ပိုင့်ဘဝလမ်း - သင့်လူ


အမှာစာ

ဆရာသင့်လူရဲ့ တတိယမြောက် လက်ရာမွန် "ပိုင့်ဘဝလမ်း"

၂၀၀၃ ခုနှစ်မှာ ရင်ကို ထိမှန်စေတဲ့ စာရေးဆရာတစ်ဦး ပေါ်ထွက်လာတာကို တွေ့ရှိရပါတယ်။ ကမ္ဘာ့စာပေလက်ရာမွန်တစ်ခုကို မြန်မာစာပေချစ်သူတို့ အသင့်ခူးခပ်သုံးဆောင်နိုင်အောင် အားထုတ်ပေးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ ဟုတ်ပါတယ် ခင်ဗျာ။ သူကတော့ လူကြီးမင်းတို့ ခန့်မှန်းထားတဲ့အတိုင်း ဆရာသင့်လူပါပဲ။

မြန်မာပြည်က စာချစ်သူတွေကြား လူတိုင်းနီးပါးသိပြီး စာပေလက်ရာအားဖြင့် များများစားစား မြည်းစမ်းခွင့်မရသေးတဲ့ Magical Realism ဘိုးအေကြီး မားကွက်ဇ် (မာကေးဟု ဆရာသင့်လူက အသံဖလှယ်) ရဲ့ "One Hundred Years of Solitude" ကို "ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ" လို့ မြန်မာပြန်ပြီး စာပေကောင်းကောင်း ချစ်မြတ်နိုးသူတို့ရဲ့ စိတ်အာရုံကို ရွှင်မြအောင် ဆရာသင့်လူက မြန်မာစာပေ ဘဏ္ဍာတိုက်ကြီးထဲ ထည့်ဝင်ခဲ့ပြီးပါပြီ။ "နှစ်တစ်ရာ" ပြီးတဲ့နောက် ခု နောက်တစ်အုပ်ကို ဆရာသင့်လူ ထပ်မံတင်ဆက်ပါပြီ။ ယန်းမာတဲလ် (Yann Martel) ရဲ့ "Life of Pi" ဆိုတဲ့ ကမ္ဘာကျော်ဝတ္ထုတစ်အုပ်ပါ။

"Life of Pi" ကို အများစုက ရုပ်ရှင်အဖြစ်သာ သိထားကြပါတယ်။ ဒါရိုက်တာ အန်လီး အသက်သွင်းခဲ့တဲ့ "Life of Pi" ဟာ အော်စကာဆုအချို့ ရရှိခဲ့သလို ရန်ကုန်မြို့က ရုပ်ရှင်ရုံတွေမှာလည်း ကျွန်တော်တို့ ခံစားကြည့်ရှုခွင့် ရခဲ့ပြီးပါပြီ။ 3D မျက်မှန်လေး တပ်ပြီး ပိတ်ကားပြင်ပေါ်မှာ ခံစားရတဲ့ အရသာနဲ့ စာအုပ်တစ်အုပ်ကို လက်မှာကိုင်ပြီး ဖတ်ရှုခံစားတွေးတောရတဲ့ အရသာက ဘယ်လိုမှ မတူနိုင်ဘူးဆိုတာကို လူကြီးမင်းတို့ သိကြပြီးသားပါ။ "ပိုင့်ဘဝလမ်း" ရယ်လို့ ဆရာသင့်လူ မြန်မာပြန်ထားတဲ့ ကမ္ဘာကျော်စာပေလက်ရာမွန်ကို ရုပ်ရှင်ကြည့်ပြီးသားမို့ "စာအုပ်မဖတ်တော့ဘူး" ရယ်လို့တော့ မတွေးကြပါနဲ့လို့ ဒီနေရာမှာ ကြော်ငြာလေး ဝင်ပါရစေ ခင်ဗျာ။

"ပိုင့်ဘဝလမ်း" ကို စာအုပ်အဖြစ် ထုတ်ဝေတော့မယ်လို့ ဆရာသင့်လူက ပြောတော့ ကျွန်တော် ဝမ်းသာမိပါတယ်။ ပြီးတော့ ကျွန်တော့်ကို "အမှာစာ ရေးပေးပါ" လို့ ပြောလာတော့ အံ့အားသင့်ရပြန်တယ်။ ဆရာသင့်လူက ကျွန်တော့်ထက် အသက်အားဖြင့်၊ ပညာအားဖြင့် အများကြီး ပိုတဲ့ ပုဂ္ဂိုလ်ပါ။ ပြီးတော့ ဆရာသင့်လူဆိုတာက မန္တလေးဆေးတက္ကသိုလ်က ဝါရင့်ဆရာတစ်ယောက်ပါ။ သူ့ရဲ့ စာအုပ်အပေါ် ချစ်မြတ်နိုးတဲ့စိတ်ကလည်း အတော်လေး ကြီးမားပါတယ်။ သူ့ရဲ့စာအုပ်မှာ ပါချီပါချ ကျွန်တော်က အမှာစာ ရေးခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါရဲ့။ ဆရာသင့်လူနဲ့ ကျွန်တော်ကြားမှာ ထူးခြားချက်တစ်ခုက ရှိသေးတယ်။ ဘာလဲဆိုတော့ သူနဲ့ကျွန်တော်ဟာ တစ်နေ့တစ်နေ့ စာအကြောင်းပေအကြောင်း မပြီးနိုင်မစီးနိုင် ပြောကြပေမယ့် ယနေ့ထက်တိုင် (ခု အမှာစာရေးနေတဲ့အချိန်အထိ) လူချင်း မတွေ့ဖူးသေးတာပါပဲ။ "ဖွဘုတ်" လို့ ကျွန်တော်တို့ ခေါ်ကြတဲ့ (Facebook) ရဲ့ ကျေးဇူးကြောင့်သာ ကျွန်တော်တို့ ရင်းနှီးကျွမ်းဝင်၊ ရင်ဘတ်ချင်း ဂျက်ပင်ထိုးခွင့် ရခဲ့တာပါ။ အဲဒီအတွက် Facebook တီထွင်သူကြီး မတ်ဇူကာဘတ်ကိုလည်း ကျေးဇူးတင်ပါရဲ့။

ဆရာသင့်လူနဲ့ ကျွန်တော် စိတ်ဝင်စားမှုတူတဲ့ နယ်ပယ်က ခေတ်ပြိုင်ကမ္ဘာ့စာပေလက်ရာတွေကို မက်မက်စက်စက် ဖတ်ရှုခြင်းပါပဲ။ ဆရာသင့်လူက ဖတ်လည်းဖတ်တယ်။ ဖတ်ပြီးရင် ကြိုက်တဲ့စာအုပ်တွေ ဘာသာပြန်ဖို့ကိုလည်း သွက်သွက်လက်လက် လုပ်တတ်တဲ့ အကျင့်ကောင်းလည်း ရှိတယ်။ သူ ပြန်ပြီးသမျှ စာတွေကို ကျွန်တော့်ကို ပေးဖတ်တဲ့အတွက်လည်း အတော် ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကြိုက်တဲ့ စာရေးဆရာတွေဖြစ်တဲ့ မူရာကာမိ (Murakami) နဲ့ ကွက်ဇီး (Coetzee) တို့ရဲ့ စာအုပ်တွေ သူ ပြန်ထားတာ ရှိပါတယ်။ မကြာခင် လာပါတော့မယ်။

ဆရာသင့်လူရဲ့ ကျေးဇူးနဲ့ ကျွန်တော်တို့ဟာ ပို့စ်မော်ဒန်နွယ်ဝင် စာပေလက်ရာတွေကို မြန်မာဘာသာနဲ့ ဖတ်ရှုခွင့် ရတော့မယ့် ကိစ္စဟာ အတော် ပျော်စရာကောင်းပါတယ်။ ကျွန်တော်တို့ဆီမှာ ပို့စ်မော်ဒန်စာပေဆိုတာကို "လူသာမန်တို့ ဖတ်ရှုခြင်းငှာ မစွမ်းသာသော—အင်မတိအင်မတန် ခက်ခဲမြင့်မားလွန်းသည်" ဆိုတဲ့ အပေါက်မျိုး ရေးခဲ့သားခဲ့ကြတာတွေ ရှိခဲ့ပါတယ်။ သီအိုရီတွေ၊ သဘောတရားရေးရာကို အတုံးလိုက် အတစ်လိုက် ကိုယ်လိုရာ ပုံဖော်ပြီး "ငါသာလျှင် ပို့စ်မော်ဒန် ဖြစ်ပေတော့သကိုး" ဆိုတဲ့ ပုံစံမျိုးတွေ ဖတ်ခဲ့မှတ်ခဲ့ရပါတယ်။ ကမ္ဘာ့စာပေလက်ရာမွန်တွေကို မိတ်ဆက်ပေးမှုကတော့ အတော်လေး အားနည်းခဲ့တာ စိတ်မကောင်းစရာပါ။

"ပိုင့်ဘဝလမ်း" ဟာ သင်္ဘောပျက်ပြီး ကမ်းမမြင်လမ်းမမြင် ပစိဖိတ်သမုဒ္ဒရာထဲ အသက်ကယ်လှေ တစ်စင်းပေါ်မှာ ဘင်္ဂလားကျားတစ်ကောင်နဲ့ ရက်ပေါင်း ၂၂၇ ရက်ကြာ အသက်ရှင်အောင် ကြိုးစားခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် အိန္ဒိယလူငယ်လေးတစ်ယောက်အကြောင်း ဖြစ်ပါတယ်။ မူရင်းစာရေးဆရာရဲ့ အရေးအသား ကောင်းမွန်မှု၊ တင်ပြပုံ ဆန်းသစ်မှုတွေအပြင် ဘာသာပြန်သူရဲ့ တိကျလှပတဲ့ စကားဖလှယ်မှုတွေကြောင့် ဒီစာအုပ်ကို ဖတ်ရှုရတဲ့အခါမှာ လူကြီးမင်းတို့ ကိုယ်တိုင် လှေတစ်စင်းပေါ် ရောက်ရှိနေသလို ခံစားရလိမ့်မယ်လို့ ဆိုချင်ပါတယ်။

အသက် ၁၆ နှစ်သားလေး ပိုင်ဟာ မိဘမျိုးရိုးဆင်းသက်မှုအရ ဟိန္ဒူဖြစ်ပေမယ့် ခရစ်ယာန်၊ အစ္စလာမ် ဘာသာအပေါ် သက်ဝင်ယုံကြည်မှုဟာ နှစ်လိုဖွယ် ကောင်းလှပါတယ်။ ဒီဝတ္ထုထဲမှာ ဘာသာရေးခေါင်းဆောင် သုံးဦးနဲ့ ပိုင်တို့မိသားစု ကမ်းခြေတစ်နေရာမှာ ဆုံဖြစ်ကြတဲ့အခါ ခေါင်းဆောင်သုံးဦးက ပိုင့်ကို ဝိုင်းလုတဲ့ အခန်းကတော့ အတော်လေး ရယ်ရွှင်ဖွယ် ဖြစ်ရတယ်။ ဆရာသင့်လူ ဘာသာပြန်တဲ့လေကလည်း ရွှင်ပါ့။ ဒီစာအုပ်မှာ သူ ပြန်ထားတဲ့လေဟာ "ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ" တုန်းကနဲ့တော့ လားလားမှ မတူပါ။ မူရင်းစာရေးဆရာရဲ့လေနဲ့ ကိုက်အောင် ပြန်ဆိုနိုင်တဲ့ ဆရာသင့်လူရဲ့ အားထုတ်မှုက လေးစားစရာပါပဲ။

ဒီစာအုပ်ရဲ့ ပထမပိုင်း စာမျက်နှာတစ်ရာခန့်က ပိုင့်ရဲ့ အိန္ဒိယနေငယ်ဘဝအကြောင်းကို လှလှပပ ချယ်မှုန်းထားပါတယ်။ ပိုင့်ရဲ့ဖခင်ဟာ တိရစ္ဆာန်ရုံတစ်ရုံကို ပိုင်ဆိုင်ပြီး နိုင်ငံရေးအရ မကျေနပ်ချက် တစ်ချက်ကြောင့် ကနေဒါကို ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့တယ်။ တိရစ္ဆာန်တွေကိုပါ တင်ဆောင်ပြီး သင်္ဘောတစ်စင်းနဲ့ ခရီးထွက်ခဲ့ရာ လမ်းမှာ သင်္ဘောနစ်ပြီး အသက်ဆုံးရှုံးခဲ့ကြရတယ်။ ပိုင်ကတော့ အသက်ကယ်လှေပေါ်မှာ မြင်းကျားတစ်ကောင်၊ အူရန်အူတန်မျောက်မကြီးတစ်ကောင်၊ ခွေးအတစ်ကောင်၊ ဘင်္ဂလားကျားတစ်ကောင်တို့နဲ့ အသက်ရှင်ကျန်ရစ်ခဲ့တယ်။ မြင်းကျားနဲ့ အူရန်မျောက်မကြီးကို ခွေးအက စား၊ ခွေးအကို ကျားက စားပြီးနောက် လှေပေါ်မှာ ကျားနဲ့ ပိုင်ပဲ အသက်ရှင်ကျန်ခဲ့တယ်။

ပိုင်ဟာ ပင်လယ်ထဲမှာ အသက်ရှင်အောင် ကြိုးစားရသလို ကျားအန္တရာယ် မကျအောင်လည်း ရင်ဆိုင်ခဲ့ရတယ်။ သူ့ရဲ့ ယုံကြည်မှုနဲ့ စိတ်ဓာတ်ခိုင်မာမှုတို့ကြောင့် အသက်ရှင်ခွင့်ရခဲ့တယ်။ ကျားတစ်ကောင်၊ လူတစ်ယောက်၊ လှေတစ်စီးသာ ဆိုပေမယ့် ဒီဝတ္ထုဟာ စာဖတ်သူတို့ ပျင်းရိမသွားစေဘဲ လက်က မချနိုင်လောက်အောင် ဆွဲဆောင်ထားနိုင်တာကို တွေ့ရမှာပါ။ နောက်ဆုံး ဇာတ်သိမ်းမှာတော့ ယန်းမာတဲလ်ဟာ ထူးထူးခြားခြား လုပ်ပြသွားခဲ့ပါတယ်။ တကယ့်ပါရမီရှင်တစ်ယောက်ရဲ့ အရေးအသားပါပဲ။ စာဖတ်သူ လူကြီးမင်းတို့ ခံစားကြည့်ကြပါလေ။

ဆရာသင့်လူ စာများများ ရေးနိုင်ပါစေ။ ခေတ်ပြိုင်ကမ္ဘာ့စာပေလက်ရာတွေ ဒီထက်မက မိတ်ဆက်ပေးနိုင်ပါစေ။

စာဖတ်သူ လူကြီးမင်းတို့လည်း ပျော်ရွှင်ကြပါစေ။

လေးစားလျက်

မိုးသက်ဟန်


စာရေးသူ၏ မှတ်စုများ (Yann Martel)

ဒီစာအုပ်ဟာ ကျွန်တော် အပြင်းအထန် ဆာလောင်နေချိန်နဲ့အတူ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော့်ကို နည်းနည်းလေး ရှင်းပြခွင့် ပြုတော်မူကြပါ ခင်ဗျာ။

၁၉၉၆ ခုနှစ် နွေဦးမှာ ကျွန်တော့် ဒုတိယဝတ္ထုကို ကနေဒါမှာ စတင်ဖြန့်ချီခဲ့ပါတယ်။ ရှင်းရှင်းပြောရရင် မအောင်မြင်ပါဘူး ခင်ဗျာ။ ဝေဖန်သူတွေဆီက ချီးမွမ်းခြေကျောက်စကားတွေပဲ ကြားခဲ့ရသလို စာဖတ်သူတွေကလည်း ကျွန်တော့်စာအုပ်ကို မျက်မွှေးထော်လို့တောင် မော်မကြည့်ခဲ့ကြပါဘူး။ စာအုပ်စင်ကြီးတွေပေါ်မှာ စာအုပ်တွေဟာ ဘေ့စ်ဘော ဒါမှမဟုတ် ဘောလုံးကစားမယ့် ကလေးတွေ တန်းစီသလို တမျှော်တခေါ်ကြီးတွေ နေရတဲ့အချိန်မှာ ကျွန်တော့် စာအုပ်ကလေးဟာ ဘယ်အဖွဲ့ထဲမှ ပေးမပါလို့ လမ်းဘေးထွက်ထိုင်နေရတဲ့ မျက်နှာမွဲလေးတစ်ယောက်လို ဘယ်သူမှ ဆေးဖော်ကြောဖက် မလုပ်ခံရဘဲ တိတ်တိတ်ဆိတ်ဆိတ်ကလေးနဲ့ ဖိတ်အောက်မှိတ်ပျောက်လို့ သွားခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီကိစ္စက ကျွန်တော့်ကို သိပ်တော့ မထိခိုက်စေခဲ့ပါဘူး။ ၁၉၃၉ ခုနှစ် ပေါ်တူဂီနောက်ခံ ဝတ္ထုတစ်ပုဒ်ကို တတိယအုပ်အနေနဲ့ ကျွန်တော် ရေးဖို့ စိတ်ကူးထားခဲ့ပြီးပြီ။ ဒါပေမဲ့ ပြဿနာက ကျွန်တော်မှာ ငွေရေးကြေးရေးအခြေအနေ အတော် ချို့ချို့ယဲ့ယဲ့ နေခဲ့တယ်။

ဒီလိုနဲ့ ဆောက်တည်ရာမရဖြစ်ပြီး ကျွန်တော် ဘုံဘေကို ရောက်လာခဲ့တယ်။

“ဘာမှလည်း မဆိုင်ပါ့ကလား—မင်းဟာက မဆိုင်တဲ့အပေါက်ကို ဂလိုင်နဲ့ ခေါက်နေတာပဲ”

လို့ ပြောချင်ကြမှာပဲ။ ဒါပေမဲ့ သုံးချက်လောက် စဉ်းစားကြည့်ကြစမ်းပါ။ တစ်။ အိန္ဒိယလို အံ့ဩစရာတွေ ပြည့်နေတဲ့ တိုင်းပြည်မျိုးဟာ ဘယ်လိုအကြောင်းနဲ့ဖြစ်တဲ့ ဆောက်တည်ရာမရဖြစ်မှုကိုမဆို နှိပ်ကွပ်နိုင်တယ်။ နှစ်။ အိန္ဒိယမှာ ငွေလေးနှစ်ပဲခြောက်ပြားနဲ့ တနံတလျား ဘယ်သွားသွား သွားလို့ရတယ်။ နံပါတ် သုံးကတော့ ၁၉၃၉ ပေါ်တူဂီအခြေပြုဝတ္ထုဆိုတိုင်း ပေါ်တူဂီမှာ သွားရေးစရာ မလိုဘူး မဟုတ်လား။

ကျွန်တော် အိန္ဒိယမြောက်ပိုင်းမှာ ငါးလလောက် နေခဲ့ဖူးတယ်။ အဲဒီတုန်းက ဘာရယ်မဟုတ်ဘဲ ဒီလိုပဲ ရောက်ရာပေါက်ရာ လျှောက်သွားရင်း ရောက်သွားခဲ့တယ်။ အမှန်အတိုင်းပြောရရင် စကားလုံးတစ်လုံးကြောင့်လို့ ဆိုရင်လည်း ရတယ်။ ကျွန်တော် အိန္ဒိယသွားမယ်ဆိုတာ သိသွားတဲ့ သူငယ်ချင်းတစ်ယောက်က ခုလို ပြောခဲ့ဖူးတယ်။

“အိန္ဒိယမှာ ပြောကြတဲ့ အင်္ဂလိပ်စကားက သိပ်ရယ်ရတာဗျ။ သူတို့က 'လန်ဘားကျောက်တံတား ရှည်ရှည်လျားလျား' သိပ်ကြိုက်တာ။ နှပ်ချတယ်၊ လှည့်ဖျားတယ်ဆိုတာကို လှည့်ဖျားတယ် မပြောဘူး—'ဘမ်ဘူးဇလီး (Bamboozle)' ဆိုတာမျိုး ပြောချင်ကြတဲ့ လူတွေ။”

ကျွန်တော်လည်း သူ့ရဲ့ "ဘမ်ဘူးဇလီး" ကို ရင်ဝယ်ပိုက်ရင်း ဒေလီသွားမယ့် လေယာဉ်ပေါ် တက်ခဲ့တယ်။ အဲဒီ "ဘမ်ဘူးဇလီး" ဟာ အော်သံ၊ ဆူသံ၊ ပွက်ပွက်ညံတဲ့ အိန္ဒိယပြည်ခရီးစဉ်အတွက် ကျွန်တော့်ရဲ့ တစ်ခုတည်းသော ပြင်ဆင်မှုပေါ့ဗျာ။ အမယ်—အထင်တော့ မသေးကြနဲ့ဗျ၊ ဒီစကားလုံးဟာ ကျွန်တော့်ကို အတော် အကျိုးပေးခဲ့တယ်။ ဘူတာရုံမှာ ရထားလက်မှတ်ရောင်းတဲ့ စာရေးကို ကျွန်တော်က—

“လက်မှတ်ခက ဈေးကြီးလှချည်လားဗျာ၊ ခင်ဗျား ကျုပ်ကို နိုင်ငံခြားသားဆိုပြီး 'ဘမ်ဘူးဇလီး' လုပ်နေတာလားဗျ”

လို့ ပြောလိုက်တော့ သူက အားရပါးရကြီး ပြုံးရင်း—

“မဟုတ်ပါဘူး ဆရာရယ်။ ကျွန်တော်တို့က ကျောသားရင်သား ခွဲပြီး 'ဘမ်ဘူးဇလီး' လုပ်တတ်တဲ့ အကျင့်မရှိပါဘူး။ ဒါ ဈေးနှုန်းမှန်ပါ ဆရာရယ်”

လို့ ပြန်ပြောသဗျ။

ခု ဒုတိယတစ်ခေါက် အိန္ဒိယခရီးစဉ်မှာတော့ ကျွန်တော်ဟာ ဘာကို မျှော်လင့်ရမလဲ၊ ဘာကို လိုချင်သလဲဆိုတာ အများကြီး ပိုသိလာခဲ့ပါပြီ။ တောင်ပေါ်စခန်းလေးတစ်ခုမှာ အခြေချပြီး ဝတ္ထုကို ရေးမယ်။ ကျယ်ကျယ်ဝန်းဝန်း လသာဆောင်မှာ စားပွဲလေးတစ်လုံးနဲ့ ထိုင်ရင်း၊ လက်ဖက်ရည်တစ်ငုံ သောက်လိုက်၊ စာရေးလိုက်နဲ့ စာရွက်တွေ ကျွန်တော့်ရှေ့မှာ တောင်လိုပုံလာတာကို မြင်ယောင်နေမိတယ်။ မြူခိုးတွေ ဝေနေတဲ့ တောင်တန်းစိမ်းစိမ်းတွေက ကျွန်တော့် ခြေဖဝါးအောက်မှာ။ မျောက်အော်သံတွေက နားထဲ တစ်ချက်တစ်ချက် တိုးဝင်လို့။ ရာသီဥတုကလည်း နေလို့ကောင်းရုံ မနက်စောစောနဲ့ ညပိုင်းလောက်ပဲ အနွေးထည်ပါးလေး ဝတ်ရလောက်အောင် အေးပြီး နေ့လယ်ဖက်မှာ ဘောင်းဘီတိုလောက်နဲ့ နေလို့ရရမယ်ပေါ့။ ဒီလို ခြေခင်းလက်ခင်းသာတဲ့ အခင်းအကျင်းမှာ ကလောင်ကို မချတမ်း ကိုင်စွဲရင်း အမှန်တရားအတွက် ပေါ်တူဂီဇာတ်ကြောင်းကို ဝတ္ထုအဖြစ် ကျွန်တော် ခင်းတော့မယ်။ တကယ်တော့လည်း ဝတ္ထုဆိုတာ အမှန်တရားအကြောင်းကို တစ်နည်းတစ်လမ်း သူ့နည်းသူ့ဟန်နဲ့ ပြောပြတာပဲ မဟုတ်လားဗျာ။ တကယ့် အစစ်အမှန်တရားအတိုင်း ၏ သည် မလွဲ ဖြစ်စရာ မလိုတဲ့အတွက် ပေါ်တူဂီသွားရေးစရာ ဘာအကြောင်းမှ မရှိပေဘူးပေါ့။

အကြောင်းညီညွတ်ရင် တောင်ပေါ်စခန်းက တာဝန်ခံအမျိုးသမီးကြီးက ကျွန်တော့်ကို ဗြိတိသျှနယ်ချဲ့ကို အမြစ်မကျန် တွန်းလှန်ရင်း အိန္ဒိယအောင်ပွဲခံပုံတွေ ပြောချင်ပြောပြဦးမှာ။ နေ့လယ်စာ၊ ညစာ စိတ်တိုင်းကျ ချက်ပေးဦးမှာ။ စာရေးလို့ ပြီးသွားခဲ့ရင် လက်ဘက်ခင်းတွေကြား အေးအေးလူလူ လမ်းလျှောက်ချိန် ရဦးမှာ။

အဲသလို တွက်ရင်းနဲ့ စက်သူဌေး ဂိုက်ဖမ်းလာပေမဲ့ ကံအကြောင်း မလှချင်တော့ ကျွန်တော့်ခေါင်းထဲက ဝတ္ထုလေးဟာ အမောဖောက်၊ ချောင်းဆိုးသွေးပါပြီး သေရှာပါလေရောလား။ ဘုံဘေနားက တောင်ပေါ်စခန်းလေး မာသာရန်မှာပေါ့။

လက်ဘက်ခင်းတွေတော့ မရှိဘူး၊ မျောက်တွေတော့ ပေါမှပေါ။ ဒီနေရာမှာ စာရေးဆရာလောင်းလျာများအတွက် အကျိုးရှိမယ့် စကားလေးတစ်ခွန်းလောက် ပြောခဲ့ချင်သေးတယ်။ ခင်ဗျားရေးမယ့် ဇာတ်ကျောရိုးဟာ စိတ်ဝင်စားဖွယ် အတိ ဖြစ်ချင်ဖြစ်မယ်။ ခင်ဗျား ကလောင်ဖျားက ထွက်လာမယ့် ဝါကျတွေဟာလည်း မီးပွင့်မတတ် ကောင်းချင်ကောင်းလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားမွေးလိုက်တဲ့ ဇာတ်ကောင်တွေဟာ အစစ်အမှန်လောကရဲ့ အပြင်ဖက်က လူလွန်မသားတွေ ဖြစ်နေမယ်ဆိုရင် သူတို့ကို မွေးဖို့ မွေးစာရင်းလေးတော့ လိုပေမပေါ့။ ဒီလို ဇာတ်ကောင်မျိုးတွေအတွက် ဇာတ်ခင်းကလည်း ကြီးကျယ်ခမ်းနား မြင့်မြတ်ရုံသာမက ရိုးရိုးလေးနဲ့ သဘာဝကျနေရလိမ့်မယ်။ ဒီအတွက် ခင်ဗျား သုတေသန လုပ်ရဦးမယ်။ နောက်ခံသမိုင်း၊ လူမှုစီးပွား၊ ဥတုရာသီ၊ ဒေသိယဓလေ့၊ ဒါတွေ သဘာဝကျကျ၊ အကွက်ကျကျ ထည့်နိုင်မှ ခင်ဗျားဇာတ်လမ်းဟာ ကြွနေရွနေလိမ့်မယ်။ ဇာတ်ကောင်တွေရဲ့ အချီအချ စကားပြောခန်းတွေဟာ လက်ခုပ်လက်ဝါး အပေးအယူ တည့်နေရမယ်။ ဇာတ်ကွက်သရုပ်ဖော်က ရွှင်နေလွင်နေရမယ်။ ဇာတ်ကျောရိုးကတော့ ကောင်းပါရဲ့။ ခုနက ပြောသလို ဇာတ်ခင်း၊ ဇာတ်ကောင်၊ ဇာတ်ကွက်၊ ဇာတ်လမ်း ဒါတွေ မြိုင်မြိုင်ဆိုင်ဆိုင် မထည့်နိုင်ဘူးဆိုလို့ကတော့ စိတ်မကောင်းစွာနဲ့ပဲ ပြောရမှာကတော့ ခင်ဗျားဝတ္ထု အလုပ်ဖြစ်မှာ မဟုတ်ဘူးဆိုတာပါပဲ။ ဘယ်ဟာတွေ ဘယ်လောက် မြိုင်မြိုင်၊ အရေးအကြီးဆုံးတစ်ခုကတော့ ဇာတ်ကို အသက်သွင်းပေးမယ့် စိတ်ခံစားချက်ပါပဲ။ ဒါမပါလို့ကတော့ သေလောက်အောင် ရေးလည်း ဘာမှ ဖြစ်မလာဘူး။ စိတ်ထဲမှာ ဆာတာတာ ဝေဒနာကြီးကို မချိမဆန့် ခံစားရင်း ဝတ္ထုသေကြီး ရင်ဝယ်ပိုက်လို့ လွမ်းနေဖို့သာ ရှိတာကိုးဗျ။

မာသာရန်မှာ ကျွန်တော် ဖြစ်ခဲ့တာ အဲဒီအတိုင်း ကွက်တိပဲ။ ဘယ်လိုမှ ဆက်လို့မရတော့တဲ့ ပေါ်တူဂီနောက်ခံဝတ္ထုသေကြီးကို ကြည့်ပြီး ဘာလုပ်ရမှန်း မသိတာနဲ့ ရေးပြီးသား စာရွက်တွေကို စာတိုက်ကနေတစ်ဆင့် ပို့ပစ်လိုက်တယ်။ ဘယ်ကိုပို့လဲဆိုတော့ ဆိုက်ဘေးရီးယားက တကယ်မရှိတဲ့ လိပ်စာတစ်ခုကို။ စာပြန်ရမယ့်လိပ်စာကိုလည်း ဘိုလီးဗီးယားလို့ ရေးလွှတ်လိုက်တယ်။ စာတိုက်က စာရေးက ကျွန်တော့်စာအိတ်ကြီးကို ဒုံးကနဲ တံဆိပ်တုံးထုပြီး ဝုန်းကနဲ ပုံးထဲ ပစ်ထည့်လိုက်ပြီးတဲ့နောက်မှာတော့ ကျွန်တော်ဟာ သာခွေယိုင်သွားခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်။

“ကိုင်း—တော်စတွိုင်း၊ နင် ဘာလုပ်မလဲ၊ နင့်ဘဝမှာ ဘာကျန်သေးသလဲ”

ငွေနည်းနည်း ကျန်သေးတယ်။ ဆောက်တည်ရာမရဖြစ်မှု များများ ကျန်သေးတယ်။ ဒီလိုနဲ့ အိန္ဒိယတောင်ပိုင်းကို ရောက်ရာပေါက်ရာ ကျွန်တော် ထွက်လာခဲ့တယ်။

ဘာအလုပ်လုပ်သလဲလို့ ကျွန်တော့်ကို ဝိုင်းမေးကြတဲ့ လူတိုင်းကို ဒေါက်တာ လို့ ဖြီးချလာခဲ့တာ အဆင်ကိုပြေလို့။ ဆရာဝန်ဆိုတာ လူတွေ သည်းခြေကြိုက်သတ္တဝါ မဟုတ်လား။ ဒါပေမဲ့ လမ်းခုလတ်မှာ ဘတ်စ်ကားမှောက်တော့ သွေးသံတရဲရဲ လူနာတွေက ကျွန်တော့်ကို ဝိုင်းကြည့်ကြပါလေရော။ ဒီတော့ ဒေါက်တာ ဆိုတာ ဥပဒေပါရဂူပါလို့ ပြောင်းပြောရတာပေါ့။ အဲသလို ပြောလိုက်တော့

“ဒီကိစ္စ အစိုးရမှာ တာဝန်ရှိတယ်။ အစိုးရရဲ့ တာဝန်မဲ့မှုကို တရားစွဲမယ်။ ဥပဒေပါရဂူက အကြံပေးပါ”

လို့ ကြွက်ကြွက်ညံအောင် ဝိုင်းပြောပြန်ရော။ ဒါနဲ့ ကျွန်တော်ဟာ သာမန်ညောင်ည ဒဿနိကဘွဲ့ရတစ်ယောက်ပါလို့ ပြောဦးမလို့ပဲ။ အိန္ဒိယပြည်ကြီးအကြောင်း တွေးခေါ်ခိုင်းနေကြမှာ စိုးလို့ နောက်ဆုံးကြတော့လည်း

“ဟုတ်ပါဘူးဗျာ၊ စာရေးဆရာပါ”

လို့ အမှန်အတိုင်း ဝန်ခံရတော့တယ်။

ဒုက္ခက မပြီးသေးဘူးဗျ။

“ခင်ဗျားက စာရေးဆရာလား—ဒါဆို ခင်ဗျားအတွက် ကျုပ် ဇာတ်လမ်းတစ်ပုဒ်ပေးမယ်”

ဆိုပြီး ထူးမခြားနား၊ ကလီရှေး (Cliché)၊ ကိုယ့်ဥမှ ရွှေဥ ဇာတ်လမ်းတွေ လာလာပြောတဲ့ လူကလည်း အများသား။

ဒီလိုနဲ့ပဲ ပွန်ဒီချယ်ရီဆိုတဲ့ မြို့လေးတစ်မြို့ကို ရောက်လာခဲ့တယ်။ မဒရပ်စ်တောင်ပိုင်း၊ တမီးလ်နာဒူ ကမ်းရိုးတန်းပေါ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအသေးစားလေးပေါ့။ အရွယ်အစားနဲ့ လက်ရှိလူဦးရေအရတော့ လွမ်းလောက်စရာ မရှိလှဘူး။ ဒါပေမဲ့ ဒီဒေသက ရာဇဝင်နဲ့ ခင်ဗျ။ မင်းသားအက်ဒ်ဝပ်ကျွန်းဆို ကနေဒါထဲမှာ ရှိတဲ့ ဧရာမကျွန်းကြီးမဟာပဲ။ သို့သော် လွမ်းလောက်စရာ ဘာရာဇဝင်မှ မရှိ။ ပွန်ဒီချယ်ရီကတော့ တစ်ခေတ်တစ်ခါက ကိုလိုနီအင်ပါယာတွေထဲမှာ ပြောစမှတ်တွင်လောက်အောင် ဘုရားစူးမိုးကြိုးပစ် နေရာရခဲ့တဲ့ ပြင်သစ်ပိုင်အိန္ဒိယနယ်ရှိ မြို့တော် ဖြစ်ခဲ့တာကိုး။ ဘယ်နေရာမဆို ဗြိတိသျှနဲ့ ပြိုင်ချင်လှတဲ့ ဖရန်စစ်တွေဟာ သွားရည်တောက်တောက်ကျဖွယ် မဟာရာဇာတို့ရဲ့ ရွှေအိန္ဒိယနယ်ကို သူနိုင်ကိုယ်နိုင် အပြိုင်လုရာမှာတော့ အရှုံးကြီးရှုံးပြီး မလောက်လေးမလောက်စား ဆိပ်ကမ်းမြို့လေး လက်တစ်ဆုပ်စာလောက်ပဲ ချယ်လှယ်ခွင့် ရခဲ့ကြတယ်။ ရသမျှလေးကို ကုပ်ကတ်ခြစ်ခြုတ် အမြတ်ထုတ်လိုက်ကြတာ နှစ်သုံးရာလောက် ကြာသွားတယ်။ ပွန်ဒီချယ်ရီကနေ ၁၉၅၄ ခုနှစ်မှာ ထွက်တော်မူ နန်းကခွာသွားကြတဲ့အခါမှာတော့ စွဲမက်ဖွယ် အဖြူရောင် အဆောက်အဦးတွေရယ်၊ ထောင့်မှန်ချိုး လမ်းကျယ်ကြီးတွေရယ်၊ ရူးဒီလာမာရီ၊ ရူးစိန့်လူးဝစ် နာမည်နဲ့ လမ်းတွေရယ်၊ ပြင်သစ်စတိုင်လ်ဦးထုပ်တွေနဲ့ ရဲသားတွေရယ်ကို အမွေချန်သွားခဲ့ကြတယ်။

နေရူးလမ်းပေါ်က အိန္ဒိယကော်ဖီဆိုင်တစ်ဆိုင်မှာ ကျွန်တော် ထိုင်နေမိခဲ့တယ်။ အစိမ်းရောင်နံရံကြီးတွေ၊ မျက်နှာကျက်အမြင့်ကြီးတွေနဲ့ အခန်းကျယ်ကြီးပါပဲ။ ပန်ကာကြီးတွေ တဝှီဝှီလည်ရင်း ပူနွေးစိုထိုင်းတဲ့ လေတွေကို အခန်းထဲမှာ လှည့်နေစေတယ်။ ဝိုင်းတစ်ဝိုင်းမှာ လေးထောင့်စက်စက် စားပွဲတစ်လုံးနဲ့ ကုလားထိုင်လေးလုံးစီ ခင်းကျင်းထားတယ်။ တွေ့တဲ့နေရာ ဝင်ထိုင်၊ ဖင်ချမိတဲ့နေရာ ကိုယ့်နေရာပဲ။ ကော်ဖီကတော့ ကောင်းပါတယ်။ ပြင်သစ်စတိုင်လ် ပေါင်မုန့်ကင်လေးကလည်း အရသာရှိပါတယ်။ စကားစမြည်ပြောဖို့ကလည်း လွယ်ပါ့။ ထိုင်နေတာ ဘာမှတောင် မကြာသေးဘူး၊ တစ်ခေါင်းလုံးဖွေးနေတဲ့ မျက်လုံးတောက်တောက် အဖိုးကြီးတစ်ယောက်နဲ့ ကျွန်တော် စကားလက်ဆုံကျနေပြီ။ ကနေဒါဟာ အဟုတ်တကယ် သောက်ကျိုးနည်းလောက်အောင် အေးကြောင်း၊ ကနေဒါရဲ့ အချို့သော အစိတ်အပိုင်းများမှာသာ ပြင်သစ်စကားကို ပြောကြောင်း၊ အိန္ဒိယကို ကြိုက်ကြောင်း ဘာညာသာရကာပေါ့ဗျာ။ ထုံးစံအတိုင်း ခြေသလုံးအိမ်တိုင် တိုးရစ်များနဲ့ ကိုစပ်စု မဇ္ဈိမသားများ တွေ့ရင် ပြောကြတဲ့အကြောင်းတွေပေါ့။ ကဲ—သွားချိန်တန်ပြီ။ ငွေရှင်းဖို့ စားပွဲထိုးကို လက်မြှောက်ခေါ်နေတုန်းမှာပဲ အဖိုးကြီးက ဆိုင်းမဆင့်ဗုံမပါနဲ့—

“ခင်ဗျား ဘုရားသခင်ကို ကျိန်းသေပေါက် ယုံသွားစေမယ့် ဇာတ်လမ်းတစ်ပုဒ် ကျုပ်မှာ ရှိတယ်ဗျာ”

ဆိုပြီး လုပ်ပါလေရော။

စားပွဲထိုးကို ခေါ်ဖို့ မြှောက်ထားတဲ့ ကျွန်တော့်လက်ဟာ လေထဲမှာပဲ ရပ်သွားတယ်။ နေစမ်းပါဦး။ သူ ဘယ်ဘုရားသခင်ကို ပြောနေတာလဲ။ ဧကန်တ သင်းဟာ ယေဟောဝါ ထာဝရဘုရားသခင်ရဲ့ သာဝကများလား။ ဒါနဲ့ ကျွန်တော် မေးမိတယ်။

“ခင်ဗျားဇာတ်လမ်းက လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်လောက်တုန်းက ရောမအင်ပါယာရဲ့ အစွန်အဖျား သဲကန္တာရထဲက စတာလား”

“လုံးဝ မဟုတ်ဘူး။”

မဟုတ်ဘူးဆိုပဲ။ ဒါဆို အလာဟ်အရှင်မြတ်ရဲ့ ဘက်တော်သားများလား။

“ဒါဆို ခုနှစ်ရာစုနှစ် အာရေဗျမှာ စခဲ့တဲ့ ဇာတ်လမ်းလား”

“ခင်ဗျားပြောတာ တစ်ခုမှ မဟုတ်ဘူးဗျ။ ဒီဇာတ်လမ်းဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒီမြို့ ပွန်ဒီချယ်ရီမှာပဲ စခဲ့ပြီး ခင်ဗျားလာခဲ့တဲ့ တိုင်းပြည်—ကနေဒါမှာ ဆုံးသွားတဲ့ ဇာတ်လမ်း ခင်ဗျ။”

“ဒါနဲ့ ခင်ဗျားပြောတော့ ဘုရားသခင်ကို ယုံသွားစေရမယ်ဆို”

“ဟုတ်တယ်လေ၊ သေချာတာပေါ့။”

“ဇာတ်လမ်းက လန်ဘားကျောက်တံတားကြီးလား”

“သိပ် မရှည်လှပါဘူး။”

စားပွဲထိုး ရောက်လာတော့ ကျွန်တော် ဘာလုပ်ရမှန်းမသိဘဲ ခဏတွေနေပြီးမှ နောက်ထပ် ကော်ဖီနှစ်ခွက် ထပ်မှာလိုက်တယ်။ အဖိုးကြီးနဲ့ တရားဝင် မိတ်ဆက်စကား ပြောကြတယ်။ သူ့နာမည်က ဖရန်စစ် အဒီရူဘာစာမီတဲ့။ သူ့ဇာတ်လမ်းကို ပြောပြဖို့ ကျွန်တော် တောင်းဆိုမိတယ်။

“ခင်ဗျား အသေအချာ အာရုံစိုက်ပြီး နားထောင်မှ ဖြစ်မှာနော်” တဲ့။

“စိတ်ချပါ”

လို့ ပြန်ပြောရင်း ဖောင်တိန်နဲ့ စာအုပ်အသင့် ပြင်ထားလိုက်တယ်။ အဖိုးကြီး စပြောပြီ။

“ခင်ဗျား ဒီမြို့က ရုက္ခဥယျာဉ်ကို ရောက်ပြီးပြီလား”

“ဟုတ်ကဲ့၊ မနေ့က ကျွန်တော် ရောက်ခဲ့ပါတယ်။”

“အဲဒီမှာ ကလေးတွေ စီးတဲ့ မီးရထားလမ်းလေး တွေ့ခဲ့လား”

“ဟုတ်ကဲ့၊ တွေ့ခဲ့ပါတယ်။”

“တနင်္ဂနွေနေ့ဆို ကလေးတွေအတွက် အဲဒီမှာ မီးရထား ခုတ်ပေးတယ်။ အရင်ကတော့ နေ့တိုင်း တစ်နာရီကို နှစ်ကြိမ်လောက် မောင်းပေးရတာပေါ့။ ဘူတာရုံနာမည်တွေကိုရော သတိထားခဲ့မိလား”

“အင်း—နှင်းဆီခင်း ဆိုလား”

“ဟုတ်တယ်ဗျာ။ နောက်ထပ် ဘူတာရုံတစ်ခု နာမည်ရော”

“ကျွန်တော် မမှတ်မိတော့ဘူး ခင်ဗျ။”

“အင်းလေ—တကယ်တော့ နောက်ဘူတာရုံက ဆိုင်းဘုတ်လည်း မရှိတော့ပါဘူး။ တိရစ္ဆာန်မြို့တော်တဲ့ဗျ။ ကလေးရထားကွင်းမှာ နှင်းဆီခင်းနဲ့ တိရစ္ဆာန်မြို့တော်ဆိုပြီး ဘူတာနှစ်ရုံ ရှိခဲ့ဖူးတယ်။ အရင်တုန်းက ရုက္ခဥယျာဉ်ထဲမှာ တိရစ္ဆာန်ရုံတစ်ရုံ ရှိခဲ့ဖူးတာကိုး။”

သူ ဆက်ပြောသွားတယ်။ ကျွန်တော်လည်း မှတ်စရာရှိတာကို ကမန်းကတန်း လိုက်မှတ်ရတယ်။

“ခင်ဗျားသူနဲ့ သွားတွေ့သင့်တယ်” တဲ့။ အဖိုးကြီးက သူ့ဇာတ်လမ်းထဲက အဓိကဇာတ်ကောင်ကို ရည်ညွှန်းပြီး ကျွန်တော့်ကို ပြောနေခဲ့တယ်။

“ကျွန်တော် သူ့ကို ကောင်းကောင်းကြီး သိခဲ့တယ်။ ခုဆို သူလည်း လူကြီးတစ်ယောက် ဖြစ်နေပါပြီ။ ခင်ဗျား သိချင်တာ အားလုံး သူ့ကို ထပ်မေးကြည့်ပါ”

နောက်ပိုင်းမှာတော့ တိုရွန်တိုမြို့ရဲ့ ဖုန်းစာအုပ်ထဲက ကိုးကော်လံစာလောက်ရှိတဲ့ ပတဲလ်တွေကြားထဲမှာ ကျွန်တော့်ရဲ့ အဓိကဇာတ်ကောင်နာမည်ကို ရှာတွေ့ခဲ့ပါတယ်။ သူ့ဖုန်းကို ခေါ်နေတဲ့အချိန် ကျွန်တော် ရင်တွေ တဒိတ်ဒိတ် ခုန်နေခဲ့တယ်။ ဖုန်းပြန်ဖြေတဲ့လူရဲ့ လေသံက ဘယ်လိုမှ မမှားနိုင်တဲ့ အိန္ဒိယလျှာလိပ်သံနဲ့။

“ဒါတွေဟာ ကြာခဲ့ပါပြီဗျာ” လို့ သူပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ကို သူ လက်ခံပြီး တွေ့ဆုံခဲ့တယ်။ တစ်ကြိမ်၊ နှစ်ကြိမ်ကနေ အကြိမ်ပေါင်း အသင်္ချေအနန္တထိပေါ့။ ဒီဖြစ်ရပ်တွေ ဖြစ်နေချိန်မှာ သူရေးမှတ်ထားခဲ့တဲ့ သူ့ဒိုင်ယာရီကိုလည်း ကျွန်တော် ကြည့်ခွင့်ရခဲ့တယ်။ သူ့အကြောင်း ရေးထားတဲ့ ဝါကြင့်ကြင့်အရောင် သန်းနေပြီဖြစ်တဲ့ သတင်းစာဖြတ်ပိုင်းတွေရောပေါ့။ သူက စိတ်ရှည်လက်ရှည်ပြော၊ ကျွန်တော်က ရေးမှတ်။ နောက်တစ်နှစ်လောက်ကြာတော့ အခက်အခဲတွေကြားကပဲ ဂျပန်ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာနဲ့ တိပ်ခွေကို ရလိုက်တယ်။ ဒီတိပ်ခွေကို နားထောင်ပြီးတဲ့အချိန်မှာတော့ မစ္စတာ အဒီရူဘာစာမီရဲ့ “ဘုရားသခင်ကို ခင်ဗျားယုံသွားစေရမယ်” ဆိုတဲ့ စကားကို ခြွင်းချက်မရှိ ကျွန်တော် လက်ခံလိုက်ပါတော့တယ်။

ခု ကျွန်တော် ရေးပြတော့မယ့် ဇာတ်လမ်းဟာ မစ္စတာ ပတဲလ်ရဲ့ ဇာတ်လမ်းပဲ။ ဒါကြောင့်လည်း သူ့ဟန်၊ သူ့အသံနဲ့ပဲ ဇာတ်လမ်းကို ကျွန်တော် ရေးဖွဲ့ရပါလိမ့်မယ်။ အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ရင်တော့ ကျွန်တော့်တာဝန်ပေါ့။

ဒီဇာတ်လမ်းအတွက် ကျေးဇူးစကား ဆိုစရာရှိတာ ဆိုပါရစေဦး။ အထူး ကျေးဇူးတင်ရသူကတော့ ကျွန်တော့် ဇာတ်လိုက်ကျော်ကြီး မစ္စတာ ပတဲလ်ပါပဲ။ သူ့ကျေးဇူးဟာ ကျွန်တော့်အပေါ် အနားသတ်မဲ့တဲ့ ပစိဖိတ်သမုဒ္ဒရာလောက်ကို ကျယ်ဝန်းပါတယ်။ ကျွန်တော် ကြိုးစားရေးထားတဲ့ သူ့ဇာတ်ကြောင်းကို ဖတ်ပြီး သူ စိတ်မပျက်လောက်ဘူးလို့တော့ မျှော်လင့်ရတာပဲ။ ဒီဇာတ်လမ်းကို အစပျိုးပေးခဲ့တဲ့ မစ္စတာ အဒီရူဘာစာမီရဲ့ ကျေးဇူးကလည်း ကြီးမားလှပါတယ်။ အော့တဝါ ဂျပန်သံရုံးက မစ္စတာ ကဇူဟီကို အိုဒါ၊ အိုအီကာ သင်္ဘောကုမ္ပဏီက မစ္စတာ ဟီရိုရှီ ဝါတာနာဘီနဲ့ ဂျပန်ပို့ဆောင်ရေးဝန်ကြီးဌာနက မစ္စတာ တိုမိုဟီရို အိုကာမိုတိုတို့ကိုလည်း ကျေးဇူးတင်လှပါတယ်။ ကျွန်တော့်ကို စိတ်ဓာတ်ခွန်အားတွေ ပေးခဲ့တဲ့ မစ္စတာ မိုအာစာ စီစီလီယာနဲ့ ကျွန်တော့်ဇာတ်လမ်းကို ပြီးဆုံးသည်အထိ ငွေကြေးထောက်ပံ့ကူညီခဲ့တဲ့ ကနေဒါအနုပညာကောင်စီကိုလည်း ကျေးဇူးတော်အနန္တ တင်ရှိပါကြောင်း ရိုးရိုးသားသားပဲ ပြောရမှာပါ။ သူတို့ မထောက်ပံ့ခဲ့ဘူးဆိုရင် ဒီဇာတ်လမ်းဟာ ၁၉၃၉ ပေါ်တူဂီဇာတ်လမ်းသေကြီးနောက် လိုက်ရမှာ အမှန်ပါပဲ။ ကျွန်တော်တို့လို အနုပညာသည်တွေဟာ ပြည်သူရဲ့ အထောက်အပံ့ကို လိုအပ်ပါတယ်။ တကယ်လို့သာ လုံလောက်တဲ့ ထောက်ခံအားပေးမှု မရခဲ့ဘူးဆိုရင် ကျွန်တော်တို့ဟာ စိတ်ကူးပုံရိပ်တွေနဲ့ တန်ဖိုးမရှိတဲ့ အိပ်မက်တွေကို မက်ရင်းနဲ့သာ ဘဝကို အဆုံးသတ်ရမှာ အသေအချာ။

***


Download Epub Kfx 

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review