မြို့ကြီးပြကြီးက ဝတ္ထုများ - မြင့်သန်း
နှစ်ကာလများ
စာအုပ်အစီအစဉ် ၅၇၈
မြို့ကြီးပြကြီးက
ဝတ္ထုများ
မြင့်သန်း
နှစ်ကာလများ
အမှတ် ၁၀၄၊ အပေါ်ဆုံးထပ် (က)၊
အောင်ဇေယျလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၀၁ ၈၂၅၅ ၉၄၈၊ ၀၉ ၇၄၀ ၉၇၉၃၉၃။
e-mail: theeras 2001@gmail.com
ပုံနှိပ်မှတ်တမ်း
မြို့ကြီးပြကြီးက ဝတ္ထုများ
မြင့်သန်း
တတိယအကြိမ်၊ မေ၊ ၂၀၂၅။
ဒုတိယအကြိမ်၊ ဇန်နဝါရီ၊ ၂၀၂၀။
ပထမအကြိမ်၊ မတ်၊ ၂၀၁၉။
အုပ်ရေ - ၁၀၀၀
တန်ဖိုး - ၂၀၀၀၀ ကျပ်
ထုတ်ဝေသူ ဦးစိန်ဝင်း၊ နှစ်ကာလများ စာပေ (၀၀၇၄၄)၊ ၁၀၄၊ အပေါ်ဆုံးထပ် (က)၊ အောင်ဇေယျလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ အတွင်းနှင့် အဖုံးပုံနှိပ် ဦးအေးဝင်း၊ အေးကမ္ဘာ ပုံနှိပ်တိုက် (၀၀၂၉၀)၊ အမှတ် ၄၆၊ ၄၆လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ မျက်နှာဖုံး Nyi NyiNice၊ ကွန်ပျူတာစာစီ သရဖီ၊ စာအုပ်ချုပ် ကိုမြင့်။
မြင့်သန်း၏ ကိုယ်ရေးအကျဉ်း
မြင့်သန်းကို ၁၉၄၉ ခုနှစ်က ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ မူလ လက်ဟောင်း စိန့်ဂျွန်းကျောင်း (စိန့်ဂျွန်း၊ ဒိုင်အိုစီစင် ယောက်ျားလေးများကျောင်း၊ စိန့်ဂျွန်းကျောင်း အမည်ခံ လမ်းမတော် အထက ၁ မဟုတ်) တွင် ငယ်စဉ်က စ၍ အခြေခံပညာ ဆည်းပူးခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ဒဿနိကဗေဒ အဓိကပြုကာ ဆက်လက် ပညာဆည်းပူးခဲ့သည်။ စာပေရေးသားခြင်း၊ ဘာသာစကား လေ့လာခြင်းနှင့် အခြား ပညာရပ်အချို့ကို ဆက်လက် လေ့လာ ဆည်းပူးခဲ့သည်။ ဆရာဇော်ဂျီ ညွှန်းခဲ့သော ‘ပြောက်ကျား စာရေးဆရာ’ ဘဝကို သဘောကျသဖြင့် အချိန်ရသည့်အခါ စာတစ်ပုဒ်စ၊ နှစ်ပုဒ်စ ရေးနိုင်ရန် အားထုတ်သည်။
အမှာ
မြို့ကြီးပြကြီး ဝတ္ထုများမှာ နယ်ဘက်ကျေးဘက် ဝတ္ထုများထက် အနည်းငယ် စော၍ ရေးဖြစ်ခဲ့သည်။ ထိုစဉ်က၊ ရန်ကုန်သို့လည်း မကြာ ရောက်ဖြစ်သည်။ ရေးစရာအကြောင်းများမှာ မြို့ကြီးပြကြီးထဲက ဇာတ်ကောင်များထံမှပင် ရခဲ့သည်။ ထို–ဇာတ်ကောင်များ−မှာ နာမည်များကို အပြောင်းအလဲ ပြုထားသည်က လွဲ၍ အရေးအသားအတွင်းမှာ ကဲ့သို့ ပြင်ပတွင်လည်း လှုပ်ရှားနေသူများ ဖြစ်ကြလေသည်။ ရေမွန်ကာဗာ၊ ဟရူကီမူရာကာမီ… စသည့် ဝတ္ထုရေးဆရာများ ပြောခဲ့သည်ကဲ့သို့ ဇာတ်လမ်းများမှာ ဇာတ်ကောင်များဆီမှ ရသည်သာ ဖြစ်ပါသည်။ ဝတ္ထုရေးသူကမူ အရေးအသားထဲတွင် စကားလုံးများဖြင့် ပြန်လည်တည်ဆောက်ကာ ဇာတ်ကောင်များကို သူ လိုသလို လုပ်စေခဲ့ခြင်းသာ ဖြစ်သည်။ ‘ငါ’များစွာမှာ ဝတ္ထုရေးသူထံမှ ထွက်လာသည် မှန်သော်လည်း ဝတ္ထုရေးသူမှာ ထိုထိုသော ‘ငါ’တို့၏ အပြင်ဘက်မှ အရေးအသားကို ထုတ်လုပ်သူသာ ဖြစ်ပေသည်။
ကျေးဇူးတင်ချင်သူ တစ်ဦးမှာ သူငယ်ချင်း လားစင် ဖြစ်သည်။ ချင်းတွင်းထဲမှ နယ်ဘက်ကျေးဘက် အခြေခံ ကျွန်တော်၏ဝတ္ထုများ ဖတ်ကာ ဘဝင်မကျသူ ဖြစ်သည်။ မင်းရဲ့ တောသားတွေနဲ့တော့ ငါနဲ့ မဖြစ်ပါဘူးဟု ပြောလေ့ရှိသည်။ တစ်ခါက ရန်ကုန်မှအပြန် ချင်းမိုင်တွင် ခေတ္တ နားနေစဉ် သူနှင့် ဖုန်းဆက်စကားပြောရင်း ‘မေ့လျော့ခြင်း ခံရသော ကာလတရားနှင့် သူ၏သားသမီးများ’ မှ အကြောင်းကို ပြောဖြစ်သွားသည်။ ထို−ဝတ္ထု-မှ ငြိမ်းမောင် ပြောသော (နောက်ဆုံး) စကားအကြောင်း ပြောမိသည်။ “နှစ်ချို့ဝီစကီများ ကောင်းတယ်ဆိုတာက နှစ်ချို့နေလို့ပဲ။ တံဆိပ်ကြောင့်၊ ပုလင်းကြောင့်၊ ဖန်ခွက်ကြောင့် မဟုတ်ဘူး။ ဝီစကီတောင် အသားကျဖို့ဆိုတာ အချိန်လိုတယ်” ဆိုသော စကားဖြစ်သည်။ (ငြိမ်းမောင် [နသန်နီရယ်] … ကမူ၊ ဝီစကီကောင်းကောင်း သောက်ရတိုင်း ခုထိ ပြော၍ကောင်းတုန်း) ဟာ၊ ရေးစမ်းပါကွာဟု သူက ပြောသည်သာမက ရေးဖြစ်-မဖြစ် ကို မကြာခဏ ဖုန်းဆက်မေးလေ့ရှိသည်။ နောက်ထပ်၊ ငါးနှစ်လောက် ကြာကာမှ ကျွန်တော် ရေးဖြစ်သည်။
ငယ်စဉ်က လူကြီးများ ပြောလေ့ရှိသော စကားတစ်ခွန်း ရှိသည်။ “မတ်မတ်ထိုင်စမ်း” ဟူသော စကားဖြစ်သည်။ အလွန်လွယ်သော အပြုအမူဟု ထင်ခဲ့၊ မှတ်ခဲ့ဖူးသည်။ အသက်ကြီးလာသောအခါ မတ်မတ်ထိုင်သည် ဆိုခြင်းမှာ အလွန်ခက်သော အားထုတ်မှုတစ်ရပ် ဖြစ်ကြောင်း သိလာရသည်။ ကာလတရားကြီး၏ ပြောင်းလဲနေခြင်းသည် ကျွန်တော်တို့၏ အသက်ရှင်နေသော ကာလအတွင်း သိမှတ် နားလည်မှုများအား ကြိမ်ဖန်များစွာ သတ်ဖြတ်ခဲ့သည်ကို ကျွန်တော်တို့ မေ့လျော့တတ်ကြသည် မဟုတ်ပါလား။
မြင့်သန်း
မြို့ကြီးပြကြီးထဲက
လူမှုဆက်ဆံရေးဘဝ
I don't know why we are here, but I'm pretty sure that it is not in order to enjoy ourselves.
Ludwig Wittgenstein
မေ့လျော့ခြင်းခံရသော ကာလတရားနှင့် သူ၏သားသမီးများ
ငြိမ်းမောင်နဲ့ ကျွန်တော်၊ စံရွှေဘော့်အိမ် သွားကြတယ်။ ဆင်ဝင်အောက်မှာ ကားရပ်တော့ အိမ်ဖော်တစ်ယောက်က တံခါးဖွင့်ပေးတယ်။ ဧည့်ခန်းထဲရောက်တော့ သူ့သမီး ထွက်လာတယ်။ ကျွန်တော်က မမှတ်မိဘူး။ ငြိမ်းမောင်ကပဲ နင့်အဖေရောလို့ မေးလိုက်တယ်။ ကောင်မကလေးက မျက်နှာမကောင်းဘူး။ ရှိပါတယ်လို့ ဖြေရင်း ကျွန်တော့်ကို ကြည့်ပြီး အန်ကယ် ဘယ်တုန်းက ရောက်လဲလို့ မေးတယ်။ တစ်ပတ်လောက်ရှိပြီ လို့ ဖြေရင်း ဧည့်ခန်းထဲ မျက်စိကစားလိုက်မိတယ်။ စံရွှေဘော့် သမီးကလေး ဘွဲ့ရတုန်းက မိသားစုနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံအကြီးကြီးကို သတိထားလိုက်မိတယ်။ သမီးတောင် ဆရာဝန်ဖြစ်သွားပြီကိုးလို့ ပြောတော့ ကောင်မကလေးက အင်္ဂလိပ်လို ရက်(စ) အန်ကယ်လို့ ပြောတယ်။
စံရွှေဘော့် မိန်းမ၊ ကောင်မကလေး အမေကလည်း ဆရာဝန်ပဲ။ ဟိုတုန်းက၊ မျိုးမြတ်အောင်ဇံနဲ့ မျိုးလှအောင်ဇံ ဆိုပြီး ဆေးကျောင်းမှာ သိပ်နာမည်ကြီးတဲ့ ညီအစ်မအထဲက တစ်ယောက်ပေါ့။ စံရွှေဘော်နဲ့ ကြိုက်ကြတာ မဟုတ်ဘူး။ စိန်–စိန်ချင်းထပ် မြတ်တယ်ဆိုတဲ့ လူ့အဖွဲ့အစည်းရဲ့ စံနဲ့ စီမံကိန်းချ ပေးစားလို့၊ ညားကြတာ။ အဲဒီတုန်းက၊ စံရွှေဘော် ကြိုက်တာက တခြား။ စံရွှေဘော် ကြိုက်တာကလည်း အများကြီး။ အဲဒီတုန်းကတော့၊ ဒီကောင်နဲ့ ကြိုက်နေတာ အီကိုက ဘက်တီဆိုတဲ့ ရှမ်းကပြားမလေး။ အတော်ချောတယ်။ ဆေးကျောင်းသား မဖြစ်ခင်ကတည်းက သူ ကြိုက်တာတွေ အပုံကြီးပဲ။ ကျွန်တော် မှတ်မိသလောက် ပြောရရင် ရှစ်တန်းလောက် ကတည်းက ရည်းစားစထားတာ။ စိန့်မေရီကျောင်းက အေမီဆိုတဲ့ ကောင်မကလေး။ အဲဒီကောင်မကလေးကို ကျွန်တော်လည်း ကြိုက်တာပဲ။ စိန့်မေရီကျောင်းမှာ နှစ်စဉ်လုပ်တဲ့ ဈေးရောင်းပွဲမှာ တွေ့တာ။ ဘယ်သူက ရည်းစားစကားပြောမလဲ ဆိုပြီး ကျွန်တော်တို့ မြောက်ပန်း လှန်တယ်။ သူ နိုင်တော့ သူက စကားသွားပြောတာ၊ သူတို့နှစ်ယောက် ဖြစ်သွားကြရော။
ကျွန်တော်ကတော့ အဲဒီကတည်းက မိန်းမတွေကို စိတ်နာသွားတယ်။ မြောက်ပန်းလှန်ပြီး ရည်းစားစကား ပြောတာမှာ နိုင်တဲ့လူကို ကြိုက်နိုင်တယ် ဆိုတော့၊ မိန်းမဆိုတာမှာ ဆင်ခြင်တုံတရား နည်းလိမ့်မယ်လို့ ထင်လိုက်တယ်။ မိန်းမတွေကို ကြိုက်ဖို့ မကြိုးစားတော့ဘူး။ စံရွှေဘော်ကတော့ အေမီနဲ့ ရည်းစားဖြစ်ပြီး နောက်နှစ် ကျောင်းပြန်ဖွင့်တော့ ကွဲသွားကြတယ်။ အေမီနဲ့ ရည်းစားဖြစ်လိုက်လို့ အတွေ့အကြုံရလိုက်တယ် လို့ ပြောတယ်။ ရင်ကွဲတယ် ဆိုတာများလားလို့ ကျွန်တော်က တွေးတယ်။ ရင်ကွဲတာဟာ ရိုမဲင်တစ်ဖြစ်တာပဲလို့ ကျွန်တော်က ထင်တယ်။ ဟုတ်ပုံ မရဘူး။ မကြာခင်၊ စိန့်ဂျွန်ကွန်ဗင့်က ကောင်မကလေး နှစ်ယောက်နဲ့ တစ်ပြိုင်တည်း ရည်းစားဖြစ်ပြန်ရော။ ကျောင်းရှေ့မှာ သွားသွားတွေ့တော့ စံပြကျောင်းက ကောင်တွေက ရိုက်မယ်ပုတ်မယ်တောင် ဖြစ်ကြသေးတယ်။ ဒီတော့၊ ကံညွန့်ကို လူမိုက်ငှားရသေးတယ်။ ကောင်မလေးနဲ့ သွားတွေ့ ရင် ကံညွန့်က သူနဲ့ လိုက်သွားရတယ်။ အပြန် လေဟာပြင် ဈေးမှာ ကြက်သားသုပ်နဲ့ သီးစုံတစ်ခွက် ဝယ်တိုက်ရတယ်လို့ ပြောတာပဲ။
ဆယ်တန်းရောက်တော့၊ ကျွန်တော်လည်း ကြိုက်စရာ တွေ့မိပြန်ရော။ တခြား မဟုတ်ဘူး။ စံရွှေဘော့် နှမဝမ်းကွဲ။ စိုက်တွီလို့ အသံထွက်တဲ့ စစ်တွေဘက်က။ သူ့မိဘတွေက ရန်ကုန်မှာ အခြေချဖို့ ပြောင်းလာတာတဲ့။ ရခိုင်မပေတဲ့ ဖြူတယ်၊ သွက်တယ်။ စကားပြောရင် ဝဲတဲတဲ ကလေးရယ်။ ဒါပေတဲ့၊ အရင်က ကာလကတ္တားမှာ ကျောင်းနေတာဆိုတော့၊ ခေတ်မီတယ်။ မင်းနှမကို ငါ ရည်းစားစကား ပြောမလို့လို့ စံရွှေဘော်ကို ပြောတော့ သူက ပြောတယ်။ ငါ့နှမက ခပ်နံ့နံ့ရယ်တဲ့။ မင်းနဲ့ ဖြစ်မှာမဟုတ်ဘူး။ သုံးလ တစ်ကြိမ်လောက် ရည်းစားအသစ်ထားတာ၊ တဲ့။ မင်း၊ ရင်ကွဲနေရမယ်။ မင်း ရင်ကွဲတာကို ငါ မကြည့်ရက်ဘူး တဲ့။ မီးကို မလောင်ခင်က တားတာ အကောင်းဆုံးပဲတဲ့။ သူ ပြောတာတွေ ကျွန်တော် သဘောကျပါတယ်။ တစ်ခုပဲ။ မလောင်ခင်က ဘယ်လိုလုပ် တားမှာလဲ။ လောင်မှ မလောင်ရသေးဘဲ။ ဒီလိုနဲ့၊ သူ့နှမဝမ်းကွဲနဲ့ ကျွန်တော် ချောင်းကြည့်ပြုံးပြန် အဆင့်က မတက်လိုက်ရတော့ဘူး။ မိန်းမတွေကို မကြိုက်ရင်၊ မချစ်ရင် လူ့ဘဝကြီးဟာ အတော် ပျော်စရာကောင်းမယ် လို့တောင် တွေးမိလာတယ်။
ကျွန်တော်တို့တစ်သိုက် နှစ်စဉ် စာမေးပွဲကြီးပြီးလို့ တက္ကသိုလ်တွေ ပိတ်ခါနီးမှာ ဆုံတယ်။ နမ်ဆင်းမှာဖြစ်ဖြစ်၊ ဟိုက်ဇွမ်းမှာဖြစ်ဖြစ် ဆုံကြတယ်။ ဆုံတိုင်း ရည်းစားထားတဲ့ အကြောင်းတွေ ပြောကြတယ်။ ပြောစရာမရှိတဲ့ ကျွန်တော့်လိုကောင်မျိုးက ပိုသောက်တယ်။ ပြောစရာမှ မရှိဘဲ။ ဒီတော့ သောက်ရုံပဲ မဟုတ်လား။ ဒီအထဲမှာ၊ သူ့ရည်းစား တခြားလူနဲ့ လိုက်ပြေးတိုင်း နင်းသောက်တဲ့ ဖေသန်းလို ကောင်မျိုးလည်း ပါတယ်။ ဖေသန်းကို စံရွှေဘော်က အမြဲ ဆုံးမတယ်။ ယောက်ျားဆိုတာ အသည်းမာရတယ်၊ တဲ့။ အသည်းမကွဲရဘူး၊ တဲ့။ ပြောဖန်များတော့၊ ဟိုကောင်က ထိုးရော။ ဒါတင် ဘာဟုတ်သေးလဲ။ ဖေသန်းက ပြောသေးတာ။ ငါက မင်းလို ကမြင်းချင်လို့ ရည်းစားထားတာ မဟုတ်ဘူး။ ချစ်လို့၊ တဲ့။ စံရွှေဘော်ကတော့ ပြောတယ်။ ချစ်တာဟာ မင်းအမှားပဲ။ မိန်းမဆိုတာ တို့လို မချစ်တတ်ဘူး။ မင်းက လော့ဒ်ဘိုင်ရွန် ချစ်ပုံမျိုးနဲ့ သွားသွားချစ်နေတော့ မင်း ခံပေါ့၊ တဲ့။ ကျွန်တော်ကတော့ မိန်းမတစ်ယောက်ကို ကြိုက်ရတာထက်စာရင်၊ ရေခဲတုံးခပ်ကြီးကြီး တစ်တုံးကို ပါးစပ်ထဲ ထည့်ငုံထားတာက ပိုအန္တရာယ်ကင်းမယ်လို့တောင်၊ တွေးမိတယ်။
ကျွန်တော်တို့ အမ်အေဖြေတဲ့နှစ်။ စံရွှေဘော် ဆေးကျောင်း ပြီးတယ်။ အင်ဂျင်နီယာ ဖြစ်တဲ့ကောင်တွေက တစ်နှစ် စောတယ်။ စံရွှေဘော်နဲ့ ကျွန်တော် ပိုတွေ့တယ်။ သူက အီကိုက ဘက်တီဆီ နေ့စဉ်လို လာတာ။ ကောင်မလေးနဲ့ ညနေတိုင် တွေ့ပြီးရင် ကျွန်တော်တို့ဌာနဘက် လာပြီး စကားပြောလေ့ ရှိတယ်။ ကျွန်တော့်ကားနဲ့ လိုက်ပြန်လေ့ ရှိတယ်။ ဘက်တီကိုတော့ သူ တကယ်ကြိုက်တာ။ ကျွန်တော့်ကို ဖွင့်ပြောပြတယ်။ သူ တကယ့်ကို ယူချင်တာ၊ တဲ့။ တစ်ချိန်တည်းမှာပဲ သူ့အိမ်က မျိုးမြတ်အောင်ဇံနဲ့ ဘွဲရပြီးတာနဲ့ ပေးစားဖို့ စီစဉ်နေသတဲ့။ သူ ဘာလုပ်ရမှန်း မသိဘူး။ ကျွန်တော်ကတော့ တစ်ခုပဲ ပြောနိုင်တယ်။ မင်း၊ ရွေးပေါ့၊ လို့ ပြောတော့ သူက ငါ ဘယ်လိုရွေးရမလဲ၊ တဲ့။ သူ ဘယ်လိုရွေးရမလဲ လို့ ဆိုတာတော့ ကျွန်တော် မပြောနိုင်ဘူး။ ကျွန်တော်ဟာ သူ မဟုတ်ဘူး။ ဒီတော့၊ ပျော်စေပြက်စေ ပြောလိုက်ရတယ်။ မဟုတ်လည်း၊ နှစ်ယောက်စလုံး ယူလိုက်ကွာ၊ လို့။ သူက မရယ်ဘူး၊ မပြုံးဘူး။ ငါ၊ အတည်ပြောနေတာ။ ပေါက်တတ်ကရ မဟုတ်ဘူးတဲ့။ မပြောတတ်ဘူး။ ကျွန်တော့် အတွက်ကတော့ မန္တလေး မော့လ်ဝီစကီကို ဆယ့်ခုနှစ်ကျပ်ခွဲအထိ ဈေးတင်မယ်လို့၊ ကြားရကတည်းက စိတ်ထဲမှာ ဘဝင်မကျ ဖြစ်နေတယ်။ အဲဒါက၊ ပိုအရေးကြီးနေတယ်။ ဈေးတက်တယ် ဆိုတာကို ကိုယ်က မတားနိုင်မှန်း သိတယ်။ ဒါပေတဲ့လည်း စိတ်ထဲတော့ ဘယ်ကောင်းပါ့မလဲ။
မျိုးမြတ်အောင်ဇံနဲ့ သူ့ကို စေ့စပ်ပေးတော့မယ် ဆိုတာ ကြားတော့ ဘက်တီက စံရွှေဘော်ကို အဆက်ဖြတ်လိုက်တယ်။ အတွေ့မခံတော့ဘူး။ အဲဒီနေ့က စပြီး၊ စံရွှေဘော် ကျွန်တော့်အိမ်မှာ လာနေတယ်။ ညအိပ်ညနေ နေတဲ့အခါ နေတယ်။ ညနေတိုင် ငိုတယ်။ ကျွန်တော်က ကျွန်တော့်အဖေ ခြံထဲက အိမ်တစ်လုံးမှာ သတ်သတ်နေတော့၊ လွတ်လပ်တယ်။ အိမ်နဲ့ အဆင်မပြေလို့ ဆင်းလာတဲ့ကောင် မှန်သမျှ ကျွန်တော့်အိမ်မှာ မအိပ်ဖူးတာ မရှိဘူး။ စံရွှေဘော် ကျွန်တော့်အိမ်မှာ လာအိပ်နေတာကို၊ သူ့အိမ်က သိတယ်။ ကျွန်တော့်မိဘတွေနဲ့ သူ့မိဘတွေက ခင်ကြတယ်။ ဒီတော့၊ ကျွန်တော့်ဆီမှာ သူ လာနေနေတာကို သူ့အိမ်က စိတ်ချတယ်။ ကျွန်တော့် အဖေကလည်း အခြေအနေသိတော့ သူ့အဖေကို ဘာမှမပူနဲ့လို့တောင် ပြောထားတာ။ ညနေတိုင် ဝီစကီသောက်ရင်း သူက ရင်ဖွင့်တယ်။ ဘက်တီကို သူ ဘယ်လောက်ချစ်တယ် ဆိုတာချည်းပဲ ပြောတယ်။ ကျွန်တော့်မှာ ချစ်တဲ့အကြောင်း ပြောစရာမရှိဘူး။ တစ်ခါတလေ ဖေသန်းကို လှမ်းခေါ်ထားရတယ်။ ဒီကောင်က သူ့ရဲ့ နောက်ဆုံးရည်းစား သူများနောက် ပါသွားလို့ သူ့အိမ်က မိန်းမရှာပြီး ပေးစားလိုက်တယ်။ ဟန်ကျနေတယ်။ ဒီတော့၊ အိမ်က ပေးစားတဲ့မိန်းမကို ယူရင် ဘယ်လိုအကျိုး ရှိတယ် ဆိုတာ၊ သူက ပြောပြနိုင်တယ်။
စံရွှေဘော်က ဘက်တီကို သူ ချစ်တာ တကယ့်ကို စံတစ်ခုလိုပဲ သဘောထား ချစ်တာတဲ့။ ကြီးကြီးကျယ်ကျယ် ပြောမယ်ဆိုရင်တော့ ပလေတိုနစ် ချစ်ခြင်းတွေ၊ ဘာတွေ ပြောရမှာပဲ။ ဒါပေတဲ့၊ ပလေတိုနစ် ချစ်ခြင်းဆိုတာ အနက်ကောက် လွဲသွားရင်၊ ယောက်ျားချင်း မေထုံမှီဝဲတယ် ဆိုတာမျိုး အဓိပ္ပာယ်ပေါက်တတ်တယ်။ ဒီတော့ ကြီးကြီးကျယ်ကျယ်တွေ လျှောက်မပြောတာဘဲ ကောင်းတယ်။ ချစ်ခြင်းဆိုတာ နဂိုကတည်းက ရှုပ်နေတာ။ ဘာသာစကားကြောင့် ထပ်မရှုပ်စေချင်ဘူး။ ဘက်တီကို ကြည့်နေချင်တာတဲ့။ ပန်းပွင့်ကလေးကို ထိုင်ကြည့်နေသလိုမျိုး၊ ကြည့်နေချင်တာ၊ တဲ့။ ကြားရတာ များလာတော့၊ အမြင်တောင် ကတ်လာတယ်။ ဒါနဲ့ ပန်းပွင့်လေးကို ပျားဝင်တုပ်သွားရင် ဘယ်လိုလုပ်မလဲလို့ မေးတော့ သူက ငိုပြန်ရော။ သူက ဘက်တီကို ချစ်လွန်းလို့ ခြေဖျားလက်ဖျားလေးတောင် ကိုင်ပြီး မကြည့်ဖူးဘူးတဲ့။ ညနေတိုင်၊ ဘက်တီမျက်နှာ ကြည့်ပြီး စကားပြောနေရတာနဲ့ကို ကျေနပ်နေတာ၊ တဲ့။ ဒီတော့လည်း ကျွန်တော် ပြောမိပြန်တယ်။ ဒီလိုဖြင့်၊ ပျားတုပ်လည်း တုပ်ပစေပေါ့ကွာ၊ လို့။ ဒီတော့၊ စံရွှေဘော် ငိုပြန်ရော။
“ဘယ်မှာလဲ၊ နင့်အဖေ” လို့ ငြိမ်းမောင်က စံရွှေဘော့်သမီးကို မေးလိုက်တယ်။
“ခြံထဲမှာ။ နှင်းဆီပင်တွေနားက သစ်ပင်ရိပ်မှာ။ မာမီရော၊ အန်တီလေးပါ ရှိတယ်” လို့ ပြန်ဖြေတယ်။
“သမီး… တစ်ခုခုများ ဖြစ်နေကြသလား” လို့ ကျွန်တော်က အင်္ဂလိပ်လို မေးလိုက်မိတယ်။ စိတ်ထဲမှာ၊ တစ်မျိုးပဲ။ မြန်မာလိုမေးရင် ရိုင်းများနေမလား လို့။
“မောင်ငယ်၊ နဲ့ ဒယ်ဒီ စကားများကြလို့” လို့ သူက ပြန်ဖြေတယ်။ “မစ်ကီနဲ့လား” လို့ ကျွန်တော်က ထပ်မေးတယ်။ ကောင်ကလေးကို ကျွန်တော်က ချစ်တယ်။ ကျွန်တော့် သားလိုပဲ။ ဒါ့ကြောင့် သူ မွေးကတည်းက ကျွန်တော့် ကျောင်းတုန်းကနာမည် သူ့ကို ပေးထားတယ်။ အိမ်မှာ အားလုံး အဲဒီလို ခေါ်ကြတယ်။
“ဟုတ်တယ်၊ အန်ကယ်။ မစ်ကီနဲ့ ဒယ်ဒီ စကားများကြတာ” လို့ စံရွှေဘော့် သမီးကလေးက ဖြေတယ်။ ဘာလို့လဲလို့ ကျွန်တော်က မေးမယ်လို့ စဉ်းစားတယ်။ မမေးရသေးခင်ဘဲ၊ ကောင်မကလေးက ဆက် ပြောတယ်။
“မောင်ငယ်က ဒီနှစ် ကျောင်းပြန်ဖွင့်ရင်၊ ဆေးကျောင်း မတက်တော့ဘူးတဲ့။ အတ်(စ)ကို ပြောင်းမယ်တဲ့။ ဒယ်ဒီ ငယ်ထိပ် မြွေပွေးပေါက်သလို ဖြစ်ရော။ ပိုဆိုးတာက၊ မာမီတို့ဘက်က အန်ကယ်သာဇံသမီး ရိုးလှဇံနဲ့ ပေးစားချင်တာကို၊ မောင်ငယ်က မယူနိုင်ဘူးဆိုလို့ပဲ”
“ဘာလို့လဲ” လို့ ငြိမ်းမောင်က ဝင်မေးတယ်။
“ဆေးကျောင်း မတက်ချင်တော့တာက၊ ဆရာဝန် မလုပ်ချင်လို့ တဲ့။ လူမမာတွေထက် လူကောင်းတွေနဲ့လည်း စကားပြောချင်လို့ လို့ ပြောတယ်။ ရိုးလှဇံကို မယူချင်တာကတော့၊ သူ ကြိုက်တာ သူ ရှာယူချင်လို့တဲ့” လို့ စံရွှေဘော့် သမီးကလေးက ရှင်းပြတယ်။ “အခုတင်ပဲ၊ အန်ကယ်ချာလီက မောင်ငယ်ကို အပြင်ခေါ်သွားတယ်” လို့ ဆက်ပြောတယ်။
“လာ… နှင်းဆီခြံထဲ သွားရအောင်” လို့ ကျွန်တော်က ပြောလိုက်တယ်။
ဘက်တီနဲ့ ကွဲကတည်းက၊ မျိုးမြတ်အောင်ဇံနဲ့ ရကတည်းက၊ စံရွှေဘော်က နှင်းဆီပန်းတွေကို ဂရုစိုက်ပြီး စိုက်တယ်။ နှင်းဆီတွေ ပွင့်လာရင် ထိုင်ကြည့်နေတတ်တယ်။ သူ့မိန်းမကလည်း နှင်းဆီပန်းတွေကို မငြိုငြင်ဘူး။ မငြိုငြင်ဆို ကွန်ဗင့်တုန်းက သူ့နာမည်က ရိုစီကိုး။ အခု၊ ပါရဂူကြီးဖြစ်တဲ့အထိ စံရွှေဘော်က အလုပ်က ပြန်လာတိုင်း နှင်းဆီပင်တွေအနားမှာ ထိုင်ပြီး ဝီစကီတစ်ခွက် သောက်တယ်။ ခုတော့၊ ကိုယ်တိုင် သိပ်မလုပ်နိုင်တော့ အလုပ်သမား နှစ်ယောက်တောင် ငှားထားတယ်လို့ ကြားရတယ်။ စံရွှေဘော်က သူ ထိုင်နေကျ ခုံတန်းလျားကလေးပေါ်မှာ ထိုင်နေတယ်။ သူ့ဘေးမှာ သူ့မိန်းမ။ သူ့မိန်းမ ညီမက ရှေ့နားက ခုံမှာ။ ကျွန်တော်တို့နှစ်ယောက်ကို တွေ့တော့ သူတို့အားလုံး အံ့သြသွားကြတယ်။ စံရွှေဘော့် သမီးကလေးက အိမ်ထဲမှာပဲ နေရစ်ခဲ့တယ်။ ကျွန်တော်တို့ အာလာပ သလ္လာပနဲ့ အရည်မရ အဖတ်မရတဲ့ အကြောင်းတွေ အတော်ကြာအောင် ပြောလိုက်ကြတယ်။ နာရီဝက် သာသာလောက် ကြာသွားတယ်။
“ဧည့်သည်ကို တစ်ခုခုတော့ ကျွေးကြဦးလေဟာ” လို့ ငြိမ်းမောင် ပြောလိုက်တယ်။ ဒီတော့မှ၊ အရည်မရ အဖတ်မရတဲ့ အကြောင်းတွေ ပြောနေတာ ရပ်သွားတယ်။ ညီအစ်မနှစ်ယောက်သား ထိုင်ရာက ထတယ်။ ငြိမ်းမောင်က အငယ်မ မျိုးလှအောင်ဇံကို လှမ်းပြောလိုက်ပြန်တယ်။
“နင်က အငယ်ပဲ။ အလိုက်ကမ်းဆိုးတော့ သိမှပေါ့”
ကျွန်တော်ကလည်း ဝင်ပြောလိုက်တယ်။
“ဂျက်စမင်၊ နင်၊ အဲဒါကြောင့် အပျိုကြီးဖြစ်နေတာ”
“အေ၊ နင်ကမှ ငါ့ကို မကြိုက်ဘဲ” လို့ သူက ပြန်ပက်ရင်း လှည့်ထွက်သွားတယ်။ ဂျက်စမင်နဲ့ ကျွန်တော်က ငယ်ငယ်ကတည်းက စကား အနိုင်လုနေကျ။ ငြိမ်းမောင်က ရိုစီကို လှမ်းပြောလိုက်ပြန်တယ်။
“ဟေး၊ ရို့(စ)၊ နင်တို့ တပည့်တွေ ကန်တော့ထားတဲ့အထဲ ဝီစကီ ကောင်းကောင်းတစ်လုံးနဲ့ မုံရွာဝက်အူချောင်းလေး ဘာလေး ချဟာ။ ဒီကောင့်ကို ကျွေးရအောင်”
စံရွှေဘော်က ကျွန်တော် ကြိုက်တဲ့ ဝီစကီနာမည် လှမ်းပြောပြီး၊ ဝီစကီသောက်တဲ့ ဖင်ထူထူဖန်ခွက်တွေ ယူခဲ့ခိုင်းတယ်။ သူတို့ညီအစ်မ နှစ်ယောက် အိမ်ထဲဝင်သွားတော့ စံရွှေဘော်ကို ကျွန်တော်ကပဲ၊ စပြီး ပြောလိုက်တယ်။
“မင်းတို့ သားအဖအကြောင်း ကြားပြီးပြီ။ အဲဒီလို မဖြစ်သင့်ဘူးလို့ ငါ ထင်တယ်။ အထူးသဖြင့် မင်းလိုကောင်က၊ ဒီလိုကိစ္စမျိုးတွေကို ပိုပြီး နားလည်မယ်လို့ ငါ ထင်တယ်”
စံရွှေဘော်က ဘာမှပြန်မပြောဘူး။ အတော်ကြာသွားတယ်။ ငြိမ်းမောင်က ထပြီး နှင်းဆီပွင့်တချို့ကို ကြည့်နေတယ်။
“ငါ မှားသွားတယ်” လို့ စံရွှေဘော်က ပြောတယ်။ အတော်ကြာအောင် ဘာမှမပြောသေးဘဲ နေပြီးမှ ဆက်ပြောတယ်။
“အဖေဆိုတော့ ကိုယ့်သားသမီးကို ဖြစ်စေချင်တာပဲ။ ဒီတော့၊ တခြားလူတစ်ယောက်မှာလည်း ခံစားချက်တွေ ရှိပါသလား ဆိုတာတွေ မေ့သွားတာပေါ့”
“ဟုတ်တယ်”လို့ ကျွန်တော်က ကြားဖြတ် ပြောလိုက်တယ်။ “မင်း မိဘ၊ ငါ့မိဘတွေတုန်းကလည်း သားသမီးတွေကို ဖြစ်မြောက်စေချင်လို့ အစစ စီမံပေးခဲ့ကြတယ်။ မကောင်းဘူး၊ မလုပ်သင့်ဘူးလို့ ငါ မပြောဘူး။ ဒါပေတဲ့၊ တခြားတစ်ဖက်က ပြောရရင် ကိုယ့်သားသမီးအပေါ်မှာ ယုံကြည်မှု မရှိလို့ပဲ။ ငါတို့ မိဘတွေ ဖြစ်လာတော့၊ တို့သားသမီးအပေါ်မှာ တို့ ယုံကြည်မှုရှိတယ် ဆိုတာ ပြဖို့ လိုတယ်လို့၊ ငါတော့ ထင်တယ်”
စံရွှေဘော်က ဘာမှပြန်မပြောဘူး။ ငြိမ်းမောင်က ကုလားထိုင်မှာ ပြန်ထိုင်ပြီး နားထောင်နေတယ်။ ကျွန်တော်က ဆက်ပြောလိုက်မိတယ်။
“ချစ်ခြင်း ဆိုတာတောင် အစားထိုးလို့ရတယ် ဆိုတဲ့ အမြင်မျိုးတွေ ရှိခဲ့တာပဲ။ တကယ်တော့၊ ချစ်ခြင်းဟာ ပုဂ္ဂလိက သိမှတ်ခံစားနိုင်မှု ဘောင်ထဲ ထွက်သွားတဲ့ဟာတစ်ခုပဲ။ ဘာဆင်ခြေမှ မရှိတဲ့ဟာ တစ်ခု။ ဒါပေတဲ့၊ တို့တစ်တွေဟာ ချစ်ခြင်းဆိုတာကို ဆင်စီးလို့ မြင်းရံတဲ့ စံနဲ့ တိုင်းတာပြီး၊ ဆင်ခြင်ခြင်းရဲ့ဘောင်ထဲ အတင်းပြန်သွင်းပြီး အလွှဲအပြောင်း လုပ်လို့ရတဲ့ဟာ။တစ်ခုလို့ မြင်ခဲ့ကြဖူးတယ် မဟုတ်ဘူးလား”
စံရွှေဘော်က ဘာမှ ဝင်မပြောဘူး။ ဂျက်စမင်က ဝီစကီပုလင်းနဲ့ ဖန်ခွက်တွေ ယူလာတယ်။ စားပွဲပုကလေးပေါ်မှာ တင်လိုက်တယ်။ ငြိမ်းမောင်က ဝီစကီပုလင်းကို ဖွင့်ပြီး ဖန်ခွက်တွေထဲ ထည့်လိုက်တယ်။ ကျွန်တော်က ဂျက်စမင်ကို လှမ်းကြည့်ရင်း စကားဆက်ပြောလိုက်တယ်။
“တစ်ခါတုန်းက မိန်းမတွေကို သိပ်ချစ်တတ်တဲ့ လူတစ်ယောက်က ငါ့ကို ပြောဖူးတယ်။ သူ ချစ်တယ်ဆိုတာက ပန်းပွင့်ကလေးတွေ ပွင့်နေတာကို ထိုင်ကြည့်နေချင်တာမျိုးတဲ့။ အဲဒီတုန်းကတော့၊ ချစ်ခြင်းဆိုတာ ပန်းကလေးတွေ ပွင့်တာကို ကြည့်ပြီး သာယာတာမျိုးပဲလို့ပဲ၊ ငါ နားလည်လိုက်ခဲ့မိတယ်”
ကျွန်တော် စကားပြောတာ ခဏရပ်လိုက်တော့၊ ငြိမ်းမောင်က ဝီစကီဖန်ခွက် လှမ်းပေးတယ်။ ငြိမ်းမောင်က စံရွှေဘော်ကိုလည်း တစ်ခွက် လှမ်းပေးလိုက်တယ်။ ကျွန်တော်က တစ်ငုံသောက်ပြီး၊ စံရွှေဘော်ကို လှမ်းကြည့်ရင်း စကားဆက်လိုက်တယ်။ စံရွှေဘော်က ကျွန်တော့်ကို စိုက်ကြည့်နေတယ်။
“ပန်းကလေးတွေကို ကြည့်ပြီး သာယာနေတာ၊ ချစ်နေတာဟာ သာယာမှုသက်သက် မဟုတ်ဘူး။ ယုံကြည်မှုလည်း ပါတယ်။ ယုံကြည်မှု ဆိုတာက ဒီပန်းကလေးတွေမှာ ဖူးနိုင်ခွင့်၊ ပွင့်နိုင်ခွင့် ရှိတယ်။ ပန်းကလေးတွေမှာ သီးခြား စွမ်းဆောင်နိုင်မှုတွေ ရှိတယ်။ ပန်းကလေးတွေရဲ့ သီးခြား ဖြစ်တည်နေမှုအပေါ် ယုံကြည်ပြီး တန်ဖိုးထားနေတာပဲ။ ချစ်ခြင်းဟာ ဒါပဲ။ အဲဒီလောက်အထိ ရိုးတယ်။ လှတယ်၊ လွတ်လပ်တယ်…”
ကျွန်တော်က စကားပြော ရပ်လိုက်တယ်။ အာခြောက်သွားတယ်။ ဖန်ခွက်ထဲက ဝီစကီ အတော်များများ ထပ်သောက်လိုက်တယ်။ စံရွှေဘော်က ခပ်လှမ်းလှမ်းကို ကြည့်နေတယ်။ ဂျက်စမင်က စိတ်ဝင်စားနေပုံ ရတယ်။
“မစ်ကီ၊ ချစ်တယ်ဆိုတာက ပန်းပွင့်ကလေးတွေ ပွင့်နေတာကို ထိုင်ကြည့်နေချင်တာမျိုး ဆိုတာ ဘယ်သူက ပြောတာလဲ။ သိပ်လှတဲ့ Allegory ပဲ” လို့ ဂျက်စမင်က ဝင်ပြောတယ်။
ကျွန်တော်က စံရွှေဘော်ကို လှမ်းကြည့်လိုက်မိတယ်။ သူက ကျွန်တော့်ကို လှမ်းကြည့်တယ်။ ကျွန်တော်က ဂျက်စမင်ဘက် လှည့်ပြီး ပြော လိုက်တယ်။
“ကြာပြီဟယ်။ ဘယ်သူဘယ်ဝါရယ်လို့ မမှတ်မိတော့ဘူး။ ဒါပေတဲ့ ငါ့ခေါင်းထဲမှာ အဲဒီအကြောင်းက စွဲနေတယ်”
ကျွန်တော် ဘာမှ ဆက်မပြောတော့ဘူး။ ဘယ်သူကမှလည်း ဘာမျှ မပြောကြဘူး။ အားလုံး ငြိမ်နေတယ်။ ကျွန်တော်က စံရွှေဘော်ကို လှမ်းကြည့်လိုက်တယ်။ သူက ကျွန်တော့်ကိုကြည့်ရင်း မသိမသာ ပြုံးနေတယ်။ ခေါင်းကို မသိမသာ ညိတ်နေတယ်။ ကျွန်တော်က ခပ်သာသာ ပြန်ပြီး ပြုံးပြလိုက်တယ်။ ငြိမ်းမောင်က ဖန်ခွက်ကို မျက်နှာနား ကပ်ကြည့်နေတယ်။ အားလုံး ငြိမ်နေတုန်း ငြိမ်းမောင့်စကားသံ ကြားလိုက်ရတယ်။
“နှစ်ချို့ဝီစကီများ ကောင်းတယ်ဆိုတာက နှစ်ချို့နေလို့ပဲ။ တံဆိပ်ကြောင့်၊ ပုလင်းကြောင့်၊ ဖန်ခွက်ကြောင့် မဟုတ်ဘူး။ ဝီစကီတောင် အသားကျဖို့ဆိုတာ အချိန်လိုတယ်”
❏
၂ဝဝ၄။
အလကားကောင်တွေနဲ့ ရောပြီး ရယ်လိုက်မိတယ်1
အကြံက ဂျပုငြိမ်းမောင် အကြံ။ တို့တွေ ဆုံတုန်း ညနေ အရက် သွားသောက်ကြရအောင်၊ တဲ့။ အောင်မင်းကို လှမ်းခေါ်လိုက်မယ်တဲ့။ ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ ဘသွင်က မေးတယ်။ ဘယ်၊ အောင်မင်း တုံး၊ တဲ့။ ကျွန်တော်လည်း အဲဒါ မေးမလို့ပဲ။ သူက မေးလိုက်တော့၊ ကျွန်တော် မေးစရာမလိုဘူး။ ဆိတ်ချေးအောင်မင်း၊ လေလို့ ငြိမ်းမောင်က ဖြေတယ်။ အောင်မင်းတွေ များတော့၊ အဲဒီကောင်ကို ဆိတ်ချေးလို့ ခေါ်ကြတယ်။ စကားများလွန်းလို့ ဆိတ်ချေးတစ်ပိဿာ ဗိုက်ထဲဝင်တာတောင် ဝင်လို့ဝင်မှန်း မသိတဲ့၊ အမတ်ကြီးအကြောင်း ပုံပြင်ကို မှီးပြီး၊ သူ့ကို ခေါ်ကြတာ။ ဟကောင်၊ ဆိတ်ချေးက အခု စင်ကာပူမှာ။ သင်္ဘောမှာ ကပ္ပတိန်ဆိုလားပဲ။ မင်းက၊ အဲဒီ လှမ်းခေါ်မလို့လား။ အခုပဲ နှစ်နာရီ ထိုးနေပြီ။ ဒီနေ့တော့ မရောက်တတ်ဘူး၊ လို့ ဘသွင်က ဘီယာခွက်ကိုင်ရင်း ပြောတယ်။ ပြီးတော့ ရယ်တယ်။
ငဘကြီး ခေါ်ပါလားလို့ ကျွန်တော်က ပြောတယ်။ ခွီးခနဲ ဘသွင်က ရယ်လိုက်တာ ပါးစပ်ထဲက ဘီယာတွေတောင် ထွက်လာတယ်။ ငြိမ်းမောင်က ကျွန်တော့်ကိုကြည့်ရင်း မင်း၊ ဘယ်သွားသေနေသလဲ တဲ့။ ငါနဲ့ မတွေ့တာ ကြာပြီ။ အရင်ကတော့ ငါ ဖုန်းဆက်သေးတယ်။ နောက်တော့၊ ဆက်လို့ကို မရဘူး၊ လို့ သူ့ကို ပြန်ဖြေလိုက်တယ်။ ဘသွင်က ဘီယာခွက် ချပြီး၊ မြေပဲဆီကြော် ဝါးရင်း၊ ခု၊ ငဘက ဘရားဆဗ် ဖြစ်နေပြီ၊ ငါ့လူရဲ့။ အရက်မသောက်ဘူး။ ဘုရား တက်တယ်။ ပုတီးစိပ်တယ်။ မင်းလို၊ ငါလို အလကားကောင်တွေနဲ့ မပေါင်းတော့ဘူး။ အသေဝနာစ ဗာလာနံကိုးကွလို့ ငြိမ်းမောင်က ဝင်ပြောတယ်။ ဘီယာခွက်ထဲ ထပ်ဖြည့်ရင်း ကျွန်တော့်ကို မော့ကြည့်တယ်။ ဘသွင် ပြောတာ မှန်တယ်။ မင်းတို့လို ကောင်တွေနဲ့ ပေါင်းတော့ ဘာအကျိုးရှိမှာမို့လဲ၊ လို့ ပြောတယ်။ ဒီကောင်က၊ မိန်းမလည်း ကြောက်ရပုံရတယ်လို့ ဘသွင်က ထပ်ပြီးကွန့်တယ်။
ဒင်းနစ် ရောလို့ ကျွန်တော်က ပြောမိပြန်တယ်။ ဒီတော့၊ ဘသွင်က ဘီယာခွက်ကို ချလိုက်ရင်း မျက်မှောင်ကုတ်ပြီး ကြည့်တယ်။ ငါ့နား မထိုင်နဲ့။ ဝေးဝေး သွားထိုင်ချေ။ ငါ ထကန်မိမယ်လို့ ပြောတယ်။ ဘာလို့တုံးလို့ ကျွန်တော်က မေးတယ်။ ဒီကောင်၊ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်နေတာ ကြာပြီလို့ ငြိမ်းမောင်က ပြောတယ်။ ဘာလို့တုံးလို့ ထပ်မေးမိတယ်။ ဘသွင်က ပြောတယ်။ ဒီကောင်က အခု၊ ဘရား၊ ဘရား၊ ဘရား ဆဗ်ကွ။ ဒီတော့၊ ဘာဖြစ်တုံးလို့ ကျွန်တော်က ဖြတ်မေးလိုက်တယ်။ သူငယ်ချင်းတွေ ဆုံတုန်း စုပြီး အရက်သောက်ကြတာပဲ။ ဘာဖြစ်လို့လဲ လို့လည်း တစ်ဆက်တည်း မေးလိုက်မိတယ်။ စကားပြောရတာ တယ် လက်ဝင်သကိုး၊ လို့ သူက ပြန်ပြောတယ်။ ဒီတော့၊ ငြိမ်းမောင်က ပြောတယ်။ တို့က၊ အရက်သောက်ခေါ်လို့ သူက ဘယ်လာမှာတုံး။ ကျွန်တော်က အံ့အားသင့်သွားတယ်။ ဒီတော့၊ မေးလိုက်မိပြန်တယ်။ ဘာလို့တုံး။ ဒီတော့၊ ငြိမ်းမောင်က ဘသွင်ကို လှမ်းကြည့်လိုက်ရင်း မင်းပြောတာ မှန်တယ်။ ဒီကောင်နဲ့ စကားပြောရတာ လက်ဝင်တယ်၊ လို့ ပြောတယ်။
ကျွန်တော်က ဘာလို့လဲလို့ ထပ်မေးမလို့ပဲ။ မမေးဖြစ်သေးခင်၊ ဘသွင်က ပြောတယ်။ ငဘတောင် တို့နဲ့ လာအရက်မသောက်တော့မှတော့၊ ဒင်းနစ်က လာမယ်တဲ့လား။ မင်း၊ ခေါင်းကလေး ဘာလေး သုံးပြီး စဉ်းစားကြည့်စမ်းပါ။ ကျွန်တော်က စဉ်းစားပြီးပြီးသား။ အရက်သောက်ဖို့ ခေါ်တာပဲ။ ဘာငြင်းစရာရှိလို့လဲ။ သူငယ်ချင်းတွေ။ ထိပ်ပုတ်ခေါင်းပုတ်၊ ပြောမနာ၊ ဆိုမနာတွေ။ ဒီတော့၊ ဘာလို့တုံးလို့ပဲ ထပ်မေးလိုက်မိတယ်။ ဘသွင်က ဘာမှပြန်မပြောဘူး။ ခေါင်းခါပြီး ဂျပုကို လှမ်းကြည့်တယ်။ ဂျပုက ကျွန်တော့်ကို ကြည့်နေပြီး ဘာမှမပြောဘူး။ သူ့ရှေ့က ပန်းကန်ထဲက၊ မြေပဲနဲ့ရောနေတဲ့ သီဟိုဠ်စေ့များ ရှိသေးလားလို့ ရှာနေတယ်။ ရှာမရတော့မှ မြေပဲတစ်စေ့ကို ယူပြီးဝါးရင်း ကျွန်တော့်ကို လှမ်းပြောတယ်။ ခုနေ၊ မင်း ဂလိုက်ဒါကို လှမ်းခေါ်တော့၊ ဟိုကောင်က လာမှာ မဟုတ်ဘူးတဲ့။ ဘယ်သူဘယ်ဝါ သိပ်မသေချာလို့ ကျွန်တော်က မေးလိုက်မိတယ်။ မောင်အုန်းကို ပြောတာလား။
အေ၊ ဟုတ်တယ်။ လေစီးကြောင်းများ မိသွားလို့ကတော့ လေဟုန်စီးပြီး နေတော့တဲ့ အကောင်။ မောင်အုန်းလေလို့ ဘသွင်က ပြောတယ်။ ကျွန်တော်က အံ့အားသင့်မိတယ်။ ဒီကောင်က လတ်လျားလတ်လျား နေတဲ့ အကောင်ပဲ။ ဘာများ မအား ဖြစ်နေစရာရှိလို့တုံး။ ကျွန်တော့်စကား မဆုံးခင်၊ နှစ်ယောက်သား ဝါးခနဲ ရယ်လိုက်ကြတယ်။ ပြီးတော့၊ ဘသွင်က ငြိမ်းမောင်ကို ဘီယာပုလင်းလွတ်ကို လက်ညှိုးထိုးပြတယ်။ ထပ်မှာခိုင်းတာပဲ။ ငြိမ်းမောင်က ထပ်မှာနေတုန်း ဘသွင်က ကျွန်တော့်ကို ပြောတယ်။ မောင်အုန်းက ကုမ္ပဏီလေးငါးခုမှာ ဒါရိုက်တာ၊ ငါ့လူရဲ့၊ တဲ့။ ဒီကောင်ရော၊ အရက်မသောက်တော့ဘူးလားလို့ ကျွန်တော်က ဖြတ်မေးတယ်။ သောက်တော့ သောက်တယ်။ တို့လို မသောက်ဘူး။ ဆီဒိုးနားတို့၊ ထရေးဒါးတို့မှာ သောက်တယ်။ သောက်ရင် သူ့စက်ကတ်ကြေးတောင် ပါသေးတယ်။ ဒီတော့၊ ကျွန်တော်က ကြားဖြတ်မေးမိတယ်။ စက်ကတ်ကြေးက ဘာလုပ်ဖို့တုံး။ ဒီတော့၊ နှစ်ကောင်စလုံး ရယ်ကြပြန်တယ်။
ဂျပုက စက်ကတ်ကြေး ဆိုတာက စက်ကက်တေရီကို ပြောတာဟ၊ လို့ ဖြတ်ပြောတယ်။ အဲဒါ ဘာဖြစ်တုံးလို့ ကျွန်တော်က မေးလိုက်တယ်။ ကုမ္ပဏီဒါရိုက်တာ ဆိုမှတော့၊ စက်ကက်တေရီ လိုမှာပေါ့ဟလို့လည်း ဆက်ပြောလိုက်မိတယ်။ ဒီတော့၊ သူတို့နှစ်ယောက်စလုံးက ပြုံးတယ်။ သူ့ရုံးခန်းများဆို၊ တောက်ပြောင်နေတာ။ အခန်းထဲဝင်ရင် ဖိနပ်ချွတ်ရတယ်ကွ။ သူနဲ့တွေ့ဖို့ အပွိုင့်မင့်လုပ်ရတယ်။ စက်ကက်တေရီက လေးယောက်တောင်။ သူ့အခန်းက တစ်ဖက်ကြည့်မှန် တပ်ထားတယ်။ သူ့အခန်းထဲက အပြင်ကို မြင်ရတယ်။ အပြင်က သူ့အခန်းထဲကို မမြင်ရဘူး။ လေအေးစက်တပ်ထားတဲ့ အခန်း…။ ဘသွင်က အရှည်ကြီး ပြောပြနေတယ်။ ကျွန်တော်က နောက်ထပ်ရောက်လာတဲ့ ဘီယာပုလင်းကို အေး၊ မအေး လက်နဲ့တို့ကြည့်လိုက်တယ်။ ငြိမ်းမောင်က တစ်လုံးယူပြီး၊ ကျွန်တော့် ဖန်ခွက်ထဲ ထည့်ပေးတယ်။ အခန်းက ပူနေတော့ ချက်ချင်း ဘီယာခွက်၊ မှုန်သွားတယ်။ ဒီလိုဆို၊ မောင်အုန်းကို လှမ်းခေါ်လည်း လာမှာ မဟုတ်ဘူးလား၊ လို့ ကျွန်တော်က မေးလိုက်မိတယ်။
ဘယ်သူမှ ပြန်မဖြေကြဘူး။ အတော်ကြာမှ ဘသွင်က ငြိမ်းမောင်ကို ကြည့်ရင်း၊ တို့ ခေါ်ရင်တော့ လာချင်လာမယ်လို့ ဖြေတယ်။ မင်းတို့ ခေါ်ရင် လာရအောင်၊ မင်းတို့က ဘာမို့တုံးလို့ ကျွန်တော်က မေးလိုက်မိတယ်။ ဘသွင်က ကျွန်တော့်ကိုကြည့်ရင်း၊ ငါနဲ့တော့ ဘာမှ မပတ်သက် ဘူး။ ဒီကောင်နဲ့က အဆက်အဆံ ရှိတယ်လို့ ပြောတယ်။ ဘသွင်က ဘာမှ မပြောဘူး။ ဘီယာခွက်ကိုယူပြီး ဖြည်းဖြည်းချင်း သောက်နေတယ်။ ငြိမ်းမောင်တို့ အပတ်မင့်ရှိတဲ့ တိုက်ခန်းထဲမှာ၊ မောင်အုန်း ပိုင်တဲ့ အပတ်မင့် ရှိတယ်။ သူက အလုပ်ချိန်ပြီးလို့၊ အိုဗာတိုင်တွေ ဘာတွေ လုပ်စရာ ရှိရင် အဲဒီမှာ လာလုပ်တယ်။ ငြိမ်းမောင်က တစ်တိုက်တည်းဆိုတော့ စောင့်ရှောက်ထားတာပေါ့ကွာ လို့ ဘသွင်က ပြောတယ်။ ပြီးတော့မှ၊ ဟဲဟဲလို့ ရယ်ရင်း မဟုတ်ဘူးလား ငြိမ်းမောင်လို့ ပြောတယ်။ ငြိမ်းမောင်ကတော့ ဘာမှပြန်မပြောဘူး။ မင်း ပြောတော့ မောင်အုန်းက ကုမ္ပဏီ ဒါရိုက်တာဆို။ ခိုင်းစရာလူ မရှိဘူးလား။ ကုမ္ပဏီဒါရိုက်တာ ကိုယ်တိုင်၊ အိုဗာတိုင် လုပ်ရတယ်ရယ်လို့ကွာ။ မဟုတ်သေးပါဘူးလို့ ၊ ကျွန်တော်က ကောက်ချက်ချလိုက်မိတယ်။
ကိုယ်တိုင်လုပ်မှ ဖြစ်မယ့်ဟာမျိုး နေမှာပေါ့ကွာလို့၊ ဘသွင်က ပြောတယ်။ ဟုတ်တာပဲ။ သူ့မှာ၊ အရေးတကြီး သူကိုယ်တိုင်လုပ်ရမှာတွေ ရှိမှာပေါ့လို့ ကျွန်တော်က ကောက်ချက်ချလိုက်မိပြန်တယ်။ ဒီတော့၊ သူတို့နှစ်ယောက်စလုံး ပြုံးတယ်။ ဘသွင်ကတော့ ခွီးခနဲ ရယ်လိုက်တဲ့ အထိ ဖြစ်သွားလို့၊ ပါးစပ်ထဲက ဘီယာတွေ စီးထွက်လာပြန်တယ်။ ငြိမ်းမောင်ကတော့ ပြောတယ်။ ဟကောင်၊ ထူတာ သိပ်မကောင်းဘူး၊ တဲ့။ ကျွန်တော်ကတော့ သိပ်သဘောမပေါက်ဘူး။ သိပ်သဘောမပေါက်နိုင်တာကို ထူတယ် ခေါ်ရင်တော့၊ ကျွန်တော် ထူတာပဲ။ သူတို့ ဘာပြောတယ် ဆိုတာ ကျွန်တော် သဘောပေါက်ဖို့ မလွယ်ဘူးထင်တယ်။ ကျွန်တော် မကြိုးစားတော့ဘူး။ ဒီတော့၊ မှတ်ကြီးကို ခေါ်ကြည့်ပါလားလို့ ပြောလိုက်မိတယ်။ မဟုတ်က၊ ဟုတ်ကတွေကွာ။ မင်းနဲ့ မှတ်ကြီး မတွေ့တာ ဘယ်လောက် ကြာပြီလဲလို့ ဘသွင်က မေးတယ်။ ခြောက်နှစ်၊ ခုနစ်နှစ် မကဘူး ထင်တယ်၊ လို့ ကျွန်တော်က ဖြေလိုက်တယ်။ ဘသွင်က ငြိမ်းမောင်ကို ပြောပြလိုက်စမ်းဆိုတဲ့ သဘောမျိုးနဲ့ အသာ မေးငေါ့ပြလိုက်တယ်။
ဒီကောင် ကိုရီးယားက ပြန်လာကတည်းက မင်းနဲ့ မတွေ့သေးဘူး ထင်တယ်လို့ ငြိမ်းမောင်က ကျွန်တော့်ကို မေးတယ်။ ကျွန်တော်က ဘီယာသောက်နေရင်းမို့ ခေါင်းခါပြလိုက်တယ်။ မင်းအကောင် ကြီးပွားနေလိုက်တာ၊ ပြောမနေနဲ့တော့၊ တဲ့။ ငြိမ်းမောင်က စကားကို ခဏရပ်ပြီး ဘီယာတစ်ငုံ သောက်လိုက်တယ်။ ပြီးတော့ ဆက်ပြောပြန်တယ်။ ငါတို့ကို မပြောနဲ့…။ မောင်အုန်း ပြောတာတစ်ခု ငါ ပြောပြမယ်။ တစ်နေ့၊ သူ့ကားနဲ့ မှတ်ကြီးကား မီးပွိုင့်မှာ ဆုံတော့၊ မှတ်ကြီးက ကားထဲကနေ သူ့ကို လက်ပြသတဲ့။ ဒီတော့၊ မောင်အုန်းကလည်း ကျောင်းတုန်းက သူငယ်ချင်းတွေပဲ ဆိုတဲ့ သဘောနဲ့ ကားမှန် အသာချပြီး လေးလေးစားစားနဲ့ ပြန်လက်ပြလိုက်တယ်။ အဲဒါကို မှတ်ကြီးက ကားထဲကနေပဲ မလှုပ်မယှက်နဲ့ ပြုံးပြီး လက်ပြနေလိုက်တာများ အင်္ဂလန်က ဘုရင်မကြီး အမေ လက်ပြသလိုပဲတဲ့။ ငါကတော့ ဘုရင်မကြီးအမေ ဘယ်လိုလက်ပြတယ် ဆိုတာ မမြင်ဖူးတော့၊ ဘယ်လိုတုံးလို့ သေချာအောင် ကျွန်တော်က မေးကြည့်ရသေးတယ်။ မောင်အုန်းက လုပ်ပြသေးတာ။ မောင်အုန်းက ပြောတယ်။ ခုဆို၊ ဒီကောင်က ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ တွေ့ရင်၊ အဲသလိုမျိုး ပြုံးပြုံးပြီး လက်ပြတယ် ဆိုပဲ။ ဒီတော့၊ ကျွန်တော်က ကြားဖြတ်ပြီး၊ လက်ပြတာ၊ ပြုံးပြတာ ဘာဖြစ်လို့တုံး။ မင်းတို့ဘာသာ ဣဿာမစ္ဆရိယ ဖြစ်နေကြတာ နေမှာပါကွာလို့ ပြောလိုက်တယ်။
မင်း ခေါ်ချင်ခေါ်ကြည့်။ ငါ့မှာ သူ့ဖုန်းနံပါတ် ရှိတယ်။ ငါတော့ မဆက်နိုင်ဘူးလို့ ဘသွင်က ပြောတယ်။ ဒီလိုဖြင့်၊ နောက်မှ ခေါ်တာပေါ့လို့ ကျွန်တော်က လေပြည်ထိုးလိုက်ရတယ်။ ဖုန်းမြင့်တစ်ယောက်ကော လို့လည်း မေးလိုက်မိတယ်။ အေ၊ ဟုတ်တယ်လို့ ငြိမ်းမောင်က ပြောတယ်။ ဘာဟုတ်မှန်းတော့ မသိဘူး။ ဒီတော့၊ ဘသွင်က ဟုတ်တယ်။ ဒီကောင်နဲ့ဆို စကားပြောလို့ ဖြစ်တယ်၊ တဲ့။ ဖုန်းမြင့်က ဘာလုပ်နေတုံးလို့ ကျွန်တော်က မေးတော့၊ ငြိမ်းမောင်က ဖြေတယ်။ ဒီကောင်က၊ စာရေးဆရာ။ ပါချီပါချက် မဟုတ်ဘူးတဲ့။ တစ်အုပ်ကို သုံးလေးသောင်း ရတာလို့ ဘရွှေက ဝင်ပြောတယ်။ ခေါ်လိုက်လေကွာလို့ ကျွန်တော်က ပြောလိုက်တယ်။ ဘရွေက ငြိမ်းမောင်ကို ကြည့်ပြီး ဘယ်ကိုဆက်ရင် ကောင်းမလဲလို့ မေးတယ်။ ဒီကောင့်မှာ မိုဘိုင်းလ်ဖုန်း မရှိဘူးလားလို့ ကျွန်တော်က ဖြတ်မေးလိုက်မိတယ်။ ငြိမ်းမောင်က ကျွန်တော့်ပခုံးကို အတော် ကြင်နာတဲ့ပုံမျိုးနဲ့ ပုတ်လိုက်ရင်း၊ မသိရင် မသိသလိုနေ ကြားလားလို့ ပြောတယ်။ ဘာမှန်းတော့ မသိဘူး။ ဟုတ်တော့၊ ဟုတ်တယ်။ မသိရင် မသိသလို နေရမှာပဲ။ ဒီတော့၊ ကျွန်တော် ပါးစပ် အသာပိတ် နေလိုက်တယ်။ ငြိမ်းမောင်က ခါးကြားက မိုဘိုင်းလ်ဖုန်းကို ထုတ်ပြီး ဘရွှေကို လှမ်းပေးရင်း၊ မဟေသီတို့၊ စတိုင်သစ်တို့ဆီ ဆက်ကြည့်ကွာ၊ လို့ ပြောလိုက်တယ်။
စာရေးဆရာဆိုတော့၊ ဒီကောင်က အေးအေးပဲလို့ ငြိမ်းမောင်က ကျွန်တော့်ကို လှမ်းပြောတယ်။ ဘသွင်ကတော့ တယ်လီဖုန်းကို ဟိုနှိပ် ဒီနှိပ် လုပ်ပြီး ဆစ်ဂနယ်မရဘူး။ အပြင်သွားဦးမယ်လို့ ပြောပြီး အခန်းပြင် ထွက်သွားတယ်။ ငြိမ်းမောင်က သူ့စကား ပြန်ဆက်တယ်။ ဒီကောင်ကတော့ အရင်အတိုင်းပဲ။ တိုင်းကျော်ပြည်ကျော် စာရေးဆရာ ဖြစ်ပေတဲ့၊ ဖုန်းမြင့်ဟာ ဖုန်းမြင့်ပဲ။ အရင်က အတိုင်းပဲ။ ချစ်ဖို့ကောင်းတယ်။ လွယ်အိတ်တစ်လုံး လွယ်ပြီး လမ်းလျှောက်နေတာပဲ။ ကျွန်တော်က ဖြတ်မေးလိုက်မိပြန်တယ်။ စီးကရက် သောက်သေးလား။ သောက်သေးတယ်၊ တဲ့။ ကလပ်ဂေဘဲကြီး ခဲသလို ခဲတတ်တယ်တဲ့။ ဒီကောင်၊ အချစ်ဝတ္ထု ရေးဖို့ ကောင်းတယ်။ ဒီကောင့်မှာ ဝေဒနာကလေးတွေ ရှိတယ်လို့ ကျွန်တော်က ထပ်ပြီး ပြောလိုက်မိတယ်။ အေလို့ ငြိမ်းမောင်က ဖြေတယ်။ သောက်ကော သောက်သေးရဲ့လားလို့ ကျွန်တော်က မေးလိုက်မိပြန်တယ်။ သောက်တော့ သောက်မှာပေါ့ကွာ။ မင်းတို့၊ ငါတို့ သောက်သလို သောက်ချင်မှတော့ သောက်မှာပေါ့လို့ ငြိမ်းမောင်က ဖြေတယ်။ တို့တစ်တွေ အကြားမှာ မပြောင်းလဲတာ သူပဲ။ သူ့တော့၊ အားလုံး ခင်ကြတယ်၊ လို့ သူက ဖြည့်ပြောတယ်။ ထပ်ပြောပြန်တယ်။ ဟိုကောင်တွေ… ငဘတို့ တစ်တွေကအစ၊ လမ်းတွေ့ရင် ခေါ်ခေါ်ပြောပြော ရှိကြတယ်။ တို့ကိုသာ၊ သောက်ဖက်မလုပ်ကြတာ။
မင်းတို့ကလည်း လုပ်ချင်စရာကိုးလို့ ကျွန်တော်က ပြောတော့၊ ဂျပုက ဘာမှပြန်မပြောဘူး။ ဒီကောင်ရော၊ တို့ ခေါ်တာ လာပါ့မလား လို့ ကျွန်တော်က မေးလိုက်တယ်။ အဆက်အသွယ်ရရင်တော့ လာမှာပါ။ စာရေးဆရာပဲ။ သူငယ်ချင်း အပေါင်းအသင်းကို ခင်တတ်တာပဲ။ စာရေးဆရာမှာ သူငယ်ချင်းတွေအတွက် အချိန်တွေ အများကြီးပဲ မဟုတ်လားလို့ ငြိမ်းမောင်က ဖြေသလိုလိုနဲ့ ကျွန်တော့်ကို လှမ်းမေးတယ်။ ဘသွင် အခန်းထဲ ပြန်ဝင်လာတယ်။ ငါ နှစ်နေရာ၊ သုံးနေရာ မှာထားတယ်၊ လို့ ပြောပြီး ဖုန်းပြန်ပေးလိုက်တယ်။ ဘာပြောနေတာလဲ။ အချိန်တွေ အများကြီးပဲ ဆိုတာလို့လည်း မေးလိုက်တယ်။
စာရေးဆရာမှာ သူငယ်ချင်းတွေအတွက် အချိန်တွေ အများကြီးပဲ မဟုတ်လားလို့ ငြိမ်းမောင်က ငါ့ကို မေးနေတာလို့ ကျွန်တော် ပြောလိုက်တယ်။ စာရေးဆရာမှာ သူငယ်ချင်းတွေအတွက် အချိန်တွေ အများကြီး ရှိ၊ မရှိတော့ ငါ မသိဘူး။ တစ်နာရီမှာ စက္ကန့်ပေါင်း သုံးရာ့ခြောက်ဆယ် ရှိတာကို ပညာရှိတွေလောက်မှပဲ သတိထားမိကြတယ် ဆိုတာတော့ ငါ ကြားဖူးတယ်လို့ ကျွန်တော်က ပြောလိုက်တယ်။
ဘယ်သူက ပြောတာတုံးလို့ ဘသွင်က ဝင်မေးတယ်။ ကျွန်တော်က ပြန်ဖြေမယ် လုပ်နေတုန်း၊ ငြိမ်းမောင်က တို့လို အလကားကောင် တစ်ကောင်ကောင်က ပြောတာနေမှာလို့ ဖြတ်ပြောတယ်။ မဟုတ်ဘူး၊ လို့ ကျွန်တော်က ပြောလိုက်တယ်။ ဘယ်သူမှန်းတော့ သေသေချာချာ မမှတ်မိဘူး။ တွေးခေါ်ရှင်ကြီး တစ်ယောက်ယောက်က ပြောခဲ့တာပဲ၊ လို့ ထပ်ဖြည့်ပြီး ပြောလိုက်တော့ ဘသွင်က ခွီးခနဲ အသံထွက်အောင် ရယ်လိုက်တယ်။ သောက်မယ်လို့ လက်ထဲမှာကိုင်ထားတဲ့ ဘီယာခွက်ကို မသောက်သေးဘဲ စားပွဲပေါ် ပြန်တင်လိုက်တယ်။ သူသာ သောက်ထားရင် ပါးစပ်ထဲက ဘီယာတွေ ပြန်ထွက်လာဦးမှာ။ တွေးခေါ်ရှင်ဆိုတာ၊ တို့လို၊ အချိန်တွေပိုနေတဲ့ အလကားကောင် နေမှာပါကွာလို့ သူက ပြောရင်း၊ အားရပါးရ ရယ်လိုက်တယ်။ ငြိမ်းမောင်ကလည်း သောက်မယ် လုပ်နေတဲ့ ဘီယာခွက်ကို ချပြီး အားရပါးရ ရယ်လိုက်တယ်။ သူတို့ ရယ်နေကြမှတော့ ကျွန်တော်က ဘာဖြစ်လို့များ ပါးစပ်ပိတ် နေရတော့မှာတုံး။ အလကားကောင်တွေနဲ့ ရောပြီး ရယ်လိုက်မိတယ်။
❏
၂၀၀၄။
ပစ္စုပ္ပန်ကို ရှာမတွေ့နိုင်ကြသူများ
You must live in present, launch yourself on every wave, find your eternity in each moment.
Henry David Thoreau
တစ်နေ့တော့၊ ဟိုအကောင်က ဖုန်းဆက်တယ်။ အတော်ပဲ အံ့အားသင့်သွားမိတယ်။ ကျွန်တော့်ဆီ ရန်ကုန်ကနေ ဖုန်းဆက်တဲ့လူ ရှားတယ်။ ကျွန်တော့် ယောက်ဖတစ်ယောက်ကတော့ သူ့ အစ်မဆီ ဆက်လေ့ရှိတယ်။ ငြိမ်းမောင်တစ်ယောက်ပဲ နည်းနည်းထွေပြီး အိပ်မရရင် ဆက်တတ်တယ်။ ဒါကလည်း၊ ကျွန်တော် ချဲထားလို့။ တစ်ခါက၊ စားရင်း သောက် ရင်း ကျွန်တော်လည်း စိတ်ကူးပေါက်ပေါက်နဲ့ ချဲပစ်လိုက်ဖူးတယ်။ တတိယကမ္ဘာက လူတွေမှာ အက်တိကက်ဆိုတာ မရှိဘူး၊ ပရိုတိုကော(လ) ဆိုတာ နားမလည်ဘူးလို့ ငါ ဖတ်ရဖူးတယ်။ ဆယ်ခါ ဖုန်းဆက်လို့မှ တစ်ခါပြန်ပြီး ဖုန်းဆက်ရမှန်း မသိတဲ့ အကောင်တွေ။ အီးမေး(လ) ပို့ လို့မှ ပြန်ရမှန်း မသိတဲ့ အကောင်တွေ။ မင်းတို့နဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေနဲ့ ဘာကွာလို့လဲလို့ ပြောရင်း ချဲလိုက်မိတယ်။ အဲဒီကတည်းက၊ ငြိမ်းမောင်တစ်ယောက်က မူးလာရင် ဖုန်းဆက်တယ်။ သူ ဆက်တာ ည ဆယ်နာရီလောက် ဆိုတော့ ကျွန်တော့်ဆီမှာ သန်းခေါင်ကျော်နေပြီ။ မင်းဆွေကတော့၊ အီးမေး(လ) ပြန်ဖို့ ငှားထားတဲ့ ကောင်မလေး လာတဲ့အခါ အီးမေး(လ) ပြန်ပို့တယ်။ စာကတော့ တစ်ကြောင်း၊ နှစ်ကြောင်းပဲ။ သူ့အီးမေး(လ) ဖတ်ရတိုင်း သူ ပြောချင်တာနဲ့ ကောင်မလေး ရေးတာ တခြားစီလို ဖြစ်နေတာတော့ ရိပ်မိတယ်။
ဘော်နီ မင်္ဂလာဆောင်တော့မလို့၊ လို့ သူက ပြောတယ်။ မင်းသား၊ ဘော်နီလားလို့ ကျွန်တော်က မေးတော့ သူက၊ အေလို့ ဖြေတယ်။ ကောင်းသားပဲလို့ ကျွန်တော်က ပြောတော့၊ သူက အေလို့ပဲ ဖြေပြီး အတော်ကလေး ကြာအောင် ငြိမ်နေတယ်။ ပြီးမှ၊ မင်းတို့လင်မယား လာစေချင်တယ်ကွာလို့ ပြောတယ်။ ကျွန်တော်က တို့ ကြိုးစားမယ်လို့ ပြောပြီး ဘော်နီဟာ ငါ့သားလိုပဲ။ ငါ၊ လာနိုင်အောင် ကြိုးစားမယ်လို့ ပြောလိုက်တော့၊ တယ်လီဖုန်းထဲမှာ သူ့ရယ်သံ ကြားရတယ်။ ဘာရယ်တာလဲလို့ မေးတော့ မင့်၊ သားဆိုရင်တော့ ကောင်းတာပေါ့ကွာလို့ သူက ပြောတယ်။ ဘာကို သူ ဆိုလိုမှန်း ကျွန်တော် သဘောမပေါက်ဘူး။ ဒါပေတဲ့၊ ဘာမှ ထပ်မမေးတော့ဘဲ တခြားအကြောင်းတွေ ပြောပြီး တယ်လီဖုန်းမချခင်၊ မင်းဆီ ငါ ဖုန်းဆက်တယ်နော်။ ဒါဆို၊ မင်း ပြောပြောနေတဲ့ ပို့(စ) မော်ဒန် လောကကြီးရဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကြီးထဲ ဝင်လို့ရပြီလားလို့ ရလိုက်တယ်။ မြို့ကြီးပြကြီးသားတွေဟာ အသံကျယ်ကျယ်နဲ့ စကားမပြောကြဘူး။ ဝိုင်ကောင်းကောင်း သောက်တတ်တယ်။ ဝီစကီကို သူ့ဖန်ခွက်နဲ့မှ သူ သောက်တယ်။ မိန်းမတစ်ယောက်ကို တန်ဖိုးတစ်ခု အနေနဲ့ တန်ဖိုးထားတယ်။ ကာမဂုဏ်ခံစားဖို့ သက်သက်ရယ်လို့ မမြင်ဘူး။ မကြည့်ဘူး။ ပြောရရင် အများကြီးပဲ။ ဒီတော့၊ မင်းတို့မှာ လိုနေတာတွေ အများကြီး ရှိနေသေးတယ်လို့ ကျွန်တော်က ထပ်ပြီးပြောရင်း နောက်လိုက်မိတယ်။ သူက၊ ကျွန်တော် ပြောတာတွေကို မတုံ့ပြန်တော့ဘဲ လာနိုင်အောင် လုပ်ကွာ။ မင်းနဲ့ ငါ စကားပြောချင်တယ်လို့ ပြောတယ်။ ငြိမ်းမောင်တို့၊ မင်းဆွေတို့ သေကုန်ပြီလားလို့ ကျွန်တော်က မေးတော့၊ ငါပြောတာ ရှင်းရဲ့လား။ မင်းနဲ့ ငါ စကားပြောချင်တယ်လို့ ငါ ပြောတာ။ ဟိုအကောင်တွေနဲ့ ပြောချင်တယ်လို့ ပြောတာမဟုတ်ဘူးလို့ သူက ပြန်ပြောတယ်။ သူ့လေထဲမှာ သြဇာပေးချင်တဲ့အသံ ပါလာတယ်။ ကျွန်တော်လည်း အေး၊ ကွာလို့ပဲ ပြောပြီး စကားစ သိမ်းလိုက်တယ်။
ဒီအကောင်က၊ ငြိမ်းမောင်တို့၊ မင်းဆွေတို့လို မဟုတ်ဘူး။ ငယ်ငယ်ကတည်းက သူ့စည်းသူ့ကမ်း၊ သူ့မူသူ့ဟန်နဲ့ နေတဲ့ကောင်မျိုး။ မေတ္တာတရား အခြေခံနဲ့ နေတဲ့ကောင်၊ သည်းခံနိုင်တဲ့ ကောင်မျိုးလို့ ပြောရမယ်။ ကျွန်တော်နဲ့က ငယ်ငယ်ကတည်းက ခင်တာ။ သူ့အဖေနဲ့ ကျွန်တော့် အဖေကလည်း ခင်တယ်။ အဖေ့ မျက်စိထဲမှာတော့ ဒီကောင်ဟာ သိပ်ပျော့တယ်လို့ မြင်တယ်။ သူ့အဖေကလည်း အဲဒီလိုပဲ မြင်တယ်။ ဒါ့ကြောင့်၊ ကျွန်တော်တို့၊ ငြိမ်းမောင်တို့နဲ့ ပိုပြီး၊ ပေါင်းစေချင်တယ်။ ငယ်ငယ်ကဆို၊ ငြိမ်းမောင်နဲ့ ကျွန်တော်က ဂျူးဂျစ်ဆူ သင်တယ်။ ကင်ဒို ကျင့်တယ်။ လက်ဝှေ့တောင် သွားထိုးကြသေးတယ်။ ကျွန်တော်တို့က တစ်ကောင်ကောင်ကို ကြည့်မရလို့၊ ဆွဲထိုးရအောင်ဆိုရင် သူက ဝင်ပြီး တားလေ့ရှိတယ်။ သူကတော့၊ ကောင်မလေးတွေနဲ့ ပိုလုံးတယ်။ အနွံအတာခံတာ များတော့လည်း ကောင်မလေးတွေက သူ့ကို သဘောကျတယ်လို့ ပြောရမှာပဲ။ ကောလိပ်ရောက်တော့၊ ကျွန်တော်တို့အားလုံး အခြေအနေတွေ ပြောင်းသွားကြတယ်။ အတူသွား အတူလာ လုပ်နေကြတုန်း ဆိုပေတဲ့၊ ကိုယ့်ဦးတည်ရာကို ကိုယ့်ဘာသာ ရှာကြတယ်။ ဒီကောင် ကတော့၊ လုံးလုံးကြီး ပြောင်းသွားတယ်။ ပြောင်းဆို၊ ကောလိပ်ရောက်စ နှစ်မှာပဲ၊ ကောင်မလေးတစ်ယောက်နဲ့ ယူတယ်။ ယူ‘ရ’တယ်လို့ ပြောရင် ပိုထိရောက်မယ် ထင်တယ်။ ယူရတယ်ဆိုတာက မယူမဖြစ်တော့လို့ပဲ။ ကျွန်တော်တို့ထဲမှာ ကျွန်တော်က သူနဲ့အရင်းနှီးဆုံးမို့ သူ့ကို ကြိတ်ပြီး မေးမိတယ်။ ဘယ်တုန်းက၊ ဘယ်လိုဖြစ်ကြတာလဲ။ အဲဒီကောင်မလေးကလည်း၊ သူနဲ့ အဖွဲ့ကျတဲ့ ကောင်မလေးတွေအထဲက တစ်ယောက်။ ကျွန်တော်ကတော့ သူနဲ့ကြိုက်လို့ အတူ သွားလာနေကြတယ်လို့ကို မထင်ဘူး။ အဲဒီတုန်းက မင်းဆွေနဲ့ ကျွန်တော် အတော်ကလေး စကားများရသေးတယ်။ သူက၊ ဒီကောင့်ကို ကုတ်ကမြင်းလို့ မြင်တယ်။ မင်း မသိပေတဲ့၊ ဒီကောင်က မိန်းကလေးအုပ်စုထဲမှာ လှည့်ပတ်နေမှာပါကွာလို့ ပြောတယ်။ ကျွန်တော်ကတော့၊ ဒီကောင် အဲဒီလောက်အထိ ပိုးစိုးပက်စက် နိုင်တဲ့အကောင်လို့ မထင်ဘူး။ ကောင်မလေးတစ်ယောက်ကို ဖက်နမ်းရဲတဲ့ သတ္တိ မရှိဘူး ထင်တယ်။ ကျွန်တော် မေးတော့လည်း၊ ဒီကောင်က ဘာမှမဖြေဘူး။ ကောင်မလေးက အရင်ကွန်ဗင့်ကျောင်းသူ၊ မျက်နှာများတယ်။ နယ်က ပိုက်ဆံရှိသားသမီး။ ပထမနှစ်မှာ ဒီကောင်နဲ့ ယူတယ် ဆိုပြီးတော့ သူ့မြို့ကို ပြန်သွားတာ၊ တစ်ခါမျှ ထပ်မတွေ့ရတော့ဘူး။ ရုံးတက်ပြီး တိုးတိုးတိတ်တိတ် လက်ထပ်လိုက်ကြတာပဲလို့ ပြောကြတယ်။ ဒီကောင်ကတော့၊ ကျောင်းပိတ်ရက်တွေမှာ အဲဒီကို လိုက်သွားလေ့ ရှိတယ်။ နောက်တော့လည်း ဘာမှ မကြားရတော့ဘူး။ ဒီလိုနဲ့ပဲ၊ ဒုတိယနှစ်လောက် ကတည်းက ဒီကောင်လည်း၊ တစ်ခုလပ်လိုလို၊ မုဆိုးဖိုလိုလို၊ ကလေးတစ်ယောက် အဖေလိုလို ဖြစ်နေတယ်။ ပြောချင်ရင်တော့၊ သူ့ဘဝအတွက် အစွန်းအထင်းတစ်ခု ဖြစ်သွားတယ်လို့ ပြောကြမှာပဲ။ ကျွန်တော်တို့ သူငယ်ချင်း အပေါင်းအသင်းတွေ အကြားမှာတော့ အဲဒီလို မမြင်မိကြဘူး။ ဒီကောင်ကလည်း တခြားကောင်မလေးတွေနဲ့ကတော့ ရောနေသေးတုန်းပဲ။
ဆယ်တန်းမှာ ဒီကောင်က ကျွန်တော်တို့လို နှစ်ချင်းပေါက် မဟုတ်ဘူး။ တစ်နှစ် ထပ်နေရတယ်။ သူ့အပြစ် မဟုတ်ဘူး။ သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ သူ့အမေနဲ့ ဘုရားဖူးလိုက်သွားရင်း၊ ကားမှောက်တဲ့ အထဲ ပါသွားလို့၊ တစ်လလောက် ဆေးရုံတက်လိုက်ရလို့ပဲ။ သူ့အမေကတော့ ဆုံးသွားတယ်။ သူကတော့၊ ကားထိုင်ခုံနဲ့ ညပ်နေလို့ ခါးအောက်ပိုင်း အတော်ထိသွားတယ်လို့ သိရတယ်။ ဆေးရုံက ဆင်းခါစကတော့ ခါးတစ်ဖက် နဲ့နေသလိုပဲ။ နောက်တော့၊ လုံးလုံး ပျောက်သွားပုံရတယ်။ သူက၊ ကျန်းမာရေးလိုက်စားတော့ ကျွန်တော်တို့အထဲမှာ အတော့်ကို တောင့်တယ်လို့ ပြောရမယ်။ တက္ကသိုလ်ကျောင်းသား ဘဝမှာ အပြေးသမားအဖြစ် နာမည်ရလာတယ်။ ကျွန်တော်တို့လူသိုက် ဘွဲ့ရတဲ့လူ ရ၊ မဟာဝိဇ္ဇာတို့၊ မဟာသိပ္ပံတို့ တက်တဲ့လူက တက်တဲ့အချိန်မှာ၊ သူနဲ့ အမြဲလို မဆုံကြတော့ဘူး။ လူချင်း မတွေ့ကြပေတဲ့ တစ်ပတ်တစ်ကြိမ်လောက် ဖုန်းပြောဖြစ်ကြတယ်။ တစ်နေ့တော့၊ ကျွန်တော်တို့ကို တက္ကသိုလ်ရိပ်သာ လမ်းထိပ်နားက ဟိုက်စွမ်မှာ ဘီယာတိုက်မယ်ဆိုပြီး ချိန်းတယ်။ အဲဒီမှာ စားရင်းသောက်ရင်း သူက ပြောတယ်။ ငါ၊ အရာရှိသင်တန်းတက်ဖို့ လျှောက်ထားတာ ရပြီ။ အားလုံး ပြီးပြီ။ နောက်အပတ်ထဲ သွားတော့မယ်၊ မင်းတို့ကို နှုတ်ဆက်တာပဲလို့ ပြောတယ်။ ကျွန်တော်တို့အားလုံး အံ့အားသင့်ရတယ်။ ကျွန်တော်ကတော့ သိပ်မအံ့သြမိဘူး။ ဒီကောင်က၊ ကြိတ်ပြီး လုပ်တတ်တဲ့အကျင့် ရှိတယ်။ နှုတ်လုံတယ်။ ခုဟာလည်း၊ သူ့ဘာသာ ကြိတ်လုပ်နေတာ ကြာပြီထင်တယ်။ သူ၊ အရာရှိဖြစ်လို့ ရန်ကုန်ကို ပြန်ရောက်မှ ကျွန်တော်တို့တစ်တွေ ဟိုက်စွမ်မှာပဲ ပြန်ဆုံကြတယ်။ အဲဒီတုန်းက မင်းဆွေကတောင် နောက်သေးတယ်။ မင်းမှာ မင်းဘာသာ ကြိတ်ပြီး ကြံစည်လုပ်ကိုင်နေတာတွေ ရှိရင် ခုကတည်းက ပြောထား။ မင်း ကြိတ်လုပ်ထားတာတွေ သိရတိုင်းတို့ အံ့သြရတာ များပြီ။ သိပ် မအံ့သြချင်တော့ဘူး၊ တဲ့။
ကျွန်တော်တို့ တစ်သိုက်ထဲမှာ ငြိမ်းမောင်တစ်ယောက်က လွဲလို့၊ မိန်းမရတဲ့လူ၊ ရ။ ရတဲ့မိန်းမနဲ့ ကွဲတဲ့လူ၊ ကွဲ။ ကလေးရတဲ့လူ၊ ရ။ အဲဒီလို ဖြစ်ချိန်မှာ၊ ဒီကောင် မိန်းမရပြန်ရော။ ဒီတစ်ခါတော့၊ ပြောင်ပြောင် တင်းတင်းပဲ။ အင်းလျားလိတ်မှာ လက်ထပ်တာ။ လက်မထပ်ခင် တစ်ပတ်လောက်မှာမှ အိမ်ကိုပေါက်ချလာပြီး ဖိတ်စာပေးလာတယ်။ မင်းတို့ လင်မယားနှစ်ယောက်စလုံး လာဖြစ်အောင် လုပ်ကွာ။ တို့တွေ၊ အားလုံး ပြန်ဆုံကြရအောင်လို့ ပြောတယ်။ အဲဒီတုန်းက၊ ဖိတ်စာကို ဖွင့်ဖတ်ရင်း မင်းက ဘယ်လိုလုပ်ပြီး ဆရာဝန်မနဲ့ ညားရတာလဲလို့ မေးတော့၊ သူ ဒဏ်ရာရပြီး ဆေးရုံကဆင်းတော့၊ ဆေးခန်းမှာ ဆေးသွားထည့်ရင်းက တွေ့ကြတာတဲ့။ သူ့ဘာသာ ဆရာဝန်မပဲရရ၊ ကောက်စိုက်သမပဲရရ၊ သူ ကြိုက်ရင် ပြီးတာပဲ၊ မဟုတ်လား။ ဟိုးတုန်းက၊ မင်းကိစ္စကိုကော၊ သူ သိသလားလို့ သူ့ကို ကပ်ပြီး၊ တိုးတိုးမေးလိုက်မိတယ်။ သူက၊ ပါးစပ်နဲ့ ပြန်မဖြေဘဲ ခေါင်းကို အသာခါပြတယ်။ သူ ပြန်သွားတော့၊ ကျွန်တော့်မိန်းမက ဖိတ်စာကို သေသေချာချာ ဖတ်ပြီး၊ သူ ယူမယ့်မိန်းမက မယ်သဒစ်က ထင်တယ်။ ဟို… နာမည်ကြီး ညီအစ်မသုံးယောက်အထဲက တစ်ယောက် ဖြစ်လိမ့်မယ်လို့ ပြောတယ်။ ဘာတွေ နာမည်ကြီးတာလဲလို့ ဆိုတော့၊ လှလည်း လှတယ်၊ ရှုပ်လည်း ရှုပ်တယ်လို့ ပြောတယ်။ ကျွန်တော်ကတော့ သူ ကြိုက်ရင် ပြီးတာပဲကွာလို့ ပြောပြီး ဒီကိစ္စကို မဆက်တော့ဘူး။ နောက်နှစ်ရက်လောက်ကျတော့ ငြိမ်းမောင်တစ်ယောက် အိမ်ကိုရောက်လာပြီး အဲဒီအကြောင်းတွေ ပြောပါလေရော။ အဲဒီညီအစ်မ သုံးယောက်ထဲက၊ အခု၊ ဟိုကောင်နဲ့ယူမှာ အငယ်ဆုံးမ၊ လို့ ပြောပြီး ဇာတ်စုံခင်းပြတယ်။ ငြိမ်းမောင်ကလည်း မယ်သဒစ်မှာ နေဖူးတော့၊ အဲဒီက အကြောင်းတွေ အတော်စုံစုံ သိတာ၊ ကိုး။ ကျွန်တော်ကတော့၊ သူ့ကိုပဲ နွှာရတယ်။ သူ့ဘာသာ ဘယ်လောက်ရှုပ်ရှုပ်၊ ဆရာဝန်တော့ ဖြစ်သေးတယ်။ မင်းတို့ကောင်တွေ၊ သူတော်ကောင်းတွေလိုလို၊ လူတော်တွေလိုလို နေပေတဲ့ ဘာမျှဖြစ်မလာဘူး။ ဒီတော့၊ ဒီကောင်မလေးက မင်းတို့ ထက်တော့ သာတယ်လို့ ငါထင်တယ်လို့ ပြောလိုက်မိတယ်။ ငြိမ်းမောင်ကလည်း ဟိုကောင့်ကို ကျွန်တော် မေးလိုက်တဲ့ အကြောင်းကိုပဲ ကျွန်တော့်ကို မေးပြန်တယ်။ အဲဒီအကြောင်းတွေ သူနဲ့ယူမယ့် ကောင်မလေး မသိဘူးလို့ပဲ ကျွန်တော်က ဖြေလိုက်တယ်။
နောက်တော့ မင်းဆွေဆီက သတင်းတွေ ကြားရပြန်တယ်။ မင်းဆွေက ရာထူးရာခံရှိတဲ့ လူတွေနဲ့ အဆက်အသွယ်ရှိတယ်။ ဟိုကောင်နဲ့ ယူမယ့် အမျိုးသမီးက ဟိုကောင့် ဆရာသမားတစ်ယောက် ဇနီးရဲ့ တူမ၊ ဆိုပဲ။ မင်းဆွေကတော့ စီးပွားရေးသမား ဆိုတော့လည်း စီးပွားရေးအမြင်နဲ့ ကြည့်ပြီး တွက်ကိန်းနဲ့ ယူတာပဲလို့ ကောက်ချက်ချတယ်။ ကျွန်တော်ကတော့၊ မိန်းမယူတယ်ဆိုတဲ့ စကားကို သိပ်မကြိုက်လှဘူး။ ယူတယ် ဆိုတာထက်၊ ရတယ်လို့ပြောရင် ကောင်းမယ်လို့ ထင်တယ်။ သူများ သားသမီးကို ယူထားတယ်ဆိုတာ သေသေချာချာ စဉ်းစားကြည့်ရင် သိပ်မတရားဘူး ထင်တယ်။ ရတယ်ဆိုမှ နှစ်ဦးနှစ်ဖက် သဘောတူ ကျေနပ်တဲ့သဘော ပါလိမ့်မယ်။ နောက်တော့၊ မင်းဆွေအမြင်လည်း မှန်လောက်တယ်၊ လို့ လက်ခံလာရတယ်။ လက်ထပ်ပြီး နှစ်နှစ်လောက် အတွင်းမှာ ဟိုကောင်တစ်ယောက် ရန်ကုန်ကို ရာထူးရာခံ ကောင်းကောင်းနဲ့ ပြန်ရောက်လာပါလေရော။ သူ့သားကလေးတောင် တစ်နှစ်သာသာလောက် ရှိနေပြီ။ အဲဒီအခါကျတော့၊ ဟိုကောင်က ကျွန်တော်တို့အထဲက မင်းဆွေနဲ့ ပိုပြီး တွေ့တာများတယ်။ ကျွန်တော်နဲ့ကတော့၊ အင်းလျားလိပ်မှာ အရက်သောက်ရင်း တစ်လ တစ်ခါ၊ နှစ်လ တစ်ခါလောက်ပဲ တွေ့တယ်။ သူကတော့ အရင်ကအတိုင်းပဲ။ ကျွန်တော်ကတော့၊ ရာထူးရာခံရှိတဲ့ လူတွေနဲ့ မပေါင်းချင်ဘူး။ မှန်တယ်ထင်တာ ဖွင့်ပြောလေ့ ရှိတော့၊ မတော်မတည့် ပြောမိခဲ့ရင် ကျွန်တော့်ကြောင့် သူတို့ ပြဿနာ မပေါ်စေချင်ဘူး။ ပေါ်လို့၊ ပြုတ်သွားလည်း ကိုယ်က ကျွေးမွေးမထားနိုင်ဘူး။ သူနဲ့ အရက်သောက်ရင်တော့၊ သူက ဟိုအကြောင်း ဒီအကြောင်း ရင်ဖွင့်တယ်။ ဟိုကောင်မလေးကို ငါ ယူလိုက်ရင် ကောင်းသားတဲ့။ လွတ်တဲ့ငါးက ကြီးတယ်ဆိုတဲ့ ပုံပြင်တွေ။ ဘာကြောင့်မှန်းတော့ မသိဘူး။ ဟိုကောင်က ကျွန်တော့်ကိုတော့ အတော်ယုံတယ်။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ်က လွဲလို့ ဘယ်သူ့ကိုမျှ ယုံတတ်တဲ့လူမျိုး မဟုတ်ဘူး။ အဲဒီတုန်းက၊ ကျွန်တော်တို့ အပေါင်းအသင်းတွေ အထဲမှာ ကျွန်တော်တို့ လင်မယားက ကလေးနှစ်ယောက် ရနေပြီ။ အိမ်ထောင်သည် ဝါအရ၊ အတော်ကြီးနေပြီ။ ကလေးကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော့်မိန်းမက အတွေ့အကြုံများနေတော့၊ ဟိုကောင့်မိန်းမက ဟိုမေးဒီမေး၊ မေးရင်း သူတို့ချင်း ရင်းသွားကြတယ်။ ကျွန်တော်က သမီးချည်းပဲ နှစ်ယောက် မွေးထားတော့၊ သူ့သားလေးကို ချစ်တယ်။ သူ့သားကလေးက အမေဘက် လိုက်တော့ ဖြူတယ်။ ကျွန်တော်တို့ထဲက ငြိမ်းမောင်ကလွဲလို့ သူ့မိန်းမကို သူနဲ့ယူပြီးခါမှ သိကြရတာ။
ရန်ကုန်မှာ ဟိုတယ်ကိုရောက်တာနဲ့ ဟိုတယ်ကောင်တာက စာအိတ်တစ်ခု ပေးတယ်။ ဖွင့်ကြည့်လိုက်တော့ ဟိုကောင့်လက်ရေးနဲ့ စာတိုကလေးနဲ့ ဆင်း(မ)ကတ်တစ်ခု။ ဖုန်းကတော့ မင်းမှာ ပါမယ်ဆိုတာ ငါ သိလို့ မပေးတော့ဘူး။ ကတ်ထဲမှာ ငါ့နံပါတ်ပါတယ်လို့ပဲ ရေးထားတယ်။ အခန်းထဲ ရောက်တာနဲ့ သူပေးတဲ့ ဆင်း(မ)ကတ်ကို စစ်ဆေးကြည့်လိုက်မိတယ်။ ဘာတွေများ ထည့်ထားသေးသလဲ၊ လို့။ ဒါပေမဲ့၊ သူ့ဆီတော့ ဖုန်းမဆက်ဖြစ်သေးဘူး။ အဲဒီတုန်းမှာပဲ၊ ငြိမ်းမောင် ရောက်လာလို့ ဟိုတယ်က လော်ဘီဘားထဲ ဆင်းလာလိုက်မိတယ်။ ဝီစကီဖန်ခွက်နဲ့ ပါးစပ်တေ့မိကာ ရှိသေးတယ်။ ငြိမ်းမောင်က ဟိုကောင့်အကြောင်းကလေး တစ်ခု၊ မင်း သိထားရအောင် ငါ လာပြောတာလို့ ပြောတယ်။ ကျွန်တော်လည်း ဖန်ခွက်ကို ကိုင်ထားရင်း သူ ဘာဆက်ပြောမလဲလို့ နားထောင်နေမိတယ်။ သူတို့လင်မယား အတူတူ မနေကြတာ လေးငါးလလောက် ရှိပြီလို့ ငြိမ်းမောင်က ပြောတယ်။ ဘာလို့လဲလို့ သူ့ကို မေးရင်း၊ ဖန်ခွက်ကို ပါးစပ်နဲ့ တေ့ထားလိုက်မိပြန်တယ်။ မသိဘူး။ အတူမနေကြတာပဲ၊ ငါတို့ သိတယ်လို့ သူက ပြန်ဖြေတယ်။ ဘယ်သူမျှ မသိဘူးလားလို့ မေးတော့ ငြိမ်းမောင်က ခေါင်းခါပြတယ်။ သူတို့ ပေါင်းလာတာ အနှစ်အစိတ် မကတော့ဘူး။ ဘာဖြစ်ကြတာလဲလို့ ထပ်မေးတော့ မင်းအကောင်ကို မင်း မေးကြည့်ပါလားလို့ ငြိမ်းမောင်က ပြောတယ်။ တို့အထဲမှာ၊ မင်းကိုတော့ သူက ယုံတယ်လို့ ထပ်ပြောတယ်။ ဒီတော့မှ၊ ဟိုအကောင်က ကျွန်တော်နဲ့ စကားပြောချင်တယ် ဆိုတာ ရင်ဖွင့်ချင်တာ နေမှာပဲလို့ တွေးကြည့်လိုက်မိတယ်။ ဘော်နီ မင်္ဂလာဆောင်တဲ့နေ့က တွေ့တော့ သူက ငါ ညနေခင်းဘက်ကျရင် ဖုန်းဆက်လိုက်မယ်လို့ အသာကပ်ပြီး ပြော သွားတယ်။ နောက်တော့၊ သူ့ဆီက ဖုန်းလာတယ်။ ညနေကျရင် အေးအေးဆေးဆေး မင်းနဲ့ငါ နှစ်ယောက်တည်း ညစာစားကြရအောင်လို့ ပြောပြီး ချိန်းတယ်။ ငါလည်း ငါဝယ်လာတဲ့ ဝီစကီ မင်းကို တိုက်ချင်နေတာနဲ့ အတော်ပဲလို့ ပြောလိုက်တယ်။ မိန်းမကလည်း သူ့အစ်ကို လင်မယားနဲ့ ညစာစားဖို့ ချိန်းထားပြီး ဖြစ်နေတော့၊ ဟိုအကောင်နဲ့ ကျွန်တော် ချိန်းတဲ့ဆီ မလိုက်နိုင်ဘူး။ တကယ်တော့၊ မိန်းမက၊ အစကတည်းက လိုက်ချင်လှတာ၊ မဟုတ်ဘူး။ ခြောက်နာရီသာသာလောက် သူပြောတဲ့ သူ စားနေကျ ရှမ်းဆိုင်ကလေးဆီ ချိန်းလိုက်တယ်။
ငါးဒုက္ခရဲ့ ဝေဒနာကို မစဉ်းစားဘဲ အသားနွှင်ပြီး စားနေတုန်း သူက မင်းနဲ့ ငါ၊ ဂျာကတာမှာ တွေ့တုန်းက မင်း ပြောဖူးတဲ့အကြောင်း ထပ်ပြီး ပြောပြစမ်းပါလို့ ပြောတယ်။ ကျွန်တော်က ဘာမှန်း မသိဘူး။ သူ့မျက်နှာကို လှမ်းကြည့်လိုက်တော့ သူက ပျံသွားတဲ့ ငှက်တွေအကြောင်း ကွာလို့ ထပ်ပြောတယ်။ Flock Theory ကို မင်း ပြောတာလားလို့ ကျွန်တော်က မေးလိုက်တယ်။ ဝီစကီကို မြည်းနေရင်း သူက ခေါင်းညိတ်ပြတယ်။ ငှက်အုပ်ကြီးတစ်ခု ပျံသွားတဲ့အခါ၊ ငှက်တွေဟာ တိုင်ပင်မထားဘဲ စနစ်တကျ လိုက်ပါသွားတတ်ကြတယ်။ အုပ်စုကြီးတစ်ခုအနေနဲ့ ပျံသွားပေတဲ့ ငှက်တစ်ကောင်စီဟာ သူ့အဆုံးအဖြတ်နဲ့သူ ပျံသွားတာ။ တကယ်လို့ ငှက်တစ်ကောင် ပဲ့ထွက်သွားရင်၊ ကျန်တဲ့ငှက်တွေအထဲက တစ်ကောင်က ဝင်ပြီး နေရာယူတယ်။ အခက်အခဲ တစ်ခုခု၊ ပြောင်းလဲမှု တစ်ခုခုအတွက် သူတို့ဘာသာ ဖြေရှင်းနိုင်ကြတယ်။ သူတို့ချင်း သတ်မှတ် ပြဋ္ဌာန်းထားတဲ့စည်းကမ်း မရှိပေတဲ့၊ သူတို့ဘာသာ ဘယ်လိုလုပ်ရမယ် ဆိုတာကို သိတယ်။ လွယ်လွယ်ပြောရရင် တစ်ကောင်နဲ့ တစ်ကောင် ဘယ်လောက် အကွာအဝေးမှာနေပြီး ပျံရမယ်ဆိုတာမျိုး သူတို့ဘာသာ သိတယ်။ ဦးတည်ထားတဲ့ ခရီးဆုံးကို ရောက်အောင်၊ အခက်အခဲ ကျော်လွှားပြီး ပျံနိုင်ကြတယ်။ တစ်နည်းပြောရရင်၊ ငှက်အုပ်ကြီးဟာ ပုံစံအမျိုးမျိုး ပြောင်းပြီး ပျံနေတယ်။ သတ်မှတ်မထားတဲ့ ပုံစံအထဲမှာ သူတို့ချင်း နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ ပုံစံအရ ပျံသန်းနေကြတာပဲ… လို့ ကျွန်တော်က သူ့ကို ရှင်းပြလိုက်ပြီး၊ မင်းက ဘာလို့ ထပ်မေးတာလဲလို့လည်း မေးလိုက်မိတယ်။ အဲဒီအကြောင်းကို မင်း ပြောပြပြီးကတည်းက တစ်ခါတစ်ခါ၊ ငါ့ခေါင်းထဲမှာ ပေါ်လာတဲ့ မေးခွန်းတစ်ခု ရှိတယ်။ ငါသာ ငှက်ဖြစ်ခဲ့ရင် အဲဒီငှက်အုပ်ကြီးထဲမှာ မင်း ပြောပြသလို တိုင်ပင်မထားဘဲ၊ သူများလည်း မထိခိုက်ဘဲ ခရီးတစ်ခုကို လိုက်ပါသွားနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းပဲလို့ သူက ပြောတယ်။ ကြက်သွန်ဖြူ အချဉ်တစ်ဖတ်ကို ကျေနပ်လောက်အောင် ဝါးပြီးတော့မှ၊ ငှက်ဖြစ်ရင်တော့ ပြဿနာ ရှိလောက်မယ် မထင်ဘူးလို့ ကျွန်တော်က ပြန်ဖြေပြီး ရယ်လိုက်မိတယ်။ သူက၊ ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်နေရင်း ပြုံးပြတယ်။ ဝီစကီ နည်းနည်း သောက်ချလိုက်ရင်း မင်း၊ ဝီစကီက အတော်ကောင်းတယ်လို့ ပြောလို့ ကျွန်တော်က ကျေးဇူးတင်ပါတယ်လို့ လှမ်းပြောလိုက်တယ်။ နောက်တော့ အတော်ကလေးကြာအောင် ကျွန်တော်တို့ချင်း ဘာမျှ ထပ်မပြောဖြစ်ကြဘဲ၊ စားပွဲပေါ်က ဟင်းတွေကို တစ်ခုစီ မြည်းစမ်းကြည့်နေ မိကြတယ်။
မင်းတို့လင်မယားက ဘာဖြစ်ကြတာလဲလို့ အဆက်အစပ်မရှိဘဲ ကျွန်တော်က သူ့ကို မေးလိုက်မိတယ်။ အတော်ကြာအောင် သူက ဘာမျှ ပြန်မပြောဘူး။ ပြီးမှ၊ လိုရင်းပဲ ပြောတော့မယ်ကွာလို့ ပြောတယ်။ ဘော်နီ မိန်းမယူတော့မယ် ဆိုတော့၊ တို့ စေ့စပ်ကြောင်းလမ်းပေးတယ်။ တစ်ညတော့၊ ငါလည်း ငါ့မိန်းမကို မေးလိုက်မိတယ်။ မေးရတာက၊ နှစ်တွေလည်း ကြာခဲ့ပြီမို့၊ သူမှာလည်း ဒေါသထွက်စရာ၊ နာကြည်းစရာ ရှိတော့မယ် မထင်လို့ပဲလို့ သူက ပြောတယ်။ ကျွန်တော့် စိတ်ထဲမှာတော့၊ ပထမနှစ် ကျောင်းသားဘဝတုန်းက သူ မိန်းမယူခဲ့ရတာကို ပြောပြတော့မှာပဲလို့ ထင်လိုက်မိတယ်။ သူက ကျွန်တော့်ကို ကြည့်နေရင်း၊ ဆယ်တန်းတုန်းက ကားမှောက်လို့ ငါ ဆေးရုံတက်ခဲ့ရတာ မင်း မှတ်မိလားလို့ မေးတယ်။ ကျွန်တော်က ခေါင်းညိတ်ပြလိုက်တယ်။ သူက ကျွန်တော့်ကို မကြည့်တော့ဘဲ ပန်းကန်ပြားထဲက အသားတုံးတစ်တုံးကို တူနဲ့ အသာညှပ်ယူလိုက်ပြီး ပါးစပ်ထဲ မထည့်သေးဘဲ ငါက အဲဒီကတည်းက သားသမီး မရနိုင်တော့ဘူးလို့ ပြောတယ်။ ကျွန်တော်ကတော့ အံ့အားသင့်သွားလို့ ဘာမျှ မပြောနိုင်တော့ဘူး။ သူက ဆက်ပြောတော့မယ် အလုပ်မှာ ကျွန်တော်က လက်ကာပြီး တားလိုက်မိတယ်။ ဟိုကလေးကလည်း မင်းနဲ့ရတာ မဟုတ်ဘူးပေါ့လို့ အဆီအငေါ်မတည့် မေးလိုက်မိတယ်။ သူက အံ့အားသင့်သွားပုံ ရတယ်။ မင်းကပါ၊ ငါ့ကို အဲဒီလိုကောင်မျိုး ထင်နေသလားလို့ ပြန်မေးတော့၊ ကျွန်တော် ခေါင်းခါပြလိုက်တယ်။ ဘာမျှ ပြန်မပြောလိုက်မိဘူး။ အဲဒီကောင်မလေးက မြိတ်က သူဌေးသား တစ်ယောက်နဲ့ ဖြစ်တာ။ ကောင်မလေးအစ်ကိုနဲ့ ငါနဲ့ ခင်လို့ ငါက ကြားဝင်ရတာ။ နောက်တော့၊ ကောင်မလေးဘက်က ဦးလေးက ကြားဝင်ပေးတာနဲ့ အားလုံး အဆင်ပြေသွားကြရော၊ လို့ သူက ပြောတယ်။ အခု မင်းတို့လင်မယားဖြစ်တဲ့ ကိစ္စကရောလို့ ကျွန်တော်က စကားပြန်စပေး လိုက်မိတယ်။ သူက၊ သူ့ဘာသာ နားမလည်နိုင်တဲ့ သဘောမျိုးနဲ့ ခေါင်းခါနေတယ်။ ပြီးမှ၊ ငါက သူ့ကို မေးတယ်။ မမေးခင် စကားခံထားသေးတယ်။ ငါ့အနေနဲ့ အကျိုးအကြောင်း သိချင်တာပဲ ရှိတယ်။ စိတ်ဆိုးမှာ မဟုတ်ဘူးလို့ ပြောထားလိုက်သေးတယ်။ ငါက သားသမီးမရနိုင်တဲ့လူ မို့၊ ဘော်နီရဲ့ အဖေဟာ ဘယ်သူလဲလို့ သိချင်တယ်လို့ မေးမိတယ်။
ဒီတော့၊ ငါ့မိန်းမက ဒေါသထွက်ပါလေရောလို့ သူ ပြောနေတုန်း ထွက်လောက်တာပဲလို့ ကျွန်တော့်ပါးစပ်က မရည်ရွယ်ထားဘဲ အသံထွက်သွားတယ်။ သူက၊ နည်းနည်းပြုံးပြတာ တွေ့ရတယ်။ ငါ့မိန်းမက ဒေါသထွက်ရုံ မကဘူး။ ငါ့ကို ပြောတယ်။ ရှင်ဟာ ကျွန်မကို တောက်လျှောက် ညာနေခဲ့တာပေါ့၊ တဲ့။ ငါ စဉ်းစားလို့ မရဘူး။ တကယ်လို့ ပြောမယ်ဆိုရင် ငါကသာ သူ့ကို ဒီစကားပြောရမှာလို့ သူက ပြောပြတယ်။ အဲဒီကတည်းက သူလည်း ဆင်းသွားတယ်။ အခု၊ ဘော်နီ မင်္ဂလာဆောင်
မှာ ပထမဆုံး ပြန်တွေ့ကြ၊ စကားပြောကြတာ။ မပြောတတ်ဘူးကွာ။ ပြန်ပြီး အဆင်ပြေချင်လည်း ပြေမှာပေါ့။ မပြေလည်း၊ ငါ မတတ်နိုင်ဘူး။ ငါ့အတွက် ရှေ့ရေးကတော့ ပင်စင်ယူ၊ ဂေါက်သီးရိုက်၊ သေဖို့ ထိုင်စောင့်နေရုံပဲ ကျန်တော့တာပဲ မဟုတ်လားလို့ သူက ထပ်ပြောတယ်။ ကျွန်တော်ကတော့ တစ်ခု ထပ်ပြီး မေးလိုက်မိတယ်။ မင်းက ဘာဖြစ်လို့ အခုမှ အဲဒီဟာကို မေးရတာလဲ။ သူက ဘာမျှပြန်မဖြေဘဲ ခေါင်းခါပြတယ်။ ဘယ်လို အနက်ကောက်ရမှန်းတော့ မသိဘူး။ ဒီ့နောက်၊ ကျွန်တော်လည်း ဘာမျှ ထပ်မမေးတော့ဘူး။ သူကလည်း၊ သူ့အိမ်ထောင်ရေးအကြောင်း ထပ်မပြောဘူး။ ဟိုအကြောင်း၊ ဒီအကြောင်း၊ ကျွန်တော့် သမီးတွေ၊ မြေးတွေအကြောင်း၊ ငယ်ငယ်တုန်းက အကြောင်း၊ ရယ်စရာအကြောင်းတွေပဲ ပြောရင်း ဝီစကီတစ်လုံးနီးပါး သောက်လိုက်မိကြတယ်။ ဆယ် နာရီကျော်လောက်ကျတော့ ဆိုင်ကလူတွေ ကြည့်ရတာ အိပ်ချင်နေကြပုံ ရတာနဲ့ပဲ၊ ကျွန်တော်တို့ ထပြန်လာကြတယ်။ သူ့ကားနဲ့ ဟိုတယ်ကို လိုက်ပို့တယ်။ ကားပေါ်က ဆင်းခါနီးတော့၊ သူ့ကို တစ်ခါတည်း နှုတ်ဆက်လိုက်တယ်။ မနက်ဖြန်မနက် ကျွန်တော်တို့လင်မယားက ခရီးဆက်ကြရဦးမှာမို့။ သူ့ဆင်း(မ)ကတ်ကို ပြန်ပေးလိုက်ရင်း၊ မင်း ကတ်ထဲမှာ ငါ့နံပါတ်တစ်ခု ထည့်ထားတယ်။ မင်း ဆက်ချင်ရင် ဆက်ရအောင်လို့ ပြောလိုက်တယ်။ သူက လက်မထောင်ပြတယ်။
အခန်းထဲကို ဝင်လိုက်တော့၊ အိပ်ရာပေါ်မှာ လက်(ပ)တော့နဲ့ အလုပ်ရှုပ်နေတဲ့ မိန်းမကို တွေ့လိုက်ရတယ်။ မိုးချုပ်လှပြီ၊ မအိပ်သေးဘူးလားလို့ မေးလိုက်မိတယ်။ သူက မော့ကြည့်ရင်း မနက်ဖြန် ဟိုရောက်ရောက်ချင်း ပြောစရာကလေးတွေ ရှိတယ်လို့ ပြောပြီး လက်(ပ)တော့ကို ပြန်ကြည့်နေတယ်။ မော့မကြည့်တော့ဘဲ ရှင့်၊ အကောင်ကြီးတို့ လင်မယားက ဘာဖြစ်ကြတာတဲ့လဲ လို့ လှမ်းမေးတယ်။ သူ မေးတာကို မဖြေသေးဘဲ ကုလားထိုင်တစ်လုံးကို ပြတင်းပေါက်အနားကို ဆွဲယူပြီး ပြတင်းပေါက်ဘက် မျက်နှာမူထားလိုက်တယ်။ ပြီးမှ၊ မီနီဘားထဲက ဝီစကီ ပုလင်းကလေးသုံးလုံး ယူပြီး ဖန်ခွက်တစ်ခုအထဲ ဖောက်ထည့်လိုက်တယ်။ ကျောဘက်ကနေ မိန်းမက ကျွန်တော့်ကို ဘာမျှမပြောဘဲ သူ့စာကြည့်မျက်မှန်ကို ကျော်ပြီး စိုက်ကြည့်နေတယ်ဆိုတာ ကျွန်တော် မှန်ထဲကနေ မြင်နေရတယ်။ ကျွန်တော်လည်း၊ ပြတင်းပေါက်နားက ကုလားထိုင်မှာ ထိုင်ချလိုက်ရင်း ဝီစကီကို နည်းနည်းငုံလိုက်တယ်။ ပြတင်းပေါက်ပေါင်ပေါ် ခြေနှစ်ချောင်းစလုံး တင်လိုက်ပြီးမှ၊ ဟိုကောင်နဲ့ ကျွန်တော် ပြောခဲ့တဲ့ စကားတွေအကြောင်းကို ခရေစေ့တွင်းကျ ပြောပြလိုက်မိတယ်။ မိန်းမ ဘာတစ်ခွန်းမျှ ဝင်မပြောဘဲ နားထောင်နေလို့ သူ့ဘက်ကို တစ်ချက်၊ တစ်ချက် လှည့်ကြည့်လိုက်ရသေးတယ်။ အားလုံး ပြောပြလို့ ပြီးသလောက် ရှိတော့ ကျွန်တော်က ဒါပဲ။ ငါတော့ နားမလည်ဘူး။ ဘယ်အပိုင်း နားမလည်သလဲလို့ မေးရင်တောင်၊ ဘယ်အပိုင်း နားမလည်ဘူးဆိုတာ ပြောလို့ ခက်တယ်လို့ ပြောလိုက်မိတယ်။ မိန်းမက ချက်ချင်း ဘာမျှ ပြန်မပြောဘူး။ ခဏကြာမှ၊ သူ့မိန်းမ ပြောတာလည်း ဟုတ်တာပဲ။ ကျွန်မ၊ မိန်းမတစ်ယောက်အနေနဲ့ မိန်းမဘက်က ဘက်လိုက်ပြောတာတော့ မဟုတ်ဘူး။ ရှင့်ကောင်ကြီးက တစ်သက်လုံး ညာလာတာပဲလို့ လှမ်းပြောတယ်။ ကျွန်တော့်ရဲ့ နားမလည်နိုင်တဲ့ နယ်ပယ်တွေဟာ ကျယ်ဝန်းသည်ထက် ကျယ်ဝန်းသွားတယ်။ သူ့ကို တစ်ခုခုတော့ ပြန်ပြောဦးမယ်လို့ သူ့ဘက် လှမ်းကြည့်လိုက်တော့ ကျွန်တော်က ဘာမျှမပြောရသေးခင် သူက လှမ်းပြောတယ်။ ကျွန်တော့်ကို ဦးတည်ပြောတာမျိုး မဟုတ်ဘူး။ ပြောပုံက မှတ်ချက်ချလိုက်တာမျိုး။ ရှူနေရတဲ့ လေရဲ့ ရှိနေခြင်းကို အသိအမှတ် မပြုချင်ဘဲ၊ စာရွက်ပေါ်မှာ ဖော်မြူလာချရေးပြီး အောက်ဆီဂျင် ထုတ်ရှူကြည့်ချင်တဲ့ လူတွေလို့ ပြောတယ်။ ပြီးတော့ သူ့လက်(ပ)တော့ကို ပိတ်လိုက်ပြီး ရေခဲစက်ရှိရာကို ထသွားပြီး၊ အေဖျံတစ်ပုလင်း သွားယူတယ်။ သူ ပြောတဲ့ ‘လူတွေ’ဆိုတဲ့ အထဲက လူစာရင်းမှာ ကျွန်တော်လည်း ပါကောင်း ပါမလားတော့ မပြောတတ်ဘူး။ ယေဘုယျကျတဲ့ အသုံးအနှုန်း မှန်သမျှဟာ လူကို အန္တရာယ်ရှိနိုင်တယ် ဆိုတဲ့ စကားလိုပဲ။ မိန်းမက ခုတင်ဆီ ပြန်သွားပြီး ဂွတ်နိုက်လို့ ကျွန်တော့်ကို လှမ်းပြောတယ်။ သူ့ဘက်က စာကြည့်မီးကို ပိတ်လိုက်တယ်။ ကျွန်တော်လည်း ဂွတ်နိုက်လို့ လှမ်းပြောပြီး၊ သူ အိပ်တာ အနှောင့်အယှက် မဖြစ်အောင် ကျွန်တော့်ဘက်နားက မီးကို လှမ်းပိတ်ပေးလိုက်တယ်။
အမှောင်ထဲမှာ ထိုင်နေရင်း၊ ဝီစကီကို နည်းနည်း သောက်ချလိုက်ပြီး အပြင်ဘက်ဆီ ငေးကြည့်နေမိတယ်။ ဟိုနား၊ ဒီနား၊ ဆီက မီးရောင်လက်လက်ကလေးတွေ တွေ့ရပေတဲ့ ကောင်းကင်တစ်ခုလုံး မည်းမှောင်နေတာပဲ။ လမိုက်ည ထင်တယ်။ ကောင်းကင်ယံထဲမှာ တစ်ကိုယ်တည်း ပျံလေ့ရှိတဲ့ ညဥ့်ငှက်တစ်ကောင်ကောင်ကိုများ တွေ့ရလေမလားလို့ ကျွန်တော် ကြည့်နေမိတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ ဂဲဂဲလို့ အော်ရင်း တစ်ကောင်တည်း ပျံလေ့ရှိတဲ့ ညဉ့်ငှက်ကြီးတွေကို ကျွန်တော် သဘောကျတာတော့၊ အမှန်ပဲ။ မတွေ့ရမယ်မှန်း သိပေတဲ့ အမှောင်ထဲကိုပဲ ကြည့်နေမိတယ်။ မျက်စိတစ်ဆုံးက မိုးကုပ်စက်ဝိုင်းဆီမှာ ဘာအလင်းရောင်မှ မတွေ့ရဘူး။ ထိုင်ကြည့်နေမိတာ ဘယ်လောက် ကြာသွားမှန်း မသိလိုက်ဘူး။ လက်ထဲက နာရီကို ကြည့်လိုက်တော့ သန်းခေါင် ကျော်နေပြီ။ ခုဆို၊ ပစိဖိတ် သမုဒ္ဒရာထဲက တစ်နေရာရာမှာ၊ နေထွက်လောက်ပြီ။ ဂျီဘူတီမှာဖြစ်ဖြစ်၊ အဘူဒါဘီမှာဖြစ်ဖြစ် နေဝင်လောက်ပြီ ထင်တယ်။
❏
သောက်သုံးမကျတဲ့ အကောင်ရှိဖို့ လိုအပ်ရတဲ့ အကြောင်း
ဘီးလေးဘီးစလုံး မောင်းလို့ရတယ်ဆိုတဲ့ မင်းဆွေရဲ့ကား ရပ်လိုက်တာနဲ့ ကျောင်းအပေါ်ထပ်ဆီက၊ ဦးစန္ဒိမာ ဆင်းလာတာ တွေ့လိုက်ရတယ်။ လှေကားထိပ်နားဆီက ရပ်ကြည့်နေတယ်။ ဗိုလ်စံတို့ကတော့ ဒီအတိုင်းပဲလို့ ကျွန်တော်က မှတ်ချက်ချလိုက်မိတယ်။ ဘေးနားမှာ ထိုင် နေတဲ့ ဌေးညွန့်က ပြောတယ်။ ဗိုလ်စံက အခု၊ ဆရာတော် ဖြစ်နေပြီ။ မင်းတို့နှစ်ကောင် တောပြောတောင်ပြောတွေ မလုပ်နဲ့လို့ ပြောတယ်။ နှစ်ကောင်လို့ သူ ပြောတာ၊ ကျွန်တော်ရယ်၊ မင်းဆွေရယ်ကို ပြောတာ။ မင်းဆွေက ကျေနပ်ပုံမရဘူး။ ဟို သေခြင်းဆိုးရော မပါဘူးလားလို့ ကားရှေ့ခန်းကနေ၊ နောက်လှည့်ကြည့်ပြီး ပြောတယ်။ ဟိုသေခြင်းဆိုး ဆိုတာ ငြိမ်းမောင်ကို ပြောတာ။ ငြိမ်းမောင်က ကားအပြင်ဘက်တောင် ရောက်နေပြီ။ မပါဘူး။ အဲဒီသေခြင်းဆိုးက မင်းတို့လို မဟုတ်ဘူး။ လူရေးလူရာ နားလည်တယ်၊ လို့၊ ဌေးညွန့်က ပြန်ပြောရင်း ကားအပြင်ဘက် ထွက်လိုက်တယ်။ ကျွန်တော်လည်း ကားအပြင်ဘက် ထွက်လိုက်တယ်။ မင်းဆွေကို စောင့်နေလိုက်တယ်။ သူက အတော်ဝတော့၊ ကားထဲက ဖြည်းဖြည်း ထွက်ရတယ်။
ဦးစန္ဒိမာကို ကျွန်တော်တို့အားလုံး ဗိုလ်စံလို့ပဲ ခေါ်ကြတယ်။ ငယ်သူငယ်ချင်းတွေ၊ အတူတူကြီးတာ။ တက္ကသိုလ်ရောက်တော့ သူက အင်္ဂလိပ်စာအဓိက ယူချင်တာ။ အဲဒါမှ မရလို့ကတော့၊ ဘာမှ သင်မနေတော့ဘူးလို့ ပြောတယ်။ မရဘူး။ ဘာလို့မှန်းတော့ မသိဘူး။ အဲဒီနှစ်က ကောင်မလေးတွေ အတော်များများကိုပဲ အင်္ဂလိပ်စာ အဓိကအဖြစ် လက်ခံတယ်။ အဲဒီမှာတင်၊ ငါ ဘုန်းကြီးဝတ်တော့မယ်လို့ ပြောပြီး ဘုန်းကြီး ဝတ်သွားတာ။ သူ့မိဘတွေ ငိုယိုတားလို့လည်း မရဘူး။ သူနဲ့ ချိတ်တိတ်တိတ် ဖြစ်နေတဲ့ ကောင်မလေးနဲ့ ပေးစားမယ်လို့ ပြောတာလည်း မရဘူး။ နောက်ဆုံးတော့၊ ပျော်သလောက် ဝတ်ပေါ့လို့ သူ့အိမ်က လက်ခံလိုက်ရတယ်။ သူ့အိမ်က၊ သူ့ကို လူဝတ်လဲဖို့ ကျွန်တော်တို့ကို ဖျောင်းဖျခိုင်းသေးတယ်။ ဒါပေတဲ့၊ မရဘူး။ အဲဒီကတည်းက၊ ဘုန်းကြီးဘဝနဲ့ နေလိုက်တာ ခုထိပဲ။ ကျွန်တော်တို့ ဘွဲ့ရတော့ သူလည်း သီရိပဝရ ဓမ္မာစရိယ စာချကိုယ်တော် ဖြစ်နေပြီ။ ကျွန်တော်တို့ကလည်း၊ အားလို့ လူစုမိတိုင်း သူ့ကျောင်းဆီ သွားကြတယ်။ ကျွန်တော်ကတော့၊ သူ့ကျောင်း မရောက်တာ ငါးနှစ်လောက် ရှိသွားပြီ။ လူ့ရှေ့တော့ တင်ပါ့၊ ဘုရားတွေ၊ ဘာတွေ ပြောပေတဲ့၊ နောက်ကွယ်၊ ကိုယ့်အချင်းချင်းတော့၊ မင်းနဲ့ ငါနဲ့ လို့ အတော်ကြာအောင် ပြောနေကြသေးတာ။ ဗိုလ်စံကတော့ ဘာမျှမပြောဘူး။ ငြိမ်းမောင်ကပဲ ပြောတယ်။ မင်းတို့ဟာ ဘေးလူ ကြားသွားရင် မကောင်းပါဘူး ဆိုတာနဲ့၊ ဘုန်းကြီးတွေ၊ အရှင်ဘုရားတွေ၊ တပ်ခေါ် ကြတာ။ ဂျပန်က ပြန်လာတယ်ဆိုတဲ့ ငြိမ်းမောင် သူငယ်ချင်းတစ်ယောက်ကလည်း ပြောဖူးတယ်။ ဂျပန်လို ဘုန်းကြီးကို ဗိုလ်စံလို့ပဲ ခေါ်တယ် ဆိုပဲ။ ဒီ၊ ငတိက ဂျပန်ပြည်သွားပြီး မြေပဲကို စနစ်တကျ အခွံသင်နည်း သွားသင်လာခဲ့တာ။ နှစ်နှစ်လောက်တောင် ကြာခဲ့တယ်တဲ့။ ဒီတော့လည်း၊ သူ ပြောရင် ဟုတ်မှာပဲလို့ မှတ်ပြီး လက်ခံရတာပဲပေါ့။
ကစော်သောက်ထားရင် ကျောင်းပေါ် မတက်ကြနဲ့လို့ ဗိုလ်စံက ရယ်ရင်း ပြောတယ်။ မသောက်ရသေးဘူး ဘုရားလို့ ငြိမ်းမောင်က လျှောက်လိုက်တယ်။ ဥတုသပ္ပာယ မျှပါရဲ့လား ဘုရားလို့ ကျွန်တော်က လျှောက်လိုက်မိတယ်။ ဗိုလ်စံက ဘာမျှ ပြန်မပြောသေးခင် နောက်နားကနေ မင်းဆွေ မကြားတကြား လှမ်းပြောတယ်။ ခွေးပါးစပ်က လူစကား ပြောတယ်။ မိုးကြိုးတွေတော့ ပစ်ကုန်တော့မှာပဲ၊ တဲ့။ လာကြ၊ လာကြလို့ ပြောရင်း၊ ဘုန်းကြီးက ရှေ့ဆောင်ပြီး ကျောင်းပေါ် တက်သွားတယ်။ လှေကားထိပ်မှာ ဦးဇင်းနှစ်ပါး ရပ်ပြီး လမ်းဖယ်ပေးကြတယ်။ ဘုန်းကြီး နောက်နားက ကပ်ပါသွားတဲ့ ငြိမ်းမောင်က လက်အုပ်ချီလိုက်တယ်။ ရောရောယောင်ယောင်နဲ့ ကျွန်တော်တို့လည်း လက်အုပ်ချီလိုက်ကြတယ်။ နောက်နားက တက်လိုက်လာတဲ့ မင်းဆွေကို လှည့်ကြည့်လိုက်တော့၊ သူ့ခမျာ လက်အုပ် အပြည့်မချီနိုင်ဘူး။ လက်တစ်ဖက်က လှေကား လက်တန်းကို ကိုင်ထားရလို့။ လက်အုပ်ဆိုတာ လက်နှစ်ဖက်စလုံးနဲ့မှ၊ လက်အုပ်ချီတယ် ခေါ်တာကိုး။ သူ့ခမျာ ပိုက်ဆံအိတ်လား၊ ဘာအိတ်လဲ မသိဘူး။ လက်ကောက်ဝတ်မှာ ကြိုးနဲ့ချိတ်ထားတဲ့ တစ်ထွာသာသာလောက် ရှိတဲ့ အိတ် ချိတ်ထားတဲ့ လက်တစ်ဖက်တည်းနဲ့ လက်အုပ်ချီတယ်။ လက်အုပ်ချီတယ်ပဲ ပြောရမှာပဲ။ လက်အုပ်တစ်ဝက် ချီတယ် လို့မှ ပြောလို့မဖြစ်ဘဲ။ ဦးဇင်းနှစ်ပါးကတော့ ပြုံးတယ်။
ဗိုလ်စံက ဘုရားစင်ရှေ့မှာ ထိုင်တယ်။ ဘုရားကို ဝတ်ချပြီး ကျွန်တော်တို့ဘက် လှည့်လိုက်တယ်။ သူ့လိုပဲ၊ ကျွန်တော်တို့လည်း ဘုရားကို ဦးချလိုက်ကြပြီး၊ သူ့ကို ကန်တော့လိုက်ကြတယ်။ ဗိုလ်စံက ပြုံးတယ်။ ခပ်လှမ်းလှမ်းက ဦးဇင်းနှစ်ပါးကို လှမ်းပြီး မိန့်လိုက်တယ်။ ကိုရင်တွေကို ရေနွေးချခိုင်းစမ်းပါ၊ တဲ့။ ပြီးမှ၊ ဟိုကောင်ကြီးတော့ မရောက်သေးဘူး၊ ကွလို့ ပြောတယ်။ မင်းတို့ မနက်စာ ဒီမှာစားကြဖို့ ကောင်းတာ။ ငါ့ကျောင်းမှာ ဆွမ်းကျန်ကွမ်းကျန် ပေါပါတယ်။ ခွေးကျွေးလို့တောင် မကုန်ဘူးလို့လည်း ပြောတယ်။ အားလုံး ရယ်ကြတယ်။ ခွေးစားလို့ မကုန်ပေတဲ့ မင်းဆွေရှိရင် ကုန်ပါသော်ကောလို့ ဌေးညွန့်က လှမ်းပြောလိုက်တယ်။ မင်းဆွေကတော့ ဘာမှပြန်မပြောဘူး။ ဘုန်းကြီး ထိုင်နေတဲ့ နောက်နားဆီက နံရံမှာတပ်ထားတဲ့ ဒစ်ဂျစ်တယ် နံရံကပ်နာရီကို လှမ်း ကြည့်နေတယ်။ ကျွန်တော်က ဘုန်းကြီးကို လှမ်းလျှောက်လိုက်တယ်။ ကိုယ်တော်၊ အရင်တစ်ခေါက်က၊ တပည့်တော်ကို စွန့်တဲ့ ဆေးပြင်းလိပ်မျိုးများ ရှိသေးလား။ ရှိရင် စွန့်စမ်းပါဦး။ ဘုန်းကြီးက ရှိတယ်၊ ရှိတယ်။ မင်း လာမယ်ကြားလို့ ငါ ချန်ထားတယ်လို့ ဆိုတယ်။ ဒီတော့မှ၊ မင်းဆွေက ကိုယ်တော်၊ ငါ့ကိုကော စွန့်စရာ မရှိဘူးလားလို့ ဝင်မေးတယ်။ ငြိမ်းမောင်က ခုနက ဘုန်းကြီး မိန့်တဲ့ မနက်စာ စားဖို့အကြောင်းကို ဝင်ပြောပြန်တယ်။ တပည့်တော်က ဒီမှာစားဖို့ စီစဉ်တာ။ ဟိုသတ္တဝါက လမ်းက သူ့ ဒကာမတစ်ယောက် အိမ်မှာ ဝင်စားဖို့ လုပ်ထားလို့ အဲဒီမှာ ဝင်စားလိုက်ရတာ ဘုရားလို့၊ ပြောတယ်။
ဗိုလ်စံက ခေါင်းခါရင်း ပြုံးတယ်။ မင်းဆွေကို ကြည့်ရင်း မင်းမလည်း၊ ရောက်လေရာ အိမ်ထောင်ကြတုန်းကိုးကွလို့ ပြောတယ်။ မင်းဆွေက ဘာမျှ ပြန်မပြောဘူး။ ဘုန်းကြီးကပဲ ဆက်မိန့်တယ်။ မင်းတို့ လာမယ်လို့ ဖုန်းရတာနဲ့ ငါလည်း ဟိုကောင်ကြီးကို မှာထားတယ်။ သုံးနာရီထိုးလောက် ကျောင်းက ပြန်ခဲ့မယ်လို့ ပြောတာပဲ၊ တဲ့။ ဗိုလ်စံက သူ့နောက်နားက နာရီကို လှည့်ပြီး၊ လှမ်းကြည့်လိုက်တယ်။ ပြီးမှ၊ ရောက်တော့မှာပါလို့ ဆိုတယ်။ ဘုန်းကြီး ခေါ်ထားလိုက်တာ ကောင်းပါတယ် လို့ ကျွန်တော်က မှတ်ချက်ချသလိုမျိုး ပြောလိုက်မိတယ်။ ဒီတော့၊ ဗိုလ်စံက ဆက်မိန့်တယ်။ သူငယ်ချင်းတွေကိုးကွ။ ဒီတိုင်းတော့လည်း ပစ်မထားနိုင်ဘူး။ ခုတော့လည်း၊ အထိုင်ကျသွားပါပြီ။ ငါ့ ကျောင်းအောက်ထပ်က အခန်းပိုမှာတင် နေတာ။ ဟိုဘက်က ကျောင်းဆောင်သစ် ပြီးသွားကတည်းက ဒီက ဦးဇင်းတွေ ပြောင်းသွားကြတော့၊ ကျောင်းအောက်ထပ်က လွတ်နေတာ။ ဒီတော့၊ ဘကျော်ကို အဲဒီမှာပဲ ထားလိုက်တယ်။ ဗိုလ်စံက စကားပြောတာ ရပ်လိုက်ပြီး သူ့ရှေ့က ရေနွေးကြမ်းပန်းကန်ကို ဖြည့်လိုက်တယ်။ ဘာမှ၊ စကားအဆက်အစပ် မရှိဘဲ၊ မင်းဆွေက ဝင်ပြောတယ်။ အလကား၊ သောက်သုံးမကျတဲ့ အကောင်။ နည်းနည်းမှ သနားဖို့ မကောင်းဘူး၊ တဲ့။ အားလုံးက အံ့အားသင့်သွားတယ်။ ဘာလို့တုံး၊ ဟကောင်ရလို့ ဘုန်းကြီးက လှမ်းမေးတယ်။ ကိုယ်တော်လည်း သိသားနဲ့၊ ငါ ဘယ်လောက် လုပ်ကိုင်ပေးရတယ် ဆိုတာ၊ ကိုလို့ မင်းဆွေက ပြန်ပြောတယ်။
ဟ၊ မင်း ဘာတွေလုပ်ပေးတယ် ဆိုတာ ငါ့ကို ပြောစမ်းပါဦးလို့ ကျွန်တော်က ကြားဖြတ် မေးလိုက်တယ်။ ဒီတော့၊ အားလုံးက မင်းဆွေကို လှမ်းကြည့်နေကြတယ်။ မင်းဆွေက သူ့ကိုယ်ခန္ဓာ ဝဝကြီးကို အထိုင်ကျအောင် လုပ်ပြီးမှ စကားစတယ်။ ဒီကောင် အလုပ်စကတည်းကပဲ၊ ပေါ့၊ ပို့စတင်ကျတာကိုက အထက်တန်းကျောင်းလို့ ဆိုရရုံရှိတဲ့ ကျောင်းမှာ။ တောကြိုတောင်ကြားမှာ။ ငါလည်း ဒီကောင် ဘယ်ရောက်နေမှန်း မသိဘူး။ မန္တလေးမှာ အမှတ်မထင် တွေ့တော့ မေးကြည့်လို့ သိရတာ။ ဒီတော့၊ ငါလည်း ခင်မောင်တင့်ကို ပြောဆိုပြီး၊ ဒီကို အပြောင်းခိုင်းရတယ်။ ခင်မောင်မြင့် ညီကွာ။ မင်းတို့ သိပါတယ်။ ဒီကောင်က လက်ထောက် တိုင်းပညာရေးမှူး ဖြစ်နေပြီ။ မင်းဆွေက ခဏရပ်ပြီး ရေနွေးဗန်းထဲက ရေနွေးကြမ်းခွက် တစ်ခွက် လှမ်းယူလိုက်တယ်။ ငြိမ်းမောင်က လှမ်းမေးတယ်။ မင်းကို သူက ပြောင်းပေးပါလို့ ပြောလို့လား၊ တဲ့။ မင်းဆွေက သိပ်ကျေနပ်ပုံ မပေါ်တဲ့ အကြည့်နဲ့ လှမ်းကြည့်တယ်။ ပြောမှလား၊ ကွလို့ ပြန်မေးတယ်။ ပြီးတော့၊ ဆက်ပြောပြန်တယ်။ သူငယ်ချင်း၊ အချင်းချင်းကွ။ သူ့ခမျာ တောထဲတောင်ထဲ။ လူမသိ သူမသိ လေးငါးနှစ် သွားအလုပ်လုပ်နေတာ။ ငါက ကြည့်မနေနိုင်ဘူး၊ တဲ့။ မင်းကသာ ကြည့်မနေနိုင်တာ။ သူက သူ့ဘာသာ သဘောကျချင် ကျနေမှာလို့ ငြိမ်းမောင်က ထပ်ကွန့်ပြန်တယ်။ မင်းဆွေက ငြိမ်းမောင်ကို မကျေနပ်တဲ့ အကြည့်နဲ့ လှမ်းကြည့်ပြန်တယ်။ အားလုံးက ဘာမှ ဝင်မပြောကြဘူး။
မင်းဆွေက စကားပြန်ဆက်တယ်။ ငါက စေတနာနဲ့ ကောင်းဖို့ လုပ်ပေးတာ။ မင်းတို့လို သူငယ်ချင်း ဆိုတာတွေကို မေ့ထားတာ မဟုတ်ဘူးတဲ့။ နေပါဦးကွ။ ဘာဖြစ်လို့ ဒီကို ပြောင်းပေးရတာတုံး။ မင်းနဲ့ နီးနီးနားနား ရန်ကုန်ကို ပြောင်းခိုင်းလည်း ရသားနဲ့လို့ ဗိုလ်စံက ဝင်ပြောတယ်။ ရန်ကုန်တော့လည်း ဒီကောင်က ကြိုက်မှာမဟုတ်ဘူး။ ဒီမှာက၊ ကိုယ်တော်လည်း ရှိတယ်။ ရန်ကုန်နဲ့ကလည်း သွားလို့လာလို့ လွယ်တာကိုး။ ဒီရောက်တော့လည်း၊ ဒုကျောင်းအုပ်ဖြစ်အောင် လုပ်ပေးတာပဲ။ ကိုယ်တော်လည်း အသိသားပဲ။ ဒီကောင်၊ အသုံးကို နည်းနည်းမှ မကျဘူးလို့ ပြောရင်း၊ မင်းဆွေက သူ့လက်ထဲက ကုန်နေတဲ့ ရေနွေးကြမ်းခွက်ကို ချလိုက်တယ်။ ဗန်းထဲက ငှက်ပျောခြောက်တစ်ခု လှမ်းယူပြီး ဝါးနေတယ်။ ဗိုလ်စံက မင်း၊ ငါ့ကို ဒီကိစ္စထဲ ဆွဲမထည့်နဲ့။ မင့်စိတ် မင့်သဘောနဲ့ စီစဉ်ပေးတာ။ စာထွက်လာတော့ ဟိုကောင်က မလုပ်ချင်ပါဘူးဆိုမှ မင်း လာပြီး ငါ့ကို ပြောတာပဲ။ ဒီကိစ္စ ငါတင်မကဘူး၊ ဟိုကောင်လည်း မသိဘူး၊ လို့ ပြောတယ်။ ဒီတော့မှ၊ မင်းဆွေက ဝန်ခံတယ်။ ကျွန်တော့်ကို လှည့်ကြည့်ရင်း ငါက အကောင်း လုပ်ကိုင်ပေးတာပါ။ ဒီကောင်က ဘာပြောတယ် ထင်သလဲ။ သူက ကြီးပါပြီတဲ့။ သူ့ထက်ငယ်တဲ့ ဆရာတွေအထဲက တစ်ယောက်ယောက်ကို ဒုကျောင်းအုပ် ခန့်ပါတဲ့။ မင်းကို ငါ ပြောပြမယ်။ ဒီကောင် ဘယ်လောက် အသုံးမကျသလဲ ဆိုတာ။ ဒုကျောင်းအုပ်သာ မလုပ်ချင်တယ်။ ပိုက်ဆံတစ်ပြားမှ မရတဲ့ အလကား အလုပ်တွေတော့ အကုန် လျှောက်လုပ်တယ်။ စာကြည့်တိုက်တို့၊ လမ်းပြင်၊ တံတားဆောက် ကိစ္စတို့၊ သူများ သာရေးနာရေးတို့။ ကိုယ့်မှာ ဘာအကျိုးမှမရှိတာ မှန်သမျှ ဒီကောင် မပါတာ မရှိဘူး။ အလကား၊ အသုံးမကျတဲ့အကောင်၊ တဲ့။
ဗိုလ်စံက ခေါင်းငုံ့ပြီး ပြုံးရင်း ခေါင်းကို ဖြည်းဖြည်းခါနေတယ်။ ကျွန်တော်လည်း ပြုံးလိုက်မိတယ်။ မင်းဆွေက စကားပြောရာက ရပ်နေလိုက်တယ်။ ဒီတော့၊ ဌေးညွန့်က ဝင်ပြောတယ်။ ဟိုကောင်မနဲ့ကလည်း၊ မင်းပဲ လှော်ပေးတာ မဟုတ်ဘူးလား တဲ့။ ငါက လှော်ပေးတာရယ်လို့တော့လည်း မဟုတ်ပါဘူး။ သူကလည်း ချိတ်တိတ်တိတ် ရယ်။ ဒီကောင့်ကိုလည်း အိမ်ထောင်လေး ဘာလေး ကျစေချင်တယ်။ အဲဒီတုန်းကလေး ဆယ့်ငါးနှစ်ပဲ ရှိနေပြီ။ အိမ်ထောင်ရက်သား မကျသေးဘူးဆိုတော့ လူကြားလို့ မကောင်းဘူး။ ဒါနဲ့ပဲ၊ ငါလည်း နည်းနည်း ဝင်ပြီး စီစဉ်ပေးလိုက်တာပါ။ ကောင်မကလေးကလည်း လှတယ်။ ဒီကို ပိုစတင်ကျတော့ သုံးဆယ်တောင် မရှိသေးဘူး။ ငါသာ စီစဉ်မပေးရင် ဒီကောင် ခုလို မိန်းမငယ်ငယ်တောင် ရမှာမဟုတ်ဘူး၊ လို့ မင်းဆွေက ရှင်းပြတယ်။ ငြိမ်းမောင်က၊ ဒါကတော့ သူ့ကို မင်းလို သဘောထားပြီး မင်းက တွေးတာကိုး၊ ကွလို့ ဝင်ပြောတယ်။ အားလုံးက ရယ်လိုက်ကြတယ်။ မင်းဆွေက ခွေးမသားလို့၊ လှမ်းဆဲတယ်။ ကျွန်တော်ကပဲ ဟဲ့ကောင်၊ ဒါ၊ ဘုန်းကြီးကျောင်းလို့ လှမ်းငေါက်လိုက်ရသေးတယ်။ ဘကျော်တို့များ ဘယ်လောက် သောက်သုံးမကျတယ်ဆိုတာ ငါ ပြောပြမယ်လို့ ကျွန်တော့်ကို ကြည့်ရင်း မင်းဆွေက စကားဆက်ပြန်တယ်။
သူ့မိန်းမ ဘဏ်က မန်နေဂျာဆိုတဲ့ အကောင်နဲ့ လိုက်ပြေးသွားတာတောင် ငါ့ကို မပြောဘူး။ သူ့အိမ် ရောင်းချင်တဲ့အကြောင်း ငါ့ကို ပြောတော့မှ အဲဒီအကြောင်း ပေါ်လာတယ်။ အဲဒီတော့၊ သူ့မိန်းမ သူများနဲ့ လိုက်သွားတာ ရှစ်လ၊ ဆယ်လလောက် ရှိနေပြီ။ ဘဏ်မန်နေဂျာဆိုတဲ့ ကောင်က ရန်ကုန်ရုံး ပြန်အပြောင်းမှာ တစ်ခါတည်း သုတ်ပြေးသွားတာ။ ဒီတော့၊ ငါက ငါ့ကို ဘာလို့မပြောသလဲလို့ မေးတယ်။ သူက ဘာပြန်ပြောတယ် ထင်သလဲ။ ငါ့ကို မပေါင်းချင်လို့ သူများနဲ့ လိုက်သွားတာပဲ။ ဘာပြောနေစရာ ရှိလို့လဲ၊ တဲ့။ တောက်။ မင်းဆွေက စကားပြောရင်း ဒေါသထွက်လာပုံ ရတယ်။ တောက်ခေါက်လိုက်တယ်။ ဗိုလ်စံ အပါအဝင် အားလုံးက သူ့မျက်နှာကို စိုက်ကြည့်နေကြတယ်။ သူက ရေနွေးကြမ်းကို အသာငုံရင်း ပလုတ်ကျင်းပြီး မျိုချလိုက်တယ်။ ပြီးမှ၊ စကားဆက်ပြန်တယ်။ ဒီလိုနဲ့ ဘယ်ရလိမ့်မတုံး။ ရန်ကုန်မှာ ရောက်နေတယ် ဆိုတော့။ ငါ့မှာ အဆက်အသွယ်တွေ အများကြီး။ လင်မယား နှစ်ယောက်စလုံး နှိပ်ထည့်လိုက်တာပေါ့၊ လို့ ကျေနပ်သွားတဲ့ အသံနဲ့ မင်းဆွေက ပြောတယ်။ ဟာလို့ ကျွန်တော့်ပါးစပ်ထဲက အသံထွက်သွားမိတယ်။ အားလုံးက ကျွန်တော့်ကို လှမ်းကြည့်ကြတယ်။ မင်းက ချောင်းရိုက်ခိုင်းလိုက်တာလား လို့ ကျွန်တော်က မေးလိုက်မိတယ်။ မင်းဆွေက ရယ်တယ်။ အဲဒါက၊ ငယ်ငယ်တုန်းက လုပ်တာ။ အခု အဲဒီလို မလုပ်တော့ဘူး တဲ့။ ဒီတော့၊ မင်းက ဘာလုပ်လိုက်သတုံးလို့ ကျွန်တော်က ထပ်မေးလိုက်မိတယ်။
ငါ့မှာ အဆက်အသွယ်တွေ တစ်ပုံကြီး။ ငါ့နည်းငါ့ဟန်နဲ့ပေါ့ကွ၊ တဲ့။ မင်းဆွေ ပြောတာကို အားလုံး စိတ်ဝင်စားနေကြတယ်။ လင်မယား နှစ်ယောက်စလုံး အလုပ်ပြုတ်။ စားရမဲ့မဲ့၊ သောက်ရမဲ့မဲ့ကို ဖြစ်ကရောတဲ့။ ကျွန်တော့်ပါးစပ်က ဟာလို့ အသံထွက်သွားမိပြန်တယ်။ နေဦး။ မင်းဆွေ ရင်ကျိုးခန်း လာတော့မယ်လို့ ငြိမ်းမောင်က မျက်စိတစ်ဖက် မှိတ်ပြရင်း လှမ်းပြောတယ်။ ဗိုလ်စံက ပြုံးနေတယ်။ ဌေးညွန့်က သူ့အိတ်ထဲက စီးကရက်ဘူးကို ထုတ်ပြီး ဗိုလ်စံကို ကပ်တယ်။ ဗိုလ်စံက ခေါင်းခါတော့ သူ သောက်မယ်ဆိုတဲ့ သဘောကို အမူအရာနဲ့ ပြတယ်။ ဗိုလ်စံက ခေါင်းညိတ်နေတုန်း မင်းဆွေအသံက ထွက်လာတယ်။ ကျွန်တော်က သူ့ကို လှည့်ကြည့်လိုက်မိတယ်။ ဒီကောင်၊ ဘယ်လောက်များ အသုံးမကျသလဲ ဆိုရင်၊ ဟိုလင်မယား ငတ်နေတယ် ကြားလို့ဆိုပြီး၊ သူ့အိမ် ရောင်းရတဲ့ အထဲက ငွေဘယ်နှသိန်း ဆိုလားတော့ မသိဘူး။ သွားပေးသတဲ့။ မင်းဆွေ ပြောနေတုန်း ဌေးညွန့်နဲ့ ငြိမ်းမောင် ပါးစပ်က ခွီးခနဲ ရယ်သံထွက်လာတယ်။ ကျွန်တော်တောင် ကြိတ်ပြီး ရယ်လိုက်မိတယ်။ ဗိုလ်စံကတော့ ရေနွေးကြမ်းပန်းကန်ထဲ ရေနွေးဖြည့်ရင်း ပြုံးနေတယ်။ ငါက၊ အဲဒီ လင်မယား ငတ်သေသွားစေချင်တာ။ ဟိုကောင်က ပိုက်ဆံ သွားပေးသတဲ့လို့ မင်းဆွေက ဆက်ပြောတယ်။ ငါက ဘာလို့ မင်းက ပိုက်ဆံသွားပေးရတာလဲလို့ မေးတော့၊ သူက ပိုက်ဆံမရှိဘူးလို့ ကြားတော့လည်း စိတ်ထဲ မကောင်းဘူးတဲ့။ မင်း စိတ်မနာဘူးလားလို့ ငါက မေးတော့၊ ဘာနာစရာ ရှိသလဲတဲ့။ ငါနဲ့ မပေါင်းနိုင်လို့ တခြားလူနောက် လိုက်သွားတာ၊ သူ့မှာ ဘာအပြစ်ရှိသလဲ၊ တဲ့…။ မင်းဆွေ ပြောတာ မပြီးခင် ငြိမ်းမောင်က တဟားဟား ရယ်ပါလေရော။ ကျွန်တော်တို့ အားလုံးလည်း ရယ်လိုက်မိကြတယ်။ ဒီတော့၊ မင်းဆွေလည်း ရယ်တယ်။ တွေ့တယ် မဟုတ်လား။
ဘယ်လောက် သောက်သုံးမကျတဲ့ ကောင်လဲ ဆိုတာ၊ လို့ ထပ်ပြောတယ်။ ဒီတုန်းမှာပဲ၊ ကျောင်းပေါက်ဝမှာ ထိုင်နေတဲ့ ဦးဇင်းတစ်ပါးက အရှင်ဘုရား၊ ဆရာကြီး လာပြီလို့ ဘုန်းကြီးကို လှမ်းလျှောက်လိုက်တယ်။ ဒီတော့၊ ကျွန်တော်ကပဲ ဗိုလ်စံကို လျှောက်လိုက်တယ်။ ဒါဖြင့်၊ တပည့်တော်တို့ ဘကျော် ခေါ်ပြီး တစ်နေရာသွားမယ်၊ ဘုရား။ အရှင်ဘုရား နေရစ်ပေတော့။ အေ၊ အေ၊ လို့ ဗိုလ်စံက ပြန်ပြောတယ်။ မင်း လာတာပဲ ငါ ဝမ်းမြောက်လှပါပြီလို့ မိန့်ရင်း၊ အပုပ်ချိန်နီးပြီလားလို့ မေးတယ်။ ငြိမ်းမောင်က မင်းဆွေလို့ မင်းဆွေရဲ့ နာမည်ခေါ်ရင်း အသာ မေးငေါ့ပြတယ်။ ကျွန်တော်တို့ လေးယောက်သား ဗိုလ်စံအတွက် နဝကမ္မပြုဖို့ ငွေတစ်သိန်း ယူလာတယ်။ မင်းဆွေ ပိုက်ဆံအိတ်ထဲမှာ စာအိတ်နဲ့ ထည့်ထားတာကို၊ လှူဖို့ လှမ်းသတိပေးတာပဲ။ ကျွန်တော်တို့အားလုံး ဘုန်းကြီးကို ဦးချပြီးတော့၊ အကျိုးအကြောင်း လျှောက်လိုက်တယ်။ ဘုန်းကြီးက ဦးဇင်းတစ်ပါးကို ခေါ်ပြီး လက်ခံခိုင်းတုန်း ဘကျော် ရောက်လာတယ်။ ကျွန်တော်တို့ သွားကြတော့မယ် ဆိုတော့ ဘုန်းကြီးက ကားအနားထိ ကြွပြီး၊ နှုတ်ဆက်ရင်း ဘကျော်ကို ကျောင်းနောက်ပေါက်က တံခါးသော့ ရှိ-မရှိ မေးတယ်။ ကျွန်တော်က ဘကျော် ဖတ်ချင်တယ်ဆိုလို့ ဝယ်လာတဲ့ အင်္ဂလိပ်စာအုပ်တွေ ကားထဲက ထုတ်ပေးတော့၊ ဗိုလ်စံကပဲ ပေးပေး၊ ငါ ကျောင်းပေါ်မှာ သိမ်းထားပေးမယ်။ မင်း ပြန်လာတော့ လာယူချေလို့ ဘကျော်ကို ပြောတယ်။ ကျွန်တော်တို့အားလုံး ဗိုလ်စံကို ကြည့်နေမိကြတယ်။ ဘယ်သူက၊ ဘာမျှတော့ မပြောကြဘူး။
ပျော်ပွဲစားရုံမှာ ကျွန်တော်တို့ အတော်ကလေး အချိန်ကုန် သွားကြတယ်။ ဘကျော်ခမျာလည်း ပျော်ရှာတယ်။ မင်းဆွေတောင် ဘီယာ အတော် သောက်ဖြစ်သွားတယ်။ သူက အစားသမား သက်သက်ပဲ။ ဒီနေ့တော့၊ အတော်ကလေး သောက်တယ်။ ပြန်ခါနီးကျတော့၊ ဘကျော်က သူ့ကို လာတွေ့တာ ဝမ်းသာလွန်းလို့ မျက်ရည်ဝဲရှာတယ်။ အဲဒီတုန်း၊ ငြိမ်းမောင်က တစ်ခု မေးတယ်။ ဗိုလ်စံက မင်းစာအုပ်တွေ လှမ်းယူတာ ငါ တွေ့လိုက်သလားလို့၊ လို့ ပြောသလိုလိုနဲ့ မေးတယ်။ အေလို့ ဘကျော်က ဖြေတယ်။ သူ့ကျောင်းမှာ ငါ သွားနေကတည်းက သူ့ကို တဖြည်းဖြည်းချင်း လျှောက်တယ်။ သူငယ်ချင်း ဆိုတော့လည်း တစ်ခါတလေ ပွင့်ပွင့်လင်းလင်းပဲ ပြောမိတယ်။ အင်္ဂလိပ်စာအဓိက မတက်ရကတည်းက အင်္ဂလိပ်စာ မဖတ်တော့ဘူး ဆိုတာ ဘာမှ အဓိပ္ပာယ်မရှိဘူးလို့ ငါ ပြော မိတယ်။ ခုတော့၊ ပြန်ဖတ်နေရုံ မကဘူး။ အားတဲ့အခါ ကလေးတွေကိုတောင် အင်္ဂလိပ်စာ သင်ပေးသေးတယ်။ ကျွန်တော့်စိတ်ထဲမှာ ဝမ်းသာသွားမိတယ်။ ခုတော့၊ ဗိုလ်စံက စာချရာမှာ သိပ်နာမည်ရတယ်။ သူ့ဆီမှာ စာလိုက်ချင်တဲ့ ကိုယ်တော်တွေ အပုံကြီးပဲ၊ လို့ ဘကျော်က ဆက်ပြောတယ်။ နေကျသွားတယ် ဆိုတာနဲ့ပဲ ကျွန်တော်တို့ ပျော်ပွဲစားရုံက ထွက်လာကြတယ်။ ရန်ကုန်ကို ပြန်ကြရမှာမို့။ ဘကျော်ကို ဗိုလ်စံကျောင်း နောက်ပေါက်နားမှာ ချပေးလိုက်ရင်း၊ မင်း လိုတာရှိရင် မင်းဆွေဆီ ဖုန်းဆက်လိုက်ပေါ့လို့ ပြောရင်း လက်ဆွဲ နှုတ်ဆက်လိုက်မိတယ်။ မင်းဆွေကတော့ ကားရှေ့ခန်းက ထိုင်ရင်း၊ ငါ့ဆီ မဆက်နဲ့။ အလကား သောက်သုံးမကျတဲ့ အကောင်လို့ ပြောရင်း ရယ်တယ်။ အားလုံး ရယ်မိကြတယ်။
ကျွန်တော်တို့ ရန်ကုန်ဘက် ပြန်လာရင်း၊ နေက တဖြည်းဖြည်း ဝင်သွားတော့၊ အမှောင်ရိပ်ရလာတယ်။ လမ်းမှာ အားလုံး ငြိမ်နေကြတယ်။ ကိုယ့်အတွေးနဲ့ ကိုယ်ပဲ။ တစ်ခါတစ်ခါ ကားပြတင်းပေါက်မှန် ချပြီး ဌေးညွန့်က စီးကရက်သောက်လို့ စီးကရက်အနံ့ ရတယ်။ ရန်ကုန် နယ်နိမိတ်ထဲ ရောက်လာတော့ မင်းဆွေက သူ့တယ်လီဖုန်း စစ်ဂနယ် ရ၊ မရ၊ ထုတ်ပြီး စမ်းနေတယ်။ ကားနောက်ခန်းကို လှည့်မကြည့်ဘဲ မင်း၊ ဘကျော်ကို ပိုက်ဆံပေးတာ၊ ဟိုကောင် ယူသလားလို့ မေးတယ်။ ကျွန်တော့်ကို ရည်စူးမေးတာပဲ။ မယူဘူး၊ လို့ ကျွန်တော်က ဖြေလိုက်တယ်။ သူ့အတွက် မလိုပါဘူးလို့ ပြောတယ်။ ဘုန်းကြီးကျောင်းမှာ ဗိုလ်စံက အလားကား ထားတာ၊ တဲ့။ ထမင်းတစ်နပ်တော့လည်း ကျောင်းမှာပဲ အလကား စားနေရတာ။ ကျန်တစ်နပ်ကလည်း ဘယ်မှာ စားစား ရနေသားပဲ၊ တဲ့။ ကျောချစရာ တစ်နေရာ ရှိတယ်။ စားစရာ ရှိတယ်။ သုံးစရာ လခကလည်း အထိုက်အလျောက် ရှိနေတော့ ဘာမှ အပိုအလျှံ မလိုပါဘူး၊ လို့ ငါ့ကိုပြောပြီး လက်မခံဘူး၊ လို့ ကျွန်တော်က ပြန်ပြောပြလိုက်တယ်။ ကျွန်တော့်ဘေးမှာ ထိုင်နေတဲ့ ငြိမ်းမောင်က တောက် တစ်ချက် ခေါက်လိုက်ရင်း၊ မင်းဆွေတို့နဲ့များ ကွာပါ့လို့ ပြောတယ်။ ကားရှေ့ခန်းဆီက မင်းဆွေအသံ ပေါ်လာပြန်တယ်။
အဲဒါပဲပေါ့၊ သောက်သုံးမကျဘူး ဆိုတာ။ ဘကျော်မှာ ဘာမှ ရည် ရွယ်ချက်မှ မရှိဘူး။ မချမ်းသာချင်ဘူး။ မအောင်မြင်ချင်ဘူး။ မကျော်ကြားချင်ဘူး။ ဘယ်လို နေရနေရ၊ ကျေနပ်နေတယ်။ ပြောမကောင်းလို့။ ဗိုလ်စံလည်း အဲဒီလိုပဲ။ ကြည့်လေ။ အင်္ဂလိပ်စာအဓိက မရလို့ အင်္ဂလိပ်စာ မဖတ်တော့ဘူး ဆိုတာ။ … ပြောရင်း မင်းဆွေအသံ ရပ်သွားတယ်။ ခဏ နားနေလိုက်ပုံရတယ်။ အပြင်ဘက်မှာ အတော်မှောင်လာလို့ ကားမီး ထွန်းလာကြတယ်။ ဌေးညွန့်က စီးကရက် မီးသတ်လိုက်တယ်။ မင်းဆွေ လို့ သူက လှမ်းခေါ်လိုက်တယ်။ ပြီးတော့၊ လူတွေမှာ ယုံကြည်ချက်တို့၊ ဘာတို့ ဆိုတာတွေ ရှိတယ်ဆိုတာ မင်း ကြားဖူးသလားလို့ မှောင်ထဲက လှမ်းမေးလိုက်တယ်။ ဘာကွလို့ မင်းဆွေက ပြန်ပြီး မေးလိုက်တယ်။ မင်းဆွေကပဲ ယုံကြည်ချက်တို့၊ တရားသေကျတယ် ဆိုတာတို့ရဲ့ အကြားမှာ ဘာခြားထားတယ်လို့ မင်း ထင်သလဲလို့၊ ဆက်ပြောရင်း မေးတယ်။ ဌေးညွန့်က ဘာမှပြန်မပြောဘူး။ အသုံးမကျချင်တဲ့ ကောင်ဟာ အသုံးမကျတာပဲ၊ လို့ မင်းဆွေအသံ ကြားရပြန်တယ်။ ဌေးညွန့်က ဘာမှ ပြန်မပြောတော့ဘူး။ ကျွန်တော်က တစ်ခုခုပြောမယ် လုပ်နေတုန်း၊ ကျွန်တော့် ဘေးနားက ငြိမ်းမောင်ဆီက အသံထွက်လာတယ်။ သောက်သုံးမကျတဲ့ ကောင်တွေ ရှိနေဖို့လည်း လိုတယ်၊ ဟ။ မဟုတ်ရင်၊ မင်းလိုကောင်မျိုးမှာ ဘာမှ လုပ်စရာရှိမှာ မဟုတ်ဘူးလို့ ပြောတယ်။ ပြီးမှ၊ သူ့ပခုံးနဲ့ထိနေတဲ့၊ ကျွန်တော့်ပခုံးကို သူ့ပခုံးနဲ့ အသာတွန်းရင်း၊ မရမ်းကုန်းကျ ထမင်းဝင် စားကြရအောင်လို့ ပြောတယ်။ ကျွန်တော်တို့ ပြောလိုက်တာကို မင်းဆွေ ကြားသွားပုံရတယ်။ မျက်နှာချင်းဆိုင်က လာတဲ့ ကားတစ်စင်းရဲ့ ထိုးလိုက်တဲ့ မီးရောင်ကြောင့် သူ့မျက်နှာကို တွေ့လိုက်ရတယ်။ သူက နောက်ဘက်ကို လှည့်ကြည့်လိုက်ရင်း မေးတယ်။ မင်းတို့၊ ဘာအစာ စားချင်ကြသလဲ၊ တဲ့။
❏
ပင်လယ်ထဲက မိုးရေ၊ ချောင်းရေ၊ နဲ့ မြစ်ရေ
In youth we learn, in age we understand.
Marie Ebner von Eachenbach
ကျွန်တော် ဝတ္ထုတိုတစ်ပုဒ် ရေးတယ်။ အဆုံးသတ်လို့ မရဘူး။ မရနိုင်တာက ဝတ္ထုကို အခြေခံထားတဲ့ တကယ့်ဖြစ်ရပ်မှာ၊ အဖြေက နှစ်မျိုး ဖြစ်နေလို့။ အကြောင်းကတော့၊ ငယ်ငယ်တုန်းက တောဘက်သွားတုန်းက ကြုံလာတဲ့ ဖြစ်ရပ်တစ်ခု၊ ပဲ။ ဘယ်လို အဆုံးသတ်ရမှန်းကို မသိဘူး။ ဦးလေးနဲ့ တူရဲ့အကြားက ဇာတ်လမ်းပဲ။ အချစ်ဇာတ်လမ်းတော့လည်း မဟုတ်ဘူး။ ဇာတ်လမ်း အဆုံးမသတ်နိုင်ပေတဲ့ ဝတ္ထုတိုကို နာမည်တော့ တပ်ထားလိုက်တယ်။ ‘ဘာလို့ အခုမှ ချစ်ချင်ရတာလဲ’ လို့။ အရွယ်နဲ့ ဆိုင်တဲ့ ကိစ္စလည်း ပါတယ်။ အလုပ်အားတဲ့ အခါတိုင်း၊ ပြန်ဖတ်တယ်။ ဘဝင်ကို မကျနိုင်ဘူး။ အဲဒီနေ့ကလည်း ကွန်ပျူတာကို ဖွင့်ပြီး ပြန်ဖတ်နေတုန်း၊ မင်းဆွေဆီက ဖုန်းလာတယ်။ ဖုန်းကိုင်ပြီး ဟယ်လိုလို့ပဲ ပြောရသေးတယ်။ သူက ဟေ့ကောင်၊ မင်း ရန်ကုန်လာဦးမလားလို့ သူက မေးတယ်။ ကျွန်တော်လည်း ချဉ်တင်တင် ရှိတာနဲ့ ငါ ဘယ်သွားလို့ ဘယ်လာတယ်ဆိုတာ မင်းကို အသိပေးစရာ၊ မင်းဆီက ခွင့်ပြုချက်ရစရာ လိုတယ်လို့ မင်း ထင်လို့လားလို့ ပြန်ပြောလိုက်တယ်။ ဒီတော့မှ၊ ဟဲဟဲ ဆိုတဲ့ ရယ်သံကို တယ်လီဖုန်းထဲမှာ ကြားလာရတယ်။ ကျွန်တော်က ဘာမျှ ဆက်မပြောဘဲ သူ့အဖြေကို စောင့်နေမိတယ်။ သူက၊ ကျွန်တော် မေးတာကို မဖြေဘဲ အခု၊ မင်းမှာ စကားပြောဖို့ အချိန်ရှိသလားလို့ မေးတယ်။ ရှိတယ်တော့ မဟုတ်ဘူးလို့ ကျွန်တော်က စကားပလ္လင်ခံလိုက် ပြီးမှ၊ မင်း ပြောချင်တာရှိရင် ငါ နားထောင်နိုင်တယ်။ ငါက မင်းလို အချိန်ကာလရဲ့ အချုပ်အနှောင်ထဲမှာ နေတာမဟုတ်ဘူး။ ငါက အချိန်နာရီရဲ့ နှုတ်ခမ်းစပ်နားကနေပြီး၊ အချိန်နာရီကို ငါ အသုံးတည့်အောင် နဖားကြိုးတပ်ပြီး ခိုင်းနေတာ၊ လို့ ပြောလိုက်မိတယ်။ သူက ပြန်မပက်ဘူး။ အေးပါကွာ၊ အေးပါကွာလို့ပဲ ပြန်ပြောတယ်။ ဒီကောင့် အကြောကို ကျွန်တော် ကောင်းကောင်းသိတယ်။ ဒီလေမျိုးက ကျွန်တော့်ဆီက တစ်ခုခုရချင်တဲ့ လေမျိုး။ ဒီကောင်ကိုယ်တိုင်ကလည်း လူပါးပဲ။ ကျွန်တော့် အထာကို သိတယ်။
မင်းကို ငါ တိုင်ပင်စရာရှိတယ် လို့ သူက ပြောပြီး၊ ဘာမျှ ထပ်မပြောဘူး။ ကျွန်တော် တွေးကြည့်ရတာကတော့ မင်းဆွေတစ်ယောက် တယ်လီ ဖုန်းကိုင်ရင်း ငါ ဆက်ပြောရ ကောင်းမလား၊ မကောင်းဘူးလားလို့ တွေးနေပုံပဲ။ ဒါနဲ့ပဲ၊ ကျွန်တော်က နောက်လိုက်တယ်။ တိုင်ပင်တယ်ဆိုတာ အကြံဉာဏ်လိုချင်လို့ပဲ။ ငါ့ဆီက အကြံဉာဏ်လိုချင်ရင် ငါကတော့ ထုံးစံအတိုင်း အခကြေးငွေရကာမှ အကြံပေးနိုင်မှာ။ တယ်လီဖုန်းကနေ ဆိုရင်တော့ အကြံပေးလေ့ မရှိဘူး။ တိုက်ရိုက်အကြံပေးတာမျိုး လိုချင်ရင်တော့ တစ်မျိုး။ သူငယ်ချင်း အချင်းချင်း ဆိုတော့လည်း လျှော့ပေးမယ်ကွာ။ ဒီလိုလုပ်။ ပထမတန်းက လေယာဉ်ပျံလက်မှတ် အသွားအပြန် ပို့လိုက်။ ဟိုတယ်ခ ပေး။ ဟိုရောက်ရင် ငါနဲ့ စကားပြောဖို့အတွက် ဆယ့်ငါးမိနစ်တိုင်း ဒေါ်လာသုံးထောင် ပေးရမယ်။ အဲဒီ သုံးထောင်မှာ အမြတ်တော်ကြေးအတွက် သုံးရာထပ်ပေါင်း။ စာရင်းကိုင်အတွက် ခုနစ်ဆယ့် ငါးဒေါ်လာ ထပ်ထည့်။ စုစုပေါင်း ဆယ့်ငါးမိနစ်တိုင်းဟာ သုံးထောင့် သုံးရာခုနစ်ဆယ့်ငါး ဒေါ်လာ ကျမယ်။ မင်း၊ သဘောတူရဲ့လား။ သဘောတူရင် ငါ့ဘဏ်ရဲ့ ငွေစာရင်းနံပါတ် ပေးမယ်၊ အဲဒီထဲ မင်းရဲ့ငွေ ရောက်တော့မှ၊ ငါ လာမယ်။ ဘယ်လိုလုပ်ချင်သလဲလို့ မေးလိုက်တယ်။ ချက်ချင်း၊ သူ့ဆီက ဘာသံမျှ ပြန်မကြားရဘူး။ ကျွန်တော်က ဟေ့ကောင်၊ ငါပြောတာ ကြားသလားလို့ မေးလိုက်မိပြန်တယ်။ ဒီတော့မှ၊ လေသံ ခပ်ဖျော့ဖျော့နဲ့ အေးပါကွာ၊ လို့ ပြောပြီး ခဏရပ်နေတယ်။ ပြီးမှ မင်းကလည်းကွာ၊ စီးပွားရေး ဆန်လိုက်တာလို့ ပြောတယ်။ ဟကောင်၊ ဒါ စီးပွားရေးဆန်တာ မဟုတ်ဘူး။ ငါ၊ မင်းလို တခြားဟာတွေ လုပ်မစားတတ်ဘူး။ တန်ရာတန်ကြေး မရရင် ငါ ဘာမျှမလုပ်ဘူးလို့ လေသံ ခပ်ပြင်းပြင်းနဲ့ ကျွန်တော်က ပြောလိုက်တယ်။ ချက်ချင်းပဲ သူက ပြန်ပြောတယ်။ မင်းကို ငါက အကူအညီ တောင်းချင်လို့ပါ။ ငါ လိုချင်တယ် ဆိုတဲ့ မင်းရဲ့အကြံဉာဏ် ဆိုတာကလည်း မင်း လုပ်စားနေတာမျိုးတွေလောက် ခက်မှာ မဟုတ်ပါဘူး။ ငြိမ်းမောင်တို့၊ ဘဲမတို့နဲ့ကလည်း တိုင်ပင်လို့ မရလို့ပါကွာ။ မင်းကတော့ သူငယ်ချင်း တစ်ယောက်အနေနဲ့ ပြောင်ပြောင်ပဲ ပြောတတ်လို့ မင်း သဘောထား သိချင်လို့ပါလို့ ပြောတယ်။ မင်းဆွေ အသံဟာ အတော်ကြီး ပျော့သွားတယ်။
ကျွန်တော်လည်း စိတ်ထဲက သနားသွားတယ်။ ဒီကောင်က ပြောမနာ ဆိုမနာ။ ကျွန်တော်တို့ သူငယ်ချင်းတွေ အကြားမှာ ကျွန်တော်နဲ့ ငြိမ်းမောင်က လွဲလို့ တခြားလူတွေရဲ့ အပြောအဆိုကို သိပ်မခံဘူး။ အလကားပါကွာ။ သူငယ်ချင်း အချင်းချင်းပဲ။ ငါ ထပ်လျှော့ပေးပါ့မယ် လို့ ပြောလိုက်တယ်။ ငါ တကယ်ပြောနေတာ၊ ကွာ။ နောက်၊ မနေစမ်းပါနဲ့လို့ သူက ပြောတယ်။ အိုကေ။ ပြောလို့ ကျွန်တော်က ပြန်ပြောပြီး နားထောင်နေလိုက်တယ်။ မရဲတရဲ အသံမျိုးနဲ့ သူက ပြောတယ်။ ငါ၊ မိန်းမယူမလားလို့၊ လို့ ပြောပြီး ဘာမျှဆက်မပြောဘဲ ရပ်နေတယ်။ ဟေ လို့ အရင်းမရှိ၊ အဖျားမရှိဘဲ ကျွန်တော့်ပါးစပ်ထဲက ထွက်သွားတယ်။ ဘုရား တ,မလို့ပဲ။ ကျွန်တော့်မှာက တ,စရာ ဘုရားမရှိဘူး။ အတော် အံ့သြသွားမိတယ်။ အံ့ဩဆို၊ မင်းဆွေ ပါးစပ်က ဒီလိုစကားမျိုး ဘယ်တော့မှ ကြားရလိမ့်မယ်လို့ တွက်မထားလို့ပဲ။ အဆိုးရွားဆုံး၊ သင်းဆီက ကြားရနိုင်တာက ငါ့မှာ ပိုက်ဆံမရှိလို့ ဘဏ်ကို ဓားပြသွားတိုက်မလို့၊ ဆိုတာမျိုးလောက်ပဲ ကြားရနိုင်တာ၊ ကိုး။ ဟေ့ကောင်၊ မင်း၊ ဘာပြောလိုက်တယ်။ ပြန်ပြောစမ်းလို့ ကျွန်တော်က ပြောလိုက်တယ်။ ငါ၊ မိန်းမယူမလားလို့ စဉ်းစားနေတယ်လို့ သူက ပြန်ဖြေတယ်။ သူ့ဆီက ပြည့်ပြည့်စုံစုံ ထပ်ကြားရအောင်၊ ကျွန်တော်က ဒီတော့… လို့ စကားဆက်ဖို့ လမ်းကြောင်းပေးလိုက်တယ်။ အဲဒါ၊ မင်း ဘယ်လို သဘောရသလဲလို့ပါ လို့ သူက ဖြည့်ပြောတယ်။ သူနဲ့ စကားပြောနေရင်း၊ ကျွန်တော့်ခေါင်းထဲမှာ သူ့အကြောင်းတွေ အများကြီး ဝင်လာရုံတင် မကဘူး။ တချို့ အကြောင်းတွေက ခလုတ်တိုက်ပြီးတော့တောင် လဲသွားတာတွေ ရှိနေတယ်။ မင်းဟာက မဟုတ်သေးပါဘူးကွာ။ ခဏနေဦး။ ငါ စပီကာဖုန်း ဖွင့်လိုက်ဦးမယ်။ ဒါမှ လွတ်လွတ်လပ်လပ် ပြောလို့ရမှာလို့ ပြောပြီး၊ ကျွန်တော်က တယ်လီဖုန်း လဲလိုက်တယ်။ ပြီးမှ၊ ဟေ့ကောင်၊ မင်း၊ မိန်းမယူမယ့်ကိစ္စ ငါက ဘယ်လိုသဘောရသလဲ၊ ဟုတ်လား။ မင်း၊ ဥစ္စာက မဟုတ်သေးပါဘူး။ မင်း ယူမယ့် မိန်းမလည်း ငါနဲ့ မတွေ့ဖူးဘူး။ ငါနဲ့ ယူမှာလည်း မဟုတ်ဘူး။ ဘာလဲ၊ ငါက အစမ်းသဘောနဲ့ ယူကြည့်ပေးရမှာလားလို့ သူ့ကို မေးလိုက်တယ်။
တယ်လီဖုန်းထဲမှာ မင်းဆွေရဲ့ရယ်သံကို သဲ့သဲ့ကြားလိုက်ရတယ်။ နောက်တော့ သူ့ အသံ ထွက်လာတယ်။ ခွေးကောင်၊ မင်းမှာ အဲဒီလိုဟာမျိုးဆို ခေါင်းထဲက မြန်မြန်ဆန်ဆန် ထွက်လာတတ်တယ်။ ငါ ပြောချင်တာက၊ မင်းအနေနဲ့ ငါ့နေရာကနေ ကြည့်ပြီး ဘယ်လိုလုပ်သင့်တယ် ထင်သလဲလို့ပါ၊ တဲ့။ မင်းရဲ့ သဘောထား သိချင်လို့ပါ၊ တဲ့။ မင်းနဲ့ ငါနဲ့က တစ်လကြီး တစ်လငယ်ပဲ။ မင်းလည်း ခြောက်ဆယ်ပြည့်ပြီ မဟုတ်လား၊ တဲ့။ ဒီလိုဆိုရင်၊ မင်းကို ငါ နည်းနည်းပါးပါး မေးစမ်းပါရစေ လို့ ကျွန်တော်က ပြောတော့ သူက ချက်ချင်းပဲ မေးလို့ ပြန်ပြောတယ်။ မင်းနဲ့ အရင်က ကားတစ်စီးပြောင်းစီးတိုင်း ထည်လဲပြောင်းတွဲနေတာ ကလေးတွေ ဘယ်ရောက်ကုန်ပြီလဲ။ ဟိုတစ်ခါ ငါ ရန်ကုန်လာတုန်းက ငြိမ်းမောင် ပြောပြတဲ့ မော်ဒလ်မော်ဒက် ကောင်မလေး၊ ရော။ မင်း ပိုင်တဲ့ တိုက်ခန်း ပေးထားရတယ် ဆိုတာကလေး၊ လေ။ မင်း ပြောနေကျ၊ ပိုက်ဆံရှိရင် မင်းသမီးတောင် လက်ထပ်လို့ရတယ် ဆိုတာတို့ ဘာတို့တွေ၊ ဘာတွေ ဖြစ်ကုန်သတုံး၊ လို့ ကျွန်တော်က မေးလိုက်တယ်။ ဘာမျှ ပြန် မဖြေသေးဘဲ၊ သူက ရယ်နေတယ်။ ဒါတွေ၊ ပြီးကုန်ပါပြီကွာလို့ သူက ဖြေတော့ ကျွန်တော်က ချက်ချင်းပဲ ပြန်ပြောလိုက်တယ်။ ဟကောင်၊ ဒါတွေ ပြီးကုန်ပါပြီလို့ လွယ်လွယ်မပြောနဲ့။ လူဟာ စက်ရုပ်မဟုတ်ဘူး။ ခလုတ်နှိပ်လိုက်ရင်၊ ရပ်။ နောက်ထပ် နှိပ်လိုက်ရင်၊ သွား။ အဲဒီလိုမျိုး မဟုတ်ဘူး။ လူမှာ ခံစားချက်တို့၊ ဘာတို့ ဆိုတာတွေ ရှိသေးတယ်။ မင်းဆွေက ရယ်တယ်။ ခုဟာကကွာ၊ အသက်အရပဲ ပြောရမှာပေါ့။ ဆေးပေးမီးယူ လိုလာပြီ မဟုတ်လားလို့ သူက ပြောတယ်။ ဒီလိုဖြင့်ကွာ၊ နပ်(စ)မ နှစ်ယောက် ငှားထားပါလား။ နေ့တစ်ယောက်၊ ညတစ်ယောက်ပေါ့။ စိတ်ချရအောင်၊ ပင်စင်ယူသွားတဲ့ မေထရွန်ကြီးတွေလို ဟာမျိုး ရှာငှားပေါ့။ မကောင်းဘူးလားလို့ ကျွန်တော်က မေးလိုက်ပြန်တယ်။ ဟေ့ကောင်၊ ငါက အကောင်းပြောနေတာ။ တကယ်ပြောနေတာ။ မင်း၊ နောက်မနေစမ်းနဲ့၊ တဲ့။ ကျွန်တော်လည်း တည့်တည့်ပဲ ပြန်ပြောလိုက်တယ်။ မင်းဆွေ၊ ငါ နောက်နေတာ မဟုတ်ဘူး။ မင်းတို့၊ ငါတို့ အသက်အရွယ်မှာ ငါတို့ရဲ့ ဖြစ်-ရှိနေခြင်းကို လက်တွေ့ကျကျ လက်ခံဖို့ လိုတယ်။ လက်ခံရုံတင် မကဘူး။ ကျင့်သုံးနိုင်ဖို့လည်း လိုတယ်။ စမ်းသပ် လေ့လာတဲ့အရွယ် မဟုတ်တော့ဘူး။ ငယ်ငယ်တုန်းကလို၊ စောင့်ကြည့်တဲ့အရွယ် မဟုတ်တော့ဘူး။ မနက်ဖြန်ဆိုတာဟာ တို့အတွက် ရှိချင်မှ ရှိတော့မှာ။ ဒီတော့၊ မင်းက ဆေးပေးမီးယူ ဆိုတာကို ဆင်ခြေပေးရင် ငါ မြင်တာကတော့၊ ခုနက ငါပြောတဲ့အတိုင်း မေထရွန်ကြီး နှစ်ယောက်လောက်သာ ငှားထား။ ဒီအကြားထဲ၊ မင်းများ သေသွားခဲ့ရင်၊ သူတို့က မင်းကို ကျေးဇူးရှင်အဖြစ် သဘောထားနေကြဦးမှာ။ မင်း ကြိုက်တဲ့ မော်ဒလ်မော်ဒက်တွေကတော့ အဲဒီလို သဘောထားမှာ မဟုတ်ဘူးလို့ ပြောလိုက်မိတယ်။
တကယ်တော့၊ ဒီကောင့်ဆီက တကယ့်ဆင်ခြေကို သိချင်လို့ အဲဒီလို၊ ကျွန်တော် ပြောလိုက်တာ။ ဒီလိုလုပ်တာကို၊ အလုပ်သဘောအရ ပြောရရင်တော့၊ ပေါင်းအိုးထဲ ထည့်ပြီး မီးမျှဉ်းမျှဉ်းပေးလိုက်တာပဲ။ ဖြည်းဖြည်းချင်း မီးအားတင်ပေးလိုက်တာနဲ့၊ လိုချင်တဲ့ အနေအထား ရလာတော့ တာပဲ။ ငါကလည်း တကယ်ချစ်မိလို့ပါလို့ မင်းဆွေက ပြောတယ်။ ဘာပြောတယ်လို့ ကျွန်တော့်ပါးစပ်က ထွက်သွားတယ်။ သူက ဘာမျှ ပြန် မဖြေရသေးခင် ကျွန်တော်ကပဲ ထပ်ပြီးပြောရင်း မေးလိုက်မိတယ်။ ချစ်လို့၊ ဟုတ်လား။ ဒီတော့၊ မင်းဆွေက ပြန်ဖြေတယ်။ အဲဒီလိုပဲ၊ ငါတော့ ထင်တာပဲ၊ တဲ့။ သူ ပြန်ဖြေလိုက်သံထဲမှာ မရေရာသလိုလိုအသံ ပါတယ်။ ဒီတော့လည်း၊ ကျွန်တော်က မေးလိုက်ရပြန်တယ်။ မင်းဟာက ချစ်တာလား၊ ချစ်တယ်လို့ ထင်နေမိတာလား။ ချစ်တာဆိုရင်ဖြင့်၊ ကိစ္စပြတ်တယ်။ ချစ်တယ်လို့ ထင်တာပဲ ဆိုရင်တော့၊ ရှည်ရှည်ဝေးဝေး ပြောကြရလိမ့်ဦးမယ်။ မင်းဘာသာ အရင်စဉ်းစားဦး။ အေး၊ မင်း ဘာမှပြန်မဖြေခင် မင်း လက်ထပ်ချင်တယ် ဆိုတဲ့ အမျိုးသမီးက ဘယ်ကလဲ ဆိုတာလေးတော့ ပြောစမ်းပါဦးလို့ ကျွန်တော် မေးလိုက်တယ်။ သူက ခဏဆိုင်းနေသေးတယ်။ ကျွန်တော်လည်း သူ့အပြော စောင့်နေမိတယ်။ နယ်ကပါလို့ တယ်လီဖုန်းထဲမှာ အသံထွက်လာတယ်။ ကျောင်းဆရာမပါလို့ ထပ်ပြောတယ်။ ကျွန်တော့် ခေါင်းထဲမှာတော့ အတော့်ကို တွေးမရအောင် ဖြစ်သွားမိတယ်။ မြို့ပေါ်က ဘူဇွာနဲ့ နယ်ဘက်က ကျောင်းဆရာမကလေးတို့ရဲ့ ဇာတ်လမ်း ဆိုတာ၊ ဝတ္ထုတို့၊ ဘာတို့အထဲမှာ လုပ်ကြံရေးလို့ ရတယ်လို့ပဲ ကျွန်တော်က လက်ခံထားတာ။ ခုလို၊ တကယ်ဖြစ်လာလိမ့်မယ် လို့ မထင်မိဘူး။ သူ့ကို မေးချင်တာတွေ တစ်သီကြီး ပေါ်လာတယ်။ ကိုင်း၊ မေးလက်စနဲ့ ငါ မေးစမ်းပါရစေ။ ဘယ်လိုလုပ်ပြီး တောက၊ ချောနှမကို သဘောကျရတာတုံး။ ချစ်တီး ကြွေးသိမ်း သဘောမျိုးတော့ မဟုတ်ဘူး၊ မဟုတ်လား၊ လို့ မေးလိုက်တယ်။ မင်းကလည်းကွာလို့ သူက အစချီပြီး၊ ငါ ဘာလုပ်လုပ် ပိုက်ဆံအခြေခံပြီး လုပ်တယ်လို့ပဲ မင်း မြင်နေတယ်။ မဟုတ်သေးပါဘူး လို့ ပြောတယ်။ မဟုတ်သေးရင်၊ ဟုတ်တဲ့အကြောင်း ပြောကွာလို့ ကျွန်တော်က စကားကို ထောက်ပေးလိုက်တယ်။ ဒီလိုကွာလို့ အစချီပြီး သူက ပြောတယ်။
ငါနဲ့ ငြိမ်းမောင်နဲ့ ဗိုလ်စံကျောင်းကို သွားကြတယ်။ ဦးစန္ဒိမာကွာ။ ဘကျော်နဲ့လည်း စကားပြောကြရအောင်။ အဲဒီမှာ၊ တွေ့တာ။ ဘကျော်တို့ ကျောင်းကို ပြောင်းလာတဲ့ ဆရာမလေးပဲ။ ငါနဲ့ကတော့ အသက် နှစ်ဆယ်သာသာလောက် ကွာတာပေါ့။ ဗိုလ်စံ ကျောင်းမှာပဲ တစ်ခေါက် နှစ်ခေါက် ထိုင်စကားပြောကြရင်းက ရင်းနှီးသွားတယ်။ မင်း သိတဲ့အတိုင်းပဲကွာ။ ငါ့ကိုဆိုရင် မင်းတို့ကအစ အမြင်ကတ်ကြတယ်။ သူက အဲဒီလို မဟုတ်ဘူး။ သူနဲ့ စကားပြောတိုင်း ငါ ဘယ်လိုနေတယ်၊ ဘယ်လို စားတယ် ဆိုတာတွေ မေးရင်း၊ ပြောရင်း သူက ကောက်ချက်တစ်ခု ချတယ်။ ကိုမင်းဆွေ ဘဝကြီးဟာ ထီးတည်းကျန်ကြီးပဲနော်၊ တဲ့။ ငါ့ကို တစ်ခါဖူးကမျှ၊ ဘယ်သူကမျှ၊ အဲဒီလို မမြင်ကြဘူး။ အဲဒီ၊ စကားဟာ ငါ့ခေါင်းထဲက မထွက်ဘူး။ နောက်တော့၊ ဗိုလ်စံကို ရန်ကုန် အလည်ကြွဖို့ ဖိတ်ရင်း၊ သူ့ရော ဘကျော်ပါ ဖိတ်လိုက်တယ်။ ငါ့အိမ်မှာပဲ တည်းကြတယ်။ ငါ့အိမ်မှာ သုံးရက်လောက် နေကြတယ်။ တစ်နေ့ စကားထိုင် ပြောနေကြရင်း သူက ပြောတယ်။ ကိုမင်းဆွေမှာ ပိုက်ဆံတွေ အများကြီး ရှိတယ် ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေတဲ့၊ ကျွန်မ အမြင်မှာတော့ အတော် ပျင်းစရာကောင်းတဲ့ ဘဝကြီးပဲ။ ပိုက်ဆံရှာ၊ ရတဲ့ပိုက်ဆံကို သုံး။ ဒီ့ပြင်၊ ဘာမျှ ပျော်စရာမရှိဘူး။ လေတောင် လေအေးစက်ထဲက ထွက်တာကို ရှူတာပဲ၊ တဲ့။ သူ ပြောတာတွေကတော့ အများကြီးပဲ။ ဘာလို့မှန်းတော့ မသိဘူး။ သူ၊ အဲဒီလိုပြောပြီးခါမှ ငါ့ကိုယ်ငါ ကြည့်မိတယ်။ ဟုတ်တယ်။ ငါ့ဘဝကြီးဟာ ပျင်းစရာကြီး။ ငါ လုပ်နေသမျှတွေဟာ ငါ့ ကိုယ်ငါ လှည့်ဖျားပြီး အပျင်းပြေအောင် လုပ်နေတာပဲ။ သူ ပြောတာတွေကတော့ အများကြီးပဲကွာ။ လိုရင်း ပြောရရင်တော့၊ သူ့ကို ကြိုက်သွားမိတယ်။ နောက်တော့၊ ဘကျော်ကနေတစ်ဆင့် စကားထည့်ကြည့်ရတာပေါ့ကွာ။ ဒီအရွယ်ဆိုတော့လည်း ခက်တာပေါ့။ ဟိုတုန်းက၊ သီချင်းထဲကလို နင့်ကို ငါချစ်တယ်၊ ငါ့ကို နင် ချစ်မလားလို့တော့ မပြောရဲဘူးပေါ့။ ဖြည်းဖြည်းချင်းဆိုတော့ ခြောက်လလောက် ကြာသွားတာပေါ့။ ဘကျော်က လျှောက်လို့ ဗိုလ်စံ သိသွားတော့ ဗိုလ်စံကတောင် သိပ်မယုံချင်ဘူး။ ငါ့ကို ခေါ်မေးလို့ သွားရှင်းပြရသေးတယ်။ အခုတော့၊ အမျိုးသမီးက သဘောတူတယ်။ သူက တစ်ခုတော့ ပြောတယ်။ လက်ထပ်ပြီးရင်လည်း ကျောင်းဆရာမတော့ ဆက်လုပ်ခွင့် ပြုရမယ်တဲ့။ ငါကလည်း သဘောတူပါတယ်။ အခု၊ လက်ထပ်မယ်လို့ စဉ်းစားကြတော့ ဗိုလ်စံနဲ့ ဘကျော်ကလည်း ပြောတယ်။ ဟိုကောင်ကြီးကိုလည်း ဖုန်းဆက် ပြောလိုက်ဦး တဲ့။ ဒါကြောင့်လည်း၊ ငါ ဖုန်းဆက်တာ။
မင်းဆွေ ပြောတာ နားထောင်နေရင်း ကျွန်တော့်ဘာသာ တွေးနေမိတယ်။ မင်းဆွေကိစ္စက ရှင်းရှင်းလေးပဲ။ ဒီကိစ္စထဲ ဘယ်သူကမျှ ဝင်ပါနေစရာ မလိုဘူး။ သူ့ခမျာ၊ ခုကာမှ အချစ်ဆိုတာကို တွေ့တာ။ ဒီ–အချစ်–က အပျင်းပြေ ကွာစေ့ကိုက်ပြီး တွေးတဲ့ အချစ်မျိုး မဟုတ်ဘူး။ သူ ပြောလို့ ပြီးသွားတော့၊ ကျွန်တော်က ပြောလိုက်တယ်။ မင်းဆွေ၊ ဒီကိစ္စက ဘယ်သူ့အဆုံးအဖြတ်၊ ဘယ်သူ့ အကြံဉာဏ်မှ မင်း ယူနေစရာ မလိုဘူး။ မင်း နားလည် လက်ခံရယူလိုက်တဲ့ ချစ်ခြင်းရဲ့ ဘောင်အတွင်းက မင်း ဆုံးဖြတ်တာ။ ငါ့အကြံဉာဏ်လည်း မယူနဲ့။ ဘယ်သူဘယ်ဝါရဲ့ အကြံဉာဏ်ကိုမျှ မလိုဘူး။ အကြောင်းက၊ ချစ်ခြင်းဆိုတာကို ဘယ်သူကမျှ ရေရေရာရာ မသိကြဘူး။ သိထားကြရင်လည်း ပုဂ္ဂလိက သိမှုအတိုင်း အတာကလေး အထဲဆီကပဲ။ တွေးခေါ်ရှင် အီမာန်နျူအလ်ကန့် ပြောသလို ယေဘုယျကျနေတဲ့ အကြောင်းတစ်ရပ်ထဲက ပုဂ္ဂလိက အတိုင်းအတာနဲ့ သိမှုကလေးတစ်ခုပဲ။ ဘာမျှ ကြီးကြီးကျယ်ကျယ် သိထားကြတာ မဟုတ်ဘူး။ နောက်တစ်ချက်၊ မင်းအသက်အရွယ်ဟာ စိတ်ကူးယဉ်တဲ့ အရွယ်လည်း မဟုတ်တော့ဘူး။ မင်းလည်း စိတ်ကူးမယဉ်တတ်ဘူး ဆိုတာ ငါ သိတယ်။ ဒီတော့၊ မင်းကို ငါ ဘာမျှ အကြံမပေးချင်ဘူး။ မင်း ဆုံးဖြတ်တာဟာ မင်းရဲ့အမှန်တရားပဲ ဖြစ်မယ်။ မင်းအပေါ်မှာ မင်း ရိုးသားမှုရှိရင် ပြီးတာပဲလို့ ခပ်ရှည်ရှည် ပြန်ပြောပြလိုက်တယ်။ ဒီ့နောက်တော့ ရယ်စရာကလေးတစ်ခု အနေနဲ့ ကလေးယူမယ် ဆိုရင်တော့၊ သေသေချာချာ စဉ်းစားဖို့ လိုတယ်။ မင့်ကလေး ဆယ့်လေးငါးခြောက်နှစ်သား အရွယ် ရောက်လို့၊ မိဘကို ပြန်ပက်တတ်တဲ့ အရွယ်ကျရင် မင်း ခံနိုင်ရည် ရှိ၊ မရှိကိုတော့ ထည့်စဉ်းစားထား။ ဒါကလည်း၊ မင်းက အသက် ခုနစ်ဆယ့်ငါး၊ ရှစ်ဆယ်လောက်အထိ အသက်ရှင်နေဦးမယ်လို့ တွက်ထားရင်ပေါ့ကွာ။ ဒီကိစ္စကတော့ မေတ္တာတို့၊ ချစ်တာတို့နဲ့ မဆိုင်ဘူး။ နေ့စဉ်ဘဝထဲက ကိစ္စလို့ ပြောလိုက်တယ်။ သေချင်းဆိုး။ မင်း အဲဒီလို ပြောမှ ပြောပါ့မလားလို့ ငါ စောင့်နေတာလို့ သူက ပြန်ပြောပြီး ရယ်တယ်။ နောက်တော့၊ ရယ်စရာလေး ဘာလေး ပြောပြီး၊ ဖုန်းချလိုက်ကြတယ်။ တယ်လီဖုန်းစကားပြောလို့ ပြီးသွားတော့ ညတစ်နာရီ ကျော်နေပြီ။ နောက်တစ်နေ့ ခရီးသွားစရာကလေးရှိလို့ ကျွန်တော်လည်း အိပ်ဆေးသောက်ပြီး အိပ်လိုက်ပေတဲ့၊ ချက်ချင်း အိပ်မပျော်ဘူး။ ဟိုတွေး ဒီတွေးနဲ့ ကျွန်တော့်ရေးလက်စ ဝတ္ထုတိုကလေးဆီ ပြန်ရောက်သွားတယ်။ ‘ဘာလို့ ခုမှ ချစ်ချင်ရတာလဲ’ ဆိုတဲ့ အဆုံးသတ်မှာများ မင်းဆွေအကြောင်း ရှာကြံထည့်လို့ ရမလားလို့ တွေးနေမိတယ်။ မရနိုင်ဘူး။
နောက်နေ့ည ရောက်တော့လည်း၊ ဖတ်စရာ ရှိတာကလေးတွေ ဖတ်ပြီး၊ အဆုံးမသတ်နိုင်သေးတဲ့၊ ကျွန်တော့်ရဲ့ ရေးလက်စ ဝတ္ထုတို ‘ဘာလို့ အခုမှ ချစ်ချင်ရတာလဲ’ ကို သတိရလိုက်မိတယ်။ ကွန်ပျူတာထဲက ရေးလက်စကို ပြန်ဖတ်နေမိတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ ငြိမ်းမောင်တစ်ယောက် ဖုန်းဆက်မယ်ထင်တယ် လို့ စိတ်ထဲမှာ ဖြစ်နေမိတယ်။ ထင်တဲ့အတိုင်းပဲ၊ ဆယ့်တစ်နာရီထိုးတော့ ငြိမ်းမောင်ဆီက ဖုန်းလာတယ်။ မင်းတော့ ဖုန်းဆက်လိမ့်မယ်လို့ ငါ တွက်ထားပြီးသားလို့ ပြောတော့ ငြိမ်းမောင် ရယ်သံကို ဖုန်းထဲမှာ ကြားရတယ်။ နေဦး၊ ဘဲမနဲ့ အရင်ပြောဦး။ သူက မင်းကို စကားပြောချင်တာ အဓိက၊ လို့ ပြောပြီး တယ်လီဖုန်းကို ဘဲမကို လှမ်းပေးလိုက်တယ်။ ဘဲမဆီက ဟယ်လိုလို့ အသံကြားရတာနဲ့ ဟဲ့၊ ဘဲမ၊ နင်၊ ဘာမျှမပြောနဲ့ဦး။ ငါ အရင်ပြောမယ်။ (တစ်) နင့်ကိုယ်နင် အငြိမ်းစားယူထားတဲ့ ကျောင်းဆရာမဟောင်းကြီး ဆိုတာ မမေ့နဲ့။ (နှစ်) နင်၊ တစ်သက်လုံး လူတကာကို ဆုံးမလာတာ။ ငါတို့ကိုလည်း ဆုံးမလာခဲ့တာ။ အခု၊ နင့်ဘာသာ ဆုံးမဖို့ အချိန်တန်ပြီ။ (သုံး) နင်က ငါ့ကို ဆုံးမစကား ပြောမယ်ဆိုရင် ငါ့မှာ၊ အလကားရထားတဲ့ ဂုဏဝုမို၊ ဝယဝုမိုတွေကို အခြေခံပြီး တားရလိမ့်မယ်။ နင်၊ လက်မခံရင် သည်ဟိဂ်က အပြည်ပြည်ဆိုင်ရာ တရားရုံး လူ့အခွင့်အရေး ထိပါးမှုနဲ့ နင့်ကို တရားစွဲမယ်။ (လေး) မင်းဆွေ မိန်းမယူမယ် ဆိုတဲ့ ကိစ္စဟာ နင်နဲ့လည်း မဆိုင်ဘူး။ ငါနဲ့လည်း မဆိုင်ဘူး။ နင်နဲ့ ဆိုင်တယ်လို့ ထင်ရင်၊ နင် တစ်ခုစဉ်းစား။ အခု၊ မင်းဆွေ မိန်းမယူတာကို နင်က ကြားထဲကနေ သဘောမတူဘူး ဆိုရင်၊ နင် သူ့ကို ယူမလား။ နင် မယူနိုင်ရင် ပါးစပ်ပိတ်ထားလို့ ကျွန်တော်က ပြောလိုက်တယ်။ ဘဲမက ချက်ချင်း ပြန်မပြောဘူး။ ငြိမ်နေတယ်။ ပြီးမှ၊ ကိုင်း၊ ငါ ပြောလို့ ရပြီလားလို့ အရင်မေးတယ်။ ရပြီ၊ ပြော၊ လို့ ကျွန်တော်က ပြောလိုက်တော့မှ၊ နင့်ကို ငါ ကျေးဇူးတင်ချင်လို့ပါ။ နင်၊ ဟိုတစ်ခါ လာတုန်းက ပြောပြဖူးတဲ့ တို့အရွယ်မှာ စိတ်လှုပ်ရှားမှုရှိနေဖို့ မလိုတော့ဘူး။ စိတ်လှုပ်ရှားမှု ရှိနေတာ မှန်သမျှဟာ လူကို ဒုက္ခပေးနိုင်တာချည်းပဲ။ မြင်တာ၊ သိတာနဲ့ ဆင်ခြင်တုံတရားပဲရှိဖို့ လိုတော့တယ် ဆိုတာ၊ ငါ သတိရလို့ပါ။ နင်က၊ အဲဒီမူအတိုင်း မင်းဆွေကို အကြံပေးလိုက်လို့ ငါရော ငြိမ်းမောင်ပါ နင့်ကို ကျေးဇူးတင်လို့ပါ၊ လို့ ဘဲမက ပြောတယ်။ နင်၊ အသိတရား ရလာတာ ဝမ်းသာပါတယ်လို့ ကျွန်တော်က နောက်လိုက်တယ်။ သူ့ရယ်သံကို တယ်လီဖုန်းထဲမှာ ကြားနေရတယ်။ မင်းဆွေဆီက ချစ်လို့ ဆိုတဲ့ ဆင်ခြေကြားရတော့ ငါတို့ အံ့အားသင့်မိတာတော့ အမှန်ပဲ၊ လို့ ဘဲမက ပြောတယ်။ ကျွန်တော်က ရယ်လိုက်မိတယ်။
ချစ်ခြင်းတိုင်းဟာ အံ့အားသင့်စရာချည်းပဲ။ နင်ကတော့ ဘာမျှ နားလည်မှာ မဟုတ်ဘူး။ နင့်ဘဝမှာ လူတကာကို ဆရာလုပ်နေရရင် ပျော်စရာ၊ ကျေနပ်စရာတစ်ခုပဲ မဟုတ်ဘူးလား။ နင့်ဘဝမှာ ချစ်စရာမှလည်း မရှိခဲ့ဘဲ။ ချစ်လို့ ဆုံးမတယ် ဆိုတာ နင့်ရဲ့ချစ်ခြင်းပဲ မဟုတ်ဘူးလား လို့ ကျွန်တော်က ပြောရင်း မေးလိုက်တယ်။ ဟိတ်၊ တော်ပြီ။ ငြိမ်းမောင်နဲ့ ပြော။ နင်ဟာ ဘယ်တော့မှ အကောင်းပြောလို့ အကောင်းထင်တဲ့ လူမျိုးမဟုတ်ဘူးလို့ ပြောရင်း တယ်လီဖုန်းကို ငြိမ်းမောင်ကို ပေးလိုက်တယ်။ ငြိမ်းမောင်ရဲ့ ရယ်သံအထဲက ဟယ်လိုဆိုတဲ့အသံ ပြန်ကြားလာရတယ်။ ကျွန်တော်က ဘာမျှမပြောဘဲ နားထောင်နေမိတယ်။ မနက်က မင်းဆွေ ငါ့ဆီလာတယ်လို့ ပြောပြီး ငြိမ်းမောင်က စကားစလိုက်တယ်။ ကျွန်တော်ကတော့ နားထောင်နေမိတယ်။ မင်းနဲ့ ဖုန်းပြောဖြစ်တဲ့အကြောင်း ပြောပြီး မင်း ဘာပြောတယ် ဆိုတာကို သူ ပြောတယ်။ ပြီးတော့၊ မင်းဆွေ ပြောတယ်။ ကျောင်းဆရာမကလေးကို သူ တကယ်ချစ်တာမို့ လက်ထပ်မယ်တဲ့။ ဒီတော့၊ ငါကလည်း ကောင်းပါတယ်လို့ပဲ ပြောလိုက်တယ်။ ငါလည်း မင်းလိုပဲ မြင်တယ်၊ လို့ ပြောပြီး သူ ပြောနေတာကို ရပ်လိုက်တယ်။ ငါလည်း ဒီလိုပဲ၊ လို့ ကျွန်တော်က ပြောလိုက်မိတယ်။ ကျွန်တော်တို့ချင်း အတော်ကလေးကြာအောင် ဘာမျှ ထပ်မပြောဖြစ်ကြဘူး။ နောက်တော့မှ၊ ကျွန်တော်က ငြိမ်းမောင်ကို ပြောလိုက်တယ်။ မင်းဆွေက အကြံတောင်းပေတဲ့၊ ငါ့အနေနဲ့ သူ့ကို ပေးနိုင်တာ၊ ပေးလိုက်တာကတော့ ပြဒါးသုတ်ထားတဲ့ မှန်တစ်ချပ်ပဲ။ ကြည့်လိုက်တိုင်း သူ့အရုပ်ပဲ ပေါ်မှာ။ တချို့ ကိစ္စတွေမှာ၊ တခြား သူတစ်ပါးနဲ့မဆိုင်တဲ့ အဖြေတွေရဖို့ ကိုယ့်ကိုယ်ကိုယ် အပေါ်မှာ ရိုးသားမှုရှိဖို့ လိုတယ်။ ဒီတော့မှလည်း၊ ဆင်ခြေရဲ့ နိဂုံးဟာ မှန်မယ်။ မဟုတ်တောင်၊ အနီးစပ်ဆုံး မှန်ကန်မှုရှိမှာပဲ၊ လို့ ပြောလိုက်တော့၊ ငြိမ်းမောင်ဆီက အေဆိုတဲ့အသံ ကြားလိုက်ရတယ်။ ကျွန်တော်က ဆက်ပြောလိုက်ပြန်တယ်။ မင်းဆွေရဲ့ အနေအထားမှာ ဝင်ပြောလို့မဖြစ်တဲ့ အဓိကအချက်ဟာ ‘ချစ်လို့’ ဆိုတာပဲ။ ချစ်တယ်ဆိုတာ ဆင်ခြင်တုံတရားရဲ့ အပြင်ဘက်က။ ပြီးတော့၊ လူတစ်ယောက်ချင်းစီနဲ့ ဆိုင်တဲ့ကိစ္စ။ ယေဘုယျကျတဲ့ ချစ်ခြင်းဟာ နာမ်ဘဝကနေ ချစ်တယ်ဆိုတဲ့ ကြိယာဘဝကို ပြောင်းသွားတာနဲ့ သီးခြားသဘော ဆောင်သွားတော့တာပဲ။ ပုဂ္ဂလိကပိုင်ဆိုင်မှု ဖြစ်သွားတာပဲ။ မင်းလည်း သိသားပဲ။
တယ်လီဖုန်းရဲ့ တခြားဘက်ဆီက ငြိမ်းမောင်တစ်ယောက် ငြိမ်ပြီး နားထောင်နေတယ်။ တစ်ချက်တစ်ချက်၊ သူ ရှူထုတ်လိုက်တဲ့ လေသံကို ကြားရတတ်တယ်။ နောက်တော့၊ သူက ငါ့အနေနဲ့ကတော့ ကောင်းတဲ့ဘက်ကပဲ တွေးပါတယ်လို့ ပြောတယ်။ ဘာလဲလို့ ကျွန်တော်က မေးလိုက်မိတယ်။ မင်းဆွေအတွက် ပြောမယ့် ဆိုမယ့် လူတစ်ယောက် လိုတာတော့ အမှန်ပဲ။ ကောင်မကလေးက သူ့ကို ပြောရဲဆိုရဲ ရှိတယ်။ စွာတာတော့ မဟုတ်ဘူး။ သူ့ကို ကြိုက်စေရဲ့လို့ ပြောတာလည်း မဟုတ်ဘူး။ ကောင်မလေးက ကျောင်းဆရာမ ဆိုပေတဲ့၊ ဘဲမလို ဆရာလုပ်ချင်တဲ့ လူမျိုး မဟုတ်ဘူး၊ လို့ ငြိမ်းမောင်က ပြောတယ်။ ငြိမ်းမောင် ပြောစကားရဲ့ နောက်နားဆီက ခွေးကောင်၊ နင်တို့နှစ်ကောင်ဟာ အတူတူပဲလို့ လှမ်းအော်လိုက်တဲ့ ဘဲမအသံကို ကြားလိုက်ရတယ်။ အဲဒီတုန်းမှာပဲ၊ မင်းဆွေနဲ့ ငြိမ်းမောင်အကြားက လိပ်ခဲတည်းလည်း ဖြစ်နေတာကလေးကို ကျွန်တော် သတိရလိုက်မိတယ်။ မင်းတို့ချင်းလည်း အဆင်ပြေသွားကြပြီ မဟုတ်လား။ ကောင်းပါတယ်ကွာ။ ငါ ဝမ်းသာပါတယ်၊ လို့ စကားခံ မပါဘဲ ပြောလိုက်မိတယ်။ ငြိမ်းမောင်က အေးလို့ ပြောပြီး ရယ်တယ်။ ဒီကောင်နဲ့ ငါ စကားမပြောဖြစ်ကြတာ၊ ခြောက်လလောက် ကြာသွားတယ်။ မင်း ပြန်သွားပြီးတော့၊ ခြောက်လလောက် ကြာသွားတာပေါ့၊ လို့ ပြောပြီး ရပ်နေတယ်။ ကျွန်တော်က ဘာမျှမပြောဘဲ စောင့်နားထောင် နေလိုက်တယ်။ ငြိမ်းမောင်က ဆက်ပြောတယ်။ တစ်နေ့ ၊ ငါ့ဆီ ပေါက်ချလာတယ်။ ငါလည်း အတော်ကလေး ဖြေသာလာတဲ့ အချိန်ပေါ့။ မင်း၊ ငါ့ကို စိတ်ဆိုးသလားလို့ သူက မေးတော့ ငါက မင်းကို စိတ်ဆိုးစရာ ရှိသလားလို့ ပြန်မေးလိုက်တယ်။ သူက တော်တော်ကြာအောင် ဘာမျှ ပြန်မပြောဘဲနေပြီးမှ ချစ်တယ်ဆိုတာက ခက်တော့ခက်သားလို့ ပြောတယ်။ အဲဒီကတည်းက ငါကတော့ ရိပ်မိလိုက်တယ်။ ဒီကောင် ပြောတဲ့ ခက်တော့ ခက်သားကြီးကတော့ သင်းကို ထိုင်မရ၊ ထမရအောင်တော့ လုပ်ထားပြီလို့ ရိပ်မိလိုက်တယ်။ ဟား၊ ဟားလို့ ကျွန်တော်က ရယ်လိုက်မိတယ်။ ငြိမ်းမောင်က သူ ပြောနေတာကို ရယ်လိုက်လို့ စကားပြောနေတာကို ရပ်လိုက်တယ်။ ကျွန်တော်က မင်းပြောတဲ့ ခက်တော့ ခက်သားကြီးဆိုတဲ့ စကားလုံးကို သဘောကျလို့ပါလို့ ပြောလိုက်ရတယ်။ ဟုတ်တယ်။ သိပ်ခက်တာကြီးပဲ လို့ ငြိမ်းမောင်က ပြန်ပြောတယ်။ မင်း ရေးပေးသွားတဲ့ ခါလေ(လ)ဂျစ်ဘရမ်ရဲ့ စာကလေးလည်း သူ့ကို ငါ ထုတ်ပြ လိုက်တယ်။ သူက သေသေချာချာ ဖတ်ပြီး၊ ငါ မင်းတို့လို ပညာရှိ မဟုတ်ဘူး။ အဲဒီထဲကလို သဘောထားနေရင် နှလုံးရပ်ပြီး သေသွားရုံပဲ ရှိတယ်လို့ ပြောပြီး ငြိမ်းမောင်က ရယ်တော့ ကျွန်တော်လည်း လိုက်ပြီး ရယ်လိုက်မိတယ်။
ငြိမ်းမောင်က ရယ်နေတာကို ရပ်လိုက်ပြီး မင်း ပြောတာကလေး တစ်ခု သတိရလာတယ်လို့ သူက ဆက်ပြောတယ်။ ဘာလဲလို့ ကျွန်တော်က မေးလိုက်မိတယ်။ ငြိမ်းမောင်က ချက်ချင်း ပြန်မဖြေဘူး။ ကျွန်တော်က သူ ပြောမယ့်စကားကို မျှော်နေမိတယ်။ မင်း ပြောဖူးတာ တစ်ခု ရှိ တယ်လို့ အစချီပြီး ငြိမ်းမောင်က ပြောတယ်။ ခုန၊ ဘဲမ ပြောတဲ့အထဲမှာလည်း ပါတယ်။ စိတ်လှုပ်ရှားမှု မှန်သမျှဟာ လူ့အတွက် မကောင်းဘူး၊ ဆိုတာ၊ မင်းတို့မှာ၊ အလုပ်သဘောအရ စိတ်လှုပ်ရှားမှုနည်းအောင် လေ့ကျင့်ရတယ် ဆိုတာကို ငါ သတိရမိတော့၊ ဒီ ချစ်ခြင်းဆိုတာကြီးကိုလည်း လူအထဲမှာ မရှိအောင် လေ့ကျင့်တဲ့နည်းရှိရင် ကောင်းမလားလို့ တွေးမိတာပဲ၊ တဲ့။ ကျွန်တော်လည်း ချက်ချင်းတော့ စဉ်းစားကြည့်လို့ မရဘူး။ ခဏကြာမှ မပြောတတ်ဘူး၊ ရချင်လည်း ရမယ်။ ဒါပေတဲ့၊ မင်းတို့၊ ငါတို့ ခုလို အတွေးမျိုး တွေးတတ်လာတဲ့ အချိန်မှာတော့၊ လေ့ကျင့်ဖို့ အချိန်နှောင်းကောင်း နှောင်းနေလိမ့်မယ် ထင်တယ်။ တစ်ခုပဲ ရှိတယ်။ ခုလို တွေးတတ်လာတဲ့ အချိန်မှာတော့၊ ချစ်ခြင်းနဲ့ မချစ်တတ်ခြင်း ခေါ်ခေါ်၊ မချစ်လိုခြင်းခေါ်ခေါ်၊ ကြိုက်သလိုခေါ်၊ အဲဒါနှစ်ခုအကြားက စည်းရိုးဟာ မရှိသလောက် ဖြစ်သွားပြီ ထင်တယ်။ သိပ်မထူးတော့ဘူး၊ လို့ ငြိမ်းမောင်ကို ပြန်ပြောလိုက်မိတယ်။ သူက၊ ချက်ချင်း ဘာမျှ မတုံ့ပြန်ဘူး။ အတော်ကြာအောင် ငြိမ်နေတယ်။ ပြီးမှ၊ အေးလို့ ပြောပြီး ခဏရပ်နေပြန်တယ်။ မင်း ပြောတာလည်း ဖြစ်နိုင်တာပဲလို့ ပြောတယ်။ ပြီးမှ၊ အဓိကကတော့ကွာ၊ အချိန်ကာလကြောင့် တို့အနေနဲ့ သိတယ်လို့ ထင်ခဲ့တဲ့ဟာတွေ တကယ်တော့၊ သိရုံပဲ သိထားခဲ့မှန်း အခုမှ သိတာပဲ။ ဟိုတုန်းက သိရုံသိထားတာ။ ခုမှ၊ နားလည်တာကိုး။ နားလည်တော့မှ၊ တို့ သိထားတာတွေဟာ မှားသလား၊ မှန်သလား ဆိုတာတွေကို ဆက်တွေးကြည့်လို့ ရတာပဲ၊ လို့ ပြောတယ်။ မင်း ပြောတာ ငါ သဘောကျတယ်၊ ငြိမ်းမောင်လို့ ကျွန်တော်က ပြောလိုက်ပြီး ဒီနေရာမှာ ကာလတရား တစ်ခုတည်းအတွင်းမှာ လူတွေဟာ မတူကြဘူး။ ခုန၊ ငါပြောတဲ့ လူရဲ့ တသီးတခြားစီ ဖြစ်–ရှိနေကြတဲ့ အပိုင်းက ပိုပြီးပေါ်လွင်လာတာပဲ။ မင်းတို့၊ ငါတို့ တစ်ခုခုကို သိပြီး နားလည်လာတဲ့အချိန် ရောက်လာပေတဲ့၊ မင်းဆွေက အခုကာမှ သိဖို့ ကြိုးစားနေတာ။ တစ်ချိန်တည်းမှာပဲ၊ မင်းဆွေ စီးပွားရှာတတ်သလို မင်းတို့၊ ငါတို့ မရှာတတ်ဘူး။ လူတစ်ယောက်မှာ ဘာဖြစ်လို့ ပိုက်ဆံတွေ ဒီလောက် လိုအပ်နေသလဲဆိုတာ ငါ နားမလည်နိုင်သေးဘူး။ ငါ ဘာဆိုလိုတယ်ဆိုတာ မင်း သဘောပေါက်ရဲ့ မဟုတ်လားလို့ ကျွန်တော်က မေးလိုက်တယ်။
အေ၊ ပေါက်ပါတယ်လို့ ပြန်ဖြေတဲ့ ငြိမ်းမောင်ရဲ့ အသံ ကြားလိုက်ရတယ်။ မင်း ပြောတဲ့၊ အချိန်ကာလ ပြောင်းလဲသွားတယ် ဆိုတာကိုတော့ ငါ သဘောကျတယ်ကွာ။ တခြားကြောင့်တော့ မဟုတ်ဘူး။ တို့အရွယ်မှာ၊ မနက်ဖြန်ရဲ့ ရှိနေခြင်းဟာ မသေချာတော့ဘူး။ ရှိနေရင်တောင်၊ မနက်ဖြန်ဆိုတာတွေဟာ အရင်ကလို များများစားစား မရှိတော့ဘူးလို့ ကျွန်တော်က ဆက်ပြောလိုက်တယ်။ ဟုတ်တယ်လို့ ငြိမ်းမောင်က ပြန်ဖြေတယ်။ ငါလည်း မိုးလင်းလို့ မျက်နှာသစ်တိုင်း မျက်နှာသစ်ခွက် အပေါ်က မှန်ထဲကို လှမ်းကြည့်နေရတယ်။ မှန်ထဲမှာ ငါ့ကိုယ်ငါ မတွေ့ရတဲ့ နေ့ဟာ ခုနက မင်းပြောတဲ့ မနက်ဖြန်မရှိတော့တဲ့နေ့၊ ပဲ၊ လို့ သူက ဆက်ပြောတယ်။ သူ ပြောတာကို နားထောင်နေရင်း ကျွန်တော့်ဘာသာ ခေါင်းညိတ်နေမိတယ်။ သူ ပြောလို့ပြီးသွားတော့ ကျွန်တော် သက်ပြင်းရှည်တစ်ချက် ချလိုက်မိတယ်။ ငြိမ်းမောင်က ဘာမျှ ထပ်မပြောတော့ဘူး။ ခဏကြာမှ၊ အေးကွာ။ ဒါပါပဲ။ နောက်မှ ငါ ဖုန်းဆက်လိုက်ဦးမယ် လို့ ပြောတယ်။ ကျွန်တော်လည်း အေလို့ပဲ ပြောပြီး၊ ဖုန်းချလိုက်တယ်။ ပြီးတော့၊ ဘာဆက်လုပ်ရမှန်း မသိဘူး။ ရှေ့နားဆီက ကော်ဖီနှပ်စက်ဆီကို ကြည့်လိုက်တော့ ဖန်ကရားထဲမှာ ကော်ဖီလက်ကျန် တွေ့ရသေးတယ်။ ကော်ဖီတစ်ခွက်ထည့်ပြီး သောက်ရင်း ကွန်ပျူတာဆီ ပြန်လာမိတယ်။ ကွန်ပျူတာထဲမှာတော့၊ ကျွန်တော့်ရဲ့ ရေးလက်စ၊ အဆုံးသတ်လို့ မရသေးတဲ့ ဝတ္ထုတို ‘ဘာလို့ အခုမှ ချစ်ချင်ရတာလဲ’ရဲ့ အဆုံးပိုင်းကို တွေ့နေရတယ်။ ဘယ်လို အဆုံးသတ်ရရင် ကောင်းမလဲလို့ ဆက်စဉ်းစားနေမိတယ်။ ငြိမ်းမောင်နဲ့ ကျွန်တော် ပြောခဲ့တဲ့ အကြောင်းတွေ ထည့်လိုက်ရင် ကောင်းမလားလို့လည်း တွေးကြည့်မိတယ်။ ဝတ္ထုအနေနဲ့တော့ စာလုံးတွေနဲ့ ရေးတာမို့ ဘာမျှ ပြဿနာမရှိဘူး။ စာလုံးတွေကလည်း ကျွန်တော့်ကို ရန်လုပ်မှာ မဟုတ်ဘူး။ အဓိက ပြဿနာက လွန်ခဲ့တဲ့ အနှစ်လေးဆယ်လောက်တုန်းက တောက လူတွေဟာ ခုနက ငြိမ်းမောင်နဲ့ ကျွန်တော် တွေးသလို တွေးမိကြမှာ မဟုတ်ဘူး၊ ဆိုတဲ့ အချက်ပဲ။ ဟုတ်ပါရဲ့။ လွန်ခဲ့တဲ့ အနှစ်လေးဆယ်လောက်က ငြိမ်းမောင်နဲ့ ကျွန်တော်တောင် ခုလိုမှ မတွေးတတ်ကြသေးပဲ။
❏
တစ်ခုသော လကွယ်နေ့ည၏ လောကပြတင်းတံခါးပေါက်အနီးမှ …
လွန်ခဲ့သော တစ်နှစ်ကျော်က ‘ငွေတောင်မျှော်’ ခြံကြီးသို့ ပြန်လည် ပြောင်းလာသောအခါ၊ ပထမဆုံး အရေးတကြီး ဆုံးဖြတ်ချက်ချရသည့် အကြောင်းမှာ ကျွန်တော်၏ စာရေးစားပွဲကို နေရာချရန် ဖြစ်သည်။ နှစ်ထပ်အိမ်ကြီး၏ အပေါ်ထပ်တွင် ကျွန်တော် တစ်ယောက်တည်း နေမည် ဖြစ်၍ စာရေးစားပွဲကို နေရာချလိုသော်၊ နေရာချရန် နေရာအများကြီး ရှိသည်ဟု ဆိုနိုင်သည်။ ကျွန်တော့်အိပ်ခန်းနှင့် ကပ်လျက် အခန်းလွတ် တစ်ခုခုတွင် စာရေးစားပွဲကို ထားရန်သင့်သည်ဟု အိမ်ကြီးကို စောင့်ရှောက်နေသော အဖေ၏ ဘတ်လာဟောင်းကြီး ဗီဂျယာက ပြောသည်။ “ခင်ဗျား အဖေဟာ၊ သူ့အိပ်ခန်းနဲ့ ကပ်လျက်အခန်းမှာ သူ့စာရေးစားပွဲ ထားလေ့ရှိတယ်” ဟု ပြောသည်မှာ သတိပေးချင်သည်လား၊ တိုက်တွန်းချင်သည်လား ဆိုသည်ကို တိတိကျကျ မပြောနိုင်။
ကျွန်တော်က၊ ကျွန်တော့် စာရေးစားပွဲကို အခန်းတစ်ခုထဲတွင် လှောင်မထားချင်။ ဖေဖေ၏ စာရေးစားပွဲမှာ ကျွန်တော့် စာရေးစားပွဲလို စာရေး၊ ကဗျာရေး ရေးသော စားပွဲမျိုး မဟုတ်။ စာရင်းဇယားများ၊ မှတ်တမ်းများ ရေးလေ့ရှိသော စားပွဲသာ ဖြစ်သည်။ အလုပ်စားပွဲမျိုး ဖြစ်၍ ဖေဖေက အခန်းထဲတွင် စာရေးစားပွဲကို ပိတ်လှောင်ထားခြင်းအတွက်၊ ထွေပြားမှုရှိစရာ မလို။ သူ လုပ်ရမည့် အလုပ်အတွက်၊ စိတ်ငြိမ်ငြိမ်ထားကာ လုပ်နိုင်မည်။ ကျွန်တော်က စာရေးသည်မှာ စာရေးခြင်းအတွက် စာရေးသည်သာ ဖြစ်၍၊ ထွေပြားမှု ရှိရှိ၊ မရှိရှိ၊ အရေးမကြီးလှ။ ထွေပြားမှုများ ပေါ်လာသော် စိတ်ကို ချည်တိုင်မှလွှတ်၍၊ စိတ်နောက် ကောက်ကောက်ပါအောင် လိုက်သွားနိုင်သည်။ ထို့ကြောင့်လည်း၊ ကျွန်တော်၏ စာကြည့်စားပွဲကို အိပ်ခန်းများ၏ အခြားတစ်ဖက်မှ လွတ်နေသော အခန်းကျယ်ကြီးတွင် ထားလိုသည်။ အခန်းကျယ်ကြီးမှာ၊ ဗိသုကာဆရာက လက်စွမ်းပြထားသော အခန်းကျယ်ကြီး ဖြစ်သည်။ ဧည့်ခန်း၊ ထမင်းစားခန်းနှင့် အစားအသောက်ပြင်သော နေရာတို့ အားလုံးပါဝင်သော ဟင်းလင်းပွင့် အခန်းကြီးမျိုး ဖြစ်သည်။
ကျွန်တော်က ဟင်းလင်းပွင့် အခန်းကြီးထဲက ပြတင်းပေါက်တစ်ခု ဘေးတွင် စာရေးစားပွဲကို နေရာချထားလိုက်သည်။ ပြတင်းပေါက်များ အကြားမှ၊ နံရံများတွင် စာအုပ်ဗီရိုများ ထောင်ထားလိုက်ခြင်းဖြင့်၊ စာရေး စားပွဲ၌ထိုင်ရင်း၊ လိုအပ်သော စာအုပ်များ အလွယ်တကူ လှမ်းယူနိုင်သည်။ နံရံတိုင်း၌ ပြတင်းပေါက်များ ရှိသည်။ စာရေးစားပွဲ၏ ရှေ့တည့်တည့် ခပ်လှမ်းလှမ်း နံရံတွင်လည်း ပြတင်းပေါက် သုံးပေါက် ရှိနေသည်။ ပြတင်းပေါက်များတွင် မှန်အကြည်များ တပ်ထားသဖြင့် အပြင်ဘက်ကို မြင်ရနိုင်သည်။ စားပွဲကို ပြတင်းပေါက်နံဘေးတွင် နေရာချပြီး၊ ပြတင်း ပေါက်များကို ဖွင့်ကာ ထိုင်ကြည့်နေမိလိုက်သည်။ စာရေးစားပွဲကြီးကို ဝိုင်း၍ ရွှေ့ပေးကြသော ဗီဂျယာနှင့် ကျော်ခတို့ကလည်း မတ်တတ်ရပ်ရင်း ကျွန်တော် ကြည့်နေသလိုပင် အပြင်ဘက်သို့ လှမ်းကြည့်နေကြသည်။ အမှတ်မထင်၊ ဗီဂျယာက ပြောလိုက်သည်။
“ဒီကနေ ကြည့်ရင်၊ ချောင်းကလေးကို ကောင်းကောင်း မြင်ရတယ်။ ချောင်းဟိုဘက်က ကွင်းပြင်ကြီးတွေကနေ တောင်ခြေအထိ ကောင်းကောင်း မြင်ရတယ်။ ခင်ဗျား၊ စာရေးရင် မပျင်းရဘူးပေါ့။ စိတ်ကူးယဉ် လို့လည်း ရတာပေါ့”
“ဟာ… ခင်ဗျားကလည်း…” ဟု၊ စကားအဆုံးမသတ်ဘဲ၊ ကျော်ခ ထံမှ အသံထွက်လာသည်။ ကျွန်တော်တို့ သုံးယောက်သား အကြည့်ချင်း ဆုံသွားကြသည်။ ကျော်ခ ဘာကိုဆိုလိုသည်ကို ကျွန်တော် ချက်ချင်း သိလိုက်မိသည်။ ကျော်ခနှင့် ကျွန်တော်တို့ နှစ်ယောက်သားမှာ ငယ်ငယ်က အတူတူ ကြီးလာကြသူများ ဖြစ်သည်။ သူနှင့် ကျွန်တော့်အကြားတွင် ဆက်သွယ်နေမှု တစ်ခုခု ရှိသည် ထင်သည်။ တစ်ယောက်နှင့် တစ်ယောက် အကြားတွင် နားလည်မှု ရှိနေသည်ဟု ထင်သည်။ ကျွန်တော်က ဗီဂျယာကို လှမ်း၍ ရှင်းပြလိုက်မိသည်။
“ဗီဂျယာ၊ ခင်ဗျား ပြောတာတွေက ကောင်းပါတယ်။ ကျွန်တော် စာရေးတဲ့အခါ မပျင်းရဘူးပေါ့။ တစ်ခုပဲ ကျွန်တော် ရှင်းပြချင်တယ်။ စာရေးတဲ့လူ လုပ်တာက စိတ်ကူးတာ။ စိတ်ကူးယဉ်တာ မဟုတ်ဘူး။ စိတ်ကူးယဉ်တယ် ဆိုတာက အရူးတွေ လုပ်ကြတာပဲ။ တစ်ခုနဲ့တစ်ခု မတူကြဘူး”
ဗီဂျယာမှာ အားနာသွားပုံရသည်။ “ကျွန်တော် မှားသွားတဲ့အတွက် ခွင့်လွှတ်ပါ”ဟု ပြောသည်။ “မသိလို့ မှားတာဟာ အပြစ်တစ်ခု မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် မသိမှန်း သိနေလျက်နဲ့ သိသယောင်ယောင်နဲ့ မှားတာကသာ၊ အပြစ်တစ်ခုပါ” ဟု ကျွန်တော်က ပြန်ပြောလိုက်သော အခါ၊ ဗီဂျယာ ကျေနပ်သွားပုံရပြီး ကျေးဇူးတင်ပါတယ်ဟု ပြောသည်။ နောက်တော့ ကျွန်တော်တို့ တောအကြောင်း၊ တောင်အကြောင်းများ ပြောဖြစ်ကြသည်။ စကားပြောရင်း၊ ဗီဂျယာနှင့် ကျော်ခတို့ကို သတိထား ကြည့်နေမိသည်။ ဗီဂျယာမှာ ဖေဖေ ရှိစဉ်က အတိုင်းပင် ဖြစ်သည်။ အနည်းငယ် ပို၍ အိုမင်းသွားသည်က လွဲ၍ ပြောပုံဆိုပုံ ဆက်ဆံပုံ မပြောင်း။ သခင်အပေါ် သစ္စာရှိခြင်းသည် ဂုဏ်သိက္ခာတစ်ရပ် ဟု အမြဲ သဘောထားပုံရသည်။ ထို့ကြောင့်လည်း ဖေဖေက ဗီဂျယာတို့လင်မယား တစ်သက် ‘ငွေတောင်မျှော်’ ခြံကြီးတွင် နေခွင့်ပေးထားခဲ့ခြင်း ဖြစ်သည်။ အခု၊ သူတို့လင်မယားနှစ်ယောက်၊ အိမ်ကြီး၏ အောက်ထပ်တွင် နေသဖြင့်၊ ကျွန်တော့်အတွက် အစစ အဆင်ပြေနေသည့် အတွက်၊ ကျွန်တော်က ကျေးဇူးပင် တင်နေမိသေးသည်။
ကျော်ခကမူ လုံးလုံးကြီး ပြောင်းလဲသွားသည်။ ‘ငွေတောင်မျှော်’ ခြံကြီးသို့ ကျွန်တော် ပြန်ပြောင်းလာသောနေ့က သူသည် ကျွန်တော့်ထက် ပို၍ ပျော်နေပုံရသည်။ သူ ပျော်နေမည် ဆိုသည်ကို သူ့အစ်ကိုထံမှ ကျွန်တော် ကြားခဲ့ပြီး ဖြစ်သည်။ သူ့အစ်ကို ကိုအောင်ပက “ဟိုကောင် ခင်ဗျား ပြန်လာမယ်ဆိုလို့ သိပ်ပျော်နေရှာတယ်။ ဒီကောင်က၊ ခင်ဗျားကို ကျွန်တော့်ထက် ခင်တယ်” ဟု ပြောပြထားခဲ့သည်။ ကျွန်တော် ပြန် ရောက်လာသည့် နေ့က၊ ကားပေါ်က ဆင်းဆင်းချင်း သူ့ကို ပခုံးဖက်ပြီး “ဟကောင်၊ နေကောင်းရဲ့ မဟုတ်လား” ဟု ပြောလိုက်မိသည်။ သူကလည်း ဝမ်းသာအားရဖြင့် “ကောင်းကွာ။ မင်း၊ ရော” ဟု ပြန်ပြောသည်။ သို့သော်လည်း၊ ကျော်ခ မျက်နှာပျက်သွားသည်ကို ကျွန်တော် သတိထားလိုက်မိသည်။ သူ့မျက်နှာမှာ တစ်ခုခုတော့ မှားသွားပြီဟု သူ့ကိုယ်သူ သတိထားလိုက်ပုံမျိုး ပြောင်းသွားသည်။ ကျွန်တော်လည်း၊ လက်ထဲမှ သားရေ လက်ဆွဲအိတ်ကြီးကို သူ့လက်ထဲတွင် ထည့်ပြီး၊ “မင်း၊ ခဏလောက် ကြည့်ထားစမ်းပါ” ဟု ပြောလိုက်မိသည်။
အတော်ကြာတော့၊ ကျွန်တော်တို့ အိမ်အပေါ်ထပ် တက်လာခဲ့သည်။ ဗီဂျယာက ဦးဆောင်လာပြီး၊ ကျွန်တော့်အခန်း စီစဉ်ထားပုံများကို ပြသည်။ ကျွန်တော့်အတွက် ပြင်ဆင်ထားသော အိပ်ခန်းကို ကြည့်ပြီး ပြန်ထွက်လာသောအခါ ကျော်ခက “ဆရာသမား၊ အိတ်ကြီးကို ခုတင်ပေါ် တင်ထားလိုက်မယ်နော်” ဟု လှမ်းပြောသဖြင့် ကျွန်တော်ကလည်း ကောင်းသားပဲဟု ပြန်ဖြေလိုက်မိသည်။ သို့သော်၊ ကျွန်တော့်စိတ်ထဲတွင် တစ်ခုခု ဘဝင်မကျ ဖြစ်သွားသော်လည်း ဘာမှန်း မသိ။ ဗီဂျယာက “ဘီယာကလေး တစ်လုံးလောက် သောက်လိုက်မလား” လို့ မေးသောအခါ ကျွန်တော်က “သုံးပုလင်း ယူခဲ့လေ။ ခင်ဗျားတို့လည်း သောက်ပေါ့” လို့ ပြောလိုက်မိသည်။ ဗီဂျယာက ကျွန်တော့်အတွက် သိပ်စောနေသေးတယ်ဟု ပြန်ပြောသဖြင့်၊ ကျွန်တော်က ကျော်ခကို လှမ်းကြည့်လိုက်မိသည်။ သူက…
“ဆရာသမားပဲ သောက်ပါ။ နောက်ဘက်ထဲက စည်းရိုးတိုင် လဲသွားတာ ကျွန်တော် သွားလုပ်လိုက်ဦးမယ်” ဟု ပြန်ဖြေသည်။
ဒီမှာတင်၊ ကျွန်တော် ဘဝင်မကျနေသော အကြောင်း သိလိုက်ရမိသည်။ ကျော်ခက ကျွန်တော့်ကို ‘ဆရာသမား’ဟု ခေါ်နေသည်ကို ကျွန်တော် ဘဝင်မကျ။ နားထဲတွင် ရိုင်းနေသည်။ သို့အတွက်၊ ကျွန်တော်က သူ့ကို လှမ်းပြောလိုက်မိသည်။
“ကျော်ခရာ၊ ငါ့ကို ဆရာသမား၊ ဆရာသမားနဲ့ မခေါ်စမ်းပါနဲ့။ မင်းနဲ့ ငါက တစ်သက်လုံး မင်းနဲ့ ငါနဲ့ ပြောလာကြတာ” ဟု ပြောရင်း ခေါင်းခါလိုက်မိသည်။ ကျော်ခက ဘာမှပြန်မပြောဘဲ လှေကားထိပ်တွင် ရပ်ကာ “ကျွန်တော် သွားဦးမယ်။ ဂိုဒေါင်ကြီးမှာ ကျွန်တော် နေတယ်။ အရင်၊ အဖေတို့ နေသွားတဲ့ နေရာမှာ” ဟု ပြောရင်း ခေါင်းအသာ ညွှတ်ကာ လှေကားမှ ဆင်းသွားတော့သည်။ ကျွန်တော်က တစ်ခုခု လှမ်းပြောလိုက်ဦးမည်ဟု စိတ်ထဲတွင် ဖြစ်မိသော်လည်း ဘာမှမပြောတော့။ ဘီယာခွက်ထဲသို့ ဘီယာထည့်ပေးနေသော ဗီဂျယာကိုသာ “ဒီကောင်၊ ဘာဖြစ်နေသလဲ” ဟု မေးလိုက်မိသည်။
“ခင်ဗျား လာမယ် ဆိုကတည်းက ဒီကောင်က သိပ်ပျော်နေတာ။ အပေါ်ထပ်တစ်ခုလုံး သူ ရှင်းလင်းထားတာ။ ဆရာကြီး လာရင် အိပ်တဲ့ အခန်းကို ခင်ဗျားအတွက် သူ စီစဉ်တာ…”
“ဒါပေတဲ့၊ ဒီကောင့် ကြည့်ရတာ တစ်မျိုးပဲ”
ဗီဂျယာသည် ခဏကြာအောင် စကားမပြန်သေးဘဲ နေပြီးမှ၊ စကားဆက်လိုက်သည်။
“ခင်ဗျားတို့ နှစ်ယောက်စလုံး၊ ကြီးလာကြပြီ၊ ကိုး။ ဟို၊ ချောင်းစပ်နား သွားပြီး စီးကရက်ခိုးသောက်တဲ့ အရွယ်မှ မဟုတ်တော့၊ ပဲ”
ဗီဂျယာ၏အသံသည် ပညာရှိသံ ပေါက်နေသည်။ သူသည်၊ ကျွန်တော်တို့ မိသားစုအကြောင်းကို ကျွန်တော်တို့ မိသားစုထက် ပို၍သိသူ ဖြစ်သည်။ ကျော်ခတို့အဖေ ဦးဖိုးမြနှင့်လည်း ခင်သည်။ ‘ငွေတောင်မျှော်’ ခြံတွင် အိမ်ဆောက်ပြီးကတည်းက ဦးဖိုးမြတို့ သားအဖသုံးယောက်ကို ခြံစောင့်သဘောမျိုး ထားရန် သူက အဖေ့ကို အကြံပေးခြင်း ဖြစ်သည်။ ဦးဖိုးမြမှာ သူ့လိုပင် ယုံကြည်စိတ်ချ၍ မျက်စိလွှဲထားနိုင်သောလူမျိုး ဖြစ်သည်။ ‘ငွေတောင်မျှော်’ ခြံအတွက် မြေနေရာကိုပင် ဦးဖိုးမြက ရှာ ပေးခြင်း ဖြစ်သည်။ စင်စစ်၊ ဦးဖိုးမြမှာ ရိုးမပျော် မုဆိုးကျော် ဖြစ်သည်။ ‘ငွေတောင်မျှော်’ ခြံသို့ လာတိုင်း ဦးဖိုးမြ၏ တောစာများ စားကြရသည်။ ဖေဖေကမူ တောပစ်သည် မဟုတ်။ ဦးဖိုးမြနှင့်အတူ ရိုးမဖျားသို့တက်ကာ သစ်ခွရှာတတ်သည်။ သစ်ပင်အဆန်းများ ရှာတတ်သည်။ ကျွန်တော်ကမူ၊ ကျော်ခနှင့် ချိုးပစ်၊ မျောက်ပစ် ထွက်တတ်သည်။ ကျွန်တော့် ငယ်ဘဝတစ်လျှောက်လုံးတွင်၊ ခရစ္စမတ် ကျောင်းပိတ်ရက်၊ နွေကျောင်းပိတ်ရက်များတွင် ‘ငွေတောင်မျှော်’ ခြံသို့ သွားကာ၊ ကျော်ခနှင့် နှစ်ယောက်သား တောပစ်ထွက်ပြီး၊ စမ်းချောင်းကလေး အနီးတွင် မီးကင်စားရခြင်းသည် ပျော်စရာအကောင်းဆုံးသော အချိန်များ ဖြစ်ခဲ့သည်။
‘ငွေတောင်မျှော်’ခြံသို့ ပြန်လာပြီး သုံးလေးရက်လောက် ကြာသော တစ်နေ့ခင်းတွင် ကျွန်တော့် စာအုပ်ဗီရိုများတွင် စာအုပ်များ ပြန်ထည့်ရန်အတွက် ကျော်ခကို အကူအညီ လှမ်းတောင်းရသည်။ ဗီဂျယာတို့ လင်မယားမှာ ကျောက်တံခါးဘက်မှ၊ သူတို့ အမျိုးတစ်ယောက်၏ နာရေးကို သွားကြသည်။ ကျော်ခ ရောက်လာသည်နှင့် ကျွန်တော် စာအုပ်ထည့်လာသော စက္ကူသေတ္တာများ စဖောက်သည်။ သေတ္တာတစ်လုံး၏ အပေါ်ဘက်တွင် တောမ်စောယာနှင့် ဟတ်ကလာဘဲရီဖင်း စာအုပ်နှစ်အုပ် တွေ့ လိုက်ရသည်နှင့် ကျွန်တော်က ယူလိုက်ပြီး ကျော်ခကို လှမ်းပေးလိုက်သည်။
“မှတ်မိသေးလား။ တို့ငယ်ငယ်က ဖတ်ပြီး သဘောကျလို့၊ ချောင်းစပ်မှာ ညည သွားထိုင်ပြီး မီးဖိုကြတာလေ” ဟု ပြောလိုက်သည်။ ပြီးမှ “ရော့၊ မင်းယူထား” ဟု သူ့ကို ပြောလိုက်မိသည်။ ကျော်ခက ကျွန်တော့်ကို အသာမော့ကြည့်ရင်း …
“ဆရာသမား စာအုပ်စင်ပေါ်မှာသာ ထားပါ။ ကျွန်တော့်အခန်းမှာ ထားစရာ နေရာမရှိဘူး။ လူတွေလည်း ကြီးကုန်ကြတော့၊ ဟိုတုန်းကလို စိတ်ကူးယဉ်ယဉ်နဲ့ ရူးစရာမှ မရှိတော့ပဲ” ဟု ပြန်ဖြေသည်။ ဒီမှာတင်၊ ကျွန်တော်က သူ ထိုင်နေသော ကြမ်းပြင်ပေါ်တွင်ပင် သူ့ရှေ့တည့်တည့်တွင် ထိုင်လိုက်ကာ “ကျော်ခ၊ မင်း ဘာဖြစ်နေတာလဲ” ဟု မေးလိုက်မိသည်။ သူက “ဘာမှမဖြစ်ပါဘူး” ဟု ဆိုသည်။
“ဖြစ်ပါတယ်ကွာ။ မင်းနဲ့ ငါ အတူတူ ကြီးကြတာ။ အတူတူ၊ မဟုတ်က ဟုတ်က မျိုးစုံလုပ်ခဲ့ကြတာ။ ခုတော့ မင်းက ငါ့ကို ဆရာသမား၊ ဆရာသမားရယ်နဲ့၊ ဘယ်လို ဖြစ်နေတာလဲ။ အရင်ကလို၊ မင်းနဲ့ ငါနဲ့ မပြောနိုင်တော့ဘူးလား”
“အဲသလို ခေါ်တဲ့ ပြောတဲ့ အရွယ်မှ မဟုတ်ကြတော့ပဲ”
“အရွယ်နဲ့ ဘာဆိုင်တာ မှတ်လို့ကွာ”
“အရွယ်နဲ့မဆိုင်ဘူး။ ဒါပေတဲ့၊ ကာလတရားနဲ့ ဆိုင်တယ်။ ကာလတရားက အားလုံးကို ပြောင်းပစ်လိုက်တာ။ ခုဆို၊ တို့နှစ်ယောက် တောင်ရိုးတက်ပြီး မျောက်ပစ်ထွက်တဲ့ အရွယ် မဟုတ်ကြတော့ဘူး။ ချောင်းစပ်သွားပြီး မီးဖိုရင်း ချောင်းနှုတ်ခမ်းမှာ တစ်ညလုံးအိပ်တဲ့ အရွယ်မျိုး မဟုတ်တော့ဘူး”
သူ့ပြောစကား နားထောင်ရင်း၊ ကျွန်တော့် စိတ်ထဲတွင် ချောင်းကလေးဆီသို့ ရောက်သွားမိသည်။
“အရွယ်ကတော့ ဟုတ်တာပေါ့ကွာ။ လူကတော့ ပြောင်းမှမပြောင်းတာ” ဟု ကျွန်တော်က ဖြတ်ပြောလိုက်မိသည်။
“မဟုတ်ဘူး။ လူကလည်း ပြောင်းသွားတယ်။ ခင်ဗျားနဲ့ ကျွန်တော့်ကိုပဲ ကြည့်လေ။ ကျွန်တော်တို့ တစ်နှစ်တည်း ဆယ်တန်းဖြေကြတာ။ ခင်ဗျားက နှစ်ချင်းပေါက် အောင်တယ်။ ကျွန်တော်က မအောင်ဘူး။ နှစ်စဉ် ဆယ်တန်းဖြေခါနီး ခင်ဗျား ဒီလာပြီး ကျွန်တော့်ကို ကူညီပြီး သင်ပေး၊ ပြပေးတယ်။ ဒါပေတဲ့ မအောင်ခဲ့ဘူး။ ခင်ဗျားလို ကျွန်တော်လည်း စာရေးချင်တာပဲ။ ကျွန်တော် ရေးတာ ဘယ်မဂ္ဂဇင်းကမှ၊ တစ်ခါကမှ မသုံးဘူး…”
ကျော်ခမှာ စကားပြောရင်း ရပ်သွားသည်။ ကျွန်တော်က စောင့်နေမိသည်။ သူက ဆက်ပြောပြန်သည်။
“ကျွန်တော်က ရပ်ကျန်ရစ်ခဲ့တယ်။ ခင်ဗျားက ဆက်ပြီး ဆက်ပြီး သွားနေတယ်။ ဒီတော့၊ မတူကြတော့ဘူး။ ခင်ဗျားက တစ်ကမ္ဘာလုံးနဲ့ ပတ်သက်စရာ ရှိတယ်။ ကျွန်တော့်မှာ ‘ငွေတောင်မျှော်’ ခြံကြီးကလွဲလို့ ဘာမှမရှိတော့ဘူး။ ဒီခြံကြီးရဲ့ စည်းရိုးအပြင်ဘက်မှာ ကျွန်တော့်ဘဝအတွက် ဘာမှ အဓိပ္ပာယ်ရှိစရာ မရှိဘူး။ ခင်ဗျား မှတ်မိသေးလား။ ဒီခြံ ကြီးကို ‘ငွေတောင်မျှော်’ လို့ နာမည်ပေးတာလေ …”
“အေ…”ဟု ဖြေရင်း ကျွန်တော် သတိရလိုက်မိသည်။ ခြံကြီးမှာ ဧကနှစ်ဆယ် မကဟု ထင်သည်။ အိမ်ဆောက်သည့် ရည်ရွယ်ချက်မှာ ဖေဖေနှင့် အန်ကယ်မောင်ခင်တို့ သစ်စက်များဆီသို့ လာသည့်အခါ ညအိပ်ညနေ နေနိုင်ရန် ဖြစ်သော်လည်း၊ ဖေဖေက မိသားစုများ အပန်းဖြေ လာလိုက လာနိုင်ရန်၊ နှစ်ထပ်အိမ်ကြီး ဆောက်လိုက်ခြင်း ဖြစ်သည်။ တောင်ငူ၊ ပျဉ်းမနားနှင့် နီးသည်သာမက ဖေဖေနှင့် ဆရာ-ဒကာရင်း ဖြစ်သော ဒက္ခိဏာရုံတိုက်သစ်မှ ဘုန်းကြီးကြီး ဦးပဏ္ဍိနှင့်လည်း နီးသည်။ ဝင်းထဲတွင်ပင် ဦးဖိုးခနှင့် သူ့သားနှစ်ယောက် နေနိုင်ရန် ဂိုဒေါင်ကြီးနှင့် တွဲနေသော လူနေအိမ်တစ်လုံး ထပ်ဆောက်လိုက်သည်။ အိမ်ကြီး ပြီး၍ ပထမဆုံးအကြိမ် ကျွန်တော်တို့မိသားစုများ အားလုံး အိမ်ကြီးဆီ အလည်လာကြသော နေ့က၊ ညနေဘက် စားရင်းသောက်ရင်း ပြောလိုက်သည်။ မေမေက…
“ဒီကနေ၊ ရှေ့တည့်တည့် လှမ်းမျှော်ကြည့်လိုက်လို့ ဘာမှ အတားအဆီးမရှိရင်၊ ငွေတောင်ပြည်အထိ လှမ်းတွေ့ရနိုင်သလိုပဲ”
ထိုစဉ်က အနားတွင်ရှိနေသော ကျော်ခက…
“ငွေတောင်မျှော်လို့ နာမည်ပေးလိုက်ပါလား ဒေါ်ဒေါ်လေး” ဟု ပြောလိုက်သည်။ မေမေကလည်း “ဟုတ်တယ်၊ ဟုတ်တယ်။ ငါ့သား၊ မောင်ကျော်ခ ပြောတာ မှန်တယ်။ ငွေတောင်ပြည်ကို မျှော်လို့ရတော့ ငွေတောင်မျှော်ပေါ့” ဟု ပြောလိုက်ရာမှ၊ ခြံအမည်မှာ ‘ငွေတောင်မျှော်’ ခြံဟု တွင်နေခဲ့ခြင်းသာ ဖြစ်သည်။ စင်စစ်၊ ခြံကို အမည်ပေးခဲ့သူမှာ ကျော်ခသာ ဖြစ်သည်။ မေမေသည် ကျော်ခတို့ ညီအစ်ကိုကို သူ့သားလိုပင် သဘောထားသည်။
“အဲဒီတုန်းက၊ ငါတို့ ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်သားလောက်ပဲ ရှိကြဦးမှာ” လို့ ကျွန်တော့်ပါးစပ်က ထွက်သွားမိသည်။
“အေးပေါ့။ လေးဆယ်၊ လေးဆယ့်ငါးနှစ်လောက် ကြာခဲ့ရောပေါ့” ဟု ကျော်ခက ဝင်ထောက်သည်။
ထိုနေ့က၊ ကျွန်တော်တို့ နှစ်ယောက်သား စာအုပ်စင်ပေါ်သို့ စာအုပ်များ စီရင်း လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ကျော်ဆီက အကြောင်းဟောင်းများကို သတိတရ ပြောဖြစ်ကြသည်။ ဝီစကီတစ်လုံး ကုန်၍ အတော်မိုးချုပ်သောအခါ ကျော်ခက သူ့အခန်းဆီသို့ ပြန်တော့မည်ဟု ဆိုသည်။ ကျွန်တော်က အိပ်ချင်ရင် ဒီမှာပဲ အိပ်ပေါ့။ အခန်းပိုတွေလည်း ရှိသားပဲဟု ဆိုသောအခါ၊ သူက ကျွန်တော့်အခန်းပဲ ကောင်းပါတယ်။ အသားကျနေပြီးသား ဟု ဆိုကာ ပြန်သွားတော့သည်။ မပြန်ခင် ကျွန်တော်က သူ့ကို ပြောလိုက်မိသည်။
“အချိန်ကို လူက လုပ်တာပါကွာ။ အချိန်က လူကိုလုပ်တာ မဟုတ်ပါဘူး။ မင်းလည်း ဟိုတုန်းကလို တို့နှစ်ယောက်အကြား ဘာစည်းရိုးမှ တားမထားသလို နေနိုင်အောင် လုပ်စမ်းပါ”
ကျော်ခသည် လှေကားမှ ဆင်းနေရင်း ကျွန်တော် ကြိုးစားပါ့မယ် ဟု လှမ်းပြောသည်။ ကျွန်တော်ကလည်း စိတ်ပေါက်ပေါက်ဖြင့် “မင်းရဲ့ ခင်ဗျား၊ ကျွန်တော်ကြီးကိုက မနိပ်သေးပါဘူးကွာ။ မင်းနဲ့ ငါနဲ့ ပြောစမ်းပါ။ မင်း ပြောတာက နေရာမကျသေးပါဘူး” ဟု ပြောလိုက်မိသည်။ ကျော်ခဆီက ဘာသံမှ မကြားရ။ မှောင်ရိပ်ထဲတွင် လူလုံးပျောက်သွားသည်။
တစ်နှစ်တာ ကာလအတွင်း ကျော်ခနှင့် ကျွန်တော့်အကြားက စည်းရိုးကြီးမှာ မပျောက်တတ်သေး။ တစ်ခါတလေ သူ့အခန်းတွင် အရက်သွားသောက်သည့်အခါ၊ အတော်မူးမှသာ သူ့ဆီက၊ မင်းနဲ့ ငါနဲ့ ဟူသော စကားသံ ကြားရတတ်သည်။ နောက်ပိုင်းတွင်၊ ဆရာသမားဟု မခေါ်တော့ဘဲ “ကိုယ့်ဆရာ”ဟု ခေါ်တတ်သည်။ သူသည် မင်းနဲ့ ငါနဲ့ဟု သုံးနှုန်းရန် သူ့ကိုယ်သူ ယုံကြည်ပုံမရ။ ကျွန်တော့်အဖို့မှာမူ ‘ငွေတောင်မျှော်’ ခြံကြီးသို့ ပြန်လာသော်လည်း၊ အတိတ်သည် တစ်နေရာရာတွင် ကျန်ခဲ့သလိုမျိုး ခံစားနေရသည်။ တစ်ခါက ပျော်ရွှင်စရာ ကောင်းခဲ့သော အတိတ်နှင့် အတိတ်ပေါင်း များစွာတို့သည်၊ ခေါင်းမြီးခြုံထဲက ထွက်မလာကြ။ အတိတ်သည်ကား နိုင်ငံရပ်ခြား တိုင်းတစ်ပါးဟု ဆိုခဲ့သော ပါမောက္ခ လိုဝင်သော်(လ)သာ နီးနီးနားနားတွင် ရှိလျှင်၊ အဲဒီကိုရောက်အောင် ဘယ်လို သွားရမှာတုံးဟု မေးကြည့်ချင်ပါသည်။
ယနေ့ညတွင်မူ၊ လွန်ခဲ့သော တစ်နှစ်ကျော်ကာလကို ပြန်ပြီး သတိရနေမိသည်။ ပြတင်းတံခါးဘေးတွင် ထိုင်ကာ စာရေးရင်း အပြင်ဘက်သို့ မကြာမကြာ လှမ်းကြည့်နေမိသည်။ အလင်းရောင်မရှိသဖြင့် ချောင်းကလေးကို မမြင်ရ။ အားစိုက်ပြီး ကြည့်လျှင် ချောင်းရေ၏ အရောင်ဟု ထင်ရသော အရောင် လက်တက်တက်ကလေးကို မြင်ရသည်။ စာရေးရင်း အမှတ်မထင် ရှေ့တည့်တည့်မှ ပြတင်းပေါက်ကို ကြည့်လိုက်မိသောအခါ၊ ခြံ၏ နောက် ဘက်ဆီမှ ဂိုဒေါင်၏ အမိုးသွပ်ပြားပေါ်တွင် ကျနေသော အလင်းရောင်ကို တွေ့ရသည်ဟု ထင်သည်။ လရောင် ခပ်ပါးပါးကလေး ကျနေသည်ဟု ထင်သည်။ မတ်တတ်ထပြီး ပြတင်းပေါက် အနားဆီသို့ သွားကြည့်လိုက်သောအခါ ၊ လရောင်မဟုတ်ဘဲ ဂိုဒေါင်ရှေ့တွင် ထွန်းထားသော မီးချောင်းမှ အလင်းရောင်ဖြစ်ကြောင်း သိလိုက်ရသည်။ မီးစက်မှာ ကျော်ခ နေသော ဂိုဒေါင်ထဲတွင်ရှိရာ၊ ညဘက် ညဉ့်နက်အောင် ကျွန်တော် စာရေးသည့်အခါ သူလည်း တစ်ခုခု လုပ်နေတတ်သည် ထင်သည်။ စာရေးပြီး၍ အိပ်ခါနီးတွင် အိမ်ကြီးပေါ်မှ ကျွန်တော်က ကြိုးဆွဲပြီး အချက်ပေးလိုက်မှ၊ ကျော်ခက မီးစက်ကို ပိတ်လိုက်လေ့ရှိသည်။
ကျွန်တော်လည်း စင်ပေါ်မှ ဝီစကီပုလင်းနှင့် ဖန်ခွက်နှလုံးကို ယူကာ ကျော်ခ အခန်းဆီသို့ လာခဲ့သည်။ ဂိုဒေါင်ရှေ့ ရောက်သောအခါ မီးရောင်အောက်တွင် ထိုင်ရင်း လင်းလေးအတွက် ကြိုးကျစ်နေသော ကျော်ခကို ကျွန်တော် တွေ့လိုက်ရသည်။ ကျွန်တော့်ကို တွေ့သဖြင့် သူ အံ့အားသင့်သွားပုံရသည်။ “မီးစက် ပိတ်ချင်ပြီလား” ဟု သူက မေးလိုက်ရင်း “ကိုယ့်ဆရာအတွက် လင်းလေး လုပ်နေတာ” ဟု ပြောသည်။ ကျွန်တော့် စိတ်ထဲတွင် ဝမ်းသာသွားမိသည်။ သူ့အဖေ ဦးဖိုးမြက သူ့သား နှစ်ယောက်နှင့် ကျွန်တော့်ကို လင်းလေးနှင့် လောက်လွှဲ အပစ်သင်ပေးဖူးသည်ကို သတိရလိုက်မိသည်။ သူ့အစ်ကို အောင်ပခမျာ လက်မသာ ပုပ်ရသည်၊ လင်းလေး အပစ်မတတ်ခဲ့။ ကျော်ခကမူ လက်မတည့်။ သို့ဖြစ်၍၊ ဦးဖိုးမြက ကျွန်တော့်ရှေ့တွင် သူ့ကို ပြောဖူးသည်။ မင်းက လက် မတည့်ဘူး။ ဒီတော့၊ လင်းလေးအတွက် ကြိုးတို့၊ အိမ်တို့ ကျစ်တာ အဖေ သင်ပေးမယ်။ မင်းက လင်းလေး လုပ်ပေး။ သူက ပစ်ပေ့စေ။ နှစ်ပေါင်း လေးဆယ်ကျော်ခါမှ ကျော်ခ ကျွန်တော့်အတွက် လင်းလေး လုပ်ပေးရန် သတိရလာပုံရသည်။ ကျွန်တော်က…
“နောက်မှ ဆက်လုပ်ကွာ။ ငါတို့ ချောင်းစပ်ဆီ သွားရအောင်” ဟု ပြောမိသည်။
“ဘာလုပ်ရအောင်တုံး”
“ဘာရယ်မဟုတ်ဘူး။ ဟိုတုန်းကလို မီးလေးဖိုပြီး လေထိုင်ပစ်ကြတာပေါ့။ ခုတော့၊ ဝီစကီလေးနဲ့ပေါ့ကွာ”
“ဒါဖြင့်၊ ငါ လှမ်းထားတဲ့ ဂျီသားခြောက် ရှိတယ်။ ယူခဲ့မယ်”
ကျွန်တော်တို့ နှစ်ယောက်သား မှောင်ထဲတွင် စမ်းချောင်းအစပ်ဆီသို့ လာခဲ့ကြသည်။ ရေစပ်နားဆီတွင် သစ်ကိုင်းခြောက်များဖြင့် မီးဖိုကာ ကျော်ခက ဂျီသားခြောက်ကို ကင်သည်။ ကျွန်တော်က ဝီစကီကို ဖန်ခွက်ထဲ ထည့်ပြီး သူ့ကို တစ်ခွက်ကမ်းလိုက်သည်။ ကျွန်တော်တို့ နှစ်ယောက်သား ချောင်းစပ်သို့ လာကာ စီးကရက် ခိုးသောက်ကြသည့် အကြောင်း စပြောရာမှ နှစ်ပေါင်းလေးဆယ်ကျော်ကို အရောက်ပြန်သွား မိကြသည်။ အတော်ကလေး ကြာလာသောအခါ၊ ကျွန်တော်က ထိုင်ရာမှ ထပြီး ဒူးအထက်သာသာ ရေရှိသော ချောင်းထဲ ဆင်းလာ လျှောက်ကြည့်မိသည်။ မှောင်ထဲဆီမှ ကျော်ခက ဟကောင်၊ ကြည့်လုပ်နော်။ ဖင်ထဲ မျှော့ဝင်သွားဦးမယ် ဟူသောအသံ ကြားလိုက်ရသည်။ ကျွန်တော်လည်း ရေထဲမှ ပြေးတက်လာရင်း ကြည်နူးမှုတစ်ခု ခံစားလာရမိသည်။ ကျော်ခက ဟကောင်ဟု လှမ်းခေါ်လိုက်သောအသံ ဖြစ်သည်။ မီးပုံအနားတွင် ထိုင်ရင်း ဆေးလိပ်ဖွာနေသော သူ့အနားဆီသို့ ရောက်သောအခါ ကျွန်တော် အသာထိုင်ချလိုက်ပြီး ဟကောင်၊ ငါ့ကို တစ်ဖွာလောက် ပေးစမ်းဟု ဆေးလိပ် လှမ်းတောင်းလိုက်မိသည်။
မီးပုံမှ အလင်းရောင်ကြောင့် အံ့အားသင့်နေပုံရသော ကျော်ခ၏ မျက်နှာကို ကျွန်တော် တွေ့လိုက်ရမိသည်။ “မင်းချည်း အကုန်ဖွာပစ်လို့ ရမလား။ ငါ့လည်း ပေးစမ်း” ဟု ကျွန်တော်က ထပ်၍ တောင်းလိုက်ပြန်သည်။ ကျော်ခက ဆေးလိပ်ကို လှမ်းပေးရင်း ရယ်လိုက်သည်။ ငယ်ငယ် က ဆေးလိပ်ခိုးသောက်ကြစဉ်က တစ်ယောက် တစ်ဖွာ ဖွာကြသည်ကို သူ သတိရသွားပုံရသည်။ သူ သောက်နေသော ဆေးလိပ်ကို မရွံမရှာ ကျွန်တော် သောက်နေသည်ကို ကြည့်ကာ တစ်ခုခု စဉ်းစားနေပုံရသည်။ အတော်ကြာမှ၊ “တကယ်တော့၊ မင်းက ရပ်နေတာ။ ငါက ပြောင်းလဲ သွားတာ။ ကာလတရားရဲ့ ပြောင်းလဲသွားခြင်း အတွင်းမှာ ဖြားယောင်း သွေးဆောင်ခံရတာ ငါပဲ။ မင်းက၊ မင်း ပြောသလို ကိုယ့်အချိန်ကို ကိုယ် လုပ်ယူတဲ့လူ” ဟု ပြောရင်း ရယ်ပြန်သည်။ ကျွန်တော်က ဘာမှပြန်မပြောဘဲ ဆေးလိပ်ကို ဖွာနေမိသည်။ မှောင်ရိပ်ထဲမှ သူ့အသံကို ကြားရပြန်သည်။
“ဟကောင်၊ ငါပြောတာ ကြားလား”
မှောင်ထဲတွင်ပင် ကျွန်တော်က ပြန်ဖြေလိုက်မိသည်။
“ကြားတယ်ကွာ။ နှစ်လေးဆယ် ကျော်သွားပြီ ဆိုတော့ အသံတွေက သိပ်မသဲကွဲတော့ဘူး”
သူ့ကို၊ ဆေးလိပ်ပြန်ပေးလိုက်ပြီး ချောင်းစပ်က သဲပေါ်တွင် ပက်လက်လှန် လှဲလိုက်မိသည်။ ကောင်းကင်တွင် လ မရှိ။ ကြယ်ကလေးများသာ ရှိသည်။ ကြယ်စုစုကလေးများကို ဖျောက်ဆိပ်ဟု ခေါ်ကြသည် ထင်၏။ ကြယ်ကလေးများမှာ မိုးကောင်းကင်တွင်သာ လင်းလက်နေတတ်ကြပြီး၊ ကမ္ဘာကြီးကို အလင်းရောင်ပေးသည် ဟု မထင်တတ်ကြ။ လမိုက်ညများတွင် ကြယ်ကလေးများကို လရောင်နှင့်ယှဉ်ကာ အလင်းအား မကောင်းဟု ထင်တတ်ကြသည်။ စင်စစ်၊ အလင်းရောင်သည် လူ၏ အပြင်ဘက်၊ ခပ်ဝေးဝေးဆီက လာသည်ဟု ကျွန်တော် မထင်။ အလင်းရောင်မှာ ကနဦးကပင် လူ၌ တည်နှင့်ခဲ့ပြီးသား ဖြစ်သည်ဟု ဆိုရမည်ဟု ထင်သည်။ လူ၏ သိမှတ်ခံစားနိုင်မှုများ အလင်းရောင်ကလေးများသာ ဖြစ်ကြသည်။
❏
လမ်း
လမ်း၏ ရှိခြင်းသည် လည်းကောင်း၊ လမ်း၏ အတိုင်းအတာ၊ အကွာအဝေးနှင့် အကောင်းအဆိုးသည် လည်းကောင်း၊ ခရီးသွားကို အဆုံးအဖြတ် မပေးနိုင်။ လမ်းမရှိသည့်တိုင်၊ လမ်းဆုံးသွားသည့်တိုင်၊ ခရီးသွားတွင် သွားစရာခရီး ရှိနေဦးမည်သာ ဖြစ်သည်။ လူသည် ခရီးသွားဖြစ်၍၊ လောကသည် လမ်းဖြစ်၏။
ခြေသလုံးအိမ်တိုင်၊ မွန်ဂိုလ်တို့၏ ရှေးစကား။
အပြင်ဘက်ကို ကြည့်နေရင်း အဖေ့ကို သတိရမိတယ်။ အဖေက ခရီးသွားရတာ ကြိုက်တယ်။ အပြင်ဘက်မှာ၊ သစ်ပင်တွေ ရိပ်ခနဲ၊ ရိပ်ခနဲ ဖြတ်သွားနေတယ်။ တစ်ခါတလေ၊ လယ်ကွင်း၊ စိုက်ကွင်းတွေ တွေ့ရတယ်။ အိမ်တွေ၊ ဂိုဒေါင်တွေ တွေ့ရတယ်။ ကွင်းခေါင်ခေါင်ထဲမှာ ထုံးစေတီ သေးသေးကလေး တစ်ဆူ၊ နှစ်ဆူကိုလည်း တွေ့ရတတ်တယ်။ မြို့တွေ၊ ရွာတွေ ဖြတ်ရင်၊ လူတွေ၊ ကားတွေ တွေ့ရတတ်တယ်။ ခုလို၊ အပူအပင်မရှိ ခရီးသွားနိုင်တာမျိုး ဆိုရင်၊ အဖေ သိပ်ပျော်မှာပဲလို့ တွေးမိတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ခရီး အတော်သွားခဲ့ဖူးတယ်။ ဒါပေတဲ့၊ ကျွန်တော်တို့ ငယ်ငယ်ကဆို မြောင်းတကာအထွက်၊ ငဖြူလေး တံတားဆီတောင် တောင်ရိုးဆီက ကွန်မြူနစ်တွေ ဆင်းလာပြီး ဗုံးလာခွဲလေ့ ရှိလို့၊ ခရီးသွားရတာ စိတ်မချရဘူး။ ကားရဲ့ ရှေ့တည့်တည့် မျက်စိတစ်ဆုံးက လမ်းကို လှမ်းကြည့်ရင်း၊ အရင်က ဒီနေရာမှာ ဒီလမ်း မရှိဘူး ထင်တယ်လို့ ကျွန်တော် ပြောလိုက်မိတယ်။ ရှိတော့ ရှိတယ်၊ ဦးလေး။ အရင်ကတော့ လှည်းလမ်းလောက်ပဲ။ နောက်တော့၊ ကားလမ်း။ ခုတော့၊ ကတ္တရာ၊ အကျ ခင်းထားတာလို့၊ မောင်ညွန့်ဝင်းက ပြောတယ်။ မောင်ညွန့်ဝင်း ဆိုတာက ကားမောင်းပေးတဲ့ လူငယ်ရဲ့ နာမည်။ နောက်ကားတစ်စီးကို မောင်းတဲ့လူငယ်က မောင်တူးလို့ ခေါ်တယ်။
မောင်ညွန့်ဝင်းက၊ အတိတ်မြို့တော်မှာ တက္ကစီမောင်းတယ်။ လမ်းကျွမ်းတယ်။ ကားအကြောင်း သိတယ်။ ကျွန်တော်က သူ့ဆရာကို ပင်လယ်ကမ်းစပ်ဆီ လိုက်ပို့စမ်းပါဗျာလို့ ပြောတာနဲ့ သူ့ဆရာက လိုက်ပို့ပေးတာ။ သူ့ကား မောင်းဖို့ မောင်ညွန့်ဝင်းကို ခေါ်လာတာ။ သူ့ဆရာ လင်မယားနဲ့ ကျွန်တော့်ဇနီးက နောက်ခန်းမှာ ထိုင်တယ်။ ကျွန်တော်က ရှေ့ခန်းမှာ ထိုင်တော့၊ သူနဲ့ ဘေးချင်းတိုက်။ ဒီတော့လည်း၊ မေးရင်း စမ်းရင်းနဲ့ စကားပြောဖြစ်တယ်။ လမ်းတွေအကြောင်း ပြောတယ်။ ကျွန်တော်တို့ငယ်ငယ်က ကားလမ်းတွေ ခုလို မပေါလှဘူး။ ကားနဲ့ မြစ်ကူးချောင်းခြား သွားဖို့ မလွယ်လှဘူး။ နောက်တော့၊ ဇက်နဲ့ ကူးလို့ရတာတွေ ရှိလာတယ်။ ခုတော့၊ တံတားတွေ အများကြီးပဲ၊ ဦးလေးရာ။ ဇက်နဲ့ ကူးရတာတွေ နည်းကုန်ပြီလို့ မောင်ညွန့်ဝင်းက ပြောတယ်။ လမ်းနဲ့ တံတား ဆိုတာက လင်နဲ့ မယားလိုပဲ မဟုတ်လား၊ လို့ သူက ထပ်ပြောတယ်။ ဘာကို ဆိုလိုမှန်းတော့ သေသေချာချာ မသိဘူး။ ဘာသာစကား ဆိုတာကလည်း မက်တာဖော် မပါလို့မှ မဖြစ်ဘဲ။ ဘာကိုဆိုလိုမှန်း မသိပေတဲ့၊ ကျွန်တော် ခေါင်းညိတ်ပြလိုက်မိတယ်။ မောင်ညွန့်ဝင်း ပြောတာကို နားထောင်နေရင်း တက္ကစီမောင်းတဲ့ လူတွေဟာ ဗဟုသုတ ကြွယ်ဝတယ် ဆိုတဲ့ စကားတစ်ခုကို သတိရလိုက်မိတယ်။ ဟုတ်လောက်တယ်။ သူ ပြောတာ တချို့ ကျွန်တော် လက်လှမ်းမမီဘူး။ နားမလည်ဘူး။ ကားနောက်ခန်းက သူ့ဆရာက ဘောလုံးပွဲအကြောင်း လှမ်းမေးတော့၊ သူက ကားနောက်ကြည့် မှန်ထဲကနေ သူ့ဆရာကို လှမ်းကြည့်ပြီး၊ ဘောလုံးပွဲ အကြောင်း ပြန်ပြောတယ်။ အာဆင်နယ်က ဂိုးသမားက ဘာဖြစ်တယ် ဆိုသလား။ ရီအားမက်ဒရစ်က ခေါင်းတုံးတစ်ကောင်က ဘယ်လို ဆိုသလား… ဆိုတာတွေ ပြောတယ်။ ပညာရပ် အဆောက်အအုံတွေမှာ ပြောကြတဲ့ အတွင်းကျကျ လေ့လာပြီး ပြောတယ် ဆိုတာမျိုးပဲ။ ကျွန်တော်ကတော့ သိပ်နားမလည်ဘူး။ သူ ပြောတာ နားထောင်နေရတာကိုက၊ ကိုယ် မသိတဲ့လမ်းမှာ စမ်းလျှောက်နေရသလိုပဲ။ ဘောလုံးကစားတယ် ဆိုတာက၊ ကျွန်တော်နဲ့ အဝေးကြီး။ ကျွန်တော် စဉ်းစားကြည့်နိုင်တဲ့ အတိုင်းအတာနဲ့ မမီနိုင်ဘူးလို့တောင် ပြောရင်၊ ရလိမ့်မယ်။
ခုထိ၊ စဉ်းစားကြည့်တိုင်း လူတွေအများကြီး ဘောလုံးတစ်လုံးတည်းကို ဘာဖြစ်လို့ လုကန်နေရတယ် ဆိုတာ စဉ်းစားလို့ မရဘူး။ ကျွန်တော့်မှာသာ လုပ်ပိုင်ခွင့်တစ်ရပ် ရှိရင် လိုက်လုမနေကြနဲ့ကွာ။ လူစေ့ တက်စေ့ ဘောလုံးတစ်လုံးစီ ရ၊ ရစေမယ်၊ ကန်ခွင့်ရစေမယ်လို့ ပြောပြီး၊ တစ်လုံးစီ ပေးလိုက်မယ်။ ဘောလုံးတစ်လုံးတည်းကို လိုက်လုနေကြမယ့် အစား၊ ကိုယ့်ဘောလုံးနဲ့ကိုယ် ဆိုတော့၊ လိုက်လုနေစရာ မလိုဘူး။ လိုက်လုစရာ မလိုရင် အာဃာတ နည်းတာပဲ။ လောဘ၊ ဒေါသ၊ မောဟ နည်းမှာပဲ။ လောဘ၊ ဒေါသ၊ မောဟ နည်းမှ အကုသိုလ်စိတ် နည်းမှာ။ ကမ္ဘာကြီး ပိုပြီးပူနွေးလာတာကို ထိုင်ပြီး သောကပွားနေရတာထက် လူတွေမှာ အကုသိုလ်စိတ် နည်းရင် ပိုကောင်းတာပဲ၊ မဟုတ်လား။ မိနစ်ကိုးဆယ် လုံးလုံး အချိန်ကုန်ခံ လုနေကြမယ့်အစား ဆယ်မိနစ်လောက်ဆို တော်ရောပေါ့။ သိပ်လည်း မပင်ပန်းကြရအောင်၊ လို့။ မပင်ပန်းရင် မောဟ နည်းတာ၊ ပဲ။ လူဆိုတာက ပင်ပန်းလာရင် စိတ်တိုလာတာပဲလို့ ကြားဖူးတယ်။ ဟိုဘက်ထိပ်၊ ဒီဘက်ထိပ်မှာ ဂိုးတိုင်ဆိုတာ ထားမယ့်အစား တစ်ဖက်တည်းမှာ အားလုံး သဘောတူတဲ့ နေရာလောက်မှာ၊ ထား။ ကန်ချင်တဲ့လူက ကန်၊ ဘောလုံးလိုက်ဖမ်းချင်တဲ့ လူက လိုက်ဖမ်း။ လိုက်လုစရာ မလိုတော့၊ လိမ်တယ်၊ လှည့်တယ်၊ ဆိုတာတွေ ရှိတော့မှာ မဟုတ်ဘူး။ အရင်တုန်းက ရေဒီယိုထဲကနေ ဘောလုံးပွဲလာတာ အမှတ်မထင် နားထောင်ခဲ့ရဖူးတယ်။ မောင်ဘယ်သူက မောင်ဘယ်ဝါကို အသာကလေး လှည့်ပြီး၊ အသာခေါက်ပြီး၊ ဘောလုံးကို လိမ်ယူသွားတယ် ဆိုသလား၊ ပဲ။ လိမ်တယ်၊ လှည့်တယ်၊ ခေါက်တယ် ဆိုတာတွေက ဘယ်မှာ ကောင်းလို့လဲ။ အရပ်ထဲမှာဆိုရင် ထောင်ကျသွားနိုင်တဲ့ ကိစ္စ။ လိမ်တာက ဖိုးတွမ်တီး မဟုတ်ဘူးလား။ ခုဟာက ပိုမဆိုးဘူးလား။ ဘယ်ပြပြီး ညာကို ခေါက်ယူသွားတယ်လို့ ကြားရတယ်။ ဒီဘက်အသင်းက လူက ဟိုဘက်အသင်းက လူဆီ ဘောလုံးပါမသွားအောင် အသာကလေး လှည့်ပတ်ယူသွားတာ မဟုတ်လား။ လှည့်တယ်၊ ပတ်တယ်ဆိုတာ ယေဘုယျ ကျတဲ့ လူမှုရေးဆိုင်ရာ ကိုယ်ကျင့်တရားအရ၊ မတော်မသင့်တဲ့ အပြုအမူပဲ။ မသိလိုက် မသိဘာသာဆို တော်သေးရဲ့။ ခုဟာက၊ လူတွေ တစ်လှေကြီး ရှေ့မှာ၊ လုပ်တာ။ ပွဲကြည့်ပရိသတ်တွေ သက်သေရှိနေပါလျက်ကနဲ့၊ အလိမ်ခံရတာကို တစ်ဖက်အသင်းက ဘာလို့ တရားမစွဲသလဲ ဆိုတာ ကျွန်တော် စဉ်းစားကြည့်လို့ မရဘူး။
တစ်ခုတော့ ရှိတယ်။ ဘောလုံးကွင်းဆိုတာအထဲမှာ၊ လိမ်တာ၊ လှည့်တာကို ဥပဒေအရ ခွင့်ပြုထားပုံရတယ်။ ဘောလုံးကစားတာကို ပညာပါတယ်လို့ ပြောကြတာ၊ အဲဒါပဲ ဖြစ်မယ်လို့ ကျွန်တော် ထင်တယ်။ ပညာသားပါပါနဲ့ လိမ်တယ်ဆိုတဲ့ စကားဟာ ဘောလုံးကွင်းထဲက လာတာနေမှာပဲလို့တောင် တွေးလိုက်မိတယ်။ ကစားတဲ့နေရာမှာ ပညာပါတယ် ဆိုတာက၊ စစ်တုရင် ထိုးတာမျိုးကို ခေါ်တာလို့ ကျွန်တော် ထင်တယ်။ အများကြီး တွေးရတယ်။ ကြိုပြီး တွေးရတယ်။ ကြိုပြီး တွေးတတ်တာ လူတိုင်းအတွက် လိုတာပဲ။ ကြွေးရှင် ဒီလမ်းက လာရင် ကိုယ်က ဟိုလမ်းက သွားရတယ် ဆိုတာက၊ တွေးတတ်လို့။ သေသေချာချာ ပြောရရင် ကြိုတွေးတတ်လို့ပဲ၊ မဟုတ်လား။ ဘောလုံးကစားရင် ခြေထိုးခံတာတို့၊ ပခုံးချင်းယှဉ်ပြီး ဘေးချင်းဝင်တိုက်တာမျိုး လုပ်လို့မရဘူး။ ယောက္ခမဆိုတာ၊ တည့်အောင်ပေါင်း၊ ကျောင်းကိုထုတ်၊ ဥပုသ်ရက်ရှည် စောင့်ခိုင်းမှာ… ဆိုတာမျိုးကို ကြည့်။ အရှည်ကြည့်ပြီး စနစ်တကျ ကြံစည်တာ။ ဒါမျိုးက၊ စစ်တုရင်တို့၊ ကျားတို့ ထိုးတဲ့လူတွေ တွေးပုံမျိုး။ ကျွန်တော်ကတော့ ဘောလုံးကစားတယ် ဆိုတာကို နားမလည်တော့ သူတို့လိုလည်း တွေးတတ်မှာ မဟုတ်ဘူး။ စပ်မိတော့၊ အဖေ့ကို ပြောပြဖူးတယ်။ အဖေက ဘောလုံးတွေ၊ ဘာတွေ စိတ်မပါပေတဲ့၊ ကျွန်တော့် မဝေဖန်ဘူး။ ကိုယ် မလုပ်နိုင်တာတစ်ခုကို ဝေဖန်ဖို့ မသင့်ဘူးလို့ ပြောတယ်။ နောက်တစ်ချက်ကတော့၊ လူတိုင်း လျှောက်တဲ့လမ်းနဲ့တိုင်း မလျှောက်တဲ့လမ်း ရှိတယ်ဆိုတဲ့အကြောင်း ပြောပြဖူးတယ်။ ဘယ်လို လမ်းမှာပဲ လျှောက်လျှောက်၊ ကိုယ် မလျှောက်ဖူးဘဲနဲ့ လမ်းရဲ့အကြောင်းကို အပြစ်ပြောရင်တော့၊ သိပ်တရားလှမယ် မဟုတ်ဘူးလို့ ပြောတယ်။ အဲဒီကတည်းက၊ ကျွန်တော် မလုပ်နိုင်တာကို မဝေဖန်တော့ဘူး။ မလျှောက်ဖူးတဲ့ လမ်းအကြောင်း မပြောတော့ဘူး။
ဘောလုံးအကြောင်း ကျွန်တော် မပြောနိုင်ပေတဲ့ လမ်းအကြောင်းတော့ မောင်ညွန့်ဝင်းနဲ့ ပြောဖြစ်တယ်။ လမ်းက ကောင်းတဲ့နေရာမှာ သိပ်ကောင်းတာပဲ။ ဒါပေတဲ့၊ ပျက်တဲ့နေရာ၊ ဆိုးတဲ့နေရာတွေ ရှိတယ်။ လမ်းကလည်းကွာ၊ ဟိုနေရာ ပျက်၊ ဒီနေရာ ပျက်နဲ့လို့ ကျွန်တော့်ပါးစပ်ထဲက ထွက်သွားတယ်။ ဟာ၊ ဦးလေးကလည်း၊ ဟိုနေရာ၊ ဒီနေရာတွေမှာ ကောင်းပါတယ်လို့ သူက ကားမောင်းနေရင်း ပြန်ပြောတယ်။ ဒီတော့၊ မင်း ပြောတာနဲ့ ငါ ပြောတာ ဘာကွာသလဲလို့ မေးကြည့်လိုက်မိတယ်။ သူက၊ ချက်ချင်း မဖြေသေးဘူး။ ပြီးမှ၊ ကျွန်တော်က အကောင်းမြင်ဘက်က ကြည့်ပြောတာပါ၊ လို့ ပြောတယ်။ ဟုတ်တော့ ဟုတ်တယ်။ အမြင်ဆိုတာက၊ အကောင်းမြင်၊ အဆိုးမြင်ရယ်လို့ ရှိနေတာ၊ ကိုး။ မချစ် မခင်ရင် အပြစ်တင်ချင်တယ်လို့တောင် ပြောကြတာ ရှိတယ် မဟုတ်လား။ အကောင်းအမြင်တတ်လို့ ဆောင်းကိုတောင် နွေလို မခင်ဘူးလို့ ပြောကြတယ် မဟုတ်လား။ ကိုယ်နဲ့ သဘောမတွေ့ ရင် အပြစ်တင်စရာတွေပဲလို့ မြင်တတ်ကြတယ် မဟုတ်လား။ ကားမောင်းနေရင်းက၊ လမ်းက အားလုံး ကောင်းနေပြန်ရင် လမ်းကောင်းကြောင်း လူတွေက သိပ်မသိကြဘူး။ သိပ် သတိမထားမိကြဘူး။ ခုလို၊ ပျက်တာ၊ မကောင်းတာကလေး ရှိနေမှ ကောင်းတဲ့အပိုင်းကလေးကို တန်ဖိုးထားကြတာလို့ သူက ထပ်ပြော တယ်။ ဒါလည်း၊ ဟုတ်တာပဲ။ ဒီအကြောင်းကို၊ ကျွန်တော် တစ်ခါမျှ တွေးမကြည့်မိဖူးဘူး။ လမ်းက စင်းလုံးချော ကောင်းမနေတာကိုက သဘာဝကျတယ် ဦးလေးရဲ့လို့ မောင်ညွန့်ဝင်းက ထပ်ပြောပြန်တယ်။ ဘယ်လိုလုပ် သဘာဝကျရမှာလဲ ဆိုတာ ကျွန်တော် စဉ်းစားကြည့်လို့ မရဘူး။ ကျွန်တော့်ခေါင်းက သူ့လောက် မကောင်းပုံရတယ် ဆိုတာ၊ သူ တွေးမိလိုက်ပုံပေါ်တယ်။ ကျွန်တော် မမေးရသေးခင် သူက ပြောတယ်။ စဉ်းစားကြည့်လေ၊ ဦးလေးရဲ့။ အကောင်းရယ်၊ အဆိုးရယ် ဆိုတာ ဒွန်တွဲနေရတယ် မဟုတ်လား။ လမ်းက ကောင်းလိုက်၊ ပျက်လိုက်၊ ကောင်းလိုက်၊ ပျက်လိုက်။ အဲဒီလို နေတာကိုက သဘာဝကျတာပဲ။ တချို့၊ ဘာသာရေးဘက်က လူတွေ ပြောပြောနေတာ ကြားဖူးတယ်။ အကောင်းချည်းပဲ မဟုတ်ဘူး။ အပျက်လည်း ရှုရတယ်တဲ့။ မောင်ညွန့်ဝင်း ပြောတာတွေက တဖြည်းဖြည်း ကျွန်တော်နဲ့ ဝေးဝေးသွားတယ်။
လမ်းအကြောင်း မပြောဘဲ၊ ဘောလုံးပွဲအကြောင်း ပြန်ပြောရင် ကောင်းမလားလို့ ကျွန်တော် အတွေးရလိုက်မိတယ်။ ရဆို၊ မောင်ညွန့်ဝင်း ပြောနေတာတွေကို ကျွန်တော် မသိဘူး။ တကယ်တော့၊ ဘောလုံးပွဲအကြောင်း မသိလို့ လမ်းအကြောင်း ပြောမိပါတယ်။ သူ ပြောနေတဲ့ လမ်းအကြောင်းက ကျွန်တော် ဉာဏ်မမီလောက်တဲ့ အနေအထားမျိုး ရောက်လာတယ်။ ဘယ်ဟာပြောပြော၊ ကျွန်တော် မသိတာချည်းပဲ။ ကျွန်တော်လည်း စကားပြောတာ ခဏရပ်ပြီး၊ ကားရဲ့အပြင်ဘက်ဆီက မြင်ကွင်းတွေကို ကြည့်နေမိတယ်။ အဲဒီတုန်းမှာပဲ၊ ကျွန်တော့်မိတ်ဆွေရဲ့ ဇနီးက တို့၊ အရင်အခေါက်က ဝက်အူချောင်းဝယ်တာ၊ ဒီနားမှာလားလို့ မောင်ညွန့်ဝင်းကို မေးသံ ကြားလိုက်ရတယ်။ ကျွန်တော်လည်း၊ သူတို့ကို လှည့်ကြည့်လိုက်မိတယ်။ ဒီနား မဟုတ်သေးဘူး။ ဟိုး၊ ရှေ့နားကျမှလို့ မောင်ညွန့်ဝင်းက ပြန်ဖြေတော့၊ ကျွန်တော်လည်း မနေနိုင်တော့ဘူး။ ဒီက၊ ဝက်အူချောင်းက ကောင်းသလားလို့ မေးကြည့်မိတယ်။ ငယ်ငယ်က ချင်းတွင်းမြစ်ကမ်းပါးမှာ၊ မန္တလေး မော့(လ)ဝီစကီ ပုလင်းကို အေးအောင် မြစ်ရေထဲမှာ အသာစိမ်ပြီး မုံရွာဝက်အူတောင့်နဲ့ မြည်းခဲ့ရတာတွေ မျက်စိထဲမှာ မြင်လာမိတယ်။ ဝက်အူချောင်းဟာ ကျွန်တော် ကြိုက်တဲ့ အစာတစ်ခု။ ဘယ်အရပ်က ဝက်အူချောင်းကိုဖြစ်ဖြစ် ကျွန်တော် စားနိုင်တယ်။ ကျွန်မတော့ သေသေချာချာ မသိဘူး။ ဖေဖေကတော့ ကြိုက်တယ်လို့ မိတ်ဆွေရဲ့ ဇနီးက ပြန်ဖြေတယ်။ ဒါဆို၊ ကောင်းကို ကောင်းရမယ်လို့ ကျွန်တော် တွက်ကြည့်မိတယ်။ အစားအသောက် ကောင်း မကောင်းဆိုတာ၊ လူကြီးက လူငယ်ထက် ပိုပြီး သေချာတယ်။ ကျွန်တော်တို့ ဘကြီးသုခ ရှိစဉ်က ပြောခဲ့ဖူးတာကို သတိရမိတယ်။ အသက်ကြီးလာလို့ သွားတစ်ချောင်းကျိုးလာတိုင်း လျှာက အစာရဲ့အရသာကို ပိုသိလာတယ်၊ တဲ့။ အဲဒီတုန်းက၊ အဖေနဲ့ ဘကြီးတို့ ထိုးမုန့်အကြောင်း ငြင်းကြသေးတယ်။ နောက်ဆုံးတော့၊ ဘကြီးက ပြောတယ်။ မင်းတို့ ရန်ကုန်မှာ ထိုးမုန့်ထဲ ရွှေဒင်္ဂါးပြားပဲ ထည့်ထိုးဦး။ လှကလေးစိန် ခြေဖျားတော့ မမီနိုင်သေးဘူးတဲ့။ ဘကြီးက ဒေသစွဲလည်း ရှိတယ်။ လျှာရဲ့ အရသာဟာ ဒေသစွဲနဲ့လည်း ဆိုင်ပုံရတယ်။ ကုလားက မဆလာကြိုက်တာ၊ တရုတ်က ပဲညှို့ကြိုက်တာဟာ ဒေသစွဲအခြေခံ သိမှတ် လက်ခံထားတဲ့ လျှာအခြေခံ အရသာပဲ မဟုတ်ဘူးလား။ ကျွန်တော်ကတော့ ဒေသစွဲ မရှိဘူး။ အဲဒီနားဆီမှာ ဝက်အူချောင်းသည်တွေ တွေ့ရင်ဖြင့် တနင့်ကြီး ဝယ်ပြီး ဝီစကီနဲ့ မြည်းဦးမယ်လို့ တွေးပြီး၊ တင်ကြိုအတွေးနဲ့ အရသာ ခံစားကြည့်မိတယ်။ ပျော်ရွှင်စရာကို စီမံကိန်းချကြည့်မိတယ်။ ဒါပေတဲ့၊ အဲဒီနေ့က အဲဒီနားဆီမှာ ဝက်အူချောင်းသည်တွေ မတွေ့ရဘူး။ ပျော်ရွှင်စရာ စီမံကိန်းဟာ လက်တွေ့ ဖြစ်မလာခဲ့ဘူး။
ဒီနေ့မှ ဘာဖြစ်လို့ ဝက်အူချောင်းသည်တွေ လမ်းပေါ်မှာ မရှိတာလဲလို့ စိတ်ပျက်ပျက်နဲ့ မောင်ညွန့်ဝင်းကို မေးကြည့်လိုက်မိတယ်။ သူက၊ မပြောတတ်ဘူးလို့ပဲ ပြောပြီး ကားစီဒီဖွင့်စက်ထဲက စီဒီတစ်ချပ်ကို ထုတ်မလို့ ကြိုးစားနေတယ်။ ကျွန်တော်လည်း ထပ်မမေးတော့ဘူး။ အတော်ကလေး ကြာမှ၊ ဝက်အူချောင်းသည်တွေက ဒီအနားက ရွာတစ်ရွာရွာက လာတာ ဖြစ်လိမ့်မယ်။ ဒီတော့၊ ဒီလမ်းပေါ်မှာ အမြဲရှိကြမှာ မဟုတ်ဘူး။ လမ်းကသာ အမြဲရှိနေတာ။ လမ်းပေါ်မှာ လူတွေ ပုံမှန်ရှိပေတဲ့၊ ပုံမှန် တစ်သမတ်တည်း အမြဲမရှိဘူး။ သွားတဲ့လူ သွား၊ လာတဲ့လူ လာ။ ဈေး လာရောင်းတဲ့လူ၊ ခရီးထွက်လာတဲ့ လူ။ လမ်းပျောက်တဲ့လူလည်း ပျောက်ပေါ့၊ ဦးလေးရာ။ ဟဲဟဲလို့ ပြောတယ်။ ဟဲဟဲဆိုတဲ့ အပိုင်းတော့ ကျွန်တော် သိပ်နားမလည်ဘူး။ ကျန်တဲ့အပိုင်းကတော့၊ ကျွန်တော် သိသင့်တယ်လို့ ထင်တယ်။ သိဖို့ဆိုတာက မြင်ဖို့ လိုသေးတာ၊ ကိုး။ အပကပဲ လာလာ၊ အတွင်းကပဲ လာလာ၊ အမြင်ဆိုတာကတော့ ရှိရမယ်။ မြင်တာဟာ သိဖို့ရဲ့ အစပဲ မဟုတ်လား။ မောင်ညွန့်ဝင်း ပြောသလို သိဖို့ သူ မြင်သလို မြင်ရမှာပဲ။ ကျွန်တော်သာ သူ မြင်သလို မြင်ခဲ့ရင် ခုနက မေးမိတဲ့ ဒီနေ့မှ ဘာဖြစ်လို့ ဝက်အူချောင်းသည်တွေ လမ်းပေါ်မှာ မရှိကြတာလဲလို့ မေးမှာ မဟုတ်ဘူး။ သူ ပြောတာက အမှန်ပဲ။ လမ်းဆိုတာ အိမ်မဟုတ်ဘူး။ ရပ်ကွက် မဟုတ်ဘူး။ မြို့ မဟုတ်ဘူး။ ရပ်တည်မနေဘူး။ ရပ်တန့်မနေဘူး။ အမြဲလို လှုပ်ရှားနေတယ်။ အသက်ဝင်နေတယ်။ ဒီလိုဖြင့်၊ ဘောလုံးကစားတာနဲ့ အတူတူပဲလားလို့ မဆီမဆိုင် တွေးကြည့်လိုက်မိတယ်။ ဘောလုံးပွဲလည်း ကစားနေတဲ့အခါ လှုပ်ရှားနေကြတာပဲ၊ မဟုတ်လား။ လှုပ်ရှားနေပေတဲ့၊ ဘောလုံးပွဲဆိုတာက ရပ်တန့်နေမှုတစ်ခု အထဲက လှုပ်ရှားမှု၊ ပဲ။ လမ်းပေါ်မှာ ဒိုင်လူကြီး မရှိဘူး။ လူတိုင်းလူတိုင်းဟာ ကစားသမား၊ လူတိုင်းဟာ ဒိုင်လူကြီးပဲ။ သူ လုပ်နိုင်တာ၊ သူ လုပ်ချင်တာ၊ ကို သူ့ သိမှတ်လက်ခံထားတဲ့ အတိုင်းအတာအတွင်းက လုပ်နေကြတာ။ အချိန်စေ့၊ မစေ့၊ ပွဲသိမ်းဖို့၊ မသိမ်းဖို့ဟာ သူ့အဆုံးအဖြတ်မှာပဲ တည်တယ်။ နာရီကြောင့်၊ အချိန်ကြောင့်၊ ဒိုင်လူကြီးကြောင့် ပွဲသိမ်းတာ မဟုတ်ဘူး။ တကယ်တော့၊ ဘောလုံးပွဲဟာ လမ်းပေါ်မှာ ရှိနေတဲ့ အသက်ဝင် ရှင်သန်မှုမျိုးနဲ့ ရှင်သန်နေတာ မဟုတ်ဘူး။ သူတို့အတိုင်း အတာအထဲမှာပဲ ရှင်သန်နေကြတာ။ လမ်းပေါ်က အမြဲတမ်း ရှင်သန် လှုပ်ရှားနေမှုဟာ လူတွေ တစ်ယောက်မှ ရှိမနေလည်း ရှိနေမယ့် ရှင်သန် လှုပ်ရှားနေမှုမျိုး။ ဘောလုံးပွဲကတော့ အတိုင်းအတာ တစ်ခုခု အထဲက လှုပ်ရှားမှုသက်သက်ပဲ။ ယေဘုယျကျတဲ့ သိမှုတစ်ခု အခြေခံနဲ့ လှုပ်ရှားနေတာပဲ။ အဲဒါကတော့၊ နိုင်ဖို့ပဲ။ လမ်းပေါ်က လူတွေရဲ့ လှုပ်ရှားမှုမှာ ယေဘုယျကျတဲ့ သိမှုတစ်ခုတည်း မဟုတ်ဘူး။ အချိန်ကန့်သတ်မှု မရှိဘူး။ ဒေသအားဖြင့် ကန့်သတ်မှု မရှိဘူး။ လမ်းဟာ လမ်းပဲ။
အပြင်ဘက်ကို ကြည့်ရင်း ကျွန်တော် တွေးနေတုန်း လမ်းက အတော်ကလေး ကြမ်းလာပြန်ပြီ ဦးလေးလို့ မောင်ညွန့်ဝင်းက ပြောတာနဲ့ သူ့ကို လှည့်ကြည့်လိုက်မိတယ်။ သူက ဆက်ပြောတယ်။ ဒီတစ်ကွေ့ပဲ။ ပြီးရင်၊ ပင်လယ်ကမ်းစပ်ကို ရောက်တော့မှာ၊ တဲ့။ ကျွန်တော်လည်း ဘာမျှပြန်မဖြေဘဲ အသာ ခေါင်းညိတ်ပြလိုက်တယ်။ လမ်းက အတော့်ကို ဆိုးတယ်။ အတော့်ကိုဆိုးတဲ့ လမ်းကို တွေးကြည့်နေရင်၊ လမ်းဆိုးခြင်းနဲ့အတူ ဝေဒနာတိုးရုံပဲ။ ကျွန်တော်လည်း၊ မရောက်ဖူးသေးတဲ့နေရာ၊ မတွေ့ရဖူးသေးတဲ့ ပင်လယ်ကမ်းစပ်ကို တွေးပြီး၊ သာယာကြည့်လိုက် မိတယ်။ ပင်လယ်ကမ်းစပ် ဆိုတာက ထွက်ပြေးနိုင်တာ မဟုတ်ဘူး။ ဝက်အူချောင်းသည်တွေလို ရောင်းချင်တဲ့နေ့ ရောင်း၊ မရောင်းချင်တဲ့နေ့ မရောင်းဘဲနေလို့ မရဘူး။ ရှိနေခြင်းတစ်ခု သက်သက်ပဲ။ ပင်လယ်ဟာ မရွှေ့ပြောင်းနိုင်ဘူး။ ပင်လယ်ဟာ ပင်လယ်ပဲ။ ပင်လယ်ဟာ ကမ်းစပ်ရဲ့ ချုပ်အနှောင်၊ အထိမ်းအကွပ်အထဲမှာ ရှင်သန်နေရရှာတာ။ ကမ်းမရှိရင် ပင်လယ် မရှိဘူး။ လှိုင်းဆိုတာက ပင်လယ်ရဲ့ ကြွားလုံးပဲ။ ကြွားစရာ မရှိတဲ့အခါ ဒုံရင်းပဲ။ ပင်လယ်ရှိရာကို ကျွန်တော် ရောက်တော့မယ် ဆိုတာ မရောက်ရှိသေးတဲ့ ကာလတရားတစ်ခု အတွင်းကို ရေရာမှုတစ်ခု အနေနဲ့ မှန်းဆကြည့်နိုင်တယ်။ ကြည့်လည်း ကြည့်မိလို့ သာယာလာမိတယ်။ ပင်လယ်ကမ်းစပ်ကို ရောက်ရင် ကျွန်တော့်မှာရှိတဲ့ အကြီးမားဆုံး ရည်ရွယ်ချက်က ပင်လယ်ကို ထိုင်ကြည့်ဖို့ပဲ။ ပျော်ရွှင် ကြည်နူး သာယာမှု ဆိုတာက တင်ကူး ဆုံးဖြတ်ထားတာချည်းပဲ။ ဒါကြောင့်မို့ပဲ၊ ကျွန်တော့်သူငယ်ချင်းကို ပင်လယ်ကမ်းစပ်ဆီကို လိုက်ပို့ခိုင်းတာ။ ပင်လယ်ကမ်းစပ်ကို ရောက်ခဲ့ရင်၊ ပင်လယ်ကို တွေ့ ခဲ့ရင် တကယ့်ကို ပျော်နိုင်မှာ။ မရောက်ခဲ့လို့၊ မတွေ့ရရင်တောင် ရောက်ရင် ပျော်မယ်ဆိုတဲ့ အသိက ရှိနှင့်နေခဲ့တာမို့၊ ပျော်ရွှင် ကြည်နူးသာယာခွင့်ကို မတားနိုင်တော့ဘူး။ တကယ်တော့၊ ကျွန်တော့်အဖို့ ပျော်ရွှင် ကြည်နူးမှုဆိုတာ ရောက်ပြီးသား ခရီးတစ်ခုကို ပြန်သွားကြည့်တာပဲ။ ချိုင့်ထဲကို ကားဘီး ကျသွားတိုင်း ကားလှုပ်သွားတယ်။ လမ်းကြမ်းပေါ်မှာ သွားရလာလေလေ၊ ပင်လယ်ကို တောင့်တမိခဲ့တဲ့ ပျော်ရွှင်ကျေနပ်မှုဟာ ကြီးမားလာလေလေပဲ။ ကားရဲ့ စီဒီဖွင့်စက်ထဲက သီချင်းသံတောင် ကားခုန်လွန်းလို့ ရပ်သွားတယ်။ လမ်းက အဆိုးချည်းပဲ။ မောင်ညွန့်ဝင်းဆီက တောက်ခေါက်သံ တစ်ချက် ထွက်လာတယ်။ ကျွန်တော်က သူ့ကို မသိမသာ လှမ်းကြည့်လိုက်ပေတဲ့ သူက လမ်းကို အာရုံစိုက်နေရလို့ ကျွန်တော့်ကို ဘာမျှ လှည့်မပြောနိုင်ဘူး။ သူ့မှာက၊ ပင်လယ်ကမ်းစပ်ရောက်တဲ့အထိ မောင်းဖို့ တာဝန်ရှိနေတယ်။ အဲဒီကိုရောက်ဖို့က သူ့အလုပ်။ ကျွန်တော့်အဖို့တော့ သွားနေတာဟာ ကျွန်တော့်အလုပ်ပဲ။
ပင်လယ်ပြင်ကြီးကို တွေ့လိုက်ရတော့၊ လမ်းကောင်းတာ၊ လမ်းဆိုးတာတွေကို မေ့သွားတယ်။ ကျွန်တော်တို့ ပင်လယ်ကမ်းစပ်ဆီကို ရောက်တော့ ပင်လယ်မှာ လှိုင်းမရှိဘူးလို့ ပြောကြတဲ့ အချိန်မျိုး။ ပင်လယ်ဟာ ကြွားစရာမရှိလို့ မျက်နှာသေကလေးနဲ့ နေနေရပုံပဲ။ လှိုင်းရှိတယ်လို့ ပြောမယ်ဆိုရင်တော့ လှိုင်းကြက်ခွပ် ဆိုတာမျိုးလောက်ပဲ။ ရေစပ်စပ်ဆီ ဆင်းလျှောက်ရင်း မျက်စိတစ်ဆုံးကို ကြည့်မိတယ်။ ဟိုး၊ အတော် ဝေးဝေးဆီမှာ ကျွန်းကလေးတစ်ခု။ ကျွန်းပေါ်မှာ ထုံးစေတီကလေး တစ်ဆူ။ မကြာခင်၊ ကားမောင်းတဲ့ မောင်ညွန့်ဝင်းနဲ့ မောင်တူး ပင်လယ်ရှိရာဆီ ဆင်းလာကြတယ်။ ကျွန်တော့်အနားဆီ ရောက်လာတော့၊ ဝီစကီ သောက်ကြကွာဆိုပြီး ပုလင်းကို ကမ်းလိုက်တယ်။ သူတို့လည်း ပင်ပန်းကြတာပဲ မဟုတ်လား။ သူတို့လည်း ကျွန်တော်နဲ့အတူ သောင်ခုံပေါ်မှာ ထိုင်ပြီး ဝီစကီသောက်ကြရင်း ဦးတည်ရာမဲ့ ကြည့်နေကြတယ်။ အတော် ကြာတော့၊ မင်းတို့၊ ဟိုးမှာမြင်နေရတဲ့ ကျွန်းကလေးဆီ ရောက်ဖူးသလားလို့ မေးတော့ မရောက်ဖူးဘူးဆိုတာ ပြိုင်တူလို ဖြေကြတယ်။ ဒါဖြင့်၊ အဲဒီဆီကို သွားချင်ရင် ဘယ်လိုလုပ် သွားမလဲလို့ ကျွန်တော်က ထပ်ပြီး မေးလိုက်မိတယ်။ မော်တော်ကလေး ငှားသွားရင် ရမယ် ထင်တယ်၊ ဦးလေးလို့ မောင်တူးက ဖြေတယ်။ ပင်လယ် ဆိုတော့ကွာ၊ ကုန်းပေါ်မှာလို မဟုတ်ဘူး။ လမ်းရာ မရှိဘူး။ ဒီတော့ အဲဒီကျွန်းကလေးဆီ ရောက်အောင် ဘယ်လိုသွားမလဲလို့ ကျွန်တော်က ထပ်မေးလိုက်မိတယ်။ ခဏ ကြာအောင် စဉ်းစားနေကြပြီး၊ မောင်ညွန့်ဝင်းက အဲဒီဆီ ဦးတည်သွားရမှာပဲ၊ လို့ ဖြေတယ်။ ရေပေါ်မှာမို့၊ လှိုင်းကြောင့်၊ လေကြောင့် မော်တော်က ဦးတည်ရာ ရွေ့နိုင်တယ်ကွာ။ ဘယ်လိုလုပ်မလဲလို့ ကျွန်တော်က ထပ်ကွန့်လိုက်မိတယ်။ ဝီစကီကို ရေနဲ့ရောနေရင်း မောင်တူးက ရွေ့သွားရင် ပြန်တည့်ရမှာပဲ ဦးလေး။ ဒီ့ပြင် တခြားနည်းမှ မရှိဘဲလို့ ဖြေတယ်။ ကျွန်တော်လည်း ထပ်မမေးတော့ဘူး။ ကျွန်တော့်လက်ထဲက ဝီစကီကို အသာ သောက်နေလိုက်မိတယ်။ သူတို့လည်း၊ သူတို့ဘာသာ စိတ်ကူး ကြည့်နေမိကြပုံရတယ်။ အဲဒီတုန်းမှာပဲ၊ မောင်တူးက သွားဖို့၊ ရောက်ဖို့၊ ဆိုရင်တော့ ရောက်အောင်သွားရမှာပဲ၊ လို့ ပြောတယ်။ ကျွန်တော်ကတော့၊ ရုတ်တရက် ဘောလုံးကစားတဲ့ လူတွေကို သတိရလိုက်မိပြန် တယ်။ ဘောလုံးကွင်းထဲမှာ ကစားနေတဲ့လူတွေနဲ့ လမ်းပေါ်မှာ သွားလာနေတဲ့ လူတွေဟာ မတူကြပါလားလို့ သဘောပေါက်သွားမိတယ်။ ဘောလုံး ကစားနေတဲ့လူတွေဟာ ခရီးတစ်ခုကို ရောက်သွားပြီးတဲ့ လူတွေပဲ။ သွားနေတဲ့လူတွေ မဟုတ်ဘူး။ ခရီးသွားနေတဲ့လူတွေ သွားနေသလို အနှောင်အတည်းမရှိတဲ့ လွတ်လပ်မှုနဲ့ လှုပ်ရှားနေကြတာ မဟုတ်ဘူး။ သူတို့မှာ၊ ကန့်သတ်မှုတွေ အများကြီးရှိတယ်။ သူ့၊ ဥပဒေသနဲ့ သူ။ ဘောလုံးကွင်းထဲက ပြန်ထွက်လာတဲ့အခါ၊ သူတို့မှာ ရလဒ်တစ်ခု၊ အဖြေတစ်ခု ပါလာကြမယ်။ သူတို့ ကြိုက်ကြိုက်၊ မကြိုက်ကြိုက်၊ သူတို့ သဘောတူတူ၊ မတူတူ၊ လမ်းပေါ်က လူတွေကတော့၊ သူတို့ သွားချင်တဲ့ဆီ အရင်ရောက်ဖို့ လိုတယ်။ ဒါဟာ အဓိကပဲ။ ရောက်ပြီးခါမှ အဖြေရှာရမှာ။ တကယ်တော့၊ လူတိုင်းဟာ လမ်းပေါ်က လူချည်းပဲ။
မောင်ညွန့်ဝင်းက ဖန်ခွက်ကိုချပြီး ရေကူးရအောင် ပင်လယ်ထဲ ဆင်းသွားတယ်။ ကျွန်တော်နဲ့ မောင်တူး နှစ်ယောက်သား ဝီစကီသောက်ရင်း ပင်လယ်ဆီ ငေးနေမိကြတယ်။ ပြန်ဖို့အကြောင်း ခေါင်းထဲဝင်လာတာနဲ့ ပြန်ရင်၊ တို့ ဘယ်က ပြန်ကြမလဲလို့ မောင်တူးကို လှည့်ကြည့်ရင်း မေးလိုက်မိတယ်။ ဒီလမ်းပဲ၊ ဦးလေးလို့ မောင်တူးက ဖြေပြီး ကျွန်တော် နားလည်တာ မမှားအောင် လာလမ်းအတိုင်းပဲ ဦးလေးလို့ ထပ်ပြောတယ်။ ကျွန်တော်က အတွေးပေါက်အောင် ခဏ စဉ်းစားကြည့်ပြီး မင်း ပြောချင်တာက လာလမ်းအတိုင်း ပြန်ကြမယ်လို့ ပြောချင်တာလားလို့ မေးလိုက်မိတယ်။ သူက ချက်ချင်း ပြန်မဖြေဘူး။ ငါ့ဆရာရဲ့ မိတ်ဆွေဆိုတဲ့ လူဟာ အူကြောင်ကြောင်ပါလားလို့ တွေးနေပုံရတယ်။ ပြီးမှ၊ ဟုတ်တယ် ဦးလေး။ ဒီလမ်းပဲ။ လာတုန်းကတော့ အလာလမ်းပေါ့။ ပြန်တော့ အပြန်လမ်း ဖြစ်သွားတာပေါ့လို့ ဖြေတယ်။ ကျွန်တော့်ခေါင်းထဲကို ဘယ်လိုမှ နားမလည်နိုင်တာတစ်ခု အရှိန်အဟုန် ကောင်းကောင်းနဲ့ ရောက်လာတယ်။ ကျွန်တော့်အမြင်ထဲမှာ ဘယ်လိုမှ မြင်ကြည့်လို့မရတာ ပေါ်လာတယ်။ အလာတုန်းက ကားရဲ့ရှေ့မှာ မြင်ခဲ့ရတဲ့ လမ်းကို ကျောပေးပြီး ပြန်ရမှာ။ အလာတုန်းက ကျောပေးလာခဲ့တဲ့ လမ်းကို ပြန်ပြီး မျက်နှာချင်းဆိုင်ရမှာ။ ရှေ့မျက်နှာ နောက်ထားရတယ်ဆိုတဲ့ အကျပ်အတည်းမျိုးပဲ ဖြစ်မယ် ထင်တယ်။ တစ်ခုတည်းသော လမ်းဟာ ဘာဖြစ်လို့ ဦးတည်ချက် နှစ်ခုနဲ့ ရပ်တည်နေတာလဲ။ အဲဒီလို ဖြစ်နိုင်သလား ဆိုတာပဲ။ ကျွန်တော် လှည့်မကြည့်မိပေတဲ့ မောင်တူးတစ်ယောက် ကျွန်တော့်ကို ကြည့်နေတယ် ဆိုတာကို ကျွန်တော် သိနေမိတယ်။ ခဏကြာတော့ မောင်တူးဆီက အသံကြားရတယ်။ လမ်းကတော့ လမ်းပဲကိုး၊ ဦးလေးရဲ့။ လူတွေကသာ သွားလာနေကြတာ၊ ကိုး။ ဦးတည်တာ၊ ရည်ရွယ်တာသာ မတူကြတာ။ လူတွေကသာ သူတို့ အဓိပ္ပာယ်နဲ့ သူတို့ လုပ်နေကြတာ။ လမ်းနေရာမှာ လမ်းရာတောင် မရှိလည်း သွားတဲ့လူကတော့ ရှိနေမှာပဲ။ လူကသာ သွားနေတာ၊ ကိုး။ လမ်းဆိုတာက ဘယ်မှသွားတာမှ မဟုတ်ဘဲလို့ ပြောတယ်။ ကျွန်တော်လည်း မောင်တူး ပြောတာကို နားထောင်နေရင်း၊ ဟိုး ခပ်လှမ်းလှမ်းက ကျွန်းကလေးပေါ်က ထုံးစေတီကလေးကိုပဲ လှမ်းကြည့်နေမိတယ်။ တကယ်မရှိတဲ့၊ မော်တော်ကလေးကို စိတ်ကူးနဲ့မောင်းပြီး၊ အဲဒီဆီ ဦးတည်သွားလိုက်မိတယ်။ ပင်လယ်ထဲမှာ လမ်းရာ မရှိဘူး။ သွားလို့ရတယ်။ ကောင်းကင်မှာလည်း လမ်းရာမရှိဘူး။ လွင့်မျောလို့ ရတယ်။ စိတ်ကူးထဲမှာဆို ပိုတောင် ကောင်းသေးတယ်။ လမ်းရာလည်း မရှိဘူး။ ဦးတည်ချက်လည်း မရှိဘူး။ ခုဆို၊ ကျွန်တော့်မှာ လမ်းရာ မလိုတော့ဘူး။ လမ်းကောင်းတာ၊ မကောင်းတာ အရေးမကြီးတော့ဘူး။ လမ်းဆုံးကို မြင်တာ၊ မမြင်တာ အရေးမကြီးဘူး။ သွားဖို့ပဲ လိုတယ်။ စိတ်ကူးယဉ်တာ မဟုတ်ဘူး ဆိုရင်တော့၊ ဘယ်ကို သွားချင်တယ် ဆိုတာကလေးပဲ၊ သိဖို့ လိုတယ်။
တကယ်တော့ မောင်တူး ပြောသလိုပါပဲ။ လမ်းကတော့ လမ်းပဲ။
❏
လူ့အဖွဲ့အစည်း၏ ထောက်ခံစာဖြင့် ဝယ်ယူရရှိနိုင်သေးသော အမှန်တရား…
ဘရှင်အောင် သေတယ်။ ဒါက ပြဿနာမဟုတ်ဘူး။ လူအားလုံးသည် သေမျိုးဖြစ်၏လို့ အယ်ရစ်တော်တလ်က မနေနိုင် မထိုင်နိုင်နဲ့ ယုတ္တိဗေဒရယ်လို့ ဆိုပြီး၊ ခိုင်မာတဲ့ အဆိုတစ်ရပ် ထုတ်ပြလိုက်ကတည်းက ဘယ်သူကမျှ အချိန်ကုန်ခံပြီး မငြင်းခဲ့လေတော့၊ လူမှန်ရင် သေချင်သည် ဖြစ်စေ၊ မသေချင်သည် ဖြစ်စေ၊ သေတော့ သေနေကြရသေးတာပဲ။ သေတာဟာ ကိုယ်နဲ့ မဆိုင်သလိုနေတဲ့ လူတွေ၊ မသိချင်ယောင်ဆောင်နေတဲ့ လူတွေ၊ သံသရာကို မျှော်ကိုးပြီး ထီထိုးနေကြတဲ့ လူတွေ၊ ဘယ်လိုလူမျိုး ဖြစ်ဖြစ်၊ လူရယ်လို့ ပစ်ချခံထားလိုက်ကြရ ကတည်းက၊ အကုန် သေကြရတော့တာချည်းပဲ။ ဒီတော့၊ ဘရှင်အောင်လည်း လူ့အဖြစ်ကနေ မတားနိုင် မဆီးနိုင်နဲ့၊ သေလိုက်ရတော့တယ်။ ပြောခဲ့ပြီးတဲ့အတိုင်း၊ ဒါက၊ ပြဿနာမဟုတ်ဘူး။ ပြဿနာက၊ သင်းရဲ့အသုဘကို လာတဲ့လူတွေက ပြဿနာ။ မသေနိုင်ကြသေးတဲ့ လူတွေကသာ ပြဿနာ။
ဘရှင်အောင်က မကြောင့်မကြနဲ့ သေရတာ။ စားရမဲ့မဲ့၊ သောက်ရမဲ့မဲ့နဲ့ သေရတယ် ဆိုရင်တော့၊ သနားစရာလို့ ပြောရမှာပဲ။ ပြောလည်း ပြောကြတယ်။ ဒီတော့လည်း၊ မကြောင့်မကြနဲ့ သေရတဲ့ ဘရှင်အောင် သေတာဟာ သနားစရာ သိပ်မရှိဘူး။ သိပ်မရှိဘူးဆိုလို့၊ နည်းနည်း သနားစရာလို့လည်း ပြောမဖြစ်ပြန်ဘူး။ သနားတာဟာ သနားတာပဲ။ သနားတယ် ဆိုတာက ပဲကြီးလှော် ဝယ်သလို အနည်း၊ အများ တွက်လို့ ရတာမျိုး မဟုတ်ဘူး။ ဒါပေတဲ့၊ ကျွန်တော်ကတော့ အဲဒီလို မပြောချင်ဘူး။ ဘရှင်အောင်က သနားစရာကောင်းတယ်လို့ ကျွန်တော် မြင်တယ်။ တကယ်တမ်းမှာတော့၊ သနားတယ် ဆိုတာက ပျော့ညံ့တဲ့လူတွေမှာ ဖြစ်တတ်တဲ့ စိတ်မျိုး။ ကျွန်တော့်ကိုယ် ကျွန်တော်က ပျော့ညံ့စိတ် မထားမိအောင် နေတယ်။ သနားစိတ် မရှိအောင် နေတယ်။ ဘရှင်အောင်နဲ့ ကျတော့၊ သနားသလို ဖြစ်မိတယ်။ ကျွန်တော်မှ မဟုတ်ဘူး။ ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက်အကြားမှာ၊ သနားစိတ်လိုမျိုး ဖြစ်မိကြတယ်။ မင်းဆွေကတော့၊ သနားစိတ်ပေါ်ပုံ မရဘူး။ ဘရှင်အောင်အကြောင်း ပြောကြတိုင်း၊ ဒီကောင်က ညံ့လည်း ညံ့ပါတယ်လို့ ပြောတယ်။ တစ်ခါတလေတော့၊ ဘရှင်အောင်ဘက်က တွေးမိပြီး စိတ်နာနာနဲ့ မင်းဆွေက ပြောသေးတယ်။ ဒီကောင်မှ၊ သူ့အဖေခြေရာ နင်းတဲ့အကောင်လို့ ပြောတယ်။ အဖေ့ခြေရာ နင်းတဲ့သား မြတ်တယ်၊ ဘာတယ်၊ ညာတယ်လို့ လူတွေကတော့ ပြောတာပဲ။ ဒီနေရာမှာတော့၊ မဖြစ်နိုင်ဘူး။ သူ့အဖေလည်း သူ့လိုပဲ။ ဒီတော့လည်း၊ မင်းဆွေ စကားနဲ့ ပြောရရင်၊ ဘရှင်အောင်က ခပ်ညံ့ညံ့ပဲလို့ ပြောရရုံပဲ။
သူတို့မိသားစုနဲ့ ကျွန်တော်တို့မိသားစုက ခင်တယ်။ အတော့်ကို ရင်းတယ်။ သူ့အဖေကို ကျွန်တော့်အဖေက မောင်အောင်လို့ပဲ ခေါ်တယ်။ အဖေက ကြီးတယ်။ ပြီးတော့၊ အဖေက အဆက်အသွယ် ကောင်းတယ်။ ဦးအောင်က အတွင်းဝန် ဆိုပေတဲ့၊ အဖေ့အပြောအရတော့ ရိုးတယ်။ အတွင်းဝန်ဆိုတော့၊ အဲဒီတုန်းက ဇက်ဖာကားတို့၊ ကောင်ဆလ်ကားတို့ ဝယ်စီးခွင့်ရတယ်။ အဖေ့လေနဲ့ ပြောရရင်တော့၊ မောင်အောင်တို့များ ဇက်ဖာကား ဝယ်စီးခွင့်ရတာကိုပဲ အတော် ကျေနပ်နေရှာတာလို့ပဲ ပြောရလိမ့်မယ်။ နောက်တော့၊ ဦးအောင် အလုပ်ပြုတ်သွားတယ်။ အဲဒီတုန်းကတော့၊ ဘာလို့မှန်း ကျွန်တော် မသိဘူး။ အဖေက ဦးအောင်ကို ခေါ် ကြိမ်းတာတော့ ကျွန်တော်တို့ တစ်မိသားစုလုံး ရိပ်မိကြတယ်။ အလုပ် ပြုတ်သွားတော့၊ သူ့မှာ ဘာမျှ စုစုဆောင်းဆောင်း မရှိဘူး။ အတော်ပဲ၊ အခက်အခဲနဲ့ ကြုံရတယ်။ နောက်တော့၊ အဖေနဲ့ရင်းနှီးတဲ့ လူကြီးတစ်ယောက်က ပြောပြလို့ ဦးအောင်ရဲ့ အကြောင်းရင်းကို သိရတာနဲ့၊ အဖေက နေရေးထိုင်ရေးကို စီစဉ်ပေးရုံတင် မကဘူး။ ဘရှင်အောင်ရဲ့ ကျောင်း စရိတ်ကိုပါ ထောက်ပံ့တယ်။ ဘရှင်အောင်လည်း ကျွန်တော်နဲ့ ပိုရင်းလာတယ်။ ဒါပေတဲ့၊ ကျွန်တော့်ရဲ့ အတွင်းစည်းထဲက သူငယ်ချင်းတစ်ယောက် ဖြစ်မလာဘူး။ ဖြစ်မလာရတာက၊ (ခုနေအခါ၊ အတိတ်ကို ပြန်ကြည့်ပြီး ပြောရရင်) ဘရှင်အောင်ဟာ ကျွန်တော်တို့လို မမိုက်ဘူး။ မမိုက်ဘူး ဆိုတာကိုလည်း မိုက်ရိုင်းတယ် ဆိုတာနဲ့ ရောထွေးပြီး နားမလည်ကြစေချင်ဘူး။ ကျွန်တော်တို့ မိုက်ကြတယ် ဆိုတာက၊ ကျွန်တော်တို့ ပါဝင်ပတ်သက်နေရတဲ့ လူ့အဖွဲ့အစည်းကြီး အပေါ် မကျေနပ်နေကြတာ။ အားရင်၊ လူ့အဖွဲ့အစည်းကြီးနဲ့ ရန်ဖြစ်ချင်နေကြတာ။ ဘကြီးသုခကတော့ ကျွန်တော်တို့ လူသိုက်ကို ‘အရိပ်နေနေ၊ အခက်ချိုးချိုးအဖွဲ့’ လို့ ခေါ်တယ်။ အရင်းရှင် လူ့အဖွဲ့အစည်းရဲ့ ထမင်းဝိုင်းထဲကနေ မာ့(ခ) ဝါဒ ကောင်းကြောင်း ပြောလွန်းတော့ အဖေက ‘စိတ်ကူးယဉ် မာ့(ခ)ဝါဒီတွေ’ လို့ ခေါ်တယ်။ ဘရှင်အောင်က အဲဒီထဲ မပါရုံမကဘူး။ သူက၊ ကျေးဇူးတရား ဆိုတာကို ကိုးကွယ်တဲ့လူမျိုး။ အလကားရတဲ့ လရိပ်ကိုတောင် ရှာကြံကျေးဇူးတင်နေတတ်တဲ့၊ အကောင်။ ပြီးတော့၊ ကျွန်တော်တို့ သူငယ်ချင်းတွေ အကြားမှာ၊ ငရဲကြီးတယ် ဆိုတာ၊ ဝဋ်လိုက်တယ် ဆိုတာကို တကယ်လို့ ထင်တာ၊ သူတစ်ယောက်တည်းရယ်။ ငရဲသို့ သွားရာလမ်းကို စိတ်ကူးနဲ့ ဖောက်တယ်ဆိုတာ၊ ဘရှင်အောင်၊ ပဲ။
နောက်ဆုံးတော့၊ ဦးအောင်ဟာ လမ်းမထွက်တော့ဘူး။ ပုတီးကလေး တခြောက်ခြောက်နဲ့ နေရင်း သေသွားတယ်။ ဦးအောင် ဆုံးသွားပြီးတဲ့နောက်၊ အတော်ကြာသွားတော့၊ တစ်နေ့၊ အဖေနဲ့ ထိုင်စကားပြောနေကြရင်း အမှတ်မထင် စကားစပ်မိသွားလို့ အဖေ့ကို မေးကြည့်မိတယ်။ ဦးအောင်ဟာ သူ့အထက်လူကြီးရဲ့ အပြစ်ကို ကြားက ဝင်ခံပေးသွားတယ် ဆိုတာ သိရတယ်။ အဖေ့ကို အတွင်းသိ လူကြီးတစ်ယောက်က ပြောပြတာ။ အဲဒီအကြောင်းနဲ့ ပတ်သက်လို့၊ သူတို့မိသားစုတောင် အကြောင်းစုံ မသိကြသမို့၊ အဖေက ကျွန်တော့်ကို မှာတယ်။ ဒီအကြောင်း၊ ဘရှင်အောင်လည်း မသိစေနဲ့တဲ့။ ဘရှင်အောင်သာ မသိတယ်။ ကျွန်တော်နဲ့ ကျွန်တော့ သူငယ်ချင်းတွေ သိလိုက်ကြတယ်။ အဲဒီတုန်းက (ခုထိပဲ ဆိုပါတော့) ကျွန်တော်တို့ သူငယ်ချင်းတွေအကြားမှာ ထိမ်ချန်ထားတဲ့အကြောင်း မရှိသလို၊ စကားလည်း လုံကြတာ၊ ကိုး။ ဘွဲ့ရကြတော့၊ ဘာလုပ်ကြရမှန်း မသိကြတဲ့ အချိန်မှာ သူက၊ အလုပ်ရှာတယ်။ ရှာတာက အစိုးရအလုပ်။ ဖြစ်ချင်တာက ကယ်ရီယာဒစ်ပလိုမက် ဆိုသလားပဲ။ ဒါပေတဲ့၊ အဲဒီတုန်းက၊ တော်ရုံ ဘွဲ့ရတစ်ယောက်အတွက် အလုပ်ကတော့ မူလတန်းကျောင်း ဆရာ၊ တွဲဖက်ကျောင်းဆရာ၊ ပဲ။ ဥပဒေလေး၊ ဘာလေး တတ်လာခဲ့ရင်၊ တရားရေးဘက်တို့၊ ဘာတို့မှာ ရနိုင်တယ်။ ဆရာဝန်ဘွဲ့ရတွေတောင် ဘာလုပ်ကြရမှန်း မသိတဲ့အချိန်။ ညီအစ်ကို မသိတသိ အချိန်လို့ တချို့က တင်စားပြောကြပေတဲ့၊ တကယ်တော့၊ အဲဒီအချိန်က ဘာမျှကို မသိရတဲ့ အချိန်။ ရှေ့တစ်ခေါ်ကို လှမ်းမမြင်ရဘူး။ နောက်ဘက်မှာကလည်း ဖောင်ဖျက်ထားပြီးပြီ။ ကွမ်းယာရောင်းတဲ့ ကုလားမောင်မြ ပြောသလိုဖြင့်၊ ‘အတိတ်၊ အတ်ခြားနိမ်း။ အနာဂတ်၊ ပတ်ကုလား ဂိမ်း’ တဲ့။ သိပ်မဆိုးဘူး။
ဘရှင်အောင်က ဘွဲ့ ရပြီးတော့ အဖေ့ဆီလာပြီး အတင်း နားပူနားဆာလုပ်တယ်။ အဖေကလည်း သူ့အပေါ်မှာ သံယောဇဉ်ရှိရှာတယ်။ ဒီလိုနဲ့ပဲ၊ ရာထူးဝန်က အဖေ့မိတ်ဆွေတွေ အကူအညီနဲ့၊ ဘရှင်အောင် တစ်ယောက် လက်ထောက် မြို့နယ်… ဘာဆိုသလား မသိဘူး။ အလုပ် ရတယ်။ နယ်စွန်နယ်ဖျားဆီမှာ။ သူ့လိုပဲ၊ ကျွန်တော်တို့လည်း ဝမ်းသာကြရတယ်။ သူက၊ ငါ့ကယ်ရီယာရဲ့ အစပဲ ဆိုပြီး ဝမ်းသာတယ်။ ကျွန်တော်တို့ကတော့၊ ဘရှင်အောင် အလုပ်ရသွားတဲ့အတွက်၊ သူနဲ့ယှဉ်ပြီး ကျွန်တော်တို့ကို ဝေဖန်တဲ့ ကျွန်တော်တို့ ဆွေမျိုးမိဘတွေရဲ့ ဝေဖန်တဲ့ ဒဏ်က နည်းသွားမယ်လို့ တွက်လို့ပဲ။ ဒါတောင်၊ အပြောက မလွတ်ချင်သေးဘူး။ အဖေတို့၊ ဘကြီးတို့က လူထူထူကျရင် ပြောလေ့ရှိတယ်။ ဘရှင်အောင်သာ အလုပ်ရသွားတယ်။ ဟိုကောင်တစ်သိုက်ကတော့ မထူး ခြားသေးဘူးလို့ အဖေက စလိုက်ရင်၊ ဘကြီးသုခက စကားဝင်ထောက်တယ်။ သူတို့က အမှန်တရား ရှာနေကြတာ။ နည်းနည်းတော့ ကြာမှာပေါ့ကွာ၊ တဲ့။ မဟုတ်ရင်၊ ကျွန်တော်တို့ မိဘတွေ ဆုံကြတဲ့အခါ၊ တစ်ယောက်ယောက်က မေးလေ့ရှိတယ်။ လူ့အဖွဲ့အစည်းကြီးကို ပြောင်းပစ်ဖို့ ကြိုးစားနေတဲ့ ကျုပ်တို့ကောင်တွေဆီက သတင်းထူးပြီလား၊ တဲ့။ ပြောပြီး ဟားကြရော။ ဟားလည်း ဟားဟားပဲ ရှိမှာပဲ။ ကျွန်တော်တို့ အတွက်ကတော့၊ ကျွန်တော်တို့နဲ့ လိုက်လျောညီထွေတဲ့ လောကကြီးကမှ မတွေ့သေးဘဲ။ လိုက်လျောညီထွေတဲ့ လောကကြီးလို့ သုံးရတာကလည်း၊ သဟဇာတတို့၊ ဘာတို့ မသုံးချင်လို့။ သုံးလိုက်ရင် ရောပြီး၊ အကုန်လုံး ရှုပ်သွားမှာစိုးလို့။ ကျွန်တော်တို့က မြောက်ဘက်က နောင်တော်ကြီးတွေဆီက ပျံ့လွင့်လာတဲ့ ရှေ့ကို တအားကြီး ခုန်ကျော်ကူးချင်တာ။ ရှေ့သို့ ဆိုတာကလေးလောက်နဲ့ မလုံလောက်ဘူးလို့ ထင်တယ်။ ဒါကလည်း၊ အတွေးအခေါ် လိုတယ်။ အတွေးအခေါ် ကောင်းမှ ဘဝကို ရင်ဆိုင်နိုင်မှာ။ သဘောတရားမပါတဲ့ လက်တွေ့ဟာ အလကားပဲလို့ ပြောရင်း လက်တွေ့ဘဝကြီးထဲက ဘရှင်အောင်ကို ကျွန်တော်တို့က ဝေဖန်တယ်။ ထုသားပေသားကျကျနဲ့ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ဘဝကြီးကို စိတ်ကူးထည်ပေါင်း များစွာနဲ့ ရင်ဆိုင်တယ်။ စိတ်ကူးထည်ပေါင်း များစွာနဲ့ တည်ဆောက်ထားတဲ့ ကျွန်တော်တို့ဘဝမှာ အရေခွံထူရတယ်။ ဝေဖန်ခံနိုင်ရတယ်။ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရတယ်။ ဝေဖန်စရာကလည်း သိပ်တော့ ရှိလှတာ၊ မဟုတ်ဘူး။ မင်း ကြိုက်နေမှန်းမသိလို့ ဟိုကောင်မလေးကို ငါ သွားပြီး၊ စကားပြောမိတဲ့အတွက် ငါ မှားပါတယ်ဆိုပြီး၊ အချင်းချင်း အကြားမှာ ဝန်ခံရတယ်။ မိမိကိုယ်မိမိ ဝေဖန်ရေး လုပ်ရတယ်။ ရဲဘော်ရဲဘက် အချင်းချင်း အကြားမှာ အမှားကို ဝန်ခံပြီး လျော်ကြေးပေးတဲ့ သဘောနဲ့ ငါ ဘီယာဝယ်တိုက်ပါ့မယ် ဆိုတာမျိုး လုပ်ရတယ်။ ဒီတော့လည်း၊ ကောမရိဒ်ရှစ်ဆိုတဲ့ ရဲဘော်ရဲဘက် စိတ်ဓာတ်နဲ့ အမှားကို သင်ပုန်းချေပစ်ကြရင်း၊ အမုန်းတရားမရှိတဲ့ နှလုံးသားစနစ်ကို တည်ဆောက်ကြတယ်။ ဒီအကြားထဲ၊ ဥပဒေဌာနဘက်က နှစ်ချို့နေတဲ့ ကိုရည်တို့ လူသိုက်နဲ့ တိုးတဲ့အခါ၊ တိုးတက်ချင်ရင် နင်းတက်ရမယ်ဆိုတာ ကြားရပြန်သေးတယ်။ ကျွန်တော်တို့ကတော့ လက်မခံဘူး။ ငြင်းကြတယ်။ မငြင်းလို့လည်း မဖြစ်ဘူး။ ကျွန်တော်တို့မှာ တိုးတက်စရာလည်း မရှိဘူး။ နင်းတက်စရာလည်း မရှိဘူး။ ခုနေခါ၊ ပြန်ကြည့်လိုက်ရင်၊ ဟိုတုန်းက ကျွန်တော်တို့ နေခဲ့တဲ့ လောကကြီးဟာ တကယ်တော့ မရှိခဲ့ဘူး။ မရှိတာကြီးအထဲမှာ ရှိအောင် ရှာကြံနေခဲ့ကြတာကတော့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ရှာကြံပြီး ချီးကျူးမယ် ဆိုရင်တော့၊ ချီးကျူးစရာ ကောင်းတဲ့ အချက်တစ်ခုပဲ။ ဘာကြီးဖြစ်ဖြစ်၊ အဲဒီအချိန်မှာတော့၊ ဘရှင်အောင် တစ်ယောက်က သင်တန်း တစ်မျိုးပြီးတစ်မျိုး တက်နေလေရဲ့။ တကယ့်ဘဝကြီး ဆိုတာက သင်တန်းများများ တက်ရတဲ့ ခေတ်၊ ကိုး။ ဆေးကျောင်းက ဆင်းတဲ့ ဆရာဝန်တွေတောင် ရှေးဦးသူနာပြုသင်တန်း တက်ကြရတဲ့ခေတ်။
ခေတ်ကို အပြစ်မပြောကြနဲ့လို့ လူကြီးတွေက ပြောတယ်။ ဟုတ်တော့၊ ဟုတ်တာပဲ။ ခေတ်ထဲမှာ ဘာမျှမှ မရှိဘဲ။ ဒီတော့၊ လူတွေကိုပဲ အပြစ်ပြောရမှာပဲ။ ခေတ်ကို လူတွေက လုပ်တာ၊ ကိုး။ လူတစ်ယောက်၊ နှစ်ယောက် လုပ်လို့ ခေတ်ဆိုတာမှ မဖြစ်ဘဲ။ လူတွေအများကြီး လုပ်မှ၊ ခေတ်တစ်ခေတ်ဆိုတာ ဖြစ်လာရတာ။ ဒီတော့၊ လူတွေအများကြီးကိုပဲ အပြစ်တင်ရမှာပဲ။ ခွင့်နဲ့ ရန်ကုန်ကို ဘရှင်အောင် ပြန်လာတော့၊ ကျွန်တော်တို့ ဆုံကြပြန်တယ်။ ဆုံကြရတာကတော့ ကျွန်တော်တို့အစီအစဉ် မဟုတ်ဘူး။ အဖေက ပိုက်ဆံထုတ်ပေးလို့။ ဒီကောင်က အဖေ့အတွက် တောကြိုတောင်ကြားက ပျားရည်တစ်ပုံးနဲ့၊ သစ်ခွတစ်အိုး ယူလာတယ်။ ဘယ်လိုလုပ် သယ်လာမှန်းတော့ မသိဘူး။ အဖေ့အတွက် လက်ဆောင်အဖြစ် ယူလာပြီး လာကန်တော့တယ်။ ဒီတော့၊ အဖေက မင်းတို့တစ်တွေ ဆုံတုန်း ညနေစာ သွားစားကြဆိုပြီး ငွေနှစ်ရာ ပေးတယ်။ ဘီယာကို နောက်ဖေးပေါက်ကနေ တစ်လုံး တစ်ဆယ်လောက် ပေးဝယ်ရတဲ့ ခေတ်မှာ ငွေနှစ်ရာဟာ သိပ်ကြီးအသုံးခံလှတာတော့ မဟုတ်ဘူး။ ဒါပေတဲ့လည်း၊ စိတ်ကူးထည်တွေကိုပဲ တိုးပွားအောင် လုပ်ပေးနိုင်တဲ့ ကျွန်တော်တို့ တစ်ရာ့ကိုး၊ တစ်ရာ့တစ်ဆယ်တွေ အဖို့တော့၊ ‘တစ်’ဟာ နည်းတယ် ဆိုပေတဲ့ သုညထက်တော့ တန်ဖိုးရှိတယ် ဆိုတာမျိုးပဲ။ အထိုက်အလျောက် အသုံးတည့်နေသေးတာပဲ။ အဖေ့ကိုလည်း အလှူရှင်အနေနဲ့ ဒါနမြောက်စေချင်တယ်။ ဒီတော့၊ ဘရှင်အောင်နဲ့ ကျွန်တော်တို့ တက္ကသိုလ်ရိပ်သာ လမ်းထိပ်က ပျော်ပွဲစားရုံမှာ စားကြသောက်ကြတယ်။ ကျွန်တော်က ငွေနှစ်ရာကို စားပွဲပေါ်တင်လိုက်ပြီး လိုတာ မင်းပေးလို့ ပြောတော့၊ သူက ဝမ်းမြောက်ဝမ်းသာ လက်ခံတယ်။ ဒီ့ပြင်၊ သူ့အဆက်အသွယ်နဲ့ မန္တလေး ဝီစကီနှစ်လုံး ယူလာတယ်။ ပုလင်းမှာ ကောက်ရိုးဖတ်ကလေးတွေ ကပ်နေတာက လွဲလို့၊ အထဲက အရည်ကတော့ ကောင်းနေသေးတုန်းပဲ။ ဝိုင်းက မစိုမှာ မပူရတော့ဘူး။ ဒီမှာတင်၊ မင်းဆွေက ကောက်ချက်တစ်ခု ချတယ်။ ခုလို ကျွေးနိုင်မွေးနိုင်နေသေးတဲ့ လူတွေ ရှိနေမှာတော့၊ ဘယ်သူတွေက ဘယ်လိုပဲ ခေတ်ကြီးကို အပြစ်တင်နေ၊ တင်နေ၊ ငါကတော့၊ သင်းတို့ကို မထောက်ခံနိုင်ဘူး၊ တဲ့။ အဲဒီမှာတင်၊ ခေတ်ကိစ္စက ဝင်လာရော။ ဘရှင်အောင်ကို တည့်တည့်မကြည့်ပေတဲ့၊ ဦးတည်ပြီး တွယ်ကြရော။ ထုံးစံအတိုင်းပဲ၊ ဘရှင်အောင်က ခံနိုင်ရည်ရှိတယ်။ ဒါပေတဲ့၊ ငြိမ်းမောင်က သာသာ ရိလိုက်တော့၊ သူ မခံနိုင်တော့ဘူး။ ငြိမ်းမောင်က နေစမ်းပါဦး ဘရှင်အောင်ရာ။ မင်းတို့ရဲ့ သာယာဝပြောတဲ့ ဟာကြီးဆီ ဘယ်တော့လောက် ရောက်မယ်မှန်းသလဲ၊ တဲ့။ ငြိမ်းမောင်က ဒါမျိုးမှာ တော်တယ်။ ကပ်ပြီး ရိနိုင်တဲ့ကောင်။ သူ့ကို ကပ္ပိယရဲ့ အစ်ကို၊ ကပ်–ပြီး–ရိလို့ ခေါ်ကြတယ်။
ဘရှင်အောင်က ရနိုင်သလောက် ရှောင်တယ်။ နောက်ဆုံးတော့၊ ငါက အနိမ့်ဆုံးဝန်ထမ်း။ အမှုထမ်း၊ အရာထမ်းဆိုတာက အထက်က ကျလာတဲ့ အမိန့်အတိုင်း လုပ်ရတာပဲ။ တက်လာတဲ့ အစိုးရ၊ ငါ့အစိုးရပဲ။ ငါ့အလုပ် ငါလုပ်နေရမှာပဲ၊ လို့ ပြောတယ်။ ဒီမှာတင်၊ ဘရှင်အောင်ရဲ့ စနစ်တကျ ညံ့ဖျင်းမှုကို ကျွန်တော် သိလိုက်ရမိတယ်။ သူ့ကို တွယ်စရာအကွက်၊ သူက ပြလိုက်တာ။ ဝီစကီတွေ၊ ဘီယာတွေနဲ့ ဉာဏ်ရည် ဉာဏ်သွေး မြှင့်တင်ထားတဲ့ အချိန်မျိုးမှာ သင်းမို့ ဒီလိုပြောလေခြင်းလို့ တွေးလိုက်မိတာနဲ့ ဘယ်သူကမျှ ဘာမျှ မစရသေးခင်၊ ကျွန်တော်လည်း လက်ပတ်ရ ပွဲကြပ် လုပ်လိုက်တော့တယ်။ မင်းတို့တွေ၊ တခြားကိစ္စ ပြောကြစမ်းပါ။ သူ့ခမျာ၊ အဝေးကြီးက ဒီကိုလာတာ၊ မင်းတို့ ပြောတာ ဆိုတာ ခံရဖို့ မဟုတ်ဘူး။ မင်းတို့ကို ကျွေးတဲ့ မျက်နှာကလေးတော့လည်း ထောက်ကြဦးမှပေါ့လို့ ပြောပြီး လမ်းလွှဲလိုက်ရတယ်။ ဒါနဲ့ပဲ၊ မင်းဆွေက သူ ကျွမ်းကျင်တဲ့ ကောင်မကလေးတွေအကြောင်း ပြောတယ်။ တခြား လူတွေနဲ့ဆိုရင်၊ ဒီအကြောင်းက ဝိုင်းပိုစိုမယ်။ ဘရှင်အောင် အတွက်ကတော့၊ အလကားပဲ။ အဲဒီနေ့က၊ ဘရှင်အောင်နဲ့ စားရသောက်ရတာ ထင်သလောက် မပျော်ရတော့၊ နောက်ပိုင်း၊ ရန်ကုန်ကို သူ ခွင့်နဲ့လာလို့ စားကြသောက်ကြမယ်ဆိုရင် လူစုလို့ မရတော့ဘူး။ သူကလည်း၊ ကျွန်တော်နဲ့၊ ငြိမ်းမောင်လောက်နဲ့ ဆုံပြီး နေ့ခင်းဘက် ကော်ဖီသောက်တာမျိုးပဲ လုပ်တော့တယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း သူနဲ့ပတ်သက်လို့ စိတ်ဝင်တစား မရှိကြတော့ဘူး။ လူ့အဖွဲ့အစည်းကြီးက ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာတယ်။ မဟုတ်တမ်းတရားတွေ အပြောများလာတော့၊ ကောလာဟလ ဆိုတာက နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတယ်။ သတင်းစာထဲမှာတောင် ခေါင်းဆောင်ကြီး ပါတဲ့ အီးအီး အရောင်ပြောင်းသွားလို့ ဆေးကုသခံရဖို့ ထွက်သွားတယ်တို့ ဆိုတာတွေ ပါလာတယ်။ တိုင်းသူပြည်သားတွေ အနေနဲ့၊ ခေါင်းဆောင်ကြီးရဲ့ အီးအီးက ဘာအရောင် ဆိုတာကိုတော့၊ သိသင့်တာ၊ ကိုး။ ကျွန်တော်တို့ လူသိုက်ကတော့၊ လူ့အဖွဲ့အစည်းနဲ့ ပိုပြီး လက်ပွန်းတတီး ဖြစ်လာလေလေ၊ လူတွေကို သနားလာလေလေပဲ။ လူတွေဟာ စနစ်တကျ မတွေးခေါ်တတ်ဘူးလို့ မြင်လာတယ်။ ခင်ဗျားတို့ကသာ ခေတ်တွေ၊ စနစ်တွေကို အပြစ်တင်နေတာ။ တကယ်တမ်းမှာတော့၊ ခင်ဗျားတို့ အပြစ်တွေချည်းပဲ ခင်ဗျားတို့ မိဘတွေဟာ ကျွန်တော်တို့ မိဘတွေလို ခင်ဗျားတို့ကို ကျွေးမွေးမထားနိုင်တာ၊ ခင်ဗျားတို့ အပြစ်။ ခင်ဗျားတို့မှာ၊ အထူးဆိုင်မှာ သွားပြီး၊ စီးကရက်တို့၊ ဘီယာတို့၊ နက်(စ)ကာဖီတို့ ထုတ်နိုင်တဲ့ သူငယ်ချင်း မရှိတာ၊ ခင်ဗျားတို့အပြစ်။ ခင်ဗျားတို့ အပြစ်ချည်းပဲမို့၊ ခင်ဗျားတို့ ဘယ်ကိုမျှ လက်ညှိုးထိုးမနေကြနဲ့။ လက်ညှိုးထိုးနေမယ့်အစား လက်သီးဆုပ်၊ တုပ်ပြီးခံ။
လူ့အဖွဲ့အစည်းကြီးကို အဲဒီလို ပြောပစ်ချင်တာ။ ပြောတော့ မပြောလိုက်ရဘူး။ မပြောလိုက်ရတာက ကျွန်တော်တို့ ပြောတာကို နားထောင်မယ့်လူ မရှိလို့ဘဲ။ ဘရှင်အောင် အကြောင်းကိုတော့ ထွေးဝင်းဆီက ကြားရတယ်။ ထွေးဝင်းက တက္ကသိုလ်ရိပ်သာ လမ်းထိပ်မှာ နေတယ်။ သူက၊ သတင်းစုံတယ်။ ခုခေတ်ဆိုရင်တော့ ဝီကီလိ(ခ)လို့ ခေါ်ရမှာပဲ။ အဲဒီတုန်းက၊ ဂျူလီယံအဆန်း မရှိသေးဘူး။ မွေးမှာတောင် မဟုတ်သေးဘူး။ ဒါပေတဲ့၊ ကျွန်တော်တို့မှာ ထွေးဝင်း ရှိတယ်။ ကိုယ့်လူ၊ ဘရှင်အောင်က ဘီ ၆၀၀ နဲ့ဟ။ တွေ့လိုက်သလား။ ဟိုနေ့ဆီက သတင်းစာထဲမှာ၊ ဘရှင်အောင် တစ်ယောက်ရယ်၊ သူ့ဆရာနောက်နားဆီက။ ဟိုကောင်ကြီး၊ ဒယ်လီဂေးရှင်းနဲ့ ပါသွားဆိုပဲ…။ အစုံ ကြားလာရတယ်။ ကျွန်တော့်ဆီတော့ တစ်ခါတလေ တယ်လီဖုန်းဆက်ပေတဲ့၊ သူ့အလုပ်အကြောင်းလည်း ကျွန်တော် မမေးဘူး။ ကျွန်တော် ဘာလုပ်နေသလဲလို့တော့ သူက မေးလေ့ရှိတယ်။ ငါတို့လူသိုက် အရင်ကလို၊ အဖြေမရှာကြတော့ဘူး။ လူ့အဖွဲ့အစည်းကြီးကို ပြုပြင်ဖို့ မစဉ်းစားကြတော့ဘူး။ အဖြေရှာနေတာ၊ အဖြေပေးပြီး တိုက်ဆိုင်ကြည့်နေတာထက် ပိုပြီး လက်တွေ့ကျတာ လုပ်နေကြတယ်လို့ ဖြေတော့၊ သူက မေးတယ်။ ဘာလုပ်နေကြသလဲ၊ တဲ့။ ကျွန်တော်က ငါတို့၊ အခု မေးခွန်းတွေ ထုတ်နေကြတယ်။ အဖြေ မရှာတော့ဘူးလို့ ဖြေလိုက်တယ်။ မင်းတို့ကလည်း၊ ကွာလို့ ဘရှင်အောင်က ပြောပြီး စကားမဆက်ဘူး။ ကောက်ချက်မချရဲဘူး။ ကျွန်တော်တို့အတွက် ကတော့ လုပ်သင့်တဲ့ အလုပ်တစ်ခုပဲလို့ မြင်တယ်။ တက္ကသိုလ်တုန်းက ကျွန်တော်တို့ကို မျက်စိဖွင့်ပေးခဲ့တဲ့ ဆရာကြီးရဲ့စကားကို ခုမှ သဘောပေါက်တယ်။ ပေါက်ရတာကလည်း၊ ဘရှင်အောင်အကြောင်းတွေ ကြားလာရလို့ပဲ။ ကျွန်တော်တို့ရဲ့ ဆရာကြီးက ခင်ဗျားတို့ မေးစရာရှိရင် မေး။ မမေးလို့ မသိရင်၊ အဖြေမရှိဘဲ ချာလည်လည် ဖြစ်နေရတာက လွဲလို့ ခင်ဗျားတို့ ဘာမျှဖြစ်လာမှာ မဟုတ်ဘူးလို့၊ ပြောခဲ့တာ၊ ကိုး။ ဘရှင်အောင် ကျပြန်တော့၊ ဘာမျှ မေးတာစမ်းတာ မရှိတော့ဘဲ၊ ခိုင်းသမျှ အကုန်လုပ် ဘိန်းမုန့် ဆိုတာမျိုးပဲ။ အလယ်ကောင်မှာ ယောင်ယောင်ကလေး ဖောင်းနိုင်တာက လွဲလို့၊ တကယ်တမ်းမှာတော့ ပြားနေတာပဲ၊ မဟုတ်လား။ ကျွန်တော်တို့ လူ့အသိုက်အမြုံကြီးထဲမှာက မွေးကတည်းက ရိုက်သွင်းထားတဲ့ တစ်စက္ကန့်၊ တစ်မိနစ်၊ တစ်နာရီ… ကြီးတဲ့လူကို ပြန်မပြောနဲ့၊ ပြန်မမေးနဲ့ ဆိုတာက ရှိနေတာကိုး။ ဂုဏဝုမို၊ ဝယဝုနိုဆိုတာက၊ ရေဆိုတာ စီးတယ်လို့ လက်ခံထားတဲ့ အရပ်တိုင်းမှာ မှန်တယ်လို့ လက်ခံထားတဲ့ အမှန်တရားတစ်ခုလို ဖြစ်နေတယ်။ ဒီတော့လည်း၊ အဲဒီပေတံနဲ့ တိုင်းရင်တော့၊ ဘရှင်အောင်က မှန်တယ်။ ကျွန်တော်တို့က မှားနေမှာပဲ။ မှားလည်း မတတ်နိုင်ဘူး။ လူဆိုတာက အမှန်တွေချည်း လျှောက်လုပ်နေဖို့ မွေးလာတာမှ မဟုတ်ဘဲ။
တစ်နေ့တော့၊ တက္ကသိုလ်ရိပ်သာ လမ်းထိပ်က ဝီကီလိ(ခ)ဆီက သတင်းကြားလာရတယ်။ မင်းတို့ကောင်ကြီးတော့၊ ပင်စင်ယူသွားပြီ၊ တဲ့။ ဘယ်လိုလုပ်ပြီး ပင်စင်ယူလိုက်တာလဲလို့ မေးကြည့်လိုက်တော့၊ သူ ကြိုက်တဲ့ ဝန်ထမ်းလောကမှာ ခေတ်စားတဲ့ ဖို့(စ)တူ ရတိုင်းယား(ဒ) ဆိုတဲ့ ရောဂါနဲ့ဆိုတာကို အကြောင်းစုံ ကြားရတယ်။ ကျွန်တော်နဲ့ ငြိမ်းမောင်လည်း သူနေတဲ့ တိုက်ခန်းဆီ သွားကြတယ်။ ဘရှင်အောင် တစ်ယောက် အတော်ကလေး ကျသွားတယ်။ စိတ်ဓာတ်လည်း ကျနေပုံပဲ။ ဒါပေတဲ့၊ ဖြစ်ကြောင်းရယ် ကုန်စင်ကို မပြောချင်ဘူး။ နောက်ဆုံးတော့၊ ငြိမ်းမောင်က မနေနိုင်တော့လို့ ငါတို့ ကြားပြီးပြီ။ မင်းက၊ ကာဆီးကာဆီး လုပ်နေရအောင် ဟိုအကောင်က မင်းအဖေမို့လို့လားလို့ ပြောင်ပြောင် ချဲထည့်လိုက်တော့မှ၊ သူက ဝန်ခံတယ်။ ဒါပေတဲ့လည်း၊ ပြီးတာ ပြီးပါပြီကွာ။ တစ်ယောက်နဲ့ တစ်ယောက် အမုန်းပွားနေလို့လည်း၊ ခုမှတော့ အပိုပါပဲလို့ ပြောသေးတယ်။ ကျွန်တော်ကတော့၊ ဘာမျှ မပြောတော့ဘူး။ ဘရှင်အောင်ရဲ့ အကြောင်းကို သိလာခဲ့ရတာ၊ အနှစ်ငါးဆယ်စာလောက် ရှိနေခဲ့လို့၊ ပဲ။ လူတိုင်းလူတိုင်းရဲ့ ဖြစ်ခဲ့တဲ့အကြောင်းဆိုတာက၊ သမိုင်းလိုပဲ။ ရှိနေခဲ့တာတွေကို မသိကျိုးကျွန်သာ ပြုလို့ရမယ်၊ သိစရာ မဟုတ်ဘူးလို့ ပြောလို့ မရတော့တာတွေ။ ခု၊ ဖြစ်ရတာက သူတို့ဆီ ဝန်မင်းအဖြစ်နဲ့ ပြောင်းလာတဲ့ ငတိက တစ်ကျောင်းတည်းသား။ သူက အကွက်မြင်တယ်။ သူ့အဖေကလည်း အကွက်မြင်ခဲ့တာပဲ။ ဘရှင်အောင်လို ရိုးရိုးသားသား အစိုးရ အမှုထမ်းဘဝကို ကယ်ရီယာတစ်ခု အနေနဲ့ လုပ်ချင်တဲ့ လူမျိုးတွေ မဟုတ်ဘူး။ အဲဒီငတိ အဖေတုန်းကလည်း၊ ပညာရှင်ဘဝကနေ အမြော်အမြင်ကြီးကြီးနဲ့ စစ်ဗိုလ်တွေနဲ့လုံးရင်း၊ ဝန်မင်း ဖြစ်တာပဲ။ သူ့သားကျတော့၊ စစ်ခေတ် အရောင်တောက်နေချိန်မို့ တပ်ထဲက မြတ်ကိုကိုက ထပ်ပြီး ကောင်းစားတဲ့၊ သဘောမျိုးပဲ။ အရပ်ဘက် ပြောင်းလာတော့၊ ဘရှင်အောင်ကို တွေ့တယ်။ တစ်ကျောင်းတည်းသား အဖြစ်နဲ့ လုံးပြီး၊ တပည့်မွေးလိုက်တာပဲ။ နောက်ဆုံးတော့၊ သင်း စားသမျှ ဘရှင်အောင်က အရိုးလိုက်သိမ်းပေးရင်း၊ နိမ့်တဲ့ကောင် အရင်ပြုတ်စတမ်းဆိုတဲ့ စစ်ခေတ်ရဲ့ မူအရ၊ ဘရှင်အောင် ပြုတ်တော့တာပဲ။
ဘရှင်အောင် အသုဘကို သွားကြတယ်။ ဘရှင်အောင်ကို သူငယ်ချင်း၊ သူငယ်ချင်းရယ်လို့ ခေါ်ရင်း အသုံးချသွားတဲ့ ဝန်မင်းပြုတ်လည်း လာတယ်။ ခုထိ၊ ဟိတ်နဲ့ဟန်နဲ့၊ ပဲ။ စစ်တပ်နဲ့ နိုင်ငံရေးဆိုတာက သိပ်ကွာလှတာ မဟုတ်ဘူး။ လူ့အဖွဲ့အစည်းကြီး အတွင်းက ပြန်လည်တည်ဆောက်ထားတဲ့ လူ့အဖွဲ့အစည်း ခပ်သေးသေးကလေးတွေပဲ။ သူ့အုံ၊ သူ့ကျင်းနဲ့။ ပြည်သူက ကြိုက်ကြိုက်၊ မကြိုက်ကြိုက်။ နိုင်ငံရေး ဆိုတာကလည်း နိုင်တာဟာ တရားတာပဲ။ ဘရှင်အောင်ဟာ အသက်ငါးဆယ်ကျော်ကလေးမှာ၊ စိတ်ဓာတ်ကျပြီး သေတာပဲ။ သူ့တူနဲ့ တူမကလေးက ကျွန်တော်တို့အထဲက တစ်ယောက်ယောက်က စကားပြောပေးဖို့ ပြောပေတဲ့၊ အားလုံးက ငြင်းတယ်။ သေသွားခါမှ လူတစ်ယောက်ရဲ့ ကောင်းကြောင်း၊ တော်ကြောင်းတွေ ပြောနေလို့တော့၊ အလကားပဲ။ မသာတွေ အားလုံးဟာ အတူချည်းပဲ။ အသက်ရှင်နေသူတွေကို ဆက်ပြီး လက်မတွဲနိုင်တော့လို့၊ အဆက်ဖြတ်ခဲ့ကြတာ။ ဘရှင်အောင်ရဲ့ အသုဘမှာတော့ ပြောမယ်ဆို ပြောသင့်ပေတဲ့၊ ဘရှင်အောင်ရဲ့ ဝန်မင်းကလည်း ပြောဦးမယ် ဆိုတော့၊ ဘယ်သူကမျှ မပြောချင်ကြဘူး။ ပြောတော့လည်း၊ ဝန်မင်းက ဘရှင်အောင် ကောင်းကြောင်း၊ တော်ကြောင်းတွေတော့ ပြောပါရဲ့။ ဘာဖြစ်လို့ ပြုတ်သွားတယ်ဆိုတာ ထည့်မပြောဘူး။ ဘရှင်အောင်ကသာ ပြုတ်သွားလို့၊ အခန်းကျဉ်းကလေး တစ်ခုတည်းမှာ၊ သူ့ဘာသာ တံခါးပိတ်နေတဲ့ဘဝ ရောက်သွားပေတဲ့၊ သင်းကတော့၊ ဟိုဌာန၊ ဒီဌာန၊ ပြောင်း။ သက်ဆိုင်ရာက သက်စေ့ပင်စင် မပေးခင်၊ ပင်စင်လစာ ဆိုတာကို မမက်လောက်အောင် အထုပ်နဲ့အထည်နဲ့ ဖြစ်အောင် လုပ်ပေးထားကြတာ။ လုပ်ငန်းတွေ၊ ကန်ထရိုက်တွေ၊ ကုမ္ပဏီတွေ အပုံကြီး။ တိုက်ပုံအင်္ကျီအနက် ဝတ်ပြီး၊ မသာမှာ ဝမ်းနည်းစကား ပြောနေပေတဲ့၊ ကျွန်တော်တို့ အတွက်ကတော့ လွယ်လွယ် အနက်ဖော်လို့ရတဲ့၊ တစ်ညခံ ပြက်လုံးပဲ။ တကယ်တမ်း စဉ်းစားကြည့်ရင်၊ သေခါမှ ဝမ်းနည်းပြရတာဟာ သိပ်လွယ်တဲ့ အပြုအမူတစ်ခု။ ဘယ်သူကမျှ၊ ထမကန့်ကွက်တော့ဘူး။ ကြားရတဲ့ လူကလည်း၊ စုတ်တသပ်သပ် ဖြစ်နေရုံက လွဲလို့၊ ဘာမျှ မလုပ်နိုင်ဘူး။ ကျွန်တော်နဲ့ ငြိမ်းမောင်ကတော့၊ အခန်းအပြင်ဘက် ထွက်ပြီး ခပ်လှမ်းလှမ်းမှာ သွားရပ်နေမိကြတယ်။ သင်္ချိုင်းကုန်းထဲမှာ ဆိုတော့၊ သေသူနဲ့ ရှင်သူ နှစ်မျိုးပဲ ရှိတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ ဆက်လက် လက်ခံထားခံနေရတဲ့ လူတွေနဲ့၊ လူရဲ့ ဖြစ်နေခြင်း မရှိတော့လို့ လူ့အဖွဲ့အစည်း အတွင်းမှာ ဆက်လက် လက်ခံမထားတော့တဲ့၊ တစ်ခါတုန်းက လူဖြစ်ခဲ့ဖူးတဲ့ လူတွေ။ သေသူတွေကြားမှာ ဘရှင်အောင်လို သေသွားတဲ့ လူတချို့ ပါမှာပဲ။ လူ့အဖွဲ့အစည်းထဲမှာ ဆက်လက် လက်ခံထားလို့ မဖြစ်တော့တဲ့၊ လူတွေ။ လေထဲမှာ၊ သူတို့ ရယ်သံတွေ ရှိနေမှာပဲ။ ကိုယ်က နားထောင်ချင်ပေတဲ့၊ သူတို့အသံတွေက ကြားရတော့မှာ မဟုတ်ဘူး။ သေတဲ့အထိ သူ့ကို အသုံးချနေသေးတဲ့ သူ့ရဲ့ဝန်မင်း အသံကိုတော့ ကြားနေရသေးတယ်။ လူ့အဖွဲ့အစည်းက လိုလားသည် ဖြစ်စေ၊ မလိုလားသည် ဖြစ်စေ၊ လောလောဆယ်မှာတော့၊ သူ့အသံက လေထဲမှာ တည်နေနိုင်သေးတယ်။
ဘရှင်အောင်ရဲ့ အသုဘကအပြန် ထွေးဝင်းတို့အိမ်မှာ သွားပြီး၊ လေပစ်ကြတယ်။ တက္ကသိုလ်ရိပ်သာလမ်းကို ဆန့်ထုတ်ထားတဲ့ လမ်းတစ်နေရာမှာ နိုင်ငံခြားဖြစ် နိုင်ငံခြားအရက်ကောင်းကောင်း ရောင်းတဲ့ဆိုင် ရှိတော့ ဟန်ကျသွားတယ်။ ဟိုအကြောင်း၊ ဒီအကြောင်း ပြောရင်းက ဘရှင်အောင်အကြောင်းထဲ တဝဲဝဲ တလည်လည် ဖြစ်နေကြတယ်။ ဘရှင်အောင်တစ်ယောက် အလုပ်က ပြုတ်ပြီးကတည်းက မှန်မှန်တွေ့တာတော့၊ ငြိမ်းမောင်ပဲ။ ဒီတော့လည်း၊ သူ့စိတ်ထဲမှာ ပိုပြီး မခံချင် ဖြစ်နေတယ်။ သူ့ကိုပဲ အတော့်ကို စိတ်ပြေအောင် ပြောရတယ်။ နောက်ဆုံးတော့၊ ငြိမ်းမောင်က မေးတယ်။ ဘရှင်အောင် ဘဝတစ်ခုလုံးမှာ ဘာမှားသွားတယ် ထင်သလဲ၊ တဲ့။ အဖြေတွေက အမျိုးမျိုး ထွက်လာတယ်။ ကျွန်တော့် အမြင်ကတော့ ဘရှင်အောင်ဟာ လူ့အဖွဲ့အစည်းအထဲက မယောင်ရာ ဆီလူး အယူအဆတွေကြောင့် နစ်မွန်းသွားတာပဲ။ စေတနာတွေ၊ မေတ္တာတွေ ဆိုတဲ့ လူ့အဖွဲ့အစည်း အတွင်းက အပေါစား ယုံကြည်မှုတွေကို နားယောင်သွားတာပဲ။ တကယ်တော့၊ မေတ္တာတို့၊ ကရုဏာတို့ ဆိုတာတွေက နေ့စဉ်ဘဝကြီးကို ရင်မဆိုင်ရဲတော့တဲ့ လူတွေ၊ မိုးလင်းတိုင်း ရွတ်နေဖို့ကောင်းတဲ့ စကားလုံးတွေ။ အပြိုင်အဆိုင် ရုန်းကန်နေရတဲ့ နေ့စဉ် ဘဝကြီးထဲမှာ မေတ္တာတို့၊ ကရုဏာတို့ဆိုတာ ရုန်းကန်စရာ မလိုဘဲ၊ ချောင်ချောင်စားနေရတဲ့ လူတွေ…၊ ထမင်းပွဲရှေ့ရောက် စားသောက်နေရတဲ့ ငနဲတွေ… က လူရိုသေ ရှင်ရိုသေ ဖြစ်အောင် သုံးနေတဲ့ စကားလုံးတွေပဲ။ အဲဒီ၊ စကားလုံးမျိုး များများသုံးနိုင်တဲ့ ကောင်က ဒီစကားလုံးတွေကို တကယ်ပဲလို့ ထင်နေတဲ့ကောင်တွေ အပေါ်မှာ အသုံးချသွားတာပဲ။ ဘရှင်အောင်ဟာ ငယ်ငယ်ကတည်းက ငရဲဆိုတာကို ယုံတဲ့အကောင်…။ ကျွန်တော့်စကား မဆုံးခင်၊ ရယ်ကြတယ်။ အဲဒီတုန်း၊ ထွေးဝင်း မိန်းမ ရောက်လာပြီး၊ ကျွန်မတော့ အပြင်သွားလိုက်ဦးမယ်။ အေးအေးဆေးဆေး နေကြဦးလို့ ပြောတယ်။ ပြီးတော့မှ တစ်ခုခု သတိရသွားပုံ ရတယ်။ သူ့ယောက်ျားကို လက်ညှိုးထိုးပြီး ပြောတယ်။ ဟို၊ တစ်ယောက်…၊ လမ်းထိပ်က ကိစ္စ ပြောဆိုပြီးပြီလား တဲ့။
သူ့ယောက်ျားက ဘာမျှ ပြန်မပြောရသေးခင် မင်းဆွေက အထိတ်တလန့် ဖြစ်သွားပုံရတယ်။ လမ်းထိပ်မှာ ဘာဖြစ်လို့လဲလို့၊ ဖြတ်ပြီး လိုက်တယ်။ ထွေးဝင်း မိန်းမက ဘာမျှပြန်မဖြေတော့ဘဲ၊ သူ့ယောက်ျားကိုပဲ လက်ညှိုးထိုးပြီး လှည့်ထွက်သွားတယ်။ အားလုံးက၊ ထွေးဝင်းကို ကြည့်နေကြတယ်။ ဒီလိုကွာလို့၊ အစချီပြီး ထွေးဝင်းက ရှင်းပြတယ်။ ကိုယ်တို့၊ တက္ကသိုလ်ရိပ်သာလမ်းရဲ့ ဒီဘက်ခြမ်းက သွားလို့လာလို့ အဆင်မပြေဘူး။ ဟိုနားက ပိတ်၊ ဒီနားက တားနဲ့။ ဒီတော့၊ လှည့်ပတ် သွားနေကြရတယ်။ ကိုယ်တို့ နောက်ကျောနားမှာ ဖြတ်လမ်းကလေး တစ်ခု ရှိတယ်။ အဲဒီကနေ ဖြတ်သွားနေကြရတယ်။ ခုတော့၊ အဲဒီလမ်း ကြားကလေးမှာပါ အစောင့်အကြပ် ချထားပြီး၊ အတားအဆီး လုပ်လာပြန်တယ်။ ညဘက်ဆို ပိုဆိုးတယ်။ ဒီအကြားထဲ၊ လက်ပတ် ပတ်ပေးထားတဲ့ အရပ်ထဲက အကောင်တွေကလည်း၊ ကားတားရင်း ပညာပြကြသေးတယ်။ အဲဒါကို၊ မိန်းမက သိပ်ဘဝင်မကျဘူး။ ကိုယ့်ကို တစ်ယောက်နဲ့ တွေ့ပြီး ပြောခိုင်းတာလို့၊ ရှင်းပြတယ်။ မင်းဆွေက ချက်ချင်း ထောက်ခံတယ်။ လူတစ်ယောက်ကြောင့် လူတွေအများကြီး ဒုက္ခရောက်ရတာပဲလို့၊ ဝင်ပြောတယ်။ ကျွန်တော်ကတော့ ဝင်မပြောဘူး။ ဆယ့်ရှစ်နှစ်သား ဝီစကီဟာ စကော့တလန်မှာ သောက်သောက်၊ ဝါးဗလောက်သောက်မှာ သောက်သောက် အတူတူပဲ။ ဘာကြောင့်ပါလိမ့် ဆိုတာ၊ တွေးကြည့်နေမိတယ်။ ဒီတော့၊ ငြိမ်းမောင်က ဘရှင်အောင်ကိစ္စလည်း ဒီလိုပဲလို့၊ ပြောတယ်။ ဘယ်လိုက ဘယ်လို ဘရှင်အောင်နဲ့ တက္ကသိုလ်ရိပ်သာလမ်းမှာ သွားရလာရတာ ခက်ခဲတာကို ဆက်လိုက်မှန်းတော့ မသိဘူး။ တခြားလူတွေက ဘယ်လိုတွေးကြည့်မယ် ဆိုတာလည်း ကျွန်တော် မသိဘူး။ အတွေးထဲမှာ စူးစမ်းလက်စ ဖြစ်တဲ့ ဝီစကီအကြောင်းကို ဆက်တွေးကြည့်မယ် လုပ်တုန်း၊ ငြိမ်းမောင်အသံ ထပ်ကြားရပြန်တယ်။ နေရာတကာမှာ၊ တစ်ယောက်ယောက်ကတော့၊ တစ်ခုခုပြောဖို့ လိုတယ်ကွ၊ တဲ့။
ကျွန်တော့် ခေါင်းထဲမှာ ထူးထူးဆန်းဆန်း တစ်ခုခု ကြားလိုက်ရသလိုပဲ။ ငြိမ်းမောင်ကို ကျွန်တော် လှမ်းကြည့်လိုက်မိတယ်။ ကျန်တဲ့ လူတွေကလည်း၊ သူ့မျက်နှာကို စိုက်ကြည့်နေကြတာလည်း တွေ့လိုက်ရတယ်။ ငြိမ်းမောင်ကလည်း ကျွန်တော်တို့အားလုံးရဲ့ မျက်နှာတွေကို တစ်လှည့်ချင်း ကြည့်နေတယ်။ သူ ကြည့်နေပုံကတော့၊ ကျွန်တော်တို့ကို သူ့ဘဝတစ်လျှောက်မှာ တစ်ခါကမျှ မမြင်ဖူးတဲ့ လူတစ်ယောက်လိုပဲ။
❏

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။