ခေါင်းဆောင်နှင့်အတွေး - မောင်သာမည
စုဆောင်းပြန်ဆိုသူ၏ အမှာစကား
သြဒပ်ဟပ်စလီ (ALDOUS HUXLEY) အမည်ရှိ စာရေးဆရာကြီးက “အတွေးအခေါ်မရှိသူ မရှိ” ဟု ပြောကြားဖူးသည်။ လူတွင် ရုပ်ခန္ဓာကိုယ်ကြီးအပြင် စိတ်လည်းရှိသည်။ စိတ်၏ အလုပ်တစ်ခုမှာ တွေးခေါ်ခြင်းဖြစ်၏။ တွေးခေါ်ခြင်း ဟူရာ၌ ကြံစည် စဉ်းစားခြင်း၊ ဆင်ခြင်ဝေဖန်ခြင်း၊ မျှော်ခေါ် တွက်ဆခြင်း၊ ပြန်လည်သုံးသပ်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ ခြုံငုံခြင်း အစရှိသည့် အလုပ်တို့ ပါဝင်သည်။ လူသည် သက်ဝင်လှုပ်ရှားနေသရွေ့ တွေးခေါ်နေရသည်။ တွေးခေါ်ပြီးမှသာ ယင်း အတွေးအခေါ်၏ ဦးဆောင်မှုအတိုင်း ပြောဆို လုပ်ကိုင်ရသည်။ အကောင်အထည်ဖေါ် ဆောင်ရွက်ရသည်။ ယင်းသို့ တွေးခေါ်ရာ၌ သတိရှိရှိ တွေးခေါ်ခြင်းကား ဟုတ်ချင်မှဟုတ်မည်။ စနစ်ကျချင်မှလည်း ကျမည်။ ခြေခြေမြစ်မြစ် ခံယူထားသည့် အတွေးအခေါ်မျိုး မဟုတ်သဖြင့် ဟိုခုန်သည်ကူး ဟိုရောက်သည်ရောက် ပြောက်သောက်လည်း ဖြစ်ချင်ဖြစ်မည်။ မည်သို့ဖြစ်စေ တွေးခေါ်မှုနှင့်ကား ကင်း၍မရ။ အတွေးအခေါ်မရှိဘဲ ရှင်သန်လှုပ်ရှား၍ မရနိုင်။
လူသည် အချိန်နှင့်အမျှ ပြဿနာမျိုးစုံနှင့် ရင်ဆိုင်နေရသည်။ စားဝတ်နေရေး ဟူသည် အခြေခံ ပြဿနာများမှအစ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေးအဆုံး အရေးကိစ္စများ၏ စိန်ခေါ်မှုများကို တုံ့ပြန်နေရသည်။ လူအဖြစ်နှင့် ရှင်သန်လှုပ်ရှားရင်း ပြဿနာမျိုးစုံ၊ စိန်ခေါ်မှု ပေါင်းစုံကို ရင်ဆိုင်ဖြေရှင်း ရသည့်အခါ အတွေးအခေါ်မှန်လျှင် မှန်သည့်အလျှောက် ပြဿနာပြေလည်ပြီး ချမ်းသာရာ ရသည်။ မှားလျှင် မှားသည့်အလျှောက် ပြဿနာ ပိုရှုပ်ထွေးပြီး ဆင်းရဲရသည်။
လူတစ်ဦးချင်းစီ သာမက လူ့အဖွဲ့အစည်း၏ ဖြစ်စဉ်မှာလည်း ထိုနည်းတူပင် ဖြစ်ပါသည်။ လူမှုရေးသိပ္ပံပညာရှင် ဆိုရိုကင် (SOROKIN) က လူ့လောကကြီး၏ ကောင်းကျိုးဆိုးပြစ် အတွက် အဓိကကျသည်မှာ တွေးခေါ်မှုဆိုင်ရာစနစ်များ ဖြစ်သည်ဟု "ကျွန်တော်တို့ခေတ်၏ အကျပ်အတည်း (CRISSI OF OUR AGE)’ ဟူသည့် စာအုပ်တွင် ရေးသားခဲ့သည်။ အတွေးအခေါ်စနစ်တစ်ခု ပေါ်ပေါက် ထွန်းကား လာလျှင် နိုင်ငံရေး၊ ဘာသာရေး ၊ စီးပွားရေး၊ စာပေအနုပညာ၊ ပန်းချီ၊ ဂီတ အစစတွင် ယင်း အတွေးအခေါ်စနစ်၏ ခြယ်လှယ်လွှမ်းမိုးမှု ခံရပုံကို ယင်းစာအုပ်၌ စာရင်းဇယားနှင့် ဖေါ်ပြထားသည်။ ယင်း အတွေးအခေါ်စနစ်ကြောင့် လူ့အဖွဲ့အစည်း၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုတွေ ဖြစ်ရပုံကို အကျယ်တဝန်း ရေးသားထားသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ထို့ကြောင့်ပင် ဖြစ်သည်။ “အတွေးအခေါ်တို့သည် လောကကြီးကို စနစ်တကျ အုပ်ချုပ်ထိန်းသိမ်း ပေးနိုင်သကဲ့သို့ ကသောင်းကနင်း အဖြစ်သို့လည်း ပို့ဆောင်ပေးနိုင်သည်” ဟု အတွေးအခေါ်ပညာရှင် ကွန့် (COMTE) က ကောက်ချက်ချသည်။
ယနေ့ကာလ၌ နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုကို ယင်းနိုင်ငံ၏ အတွေးအခေါ်တို့နှင့် စပ်ဟပ်ပြီး ဝေဖန်သံများ ပိုမိုကျယ်လောင်လာသည်။ အနာက်နိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်မှုသည် လစ်ဘရယ်ဒီမိုကရေစီ အတွေးအခေါ်ကြောင့် ဖြစ်လာရသည်ဟု လည်းကောင်း၊ ကွန်မြူနစ်နိုင်ငံများ ပြိုကွဲပျက်စီးရခြင်းသည် မာ့က်စ်ဝါဒ တရားသေအတွေးအခေါ်ကြောင့် ဟု လည်းကောင်း၊ အာရှနိုင်ငံများ ကြွယ်ဝချမ်းသာလာခြင်းသည် အာရှတန်ဖိုးခေါ် ကွန်ဖျူးရှပ် အတွေးအခေါ်ကြောင့် ဖြစ်သည်ဟု လည်းကောင်း ကောက်ချက်ဆွဲလာသည်။ နိုင်ငံတစ်နိုင်ငံ၏ ဘဝအခြေအနေကို အတွေးအခေါ်က ဖန်တီးကြောင်း လက်ခံလာသည့် သဘောဖြစ်သည်။
အနှစ်ချုပ်လိုက်လျှင်တော့ လူတစ်ယောက်ချင်း၏ အတွေးအခေါ် မှန်ကန်ကောင်းမွန်နေဖို့၊ တိုးတက်ဖွံ့ဖြိုးနေဖို့ ဖြစ်ပါသည်။ လူ့အဖွဲ့အစည်းနှင့် လူ့ဘောင်လောက၏ အခြေခံယူနစ်မှာ လူတစ်ဦးချင်းပင် ဖြစ်ပေသောကြောင့် လူ့အဖွဲ့အစည်းနှင့် လူ့ဘောင်လောက၏ အတွေးအခေါ်များ ဖွံ့ဖြိုးတိုးတက်ရေးသည် လူတစ်ဦးချင်း၏ အတွေးအခေါ် တိုးတက်ဖွံ့ဖြိုးရေး၌ အခြေခံရမည် ဖြစ်သည်။ မိမိသည်ပင် လောကကြီးဖြစ်ပေသည် ဟူသော ကရစ်သျှမူရတီး (KRISHNAMURTI) ၏ စကားကို အလေးအနက် ထားသင့်ပါသည်။
လူတစ်ယောက်အတွက် အတွေးအခေါ် ဖွံ့ဖြိုးတိုးတက်ရေးမှာ လွယ်လွယ်နှင့် ဖြစ်နိုင်သည့်ကိစ္စ မဟုတ်။ သို့သော် မဖြစ်နိုင်လောက်အောင် ခက်ခဲသည့် အလုပ်လည်း မဟုတ်။ ပထမဆုံး လိုအပ်သည့် အချက်မှာ မိမိဦးနှောက်၏ တံခါးကို ဖွင်ထားဖို့ ဖြစ်သည်။ ဒုတိယအားဖြင့် ကြီးမြတ်သော ပညာရှင်များ၊ ပုဂ္ဂိုလ်များ၏ အတွေးအခေါ်တို့ကို ရှာဖွေစူးစမ်းဖို့ ဖြစ်သည်။ ဤသို့ဖြင့် ဖွင့်လှစ်ထားသော ဉာဏ်တံခါးမှ ကြီးမြတ်သော အတွေးအခေါ်တို့ ဝင်လာနိုင်မည် ဖြစ်သည်။ မိမိ၏ ဦးနှောက်တံခါးကို ပွင့်ပွင့်လင်းလင်း ဖွင့်လှစ်ထားရေးမှာ မိမိကိုယ်တိုင် လုပ်ရမည့်အလုပ် ဖြစ်သည်။ ပုဂ္ဂိုလ်ကျော်တို့၏ အတွေးအခေါ်များကို တွေ့ရှိလေ့လာနိုင်ရေး အတွက်ကား နောက်စာမျက်နှာများကို လှန်လိုက်ဖို့ ဖြစ်ပါသည်။
❏

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။