Fathers and Sons - Ivan Turgenev - ဖအေနှင့် သား - ဘုန်းမြင့် [မန္တလေး] မြန်မာပြန် - Book Review
ဘုန်းမြင့် [မန္တလေး] [မြန်မာပြန်သည်]
ဖအေနှင့် သား
Fathers and Sons
Ivan Turgenev
Review By Wilhelm Volkov
“အရည်အချင်းပြည့်ဝတဲ့ ဆေးစပ်ဓာတုဗေဒသမား တယောက်ဟာ ကဗျာဆရာ တဒါဇင်လောက်ထက် ပိုအသုံးဝင်ပါတယ်"
-ယဲ့ဗ်ဂနီဗက်စီလ်ယဲဗစ်ချ်ဘာဇရော့ဗ် (ဖအေနှင့် သား ဝတ္ထုမှ)
ရုရှစာရေးဆရာကြီး အိုင်ဗန် တူရဂေးညက် (Ivan Turgenev) ရေးသားခဲ့ပြီး ၁၈၆၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ဖအေနှင့်သား ဝတ္ထုဟာ ဆယ့်ကိုးရာစု ရုရှားစာပေလောကမှာတင် မကဘဲ ကမ္ဘာ့စာပေသမိုင်း၊ အင်တယ်လက်ကျူရယ် သမိုင်း နဲ့ ရုရှနိုင်ငံသမိုင်း မှာပါ အရေးပါတဲ့ မာစတာပိစ့်လက်ရာတခု ပါ။
ခရိုင်းမီးယားစစ်ပွဲ(၁၈၅၃-၅၆) အပြီး စစ်ရှုံးခဲ့တဲ့ ရုရှနိုင်ငံဟာ ဒုတိယမြောက် အလက်ဇန်းဒါးဘုရင် လက်ထက်မှာ လစ်ဘရယ်ပြုပြင်ပြောင်းလဲမှုတွေ စ လုပ်ခဲ့ပါတယ်။ အဲ့ဒီထဲက အထင်ရှားဆုံးကတော့ ၁၈၆၁ ခုနှစ်မှာ မြေကျွန်စနစ်ကို ဖျက်သိမ်းခဲ့တာပါပဲ။ အဲ့ဒီမှာ ၁၈၄၀ ခုနှစ် လစ်ဘရယ် ပြုပြင်ပြောင်းလဲသမားတွေနဲ့ ၁၈၆၀ ခုနှစ် နတ္ထိကဝါဒီ ရက်ဒီကယ်တွေရဲ့ကြားက သဘောတရားရေး အကွဲအပြဲတွေကို ဖအေနဲ့သားဝတ္ထုက သင်္ကေတ သရုပ်ဖော်ကျူးတာလည်း ဖြစ်ပါတယ်။ ဇာဘုရင် ဒုတိယမြောက် အလက်ဇန်းဒါး ရဲ့ ပြုပြင်ပြောင်းလဲရေး တွေက ရက်ဇ်နိုချင်ဇီ လို့ခေါ်တဲ့ ပညာတတ်လူတန်းစားတရပ်ကို ပေါ်ထွန်းစေခဲ့ပါတယ်။ သူတို့ကတော့ ရုရှနတ္ထိကဝါဒီတွေပါပဲ။ သူတို့ကိုယ်သူတို့ လူသစ်တွေ၊ ခြောက်ဆယ်ခုနှစ်ရဲ့ သားတွေလို့ ခေါ်ကြပါတယ်။
"လူသစ်" ၆၀ခုနှစ်မျိုးဆက်ဟာ ဂျာမန်ဒဿနပညာရှင်ဖျူဝါဘတ်၊ ဟေဂယ်ရဲ့ ဒိုင်ယာလက်တစ်၊ ဗြိတိသျှ လက်တွေ့အကျိုးမျှော်ဝါဒ Utilitarianism ရဲ့လွမ်းမိုးမှုတွေခံခဲ့ရပြီး ဆင်ခြင်တုံအတ္တဝါဒ တမျိုးကို မွေးထုတ်ခဲ့ ပါတယ်။ အဲ့ဒါကတော့ တူရဂေးညက်ရဲ့ ဖအေနဲ့သား ဝတ္ထုထဲက ဇာတ်လိုက်ကျော် ဘာဇာရော့ဖ် ကိုင်စွဲတဲ့ Nihilism နတ္ထိက ဝါဒပါပဲ။ အဲ့ဒီပညာတတ် လူတန်းစားရက်ဒီကယ်ဟာ လစ်ဘရယ် ပြုပြင်ပြောင်းလဲရေး gradual reform တွေကို အားမလိုအားမရ မကျေမနပ်ဖြစ်ပြီး ၁၈၄၀ မျိုးဆက် လစ်ဘရယ်စိတ်ဝါဒီရိုမန်တစ် သမားတွေ (အဲ့ဒီထဲမှာ တူရဂေးညက် ကိုယ်တိုင်လည်းပါ) ကို ပြင်းပြင်းထန်ထန်ဝေဖန်တာတွေလုပ်ခဲ့ပါတယ်။ ရုရှ စာပေဝေဖန်ရေးသမား၊ ဂျာနယ်လစ်၊ နတ္ထိကဝါဒီ၊ တွေးခေါ်ရှင် ဒီမီထရီပီထယဲ့ ဟာ ဖအေနဲ့သား ဝတ္ထုရဲ့ ဇာတ်လိုက် ဘာဇာရော့ဗ်ပါပဲ။
သမိုင်းအရ Nihilism နတ္ထိကဝါဒ ဆိုတာက လက်တင်ဘာသာ Nihil (နီးဟလ်လ်) ဗလာနတ္ထိက ဆင်းသက်ပြီး ဘယ်အရာမှအဓိပ္ပာယ်မရှိ၊ ဘဝဆိုတာ အဓိပ္ပာယ်မရှိ၊ ကိုယ်ကျင့်တရားစံတွေက ဒိဌအမှန်တရားမရှိ စသဖြင့် ရှူမြင်တဲ့ အတွေးအခေါ်အစုအပေါင်းကို ခေါ်တာပါ။ နတ္ထိကအမြင်တွေက ရှေးဂရိ တွေးခေါ်ရှင် သံသယဝါဒီဖြစ်တဲ့ ဖီယိုး Pyrrho of Elis ဆီက မြစ်ဖျားခံပါတယ်။
သိမှုဆိုင်ရာ၊ ဖြစ်တည်မှုဆိုင်ရာ၊ တက္ကဗေဒဆိုင်ရာ ကိုယ်ကျင့်တရားဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ (Epistemological, Moral, Political, Existential, Metaphysical Nihilism) စသဖြင့် နတ္ထိကဝါဒ မျိုးစုံရှိပါတယ်။ နတ္ထိကဝါဒ Nihilism လို့ဆိုကြရာမှာ အများစုက သိစိတ်ရှိတဲ့ လူသားရဲ့ ဘဝဟာ ဒိဌအနှစ်သာရမရှိ၊ ဗဟိဒ္ဓအဓိပ္ပာယ်မရှိလို့ တွေးခေါ်တဲ့ Existential Nihilism ကို ရည်ညွှန်းကြတာ များပါတယ်။ ဝေါဟာရအနေနဲ့ ဂျာမန်ဒဿနပညာရှင်အင်မနျူရယ် ကန့်ရဲ့ ရုပ်လွန်စိတ်ဝါဒ Transcendental Idealism ကို မကောင်းတဲ့အမြင်နဲ့ ကိုယ်စားပြုဖို့ ဖရီ့ဒရစ်ယာကိုဘီ (Friedrich Jacobi) က စတင် သုံးခဲ့တဲ့ ဝေါဟာရပါ။ တူရဂေးညက်ရဲ့ ဝတ္ထုဟာ Nihilism ဆိုတဲ့ဝေါဟာရကို ကမ္ဘာ့သမိုင်းမှာ လူအများသိအောင် popularize လုပ်ခဲ့တဲ့ စာအုပ် တအုပ်ပါ။ ဒါပေမဲ့ စောနက ပြောသွားတဲ့ ဒဿနိက နတ္ထိကဝါဒတွေထဲ ဖအေနဲ့သား ဝတ္ထုထဲက ဘာဇာရော့ဗ်ရဲ့ နတ္ထိကဝါဒဟာ နိုင်ငံရေးဆိုင်ရာ နတ္ထိကဝါဒ၊ ရုပ်ကြမ်းသိပ္ပံဝါဒ တမျိုးနဲ့ ပိုဆင်တူပါတယ်။ တည်ရှိဆဲ နိုင်ငံရေး လူမှုရေးအဆောက်အအုံတွေ၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ စံနူန်းတွေ၊ အနုရသခံစားမှုတွေအကုန် ငြင်းပယ်ကာ ဆင်ခြင်တုံတရား၊ အကျိုးရှိမှုနဲ့ သိပ္ပံ ကိုကိုးစားပြီး အခြေခံက တော်လှန်ပြောင်းလဲ လိုတာကြောင့်ပါပဲ။ ရုရှမှာ နတ္ထိကဝါဒီလှုပ်ရှားမှု ဟာ ၁၈၆၀ ကနေ ဘော်လ်ရှီဗစ်တော်လှန်ရေး ဖြစ်တဲ့ ၁၉၁၇ အထိ ရှင်သန်နိုင်ငံရေးလှုပ်ရှားမှုအမျိုးမျိုးကို လွမ်းမိုးခဲ့ပြီး စာပေ၊ ယဉ်ကျေးမှုကို တောက်လျှောက် ဩဇာကြီးခဲ့ပါတယ်။
ဖအေနှင့်သား ဝတ္ထုမှာ ၁၈၅၉ ခုနှစ်ဝန်းကျင် ရုရှားနိုင်ငံရဲ့ ရက်ဒီကယ်အချိုးအကွေ့ကာလကို နောက်ခံထား ထားပါတယ်။ တက္ကသိုလ်ပြီးလို့ အာကာဒီရဲ့ ကျေးလက်အိမ်ကိုပြန်လာတဲ့ လူငယ်တွေဖြစ်တဲ့ အာကာဒီခါရှာနော့ဗ် နဲ့ သူ့ရဲ့ဆရာလည်းဖြစ်၊ သူငယ်ချင်းလည်းဖြစ်တဲ့ ဘာဇာရော့ဗ် တို့ရဲ့ အမြင်တွေက ရှေးရိုးစွဲတွေဖြစ်တဲ့ အာကာဒီရဲ့ ဖခင် နီကိုလိုင်နဲ့ ဦးလေးပါဗယ် ဖြစ်သူတို့နဲ့ ဘယ်လို ထိပ်တိုက် တွေ့ကြသလဲဆိုတာကို ဇာတ်အိမ်တည် ရေးဖွဲ့ထားတာပါ။
ဇာတ်လိုက် ဘာဇာရော့ဗ်ဟာ ဘာသာရေး၊ အနုပညာ၊ အချစ်နဲ့ မိသားစု စတဲ့ အစဉ်အလာ ရိုးရာတန်ဖိုးတွေနဲ့ ရိုမန့်တစ်ဆန်ဆန်တန်ဖိုးတွေ၊ ခံစားချက်တွေကို အဓိပ္ပာယ်မရှိတဲ့အရာတွေ တထစ်ချ လို့ သတ်မှတ်ပါတယ်။ သူ ဟာ ဘယ်လိုအာဏာပိုင် ဒါမှမဟုတ် အစဉ်အလာကိုမှ အထူးတလည် အလေးမထားဘဲ၊ အရာရာကို သိပ္ပံနည်းကျ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိရမယ် လို့ဟု ယူဆထားသူဖြစ်ပါတယ်။ သူ့အတွက် သိပ္ပံနည်းကျ အထောက်အထားမရှိသော ဘယ်လို အရာမဆို (အနုပညာ၊ ဘာသာရေး၊ စိတ်ကူးယဉ်အချစ်၊ လူမှုရေးစံနူန်း၊ ကျင့်ဝတ်စံ) စတဲ့ တန်ဖိုးတွေနဲ့ ရိုမန်တစ်ဆန်ဆန် ခံစားချက်တွေ အားလုံးကို အလဟဿလို့ ယူဆပါတယ်။ "အချစ်" ဆိုတာ ဓာတုဗေဒ တုံ့ပြန်မှုတစ်ခုသာပဲလို့ ဘာဇာရော့ဗ်က ရုပ်ကြမ်းဆန်ဆန် ရှူမြင်ပြီး ရိုမန့်တစ် လှုပ်ရှားမှုအတွေးအခေါ်တွေကို ပျစ်ပျစ်နှစ်နှစ် ဝေဖန်လေ့ရှိပါတယ်။ ဒါပေမဲ့ ဘာဇာရော့ဗ်ဟာ ဝတ္ထုထဲမှာပဲ သူ့ဒဿနကို စိန်ခေါ်ခံရတဲ့ အဖြစ်တွေဖြစ်ခဲ့ပါတယ်။ လူသားရဲ့ မေတ္တာဆာလောင်မှုကို သူ့ရဲ့ယန္တရားရုပ်ကြမ်းဝါဒက မကျော်လွန်နိုင်ခဲ့ပါဘူး။ တခြားရုရှနတ္ထိကဝါဒီ ပညာရှင်တွေနဲ့ မတူတာက တူရဂေးညက်ဟာ ဘာဇာရော့ဗ်ကို စံဇာတ်ဆောင် (Hero) တစ်ယောက် အနေနဲ့တင်မကဘဲ သူ့ရဲ့ အတွေးအခေါ်တွေကြောင့် ဖြစ်လာတဲ့ လူသားဆန်တဲ့ အားနည်းချက်တွေ၊ ဝေခွဲမရမှုတွေကိုပါ ထည့်သွင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။ တခြားတော်လှန်ရေးသမားတွေက နတ္ထိကဝါဒကို နိုင်ငံရေး အတွေးအခေါ်လက်နက် အဖြစ်ပဲ မြင်ပေမဲ့ တူရဂေးညက်ကတော့ ဒါကို လူသားတို့ရဲ့ ဖြစ်တည်မှုဆိုင်ရာ ပဋိပက္ခတစ်ခုအဖြစ် ပိုပြီးတော့ အနုပညာဆန်ဆန် ပုံဖော်ခဲ့ပါတယ်။ ဒီလိုလူသားအခြေအနေရဲ့ ပျော့ကွက်ကို ထောက်ပြနိုင်တာဟာ တူရဂေးညက်ရဲ့မှော်ပါပဲ။ အခုလို ထက်မြက်တဲ့ တူရဂေးညက်ရဲ့ ကလောင်ကြောင့် နီယိုလစ်ဘရယ် Ayn Rand တို့လို ရက်ဒီကယ် ကြွေးကြော်ရေး၊ အတုံးလိုက် အတစ်လိုက်ဝါဒဖြန့် ဝတ္ထုမဖြစ်သွားဘဲ ထင်ရှားတဲ့ ရုရှဂန္တဝင်စာပေ ဖြစ်လာခဲ့ပါတော့တယ်။
ဘာဇရော့ဗ်ရဲ့ဆင်ခြင်တုံ၊ သူ့ရဲ့ မွေးရာပါလူသားအားနည်းချက် နဲ့ စပ်ဆက်တဲ့ ဇာတ်အလှည့်အပြောင်း တွေဟာ ရုရှား နတ္ထိက ဝါဒရဲ့ အကန့်အသတ်တွေကို တူရဂေးညက်ရဲ့ မီးမောင်းထိုးဝေဖန်ချက်တွေပါ။ ပြီးတော့ ဒါဟာ တူရဂေးညက် ကိုယ်တိုင် လစ်ဘရယ်ဝါဒ ကောက်ချက်ဖြစ်ပြီး ဇာတ်သိမ်းက အဆုံးစွန် နတ္ထိက မဆန်ဘဲ လစ်ဘရယ် restorative အမြင် ဖြစ်ပါတယ် လည်းဖြစ်ပါတယ်။ ဒီဝတ္ထုမှာ ကျွန်တော်တို့ ယနေ့ခေတ်ထိ ကိုယ်ချင်းစာနိုင်နေဆဲဖြစ်တဲ့ မျိုးဆက်နှစ်ခုကြားက ကွာဟချက်တွေ၊ အတွေးအခေါ် ရှုပ်ထွေးမှုတွေ၊ ထိပ်တိုက်တွေ့မှုတွေကို အထင်အရှား မြင်နိုင်ပါတယ်။ ရုရှသရုပ်မှန်ရေးဖွဲ့မှုရဲ့ စံ ဝတ္ထုတခုလို့ ပြောရမယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။
ဖအေနှင့်သားများ ဝတ္ထု မှာ ခေတ်ဟောင်းနဲ့ ခေတ်သစ်ကြား၊ မျိုးဆက်သစ် နဲ့မျိုးဆက်ဟောင်းကြား က အားပြိုင်မှု စတဲ့ ခေတ်တိုင်း မျိုးဆက်တိုင်းရဲ့ ခံစားချက်တွေ၊ ပဋိပက္ခတွေကို အင်မတန် ရိုးသားစွာ တင်ပြထားတဲ့အတွက် ရလဒ်ကတော့ စာအုပ်ထွက်လာတဲ့အခါ နှစ်ဖက်စလုံးက တူရဂေးညက်ကို အပြင်းအထန် တိုက်ခိုက်ကြတော့တာပဲ။ တူရဂေးညက်ရဲ့ ပရိတ်သတ်တွေလည်း အတော်လျော့သွားတယ်။ လစ်ဘရယ်ကွန်ဆာဘေးတစ် လူကြီးတွေက "ငါတို့ကို ဒီလောက် ရိုင်းစိုင်းတဲ့ လူငယ်တွေနဲ့ နိူင်းယှဉ်ရမလား" ဆိုပြီး စိတ်ဆိုးကြသလို၊ လူငယ်တွေကလည်း "ငါတို့ကို ဘာဇာရော့ဗ်လို နှလုံးသားမရှိတဲ့သူတွေအဖြစ် ပုံဖျက်ရမလား" ဆိုပြီး ဒေါသထွက်ခဲ့ကြတယ်။ ရုရှမင်းမဲ့ဝါဒီ ပီတာခရိုပေါ့ကင်က ဘာဇရော့ဗ် ရဲ့ progressive ဖြစ်မှုနဲ့ လေးစားလောက်စရာ ဆင်ခြင်တုံကို ချီးကျူးခဲ့ပေမဲ့ နှလုံးသားနဲ့ တာဝန်မဲ့မှုကို ဝေဖန်ခဲ့ပါတယ်။ ဒီမီထရီပီဆယဲ့ကလည်း အဖေနဲ့သားဝတ္ထုကို ဝေဖန်ရေးစာတမ်းရေးကာ ရုရှနတ္ထိကဝါဒ မွေးဖွားမှုကို အောင်ပွဲခံခဲ့ပါတယ်။ အဲ့ဒီစာတမ်းဟာ အဖေနဲ့သားဝတ္ထုနီးနီးကျော်ကြားခဲ့လို့ ဘာဇရော့ဗ်ဝါဒဆိုတဲ့ ရုပ်ဝါဒအမြင်တရပ်ပေါ် လာခဲ့ပြီး ရုရှပြည် ရက်ဒီကယ်တော်လှန်ရေးသမား တွေရဲ့ ဇာဘုရင်ဆန့်ကျင်ရေး အတွေးအခေါ်လက်နက် ဖြစ်လာပါတော့တယ်။
စာရေးဆရာကြီး အိုင်ဗန် တူရဂေးညက် (၁၈၁၈-၁၈၈၃) ကို ရုရှားနိုင်ငံ၊ အိုယောလ် (Oryol) မြို့က ချမ်းသာတဲ့ မြေပိုင်ရှင် တော်ဝင်မျိုးရိုးကြီးကနေ မွေးဖွားခဲ့တယ်။ သူဟာ ရုရှားနိုင်ငံကို အနောက်ဥရောပလို ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ လစ်ဘရယ် Westernizer တဦး ဖြစ်ပါတယ်။ သူ့ရဲ့ ရေးဟန်တွေဟာ ပြတ်သားပြီး ရိုးရှင်းတဲ့အပြင် သဘာဝအလှအပကို ဖော်ပြရာမှာ အလွန်ထူးချွန်ပြီး တော်လ်စတွိုင်း၊ ချာနီယဲ့စကီးတို့လိုရုရှ နတ္ထိက ဝါဒီတွေ၊ ဒေါ့စတိုယက်စကီး လိုဆန့်ကျင်သူတွေအပြင် နရောနစ်တွေ၊ တော်လှန်ရေးသမား ရက်ဒီကယ်တွေ၊ မင်းမဲ့ဝါဒီတွေ၊ လီနင်တို့လို ဘော်လ်ရှီဗစ်တွေအထိပါ လွမ်းမိုးမှုကြီးခဲ့သူပါ။ ဒေါ့စတိုယက်စကီးရဲ့ ပြစ်မှုနှင့်ပြစ်ဒဏ် ဝတ္ထုရှည်ကို ဘာဇရော့ဗ်လို နတ္ထိကဝါဒီတွေကို ဝေဖန်ထိုးနှက်ချက် လည်းဖြစ်ပါတယ်။ တော်လ်စတွိုင်းရဲ့ စစ်နဲ့ငြိမ်းချမ်းရေး၊ အင်နာကရင်နီနာမှာ တောင် တူရဂေးညက်ရဲ့ အငွေ့အသက်တွေရှိနေပါတယ်။
နောက်ပိုင်းမှာ ဘာဇာရော့ဗ်ဇာတ်ကောင်ဟာ ပထမဆုံးဘော်လ်ရှီဗစ်ဝါဒီအဖြစ် အမွှန်းတင်ခံခဲ့ရပါတယ်။ (ဒီဇာတ်ကောင်ကို ၆၀ခုနှစ်မျိုးဆက်ကို အမွှန်းတင်တာလား ဒါမှမဟုတ် လှောင်ပြောင်တာလား စသဖြင့် ငြင်းခုန်သံတွေလည်း ညံခဲ့ပါတယ်။)ဝတ္ထုထဲက တူရဂေးညက်ရဲ့ လစ်ဘရယ်ကောက်ချက်ကို အဲ့ဒီအချိန်က ထောင်ကျ နေခဲ့တဲ့ ရုရှနတ္ထိကဝါဒီ ချာနီယဲ့စကီးက ဝေဖန်ချက် အစား ဘာလုပ်ကြမလဲ စာအုပ်နဲ့ တုံ့ပြန်ခဲ့သလို လီနင်က လည်း နာမည်တူတအုပ်ရေးကာ ဘော်လ်ရှီဗစ်တော်လှန်ရေးကို ဆက်ဆင်နွှဲခဲ့ပြီး ဆိုဗီယက်ယူနီယံကို ထူထောင်ခဲ့ပါတယ်။
တူရဂေးညက်ဟာ ရုရှားစာရေးဆရာတွေထဲမှာမှ အနောက်တိုင်းဆန်ဆုံး (အတိအကျပြောရရင် ပြင်သစ်အဆန်ဆုံး) နဲ့ ဖက်ရှင်အကျဆုံး။ ပြင်သစ်ရေမွှေးတွေ၊ ဥရောပတိုက်ဝတ်စုံတွေကို ကျကျနန ဝတ်ဆင်လေ့ရှိပြီး ရုရှားနိုင်ငံရဲ့ နောက်ကျကျန်နေတဲ့ အခြေအနေတွေကို လစ်ဘရယ်ဆန်ဆန် အမြဲ ပြောင်းလဲချင်နေခဲ့ သူတယောက်ပါ။ သူ့ရဲ့ နာမည်ကျော် "A Sportsman's Sketches" ဝတ္ထုတိုစာအုပ်ဟာ ရုရှားနိုင်ငံက လယ်ကျွန်စနစ် ဖျက်သိမ်းရေးအတွက် တွန်းအားကြီးကြီးဖြစ်ခဲ့တာပါ။ အဖေနှင့်သားဝတ္ထုထဲက ဇာတ်ကွက်တွေအတိုင်း အဖြစ်အပျက်တွေလည်း တူရဂေးညက်မှာဖြစ်ခဲ့ပါတယ်။ နတ္ထိကဝါဒီတဦးလည်းဖြစ်၊ ရုရှစာပေ အကျော်အမော်လည်း ဖြစ်တဲ့စာရေးဆရာကြီး တော်စတွိုင်း နဲ့ တူရဂေးညက်ဟာ သူငယ်ချင်းတွေ ဖြစ်ဖူးပါတယ်။ ဒါပေမဲ့ အဖေနှင့်သား ဝတ္ထုမူကြမ်းကို တူရဂေးညက်က တော်စတွိုင်းကိုပေးခဲ့ပြီး သဘောတရားချင်း မတိုက်ဆိုင်တာနဲ့ တော်စတွိုင်းညီမကို တူရဂေးညက်က ရိသဲ့သဲ့လုပ်ဖူးတာရောကြောင့် တခါမှာ တော်စတွိုင်းက တူရဂေးညက်ကို ၁၈၆၁ ခုနှစ်မှာ သေနတ်ချင်းယှဉ်ပစ်ဖို့ စိန်ခေါ်ခဲ့ဖူးပါတယ်။ ကံကောင်းလို့သာ ပွဲပျက်ပြီး သူတို့နှစ်ယောက်လုံး အသက်ရှင်ခဲ့တာပါ။ သူတို့ဟာ ၁၇ နှစ်ကြာအောင် စကားမပြောဘဲ နေခဲ့ကြပါတယ်။ ဇာဘုရင် ဆင်ဆာစနစ်ကြောင့် ချာနီယဲ့စကီး၊ ဒိုရိုလျူဘော့၊ ပီဆယဲ့ စတဲ့ ရုရှနတ္ထိကဝါဒီတွေလို ကြေညာစာတမ်းတွေ တိုက်ရိုက်မရေးဘဲ စာပေကိရိယာနဲ့ သွယ်ဝိုက်ဖော်ပြခဲ့ပေမဲ့လည်း အဖေနှင့်သားဝတ္ထုရဲ့ ဂယက်ကြောင့် တူရဂေးညက် ဟာ သူ့ဘဝရဲ့ အချိန်အတော်များများကို ဥရောပမှာ ကုန်ဆုံးခဲ့ရပြီး ၁၈၈၃ ခုနှစ်မှာ ပြင်သစ်နိုင်ငံမှာ ကွယ်လွန်ပါတယ်။ သူဟာ ရုရှားစာပေကို အနောက်နိုင်ငံသားတွေ သဘောပေါက်အောင် ပထမဆုံး မိတ်ဆက်ပေးခဲ့သူလို့လည်း သတ်မှတ်ခံခဲ့ရပါတယ်။ အဖေနဲ့သား ဝတ္ထုဟာ ဘာသာဗေဒအရ ရုရှစာပေသမိုင်းမှာ ပထမဆုံးခေတ်သစ် ဝတ္ထုတခုလည်း ဖြစ်ပါတယ်။ အဟောင်းနဲ့အသစ်၊ အအိုနဲ့အပျို၊ တိုးတက်မှုနဲ့ရှေးရိုးစွဲ အတွေးအခေါ်တွေ လွန်ဆွဲမှုကို သရုပ်မှန်ပညာနဲ့ တိတိပပ ဖော်ပြထားပြီး သမိုင်းတလျှောက် လွမ်းမိုးမှုကြီးခဲ့တဲ့ ရုရှ ဂန္ထဝင်ဝတ္ထုတပုဒ်အနေနဲ့ ပထမဆုံး ဖတ်သင့်တဲ့ ဝတ္ထုပြပါဆိုရင် အဲ့ဒါဟာ တူရဂေးညက်ရဲ့ ဖအေနှင့်သား ဝတ္ထု ပဲဖြစ်မှာပါပဲ။
Wilhelm Volkov

Download link မရှိပါ
ReplyDeleteReview ပဲ ရေးထားတာပါ။
Delete