နယ်ဘက်ကျေးဘက်မှ ဝတ္ထုများ - မြင့်သန်း

 

နှစ်ကာလများ

စာအုပ်အစီအစဉ် ၅၅၅

 

နယ်ဘက်ကျေးဘက်မှ ဝတ္ထုများ

မြင့်သန်း

 


 

နှစ်ကာလများ

အမှတ် ၁၀၄၊ အပေါ်ဆုံးထပ် (က)၊

အောင်ဇေယျလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - ၀၁ ၈၂၅၅၉၄၈၊ ၀၉ ၇၄၀၉၇၉၃၉၃

e-mail: theeras2001@gmail.com

 

Download Epub Kfx 


ပုံနှိပ်မှတ်တမ်း

နယ်ဘက်ကျေးဘက်မှ ဝတ္ထုများ

မြင့်သန်း

ဒုတိယအကြိမ်၊ မတ်၊ ၂၀၂၄။

ပထမအကြိမ်၊ နိုဝင်ဘာ၊ ၂၀၁၆။

အုပ်ရေ - ၁၀၀၀

တန်ဖိုး - ၁၅၀၀၀ ကျပ်

 

ထုတ်ဝေသူ ဦးစိန်ဝင်း၊ နှစ်ကာလများစာပေ (၀၀၇၄၄)၊ ၁၀၄၊ အပေါ်ဆုံးထပ် (က)၊ အောင်ဇေယျလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ အတွင်းနှင့် အဖုံးပုံနှိပ် ဦးအေးဝင်း၊ အေးကမ္ဘာပုံနှိပ်တိုက် (ဝဝ၂၉ဝ)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ကွန်ပျူတာစာစီ သရဖီ၊ မျက်နှာဖုံး သည်မော်နိုင်၊ စာအုပ်ချုပ် ကိုမြင့်။

 

ဒုတိယအကြိမ် ထုတ်ဝေခြင်းအတွက် အမှာ

 

နယ်ဘက်ကျေးဘက် … ထပ်ပြီး ပုံမနှိပ်သေးခင် ကိုမိုးဝေးက ချင်းတွင်း စတဲ့ မဂ္ဂဇင်းဟောင်း တချို့ထဲက ဝတ္ထုတချို့ ရှာတွေ့တယ်။ ဝမ်းသာရတယ်။ ကျွန်တော့်မှာလည်း ပုံမနှိပ်ရသေးတဲ့ ဝတ္ထုတချို့ ရှိဦးမယ်။ ဟိုတုန်းက ရေးအား ကောင်းတယ်။ မဂ္ဂဇင်း နည်းတယ်။ ဒီကြားထဲ ဆင်ဆာက ရင်နာဖို့ ကောင်းတယ်။ မြန်မာတို့ရဲ့ ရသပညာကို ရေဆိုးမြောင်းထဲ ချပစ်တဲ့ … ကစော်သမားက ရေးတဲ့ အရေးအသားမျိုးက ထုတ်ဝေလို့ ရတယ်။ ‘ခြင်းကိုင်’ ကောင်းစားတဲ့ ခေတ်မှာ မြန်မာစာပေစိစစ်ရေး ဆိုတာ ဉာဏ်ရည်ဉာဏ်သွေး ဗလာကျင်းနေလို့ အသုံးမတည့်တဲ့ လူတွေရဲ့ စားကျက်သက်သက်ပဲ။ ဟိုတုန်းက ပုံနှိပ်ဖော်ပြခွင့် မရတာတွေ ကျွန်တော့်မှာ ရှိနေသေးတယ်။ ဘယ်မှာ ဘယ်လို သိမ်းမိတယ်တော့ မသိဘူး။ တစ်နေ့တော့ ပြန်တွေ့မယ် ထင်တာပဲ။ အဲဒီကျတော့ အဲဒီအခါပေါ့။ အနာဂတ် ဆိုတာ ဘယ်တုန်းကမှ အာမခံနဲ့ ပြောလို့ရတာမျိုး မဟုတ်ဘူး။

ရိုသေစွာဖြင့်

မြင့်သန်း

၂၀၂၄

 

အမှတ်တရ စကား

 

၁။

တလောက ကျွန်တော် ရန်ကုန်သို့ ရောက်သွားရာ မုံရွေး ဆရာတာက … “ကိုမြင့်သန်းက သူ့ဝတ္ထုတိုတွေကို စုပြီး ထုတ်မလို့တဲ့။ အဲဒီမှာ ဆရာနဲ့ ကျွန်တော်က တစ်ခုခု ရေးပေးပါလို့ ပြောတယ်။ ကျွန်တော်တော့ ရေးနေပြီ။ ဆရာလည်း ရေးတော့” ဟု ပြောပါသည်။ ထိုအခါ ကျွန်တောက “ကျွန်တော် အခု ရန်ကုန် ဆင်းလာတာ မျက်စိခွဲဖို့ လာတာပါ။ မျက်စိက အတော့်ကို ဒုက္ခပေးနေတယ်။ စာရေး၊ စာဖတ် မလုပ်နိုင်တာ အတော်ကြာသွားပြီ။ မျက်စိခွဲပြီးတော့မှပဲ ရေးရတော့မှာပဲ။ ကိုမြင့်သန်း ဖုန်းဆက်ရင်လည်း အကျိုး အကြောင်း ပြောပြလိုက်ပါ” ဟု ပြောခဲ့ပါသည်။

၂။

မျက်စိခွဲပြီး၍ တစ်လပြည့်သောအခါ ခွဲပြီး မျက်စိအခြေအနေကို ဆရာဝန်အား ပြရန် ကျွန်တော် ရန်ကုန်သို့ ရောက်ရပြန်ပါသည်။ ရန်ကုန် ရောက်သခိုက် ကြာသပတေးနှင့် တိုက်ဆိုင်နေသဖြင့် ရန်ကုန်တက္ကသိုလ် ပရိဝုဏ်အတွင်း ကံ့ကော်ရိပ်၌ ဆုံလေ့ရှိကြသော ကြာသပတေး စာပေဝိုင်းသို့ ရောက်သွားခဲ့ရာ ကြာသပတေးစာပေဝိုင်း အဖွဲ့ဝင်တစ်ဦးဖြစ်သော ကိုမိုးဝေးက “ဦးမြင့်သန်း ဝတ္ထုတိုစာအုပ်အတွက် ဆရာ တစ်ခုခု ရေးမယ်လို့ ပြောတယ်။ ရေးပြီးပြီလား” ဟု မေးပါသည်။ ထိုအခါ ကျွန်တော်က “အခု စာဖတ်လို့ ရပါပြီ။ စာရေးလို့လည်း ရပါပြီ။ ပြည်ကို ပြန်ရောက်တာနဲ့ တစ်ခုခုရေးပြီး ကိုမိုးဝေးဆီ ပို့ပေးပါ့မယ်” ဟု ပြောခဲ့ရပါသည်။

၃။

ကျွန်တော်နှင့် ကိုမြင့်သန်းတို့သည် ၁၉၇၂ ခုနှစ်လောက်မှ စ၍ ရင်းနှီး ခင်မင်ခဲ့ကြပါသည်။

ကျွန်တော်သည် ၁၉၇၂ ခုနှစ်တွင် ၅ နှစ်နီးပါး ဒဿနိကဗေဒ နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ပုသိမ် ဒီဂရီကောလိပ် (ယခု ပုသိမ်တက္ကသိုလ်) မှ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် (ယခု ရန်ကုန်တက္ကသိုလ်) သို့ ပြောင်းရွှေ့ခွင့်ရသဖြင့် ပြောင်းရွှေ့လာခဲ့ပါသည်။ ကျွန်တော်သည် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်သို့ ပြန်ရောက်သောအခါ မဟာဝိဇ္ဇာတန်းကို တက်ပါသည်။ မဟာဝိဇ္ဇာတန်းသို့ တက်သောအခါ ကိုမြင့်သန်းနှင့် ဆုံရပါတော့သည်။

မဟာဝိဇ္ဇာတန်း တက်စဉ်ကပင် ကိုမြင့်သန်းသည် စာခံရှိသူတစ်ယောက် ဖြစ်ကြောင်း ကျွန်တော် သတိပြုမိပါသည်။ ဒဿနိကဗေဒနှင့် စပ်လျဉ်း၍ ဖတ်သင့်ဖတ်ထိုက်သော စာအုပ် အတော်များများကိုလည်း ဖတ်ထားပြီးသူ ဖြစ်ကြောင်း သတိပြုမိပါသည်။ ထိုသို့ ဖတ်နိုင်ရန်လည်း အင်္ဂလိပ်စာ အခြေခံကောင်းကို ရထားသူ ဖြစ်ကြောင်းကိုလည်း သတိပြုမိပါသည်။

ထို့ပြင် ကိုမြင့်သန်းသည် လွတ်လပ်မှုကို မြတ်နိုးသူ ဖြစ်ကြောင်း၊ လွတ်လပ်စွာ တွေးခေါ်တတ်သူ ဖြစ်ကြောင်း သီးခြား လူသား၏ဘဝ၊ သီးခြား လူသား၏ ခံစားမှုကို အလေးထားသူ ဖြစ်ကြောင်းကိုလည်း သတိပြုမိပါသည်။ တစ်ခါသော် ကိုမြင့်သန်းသည် မဟာဝိဇ္ဇာတန်း အတူတက်နေသူ သူငယ်ချင်း ကိုကျော်စိန်၏ အော်တိုစာအုပ်တွင် ‘Try to be an atheist.’ ဟု ရေးခဲ့လေသည်။ ကိုမြင့်သန်း ထိုသို့ ရေးသည်ကို ကထိက ဆရာမကြီး ဒေါ်ခင်ဆက်ရီ ကြားသိသောအခါ ကျွန်တော့်ကို သူ့ရုံးခန်းသို့ ခေါ်၍ “မောင်မြဝင်းရယ်၊ မောင်မြင့်သန်း တစ်ယောက် atheist ဖြစ်နေပြီလား” ဟု မေးပါသည်။ ထိုအခါ ကျွန်တော်က “ကိုမြင့်သန်းက လွတ်လပ်စွာ တွေးခေါ်တတ်ပါတယ်။ သူ့ကို ချုပ်နှောင်မယ့် အတွေးအခေါ် အယူအဆတွေကို လက်မခံတတ်ပါဘူး။ သူ အခုလို ရေးတာ သူ့ သူငယ်ချင်း ကိုကျော်စိန်ကို လွတ်လပ်စွာ တွေးခေါ်စေချင်လို့ ဖြစ်မှာပါ” ဟု ပြောခဲ့ပါသည်။ ကျွန်တော်သည် ကိုမြင့်သန်းအား ထိုအကြောင်းကို ပြောပြသောအခါ ကိုမြင့်သန်းက “ကျွန်တော့်ကို ဆရာမကြီး ခေါ်ရင် ဦးမြဝင်းလည်း လိုက်ခဲ့ပါဦး” ဟု ပြောပါသည်။

မဟာဝိဇ္ဇာတန်း တက်၍ နှစ်ဝက်သို့ ရောက်လာသောအခါ ကျွန်တော်တို့သည် Term Paper ရေးကြရပါသည်။ ထိုစဉ်က မဟာဝိဇ္ဇာတန်းတွင် ကထိက ဆရာမကြီး ဒေါ်ခင်ဆက်ရီက Japanese Philosophy သင်ကြားပို့ချနေလေရာ ကျွန်တော်သည် Japanese Philosophy သင်ရိုးတွင် အပါအဝင် ဖြစ်သော Zen Buddhism အကြောင်းကို Term Paper ရေးပါသည်။ ထိုသို့ ရေးနေစဉ် တစ်နေ့တွင် ကိုမြင့်သန်းက ခေါ်သဖြင့် သူ့အိမ်သို့ လိုက်သွားခဲ့ရာ ကိုမြင့်သန်း၏ စာကြည့်ခန်းတွင် Zen Buddhism နှင့် စပ်လျဉ်းသောစာအုပ် အတော်များများကို တွေ့ရသည်။ ကျွန်တော် မတွေ့ဖူးသော စာအုပ်များလည်း ပါပါသည်။ ကျွန်တော်သည် စာအုပ်ပုံထဲမှ Daisetz T. Suzuki ရေးသော Zen and Japanese Culture စာအုပ်ကို ဆွဲယူပြီး ကြည့်လိုက်ပါသည်။ ထိုအခါ ကိုမြင့်သန်းက “Zen က အတော် ကျယ်ပြန့်တယ်ဗျ။ ဂျပန် ယဉ်ကျေးမှုမှာ Zen မရောက်တဲ့ နေရာရယ်လို့ ရှိမယ် မထင်ဘူး။ ယုတ်စွအဆုံး လက်ဖက်ရည်ကြမ်း သောက်တဲ့ နေရာမှာတောင် Zen ရောက်နေတယ်။ အခု ဆရာဦးမြဝင်း ကြည့်တဲ့ စာအုပ်ထဲမှာ Zen and the art of tea ဆိုတာ ပါတယ်။ ကျွန်တော်တို့ မြန်မာတွေလည်း လက်ဖက်ရည်ကြမ်း သောက်ကြတယ်။ လက်ဖက်ရည်ကြမ်း ဝိုင်းဖွဲ့ကြတယ်။ ကျွန်တော်တို့ လက်ဖက်ရည်ကြမ်း သောက်တာနဲ့ ဂျပန်တွေ လက်ဖက်ရည်ကြမ်း သောက်တာ ဘယ်လိုကွာသလဲ ဆိုတာ သုတေသနပြုဖို့ ကောင်းတယ်။ နောက်ပြီးတော့ ဒီစာအုပ်ထဲမှာ The Love of Nature ဆိုတာလည်း ပါတယ်။ ဂျပန်တွေက ဖူဂျီယာမာကို အကြောင်းပြုပြီး သဘာဝကို ချစ်မြတ်နိုးကြတယ်။ ဆရာဦးမြဝင်းတို့လည်း ပုပ္ပားတောင်ကို အကြောင်းပြုပြီး သဘာဝကို ချစ်မြတ်နိုးကြမှာပါ။ သုတေသနပြုဖို့ ကောင်းတယ်” ဟု ပြောပါသည်။ ကျွန်တော်သည် ကိုမြင့်သန်း ပြောပြသည်ကို နားထောင်ရင်း ကိုမြင့်သန်း တစ်ယောက် ဘယ်အချိန်ကများ Zen and Japanese Culture စာအုပ်ကြီးကို ဖတ်ထားပါလိမ့်ဟု တွေးနေမိပါသည်။

၄။

အချို့ကလည်း ကိုမြင့်သန်းကို အစွန်းရောက်သည်ဟု ထင်တတ်ကြသည်။ တကယ်တော့ ကိုမြင့်သန်းသည် ကျွန်တော် စောစောက ပြောခဲ့သလို လွတ်လပ်စွာ တွေးခေါ်တတ်သူ ဖြစ်ပါသည်။ မဟာဝိဇ္ဇာဘွဲ့အတွက် လိုအပ်ချက် တစ်စိတ်တစ်ဒေသ အဖြစ် ကျမ်းတင်သွင်းရသောအခါ ကိုမြင့်သန်းက ‘သေခြင်း၌ မွေ့လျော်ခြင်း’ အမည်ရှိသော ကျမ်းကို တင်သွင်းခဲ့ပါသည်။ ထိုကျမ်း၏ အမည်ကို ကြည့်၍ ကိုမြင့်သန်းသည် အစွန်းရောက်သွားပြီ။ Existentialism ကို လေ့လာရာမှာ Existentialism အယူအဆတွေထဲ နစ်မွန်းသွားပြီဟု ဆိုကြပါသည်။ ဆရာ၊ ဆရာမ အတော်များများကလည်း ထိုသို့ ထင်ခဲ့ကြပါသည်။ ကိုမြင့်သန်းသည် ထိုအကြောင်းနှင့် စပ်လျဉ်း၍ သူကိုယ်တိုင် ဘာသာပြန်၊ သူကိုယ်တိုင် မှတ်ချက်ရေး၊ သူကိုယ်တိုင် တည်းဖြည်ထုတ်ဝေခဲ့သော ‘ယောန်_ပေါလ်ဆာ(ရ)ထာ လက်ရွေးစင်’ စာအုပ် အမှာစာ၌ ရှင်းပြထားခဲ့ပါသည်။

စင်စစ်အားဖြင့် ‘သေခြင်း၌ မွေ့လျော်ခြင်း’ ဟု ဆိုရာ၌ ကိုမြင့်သန်း ဆိုလိုသည်မှာ သေခြင်းတရားကို ဆင်ခြင်ကြည့်ရန် ဖြစ်ပါသည်။ ၁၉၇၄ တွင် ဒဿနိကဗေဒအသင်းက ထုတ်ဝေခဲ့သော ဒဿနစာစဉ် အတွဲ ၁၊ အမှတ် ၂ တွင် ကိုမြင့်သန်း၏ ‘သေခြင်း၌ မွေ့လျော်ခြင်း’ ဆောင်းပါး ပါခဲ့လေသည်။ ထိုဆောင်းပါး၌ ကိုမြင့်သန်းက ဤသို့ ရေးခဲ့လေသည်။

 

သေဆုံးရခြင်း ဆိုသည်ကို ထိတ်လန့် ကြောက်ရွံ့နေ၍ မရပါ။ သေခြင်းတရားကို မှန်ကန်စွာ ရှုမြင်ကာ မွေ့လျော်ကြည့်ဖို့ ကြိုးစားကြရပါလိမ့်မည်။ ဘာသာရေးရှုထောင့်မှ ကြည့်လျှင်လည်း သေခြင်းအား ကြောက်ရွံ့တုန်လှုပ်နေ၍ မရကြောင်း တွေ့ရပါမည်။ စင်စစ် သေခြင်းဆိုသည် ချစ်စရာတစ်ခုသာ ဖြစ်သည်။ အနောက်တိုင်း ဘာသာရေးအရဆိုလျှင် ‘ရှင်ပြန်ထမြောက်ခြင်း’ ကို မယုံမကြည် ဖြစ်သူများသာလျှင် သေခြင်းကို အကောင်းတစ်ခုအဖြစ် မမြင်နိုင်ကြပေ။ ရှင်ပြန်ထမြောက်ခြင်းအား ယုံကြည်မှု၌ သေခြင်းကို စစ်မှန်မှုတစ်ခုအဖြစ် လက်ခံထားပါသည်။ တစ်နေ့သောအခါတွင် ထာဝရ ဘုရားသခင်၏ ရှေ့၌ အဆုံးအဖြတ် ခံယူကြရန် သေခြင်းမှ ပြန်လည်ကာ ရှင်ပြန်ထမြောက်ကြရပေမည်။ သို့အတွက် လူအများ၏ မျက်မှောက်ဘဝ၌ သေရမည့် အဖြစ်သည် အဆိုးမြင်ရှုထောင့်မှ ရှုမြင်ကာနေရန် မသင့်ချေ။ အရှေ့တိုင်း၏ မဏ္ဍိုင် ဘာသာရေး၌ တွေ့ရသော နိဗ္ဗာန်သည် သေခြင်း၏ အခြားတစ်ဖက်၌ တည်၏။ ယခု ဖြစ်တည်၍နေသော လူသား၏ ဘဝ၌ နိဗ္ဗာန် ဟူသော အာရုံကို ရနိုင်သော်လည်း ယင်းသဘောမှာ အကြွင်းရှိသော သဘော ဖြစ်သည်။ ရုပ်ခန္ဓာသည် အကြွင်း ရှိနေသေးသည်။ ရုပ်ဓာတ် နာမ်ဓာတ်ကင်းသည့် ငြိမ်းအေးရာ နိဗ္ဗာန်၊ တစ်နည်းအားဖြင့် အကြွင်းမဲ့သော နိဗ္ဗာန်ကား သေခြင်း၏ အခြားမဲ့သော အဖြစ်၌ တည်၏။ နိဗ္ဗာန်၌ သေဆုံးရခြင်း အဖြစ်လည်း ကင်း၏။ သို့အတွက် သေခြင်း ကင်းရာသို့ သွားလိုသည်ရှိသော် သေဆုံးရခြင်းအဖြစ်ကို ရှုမြင်ကာ ဖြတ်သန်းသွားလာရန် ဝန်မလေးသင့်ပေ။

သို့ဖြစ်လျှင် သေခြင်းသည် မုန်းတီး ကြောက်ရွံ့နေစရာ မဟုတ်။ ပူပင်နေစရာ မဟုတ်။ သေခြင်းတရားကို ရှုမြင်ကြရသည်မှာ ပျော်စရာတစ်ခုပင် ဖြစ်သည်။ မအိုချင်၍ မဖြစ်သော၊ မနာချင်၍ မဖြစ်သော၊ မသေချင်၍ မဖြစ်သော လူသား၏ အတ္တဘဝကို အနီးစပ်ဆုံး လေ့လာနိုင်သည်မှာလည်း သေခြင်း၏ မျက်နှာစာပင် ဖြစ်ပါသည်။

 

စင်စစ် သေဆုံးရခြင်း အဖြစ်သည် မွေ့လျော်ဖွယ်ပါတကား။ ဤသည်မှာ ‘သေခြင်း၌ မွေ့လျော်ခြင်း’ အမည်ရှိ ဆောင်းပါးလာ ကိုမြင့်သန်း၏ ရေးသားချက်ကို စာဖတ်သူတို့ လေ့လာနိုင်ကြစေရန် အမြည်းသဘော တင်ပြခြင်း ဖြစ်ပါသည်။

၅။

၁၉၇၇ ခုနှစ်တွင် မြန်မာနိုင်ငံ ပညာရေးလောက၌ အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာခဲ့ပါသည်။ ထိုအပြောင်းအလဲမှာ အခြားမဟုတ်။ ဒေသကောလိပ်များ ဖွင့်လှစ်လာခြင်းပင် ဖြစ်ပါသည်။ ကျွန်တော်သည် မဟာဝိဇ္ဇာဘွဲ့ အတွက် ကျမ်းပြုနေဆဲမှာ ရေနံချောင်းမြို့၊ ရေနံချောင်း ဒေသကောလိပ်သို့ ထွက်ခဲ့ရပါသည်။ ကိုမြင့်သန်းလည်း နိုင်ငံခြားသို့ ထွက်သွားသည်ဟု ကြားရပါသည်။

ကိုမြင့်သန်းသည် နိုင်ငံခြားသို့ ရောက်သွားသော်လည်း သူ တက်ရောက်ခဲ့သည့် ရန်ကုန် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ကြီးကို မမေ့ပါ။ သူ့အပေါင်းအသင်းများ ကိုလည်း မမေ့ပါ။ အပေါင်းအသင်းများဆီသို့ မကြာမကြာ စာရေးပါသည်။ မကြာမကြာလည်း ဖုန်းဆက်ပါသည်။ စာရေးသောအခါ၌ ဖြစ်စေ၊ ဖုန်းဆက်သောအခါ၌ဖြစ်စေ “နေကောင်းအောင် နေပါ” ဟု အဆုံးသတ်လေ့ ရှိသည်။

နောက် သိရသည်မှာ ကိုမြင့်သန်းသည် သူ ရောက်နေသော သြစတြေးလျ နိုင်ငံရှိ ဆစ်ဒနီတက္ကသိုလ်နှင့် ဆစ်ဒနီအနောက်ဘက် တက္ကသိုလ်များသို့ တက်ရောက်၍ ပညာ ဆက်လက်ဆည်းပူးနေသည် ဟူ၍ ဖြစ်ပါသည်။ ကိုမြင့်သန်းသည် ထိုတက္ကသိုလ်များ၌ တက်ရောက်ရင်း ကလောင်စွဲကိုင်လာပါသည်။ ဆောင်းပါးများ ရေးလာပါသည်။ ဆောင်းပါးများထဲတွင် ဝေဖန်ရေးဆောင်းပါးများလည်း ပါပါသည်။ ကိုမြင့်သန်း၏ ဝေဖန်ရေးဆောင်းပါးများသည် စူးရှလှသည်ဟု အများက မှတ်ချက်ပြုကြပါသည်။ ကိုမြင့်သန်းက ဝေဖန်ရေးကို အတတ်ပညာတစ်ရပ် ဟု မြင်ပါသည်။ ဆောင်းပါးတစ်စောင်ကို ဝေဖန်သည် ဖြစ်စေ၊ ကဗျာတစ်ပုဒ်ကို ဝေဖန်သည်ဖြစ်စေ ပေါ့ပေါ့တန်တန် မဝေဖန်ဘဲ ဝေဖန်ရေး အတတ်ပညာ နှုန်းစံများဖြင့် ဝေဖန်သင့်သည်ဟု ကိုမြင့်သန်းက ယူဆခဲ့ပါသည်။

ကျွန်တော်သည် ကိုမြင့်သန်း ရန်ကုန်ကို ပြန်လာသခိုက် ကိုမြင့်သန်းနှင့် ဆုံရသောအခါ “ဝေဖန်စာတွေလည်း ရေးပါ။ တစ်ချိန်က ပါမောက္ခ ဆရာကြီး ဦးခင်မောင်ဒင် ပြောခဲ့သလို ဒဿနိကဗေဒအတွက် လိုအပ်တဲ့ စာတွေကိုလည်း ဘာသာပြန်ပါ” ဟု တိုက်တွန်းတတ်ပါသည်။ “ဘာသာပြန်တဲ့ အခါမှာလည်း ဒဿနကျမ်းတွေကိုချည်း ဘာသာမပြန်ပါနဲ့ဗျာ။ အပြင်စာဖတ်သူတွေလည်း စိတ်ဝင်တစား ဖတ်ကြမည့် ဝတ္ထုတို့၊ ကဗျာတို့ကို ဘာသာပြန်ပါ။ ကျွန်တော်တို့ တက္ကသိုလ်တွေမှာ Existentialism ကို သင်ကြား ပို့ချနေကြသော်လည်း Existentialism နဲ့ ပတ်သက်တဲ့ စာတွေကို ဖတ်ခွင့်မသာကြဘူး။ အဲဒီတော့ က(ဖ)ကာတို့၊ အလ်ဘတ်ကမူးတို့၊ ဆာ(ရ)ထာတို့ရဲ့ ဝတ္ထုတွေကို ဘာသာပြန်ပါ” ဟု မေတ္တာရပ်ခံခဲ့ပါသည်။

ကျွန်တော်တို့ မေတ္တာရပ်ခံခဲ့သည့် အတိုင်းပင် ကိုမြင့်သန်းသည် က(ဖ) ကာ၊ အလ်ဘတ်ကမူး၊ ဆာ(ရ)ထာတို့၏ ဝတ္ထုများကို ကိုယ်တိုင် မှတ်ချက်ရေး၊ ကိုယ်တိုင် တည်းဖြတ်၍ ဘာသာပြန်ဆိုခဲ့ပါသည်။ ဒဿနိကဗေဒအတွက် ကြီးမားသော ထည့်ဝင်မှုတစ်ရပ်အဖြစ် မှတ်တမ်းတင်ရမည် ဖြစ်ပါသည်။

ဤသို့ဆိုလျှင် ကိုမြင့်သန်းသည် ဒဿနိကဗေဒအတွက် လိုအပ်သော စာများကို ဘာသာပြန်ရင်း ဝတ္ထုတိုများကိုလည်း ရေးလာခဲ့ပါသည်။ ကိုမြင့်သန်း၏ ဝတ္ထုတို အတော်များများတွင် မြန်မာ့သဘာဝ၊ မြန်မာ့ဓလေ့၊ မြန်မာ့ ယဉ်ကျေးမှုတို့က အရိပ်ထိုးနေတတ်ပါသည်။

စာဖတ်သူတစ်ဦးကမူ “ကိုမြင့်သန်းက နိုင်ငံရပ်ခြားမှာလည်း နေသေးရဲ့။ မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှုကိုတော့ အတော် ပိုင်နိုင်တယ်ဗျ။ ဘုန်းကြီးကျောင်း ဓလေ့ကို ရေးပြီဆိုရင် ကျက်သရေခန်းကနေ ကုဋီအထိ မြင်ယောင်ယောင် ဖြစ်လာအောင် ရေးတတ်သဗျ” ဟု ပြောပါသည်။ ထိုအခါ ကျွန်တော်က “ကိုမြင့်သန်းရဲ့ စာအုပ်တွေထဲမှာ သူ့ဘဝဖြစ်စဉ်အကျဉ်း ပါပါတယ်။ အဲဒီ ဘဝဖြစ်စဉ်အကျဉ်းကို ဖတ်ကြည့်ရင် ကိုမြင့်သန်း ငယ်စဉ်က ဘုန်းတော်ကြီး ကျောင်းတွေမှာ မွေ့လျော်ခဲ့တာကို တွေ့ရလိမ့်မယ်။ အဲဒီလို မွေ့ လျော်ခဲ့လို့လည်း ဘုန်းတော်ကြီးကျောင်း ယဉ်ကျေးမှု အစဉ်အလာတွေဟာ သူ့ရင်ထဲမှာ ကိန်းနေမှာပေါ့။ နောက် ကိုမြင့်သန်းဟာ မြန်မာမှု၊ မြန်မာစာပေမှာ အင်မတန် နှံ့စပ်တဲ့ ဆရာကြီးတွေထံမှာလည်း ပညာသင်ယူခဲ့တယ်။ အဲဒီဆရာကြီးတွေထဲ ဆရာကြီး သျှင်သန်းမေလည်း ပါတယ်။ ဆရာကြီး သျှင်သန်းမေဟာ ကဗျာဖွဲ့ဆိုမှုမှာ အင်မတန် နိုင်နင်းတယ်။ ဒါကြောင့်မို့ ကိုမြင့်သန်းဟာ မြန်မာ့ဓလေ့ မြန်မာ့ယဉ်ကျေးမှုတို့ကို မြင်ယောင်ယောင် ဖြစ်လာအောင် ရေးနိုင်တာပါ” ဟု ပြောခဲ့ပါသည်။

အခြား စာဖတ်သူတစ်ဦးကမူ “ကျွန်တော်တော့ ‘ရောရောယောင်ယောင် မောင်ဘမောင်နှင့် ရပ်ထဲရွာထဲက ဝတ္ထုများ’ စာအုပ်ထဲမှာ ပါတဲ့ ‘ပြန်ချင်ပြီ ညီမောင်လှရဲ့’ ဆိုတဲ့ ဝတ္ထုကို သိပ်ကြိုက်တယ်။ အဲဒီဝတ္ထုဟာ Existentialism ကို နားလည်အောင် ရေးထားတဲ့ ဝတ္ထုလို့ ထင်မိတယ်။ ကိုယ် ရှိနေတာကလေးကလည်း အရေးကြီးတယ်။ ကိုယ် ရှိနေတော့ ကိုယ်ကပဲ ဆုံးဖြတ်နိုင်တယ်။ ကိုယ်ကပဲ ပစ်ချခံထားရသလို နေနေ၊ ကိုယ်ရှိနေဖို့က လိုနေတယ်လို့ ကိုမြင့်သန်းက ရေးထားတယ်။ အဲဒါ Existentialism အကြောင်းကို ရေးထားတာလို့ ကျွန်တော် ထင်ပါတယ်” ဟု ပြောပါသည်။

အခြား စာဖတ်သူတစ်ဦးကလည်း “ကိုမြင့်သန်းက စကားပြော ကောင်းတဲ့သူဗျ။ သူ ပြောတဲ့ အကြောင်းအရာတွေက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မြင်နေကျ၊ တွေ့နေကျ အကြောင်းအရာတွေဗျ။ အဲဒီ အကြောင်းအရာတွေကို ပြောပြရင်း ကိုမြင့်သန်းက ကျွန်တော်တို့ကို စဉ်းစားစရာ ပေးသွားသဗျ။ သူ့ အရေးအသားက ကျွန်တော်တို့ကို အဲဒီ စဉ်းစားစရာဆီ ရောက်အောင် ခေါ်မှန်းမသိ ခေါ်သွားသဗျ။ သူ့စာတွေ ဖတ်ခါစမှာတော့ သူ့အရေးအသားကို သည်းခံပြီး ဖတ်ရတယ်။ နောက်တော့ အလေ့အကျင့် ရသွားသလား၊ ကြိုက်သွားတာလား မပြောတတ်ဘူး။ ကိုမြင့်သန်း ရေးတာ တွေ့ရင် ဖတ်ချင်စိတ် ပေါ်လာတော့တာပဲ” ဟု ပြောပါသည်။

ထိုအခါ ကျွန်တော်က “ကိုမြင့်သန်းမှာ ပြောစရာတွေ အများကြီး ရှိတယ်။ အစမှာတော့ အဲဒီ ပြောစရာတွေကို ဘယ်လိုပြောရမလဲ ဆိုတာ အတော် ရှာကြံခဲ့ရပုံ ပေါ်တယ်။ အတော် စမ်းသပ်ခဲ့ရပုံ ပေါ်တယ်။ အခုတော့ ကိုမြင့်သန်းအနေနဲ့ အဲဒီ ပြောစရာတွေကို ဘယ်လိုပြောရမယ် ဆိုတာ ပြောပြပုံ၊ ပြောပြနည်းတွေကို တွေ့သွားပြီ။ အဲဒီ ပြောပြပုံ၊ ပြောပြနည်းဟာလည်း ကျွန်တော်တို့ မြန်မာစာပေ လောကမှာ နေရာတစ်ခု ရနေပြီ” ဟု ပြောခဲ့ပါသည်။

ထိုအခါ ထိုစာဖတ်သူက “ဆရာပြောတာ ကျွန်တော် လက်ခံပါတယ်။ ဟုတ်ပါတယ်။ ကိုမြင့်သန်းရဲ့ အရေးအသားဟာ မြန်မာစာပေလောကမှာ နေရာတစ်ခု ရနေပါပြီ” ဟု ပြောပါသည်။

၆။

ကိုမြင့်သန်းရေ…

ကိုမြင့်သန်းနဲ့ ပတ်သက်လို့ ပြောစရာတွေ အများကြီး ရှိနေပါသေးတယ်။ ပြောခွင့်သာသလောက် ပြောခဲ့ပါပြီ။

ကိုမြင့်သန်း နေကောင်းအောင် နေပါ။

မြဝင်း(ဒဿန)

၂၀၊ ၁၀၊ ၂၀၁၆။

 

အမှာစာ

(ကို) မြင့်သန်း ၊ ပါရမီရှိသူ ၊ မြန်မာချစ်သူ

 

ကျွန်တော့် အရေးအသားကလေးတွေ စုပေါင်းပြီး မိုးဝေးက စာအုပ်ထုတ်မလို့တဲ့။ ခင်ဗျားနဲ့ ရိုက်တာကြီးတို့ အမှာစာ ရေးပေးကြပါလို့ ကိုမြင့်သန်းက ဖုန်းဆက်ပြီး ပြောတယ်။ ဩ… ခင်ဗျားကတော့ ကျုပ်တို့ အမှာ ရေးမှ လူသူလေးပါး သိကြမှာကိုးလို့ ကျွန်တော်က ပြန်ပြောတော့ သဘောကျပြီး တဟဲဟဲ ရယ်တယ်။ ကဗျာဆရာတွေကတော့ ခင်ဗျားကို အသည်းစွဲပဲ။ ခင်ဗျားဝတ္ထုတွေတင် မကဘူး ခင်ဗျားရဲ့ တခြားအရေးအသားလည်း ပါမယ်ထင်တယ်။ မောင်ဒေးရဲ့ မင်္ဂလာဧည့်ခံပွဲညမှာ တွေ့ပြီး ပြောဖြစ်ကြတော့ သူတို့က အတော့်ကို နှစ်သက်ကြတာကိုးလို့ … ကျွန်တော်က ထပ်ပြောတယ်။ ဟုတ်လို့လားလို့ ကိုမြင့်သန်းက ပြန်ပြောတယ်။

အမှာစာရေးဖို့ သူ (ကိုမြင့်သန်း) ရဲ့ စာအုပ်လေးတွေကို ကျွန်တော် ပြန်ဖတ်ကြည့်တယ်။ စတိုင်သစ်၊ ချင်းတွင်းမှာ ပါလို့ ဖတ်ပြီးတာတွေ ဖြစ်သော်လည်း ခုလည်း ဖတ်လို့ ကောင်းတုန်းပဲ။ ဖတ်လို့ ကောင်းတယ် ဆိုတာ အရသာတွေ့တယ်။ ငြီးမသွားဘူးလို့ ဆိုလိုတာ။ ဩ… သူက စကားလုံးတွေကို သုံးစွဲတဲ့ နေရာမှာ နေထားတကျပါကလား။ အလောတော်ကလေး၊ အနေတော်ကလေးပါကလား။ ဒါကြောင့် ထင်ပါရဲ့။ တောင်ရွာက မောင်တာ လို့ ဖတ်ရတိုင်း ပြုံးမိတယ်။ မူလတန်း ကျောင်းဆရာကြီး ဆရာမြတော့ ဘယ်လိုရှိမလဲ မပြောတတ်ဘူး။

ဆရာမြရော၊ မောင်တာရောဟာ တောသားအစစ်တွေ ရေတစ်စက်မှ မရောတဲ့ သူတွေ။ ရေမရောတဲ့ တောသားတွေဖြစ်တဲ့ အားလျော်စွာ ဘုန်းတော်ကြီး၊ ဦးဇင်း၊ ကပ္ပိယ၊ ကာလသားခေါင်း၊ တံတားထိပ် ကားဆိပ်… အဲဒါတွေသိသပေါ့။ သို့သော် အဲဒါတွေကို ဖော်ရာမှာ ကျွန်တော့်ထက် ကိုမြင့်သန်းက ပိုပိုင်တယ်လို့ ဆိုရမယ်။ ရိုက်တာကြီး ဦးမြဝင်း ဟာလည်း တောအကြောင်း ကဗျာဖွဲ့ရာမှာ ပိုင် လို့ ကျွန်တော်တို့ထက်လို့ မဆိုဘဲ ကျွန်တော့်ထက်လို့ ဆိုတာပါ။ ‘ဖော်’တဲ့ နေရာမှာ ပိုင်တယ်။ သူ့လို ဘယ်သူ ရေးတတ်မလဲ။ အညာက ရွာ၊ ရွာက ရွာသားတွေ၊ ရွာသူတွေ ပြောကြဆိုကြတာ၊ လုပ်ကြကိုင်ကြတာဟာ ကျွန်တော့်ဆီတော့ ရောက်တယ်။ ကဗျာဆရာတွေဆီကိုလည်း ရောက်တယ်။ ‘ရွာ၏ အခြားတစ်ဖက်က ချောင်းရေ နောက်ကျိရသည့် အကြောင်း’ ကို ဖတ်ကြည့်သောသူ မည်သူ့မဆိုဆီလည်း ရောက်မယ်။ လွန်လွန်ကဲကဲ ပြောတယ်ရယ်လို့ မဟုတ်ဘူး ထင်ပါတယ်။ ကိုမြင့်သန်းဟာ ဝတ္ထုရေးရာမှာ ပါရမီရှိသူ ဖြစ်မယ်။

သူနဲ့ သန်းသန်းရည်ဟာ ဝေးတစ်မြေက ဆစ်ဒနီ တောင်ပြာပေါ်မှာ နေတယ်။ ဆစ်ဒနီတောင်ပြာကြီးပေါ်မှာ နေပေတဲ့ ရေတိမ်ကန် ရွာသူကြီးတူ မောင်မူ၊ ကာလသားခေါင်း သောင်းစိန်၊ တိုက်အုပ်ကိုယ်တော် ဗိုလ်ဉာဏ် စသည်ဖြင့် စိတ်ကူးကွန့်မြူးတယ်။ ကိုမြင့်သန်းဟာ ငယ်ငယ်က မန္တလေး ဆူးခါးကျောင်းမှာ နွေကျောင်းပိတ် နေရတယ် ဆိုပေတဲ့ ခုထိအောင် မှတ်ဉာဏ်ထဲမှာ ဒါတွေကို ဘယ်လို သိမ်းဆည်းထားသလဲ။ မြန်မာပြည်နဲ့ ဝေးတာ ကြာပြီပဲ။ သို့သော် မြန်မာပြည်ကြီးက သူ့အထဲထဲမှာ ရှိနေတုန်းကိုး။ လွမ်းလို့ပဲပေါ့။ ဒါနဲ့ပဲ အတိတ်ဆီ အတွေးကြော ဆက်နိုင်တာ။ သူ့မှာ မြန်မာတောရွာကို နှစ်လိုတဲ့ စိတ်လည်း ရှိသကိုး။ မနှစ်လိုရင် မတည်ရှိနိုင်။

သို့သော် တလောတုန်းက ကျွန်တော့်ဆီ သူ ရေးတဲ့ စာတစ်စောင်ထဲမှာ သလို ပါလာတယ်။

 

ဆရာတာ ခင်ဗျား

ဖုန်းဆက် စကားပြောလိုက်လို့ ကျေးဇူးတင်ရပါတယ်။ မနေ့ကတော့ နေသာတယ်။ အေးတော့ အေးတယ်။ ငါးဒီဂရီလောက်ဆိုတော့ နေသာထိုင်သာရှိတယ်။ တစ်နေ့ခင်းလုံး လိုလို ကျွန်တော်တို့လည်း ခြံနောက်ဖေးဘက် ထွက်ထိုင်နေကြရင်း ခင်ဗျားတို့ကို သတိရနေတယ်။ မြန်မာပြည်က ရင်းနှီးတဲ့ သူတချို့ကို လွမ်းမိတယ်။ မြန်မာပြည်တော့ဖြင့် မလွမ်းတော့ဘူး။ မုန်းတီးစိတ်တောင် ပေါ်လာတယ်။ မြန်မာတွေကို ဒီရွေ့ ဒီမျှ ညံ့ကြပါကလားလို့ တွေးမိတယ်။ ညံ့တယ် ဆိုတာကလည်း naive ကို ပြောချင်တာပါ။ ဒါပေတဲ့ ကိုယ်လည်း ဘာမှ မတတ်နိုင်။ ဟိုတုန်းက တရားဝန်ကြီးချုပ် လုပ်ခဲ့တဲ့ အန်ကယ်ဦးမြင့်သိန်းက ပြောဖူးတယ်။ တို့ လူမျိုးက ယုံစရာရှိရင် မျက်စိမှိတ် ယုံတတ်တယ်တဲ့။ အဲဒီတုန်းက ကျွန်တော် သိပ် သဘောမပေါက်ဘူး။ ခုတော့ အတော် သဘောပေါက်လာတယ်။ ပေါက်ဆို ကျွန်တော်တို့ မြန်မာတွေဟာ လူကို ကိုးကွယ်တဲ့ အလေ့အထ ရှိတာကိုး။ … … …

အဲဒီအကြောင်းကို တစ်လလောက်က ကျွန်တော့်သူငယ်ချင်း ဖေသန်းဦး (ခင်ဗျား တွေ့ဖူးပါတယ်) ကို ရေးပြလိုက်မိသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ဆွေးနွေးပွဲတစ်ခု အပြီးမှာ တစ်ယောက်က မေးတယ်။ မြန်မာပြည်မှာ စစ်အစိုးရ မရှိတော့လို့ အရပ်သားက တက်လာရင် ဘယ်လိုဖြစ်မယ် ထင်သလဲတဲ့။ သူက ESCAP မှာ လုပ်လာတဲ့ သူ။ ကျွန်တော်ကတော့ ပြောလိုက်မိတယ်။ ကျွန်တော်က မြန်မာအိပ်စပတ် မဟုတ်ဘူး။ အရပ်သား တက်လာရင်တော့ အရပ်သား အာဏာရှင်စနစ်ပဲ ဖြစ်မယ်လို့ ဖြေတော့ သူက သိပ်မကြိုက်ဘူး။ ဒါနဲ့ပဲ ဒေါ်လာတစ်ရာကြေး လောင်းတယ်။ မတ်လ ကုန်ခါနီးမှာ ရှန့်ဟိုင်မှာ တွေ့ကြတော့ သူက ကျွန်တော့်ကို ငွေတစ်ရာ လာပေးတယ်။ အရက် သောက်လိုက်ကြတယ်။ အဲဒီနောက် တိုးတိုးတိတ်တိတ်နဲ့ ကျွန်တော့်ကို သူ လုပ်နေတဲ့ အရှေ့အာရှရဲ့ နိုင်ငံရေး အကဲဖြတ်ဌာနမှာ အလုပ်လုပ်ဖို့ ပြောတယ်။ ကျွန်တော်ကတော့ ဘာသာပဲ ငြင်းလိုက်တယ်။ တစ် - ကျွန်တော် မြန်မာ အိပ်စပတ် မဟုတ်ဘူး။ နှစ် - ကျွန်တော် စိုက်ထားတဲ့ ခရမ်းချဉ်ပင်တွေ ပိုးမကျအောင် လုပ်ရဦးမယ်လို့။ ခက်နေတာက တစ်ခုက ခုခေတ်ကျကာမှ NLD နဲ့ ပတ်သက်သမျှ ရှောင်ရေးရမယ် ဆိုသလို ဖြစ်နေတယ်။ … …

ချင်းတွင်းကို ခင်ဗျား မွေးနေ့တိုင်း ဒီဇင်ဘာမှာ တစ်နှစ် တစ်အုပ်လောက် ထုတ်ပါလား။ အမှတ်တရလည်း ဖြစ်တာပေါ့။ အရင်လူတွေ ပြန်စု၊ စာဟောင်းတချို့ ပြန်ထည့်။ ဥပမာ ဆရာပါတို့၊ ဦးညိုမြတို့ စာမျိုးလေးတွေနဲ့ ဖြည့်။ သိမ်းထားရမယ့် စာတစ်အုပ် ဖြစ်လာမှာ လို့ ကျွန်တော် ယုံတယ်။ သန်းသန်းကလည်း ပြောတယ်။ နိုဝင်ဘာလောက်ကျရင် ဆုံကြဦးစို့တဲ့။ ခင်ဗျားတို့ နှစ်ယောက်စလုံးကလည်း အလုပ်များနေတတ်ကြတော့ မေးကြည့်ဦးမယ်လို့ပဲ ပြောထားတယ်။ အချိန်ရရင် ပေါ့ဗျာ။ မနှစ်ကလို ရေကလေး စိမ်လိုက်၊ လေ ပစ်လိုက်၊ အထုပ်ကလေး ဆွဲလိုက်ပေါ့။ … … …

ခင်ဗျားတို့၊ ဝင်းကျော်တို့၊ အွယ်ပီးတို့နဲ့ တွေ့ချင်တာတော့ အမှန်ပဲ။ လေပစ်ချင်တယ်။ ဒါပေတဲ့ ခုနေတော့ မလာတာပဲ ကောင်းမယ်။ အရင်က စစ်အစိုးရရဲ့ အာဏာအလွဲသုံးစားမှုကြောင့် အစိုးရကို မုန်းတာ။ ခုတော့ လူတွေကို မုန်းလာတာ။ ဘာဖြစ်လို့ ဒီရွေ့ဒီမျှ ညံ့ကြရတယ် ဆိုတာ နားမလည်နိုင်ဘူး။ ကျွန်တော်တို့ လူမျိုးက တလွဲ ဆံပင်ကောင်းမှာ တော်လွန်းတယ်၊ ပက်ပုံလမ်း ယဉ်ကျေးမှုကို ပုံတူကူးချလိုက်ဖို့ ဝန်မလေးဘူး။ ပေါ်ပင် လိုက်တယ်။ ထင်ပေါ်ချင်လွန်းတယ် ဆိုတာက များလွန်းတယ်။ ဥပမာ ပွဲထိုင်တွေမှာ အမျိုးသမီးတွေဝတ်တဲ့ အရောင်ကိုပဲ ကြည့်။ အရောက်တောက်တောက်ကို အပေါ်အောက်ဝတ်စုံ ဝတ်ထားတတ်ကြတယ်။ ဟိုစဉ် ပွဲထိုင်ဆိုရင် ရွှေဝါရောင် နုနုကလေး၊ ပန်းနုရောင် မိုးပြာရောင် နုနု စတဲ့ အရောင် နုနုညက်ညက်ကလေးနဲ့ ဂုဏ်တင် မကဘူး၊ သိက္ခာကိုပါ ဖော်တတ်တဲ့ ဂုဏ်သရေရှိ မြန်မာ အမျိုးသမီးတွေဟာ ကနေ့ကာလမှာတော့ တောက်တဲ့ အာခေါင်နီကို မိတ်ကပ်လိမ်းပေးထားသလိုမျိုး တွေ့လာရတာသာ ကြည့်။ မဝတ်ရဘူးလို့ မဆိုလိုဘူး။ ပေါ်လွင်ချင်လွန်းတော့ အသားမည်း အရဲဆင်ဆိုတာမျိုးတွေ ဖြစ်လာတာကို ဆိုလိုတာ။ ပိုမိုယဉ်ကျေးတဲ့ အရပ်တွေမှာ B wears B, L wears L ဆိုတာတွေ ရှိတယ်။ ဆိုချင်တာက Bawd wears Bright, Lady wears Light. ပဲ။ ဒီလိုမျိုးတော့ အတုယူကြရမှန်း မသိဘူး။ အသေးအမွှားလို့ ပြောချင် ပြောကြမယ်။ အက်ကမင်းရဲ့ စရိုက်လက္ခဏာကို လေ့လာပုံအရ ပြောရရင်တော့ ပိတ်ဆို့ ကြပ်ညှပ်ထားခြင်းကနေ တစ်မုဟုတ်ချင်း လွတ်မြောက်သွားတဲ့ မြန်မာတွေရဲ့ စိတ်ထားကို ပေါ်ပေါ်လွင်လွင် မြင်နေရတယ်။ တိမ်ငုပ်နေခဲ့တဲ့ အတွင်းစိတ်ထဲမှ ကနေ့ မြန်မာပြည်က လူအများစုဟာ ထင်ပေါ်လိုတာဟာ အဓိကပဲ။ မိန်းမတွေ ဆိုတာကတော့ အထူးပြောနေစရာ လိုမယ်မထင်ဘူး။ ပြောချင်တာတွေကတော့ အများကြီးပဲဗျာ။ ပြောလို့လည်း ပြီးမယ် မထင်ဘူး။ ခင်ဗျားတို့၊ ကျွန်တော်တို့လည်း ကြီးလာပြီ။ ကိုယ့်အရိုးကို ကိုယ့်ဘာသာ မသယ်ချင်လောက်တဲ့ အရွယ်အထိ ရောက်မသွားသေးခင်တော့ လောကကြီးရဲ့ ဖြစ်ပျက်နေခြင်းနဲ့ ရည်ငံနေနိုင်အောင်တော့ ရှာကြံ ကြိုးစားရဦးမှာပဲ။ ရှေးက ပညာရှိမင်းများ ဆိုခဲ့ကြသလို အရာရာကို သွားဟာနဲ့ ဆုံးကြရမယ် ဆိုတာမျိုး ကြံရကောင်းချည်သေးရဲ့။ နေထိုင်ကောင်းအောင်သာ နေဗျာ ဆရာမကြီးလည်း နှုတ်ဆက်လိုက်ပါ။

 

ကျွန်တော်ကတော့ သူ့စာကို အောက်ပါအတိုင်း အနက်ကောက်တယ်။

တကယ်တော့ အနေသာချည်းပဲ။ မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေနဲ့ သူ့ရဲ့ ဘဝဟာ ပတ်သက်လှတာလည်း မဟုတ်ဘူး။ နိုင်ငံရပ်ခြားမှာ နေတဲ့ မြန်မာများထဲမှာ မြန်မာပြည်အရေးမှာ တော်သလို လျော်သလိုသာ နေလိုက်ကြတဲ့ လူတွေလည်း ရှိတယ်။ မြန်မာပြည်ကြီးကို ကိုယ်က (ကိုယ်ကာယအားဖြင့်) ခွာသော်လည်း စိတ်က မခွာတဲ့ လူတွေလည်း ရှိတယ်။ ဒုတိယ အမျိုးအစားထဲမှာ ကျွန်တော်တို့ရဲ့ ကိုမြင့်သန်း ပါတယ်။

ပါလို့ ပဲ မကျေနိုင် မချမ်းနိုင် ဖြစ်နေတတ်တာ။ ‘နာ’ နေတတ်တယ်။ သူ့နယ်ပယ်ဖြစ်တဲ့ ယဉ်ကျေးမှုရေး အနုပညာရေးမှာပေါ့။ ဥပမာ ‘စသည် စသည်ဖြင့် …’ ဆိုတဲ့ မြင့်သန်း၏ စာပေဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်းရသ ပညာ စသည့် အရေးအသားများ စာအုပ်ကိုသာ ဖတ်ကြည့်ပါ။

 

‘ဤသို့ တင်ပြရသည်မှာ စာတမ်းအမည်ခံ စာတမ်းတချို့ကြောင့် မြန်မာပညာရှင်များ အပေါ် (မကြာမကြာ ကြားရတတ်သော) အထင်အမြင်သေး ခံရမှုများ နည်းပါးစေချင်သောကြောင့် ဖြစ်ပါသည်။ ထိုသို့ အထင်သေးခံရမှုများမှာ တစ်မျိုးသားလုံးအပေါ် ပညာရပ်ဆိုင်ရာ နယ်ပယ်တွင် မလိုအပ်ဘဲ ပေါ်ပေါက်လာတတ်ပါသည်။ ယနေ့ခေတ်ကာလမှာ ပညာရပ်ဆိုင်ရာ ခေတ်ကာလ၊ ဘာဘာညာညာ ခေါ်ကြသည်ကို အားလုံး သိနှင့်ကြပြီးဖြစ်၍ အကျယ်မရှင်းတော့ပါ။ ထိုထိုသော ကာလမျိုးတွင် လေကိုဖမ်း၍ ဝါးတန်းချည်ပြနေချင်၍ မဖြစ်တော့ပါ။ ပညာရပ်တစ်ခုနှင့် တစ်ခုမှာလည်း နွယ်ငင်ဆက်စပ်နေမှုများ ရှိနေကြသဖြင့် တစ်ခုနှင့်တစ်ခု၏ ဆက်စပ်နေမှုများလည်း သိရန် လိုအပ်ပါသည်။ ပညာရပ်ဆိုင်ရာ စနစ်များကိုလည်း သိရန် လိုပါသည်။ အဆိုးဝါးဆုံးမှာ မသိသည်ကို သိသလိုလိုဖြင့် ဝင်ရောဝင်ဖြီးနေ၍ မသင့်တော့ဟု ထင်ပါသည်။ ထို့ပြင် ယနေ့ မြန်မာနိုင်ငံ၏ အနေအထားမှာ ကမ္ဘာကြီးနှင့် တိုက်ရိုက်ထိတွေ့နေသော အနေအထားမျိုး ဖြစ်နေသဖြင့် ကမ္ဘာအရပ်ရပ်မှ ပညာရှင်များ၊ သုတေသနပြုသူများ၊ လေ့လာသူများက အမြဲလိုပင် စိတ်ဝင်တစားနှင့် လေ့လာနေကြသော အနေအထားမျိုး ဖြစ်ပါသည်။ ရှေးကကဲ့သို့ တံခါးပိတ်ဝါဒဖြင့် ရပ်တည်နေသည် မဟုတ်တော့။ တက္ကသိုလ်နှင့် ပညာရပ်ဆိုင်ရာ အဆောက်အအုံများက ဘွဲ့လွန်ပညာရှင်များ၊ ပါရဂူများ အများအပြား ထုတ်လုပ်ပေးနေပါပြီ။ ပညာရှင်များက သိကြပါသည်။ ထိုသို့ ခေတ်သစ်ကာလ အတွင်းမှ မြန်မာ၏ အနေအထားကိုမျှ မငဲ့ကွက်ဘဲ မိမိအပေါ် ဘေးလူက အထင်ကြီးရေးကို ရှေ့တန်းတင်ကာ မရေမရာ၊ ဦးတည်ရာမဲ့ စာတမ်းမျိုး ရေးသားခြင်းဖြင့် တစ်မျိုးသားလုံးအပေါ် အထင်အမြင်သေးရန် စေ့ဆော်မှုပေး ရေးသားနေခြင်းများမှာ ရပ်သင့်ပြီဟု ထင်မိသောကြောင့် ဤအရေးအသားကို ရေးရပါသည်။’

 

သူ့ရဲ့ လောကအမြင်တွေကိုတော့ ‘လှေကားထစ်တွေ၊ မြစ်၊ နံရံ’ စတာတွေနဲ့ ရေးတယ်။ သူ့စကားအရဆိုရင် ဖန်တီးနိုင်ခြင်း အတွင်းကို တိုးဝင်သွားတာပဲ။ ဖေတော့ မောင်တော့ ကြိုက် စာဖတ်ပရိသတ်အတွက် စာတွေတော့ မဟုတ်ဘူးပေါ့။ စာထဲမှာ ပါတာတွေက လှသော အသောဖောက်မှုများ၊ ပြီးတော့ လူ၏ ပြောင်းလဲတတ်သော အမြင်များ၊ ထိုတစ်ပုဒ် တလေ၌ ကြည်နူးစရာများ၊ လွမ်းစရာများ။ နောက် တစ်ပုဒ်တလေမှာတော့ စိတ်ကူးယဉ်တတ်ခြင်းကို အမွှမ်းတင်ခြင်း (စိတ်ကူးယဉ်တယ်ဆိုတာ လွတ်လပ်မှုအားလုံးရဲ့ ဖခင်ကြီးပဲ။ စိတ်ကူးယဉ်တတ်မှ ဘဝဆိုတာကို တည်ဆောက်လို့ ရတာ စသဖြင့် …)။

ကျွန်တော့် ဖတ်စရာ အရသာရှိတဲ့ ဝတ္ထုတွေ၊ ကျိုးကြောင်းရှိတဲ့ ဝေဖန်စာတွေ ရေးသမို့ ကျွန်တော်ကတော့ဖြင့် ကိုမြင့်သန်းကို ကျေးဇူးတင်တယ်။ သူများကိုတော့လည်း ကျွန်တော် မသိဘူးပေါ့။ သို့သော် ကဗျာဆရာများကတော့လည်း ကျွန်တော့်လို ကျေးဇူးတင်ပုံရတယ်။ အမှာစာကိုတော့ ဒီမှာ ရပ်ချင်တယ်။

ဒီအမှာစာမှာ သူ့ (ကိုမြင့်သန်း) ရဲ့ စာအကြောင်းဆိုပေတဲ့ ‘ရောတိရောရော ငါလည်း ပါ၊ ပါပါလျက်သား ငါကများ’ ဆိုသလို ဖြစ်ချင်ဖြစ်မယ်။ အဲသလို မဖြစ်စေနဲ့လို့ အဲဒီသဘောမျိုး ဆုံးပါးသွားတဲ့ ဒေါက်တာသန်းထွန်း ကျွန်တော့်ကို ပြောခဲ့ဖူးပေတဲ့ (ဆက်နွှယ်နေသော အကြောင်းကြောင့်) ကျွန်တော့် အကြောင်းက ပါနေတာကို ခွင့်လွှတ်ပါ။ ကျွန်တော် မြင်သမျှကတော့ ‘စိတ်တိုင်းကျသမား ကိုမြင့်သန်း’ ဟာ အရေးအသားမှာ ပါရမီရှိတယ်။ ပြီးတော့ မြန်မာတို့မှာ ဂရုဓမ္မစိုက်တယ်။ မြန်မာများကို ချစ်တဲ့ လွမ်းတဲ့စိတ် အရင်းခံရှိတယ် အဲသလို မြင်ပါတယ်။

ရိုးသားစွာဖြင့်

မောင်တာ

 

လင်းတ မမိ၊ ဒေါင်း မိရသည့် အကြောင်း

 

ရေတိမ်ကန်ကျောင်းက ဘုန်းကြီး ပျံလွန်တော်မူသွားကတည်းက ကျောင်းထိုင်မယ့်သူ မရှိဘူး ဖြစ်နေတယ်။ ကျောင်းထိုင် ကိုယ်တော်ကလေး ပျံလွန်ပြီး သူ့မယ်တော်ပါ ကွယ်လွန်သွားတော့ ဟိုပြောဒီပြော ပြောကြရင်းက ကျောင်းမှာ ကျောင်းထိုင်မယ့်ကိုယ်တော် ရှာလို့ မရတော့ဘူး။ ရေတိမ်ကန်ဖက်က လူတွေ ခုဆို ဒီဘက်ကျောင်းကို လာတဲ့အခါတိုင်း ဆရာတော်ကြီးကို သူတို့ကျောင်းမှာ ကျောင်းထိုင်မယ့်ဘုန်းကြီး ရှာပေးဖို့ အပူကပ်ကြတယ်။ ရေတိမ်ကန်နဲ့နီးတဲ့ တာလမ်းပေါ်က ကုန်စုံဆိုင်ပိုင်ရှင် ထောင်ကဲကြီး ဦးအကွေးကများဆိုရင် “ကျောင်းထိုင်မယ့်ဘုန်းကြီး မရရင်၊ ကိုယ်တော့် တိုက်အုပ်ဘုန်းကြီးကို တပည့်တော် ခိုးပြေးရလိမ့်မယ်” လို့ ရယ်သလို နောက်သလိုနဲ့ ပြောလေ့ရှိတယ်။ ခက်လာတာ တစ်ခုက ဒီနှစ်က ရေတိမ်ကန်ဘုရားပွဲနှစ်၊ ဘာကြောင့်မှန်းတော့ မသိကြဘူး၊ ရေတိမ်ကန်ဘုရားပွဲက နှစ်နှစ်မှ တစ်ခါလုပ်ကြတာ။ ဒီတော့ ဘုန်းကြီးက ဒီအရပ်မှာ ငါရှိလျက်နဲ့ ရေတိမ်ကန်ကျောင်းမှာ ကျောင်းထိုင်ဖို့ ဘုန်းကြီးရှာမရလို့ ဘုရားပွဲမဖြစ်ရင် မကောင်းလှဘူးလို့ တွေးမိတယ်။ ဒီတော့ ဘုန်းကြီးက သူ့တိုက်အုပ်နဲ့ ညစဉ်လို သူတို့ကျောင်းထွက်တွေ၊ ငယ်တပည့်တွေစာရင်း ပြန်စဉ်းစားရတယ်။ စဉ်းစားရသမျှကလေး ဆက်သွယ်ကြည့်တော့ စာချလုပ်နေတဲ့ ကိုယ်တော်တွေက များနေလို့ စာသင်သားတွေကို ပစ်ပြီး လာလို့ မဖြစ်နိုင်ကြဘူး။ နောက်ဆုံး ဘုန်းကြီးကပဲ ကိုယ်တော်ကလေး တစ်ပါးကို သတိရလိုက်မိတယ်။ “မောင်ဉာဏ်၊ မောင်အဂ္ဂ ရှာစမ်း၊ မနှစ်က ဒီဝင်လာတုန်း တစ်နှစ် နှစ်နှစ်စလောက် စာချတာ နားဦးမယ်လို့ ငါ့ကို လျှောက်ဖူးတယ်။ သူနဲ့ဆို အတော်ပဲ၊ သူလည်း နားနားနေနေ ဖြစ်ရတာပေါ့” လို့ ဆိုလိုက်တယ်။

ဒီတော့ တိုက်အုပ်က “အရှင်ဘုရား ဦးအဂ္ဂနဲ့ ဖြစ်ပါ့မလား၊ သူက အတော်မြို့ဆန်တယ်” လို့ တစ်ခွန်း ပြန်ပြောလိုက်မိတယ်။ “မြို့နေတော့ မြို့ဆန်သပေါ့ကွာ၊ မြို့လို တွေးရသပေါ့ကွာ၊ မင်းလည်း မြို့မှာ ကျောင်းသွားထိုင်ရင် မြို့ဆန်သွားမှာပေါ့” လို့ ပြောရင်း ပြုံးတယ်။ တိုက်အုပ်လည်း ဘုန်းကြီးလေး ဦးအဂ္ဂနဲ့ကို ရအောင်ဆက်သွယ်ရင်း အဆုံးမှာတော့ ဦးအဂ္ဂကို ရှေ့တိမ်ကန်ကျောင်းမှာ ကျောင်းထိုင်ဖြစ်အောင် တိုက်တွန်းနိုင်ခဲ့တာပေါ့။ ဘုန်းကြီးလေး ဦးအဂ္ဂကတော့ ဆရာတော်ကြီးနဲ့ တိုက်အုပ်ကို ခပ်ရှင်းရှင်း လျှောက်ထားတယ်။ “တပည့်တော် ဘုရားပွဲပြီးတဲ့အထိတော့ ကြိုးစားနေပါ့မယ် ဘုရား” လို့ လျှောက်ထားတယ်။

“တို့လည်း နီးနီးနားနား ရှိသားပဲကွာ၊ မင်းလိုတာသာ ပြော” လို့ ဆရာတော်ကြီးနဲ့ တိုက်အုပ်က ကိုယ်တော်ကလေးကို အားပေးကြရှာတယ်။ ဒီလိုနဲ့ပဲ၊ ရေတိမ်ကန်ကျောင်းမှာ ဘုန်းကြီးကလေး ကျောင်းထိုင်ဖြစ်သွားတယ်။ ကိုယ်တော်ကလေးနဲ့ အတော်သပ္ပာယဖြစ်တယ် ပြောရမယ်။ ကိုယ်တော်ကလေး ရောက်လာကတည်းက ဧည့်ကို ပြတ်တယ်မရှိ လောက်ပဲ။ ဆွမ်းကွမ်းက လိုလေသေးမရှိဘူး။ ကိုယ်တော်ကလေး ကြွလေရာပါတဲ့ ထရန်စစ်စတာ ရေဒီယိုကလေးကလည်း တယ်ပြီး ဆွဲဆောင်နိုင်တာကိုး။ ညနေဆို ဘုန်းကြီး ဦးအဂ္ဂက ခုနစ်နာရီ နိုင်ငံခြားသတင်း၊ ရှစ်နာရီ ပြည်တွင်းသတင်း နားထောင်လေ့ရှိတယ်။ အဲဒါတွေပြီးရင် ရေဒီယိုကလေးကို ကျောင်းအောက်ချပေးတော့ ရေတိမ်ကန်ကလူတွေ ဇာတ်သဘင် ဖျော်ဖြေခန်းတို့ ဘာတို့ နားထောင်ရသပေါ့။ ခုလို ရေတိမ်ကန်ကျောင်းမှာ စည်စည်ကားကား ဖြစ်လာတော့ ထောင်ကဲကြီး ဦးအကွေ့က သဘောကျလွန်းလို့ ဘုန်းကြီးလေးရေဒီယိုမှာ သုံးဖို့ အဲဗာရဲဒီ လေးလုံးတောင် လှူတယ်။

ဒီဘက်ကျောင်းက တိုက်အုပ်ဦးဉာဏိန္ဒ ပြောသလို၊ ဘုန်းကြီးလေးဦးအဂ္ဂက မြို့ဆန်တယ် ဆိုတာကတော့လည်း ဖြစ်နိုင်တယ်။ ရေတိမ်ကန်ဘက်က လူတွေ တဖြည်းဖြည်း ရိပ်မိလာတယ်။ ပြာသိုမှာလုပ်မယ့် ရေတိမ်ကန်ဘုရားပွဲ အတွက် ပထမဝါဆို မတိုင်ခင်ကတည်းက ဘုန်းကြီးကျောင်း အောက်ဘက်မှာ ညဘက် အစည်းအဝေး လုပ်ကြတယ်။ နောက်တော့ နှစ်ပတ်တပ်ခါ စနေနေ့ညတိုင်း အစည်းအဝေး လုပ်ကြတယ်။ အဲဒီအခါ ပင်စင်စားဆရာကြီး ဦးလှမောင်က ဘုန်းကြီးလေးနားထိုင်ပြီး ပြောတာဆိုတာတွေ လိုက်မှတ်ရတယ်။ ဦးလှမောင်ကြီးကို ဘုန်းကြီးကလေးက အဲဒီတာဝန်ပေးထားတာကိုး။ အစတော့ ဦးလှမောင်ကြီး ဘုန်းကြီးကလေးနား ထိုင်ပြီး မြောက်ကြွမြောက်ကြွရယ်၊ အတော်ကလေး ကြာလာတော့ သိပ်သဘောကျပုံ မပေါ်တော့ဘူး။ ဒီတော့ ဖင်နာခေါင်းကိုက် စတာတွေ အကြောင်းပြပြီး ရှောင်တော့တာပဲ။ ဘယ် ဒီလိုရမှာတုံး။ ဘုန်းကြီးကလေးက လူလွှတ်အခေါ် ခိုင်းပြီး၊ ဦးလှမောင်ကြီး ရောက်တာနဲ့ “ပြောစမ်း၊ ခင်ဗျားရောဂါ၊ ဟောဒါက ကိုဒါနင်၊ ဟောဒါက ဘတ်စပရို။ ဟောဒါက နှာစေးချောင်းဆိုး ကောင်းတဲ့ ဘာမီတုံ။ ကိုင်း… ဘာဖြစ်သတုံး၊ ပြောစမ်း” လို့ ပြောတာနဲ့ ဦးလှမောင်ကြီးလည်း ဘုန်းကြီးကလေး ဆေးပုလင်းတွေ ကြည့်ပြီး တစ်ချီတည်း အနာမျိုးကိုးဆယ့်ခြောက်ပါး ပျောက်တော့တာ။

အရင်ကဆို ရေတိမ်ကန်ဘုရားပွဲ လုပ်ဖို့ ဝါကျွတ်မှပဲ တစ်ခါလောက် စုပြီး ပြောဆိုကြရတာ။ ဘုရားပွဲကြီးကို ဘုန်းကြီးတွေက ဦးစီးကြပ်မတ်ရတာ ဆိုတော့ များသောအားဖြင့် ဒီတစ်ကြောက ဘုန်းကြီးတွေစုတဲ့ ပဝါရနာ ပြီးရင်၊ အရပ်က လူတွေနဲ့ ပြောကြဆိုကြတာ။ ခုတော့ ဘုန်းကြီးလေးက နှစ်ပတ်တစ်ခါ အစည်းအဝေးလုပ်ပြီး၊ အစည်းအဝေးတိုင်းမှာ ဘယ်သူ ဘာတွေလုပ်နေတယ်၊ ဘာတွေတော့ လုပ်ပြီးပြီ စတာတွေ ပြောရတယ်။ ဦးလှမောင်ကြီးကတော့ ထိုင်ပြီး မှတ်ရတယ်။ ဒီလောက်နဲ့ ဘယ်ပြီးမှာတုံး၊ နောက်တစ်နေ့ ဘုန်းကြီးလေး ထုတ်ပေးတဲ့ စက္ကူဖြူဖြူပေါ်မှာ ဖောင်တိန်နဲ့ အချောပြန်ရေးရတယ်။ ပြီးမှ ဘုန်းကြီးကလေးက ဖတ်ကြည့်ပြီး စာရွက်ထောင့်မှာ တံဆိပ်တုံးနှိပ်တယ်။ တံဆိပ်တုံးနှိပ်တယ် ဆိုတာက ဒီလို…။ ဘုန်းကြီးကလေးမှာ သူ့ဘွဲ့တံဆိပ် ရာဘာတုံး ရှိတယ်။ အဲဒီတံ ဆိပ်တုံးကို အစည်းအဝေးအကြောင်း ဦးလှမောင်ကြီး ရေးတဲ့ စာရွက်ထိပ် ထောင့်မှာရိုက်တယ်။ ပြီးမှ ရက်စွဲတပ် လက်မှတ်ထိုးတယ်။ ဦးလှမောင်တို့၊ ထောင်ကဲကြီး ဦးအကွေးတို့လည်း ထိုးရတယ်၊ ဒီဘက်ကျောင်းက ဆရာတော်ကြီးတို့ တိုက်အုပ်တို့ စကားစပ်မိတဲ့အခါ ထောင်ကဲကြီးက “သောက်ကျိုးနည်း စနစ်ကျတဲ့ ကိုယ်တော်” လို့ မှတ်ချက်ချတယ်။

အဖိတ်နေ့၊ ဥပုသ်နေ့တွေမှာ ရေတိမ်ကန်ကျောင်း လာတဲ့သူတွေ ဘာတွေက နဝကမ္မပြုဖို့ ဝတ္ထုလေးဘာလေး လှူတဲ့အခါ ဘုန်းကြီးလေးက စာရင်းနဲ့ အသေအချာမှတ်ပြီး ကျောင်းနဲ့ ဘုရားအတွက် ပစ္စည်းဝယ်တယ်။ ကြည့်လေ…၊ ခုဆို ဘုရားဝင်းစည်းရိုးက အစိမ်းရောင်သုတ်ထားတယ်။ အရင်ကတော့ တစ်သက်လုံး ကားကောင်ဆရာကိုမြ အလကားပေးတဲ့ အင်ဂျင်ဝိုင်အဟောင်းနဲ့ ရေနံချေး ရောသုတ်နေတာ။ ခုတော့ အစိမ်းရောင် ဖြစ်ကုန်ပြီ။ ကျောင်းခပ်လှမ်းလှမ်းက ဖုန်းမြေလည်း ညှိလိုက်ပြီး ကျောင်းသားတွေကို ဘောလုံးအကန်ခိုင်းတယ်။ အရင်ကတော့ ကျောင်းနောက်နားက သစ်ပင်အုပ် အောက်မှာ ခြင်းခတ်နေကြတဲ့ ကောင်တွေ၊ အခုညနေတိုင်း ဘောလုံးကန်နေကြတယ် ဘောလုံးကို ဘုန်းကြီးကလေး ကိုယ်တိုင် မြို့သွားတုန်း ဝယ်လာတာဆိုတော့ ဘယ်သူကမှ မပြောရဲကြဘူး။ ဒါတောင် ဦးလှမောင်ကြီးက မနေနိုင်မထိုင်နိုင် “သူတို့ဘာသာသူတို့ ခြင်းခတ်နေတာ အကောင်းသား ကိုယ်တော်ရာ” လို့ ပြောမိလို့ “ကောင်းတော့ ကောင်းသပေါ့ဗျာ၊ လူဆိုတာ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက် မြင့်ကြလေအောင်…” အစချီပြီး ဘုန်းကြီးလေးက နှစ်နာရီသာသာလောက် ကြာအောင် ဦးလှမောင်ကြီးကို ပြန်ရှင်းပြလိုက်လို့ ဦးလှမောင်ကြီးလည်း အဲဒီညက ကံကောင်းလို့ ညစာမလွတ်တယ်။ အဲဒီကစလို့ ဦးလှမောင်ကြီးလည်း သိပ်ပြီး လျှာမရှည်ရဲတော့ဘူး။

တစ်နေ့တော့ ဘုန်းကြီးလေးက အမှတ်မထင် ပြက္ခဒိန် ကြည့်ရင်း ဘုရားပွဲလုပ်မယ့်နေ့က လကွယ်နေ့ဖြစ်နေတာ တွေ့လိုက်ရတယ်။ ဒီတော့ ချက်ချင်း ကျောင်းဆရာ ဦးလှမောင်ကို အခေါ်လွှတ်ပြီး မေးရတော့တာပေါ့။ ဦးလှမောင်ကြီးက ဘုရားပွဲရက်ကတော့ အမှန်ပဲ။ ဒီလို ပွဲလုပ်လာတာကလည်း အစဉ်အလာပဲလို့ ပြောဆိုရှင်းပြပေတဲ့၊ ဘုန်းကြီးကလေးက သိပ်မကျေနပ်ဘူး။ ဦးလှမောင်ခမျာ ကြားဖူးနားဝ ပါးစပ်ရာဇဝင်တွေ ဘာတွေကို ကိုးကားပြောပေတဲ့ ဘုန်းကြီးကလေးက သိပ်မကျေနပ်ဘူး။ ဒီတော့ ဦးဉာဏိန္ဒတို့ ဆရာတပည့်ရှိရာ ကျောင်းကိုသွားပြီး လျှောက်တယ်။ ဆရာတော်ကြီးကော၊ တိုက်အုပ်ကပါ ရေတိမ်ကန်ဘုရားပွဲဟာ လမိုက်ညမှသာ လုပ်လေ့ရှိကြောင်း ရှင်းပြပြီး၊ အစဉ်အလာဖြစ်နေလို့ ဘုရားပွဲ ရက်ကိုတော့ ပြောင်းလို့မဖြစ်ဘူး ဆိုတာ အတော် ရှင်းလိုက်ရတယ်။ ဘုန်းကြီးလေးကတော့ သိပ်မကျေနပ်ဘူး၊ ဒါ့ကြောင့် ပြန်ခါနီးပတ်ဖြည့်ရင်း “တပည့်တော် တစ်မျိုးတစ်မည် စဉ်းစားကြည့်ဦးမယ် ဘုရား” လို့ ဆရာတော်ကြီးနဲ့ တိုက်အုပ်ကို လျှောက်ထားလိုက်တယ်။

အဲဒီကစလို့ ဘုန်းကြီးလေး ဦးအဂ္ဂဟာ ရေတိမ်ကန် ဘုရားပွဲအကြောင်း တတ်နိုင်သမျှ စုံစမ်းတယ်။ ပါးစပ်ရာဇဝင် အရတော့ မင်းသားကြီး ဘယ်သူဆိုလား၊ အိမ်ရှေ့ကိုယ်တော်ကလေး ဘယ်သူဆိုလား၊ သူက ဒီရေတိမ်ကန်ဘုရားနား လမိုက်ညတွေမှာ လာလာပြီး သူ့တပည့်တွေနဲ့အတူ ဓားရေးကျင့်တယ် ဆိုပဲ။ အဲဒီအစွဲနဲ့ ဘုရားပွဲကို လမိုက်ညမှာ လုပ်ကြ သတဲ့။ အဲဒီအစွဲနဲ့ပဲ ဘုရားပွဲလုပ်တိုင်း အနီးအနားက ကာလသားတွေ ရိုက်ကြသတဲ့။ ဒါ့ကြောင့်လည်း ရေတိမ်ကန် ဘုရားပွဲမှာ ခဲလံကျည်တောက် ရောင်းတဲ့အသည်တွေ ပေါဆိုပဲ။ ခဲလံကျည်တောက်က စားဖို့ရောင်းတာ မဟုတ်ဘူးတဲ့။ တချို့ ခဲလံကျည်တောက်သည်တွေ ရောင်းတာမျိုးဆို အထဲမှာ ကောက်ညှင်းက ဆိတ်စာကလေးတောင် မပါဘူးတဲ့။ ရိုက်ဖို့ ရိုက်လို့ကောင်းအောင် လုပ်ထားတာကိုး။ ရွာလယ်ရပ်က မမယ်ညွန့်ကြီးကတော့ ခုလို ပြောင်ပြောင်ပဲ ပြောတယ်။ “ဘုန်းကြီးကို လျှောက်ရမှာတော့ သိပ်မကောင်းဘူး။ ဘုန်းကြီးက ပြောဆိုလို့သာ သိအောင်ပြောရတာ။ ကျုပ်တို့ ဘုရားပွဲကြီး စည်ဆို အရပ်ရပ်က အပျိုတွေ၊ တစ်ခုလပ်တွေ အကုန်လာကြတာကလား။ ဘုရားပွဲ လမိုက်ရက်ဆိုတော့ ကာလသားတွေကလည်း ပေါသကိုး။ အဲဒီမှာ ကောင်မတွေက ဖင်အဆိတ် ခံရတာပေါ့။ အဲဒါကိုက အစဉ်အလာတစ်ခု ဆိုတော့ တချို့များ ခရီးတစ်သောင်းလောက်က လာကြတာ” တဲ့။

ဒီကစလို့ ဘုန်းကြီးလေးက အချိန်ရသရွေ့ စဉ်းစားနေတော့တာပဲ။ “ဒီကိစ္စဟာ တယ်နေရာမကျဘူး၊ ဘာအစဉ်အလာကြီး ပြောပြော ငါဦးစီးတဲ့ ဘုရားပွဲမှာ ဒါမျိုးတွေ မရှိစေရဘူး။ ဒီတော့ ဘယ်လိုလုပ်ရမလဲ" ဆိုတာ ခေါင်းထဲမှာ အမြဲရှိနေတယ်။ အဲဒီလို အမြဲစဉ်းစားနေတော့လည်း ပြဿနာ ရှင်းရန် နည်းပေါ်လာတော့တာပဲ။ “အဓိကဟာ လမိုက်ရက်မှာဆိုတော့ မှောင်လို့ဖြစ်တာ၊ မမှောင်အောင် ဘယ်လိုလုပ်မလဲ၊ လင်းအောင် လသာရက်ကို ပြောင်းလို့တော့ မဖြစ်ဘူး။ ဘယ်သူကမှ လက်ခံမှာ မဟုတ်ဘူး။ တရားပွဲလာတဲ့ လူတိုင်းလည်း လင်းလင်းကျင်းကျင်းနဲ့ ပိုလာကြမယ်” ဘုန်းကြီးလေးက အဲဒီလို တွေးတာကိုး။ အဲဒါအဖြေပဲ။

ခက်တာက မီးစက်ကိစ္စ။ မီးစက်က ငှားမယ့်သူ မရှိဘူး၊ ဝယ်မှရမယ်။ ဘုရားဝင်းတစ်ခုလုံး လင်းဖို့စက်က စက်ကြီး လိုတယ်။ ဘုန်းကြီးကလေးကိုယ်တိုင် မြို့တက်ပြီး ကြည့်ပြီးပြီ။ မီးစက်ရောင်းတဲ့ အာဇစ်မောင်မြကတော့ စက်ရော မီးကြိုး၊ မီးလုံးပါ ခုနစ်ရာ့ငါးဆယ် ကျမယ်တဲ့။ ဘုန်းကြီးလေးကို ရိုသေသမှုမို့ ခြောက်ရာငါးဆယ်နဲ့ ပေးမယ်ဆိုရုံမကဘူး။ သူကိုယ်တိုင် မီးလိုက်ဆင်ပေးဦးမတဲ့။ ဒါတင်မကဘူး၊ ကိုယ်တော်လေး ဆွမ်းစားချိန်နီးနေလို့ ဆိုပြီး သူ့ဆိုင်နားက မွတ်စတာဖာကြီး ဆိုင်မှာ ဒံပေါက်တောင် ကပ်လိုက်သေးတယ်။ ဒီတော့ ဘုန်းကြီးလေးအဖို့ ငွေ ခြောက်ရာငါးဆယ်ပဲ ရှိဖို့လိုတော့တယ်။ ကျောင်းမှာရှိနေတဲ့ ဝတ္ထု၊ ဘုရားပွဲကြီးအတွက် အားလုံး လှူကြ တန်းကြမယ့် ငွေအားလုံး တွက်လိုက်တော့ နှစ်ရာ့ငါးဆယ် သာသာပဲ ရှိတယ်။ သူ့ဆရာ ဘုန်းကြီးကြီးတွေနဲ့ တိုင်ပင်တော့လည်း ဒီကိစ္စက သူတို့တတ်နိုင်တဲ့ ကိစ္စမှ မဟုတ်ဘဲ၊ ဒါပေတဲ့ ဖြစ်များဖြစ်ချင်တော့ ကံစပ်တယ်ပဲ ခေါ်မလား၊ ပစ္စည်းစပ်တယ်ပဲ ခေါ်မလား မသိဘူး၊ သီတင်းကျွတ်လမှာ ဖွင့်တဲ့ အောင်ဘာလေမှာ ထောင်ကဲကြီး ဦးအကွေးက နှစ်သောင်းဆုပေါက်တယ်။ ဒီတင် အကုန် အဆင်ချောသွားတော့တာပဲ။

ဒီလိုနဲ့ ထောင်ကဲကြီး ဦးအကွေးလည်း မီးစက်ဒကာ ဖြစ်သွားတယ်။ ဒီလိုဆိုပြန်တော့လည်း ရေတိမ်ကန်ကျောင်းမှာ ဘုရားပွဲအတွက် ရန်ပုံငွေက နှစ်ရာ့ငါးဆယ်သာသာ၊ သုံးရာလောက် ပိုနေပြန်တယ်။ ဘုန်းကြီးလေး ဦးအဂ္ဂကတော့ ဒီနှစ် ဘုရားပွဲကြီးကို အဆင့်မြင့်မြင့် လုပ်မယ်လို့ စိတ်ကူးရှိတော့ ခါတိုင်းလို ဘုရားပွဲဖွင့်တဲ့ မနက်၊ ဒီအနီးအနားက ကိုယ်တော်တွေကို ဆွမ်းကပ်၊ အရပ်က လူတွေကို ထမင်းကျွေးရာမှာ ကြက်သားဆီပြန်နဲ့ ငရုတ်သီးထောင်း မကျွေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ အရပ်ကလူတွေ ချက်ရပြုတ်ရနဲ့ တာဝန် မများကြရအောင်ပေါ့။ ဒီတော့ မြို့က မွတ်စတာဖာကြီးကို ဒံပေါက်ချက်ခိုင်းပြီး ကိုယ်တော်တွေကို ဒံပေါက်ကပ်၊ အရပ်က လူတွေကို တစ်အိမ် ဒံပေါက်နှစ်ထုပ်တန်သည် အပို့ခိုင်းမယ်။ ဒီအစီအစဉ်၊ ဒီစိတ်ကူးကလည်း တကယ်တော့ ကောင်းတာပဲ။

ဘုရားပွဲနေ့မှာတော့ ဘုန်းကြီးရဲ့စိတ်ကူးတွေ အကုန် အကောင်အထည်ပေါ်တယ်။ ဒံပေါက် မစားဖူးတဲ့လူတွေလည်း ဒံပေါတ်စားဖူးသွားကြတယ်။ ဘုရားပွဲလုပ်တိုင်း ချက်ပြုတ်နေကျ အဖွဲ့သူ အဖွဲ့သားတွေသာ လုပ်နေကြအတိုင်း လုပ်စရာ မရှိတော့လို့ ဘာလုပ်ကြရမှန်းမသိ ဖြစ်နေကြတယ်။ ညဘက် ရောက်တော့လည်း ဘုရားပွဲလုပ်တဲ့ ဝင်းကြီးက မီးထိန်ထိန် သာကိုး။ စောစောပိုင်းတော့ မီးထိန်ထိန်သာတာကိုပဲ အထူးအဆန်း ဖြစ်လာကြည့်ရင်း ပွဲဈေးလျှောက်တဲ့သူတွေ ရှိတယ်။ မိုးချုပ်ပိုင်းမှာ လူမရှိတော့ဘူး။ ခဲလံကျည်တောက်သည်တွေ မရောင်းရဘူး၊ မီးလင်းလင်းကြီးအောက်မှာ ဆိုတော့ ကာလသားတွေလည်း မရိုက်ရဲကြဘူး။ အပျိုတွေလည်း ဖင်အဆိတ် မခံကြရဘူး။ မြို့က ပွဲကြပ်ဖို့လာတဲ့ ပုလိပ်သားကလေး နှစ်ယောက်လည်း ဘုရားပွဲမှာ ဘာမှ ထွေလီကာလီ မဖြစ်တော့ စောစောပြန်သွားကြတယ်။ အရင်ကဆို တစ်ညလုံးလိုလို ရေတိမ်ကန်ဘုရားကြီးကျောင်း အောက်ထပ်မှာ အရပ်ထဲက လူကြီးတွေ အလှည့်ကျ ပွဲကြပ်ရင်း ရေနွေးကြမ်းသောက်ရင်း တဝါးဝါးနဲ့ နေကြတာ။ ခုတော့ တိတ်လို့၊ မီးကြီး ထိန်ထိန်လင်းနေတော့ ဘာမှ အကြောင်းကြီးငယ် ရှိမှာမဟုတ်ဘူးလို့ တွက်ပြီး ကိုယ့်အိမ် ကိုယ် ပြန်အိပ်ကြတာပေါ့။

ဘုန်းကြီးလေးဦးအဂ္ဂ တစ်ပါးပဲ ကျောင်းအထက်ထပ်ကနေ ပွဲခင်းကို လှမ်းလှမ်းကြည့်နေတယ်။ လမိုက်ညမှာ ထိန်ထိန်လင်းနေတဲ့ ပွဲခင်းကြီး။ ဒီတော့လည်း ဦးလှမောင်ကြီး ပြောလေ့ရှိတဲ့ ရေတိမ်ကန်ဘုရားပွဲဟာ လမိုက်ညမှာလုပ်တာ အကြောင်းရှိပါတယ်ဘုရား ဆိုတဲ့ စကားကို ဘုန်းကြီးလေး နားထဲမှာ ကြားလို့သာ နေတော့တယ်။ ဘုရားပွဲကြီးပြီးလို့ တစ်ပတ်လောက် ကြာတော့ ဘုန်းကြီးလေးလည်း ဆရာတော်ကြီးနဲ့ တိုက်အုပ်ကို သွားတွေ့ပြီး အတော်ကြာကြာ စကားပြောတယ်။ အဆုံးမှာတော့ ကိုယ်တော်လေးလည်း ခွင့်ပန်ပြီး မြို့ကို ပြန်ကြွသွားတော့တယ်။ ဘာတွေ အသေးစိတ် ပြောကြမှန်းတော့ မသိဘူး။ ခပ်လှမ်းလှမ်းက ကြားလိုက်ရတဲ့ ကျောင်းသားတစ်ယောက် အပြောကတော့ ဘုန်းကြီးလေး ထပြီး ကြွခါနီးမှာ “စေတနာသာ အဓိကပါ မောင်အဂ္ဂ၊ စေတနာသာ အဓိကပါ” လို့ ဆရာတော်ကြီးက ပြောသံ ကြားလိုက်ရတယ် ဆိုတာပဲ။

ခုတော့ ရေတိမ်ကန်ကျောင်းမှာ မီးစက်ကြီးတစ်လုံး အဖတ်တင် ကျန်ခဲ့တယ်။ ဘုန်းကြီးလေးက ဘုရားပွဲဖြစ်မြောက်ရေး အစည်းအဝေးမှတ်တမ်းတွေကို သူကျိန်းတဲ့ အနားက စာအုပ်စင်ပေါ်မှာပဲ ထားခဲ့တယ်။ ဒီတော့လည်း နောက်ပိုင်းမှာများ ရေတိမ်ကန် ကျောင်းလာထိုင်တဲ့ ကိုယ်တော်လေးတွေအနေနဲ့ ဘုရားပွဲလုပ်မယ် ဆိုရင် အဲဒီမှတ်တမ်းတွေက အတော့်ကို အထောက်အကူ ပေးလိမ့်မယ် ထင်တယ်။

ရောရောယောင်ယောင် မောင်ဘမောင်နှင့်

ရပ်ထဲရွာထဲက ဝတ္ထုများ… မှ။

 

ခေါင်းကောင်းကောင်း တစ်လုံး

 

တကယ်တော့ ဆည်ပေါက်သူကြီး ဦးကံရနဲ့ လုံးလုံးချည်း ဆိုင်တဲ့ကိစ္စလို့ မပြောနိုင်ဘူး။ ဒါပေတဲ့ ဦးကံရကြီးက စိတ်ရင်း ကောင်းကောင်းရှိတယ်။ သူ့ရွာနဲ့ဆိုင်ဆိုင် မဆိုင်ဆိုင်၊ သူ လုပ်နိုင်တာ ဝင်လုပ်ပေးတာပဲ။ ဒါ့ကြောင့်လည်း အောင်မင်္ဂလာ ကျောင်းက ကိုယ်တော်တွေက အားကိုးကြတယ်။ သူတို့ လိုတာရှိလည်း ဦးကံရကိုပဲ ပြောကြတယ်။ တကယ်ဆိုတော့ အောင်မင်္ဂလာကျောင်းက စမ်းတွင်းဘက်မှာ ပါတယ်။ စမ်းတွင်းက ဟိုဘက်သူကြီး အပိုင်မှာ ပါတယ်။ ဟိုဘက်က သူကြီးကလည်း လူကောင်းပါ။ ဒါပေတဲ့ ဟိုဘက်သူကြီး အပိုင်ရွာက လေးငါးရွာဖြစ်နေတော့ သူကြီးတ ဒီဘက် သိပ်မလာနိုင်ဘူး။ သူနေတဲ့ ရွာနဲ့ကလည်း လှမ်းတာကိုး။ ကြည့်ရတာ စမ်းတွင်းကို ဦးကံရကြီးနဲ့ အပ်ထားပုံရတယ်။

အောင်မင်္ဂလာကျောင်းက လှမ်းကြည့်ရင် ဆည်ပေါက်က သင်္ချိုင်းကို လှမ်းမြင်ရတယ်။ ဒီဘက်တစ်ကြောက သင်္ချိုင်းတွေထဲမှာတော့ ဒီသင်္ချိုင်းက ဇရပ်က အကောင်းဆုံးပဲလို့ ပြောရ မယ်။ အုတ်ခံဇရပ်ကိုး။ တခြားက ဇရပ်တွေက ရိုးရိုးဇရပ်တွေ များတယ်။ အဲဒါကလည်း သူကြီးကောင်းမှုပဲ ပြောရမယ်။ ဆည်ပေါက်ဘုန်းကြီးကျောင်းနဲ့ စမ်းတွင်းက ဘုန်းကြီးကျောင်းတွေမှာ ရေလှောင်ကန်တွေ ဆောက်ကြတော့ ပိုတဲ့ သဲတွေ၊ အုတ်တွေ၊ ဘိလပ်မြေတွေ သူကြီးက ပြန်ဝယ်ပြီး ဆည်ပေါက် သင်္ချိုင်းက ဇရပ်ကို ပြန်ပြင်ထားတာပဲ။ တချို့ နွမ်းပါးတဲ့ သူတွေဆို အဲဒီမှာပဲ သရဏဂုံတင်ကြရတာ။ ဒါတင် ဘယ်ကမလဲ၊ စမ်းတွင်းက လူတွေတောင် ဆည်ပေါက်က သင်္ချိုင်းမှာ ချတတ်တယ်။

အရင်ကတော့ နယ်ကျော် မချရဘူးတို့ ဘာတို့ ပြောကြတာပဲ။ ဒါပေတဲ့ အောင်မင်္ဂလာကျောင်းကို ကျောင်းထိုင်ဖို့ ရောက်လာတဲ့ ဘုန်းကြီးကလေး ဦးပညာသာမိ လက်ထက်မှာ ပြောင်းသွားတယ်။ ဘုန်းကြီးလေးက ဦးကံရကို “သူကြီး သဘောတူရင် ရပါသော်ကော…” လို့ ပြောတယ်ဆိုပဲ။ အမှန်တော့ စမ်းတွင်းက လူတွေသေရင် ဖုန်းမြေကိုဖြတ်ပြီး ဟိုးဘက်က ညောင်ကန်နဲ့ ညောင်ပင်ဝင်းအကြားက သင်္ချိုင်းမှာ သွားချကြရတတ်တယ်။ ခက်တာက အသုဘလိုက်ပို့တဲ့ လူတွေက ဖုန်းမြေပေါ်က ဖြတ်မသွားချင်ကြဘူး။ နောက်တစ်ချက်က ညောင်ကန်က ကောင်တွေက ဖြစ်သလို မြှုပ်ပစ်တတ်တယ်လို့ ပြောကြတယ်။ ဆည်ပေါက်မှာက ချမ်းသာအိုး ရှိတာကိုး၊ ဆည်ပေါက်မှာမြှုပ်ရင် ချမ်းသာအိုးက မြေကြီးတူးတာတောင် သပ်သပ်ရပ်ရပ် တူးတာ၊ ပါးစပ်ကလည်း ပြောလေ့ရှိတယ်။ “အနေမလှခဲ့ကြပေတဲ့၊ ချမ်းသာအိုး လက်ထဲမှာတော့ အသေလှကြရမယ်” တဲ့။

ချမ်းသာအိုးဆိုတာ အရင်ကတော့ ဆည်ပေါက်ထိပ်က ဘုန်းကြီးကျောင်းက မောင်ရွှေပဲ၊ မောင်ရွှေက ပေါသွပ်သွပ်လို့ ပြောရမယ်ထင်တယ်။ တချို့ကလည်း သူငယ်နာ မစင်ဘူးလိုလို ပြောကြတယ်။ အရင်ကတော့ ဘုန်းကြီးကျောင်းနောက်က ထင်းထားတဲ့ တဲမှာ အိပ်တယ်။ ကျောင်းက ကပ္ပိယကြီးတွေနဲ့ ဝိုင်းလုပ်၊ အရပ်ထဲမှာ ခိုင်းစရာရှိရင် ခေါ်ခိုင်းကြ၊ အရွယ် ရောက်လာတော့ ထန်းတောထဲတွေ ဘာတွေမှာ သွားလုပ်ကိုင် ပေးရင်း ထန်းရည်စွဲလာတယ်။ အဲဒါကို ဘုန်းကြီးဦးသုဇာတက သိသွားတော့ ကျောင်းကနေ နှင်ထုတ်လိုက်တယ်။ အဲဒီက စလို့ မောင်ရွှေလည်း ကြုံရာအိပ်၊ ကြုံရာစား ဖြစ်သွားတယ်။ များသောအားဖြင့်တော့ မြူအိုးမီးဖုတ်တဲ့ နေရာတွေနားမှာ ထန်းပလပ်ကို ခင်းအိပ်တာ များတာပဲ။ နောက်တော့ ဆည်ပေါက်ရဲ့ တစ်ဦးတည်းသော သုဘရာဇာ မောင်ဆိတ်နဲ့ အပေါင်းအသင်းဖြစ်ပြီး မောင်ဆိတ်ကြီးတဲမှာ အိပ်တတ်တယ်။ သင်္ချိုင်းမှာလည်း မြေတူး၊ အလောင်းမြုပ် စတာတွေ လုပ်လာတယ်။

မောင်ရွှေတစ်ယောက် ဇာတာစန်း တက်ချင်လို့ပဲလား မသိဘူး။ တစ်ညနေ အရပ်ထဲမှာ မောင်ရွှေက အလောင်းတစ်လောင်းကို ရေမိုးချိုးပေးနေကုန်း မောင်ဆိတ်တဲ မီးလောင်တယ်။ အဲဒီတော့ မိုးက အတော်လေး ချုပ်နေပြီ။ အရပ်ထဲက လူတွေကလည်း သင်္ချိုင်းဘက်က မီးရောင်တွေ့တယ် ဆိုပေတဲ့ ညဆိုတော့ ထန်းသမားတွေ မီးမြိုက်ကြတာလည်း ဖြစ်ချင် ဖြစ်မှာလို့ ထင်ပြီး သိပ်ဂရုမစိုက်ကြဘူး။ အောင်မင်္ဂလာကျောင်းက ကျောင်းသားကလေးတွေက သွားကြည့်တော့မှ မောင်ဆိတ်တဲ မီးလောင်တာ၊ အထင်နဲ့ပြောကြပုံက မောင်ဆိတ်တစ်ယောက် မူးမူးနဲ့ အိပ်ပျော်သွားတုန်း တဲဝမှာ မွှေးထားတဲ့ မီးကလွင့်ပြီး တဲမီးလောင်သွားပုံပဲ တဲ့၊ အသေအချာတော့ မပြောတတ်ဘူး။ ဒါပေတဲ့ ပြဿနာက မီးထဲ မောင်ဆိတ် ပါသွားတာပဲ။ အတိုချုံးပြောရရင်တော့ မောင်ဆိတ် မီးထဲ ပါသွားတဲ့အတွက် မောင်ရွှေ အလိုလိုနေရင်း ဆည်ပေါက်ရဲ့ သုဘရာဇာ ဖြစ်သွားတော့တယ်။

တကယ်တော့လည်း မောင်ရွှေ သုဘရာဇာ တရားဝင် ဖြစ်သွားရတဲ့ကိစ္စမှာ ဘုန်းကြီးဦးပညာသာမိတို့၊ သူကြီးဦးကံရတို့ တိုက်တွန်းတာတွေလည်း ပါတယ်။ ဘုန်းကြီးလေးက ဆည်ပေါက်ထိပ်က ကျောင်းက ဦးသုဇာတလို မဟုတ်ဘူး။ ဦးသုဇာတက ဒွာရက၊ အင်မတန် စည်းကမ်းကြီးတယ်၊ ကျပ်တယ်။ ဦးပညာသာမိကတော့ ရွှေကျင်ထွက်ပေတဲ့ ခေတ်မီတယ်။ မောင်ရွှေကို ဆုံးမတာတောင် “သူရာမေရယ… မူးယစ်မေ့လျော့ခြင်းကို မဖြစ်စေနဲ့ ကြားလား။ ဘုရား တရား သံဃာ ဆိုတာကို မမေ့ရဘူး” စသဖြင့် နားခံသာအောင် ပြောတတ်တယ်။ တစ်ခါတလေ မောင်ရွှေတစ်ယောက် ကျောင်းနားကဖြတ်ပြီး သီချင်းတအေးအေး လျှောက်ပြန်သွားတာ ကြားရရင် ဘုန်းကြီးလေးက “တောင်လေမြူးတော့၊ မောင်ရွှေလည်း မူးရောပေါ့” လို့ အနားမှာရှိတဲ့ တစ်ယောက်ယောက်ကို ပြောတတ်တယ်။ နေစောင်းရင် တောင်ဘက်က လေချိုလာတတ်တာကိုး။

မောင်ရွှေ့ကို ဆည်ပေါက်က သင်္ချိုင်းအတွက် တရားဝင် သုဘရာဇာ ခန့်ရတာ လွယ်တော့ မလွယ်လှဘူး။ မောင်ရွှေက ရူးပေါပေါဆိုပေတဲ့ ဘုန်းကြီးကျောင်းထွက် ဆိုတော့ စာလေး ဘာလေးက တတ်တယ်။ ကြားဖူးနားဝလေးတွေကလည်း ရှိတယ်။ မောင်ဆိတ်ကို မြှုပ်ပြီးတာနဲ့ ဘုန်းကြီးလေးနဲ့ ဦးကံရကြီးက ဇရပ်ကလေးပေါ်မှာ ထိုင်ရင်း မောင်ရွှေကို သင်္ချိုင်းကုန်းကိစ္စ၊ အသုဘကိစ္စတွေ မင်းပဲ တာဝန်ယူတော့ကွာ ဆိုတော့ မောင်ရွှေက ခုလို ပြောသတဲ့။

“ဘုန်းကြီးနဲ့ သူကြီးရဲ့ ကျေးဇူးက ရှိနေတော့ ကျွန်တော် လုပ်ပါမယ်။ လူတွေတော့ ကျွန်တော့်ကို စဏ္ဍာလ မခေါ်ကြပါစေနဲ့”

“ဘာလို့တုံး ဟကောင်ရ…”

“ဟာ… သူကြီးမင်းနှယ်၊ စဏ္ဍာလဆိုတာက အမျိုးတွေ၊ ဇာတ်တွေ နိမ့်တဲ့လူတွေကို ခေါ်တာ။ ကျုပ်က မျိုးကောင်း ရိုးကောင်းထဲက လာတာဗျ” လို့ မောင်ရွှေက ဖြေတယ်။ ဒီတော့ ဦးကံရကြီးက ထပ်မေးပြန်တယ်။ “ဒီလိုဖြင့် မင်းကို ဘယ်လို ခေါ်စေချင်တုံး” မောင်ရွှေက သူကြီးကို ကြည့်ပြီး စိတ်ပါအားရနဲ့ ပြန်ဖြေပြန်တယ်။ “သုဘရာဇာပေါ့၊ ကျုပ်က အသုဘရဲ့ ရာဇာပေါ့။ သုဘရာဇာဆိုတာ ရာဇာတစ်မျိုးပဲ။ ကျုပ်အတွက် ဂုဏ်ရှိတယ်ဗျ” ဘုန်းကြီးလေးကတော့ “ဟုတ်ပကွာ၊ ဟုတ်ပကွာ” လို့ ပြောရင်း အသံထွက်အောင် ရယ်တော့တာပဲ။ သူကြီးကလည်း မျက်ရည်များထွက်အောင် ရယ်ရင်း “မင်းသဘောကျ ဖြစ်စေရမယ်ကွာ” လို့ ပြောရင်း အာမခံတယ်။ အဲဒီကစပြီး မောင်ရွှေလည်း ဇရပ်ကလေးပေါ်မှာ ညတိုင်း အိပ်တယ်။ ပြာသို၊ တပို့တွဲလောက် ကျရင်သာ သူအိပ်တဲ့ နေရာကလေးမှာ ထန်းပလတ်ကလေးတွေ ကာအိပ်လေ့ ရှိတယ်။ အဲဒီကျ အေးတာကိုး။ မောင်ရွှေတစ်ယောက် တရားဝင် သုဘရာဇာ ဖြစ်လာကာမှ ချမ်းသာအိုးလို့ နာမည်တွင်လာတာပဲ။ အဲဒါက ဒီလို။

တစ်နေ့ ညနေဘက် အောင်မင်္ဂလာကျောင်းထဲ မောင်ရွှေ ရောက်လာတယ်။ ဘာရယ်တော့ မဟုတ်ပါဘူး။ ဘုန်းကြီးလေးကလည်း ကျောင်းသားကလေးတွေနဲ့ ထင်းရုံနားက အုတ်ခုံပေါ် ထိုင်စကားပြောနေကြတုန်း ဆိုတော့ အခန့်သင့်ပဲ မောင်ရွှေလည်း ဘုန်းကြီးလေးကို ဝပ်ချပြီး တောပြော တောင် ပြောတွေ ဝင်ပြောတယ်။ အဲဒီတုန်း ဘုန်းကြီးလေးက “မောင် ရွှေ… အခု မင်းက သုဘရာဇာကြီး ဖြစ်နေတော့ နာမည်တော့ ပြောင်းမှ၊ နာမည်ကောင်းကောင်း ခံ့ခံ့ညားညားပေါ့ကွာ” လို့ ပြောတယ်။ ဒီတော့ မောင်ရွှေက “တပည့်တော် တနင်္လာသား ဘုရား” လို့ ပြောတယ်။ အဲဒီတုန်း အနားမှာရပ်နေတဲ့ ဦးဇင်းကလေး ဦးခေမာက ခုလို ဝင်ပြောသတဲ့။

“မောင်ရွှေ့ဘဝက အတော်ချမ်းသာတာ ဘုရား။ နေတော့ ဇရပ်မှာ၊ စားတော့ အရပ်တကာ၊ သွားတော့ ဖိနပ်မပါ။ ဘယ်လောက်များ အပူအပင် ကင်းသလဲ”

အဲဒါကို နားထောင်နေတဲ့ ဦးပညာသာဓိက မောင်ရွှေကို ခုလို ပြောတယ်။ “မောင်ရွှေ… ဦးဇင်းပြောတဲ့ အတိုင်းဆို မင်းက ချမ်းသာတာပဲ။ နေ့နံလည်း သင့်တယ်။ မင်းနာမည် ချမ်းသာ လို့ ပြောင်းကွာ။ ချမ်းသာသမှ မကုန်နိုင် မခန်းနိုင်အောင် ချမ်းသာတော့ ချမ်းသာအိုးလို့ ခေါ်မကွာ” လို့ ပြောတယ်။ မောင်ရွှေလည်း အတော်ကြီး ဝမ်းသာသွားပုံ ရတယ်။ ချက်ချင်းပဲ ဘုန်းကြီးလေးကို ဝတ်ချပြီး “ဘုန်းကြီး… ကျုပ် သူကြီးကို ပြေးပြောရဦးမယ်” လို့ ပြောပြီး ထပြေးပါလေရော။ အဲဒီနေ့က စပြီး မောင်ရွှေဟာ ချမ်းသာအိုး ဖြစ်သွားရုံတင် မကဘူး၊ လူတွေ့ရင် “ကျုပ်နာမည် ချမ်းသာအိုး၊ နေတော့ ဇရပ်မှာ၊ စားတော့ အရပ်တကာ၊ သွားတော့ ဖိနပ်မပါ” လို့ ရွတ်ပြလေ့ ရှိတယ်။

အဲဒီလိုနဲ့ အားလုံး အဆင်ပြေနေကြတာ၊ ဖြစ်ချင်တော့ တစ်နေ့ သူကြီးဦးကံရ ယောက္ခမကြီး ကျွဲခတ်ခံရလို့ သေပါလေရော။ သေတာကတော့ သိပ်အကြောင်းမထူးဘူး။ သူသူကိုယ်ကိုယ် သေတတ်ကြတာမျိုးကိုး။ တစ်ခုထူးသွားတာက ကျွဲခတ်ခံရတော့ ဗိုက်တွေ၊ ဘာတွေ ပေါက်၊ အူတွေ၊ ဘာတွေတောင် အပြင်ထွက်သွားတယ်တဲ့။ ဒီတော့ ဒီဘက်က အသုဘချတဲ့အခါမှာ ချရိုးချစဉ်အတိုင်း ဖျာလိပ်နဲ့ ပတ်ချတာမျိုး လုပ်လို့မဖြစ်ဘူး။ ဒီမှာတင် အကြောင်းက ဆုံချင်တော့ စမ်းတွင်းက လက်သမားဆရာ ကိုအောင်စိန်က အိမ်တစ်လုံး သွားဆောက်ရင်း ထုပ်တက်ရိုက်ရာက ပြုတ်ကျထားတာမို့၊ တခြား လက်သမားအလုပ်တွေ လိုက်မလုပ်နိုင်တာနဲ့ တိုးနေတယ်။ ဒီကိစ္စတော့ နည်းနည်းရှင်းဦးမှ၊ မဟုတ်ရင် ရှုပ်ကုန်ကြမယ်။

လက်သမားဆရာ ကိုအောင်စိန်တစ်ယောက် ထုပ်တက်ရိုက်ရာက ပြုတ်ကျတော့ တင်ပါးဆုံအရိုးက ဘာဖြစ်သွားတယ် ဆိုလားပဲ။ ဒီတော့ အရင်ကလို အိမ်တွေဘာတွေ မလိုက်နိုင်တော့ဘူး။ တခြားလည်း ဘာမှမလုပ်တတ်ဘူး။ ညနေတိုင်းတော့ ဘုန်းကြီးလေး ဦးပညာသာမိဆီ လာပြီး စကားစမြည် ပြောတတ်တယ်။ တစ်ခါတော့ စကားစပ်မိရင်း ကိုအောင်စိန် လက်သမားပညာသင်ဘဝ အစက ခေါင်းလုပ်တာ၊ ခေါင်း လုပ်တယ် ဆိုတာက လူတွေ ခပ်လွယ်လွယ် ထင်ကောင်း ထင်မှာပဲ။ ကိုအောင်စိန် ပြောပြသရွေ့တော့ ဘယ်လွယ်လို့တုံး၊ “သစ်ဟောင်းမှ ခေါင်းကောင်းသတဲ့”။ “သစ် သစ်ရင်၊ ထစ်ပစ် ရသတဲ့”။ ဒါ ဘာဟုတ်သေးလို့တုံး။ “ခေါင်းမှန်ရင် လှံခံနိုင်ရတယ်” တဲ့။ သစ်ဟောင်းတော့ အသားကျစ်နေတော့ လှံနဲ့ ထိုးတောင် မပေါက်နိုင်ဘူးလို့ ဆိုတာ။

အဲဒီတုန်းက ဘုန်းကြီးလေး ဦးပညာသာမိက ဒကာကြီးရာ ခင်ဗျား အလုပ်မရှိတုန်း ခေါင်းလုပ်ပါလားလို့ ပြောဖူးတယ်။ ဒါပေတဲ့ ကိုအောင်စိန်က ဘုန်းကြီးရာ ဒီကလူတွေက ဖျာလိပ်နဲ့ ပတ်ချနေကျ ဘယ်သူက ခေါင်းဝယ်မှာတုံးလို့ ပြောဖူးတယ်။ ဒီမှာတင် အကြောင်းဆုံလာတယ် ဆိုတဲ့ ကိစ္စပဲ။ သူကြီးယောက္ခမ ကျွဲခတ်ခံရတော့ အူတွေဘာတွေ ထွက်နေတော့ ဘုန်းကြီးလေးကပဲ သူကြီးကို ပြောတယ်၊ ချရိုးချစဉ် ဖျာလိပ်နဲ့ ချမယ့်အစား ခေါင်းသွင်းဖို့ သူကြီးကလည်း သဘောတူတယ်။ ဒီလိုနဲ့ လက်သမားဆရာ ကိုအောင်စိန်တစ်ယောက် ဆည်ပေါက် တစ်ကြောမှာ ခေါင်းလုပ်ငန်းနဲ့ အတော် စီးပွားဖြစ်လာတယ်။ ဒီမှာတင် သူ့စီးပွားဖက်က ချမ်းသာအိုး ဖြစ်လာတယ်တောင် ပြောရမယ်။ ချမ်းသာအိုးက မြေကြီးတူးရတာကိုး။ ခေါင်း ခါးပန်းမတင်းလို့ တွင်းထဲအချ ခက်တယ်ရယ်လို့ ညစ်ထားရင် မခက်ပေဘူးလား။ ဒီလိုတော့ ချမ်းသာအိုးက မညစ်တတ်ပါဘူး။ လိုရင်း ပြောရရင်တော့ ကိုအောင်စိန်နဲ့ ချမ်းသာအိုး အတော်မိတ်ဖက် ဖြစ်သွားတယ် ပြောရတော့မှာပဲ။

ဒီတော့ စမ်းတွင်းတစ်ကြောမှာ သူကြီးယောက္ခမ ကျွဲခတ်ခံရ ပြီးကတည်းက ဘာမှ ပြဿနာမရှိဘူး။ နေသူ နေ၊ သေသူ သေလောက်ပဲ ရှိတယ်။ ဒီတော့လည်း လောကကြီးက ပျင်းဖို့တောင် ကောင်းနေတယ်။ ဖြစ်ချင်တော့ ကိုအောင်စိန်ကြီး ဆုံးပါးသွားလေရော။ အစကတော့ လေဖြန်းသလို ဖြစ်တာ၊ နောက်တော့ လေဖြတ်ရာက ရက်ပိုင်းအတွင်း ဆုံးတာ။ မဆုံးခင်ကတည်းက သူငယ်အိမ်တောင် ပျက်သွားတာတဲ့။ ဆုံးသွားတော့လည်း ထုံးစံအတိုင်း ချလိုက်ရတာပေါ့လေ။ ချတော့လည်း အကြောင်းသင့်တယ်ပဲ ပြောရမလား မသိဘူး။ ခေါင်းအ ပိုတစ်လုံးက ရှိနေတော့ ချမ်းသာအိုး ကိုယ်တိုင်ပဲ ကိုအောင်စိန်ကြီး ရုပ်အလောင်းကို ရေတွေ၊ ဘာတွေ ချိုး၊ ကိုယ်တိုင် အခေါင်းသွင်းတယ်၊ လုပ်ရင်းကိုင်ရင်းတော့လည်း ချမ်းသာအိုးပါးစပ်က ဗျစ်တောက် ဗျစ်တောက် ပြောလိုက်၊ ငိုလိုက် လုပ်နေတယ်လို့ တချို့က ပြောကြတယ်။ ဘာပြောမှန်းတော့ ဘယ်သူမှ ရေရေရာရာ မသိကြဘူး။

ခေါင်းမြေကျသွားပြီးလို့ မြေဖို့တော့ ချမ်းသာအိုးက “လုပ်ပေါ့ အစ်ကိုရာ… လုပ်ပေါ့” လို့ ပြောရင်း ငိုကြီးချက်မ ဖြစ်တော့တာ။ ဒီတော့လည်း ဘုန်းကြီးလေးတို့၊ သူကြီးတို့က အစ ချမ်းသာအိုးကို ကြည့်ပြီး အားလုံးက စိတ်မကောင်း ဖြစ်နေကြတယ်။ အားလုံးကတော့ ကိုအောင်စိန်နဲ့ အတွဲများတော့ ချမ်းသာအိုးတစ်ယောက် စိတ်မကောင်း ဖြစ်ရှာမှာပဲလို့ တွေးကြတယ်။ အဲဒီနေ့ကစလို့ပဲ ချမ်းသာအိုးတစ်ယောက် သင်္ချိုင်းက ဇရပ်မှာလည်း မအိပ်တော့ဘူး။ ရွာထဲက အသုဘကိစ္စတွေလည်း လိုက်မလုပ်ဘူး။ သင်္ချိုင်းနဲ့ ထန်းတောအကြားက ပုံထားတဲ့ ပျဉ်ပြားအပုံပေါ်မှာ သွားအိပ်နေတတ်တယ်။ ညနေဘက် ထန်းရည်ကလေးများ သောက်ပြီးရင်တော့ ငိုကြီး ချက်မနဲ့ ငိုငိုနေတာ။ အောင်မင်္ဂလာကျောင်းက ကျောင်းသားကလေးတွေ ပြောလို့ ဟိုဘက်ရွာ ဒီဘက်ရွာ နှံ့ကရောပဲ။ ဒီအကြားထဲ ပေါ်လာတဲ့ အသုဘကိစ္စတွေကို ချမ်းသာအိုးက လိုက်မလုပ်တော့ သူကြီးဦးကံရကြီးကပဲ အရပ်ထဲက လုပ်ရဲ ကိုင်ရဲရှိတဲ့ လူတွေကို အရက်ဖိုးလေး၊ ဘာလေး ပေးပြီး ချော့မော့ခိုင်းလိုက်ရသေးတာ။

ဒီအတိုင်း နေလို့တော့ဖြင့် မဖြစ်ဘူးလို့ ဦးကံရကော ဘုန်းကြီး ဦးပညာသာမိကပါ တွေးမိတယ်။ ဒီတော့ တစ်ညနေ ဘုန်းကြီးလေးနဲ့ သူကြီးဦးကံရတို့ နှစ်ယောက်သား ဆည်ပေါက်ရဲ့ တစ်ဦးတည်းသော အသုဘတို့ရဲ့ ရာဇာ ချမ်းသာအိုးနဲ့ ဆွေးနွေးဖို့ ချမ်းသာအိုးရှိရာ သင်္ချိုင်းနဲ့ ထန်းတောအစပ်ကို သွားကြရတယ်။ ချမ်းသာအိုးကတော့ ထန်းသမားရည်ကျန် အရှိန်ကလေးကလည်း ရထားတော့ ပျဉ်ပြားပုံပေါ်မှာ ပက်လက်လှန်အိပ်ပြီး ပါးစပ်ကလည်း တတွတ်တွတ် ပြောရင်း ငိုနေရှာတယ်။ ဘုန်းကြီးလေးတို့ အနားရောက်လာတာတောင် သိပုံမရဘူး၊ ဘုန်းကြီးလေးက “ဟေး… ချမ်းသာအိုး” လို့ ခပ်သာသာ ခေါ်လိုက်တော့မှ သုတ်သီးသုတ်ပျာ ပုဆိုးဖင်ကျွတ်နဲ့ ထရပ်လိုက်တယ်။ ပြီးတော့ ဘုန်းကြီးလေးကိုရော၊ သူကြီးကိုပါ မြေကြီးမှာ အသာထိုင်ပြီး ဝတ်ဖြည့်လိုက်တယ်။

ဘုန်းကြီးလေးကတော့ ချမ်းသာအိုး အိပ်နေတဲ့ ပျဉ်ပြားပုံပေါ်မှာ အသာပဲ ထိုင်ချလိုက်ပြီး၊ သူကြီးကတော့ ထန်းပလပ်တစ်ခု လှမ်းဆွဲပြီး မြေကြီးပေါ်မှာပဲ အခင်းလုပ်ထိုင်တယ်။ ပြီးတော့မှ လာရင်းကိစ္စကို တည့်တည့်မပြောဘဲ၊ တောင်တောင်အီအီတွေ ပြောနေကြသေးတယ်။ ချမ်းသာအိုးက တဲ့တိုးကြီး ပြောလို့ရမယ့် လူမျိုးမှ မဟုတ်ဘဲကိုး။ နောက်ဆုံးတော့ လာရင်းအကြောင်း ပြောပြကြတယ်။ ဒီတော့လည်း ချမ်းသာအိုးကလည်း တည့်တည့်ပဲ ပြန်ပြောတယ်။ “တပည့်တော် သုဘရာဇာ မလုပ်နိုင်တော့ဘူး ဘုရား” တဲ့။ ပြောပြီးတော့လည်း ငိုကြီးချက်မနဲ့ ငိုပြန်ပါလေရော။ ဒီတော့ သူကြီးက “ဟ ကောင်… ကိုအောင်စိန်ကြီးအတွက် တို့လည်း စိတ်မကောင်း ဖြစ်ကြတာပဲ။ ဒါပေတဲ့ တို့ လုပ်စရာရှိတာတွေတော့ လုပ်ကြရဦးမှာပေါ့။ ငိုနေလို့ချည်းတော့ ဘယ်ဖြစ်မှာတုံး” လို့ ပြောလိုက်တယ်။

“ကျုပ်မှာ ငိုစရာအကြောင်း ရှိတယ်ဗျ” လို့ ချမ်းသာအိုးက ပြန်ပြောတယ်။ “သေတာက ငိုစရာမဟုတ်ဘူး၊ ကျုပ် သေတာတွေ နေ့တိုင်း တွေ့နေကျ၊ ဘာမှ လွမ်းလောက်တာ မရှိဘူး။ ကျုပ် ဝမ်းနည်းနေတာ၊ ဝမ်းနည်းစရာ ကျုပ်မှာ အကြောင်းရှိတယ်” လို့ ဆိုတယ်။ ဒီတော့ ဘုန်းကြီးက “ကိစ္စရှိရင် ပြောပြမှပေါ့ကွ၊ မင်းဘာသာ ငိုနေလို့ ငါတို့ ဘယ်သိမှာတုံး” လို့ ပြောတယ်။ “ဘုန်းကြီးတတ်နိုင်တဲ့ကိစ္စ ဟုတ်မထင်ပါဘူး” လို့ ချမ်းသာအိုးက ပြန်ပြောတော့၊ ဘုန်းကြီးက ချက်ချင်းပဲ “ငါမတတ်နိုင်ရင် သူကြီးရှိသကွာ၊ မင့်ကိစ္စသာ ပြော” လို့ ပြန်ပြောတယ်။ ဒီတင် ချမ်းသာအိုးက သူကြီးမျက်နှာ လှမ်းကြည့်လိုက်ပြီး ခုလိုပြောတယ်။

“ကျုပ်က သုဘရာဇာ ဆိုပေတဲ့ ကျုပ်သေရင်တော့ ခေါင်းကလေးနဲ့ ချစေချင်တယ်။ ခေါင်းကလည်း အလကားပဲတင်း ခေါင်းမျိုး၊ နို့ဆီသေတ္တာအခွံနဲ့ အရပ်လက်သမားစပ်တဲ့ ခေါင်းမျိုး မလိုချင်ဘူးဗျာ။ ဒီတော့ အစ်ကိုအောင်စိန်ကို ပြောထားတယ်၊ ကျုပ်အံထွက် ခေါင်းကောင်းကောင်းတစ်လုံး စပ်ပေးစမ်းပါလို့ ပြောထားတယ်။ အစ်ကိုအောင်စိန်ကလည်း စပ်ပေးမယ် ပြောတယ်။ ဒါကြောင့် ကျုပ်က ရသမျှပျဉ်တွေ စုထားတာ၊ ခု ဘုန်းကြီးထိုင်နေတာ ကျုပ်အတွက် ခေါင်းလုပ်ဖို့ ပျဉ်တွေပဲ” ချမ်းသာအိုးက ပြောနေရာက ရပ်လိုက်ပြီး ရိုက်နေ ပြန်တယ်။ ဘုန်းကြီးကလေးကတော့ ထိုင်ရာက ထရတော့မလို ဖြစ်သွားပေတဲ့၊ ဣန္ဒြေမပျက် ဆက်ထိုင်နေလိုက်တယ်။ ဒီတော့ ချမ်းသာအိုးက ဆက်ပြောပြန်တယ်။

“ခုတော့ ဘယ်လိုလုပ်မလဲ၊ ကျုပ်အတွက် ခေါင်း ဘယ်သူလုပ်ပေးမှာတုံး၊ ကျုပ်သေလို့မှ ခေါင်းကောင်းကောင်းနဲ့ မသေရရင်၊ တခြားလူတွေ သေတဲ့ကိစ္စ ကျုပ် ဘာပူစရာရှိတော့ လို့လဲ” တဲ့၊ ဒီတော့ ဘုန်းကြီးနဲ့ သူကြီး တစ်ယောက်ကို တစ်ယောက် အပြန်အလှန်ကြည့်ရင်း ဘာပြောရမှန်း မသိဘူး။ ချမ်းသာအိုးကတော့ ထမင်းဆီဆမ်းကို ရွှေလင်ပန်းနဲ့ တောင်းမယ်လို့ စိတ်ကူးထားတာ၊ လကွယ်နေ့နဲ့ တိုးလိုက်တဲ့ ကလေးလို ရှိုက်လို့သာ နေတော့တယ်။ ဒီတုန်း ဘုန်းကြီးလေးကပဲ ဘာမပြော ညာမပြောနဲ့ “ဟကောင်… စောစောက ပြောရောပေါ့” လို့ စကားစလိုက်တယ်။ ချမ်းသာအိုးတင် မကဘူး၊ သူကြီး ဦးကံရပါ ဘုန်းကြီးကို လှမ်းကြည့်လိုက်တယ်။ “သူကြီးဦးကံရ တစ်ယောက်လုံး ရှိနေတာကွာ၊ ခေါင်းကောင်းကောင်းစပ်တဲ့လူ သူကြီးရှာပေးမှာပေါ့။ တို့သူကြီးက အဆက်အသွယ် ကောင်းတယ်ကွ” လို့ ဘုန်းကြီးက ဆက်ပြောတယ်။

ဦးကံရကြီးလည်း ဘာပြန်ပြောရမှန်း မသိဘူး။ ချမ်းသာအိုးကတော့ ဘုန်းကြီးကို ကြည့်နေရာက သူကြီးဘက် လှည့်ကြည့်လိုက်တယ်။ သူကြီးကတော့ ချမ်းသာအိုးကိုကျော်ပြီး ဘုန်းကြီးကို လှမ်းကြည့်တယ်။ ဘုန်းကြီးကတော့ သူကြီးဦးကံရကို လှမ်းကြည့်ရင်း “ဟုတ်ဟယ် မဟုတ်ဘူးလား သူကြီး” လို့ လှမ်းပြောရင်း ခေါင်းကို မသိမသာ နှစ်ကြိမ်လောက် ညိတ်ပြလိုက်တယ်။ ဒီတော့လည်း ဦးကံရကြီးခမျာ ယောင်ယောင်ကမ်းကမ်းနဲ့ “တင့်ပါဘုရား၊ တင်ပါ့၊ ဟုတ်သပေါ့ ချမ်းသာအိုးရာ၊ ငါလည်း ဒီလောက်တော့ စွမ်းပါတယ်” လို့ ပြောလိုက်တယ်။ ချမ်းသာအိုးမျက်နှာဟာ ချက်ချင်း ပြောင်းသွားတယ်။ အတော် စိတ်ချမ်းသာသွားပုံ ရတယ်။ “ဒါဖြင့် ပြီးတာပဲ၊ ကျုပ်အလုပ် ကျုပ်လုပ်မယ်၊ သူကြီးအလုပ် သူကြီးလုပ်၊ သူကြီးစကားတော့ တည်ပါစေ” လို့ ပြောလိုက်တယ်။ ဒီတော့ သူကြီးက “တည်ပါ သကောကွာ” လို့ ပြောနေတုန်း ချမ်းသာအိုးက အသာထသွားပြီး ဘုန်းကြီးထိုင်ခနတဲ့ ပျဉ်ပြားပုံအစပ်ကိုသွားပြီး ပျဉ်ပြားပုံကို လက်နဲ့ သုံးချက်ခေါက်ရင်း “ကျုပ်အခေါင်းအတွက် ပျဉ်တွေ သက်သေပဲ၊ ကျုပ်အလုပ် ကျုပ်လုပ်မယ်၊ သူကြီးအလုပ် သူကြီးလုပ်၊ ကျုပ်သေလို့များ ခေါင်းကောင်းကောင်း စပ်တဲ့ လက်သမား မရခဲ့ရင် သူကြီးကိုယ်တိုင် ကျုပ်အတွက် ခေါင်းစပ်ပေးရမယ်” လို့ ပြောလိုက်တယ်။

သူကြီးနဲ့ဘုန်းကြီးလည်း ဘာပြောရမှန်း မသိဘူး။ ဒီလိုနဲ့ပဲ ချမ်းသာအိုးဆီက ပြန်လာကြတယ်။ ချမ်းသာအိုးကလည်း သူ့အလုပ် သူ ပြန်လုပ်မယ်ဆိုတော့ သင်္ချိုင်းထဲက ဇရပ်ဆီ ပြန်လျှောက်လာတယ်။ ဘုန်းကြီးနဲ့ သူကြီးကတော့ သင်္ချိုင်းကုန်း ဘေးနားက အသာပန်းပြီး ရွာဘက်ကို ပြန်လာကြတယ်။ နေက အတော်တောင် စောင်းနေတော့ နေကျော်ရင် သင်္ချိုင်းဘက်က ပြန်တဲ့အခါ ဒကာနောက်မှ ဘုန်းကြီးကြွဆိုတဲ့ အယူကလေးကလည်း ရှိနေတဲ့အရပ် ဆိုတော့ ဦးကံရကြီးက ဘုန်းကြီးရှေ့က ခပ်သုတ်သုတ် လျှောက်လာတယ်။ ဘုန်းကြီးလေးကတော့၊ တစ်စုံတစ်ရာ ကိစ္စပြီးမြောက်လာတယ် ဆိုတဲ့ အသိနဲ့ ခပ်အေးအေးပဲ လျှောက်လာတယ်။ ဦးကံရကြီးကတော့ အပတွေဘာတွေမှီမှာ ကြောက်လို့လား မသိဘူး၊ ခပ်သုတ်သုတ် လျှောက်လာရင်း “ဘုရားသိကြား မ,လို့ ချမ်းသာအိုး အသက်ရှည်ပါစေ” လို့ စိတ်ထဲမှာ ထပ်တလဲလဲ ပြောနေမိတယ်။

တကယ်တော့ သူကြီးဦးကံရနဲ့ လုံးလုံးချည်း ဆိုင်နေတဲ့ ကိစ္စလို့ မပြောနိုင်ဘူး။ ဒါပေတဲ့ လောလောဆယ် သူကြီး ဦးကံရနဲ့ဆိုင်တဲ့ ကိစ္စကတော့ ချမ်းသာအိုးတစ်ယောက် အသက်နဲ့ကိုယ်နဲ့ မြဲနေဖို့ပဲ။ ခုနေ ချမ်းသာအိုးတစ်ယောက် မတော်မတည့်များ တစ်ခုခုဖြစ်ခဲ့ရင် ငါတော့ ခေါင်းစပ်သမား ဖြစ်ရချည်သေးရဲ့လို့ တွေးပြီး ပူနေပုံတော့ရတယ်။

စတိုင်သစ်မဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၂၀၀၂။

 

မသိ သိသိ၊ သိ သိသိ

 

ပွင့်ဖူးက နေ့ခင်းအိပ်ရာထတဲ့အခါ ငိုလေ့ရှိတယ်။ အဲဒီအချိန်မျိုးမှာ သူ့အမေ သန်းမြက ထမင်းအိုးတည်နေကျ။ သူ့အဖေ ကျော်ရင်ကတော့ ယာထဲမှာ၊ ဒိုင်မှာ၊ ဘုန်းကြီးကျောင်းမှာ တစ်နေရာရာမှာ ရှိလိမ့်မယ်။ ပွင့်ဖူး အိပ်ရာကထလို့ ခြေနှစ်ချောင်းပွတ် ငိုတယ်ဆိုတာနဲ့ သူ့အမေက “ဟဲ့… သားလေး၊ ရွာထိပ်က အဘဒင်ကြီး လာလိမ့်မယ်နော်” လို့ ပြောလေ့ရှိတယ်။ ဒီတော့ ပွင့်ဖူးက အငိုတိတ်ပြီး “ကြကြတ်ကြတ်ကြုံ ဆာကြီးလား” လို့ ပြန်မေးတတ်တယ်။ ဒီတော့ သူ့အမေက “ဟုတ်တယ် သားလေးရဲ့…၊ ရွာထိပ်က အဘဒင်ကြီးလေ၊ သတ္တက္ခတ္တုံ ဆရာကြီးလေ” လို့ ပြန်ပြောလေ့ရှိတယ်။ ဒီတော့ ပွင့်ဖူးလည်း သူ့ရင်ဘတ်ပေါ်မှာ တင်အိပ်လေ့ရှိတဲ့ ဗန်းမော်တဘက် အပိုင်းကလေးကို ကောက်ကိုင်ရင်း၊ အသာငြိမ်ပြီး သူ့အမေ ထမင်းအိုးတည်ရာ မီးဖိုဘက် သွားလေ့ရှိတယ်။

အိမ်မှာ ကျော်ရင်ရှိနေတဲ့ နေ့တွေမှာတော့ သူ့မိန်းမက အဲဒီလို ပြောရင် ကျော်ရင်က သိပ်မကြိုက်ဘူး၊ မကြိုက်ပုံက နှစ်မျိုးလို့တောင် ပြောရမယ်။ “ကလေးကို အဲသလို မခြောက်ပါနဲ့ဟာ” လို့လည်း ပြောတဲ့အခါ ပြောတယ်။ မဟုတ်ရင် “သူ့ဘာသူနေတဲ့ အဘဒင်ကို နင်ပြောပုံက သရဲသဘက် ကျနေတာပဲ” လို့လည်း ပြောတတ်တယ်။ ကျော်ရင်က တကယ်တော့ ဒီအရပ်သား မဟုတ်ဘူး။ သူက သက်ကယ်သောင် ဘက်က။ သန်းမြနဲ့ညားမှ ဒီရောက်တာ ဆိုတော့ ဒီမှာ ငါးနှစ်လောက်ပဲ ရှိသေးတယ်။ လူကောင်းကလေးပါ။ မြို့မှာ အလယ်တန်းအထိ သွားကျောင်းတက်ဖူးတယ်။ ဒီကောင်က ကျောင်းက ထွက်ပစ်တာ တစ်နှစ်စောသွားလို့၊ မဟုတ်ရင် ဟယ်ရီတန် ခုနစ်တန်းအောင်ဦးမှာ။ စာပေလေး၊ ဘာလေး တတ်တော့ အရပ်ကလည်း အားကိုးရတယ်။ မြို့သွားတဲ့အခါလည်း ပေါက်ပေါက်ရောက်ရောက် ရှိသပေါ့။ တိုက်အုပ်ဘုန်းကြီး ဆိုရင် ကျော်ရင် မြို့သွားတဲ့အခါ စာအုပ်တွေ၊ ဘာတွေ မှာနေကျ။ ရွာထိပ်က အဘဒင်တို့၊ သူကြီးဟောင်း စံမြတို့ ဆိုရင်လည်း အဲဒီလိုပဲ။ ကျော်ရင်နဲ့ ဟိုဟာဒီဟာ မှာနေကျ၊

ကျော်ရင့်စိတ်ထဲမှာ သိပ်ဘဝင်မကျနေတာ တစ်ခုတော့ရှိတယ်။ အဲဒါ သူ့မိန်းမက သားကလေးပွင့်ဖူးကို ခြောက်တဲ့အခါမှာ အဘဒင်ကို သတ္တက္ခတ္တုံဆရာကြီးလို့ ခေါ်တဲ့ကိစ္စပဲ။ သူ့မိန်းမကတင် မကဘူး၊ အရပ်ထဲမှာလည်း အဲဒီလို ခေါ်ကြ ညွှန်းကြတယ်။ အာဒင်ကလည်း ဘာလုပ်စားမှန်းတော့ ကျော်ရင်လည်း သေသေချာချာ မသိဘူး။ လယ်ပိုင်ချောင်းပိုင် ရှိပုံတော့မရဘူး၊ ဒါပေတဲ့ ဘုန်းကြီးကျောင်းမှာ ဖြစ်ဖြစ်၊ အလှူတွေ ဘာတွေမှာ ဖြစ်ဖြစ်၊ အဘဒင်ကတော့ ထိပ်ဝိုင်းမှာပဲ။ ပါဠိပါဌ်သားတွေလည်း ရွတ်နိုင်တယ်။ စကားစပ်မိလို့ ပြောတဲ့အခါ “ဟိုစဉ် ငယ်တုန်းက တို့များ ဆရာတော်ကြီး ဦးပဏ္ဍိဆီမှာ စာလိုက်ကြစဉ်က…” လို့ ဆိုပြီး ပြောတတ် ပြုတတ်တာကိုတော့ ကျော်ရင် သတိထားမိတယ်၊ ဒါကြောင့်လည်း တစ်ခါက အဘဒင်နဲ့ စကားပြောနေကြရင်း “အဘက လူပြန်တော်လား” လို့တောင် မေးဖူးတယ်။ အဲဒီတုန်းကတော့ အဘဒင်က ပြုံးပြုံးကြီး လုပ်နေတယ်။ ဘာမှ ပြန်မပြောဘူး။

ဒီအရပ်မှာက စာတွေ၊ ဘာတွေ သိပ်မတတ်ကြတော့ အရင်ကဆိုရင် အကြောင်းကြီးငယ်ရှိရင် အဘဒင်ကြီးနဲ့ ဘုန်းကြီးကျောင်းက တိုက်အုပ်ကိုပဲ အားကိုးကြရတာ၊ အဘဒင်ကို တိုင်ပင်ကြတဲ့အခါ ရုံးပြင်ကန္နားနဲ့ ဆိုင်လာလို့၊ လျှောက်လွှာတွေဘာတွေ ရေးစရာ ချွတ်စရာ ရှိရင် အဘဒင်က တိုက်အုပ်ဘုန်းကြီးလေးဆီ သွားပြီး အရေးခိုင်းဖို့ ညွှန်းတတ်တယ်။ “ကိုယ်တော်ကလေးက လက်ရေးလက်သား ကောင်းတယ်။ ရုံးစာဆိုတာက လက်ရေးလက်သား ကောင်းမှ ရုံးမင်းက ဖတ်တာကလား။ ကျုပ် ကြီးပြီ။ လက်တွေက တုန်၊ မျက်စိက မှုန်ဆိုတော့ ရေးလို့ မကောင်းလှဘူး” လို့လည်း ပြောလေ့ရှိတယ်။ တစ်နည်းပြောရရင်တော့ အဘဒင်ဟာ ဒီအရပ်က တစ်ဦးတည်းသော ပညာရှိကြီးပဲ။ အရပ်က အားကိုးရတဲ့ စာတတ်ပေတတ် ပညာရှိကြီးပဲ။ ကျော်ရင်က သန်းမြနဲ့ အကြောင်းပါပြီး ဒီရောက်လာတာဆိုတော့ ဒီကလူတွေအကြောင်း ရင်းရင်းမြစ်မြစ် သိပ်မသိသေးဘူး။

တကယ်တော့ ကျော်ရင့်စိတ်ထဲမှာ သိချင်နေတာ နှစ်ခု ရှိနေတယ်။ သတ္တက္ခတ္တုံဆိုတာ ဘာလဲ၊ အဘဒင်က ဘာကြောင့် သတ္တက္ခတ္တုံ ဆရာကြီး ဖြစ်ရတာလဲ။ သူ နားလည်ထားတာက ဆရာကြီးဆိုရင် ဆေးဆရာကြီးတို့၊ ကျမ်းရေးတဲ့ ဆရာကြီးတို့ စတာမျိုးကိုး။ အဘဒင် ပြောပုံဆိုပေါက်ကဖြင့် အင်မတန် ကျွမ်းတတ်တဲ့ လူမျိုးပဲ။ ဆေးဆရာတော့ ဟုတ်ပုံမရဘူး။ ဒီတော့လည်း အခွင့်သင့်ရင်ဖြင့် တိုက်အုပ်ကိုယ်တော်ကလေးကို မေးဦးမှပဲလို့ ကြံထားတယ်။ ဒီအကြံအစည်ဟာ တစ်ညနေတော့ ပြည့်တော့တာပဲ။ အဲဒီညနေ ကျော်ရင်က ဘုန်းကြီးကျောင်းသွားရင်း နောက်တစ်နေ့ သူ မြို့တက်မယ့်အကြောင်း သွားလျှောက်တယ်။ ဆရာတော်တို့၊ တိုက်အုပ်တို့ မြို့မှာ လိုတာမှာရအောင်လို့။ ပြောဆိုပြီးတော့ တိုက်အုပ်ကိုယ်တော်က “ကျုပ် မြစ်ဘက် အညောင်းပြေ လမ်းလျှောက်ဦးမယ်ဗျာ” လို့ ပြောတော့ ကျော်ရင်အတွက် အခွင့်အရေးတစ်ရပ် ဖန်ဆင်း ပေးလိုက်သလိုပဲ။ ဒီတော့ “တပည့်တော်လည်း လိုက်ခဲ့မယ်” လို့ ကျော်ရင်က ပြောလိုက်တယ်။ ဘုန်းကြီးကလည်း “ကောင်းသပေါ့ဗျာ၊ စကားလေး ဘာလေး ပြောရတာပေါ့” လို့ ဆိုတယ်။

ဒီလိုနဲ့ မြစ်ဘက်လျှောက်ကြရင်း လမ်းမှာ ကျော်ရင်က သူသိချင်တာကို ဘုန်းကြီးကို မေးတယ်။ ဒီတော့ ဘုန်းကြီးက ခုလို ပြန်ဖြေတယ်။

“သတ္တက္ခတ္တုံ ဆိုတာတော့ ကျုပ် နည်းနည်းပါးပါး ကြားဖူးတယ်၊ အဂ္ဂိရတ်ကျမ်းတွေမှာ ပါတယ်ဗျ။ စိန်၊ ဆေး၊ ဒန်း၊ ကန့်၊ ဇဝက်သာ၊ ဒုတ္ထာ၊ ဟင်းရိုင်း၊ လက်ချား ခုနစ်မျိုးကို ပေါင်းထိုးတာပဲ။ ဘယ်လိုထိုးမှန်းတော့ ကျုပ်မသိဘူး။ အဲဒီက ရတဲ့ ပြာကို ပုံမှန်စားရင် သိဒ္ဓိမြောက်ဆိုပဲ။ ဒါလောက်ပဲ ကျုပ်လည်းသိတယ်။ ဒကာကြီးဦးဒင်ကို ဘာလို့ သတ္တက္ခတ္တုံ ဆရာကြီးလို့ ခေါ်မှန်းတော့ ကျုပ်မသေချာဘူး။ တစ်ခါတလေ သူ ပြောဆိုနေတဲ့အခါ ကျုပ် နားစွင့်မိတာကတော့ သတ္တက္ခတ္တုံ ကျမ်းထဲမှာ ဘာဆိုတယ် ညာဆိုတယ်လို့ သူက ညွှန်းတာကိုး။ ဒါ့ကြောင့် သတ္တက္ခတ္တုံဆရာကြီး လို့ ခေါ်ဆိုကြတာ ထင်ပါရဲ့”

ဘုန်းကြီးပြောတာက မယုတ်မလွန်ပါ။ ဒါပေတဲ့ ကျော်ရင်က သိပ်ဘဝင်မကျဘူး၊ ဘာမှ ထပ်မပြောဘူး။ ဒါကို ဘုန်းကြီးက ရိပ်မိလိုက်ပုံရတယ်။ ဒီတော့ ဘုန်းကြီးကပဲ ဆက်ပြီး ပြောပြန်တယ်။ “ဒီလိုလုပ်ဗျာ၊ ခင်ဗျား မနက်ဖြန် မြို့သွားတဲ့အခါ မြို့တောင်ဖျားက သုသာန်ဟောင်းထိပ်မှာ ဣစ္ဆိတာရာမကျောင်း ဆိုတာ ရှိတယ်။ အဲဒီကိုဝင်၊ တိုက်အုပ်က ကျုပ်နဲ့ စာလိုက်ဖက်၊ ဝါကတော့ ကျုပ်တို့ထက် ကြီးတယ်။ သူက ရှေ့မီနောက်မီ၊ ဒီဘက်အရပ်ကိုလည်း ကျွမ်းတယ်။ အဲဒီက အရင် ပထမဆရာတော်ကြီးက ဒီအရပ်ကပဲ၊ အဲဒီ ဆရာတော်ကြီး လက်ထက်ကိုလည်း မီလိုက်တယ်။ ကိုယ်တော်ကြီးက ဘုရားကိစ္စ၊ ဘုန်းကြီးကိစ္စသာ မကဘူး၊ ရပ်ကိစ္စ ရွာကိစ္စ စသဖြင့် အကုန်နှံ့စပ်တယ်။ ကုန်ကုန်ပြောရရင် တစ်လောကလုံး မသိသလောက်ပဲ။ အင်မတန် ‘စွမ်း’ နိုင်သကိုး။ ဘွဲ့ကတော့ ဦးစန္ဒိမာ တဲ့”

ဒီတော့မှ ကျော်ရင်လည်း အတော်ကလေး ကျေနပ်လိုက်တယ်။ နောက်တစ်နေ့ မြို့တက်တော့ အဲဒီက တိုက်အုပ် ဦးစန္ဒိမာနဲ့ တွေ့ရအောင် မြို့မှာပဲ ညအိပ်လိုက်တယ်။ ဘုန်းကြီးနဲ့ တွေ့လို့ လျှောက်တဲ့အခါမှာတော့ ဦးစန္ဒိမာက တကယ့်ကို ရှေ့မီနောက်မီ၊ မသိတာ မရှိလောက်အောင် စွမ်းတာ သူတွေ့ရတော့တယ်။ တိုက်အုပ် ဦးစန္ဒိမာက ခုလို ရှင်းပြတယ်။

“သတ္တက္ခတ္တုံ ဆိုတာကတော့ ခင်ဗျားတို့ ဘုန်းကြီး ပြောပြ သလိုပဲ၊ ဒကာကြီးဦးဒင်ကို သတ္တက္ခတ္တုံဆရာကြီးလို့ ခေါ်ကြတာကတော့ အကြောင်းရှိတယ်။ ဒီယိုဗျ။ ခင်ဗျားပြောတဲ့ ဒကာကြီးဦးဒင်ကို ငယ်ငယ်က မာဒင်လို့ ခေါ်ကြတယ်။ ကျုပ် ဒီကျောင်းကို စာချဖို့ ပြောင်းလာတော့ သူက ဒီမှာရှိတယ်။ သူ့ဒကာမ ပိုးထိလို့ အနိစ္စရောက်သွားတော့ကာ သူ့မှာ စိတ်လေနေဆို ထင်ရဲ့။ ငယ်ငယ်နဲ့ မုဆိုးဖို ဖြစ်သွားတာကိုး၊ အဲဒါကလည်း ခင်ဗျားတို့ဆီက သူကြီးဦးစံမြရဲ့အဖေ ဦးစံထားကြီးက ခေါ်လာပြီး ဆရာတော်ကြီးကို အပ်ထားတယ်။ ဦးစံထားနဲ့ အရင်က ဒီက ဆရာတော်ကြီးတွေက တစ်ရပ်တည်းသားတွေ။ ဒီတော့ မာဒင်က ကျောင်းမှာပဲနေ ကျောင်းမှာပဲစားပေါ့။ ကပ္ပိယ သဘောမျိုးပေါ့ဗျာ။ အဲဒီတုန်းက ကျောင်းကြီးပေါ်မှာက ကပ္ပိယဒကာကြီး ဦးကျော်ကလည်း ရှိနေသေးတော့ မာဒင်ကြီးက အောက်ကျောင်းတို့ ဆွမ်းစားဆောင်တို့မှာ လုပ်ရ ကိုင်ရတယ်။ ခက်တာက မာဒင်မှာ ပညာပါရမီ မပါဘူးဗျ။ စာသင်လို့ မတတ်ဘူး၊ ဘုန်းကြီးကြီးက ခိုင်းလို့ ကျုပ် အတော် သည်းခံ သင်ကြည့်သေးတယ်”

ဒီတော့ ကျော်ရင် မျက်လုံးပြူးသွားတယ်။ ဘုန်းကြီး မျက်နှာကို အံ့အားသင့်တဲ့ အနေနဲ့ လှမ်းကြည့်လိုက်ပေတဲ့ ဘာမှ ဝင်မပြောဘဲ ဆက်နားထောင်နေလိုက်တယ်။ ဒီတော့ ဦးစန္ဒိမာက ဆက်ပြောတယ်။

“ခင်ဗျား ဒီကနေ လှမ်းကြည့်စမ်း။ ဟိုက ဆွမ်းချက်ရုံနဲ့ စည်းရိုးအကြားက တဲကလေး တွေ့လား၊ အခုတော့ ထင်းရုံပေါ့ဗျာ။ အရင်ကတော့ ဖိုရုံကလေးပဲ။ အဲဒီမှာ ကျောင်းဆရာ ကိုမောင်ခန့်တို့ ဆေးကိုယ်စားလှယ် ကိုအေးမောင်တို့ တစ်ခါတလေ မြို့ထဲက ရွှေကုန်သည် ဦးဟန်စိန်ကြီးတောင် ပါသေးသဗျာ။ သူတို့က အဲဒီမှာ ဖိုထိုးကြတာကိုး။ ဘာဖြစ်အောင် ညာဖြစ်အောင် ထိုးကြပုံတော့ မရပါဘူး၊ လူကြီးတွေ အပျင်းပြေ သဘောလောက် ထင်တယ်။ ရေနွေးကြမ်းသောက်ရင်း အဂ္ဂိယတ် စာလေးဘာလေး ထိုင်းငြင်းကြတာပေါ့။ အဲဒီ ဖိုရုံလေးက မာဒင်ကြီး အလုပ်ရုံပဲ။ အဲဒီမှာ မာဒင်က မီးသွေးထည့်၊ ဖားဖိုကြီးကို ဆွဲ၊ ပြာကျုံး စသဖြင့်ပေါ့ဗျာ၊ လုပ်ရရှာတယ်။ ဆရာတော်ကြီးကတော့ နေ့လယ်နေ့ခင်း မကျိန်းတဲ့အခါ အဲဒီ သွား စကားပြောတတ်တယ်။ သတ္တက္ခတ္တုံဆိုတဲ့ စကားလုံးကို အဲဒီဖိုရုံကလေးက မာဒင် နားယဉ်သွားတာပဲ။ အဲဒီက ရတာပဲ”

ဘုန်းကြီးက ပြောနေရာက ခဏနားတော့ ကျော်ရင်က စိတ်ရှင်းသွားအောင် ခုလို မေးလိုက်မိတယ်။

“ဒီလိုဖြင့် အဘဒင်က စာတွေဘာတွေ မတတ်ဘူးလား ဘုရား”

ဒီတော့ ဦးစန္ဒိမာက ကျော်ရင့်ကို မင်းဒီလိုတော့ဖြင့် ငါ့ကို မေးမယ်ဆိုတာ ငါအသိသားပဲ ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်ရင်း “မတတ်ပေါင် ငါ့လူရာ” လို့ ဖြေလိုက်တယ်။ ပြီးမှ ဆက်ပြော ပြန်တယ်။

“မာဒင်ကြီးက စာသင်လို့သာ မတတ်တာ၊ မှတ်ဉာဏ် ကောင်းတဲ့နေရာတော့ အကောင်းသားဗျ။ လူရိပ်လူကဲလည်း သိတယ်။ ဒကာကြီး သတိထားမိသလား။ ဘုရားရှိခိုးတွေ၊ ငါးရာ့ငါးဆယ်ထဲက ဟာတွေကို မာဒင်က လက်တန်းရွတ်တတ်တယ်။ အဲဒါ ဒီက ဦးဇင်းတွေ၊ ကိုရင်တွေဆီက အကြားနဲ့ မှတ်ပြီး ရွတ်တာပဲ၊ သူရွတ်တဲ့အထဲ ဟုတ်တာလည်းပါ မဟုတ်တာလည်း ပါပေါ့ဗျာ။ ဥပမာ အာကာမှိုင်းဝေလို ဟာမျိုးကို ဘုရားရှိခိုးအနေနဲ့ မာဒင်ကြီးရွတ်တာ ကြားဖူးတယ် မဟုတ်လား။ တစ်ခုက ခင်ဗျားတို့အရပ်မှာ သူလိုရွတ်နိုင်တဲ့လူ မရှိတော့လည်း သူရွတ်ပြသမျှ အဟုတ်ထင်နေကြတာပေါ့ဗျာ၊ မဟုတ်ဘူးလား…”

ကျော်ရင်အဖို့ကတော့ “တင်ပါ့ဘုရား” လို့ပဲ ပြောနိုင်တယ်။

“ဒကာကြီးဦးစံမြ သူကြီးဖြစ်လာတော့ သူ့ကို လက်တိုလက်တောင်း ခိုင်းရအောင် ရွာပြန်ခေါ်သွားတာ။ အဲဒီကစလို့ မာဒင်ရွာမှာ အခြေချသွားတယ် ထင်တယ်။ အခု သူနေတဲ့ အိမ်နေရာကလေးက အရင်က ဖုန်းမြေဗျ။ ဘယ်သူမှ မနေကြဘူး။ ဦးစံမြက သူ့ အိမ်ကလေးတစ်လုံး ဆောက်ပေးထားတာ။ သူကြီးလူ ဆိုတော့လည်း ဘယ်သူကမှ ပြန်ပြုမမေးရဲဘူးပေါ့ဗျာ၊ သူ့ပါးစပ်က ရွတ်ပြသမျှ အဟုတ်ထင်နေကြတာ”

ဘုန်းကြီးက နားလိုက်ပြန်တယ်။ ဒီတုန်း ကျော်ရင့်ပါးစပ် က “သတ္တက္ခတ္တုံဆရာကြီး ဆိုတာက…” လို့ ထွက်သွားတော့ ဘုန်းကြီးက “ဟ… ဒကာရဲ့ ခင်ဗျားတို့အရပ်က ယာသမား ကိုင်းသမားတွေ နေတဲ့အရပ်။ ဘယ်သူကများ ဖိုထိုးလို့တုံး။ ဘယ်သူကများ နားလည်လို့တုံး၊ ဒီတော့ မာဒင်ကြီးက သူထင်ရာကို သတ္တက္ခတ္တုံ လုပ်ပစ်နေတာပေါ့” လို့ ဖြတ်ပြီး ပြောလိုက်တယ်။ ဒီတော့ ကျော်ရင်လည်း တင်ပါ့ဘုရား ဆိုတာ သုံးခါလောက် ပြန်ပြောရင်း ဦးစန္ဒိမာကို ဝတ်ချလိုက်မိတော့တယ်။ အဲဒီတုန်း ဘုန်းကြီးက သူ့အနားမှာရှိနေတဲ့ ဗန္ဓုလတိုက်ထုတ် ဗလာစာအုပ်ထဲက စာရွက်တစ်ရွက်ကို ဆုတ်ပြီး ဖောင်တိန်နဲ့ စာတစ်ကြောင်း ရေးလိုက်တယ်။ ပြီးတော့ ကျော်ရင့်ကို လှမ်းပေးလိုက်တယ်။

“ကြုံတဲ့အခါ အဲဒါလေး ဖတ်ကြည့်ခိုင်းဗျာ၊ ဒကာလည်း စိတ်ရှင်းသွားအောင်ပေါ့” လို့လည်း ပြောလိုက်သေးတယ်။ ဘုန်းကြီးကို လှမ်းကြည့်လိုက်တော့ ဘုန်းကြီးကလည်း သူ့ကို ပြုံးကြည့်နေတယ်။ ဒီလိုနဲ့ ကျော်ရင် ရွာပြန်ရောက်လာတယ်။ ရောက်ထာနဲ့ ခါတိုင်းလို ရွာအပြင်ဘက်က အသာပန်းပြီး အိမ်နဲ့နီးတဲ့ဘက်က မသွားတော့ဘူး။ အာဒင်အိမ်ရှိတဲ့ ရွာအဖျားဘက်ကို သက်သက် လျှောက်လာလိုက်တယ်။ အဘဒင် အိမ်နားရောက်တော့ အဘဒင်ကို လှမ်းရှာလိုက်မိတယ်။ အခန့်သင့်ပဲ အာဒင်က ကပြင်မှာ ထိုင်နေတယ်၊ ကျော်ရင်က လှမ်းနှုတ်ဆက်ရင်း မြို့က ပြန်လာတဲ့အကြောင်း ဟိုပြော ဒီပြော ပြောလိုက်တယ်။ အဘဒင်ကပဲ “ရေနွေးကြမ်းလေး သောက်ဦးလေကွာ” လို့ လှမ်းပြောတာနဲ့ ကျော်ရင်လည်း အဘဒင် ထိုင်နေတဲ့ ကပြင်မှာ ဝင်ထိုင်လိုက်တော့တယ်။

စပ်မိစပ်ရာ တစ်ခု နှစ်ခု ပြောနေရင်း ကျော်ရင်က အိတ်ထောင်ထဲက စာရွက်ကလေး ထုတ်ပြီး “အဘရာ… ကြုံတုန်း ဒါလေး ကြည့်ပေးစမ်းပါ၊ အဘပြောနေကျ သတ္တက္ခတ္တုံထဲက ဓာတ်ခုနစ်ပါး သိချင်လို့ မြို့ရောက်တုန်း သိတဲ့ကိုယ်တော် တစ်ပါးကို ရေးခိုင်းလာတာ။ မှန် မမှန်ကလေး ကြည့်ပေးစမ်းပါ” လို့ ပြောလိုက်တယ်။ အဘဒင်ကလည်း ခပ်လွယ်လွယ်ပဲ စာရွက်ကို လှမ်းယူပြီး ကြည့်လိုက်တယ်။ ပြီးတော့မှ “မှန်ပါတယ်ကွာ။ မြို့က ကိုယ်တော်တွေက တော်ပြီး တတ်ပြီးသားတွေပဲဟာ” လို့ ပြောရင်း ကျော်ရင့်ကို စာရွက်ပြန်ကမ်းလိုက်တယ်။ ကျော်ရင်က စာရွက်ကို ဘာမှမကြည့်ဘဲ အသာခေါက်ပြီး အိတ်ထောင်ထဲ ထည့်လိုက်ရင်း “ဒီလိုဖြင့် အဘရေ… ကျွန်တော် ပြန်ဦးမယ်” လို့ ပြောပြီး ထိုင်ရာက ထလိုက်တယ်။ ပြီးတော့ အသာပဲ အဘဒင်အိမ်က ထွက်လာခဲ့တယ်။

အိမ်ဘက်ကို လျှောက်လာရင်း ကျော်ရင့်ခေါင်းထဲမှာ တွေးစရာတွေ ပေါ်လာတယ်။ လူတွေအားလုံး လက်ခံထားတာက အမှန်လား။ ငါသိတာက အမှန်လား၊ ငါသိတာကို တခြားလူတွေ သိဖို့လိုသလား။ တခြားလူတွေ သိထားတာနဲ့ ငါ သိထားတာရဲ့ အကြားမှာ ဘယ်လိုညှိမလဲ စတဲ့ အတွေးသဗ္ဗရနံပေါင်း ဝင်လာတယ်။ အိမ်ရောက်ခါနီး ချောင်းကူးတံတား ကလေးကို ကျော်မယ်လုပ်တုန်း၊ ဗြုန်းဆို အိတ်ထောင်ထဲက စာရွက်ကလေး သတိရမိတယ်။ ဒီတော့ ထုတ်ပြီး ကြည့်လိုက်မိတယ်။ ဦးစန္ဒိမာ ရေးပေးလိုက်တာက ‘ဘူး၊ သီး၊ နု၊ နု၊ မ၊ ခူး၊ ရ’ တဲ့။ သူ့ဘာသာ အသာပြုံးလိုက်မိတယ်။ စိတ်ထဲမှာတော့ ကိုယ်က သိလို့ပြောလိုက်မိတာ သောမနဿဖြစ်ကြရင် ကောင်းရဲ့။ မတော် ကိုယ်က အကောင်းပြောရက်နဲ့ သမ္ဖပ္ပလာပလို့ ထင်ကြရင် ငါလည်း အလကား ဒေါသဖြစ်ရမယ်လို့ တွေးလိုက်မိတယ်။ ဒီတော့ ငါသိတာကို ဘယ်သူမှ မပြောတာ အကောင်းဆုံးပဲလို့ တွေးလိုက်ပြန်ရင်း လက်ထဲက ဦးစန္ဒိမာ ရေးပေးလိုက်တဲ့ စာရွက်ကလေးကို အသာချေပြီး ချောင်းထဲ ပစ်ချလိုက်တော့တယ်။

အိမ်ဘက်ကို ဆက်လျှောက်လာရင်း ဟုတ်ဟုတ်၊ မဟုတ်ဟုတ် သတ္တက္ခတ္တုံဆရာကြီး အားကိုးနဲ့ ငါ့သားလေးပွင့်ဖူးကို အငိုတိတ်အောင်တော့ ခြောက်လို့ ရနေတာပဲလို့ ကျော်ရင်က တွေးလိုက်မိတယ်။

ရောရောယောင်ယောင် မောင်ဘမောင်နှင့်

ရပ်ထဲရွာထဲက ဝတ္ထုများ… မှ။

 

မာ့ကဆစ် တစ္ဆေ

 

လည်ပေါ်ကျောင်းက ဘုန်းကြီး ဦးပညာဝံသက ကျောက်လမ်း ဟိုဘက်က စာသင်တိုက်က တိုက်အုပ်ဦးခေမာနဲ့ ညီအစ်ကို တော်တယ်လို့ ပြောကြတယ်။ ဒါကလည်း သတင်းစုံ ကြားရတတ်တဲ့ အငြိမ်းစား မူလတန်းကျောင်းအုပ် ဆရာကြီး ဦးအေးမောင်ဆီက ကြားရတာ။ လည်ပေါ်ကျောင်းမှာ ကျောင်းထိုင်မယ့်သူ မရှိတာ အတော်ကလေး ကြာသွားတယ်။ တစ်ဝါဆိုမကဘူး ထင်တယ်။ ဒီဘက်က ဒကာတွေက ဟိုဘက်က စာသင်တိုက်က ဆရာတော်ကြီးနဲ့ တိုက်အုပ်ကို အပူကပ်ရာက ဆရာတော်ကြီးကပဲ “ကိုယ်တော့် ညီအစ်ကိုတော် စာချတစ်ပါး ရှိရဲ့မဟုတ်လား” လို့ စလိုက်ရာက လိုရင်း ပြောရရင်တော့ လည်ပေါ်ကျောင်းမှာ ဦးပညာဝံသတစ်ပါး ကျောင်းထိုင်ဖြစ် သွားတော့တာပဲ။

အဲဒီတုန်းကတော့ ဦးခေမာက ဆရာတော်ကြီးကို ဦးပညာရဲ့ အခြေအနေ ရှင်းပြသတဲ့။ အဲဒါကို ဆရာကြီး ဦးအေးမောင်က ကြားလိုက်တာနေမှာ။ ဘုန်းကြီးဦးပညာက ငယ်ဖြူတော့ မဟုတ်ဘူးတဲ့၊ တောထွက်တဲ့။ အရင်က ကျောင်းဆရာတွေ၊ ဘာတွေ လုပ်လာတာ။ ရဟန်းဝတ်ပြီးတော့လည်း စာချတာမှာ နာမည်ရသတဲ့။ ဒါ့ကြောင့် ဦးခေမာက ဆရာတော်ကြီးကို လျှောက်ရာမှာ “တပည့်တော် ကံသေကံမတော့ မပြောနိုင်ဘူး ဘုရား၊ မောင်ပညာက စာချတာ အားသန်တယ် ဘုရား။ ဒီတော့ ကျောင်းထိုင်ချင်မှ ထိုင်မှာ” လို့ ပါသတဲ့။ ဒီတော့လည်း ဆရာတော်က အမြော်အမြင် ရှိလေတော့ “ကိုယ်တော့်ညီကို လျှောက်သာကြည့်စမ်းပါ၊ ကျုပ်တို့မလည်း အတန်းကြီး စာလိုက်တဲ့ ကိုယ်တော်တွေ ရှိနေတာ။ သူ့ဆီ ဖဲ့ပေးနိုင်သားပဲ၊ လည်ပေါ်ကျောင်းနဲ့ ဒီနဲ့က ဆယ့်ငါးမိနစ် နာရီဝက်လောက်ပဲ ဝေးသဟာ” လို့ ဆိုတယ်။

ဟုတ်တော့လည်း ဟုတ်တယ်။ လည်ပေါ်ကျောင်းနဲ့ စာသင်တိုက်ကြီးနဲ့က တော်ရုံခြေလှမ်းနဲ့ဆို နာရီဝက်ထက် ပိုမဝေးဘူး။ သို့ပေသိ လည်ပေါ်ကျောင်းက လူကုံထံအရပ်ထဲက ကျောင်းလို ပေါက်ပေါက်ရောက်ရောက် ရှိတဲ့လူ အနေများတဲ့ အရပ်မှာရှိတဲ့ ကျောင်းမျိုးလို ဖြစ်နေတယ်။ ဖြစ်ဆို ကျောက်လမ်းဟိုဘက်က အိမ်ကြီးအိမ်ကောင်းနဲ့ ဝင်ငွေကောင်းတဲ့ လူတွေများတယ်။ ကျောင်းကြီးကိုက အရင် အဲဒီအရပ်မှာ နေခဲ့တဲ့ ဒကာကြီးတစ်ဦးက မြို့မှာ လုပ်ငန်းကိုင်ငန်း ကောင်းလို့ ရှေးကျောင်းကြီးကို ပြန်ပြုပြင်ထားတာ။ ဒီဘက်မှာ အဲဒီလို လည်ပေါ်နဲ့ဘာနဲ့ ကျောင်းမျိုးက ရှားတယ်။ သို့ပေသိ ကျောင်းထိုင် မမြဲဘူး။ မမြဲရတာကလည်း ဦးအေးမောင်ကြီး ပြောပုံကဖြင့် အဲဒီအရပ်ထဲက ကြေးရတတ်တွေ၊ ပညာတတ်တွေနဲ့ သိပ်အဆင်မပြေတတ်တာက အကြောင်းရင်းပဲတဲ့။ အထူးသဖြင့်တော့ ပညာတတ်ဆိုတဲ့ ကောင်တွေကြောင့်ပဲ တဲ့။ ပညာတတ် ဆိုတာကလည်း မာ့ကဆစ်ဆိုတဲ့ အကောင်တွေတဲ့။

လည်ပေါ်ကျောင်းဘက်နားဆီမှာနေတဲ့ သူတွေအထဲမှာ ဆရာကြီးဦးအေးမောင် အပါအဝင် ကျောင်းဆရာလူထွက်ချည်း ခုနစ်ယောက်၊ ရှစ်ယောက်လောက် ရှိတယ်။ အဲဒီအထဲမှာ အေးကျော်ဆိုတာက မာ့ကဆစ် ခေါင်းဆောင်ကြီးပဲ။ တချို့ကတော့လည်း ဒီမာ့ကဆစ် ဆိုတာတွေကို ကွန်မြူနစ်လို့ ပြောကြတယ်။ အေးကျော်တို့ တစ်တွေကတော့ ကွန်မြူနစ်ဆိုရင် တယ်မကြိုက်ကြဘူး။ မာ့ကဆစ်မှ မာ့ကဆစ်ပဲတဲ့။ အရပ်ထဲမှာကတော့ ဒီကိစ္စကို အကြောင်းကြီးငယ်လုပ်ပြီး ပြောမနေကြပါဘူး။ တစ်ခုတော့ ရှိတယ်။ ကွန်မြူနစ်ဆိုရင်တော့ သိပ်မကြိုက်ကြဘူး ဆိုပေသိ အေးကျော်ကြီးအိမ် တောင်ဘက်က ကျောင်းဆရာလူထွက် ကိုသာဒင် ဆိုရင်တော့ အရပ်ထဲမှာ ကွန်မြူနစ်ရယ်လို့ တွင်တယ်။ သူက ဘာပြောပြော ဒေါင်းတည် မောင်းတည် ပြောတတ်တယ်။ ရုပ်ရှင်ထဲက ရာဘကြီးလိုမျိုး “ဟဲဟဲ… ဟဲဟဲ…” လည်း လုပ်တတ်တယ် ဆိုပဲ။ ပြီးတော့ ပုဆိုးက တိုတို၊ ဂတိမ်းတိုနဲ့တဲ့။ ဒီဘက်အရပ်က စံနဲ့ ပြောရရင်တော့ ဒါကွန်မြူနစ်ပဲ။

ကိုအေးကျော်ကတော့ အဲဒီလိုမဟုတ်ဘူး။ လူကောင်က ကြီးပေတဲ့ ပြောတာဆိုတာ ညင်သာတယ်။ စကားကို တတိတိနဲ့ ပြောတတ်တယ်။ သူ မကြိုက်တာများဆိုရင် တည့်တည့်မပြောဘဲ တတိတိနဲ့ အကြာကြီး ပြောတတ်တော့ ကျောင်းဆရာကြီး ဦးအေးမောင်တို့က ဆိုရင် “အေးကျော်က တယ်အရစ်ရှည်တယ်။ ဂျာမနီလုပ် ဝက်အူများလိုပဲ” လို့တောင် ပြောတယ်။ ဘာလို့ ဂျာမနီဝက်အူက အရစ်ရှည်ရတယ် ဆိုတော့လည်း ဘယ်သူမှ မသိကြဘူး။ တချို့ကတော့လည်း ပျော့ပျော့နဲ့နံတဲ့ ကြောင်ချေးများလိုပဲလို့ ပြောကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက မာ့ကဆစ်တော့ ပီသတယ်လို့ ပြောကြတယ်။ ဒီလို သူက သိပ်ပြီး တခြားမာ့ကဆစ်တွေလို ဘာသာရေးဆိုင်ရာ ကိစ္စတွေမှာ မပတ်သက်ချင်ဘူး။ သူများတွေကိုတော့ ဘာဘာညာညာ မပြောပေတဲ့၊ သူက ဟက်ဟက်ပက်ပက် မရှိဘူး။ ဒီတော့လည်း တစ်မျိုးထင်ကြဦးမယ်။ အစကတည်း ရှင်းရှင်းပြောဦးမှ။

သူက လမ်းတံတားဆောက် ကိစ္စတွေမှာ ဦးဆောင်ရုံ မကဘူး၊ ဘုန်းကြီးလေး ဦးပညာ ရောက်စကတောင် သွားတွေ့ပြီး ဝပ်ချရင်း ဘုန်းကြီးကလေးကို နဝကမ္မပါ ဘုရားဆိုပြီး ဝတ္ထုတွေ၊ ဘာတွေ ကပ်သေးတယ်။ ပြီးတော့ ဝပ်ချကာနီး “အရှင်ဘုရားကို ရိုသေသမှုနဲ့ ကန်တော့ပါတယ်” လို့ ပြောသေးတယ်။ ဒီအချက်က အခရာပဲ။ အေးကျော်ကြီးက မာကဆစ်ကြီး ဆိုတော့ ဘုန်းကြီးကို ဘုန်းကြီးအဖြစ်နဲ့ ရိုသေတာပဲလို့ ပြောချင်တာ။ သူက တခြား ဘာအယုံအကြည် အမျှော်အကိုးမှ မရှိဘူးလို့ ဆိုချင်တာ။ အရင် ကိုယ်တော်တွေတုန်းကတော့ သိပ်သတိ မထားမိကြဘူး၊ ဘုန်းကြီး ဦးပညာနဲ့ကတော့ အဲဒီလို ပြောတာနဲ့ “ဒကာကြီးက မာ့ကဆစ်လား” လို့ တန်းမေးတော့တာ၊ အဲဒီတုန်းက အေးကျော်ကြီးက ဘာမှမဖြေဘဲ ပြုံးပြုံးကလေး လုပ်နေပေတဲ့ ကျောင်းဆရာကြီး ဦးအေးမောင်ကပဲ “ဟောဒီ အကောင်တွေအားလုံး မာ့ကဆစ်တွေ ဘုရား” လို့ ဝင်လျှောက်လိုက်တယ်။ ဒီတော့ ဘုန်းကြီးဦးပညာက “ကောင်းသပေါ့ဗျာ၊ လူမျိုးစုံနဲ့ နှောရတာပေါ့” လို့ ပြောလိုက်သတဲ့။

ဟုတ်တော့လည်း ဟုတ်သား။ ဘုန်းကြီးဦးပညာက လူမျိုးစုံနဲ့ သင့်တယ်။ တခြားမပြောနဲ့ တံတားထိပ်က ကားဆိပ်မှာဆို ဘုန်းကြီးလေးကို လူတိုင်းသိတယ်။ မြို့ထဲ ကြွစရာရှိလို့ ကားဆိပ်မှာ ကားစောင့်နေတဲ့ အခါများ ဦးပညာကို ဆွမ်းကပ်ချင်တဲ့လူက အပုံကြီး။ ကားဆိပ်မှာ တာယာပြင်၊ ဘက်ထရီရောင်း စတာတွေ လုပ်နေတဲ့ ခင်မောင်ကြီး၊ ခင်မောင်လေးတို့ အဖေ ကာဆင်ဘိုင်ကြီးဆိုရင် ဘုန်းကြီးလေးကို တွေ့တာနဲ့ ဇီးကြံတစ်ခွက် ဝယ်ကပ်တော့တာပဲ။ ကာဆင်ဘိုင်ကြီးက မြို့ကလာတဲ့ ဂါဒယန်း ဆိုလားပဲ၊ အဲဒီ အင်္ဂလိပ်သတင်းစာဖတ်တော့ ခုဆို တစ်ပတ်စာ သူဖတ်ပြီးသား သတင်းစာတွေကို ဘုန်းကြီးဦးပညာ ဖတ်ဖို့ လူကြုံနဲ့ ပို့ပေးနေသေးတယ်။ ဒါတင် ဘာဟုတ်သေးလဲ။ လမ်းဟိုဘက်က ပေါက်ဖော်ကြီး အာ့စိန်ကများ တွေ့ရင် လမ်းကူးလာပြီး “ဘုန်းကြီး… ခေါက်ဆွဲလာစားချေ” လို့ အမြဲလျှောက်သေးတယ်။

လည်ပေါ်ကျောင်းမှ ဦးပညာ ကျောင်းထိုင်ကတည်းက ကျောင်းလည်း အတော်ကလေး စည်ကားတယ်တောင် ပြောရမယ်။ လမ်းဟိုဘက်က စာသင်တိုက်ကြီး ရောက်တုန်းကတောင် ဆရာတော်ကြီးက “မောင်ပညာ၊ စာမချရလို့ ပျင်းနေရင် ငါတို့မှာ စာသင်သားတွေ အသင့်ရှိတယ်ကွဲ့” လို့ မိန့်ဖူးတယ်။ ဒီတော့ ကိုယ်တော်ကလေးက “ဆရာတော်တို့က တပည့်တော်ကို ကျောင်းအထိုင်ခိုင်း ထားတော့ ကျောင်းထိုင်ဆိုတော့လည်း တပည့်တော်မှာ ရွာအရေး၊ ရပ်အရေးတွေကလည်း ရှိသေးတယ်ဘုရား” လို့ ပြန်လျှောက်တယ်။ အဲဒီတုန်း အနားမှာ ရှိနေတဲ့ ဦးပညာရဲ့နောင်တော် ဦးခေမာက တစ်ခု ဝင်ထောက်လိုက်သေးတယ်။ “မင်းနဲ့ ကွန်မြူနစ်တွေနဲ့ တွေ့ပြီးပလား” တဲ့။ “တွေ့ပြီးပါပြီ ဘုရာ့၊ တပည့်တော်နဲ့ အဆင်ပြေပါတယ်” လို့ ပြန်လျှောက်တယ်။ ဒီတော့ ဆရာတော်ကြီးနဲ့ ဦးခေမာ တစ်ပါးကိုတစ်ပါး အသာလှမ်းကြည့်ရင်း မသိမသာ ပြုံးလိုက်တယ်။

ဦးပညာက ရွာအရေး ရပ်အရေးတွေလည်း အတော် ကြည့်တယ်။ ကျောင်းတောင်ဘက်က လက်ဆည်ကန်ကြီးကိုသာ ကြည့်။ ခုဆို ကန်ပေါင်ပေါ်မှာ ထိုင်စရာ တန်းလျားကလေးတွေ၊ ဘာတွေနဲ့တောင် ဖြစ်လာတယ်။ ဘုန်းကြီးကိုယ်တိုင်ကလည်း ညနေတိုင်းဆို ဣရိယာပုဒ်မျှအောင် အဲဒီဘက်ဆီ စင်္ကြံလျှောက်တတ်တယ်။ ကန်ရဲ့ အနောက်ဘက်ခြမ်းဆီက ဘုရားငုတ်တိုကြီးတောင် ချုံတွေပေါင်းတွေ ရှင်းပြီး၊ ကြည့်လို့ ရှုလို့ သပ္ပာယဖြစ်အောင် ထုံးဖြူတွေ၊ ဘာတွေ သုတ်လို့။ အဲဒါလည်း အေးကျော်ကြီးတို့ မာ့ကဆစ်တွေ ဝိုင်းလုပ်ပေးကြတာပဲ။ ဒီတော့လည်း မာ့ကဆစ်တွေနဲ့ ဘုန်းကြီးဦးပညာတို့ အကြား ပြဿနာမရှိဘူး။ အဆင်ပြေနေတယ် ဆိုတာ ဘာမှ သံသယဖြစ်စရာ မရှိဘူး။ အေးကျော်တို့ သာဒင်တို့ မာ့ကဆစ်ဆိုတာက အရပ်ဒေသနဲ့လိုက်အောင် ရေနည်းနည်း ရောထားတဲ့ မာ့ကဆစ်မျိုးလို့တောင် ပြောရမယ်ထင်တယ်။ ဘုန်းကြီးကျောင်းတို့၊ အလှူတို့ ဘာတို့ကိုလည်း သူတို့လာကြသား။ ရောရောယောင်ယောင်နဲ့ ဘုန်းကြီးတော့လည်း ကန်တော့ကြသား။ တရားပေးတဲ့ အချိန်တို့ သီလယူခိုင်းတဲ့ အချိန်တို့ကျရင်သာ မသိမသာနဲ့ အသာထသွားပြီး ဆွမ်းစားရုံနားမှာဖြစ်ဖြစ် ရပ်နေတတ်တာ။

တစ်နေ့တော့ ပြဿနာတစ်ခု ပေါ်လာတယ်။ ပြဿနာက အေးကျော်ကြီးရဲ့ မိသားစုပြဿနာပဲ။ အေးကျော်အမေကြီး ဆုံးသွားတဲ့ ကိစ္စပဲ။ ဒီမှာ မာ့ကဆစ်က မာ့ကဆစ်လို့ အစွမ်းပြတော့တာကိုး။ လူဆိုတာ သေတတ်တာပဲ တဲ့။ သူ့အမေကြီး ရှစ်ဆယ့်တစ်နှစ် သေတာဟာ ဖြစ်ရိုးဖြစ်စဉ်ပဲ တဲ့။ သေရင် မြေမြှုပ်ပစ်ရုံပဲ တဲ့။ ဘာမှ ရွတ်ဖတ်နေဖို့ မလိုဘူး တဲ့။ ဒီတော့ သူ့အိမ်သူ ရွှေခင်နဲ့ သူ့သမက် အောင်ဖြိုးတို့က ဘုန်းကြီး ဦးပညာကို လာလျှောက်ကြတယ်။ ဒီတော့လည်း ဘုန်းကြီးကလေးက ရှင်းပြရရှာတယ်။ “ဒကာကြီး ဆန္ဒမရှိဘဲ ဒကာကြီး အပင့်အလျှောက်မရှိဘဲ ကျုပ် ဘာမှမလုပ်နိုင်ဘူး” ဆိုတော့ အရပ်ထဲက လူတွေကလည်း မကျေနပ်ကြဘူး။ ယုတ်စွအဆုံး စဏ္ဍာလအောင်ခင်ကတောင် သရဏဂုံ မတင်ဘဲနဲ့တော့ သူ မမြှုပ်ရဲဘူးတောင် ပြောလာတယ်။ ဒီတော့ အေးကျော်ကြီးက ဘယ်သူမှ ဘာမှလုပ်နေစရာ မလိုဘူး။ ကျုပ်အမေ ကျုပ်ဘာသာမြုပ်မယ် ဖြစ်ကရော။ သူ့ကို ဘယ်သူကမှလည်း မတားရဲဘူးကိုး။

ကျောင်းဆရာကြီး ဦးအေးမောင်တို့ လူကြီးတစ်သိုက်ကတော့ ဥပါယ်တံမျဉ် သုံးပြီး “မင်းနှမလည်း အကြောင်းကြားဦးလေကွာ၊ မင့်အမေချည်းပဲမှ မဟုတ်တာ။ သူ့အမေလည်း သူ့အမေပဲ” လို့ ပြောပေတဲ့ မရဘူး။ နောက်ဆုံးတော့ အေးကျော်တစ်ယောက် သင်္ချိုင်းကကောင်တွေနဲ့ ဘယ်လို အပေါက်တည့်သွားကြတယ် မသိဘူး သူ့အမေကြီးဆုံးပြီး နှစ်ရက်အတွင်း မြှုပ်ပစ်ဖြစ်သွားတယ်။ သူ့အိမ်သူနဲ့ သားသမီးတွေထိ ငိုတာတောင် သူ့ရှေ့မှာ မငိုရဲကြဘူး။ ဘုန်းကြီး ဦးပညာကတော့ ဒီသတင်းတွေ နေ့စဉ်လို ကြားနေရတယ်။ အေးကျော်ကြီးသမက် အောင်ဖြိုးက နေ့စဉ်လို ဘုန်းကြီးကျောင်း လာနေတာကိုး။ သူ့ခမျာမှာလည်း နေ့စဉ်လို ဒီလိုအကြောင်းတွေပဲ ဘုန်းကြီးကို တိုင်တည်နေရရှာတယ်။ ဘုန်းကြီးအနေနဲ့ကတော့ ဘာမှ ဝင်မပါနိုင်တာ အမှန်ပဲ။ ဒီတော့လည်း သူ့အတွေ့အကြုံကလေးတွေလောက်ပဲ ပြောပြနိုင်တယ်။ အောင်ဖြိုးကလည်း မူလတန်းကျောင်းဆရာ ဆိုပေတဲ့ အမြော်အမြင်ရှိတဲ့ အကောင်ပဲဟာ။ အေးကျော်အမေကြီး ဆုံးပြီး တတိယမြောက် နေ့လည်းကျရော အေးကျော် သမီးအငယ်ဆုံးမ ကောင်ကာငင်ကာ ဖျားတော့တာပဲ။

အေးကျော်သမီး အငယ်ဆုံးမက ဆယ်တန်းတက်နေတာ။ ဘွားအေကြီးအသည်းစွဲ။ ပထမတော့ အပူရှပ်တယ် ထင်တာပဲ။ နောက်တော့ ငန်းတွေ၊ ဘာတွေ ဖမ်းလာလို့ ဆေးဆရာပင့်ရတယ် တဲ့။ အရပ်က ဆေးဆရာနဲ့ မဖြစ်လို့၊ ကားဆိပ်မှာ ဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်ကလေးတောင် အောင်ဖြိုးကိုယ်တိုင် သွားပင့်ရသတဲ့။ အောင်ဖြိုးနဲ့ ဆရာဝန်လေးနဲ့ကလည်း ရင်းတာကိုး၊ ဆရာဝန်ကလေးကတော့ နှစ်ရက်၊ သုံးရက် တန်သည် စောင့်ကြည့်ရဦးမယ်။ လောလောဆယ်တော့ ဆေးတစ်လုံးပဲ ထိုးပေးခဲ့မယ်လို့ ပြောသတဲ့။ အဲဒီညဘက်ကျတော့ ကောင်မကလေးက ကယောင်ကတမ်းတွေ ဖြစ်ပြီး “ဘွားဘွားကြီး အပေါ်ထပ်က ဆင်းလာတယ်” တို့၊ “သမီးလည်း ဘွားဘွားနဲ့ လိုက်မယ်” တို့ စသည်ဖြင့် ပြောရောတဲ့။ ညဘက်တော့ အဖျားက ကျသွားပေတဲ့ တိုက်တိုက်ဆိုင်ဆိုင် ပြောရမလား မသိဘူး၊ အိမ်တောင်ဘက်က ညောင်ကိုင်းကြီးတစ်ကိုင်း ကျိုးကျပါလေရာ၊ “အိမ်တောင်၊ ညောင်ကျိုး၊ အပခိုကိုး၊ အိမ်သားမျိုးပြတ် ဖြစ်တတ်ပလေ” လို့ စကားရှိသေးတာကိုး။ ‘အိမ်သားမျိုးပြတ်’ ဆိုတာ အိမ်တစ်အိမ်ရဲ့ အကြီးဆုံးနဲ့ အငယ်ဆုံး သေတတ်တာလို့ ယူကြတော့ အားလုံး လန့်ကြရ တာပေါ့။ ဒီတော့လည်း ရွှေခင်က “ရှင် အယူသည်းတာတွေ ကျုပ်တို့ ဒဏ်ခံရပါပကော” လို့ ပြောရင်း ငိုတော့တာ။

အေးကျော်ကြီး အဖို့ကတော့ အားလုံး တိုက်ဆိုင်တယ်ပဲ ခေါ်ရတော့မယ် ထင်တယ်။ သူက မတော်တရော် မယုံဘူးလို့ ဆိုနေကျကိုး။ အပေါ်ထပ်မှာအိပ်တဲ့ အောင်ဖြိုးတို့ လင်မယားက ညဆယ်နာရီလောက် အောက်ထပ်ကို ပြေးဆင်းလာကြပြီး ဘုရားခန်းထဲက ဘုရားစင်မှာ ဖယောင်းတိုင်မီးတွေ တောက်နေတယ်။ ဘွားအေကြီးအခန်းက ပြတင်းပေါက်ရော၊ တံခါးမကြီးပါ ပွင့်နေတာ တွေ့ရလို့ သူတို့တော့ မအိပ်ရဲဘူးတဲ့။ အောက်ထပ်က အငယ်မအခန်းထဲမှာပဲ အိပ်တော့မယ်တဲ့။ ဒီတော့ အေးကျော်ကြီးကလည်း အိမ်တိုင်မှာ ထောင်ထားတဲ့ နှစ်တစ်လက်မတစ်ချောင်း အသာကိုင်ပြီး အပေါ်ထပ် တက်ကြည့်တယ်။ ပြန်ဆင်းလာတော့ “စံပယ်ပန်းတွေလည်း ကြဲထားပါလား” လို့ ပြောတယ်။ ဒီတော့ အောင်ဖြိုးတို့ လင်မယားက ကြည့်ကြည့်ကြောင်ကြောင်နဲ့ “ကျွန်တော်တို့တွေ ကြောက်လို့ ပြေးဆင်းလာတာပဲ။ သေချာမကြည့်မိဘူး” လို့ ပြောပြီး ဒေါ်လေးများ ထားသလားလို့ မေးတယ်။ ရွှေခင်ကတော့ ကျုပ် အပေါ်ထပ် မရောက်ဘူးလို့ ပြောရင်း အေးကျော်ကို လက်ညှိုးငေါက်ငေါက် ထိုးပြီး “အမေရေ… အမျှ… အမျှ…” လို့ ပြောပြီး “ရှင့်ကြောင့်… ရှင့်ကြောင့်” လို့ပဲ ပြောရင်း ငိုပါလေရော။

အဲဒီညကတော့ တော်တော်နဲ့ မအိပ်နိုင်ကြဘူး။ အောင်ဖြိုးကတော့ လိုရမည်ရဆိုပြီး သူ့သူငယ်ချင်း မောင်စိုးနဲ့ ကျော်စိန်ကို ခေါ်သွားပြီး မီးဖိုဆောင်ဘက်မှာ အိပ်ခိုင်းတယ်။ အေးကျော်တို့မိသားစု တစ်စုလုံးကလည်း မအိပ်ရဲကြဘူး။ ညတစ်နာရီလောက်မှ အိမ်အောက်ထပ်မှာပဲ အိပ်ဖို့ လုပ်ကြတယ်။ အောင်ဖြိုးတို့လင်မယားက အငယ်မအခန်းမှာ အိပ်ဖို့ ဝင်သွားတော့ ရွှေခင်ကလည်း သူတို့အိပ်ခန်းကို ဝင်တယ်။ ဒီတော့ မအိပ်ခင် အေးကျော်ကြီးက အိမ်အပြင်ဘက်က ရေအိမ်ကိုသွားတယ်။ အသွားမှာ မီးဖိုဆောင်ထဲက အိပ်မောကျနေတဲ့ အောင်ဖြိုးသူငယ်ချင်း နှစ်ကောင်ကို မီးထိုးကြည့်လိုက်သေးတယ်။ ရေအိမ်က ကျင်းအိမ်သာမျိုး။ သွပ်မိုးသွပ်ကာ အကျလုပ်ထားတာ။ အေးကျော်ကြီးလည်း ရေအိမ်ထဲ ရောက်ပြီး ဘာမှမကြာသေးဘူး တအုန်းအုန်းနဲ့ ရေအိမ်ပေါ် ခဲကျပါလေရော။ ဒီတော့ အေးကျော်ကြီးခမျာ တက်သုတ်ရိုက်ပြီး ပြေးထွက်လာတော့ မီးဖိုဆောင်ထဲက အောင်ဖြိုး သူငယ်ချင်း နှစ်ယောက် ပြေးထွက်လာကြရင်း “ဘာတုံး ဦးလေး” လို့ ပြိုင်တူမေးလိုက်ကြတယ်။

“ရေအိမ် ခဲကျတာ တအုန်းအုန်းနဲ့ မင်းတို့ကြားလိုက်လား” လို့ အေးကျော်က မေးတော့ နှစ်ယောက်သား အေးကျော်ကို တအံ့တဩနဲ့ ပြန်ကြည့်ရင်း “ကျွန်တော်တို့ ဦးလေးအော်သံ ကြားလို့ လန့်နိုးသွားကြတာ” ဆိုပဲ။ အေးကျော်လည်း အိမ်ရှေ့ခန်း ပြန်ရောက်တာနဲ့ အားလုံးကိုနှိးပြီး ခဲကျသံ ကြား၊ မကြား မေးတော့၊ ဘယ်သူမှ မကြားကြဘူးတဲ့။ အဲဒီတုန်းပဲ အောင်ဖြိုးသူငယ်ချင်း နှစ်ယောက်က အိမ်ရှေ့ခန်းဆီ ဝင်လာပြီး ခုလို ပြောပြန်တယ်။ “ဦးလေးက ခဲကျတယ်ဆိုလို့ ကျွန်တော်တို့ ရေအိမ်နား သွားကြည့်တာ ဘာမှမတွေ့ဘူး။ ရေလည်ကူးကလေးမှာတော့ စံပယ်ပန်းတွေ ခြွေချထားကာ အများကြီးပဲ” တဲ့။ ဒီတော့ ရွှေခင်က ဘုရားတလိုက်ရင်း သူ့လက်ထဲ ကိုင်ထားတဲ့ စိပ်ပုတီးကို သမီးငယ်မ လည်ပင်းမှာ အသာစွပ်ပေးလိုက်ရင်း အေးကျော်ကို ဒေါင်းတည်မောင်းတည်နဲ့ “ကျုပ် မနက်ကျရင် အမေ့အတွက် သက်ပျောက်နဲ့ မြေကျဆွမ်း ကပ်မယ်။ ဦးပညာကို ပရိတ်လေးဘာလေး ရွတ်ခိုင်းမယ်။ ရှင် ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ကျုပ်လုပ်မယ်။ ရှင်နဲ့ ရှင့်မာကဆစ်တွေ လုပ်ချင်ရာလုပ်ကြ၊ မလာချင် မလာကြနဲ့။ ကျုပ်မှာ သားရယ် သမီးရယ် ဆိုတာတွေ ရှိတယ်။ သူတို့အတွက် ကြည့်ရမယ်” လို့ ပြောတော့တယ်။

အေးကျော်ကြီးကတော့ ဘာမျှပြန်မပြောဘူး။ အတော် ကြာတော့မှ “အောင်ဖြိုး၊ မနက်စောစော ဘုန်းကြီးသွားပင့်ချေ နေ့ဆွမ်းလုပ်၊ ဒါမှ အချိန်ရမယ်” လို့ လှမ်းပြောလိုက်တယ်။ အဲဒီညကတော့ အေးကျော်တို့ တစ်အိမ်သားလုံး မအိပ်ကြရတော့ဘူး။ အငယ်မတောင် အပြင်းဖျားရာက ယူပစ်သလို ပျောက်သွားတယ်။ နောက်တစ်နေ့ မနက်တော့ ဘုန်းကြီး ဦးပညာကို နေ့ဆွမ်းကပ်ကြတယ်။ သီလယူချိန်ကျတော့ အေးကျော်ကြီး ထသွားမလိုလို လုပ်တော့၊ ဘုန်းကြီးဦးပညာက “ဒကာကြီး၊ ခင်ဗျားရှိနေမှ ကောင်းတယ်။ ပြီးရင် ဘုန်းကြီး အမျှဝေမယ်၊ သို့ပေတဲ့ ခင်ဗျားသဘောပဲ” လို့ လှမ်းပြောတော့ တစ်မိသားစုလုံး အေးကျော်ကို လှမ်းကြည့်လိုက်ကြတယ်။ ဒီတော့ အေးကျော်လည်း “တင်ပါ့ဘုရား” တစ်ခွန်းပဲ ပြောပြီး အသာပြန်ထိုင်နေလိုက်တယ်။

အေးကျော်အမေအတွက် ရက်လည်တော့ လည်ပေါ်ကျောင်းမှာ လုပ်တယ်။ စာသင်တိုက်က ဦးခေမာကြီးတောင် ကြွတယ်။ လူတော်တော်များများလည်း လာကြတယ်။ သီလပေးခါနီးတာ့ ဦးပညာက ဦးခေမာကို လျှောက်ပေတဲ့ ဦးခေမာက ဦးပညာကိုပဲ သီလပေး၊ ရေစက်ချတွေ လုပ်စေတယ် သူ့ကျောင်း သူ့ဒကာ အခြေအနေကို ဦးခေမာက နောက်နေသက ကြည့်နေပုံရတယ်။ အဲဒီနေ့ကတော့ အေးကျော်ကိုယ်တိုင် သီလယူရုံတင်မကဘူး၊ ကိုယ်တိုင် ရေစက်ချတယ်။ နောက်နားက ထိုင်နေတဲ့ ကျောင်းဆရာကြီး ဦးအေးမောင်တို့ လူတစ်သိုက်ကကော့ ပြုံးစိပြုံးစိနဲ့ပဲ။ ပြီးတော့ အမေ့အတွက် ရည်စူးပြီး ကျောင်းဝင်းထဲက ဇရပ်တစ်ဆောင် ပြင်ပါရစေလို့ ခွင့်တောင်းတယ်။ တစ်လက်စတည်း “တပည့်တော်ကို ဆရာဒကာရင်းလို့ မှတ်ပါဘုရား” လို့ လျှောက်တယ်။ ဘုန်းကြီးဦးပညာက သာဓုခေါ်ရင်း ပြုံးတယ်။

အဲဒီနေ့ ညနေဘက်တော့ ဆွမ်းကျွေးမှာ ဝိုင်းဝန်းလုပ်လိုက်ကြတဲ့ အောင်ဖြိုးတို့ တစ်သိုက်ကတော့ အပန်းပြေရအောင် တံတားထိပ် ကားဆိပ်က အာ့စိန်ကြီး ခေါက်ဆွဲဆိုင်ကို ချီတက် သွားကြလေရဲ့။ အာစိန့်ကြီးဆိုင် နောက်ဖေးခန်းထဲမှာ ဆယ်ခုနစ်ကျပ်ခွဲတောင် ပေးရတဲ့ မန္တလေး မော့ဝီစကီတစ်လုံးနဲ့ အာ့စိန်ရဲ့ နာမည်ကျော် ကုန်းဘောင်ကြီးကျော်နဲ့ စမတ်ကို ကျနေကြတာ။ ဆေးခန်းပိတ်တော့ ဆရာဝန်ကလေးတောင် သူတို့ဝိုင်းထဲ ပါလာသေးတယ်။ စားရင်းသောက်ရင်း မောင်စိုးက ပြောတယ်။ “မင်းယောက္ခမကောင်းမှု ငါ့အိမ်က စံပယ်တစ်ရုံလည်း ကုန်ပါပကော” တဲ့။ ဒီတော့ ကျော်စိန်က “သောက်ကျိုးနည်းတဲ့ မာ့ကဆစ်တွေ၊ တစ္ဆေတော့လည်း ကြောက်သေးသကိုး” တဲ့။ အောင်ဖြိုးကတော့ အတော်ကို အောင်မြင်ခံ့ညားပြီး ကျေနပ်တဲ့ လေမျိုးနဲ့ တစ်ခွန်းပဲ ဝင်ပြော တယ်။ “ဘယ်ရလိမ့်မတုံး ဒီမာ့ကဆစ်တွေ။ တို့ကိုယ်တော်ကလည်း မာ့ကဆစ်က ကျွတ်လာတာ၊ မာ့ကဆစ်လူထွက်ပဲ။ သင်းတို့လောက်တော့ အပျော့ပဲ” တဲ့။

အေးကျော်အမေ ရက်လည်ဆွမ်းကျွေး အပြန်တုန်းကတော့ ကျောင်းဆရာကြီး ဦးအေးမောင်က သူ့အိမ်သူကို ခုလိုပြောသတဲ့။

“အေးကျော်ကိုယ်တိုင် အမျှဝေလို့တော့ဖြင့် လည်ပေါ်ကျောင်းမှာ ဦးပညာမြဲပဟေ့”

ရောရောယောင်ယောင် မောင်ဘမောင်နှင့်

ရပ်ထဲရွာထဲက ဝတ္ထုများ… မှ။

 

ဆင်ခြင်ခြင်း၏ ရက်စက်မှု

 

ဒီတစ်ကြောမှာ ဘုန်းကြီးဦးသောဘနက အဆုံးအမ ကောင်းတယ်လို့ နာမည်ရတယ်။ အမှန်မှာ ဦးသောဘနက ဆရာတော်ကြီး။ သာမန်ဘုန်းကြီး မဟုတ်ဘူး။ သူ့အောက်မှာကို စာချဘုန်းကြီး လေးငါးရှစ်ပါးလောက် ရှိတယ်။ ဒီဘက်တစ်ကြောမှာက စာသင်တိုက်ကလည်း ရှားတော့ ဦးသောဘန ကျောင်းမှာ စာလိုက်ချင်တဲ့ ကိုယ်တော်မရှားဘူး။ ဆရာတော်ကြီးကို စာချကိုယ်တော်ကြီး တချို့တို့က ဘာသာနေဖို့ တောင်းပန်ထားလို့ စာမချတော့ဘူး။ ဒါတောင် ရပ်ကိစ္စ ရွာကိစ္စတွေကျရင် ဘုန်းကြီးကြီးဝင်ပြီး ပါနေရသေးတယ်။

“ကိုယ်တော်တို့ တပည့်တော်ကိုတော့ဖြင့် ဒီကိစ္စ ခွင့်ပြုကြပါ။ ဒီအရပ်၊ ဒီဒေသဟာ တပည့်တော်ဒေသပါ။ တပည့်တော် ကင်းနေလို့ မသင့်ပါဘူး။ သေသေချာချာ ဆင်ခြင်ကြည့်ရင် ရပ်ကိစ္စ ရွာကိစ္စမှာ တပည့်တော်ကို လိုအပ်လို့ လာပြီး တိုင်တည်ကြတဲ့အခါ မင်းတို့ဘာသာ ကြည့်လုပ်ကြလို့ ပြောပြီး မျက်နှာလွှဲနေဖို့တော့ မကောင်းဘူးပေါ့ ဘုရား”

ဘုန်းကြီးကြီးက သူ့ဘုန်းကြီးတွေကို အဲဒီလို ခွင့်ပန်တတ်တယ်။ အမှန်မှာတော့ ကိုယ်တော်တွေက သူတို့ ဆရာတော်ကြီးကို နားနားနေနေ နေစေချင်တာသာ အဓိကပါ။ ဝါကျွတ်ပြီးလို့ စာချကိုယ်တော်တွေ၊ စာသင်သားတွေ အရပ်ကို ပြန်တဲ့အခါ ကျောင်းမှာ တိုက်အုပ်ဦးပညာဝံသနဲ့ ကိုယ်တော် သုံးလေးပါးလောက်ပဲ ကျန်တတ်တယ်။ အဲဒီအခါမျိုးကျကာမှပဲ အလှူအတန်း ပွဲလမ်းက ပေါပါ့။ အဲဒီကျရင် ဆရာတော်ကြီးကိုယ်တိုင် အပင့်အဖိတ် လိုက်ရရှာတယ်။ ကိုယ်တော်ကလေး တွေကတော့ ကျောင်းစောင့် နေရစ်ပါလို့ ဆရာတော်ကြီးကို လျှောက်ပြီး ကျောင်းမှာပဲ ကိုရင်၊ ကျောင်းသား စတာတွေနဲ့ ထားရစ်တတ်ကြတယ်။

ခက်နေတာက ဘုန်းကြီးကြီး အဟောအပြောကိုလည်း အရပ်က သဘောကျတယ်။ ဘုန်းကြီး အချင်းချင်းတောင် ဆရာတော်ကြီး ဟောတာ ပြောတာကို သဘောကျ နားတွေ့ကြလို့ နမူနာယူကြရတယ်။ ကွင်းသာဆယ့်တစ်ရွာက သိမ်ကျောင်း ဆရာတော်ကြီးများဆိုရင် သူ့တပည့်တွေကို “ဟဲ့ မင်း တို့ဘုန်းကြီး ဦးသောဘန ပြောဆိုတာကို မှတ်ကြ၊ နမူနာယူကြ၊ ဟောတယ်ပြောတယ် ဆိုတာ အသံကောင်းတာထက် အကြောင်းကောင်းဖို့ အရေးကြီးတယ်။ ဘုန်းကြီးကြီးက ဟောတဲ့ပြောတဲ့အခါ ချိတ်ဆက်မိတယ်။ ပါဠိပါဌ်သားတွေချည်း နင်းရွတ်တာ မဟုတ်ဘူး။ လူသူလေးပါး နားဝင်အောင် ပြောတတ် ဟောတတ်ဖို့ လိုတယ်။ ဆရာတော်ကြီး ဟောတဲ့အခါတိုင်း ဆင်ဆင်ခြင်ခြင် ပြောဖို့လုပ်ဖို့ပါတာ ကိုယ်တော်တို့ သတိထားမိကြရဲ့လား” လို့ ပြောလေ့ရှိတယ်။

မှန်တော့လည်း မှန်တယ်။ ဆရာတော်ကြီး ဟောပြောတဲ့အခါ ဆင်ဆင်ခြင်ခြင် ရှိကြဖို့၊ ဆင်ခြင်တတ်ကြဖို့ အမြဲလို ပါတတ်တယ်။ ဆရာတော်ကြီးက နေ့စဉ်ဘဝထဲမှာ ပညတ်နဲ့ ပရမတ် ကွဲဖို့ထက်၊ ကွဲကွဲပြားပြား သိနားလည်ဖို့ သမုတိသဘောနဲ့ ဖြစ်ပျက်နေတာတွေ နားလည်ဖို့ စသည်ဖြင့် ဟောပြောလေ့ ရှိတယ်။ အတင်း ဟိုဟာလုပ်၊ ဒီဟာလုပ်လို့ မတိုက်တွန်းဘူး။ နေ့စဉ်ဘဝနဲ့ မကင်းနိုင်ကြသေးသူတွေ အနေနဲ့ နေ့စဉ်ဘဝထဲမှာ ဆင်ခြင်တုံတရား အခြေခံထား မြင်ကြဖို့ စသည်ဖြင့် ဟောပြောလေ့ရှိတယ်။ ဒါကြောင့်လည်း အရင်က ကွန်မြူနစ် လုပ်လာတယ်ဆိုတဲ့ ကျောင်းဆရာလူထွက် နှုတ်ခမ်းမွှေးရေးရေးနဲ့ ကိုဦးကြည်ကတောင် ခုဆို ဆရာတော်ကြီး ဟောတာပြောတာတွေကို သဘောကျလာတယ်။

ကိုဦးကြည်က ဒီဘက်က မဟုတ်ဘူး။ ကွင်းသာဆယ့်တစ်ရွာ ခပ်သာသာမှာရှိတဲ့ အဝေးသင်က။ အဝေးသင် ဆိုတာက ခုလို ကျောင်းနာမည်တွေ ဘာတွေ မဟုတ်ပါဘူး။ ရှေးက အဝေသအင်းဆိုတဲ့ နေရာ။ ကာလရွေ့လျားလာတော့ အဝေသအင်းကနေ အဝေးသင်း၊ အဝေးသင်းကနေ အဝေးသင် ဖြစ်လာတာ။ အခုတော့ ရွာကြီးပေါ့။ ကိုဦးကြည်တော့ ယောက္ခမများက အတော်ကြီး အသက်က ထောက်လာတော့ ကိုဦးကြည်က အဲဒီက ကျောင်းဆရာတွေ ဘာတွေလုပ်၊ တောတွေ၊ ဘာတွေ ခိုဖူးတယ်ဆိုပဲ။ သူ့အိမ်သူကသာ ဒီအရပ်က။ ခုတော့ ယောက္ခမများက အတော်ကြီး အသက်ကြီးလာတော့ ကိုဦးကြည်ကိုလည်း အလုပ်ပင်စင်ယူပြီး ဒီမှာလာပြီး ဦးစီးလုပ်ကိုင်ပေးရင်း အခြေချနေတာ။ ဒီတော့လည်း ဘုန်းကြီးကြီး နဲ့ ပြောဖော်ဆိုဖော် ရနေတာပဲ။

အရင် ရောက်စကတော့ ကိုဦးကြည်က ဘုန်းကြီးကျောင်းတွေ၊ ဘာတွေ သိပ်လာကြတယ် ပြုကြတယ် မရှိဘူး။ သူကလည်း မာ့ကဆစ် ဖြစ်ခဲ့ဖူးတယ်ဆိုတော့ ယုံတာ မယုံတာတွေ အသာထား။ ဘုန်းကြီးကျောင်းနဲ့ ခပ်ကင်းကင်း နေသပေါ့။ မာ့ကဆစ် ဆိုတာက ဟန်ကောင်းရတယ် ဆိုတာကိုး။ လေတောင် ဖမ်းပြီး ဝါးတန်းချည်ပြနိုင်တဲ့ လူမျိုးတွေ မဟုတ်ဘူးလား။ ဒါပေတဲ့ သူ့ယောက္ခမကြီး ဦးဆယ် ဆုံးသွားပြီးကတည်းက ကျောင်းမှာ အဝင်အထွက် များလာတယ်။ နောက်ပိုင်းတော့ ကျောင်းမှာပဲ အနေများလာတယ်။ ဒီ့ပြင် “ငါက မာ့ကဆစ် ဖြစ်ခဲ့ဖူးလို့ ပြောတာ မဟုတ်ဘူး။ တို့ကိုယ်တော်ကြီး ဟောတာ ပြောတာတွေက လက်တွေ့ကျတယ်။ ဘဝဆိုတာ လက်တွေ့ဆန်ရတယ်။ လက်တွေ့နဲ့ နီးစပ်အောင် တွေးရတယ်” စသဖြင့် ပြောလာတယ်။ ဒီက လူတွေကတော့ မာ့ကဆစ်ဆိုတာ ဘာမှန်းလည်း မသိကြပါဘူး။ ဒါပေတဲ့ ကိုဦးကြည် အဲဒီလို မပြောခင်ကတည်းက ဆရာတော်ကြီး ဟောတာပြောတာ ကြိုက်ကြပြီးသားပဲ။

ကိုဦးကြည်တောင် ဆရာတော်ကြီးက အတော် ချွတ်လိုက်ရတယ်။ ချွတ်တယ် ဆိုတာထက် ပြန်တိမ်းပေးလိုက်တယ်လို့ ပြောရင် ကောင်းမလား မသိဘူး။ ဒီလို၊ ကိုဦးကြည်ကြီးက အဲဒီ မာ့ကဆစ်ဆိုတာ ဖြစ်လာခဲ့တော့ စကားပြောကြဆိုကြတဲ့အခါ တိုင်ယာလက်သစ် ဆိုလား၊ ဒိုင်ယာလက်တစ်ဆစ် ဆိုလား မသိဘူး ပြောလေ့ရှိတယ်။ ဒီတော့ အမှန်တရား ဆိုတာက မျက်နှာမလိုက်ဘူးတို့၊ ဟိုဘက်မျက်နှာ မနာအောင် ဒီဘက် မျက်နှာ မနာအောင် နေတာက အမှန်တရားပဲ စသည်ဖြင့် ပြောတတ်တယ်။ ခက်တာက သူက ကျောင်းဆရာလည်း လုပ်လာ၊ မာ့ကဆစ် ဆိုတာကြီးလည်း ဖြစ်ခဲ့ဖူးတော့ ဘယ်သူကမှ သိပ်ပြန်မမေးရဲကြဘူး။ သူပြောရင် နားမလည်ပေတဲ့ နားလည်သလိုလိုနဲ့ နားထောင်တတ်ကြတယ်။ မာ့ကဆစ်ကြီး ပြောတာ နားလည်သလိုလို ဆိုတော့ ဘေးဘီကလည်း အထင်ကြီးသပေါ့ဗျာ။

အရင်က ကိုဦးကြည် ပြောလေ့ပြောထရှိတာ တစ်ခု ရှိတယ်။ အမှန်တရားဆိုတာ ဒင်္ဂါးပြားက ခေါင်းဆို တစ်မျိုး၊ ပန်းဆို တစ်မျိုးရယ်လို့ မရှိဘူးတဲ့။ ဒင်္ဂါးပြားဟာ ဘယ်ဘက်မှ မျက်နှာမလိုက်ဘူးတဲ့။ ဒီတော့ အမှန်တရားဆိုတာ အဲသလိုပဲတဲ့။ သူက ရှင်းပြတဲ့အခါ မူလတို့၊ ပတိတို့၊ သမူဟတို့ ဆိုတာတွေလည်း ပါတယ်။ ဒါပေတဲ့ ဒီကလူတွေက ပသိ ဆိုရင်တော့ အာခေါင်ထဲက အဖု ဆိုတာလောက်ပဲ သိကြတော့ ကိုဦးကြည်ကို ပြန်ပြီး သိပ်ပြီး မေးစမ်းမနေကြတော့ပါဘူး။ စကားဝိုင်းထဲမှာ ဘုန်းကြီးလူထွက် လူပြန်တော် ကိုစိုး ပါလာမှသာ တောတောတောင်တောင် မေးတတ်တာ။ တစ်နေ့တော့ ကိုဦးကြည်ကြီးအကြောင်း ကိုစိုးကပဲ ဘုန်းကြီးကြီးကို လျှောက်တာ။

“အရှင်ဘုရား၊ အရှင်ဘုရားလူတော့ ကြည့်လုပ်ပါဦး။ အမှန်တရားဆိုတာ ဒင်္ဂါးပြားများလိုပဲ မျက်နှာမလိုက်ဘူးလို့ ပြောပြောနေတယ် ဘုရား။ သူတို့ဆရာကြီး ကုလားမတ် ဆိုတာက ပြောသတဲ့။ ကုလားမတ်ဆိုတာက မော်တော်ကား တိုင်ယာတွေ ဘာတွေ ရောင်းပုံရတယ်။ ကိုဦးကြည်က ပြောတိုင်း ကုလားမတ်ရဲ့ တိုင်ယာလက်သစ်နည်း ဆိုလား မသိဘူးဘုရား” ဒီတော့ ဘုန်းကြီးကြီးက “ဆင်ဆင်ခြင်ခြင် ဖြစ်ရင်ပြီးတာပဲ ဒကာကြီးရဲ့၊ လူဆိုတာက သူ့အမြင်နဲ့သူကိုး။ ကြုံတဲ့အခါ ကျုပ်ပြောစမ်းပါ့မယ်” လို့ပဲ သာသာပြန်ပြောတယ်။ ဒါပေတဲ့ အကြောင်းသင့်လို့ ကြုံတိုင်း ဘုန်းကြီးကြီးက တစ်လုံးပြော နှစ်လုံးပြော ပြောရာက ကိုဦးကြည်လည်း အတော်ပဲ အချိုးပြောင်းသွားတာ။ အဓိကကတော့ ကိုဦးကြည် ပြောပြောနေတဲ့ အမှန်တရားဆိုတာ ဒင်္ဂါးပြားလို မျက်နှာမလိုက်ဘူး ဆိုတဲ့ကိစ္စ။ ဘုန်းကြီးကြီး ရှင်းပြတာက ဒီလို။

“ဒကာကြီး၊ ဒကာကြီး ပြောပြောနေတာ ကြားတော့ ကျုပ်လည်း ရတဲ့အချိန်ကလေးတွေမှာ တွေးကြည့်မိတယ်။ အမှန်တရား ဆိုတာက မျက်နှာမလိုက်ဘူးလား။ ဒီတော့ ဒကာကြီးပြောတဲ့ ဒင်္ဂါးပြားကိုပါ ထည့်တွေးရတာကို ဒင်္ဂါးပြားမှာက ခေါင်းရယ် ပန်းရယ် ပါသင့်လား။ ကျုပ်က ကလေးတွေ ခေါင်းပန်းလှည့်တာ ကြည့်မိလိုက်တယ်။ ခေါင်းကျချင်တဲ့ ကလေး ခေါင်းရနိုင်သပေါ့ဗျာ။ နိုင်ချင်တာ အနိုင်ရတာတော့ မှန်တာပေါ့။ ဒီတော့ အမှန်တရား ဆိုတာက မျက်နှာလိုက်တယ်။ ပန်းကျတဲ့အခါ နိုင်ချင်တဲ့ကလေး မနိုင်ရတော့ဘူး။ ပန်းတောင်းထားတဲ့ ကလေးက နိုင်တယ်။ တွေ့ပြီလား။ အမှန်တရား ဆိုတာက မျက်နှာလိုက်တာပဲ၊ ဘာကို မျက်နှာလိုက်သလဲ။ အမှန်တရားဘက်ကို မျက်နှာလိုက်တာပဲ။ ဒီတော့ ဒကာကြီး ပြောသလို ဟိုလိုလို ဒီလိုလိုဟာက အမှန်တရား မဟုတ်ဘူးဗျ။ အမှန်တရားဘက်ကို မျက်နှာလိုက်မှသာ မှန်တာ”

ဒီတော့လည်း ကိုဦးကြည်က ပြန်ပြီး မငြင်းဘူး။ “မှန်ပါ့ မှန်ပါ့” လောက်သာ လိုက်တာ။ ဒီတော့လည်း ဘုန်းကြီးကြီးက အဓိကကျတာကလေး တစ်ခု၊ နှစ်ခု ဆက်ရှင်းတယ်။ “တကယ်တော့ နေ့စဉ်ဘဝထဲမှာက ကျုပ်တို့တွေအနေနဲ့ ပုည-ကုသလ-ဓမ္မ စတာတွေ လိုပေတဲ့၊ ဆင်ခြင်ဉာဏ်ကလေးကလည်း လိုသေးတယ် ဒကာကြီး။ နေ့စဉ်ဘဝမှာက သဘာဝယုတ္တိတွေ၊ မယုတ္တိတွေ အပုံကြီးကိုး။ ဒီတော့လည်း ယုတ္တိရှိအောင် တွေးရမယ်ဗျ ဆင်ခြင်ရမယ်” တဲ့။ ဘုန်းကြီးကြီးက အဲဒီလိုပြောတော့ ကိုဦးကြည်က ဘာမှပြန်မပြောပေတဲ့ အနားမှာရှိနေတဲ့ ဘုန်းကြီးလူထွက် ကိုစိုးတို့၊ သူကြီးတူ မောင်မူတို့ကတော့ ဆိုင်းနောက်ထများလိုပဲ “မှန်ပါ့၊ ဟုတ်ပါ့ဘုရား၊ ဆင်ခြင်တတ်ဖို့ က လိုတယ်ဘုရား” စသည်သဖြင့် အသံတွေ ပြိုင်တူ ထွက်လာအုံးမယ်။

ကိုဦးကြည်ကြီးက အသက်ကလည်း ရလာတော့ ဘုန်းကြီးကြီး ပြောတာကို ဘာမှစောဒက တက်မနေရှာဘူး။ ဟိုတုန်းက မာ့ကဆစ် ဖြစ်ခဲ့သူတွေလည်း ဝမ်းဖောဝမ်းရောင်နဲ့ လျှောကုန်တာများတော့ ကိုယ့်ကိုယ်ကိုယ်လည်း သတိတောင် ထားနေရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘုန်းကြီးကြီး ပြောတာကတော့ မှန်ပါပေတယ်။ တိုင်ယာလက်သစ်နည်းတကျ တွေးရင်တောင် ဆင်ခြင်နည်းတကျ ဘဝကို တည်ဆောက်ရမယ် ဆိုတာကိုး။ ဆင်ခြင်နည်းကျဖို့က လိုတယ်။ ဆင်ခြင်ကြရမယ်၊ စသည်ဖြင့် ကိုဦးကြည် အတွေးထဲမှာ အခဲတင်လာတော့တယ်။

အဲဒီနေ့ တစ်နေ့ကတော့ ဦးသောဘနကျောင်းမှာ လူကြီးတချို့နဲ့ ကလေးတွေပဲ ရှိကြတယ်။ အရပ်ထဲက လူ အတော်များများက ဆည်ပေါက်က ဘုန်းကြီးကျောင်း နှစ်စဉ်ပြုမြဲ ကထိန်ပွဲကြီးအတွက် သွားကူကြတယ်။ အဲဒါကလည်း ထုံးစံပဲ၊ ရွာလုံးကျွတ်နီးပါး သွားကူကြတော့ လူကြီးတချို့လောက်ပဲ ကျန်တယ်။ ဒီတော့ လူကြီးတွေက ဘုန်းကြီးကျောင်းမှာ သွားနေကြတယ်။ ကလေးတွေလည်း ကျောင်းကို ပို့ထားတယ်။ ကလေးတွေကို ကိုရင်ကြီး စံမောင်က ကြည့်ရတယ်။ ကိုရင်ကြီး စံမောင်ကလည်း အားလုံးတော့ ဘယ်နိုင်မှာတုံး။ ကလေးတွေ ကျောင်းဝင်းထဲ ရှိနေရင် ပြီးတာပဲလို့ သဘောထားရတာ။ များသောအားဖြင့် ကလေးတွေက ဇရပ်ပေါ်မှာ မဟုတ်ရင် ဆွမ်းချက်ရုံနားမှာ ဆော့ကြတာများတယ်။ ကျောင်းအောက်ထပ်မှာတော့ ဂီလာန ကိုယ်တော်တစ်ပါးပဲ ကျန်ရစ်တယ်။

ဘုန်းကြီးကြီးကလည်း ညနေဘက်ရောက်တော့ ကျောင်းအောက်ထပ် ဆင်းပြီး ဂီလာနကိုယ်တော်ကို စကားပြောရင်း မေးစမ်းနေတယ်။ ပြီးတော့ ကျောင်းပေါ် ပြန်မတက်သေးဘဲ ဂန္ဓကုဋီတိုက်ဘက် သွားတဲ့ နေရာဘေးမှာရှိတဲ့ မကျည်းပင်ကြီး အောက်က သစ်သားကွပ်ပျစ်ကြီးပေါ် သွားထိုင်ရင်း ခပ်လှမ်းလှမ်းမှာ ကလေးတွေ ဆော့တာ လှမ်းကြည့်နေလိုက်တယ်။ အဲဒီတုန်း ဇရပ်ပေါ်မှာ ရှိနေကြတဲ့ ကိုဦးကြည်တို့ ကိုစိုးတို့လည်း ဘုန်းကြီးကြီးရှိရာ စကားစမြည်ပြောဖို့ ရောက်လာကြတယ်။ ဒီတော့ ဘုန်းကြီးကြီးနဲ့ ကျောင်းထဲ ရောက်နေကြတဲ့ လူကြီးအချို့ စကားဝိုင်းကလေး ဖြစ်သွားတယ်။ အကြောင်းထူးတော့ မပါပါဘူး။ တောင်အကြောင်း တောအကြောင်း၊ ရပ်အကြောင်း ရွာအကြောင်းပဲ။ အဲဒီတုန်းပဲ ထိပ်ကွက်အစ်ကို မောင်ငယ်က ကလေးမကလေး တစ်ယောက်ရယ်၊ သူငယ်ကလေး တစ်ယောက်ရယ်ကို နားရွက်ဆွဲပြီး ဘုန်းကြီးကြီးရှိရာ ခေါ်လာတယ်။ ပြီးတော့ ဘုန်းကြီးကြီးကို လျှောက်တယ်။

“သင်းတို့နှစ်ကောင်၊ ဆွမ်းချက်ရုံနားမှာ သတ်ကြမလို့ စောင်နေလို့ တပည့်တော် ခေါ်လာခဲ့တယ် ဘုရား” ဒီတော့ ဘုန်းကြီးကြီးက ဘာမျှ မဖြေသေးခင် ကိုစိုးက “ဟဲ့… ကိုရင်ကြီးဆီ ခေါ်သွားပါလား၊ ကိုရင်ကြီး ဘယ်သွားတုံး” လို့ မေးလိုက်တယ်။ “ကိုရင်ကြီး တာလမ်းဘက်က ဆိုင်မှာ ဆေးသွားဝယ်တယ်” “အေး… အေး…၊ ထားခဲ့ ထားခဲ့” လို့ ဘုန်းကြီးကြီးက ပြောလိုက်ရင်း၊ တစ်ဆက်တည်း “ဟဲ့… နင်က နောက်ဖေးတန်းက သန်းရှင်သမီး မဟုတ်ဘူးလား” လို့ လှမ်းမေးတယ်။ ကလေးမကလေးက ခေါင်းပဲ အသာညိတ်ပြတယ်။ ဒီတော့ ကောင်ကလေးကို သေသေချာချာ ကြည့်လိုက်ပြန်ရင်း “မင်းက စိန်ထွန်းသား မဟုတ်လား” လို့ မေးလိုက်ပြန်တယ်။ ကောင်ကလေးကတော့ ခပ်ရဲရဲပဲ “တင်ပါ့” လို့ ဖြေလိုက်တယ်။ “ဟဲ့… မင်းတို့တွေက မောင်နှမဝမ်းကွဲတွေပဲ။ ဘာလို့ တစ်ယောက်နဲ့ တစ်ယောက် သတ်ချင်ရတာတုံး” လို့ ဘုန်းကြီးကြီးက မေးလိုက်ပြန်တယ်။ ဒီတော့မှ ကောင်မလေးက စပြောတယ်။

“တပည့်တော်ကို သူက ရန်လုပ်နေတယ် ဘုရား။ ဘွားအေကြီး မစိန်ဆုံးတုန်းက ရက်လည်ဆွမ်းကျွေးတာ သူတို့ သားအဖတွေကို မဖိတ်မိလို့တဲ့ ဘုရား”

ဘုန်းကြီးကြီးရော အနားမှာ ရှိနေကြတဲ့ ကိုဦးကြည်တို့ လူတစ်သိုက်လည်း ပြုံးလိုက်ကြတယ်။ သူတို့က သန်းရှင်တို့ မောင်နှမအကြောင်း သိတာကိုး။ ဒီမောင်နှမက သိပ်မတည့်ကြဘူး။ ဒါနဲ့ ဘုန်းကြီးကြီးက ဝင်မေးလိုက်တယ်။

“ဟုတ်ကဲ့လား…။ နင်တို့ကကော ဘာလို့ မဖိတ်တာတုံး"

“အဖေကတော့ ဖိတ်ဖို့ပြောပါတယ်။ အမေက သူ့အစ်ကိုကို ကြည့်လို့မရလို့ မဖိတ်ဘူး ပြောလို့ပါ” လို့ ကောင်မကလေးက ဖြေတယ်။ ဘုန်းကြီးကြီးက ကောင်ကလေးကို လှမ်းကြည့်လိုက်ရင်း…

“ဟကောင်… ကြားပြီလား။ သူ့မှာ ဘာအပြစ်မှ မရှိဘူး။ မင့်အဒေါ်နဲ့ မင့်အဖေ မသင့်လို့ ဖြစ်ကြတဲ့ကိစ္စ။ သေချာ စဉ်းစားကြည့်၊ မင်းက သူ့ကိုသွားပြီး နားကိုက်လို့ ပါးကိုက်တာမျိုး လုပ်လို့ ဘယ်ဖြစ်မှာတုံး။ ကြားလား” လို့ မိန့်လိုက်တယ်။ ကောင်ကလေးက ဘာမျှပြန်မပြောပေတဲ့ မျက်နှာက သိပ်ကျေနပ်ပုံ မပေါ်ဘူး။ ဘုန်းကြီးကြီးကလည်း ရိပ်မိလိုက်တယ်။ ဒါနဲ့ ထပ်ပြောလိုက်ပြန်တယ်။

“ဟကောင်… ငါပြောတာ ကြားလား”

“တင်ပါ့ဘုရား”

“မင်းက ဘာများ ပြောချင်သေးတုံး”

ဒီတော့ ကောင်ကလေးက ဘုန်းကြီးကြီးကို ဘာမျှ ပြန်မပြောဘဲ ကောင်မကလေးကို လှမ်းကြည့်လိုက်ရင်း သေသေချာချာ တွေးနေပုံရတယ်။ ကောင်မကလေးကလည်း ပြန်ကြည့်နေတယ်။ ပြီးမှ ခုလို ပြောလိုက်တယ်။

“အေးပါဟယ်၊ တို့အလှည့်လည်း လာဦးမှာပါ။ ငါ့ ဘိုးအေကြီး ဦးသာမြလည်း ခုဆို ဖျားလို့ အိပ်ရာထဲ လဲနေတာ သုံးရက်တောင် ရှိပါပြီ”

ဘုန်းကြီးကြီးကော၊ လူကြီးတွေပါ ဘာပြောရမှန်း မသိဘူး ဖြစ်သွားကြတယ်။ ဘုန်းကြီးကြီးက ဘာမှမပြောတော့ဘဲ ခေါင်းခါလိုက်တယ်။ ကိုဦးကြည်ကြီးကတော့ တစ်ချက် “ခွီး”ခနဲ အသံထွက်အောင် ရယ်လိုက်ပြီး မျက်နှာပိုးသတ်နေလိုက်တယ်။ သူကြီးတူ မောင်မူသာ ခပ်လှမ်းလှမ်းက ကျောင်းသားကြီး တစ်ယောက်ကို လှမ်းခေါ်လိုက်ပြီး “ဒီကလေးတွေ ခေါ်သွားစမ်း၊ ကိုရင်ကြီး ပြန်မလာမချင်း မင်းကြည့်နေ၊ ရန်တွေဘာတွေ မဖြစ်စေနဲ့”လို့ ပြောတယ်။

ဒီနောက်တော့ မန်ကျည်းပင်ကြီး အောက်က ကွပ်ပျစ်ပေါ်မှာ ထိုင်နေကြတဲ့ ဘုန်းကြီးကြီးရော၊ လူကြီးတွေပါ စကားစ ရှာလို့ရပုံ မပေါ်ဘူး။ ကျောင်းဝင်းထဲကနေ လှမ်းမြင်ရတဲ့ တောင်ရိုးကိုသာ အဓိပ္ပာယ်မရှိ ကြည့်နေကြတယ်။ စိတ်ထဲမှာတော့ လေဟာ မတိုက်ဘဲနေတဲ့အခါ ဘာများ လုပ်နေပါလိမ့်လို့များ တွေးနေကြသလား မသိဘူး။

ရောရောယောင်ယောင် မောင်ဘမောင်နှင့်

ရပ်ထဲရွာထဲက ဝတ္ထုများ… မှ။

 

မလွမ်းနိုင်ဘူးတဲ့ ဗျာတို့

 

တံတားထိပ် ကားဆိပ်က ဆရာဝန်ကလေးကို ဆရာဝန်ကြီး ခေါ်တဲ့သူက ခေါ်၊ ဆရာဝန်ကလေး ခေါ်တဲ့သူက ခေါ်။ ခုထိ ဘယ်သူကမျှ ဆရာဝန်ကလေးနာမည် တိတိကျကျ မသိသေးဘူး။ ဒီပြောင်းလာခါစကတော့ ဆေးခန်းအဝမှာ လက်တစ်ဝါးသာသာလောက်ရှိတဲ့ ဆိုင်းဘုတ်ကလေး ချိတ်ထားတာ တွေ့ကြရဖူးတယ်။ အဲဒီ ဆိုင်းဘုတ်ကလေးကလည်း ဆေးက ခပ်ပြယ်ပြယ်ရယ်။ နောက်တော့ အဲဒီဆိုင်းဘုတ်ကလေးတောင် မတွေ့ရတော့ဘူး။ ဟိုတုန်းက ဆိုင်းဘုတ် ဖတ်ထားလိုက်ရတဲ့ တချို့ကတော့ ဆရာဝန်ကလေးနာမည်က အောင်သစ်လွင် ဆိုသလား၊ တချို့ကတော့ မောင်သစ်လွင် ဆိုသလားတဲ့။ တစ်ယောက် နှစ်ယောက်ကတော့ ထူးထူးခြားခြား အောင်ချစ်ခင် လို့တောင် ပြောကြတယ်။ ဆရာဝန်ကလေး ဆေးခန်းနဲ့ ဓားလွယ်ခုတ်က အာ့စိန်ကြီးဆိုင်ဘေးမှာ ထန်းရည်လိုင်စင်စီ လုပ်တဲ့ ငထိုက်ကြီးတို့၊ ကြည်ဝင်းတို့က “လူတွေက သောက်အလုပ်ကို ရှုပ်တယ်။ ဆရာဝန်၊ ဆရာဝန် ပေါ့။ တံတားထိပ် ကားဆိပ်က ဆရာဝန်ဆို လူတိုင်း သိနေကြတဲ့ ဥစ္စာ၊ ဘာလို့ နာမည်တွေ ဘာတွေ သိချင်နေရတာတုန်း” လို့ ပြောရာက ခုတော့ ဆရာဝန်ကလေးဟာ တံတားထိပ်၊ ကားဆိပ်က ဆရာဝန်ကလေးလို့ တွင်နေတယ်။ လူတိုင်းလည်း သိတယ်။ မသိလို့လည်း မဖြစ်ဘူး။ ဒီနားမှာ ဆရာဝန်ဆိုလို့ သူပဲရှိတာ။

ဆရာဝန်ကလေး နာမည်သာ မသိကြတာ မဟုတ်ဘူး။ ဆရာဝန်ကလေးရဲ့ ဇာစ်မြစ်လည်း မသိကြဘူး။ အရင်ကဆို တချို့က ဆရာဝန် အစစ်တောင် ဟုတ်ရဲ့လားလို့ တွေးကြ တယ်။ လူပုံပန်း ကြည့်လို့ကတော့ ဆရာဝန်နဲ့ မတူတာ အမှန် ပဲ။ ဆရာဝန်ကလေးက ချောင်းရဲ့ ဟိုဖက်ထိပ် နှုတ်ခမ်းပေါ်မှာ ဆောက်ထားတဲ့ ရဲဘော်ဖြူ လူထွက် အောင်ရင့်အိမ် တစ်လုံးမှာ ငှားနေတယ်။ စားတော့ မသောင်းထမင်းဆိုင်တို့၊ အာ့စိန်ကြီး ဆိုင်တို့မှာ စားတယ်။ အမှန်မှာတော့ အောင်မင်္ဂလာ ကျောင်းကို ကျောင်းထိုင်ဖို့ ကြွလာတဲ့ ဘုန်းကြီးလေး ဦးပညာသာမိ ခေါ်လာတာနဲ့ ပါလာတာဆိုပဲ။ မန္တလေးမှာ ဘုန်းကြီးလေးနဲ့ တွေ့တော့ “တောဘက်သွားပြီး ဆေးခန်းလေး၊ ဘာလေး ဖွင့်ချင်တယ်” ပြောလို့ “တောသူ တောင်သားစစ်စစ်တွေနဲ့ တွေ့ချင် လိုက်ခဲ့လဗျာ” လို့ ပြောပြီး ဘုန်းကြီးလေးက ခေါ်လာတာတဲ့။ ဘုန်းကြီးလေးနဲ့ ဆရာဝန်ကလေးတို့ ဒီကို စရောက်တဲ့ နေ့ကိုတော့ အာ့စိန်ကြီး မမေ့ဘူး။ မမေ့ဆို အဲဒီနေ့က ဘုန်းကြီးလေးတို့ စီးလာတဲ့ ဂျိုးနှစ်ကောင်တံဆိပ်နဲ့ မင်္ဂလာမောင်နှံ အဝေးပြေးကားက ကားဆိပ်မှာ ရပ်တုန်း ရှပ်ကျိုးသွားတာ။ ဘုန်းကြီးလေးတို့လည်း ဘယ်လို ခရီးဆက်ကြရမယ်မှန်း မသိကြဘူး။ ဒီတော့ အာ့စိန်ကြီးကပဲ သူ့ဆိုင်ထဲ ပင့်ပြီး ဘုန်းကြီးလေးကို ကရင်ဆော်ဒါ ကပ်တယ်။ ဒီလိုနဲ့ ဘုန်းကြီးလေးနဲ့ရော၊ ဆရာဝန်ကလေးနဲ့ပါ မိတ်ဖြစ်သွားတာပေါ့။

အာ့စိန်ကြီးက သနားတတ်တယ်။ ကူညီတတ်တယ်။ ဒီတော့လည်း ဒီအနီးအနားမှာ အာ့စိန်အကြောင်း မသိတဲ့လူ ရှားတယ်။ ကျွတ်ဖာ၊ လေထိုးလုပ်နေတဲ့ ကာဆင်ဘိုင်ရဲ့ မိန်းမ ကားစပယ်ယာ တစ်ယောက်နဲ့ လိုက်ပြေးတုန်းကများဆို အာ့စိန်ကြီး ရှိပေလို့ပဲ။ ကာဆင်ဘိုင်က မယားထိ ဓားကြည့် ဆိုတဲ့ လူမျိုးမဟုတ်ဘူး။ အင်မတန် ပျော့တာ။ ဒီတော့ ဆိုင်တောင် မဖွင့်နိုင်တော့ဘဲ တရှုပ်ရှုပ် ဖြစ်နေတော့တာ။ သူ့အဖေ အီစမံအင်မောင်ခင် ကိုယ်တိုင် မြစ်ဟိုဘက်ကမ်းက လာပြီး သူ့သားကို ဖျောင်းဖျပေတဲ့ မရဘူး။ အာ့စိန်ကြီးကတော့ သူ့ဆိုင် လူပါးတာနဲ့ ကာဆင့်ကို သွားသွားပြီး ချော့ရှာတယ်။ နောက်တော့ မြို့ပေါ်မှာ သူ မာဂျောင် သွားကစားတဲ့ နေရာတွေ၊ ဘာတွေကိုတောင် ခေါ်သွားတယ်။ အာ့စိန်ကြီး အပြောတော့ အဲဒီမှာ အနှိပ်သည်ကောင်းကောင်း ရှိတယ်တဲ့။ ကာဆင်ဘိုင်က လူပမ်းစိတ်နွမ်း ဖြစ်နေတော့ အပူကလေး၊ ဘာလေး ထုတ်ပစ်ခိုင်းရတယ် ဆိုပဲ။ လိုင်းပြောင်းပစ်ရတယ် ဆိုပဲ။ အဲဒီနောက်တော့ သူ့မိတ်ဆွေတစ်ယောက် သွေးသားထဲက မရွှေဆိုတဲ့ တရုတ်ကပြားကလေးနဲ့ စပ်ပေးလိုက်လို့ ခုဆို ကာဆင်နဲ့ မရွှေပေါင်းနေတာ ကလေးတောင် နှစ်ယောက်ရပြီ။

အာ့စိန်ကြီးက အဲဒီလို။ အရပ်စကားနဲ့ ပြောရရင်တော့ သူက လူတွေပျော်တာကို ကြည့်ချင်တယ်။ ဒီတော့လည်း သူ တတ်နိုင်တာ ကူတယ်။ ဆရာဝန်ကလေး တံတားထိပ် ကားဆိပ်မှာ ဆေးခန်းဖွင့်ဖြစ်တာကလည်း သူ့အစီအမံပဲ။ တံတားထိပ်က ကင်းတဲအဟောင်းကို ပြင်ဆောက်ပြီး ဆေးခန်းလုပ်ပစ်တာ။ ဒါတင်မကဘူး။ ဆရာဝန်ကလေး ကူဖော်လောင်ဖက် ရအောင် ချောင်းဟိုဘက်က ဝမ်းဆွဲဆရာမ မြညွန့်ကိုတောင် ခေါ်ပေးသေးတယ်။ ခုဆို ပြညွှန့်က တစ်ပတ် သုံးရက် ဒီမှာ လာအလုပ်လုပ်တယ်။ မြညွန့်ကပဲ ပြောလို့ ဆရာဝန်ကလေးကို သူသတိထားမိတာ ရှိတယ်။ ဆရာဝန်ကလေးက ဒီမှာ ပျော်ပုံမရသလိုပဲ။ တစ်ခါကတော့ အာ့စိန်ကြီးက တည့်တည့်ပဲ မေးကြည့်ဖူးတယ်။

“ဒေါက်တာလေး… ဒီမှာပျော်ရဲ့လား”

“ပျော်ပါသော်ကောဗျာ…။ ကျုပ်နေချင်တာလည်း ဒီလို နေရာမျိုးပဲ၊ နေပါဦး၊ ဘာလို့ မေးတာတုန်း” လို့ ဆရာဝန် ကလေးက ပြန်မေးတယ်။ ဒီတော့လည်း အာ့စိန်က “ဘာရယ် မဟုတ်ပါဘူး” လို့ ပြောပြီး လျှောချလိုက်ရတယ်။ သို့ပေတဲ့ သူ့ဖာသာ သူတော့ သိပ်ဘဝင်မကျဘူး။ မကျဆို သူ သတိထားမိနေတာ တစ်ခုရှိတယ်။ တစ်ခါတလေ ဆရာဝန်ကလေးက ဆေးခန်း စောစောပိတ်ပြီး ချောင်းအထက်ဘက်က ကွေ့နားမှာ သွားထိုင်ပြီး ရေမရှိတဲ့ ချောင်းကို ငေးနေတတ်တာကိုး။ အဲဒီလို သွားမယ့်နေ့မျိုးဆို အာ့စိန်ဆီမှာ ဆော်ဒါပုလင်းတစ်လုံးစာ ရမ်ခြောက်ပက်နဲ့၊ အခေါက်အသား တစ်ကျပ်ဖိုး ဖြစ်ဖြစ်၊ တစ်ကျပ်ခွဲတန် ကုန်းဘောင်ကြီးကြော် ဖြစ်ဖြစ် ဝယ်တတ်တယ်။ ပြီးတော့ မိုးကြီးစုတ်စုတ်ချုပ်တဲ့အထိ အဲဒီမှာ သွားပြီး သူ့ဘာသာ ထိုင်နေတတ်တယ်။ အဲဒီလို နေ့မျိုးဆိုရင် အာ့စိန်ကြီးက ကြော်ရင်းလှော်ရင်း သူ့မီးဖိုချောင် ပြတင်းပေါက်က လှမ်းလှမ်းပြီး ကြည့်တတ်တယ်။ သူ့ဆိုင်က ကမူထိပ်မှာဆိုတော့ ဆရာဝန်ကလေး ထိုင်နေတဲ့ ချောင်းကွေ့ထိပ်က မကျည်းပင်ကို အသေအချာ တွေ့ရတာကိုး။ ဒီတော့ အာ့စိန်ကြီးခမျာ စိတ်မချမ်းမသာ ဖြစ်ရပြန်တယ်။ ဆရာဝန်ကလေး ပျင်းများနေသလားလို့ စောင်းပါးရိပ်ခြည် မေးကြည့်ပေတဲ့လည်း ဆရာဝန်ကလေးက မပျင်းဘူးလို့ ဆိုတော့ အာ့စိန်ကြီးမှာ အကြပ်တွေ့ရပြန်တယ်။

တစ်နေ့တော့ မြို့က ကထိန်က ပြန်လာတဲ့ ဘုန်းကြီး ဦးပညာသာမိကို ကားဆိပ်မှာတွေ့လို့ အာ့စိန်ကြီးက သူ့ဆိုင်ကို ပင့်လာတယ်။ ဆိုင်ရဲ့ နောက်ဘက် အဖီထုတ်ထားတဲ့ နေရာကို ပင့်လာပြီး ဖရူတို ကပ်ရင်း လျှောက်တယ်။

“ကိုယ်တော့် ဆရာဝန်ကလေး ကြည့်ရတာ ဒီမှာ မပျော်ဘူးထင်တယ်။”

ဒီတော့ ဘုန်းကြီးလေးက အံ့အားသင့်သွားပုံ ရတယ်။ “ဘာလို့တုန်း အာ့စိန်ကြီး။ ကျုပ်နဲ့ မကြာမကြာ တွေ့နေသားပဲ။ ကျုပ် ကျောင်းဆီတောင် သွားလာနေသေးတာပဲ။ ကျုပ်ကိုတော့ ဘာမျှ မပြောဘူး။ သူ ဒီမှာ သဘောကျတဲ့ အကြောင်းပဲ ပြောတယ်” လို့ ပြန်မေးတယ်။ ဒီတော့ အာ့စိန်က ဆရာဝန်ကလေး တစ်ယောက်တည်း ချောင်းကွေ့ထိပ်မှာ သွားထိုင်နေတတ်တဲ့ အကြောင်း သူ ကိုယ်တွေ့မြင်ရတာကို ပြောပြတယ်။ ဒီတော့ ဘုန်းကြီးလေးက “ကိုင်း… ဒီလိုဖြင့် ဆရာဝန်ကလေးကို အားရင် ဒီကို လာခဲ့ပါဦးလို့ ခေါ်ခိုင်းချည်။ ကျုပ် မေးကြည့်ပေးမယ်။ ခင်ဗျားလည်း စိတ်ရှင်းသွားအောင်ပေါ့” လို့ ပြောတယ်။ ဆရာဝန်ကလေး ရောက်လာတော့ ဘုန်းကြီးလေးက စကားတွေ၊ ဘာတွေ သိပ်ပလ္လင်ခံမနေဘဲ တဲ့တိုးပဲ မေးလိုက်တယ်။ “ဒကာကြီး… ဒီမှာ ပျော်ရဲ့လား"

ဒီတော့ ဆရာဝန်ကလေးက အံ့အားသင့်တဲ့ မျက်နှာနဲ့ ဘုန်းကြီးလေးကို ကြည့်ရင်း ဖြေလိုက်တယ်။

“ပျော်ပါတယ်ဘုရား… ဘာလို့တုန်း” လို့ ပြန်မေးတယ်။

“ပေါက်ဖော်ကြီးက ခင်ဗျား ချောင်းကွေ့ထိပ်မှာ တစ်ယောက်တည်း သွားသွားထိုင်နေတာ တွေ့လို့ တစ်ခုခုများလားလို့” ပြောပြီး ပြုံးရင်း “ဒကာကြီးမှာ လွမ်းစရာများ ရှိနေသလား”လို့ မေးလိုက်တယ်။

ဒီတော့ ဆရာဝန်ကလေးက ပြုံးပြီး ပြန်ဖြေတယ်။

“တပည့်တော်မှာ လွမ်းစရာ မရှိဘူး ဘုရာ့။ အဲဒါ တပည့်တော် ပြဿနာပဲ။ တပည့်တော် လွမ်းချင်နေတာ။ တပည့်တော်မှာ လွမ်းစရာမရှိဘူး ဖြစ်နေတယ်”

ဒီတော့ ဘုန်းကြီးလေးကော၊ အာ့စိန်ကြီးကော ဘာပြန်ပြောကြရမှန်း မသိဘူး။ အဲဒီတုန်း ဘုန်းကြီးလေးအတွက် ကားကြုံရပြီလို့ လာပြောတာနဲ့ စကား ပြတ်သွားကြတယ်။ ဘုန်းကြီးလေးကတော့ ကြွခါနီးမှာ ခုလို ပြောတယ်။

“ဘုန်းကြီးကတော့ လွမ်းတဲ့ကိစ္စ မသိဘူး။ လွမ်းချင်တဲ့ ကိစ္စလည်း နားမလည်ဘူး။ ဒီတော့ အာ့စိန်ကြီး… ဆရာဝန်ကလေး လွမ်းလောက်အောင် ခင်ဗျားက စီစဉ်ပေးလိုက်ပေါ့” လို့ ရယ်စရာ ပြောလိုက်တယ်။ ဆရာဝန်ကလေးက ရယ်တယ်။ အာ့စိန်ကြီးကတော့ မရယ်နိုင်ရှာဘူး။ လွမ်းတယ် ဆိုတာ သူကမှ မသိဘဲကိုး။ ဒီတော့ သူ့အတွက် ပြဿနာတစ်ခု တိုးတော့တာပဲ။ ဒီကိစ္စ မာဂျောင် ကစားလည်း သူ့ခေါင်းထဲက မထွက်ဘူး။ တောက်တောက်ကြော် ကြော်လည်း သူ့ခေါင်းထဲက မထွက်ဘူး။ တစ်နေ့တော့ နေ့ခင်းဘက် ဆိုင်မှာ လူပါးလို့ အာ့စိန်တစ်ယောက် ဆိုင်နောက်ဘက်မှာ စီးကရက် ထိုင်သောက်နေတုန်း သူ့ဆိုင်ဘေးက ထန်းရည်လိုင်စင်စီ ငထိုက်ကြီးတစ်ယောက် ဆိုင်နောက်ဖေးဘက် ဝင်လာတယ်။ သူက လာနေကျ။

ဒါကတော့ နည်းနည်း ရှင်းပြရလိမ့်မယ်။ ငထိုက်ကြီးတို့က ထန်းရည်လိုင်စင်စီတို့ ထုံးစံအတိုင်း ဆန်ဆေးရေ ရောလေ့ရှိတယ်။ ဒါပေတဲ့ အာ့စိန်က ဆန်ဆေးရေ ရောတာထက် ကောင်းတဲ့နည်း ငထိုက်ကြီးတို့ကို ပေးလိုက်တယ်။ အဲဒါက ပဲစိမ်တဲ့ရေထဲ သစ်ကျမ်းပိုးခေါက်ကလေး ထည့်၊ ချက်အရက်နဲ့ သကာရည်နည်းနည်းကို ရေနွေးနွေးကလေးထဲ ထည့်ပြီး ထန်းရည်နဲ့ ရောတာပဲ။ သေသွားတဲ့ သူ့ဦးလေး နည်းတဲ့။ သူ့ဦးလေးကလည်း ထန်းရည်လိုင်စင်စီပဲကိုး။ ငထိုက်ကြီးတို့လည်း အဲဒီရောနည်းကလေး ရကတည်းက အတော် ဟန်ကျ လာတယ်။ အာ့စိန်က ပဲတီပင်ပေါက် ဖောက်ဖို့ ပဲရေစိမ်တော့ ခုဆို နေ့ခင်းတိုင်း ငထိုက်ကြီးက အဲဒီ ပဲစိမ်တဲ့ရေ လာယူလေ့ ရှိတယ်။ အဲဒီနေ့တော့ နောက်ဖေးမှာ တစ်ယောက်တည်း ထိုင်ပြီး စီးကရက်သောက်နေတဲ့ အာ့စိန်ကြီးကို တွေ့တော့ ငထိုက်ကြီးက ခဏထိုင်ပြီး စကားပြောတယ်။ အဲဒီတုန်း အာ့စိန်က ငထိုက်ကို လွမ်းတဲ့အကြောင်း မေးမိတယ်။

“ငထိုက်… လွမ်းအောင် ဘယ်လို လုပ်ရသတုံးကွ။ မင်းမှာ နည်းရှိလား”

ငထိုက်ကြီးက အတော် အံ့အားသင့်သွားပုံ ရတယ်။ “ကျုပ်က ဘယ်လိုလုပ် လွမ်းတတ်မှာတုန်း၊ လွမ်းနည်းရှိမှာတုံး” လို့ ပြောတယ်။ ပြီးမှ “နေဦးဗျ၊ ခင်ဗျား မောင်မူကို မေးရင် သိမလားပဲ။ ဒီ အကောင်က တစ်ခါတစ်ခါ ကျုပ်ဆိုင်မှာ သောက်တဲ့အခါ အရှိန်ကလေးရရင် ငိုတတ်သဗျ။ အဲဒါ လွမ်းလို့ ငိုတာနေမှာ” လို့ ပြောတယ်။

“ဘယ်… မောင်မူတုံး”

“သူကြီးတူ မောင်မူလေဗျာ။ နှစ်လုံးပြူးကြီးနဲ့ ယုန်လိုက်လေ့ရှိတဲ့ မောင်မူတို့၊ မောင်တာတို့ လေဗျာ။”

ဒီတော့ အာ့စိန်ကြီး လမ်းစတစ်ခု တွေ့သွားတယ်။ တစ်နေ့လောက်တော့ ဆရာဝန်ကလေးနဲ့ မောင်မူတို့ မောင်တာတို့နဲ့ တွေ့ပြီး စကားစမြည်ကလေး၊ ဘာလေး ပြောခိုင်းရရင် ကောင်းမှာပဲ။ ဆရာဝန်ကလေးသည် မောင်မူ့ဆီက လွမ်းနည်းလေး ဘာလေး ရနိုင်တယ်လို့ တွေးလိုက်မိတယ်။ အတော်ပဲ…။ နောက်အပတ်ထဲ ကျရင် တရုတ်နှစ်သစ်ကူးမို့ ဆိုင်သုံးရက်ပိတ်မယ်။ တစ်ရက်ကတော့ ထုံးစံအတိုင်း မြို့တက်ပြီး မာဂျောင် ကစားရမယ်။ ကျန်တဲ့ နှစ်ရက်ထဲက တစ်ရက်မှာ ဆရာဝန်ကလေးနဲ့ မောင်မူတို့နဲ့ စကားစမြည် ပြောဖြစ်အောင် သူကပဲ အိတ်စိုက် ထမင်းကျွေး၊ အရက်တိုက်မယ်။ နှစ်သစ်ကူးလည်း နှစ်သစ်ကူး အတွက်ပေါ့။ ဒီတော့ လူကြုံနဲ့ မောင်မူနဲ့ မောင်တာကို တံတားထိပ်က ပေါက်ဖော်ကြီးက နှစ်သစ်ကူးအတွက် ထမင်းကျွေး၊ အရက်တိုက်မှာမို့ ဘယ်နေ့ ဘယ်ရက်လာခဲ့ပါလို့ သတင်းပေးလိုက်တယ်။ ဆရာဝန်ကလေးကိုလည်း ပြောထားလိုက်တယ်။ အဲဒီနေ့ကျတော့ ကာဆင်ဘိုင့်ညီ မာမက် ရောက်နေတာနဲ့ တိုးလို့ အာ့စိန်ကြီးက စကားဝိုင်းကို ခေါ်လာတယ်။ ကောင်လေးက ဆယ်တန်းဖြေမှာ ဆိုတော့ မွန်ရည်တယ်။

အဲဒီညနေမှာ ဆရာဝန်ကလေး သွားထိုင်တတ်တဲ့ မကျည်းပင်ကြီး အောက်မှာ လူစုကြတယ်။ အာ့စိန်က ရမ်တစ်လုံး၊ အဖြူတစ်လုံး ယူလာရုံတင် မကဘူး။ ဘာဘာညာညာ ချက်ပြုတ်လာသေးတာ။ အစတော့ ဟိုဟိုဒီဒီ ပြောကြတာပေါ့လေ။ နောက် အရှိန်အတော်ကလေး ရလာတော့ အာ့စိန်ကြီးကပဲ စပြီး ပြောတယ်။

“မောင်မူ… တို့ ဒေါက်တာကလေးက လွမ်းချင်နေသတဲ့၊ လွမ်းစရာ မရှိဘူးတဲ့။ မင်းကတော့ မူးလာတိုင်း ငိုတတ်တော့ မင်းမှာ လွမ်းစရာရှိမယ် ငါထင်တယ်။ ငါတို့ကို ပြောစမ်းပါဦးဟ။ ဘယ်လို လွမ်းရတယ်ဆိုတာ…”

မောင်မူက အာ့စိန်ကြီး ပြောတာ နားထောင်နေရာက ဆရာဝန်ကလေးကို လှမ်းကြည့်တယ်။ အာ့စိန်ကြီး ပြောနေတုန်း ရမ်မော့နေတဲ့ မောင်တာကတော့ စကားလည်း ဆုံးရော ခွီးခနဲ အသံထွက်ပြီး ရယ်လိုက်တာ သီးများတောင် သွားတယ်။ မောင်မူက မောင်တာ့ကို တစ်ချက် လှည့်ကြည့်လိုက်ပေတဲ့ ဘာမျှ ပြန်မပြောဘူး။ ပြီးတော့မှ ဆရာဝန်ကလေးကို ကြည့်ရင်း ပြောတယ်။

“ဆရာရယ်… လူမှန်ရင် လွမ်းစရာတော့ ရှိရမှာပေါ့ဗျာ။ လွမ်းစရာ မရှိဘူးရယ်လို့… မဟုတ်က ဟုတ်ကဗျား”

“တကယ်ပြောတာဗျ…”လို့ ဆရာဝန်ကလေးက ပြန် ပြောတယ်။

“မဟုတ်သေးပါဘူး ဆရာသမားရယ်… ဘာမှ လွမ်းစရာ မရှိတောင် အဖေ၊ အမေတော့ လွမ်းစရာ ရှိမှာပေါ့”

“ကျုပ် အဖေ၊ အမေက ကျုပ် ငယ်ငယ်ကတည်းက မော်တော်နစ်လို့ ဆုံးသွားကြတယ်။ ကျုပ် မြင်တောင် မမြင်ဖူးဘူးဗျာ”

“ဟောဗျာ… ဆရာသမားလည်း ကျုပ်လိုပါပဲလား။ ကျုပ်လည်း ငယ်ငယ်ကတည်းက မိဘမဲ့။ ဒေါ်ကြီးက မွေးစားထားတာ၊ သားသမီးရင်းလိုပဲ။ ခု ဒေါ်ကြီးဆုံးသွားတော့ ဦးကြီးသူကြီးမင်းက ဆက်ပြီး ကျွေးမွေးထားတာ။ ဒါတင်မကဘူး၊ သူ မရှိတဲ့အခါ ဆက်ခံဖို့တောင် စီစဉ်ပေးထားသေးတယ်”

“ကျုပ်လည်း ဒီလိုပဲ” လို့ ပြောရင်း ဆရာဝန်ကလေးက ရမ်နည်းနည်း မော့လိုက်တယ်။ ပြီးမှ စကားကို ဆက်လိုက်ပြန်တယ်။ “ကျုပ်က ကြီးတော်ကြီးရော၊ ဦးကြီးပါ မရှိတော့ဘူး။ သူတို့ ကောင်းမှုကြောင့် ကျုပ်ဆရာဝန် ဖြစ်လာရတာပဲ”

“အဲဒါ လွမ်းစရာပဲပေါ့ ဆရာသမားရယ်။ ကျုပ်တော့ ကျုပ်မမြင်ဘူးလိုက်တဲ့ အဖေ၊ အမေလည်း လွမ်းသဗျာ။ ဒေါ်ကြီးလည်း လွမ်းမိသဗျာ။ ဟီး… ဟီး…” ပြောရင်းနဲ့ မောင်မူ ငိုပါလေရော။ မောင်မူ့အနားက အာ့စိန်ကြီးလည်း ဘာလုပ်ရမှန်း မသိဘူး ဖြစ်သွားရှာတယ်။ အခါကျော်ရုံ ရှိသေးတယ် ဗြုန်းဆို မိုးရွာချလိုက်သလိုကိုး။ ဆရာဝန်ကလေးကတော့ အားနာသွားပုံရတယ်။ ဘာမှတော့ မပြောဘူး။ မောင်တာကြီးကတော့ ခေါင်းငုံ့ပြီး အမြည်းလှမ်း နှိုက်လိုက်တယ်။ မာမက်ခမျာမှာတော့ စကားဝိုင်းထဲမှာ သူက အငယ်ဆုံးဆိုတော့ ဘာပြောရမှန်း မသိဘူး ဖြစ်နေရှာတယ်။ အာ့စိန်ကြီးက မောင်မူ့ကို အသာပုခုံးပုတ်ရင်း ဖက်ထားလိုက်တယ်။ မောင်မူကပဲ ငိုကြီးချက်မနဲ့ ဆက်ပြောပြန်တယ်။

“လူဆိုတာ လွမ်းစရာ ရှိကြတာချည်းပေါ့ဗျာ။ လွမ်းတဲ့ နည်းရယ်လို့တော့ ဘယ်ရှိမှာတုန်း။ ဒါပေတဲ့ သူ့ဖာသူ ဖြစ်လာတာပဲ။ လွမ်းစရာ မရှိဘူးရယ်တော့ ဘယ်ဟုတ်မလဲ။ လွမ်းစရာ မရှိလည်း ရွာထိပ်က ညောင်ပင်ကြီးကိုပဲ ဖြစ်ဖြစ် လှမ်းပြီး လွမ်းလို့ ဖြစ်နေသားပဲဟာ။ ဟီး… ဟီး…”

မောင်မူက ဆက်ငိုပြန်ရော။ အာ့စိန်ကြီးတောင် မျက်စိမျက်နှာ ပျက်လာတယ်။ မောင်မူ့ ပုခုံးကို အသာပုတ်ရင်း “ဟုတ်တာပေါ့ကွာ၊ ဟုတ်တာပေါ့” လို့ ပြောရင်း အာ့စိန်ကြီးလည်း မျက်ရည်တွေ ကျလာတယ်။ ဒီတော့ မောင်တာနဲ့ ဆရာဝန်ကလေးက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိတယ်။ ဆရာဝန်ကလေးက ပြုံးပြတော့ မောင်တာကလည်း ပြန်ပြီး ပြုံးပြလိုက်တယ်။ ပြီးမှ မောင်တာက အာ့စိန်ကြီးကို မေးလိုက်တယ်။

“ပေါက်ဖော်ကြီး… ခင်ဗျားက ဘာလို့ မျက်ရည်ကျရတာတုန်း”

အာ့စိန်ကြီးက မျက်ရည်သုတ်ရင်း ပြန်ပြောတယ်။

“ဘယ်သိမလဲကွ။ ငါလည်း ငိုချင်လာတာပေါ့။ မောင်မူ ဒီလောက် လွမ်းနေမှတော့ ငါလည်း လွမ်းသွားတာပေါ့။ မောင်မူပြောသလို လွမ်းတာ သူ့ဖာသူ ဖြစ်လာတာပေါ့။ မဟုတ်လား မောင်မူ…”

မောင်မူကတော့ ပါးစပ်က ပြန်မဖြေနိုင်ဘူး။ တရှုပ်ရှုပ်နဲ့သာ ငိုနေတော့တယ်။ ဆရာဝန်ကလေးကတော့ အာ့စိန်ကြီး ယူလာတဲ့ ဘဲကင်ထဲက လည်ချောင်းရိုးကို စိတ်ပါလက်ပါနဲ့ ကိုက်နေလေရဲ့။ မောင်တာကြီးကတော့ သူ့ထုံးစံအတိုင်း ရယ်ကျဲကျဲ လုပ်နေတယ်။ ဒီတော့ ဘာလုပ်ရမှန်း မသိတဲ့ မာမက်က ထိုင်ရာက မတ်တတ်ရပ်ပြီး “ကျွန်တော် ပြန်တော့မယ်ဗျာ”လို့ ပြောပြီး ချောင်းရိုးအတိုင်း လျှောက်သွားတယ်။ အဲဒီတုန်း ပေါက်ပေါက်ရှာရှာ တွေးတတ်တဲ့ မောင်တာကြီးက မာမက်ကို လှမ်းပြောတယ်။

“ဟကောင်လေး… မင်းဖြေမယ့် စာမေးပွဲမှာ လွမ်းတယ် ဆိုတာကို ရှင်းလင်းပြပါဆို နင်ဘယ်လို ဖြေမှာတုန်း”

မာမက်ခမျာ ခြေလှမ်းတွေ တုံ့သွားတယ်။ ဟုတ်ပါရဲ့။ လွမ်းတာကို ရှင်းပြပါဆို ဘယ်လို ရှင်းပြရမှာတုန်း။ ဒီတစ်ပုဒ်တည်းနဲ့ ငါတော့ စာမေးပွဲကျရချေရဲ့ လို့ တွေးလိုက်မိတယ်။ ပြီးတော့မှ ဟာ… ဟုတ်သေးပါဘူးလို့ တွေးလိုက်မိပြန်တယ်။ တော်ပါသေးရဲ့။ ကျောင်းမှာ လွမ်းတဲ့အကြောင်း မသင်ပေလို့ပဲ။ သင်များသင်ရင် ဒုက္ခပဲလို့ တွေးရင်း ရေမရှိတဲ့ ချောင်းကို လှမ်းကြည့်လိုက်မိတယ်။ ချောင်းဆိုတာ ရေတော့ ရှိမှပေါ့။ ခု ရေမရှိပေတဲ့ လူတွေဟာ ချောင်းကို ဘာလို့ ချောင်းလို့ ခေါ်နေကြသေးတာတုန်းလို့ ဆက်တွေးရင်း မာမက်ခမျာ သင်ရိုးမရှိတဲ့ ဘဝရဲ့အကြောင်း၊ တောင်အကြောင်း၊ မြောက်အကြောင်း စဉ်းစားရင်းနဲ့ တံတားထိပ် ကားဆိပ်ဘက်ကို လျှောက်လာမိတော့တယ်။

စတိုင်သစ်မဂ္ဂဇင်း၊ ဇွန်၊ ၂၀၀၂။

 

ရွာ၏အခြားတစ်ဖက်ရှိ ချောင်းမှ ရေနောက်ကျိရသည့် အကြောင်း

 

စဉ်းစားမည်ဟု ဆိုသော် ဤသို့ စဉ်းစားရန် ရှိပါသည်။ အဘယ်ကြောင့် ချောင်းသည် ရွာ၏ အခြားတစ်ဖက်တွင်သာ တည်ရှိနေခဲ့ရပါသနည်း။ သို့မဟုတ် ချောင်းသည် ရွာလယ်မှ ဖြတ်၍ မစီးပါသနည်း။ သို့တည်းမဟုတ် ချောင်းရိုးသည် ရွာနှင့်ယှဉ်၍ အပြိုင် တည်ရှိမနေခဲ့ပါသနည်း။ သို့သော် ထိုသို့ မည်သူမျှ မစဉ်းစားခဲ့ကြပါ။ မစဉ်းလည်း မစဉ်းစားကြပါ။

ထိုသို့ မစဉ်းစားကြရသည့် အကြောင်းပေါင်း မြောက်မြားစွာအနက် အများစုအနေဖြင့် ရွာတည်စကပင် ချောင်း၏ အခြားတစ်ဖက်ကို ရွေးချယ်၍ တည်ရသည်ကို သိထားကြသောကြောင့် ဖြစ်သည်။ အချို့ ပိုပိုသာသာ တွေးတတ်သဖြင့် သိထားသော အချက်တစ်ခုမှာ ရွာသည် ပုံစံအားဖြင့်သော် လည်းကောင်း၊ အနေအထားအားဖြင့်သော် လည်းကောင်း ပြောင်းလဲနိုင်သည်ကို သိထားကြပြီး ချောင်းမှာ ပုံစံအားဖြင့် အလွယ်တကူ ပြောင်းနိုင်ခြင်း မရှိသောအချက် ဖြစ်သည်။

သို့ရာတွင် ချောင်းသည် ရွာကဲ့သို့ ပုံစံအားဖြင့် မပြောင်းနိုင်သော်လည်း ရပ်တန့်နေသော အနေအထားတစ်ခုအဖြစ် တည်ရှိနေသည် မဟုတ်ပါ။ ချောင်းဟု သတ်မှတ်ခေါ်ဆိုခြင်း ခံရသော အနေအထားတစ်ခုအတွင်း တစ်ဖက်သတ် စီးဆင်းနေသဖြင့် အမြဲတစေ ပုံမှန်လှုပ်ရှားနေသည် ဟု ခေါ်ရပါမည်။

ထိုအခါ ရွာသည် ချောင်းကဲ့သို့ မဟုတ်ပါ ဟူသော အချက်မှာ အရေးကြီး လာပါသည်။ ရွာသည် ပုံစံအားဖြင့် ပြောင်းနိုင်သကဲ့သို့ အနေအထားလည်း ပြောင်းသွားနိုင်ပါသည်။ ရွာ၏ လှုပ်ရှားနေပုံမှာ ရွာခရိုးအတွင်း၌သာ မဟုတ်ပါ။ ရွာအတွင်း၌ ဆက်ဆံမှုများ ရှိနေသကဲ့သို့ ရွာ၏အပနှင့်လည်း ဆက်ဆံမှု ရှိနေရာ တစ်ဖက်သတ်သဘောမျိုး မဟုတ်ဘဲ အပြန်အလှန်သဘော ဖြစ်နေသည်။ ရွာသည် ရွာဟု သတ်မှတ် ကန့်သတ် အသိအမှတ်ပြုထားခြင်း ခံရသည့် အတွင်း၌ အကန့်အသတ်မရှိဘဲ လှုပ်ရှားနေသည်။

ရွာ၏ရှိနေမှုမှာ ရှိနေရုံ သက်သက်မျှသာ မဟုတ်ပါ။ ရှိနေခြင်း၏ အတွင်းနှင့် အပတို့တွင် သိနေမှုများ အမြောက်အမြား ရှိနေပါသည်။ ရွာထဲက လူများတွင် ကလေးများ၊ စိတ်မမှန်သူများ အပါအဝင် ရွာထဲက လူမှန်လျှင် ရွာ၏ ရှိနေခြင်းကို သိထားကြပါသည်။ ထိုသို့ သိနေကြသဖြင့် သူတို့အားလုံး အကြားတွင် ဆက်ဆံရေး ရှိပါသည်။ ထိုဆက်ဆံရေးအရ ကောင်း၊ ဆိုး၊ မှား၊ မှန် အကြောင်း ပြောဆိုနိုင်ကြပါသည်။

ချောင်း၏ရှိနေမှုကို ချောင်းမှအပ၊ ရွာမှ လူများသာမက ရွာနှင့် အဆက်အစပ်၊ အဆက်အဆံ ရှိသူတိုင်း သိကြပါသည်။ ချောင်းမှာ ရွာမှလူများ ရှိခြင်း၊ မရှိခြင်း၊ သိခြင်း၊ မသိခြင်းတို့နှင့် ကင်းပ၍ သူ့ဘာသာ တည်ရှိနေနိုင်သည်မှာ မှန်သော်လည်း ချောင်းဟူ၍ သတ်မှတ်ထားခြင်းကို သိထားနှင့်သူများက မသိဘဲလျက် ချောင်းသည် ချောင်း မဖြစ်နိုင်ပါ။ ချောင်းဟု သတ်မှတ် လက်ခံကြရန်မှာ ချောင်းဆိုသည်မှာ ဤသည်… ဤသို့ဟု မသိဘဲလျက် ချောင်းကို မြစ်နှင့်လည်းကောင်း၊ ချောင်းကို ရေဝင်နေသော လျှိုကလေးတစ်ခုနှင့် လည်းကောင်း ခွဲခြား၍ သိကြမည် မဟုတ်ပါ။

ဤသို့ဆိုသော် သူ့ဘာသာ တည်ရှိနေနိုင်သော ချောင်းသည် ချောင်းကို ချောင်းမှန်းသိသူ မရှိဘဲ ချောင်းသည် ချောင်းမဖြစ်နိုင်ဟု ဆိုရပါတော့မည်။ ထိုသို့ ယူဆသော် ထိုအယူအဆမှာ ထက်ဝက်မျှသာ မှန်နိုင်ပါလိမ့်မည်။ အကြောင်းမှာ ချောင်းကို ချောင်းအဖြစ် လက်ခံသည်ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ ချောင်း၏ရှိနေမှုမှာ တစ်ယောက်ယောက်က ချောင်းအဖြစ် အသိအမှတ်ပြု လက်ခံထားသောကြောင့် ရှိနေခဲ့သည် မဟုတ်ပါ။ မည်သူမျှ အသိအမှတ် ပြုသည်ဖြစ်စေ၊ အသိအမှတ် မပြုသည်ဖြစ်စေ ချောင်း၏ရှိနေမှုမှာ တစ်ဦးတစ်ယောက်၏ သိမှုနှင့် မဆိုင်ပါ။ သို့သော် ချောင်းအဖြစ် ရှိမှုမှာ တစ်ဦးတစ်ယောက်၏ သိမှုနှင့် ဆိုင်ပါသည်။ ချောင်းသည် ရွာကဲ့သို့ မဟုတ်။

ပိုမိုသေချာစွာ ဆိုရသော် ချောင်းသည် ရွာမဟုတ်။ ရွာသည် ချောင်းကဲ့သို့ ပုံစံပြ၍ရသော အနေအထားတွင် ရှိမနေပါ။ ရွာမှာ သိမှု၏ သတ်မှတ်ပိုင်းခြားခြင်းနှင့် ဘာသာစကား ဘောင်ထဲတွင် သမုတ်ထားခြင်းမျှသာ ဖြစ်ပါသည်။ လူစိမ်းတစ်ဦးကို ရွာထိပ်နား ရောက်သည်နှင့် “ဒါ… တို့ရွာပဲ” ဟု ပြောရင်း လက်ညှိုးထိုးပြ၍ ရသော်လည်း စင်စစ် လက်ညှိုးထိုးပြ ခံရသည်များမှာ ရွာခရိုး၊ တဲအိမ်အချို့၊ ထန်းပင်၊ နွား လေးငါးကောင် စသည်မျှသာ ဖြစ်ပါသည်။ ရွာ မဟုတ်ပါ။ လူစိမ်းက “မင်းတို့ရွာက ဘယ်နားအထိတုံး” ဟု ဆိုသော် “ရွာကတော့ မြောက်ဘက်က ချောင်းစပ်ကနေ စတာပဲ။ တောင်ဘက်ကို တဖြည်းဖြည်း ချဲ့သွားကြတာ အခုတော့ စမ်းတွင်းက သူကြီး ဦးကံရ ပိုင်တဲ့ ထန်းတောအထိတောင် ရောက်နေပြီ။ အနောက်ဘက်တော့ သင်္ချိုင်းကုန်း အထိပဲ။ အရှေ့ဘက်တော့ စာသင်တိုက်ကြီးမှာ နယ်ကုန်တယ်” ဟု ဖြေကြသည်။ စင်စစ် ထိုအဖြေက ရွာ၏ အတိုင်းအတာမျှသာ ဖြစ်သည်။ ရွာ မဟုတ်။

ရွာ၏ ရှိနေမှုမှာ သိမှု အခြေခံထားသော သိမှုသက်သက်မျှသာ ဖြစ်ပါသည်။ ဘာသာစကားအရ တည်ဆောက်ပြထားသော သိမှု ဖြစ်ပါသည်။ ထို့ကြောင့် ရွာသူရွာသားများက ‘ငါတို့ရွာ’ ဟု ခေါ်ပြီး အခြားသူများက ‘သူတို့ရွာ’ ဟု ခေါ်ညွှန်း ပြောဆိုကြပါသည်။ ရွာသည် ရွာသာဖြစ်ပြီး တကယ်တမ်း မတူညီသည်မှာ ‘ငါတို့’ နှင့် ‘သူတို့’ သာ ဖြစ်သည်။ ‘ငါတို့’ နှင့် ‘သူတို့’ ကို အခြေခံ၍ ရွာသည် ပုံစံအမျိုးမျိုး၊ အနေအထားအမျိုးမျိုး ဖြစ်နိုင်သည်သာမက ‘ငါတို့’ နှင့် ‘သူတို့’၏ ဆန္ဒများ၊ အလိုများ၊ ဝေဒနာများ… စသည့် စသည့် အကြောင်းများကို တည်မှီ၍ ရွာသည် ပုံစံတစ်ခုကို ဖော်ထုတ်ပြနိုင်သော်လည်း ချောင်းသည် ချောင်းအနီး၌ တည်ထားသော ရွာမှ လူများကြောင့်ဖြစ်စေ၊ အခြား တစ်ရပ်တစ်ကျေးမှ လူများကြောင့်ဖြစ်စေ သီးခြားပုံစံတစ်ခုကို ဖော်ထုတ်မပြနိုင်ပါ။

ချောင်းသည် ချောင်းဟု ကန့်သတ်ခေါ်ဆိုထားခြင်း ခံရမှုအတွင်း၊ လူတို့၏ ပြဋ္ဌာန်းခံတစ်ခု မဟုတ်။ လူများက “ချောင်းကောလို့ မြောင်း ဖြစ်တယ်။ ချောင်းကျယ်ရင် မြစ် ဖြစ်မယ်” ဟု ဆိုကြသဖြင့် ချောင်းမှ၊ ချောင်း၏အဖြစ်မှ ဘဝသစ်တစ်ခုကို ရယူနိုင်သည့်တိုင် ချောင်း၏ လက္ခဏာရပ်များ ပျောက်ဆုံး မသွားနိုင်။ ချောင်း၏ လက္ခဏာရပ်များမှာ လိုအပ်သော ရှိနေသော သိမှု တစ်စုံတစ်ရာ ဖြစ်သော်လည်း ထိုသိမှုတို့က ချောင်းက ရှိမှုကို ပြဋ္ဌာန်းမထားချေ။ ချောင်း၏ ရှိနေမှုမှာ သူ့ဘာသာ လွတ်လပ်စွာ ရပ်တည်နိုင်သော ရှိနေမှုတစ်ခုသာ ဖြစ်သည်။ ရွာနှင့် ချောင်းအကြား ပုံမှန် ဆက်သွယ်မှု မရှိပါ။

ရွာသည် ချောင်းကို အမှီပြု၍ ရပ်တည်ထားသည် မှန်သော်လည်း ချောင်းကို မှီ၍ ရပ်တည်နေသည် မဟုတ်ပါ။ ချောင်းရေသည် ကလေးများ အပျင်းပြေ ရေကူးကြရန်နှင့် နွားများ ရေချရန်ထက် မပိုပါ။ ရွာ၏ အသက်ဖြစ်သော သောက်ရေကို တွင်းမှ ရပါသည်။ ချောင်းရေမှာ မသောက်သာပါ။ ချောင်းရေသည် ခပ်လှမ်းလှမ်းမှ ရှိသော မြစ်အတွင်း စီးဆင်းသွားသည် မှန်သော်လည်း ချောင်းရိုးအတိုင်း လိုက်သွားသော် မြစ်ထဲသို့ တိုက်ရိုက်မရောက်ပါ။ သို့အတွက် ချောင်းသည် ရွာက လူများ၏ ခရီးသွားလာရေးနှင့် တိုက်ရိုက် အကျိုးပြုမှု မရှိပါ။

ချောင်းသည် ရွာကို မှီ၍ ရှိလာသည် မဟုတ်ပါ။ ရွာ၏ ရှိနေခြင်းနှင့် ရှိလာခြင်းသည် ချောင်းအတွက် သက်ရောက်နိုင်သော အကျိုးတရား တစ်စုံတစ်ရာ မရှိပါ။

စကားစပ်မိသော အခါများတွင် ရွာ၏ အခြားတစ်ဖက်တွင် ချောင်းရှိကြောင်း ပြောတတ်ကြသော်လည်း ချောင်းထဲမှ ရေမှာ နောက်ကျိနေတတ်ကြောင်း အလေးတယူပြု၍ မပြောကြပါ။ သို့ရာတွင် ရွာ၏တစ်ဖက်ရှိ ချောင်းတွင်းမှ ရေ နောက်ကျိနေရသည်မှာ အမှန်ပင်။

ထိုသို့ ရွာ၏ အခြားတစ်ဖက်ရှိ ချောင်းတွင်းမှ ရေ နောက်ကျိနေရသည်ကို အဘယ့်ကြောင့်နည်းဟု သိလိုသူများ ပေါ်ပေါက်လာသည်ရှိသော် အဖြေရှာရန်မှာ သူ၏တာဝန်သာ ဖြစ်ပါသည်။

ပြဿနာသည် ပြဿနာသာဖြစ်၍ ပြဿနာကို တင်ပြသူက ပြဿနာကို ဖြေရှင်းရန် အထိုက်အလျောက် တာဝန်ရှိပါသည်။ ရွာ၏ အခြားတစ်ဖက်ရှိ ချောင်းတွင်းမှ ရေ နောက်ကျိနေရသည့် အကြောင်းမှာ ထိုအခါတွင် ဆက်လက် နှီးနှောဖွယ်ဖြစ်သော အကြောင်းတစ်ခု ဖြစ်လာပါသည်။

နောင်နှစ်ပေါင်းများစွာ ကြာသောအခါ ရွာမရှိတော့ဘဲ ချောင်းချည်းသာ ကျန်ရစ်ခဲ့လျှင်ဖြစ်စေ၊ ရွာရှိလျက်နှင့် ချောင်းမှာ ကောသွားခဲ့လျှင်ဖြစ်စေ သို့မဟုတ် ရွာပျက်၍ ချောင်းလည်း ကောသွားလျှင်ဖြစ်စေ၊ မည်သည့် အကြောင်းကြောင့်ဖြစ်စေ လူများအနေဖြင့် ချောင်းရှိခဲ့သည်ကို သတိမရကြတော့လျှင် သို့မဟုတ် မသိကြတော့လျှင် ရွာ၏ အခြားတစ်ဖက်ရှိ ချောင်းတွင်းမှ ရေ နောက်ကျိနေရသည့် အကြောင်းရင်းကို မည်သူမျှ ပြောပြနိုင်ကြတော့မည် မဟုတ်ပါ။

ရွာနှင့် ချောင်း အတူတကွ ရှိနေစဉ်မှာပင် ရွာ၏ အခြားတစ်ဖက်ရှိ ချောင်းတွင်းမှ ရေ နောက်ကျိနေရသည့် အကြောင်းရင်းကို မည်သူမျှ အရေးလုပ်၍ မပြောကြပါ။ ပြောစရာလည်း မလိုပါ။ မပြော၍လည်း ဘာမျှ မဖြစ် ပါ။ ပြောကြသည်ဆိုသော် သိရသည်က လွဲ၍ ဆက်လက် နှီးနှောနိုင်သော အကြောင်းတစ်ရပ် မဟုတ်ခဲ့ပါ။

ရွာ၏ အခြားတစ်ဖက်ရှိ ချောင်းတွင်းမှ ရေ နောက်ကျိနေရသည့် အကြောင်းရင်း တစ်စုံတစ်ရာမှာ ဤသို့ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုခြင်း သို့မဟုတ် ဤသို့ ဖြစ်နိုင်သည်ဟု မှန်းဆပြောဆိုခြင်းကို မည်သူကမျှ စတင် ဖော်ထုတ်ကာ ပြဿနာတစ်ရပ်၏ အဖြေတစ်စုံတစ်ရာအဖြစ် မပြောဆိုခဲ့ကြသည့်အတွက် ရွာ၏ အခြားတစ်ဖက်ရှိ ချောင်းတွင်းမှ ရေ နောက်ကျိနေရသည့် အကြောင်းမှာ ဆက်လက် နှီးနှောဖွယ်ဖြစ်သော အသိပညာ တစ်စုံတစ်ရာ ဖြစ်မလာပါ။

သို့ရာတွင် ရွာ၏ အခြားတစ်ဖက်ရှိ ချောင်းတွင်းမှ ရေ နောက်ကျိနေရသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ရွာ၏ အခြားတစ်ဖက်ရှိ ချောင်းတွင်းမှ ရေ နောက်ကျိနေရသည့် အကြောင်းရင်းကို မည်သူမျှ မသိပါ။ သို့သော်လည်း ရွာ၏ အခြားတစ်ဖက်ရှိ ချောင်းတွင်းမှ ရေ နောက်ကျိနေရသည့် ကိစ္စတွင် အနည်းဆုံး အကြောင်းရင်းတစ်ခု ရှိနေကြောင်းကို မည်သူကမျှ မငြင်းဆိုနိုင်ပါ။

စတိုင်သစ်မဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၀၂။

 

မပြောတတ်ဘူး၊ ဟုတ်ချင်တော့လည်း ဟုတ်မယ်

 

ဘယ်လိုက ဘယ်လိုရယ်တော့ မသိဘူး။ သူကြီးတူ မောင်မူရယ်၊ တောင်ရွာက မောင်တာရယ် ယုန်လိုက်သွားရာက ဖွတ်ကြီးတကောင် မိတာက စတယ်ပဲ ပြောရတော့မယ်။ ဒီဘက်မှာတော့ ဖွတ်တို့၊ ပုတတ်တို့ ရရင် ‘မီးဖုတ်၊ အရေဆုတ်၊ ကျုပ်တို့ အဟုတ်ဗျို့၊ တုတ်စို့’ လို့တောင် ပြောကြတာမျိုးကိုး။ စပ်လို့ ပြောလိုက်ရဦးမယ်။ ဒါကို မြို့က ပြောင်းလာတဲ့ မူလတန်းကျောင်းအုပ် ဆရာကိုမြဝင်းကများဆိုရင် သေသေချာချာ ရေးမှတ်တယ်။ ဒါ တောက ဟိုက္ကူ ဆိုသလားပဲ။ ဒီက လူတွေကတော့ ဘယ်သိမှာတုံး။ ဟိုက္ကူဆိုတာနဲ့ အနီးစပ်ဆုံးက တာလမ်း ဟိုဘက်ခြမ်းမှာနေတဲ့ ဟုတ်ကြည်ဆိုတာပဲ သိတယ်။ ဟုတ်ကြည်က အရင်က လော်လီ မောင်းတယ်။ ခုတော့ မြို့ဘက် ပြောင်းသွားပြီ။ ထားတော့… ဒီကိစ္စ။

သင်းတို့နှစ်ကောင် အပြောအရတော့ ဖွတ်ကြီးကို တကောင်ကောင်က ကိုက်ထားပုံ ရတယ်တဲ့။ နာနေသတဲ့။ ဒီတော့ သူတို့နှစ်ယောက်က မပစ်ရက်တော့ဘူး။ ဖွတ်ကြီးက သူတို့ကို အသနားခံသလိုမျိုးနဲ့ ကြည့်တယ် ဆိုပဲ။ ဒီတော့လည်း သူတို့နှစ်ယောက်က အသာ ဖမ်းလာပြီး မောင်တာက သူ့အိမ် နောက်ဘက်မှာ ထားတယ်။ ဒဏ်ရာတွေ ဘာတွေကို ဆနွင်းကလေးနဲ့ သွေးဆေးမှုန့်ကလေး ရောပြီး သိပ်ပေးရာက ခုတော့ ဖွတ်ကြီး ကြည့်ရတာ အတော် နေသာထိုင်သာ ရှိလာပုံရတယ်။ လူတွေကတော့ ဖွတ်နာကြီး၊ ဖွတ်နာကြီးလို့ ပြောကြတယ်။ သူကြီးတူ မောင်မူတို့၊ တောင်ရွာက မောင်တာကို ရှေ့တော့ ဘယ်ခေါ်ရဲမှာတုံး။ နားရင်း ရိုက်သွားမှာ။

တချို့ လူကြီးတွေကတော့ အစက ရွာနာတယ်၊ ဘာဘာ ညာညာ ပြောကြတယ်။ ရှေ့တင် ပြောတာတော့ မဟုတ်ဘူး။ တနေ့တော့ ဘယ်က ဘယ်လို ကြားသွားတယ် မသိဘူး။ စာသင်တိုက်က ဥပုသ်ဇရပ်မှာ လူကြီးတချို့ ထိုင်ပြီး စကားပြောနေကြတုန်း မောင်မူက ဇရပ်ဘေး လာပြီး “ခင်ဗျားတို့တွေ ဘုရားစကား၊ တရားစကား ပြောကြဖို့ကောင်းတဲ့ အရွယ်တွေ ရောက်နေကြပြီ။ တောပြော တောင်ပြောတွေ ပြောမနေကြနဲ့။ အလုပ်မရှိရင် ငါ ဘယ်တော့များ သေပါ့မလဲသာ စဉ်းစားကြ။ ခင်ဗျားတို့က သေမယ်လို့ ထိုင်စောင့်နေကြတာ မဟုတ်လား” လို့ ပြောသွားတယ်။ အဲဒီက စလို့ လူကြီးတွေလည်း ဖွတ်ကြီးအကြောင်း သိပ်မပြောကြတော့ဘူး။ မောင်မူ့ကို ကြောက်လို့ ရယ်တော့ ဟုတ်ပုံမရဘူး။ သူတို့ဘာသာ မောင်မူ့စကားကို ပြန်တွေးကြည့်တော့ ဟုတ်သားကလားလို့ မြင်လိုက်ကြလို့ပဲ ဖြစ်မယ်။

ရွာနာတယ် ဆိုတာကလည်း မဖြစ်လောက်ဘူး။ တောင်ရွာက မောင်တာက တောင်ရွာရဲ့ တောင်ဖျားမှာ နေတာ။ တကယ်တော့ တောင်ရွာ တခုလုံးကိုက သူတို့ဘိုးဘွား လက်ထက်ကတည်းက မြေတွေ။ ဒီတကြောမှာ တောင်ရွာက အစစ အရာရာ အတော်ကို အဆင်ပြေတဲ့ရွာ။ တရွာလုံးလည်း ဆွေတွေ မျိုးတွေလိုချည်းမို့ မောင်တာကြီးအိမ်နောက်မှာ ဖွတ်ကြီး ထားတာကို ဘယ်သူကမှ မပြောကြပါဘူး။ ဟိုးနားဒီနားက တောပြော တောင်ပြော ပြောပေတဲ့ ဘယ်သူကမှ သူတို့နှစ်ယောက်ကို ကဏ္ဍကောစ မလုပ်ရဲကြဘူး။ သူတို့နဲ့လည်း မကင်းနိုင်ကြဘူးကိုး။ ဒီ့ပြင် သင်းတို့က တူတယ်။ ဘာဖြစ်ဖြစ် မဟုတ်မခံ ကောင်မျိုးတွေ။ ဘယ်သူ့မှလည်း သိပ်ဂရုစိုက်တာ မဟုတ်ဘူး။ တခါတခါ ကာလသားခေါင်း အချင်းချင်း ဂျင်ကလယ်ကိစ္စလောက်နဲ့ စကားအူပေါက် ပြောရင်း အချင်းများကြရင် နှစ်ဖက်စလုံး ခေါ်ပြီး ကြိမ်းပစ်တာ။ သင်းတို့ စိတ်တိုနေတာနဲ့များ တိုးရင်တော့ ထပြီး နားရင်းရိုက်တော့တာ။ ပြီးမှ သောင်းရင်တို့ တဲခေါ်ပြီး ထန်းရည်တိုက်ရင်း နှစ်ဖက်စလုံးကို သင့်မြတ်ဖို့ ပြောတတ်တယ်။

ဖွတ်ကြီးအကြောင်း ဆက်ရရင်တော့ မောင်တာက ဖွတ်ကြီးကို နွားတဲဘေးမှာ ဝင်းတခုနဲ့ ထားတာ။ အစကတော့ ဖွတ်ကြီးများ မြေတူးပြီး ထွက်သွားမလားလို့ ပူကြတယ်။ ဖွတ်ကြီးက ဒဏ်ရာတွေ ဘာတွေ ကျက်သွားလို့ ပုံမှန်ဖြစ်သွားပေတဲ့ ထွက်ပြုပြေးမယ့်ပုံ မပေါ်ဘူး။ မောင်မူတို့၊ မောင်တာတို့ကလည်း အရပ်ထုံးစံအတိုင်း မီးဖုတ်၊ အရေဆုတ် လုပ်မယ့်ပုံ မပေါ်ဘူး။ ဒါတင် ဘာဟုတ်သေးလဲ။ ခုဆို နွားစာကျွေးတဲ့ ပေါက်ချွန်းက နွားစာ ကျွေးပြီးတာနဲ့ ဖွတ်ကြီးကို အချိန်မှန် အစာကျွေးရသတဲ့။ ဖွတ်ကြီးကလည်း အခု အချိန်မှန် အစာမျှော်ဆိုပဲ။ ဖွတ်ကြီးကို ဘာကျွေးမှန်းတော့ မသိဘူး။ ဖွတ်ကြီးက တော်တော် အကောင်ကြီးလာတယ်။ တနေ့တော့ ပေါက်ချွန်းက ဖွတ်ကြီး ထားတဲ့ ဝင်းထဲ ကြက်တကောင် ချကြည့်တယ်တဲ့။ ဖွတ်ကြီးများ လိုက်မလားလို့။ ဒါပေတဲ့ ဖွတ်ကြီးက လှုပ်တောင် မလှုပ်ဘူးဆိုပဲ။ အဲဒါကို ပေါက်ချွန်းက သူ့ဆရာကို ပြောပြတော့ သူ့ဆရာ မောင်တာက “ဖွတ်ကြီးက မင့်လို မဟုတ်ဘူး။ သူတော်ကောင်းကြီးကွ” လို့ ပြောသတဲ့။ ပြောတုန်းက ရယ်စရာ နောက်စရာ ဖြစ်မှာပါ။ ဒါပေတဲ့ ပေါက်ချွန်းဆီကနေ အရပ်ထဲရောက်တော့ ကားသွားပုံရတယ်။ ခုတော့ မောင်မူတို့၊ မောင်တာတို့ ဖွတ်ကြီးက ဖွတ်သူတော်ကောင်းလို့ ဖြစ်နေတော့တယ်။

ပြောမယ်ဆိုရင်တော့လည်း ပြောစရာဖြစ်လာတဲ့ အကြောင်းတွေက ပေါ်လာပြန်တယ်။ ဖွတ်ကြီး မောင်တာ့အိမ် ရောက်ပြီး နှစ်လလောက် အကြာမှာ မောင်မူနဲ့ မောင်တာက အောင်ဘာလေမှာ ငါးရာ ပေါက်တယ်။ ဖြစ်တာက ဒီလို။ မြို့မှာ မြေခွန်သွားထမ်းပြီး ပြန်အလာ၊ တံတားထိပ်က ကားဆိပ်မှာ ကားစောင့်ရင်း မောင်မူတို့က အာ့စိန်ဆိုင် နောက်ဘက်မှာ တပက်၊ နှစ်ပက် ဝင်နှိပ်ကြသတဲ့။ အဲဒီမှာ ခွက်ပုန်းလာဆော်တဲ့ ဦးလေးဘတင်နဲ့ တွေ့တယ်ဆိုပဲ။ ဦးလေးဘတင်က ဘိုင်စကယ်နဲ့ လှည့်ပြီး ထီလက်မှတ်ရောင်းတယ်။ ဦးလေး ဘတင်က ဒီနှစ်ကောင်ကို ငါ့မှာ ထီလက်မှတ်တစောင် ကျန်နေတယ်။ ငါ ဖြတ်ပိုင်း ပြန်ပို့တော့မှာမို့ ပေးချင်သလောက် ပေးလို့ ပြောသတဲ့။ ဒီတော့ မောင်မူတို့ နှစ်ယောက်သား အိတ်ထောင်ထဲမှာ ရှိသမျှ အကြွေတွေ ထုတ်ရေကြည့်တော့ နှစ်ကျပ်မတ်တင်းလား၊ တကျပ်ပြားရှစ်ဆယ် ဆိုလားပဲ ရှိသတဲ့။ ဦးလေးဘတင်က ရှိတာသာ ပေးကွာ၊ ကျန်တာ ပေါက်မှ ပေးလို့တောင် ရယ်စရာ ပြောသေးဆိုပဲ။ ပြီးတော့ အတိတ်ရေးလကွာလို့ ပြောသတဲ့။

ဒီတော့ မောင်တာက အတိတ်အဖြစ်နဲ့ ‘ဖွတ်ကူသံ သောသော ညံစေ’ လို့ ရေးသတဲ့။ အဲဒီတုန်းကတောင် မောင်မူက “မင့်ဟာက ဘာတုံး” လို့ မေးသေးတယ် ဆိုပဲ။ “မင်း မကြားဖူးဘူးလား။ ဖွတ်ကူသံ ကြားရင် ကမ္ဘာ့ရာဇဝင်ကြီး ဆိုလား၊ သမိုင်းကြီး ဆိုလား ပြီးသွားတယ်လို့ ဆိုတာ” လို့ မောင်တာက ဖြေတယ်။ မောင်မူကတော့ သိပ်မကျေနပ်ဘူး။ ဒီတော့ ခုလို ပြောပြန်တယ်။

“ဖွတ်က ကူရတယ်လို့ ငါ မကြားဖူးပေါင်ကွာ။ ချိုးတို့၊ ဘာတို့သာ ကူတယ် ကြားဖူးတယ်။ မင်းဟာက မတော်မတည့် မိုးကြိုးတွေ၊ ဘာတွေ ပစ်နေပါဦးမယ်”

“ဟကောင်… မောင်မူ၊ ဒွေးကြီးကျော်လင်း ပြောတာ မင်း မကြားဖူးဘူးလား။ ဂျပန်ပြည်ကို အဏုမြူဗုံးဆိုတာ မကြဲခင်က တောင်ပေါ်မှာ ဖွတ်ကြီးတကောင် ကူသတဲ့။ နောက်တော့ ဂျပန်ပြည်ကြီးမှာ ဗုံးကျရော။ သမိုင်းဆိုတာကြီး တခုလည်း ရပ်သွားရောတဲ့။ ဂျပန်တွေက ဖွတ်ကူတဲ့ တောင် နှစ်တောင်ကို အထိမ်းအမှတ် လုပ်ထားသေးတယ် ဆိုပဲ။ သင်းတို့က တောင်ကို ယာမလို့ ခေါ်တယ် ဆိုသလားပဲ။ ဒီတော့ အခုဆို ဖွတ်ကူယာမ ဆိုပြီး အဲဒီဟာကြီးက နာမည်ကြီးနေတာတဲ့။ မင်းကတော့ ခက်တယ်။ ဘာမှ အကြားအမြင် မရှိတဲ့ကောင်” လို့ ပြောပြီး မောင်တာက မောင်မူ့ကိုတောင် မာန်သေးတာ။ ဒီတော့ မောင်မူက “မင်းဟာမင်း ဖွတ်ကူယာမဖြစ်ဖြစ် သမိုင်းကြီးပဲ ပြီးသွား ပြီးသွား၊ ငါ့သောက်လုပ် မဟုတ်ဘူး။ ထီပေါက်မယ် ဆိုလို့ကတော့ မင်းနှမ မြစိန်နာမည်ပဲ ရေးရေး၊ ပေါက်ရင် ပြီးတာပဲ” လို့ ပြန်ပြောတယ်။

သင်းတို့နှစ်ယောက် ထီပေါက်တဲ့ ဇာတ်လမ်းကတော့ အဲဒါပဲ။ အဲဒီလို ထီပေါက်သွားတော့ ဖွတ်ကြီးက သူတော်ကောင်းကြီးလို့ သတင်းဖြစ်နေရာက ဖွတ်ကြီးက လာဘ်သပ္ပကာ ရွှင်တယ် ဖြစ်ပြန်ကရော။ အဲဒီလို သတင်းဖြစ်နေတာကို ထောက်ခံဖို့ အကြောင်းက ပေါ်လာပြန်သေးတယ်။ ဖြစ်ပုံက ဒီလို။ ဒီဘက်တကြောမှာ ဖဲရိုက်စားနေတဲ့ စံပ ဆိုတဲ့အကောင် တစ်ကောင် ရှိတယ်။ သူက မြောက်ရွာက။ စံပက ဖဲရိုက်တယ်ဆိုတော့ ဖဲသမားလို့ နာမည်ပျက်နေပေတဲ့ ရိုက်တာကလွဲလို့ ဘာမှတော့ မတော်မတရား မလုပ်ရှာဘူး။ တနေ့တော့ မောင်တာကြီးက ဖွတ်ကြီးကို အစာကျွေးနေတုန်း စံပ ရောက်လာပြီး မောင်တာ့ကို ပြောတယ်။ “အစ်ကိုရယ်၊ ညောင်ကန်ဘက်က အသုဘမှာ ဒီည ဝိုင်းကောင်းမယ်ဆိုလို့ ကျွန်တော် သွားမလို့။ အဲဒါ အစ်ကို့ ဖွတ်ကြီးနဖူးကို ကျွန်တော် ပိုက်ဆံတရွက်နဲ့ ပွတ်သွားပါရစေ။ ကက်ကင်းသဘောပေါ့ အစ်ကိုရယ်” လို့ ပြောသတဲ့။ ဒီတော့ မောင်တာက “ပွတ်ချင် ပွတ်လေကွာ။ မင်းဘာသာ ကက်ကင်းဓာတ်ယူဟာ ငါ မသိဘူး။ ရှုံးရင်တော့ ဖွတ်ကြီးကြောင့် မဟုတ်ဘူး။ နိုင်ရင်တော့ ငါဖို့ တစ်လုံး” လို့ ရယ်ရင်း ပြောတယ်။ ဒီတော့ စံပက သူ့လက်ထဲက ပိုက်ဆံတထပ်နဲ့ ဖွတ်ကြီးနဖူးကို ပွတ်သွားသတဲ့။

လိုရင်း ပြောရရင်တော့ နောက်တနေ့ မွန်းမလွဲသေးခင် စံပ တစ်ယောက် မန္တလေးရမ်တလုံးနဲ့ မောင်တာ့ဆီ ရောက်လာတယ်။ လက်ထိပ်လက်အောက် ရှောင်ရရုံ မဟုတ်ဘူး။ ဝိုင်းလုံးကျွတ်တောင် နိုင်လာတာတဲ့။ ဒီတော့ မောင်တာ့ကို ရမ်တစ်လုံး ပေးရင်း အစ်ကိုတို့ အားတဲ့နေ့ ကျွန်တော် တံတားထိပ်က အာ့စိန်ကြီး ဆိုင်မှာ ကျွေးဦးမယ်လို့တောင် ပြောတယ်။ အဲဒီကတည်းက စပြီး ဖွတ်ကြီးက သမိုင်းသစ်တွေ တွင်စရာ ဖြစ်လာတယ်။ ဒီ့ပြင် သူကြီးတူ မောင်မူနဲ့ တောင်ရွာက မောင်တာတို့ နှစ်ယောက်သားဟာ နာမည်တလုံး တိုးလာတယ်။ ဖွတ်ကြီးရဲ့ ဖက်စပ်ပိုင်ရှင်တွေ ဖြစ်လာကြတယ်။ ဖွတ်ကြီးလည်း ပိုပြီး ထင်ထင်ရှားရှား ဖြစ်လာတယ်။ ရွာနီးချုပ်စပ်က လူတွေတောင် လမ်းကြုံတဲ့အခါ ဝင်ကြည့်ကြရတယ်။ တချို့က အသာ ထိကြည့် တို့ကြည့်ကြတယ်။ ကံကောင်းတယ်၊ လာဘ်သပ္ပကာ ရွှင်တယ်လို့ ဆိုကြတာကိုး။ ဘာပဲပြောပြော အဲဒီတကြောက လူတွေမှာ ‘ဖွတ်’ နဲ့ ပတ်သက်လို့ အမြင်၊ အသိ ပြောင်းသွားတယ်။ ဖွတ်ဆိုတာ မွဲတတ်တယ်ဆိုတဲ့ နေရာမှာ ဖွတ်ဆိုတာ အကျိုးပေးတယ် ဖြစ်လာကြတယ်။ အရင်က ဖွတ်ကြီး မြင်ရင် မျက်စပ်အထက်တောင် ခြေမှုန့်သုတ်တတ်တဲ့ ဈေးသည်တွေတောင် ဈေးသွားဈေးပြန် ဝင်ဝင်ပြီး ဖွတ်ကြီးကို ကြည့်ကြရတယ်။

တစ်နေ့တော့ ပြဿနာပေါ်လာတယ်။ မောင်မူတို့ ဘိုးအေကြီး ဘိုးအုန်းပွင့် အကြီးအကျယ် ဖျားပါလေရော။ ဘိုးအုန်းပွင့်က တောင်ရွာ၊ မြောက်ရွာတွေကို စတည်တဲ့သူတွေအထဲက မူလ လက်ဟောင်းကြီး။ သူတစ်ယောက်ပဲ ကျန်တော့တာ။ ဘိုးအုန်းပွင့်က လာမယ့် ဝါဆိုမှာ ကိုးဆယ်ထဲ ဝင်တော့မှာ။ မာတော့ အတော်မာတယ်။ ဒါပေတဲ့ ရေချိုးမှားပြီး အပူရှပ်ရာက ငမ်းဖမ်းသလိုလိုတွေတောင် ဖြစ်လာတယ်။ ရင်တွေ ဘာတွေ ကျပ်ပြီး အသက်ရှူမဝဘူး ဖြစ်လာတယ်။ တံတားထိပ် ကားဆိပ် ဆေးခန်းက ဆရာဝန်ကလေးတို့၊ သြဋ္ဌာရိက ဆေးဆရာတွေကတော့ လက်မလျှော့ဘူး။ ဘူးသီးနဲ့ ဖွတ်သားဟင်းခါး သုံးရက် စားခိုင်းပြီး ရေနိုင်နိုင်ချိုးရင် ဝဋ်နာကံနာက လွဲရင် ပျောက်မှာပဲတဲ့။ ဒီတော့ တရွာလုံးရဲ့ မျက်စိထဲမှာ ဖွတ်ကြီးကိုပဲ မြင်လာကြတယ်။ မောင်မူနဲ့ မောင်တာလည်း ဘာပြောရမှန်း မသိတော့ဘူး။ ဒါပေတဲ့ ပြဿနာက ဘူးသီးပဲ။ ဓာတ်ဆရာ ဦးမှန် အလိုအရတော့ ဆွတ်သီး ဖြစ်ရမယ်တဲ့။ ဘူးသီးခြောက်တို့၊ ဘာတို့ မဟုတ်ဘူးတဲ့။ ခက်တာက ခုလိုရာသီမျိုးမှာ ဒီဘက်မှာ ဘူးသီး ဘယ်က ရမှာတုံး။ အနီးစပ်ဆုံးက ကွင်းသာ ဆယ့်တစ်ရွာဘက်မှာ ရကောင်း ရနိုင်တယ်လို့ ကိုဦးကြည်ပြောလို့ သိရတယ်။ အဲဒီကို ဒလပြင်း လူလွှတ်ပြီး အရှာခိုင်းရမှာပဲ။ ဒါတောင် အသွားအပြန် တညအိပ်တော့ ကြာဦးမယ်။

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကို ကောင်ကလေး နှစ်ယောက် လွှတ်လိုက်တယ်။ ဒီမှာကတော့ မောင်မူနဲ့ မောင်တာ ခေါင်းချင်းရိုက်နေကြရတယ်။ မရိုက်လို့ကလည်း မဖြစ်ဘူး။ ဘိုးအုန်းပွင့်အတွက်ဆို ဖွတ်ကြီးကို ပေါ်သင့် ပေါ်ရတော့မယ့် အခြေအနေမျိုး ရောက်နေပြီကိုး။ ဆွေမျိုးတွေကလည်း ဖွတ်ကြီးကို မျက်စောင်း ထိုးနေကြပြီကိုး။ နောက်ဆုံးတော့ သင်းတို့နှစ်ယောက် ဆုံးဖြတ်ချက်တခု ချလိုက်ကြရတယ်။ ဘူးသီး ရ၊ မရ စောင့်ပြီး ဘူးသီး ရခါမှ ဖွတ်ကြီးကို ပေါ်မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ဖြစ်ချင်တော့ ကောင်လေးတွေ ကွင်းသာဘက် ထွက်သွားတဲ့ ညနေမှာပဲ ဘိုးအုန်းပွင့် အသက်ထွက်သွားရှာတယ်။ ဆွေတွေ မျိုးတွေ ငိုယိုနေကြတုန်း မောင်မူနဲ့ မောင်တာတို့ ပြုံးနိုင်ကြတယ်။ ဖွတ်ကြီးကလည်း မောင်မူတို့ကို တွေ့တယ်ဆိုရင် ခေါင်းတမော့မော့နဲ့ ကျေးဇူးတင်ပါ သဗျာလို့များ ပြောသလိုပဲလို့၊ ပေါက်ချွန်း ပြောလို့ အရပ်ထဲမှာ ကြားကြရတယ်။ ကွင်းသာဘက်က ပြန်လာတဲ့ ကောင်ကလေးတွေ ယူလာတဲ့ ရှားရှားပါးပါး ဘူးသီးကိုတော့ မောင်တာကြီး အိမ်က ကြက်တကောင်ကို စပါးလင်များများနဲ့ ကာလသားဟင်း ချက်စားလိုက်ကြတယ်။ စံပကလည်း နောက်ထပ် မန္တလေးရမ်တလုံး ယူလာပေးတယ်။

အရပ်ထဲမှာ တခြားလူတွေလို သိပ်အယူမသည်းတတ်တဲ့ ဒေါ်လေး မမြတင်ကတော့ ပြောတယ်။ ရွာထိပ်က လက်ပံပင်ကို ကပ်ကလူတွေ ကျကတည်းက ဘိုးအုန်းပွင့် မရတော့ဘူးဆိုတာ သိသတဲ့။ ပိုဆိုးတာက ဖွတ်ကြီးနဲ့ သွားပြီး ကံချင်း ပြိုင်တာပဲတဲ့။ ဖွတ်ကြီးက ဇာတာစန်းထနေချိန်မှာ ဘိုးအုန်းပွင့်က ထိပ်တိုက်တိုးတော့ ကံနိမ့်တဲ့လူ ခံရတာပဲတဲ့။ ဘိုးအုန်းပွင့်ရယ် အသက်ကိုးဆယ်နား နီးနေတဲ့ အကြောင်းတော့ မပြောဘူး။ ဒေါ်လေး မမြတင် ပြောတဲ့အထဲက လက်ပံပင်ရယ်၊ ကပ်ကလူရယ်၊ ဘိုးအုန်းပွင့်ရယ်၊ ဖွတ်ကြီးရယ် အဲဒီကြားထဲမှာ ဘယ်လိုတွေ ဆက်စပ်နေတယ် ဆိုတာကတော့ မသိဘူး။ ဒီတော့လည်း နားထောင်မိတဲ့ လူတွေအဖို့တော့ ဟုတ်ချင်တော့လည်း ဟုတ်မယ်လို့ တွေးကြည့်ရတော့တယ်။

စတိုင်သစ်မဂ္ဂဇင်း၊ ဧပြီ၊ ၂၀၀၂။

 

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review