Napoleon Bonaparte - နပိုလီယန် ဘိုနာပတ်
နပိုလီယံ
ပုကွကွ၊ ခေါင်းကြီးကြီး၊ အသားဖြူဖပ်ဖြူရော်နှင့် မျက်လုံး ကျဉ်းကျဉ်း၊ မျက်စိလည်လည်ရှိသော နပိုလီယံသည် ပြင်သစ်ပြည် သမိုင်းတွင်သာမက ကမ္ဘာ့သမိုင်း၌ပင် ထင်ရှားသောပုဂ္ဂိုလ်ဖြစ်ပေသည်။ သူ့ခေတ်က ဥရောပတစ်ခွင်တွင် ဘုရင်ဧကရာဇ်တစ်ဆူ ဖြစ်ခဲ့သောကြောင့် ကမ္ဘာ့ထိပ်သီးတစ်ဦးဖြစ်လေသည်။ မထင်ရှားသောစစ်သားဘဝမှ စစ်ဘုရင်ကြီး အဖြစ်သို့ရောက်ရသောပုဂ္ဂိုလ် ထူးဖြစ်လေရာ နပိုလီယံအား မည်သို့ပင်အပြစ်မြင်စေကာမူလည်း စွမ်းရည်သတ္တိ ခွန်အားဗလနှင့်ပြည့်စုံသူဟူ၍ အမှတ်ပြုကြရမည် ပင်တည်း။
နပိုလီယံ၏ ထူးခြားသောဘဝဖြစ်စဉ်တွင် တောက်ပပြောင်လက်သော အကြုံအတွေ့ အဖြစ်အပျက်တို့ကို မြင်နိုင်ပေသည်။ ယင်းသို့ ကြားထဲမှဖြတ်သန်းသွားသော သွေးနီရောင်တန်း ကလေးကိုလည်းမြင်နိုင်ပေလိမ့်မည်။
ထိုအမျှင်တန်းကလေးက ကာမမျှင်ကလေးပင် ဖြစ်ပေတော့သည်။
စစ်ဗိုလ်ကြီးနပိုလီယံသည် “မိန်းမဆိုတာ ယောက်ျားများရဲ့ကျွန်ပါပဲ' ဟူသောဝါဒကို လက်ကိုင်ပြုသူဖြစ်၏။ သို့သော် ထိုဝါဒမှာ မှန်တာခံရှာသောမိန်းမမျိုးကိုတွေ့ ရသော်လည်း သူ့ကို စီးပိုးစီမံသော မိန်းမမျိုးကိုလည်းသူတွေ့ ရဖူးသည်။
နပိုလီယံ၏ခေတ်သည် ထင်ရာစိုင်းသောခေတ်ဖြစ်သည်။ လူဝီဘုရင်များလက်ထက်က အမျိုးမျိုးနှိပ်ကွပ်ခြင်းခံရသဖြင့် လူ ရောစိတ်ပါ မလွတ်လပ်ခဲ့သော ပြည်သူပြည်သားတို့သည် တော်လှန် ရေးအပြီးတွင် အောက်ခြေလွတ်၊ လွတ်လပ်နေကြကုန်၏။ လွတ်လပ်ရေး ယစ်မူးနေသည့်အလျောက် လွတ်လွတ်လပ်လပ် ကြီးနေကြ ရာမှ ကမောက်ကမ ဖြစ်ကြလေတော့သည်။
ထိုခေတ်က မိန်းမများ၏ အဝတ်အစားမှာ ယခုခေတ် အဝတ်အစားတို့ထက် ပို၍တိုနံ့ပါးလျားချေသေး၏။ အလှုပ်အရှား အများဆုံး တော်လှန်ရေးခေတ်အလွန်တွင် မိန်းမတို့သည် ဣန္ဒြေကို လေထဲသို့ လွှင့်ပစ်လိုက်ကြသည်။ အချစ်မြို့တော်ဟု ခေါ်ဆိုအပ် သော ပါရီမြို့ တော်ကြီး၌ လူဦးရေ ငါးသိန်းလေးသောင်း ခြောက်ထောင်ရှိရာ ခြောက်သောင်းသော မိန်းမကြီးငယ်တို့မှာ စာရိတ္တပျက် ပြားပေါ့လျော့ နေကြကုန်၏။
ပါရီမြို့ နန်းတော်ရပ်ကွက်တွင် နေ့ခင်းကြောင်တောင်၌ ပင် မိန်းမပေါ့တို့သည် မိမိတို့၏ လုပ်ငန်းကို မျက်နှာပြောင်တိုက်၍ လုပ်ဆောင်နေကြသည်။ နေ့ခင်းကြောင်တောင်ကြီးတွင် လမ်းဘေး ရှိချုံပုတ်ကလေးများ၌ ဒွိယံတွဲ၍ အချစ်ပွဲဆင်နွှဲနေကြတော့သည်။ “ဤကိစ္စမျိုးကို လမ်းဘေးဘက်သို့ မျက်နှာလွှဲ၍ နှပ်ညှစ်သကဲ့သို့ သဘောထားကြကုန်၏' ဟုသမိုင်းဆရာတစ်ယောက်က ရေးသား ထားလေသည်။ ထိုရပ်ကွက်တွင် တောမှတက်လာသော မိန်းမကြီး များသည် အသက်နှစ်ဆယ်မပြည့်သေးသော သူတို့၏ သမီးများကို ဇိမ်ခေါင်းများထံတွင် ကျွဲနွားရောင်းသည့်နည်းတူ ဈေးဆစ်ဈေးကိုင် ၍ရောင်းနေကြလေသည်။
အမြောက်တပ်ဗိုလ်ကလေး အဖြစ်နှင့်စ၍ စစ်မှုထမ်းရသော နပိုလီယံသည်လည်း ထိုရပ်ကွက်သို့သွား၍ ကာမကိစ္စကို ပထမဆောင်ရွက်ခဲ့ဖူးလေသည်။ နပိုလီယံသည် ဇိမ်မယ် အခန်းထဲသို့ ရောက်ခါစ၌မူ ကာမဂုဏ်စိတ်တက်ကြွလေသေး၏။ သို့ရာတွင် မကြာမီပင်လျှင် ထိုစိတ်ကို သုတေသနစိတ်က လွှမ်းမိုး သွားလေသည်။ နပိုလီယံက ဇိမ်မယ်ကလေး၏ ဘဝသနစ်ဇာစ်မြစ် အလုံးစုံကို စိတ်ဝင်စားစွာ မေးမြန်းမှတ်သားလေရာ ဇိမ်မယ်က လေးက သူ့အားဧည့်သည်အစစ်မှ ဟုတ်ပါလေစ၊ ပုလိပ်များဖြစ် လေရော့သလားဟု သံသယဖြစ်လာလေတော့သည်။ နပိုလီယံသည် အချစ်၊ ကာမ၊ မကောင်းမှုဟု အမျိုးမျိုး ခေါ်နေသည့်ကိစ္စကို အနည်းငယ်မျှ မနှစ်သက်ခဲ့ပေ။ သူ့အဖို့တန် ခိုးအာဏာရရေးသည်သာလျှင် အကြီးဆုံးကိစ္စဖြစ်၏။ ပြင်သစ် ပြည်ကြီးကို စိုးမိုးပိုင်သပြီးသည့်နောက် ဥရောပတစ်တိုက်လုံး သူ့ ခြေဖဝါးအောက်ရောက်အောင် မည်သို့ကြံဆောင်ရမည်နည်းဟူသော အကြောင်းကိုသာ တွေးတောလျက်ရှိလေသည်။ သူသည် ပြင်သစ်ပြည်တစ်ပြည်လုံး စာရိတ္တပျက်ပြားနေ မှန်းသိ၏။ လူကုံထံမှသည် လက်လုပ်လက်စားဆင်းရဲသားအထိ ကာမကိစ္စပွေနေမှန်းသိသည်။ ဤကိစ္စပွေနေသမျှ တိုင်းပြည်ကြီး ပွားမှုဆောင်ရွက်ရန် မဖြစ်နိုင်ဟု နပိုလီယံသိ၏။ သူကပတ်ဝန်း ကျင်ရှိ မှူးကြီးမတ်ကြီးမှစ၍ သူဌေးသူကြွယ်အပေါင်းသည် အကျင့် စာရိတ္တပျက်စီးလျက်၊ လင်က မယားငယ်ပေါသလောက် မယားက အဆွယ်အပွားများလှကြောင်းကို သူသိလေသည်။ သူ့ ဝန်ကြီးအား လုံး၌ပင် မယားငယ်များစွာ ကိုယ်စီကိုယ်ငှ ရှိကြကြောင်းသိရသ ဖြင့်ဒေါသမာန်ပွားကာ “ဘယ်နှယ့်လဲ ဝန်ကြီးများ. . . တိုင်းပြည် မှာ ယောက်ျားမှန်သမျှ မယားငယ်ရှိပြီး မိန်းမမှန်သမျှ မျောက်မွေး ကြပါကလား' ဟု ပြောလိုက်ဖူး၏။
နပိုလီယံသည် သူ့နန်းရင်းဝန် တယ်လီရန်းအား မယားကွယ်လွန်ပြီးနောက် အတည်တကျ အိမ်ထောင်မပြုဘဲ အပျော်အ ဖြစ်ထားသောမယားကို အတည်တကျယူရမည်ဟု အမိန့်ပေးခဲ့လေသည်။ တယ်လီရန်းက ယင်းသို့သူ့ကိုယ်ရေးကိစ္စတွင် ဧကရာဇ်ကဝင်ရောက်စွက်ဖက်ရပါမည်လောဟု စိတ်ထဲ၌တေးထားလိုက် သည်။ နောက်ဆုံး၌ နပိုလီယံပျက်စီးရခြင်း အကြောင်းတစ်ရပ်တွင် တယ်လီရန်း၏ သစ္စာဖောက်မှုလည်း ပါရှိလေသည်။
နပိုလီယံအဖို့ အချစ်ကိစ္စနှင့် အချိန်ကုန်နေရန် ဝါသနာ လည်းမပါ။ သူသည် တစ်နေ့ လျှင် လေးနာရီသာအိပ်၍ အစားအသောက်ကို အလုပ်လုပ်ရင်း စားသောက်ကာ နာရီနှစ်ဆယ်လုံး မြေပုံကြီးများကိုချ၍ကြည့်လျက် စစ်ချီစစ်တက်အမိန့်များကို အတွင်းဝန်များအား အဆက်မပြတ် နှုတ်ဖြင့်ပေးလေသည်။ နပိုလီယံကဲ့သို့ အမိန့်စာအမှာစာများ ရေးနိုင်သည့်ပုဂ္ဂိုလ် ရာဇဝင်တွင် မပေါ်ပေါက်သေးချေ။
နပိုလီယံသည် သူ့ကိုယ်သူ အလွန်အထင်ကြီးသူဖြစ်၏။ ‘ကျုပ်ဟာ တခြားယောက်ျားတွေနဲ့ တူတာမှမဟုတ်ဘဲ' ဟုမိန်းမ လိုက်စားမှုနှင့် ပက်သတ်၍ ပြောင်ပြောင်ပြောလေ့ရှိသည်။ သူသည် စာရိတ္တပျက်ပြားနေသော တိုင်းပြည်ကြီးကို စာရိတ္တပြန်လည် ထူထောင်ပေးလိုလှ၏။ အပြင်းအထန်ကြပ်မတ်၍ ကာမသောင်းကျန်း မှုကို နှိမ်နင်းလိုလှ၏။ သို့သော် နောက်ဆုံး၌ သူ့စိတ်သည် လည်၍သွားကာ သူသည်ရာဇဝင်တွင် စာတင်ထိုက်သော ကာမသောင်း ကျန်းရေးသမားကြီးတစ်ဦး ဖြစ်လေတော့သည်။
အကယ်၍ သူသည် ဂျိုးဆက်ဖင်းကို မယူမိဘဲ အခြားသိပ်သည်းသော မိန်းမကိုယူမိပါမူ နပိုလီယံသည် တစ်သက်လုံး မယားတစ်ယောက်တည်းနှင့် ကျေနပ်သူတစ်ဦးဖြစ်ပေလိမ့်မည်။ သူတို့ ယူကြစဉ်က ဂျိုးဆက်ဖင်းက သူ့ကိုမချစ်ချေ။ ထိုစဉ်ကသူသည် သုံးဆယ့်နှစ်နှစ်အရွယ်ရှိ၍ ဂျိုးဆက်ဖင်းထက် ခြောက်နှစ်ငယ် သည်။ ဂျိုးဆက်ဖင်းက သူ့အားရှေ့တွင် ကြီးပွားစရာအလားအလာရှိသူဟု သဘောပိုက်သဖြင့် ယူခြင်းဖြစ်၏။ ချစ်၍မဟုတ်ချေ။ သူကမူ ဂျိုးဆက်ဖင်းကို အသေအလဲချစ်၏။ စစ်တိုက်ဖို့သာနား လည်၍ အချစ်ရေးကို ဂရုမထားခဲ့သော နပိုလီယံသည် ဂျိုးဆက် ဖင်းနှင့်တွေ့သောအခါ အချစ်ပညာကို လိုလားစွာသင်ကြားလေ တော့သည်။ ဂျိုးဆက်ဖင်မှာ ကလေးနှစ်ယောက်ရပြီးသော မုဆိုးမ မြိုကစားကတော်ဟောင်းကလေးဖြစ်ရကား အချစ်ကိစ္စ၌ အရည်ဝပြီးသူဖြစ်၏။ သူတို့ပထမည အိပ်စက်ပြီးသည့်နောက်နေ့တွင် နပိုလီ ယံကဂျိုးဆက်ဖင်းထံသို့ “မောင်တော့နှမကိုလုံးလုံးလျားလျားစွဲ လမ်းချစ်ခင်မိပါပြီ၊ ခင့်ရုပ်ရည်နှင့်မနေ့ညကို ဘယ်တော့မျှမမေ့နိုင်ပါ၊မောင့်နှလုံးသားတော့ ဘယ်တော့မှငြိမ်သက်တော့မှာမဟုတ်ပါ၊ ချစ်စရာပြိုင်ဘက်ကင်းတဲ့ ဂျိုးဆက်ဖင်း၊ အနမ်းတစ်စောင်ပို့ လိုက်ပါတယ်၊ ခင့်အနမ်းကို မောင့်ဆီလက်ဆောင်အဖြစ်ပြန်မပို့လိုက်ပါနဲ့၊ မောင်ခင့် အနမ်းဒဏ်ကိုခံနိုင်မှာမဟုတ်လို့ပါ' ဟူသော မှာတမ်းတစ်စောင်ကိုရေးပေးလေသည်။
သူသည် ဂျိုးဆက်ဖင်းကို လက်ထက်ပြီးနောက် အီတလီ စစ်ပွဲသို့ထွက်သွားလေသည်။ စစ်မြေပြင်သို့ရောက်ပြီးနောက် မကြာခင်ပင် နပိုလီယံသည် စစ်ရှုံးသည်ထက် နစ်နာဖွယ်သတင်းကိုကြား ရရှာသည်။ ထိုသတင်းကား သူ၏ဇနီးသစ်လွင်မှာ ပါရီမြို့တွင်လူ ပေါင်းစုံနှင့် တစ်လှည့်စီအိပ်နေသည်ဆိုသည့်အကြောင်းပင် ဖြစ် သည်။
ဂျိုးဆက်ဖင်းမှာ သုံးဆယ်ကျော်၊ နပိုလီယံမှာ နှစ်ဆယ် ကျော်မျှသာရှိသေးသည်။ ယခု နပိုလီယံ စစ်ထွက်ခိုက် ပါရီမြို့တွင် အတူပျော်မြူးနေသူမှာ နပိုလီယံထက်ငယ်သော ဗိုလ်ကလေးဟစ်ပို လိတေးချားလ်စ်ပင်ဖြစ်သည်။
သတင်းဆိုးကိုကြားရသော နပိုလီယံသည် သူ့ဇနီးအား စစ်မြေပြင်သို့ ချက်ချင်းလိုက်ခဲ့ရမည်ဟုအမိန့်ပေးလိုက်သည်။ ဂျိုးဆက်ဖင်းမှာလင်၏အမိန့်ကိုမမှုလောက်ဟုသဘောထားကာ လင် ငယ်နှင့်တူပျော်ပျော်နေလေသည်။
နောက်အတော်ကြာမှ နပိုလီယံ၏ ဒေါသကိုတွေး၍ ကြောက်ရွံ့လာပြီးလျှင် စစ်မြေပြင်သို့ရောက်လာလေသည်။ ရောက် လာလျှင်ပင် ဒေါသမာန်ပွားနေသော နပိုလီယံမှာ အကြည်ဆိုက်နေလေတော့သည်။ ဂျိုးဆက်ဖင်းမှာ အသက်သုံးဆယ်ကျော်၍ သားကြီးသမီးကြီးနှစ်ယောက်ရှိနေသဖြင့် နပိုလီယံကိုပစ်လိုက်လျှင် သူ့အဖို့ အခက်ကြုံမည်ကိုတွေးမိ၍ ကြောက်ခြင်းပင်ဖြစ်သည်။ နပိုလီယံအား နောက်နောင်သစ္စာတည်မြဲ၍ လင်မှတ်မှတ် သားမှတ်မှတ် ပေါင်းသင်းပါမည်ဟု ကတိကြီးပေးကာ ဒေါသမာန် ပွားသူကို နှစ်သိမ့်စေလေသည်။ သို့ရာတွင် အီတလီစစ်ပွဲအောင်မြင် ပြီးဆုံး၍ အီဂျစ်စစ်ပွဲသို့ ထွက်ရပြန်သောအခါဝယ် ဂျိုးဆက်ဖင်းမှာ နပိုလီယံ၏မျက်ကွယ်တွင် သူ့လင်ငယ်ကလေးနှင့် ပြန်ပေါင်းထုတ် လေတော့သည်။ ·
စစ်တိုက်၍ အလုပ်အကိုင်ကိုသာ စိတ်ဝင်စားခဲ့သော နပိုလီယံအဖို့ ဂျိုးဆက်ဖင်းက သင်ပြပေးခဲ့သော အချစ်သင်တန်းတွင် အောင်ချင်လျက်နှင့်ဆရာက အမှတ်လျော့ပေး၍ အတန်းချလိုက်သ ဖြင့် စိတ်ညစ်သွားသည့်အလျောက် အချစ်ကိစ္စတွင် စိတ်ထားတစ် မျိုးပြောင်းသွားလေတော့သည်။ “မိန်းမတွေဟာ ယောက်ျားတွေရဲ့ ကျေးကျွန်တွေပါဟူသော စိတ်ဓာတ်မျိုးပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် အလုပ်၌သာစိတ်ဝင်စားခဲ့သော စစ်ဗိုလ်ချုပ်ကြီးသည် အချစ်ဗိုလ်ချုပ်ကြီးအဖြစ်သို့ပြောင်းလဲသွားရှာလေသည်။
စစ်မြေပြင်သို့ မိမိတို့ဇနီးများကိုမခေါ်ရဟူသော နပိုလီယံ၏အမိန့်ကို မတော်လှန်ဝံ့ငြားလည်း ဉာဏ်နီဆင်၍ ဇနီးကိုခေါ်သော ဗိုလ်ကလေးဖောအကြောင်းကို နောက်ဆုံး၌ နပိုလီယံက ကြားသိရလေသည်။ ဖောက သူ့ဇနီးချောကလေးအား ယောက်ျားလိုဝတ်ဆင် စေပြီးလျှင်ဘင်တီးသမား ကလေးတစ်ယောက်အဖြစ်ခေါ် လာခဲ့လေသည်။ ဘင်တီးသမားကလေးမှာ မည်မျှပင်ယောက်ျားဟန်ဆောင် စေကာမူ အကြောင်းသိသူများက ပြုံးကြလေသည်။ နောက်ဆုံး၌ ဖော၏ဇနီးပေါ်လိန်းအကြောင်းကို နပိုလီယံသိလေလျှင် ထိုအာဇာ နည်မကလေးနှင့်တွေ့ဖို့ကြံဆောင်လေသည်။
ပေါ်လိန်းမှာ သွက်လက်ချက်ချာ၍ ယောက်ျားတို့ကို ညှို့တတ်ပေသည်။ နပိုလီယံလည်း လူယုံတော်ဗိုလ်ကြီးများနှင့်တိုင်ပင်၍ ပေါ်လိန်းကိုအရကြံလေသည်။ ဗိုလ်ကလေးဖောအား ခရီးဝေး သို့အလုပ်ဝတ္တရားနှင့် စေလွှတ်လိုက်ရာ ဇနီးဟူ၍ဖွင့်ပြောနိုင်ခြင်းငှာ မစွမ်းသာသော ဘင်တီးသမားကလေးကို စစ်တန်းလျားတွင် ထားခဲ့ရလေသည်။ ထို့နောက် အစီအစဉ်အတိုင်း စစ်ဗိုလ်ကြီးများက ပျော် တတ်သော ပေါ်လိန်းအား အကြောင်းသိဖြစ်သည့်အလျောက် ပါတီတစ်ခုသို့ ဖိတ်ကြားလေသည်။ ပေါ်လိန်းသည်လည်း မိန်းမအ ဝတ်အစားဝတ်ဆင်၍ ပါတီတက်လေသည်။ စစ်ဗိုလ်ကြီးများနှင့် ရောနှော၍ အရက်ခွက်ချင်းခတ်၍ သောက်ရသဖြင့် ပေါ်လိန်းမှာ ဂုဏ်တက်၍ ကျေနပ်နေလေသည်။ ထိုအခိုက်တွင် နပိုလီယံသည် အခန်းတွင်းသို့ ဝင်လာလေသည်။ အားလုံးက အံ့အားသင့်ဟန်ဖြင့် နှုတ်ဆက်ကြပြီးလျှင် ဧည့်သည် ပေါ်လိန်းနှင့် မိတ်ဆက်ပေးလိုက် ကြသည်။ နပိုလီယံသည် ခပ်တည်တည်ပြောဆိုပြီးလျှင် မကြာမီပင် လျှင် အခန်းမှထွက်သွားလေသည်။
ထိုသို့ ဗိုလ်ချုပ်ကြီး ရုတ်တရက်ဝင်လာသဖြင့် အထိတ်တ လန့်ဖြစ်ဟန်ဖြင့် ဗိုလ်ကြီးတစ်ယောက်က ပေါ်လိန်း၏ကိုယ်ပေါ်သို့ အရက်ဖိတ်ချလိုက်သည်။ ပေါ်လိန်းသည် အဝတ်စိုသွားသဖြင့် စိတ် အတော်ထိခိုက်ရှာသည်။ အရက်ဖိတ်ချလိုက်သည့် ဗိုလ်ကြီးက ခယဝယတောင်းပန်လေသည်။ အိမ်ရှင်ဗိုလ်ကြီးကဝင်၍ ပေါ်လိန်းအား အိမ်ပေါ်အိပ်ခန်းထဲသို့သွား၍ အဝတ်အစားလဲရန် အကြံပေးလေ သည်။ ပေါ်လိန်းလည်း မိမိ၏အခန်းသို့ မပြန်ချင်သေးသဖြင့် အဝတ်အစားလဲရန် အိမ်ပေါ်သို့တက်သွားလေသည်။ အိပ်ခန်းထဲသို့ရောက်သွားသောအခါ နပိုလီယံက သူ့ အားအသင့်စောင့်နေသည်ကို တွေ့ရလေသည်။
ပေါ်လိန်းသည် အီဂျစ်စစ်ပွဲတစ်လျှောက်လုံးတွင် နပိုလီယံ၏ အပျော်မယားအဖြစ် ပျော်ရွှင်စွာနေလေသည်။ ရက်လအတန်ကြာသော် ထိုသတင်းကိုကြားရသော ဖောခမျာမှာ ရပ်ဝေးမှ ရုတ်တရက်ရောက်လာပြီးလျှင် နပိုလီယံ၏ အလုပ်ခန်းထဲသို့ သေနတ်ချိန်၍ ဝင်လာလေသည်။ နပိုလီယံက ထိုင်ရာမှထပြီးလျှင် အာဏာသံနှင့် “ဟေ့. . . လက်နက်ချလိုက်'ဟုအမိန့်ပေးလိုက်ရာ ငယ်ကြောက် ဖောခမျာမှာ သေနတ်ကိုကြမ်းပေါ်သို့ချလိုက်ရှာ သည်။
နပိုလီယံက ပေါ်လိန်းအား မိမိ၏ အလိုကိုဖြည့်ဆည်းရှာပေသည် ဟူသောသဘောဖြင့် ကျေးဇူးဆပ်သည့်အနေနှင့် ပင်စင် ရိက္ခာရအဖြစ် ခန့်အပ်လိုက်လေသည်။ ပေါ်လိန်းလည်း နပိုလီယံ ဧကရာဇ်ဘဝမှပြုတ်၍ သုံ့ပန်းအဖြစ်နေပြီးနောက် ကွယ်လွန်သည် အထိတိုင်းပြည်အစိုးရက ထုံးစံအတိုင်း ပင်စင်အငြိမ်းစားရိက္ခာ ဆက်လက်ရရှိကာ အသက်ကိုးဆယ်အထိနေသွားလေသည်။ အီဂျစ်စစ်ပွဲအပြန်တွင် နပိုလီယံသည် ဂျိုးဆက်ဖင်းကို ကွာရှင်းမှသင့်တော်မည်ဟု သဘောပိုက်လာခဲ့သည်။ သို့သော် ဂျိုးဆက်ဖင်း၏ မြှူဆွယ်ချက်ကြောင့် နပိုလီယံမှာ ကွာရှင်းလိုစိတ် ပျောက်သွားပြီးလျှင် ဂျိုးဆက်ဖင်းကို ဆက်လက်သိမ်းပိုက်လေ တော့သည်။
နပိုလီယံသည် ဂျိုးဆက်ဖင်း၏ သစ္စာမဲ့မှုကြောင့် သူ့အပေါ်တွင် ချစ်စိတ်လုံးဝမရှိတော့ဘဲ လူရိုသေရုံသာ ပေါင်းသင်းနေလေသည်။ ဧကရာဇ်ဖြစ်ရန် လမ်းပွင့်နေပြီဆိုသည့်အဖြစ်ကိုသိသော ဂျိုးဆက်ဖင်းမှာမူ နပိုလီယံနှင့်ကွဲကွာလျှင် သူ့အဖို့ အရှုံးသာထွက်မည်ဟုသိနားလည်သည့်အလျောက် သူက နပိုလီယံကို ချစ်အားပိုရလေတော့သည်။
နပိုလီယံအဖို့ကား မိန်းမဟူသည် ယောက်ျားတို့၏ အသုံး တော်ခံမျိုးပင်ဖြစ်သည်ဟူသော ဝါဒကို စွဲမြဲစွာလက်ဝယ်ပြု၍ မျက်နှာကြီးလိုက်တတ်သော အထက်တန်းလွှာမှ ပျိုမေချောနုတို့ကို အဆက်မပြတ်ဆက်ကပ်စေသည်။
အထက်တန်းလွှာမှ မင်းကတော်၊ စိုးကတော်ကြီးများသည် မိမိတို့၏ ပျိုမျစ်နုနယ်သော သမီးကလေးများကို ဧကရာဇ်မင်း၏အဆောင်သို့ ပို့ရသည်မှာ ဂုဏ်တစ်ရပ်ဟုအောက်မေ့ကာ အဆောင် မှူးအား သူ့ထက်ငါဦး ကပ်ကြလေသည်။
နပိုလီယံ၏နန်းတော်မှာ ရှေးရှေးဘုရင်တို့၏ နန်းတော် တို့ထက် ပိုမိုခမ်းနားကြီးကျယ်၍ နန်းတော်သူနန်းတော်သားများမှာလည်း ပေါများလှလေသည်။ ထိုခေတ်မှာလည်း ကာမဂုဏ်ကွန့် မြူးသောခေတ်ကြီးဖြစ်လေရာ အကျင့်စာရိတ္တဟူသည် အဓိပ္ပာယ်မ ရှိသောအလုပ်ဟု အောက်မေ့ကြကုန်၏။ နပိုလီယံက “လင်နဲ့ မယား သစ္စာဖောက်တယ်ဆိုတာဟာ စင်စစ်မှာတော့ ဆိုဖာပေါ်ကကိစ္စပါ၊ ဘာမျှကြီးကျယ်လှတာမှမဟုတ်ဘဲ” ဟုရယ်မောပြောဆို လေသည်။ ဦးရာပိုင်းများ နပိုလီယံသည် မိန်းမလိုက်စားသော်လည်း အလုပ်အကိုင် ၌ ပျက်ကွက်ခြင်းမရှိ။ အလုပ်အကိုင်တွင် ဝင်စားသောစိတ်သည် ပြင်းထန်လှ၏။ တစ်ခါတစ်ရံ အဆောင်မှူးက ညဉ့်ဦးယံတွင် ပျိုမေချောတစ်ယောက်ကို ခေါ်သွင်းလာသည့်အခါ နပိုလီယံက အလုပ် စားပွဲမှလှမ်း၍ “ကဲ. . . အခန်းထဲဝင်ပြီး အဝတ်အစားတွေချွတ်ပြီး အသင့်ပြင်နေ” ဟု တဲ့တိုးအမိန့်ပေးလိုက်ပြီးနောက်၊ အလုပ်တွင်စိတ် ဝင်စားနေရာ နံနက်သုံးနာရီလောက်မှ အိပ်တော့မည်ဟု အခန်းထဲ ဝင်သည်တွင်မှ အဝတ်အစားမရှိဘဲ ချမ်းချမ်းစီးစီးနှင့်စောင့်နေရှာသော မိန်းကလေးကိုတွေ့ရ၍ အံ့အားသင့်နေလေသည်။
သူ့ရန်သူများကသူ့အား ကာမအင်အားမရှိဟု စွပ်စွဲကြ၏။ သို့သော် နပိုလီယံ၌ မောင်းမမိဿံများလှစွာ၏။ ဂျော့အမည် ရှိသော အပျော်မယားမှာ အရပ်အမောင်းကောင်း၍ သန်မာ တောင့်တင်းသော ကချေသည်မတစ်ဦးဖြစ်သည်။ အရပ်ငါးပေမျှသာရှိသော နပိုလီယံနှင့် မလိုက်လှပေ။ သို့သော် နပိုလီယံသည် သူနှင့်တွေ့သောအခါ သူ့ကိုခွစီးပြီးလျှင် အိပ်ရာခုတင်ကိုပတ်၍ သူ့ကိုချီပြေးစေသည်။ ယင်းသို့ဆော့ရသည်ကို သူတို့နှစ်ယောက်လုံး ကျေနပ်ဝမ်းမြောက်၍ ဟက်ဟက်ပက်ပက်ရယ်မောကြလေသည်။
နပိုလီယံသည် နာရီနှင့်အလုပ်လုပ်သူဖြစ်သည်။ သူသည် နာရီ၏ကျေးကျွန်ဖြစ်၏။ နာရီမစေ့မချင်း အလုပ်ခွင်မှမထပေ။ ဆယ့်ကိုးနှစ်အရွယ်သာရှိသေးသော်လည်း အတော်လည်ပတ်သော အယ်လီနာဒင်နူးဝယ်လ် အမည်ရှိသော မိန်းကလေးက နပိုလီယံအ နီးသို့ကပ်၍ ချွဲရင်း နာရီလက်တံကို လှည့်လိုက်လေသည်။ နာရီကိုကြည့်ပြီး အချိန်စေ့ပြီဟုအောက်မေ့သော နပိုလီယံသည် အယ်လီနာ ခေါ်ဆောင်ရာအိပ်ခန်းဆောင်သို့ မငြင်းမဆန် ဝင်သွားလေသည်။ အယ်လီနာက နပိုလီယံ၏ ရန်သူတို့ စွပ်စွဲချက်ကို လက် တွေ့ လေသည်။ နပိုလီယံနှင့် သားတစ်ယောက်ရပြလိုက် ၏။ နပိုလီယံနှင့်တကွ အားလုံးက အယ်လီနာ၏သားမှာ နပိုလီယံ နှင့်ရသည့်သားဟု မယုံကြည်နိုင်ကြချေ။ သို့ရာတွင် ကလေးကို ချွတ်စွတ်တူနေကြောင်း တွေ့ ကြရသဖြင့် မယုံကြည်ချင်၍ မနေနိုင် ကြတော့ချေ။
အချို့မိန်းကလေးများကလည်း သူတို့၏သားများကို နပိုလီ ယံနှင့်ရသည်ဟု အဆိုတင်ကြသည်။ သို့သော် နပိုလီယံကမူ အယ်လီနာ၏သားနှင့် မာရီဝါလုစကား၏သား၊ဤနှစ်ယောက်ကိုသာ အသိအမှတ်ပြုလေသည်။
နပိုလီယံသည် တွေ့ကြုံသမျှမိန်းမတို့ကို ကာမဂုဏ်ကိစ္စမှ အပအခြားနည်းဖြင့် အသိအမှတ်ပြုလေ့မရှိပေ။ မာရီဝါလုစကား အမည်ရှိသော ဩစတြီယပြည် မြို့စားကတော်ကလေးကိုသာ အ ကယ်စင်စစ် ချစ်ခဲ့ဖူးလေသည်။ သူသည် အကယ်၍ ဧကရာဇ်ရာ ထူးပြုတ်သော်လည်း ပြင်သစ်ဘုရင်အဖြစ် မာရီဝါလုစကားနှင့်အ တူ ကျေနပ်ကြည်ဖြူစွာနေလိုလှ၏။ သို့သော် သူ့ကံကြမ္မာက သူ့အား ရာထူးစည်းစိမ်လုံးဝပြုတ်၍ စိန့်ဟယ်လီနားကျွန်းတွင် တစ်သက်လုံး တစ်ကိုယ်တည်းနေဖို့ ဖန်လာခဲ့ချေသည်။
နပိုလီယံသည် ဧကရာဇ်ဖြစ်ပြီးနောက် အရိုက်အရာခံမည့် သားယောက်ျားတစ်ယောက် လိုနေသောကြောင့် သားသမီးမပွားစီးသည့် ဂျိုးဆက်ဖင်းကို ကွာရှင်း၍ မင်းသမီးတစ်ဦးဖြစ်သည့် မာရီလူဆီကို ထိမ်းမြားလေသည်။ မာရီလူဆီလည်း မကြာမီသား တစ်ယောက်ဖွားမြင်ပေးလေသည်။ နန်းလျာလိုနေသော နပိုလီယံ အဖို့ အလိုပြည့်လေပြီ။ နပိုလီယံသည် သူ ့ညီအစ်ကိုမောင်နှမတို ့အား အထူး ကြည့်ရှုစောင့်ရှောက်တတ်သူဖြစ်သည်။ သူ့ညီများအား သူပိုင်သော အင်ပါယာကြီးအတွင်းရှိ တိုင်းပြည်များ၏ ဘုရင်အဖြစ် ခန့်အပ်လေသည်။ သူ့နှမများကိုလည်း မင်းစိုးရာဇာထဲမှ တက်လမ်းရှိသူ တို့နှင့်ပေးစားလိုသည်။ သို့ရာတွင် သူ့ညီများနှင့် နှမများမှာ အရည်အချင်းနည်းပါးရုံသာမက ကာမဂုဏ်ကိစ္စ၌ လွန်ကဲသူများချည်းဖြစ် သဖြင့် နောက်ဆုံး၌နပိုလီယံသည် သူတို့ကြောင့်ပျက်စီးရလေတော့သည်။
သူ့နှမပေါလက်၏ အကြောင်းကို ပါရီတစ်မြို့လုံးကသိသည်။ ဆင်းရဲသားများကပင် သူ့ရှုပ်ပွေပုံကို ခရေစေ့တွင်းသိကြ၏။ ပေါလက်ကလည်း မည်သူသိသိမမှုပေ။ သူသည် နာမည်ကျော် ပန်းပုဆရာကြီး ကင်းနိုးဗားထံတွင် လုံးတီးလဲလျောင်း၍ အချစ်နတ်သမီးဗိနပ်၏ပုံကိုထုစေသည်။ သူနှင့်ကြုံတွေ့ ရဖူးသူတိုင်းက သူ့အားကြောက်စရာမိန်းမပေတကား ဟုချီးကျူးကြကုန်၏။ သူ့ အထိန်းတော် နီဂရိုးကြီးနှင့် မည်သို့ဖြစ်ပျက်ပုံကို ပါရီတစ်မြို့လုံးက မြိန်ရေယှက်ရည် ပြောဆိုဆွေးနွေးလေသည်။
ပေါလက်မှာ နဂိုကပင် သွေးဆူသောမိန်းကလေးတစ်ဦးဖြစ်သည်မှန်၏။ သို့ရာတွင် မြို့စားကလေးဘောဂီးနှင့်ယူလိုက်သည် တွင် ကာမရောဂါ ဆိုးဝါးလာလေတော့သည်။ ဘောဂီးမှာ ရုပ်ရည် ချောမော၍ ပျိုတိုင်းမက်စရာလူငယ်တစ်ဦးဖြစ်သည်။ သန်မာ တောင့်တင်း၏။ သို့သော် “သူနဲ့ယူရတာ မီးမရှိတဲ့ မီးဖိုပေါ်တက် ထိုင်ရသလိုပဲ” ဟု သူနှင့်ကြုံတွေ့ဖူးသည့် သူငယ်မတစ်ယောက်ဆို သည့်အတိုင်းပင် အားမရစရာကြီးဖြစ်လေသည်။ ဘောဂီးမှာ ရုပ် ချောပျိုတိုင်းမက်စရာပင် ဖြစ်စေကာမူ လိင်တူချင်း၌သာ စိတ်ရှိသူဖြစ်ချေသည်။
မကျေနပ်မှုဒဏ်ပိနေရှာသော နဂိုကသွေးဆူလှသည့် ပေါလက်မှာ ဘောဂီးကြောင့်ပင် အမျိုးမျိုးသော ကမောက်ကမမှုများ ဖြစ်ရလေသည်။
နပိုလီယံခမျာ မွေးချင်းများကိုညှာမိသဖြင့် မော်စကိုမြို့သို့ ချီတက်ရာတွင် နောက်ပိုင်းမလုံသောကြောင့် အရှုံးကြီးရှုံးကာ လက်နက်ချလိုက်ရသည့်ဘဝသို့ ရောက်ရလေသည်။ နောက်ဆုံး၌ ရာရာပတစ်တိုက်လုံး သိမ့်သိမ့်တုန်စေသော စစ်ဘုရင်ဧကရာဇ် နပိုလီယံခမျာမှာ စိန့်ဟယ်လီနာကျွန်းတွင် ဧကစာကျင့်ရင်း ဘဝကို ဇာတ်သိမ်းရရှာလေသည်။

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။