ၊ ဒါပေမဲ့ မင်းတို့အထဲက အငယ်ဆုံး စုံတွဲတတွဲက အရင်ဆုံး သောက်ရမယ်ဟေ့”

သူတို့အထဲက စုံတွဲတတွဲ ထွက်လာလေသည်။ သိုးထိန်းသမားနှင့် သိုးထိန်းကတော်ကလေး ဖြစ်ရာ သိုးထိန်းကလေးသည် သူတို့ဖို့ ပေးထားသည့် အမြှုပ်တပွက်ပွက်နှင့် ဘီယာမှုတ်ကို ကိုင်ရင်း

“လာဟေ့... ဖီးလစ်၊ မင်း အရင်သောက်”

ဖီးလစ်သည် ရွံ့ရွံ့ရွံ့နှင့် သူမနှုတ်ခမ်းနားသို့ မှုတ်ကို တိုးကာ အားရပါးရ ကျိုက်ချလေတော့ သည်။ သူမချစ်သူသည် ဘေးက စောင့်ကြည့်နေပေသည်။

“ဟေ့... ငါ့ဖို့ ချန်ပါဦးလဟ”

သူသည် တဖြည်းဖြည်း မြင့်တက်သွားနေသည့် မှုတ်ကို ကြည့်ရင်း စိုးရိမ်စွာဖြင့် ပြောလိုက်လေသည်။ ဒီတော့မှ ချစ်စရာကောင်းသော သိုးထိန်းကတော်ကလေးသည် သူမ ချစ်သူဘက်သို့ မှုတ်ကို တိုးပေးလေသည်။ သူမကတော့ ဖန်သွားသည့် သူမလျှာကလေးကို ထုတ်ပြီး နှုတ်ခမ်းနှင့် ပွတ်နေလေသည်။

သူ့အလှည့်ရောက်သောအခါ မှုတ်ထဲ ကျန်သမျှကို တကျိုက်တည်းနှင့် မော့ချလိုက်လေ သည်။ သူ့အား စေတနာထက်သန်သူတို့က နောက်တမှုတ် ပေးပြန်ရာ သူသည် အားရအောင် သောက်ပြီး သူ့ချစ်သူအား အလှည့်ပေးပြန်လေသည်။ သူမသည် သူမချစ်သူကို အားကျမခံ လိုက်သောက်ပြန်သည်။

နောက် သိုးထိန်းသည် သူ့အိတ်ထဲက ဆေးလိပ်ထုတ်ပြီး မီးခိုးကို အားရပါးရ ဖွာရင်း တံတွေး ပစ်ခနဲ ထွေးလိုက်လေသည်။ သူ့ချစ်သူက သူ့တံတွေး သွားသည့်ဘက်ကို လှမ်းကြည့်၍

“ဒီလောက်ဝေးအောင် ငါလည်း ထွေးနိုင်ပါတယ်ကွာ”

“မထွေးနိုင်စေရဘူးကွာ၊ လောင်း...”

သူမသည် တကယ်ထွေးပြလိုက်လေသည်။ သူသည် မခံချင်လှ၍ ရှိသမျှ သလိပ်အချွဲတွေကို စုပြီး တအားကုန် ထွေးပြလိုက်ပြန်လေသည်။ သူမက လိုက်ကြိုးစားလေသည်။ ရထားပေါ်က လူတစုမှာ သူတို့အားပွဲကျနေကြလေသည်။ သူတို့မှာ ရထားများ ခရာမှုတ်ကာ ထွက်သွားသည့် တိုင်အောင် ပြိုင်ကျန်ခဲ့ကြလေတော့သည်။

ဒီလိုနှင့် သူတို့သည် ချင်းဖို့ဒ်သို့ ရောက်ကြသောအခါ မြင်းများကိုဖြုတ်ပြီး အရိပ်အောက်တွင် ချည်ထားကြလေသည်။ သူတို့အားလုံး အတော်ဆာနေကြပြီ ဖြစ်သော်လည်း စားဖို့အချိန် အနည်းငယ် လိုသေးသည့်အတွက် ကိုယ့်အတွဲနှင့်ကိုယ် ဟိုနားဒီနား လျှောက်ကြည့်ကြရင်း ဘီယာ သောက်ကြလေသည်။

လီဇာနှင့် ရှယ်လီတို့ စုံတွဲနှစ်တွဲသည် အနီးဆုံး တဲအိမ်ကလေးသို့ သွားကာ ဘီယာ သောက်နေကြစဉ် ဟယ်ရီက ကစားခုန်စားသမားတယောက် ဖြစ်သည့်အားလျော်စွာ လက်ဝှေ့ သတ်သည့်အကြောင်း၊ ဘောလုံးကန်သည့်အကြောင်းတို့ကို အာရွှင်ရွှင်နှင့် ပြောပြနေလေ၏။ တွမ်မှာမူကား သူ့လို စုံသူတယောက် မဟုတ်သဖြင့် နားထောင်ဖော်သာ ရလေသည်။ လီဇာက “ဟေ့... တွမ်၊ မင်းကော အားကစား ဝါသနာပါခဲ့တာတွေ ပြောစရာ မရှိဘူးလား” ဟု ပြောလေရာ၊ တွမ်သည် ရှက်သွေးကလေး ဖြန်းသွားလေသည်။

“လူကြီးလူကောင်းများ ခင်ဗျာ၊ တိရစ္ဆာန်တွေ အစာကျွေးချိန် ရောက်ပါပြီ၊ ကြွခဲ့ကြပါ ခင်ဗျာ”

ရထားသမားကြီးသည် မြင်းကြီးတွေအား ကောက်ရိုးကျွေးရင်းက လှမ်း၍ နောက်လိုက်လေရာ…

“သွား... လူကြီးက လူတွေကို တိရစ္ဆာန်မှတ်လို့လား”

မိန်းမတယောက်က ရှုံ့ကာမဲ့ကာ ပြန်ပြောလိုက်လေသည်။ နောက် ဆယ်မိနစ်ခန့် ကြာသောအခါ ခရာသမားသည် အစားစားကြဖို့ အချက်ပေးခရာသံကို ရှည်လျားစွာ ပေးလိုက်လေရာ ထွက်လည်နေကြသည့်လူများ ရောက်လာကြလေသည်။

“ဗျို့ ဆရာကြီး၊ သိပ်လဲ မမှုတ်ပါနဲ့ဦး၊ ရှင့်ဗိုက် ပေါက်ထွက်လာလို့ ထမင်းစား ပျက်ပါဦးမယ်”

လီဇာက သူ ခရာမှုတ်နေစဉ် နောက်လိုက်လေသည်။ သူတို့သည် အသီးသီး နေရာယူကြကာ စားဖို့ ပြင်ကြလေသည်။ ဝက်သားခြောက်၊ ကြက်ဥ၊ ထောပတ်၊ ပေါင်မုန့်၊ ပူတင်း၊ ဝက်အူချောင်း စသည့် အစားအစာများသည် မြိုင်ဆိုင်စွာ တည်ခင်းထားပြီး စားနိုင်ပြီဟု ပြောလိုက်သည်နှင့် တပြိုက်နက် သူတို့တတွေသည် ခေါင်းတောင် မထောင်နိုင်ဘဲ ပလုတ်ပလောင်း စားကြလေသည်။ သူတို့သည် စားနေကြစဉ် ဘီယာသောက်ရုံမှအပ ဘေးသို့တောင်မှ လှည့်မကြည့်အားကြပေ။ ရှိသမျှ ပြောင်အောင် စားပြီးကြတော့မှပင် လေချဉ်တက်သံ၊ မျိုချသံနှင့် စကားပြောသံတို့ ပေါ်ထွက်လာနိုင်ပေတော့သည်။

တခါ သူတို့သည် ခဏလောက် အစာကြေအောင် လှဲနေကြပြီး သူ့အတွဲနှင့်သူ ထွက်ကြပြန်သည်။ ဟယ်ရီနှင့် ရှယ်လီသည် ပထမဦးဆုံး တောလမ်းကလေးတခုတွင် ပျောက်ကွယ်သွားလေသည်။ တွမ်မှာလည်း တကယ်ဆိုတော့ ဒီလိုအခွင့်အရေးမျိုး မျှော်လင့်ခဲ့သူ ဖြစ်ရာ အကယ်၍သာ လီဇာက ကြည်ဖြူပါလျှင် မြက်ခင်းပေါ်တွင် ထိုင်ပြီး သစ်ချပင်တပင် မှီကာ လက်တဖက်က လီဇာ့ခါးကလေးကို ဖက်၍ လီဇာက သူ့ရင်ခွင်ကို ခေါင်းမှီပြီးသော် ချစ်တင်းစကား ဆိုရပါမူ အဘယ်မျှ စည်းစိမ်ရှိမည်နည်းဟု တွေးကြည့်လေသည်။ လီဇာအဖို့တွင်လည်း ထမင်းစားပြီးကြလျှင် ဒီလိုပဲ စုံတွဲတွေ တောခိုကြမည်ကို ကြိုတင်သိပြီး ဖြစ်သည့်တိုင်အောင် သူမသည် တွမ်နှင့်တွဲပြီး ချစ်တင်းဆိုဖို့၊ နမ်းဖို့ကို ငြီးငွေ့လေသည်။ ဘာကြောင့် သူမသည် တွမ်အား စိမ်းမိသည်ကို စဉ်းစားမရအောင် ဖြစ်လေသည်။

ဒါပေမဲ့ သူမသည် ဂျင်တို့စုံတွဲကို ကြည့်ပြီး အေးစက်စက်နိုင်ကြရမလားဟုတော့ စိတ်တိုမိလေသည်။ ထို့ကြောင့် သူတို့အနားသွား၍ သူမကပင် စ၍ ထွက်လည်ကြဖို့ အကြံဉာဏ် ပေးလေသည်။ ဂျင်က လီဇာလိုက်ရင် ထွက်ဖို့ သဘောတူလိုက်သဖြင့် လီဇာကလည်း ရှောရှောရှူရှူပင် လက်ခံလိုက်လေသည်။ တွမ်သည် လီဇာအား အတော်စိတ်ဆိုးမိသွားသည်။ ဒါပေမဲ့ သူသည် ဘယ်လိုမှ ထုတ်ဖော်ပြီး မပြောရဲချေ။ ဂျင်အားသာ ချဉ်ချဉ်နှင့် စိုက်ကြည့်မိသည်တွင် ဂျင်က သူ့အား ပြောင်သလို ပြန်ကြည့်လေသည့်အတွက် အတော် မခံချိမခံသာ ဖြစ်သွားရသည်။

နောက် သူတို့သည် တောထဲသို့ ထွက်သွားကြလေ၏။ လီဇာသည် တွမ်အား လိုက်ခဲ့ပါလား ဟုပင် လောကွတ်မပြုပေ။ ဒါပေမဲ့ တွမ်သည် လိုက်သွားလေသည်။ ဂျင်က လီဇာနှင့်ချည်းတွဲဖို့ ကြိုးစားသလောက် လီဇာကလည်း အလျှင်းကန့်ကွက်ပုံ မရပေ။ ဂျင်၏မိန်းမသည် နောက်တွင် ကျန်ခဲ့သည်ချည်း ဖြစ်လေသည်။ ဒါပေမဲ့ သူမသည် မီအောင်တော့ အပြေးကလေး လုပ်၍တောင်မှ လိုက်ရှာပါသည်။ ဂျင်သည် လီဇာနှင့် စကားလက်ဆုံ ကျတော့မည်ဖြစ်တိုင်း တွမ်သည် ဘေးက ဖျက်လိုဖျက်ဆီး ကြံဖန် လုပ်လေသည်။ ကြာတော့ လီဇာသည် သူ့အား သည်းညည်းမခံနိုင်တော့ သဖြင့်

“တွမ်... မင်း ဒီနေ့မနက် အိပ်ရာထ အဆီအငေါ် မတည့်ခဲ့ဘူး ထင်တယ်”

“လီဇာ၊ မင်းကို ငါ ခေါ်လာခဲ့တာ မဟုတ်လားကွယ်”

ဒီ့ပြင်လူနှင့် တွဲတာ သူ မကြည့်နိုင်လွန်း၍ ဒီလို ခနဲ့လိုက်မိလေသည်။

သူသည် ဒေါသကို မချုပ်တည်းနိုင်သဖြင့် ဒေါသသံပါသွားလေသည်။

“မင်း ဒီလို သဘောထားသေးရင် မင်းဘာသာမင်း နေခဲ့တော့။ ငါနဲ့လဲ မတွဲချင်နဲ့တော့”

“ဪ… မင်းက ငါ့ကို နှင်တာပေါ့၊ ဟုတ်လား လီဇာ”

“မင်း ထင်ချင်သလိုပဲထင်”

“ဒီလိုလား လီဇာ၊ မင်း ငါ့ကို မလိုချင်ရင် ငါ ပြန်ပါ့မယ်ကွယ်”

ဒီလိုပြောပြီး သူသည် ချာခနဲ လှည့်ပြန်ခဲ့လေသည်။ လမ်းတွင် သူသည် အတော်ပဲ ဝမ်းနည်းပန်းနည်း ဖြစ်မိရှာပါသည်။ သူ့လည်ချောင်းထဲတွင် ခြောက်ကပ်ကပ် တစ်ဆို့ဆို့ကြီး ဖြစ်မိသွားလေသည်။ လီဇာဟာ တကယ်ဆိုတော့ သူ့အပေါ် ဘာဖြစ်လို့ စိမ်းရပါလိမ့်။ ချင်းဖို့ဒ်ကို လာခဲ့တာ မှားများမှားပြီလားဟု သူ ထင်မိလိုက်လေသည်။ သူ့ကိုတော့ ခွာထုတ်လိုက်ပြီး ဂျင်နဲ့တော့ သူမ ပျော်ပျော်ပါးပါး တွဲသွားနိုင်ပေသည်။ သူ့အတွက်ဆိုရင် အခုတလော လီဇာသည် ဘာတခုမှ မလိုက်လျောခဲ့ပေ။ သူသည် လီဇာအား မုန်းရန် ကြိုးစားကြည့်မိသည်။ အို... ဒါပေမဲ့ သူ့မှာ အချစ်ရေးတွင် အတော်အသည်းငယ်သူသာ ဖြစ်ပါသည်။ တကယ်ဆိုတော့ မကြာမီပင် သူ့ကိုယ်သူ လီဇာအား စိတ်ဆိုးအလျင်လိုရကောင်းလားဟု အပြစ်တင်လိုက်ပြီးလျှင် လီဇာနှင့် ပြန်ပြီး စိတ်ဆိုးပြေဖို့ကိုသာ ဆုံးဖြတ်ချက် ချလိုက်လေသည်။

လီဇာသည် တွမ် လှည့်ပြန်သွားသည့်အတွက် အတော်အံ့အားသင့်သွားလေသည်။

“မင်းကောင်ကလေးက သက်သက် မနာလိုကောင်လေးပဲ”

ဂျင်က တချက် ရယ်လိုက်ပြီး သရော်လိုက်လေသည်။

“ဟင်… ဘယ်သူ့ကို တွမ် မနာလိုသလဲ”

“ငါ့ကိုပေါ့ကွယ့်... ဟဲ... ဟဲ”

“သူ ဘာမှ မနာလိုစရာ အကြောင်းမရှိပါဘူး။ သူ့ကို ရှင်းရှင်းပြောပြီးသားပဲ။ မင်းကို လီဇာ မယူနိုင်ဘူးလို့ အခု လိုက်လာတာလဲ အစကတည်းက စကားခံပြီး လိုက်လာတာ။ မင်းနဲ့ လိုက်လာပေမဲ့ ငါ့သဘော ငါ တွဲချင်တဲ့လူနဲ့ တွဲဖို့ လွတ်လပ်ရေး ပေးရမယ်လို့ သူ့ကို ပြောပြီးသားပဲ”

ဂျင်သည် သဘောကျစွာ နားထောင်နေလေသည်။ သူ့မိန်းမကြီးကတော့ လီဇာ ပြောနေသည်ကို စိတ်ဝင်စားပုံ မရချေ။ သူမ၏ အိမ်မှုရေးရာအတွက်သာ စိတ်ကူးထုတ်နေပုံ ရလေသည်။

သူတို့သည် ချင်းဖို့ဒ်သို့ ပြန်ရောက်ကြသောအခါ လီဇာသည် တွမ်၏ မျက်နှာငယ်ကလေးကို တွေ့ရ၍ သနားသွားလေသည်။ သူမ ရက်စက်ခဲ့သည်ကို နောင်တရ၍ ဂျင်ကို ထားခဲ့ပြီး သူ့အနား သွားလေသည်။

“ဟေး... တွမ် စောစောက ငါပြောတာကို မင်း အနာမယူနဲ့နော်။ အလကား ငါပြောတာပါကွယ့်”

သူသည် သူ့အပြစ်ကို ဝန်ခံဖို့ ပြင်လျက် ရှိနေပေပြီ။ လီဇာက ဆက်၍ပင် -

“ကျေပါကွယ် တွမ်၊ ငါ မင်းကို စိတ်ဆိုးတာ အလျင်လိုသွားတယ်။ တောင်းပန်ပါတယ်”

“ငါက တောင်းပန်ရမှာပါ လီဇာ၊ မင်းသာ ငါ့ကို စိတ်မဆိုးဘူးနော်”

“အို... မင်းကို ငါ ဘာလို့ စိတ်ဆိုးရမှာလဲ

“တကယ်ပြောတာလား လီဇာ”

တွမ်သည် အခုမှ စိတ်ပေါ့ပါးသွားကာ ပျော်နေလေတော့သည်။

“ဒါဖြင့် လာဟေ့ လီဇာ၊ တို့ မြည်းစီးကြရအောင်”

မြည်းစီးကြရာတွင် တွမ် အလိုပြည့်လေသည်။ လီဇာသည် ပထမ၌ ကြောက်နေသဖြင့် တွမ်က ဘေးမှ ဖေး၍လိုက်ရသည်။ သတ္တဝါကောင်သည် တချက်တချက် ခုန်လေရာ လီဇာသည် မြည်းပေါ်မှနေပြီး တွမ်အား ဖက်ထားရသည်။ နောက် လီဇာစီးနေသောမြည်းသည် တခြားမြည်းတွေ ပြေးသည်ကိုမြင်၍ လိုက်ပြေးလေရာ လီဇာသည် တွမ့်လက်မောင်းထဲသို့ ကျကျန်ရစ်ခဲ့လေသည်။ လီဇာသည် ရယ်မောပစ်လိုက်ကာ အပျော်ကြီး ပျော်လိုက်လေသည်။ နောက် ရှယ်လီကလည်း မြည်းတကောင် တက်စီးကာ သူတို့သည် အပြိုင်စီးကြလေသည်။ လီဇာသည် ခဏအတွင်း အတော်ရဲလာသောအခါ မြည်းအား ရိုက်၍ပင် စီးနိုင်လာတော့သည်။ သူမချည်းလိုလို အနိုင်ရကာ သူမ၏ မြူးထူးအော်ဟစ်သံသည် ထိုနေရာတဝိုက်ကို လွှမ်းလေတော့သည်။

နောက် သူတို့သည် မြည်းစီးခြင်းကို ငြီးငွေ့လာသောအခါ ဘီယာ ထပ်သောက်ကြပြန်ပြီး အခြားပျော်စရာ ကစားတခုကို ရှာကြပြန်သည်။ အုန်းသီးပစ် ကစားသည့်နေရာတွင် သူတို့ စုကြပြန်သည်။ လီဇာသည် ဓားတို တချောင်းကို နှစ်ပဲနီဖြင့် ဒိုင်လုပ်သူထံတွင် ဝယ်ပြီး ပစ်လေသည်။ ဓားစိုက်သည့်အုန်းသီးကို သူမ ရပေမည်။ သူမသည် ဆယ်ပဲနီ ကုန်သည့်တိုင်အောင် တလုံးမှ မရပေ။ နောက် သူမသည် တွမ်နှင့် ဟယ်ရီအား ပစ်ခိုင်းသည်။ သူတို့လည်း ရှုံးကြသည်။ နောက် ဂျင်ကို အပစ်ခိုင်းသောအခါ အုန်းသီးသုံးလုံး ဆက်ကာ နိုင်လေရကား လီဇာသည် ခုန်နေအောင် ဝမ်းသာသွားပေသည်။

“ဂျင်က သိပ်တော်တာပဲနော်”

လီဇာက ဂျင်အား ချီးမွမ်းလေရာ တွမ်မှာ မသိမသာ မျက်နှာပျက်သွားပြန်လေသည်။ လီဇာသည် ဂျင်၏မိန်းမကြီးအားလည်း ပစ်ခိုင်းရာ သူမသည် ပိုက်ဆံဖြုန်းတာပဲဟု ပြောပြီး မပစ်ဘဲ နေလေသည်။

“ကဲ... မယ်မင်းကြီးမ၊ မပစ်ချင်လဲ နေပါ၊ ရှိပြီးသား အုန်းသီးတွေပဲ ခွဲစားကြပါစို့”

ဂျင်က သူ့ဟာမကြီးအား ဤသို့ သရော်ပြီး သူတို့စုံတွဲ သုံးတွဲအတွက် တတွဲလျှင် တလုံးစီ ဝေစားကြလေသည်။

“ကိုယ်တော့ ဘယ်နှပုလင်းလောက် သောက်မိသွားမှန်းတောင် မသိဘူး”

လီဇာသည် မျက်လုံးကလေး မှေးထားရင်းက ပြောလိုက်လေသည်။ မိုးချုပ်လာစပြုပြီ ဖြစ်သဖြင့် ရထားထွက်ဖို့ တနာရီလောက်သာ လိုတော့လေသည်။ သူတို့သည် မြက်ခင်းပေါ်တွင် စုထိုင်ကြလေသည်။ ဟယ်ရီသည် သူ့ဂီတာထုတ်၍ တီးလေသည်။ ဆိုမည့်သူ ပွဲတောင်းရာ ဂျင်သည် အသံအောကြီးဖြင့် ရှေးသီချင်းတပုဒ်ကို ဆိုလေသည်။ လီဇာသည် ပွဲမတောင်းဘဲနဲ့ ခပ်ရွှင်ရွှင် သီချင်းတပုဒ်ကို ကောက်ဆိုလေသည်။ လီဇာ ဆိုပြီးသောအခါ သူမသည် တွမ်အား ဆိုခိုင်းလေသည်။ သူသည် သူမနားတွင် ယခုအထိ ကြောင်ကလေးလိုပဲ ကုပ်၍ ထိုင်နေလျက် ရှိလေသည်။

“ဘာငိုင်နေတာလဲကွ တွမ်၊ သီချင်းတပုဒ် ဆိုပါ”

“ကိုယ်မှ မဆိုတတ်ဘဲ လီဇာရဲ့”

သူက ငြင်းနေစဉ်ပင် ဂျင်က ဝင်၍ဆိုလေရာ လီဇာသည် သူတို့နှစ်ယောက်ကို စိတ်ထဲက နှိုင်းယှဉ်ကြည့်မိသွားပေသည်။ တယောက်ကတော့လည်း ရှက်လွန်း ကြောက်လွန်း၊ တယောက်ကတော့လည်း ရဲလွန်း ပြောင်လွန်း။

သူတို့သည် ရထားထွက်ခါနီး ပြန်သောအခါ နှုတ်ဆက်ပွဲအနေဖြင့် တခါ သောက်ကြပြန်ပြီးမှ ရထားထဲ ဝင်ကြ၍ နေရာအသီးသီး ယူကြလေသည်။

“ကိုယ်တော့ နည်းနည်းများသွားပြီ ထင်တယ် တွမ်”

လီဇာသည် ဒယိမ်းဒယိုင်ဖြင့် တွမ်အား မှေးရင်း ပြောလေသည်။ ရထားမောင်းသမားကြီး အား သူမသည် လှမ်းကြည့်လိုက်ရာ သူသည် နီနေသော မျက်နှာကြီးဖြင့် ဣန္ဒြေလုပ်နေသည်ကို တွေ့ရ၍ လီဇာသည် သူ့ဦးထုပ်ကြီးကို မျက်နှာဖုံးသွားအောင် တအားဆွဲချရင်း

“ရှင့်မျက်နှာကြီးက တတောင်လောက် ရှိတယ်။ မရှက်ဘူးလား၊ ဖုံးထားပါ”

သူသည် အလန့်တကြား လီဇာအား လှည့်ကြည့်လိုက်ပြီး

“နင့်မျက်နှာကတော့ စွန်လောက်နီးပါး ရှည်တယ်”

“ဟီ... ဟိ... သူ့နားရွက်ကြီးတွေကလဲ ပန်းကန်ပြားကြီးတွေလိုပဲ”

လီဇာက ပြန်ပက်ပြန်သည်။ ရထားပေါ်က အမူးသမားတွေသည် သူတို့အား ကြည့်ကြလေသည်။ အထူးသဖြင့် လီဇာမှာ အသည်းဆုံး ဖြစ်နေလေသည်။ သူမသည် လူတကာကို လိုက်၍ စလေသည်။ သူမသည် တွမ်၏ဦးထုပ်ကို ယူဆောင်းပြီး သူမဦးထုပ်ကို တွမ်အား ဆောင်းခိုင်းလေသည်။ နောက် သီချင်းတပုဒ်ကို သူမတယောက်တည်း အသံကုန် ဟစ်၍ ဆိုလေသည်။

တွမ်၊ လီဇာ၊ ဂျင်၊ ဤသို့အစဉ်အတိုင်း ထိုင်ခုံတခုတွင် ထိုင်လေရာ လီဇာမှာ ဂျင်နှင့် တွမ်ကြားတွင် ရောက်နေလေသည်။ တွမ်မှာ အထူးကျေနပ်နေကာ ဒီလို လီဇာနှင့် အမြဲပဲ နေရပါစေတော့ဟု ဆုတောင်းနေမိလေသည်။ ရထား အတော်ကလေး မောင်းသွားမိသောအခါ သူတို့သည် ဘီယာအရှိန်တက်ပြီး ငြိမ်စပြုလာကြလေသည်။ အချို့လည်း ခေါင်းစိုက်ကာ သတိလစ်နေကြလေသည်။ ရှယ်လီနှင့် ဟယ်ရီမှာ တယောက်ကိုတယောက် မှီကာ မှိန်းနေကြလေသည်။ ညသည် အတော်ပဲ ကဗျာဆန်နေပေရာ လီဇာသည် ပြာမှိုင်းသော ကောင်းကင်ကို မော့ကြည့်မိပြီး ချစ်သူရဲ့ရင်ခွင်ထဲမှာ ချစ်သူရဲ့အငွေ့အပိုက်ကို ခံလိုစိတ်များ ဖြစ်ပေါ်လာလေသည်။ တွမ်ရဲ့လက်မောင်းသည် သူမရဲ့ခါးကို ရစ်ပတ်လာသည့်အတွေ့ကို သူမ သတိထားမိလိုက်သောအခါ အသာငြိမ်နေလိုက်လေသည်။ သူမသည်လည်းကောင်း၊ တွမ်သည် လည်းကောင်း ဤသို့ စည်းစိမ်ခံကာ ကြည်နူးနေစဉ် တဖက်မှ ကြမ်းတမ်းသော ဂျင်ရဲ့ လက်တဖက်သည် သူမရဲ့ ပေါင်တလျှောက်ကို ပွတ်တိုက်သလို စမ်းလာပြီး လီဇာရဲ့လက်ပေါ်သို့ ခပ်ညှစ်ညှစ်ကလေး ဆုပ်ကိုင်ထားလိုက်လေသည်။ ဘယ်လိုဖြစ်သည်မသိ၊ လီဇာသည် တကိုယ်လုံး သိမ့်သိမ့်တုန်သွားလေရကား တွမ်သည် စိုးရိမ်သွား၍ -

“လီဇာ သိပ်ချမ်းသလား ဟင်”

“မဟုတ်ပါဘူး၊ ကြက်သီးကလေးတွေ ထ သွားတာနဲ့ တူပါရဲ့”

တွမ့်လက်မောင်းကလေးကလည်း သူမရဲ့ခါးကလေးကို တိုး၍ ဖက်ထားလိုက်သည့် အချိန်မှာပင် တဖက်က ဂျင်ကလည်း လီဇာရဲ့လက်ကလေးကို ဆုပ်နယ် ဖျစ်ညှစ်နေလေသည်။ လီဇာသည် ထိုအတိုင်းပင် ဝက်(စ်) မင်စတာ တံတားသို့ ရောက်သည့်အထိ ငြိမ်ခံနေလိုက်ပေသည်။ ရထားဆိုက်မှ သူတို့သည် ခွဲလိုက်ကြရင်း တွမ်မှာ လီဇာအား ဂရုစိုက်ရှာသားပဲဟု ကျေနပ်သွားလေသည်။

နောက် အသီးသီး ကိုယ့်အတွဲနှင့်ကိုယ် လီဇာနှင့် ရှယ်လီတို့သည် ဝီရာလမ်းထောင့်အထိ လျှောက်ပြန်လာခဲ့ကြသည်တွင် လမ်းခွဲရခါနီး၌ ဟယ်ရီက တွမ်အား -

“ဟေး... တွမ်၊ တချီလောက် ထပ်သောက်ကြဦးစို့ကွာ”

“အေး... သောက်တာပေါ့၊ သူတို့ကို အိမ်ပို့ထားနှင့်ကြရအောင်”

“အချိန်မရတော့ဘဲ နေမယ်ကွ၊ ဆိုင်ပိတ်သွားလိမ့်မယ်”

“ဒါပေမဲ့ သူတို့ကို ဒီ့အတိုင်း ထားခဲ့မလား”

“ဘာဖြစ်လဲ တွမ်ရဲ့၊ တို့ ဘယ်သူနဲ့မှ လိုက်မပြေးကြပါဘူး”

ရှယ်လီက ဝင်ပြောလေရာ တွမ်သည် စိတ်မပါဘဲနှင့် လိုက်လျောရသည်တွင် ဟယ်ရီသည် ရှယ်လီအား ခေါင်းညိတ်ခေါ်ပြီး၍ မျက်နှာကလေးကို မော့ခိုင်းကာ နှစ်ကြိမ်တိတိ မွှေးမွှေးပေးလေသည်။

“ဂွတ်နိုက်... တွမ်...”

လီဇာက လက်ကလေးကို ဆန့်ပေးရာ တွမ်သည် လှမ်းဆွဲရင်းက ပြန်နှုတ်ဆက်လိုက်ရသော် လည်း သူ့မျက်နှာတွင် မုန့်တောင်းသည့် ကလေးကလေးအမူအရာမျိုး ပေါ်နေသဖြင့် လီဇာက သနားသွားကာ သူ့အနားသွားပြီး မော့ပေးလေသည်။ ဒီတော့မှ တွမ်က အားရပါးရ မွှေးပြီး

“ဟဲ့... အရသာပဲ... လီဇာ”

အားလုံး သူ့ကို ဝိုင်းရယ်ကြလေသည်။ ဂျင်က လှောင်ပြုံး ပြုံးလေသည်။

“ကဲ သွားမယ် တွမ်၊ မင်း ငါ့ကိုခေါ်တဲ့အတွက် ကျေးဇူးတင်တယ်ဟေ့”

“ဘယ့်နှယ် ဦးလေး ဂျင်လိုက်သောက်ပါဦးလားဗျ”

ဟယ်ရီက လှမ်းပြောလိုက်ရာ သူက ခေါင်းခါပြလေသဖြင့် -

“ငနဲကြီးက ကြီးသာ ကြီးတယ်၊ ဂေါ်ငနဲကြီးပဲ”

သူ့အဖော် တွမ်အား ဟယ်ရီက အတင်းပြောကာ ထွက်သွားကြလေသည်။

အစဉ်အတိုင်းဆိုလျှင် ရှယ်လီ့အိမ်က အရင်ရောက်သဖြင့် ရှယ်လီကို ထားပစ်ခဲ့ပြီးလျှင် လီဇာသည် ဂျင်တို့လင်မယားနှင့်အတူ လျှောက်ခဲ့ပြန်ရာ၊ သူတို့အိမ် ရောက်တော့လည်း သူတို့ ဝင်နေခဲ့ကြလေသည့်အတွက် သူတို့အား နှုတ်ဆက်ခဲ့၍ လီဇာတယောက်တည်း ပြန်လာရလေသည်။ လမ်းသည် အတော် တိတ်ဆိတ်စပြုနေပြီ ဖြစ်လေသည်။ လမ်းမှ ဓာတ်မီးတိုင်ချင်းကလည်း ဝေးသဖြင့် လီဇာသည် ရွံ့သလိုလိုတောင် ဖြစ်မိလေသည်။ နေ့ခင်း စည်သလောက် ညတွင် တိတ်ဆိတ်နေခြင်းအတွက် သူမသည် တမျိုးချည်း ဖြစ်သွားလေသည်။ ထိုသို့ တယောက်တည်း ဖြစ်သဖြင့် အတော်အရဲစွန့်ကာ လျှောက်နေရစဉ် နောက်မှ ခြေသံကြားလိုက်ရသဖြင့် လန့်ပြီး လှည့်ကြည့်လိုက်ရာ၊ လူတယောက် လိုက်လာသည်ကို တွေ့ရလေသည်။ နောက်တော့မှ သူသည် ဂျင်ဖြစ်နေမှန်း သိလေသည်။

သူသည် အသံကိုအုပ်၍ “လီဇာ” ဟု ခေါ်နေလေသည်။

“ဟင်... ရှင် ဘာလို့ လိုက်လာရသလဲ”

“မင်းကို နှုတ်ဆက်ဖို့လေ”

“အိမ်အဝင်မှာတုန်းက နှုတ်ဆက်ပြီးပြီ မဟုတ်လား”

“ဘယ်ဒီလိုနဲ့ ပြီးမလဲကွယ်၊ တွမ်နဲ့ မင်း ဘယ်လို နှုတ်ဆက်သလဲ”

လီဇာသည် ရှက်သွေးဖြင့် မွှန်သွားမိပြီး

“ရှင့်မိန်းမကော…”

“သူ့ကို ထားခဲ့တာပေါ့၊ မင်းနဲ့ ဒီလို တယောက်ချင်း တွေ့ချင်လို့ပါကွယ်”

“ဘာကိစ္စ တွေ့ချင်ရတာလဲ”

သူသည် အဖြေမပေးဘဲ လီဇာ့လက်ကို ဖမ်းကိုင်လိုက်လေသည်။ လီဇာသည် သူမလက်ကို ရုပ်လိုက်ရင်း လျှောက်လာရာ သူလည်း လိုက်လာလေသည်။

“ဂွတ်နိုက်...”

လီဇာက အိမ်ဝရောက်သောအခါ သူ့အား နှုတ်ဆက်လေသည်။

“မဝင်ပါနဲ့ဦးကွယ်၊ လမ်းလျှောက်ကြရအောင်”

“အို... တိုးတိုးရှင့်၊ လူကြားပါ့မယ်”

ဘာဖြစ်လို့ သူမသည် တိုးတိုးကလေး ပြန်ပြောမိသည်ကို သူမကိုယ်တိုင် သတိမထားမိလိုက်ချေ။

“လာပါကွယ်”

သူက ထပ်ပြောလေသည်။ လီဇာက ခေါင်းယမ်းပြလေသည်။ နောက် သူမသည် ဆုံးဖြတ်လိုက်ပြီး

“မလိုက်ဘူး၊ သွားတော့မယ် ဂွတ်နိုက်”

“ကောင်းကောင်း နှုတ်ဆက်ပါ လီဇာရဲ့”

“ဘယ်လို ဆိုလိုချင်တာလဲ”

“တွမ်က မင့်နမ်းရတာ သိပ်အရသာလို့ ပြောသွားတာ ငါ ကြားလိုက်ပါတယ်ကွယ့်”

သူမသည် သူ့အား ကြောင်ကြည့်မိနေစဉ် သူသည် လီဇာ့ကိုယ်ကလေးကို မြောက်ခနဲ နေအောင် သူ့လက်မောင်းကြီးများဖြင့် ပွေ့တင်လိုက်ကာ သူ့မျက်နှာကြီး မိုး၍ နမ်းလေသည်။ လီဇာသည် မျက်နှာကိုလွှဲ၍ ရှောင်လေသည်။

“လီဇာ မင်းရဲ့ချစ်စရာ နှုတ်ခမ်းကလေးတွေကောကွယ်၊ ဒီဘက်လှည့်စမ်းပါဦး”

လီဇာသည် သူ့အမိန့်ကို မလွန်ဆန်နိုင်သလို လှည့်ပေးလိုက်ရာ သူသည် လီဇာ၏ပါးစပ် နှုတ်ခမ်းတို့ကို ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း မွှေးယူလေသည်။

အတော်ကြာမှ လီဇာသည် ရုန်းထွက်လိုက်ပြီး အိမ်ထဲသို့ ပြေးဝင်သွားလေတော့သည်။


Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review