စစ်နှင့်ငြိမ်းချမ်းရေး အရှူပ်တော်ပုံ
စစ်နှင့်ငြိမ်းချမ်းရေး အရှူပ်တော်ပုံ
၁၊
တော်စတွိုင်းသည် စစ်နှင့်ငြိမ်းချမ်းရေးဝတ္တုကြီးကို လွန်ခဲ့သော နှစ်ပေါင်းတရာငါးဆယ်အတိ (၁၈၆၉) ခုနှစ်က ရေးသားထုတ်ဝေခဲ့သည်၊ ကျနော်တို့ဆီမှာတော့ မြသန်းတင့်က ၁၉၆၅ ခုနှစ်တွင် ဘာသာပြန်ဆိုကာ ရေးသားထုတ်ဝေခဲ့သည်၊ မူရင်းစာရေးဆရာ တော်စတွိုင်း ရေးသားပြီး အနှစ်တရာဝန်းကျင် နီးပါးကြာတော့မှ ကျနော်တို့ဆီတွင် ဘာသာပြန်ဆိုခြင်းဖြစ်သည်၊ တော်စတွိုင်းသည် အသက် ၃၅ နှစ်အရွယ်တွင် စစ်နှင့်ငြိမ်းချမ်းရေးဝတ္တုကြီးကို ငါးနှစ်တိုင်တိုင် ဖျက်လိုက်ပြင်လိုက်နှင့် ကြိုစားရေးသားခဲ့သည်၊ မြသန်းတင့်သည်လည်းပဲ တော်စတွိုင်းကဲ့သို့ပင် စစ်နှင့်ငြိမ်းချမ်းရေး ဝတ္တုကြီးကို ဘာသာပြန်စဉ် အသက်အရွယ်အားဖြင့် ၃၅ ဝန်းကျင် အရွယ်ကောင်းပင် ဖြစ်သည်၊ ဘာသာပြန်ဆရာ မြသန်းတင့်ကတော့ စစ်နှင့်ငြိမ်းချမ်းရေးဝတ္တုကြီးကို ၈ နှစ်လေးလ မျှကြာအောင် အပတ်တကုတ် ဘာသာပြန်ဆို သွားခဲ့သည်၊ မူရင်းစာရေးဆရာရော ဘာသာပြန်စာရေးဆရာရော နှစ်ဦးစလုံးတို့၏ ကြိုးစားအားထုတ်မူသည် ချီးကျူးဂုဏ်ပြု စံနမူနာယူစရာပင်ဖြစ်သည်၊ စစ်နှင့်ငြိမ်းချမ်းရေးဝတ္တုကြီးကို မူရင်းရုရှားဘာသာဖြင့် ၁၈၆၈မှသည် ၁၈၆၉ ခုနှစ်အထိ တနှစ်တိတိကြာအောင် အတွဲပေါင်းခြောက်တွဲမျှ ခွဲကာ ရေးသားထုတ်ဝေခဲ့သည်၊ ပြင်သစ်ဘာသာပြန်ဖြင့် လေးတွဲမျှခွဲကာ ထုတ်ဝေခဲ့သည်၊ အင်္ဂလိပ်ဘာသာဖြင့်မူ သုံးတွဲမျှ ခွဲကာထုတ်ဝေခဲ့သည်၊ စသဖြင့် နိုင်ငံအသီးသီးတွင် စစ်နှင့်ငြိမ်းချမ်းရေး စာအုပ်ကြီးကို အတွဲပေါင်းများစွာဖြင့် ခွဲထုတ်ခဲ့သလို ကျနော်တို့ဆီတွင်လည်း ကနဦး ပုဂံစာအုပ်တိုက်မှ စတင်ထုတ်ဝေသောအခါ အတွဲပေါင်း ဆယ့်နှစ်တွဲမျှ ခွဲကာထုတ်ဝေခဲ့သည်၊ ပုံမှန်ဝတ္တုဆိုဒ်ဖြင့် ဆယ်နှစ်တွဲ ခွဲထုတ်တာတောင် စာမျက်နှာပေါင်း လေးထောင်ကျော်မျှ ရှည်လျားခဲ့သော ကမ္ဘာ့ဂန္တဝင်ဝတ္တုကြီး တပုဒ်ဖြစ်သော စစ်နှင့်ငြိမ်းချမ်းရေးနှင့် ပတ်သတ်ပြီး စာသမားများ၏ အဆိုအမိန့်တခုရှိသည်၊ အဲဒါက ဘာလဲဆိုတော့ စစ်နှင့်ငြိမ်းချမ်းရေးဝတ္တုကြီးကို တခါဖတ်လိုက်ရင် လူဟာ နှစ်ပေါင်းသုံးဆယ်စာမျှ ရင့်ကျက်သွားသည် တဲ့၊ ဘာလိုဆို စစ်နှင့်ငြိမ်းချမ်းရေး ဝတ္တုကြီးထဲမှာ လူ့စရိုက် လူ့သဘာ လူမနော၊ လူ့သားရဲ့ဖြစ်တည်မူ အတွင်းစိတ်သဏ္ဍန်တွေက ရှူထောင့်ပေါင်းစုံကနေပါဝင်နေလို့ပဲဟု ဆိုကြ၏။ ထားတော့။
၂၊
လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်၊ ၁၉၆၅ ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့တွင်၊ ပုဂံစာအုပ်တိုက်မှ မြသန်းတင့် ဘာသာပြန်ဆိုသော စစ်နှင့်ငြိမ်းချမ်းရေးဝတ္တုကြီး၏ ပထမတွဲကို စတင်ထုတ်ဝေခဲ့သည်၊ အဖုံးပန်းချီရေးဆွဲသူသည် စွယ်စုံ အနုပညာရှင် ဦးဝင်းဖေဖြစ်သည်၊ သို့နှင့်များမကြာမှီ ၎င်းနှစ်ထဲမှာမှာပဲ စစ်နှင့်ငြိမ်းချမ်းရေး ပထမတွဲကို ဒုတိယအကြိမ်အဖြစ် ပုဂံစာအုပ်တိုက်မှ ထပ်မံထုတ်ဝေခဲ့သည်၊ တိတိကျကျဆိုရသော် ၁၅ရက်၊၉လပိုင်း၊၁၉၆၅ ခုနှစ်တွင် နောက်တကြိမ် ထပ်မံပုံနှိပ်ထုတ်ဝေခဲ့ရသည်၊ ၁၉၆၅ ခုနှစ် ရှစ်လပိုင်း ၁ ရက်နေ့တွင် မူ စစ်နှင့်ငြိမ်းချမ်းရေး ဒုတိယတွဲကို ထုတ်ဝေခဲ့သည်၊ အဖုံးပန်းချီကိုမူ မောင်စိန်က ရေးဆွဲပေးထားသည်၊ ဒုတိယတွဲသည်လည်း ပဲပထမတွဲ တုန်းကကဲ့သို့ပင် ၁၉၆၅ ခုနှစ် ကိုးလပိုင်းထဲတွင်မှာပဲ ဒုတိယအကြိမ်အဖြစ် ထပ်မံ ရိုက်နှိပ်ထုတ်ဝေခဲ့ရပြန်သည်၊ ၎င်း ဒုတိယတွဲနှင့် တရက်ထဲ၊ တလထဲမှာတင်ပဲ တတိယတွဲကို ထုတ်ဝေခဲ့သည်၊ အဖုံးပန်းချီကို စံတိုးက ရေးဆွဲပေးထား၏၊ စတုတ္တတွဲကိုတော့ နောက်လ ဆယ်လပိုင်းတရက်နေ့တွင် ထုတ်ဝေခဲ့သည်၊ အဖုံးပန်းချီကိုမူ ပန်းချီဆရာကြီး ဦးစန်းလွင်က ရေးဆွဲပေးထားသည်၊ ငါးတွဲမြောက် စစ်နှင့်ငြိမ်းချမ်းရေးစာအုပ်ကိုမူ နောက်လ ၁၉၆၅ ခုနှစ်၊ ဆယ့်တလပိုင်း တရက်နေ့တွင် ထုတ်ဝေခဲ့သည်၊ အဖုံးပန်းချီမှာ တင်လှဝင်း၏ လက်ရာဖြစ်သည်၊ ခြောက်တွဲမြောက် စစ်နှင့်ငြိမ်းချမ်းရေးစာအုပ်ကိုတော့ ၁၉၆၅ ခုနှစ်၊နှစ်ကုန်လ၊ ဒီဇင်ဘာ တရက်နေ့တွင် ထုတ်ဝေခဲ့သည်၊ အဖုံးပန်းချီကို ပေါ်ဦးသက် ရေးဆွဲပေးထားသည်၊ ခုနှစ်တွဲမြောက်စာအုပ်ကိုတော့ ၁၉၆၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ထုတ်ဝေခဲ့သည်၊ အဖုံးပန်းချီကိုတော့ ယနေ့နာမည်ကြီး မော်ဒန်ပန်းချီ ဆရာကြီး မောင်ဒီက ရေးဆွဲပေးထားသည်၊ ရှစ်တွဲမြောက်စာအုပ်ကိုမူ ဖေဖော်ဝါရီလ တရက်နေ့တွင် ထုတ်ဝေသည်၊ အဖုံးလက်ရာကတော့ ဦးသောင်းဟန်ဖြစ်သည်၊ ကိုးတွဲမြောက် စစ်နှင့်ငြိမ်းချမ်းရေး စာအုပ်ကိုတော့ ၎င်းသက္ကရာဇ်၊ မတ်လတရက်နေ့တွင် ထုတ်ဝေခဲ့သည်၊ အဖုံးလက်ရာကတော့ ဦးအုန်းလွင် ဖြစ်သည်၊ ထိုနောက် ရပ်တန့်သွားခဲ့ရသည်။
၃၊
၁၉၆၆ ခုနှစ်၊မတ်လတွင် ကိုးအုပ်မြောက်အဖြစ် ထုတ်ဝေပြီး ရပ်တန့်သွားခဲ့ရသော စစ်နှင့်ငြိမ်းချမ်းရေး ဝတ္တုကြီးကို ခြောက်နှစ်ခန့်ကြာပြီးနောက်၊ ၁၉၇၂ ခုနှစ် ခုနှစ်လပိုင်း တရက်နေ့တွင် ဆယ်တွဲမြောက်အဖြစ် ပြန်လည်အသက်ဝင်လှူပ်ရှား ထုတ်ဝေလာခဲ့ပြန်သည်၊ ၎င်း ဆယ်အုပ်မြောက် စစ်နှင့်ငြိမ်းချမ်းရေး အဖုံးကိုတော့ ပန်းချီဆရာ မောင်ညိုလှက ရေးဆွဲပေးထားသည်၊ သို့နှင့် ဆယ့်တတွဲမြောက် စစ်နှင့်ငြိမ်းချမ်းကိုမူ ၁၉၇၂ ခုနှစ်၊ရှစ်လပိုင်းတွင် ထပ်မံထုတ်ဝေလာခဲ့သည်၊ အဖုံးပန်းချီမှာ ကာတွန်းမြေဇာ ဖြစ်သည်၊ နောက်ဆုံးအတွဲဖြစ်သော ဆယ့်နှစ်အုပ်မြောက် စစ်နှင့်ငြိမ်းချမ်းရေး ကိုမူ ၁၉၇၂ခုနှစ် အောက်တိုဘာလ တရက်နေ့တွင် မြန်မာပြန်သူ၏ အစီရင်ခံတင်ပြချက်နှင့်အတူ ထုတ်ဝေခဲ့သည်၊ ယင်းသို့ဖြင့် ကမ္ဘာ့နိုင်ငံတိုင်းတွင် ဘာသာပြန်မရှိသေးသော ကမ္ဘာ့ဂန္တဝင်စာအုပ်များစာရင်းတွင် အမြဲတမ်း ဝမ်းတူသရီး နံပါတ်စာရင်းဝင်နေသော စစ်နှင့်ငြိမ်းချမ်းရေးဝတ္တုကြီးအား ဗမာစာပေနယ်သို့ သွတ်သွင်းကူးပြောင်းခြင်း ကဏ္ဍ ပြီးဆုံးခဲ့လေပြီ၊ စုစုပေါင်း ဘာသာပြန်ဆိုချိန် ဆယ်စုနှစ်တစုနီးပါး ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အားထုတ်ကြိုးပမ်းကာ ပြန်ဆိုခဲ့သော စစ်နှင့်ငြိမ်းချမ်းရေးဝတ္တုကြီး ပြီးဆုံးသွားချိန်တွင်မူ ဘာသာပြန်ဆိုသူ စာရေးဆရာ မြသန်းတင့်သည် ထိုနှစ် (၁၉၇၂) ခုနှစ်တွင်မှာပဲ အမျိုးသားစာပေ(ဘာသာပြန်ဆု) ချီးမြင့်ခြင်းကို ခံခဲ့ရလေသည်၊
၄၊
စစ်နှင့်ငြိမ်းချမ်းရေး ဘာသာပြန် စာအုပ်ဖြစ်စဉ်သမိုင်းအား လေ့လာကြည့်သောအခါ ၁၉၆၅/၆၆ ခုနှစ်တွင် လစဉ် တတွဲဆီမျှ ခွဲ၍ထုတ်လာပြီး ၁၉၆၆ ခုနှစ် မတ်လတွင် ရပ်တန့်သွားခဲ့သည်ကို စာဖတ်သူမိတ်ဆွေများ တွေ့မြင်ရပေလိမ့်မည်၊ ဤသို့ ဘာသာပြန်ထုတ်ဝေနေရင်း ရပ်တန့်သွားခဲ့ရသည့် အကြောင်းကို ရှာဖွေကြည့်သောအခါ မြသန်းတင့်သည် ထိုကာလတွင် အထိန်းသိမ်းခံဘဝဖြင့် ကိုးကိုးကျွန်းသို့ ရောက်ရှိနေသောကြောင့် ဖြစ်နေသည်ကို တွေ့ရသည်၊ ဤနေရာတွင် ပုဂံစာအုပ်တိုက်နှင့် မြသန်းတင့်၏ ဆက်နွယ်မူကိုပါ ဆက်စပ်ပြောမှ လိမ့်ပတ်လည်မည်ဖြစ်သည်၊ ထိုစဉ်က ပုဂံစာအုပ်တိုက်သည် မြန်မာ့ပုံနှိပ်ထုတ်ဝေရေးလောက တွင် ပြိုင်စံရှားအဖြစ် ရပ်တည်နေသော တိုက်တတိုက် ဖြစ်သည့်အပြင် ကမ္ဘာ့ဂန္တဝင်စာအုပ်များနှင့် မြန်မာ့ဂန္တဝင် စာပေများကိုလည်း ထုတ်ဝေနေချိန်ဖြစ်သည်၊ ယင်းအချိန်တွင် ပုဂံစာအုပ်တိုက်တွင် နတ်နွယ်၊ မင်းကျော်၊ ကျော်အောင်၊ ညွန့်ကြူး အစရှိသော စာရေးဆရာများ ဝိုင်းဝန်းနေသော်လည်း မြသန်းတင့်၊ ဒဂုန်တာရာနှင့် ဗန်းမော်တင့်အောင် တို့သည် ပုဂံနှင့် ရောထွေး၍မနေပေ၊ ပုဂံစာအုပ်တိုက်ပိုင်ရှင် ကိုချောသည်လည်းကောင်း၊ ကိုချော၏အကို စာရေးဆရာ မင်းကျော် သည်လည်းကောင်း၊ နတ်နွယ်သည် လည်းကောင်း မြသန်းတင့်အား ပုဂံစာအုပ်တိုက်မှ ထုတ်ဝေရန် အတွက် စာအုပ်များ ရေးသားပေးရန် တိုက်တွန်းခဲ့သည်၊ ကမ္ဘာ့ဂန္တဝင်စာအုပ်များကို ဘာသာပြန်ရန်အတွက် စာရေးဆရာများသည် တယောက်နှင့်တယောက် ခွဲတမ်းချခဲ့ကြသည်၊ ယင်းသို့ခွဲတမ်းချကြရာဝယ်၊ မြသန်းတင့်သည် စစ်နှင့်ငြိမ်းချမ်းရေး ၊ကျော်အောင်နှင့် ညွှန်ကြူးက အင်နာကရီနာ၊ နတ်နွယ်က တသိမ့်သိမ့်ဒွန် စသဖြင့် ခွဲဝေခဲ့ကြရာ၌ မြသန်းတင့်တယောက်သာ စစ်နှင့်ငြိမ်းချမ်းရေးကို ပြီးဆုံးအောင် ဘာသာပြန် ထုတ်ဝေခဲ့ပြီး အခြားစာရေးဆရာများ၏ ဘာသာပြန်စာအုပ်များ ကတော့ အကြောင်းကြောင်း ကြောင့် ထွက်ရှိမလာပေ။
၅၊
မြသန်းတင့်က ကိုချောကို စစ်နှင့်ငြိမ်းချမ်းရေး စာအုပ်ကြီးအား သူဘာသာပြန်ဆိုမည်ဟု ကတိ ပေးလိုက်သောအခါ ကိုချောသည် ဝမ်းသာသွားသည်၊ အကယ်၍ ဤစာအုပ်ကြီးအား ဘာသာပြန်ဆို ထုတ်ဝေလိုက်သောအခါ အဝယ်မလိုက်သောကြောင့် ရှူံးပါက ရှူံးပါစေ၊ အရှူံးခံနိုင်သည်ဟု ကိုချောက ဆိုသည်၊ ကိုချောကိုယ်တိုင်လည်း စစ်နှင့်ငြိမ်းချမ်းရေးကို ထုတ်ဝေချင်နေသည်မှာ တခြားကြောင့်မဟုတ်ပေ၊ မြန်မာစာပေနယ်တွင် ယခုကဲ့သို ကမ္ဘာ့ဂန္တဝင်စာအုပ်ကြီး ရှိနေစေချင်သောကြောင့် ဖြစ်သည်၊ သို့နှင့် မြသန်းတင့်နှင့် ပုဂံကိုချောတို့သည် သဘောတူညီမူတခု ယူကြသည်၊ ၎င်းသဘောတူညီမှာ တခြားတော့မဟုတ်၊ မြသန်းတင့် စစ်နှင့်ငြိမ်းချမ်းရေးကို ဘာသာပြန်ဆိုနေချိန် အတွင်းမှာ ကိုချောက မိသားစုစားရိတ် ထောက်ပံပေးနေရမည်၊ သို့နှင့်နှစ်ဦးနှစ်ဖက် သဘောတူညီမူ ရရှိပြီးသောအခါ မြသန်းတင့်သည် စစ်နှင့်ငြိမ်းချမ်းရေး စာအုပ်ကြီးကို ဘာသာပြန် စတင်ပြန်ဆိုတော့သည်၊ ဤနေရာတွင် စစ်နှင့်ငြိမ်းချမ်းရေး ဘာသာပြန်ဆိုမူ ကာလနှင့်ပတ်သတ်ပြီး ဆင်ခြင်စဉ်းစားဖွယ်ရာ တချက်ရှိနေသည်၊ ယင်းမှာ တခြားတော့မဟုတ်ပေ၊ မြသန်းတင့်သည် ၁၉၆၃ ခုနှစ်တွင် အထိန်းသိမ်းခံရကာ ကိုးကိုးကျွန်းသို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်၊ ပုဂံစာအုပ်တိုက်သည် ၁၉၆၂ ခုနှစ်မှ စတင်တည်ထောင်သော စာအုပ်တိုက်ဖြစ်သည်၊ ၁၉၆၂ ခုနှစ်တွင် စတင်တည်ထောင်သောစာအုပ်တိုက်သည် တိုက်စထောင်ထောင်ခြင်း မြသန်းတင့်ထံသို့ သွားရောက်ကာ စစ်နှင့်ငြိမ်းချမ်းရေးကို ဘာသာပြန်ပါဟုလို့တော့ တိုက်ရှင်ကိုချောက ပြောမည်မထင်ပေ၊ အနည်းဆုံး စာအုပ်တိုက်၏ အခြေအနေကို တနှစ်တာမျှ စောင့်ကြည့်ပြီးချိန်မှသာလျှင် စစ်နှင့်ငြိမ်းချမ်းရေးကို ဘာသာပြန်ဆိုခြင်း ကတိကဝတ် နှစ်ဦးသဘောတူ ပြုလုပ်ကြပေမည်၊ ထိုကြောင့် ၁၉၆၃ ခုနှစ် ရောက်မှသာလျှင် စတင် ဘာသာပြန်ဆိုပေလိမ့်မည်၊ ၎င်း ၁၉၆၃ ခုနှစ်မှာပဲ မြသန်းတင့်သည် အထိန်းအသိမ်း ခံရသည့်၊ ဤနေရာတွင် ကေတုလှနိုင်၏ မြသန်းတင့်၏ စစ်နှင့်ငြိမ်းချမ်းရေးဆိုသော ဆောင်းပါးအဆိုအရ မြသန်းတင့်သည် စစ်နှင့်ငြိမ်းချမ်းရေးကို ဘာသာပြန်ရာတွင် အလွန်မြန်သည်၊ တကျွန်းသို့ပို့ဆောင်ခြင်း မခံရမှီ အချိန်အတွင်းမှာပဲ စစ်နှင့်ငြိမ်းချမ်းရေး ဆယ့်နှစ်အုပ်လုံးကို ဘာသာပြန်ဆိုပြီးကာ စာမူဖိုင်ကြီးအား ပုဂံစာအုပ်တိုက်ပိုင်ရှင် ကိုချောသို့ ပေးအပ်သွားခဲ့သည်ဟု ရေးသားထားသည်၊ မဖြစ်နိုင်၊ လုံးဝကို မဖြစ်နိုင်ခြေရှိ၏၊ ဘာကြောင့်ဆို ၁၉၆၃ ခုနှစ် မှာ အထိန်းအသိမ်းခံရတဲ့ အတွက် မြသန်းတင့်သည် ၁၉၆၃ ခုနှစ် နှစ်ဆန်းပိုင်း လပိုင်းလေးအတွင်းမှာ ပြေးရင်းလွှားရင်း ပုန်းအောင်းရင်းနှင့် ဆယ့်နှစ်တွဲလုံးကို ဘာသာပြန်ဆိုပေးခဲ့သည် ဆိုသည်မှာ ဖြစ်နိုင်စရာအကြောင်းအချက်များ မရှိပေ၊ ဘာလိုဆို့ နံပါတ်တစ် အချက်က မြသန်းတင့်သည် စာရေးရာတွင် လက်နှိပ်စက်ဖြင့်သာ စာရေးခြင်း၊ နံပါတ်နှစ် ဘာသာပြန်ဆို ရာတွင် ဘယ်တော့မှ ကတိုက်ကရိုက်နှင့် ပြီးစလွယ် ဆူလွယ်နပ်လွယ် မပြန်ဆိုတတ်ခြင်း၊ နံပါတ်သုံး စစ်နှင့်ငြိမ်းချမ်းရေး ဒုတိယအကြိမ်ထုတ် ပထမတွဲအမှာတွင် ဤစာအုပ်ကြီးအား ဘာသာပြန်ဆိုရာ ရှစ်နှစ် နှင့် လေးလမျှ ကြာသည့်ဟု မြသန်းတင့်ကိုယ်တိုင် ရေးသားထားခြင်း၊ နံပါတ်လေး ဤဝတ္တုကြီးထဲတွင် ပါရှိသော ဘာသာပြန်ဆိုချက်များထဲမှ အချို့သော စကားလုံးများသည် ပါဠိပျက်၊ ပါဠိသက် ဝေါဟာရတွေထဲမှာ စကားလုံးများ ဖြစ်နေခြင်း၊ နံပါတ်ငါးအချက်၊ ဤဝတ္တုကြီးအား ဘာသာပြန်ဆိုဖို့အတွက် အနည်းဆုံး တနှစ်ဝန်းကျင်မျှ ရုရှားရာဇဝင်၊ ဥရောပရာဇဝင်၊ နပိုလီယံ၊ တော်စတွိုင်း၏ အခြားသောစာပေလက်ရာ၊ စသဖြင့် ဆိုင်ရာ စာပေလက်ရာမျိုးစုံတို့အား အချိန်ပေး၍ ဖတ်ရှူရခြင်း၊ စသည့် အကြောင်းအချက်များကို ထောက်ချင့်၍ မြသန်းတင့်သည် စစ်နှင့်ငြိမ်းချမ်းရေးဝတ္တုကြီးအား အဖမ်းမခံရမှီ အချိန်ကာလ၊ လပိုင်အတွင်းမှာတင် အပြီးအစီးပြန်ဆိုခဲ့သည် ဆိုထားသည်မှာ ဖြစ်နိုင်စရာလုံးဝမရှိပေ၊ အကယ်၍ အဖမ်းမခံရစဉ် ကာလမှာ ဤစာမူကြီးအား အပြီးအစီးပြန်ဆိုပြီးစီးခဲ့သည် ဖြစ်ပါက တလလျှင် တတွဲကျ ထုတ်ဝေနေသော ပုဂံစာအုပ်တိုက်သည် ဘာကြောင့် အတွဲ ၉အထိပဲ ထုတ်ဝေပြီး ကြားထဲမှာ ခြောက်နှစ်ခန့် ရပ်နားထားရပါသနည်း?၊ စာမူများ လက်ထဲမှာ အပြည့်အစုံ ရှိပါလျက်နှင့် ဘာကြောင့်များ စာဖတ်ပရိတ်သတ် ကို ခြောက်နှစ်မျှ စစ်နှင့်ငြိမ်းချမ်းရေး ဝတ္တုကြီးနှင့် ကင်းကွာစေခဲ့ပါသနည်း ? ။
၆၊
ဒီမေးခွန်းများအတွက် ဒီအဖြေက ရှင်းရှင်းလေးပါပဲ၊ မြသန်းတင့် သည် တကျွန်းမကျခင်မှာ အတွဲ ၉ အထိ အပြီးအစီးပြန်ခဲ့ပါသည်၊ အတွဲ ၉ အထိပြီးစီးခဲ့သော စာမူဖိုင်ကြီးအား ပုဂံကိုချောလက်သို့အပ်ကာ ၁၉၆၃ ခုနှစ်မှာတင်ပဲ အထိန်းအသိမ်းခံခဲ့ပါသည်၊ ကိုချောကလည်း မြသန်းတင့်ကို စောင့်ရင်း ပြန်လွှတ်လာနိုးဖြင့် တတွဲချင်းစီ ခွဲ၍ထုတ်လာရာ ၁၉၆၆ ခုနှစ် အထိ လက်ထဲတွင်ရှိသော စာမူဖိုင်ကြီး၏ နောက်ဆုံးအတွဲ(ကိုး) အထိ ရောက်ရှိလာသော်ငြားလည်း မြသန်းတင့်က ပြန်မလွှတ်လာနိုင်ပါ၊ သို့ဖြစ်သောကြောင့် မြသန်းတင့် ပြန်လွှတ်လာတာကို စောင့်ရင်း ကြားထဲမှာ ခြောက်နှစ်မျှ ကြန့်ကြာသွားခဲ့ရပါသည်၊ မြသန်းတင့်ကလည်း တကျွန်း အကျခံနေရပေမယ့်၊ ဦးနှောက်ထဲမှာ စစ်နှင့်ငြိမ်းချမ်းရေးဝတ္တုကြီးကို ဆက်ပြန်ဖို့ကိုပဲ အမြဲ တွေးနေပါသည်၊ မူရင်းဝတ္တုကြီးကို သုံးလေးခေါက်မျှ ဖတ်ထားသူ၊ မူရင်းဝတ္တုနှင့် ဆက်နွယ်နေသော သမိုင်းဆိုင်ရာ၊ စာအုပ်စာစောင်များကိုလည်း ကြေညက်စွာ ဖတ်ထားသူတယောက် ဖြစ်သောကြောင့် ကျန်ရှိ စစ်နှင့်ငြိမ်းချမ်းရေး သုံးတွဲကို ဘယ်လိုဆက်ပြန်ရင် ကောင်းမလဲဆိုတာ စိတ်ထဲမှာအမြဲ အကွက်ချနေပါသည်၊ သို့နှင့် ၁၉၇၂ ခုနှစ် ပြန်လွှတ်လာခြင်းမှာပဲ ကျန်ရှိသုံးတွဲကို အပြီးပြန်ဆိုခဲ့ပါသည်၊ ဒီအချိန်မှာပဲ ပုဂံကိုချောက မြသန်းတင့်ကို ပင်ကိုယ်ရေးဝတ္တုကြီး တပုဒ် ပုဂံကနေ နှစ်လည်အဖြစ် ထုတ်ဝေဖို့ တောင်းဆိုလာပါသည်၊ မြသန်းတင့်ကလည်း ကုန်းဘောင်နောက်ဆုံးမင်းဆက် ပျက်သုဉ်းချိန်ကနေ လွပ်လပ်ရေးရချိန်အထိ သမိုင်းဖြစ်ရပ်မှန်ကို နောက်ခံထားပြီး ရေးသားဖို့ကြံရွယ်ထားသော အရှေ့တခွင်လုံးနီဝတ္တုကြီးကို ရေးပေးမည်ဟု ကတိပေးခဲ့ပါသည်၊ သို့သော် အကြောင်းကြောင့် ၎င်းပင်ကိုယ်ရေးဝတ္တုကြီးမှာ ထွက်ရှိမလာပါ၊ (ဤအကြောင်းအားရေးခဲ့ပြီးပြီ )
၇၊
သို့နှင့် မြသန်းတင့်သည် စစ်နှင့်ငြိမ်းချမ်းရေး အတွဲ ၁၀၊ ၁၁၊ ၁၂ ကို တကျွန်းကနေ ပြန်လည် လွတ်မြောက်လာချိန်မှာ အပြီးအစီး ဘာသာပြန်ဆိုပေးခဲ့ပါသည်၊ မြသန်းတင့် သည် ၁၉၆၃ ခုနှစ်မှသည် ၁၉၇၂ ခုနှစ်အထိ ကိုးနှစ်တိုင်တိုင် အထိန်းသိမ်းခံနေရသော ဘဝနှင့် ရှိနေစဉ်ကာလမှာပဲ မြန်မာစာပေလောကတွင် တအုပ်ထဲနှင့်အပြီး ပြန်ဆိုထားသော စစ်နှင့်ငြိမ်းချမ်းရေးဝတ္တုကြီး ပေါ်ထွက်လာပါသည်၊ ဘာသာပြန်သူ ကတော့ မောင်နေထွန်းဖြစ်သည်၊ အမှာစာကိုမူ ရန်ကုန်ဘဆွေက ရေးသားပေးထား၏၊ ထူးခြားသည်မှာ ဒီလောက်ရှည်လျား ထွေပြားသည့် ဂန္တဝင်ဝတ္တုကြီးကို ရန်ကုန်ဘဆွေ၏ သုံးမျက်နှာခန့်ရှည်သော အမှာနှင့် ထုတ်ဝေသည့် မြစာပေတိုက်၏ တိုတိုတုတ်တုတ် တမျက်ခန့်သာ ပါဝင်သည့် မှတ်ချက်ကိုသာ ရေးသားထားပြီး ဘာသာပြန် စာရေးဆရာ၏ အမှာကတော့ ပါဝင်သည်ကို မတွေ့ရပေ၊ ယင်း စစ်နှင့်ငြိမ်းချမ်းရေး ဝတ္တုကို ထုတ်ဝေသည့် တိုက်ကတော့ ထိုခေတ်က တက္ကသိုလ်ဘုန်းနိုင်စာအုပ်များ အား အများစုထုတ်ဝေခဲ့သော မြစာပေ တိုက်ဖြစ်သည်၊ ရောင်းဈေးမှာ ဆယ်သုံးကျပ်ဖြစ်သည်၊ စာအုပ်အရွယ်အစား ကမူ ယနေ့အခေါ် ဆယ်ချိုးဆိုဒ်၊ စာမျက်နှာကတော့ ၇၇၅ မျက်နှာတိတိပါရှိသည်၊ အဖုံးပန်းချီလက်ရာ ကိုလည်း မြစာပေတိုက်ရဲ့ ပင်တိုင်ပန်းချီဆရာ သန်းအောင်က ရေးဆွဲပေးထားသည်၊ ယင်းသို့ စစ်နှင့်ငြိမ်းချမ်းရေး ဝတ္တုကြီး တအုပ်ထဲအပြီးဖြင့် ပေါ်ထွက်လာသည်ကို တွေ့ရသောအခါ ပုဂံစာအုပ်တိုက် အသိုင်းအဝိုင်းသည် အံ့သြဘနန်း ဖြစ်ခဲ့ရသည်၊ ဘာကြောင့်ဆို မိမိတို့ တတွဲချင်းဆီခွဲ၍ တိုင်းသိပြည်သိ ဘာသာပြန်ဆိုနေတာကို သိသိကြီးနှင့် အခြားသောတယောက်က ယခုကဲ့သို့ တအုပ်ထဲနှင့်အပြီး ဘာသာပြန်ဆို ထုတ်ဝေလာသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏၊ ထိုသို့စာမျက်နှာ လေးထောင်ကျော် ရှည်လျားသည့် ဝတ္တုကြီးကို စာမျက်နှာ ခုနှစ်နရာကျော်ဖြင့် အပြီး ဘာသာပြန်ဆို ထုတ်ဝေလာသည်ကို တွေ့လိုက်ရသောအခါ ကိုချောသည် ပုဂံစာအုပ်တိုက်မှနေ၍ စစ်နှင့်ငြိမ်းချမ်းရေးနှင့် ပတ်သတ်ပြီး ပုဂံစာအုပ်တိုက်၏ ကြေညာချက်ဟုဆိုကာ ဆောင်းပါးရှည်တပုဒ်စာမျှ ရှည်လျားသော စာတပုဒ်ကို စာအုပ်လုပ်ကာ စာဖတ်ပရိတ်သတ်အား အသိပေးခဲ့သည်၊ ယင်းစာထဲ၌ ကိုချောသည် မိမိတို့ ထုတ်ဝေနေတာ သိလျက်နှင့် စည်းမစောင့်ပဲ ယခုကဲ့သို့ ပြုလုပ်ရပါ့မလားဆိုပြီး ပြောဆိုဝေဖန်ကာ စာဖတ်ပရိတ်သတ်အား သတိပေးခဲ့ပါသည်၊
၈၊
ယင်းသို့ ပွဲဆူစေခဲ့သော စစ်နှင့်ငြိမ်းချမ်းရေး စာအုပ်ကြီးကို မြသန်းတင့် ကဲ့သို့ အပြည့်အစုံမပြန်ဆိုပဲ ချုံ့၍ပြန်ဆိုကာ ထုတ်ဝေခဲ့သော ဘာသာပြန်စာရေးဆရာ မောင်နေထွန်းသည် တိုက်တိုက်ဆိုင်ဆိုင်ပင် မြသန်းတင့်နှင့် နှစ်ကြိမ်မျှ ဘာသာပြန်စာအုပ် တအုပ်ထဲကို နှစ်ယောက်အတူ တိုက်ပြန်ခဲ့ဖူးသည်၊ ပထမတအုပ် သည်ကတော့ လူသိရှင်ကြား ပွဲဆူသွားသည့် စစ်နှင့်ငြိမ်းချမ်းရေး ဝတ္တုကြီးဖြစ်ပြီး၊ ဒုတိယ တအုပ်ကတော့ F.Tennyson Jese ၏ The Lacquer Lady ဖြစ်၏၊ ပထမအုပ်ဖြစ်သော စစ်နှင့်ငြိမ်းချမ်းရေး တွင်မူ ဘာသာပြန်ရာ၌ မြသန်းတင့်က စောလေသည်၊ ထုတ်ဝေရာ၌လည်း မြသန်းတင့်က စောလေသည်၊ စစ်နှင့်ငြိမ်းချမ်းရေးဝတ္တု ပထမတွဲကို ပုဂံစာအုပ်တိုက်မှ ၁၉၆၅ ဇူလိုင်လတွင် စတင်ထုတ်ဝေခဲ့သည်၊ ၎င်းကာလတွင်မူ မြသန်းတင့်သည် အပြင်လောကတွင် ရှိမနေတော့ပေ၊ တကျွန်းသို့ ရောက်ရှိနေပြီ။ မောင်နေထွန်းကမူ စစ်နှင့်ငြိမ်းချမ်းရေး ပထမတွဲ ထွက်ရှိပြီး မရှေးမနှောင်းကာလ၊ ထိုနှစ်(၁၉၆၅) ခုနှစ်၊ စက်တင်ဘာလထဲ ရောက်မှသာလျှင် ဘာသာပြန်ဆို ထုတ်ဝေလိုက်ခြင်းဖြစ်သည်၊ မူပိုင်ခွင့် တရားဝင်ဝယ်ယူထားတာ မဟုတ်သည့်အတွက် မည်သူပြန်ပြန် ပြန်ဆိုခွင့်ရရှိသော ဝတ္တုကြီးတပုဒ် ဖြစ်သော်ငြားလည်း စစ်နှင့်ငြိမ်းချမ်းရေးကို ပုဂံစာအုပ်တိုက်မှာ မချုံ့၊ မဖြတ်မတောက်ပဲ အပြည့်အစုံ အတွဲပေါင်းများစွာ ခွဲထုတ်သွားမည်ကို သိရှိထားပုံရသောကြောင့် ဤကဲ့သို့ တပါးသူပြန်နေဆဲ စာအုပ်ကြီးအား အတိုချုံကာ တမင်ပြန်ဆို ထုတ်ဝေလိုက်ပုံရသည်၊ သို့နှင့် ဒုတိယအုပ်ဖြစ်သော Tennyson Jesse ၏ သည်လက်ကား လေဒီ တွင်မူ မောင်နေထွန်းသည် မြသန်းတင့်ထက် ဘာသာပြန်ထုတ်ဝေရာ၌ စောလေသည်၊ စကားစပ်မိ၍ ပြောရရင် တင်နီဆန်၏ အဆိုပါဝတ္တုကိုပဲ ငွေမျှားက အကျဉ်းမျှချုပ်ကာ ပြန်ဆိုဖူးသည်၊ ထားတော့၊ သည် လက်ကား လေဒီကို မောင်နေထွန်းက ယွန်းရုပ်နတ်မယ်ဟူသော အမည်ဖြင့် ၁၉၆၀ ကျော် ကာလလောက်မှာ ဘာသာပြန်ဆိုခဲ့ပြီး မြသန်းတင့်ကတော့ မောင်နေထွန်း ဘာသာပြန်ဆိုပြီး နှစ်ပေါင်း အတော်ကြာ(၁၉၈၇) ရောက်မှသာလျှင် ချစ်သောယွန်းခင်ခင် အမည်ဖြင့် ဘာသာပြန်ဆို ထုတ်ဝေခဲ့ပါသည်၊ ယခုတိုက်ဆိုင်မူတွင်မူ မြသန်းတင့်သည် မောင်နေထွန်းထက် နောက်ကျသော်လည်း သူပြန်ဆိုရေးသားခဲ့သော စစ်နှင့်ငြိမ်းချမ်းရေး ဝတ္တုဖြစ်ရပ်တုန်းကဲ့သို့ မောင်နေထွန်း လုပ်ခဲ့သလိုမျိုး လုပ်ခဲ့ခြင်းမဟုတ်ပေ၊ သူကိုယ်တိုင်က တင်နီဆန် ၏ ၎င်းဝတ္တုကို ကြိုက်နှစ်သက်လွန်းလို့ အကြိမ်ကြိမ် ဖတ်ဖြစ်ခဲ့သည့်အကြောင်းကို သူ့၏ တောင်သမန်းရွှေအင်း စာအုပ်ထဲတွင် ထည့်သွင်းရေးသားထားသည်ကိုတွေ့ရှိရသည်၊
၉၊
ဤကဲ့သို့ တမင်တိုက်ဆိုင်မူ နှစ်ရပ်ဖြင့် ပေါ်ထွက်လာခဲ့သော ဘာသာပြန်ဝတ္တု နှစ်ပုဒ်အနက် ယနေ့ခေတ်တွင်မူ မြသန်းတင့်လို့ ဆိုလိုက်တာနှင့် စစ်နှင့်ငြိမ်းချမ်းရေးကို ပြေးမြင်မိသလို၊ စစ်နှင့်ငြိမ်းချမ်းရေးလို့ ပြောလိုက်တာနဲ့ တော်စတွိုင်းဆိုတာထက် မြသန်းတင့်ကို အရင် သတိရမိတတ်တာမျိုး လောက်အထိ မြသန်းတင့်နှင့် စစ်နှင့်ငြိမ်းချမ်းရေး၊ စစ်နှင့်ငြိမ်းချမ်းရေး နှင့် မြသန်းတင့်သည် ဒင်္ဂါးပြား၏ ခေါင်းနှင့်ပန်းလို ပူးကပ်စွာ တည်ရှိနေခဲ့ပေသည်၊ စစ်နှင့်ငြိမ်းချမ်းလို့ ဆိုလိုက်သည်နှင့် မောင်နေထွန်း ဘာသာပြန်ခဲ့မှန်း တော်ရုံဘယ်သူမှ မသိကြ၊ သိကြသူများတောင် သူဘာသာပြန်ခဲ့သော စစ်နှင့်ငြိမ်းချမ်းရေးကို မဖတ်ချင်ကြတော့၊ ယင်းသို့ ဖြစ်ရခြင်း အကြောင်းအချက်ကို ရှာကြည့်သောအခါ၊ နံပါတ်တစ်အချက် ထိုစဉ်က ပုဂံစာအုပ်တိုက်နှင့် မြစာပေ တိုက်တို့သည် အချင်းချင်း သင့်မြတ်ပုံမရ၊ နံပါတ်နှစ် အမှာစာရေးပေးသူ ရန်ကုန်ဘဆွေကိုယ်၌က ပုဂံစာအုပ်တိုက်တွင် ဝိုင်းဝန်းနေသော စာရေးဆရာများနှင့် သိပ်ပြီးသင့်တင့်ပုံမရ၊ နံပါတ်သုံးအချက်၊ ရန်ကုန်ဘဆွေ၏ အမှာစာအရ စစ်နှင့်ငြိမ်းချမ်းရေး ဘာသာပြန် ဝတ္တုကြီးသည် မောင်နေထွန်း၏ ပွဲဦးထွက်လက်ရာဟု သိရသည်၊ ယင်းသို့စာရေးဆရာ အသစ် ဖြစ်သောကြောင့် မြစာပေတိုက်မှ စာရေးဆရာကိုလည်း ပွဲထုတ်ရင်း၊ ပုဂံစာအုပ်တိုက်ကိုလည်း တဖက်မှ ချောက်ချရင်း စသဖြင့် တချက်ခုတ် နှစ်ချက်ပြတ် ပလန်ဖြင့် ကျင့်ဝတ်မစောင့်ထိန်းပဲ ထုတ်ဝေ ချ လိုက်လေသည်၊ အောင်မြင်ခဲ့လျှင် မောင်နေထွန်းလည်း နာမည်ရမည်၊ စာအုပ်လည်း ရောင်းရမည်၊ စာပေလောကတွင်လည်း စစ်နှင့်ငြိမ်းချမ်းရေးကို ဘာသာပြန်ထုတ်ဝေခဲ့သူဟု ဆိုပြီး လက်မလည်း ထောင်နိုင်မည်၊ မအောင်မြင်ခဲ့ရင် လည်းအရှူံးမရှိပေ၊ ပုဂံစာအုပ်တိုက်ကို ကန့်လန့်ပြီးသားဖြစ်မည်၊ နစ်နာစရာရှိ ဘာသာပြန် စာရေးဆရာသာ နစ်နာမည်၊ နာမည်ပျက်စရာရှိ မောင်နေထွန်းသာ နာမည်ပျက်မည်၊ စာအုပ်တိုက်က နာမည်ပျက်စရာမရှိပေ၊ ဘာကြောင့်ဆို ပြန်ဆိုတဲ့လူရှိလို့ ထုတ်ဝေတာဟု ဘာသာပြန်စာရေးဆရာ အပေါ် လွဲချလိုက်လို့ရသည်၊ ဤကဲ့သို့ ကလိမ့်စေ့ငြမ်းဆင်ပြီး ဖြတ်စားလာဘ်စား စာရိတ္တများဖြင့် ထုတ်ဝေခဲ့သော်လည်း မောင်နေထွန်း၏ စစ်နှင့်ငြိမ်းချမ်းရေးမှာ မရောင်းရပေ၊ ထိုအပြင် ထိုခေတ်က လူများပင် ၎င်းစာအုပ်ထွက်ခဲ့သည် ဆိုတာကို မသိကြ၊ ယနေ့ခေတ်လူများဆိုရင်တော့ ပိုဝေးပေါ့။
၁၀၊
ယင်းသို့ မြစာပေတိုက်မှ စစ်နှင့်ငြိမ်းချမ်းရေး ဘာသာပြန်စာအုပ်ကြီးကို ထုတ်ဝေလိုက်သောအခါ ပုဂံစာအုပ်တိုက်သည် စာတစောင် ပေတတန်ထုတ်ပြီး စာဖတ်ပရိတ်သတ်များအား အသိပေးခဲ့သည်၊ ကံကောင်းတာလား ဘာသာပြန်စာရေးဆရာ မြသန်းတင့်၏ ကြိုးစားအားထုတ်မူနှင့် ထုတ်ဝေသူ ကိုချောတို့၏ စွန့်စားရဲသည့် သတ္တိကြောင့်လောမသိ၊ မြစာပေမှ ထုတ်ဝေသော စစ်နှင့်ငြိမ်းချမ်းရေး သည် မရောင်းရ၊ လူလည်းမသိကြ၊ မြသန်းတင့်ဘာသာပြန်ပြီး ပုဂံမှထုတ်ဝေသော စစ်နှင့်ငြိမ်းချမ်းရေး ကတော့ အစောပိုင်း အတွဲများတွင် လပိုင်းသာခြား၍ အုပ်ရေသုံးထောင် နှစ်ကြိမ်ဆီမျှ ပြန်ရိုက်ရသည့်အထိ အောင်မြင်ခဲ့သည်၊ သို့နှင့် ပုဂံစာအုပ်တိုက်မှ ထုတ်ဝေပြီး ခြောက်နှစ်ကျော်ကြာပြီးမှ ထွက်လာသည့် စစ်နှင့်ငြိမ်းချမ်းရေး ဝတ္တုကြီး၏ ကိုး၊ တဆယ်၊ ဆယ့်တစ်၊ ဆယ့်နှစ် အတွဲများသည် ယနေ့အချိန်တွင်မူ အဟောင်းဈေးကွက် ထဲတွင် အင်မတန်မှ ရှားပါးဖြစ်နေသည်၊ ဤသို့ဖြစ်ရခြင်းမှာ ယင်းအတွဲများကို အုပ်ရေအနည်းငယ်သာ ရိုက်နှိပ်ခဲ့သောကြောင့် ဖြစ်သည်၊ ဒီအကြောင်းနှင့်ပတ်သတ်ပြီး တချို့သိမှီလိုက်သူများ အဆိုအရ တော်လှန်ရေးကောင်စီ လက်ထက်တွင် စက္ကူရှားပါးမှု ပြသနာကြောင့် အုပ်ရေအနည်းငယ်သာ ထုတ်ဝေခဲ့ရခြင်းဖြစ်သည်ဟု ကြားသိရသည်၊ မည်သို့ပင်ဖြစ်စေ ယနေ့ယခု အချိန်အခါတွင်မူ ကျနော်တို့သည် ကမ္ဘာ့နိုင်ငံတိုင်းတွင် ဘာသာပြန်မရှိသေးသည့် ကမ္ဘာ့ဂန္တဝင်ဝတ္တုကြီး တပုဒ်ဖြစ်သော စစ်နှင့်ငြိမ်းချမ်းရေး ဝတ္တုရှည်ကို မြသန်းတင့်၏ လုံ့လဝီရိယ ကြိုစားအားထုတ်မူ၊ ပုဂံစာအုပ်တိုက်ပိုင်ရှင် ကိုချော၏ စွန့်စားသော စိတ်ထားရှိမူ၊ စာပေအပေါ်ချစ်မြတ်နိုးသော စိတ်ထားရှိမူ၊ တို့ကြောင့် ငွေကျပ်အသပြာ နှစ်သောင်းဝန်းကျင် ရှိရုံဖြင့် ဖတ်ရှူခွင့်ရနိုင်နေလေပြီ၊ အကယ်၍သာ မြစာပေမှ ထုတ်ဝေသော စာအုပ်ကြောင့် ကိုချောက စိတ်ပျက်ပြီး ဆက်မထုတ်ဖြစ်ခဲ့ပါမူ၊ လက်ရေးနဲ့ ပြန်ကူးရေးရင်တောင် နှစ်နဲ့ချီပြီး ကြာမြင့်သွားနိုင်သည့် ဝတ္တုရှည်ကြီးကို မြသန်းတင့်သာ ဇွဲမကောင်းခဲ့ပါမူ၊ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ထိုခေတ်ထိုအခါမှာ ဒီဝတ္တုကြီးဟာ အရှင်လေးမမွေးပဲ တဝက်တပျက်နဲ့ သားလျှော ပျက်ကျသွားခဲ့ပါမူ၊ ယနေ့အချိန်အခါတွင် ကျနော်တို့သည် လူလားမြောက်နေပြီဖြစ်သော စစ်နှင့်ငြိမ်းချမ်းရေးဝတ္တုကြီးကို ပေါင်းဖက်ခွင့်၊ ဆိုးတူကောင်းဘက် ဆွေးနွေးဖော် ဆွေးနွေးဖက်အဖြစ် ရွေးချယ်ခွင့်ရရှိခဲ့မည် မထင်ပါ၊ ဒါကြောင့် စစ်နဲ့ငြိမ်းချမ်းရေးကို မြင်တိုင်း ဘာသာပြန်သူ မြသန်းတင့်နှင့် ထုတ်ဝေခဲ့သူ ပုဂံကိုချောတို့၏ ကျေးဇူးကို အစဉ်အောက်မေ့ သတိရမိခြင်းအလိုငှာ ယခုကဲ့သို့ စစ်နှင့်ငြိမ်းချမ်းရေး ရှာပုံတော်ခရီးကို ဖွင့်လှစ် လိုက်ရပါကြောင်း....
Ps . အချက်အလက်များ အမှားအယွင်းတစုံတရာ ပါရှိခဲ့ပါက စာရေးသူ မိမိ၏ ညံ့ဖျင်းမူကြောင့်သာ ဖြစ်ပါသည်။
ကွိုင်
အေဒီ ၂၀၁၉
နိုဝင်ဘာ ၂၉ ရက်
သောကြာနေ့၊ နံနက်၊ ၂ နာရီ ဆယ်သုံးမိနစ်၊လေးအတွင်း

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။