လေထန်ကုန်း - ကျော်လှိုင်ဦး
လေထန်ကုန်း
ကျော်လှိုင်ဦး
ဂန္ထဝင်မိတ်ဆက်
( ၁ )
လေထန်ကုန်းသည် အင်္ဂလိပ် စာရေးဆရာမ အယ်မီလီ ဗရွန်တီ၏ ဝူးသရင်းဟိုက် ( Wuthering Heights) ဝတ္ထုကို ဘာသာပြန်ထားသော ဝတ္ထုဖြစ်ပါသည်။
ဝတ္ထု၏နောက်ခံသည် အင်္ဂလန်ပြည်မြောက်ပိုင်း ယောရွှိုင်းယားဒေသ ရာသီဥတုပြင်းထန်သော တောင်ကုန်းနယ်မြေကို နောက်ခံပြုထားခြင်း ဖြစ်သည်။ ထိုဒေသရှိ လေထန်ကုန်းဟု အမည်ပေးထားသော အိမ်ကြီးတအိမ်မှ အိမ်သားများ အကြောင်းကို အခြေခံထား၏။ ဝတ္ထုနောက်ခံဒေသ၏ ရာသီဥတု ပြင်းထန်မှုသည် လေထန်ကုန်းအိမ်ကြီးမှ ဖြစ်ရပ်များကို ထင်ဟပ်နေဘိသကဲ့သို့ ရှိ၏။ တနည်းဆိုရသော် ရာသီဥတု ထိုင်းမှိုင်းခြင်း၊ ပြင်းထန်ခြင်းတို့သည် ဝတ္ထုပါ ဇာတ်ဆောင်များ၏ စရိုက်ကို ထင်ဟပ်နေဘိသကဲ့သို့လည်း ရှိ၏။ အထူးသဖြင့် အဓိက ဇာတ်ဆောင် ဟိကလစ်၏ စရိုက်သည် လေထန်ကုန်း အိမ်ကြီး၏သရုပ်၊ ထိုအိမ်ကြီးတည်ရာဒေသကို ကိုယ်စားပြုနေသယောင်လည်း ရှိလေသည်။
ထို့ကြောင့် ဤဝတ္ထုကို ဘာသာပြန်ရာတွင် လေထန်ကုန်း ဟူသောအမည်ကို တိုက်ရိုက်ဘာသာပြန် အသုံးပြုခြင်း ဖြစ်ပါသည်။
( ၂ )
လေထန်ကုန်း မူရင်းဝတ္ထုကို ၁၈၄၇ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ ပထမအကြိမ် စတင် ထုတ်ဝေခဲ့သည်။ ခေတ်အဆက်ဆက် ဂန္ထဝင်ဝတ္ထုတပုဒ်အဖြစ် ထင်ရှားသည်။ ထို့ကြောင့် အကြိမ်ကြိမ်ပုံနှိပ် ထုတ်ဝေခဲ့ရသည်။ ထုတ်ဝေဆဲလည်း ဖြစ်သည်။ ထုတ်ဝေရာ၌ အနှစ်ချုပ်ပုံစံဖြင့် ထုတ်ဝေကြသည်လည်း ရှိသည်။ အလွယ်ဖတ်ပုံစံဖြင့် ထုတ်ဝေကြသည်လည်း ရှိပါသည်။ ရုပ်ရှင်အဖြစ်လည်း ရိုက်ကူးပြသခဲ့ပါသည်။
ဒဂုန်ခင်ခင်လေး၏ ဂုဏ်မြင့်သူဝတ္ထုသည် လေထန်ကုန်း ဝတ္ထု၏ ပထမပိုင်း ( အခန်း ၁၅ အထိ ) ကို သို့မဟုတ် လေထန်ကုန်းဝတ္ထုကို ရုပ်ရှင်ရိုက်ကူးပြသသော ရုပ်ရှင်ကားကို မှီးရေးသော ဝတ္ထုဖြစ်ပါသည်။
လေထန်ကုန်းသည် မြန်မာစာဖတ် ပရိသတ်အဖို့ အမည်မျှသာ ကြားဖူးကြပါ၏။ အချို့ကဆိုလျှင် ဂုဏ်မြင့်သူကိုပင် လေထန်ကုန်းအဖြစ် ထင်မှတ်မှားကြပါလေသည်။
သိပ္ပံစိုးလှကလည်း ၁၉၆ဝ ဝန်းကျင်လောက်က ငွေတာရီ မဂ္ဂဇင်း၌ လေထန်ကုန်းကို ပင်မြင့်မာလာ အမည်ဖြင့် ဘာသာပြန်ခဲ့ပါသည်။
ယခုကား လေထန်ကုန်းမူရင်းကို ကမ္ဘာ့ဂန္ထဝင် ဝတ္ထုတပုဒ် အဖြစ်လည်းကောင်း၊ မြန်မာ့စာဖတ်ပရိသတ် ကြားဖူးနားဝရှိပြီး အစအဆုံး အပြည့်အစုံ မဖတ်ဖူးသေးသော ဝတ္ထုအဖြစ် လည်းကောင်း ဘာသာပြန်ပါသည်။
ဤတွင် ဂန္ထဝင်ဝတ္ထု၏ စံအကြောင်းကို ဆွေးနွေးစရာ လိုလာပါသည်။ ဝတ္ထု၏ စံအကြောင်းကို ဆွေးနွေးသောအခါ ဝတ္ထုရေးသူအကြောင်းကို ဦးစွာတင်ပြဖို့ လိုလာပါသည်။
( ၃ )
၁၉ ရာစုအတွင်းက အင်္ဂလိပ် စာပေလောကတွင် စာဆို ညီအစ်မသုံးဦး ပေါ်ပေါက်ခဲ့သည်။ သူတို့ကား ရှားလော့၊ အယ်မီလီနှင့် အင်တို့ညီအစ်မ သုံးဦးဖြစ်သည်။ သူတို့မိဘ မျိုးရိုးသည် အိုင်းရစ်လူမျိုးများ ဖြစ်ကြသည်။ ဖခင်မှာ ခရစ်ယာန် ဘုန်းကြီး ပက်ထရစ်ဗရွန်တီဖြစ်သည်။ ပက်ထရစ်ဗန်တိသည် သားသမီး ခြောက်ယောက် ထွန်းကားသည်။ သားသမီး ခြောက်ယောက်တွင် ငါးယောက်သည် သမီးမိန်းကလေးများ ချည်းဖြစ်ကြ၏။ သို့သော် ပထမ သမီးကြီးနှစ်ဦးသည် ၁၈၂၅ တွင် ကွယ်လွန်ခဲ့သည်။
ပတ်ထရစ်ဗရွန်တီသည် အင်္ဂလန်ပြည်မြောက်ပိုင်း ယော့ရှိင်းယားနယ်၌ သင်းထောက်ဆရာအဖြစ် တာဝန်ယူဆောင်ရွက်ရသည်။ ပက်ထရစ်ဗရွန်တီ၏ မိသားစု နေထိုင်သော နေရာသည် ဝတ္ထု၏ နောက်ခံ ဖြစ်လာသည်။ ထိုနေရာသည် စိမ့်မြေထူထပ်၏။ လူသူကင်းဝေး၏။ ရာသီဥတုပြင်းထန်၏။
အယ်မီလီဗရူန်တီသည် ဤဝတ္ထုနောက်ခံအဖြစ် သူကျင်လည်ခဲ့သော ပတ်ဝန်းကျင်ကို ခြယ်မှုန်းခြင်းဖြစ်သည်။
အယ်မီလီဗရူန်တီတို့၏ ကျန်ရစ်သော မောင်နှမ လေးယောက်တွင် ညီအစ်မသုံးယောက်သည် စာပေဝါသနာ ထုံကြသည်။ ကဗျာစပ်ကြသည်။ ဝတ္ထုလည်း ရေးခဲ့ကြသည်။ အကြီးဆုံး ရှားလော့ဗရွန်တီသည် ဂျိန်းအဲယားဝတ္ထုဖြင့် ထင်ရှားသည်။ ထိုဝတ္ထုကို ဦးအေးမောင်က ၁၉၅၃ ခုတွင် ဘာသာပြန်ခဲ့သည်။ ဒုတိယသမီးသည် လေထန်ကုန်းကိုရေးသော အယ်မီလီဗရွန်တီဖြစ်သည်။ သူ၏ ကဗျာများနှင့် တပုဒ်တည်းသော လေထန်ကုန်း ဝတ္ထုသည် ကျန်ညီအစ်မ နှစ်ယောက်တို့၏ စာများထက် ကျော်ကြား၏။ ညီမအငယ်ဆုံး ကင်သည်လည်း သရော်ဖက်ဆာနှင့်အင်မာ အမည်ရှိ ဝတ္ထုတို့ကို ရေးခဲ့သည်။
သူတို့ကျင်လည်ရာ ယော့ရှိုင်းယား ဒေသသည် သူတို့အား စာပအနုပညာ စိတ်ကူးစိတ်သန်း ပေါ်ပေါက်စေခဲ့ခြင်းဖြစ်သည်။
သူတို့သုံးယောက်တွင် အယ်မီလီဗရွန်တီသည် စိတ်ဆတ်သည်။ မာနကြီးသည်။ ဇွတ်တရွတ် လုပ်သည်။
အယ်မီလီဗရွန်တီ၏အောက် မောင်ငယ် ပက်ထရစ်ဗရန်းနင်မှာ စာပေဘက်တွင် စိတ်မဝင်စားသော်လည်း အယ်မီလီဗရွန်တီ၏ လေထန်ကုန်းဝတ္ထုနှင့် ဆက်နွှယ်နေသဖြင့် သူ့အကြောင်းကိုလည်း အမြွက်မျှ ဖော်ပြရန် လိုပါသည်။
ဗရန်းနင်သည် အရက်သမားဖြစ်သည်။ လူပေလူတေဖြစ်၏။ အရက်ကြောင့် ငယ်ငယ်ရွယ်ရွယ်တွင် အသက်ဆုံးရှူံးခဲ့ရ၏။ ဗရန်းနင်သည် လေထန်ကုန်းဝတ္ထုထဲက ဟင်ဒလီအန်းရှောကို ကိုယ်စားပြုလေသလားဟု ယူဆကြသည်။
အယ်မီလီသည် သူ၏ လေထန်ကုန်းကို သူ မသေခင်တနှစ်တွင် ထုတ်ဝေခဲ့စဉ်က အောင်မြင်မှုမရပေ။ သို့သော် သူ ကွယ်လွန်ပြီးနောက်တွင်မှ အောင်မြင်မှု ရလာသည်။ ဂန္ထဝင်ဝတ္ထု အဖြစ် စံတင် သတ်မှတ်ခြင်းခံရသည်။
( ၄ )
ဂန္ထဝင်ဝတ္ထုတပုဒ်အဖြစ် လေထန်ကုန်းဝတ္ထုကို ခေတ်အဆက်ဆက် စာပေပညာရှင်တို့သည် ရုထောင့် အမျိုးမျိုးက တင်ပြခဲ့ကြသည်။ အင်္ဂလိပ် စာရေးဆရာ ဝီလီယံဆမ္မားဆက်မွမ် (၁၈၇၄-၁၉၆၅) သည် ၁၉၅၄ ခုတွင် (The Ten Novels and Their Authors) ကို ရေးသားခဲ့၏။ ထိုဝတ္ထုရှည်ကြီး ဆယ်ပုဒ်တွင် လေထန်ကုန်းသည် တပုဒ်အပါအဝင်ဖြစ်သည်။ (ဆမ္မားဆက်မွမ်၏စာအုပ်ကို ၁၉၇၄တွင် ကျော်အောင်က ကမ္ဘာ့ဂန္တဝင် တဆယ် အမည်ဖြင့် ဘာသာပြန်ခဲ့သည်။)
မွမ်၏ ဆောင်းပါးတွင် လေထန်ကုန်းကို စာရေးသူ အယ်မီလီဗရွန်တီ ကွယ်လွန်ပြီးနောက် ပြန်လည်ထုတ်ဝေရာ၌ သူအစ်မ ရှားလော့က တည်းဖြတ် ထုတ်ဝေခဲ့ကြောင်း ဖော်ပြထား ပါသည်။ ထိုသို့ ရှားလော့က တည်းဖြတ် ထုတ်ဝေရာတွင် တည်းဖြတ်သူ မှတ်ချက်အဖြစ် ဤသို့ ရေးခဲ့ပါသည်။ “ကျွန်မ ညီမ သေပြီးသည့်နောက်တွင် ကျွန်မအဖို့ ဤစာအုပ်ကို ပထမအကြိမ် ဖတ်ရန် ကြုံကြိုက်လာရခြင်း ဖြစ်ပါသည်။ ကွန်မအဖို့ ဝတ္ထု၏ စွမ်းအား ထက်မြက်မှုကြောင့် အသစ်တဖန် ချီးကျူးလိုစိတ်များ ပြည့်လျှံလာရပါသည်။ သို့သော် သူ့စာအုပ်ကို ဖတ်ရသည်မှာ ပင်ပန်းလှပါသည်။ ဤစာအုပ်တွင် စာဖတ်သူအား ပျော်စရာ တကွက်ကလေးမျှ ပေးမထားပါ။ စာမျက်နှာတိုင်းသည် ကိုယ်ကျင့်တရား လျှပ်စစ်ဓာတ်များ စီးဝင်နေပါလေသည်”
မွမ်ကမူ “လေထန်ကုန်းသည် အလွန်ထူးခြားသော ဝတ္ထုတပုဒ်ဖြစ်သည်။ အလွန်မကောင်းသော ဝတ္ထုတပုဒ်လည်း ဖြစ်သည်။ အလွန်ကောင်းသော ဝတ္ထုတပုဒ်လည်း ဖြစ်သည်။ အရုပ်လည်း ဆိုး၏။ လှလည်း လှ၏။ စိတ်ဓာတ်ပြင်းထန်သူတို့ အကြောင်းကို ဖွဲ့ထားသော ဝတ္ထုဖြစ်သည်နှင့်အညီ ဆွဲဆောင်အားလည်း ပြင်းထန်လှပါသည်” ဟု သုံးသပ် တင်ပြခဲ့လေသည်။
ပယ်လီကင် အင်္ဂလိပ်စာပေအညွှန်း (Plican Guide to English Literature) အတွဲ၌ ဒါးရက် ထရာဗာဆီ (Derek Traversi) က ရှားလာနှင့် အယ်မီလီဗရွန်တီတို့၏ ဝတ္ထုများသည် ထိုကာလ အခြားသော အင်္ဂလိပ် ဝတ္ထုရေး ဆရာတို့၏ဝတ္ထုများနှင့် စိတ်ကူး ဖန်တီးမှုအရာ၌ ခြားနားသည်” ဟူ၍လည်းကောင်း၊ လေထန်ကုန်းသည် လူ၏ ပြင်းထန်သော စိတ်ဓာတ်ပေါက်ကွဲမှုကို ဖော်ပြထားခြင်း ဖြစ်သည်” ဟူ၍ လည်းကောင်း၊ “ဝတ္ထု၏ ဦးတည်ချက်မှာ ပုဂ္ဂိုလ်ရေးနှင့် လူမှုရေး နှစ်ခုစလုံး အကျုံးဝင်နေသည်” ဟူ၍ လည်းကောင်း ဖော်ပြထားပါသည်။
လိဘက္ကသိုလ် ဝါရင့်အင်္ဂလိပ်စာပေ ကထိက အာနိုးကက်တဲ (Arnold Kattle) ၏ သုံးသပ်ချက်သည်လည်း စဉ်းစားဖွယ် ဖြစ်ပါသည်။ သူက သူ၏ အင်္ဂလိပ်စာ မိတ်ဆက် (An Introduction to the English Literature) အတွဲ ၁ တွင် “လေထန်ကုန်းသည် အခြားသော အနုပညာ ပစ္စည်းများနည်းတူ ပုဂ္ဂိုလ်ရေး ဖွဲ့သည် မှန်စေ၊ ယေဘုယျသဘောကို ဆောင်၏။ ဒေသတခုအကြောင်းကို အခြေခံသည် မှန်စေ၊ လူလောကတခုလုံး၏ သဘောကိုလည်း ဆောင်၏” ဟု ရေးပါသည်။ ထို့ပြင် “လေထန်ကုန်းသည် ၁၈၇၄ နှင့် ထိုကာလမတိုင်မီ အင်္ဂလန်၏ အကြောင်း ဖြစ်သည်” ဟု လည်း ဆက်လက် သုံးသပ်ပါသည်။ သူ သုံးသပ်ချက်တွင် “စင်စစ် လေထန်ကုန်းသည် အိုလီဗာတွစ် ကဲ့သို့သော ဝတ္ထုမျိုး ဖြစ်သည်။ (ချားဒစ်ကင်း၏ အိုလီဗာတွစ်ကို ဘာသာပြန် ထုတ်ဝေခဲ့ပြီး ဖြစ်သည်။) ဤ ဝတ္ထုသည် စိတ်ကူးယဉ်မဟုတ်။ တည်ဆဲဘဝမှ စိမ့်မြေရိုင်းသို့ လည်းကောင်း၊ ချစ်သူနှစ်ဦး၏ စိတ်ကူးယဉ် အချစ်ဆီသို့ လည်းကောင်း ထွက်ပြေးလွတ်မြောက်စေရန် ဦးတည်ထားသည်လည်း မဟုတ်” ဟူ၍ လည်းကောင်း ဖော်ပြထားပါသည်။ ဝတ္ထုပါ အဓိက ဇာတ်ဆောင်သည် အဖိနှိပ်ခံ အပယ်ခံဘဝမှ တွန်းလှန်ရန် အားထုတ်ခြင်းဖြစ်ကြောင်း၊ ကက်သရင်းအန်းရှောမှာ ဘူဇွာစိတ်ဓာတ်အရ ဟိကလစ်ကို ချစ်လျက် လက်မထပ်ပဲ အက်ဝါလင်တန်ကို လက်ထပ်ခဲ့သဖြင့် စိတ်ဆင်းရဲပြီး အသက်ဆုံးရှူံးရကြောင်း၊ ဟိကလစ်သည် ကေသီနှင့် ဟယ်ယာတန်တို့ ကြင်ကြင်နာနာ ဆက်ဆံမှုကို မြင်လာရသောအခါ သူ့ချစ်သူ ကက်သရင်းအား ကေသီ နေရာတွင် အစားထိုးကြည့်ပြီး သူ၏ လက်စားချေလိုစိတ်ကို လျော့ဖြေခဲ့ခြင်း ဖြစ်ကြောင်းလည်း သုံးသပ်ထားပါ၏။ ထိုပြင်လည်း လေထန်ကုန်းသည် ဆယ့်ကိုးရာစု အရင်းရှင် လူအဖွဲ့အစည်း၏ ပုဂ္ဂိုလ်ရေး၊ စိတ်ဓာတ်ရေးကို ထင်ဟပ်ထားခြင်း ဖြစ်ကြောင်း သုံးသပ် ဖော်ပြထားပါ၏။
( ၅ )
လေထန်ကုန်းသည် ဂန္ထဝင်ဝတ္ထုတပုဒ်အဖြစ် အများက လက်ခံထားပြီး ဝတ္ထု ဖြစ်ပါသည်။ ဂန္ထဝင် ဝတ္ထုတို့သည် အပျော်ဖတ် ဝတ္ထုများနှင့် ခြားနားပါသည်။ ဂန္ထဝင် ဝတ္ထုတို့သည် စာပေ အရသာ ခံစားလိုသူများသာ အာရုံဝင်စား ဖတ်လေ့ရှိပါသည်။
ယခုဝတ္ထုသည် အထက်စာပေပညာရှင်တို့ ဝေဖန်သုံးသပ်သကဲ့သို့ပင် လူ၏ အစွဲအလမ်းကြီးတတ်သော စိတ်ထား၊ စိတ်ဓာတ်ပြင်းထန်မှုနှင့် လူ့စရိုက်၏ ပျော့ကွက် ဟာကွက်များကို ဖော်ပြထားသော ဝတ္ထု ဖြစ်ပါသည်။
ဘာသာပြန်သူ အနေနှင့် သုံးသပ် တင်ပြလိုသည်များလည်း ရှိပါသည်။
ဤဝတ္ထုသည် လူ၏ ကိုယ်ကျင့်တရား၊ မျိုးဆက်သစ် ပြုစု ပျိုးထောင်မှု၏ အရေးပါပုံကိုလည်း ထင်ဟပ် ပြနေသည်ဟု သဘောရပါသည်။ ဟိကလစ် ကြီးပြင်းရပုံနှင့် ဟယ်ယာတန် ကြီးပြင်းလာရပုံတို့သည် မျိုးဆက်သစ်ပြုစု ပျိုးထောင်မှုကို ထင်ဟပ်ပြနေခြင်းပင် ဖြစ်ပါသည်။ မျိုးရိုးသည် အဓိက မဟုတ်သော သဘောကို ပြသည်ဟုလည်း သဘောရပါသည်။ ဟယ်ယာတန် စာပေသင်ကြားခွင့် ဆုံးရှူံးရသော အဖြစ်သည် လူ့ဘဝ၏ ကြီးမားသော ဆုံးရှူံးမှုအဖြစ် ပြထားခြင်း ဖြစ်သည်ဟုလည်း သဘောရပါသည်။
ထို့ပြင် ဤဝတ္ထု၌ လူ့အစွဲအလမ်းအဖြစ် ၁၉ ရာစု လူတို့ အစွဲအလမ်းတခုကိုလည်း ထင်ဟပ်နေသည်ဟု သဘောရပါသည်။ ထိုခေတ် ထိုအခါက အင်္ဂလိပ်တို့သည် တစ္ဆေသူရဲ အစွဲအလမ်းရှိခဲ့ပုံ ရပါသည်။ စိတ်ဓာတ် အစွဲအလမ်း ပြင်းထန်မှုပင် ဖြစ်ပါလိမ့်မည်။ ဟိကလစ် ကွယ်လွန်ပြီးနောက် အဖြစ်အပျက်ကို ဝတ္ထုဆုံးခါနီး အပိုင်း၌ ဖော်ပြထားသည်ကို ဖတ်လျှင်ပင် အစွဲအလမ်း၏ ပြင်းထန်မှု သဘောကို သိနိုင်ပါ၏။ ထိုကိစ္စနှင့် စပ်လျဉ်း၍ မစ္စတာ လော့စုနှင့် အယ်လင်ဒင်းတို့ အပြန်အလှန် ပြောဆိုပုံကို ဆင်ခြင်နိုင်ပါသည်။
'အဲဒီလိုဆို ဟိကလစ်တို့ ချစ်သူ တစ္ဆေနှစ်ဦး နေရတာပေါ့ဗျာ"
ကျွန်ုပ်က အကဲစမ်း မေးလိုက်မိပါသည်။
“မဟုတ်သေးပါဘူး မစ္စတာ လော့ဝုရယ်၊ ကျွန်မတော့ သေတဲ့လူတွေဟာ အေးအေးချမ်းချမ်းရှိသွားပြီလို့ပဲ ယုံကြည်တယ်။ ပြီးတော့လဲ သူတို့အကြောင်း၊ ကပျက်ကချော် မပြောသင့်ပါဘူးရှင်”
ထိုခေတ် အစွဲအလမ်းတခုကို ချေပ တင်ပြခြင်းဟု သဘောရပါသည်။
မည်သို့ဖြစ်စေ၊ လေထန်ကုန်း ဝတ္ထုကို ဘာသာပြန် တင်ဆက်ခြင်းဖြင့် မြန်မာစာပေတွင် လည်းကောင်း၊ စာဖတ်သူ အဖို့ လည်းကောင်း တစုံတခုသော အကျိုးသက်ရောက်မှု ဖြစ်ထွန်းသည်ဆိုမူ ဘာသာပြန်သူအဖို့ ကျေနပ်ရမည်သာ ဖြစ်ပါသတည်း။
ကျော်လှိုင်ဦး
အခန်း [ ၁ ]
၁၈၀၁ ခုနှစ်။
ကျွန်ုပ်သည် ကျွန်ုပ်ငှားနေသော အိမ်ပိုင်ရှင်ထံသို့ အလည်သွားရာမှ ပြန်လာခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်၏ အိမ်ရှင်မှာ ကျွန်ုပ်အဖို့ တဦးတည်းသော အိမ်နီးချင်းဖြစ်ပြီး ဆက်ဆံရခက်ခဲသော လူတယောက်ဟု ဆိုရပါမည်။
စင်စစ် ဤဒေသသည် လှပသော ဒေသဟု ဆိုရပါမည်။ အင်္ဂလန် နိုင်ငံတဝန်းလုံးတွင် လူသူအဆက်အဆံ အနှောင့်အယှက် ကင်းဝေးသော နေရာတခုပါပေ။ တကယ့် လူသူ ကင်းဝေး ဆိတ်ငြိမ်သော ဒေသဖြစ်လေသည်။ ဤနေရာတွင် မစ္စတာ ဟိကလစ်နှင့် ကျွန်ုပ်တို့သည် နှစ်ဦးတည်းသော ဆက်ဆံပေါင်းသင်းရမည့် သူများဟု ကျွန်ုပ် ယူဆပါသည်။
ကျွန်ုပ်သည် သူ့အိမ်သို့ မြင်းစီး သွားခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်ုပ် သူ့ကို တွေ့ရသည်နှင့် ကျွန်ုပ် အားတက်သွားနိုင်သည်ဟု သူ ယူဆနိုင် ပါသည်။ သို့သော် သူ့မျက်လုံးများ၌မူ သံသယ လွှမ်းမိုးနေပုံ ရပါသည်။ မနာလိုဝန်တိုစိတ် ဖုံးလွှမ်းနေဟန်လည်း ရှိပါသည်။
“မစ္စတာ ဟိကလစ်ပါလား ခင်ဗျား”
ကျွန်ုပ်ကပင် စတင် နှုတ်ဆက်လိုက်ပါသည်။
သူက ခေါင်းတချက် ညိတ်၍သာ အဖြေပေးပါသည်။
“ကျွန်တော် ခင်ဗျားအိမ်ကို ငှားနေတဲ့ အိမ်ငှားအသစ် မစ္စတာ လော့ဝုပါ၊ ကျွန်တော် ပြောင်းလာ လာချင်းပဲ သရတ်ကရော့အိမ်ကြီးမှာ ကျွန်တော် ရောက်လာတဲ့အတွက် ခင်ဗျား စိတ်အနှောင့်အယှက် မဖြစ်ဖို့ ခင်ဗျားဆီ လာပြီး အကြောင်းကြားဖို့ပါပဲ၊ မနေ့ကတော့ ခင်ဗျား တခုခု စိတ်ကူးပေါက်ပြီး..”
“သရုတ်ကရော့ အိမ်ကြီးက ကျွန်တော့်အိမ်ပါ”
မျက်နှာကို ရွှံ့မဲ့လျက် ကျွန်တော့် စကားကို ဖြတ်ပြောလိုက်ပါသည်။
“ကျွန်တော်က တားဆီးနိုင်တဲ့တိုင်အောင် ဘယ်လိုဟာမျိုးကမှ ကျွန်တော့်ကို အနှောင့်အယှက် ပေးတာမျိုးတော့ ကျွန်တော် ခွင့်ပြုမှာ မဟုတ်ဘူးဗျ၊ ကဲ အိမ်ထဲကိုဝင်ခဲ့လေဗျာ”
သူ၏ “အိပ်ထဲကို ဝင်ခဲ့လေဗျာ” ဟူသော စကားကို သူသည် သွားကိုစေ့လျက် တိုတိုပြတ်ပြတ် ပြောလိုက်ခြင်း ဖြစ်သည်။ ထိုစကား၏ အတွင်းအနက် အဓိပ္ပာယ်ကား “နတ်ဆိုးနဲ့ တွေ့ပေတော့” ဟူသော အဓိပ္ပါယ်ကို ဆောင်နေသယောင် ရှိပါသည်။ သူမှီလျက်သား ရပ်နေသော ဝင်းတံခါးသည်ပင် သူ့ စကားလုံးများအတိုင်း အေးစက်မာကျောသော အသွင်ကို ဆောင်နေဟန် ရှိလေသည်။ ဤအခြေအနေကပင်လျှင် ကျွန်ုပ်အဖို့ သူ့အိမ်ဝင်းထဲသို့ ဝင်ရန် ဆုံးဖြတ်စေပါလေတော့သည်။ ကျွန်ုပ်သည် ကျွန်ုပ်ထက်ပင် ခွကျဟန်ရှိသော လူမျိုးကို ပို၍ စိတ်ဝင်စားမိဟန် ရှိပါသည်။
ကျွန်ုပ်မြင်းက တံခါးဝကို တိုးမည်အပြုတွင် သူသည် မြင်းဇက်ကို ဖြုတ်လိုက်ပြီး သူ့အိမ်တူရူ လမ်းအတိုင်း ကျွန်ုပ်ရှေ့မှ မျက်နှာ သုန်သုန်မှုန်မှုန်ဖြင့် ဦးဆောင်သွားပါလေတော့သည်။ ကျွန်ုပ်တို့ အိမ်ထဲ အဝင်တွင် သူသည်......
“ဂျိုးဆက်ရေ၊ မစ္စတာလော့ဝု မြင်းကို ယူထားလိုက်ပါ၊ ပြီးတော့ ဝိုင်အရက်ကလေး ဘာကလေး ယူခဲ့” ဟု လှမ်းပြောလိုက်ပါသည်။
ခြံအနေအထားကို ကြည့်ရခြင်းဖြင့် ကျွန်ုပ်သည် အိမ်ထောင်တခုလုံး အနေအထားကို ခန့်မှန်းမိသလို ဖြစ်သွားပါသည်။ လူသွားလမ်း ကျောက်ပြားများကြားမှာ မြက်ပင် တပင်မျှ မရှိပေ။ ကျွဲနွားများ စားထားဟန် တူပါသည်။
ဂျိုးဆက်သည် အသက်ကြီးလှပါပြီ။ ကြွက်သားအဖုအဖုဖြင့် ကျန်းမာ သန်စွမ်းပုံ ပေါ်သော်လည်း အတော်ပင် အိုမင်းနေပုံရသော အဘိုးကြီးတယောက်ဖြစ်ပါသည်။ သူသည် ကျွန်ုပ်လက်မှ မြင်းကိုဆွဲယူယင်း “ဘုရားကယ်တော်မူပါ” ဟူသော စကားကို မနှစ်မြို့ဟန် လေသံတိုးတိုးနှင့် ပြောလိုက်ပါသည်။ သူ ဘုရား တလိုက်ခြင်းမှာ မမျှော်လင့်ပဲ ကျွန်ုပ် ရောက်လာသည့် ကိစ္စနှင့် မပတ်သက်ဟု ကျွန်ုပ် သဘောထားလိုက်ပါသည်။
“လေထန်ကုန်း” သည် မစ္စတာ ဟိကလစ် နေအိမ်၏ အမည်နာမ ဖြစ်ပါသည်။ “လေထန်” ဟူသော စကားရပ်သည် ထိုဒေသ၏ လေထန်သော ရာသီဥတု၏ သရုပ်ကို ဖော်ဆောင်ထားသည့် ဝိသေသ စကားရပ်ဖြစ်သည်။ ဤဒေသတွင် လေသည် အမြဲမပြတ် တိုက်ခတ်၏ မြောက်ဘက်လေ၏ အစွမ်းသည် ထင်းရှူးပင်ရွက်ဖျားတို့ကို အမြဲ တိုးဝှေ့နေတတ်၏။ နေရောင်ခြည်ကို ငံ့လင့်တောင်းခံနေဟန်ရှိသော ဆူးနွယ် ချုံပင်တို့၏ ကိုင်းဖျားကိုင်းလက်တို့ အပေါ်တွင်လည်း မြောက်ဘက်လေက အမြဲ တိုက်ခတ်နေတတ်၏။ သည်လို ရာသီဥတုရှိသော နေရာ၌ အဆောက်အအုံကို ခိုင်ခိုင်ခံ့ခံ့ ဆောက်ထားခြင်း ဖြစ်သည်။ ပြတင်းတံခါး ကျဉ်းကျဉ်းတို့သည် နံရံတွင် မြုပ်နေ၏။ ထောင့်တိုင်းတွင်လည်း ငေါထွက်နေသော ကျောက်တုံးများက လေဒဏ်ကို အကာအကွယ် ပြုနေဟန် ရှိလေသည်။
ကျွန်ုပ်သည် အဝင်တံခါးဆီသို့ လာယင်း မျက်နှာစာတွင် လှလှပပ ထုလုပ်ထားသော ပန်းတော့လက်ရာများ၊ အထူးသဖြင့် အဝင်တံခါးပေါ်က ပန်းဖုလက်ရာများကို ခဏမျှ ရုပ်ကြည့်ယင်း စိတ်ထဲက ချီးကျူးလိုက်မိပါသေးသည်။ အပေါ်ရုပ်တုများကြားမှ “၁၅၀၀” ဟူသော ခုနှစ်နှင့် “ဟယ်ယာတန်အန်းရှော” ဟူသော အမည်တို့ကို ကျွန်ုပ် သတိပြု မှတ်ထားလိုက်ပါသည်။
ကျွန်ုပ်သည် အဆောက်အအုံနှင့် ပတ်သက်၍ ဝေဖန်မှု အနည်းငယ်လည်း လုပ်ချင်ပါသည်။ မူလ အိမ်ရှင်၏ အမည်ကို ခြေရာကောက်၍ ဤအိမ်၏ သမိုင်းကြောင်းကိုလည်း သိချင်ပါသည်။ သို့သော် တံခါးဝက ကျွန်ုပ် အိမ်ရှင်၏ အမူအရာမှာ မြန်မြန် ဝင်ချင် ဝင်၊ မဝင်လျှင် ပြန်ထွက်သွားတော့ ဟူသော အသွင်မျိုးကို ဆောင်နေသဖြင့် ကျွန်ုပ်လည်း သူ၏ သည်းမခံနိုင်သောစိတ်ကို ဆွမပေးလိုတော့သောကြောင့် တံခါးဝမှ ဝင်လိုက်ပါတော့သည်။
တံခါးဝမှ ဝင်လျှင်ဝင်ချင်း ကြားအခန်း၊ ကြားလမ်း မရှိပဲ အိမ်ခန်းကြီးထဲသို့ တန်းရောက်သွားပါသည်။ ဤသည်ပင်လျှင် အိမ်တခုလုံး၏ အသွင်ကိုလည်း ဆောင်နေပါသည်။ ဤအခန်းကြီးထဲ၌ အဓိကအားဖြင့် မီးဖိုနှင့် ဧည့်ခန်း ပါဝင်သည်။ သို့သော် မီးဖိုကြီးပေါ်၌ချက်ပြုတ်သည့် အသွင်လက္ခဏာများကို မတွေ့ရပေ။ ဒန်အိုး ဒန်ခွက် ဒယ်အိုးတို့ကိုလည်း မတွေ့ရပေ။ မီးဖိုခန်းအစွန်ဘက်ရှိ ဗီရိုကြီး ပေါ်တွင်ကား ငွေခွက်များ၊ ဒန်ခွက်များ၊ ပန်းကန်ပြားများ အထပ်လိုက် အထပ်လိုက် တင်ထားသဖြင့် အရောင် တဖိတ်ဖိတ် လင်းလက်နေသည်။
မီးခိုးထုတ် ခေါင်းတိုင်ပေါ်တွင်ကား အမျိုးအစား ခပ်ညံ့ညံ့ သေနတ်ဟောင်းများနှင့် သေနတ်ကြီးနှစ်လက် ရှိသည်။ အဆင်တန်ဆာအဖြစ် ရောင်စုံခြယ် လက်ဖက်ခြောက် သေတ္တာ သုံးလုံး ကိုလည်း လှလှပပ တင်ထား၏။
ကြမ်းပြင်ကား ကျောက်ဖြူချော ခင်းထားသဖြင့် ချောမွတ်နေ၏ ကုလားထိုင်ကြီးများမှာ နောက်မှီမြင့်ကြီးများနှင့် ရှေးပုံစံဖြစ်ပြီး အစိမ်းရောင် ဆေးခြယ်ထား၏။ အခြား ကုလားထိုင် မည်းမည်းကြီး တလုံး သို့မဟုတ် နှစ်လုံးသည် မှောင်ရိပ်တွင် ရောက်နေ၏။
ဗီရိုကြီး အောက်တွင်ကား အနီရောင် ခွေးမကြီး တကောင်နှင့် တအိမ့်အိမ့် မြည်နေသော မွေးကင်းစ ခွေးကလေးများ။ အခြားခွေးများကား အချင်းချင်း မာန်ဖီလျက်။
အခန်းနှင့် အိမ်ထောင်ပရိဘောဂများမှာ ထူးထူးထွေထွေ မဟုတ်လှ စေကာမူ ခေါင်းမာသည့် မျက်နှာထားမျိုး၊ ကြံ့ခိုင်သည့် ကိုယ်ထည် ချိုးကို ပိုင်ဆိုင်ပြီး ဘောင်းဘီတိုနှင့် ဒူးစွပ် ဝတ်ဆင်မြဲ မြောက်ပိုင်းသား ယာသမားကြီးတဦး၏ အိမ်အသွင်ကို ဆောင်နေလေသည်။ ထိုကဲ့သို့သော ယာသမားကြီးမျိုးကို ညစာစားပြီးချိန် နောက်ပိုင်းလောက်တွင် ဤနေရာ ထရိတ် တောင်တွေကြား ငါးမိုင်ခြောက်မိုင် ပတ်ဝန်းကျင်တွင် စားပွဲဝိုင်းရှေ့ ပက်လက်ကုလားထိုင်မှာ အမြှုပ်ထနေသည့် ဘီယာမတ်ခွက်နှင့် ထိုင်နေတတ်သည်ကို တွေ့ရတတ်မြဲ ဖြစ်သည်။
သို့သော် မစ္စတာ ဟိကလစ်၏ နေအိမ်နှင့် နေထိုင်သူပုံပန်းမှာ တသီးတသန့် ဖြစ်နေလေသည်။ ရုပ်ပုံပန်းမှာ အသားမည်းမည်း ဂျစ်ပဆီတယောက်လို ဖြစ်ပြီး ဝတ်စားဆင်ယင်ပုံနှင့် အမူအရာမှာ လူကြီးလူကောင်း ဆန်ချင်ပုံရသည်။ လူကြီးလူကောင်း ဆိုသည်မှာ ဤဒေသတွင် အများအားဖြင့် တွေ့ရတတ်သော မြေပိုင်ရှင်ကြီးများ ပုံစံမျိုး ဖြစ်သည်။ သူ ဖရိုဖရဲ ဖြစ်ကတတ်ဆန်းနေပုံမှာ ဘာကိုမျှ အမှုမထားဟန်မျိုး ဖြစ်ပြီး ရုပ်သွင်မူ ချောမော ပြေပြစ်သည်။ အဆာကျယ် ဇီဇာကြောင်သော အသွင်လည်း ရှိသည်။ တချို့လူများဆိုလျှင် သူ့ကို မျိုးရိုး မမှန်သဖြင့် မာနတင်းထားသူဟုပင် သံသယ ဖြစ်နိုင်ဖွယ် ရှိလေသည်။ ကျွန်ုပ်မှာ သူနှင့်ပတ်သက်၍ ဘာမျှမသိသေးသော်လည်း ဤသို့ သံသယ ဖြစ်နိုင်ခြင်းအတွက် သူ့အပေါ် ကရုဏာသက်မိပါသည်။ သူသည် တစုံတရာအတွက် စက်ဆုပ်နေဟန် ရှိသည်ကိုလည်း ကျွန်ုပ် သိနေသလို ထင်ပါသည်။ သူသည် အချစ်နှင့် အမုန်းတရားကိုလည်း အညီအမျှ လက်ခံထားပုံ ရပါသည်။ ချစ်ခြင်းမုန်းခြင်း အပေါ်၌လည်း အလေးအမြတ် ခံယူထားပုံ ရပါသည်။
စင်စစ် ကျွန်ုပ်သည် လူတယောက်ကို အကဲခတ် မြန်နေသည် ထင်ပါသည်။ ကျွန်ုပ်သည် သူ့အပေါ် မျှမျှတတ သဘောထားရပါမည်။ ကျွန်ုပ်သည် သူနှင့် မျက်နှာချင်းဆိုင် မီးဖိုနေရာတွင် ဝင်ထိုင်လိုက်ပါသည်။ ကျွန်ုပ်တို့ စကား မစဖြစ်မီကြားတွင် ခွေးကလေးတွေနှင့် ခွဲလာပြီး ကျွန်ုပ်ခြေထောက်နားသို့ ရောက်လာသော ခွေးမကို ကျွန်ုပ်က ပွတ်သပ်ပေးလိုက်ပါသည်။ ကျွန်ုပ် ပွတ်သပ်ပေးသည်မှာ ကြာလာသော အခါ ခွေးမသည် မာန်ဖီလာပါတော့သည်။
‘ခွေးကို ထားလိုက်စမ်းပါ' မစ္စတာ ဟိကလစ်သည် ခြေထောက်ကို စုံဆောင့်ပြီး ကျွန်ုပ်ကို ဟောက်လိုက်ပါသည်။ “ဒီခွေးကို အလှမွေးထားတာ မဟုတ်ဘူး၊ ဘာမှ တယုတယ လုပ်နေစရာ မလိုဘူး” ပြောပြောဆိုဆို ဘေးတံခါးဘက်သို့ ထွက်သွားပြီး ဂျိုးဆက်ကို လှမ်းခေါ်လိုက်ပါသည်။ ဂျိုးဆက်သည် အောက်ခန်းထဲမှနေ၍ ခပ်ဝါးဝါး လှမ်းပြောလိုက်သော်လည်း အပေါ်သို့ တက်လာပုံမပေါ်။ သူ့သခင်သည် မြေအောက်ခန်းထဲသို့ ဆင်းသွား၏။ ကျွန်ုပ်မှာ ခွေးရိုင်းမနှင့် အခြား သိုးထိန်းခွေး နှစ်ကောင်တို့နှင့်အတူ ကျန်ခဲ့သည်။ ခွေးတွေသည် အစွယ်တဖွေးဖွေးနှင့် ဖြစ်နေသော်လည်း ကျွန်ုပ် စိုးရိမ်စိတ် မဝင်မိပါ။ သို့သော်လည်း ခွေးတို့သည် ကျွန်ုပ်က တယုတယ လုပ်သည်ကိုပင် နှောင့်ယှက်သည်ဟု အထင်ရောက်ပုံ ရပါသည်။ ကျွန်ုပ်သည် သူတို့နှင့်အတူ ရှိနေစဉ်တွင် မျက်တောင်ခတ်လိုက်မိရာ ခွေးမသည် ရုတ်တရက် ဒေါသထွက်သွားပြီး ကျွန်ုပ်ပေါ်သို့ တက်ခုန်လိုက်သဖြင့် ကျွန်ုပ်လည်း ခွေးမကို ပြန်တွန်းချလိုက်ရသည်။ ထို့နောက် ကျွန်ုပ်နှင့် ခွေးမကြားတွင် စားပွဲ ခံလိုက်ပါသည်။ အခြေအနေသည် ပိုဆိုးလာပါတော့သည်။ ခွေးတွေသည် ချောင်ကြို ချောင်ကြားမှ အလျှိုအလျှို ထွက်လာကြပါသည်။
ထိုစဉ်မှာပင် မစ္စတာ ဟိကလစ်နှင့် ဂျိုးဆက်တို့သည် ချောင်းဟန့်သံပေး၍ တက်လာကြသဖြင် အခြေအနေမှာ အေးချမ်းသွားပါတော့သည်။ သားသည်အမေ ခွေးမလည်း ငြိမ်သွားပါတော့သည်။
“ဘာဖြစ်တာလဲဗျ” မစ္စတာ ဟိကလစ်သည် ကျွန်ုပ်ကို မကျေမချမ်းဟန်ဖြင့် ကြည့်လျက် ပြောပါသည်။
“ဖြစ်တာတော့ မပြောချင်ဘူးဗျာ၊ ခင်ဗျား အကောင်တွေက အဆိုးချည်းပဲ၊ ခင်ဗျားကလဲ ကျွန်တော့်ကို ကျားအုပ်ကြားမှာ ထားခဲ့တာကိုး”
“ကျုပ်ခွေးတွေက သူတို့ကို မထိယင် ဘာမှ မလုပ်ပါဘူးဗျ ပြောပြောဆိုဆိုပင် နေရာရွှေ့သွားသော စားပွဲကို ပြန်ရွှေ့ကာ ကျွန်ုပ်ရှေ့တွင် အရက်ပုလင်းကို ချပေးလိုက်ပါသည်။
“ခွေးတွေမှာလဲ တုန့်ပြန်နိုင်ခွင့် ရှိတာပဲလေ၊ ကဲ ဝိုင်ခွက်ကလေး သောက်လိုက်ပါဦး”
“နေပါစေ ခင်ဗျာ၊ ကျေးဇူးပါပဲ”
“ခင်ဗျားကို ခွေးကိုက်လိုက်သေးသလား”
“ကျွန်တော်သာ အကိုက်ခံရယင် ကိုက်တဲ့အကောင်လဲ မသက်သာဘူးသာ မှတ်”
ဟိကလစ်သည် ရွှံ့ရှုံ့မဲ့မဲ့ ဖြစ်သွားသည်။
“ကဲ လာပါ။ လာပါ။ ခင်ဗျားကလဲ ခုထိ ပျာယာခတ်နေတာကို မစ္စတာလော့ဝုရဲ့၊ ကဲ အရက်ကလေး သောက်လိုက်ပါဦး၊ ကျုပ်နဲ့ ကျုပ် ခွေးတွေကြောင့် ဧည့်သည်တွေမှာက ဒုက္ခပဲဗျ၊ ကဲ သောက်လိုက်ပါပြီး ခင်ဗျားရဲ့ ကျန်းမာရေးအတွက် ကျုပ်ဆုတောင်းပါတယ်'
ကျွန်ုပ်လည်း အရက်ခွက်ကို လှမ်းယူပြီး ဦးခေါင်းကို ညိတ်၍ တုံ့ပြန် ဆုတောင်းစကား ဆိုလိုက်ပါသည်။ စိတ်ထဲကမူ ခွေးယုတ် ခွေးညံ့တွေကြောင့် စိတ်ကသိကအောက်ဖြစ်လျက် ဆက်လက်ထိုင်ရမည်ကို ဘဝင်မကျပဲ ဖြစ်ရပါတော့သည်။ သို့သော် သူ ရယ်ရွှန်း ဖတ်ရွှန်း ဖြစ်လာသဖြင့် စကားဝိုင်းကလေးမှာ စိုပြည်လာပါတော့သည်။ သူ့စကားတွေကို နားထောင်ရခြင်းဖြင့် သူသည် ဗဟုသုတ နှံ့စပ်သူတဦး ဖြစ်ကြောင်း သိရပါသည်။
ကျွန်ုပ်သည် အိမ်သို့ မပြန်မီ နောက်တကြိမ် လာလည်ဦးမည်ဖြစ်ကြောင်း အရိပ်အမြွက် ပြောလိုက်မိပါသည်။ သူ့သဘောထားက ကျွန်ုပ် နောက်တကြိမ် ရောက်လာမည်ကို လိုလားဟန် မတူပါ။ မည်သို့ဖြစ်စေ ကျွန်ုပ်သည် သူ့အိမ်သို့ နောက်တကြိမ် လာရပါဦးမည်။ သူနှင့် နှိုင်းယှဉ်ကြည့်မိမှလည်း ကျွန်ုပ်သည် သူ့ထက် ပေါင်းသင်းဆက်ဆံရာမှာ ဖော်ရွေကြောင်း အံ့ဩဖွယ် သတိပြုမိပါတော့သည်။
အခန်း [ ၂ ]
ယမန်နေ့က မွန်းလွဲပိုင်းတွင် မြူတွေဆိုင်းလာပြီး အေးလာပါသည်။ ကျွန်ုပ်သည် လေထန်ကုန်းဘက်သို့ ရွှံ့ထဲတောထဲမှ ဖြတ်သွားမည့်အစား မီးဖိုဘေးမှာပဲ စာကြည့်နေရကောင်းမလားဟု စိတ်ကူးရောက်မိပါသည်။ ညစာ စားပြီးသောအခါ (မှတ်ချက်။ ။ ကျွန်ုပ်သည် ညစာကို ၁၂ နာရီနှင့် တနာရီကြားတွင်သာ စားလေ့ ရှိပါသည်။ သို့သော် ကျွန်ုပ်၏ အိပ်ဖော်အမျိုးသမီးသည် ကျွန်ုပ်စကားကို မနာခံပဲ ငါးနာရီလောက်ကပင် ညစာကို ပြင်ကျွေးခဲ့ပါသည်။) ပျင်းပျင်းရှိသဖြင့် အခန်းထဲသို့ ဝင်ခဲ့ပါသည်။ အခန်းထဲ၌ အိမ်စေမိန်းကလေးသည် မီးဖိုကို ငြိမ်းသတ်နေပေပြီ။ ဤမြင်ကွင်းကြောင့် ကျွန်ုပ်သည် ချက်ချင်း ဆုံးဖြတ်ချက်ချကာ ဦးထုပ်ကို ဆောင်းပြီး လေးမိုင်ဝေးသော ဟိကလစ်၏ လေထန်ကုန်း အိမ်ကြီးဆီသို့ လမ်းလျှောက်ထွက်လာခဲ့ပါတော့သည်။ ကျွန်ုပ်သည် နှင်းဖတ်များ ကျမလာမီကလေးမှာပင် ဟိကလစ်၏ ခြံဝကို ရောက်လာခဲ့ပါသည်။
လွင်တီးခေါင် တောင်ကုန်းထိပ်ဖြစ်သော ဤနေရာ၏ မြေသားသည် နှင်းသီးများ ကျထားသဖြင့် အေးနေပါသည်။ လေကလည်း ရိုးတွင်းခြင်ဆီတိုင်အောင် ခိုက်ခိုက်တုန် အေးစေပါသည်။ ကျွန်ုပ်သည် တံခါးကိုပင် မဖွင့်နိုင်လောက်အောင် ခိုက်ခိုက်တုန်နေသဖြင့် ဝင်းတံခါးကို ကျော်တက်ပြီး အိမ်ဆီသို့ ဦးတည်သော ကျောက်ပြားခင်းလမ်းအတိုင်း လာခဲ့ပါသည်။ တံခါးခေါက်ကွင်းကို ခေါက်သော်လည်း အထဲမှ မည်သူကမျှ မတုံ့ပြန်ပါ။ ကျွန်ုပ် တံခါးခေါက်သံကြောင့် ခွေးတွေသာ ဟောင်လာပါသည်။
“အလကားကောင်တွေ” စိတ်ထဲမှ ရေရွတ်လိုက်မိပါသည်။ “လူနဲ့သူနဲ့ နေဖို့ကောင်းတဲ့ ကောင်တွေ မဟုတ်ဘူး၊ ဘာဖြစ်ဖြစ် ဂရုစိုက်စရာ မလိုပါဘူး၊ အထဲရောက်အောင် ဝပ်မယ်” ဟူသော ဆုံးဖြတ်ချက်ဖြင့် တံခါးအပြင်ဘက် မင်းတုပ်ကို ခပ်ပြင်းပြင်း ရိုက်လိုက်ပါသည်။ တင်းကုပ် ပြတင်းပေါက်မှ ညိုညစ်ညစ် မျက်နှာထားနှင့် ဂျိုးဆက်မျက်နှာ ပေါ်လာပါသည်။
“ဘာကိစ္စလဲဗျ၊ ဆရာ အိမ်ထဲမှာ မရှိဘူး၊ ခြံထဲမှာ၊ ခင်ဗျား စကားပြောချင်ယင် အဲဒီ လိုက်သွားပေါ့”
“အိမ်ထဲမှာ တယောက်မှ မရှိဘူးလားဗျ” ကျွန်ုပ် အော်ပြောလိုက်သည်။
“သခင်မပဲ ရှိတယ်၊ သူကလဲ ခင်ဗျားကို တံခါးဖွင့်ပေးမှာ မဟုတ်ဘူး”
“ဘာဖြစ်လို့လဲဗျ၊ ကျွန်တော် ဘယ်သူလဲဆိုတာ ခင်ဗျား မပြော ဘူးလား”
“ဒါ ကျုပ် အလုပ်မှ မဟုတ်ပဲ”
သူ့မျက်နှာသည် ပြန်ဝင်ပျောက်ကွယ် သွားပါလေတော့သည်။
နှင်းတွေ ပို၍ ကျလာလေပြီ။ ကျွန်ုပ်သည် ထပ်စမ်းကြည့်ရန် တံခါးခေါက်ကွင်းကို ကိုင်လိုက်ချိန်တွင် ကုတ်အင်္ကျီမပါသော လူတဦးသည် ခက်ရင်းခွကို ထမ်းလျက် ခြံနောက်ဘက်မှ ပေါ်လာပါသည်။ သူက ကျွန်ုပ်ကို နှုတ်ဆက်ပြီး သူ့နောက်လိုက်ရန် ခေါ်သဖြင့် သူ့နောက်က လိုက်ခဲ့ပါသည်။ အိမ်ကြီးကို ပတ်လာပြီး နောက်ဖေးဘက်မှ လှည့်ဝင်လာခဲ့ရာ ကျွန်ုပ် ရောက်ဖူးပြီးသား ဖြစ်သည့် နွေးထွေးကျယ်ပြန့်သော အိပ်ခန်းကြီးထဲသို့ ရောက်လာပါတော့သည်။
မီးလင်းပုံကြီး တခုသည် ထင်းများ၊ မီးသွေးများဖြင့် အလျှံတညီးညီး တောက်နေပါသည်။ အနီးစားပွဲပေါ်၌ စားသောက်ဖွယ် အမျိုးစုံဖြင့် ညစာစားပွဲ တည်ခင်းထားပါသည်။ ယခင်တကြိမ်လာစဉ်က မတွေ့ခဲ့ဖူးသော အိမ်ရှင်မကို တွေ့လိုက်ရသဖြင့် ကျွန်ုပ် သဘောကျသွားပါသည်။ ကျွန်ုပ် သူ့ကို ဦးညွတ်နှုတ်ဆက်ပြီး သူက နေရာထိုင်ခင်း ပေးလိမ့်မည် အထင်ဖြင့် စောင့်နေလိုက်မိပါသည်။ သူသည် ကုလားထိုင်ပေါ်တွင် နောက်မှီကို မှီလျက် ကျွန်ုပ်ကိုစိုက်ကြည့်ပြီး ခပ်မဆိတ် လုပ်နေလိုက်ပါသည်။
“ရာသီဥတုကလဲ တယ်ဆိုးတာပဲနော်၊ ကျွန်တော် တံခါးခေါက်လိုက်တော့ ခင်ဗျားအိမ်စေတွေ မရှိကြဘူးထင်ပါရဲ့”
သူကား စကားဟဟ မဆိုပါ။ ကျွန်ုပ် စိုက်ကြည့်နေမိချိန်တွင် သူကလည်း ကျွန်ုပ်ကို စိုက်ကြည့်နေပါသည်။ သူ့ အကြည့်မှာ အေးတိ အေးစက်နှင့် အမှုမထားသလို၊ အလိုမကျသလို ဖြစ်နေပါသည်။ ကျွန်ုပ် အနေကျုံ့လာပါတော့သည်။
“ထိုင်လေဗျာ၊သူ့ခုပဲ လာလိမ့်မယ်”
လူငယ်က အသံကျယ်ကျယ်နှင့် ပြောလိုက်ပါသည်။
ကျွန်ုပ်သည် လူငယ်ညွှန်ပြသော နေရာတွင် ဝင်ထိုင်လိုက်ပါသည်။ မနေ့က တွေ့ခဲ့ပြီးသော ခွေးမသည် ယနေ့တွင်မူ ရှိရှိ ကျိုးကျိုးဖြင့် အမြီးနန့်လျက် ကျွန်ုပ်နှင့် သိကျွမ်းပြီးကြောင်း ဖော်ပြနေပါသည်။
“ခွေးမက အတော်လှတာပဲ၊ သူ့ ကလေးတွေနဲ့ ခွဲထားတော့မလား”
ကျွန်ုပ်ကပင် စကား စလိုက်ပြန်ပါသည်။
“ဒါတွေက ကျွန်မဟာတွေ မဟုတ်ဘူးရှင့်'
နှစ်လိုဖွယ်သော အိမ်ရှင်မက၊ ဟိကလစ်ထက်ပင် မာဆတ်ဆတ် တုံ့ပြန်လာပါသည်။ ကျွန်ုပ်က ရာသီဥတု ဆိုးရွားသော အခြေအနေကို အစ ပြန်ကောက် လိုက်ပါသည်။
“ရှင် ... အပြင်ထွက်လာဖို့တောင် မသင့်ဘူး”
အိမ်ရှင်မသည် ပြောပြော ဆိုဆို နေရာမှထပြီး မီးခိုးခေါင်းတိုင်ပေါ်က လက်ဖက်ခြောက် သေတ္တာဆီသို့ လက်လှမ်းလိုက်သည်။
စောစောပိုင်းက သူ့အနေအထားမှာ အရိပ်တွင် ကွယ်နေခဲ့သည်။ ယခုမှပင် သူ့ရုပ်သွင်မူရာကို ကျွန်ုပ် ထင်ထင်ရှားရှား မြင်ရလေသည်။ ကိုယ်ခန္ဓာ သွယ်လျသည်။ အရွယ်မှာ သိပ်ကြီးလှသေးပုံ မရပေ။ ကိုယ်လုံးကိုယ်ထည် ပြေပြစ်ပြီး မျက်နှာကလေးမှာ ကြော့ကြော့ရှင်းရှင်း ရှိလှပေသည်။ ကျွန်ုပ် မြင်ဖူးသမျှ သည်လိုမိန်းကလေးတွေထဲမှာ ထူးကဲသော အလှပိုင်ရှင်ဟု ဆိုရပါမည်။ ရွှေဝါရောင် ဆံယဉ်စတွေသည် လည်တံ ကြော့ကြော့ပေါ်တွင် လျော့ပြေကျနေ၏။ မျက်လုံးအစုံသည်ပျော့ ပျောင်းသောအသွင်ကိုသာ ဆောင်ထားပါက မြင်ရသူတိုင်း ငေးမော စေနိုင်သော အလှပိုင်ရှင်မျိုး ဖြစ်ပေသည်။ ထိုမိန်းကလေး၏ အမူအရာသည် သုန်မှုန်ခြင်းနှင့် စိတ်ပျက် အားလျော့ခြင်းကြားတွင် ကူးလူး ယှက်သန်းနေဟန် ရှိလေသည်။
မိန်းကလေးသည် လက်ဖက်ခြောက်ဗူးများဆီသို့ လက်လှမ်းမမီနိုင်ပဲ ရှိသည်။ ကျွန်ုပ်က ကူညီရန် ထမည်အပြုတွင် မိန်းကလေးသည် ကျွန်ုပ်အား မလိုလားဟန် ကြည့်လိုက်ပြီး..
“ရှင် ကူညီစရာ မလိုပါဘူး၊ ကျွန်မဘာသာ ယူနိုင်ပါတယ်'
မာဆတ်ဆတ် ပြောလိုက်ပါသည်။
“ခွင့်လွတ်ပါ ခင်ဗျာ”
ကျွန်ုပ်က ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။
“ရှင့်ကို လက်ဖက်ရည်သောက် ဖိတ်ထားသလား”
မိန်းကလေးသည် သူ့အနက်ရောင် ဂါဝန်ပေါ်တွင် ခါးစည်းဝတ် အဖြူကို ပတ်ချည်လိုက်ပြီး လက်ဖက်ခြောက် တဇွန်းကို အိုးထဲသို့ ထည့်ဟန်ပြုယင်း ပေးလိုက်ပါသည်။
“လက်ဖက်ရည် တခွက်လောက် သောက်ရယင်တော့ ဝမ်းသာစရာပေါ့ဗျာ”
“ရှင့်ကို ဖိတ်ထားသလား”
“ဖိတ်တော့ မထားပါဘူး၊ အိမ်ရှင်မတယောက်အနေနဲ့ ဖိတ်သင့်တာပေါ့ဗျာ”
ကျွန်ုပ်က ပြုံးစစနှင့် ဖြေလိုက်ပါသည်။
မိန်းကလေးသည် ချက်ချင်းပင် လက်ဖက်ရည်ရော ဇွန်းကိုပါ ဗူးထဲ ပြန်ထည့်လိုက်သည်။ ကုလားထိုင်ပေါ်မှာ ပြန်ထိုင်ချလိုက်သည်။ မျက်မှောင်ကို ကုပ်ထားပြီး အောက်နှုတ်ခမ်းနီကို ရှေ့သို့ ထော်ထားပုံမှာ ငိုတော့မည့် ကလေးတယောက်နှယ် ဖြစ်နေပါသည်။
ထိုအခန်းမှာပင် အဝတ်နွမ်းနွမ်းကို ဝတ်ထားသော လူငယ်သည် မီးရောင်တွင် ကိုယ်ကို မတ်မတ်ထားလျက် ကျွန်ုပ်အား မလိုမုန်းထားသော အကြည့်မျိုးဖြင့် ကြည့်နေပါလေသည်။ ကျွန်ုပ်သည် သူ့အား အစေခံတယောက် ဖြစ်လေမလားဟု သံသယ ဝင်လာပါသည်။ သူ၏ အဝတ်အစားနှင့် အမူအရာမှာ ကြမ်းတမ်း ရိုင်းစိုင်းသော အသွင်ကို ဆောင်နေပြီး မစ္စတာ ဟိကလစ်တို့ နှစ်ဦးနှင့် လုံးဝ မတူပေ။ သူ၏ ညိုမှောင်ခွေလိပ်နေသော ဆံပင်တွေမှာ ကြမ်းတမ်းပြီး ရိတ်ဖြတ်ပြီးသင်ခြင်း ရှိပုံလည်း မပေါ်။ သူ့ ပါးပြင်မှာလည်း ပါးသိုင်းမွေးတွေ အဆီးအတားမရှိ ပေါက်ရောက်နေပုံရ၏။ သူ့ လက်ချောင်း လက်တံများက အလုပ်ကြမ်းသမား တယောက်၏ လက်ချောင်း လက်တံများနှင့် တူနေ၏။ ဟန်ပန်မူရာမှာ လွတ်လပ်ဟန်ရှိပြီး ဘဝင်မြင့်နေသော အသွင်ကို ဆောင်သော်လည်း အိမ်သားတယောက် ဖြစ်ဟန်ကား မပေါ်ပေ။ ကျွန်ုပ်သည် လူရွယ်ကို အကဲခတ်နေစဉ် ငါးမိနစ်ခန့် အကြာတွင် အိမ်ထဲသို့ ဟိကလစ် ဝင်လာသဖြင့် ကျွန်ုပ်သည် အနေချောင်သွားပါတော့သည်။
“ကျွန်တော်တော့ ကတိအတိုင်း လာခဲ့ပြန်ပြီဗျို့ ၊ ရာသီဥတု အခြေအနေကလဲ နောက်ထပ် နာရီဝက်လောက် အထိတော့ ဆိုးနေဦးမယ် ထင်တာပဲ ခင်ဗျ၊ ဒီအးတော့ ခင်ဗျား အိမ်မှာပဲ ခိုနေရမှာပဲ”
ကျွန်ုပ်က ခပ်ချိုချို ပြောလိုက်ပါသည်။
“နာရီဝက်၊ ဟုတ်လား”
သူသည် အင်္ကျီပေါ်မှ နှင်းဖတ်များကို ခါချယင်း မေးလိုက်ပါသည်။ ထို့နောက် နှင်းမုန်တိုင်း ကျနေတဲ့ အချိန်မှာတောင် ရွေးပြီး လျှောက်လည်တာ ကျုပ်ဖြင့် အံ့ပါရဲ့ဗျာ၊ဒီအချိန်မျိုး ကွင်းထဲမှာ မျက်စိလည်ပြီး လမ်းပျောက်နိုင်တယ်ဆိုတာ သိဖို့ကောင်းတယ်၊ ဒီစိမ့်မြေ ဖုန်းဆိုးဒေသနဲ့ ကျွမ်းဝင်ပြီးသား လူတွေတောင် ခုလို ရာသီဥတုဆိုးတဲ့ အချိန်မျိုးမှာ လမ်းပျောက်ပျောက် သွားကြတယ်ဗျ၊ ရာသီဥတု အခြေအနေကလဲ ပြောင်းလဲသွားမယ့်ပုံ မပေါ်ဘူး” ဟု ဆက် ပြောပြန်ပါသည်။
“ခင်ဗျားအိမ်က ခိုင်းတဲ့ ကောင်ကလေး တယောက်ယောက်များ လမ်းပြဖို့ ရမလား၊ သူ့ကို ကျွန်တော့်အိမ်မှာ အအိပ်ခိုင်းပါမယ်”
“ကျုပ် ထည့်မပေးနိုင်ပါဘူး
“တကယ်လားဗျာ၊ ဒီလိုဆိုလဲ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာပေါ့”
“အင်း...”
ထိုအခိုက်မှာပင် ကျွန်ုပ်အား ရိုင်းရိုင်းစိုင်းစိုင်း စိုက်ကြည့်နေသော အဝတ်အစား နွမ်းနွမ်းနှင့် လူငယ်သည် မိန်းမပျိုဘက်သို့ လှည့်၍... “လက်ဖက်ရည် မဖျော်သေးဘူးလား' ဟု လှမ်းမေးလိုက်ပါသည်။ “သူ့ဖို့ရော ဖျော်ရမှာလား” မိန်းမပျိုက ဟိကလစ်ဘက်သို့ လှည့်မေးလိုက်သည်။
“ကဲပါ၊ ဖျော်မှာသာ ဖျော်စမ်းပါ”
ခပ်ထန်ထန် ပြောလိုက်သည့် အသံကြောင့် ကျွန်ုပ်ပင် ချောက်ချားသွားရပါလေသည်။ လေသံကား တကယ့် လူကြမ်း လူရိုင်းကယောက်၏ လေသံမျိုး ဖြစ်သည်။ ကျွန်ုပ်သည် ဟိကလစ်အား လူကြီး လူကောင်း တယောက်အဖြစ် ဆက်လက်၍ လက်မခံနိုင်တော့ပါ။
လက်ဖက်ရည်ပွဲ ပြင်ပြီးသည်နှင့် သူက “ခင်ဗျား ကုလားထိုင် ရှေ့တိုးဗျာ” ဟု ဆို၍ ကျွန်ုပ်ကို ဖိတ်ခေါ်သဖြင့် ကျွန်ုပ်လည်း စားပွဲနားသို့ တိုးလိုက်ရပါသည်။ စားပွဲတွင် လူရိုင်းကလေး အပါအဝ ကျွန်ုပ်တို့အားလုံး ဝိုင်းမိကြပါလေပြီ။ ကျွန်ုပ်တို့သည် လက်ဖက်ရည် သောက်နေယင်း တိတ်ဆိတ်နေကြပါသည်။
ဤလက်ဖက်ရှည်ပွဲတွင် ကျွန်ုပ်ကြောင့်များ သူတို့အားလုံး ဆိတ်ငြိမ်နေကြသည်လား။ ဤသို့ဆိုမူ ကျွန်ုပ်ကြောင့် ဖြစ်ရသော စိတ်အနှောင့်အယှက်ကို ကျွန်ုပ် ဖယ်ရှားရန် အားထုတ်ရမည်ဟု အတွေးပေါက်ပါသည်။ စင်စစ် သူတို့အားလုံးသည် နေ့စဉ်ပင် ဤသို့ပင် တုဏှိဘာဝ သုန်သုန်မှုန်မှုန် မျက်နှာထားဖြင့် စုဝေးမိစရာအကြောင်း မရှိပါ။ သူတို့အားလုံး မည်မျှပင် စိတ်မချမ်းသာကြရသည် ဖြစ်ပါစေ၊ ဤသို့ မျက်နှာထားဆိုးဆိုးဖြင့် နေ့စဉ် စုဝေးမိကြရန်မှာ မဖြစ်နိုင်ပါ။ “ဆန်းတော့ ဆန်းတယ်ဗျာ” ကျွန်ုပ်သည် လက်ဖက်ရှည်တခွက် သောက်လိုက်ပြီး နောက်ထပ် တခုက်ကို လက်ကမ်း ယူယင်း “ကျွန်တော်တို့ရဲ့ ခံစားချက်တွေနဲ့ စိတ်ကူးစိတ်သန်းတွေကိုများ ဘယ်ဓလေ့စရိုက်မျိုးက ပုံသွင်းလိုက်သလဲ မဆိုနိုင်ဘူးဗျ၊ မစ္စတာဟိကလစ်တို့ လူသူကင်းပြတ်တဲ့ နေရာမျိုးမှာ ပျော်ရွှင်သာယာတဲ့ဘဝကို ဖန်တီးနိုင်တာကို လူတော်တော် များများကတော့ တွေးလို့ရမှာ မဟုတ်ဘူး ကျွန်တော် ပြောရဲပါတယ်၊ မစ္စတာ ဟိကလစ်လို ချစ်နှစ်သက်မှ ငန်းတယောက်နဲ့ ဆုံရတဲ့ အိမ်ထောင် တခုအဖို့တော့လဲ' ပြောမဆုံးမီမှာပင် ...
‘ကျုပ်ရဲ့ ချစ်နှစ်သက်ဖွယ် ဇနီး၊ နေစမ်းပါဦးဗျ၊ အဲဒိ ကျုပ် ချစ်နှစ်သက်ဖွယ် ဇနီး ဆိုတာက ဘယ်မှာလဲဗျ”
သူသည် မျက်နှာ ရှုံ့မဲ့လျက် ကြားဖြတ်ပြောလိုက်ပါသည်။
“ခင်ဗျားဇနီး မစ္စက်ဟိကလစ်ကို ပြောတာပါ”
ကျွန်ုပ်က ရှင်းပြလိုက်ရသည်။
“ဪ... ဒါလား၊ သူ မရှိတော့ပေမယ့် သူ့ဝိညာဉ်ဟာ ဟောဒီက လေထန်ကုန်းကို စောင့်ရှောက် စောင်မနေတယ်လို့ ဆိုချင်တာလား၊ ကဲပါ၊ ဟုတ်တယ် မဟုတ်လား”
ကျွန်ုပ် စကားပြော မှားသွားသည်ကို ကျွန်ုပ် ချက်ချင်း သတိပြုလိုက်မိပါသည်။ ကျွန်ုပ် စကားပြင်ရပါမည်။ ယခုပင် ကျွန်ုပ်သည် ထိုအမျိုးသားနှင့် အမျိုးသမီးကို လင်မယားဟု ထင်မှတ်မှားခဲ့သည့် အသက် ကွာခြားမှုကိုလည်း သတိပြုမိပါတော့သည်။ ယောက်ျား ဖြစ်သူကား မိန်းမငယ်ငယ်ကို လက်ထပ်ယူရခြင်းဖြင့် ကျေနပ်သယောင် မိမိကိုယ်ကို လှည့်စားတတ်သော၊ စိတ်ဓာတ် အားဖြင့် ရင့်ကျက်စ ပြုနေသော အသက်လေးဆယ်ခန့် အရွယ်။ တကယ်တော့လည်း ကျဆင်းလာသည့် အသက် အရွယ်ပိုင်းအတွက် အိပ်မက်တခုသာ ဖြစ်လေသည်။ အမျိုး သမီးကား ဆယ့်ခုနစ်နှစ်ပင် ပြည့်သေးပုံ မပေါ်။
ထိုအခါ ကျွန်ုပ်၏ အတွေးတွင် ကျွန်ုပ် အပါးမှ လက်မဆေး ဘာမဆေးနှင့် ပေါင်မုန့်ကို စားလိုက်၊ လက်ဖက်ရည် သောက်လိုက် လုပ်နေသော လူပြက်ကလေးသည်ပင် မိန်းမပျို၏ ခင်ပွန်း ဖြစ်တန်ရာသည်ဟု ထင်မြင်လာပြန်ပါသည်။ သည် သူငယ်သည် ဟိကလစ်၏ သား ဖြစ်လိမ့်မည်ဟု ထင်လာပါသည်။ ဤသို့ဖြစ်က မိန်းမပျိုသည် သူ့ဘဝကို သူ အသက်ရှင်လျက် သင်္ဂြိုဟ် မြှုပ်နှံလိုက်ရသော အဖြစ် ကြေကွဲဝမ်းနည်းဖွယ်သော ဘဝပါကလား ဟုလည်း ခံစားလာမိသည်။ “သူက ကျုပ်ချွေးမ၊ မစ္စက်ဟိကလစ်ပါ' မစ္စတာဟိကလစ်က ကျွန်ုပ်၏ ရမ်းဆတွေးထင်ချက်ကို တည့်မတ်ပေးလိုက်ပါသည်။ ဤသို့ပြောယင်းပင် သူသည် သူ့ချွေးမဆိုသောမိန်းမပျိုကို မုန်းတီးစက်ဆုပ်သည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
“ဩ...ဒီလိုကိုး၊ လက်စသတ်တော့ ဒီမိန်းမချောကလေး ပိုင်ရှင်က ဒီက သူငယ်ကလေးကိုး’ ဟု ကျွန်ုပ်သည် ကျွန်ုပ် အပါးက သူငယ်ကို ရည်ညွှန်း ပြောလိုက်မိပြန်ပါသည်။
သည်တော့မှလည်း အခြေအနေမှာ ပိုဆိုးလာပါတော့သည်။ သူငယ်သည် မျက်နှာ နီလာပါသည်။ လက်သီးကိုလည်း ဆုပ်လာပါသည်။ သူ ဒေါသဖြစ်သွားပုံ ရပါသည်။ သို့သော် သူသည် ချက်ချင်းပင် သူ့ ကိုယ် သူ ပြန်ထိန်းလိုက်ပုံ ရပါသည်။
“ခင်ဗျား မှန်းချက်တွေကတော့ တလွဲချည်းပါလားလျှို၊ ကျုပ်တို့ နှစ်ယောက်စလုံး သူ့ကို ပိုင်ဆိုင်ခွင့်မရှိဘူး၊ သူ့ခင်ပွန်းက ဆုံးရှာပြီ၊ ကျုပ်ပြောတယ် မဟုတ်လား၊ ကျုပ် ချွေးမပါလို့၊ ဒီတော့ ကျုပ်သားရဲ့ ဇနီးပေါ့” မစ္စတာ ဟိကလစ်က ရှင်းပြပါလေသည်။
“ဒီလိုဆို ဒီသူငယ်က”
“ကျုပ်သား မဟုတ်ပါဘူး”
ဟိကလစ်သည် ထိုသူငယ်၏ အဖအဖြစ် အထင်ခံရသည်ကို ပြက်ရယ်ပြုလိုတန်ဖြင့် ပြုံးလိုက်ပြန်ပါသည်။
‘ကျုပ်နာမည်က ဟယ်ယာတန်အန်းရှောဗျ၊ ဒီနာမည်ကို ခင်ဗျား လေးစားပါ” ထပြီး ဟောက်လိုက်ပါတော့သည်။
“ကျုပ် မလေးစားကြောင်း မပြရပါကလားကွယ့် ́
ကျွန်ုပ်သည် စိတ်တွင်းမှ သူ့ကို လှေဒင်ရယ် ရှယ်ယင်း ပြန်ဖြေလိုက်ပါသည်။ ကျွန်ုပ်ကား ဤမိသားစုကြားတွင် မှားပြီးယင်း မှားနေပါကလား သဘောပေါက်လာပါတော့သည်။ နောက်ထကြိမ် ထပ်မမှားရအောင် ကျွန်ုပ် သတိထားရပါတော့မည်။
စားသောက်ပြီးကြသည်အထိ မည်သူကမျှ မိတ်ဖြစ်ဆွေဖြစ်စကားမျိုး မဆိုကြတော့ပါ။ ကျွန်ုပ်သည် ပြတင်းပေါက်ဆီသို့ ထလာပြီး ရာသီဥတု အခြေအနေကို အကဲခတ် ကြည့်လိုက်ပါသည်။ မြင်ကွင်းကား စိတ်မချပ် မြေဖွယ်ပင်။ ညသည် စောစီးစွာပင် မှောင်လာပေပြီ။ တရှူးရှူး တိုက်နေသော လေနှင့် သိပ်သည်းစွာ ကျနေသော နှင်းတွေ ကြားတွင် ထောင်ကုန်းများနှင့် ကောင်းကင်သည် ရောထွေးနေလေပြီ။
“ခုအတိုင်းကတော့ လမ်းပြမပါပဲ ကျွန်တော် အိမ်ပြန်နိုင်လိမ့်မယ် မထင်ဘူးဗျ၊ လမ်းတွေလဲ နှင်းဖုံးနေပြီ၊ နှင်းမဖုံးတောင်မှ ခြေလှမ်းချရဲဖို့ မလွယ်ဘူး”
ကျွန်ုပ်က အခြေအနေကို ကြည့်ပြီး ပြောလိုက်ပါသည်။
“သိုးတွေကို တင်းကုပ်ထဲ သွင်းပါတော့လား ဟယ်ယာတန်”
ဟိကလစ်က လူငယ်ကို လှမ်းပြောလိုက်ခြင်း ဖြစ်သည်။
“ကျွန်တော် ဘယ်လို လုပ်ရမှာလဲဗျ”
ကျွန်ုပ်သည် စိတ်တိုလာပါပြီ။ သို့သော် ကျွနုပ်အမေးအတွက် အဖြေကား ထွက်မလာပေ။ ကျွန်ုပ် လှည့်ကြည့်လိုက်သော အချိန်တွင် ဟိကလစ် မရှိတော့ပါ။ အဘိုးကြီး ဂျိုးဆက်သည် ခွေးစာများကိုယူပြီး ရောက်လာသည်ကို တွေ့ရသည်။
မစ္စက်ဟိကလစ်သည်မူ အိုးခွက်ပန်းကန်များကို သိမ်းဆည်းနေလေပြီ။ ဂျိုးဆက်သည် ခွေးစာများကို ကျွေးပြီး အခန်းတွင်း အခြေအနေကို အကဲခတ်လျက် တုန်အက်အက် အသံဖြင့်...
“ဩ၊ ဒီနေရာမှာ ဘယ်သူမှမရှိတော့ပဲ တယောက်တည်းရပ်နေတော့ မပျင်းဘူးလား၊ စကားပြောဘက်လဲ မရှိပဲ အဓိပ္ပာယ်မရှိ ဘာလုပ်နေ တာလဲ” ဟု ပြောလာပါသည်။
ကျွန်ုပ်သည် သူ့စကားကြောင့် စိတ်ဆိုးသွားပြီး သူ့ကိုကန်ထုတ် လိုက်တော့မည့်ဟန်ဖြင့် သူ့အပါးသို့ပင် တိုးသွားမိပါတော့သည်။ ထိုစဉ်မှာပင် မစ္စက်ဟိကလစ်က ဝင်ပြောပါသည်။
“ဒီအဘိုးကြီးကလဲ တမျိုးပဲ၊ ရှင် ဝင်မပါပါနဲ့၊ ရှင် ကျွန်မ စိတ်ဆိုးအောင် မလုပ်နဲ့နော်။ ဒီမှာ ဂျိုးဆက်' မိန်းမပျိုသည် စင်ပေါ်မှု စာအုပ် မည်းမည်းတအုပ်ကို ယူလိုက်ပြီး “ကျွန်မ မှော်ပညာ ဘယ်လောက် တိုးတက်နေပြီဆိုတာ ပြရမလား၊ မကြာခင် ကျွန်မအစွမ်းကို တွေ့ရမယ် မှတ်ပါ၊ နွားနီကလေးသေတာ မတော်တဆ မဟုတ်ဘူး၊ ရှင့် အရိုးအဆစ်တွေ ရောင်တာဟာလဲ ဝဋ်နာလား ကံနာလား မသိရသေးဘူး “ဘုရား ကယ်မတော်မူပါ” အဘိုးကြီးမှာ ပါးစပ်အဟသား ဖြစ်သွား ရတော့သည်။
“ရှင့်ကိုလား ဘုရားသခင်က ကယ်တင်မှာ၊ သွားစမ်းပါ၊ မဟုတ်ယင် ရှင် ဒုက္ခရောက်မှာပဲ၊ ကျွန်မက ဘာမဆို ပုံသွင်း ဖန်တီးနိုင်တယ်ရှင့်၊ ဘာဖြစ်လာမယ်ဆိုတာရှင် စောင့်ကြည့်ပေါ့၊ ကဲ ရှင်သွားတော့၊ ကျွန်မ ရှင့်ကို ကြည့်နေပါ့မယ်
ကဝေမကလေး၏ မျက်လုံးအစုံမှာ တကယ် ပြုစားတော့မည့်ဟန်ဖြင့် ရှိနေ၏။ ဂျိုးဆက်မှာ ကြောက်လန့်တကြားဖြင့် ဘုရားကိုတယင်း နေရာမှ ထွက်သွားပါလေတော့သည်။ ကျွန်ုပ်သည် မိန်းမပျို၏ အပြုအမူကို ရယ်စရာအဖြစ် သဘောထားလိုက်ပါသည်။ ယခုကား သူနှင့် ကျွန်ုပ် နှစ်ဦးတည်းသာ ကျန်တော့သည်။ ကျွန်ုပ်သည် စိတ်ပျက်နေသည့် ကြားမှပင် သူ့ကို စိတ်ဝင်စားနေမိပါသည်။
“မစ္စက်ဟိကလစ်ခင်ဗျား။ ကျုပ် အနှောင့်အယှက် ပေးရတာကို ခွင့်လွှတ်ပါ၊ ခင်ဗျား မျက်နှာဟာ စိတ်ကောင်း သဘောကောင်းရှိတဲ့သူ တယောက်ဖြစ်ကြောင်း ဖော်ပြနေတယ်လို့ ကျုပ် သဘောရပါတယ်။ ကျုပ်အိမ်ပြန်နိုင်အောင် ပြန်ရမယ့်လမ်းကို ညွှန်ပြပေးစေချင်ပါတယ် အခုအတိုင်းက ကျုပ် ဘယ်လိုပြန်ရမှန်း မသိအောင်ကို ဖြစ်နေပါတယ်”
ကျွန်ုပ် လိုက်လှဲစွာ ပြောလိုက်ပါသည်။
“ကျွန်မ အကြံပေးနိုင်သမျှ အတိုချုပ်ပြောရယင် ရှင်လာခဲ့တဲ့ လမ်းအတိုင်း ပြန်ပေါ့ရှင်”
မိန်းမပျိုသည် ကုလားထိုင်ပေါ်တွင် ထိုင်ချပင် အဖြေပေးလိုက်ခြင်း ဖြစ်ပါသည်။
“ကောင်းပြီလေ၊ ကျုပ် တောထဲမှာ ဖြစ်ဖြစ် စိမ့်မြေထဲမှာ ဖြစ်ဖြစ် သေနေတယ်ဆိုယင်တော့ ခင်ဗျားကလေးရဲ့ အပြစ်မကင်းဘူးဆိုတဲ့ စိတ်က ခင်ဗျားကို ခြောက်လှန့်နေမှာပဲ”
“ဘယ်လိုလဲ ရှင့်၊ ကျွန်မ ရှင့်ကို လိုက်မပို့နိုင်ပါဘူး၊ သူတို့က ကျွန်မကို ဝင်းခြံစည်းရိုးနားအထိတောင် သွားခွင့်ပြုကြမှာ မဟုတ်ဘူး'
“ဒီလို ညမျိုးမှာ ခင်ဗျားကလေးကို လိုက်ပို့ခိုင်းတယ်ဆိုယင် ကျုပ် ရိုင်းရာကျမှာပေါ့၊ ကျုပ်ပြောတာက သွားရမယ့်လမ်းကိုပဲ ပြောပြဖို့ပါ။ လမ်းကိုတောင် လိုက်ပြဖို့ မလိုပါဘူးဗျာ၊ မဟုတ်ယင်လဲ ကျုပ်အတွက် လမ်းပြတယောက် ထည့်ပေးဖို့ မစ္စတာဟိကလစ်ကို ပြောပေးဖို့ပါ”
“ဘယ်သူ့ကို လမ်းပြထည့်လို့ ဖြစ်မှာလဲ ရှင့်၊ ကျွန်မတို့အိမ်မှာက သူရယ်၊ ဆန်းရှောရယ်၊ ဇီလာရယ်၊ ဂျိုးဆက်ရယ်ပဲ ရှိတာရှင့် "
“ခြံထဲမှာ ကလေးတယောက်မှ မရှိဘူးလား'
“အဲဒါ အကုန်ပဲရှင့်”
“ဒီလိုဆိုလဲ ကျုပ် ဒီည ဒီမှာပဲ နေရုံရှိတာပေါ့”
“ဒါကတော့ ရှင် အိမ်ရှင်နဲ့ ပြောပေါ့၊ ကျွန်မအနေက ဘာမှ မပြောနိုင်ပါဘူး”
ထိုစဉ်မှာပင် ဟိကလစ်သည် မီးဖိုဘက်မှ ထွက်လာပြီး ခပ်ပြတ်ပြတ် လှမ်းအော်ပြောလိုက်ပါသည်။
“ဒါဟာ ခင်ဗျားအဖို့ ဒီတောင်ပေါ်ခရီးကို နောက်တကြိမ် အရဲကိုး မသွားဖို့ သင်ခန်းစာပဲ၊ ခင်ဗျား ဒီမှာ နေဖို့ဆိုတာလဲ ကျုပ် အိမ်အနေနဲ့က ဧည့်သည်အတွက် အိပ်ရာထိုင်ခင်း မရှိဘူး၊ ခင်ဗျား နေချင်သပဆိုယင်လဲ ဟယ်ယာတန်နဲ့ဖြစ်ဖြစ် ဂျိုးဆက်နဲ့ဖြစ်ဖြစ် သွားနေပေါ့”
“ကျွန်တော် ဒီအခန်းထဲမှာပဲ ကုလားထိုင်ပေါ်မှာ အိပ်နိုင်ပါတယ်”
“မဖြစ်ပါဘူး၊ ဆင်းရဲ ဆင်းရဲ၊ ချမ်းသာ ချမ်းသာ လူစိမ်းဟာ လူစိမ်းပဲဗျ၊ ကျုပ်အိမ်မှာ ဘယ်လိုလူတယောက်ကိုမှလဲ ကျုပ်က စောင့်ကြည့်နေနိုင်တာ မဟုတ်ဘူး၊ ဘယ်သူ့ကိုမှလဲ နေခွင့် မပြုနိုင်ဘူး’
ခပ်ကြမ်းကြမ်း ပြောချလိုက်ပါတော့သည်။
သည်မျှအထိ စော်ကား မော်ကား ပြောလာတော့လည်း ကျွန်ုပ် ဆက်လက် သည်းခံနိုင်စွမ်း မရှိတော့ပါ။ ကျွန်ုပ်သည် စက်ဆုပ်ရွံ့ရှာခြင်း ပြင်းစွာဖြင့် သူ့ကို တွန်းဖယ်ပြီး အန်းရှောကို ဖြတ်ကျော်၍ ခြံထဲသို့ ပြေးထွက်လာခဲ့ပါတော့သည်။ ခြံထဲ၌ အမှောင်ပိန်းလျက် ဝင်းတံခါးကိုပင် မမြင်ရပါ။ ကျွန်ုပ်သည် ခြံထဲတွင်လျှောက်ယင်း သူတို့အချင်းချင်း ပြောနေသံကို ကြားရပါသည်။ လူငယ်သည် ကျွန်ုပ်အပေါ် ညှာတာ ထောက်ထားဟန် ရှိပါသည်။
“ကျွန်တော် သူ့ကို လိုက်ပို့လိုက်မယ်လေ' ဟူသော အန်းရှော၏ ပြောသံကိုကြားရပါသည်။
“လိုက်ပို့လို့ ဖြစ်မလားကွ၊ မြင်းတွေကို ဘယ်သူကြည့်မှာလဲ” ဟိကလစ်၏အသံ။
“တညနေလောက် မြင်းတွေကို မကြည်ဖြစ်တာထက် လူတယောက် အသက်က ပိုပြီး အရေးကြီးပါတယ်။ တယောက်ယောက်တော့ လိုက်ပို့ဖို့ကောင်းတာပေါ့”
ကျွန်ုပ် မျှော်လင့်ထားသည်ထက်ပင် ကရုဏာတရား ရှိဟန်တူသော မစ္စက်ဟိကလစ်က ခပ်တိုးတိုး ပြောလိုက်ပါသည်။
“နင် အမိန့်ပေးစရာ မလိုပါဘူး၊ နင့်ဘာသာ အေးအေးဆေးဆေး နေစမ်းပါ”
ဟယ်ယာတန်က ဝင် ပြောလိုက်သည်။
“ဒါဆိုယင် သူ သေသွားပြီး သူ့တစ္ဆေက ရှင့်ကို ခြောက်မှာပဲ၊ မစ္စတာဟိကလစ်ကလဲ နောက်ထပ် အိမ်ငှားမရပဲ အိမ်ကြီး ပျက်စီးသွား မှာပဲ’
မိန်းမပျိုက ခပ်ပြတ်ပြတ် ဝင်ပြောလိုက်ပါသည်။
“နားထောင်စမ်း၊ နားထောင်စမ်း ကောင်မလေး ကျိန်ဆဲနေလိုက်တာ”
ဂျိုးဆက်၏ ခပ်ညည်းညည်း ပြောသံကြောင့် ကျွန်ုပ်သည် သူ့အသံ ကြားရာဘက်သို့ လှည့်လိုက်ပါသည်။
ဂျိုးဆက်သည် မလှမ်းမကမ်းတွင် မီးအိမ်တလုံးနှင့် နွားနို့ညှစ်နေသည်။ ကျွန်ုပ်သည် သူ့အပါးသို့သွားပြီး မီးအိမ်ကိုဆွဲယူကာ နောက်တနေ့တွင် ပြန်ပို့မည်ဖြစ်ကြောင်း ပြောပြီး အနီးဆုံး နောက်ဖေးပေါက်သို့ ပြေးလာခဲ့ပါသည်။
“သခင်၊ သခင်၊ သူ ကျုပ်မီးအိမ်ကို လုသွားပြီ ခင်ဗျ၊ ဟဲ့ နက်ရှာတို့ ရှူးဟဲ့၊ ရှူးဟဲ့”
အဘိုးကြီးသည် အော်ဟစ်ယင်း ကျွန်ုပ်ကို ခွေးတွေနှင့် ရှူးတိုက်ပါလေတော့သည်။
တံခါးဝ အရောက်တွင် အမွှေးစုတ်ဖွားနှင့် ခွေးနှစ်ကောင်သည် ကျွန်ုပ်ကိုယ်ပေါ်သို့ ခုန်တက်ပြီး လည်ပင်းကို ဟပ်လိုက်သည်နှင့် ကျွန်ုပ်လည်း လဲကျသွားကာ မီးအိမ်လည်း ငြိမ်းသွားပါတော့သည်။ ရုန်းရင်းဆန်ခတ် ဖြစ်နေသော အဖြစ်အပျက်ကြားတွင် ကျွန်ုပ်သည် ဟိကလစ်နှင့် ဟယ်ယာတန်တို့၏ ရှယ်မောသံကို ကြားလိုက်ရသလိုရှိပါ၏။ ကျွန်ုပ်နှာခေါင်းမှ သွေးများထွက်နေသည်ကို သတိပြုမိသောအချိန်အထိ ဟိကလစ်မှ ရယ်နေတုန်းဖြစ်ပါသည်။ အဖြစ်အပျက်သည် မည်သို့ အဆုံးသတ်သွားသည်ကို ကျွန်ုပ်မသိပါ။ ကျွန်ုပ်အပါးတွင် ရောက်လာနေသော လူတဦးကိုသာ ကျွန်ုပ် သတိပြုလိုက်မိပါသည် သူကား ခန္ဓာကိုယ်အနေအထား တုတ်တုတ်ခိုင်ခိုင် ရှိလှသော အိမ်ဖော် အမျိုးသမီးကြီး ဗီလာ ဖြစ်ပါသည်။ သူသည် အဖြစ်အပျက်ကို ခြုံငုံစူးစမ်းလိုက်ပြီး သူ့သခင်ကို အပြစ်မတင်ရက်သည့်အလျောက် လူငယ် အန်းရှောဘက်လှည့်၍
“မစ္စတာ အန်းရှော ရှင့်၊ ရှင် နောက်ထပ် ဘာလုပ်ချင်သေးသလဲ၊ ကိုယ့်အိမ်လာတဲ့ လူတယောက်ကို သတ်ချင်လို့လား၊ ကြည့်စမ်းပါဦး ဘယ်လောက် သနားစရာ ကောင်းသလဲ၊ ကဲ လာ လာ၊ ကျုပ်ပဲ ပြုစုပေးမယ်” ဟု အော်ပြောလိုက်ပါသည်။
ဤသို့ ပြောယင်းပင် မိန်းမကြီးသည် ကျွန်ုပ် လည်ပင်းပေါ်ကို ရေခဲရေနှင့် လောင်းချလိုက်ပြီး ကျွန်ုပ်ကို မီးဖိုထဲသို့ ဆွဲခေါ်ခဲ့ပါသည်။ မစ္စတာဟိကလစ်သည် ကျွန်ုပ် နောက်မှ လိုက်ပါလာပါသည်။ ကျွန်ုပ်မှာ မချိမဆံ့ ခံစားနေရပါသည်။ ဤနည်းဖြင့် ဤအိမ် ကြီးတွင် အိပ်ရန် အကြောင်းဖန်လာပါတော့သည်။ ဟိကလစ်သည် ဇီလာအား ကျွန်ုပ်ကို ဘရန်ဒီတခွက် တိုက်ရန် မှာပြီး အတွင်းခန်းသို့ ဝင်သွားပါလေတော့သည်။ ဇီလာသည် သူ့သခင်၏ အမိန့်အတိုင်း ကျွန်ုပ်ကို ပြုစုပြီးနောက် ကျွန်ုပ်အား အိပ်ရာဆီသို့ ခေါ်ခဲ့ပါလေတော့သည်။
အခန်း [ ၃ ]
ဇီလာသည် ကျွန်ုပ်အား အပေါ်ထပ်သို့ ဦးဆောင် ခေါ်သွားယင်း ဖယောင်းတိုင်ကို ဝှက်ထားရန်နှင့် အသံဗလံမပြုရန် မှာထားပါသည်။ ကျွန်ုပ်နေရမည့် အခန်းနှင့် ပတ်သက်၍ သူ့သခင်၌ အစွဲအလမ်းတခု ရှိနေကြောင်းနှင့် ထိုအခန်းတွင် မည်သူ့ကိုမျှ တည်းခိုခွင့် မပြုကြောင်း ပြောပြပါသည်။ ထိုအခါ ကျွန်ုပ်က အကြောင်းရင်းကို မေးပါသေးသည်။ သူက သူ မသိကြောင်း၊ သူ ဤအိမ်ကို ရောက်သည်မှာ တနှစ် နှစ်နှစ်မျှသာ ရှိသေးကြောင်း၊ ဤအိမ်သားတွေကြားမှာ အဆန်းတကြယ်များဖြစ်ပေါ်နေကြောင်း၊ သူ့အနေနှင့် ဤကိစ္စတွေကို မစူးစမ်းမိသေးကြောင်း ရှင်းပြပါသည်။
ကျွန်ုပ်သည် အံ့အားတသင့် ဖြစ်နေရပါလေတော့သည်။ ကျွန်ုပ်သည် အခန်းတံခါးကို ကန့်လန့်ချပြီး အိပ်ရာအတွက် အခန်းအတွင်း အခြေအနေကို ကြည့်လိုက်မိပါသည်။ အခန်းတွင်း ပရိဘောဂများကား ကုလားထိုင်တလုံး၊ အဝတ်သေတ္တာတလုံးနှင့် အလွန်ကြီးမားသော ဝက်သစ်ချသား သေတ္တာကြီးတလုံးသာ ရှိပါသည်။ သေတ္တာကြီးမှာ အပေါ်ပိုင်း၌ မြင်းရထား တံခါးပေါက်များသဖွယ် လေးထောင့် အပေါက်များ ဖောက်ထားသည်။ ကျွန်ုပ်သည် သေတ္တာကြီးနားသို့ ကပ်သွားပြီး သေသေချာချာ ကြည့်လိုက်သောအခါ သေတ္တာကြီးမှာ ရှေးခေတ်သုံး ခုတင်ကြီးအဖြစ် တွေ့ရလေတော့သည်။ ထိုခုတင်ကြီးမျိုးမှာ ပြတင်းပေါက်ပါသော အခန်းတခုသဖွယ် ဖြစ်သည်။ ကျွန်ုပ်သည် ခုတင်ထဲသို့ ဝင်လိုက်ပြီး တံခါးပေါက်များကို ပိတ်လိုက်ပါတော့သည်။ ကျွန်ုပ်ကား ဟိကလစ်၏ အန္တရာယ်မှ လုံခြုံသွားပါလေတော့သည်။
ကျွန်ုပ်သည် ပြတင်းဘောင်ပေါ်တွင် ဖယောင်းတိုင်ကို တင်ထားလိုက်ပါသည်။ ထောင့်တနေရာ၌ မှိုတက်နေသော စာအုပ်များကို တွေ့ရသည်။ ပြတင်းဘောင်ပေါ်တွင် ဆေးသုတ်ထားပြီး နာမည်များ ရေးခြစ်ထား၏။ နာမည်အားလုံးမှာ ကက်သရင်းအန်းရှော ဟူသော အမည်မှ ဆင့်ပွားထားပုံရ၏။ ကတ်သရင်း ဟိကလစ်ကိုလည်း တွေ့ရ၏။ ကက်သရင်း လင်တန် ဟူသော အမည်ကိုလည်း တွေ့ရသည်။
ကျွန်ုပ်သည် ပင်ပန်းနွမ်းနယ်လှစွာဖြင့် ပြတင်းပေါက်ကို ခေါင်းမှီယင်း မျက်လုံးမှိတ်သွားသည်အထိ အန်းရော၊ ဟိကလစ်၊ လင်တန် ဟူသော စာလုံးပေါင်းများကို အဆက်မပြတ် စိတ်ဖြင့် ရေရွတ်နေပါသည်။ သို့သော် ထိုအမည်များမှာ အာရုံ၌ ငါမိနစ်မျှပင် မစွဲမြဲပါ။ အမှောင်ထဲတွင် အဖြူရောင် စာလုံးများကိုသာ မြင်ယောင်နေပါ၏။ ထိုစာများမှာ ကက်သရင်းဟူသော အမည်သာ ဖြစ်ပါသည်။ ကျွန်ုပ်သည် ထိုအမည်ကိုလည်း ဆက်လက် စာလုံး ပေါင်းမကြည့်တော့ပါ။ ဖယောင်တိုင် မီးရောင်သည် စာအုပ် တအုပ်ပေါ်၌ ကျရောက်နေပါသည်။ ထိုစာအုပ်ဆီမှ နွားကလေး သားရေနံ့သည် ဟောင်နေသဖြင့် ကျွန်ုပ်သည် ထိုအနံ့ဆိုးကို ထုတ်လိုက်ပြီး စာအုပ်ဟောင်းကို ဆွဲကာ ကျွန်ုပ်ဒူးပေါ်တင်၍ ဖြန့်ကြည့်လိုက်ပါသည်။ စာအုပ်မှာ သမ္မာကျမ်းစာအုပ် ဖြစ်ပါသည်။ အဟောင်းအမြင်း အနံ့အသက်မှာလည်း လှောင်နေပါလေပြီး။ စာအုပ်၏ ပထမမျက်နှာပေါ်၌ “ကက်သရင်း အန်းရှော၏ စာအုပ်"ဟူသော ကမ္ပည်းနှင့် လွန်ခဲ့သော အနှစ် အစိတ်က ရက်စွဲကို စာအုပ်၏ အတွင်း တွေ့ရပါသည်။
ကျွန်ုပ်သည် ထိုစာအုပ်ကို ပြန်ပိတ်လိုက်ပြီး အခြား စာအုပ်များကို တအုပ်ပြီးတအုပ် ယူ၍ လေ့လာကြည့်မိပြန်ပါလေသည်။ ကက်သရင်း၏ စာကြည့်တိုက်မှ လက်ရွေးစင်စာအုပ်များ ဖြစ်ပုံရပါသည်။ စာအုပ်များမှာ အကြိမ်ကြိမ် သုံးစွဲထားသဖြင့် ပျက်စီးယိုယွင်းစ ပြုနေပါပြီ။ စာမျက်နှာတိုင်းရှိ နေရာလွတ်တိုင်းတွင် မင်ဖြင့် ရေးခြစ်ထားသည်မှာလည်း နေရာမလွတ်အောင်ပင် ရှိပါသည်။ ရေးသားထားသော ဝါကျများမှာ နေ့စဉ်မှတ်တမ်းသဖွယ် ဖြစ်ပြီး လက်ရေးလက်သားမှာ ကလေးလက်ရေး ဆန်လှပါသည်။ စာအုပ်တွင်း စာရွက်လွတ် မျက်နှာပေါ်၌ ဂျိုးဆက်၏ ပုံတူ ခပ်ကြမ်းကြမ်း ရေးဆွဲထားသဖြင့် ကျွန်ုပ်သည် ပြုံးလိုက်မိသေး၏။ ကျွန်ုပ်သည် စာအုပ်များကို လှန်လှောကြည့်ယင်း ကက်သရင်းကို စိတ်ဝင်စားသည့်အလျောက် စာအုပ်ထဲတွင် ရေးထားသော နေ့စဉ်မှတ်တမ်းကို ဖတ်ကြည့်လိုက်မိပါတော့သည်။
“စိတ်ပျက်စရာ တနင်္ဂနွေနေ့ပါကလား၊ အဖေ ရှိစေချင်တယ် ဟင်ဒလီ ရှိနေပေမယ့် ဟင်ဒလီဟာ မုန်းစရာပဲ၊ သူက ဟိကလစ်ကိုများဆိုသိပ် အနိုင်ကျင့်ချင်တာပဲ၊ သည်ညနေတော့ ကိုယ်နဲ့ ဟီကလပ်ဟာ သူ့ကို စပြီး တော်လှန်ဖို့ ပထမ ခြေလှမ်းကို လှမ်းလိုက်ကြပြီ။
“တနေ့လုံး မိုးလေသည်းပြီး အပြင်ဘက်မှာ ရေချည်းပဲ၊ ကိုယ်တို့ ဘုရားရှိခိုးကျောင်းကို မသွားနိုင်ဘူး၊ ဒါကြောင့် ဂျိုးဆက်က အပေါ်ထပ် ဘုရားဆောင်ကို တက်သွားတယ်၊ ဟင်ဒလီနဲ့ သူ့မိန်းမကတော့ အောက်ထပ် မီးဖိုဘေးမှာ ဇိမ်နဲ့ ထိုင်နေကြတယ်၊ အဲဒီတုန်းမှာပဲ ကိုယ်နဲ့ ဟိကလစ်တို့ကို ဘုရားစာအုပ်ယူပြီး အပေါ်တက်သွားဖို့ အမိန့်ပေးတာနဲ့ ကိုယ်တို့ အပေါ်ထပ် ဘုရားဆောင်ထဲကို လာခဲ့ရတယ်၊ ချမ်းလိုက်တာကလဲ ခိုက်ခိုက်တုန်နေတာမို့ ဂျိုးဆက်ဟာ ကိုယ်တို့ကို ခဏကလေးပဲ ဘုရား အာရုံပြုခိုင်းမယ်ထင်တာပေါ့၊ ကိုယ့်အထင်ဟာ အလကားပဲ၊ အပေါ်ကျတော့ ဘုရားဝတ်ပြုတာ သုံးနာရီလောက်ကြာတယ်၊ ဒါတောင် ကိုယ်တို့ ပြန်ဆင်းလာတော့ ကိုယ့်အစ်ကိုက “ဒါပဲလား” ဆိုပြီး မကျေနပ်စကား ဆိုသေးတယ်၊ တနင်္ဂနွေ၊ ညနေတွေမှာ အသံဗလံ ဆူဆူညံညံ မလုပ်ယင် ကိုယ်တို့ ကစားခွင့် ရလေ့ရှိပါတယ်၊ ခုတော့ အခန်းထောင့် တနေရာမှာ ကျိတ်ရယ် နေရုံပဲ ရှိတယ်။
“အဲဒီတုန်းမှာပဲ အစ်ကို ဟင်ဒလီက “မင်းတို့မှာ သခင်ရှိတယ်ဆိုတာ မမေ့ပါနဲ့၊ ငါ့ကို စိတ်တိုအောင် လုပ်ယင်တော့ မလွယ်ဘူးမှတ်၊ မင်းတို့ နှစ်ယောက်စလုံး ငြိမ်ငြိမ်တိတ်တိတ်နေပါ၊ ဟေ့သူငယ် ဘာလုပ်တာလဲကွ၊ ဖရန့်၊ အချစ်ရေ၊ မင်း အဲဒီ ကောင်လေး ဆံပင်ကို ဆွဲစမ်းကွာ၊ သူ့ဆီက လက်ဖြောက်တီးသံ ကြားလိုက်တယ်ကွ”ဟု ပြောလိုက်သဖြင့် ဟင်းလီ၏ မိန်းမ ဖရန့်ဆက်သည် သူ့ယောက်ျားဆီ အသွားတွင် ဟိကလပ် ဆံပင်ကိုဆောင့်ဆွဲလိုက်ပါတော့တယ်၊ ပြီးတော့မှသူ့ယောက်ကျား ပေါင်ပေါ်မှာ သွားထိုင်လိုက်ပါတယ်၊ ပြီး ကလေးနှစ်ယောက်လိုပဲ နမ်းလိုက်ကြ၊ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောလိုက်ကြ ကိုယ်တို့အဖို့တော့ ရှက်စရာကြီးပါပဲ၊ ကိုယ်တို့လဲ အဝတ်ဗီရိုကြီးဘေးမှာ ကွေးနေကြရတယ်။ ဒီကြားကပဲ အပေါ်ဝတ်ခါးစည်းကိုချွတ်ပြီး ခန်းဆီးကို ချိတ်လိုက်တုန်းမှာပဲ ဂျိုးဆက် ဝင်လာပြီး အဲဒီ ခန်းဆီးကို ဆွဲဖယ်ပစ်လိုက်တယ်။
“ပြီးတော့ သူက သခင်ကြီးကို သင်္ဂြိုဟ်ပြီးရုံပဲ ရှိသေးတယ် ပြီးတော့ ဘုရားဝတ်ပြုပြီးရုံပဲ ရှိသေးတယ်။ ဒီလို ဆော့နေကြတာ ကောင်းသလား၊ စာလေးဘာလေး ဖတ်နေပါလား၊ ဘုရား တရား အောက်မေ့နေပါလား”လို့ ဆိုပြီး စာအုပ်နှစ်အုပ် ကိုယ်တို့ဆီ လှမ်းပစ်ပေးတယ်။
“ကိုယ်က ကိုယ့်ဆီ ရောက်လာတဲ့ စာအုပ်ကို ကောက်ယူပြီး ခွေးတွေဆီ လှမ်းပစ်လိုက်တယ်၊ `အဲဒီ အချိန်မျိုးမှာ စာ မဖတ်ချင်ပါဘူး၊ ဟိကလစ်ကလဲ သူ့ဆီ ရောက်လာတဲ့ စာအုပ်ကို ကန်ပစ်လိုက်တယ်၊ ဝုန်းဒိုင်းကြဲသွားတော့တာပေါ့။
“အဲဒီမှာတွင် ကိုယ်တို့ရဲ့ ဆရာကြီးက အော်တော့တာပါပဲ “သခင် ဟင်ဒလီ ခင်ဗျား၊ ဟောဒီမှာ လာကြည့်စမ်းပါ မစ္စကေသီက ဘုရားစာအုပ်ကို လွှင့်ပစ်သဗျ၊ ဟိကလစ်က ဘုရားစာအုပ်ကို ခြေထောက်နဲ့ ကန်ပစ်သတဲ့၊ ကလေးတွေတော့ အဘိုးကြီး မရှိကတည်းက ပျက်စီးကုန်ပါပြီ။
အဲဒါနဲ့ ဟင်ဒလီကလဲ သူဇိမ်ခံနေတဲ့ မီးဖိုနားက ထလာပြီ ကိုယ့်ကို အင်္ကျီလည်ကုပ်ကဆွဲ၊ နောက်တယောက်ကိုတော့ လက်ဆွဲပြီး နောက်ဖေးမီးဖိုဆောင်ထဲ တွန်းပစ်လိုက်တယ်၊ ဒါနဲ့ ကိုယ်လဲ ကိုယ့်အခန်းကို တက်ပြီး ဒီစာအုပ်ကို ဆွဲယူလိုက်တယ် မင်အိုးတလုံးကိုဆွဲပြီး အလင်းရောင်ရအောင် တံခါးကို ဟ ထားလိုက်တယ်၊ ကိုယ့်အဖို့ ဒီစာအုပ်မှာ ရေးဖို့ မိနစ်နှစ်ဆယ်လောက် အချိန်ရပါတယ်။ ဒါပေမယ့် ဟိကလစ်ကတော့ သည်းမခံနိုင်ဘူး၊ အထဲမှာလဲ ချမ်းတာပဲ၊ အပြင်ဘက်မှာလဲ ချမ်းတာပဲ၊ ဒီအတူတော့ အပြင်ဘက်ထွက်ပြီး ဆော့ဖို့ အကြံပေးတယ်၊ ကိုယ်လဲ သဘော ကျကျပဲ၊ အဘိုးကြီးကတော့ ကိုယ်တို့ အိမ်ထဲမှာ ရှိနေလိမ့်မယ် ထင်မှာပဲ”
ကျွန်ုပ်သည် ကက်သရင်းတို့နှစ်ယောက် အပြင်ထွက် ဆော့ကစားနေကြဟန်ကို မှန်းဆမိပါသည်။ နောက်ဝါကျများ၌ကား သူ ငိုကြွေးရသော အဖြစ်ကို `ဆက်လက် ဖော်ပြထားပါသည်။
“ဟင်ဒလီဟာ ကိုယ့်ကို အခုလို ငိုရအောင် လုပ်လိမ့်မယ်လို့ မထင်ခဲ့ဘူး၊ ကိုယ် ငိုရလွန်းလို့ ခေါင်းတောင် ကိုက်နေပြီ၊ ခေါင်းအုံးပေါ်မှာတောင် ခေါင်းချလို့ မရဘူး၊ ဟိကလစ်ဟာ သနားစရာပဲ၊ ဟင်ဒလီက သူ့ကို ကလေကချေ တယောက်လို့လဲ ခေါ်တယ်၊ ကိုယ်တို့နဲ့လဲ အတူ မထိုင်ရဘူး၊ အတူလဲ မစားရ တော့ဘူး၊ ပြီးတော့ သူက ပြောသေးတယ်၊ ကိုယ်နဲ့ ဟိကလစ် အတူ မကစားရတော့ဘူးတဲ့၊ အဲဒီ သူ့ အမိန့်တွေကို မလိုက်နာယင် ဟိကလစ်ကိုလဲ အိမ်က မောင်းချမယ်တဲ့၊ သူက ဟိကလစ်ကို အဖေက ပြုစုစောင့်ရှောက်ခဲ့တာကိုတောင် အပြစ်တင်လိုက်သေးရဲ့၊ ဟိကလစ်ကို နေရာမှန် ပြန်ရောက်အောင် လုပ်ဦးမယ် ဆိုပဲ”
ကျွန်ုပ်သည် မှုန်ဝါးဝါး စာရွက်များကို စူးစိုက်ကြည့်ယင်း ငိုက်မျဉ်း လာပါလေတော့သည်။ ကျွန်ုပ်၏ မျက်လုံးများသည် လက်ရေးစာလုံးများမှ ပုံနှိပ်စာလုံးများဆီသို့ ရောက်သွားပြန်ပါလေသည်။ ပုံနှိပ်စာလုံးမှာ ဆရာတော် ဂျိတ်ဗရင်ဒါဟမ် ဟောမြွက်သော တရားစာများဟုဖတ်လိုက် ရပါသည်။ ကျွန်ုပ်စိတ်မှာ မသိတဝက် သိတဝက် ဖြစ်နေပါလေပြီ။ ဆရာထော် ဂျိတ်ဗရင်ဂါဟမ်သည် အာရုံသို့ ရောက်လာစဉ်မှာပင် ကျွန်ုပ်အိပ်ပျော်သွားပါလေတော့သည်။
သို့သော် ကောင်းကောင်း အိပ်ပျော် သွားပုံ မရပါ။ အိပ်မက်မက်နေဟန် တူပါသည်။ မနက် လင်းလာပြီဟု ထင်နေပါသည်။ ဂျိုးဆက်က လမ်းပြပြီး ကျွန်ုပ်အိမ်သို့ ပြန်လာနေသည်ဟုလည်း ထင်နေပါသည်။ လမ်းတလျှောက်မှာ နှင်းတွေ ဖုံးနေပါသည်။ အိပ်မက်ထဲတွင် ကျွန်ုပ်အိမ်လာသော လမ်းတလျှောက်၌ ဂျိုးဆက်သည် ကျွန်ုပ်ကို အပေါ်စီးနှင့် စကား ဆိုလာပါသည်။ ကျွန်ုပ် သူ စော်ကား မော်ကား လုပ်နေသည်ဟု ထင်လာပါသည်။ ထို့ကြောင့် ကိုယ့်အိမ်ကို မြန်မြန်ရောက်ချင်ပါသည်။ သို့သော် ကျွန်ုပ်စိတ်ထဲမှာ အိမ်ကို သွားနေသည်ဟု မထင်ပဲ စာအုပ်ထဲက ဆရာတော် ဗရင်ဒါဟမ်ထံသို့ သွားနေသည်ဟု ထင်လာပြန်ပါသည်။
အိပ်မက်ထဲတွင် ကျွန်ုပ်သည် ဘုရားကျောင်းထဲသို့ ရောက်လာပါသည်။ ဤနေရာကို ကျွန်ုပ် နှစ်ခေါက်သုံးခေါက် ရောက်ဖူးပါပြီ။ ထိုနေရာကား တောင်ကုန်းနှစ်ခုကြား အနိမ့်ပိုင်း ဖြစ်ပါသည်။ ဆရာတော်သည် တရားတော်ကို ဟောမြွက်နေပါသည်။ ထိုနေရာသို့ စုဝေးရောက်နေသူများကား လူထူးလူဆန်းများချည်း ဖြစ်ပါသည်။
ကျွန်ုပ်သည် ပို၍ပို၍ ပင်ပန်းလားပါသည်။ ကျွန်ုပ်သည် ဝက်သစ်ချသား သေတ္တာခုတင်ကြီးထဲတွင် လဲလျောင်းနေရသော အဖြစ်ကို သတိရလာပါသည်။ လေတဟူးဟူး တိုက်သံနှင့် နှင်းတဖြိုက်ဖြိုက်ကျသံကို အထင်အရှား ကြားလာရပါသည်။ ထင်းရှူးပင် ကိုင်းလက်များ ရိုက်ခတ်သံကိုလည်း ကြားလာရပါ၏။ ထိုအသံများကား စိတ်ကို အနှောင့်အယှက် ဖြစ်စေသဖြင့် ကျန်ုပ်သည် အသံဗလံများကို မကြားရလေအောင် နေရာမှထပြီး တံခါးချိတ်ကို ဖြုတ်ရန် ကြိုးစား ကြည့်လိုက်ပါသည်။ တံခါးပတ္တာသည် မရွှေပဲ ဖြစ်နေပါသည်။ ကျွန်ုပ်သည် အိပ်မက်ထဲတွင် တံခါးကို ကြိုးစား ဝင်ကြည့်နေမိပြန်သည်။ ကျွန်ုပ်သည် ပြတင်းမှန်တံခါးကို လက်ဖြင့်စိုက်ခဲ့ပြီး အပြင်ဘက်က သစ်ကိုင်းကို ဖမ်းမိရန် ကြိုးစားကြည့်ပါသည်။ ကျွန်ုပ်၏ လက်သည် သစ်ကိုင်းဆီသို့ မရောက်မီမှာပင် ရေခဲတမျှ အေးစက်လှသော လက်ချောင်းကလေးများ၏ ဖမ်းဆီးချုပ်ကိုင်ခြင်းကို ရုတ်တရက် ခံစားလိုက်ရပါသည်။ အတော်ကြီး ထိတ်လန့် တုန်လှုပ်သွားပါလေတော့သည်။ လက်ကို ပြန်ရုပ်သော်လည်း တဘက်က လက်များက အခိုင်အမာ ဆုပ်ကိုင်ထားပြီး လှိုက်ဖိုသော ရှိုက်သံနှင့် “ကျွန်မ အထဲဝင်ပါရစေရှင်၊ ကျွန်မ အထဲ ဝင်ပါရစေရှင်”ဟု ပြောလာသောအသံကို ကြားရသည်။
ကျွန်ုပ်သည် သူ့လက်မှ ကျွန်ုပ်လက်ကိုရုန်းယင်း “မင်း ဘယ်သူလဲ”ဟု မေးလိုက်မိပါသည်။ ထိုအခါ ကက်သရင်းလင်တန်ပါ” ဟူသော ကတုန် ကယင်အသံ ထွက်လာပါသည် (ကျွန်ုပ်သည် “အန်းရော” ဟူသော အမည်ကို ကြိမ်ဖန်များစွာ ဖတ်ခဲ့ရပါလျက် အဘယ်ကြောင့် “လင်တန်”ကို စွဲလမ်းနေရပါသနည်း)။
“ကျွန်မ အိမ်ကို ပြန်လာတာပါရှင်၊ ကျွန်မ ကွင်းထဲမှာ မျက်စိလည်နေလို့ပါ ပြတင်းပေါက်အပြင်မှ လှမ်းကြည့်နေသော ကလေးငယ်၏ ရုပ်သွင်ကို မြင်လာရသည်။ ကျွန်ုပ် ကြောက်ရွံ့ တုန်လှုပ်လာပါတော့သည်။ ကျွန်ုပ်လက်ကို ကိုင်ထားသော သူ့လက်ကို အတွင်းသို့ ပါလာသည်အထိ ကျွန်ုပ်လက်ကို ရုပ်လိုက်ရာ သူ့လက်မှာ မှန်ကွဲများနှင့် ရှပြီး သွေးများ စီးကျလာပါတော့သည်။ အိပ်ရာခင်းမှာ သွေးတွေနှင့် ရဲသွားပါ၏။ သူကား “ကျွန်မ အထဲဝင်ပါရစေရှင်’ ဟူသော စကားကို သည်းညူနေဆဲ ဖြစ်ပါသည်။ ကျွန်ုပ်လက်ကိုလည်း မလွှတ်သေးပါ။ ကျွန်ုပ်သည် ရူးမတတ် ကြောက်လာပါတော့သည်။
နောက်ဆုံးတွင် ကျွန်ုပ်က ‘ငါဘယ်လို လုပ်ရမှာလဲဟ၊ နင် အထဲ ဝင်ချင်ယင် ငါ့လက်တွေကို လွှတ်မှပေါ့” ဟု ဆိုလိုက်သဖြင့် သူ့ လက်များကို လျော့ဖြေပေးပါတော့သည်။ ကျွန်ုပ်လည်း ကျွန်ုပ်လက်ကို ချက်ချင်း ရုပ်သွင်းလိုက်ပြီး ပြတင်းပေါက် မှန်ကွဲနေရာကို စာအုပ်တွေ ဆင့်ပြီး ပိတ်လိုက်ပါတော့သည်။ အပြင်ဘက်က အသံကို မကြားရအောင် နားကို ပိတ်ထားလိုက်ပါသည်။ ဆယ့်ငါးမိနစ်လောက် ကြာသွားသည် ထင်ပါ၏။ ထို့နောက် စိတ်ပျက် အားလျော့စွာ ညည်းညူနေသော အသံသည် ထွက်ပေါ်လာပြန်ပါလေသည်။
“သွားစမ်းကွာ၊ နင် အနှစ်နှစ်ဆယ် ကြာအောင် တောင်းပန်နေလဲ ငါကတော့ နင့်ကို ဝင်ခွင့်ပြုမှာ မဟုတ်ဘူး' ဟု အော်ပစ်လိုက်ပါတော့သည်။
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ကျွန်မ အနှစ်နှစ်ဆယ်လုံးလုံး အပြင်ဘက်မှာ လေလွင့်နေခဲ့တာပါရှင်' ဟူသော ခပ်ညည်းညည်း အသံကို ကြားရပြန်သည်။
အပြင်ဘက်မှ ကုတ်ခြစ်သံများကို ကြားလာရပြန်သည်။ ပြတင်းပေါက် အကွဲနေရာကို ပိတ်ထားသော စ၁အုပ်သည် ရွှေ့လာသည်ဟု ထင်ရ၏။ ကျွန်ုပ်သည် ထခုန်နိုင်ရန် ကြိုးစားကြည့်ပါ၏။ ခန္ဓာကိုယ်သည် လှုပ်ရှား၍ မရပါ။ ထို့ကြောင့် ကြောက်လန့်တကြား သံကုန်အော်လိုက်ပါတော့သည်။ ကျွန်ုပ်သည် အိပ်မက်ထဲမှာ အော်လိုက်သော်လည်း တကယ် အသံထွက်သွားသလား၊ မသွားဘူးလား မသေချာပါ။ သုတ်သုတ်ပျာပျာ ခြေသံများ တံခါးနားရောက်လာသည်ကို သတိပြုမိပါသည်။ အားကောင်းမောင်းသံ လက်ကြီးဖြင့် တံခါးကို တွန်းဖွင့် လိုက်ပါသည်။ ကျွန်ုပ် ခုတင်အမိုးပေါက် လေးထောင့်ကွက်များမှ မီးရောင်မိန်ပြန်ကို ပြင်ရပါသည်။ ကျွန်ုပ်သည် ခုတင်ပေါ်မှာပင် လှဲနေရာမှ ထထိုင်လိုက်ပါသည်။ ကြောက်သေး မပြယ်သေးပဲ တုန်နေပါသည်။ နဖူးပေါ်မှ ချွေးစေးများကို လွှတ်ချလိုက်ပါသည်။
အခန်းထဲသို့ ဝင်လာသူသည် သူ့ဘာသာ တကိုယ်တည်း ညည်းတွားပြောတိုယင်း တုံ့ဆိုင်းဆိုင်း ဖြစ်နေပါသေးသည်။ နောက်ဆုံးမှပင် အဖြေကို မမျှော်လင့်ဟန်ဖြင့် “အခန်းထဲမှာ ဘယ်သူရှိသလဲ ဟေ့” ဟု ခပ်တိုးတို့ မေးပါသည်။
ကျွန်ုပ်သည် ကျွန်ုပ်နေကြောင်း ဝန်ခံလိုက်ရုံသာ ရှိပါတော့သည်။ မဟုတ်လျှင် သူလည်း ကြောက်ကြောက်လန့်လန့်ဖြင့်အခန်းထဲမှာ ရှာလား ဖွေလား လုပ်ပါတော့မည်။ ထို့ကြောင့် ကျွန်ုပ်သည် ခုတင်အံဖုံးကို ဖွင့်လိုက်ပါသည်။ ကျွန်ုပ်အိပ်မက်တွင် ကြောက်လှန့်တကြား အော်လိုက်သည့်အဖြစ်ကို မေ့မရပါ။
ဟိကလစ်သည် အခန်းဝတွင် အပ်အစား အပြည့်အစုံနှင့် ရပ်နေပါသည်။ လက်ထဲမှ ဖယောင်းတိုင် မီးရောင်တွင် သူ့မျက်နှာသည် သူ နောက်က နံရံအတိုင်း ဖြူဖွေးနေပါသည်။ ကျွန်ုပ် ခုတင် ဖွင့်သံကြောင့် သူ့တုန်သွားပြီး လက်ထဲက ဖယောင်းတိုင်သည် လွတ်ကျသွားပါလေတော့သည်။ သူသည် လွှတ်ကျသားသော ဖယောင်းတိုင်ကို ရုတ်တရက် မကောက်နိုင်သေးပါ။
“ဧည့်သည်ပါ ခင်ဗျား၊ ကျွန်တော် အိပ်ပျော်နေယင်း အိပ်မက်ဆိုး မက်တာနဲ့ လန့်အော်မိလို့ ခင်ဗျားကို အနှောင့်အယှက်ပြုသလို ဖြစ်မိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ”
သူသည် ဖယောင်းတိုင်ကို ကောက်ကိုင်ပြီး ကျွန်ုပ်ဆီသို့ လှမ်းလာ၍ ဖယောင်းတိုင်ကို လက်မှာ မြဲမြဲမကိုင်နိုင်သောကြောင့် ကုလားထိုင်ပေါ်တင်ရင်း …
“အိုး၊ ခင်ဗျားကို မစ္စတာ လော့ဝုရဲ့၊ ခင်ဗျား အတော်ဆိုးတာပဲ၊ ခင်ဗျားကို ဒီအခန်း ဘယ်သူ လိုက်ပြတာလဲ၊ ဘယ်သူလဲဗျ၊ အဲဒီလူတွေတော့ ကျုုပ်အိမ်က ချက်ချင်း မောင်းချမှပဲ” ဟု ပြောပါလေသည်။ သူသည် ဂနာငြိမ်ပုံ မရပါ။ လက်သီးကို ဆုပ်ပြီး အံကိုလည်း ကြိတ်ထားပါသည်။
ကျွန်ုပ်သည် ကြမ်းပြင်ပေါ် ရုတ်ကနဲ ဆင်းရပ်ယင်း အဝတ်အစားကို သေသပ်အောင် ပြင်ဝတ်ပြီး စကားပြန် ပေးလိုက်ပါသည်။
“ခင်ဗျားရဲ့ အိမ်ဖော်မကြီး ဇီလာ လိုက်ပြတာပါဗျာ။ ခင်ဗျား သူ့ကို အိမ်ပေါ်က ကန်ချလဲ ကျွန်တော်ကတော့ အမှုမထားပါဘူး၊ တကယ်တော့ သူကလဲ နှင်အချခံထိုက်ပေသကိုး၊ ခုတော့ လုပ်ပုံကို ကြည့်ပါဦးဗျာ၊ ဒီအခန်း သရဲခြောက်တယ်ဆိုတာ ကျွန်တော့်ကို ဒုက္ခအခံခိုင်းပြီး စမ်းသပ်ကြည့်တဲ့ သဘောပဲပေါ့၊ ဟုတ်ပါဗျာ၊ သရဲတွေရော၊ မှင်စာတွေရော တပုံကြီးပါပဲ၊ ဒါကြောင့်လဲ ခင်ဗျားက ဒီအခန်းကို ပိတ်ထားတာပေါ့လေ၊ ဒီအခန်းထဲ တမှေးကလေး မှေးရဦး၊ ခင်ဗျားကို ဘယ်သူကမှ ကျေးဇူးတင်မှာ မဟုတ်ဘူး”
“ခင်ဗျား ဘာဆိုချင်တာလဲ၊ ခင်ဗျား ဘာတွေ လုပ်နေတာလဲ၊ ခင်ဗျားဘာသာ ဒီထဲ ရောက်နေယင်လဲ လှဲအိပ်လိုက်ပါလား၊ ခင်ဗျား လည်ပင်းကို လာဖြတ်တာမှ မဟုတ်ယင် ခင်ဗျားအသံဗလံ ဆူဆူညံညံ့ ဘာမှလုပ်စရာ မလိုဘူး”
“မကောင်းဆိုးဝါးသာ အထဲဝင်လာယင် ကျွန်တော့်ကို ကုပ်ချိုး သတ်ချင် သတ်မှာဗျ၊ ကျွန်တော် ခင်ဗျားရဲ့ ဘိုးဘေးဘီဘင်တွေကို စော်ကား မှော်ကား လုပ်လိုဘာ မဟုတ်ပါဘူးဗျ၊ ဒါပေမယ့် ဆရာတော် ဗရင်ဒါဟမ် ဆိုတာ ခင်ဗျား အမေဘက်က အမျိုး မဟုတ်ဘူးလား၊ နောက် ဟိုမိန်းကလေးလေဗျာ၊ ကက်သရင်းလင်တန်ပဲလား၊ အန်းရှောလားမသိပါဘူး။ ဘယ်သူပဲ ဖြစ်ဖြစ် အဲဒီမိန်းကလေးဟာ အသက်ရှင်စဉ်ကတည်းက စိတ်ယုတ်မာရှိလို့ အခုလဲ သရဲ တစ္ဆေ ဖြစ်နေဟန်တူပါရဲ့။ သူကိုယ်တိုင်ကလဲ အခုလို မကျွတ်ပဲနေတာ အနှစ် နှစ်ဆယ်ရှိပြီ ဆိုပဲဗျ။ အသက် ရှင်စဉ်က မကောင်းခဲ့လို့ အပြစ်ဒဏ် အခတ်ခံရတာ နေမှာပဲ"
ကျွန်ုပ်သည် ဤသို့ စိတ်လိုက်မာန်ပါ ပြောချလိုက်မိပြီးမှ စ၁အုပ်ထဲက ကက်သရင်းဟူသော အမည်နှင့် ဟိကလပ်တို့၏ အဆက်အစပ်ကို တွေးမိသဖြင့် ပြောမိသည့် စကားအတွက် အားတုံ့အားနာ ဖြစ်ရပါတော့သည်။ ရုတ်တရက် မိမိစိတ်ကို မိမိ ရှင်းလင်းပြီးဟန်မျိုးနှင့် စကားကို ဆက်ပြောလိုက်ပါတော့သည်။
“အမှန်ကတော့ ပထမ ကျန်တော်...”
ကျွန်ုပ်သည် စာအုပ်များထဲမှ ဖတ်ရသမျှ အကြောင်းတွေကို ပြောလိုက်မိမည် ပြုပြီးမှ “ပြတင်းဘောင်ပေါ်က တွေ့တဲ့ စာအုပ်တွေပေါ်က နာမည်တွေကို အိပ်ပျော်အောင် ရွတ်ကြည့်မိပါတယ်' ဟု စကားဆက်၍မှ မဆုံးမီမှာပင်....
“ခင်ဗျား ကျုပ်ကို ဘာသဘောနဲ့ ဒါတွေ ပြောနေရတာလဲ၊ ကျုပ် အိမ်မှာ ခင်ဗျား ဒီစကားမျိုး ဘာလို့ ပြောရတာလဲ၊ ဒီလူတော့ ရူးနေပြီ ထင်ပါရဲ့” ဟု ဒေါသဖြင့် အော်ပြောလိုက်ပါလေတော့သည်။
ကျွန်ုပ်စကားကိုပင် သဘောမကျလေသလား၊ ကျွန်ုပ် ရှင်းလင်းချက်ကိုပင် အဆုံးမသတ်စေချင်သည်လား ကျွန်ုပ် မသိပါ။ သို့သော်လည်း ကျွန်ုပ် ပြောပြလိုက်သော စကားကြောင့် သူ စိတ်ထိခိုက်သွားပုံ ရပါသည်။ ကျွန်ုပ်ကလည်း ကက်သရင်းလင်တန်ဟူသော အမည်ကို မကြားဖူးခဲ့ကြောင်း၊ သို့သော်လည်း ထိုအမည်ကို ဖတ်လိုက်ရပြီး ထိုအမည်၏ ရုပ်သွင်က ကျွန်ုပ်ကို လွှမ်းမိုးလာခြင်း ဖြစ်နိုင်ကြောင်း ရှင်းပြလိုက်ပါသည်။ ဟိကလစ်သည် ကျွန်ုပ် ရှင်းပြနေစဉ်မှာပင် ခုတင်ပေါ်တွင် ထိုင်ချမိလျက်သား ဖြစ်သွားပြီး ခုတင်ထဲတွင် တဖြည်းဖြည်း နိမ့်ဆင်းသွားပါတော့သည်။ သို့သော် အသက်ရှူသံကမူ မမှန်ပေ။ သူသည် တစုံတခု သော ဝေဒနာကို အပြင်းအထန် ခံစားနေရပုံ ရပါသည်။ ကျွန်ုပ် စကားမဆက်ချင်တော့ပါ။ နာရီကို ကြည့်ပြီး အိပ်ရမည့်အချိန်ကို မှန်းဆလိုက်ပြီး ဤသို့ ပြောချလိုက်မိပါသည်။
“သုံးနာရီတောင် မထိုးသေးဘူးပဲ၊ ကျွန်တော်က ခြောက်နာရီ လောက်ရှိပြီ ထင်နေတာ၊ အချိန်များ ကုန်ခဲလိုက်တာ၊ မနက် ရှစ်နာရီ လောက်ထိတော့ အိပ်နိုင်သေးတာပဲ”
“ဆောင်းတွင်းဆို ကိုးနာရီ အိပ်ပြီး လေးနာရီ ထနေကျဗျ”
မစ္စတာ ဟိကလစ်သည် ခပ်ညည်းညည်း ပြောယင်။ မျက်ရည်စ သုတ်ဟန် သူ့ လက်မောင်း လှုပ်ရှားမှုကို ကျွန်ုပ် သတိပြုလိုက်မိပါသည်။ သူက ဆက်ပြောပါသည်။
“ကဲ၊ မစ္စတာ လော့၀ု၊ ခင်ဗျား ကျုပ်အခန်းထဲ သွားအိပ်ချင် အိပ်ချေ၊ မနက်မှသာ အောက်ထပ် ဆင်းခဲ့တော့၊ ခင်ဗျား အော်သံကြောင့် ကျုပ်လဲ လန့်နိုးပြီး ပြန်အိပ်လို့ ရတော့မှာ မဟုတ်ဘူး”
“ကျွန်တော်လဲ အိပ်လို့ရမှာ မဟုတ်တော့ပါဘူး။ ဒီတော့ ခြံထဲဆင်းပြီး လမ်းလျှောက် နေလိုက်ပါတော့မယ်၊ မနက်လင်းတာနဲ့ ကျွန်တော်လဲ၊ ပြန်ပါမယ်၊ ကျွန်တော်လာလို့ ခင်ဗျား စိတ်ညစ်ရတာမျိုးလဲ နောက် မဖြစ်စေရပါဘူးဗျာ၊ ကျွန်တော်လဲ ခုတော့ မြို့ပေါ်မှာပဲ ဖြစ်ဖြစ် တောင်ပိုင်းမှာပဲ ဖြစ်ဖြစ် အထိုက်အလျောက် ပေါင်းတတ် သင်းတတ်လာပြီဆိုရမှာပဲ၊ ခံစားတတ်လွယ်တဲ့ လူဆိုတော့ ကိုယ့်ကိုယ် ကိုယ်ပဲ အဖော်ပြုရမှာပေါ့လေ'
“ကောင်းပါလေဗျာ၊ ဖယောင်းတိုင်ကို ယူသွားပြီး ခင်ဗျား ကြိုက်တဲ့နေရာသာ သွားပေတော့၊ ကျုပ် ခင်ဗျားဆီ လာခဲ့မယ်၊ အဲ၊ ခြံထဲတော့ မသွားနဲ့၊ ခွေးတွေ လွှတ်ထားတယ်ဗျ၊ ခင်ဗျား အိမ်ထဲမှာပဲ နေပေါ့၊ ကဲ ခင်ဗျားသွားတော့၊ နှစ်မိနစ်လောက် ကြာယင် ကျုပ် လိုက်ခဲ့မယ်'
ကျွန်ုပ်လည်း သူ့စကားအတိုင်း အခန်းထဲမှ ထွက်လာခဲ့ပါသည်။ သို့သော် ဘယ်သွားရမည် မသိသေးပါ။ ထို့ကြောင့် ရှပ်နေစဉ် အခန်းတွင်းမှ ကျွန်ုပ်အိမ်ရှင်၏ အဖြစ်အပျက်ကို အလိုလို သတိပြုမိလျက်သား ဖြစ်ရပါတော့သည်။ မစ္စတာ ဟိကလစ်သည် အစဉ်းစားအဆင်ခြင်ရှိပုံ ရသော်လည်း အစွဲအလမ်းလည်း ကြီးပုံရပါသည်။ သူသည် အိပ်ရာပေါ်မှာ ထိုင်ပြီး တံခါးပေါက်ကို ဖွင့်လိုက်ပါသည်။ မျက်ရည်စများကို ထိန်းချုပ်ရနိုင်ပုံ မပေါ်ပါ။ ငိုရှိုက်လျက်ကပင်...
“လာပါကွယ်၊ အထဲကို ဝင်ခဲ့ပါ၊ ကေသီရေ၊ လာစမ်းပါဦးကွယ်၊ တခါလောက် လာခဲ့စမ်းပါဦးတော့လား၊ ကိုယ့် အသည်းနှလုံး ပိုင်ရှင် အချစ်ကလေးရယ်၊ ကိုယ်ပြောတာ ကြားတယ် မဟုတ်လား အချစ်ရယ် ဟု ရေရွတ်မြည်တမ်း နေပြန်ပါလေသည်။ ဝိညာဉ်ချင်း စကားဆိုနေသည်လား မဆိုနိုင်။ သက်ရှိ လှုပ်ရှားမှု အသွင်ကိုကား မမြင်ရ။ သို့သော် နှင်းနှင့် လေသည် ထန်သည်းနေလေသည်။ တချက်ဝှေ့လိုက်သဖြင့် ဖယောင်းတိုင်မီးသည် ငြိမ်းသွားပါလေတော့သည်။
မြင်ကွင်းနှင့် ကြားရသော အသံတို့ကား စိတ်မချမ်းမြေ့ဖွယ်သော ဝေဒနာမှ ပေါက်ဖွားလာခြင်း ဖြပ်ပေသည်။ ကျွန်ုပ်သည် ဤမြင်ကွင်းကို ဆက်၍ မကြည့်ချင်တော့ပါ။ ဝေဒနာမှ ပေါက်ဖွားလာသော အသံကိုလည်း မကြားချင်တော့ပါ။ ကျွန်ုပ်ပြန်ပြောင်း ပြောလိုက်မိသော ချောက်ချားဖွယ် အဖြစ်နှင့် ဤစိတ်မချမ်းမြေ့ဖွယ် ခံစားမှုတို့ကိုလည်း ကျွန်ုပ် ဆက်စပ် မစဉ်းစားချင်တော့ပါ။
ကျွန်ုပ်သည် သတိကြီးစွာဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့ပါတော့သည်။ နောက်ဘက် မီးဖိုဆောင်သို့ ရောက်လာသည်။ မီးဖိုမှ မီးရောင်သည် လင်းနေ၏။ ကျွန်ုပ်သည် ဖယောင်းတိုင်ကို ပြန်လည်ထွန်းညှိ လိုက်ပါသည်။ အခန်းတွင်း၌ မီးခိုးရောင် ကြောင်တကောင်သည် ပြာပုံထဲမှ ထွက်လာပြီး ကျွန်ုပ်အား နှုတ်ဆက်သလို အသံပေးလိုက်လေသည်။
မီးဖိုဘေး၌ ခုံတန်းလျားနှစ်ခု ရှိလေသည်။ ကျွန်ုပ်သည်ခုံတန်းလျား ထခုပေါ်တွင် မိမိကိုယ်ကို ဆန့်ချလိုက်သောအခါ ကြောင်ကြီးကလည်း အခြားတခုံပေါ်တွင် တက်လှဲလိုက်ပါသည်။ ကျွန်ုပ်တို့သည် တဦးနှင့် တဦး ခေါင်းညိတ် နှုတ်ဆက်နေစဉ်မှာပင် ဂျိုးဆက် ရောက်လာပါလေသည်။ သူသည် အပေါ်ထပ်ခိုးပေါ် တက်ရန် ထောင်ထားသည့် လှေကားအရှင်ကို ဖယ်လိုက်ပါသည်။ တဘက်တန်းလျားတွင် လှဲနေသော ကြောင်ကြီးကို ဖယ်လိုက်ပြီး သူကိုယ်တိုင် ဝင်ထိုင်ကာ ဆေးတံကို ဆေးဖြည့်လိုက်ပါသည်။ သူ့အမူအရာမှာ ကျွန်ုပ်ရှိနေခြင်းကို မလိုလားဟန် ပြနေပါသည်။ သူသည် ဆေးတံကို ဖွာနေပြန်လေသည်။ ကျွန်ုပ်သည် သူ့ကို အနှောင့်အယှက် မပေးပဲ ကြည့်နေလိုက်ပါသည်။ အတန်ကြာသောအခါ သူလည်း ပြန်လည် ထွက်ခွာ သွားပါလေတော့သည်။
ထို့နောက် ခြေသံဖော့ဖော့ ပေါ်လာပြန်ပါသည်။ ကျွန်ုပ်သည် ပါးစပ်ကို ဟပြီး “မင်္ဂလာနံနက်ပါ” ဟု နှုတ်ဆက်မည်ပြုပြီးမှ ပါးစပ်ကို ပြန်ပိတ်လိုက်ပါသည်။ ဟယ်ယာတန်အန်းရှောသည် ဘုရားဝတ်ပြုလာခြင်း ဖြစ်ပါသည်။ သူသည် ကျွန်ုပ်ကို ရင်းနှီးခင်မင်စွာဖြင့် လှမ်းကြည့်ပါသည်။ ထို့ကြောင့် အခန်းထဲမှ သူ ထွက်မည် ပြုသောအခါ ကျွန်ုပ်လည်း အိပ်ရာမှ ထပြီး သူ့နောက်က လိုက်ခဲ့ပါသည်။ သူသည် အခြေအနေကို သတိပြုမိသည်နှင့် ကျွန်ုပ်အား အတွင်းဘက်သို့ ဝင်ရန် တံခါးပေါက်ကို ဖွင့်ပေးလိုက်ပါ လေတာ့သည်။
အိမ်မကြီးထဲသို့ ဝင်သော အပေါက် ဖြစ်သည်။ အိမ်မကြီးထဲတွင် အမျိုးသမီးများ ရောက်နေကြလေပြီ။ ဇီလာသည် မီးဖိုတွင် မီးရှိန် ရအောင် လုပ်နေ၏။ မစ္စက်ကလစ်မှာ မီးဖိုဘေး မီးလျှံအောက်၌ ပုဆစ်တုပ်ထိုင်လျက် စာအုပ်တအုပ်ကို ဖတ်နေသည်။ မစ္စတာဟိကလစ် လည်း ရောက်နေသဖြင့် ကျွန်ုပ်အဖို့ အံ့ဩရလေတော့သည်။ သူသည် ကျွန်ုပ်ကို ကျောပေးလျက် မီးဖိုဘေးတွင် ရပ်နေသည်။ သူ ဇီလာကို ဆူပူကြိမ်းမောင်းပြီးဟန် တူပါသည်။
“နင်လဲ အလကားပဲ’ ကျွန်ုပ် အခန်းထဲ ဝင်လာသော အချိန်တွင် မစ္စတာ ဟိကလစ်သည် အပြစ်မဲ့သော ဘဲကလေး တကောင်လို၊ သိုးကလေးတကောင်လို ရှိနေရှာသော သူ့ချွေးမဘက်သို့လှည့်၍ “အလကား အားအားရှိတိုင်း အချိန်ဖြုန်းနေတယ်၊ လူတကာ ထမင်းစားဖို့ အလုပ်လုပ်နေရတဲ့ အချိန်မှာ နင်ကတော့ ငါကိုပဲ မှီခိုနေတယ်၊ အဲဒီ အသုံးမကျတဲ့ စာအုပ်ကို လွင့်ပစ်ပြီး တခုခုလုပ်စမ်း၊ နင် ငါ့မျက်စိ အောက်မှာ ရှိနေတာကိုက ဘယ်လောက် အကုသိုလ် ဖြစ်သလဲ၊ နင် ငါ့အတွက် တခုခု လုပ်ရမယ်၊ ကြားရဲ့လားဟဲ့ အယုတ်တမာမရဲ့” ဟု ဒေါသတကြီး ပြောလိုက်ပါလေတော့သည်။
“ကျွန်မ စာအုပ်ကို ကျွန်မ လွှင့်ပစ်ပါမယ်၊ မပစ်လဲ ရှင်က ကျွန်မကို မပစ်ပစ်အောင် လုပ်နိုင်တာပဲ” ဟု ဆိုလျက် မိန်းကလေးသည် သူ ဖတ်နေသောစာအုပ်ကို ပိတ်ပြီး ကုလားထိုင်ပေါ် လွှင့်ပစ်ယင်း ‘ဒါပေမယ့် ရှင်မပြောလဲ ကျွန်မ လုပ်ချင်စိတ် မရှိပဲ၊ ဘာမှ မလုပ်ဘူး” ဟု ဆက်ပြောလိုက်ပါသည်။
ဟိကလစ်သည် လက်ကို မြှောက်လိုက်သည်နှင့် မိန်းကလေးသည် ဟိကလစ် လက်လှမ်းမမီနိုင်သည့် လုံခြုံသော နေရာသို့ ရွှေ့ထိုင်လိုက်သည် ကျွန်ုပ်သည် သူတို့နှစ်ယောက်ရန်ပွဲကို ဆက်လက် မကြည့်လိုသော သဘောဖြင့် ဘာမျှ မသိမမြင်လေဟန် ရွှေဘက်သို့ လှမ်းလာခဲ့ပါသည်။ ထိုနှစ်ဦး ရန်ပွဲလည်း အပြီးသတ်လေတော့သည်။ ဟိကလစ်သည် လက်သီးဆုပ်ကို သူ့ဘေးအိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ မစ္စက် ဟိကလစ်သည် နှုတ်ခမ်းကို မဲ့ရွှဲလျက် ဟိကလစ်နှင့် ပို၍ဝေးသော နေရာသို့ ထသွားပြီး ကျွန်ုပ် ရှိနေသည်ကို သတိပြုမိဟန်ဖြင့် ကျောက်ရုပ် တရုပ်လို ငြိမ်နေလိုက်လေတော့သည်။
သိပ်မကြာလိုက်ပါ့။ ကျွန်ုပ်သည် သူတို့နှင့်အတူ နံနက် စောစာကို မသုံးဆောင်တော့ပဲ ခပ်စောစော အလင်းရောင်အောက်မှာပင် အပြင်ဘက်သို့ ထွက်လာခဲ့ပါတော့သည်။ ရာသီဥတု ကင်းရှင်းသွားပြီ ဖြစ်သော်လည်း အအေးဓာတ်ကား ရေခဲတုံးတမျှ အေးဆဲ ဖြစ်ပါသည်။
ကျွန်ုပ် ခြံဝသို့ မရောက်မီမှာပင် ကျွန်ုပ်အိမ်ရှင်သည် နောက်က လှမ်းခေါ်ပြီး ကျွန်ုပ် ကွင်းကို ဖြတ်ပြန့်ရာတွင် အဖော်အဖြစ် လိုက်မည်ဟု လှမ်းပြောပါသည်။
သူ လုပ်ဆောင်ချက်သည် လျော်ကန်လှသော လုပ်ဆောင်ချက် ဖြစ်ပါသည်။ အကြောင်းကား အပြင်ဘက် ကွင်းတခုလုံးမှာ နှင်းသမုဒ္ဒရာ ဖွေးဖွေး လှိုင်းထနေဘိသကဲ့သို့ ရှိပါသည်။ နှင်းတွေဖုံးထားသဖြင့် ကျင်းတွေ ချိုင့်တွေကို မမှန်းဆသာပါ။ လမ်းရာကိုလည်း မမြင်သာပါ ကျွန်ုပ် မနေ့က လာခဲ့သော လမ်းကြောင်းကိုလည်း ကျွန်ုပ် မမှတ်မိတော့ပါ။ မနေ့က ကျွန်ုပ်လာခဲ့စဉ် အပြန်ခရီး အမှောင်ထဲ၌ မှတ်သားမိစေရန် ခြောက်ဂိုက် ခုနစ်ဂိုက်အကွာတွင် ကျောက်တုံး အမှတ်အသားများ ပြခဲ့သော်လည်း အားလုံးသော လမ်းအမှတ်အသားများမှာ နှင်းတွေအောက်တွင် ပျောက်ကွယ်နေကြပေပြီ။ မစ္စတာ ဟိကလစ်သည် ကျွန်ုပ် လမ်းတိမ်းသွားတိုင်း ဘယ်ဘက်တိုးသွားရန် ညာဘက် တိုးသွားရန် စသည်ဖြင့် တည့်ပေးပါသည်။
ကျွန်ုပ်တို့သည် စကားအနည်းငယ်သာ ပြောယင်း လာခဲ့ကြရာ သရတ်ကရော့ ခြံကြီးအဝင်ဝသို့ ရောက်လာကြပါသည်။ ကျွန်ုပ်အဖို့ ရှေ့ခရီးသည် မမှားနိုင်တော့ကြောင်း ပြောလိုက်ပါသည်။ ကျွန်ုပ်တို့သည် နှုတ်ဆက်စကား ခပ်တိုတို ပြောပြီး ကျွန်ုပ်သည် ရွှေ့ခရီး ဆက်ခဲ့ပါလေသည်။ ကျွန်ုပ် အိမ်ခြံဝင်းသို့ ရောက်လာပြီဟု ယုံကြည်လာပါသည်။ ဥယျာဉ်တံခါးဝသည် ကျွန်ုပ်အိမ်ကြီးနှင့် နှစ်မိုင်သာ ဝေးပါတော့သည်။ သို့သော် လေးမိုင်ခရီးလောက် လာခဲ့ရသည် ထင်ပါသည်။ သစ်ပင်တွေကြားမှာလည်း လမ်းပျောက်နေပါသည်။ နှင်းထဲတွင်လည်း နစ်နေပါသေးသည်။ ဤသို့ဖြင့် တဝဲလည်လည်လာယင်း ကျွန်ုပ်အိမ်ထဲသို့ ရောက်လာသောအခါ ဆယ့်နှစ်နာရီ ထိုးသံကို ကြားရပါလေတော့သည်။
ကျွန်ုပ် အိမ်ထဲသို့ ပြန်ရောက်လာသည်ကို တွေ့လိုက်ရသော ကျွန်ုပ်၏ အိမ်ဖော်နှင့် အိမ်က အခိုင်းအစေ အားလုံးသည် ဝမ်းပန်းတသာ ကြိုဆို ကြပါသည်။ သူတို့သည် တအံ့တဩ ဖြစ်သွားကြပါသည်။ အားလုံးကပင် ညကတည်းက ကျွန်ုပ် နှင်းဘောထဲမှာ ပျောက်ဆုံးခဲ့ပြီဟု အထင်ရောက်နေကြသည်။ ယနေ့မနက် ကျွန်ုပ်ကို ရှာဖွေရန်ပင် သူတို့ တိုင်ပင်နေကြလေပြီ။ ကျွန်ုပ်လည်း သူတို့အား ကျွန်ုပ် ပြန်လာပြီ ဖြစ်ကြောင်းနှင့် ကျွန်ုပ်မှာ ပင်ပန်းလာသဖြင့် တိတ်တိတ်ဆိတ်ဆိတ်နေကြရန် တောင်းပန်ပြီး အပေါ်ထပ်သို့ တရွတ်ဆွဲ တက်လာခဲ့ပါတော့သည်။
ကျွန်ုပ်သည် အပေါ်ထပ်၌ အဝတ်ခြောက်များကို လဲဝတ်ပြီး နွေးနွေးထွေးထွေးရှိလာစေရန် နာရီဝက်ခန့် လမ်းလျှောက်လိုက်ပါသည်။ ထို့နောက် အောက်ထပ်သို့ ပြန်ဆင်းလာပြီး ကျွန်ုပ် အိမ်ဖော်များ တည်ခင်းသော အငွေ့တထောင်းထောင်းနှင့် ကော်ဖီကို မီးဖိုဘေးတွင် အားရပါးရ သောက်သုံးလိုက်ပါလေတော့သည်။
အခန်း [ ၄ ]
ကျွန်ုပ်တို့ကား အကျိုးမဲ့ စိတ်မတည်ငြိမ်တတ်သူများပါတကား။ ကျွန်ုပ်သည် အားလုံးသော လူမှုဆက်ဆံရေးများမှ ကင်းလွတ်လျက် မိမိကိုယ်ကိုသာ အဖော်ပြုရန် ဆုံးဖြတ်ခဲ့ပါ၏။ နောက်ဆုံးတွင်ကား လက်တွေ့မဖြစ်ခဲ့ပါ။ ကျွန်ုပ်ကား ပျော့ညံ့နုန့်နဲသူပါ တကား။ ကျွန်ုပ်သည် မိုးချုပ်သည်အထိ နေလာခဲ့သော်လည်း ကျွန်ုပ်၏ ဆုံးဖြတ်ချက်ချဖို့ ဆုပ်ကိုင်လျက် အထီးတည်း နေလာခဲ့သော်လည်း ယခုကား တစုံတခု သိရလိုသိရငြားဖြင့် ကျွန်ုပ်သည် မစ္စက်ဒင်းကို စောင့်မျှော်နေမိခဲ့ပါသည်။ မစ္စက်ဒင်းသည် ကျွန်ုပ်အတွက် ညစာယူလာပြီး တည်ခင်းသောအခါ ကျွန်ုပ် ညစာ သုံးဆောင်ပါသည်။ ကျွန်ုပ်သည် မစ္စက်ဒင်းထံမှ အတင်းအဖျင်း စကားတခုခုကို ကြားမည်ဟု ရိုးရိုးသားသား ယုံကြည်နေမိပါသည်။ ကျွန်ုပ်သည် ထိုစကား နားထောင်ယင်း အိပ်ချင်လာစိတ် ဖြစ်လာလိမ့်မည်ဟုလည်း ထင်နေပါသည်။ ယခုကား ကျွန်ုပ်ကပင် စ၍...
“ခင်ဗျား ဒီမှာနေလာတာ ကြာရောပေါ့၊ ဆယ့်ခြောက်နှစ်လို့တော့ မပြောပါဘူးနော်” ဟု စကားဆိုမိပါလေသည်။
“ဆယ့်ရှစ်နှစ် ရှိပါပြီ သခင်၊ သခင်မ လက်ထပ်ပြီး ကတည်းက သခင်မကို စောင့်ရှောက်ဖို့ ကျွန်မ ဒီအိမ်ကြီးကို ရောက်လာတာပါ သခင်မ ကွယ်လွန်ပြီးတော့လဲ အလျင်သခင်ကပဲ ကျွန်မကို အိမ်ဖော် တာဝန်ပေးခဲ့ပါတယ်”
“ဪ၊ ဒီလိုလားဗျ”
စကားစ ပြတ်သွားပြန်ပါသည်။ အိမ်ဖော်မကြီးမှာ စကားကို ခပ်တည်တည်မှန်မှန် ပြောနေပါလေသည်။ သူ့အကြောင်းမဟုတ်လျှင်တော့လည်း ကျွန်ုပ်အဖို့ စိတ်ဝင်စားဖွယ် မရှိနိုင်။ အမျိုးသမီးကြီးသည် ဗူးပေါ်ကို လက်သီးဆုပ် တင်ယင်း တစုံတရာကို တွေးတောနေပြီး တကိုယ်တည်း ရေရွတ်လိုက်ပြန်ပါသည်။
“အင်း၊ အချိန်တွေ ပြောင်းလဲလာတော့လဲ ဟိုတုန်းကနဲ့ မတူတော့ဘူးပေါ့”
“ဟုတ်တာပေါ့လေ၊ ခင်ဗျားအနေနဲ့တော့လဲ အပြောင်းအလဲကောင်း တော်တော်များများ တွေ့ခဲ့ဖူးပြီ ထင်ပါတယ်”
“အပြောင်းအလဲတွေရော၊ ဒုက္ခတွေရော ဆိုပါတော့”
ကျွန်ုပ်သည် “အင်း ဒီအတိုင်းဆို ကိုယ့်အိမ်ရှင်ရဲ့ မိသားစုအကြောင်း စကားဦးလှည့်မှပဲ၊ ဒီအကြောင်းကို စရယင် ကောင်းမှာပဲ၊ ဟို မုဆိုးမ မိန်းမချောကလေး အကြောင်းလဲ သိချင်ပါရဲ့၊ သူဟာ ဒေသခံလား၊ တရပ်တကျေးကလား” ဟူသော အတွေးတွေ ဝင်လာပါတော့သည်။ စိတ်ကူးလည်း ပေါက်လာပါသည်။ ထိုစိတ်ကူးဖြင့် ကျွန်ုပ်သည် မစ္စက်ဒင်းအား မစ္စတာ ဟိကလပ်သည် ဤသရုတ်ကရော့ အိမ်ကြီးမှာ မနေပဲ သည့်ထက် အနေစုတ်သော လေထန်ကုန်းမှာနေရသည့် အကြောင်းကို စူးစမ်းမိပါလေတော့သည်။
“ဒီအိမ်ကြီးမှာ ကိုယ်တိုင်နေပြီး ပြုပြုပြင်ပြင် မလုပ်နိုင်ရအောင် သူ မချမ်းသာတော့လို့လား”
“ချမ်းသာပါပြီကော ရှင်၊ လူတွေ မသိနိုင်လောက်အောင် နှစ်စဉ် စီးပွား တက်နေတာပါ။ ဒီအိမ်ထက် ကောင်းတဲ့ အိမ်မျိုးနဲ့တောင် သူ နေနိုင်ပါတယ်။ ဒါပေမယ့် သူက နှမြောတတ်တယ်၊ အိမ်လခ ကောင်းကောင်းပေးမယ့် အိမ်ငှား ရှိနေသမျှ ဒီအိမ်ကြီးကို သူ ငှားထားမှာပဲ၊ တချို့လူတွေကျတော့ အဆန်းသားပဲ၊ ဒီကမ္ဘာကြီးမှာ တယောက်တည်း ရှိတာတောင် လောဘက ကြီးတုန်းပဲ”
“သူ့မှာ သားတယောက်ရှိတယ် မဟုတ်လား”
“အခုတော့ သေသွားပါပြီ'
“ဒါဖြင့် မစ္စက်ဟိကလစ် ဆိုတဲ့ မိန်းကလေးက သေသွားတဲ့ သားရဲ့မိန်းမပေါ့”
“ဟုတ်ပါတယ်”
“အဲဒီ မိန်းကလေး မျိုးနွယ်က’
“သူ့ အမေက ကျွန်မရဲ့ ကွယ်လွန်သူသခင်မကြီး သမီးပါ၊ သူ့ အပျိုနာမည်က ကက်သရင်းလင်တန်တဲ့၊ ကျွန်မ သူငယ်စဉ်ကတည်းက သူ့ကို ပြုစုလာခဲ့ရတာပါ၊ တကယ့် သနားစရာ ကလေးမပါပဲ၊ ကျွန်မဖြင့်လေ မစ္စတာ ဟိကလစ် ဒီကို ပြောင်းလာစေချင်တာ၊ ဒါမှလဲ ကျွန်မတို့ မိတ်ဟောင်း ဆွေဟောင်းတွေ တွေ့ကြရမှာ”
“ဘယ်လိုဗျ။ ကက်သရင်းလင်တန်၊ ဟုတ်လား”
ကျွန်ုပ် တအံ့တဩ ဖြစ်သွားပြီးမှ ကျွန်ုပ်အား ခြောက်လှန့်ခဲ့သော ကက်သရင်း မဟုတ်မှန်း သတိပြုမိသဖြင့် ကျွန်ုပ်ကပင် ဆက်၍ “ဒါဖြင့် ဒီအိမ်ကြီးရဲ့ မူလပိုင်ရှင်ဟာ လင်တန်ပေါ့” ဟု ပြောလိုက်ပါသည်။
“ဟုတ်ပါတယ် ရှင်”
“အန်းရှော ဆိုတာကကောဗျ၊ မစ္စတာ ဟိကလစ်နဲ့နေတဲ့ ဟယ်ယာတန် အန်းရှောဆိုတာလေ၊ သူတို့ကကော အမျိုးတွေပဲလား”
“မဟုတ်ပါဘူးရှင်၊ သူက ကွယ်လွန်သူ မစ္စက် လင်တန်ရဲ့ တူပါ”
‘ဒါဖြင့်ယင် မိန်းကလေးရဲ့ တဝမ်းကွဲ မောင်ပေါ့”
“ဟုတ်ပါတယ်။ သူ့ ခင်ပွန်းကိုယ်တိုင်ကလဲ သူ့ ဝမ်းကွဲ အစ်ကိုပါ တယောက်က အဖေ့ဘက်က တယောက်က အဖေဘက်ကပါ ဟိကလစ်က မစ္စတာလင်တန်ရဲ့ ညီမနဲ့ လက်ထပ်ခဲ့တာလေ”
“ဟို လေထန်ကုန်းအိမ်ကြီး အဝင်တံခါးမှာ “အန်းရှော” လို့ ထွင်းထားထာ တွေ့ခဲ့ရပါတယ်၊ သူတို့မိသားစုက ကြာပြီလား”
“သိပ်ကိုပဲ ကြာလှပါပြီ သခင်၊ ဟယ်ယာတန်က အန်းရှော အမျိုးထဲက နောက်ဆုံးပါ၊ အလားတူပဲ ကျွန်မသခင်မကလေး ကက်သရင်းကလဲ လင်တန်အမျိုးထဲက နောက်ဆုံးပါ၊ သခင် လေထန်ကုန်းက ရောက်ခဲ့ပြီလားရှင်၊ ဒီလိုဆို ကျွန်မ မေးပါရစေ၊ သခင်မက ဘယ်လိုများ နေပါသလဲရှင်”
“မစ္စက်ဟိကလစ်လား၊ ကျန်းကျန်းမာမာပါပဲဗျာ၊ လှလဲလှပါတယ်။ ဒါပေမယ့် ပျော်ပုံတော့ မရဘူးဗျ”
‘ဪ...စိတ် မကောင်းစရာပါပဲနော်၊ အဲဒီက သခင်ကကော ဘယ်လိုလဲရှင့်”
“လူကြမ်းကြီး တယောက်ပါပဲ မစ္စက်ဒင်းရဲ့၊ သူ့ စရိုက်ပဲ ထင်ပါရဲ့နော်”
“ဟုတ်ပါရဲ့ရှင်၊ လူသားလို ကြမ်းတမ်းပြီး ကျောက်ခဲလို မာကျောတဲ့ လူမျိုးပါပဲ၊ သူနဲ့ကတော့ မပတ်သက်ပဲ နေနိုင်လေ ကောင်းလေပဲ”
“သူ ခုလို ကြမ်းတမ်းရိုင်းစိုင်းလာရအောင် သူ့ဘဝမှာ အတက် အကျတွေကလဲ များခဲ့တယ် ထင်ပါရဲ့နော်၊ ခင်ဗျား သူ့အကြောင်းများ သိသလား”
“ဥဩငှက်လို တကောင်ကြွက် အစားမျိုးပေါ့ရှင်၊ ကျွန်မ သူ့အကြောင်း သူ ဘယ်မှာမွေးတယ်၊ သူ့မိဘ ဘယ်သူဆိုတာ၊ သူ ဘယ်ပုံဘယ်နည်း ပိုက်ဆံစုမိတယ်ဆိုတာကလွဲလို့ အကုန်လောက်သိတာပေါ့ရှင်၊ ပြီးတော့ ဟယ်ယာတန်တယောက် အမွေးမဲ့ စာကလေး တကောင်လို နှိပ်စက်ခံရတာလဲ ရှိသေးတယ်၊ သူ ခံခဲ့ရသမျှ ကနေ့ တုံ့ပြန်ခံနေရတာကတော့ ကျွန်မတို့ သခင်မကလေးပါပဲ။
“ကဲ ဒါဖြင့်လဲ အဲဒီအကြောင်းတွေ ပြောပြစမ်းပါဦး၊ ကျွန်တော်လဲ မအိပ်သေးပါဘူး၊ ဒီတော့ တနာရီလောက် ဆက်ပြီး စကားပြောကြတာပေါ့'
“ကောင်းပါပြီ သခင်၊ ခုကျွန်မ ချုပ်စရာကျန်တာကလေး သွားချုပ် လိုက်ပါဦးမယ်၊ ပြီးတော့ ကျွန်မ ပြန်လာခဲ့ပါ့မယ်၊ သခင်လဲ အအေးမိနေတာဆိုတော့ ဆန်ပြုတ်ပူပူကလေး သောက်လိုက်ပါဦး ရှင်’
အမျိုးသမီးကြီးသည် နေရာမှ သုတ်သီးသုတ်ပျာ ထွက်သွားပါလေတော့သည်။ ကျွန်ုပ်သည် မီးဖိုနားတိုးပြီး နေရာ ယူလိုက်ပါသည်။ ခေါင်းနွေးလာသော်လည်း အေးစိမ့်စိမ့်ခံစားရမှုမှာ မပျောက်တတ်သေး။ ထို့ပြင်လည်း ကျွန်ုပ်၏ အာရုံကြောများနှင့် ဦးနှောက်တွင် စွန်းထင်းနေသော ကျွန်ုပ်၏ မိုက်မဲမှုအတွက် တုန်လှုပ်နေပါသည်။ ဤသည်မှာလည်း ယနေ့နှင့် ယမန်နေ့က ဖြစ်ရပ်များကြောင့် ခံစားရသော ကြောက်ရွံ့မှုနှင့် ဆက်စပ်နေပါလိမ့်မည်။
မစ္စက်ဒင်းသည် အငွေ့တလူလူထနေသော ခွက်တလုံးနှင့် တောင်းတလုံးကို ယူလာပါသည်။ ခွက်ကို မီးဖိုပေါ်တင်ပြီး ကျွန်ုပ်၏ စကား ပြောဖော်ကောင်းတယောက်အဖြစ် သူသိသမျှ ဇာတ်ကြောင်း လှန်ပါ လေတော့သည်။
** ** **
ကျွန်မ ဤအိမ်ကြီးသို့ မရောက်မီက အမြဲလိုလို လေထန်ကုန်း အိမ်ကြီးမှာ နေခဲ့ရပါသည်။ ကျွန်မ၏ မိခင်မှာ မစ္စတာဟင်ဒလီ အန်းရှောကို ပြုစု စောင့်ရှောက်ရသူ ဖြစ်ပါသည်။ မစ္စတာ ဟင်ဒလီအန်းရှောမှာ ဟယ်ယာတန်၏ ဖခင် ဖြစ်ပါသည်။ ကျွန်မသည် အများအားဖြင့် ကလေးတွေနှင့်အတူ ကစားလေ့ ရှိပါသည်။ တခါတခါတော့လည်း ခိုင်းသမျှ လုပ်ရပါသည်။ မြက်လှန်းရာမှာလည်း ကူညီ ဆောင်ရွက်ရပါသည် ယာထဲမှာ ခိုင်းစရာရှိတာ ခိုင်းရအောင်လည်း ယာထဲသို့ အမြဲလိုက်တတ်ပါသည်။
နွေရာသီ တနံနက် ဖြစ်ပါသည်။ ထိုအချိန်က ကောက်ရိတ်သိမ်းစ ဖြစ်သည်ကို ကျွန်မ မှတ်မိပါသည်။ ထိုနေ့က သခင်ကြီး မစ္စတာ အန်းရောသည် ခရီးထွက်မည့် အဝတ်အစားများကို ဝတ်ဆင်လျက် အိမ်ပေါ်မှ ဆင်းလာပါသည်။ ထို့နောက် ဂျိုးဆက်အား ထိုနေ့ လုပ်ဆောင်ရမည့် အလုပ်ကိစ္စများကို မှာကြားပြီး ဟင်ဒလီ၊ ကေသီနှင့် ကျွန်မတို့ဘက်သို့ လှည့်လာပါသည်။ ထိုအချိန်က ကျွန်မသည် ဟင်ဒလီတို့နှင့်အတူ ဆန်ပြုတ်သောက်နေခိုက် ဖြစ်ပါသည်။ သခင်ကြီးက သူ့သားအား …..
“သားကြီးရေ၊ ဖေဖေ လီဗာပူကို သွားလိုက်ဦးမယ်၊ သွားရမယ့်ခရီးက ဝေးတော့ ပေါ့ပေါ့ပါးပါး မှာပေါ့ကွာ ́ဟု ပြောလိုက်ရာ သားဖြစ်သူက တယောတလက် ဝယ်လာရန် မှာပါသည်။ ထို့နောက် သခင်ကြီးက သမီးကေသီကို မေးပြန်ပါသည်။ ထိုအချိန်က ကေသီမှာ အသက်ခြောက်နှစ်ပင် မပြည့်တတ်သေးပါ။ သို့သော်လည်း ကေသီသည် မြင်းဇောင်းရှိသမျှ မြင်းတွေကို စီးတတ်နေပါပြီ။ ထို့ကြောင့် သူက ကြာပွတ်တချောင်း မှာလိုက်ပါသည်။ သခင်ကြီးသည် တခါတရံ စိတ်ထန်သော်လည်း စိတ်ကောင်းရှိသူပီပီ ကျွန်မကိုလည်း မေ့မထားပါ ထို့ကြောင့် ကျွန်မအဖို့လည်း သစ်တော်သီးနှင့် ပန်းသီးများ ဝယ်လာခဲ့မည်ဟု ကတိပေးပြီး ကလေးများကို နမ်းရှုပ်နှုတ်ဆက်၍ ခရီးထွက် သွားပါလေတော့သည်။
သခင်ကြီး ခရီးထွက်နေသော သုံးလေးရက် ကာလသည် ကျွန်မတို့ အဖို့ကား အကြာကြီးဟု ထင်ကြရပါသည်။ ကေသီကလေးက ဆိုလျှင် သူ့အဖေ မည်သည့်အချိန် ပြန်လာမည်နည်းဟု ခဏခဏ မေးတတ်ပါသည်။ တတိယနေ့ ညနေခင်းမှာတော့ မစ္စက်အန်းရောသည် ခင်ပွန်း ဖြစ်သူ ညနေစာ စားချိန်လောက်တွင် ပြန်ရောက် လာလိမ့်မည်ဟု မျှော်လင့်ခဲ့သေးသည်။ သူ့အဖို့ ညစာ စားချိန်ကိုသာ တနာရီပြီး တနာရီ ရွှေ့ခဲ့ရပါသည်။ သခင်ကြီး ပြန်လာမည့် အရိပ်လက္ခဏာကိုကား မတွေ့ရပေ။ ကလေးတွေလည်း ခြံ၀ ထွက်ထွက် မျှော်ရသဖြင့် မောလှပေပြီ။ မှောင်လည်း လာပေပြီ။ မစ္စက်အန်းရှောသည် ကလေးတွေကို သိပ်ရန် အိပ်ရာ ပြင်လေတော့သည်။ ကလေးတွေကမူ သူတို့ အဖေ ပြန်အလာကို မအိပ်သေးပဲ စောင့်နေချင်သေးကြောင်း သနားစဖွယ် ပြောကြပါသည်။ ဆယ့်တနာရီလောက်တွင် တံခါးမင်းတုပ်သည် အညင်အသာ လှုပ်ရှားလာပြီး သခင်ကြီး ဝင်လာပါတော့သည်။ သခင်ကြီးသည် သူ့ကိုယ်ကို ကုလားထိုင်ပေါ် ထိုင်ချလိုက်ပြီး ရယ်မော သည်းတွားနေပါတော့သည်။ ခရီးပန်းလာပုံလည်း ရပါသည်။ အိမ်သား အားလုံးကို သူကနားသို့ ခေါ်လိုက်ပါသည်။
“သေချင်စော်ကို နံရောပဲဟ’ သခင်ကြီးသည် လက်ထဲတွင် ပွေ့လာသော အပေါ် ကုတ်အင်္ကျီကြီးကို ဖြေပြယင်း စကား စပါလေတော့သည်။ 'ကြည့်စမ်း မိန်းမရေ၊ ကိုယ်ဖြင့် ဒီတခါလောက် ပင်ပန်းတာမျိုး မကြုံဖူးပါဘူး၊ မကောင်းဆိုးဝါးတွေဆီက ခေါ်လာသလို မည်းမည်း ကြုတ်ကြုတ်ကလေး ဖြစ်ပေမယ့် အေး၊ မင်းအဖို့တော့ ဘုရားသခင်က ပေးသနားတဲ့ လက်ဆောင် အဖြစ်သာ လက်ခံပေတော့”
ကျွန်ုပ်တို့အားလုံးမှာ သခင်ကြီး ပတ်ပတ်လည်မှာ ဝိုင်းအုံနေပါတော့သည်။ ကျွန်ုပ်သည် မစ္စကေသီ၏ ခေါင်းပေါ်မှ ကျော်၍ ညစ်တီး ညစ်ပတ်၊ စုတ်စုတ်ပြတ်ပြတ်၊ ဆံပင်မည်းမည်းနှင့်ကလေးကို ချောင်းကြည့်လိုက်ပါသည်။ ကောင်ကလေးမှာ စကားပြောနိုင်၊ လမ်းလျှောက်နိုင်သော အရွယ်ဖြစ်ပါသည်။ မျက်နှာကို ကြည့်ရခြင်းဖြင့် ကေသီထက် အသက်ကြီးပုံ ရပါသည်။ ကလေးငယ်သည် မတ်တတ်ရပ်ပြီး ပတ်လည်ကို မသိနားမလည်သလို ကြည့်နေပြန်ပါသည်။ သူ့အကြည့်ကို မည်သူမျှ နားမလည်နိုင်ပါ။
ကျွန်မသည် ထိုကလေးကို ကြည့်ပြီး ချောက်ချား သွားပါသည်။ မစ္စက်အန်းရှောသည်ပင် ကလေးကို ကောက်ပြီး တံခါးအပြင်ဘက်သို့ လွှင့်ပစ်တော့မလို ဖြစ်သွားပါသည်။ ထို့နောက်မှ သူ့ခင်ပွန်းအား သည်လို ကလေကချေကလေး ခေါ်လာရသည့်အတွက် အပြစ်ဆိုပါသည်။ ကိုယ့်အိမ်မှာ ကျွေးမွေးပြုစုစရာ ကလေးတွေ ရှိပြီးဖြစ်လျက် ခေါ်လာရပါ့မလားဟုလည်း အပြစ်တင်ပါသည်။ မည်သည့် ရည်ရွယ်ချက်ဖြင့် ဤကလေးကို ခေါ်လာရပါသနည်း၊ ရူးများနေသလား ဟုလည်း ပြောပါ၏။ ထိုအခါ သခင်ကြီးက အဖြစ်အပျက်ကို ကြိုးစား ရှင်းပြပါသည်။ ၎င်းပြနေရစေကာမူ သခင်ကြီးမှာ ခရီးပန်းပြီးနုံးချည့်း နေပါလေပြီ။ သခင်ကြီးက သူသည် လီဗာပူမြို့ လမ်းပေါ်တွင် ဤကလေးကို စားရမဲ့၊ ခိုးကိုးရာမဲ့အရပ် တွေ့ရခြင်းဖြစ်ကြောင်း၊ တွေ့တွေ့ချင်း ကလေးကို ကောက်ယူပြီး ပိုင်ရှင်ကို စုံစမ်းခဲ့သေးကြောင်း မိဘတွေကို မသိကြကြောင်း၊ ထိုအချိန်က သူ့မှာ ပိုက်ဆံလည်း သိပ်မရှိ။ ပိုင်ရှင် တဦးတယောက်မျှ မတွေ့ရကြောင်း၊ မည်သူကမျှလည်း အချိန်ကလည်း သိပ်မရှိတော့သဖြင့် အိမ်ကို ခေါ်သွားတာ အကောင်းဆုံးပဲ ဟု ဆုံးဖြတ်ပြီး ခေါ်လာခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြပါလေသည်။ အဆုံးတွင် သခင်မသည် သူ့ကိုယ်သူ မြည်တွန်တောက်တီးပြီး ငြိမ်နေလိုက်ပါတော့သည်။ သခင်ကြီးကမူ ကျွန်မအား ကလေးကို ရေမိုးချိုးပြီ အဝတ်လဲပေး၍ ကလေးတွေနှင့် အတူ သိပ်ရန် ခိုင်းလိုက်ပါလေသည်။
ဟင်ဒလီနှင့် ကေသီတို့သည် ဘာမျှ မပြောပဲ ကလေးကို စူးစိုက်ကြည့်ယင်း သူတို့အဖေ ပြောသမျှကို နားထောင်နေခဲ့ကြပါသည်။ ပြီးလျှင် ကလေးနှစ်ယောက်စလုံး သူတို့အဖေ အိတ်ထဲတွင် ဝယ်လာမည်ဟု ကတိပေးခဲ့သော လက်ဆောင်ပစ္စည်းကို ရှာကြပါတော့သည်။ ထိုအချိန်က ဟင်ဒလီမှာ ဆယ့်လေးနှစ်အရွယ် ဖြစ်ပါသည်။ ဟင်ဒလီသည် အဖေ့အိတ်ထဲမှ ကျိုးပဲ့နေသော တယောကလေး ဆွဲထုတ်လိုက်ပါသည်။ ဟင်ဒလီ့အဖေသည် တယောကလေးကို ကုတ်အင်္ကျီနှင့် ထုပ်ယူခဲ့သဖြင့် ကုတ်အင်္ကျီထဲ ထည့်ယူလာသော တယောသည် ကျိုးသွားခဲ့ပုံ ရလေသည်။ ဟင်ဒလီသည် သူ့အတွက် တယောကလေး ကျိုးနေသည်ကို တွေ့ရလျှင် သံကုန်ဟစ်၍ အော်ငိုပါလေတောသည်။ ကေသီလည်း သူ့အတွက် ကြာပွတ်ကို ရှာရာ ကြာပွတ်မှာလည်း ထိုကလေးကို ဂရုစိုက်ရလွန်းသဖြင့် ကျပျောက်နေခဲ့ပုံ ရပါသည်။ ထို့ကြောင့် ကေသီက ကလေးဘက်လှည့်ပြီး. တံတွေး ထွေးလိုက်သဖြင့် သူ့အဖေ၏ အပြစ်တင် ခံလိုက်ရပါသေးသည်။
သူတို့ မောင်နှမ နှစ်ယောက်စလုံးက ထိုကလေးနှင့် အတူ အိပ်ရန် ငြင်းပယ်ရုံမက ထိုကလေးအား သူတို့ အခန်းထဲသို့ပင် အသွင်းမခံကြပါ။ ထို့ကြောင့် ကျွန်မလည်း စဉ်းစားမရသဖြင့် ကလေးကို လှေကားထစ်မှာ ထားလိုက်ပါတော့သည်။ ကလေးကလည်း အသံ ကြား၍ပေလား၊ ကံကောင်းထောက်မ၍ပေလား မဆိုနိုင်။ သခင်ကြီး အခန်းဆီသို့ လွှား၍ တက်သွားခဲ့ရာ သခင်ကြီးတွေ့လေလျှင် ကျွန်မမှာ အဆူပူ အကြိမ်းမောင်း ခံရပါလေတော့သည်။
ထိုအဖြစ်အပျက်များကား ဤမိသားစုကြားတွင် ဟိကလစ် စတင် ရောက်ရှိလာသော အဖြစ်အပျက်များတည်း။ သူရောက်လာပြီး ရက်အနည်းငယ် အတွင်းမှာပင် သခင်ကြီးသည် ထိုကလေးကို “ဟိကလစ်” ဟူသော ကိုယ်ပိုင်အမည် ပေးခဲ့ခြင်း ဖြစ်ပါသည်။ စင်စစ် ဤအမည်ကား ကလေးဘဝကပင် ကွယ်လွန်ခဲ့သော သူတို့ သားကလေး၏ အမည် ဖြစ်ပါသည်။ ဤသို့ဖြင့် သူ့အမည်သည် ဟိကလစ်ဟု တွင်ခဲ့ပါလေ၏။ မကြာခင် ရက်အတွင်း ကေသီနှင့် သူတို့သည် ရင်းနှီးလာကြပါ၏။ ဟင်ဒလီကမူ သူ့ကို မုန်းပါသည်။ အမှန်ဆိုရလျှင် ကျွန်မလည်း သူ့ကို မုန်းပါသည်။ ကျွန်မအဖို့ သူနှင့်အတူ နေရသည်မှာ ရှက်ဖွယ်လည်း ဖြစ်သည်။ စိတ်မချမ်းမြေ့ဖွယ်လည်း ဖြစ်သည်ဟု ထင်ပါသည်။ အကျိုးအကြောင်းကိုကား ရှင်းမပြတတ်ပါ။ သခင်မကား ထိုကလေးနှင့် ပတ်သက်၍ ဘာမျှ မပြောတော့ပါ။
သူသည် ကြိတ်မှိတ် သည်းခံနိုင်စွမ်းသော ကလေးတယောက် ဖြစ်ပုံရပါသည်။ နှိပ်စက်ညှဉ်းပန်းခြင်းတို့ကို သူ အောင့်အည်း ခံယူရှာပါသည်။ ဟင်ဒလီ ရိုက်သမျှ နှက်သမျှကိုလည်း မျက်ရည်မကျ၊ မျက်မှောင် မကုပ်ပဲ ခံယူနိုင်ပါသည်။ အခန့်မသင့်၍ ကျွန်မ လိမ်ဆွဲသည်ကိုပင် သူက သူ့အပြစ်နှင့်သူ ခံရသည့်အလား မည်သူအားမျှ အပြစ်မပြောပဲ မျက်လုံးအပြူးသားနှင့် အောင့်ခံခဲ့ပါသည်။ ဤသို့ အောင့်ခံလေလေ ဟင်ဒလီကလည်း အနိုင်ကျင့်လေလေ ဖြစ်ပါသည်။ ထိုအကြောင်းကို သခင်ကြီး သိသောအခါ ဒေါသူပုန် ထပါလေတော့သည်။ သားဖြစ်သူကို ခေါ်၍လည်း မိဘမဲ့ လူဆင်းရဲကလေးတယောက်ကို အနိုင်ထက် ညှဉ်းပန်းရပါ မလားဟု ဆူပူကြိမ်းမောင်းပါလေတော့သည်။
သခင်ကြီးသည် ဟိကလစ် အပေါ်တွင် အံ့ဩလောက်အောင်ပင် ယုံကြည်ပါသည်။ ဟိကလစ် ပြောသမျှကိုလည်း ယုံကြည်ပါသည်။ ဟိကလစ်ကို သမီး ကေသီထက်ပင် အရေးပေးလာပါတော့သည်။ နှစ်နှစ်လောအကြာတွင်သခင်မ မစ္စက်အန်းရှော ကွယ်လွန်ပါသည်။ ဟိကလစ်သည် ရောက်လာသည့် အချိန်မှစ၍ ဤအိမ်ကြီးတွင် စိတ်မချမ်း မြေ့ဖွယ်ရာများကို ဖန်တီးလာခဲ့သည်ဟု ဆိုရပါမည်။ သူနှင့် ပတ်သက်၍ ဟင်ဒလီသည် သူ့အဖေကို ဖိနှိပ်သူ တယောက်အဖြစ် မြင်လာပါသည်။ ဟိကလစ်ကိုလည်း သူ့အဖေအကြိုက် လိုက် အခွင့်ကောင်းယူပြီး မျက်နှာသာရအောင် ကြိုးစားနေသူအဖြစ် မြင်လာပါသည်။ ဟိုကလစ်က ဤသို့သော ဒဏ်ရာဒဏ်ချက်တို့ဖြင့် ဘဝကို ခါးသီး လာပုံရပါသည်။ ကျွန်မ တခါတလေတော့ သူ့ကို သနားမိပါ၏။
ကလေးတွေ ဝက်သက်ဖြစ်သော ကာလ၌ ကျွန်မ သူတို့ကို ပြုစုရပါလေတော့သည်။ ထိုကာလ၌ ကျွန်မ စိတ်ထား ပြောင်းလာခဲ့ပါသည်။ ဟိကလစ်လည်း အပြင်းဖျားခဲ့ပါသည်။ သူ အိပ်ရာထဲမှာ လဲနေပါသည်။ အခြေအနေကလည်း ဆိုးပါသည်။ သူ ကျွန်မကိုသာ အားထားရာအဖြစ် သူ့အိပ်ရာဘေးမှာ အမြဲ ရှိစေချင်ပုံ ရပါသည်။ ကျွန်မသူ့ကို ဂရုစိုက်မှပဲဟု သဘောရလာပါသည်။ သူသည် မကျန်းမာသော်လည်း အေးဆေးလှပါသည်။ အခြားကလေးတွေနှင့် စာလျှင် သူ့ကို ပိုပြီး ကရုဏာ သက်သာစေပါသည်။ ကေသီနှင့် သူ့အစ်ကိုမှာ ကျွန်မကို အလွန်ပဲ ဂျီကျကြပါသည်။ သူကမူ သိုးငယ်ကလေးတကောင်လို ဘာမျှ အထွန့်မတက်ရှာပါပေ။
ကျွန်မ သူ့ကို ဂရုစိုက်ယင်း ဟင်ဒလီကိုပင် ဂရုမစိုက်အားသလို ဖြစ်လာပါသည်။ သူ့ကို အရေးပေးသဖြင့် သခင်ကြီး ကိုယ်တိုင်ပင် ကျွန်မကို သဘောကျလာပါသည်။ သူသည် သခင်ကို မစော်ကားတတ်ပါ။ ဘာမျှ မသိသလိုသာ နေတတ်ပါသည်။ တအိမ်လုံးကပင် သူ့ကို အရေးပေးလာရပါတော့သည်။
ကျွန်မ မှတ်မိသော အဖြစ်အပျက်တခု ရှိပါသည်။ တခါတွင် သခင်ကြီးသည် မြင်းကလေးနှစ်ကောင် ဝယ်လာပြီး သူငယ်နှစ်ယောက်အား တကောင်စီ ပေးပါသည်။ ဟိကလပ်က အလှဆုံးတကောင်ကို ယူပါသည်။ သို့သော်လည်း သူ မြင်းကလေး လဲကျခြေကျိုးသွားကြောင်း သိရသည်နှင့် သူက ဟင်ဒလီအား ဤသို့ ပြောပါလေသည်။
“မင့်မြင်းနဲ့ ငါ့မြင်း လဲကွာ၊ ငါ့မင်းကို ငါ မကြိုက်ဘူး၊ မင်း မလဲယင်တော့ ငါ မင်းတို့အဖေကို ဒီတပတ်အတွင်း မင်းသုံးခါရိုက်တဲ့ အကြောင်း ပခုံးပေါ်က ဒဏ်ရာကြပြီး တိုင်မှာပဲ”
ထိုစကားကိုကြားရသည်နှင့် ဟင်ဒလီက သူ့နားရင်းကို ထအုပ်လိုက်ပါသည်။ ဟိလစ်ကလည်း မြင်းဇောင်းထဲက ထွက်လာပြီး
“မင်း ငါ့ကို လုပ်တယ်ပေါ့လေ၊ ဒီတခါ လုပ်တာပါ တိုင်ပြောမယ်'ဟု ဆိုပါလေ၏။
ထိုအခါ ဟင်ဒလီက..
‘ခွေးကောင် ထွက်ကူားစမ်း” ဆိုပြီး မြက်ခြောက် လှမ်းသည့်အခါ အပေါ်မှဖိသော သံတုံးကို ကိုင်လျက် ပစ်မည့်ဆဲဆဲ ခြောက်လှန့်ပါ လေတော့သည်။
သည်တော့ သူက ရပ်လျက်ကနေပြီး
“ပစ်စမ်းပါ၊ မင်းအဖေမရှိယင် မင်း ငါ့ကို ဒီအိမ်က မောင်းထုတ်မယ်လို့ မင်းကြွားတတ်ပုံကို ငါတိုင်ပြောလိုက်မှာပေါ့၊ ဒီတော့ မင်းကိုပဲ နှင်ထုတ်မလား၊ ငါ့ကိုပဲ နှင်ထုတ်မလားဆိုတာ ကြည့်ရသေးတာပေါ့” ဟု ပြောလိုက်သည်နှင့် ဟင်ဒလီက သံတုံးနှင့် လှမ်းပစ်လိုက်ရာ သံတုံးသည် သူ့ရင်ဘတ်ကို မှန်ပြီး သူလည်း လဲကျသွားပါတော့သည်။ သို့သော် ချက်ချင်းပင် ဒယိမ်းဒယိုင်ဖြင့် ပြန်ထလာပါသည်။ ကျွန်မလည်း သူ့သခင်ကြီး သွားတိုင်လျှင် အခြေအနေဆိုးကုန်မည် စိုးသဖြင့် သူ့ကို တားရပါတော့သည်။ ထိုအခါမှပင် ဟင်ဒလီလည်း အခြေအနေကို သတိပြုမိ ဟန်ဖြင့်
“အေး၊ မင်း ငါ့မြင်းကို ယူပေါ့ ကလေကချေကောင်ရေ၊ ငါ့မြင်းက မင်းလည်ပင်းကို ချိုးပစ်လိုက်စမ်းပါလို့ ငါ ဆုတောင်းလိုက်ပါတယ်၊ ယူသွားလေကွာ၊ အလကား ကယ်ပါလို ကောင်၊ ငါ့အဖေပစ္စည်းတွေ ချိုင်စားနေတဲ့ကောင်၊ ဂြိုဟ်ကောင်၊ ယူသွားလေကွာ၊ ကြည့်နေပါ ငါ့မြင်းက မင်းခေါင်းကို ရိုက်ခဲ့မှာပဲ” ဟု ပြောပြီး သူ့ကို ခြေထောက်နှင့် ကန်လိုက်ပါသေးသည်။ ထို့နောက် နေရာမှထွက်သွား ပါလေတော့သည်။
ဟိကလစ်လည်း မြင်းကို ကြိုးဖြေပြီး သူ့ဇောင်းထဲသို့ သွင်းလိုက်ပါသည်။ ဘာမျှ မဖြစ်သလို ခပ်အေးအေးပင် မြင်းကကြိုးတန်ဆာများကို လဲနေလိုက်ပါသည်။ ပြီးလျှင် ခဏမျှ ထိုင်လိုက်ပါသေးသည်။ သူသည် မကျေနပ်ချက်ကို ဖွင့်ဟခဲသော သူငယ်တယောက် ဖြစ်ပါသည်။ ထို့ကြောင့်လည်း ကျွန်မသည် သူ့ကို လက်တုံ့ ပြန်တတ်သူတယောက် ဖြစ်လိမ့်မည်မဟုတ်ဟု အောက်မေ့ခဲ့ပါသည်။
အခန်း [ ၅ ]
အချိန်များ ရွှေ့ပြောင်းလာသည်နှင့်အမျှ မစ္စတာအန်းရှောသည် အားအင် ကုန်ခန်းစ ပြုလာပါလေသည်။ အင်အား လျော့နည်းလာပြီ ဖြစ်သည့်တိုင်အောင် သူသည် သွက်လက်ထက်ကြွကာ ကျန်းမာသော အသွင်ကို ဆောင်နေခဲ့ပါသေးသည်။ မီးဖိုဘေးတွင် ထိုင်ယင်း စိတ်တိုတတ်လာပါသည်။ စိတ်တိုစရာ စိတ်ရှုပ်စရာ မရှိလျှင်ကား သူသည် ပကတိ လူကောင်းတယောက်အသွင် ရှိတတ်ပါ၏။ အထူးသဖြင့် သူ့ ဟိကလစ်နှင့် ပတ်သက်၍ တစုံတဦးကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရပါက သူ့မှာ မနာလိုဝန်တိုစိတ်ပွားကာ နှုတ်ဆိတ်နေတတ်ပါသည်။ သူ့စိတ်ထဲမှာ သူက လိုလားသလောက် ဟိကလစ်အပေါ် အခြားလူများ အမှန်းပွားသည်ကိုလည်း သူ မခံရပ်နိုင်ပါ။ ထိုသို့ဖြစ်လေ ကျွန်မတို့သည် ဟိကလစ် အပေါ် ပြက်ရယ်ပြု တတ်လေ ဖြစ်လာကြပါသည်။ ထိုသို့ ပြက်ရယ်ပြုလေ ဟိကလစ်သည်လည်း စိတ်ထိခိုက်လေ ဖြစ်ပုံရပါသည်။ ဟိကလစ် အပေါ် မလိုမုန်းထားဟန် ပြခြင်းကို သခင်ကြီးကလည်း နည်းနည်းကလေးမျှ သည်းမခံနိုင်ပါ။ တခါတွင် ဟင်ဒလီသည် သူ့အဖေရှေ့မှာပင် ဟိကလစ်ကို မလိုမုန်းထားဟန် ပြမိသဖြင့် သခင်ကြီးသည် ကုတ်ကိုဆွဲ၍ ရိုက်မည် ပြုပါလေတော့သည်။ သို့သော် ထိုအချိန်၌ သခင်ကြီးတွင် စိတ်သွားတိုင်း ကိုယ်မပါ နိုင်တော့ပါ။
တခါတွင် ကလေးတွေကို စာသင်ပေးနေသော ခရစ်ယာန်ဘုန်းကြီးက ဟင်ဒလီအား ကောလိပ်သို့ ပို၍ ပညာသင်စေရန် အကြံပေးပါသည်။ သခင်ကြီးသည် စိတ်လေးလေးဖြင့် အလိုတူခဲ့ပါသည်။ ထိုစဉ်က သခင်ကြီးသည် …..
“ဟင်ဒလီ ဆိုတဲ့ ကောင်ဟာ တေ လေ နေမှာပဲ၊ ဖြစ်ထွန်းမယ့်ကစား မဟုတ်ပါဘူး' ဟုပင် ဆိုခဲ့သေးသည်။
ဟင်းဂလီမရှိသောအခါ ကျန်မတို့ အိမ်ကြီးမှာ အေးချမ်းသွားလိမ့်မည်ဟု ကျွန်မ မျှော်လင့်ခဲ့ပါသေး၏။ သခင်ကြီးကဖို့မှာ သူ အသက်ကြီးလာသည်နှင့်အမျှ အလိုမကျနိုင် စိတ်ကလည်း ကြီးမားလာသည်ဟု ကျွန်မ ထင်ပါသည်။ ထိပ်တန်း သဘောထား မတိုက်ဆိုင်မှုကြောင့် စိတ်ရောကိုယ်ပါ ထိခိုက်လာဟန်လည်း ရှိပါသည်။ အိမ်တွင် ကျန်ခဲ့သူများတွင် ကေသီနှင့် ဂျိုးဆက်တို့ကလည်း တယောက်တမျိုးစီ စိတ်အနှောင့်အယှက် ပေးတတ်ကြပါ၏။
ဂျိုးဆက်ဆိုလျှင် ဘုရားစာအုပ်ကို ကိုင်ပြီး လူတကာကို ပြစ်တင် ရှုတ်ချတတ်သူ ဖြစ်၏။ ဂျိုးဆက်သည် သူ့သခင်အမြင်တွင် ဘုရားတရား ကြည်ညိုသူအဖြစ် မြင်အောင် ဟန်ရေးပြတတ်ပါပေသည်။ ထို့ကြောင့် သူ့သြဇာက သခင်ကြီးအပေါ် လွှမ်းမိုးနေ၏။ သခင်ကြီး ပို၍မကျန်းမာလေလေ ဂျိုးဆက်၏ ဩဇာသည်လည်း ပို၍ ကြီးမားလေလေ ဖြစ်ပါသည်။ ဂျိုးဆက်သည် အခွင့်သာတိုင်းပင် ဟီကလစ်အား ပေါက်လွှတ်ပဲစား နိုင်သူအဖြစ် အပြစ်တင်စကား ပြောလေ့ရှိပါသည်။ ကက်သရင်းနှင့် ဟီကလစ်တို့နှင့် ပတ်သက်၍လည်း အမြဲလိုပင် ကတုံးကတိုက်စကား ပြောလေ့ရှိလေသည်။
ကက်သရင်းကလည်း ကက်သရင်းပါပဲ။ ကက်သရင်းသည် အလျင်ကနှင့်မတူတော့ပါ။ တနေ့တနေ့ အိမ်ပေါ်က ဆင်းလာသည်မှ အိပ်ရာဝင်ရန် အိမ်ပေါ်ပြန်တက်သွားသည်အထိ ကျွန်မတို့မှာ အေးအေးဆေးဆေး နေရသည်မရှိပါ။ လူကြီးတွေကြားမှာ ဝင်ရုပ်လိုက်၊ အနှောင့်အယှက် ပေးလိုက်နှင့် လုပ်တတ်ပါသည်။ သူ့ စိတ်ဓာတ်ရင်းကား ကောင်းသလောက် အပြောအဆို အရယ်အမောတို့တွင် ထိန်းထိန်း ချုပ်ချုပ် မရှိလှပါ။ သူ့မျက်လုံးတွေ ရွှန်းလဲ့ပြီး အပြုံးက ချိုမြိန်၊ လှုပ်ရှားဟန်က သိမ်မွေ့လှသော်လည်း သူကလည်း ဂြိုဟ်မွှေချင်ချင်ပင်။ မည်သို့ဖြစ်စေ၊ အန္တရာယ်ရှိသည်ဟူ၍ကား ကျွန်မ မထင်ပါ။
ကက်သရင်းသည် ဟိကလစ်ကို အလွန်ခင်တွယ်ပါသည်။ ထို့ကြောင့် ကက်သရင်းကို အပြစ်ပေးချင်လျှင် ဟိကလစ်နှင့် ခွဲထားလိုက်ကြရုံသာ ရှိပါသည်။
မစ္စတာအန်းရှောကား ကလေးတွေ အပြောင်အပြက်လုပ်သမျှကို နားမလည်နိုင်ပါ။ သူတို့နှင့်ပတ်သက်၍လည်း သူ စိတ်ညစ်ရလေသည်။ ကက်သရင်းကလည်း သူ့အဖေ မကျန်းမာလာသဖြင့် စိတ်မရှည်နိုင်သည့် အခြေအနေကို သတိမူပုံ မပေါ်ပါ။ သူကလည်း သူ့ဖအေ မကြိုက်မှန်းသိလျက် စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ချင်သည်။ ထိုအချိန်မျိုးတွင် ကျွန်မတို့က သူ့ကို ဆူလားပူလား လုပ်ပြန်လျှင် သူစိတ်မကောင်းဆိုလျှင်လည်း ကျွန်မတို့ကို ကလန်ကဆန် လုပ်တတ်၏။ ဂျိုးဆက်တို့ ဆိုလျှင်လည်း သူက ဂရုမစိုက်။ ဒါကိုလည်း သူ့အဖေက နည်းနည်းကလေးမျှ မကြိုက်။
တခါအခါ သူ တနေ့လုံး လုပ်ချင်ရာ လုပ်ပြီး ညပိုင်းတွင် ဖအေနား ကပ်ပြီး ပွတ်သီးပွတ်သပ် လုပ်တတ်သေးသည်။ ထိုအခါမျိုး၌ ဖအေလုပ်သူက …..
“မဟုတ်သေးဘူး ကေသီ၊ ဖေဖေ သမီးကို မချစ်နိုင်ပါဘူးကွယ်။ သမီးက သားထက်တောင် ဆိုးချင်ပါသေးကလား၊ သွားသွား၊ ဘုရား ရှိခိုးပြီး ဘုရားဆီမှာ အပြစ်မယူဖို့ တောင်းပန်ချေ သမီး၊ သမီးကို မွေးခဲ့ရတဲ့အတွက်များ အဖေနဲ့ အမေတို့ ဝမ်းနည်းစရာ ဖြစ်ရသလားလို့တောင် သမီးလို့တောင် သံသယဝင်မိတယ်ကွယ်” ဟု ဆိုသောအခါ ကက်သရင်း ငိုလေတော့သည်။ ကက်သရင်းအဖို့ ပထမဆုံးအကြိမ် ငိုရခြင်း ဖြစ်လေသည်။ ပြီးတော့လည်း မေ့မေ့ပျောက်ပျောက်ပင်။
သခင်ကြီး အန်းရှော၏ ဒုက္ခအပေါင်း ချုပ်ငြိမ်းမည့် ကာလသည် ဆိုက်ရောက်လာပါလေတော့သည်။ သူသည် အောက်တိုဘာလ တညနေချမ်းတွင် မီးဖိုဘေး၌ ထိုင်နေယင်း အေးချမ်းဆိတ်ငြိမ်စွာ ကွယ်လွန် သွားခဲ့ပါလေသည်။ အိမ်ပတ်လည်မှာ လေပြင်းတိုက်နေပါသည်။ မီးခိုးခေါင်းတိုင်ထဲမှာပင် လေသံသည် ဆူညံနေပါ၏။ မအေးလှသော်လည် လေသံကား ပြင်းထန်လှပါသည်။ ထိုအချိန်က ကျွန်မတို့အားလုံး စုစုဝေးဝေး ရှိကြပါသည်။ ကျွန်မမှာ မီးဖိုနှင့် ခပ်လှမ်းလှမ်းတွင် ဇာထိုး နေပါသည်။ ဂျိုးဆက်ကား စားပွဲနားတွင် သမ္မာကျမ်းစာကို ဖတ်နေပါသည်။
မစ္စကေသီ (ကက်သရင်း)မှာ ကောင်းကောင်း နေမကောင်းသဖြင့် ဖအေ့ဒူးခေါင်းကို မှီပြီး ငြိမ်ငြိမ်ကလေး ထိုင်နေပါသည်။ ဟိကလစ်ကား ကေသီ ပေါင်ပေါ်မှာ ခေါင်းအုံးလျက် ကြမ်းပြင်ပေါ်မှာ လှဲနေပါသည်။ ကျွန်မ ကောင်းကောင်း မှတ်မိပါသေးသည်။ သခင်ကြီးသည် အသက်မထွက်မီအထိ သူ့သမီး ဆံပင်ကို ပုတ်သပ်ယင်း..
“မင်းကလေး ဘာကြောင့်များ ဆိုးချင် မိုက်ချင်ရတာလဲ သမီးကလေး ကေသီရယ် ́ဟု ဆိုလိုက်လျှင် ကက်သရင်းသည် ဖအေကို ခေါင်းမော် ကြည့်လျက် ရှယ်လိုက်ပြီး
“ဖေဖေကကော ဘာကြောင်းများ အမြဲတမ်း လူကောင်းကြီး မဖြစ်ရတာပါလိမ့်ဟု ဆိုလိုက်ပါသေးသည်။
သူ့အဖေ စိတ်ထိခိုက်သွားပုံ မြင်လိုက်ရသည်နှင့် ကက်သရင်းသည် အဖေ လက်ကို နမ်းပြီး အဖေ့ကို သီချင်းဆိုသိပ်မည်ဟု ဆိုကာ သီချင်းတပုဒ်ကို ခပ်တိုးတိုး ဆိုပါလေ၏။ ထိုစဉ်မှာပင် သခင်ကြီး၏ လက်ချောင်းများသည် ကက်သရင်း၏ ခေါင်းပေါ်မှ ပြုတ်ကျသွားပါတော့သည်။ သူ ခေါင်းသည်လည်း ရင်ဘတ်ပေါ် ငိုက်ကျလာပါ၏။ ထိုအခါ ကျွန်မက ကေသီကို သခင်ကြီး နိုးမသွားစေရန် တိတ်တိတ်နေဖို့ ပြော လိုက်ပါသည်။ ကျွန်မတို့ အားလုံးပင် ကြွက်ကလေးတွေလို ငြိမ်နေလိုက်ကြပါသည်။ ဂျိုးဆက်သာလျှင် သူဖတ်နေသော အခန်း ပြီးဆုံးသည်နှင့် သခင်ကြီး ဘုရားရှိခိုးရန်အတွက် ထလာပါလေသည်။ ဂျိုးဆက်သည် သခင်ကြီးနား တိုးလာပြီး ပခုံးကို ကိုင်၍ နာမည်ကို ခေါ်လိုက်ပါသည်။ သို့သော် သခင်ကြီးသည် မလှုပ်ရှားတော့ပါ။ ထို့ကြောင့် ဂျိုးဆက်သည် ဖယောင်းတိုင်ကို ယူလာပြီး သခင်ကြီးကို ကြည့်လိုက်ပါသည်။
သူ့ ဖယောင်းတိုင် အလင်းရောင်အောက်တွင် သခင်ကြီး အခြေအနေကို သတိပြုမိလျှင်ပင် တခုခုတော့ ဖြစ်ပြီဟု ကျွန်မ ထင်လိုက်သဖြင့် ကလေးနှစ်ယောက်ကို လက်တဘက်စီနှင့် ဆုပ်ကိုင်ယင်း
“ကဲ အပေါ်သွားကြတော့၊ ဆူဆူညံညံ လုပ်မနေနဲ့၊ သူတို့ ဘုရားဝတ်ပြုကြလိမ့်မယ်” ဟု ခပ်တိုးတိုး ပြောလိုက်ပါသည်။
ထိုအခါ ကက်သရင်းက....
“ကျွန်မ ဖေဖေကို ဦးဆုံး နှုတ်ဆက်ဦးမယ် ဆိုလျက် ကျွန်မတို့ မတားလိုက်မီမှာပင် သူ့အဖေ လည်ပင်းကို သိုင်းဖက်လိုက်သည်နှင့် ကလေးမသည် “အိုး ဖေဖေ သေပြီ၊ ဟိကလစ်၊ ဖေဖေသေပြီ'ဟု အော်လိုက်ပါသည်။ တဆက်တည်းပင် သူတို့နှစ်ယောက် ချုံးပွဲချ ငိုကြပါလေတော့သည်။ ကျွန်မလည်း သူတို့နှင့်အတူ အော်ငိုလိုက်ပါတော့သည်။ ထိုအခါမှပင် ဂျိုးဆက်က ကျွန်မအား ဆရာဝန် သွားခေါ်ရန် ပြောသဖြင့် ကျွန်မလည်း အပေါ်အင်္ကျီ ဝတ်ပြီး မိုးထဲ လေထဲမှာပင် ဆရာဝန်ကို သွားခေါ်ခဲ့ပါ၏။ ဆရာဝန်ရောက်လာသောအခါ ဂျိုးဆက်နှင့် ထားခဲ့ပြီ ကလေးတွေဆီသို့ ကျွန်မ လာခဲ့ပါ၏။ ကလေးတွေ၏ တံခါးမှာ ဟထားပါသည်။ သန်းခေါင်ကျော်လာပြီ ဖြစ်သော်လည်း သူတို့ မအိပ်ကြသေးပါ။ တဦးကိုတဦး နှစ်သိမ့်မူ ပေးနေကြလေသည်။ ကျွန်မမှာ ငိုရှိုက်ယင်း သူတို့အချင်းချင်း နှစ်သိမ့်မှု ပေးနေသည်ကို နားစိုက်နေပါသည်။ ကျွန်မအဖို့ကား အားလုံး ဘေးကင်း ရန်ကင်း အေးအေ ချမ်းချမ်း နေကြရဖို့ ဆန္ဒပြုရုံမှအပ ဘာမျှ မတတ်နိုင်တော့ပါ။
အခန်း [ ၆ ]
မစ္စတာ ဟင်ဒလီသည် ဖခင်ကြီး ဈာပနအတွက် အိမ်သို့ ပြန်ရောက်လာခဲ့ပါသည်။ သူရောက်လာရခြင်းမှာ ကျွန်မတို့အဖို့ အံ့ဩစရာ ဖြစ်ရသလို အိမ်နီးနားချင်းများအတွက်လည်း အတင်းအဖျင်း ပြောစရာလို ဖြစ်လာပါသည်။ အကြောင်းကား သူနှင့် အတူ သူ့မိန်းမ ပါလာသောကြောင့် ဖြစ်ပါသည်။ သူ့မိန်းမသည် မည်သည့် မျိုးရိုး ဖြစ်သည်။ ဘယ်ဇာတိ ဖြစ်သည်ကို ကျွန်မတို့ မသိခဲ့ကြပါ။ ထိုမိန်းမသည် ငွေကြေး အရရော ဂုဏ်ရှိန်အရရော ထင်ရှားပုံ မရပါ။ မစ္စတာ ဟင်ဒလီကိုယ်တိုင်ကလည်း ထိုမိန်းမနှင့် ပတ်သက်၍ သူ့အဖေကို အသိပေးခဲ့ပုံ မရပါပေ။ ထိုမိန်းကလေး အိမ်ထဲဝင်လာသောအခါ မြင်မြင်သမျှသည် သူ့အဖို့ နှစ်သက်ဖွယ်ချည်း ဖြစ်ပုံရပါသည်။ ပတ်ဝန်းကျင်ကိုလည်း သူ သဘောကျပုံ ရပါသည်။ သို့သော် ဈာပနအခမ်းအနားနှင့် ဈာပနအခမ်းအနားသို့ ရောက်လာ ပူဆွေးနေကြသူများအတွက် သူ စိတ်အနှောင့်အယှက်ဖြစ်ပုံရလေသည်။ သူ့ကြည့်ရသည်မှာ စိတ်မတည်မငြိမ် ဖြစ်နေပုံ ရပါသည်။ ကျွန်မသည် ကလေးတွေကို အဝတ်လဲပေးမည့် ဆဲဆဲမှာပင် သူက ခေါ်သဖြင့် သူနှင့်အတူ သူ့အခန်းသို့ လိုက်ခဲ့ရပါသည်။ အခန်းထဲ ရောက်လျှင် ထိုင်ချလိုက်သော သူ့ခန္ဓာကိုယ်ကလေးမှာ တဆတ်ဆတ် တုန်နေပါသည်။ လက်နှစ်ဘက်ကိုလည်း ပိုက်ထားပါသည်။ နှုတ်မှလည်း “သူတို့ မသွားကြသေးဘူးလား ́ဟူသော မေးခွန်းကို အထပ်ထပ် မေးနေပါလေတော့သည်။ ဈာပနမြင်ကွင်းကြောင့် သူ တုန်လှုပ်ချောက်ချားနေပုံရပါသည်။ ကတုန်ကယင် ဖြစ်လာပြီး ငိုချလိုက်ပါလေတော့သည်။
ထိုအခါ ကျွန်မက အကြောင်းရင်းကို မေးသော်လည်း သူသည် သူ့အဖြစ်ကို သူ မသိဟုသာ ဖြေပါသည်။ သူသည် သေခြင်းတရားကို ထိတ်လန့်နေပုံ ရပါသည်။ သူသည် ပိန်ပိန်ပါးပါး ပျိုပျိုရွယ်ရွယ် ဖြစ်ပြီး အသားဖြူ ပါသည်။ မျက်လုံးများကား စိန်ပွင့်ကလေးများ ပမာ တောက်ပနေပါသည်။ ကျွန်မသည် သူ လှေကားအတက်တွင် မောဟိုက်နေသည်ကို သတိပြုမိပါ၏။ ချောင်းကလည်း မနားတမ်း ဆိုးနေပါသည်။ သို့သော် ဤသို့သော လက္ခဏာများသည် မည်သည့် ဝေဒနာမျိုး ဖြစ်နိုင်သည်ကို ထိုစဉ်က ကျွန်မ မသိခဲ့ပါ။ သည့်အတွက်လည်း သူ့အပေါ် ကရုဏာ သက်ရကောင်းမှန်း မသိခဲ့ပါ။
မစ္စတာ ဟင်ဒလီအန်းရောမှာ သုံးနှစ်အတွင်း အပြောင်းလဲကြီး ပြောင်းလဲလာပါသည်။ ပိုပြီး လည်သွားပုံ ရပါသည်။ ဝတ်စားဆင်ယင်ပုံ၊ ပြောဆို ဆက်ဆံပုံမှအစ အစစအရာရာ ပြောင်းလဲသွားပုံရပါသည်။ နဂိုဟန်ပန်မူရာ ဝတ်စားဆင်ယင်ပုံကို မတွေ့ရတော့ပါ။ သူရောက်လာသောနေ့မှာပင် ကျွန်မနှင့်ဂျိုးဆက်ကို ခေါ်ပြီး အိမ်မကြီးမှာမနေပဲ နောက်ဖေး မီးဖိုချောင်သို့ ပြောင်းရွှေ့ နေထိုင်ရန် ပြောပါသည်။
ဟင်ဒလီ၏ ဇနီးသည် ကက်သရင်းကို ညီမလေး တယောက် အဖြစ် သိကျွမ်းရသဖြင့် အားရ ပျော်ရွှင်နေပါသည်။ အစပိုင်းတွင် သူသည် ကက်သရင်းနှင့် စကားပြောလိုက်၊ နမ်းလိုက် ရှုပ်လိုက်၊ အတူတကွ ပြေးလွှားကစားလိုက်၊ လက်ဆောင်ပစ္စည်းကလေးတွေ ပေးလိုက်နှင့် တရင်းတနှီး ပေါင်းသင်းပါသည်။ ကြာလာတော့လည်း သူသည် ကက်သရင်းနှင့်အတူ ဆက်ဆံရသည်ကို ငြီးငွေ့လာပုံရပါသည်။ ထိုအခါ ဟင်ဒလီ၏ သဘောထားသည်လည်း ကြမ်းတမ်းလာပါတော့သည်။ ဟင်ဒလီသည် သူ့ဇနီးဆီမှ ဟိကလစ်အပေါ် သဘောမတွေ့နိုင်ကြောင်း စကားထွက်လာတိုင်း ဟင်ဒလီ၏ ဟိကလစ်အပေါ် ငယ်စဉ်က မုန်းတီးမှုသည် ပြန်လည် နိုးထလာပါတော့သည်။ သို့ဖြင့် သခင် ဟင်ဒလီသည် ဟိကလစ်အား သူတို့နှင့်အတူ မနေစေပဲ အစေခံများနှင့်သာ နေစေပါတော့သည်။ စာသင်ကြားခွင့်လည်း မပေးတော့ပါ။ ယာထဲခြံမှာသာ အလုပ်လုပ်စေ ပါတော့သည်။
ဟိကလပ်မှာ ဤသို့ အဆင့် နှိမ့်ချခံရသော်လည်း ငြိမ်နေလိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကေသီသည် သူ သင်ယူသမျှကို ဟိကလစ်အား တဆင့် သင်ပြပို့ချပေးနေသည့်ပြင် သူကိုယ်တိုင်လည်း ဟိကလစ်နှင့်အတူ ယာထဲဆင်း အလုပ်လုပ်နေရသောကြောင့် ဖြစ်သည်။ သူတို့ နှစ်ဦးစလုံးပင် အပစ်ပယ်ခံ အနှိမ်ခံ ဘဝဖြင့် ကြီးပြင်းလာခဲ့ကြရလေတော့သည်။ သခင်ကလေး ကိုယ်တိုင်ကလည်း သူတို့ ဘာလုပ်လုပ် ဘယ်လိုနေနေ လျစ်လျူ ရှုထားလိုက်ပါသည်။ ထိုကြောင့် သူတို့ နှစ်ဦးကလည်း သခင်ကလေး ဟင်ဒလီနှင့် ကင်းကင်း နေလာကြပါတော့သည်။
သခင်ကလေးသည် ဟိကလစ်တို့နှစ်ယောက် ဘုရားကျောင်း မှန်မှန် သွားမသွားကိုပင် ဂရုမစိုက်တော့ပါ။ ထိုအခါ ဂျိုးဆက်နှင့် စာပြဘုန်းကြီးက ကေသီတို့ ဘုရားရှိခိုးကျောင်း မလာသည့်ကိစ္စနှင့်ပတ်သက်၍ သခင်ကလေးဟင်ဒလီအား အပြင်းအထန် ပြစ်ဘင် ပြောဆိုကြပါလေတော့သည်။ ထိုအခါ သခင်ကလေးသည် ဟိကလစ်ကို ရိုက်နှက်ဆုံးမ၍ ကက်သရင်းအား ညစာ မြန်မြန်စားပြီး ဘုရားဝတ်ပြုရန် ဆုံးမပါလေ၏။ ထိုအခါမှစ၍ ကက်သရင်းတို့ နှစ်ယောက်သည် တနေကုန် တနေခန်း ကွင်းထဲမှာသာ အချိန်ဖြုန်းနေပါလေတော့သည်။ ပြစ်ဒဏ်ပေးခံရခြင်းကိုလည်း ပြက်ရယ်ပြု နေလိုက်ကြပါလေသည်။ စာပြဘုန်းကြီးသည် ကက်သရင်းကို စာတွေအများကြီး အကျက်ခိုင်းပါလေတော့၏။ ဂျိုးဆက်ကလည်း ဟိုကလစ်ကို သူ့လက်တွေ နာလာသည် အထိ ထိုးနှက် ရိုက်ပုတ်ပါလေတော့သည်။ သူတို့နှစ်ဦးကား မည်သို့သော ပြစ်ဒဏ်မျိုးကို ခံရပါစေ၊ နှစ်ဦးတွေ့ကြရသည်နှင့် ခံရသော ပြစ်ဒဏ်အားလုံးကို မေ့ပစ်လိုက်ကြပါလေတော့သည်။ ကလေးနှစ်ယောက် တနေ့ထက် တနေ့ အခြေအနေ ဆိုးလာသည့် အတွက် ကျွန်မ စိတ်မကောင်းမိပါ။ သို့သော် ကျွန်မမှာ ဘာမျှ ဝင်မပြောသာပါ။
တနေ့သော တနင်္ဂနွေနေ့ ညနေချမ်းတွင် သူတို့နှစ်ယောက်ကို အခန်းထဲမှာ ဆူသည်ဆိုကာ သခင်ကလေးက ဧည့်ခန်းထဲမှ မောင်းထုတ်လိုက်ပါသည်။ ညစာ စားချိန်ရောက်၍ ကျွန်မ သူတို့ကို လိုက်ခေါ်သောအခါ ဘယ်မှာမှ မတွေ့ရပါ။ ကျွန်မတို့လည်း အိမ်ပေါ် အိမ်အောက် ရှာကြပါ၏။ သူတို့ကို မတွေ့ပါ။ နောက်ဆုံးတွင် ဟင်ဒလီသည် စိတ်ဆိုးလာပြီး တံခါးအားလုံးကို ပိတ်ခိုင်းပါလေတော့သည်။ ထိုညအဖို့ မည်သူမျှလည်း ဝင်မလာစေရဟု အမိန့်ပေးပါလေ၏။
တအိမ်လုံး အိပ်ကုန်ကြသော်လည်း ကျွန်မမှာ စိုးရိမ် ပူပန်စိတ် ပြင်းစွာဖြင့် အိပ်မပျော်နိုင်ပါ။ ကျွန်မ အခန်း ပြတင်းပေါက်ကို ဖွင့်ပြီး မိုးရွာနေသည့် ကြားမှ အပြင်ဘက်ကို နားစွင့် ထားလိုက်မိပါသည်။ သူတို့ပြန်လာလျှင် သခင်ကလေး တားမြစ်ထားသည့်ကြားမှပင် သူတို့ကို ဝင်ခွင့်ပေးမည်ဟုလည်း ဆုံးဖြတ်ထားပါသည်။ ခဏအကြာတွင် လမ်းမဘက်က ခြေသံကို ကြားရသဖြင့် ကျွန်မလည်း မီးအိမ်ကို ထွန်းပြီး ဝင်းတံခါးဝဆီသို့ လှမ်းပြပေးလိုက်ပါသည်။ အိမ်ဝရောက်ပြီး တံခါး ခေါက်လိုက်ပါက သခင်ကလေး နိုးမည်စိုးသဖြင့် တံခါး မခေါက်ရလေအောင် ကျွန်မလည်း ခြုံစောင်ကိုခြုံပြီး အသံကြားရာဆီသို့ လာခဲ့ပါ၏။ ဟိကလစ်တယောက်တည်း ဖြစ်ပါသည်။ ဟိကလစ်ကို တယောက်တည်း တွေ့လိုက်ရသဖြင့် ကျွန်မလည်း ချောက်ချောက်ချားချား ဖြစ်သွားရပါလေတော့သည်။
“မစ္စကက်သရင်းကော ဟင်၊ အန္တရာယ်တော့ မဖြစ်ဘူးထင်ပါရဲ့' ဟု ကျွန်မက ရေးကြီးသုတ်ပျာ မေးလိုက်မိပါသည်။
“သရုတ်ကရော့ အိမ်ကြီးမှာပါ၊ ကျွန်တော်လဲ အဲဒီ အိမ်ကြီးကို ရောက်ခဲ့ပါတယ်၊ ဒါပေမယ့် သူတို့က ကျွန်တော့်ကို နေစေချင်ပုံ မပေါ်လို့ ပြန်လာတာပါ”
“အင်း..မင်းတော့ အပြစ်ပေးခံရဦးမှာပဲ၊ မင်းကလဲ အမှတ်မရှိပဲကလား၊ မင်းတို့ကကော အဲဒီအိမ်ကြီးကို ဘယ်လိုလုပ် ရောက်သွားရတာလဲ'
“ကျွန်တော့် အဝတ်စိုတွေ လဲပါရစေဦးဗျာ၊ ပြီးတော့ ကျွန်တော် အကုန်ပြောပြပါမယ် နယ်လီရယ်”
ကျွန်မလည်း သခင်ကလေး နိုးသွားမည် စိုးသဖြင့် အသံဗလံမပြုရန်ပြောပြီး သူအဝတ်လဲနေစဉ် ဖယောင်းတိုင်မီးငြိမ်းရန် စောင့်နေလိုက်ပါသည်။ သူက သူတို့အဖြစ်အပျက်ကို ဆက်ပြောနေပါလေ၏။
“ကေသီနဲ့ ကျွန်တော်တို့လဲ အဝတ်လျှော်ဆောင်က ထွက်ပြီး အပြင်ဘက် ထွက်လည်ကြယင်း အဲဒီအိမ်ကြီးက မီးရောင်ကို မြင်တာနဲ့ အိမ်ကြီးက ကလေးတွေဟာလဲ ခုလို ညနေချမ်းမျိုးမှာ အဖေနဲ့ အမေ စားသောက်နေတုန်း ချောင်ထဲမှာ ခိုက်ခိုက်တုန်နေကြမလား၊ မီးရောင် ရှေ့မှာ မျက်လုံးတွေ တလက်လက်နဲ့ ဆိုပြော ရယ်မော နေကြမလား ဆိုတာ သိချင်လာတယ်လေ၊ ဒါမှမဟုတ် သူတို့အိမ်စေကြီးက စာတွေ အကျက်ခိုင်းလိုက် မေးလိုက် လုပ်နေမလား”
“သူတို့ ကလေးတွေက လူကောင်းကလေးတွေပဲဟာ၊ မင်းတို့လို အကျင့်ဆိုးကြောင့် ခံရတဲ့ ပြစ်ဒဏ်မျိုး ဘယ်ခံရပါ့မလဲ”
“အပိုတွေ ပြောမနေစမ်းပါနဲ့ နယ်လီရယ်၊ အဓိပ္ပာယ် မရှိတာတွေပဲ၊ ကျွန်တော်တို့က အဲဒီခြံကြီးထဲက ကုန်းမြင့်ကလေး ထိပ်ပေါ် ပြေးတက်လာတာပေါ့၊ ကက်သရင်းက အလျင် ရောက်သွားတယ်လေ၊ သူက ဖိနပ်မှ မပါပဲ၊ မနက်ဖြန်ကျယင် သူ့ဖိနပ်ကို ဗွက်ထဲမှာ တွေ့ရပါလိမ့်မယ်၊ ကျွန်တော်တို့လဲ အမြင့်ပိုင်း ရောက်တယ်ဆိုယင်ပဲ ခြံစည်းရိုး ပေါက်နေတဲ့ နေရာကနေ တွားပြီးဝင်ခဲ့တာ ဧည့်ခန်း ပြတင်းတံခါးနား ရောက်လာကြတယ်၊ တရုတ်ကတ်တွေကို ပိတ်မထားတဲ့အပြင် ခန်းဆီးတွေကလဲ တခြမ်းပဲ ပိတ်ထားတော့ အခန်းထဲက အလင်းရောင်က အပြင် ပြန့်နေတယ်၊ ကျွန်တော်တို့လဲ မြေအောက်ခန်း အပေါ်ကနေ ပြတင်းဘောင်ကို ဆွဲပြီး အထဲကို လှမ်းကြည့်ကြတာပေါ့။
“အခန်းထဲမှာ လှလိုက်တာဗျာ၊ ကြက်သွေးရောင် ကော်ဇောတွေ အပြည့်ခင်းထားပြီး စားပွဲခင်းနဲ့ ကုလားထိုင်ဖုံးတွေကလဲ ကြက်သွေးရောင်ချည်းပဲဗျ၊ အဘိုးကြီး မစ္စတာလင်တန်နဲ့ သူ့မိန်းမ မရှိဘူး၊ အက်ဂါနဲ့ သူ့ညီမကလေးပဲ ရှိတယ်၊ သူတို့ ပျော်နေကြမယ် ထင်သလား၊ ခင်ဗျားပြောတဲ့ လူကောင်းကလေးတွေ ဘာလုပ်နေကြသလဲ မှုန်းကြည့်စမ်းပါဗျာ၊ အစ္စဗယ်လာဆိုတဲ့ ကောင်မလေးက ဆယ့်တနှစ်လောက်ပဲ ရှိဦးမယ်၊ ကေသီထက် တနှစ်ငယ်မှာပေါ့၊ ကောင်မလေးက အခန်းထောင့်စွန်းမှာ အသံတွေ တုန်နေအောင် အော်ငိုနေတယ်လေ၊ အက်ဂါကတော့ မီးဖိုနားရပ်ပြီး တိတ်တိတ်ကလေး ငိုနေတယ်ဗျ၊ သူတို့ ရန်ဖြစ်နေကြတယ်လေ၊ ဒါလားဗျ ပျော်စရာ၊ သူတို့ အဲဒီလို ရန်ဖြစ်ပြီး ငိုနေတာတွေ့တော့ ကျွန်တော်တို့လဲ အပြင်ဘက်ကနေ အားရပါးရ ရယ်ပစ်လိုက်တာပေါ့၊ ကျွန်တော်ဖြင့် ဒီမှာ ကက်သရင်းနဲ့အတူ ဟေးလားဝါးလား လုပ်လိုက်၊ ပျော်လိုက်နဲ့ ဂျိုးဆက် အရိုက်အနှက်သာမခံရယင် တကယ်ပါ၊ ကျွန်တော့် ခုအခြေအနေကို အက်ဂါလင်တန်ရဲ့ ဘဝနဲ့ မလဲပါဘူး'
“တိုးတိုးပြောစမ်းပါကွယ်၊ မင်း အခုထက်ထိ ကက်သရင်း ဘယ်လို ကျန်ခဲ့တယ်ဆိုတာ မပြောသေးဘူး”
“အဲလို ကျွန်တော်တို့ ရယ်ချလိုက်တော့ သူတို့မောင်နှမ တံခါးပေါက်ဆီ ပြေးသွားပြီး ခဏတော့ ငြိမ်သွားသေးတယ်၊ ပြီးတော့မှ “မေမေရေ၊ ဖေဖေရေ လာစမ်းပါဦး” ဆိုပြီး အော်ကြတော့တာကိုး၊ ကျွန်တော်တို့ကလဲ သူတို့ လန့်သွားအောင် ထပ်အော်ပြီး ခြောက်တာပေါ့၊ ပြီးတာနဲ့ ပြတင်းပေါက်ဘောင်ကို ဆွဲထားရာကနေ လက်လွှတ်ခုန်ချပြီး ကျွန်တော်က ကေသီ လက်ကို ဆွဲလျက်သား ပြေးတော့တာပဲ၊ သူ့ကိုလဲ မြန်မြန်ပြေးဖို့ ပြောရသေးတယ်၊ အဲဒီထဲ သူက လဲကျသွားပါရောဗျ၊ ဒီတော့ သူက “ပြေး ဟိကလစ်၊ ပြေးတော့၊ သူတို့က ခွေးလွှတ်လိုက်လို့ ကိုယ့်ကို ခွေးကိုက်ထားပြီ” လို့ တိုးတိုး ပြောတယ်၊ ခွေးက သူ့ခြေချင်းဝတ်ကို ကိုက်ထားပြီ နယ်လီရဲ့၊ ကျွန်တော်လဲ ခဲတလုံးကောက်ပြီး ခွေးပါးစပ်ထဲ ထိုးထည့်လိုက်တာပေါ့၊ အဲဒီတုန်းမှာပဲ အစေခံတယောက် မီးအိမ်ကိုင်ပြီး ရောက်လာတယ်၊ ဒီတော့မှပဲ ခွေးကြီးကလဲ သူခဲထားတဲ့ ကေသီ့ကို လွှတ်လိုက်တယ်၊ အစေခံက ကေသီကို ပွေ့ချီလိုက်ပါတယ်၊ ကေသီဟာ ကြောက်တာ မဟုတ်ပေမယ့် နာနေပုံရတယ်၊ အစေခံက ကေသို့ကို ပွေ့ခေါ်သွားတော့ ကျွန်တော်လဲ သူ့နောက်ကနေ ခွေးကြီးကို ဆဲဆိုယင်း လိုက်သွားတယ်။
“အဝင်ကနေပြီး အဘိုးကြီး မစ္စတာ လင်တန်က “ဘာကောင်လဲ ရောဘတ်” လို့ လှမ်းမေးလိုက်တယ်၊ ဒီတော့ အစေခံ ရောဘတ်က “စကူလကာက ကောင်မလေး တယောက်ကို ကိုက်တာပါခင်ဗျာ” လို့ပြောပြီး “ကောင်လေး တယောက်လဲ ပါတယ်ဗျ” လို့ ပြောယင်း ကျွန်တော့်ကို ဖမ်းတော့မလိုနဲ့ လုပ်ယင်း “လူပုံကတော့ အကွက်စေ့စေ့ လုပ်မယ့် ပုံမျိုးပဲ၊ လူဆိုးတွေက သူတို့ကို ပြတင်းပေါက်ကဝင်ပြီး တံခါးဖွင့်ပေးဖို့ လွှတ်လိုက်တာနဲ့ တူတယ်၊ ပြီးတော့မှ လူဆိုးဂိုဏ်းက အခန်းထဲ ဝင်လာပြီး အခန်းထဲကလူတွေ အိပ်နေတုန်း ကျွန်တော်တို့ကို သတ်မှာခင်ဗျ။ ဟေ့ကောင်လေး၊ မင်း ပါးစပ်ပိတ်ထားစမ်း၊ မင်းတော့ ကြိုးစင်ထက်ရအောင် ပြင်ထား၊ မစ္စတာလင်တန် ခင်ဗျား၊ လက်ထဲက သေနတ်ကို မချလိုက်ပါနဲ့ဦး ခင်ဗျာ” လို့ ပြောပါလေရော။
“ဒီတော့ အဘိုးကြီး လင်တန်က “မဟုတ်သေးဘူးကွ ရောဘတ်ရ ဒီလူဆိုးတွေက ငါ မနေ့က သီးစားခရတာ သိလို့ အပိုင်လုပ်မလို့ ဖြစ်လိမ့်မယ်။ မေရီရေ ဒီမှာ ကြည့်စမ်းပါဦးကွ၊ မကြောက်ပါနဲ့၊ လူဆိုးပုံပေါက်ပေမယ့် ကလေးလေးတွေပါကွ” လို့ပြောယင်း ကျွန်တော်တို့ကို မီးပန်းဆိုင်းအောက် ဆွဲပြပါတယ်၊ မစ္စက်လင်တန်က မျက်မှန်ကို နှာခေါင်းပေါ်တင်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ လက်ကလေး ကွယ်ကြည့်တယ်ဗျ၊ ကောင်ကြောက်ကလေး မောင်နှမက အနားတိုးလာတယ် အစ္စဗယ်လာက လေသံကလေးနဲ့ “ကြောက်စရာ့ပါကလား၊ သူ့ကို အချုပ်ခန်းထဲ ထည့်ထားပါ ဖေဖေ၊ သူဟာ ကျွန်မ ငှက်ကလေး ခိုးသွားတဲ့ ကောင်ကလေးပါ၊ မဟုတ်ဘူးလား အက်ဂါ” လို့ ပြောယင်း သူ့အစ်ကိုကို လှည့်မေးလိုက်သေးတယ်။
“အဲဒီလို လင်တန်မိသားစုက ကျွန်တော့်ကို ဝိုင်းစပ်စုနေတုန်း ကေသီက အနားကို ရောက်လာပြီး အစ္စဗယ်လာရဲ့ စကားကို ကြားတာနဲ့ ရယ်ချလိုက်တယ်၊ အဲဒီတော့ အက်ဂါလင်တန်က ကေသီ့ကို စူးစမ်းတဲ့ အကြည့်နဲ့ ကြည့်တယ်။ ပြီးတော့ မှတ်မိသွားပုံ ပေါ်တယ်။ သူတို့ ကျွန်တော်တို့ကို ဘုရားရှိခိုးကျောင်းမှာ တွေ့ဖူးနေတာပဲဟာ၊ အဲဒါကြောင့် အက်ဂါက “ဒါ မစ္စအန်းရှောပဲ” လို့ သူ့အမေနား တိုးတိုး ကပ်ပြောပြီး “စကူလကာက သူ့ကို ဘယ်လိုလုပ် ကိုက်လိုက်တာပါလိမ့်၊ ခြေထောက်မလဲ သွေးတွေနဲ့” လို့ ဆက်ပြောတယ်။
“ဒီတော့ သူတို့အမေက “မစ္စအန်းရှော၊ ဟုတ်လား၊ အဓိပ္ပာယ် မရှိတာပဲ၊ မစ္စအန်းရှောက ကလေကချေတကောင်နဲ့ လျှောက်သွားနေပါ့မလား” လို့ ပြောပါတယ်၊ အဲဒီတော့ အဘိုးကြီးက “သူ့အစ်ကိုကလဲ အပြစ်ပြောစရာပဲ” လို့ ပြောပြောဆိုဆိုနဲ့ ကျွန်တော်ဆီ ကြည့်နေရာကနေ ကက်သရင်းဘက်လှည့်ပြီး “သူတို့ဆရာ ဘုန်းကြီးကတော့ အပြောသား၊ သူ့အစ်ကိုက ကလေးမလေးကို ဘုရားမဲ့ တရားမဲ့ ကြီးပြင်းလာအောင် လုပ်နေတာပဲတဲ့၊ နေပါဦး၊ ဒီကောင်ကလေးကကော၊ ဒီကောင်ကလေးကို သူ ဘယ်ကများ သွားခေါ်လာတာပါလိမ့်၊ အိုး၊ ငါသိပြီဟေ၊ ကွယ်လွန်သူ တို့မိတ်ဆွေဟောင်းကြီး လီဗာပူက ခေါ်လာတယ်ဆိုတဲ့ ကလေကချေ ကောင်ကလေးကိုး” လို့ ဝင်ပြောလိုက်ပါတယ်။
“အဘွားကြီးကလဲ “တကယ့် အယုတ်တမာကလေးပေပဲ၊ လူကြီး လူကောင်းတွေနေတဲ့ အိမ်နဲ့ မတန်ပါဘူး၊ သူဝင်လာတုန်းက ဆဲဆို မြည်တွန်လာတာ မကြားဘူးလား၊ ကျွန်မ ကလေးတွေများ ကြားမိယင် အခက်ပါကလား”လို့ ပြောပြန်တယ်။
“ဒီတော့ ကျွန်တော်လဲ ထပ်ပြီး ကျိန်ဆဲမိတာပေါ့၊ စိတ်မဆိုးနဲ့နော် နယ်လီ၊ ကျွန်တော်လဲ မခံချင်လှန်းလို့ပါ၊ ဒီတော့ အစေခံကြီး ရောဘတ်ကို ကျွန်တော့်ကို ခေါ်ထုတ်သွားဖို့ အမိန့်ပေးကြတော့တာပေါ့၊ ကျွန်တော်က ကေသီမပါပဲ မသွားဘူးလို့ ငြင်းပါသေးတယ်၊ ရောဘတ်က ကျွန်တော့်ကို ဥယျာဉ်ထဲ လက်ဆွဲထုတ်သွားပြီး ကျွန်တော့်လက်ထဲကို မီးအိမ်တလုံး ထည့်ပေးလိုက်တယ်၊ ကျွန်တော့် အပြုအမူနဲ့ ပတ်သက်လို မစ္စတာအန်းရှောကို တိုင်ပြောမယ်လို့ ပြောပါတယ်၊ ပြီးတော့ တည့်တည့် သွားဖို့ ပြောပြီး တံခါးကို ပိတ်ပစ်လိုက်တယ်၊ ခန်းဆီးစက ထောင့်နား တနေရာမှာ လွှတ်နေလို့ ကျွန်တော် ချောင်းကြည့်နေမိသေးတယ်၊ ကက်သရင်း ပြန်ချင်ပုံ ပေါ်တယ်ဆိုယင် သူတို့ ပြန်မလွှတ်မချင်း မှန်တံခါးတွေကို ခွဲနဲ့ ပေါက်မလို့တောင် စိတ်ကူးရတယ်၊ ဒါပေမယ့် ကက်သရင်းကို ဆိုဖာပေါ်မှာ ငြိမ်ငြိမ်ကလေးထိုင်နေတာ မြင်ရတယ်၊ အဲဒီမှာ မစ္စက်လင်တန်ကလဲ ကက်သရင်းကို အရေးတယူ လုပ်တယ်၊ သူတို့က ကက်သရင်းနဲ့ ကျွန်တော့်ကို အတန်းအစား ခွဲခြားတဲ့ သဘောပေါ့၊ အဲဒီတုန်း မိန်းမ အစေခံတယောက်က ရေဇလုံတခု ယူလာပြီး ကက်သရင်း ခြေထောက်ကို ဆေးပေးတယ်၊ မစ္စတာ လင်တန်က ဖျော်ရည်တခွက် ဖျော်ပေးတယ်။ အစ္စဗယ်လာက မုန့်တပွဲ လာပြီး တည်ခင်းတယ်၊ အက်ဂါကတော့ ခပ်လှမ်းလှမ်းကနေပြီး ငေးနေတယ်၊ အဲသည် နောက်တော့ သူတို့က ကက်သရင်း ဆံပင်တွေကို ခြောက်အောင်လုပ်ပြီး ခေါင်းဖြီးပေးတယ်၊ သူ့အတွက် ခြေညှပ်ဖိနပ်တရံ ထုတ်ပေးပြီး သူ့ကို မီးဖိုနား ခေါ်သွားကြတယ်၊ သူတို့က ကက်သရင်းကို သိပ်သဘောကျနေကြတယ်။ ကက်သရင်းက သူတို့နဲ့မှ မတူပဲကလား၊ တကယ်တော့ ကေသီဟာ ဒီကမ္ဘာမြေပေါ်မှာ ဘယ်သူနဲ့မှ မတူဘူး မဟုတ်လား နယ်လီ'
“အင်း ဒီကိစ္စ ဒီလောက်နဲ့ အေးမယ်တော့ မထင်ဘူးဟေ” ဟု ဖြေယင်း သူ့ကို စောင်ခြုံပေးလိုက်ပြီး မီးကို ငြိမ်းလိုက်ပါသည် “မင်းတော့ မယ်ပါလား ဟိကလပ်ရယ်။ မစ္စတာ ဟင်ဒလီကတော့ သူ့စိတ်နဲ့ မတွေ့ရင် နေမှာ မဟုတ်ဘူး' ဟုလည်း ကျွန်မ ပြောလိုက်ပါသည်။
ကျွန်မ အပြောမှာ ကျွန်မ ဖြစ်စေချင်သည်ထက်ပင် ပို၍ မှန်လာပါတော့သည်။ မစ္စက်ဟင်ဒလီသည် ဟိကလစ်တို့ အဖြစ်ကို သိရလျှင် ဒေါသူပုန် ထပါလေတော့၏။ နောက်တနေ့မှာပင် မစ္စတာလင်တန်သည် ထိုကိစ္စနှင့် ပတ်သက်၍ အိမ်သို့ ရောက်လာပြီး သူ့ အိမ်က ကလေးတွေကို သူ ဘယ်လို ပြုစုကြောင်း ပြောကြားသွားပါလေသည်။
ဟိကလစ်မှာ အရိုက်အနက်ကား မခံရပါ။ သို့သော်လည်း မစ္စက် ကက်သရင်းနှင့် အဆက်အဆံ မပြုရန်နှင့် အဆက်အဆံပြုပါက အိမ်မှ နှင်ထုတ်မည်ဖြစ်ကြောင်း ပထမဆုံးအကြိမ် အပြောခံရပါလေတော့သည်။ မစ္စက် အန်းရှောကလည်း သူ့ယောက်မကလေး ပြန်ရောက်လာပါ ဖျောင်းဖျောင်းဖျဖျ သွန်သင်ရဦးမည်၊ အကြမ်းပတမ်းလုပ်၍ မသင့်ဟု ဆိုပါ၏။ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်၍လည်း ကက်သရင်း၏ သဘောထား ပြောင်းလဲလာနိုင်စရာ အကြောင်းကား မရှိပါပေ။
အခန်း [ ၇ ]
ကေသီသည် သရုတ်ကရော့ အိမ်ကြီးတွင် ခရစ်စမတ်ပွဲတော်တိုင်သည် အထိ ရက်သတ္တ ငါးပတ်ကြာ နေထိုင်ခဲ့ပါသည်။ ထိုကာလအတွင်း သူ့ခြေထောက်က ဒဏ်ရာမှာလည်း ကောင်းသွားပါလေ၏။ သူ့ ဟန်ပန်အမှုအရာတို့လည်း တိုးတက်ပြောင်းလဲလာခဲ့ပါသည်။ သခင်မကလည်း မကြာမကြာ ဆိုသလို ကေသီ့ထံ သွားရောက်ကာ လက်ဆောင်ပစ္စည်းကလေးများ ပေးခြင်း၊ နှစ်သိမ့်အားပေးစကား ပြောခြင်းဖြင့် ကေသီ့ စိတ်ထားကို ပြုပြင်နိုင်ရန် အားထုတ်ခဲ့ပါလေသည်။
ထို့ကြောင့်လည်းသူ ပြန်ရောက်လာသောအခါ အိမ်ထဲသို့ ခါတိုင်းလို မဟုတ်ပဲ လှပသော မြင်းကလေးကို စီးဝင်လာသော သူ့ရုပ်သွင်သည် ရိုင်းရိုင်းစိုင်းစိုင်း ပုံစံမျိုးဖြင့် ခုန်လားပေါက်လား ရောက်လာခြင်းမျိုး မဟုတ်ပဲ အထူးကျက်သရေ ရှိပါတော့သည်။ ဂါဝန်ရှည်ကို ဝတ်လျက် ငှက်မွေးဦးထုပ်ကို ဆောင်းထားသော သူ့ဝတ်စားဆင်ယင်မှုနှင့် ဦးထုပ်အောက်မှ ဆံချေစကလေးများ ကျနေပုံမှာလည်း အထူး ပနံရလှပါသည်။ ဟင်ဒလီသည် ညီမဖြစ်သူကို မြင်းပေါ်မှ ပွေ့ချယင်း ‘ကေသီရယ်၊ မင်းကလေးဘာကြောင့်များ ဒီလောက် လှနေရတာလဲကွယ်၊ မင်း ဒီလောက် လှလိမ့်မယ်လို့ ကိုယ် မထင်ခဲ့ဘူး၊ ခုတော့လဲ တကယ့် မိန်းမပျိုတယောက်လို ဖြစ်လာတာပါကလား၊ ဖရန်ဆက်ရေ ကိုယ့်ညီမက အစ္စဗယ်လာ လင်တန်နဲ့ မယှဉ်သာအောင်တောင် လှနေပါကလားကွဲ့” ဟု သူ့ဇနီးဘက်သို့ လှည့်ပြီးလည်း လှမ်းပြောလိုက်ပါသည်။
သခင်မကလည်း..
“အစ္စဗယ်လာက ပင်ကိုအလှမှ မရှိပဲကလား၊ ကဲပါ ကေသီ ဝတ်စားလာတာတွေ ကူရှင်းပေးပါဦး၊ နေ...နေ၊ သူ့ဆံပင်ကလေးတွေ ဖရိုဖရဲဖြစ်နေတာ ကြည့်ကောင်းသားပဲ၊ ဦးထုပ်ကို မမ ချွတ်ပေးပါ့မယ်ကွယ် ́ဟု ပြောလိုက်ပါသည်။
အိမ်ထဲရှိ ခွေးတွေ ထွက်လာပြီး သူ့ကို ဝိုင်းကြိုကြသောအခါ ကေသီ၏ မျက်လုံးများမှာ ဝမ်းသာအားရဖြင့် ရွှန်းလက်တောက်ပလာ ပါတော့သည်။ သို့သော် သူ့ဝတ်စုံ လှလှကလေး ညစ်ပေကုန်မည် စိုးသဖြင့် ခွေးတွေနှင့် အရောမဝင်ရဲပါ။ ကေသီသည် ကျွန်မကို အညင်အသာနမ်း၍ နှုတ်ဆက်လိုက်ပါသည်။ ကျွန်မမှာ ခရစ်စမတ်ပွဲ အတွက် ကိတ်မုန့်ဖုတ်ရန် လုပ်နေဆဲ ဖြစ်သဖြင့် သူ့ကို ပြန်ဖက်ပြီး နှုတ်မဆက်လိုက်ရပါ။
သူသည် ပတ်ပတ်လည်ကို ကြည့်လိုက်ပါသည်။ ဟိကလစ်ကို ရှာဖွေခြင်း ဖြစ်ပါသည်။ သခင်နှင့် သခင်မတို့ကမူ သူတို့ နှစ်ယောက်တွေ့ကြမည်ကို စိုးရိမ်တကြီး စောင့်ကြည့်နေကြပါသည်။ ထိုနှစ်ယောက်ခွဲနေရန် အမိန့်ပေးထားပြီးဖြစ်၍လည်း မတွေ့တန်ရာဟု အောက်မေ့နေကြပါသည်။
ဟိကလစ်ကို တွေ့ဖို့ကလည်း မလွယ်။ ဟိကလစ်ကလည်း ကက်သရင်းမရှိသည့် ကာလအတွင်း ကက်သရင်းရှိစဉ်ကထက်ပင် ပို၍ အရေးစိုက်မခံရသဖြင့် သူကလည်း ဘာမျှ အမှုအထားပဲ နေခဲ့လေသည်။ ကျွန်မကသာ ကရုဏာဒေါသောဖြင့် ကောင်ညစ်ပတ်ကလေးဟု ခေါ်ကာ တပတ်တခါ ရေချိုးဖို့ ပြောခဲ့မိပါသည်။ တကယ်ဆိုလျှင် သူ့လို အရွယ်မျိုး ကလေးတွေသည် ရေထဲမှာ ဆပ်ပြာနှင့် နေရသည်ကို ပျော်တတ်မြဲ ဖြစ်၏။ ဟိကလစ်ကား ရေချိုးရန်ကိုပင် မနည်း သတိပေးနေရလေသည်။ အဝတ်တွေကလည်း ညစ်ပတ်၊ ဆံပင်လည်း မဖြီး၊ မျက်နှာတွေ လက်တွေ အပေပေအရေရေနှင့် မျက်နှာသွင်ပြင်ကလည်း အုံ့ဆိုင်းနေသည့် မိုးကောင်းကင်လို ညိုမှိုင်းနေမြဲ ဖြစ်လေသည်။ ယခုလည်း သူသည် ဝတ်ကောင်းစားလှနှင့် သိမ်သိမ်မွေ့မွေ့ဝင်လာသော မိန်းကလေးကို နှုတ်ဆက်ရမည့်အစား ထောင့်ထဲမှာသာ မိမိကိုယ်ကို ဝှက်လေပါလေတော့သည်။
ကေသီသည် သူ့လက်အိတ်ကို ချွတ်ရင်း . . .
'ဟိကလစ် မရှိဘူးလား' ဟုမေးလိုက်ပါသည်။
ထိုအခါ မစ္စတာဟင်ဒလီသည် သူ့ အမိန့်အတိုင်း ဟိကလစ်သည် ကက်သရင်းကို မတွေ့ပဲနေခြင်းဖြစ်သည်ဟု သဘောရကာ အကျေနပ်ကြီး ကျေနပ်သွားပြီး . . .
'ဟိကလစ်၊ မင်းလဲ လာခဲ့ဦးကွယ်၊ မစ္စကက်သရင်းကို တခြားအစေခံတွေက ခရီးဦးကြိုပြုသလို မင်းကလဲ ခရီးဦးကြို နှုတ်ဆက်ဦးမှပေါ့ဟု' ပြောလိုက်ပါသည်။
ကေသီလည်း သူ့သူငယ်ချင်း ချောင်ခိုပုန်းနေသည်ကို တချက်မြင်လိုက်သည်နှင့် ဟိကလစ်ဆီ အပြေးသွားပြီး ဖက်လိုက်ပါသည်။ တစက္ကန့်အတွင်းမှာပင် ကေသီသည် ဟိကလစ်ကို ခုနစ်ကြိမ် ရှစ်ကြိမ်လောက် နမ်းလိုက်ပြီး သူ့ကို ဆွဲထုတ်လာရင်း အားရပါးရ ရယ်မောလျက် . . .
'ဟယ်၊ မင်းကလဲ ဖြစ်နေလိုက်တာ၊ ညစ်ပတ်ပေရေပြီး အကြည့်ရဆိုးလိုက်တာ၊ မျက်နှာကလဲ မှုန်တေတေနဲ့ ရယ်စရာလိုလို စိတ်ပျက်စရာလိုလိုကြီး၊ ဘာလဲ၊ ကိုယ်အက်ဂါတို့ အစ္စဗယ်လာတို့ဆီ ရောက်နေလို့လား၊ ကိုယ့်ကို မေ့လိုက်ပြီလား ဟိကလစ်ရယ်' ဟု ပြောလိုက်ပါသည်။
သူ့မှာ မေးစရာတွေ ရှိပါဦးမည်။ သို့သော် အရှက်နှင့် မာနတို့က သူ့မျက်နှာထားကို ခပ်တင်းတင်း ဖြစ်သွားစေပါသည်။ ထို့ကြောင့် ဘာမျှ ဆက်မပြောပဲ နေလိုက်ပါသည်။
'ကဲ . . . လက်ဆွဲနှုတ်ဆက်လိုက်လေ ဟိကလစ်' မစ္စတာ အန်းရှောက အပေါ်စီနှင့် ပြောလိုက်ပါသည်။
'ကျွန်တော့်ကို ဒီလိုလှောင်တဲ့အတွက် ကျွန်တော် နှုတ်မဆက်နိုင်ဘူး၊ ဒီလို လှောင်တာမျိုးကိုလဲ ကျွန်တော် မခံနိုင်ဘူး' ဟိကလစ်သည် ပြောပြောဆိုဆို ထိုနေရာမှ ထွက်သွားရန် ပြင်လိုက်ပါသည်။ ကေသီက သူ့ကို လက်ဆွဲထားလိုက်ပြန်ကာ . . .
'ကိုယ် မင်းကို လှောင်တာ မဟုတ်ဘူးကွယ်၊ ကဲပါ လက်ဆွဲ နှုတ်ဆက်ပါ ဟိကလစ်ရယ်၊ မင်းက ဘာဖြစ်လို့ မှုန်တေတေကြီး ဖြစ်နေရတာလဲ၊ ဒီနေရာမှာ မင်တစ်ယောက်ပဲ ကြည့်ရတာ ခွကျနေတာ၊ မင်း မျက်နှာသစ်ပြီး ခေါင်းဖြီးလိုက်ရင် ဟုတ်သွားမှာပါ၊ ခုတော့လဲ မင်းက သိပ်ညစ်ပတ်နေတာကိုး'
ကေသီသည် သူ ဆုပ်ကိုင်ထားသော ညစ်ပတ်နေသည့် လက်နှင့် သူ ဝတ်ထားသော အဝတ်လှလှများကို စိုက်ကြည့်ရင်း မစပ်ဟပ်သောအဖြစ်ကို သတိပြုမိသည်။
ဟိကလစ်သည်လည်း ကေသီမျက်လုံး စူးစိုက်ရာကို သတိပြုမိသည်နှင့် သူ့လက်ကို ဖြတ်ခနဲ ရုတ်လိုက်ပြီး . . .
'မင်း ကိုယ့်ကို ထိစရာ မလိုဘူး၊ ကိုယ် ညစ်ပတ်ချင်သလောက် ညစ်ပတ်မယ်၊ ကိုယ်ညစ်ပတ်တာကို ကြိုက်တယ်၊ ညစ်ညစ်ပတ်ပတ်ပဲ နေမယ်' ဟု ပြောချလိုက်ပါလေတော့သည်။ ထို့နောက် သခင်နှင့်သခင်မတို့မှာ ကက်သရင်း ပြန်ရောက်လာသဖြင့် ပျော်ရွှင်နေသည့်ကြားမှပင် သူသည် အခန်းထဲမှ ရုတ်ကနဲ ထွက်သွားပါလေတော့သည်။ ကသရင်းကား စိတ်ထိခိုက်လျက် ကျန်ခဲ့လေ၏။
နောက်တစ်နေ့တွင် ကျွန်မ၏ ခရစ်စမတ်ကိတ်မုန့်ကို မီးဖိုမှာ တင်လိုက်ပါသည်။ ခရစ်စမတ်အကြို အခမ်းအနားနှင့်လိုက်ဖက်ညီစွာ တအိမ်လုံးနှင့် မီးဖိုတစ်ခုလုံး မီးများ ထွန်းညှိလိုက်သည်။ ကျွန်မသည် တစ်ယောက်တည်း ထိုင်ပြီး ခရစ်စမတ်သီချင်းများကို ဆိုနေလိုက်ပါသည်။ ဂျိုးဆက်သည် အခန်းထဲမှာ ဘုရားဝတ်ပြုနေ၏။ သခင်နှင့် သခင်မတို့မှာ လင်တန်မောင်နှမအား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ကေသီက ပေးရန် လက်ဆောင်ပစ္စည်းများ ထုတ်ပိုးနေသည်ကို စောင့်ကြည့်နေကြပါသည်။ လင်တန်မောင်နှမအား မနက်ဖြန်တွင် ဤအိမ်ကြီးသို့ လာပါရန် ဖိတ်ခေါ်ထားပြီး ဖြစ်သည်။ မစ္စတာလင်တန်ကမူ သူ့ကလေးတွေကို ကောင်ပေ ကောင်တေကလေးနှင့် တွေ့မပေးရန် တောင်းပန်ချက်ဖြင့် သူ့ကလေးတွေကို လွှတ်ပေရန် သဘောတူထားပြီး ဖြစ်လေသည်။
ကျွန်မသည် တစ်ယောက်တည်း ထိုင်နေပါသည်။ မီးဖိုထဲမှ အမွှေးအကြိုင်အနံ့တို့သည် သင်းပျံ့နေသည်။ မီးဖိုသုံး ပစ္စည်းတွေ အားလုံးမှာလည်း အရောင်တဖိတ်ဖိတ် လက်နေသည်။ စားပွဲပေါ်၌လည်း ညစာပွဲကို အသင့်ပြင်ထားပါသည်။ အခန်းကြမ်းပြင်ကိုလည်း ကျွန်မ အထူးဂရုတစိုက် ရှင်းသန့်ထားပြီး ဖြစ်ပါသည်။
ကျွန်မသည် ယခုအခါ ဟိကလစ် အခြေအနေကို စဉ်းစားရင်း သီချင်းဆိုနေရာမှ ငိုချစ်စိတ် ပေါက်လာပါတော့သည်။ ချက်ချင်းလိုပင် မျက်ရည်ကျလာပါလေသည်။ ကျွန်မလည်း ထိုင်ရာမှ ထပြီး သူ့ကိုရှာရန် ဝင်းထဲသို့ ထွက်လာခဲ့ပါသည်။ သူ့ကို မြင်းဇောင်းထဲမှာ သူလုပ်နေကျအတိုင်း မြင်းများအား အစာကျွေးနေသည်ကို တွေ့ရပါလေ၏။
'မြန်မြန်လုပ် ဟိကလစ်ရေ၊ မီးဖိုချောင်းကလည်း အကျအနပဲကွဲ့၊ ဂျိုးဆက်လည်း အပေါ်ထက်မှာ၊ ဒီတော့ မြန်မြန်လုပ်၊ မစ္စကေသီ ထွက်မလာခင် မင်းကို အကျအန အဝတ်လဲပေးမယ်၊ ဒါမှ မင်း သူတို့နဲ့အတူထိုင်ပြီး အိပ်ရာဝင်တဲ့အထိ စားပြောရမှာကွဲ့'
သူကား ကျွန်မဘက်ကိုမျှ မလှည့်ပဲ အလုပ်ကိုသာ ဆက်လုပ်နေပါသည်။
'လာလေဟဲ့၊ မလာသေးဘူးလား၊ မင်းတို့ဖို့ မုန့်တွေလဲ ထည့်ထားတယ်၊ ဝတ်ဦး စားဦးမှာ လာ၊ နာရီဝက် ကြာဦးမယ်'
ကျွန်မ သူ့ဆီက အဖြေကို စောင့်ကြည့်နေပါသေးသည်။ သူ စကားပြန်မပေးပါ။ ကက်သရင်းကား သူ့အကို ၊ သူ့ယောက်မတို့နှင့်အတူ ညစာ စားနေလေပြီ။ ကျွန်မနှင့် ဂျိုးဆက်တို့လည်း ရင်းရင်းနှီးနှီး မရှိလှသော ထမင်းဝိုင်းတွင် ဝင်ထိုင်လိုက်ကြပါသည်။ ဟိကလစ်၏ မုန့်ပန်ကန်မှ ဒီအတိုင်း ကျန်နေပါလေ၏။ သူသည် ကိုးနာရီလောက်အထိ အလုပ်လုပ်ပြီးမှ သုန်သုန်မှုန်မှုန် မျက်နှာထားဖြင့် ဘယ်သူ့မျှ စကားမပြောပဲ သူ့အခန်းထဲသူ ဝင်သွားပါတော့သည်။ ကေသီသည် စားပွဲတွင် နောက်ကျထိုင်နေပြီးမှ ထလာကာ ဟိကလစ်အား စကားပြောရန် မီးဖိုထဲ ဝင်လာပါ၏။ ထိုအချိန်၌ ဟိကလစ် မရှိတော့ပါ။ ကေသီသည် ဟိကလစ် ဘာဖြစ်နေသနည်း မေးမည် လုပ်ပြီးမှ အခန်းထဲမှ ပြန်ထွက်သွားပါလေတော့သည်။
နောက်တနေ့မနက်တွင် ဟိကလစ်သည် အိပ်ရာမှ စောစော ထပါသည်။ ထိုနေ့မှာ အလုပ်နားရက် ဖြစ်ပါသည်။ ဟိကလစ်သည် ကွင်းပြင်ထဲသို့ စိတ်ဆိုးဆိုးဖြင့် ထွက်သွားခဲ့ပါသည်။ ထို့နောက် အိမ်က လူတွေ ဘုရားရှိခိုးကျောင်း ထွက်သွားသည်အထိ ကွင်းထဲမှာ နေပစ်လိုက်သည်။ သူ့မှာ စိတ်ကောင်း ပြန်ဝင်လာပုံရပါသည်။ သူ ကွင်းပြင်ထဲမှ ပြန်လာပြီး ကျွန်မနား ရစ်သီရစ်သီ လုပ်ရင်း သူ့စိတ်ကို သူတင်း၍ . . .
'နယ်လီ၊ ကျွန်တော့်ကိုလည်း ဟန်ကျပန်ကျဖြစ်အောင် ဆင်ပြင်ပေးစမ်းဗျာ၊ ကျွန်တော်လဲ လူကောင်းတစ်ယောက် ဖြစ်ချင်တယ်ဗျ' ဟု ခပ်ပြတ်ပြတ် ပြောလိုက်ပါသည်။
'အတော်ပဲဟေ့၊ မင်းကလည်း ကက်သရင်းစိတ်ညစ်အောင် လုပ်တာပဲကိုး၊ ငါ ပြောရဲပါတယ်၊ သူ့ခမျာ အိမ်ကို ပြန်ရောက်ကတည်းက စိတ်မကောင်းဖြစ်ရတာ၊ သူက မင်း သူ့အပေါ် မလိုမုန်းထားစိတ်ထားနေတယ်လို့ ထင်နေပုံ ရတယ်ကွ'
ဟိကလစ်သည် ကက်သရင်းအပေါ် မလိုမုန်းထားစိတ်ပွားသည်ဟူသော စကားအဓိပ္ပာယ်ကိုကား နားလည်လိုက်သဖြင့် . . .
'သူက စိတ်ညစ်တယ်လို့ ပြောသလား' ဟု အလေးအနက် မေးလာပါသည်။
'ဒီမနက် မင်း ထွက်သွားပြန်ပြီ ပြောတော့ သူ ငိုတာပေါ့ဟဲ့'
'ဩ၊ ဒီလိုလား၊ ကျွန်တော်လဲ ညက ငိုရတာပါပဲဗျာ၊ ငိုစရာရှိတဲ့ ကျွန်တော့်က ပိုငိုရမှာပါ'
'အေးလေ၊ မင်းကတော့ မာနကြီးတခွဲသားနဲ့ အငတ်ခံပြီး အိပ်တာ အကြောင်းရှိပေမပေါ့၊ မာနကြီးတဲ့လူတွေဟာ စိတ်မချမ်းသာစရာကို သူတို့ဘာသာ မွေးကြတာပဲဟဲ့၊ ဘာပဲဖြစ်ဖြစ် မင်း စိတ်တိုလွယ်တာကို ရှက်တတ်ရင် သူဝင်လာတဲ့အချိန်မှာ တောင်းပန်ဖို့ ကောင်းတာပေါ့။ မင်း သူ့ကို သွားပြီး နမ်းဖို့ ကောင်းတယ်၊ ပြီးတော့ မင်း ဘယ်လို စကားကောင်းပြောရမယ်ဆိုတာ မင်း သိသားပဲ၊ သူ့အဝတ်အစားကြောင့် ဟန်လုပ်တာမျိုး မဟုတ်ပဲ စိတ်ပါလက်ပါ ပြောဖို့ ကောင်းတယ်ကွယ်၊ ကဲ၊ ခု ငါ ထမင်းစားပွဲပြင်ပြီးပြီ၊ ငါ မင်းကို ဝတ်စားပြင်ဆင်ပေးမယ်၊ အက်ဂါလင်တန်ဟာ မင်းကို မြင်ရရင် အံ့အားသင့်သွားစေရမယ်။ တကယ်တော့ မင်းက သူ့ထက် ငယ်ပေမယ့် အရပ်ပိုမြင့်တယ်၊ ရင်အုပ်လည်း ပိုကျယ်တာပဲ၊ မင်း သူ့ကို တချက်တည်း အလဲထိုးနိုင်တာပဲဟာ၊ မင်းကကော အဲဒီလို မထင်ဘူးလား'
ကျွန်မစကားကို ကြားရသောအခါ ဟိကလစ် မျက်နှာသည် ဝင်းလက်သွားပါ၏၊ ပြီးတော့ သက်ပြင်းတချက် ချလိုက်ပြီး . . .
'ဒါပေမဲ့ နယ်လီရယ်၊ ကျွန်တော် သူ့ကို အကြိမ်နှစ်ဆယ် ထိုးနိုင်ဦးတော့ သူ့အလှက လျော့သွားမှာ မဟုတ်သလို ကျွန်တော်လဲ ပိုလှလာမှာ မဟုတ်ပါဘူးဗျာ၊ ကျွန်တော်က အသားလတ်လတ်၊ ဆံပင်ကလေးနုနုနဲ့ သူတို့လို လူချမ်းသာမျိုး မဖြစ်နဲ့ဦး၊ ကောင်းကောင်းဝတ် ကောင်းကောင်းနေချင်တာပါ' ဟု ပြောလိုက်ပါသည်။
'အို ဟိကလစ်ရယ်၊ မင်းက မင်းကိုယ်မင်း အားငယ်နေတာပါ၊ လာစမ်းပါ၊ မင်းရုပ်ကို မင်းမှန်ထဲ ကြည့်စမ်း၊ မင်းရုပ်ရည်သွင်ပြင်ဟာ ဘာပြောစရာလိုသလဲ၊ မင်း ဖြစ်စေချင်တဲ့ အတိုင်းပဲ၊ ဆက်ဆံတဲ့နေရာမှာ ဘယ်သူ့ကိုဖြစ်ဖြစ် ရန်သူလို သဘောမထားပဲ မိတ်ဆွေလို ဆက်ဆံနိုင်အောင်သာ ကြိုးစားပါ'
'နောက်တနည်းပြောရရင် ကျွန်တော်က အက်ဂါလို မျက်လုံးပြူးကလေးနဲ့ဖြစ်ချင်တာဗျ၊ ဒါကျတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး'
'ရုပ်ရည်သွင်ပြင်ထက် စိတ်ကောင်း နှလုံးကောင်း ရှိဖို့ အရေးကြီးတာပါ ဟိကလစ်ရဲ့၊ ရုပ်ကလေးလှပြီး အကျင့်ယုတ်နေတော့ကော ဘာအသုံးကျမှာလဲ၊ ကဲ လာ၊ ခုလို ရေချိုးလိုက်၊ ခေါင်းဖြီးလိုက်တော့ မင်းဟာ ပိုချောမလာဘူးလား၊ မင်းဟာ မင်းသားကလေးတစ်ယောက် ရုပ်ဖျက်လာတာမျိုး ဖြစ်မသွားပေဘူးလား၊ မင်းအဖေက ဧကရာဇ်ဘုရင်မင်းမြတ်၊ မင်းအမေက ဘုရင်မကြီးဖြစ်ပြီး နှစ်ဦးစလုံးက တပတ်အတွင်း ဝင်ငွေနဲ့ ဟောဒီ လေထန်ကုန်းအိမ်ကြီးရော၊ ဟိုဘက်က သရတ်ကရော့ အိမ်ကြီးကိုရော ဝယ်နိုင်တဲ့လူတွေ မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ၊ စိတ်ထားယုတ်တဲ့ သင်္ဘောသားတစ်ယောက်ယောက်က မင်းကို ခိုးပြီး အင်္ဂလန်ကို ယူလာတာကော မဖြစ်နိုင်ဘူးလား၊ ငါသာ မင်းနေရာမှာဆိုရင် ကိုယ့်ဘာသာ အားတင်းပြီး အဖိအနှိပ်ခံနေရသမျှကို ကိုယ့်ဂုဏ်သိက္ခာနဲ့ ကြိတ်မှိတ်ခံနေလိုက်မှာပဲ'
ကျွန်မက ဆက်ပြောနေပါသည်။ သူ့မျက်နှာကလေးမှာ တဖြည်းဖြည်း ကြညင်လင် ဝင်းပလာပါသည်။
ကျွန်မတို့ စကားပြောနေစဉ်မှာပင် မြင်းလှည်းတစီး ဝင်းထဲသို့ ဝင်လာသံကို ကြားရသဖြင့် ကျွန်မတို့လည်း စကားဆက် ပြတ်သွားပါသည်။ ဟိကလစ်က ပြတင်းပေါက်သို့ ပြေးသွားသော အချိန်တွင် ကျွန်မလည်း တံခါးမကြီးဆီသို့ လာခဲ့ပါသည်။ လင်တန်မောင်နှမတို့ ရောက်လာခြင်း ဖြစ်ပါသည်။ သူတို့သည် သားမွေးဝတ်ရုံကြီးများကို ခြုံထားပါသည်။ အန်းရှောမိသားစုက သူတို့ကို မြင်းလှည်းပေါ်မှ အဆင်းတွင် လက်ကမ်းကူညီကြပါသည်။ သူတို့သည် ဘုရားရှိခိုးကျောင်းမှ ပြန်လာကြပုံရပါသည်။ ကက်သရင်းသည် မောင်နှမနှစ်ယောက်ကို လက်တဘက်ဆွဲလျက် အိမ်ထဲသို့ ဝင်လာပြီး မီးဖိုဘေးမှာ နေရာချထားပေးလိုက်ပါသည်။
ကျွန်မက ဟိကလစ်အား ပြင်ပြင်ဆင်ဆင် ဝတ်စားဆင်ယင်ထားသော သူ့ရုပ်သွင်ကို ပြရန် သူတို့ဆီသို့ သွားဖို့ တိုက်တွန်းလိုက်ပါသည်။ ဟိကလစ်လည်း မီးဖိုတံခါးမှ အထွက်တွင် တဘက်မှ ဟင်ဒလီ တံခါးအဖွင့်နှင့် ပက်ပင်း ကြုံပါလေတော့သည်။ နှစ်ယောက်သား မျက်နှာချင်းဆိုင်ဆုံသည်နှင့် သခင်သည် ဟိကလစ် သန့်သန့်ပြန့်ပြန့်လှလှပပ ဝတ်စားဆင်ယင်ထားသည်ကို မြင်လိုက်ရသဖြင့် အမြင်ကပ်သွားလေသလား၊ လင်တန်၏ မေတ္တာရပ်ခံချက်အရ လင်တန်မောင်နှမကို ဟိကလစ်နှင့် တွေ့မပေးလို၍လား မဆိုနိုင်ပါ၊ ရုတ်ခြည်းပင် ဟိကလစ်ကို နောက်ဘက်သို့ တွန်းလိုက်ပြီး ဒေါသတကြီးဖြင့် ဂျိုးဆက်ကို လှမ်းခေါ်၍ . . .
'ဒီကောင်ကို အခန်းထဲက မောင်းထုတ်စမ်းဟေ့၊ ညစာစားပွဲပြီးတဲ့အထိ အပေါ်ထပ်က အခန်းထဲ ထည့်ထားလိုက်စမ်း' ဟု အမိန့်ပေးလိုက်ပါသည်။
ကျွန်မလည်း မနေသာတော့ပါ။
'နေပါစေ သခင်ရယ်၊ သူလဲ ကျွန်မတို့နဲ့ အတူ စားသောက်သင့်တာပဲ' ဟု ဝင်ပြောလိုက်မိပါသည်။
'သင်းကို အောက်ထပ်မှာ တွေ့ရရင် ငါ့လက်သီးစာကိုပဲ ဝေစုအဖြစ်ရမယ်၊ ကဲ သွားစမ်း၊ ကြမ်းပိုးကလေး၊ ဩ . . . မင်းက ဆံပင်တွေ အကျအနဖြီးလို့ပါလား၊ အဲဒီလို ဖြီးလိုက်တော့ ပိုရှည်လာမယ် ထင်သလား၊ မင်းဆံပင်တွေ ရှည်ထွက်လာအောင် ငါ ဆွဲလိုက်ရမလား' ဟင်ဒလီက ဒေါသတကြီး အော်ပြန်ပါသည်။
ထိုအခါ ဟိကလစ်လည်း အစော်ကားခံရသည်ဟု ထင်သွားပုံရပါသည်။ ပြီး ဟိကလစ်သည် နဂိုကတည်းကပင် အက်ဂါလင်တန်ကို သူ့ပြိုင်ဘက်အဖြစ် မျက်မုန်းကျိုးနေသူဖြစ်သည့်အလျောက် လက်တကမ်းတွင်ရှိသော ပန်းသီးချဉ်ရည် ပူပူဖြင့် အက်ဂါလင်တန်၏ မျက်နှာကို လှမ်းပက်လိုက်ပါလေတော့သည်။ ထိုခဏမှာပင် ကက်သရင်းနှင့် အစ္စဗယ်လာတို့သည်လည်း အခင်းဖြစ်ပွားရာ နေရာသို့ အပြေးရောက်လာကြပါသည်။ သခင်အန်းရှောလည်း ဟိကလစ်ကို ဆွဲခေါ်လျက် အခန်းတခုထဲသို့ သွင်းလိုက်ပါသည်။ ဟိကလစ် အဆော်ခံရမည်ကား သေချာလှပါသည်။ ကျွန်မသည် အက်ဂါ၏ မျက်နှာနှင့် လည်ပင်းပေါ်မူ အပေအကျံများကို သုတ်ပေးလိုက်ပါသည်။ သူ့ညီမ အစ္စဗယ်လာကမူ အိမ်ပြန်မည်ဟုဆိုကာ ငိုနေပါတော့သည်။ ကေသီကား အားလုံးအတွက် ရှက်လည်းရှက်၊ စ်တ်လည်း ရှုပ်ထွေးနေသည့်ဟန်ဖြင့် အကြောင်သာ ရပ်နေ၏။ ထို့နောက် ကေသီကပင် အက်ဂါဘက် လှည့်၍ . . .
'မင်းကတော့ သူ့ကို ဘာလို့ စကားသွားပြောရတာလဲ၊ သူ စိတ်ဆိုးသွားတော့ မင်းတို့ လာလည်ရတာလဲ အလကား ဖြစ်သွားတာပေါ့၊ သူလဲ အရိုက်ခံရတော့မယ်၊ သူ အရိုက်ခံရရင် ငါ သိပ်စိတ်ညစ်တာပဲ၊ ငါ ညစာတောင် စားနိုင်တော့မှာ မဟုတ်ဘူး။ ဘာလို့ သူ့ကို စကားသွားပြောရတာလဲ အက်ဂါ' ဟု ပြစ်တင် ပြောဆိုလိုက်ပါသည်။
ထိုအခါ အက်ဂါသည် ကျွန်မလက်မှ ရုန်းထွက်ပြီး သူ့မျက်နှာပေါ်မှ ကြွင်းကျန်နေသော အပေအကျံများကို သူ့လက်ကိုင်ပဝါဖြင့် သုတ်လျက် ငိုရှိုက်ရင်း . . .
'ငါ မပြောဘူး ၊ မေမေကလည်း ငါ သူ့ကို စကားတခွန်းမှ မပြောဖို့ မှာလိုက်တာပဲ' ဟု ပြောလေ၏။
'ကဲ ဒါဖြင့်လည်း ငိုမနေပါနဲ့၊ မင်း အသတ်ခံရသေးတာမှ မဟုတ်ပဲ၊ အပိုတွေလုပ်မနေနဲ့၊ အစ်ကို လာနေပြီ၊ အစ္စဗယ်လာကလဲ တိတ်တော့၊ ဘယ်သူမှ အနာတရမဖြစ်တာပဲဟာ' ဟု ကက်သရင်းက ရှုတ်ချသော လေသံနှင့် ပြောလိုက်ပါသည်။
ဟင်ဒလီသည် ရုတ်တရက်ဝင်လာပြီး 'ကဲ၊ ကဲ ကလေးတွေ ကိုယ့်နေရာကိုယ်ထိုင်ကြ၊ ကောင်စုတ်ကလေးကို လှလှပပကြီး ဆုံးမပြီးပါပြီ အက်ဂါရ၊ နောက်တကြိမ်ဆိုရင် မင်း လက်သီးကို မင်း အသုံးပြုရလိမ့်မယ်ကွ၊ ဒါမှလဲ စားကောင်းသောက်ကောင်း ဖြစ်မှာပေါ့' ဟု ပြောလိုက်ပြန်ပါသည်။
ထို့နောက်ပိုင်းတွင်ကား ညစာစားပွဲသည် အေးအေးချမ်းချမ်း ဖြစ်သွားလေသည်။ ကလေးတွေမှာလည်း ဆာဆာနှင့် မြိန်မြိန် ယှက်ယှက်စားကြကုန်၏။ အန်းရှောဇနီးမောင်နှံကလည်း လင်တန်မောင်နှမစိတ်ပျော်စေရန် စကားများကို ပြောကြလေသည်။ ကက်သရင်းမှာမူ ဟိကလစ်နှင့်ပတ်သတ်၍ စိတ်မကောင်းဖြစ်နေပုံရသည်။ မျက်နှာပေါ်တွင် ရှက်သွေးဖြာလျက် မျက်လုံးအစုံ၌လည်း မျက်ရည်စများဖြင့် ရီဝေနေ၏။ လက်ထဲက ခက်ရင်းပင် လွတ်ကျလိုက်သေးသည်။ ဟိကလစ်အတွက် ခံစားနေရပုံ ရလေသည်။
ညပိုင်းတွင် ကပွဲကလေး ကျင်းပပါသည်။ ထိုအခါ ကပွဲတွင် အစ္စဗယ်လာက လင်တန်အတွက် 'က'ဘက်ရရန် ဟိကလစ်ကို လွှတ်ပေးဖို့ ကေသီက တောင်းပန်သေးသည်။ သို့သော် ကေသီတောင်းပန်မှုသည် အရာမရောက်။ ခဏအကြာတွင် အနီးအနားရှိ ဂျင်မာတန်မှ ဘင်တီးဝိုင်းအဖွဲ့ရောက်လာပါလေသည်။ ထိုအဖွဲ့မှာ တူရိယာပစ္စည်း အတော်စုံစုံ ပါလာသည်။ သူတို့သည် ခရစ်စမတ်ပွဲတော်အခါ၌ အိမ်ကြီးအိမ်ကောင်းများသို့ လှည့်လည်၍ သီဆိုတီးမှုတ် ဖျော်ဖြေမြဲ ဖြစ်ပါသည်။ အိမ်များကလည်း ထိုအဖွဲ့ကို အလှူငွေများ ချီးမြှင့်မြဲ ဖြစ်၏။ ကျွန်မတို့သည် ထိုတီးဝိုင်းကို ပထမတန်းစား တီးဝိုင်းအဖြစ် သဘောထားကာ နားထောင်မြဲဖြစ်လေသည်။
မစ္စက်အန်းရှောသည် ဂီတကို မြတ်နိုးသည့်အလျောက် တီးဝိုင်းကလည်း တေးသီချင်းများကို သီဆို တီးမှုတ်ပါသည်။ ကက်သရင်းသည်လည်း တီးဝိုင်းအဖွဲ့၏ ဖျော်ဖြေမှုကို သဘောကျပါသည်။ သို့သော် သူကြာရှည်နားမထောင်ပါ။ ခန်းမထဲမှထွက်ပြီး အပေါ်ထပ်သို့ အမှောင်ထဲမှာပင် တက်သွားပါလေတော့သည်။ ထိုအခါ ကျွန်မသည် သူ့နောက်က လိုက်သွားပါသည်။ အောက်ထပ်အခန်းထဲမှာ တီးဝိုင်းအဖွဲ့သားများနှင့် ပြည့်နေ၍ ကျွန်မတို့ ထွက်သွားသည်ကို မည်သူမျှ သတိထားမိကြမည် မဟုတ်ပါ။
ကက်သရင်းသည် ဟိကလစ်ကို လှောင်ထားသော အခန်းရှေ့သို့ ရောက်လာပြီး အခန်းထဲက ဟိကလစ်ကို လှမ်းခေါ်လိုက်ပါသည်။ ဟိကလစ်က ရုတ်တရက် အဖြေမပေးပါ။ အတော်ကြာမှပင် သူတို့သည့် ထရံခြားလျက်ကြားက စကားပြောကြပါလေတော့သည်။ ကျွန်မလည်း သူတို့နှစ်ယောက်ကို အနှောင့်အယှက်မပေးပဲ အောက်ထပ်သို့ ပြန်ဆင်းလာပြီး ခန်းမတွင်း အခြေအနေကိုသာ နားစွင့်ထားလိုက်ပါသည်။ ခဏအကြာတွင် တီးမှုတ်သီဆိုသံများ ရပ်သွားပါသည်။ တီးဝိုင်းအဖွဲ့သားများကို ဧည့်ခံကျွေးမွေးကြပါလေတော့သည်။ ကျွန်မလည်း ကက်သရင်းကို သတိပေးရန် အပေါ်ထပ်သို့ ပြန်တက်လာခဲ့ပါသည်။ ထိုအချိန်တွင် ကက်သရင်းသည် ထိုအခန်းထဲသို့ အခန်းအပေါ်ပိုင်းရှိ လေဝင်ပေါက်မှ ကျော်ဝင်သွားခဲ့ပုံ ရပါသည်။ ကျွန်မက အသံပေးလိုက်မှ ကက်သရင်းသည် ဟိကလစ်နှင့်အတူ အခန်းထဲမှ ထွက်လာပါသည်။ ထို့နောက် ကျွန်မအား ဟိကလစ်ကို မီးဖိုထဲခေါ်သွားပြီး စားစရာများ ကျွေးရန် ပြောပါ၏။
ကျွန်မသည် ဟိကလစ်ကို မီးဖိုထဲခေါ်လာပြီး မီးဖိုဘေး ခွေခြေခုံတလုံးပေါ်မှာ ထိုင်စေပါ၏။ ကျွန်မလည်း သူ့အတွက် စားသောက်ဖွယ်ရာများကို တည်ခင်းကျွေးမွေးပါ၏။ သို့သော် ဟိကလစ်မှာ အရိုက်ခံထားရသဖြင့် လူရောစိတ်ပါ နာနေသောကြောင့် များများ မစားနိုင်ပါ။ ဘာမျှ မပြောပဲ တစုံတခုကို စဉ်းစားနေပြီး အတန်ကြာမှပင် . . .
'ကျွန်တော် ဟင်ဒလီကိုတော့ လက်စားချေရလိမ့်မယ်၊ ဘယ်တော့မှ လက်စား ချေနိုင် ချေနိုင် ကျွန်တော် လက်စားချေဖြစ်အောင်တော့ ချေရလိမ့်မယ်၊ ကျွန်တော် လက်စားမချေနိုင်ခင် သူ သေမသွားဘူး ထင်ပါရဲ့လေ' ဟု ကြေကြေကွဲကွဲ ပြောပါလေတော့သည်။
'မဟုတ်တာပဲ ဟိကလစ်ရယ်၊ လူယုတ်မာကို အပြစ်ပေးတယ်ဆိုတာ ဘုရားသခင်ရဲ့ အလုပ်ပါကွယ်၊ တို့အနေနဲ့က ခွင့်လွှတ်တတ်အောင် ကြိုးစားရမယ်ကွဲ့'
'ဘုရားသခင်အပြစ်ပေးရုံနဲ့ မကျေနပ်နိုင်ဘူး၊ ကျွန်တော့်ကိစ္စ ကျွန်တော် လက်တုံ့ပြန်ရမှာပဲ၊ ကျွန်တော် စီစဉ်မယ်၊ ကျွန်တော် သူ့ကို လက်စားချေဖို့ တွေးနေရရင် ဝေဒနာ သက်သာတယ်ဗျ'
မစ္စက်ဒင်းသည် သူပြောနေသော ဇတ်လမ်း ဤနေရာ အရောက်တွင် ကျွန်ုပ်အား ကြားဖြတ်ပြီး . . .
'အဲဒါပါပဲ မစ္စတာ လော့ဝုရယ်၊ ဆန်ပြုတ်တွေလဲ အေးကုန်ပြီ၊ သခင်လဲ အိပ်ချင်လာနေပြီ၊ ဟိကလစ် အကြောင်းလည်း သခင်သိချင်သမျှ ပြောပြီးပြီ' ဟု ဆိုကာ သူ့ဇတ်လမ်းကို နိဂုံးချုပ်ပါလေတော့သည်။ နေရာမှ ထရန်လည်း ပြင်ပါသည်။
သို့သော် ကျွန်ုပ် မအိပ်ချင်သေးပါ။ မီးဖိုနားမှလည်း မထချင်သေးပါ။ ထို့ကြောင့် 'ထိုင်စမ်းပါဦး မစ္စဒက်ရယ်၊ နောက်ထပ် နာရီဝက်လောက် နေပါဦး၊ ခင်ဗျားပြောပြတာ နားထောင်လို့ ကောင်းပါတယ်၊ ဒီတော့ အဆုံးအထိ ပြောပါ၊ ဒီဇတ်လမ်းက ဇတ်ဆောင်တွေ ကျွန်တော် စိတ်ဝင်စားပါတယ်' ဟု ပြောလိုက်မိလေတော့သည်။
'ဆယ်နာရီ ထိုးပြီ သခင်'
'ကိစ္စမရှိပါဘူးဗျာ ၊ အိပ်ရာဝင် နောက်ကျလဲ နေမြင့်မှ ထတာပေါ့'
'နေမြင့်မှ ထလို့ ဘယ်ဖြစ်မလဲရှင့်'
'ကဲပါ ၊ ဘာပဲဖြစ်ဖြစ် ထိုင်စမ်းပါဦးလေ၊ ကျွန်တော် မအိပ်ချင်သေးပါဘူး၊ ခင်ဗျား ပြောတာ နားထောင်ရရင် ကျွန်တော် အအေးမိတာလဲ သက်သာသွားလိမ့်လို့ ကျွန်တော် ပြောရဲပါတယ်'
'ကျွန်မကတော့ မထင်လှပါဘူး၊ ထားပါတော့လေ၊ ဆက်ပြောစေချင်ရင်လည်း အဲဒီ အဖြစ်အပျက်တွေ နောက် သုံးနှစ်ကာလကို ကျော်ပစ်လိုက်မယ်လေ'
'မလုပ်ပါနဲ့လေ ၊ အပြည့်အစုံသာ ပြောပါဗျာ'
'ကဲ ဒါဖြင့်လည်း သုံးနှစ်ကာလာ မကျော်ရရင် အဲ့ဒီ အဖြစ်အပျက်တွေ နောက် နွေရာသီရောက်တဲ့ အပိုင်းကပဲ ဆက်ပြောပါမယ်၊ အဲဒီ နွေရာသီက ၁၇၇၈ ခုနှစ် နွေရာသီပေါ့၊ လွန်ခဲ့တဲ့ နှစ်ဆယ့်သုံးနှစ် ကာလကပေါ့'
အခန်း [ ၈ ]
ဇွန်လ ပထမအပတ်တွင် အန်းရှော အဆက်အနွယ်၏ နောက်ဆုံးကလေးငယ် မွေးဖွားလာပါသည်။ ထိုကလေးက ကျွန်မ ပြုစုကျွေးမွေးရမည့်ကလေးငယ်ပါတည်း။ ထိုအချိန်က ကျွန်မသည် ခပ်လှမ်းလှမ်းရှိ ယာခင်းထဲ၌ မြက်ခြောက်များကို စုစည်းနေပါသည်။ ထိုအချိန်တွင် ကျွန်မတို့ထံသို့ နံနက်စာ လာပို့မြဲ မိန်းကလေးသည် မြက်ခင်းကို ဖြတ်ပြီး မြေသွားလမ်းလေးအတိုင်း အပြေးကလေး လာရင်း ကျွန်မအား လှမ်းပြောပါလေတော့သည်။
'ချစ်စရာလေးရှင့် ၊ မွေးဖူးသမျှ ကလေးတွေထဲမှာ အချောဆုံးပဲ၊ ဒါပေမဲ့ ဆရာဝန်ကတော့ သခင်မ ဆုံးတော့မယ်လို့ ပြောတယ်၊ သခင်မမှာ ချောင်းဆိုးသွေးပါရောဂါ ဖြစ်နေတာ ကြာလှပြီတဲ့၊ သူ့သခင်ကို ပြောတာ ကျွန်မ ကြားခဲ့ရတယ်။ ခုအတိုင်းကတော့ သခင်မဟာ ကြာရှည် မခံတော့ဘူးတဲ့၊ နောက် ဆောင်း မဝင်ခင်ပဲ ဆုံးမှာတဲ့၊ မိန်းကလေးသည် အသက်ကိုပင် မရှူနိုင်ပဲ အမောတကော ဖြစ်နေပါလေသည်။ 'အဲဒါ အိမ်ကို ပြန်ခဲ့ပါ နယ်လီ၊ ကလေးကိုလဲ နယ်လီပဲ ကြည့်ရမှာ၊ နောက်ဆို နေ့ရော ညရော ကလေးကို နယ်လီပဲ နို့ဖျော်တိုက်ရမှာ၊ ကျွန်မဖြင့် ရှင့်နေရာမှာတောင် နေလိုက်ချင်သေးရဲ့၊ ဘာလို့လဲဆိုတော့ သခင်မ မရှိတော့ရင် ကလေးက ရှင့်ကလေး ဖြစ်လာမှာ မဟုတ်လား'
ကျွန်မသည် သူ့စကားကြောင့် မြက်သိမ်း ခက်ရင်းခွကို ပစ်ချပြီး ခမောက်ကြီးကို ဖြုတ်လျက် . . .
'သခင်မ အတော် အခြေနေဆိုးနေသလား ဟင်'
သူ့ကို ကြည့်ရတာတော့ သတ္တိရှိပုံပါပဲ၊ ဒါပေမဲ့ ကျွန်မအထင်တော့ သူ အခြေနေဆိုးနေတာတော့ အမှန်ပဲ၊ သူကတော့ သူ့သားကလေး လူကြီးဘဝ ရောက်တဲ့အထိ နေသွားရမယ့်အတိုင်း ပြောဆိုနေတာပဲ၊ ဒီလို ကလေးတစ်ယောက် မွေးရတဲ့ မိခင်မျိုး ဖြစ်ရမယ်ဆို ကျွန်မလည်း ဘယ်သေချင်ပါ့မလဲ၊ ကျွန်မတောင် ကလေးကို မြင်လိုက်ရတော့ အရူးအမူးဖြစ်သွားတာပဲ၊ လက်သည်အဘွားကြီးက ကလေးကို အောက်ထပ်ခေါ်လာပြီး သခင့်ကိုလဲ ပြလိုက်ရော သခင့်မျက်နှာ ဝင်းသွားတာပဲ၊ ဒါပေမဲ့ အဲ့အဘွားကြီးက ရှေ့တိုးသွားပြီး 'အန်းရှော ရှင့်အတွက် ဒီကလေး မွေးဖွားပေးသွားတဲ့ ရှင့်မယားအဖို့ ဆုမွန်ကောင်းတောင်းပေး ရလိမ့်မယ်၊ သူ ဒီကို ရောက်လာကတည်းက သူ ကြာကြာမခံဘူး ထင်ခဲ့သား၊ ဒီတဆောင်းတောင် ခံမယ် မထင်ဘူး၊ ဒီအတွက် စိတ်ညစ်မနေပါနဲ့ရှင့်၊ ကိုယ်ကကော ဘယ်တတ်နိုင်မှာလဲလို့'
'အဲဒီတော့ သခင်က ဘာပြောလဲဟင်'
'ဘုရားတနေမယ် ထင်တာပဲ၊ ကျွန်မလဲ သခင့်ကို ဂရုမစိုက်နိုင်ပါဘူး၊ ကလေးဆီကိုသာ အာရုံရောက်နေတယ်'
မိန်းကလေးသည် ကလေးအကြောင်းကို အားရပါးရ ထပ်ပြောနေပြန်ပါသည်။ ကျွန်မလည်း သူ့နည်းတူ စိတ်တက်ကြွလာပြီး အိမ်ကို အမြန် ပြန်ပြေးချစ်စိတ် ပေါက်လာပါ၏။ တဘက်ကလည်း ဟင်ဒလီအတွက် စိတ်ထိခိုက်ရပါသည်။ သူ့ဘဝတွင် တွယ်တာစရာ ဆို၍ သူ့ဇနီးနှင့် သူသာ ရှိပါသည်။ ယခု သူ့မယားကို ဆုံးရှုံးရမည်ဆိုလျှင် သူ မည်မျှ ခံစားရမည်ကို ကျွန်မ မတွေးတတ်တော့ပါ။
ကျွန်မတို့ လေထန်ကုန်း အိမ်ကြီးသို့ ရောက်သောအခါ သူ အိမ်ဝမှာ ရပ်နေပါသည်။ ကျွန်မက သူ့ကို ဖြတ်လာရင်း . . .
'ကလေး ဘယ်လိုနေသလဲ' ဟု မေးလိုက်သောအခါ . . .
'ကလေးကတော့ မာပါဗျာ' ဟု ခပ်ပြုံးပြုံး ဖြေပါသည်။
'သခင်မကော ၊ ဆရာဝန်က ပြောတော့' ကျွန်မ အရဲစွန့် မေးလိုက်သော မေးခွန်း မဆုံးခင်မှာပင် . . .
'အလကား ဆရာဝန်ပါ' စကားစကို ဖြတ်ပစ်လိုက်ပါသည်။ မျက်နှာမှာလည်း ချက်ချင်း ရဲလာပါသည်။ 'ဖရန်ဆက် နေကောင်းပါတယ်၊ နောက်တပတ်ဆို ဒီထက် ကောင်းလာမှာပဲ၊ ခင်ဗျား အပေါ်တက်မလို့လား၊ အဲ့ဒါဆိုရင် သူ့ကို ပြောပါဗျာ၊ သူစကားမပြောဘူးဆိုရင် ကျွန်တော် လာခဲ့မယ်လို့ ၊ သူ့စကားပြောလွန်းလို့ ကျွန်တော် ဆင်းလာခဲ့တာ၊ ဆရာဝန်ကလဲ သူ့ကို စကားမပြောဖို့ မှာသွားတယ်လို့ ပြောပါဗျာ'
ကျွန်မလည်း မစ္စက်အန်းရှောထံ လာ၍ သခင်က မှာလိုက်သည့်အတိုင်း ပြောပြလိုက်ပါသည်။ သူ့စိတ်မှာ ကယောင်ချောက်ချား ဖြစ်နေပုံရပါသည်။ သို့သော်လည်း သူက မြူးမြူးကြွကြွဟန်ဖြင့် . . .
'ကျွန်မက သူ့ကို စကား တခွန်းတောင် မပြောရပါဘူးရှင်၊ သူက ထွက်ထွက်သွားတာ၊ သူ မပြောစေချင်လဲ မပြောပါဘူးရှင်' ဟု ဖြေရှာပါသေးသည်။
ဖရန်ဆက်ကား သနားစရာပင်။ သေခါနီး တပတ်လောက်အထိ သူ့စိတ်ဓာတ်က ရွှင်ရွှင်ပျပျ ရှိလှပါသည်။ သခင်သည် သူ့ဇနီးအား နေကောင်းလားပြီ ဖြစ်ကြောင်း နေ့စဉ်လို အားပေးစကားပြောပါသည်။ အားပေးစကား ပြောနေသော်လည်း သခင်ကိုယ်တိုင် စိတ် ကယောက်ဂယက်ဖြစ်နေပုံ ရပါသည်။ ဆရာဝန်က ယခုအခြေအနေ၌ သူ့ဆေးတွေ အစွမ်းမပြနိုင်တော့ကြောင်း ၊ မိမိကုနေ၍ မထူးတော့ကြောင်း ပြောသောအခါမှာလည်း . . .
'ဟုတ်ပါတယ်၊ ခင်ဗျား လာဖို့ မလိုဘူးဆိုတာ ကျုပ် သိသားပဲ၊ ခုလည်း နေကောင်းသွားပြီပဲ ၊ ခင်ဗျား လာဖို့ မလိုတော့ပါဘူး၊ သူ့မှာ ချောင်းဆိုး သွေးပါ ရောဂါလည်း မရှိတော့ဘူး။ ဖျားတာ တစ်ခုပဲ၊ ဒါလည်း အခု ပျောက်သွားပါပြီ၊ သွေးခုန်နှုန်းဆိုလဲ ကျွန်တော့် အတိုင်းဖြစ်လာပြီပဲ' ဟု ချေပ ပြောဆိုခဲ့ပါလေသည်။
သခင်သည် သူ့ဇနီးအားလည်း သည်အတိုင်းပင် ပြောခဲ့သည်။ သူ့ဇနီးကလည်း သူ့ခင်ပွန်းစကားကို ယုံကြည်သည်။ သို့သော် တညတွင် သခင်မသည် သခင့်ပခုံးကို မှီလျက် မနက်ဖြန်ဆိုလျှင် သူ ထနိုင်တော့မည်ဟု ပြောမည် ပြုဆဲတွင် ချောင်းတချက် ဆိုးလာပါသည်။ ချောင်းသံမှာ တကယ့် တိုးတိုးကလေး ဖြစ်ပါသည်။ သခင်က သခင်မကို ပွေ့မလိုက်ပါသည်။ သခင်မသည် သခင့်လည်ပင်းကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်ပါသည်။ မျက်နှာ အမူအရာ ပြောင်းသွားပြီး သခင်မလည်း ကွယ်လွန်ပါလေတော့သည်။
ကောင်မလေး မျှောင်လင့်တွေးထင်ထားသည့်အတိုင်းပင် ဟယ်ယာတန်ကလေးမှာ ကျွန်မလက်သို့ လုံးလုံးလျားလျား ရောက်လာပါလေသည်။ သခင် မစ္စတာအန်းရှောမှာ ကလေးကို ကျန်းကျန်းမာမာလန်းလန်းဆန်းဆန်းဖြင့် မြင်ရလျှင်ပင် ကျေနပ်နေပါသည်။ သူ ကိုယ်တိုင်ကား ပိုပိုပြီး စိတ်တို စိတ်ဆက်လာပါသည်။ မိန်းမ ဆုံးရှုံးသွားသည့် အတွက်လည်း ပူဆွေးမနေတော့ပါ။ ငိုလည်း မငိုတော့ပါ။ ဘုရားလည်း မရှိခိုးတော့ပါ။ အချိန်ရှိသရွေ့ ဆဲလိုက် ဆိုလိုက် ဆူလိုက် ပူလိုက် ဖြစ်လာပါသည်။ လူတွေကိုလည်း မုန်းလာပုံရပါသည်။ အစေခံတွေမှာ သူ့၏ ကြမ်းတမ်းရက်စက်မှုကို တာရှည် မခံနိုင်ကြတော့ပါ။ သူ့ စရိုက်ကိုလည်း မကြိုက်နိုင်ကြတော့ပါ။ ကျွန်မနှင် ဂျိုးဆက်သာ သူနှင့် ဆက်နေနိုင်သူများ ဖြစ်လာပါ၏။ ကျွန်မကား သူနှင့် ခွဲခွာသွားရန် စိတ်မကူးပါ။ သိကြသည့်အတိုင်း ကျွန်မမှာ သူနှင့် တအူတုံ့ဆင်း မဟုတ်သော မောင်နှမများ ဖြစ်ခဲ့ကြသည် မဟုတ်လား။ ထို့ကြောင့် ကျွန်မသည် တခြားလူများထက် သူ့ကို အလွယ်တကူ ခွင့်လွှတ်နိုင်ပါသည်။ ဂျိုးဆက်ကား သီးစားသမားများ၊ အလုပ်သမားများအပေါ် လူတကာအပေါ် အနိုင့်ထက်လုပ်၍ အသက်မွေးရသူ ဖြစ်သည့်အလျောက် သီးစားများ အလုပ်သမားများအပေါ် အနိုင်ကျင့်ရန် ဆက်လက် နေထိုင်ပါလေတော့သည်။
သခင့်အပြုအမူများသည် ကက်သရင်းနှင့် ဟိကလစ်အပေါ်တွင် ပို၍ ဆိုးလာပါသည်။ အထူးသဖြင့် ဟိကလစ်အဖို့ ဟင်ဒလီသည် နတ်ဆိုးဖြစ်လာပါ၏။ ဟိကလစ်အဖို့ နေ့စဉ်နှင့်အမျှ ဟင်ဒလီ၏ ရက်စက်အနိုင်ကျင့်မှုများကို ခံလာရပါ၏။ တအိမ်လုံးမှာလည်း ဝုန်းဒိုင်းကြဲလာပါတော့သည်။ မစ္စကေသီထံသို့ အက်ဂါလင်တန် လာရောက်လည်ပတ်သည်မှအပ ကျွန်မတို့အိမ်သို့ တခြားသော မိတ်ရင်းဆွေရင်းများ အလည်မလာကြတော့ပါ။
ကေသီသည် ဆယ့်ငါးနှစ်အရွယ် ပျိုဖြစ်စ ဖြစ်သည့်အလျှောက် ဤဒေသတဝိုက်တွင် အလှဘုရင်မကလေး ဖြစ်လာပါတော့သည်။ ပေါင်းရသင်းရမည့်သူ မရှိသလိုလည်း ဖြစ်လာသည်။ မာနလည်း ကြီးလာသည်။ ဇွတ်တရွတ်နိုင်သော အကျင့်ကိုလည်း မွေးလာသည်။ သူ့တွင် ငယ်စဉ်ကလေးဘဝက အမူအကျင့်များ မရှိတော့သည့် အတွက်လည်း ကျွန်မ သဘောမတွေ့တော့ပါ။ သူ့မာနတက်ပုံနှင့် ပတ်သက်၍ ကျွန်မ အကြိမ်ကြိမ် ပြောသော်လည်း အရာမရောက်ပါ။
ကက်သရင်းမှာ လင်တန်မောင်နှမနှင့် သိကျွမ်းလာခဲ့သည့် အချိန်မှစ၍ လင်တန်မောင်နှမ နှစ်ဦးလုံး၏ ရင်းနှီးကျွမ်းဝင်မှုကို ရရှိလာပါသည်။ အက်ဂါမှာ မစ္စတာ အန်းရှောကို လန့်သော်လည်း ကျွန်မတို့ဘက်ကမူ အထိုက်အလျောက် ကြိုဆိုဧည့်ခံတတ်ပါသည်။ သခင်ကိုယ်တိုင်ကမူ မစ္စတာ အက်ဂါလာရောက်ခြင်းနှင့် ပတ်သက်၍ နားလည် သဘောပေါက်သော်လည်း တားမြစ်ခြင်း မရှိခဲ့ပါ။ ကျွန်မအထင် ပြောရလျှင် ကင်သရင်းကိုယ်တိုင်ကလည်း အက်ဂါကို သဘောတွေ့လှပုံ မပေါ်ပါ။ ကေသီသည် ခရာတတ်၊ တာတတ်သော မိန်းကလေး မဟုတ်ပါ။ ထို့ကြောင့် လင်တန်မောင်နှမ ခဏခဏ လာလည်ခြင်းကိုလည်း သဘောကျလှဟန် မပေါ်ပါ။ အထူးသဖြင့် သူ ရှိနေစဉ် လင်တန် ရောက်လာခြင်းကို မနှစ်သက်ဟန် ပြတတ်သော ဟိကလစ်ကို စက်ဆုပ်ပုံ၊ မလိုလားပုံ ပေါ်နေပါသည်။
တနေ့ မွန်းလွဲပိုင်းတွင် သခင် ဟင်ဒလီသည် အပြင်ဘက်သို့ ထွက်သွားပါသည်။ ထို့နေ့မှာ အလုပ်နားရက်ဖြစ်၍ ဟိကလစ်လည်း အိမ်မှာ ရှိနေပါသည်။
ယခုအခါတွင် ဟိကလစ်အသက်မှာ ဆယ့်ခြောက်နှစ် ရှိပြီဟု ထင်ပါသည်။ သူသည် ရုပ်သွင် ကြမ်းတမ်းသည်၊ ပညာအလုံအလောက် သင်ခွင့်မရသည်မှာ မှန်ပါ၏။ သို့သော် သူသည် ပညာတတ်သည့်တိုင်အောင် သူ၏ မလိုလားမှု၊ မနှစ်သက်မှုများကို ဖုံးကွယ်သိုသိပ်ထားသူ ဟုတ်မည် မဟုတ်ပါ။ အကြောင်းကတော့လည်း သူ့တွင် အခြေခံပညာလည်း မရှိ၊ အချိန်ရှိသရွေ့ အလုပ်ကြမ်းကိုသာ လုပ်ကိုင်နေသည်ဖြစ်ရာ သူသည် သင်ယူမှု အလေ့အထလည်း မရှိ၊ စာကလေး ပေကလေးလည်း တတ်ဖော်မရသောကြောင့် ဖြစ်ပါသည်။ သခင်ကြီး အန်းရှောရှိစဉ်က သခင်ကြီး သွန်သင်ခဲ့သော အကျင့်စရိုက်ကလေးများပင် သူ့တွင် မရှိတော့ပါ။ ကက်သရင်းနှင့် တန်းတူဖြစ်ရန် သင်ယူခဲ့ဖူးသော်လည်း ယခုကား သူ့မှာ ကြေကွဲဝမ်းနည်းစွာဖြင့်ပင် ပညာသင်ကြားရေးကို လက်လျှော့လိုက်ရပါလေပြီ။ သူ့ဘဝမှာ မူလ အဆင့်လောက်မှာပင် နစ်မြုပ်နေဟန် ရှိလေသည်။ ဤသို့ဖြင့် သူ့ စရိုက် သူ့အမူအရာတို့သည် ပို၍ ကြမ်းတမ်းရုန့်ရင်းလာဟန် ရှိလေသည်။
မည်သို့ဖြစ်စေ သူ အလုပ်အားနေသော အချိန်များ၌ သူနှင့် ကက်သရင်းတို့မှာ အပေါင်းအဖော် ဖြစ်နေဆဲပင်။ သို့သော်လည်း ဟိကလစ်သည် ကေသီနှင့် ပတ်သက်၍ ရှေးကလောက် ဟက်ဟက်ပက်ပက် ရှိပုံကို မပြတော့ပါ။ ကေသီ့အပေါ် မယုံသင်္ကာစိတ် ကိန်းအောင်နေဟန်လည်း ရှိပါသည်။
ထိုနေ့က ကျွန်မသည် ကေသီ ဝတ်စားဆင်ယင်မှုကို ကူညီပြင်ဆင်ပေးနေစဉ် သူ အိမ်ထဲသို့ ဝင်လာပါသည်။ ကေသီကလည်း သူ ဝင်လာခြင်းကို သတိမထားနိုင်ပဲ သူ့စိတ်ကူးနှင့်သူ ဖြစ်နေပါသည်။ ထို့နေ့က ဟင်ဒလီ အိမ်တွင် မရှိကြောင်း မစ္စတာ အက်ဂါအား တနည်းနည်းဖြင့် အကြောင်းကြားထားသဖြင့် အက်ဂါလာမည်ဖြစ်သောကြောင့် အက်ဂ်ကို ဧည့်ခံနိုင်ရန် ပြင်ဆင်နေခြင်း ဖြစ်ပါသည်။
'အလုပ်များလှချည်လား ကေသီ၊ ဘာလဲ၊ အပြင်သွားမလို့လား' ဟိကလစ်က စမေးပါသည်။
'မိုးရွာနေတာပဲဟာ ၊ မသွားပါဘူး'
'ဒါဖြင့် ပိုးအင်္ကျီကြီး ဘာလို့ ဝတ်နေရတာလဲ၊ တယောက်ယောက်လာမလို့တော့ ဟုတ်မယ် မထင်ပါဘူး'
'ဘယ်သူမှ လာစရာ မရှိပါဘူး' ကေသီ အသံမှာ ထစ်အနေပါသည်။ ဒါပေမဲ့ မင်း ယာထဲသွားဖို့ ကောင်းတယ်၊ ကိုယ်က မင်း ယာထဲထွက်သွားပြီတောင် ထင်တာ'
'ဟင်ဒလီဟာ ကိုယ်တို့ကို ဘယ်တုန်းကများ အအားထားဖူးလို့လဲ၊ အေး ကနေ့တော့ ကိုယ့်မှာ လုပ်စရာ အလုပ် မရှိတော့ဘူး၊ ဒါကြောင့် ကိုယ် မင်းနဲ့ နေမလို့'
'ဒါပေမဲ့ ဂျိုးဆက် ပြောနေဦးမယ် ၊ ဒီတော့ မင်း ယာထဲ သွားတော့ပေါ့'
'ဂျိုးဆက် ထုံးသယ်ဖို့ ထွက်သွားပြီ၊ သူ မိုးကြီးချုပ်မှ ရောက်မှာပါ။ သူ မသိပါဘူး' ပြောပြောဆိုဆိုပင် ဟိကလစ်သည် မီးဖိုဘေးတွင် အေးအေးဆေးဆေး ဝင်ထိုင်လိုက်ပါလေတော့သည်။ ကက်သရင်းက မျက်မှောင်ကြုပ်ကြည့်လိုက်ပြီးနောက် . . .
'အစ္စဗယ်လာနဲ့ အက်ဂါလင်တန်တို့ အလည်လာမယ် ပြောတာပဲ' စကားစ ခေတ္တ ပြတ်သွားပြန်သည်။ ခဏနေမှ 'မိုးရွာနေတော့ လာချင်မှလဲ လာမှာပဲ၊ တကယ်လို့ လာရင် မင်း မလိုမုန်းထားဟန် မပြရင် ကောင်းမယ်' ဟု စကားကို အဆုံးသတ်လိုက်ပါသည်။
'မင်းရဲ့ သနားစရာ သူငယ်ချင်းတွေ လာမှာမို့ ကိုယ့်ကိုတော့ နှင်မထုတ်ပါနဲ့ကွာ၊ သူတို့နဲ့ ပတ်သက်လို့ ကိုယ့်မှာ ပြောစရာတွေ ရှိတယ် ကေသီ၊ ဒါပေမဲ့ ကိုယ် မပြော . . . '
'ဘာ သူတို့အကြောင်းလဲ' ကက်သရင်းသည် မျက်စိပျက် မျက်နှာပျက်ဖြစ်သွားပြီး ကျွန်မ ဖြီးလက်စ သူ့ခေါင်းကိုပင် ကျွန်မ လက်မှ ရုန်းဖယ်လျက် 'တော်ပါပြီ နယ်လီ၊ ဒီလောက်ဆို တော်ပါပြီ၊ ကျွန်မတစ်ယောက်တည်း နေပါရစေ၊ ကဲ ဆိုစမ်းပါဦး ဟိကလစ်ရဲ့၊ မင်း ပြောချင်နေတယ် ဆိုတာ'
'ဘာမှ မဟုတ်ပါဘူး၊ ဟောဟိုနံရံပေါ်က ပြက္ခဒိန်ကို ကြည့်ရုံနဲ့ ကလေးပါ' ဟိကလစ်သည် ပြတင်းပေါက်နားတွင် ချိတ်ထားသော ပြက္ခဒိန်ကို ညွှန်ပြရင်း ဆက်ပြောပါလေတော့သည်။ 'ကြက်ခြေခတ်ထားတဲ့ ရက်တွေက မင်းနဲ့ လင်တန်တို့တတွေ တွေ့ကြတဲ့ ရက်တွေပေါ့၊ အစက်ကလေး မှတ်ထားတာတွေက ကိုယ်နဲ့ တွေ့တဲ့ ရက်တွေလေ၊ မြင်ရဲ့လား ကေသီ၊ ကိုယ် နေ့တိုင်း မှတ်ထားတာတွေ'
'တွေ့သားပဲ၊ မင်းဟာ အရူးပဲ၊ ဘာအဓိပ္ပာယ် ရှိသလဲ' ကက်သရင်းက သဘောမတွေ့ဟန်ဖြင့် ပြောလိုက်သည်။
'ကိုယ် အမြဲတမ်း သတိပြုနေတယ်ဆိုတာကို ပြတာပဲ'
'ဘာလဲ၊ ကိုယ်က အချိန်ရှိနေသရွေ့ မင်းနဲ့ပဲ နေရမယ် ဆိုပါတော့၊ ဒီတော့ကော ဘာအကျိုးထူးမလဲ၊ မင်းကတော့ ဘာတွေ ပြောနေလို့လဲ၊ တကယ်တော့ မင်း ဘာမှ မပြောရင် အကောင်းဆုံးပဲ'
'မင်း ငါနဲ့ စကားပြောရတာက မကြိုက်ဘူးလားလို့ မင်း အရင်က မပြောဖူးပါဘူး ကေသီရယ်'
'တစ်ဦးနဲ့တစ်ဦး သိစရာလည်း မလို၊ ပြောစရာ စကားလည်း မရှိရင်တော့လည်း အဖော်အပေါင်း လုပ်စရာ မလိုပါဘူး'
ဟိကလစ်သည် အပြင်ဘက်မှ မြင်းခွာသံ ကြားလိုက်ရသဖြင့် သူ့ခံစားမှုကို ဆက်လက် ထုတ်ဖော်ခွင့် မရှိတော့ဟူသော အသိကြောင့် နေရာမှ ထလိုက်ပါလေတော့သည်။ မရှေးမနှောင်းပင် တံခါးခေါက်သံနှင့်အတူ အက်ဂါလင်တန်သည် အိမ်ထဲသို့ ဝင်လာသည်။ ကက်သရင်းသည် တစ်ယောက်က ဝင်အလာ တယောက်က ထွက်အသွား သူ့မိတ်ဆွေနှစ်ယောက်၏ ခြားနားချက်ကို သတိပြုလိုက်မိဟန် ရှိလေသည်။ ထိုနှစ်ယောက်၏ ခြားနားချက် သွင်ပြင်မူရာတို့ကိုလည်း သတိပြုမိလေသည်။
'ကိုယ်နောက်ကျသွားသလားပဲ' အက်ဂါသည် ကျွန်မကို တချက်ကြည့်ပြီး ကက်သရင်းအား ပြောလိုက်ပါသည်။ ထိုအချိန်က ကျွန်မသည် သူတို့နှစ်ယောက်နှင့် မလှမ်းမကမ်းတွင် ပန်းကန်းများကို ပိတ်နှင့် သုတ်နေပါသည်။
'နောက်မကျပါဘူး' ကက်သရင်းသည် အက်ဂ်၏ စကားကို နှုတ်တုံ့ပြန်ပြီး ကျွန်မဘက်သို့ လှည့်၍ 'နယ်လီ၊ အဲဒီနားမှာ ဘာလုပ်နေတာလဲ' ဟု မေးလိုက်ပါသည်။
ကျွန်မမှာ လင်တန်နှင့် ကက်သရင်း နှစ်ယောက်တည်း ရှိနေချိန်တွင် အနား၌နေရန် မစ္စတာ ဟင်ဒလီက မှာထားသည့်အလျောက် သူတို့အပါးမှာ နေနေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မက . . .
'အလုပ် လုပ်နေတာပါ' ဟု ဖြေလိုက်ပါသည်။
ကက်သရင်သည် ကျွန်မ နောက်ဘက်နားသို့ ကပ်လာပြီး ခပ်တိုးတိုးလေသံဖြင့် . . .
'အဝတ်တွေ ထားခဲ့ပြီး တခြား သွားစမ်းပါ၊ အိမ်မှာ ဧည့်သည်လာရင် အစေခံတွေဟာ အခန်းထဲလာပြီး လှည်းလား ၊ ကျင်းလား ၊ ဖုန်သုတ်လား လုပ်စရာ မလိုဘူးဆိုတာ မသိဘူးလား' ဟု ဆောင့်ကြီးအောင့်ကြီး ပြောလိုက်ပါသည်။
'သခင် မရှိတုန်း အလုပ် လုပ်ရတာပဲကွယ်၊ သခင်က သူ့ရှေ့မှာ အလုပ်မရှိ အလုပ်ရှာ လုပ်နေရင် ကြိုက်တာ မဟုတ်ဘူး၊ ကျွန်မ ရှိနေတာကို မစ္စတာ အက်ဂါက ခွင့်လွှတ်မယ် ထင်ပါတယ်' ကျွန်မကက ခပ်ကျယ်ကျယ် ပြောလိုက်ပါသည်။
'ကျွန်မရှေ့မှာလည်း အလုပ်မရှိ အလုပ်ရှာပြီး ဟိုဟာလုပ်သလို၊ ဒီဟာလုပ်သလို လုပ်နေတာ မကြိုက်ပါဘူး' ကက်သရင်းသည် စောစောက ဟိကလစ်နှင့် စကားများရပြီး ကတည်းက ဒေါသအရှိန် ပြေသေးပုံမပေါ်ပါ။ စိတ်ကလည်း ကယောက်ကယက် ဖြစ်နေပုံ ရပါသည်။ သူ့ ဧည့်သည်ကိုပ်င် စကားမပြောနိုင်သေးပဲ ကျွန်မအား လေသံပြင်းပြင်းနှင့် တုံ့ပြန်ပါလေတော့သည်။
ကျွန်မလည်း . . .
'ကျွန်မ အလုပ်ကို ကျွန်မ လုပ်ရမှာပဲ မစ္စကက်သရင်း' ဟု ပြောလျက် ကျွန်မသည် ပန်းကန်များကို ဆက်လက် သုတ်နေလိုက်ပါသည်။
ထိုအခါ ကက်သရင်းသည် ကျွန်မနား ကပ်လာပြီး ကျွန်မလက်ထဲက အဝတ်ကို ဆွဲယူ၍ ကျွန်မလက်ကို တအား ဆွဲလိမ်လိုက်ပါလေတော့သည်။ ကျွန်မ သူ့ကို မုန်းတီးကြောင်း ပြောခဲ့ပါပြီ။ အထူးသဖြင့် သူ မကြာမကြာ ဟန်လုပ်တတ်သည်ကို ကျွန်မ ကြည့်မရပါ။ ထို့ကြောင့် ကျွန်မသံကုန်အော်ဟစ်လိုက်ပါသည်။
'အိုး၊ ဒါ ဘယ်လိုလုပ်လိုက်တာလဲ၊ မင်း ငါ့ကို ဒီလို ဆွဲဆိတ်စရာ မလိုပါဘူး'
'ကျွန်မ ဘာလုပ်လို့လဲ၊ ရှင့်ကို ကျွန်မထိတောင် မထိဘူး၊ ဒါ ရှင် သက်သက် လိမ်ပြောတာ' ဟု သူကလည်း အော်ပြောပါသည်။ သူ့နားရွက်တွေမှာ ဒေါသဖြစ်လွန်းသဖြင့် နီရဲနေပါသည်။ သူ့မျက်နှာမှာလည်း ဒေါသရောင် လွှမ်းနေပါသည်။
'မင်း ဘာမှမလုပ်ရင် ဒါ ဘာလဲ' ကျွန်မက သူ လိမ်ဆွဲထားသော ဒဏ်ရာကို ပြပြီး ပြောလိုက်ပါသည်။
ကက်သရင်း၏ စရိုက်ဆိုးမှာ ဖုံးကွယ်မရတော့ပါ။ သူ့ကိုယ်သူလည်း မထိန်းနိုင်တော့ပါ။ သူသည် ကျွန်မပါးကို ရိုက်ချလိုက်ပါတော့သည်။
ထိုအဖြစ်အပျက်ကို မြင်လိုက်ရသော လင်တန်သည် သူ့ကောင်မလေး၏ နှစ်ထပ်ကွမ်း ပြစ်မှုကျူးလွန်ခြင်းအတွက် တုန်လှုပ်သွားဟန် တူပါသည်။
'အို . . . ကက်သရင်း၊ အချစ်ကလေးရယ်' ဟု ဆိုမြည်လိုက်မိပါသည်။
'ဒီကောင်လေးကိုလဲ ခေါ်သွား' ကက်သရင်းမှာ ဒေါသကြောင့် ကတုန်ကယင် ဖြစ်နေပါသည်။ ယခု သူ ဟင်ဒလီ၏ ကလေးကိုပါ ရန်ရှာလာပါလေတော့သည်။
ဟယ်ယာတန်ကလေးသည် ကျွန်မသွားလေရာ နောက်မှ တကောက်ကောက် လိုက်ပါမြဲ ဖြစ်ပါသည်။ ယခုလည်း ထိုကလေးသည် ကျွန်မအနား ကြမ်းပြင်ပေါ် ထိုင်နေပါသည်။ ကျွန်မပါးအရိုက်ခံလိုက်ရ၍ မျက်ရည်များ ကျလာသည်မြင်လျက် ' ဒေါ်လေး ကေသီ သိပ်ရက်စက်တာပဲ' ဟု ဆိုလျက် ရှိုက်ငိုပါလေတော့သည်။ ထိုအခါ ကက်သရင်းသည် ပိုပြီး ဒေါသဖြစ်လာပါသည်။ ကလေးပခုံးကိုပင် ဆုပ်ကိုင်လှုပ်ယမ်းပါလေ၏။ ထိုအခါ အက်ဂါက ဝင်ဆွဲပါလေတော့သည်။
ကျွန်မသည် အပြင်ဘက်ခန်းတွင် ကျန်ခဲ့သော သူတို့နှစ်ယောက်အခြေအနေကိုလည်း လှမ်းပြီး အကဲခတ်မိပါသည်။ အက်ဂါသည် သူဦးထုပ်ထားခဲ့သော နေရာသို့ ပြန်သွားပါသည်။ သူ့မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး နှုတ်ခမ်းတွေကလည်း တဆတ်ဆတ် တုန်နေပါလေတော့သည်။
ကျွန်မစိတ်ထဲကမူ ကက်သရင်း၏ အကျင့်ဆိုးကို အက်ဂါကိုယ်တိုင်တွေ့ရပြီဖြစ်သဖြင့် ကျေနပ်မိပါ၏။ ထိုစဉ်မှာပင် ကက်သရင်းသည် တံခါးဝဘက်သို့ ရောက်သွားပြီး . . .
'ရှင် ဘယ်ရောက်သွားသလဲ' ဟု မေးလိုက်ပါသည်။
အက်ဂါသည် အခန်းထဲမှ ထွက်သွားဟန် ပြင်ပါလေတော့သည်။
'ရှင် မသွားရဘူး' ကက်သရင်းက လေသံပြင်းပြင်းဖြင့် ပြောလိုက်ပါသည်။
'ကိုယ် သွားမယ်'
'မသွားရဘူး' ကက်သရင်းသည် အက်ဂါ၏ လက်ကို ဖမ်းဆွဲပြီး မသွားပါနဲ့ဦး အက်ဂါရယ်၊ ထိုင်ပါဦး၊ ရှင် ဒီလို စိတ်ထိခိုက်ပြီး မသွားပါနဲ့၊ ကျွန်မ တညလုံး အိပ်ပျော်တော့မှာ မဟုတ်ပါဘူး၊ ကျွန်မကြောင့် ရှင် စိတ်မထိခိုက်စေချင်ပါဘူးကွယ်' ဟု ပြောနေပြန်ပါသည်။
'ဘာလဲ၊ ကိုယ်ပါ အရိုက်ခံရတဲ့အထိ နေရမှာလား'
ကက်သရင်းသည် နှုတ်တုံ့မပြန်တော့ပေ။
'မင်းဟာ ကိုယ့်ကို အရှက်ရအောင်ရော၊ ကြောက်အောင်ပါ လုပ်လိုက်တာပဲ၊ ကိုယ် ဒီကို ဘယ်တော့မှ မလာတော့ဘူး'
ကက်သရင်း၏ မျက်လုံးများမှာ တောက်ပလာပြီး မျက်ခွံများသည်လည်း တဖျပ်ဖျပ် လှုပ်ရှားလာ၏။
'မင်းဟာ မဟုတ်တာကို ကြိုစဉ်းစားပြီး ပြောတာပဲ' အက်ဂါက ပြောလိုက်၏။
'မဟုတ်ဘူး၊ ကျွန်မ ဘယ်တော့မှ ဒီလို မလုပ်ဘူး၊ အင်း ၊ ရှင်သွားချင်သွားပါ၊ ထွက်သွားပါ၊ ကျွန်မဘာသာပဲ ငိုနေမယ်'
ကက်သရင်းသည် ကုလားထိုင်ပေါ်ထိုင်ချပြီး အားရပါးရငိုချပါလေတော့သည်။ အက်ဂါသည် ထွက်သွားမည်လုပ်ပြီးမှ နောက်တွန့်နေပြန်သည်။ ကျွန်မ သူ့ကို မြန်မြန် ထွက်သွားအောင် တိုက်တွန်းရပါမည်။
'ကေသီ အတော်ပဲ စိတ်ထိခိုက်နေပါတယ်၊ မင်း ပြန်ရင် ကောင်းမယ် အက်ဂါ၊ မဟုတ်ရင် တို့အားလုံး စိတ်မကောင်းဖြစ်ရလိမ့်မယ်' ဟု ကျွန်မ လှမ်းပြောလိုက်ပါသည်။
မစ္စတာဟင်ဒလီ ပြန်ရောက်လာသည်နှင့် လင်တန်လည်း သူ့မြင်းဆီသို့ အလျင်အမြန် ထွက်ခွာသွားပါလေ၏။ ကက်သရင်းလည်း သူ့ အခန်းထဲသို့ သူ ပြန်ဝင်သွားပါလေသည်။ ကျွန်မလည်း ဟယ်ယာတန်ကလေးကို ပွေ့သွားပြီး ဟင်ဒလီ မူးမူးရူးရူးနှင့် ကလေးကို ချော့မြူကလေးနေမည်စိုးသဖြင့် ဟင်ဒလီ မမြင်မိမှာပင် ဟယ်ယာတန်ကလေးကို ဝှက်ထားလိုက်ပါလေတော့သည်။
အခန်း [ ၉ ]
မစ္စတာ ဟင်ဒလီသည် မကြားဝံ့မနာသာများကို ဆဲဆိုရေရွတ်လျက် အခန်းထဲသို့ ဝင်လာပါသည်။ ကျွန်မ ဟယ်ယာတန်ကလေးကို ဝှက်အံ့သော အပြုအမူကို သူ မြင်သွားပါသည်။ ဟယ်ယာတန်မှာ သူ့အဖေနှင့် တွေ့လိုက်တိုင်း အထိတ်တလန့် ဖြစ်ရ၊ အော်ငိုရမြဲ ဖြစ်ပါသည်။ အဖေဖြစ်သူကလည်း ကလေးကို မြင်လိုက်သည်နှင့် ဖက်လား၊ ဖျစ်လား လုပ်ပါလေတော့သည်။ ကလေးကို အသက်ထွက်လုမတက် နမ်းရှုပ်သည့်အပြင် ကလေးကို မီးဖိုပေါ်မှာပေမယ့် ပွေ့ချီ ဝှေ့ယမ်းတတ်ပါ၏။ တခါတရံ ကလေးမျာ နံရံနှင့် တိုက်မိ ခိုက်မိသည်လည်း ရှိတတ်ပါ၏။ ထို့ကြောင့်လည်း သူဝင်လာတိုင်း ကလေးကို မတွေ့ရလေအောင် ကျွန်မအဖို့ ကလေးကို ဝှက်ရန် ကြိုးစားရခြင်း ဖြစ်ပါသည်။
သူသည် ထိုအခြင်းအရာကို မြင်သည်နှင့် ကျွန်မလည်ပင်းကို နောက်ဘက်မှ လှမ်းဆွဲပြီး အမူးမူး အရူးရူးဖြင့် ပြောပါလေတော့သည်။
'နောက်ဆုံးတော့လဲ တွေ့တာပဲ မဟုတ်လား၊ ခင်ဗျားက ကလေးကို သတ်မလို့ မဟုတ်လား၊ ဒါကြောင့် ကျုပ် ကလေးကို မတွေ့ရတာကိုး၊ နယ်လီ၊ ခင်ဗျားတော့ ဟောဒီမီးဖိုထဲက ဓားကို အမျိုခိုင်းပြီး အပြစ်ပေးမှပဲ။ ဒါ ရယ်စရာ မဟုတ်ဘူး။ ကျူပ် ခုပဲ ဟိုဆရာဝန် ကင်းနက်ကိုလည်း ဆော်ပစ်ခဲ့ပြီ။ ခင်ဗျားတို့ နှစ်ယောက်စလုံး အတူတူပဲ၊ ခင်ဗျားတို့ထဲက တယောက်ယောက်ကိုတော့ သတ်ရမှ အေးမယ်'
'သားလှီးဓားကိုတော့ ကျွန်မ မကြိုက်ဘူး မစ္စတာ ဟင်ဒလီ၊ ရှင် သတ်ချင်ရင် သေနတ်နဲ့ ပစ်ပါ'
'တော်စမ်းပါဗျာ၊ ကဲ ခင်ဗျား ပါးစပ် ဟစမ်း'
ဟင်ဒလီသည် ဓားကိုကိုင်ပြီး ကျွန်မ ပါးစပ်ထဲ ထည့်ပါလေတော့သည်။ ကျွန်မအဖို့ကား သူ စိတ်ရူးထသည်ကို ကြုံဖူးလှပြီးဖြစ်၍ မကြောက်တော့ပါ။ ကျွန်မက တံတွေးကို ထွေးထုတ်ပစ်လိုက်ပါသည်။ သူလည်း ကျွန်မကို လွှတ်ပြီး . . .
'အိုး၊ ဒီကောင်ဆိုးကလေးဟာ ဟယ်ယာတန်မှ မဟုတ်ပဲကလား၊ ကျုပ် တောင်းပန်ပါတယ် နယ်လီ၊ ဟယ်ယာတန်ဆိုရင် ကျုပ်ကို မြင်တာနဲ့ မှင်စာတကောင် မြင်လိုက်ရသလို အော်ငိုမှာပေါ့၊ မဟုတ်ဘူးလားဗျာ၊ ကဲ ငချွတ်ကလေး၊ လာစမ်း၊ မင်း အဖေဟာ လူကောင်းတစ်ယောက်ဖြစ်ကြောင်း ပြရသေးတာပေါ့ကွာ၊ ကဲ လာ လာ မျက်ရည်တွေ သုတ်လိုက်စမ်းပါကွ၊ ဖေဖေ့ကို နမ်းစမ်းပါဦးကွ၊ ဘာလဲ၊ မင်းက မနမ်းချင်ဘူးလား၊ နမ်းပါကွာ၊ ဟယ်ယာတန် နမ်းလေကွာ၊ မင်း အလကားကောင်ပဲ၊ ဘာလဲ မင်းက ငါ့ကို သရဲတစ္ဆေကောင်ကြီးများ ထင်နေသလား၊ တယ်လေ၊ ငါ ဒီကောင့်လည်ပင်းကို ချိုးပစ်ပြန်ရော့မယ်'
ကလေးငယ်ကား သူ့အဖေ လက်ထဲတွင် ရုန်းကန်လျက် အော်ဟစ် ငိုယို နေပါလေတော့သည်။ ဟင်ဒလီကမူ သူ့သားကို အပေါ်ထပ်ခေါ်သွားပြီး ဝရန်တာ လက်ရန်းပေါ်တွင် မြှောက်လိုက် ပင့်လိုက် လုပ်နေပြန်ပါသည်။ ကျွန်မလည်း မနေသာတော့ပါ။ ကလေး ဒုက္ခရောက်မည်စိုးသဖြင့် သူ့ဆီကို ပြေးတက်သွားပြီး ကလေးကို ပြန်ယူရန် ကြိုးစားလိုက်ပါသည်။ ကျွန်မ ဟင်ဒလီနား ရောက်သွားချိန်တွင် ဟင်ဒလီသည် အောက်ဘက်မှ အသံကြားသဖြင့် လက်ရန်းမှ ငုံ့ကြည့်ရင်း လက်ထဲမှ ကလေးကို မေ့သွားဟန် တူပါသည်။
'ဘယ်သူလဲဟေ့'
လှေကား ခြေရင်းသို့ တစ်ယောက်ယောက် ရောက်လာပါလေသည်။ ကျွန်မလည်း ခြေသံကြားရုံဖြင့် ဟိကလစ်မှန်း သိသောကြောင့် ဟိကလစ်အား ရှေ့သို့တိုးမလာရန် အချက်ပြမည်ဟု လက်ရန်းမှ ငုံ့ကြည့်လိုက်မိပါသည်။ ထိုခဏမှာပင် ဟင်ဒလီလက်မှ ကလေးသည် လွတ်ကျသွားပါ၏။ လှေကားရင်း ရောက်နေသော ဟိကလစ်က ဆီးဖမ်းထားလိုက်၍သာ ကလေးမှာ သက်သာရာ ရသွား၏။ ကျွန်မလည်း ဟိကလစ်ဆီ ရောက်လာပြီး ဟိကလစ် လက်ထဲက ကလေးကို ပွေ့ယူထားလိုက်ပါသည်။
ဟင်ဒလီလည်း အမူးပြေသွားပြီး ရှက်ကိုးရှက်ကန်းဖြင့် အောက်ထပ်သို့ ဆင်းလာပါသည်။
'ဒါ ခင်ဗျား အပြစ်ပဲ နယ်လီ၊ ကလေးကို ကျုပ်မမြင်အောင် ထားမှပေါ့ဗျ၊ ဘယ်ခိုက်မိသွားသေးလဲ' ဟု မေးလာပါလေသည်။
'ခိုက်မိတယ် ဟုတ်လား၊ မသေတောင် ကျိုးနိုင် ပဲ့နိုင်တဲ့ ကိစ္စရှင့်၊ ရှင် ဒီကလေးကို ဘယ်လို နှိပ်စက်နေတယ်ဆိုတာ သူ့အမေ သင်္ချိုင်းက ထလာပြီး ကြည့်စေချင်တယ် သိလား၊ ကိုယ့် သွေးရင်းသားရင်းကို ခုလိုလုပ်တာ ရှင်ဟာ အရိုင်းအစိုင်းတကောင်ထက်တောင် ဆိုးသေးတယ်' ကျွန်မ ဒေါသဖြင့် အော်ပစ်လိုက်ပါတော့သည်။
သူက ကလေးကို ထိဖို့ ကြိုးစားပြန်ပါသည်။ သူ့လက်ချောင်းနှင့် ထိမိသည်နှင့် ကလေးသည် အသံကုန် အော်ပြန်ပါလေတော့သည်။
'ရှင် ကလေးကို ထိလား ကိုင်လား မလုပ်စမ်းပါနဲ့၊ ကလေးက ရှင့်ကို မုန်းနေတာ ရှင့်၊ ရှင့်ကို ကလေးကတင် မဟုတ်ဘူး၊ အားလုံးက မုန်းနေတာ၊ သိရဲ့လား၊ ရှင်သာ ကောင်းကောင်းမွန်မွန်ဆိုရင် ဒီအိမ်ဟာ ဘယ်လောက် ပျော်စရာကောင်းမလဲ'
'ကျုပ်က ကောင်းကောင်းမွန်မွန် မနေလို့လား နယ်လီရယ်' အရူးတယောက်လို ရယ်ပြီး ချက်ချင်းပင် မျက်နှာသည် ထန်သွားပြန်ကာ 'ကဲ ခင်ဗျားကိစ္စ ခင်ဗျား လုပ်၊ ဟိုကောင်ကို မောင်းထုတ်လိုက်၊ ဟေ့ ကောင် ဟိကလစ်၊ နားထောင်စမ်း၊ မင်း ငါ့ မမြင်ကွယ်ရာမှာ နေစမ်း၊ ဒီည မင်းကို ငါ မသတ်ဖြစ်ရင် အိမ်ကို မီးရှို့မိလိမ့်မယ်ကွ' ဟု ပြောပြောဆိုဆိုပင် ဗီရိုထဲမှ ဘရန်ဒီပုလင်းကို ဆွဲ၍ ဖန်ခွက်ထဲသို့ ငဲ့ထည့်လိုက်ပြန်ပါသည်။ ထိုအခါ ကျွန်မသည် မနေသာတော့ပေ။
'မသောက်နဲ့တော့လေ၊ သတိထားမှပေါ့ မစ္စတာ ဟင်ဒလီ၊ ရှင့်ကိုယ်ရှင် ဂရုမထားချင် နေဦး၊ ဒီမိသဆိုးကလေး မျက်နှာကို ရှင်ထောက်ထားဖို့ ကောင်းပါတယ်'
'ဒီကလေးကို ကျုပ်ထက်ပိုပြီး ဘယ်သူ ပြုစုနိုင်မှာလဲ'
'ရှင့်ကိုယ်ရှင်လဲ သနားပါဦး' ပြောပြောဆိုဆို သူ့လက်ထဲမှ ဖန်ခွက်ကို ဆွဲယူရန် ကြိုးစားပါသေး၏။
'မလိုပါဘူး ဒါဟာ ဘုရားသခင်ရဲ့ အပြစ်ဒဏ်ကို ခံယူတာပဲ၊ အပြစ်ဒဏ်ကို စီရင်ဆုံးဖြတ်တော်မူပါတော့' ဟု ဆိုလျက် အရက်ခွက်ကို မော့ချလိုက်ပါလေတော့သည်။ ထို့နောက် ကျွန်မတို့ အနားမှ ထွက်သွားပါလေတော့သည်။ သူ ကျွန်မတို့ရှိသော အခန်းမှ ပြောဆိုမြည်တမ်းလျက် ထွက်သွားပြီး တံခါးကို ပိတ်သွားသော အချိန်တွင် ဟိကလစ်က . . .
'အရက်သောက်ပြီး သူ့ကိုယ်သူ သတ်နေတာတောင် မသေနိုင်သေးတာ သနားစရာပဲ၊ သောက်တာကလည်း အလွန်အကျွံပဲ၊ ဒါပေမဲ့ ခံနိုင်ရည် ရှိတုန်းပဲ၊ မစ္စတာကင်းနက်ကတော့ သူဟာ အသက်နဲ့အရက်ကို အလောင်းအစား လုပ်နေတာပဲတဲ့၊ ဟောဒီ ဂျင်မာတန် ရပ်ဝန်းတခုလုံးမှာ အတော်နဲ့တော့ သေဦးမှာ မဟုတ်ဘူး ဆိုတာပဲ' ဟု ကောက်ချက်ချနေပါလေ၏။
ကျွန်မလည်း မီးဖိုထဲဝင်ခဲ့ပြီး ကလေး သိပ်နေလိုက်ပါတော့သည်။ ဟိကလစ်ကမူ တင်းကုပ်ဘက်သို့ ထွက်သွားဟန်ရှိပါသည်။ ထိုနေရာရှိ ခုံတန်းလျားပေါ်တွင် သူ လှဲနေပါတော့သည်။
ကျွန်မသည် ကလေးကို ပုခက်တွင် ထည့်ပြီး လွှဲ၍ သီချင်းဆိုနေစဉ် မစ္စကေသီသည် သူ့အခန်းထဲမှ ခေါင်းပြူထွက်လျက် . . .
'ရှင် တစ်ယောက်ထဲလား နယ်လီ' ဟု ခပ်တိုးတိုး မေးလာပါသည်။
'အေး'
သူသည် အခန်းထဲ ဝင်သွားပြီး မီးလင်းဖိုနားမှာ နေရာယူလိုက်ပါသည်။ သူ တစုံတရာကို ပြောချင်ဟန်ရှိသည်အထင်ဖြင့် ကျွန်မ မော့ကြည့်လိုက်ပါသည်။ သူ့မျက်နှာမှာ စိုးရိမ်ကြောင့်ကြရိပ် သမ်းနေပါ၏။ နှုတ်ခမ်းအစုံသည် စကားပြောတော့မည့်နှယ် တခြမ်း ဟနေပါသည်။ သို့သော် သက်ပြင်းတချက်ကသာ စကားလုံးများအစား လျှံထွက်လာပါသည်။ ကျွန်မသည် သူရှိနေသည်ကို အသိအမှတ်ပြုသော အနေဖြင့် သီချင်းကို ရပ်လိုက်ပါသည်။
'ဟိကလစ်ကော ဟင်'
'တင်းကုပ်ထဲမှာ အလုပ်လုပ်နေမှာပေါ့'
ကျွန်မ အဖြေသည် မမှန်တောင် သူ ငိုက်မျဉ်းကောင်း ငိုက်မျဉ်းနေပေလိမ့်မည်။ ကျွန်မတို့ နှစ်ယောက်မှာ စကားဆက် ပြတ်သွားပြန်ပါသည်။ ကျွန်မတို့နှစ်ယောက်မှာ စကားဆက် ပြတ်သွားပြန်ပါသည်။ ထိုစဉ်မှာပင် ကက်သရင်း၏ ပါးပြင်ပေါ်မှ မျက်ရည်စသည် ကြမ်းပြင်ပေါ်သို့ ကျသွားသည်ကို ကျွန်မ သတိပြုလိုက်မိသည်။ သူ့ အပြုအမူအတွက် သူ ဝမ်းနည်းနေသလားဟု ကျွန်မ တွေးလိုက်မိသည်။ နောက်ဆုံးတွင် သူသည် ငိုချလိုက်ပြီး . . .
'နယ်လီရယ်၊ ကျွန်မ စိတ်မကောင်းလိုက်တာ' ဟု ပြောလာပါလေတော့သည်။
'သနားစရာပါလား ကေသီရယ်'
'နယ်လီ၊ ကျွန်မပြောမှာကို ရှင် လျှို့ဝှက်ထားပေးပါလားရှင့်' ကက်သရင်းသည် ကျွန်မဘေးတွင် ဒူးထောက်ထိုင်ချလိုက်ပြီး ကျွန်မ မျက်နှာကို မော့ကြည့် နေပါလေသည်။ သည်အချိန်၌ သူ့မျက်နှာကလေးမှာ ချစ်စဖွယ် ကြည်စင်နေပါ၏။ ဒေါသအမျက်မာန်မာနတို့သည် မရှိ။ ကျွန်မတစ်ဦးတည်းသာ သူ့အဖို့ အားထားရာ ဖြစ်သည်ဟူသော အသွင်ကိုလည်း ဆောင်နေပါသည်။
'လျှို့ဝှက်စရာမို့လားကွယ်' ကျွန်မသည် စိတ်ပြေစ ပြုလာသည့်လေသံနှင့် မေးလိုက်ပါသည်။
'ဟုတ်ပါတယ် နယ်လီရယ်၊ ဒီအကြောင်းတွေက ကျွန်မကို နှိပ်စက်နေတာပဲ။ ကျွန်မ ထုတ်ပြောလိုက်ချင်တယ်၊ ကျွန်မ ဘာလုပ်မယ်ဆိုတာ နယ်လီကို အသိပေးမှ ကောင်းမယ် နယ်လီ၊ ကနေ့လေ အက်ဂါလင်တန်က ကျွန်မကို လက်ထပ်ဖို့ ပြောတယ်၊ ကျွန်မ သူ့ကို အဖြေပေးလိုက်ပြီ နယ်လီ၊ ကျွန်မ ဘယ်လို အဖြေပေးတယ်ဆိုတာမျိုးကို မပြောခင် ဘယ်လိုအဖြေမျိုး ဖြစ်မယ် ထင်သလဲ နယ်လီ'
'ငါ ဘယ်လိုလုပ် သိနိုင်ပါ့မလဲ ကက်သရင်းရယ်၊ ညနေက ဖြစ်ပျက်ခဲ့တဲ့ အခြေနေပေါ်မူတည် စဉ်းစားရင်တော့ သူ့စကားကို ငြင်းလိုက်တာ အကောင်းဆုံးဖြစ်မယ် ထင်တာပဲ၊ ဒီအခြေအနေမျိုးမှာ သူ ဒီစကားပြောတာလဲ မဟုတ်သေးဘူးလို့ ပြောရမှာပဲ'
'ရှင် အဲဒီလို ပြောရင်တော့ ကျွန်မ ဘာမှ မပြောချင်တော့ဘူး' ဒေါသဖြစ်သွားပုံ ရပါသည်။ 'ကျွန်မ သူ့ကို လက်ထပ်ဖို့ သဘောတူလိုက်တယ် နယ်လီ၊ အဲ့ဒါ မှားသလား၊ မြန်မြန် ပြောစမ်းပါ'
'ညည်းလက်ခံပြီ ဟုတ်လား၊ ဒါဆိုရင်တော့ ဘာဆက်ပြောစရာလိုသေးလဲ၊ ညည်း စကားလွန်ခဲ့ပြီပဲ၊ ပြန်ရုပ်လို့လဲ ရမှာမှ မဟုတ်ပဲ'
'ဒါပေမဲ့ ကျွန်မ ခုလို လက်ခံခဲ့တာ မှားသလား၊ မှန်သလားပြောစမ်းပါ' ကေသီသည် စိတ်လှုပ်ရှားနေပုံရသည်။ လက်ဝါးနှစ်ဘက်ကို ပွတ်ပြီး မျက်မှောင်ကိုလည်း ကုပ်ထားသည်။
'ဒီလို စကားမျိုးကို မှန်မှန်ကန်ကန်ဖြေနိုင်ဖို့ဟာ ဘက်ပေါင်းစုံ စဉ်းစားဖို့လိုတယ်၊ ပထမဆုံးအချက်ပဲ ငါမေးမယ်၊ ညည်း မစ္စတာအက်ဂါကို ချစ်သလား' ကျွန်မက ခပ်တိုတို တုံ့ပြန်လိုက်ပါသည်။
'ကျွန်မ ချစ်တယ်'
ဤအရွယ် မိန်းကလေးတစ်ယောက်အဖို့တော့လည်း အဆင်ခြင်မဲ့မလုပ်တန်ရာ ဟူသော သဘောဖြင့် ကျွန်မသည် သူ့ကို ဆက်မေးပြန်ပါလေတော့သည်။
'မင်း သူ့ကို ဘာကြောင့် ချစ်တာလဲ ကေသီ'
'ဒါ မလိုပါဘူး။ သူ့ကို ကျွန်မ ချစ်တယ်ဆို ပြီးတာပဲ'
'ဘယ်ဟုတ်မလဲ၊ မင်း ဖြေနိုင်ရမယ်'
'ကောင်းပြီ၊ ဒါဖြင့် ဖြေမယ်၊ သူက ချောတယ်၊ သူနဲ့နေရရင် ကျွန်မ ပျော်တယ်'
'ဒါဆို မဟုတ်သေးဘူး'
'ပြီးတော့ သူက ပျိုပျိုရွယ်ရွယ် တက်တက်ကြွကြွရှိတယ်'
'ဒါလဲပဲ မဟုတ်သေးဘူး'
'နောက်ပြီးတော့ သူကိုယ်တိုင်ကလဲ ကျွန်မကို ချစ်တယ်'
'ဒါလဲ အရေးမကြီးသေးဘူး'
'သူတို့မှာ ပစ္စည်းရှိတယ်၊ ကျွန်မက ဒီနားတဝိုက်မှာ ဂုဏ်ယူလောက်တဲ့ မိန်းမမျိုး ဖြစ်ချင်တယ်၊ သူ့လိုလူမျိုးကို လင်တော်ရတဲ့အတွက်လဲ ကျွန်မ ဂုဏ်ယူချင်တယ်'
'ဒါတွေဟာလည် အလကားပါပဲ၊ ကဲ ဒါဖြင့် မင်း သူ့ကို ဘယ်လောက်ချစ်သလဲ၊ ပြောစမ်းပါဦး'
'နယ်လီရယ် တယ်ခက်ပါလား၊ သူများတွေ ချစ်သလိုပဲ ချစ်တာပေါ့'
'မဟုတ်သေးပါဘူး ဟယ် ၊ တိတိကျကျ ပြောစမ်းပါ'
'ကျွန်မ သူနင်းထားတဲ့ မြေကြီးကိုလည်း ချစ်တယ်၊ သူ့ခေါင်းပေါ်က လေထုကိုလည်း ချစ်တယ်၊ သူ ထိတွေ့ကိုင်တွယ်သမျှကိုလဲ ချစ်တယ်၊ သူ ပြောတဲ့စကားတိုင်းကိုလည်း ကျွန်မ ချစ်တာပဲ၊ သူကြည့်သမျှ သူလှုပ်ရှားသမျှ သူနဲ့ ပတ်သက်သမျှ အားလုံးကို ကျွန်မ ချစ်တယ်၊ ကဲ ဟုတ်ပြီလား'
'အဲ့ဒါ ဘာဖြစ်လို့လဲ'
'တော်ပြီ နယ်လီ ကျွန်မကို နောက်နေတာပဲ၊ ကျွန်မကို နောက်စရာ မဟုတ်ဘူး' သူ မျက်မှောင်ကြုတ်ပြီး သူ့မျက်နှာကို မီးဖိုထဲမှမီးစဆီသို့ လွှဲထားလိုက်သည်။
'ငါ မနောက်ပါဘူး မစ္စကက်သရင်းရဲ့၊ ညည်းက ပြောတယ် ၊ မစ္စတာအက်ဂါဟာ ချောတယ်၊ လှတယ်၊ ပိုက်ဆံရှိတယ်၊ ဒါ့ကြောင့် ညည်း သူ့ကို ချစ်တယ်လို့၊ တကယ်တော့ ဒါတွေဟာ ဘာမှ မဟုတ်ပါဘူး ကေသီရယ်၊ အဲ့ဒီ အရည်အချင်းတွေ မရှိတောင်မှ ညည်း သူ့ကို ချစ်ရမယ်'
'အဲ့ဒါဆိုရင်တော့ မချစ်ပါဘူး၊ သူ့ကို သနားရုံပဲ သနားမယ်၊ ရုပ်က ဆိုးဦးမယ်ဆိုရင်တော့ မုန်းတောင် မုန်းမိဦးမယ်'
'ဒါပေမဲ့ ဒီကမ္ဘာကြီးမှာ သူ့ထက် ပိုချမ်းသာ ပိုလှတဲ့ လူငယ်လူရွယ်တွေ အများကြီးရှိတာပဲ၊၊ ကဲ အဲ့ဒါတွေကိုကျတော့ ညည်း ဘာလို့ မချစ်သလဲ'
'အိုး၊ ဒါတွေကတော့ ကျွန်မမှ မတွေ့ဖူးတာပဲ။ ကျွန်မအဖို့ အက်ဂါလို လူမျိုးကိုပဲ တွေ့ဖူးသေးတာပဲ၊ သူပဲ ရှိတာပေါ့'
'အေး ဒါဖြင့်လည်း ပြီးရောပေါ့၊ ညည်း မစ္စအက်ဂါကို လက်ထပ်ရုံပဲပေါ့'
'ကျွန်မ ရှင့်ဆီက ခွင့်ပြုချက်တောင်းနေတာ မဟုတ်ပါဘူး၊ ရှင့်ဆီက ခွင့်ပြုချက်မရလည်း ကျွန်မ သူ့ကို လက်ထပ်မှာပဲ'
'ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ အရွယ်ရောက်လာရင် လူတိုင်း လက်ထပ်နိုင်တာပဲဟာ၊ ကဲ ဒါဖြင့် ညည်းက ဒါကိုပဲ ဘာဖြစ်လို့ စိတ်ဆင်းရဲနေရတာလဲ၊ ညည်း အစ်ကိုကလဲ သဘောကျမှာပဲ၊ ဟိုဘက်က အဘိုးကြီး အဘွားကြီးကလဲ သူတို့သားကို ကန့်ကွတ်မှာ မဟုတ်ဘူးလို့ ထင်တာပဲ၊ ညည်းအဖို့လဲ ဖရိုဖရဲဖြစ်ပြီး စိတ်လက်မချမ်းမသာ ရှိလှတဲ့ အိမ်ကနေ စည်းစိမ်ချမ်းသာနဲ့ ပြည့်စုံတဲ့ အိမ်တအိမ်ကို ရောက်ရမယ်။ ညည်းကလည်း အက်ဂါကို ချစ်တယ်၊ အက်ဂါကလည်း ညည်းကိုချစ်တယ်၊ ဒီတော့ အားလုံး ချောချောမွေ့မွေ့ပဲဟာ၊ ဘယ်အခက်အခဲ ရှိနိုင်သေးလို့လဲ'
'အဲ့ဒါပဲပေါ့ ၊ အဲ့ဒါပဲပေါ့' ကက်သရင်းသည် လက်တဖက်ဖြင့် နဖူးကို ရိုက်လျက် အခြားလက်ဖက်ဖြင့် ရင်ဘက်ကို ဖိရင်း စကားကို ဆက်ပြန်ပါသည်။ 'ဘယ်နေရာမျိုးမှာပဲ နေရနေရ ဒါက အကြောင်းမဟုတ်ပါဘူး၊ ကျွန်မအသည်းထဲ နှလုံးသားထဲကရော ကျွန်မတော့ မှားနေပြီ ထင်တာပဲ'
'ဆန်းလှချည်လား'
'အဲ့ဒါပဲပေါ့ နယ်လီရယ်၊ ကျွန်မပြောမယ်ဆိုတဲ့ လျှို့ဝှက်ချက်ဆိုတာ အဲ့ဒါပဲ၊ ရှင် ကျွန်မကို မလှောင်ဘူးဆိုရင် ကျွန်မ ရှင်းပြပါမယ်၊ သေသေချာချာ ကွဲကွဲပြားပြားဖြစ်ချင်မှတော့ ဖြစ်မယ်၊ ဒါပေမဲ့ ကျွန်မ ဘယ်လို ခံစားနေရတယ်ဆိုတာတော့ ပြောပြပါမယ်'
သူသည် ကျွန်မနားတွင် ဝင်ထိုင်လိုက်ပြန်သည်။ သူ့မျက်နှာသွင်ပြင်မှာ ဝမ်းနည်းကြေကွဲဟန် ပေါ်လာသည်။ လက်ဖဝါးချင်း ချိတ်ထားသော သူ့လက်သည်လည်း တဆတ်ဆတ်တုန်နေကြသည်။
'နယ်လီ အိပ်မက် ထူးထူးဆန်းဆန်းတွေ မက်ဖူးသလားဟင်' အတန်ကြာ တိတ်ဆိတ်နေပြီးမှ ရုတ်ကနဲ မေးလာပါသည်။
'မက်ဖူးသားပဲ'
'ကျွန်မလည်း မက်ဖူးတယ်၊ အဲ့ဒီ အိပ်မက်တွေဟာ တခါမက်ပြီးရင် မေ့လို့ မရတော့ဘူး။ ဒီအိပ်မက်တွေကပဲ ကျွန်မ စိတ်ကူးကို ပြောင်းပစ်လိုက်ကြတယ်လို့ ဆိုရမှာပဲ။ ကျွန်မပြောမှာ အဲ့ဒီထဲက တစ်ခုအကြောင်းပဲ၊ ရှင် ပြုံးတော့ မပြုံးနဲ့နော်'
'မဟုတ်သေးပါဘူး၊ မစ္စကက်သရင်းရယ်၊ ဒါမျိုးတွေ တွေးနေရင် စိတ်ညစ်ရလို့ ဆုံးမှာတောင် မဟုတ်ဘူး။ ကဲ လာ လာ ၊ ပျော်ပျော်ရွှင်ရွှင် နေစမ်းပါ၊ ဟယ်ယာတန်လေး အိပ်နေတာကို ကြည့်စမ်း၊ သူ့မှာ ဘယ်လို ချောက်ချားစရာ အိပ်မက်မျိုးမှ မမက်ဘူး၊ အိပ်ရင်း ပြုံးနေတာ ကလေးများ ကြည့်စမ်း၊ ဘယ်လောက် စိတ်ကြည်နူးစရာ ကောင်းသလဲ'
'ဟုတ်တာပေါ့လေ၊ ဘဝမှာ ဖအေရဲ့ ကျိန်စာတိုက်သမျှခံနေရတဲ့ ကလေးဆိုတော့လည်း ကြည်နူးစရာ ဖြစ်နေမှာပေါ့၊ ကဲပါ ဒါတွေ ထားစမ်းပါ နယ်လီရယ်၊ ကျွန်မ ပြောမှာကို နားထောင်းစမ်းပါ၊ ဒီညအဖို့ ကျွန်မ ဘယ်လိုမှ မပျော်နိုင်ပါဘူး'
'ငါ နားမထောင်ချင်ပါဘူးလေ၊ နားမထောင်ချင်ဘူး'
ကျွန်မဟာ ခပ်သွက်သွက်ပင် ထပ်ဆင့် ပြောလိုက်မိပါသည်။ အမှန်တော့လည်း ကျွန်မသည် အိပ်မက်များနှင့်ပတ်သက်၍ အယူသည်းတတ်သူ ဖြစ်ပါသည်။ ထို့ကြောင့်လည်း သူ့ဆီမှ အိပ်မက်ဆိုးများ အကြောင်းကို ကျွန်မ အမှန်ပင် မကြားချင်ပါ၊ ထို့ကြောင့် ထင်ပါသည်၊ ကေသီသည် အကြောင်းအရာသစ်ကို ပြောင်းပြောပါလေတော့သည်။
'ကျွန်မသာ သေပြီးတဲ့နောက် ကောင်းကင်ဘုံကို ရောက်ရင် အတော်ကြီးကို ဒုက္ခရောက်ရမှာပဲ နယ်လီ'
'မဟုတ်တာပဲကွယ်'
'ကျွန်မလေ တခါက အိပ်မက်ထဲမှာ ကောင်းကင်ဘုံကို ရောက်သွားတယ်'
'တော်စမ်းပါ ကေသီရယ်၊ ငါ အိပ်မက်အကြောင်းကို မကြားချင်ပါဘူး။ ကဲ ငါလည်း အိပ်တော့မယ်' ကျွန်မ သူ့စကားကို ကြားဖြတ်ပြောလိုက်ပါလေသည်။ ပြောပြောဆိုဆိုပင် ကျွန်မသည် ကုလားထိုင်မှ ထရန် ဟန်ပြင်လိုက်သဖြင့် ကေသီသည် ကျွန်မကို လက်ဆွဲပြီး ပြန်ထိုင်စေရင်း ရယ်ပြန်ပါလေတော့သည်။
'အလကားပါ နယ်လီရယ်၊ ကျွန်မပြောချင်တာက ကောင်းကင်ဘုံဟာ ကျွန်မအိမ်လိုမျိုး မဟုတ်တာကို ပြောချင်တာပါ၊ အဲဒီမှာ ကျွန်မလေ လူ့ပြည်ပြန်ချင်လို့ ငိုလိုက်ရတာလဲ အသည်းတွေ အူတွေဆိုတာ ဗြောင်းဆန်နေတာပဲ၊ အဲဒီမှာ နတ်သမီးကလေးတွေက ဟောဒီ လေထန်ကုန်း အိမ်ကြီးပေါ်မှာ ပျံဝဲပြီး ကျွန်မကို ဒေါသဖြစ်နေကြတာပေါ့၊ အဲ့ဒီမှာပဲ ကျွန်မလည်း နိုးလာတာပဲ၊ ကျွန်မက ဝမ်းလဲ သာ ၊ ငိုလည်း ငိုလို့လေ၊ ကျွန်မ ပြောချင်တဲ့ လျှို့ဝှက်ချက်ဆိုတာ အဲ့ဒါပါပဲ နယ်လီ၊ တကယ်တော့ ကျွန်မသေပြီး ကောင်းကင်ဘုံမှာ နေရမယ်ဆိုရင် အက်ဂါကို လက်ထပ်ဖို့ အကြောင်းမရှိပါဘူး၊ အမှန်က ဒီလောက် နိမ့်ကျတဲ့ ဟိကလစ်ကို မတွေ့ရဘူးဆိုရင်တော့လည်း ကျွန်မ ဒီအကြောင်းကို တွေးစရာ မလိုပါဘူး နယ်လီ၊ ကျွန်မ ဟိကလစ်ကို လက်ထပ်ပြီး အောက်တန်းကျတဲ့ ဘဝမျိုး အရောက်မခံနိုင်ဘူး၊ ကျွန်မ သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ သူ မသိပါဘူး၊ ဒါဟာ သူ လှတာ မလှတာနဲ့ မဆိုင်ပါဘူး။ အမှန်က သူဟာ ကျွန်မအဖို့ ကျွန်မကိုယ်တိုင်ထက် ပိုပြီး အရေးပါပါတယ်၊ တကယ်တော့ ကျွန်မတို့နှစ်ယောက်ဟာ နှစ်ကိုယ်တစ်စိတ်ပါ နယ်လီ၊ လင်တန်နဲ့ဆိုတာကျတော့ လရောင်နဲ့ လျှပ်စီးလို မီးလျှံနဲ့ ဆီးနှင်းခဲလို ခြားနားတာပါ နယ်လီရယ်'
သူ့စကားမဆုံးသေးပေ။ ကျွန်မစိတ်ကမူ အနီးအပါးသို့ ဟိကလစ်ရောက်လာသလို ခံစားလိုက်ရပါသည်။ လှုပ်ရှာသံကြောင့် ကျွန်မ လှည့်ကြည့်လိုက်သောအခါ ကျွန်မတို့နှစ်ယောက် စကားပြောနေသည်ကို ချောင်းနားထောင်နေသော ဟိကလစ်ကို မြင်လိုက်ရပါသည်၊ ကက်သရင်း၏ စကားတွင် ဟိကလစ်ကို လက်ထပ်ရမည်ဆိုပါက သူ့ဘဝ နိမ့်ကျရမည်ဖြစ်ကြောင်း အရောက်တွင် ထို နေရာမှ ထွက်သွားပါလေတော့သည်။ ကေသီကမူ ကြမ်းပြင်တွင် ထိုင်ပြောနေသဖြင့် ဟိကလစ် နားထောင်နေသည်ကို၎င်း၊ ထွက်သွားသည်ကို၎င်း မမြင်လိုက်ပါ၊ ကျွန်မကမူ သူ့ကို စကားပြောရပ်ရန် သတိပေးလိုက်မိပါသည်။
'ဘာဖြစ်လို့လဲဟင်' ကက်သရင်းသည် ချောက်ချောက်ချားချား ဖြစ်သွားပြီး ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပါသည်။
အပြင်ဘက် လမ်းပေါ်မှ လှည်းသံကို သတိပြုလိုက်မိသဖြင့် . . .
'ဂျိုးဆက် ပြန်လာတာ ဖြစ်မယ်၊ ဟိကလစ်လဲ သူနဲ့ ပါလာမှာပဲ၊ ဟိကလစ် အိမ်ဝတောင် ရောက်နေပြီလား မသိဘူး' ဟု ပြောလိုက်ပါသည်။
'သူ တံခါးကနေပြီး ကျွန်မတို့ ပြောနေတာတွေ မကြားနိုင်ပါဘူး။ ကဲ ကလေးကို ကျွန်မပေးပြီး ညစာသာ ပြင်ပါတော့၊ ပြီးရင် ကျွန်မနဲ့ နယ်လီ ညစာ စားကြတာပေါ့၊ ဒါဆို ကျွန်မ ဘာဖြစ်နေတယ်ဆိုတာ ဟိကလစ် မသိနိုင်ပါဘူး၊ အချစ်ဆိုတာ ဘာလဲဆိုတာ သူ မသိသေးပါဘူး နော်'
'ညည်းရော သူရော မသိစရာ အကြောင်းမရှိဘူးလို့တော့ ငါထင်တာပဲ၊ သူသာ ညည်းကို ရမှဆိုရင်တော့လည်း သူ့လောက် ကံဆိုးတဲ့ လူမျိုး ကမ္ဘာပေါ်မှာ ရှိမှာ မဟုတ်ဘူး၊ ညည်းသာ အက်ဂါကို လက်ထပ်လိုက်မယ်ဆိုရင်တော့လည်း သူ့အဖို့ မိတ်ဆွေအပေါင်းအသင်းလည်း ဆုံးရှုံးရမယ်၊ အချစ်ကိုလည်း ဆုံးရှုံးရမယ်၊ အိုကွယ်၊ အဲဒီကျရင် သူ့အဖို့ အားလုံး ဆုံးရှုံးရမှာပဲ ကေသီရယ်၊ ညည်း သူနဲ့ခွဲရရင် ဘယ်လိုခံစားရမယ်ဆိုတာ၊ သူ့အဖို့ အစွန့်ပစ်ခံ တစ်ယောက်အနေနဲ့ ဘယ်လိုခံစားရမယ်ဆိုတာ ညည်း စဉ်းစားမိရဲ့လား၊ ဘာလို့လဲ သိလား ကေသီ'
'သူ အစွန့်ပစ်ခံရမယ်၊ ကျွန်မတို့ ကွေ့ကွင်းကြရမယ်၊ ဟုတ်လား' သူ စိတ်ဆိုးမာန်ဆိုးဖြင့် တအံ့တဩ ပြောပြန်ပါသည်။ 'နေပါဦး ကျွန်မတို့နှစ်ယောက်ကို ဘယ်သူက ခွဲမှာလဲ၊ လင်တန် မိသားစုကရော ကျွန်မနဲ့သူ့ကို ခွဲလို့ရလား၊ သူ့ဘဝ တစ်လျှောက်လုံး သူ ကျွန်မနဲ့အတူ ရှိနေရမှာပဲ၊ ကျွန်မ အက်ဂါကို လက်ထပ်ပြီးရင် အက်ဂါလည်း သူ့အပေါ်ထားတဲ့ မလိုမုန်းတီးစိတ်ကို ချေဖျက်ပစ်ရမယ်၊ ယုတ်စွအဆုံး သူ့ကို သည်းခံပြီးတော့တောင် ဆက်ဆံရဦးမယ်၊ ကျွန်မ ဟိကလစ်အပေါ် ဘယ်လိုသဘောထားတယ်ဆိုတာ အက်ဂါသိရင် အက်ဂါလည်း ကျွန်မအလိုကျ လိုက်လျောရမှာပဲပေါ့။ ဒီမယ် နယ်လီ၊ ရှင်က ကျွန်မကို တစ်ကိုယ်ကောင်းဆန်တယ်လို့ ထင်နေတယ်ပေါ့လေ၊ ကျွန်မဟာ ဟိကလစ်ကို လက်ထပ်မယ့်အစား အက်ဂါကို ယူပြီး ဟိကလစ်ဘဝ မြှင့်တင်ရေးကို ကျွန်မ ကူညီမယ်၊ ကျွန်မအကို့ရဲ့ အာဏာစက်အောက်က သူ လွတ်မြောက်အောင် ကျွန်မ လုပ်မယ်'
'ဘာလဲ ကေသီက ခင်ပွန်းသည်ရဲ့ ငွေကြေးနဲ့ ဟိကလစ်ကို ပျိုးထောင်မယ်ပေါ့လေ၊ ဟုတ်လား၊ ဟိကလစ်က ညည်းတွက်ထားသလို ပျော့ညံ့ညံ့လူစား မဟုတ်ဘူးဆိုတာ ညည်း တွေ့ပါလိမ့်မယ်၊ ငါ ကိုယ်တိုင်တောင် သူ့ကို ခန့်မှန်းလို့ မရပါဘူးအေ၊ ဒါပေမဲ့ မင်းဟာ အက်ဂါလင်တန်ရဲ့ဇနီးတစ်ယောက်ဖြစ်လာရင် သူ့အဖို့ အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ရမယ် ထင်တာပဲ'
'မဖြစ်နိုင်တာပဲ နယ်လီရယ်၊ တကယ်တော့ ခုဟာသာ အကောင်းဆုံးပါ၊ အက်ဂါကို ကျွန်မလက်ထပ်တယ်ဆိုတာ အက်ဂါ အလိုကျ၊ ကျွန်မအလိုကျဆိုတာ ထားပါ၊ ဒါတွေက အရေးမကြီးပါဘူး နယ်လီ၊ ကျွန်မ စိတ်ထဲရှိတာကို ကျွန်မ မပြောတတ်ဘူး၊ တကယ်တော့ ရှင်ရော၊ တခြားလူတွေပါ အဲဒီ စိတ်ထားကို နားမလည်ပါဘူး နယ်လီ၊ တကယ်က ဟိကလစ် စိတ်ဆင်းရဲရရင် ကျွန်မလည်း စိတ်ဆင်းရဲရမှာပဲ၊ ဒါကြောင့် ကျွန်မ သူ့ အခြေအနေကို မပြတ်စောင့်ကြည့်ပြီး သူခံစားရသလို ကျွန်မလည်း ခံစားရမှာပဲ၊ ကျွန်မ အသက်ရှင်နေသမျှ ကာလပတ်လုံး သူသာလျှင် ကျွန်မ အာရုံထဲ၊ အတွေးထဲမှာ ရှိနေမှာပါ၊ ကျွန်မ အက်ဂါကို ချစ်တယ်ဆိုတာ တကယ်တော့ သစ်တောထဲမှာ သစ်ရွက်ကလေးလိုပါ နယ်လီရယ်၊ ဆောင်းရာသီက သစ်ပင်တွေကို ပြောင်းလဲစေသလိုပဲ အချိန်ကလည်း အခြေနေကို ပြောင်းလဲစေမှာပါ၊ ဒါပေမဲ့ ကျွန်မ ဟိကလစ်ကို ချစ်တဲ့အချစ်က မြေကြီးအောက်က ကျောက်တုံး ကျောက်ခဲလိုပါ၊ ဒီမယ် နယ်လီ၊ ကျွန်မဟာ ဟိကလစ်ပဲ ၊ ကျွန်မ စိတ်ထဲမှာ သူ အမြဲရှိတယ်၊ ကျွန်မရဲ့ဘဝ၊ ကျွန်မရဲ့ ဝိဉာဉ်အဖြစ် သူဟာ ကျွန်မနဲ့ ထပ်တူရှိနေမယ်၊ ဒီတော့ ကျွန်မတို့ ကွေ့ကွင်းရမယ်ဆိုတာ မပြောနဲ့ နယ်လီ၊ မပြောနဲ့၊ ဒါဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ပြီးတော့'
သူက စကားကိုဖြတ်လိုက်ပြီး ကျွန်မ၏ ဝတ်ရုံကြားတွင် မျက်နှာကို ဝှက်လိုက်ပါသည်။ ကျွန်မသည် ကျွန်မ၏ ဝတ်ရုံစကို ဆောင့်ဆွဲလိုက်သည်။ သူ၏ စိတ်ရူးပေါက်တိုင်း ပြောနေခြင်းကို ကျွန်မ သည်းမခံနိုင်တော့ပါ။
'ညည်း ခု ပြောနေတာတွေဟာ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်လာချိန်မှာ ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး၊ ဒီလို မဟုတ်ရင်လဲ ညည်းဟာ မူမရှိ အကျင့်မရှိတဲ့ မိန်းမယုတ် တစ်ယောက်ဖြစ်လာမှာပဲ၊ ဒီတော့ မင်းရဲ့လျှို့ဝှက်ချက်ကို ငါစောင့်ထိန်းပါမယ်လို့ ကတိ မပေးနိုင်ဘူး'
'ရှင် စောင့်ထိန်းရမယ်'
'ငါ ကတိမပေးနိုင်ဘူး'
သူ ထပ်ပြောမည်အလုပ်မှာပင် ဂျိုးဆက်ဝင်လာသဖြင့် ကျွန်မတို့၏ ပြောလက်စ စကားသည်လည်း ပြတ်သွားပါလေတော့သည်။ ကျွန်မလည်း ညစာစားပွဲ ပြင်ရတော့သည်။ ကက်သရင်းမှာ ကုလားထိုင်ကို ထောင့်နားသို့ ရွေ့ပြီး ဟယ်ယာတန်လေးကို ချော့သိပ်နေပါလေ၏။
ညစာစားပွဲပြင်ပြီးသောအခါ ဂျိုးဆက်က ဟိကလစ်ကို သတိရလာပါသည်၊ ထိုအခါ ကျွန်မက . . .
'သူ တင်းကုပ်ထဲမှာ ရှိမှာပေါ့၊ ကျွန်မ သွားခေါ်လိုက်မယ်' ဆိုကာ ဟိကလစ်ရှိတန်ရာ တင်းကုပ်ဘက်သို့ ထွက်လာပြီး သူ့ကို လှမ်းခေါ်လိုက်ပါသည်။ သို့သော် သူ့ဆီက တုံ့ပြန်အဖြေ ထွက်မလာပါ။
ကျွန်မသည် အခန်းထဲသို့ ပြန်ဝင်လာပြီး ကက်သရင်းအပါးကပ်၍ သူ ပြောနေသော စကားများကို ဟိကလစ် ကြားသွားပြီဖြစ်ကြောင်း ထို့ကြောင့် သူ ထွက်သွားသည်ကို ကျွန်မ မြင်လိုက်ကြောင်း ခပ်တိုးတိုးပြောလိုက်ပါသည်။ ထိုအခါ ကက်သရင်းလည်း အထိတ်တလန့် ထလိုက်ပြီး ကလေးကို ချ၍ အပြင်သို့ထွက်သွားကာ ကိုယ်တိုင်ရှာပါလေတော့သည်။ သူချက်ချင်း ပြန်မလာသဖြင့် ဂျိုးဆက်က သူ၏ဆုတောင်း ဝတ်ပြုစကားကို မကြားလိုသောကြောင့် ရှောင်ထွက်သွားခြင်းဖြစ်သည်ဟုဆိုကာ သူတို့ ပြန်အလာကို မစောင့်တော့ပါ။
အတော်ကြာမှပင် ကက်သရင်း ပြန်ရောက်လာပါသည်။
'ကျွန်မအပေါ်ထပ်မတက်ခင် သူ့ကို စကားပြောချင်တယ်၊ ခု သူ ဘယ်မလဲ၊ အိမ်ဝင်းတံခါးလဲ ပွင့်နေတယ်၊ ကျွန်မ ဘယ်လိုပဲ အော်ခေါ်ခေါ် သူမကြားဘူး'
ဂျိုးဆက်ကမူ ဟိကလစ်ဝင်းထဲမှာပဲ ရှိရမည်ဟု ယူဆပုံရပါသည်။ သူ့ဦးထုပ်ကို ဆောင်းပြီး အပြင်ဘက်ထွက်သွားပါလေတော့သည်။ ကက်သရင်းမှာ စိတ်ယောက်ယက်ခတ်နေ၏။ အခန်းထဲမှာပင် လမ်းသလားရင်း . . .
'သူ ဘယ်ရောက်နေလဲ၊ ဘယ်မှာရှိလဲ . . . နယ်လီ၊ ကျွန်မ ဘာတွေ ပြောခဲ့မိသလဲဟင်၊ ကျွန်မ မေ့ကုန်ပြီ၊ နေ့လည်ကရော ကျွန်မ သူ့ကို ဘာပြောမိသလဲဟင်၊ ပြောစမ်းပါ နယ်လီရယ်၊ ကျွန်မ သူ စိတ်ထိခိုက်အောင်များ ပြောခဲ့မိသလား ဟင်၊ ပြန်လာစေချင်ပါပြီ နယ်လီရယ်၊ သူ ပြန်လာစေချင်ပါပြီ'
ကျွန်မကိုယ်တိုင် ဟိကလစ် ပျောက်ဆုံးနေသည့်အတွက် နေမထိ ထိုင်မသာ ဖြစ်နေသော်လည်း သူ့စကားကို ကြားရသောအခါ ပို၍ စိတ်ထိခိုက်ရကာ . . .
'တော်စမ်းပါဟယ်၊ အဓိပ္ပာယ်မရှိတာတွေ ပြောမနေစမ်းပါနဲ့၊ သူ့ဘာသာ လသာသာ အပြင်ထွက်နေတာ ဖြစ်ချင်လဲ ဖြစ်မှာပဲ၊ ဘာမှ မပြောချင်လို့ မြက်ပုံပေါ်သွားနေတာ ဖြစ်ချင်လည်း ဖြစ်မှာပဲ၊ ငါထွက်ရှာပါဦးမယ်အေ' ဟု ဆိုကာ ကျွန်မလည်း အပြင်ထွက်ခဲ့ပါသည်။
သို့သော် ဟိကလစ်ကို ရှာမတွေ့ပါ၊ ဂျိုးဆက် ကိုယ်တိုင်လည်း ဟိကလစ်ကို ရှာမတွေ့ပဲ ပြန်ရောက်လာသည်။
'ဟိကလစ်ကို တွေ့ခဲ့ရဲ့လား အဘိုးကြီး' ကက်သရင်းက ဆီးမေးပါသည်။
'ဟိကလစ် မြင်းပျောက်လို့ လိုက်ရှာနေတယ် တူတာပဲ၊ ဒါပေမဲ့ မြင်းရော သူ့ကိုပါ မတွေ့ဘူး၊ ခရာတုတ် အချက်ပေးတာတောင် သူမကြားဘူး'
နွေညချမ်းများသည် အမှောင်ပိန်းပိတ်လာမြဲ ဖြစ်သည်။ တိမ်တိုက်သည် မိုးကြီးလျှပ်စီးဆင်မည့် အရိပ်အရောင် သမ်းလာပေပြီ။ ထိုကြောင့် ကျွန်မတို့သည် သူ့ကို အိမ်ထဲမှာပဲ ထိုင်စောင့်ကြရုံသာ ရှိတော့သည်။ မိုးရွာလာသည်နှင့် သူပြန်လာလိမ့်မည်ဟု ကျွန်မ ထင်သည်။ သို့သော် ကက်သရင်းမှာမူ ဆောက်တည်ရာ မရပါ။ အိမ်ဝင်းတံခါးနှင့် အိမ်တံခါးကြားတွင် ကူးချည်သန်းချည်း၊ လမ်းသလားချည် ဖြစ်နေပါသည်။ ခဏအတွင်းမှာပင် မိုးချုန်းသံများ ကြားရပြီး မိုးပေါက်ကြီးများ ကျလာပါလေတော့သည်။ ကက်သရင်းသည် မိုးပေါက်တွေကြားမှာပင် ဟိကလစ်ကို လှမ်းခေါ်လိုက်၊ ဟိကလစ်ဘက်က အသံကိုနားစွင့်လိုက်၊ အားရပါးရ အော်ငိုလိုက် ဖြစ်နေပါလေပြီ။
သန်းခေါင်လောက်တွင် တောင်ကုန်းတဝိုက်၌ မုန်တိုင်းအပြင်းအထန် ကျရောက်လာပါတော့သည်။ မိုးချုန်းသံ၊ လေပြင်းတိုက်သံ၊ မိုးရွာသံတို့မှာ သည်းသည်း ညံလာပါလေတော့သည်။ တခါတွင် အိမ်ထောင့်ဘက်ပိုင်းမှ သစ်ပင်ကျိုးကျသံကို ကြားလိုက်ရပြီး သစ်ကိုင်းကြီးတကိုင်းသည် မီးဖိုခေါင်းတိုင်ပေါ်သို့ လွင့်ကျလာပါသည်။ မီးဖိုထဲမှာပင် ကျောက်တုံး ကျောက်ခဲများ လွင့်စဉ်ကျလာလေသည်။ ကျွန်မစိတ်ထဲမှာ ကျွန်မတို့ကြားသို့ပင် မိုးကြီးကျလာလေသလား ထင်မိပါ၏။ ဂျိုးဆက်က ဘုရားစာများကို အဆက်မပြတ် ရွတ်နေပါလေ၏။
မိုးသံ လေသံများကား မိနစ်နှစ်ဆယ်မျှအထိ အဆက်ပြတ်သည် မရှိပါ။ ကေသီကား အပြင်ဘက်မှ ပြန်ဝင်မလာပါ။ အပြင်ဘက် မိုးထဲလေထဲမှာပင် ဦးထုတ်မပါ၊ ခြုံစောင်မပါ ရပ်နေပါ၏။ အတော်ကြာမှပင် တစ်ကိုယ်လုံး ရွှဲရွှဲစိုလျက် ဝင်လာပါလေတော့သည်။ မီးဖိုရှေ့တွင် လက်နှစ်ဘက်ကို ဆန့်တန်းလျက် နေရာယူမိသည့်တိုင်အောင် သူ့မျက်နှာထားသည် နောက်ဖက်သို့ လှည့်လျက် ဟိကလစ်ကို မျှော်နေဟန်ရှိပါသည်။
ကျွန်မသည် သူ့ပခုံးကို အညင်အသာ ကိုင်ပြီး . . .
'ကဲပါကွယ်၊ မတော် ဖျားနာနေပါ့မယ်၊ ခု ဘယ်အချိန်ရှိပြီလဲ သိရဲ့လား ကေသီ၊ ဆယ့်နှစ်နာရီ ခွဲပြီကွယ်၊ ကဲ . . . လာ လာ အိပ်ရာထဲ ဝင်တော့၊ ဒီကောင်လေးစောင့်နေလို့လဲ အလကားပါပဲ၊ သူ ဂျင်မာတန်ဘက်သွားတာ ဖြစ်မှာပဲ၊ ဒါဆိုရင် သူ ဟိုမှာပဲ နေလိမ့်မယ်၊ သူက တို့များ စောင့်နေလိမ့်မယ်လို့ ဘယ်ထင်မလဲ၊ သူ ပြန်လာလို့ မစ္စတာ ဟင်ဒလီ တံခါးဖွင့်ပေးနေရမှာ စိုးတာကြောင့် သူပြန်မလာတာ ဖြစ်မှာပါကွယ်' ဟု ပြောလိုက်ပါသည်။
'မဟုတ်ဘူး၊ မဟုတ်ဘူး၊ သူ ဂျင်မာတန်မှာ ရှိမှာ မဟုတ်ဘူး၊ စိမ့်ထဲ နွံထဲမှာ နစ်ချင် နစ်သွားမှာပဲ၊ ဒီတော့ ဘုရားတရုံပဲ ရှိတယ်' ဟု ဆိုကာ ဂျိုးဆက်သည် ဘုရားစာပဲ ရွတ်ပါလေတော့သည်။
ကျွန်မသည် ကက်သရင်းအား အိပ်ရာဝင်ရန် ဖျောင်းဖျသော်လည်း မရပါ။ ထို့ကြောင့် ကျွန်မလည်း သူနှင့် ဘုရားစာ ရွတ်နေသော ဂျိုးဆက်တို့ကို ထားခဲ့ပြီး ဟယ်ယာတန်လေးကို ချီ၍ အိပ်ရာသို့ ဝင်ခဲ့ပါလေတော့သည်။ ဂျိုးဆက်၏ ဘုရားစာရွတ်သံကို ကျွန်မ ကြားနေရပါသေးသည်။ အတန်ကြာမှ ဂျိုးဆက် အထပ်ခိုးပေါ်သို့ တက်သွားသော ခြေသံကို ကြားလိုက်ရပြီး ကျွန်မလည်း အိပ်ပျော်သွားပါလေတော့သည်။
ကျွန်မသည် တရုတ်ကတ်မှ ထိုးကျလာသော နေရောင်ခြည်ကြောင့် ခါတိုင်းထက်ပင် နောက်ကျ၍ အိပ်ရာမှ နိုးလာပါသည်။ ကျွန်မ အောက်ထပ်သို့ ဆင်းလာသောအခါ မစ္စကက်သရင်းကို မီးလင်းဖိုဘေးမှာပင် ထိုင်လျက်သား တွေ့ရလေသည်။ အိမ်အဝင်တံခါးမကြီးကိုလည်း ဟထားပါသည်။ ဟင်ဒလီသည် မီးဖိုခန်းထဲ ရောက်လာပြီး မီးဖိုခန်း မီးဖိုဘေးတွင် ရပ်နေပါသည်။ သူသည် မျက်တွင်းဟောက်ပက်ဖြစ်နေပြီး မျက်လုံးတွေမှာ အိပ်ရေးမဝဟန် ဖော်ပြနေပါသည်။ သူသည် အခန်းထဲသို့ ဝင်လာရင်း . . .
'ဟေ့ ကေသီ၊ မင်း ဘာဖြစ်နေတာလဲကွယ်၊ မင်းကြည့်ရတာ ကြွက်စုတ်ကလေးတကောင်လိုပါပဲလား၊ တမှိုင်မှိုင် တတွေတွေနဲ့၊ ဘာဖြစ်နေရတာလဲ ညီမလေးရယ်' ဟု မေးလိုက်ပါသည်။
'ကျွန်မ မိုးမိပြီး အအေးမိတာပါ'ဟု မစ္စကက်သရင်းက ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်ပါသည်။
'အလကားပါ။ ကောင်မလေး မနေ့ညနေက မိုးမိပြီး ညက တစ်ညလုံး ထိုင်နေသတဲ့လေ' ကျွန်မက ကြားဝင်ပြီး ပြောလိုက်ပါသည်။
မစ္စတာ ဟင်ဒလီသည် ကျွန်မတို့ နှစ်ယောက်စလုံးကို အံ့ဩသည့် အမူအရာဖြင့် စိုက်ကြည့်ပြီး . . .
'တစ်ညလုံး မအိပ်ဘူး ဟုတ်လား၊ သူက မအိပ်ပဲ ဘာလုပ်နေရတာလဲ၊ မိုးတွေ ချုန်းနေတာတောင် မကြောက်ဘူးလား' ဟု မေးပြန်ပါသည်။
ကျွန်မတို့ နှစ်ဦးစလုံးကပင် ဟိကလစ် ပျောက်နေသည့်အကြောင်းကို မပြောကြပါ။ ထို့ကြောင့် ကျွန်မက ကက်သရင်း ဘာစိတ်ကူးပေါက်ပြီး တစ်ညလုံးထိုင်နေသည်ကို မသိကြောင်းလောက်သာ ဖြေပြီး ဘာမျှ မပြောတော့ပဲ နေလိုက်ပါသည်။
နံနက်ခင်းသည် အေးမြ လတ်ဆတ်နေပါသည်။ ကျွန်မ ပြတင်းပေါက်ကို ဖွင့်လိုက်သောအခါ ဥယျာဉ်တွင်းမှ ရနံ့သင်းသော လေသည် အခန်းတွင်းသို့ ပျံ့နှံ့လာပါလေသည်။
ကက်သရင်းသည် ကျွန်မကို ခပ်ငေါက်ငေါက်ကလေး ခေါ်လိုက်ပြီး . . .
'တံခါး ပိတ်ထားလိုက်စမ်းပါ နယ်လီ၊ ချမ်းရတဲ့အထဲမှာ' ဟု ပြောပါသည်။ သူသည် ပြောရင်းပင် မီးငြိမ်းစ ပြုနေသော မီးလင်းဖိုနား တိုးသွားပါလေ၏။ ခိုက်ခိုက်တုန် ချမ်းနေပုံ ရပါသည်။
ဟင်ဒလီသည် ကက်သရင်း လက်ကောက်ဝတ်ကို ဆုပ်ကိုင်ရင်း . . .
'နေမကောင်းဖြစ်နေပါလား၊ မင်း ဒါကြောင့် ညက အိပ်မရတာကိုး၊ ခက်တော့တာပဲ၊ မင်းက ဘာဖြစ်လို့ မိုးရေထဲ ထွက်ရတာလဲကွယ်' ဟု ပြောလိုက်ပါသည်။
ကျွန်မတို့ စကားပြတ်သွားသည်ကို ဂျိုးဆက်သည် အခွင့်ကောင်းယူ၍ . . .
'ကောင်မလေး၊ မနေ့ညက ဟိုကောင်လေးနောက် လိုက်သွားနေတာလေ၊ ကျုပ်သာ သခင့်နေရာကဆိုရင် အားလုံး မသက်သာဘူး မှတ်၊ ခုတော့ မနေ့က သခင်အိမ်မှာ မရှိဘူး ဆိုရင်ပဲ ဟို လင်တန်ဆိုတဲ့ ကောင်လေးကလည်း လာတယ်၊ အဲဒီတုန်းက ဒီမိန်းမကြီးလည်း ရှိတာပဲ၊ ညကလဲ သူတို့ ဟို ဟိကလစ်ဆိုတဲ့ ကောင်ကလေး ပြန်မလာလို့ သန်းခေါင်သန်းလွဲအထိ စောင့်နေကြတာပဲ၊ ကျုပ်ကို ဘာမှ မသိဘူး မထင်နဲ့၊ ကျုပ် အကန်းမဟုတ်ဘူး၊ ကျုပ် အားလုံး မြင်တယ်၊ ဟောဒီ မိန်းမကြီးကလည်း အလိုတူ အလိုပါပဲ' ဟု ကြားဝင်ပြီး ကတုံးကတိုက် စကားပြောပါလေတော့သည်။
ထိုအခါ ကက်သရင်းက . . .
'တိတ်စမ်း အဘိုးကြီး၊ ရှင် ကျွန်မရှေ့မှာ ပေါက်ကရတွေ ပြောမနေနဲ့၊ မနေ့က အက်ဂါလင်တန် လာတယ်ဆိုလဲ လမ်းကြုံလို့ ဝင်လာတာ အစ်ကို၊ သူလာတာ အကို မကြိုက်မှန်းသိလို့ ကျွန်မကိုယ်တိုင် သူ့ကို ပြန်လွှတ်လိုက်တာပဲ'ဟု အော်ပြောလိုက်ပါသည်။
'တော်စမ်းပါ ကေသီရယ်၊ မင်း ငါ့ကို လိမ်မနေစမ်းပါနဲ့၊ မင်းဟာ မအူမလည်နဲ့ ရှုပ်နေတာပဲ၊ လင်တန်လာက အရေးမကြီးပါဘူး။ ညက မင်း ဟိကလစ်နဲ့ အတူရှိသလား၊ မရှိဘူးလား၊ အဲဒါပဲ မှန်မှန်ပြောစမ်းပါ၊ သူ့ကို ငါ ဘာမှ မလုပ်ပါဘူး။ ဘာမှ မလုပ်ဖြစ်အောင် သူ့ကို ယာထဲ မောင်းထုတ်ရမှာပဲ' ဟု ဟင်ဒလီက ပြောပါသည်။
'ကျွန်မ ညက ဟိကလစ်ကို မတွေ့ဘူး' ကေသီမှာ စကားစကတည်းက ဝင်ရှိုက်သံ ပါနေလေပြီ၊ 'အစ်ကို သူ့ကို နှင်ထုတ်ရင် ကျွန်မလည်း သူနဲ့ လိုက်သွားမှာပဲ၊ ဒါပေမဲ့ အစ်ကို သူ့ကို နှင်ထုတ်စရာ မလိုပါဘူး၊ သူဘာသာ ထွက်သွားတာ ဖြစ်ချင် ဖြစ်မှာပဲ' ကေသီသည် မထိန်းချုပ်နိုင်တော့ပဲ ငိုချလိုက်ပါတော့သည်။ သူ့စကားတို့သည်ပင် သဲသဲကွဲကွဲ မရှိတော့ပေ။
ဟင်ဒလီသည် ညီမဖြစ်သူ၏ ရောင့်တက်ပြောဆိုနေမှုကို မခံမရပ်နိုင်သဖြင့် မငိုဖို့နှင့် ငိုနေလျှင် ကိုယ့်အခန်းထဲကိုယ် ချက်ချင်းသွားရန် ပြောလိုက်ပါသည်။ ကျွန်မလည်း ကေသီအား ဟင်ဒလီအမိန့်ကို နာခံရန် ဖျောင်းဖျရပါတော့သည်။
ကေသီ သူ့အခန်းထဲ ဝင်သွာပြီးနောက် ကျွန်မ သူ့ အခန်းထဲရောက်သွားသောအခါ ကျွန်မအဖို့ အထိတ်တလန့် ဖြစ်ရပါလေတော့သည်။ ကျွန်မစိတ်က ကေသီ ရူးများသွားလေပြီလားဟုပင် ထင်လိုက်မိါသည်။ ကျွန်မလည်း ဂျိုးဆက်အား ဆရာဝန်ကင်းနက်ကို သွားပင့်ခိုင်းရပါတော့သည်။ ကေသီမှာ အဖျားအရှိန်ကြောင့် ငန်းဝင်စ ပြုနေပုံရပါသည်။ မစ္စတာကင်းနက်သည် ကေသီကို တွေ့လျှင် တွေ့ချင်း ကေသီ အပြင်းဖျားနေကြောင်း ပြောပြီး သွေးဖောက်ယူသည်။ ထို့နောက် ကေသီအား အရည်သာ တိုက်ကျွေးရန်၊ အောက်ထပ်သို့ မဆင်းစေရန် ၊ ပြတင်းပေါက်ကို မဖွင့်စေရန်နှင့် အထူးဂရုစိုက်ရန် ကျွန်မတို့ကို မှာကြားပြီး ပြန်သွားပါတော့သည်။
ကျွန်မမှာ လူနာပြုစုခြင်းတွင် မကျွမ်းကျင်သော်လည်း ဂျိုးဆက်နှင့် ဟင်ဒလီတို့ထက်စာလျှင် ကျွန်မ သူ့ကို အတတ်နိုင်ဆုံး ပြုစုနိုင်ပါသည်၊ ကေသီ မကျန်းမာနေစဉ် ကာလတွင် အဘွားကြီး မစ္စက်လင်တန်သည် မကြာခဏဆိုသလို ရောက်လာကာ ကျွန်မတို့အား စီမံကွပ်ကဲပါလေသည်။ ကက်သရင်းသည် နလန်ထူစ ပြုလာသောအခါ လင်တန်တို့၏ သရက်ကာရော့အိမ်ကြီးသို့ ပို့ပေးရန် ပြောသဖြင့် ကျွန်မတို့လည်း သူ့အလိုကျ လိုက်လျောလိုက်ပါသည်၊ သည့်အတွက်လည်း ကျွန်မတို့မှာ သူ့ကို ပြုစုရန်နှင့် အဘွားကြီး လင်တန်၏ ဩဇာပေးသမျှခံရန် မလိုတော့သဖြင့် သူ့ကိုပင် ကျေးဇူးတင်ရပါလေသည်။
ထို့နောက် များမကြာမီပင် အဘိုးကြီးလင်တန်နှင့် အဘွားကြီး လင်တန်တို့သည် မကျန်းမမာဖြစ်လာကြပြီး ရှေ့ဆင့် နောက်ဆင့်ဆိုသလို နှစ်ဦးစလုံး ကွယ်လွန်သွားပါသည်။
ထို့နောက်ပိုင်းတွင် ကျွန်မတို့၏ သခင်မလေးသည် ကျွန်မတို့ထံသို့ ပြန်ရောက်လာပါသည်။ ထိုအခါ ကေသီသည် ရှေးကထက်ပင် မထီတရိဖြစ်လာပုံ ပေါက်လာပါသည်။ စိတ်လည်း ဆက်လာပါသည်။ မာန်မာကလည်း ကဲလာပါလေသည်။ ဟိကလစ်အကြောင်းကိုကား မိုးလေပြင်းထန်သော ညချမ်းနောက်ပိုင်းမှစ၍ ကျွန်မတို့ မကြားကြရတာ့ပါ။
တနေ့တွင် ကက်သရင်းသည် ဟိကလစ် ပျောက်ဆုံးနေခြင်းနှင့် ပတ်သက်၍ ပြစ်တင်စကား ဆိုပါလေတော့သည်။ ထို့နောက်ပိုင်းမှစ၍ ကက်သရင်းသည် လပေါင်း အတန်ကြာသည်အထိ ကျွန်မကို အစေခံတစ်ယောက်လိုမှအပ ရင်းနှီးသူတစ်ယောက်အဖြစ် အဆက်အဆံမလုပ်တော့ပါ။ ဂျိုးဆက်ကလည်း သူ့ကို ကလေးငယ်တစ်ယောက်လို အမှတ်ထားကာ ဘုရားစာတရားစာတွေသာ ရွတ်ဖတ်ပြနေသည့်အတွက် သူ့ကိုလည်း ရှေးကလို အရောမဝင်တော့ပဲ အစေခံတစ်ယောက်လိုပင် သဘောထား ဆက်ဆံလာပါ၏။
ဆရာဝန်ကလည်း ကေသီနှင့် ပတ်သတ်၍ စိတ်အနှောင့်အယှက် မဖြစ်စေရန် မှာထားသဖြင့် ဟင်ဒလီ ကိုယ်တိုင်ကလည်း ကေသီကို သူ့အတိုင်း လွှတ်ထားလိုက်ပါသည်။ ကက်သရင်း ဒေါသ ဖြစ်စေမည့် ကိစ္စများကို ရှောင်ရှားပါတော့သည်။ သို့သော် လင်တန်မိသားစုများနှင့် ရင်းနှီးစွာ ဆက်ဆံနေခြင်းကိုမူ ဟင်ဒလီ လိုလားပါသည်။ ဤသို့ဖြင့် အဘိုးကြီးနှင့်အဘွားကြီး လင်တန်တို့ ကွယ်လွန်ပြီး သုံးနှစ်အကြာတွင် ကက်သရင်းသည် အက်ဂါလင်တန်နှင့် လက်ထပ်လိုက်ပါလေတော့သည်။
ထိုအခါ ကျွန်မမှာလည်း အလိုမပါပဲလျက် လေထန်ကုန်း အိမ်ကြီးကို စွန့်ခွာရန် အခြေအနေ ဖြစ်လာပါတော့သည်။ ကျွန်မသည် ကက်သရင်းနှင့်အတူ သရတ်ကရော့အိမ်ကြီးသို့ လိုက်ခဲ့ရပါလေတော့သည်။ ထိုအချိန်တွင် ဟယ်ယာတန်ကလေးမှာ ငါးနှစ်သားရှိပါပြီ။ ကျွန်မ သူ့ကိုပင် စာသင်စ ပြုနေပါပြီ။ သို့သော် ကျွန်မတို့မှာ ဝမ်းနည်းစွာပင် ခွဲခွာခဲ့ကြရပါလေသည်။ ကျွန်မတို့အားလုံး၏ ဆန္ဒထက် ကက်သရင်း၏ မျက်ရည်က အစွမ်းထက်ပါသည်။ ကျွန်မသည် လေထန်ကုန်အိမ်ကြီးကို မစွန့်ခွာလိုကြောင်း ငြင်းပါသေး၏။ ထိုအခါ ကက်သရင်းက ကျွန်မအား တိုက်ရိုက် ဘာမျှမပြောပဲ သူ၏ ခင်ပွန်းနှင့်အစ်ကိုအားသာ ကျွန်မ လိုက်ပါဖို့ ပြောပါလေသည်။ ထိုအခါ ခင်ပွန်းဖြစ်သူက ကျွန်မကို လခပိုပေးပါသည်။ အစ်ကိုဖြစ်သူကမူ သူ့အိမ်၌ မိန်းမအိမ်ဖော် ထားစရာမလိုတော့ဟုပင် ဆိုပါလေ၏။ ဟယ်ယာတန်ကလေးအတွက်ကား စာပြဆရာတစ်ဦး ငှားထားပါသည်။ ကျွန်မအဖို့ကား လေထန်ကုန်းအိမ်ကြီးမှ ထွက်ခွာရန်မှအပ အခြားလမ်းမရှိတော့ပါ။ ကျွန်မသည် သခင်ဟင်ဒလီအား လူကောင်းသူကောင်းတွေကို မောင်းထုတ်လိုက်ခြင်းဖြင့် လေထန်ကုန်းအိမ်ကြီး၏ အပျက်လမ်းသို့ ရှေးရှု့နေသော အဖြစ်ကိုကား ပြောခဲ့ပါသေး၏။ ဟယ်ယာတန်ကလေးကိုမူ အနမ်းဖြင့် နှုတ်ဆက်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ဟယ်ယာတန်ကလေးသည်လည်း ကျွန်မအဖို့ လူစိမ်းတစ်ယောက် ဖြစ်သွားပါတော့သည်။ သူသည်လည်း အယ်လင်ဒင်းကို မောင့်သွားပါလေတော့သည်။
အိမ်ဖော်ကြီး ဒင်းသည် သူပြောသော ဇာတ်လမ်း ဤနေရာသို့အရောက်တွင် မီးခိုးခေါင်တိုင် အိမ်တွင်းပိုင်းမီးဖိုထက် အုတ်ခုံပေါ်ရှိနာရီကို လှမ်းကြည့်လိုက်ရာ တစ်နာရီဆယ့်ငါးမိနစ် ရှိနေပြီဖြစ်၍ အံ့အားသင့်သွားပါလေတော့သည်။ သူ တစ်စက္ကန့်မျှပင် ဆက်နေချင်ပုံမရတော့ပါ။ ကျွန်ုပ်မှာ ကိုယ်လက်ကိုက်ခဲနေသော်လည်း အိပ်ချင်စိတ်မရှိသေးပါ။
အခန်း [ ၁၀ ]
ကျွန်ုပ်အဖို့ ဤဒေသ၏ တကိုယ်တော်ဘဝကို အရသာတွေ မြည်းစမ်းလိုက်ရလေပြီ တကား။ တစ်လနီးပါး အဖျားဝေဒနာဖြင့် တလူးလူးတလိမ့်လိမ့် နေခဲ့ရလေပြီ။ လေကလည်း တဟူးဟူး တိုက်နေဘိ၏။ ကောင်းကင်ပြင်သည်လည်း မပြတ် အုံ့မှိုင်းနေလေသည်။ လမ်းတွေကလည်း သွားလာရန် မလွယ်။ ဆရာဝန် ကိုယ်တိုင်ပင် အလွယ်တကူ ရောက်လာနိုင်သော နေရာ မဟုတ်ပါကလား။ ထို့ထက် ပို၍ ဆိုးသည်ကား ဆရာဝန်၏ ညွှန်ကြားချက်အရာ ကျွန်ုပ်သည် နွေမပေါက်မချင်း အိမ်တွင်းအောင်းနေရမည်ဟူသော အခြေအနေပင်တည်း။
မစ္စတာ ဟိကလစ်သည် ကျွန်ုပ်ထံသို့ လူမမာမေး လာခဲ့ပါသေး၏။ တကယ်တော့ ကျွန်ုပ် နေမကောင်းခြင်းနှင့် ပတ်သက်၍ သူ့အပြစ်မကင်းကြောင်း ပြောလိုက်ချင်ပါသည်။ သို့သော်လည်း သူ ရောက်လာသည့်အတွက် ကျွန်ုပ်မှာ ဆေးဝါးမှီဝဲရသည်ထက်ပင် အားရှိသွားပါသဖြင့် သူ့ကို မပြောရက်ခဲ့ပါ။ ကျွန်ုပ် အိမ်တွင်းအောင်းနေရသည်မှာ ကြာသွားပါပြီ။ စာအုပ်တွေ ဖတ်လောက်အောင် ကျွန်ုပ်မှာ အားမရှိသေးပါ။ ကျွန်ုပ် တစ်ခုခုကို စိတ်ဝင်စားနေဆဲ ဖြစ်ပါသည်။ ထိုအခါမှာပင် မစ္စက်ဒင်းပြောခဲ့သော ဇတ်လမ်းကို အဆုံးသတ်ရန် သတိရပါသည်။
မှန်ပါသည်။ ကျွန်ုပ်သည် မစ္စက်ဒင်း၏ ဇတ်လမ်းထဲမှာ အဓိက ဇတ်ဆောင်ကြီး အိမ်မှ ထွက်သွားပြီး သုံးနှစ်လောက် ပျောက်နေသည်ကို သတိရလာပါသည်။ ဇတ်ဆောင် အမျိုးသမီးကား လက်ထပ်သွားခဲ့လေပြီ။ ထိုအဖြစ်အပျက်များကို ကျွန်ုပ် သတိရလာပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် မစ္စက်ဒင်းကို လှမ်းခေါ်လိုက်ပါလေတော့သည်။
မစ္စက်ဒင်းသည် ဝင်လာလာချင်း . . . .
'ဆေးသောက်ဖို့ မိနစ် နှစ်ဆယ်လောက် လိုပါသေးတယ်' ဟု ပြောပါ၏။
'တော်စမ်းပါ၊ ဆေးသောက်ဖို့ ကိစ္စက အရေးမကြီးပါဘူး၊ ကဲ ကုလားထိုင်ကို ဆွဲလာပြီး ဒီနားမှာ ထိုင်စမ်းပါ၊ အဲဒီ ဆေးပုလင်းကို ချထားလိုက်စမ်းပါ၊ ခင်ဗျား ပြောတဲ့ မစ္စတာ ဟိကလစ်အကြောင်းကို သူ အိမ်ကထွက်သွားတာကနေ ကနေ့အထိ အဖြစ်အပျက်တွေကို ဆက်စပ်ပါဦး။ သူ ဥရောပကို ရောက်သွားသလား၊ အမေရိကကိုပဲ ရောက်သွားသလား၊ သူ ဘယ်လိုပုံစံနဲ့ စီးပွားဖြစ်လာသလဲ၊ အဲဒါတွေ ပြောစမ်းပါဦး'
'သူ ဘယ်လိုဘယ်ပုံ စီးပွားဖြစ်လာတယ်ဆိုတာတော့ ကျွန်မလဲ မသိဘူး၊ မစ္စတာလော့ဝု၊ အဲဒီလိုပဲ သူ ဘယ်လိုဘယ်ပုံ လူကြီးလူကောင်းတစ်ယောက် ဖြစ်လာတယ်ဆိုတာလဲ ကျွန်မ မပြောတတ်ဘူး၊ ပြောဆိုလဲ ကျွန်မ ပြောလက်စအတိုင်းပဲ ဆက်ပြောတာပေါ့၊ ရှင် ကနေ့မနက် နေကောကောင်းရဲ့လား'
'ကောင်းပါ့ဗျာ'
'ဒီလိုဆိုလဲ ပြောတာပေါ့'
ကျွန်မသည် ကက်သရင်းနှင့်အတူ သရုတ်ကရော့ အိမ်ကြီးသို့ လိုက်သွားခဲ့ရသောအခါ ကက်သရင်း အခြေအနေမှာ ကျွန်မ မျှော်လင့်ထားသည်ထက်ပင် ပြောင်းလဲ တိုးတက်နေသည်ကို တွေ့ရပါလေ၏။ သူသည် မစ္စတာလင်တန်ကို ကျွန်မ မျှော်လင့်ထားသည်ထက်ပင် မြတ်နိုးကြောင်း တွေ့ရပါသည်။သူ့ယောက်မကလေး အပေါ်တွင်လည်း အရေးပေးလှပါသည်။ ထို့ကြောင့်လည်း လင်တန်မောင်နှမသည် ကက်သရင်းကို ပိုပြီး ဂရုစိုက်ကြပါလေ၏။ ဤသည်မှာ ဆူးခက်က ပျားရည်စုပ် အပေါ် ကျရောက်သည့်သဘော မဟုတ်ပဲ ပျားရည်စုပ်ပန်းက ဆူးခက်ကို ပွေ့ထားသည့်သဘော ဖြစ်ပါသည်။ ကျွန်မ သတိပြုမိသမျှ ပြောရလျှင် မစ ္စတာ အက်ဂါသည် ကက်သရင်း၏ အစွဲအလမ်း နိုးထလာမည်ကို အထူးပဲ စိုးရိမ်ပုံ ရပါသည်။ သူသည် ဟိကလစ်နှင့် ပတ်သက်သမျှကို အထူးပင် ဖုံးကွယ်ထားပါ၏။ ကက်သရင်းနှင့် ပတ်သက်၍ ကျွန်မ အပါအဝင် အစေခံများက အလေးမထားသည့် သဘောတွေ့လျှင် အက်ဂါသည် မျက်နှာကြီး ညှိသွားတတ်မြဲဖြစ်သည်။ ကက်သရင်းနှင့် ပတ်သက်၍ ကျွန်မ တရင်းတနှီးနေခြင်းမျိုးကိုလည်း သူ သဘောမကျပါ။ ကက်သရင်းကား တမှိုင်မှိုင်တတွေတွေနှင့်သာ ရှိပါသည်။
စက်တင်ဘာလ တညနေ မိုးချုပ်ချုပ်တွင် ကျွန်မသည် ပန်းသီးများကို ခူးပြီး တောင်းကတောင်းနှင့် သယ်လျက် ဥယျာဉ်ထဲမှ ပြန်လာပါသည်။ လမင်းသည် ခြံစည်းရိုးကို ကျော်တက်လျက် အိမ်ကြီး၏ တဘက်တွင် အရိပ်ကျနေစေပါ၏။ ကျွန်မသည် မီးဖိုတံခါးဝ လှေကားအတက်တွင် ပန်းသီးတောင်းကို ချလျက် နားယင်း လမ်းကို မျှော်ငေးကြည့်လိုက်မိ ပါသည်။ ထိုစဉ်မှာပင်...
‘နယ်လီလား ဟင်’ ဟူသော အသံတသံကို ကျွန်မ နောက်ဘက်မှ ကြားလိုက်ပါသည်။
အသံမှာ ခပ်စူးစူးဖြစ်ပြီး လေယူလေသိမ်းမှာ ကျွန်မအဖို့ အထူး အတန်း ဖြစ်နေပါသည်။ သို့သော် ကျွန်မ အမည်ကို ခေါ်လိုက်ပုံမှာ ၎င်းနှီးသော အသွင်ကို ဆောင်နေပါသည်။ ကျွန်မလည်း နောက်ဘက်သို့ ကြောက်ကြောက်လန့်လန့်နှင့် လှည့်ကြည့်လိုက်ပါသည်။ ရုတ်တရက် မည်သူ့ကိုမျှ မတွေ့ရပါ။ အမှောင်ရိပ်မှ လှုပ်ရှားမှုတခုကို သတိပြုမိပါသည်။ ထိုလှုပ်ရှားမှုသည် အနီးသို့ တိုးလာပါ၏။ ထိုအခါမှပင် ဝတ်စုံ ခပ်မှိုင်းမှိုင်းဝတ်ထားသော အရပ်ရှည်ရှည် လူတယောက်ကို အထင်အရှား တွေ့ရပါလေသည်။ သူသည် တံခါးနားတွင် မှီနေပါသည်။ တံခါး မင်းတုပ်ကိုလည်း ကိုယ်တိုင် ဖွင့်တော့မည့်ဟန် လက်ဖြင့် ကိုင်ထားပါသည်။ “ဘယ်သူများပါလိမ့်၊ မစ္စတာ အန်းရှောများလား၊ အသံကတော့ မတူပါဘူး” စိတ်ထဲက တွေးကြည့်ပါသေး၏။ သူ့ကိုလည်း စိုက်ကြည့် နေမိပါသည်။ ထိုစဉ်မှာပင် သူက...
ကျွန်တော် ဒီနေရာမှာ စောင့်ရတာ တနာရီလောက် ရှိပြီ၊ အဲဒီ တချိန်လုံး တိတ်နေလိုက်တာ အသေကောင် ကျနေတာပဲ၊ ကျွန်တော်လဲ အထဲမဝင်ရဲဘူးပေါ့၊ ခင်ဗျား ကျွန်တော့်ကို မသိဘူးလား နယ်လီ၊ သေသေချာချာ ကြည့်စမ်းပါဦးဗျ၊ ကျွန်တော်ဟာ သူစိမ်း မဟုတ်ပါဘူး' ဟု ပြောပြန်ပါသည်။
အလင်းရောင်တန်း တခုသည် သူ့အပေါ်သို့ ကျလာ၏။ ပါးတွေက အရောင်ဖျော့တော့နေပြီး တပိုင်းကို မုတ်ဆိတ်မွှေး မည်းမည်းက ဖုံးနေ၏။ မျက်ခုံးတွေက နိမ့်ကျနေပြီး မျက်လုံးတွေမှာ စူးစိုက်နေ၏။ မျက်လုံးတွေကို ကျွန်မ မှတ်မိပါပြီ။
“အလိုလေး၊ မင်း၊ မင်း ပြန်လာတယ်၊ .. တကယ်ပဲ မင်းလားကွယ်'
တအံ့တဩ ဖြစ်ရပါလေတော့သည်။
“ဟုတ်ပါတယ်၊ ဟိကလစ်ပါဗျ ကျွန်မကို နှုတ်တုံ့ပြန်ယင်း ပြတင်းပေါက်ဆီကို လှမ်းကြည့်လိုက်ပါသေးသည်။ ပြတင်းပေါက်မှာ အလင်းမရှိပါ။ “သူတို့အိမ်မှာရှိသလား၊ သူကောရှိသလား၊ ကျွန်တော် ခင်ဗျား သခင်မနဲ့ တွေ့ပြီး စကားတခွန်းလောက် ပြောချင်တယ်ဗျာ၊ ခင်ဗျား သူ့ဆီသွားပြီး ဂျင်မာဘန်က လူဘယောက်က သူ့ကို တွေ့ချင် တယ်လို့ သွားပြောစမ်းပါဗျာ”
“သူ ဘာဖြစ်သွားမလဲ၊ သူက ဘာလုပ်ရမလဲ” ကျွန်မ တတံ့တဩဖြစ်ရပါလေတော့သည်။
“မင်းအကြောင်းကြားယင် သူဘယ်လို ဖြစ်သွားမလဲ၊ မင်းဟာ တကယ်ပဲ ဟိကလစ်နော်၊ နေစမ်းပါဦး၊ မင်းက ဘာလဲ၊ စစ်ထဲဝင်သွားတာလား'
“ကဲပါဗျာ၊ ကျွန်တော်ပြောတာသာ ပြောချေစမ်းပါ၊ ကျွန်တော် သူ့ကို တွေ့ချင်လှပြီဗျ”
ပြောပြောဆိုဆိုပင်.. ဟိကလစ်သည် မင်းတုပ်ကို မ လိုက်ပါသည်။ ကျွန်မလည်း အိမ်ထဲကို ဝင်ခဲ့ပါလေတော့၏။ ကျွန်မသည် တင်တန် လင်မယားရှိသော ဧည့်ခန်းဝသို့ ရောက်သည်အထိ မဝင်ရဲပါ။ ဖယောင်းတိုင်မီး ထွန်းဖို့ ပြောပြပြီးမှ တံခါးကို ဖွင့်လိုက်ပါသည်။
သူတို့သည် ဂျင်မာတန် ချိုင့်ဝှမ်း ဘက်ကို မျက်နှာမူထားသော ပြတင်းပေါက်နားတွင် ထိုင်နေကြပါ၏။ ထိုအချိန်က လေထန်ကုန်း အိမ်ကြီးမှာ မြူမှုန်ကြားတွင် ပျောက်ကွယ်နေဟန် ရှိပါသည်။ ကျွန်မသည် ဖယောင်းတိုင်ထွန်းဖို့ ကိစ္စကို ပြောပြီး ကက်သရင်းအား..
“ဂျင်မာတန်က လူတယောက်က သခင်ကို တွေ့ချင်လို့တဲ့”
ခပ်တိုးတိုး ပြောလိုက်သည်။
“ဘာကိစ္စတဲ့လဲ”
“မမေးမိပါဘူး”
“ကောင်းပြီလေ၊ ခန်းဆီးကို ဆွဲလိုက်စမ်း နယ်လီ၊ ပြီးတော့ လက်ဖက်ရည်ယူခဲ့၊ ကျွန်မ ခုပဲပြန်လာခဲ့မယ်' ဟု ဆိုကာ ကက်သရင်းသည် ထွက်သွားပါလေ၏။ မစ္စတာအက်ဂါကမူ အရေးမထားဟန်ဖြင့် ကျွန်မကို စုံစမ်းပါသည်။
“သခင်မကလေး မမျှော်လင့်တဲ့ လူတယောက်ပါ၊ ဟိကလစ်လေ၊ သခင်မှတ်မိမှာပါ၊ မစ္စတာအန်းရှောတို့နဲ့ အတူနေခဲ့တဲ့လူလေ”
“ဘာရယ်၊ ကလေကချေကောင် ယာသမား ခြံသမားလား၊ ခင်ဗျား ကက်သရင်းကို ဒီအကြောင်း ဘာလို့ မပြောရတာလဲ” ဟု အော်ပြောလိုက်ပါသည်။
“တိုးတိုးပြောပါသခင်၊ သူ့ကို သခင် ဒီလိုမခေါ်ပါနဲ့၊ သခင်မလေး ကြားယင် စိတ်မကောင်း ဖြစ်နေပါ့မယ်၊ သူ ထွက်သွား ကတည်းက ကက်သရင်းဟာ စိတ်ထိခိုက်နေတာပါ၊ ခု သူ ပြန်လာပြီဆိုတော့ ကက်သရင်း ပျော်နေမယ် ထင်တာပဲ”
မစ္စတာ လင်တန်သည် ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး အပြင်ဘက် ခြံထဲကို လှမ်းကြည့်လိုက်ပါသည်။ ထို့နောက် လင်တန်သည် ပြတင်းပေါက်ကို ဖွင့်ပြီး ငုံကြည့်လိုက်ပါသည်။ ကက်သရင်းနှင့် ဟိကလစ်ကို သူ တွေ့သွားပုံရသည်။
“အချစ်ရေ၊ အဲဒီမှာ ရပ်မနေနဲ့လေ၊ ဧည့်သည်ကို အထဲ ခေါ်ခဲ့ပါလား” ဟု လှမ်းပြောလိုက်ပါသည်။ မကြာခင်မှာပင် တံခါးဖွင့်သံ ကြားလိုက်ရပြီး ကက်သရင်းသည် အသက်မျှပင် မရှူနိုင်ပဲ မောကြီးပန်းကြီးနှင့် ဝင်လာပါသည်။ သူပျော်နေပုံရသည်။
“အက်ဂါ၊ အက်ဂါရေ၊ ဒီမယ်အက်ဂါ အချစ်ရဲ့” ခေါ်ခေါ် ပြောပြော အက်ဂါ့လည်ပင်းကို ဖက်လျက် “ဟိကလစ်လေ၊ သူ၊ သူပြန်လာပြီ” ပြောယင်း ကက်သရင်းသည် အက်ဂါ့ကို ဖက်လိုက်ပါသည်။
“အေး၊ အေး၊ ဟုတ်ပါပြီ၊..ဟိကလစ်.. ပြန်လာတာနဲ့.. ကိုယ့်ကို ဒီလောက်ကြီးလဲ ဖက်မထားစမ်းပါ့နဲ့က္ခာ၊ ဒီလောက် ဖြစ်နေစရာလဲ မလိုပါဘူး
“ရှင် သူ့ကိုသဘောမကျဘူးဆိုတာ ကျွန်မသိပါတယ်လေ၊ ဒါပေမယ့် ကျွန်မကို ငဲ့သောအားဖြင့် မိတ်ဆွေတွေလို ဆက်ဆံဖို့ ကောင်းပါတယ်၊ ကျွန်မ သူ့ကို ခေါ်လိုက်ရမလား ဟင်'
“ဒီကို၊ ဧည့်ခန်းထဲကို ခေါ်မလို့လား”
ဧည့်ခန်းထဲ မခေါ်လို့ ဘယ်ကို ခေါ်ရမှာလဲ”
မစ္စတာလင်တန်သည် စိတ်အနှောင့်အယှက် ဖြစ်သွားပုံရပါသည်။ သူက ဟိကလစ်ကို မီးဖိုထဲမှာ သာဧည့်ခံဖို့ ပြောပါသေးသည်။ ကက်သရင်းသည် သူ့ခင်ပွန်း၏ ဇီဇာကြောင်ပုံကို ရယ်လည်းရယ်ချင်၊ ဒေါသလည်း ဖြစ်ချင်သော အသွင်ဖြင့် သူ့ခင်ပွန်းကို ပြောင်ထေ့ထေ့ကြည့်ပြီး “မဟုတ်တာပဲရှင်” ဟု ပြောလိုက်ပါသည်။ စကားဆက် ခေတ္တပြတ်နေပြီးမှ “ကျွန်မ မီးဖိုထဲမှာ မထိုင်နိုင်ဘူးရှင့်” ဟု ပြော၍ ကျွန်မဘက်သို့ လှည့်ပြန်ကာ “အယ်လင်ရေ၊ စားပွဲနှစ်လုံး ပြင်လိုက်ပါရှင်၊ အမျိုးမြတ်တဲ့ ရှင့်သခင်နဲ့ အစ္စဗယ်လာအတွက်က တစားပွဲပေါ့၊ အမျိုးနိမ့်တဲ့ဟိကလစ်နဲ့ ကျွန်မအတွက်က တစားပွဲပေါ့ရှင်၊ ကဲ၊ ဒါဆို ကျေနပ်ပြီလား၊ မီးတွေ ထွန်းဦးမှပဲ၊ ဒါမှလဲ လင်းလင်းချင်းချင်း ရှိသွားမယ်၊ ကျွန်မ သူ့ကို သွားခေါ်လိုက်ဦးမယ်လေ”
ပြောပြောဆိုဆိုပင် ကက်သရင်းက ဧည့်ခန်းထဲမှ ထွက်ခွာအံ့ ဟန်ပြလိုက်သည်နှင့် အက်ဂါသည် ကက်သရင်းကို ဖမ်းဆွဲထားလိုက်ပြီး ကျွန်မဘက်သို့လှည့်လျက်
“ခင်ဗျားပဲ သွားခေါ်လိုက်ပါဗျာ၊ အိမ်ပြေး အစေခံတယောက်ကို မောင်ရင်းနှမတွေလို ကြိုဆိုရတာဟာလဲ မကောင်းပါဘူး” ဟု ပြောလိုက် ပါသည်။
ကျွန်မသည် အောက်ထပ်သို့ ဆင်းခဲ့ပါသည်။ ဟိကလစ်သည် ဆင်ဝင်အောက်မှာ အသင့်စောင့်နေပါ၏။ သူသည် ဘာစကားမျှ မဆိုပဲ ကျမ နောက်သို့ လိုက်လာပါ၏။ ကျွန်မလည်း သူ့ကို လင်တန်တို့ လင်မယားရှိသော အခန်းသို့ ဦးဆောင် ခေါ်လာခဲ့ပါသည်။ လင်တန်တို့လင်မယား နှစ်ဦးစလုံးမှာ မျက်နှာအထားရ ခက်နေပုံရ၏။ သို့သော် ကက်သရင်းသည် ဟိကလစ်ကို တံခါးဝမှ မြင်လိုက်သည်နှင့် နေရာမှ ရုတ်ကနဲထပြီး ဟိုကလစ် လက်နှစ်ဘက်ကို ဆွဲလျက် လင်တန်ဆီသို့ ခေါ်လာခဲ့ပါ၏။ ထို့နောက် သူ့ခင်ပွန်း၏ လက်ကို ဆွဲပြီး ဟိကလစ်နှင့် လက်ဆွဲနှုတ်ဆက် ပါစေလေသည်။
ယခုမှပင် ဟိကလစ်၏ ရုပ်သွင်သည် မီးရောင်တွင် ထင်ရှားလာပါ လေတော့သည်။ ဟိကလစ်သည် အရပ်ပိုရှည်လာပြီး ခန္ဓာကိုယ်မှာလည်း ပို၍ ကြံ့ခိုင်လာပါသည်။ တကယ့် ဟန်ကျပန်ကျ ရုပ်ရှင်မျိုးဖြစ်ပါသည်။ သူနှင့်ယှဉ်လိုက်သောအခါ အက်ဂါမှာ ကြုံလှီပြီး ငယ်နေပုံ ရပါသည်။ သူစစ်ထဲဝင်လာခဲ့သလား အတွေးပေါက်ရပြန်ပါ၏။ သူ့ မျက်နှာသွင်ပြင်မှာလည်း လင်တန်ထက် ရင့်ကျက်လေးနက်သော အသွင်ကို ဆောင်နေပါ၏။ သူ့မျက်နှာတွင် ဟိုစဉ်ကလို နိမ့်ကျ သိမ်ငယ်သော အသွင်မရှိတော့ပါ။ ခန့်ညားကျက်သရေရှိသော အသွင်ပင် ဆောင်နေ ပါလေပြီ။ ကျွန်မတို့ သခင်ကလေးသည် သူနှင့်တန်းတူလိုလို၊ သူ့ထက် သာသလိုလို ဖြစ်နေသည့် ဟိကလစ်ကို ရင်ဆိုင်ရသဖြင့် အံ့အားသင့်နေပါသည်။ သူပြောသလို ဟိကလစ်အား ခြံသမားလေးဟုပဲ ခေါ်ရမည်လား၊ မည်သို့ခေါ်ရမည်နည်း မသိသဖြင့် အက်ဂါသည် ခဏမျှ တွေနေသေး၏။ ဟိကလစ်က လက်ကို အောက်ချပြီး အက်ဂါအား အေးတိ ဆေးစက် ကြည့်ယင်း ပြောရမည့် စကားလုံးကို စဉ်းစားနေလေသည်။
အဆုံးတွင် အက်ဂါက
“ထိုင်ပါခင်ဗျာ၊ ကျွန်တော့် ဇနီးကတော့ ရှေးဟောင်း နှောင်းဖြစ်ကလေးတွေ သတိရတဲ့အနေနဲ့ ခင်ဗျားကို ဧည့်ခံတာပါပဲ၊ ကျွန်တော်ကလဲ ကျွန်တော့်ဇနီး စိတ်ချမ်းသာမှု ရတယ်ဆိုယင်ပဲ ကျေနပ်လှပါပြီ” ဟု ပြောလိုက်ပါသည်။
“ကျွန်တော်ကလဲ ဒီအတိုင်းပါပဲဗျာ၊ အထူးသဖြင့် ကျွန်တော် တစိတ်တပိုင်း ပါဝင်ခဲ့တဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပဲလေ၊ ကျွန်တော် တနာရီ နှစ်နာရီလောက်တော့ နေပါမယ်”
ဟိကလစ်သည် ကက်သရင်းနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ကက်သရင်းက ဟိကလစ်ကို စိုက်ကြည့်နေသည်။ နှစ်ဦးစလုံးပင် အတိတ်ကို သတိရနေကြံဟန် ရှိလေသည်။ နှစ်ဦး ပြန်လည် ဆုံဆည်းကြ၍ ကြည်းနူးနေကြဟန်လည်း ရှိလေသည်။ အက်ဂါကမူ အနှောင့်အယှက်ဖြစ်လာသဖြင့် မျက်စိပျက် မျက်နှာပျက် ဖြစ်လာပါတော့သည်။ ထိုစဉ်မှာပင် ကက်သရင်းသည် ထိုင်ရာမှထပြီး ဟိကလစ် အပါးသို့ ထား၍ လက်ဆွဲနှုတ်ဆက်ယင်း ရယ်မောလျက်....
“ဒီအဖြစ်အပျက်တွေဟာ နက်ဖြန်ကျယင် အိပ်မက်များ ဖြစ်နေမလားပဲ၊ ကျွန်မဖြင့် ရှင့်ကို နောက်တကြိမ် တွေ့ရဦးမယ်၊ စကားပြောဦးမယ်လို့ကို မထင်ခဲ့ဘူး။ ရက်စက်လိုက်တာ ဟိကလစ်ရှယ်၊ ရှင့်ကို ကြိုဆိုနှုတ်ခွန်းဆက်ဖို့တောင် မကောင်းဘူး၊ ရှင်သုံးနှစ်လုံးလုံး ပျောက်ချက်သား ကောင်းနေလိုက်တာ ကျွန်မကိုတောင် လုံးလုံး သတိမရဘူးပေါ့လေ” ဟု ပြောလိုက်ပါသည်။
“မင်း သတိရတာထက်တော့ နည်းနည်း ပိုပါတယ်ကွယ်၊ မင်းတို့ လက်ထပ်ပြီး အတော်ကလေးကြာမှ ကိုယ်သိရတယ်၊ အဲဒီတော့ ကိုယ် အောက်ဘက်က ခြံတခြံမှာ ရှိသေးတယ်၊ ကိုယ် မင်းကို တွေ့ရအောင် လာဖို့ပဲ၊ ဒါပေမယ့် ကိုယ့်စိတ်ကူးက အကောင်အထည် မပေါ်ဘူး၊ မင်းရဲ့ နောက်ဆုံးအသံကို ကြားရပြီးကတည်းက ကိုယ့်ရင်ထဲမှာ မချိုခဲ့ဘူး၊ ကိုယ်ဟာ မင်းအတွက် လူတလုံးသူတလုံး ဖြစ်အောင် လုပ်မယ်ဆိုပြီး ကြိုးစားရုန်းကန်ဖို့ ဆုံးဖြတ်ခဲ့တယ်၊ ကြိုးစား ရုန်းကန်ခဲ့တယ် ဒါကိုတော့ ကိုယ့်ကို ခွင့်လွှတ်ပါကွယ်”
“ကဲ၊ ကက်သရင်းရေ၊ လက်ဖက်ရည်တွေ အေးကုန်တော့မယ်၊ မစ္စတာ ဟိကလစ်လဲ ပြန်ရဦးမယ်၊ သူ ဒီမှာ အိပ်မယ်ဆိုတောင် ကိုယ်တော့ ဆာလာပြီကွယ်’ လင်တန်သည် သူ၏ ပုံမှန်အသံဖြင့် ဟန်ပန်ကိုထိန်း၍ စကားကို ဖြတ်ပြောလိုက်ပါသည်။
ကက်သရင်းလည်း ညစာစားပွဲရှေ့တွင် နေရာယူရပါလေတော့သည်။ အစ္စဗယ်လာကလည်း ညစာစားပွဲသို့ ရောက်လာ၏။ သူတို့ ညစာစားမည် အလုပ်တွင် ကျွန်မလည်း အပြင်သို့ ထွက်ခဲ့ပါလေတော့သည်။ ညစာစားပွဲ သုံးဆောင်ပြီးလျှင် ဟိကလစ်လည်း ပြန်ရန် ပြင်ပါလေတော့သည်။
ကျွန်မသည် ဟိကလစ် အပြန်တွင် သူ့အား ဂျင်မာတန်ကို ပြန်မည်လားဟု မေးလိုက်မိပါသည်။
“မဟုတ်ဘူးဗျ။ လေထန်ကုန်း သွားမှာ၊ ကျွန်တော် မနက်က ရောက်တော့ မစ္စတာအန်းရှောက ဒီညနေ သူ့ဆီလာဖို့ ဖိတ်လိုက်တယ်လေ”
သူ ထွက်သွားသောအခါ သူ လေထန်ကုန်း ရောက်သွားသည့် ကိစ္စနှင့် မစ္စတာအန်းရောက သူ့အား ဖိတ်ကြားသည့် ကိစ္စသည် ကျွန်မ အတွေးတွင် ဖိစီးလာပါတော့သည်။ သူ ဤဒေသသို့ ပြန်ရောက်လာသည့် ကိစ္စကလည်း အတွေးတွင် တအုံနွေးနွေး ဖြစ်လျက် ကျန်ခဲ့ပါလေသည်။
ညဉ့်နက်ပိုင်းတွင် ကက်သရင်းသည် ကျွန်မအခန်းထဲသို့ ရောက်လာပြီး ကျွန်မ အိပ်ရာဘေးမှာ ဝင်ထိုင်လျက် ကျွန်မကို နှိုးလိုက်လေတော့သည်။
“ကျွန်မ အိပ်လို့ မရဘူးနယ်လီ” သူက တောင်းပန် တိုးလျှိုးသော လေသံဖြင့် စကားကို စပါသည်။ “ကျွန်မ ပျော်နေတဲ့အချိန်မှာ စကာပြောဖော် တယောက်တော့ ရှိစေချင်တယ်၊ ခုတော့ အက်ဂါကလ ကျွန်မ ဝမ်းသာတဲ့ကိစ္စမှာ စိတ်မဝင်စားပဲ မှုန်တေတေ လုပ်နေတယ်လေ၊ စကားကလေး တခွန်းတောင် ဟဖော်မရဘူး၊ သူအိပ်ချင်မူးတူး ဖြစ်နေတုန်း ကျွန်မ စကားပြောတာကိုပဲ ကျွန်မကို တကိုယ်ကောင်း ဆန်တယ်၊ ရက်စက်တယ် ထင်နေတာ၊ ကျွန်မက ဟိကလစ် အကြောင်း အကောင်းကလေး ပြောမိခါရှိသေး၊ သူ တကယ်ပဲ ခေါင်းကိုက်နေလို့လား၊ မနာလိုဝန်တိုစိတ်ကြောင့်ပဲလား မဆိုနိုင်ဘူး၊ သူက ငိုသတဲ့၊ ဒါနဲ့ ကျွန်မလဲ ထလာတာပါ နယ်လီ”
“ညည်းကကော သူကို ဟိကလစ် ချီးမွမ်းခန်း ဘာလို့ သွားပြောရတာလဲ၊ ငယ်ငယ်ကတည်းက မတည့်ခဲ့တဲ့ လူနှစ်ယောက်ကို တယောက်ကောင်းကြောင်း တယောက်ကို ပြောယင် ဘယ်ကြားချင်ပါ့မလဲ၊ ဒါဟာ လူ့သဘာဝပဲ ကေသီ"
“ဒါသူ ညံ့ကြောင်း ပြတာပဲပေါ့၊ ကျွန်မသာဆို မနာလို မဖြစ်ပါဘူး၊ ကျွန်မဆို အစ္စဗယ်လာ ဆံပင်ဝါကလေးနဲ့ အသားဖြူဖြူ ချောချောလှလှရှိပြီး တအိမ်လုံးရဲ့ အချစ်ဆုံးလို ဖြစ်နေတာကို တခါမှ မနာလို မဖြစ်မိပါဘူး၊ အစ္စဗယ်လာနဲ့ ပတ်သက်ပြီး နယ်လီနဲ့ ကျွန်မ တခါတလေ စကားများယင်တောင် နောက်ဆုံးကျ ကျွန်မ သူ အတွက် အလျှော့ပေးခဲ့တာချည်းပဲ မဟုတ်လား၊ ကျွန်မ သူ့ကို မြှောက်စားခဲ့တာပဲ မဟုတ်လား၊ သူ့အစ်ကိုကဆို ကျွန်မတို့ နှစ်ယောက် ခုလို ချစ်ချင် ခင်ခင်ရှိတာကိုပဲ သဘောကျနေတာ မဟုတ်လား၊ ဒါပေမယ့် သူတို့နှစ်ယောက်လုံးဟာ အတူတူပါပဲ၊ သူတို့နှစ်ယောက်လုံးက တကမ္ဘာလုံး သူတို့ ခံစားစံစားဖို့လို ထင်နေတာ၊ အဲဒီလို နည်းနဲ့ ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး ပျက်စီးနေကြတာတွေ၊ ကျွန်မ သူတို့ကို လိုက်လိုက် လျောလျော ဆက်ဆံပေမယ့်လဲ တကယ်တော့ သူတို့ကို တင်းတင်း ကျပ်ကျပ် ဆုံးမပေးဖို့ လိုတယ်လို့ ထင်တာပဲ”
ညည်း မှားတယ် ကက်သရင်း၊ တကယ်က သူတို့ မောင်နှမက ညည်းကို လိုက်လျော ဆက်ဆံနေကြဘာပါ၊ ညည်းက ခေါင်းမာသလောက် တဘက်ကို တလွဲထင်နေတာပါ ကေသီရယ်၊ သူတို့ညည်းအတွက် လိုက်လျောကြတာကိုလဲ ညည်းကြည့်မှပေါ့'
'ဒီအတိုင်းဆိုယင်တော့ ကျွန်မတို့တတွေရဲ့ မသင့်မြတ်မှုဟာ သေမှ ဆုံးခန်းတိုင်ရမှာလား နယ်လီရယ်” ဟု ပြောယင်း ရယ်ပြန်ပါသည်။ ဒီလိုလဲ မဟုတ်သေးဘူးလေ၊ ကျွန်မ ပြောရဲတာ တခု ရှိပါတယ်။ ကျွန်မ လင်တန့်အချစ်ကို ယုံတယ်၊ ကုန်ကုန်ပြောယင် ကျွန်မ လင်တန်ကို သူ လက်တုံ့ ပြန်မှာမဟုတ်ဘူး၊ သူ့အချစ်ဟာ အဲဒီလို အချစ်မျိုးပါ နယ်လီ”
ထိုအခါ ကျွန်မ ကက်သရင်းအား လင်သား၏ အချစ်ကို ယခုထက် ပို၍ တန်ဖိုးထားရန် အကြံပေးဖြစ်ပြန်ပါလေသည်။
“ကျွန်မ သူအချစ်ကို တန်ဖိုးထားပါတယ်၊ ဒါပေမယ့် ခုလို ဘာမဟုတ်တဲ့ ကိစ္စကလေးနဲ့ ပတ်သက်ပြီး ငိုလား၊ ယိုလား လုပ်ဖို့တော့ မလိုပါဘူး၊ ဒါဟာ ကလေးဆန်တာပဲ၊ ခုဆို ဟိကလပ် ဟာလဲ လူကြီး လူကောင်းတယောက် အနေပဲဟာ၊ သူနဲ့ ထိုက်တန်အောင် ဆက်ဆံဖို့ပဲ လိုတာပေါ့၊ ဒါဆို သူတို့ချင်းလဲ ရင်းနှီးသွားမှာပဲ၊ ဟိုကလစ်က ရင်းရင်းနှီးနှီး ဖော်ဖော်ရွှေရွေ ဆက်ဆံတာပဲ မဟုတ်လား”
“နေစမ်းပါဦး၊ ဟိကလစ် လေထန်ကုန်း ရောက်သွားတာကို ညည်း ဘယ်လိုထင်သလဲ ကက်သရင်း၊ သူ ပြောင်းလဲလာတာကတော့ အမှန်ပဲ၊ သူ ရန်သူလို လူတွေကိုတောင် တရင်းတနှီး ဆက်ဆံလာပြီပဲ”
“ကျွန်မလဲ ရှင့်လိုပဲ အံ့ဩမိပါရဲ့၊ သူ ပြောတာကတော့ သူ ဒီအိမ်ကို ရောက်လာသလိုပဲ လေထန်ကုန်းကို ရောက်သွားသတဲ့၊ ဂျိုးဆက်ကနေ တဆင့် ခွင့်တောင်းပြီး သူ ဝင်သွားတော့ အစ်ကိုက သူ့လူတွေနဲ့ ဖဲရိုက်နေသတဲ့လေ၊ အဲဒီ ဖဲဝိုင်းမှာ ဟိကလစ်ကလဲ ဝင်ကစားတယ်၊ အစ်ကို တော်တော်ကလေး ရှုံးလိုက်သတဲ့၊ အဲဒီမှာ ဟိကလစ်က သူ အနိုင်ရတာကို အစ်ကို့ကို ချေးသတဲ့၊ ပြီးတော့ ညနေတခေါက် လာခဲ့ဦးမယ် ပြောတော့ အစ်ကိုကလဲ သဘောတူလိုက်သတဲ့၊ အစ်ကိုကလဲ အပေါင်းအသင်း ပေါင်းသင်းယင် ရှေ့နောက် အမြော်အမြင် ရှိတာ မဟုတ်ဘူး၊ သူ တချိန်က နှိပ်စက်ညှဉ်းပန်းခဲ့တဲ့ လူတယောက်ကို အပေါင်းအသင်း လုပ်တာတွေ ဖြစ်လာနိုင်မယ် ဆိုတာမျိုးလဲ တွေးမှာမဟုတ်ဘူး၊ ဒါပေမယ့် ဟိကလစ် အနေကျတော့လဲ ဒီကနေ လမ်းလျှောက် တခရီးလောက် ရှိတဲ့ အိမ်မှာနေရဖို့အတွက် သူ့ရန်သူဟောင်းနဲ့ ဆက်သွယ်ရာမှာ ခိုင်လုံတဲ့ အကြောင်းတော့ ရှိမှာပဲ၊ အဲဒီအိမ်ကလဲ အားလုံး အတူတူနေခဲ့ကြတဲ့ အိမ်ဆိုတော့ သံယောဇဉ်ရှိမှာပေါ့၊ ကျွန်မသဘောကတော့ ဂျင်မာတန်မှ နေနေတာထက် လေထန်ကုန်းမှာ နေယင် တွေ့ရဆုံရဖို့ ပိုပြီး အခွင့်သာတာပေါ့၊ သူကတော့လဲ လေထန်ကုန်းမှာ နေရအောင် ပေးစရာ ရှိတာ ပေးမှာပဲ၊ အစ်ကိုကလဲ တကယ့် လောဘအိုးဆိုတော့ ရသမျှ တဘက်သား လိုချင်တာကို ပြန်ပေးမယ့် လူစားမျိုးရယ်၊ တခုကို တခုကို လက်လွှတ်ရမယ်ဆိုတာမျိုး တွေးချင်မှ တွေးမှာ နယ်လီရဲ့’
'ဟိကလစ်အဖို့တော့လဲ လေထန်ကုန်းဟာ သင့်တင့်တဲ့ နေရာပါ၊ ဒါပေမယ့် နောက်ပိုင်း ဘာတွေဖြစ်လာမယ်ဆိုတာ ညည်း တွေးပြီးတော့ မကြောက်ဘူးလား ကေသီ'
“ကျွန်မ သူငယ်ချင်းအတွက်တော့ မစိုးရိမ်ပါဘူး၊ သူ အန္တရာယ် ရှောင်နိုင်မှာပါ၊ အစ်ကို အတွက်တော့ နည်းနည်း စိုးရိမ်တယ်ပေါ့ ဘာဖြစ်ဖြစ် ကျွန်မတော့ သူတို့နှစ်ယောက် ရန်ပြေငြိမ်းစေချင်တာပဲ၊ ကျွန်မဟာ ခါးခါးသီးသီး ခံစားခဲ့ရတာပါ နယ်လီရယ်၊ ဘယ်လောက်အထိ ခံစားရတယ်ဆိုတာ ဟိကလစ်သိယင် သူ့အနေနဲ့လဲ ရန်ငြိုး ရန်စ ထားဖို့မသင့်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ပြီးတာတွေလဲ ပြီးခဲ့ကြပြီပဲ နယ်လီရယ်၊ ကျွန်မတော့ သူ့မိုက်မဲမှုအပေါ်မှာလဲ လက်စား မချေစေချင်ဘူး၊ ပါးရိုက်လို့ နားကိုက်တာမျိုးလဲ မလုပ်ချင်ဘူး၊ ကျွန်မတော့ ခွင့်လွတ်ကြဖို့သာ တိုက်တွန်းရမှာပဲ၊ ကဲလေ..လက်တွေ့ ပြတဲ့အနေနဲ့ အက်ဂါဆီ သွားပြီး အက်ဂါနဲ့ ပြန်သင့်မြတ်အောင် လုပ်မှပဲ။ သွားမယ် နယ်လီ၊ ကျွန်မဟာ သူတော်ကောင်းမကလေးပါနော်”
ကက်သရင်းသည် ကိုယ့်စကားနှင့်ကိုယ် အကျေနပ်ကြီး ကျေနပ်ကာ နေရာမှ ထသွားပါလေတော့သည်။ သူ့ အဆုံးအဖြတ်သည် အောင်မြင်မှု ရရှိကြောင်း နောက်တနေ့မနက်တွင် အထင်အရှား တွေ့ရပါလေတော့သည်။ မစ္စတာလင်တန်သည် စိတ်ပြေသွားသည့်အပြင် ထိုနေ့မွန်းလွဲပိုင်းက ကက်သရင်းနှင့်အတူ သူညီမ အစ္စယ်လာ လေထန်ကုန်းသို့ လိုက်သွားသည်ကိုပင် မကန့်ကွက်တော့ပါ။ ဤသို့ဖြင့် ကက်သရင်း၏ လင်သားအပေါ် အချစ်ပို၊ စိတ်ထားချိုလာသည်နှင့် အမျှ ကျွန်မတို့ တအိမ်လုံးမှာလည်း သုခဘုံအဖြစ် ပြောင်းလဲ လာပါတော့သည်။ အိမ်တွင်းရှိ သခင်ရော တပည့်များအဖို့ပါ နေခြည် လင်းလက်လာသည်ဟု ဆိုရပါမည်။
ကျွန်မအဖို့ နောက်ပိုင်းတွင် မစ္စတာ ဟိကလစ်ဟု ခေါ်ဝေါ်သုံးနှုန်းမည့် ဟိကလစ်ကလည်း သူ လာရောက်လည်ပတ်သည့်အတွက် အိမ်ရှင်ဖြစ်သူ မစ္စတာလင်တန် မည်သို့ သဘောထားမည်ကို သတိကြီးစွာ ထား၍ သရက်ကရော့ အိမ်ကြီးသို့ လာရောက် လည်ပတ်လေ့ ရှိပါသည်။ ကက်သရင်း ကိုယ်တိုင်ကလည်း ဟိကလစ် လာရောက် လည်ပတ်သည့် အတွက် ပျော်ရွှင်ကြည်နူးသည့်တိုင်အောင် သတိကြီးကြီးထား၍ ဆက်ဆံခဲ့ပါလေသည်။ ဟိကလစ်အဖို့ကား ထိုက်တန်သော ဆက်ဆံမှု အခွင့်အရေးများ ရရှိလာပါတော့သည်။ ကျွန်မတို့သခင် ကိုယ်တိုင်ကလည်း ဟိကလစ် ရောက်လာခြင်းကို စိတ်မသက်မသာ ဖြစ်ရာမှ တဖြည်းဖြည်း အထိုက်အလျောက် ဖြစ်လာပါ၏။
သို့သော်လည်း မစ္စတာ လင်တန်အဖို့ စိတ်အနှောင့်အယှက် ဖြစ်စရာ တခုသည် မးပျာ်လင့်ပဲ ပေါ်ပေါက်လာရပြန်ပါလေသည်။ ထိုအဖြစ်ကား အစ္စဗယ်လာ လင်တန်ကိုယ်တိုင်က ဟိကလစ်အပေါ်သို့ တိမ်းညွှတ်လာခြင်း ဖြစ်သည်။ ယခုအချိန်၌ အစ္စဗယ်လာမှာ ပျိုမြစ်နုနယ် ချစ်စဖွယ် ဆယ့်ရှစ်နှစ် အရွယ်သို့ ရောက်လာပြီ ဖြစ်သည်။ သွက်လက်ချက်ချာပြီး ခံစားတတ်လွယ်သော်လည်း သူ့အမူအရာကား ကလေးငယ်၏ အမူအရာကို ဆောင်နေလေသည်။ အက်ဂါသည် အစ္စဗယ်လာကို အလွန် ချစ်မြတ်နိုးသည့်တိုင်အောင် ယခုကိစ္စတွင်ကား မခံမရပ်နိုင်အောင် ဖြစ်လာရလေတော့သည်။ ဟိကလစ်သည် အညတရတဦး ဖြစ်သည်ဟူသော အချက်ကိုထားဦး၊ ဟိကလစ်လို လူတယောက်အား လင်တန်မိသားစု၏ အမွေဆက်ခံသူတယောက် ဖြစ်လာရမည်ကို သူပို၍ မလိုလားပုံ ရလေသည်။ ထို့ကြောင့်လည်း သူ့အဖို့ ဟိကလစ်နှင့် ပတ်သက်၍ ဒေါသူပုန် ထလာ ရလေတော့သည်။ သူ၏ ပြင်ပဆက်ဆံရေး မည်သို့ရှိစေ ဟိကလစ်အပေါ် ထားရှိသော အတွင်းစိတ်ကား ပြောင်းလဲမှု မရှိကြောင်း ထင်ရှားလာ ပါလေသည်။ သူ့ ညီမဘက်က မည်သို့ရှိစေ ဤကိစ္စနှင့်ပတ်သက်၍ ဟိကလစ် အပေါ်သို့ လုံးလုံးလျားလျား အပြစ် ပုံချထားလိုက်ဟန် ရှိလေသည်။
အစ္စဗယ်လာ အဖို့တော့လည်း ရတက်မအေး ပူဆွေးနေဟန် ရှိလေသည်။ သည့်အတွက် မခံမရပ်နိုင် ဖြစ်လာတိုင်း ကက်သရင်းကို ရန်ရာ လာတတ်သည်။ ကျွန်မတို့မှာ သူ့ကို ခွင့်လွှတ်ထားကြပါလေ၏။ သို့သော် တနေ့တွင် သူသည် ကျွန်မတို့ အစေခံအားလုံးကို အပြစ်ရှာပြီး မနက်စာကိုပင် မစားပဲ အပြင်သို့ ထွက်သွားပါလေ၏။ ထိုအချိန်၌ ကက်သရင်း ကိုယ်တိုင်ကလည်း အစ္စဗယ်လာကို ဟိကလစ်နှင့် ပတ်သက်၍ တားမြစ်စ ပြုလာပြီ ဖြစ်၏။ အက်ဂါကမူ သူ့ညီမကို လျစ်လျူရှု ထားဟန် ရှိလေသည်။ ထိုနေ့က အစ္စဗယ်လာ အအေးမိလာပါသည်။
ထိုအခါ ကက်သရင်းက အစ္စဗယ်လာအား အိပ်ရာဝင်ဖို့နှင့် အိပ်ရာမဝင်ပါက ဆရာဝန် ခေါ်မည်ဖြစ်ကြောင်း ပြောသည်တွင် အစ္စဗယ်လာသည် ကျန်းမာကြောင်း၊ ယခုကိစ္စမှာ ကက်သရင်း အနိုင်ကျင့်ခြင်း ဖြစ်ကြောင်း တုံ့ပြန်ပြောပါလေတော့သည်။
ဤသို့ အနိုင်ကျင့်သည် ဟူသော စကားကို အသုံးခံလိုက်ရသဖြင့် သခင်မသည်လည်း တအံ့တသြဖြစ်ကာ အော်ပြောလိုက်ပါလေသည်။
“ကိုယ် အနိုင်ကျင့်တယ်လို့ မင်း ဘာကြောင့် ပြောနိုင်ရတာလဲ ကလေးရယ်၊ မင်းမှာ အဆင်ခြင်တရားမှ ရှိသေးရဲ့လား၊ မမ မင်းကို ဘယ်တုန်းကများ အနိုင်ကျင့်ဖူးလို့လဲ၊ ပြောစမ်းပါ”
“မနေ့ကရော၊ အခုရောပဲ”
အစ္စဗယ်လာက ငိုရှိုက်ယင်း တုံ့ပြန်ပါသည်။
“မနေ့က ဟုတ်လား၊ ဘယ်ကိစ္စမှာလဲ”
“ဟုတ်တယ်လေ၊ မနေ့က ကျွန်မတို့ ကွင်းထဲမှာ လမ်းလျှောက်နေတုန်း မမက ဟိကလစ်နဲ့ လမ်းလျှောက်နေရာကနေ ကျွန်မကို တခြားသွားပြီး လမ်းလျှောက်နေဖို့ ပြောတာလေ”
“အိုး၊ ဒါကို ညီမလေးက အနိုင်ကျင့်တယ်လို့ မှတ်ထားတာကိုး၊ မမက ညီမလေး မမတို့နား ရှိတာ မရှိတာ ဂရုမထားပါဘူး၊ ဟိကလစ် စကားတွေကို ညီမလေး စိတ်မဝင်စားဘူးထင်လို့ ပြောမိဘာပါဟယ်”
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မမက ကျွန်မ မမတို့အနား နေချင်မှန်းသိလို့ ကပ်မနေအောင် လုပ်တာပဲဟာ” ဟု ပြောယင်း ငိုပါလေတော့သည်။
“ရူးများနေရော့လား အစ္စဗယ်လာရယ်၊ ကိုယ်တို့ ဘာပြောတယ်ဆိုတာ ခု ကိုယ် ပြန်ပြောရမလား၊ ဒီထဲမှာ ညီမအဖို့ သဘောကျစရာများ ဘာပါသလဲ၊ ပြောစမ်းပါ”
“မဟုတ်ဘူး၊ မမတို့ ဘာပြောတာ မပြောတာကို ကျွန်မ စိတ်မဝင်စားပါဘူး၊ ကျွန်မ” စကားထစ်နေပြန်သဖြင့်---
“အင်း၊ ဆိုစမ်းပါဦး”
“ကျွန်မ သူနဲ့အတူ နေချင်တာ၊ ကျွန်မကို သူ့နားက မောင်းထုတ်တာကို ကျွန်မ မကြိုက်ဘူး၊ တကယ်တော့ ရှင်ဟာ အစာခွက်နားကခွေးပဲ ကေသီ၊ ရှင်သာ အချစ်ခံချင်တယ်၊ တခြားလူကိုတော့ အချစ် မခံစေချင်ဘူ။ မဟုတ်လား”
“ရူးလှချေကလား ဟင်၊ ကိုယ်ဖြင့် မင်းအဖြစ်ကို ယုံတောင် မယုံချင်ဘူး၊ မင်း ဟိကလစ်ကို အထင်ကြီးနေသလား၊ ဟိကလစ်ကို ချစ်စရာ လူတယောက်လို့များ မြင်နေသလား၊ ကိုယ် မင့်ကို နားမလည်ပါကလားကွယ်'
“ဘာ နားမလည်စရာ ရှိသလဲ၊ ရှင်ကျွန်မ အစ်ကိုကို ချစ်တာထက် ကျွန်မ သူ့ကိုချစ်တယ်၊ ရှင်ကသာ သူ့ကို လွှမ်းမိုးမထားယင် ကျွန်မကို ချစ်မှာပဲ”
အစ္စဗယ်လာသည် စိတ်လွတ်လက်လွတ် ပြောချလိုက် လေတော့သည်။
“ကိုယ် ဒီကိစ္စမှာတော့ မင်းကို မလိုက်လျောနိုင်ဘူး”
ကက်သရင်းသည် အလေးအနက် ပြောလိုက်ပြီးနောက် သဘောရိုးဖြင့် ဆက်ပြောပြန်ပါလေသည်။
“နယ်လီရယ်၊ သူ ဘယ်လောက် အရူးထနေတယ် ဆိုတာ သဘောပေါက်အောင် ကျွန်မကို ကူစမ်းပါဦး ရှင်၊ ပြောပြလိုက်စမ်းပါ နယ်လီရယ်၊ ဟိကလစ်ဆိုဘာ ဆုံးမပြုပြင်လို့မရတဲ့ လူတယောက်ဖြစ်ကြောင်း၊ တကယ့် ဖုန်းဆိုးတောလို လူမျိုးဖြစ်ကြောင်း ပြောပြလိုက်စမ်းပါ၊ မမိုက်စမ်းပါနဲ့ ညီမရယ်၊ ဒီလူဟာ သွေးလို့ရတဲ့ စိန်ရိုင်းမျိုး မဟုတ်ဘူးကွယ့်၊ တကယ့် အရိုင်းအစိုင်းလို လူမျိုးပါ၊ ရက်စက်တတ်တဲ့ အကြင်နာကင်းတဲ့၊ မိုက်မဲယုတ်မာတတ်တဲ့ လူစားမျိုးပါ၊ တချိန်ကျ မင်းဟာ သူ့အဖို့ ဒုက္ခပေးမယ့်လူစားမျိုးလို့ မြင်လာတာနဲ့ မင်းကို စိစိညက်ညက် ချေပစ်မယ့် လူမျိုးပါ အစ္စဗယ်လာရယ်၊ သူဟာ လင်တန် အမျိုးအနွယ်ဆိုယင် ဘယ်လင်တန်ဆက်ကိုမှ မချစ်နိုင်ဘူးဆိုတာ သိပါတယ်။ ညီမကို လက်ထပ်တယ်ဆိုဦးတော့ အကျိုးစီးပွား မျော်လင့်ချက်နဲ့သာ လက်ထပ်မှာမျိုးပါကွယ်၊ ဒီလူဟာ လောဘရမ္မက် ကြီးမားတာနဲ့အမျှ ပြစ်မှုကလဲ ကြီးမားနေတာပါ၊ ကိုယ် သူ့အကြောင်းကို သိတာပေါ့၊ သူဟာ ကိုယ့်သူငယ်ချင်းပဲ၊ သူ မင်းကို အမိဖမ်းမှာပဲ၊ ကိုယ့်ကို နှုတ်ပိတ်ပြီး မင်းကို ထောင်ချောက်ထဲ သွင်းမှာပဲ”
အစ္စဗယ်လာသည် ကက်သရင်း စကားကြောင့် ပို၍ ဒေါသဖြစ်လာ လေတော့သည်။
“ရှင်ဟာ အတော် ရှက်ဖို့ကောင်းတာပဲ၊ ရှင်ဟာ ရန်သူတွေထက်တောင် ဆိုးနေပါကလား”
“ဘာလဲ၊ မင်း ကိုယ့်ကို မယုံဘူးပေါ့၊ ကိုယ်က မင်းကို ယုတ်မာတဲ့ စိတ်ထားနဲ့ ပြောနေတယ်လို့ ထင်တယ်ပေါ့”
“သိပ် သေချာတာပေါ့၊ ကျွန်မ ရှင့်ကို ရွံလဲရွံတယ်၊ မုန်းလဲမုန်းတယ်”
“ကောင်းပြီလေ၊ ဒါဖြင့်လဲ မင်း စမ်းကြည့်သေးတာပေါ့၊ ကိုယ့်ဘက်ကတော့ ဝတ္တရားကုန်ပြီဟု ဆို၍ ကက်သရင်းသည် နေရာမှ ထွက်သွားပါလေတော့သည်။ ထိုအခါ အစ္စဗယ်လာသည် ငိုရှိုက်လျက်...
“သူ တကိုယ်ကောင်းဆန်သမျှ ကျွန်မပဲ ခံရမှာပေါ့လေ၊ ကျွန်မကို အားလုံးက ဆန့်ကျင်ကြပြီ၊ ခုလဲ သူက ကျွန်မကိုပဲ အပြစ်ပြောတယ်။ သူ ပြောတာတွေ မဟုတ်ပါဘူးနော်၊ မစ္စတာဟိကလစ်ဟာ လူဆိုးတယောက် မဟုတ်ပါဘူးနော်၊ လေးစားအပ်တဲ့ လူတယောက်ပါ၊ မဟုတ်ဘူးလား ဟင်' ဟု ဆိုပြန်ပါလေသည်။ ကျွန်မမှာ မနေသာတော့ပါ။
“ကလေး အတွေးထဲက သူ့ကို ဖယ်ပစ်လိုက်စမ်းပါကွယ်၊ သူဟာ ငှက်ဆိုးတကောင်ပါ အစ္စဗယ်လာရယ်၊ ကလေးနဲ့ မထိုက်တန်ပါဘူး၊ မစ္စက်လင်တန်ဟာ ကလေးအတွက် အလေးအနက် ပြောခဲ့တာပါ၊ သူ့ စကားတွေဟာ အမှန်ချည်းပါပဲ၊ တကယ်တော့ သူ့ သူငယ်ချင်း အကြောင်းကို တို့ထက် သိပါတယ်၊ သူ့ သူငယ်ချင်းအကြောင်းကို သူမကောင်းပြောစရာ မရှိပါဘူးလေ၊ ကလေး မှတ်ထားစမ်းပါ၊ လူရိုးတွေဟာ ဘာကိုမှ ဖုံးကွယ်မထားတတ်ပါဘူးကွယ်၊ ခု ဟိကလစ်ဟာ ဘယ်လို နေထိုင် ကြီးပွားလာတာလဲ၊ သူ အလွန်မုန်းတီးတဲ့ လူတယောက် အိမ်ဖြစ်တဲ့ လေထန်ကုန်းမှာ သူ ဘာဖြစ်လို့ နေရတာလဲ၊ လူတကာကပဲ မစ္စတာအန်းရှောဟာ သူ ရောက်လာကတည်းက ပိုပိုဆိုးလာတယ်လို့ ပြောကုန်ကြပြီ၊ သူတို့ တညလုံးထိုင်ပြီး ဖဲရိုက်လိုက်ကြ၊ အရက်သောက်လိုက်ကြနဲ့တဲ့၊ မစ္စတာအန်းရောဆိုတာလဲ ဘာမှ မလုပ်ဘူး၊ ဟိကလစ်ဆီက ပိုက်ဆံတွေ့ချေး၊ ဖဲရှုံးနေတာပဲတဲ့၊ အလျင်တပတ်ကပဲ ဂျင်မာတန်မှာ ဂျိုးဆက်နဲ့တွေ့တော့တောင် ဂျိုးဆက်က ဒီအကြောင်းတွေ ပြောလိုက်သေးတယ်၊ အစ္စဗယ်လာရယ်၊ ဂျိုးဆက်ဟာ ရိုင်းချင်ရိုင်းမယ်၊ ဒါပေမယ့် မဟုတ်တာတော့ မပြောတတ်ပါဘူး၊ ခုအတိုင်းက ဟိကလစ်ဟာ ဟင်ဒလီကို ဖျက်ဆီးပြီး ဟင်ဒလီ စည်းစိမ်ကို အရယူမှာပဲ၊ ကဲ၊ ဒီတော့၊ ကလေးအနေနဲ့ ဒီလိုလူမျိုးကို လင်တော်ဖို့ စိတ်ကူးသင့်ပါ့မလားကွယ်'
“ရှင်လဲ သူတို့နဲ့ တဂိုဏ်းတည်းပဲ အယ်လင်၊ ရှင့် သားပုပ်လေလွှင့် စကားတွေကို ကျွန်မ နားမထောင်ဘူး၊ ခုအတိုင်းဆို ဒိကမ္ဘာကြီးမှာ လူတကာ မစ္ဆေရစိတ် မွေးနေယင် ဘယ်မှာ ပျော်စရာ ကောင်းဦးမှာလဲ”
ကျွန်မ ဘာမျှ နှုတ်တုံ့ မပြန်တော့ပါ။ သူ့ဘာသာသူ တွေးနေပါစေတော့ဟု သဘောထားလိုက်ပါသည်။ နောက်တနေ့တွင် မစ္စတာအက်ဂါသည် အစည်းအဝေးတခုကို တက်ရောက်ရန် မြို့သို့ ထွက်သွားပါသည်။ ဟိကလစ်သည် အက်ဂါမရှိသည်ကို သိထားသဖြင့် ခါတိုင်း ရောက်နေကျထက် စောပြီး ရောက်လာပါသည်။ ကက်သရင်းနှင့် အစ္စဗယ်လာတို့မှာ စာကြည့်ခန်းထဲတွင် ဘာမျှမပြောကြပဲ တဦးကို တဦး မကျေမချမ်းသော အသွင်ဖြင့် ထိုင်နေကြသည်။ အစ္စဗယ်လာသည် သူ့စိတ်ထဲ ရှိသမျှကို ပြောခဲ့မိသည့်အတွက် ချောက်ချားနေဟန် ရှိလေ၏။ ကက်သရင်းကမူ ခပ်တည်တည်ငြိမ်ငြိမ် ဖြစ်နေပါသည်။ ထိုအခိုက်မှာပင် ကက်သရင်းသည် ပြတင်းပေါက်မှ နေ၍ ဟိကလစ်ကို မြင်လိုက်သဖြင့် ရယ်လိုက်ပါသည်။ ထိုအချိန်က ကျွန်မသည် မီးလင်းဖိုကို လှည်းကျင်း သန့်စင်နေယင်း ကက်သရင်း နှုတ်ခမ်းဖျားက ခပ်မဲ့မဲ့ အပြုံးကို သတိပြုလိုက်မိပါ၏။
ဟိကလစ် ဝင်လာသည်နှင့် ကက်သရင်းသည် မီးဖိုနားသို့ ကုလားထိုင်ကို ဆွဲယူလိုက်ယင်း..
“အဆင်သင့်ပါပဲ၊ လာပါ၊ လာပါ၊ ကျွန်မတို့နှစ်ယောက် စကားစပ်မိတုန်း ရှင်ရောက်လာတာ အတော်ပဲ၊ ဟိကလစ်ရေ၊ ရှင်နဲ့ ပတ်သက်လို့ ပြောစရာကလေးက ရှိနေလေရဲ့၊ နယ်လီကို ကြည့်စရာ မလိုပါဘူးရှင်၊ ဒီကိစ္စက နယ်လီနဲ့ မဆိုင်ပါဘူး ကျွန်မရဲ့ ဟောဒီ ညီမလေးက ရှင့်အတွက် ခံစားနေရသတဲ့ ရှင်ရဲ့ ၊ နေဦးလေ အစ္စဗယ်လာရဲ့ ဟု ပြုံးကာ ရယ်ကာ ပြောနေစဉ်မှာပင် အစ္စဗယ်လာက ထပြေးမည် လုပ်သဖြင့် လှမ်းဆွဲလိုက်ပြီး “ဒီမှာ ဟိကလစ်ရဲ့၊ ကျွန်မတို့ ညီမနှစ်ယောက် ရှင့်ကိစ္စနဲ့ စကားများနေကြတာရှင့်၊ ရှင့်ကို ချီးမွမ်းခန်းဖွင့်တာကို ကျွန်မက ကန့်ကွက်လို့ ကျွန်မကို မကျေမနပ် ဖြစ်နေသတဲ့လေ”
အစ္စဗယ်လာသည် ဖမ်းဆွဲထားခြင်း ခံထားရသော သူ့လက်ကို ဖယ်လျက် အပေါ်စီး လေသံဖြင့်..
“ဒီမယ် ကက်သရင်းရဲ့၊ ရှင် အခုလို အမှန်အတိုင်း ပြောဖော်ရလို့ ကျွန်မက ကျေးဇူးတပ်ပါသတဲ့ရှင်၊ မစ္စတာဟိကလပ်ရှင့်၊ ရှင့်သူငယ်ချင်းကိုလဲ ကျွန်မကို လွှတ်ပေးဖို့ ပြောပါဦး၊ ရှင့်သူငယ်ချင်းက ကျွန်မနဲ့ရှင် ရင်းရင်းနှီးနှီးကြီး မဟုတ်ကြသေးဘူး ဆိုတာတော့ မေ့သွားတယ်ရှင့်' ဟု ပြောလိုက်ပြန်ပါသည်။
ဟိကလစ်သည် ဘာမျှမပြောပဲ ကုလားထိုင်ကို ဆွဲထိုင်လိုက်ပါသည်။ အစ္စဗယ်လာကို စိုက်ကြည့်ပြီး ဘာမျှ ထူးခြားခြင်း မရှိသလို ငြိမ်နေပါသည်။ အစ္စဗယ်လာကမူ သူ့လက်ကို ကိုင်ချုပ်ထားသော ကက်သရင်းအား သူ့ကို လွှတ်ပေးရန် တောင်းပန်နေလေသည်။
“နေစမ်းပါဦး၊ ကိုယ်ဟာ စားခွက်ရှေ့က ခွေးလို့ အပြောမခံချင်ဘူး၊ မင်း နေဦး၊ ဒီမယ် ဟိကလစ်ရဲ့၊ ရှင် ကျွန်မဆီက ဒီသတင်းကြားရတော့ ကျေနပ်မသွားဘူးလား၊ ကျွန်မ အပေါ်ထားတဲ့ အက်ဂါ အချစ်ဟာ တကယ်တော့ ရှင့်အပေါ် သူထားတဲ့ အချစ်နဲ့ ယှဉ်ယင် ဘာမှ မဟုတ်ဘူးတဲ့၊ အဲဒီအကြောင်းကလေးတွေ ပြောစမ်းပါဦးလေ၊ မဟုတ်ဘူးလား အယ်လင်၊ ဟိုနေ့က ကျွန်မတို့ လမ်းလျှောက်ကြပြီးကတည်းက ကျွန်မက ရှင်နဲ့ မပတ်သက်ဖို့ ပြောမိတာနဲ့ စိတ်မကောင်း ဖြစ်နေသတဲ့လေ”
သည်တော့မှပင် ဟိကလစ်သည် သူတို့ နှစ်ယောက်ဘက် မျက်နှာမူလိုက်ပြီး….
“မင်း သူ့ကို အထင်မှားနေတာပဲ ကက်သရင်း၊ သူကိုယ်တိုင်ကလဲ ကိုယ်နဲ့ မပတ်သက်ချင်ပါဘူး” ဟု ပြောလိုက်ပါသည်။
ထိုစကားကြောင့် အစ္စဗယ်လာသည် စိတ်တုန်လှုပ် ချောက်ချားသွား ရှိလေသည်။ မျက်ရည်စသည် မျက်လုံးတွင် နှစ်ဝဲလာလေပြီ။ အစ္စဗယ်လာသည် ကက်သရင်းလက်မှ သူ့လက်ကို ရုန်းထွက်ပြေးပြန်သည်။ မရသည့်အဆုံး၌ သူ့လက်သည်းနှင့် ကုတ်ခြစ်လိုက်လေတော့သည်။
“ဟဲ့ ကျားမကလေး”
ကက်သရင်းသည် ပြောပြောဆိုဆို သူဆုပ်ကိုင်ထားသော အစ္စဗယ်လာ့ လက်ကို လွှတ်လိုက်ပြီး အနာတရ ဖြစ်သွားသော လက်ကို ခါယမ်းယင်း …
“သွားဟယ်၊ တွေ့လား ဟိကလစ်၊ သူ့လက်သည်းတွေ ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုသာ တွေ့တယ် မဟုတ်လား၊ ရှင့်မျက်လုံး တွေ သတိထားနော်' ဟု ပြောလိုက်ပါသည်။
“ကိုယ့်ကိုသာ ဒီလက်သည်းတွေနဲ့ ခြောက်လာယင်တော့လား၊ အဲဒီလက်သည်းတွေကို နုတ်အပစ်ပဲ”
အစ္စဗယ်လာ အခန်းတံခါသည်နှင့် ဟိကလစ်က ဒေါနှင့် မောနှင့် ပြောလိုက်ပါသည်။
“ဒါပေမယ့် မင်းက သူ့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာလို့ သွားစရတာလဲ ကေသီ အမှန်ဆို မပြောပဲ နေဖို့ ကောင်းတာပေါ့”
“ဟုတ်ပါတယ်၊ ကျွန်မလဲ မပြောချင်ပါဘူး၊ ဒါပေမယ့် သူတို့က ဣန္ဒြေ မဆောင်နိုင်ဘူး၊ လွန်ခဲ့တဲ့ ရက်တွေကတည်းက မူပျက်နေတာ ဒီမနက်ဆိုလဲ ရှင့်အတွက်နဲ့ သူ့မှာ ရပ်တည်ရာမရဘူး၊ ကျွန်မ ဖျောင်းဖျပါတယ်၊ ဘယ်လို ဖျောင်းဖျဖျောင်းဖျ မရဘူး၊ ဒါကြောင့်လဲ ကျွန်မ သူ့ရှေ့မှာ တမင် ပြောချလိုက်တာပဲ၊ ကျွန်မ သူ့ စိတ်ဒုက္ခ မရောက်စေချင်ဘူး မစ္စတာ ဟိကလစ်ရယ်၊ ရှင့်ဘက်ကလဲ ရှင် စဉ်းစားပေါ့”
“ကိုယ့်အနေနဲ့ကလဲ ရိုးရိုးတန်းတန်းအနေနဲ့ သူ့ကိစ္စကို မစဉ်းစားချင်ဘူး။ ကိုယ် လင်တန် အမျိုးအနွယ်မှန်သမျှကို မုန်းတယ်”
“သူလေးကတော့ ချစ်စရာလေးပါ”
အတန်ကြာ တိတ်ဆိတ်နေပြီးမှ –
“နေပါဦး၊ သူက သူ့အစ်ကို အမွေကို ဆက်ခံမှာပဲ မဟုတ်လား' ဟု မေးလာပြန်ပါသည်။
“ရှင် ဒါကို တွေးတာတော့ ကျွန်မ စိတ်မကောင်းဘူး၊ ဒီအမွှေဆက်ခံရေးမှာ သူ့ တူကလေးတွေ ပေါ်ပေါက်လာဦးမယ် ဆိုတာလဲ ရှင် စဉ်းစားမှပေါ့၊ ကဲပါရှင်၊ ဒါကို ပြောမနေပါနဲ့တော့၊ ရှင်ကလဲ ပစ္စည်းဥစ္စာစကားပဲ ပြောချင်နေတာပဲ၊ တကယ်တော့ ဒီပစ္စည်းတွေကို ကျွန်မလဲ ဆိုင်တယ်ဆိုတာရှင် သတိပြုမိဖို့ ကောင်းပါတယ်”
“ဟုတ်ပါတယ်လေ၊ ဒါတွေ ထားလိုက်ပါတော့”
ထိုအကြောင်း စကားစပြတ်သွားသည်ကား မှန်ပါ၏။ သို့သော် ကျွန်မသည် ဟိကလစ်၏ အပြုံးကို ကြည့်ပြီး ဟိကလစ် စိတ်ရင်းကို ခန့်မှန်းကြည့်လိုက်မိပါလေ၏။
မစ္စက်လင်တန် ထိုနေရာမှ ထွက်သွားပြီး နောက်ပိုင်းတွင် ကျွန်မသည် ဟိကလစ်၏ အခြေအနေကို စောင့်ကြည့်နေမိပါသေး၏။ ထိုအခါ ကျွန်မ သခင်နှင့် သခင်မ အကြောင်းကိုလည်း တွေးမိပါသည်။ သူတို့ နှစ်ဦးစလုံးက လူရိုးလူကောင်း၊ ကြင်နာထောက်ထားသူများဟု ကျွန်မ လက်ခံထားပြီး ဖြစ်ပါသည်။ သို့ဖြစ်ရာ ဟိကလစ်၏ တချိန်သောအခါ လွှမ်းမိုးလာမည့် အခြေအနေကို စိုးရိမ်ပူပန်စ ဖြစ်လာသည်။ လေထန်ကုန်း အိမ်ကြီးရော သရုတ်ကရော့ အိမ်ကြီးပါ သူ့လက်မှ လွတ်စေချင်ပါသည်။ ကျွန်မတို့သည် ရှေးကအတိုင်း မူမပျက် နေထိုင်သွားချင်ကြပါ၏။ သို့သော်လည်း ဟိုကလစ် လာရောက် လည်ပတ်ခြင်းသည် ကျွန်မအဖို့ကား စိတ်ချောက်ချားစရာလို ဖြစ်လာပါသည်။ လေထန်ကုန်း အိမ်ကြီး၌ သူ နေထိုင်သည်ကိုလည်း ဒုက္ခတခုခု တွေ့တော့မလို ထင်လာပါသည်။
ယခုကား လွတ်လပ် အေးဆေးစွာ သွားလာ လှုပ်ရှားနေသော သိုးအုပ်ကြားသို့ အန္တရာယ်ကောင်သည် ရောက်လာလေပြီ။ ထိုအန္တရာယ်ကောင်က သိုးကလေးများအပေါ်သို့ ခုန်အုပ်လိုက်မည့် အချိန်ကိုသာ ဘုရားတယင်း စောင့်ကြည့်နေရပါလေတော့သည်။
အခန်း [ ၁၁ ]
ကျွန်မသည် ထိုအကြောင်းတွေကို တွေးမိတိုင်း ချောက်ချောက်ချားချား ဖြစ်ကာ ဆောက်တည်ရာမရ ဖြစ်နေရပါလေတော့သည်။ လေထန်ကုန်းအိမ်ကြီးသို့ သွား၍ပဲ သတိပေးစကား ပြောရကောင်းနိုးနိုး ဖြစ်တတ်ပါလေသည်။ သွားပြော၍လည်း အကျိုးထူးမည် မထင်မြင်သောအခါ လေထန်ကုန်းအိမ်ကြီးကို သွားဖို့ နောက်တွန့်ရပြန်ပါလေတော့သည်။
တခါတွင် ကျွန်မသည် ဂျင်မာတန်ဘက်သို့ လာခဲ့ပါသည်။ ထိုနေ့ မွန်းလွဲက ဆီးနှင်းတွေ ကျနေပါ၏။ မြေပြင်မှာ ဘာပင်မျှ မရှိပေ။ ကျွန်မသည် လမ်းဆုံသို့ ရောက်သော် လမ်းညွှန် အမှတ်အသား ကျောက်တုံးကို ကျွန်မ သတိပြုလိုက်မိပါ၏။ ထိုကျောက်တုံးသည် မြောက်ဘက်၌ လေထန်ကုန်း တည်ရှိကြောင်း အက္ခရာ အတိုကောက်ကို ရေးထားပါ၏။ အရှေ့ဘက်ကား ဂျင်မာထန်ကို ညွှန်ပြနေပါသည်။ အနောက်တောင်ဘက်ကား သရုတ်ကရော့ အိမ်ကြီးဆီသို့ ညွှန်ပြနေလေ၏။ ထိုလမ်းညွှန်ကျောက်တုံးမှာ အိမ်ကြီးနှစ်အိမ်နှင့် ဂျင်မာတန် ရွာကို လမ်းညွှန်ပြနေသော ကျောက်တုံး ဖြစ်ပါသည်။ ကျွန်မသည် လမ်းညွှန်ကျောက်တုံးကို ကြည့်ယင်း ငယ်စဉ်က အဖြစ်တွေကို သတိရလာပါလေသည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်က ကျွန်မနှင့် ဟင်ဒလီတို့သည် ဤနေရာသို့ ရောက်လာမြဲ ဖြစ်ပါသည်။ ကျွန်မသည် ရာသီဥတု ဒဏ်ကို ခံရလှပြီဖြစ်သော ကျောက်တုံးကြီးကို စိုက်ကြည့်နေရာမှ ထိုကျောက်တုံးခြေမှ တွင်းကို သတိပြုလိုက်မိပါ၏။ တွင်းမှာ ငယ်စဉ်က ကျွန်မတို့ စုဆောင်းဖြည့်ထားခဲ့သော ခရုခွံများ၊ ကျောက်စရစ်ခဲ့ကလေးများနှင့် ပြည့်နေဆဲ ဖြစ်ပါသည်။ ကျွန်မသည် ဟိုစဉ်က မြက်ခင်း ညှိုးညှိုးကလေးပေါ်မှာ ထိုင်နေသည့် ကျွန်မ၏ ကစားဖော် ကလေးကို မြင်ယောင်လာပါသည်။ သူ ခေါင်းငိုက်စိုက်ချပြီး မြေကြီးကို ရေးခြစ်နေတတ်သည့် အဖြစ်သည် အာရုံတွင် ထင်လာပါလေ၏။ “သနားစရာ့ ဟင်ဒလီပါလားကွယ်" ကျွန်မ နှုတ်ဖျားမှ အလိုလို ထွက်သွားပါလေ၏။ ကလေးငယ်သည် ကျွန်မကို စူးစိုက်နေသမယခင် ကျွန်မ၏အမြင်တွင် ပေါ်လာပြန်ပါ၏။ ထိုရုပ်သွင်သည် ချက်ချင်း ပျောက်ကွယ် သွားပြန်ပါလေတော့သည်။ ကျွန်မ၏ အယူသည်းစိတ်သည် ကျွန်မကို လွှမ်းမိုးလာပါလေပြီး သူ သေရတော့မည်။ မကြာမီပဲ သေရတော့မည်၊ ဤသည်ကား သူသေတော့မည့် အတိတ်နိမိတ်ပဲလား ထင်လာပါ၏။
ကျွန်မသည် တဖြည်းဖြည်းနှင့် လေထန်ကုန်းဘက်သို့ နီးလာပါသည်။ ထိုသို့ နီးလာလေလေ ကျွန်မ၏ အယူသည်းစိတ်ကလည်း ကြီးထွားလာလေလေ ဖြစ်ပါသည်။ ကျွန်မသည် တစုံတရာကို ရုတ်တရက် မြင်လိုက်ရသဖြင့် တကိုယ်လုံး တုန်သွားပါလေတော့သည်။ ထိုအရာသည် တံခါး တဘက်မှ ကျွန်မကို ကြည့်နေဟန် ရှိပါသည်။ သူ့ကို စိုက်ကြည့်ယင်း သူကလေးမှာ ကျွန်မ၏ ဟယ်ယာတန်ကလေးပဲဟု ကျွန်မ သတိပြုလိုက်ပါသည်။ ကျွန်မ သူနှင့် ခွဲလာသည်မှာ ကြာမြင့်ပြီ ဖြစ်သော်လည်း သူ့ရုပ်သွင်မှာ ကြီးကြီးကျယ်ကျယ် မပြောင်းလဲလှပါ။
ကျွန်မသည် စောစောက ထိတ်ထိတ် လန့်လန့် ဖြစ်သွားသည်ကို ချက်ချင်းမေ့သွားကာ ...
"ဘုရား မ ပေတာပဲ ကလေးရယ်၊ ဟယ်ယာတန်ရယ်၊ နယ်လီလေ...... မင်းကိုထိန်းခဲ့တဲ့ နယ်လီလေ” ဟု အော်ပြောလိုက်မိပါသည်။
ကျွန်မက လက်လှမ်းလိုက်သောအခါ သူက နောက်ဆုတ်သွားပြီး ကျောက်တုံးတလုံးကို ကောက်ကိုင်လိုက်ပါသည်။
‘ငါ မင်းအဖေကို တွေ့ရအောင် လာခဲ့တာပါ ... ဟယ်ယာတန်ရယ်”
ကျွန်မက သူမှတ်မိလိမ့်မည်အထင်နှင့် ပြောလိုက်ပါ၏။
သူက လက်ထဲက ကျောက်ခဲဖြင့် ကျွန်မကို လှမ်းပေါက်လိုက်ပါသည်။ နှုတ်ဖျားကလည်း သူကိုယ်တိုင် နားမလည်သော ရုန့်ရင်း ကြမ်းတမ်းသည့် စကားတွေကို ရေရွတ်နေပါလေ၏။ ကျွန်မမှာ စိတ်ဆိုးမည်ထက် စိတ်ဆင်းရဲခြင်းကြီးစွာ ဖြစ်ရပါလေတော့သည်။ ကျွန်မလည်း အိတ်ထဲမှ လိမ္မော်သီးတလုံးကို ထုတ်ပြီး သူ စိတ်ပြေသွားစေရန် သဘောဖြင့် လှမ်းပေးလိုက်ပါသည်။ သူက ကျွန်မလက်က လိမ္မော်သီးကို ဆတ်ကနဲ လှမ်းယူလိုက်ပါသည်။ ထို့နောက် ကျွန်မသည် လိမ္မော်သီး နောက်တလုံး ထုတ်၍ သူ လက်လှမ်းမမီအောင် ပြယင်း …
“ခုနက စကားတွေ ဘယ်သူ သင်ပေးတာလဲ ကလေးရယ်၊ မင်းဆရာကများ သင်ပေးသလား”
“ဘယ်ဆရာမှ မရှိဘူး၊ ကဲပါ ပေးပါ”
“ဒါဖြင့် အဲဒီစကားတွေ မင်း ဘယ်က သင်ထားတာလဲ၊ မင်းဆရာက ဘယ်သူလဲ”
“ကျွန်တော့် ဖေဖေပေါ့ဗျ”
“မင့်အဖေဆီမှာမင်း ဘာတွေသင်ရသလဲ”
ကျွန်မ စကားဆက်စဉ်မှာပင် သူက ကျွန်မလက်ထဲမှ လိမ္မော်သီးကို လှမ်းလုပါသည်။ ကျွန်မက သူ လက်လှမ်းမမီအောင် မြှင့်ထားလိုက်ပါသည်။
“သူက ဘာတွေ ဆင်ပေးသလဲ”
“ဖေဖေက ဘာမှ မသင်ဘူးဗျ၊ အဖေ့ကို ကျွန်တော်က ကျိန်စာ တိုက်ရုံပဲ တိုက်တာ”
“ဘယ်လိုကွဲ ၊ မင်းအဖေကို မင်းက ကျိန်စာတိုက်တယ်၊ ဟုတ်လား အဲဒီကျိန်စာကို ဘယ်သူ သင်ပေးတာလဲ'
ကျွန်မ သူ့ကို မေးယင်း သူ့ကို အကဲခတ်ကြည့်နေလိုက်ပါသည်။
“ဟိကလစ်”
ကျွန်မ သူ့အား ဟိကလစ်ကို သဘောကျ မကျ မေးလိုက်ပါသည်။
“အင်း”
“ဒါဖြင့် မင်းအတွက် ခန့်ထားတဲ့ ဆရာက အရေး အဖတ်ကလေးတောင် မသင်ဘူးလားကွယ်”
“မသင်ပါဘူး၊ ဟိကလပ်ကလဲ မသင်ရဘူးတဲ့”
ကျွန်မသည် လိမ္မော်သီးကို သူ့အား လှမ်းပေးပြီး သူ့အဖေအား နယ်လီဒင်းဟု ခေါ်သော မိန်းမတယောက်က စကားပြောလို၍ တံခါးမှာ စောင့်နေကြောင်း သွားပြောစေပါသည်။ ဟယ်ယာတန်သည် အိမ်တံခါးတူရူသို့ လျှောက်သွားပြီး အိမ်ထဲသို့ ဝင်သွားပါလေ၏။ ကြာသော် အိပ်ထဲမှ ဟင်ဒလီ ထွက်မလာပဲ ဟိကလစ် ထွက်လာပါလေ၏။ ကျွန်မလည်း ဟိကလစ်ကို မြင်လိုက်ရသည်နှင့် မှင်စာတကောင်ကို တွေ့လိုက်ရသလို ထိတ်လန့်သွားပြီး ချက်ချင်းပင် နောက်ကြောင်းလှည့်၍ သုတ်ခြေတင်ခဲ့ပါလေတော့သည်။
စင်စစ် ဤကိစ္စမှာ မစ္စအဗယ်လာ၏ ကိစ္စနှင့် များစွာ မပတ်သက်ပါ။ ကျွန်မအနေနှင့် ဟိကလပ်ဩဇာ အိမ်ကြီးတွင် ပျံ့နှံ့ လာသည့် ကိစ္စကိုသာ သိနိုင်ရန် ဖြစ်ပါ၏။
နောက်တကြိမ် ဟိကလစ် ကျွန်မတို့ အိမ်သို့ ရောက်လာသော အချိန်တွင် အစ္စဗယ်လာသည် ခြံထဲ၌ ခိုများကို အစာကျွေးနေပါသည်။ အစ္စဗယ်လာတို့ သမီးယောက်မ စကားမပြောကြသည်မှာ သုံးရက် ရှိပါပြီ။ ဟိကလစ်သည် မည်သည့်အခါမျှ လေးစားသမှု မပြုသည်ကိုကျွန်မ သိပြီး ဖြစ်ပါသည်။ ဟိကလစ်က အစ္စဗယ်လာကို တွေ့သွားသည်နှင့် ကျွန်မလည်း မီးဖိုထဲမှာပင် သူတို့ မမြင်ကွယ်ရာမှာ နေလိုက်ပါသည်။ ဟိကလစ်သည် အစ္စဗယ်လာအနီးသို့ တိုးလာပြီး တခုခု ပြောလိုက်ပါ၏။ အစ္စဗယ်လာသည် စိတ်အနှောင့်အယှက် ဖြစ်သွားပုံရပါသည်။ နေရာမှ ချက်ချင်း ထွက်ပြေးမည် ပြုပါ၏။ ဟိုကလပ်က ရှေ့မှ ကာဆီးကာဆီး လုပ်ထားလိုက်ပါသည်။ မိန်းကလေးက မျက်နှာကို လွှဲလိုက်ပါသည်။ ဟိကလစ်က အစ္စဘယ်လာ ဖြေချင်ပုံ မရသော မေးခွန်းကို မေးဟန် တူပါသည်။ ထိုစဉ်မှာပင် ဟိကလစ်သည် အစ္စဗယ်လာကို ဖက်လိုက်ပါလေ၏။
ကျွန်မပါးစပ်မှ အယုတ္တအနတ္တတွေ ထွက်မိပါလေတော့၏။
“ဘယ်သူလဲ နယ်လီ”
ကျွန်မ နောက်နားမှ ကက်သရင်း အသံ ဖြစ်ပါသည်။ ကျွန်မသည် ဟိုစုံတွဲဆီ အာရုံရောက်နေသဖြင့် ကက်သရင်း ဝင်လာသည်ကို မသိလိုက်ခြင်း ဖြစ်ပါသည်။
“ညည်း မိတ်ဆွေကောင်ပေါ့၊ ဉာဏ်သမား လူဆိုးလူတေလေ၊ ဟော ငါတို့ကို မြင်သွားပြီ၊ အိပ်ထဲ ဝင်လာပြီ၊ ကြည့်စမ်းပါဦး၊ သခင်မလေးနဲ့ ချစ် ကျီစယ်နေလိုက်ကြတာ၊ ညည်းကို ပြောတော့ သူ့က အစ္စဘယ်လာကို မုန်းတယ်ဆို”
ကက်သရင်းသည် ဟိကလစ် ရင်ခွင်တွင် ရုန်းထွက်ပြီး ဥယျာဉ်ထဲသို့ ပြေးဝင်သွားသော အစ္စဗယ်လာကို မြင်လိုက်မိသည်။ ခဏအတွင်းမှာပင် ဟိကလစ်သည် တံခါးကို ဖွင့်လိုက်ပါလေသည်။ ကျွန်မ ဒေါသကို မချုပ်တည်းနိုင်ပါ။ ကက်သရင်းကမူ ဒေါသကို ဖုံးပြီး ခပ်မဆိတ် လုပ်နေပါသည်။ ထို့နောက်မှ ကျွန်မ စကားဝင်စွက်မည်ကို မလိုလားဟန်ဖြင့် ကျွန်မကို မီးဖိုထဲမှ မောင်းထုတ်လိုက်ပါသည်။
ဓကိုယ့်နေရာ ကိုယ် သွားပါလား၊ ဟိကလစ် ရှင်ကကော ဘာတွေ လာပြီး နှောက်ရပြန်တာလဲ၊ အစ္စဗယ်လာနဲ့ မပတ်သက်ဖို့ ရှင့်ကို ပြောထားတယ် မဟုတ်လား၊ ရှင် ဒီလိုချည်း ခဏခဏ လာနေယင် လင်တန်က တံခါးပိတ်ထားလိမ့်မယ်ရှင့်”
“သူ့ကို ဘုရားသခင်က တားမြစ်မှာပေါ့၊ ဘုရားသခင်က သူ့ကို စိတ်ထားနူးညံ့အောင် လုပ်ပေးထားတာပဲဟာ”
'တိတ်စမ်းပါ' ကက်သရင်းသည် ပြောပြောဆိုဆို အခန်းတံခါးကို ပိတ်လိုက်ပါလေသည်။
“ရှင် ကျွန်မကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်စမ်းပါနဲ့၊ ကျွန်မ ရှင့်ကို တောင်းပန်ထားသားနဲ့ဟာ၊ သူက ရှင့်ဆီကို တမင်လာလို့လား?
'မင်း ဘာပြောချင်တာလဲ၊ သူ သဘောတူယင် ငါ သူ့ကို နမ်းပိုင် ခွင့်ရှိတာပဲဟာ၊ ဒါကို မင်း ဘာကန့်ကွက်စရာ ရှိသလဲ၊ မင်း ကန့်ကွက်ရအောင် ငါက မင်းယောက်ျားလဲ မဟုတ်ဘူး၊ မင်း ငါ့ကို မနာလို ဖြစ်စရာ မလိုပါဘူး” ခပ်ထန်ထန် ပြောပါလေတော့သည်။
“ကျွန်မ ရှင့်ကို မနာလိုဖြစ်တာ မဟုတ်ဘူး၊ ရှင့်အတွက် စိတ်မကောင်း ဖြစ်ရတာပဲ ရှိတယ်။ ရှင် ကျွန်မကို ခုလို မျက်နှာ ရှစ်ခေါက်ချိုး ကြည့်မနေစမ်းပါနဲ့၊ ရှင် အစ္စဗယ်လာကို သဘောကျယင် ရှင် လက်ထပ်နိုင်တာပဲဟာ၊ ဒီမယ် ဟိကလစ်၊ ရှင် သူ့ကို ကြိုက်သလား၊ အမှန်ကို ပြောစမ်းပါ၊ ရှင် မဖြေနိုင်ဘူး မဟုတ်လား၊ တကယ်တော့ ရှင် သူ့ကို မကြိုက်ဘူးလို့ ကျွန်မ ရဲရဲ ပြောဝံ့ပါတယ်”
“မစ္စတာလင်တန်ကကော သူ့ညီမကို ဒီလိုလူနဲ့ လက်ထပ်ခွင့်ပြုမှာလား ကျွန်မက ကြားဝင် မေးလိုက်မိပါသည်။
“မစ္စတာ လင်တန်ကလဲ သဘောတူမှာပါပဲ'
ကက်သရင်းက ခပ်ပြတ်ပြတ် ဖြေလိုက်ပါသည်။
“အင်းပေါ့လေ။ သူ့အဖိုတော့လဲ ဒုက္ခလျော့သွားတာပေါ့၊ ဒါပေမယ့်လဲ သူ သဘောတူ မတူ ကိုယ်ယူနိုင်တာပဲ၊ ဒီမယ် ကက်သရင်း မင်းနဲ့ ပတ်သက်လို့တော့ ကိုယ် ပြောချင်တယ်၊ မင်းဟာ ကိုယ့်ကို အမျိုးမျိုး နှိပ်စက်နေတယ်ဆိုတာ ကိုယ်သိတယ်၊ ဒါကို မင်းလဲ သတိပြုစေချင်တယ်၊ ကြားရဲ့လား ကက်သရင်း၊ ကိုယ် ဘာမှ မသိဘူးလို့ ထင်ပြီး မင်းကိုယ်မင်း ဟုတ်လှပြီ ထင်ယင်တော့ မင်း မိုက်တာပဲ၊ ကိုယ်က စကားလုံးချိုချိုကလေးတွေနဲ့ ကျေနပ်နေတယ်လို့ မင်း ထင်ယင်လဲ မင်းဟာ အလကား မိန်းကလေးပဲ၊ ကိုယ်ဟာ ဘာမဆို ငြိမ်ခံနေတတ်တယ်လို့ မင်း ထင်ယင်တော့လဲ တဖြည်းဖြည်း မင်း သိလာမှာပေါ့ကွယ်၊ ခုတော့လဲ မင်းယောက်မရဲ့ လျှို့ဝှက်ချက်ကို ပြောပြဖော်ရလို့ ကိုယ် ကျေးဇူးတင်ပါတယ်၊ အဲဒါဟာ ကိုယ့်အဖို့တော့ အခွင့်ကောင်းပဲ ကေသိရေ၊ မင်းသာ ဘေးဖယ်နေပါကွယ်”
“ဩော၊ ဒါက ဘာသဘောလဲ၊ ကျွန်မက ရှင့်ကို နှိပ်စက်တယ်၊ ရှင် လက်စားချေမယ်၊ ဟုတ်လား၊ ရှင် ကျေးဇူးကန်းလှချည်လား ဟိကလစ်ရှယ်၊ ရှင့်ကို ကျွန်မက ဘယ်လိုများ နှိပ်စက်လို့လဲရှင်”
“ကိုယ် မင်းကို လက်စားချေဖို့ မရည်ရွယ်ပါဘူးကွယ်”
သူ့လေသံမှာ ပျော့လာပါသည်။
“ဒီအတွက် ကိုယ့်မှာ အစီအစဉ် မရှိပါဘူး ကေသီရယ်။ ကျွန်ပိုင် ဘုရင်ခေတ်မှာတုန်းက အဲဒီ ဘုရင်တွေက ကျွန်တွေကို ဖိနှိပ်ညှဉ်းပန်းခဲ့ကြပေမယ့် ဘယ်ကျွန်တွေကများ အာခံဝံ့ခဲ့ကြလို့လဲ၊ သူတို့ မင်းစိတ်ချမ်းသာမယ်ဆိုယင် ကိုယ့်ကို သေတဲ့အထိ ညှဉ်းဆဲပါ၊ ကိုယ် ခံပါ့မယ်၊ ဒီလိုပဲ ကိုယ်လဲ ကိုယ် စိတ်ချမ်းသာအောင် နေပါရစေကွယ်။ အောက်မှာ ကျွန်တွေ ပြားပြားဝပ်ခဲ့ကြတာပဲ မဟုတ်လား၊ မင်းလဲ ခံပါ့မယ်။ ဒီတော့ တတ်နိုင်သမျှ ကိုယ် ကိစ္စထဲ ဝင်မရှုပ်ပါနဲ့၊ မင်းကိုယ့်ကို တကယ်ပဲ အစ္စဗယ်လာနဲ့ လက်ထပ်စေချင်သလား ကေသီ'
“ကျွန်မ မနာလို မဖြစ်ဘူးလို့ ပြောထားတယ် မဟုတ်လား၊ ကဲ ထားပါတော့၊ ရှင့်ကို မိန်းမပေးစားတဲ့ အကြောင်း ကျွန်မ ထပ်မပြောတော့ဘူး။ ရှင့်ဘဝသာ ချမ်းသာသုခနဲ့ ပြည့်ပါစေ၊ တခုတော့ ပြောမယ်၊ အက်ဂါဟာ ရှင် ဝင်ထွက်နေတာကို ကြည်သာတာ မဟုတ်တော့ဘူး၊ ကျွန်မကတော့ ဘာပဲဖြစ်ဖြစ် အေးအေးချမ်းချမ်း တည်တည် ငြိမ်ငြိမ် ရှိစေချင်တာပဲ၊ ဒါပေမယ့် သူ့ညီမကို ရှင် လှည့်ဖြားမယ်ဆိုယင်တော့ ရှင်တို့နှစ်ယောက် တွေ့ကြမှာ မလွဲဘူး
သည့်နောက်တော့လည်း သူတို့နှစ်ယောက် စကားဆက် ပြတ်သွား ပြန်ပါ၏။ ကက်သရင်းသည် မီးဖိုဘေးတွင် မှိုင်တွေချလျက် ထိုင်နေပါလေသည်။ စိတ်ထဲကမူ တနုန့်နုန့်ဖြစ်နေပုံ ရလေသည်။ ဟိကလစ်သည် မီးဖိုဘေးတွင် လက်ပိုက်ရပ်လျက် စိတ်ဆိုးစိတ်ရိုင်းများ ပွားများနေဟုန် ရှိလေသည်။ ကျွန်မသည် ကက်သရင်း အောက်ထပ်မှာ ကြာနေသည့်အတွက် အေးနေမည် စိုးသဖြင့် သခင်လင်တန်ရှိရာသို့ လာခဲ့ပါလေ၏။
ကျွန်မ အခန်းထဲသို့ ဝင်လိုက်လျှင်...
“အယ်လင်၊ မင်း သခင်မကိုများ တွေ့မိသလား' ဟု မေးလေသည်။ ရှိပါတယ် သခင်၊ သူ မီးဖိုထဲမှာပါ၊ ဟိကလစ်ရဲ့ အပြုအမူကြောင့် စိတ်မချမ်းမသာ ဖြစ်နေပါတယ်၊ အမှန်တော့ သူ ဒီတကြိမ်လာတာဟာ ခြေလှမ်းတမျိုးပြင်တာလို့ ကျွန်မတော့ ထင်တာပဲ၊ အလွန်သိမ်မွေ့တဲ့ အန္တရာယ်တခုလို့ ဆိုရမှာပဲ” ဟု အစချီကာ ကျွန်မသည် ခြံထဲတွင် ကျန်မ တွေ့ရသော ဟိကလစ်နှင့် အစ္စဗယ်လာတို့ အဖြစ်အပျက်မှ ဟိကလစ်နှင့် ကက်သရင်းတို့ အငြင်းပွား စကားများရသည့် အဖြစ်အထိ ပြောလိုက်ပါလေတော့သည်။ သို့သော် ဤကိစ္စတွင် ကက်သရင်းကို ထိပါးစေမည့် စကားမျိုး မပါရန်ကား ကျွန်မ သတိထား၍ ပြောလိုက်ပါသည်။ အက်ဂါလင့်တန်သည် ကျွန်မ စကားကိုပင် ဆုံးအောင် နားမထောင်တော့ပါ။ သူ့ဇနီးတွင်လည်း အပြစ်မကင်း ဟူသောစကားကိုပင် ဆိုလာပါတော့သည်။
“ဒါ မခံနိုင်စရာပဲ၊ ကက်သရင်းကိုက သူ့ မိတ်ဆွေကို မပြတ်နိုင်တဲ့အပြင် ကျုပ်ကိုပါ သူ့လူနဲ့ မိတ်ဆွေဖြစ်အောင် လုပ်လို့ ဒီလို စော်ကာ မော်ကား လုပ်တာ ခံရတာပဲ၊ ကဲ... အယ်လင်၊ ခြံထဲက လူ နှစ်ယောက် ခေါ်လိုက်စမ်းဗျာ၊ ကက်သရင်းကော ဒီ ဘာမဟုတ်တဲ့အကောင်နဲ့ စကားကြော ရှည်နေရတာလဲ၊ ကျုပ်ဘက်က သူ့အလို ဒီလောက်လိုက်ခဲ့ပြီးပဲ”
လင်တန်သည် အော်ဟစ်ပြောဆိုပြီး အောက်ထပ်သို့ ဆင်းသွားပါလေသည်။ ကျွန်မလည်း သူ့နောက်က လိုက်ခဲ့ပါ၏။ သူ အောက်ထပ်သို့ ရောက်လျှင် အစေခံ နှစ်ယောက်အား ဧည့်ခန်းအထွက်လမ်းမှ စောင့်နေရန် ပြော၍ မီးဖိုထဲသို့ ဝင်သွားပါလေတော့သည်။ မီးဖိုထဲတွင်ကား ဟိကလစ်နှင့် ကက်သရင်းတို့သည် ငြင်းခုံ ပြောဆိုနေကြဆဲ ဖြစ်ပါသည်။ ကက်သရင်းသည် ပိုပြီး စိတ်ဆိုးမာန်ဆိုး ဖြစ်နေပုံ ရလေသည်။
ဟိကလစ်မှာ ကက်သရင်း စကားတွေကြောင့် တုန်လှုပ်နေဟန်ဖြင့် ပြတင်းနားတွင် ခေါင်းငိုက်စိုက် ချနေပါသည်။ သူသည် အက်ဂါလင်တန့် ဝင်လာသည်ကို မြင်လိုက်သည်နှင့် ကက်သရင်းအား စကား မဆက်ရန် အမူအရာ ပြလိုက်ပါသည်။ ကက်သရင်းလည်း ချက်ချင်းပင် စကားစပြတ်သွားပါလေတော့သည်။
“ဘယ်လို ဖြစ်တာလဲ” လင်တန်သည် ကက်သရင်းဘက်သို့ လှည့်လျက် ...
“ဒီလိုကောင်မျိုးနဲ့ စကား ပြောနေရတာက ဘာသဘောလဲ၊ ရိုးရိုးသားသား စကားပြောကြတာ ဆိုယင်တော့ မင်းအဖို့ ဘာမှ တွေးစရာ မလိုဘူး ထင်တာပဲ၊ ဒါပေမယ့် မင်းက သူ့လို အောက်တန်းစား ဘဝမှာ နေနေတာပဲ၊ ငါ့ကိုတောင် အဲဒီဘဝမျိုး ရောက်စေချင်တယ်ပေါ့လေ” ဟု ပြောလိုက်ပါသည်။
“ရှင် တံခါးဝကနေပြီး နားထောင်နေတယ်ပေါ့လေ”
ကက်သရင်းသည် အရေးမစိုက် ဂရုမထားဟန် လေသံဖြင့် ပြောလိုက်ပါသည်။ ဟိကလစ်ကလည်း လင်တန်အား မျက်လွှာပင့် ကြည့်လိုက်ပြီးနောက် ကက်သရင်းအား လှောင်ပြုံး ပြုံးပြလိုက်ပါသည်။ အက်ဂါသည် စိတ်ထဲမှာ ပို၍ မခံချိမခံသာ ဖြစ်သွားပါလေတော့သည်။
“ခင်ဗျားနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် အများကြီး သည်းခံလာတာပါ။ ခင်ဗျား စိတ်ထား နိမ့်ကျတာ၊ ခင်ဗျားကြောင့် အန္တရာယ် ဖြစ်လာနိုင်တာတွေ ကျွန်တော်မသိလို့ မဟုတ်ဘူး၊ ဒါတွေဟာ ခင်ဗျား ကိစ္စလို့ပဲ ကျွန်တော် သဘောထားခဲ့တာပါ၊ ကက်သရင်းကကျတော့ ခင်ဗျားကို အပေါင်းအသင်းအဖြစ် လက်ခံထားတယ်၊ ကျွန်တော် ဘာမှ မပြောပဲနေခဲ့တယ်။ တကယ်တော့ ဒါဟာ ကျွန်တော် မှားတာပဲ၊ ခင်ဗျားရှိနေတာဟာ တကယ်တော့ အဆိပ်သင့်တာပဲ၊ ဒီတော့ နောက်ထပ် အခြေအနေ ဆိုးမလာရအောင် ခင်ဗျား နောက်ကို ကျွန်တော့်အိမ် အဝင်အထွက် မလုပ်ပါနဲ့၊ ကျွန်တော့်အနေနဲ့လဲ ခင်ဗျားကို ဝင်ခွင့်ထွက်ခွင့် မပြုနိုင်ဘူး၊ ခုလဲ ခင်ဗျား ကျွန်တော့်အိမ်က အမြန်ဆုံး ထွက်သွားပါ၊ သုံးမိနစ်ထက် နောက်ကျယင်ပဲ မဖြစ်သင့်တာတွေ ဖြစ်လာလိမ့်မယ်ဗျာ” အက်ဂါလင်တန်က ခပ်အေးအေး ပြောလိုက်ပါလေသည်
ဟိကလစ်သည် လင်တန်၏ စကားကို နားထောင်ယင်း လှောင်ထေ့ထေ့ကြည့်နေပြီး လင်တန်၏ စကားဆုံးသည်နှင့်...
ဓကေသီရေ၊ မင်းရဲ့သိုးငယ်ကလဲ နွားရိုင်းတကောင်လို ခြိမ်းခြောက် နေပါရောလားကွ၊ ကိုယ့်လက်ထဲမှာတော့ ဦးခေါင်းတလုံး ကွဲရတော့မယ်ထင်တယ်၊ ဒီမှာ မစ္စတာလင်တန်ရဲ့၊ ခင်ဗျားကို ကျွန်တော် မလုပ်လောက်တာမို့ စိတ်မကောင်းပါဘူးဗျာ” ဟု ဆက် ပြောလိုက်ပါသည်။
ထိုအခါ ကျွန်မ၏ သခင်သည် အခန်းတူရူလမ်းကို တချက် ကြည့်လိုက်ပြီး ကျွန်မအား အစေခံများကို သွားခေါ်ရန် အချက်ပြလိုက်ပါသည်။ သူသည် နှစ်ကိုယ်ချင်း ရင်ဆိုင်လိုပုံ မပေါ်ပါ။ ကျွန်မလည်း သခင်၏ အမိန့်အတိုင်း အပြင်ထွက်အံ့ ပြင်သည်နှင့် ကက်သရင်းသည် သင်္ကာမကင်းစွာဖြင့် ကျွန်မ နောက်ကို လိုက်လာပါ၏။ ကျွန်မက အစေခံများကို ခေါ်မည်ပြုသည်နှင့် ကက်သရင်းသည် ကျွန်မကို လှမ်းဆွဲ လိုက်ပြီး တံခါးကို ပိတ်လိုက်ပါသည်။
လင်တန်သည် ဒေါသလည်း ထွက်၊ အံ့အားလည်း သင့်နေပါသည်။ လက်သရင်းသည် သူ့ခင်ပွန်းသည်ကို ကြည့်ပြီး
“ရှင် သူ့ကို မလုပ်ရဲယင် တောင်းပန်လိုက်ပေါ့၊ မဟုတ်ယင်တော့လဲ သူလုပ်တာ ရှင် ခံရုံရှိတာပဲ၊ ဒါမှလဲ ရှင်ဟာ သတ္တိမရှိပဲ ရှိချင်ယောင်ဆောင်တာကို အမှန်ပြနိုင်မှာပေါ့၊ ရှင် အခန်းထဲက ထွက်သွားဖို့ သော့ကလဲ ကျွန်မလက်ထဲမှာနော်၊ ရှင် လုယင်တော့ ကျွန်မ မျိုချမှာ ဒါမှ ကျွန်မအနေနဲ့ကလဲ ရှင်တို့နှစ်ယောက် အပေါ်မှာ ဘက်မပိုကြောင်း ထင်ရှားမှာပေါ့' ဟု ပြောလိုက်လေ၏။
ထိုအချိန်မှာပင် လင်တန်သည် ကက်သရင်းလက်မှသော့ကို ဝင်လုပါလေတော့သည်။ ကက်သရင်းလည်း မီးဖိုထဲသို့ ပစ်ချလိုက်ပါလေ။ အက်ဂါသည် ပိုပြီး ဒေါသ ဖြစ်လာပါသည်။ တုန်တုန် လှုပ်လှုပ်လည်း ဖြစ်လာပါသည်။ မျက်နှာထားမှာလည်း ဖြူဖပ်ဖြူရော်ဖြစ်လာပါ ကုလားထိုင်တွင် ထိုင်ချလိုက်ပြီး မျက်နှာကို ဝှက်ထားလိုက်ပါ။
“ဘုရားရေ၊ ဒါ သူရဲကောင်းအလုပ်လားရှင့်၊ ကျွန်မတို့တော့ ရှုံးပါပြီ ရှုံးပါပြီ၊ ဟိကလစ်က ရှင့်ကို အသာကလေးနဲ့ အနိုင်ရသွားပြီပေါ့၊ ရှင့်မှ ဒဏ်ရာမရတာကိုပဲ ချီးမွမ်းရဦးမယ်၊ ရှင့်ပုံစံက သိုးတကောင်လိုတောင်း မဟုတ်ပဲ၊ တကယ့် နို ့စို ့ရွယ် ယုန်ကလေးလိုပဲဟာ” ဟု ကက်သရင်းက ပြောပြန်ပါသည်။
“မင်းကလဲ တကယ့်သူရဲဘောနည်းတဲ့ လူကိုမှ လှောင်နေပြန်တာကို ကေသီရဲ့၊ ကိုယ် သူ့ကို လက်သီးနဲ့ မထိုးပါဘူး၊ ခြေထောက်နဲ့ပဲ ကန်ပါ့မယ်၊ သူ ငိုမလား၊ ကြောက်ပြီးပဲ မေ့သွားမလား ကြည့်ရတာပေါ့။ ဟိကလစ်ကပြော၍ လင်တန် ထိုင်နေသော ကုလားထိုင်နား လာပြီး ကုလားထိုင်ကို တွန်းလိုက်ပါလေသည်။
အမှန်က ဤသို့ တွန်းပြီးသည်နှင့် သူ ခပ်လှမ်းလှမ်းမှာ သွားနေလိုက်ဖို့ကောင်းသည်။ ယခုကား ကျွန်မ၏ သခင်သည် ဖြတ်ကနဲ ထလိုက်ပြီး ဟိကလစ် လည်ပင်းပိုင်းကို ပစ်ထိုးလိုက်ရာ ဟိကလစ်လည်း တချက်အသက် မရှူနိုင် ဖြစ်သွားပါလေ၏။ ထိုအချိန်မှာပင် မစ္စတာလင်တန်သည် နောက်ဖေးတံခါးမှ ခြံထဲသို့ ထွက်သွားပါလေတော့သည်။ ထို့နောက် အိမ်ရှေ့ဘက်မှ ပြန်ဝင်လာပါလေ၏။
“ဟောဟိုမှာ လာနေပြီ၊ ရှင် ပြေးတော့၊ သူ သေနတ်ယူလာလိမ့်မယ်၊ နောက်လိုက်တွေလဲ ခေါ်လာလိမ့်မယ်၊ ကျွန်မတို့ ပြောတာသာ သူ ကြားသွားယင် သူ ရှင့်ကို ဘယ်နည်းနဲ့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး၊ ပြေးတော့” ဟု ကက်သရင်းက အော်ပြောလိုက်ပါလေသည်။
'ဘာလဲ၊ ကိုယ်က ခုလို အထိုးခံရပြီးမှ ထွက်ပြေးရမှာလား၊ ဝေးသားပဲ ကိုယ် ဒီအိမ်က ထွက်မသွားမီ သင်း နံရိုးတွေကို သစ်အယ်သီးပုပ်ကို ခြေသလို ခြေပစ်မယ်၊ သင်းကို အခု မချရယင် တနေ့နေ့မှာ သတ်ပစ်မယ်” ဟိုကလစ်က ကြုံးဝါးပါလေတော့သည်။
“သူ မလာပါဘူး” ကျွန်မက ကြားဖြတ်ပြီး လိမ်ပြောလိုက်ပါသည်။ “ခုလာတာက လှည်းသမားနဲ့ ခြံသမားနှစ်ယောက်ပါ၊ ဒီတော့ မင်း သူ့ကို စောင့်မနေနဲ့၊ ဟိုလူတွေမှာက တုတ်ကိုယ်စီနဲ့၊ သူတို့ကလဲ သူတို့ သခင် အမိန့်အတိုင်း လုပ်ကြမှာကွဲ့”
လှည်းသမားနှင့် ခြံသမားသည် ခြံထဲသို့ ဝင်လာကြပါသည်။ လင်တန်လည်း သူတို့နှင့်အတူ ပါလာပါသည်။ ဟိကလစ်လည်း အတွေးတမျိုး ပေါက်လာပြီး အတွင်းတံခါးကို ဖွင့်၍ အပြင်သို့ ထွက်ပြေးသွားပါလေတော့သည်။
ချောက်ချောက်ချားချား ဖြစ်နေသော ကက်သရင်းသည် ကျွန်မအား အပေါ်ထပ်သို့ အဖော်အဖြစ် လိုက်ရန် ခေါ်ပါလေသည်။ သူသည် ဤကိစ္စ၏ အရင်းအမြစ်မှာ ကျွန်မ ပြောလိုက်၍ ပေါ်ပေါက်လာရခြင်း ဖြစ်သည်ကို မသိရှာပါ။ ကျွန်မကလည်း သူမသိအောင် ဖုံးထားလိုက်ပါသည်။
ကက်သရင်းသည် ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်ယင်း
“ကျွန်မစိတ်တွေ ကယောက်ကယက် ဖြစ်ကုန်ပြီ နယ်လီ ကျွန်မ ခေါင်းထဲမှာ တူအချက်ပေါင်း တထောင်လောက် ဝင်ထုနေသလား ထင်ရတယ်။ အစ္စဗယ်လာကို ကျွန်မနဲ့ မတွေ့ပဲ ရှောင်နေဖို့ ပြောလိုက်ပါ၊ တကယ်တော့ ဒီပြဿနာဟာ သူကြောင့် ဖြစ်ရတာပဲ၊ ဒီအချိန်မှာတော့ သူ့ကိုတွေ့ယင် ကျွန်မ ပိုပြီး ဒေါသဖြစ်ရမှာပဲ၊ အက်ဂါကိုလဲ ပြောလိုက်ပါ နယ်လီ၊ ကျွန်မ အတော်ကြီး နေမကောင်းဘူးလို့၊ သူလဲ ကျွန်မကို စိတ်ထိခိုက်အောင် လုပ်တာပဲ၊ သူလာစမ်းပါစေ၊ ကျွန်မကို အပြစ်ပြောယင် ကျွန်မလဲ သူ့အပြစ်ကို ပြောနိုင်တာပဲ၊ ကျွန်မ ပြောသလို လုပ်ပါနော် နယ်လီ၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်မကို ဘာမျှ အပြစ်ပြောစရာ မလိုဘူးဆိုတာ ရှင်လဲ အသိပဲ၊ တကယ်တော့ ကျွန်မတို့ နှစ်ယောက် စကားပြောတာကို သူ ဘာနားထောင်စရာ လိုသလဲ၊ မီးဖိုထဲက ရှင်ထွက်သွားတော့ ဟိကလစ် ဒေါသတကြီး ပြောနေတာပဲ၊ ကျွန်မက အစ္စဗယ်လာအကြောင်း မပြောအောင် စကားကြောင်း လွှဲပစ်လိုက်တယ်၊ နောက်တော့လဲ အဲဒီအကြောင်း မပြောဖြစ်ကြပါဘူး။ ဒါပေမယ့် အက်ဂါ ခိုးနားထောင်နေယင်တော့ မသိဘူးပေါ့လေ။ အမှန်က သူ ကျွန်မကို စပြီး မထိတထိ ပြောတာပဲ၊ အဲဒီအချိန်မှာ ကျွန်နဲ့ ဟီကလစ်က အတော်ကြီး စကားများထားပြီးပြီ၊ ဒီတော့ သူတို့နှစ်ယောက် ဖြစ်ချင်တာဖြစ် ကျွန်မ မမှုဘူး၊ ကျွန်မက ဟိကလစ်ကို ခင်မင်လို့ အက်ဂါမှာ မနာလိုဝန်တို ဖြစ်ရတယ်ဆိုယင် ကျွန်မ ကျွန်မအသည်း ကွဲခံပြီး သူတို့ နှစ်ယောက်စလုံး အသည်းကို ခွဲပစ်မယ် သိလား နယ်လီ၊ ဒါမှလဲ ကိစ္စတုံးမှာ၊ ကျွန်မ လင်တန်ကို ရုတ်တရက်ကြီး တအံ့တဩ ဖြစ်သွားအောင် လုပ်မှာ မဟုတ်ဘူး၊ ရှင် စောင့်ကြည့်ပါ နယ်လီ၊ ကျွန်မ စိတ်ထားကိုလဲ သူ့ကို ရှင် ပြောလိုက်ပါ'
ကျွန်မ စိတ်ကမူ သည်စကားတွေကို ဒေါသဖြစ်တုန်း ပြောလိုက်သည့် စကားတွေပဲဟု ယူဆခဲ့သည်။ သူ စိတ်လိုက်မာန်ပါ ပြောခဲ့တာပဲဟုလည် သဘောထားလိုက်ပါသည်။ သူ ခင်ပွန်းသည်ကို ချောက်ချားအောင် ပြုလုပ်မည့် အဖြစ်ကိုလည်း ကျွန်မ မလိုလားပါ။ ထို့ကြောင့်လည်း ကျွန်မသည် ကက်သရင်းက သူ့ခင်ပွန်းအား ပြောလိုက်ပါဟူသော စကားများကို မပြောပါ။ သူတို့ မျက်နှာချင်းဆိုင် ဆုံမိပြီး ခန်းကြီ ခန်းငယ် ပြောကြသည်ကိုသာ ကျွန်မ နားစွင့်နေလိုက်ပါသည်။ သူတို့ လင်မယား မျက်နှာချင်း ဆိုင်မိလျှင်ပင် လင်တန်က စ၍
“မင်း ဘယ်ရောက်နေတာလဲ ကက်သရင်းရယ်၊ ကိုယ် စကားများရအောင် လာတာ မဟုတ်ဘူးနော်၊ ဒါပေမယ့် ညနေက အဖြစ်အပျက် နောက်ပိုင်းမှာ မင်း ဘယ်လို စိတ်ကူးတယ်ဆိုတာတော့ ကိုယ် သိချင်တယ်၊ မင်း သူနဲ့” ဒေါသကင်းသော အသံဖြင့် ဝမ်းပန်းတနည်း ပြော၍မှ စကား မဆုံးသေးပေ၊ ကက်သရင်းက ကြားဖြတ်ပြီး....
“အို၊ တော်စမ်းပါရှင်၊ တော်စမ်းပါ၊ ကျွန်မ ဒီအကြောင်းကို နောက်ထပ် မကြားပါရစေနဲ့၊ ရှင်က သွေးရှိတဲ့လူ မဟုတ်ဘူး၊ ရှင့် သွေးကြောထဲမှာ ရေခဲရေပဲ ရှိတယ်၊ ကျွန်မမှာက သွေးတွေ ပွက်ပွက် ဆူနေတာရှင့်” ဟု ခြေကိုဆောင့်၍ ပြောပါလေတော့၏။
“မင်း ကိုယ့်ကို သွားစေချင်ယင် ကိုယ် မေးတာကို ဖြေပါ၊ မင်း ဖြေရမယ်၊ မင်း ဟိကလစ်ကို စွန့်မလား၊ ကိုယ့်ကို စွန့်မလား၊ မင်းဟာ တချိန်တည်းအတွင်းမှာ ကိုယ့်မိတ်ဆွေအဖြစ်ရော၊ သူ့မိတ်ဆွေ အဖြစ်ရော မဖြစ်နိုင်ဘူး၊ ဒီတော့ ကိုယ် တခုတည်း သိချင်တယ်၊ မင်း ဘယ်သူ့ကို ရွေးမလဲ”
“ကျွန်မကို ဒါတွေ လာမပြောနဲ့၊ ကျွန်မ တယောက်တည်းပဲ နေချင်တယ်။ ရှင် ထွက်သွားစမ်းပါ အက်ဂါရယ်”
ကက်သရင်းက ဒေါသတကြီး ပြောလိုက်ပါလေသည်။ စကားဆုံးလျှင်ပင် ကက်သရင်းသည် ခေါင်းလောင်းကို ခပ်ပြင်းပြင်း နှိပ်လိုက်သဖြင့် ကျွန်မလည်း အခန်းထဲသို့ ဝင်ခဲ့ရပါလေတော့သည်။ အခန်းထဲတွင် ဆိုဖာပေါ်၌ ကက်သရင်းသည် ဆိုဖာလက်တန်းကို ခေါင်းမှီလျက် အံကို ကြိတ်ထားပါ၏။ မစ္စတာ လင်တန်သည် သူကိုယ်သူလည်း မလုံလဲ၊ ထိတ်လည်း ထိတ်လန့်ဟန် အနေအထားဖြင့် ကက်သရင်းကို ကြည့်နေပါ၏။ ကျွန်မ အခန်းထဲသို့ ဝင်သွားလျှင် သွားချင်း မစ္စတာလင်တန်က ကျွန်မကို ရေတခွက် ယူလာဖို့ ပြောပါသည်။ ကျွန်မလည်း ရေခပ်ပြီး ပြန်ဝင်လာပါသည်။ ကက်သရင်းမှာ ဘာမျှ မပြောပါ။ ကျွန်မလည်း မသောက်ပါ။ ထို့ကြောင့် သူ့မျက်နှာကို ရေဖျန်းပေးလိုက်ပါသည်။. ကျွန်မ ရေတိုက်သော်လည်း ကက်သရင်းသည် သတိရလာသည်နှင့် အခြေအနေကို စူးစိုက်ကြည့်ပြီး အခန်းတွင်းမှ ပြေးထွက်သွားပါလေတော့သည်။ ထိုအခါ သခင်က ကျွန်မအား သူ့နောက်လိုက်သွားရန် အချက်ပြလိုက်သဖြင့် ကျွန်မ သူ့နောက်က လိုက်သွားပါသေး၏။ ကျွန်မ သူ့ အခန်းဝ အရောက်တွင် သူအခန်းထဲသို့ ဝင်သွားပြီး တံခါးကို ပိတ်လိုက်ပါလေတော့သည်။
နောက်ဘနေ့ နံနက်တွင် သူ နံနက်စောစာ သုံးဆောင်ရန် ဆင်းမလာသဖြင့် ကျွန်မသည် သူ့အတွက် နံနက်စောစာ သွားပို့ပါသေး၏။ သို့သော် သူက ငြင်းပယ်လိုက်ပါသည်။ ညစာနှင့် လက်ဖက်ရည် သွားပို့သောအခါမှာလည်း ငြင်းပယ်လိုက်ပါသည်။ နောက်တနေ့မှာလည်း ထိုနည်းအတိုင်းပင် ဖြစ်ပါသည်။
မစ္စတာလင်တန်ကား စာကြည့်ခန်းထဲမှာသာ အောင်းနေပါလေ၏။ သူ့ဇနီးနှင့် ပတ်သက်၍ကား စုံစမ်းမေးမြန်းခြင်း မပြုပါလေ။ သို့သော် အစ္စဗယ်လာကို ခေါ်၍ ဟိကလစ်နှင့် ပတ်သက်ပြီး အော်ဟစ်မေးကြည့်ပါသေး၏။ သို့သော်လင်တန်သည် နှမဖြစ်သူထံမှ ဟိကလစ်နှင့် ပတ်သက်၍ မရေမရာ မသေမချာ အဖြေသာ ရခဲ့လေသည်။ ဤသို့ဖြင့် လင်တန်အဖို့ မကျေမနပ်ဖြင့်သာ စုံစမ်းမှုကို အဆုံးသတ်ပြီး သူ့ညီမအား ဤသို့ တန်ဖိုးမရှိသော လူတယောက်နှင့် ပတ်သက်မည်ဆိုလျှင် ဆွေပြတ်မျိုးပြတ် လုပ်ပစ်မည်ဟု သတိပေးစကား ဆိုခဲ့ပါလေ၏။
အခန်း [ ၁၂ ]
အစ္စဗယ်လာသည် ခြံထဲနှင့်ဥယျာဉ်ထဲ၌ အများအားဖြင့် မျက်ရည်သွယ်ကျလျက် ညှိုးညှိုးငယ်ငယ် ရှိနေသော ကာလများတွင် သူ့အစ်ကို အက်ဂါသည်မူ စာကြည့်ခန်း အောင်း၍သာ နေနေပါလေ၏။ ကျွန်မ အထင်ကမူ အက်ဂါသည် ကက်သရင်း ကိုယ်တိုင် နောင်တ ရလာပြီး သူ့ထံသို့ ရောက်လာကာ တောင်းပန်စကား ဆိုလာမည်။ ဤနည်းဖြင့် ပြန်လည် သင့်မြတ်လာလိမ့်မည်ဟု မရေမရာ မျှော်လင့်ထားပုံ ရလေသည်။ ကက်သရင်းကလည်း စားသောက်ဝိုင်းတိုင်း၌ အက်ဂါသည် သူ့ကို သတိရနေပြီး တချိန်ချိန်တွင် သူ့ထံ လာရောက် စကားဆိုလိမ့်မည် ဟူသော အစွဲအလမ်းမျိုး ထားရှိဟန်တူသည်။ ကျွန်မကား လုပ်စရာ ရှိသော အိမ်အလုပ်တွေသာ လုပ်နေပါ၏။ ကျွန်မသည် အစ္စဗယ်လာကိုလည်း နှစ်သိမ့်စကား မဆိုပါ။ ကက်သရင်းအားလည်း ဖျောင်းဖျစကား မဆိုပါ။ သူ့ ချစ်ဇနီးအသံကို မကြားရသည့် အချိန်မှစ၍ သက်ပြင်းတချချ လုပ်နေသော အက်ဂါ၏ သက်ပြင်းချသံကိုလည်း ကျွန်မ အာရုံမစိုက်မိပါလေ။ သူတို့ ကြိုက်သလိုသာ နေပါစေတော့ဟု သဘော ထားလိုက်ပါသည်။ တဖြည်းဖြည်းတော့လည်း ဤသို့သော အခြေအနေများကို သူတို့ ငြီးငွေ့သွားလိမ့်မည်ဟုလည်း သဘောထားလိုက်ပါသည်။
ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီး တတိယနေ့တွင် ကက်သရင်းသည် အခန်းထဲမှ ထွက်လာပြီး သူ ရေတကောင်းမှာ ရေဖြည့်ပါလေ၏။ ပြီးလျှင် ယာဂုရည်တခွက်ကို သောက်ပါသည်။ ကျွန်မက လက်ဖက်ရည်နှင့် မုန့်အချို့ကို ချပေးသောအခါမှာလည်း အားရပါးရ စားပါလေသည်။ ထို့နောက် သူ့ခေါင်းအုံးပေါ်မှာ သွားလှဲပြီး “ငါ့ကို ဘယ်သူမှ ဂရုမစိုက်ဘူး၊ ငါသေမှ အေးမှာပဲ၊ မဖြစ်သေးဘူး၊ ငါသေယင် သူ ဝမ်းသာမှာပဲ၊ သူ ငါ့ကိုမှ မချစ်ပဲဟာ၊ ငါမသေရဘူး”ဟု ခပ်ညည်းညည်း ပြောနေပြန်ပါ၏။
“ဘာများ အလိုရှိပါသလဲ သခင်မ’
ကျွန်မသည် သူ၏ ဟန်လုပ်လွန်းသော အခြေအနေကို သိသော်လည်း မေးလိုက်မိပါသည်။ ဘာဖြစ်လို့များ ဂရုမစိုက် အလေးမပြုနိုင်ကြတာတဲ့လဲ၊ သူကကော ဘာလုပ်နေလဲ၊ သူသေပြီလား ကက်သရင်းသည် သူ့မျက်နှာပေါ်ကျနေသော ဆံပင်စကို ဖယ်ပြီး ခပ်ထန်ထန် ပြောပါလေတော့သည်။
“မစ္စတာလင်တန် ရှိပါတယ် သခင်မ၊ သူလဲ ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်တော့ကတည်းက စာကြည့်ခန်းထဲမှာ ရှိပါတယ်”
“ဩ၊ သူက စာအုပ်တွေကြားမှာပေါ့လေ”
ကက်သရင်းသည် ဒေါသ, ဖြစ်နေဟန်ဖြင့် အော်ပြောလိုက်ပါလေသည်။ “ဒီမှာက သေတော့မယ်၊ သင်္ချိုင်း နှုတ်ခမ်းမှာတောင် ရောက်နေပြီ၊ ကျွန်မ ဘာဖြစ်နေတယ်ဆိုတာ သူ မသိဘူးလား”
မျက်နှာချင်းဆိုင်မှန်တွင် ထင်ဟပ်နေသော သူ့ရုပ်သွင်ကို စိုက်ကြည့်ယင်း ဆက်ပြောပြန်ပါသည်။
“ကြည့်စမ်းပါဦး၊ ဒါဟာ ကက်သရင်းလင်တန်ရဲ့ ရုပ် ဟုတ်သေးရဲ့လား၊ ရှင် ကျွန်မအဖြစ်ကို ပြောမပြနိုင်ဘူးလား၊ ပြောပြလိုက်စမ်းပါ ရှင်၊ သူ ဘာဖြစ်နေတာလဲ၊ သူဘယ်လို ခံစားနေရတာလဲ၊ ကျွန်မအဖို့ အစာငတ်ပြီး သေယင်သေ၊ မဟုတ်ယင်လဲ ကျွန်မ ဒီအရပ်က ထွက်သွားရုံပဲရှိပါတယ် နယ်လီရယ်၊ သူ့အကြောင်းကို အမှန်အတိုင်း ပြောပြစမ်း နယ်လီ၊ သူ ကျွန်မနဲ့ ပတ်သက်ပြီး ဘယ်လိုမှ မတုန်လှုပ်ဘူးလား”
‘သခင်မ ခုလို ဖြစ်နေလိမ့်မယ်လို့ သခင်က မထင်ပဲဟာ၊ သခင်မ အစာမစားပဲ သေသွားလိမ့်မယ်လို့လဲ သူ မထင်ဘူးလေ”
“ရှင်ကလဲ မထင်ဘူးပေါ့လေ၊ ကျွန်မ သေတော့မယ်ဆိုတာကို ရှင် သူ့ကို မပြောနိုင်ဘူးလား ၊ ပြောစမ်းပါ နယ်လီ၊ ရှင့် စိတ်အထင်နဲ့ ရှင် ပြောသလို သူ့ကို ပြောစမ်းပါ။ ကျွန်မ သေတော့မယ်လို. ရှင်အနေနဲ့ သူ့ ကို ပြောစမ်းပါ”
“မဟုတ်တာပဲ မစ္စက်လင်တန်ရယ်၊ ဒီညနေပဲ ညနေစာ စားထားပြီးပြီပဲ၊ မသေနိုင်ပါဘူး၊ နက်ဖြန်ဆိုယင်ပဲ အားပြန်ရှိလာမှာပါ”
“ကျွန်မကြောင့်သာ သူ သေရမယ်ဆိုယင် ကျွန်မလဲ ကိုယ့်ကိုယ်ကို သတ်သေရဲပါတယ်၊ ကျွန်မဟာ သုံးညစလုံး မျက်လုံးတောင် မမှေးခဲ့ရပါဘူး၊ အဲဒီညတွေ အားလုံးမှာ ကျွန်မ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရတာပါ၊ ဘာလဲ၊ ရှင်ကိုယ်တိုင်ကပါ ကျွန်မကို သဘောမကျတော့ဘူးပေါ့လေ၊ ဒီမယ် နယ်လီ၊ ဘယ်လောက်များ ဆန်းသလဲ၊ ဟောဒီနားက လူတွေဟာ တယောက်ကို တယောက် မုန်းမယ်၊ ဂရုမစိုက် အလေးမထားပဲ နေချင် နေမယ်၊ သူတို့ ကျွန်မကို မချစ်ပဲတော့ မနေကြဘူး၊ အဲဒီလိုလူတွေရဲ့ အေးစက်စက် မျက်နှာတွေကြားမှာ သေရမှာမျိုးဟာ ဘယ်လောက် စက်ဆုပ်စရာ ကောင်းသလဲ၊ အစ္စဘယ်လာကလဲ ကျွန်မကို ဂရုမစိုက်ဘူး၊ အက်ဂါကရော၊ ကျွန်မ သေတောင် သူ စာအုပ်တွေကြားမှာပဲ နေမှာတဲ့လား”
ကျွန်မက မစ္စတာလင်တန်အနေနှင့် ပြဿနာ ထပ်မပွားစေလို၍ စာကြည့်ခန်း အောင်းနေခြင်း ဖြစ်ကြောင်း ရှင်းပြပါသေးသည်။ ထိုအချက်ကို ကက်သရင်း လက်မခံပါ။ ခေါင်းကို ခါယမ်းယင်း လှုပ်ရှားမှုသည် ပိုမို ပြင်းထန်လာပါသည်။ အရူးတယောက်လို ဖြစ်လာ ပါသည်။ ခေါင်းအုံးကိုလည်း သူ့သွားဖြင့် ကိုက်ဖြဲ စုတ်ဖြတ်ပါတော့သည်။
ကျွန်မသည် ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး အပြင်လောကကို သတိပြုလိုက်မိပါသည်။ ဆောင်းလယ်ကာလ ဖြစ်သည့်အလျောက် လေသည် အရှေ့မြောက်မှ တိုက်နေပါလေ၏။
ကက်သရင်း၏ မျက်နှာသွင်ပြင်သည် စိတ်လှုပ်ရှားမှုကို ဖော်ပြနေပါသည်။ မျက်နှာသွင်ပြင်သည် အရိပ်လို ဖြတ်ကနဲ လှုပ်ရှားနေ၏။ သူ့ကို ကြည့်ယင်း ကျွန်မသည် ချောက်ချားသွားပါလေသည်။ ထိုအခါမှပင် ယခင်တကြိမ် ဖျားနာစဉ်က သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေဖို့ သတိပေးသွားသည့် ဆရာဝန့်စကားကို ကျွန်မ သတိရလာပါလေတော့သည်။ စောစောက ဝုန်းဝုန်းဒိုင်းဒိုင်း လုပ်ခဲ့သော ကက်သရင်းသည် ယခုမှ ငြိမ်သွားပြန်ပါသည်။ ကျွန်မကိုလည်း သူ သတိထားမိပုံမရပါ၊ လက်ထောက်လှဲယင်း သူဖြဲထားသော ခေါင်းအုံးထဲက ငှက်မွေးတွေကိုသာ တမွှေးစီ ဆွဲထုတ်နေပါလေ၏။ သူ့စိတ်တွင် အတွေးများ ပျံ့လွင့်ပြီး အဆက်အစပ်များ ထူပြား ပေါ်ပေါက်လာနေဟန်ရှိလေသည်။
“ဟောဒါက ကြက်ဆင်မွှေး၊ ဒါကတော့ ဘဲရိုင်းမွှေး၊ ဒါက ခိုမွေး၊ ဟယ် ခိုမွှေးကို ခေါင်းအုံးထဲ ထည့်ကြတယ်တော့၊ ဒါဆို ငါ မသေနိုင်တော့ဘူးဟော၊ ဟော၊ ဟော၊ ဟောဒါက ကြက်မွေး၊ ဟောဒီမှာ တီတီတွက် ငှက်ရဲ့အမွေး၊ ကိုယ်တို့ ကွင်းထဲမှာ လျှောက်လည်ကြတုန်းက ခေါင်းပေါ်မှာ ဝဲနေတဲ့ငှက်ပေါ့။ အဲဒီတုန်းက တိမ်တွေကလဲ ညှို့လို့၊ မိုးတွေရွာတော့မလိုလေ၊ သူက အသိုက်ကို ပြန်လာတာပေါ့၊ အဲဒီငှက်ကို မပစ်ရဘူးလေ။ အမွှေးတွေကို ကွင်းထဲမှာ ကောက်ယင် ရတာပဲ၊ ဟိကလစ်က အဲဒီငှက်ကို ကျော့ကွင်းနဲ့ ထောင်သတဲ့၊ သူ့ကို မလုပ်ပါနဲ့ ပြောတာ မရဘူး၊ ဟင် ဒီမှာ တီတီတွတ် ငှက်မွေးတွေ အားကြီးပါလား၊ နယ်လီ၊ သူကျွန်မရဲ့ ငှက်ကလေးတွေကိုများ ပစ်ချလိုက်သလားကွယ်’ သူ ရောက် တတ်ရာရာတွေ ပြောနေပါလေတော့သည်။
“အလကား ကလေးအလုပ်တွေ လုပ်မနေစမ်းပါနဲ့ကွယ်”
ကျွန်မသည် သူ့လက်မှ ခေါင်းအုံးကို ဆွဲယူဖယ်ရှားလိုက်ယင်း သူ့စကားကို ဖြတ်ပြောလိုက်ပါသည်။
“မျက်စိမှိတ်ပြီး လှဲနေစမ်းပါ ကက်သရင်းရယ်၊ မင့်စိတ်တွေ ပျံ့လွင့်နေတယ်ကွဲ့။ အလကား ငှက်မွေးတွေ ပြန့်ကုန်ပြီ”
ကျွန်မသည် ပြန့်ကြဲနေသော ငှက်မွေးတွေကို လိုက်ကောက်လိုက်ပါသည်။
“ဟိုမှာ မည်းမည်း မည်းမည်းနဲ့” သူသည် အိပ်မက်မက်နေသလို ဖြစ်နေပြန်ပါသည်။
“ဘယ်မလဲ။ မင်း အိပ်မက်ထဲမှာ ကယောင်ကတမ်း ပြောနေတာပါ”
“ဟိုနံရံမှာလေ၊ မျက်နှာတခု မျက်နှာတခု”
“ဘာမှ မရှိဘူးကွဲ့” ကျွန်မသည် ကုလားထိုင်မှ ထပြီး ပြတင်းခန်းဆီးကို အပေါ်သို့ တင်လိုက်ပါသည်။
“ဟိုမှာလေ၊ မျက်နှာ မျက်နှာ မမြင်ဘူးလား” ကက်သရင်းသည် မှန်ဘက်ကို လက်ညှိုးထိုးလျက် ပြောနေပြန်ပါ၏။
ကျွန်မလည်း နေရာမှ ထပြီး မှန်ကို စောင်ပါးတထည်ဖြင့် လွှမ်းလိုက်ပါလေသည်။
“အဲဒီနောက်မှာ ခုထိ ရှိသေးတယ်၊ အဲဒါက ကျွန်မကို ခြောက်နေတာပဲ၊ ကဲပါ၊ ဘယ်သူလဲဟင်၊ အို၊ နယ်လီ၊ ကျွန်မ ကြောက်တယ်။ ကြောက်တယ်၊ ကျွန်မ တယောက်တည်း မနေပါရစေနဲ့နော်”
ကျွန်မသည် သူ့လက်ကို ချုပ်ကိုင်လိုက်ပြီး သူ စိတ်တည်ငြိမ်မှုရအောင် ကြိုးစားလိုက်ပါ၏။ သူသည် ထိတ်လန့် ချောက်ချားနေဆဲ ဖြစ်သည်။ မှန်ကိုလည်း စူးစိုက်ကြည့်နေ၏။
“ဘယ်သူမှ မရှိပါဘူးကွယ်၊ ညည်းရုပ်ကို ညည်း ပြန်မြင်နေတာပါ”
“ကျွန်မကိုယ် ကျွန်မ ပြန်မြင်တာ၊ ဟုတ်လား၊ ဟော၊ ဆယ့်နှစ်နာရီထိုးပြီ၊ ကြောက်စရာပါလား”
ကက်သရင်းသည် အဝတ်တွေကို စုယူလိုက်ပြီး သူ့မျက်လုံးတွေကို ဖုံးအုပ်လိုက်ပါသည်။ ကျွန်မသည် မစ္စတာ လင်တန်အား လှမ်းခေါ်ရန် တံခါးသို့ သွားရန် ထလိုက်ပါသည်။ မှန်ပေါ်တွင် အုပ်ထားသော စောင် ကျသွားသဖြင့် ကက်သရင်းဆီမှ အထိတ်တလန့် အော်ဟစ်သံကြောင့် ကျွန်မ ပြန်လာခဲ့ရပါလေတော့သည်။
“ဘာဖြစ်တာလဲကွယ်၊ ဘာကြောက်စရာရှိလဲ၊ ဒါ မှန်ပဲဟာ၊ မှန်ထဲမှာ ညည်းရုပ်ကို ညည်း ပြန်မြင်တာပါကွယ်၊ ကိုယ်လဲ ညည်းဘေးမှာ ရှိပါတယ် ကေသီရယ်'
သူ့တကိုယ်လုံး တဆတ်ဆတ် တုန်နေပါ၏။ ကျွန်မကိုလည်း ခပ်တင်းတင်း ဖက်ထားပါသည်။ သူ့မျက်နှာ သွင်ပြင်တွင် တုန်လှုပ် ချောက်ချားသော အသွင်ကို တွေ့ရသည်။ သူ့မျက်နှာမှာ ဖြူဖပ် ဖြူရော် ဖြစ်နေလေသည်။
“အယ်လင်ရယ်၊ ကျွန်မလေ၊ ကျွန်မ လေထန်ကုန်းက ကျွန်မ အခန်းထဲ ရောက်နေတယ်လို့ ထင်နေတယ် ၊ ကျွန်မ အားလဲ နည်းနေတယ်၊ ခေါင်းထဲမှာလဲ ရှုပ်နေတယ်။ ကျွန်မ ဘာမှမသိပဲ အော်မိတယ်၊ ကျွန်မကို ဘာမှ မပြောပါနဲ့နော်၊ ကျွန်မနားမှာပဲ နေပါ၊ ကျွန်မ အိပ်ရမှာကို ကြောက်နေတယ်၊ အိပ်မက်တွေက ကျွန်မကို ခြောက်နေတယ် နယ်လီရယ်”
“အိပ်လိုက်ပါလားကွယ်၊ အိပ်ပျော်အောင် အိပ်လိုက်ပေါ့'
“ကိုယ့်အိမ်က ကိုယ့်အိပ်ခန်းထဲမှာဆို ဘယ်လောက် ကောင်းမလဲဟင်”
သူ့လက်တွေကို သူ လိမ်ယင်း ခါးခါးသီးသီး ပြန်ပြောပါလေသည်။
“ဒီအချိန်ဆို တရုတ်ကတ်တွေကြားကလေသံ တဟူးဟူးနဲ့၊ အဲဒီခံစားမှုမျိုး ခံစားချင်လိုက်တာ၊ ကွင်းထဲကို ဖြတ်ပြီး တိုက်လာတဲ့ လေကို ရှူချင်လိုက်တာ”
ကျွန်မသည် သူ့ စိတ်ငြိမ်ဆိမ်မှု ရစေရန် ပြတင်းပေါက်ကို ခဏမျှ ခပ်ဟဟကလေး လုပ်ပေးလိုက်ပါသည်။ လေအေးသည် သုတ်ဖြူး ဝင်ရောက်လာပါလေ၏။ ထို့နောက် ပြတင်းပေါက်ကို ချက်ချင်း ပြန်ပိတ်ပြီး နေရာသို့ ပြန်လာလိုက်ပါသည်။ ကက်သရင်းမှာ မျက်နှာတခုလုံးကား စိတ်ရောကိုယ်ပါ ယောက်ယက်ခတ် လှုပ်ရှားရသဖြင့် နွမ်းနယ်နေပုံ ရလေသည်။ ယခုတော့လည်း အားရပါးရ ငိုကြွေးထားသော ကလေးတယောက်နှင့် ဘာမျှ မခြားပါပေ။
“ကျွန်မ အခန်းထဲမှာ တံခါး ပိတ်နေတာ ဘယ်လောက် ကြာပြီလဲဟင်”
သတိပြန်လည်လာပုံ ရပါသည်။
“တနင်္လာနေ့ ညနေကတည်းကပဲ၊ ခုဆို ကြာသပတေးည၊ သောကြာ မနက် စောစောပိုင်းတောင် ရောက်နေပြီပဲ”
“ဒီအပတ် အတွင်းမှာပဲနော်
‘ဒါပေါ့ကွယ်၊ ဒီလောက် စိတ်ဆင်းရဲခံယင် တော်လောက်ရောပေါ့'
'ပင်ပန်းနွမ်းနယ်စရာ အချိန်တွေပဲ၊ ဒီထက်တောင် ပိုကြာဖို့ ကောင်းသေးတယ်၊ ဧည့်ခန်းထဲ သူတို့တတွေ ရန်ဖြစ်ကြ၊ စကားများကြပြီး အက်ဂါစကားကြောင့် ကျွန်မ စိတ်မထိန်းနိုင်ပဲ အခန်းထဲ ဝင်ပြေးလာခဲ့တာကို ကျွန်မ မှတ်မိလာပြီ၊ ကျွန်မ အခန်းထဲဝင် တံခါးပိတ်ပြီး ကြမ်းပြင်ပေါ် လှဲချလိုက်တယ်၊ ကျွန်မ အက်ဂါကို ဘာပြောရမှန်း မသိဘူး၊ ကျွန်မ ခံစားနေရတာ၊ ကျွန်မ ဖြစ်ချင်တာတွေကို ပြောပြနိုင်လောက်တဲ့ ဦးနှောက်လဲ မရှိဘူး၊ စကားလုံးလဲ မရှိခဲ့ဘူး နယ်လီ၊ ကျွန်မ ဒီအချိန်မှာ သူ့အသံကိုလဲ မကြားချင်ခဲ့ဘူး၊ ကျွန်မ ကောင်းကောင်း ပြန်ပြီး သတိမရမီမှာ အရုဏ်တက်လာပြီ ထင်တယ်၊ ကျွန်မလေ ကျွန်မ ဘာဖြစ်နေသလဲ စဉ်းစားသေးတယ်၊ ကျွန်မစိတ်ထဲက စားပွဲခြေထောက်နဲ့ ခေါင်းနဲ့ ဆောင့်ဆောင့်နေမိတယ် ထင်တာပဲ၊ မျက်စိထဲမှာလဲ ဝက်သစ်ချသား မှန်ကူကွက်နဲ့ ကိုယ့်အိမ် အိပ်ခန်းထဲက ပြတင်းပေါက်ကိုပဲ ခပ်ဝါးဝါး မြင်လာတယ်၊ ကျွန်မ စိတ်မကောင်းလိုက်တာလေ၊ အသည်းထဲမှာလဲ နာလိုက်တာ မပြောပါနဲ့တော့ရှင်။
“ကျွန်မ အဖေသေပြီးတဲ့နောက် ကျွန်မနဲ့ ဟိကလစ် အဆက်အဆံ မလုပ်ရတော့ဘူးလို့ ကျွန်မအစ်ကို ဟင်ဒလီ အမိန့်ပေးခဲ့တုန်းက အဖြစ်အပျက်ကို ကျွန်မ မြင်ယောင်လာတယ်၊ ကျွန်မအဖို့ ပထမဆုံး အကြိမ် အထီးကျန်ဖြစ်ရတဲ့ အခြေအနေပေါ့၊ အဲဒီတုန်းက ကျွန်မ ဘယ်လောက်ခံစားရတယ် ဆိုတာထောင် ပြောမပြတတ်တော့ဘူး၊ ဒါပေမယ့် ကျွန်မက ဒါဟာ ယာယီခံစားမှုလောက်ပဲ ထင်ခဲ့တယ်၊ နောက်တော့ ကျွန်မဟာ မစ္စက်လင်တန်ဘဝ ရောက်ခဲ့တယ်၊ သရုတ်ကရော့ အိမ်ကြီးရှင်မ ဖြစ်လာတယ်၊ ဘာထူးသလဲ၊ ကျွန်မဟာ ကျွန်မ ကမ္ဘာထဲက မောင်းထုတ်ခံရတာမျိုးပဲမဟုတ်လား၊ စဉ်းစားကြည့်ပါနယ်လီ၊ ကျွန်မဟာ မဟုတ်ဘူးလား၊ ခေါင်းမခါနဲ့ နယ်လီ၊ တကယ်တော့ ဒီ အဖြစ်တွေကို အသူတရာနက်တဲ့ ချောက်ကြီးထဲကျသွားပြီး တွားတက်နေရတဲ့အဖြစ်မျိုး ရှင် အက်ဂါကို ပြောပြဖို့ကောင်းပါတယ်၊ သူ ဒါတွေ သိယင် ကျွန်မကို သူ ဘာမှ ပြောစရာ မလိုပါဘူး၊ ကျွန်မမှာ အသည်းတွေရော အူတွေရော ဗြောင်းဆန်နေရတဲ့ အဖြစ်မျိုးပါ။
“ကျွန်မလေ ဟိုတုန်းကလို ကလေးဘဝကို ပြန်ရောက်ချင်လိုက်တာ၊ အဲဒီဘဝမှာ နေချင်သလိုနေ၊ လွတ်လွတ်လပ်လပ် သွားလာနေချင်လိုက်တာ၊ ကျွန်မလေ ဟိုတုန်းကလို တောင်ကုန်းတွေပေါ်မှာလျှောက် သွားနေချင်တယ် နယ်လီရယ်၊ ပြတင်းပေါက်ကို ဖွင့်လိုက်စမ်း ပါဦး၊ အကုန်ဖွင့်လိုက်ပါ”
“အအေးမိပြီး သေသွားပါဦးမယ် ကလေးရယ်”
“ဘာလဲ၊ ရှင် ဖွင့်မပေးယင် ကျွန်မဘာသာပဲ ဖွင့်မယ်”
ကျွန်မ သူ့ကို ဆွဲမထားလိုက်မီမှာပင် သူသည် အိပ်ရာပေါ်မှ လျှောဆင်းပြီး ပြတင်းပေါက်ဆီသို့ ဒယီးဒယိုင် ထသွားပါသည်။ ပြတင်းပေါက်ကိုဖွင့်ပြီး ငုံ့ကြည့်လိုက်ပါသေးသည်။ ဓားသွားကဲ့သို့ ချွန်ထက် အေးစက်သော နှင်းပေါက်က ပခုံးထက်သို့ ကျလာသည်ကိုပင် သူ အမှု မထားပါ။ ကျွန်မလည်း နေရာမှထပြီး သူ့ကို မူလနေရာသို့ ပြန်ခေါ်လာပါလေသည်။ ကက်သရင်းသည် ကယောင် ချောက်ချား ဖြစ်နေပါ၏။
အပြင်ဘက်မှာ လရောင် မရှိပါ။ အရာအားလုံးသည် နှင်းထုကြားတွင် ပိန်းပိန်းပိတ် မှောင်နေပါ၏။ အနီးအဝေး အိမ်များမှ မီးရောင်ကိုပင် မမြင်ရပါ။ အားလုံးပင် မီးများကို ငြိမ်းသတ်ပြီး ဖြစ်ပေရော့မည်။ လေထန်ကုန်း အိမ်ကြီးကိုလည်း မမြင်သာပါ။ သို့သော် ကက်သရင်းစိတ်ကမူ လေထန်ကုန်းအိမ်ကြီးကို မြင်နေပုံရပါသည်။
“ကြည့်စမ်း နယ်လီ၊ ဟိုမှာ ဖယောင်းတိုင် လင်းနေတာ ကျွန်မ အခန်းပေါ့။ အခန်းရှေ့က သစ်ပင်တွေတောင် လေထဲမှာ ယိမ်းထိုးနေတယ်လေ။ ဟောဟို ဖယောင်းတိုင်က ဂျိုးဆက်ရဲ့ အထပ်ခိုး အခန်းက ဖယောင်းတိုင်ပဲ၊ ဂျိုးဆက် မအိပ်သေးဘူး၊ ကျွန်မ ပြန်အလာကို တံခါးဖွင့်ပေးရအောင် စောင့်နေတာ ဖြစ်မှာပဲ။ ဟုတ်ပါတယ်။ သူ ကျွန်မကို စောင့်နေတာရှိမှာပေါ့၊ လမ်းကလဲ ကြမ်း၊ လူကလဲ ပန်းနေတော့ သွားရမှာ ပင်ပန်းလိုက်တာ။ ဒါပေမယ့် သွားကြတာပေါ့။ ဂျင်မာတန်က ဘုရားကျောင်းဝင်းကို ဖြတ်သွားတဲ့ ခရီးပေါ့၊ တို့နှစ်ယောက်ပဲဟာ တစ္ဆေတွေ သရဲတွေကိုလဲ မကြောက်ပါဘူး၊ ကိုယ်တောင် သွားရဲသေးတာပဲ။ လမ်းပေါ်မှာ ကိုယ်တယောက်တည်းတော့ လှဲမနေချင်ဘူး။ လူတွေက ကိုယ့်ကို အသေကောင်ထင်ပြီး မြေမြှုပ်ပစ်မှာပေါ့။ မင်းနဲ့ သေရယင်တော့လဲ နှစ်ယောက်အတူ မြေမြှုပ်ခံရဲပါရဲ့၊ မင်း မပါယင်တော့ ကိုယ် ဘာမှမလုပ်ဘူး” ကက်သရင်းသည် ကယောင်ကတမ်း ပြောနေရာမှ စကားစ ပြတ်သွားပြန်သည်။ မျက်နှာပေါ်တွင် ထူးဆန်းသော အရိပ်သမ်းနေလေ၏။ “သူကတော့ ကိုယ်လာမယ်လို့ ထင်နေမှာပဲ၊ ဒီလိုဆိုလဲ အဲဒီ ဘုရားကျောင်းကို ဖြတ်သွားတဲ့လမ်း မဟုတ်တဲ့လမ်းကို ရှာရမှာပဲ၊ မင်းကလဲ တယ်နှေးတာကိုးကွ၊ ကိုယ့်နောက်က လိုက်ခဲ့မှပေါ့”
သူစိတ်ရူးပေါက်ရာ ပြောနေသောကြားတွင် ကျွန်မ ဘာမျှ ဝင်မပြောတော့ပါ။ ကျွန်မမှာ အခန်းထဲက ထွက်သွား၍လည်း မဖြစ်ပါ။ အော်၍ သူ စိတ်ရူးပေါက်ပြီး ပြတင်းပေါက်မှ ခုန်ဆင်းထွက်ပြေးသွား မည်ကိုလည်း စိုးရပါသည်။ သူ သည်အကြောင်းတွေကို တွေးမနေစေချင်ပါ။ သူ့ စိတ်ကို ဘယ်လို ထိန်းချုပ်ရမည်ကိုသာ ကျွန်မ စဉ်းစားရ ပြီ။ ထိုစဉ်မှာပင် တံခါး လက်ကိုင်သံကို ရုတ်ကနဲ ကြားလိုက်ရသဖြင့် ကျွန်မ လန့်သွားပါသည်။ တံခါးပွင့်သွားပြီး မစ္စတာလင်တန် ဝင်လာပါလေတော့သည်။ သူသည် စာကြည့်ခန်းမှအထွက် အခန်းပြင်ဘက်မှ ဖြတ်သွားယင်း ကက်သရင်း၏ စကားသံကြောင့် အထူးအဆန်း ဖြစ်နေသဖြင့် အခန်းထဲသို့ ဝင်လာခဲ့ခြင်း ဖြစ်ဟန်ရှိပါသည်။
ကျွန်မလည်း သူကို တွေ့လိုက်ရသဖြင့်...
“အို သခင်၊ သခင်မဟာ အတော်ပဲ မကျန်းမမာ ဖြစ်နေပါတယ်၊ ကျွန်မ ဘယ်လိုမှ ထိန်းချုပ်လို့ မရပါဘူး၊ သူ့ကို အိပ်ရာဝင်ဖို့ ပြောစမ်းပါရှင်၊ သခင် ဒေါသဖြစ်နေတာကို မေ့ပြီး သခင်မကို ပြုစုစမ်းပါဦးရှင်” ဟု ဆီး ပြောလိုက်မိပါသည်။
“ဟင်၊ ကက်သရင်း နေမကောင်းဘူး ဟုတ်လား”
သူသည် ကျွန်မ နှစ်ယောက်နားသို့ အပြေး ရောက်လာပြီး “အယ်လင်၊ ပြတင်းပေါက်ကို ပိတ်လိုက်လေ၊ ကက်သရင်း၊ ကက်သရင်း၊ မင်း..”
မစ္စတာ လင်တန်သည် သူ့ဇနီး၏ မျက်နှာသွင်ပြင်နှင့် အခြေအနေကို ယခုမှ သတိပြုမိပါသည်။ မစ္စက်လင်တန်မှာ ယခု နှစ်ရက်သုံးရက်အတွင်း မျက်နှာပြင်သည် သိသိသာသာ ချောင်ကျသွားပြီး ကိုယ်လုံးကိုယ်ထည်မှာလည်း ပိန်ချုံးသွားပါသည်။ ဤသို့သော သူ့ဇနီးရုပ်သွင်ကို မြင်လိုက်ရသဖြင့် မစ္စတာလင်တန်သည် စကားစ ပြတ်သွားပြီး ထိတ်ထိတ်လန့်လန့် အမူအရာဖြင့် ကျွန်မ ဘက်သို့ ဖြတ်ကနဲ လှမ်းကြည့်လိုက်ပါလေ၏။
“သူ အခန်းအောင်းပြီး စိတ်ဆင်းရဲ ခံနေတာပါ၊ အစာလဲ့ မစားဘူး၊ ဘာမှလဲ မပြောဘူး၊ အခန်းကို အတွင်းက ပိတ်ထားပြီး ကျွန်မတို့ကို အဝင်မခံခဲ့ဘူး သခင်၊ ဒါကြောင့်လဲ သခင်မ ဘာဖြစ်နေတယ်ဆိုတာ ကျွန်မတို့ သခင့်ကို အကြောင်းမကြားနိုင်ခဲ့ဘူး။ ဒါပေမယ့် အရေးတော့ မကြီးပါဘူးလေ”
ကျွန်မလည်း မရေမရာ ခွတီးခွကျ ဖြေရှင်းချက်ကို ခပ်ညည်းညည်း ပြောလိုက်ပါသည်။ သခင်သည် မျက်မှောင်ကုပ်သွားပြီး...
“အရေးမကြီးဘူး ဟုတ်လား အယ်လင်ဒင်း၊ ကျုပ် မသိရတဲ့အတွက် ဘာဖြစ်နိုင်တယ် ဆိုတာကို ခင်ဗျားတို့ ထည့်တွက်ဖို့ ကောင်းတာပေါ့' ဟု ခပ်မာမာပြော၍ သူ့ဇနီး၏ လက်ကို ဆွဲကိုင်လိုက်ပါသည်။ အလွန် စိတ်ထိခိုက်သွားသည့် အကြည့်မျိုးဖြင့်လည်း ကြည့်နေလိုက်ပါသည်။
ကက်သရင်းသည် သူ့ ခင်ပွန်းသည်ကို ရုတ်တရက် မမှတ်မိပဲ ဖြစ်နေဟန် ရှိသည်။ တွေတွေငေးငေး ဖြစ်နေသော သူ့အကြည့်တွင်လည်း သူ့ခင်ပွန်းသည်၏ ရုပ်သွင် ထင်ဟပ်လာပုံ မရပေ။ အတော်ကြာမှပင် သူ့လက်ကို လာကိုင်သူကို သူသတိပြုမိပါလေသည်။
“အိုး၊ အက်ဂါလင်တန်ရယ်၊ ရှင် ရောက်လာတယ်နော်” သူ့အသံမှာ ဒေါသသံပါနေသည်။ “ကျွန်မတို့မှာ စိတ်မချမ်းသာစရာ ဖြစ်ရပြီဆိုယင် ကျွန်မအဖို့ ဘယ်မှာများ စိတ်ချမ်းသာစရာ ရှာနိုင်သလဲ၊ ရှင့်အဖို့ကတော့ ရှင် သွားချင်ရာသွား၊ နေချင်ရာနေပြီး စိတ်ချမ်းသာမှု ရှာနိုင်တာပဲ မဟုတ်လား”
“ကတ်သရင်းရယ် မင်း ဘာဖြစ်နေတာလဲ၊ ကိုယ်ဟာ မင်းအတွက် မဟုတ်နိုင်တော့ဘူးလား၊ ဘာလဲ မင်း ဟိုအကောင် ဟိ”
“တော်စမ်းပါ၊ ရှင် ဆက်မပြောပါနဲ့။ ရှင် ဒီနာမည်ကို ပြောယင် ကျန်မ ပြတင်းပေါက်က ခုန်ချပြီး ဒီကိစ္စကို အဆုံးသတ်လိုက်မယ်၊ ကျွန်မ ရှင့်ကိုမတွေ့ချင်ဘူး၊ ရှင့်စာအုပ်တွေဆီ ရှင် ပြန်သွားပါ၊ ရှင့် စာအုပ်တွေကြားမှာ ပြေရာပြေကြောင်း ရှာနိုင်တာ ကျွန်မ ဝမ်းသာပါတယ်”
ကျွန်မသည် ကြားဝင်ရလေတော့သည်။
“သူ့ စိတ်တွေ ထွေနေတယ် သခင်။ ဒီတညလုံး သူ အဓိပ္ပာယ် မရှိတာ တွေပဲ ပြောနေတယ်၊ သူ့အတွက် အစောင့်တယောက် ထားပြီး သူ ငြိမ်ငြိမ်ဆိမ်ဆိမ် နေစေဖို့ လိုမယ် သခင်၊ အဲဒီ ကြားထဲမှာ သူ့ကို စိတ်အနှောင့်အယှက် မပြုမိအောင် သတိထားဖို့ လိုပါမယ်”
“တော်စမ်းပါ အယ်လင်ရယ်၊ ကျုပ် ခင်ဗျားဆီက အကြံဉာဏ် မလိုချင်ပါဘူး၊ ခင်ဗျားလဲ ခင်ဗျားသခင်မရဲ့ စိတ်နေစိတ်ထားကို အသိသားနဲ့၊ ခင်ဗျားကိုက ကျုပ်ကို သူ စိတ်ညစ်အောင် လုပ်ခိုင်းနေသလို ဖြစ်နေပြီ။ တကယ်ဆို ဒီသုံးရက်စလုံး သူ့အခြေအနေကို ခင်ဗျားတို့ ပြောဖို့ ကောင်းတာပေါ့၊ ခုတော့ ကြည့်စမ်း၊ နှစ်ရှည်လများ နေမကောင်းဦးတော့ ဒီလောက်ကြီး ပြောင်းလဲသွားစရာ မရှိပါဘူးဗျာ”
ကျွန်မလည်း တပါးသူ အပြစ်ရှာနေသည် အထင်ဖြင့် မိမိကိုယ်ကို ကာကွယ်သည့် အနေဖြင့် “ကျွန်မဟာ မစ္စက်လင်တန်ရဲ့ စိတ်နေသဘောထားကို သိသားပဲ၊ မစ္စက်လင်တန်ဟာ ခေါင်းမာတယ်၊ မာနကြီးတယ်၊ ဒါပေမယ့် ရှင် သူ့ဒေါသကို ဆွပေးချင်တယ် ဆိုတာတော့ ကျွန်မ မသိဘူး၊ သူ့စိတ်တိုင်းကျ ဖြစ်အောင် မစ္စတာ ဟိကလစ် ကိစ္စမှာလဲ မျက်စိမှိတ်နေရမယ်ဆိုတာ ကျွန်မ မသိဘူး၊ အမှန်ပြောရယင် ကျွန်မဟာ အစေခံပါ၊ ရှင့်ဆီက လခရနေတဲ့ အစေခံပါ၊ ဒီတော့ ကျွန်မ နောက်တကြိမ် ဒီလို မဖြစ်အောင် သတိထားပါ့မယ်၊ ရှင်လဲ သတိထားပါသခင်'ဟု အော်ပြောလိုက်ပါသည်။
“နောက်တကြိမ်ဆိုယင် ဘာဖြစ်တယ်ဆိုတာ လာပြောပါ၊ မဟုတ်ယင် ခင်ဗျား အလုပ်က ထွက်မှ ဖြစ်မယ်ဗျ”
“တကယ်တော့ ရှင် ဘာမှ ကြားတာ မဟုတ်ဘူးလို့ ကျွန်မ ထင်ပါတယ် မစ္စတာ လင်တန်၊ ဟိကလစ်ဆိုတာလဲ ရှင့်ခွင့်ပြုချက်နဲ့ အိမ်ကို လာပြီး ရှင့် ညီမကို ပိုးတာပဲ၊ ရှင် မရှိတာကို အခွင့်ကောင်းယူပြီး သခင်မကိုလဲ စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်တာပဲ”
ထိုစကားကြောင့် ကက်သရင်းသည် ရုတ်တရက် နိုးထလာသလို ဖြစ်သွားပြီး......
“အလိုလေး နယ်လီရယ်၊ ရှင် သစ္စာဖောက်တာပါကလား၊ ရှင်ဟာ တကယ်တော့ ကျွန်မရဲ့ တိတ်တိတ်ပုန်း ရန်သူ ဖြစ်နေတာပါကလား ရှင်ဟာ စုန်းမပဲ၊ ခု ကြည့်စမ်း၊ ကျွန်မတို့ ကြားမှာ ပြဿနာဖြစ်အောင် ရှင် လုပ်တာပဲ၊ လွှတ်စမ်းပါ၊ ကျွန်မ သူ့ကို တခုခု လုပ်ချင်လွန်းလို့”
စိတ်လိုက်မာန်ပါ ပြောပါလေတော့သည်။
သူ့ မျက်လုံးတွေမှာ ဒေါသရိပ်ဖြင့် မုန်တိုင်းထလာသလို ရှိပါသည်။ ထို့ကြောင့် လင်တန်လက်မှ ရုန်းထွက်ပါလေဘော့သည်။ ကျွန်မလည်း သူ့ဒေါသကို ပိုမထွက်သင့်ဟု သဘောရသဖြင့် ဆရာဝန် သွားခေါ်ရန်အတွက် အခန်းထဲမှ ထွက်ခဲ့ပါလေတော့သည်။
ကျွန်မသည် လမ်းမသို့ ရောက်ရန် ဥယျာဉ်ကို ဖြတ်လာစဉ် မြင်းကုန်းနှီးတွေ ချိတ်ထားသည့် နေရာတွင် ဖြစ်မြဲမဟုတ်သော အဖြူရောင်တခု၏ လှုပ်ရှားဟန်ကို သတိပြုလိုက်မိပါသည်။ ကျွန်မလည်း အထူး အဆန်း ဖြစ်နေသဖြင့် စိုက်ကြည့်နေရာ ကျွန်မအဖို့ စဉ်းစားမရနိုင်လောက်အောင် အံ့ဩရပါလေတော့သည်။ ထိုအရာကား မစ္စအစ္စဗယ်လာ၏ ခွေးကလေး ဖန်နီ ဖြစ်နေပါလေ၏။
ခွေးကလေးမှာ လက်ကိုင်ပဝါဖြင့် ချည်နှောင်ထားသဖြင့် အသက်ကိုပင် ကောင်းကောင်း မရှုနိုင်သလို ဖြစ်နေပါသည်။ ကျွန်မလည်း ခွေးကလေးကို ချည်ထားသော လက်ကိုင်ပုဝါကို ဖြေပြီး ဥယျာဉ်ထဲသို့ လွှတ်ပေးလိုက်ပါသည်။ ခွေးကလေးကို ဖြေပေးစဉ် ကျွန်မသည် ခပ်လှမ်းလှမ်းက မြင်းခွာသံများကို သတိပြုလိုက်မိပါသည်။ အားလုံးမှာ ထူးဆန်းနေပါသည်။ အချိန်ကား နံနက် နှစ်နာရီ ထိုးလေပြီ။
မစ္စတာ ကင်းနက်သည် ရွာထဲက လူမမာကို ကြည့်ရန် အိမ်မှ ထွက်လာစဉ် ကျွန်မနှင့် ဆုံမိပါသည်။ ကျွန်မက သူ့အား ကက်သရင်း လင်တန်၏ အခြေအနေကို ပြောပြပြီး ယခုချက်ချင်း တပါတည်း လိုက်ခဲ့ဖို့ ခေါ်ပါ၏။ မစ္စတာ ကင်းနက်မှာ စိတ်ထား ကောင်းမွန်ပြီး ယောဟောဒိုင်းဒိုင်း စိုက်လိုက်မတ်သတ်သမား ဖြစ်ပါသည်။ သူက ကက်သရင်းသည် သူ သတိပေးထားပါလျက် ဂရုမစိုက်၍ ဤသို့ ဖြစ်ရကြောင်း ပြောပါ၏။
“နယ်လီဒင်း၊ ခုလို ဖြစ်ရတာ အကြောင်းထူးတော့ ရှိရမယ်ဗျာ၊ အိမ်ကြီးမှာ ဘာဖြစ်ကြပြန်သလဲဗျ။ ကက်သရင်းလို ကျန်းကျန်းမာမာ ဖျတ်ဖျတ်လတ်လတ် မိန်းကလေးတယောက်ဟာ သာမန် ကိစ္စလောက်နဲ့တော့ ခုလို ဖြစ်စရာ အကြောင်း မရှိပါဘူး၊ ဘယ်လိုက ဘယ်လို စဖြစ်တယ်ဆိုတာ ပြောစမ်းပါဦးဗျာ”
'ဟိုရောက်ယင် သခင်က ပြောပြပါလိမ့်မယ်၊ ဒါပေမယ့် ရှင်လဲ အန်းရှောမိသားစုရဲ့ ဘာမဆို အကြမ်းပတမ်း ချုပ်ကိုင်တာမျိုးကို အသိသားပဲ၊ ပြီးတော့ မစ္စက်လင်တန်ကလဲ ဒါမျိုးဆိုယင် သူကပဲ အနိုင်လုချင်တာ၊ ခုလဲ စကားများကြရာက စတာပဲလို့ ပြောရမှာပဲ၊ စကားများပြီး စိတ်ကို မထိန်းနိုင်ရာကနေ သခင်မက အခန်းထဲဝင် တံခါး ပိတ်နေလိုက်တာပဲရှင့်၊ အဲဒီကစပြီး သခင်မဟာ အစာလဲ မစားဘူး၊ စိတ် ကယောင်ချောက်ချား ဖြစ်နေတာပေါ့ရှင်၊ သူ့ စိတ်တွေထဲမှာ အထူးအဆန်းတွေ မြင်ပြီး စိတ်ကူးစိတ်သန်း အထူးအဆန်းတွေ ဖြစ်နေတာပါပဲ”
'မစ္စတာ လင်တန်ကတော့ စိတ်မကောင်း ဖြစ်နေမှာပဲ”
“အသည်းကွဲမတတ်ပါပဲရှင်၊ သူ့ကို လိုအပ်တာထက် ပိုပြီး ထိတ်လန့် သွားအောင်တော့ မပြောလိုက်ပါနဲ့ ရှင်”
“ကောင်းပါပြီလေ၊ သူ သတိထားဖို့တော့ ပြောရမှာပေါ့ ကျပ် သတိပေးထားလျက်နဲ့ ဂရုမစိုက်လို့ ဖြစ်ရတာပဲလေ၊ ဩော်ဒါထက် သူနဲ့ မစ္စတာဟိကလစ်နဲ့က အတော် ရင်းနှီးနေကြပြီလား”
“သူ အိမ်ကြီးကို မကြာမကြာ လာတတ်တယ်၊ ဒါကလဲ သခင် ကြည်ဖြူတာ မကြည်ဖြူတာထက် သခင်မနဲ့ သူနဲ့က ငယ်ငယ်ကတည်းက ရင်းနှီးလာခဲ့ကြတာ မဟုတ်လား၊ ဒါပေမယ့်သူက မစ္စလင်တန်ကို တမ်းတမ်းစွဲဖြစ်ပြီး သူတို့ ဆက်ဆံရေးက သိသာလွန်းတာကြောင့် ခု အိမ်ကို လာခွင့်မပြုတော့ဘူး ရှင့်၊ သူလဲ လာတော့မယ် မထင်ပါဘူး”
“မစ္စ လင်တန်ကတော့ သူ့ကို ဂရုမစိုက်ဘူး မဟုတ်လားဗျ”
“အဲဒါတော့ ကျွန်မလဲ မပြောတတ်ဘူးရှင့် ’
ကျွန်မသည် ရုတ်ကနဲ ပြန်ဖြေလိုက်ပါသည်။
“အင်း၊ ဟုတ်ပုံတော့မပေါ်သေးဘူးဗျ၊ ကောင်မလေးကလဲ ပျက်တီးပျက်ချော်ရယ်၊ သူကလဲ သူ့စိတ်ကူးနဲ့သူ နေတာမဟုတ်လား၊ တကယ်တော့ ကောင်မလေးက မိုက်တိမိုက်ကန်းရယ်၊ ကျုပ်က တခုကြားထားလို့ ပြောတာပါ၊ ညက ခင်ဗျားတို့ အိမ်နောက်ဘက်က စိုက်ခင်းထဲမှာ သူတို့နှစ်ယောက်ကို တွေ့ရသတဲ့၊ သူက ကောင်မလေးကို အိမ်ထဲ ပြန်မဝင် သူ့မြင်းနဲ့လိုက်ခဲ့ဖို့ ခေါ်နေတယ် ဆိုပဲဗျ၊ အဲဒီ ကျုပ်လူ အပြောကတော့ ကောင်မလေးကတော့ ငြင်းနေတယ် ဆိုတာပဲ၊ ဒီနောက်တော့ သူ မကြားရတော့ဘူး တဲ့၊ ဘာဖြစ်ဖြစ်ပေါ့လေ၊ ခင်ဗျားကလဲ မစ္စတာလင်တန်တို့ ကောင်မလေးကို ဂရုစိုက်ကြည့်ဖို့ ပြောပါဗျား”
ထိုသတင်းကို ကြားလိုက်ရသဖြင့် ကျွန်မအဖို့ ထိတ်စရာ လန့်စရ အသစ် ဖြစ်လာရပြန်လေသည်။ ထို့ကြောင့် ကျွန်မသည် မစ္စတာ ကင်းနက်ကို ချန်ထားခဲ့ပြီး အိမ်ဘက်သို့ အပြေးကလေး လာခဲ့ရပါလေတော့သည်။ ဥယျာဉ်ထဲတွင် ခွေးကလေးသည် အော်ညည်းနေဆဲ ဖြစ်ပါသည်။ ကျွန်မသည် ခွေးကလေးအတွက် အိမ်တံခါးကို ဖွင့်ပေးလိုက်ပါ၏။ ခွေးကလေးသည် အိမ်ထဲကို ဝင်ရမည့်အစား မြက်ခင်းပေါ်တွင် ဟိုသည် အနံ့ခံနေပါလေ၏။ ကျွန်မလည်း အစ္စဗယ်လာ၏ အခန်းဆီသို့ တက်လာခဲ့ပါ၏။ ကျွန်မ ထင်ထားသည့် အတိုင်းပင် ဖြစ်ပါလေပြီ။ အစ္စဗယ်လာသည် အခန်းထဲတွင် မရှိတော့။ သူသည် ကက်သရင်း နေမကောင်းသည်ကို အခွင့်ကောင်းယူ၍ ထွက်သွားပြီ ထင်ပါသည်။ ဘာမှ မတတ်နိုင်တော့။ ကျွန်မ အဖို့မှာလည်း ကျွန်မ သခင်မှာ သူ့ဇနီးကိစ္စနှင့် ရတက်မအေး ဖြစ်နေရချိန်တွင် ထပ်ဆင့်ဆပွားစေ၍ မသင့်ပါ။
ကျွန်မ ဘာမျှ မပြောမိအောင် ကြိုးစားနေရပါလေတော့သည်။ ကင်းနက် ရောက်လာကြောင်းကိုသာ အကြောင်း ကြားလိုက်ပါသည်။ ကက်သရင်းမှာ အိပ်ရာထဲတွင် လှဲနေလေသည်။ သခင်သည် သခင်မ၏ အိပ်ရာဘေးတွင် သခင်မ၏ အခြေအနေကို စောင့်ကြည့်ယင်း တွေငေးငေး ဖြစ်နေပါ၏။
ဆရာဝန်သည် သခင်မ၏ အခြေအနေကို စမ်းသပ်ပြီးနောက် သခင်အား စိုးရိမ်စရာ မရှိကြောင်း၊ သူ့ကို စိတ်အေးအေး နေနိုင်အောင် ထားဖို့ ရှင်းပြပါလေသည်။
ထိုညက ကျွန်မ မအိပ်ရတော့ပါ။ မစ္စတာ လင်တန်လည်း မအိပ်ရပါ။ စင်စစ်တော့လည်း ကျွန်မတို့ နှစ်ဦးစလုံးပင် အိပ်ချင်စိတ်လည်း မရှိတော့ပါ။ အိမ်တွင်းရှိ အစေခံများလည်း နိုးနေကျ အချိန်ထက် စောစီးစွာ နိုးလာကြပြီး အိမ်တွင်းအလုပ်များကို တိတ်ဆိတ်ညင်သာစွာ လုပ်ကိုင်ကြပါလေပြီ။ အစ္စဗယ်လာ၏ လှုပ်ရှားဟန်ကိုကား မတွေ့ရတော့ပါ။ ထိုအခါ အများကပင် အစ္စဗယ်လာ အိပ်မောကျနေတာ ဖြစ်မည်ဟု ထင်ကြေး ပေးကြပါလေသည်။ သူ့အစ်ကိုကလည်း မထသေးဘူးလားဟု မေးပါသည်။ ကျွန်မမှာ လင်တန်က ဗယ်လာကို အခေါ်ခိုင်းလေမလား စိုးရိမ်မိပါသေး၏။ အစ္စဗယ်လာ ကိစ္စကို ကျွန်မ မပြောရက်သေးပါ။
ဤအတောအတွင်းမှာပင် ဂျင်မာတန်သို့ မနက်စောစောသွားရန် စေခိုင်းလိုက်သော အိမ်စေ မိန်းကလေးတယောက်သည် အိမ်ပေါ်သို့ မောကြီးပန်းကြီးနှင့် ပြေးတက်လာပြီး အခန်းထဲသို့ ပါးစပ်အဟသားနှင့် ရုတ်ကန် ပြေးဝင်လာကာ...
“သခင်၊ သခင်၊ ကျွန်မတို့ရဲ့ အစ္စဗယ်လာ”
ကျွန်မလည်း ထိုမိန်းကလေး၏ စကားကြောင့် ဒေါသထွက်သွားပြီး “တိတ်စမ်း” ဟု ဖြတ်ကနဲ အော်ပစ်လိုက်ပါလေသည်။ ထိုအခါ မစ္စတာ လင်တန်က ကြားဝင်၍...
“ဖြည်းဖြည်းပြောစမ်း မေရီ၊ အစ္စဗယ်လာ ဘာဖြစ်သလဲ” ဟု မေးပါလေတော့သည်။
“သူ၊ သူ၊ သူ မရှိတော့ဘူး၊ သူ ဟိကလစ်နဲ့ လိုက်ပြေးသွားပြီ'
မိန်းကလေးမှာ မောဟိုက် တုန်ယင်နေပါ၏။ လင်တန်လည်း ဖြတ်ကနဲ ထလိုက်ပြီး
“ဒါ မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ မင်းခေါင်းထဲကို မဟုတ်တဲ့ အတွေး ဝင်လာတာပါပဲ၊ ကဲ၊ ကယ်လင်ဖင်း သွားစမ်းဗျာ၊ အစ္စဗယ်လာကို သွားရှာစမ်း၊ မဖြစ်နိုင်တာပဲ”
ပြောပြောဆိုဆို အိမ်စေမကလေးကို တံခါးဝသို့ ခေါ်သွားပြီး သည်သဘင်း ဘယ်သို့ဘယ်ပုံ သိလာသည်ကို မေးမြန်း ပါလေ၏။
“ကျွန်မ မနက်က ဂျင်မာတန်ဘက်အသွားမှာ ဂျင်မာတန်ကနေ ကျွန်မတို့ဆီလာပြီး နွားနို့လာယူလေ့ရှိတဲ့ သူငယ်ကလေးနဲ့ တွေ့ပါတယ်၊ ကျွန်မတို့အိမ်ကြီးမှာ ဘာမှမဖြစ်ဘူးလား မေးတော့ ကျွန်မကလဲ သခင် နေမကောင်းတာ မေးတယ်မှတ်ပြီး ပြန်ဖြေလိုက်မိပါတယ်၊ အဲဒီတော့ သူက “ခင်ဗျားတို့ အိမ်က တယောက်ယောက်တော့ သူများ နောက်လိုက် သွားတယ်ထင်တာပဲ” လို့ ပြောလိုက်လို့ ကျွန်မလဲ သူ့ကိုစိုက်ကြည့်လိုက်မိပါတယ်၊ ဒါနဲ့သူက ကျွန်မ ဘာမှ သိသေးပုံမပေါ်ဘူးလို့ သဘောပေါက်သွားပြီး အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် ဂျင်တန်ရွာ အပြင်ဘက် နှစ်မိုင်လောက်က ပန်းပဲဖိုမှာ မြင်းခွာ ပြင်ရိုက်ဖို့ မြင်းတစီးနဲ့ ရပ်နေတာ တွေ့ရတဲ့အကြောင်း၊ အဲဒီတုန်းက သန်းခေါင်ကျော်လောက် ရှိတဲ့အကြောင်း၊ ပန်းပဲ ဆရာရဲ့ သမီးက မြင်းနဲ့လာတဲ့ အမျိုးသားနဲ့ အမျိုးသမီးကို ဘယ်သူ ဖြစ်ပါ့မလဲ ချောင်းကြည့်တော့ ဘယ်သူတွေဆိုတာ သိတော့တဲ့အကြောင်း ပြောပါတယ်၊ သူကပဲ အဲဒီ မိန်းကလေးက ဟိကလစ်ကို ကောင်းကောင်း မှတ်မိတဲ့အကြောင်း အမျိုးသားဟာ ဟိကလစ် ဖြစ်နေတဲ့အကြောင်း၊ အမျိုးသမီးကတော့ မျက်နှာကို ဖုံးထားလို့ မမြင်ရပေမယ့် ရေတောင်း သောက်ယင်း မျက်နှာပေါ်က အဝတ်ကျသွားတော့ မြင်လိုက်ရတဲ့အကြောင်း၊ နောက်တော့ ဟိကလစ်နဲ့ အမျိုးသမီးတို့ဟာ ရွာကို ကျောခိုင်းပြီး လမ်းကြမ်းအတိုင်း ထွက်သွားတဲ့ အကြောင်း၊ အဲဒီမိန်းကလေးက ဒီမနက်ပိုင်းမှာပဲ ဂျင်မာတန်မှာ ပြောနေတဲ့ အကြောင်း အဲဒီသူငယ်က ပြောပါတယ်”
ကျွန်မလည်း အိမ်စေမိန်းကလေး ပြောပြသည်ကို ကြားရပြီးနောက် ပို၍ သေချာစေရန် အစ္စဗယ်လာ၏ အခန်းကို သွားကြည့်လိုက်ပါသေး၏။ ထိုအတွင်းတွင် မစ္စတာလင်တန်သည် ကက်သရင်း အိပ်ရာဘေး ကုလားထိုင်မှ ထလာပါသည်။ ကျွန်မ အခန်းထဲသို့ ပြန်ဝင်လာသောအခါ မစ္စတာ လင်တန်သည် မျက်လုံးကို လှန်ပြီး ကျွန်မကို ကြည့်ပါလေ၏။ ကျွန်မ မျက်နှာရိပ် မျက်နှာကဲကို သူ ရိပ်မိဟန် ရှိပါသည်။ မျက်လွှာကို ချလိုက်၏။ ကျွန်မအား အမိန့်လည်းမပေး၊ မည်သည့်စကားမျှလည်း မဆိုတော့ပါ။
“သခင်မကလေးတို့ နောက်လိုက်ပြီး သူ့ကို ပြန်ခေါ်ဖိုလုပ်ကြမလား၊ ကျွန်မတို့ ဘာလုပ်ကြမလဲ” ဟု ကျွန်မက မေးလိုက်ပါသည်။ သူ့စိတ်နဲ့ သူ့ကိုယ် လုပ်သွားတာပဲ။ သူ့မလဲ သူကြိုက်သလို လုပ်နိုင်တာပဲလေ၊ သူနဲ့ပတ်သက်ပြီး ကျွန်တော့်ကို ဒုက္ခ မပေးပါနဲ့တော့၊ ခုချိန်ကစပြီး သူဟာ ကျွန်တော့်ညီမဆိုတာ အခေါ်အဝေါ် သဘောလောက်ပဲ ရှိပါတော့တယ်၊ ခုဟာက ကျွန်တော်က သူ့ကို စွန့်ပစ်တာ မဟုတ်ပဲ သူက ကျွန်တော့်ကို စွန့်ပစ်သွားတာလေ”
မစ္စတာလင်တန်သည် ဤကိစ္စနှင့်ပတ်သက်၍ ဤမျှသာ ပြောပါလေတော့သည်။ အစ္စဗယ်လာကို ရှာဖွေရန်လည်း မပြုလုပ်ပါ။ မည်သည့် ကိစ္စနှင့်ပတ်သက်၍မှလည်း အစ္စဗယ်လာ့အကြောင်းကို မပြောတော့ပါ။ ကျွန်မအားသာ အစ္စဗယ်လာ နေသည့် နေရာကို သိရလျှင် ဤအိမ်ရှိ အစ္စဗယ်လာ၏ ပစ္စည်းများကို အစ္စဗယ်လာထံပို့ရန် စေခိုင်းပါလေတော့သည်။
အခန်း [ ၁၃ ]
နှစ်လကြာသွားသည်အထိ ထွက်ပြေးကြသူများမှာ ဆက်လက် ပျောက်ကွယ်နေကြပါ၏။ ထိုနှစ်လ အတွင်းတွင် မစ္စက်ကက်သရင်း လင်တန်သည် ဦးနှောက်ဖျားရောဂါဟု ဆိုနိုင်သော ရောဂါကို အန်တုခုခံနေခဲ့ရပါလေသည်။ အက်ဂါ ကိုယ်တိုင်ကလည်း သူ့ဇနီးအား မိခင်သည် တဦးတည်းသော ရင်သွေးငယ်ကို ပြုစုသကဲ့သို့ အထူးဂရုစိုက်ပြုစုပါသည်။ အက်ဂါသည် နေ့ညမပြတ် ဇနီးသည်ကို စောင့်ကြည့်ပြီး စိတ်အနှောင့်အယှက် ဖြစ်နိုင်သမျှတို့ကို စိတ်ရှည်လက်ရှည် ဖယ်ရှားခဲ့ပါလေ၏။ ဒေါက်တာ ကင်းနက်ကမူ အက်ဂါ၏ စိုးရိမ်တကြီး ဂရုစိုက်မှုသည် မစ္စက် လင်တန်ကား သေတွင်းမှ ကယ်တင်ခဲ့ခြင်း ဖြစ်သည်ဟု ကောက်ချက်ချပါသည်။ စင်စစ်မူ အက်ဂါသည် ဇနီးအတွက် မိမိ၏ ကျန်းမာရေးနှင့် အင်အားကို အဆုံးရှုံးခံ၍ ဂရုစိုက်ခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့်လည်း ကက်သရင်းသည် အန္တရာယ်မရှိနိုင်တော့ဟု သိရသည်နှင့် အက်ဂါလည်း အတိုင်းမသိ ဝမ်းသာပျော်ရွှင် မဆုံးတော့ပါပေ။ သူသည် အချိန်ရှိသရွေ့ ဇနီးသည်ဖြစ်သူ အပါးတွင် ထိုင်လျက် ဇနီး၏ခန္ဓာကိုယ် ပြန်လည်ပြည့်ဖြိုးလာသော အခြေအနေကို စောင့်ကြည့်နေပါတော့သည်။ ဇနီးဖြစ်သူ၏ စိတ်သည်လည်း ရှေးကအတိုင်း ပြန်လည် ကောင်းမွန်နေပြီဟု မျှော်လင့် အားတက်နေပါလေ၏။
မတ်လဆန်းပိုင်းတွင် ကက်သရင်းသည် သူ့အခန်းထဲမှ ပထမဆုံးအကြိမ် ထွက်လာပါလေသည်။ မစ္စဘာလင်တန်သည် ကက်သရင်းအား ခေါင်းအုံးပေါ်တွင် နေရာချပေးလိုက်ပါသည်။ ခေါင်းအုံးပေါ်တွင် နံနက်ခင်း နှင်းပန်းပွင့်များကိုလည်း ဖြန့်ကြဲထားပါ၏။ ကက်သရင်းသည် ပန်းပွင့်ကလေးများကို မြင်လိုက်ရသဖြင့် ဝမ်းမြောက်ပျော်ရွှင်သွားက မျက်လုံးအစုံသည် ရွှန်းရွှန်းလဲ့လဲ့ တောက်ပလာကြပါလေသည်။
“တောင်ကုန်းတွေပေါ်မှာ အစောဆုံး ပွင့်တဲ့ ပန်းတွေပေါ့နော်၊ ဒီပန်းကလေးတွေ မြင်ရတော့ ဆောင်းနှောင်းကာလ လေပြည်ကလေး တိုက်လာတာ၊ နွေးထွေးတဲ့ နေရောင်လင်းလက်လာတာနဲ့ နှင်းခဲတွေ ပျော်ကျ လုလု ဖြစ်လာတာတွေကို ပြန်ပြီး သတိရလိုက်တာကွယ်၊ အက်ဂါရေ၊ တောင်လေ မတိုက်သေးဘူးလားကွယ်၊ နှင်းတွေရော ပျော်မကုန်ကြသေးဘူးလား”
ကက်သရင်းက ပြောလိုက်ပါသည်။
“နှင်းတွေ ပျော်ကုန်ကြပါပြီ အချစ်ရေ၊ တကွင်းလုံးမှာ နှင်းခဲဆိုလို့ ကိုယ်ဖြင့် အဖြူစက်ကလေး နှစ်ခုပဲ မြင်ရတော့တယ်၊ ကောင်းကင်ကြီးကလဲ ပြာလို့၊ ဘီလုံးငှက်ကလေးတွေလဲ ကောင်းကင်မှာ ပျံဝဲပြီး တေးဆိုနေကြပြီကွဲ့၊ ချောင်းတွေ မြောင်းတွေမှာလဲ ရေတွေပြည့်နေကြပြီလေ၊ ကတ်သရင်းရယ် မနှစ်က ဒီလိုနွေဦးပေါက်မျိုးမှာ မင်းကို ကိုယ်က အိမ်းထဲမှာပဲ နေစေချင်ခဲ့တယ်၊ ခုဘော့ မင်း တောင်ကုန်းပေါ်မှာ တမိုင် နှစ်မိုင်လောက် လျှောက်ကြည့် ပါလားကွယ်၊ လေညင်းကလေး သာသာယာယာ တိုက်နေတော့ မင်းအဖို့ ဝေဒနာပိုပြီးများ သက်သာမလားပဲ”
“ကျွန်မ တံခေါက်လောက်တော့ သွားဖိုကောင်းတာပေါ့၊ အဲဒီမှာ ရှင် ကျွန်မကို ထားခဲ့မယ်ဆိုယင် ကျွန်မ အဲဒီမှာပဲ နေခဲ့ရမှာပေါ့၊ အဲဒီလိုနဲ့ နောက်နွေဦးပေါက်ကျယင် ရှင် ကျွန်မကို ဒီနေရာမှာ ရှိစေချင်ပြန်ဦးမယ်။ ကနေ့လို ပျော်ပျော်ရွှင်ရွှင် နေကြရတာမျိုးကို ရှင် ပြန်ပြီး သတိရနေဦးမှာပဲ”
ကက်သရင်းသည် အင်အားချည့်နဲ့စွာဖြင့် ပြောလိုက်ပါလေသည်။
လင်တန်သည် သူ့ဇနီးအား ယုယ ထွေးပိုက်လျက် ချစ်နှစ်သက်ဖွယ်ကို ထိုသို့ဆိုကာ ချစ်သူအား အမွှမ်းတင် စကားများကို ဆိုနေပါ၏။ ကတ်သရင်း၏ မျက်လုံးအိမ်တွင်မူ မျက်ရည်များ ရီဝေပြည့်လျံလာပြီး မျက်ရည်စများသည် ပါးနှစ်ဘက်တွင် သွယ်စီးကျလာ နေပါလေ၏။ ကျွန်မတို့သည် ကက်သရင်းမှာ အမှန်တကယ် သက်သာလာပြီဖြစ်ကြောင်း သိပါ၏။ သို့သော်လည်း သူ ဝမ်းနည်းကြေကွဲရခြင်းမျိုးကို မဖြစ်စေချင်ပါ။ ထို့ကြောင့် သူ့အား အခြားတနေရာသို့ ရွှေ့ရန်စီစဉ်ရပါလေတော့သည်။
သခင် လင်တန်သည် ကာလ အတန်ကြာ မဝင်ရောက်ခဲ့သော၊ ဧည့်ခန်းတွင် မီးဖိုစေပါလေ၏။ ပြတင်းပေါက်နား နေရောင်အောက်တွင်လည်း ပက်လက်ကုလားထိုင်ကို ချစေပါ၏။ ထို့နောက် သခင်သည် သူ့ဇနီးကို ခေါ်လာပြီး ထိုကုလားထိုင်မှာ နေရာချထား ပေးလိုက်ပါသည်။ ကက်သရင်းသည် ထိုနေရာတွင် လူရောစိတ်ပါ သက်သာမှုရလာပုံ ပေါ်ပါသည်။ အနွေးဓာတ်ကြောင့်လည်း ရွှင်လန်းသွားပါ၏။ ပတ်ဝန်းကျင်အပြောင်းအလဲကလည်း သူ့အာရုံကို ပြောင်းလဲသွားစေပုံ ရပါသည်။ တချိန်လုံး အိပ်ရာထဲတွင် လဲလျောင်းခဲ့ရာမှ အပြင်လောကနှင့် တွေ့ခဲ့ရသဖြင့် စိတ်ဓာတ်သည် သစ်လွှင် လန်းဆန်းလာပုံလည်း ရပါသည်။
ညနေပိုင်းတွင်မူ သခင်မသည် နွမ်းနွမ်းနယ်နယ်ဖြစ်လာပုံ ရပါသည် သို့သော် သူ့အား အခန်းတွင်းသို့ ပြန်ဝင်ရန် မည်သူကမျှ မပြောကြပါ။ ကျွန်မသည် ဧည့်ခန်းထဲမှာပင် သူ အိပ်နိုင်ရန်အတွက် ဆိုဖာကို ခင်းပေးလိုက်ပါသည်။ အခြား အခန်းတခန်းတွင်လည်း အိပ်ရာပြင်ထားလိုက်ပါ၏။ လှေကား အတက် အဆင်းတွင် သူ မပင်ပန်းစေချင်ပါ။ ဧည့်ခန်းထပ်မှာသာ သူ့အား အရွှေ့အပြောင်း လုပ်ပါသည်။ ထိုအတွင်းမှာပင် သူသည် ပြန်လည် အားပြည့်လာပုံရပါသည်။ အက်ဂါ့လက်မောင်းကို တွဲမှီလျက် ကတ်သရင်းသည် တနေရာမှ တနေရာသို့ သွားလာလှုပ်ရှားနေပြန်ပါလေသည်။ ကျွန်မသည် ကက်သရင်း အားပြန်ပြည့်လာသည်ကို တွေ့ရသဖြင့် သူ့ကို စိုက်ကြည့် နေလိုက်မိပါသည်။
ကျွန်မသည် လွန်ခဲ့သော တလခွဲခန့်က အစ္စဗယ်လာထံမှ သူ့အစ်ကိုထံသို့ သူ ဟိကလစ်နှင့် လက်ထပ်လိုက်ပြီ ဖြစ်ကြောင်း စာတိုကလေးပို့၍ အကြောင်းကြားခဲ့သည်ကိုလည်း ဖော်ပြရပါဦးမည်။ လေးလေးနက်နက် ရှိပုံ မပေါ်လှပါ။ သို့သော်လည်း စာ၏ အောက်နားတွင် ခဲတံဖြင့် အစက်ချ၍ မထင်မရှား ရေးထားသော တောင်းပန်ချက်နှင့် သူ၏လုပ်ဆောင်ချက်သည် အစ်ကိုဖြစ်သူအား ထိခိုက်စေသည် ဆိုပါမူ ခွင့်လွှတ်ရန်နှင့် ပြန်လည်သင့်မြတ်ရေးကို အသနားခံထားပါ ဖြစ်ခဲ့သမျှမှာ သူ မလွန်ဆန်နိုင်၍ ဖြစ်ခဲ့ရကြောင်းလည်း ဖော်ပြပါလေသည်။ လင်တန်သည် ထိုစာကို တုံ ့ပြန်ခြင်း ပြုလိမ့်မည် မဟုတ်ဟု ကျွန်မ ယုံကြည်ပါသည်။ ထိုစာနောက် ရက်သတ္တနှစ်ပတ်ခန့် အကြာတွင် ကျွန်မသည် အစ္စဗယ်လာထံမှ စာရည်ကြီးတစောင်ကို လက်ခံရရှိသည်။ ထိုစာကို သူသည် လက်ထပ်ပြီးစ ခရီးထွက်ရာမှ အပြန်တွင် ရေးလိုက်ပုံ ရသည်။ ကျွန်မအဖို့ကား ထိုစာသည် ထူးခြားနေပါ၏။ ထိုစာကို ကျွန်မ ဖတ်ပြီး သိမ်းထားလိုက်ပါသည်။ လောလောလတ်လတ် တန်ဖိုးရှိသော အရာဝတ္ထု ဟူသမျှသည် ကြာလေ အဖိုးတန်လေပင် မဟုတ်ပါလော။ ထိုစာမှာ ဤသို့ ဖြစ်ပါသည်။
ချစ်စွာသော အယ်လင်
ကျွန်မ မနေ့က လေထန်ကုန်းကို ရောက်ပါဘယ်။ သည်တော့မှပဲ ကက်သရင်း အတော်ကြီး မကျန်းမမာ ဖြစ်နေတယ် ဆိုတာကို ကြားရတော့တာပဲ။ ကျွန်မ အစ်ကို့ဆီကို စာထည့် လိုက်ပါသေးတယ်။ အစ်ကိုဟာ ကျွန်မကို စိတ်ဆိုးနေလေသလား။ ကျွန်မအတွက် စိတ်ပျက်နေသလား မပြောတတ်ဘူး။ ဒါကြောင့် ကျွန်မ ကက်သရင်းဆီ စာရေးလို့ မဖြစ်ဘူးထင်တယ်။ ဒါပေမယ့် ကျွန်မ တယောက်ယောက်ဆီ စာရေးမှ ဖြစ်မယ်ဆိုပြီး ရွေးလိုက်တော့ အယ်လင်တယောက်ပဲ ကျန်တဲ့အတွက် အယ်လင့်ဆီ စာရေးလိုက်တာပဲ။
အက်ဂါကို ပြောပြပါ အယ်လင်။ ကျွန်မ သူ ့မျက်နှာကို မြင်ချင်ပါသေးတယ်လို့။ ကျွန်မ အိမ်က ထွက်လာ ပေမယ့် ကျွန်မအစ်ကိုနဲ့ ကတ်သရင်းတို့ကို သတိရနေတာပါ။ ကျွန်မ သရက်ကရော့အိမ်ကြီးကို ပြန်ချင်ခဲ့တာပါ။ ဒါပေမယ့် မတတ်နိုင်တော့ဘူးလေ။ ( ဤစာလုံးများကို မျဉ်းသားထားပါသည်။) သူတို့ကတော့ ကျွန်မကို မျှော်လင့်ချင်ကြမှာ မဟုတ်တော့ဘူးပေါ့။ သူတို့ကြိုက်သလိုပဲ ကောက်ချက်ချကြမှာပေါ့။ ကျွန်မကလဲ သူတို့အပေါ် ပစ်ပစ်ခါခါ လုပ်သွားသလို ဖြစ်နေတာကိုး။
ခု ဆက်ရေးမယ့် အပိုင်းကတော့ ရှင် တယောက်တည်း ဖတ်ဖို့ပါ။ ကျွန်မ အယ်လင့်ကို မေးခွန်းနှစ်ခု မေးချင်တယ်။ ပထမ မေးခွန်းကတော့ အဲဒီ ပတ်ဝန်းကျင်မှာ နေထိုင်ယင်း လူတွေရဲ့ စာနာမှုကို ရရှိအောင် ဘယ်လိုဖန်တီးယူသလဲ ဆိုတာပဲ။ ကျွန်မအဖို့တော့ အဲဒီလို စာနာမှုမျိုး ရခဲ့တယ်လို့ စဉ်းစား မရသလောက်ပဲ။
ကျွန်မ စိတ် အဝင်စားဆုံးကတော့ ဒုတိယ မေးခွန်းပဲ ဗယ်လင်။ အဲဒါကတော့ မစ္စတာဟိကလစ်ဟာ လူတယောက်မှ ဟုတ်ရဲ့လား ဆိုတာပဲ။ လူတယောက် ဖြစ်ပါတယ် ဆိုယင်ကော သူ ရူးနေသလား၊ သူ မရူးဘူးဆိုယင် သူဟာ မကောင်းဆိုးဝါး တယောက်လား။ ကျွန်မ သူနဲ့ပတ်သက်ပြီး ဘာမျှ မစဉ်းစားချင်ဘူး အယ်လင်။ ရှင် တတ်နိုင်ယင် ကျွန်မ ဘယ်လိုလူတယောက်ကို လက်ထပ်ခဲ့တယ်ဆိုတာ ရှင်းပြစေချင်ပါတယ်။ ရှင် ကျွန်မကို လာယင် အဲဒါကို ရှင်းပြစမ်းပါ။ ရှင် ကျွန်မဆီကို အမြန်ဆုံး လာစေချင်ပါတယ်။ ကျွန်မဆီကို စာမရေးပါနဲ့။ ရှင်ကိုယ်တိုင် လာခဲ့ပါ။ အက်ဂါဘာပြောသလဲ၊ ဘယ်လို သဘောထား ဆိုတာကိုလဲ ကျွန်မ သိချင်တယ်။
`အခု ကျွန်မ စိတ်ကူးယဉ်ခဲ့တဲ့ ဒီအိမ်ကြီးကို ဘယ်လိုရောက်လာတယ်ဆိုတာ ကျွန်မ ရေးပြပါ့မယ်။
အဲဒီနေ့က ကျွန်မတို့ လေထန်ကုန်းဘက် ရှေးရှုလာခဲ့ကြတော့ နေလုံးကြီးဟာ ကျွန်မတို့ခြံကြီးနောက်ဘက် ရောက်နေပြီ။ ညနေ ခြောက်နာရီလောက် ရှိရော့မယ်။ ဟိကလပ်က ခြံထဲ တန်းမဝင်သေးပဲ ခြံ အခြေအနေကို အလျင်အတိုင်း ရှိရဲ့လား ဆိုတဲ့ သဘောမျိုးနဲ့ ခဏရပ်ကြည့်ပြီးမှ ခြံထဲ ဝင်လာတယ်။ နောက်ဘက် ခြံသမား အိမ်ကလေးနား ရောက်လာတော့ မှောင်နေပြီ။ ခြံသမား အိမ်ကလေးနားက ကျောက်ခင်းလမ်းကလေးမှာ ကျွန်မတို့ မြင်းပေါ်က ဆင်းလိုက်တော့ ရှင့်လုပ်ဖော် ကိုင်ဖက်ကြီး ဂျိုးဆက်ဟာ အိမ်ကလေးထဲကနေ ဖယောင်းတိုင် ကိုင်ပြီး ထွက်လာတယ်။ သူကတော့ လုပ်ရိုးလုပ်စဉ်တိုင်း ကျိုးကျိုးနွံနွ့ံ လာတာပါပဲ။ ဒါပေမယ့် သူ့ မီးရောင်အောက်မှာ ကျွန်မ မျက်နှာလဲ မြင်လိုက်ရော မျက်နှာ တဘက်လှည့်သွားပြီး မြင်းတွေကို ဇောင်းထဲ ခေါ်သွားတယ်ရှင့်။ ပြီးတော့ သူ ပြန်လာပြီး ကျွန်မတို့ နှစ်ယောက်ကို ရဲတိုက်ဟောင်းကြီးထဲမှာ နေစေတော့မယ့်အတိုင်း အပြင် ဝင်းတံခါးကြီးကို ပိတ်လိုက်တယ်။
အဲ့ဒီအချိန်မှာ ဟိုကလပ်က ဂျိုးဆက်ကို တခုခု ပြောမလို သဘောနဲ့ နေခဲ့တယ်။ ကျွန်မကတော့ မီးဖိုထဲ ဝင်လာခဲ့တယ်။ မီးဖိုခန်းဆိုတာကလဲ တကယ့်ကို ညစ်ပတ် ရှုပ်ပွနေတာပါပဲ။ ကျွန်မ ပြောရဲပါတယ်။ အဲဒီလို ဖြစ်နေတာဟာ ရှင် အဲဒီ ခြံကြီးထဲက ထွက်လာခဲ့ကတည်းက ဖြစ်မှာပဲ။ ဒါပေမယ် ရှင်ကိုယ်တိုင်တော့ သိမှာမဟုတ်ဘူး။ မီးလင်းဖိုနားမှာ မျက်လုံးနဲ့ ပါးစပ်ပေါက်က ကက်သရင်း ပုံစံမျိုး၊ အဝတ်တွေက ညစ်ညစ် ပတ်ပတ်၊ ခြေတံလက်တံကြီးကြီးနဲ့ ကောင်တေကလေးတယောက် ရပ်နေတယ်။ ဒါဟာ အက်ဂါ့တူပဲလို့ ကျွန်မ ချက်ချင်း သတိရလိုက်တယ်။ ဒီတော့ ကျွန်မနဲ့လဲ ဆွေမျိုး တော်စပ်တာပေါ့၊ ကျွန်မ သူ့ကို လက်ဆွဲနှုတ်ဆက်ရမယ်၊ ဟုတ်တာပေါ့။ ကျွန်မ သူ့ကို နမ်းလဲ နမ်းရမှာပဲ။ စတွေ့ တွေ့ချင်း နားလည်မှု ကောင်း ကောင်းရဖို့ လိုတယ် မဟုတ်လား။
ဒါနဲ့ ကျွန်မ သူ့နားတိုးသွားပြီး သူ့ လက်သီးဆုပ် လုံးလုံးလေးကို ဆွဲယူမလို့လုပ်ယင်း “နေကောင်းရဲ့လား ကလေးရယ်' လို့ နှုတ်ဆက်လိုက်ပါတယ်။
သူပြန်တော့ ဖြေပါရဲ့။ သူ ့စကားက ဗလုံးဗထွေး ဆိုတော့ ကျွန်မ လိုက်မမီလိုက်ဘူး။ ဒါနဲ့ ကျွန်မကပဲ …..
“တို့များ မိတ်ဆွေ ဖြစ်ကြတာပေါ့ ဟယ်ယာတန်ရယ်” လို့ နောက်ထပ် ပြောလိုက်တယ်။
အဲဒီတုန်းမှာပဲ ခွေးတကောင်က ကျွန်မကို ဟောင်မလို လုပ်တာနဲ့ ဟယ်ယာတန်က ခွေးကို ဟန့်လိုက်တယ်။ ဒါကြောင့် ကျွန်မလဲ အရဲကိုးပြီး အိမ်ဘက်ကို လျှောက်သွားပြီး တယောက်ယောက် ဝင်အလာကို စောင့်နေလိုက်တယ်။ အဲဒီ အချိန်အထိ မစ္စတာဟိကလပ်ကို မတွေ့ရသေးဘူး။ ဂျိုးဆက်သာ ကျွန်မ နောက်က ပါလာပြီး ပါးစပ်က တဖျစ်တောက်တောက် လုပ်လာတယ်။ ကျွန်မသူ ့ကို သိပ်သဘော မတွေ့ဘူး။ သူ့ကို နားထိုင်း နေတဲ့ လူလို ထင်ပြီ...
“ရှင့်ကို ကျွန်မနဲ့အတူ အိမ်ထဲလိုက်ခဲ့ဖို့ ခေါ်နေတာ ရှင့်” လို့ အော်ပြောလိုက်မိတယ်။
“ဒါ ကျုပ်အလုပ် မဟုတ်ဘူး” ဆိုပြီး သူ ့အလုပ် သူ ဆက် လုပ်နေတယ်။ အဲဒီတည်းကပဲ ကျွန်မ အဝတ်အစားနဲ့ အမူအရာကို အကဲခတ်နေပုံလဲ ရပါတယ်။
ကျွန်မလဲ ခြံထဲကို လှည့်လျှောက်ယင်း လမ်းတခု အတိုင်း တံခါးတခုဆီကို ရောက်လာပါတယ်။ အစေခံတယောက်ယောက်များ ယဉ်ယဉ်ကျေးကျေးနဲ့ ရောက်လာမလား အထင်နဲ့ တံခါးကို ခေါက်လိုက်မိပါတယ်။ တခဏအတွင်းမှာပဲ လည်စည်းမပါတဲ့ ခပ်ပိန်ပိန် လူတယောက် တံခါးကို လာဖွင့်ပါတယ်။ ဆံပင်တွေကလဲ ဖရိုဖရဲ ဖြစ်နေတယ်။ သူ့မျက်လုံးတွေက ကက်သရင်း မျက်လုံးတွေလိုပေမယ့် ကက်သရင်း အလှမျိုးကို မဆောင်ပဲ ချောက်ချားစေတဲ့ အသွင်ကို ဆောင်နေတယ်။
“ဘာကိစ္စလဲ၊ မင်းက ဘယ်သူလဲ သူက မျက်နှာထားတင်းတင်းနဲ့ မေးတယ်။
“ကျွန်မ ဟိုတုန်းကတော့ အစ္စဗယ်လာလင်တန်ပါ၊ ရှင် ကျွန်မကို အလျင်က တွေ့ဖူးပါတယ်ရှင်၊ နောက်တော့ ကျွန်မ ဟိကလစ်ကို လက်ထပ်လိုက်တာကြောင့် သူ ကျွန်မကို ဒီကို ခေါ်လာတာပါရှင်၊ ဒါဟာလဲ ရှင့်ဆီက ခွင့်တောင်းပြီး ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်”
“ဩ၊ သူ ပြန်လာပြီပေါ့လေ” သူ ့ရုပ်သွင်မှာ မွတ်သိပ်နေတဲ့ ဝံပုလွေတကောင်နဲ့ တူနေပါတယ်။
“ဟုတ်ပါတယ်ရှင်၊ ကျွန်မတို့ ခုပဲ ရောက်လာကြတာပါ။ ဒါပေမယ့် သူ ကျွန်မကို မီးဖိုဝမှာ ထားခဲ့ပြီး အပြင် ပြန်ထွက်သွားတာကြောင့် ကျွန်မ မီးဖိုထဲဝင်လာတော့ ကလေးတယောက်နဲ့ ခွေးတကောင် တွေ့ပြီး ခွေးကို ကြောက်တာနဲ့ ဒီဘက် ထွက်လာတာပါရှင်’ လို့ ကျွန်မက ဖြေလိုက်ပါတယ်။
“ဒီကောင် ပြောတဲ့အတိုင်း လုပ်တာပါပဲလား မကြာမီ ကျွန်မ အိမ်ရှင်ဖြစ်လာတော့မယ့်လူက စကားကို ခပ်ပြတ်ပြတ် ပြောပြီး ကျွန်မနောက်ဘက် အမှောင်ထဲမှာ ဟိကလစ်ကို တွေ့မလား အထင်နဲ့ ရှာကြည့်နေလိုက်သေးတယ်။ ပါးစပ်ကလဲ သူ မကျေမချမ်း ကျိန်ဆဲနေပါသေးတယ်။
ကျွန်မအဖို့တော့ ဒီတံခါးပေါက် ရောက်လာတာကိုပဲ မှားပြီလို ့ ထင်လာလို ့ သူ ကျိန်ဆဲ ပြောဆိုတာ မပြီးခင်မှာပဲ နေရာက ပြန်ထွက်သူားဖို့ စိတ်ကူးမိပါတယ်။ ဒါပေမယ့် ကျွန်မ အဲဒီနေရာက ပြန်မထွက်သွားပီမှာပဲ သူက အထဲကို ဝင်ဖို့ပြေးတာနဲ့ အထဲဝင်လိုက်ယင်ပဲ တံခါးကို ပြန်ပိတ်ပြီး ကန့်လန့် ထိုးလိုက်ပါတယ်။ အခန်းထဲမှာ မီးလင်းဖိုကြီးဟာ အကြီးကြီးပါ၊ အခန်းကျယ်ကြီး တခုလုံး ထိန်ထိန်လင်းနေပါတယ်။ အခန်း ကြမ်းပြင်တွေကတော့ ခပ်မှုန်မှုန်ပါပဲ။ ကျွန်မ ငယ်ငယ်က တငေးတမော ဖြစ်ခဲ့ရတဲ့ ဟိုစဉ်တ အရောင် တဖိတ်ဖိတ် လက်နေခဲ့တဲ့ ပန်းကန်ခွက်ယောက်ဆိုတာတွေဟာ ခုတော့ ဖုန်တက်ပြီး အရောင်တွေ မှိန်နေကြပြီလေ။ ကျွန်မက အိမ်ဖော် ထယောက်ခေါ်ပြီး အိပ်ခန်း အပြင်ခိုင်းရမလားလို့ သူ့ကို မေးလိုက်မိတယ်။ မစ္စတာ အန်းရှောက ဘာမျှ ပြန်မဖြေပါဘူး။ သူက အပေါ်အင်္ကျီအိတ်ထဲ လက်နှိုက်ပြီး ကျွန်မ ရှိနေတာကိုတောင် မေ့နေသလို အခန်းထဲမှာ လူးလာ လျှောက်နေပါလေရော။ သူ့ကြည့်ရတာဟာ တစုံတခုကို အလေးအနက် တွေးနေသလို ထင်ရရဲ့။ ဒါကြောင့် ကျွန်မလဲ သူ့ ကို အနှောင့်အယှက် မပေးရဲ သလို ဖြစ်နေတော့တယ်။
မအံ့သြနဲ့ အယ်လင်ရေ။ ဒီအချိန်ကတော့ ကျွန်မဟာ ကမ္ဘာမြေပေါ်မှာ ကျွန်မ ချစ်မြတ်နိုးတဲ့ လူတွေ ရှိနေကြတဲ့ သာယာ ချမ်းမြေ့ဖွယ် ကျွန်မအိမ်က လေးမိုင်အကွာမှာ ရှိတဲ့ ဖော်ရွေ လှိုက်လှဲမှုမရှိတဲ့ မီးလင်းဖိုဘေးမှာ အထီးတည်း ဘဝမျိုးထက် ဆိုးရွားတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့နေရတာပါပဲရှင်။ အဲဒီ လေးမိုင်လောက် အကွာအဝေးကိုပဲ ကျွန်မအဖို့တော့ မဟာ သမုဒ္ဒရာကြီး ခြားနားသလို မကျော်လွှား၊ မဖြတ်သန်းနိုင်တဲ့ အခြေအနေပါ အယ်လင်။ ဒီတော့ ကျွန်မလေ ကျွန်မကိုယ် ကျွန်မ ဘယ်နေရာမှာများ စိတ်လက်ချမ်းသာနေနိုင်မှာလဲလို့ မေးမိပါတယ်။ ကျွန်မ စိတ်လဲ ညစ်ပါရဲ့။ ဒီအကြောင်းတွေကိုတော့ အက်ဂါနဲ့ ကက်သရင်းကို ပြန်မပြောလိုက်ပါနဲ့နော်။ ဒီလေထန်ကုန်းအိမ်ကြီးမှာ ဟိကလစ်ကို ဆန့်ကျင်ရာမှာ မိတ်ဖက်ပြုနိုင်မယ့် လူဆိုလို့လဲ တယောက်မှ ရှာမတွေ့သလိုပဲ။ တနည်းအားဖြင့်တော့လဲ ကျွန်မအဖို့ သူနဲ့ချည်းသာ ဆက်ဆံရမှာမို့ ဝမ်းသာစရာပဲလို ့ ဆိုနိုင်တာပဲ မဟုတ်လား ... အယ်လင်။ သူကိုယ်တိုင်ကလဲ သူ မှုစရာမလိုဘူးဆိုတဲ့ လူတွေကြား ရောက်လာတာကို သိထားပြီးပုံပဲ။
ကျွန်မဟာ စိတ်ပျက်အားငယ်ပြီး တောင်တွေး မြောက်တွေးနဲ့ တချိန်လုံး ထိုင်နေမိတယ်။ နာရီ ရှစ်ချက်သံ၊ ကိုးချက်သံကို သတိပြုမိတယ်။ မစ္စတာ အန်းၡာကတော့ ခေါင်းငိုက်စိုက်ချပြီး
ဘာမှလဲ မပြောပဲ အခန်းထဲမှာသာ လူးလာခေါက်တုံ လျှောက်နေသလေ။ ကျွန်မကတော့ တနေရာရာကများ မိန်းမသံ ကြားရမလားဆိုပြီး နားစွင့်ထားမိသေးတယ်။ အဲဒီတုန်းမှာပဲ မစ္စတာအန်းရှောဟာ လမ်းလျှောက်နေရာက ရပ်ပြီး ကျွန်မကို စိုက်ကြည့်လာပြန်တယ်။ ကျွန်မလဲ ဒါကို အခွင့်ကောင်းပဲလို့ သဘောထားပြီး ….
“ကျွန်မ ခရီးပန်းလာလို့ အိပ်ရာဝင်ချင်ပါပြီ၊ အမျိုးသမီး အစေခံ တယောက်နဲ့ တွေ့ချင်ပါတယ်၊ သူ ကျွန်မဆီ မလာနိင်ယင်လဲ ကျွန်မ သူ့ကို သွားတွေ့ပါမယ်” လို ့ ဖြတ်ကနဲ ပြောလိုက်မိပါတယ်။
“ဒီအိမ်မှာ မိန်းမအစေခံ မရှိဘူးလို့ သူ့ဆီက အဖြေကိုလဲ ကြားရရော ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်လောက်အောင် စိတ်အားငယ်သွားတယ်။ လူကလဲ ပင်ပန်းနေပြီ မဟုတ်လား။
‘ဒါဖြင့်ယင် ကျွန်မက ဘယ်မှာ အိပ်ရမှာလဲလို့ ရှိုက်သံသဲ့သဲ့နဲ့ ပြောလိုက်တော့မှ သူက …
“ဟိကလစ် အခန်းကို ဂျိုးဆက် လိုက်ပြလိမ့်မယ်၊ အဲဒီတံခါးကို ဖွင့် ဝင်သွား၊ သူ အဲဒီအခန်းထဲမှာ ရှိတယ် လို့ ပြောလိုက်တာကြောင့် ကျွန်မလဲ နေရာကထပြီး အခန်းထဲ ဝင်သွားမယ့် အလုပ်မှာ သူက ကျွန်မကို ရုတ်ကနဲ ဖမ်းဆွဲပြီး...
‘တံခါးကို သေသေချာချာ ပိတ်ပါ၊ ကန့်လန့်ထိုးထားဖို့ မေ့မနေနဲ့ဦး” လို. ထူးခြားတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။ ဒါနဲ့ ကျွန်မကလဲ...
“ကောင်းပါပြီ၊ ဒါပေမယ့် ဘာဖြစ်လို့ ဒီလောက် အလုံအခြုံပိတ်ထားစရာ လိုပါသလဲ မစ္စတာ အန်းရှော ရှင်' လို့ မေးလိုက်မိတယ်။
ဒီတော့ မစ္စတာ အန်းရှောက သူ ့အပေါ် အင်္ကျီအောက်က ခပ်ဆန်းဆန်း ခြောက်လုံးပြူးကို ထုတ်ပြယင်း...
“ဟောဒီမှာ ကြည့်၊ ဒါဟာ တစောက်ကန်းသမားတွေ အတွက် အကောင်းဆုံး လက်နက်ပဲကွ၊ မဟုတ်ဘူးလား၊ ကျုပ်ဟာ ညဆိုယင် ဒီလက်နက်မပါပဲ အပေါ်ထပ်ကို တက်လေ့ မရှိဘူး၊ သူ့အခန်းတံခါး ပွင့်နေတာတွေ့ရလို ့ ကျုပ်ခံရတာတွေ တွေးပြီး သူ့ အခန်းတံခါးကိုလဲ အမြဲသတိထားရတယ်၊ တခါမှာ သတ်ဖို့တောင် စိတ်ကူးပေါက်ခဲ့မိသေးတယ်၊ အေးလေ၊ မင်းကတော့ သူ ့ဆီက အချစ်ကို ရယူဖို့ တိုက်ခိုက်လာခဲ့ရတဲ့ လူကိုးကွဲ့ ၊ တချိန်ကျယင် သူ့ကို ဘယ်လို နတ်ကောင်း နတ်မြတ်တွေကမှ ကယ်တင်နိုင်ကြမှာ မဟုတ်ဘူးကွာ” လို ့လဲ ပြောသေးတယ်ရှင့်။ သူပြတဲ့ သေနတ်က တကယ့် အထူးအဆန်းပါပဲရှင်။ သေနတ်ပြောင်းမှာ နှစ်ဘက်သွား ဓားမြှောင်လဲ တပ်ထားတယ်ရှင့်။
ကျွန်မလဲ သူ့သေနတ်ကို အထူးအဆန်း သတိထား ကြည့်မိယင်း အဲဒီလို လက်နက်မျိုး တခုခု ပိုင်ချင်စိတ် ပေါက်လာသလို ဖြစ်မိတယ်။ အဲဒါနဲ့ သူ့ လက်ထဲက သေနတ်ကို ဆွဲယူလိုက်ပြီး ဓားသွားကို စမ်းကြည့်မိတယ်။ အဲဒီတော့ သူက ကျွန်မကို တထူးတဆန်း တအံ့တဩ ကြည့်လိုက်တယ်။ သူကြည့်ပုံက ကြောက်စရာပုံမျိုးတော့ မဟုတ်ပါဘူး။ သူ့သေနတ်ကို တပါးသူလက်ထဲ ရောက်သွားမှာ စိုးတဲ့ပုံမျိုးရှင့်။ သူက ကျွန်မ လက်ထဲက သေနတ်ကို တွန့်တို နှမြောတဲ့ ပုံမျိုးနဲ့ ဆတ်ကနဲ ဆွဲယူလိုက်ပြီး ဓားသွားကို ပြန်သွင်းလိုက်တယ်။ သေနတ်ကို အင်္ကျီအောက် ပြန်သွင်းလိုက်တယ်။ ပြီးတော့လဲ သူက ပြောသေးတယ်။
“မင်း သူ့ကို ပြောပြလဲ ကျုပ် ကတော့ ဂရု မစိုက်ဘူး၊ သူ့အတွက်သာ မင်းက အကာအကွယ်ပေးပြီး စောင့်ကြည့်နေပေါ့၊ တို့ ဘယ်လိုပုံစံနဲ့ ဆက်ဆံနေကြရတယ် ဆိုတာ မင်း သိမှာပေါ့၊ သူ့ အန္တရာယ်က မင်းကိုတော့ ဒုက္ခပေးမှာ မဟုတ်ပါဘူး”တဲ့။
ဒီတော့ ကျွန်မကလဲ.
'ဟိကလစ်က ရှင့်ကို ဘာလုပ်လို့လဲ၊ ရှင် ဒီလောက်ကြောက် စရာကောင်းအောင် သူ့ကို မုန်းနေတာ သူက ရှင့်ကို ဘယ်လို မဟုတ်တာ လုပ်ထားလို့လဲ၊ ဒီလိုဆိုလဲ သူ့ကို ဒီအိမ်ပေါ်က ဆင်းသွားအောင် လိမ်လိမ်မာမာ လုပ်ပါလား” လို့ ပြန်ပြောလိုက်မိတယ်။
အဲဒီမှာတွင် အန်းရောက “ဒါ မဖြစ်ဘူး” လို့ သံကုန် အော်လိုက်ပြီး “ကျုပ် သူ့ကို မောင်းချလို့ မရဘူး၊ မင်း အဲဒီလို လုပ်ယင်လဲ မင်းဟာ လူသတ်သမား ဖြစ်သွားမှာပဲ၊ ဘယ်လိုမှ ပြန်မရနိုင်အောင် အားလုံး ဆုံးရှုံးရမှာပဲ၊ ဟယ်ယာတန်လဲ သူတောင်းစား ဖြစ်ရုံပဲ၊ အင်း အလကား ပါပဲ။ ကျုပ် ပစ္စည်းတွေကို ပြန်ရချင်တယ်၊ ကျုပ် ရွှေတွေကိုလဲ ပြန်ရချင်တယ်၊ ပြီးတော့ သူ့ကို သတ်ချင်တယ်၊ သင်းကိုလဲ ငရဲပို့ပစ်ရမယ်၊ အခုတော့ဟေ့ သင်းကို ဟိုတုန်းက ထက်တောင် ဆယ်ဆလောက် မုန်းလာပြီ” လို့ ဆက် ပြောပြန်ပါတယ်။
အယ်လင်၊ ရှင်လဲ ရှင့်သခင်အကြောင်း သိသားပဲ။ သူ့ကို ကြည့်ရတာ ရူးနေသလိုပဲ။ ကျွန်မ သူ့နားမှာ ဆက်နေဖို့တောင် ကြောက်လာတယ်။ သူ့ မျက်နှာထားကလဲ သုန်မှုန်နေလိုက်တာ။ သူလဲ စိတ် ကယောက်ကယက်နဲ့ လမ်းလျှောက်ပြန်တာနဲ့ ကျွန်မလဲ တံခါးမင်းတုပ်ကို ဖွင့်ပြီး မီးဖိုဘက်ကို ဝင်ခဲ့တော့တယ်။
ဂျိုးဆက်ဟာ မီးဖိုဘေးမှာ ခါးကိုင်းပြီး မီးဖိုပေါ်က ဒယ်အိုးကြီးတခုကို စိုက်ကြည့်နေတယ်။ အနားမှာလဲ ထမင်းအိုးကြီးတလုံး အသင့်ရှိတယ်။ ဒယ်အိုးထဲမှာ ချက်ပြုတ်နေတာတွေဟာ ဆူပွက်စ ပြုလာပြီ။ ဂျိုးဆက်ဟာ အိုးထဲက စားစရာကို ပြင်ဆင်နေတာပဲလို့ ထင်တယ်။ လူကလဲ ဆာလာပြီ။ ဒါကြောင့် ကျွန်မလဲ “စားမှပဲဟေ့” လို့ အော်ပြောယင်း ကျွန်မ ခေါင်းပေါ်က ဦးထုပ်နဲ့ မြင်းစီးတန်ဆာပလာတွေကို ဖယ်လိုက်တယ်။ ပြီးတော့ “မစ္စတာ အန်းရှောလွှတ်လိုက်လို့ လာခဲ့တာ၊ ဆာနေတော့ ကျွန်မ ဘာမှ မလုပ်နိုင်ဘူး ́ လို့ ပြောပစ်လိုက်တယ်။
ဒီတော့ ဂျိုးဆက်က “ဘုရားရေ” လို့ ခပ်ညည်းညည်း ပြောယင်း ထိုင်ချလိုက်တယ်။ ပြီးတော့လဲ “ငါ့မှာလဲ သခင်တယောက်ကနေ နှစ်ယောက်ဖြစ်၊ ခုတော့ သခင်မ တယောက်တောင် တိုးလာ ပါကလား၊ ငါဒီနေရာက ထွက်သွား ဖြစ်လိမ့်မယ် မထင်ခဲ့ပေမယ့် ခုတော့ ဒီမှာ ဆက်နေလို့မှ ဖြစ်ပါတော့မလား မသိဘူး ́လို့ ခပ်ညည်းညည်း ပြောလိုက်သေးတယ်။
ကျွန်မ သူပြောနေတာကို ဂရုမစိုက်ပါဘူး။ လုပ်စရာရှိတာကိုသာလုပ်ဖို့ ဇောသန်နေတယ်။ ပျော်စရာတခုလို့ မှတ်ယူပြီး ထမင်းပြင်ဖို့ ဇိုးဇိုးဇတ်ဇတ် လုပ်လိုက်တယ်။ စိတ်ထဲကလဲ ကိုယ့်အိမ်မှာကိုယ် လွတ်လွတ်လပ်လပ် ပြင်ဆင် စားသောက်ရသလို ထင်လာတယ်။ အဲဒီတော့ ထမင်းတွေဟာ အနားက ရေခွက်ထဲ ဖိတ်ကျကုန်တော့တာပေါ့။ အဲဒါကိုလဲ မြင်ပါလေရော ဂျိုးဆက်က ...
“သွားပြီ၊ ဟယ်ယာတန်ရေ မင်း ဒီညတော့ ထမင်း မစားရတော့ဘူး၊ ဖိတ်တာနဲ့ ကုန်ပြီ” လို့ ပြောလိုက်ပြန်ပါတယ်။ ကျွန်မလဲ ပန်းကန်ထဲကို စားစရာ ထည့်လိုက်ပြီး “ကျွန်မ တခြား သွားစားမယ်၊ ရှင်တို့ အိမ်မှာ ဧည့်ခန်းလို ဟာမျိုး မရှီဘူးလား” လို့ မေးလိုက်တော့ ဂျိုးဆက်က လှောင်သလို လေသံနဲ့...
“ဧည့်ခန်း၊ ဟုတ်လား၊ ကျုပ်တို့မှာ ဧည့်ခန်း မရှိဘူးဗျ၊ ဘာလဲ၊ ခင်ဗျားကလေး ကျုပ်တို့ကို သဘောမကျယင် ကျုပ်တို့ သခင်ဆီကို သွားနိုင်တယ်၊ သခင်ကို သဘောမကျယင် ကျုပ်တို့ ဆီကို လာနိုင်တယ်လို့ ပြောတာကြောင့်...
“ကျွန်မ အပေါ်သွားမယ်၊ အခန်းကိုသာ ပြပါလို့ ပြောပစ် လိုက်တယ်။
ကျွန်မလဲ စားစရာဗန်းကို ကိုင်ပြီး အိမ်ပေါ် တက်လာခဲ့တယ်။ အဘိုးကြီးကလဲ ပါးစပ်က ဗျစ်တီးဗျစ်တောက် ပြောယင်း ကျွန်မနောက်ကနေ လိုက်လာတယ်။ အပေါ်ထပ် အတက်အခန်းကို သူက ဖွင့်ပေးတယ်။ အပေါ်ထပ် ထပ်ခိုးမှာ အခန်းတွေ ရှိပါတယ်။ ကျွန်မလဲ အပေါ်ထပ် အခန်းတွေကို ဖြတ်သွားယင်း အကဲခတ်မိတယ်။ အဲဒီမှာ ဂျိုးဆက်က ရိက္ခာတွေ ထားတဲ့ အခန်းတခုကို ဖွင့်ပြတယ်။ ကျွန်မလဲ ဒေါသဖြစ်သွားပြီး.
“ဒါအိပ်တဲ့အခန်းလား ရှင့်၊ ကျွန်မအိပ်ခန်းကို ကြည်ချင်တယ်' လို့ ပြောပစ်လိုက်တော့ သူက...
“အိပ်ခန်း၊ ဟုတ်လား၊ တွေ့ရပါစေမယ်ဗျာ၊ ဟောဟိုဘက်က ကျုပ် အိပ်ခန်းပါပဲ” လို့ လှောင်သလို ပြောယင်း တဘက်က အခန်းကို ညွှန်ပြတယ်။ အဲဒီအခန်းက ခုနက အခန်းထက်တောင် ပိုပြီး စုတ်ချာသေးတယ်။ ကျွန်မလဲ ပိုပြီး စိတ်ဆိုးလာတယ်
“ရှင့်အခန်းကို ကျွန်မက ဘာလုပ်ရမှာလဲ၊ ကျွန်မ ပြောနေတာက မစ္စတာဟိကလစ် အခန်း ရှင့်၊ သူ ဒီအိမ်ပေါ်မှာ မနေဘူးလား” လို့ ပြောလိုက်တော့မှ ...
“ဩ...ခင်ဗျား ကလေးက မစ္စတာ ဟိကလစ် အခန်းကို ကြည့်ချင်တာကိုး၊ အဲဒီလိုဆိုလဲ စောစောက ပြောရောပေါ့။ ဒါပေမယ့် ခင်ဗျားကလေး သူ ့အခန်းကို ဝင်လို့ရမှာ မဟုတ်ဘူးဗျ၊ သူ့ အခန်းကို သူက အမြဲသော့ခတ်ထားတာ၊ ဘယ်သူမှလဲ မဝင်ရဘူး” လို့ ပြောထယ်။
ကျွန်မလဲ စိတ်မရှည်နိုင်တော့တဲ့ အတွက် လောလောဆယ် ကျွန်မနေရမယ့် အခန်းကိုသာ ပြခိုင်းမိတော့တယ်။ ဂျိုးဆက်က ဘာမှ နှုတ်တုံ့မပြန်ပဲ လျှောက်သွားလို့ ကျွန်မလဲ သူနောက် လိုက်ခဲ့တယ်။ အခန်းတခန်းရှေ့မှာ သူ ရပ်လိုက်တယ်။ ဒီအခန်းကတော့ မဆိုးပါဘူး။ အကောင်းဆုံး အခန်းလို့တောင် ထင်တယ်။ ပရိဘောဂတွေကလဲ အကောင်းစားတွေ ချည်းပါ ကော်ဇောတချပ်လဲခင်းထားတယ်။ ကျွန်မက အခန်းထဲဝင်မယ် လုပ်နေတုန်းမှာပဲ
“အဲဒါကတော့ သခင့်အခန်းပဲ” လို့ ဂျိုးဆက်က ပြောလိုက်တယ်။
အဲဒီအချိန်မှာ ကျွန်မ ထည့်ယူလာတဲ့ စားစရာတွေလဲ အေးကုန်ပြီ။ ကျွန်မမှာလဲ စားချင်သောက်ချင်စိတ် မရှိတော့ဘူး။ စိတ်ကလဲ မရှည်တော့ဘူး။ ဒါကြောင့် ကျွန်မက ကျွန်မနားဖို့ အခန်းတခန်းပြဖို့ ထပ်ပြောလိုက်တယ်။ ဒီတော့ ဂျိုးဆက်က -
“အလိုလေးဗျာ၊ ဒါ အခန်းအကုန်ပဲဗျ၊ ဟယ်ယာတန် ကလေးအတွက် အခန်းပေါက်စကလေးပဲ ကျန်တော့တယ်၊ ဒီအိမ်မှာ အဲဒီ အခန်းတွေကလွဲလို့ တခြားအခန်း မရှိဘူးဗျ” လို့ ပြောလိုက်တော့ ကျွန်မဖြင့် တခါတည်း စိတ်ကုန်သွားတာပဲ။ လက်ထဲမှာကိုင်ထားတဲ့ စားစရာဗန်းကို ကြမ်းပြင်ပေါ် ပစ်ချလိုက်တယ်။ ပြီးတော့ လှေကားထိပ်မှာပဲ ထိုင်ချလိုက်တယ်။ မျက်နှာကို လက်ဝါးအပ်ပြီး ငိုလိုက်ပါတော့တယ်။ ဒီတော့တခါ ဂျိုးဆက်က ကျွန်မ ပစ်ချလို့ ကွဲသွားတဲ့ အိုးခွက်ပန်းကန်တွေ ကိစ္စ ပြောပြီး အောက်ထပ်က သူ ့အခန်းကို ပြန်ဆင်းသွားတယ်။
ကျွန်မဟာ အမှောင်ထဲမှာ ကျန်ခဲ့တယ်။ ကျွန်မအဖို့ တမ်းတစရာတွေကို တမ်းတမိတော့တယ်။ စိတ်ပျက်အားငယ်မှုလဲ ဖြစ်လာတယ်။ မာနလဲ ထားလိုက်မိတယ်။ အဲဒီတုန်းမှာပဲ မပျော်လင့်တဲ့ အကူအညီတခု ရောက်လာတယ်လို့ ဆိုရမယ်။ ခွေးတကောင်ရဲ့ ပုံသဏ္ဌာန် ပေါ်လာတယ်။ ဒီခွေးကို ကျွန်မ ကောင်းကောင်း မှတ်မိတာပေါ့။ အဲဒါ ကျွန်မတို့ အိမ်ကခွေး စကုလတာရဲ့ သားလေ။ သူငယ်ငယ်က ကျွန်မတို့ အိမ်မှာ နေခဲ့တယ်။ နောက်တော့ ကျွန်မတို့ဖေဖေက မစ္စတာ ဟင်ဒလီကို လက်ဆောင်ပေးလိုက်လို့ ခု ဒီလေထန်ကုန်းမှာ ရောက်နေတာပေါ့။ အဲဒီ ခွေးဟာ ကျွန်မကို သိနေတယ်လို.ထင်တယ်။ ကျွန်မကို နှာခေါင်းနဲ့ ဝှေ့ပြီး နှုတ်ဆက်တဲ့သဘော ပြတယ်။ ပြီးတော့ ဖိတ်ပြီး ပြန့်ကြဲနေတဲ့ အစားအသောက်တွေကို အငမ်း မရ စားတော့တာပဲ။ ကျွန်မလဲ အိုးခွက်ပန်းကန် အကွဲတွေကို သိမ်းဆည်း၊ ကြမ်းပြင်ပေါ်မှာ ဖိတ်ကျနေတာတွေကို ရှင်းလင်း လိုက်ပါတယ်။ အဲဒီတုန်းမှာ အောက်ထပ်ကနေပြီး မစ္စတာ အန်းရှော တက်လာတဲ့ အသံကြားလို့ ကျွန်မလဲ တံခါးရွက်နားမှာ ပုန်းနေလိုက်တယ်။ ခွေးကလေးကတော့ သူ့သခင်နဲ့ တွေ့သွားတယ်။ ကျွန်မ အဖို့တော့ ကံကောင်းတယ် ဆိုရမယ်။ အန်းရှောဟာ ကျွန်မကို မတွေ့ပဲ ဖြတ်သွားတယ်။ သူ့နောက်က နေပြီး ဂျိုးဆက်နဲ့ ဟယ်ယာတန်လဲ ပါလာတယ်။ ကျွန်မက ဟယ်ယာတန် အခန်းထဲ ဝင်သွားတော့ ဂျိုးဆက်ဟာ ကျွန်မကို တွေ့သွားပြီး ရိက္ခာ အခန်းထဲမှာ နားချင်နားဖို့ ပြောတာနဲ့ ကျွန်မလဲ ရိက္ခာထားတဲ့ အခန်းထဲ ဝင်လာတယ်။
အခန်းထဲ ရောက်တာနဲ့ မီးဖိုဘေး ကုလားထိုင်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး ချက်ချင်းပဲ အိပ်ပျော်သွားတော့တယ်။ မကြာခင်ပဲ မစ္စတာဟိကလစ် အခန်းထဲဝင်လာပြီး ကျွန်မကို နှိုးတယ်။ ကျွန်မကို တယုတယလုပ်ပြီး ဒီအခန်းထဲ ရောက်နေရတဲ့ အကြောင်းကို မေးတာနဲ့ ကျွန်မလဲ အခြေအနေကို ပြောပြလိုက်တယ်။ အဲဒီတော့ သူလဲ သူ့အခန်းသော့ကို လှမ်းပေးတယ်။
နောက်တော့ သူက ကက်သရင်း နေမကောင်းတဲ့အကြောင်း ပြောပြီး ကက်သရင်း နေမကောင်းရတာ အစ်ကိုကြောင့်လို့ ပြောတယ်။ ဒါကြောင့် ကျွန်မဟာ ကျွန်မအစ်ကို ကိုယ်စား တန်ပြန် ခံစားရမှာပဲလို့လဲ ပြောသေးတယ်။
ကျွန်မ သူ့ကို မုန်းလိုက်တာ အယ်လင်ရယ်။ တကယ်တော့ ကျွန်မ အရူးထခဲ့တာပဲ။ ခုတော့ ကျွန်မ ဒုက္ခလှလှကြီး တွေ့ပြီလေ။ ကျွန်မ အိမ်ကြီးဘက်ကို နားစွင့်နေရပြီလေ။ ကျွန်မ ရှင့်ကို နေ့တိုင်း မျှော်နေမိတော့မှာပဲ။ ကျန်မကို စိတ်မပျက်ပါနဲ့ အယ်လင်ရယ်။
အစ္စဗယ်လာ
အခန်း [ ၁၄ ]
ကျွန်မလည်း အစ္စဗယ်လာထံမှ စာကို စေ့စေ့စပ်စပ် ဖတ်ပြီးသည်နှင့် သခင့်ထံသို့ သွား၍ အစ္စဗယ်လာသည် လေထန်ကုန်းအိမ်ကြီး၌ ရောက်နေကြောင်းနှင့် မစ္စက်လင်တန်၏ အကြောင်းကို ကြားရ၍ စိတ်မကောင်းကြောင်း ဖော်ပြထားသည့် စာတစောင် ပို့လိုက်ကြောင်း ပြောပြလိုက်သည်။ ထို့ပြင် ကျွန်မ စကားကြောင့် မစ္စတာ လင်တန်သည် ညီမကို ခွင့်လွှတ်ပြီး ညီမ ဖြစ်သူနှင့် အမြန်ဆုံး အဆက်အဆံ လုပ်စေလိုသော ဆန္ဒဖြင့် ညီမ ဖြစ်သူမှာ အစ်ကို့ကို တွေ့လိုစိတ် ပြင်းပြနေကြောင်းလည်း ပြောပြလိုက်ပါ၏။
''ခွင့်လွတ်ရမယ် ဟုတ်လား၊ ကျွန်တော် သူ့ကိုခွင့်လွှတ်စရာ ဘာအကြောင်းမှ မရှိဘူး အယ်လင်၊ ခင်ဗျား သွားချင်ယင် ဒီညနေပဲ ခင်ဗျား လေထန်ကုန်းကို သွားချင်သွားနိုင်တယ်။ ပြီးတော့ ပြောလိုက်စမ်းပါဗျာ၊ ကျွန်တော် သူ့ကို စိတ်မဆိုးပါဘူး။ ဒါပေမယ့် သူ့ကို လက်လွှတ်ဆုံးရှုံးရတဲ့အတွက်တော့ ဝမ်းနည်းတယ်လို့၊ အထူးသဖြင့် သူ ဘယ်တော့မှ စိတ်ချမ်းသာရလိမ့်မယ် မထင်လို့ ကျွန်တော် စိတ်မကောင်းဘူးလို့လဲ ပြောပါ၊ ဒါပေမယ့် ကျွန်တော် သူ့ကို သွားစရာ အကြောင်းကတော့ မရှိဘူး၊ ကျွန်ဘော်တို့ မောင်နှမဟာ ထာဝစဉ် ကွဲကွာသွားကြရပြီလေ၊ အဲ၊ သူ ကျွန်တော့်ကို တကယ်တမ်း ထောက်ထားတယ်ဆိုယင်တော့ သူ လက်ထပ်ခဲ့တဲ့ လူဆိုးလုယုဘ်မာကို ဒီနေရာက ထွက်သွားအောင် သူ လုပ်စမ်းပါစေဗျာ” ဟု မစ္စတာလင်တန်က ပြောပါလေသည်။
“ဒါဖြင့် သခင် သူ့ဆီကို စာတိုကလေး တစောင်တောင်မှ မရေးတော့ဘူးလားရှင် ကျွန်မက တောင်းပန်စကား ပြောပါသေး၏။
“မရေးပါဘူး၊ ဒါဟာ လိုအပ်ဘာလဲ ဟုတ်မှ မဟုတ်ပဲ၊ ကျွန်တော်နဲ့ ဟိကလစ်ဟာ ဆက်ဆံစရာ မလိုသလို သူ့မိသားစုနဲ့ ကျွန်တော်လဲ ဆက်ဆံစရာ မလိုပါဘူး၊ ဒီအကြောင်းမျိုးလဲ မရှိပါဘူး”
မစ္စတာအက်ဂါလင်တန်၏ တင်းတင်းပြတ်ပြတ် စကားကြောင့် ကျွန်မ အားပျက်ရပါလေတော့သည်။ ထိုနေ့က ကျွန်မသည် ကျွန်မတို့ အိပ်ကြီးမှ လေထန်ကုန်းသို့ လာခဲ့သော လမ်းတလျှောက်တွင် သခင် လင်တန် ပြောခဲ့သော စကားတွေကို ဦးနှောက်တွင်းမှ နှလုံးသားသို့ မည်သို့ ပြောင်းရွှေ့ထားရအံ့နည်း စဉ်းစားမရလောက်အောင် ဖြစ်ခဲ့ရပါသည်။ သူ့စကားတွေကိုလည်း ကျွန်မ အကြိမ်ကြိမ် ရွတ်ဆိုမိပါ၏။ သူ၏ ငြင်းပယ်ချက်ကို အစ္စဗယ်လာအဖို့ နှစ်သိပ်မှု ဖြစ်စေရန်အတွက်လည်း ကျွန်မ စဉ်းစားရပါသည်။
ကျွန်မ ပြောခဲ့ပါသည်။ ထိုနေ့ မနက်ခင်းကတည်းက အစ္စဗယ်လာသည် ပြတင်း တရုတ်ကတ်ကြားမှ ကျွန်မ အလာကို မျှော်လင့်စောင့်စား နေရှာပါလိမ့်မည်။ ကျွန်မ လေထန်ကုန်းအိမ်ကြီး၏ ဥယျာဉ်တွင်း အဝင်လမ်းအတိုင်း လာခဲ့ရာ သူ့ကို တရုတ်ကတ်များအကြားမှ ကျွန်မအလာကို မျှော်လင့်နေသည်ကို တွေ့ရပါလေ၏။ ကျွန်မ သူ ့ကို ခေါင်းညိတ်ပြီး နှုတ်ဆက်လိုက်သည်နှင့် သူလည်း ကျွန်မအား စောင့်နေမိသည့်အတွက် အထိတ်တလန့် ဖြစ်သွားဟန်ဖြင့် နောက်ဘက်သို့ ဆုတ်သွားပါလေတော့သည်။
ကျွန်မသည် အိမ်ထဲသို့ တံခါးကိုပင် မခေါက်တော့ပဲ တန်းဝင်လာခဲ့ပါ၏။ တချိန်က ပျော်ရွှင်ချမ်းမြေ့ဖွယ် အိမ်ကြီးမှာ ယခုကား ခြောက်ကပ်ကပ်ကြီးဖြစ်လျက် စိတ်ပျက်ဖွယ်ရာ အသွင်ကို ဆောင်နေလေပြီတကား။ ကျွန်မသည် အစ္စဗယ်လာ့ နေရာသို့ ရောက်လျှင် မီးလင်းဖိုကို လှည်းကျင်းပြီး စားပွဲများကို ဖုန်သုတ်ပေးမည်ဟု စိတ်ကူးလာခဲ့ပြီး ဖြစ်ပါ၏။ သို့သော် အစ္စဗယ်လာသည် ပတ်ဝန်းကျင်ကို လျစ်လျူရှုလျက် ပစ်စလက်ခတ် လုပ်ထားဟန် ရှိပါသည်။ သူ့မျက်နှာ လှလှကလေးသည်ပင် ညှိုးငယ် နွမ်းလျနေပါ၏။ ဆံပင်သည်လည်း အဖြီးအသင်မရှိပဲ ဖရိုဖရဲ ဖြစ်နေပါ၏။ အဝတ်တွေမှာလည်း မနေ့ညနေကတည်းက လဲလှယ်ခြင်းရှိပုံမပေါ်ပါ။
ထိုအချိန်က ဟင်ဒလီ မရှိပါ။ မစ္စတာ ဟိကလစ်သည် သူ့စားပွဲတခု၌ ထိုင်ပြီး အိတ်ဆောင်စာအုပ်ထဲမှ စာရွက်တခုကို ထုတ်၍ ဖြန့်ကြည့်နေပါသည်။ ကျွန်မ ဝင်လာသည်ကို မြင်သည်နှင့် သူသည် နေရာမှထပြီး ထိုင်ခုံကို ညွှန်ပြပါသည်။ ကျွန်မသည် သူ့ကို တကြိမ်သာ ယဉ်ကျေးသိမ်မွေ့မှု ပြသနိုင်သူအဖြစ် ထင်ပါသည်။ သူ့အား ယခုတကြိမ်လောက် လူနှင့်သူနှင့် တူသည်မျိုးကို မတွေ့ဖူးပါ။ အခြေအနေများက သူ့ဘဝ အနေအစားကို ပြောင်းလဲပေးလိုက်ဟန် ရှိလေသည်။ အစ္စဗယ်လာသည် ရွှေဘက်သို့ ထွက်လာပြီး ကျွန်မကို အားရပါးရ နှုတ်ဆက်ပါလေ၏။ လက်တဘက်ကို ဆန့်ထုတ်လျက် ကျွန်မထံမှ စာတစောင်ကို မျှော်လင့်ဟန်လည်း ရှိပါသည်။ ကျွန်မက ခေါင်းယမ်းပြလိုက်ရပါသည်။ ကျွန်မ အမူအရာ ပြသည်ကို သူ နားလည်ပုံ မရပါ။ ထို့ကြောင့် ကျွန်မနောက်ကို လိုက်လာပါသည်။ ကျွန်မသည် ဦးထုပ်ကိုချွတ်ပြီး တင်ရန် နံရံကပ် ဗီရိုငယ်နား ရောက်လျှင် သူလည်း နောက်မှကပ်လျက် ပါလာပြီး သူ ့အတွက် တခုခု ပါလာလေသလား တီးတိုးမေးပါလေ၏။ ဤသို့သော အစ္စဗယ်လာ၏ လှုပ်ရှားမှုကို ဟိကလစ် ရိပ်မိပုံ ရပါသည်။
“ခင်ဗျားမှာ အစ္စဗယ်လာအတွက် တခုခုပါလာယင် ပေးလိုက်စမ်းပါ နယ်လီရယ်၊ ခင်ဗျား လျှို့ဝှက်ထားစရာ မလိုပါဘူး၊ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ လျှို့ဝှက်စရာလဲ မရှိပါဘူး ́ဟု ပြောလိုက်ပါလေသည်။
ကျွန်မလည်း ယခုချက်ချင်းပင် အမှန်ကို ပြောသင့်သည်ဟု စဉ်းစားမိသည့်အလျောက် …
“ကျွန်မမှာ ဘာမှ မပါပါဘူး၊ ကျွန်မ သခင်က သူ့ညီမကို စာလဲ မမျှော်လင့်နဲ့၊ လောလောဆယ်မှာ သူ့ကိုလဲ မမျှော်လင့်နဲ့လို့ မှာလိုက်ပါတယ်၊ အစ္စဗယ်လာအတွက် ပျော်ရွှင်ချမ်းမြေ့ စေကြောင်းဆုတောင်း လိုက်ပါတယ်၊ ရှင်ပြုမူသွားတာ အတွက်တော့ သူ စိတ်ဆင်းရဲရတာပေါ့ရှင်၊ ဒါပေမယ့် နောက်ပိုင်းမှာတော့ အိမ်ထောင်နှစ်ခု အဆက်ပြတ် သွားမှာပဲလို့ သူထင်တယ်ရှင့်' ဟု ပြောချလိုက်ပါသည်။
အစ္စဗယ်လာ၏ နှုတ်ခမ်းဖျားကလေးများသည် မသိမသာ တုန်လာပြီး ပြတင်းပေါက်နားက ကုလားထိုင်မှာ သွားထိုင်လိုက်ပါလေသည်။ ဟိကလစ်ကမူ မီးလင်းဖိုနား ကျွန်မအပါးသို့ တိုးကပ်လာပြီး ကက်သရင်းနှင့် ပတ်သက်၍ မေးခွန်းများ ထုတ်ပါလေတော့သည်။ ကျွန်မလည်း ကက်သရင်း မကျန်းမမာ ဖြစ်နေသည့် ကိစ္စကို ရှင်းပြလေရာ သူက မည်သို့မည်ပုံ မကျန်းမမာ ဖြစ်ရသည်ကို အမျိုးမျိုး မေးခွန်းလှည့်ထုတ်ပါလေ၏။ ကျွန်မကမူ ကက်သရင်း မကျန်းမမာ ဖြစ်ရသည့် ကိစ္စနှင့် ပတ်သက်၍ ကက်သရင်းအပေါ်ချည်းသာ အပြစ်ပုံချပြီး ဖြေပါသည်။ ကက်သရင်း၏ အိမ်ထောင်တွင် သူ ဘာမျှ ဝင်ရောက် မစွက်ဖက်စေချင်ပါ။ သူ့ကြောင့်လည်း အကောင်းအဆိုး အကျိုးသက်ရောက်မှုမျိုး မဖြစ်စေချင်ပါ။
“ခုတော့လဲ မစ္စက်လင်တန် နေကောင်းသွားပါပြီ၊ အလျင်လို ဖြစ်စရာ အကြောင်းလဲ မရှိတော့ပါဘူး၊ အသက်အန္တရာယ်ကိုလဲ မစိုးရိမ်ရတော့ပါဘူး၊ ရှင်သာ သူ့အကျိုးကို ကြည့်မယ်ဆိုယင် သူ့ကို ရှောင်တာဟာ အကောင်းဆုံးပဲ၊ အင်းလေ၊ ရှင်ဒီနေရာက လုံးဝ ရှောင်သွားယင် ပိုပြီး အကောင်းဆုံးဖြစ်မှာပဲ။ ရှင် စိတ်မကောင်းတော့ မဖြစ်နဲ့ပေါ့ရှင်၊ အစ္စဗယ်လာဟာ ကျွန်မတို့နဲ့ ခြားနားသွားပြီ ဖြစ်သလိုပဲ ကက်သရင်းလင်တန်ဟာလဲ ရှင့်သူငယ်ချင်းဟောင်း ကက်သရင်းအန်းရှော ဘဝနဲ့ ခြားနားသွားပြီလို့ ကျွန်မ ပြောရမှာပဲ၊ သူ့ရုပ်သွင်ပြင်ကာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီ၊ သူ့စိတ်ထားဆိုတာကတော့ ပိုပြီးတောင် ပြောင်းလဲ သွားသေးတယ် ရှင့်။ တကယ်တော့ ရှင်၊ တချိန်က မလွှဲသာလို့ ပေါင်းသင်း ဆက်ဆံလာခဲ့ကြစေဦး၊ စာနာမှုထားပြီး တာဝန်သိတဲ့ စိတ်မျိုးနဲ့ ဆက်ပြီးအပေါင်းအသင်း မလုပ်တာ အကောင်းဆုံးပေါ့ရှင်”
ကျွန်မ စကားဆုံးသည်နှင့် ဟိကလစ်သည် သူ့ကိုယ်သူ တည်တည်ငြိမ်ငြိမ် ရှိလေဟန် ဟန်ပန်မျိုးဖြင့် ဤသို့ ဆို ပြန်ပါလေ၏။
“ဒါ ဖြစ်နိုင်တာပေါ့ဗျာ၊ ခင်ဗျားရဲ့သခင် ထားခဲ့တဲ့ စာနာမှုနဲ့ တာဝန်သိမှုဆိုဘာ ဒါမျိုးဖြစ်မှာပေါ့၊ ကျွန်တော် ကက်သရင်းအတွက် ဘယ်လို ခံစားနေရဘယ်ဆိုတာနဲ့ ကက်သရင်းက သူ့အတွက် ဘယ်လိုခံစားရတယ် ဆိုတာမျိုးကို ခင်ဗျား ယှဉ်ကြည့်စမ်းပါဗျာ၊ ခင်ဗျား ဒီအိမ်က ထွက်မသွားခင် ကျွန်တော်နဲ့ သူ တွေ့ပေးဖို့တော့ ခင်ဗျား ကတိပေးရမယ်၊ သဘောတူတူ မတူတူဗျာ၊ ကျွန်တော် သူ့ကို တွေ့ရလိမ့်မယ် ကဲ၊ ခင်ဗျား ဘာပြောမလဲ”
“ဒီမှာ ကျွန်မပြောမယ် မစ္စတာဟိကလစ်၊ ရှင် သူ့ကို မတွေ့ရဘူး၊ ကျွန်မသဘောအရဆိုယင် ရှင် သူ့ကို ဘယ်တော့မှ မတွေ့ရဘူး၊ ခုဟာက ရှင်နဲ့ ကျွန်မ သခင်တို့ နှစ်ယောက်စလုံးဟာ ကက်သရင်းကို သတ်နေကြတာပဲ”
“ဒီအတိုင်း ဆိုယင်တော့ ဒီအန္တရာယ်က ရှောင်နိုင်အောင် ခင်ဗျား ကူညီရမှာပဲ၊ ကျွန်တော် သိချင်တာတော့ ရှိတယ်ဗျာ၊ ခင်ဗျား ရိုးရိုးသားသား ပြောစေချင်ပါတယ်၊ ကက်သရင်းဟာ လင်တန်ကို ဆုံးရှုံးရတဲ့အတွက် အကြီးအကျယ် ခံစားရမလား၊ မခံစားရဘူးလား၊ အဲဒါတော့ ကျွန်တော် သိချင်တယ်၊ ကျွန်တော်တို့ သုံးဦးစလုံး ဘယ်လိုခံစား နေကြရတယ်ဆိုတာ ခင်ဗျား သိပါတယ် နယ်လီ၊ ကျွန်တော်ဟာ အက်ဂါကို မမြင်မတွေ့ချင်လောက်အောင် အသည်းခိုက်တဲ့အထိ မုန်းပေမယ့် သူ့နေရာမှာ ကျွန်တော်နေပြီး ကျွန်တော့်နေရာမှာ သူ ဝင်ကြည့်စမ်းပါ၊ ဒီမှာ နယ်လီ၊ ခင်ဗျား ကျွန်တော့် ကိုမယုံသလို မကြည့်စမ်းနဲ့ဗျာ၊ ဒီမှာဗျ ကေသီသာ သူ့ကို လိုလားနေသမျှ ကျွန်တော် သူ့ကို လူ့အသိုင်းအပိုင်းက ဘယ်တော့မှ ဖယ်ရှား မပစ်ဘူး၊ အဲ၊ ကေသီကသာ သူ့ဘက်မှာ မရှိဘူး ဆိုယင်တော့လား၊ ကျွန်တော် သူ့အသည်းနှလုံးကို ဆွဲထုတ်ပစ်မှာပဲ၊ သူ့သွေးကိုလဲ ကျွန်တော် သောက်မှာပဲ၊ ဒါပေမယ့် ခင်ဗျား ကျွန်တော့်ကို နားလည်စမ်းပါဗျာ၊ ကေသီသာ သူ့ဘက်မှာရှိယင် ကျွန်တော် သူ့ကို လက်ဖျားနဲ့တောင်' မတို့ပဲ သူ့အလျင် သေမှာပါနယ်လီ၊ ဒါတော့ စိတ်ချစမ်းပါ”
သူ့စကား မဆုံးမီမှာပင် ကျွန်မက ကြားဖြတ်၍
“ဒါပေမယ့် ခုနေခါမှာ ကေသီဟာ ရှင့်ကို မေ့သလောက်ဖြစ်ပြီး စိတ်ညစ်စရာ အသစ်တွေနဲ့ ကြုံနေရတဲ့ အခြေအနေမျိုးမှာ ရှင့်ကို သူ သတိရအောင် လုပ်တာမျိုးတော့ ရှင် မလုပ်သင့်ဘူးပေါ့” ဟု ပြောလိုက်ပါသည်။
သည်တော့သူက...
“ဘာလဲ၊ ခင်ဗျားက သူ ကျွန်တော့်ကို မေ့သလောက် ရှိပြီလို့ ဆိုချင်တာပေါ့လေ၊ ဒီမှာ နယ်လီ၊ သူ ကျွန်တော့်ကို မမေ့ဘူးဗျ၊ ကျွန်တော် သူ့ကို မမေ့သလိုပဲ သူလဲ ကျွန်တော်ကို မေ့မရပါဘူး၊ သူ လင်တန်ကို သတိရတာထက်တောင် ကျွန်တော်ကို အဆတထောင်ပိုပြီး သတိရပါ သေးတယ်ဗျ၊ အဲဒီအဖြစ်မျိုးဟာ ကျွန်တော် ဘဝမှာ စိတ်မချမ်းသာစရာ အဖြစ်ရဆုံး အဖြစ်မျိုးပါ နယ်လီ၊ အဲဒီအဖြစ်က ကျွန်တော့်ကို ဒီနေရာ ပြန်ရောက်လာအောင် မောင်းထုတ်လိုက်တာပဲ၊ ဒါပေမယ့် ကျွန်တော်အဖို့က ပြန်လာခဲ့တာဟာ ပိုပြီး ဆိုးသလိုကြုံရတယ် မဟုတ်လား နယ်လီ၊ အဲဒီတုန်းက ကျွန်တော် မက်ခဲ့တဲ့ အိပ်မက်ဆိုးနဲ ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ ဟင်ဒလိနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ လင်တန်နဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် ကျွန်တော် ဒီလောက် စိတ်မထိခိုက်ရသေးဘူး၊ ကျွန်တော် ဘဝမှာ သေခြင်းနဲ့ ငရဲခံခြင်းလောက်သာ ကျွန်တော် သဘောပေါက်ခဲ့တာပါ။ ကျွန်တော့်အဖို့ အသက်ရှင်လျက် သူ့ကို ဆုံးရှုံးရမယ်ဆိုတာ ငရဲရောက်တာမျိုးပဲ၊ ကျွန်တော်သာ သူက အက်ဂါကို ကျွန်တော် ထက်ပိုပြီး တွယ်တာမှုကို တန်ဖိုးထားတယ်လို့ အတွေးရောက်ယင် ကျွန်တော် အရူးထတာပဲဖြစ်မှာပဲ၊ တဘက်မှာကလဲ အက်ဂါဟာ သူစွမ်းအားရှိသမျှ ကေသိကို ချစ်ပါတယ်ဆိုဦး၊ သူ အနှစ်ရှစ်ဆယ်လုံးချစ်ဦး၊ ကျွန်တော် ကေသီကို တနေ့ချစ်သလောက် သူမချစ်နိုင်ပါဘူးဗျာ။ ကေသီမှာက ကျွန်တော့်လို နက်ရှိုင်းတဲ့ နှလုံးသားမျိုး ရှိတာပါ။ အဲ့ဒါကို အက်ဂါက ကေသီ့ အချစ်ကို လက်ဝါးကြီးအုပ်လိုက်တယ်ဆိုတာ မျိုးဟာ နည်းနည်းကလေး ပင်လယ်ရေကို မြင်းစားခွက်ထဲ ထည့်တာမျိုးပါဗျ။ တကယ်တော့ဗျာ အက်ဂါဟာ ကေသီ့ကို ကေသီ ခွေးကလေး၊ မြင်းကလေးကို ချစ်တာထက် နည်းနည်းလေး ပိုချစ်တာပါဗျ။ သူ့ကို ကေသီကလဲ တကယ်ချစ်တာ မဟုတ်ပဲ ကေသီကကော သူ့ကို ဘယ်ချစ်နိုင်ပါ့မလဲ လို့ ပြောပြန်ပါလေရော။
အဲဒီတော့ အစ္စဗယ်လာက ဖြတ်ကနဲ ထတဲ့ပြီး
“ကက်သရင်းနဲ့ အက်ဂါဟာ ချစ်သူနှစ်ယောက် ချစ်သလို ချစ်ကြတာပဲ၊ ဒါနဲ့ ပတ်သက်လို့ ဘယ်သူမျှ ဘာမှ ပြောစရာ မလိုဘူး၊ ကျွန်မ ငြိမ်နေလို့ အစ်ကို့ကို တန်ဖိုးကျအောင် ပြောတာမျိုးတော့ ကျွန်မ နားမခံနိုင်ဘူး” လို့ အော်ပြောလိုက်ပါတယ်။
“ဩ၊ မင်း အစ်ကိုလား၊ မင်းတပ်ကိုကတော့ မင်းကိုလဲ အဲ့စရာ ကောင်းလောက်အောင် ချစ်ရှာတာပဲ၊ မဟုတ်ဘူးလား၊ ဒီနည်းနဲ မင်းကိုလဲ ဝမ်းပန်းတသာ ရေစုန်မျောလိုက်တာပဲ မဟုတ်လား” ဟု ဟိကလစ် က လှောင်တောင်တောင် ဝင်ပြောပြန်ပါသည်။
“ကျွန်မ ဘာဖြစ်နေတယ်၊ ဘယ်လိုခံစား နေရတယ်ဆိုတာ သူမသိဘူးရှင့်၊ ကျွန်မကလဲ သူ့ကို မပြောဘူး” ဟု အစ္စဗယ်လာက တုံ့ပြန်ပါလေ၏။
“ခု မင်း ပြောပြီးပြီ မဟုတ်လား၊ စာတောင် ရေးလိုက်သေးတယ် မဟုတ်လား”
“ကျွန်မ လက်ထပ်လိုက်ပြီလို့ ရေးတာပဲ၊ ဒီစာကို ရှင်လဲ တွေ့တယ် မဟုတ်လား”
“အဲဒီနောက် ဘာမှ မရေးတော့ဘူးလား"
“မရေးဘူး”
ကျွန်မမှာ မနေသာတော့ပါ။ ထို့ကြောင့်
“အစ္စဗယ်လာဟာ အခြေအနေ အပြောင်းအလဲကြောင့် ပိုပြီး ဝမ်းနည်းနေပုံ ရပါတယ်ရှင်၊ တယောက်ယောက်ရဲ့အချစ်ကလဲ သူ ့အဖို့ ဘာမှျ အရာရောက်ပုံ မရပါဘူး၊ အဲဒီတယောက်ဟာ ဘယ်သူလဲဆိုတာ ကျွန်မ မပြောသင့်ပါဘူး' ဟု ဝင်ပြောလိုက်မိပါတော့သည်။
“ကျွန်တော် အနေနဲ့ ပြောရယင်တော့ ခုနက နယ်လီ မပြောသင့်ဘူးဆိုတာ သူကိုယ်တိုင်ပဲ ဖြစ်တယ် နယ်လီ၊ ကြည့်ပါ၊ သူဝတ်ဆင်ထားပုံက သူ့ကိုယ်ကို သူ နိမ့်ကျအောင် လုပ်နေသလို ဖြစ်မနေဘူးလား၊ အယ်ဆိုပြီး ငိုတယ်၊ ဘယ်လိုဖြစ်ဖြစ် ဒီအိမ်ဟာ သူ့အဖို့ အသင့်လျော်ဆုံးပါ။ ဒီတော့ ကျွန်တော် ပြောမယ် နယ်လီ၊ သူသာ ဟိုဟိုသည်သည် လျှောက်သွားပြီး ကျွန်တော့် ဂုဏ်သိက္ခာကို မထိပါးစေသမျှ ကျွန်တော် သူ့ကို ဂရုစိုက်မှာပါဗျာ' မစ္စတာဟိကလစ်က သူ့ဘက်က သဘောထားကို ရှင်းပြပါလေ၏။ ထို့ကြောင့် ကျွန်မက သူ ့စကားကို တုံ့ ပြန်ရပါသည်။
“ကောင်းပါပြီရှင်၊ မစ္စက်ဟိကလစ်ဟာ အမြဲတစေ ဂရုစိုက် ပြုစုမှုကို ခံယူခဲ့ရတဲ့ မိန်းကလေးတယောက် ဖြစ်တယ်ဆိုတဲ့ အချက်ကိုလဲ ရှင် စဉ်းစားမိမယ် ထင်ပါတယ်၊ သူဟာ တဦးတည်းသော သမီးအဖြစ် ကြီးပြင်းလာခဲ့ရတာဆိုတော့ သူ့အတွက် ပြုစုမယ့်လူတွေ ဆိုတာကလဲ ဝိုင်းဝိုင်းလည်နေခဲ့တာပါရှင်၊ ဒီတော့ ရှင့်အနေနဲ့လဲ သူသေသေသပ်သပ် ဝတ်စားဆင်ယင်နိုင်ရေးအတွက် သူ့ကို ကြင်ကြင်နာနာနဲ့ ပြုစုပေးမယ့် မိန်းကလေးအစေခံ တယောက်တော့ လဲထားပေးသင့်တာပေါ့။ နောက်တခု ရှင်သတိပြုစေချင်တာက ရှင်အနေနဲ့ မစ္စတာအက်ဂါအပေါ် သဘောထားထား ဘယ်လိုပဲ သဘောထားထား သူဟာ သူ အစ်ကိုအပေါ်မှာ သံယောဇဉ် ကြီးမားတယ်၊ သူ့အိမ်၊ သူ့အပေါင်းအသင်းနဲ့ သူ ချမ်းချမ်းသာသာနေ၊ ကောင်းကောင်း မွန်မှုန် ဝတ်စားနေထိုင်တတ်တယ် ဆိုတာမျိုးကိုလဲ သူ စွန့်ပစ်နိုင်မယ် မဟုတ်ဘူးဆိုတဲ့အချက်ပဲ”
“အင်း၊ ဒါပေမယ့် သူက ကျွန်တော့်ကို အချစ် သူရဲကောင်းကြီးအဖြစ် မြင်ပြီး ကျွန်တော်ဆီက ဘာမဆို ရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး ထားယင်တော့လဲ ဒါဟာ လှည့်စားတာသက်သက် ဖြစ်မှာပဲ၊ ဒီလို ကိုယ့်ကိုယ်ကိုယ် အလှည့်စားခံနေရတဲ့ အခြေအနေမျိုးတော့လဲ သူ့အဖို့ အလျင်ကလို အခြေအနေမျိုးတွေ ဖယ်ရှားပစ်ရမှာပဲ၊ ကျွန်တော့်ကို သိပ်မျှော်လင့်ထားလို့တော့ မရဘူးလေ၊ ဒါပေမယ့် နောက်ဆုံးတော့ သူ ကျွန်တော် ကို နားလည်စ ပြုလာပြီလို့ ကျွန်တော် ထင်ပါတယ်၊ ကျွန်တော်က အဓိပ္ပာယ်မဲ့ အပြုံးတို့၊ ဟန်ဆောင် ပန်ဆောင် အမူအရာမျိုးတို့ကိုတော့ အလေးမထားတတ်ဘူး၊ ဒါတွေအတွက်လဲ ကျွန်ထော် ဂရုမစိုက်ဘူး၊ ကျွန်တော် သူ့ကို မချစ်ဘူးဆိုတာမျိုးကိုလဲ သူ မစူးစမ်း မစဉ်းစားယင် အကောင်းဆုံးပဲ၊ ဒီမနက်ကျတော့ သူက ကျွန်တော်ကို မုန်းတယ်လို့ ပြောတယ်၊ ဒီတော့ အစ္စဗယ်လာ ကိုယ် မင်းကို ယုံနိုင်မလား၊ ပြောစမ်းပါ၊ မင်း ကိုယ့်ကို မုန်းတယ်ဆိုတာ သေချာရဲ့လား၊ ကိုယ် ဒီတမနက်လုံး မင်းကို ပစ်ထားတော့ မင်း ကိုယ့်ကို ပလူးပလဲ လုပ်ချင်ပြန်ရော မဟုတ်လား၊ ဂရုတစိုက်လုပ်နေတာလို့ သူက ထင်ချင်ထင်မယ်။ ကျွန်တော့်အနေနဲ့ ကတော့ တဘက်သတ်အမြင်ကို ဂရုမစိုက်ပါဘူး၊ ကျွန်တော် သူ့ကို ဘယ်တော့မှ လိမ်မပြောဘူး နယ်လီ၊ ကျွန်တော် သူ့ကို လှည့်စားတဲ့သဘောနဲ့ ဟန်ဆောင်ပန်ဆောင် ဆက်ဆံနေတာမျိုးလို့ သူမပြောနိုင်ပါဘူး။ ကျွန်တော် သူနဲ့အတူ သူတို့အိမ်ကြီးက ထွက်လာခဲ့တုန်းက သူ့ခွေးကလေးကို ကြိုးနဲ့ချည်ပြီး ဆွဲချိတ်ပစ်ခဲ့တယ်၊ ဒါဘာပြချင်တာလဲ၊ ကျွန်တော် သူပိုင်ဆိုင်သမှျဆိုယင် တခုကလွဲပြီး ဘာကိုမဆို ကျွန်တော် အဲဒီလို လုပ်ထားလိုက်မှာပဲ ဆိုတဲ့သဘောကို ပြတာပဲ၊ အဲဒီထဲမှာ မပါတဲ့တခုဟာ သူ့ကိုယ်ကို ပြောတာဖြစ်မှာပဲလို့ သူက ယူဆချင် ယူဆမယ်၊ ထားပါလေ။ ဒါကိုက သူ့ကို ချီးမွမ်းရမယ် မွေးရာပါ စိတ်မျိုးပဲ၊ ဒီတော့ နယ်လီရယ်၊ ခင်ဗျားသခင်ကို ပြောလိုက်စမ်းပါဗျာ၊ သူ့ညီမလို စိတ်ဓာတ်ပျော့ညံတဲ့ မိန်းကလေးမျိုးကို ကျွန်တော် မတွေ့ဖူးဘူးလို့၊ သူကတော့ သူ့အမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကိုတောင် ငဲ့တာ မဟုတ်ဘူး၊ တခါတခါတော့ ကျွန်တော် စိတ်ထားတောင် လာရတဲ့အထိ သူကလဲ စွမ်းပေသကိုး၊ ဒီတော့ ခင်ဗျား သခင်ကို ကျွန်တော်က နှလုံးသားကို စည်းကမ်း နည်းလမ်း ရှိသလောက်သာ ခံစားခွင့်ပေးထားတယ်၊ ဒီတော့သူ အနေနဲ့လဲ ဆွေမျိုးသားချင်းပဲ၊ တရား ဥပဒေသဘောပဲဆိုတဲ့ အစွဲအလမ်းမျိုးနဲ့ နှလုံးသား ခံစားမှုကို လွှတ်မထားပါနဲ့လို့လဲ ပြောလိုက်စမ်းပါဗျာ၊ ခု အထိကတော့ ကျွန်တော် သူ့ကို ကွဲဖို့ ကွာဖို့ ခွင့်ပြုမှာ မဟုတ်ဘူးခင်ဗျ၊ ကျွန်တော်တို့ကိုတယောက်ယောက်က ကြားဝင်ပြီး ခွဲဖို့ မလုပ်သေးတာကိုလဲ အစ္စဗယ်လာက ကျေးဇူးတင်မှာပါ၊ အဲ…ဒါနဲ့မှ သူက ကျွန်တော့်ကို ပစ်သွားချင်တယ်ဆိုလဲ သွားပေါ့”
သည်စကား အရောက်တွင် ကျွန်မ ဝင်ရောက် ပြောဆိုရပြန်လေတော့သည်။
“ဒီမှာ မစ္စတာဟိကလစ်ရဲ့၊ ဒါဟာ အရူးစကားပဲ၊ ရှင့်မယားကိုယ်တိုင်ကလဲ ရှင် ရူးနေတာကို သဘောပေါက်လောက်ရောပေါ့၊ အဲဒီလို သဘောပေါက်လို့လဲ ခုအထိ ရှင်တို့ ပေါင်းသင်းနေနိုင်တာပေါ့၊ ခုတော့ ရှင်က ရှင့်မယားကို ရှင် ဆင်းသွားချင် သွားဆိုတာမျိုး ပြောလာပြီ၊ သူ့စိတ်နဲ့ သူ့ကိုယ် လုပ်နိုင်တာပဲ၊ ဒီတော့ အစ္စဗယ်လာ၊ ညည်းလဲ သူ့ကို အစွဲလမ်းကြီး မဖြစ်နဲ့၊ ညည်းကိုယ် ညည်း အဆင်ပြေအောင်သာ ဆက်လက်ပေါင်းသင်းနေပေါ့ကွယ်”
ထိုခဏချင်းမှာပင် အစ္စဗယ်လာ၏ မျက်လုံး အစုံသည် ဒေါသ အလျှံဖြင့် တောက်လာပြီး..
“သူ့ စကားကို ဂရုစိုက်နားထောင် အယ်လင်၊ သူ ပြောတာတွေကို တလုံးတောင်မှ မယုံနဲ့၊ သူဟာ လူမဟုတ်ဘူး၊ အလိမ်ပညာ ဝိဇ္ဇာကြီး၊ ဂြိုဟ်ကောင်ကြီး၊ ကျွန်မ သူ့ကို ပစ်ပယ်မယ်ဆိုတာ သူ့ကိုပြောပြီးသား၊ ထွက်ပြေးဖို့လဲ ကြံစည်ဖူးတယ်။ ဒါပေမယ် ကျွန်မ ထပ်ပြီး မကြိုးစားရဲဘူး၊ ဒါကြောင့် ဒီလို နေနေရတာပဲ၊ ဒီမှာ အယ်လင်၊ ကျွန်မကို တခုတော့ ကတိပေးပါ၊ အစ်ကိုနဲ့ ပတ်သက်လို ဖြစ်ဖြစ်၊ ကက်သရင်းနဲ့ ပတ်သက်လို့ ဖြစ်ဖြစ်၊ သူ ပြောတာတွေကို တလုံးတပါဒမှ ပြန်မပြောပါနဲ့ရှင်။ သူ ဘယ်လိုပဲ ဟန်ဆောင်ဆောင် သူက အက်ဂါကို တမင် ဆွပေးနေတာရှင့်၊ ကျွန်မကို လက်ထပ်တာကိုက အက်ဂါအပေါ် သူ့လွှမ်းမိုးနိုင်အောင်လို့လို့ သူပြောတာပဲ၊ သူသာ အက်ဂါကို မလွှမ်းမိုး နိုင်င်ယင် ကျွန်မ အလျင်ဆုံး သေမှာပဲ၊ ကျွန်မတော့ မျှော်လဲ မျှော်လင့်ချင်တယ်၊ ဆုလဲ တောင်းပါရဲ့၊ သူရဲ့ ယုတ်မာ ပက်စက်တဲ့ ကိုယ်ကျိုး အကြံအစည်မပေါ်ပဲ ကျွန်မကိုသာ သတ်ပါစေလို့၊ ကျွန်မအဖို့တော့ ကျွန်မယင်လဲ သေမှ၊ သူယင်လဲ သေမှ စိတ်ချမ်းသာရမှာပါ အယ်လင်ရယ်ဟု ဆက်တိုက်ကြီး ပြောချလိုက်ပါလေတော့သတည်း။
ထိုအခါ ဟိကလစ်ကလည်း..
“ကဲ...တော်တော့ကွာ၊ မင်းပြောတဲ့ စကားတွေသာ မင်း မှတ်ထားပါ။ မင်းက ငါ့ကို ရုံးထင်တရားစွဲမယ်ပုံပဲ၊ အဲဒီကျတော့သာ ခု မင်းပြောခဲ့တာတွေကို မမေ့စေနဲ့၊ တကယ်တော့ မင်းဟာ မင်းအစ်ကိုရဲ့ အစောင့်အရှောက်ခံ မဟုတ်တော့ဘူးကွ။ မင်းကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တရားဥပဒေကြောင်းအရက ငါက မင်းလင်ပဲ၊ ကဲ..ဒီတော့ မင်းအပေါ်သွားတော့ကွာ၊ ငါနဲ့ အယ်လင်ဒင်း နှစ်ယောက်ချင်း စကားပြောစရာ ရှိသေးတယ်၊ ကဲ.....တက်လို. ပြောနေတယ်လေ၊ သွားစမ်းပါ ကလေးရယ်၊ ဟောဒီလမ်းအတိုင်း သွားယင် အပေါ်ထပ် တက်တဲ့လှေကား ရှိပါတယ်ကွ” ဟု ပြောပြောဆိုဆိုပင် အစ္စဗယ်လာ လက်ကို ဖမ်းဆုပ်ပြီး အခန်းထဲမှ တွန်းထုတ်လိုက်ပါလေတော့သည်။ ပါးစပ်က …
“ငါ့မှာ အကြင်နာတရား မရှိပါကလား၊ ငါ့မှာ အကြင်နာ တရားမရှိပါကလား တီကောင်များ တွန့်လိမ်တွန့်လိမ် ဖြစ်နေလေ ငါ့စိတ်က ခြေပစ်ချင်စိတ် ပေါ်လေလေပဲ၊ ခံစားရလေလေ ကြိတ်ခြေချင်စိတ်ကလဲ ကြီးမားလေလေပါကလားနော် ဟုလည်း ရေရွတ်နေပါသေးသည်
ကျွန်မလည်း ပြန်တော့မည့် သဘောဖြင့် ဦးထုပ်ကို ကောက်ကိုင်လိုက်ယင်း ….
“နေပါဦး၊ ရှင်က အကြင်နာတရားဆိုတဲ့ စကားရဲ့အဓိပ္ပာယ်ကိုကော နားလည်လို့လား၊ ရှင့်ဘ၀မှာ အကြင်နာတရားဆိုတာကိုရော ခံစားဖူးရဲ့လား ́ဟု မေးပစ်လိုက်မိပါတော့သည်။
သည်တော့ ဟိကလစ်ကလည်း ကျွန်မ ပြန်တော့မည်ကို သတိပြုလိုက်မိသည်နှင့် ကဲ...ဒီကို လာစမ်းပါဦး နယ်လီ၊ ကျွန်တော် ကက်သရင်းကို အမြန်ဆုံး တွေ့ချင်တယ်ဗျာ။ အဲဒီကိစ္စအတွက် ခင်ဗျားဆီက အကူအညီရအောင် အေးအေးဆေးဆေး ဖြစ်ယင်လဲ ဖြစ်ပေါ့၊ မဟုတ်ယင်လဲ ဇွတ်ပဲ အကူအညီ တောင်းရမှာပါ၊ ဒီအတွက် အန္တရာယ် မဖြစ်စေရဘူးလို. ကျွန်တော် ကျိန်တွယ် ပြောရဲပါတယ်၊ ကျွန်တော် လင်တန့်စိတ် အနှောင့်အယှက် ဖြစ်ရမှာမျိုး၊ လင်တန် ဒေါသဖြစ်ရမှာမျိုးလဲ မဖြစ်စေချင်ပါဘူး။ ကျွန်တော် ကတ်သရင်းဆီက ဘယ်လိုနေတယ်၊ သူ ဘာကြောင့် မမာမကျန်း ဖြစ်ရတယ်ဆိုတာကို ကြားချင်တယ်၊ သူ့အကွက် ကျွန်တော် ဘာလုပ်ပေးနိုင်မလဲ ဆိုတာကိုပဲ မေးချင်ပါတယ်။ ကျွန်တော် ညက သူတို့ ခြံဝင်းထဲကို ရောက်တယ်၊ ခြောက်နာရီလောက် ကြာကြာနေပြီးမှ ကျွန်တော် ပြန်လာတယ်။ ကျွန်တော် အဲဒီအိမ်ကြီးကို ညတိုင်းလာမှာပဲ၊ အိမ်ထဲဝင်ရမယ် အခွင့်အရေးမျိုးကိုလဲ နေ့တိုင်းရှာမှာပဲ၊ လင်တန်နဲ့ ပက်ပင်းတွေ့ယင်လဲ ကျွန်တော် အဲဒီအိမ်မှာ ရှိနေတုန်း ဘာစကားမျှ ဝင်မပြောနိုင်အောင် သူ့ကို ထိုးပစ်လိုက်မှာပဲ၊ သူ့အစေခံတွေက ကျွန်တော့်ကို အဟန့်အတား လုပ်ယင်လဲ ကျွန်တော် သေနတ်နဲ့ အပစ်ပဲ၊ ဒီတော့ သူတို့သခင်နဲ့ရော သူတို့နဲ့ရော ကျွန်တော် ရင်မဆိုင်ရယင် အကောင်းဆုံးပဲ မဟုတ်လား။ ဒါကို ခင်ဗျား လွယ်လွယ်ကလေးနဲ့ ဆောင်ကြဉ်းနိုင်ပါတယ် နယ်လီ၊ ဒီတော့ခင်ဗျားက သူ တယောက်တည်း ရှိနေတုန်း ဘယ်သူမျှ မသိရပဲ ကျွန်တော် သူ့အိမ် ဝင်တွေ့နိုင်အောင် လုပ်ပေးပေါ့။ ပြီးတော့ ကျွန်တော် ပြန်တဲ့အခါထိလဲ သူတို့ ကျွန်တော်ကို မတွေ့အောင် စောင့်ကြည့်ပေးပေါ့ဗျာ” ဟု ကျွန်မကို ပြန်ခွင့် မပြုသေးပဲ ဆက်ပြောနေပြန်ပါလေတော့သည်။
ကျွန်မသည် ကျွန်မ အလုပ်လုပ်နေသော အိမ်ကြီးအတွင်း ထိုအိမ်ကြီးနှင့် ကျွန်မ၏ လုပ်ငန်းရှင်ကို သစ္စာမဲ့သော အပြုအမူမျိုး မလုပ်နိုင်ကြောင်း ပြောပါသေးသည်။ ထို့ပြင်လည်း သူ့လိုဘ တခုတည်း အတွက်နှင့် မက်လင်တန်၏ စိတ်တည်ငြိမ်နေမှုကို ရက်ရက်စက်စက် ဖျက်ဆီးရာလည်း ကျရောက်မည်ဖြစ်ကြောင်း ကျွန်မ ပြောပါသည်။
"ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့တောင် မစ္စက်လင်တန်ဟာ စိတ်ထိခိုက်တတ်ပါတယ်ရှင်၊ သူ အာရုံကြောတွေကိုက ထိခိုက်ခံစားလွယ်တတ်တာမို့ တော်ရုံ ကိစ္စမျိုးမှာတောင် သူ ခံစားရတတ်ပါတယ်။ ဒီတော့ ဘာမှ မလုပ်ချင်ပါနဲ့ရှင်။ ဒါမှမဟုတ်ယင်တော့ ကျွန်မအနေနဲ့ ရှင့် အကြံ အစည်ကို မစ္စတာလင်တန်ကို ပြောပြရမှာပဲ၊ ဒါမှလဲ သူ့အနေနဲ့ သူ့အိမ်ထဲကို သူစိမ်းတရံဆံ မဝင်နိုင်အောင် အကာအကွယ် အတားအဆီးတွေ လုပ်နိုင်မယ် မဟုတ်လား'
“ဒီလိုဆိုယင်တော့ ခင်ဗျားကို ချုပ်နှောင်ပြီးသား ဖြစ်သွားအောင် ကျွန်တော်က အလျင်လုပ်ရလိမ့်မယ်၊ ခင်ဗျား ဟောဒီ လေထန်ကုန်းကနေပြီး နောက်တနေ့ မနက်အထိ မပြန်ရဘူး၊ ကတ်သရင်း ကျွန်တော့်ကို တွေ့ရယင် တအံ့တဩ ဖြစ်ရမယ်၊ စိတ်ထိခိုက်ရမယ်ဆိုတာလဲ မဖြစ်နိုင်ဘူးဗျ၊ ကျွန်တော်ကလဲ သူ့ကို ဒီလိုအဖြစ်မျိုး ဖြစ်စေချင်ပါဘူး၊ ဒါတော့ ခင်ဗျားကလဲ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမှာပေါ့။ ကျွန်တော် လာနိုင် မလာနိုင်ကိုလဲ သူ့ကို ပေးကြည့်ရမှာပေါ့၊ ခင်ဗျားက ပြောတယ်၊ သူက ကျွန်တော့်နာမည်ကို ပြောတောင် မပြောတော့ဘူးလို့။ ကဲ ကျွန်တော့် အကြောင်းက ခင်ဗျားတို့ အိမ်မှာ တားမြတ်ထားတဲ့ အကြောင်းအရာဆိုယင် သူ ဘယ်သူ့အကြောင်းပြောမလဲ၊ တခုတော့ ရှိတာပေါ့ဗျာ၊ သူက ခင်ဗျားတို့အားလုံးကို သူ့ယောကျင်္ားရဲ့ သူလျှိုတွေ ထင်နေတာဗျ။ ကျွန်တော်ပြောရဲပါတယ်၊ ကက်သရင်းဟာ ခင်ဗျားတို့အားလုံးကြားမှာ ငရဲခံနေရတာဗျ၊ သူ ငြိမ်ငြိမ်ကလေး နေနေတာကိုက သူ ဘယ်လောက် ခံစားနေရတယ်ဆိုတာ ကျွန်တော် သိပါတယ်ဗျာ။ ခင်ဗျား ပြောတယ်၊ ကတ်သရင်းဟာ မကြာမကြာဆိုသလို ဂနာမငြိမ် ဖြစ်တတ်တယ်။ စိုးရိမ်ကြောင့်ကြစိတ် ပေါ်နေပုံ ဖြစ်တတ်တယ်လို့ ဆိုတယ်၊ ကဲ ဒါဟာ စိတ်တည်ငြိမ်တဲ့ သဘောလား၊ ပြောစမ်းပါ၊ ခင်ဗျားက သူ စိတ်လှုပ်ရှားနေတာပဲ ပြောတယ်၊ ဒါဘာလဲ စာနာမှု တာဝန်သိမှုကို အရင်းခံပြီး သူ့အနားမှာ နေနေရရုံနဲ့ ကိစ္စပြီးရောတဲ့လား၊ အကြင်နာတရားနဲ့ မေတ္တာတရားဆိုတာကရော ဒါလား၊ ရှင်းပါတယ်ဗျာ၊ ခင်ဗျားတို့ သခင်ဆိုတဲ့လူက ပန်းအိုးထဲမှာ ဝက်သစ်ချပင်စိုက်ပြီး ကြီးထွားလာနိုးနဲ့ ခပ်ပေါ့ပေါ့ ဂရုစိုက်တဲ့ လူမျိုးဗျ၊ ကဲ ဒီကိစ္စကို ခုချက်ချင်း ရှင်းကြစို့ဗျာ၊ ခင်ဗျား ဒီမှာ နေမယ်မဟုတ်လား၊ ကျွန်တော် လင်တန်နဲ့ သူ့လူတွေကို ကျော်လွှားပြီး ကတ်သရင်းဆီ သွားရမလား၊ အဲဒီလိုမှ မဟုတ်ယင် ခင်ဗျားဟာ ကျွန်တော့် ငယ်ပေါင်းကြီးဖော်အနေနဲ့ ကျွန်တော် စောစောက ပြောတဲ့အတိုင်း လုပ်မလား၊ ကဲ ၊ ခင်ဗျား ဆုံးဖြတ်ပေတော့၊ ကျွန်တော့်အနေနဲ့ကတော့ တခြားနည်း မရှိတော့ဘူးဗျာ”
“အဲဒါပါ မစ္စတာ လော့ဝု၊ ကျွန်မကလဲ သူပြောတာကို အကြိမ်ကြိမ် ငြင်းပါသေးတယ်၊ သူ့ကိုလဲ ဒီလို မလုပ်သင့်ကြောင်း ရှင်းပြပါတယ်၊ ဒါပေမယ့် အဆုံးကျတော့ ကျွန်မဟာ သူ့စကားကို သဘောတူလိုက်ရပါတယ်၊ ကျွန်မလဲ သူ့ဆီက စာတစောင် ယူပြီး ကျွန်မသခင်မဆီ ပြန်ခဲ့တယ်၊ ပြီးတော့မှ သခင်မရဲ့ သဘောတူချက်အတိုင်း မစ္စတာ လင်တန် မရှိတုန်းမှာ သူ့ကို လာခဲ့ဖို့ ပြောရတယ်။ သူလာတဲ့အချိန်မှာ အိမ်က တခြားအစေခံတွေ ရှိမနေဖို့ လိုအပ်သလို ကျွန်မလဲ မနေချင်ပါဘူး၊ အဲဒီအတွေးဟာ မှားသလား၊ မှန်သလား မစ္စတာလော့ဝု၊ ဒါဟာ ကျွန်မ ကိုယ်ကျိုးအတွက်တော့ မှန်ချင်မှန်မယ်၊ ဒါပေမယ့် ကတ်သရင်းနဲ့ ပတ်သက်ယင်တော့ မမှန်ဘူး၊ ကျွန်မအနေနဲ့ ကက်သရင်းတယောက် အလျင်တခါလို ကျွန်မ လိုက်လျောလိုက်မိလို့ စိတ်ထိခိုက်ရတာမျိုး မဖြစ်အောင်ကာကွယ်မှပဲလို့ ကျွန်မ တွေးမိတယ်၊ ဒါနဲ့ပဲ သူလာတဲ့ အချိန်မှာ ကျွန်မလဲ ရှိနေရမယ်လို. ဆုံးဖြတ်လိုက်တယ်၊ ဒါပေမယ့် လေထန်ကုန်းက ပြန်လာတဲ့နေ့ကတော့ အလာတုန်းကထက် စိတ်မကောင်းဖြစ်ခဲ့ရတယ်လေ။
“ဟော၊ အောက်ထပ်မှာ ဆရာဝန်ကင်းနက် ရောက်လာပြီ၊ ကျွန်မ ဆင်းသွားပြီး ရှင် သက်သာပြီ ဖြစ်တဲ့အကြောင်း ပြောလိုက်ဦးမယ်၊ ဒီအကြောင်းတွေက အောင့်အည်း မျိုသိပ်ထားခဲ့ရတဲ့ အကြောင်းတွေပါရှင်။ နောက်မှပဲ ဆက်ကြသေးတာပေါ့”
အမှန်တကယ်ပင် မျိုသိပ် အောင့်အည်းခဲ့ရသော စိတ်ပင်ပန်းဖွယ် အကြောင်းအရာတွေပါတကား။
မစ္စက်ဒင်းသည် အောက်ထပ်သို့ ဆင်း၍ ဆရာဝန်နှင့် သွားတွေ့ရာ ကျွန်ုပ်သည် ဟိကလစ်တို့ အဖြစ်ကို ပြန်ပြီး တွေးနေမိပါလေသည်။ စင်စစ် ကျွန်ုပ်သည် ဆရာဝန်နှင့် မတွေ့ချင်လှပါ။ သို့သော် ကိစ္စ မရှိပါ။ ကျွန်ုပ်သည် မစ္စက်ဒင်းထံမှ ဆေးဝါးများကို မှီဝဲရပေဦးမည်။
အခန်း [ ၁၅ ]
နောက်ထပ် ရက်သတ္တပတ် ကုန်ဆုံးသွားလေပြီ။ ကျွန်ုပ်အဖို့ မကြာမီ ကျန်းမာလာတော့မည် နွေဦးလည်း ရောက်လုပေပြီ။ ကျွန်ုပ်မကျန်းမာစဉ် အတွင်း ကျွန်ုပ်ထံသို့ ရောက်လာသူများထံမှလည်း ကျွန်ုပ်၏ အိမ်နီးချင်း အကြောင်း တချို့ကို ကြားရပါ၏။ သို့သော် ကျွန်ုပ်သည် မစ္စက်ဝင်း ပြောပြသည့် အတိုင်းသာ ပြန်လည် ဖော်ပြချင်ပါသည်။ မစ္စက်ပင်းသည် စကားပြောကောင်းသူ ဖြစ်၏။ သူပြောပုံ ပြောနည်းကို ကျွန်ုပ် ထပ်တွန့်ခြင်း မစွမ်းသာပါ။ ထို့ကြောင့် သူပြောသည့် အတိုင်း ဆက်လက်ဖော်ပြရပါသည်။
လေထန်ကုန်း အိမ်ကြီးသို့ ရောက်ခဲ့သော ညနေပိုင်းတွင် ကျွန်မသည် ဟိကလစ် ပေးလိုက်သော စာကို ယူလာခဲ့ရပါသည်။ သို့သော် ထိုစာကို ကက်သရင်းအား ပေးလိုက်မိ၍ ဖြစ်ပေါ်လာမည့် အခြေအနေကို မမှန်းဆတတ်သဖြင့် ကျွန်မသည် ကျွန်မသခင် အပြင်သို့ ထွက်သွားမည့် အခြေအနေကို စောင့်ပြီး စာကို ရုတ်တရက် မပေးဖြစ်ပဲ ရှိခဲ့ပါ၏။ ဤသို့ဖြင့် စာသည် ကက်သရင်းလက်သို့ မရောက်ပဲ သုံးရက် ကြာမြင့်ခဲ့ပါလေသည်။ စတုတ္ထမြောက်နေ့ကား တင်္ဂနွေနေ့ ဖြစ်ပါသည်။ အိမ်က လူတွေ ဘုရားရှိခိုးကျောင်းသို့ သွားကြသော အချိန်တွင် ကျွန်မသည် စာကို ကက်သရင်းထံသို့ ယူလာခဲ့ပါ၏။ ထိုအချိန်၌ ကျွန်မတို့ အိမ်ကြီးတွင် ယောက်ျား အစေခံတယောက်သာ ကျွန်မနှင့်အတူ အလုပ်လုပ်ရန် ကျန်ခဲ့ပါသည်။ ထိုသို့ တအိမ်လုံး ဘုရားရှိခိုးကျောင်း သွားကြသော အခါမျိုးတွင် ကျွန်မတို့သည် တအိမ်လုံး တံခါးများကို သော့ခတ်ထားလေ့ရှိပါသည်။ သို့သော် ယနေ့မူ ရာသီဥတုကလည်း သာတောင့် သာယာ ရှိသဖြင့် တံခါးများကို ဖွင့်ထားလိုက်ပါသည်။ တကြောင်းမှာလည်း ထိုနေ့တွင် မည်သူလာမည်ကို သိထားပြီး ဖြစ်သောကြောင့် တံခါးများကို ဖွင့်ထားလိုက်ခြင်း ဖြစ်ပါ၏။ ကျွန်မသည် အိမ်တွင် ကျန်ခဲ့သည့် အခြားသော အစေခံအား သခင်မက လိမ္မော်သီး စားချင်သည် ဟူသော အကြောင်းပြချက်ဖြင့် ရွာဘက်သို့ လိမ္မော်သီး အဝယ်လွှတ်လိုက်ပါသည်။ သူအိမ်မှ ထွက်သွားလျှင် ကျွန်မသည် အိမ်ပေါ်သို့ တက်ခဲ့ပါ၏။
မစ္စက်လင်တန်သည် အဝတ်ကို ဖရိုဖရဲ ဝတ်ထားပြီး ပခုံးပေါ်တွင် ရှောစောင်ပါးကလေး တထည်ကို လွှမ်းလျက် ဖွင့်ထားသော ပြတင်းတံခါးနားတွင် ခါတိုင်းလိုပဲ ထိုင်နေပါသည်။ ရှည်လျား ထူထဲသော် ဆံပင်စတို့သည် ရိုးရိုးပြီးသင်ထားသဖြင့် ဆံယဉ်စတို့သည် ပါးချိုင့်နှစ်ဘက်ပေါ်မှ ဖြတ်လျက် လည်ပင်းပေါ် ဝဲကျနေပါ၏။ ကျွန်မ ဟိကလစ်ကို ပြောခဲ့သလိုပင် သူ့ရုပ်သွင်ကား ပြောင်းလဲနေပါပြီ။ သို့သော် ယခုလို ငြိမ်ငြိမ်ကလေး နေနေသောအခါမျိုး၌ သူ အလှမှာ နတ်မယ်လျကလေးနှင့်မခြား ရှိနေပါ၏။ မျက်လုံးတွေကမူ အိပ်မက် မက်နေသယောင် တွေဝေနေသယောင် ရှိပါ၏။ ထိုမျက်လုံးတို့သည် အဝေးကို မျှော်ငေး နေကြပါလေ၏။ ဖြူဖပ်ဖြူရော် ဖြစ်နေသော သူ့မျက်နှာပြင်သည် ပြန်လည်ကျန်းမာလာသော အရိပ်အရောင် သန်းလာပြီ ဖြစ်လင့်ကစား အတွင်းစိတ် အခြေအနေကို ဖော်ပြလျက် ထူးခြားသော အသွင်ကို ဆောင်နေ၏။ သူ့မျက်နှာသွင်ပြင်သည် အားရဖွယ် မရှိလှသေးပေ။
သူ့ရှေ့တွင် စာအုပ်တအုပ်ကို ဖြန့်ထားပါသည်။ စာရွက်များသည် လေထဲတွင် တဖျပ်ဖျပ် ဖြစ်နေကြ၏။ ဤစာအုပ်မှာ လင်တန် ဖြန့်ပေးသွားခဲ့ဟန် ရှိလေသည်။ စင်စစ် ကက်သရင်း စာ မဖတ်သည်မှာ ကြာလေပြီ။ လင်တန်သည် သူ့ ဇနီးသည်အား တနေရာရာတွင် အာရုံစိုက်နေစေရန် အလို့ငှာ စာအုပ်ကို သူ့ရှေ့တွင် ချပေးသွားခဲ့ဟန်တူ၏။
ဂျင်မာတန် ဘုရားရှိခိုးကျောင်းဘက်မှ ခေါင်းလောင်းသံများကား မြည်ဆဲ ဖြစ်၏။ ချိုင့်ဝှမ်းဘက်ဆီမှ လွင့်ပျံလာသောအသံသည် နားဝင်ငြိမ့်ညောင်း သာယာဖွယ် ကောင်းလှပါပေသည်။ ဤအိမ်ကြီးဝန်းကျင်ရှိ သစ်ပင်များတွင် သစ်ရွက်များ ဝေစည်နေသော အခါမျိုး၌ သစ်ရွက်ချင်း ရိုက်ခတ်သံသည် ချိုချို သာသာ ရှိလှပါ၏။ ယခုကား လွှင့်ပျံလာသော ခေါင်းလောင်းသံသည် သစ်ရွက်ချင်း ရိုက်ခတ်သံကို အစားထိုးနေဘိသကဲ့သို့ ရှိချေ၏။ လေထန်ကုန်းဘက်တွင်ကား နှင်းခဲများ အရည်ပျော်ပြီးစ ကာလများ၌လည်းကောင်း၊ မိုးရာသီနောက်ပိုင်း ရက်များ၌ လည်းကောင်း သာယာ ညင်းပျောင်းသော အသံများ ရိုက်ခတ်တတ်သည်ကို ကြားကြရမြဲ ဖြစ်လေသည်။ ကက်သရင်းသည် လေထန်ကုန်းဘက်က လွင့်ပျံလာသော အသံများကို နားစိုက်ယင်း လေထန်ကုန်းကို သတိရ အောက်မေ့နေဟန် ရှိလေသည်။ သူ့ရှေ့မြင်ကွင်း မှုန်ဝါးလာသော အခါမျိုး၌ သူ့အကြား၊ သူ့အမြင်တို့သည်လည်း အမှတ်မထင်တော့ပဲ ရှိတတ်လေသည်။
ကျွန်မသည် သူ့အပါးသို့ အသာအယာ ချဉ်းကပ်သွားပြီး …..
"ရှင့်အတွက် စာတစောင်ပါ မစ္စက်လင်တန်" ဟု ပြောဆိုလျက် လှမ်းပေးယင်း 'စာကို အခုချက်ချင်း ဖတ်ပေးပါ၊ ချက်ချင်း အကြောင်းပြန်ရမှာ ဖြစ်ပါတယ်။ ကျွန်မ ဖွင့်လိုက်ရမလား' ဟု တဆက်တည်း ပြောပေးလိုက်ပါသည်။
သူသည် မျက်လုံးအစုံကို စူးစိုက်ထားမြဲနေရာတွင်ပင် ထားလျက် …
'အင်း' ဟု ခပ်တိုတို ဖြေပါ၏။
ကျွန်မသည် စာအိတ်ကို ဖောက်ပြီး စာကို လှမ်းပေးယင်း …
'ဖတ်လေ' ဟု လှမ်းပေးလိုက်ပါသည်။
ဒူးပေါ်တွင် တင်ထားသော သူ့လက်သည် အောက်ဘက်သို့ ကျသွားသဖြင့် ကျွန်မကပင် ပြန်ပင့်တင် ပေးလိုက်ပါ၏။ ထို့နောက် ကျွန်မသည် သူ့ဘေးတွင် အခြေအနေကို စောင့်ကြည့်နေပါသည်။ သူသည် စာဆီသို့ အာရုံမရောက်နိုင်သဖြင့် …
'ကျွန်မ ဖတ်လိုက်ရမလားရှင်၊ မစ္စတာ ဟိကလစ်ဆီက စာပါ' ဟု ပြောလိုက်ပါ၏။
သူသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားပါလေသည်။ အောက်မေ့စိတ်များ ရုတ်ခြည်း ဝင်လာပုံရပါသည်။ အတွေးစဉ်ကိုလည်း အစီအစဉ်တကျဖြစ်အောင် ကြိုးစားနေပုံရလေသည်။ အတန်ကလေး ကြာမှပင် စာရွက်ကို ကိုင်၍ ဖတ်ပါလေတော့သည်။ စာအဆုံးက လက်မှတ်ကို ဖတ်ယင်း သက်ပြင်းချလိုက်ပါသည်။ ယခုအထိ သူသည် သူ၏ လွှင့်ပျံနေသော စိတ်တို့ကို စုစည်းနိုင်ခြင်း ရှိသေးပုံမပေါ်ပါ။ ကျွန်မကို စိုက်ကြည့်ပြီး တစုံတခုကို မေးလိုဟန် ရှိလေသည်။ သူ့အဖို့ သတိပေးစရာ လိုအပ်သည် ထင်သဖြင့် ကျွန်မကပင် ….
'သူ ရှင့်ကို တွေ့ချင်နေပါတယ် သခင်မ၊ အခု သူ ဥယျာဉ်ထဲမှာ ရှိပါတယ်။ ကျွန်မ ဘာ သွားပြောရမလဲရှင်' ဟု ပြောလိုက်ရပါတော့သည်။
ကျွန်မ ပြောနေစဉ်မှာပင် နေရောင်အောက် မြက်ခင်းပေါ်တွင် ခွေးကြီးတကောင်သည် နားကို စွင့်လျက် ဟောင်တော့မည် ပြုစဉ် ဝင်လာသူသည် သူစိမ်းတရံဆံဟု မထင်သဖြင့် ခွေးကြီးသည် အမြီးကို နံ့လိုက်ပါလေ၏။ မစ္စက် လင်တန်သည်လည်း ရှေ့ဘက်သို့ ခါးကို ညွတ်၍ အသက်ကိုမျှပင် မရှူပဲ နားစွင့်နေပါလေတော့သည်။ အောက်ထပ် အခန်းတွင်းသို့ ဝင်လာသော ခြေသံကို ကြားလိုက်ရပြီးနောက် ဟိကလစ်သည် အခန်းထဲသို့ ဝင်လာပါလေ၏။ ဟိကလစ်သည် ကျွန်မ အရာရာကို ကြိုတင် စီစဉ်ထားပြီးဟု လက်ခံထားဟန် ရှိချေသည်။ ကက်သရင်းကမူ သူ့အခန်းအဝင်တံခါးဆီသို့သာ စူးစိုက် ကြည့်နေလေတော့သည်။ ထိုစဉ်မှာပင် ကက်သရင်းသည် ကျွန်မအား ဟီကလစ် အခန်းမှားဝင်မိမည် စိုး၍ သွားရောက် ကြိုဆိုစေပါ၏။ သို့သော် ကျွန်မ အခန်းတံခါးသို့ မရောက်မီမှာပင် ဟိကလစ်သည် အခန်းထဲသို့ တန်းဝင်လာပြီး ကက်သရင်း အပါးသို့ ရောက်လာကာ ကက်သရင်းကို ပွေ့ဖက်လိုက်ပါလေတော့သည်။
ငါးမိနစ်ခန့် ကြာသည်အထိ ဟိကလစ်သည် စကားလည်း မပြော၊ ဖက်ထားသော လက်အစုံကိုလည်း လျှော့ဖြေခြင်း မပြုပဲ ကက်သရင်းကိုသာ အဆက်မပြတ် နမ်းရှုပ်နေပါလေတော့သည်။ ကက်သရင်းကလည်း ဟိကလစ်ကို ပထမအကြိမ်အဖြစ် ပြန်လည် နမ်းပါ၏။ ဟိကလစ်ကမူ ကက်သရင်းအားသာ ငုံ့စိုက်ကြည့်နေပါလေ၏။ ဟိကလစ်လက်ထဲတွင် ကက်သရင်းသည် မိန်းမူးနေဟန် ရှိပါသည်။
“အို ကေသီရယ်၊ ကိုယ့် ဘဝကလေးရယ်၊ ကိုယ် မခံရပ်နိုင်တော့ ပါလားကွယ်' ဟိကလစ်သည် စိတ်ပျက်ခြင်းကိုပင် ဖုံးကွယ်မထားနိုင်တော့ပဲ ရေရွတ် မြည်တမ်းလိုက်ပါ၏။ သူသည် ကက်သရင်းကို စိုက်ကြည့်ယင်း မျက်လုံးအိမ်၌ မျက်ရည်စများ ရီဝေလာပါလေသည်။ ထိုမျက်ရည်တို့မှာ သွယ်စီးကျမလာပဲ ဒုက္ခဝေဒနာ၏ အပူရှိန်ဖြင့် လောင်မြိုက်ကြကုန်လေတော့သည်။
ကက်သရင်းသည် နောက်ဘက်သို့ လှမ်းမှီယင်း ဟိကလစ်အား ရီဝေသော မျက်လုံးတို့ဖြင့် တုံ့ ပြန်ကြည့်လျက် …
“ရှင်နဲ့ အက်ဂါဟာ ကျွန်မအသည်းကို ခွဲနေကြတာပဲ ဟိကလစ်၊ ရှင်တို့ နှစ်ယောက်စလုံးကတော့ ရှင်တို့ဟာ သနားစရာ လူတွေအဖြစ် ပူဆွေးသောက ရောက်နေကြလေရဲ့၊ ကျွန်မ ရှင်တို့ကို မသနားဘူး၊ တကယ်ပဲ မသနားဘူး၊ ရှင်တို့ဟာ ကျွန်မကို သတ်နေတာပဲ၊ မလိုပဲ ရှင်တို့က အသားယူနေတယ်လို့ ကျွန်မ ထင်တယ်။ ရှင်တို့ဟာ ယောက်ျားကောင် လူစွမ်းလူသန်ကြီးတွေပါရှင်” လှုပ်လှုပ်ရှားရှား စိတ်ထားဖြင့် ပြောဆိုပါလေသည်။
ဟိကလစ်သည် ကက်သရင်းကို ပွေ့ဖက်ရန် ဒူးတဘက်ထောင်လျက် ထိုင်မည်ပြုကာ နေရာမှ အထ၌ ကတ်သရင်းက ဟိကလစ် ဆံပင်ကို ဆွဲပြီး နေရာမှာပင် ထိုင်စေပြီး စကားကို လေးလေးစားစား ဆက်ပြောပြန်ပါလေ၏။
“ကျွန်မလေ ကျွန်မတို့ နှစ်ယောက်စလုံး သေတဲ့အထိ ဖက်ထားချင်လိုက်တာ၊ ရှင် ဘယ်လို ခံစားနေရတယ်ဆိုတာ ကျွန်မအဖို့ အရေးမကြီးပါဘူး၊ ရှင် ခံစားရတာတွေကိုလဲ ကျွန်မ ဂရုမစိုက်ဘူး၊ ဘာလို့ကော ခံစားနေချင်ရတာလဲကွယ်၊ ရှင် ကျွန်မကို မမေ့တော့ဘူးလား၊ ကျွန်မ အသက်ရှင်လျက် ရှိနေယင် ရှင် ဝမ်းသာမှာလား၊ နောင် အနှစ် နှစ်ဆယ် ကြာတဲ့အခါ ကျွန်မ သေလို့ရှိယင် "ဤသည်ကား ကက်သရင်း အန်းရှော၏ ဂူသင်္ချိုင်းတည်း၊ ကျွန်ုပ်သည် သူ့ကို ကာလမြင့်စွာ ချစ်မြတ်နိုးခဲ့ရပါ၏။ သူ့ကိုဆုံးရှုံးရသည့်အတွက် ကျွန်ုပ်သည် သောကဝေဒနာကို ခံစားရပါ၏။ သို့သော် ယခုကား ဤအဖြစ်တို့သည် ကုန်လွန်ခဲ့ချေပြီ။ ကျွန်ုပ်သည် ထိုအခါမှစ၍ မြောက်မြားလှစွာသော လူတို့ကို ချစ်ခဲ့လေပြီ၊ ကျွန်ုပ်၏ သားသမီးတို့သည် ကျွန်ုပ်အား ကျွန်ုပ် သူကို့ ချစ်သည်ထက်ပင် ပို၍ ချစ်မြတ်နိုးကြလေ၏။ ကျွန်ုပ် ကွယ်လွန်သောအခါ၌ ကျွန်ုပ် သူရှိရာသို့ သွားရမည် ဖြစ်သော်လည်း ပျော်ရွှင်မည် မဟုတ်ပါတကား။ ကျွန်ုပ်သည် သားမြေးတို့ကို ခွဲခွာသွားရသည့်အတွက်သာ ဝမ်းနည်းပူဆွေးခြင်း ဖြစ်ရပေအံ့” လို့ မပြောဘူးလား၊ ပြောစမ်းပါ၊ ရှင် ဒီလို ပြောမှာပဲ မဟုတ်လား ဟိကလစ်ရယ်”
'မင်း ကိုယ့်ကို မင်းကလေးလို ရူးသွားအောင် မနှိပ်စက်ချင်စမ်းပါနဲ့လား ကေသီရယ်'
ဟိကလစ်သည် ငိုလျက် ပြောယင်း ခေါင်းကို ကက်သရင်း ရင်ခွင်မှ ထွန်းထွက်လိုက်ပါ၏။ အံကိုလည်း ကြိတ်ထားလေသည်။
ထိုနှစ်ယောက် အဖြစ်ကား ကျွန်မအဖို့ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတခုလို ဖြစ်နေပါလေတော့သည်။ ကက်သရင်းသည် မိမိ၏ ကိုယ်ကျင့်တရားကိုသာ ထည့်မတွက်လျှင် ကောင်းကင်ဘုံသို့ပင် ရောက်နေသည့်အလား သုခချမ်းသာ ပြည့်စုံနေပါလေ၏။ သူ့မျက်နှာ ဟန်ပန်မူရာကား အပြစ်တင် မခံရအောင် ခွင့်တောင်းနေဘိသကဲ့သို့ ရှိ၏။ ပါးပြင်သည် ဖြူရော်နေ၏။ နှုတ်ခမ်းများမှာလည်း ဖြူရော်ရော် ဖြစ်နေ၏။ မျက်လုံးများမှလည်း အရောင်သည် တခါတခါမှသာ လွှင့်စဉ်လာနေ၏။ ကက်သရင်းသည် ဟိကလစ်ကို အခိုင်အမာ ဖက်ထားဆဲ ဖြစ်သည်။ ဟိကလစ်သည် သူ့လက်တဘက်ကို မြှောက်ပြီး ကက်သရင်း၏ လက်တဘက်ကို ဖယ်လိုက်သည်။ ထို့နောက် ကက်သရင်း၏ ဖက်ထားသော လက်မှ ရုန်းထွက်လိုက်၏။
“မင်း သေခါနီး အခြေအနေမျိုးမှာ ဒီလို စကားမျိုး ပြောရအောင် မင်းကို မကောင်းဆိုးဝါး တကောင်က သိမ်းပိုက်လိုက်တာပဲ၊ ဒီစကားက ကိုယ့်အသည်းမှာ အရာထင် ကျန်ခဲ့ပြီဆိုတာ မင်း မတွေးမိဘူးလား၊ မင်း မရှိတော့တောင် ဒီစကားတွေဟာ ကိုယ်နဲ့အတူ ကျန်ခဲ့ကြမှာပဲ၊ မင်းက ကိုယ် မင်းကို သတ်နေတာလို့ပြောတယ်။ ဒါဟာ မင်း ညာတာပဲဆိုတာ မင်းကိုယ်တိုင် သိပါတယ်၊ မင်း သေသွားတဲ့ နောက်မှာ ကိုယ် ငရဲခံနေ ရသလို ခံရအောင် မင်းလုပ်တာပဲ မဟုတ်လား ကေသီ”
ဟိကလစ်သည် နေရာမှ ထပြီး မိမိကိုယ်ကို မထိန်းနိုင် မချုပ်နိုင် ပြောချလိုက်ပါတော့ သည်။
"ကျွန်မလဲ အေးအေးချမ်းချမ်း နေစရာ အကြောင်း မရှိပါဘူး ဟိုကလစ်ရှယ်”
ကက်သရင်းက ခပ်ညည်းညည်း ပြောလိုက်ပါသည်။ ကက်သရင်းမှာ အားနည်းနေသည့်အလျောက် တဘက်က ခပ်ထန်ထန် မာမာ ပြောလာသောကြောင့် ပို၍ပင် ကတုန်ကယင် ဖြစ်လာပါ၏။ သူ့နှလုံးခုန်ဟန်ကို မြင်သာသကဲ့သို့ နှလုံးခုန်သံကိုလည်း ကြားလာရပါသည်။ ကတ်သရင်းသည် သူ၏ မူလ စိတ်ထိခိုက်လွယ်သော ဝေဒနာ ပြန်ထလာသဖြင့် စကားကို မဆက်နိုင်ပဲ ဖြစ်နေပြီး အတန်ကြာမှပင် 'ကျွန်မ ပူဆွေးသောက ဖြစ်ရတာထက် ပိုပြီး ရှင် ပူဆွေးသောက ဖြစ်စေလိုတဲ့ ဆန္ဒမျိုး ကျွန်မမှာ မရှိပါဘူး ဟိကလစ်ရယ်၊ ကျွန်မက ကျွန်မတို့နှစ်ယောက် ဘယ်တော့မှ ကွေကွင်း မသွားစေချင်ဘူး။ စကားတခွန်းကြောင့် ရှင့်စိတ် ဆင်းရဲရတယ်ဆိုယင် ကျွန်မလဲ စိတ်ဆင်းရဲရတယ်လို့ သဘောထားပါ၊ ဒီတော့ ကျွန်မကို ခွင့်လွှတ်ပါ ဟိကလစ်ရယ်၊ ကျွန်မနားကို လာပြီး ဒူးထောက်လှည့်စမ်းပါဦးလားကွယ်၊ ရှင့်ဘဝ တလျှောက်လုံးမှာ ရှင် ကျွန်မကို တခါမျှ ဒုက္ခမပေးခဲ့ဖူးပါဘူး၊ လာစမ်းပါကွယ်၊ ရှင် ဒီနားကို လာစမ်းပါဦး' ဟု ပြောပြန်ပါလေ၏။
ဟိကလစ်သည် ကက်သရင်း ထိုင်နေသော ကုလားထိုင် နောက်ဘက်သို့ ပြန်လာပြီး ကက်သရင်းကိုယ်ပေါ် နောက်ဘက်မှနေ၍ ငုံ့လိုက်ပါ၏။ သို့သော် ခံစားမှုဖြင့် ရီဝေနေသော သူ့မျက်လုံးအစုံကို ကတ်သရင်း မမြင်သာအောင် မျက်နှာလွှဲထားသည်။ ကတ်သရင်းက နောက်ဘက်သို့ လှည့်ကြည်လိုက်သည်။ ထိုအခါ ဟိကလစ်က သူ့မျက်နှာကို လွှဲပြန်၏။ ထို့နောက် ရုတ်ခြည်းပင် မီးလင်းဖိုဘက်သို့ လျှောက်သွားပြီး ကျွန်မတို့ကို ကျောခိုင်းလျက် ဘာမျှမပြောပဲ ရပ်နေလိုက်ပြန်ပါသည်။ မစ္စက်လင်တန်သည်မူ ဟိကလစ်၏ လှုပ်ရှားမှုတိုင်း နောက်သို့ မျက်လုံးစူးစိုက်ကာ ငေးကြည့်နေပါလေသည်။ သူ့မျက်လုံးများက သူ့အတွင်း ဝေဒနာကို ဖော်ပြနေဘိ၏။ ကတ်သရင်းသည် ခဏမျှ ငြိမ်လျက် ဟိကလစ်ကို စိုက်ကြည့်ပြီး စိတ်ပျက်သော လေသံဖြင့် …
“တွေ့လား နယ်လီ။ သူ ကျွန်မကို သင်္ချိုင်း ဂူဘဲ ထည့်လိုက်တဲ့ အချိန်မှာတောင် ကျွန်မအပေါ် အကြင်နာ မထားထာ၊ အဲဒါပဲပေါ့၊ ကျွန်မကို ချစ်တယ်ဆိုတာ၊ ကိစ္စမရှိပါဘူးလေ၊ ခုဟာက ကျွန်မရဲ့ ဟိကလစ်မှ မဟုတ်တော့ပဲကိုး၊ ကျွန်မကတော့ ဟိုတုန်းက ဟိကလစ်ကို ချစ်နေဦးမှာပဲ။ ကျွန်မနဲ့အတူ သူ့ကို ခေါ်သွားမှာပဲ၊ သူက ကျွန်မရဲ့ ဝိညာဉ်ပဲ နယ်လီ” ဟု ပြောယင်း ဆင်ခြင်တုံတရားစွက်လျက် “ကျွန်မဟာ ဒုက္ခ အကျဉ်းထောင်မှာ အကျဉ်းခံနေရသူပါ၊ ကျွန်မပင်ပန်း လှပါပြီ၊ ကျွန်မ အပြင်ဘက် ကမ္ဘာမှာ အမြဲတမ်း လွတ်လွတ် လပ်လပ် နေချင်တာပါ နယ်လီ။ ဒါပေမယ့် တမြည့်မြည့် နာနေရတဲ့ နှလုံးသားနံရံကို ထွင်းဖောက်ပြီး မမြင်သာအောင် မျက်ရည်တံတိုင်းက ကာဆီးထားခြင်းကို ခံနေရတဲ့ သူပါ၊ တကယ် အစစ်အမှန်က ကျွန်မ အဖို့ လွတ်လပ်ခြင်း ကမ္ဘာကို မရောက်ရပဲ အကျဉ်းထောင်မှာသာ စံနေရတာပါ၊ နယ်လီရယ်၊ ရှင်ကလေ ကျွန်မထက် ကံကောင်းပါတယ်။ ကျန်းမာရေးလဲ ပြည့်စုံတယ်။ ခွန်အားလဲရှိတယ်၊ ခု ရှင်က ကျွန်မအတွက် စိတ်မကောင်း ဖြစ်ရတယ် ဆိုပေမယ့်၊ မကြာခင်ပဲ ပြောင်းလဲ သွားမှာပါ၊ ကျွန်မကသာ ရှင့်အတွက် ဝမ်းနည်းရမှာပါ၊ အဲဒီကျယင် ကျွန်မက ရှင်နဲ့ မနှိုင်းသာတဲ့ဘဝမျိုး ရောက်ရတော့မှာလေ၊ ဒါတောင် သူ ကျွန်မအနားကို မလာဘူးနော်၊ ကျွန်မထင်ပါတယ်၊ သူ ကျွန်မနားကို လာချင်တယ်လို့၊ ဟိကလစ်၊ အချစ်ရယ်၊ ရှင် စိတ်ကောက်မနေပါနဲ့ကွယ်၊ လာခဲ့စမ်းပါ ဟိကလစ်ရယ်” ပြောပြန်ပါလေ၏။
ကက်သရင်းသည် ပြောယင်းပင် စိတ်အားထက်သန်လာပြီး ကုလားထိုင် လက်ရန်းကို အားယူလျက် နေရာမှ ထပါလေတော့သည်။ ထိုစဉ်မှာပင် ဟိကလစ်သည် ကက်သရင်းဘက်သို့ လှည့်လာပြီး ကယောင်ကတမ်း ဖြစ်နေသော အသွင်ဖြင့် စူးစိုက် ကြည့်လာပြန်ပါ၏။ သူ့မျက်လုံးအစုံကား ပြုံးလျက် မျက်ရည်များဖြင့် စိုရွှဲနေ၏။ ရင်အုံမှာလည်း တလှပ်လှပ် လှုပ်ရှားနေပါလေသည်။ ကျွန်မ၏ မျက်စိအောက်မှာပင် နှစ်ယောက်စလုံး၏ လှုပ်ရှားမှုသည် မြန်လှစွ၏။ ကက်သရင်း အထ လိုက်တွင် ဟိကလစ်သည် ကက်သရင်းကို ပွေ့ဖက်မိလျက်သား ဖြစ်သွားပါ၏။ သူတို့နှစ်ဦးစလုံး တင်းတင်းကျပ်ကျပ် ပွေ့ဖက်ပြီးသားဖြစ်သွားပါသည်။ ကျွန်မ ဘာမှ မသိလိုက်ပါ။ ကက်သရင်းသည် ဟိကလစ် ရင်ခွင်တွင် သတိမေ့သွားဟန် တူပါသည်။ ကျွန်မ စိတ်တွင် ကက်သရင်း အသက် ပြန်လည်မလာနိုင်တော့ဟုပင် ထင်လိုက်မိပါသည်။ ဟိကလစ်သည် ကက်သရင်းကို ပွေ့ဖက်လျက်သား အနားရှိ ကုလားထိုင်တွင် ထိုင်ချလိုက်ပြီး ကျွန်မကို အံကြိတ်လျက်ကြည့်ယင်း ခွေးရူးတကောင်လိုပင် ပါးစပ်မှ အမြှုပ်ထလာပါ၏။ ကျွန်မမှာ ဘာပြောရမှန်း မသိအောင် ဖြစ်နေပါလေတော့သည်။
ခဏချင်းမှာပင် ကတ်သရင်းသည် ပြန်လည် သတိရလာသဖြင့် ကျွန်မမှာ သက်သာရာ ရပါလေ၏။ သူသည် ဟိကလစ်၏ လည်ပင်းကို သိုင်းဖက်လိုက်ပြီး ပါးချင်းအပ်လိုက်ပြန်ပါသည်။ ထိုစဉ်မှာပင် ဟိကလစ်က …
“မင်း ဘယ်လို ရက်စက်ခဲ့တယ်။ ဘယ်လို လိမ်ညာခဲ့တယ် ဆိုတာ ပြောပြနေတာပါကလား ကေသီရယ်၊ မင်းကိုယ့်ကို ဘာဖြစ်လို့ မလေးမစား လုပ်ခဲ့ရတာလဲကွယ်၊ မင်းဘာပြုလို့ ကိုယ့်နှလုံးသားကို ကိုယ် သစ္စာဖောက်ခဲ့ရတာလဲကွယ်၊ ကိုယ့်မှာ မင်းအတွက် ဖြေသိမ့်စရာ စကား မရှိပါကလားကွယ်၊ တကယ်တော့ မင်းဟာ ကိုယ့်ကိုယ်ကိုယ် သတ်ခဲ့တာပါကလား၊ ဟုတ်တယ်ကေသီ၊ မင်းကိုယ့်ကို နမ်းပါ၊ မင်းငိုပါ၊ အနမ်းနဲ့ မျက်ရည်တွေကို ရောထွေးပစ် လိုက်စမ်းပါကေသီ၊ အဲဒါတွေက မင်းကို အပြစ်တင်ကြမှာပဲ၊ ပြောစမ်းပါ ကေသိရယ်၊ မင်းကိုယ့်ကို ချစ်တယ်ဆို ဒါဖြစ်ယင် မင်းကိုယ့်ကို ဘာဖြစ်လို့ စွန့်ပစ်သွား ရတာလဲကွယ်၊ ဒုက္ခတွေ ပင်လယ်ဝေပြီး ဘဝမှာ သိက္ခာကျဆုံးလို့ သေခြင်းသို့ ရောက်တဲ့တိုင်အောင် ဘုရားသခင်ကပဲ ဖြစ်ဖြစ်၊ နတ်ဆိုးကပဲဖြစ်ဖြစ် တို့နှစ်ယောက် ကွေကွင်းကြရအောင် မပြုလုပ်ပါပဲ၊ မင်းကသာ မင်းအစ်ကို ဆန္ဒအတိုင်း လုပ်ခဲ့တယ် မဟုတ်လား ကေသီ၊ ကိုယ် မင်းအသည်းကို ခွဲခဲ့တာ မဟုတ်ပါဘူးကွယ်၊ မင်းကသာ ကိုယ့်အသည်းကို ခွဲခဲ့တာပါ။ မင်းကတော့ မင်းက မင်းအသည်းကိုလဲ မင်းခွဲတယ်၊ ကိုယ့်အသည်းကိုလဲ မင်း ခွဲတယ်၊ ကိုယ့်အဖို့ ပိုဆိုးတာက ကိုယ့်အသည်းက မင်းထက် မာတာကိုး၊ ကဲ၊ ဒီတော့ကော ကိုယ်က အသက်ရှင် နေချင်ပါမလား မင်းကိုယ်တိုင် သင်္ချိုင်းကုန်းရောက်တဲ့ အချိန်မှာ ကိုယ်က တယောက်တည်း နေချင်ရပါ့ မလား ကေသီရယ် ́ ဟု ဂမူးရှူးတိုး ပြောပါလေတော့သည်။
“တော်ပါတော့ ဟိကလစ်ရယ်၊ တော်ပါတော့၊ ကျွန်မ တယောက်တည်း နေစမ်းပါရစေလားကွယ်”
ကက်သရင်းသည် ပြောယင်းပင် ရှိုက်သံပါလာလေ၏။
“ကျွန်မ အပြုအမူတွေ မှားတယ်ဆိုယင် ကျွန်မဟာ အဲဒီပြစ်မှုအတွက် သေရတော့မှာပါ၊ ဒါလောက်ဆို ကျေနပ်ပါတော့ကွယ်၊ ကျွန်မ ရှင့်ကို နှောင်ဖွဲ့ရာက ဖြေမလွှတ်ချင်ပေမယ့်ကျွန်မကို ထားရစ်ခဲ့ပါတော့ ဟိကလစ်ရယ်၊ ကျွန်မ ရှင့်ကို ခွင့်လွှတ်ပါတယ်ကွယ်၊ ကျွန်မကိုလဲ ခွင့်လွှတ်ပါနော်'
'ကိုယ့်မျက်လုံးတွေကို ကြည့်စမ်းပါ အချစ်ရယ်၊ ကိုယ့်ရဲ့ လွတ်ဟာနေတဲ့ လက်တွေကို ကြည့်စမ်းပါ၊ ကိုယ် ဘယ်လိုလုပ် ခွင့်လွှတ်နိုင်မှာလဲကွယ်၊ ကိုယ့်ကို နမ်းစမ်းပါဦး အချစ်ရယ်၊ ကိုယ် မင်း မျက်လုံးတွေကို ကြည့်ပါရစေ၊ မင်း ဘာပဲ လုပ်ခဲ့လုပ်ခဲ့ ကိုယ် ခွင့်လွှတ်ပါတယ် ကေသီရယ်၊ ကိုယ်လေ မင်းက ကိုယ့်ကို သတ်နေတာတောင် ချစ်နေတာပါကွယ်'
ထို့နောက် သူတို့နှစ်ဦးစလုံး စကားစ ပြတ်သွားကြပါ၏။ မျက်နှာချင်းဆိုင်အပ်လျက် တယောက်မျက်ရည်ကို တယောက်မျက်နှာနှင့် သိမ်းဆည်းပေးနေကြပါလေသည်။ ကျွန်မစိတ်ကမူ နှစ်ဦးစလုံး ဆက်လက် ငိုကြွေးနေသည် ထင်ပါ၏။
ထိုစဉ်မှာပင် ကျွန်မသည် နေမထိ ထိုင်မသာ ဖြစ်လာပါလေ၏။ အကြောင်းကား နေလုံးသည် အနောက်ဘက်သို့ တမ်းစ ပြုလာသောကြောင့် ဖြစ်လေသည်။ ကျွန်မ လိမ္မော်သီး ဝယ်ခိုင်းလိုက်သော အစေခံသည်လည်း ပြန်ရောက်လာပေပြီ။ ဂျင်မာတန် ဘုရားရှိခိုးကျောင်း ပရိတ်သတ်လည်း ပြန်လာကြလေပြီ။ ကျွန်မသည် မနေသာတော့ပေ။
'ကဲ ဘုရားရှိခိုးတာလဲ ပြီးပြီ၊ သခင်လဲ နောက် နာရီဝက်ဆို ပြန်လာတော့မယ်' ဟု ပြောလိုက်ပါသည်။
ဟိကလစ်သည် ကတ်သရင်းကို တိုး၍ ဖက်ယင်း ခပ်ညည်းညည်း ကျိန်ဆဲလိုက်ပါ၏။ ကတ်သရင်းကား မလှုပ်မချောက်။
ဘုရားရှိခိုးကျောင်းမှ ပြန်လာသော အစေခံများသည် လမ်းမအတိုင်း ပြန်လာကြပြီး မီးဖိုဘက်သို့ လျှောက်သွားကြသည်ကို တွေ့လိုက်ရ၏။ သည်လိုဆို မစ္စတာ လင်တန်လည်း နောက်ဘက်က လိုက်လာပေတော့မည်။ သူသည် ဝင်းထဲအဝင် တံခါးမကြီဂကို ကိုယ်တိုင်ဖွင့်ပြီး သာယာသော ညနေပိုင်း၏ နွေးထွေးသော လေကို ရှုရှိုက်ရင်း ခပ်ဖြည်းဖြည်း ဝင်လာပါလေသည်။
'သူပြန်လာပြီ' ကျွန်မ အလန့်တကြား အော်လိုက်မိပါသည်။ 'ကဲ၊ ရှင် မြန်မြန်ပြန်ပါတော့၊ အိမ်ရှေ့ လှေကားအဆင်းမှာ ဘယ်သူနဲ့မှ မတွေ့မှ ဖြစ်မယ်၊ မြန်မြန်လုပ်ရှင်၊ ခြံထဲဆင်းပြီး သစ်ပင်တွေကြားမှာ ခဏလောက် အောင်းနေလိုက်ပါရှင်”
ဟီကလစ်သည် သူ့ချစ်သူ လက်မှ ရုန်းထွက်လိုက်ပြီး...
“ကိုယ်သွားမှ ဖြစ်မယ် ကေသီ၊ ကိုယ် ခြံထဲမှာ ရှိနေမယ်၊ မင်း ပြတင်းပေါက်နဲ့ ငါးဂိုက်လောက်မှာ ကိုယ် ရှိနေမယ်၊ မင်း မှအိပ်ခင် ကိုယ်လာတွေ့ပါဦးမယ်' ဟု ပြောလိုက်ပါသည်။
ကက်သရင်းကမူ သူ့လက်မှ ရုန်းနေသော ဟိကလစ်ကို အားကုန် တင်းကျပ်စွာ ပွေ့ဖက်ထားယင်း…
“ရှင် မသွားရဘူး၊ မသွားရဘူး၊ ကျွန်မ ရှင့်ကို ပြောစရာရှိတယ်' ဟု ဆိုပြန်ပါ၏။
“တနာရီလောက်ကလေးပါကွယ်” ဟု ဟိကလစ်က တောင်းပန်ပါသေး၏။
“ရှင် ကျွန်မနားက တမိနစ်တောင် ခွဲထွက်မသွားပါနဲ့.. ဟိုကလစ် ရယ်'
“မဟုတ်ဘူး ကေသီ၊ လင်တန် အပေါ်တက်လာလိမ့်မယ်” ဟိကလစ်သည် လင်တန်ကို လုံးဝ ရင်မဆိုင်လိုဟန် ရှိလေသည်။ သူသည် နေရာမှ ထပြီး သူ့အား ဖက်တွယ်ထားသော ကက်သရင်း၏ လက်ချောင်းများကို ဖယ်ရှားနေ၏။ ကက်သရင်းကမူ ဟိကလစ်ကို ပို၍ မြဲမြံစွာ ဖယ်တွယ် နေပါလေသည်။ ကက်သရင်းမျက်နှာမှာ အရူးတယောက်လို ဖြစ်နေပါ လေပြီ။
“မသွားရဘူး” ကက်သရင်းသည် စူးစူးဝါးဝါး အော်လိုက်ပါလေ၏။ “ရှင်၊ ရှင် မသွားရဘူး ဟိကလစ်၊ ဒါ နောက်ဆုံး တွေ့ကြရတာပါ ဟိကလစ်ရယ်၊ အက်ဂါလဲ ရှင့်ကို ရန်ပြုမှာ မဟုတ်ပါဘူး၊ ဟိကလစ်ရှယ် ကျွန်မ သေရပါတော့မယ်၊ သေရတော့မှာပါ”
“ဟိုမှာ သူလာနေပြီ၊ တိတ်တိတ် နေစမ်းပါ အချစ်ရယ်၊ စကားမပြောနဲ့နော် ကက်သရင်း၊ ကိုယ် နေပါ့မယ်ကွယ်၊ သူ သေနတ်နဲ့ပစ်ယင်တောင် ကိုယ် ဆုမွန်တောင်းယင်း အသေခံသွားပါ့မယ် ကေသီရယ်'
သူတို့ကား တဦးကို တဦး ပွေ့ဖက်နေကြပြန်ပါလေသည်။ ကျွန်မ သခင် တက်လာသော ခြေသံများကို ကြားလာရလေပြီ။ ကျွန်မ နဖူးတွင် စောချွေးတွေ ပြန်လာကြပါလေပြီ။ ကျွန်မမှာ ထိတ်ထိတ်ပျာပျာ ဖြစ်နေပါပြီ။ ကျွန်မ မနေသာတော့ပါ။
“ဟိကလစ်၊ သူ သွေးရူးသွေးတန်း ပြောနေတာတွေကို ဘာဖြစ်လို့ နားထောင်နေရတာလဲရှင်၊ သူ့ဟာသူ ဘာပြောနေတယ်ဆိုတာ သိတာ မဟုတ်ဘူးရှင့်၊ သူ့ကို မဖျက်ဆီးချင်ပါနဲ့ ဟိကလစ်ရှယ်၊ ရှင် ထပါ၊ ရှင်မြန်မြန်သွားပါ ရှင် ဒီလို လုပ်နေယင် ကျွန်မတို့ အားလုံး ဒုက္ခ ရောက်ကုန်တော့မှာပဲ”
ကျွန်မသည် ဟိကလစ်ကို ဇွတ်ဆွဲပြီး အော်ပြောလိုက်ပါ၏။ ထိုအတွင်းမှာပင် မစ္စတာ လင်တန် အခန်းထဲသို့ အပြေးဝင်လာသော အသံကို ကြားလိုက်ရပါ၏။ ကျွန်မ ဗျာများနေစဉ်မှာပင် ကက်သရင်း၏ ဟိကလစ်ကို ဖက်ထားသော လက်များ လျော့ပြေသွားပြီး ခေါင်းသည်လည်း ငိုက်စိုက်ကျသွားပါလေ၏။
ကျွန်မစိတ်ထဲတွင် ကက်သရင်း မြောသွားပြီလား၊ သေသွားပြီလား ဟုပင် ထင်လိုက်မိပါသည်။ သေသွားလျင်လည်း ကောင်းတာပဲဟု သဘောရလိုက်မိပါ၏။ သူ့အဖို့ ပင်ပန်းကြီးစွာ ခံစားနေရတာနှင့် စာလျှင် တခါတည်း သေသွားတာက ပိုကောင်းလိမ့်မည်ဟု ကျွန်မ ထင်ပါသည်။
အက်ဂါသည် အခန်းထဲရောက်လာပြီး ဟိကလစ်ဆီကို ဒေါသတကြီး ရောက်သွားပါလေ၏။ သူ ဘာလုပ်မည်ကို ကျွန်မ မပြောတတ်ပါ။ ဟိုကလစ်က အသက်မရှိတော့သည့် အသွင် ပေါက်နေသော ကက်သရင်းကို ပွေ့ပိုက်ထားယင်း မလှုပ်မချောက် ဖြစ်နေပါလေ၏။
“ရော့၊ ခင်ဗျား ကျုပ်ကို ရန်မပြုခင် သူ့ကို ပြုစုလိုက်ပါဦး၊ ပြီးတော့မှ ခင်ဗျား ကျုပ်ကို ပြောချင်တာပြောပေါ့ ဟိကလစ်သည် ကက်သရင်းကို လင်တန်လက်သို့ ပေးခဲ့ပြီး သူကိုယ်တိုင်မူ ဧည့်ခန်းဘက်သို့ ထွက်သွားကာ ဧည့်ခန်းထဲတွင် ထိုင်နေလိုက်ပါလေတော့သည်။ မစ္စတာ လင်တန်သည် ကျွန်မကို ခေါ်သဖြင့် ကျွန်မသည် မစ္စတာလင်တန်နှင့် ကက်သရင်းအပါးသို့ ရောက်သွားပြီး ကက်သရင်း သတိပြန်ရအောင် ပြုစုရပါလေ၏။ ကက်သရင်းသည် စိတ်နောက်ကျု ရှုပ်ထွေးနေပါသည်။ သူ မည်သူ့ကိုမှ မသိပါ။ သက်ပြင်းကို ချချည်၊ ညည်းတွားချည် လုပ်နေပါ၏။ အက်ဂါသည် ဇနီးအတွက် စိတ်ပူပန်နေသဖြင့် သူ မုန်တီးလှစွာသော ဟိကလစ်ကိုပင် မေ့နေပါလေ၏။
ကျွန်မကား ဟိကလစ်ကို မမေ့နိုင်ပါ။ သူ ဤနေရာမှ မြန်မြန် ထွက်ခွာသွားစေရန် အခွင့်အလမ်းကိုသာ ရှာနေမိပါသည်။ ကက်သရင်းသည် အခြေအနေ ကောင်းလာလျှင်ပင် ကျွန်မသည် သူ့ထံသို့ သွား၍ ကက်သရင်း အခြေအနေမှာ ကောင်းလာပြီဖြစ်ကြောင်း၊ ယခုမူ သူဤနေရာမှ ထွက်ခွာသွားသင့်ကြောင်း၊ ကက်သရင်း၏ ညနေပိုင်း အခြေအနေကို မနက်ဖြန်တွင် ကြားရမည်ဖြစ်ကြောင်း ပြောလိုက်ပါ၏။ ထိုအခါ ဟိကလစ်က..
“ကျွန်တော် မသွားဘူး မပြောပါဘူး၊ ဒါပေမယ့် ဥယျာဉ်ထဲမှာတော့ နေပါရစေဦး နယ်လီရှယ်၊ မနက်ကျယင်သာ ကျွန်တော့်ကို သူ့ အခြေအနေ လာပြောဖို့ မမေ့ပါနဲ့နော်။ ကျွန်တော် ဥယျာဉ်ထဲက ဟောဟို သစ်ပင်တွေအောက်မှာ စောင့်နေမယ်။ ခင်ဗျား လာမပြောယင်တော့ လင်တန် ရှိရှိ မရှိရှိ ကျွန်တော် နောက်တခေါက် ဝင်လာဦးမှာပဲ” ဟု ပြောယင်းပင် တံခါးတဝက်ဟနေသည့် ကက်သရင်း အခန်းဘက်သို့ တချက် ဖြတ်ကနဲ ကြည့်လိုက်ပါသေး၏။ ကျွန်မစကား သေချာပုံရမှပင် သူ အိမ်ထဲက ထွက်သွားပါလေတော့သည်။
အခန်း [ ၁၆ ]
ထိုည ဆယ့်နှစ်နာရီခန့်မှာပင် ကက်သရင်းသည် သမီးကလေး ကက်သရင်း အန်းရှောကို ဖွားမြင်ပါလေ၏။ ထိုသမီးကလေးကား မစ္စတာလော့ဝု လေထန်ကုန်းတွင် တွေ့ခဲ့ရသော မိန်းကလေးပင်တည်း။ ကက်သရင်း အန်းရှောမှာ မွေးစက ခုနစ်လမွေး ကလေး ဖြစ်သည့် အလျောက် သေးသေးလှီလှီ ကလေး ဖြစ်ပါသည်။ ကက်သရင်းသည် သမီးကို မွေးပြီး နှစ်နာရီအကြာတွင် ကွယ်လွန်သွားခဲ့ပါ၏။ ကက်သရင်းသည် မစ္စတာ ဟိကလစ်နှင့် ခွဲခွာရပြီး သတိမေ့မြောသွားကတည်းက ပြန်လည် သတိမရတော့သည်အထိ ဖြစ်လေသည်။ အက်ဂါသည် ဇနီး ဆုံးရှုံးရသည့်အတွက် သေချင်သလောက်ပင် ခံစားရပါလေတော့သည်။ အထူး စိတ်ထိခိုက်ကာ သူ့မျက်လုံးအစုံတွင် တရားဝင် အမွေစားအမွေခံ သားယောင်္ကျားကလေး မကျန်ရစ်ခဲ့သည့် အတွက်လည်း ပူပန်ခြင်းဖြစ်နေရဟန် ရှိလေသည်။ ကျွန်မသည် အမိမဲ့ သမီး ပိန်ခြောက်ခြောက်ကလေးကို ငေးစိုက်ကြည့်ယင်း သားယောင်္ကျားကိုသာ အမွေဆက်ခံရမည် ဟူသော သေတမ်းစာကို ရေးခဲ့သည့် အဘိုးကြီး လင်တန်ကို ကျိန်ဆဲ ပြစ်တင်မိပါလေတော့သည်။ ယခုကား သားယောင်္ကျား မျိုးနွယ်ဆို၍ ဟိကလစ်၏ အဆက်အနွယ်ထဲကသာ ထွန်းကားစရာ ရှိပေတော့သည်။ ကံမကောင်း အကြောင်းမလှစွာဖြင့် လူ့လောကထဲသို့ ရောက်လာရသော ကံဆိုးမကလေးမှာလည်း မွေးကင်းစတွင် ကြည့်မည့် ရှုမည့် ပြုစုမည့်သူ မရှိရှာပဲ ငိုကြွေး၍သာ နေခဲ့ရရှာလေ၏။
နံနက်ခင်း၏ နွေးထွေးတောက်ပသော နေရောင်ခြည်သည် တိတ်ဆိတ် ထုံထိုင်းနေသော အခန်းတွင်းသို့ မသိမသာ ကျရောက်လာလေသည်။ ကက်သရင်း၏ ရုပ်အလောင်းတည်ရာ ခုတင်ပေါ်သို့ အညင်အသာဖြင့် ကျလာပါသည်။ အက်ဂါလင်တန်သည် မျက်လုံးကို စုံပိတ်လျက် ခေါင်းအုံးပေါ်တွင် လှဲနေ၏။ သူ့မျက်နှာတွင် ငယ်မူငယ်သွေးတို့ လုံးဝ ပျောက်ကွယ်နေလေပြီ။ ကက်သရင်းသည် မျက်လွှာကို ပိတ်ထား၏။ နှုတ်ခမ်းများ၌ အပြုံးစ ယှက်သန်းနေ၏။ တကယ့် စိတ်နှလုံး အေးချမ်း ပျော်ရွှင်လျက် အပြစ်ကင်းစင်သော အသွင်ကို ဆောင်နေ၏။
ကျွန်မသည် သူ့ကြောင်းကို ပြန်ပြောင်း တွေးချင်သော်လည်း ကံစီမံရာ ဖြစ်ရရှာသော သူ့ ဘဝကို ကျွန်မ မတွေးရက်ပါ။
မစ္စတာ အက်ဂါလင်တန်သည် အိပ်ပျော်နေဟန် ရှိလေသည်။ နေ ထွက်လာပြီးနောက် ကျွန်မသည် အခန်းအပြင်သို့ ထွက်လာခဲ့ပါသည်။ အိပ်ထဲက လူတွေကမူ ကျွန်မမှာ တညလုံး မအိပ်ရသဖြင့် အိပ်ချင်မူးတူး ဖြစ်နေသောကြောင့် အခန်းပြင်သို့ ထွက်သွားခြင်းဖြစ်မည်ဟု ထင်ကြပါလိမ့်မည်။ ကျွန်မ၏ အဓိက စိတ်ထားကမူ ဟိကလစ်ကို တွေ့ရန်ဖြစ်ပါသည်။ သူသာ ညက ခြံထဲမှာသာ ဆက်လက် ရှိနေလျှင်တော့ အိမ်ကြီးထဲက လှုပ်ရှားမှုများကို မြင်သာ သိသာမည် မဟုတ်ပါ။
သို့သော်လည်း ကျွန်မတို့ အိမ်ထဲမှ အစေခံတယောက် ဂျင်မာတန်ဘက်သို့ မြင်းတစီးဖြင့် ဒုန်းစိုင်းသွားသည်ကိုမူ မြင်ရတန်ပေ၏။ အကယ်၍ သူ အိမ်ကြီးနားသို့ တိုးလာမည်ဆိုလျှင် အိမ်ကြီးထဲက မီးရောင် လှုပ်ရှားမှုများ၊ တံခါးဖွင့်ချည် ပိတ်ချည် လှုပ်ရှားမှုများကို သတိပြုမိကောင်းပြုမိပေမည်။ ကျွန်မသည် ခြံထဲသို့ ထွက်လာခဲ့ရစေကာမှ သူနှင့် တွေ့မည်ကိုလည်း ချောက်ချားနေပါသည်။ သူ့ကို မလှမ်းမကမ်းက သစ်ပင်အောက်တွင် မြင်တွေ့ရလေပြီ။ သူသည် သစ်ပင်ကို မှီလျက် လက်တွင် ဦးထုပ်ကို ကိုင်ထားပါသည်။ သစ်ပင်ကိုင်းများက သူ့ မျက်နှာပေါ်တွင် မိုးလျက် မလှုပ်မချောက် ရပ်နေခဲ့လေဟန်ရှိပါသည်။ သူနှင့် မလှမ်းမကမ်းသစ်ပင်၌ မြေလူးငှက်မောင်နှံသည် သူ့ကို သစ်တုံးတတုံးလို သဘောထားကာ အသိုက်ဆောက်နေကြသည်။ ကျွန်မ သူ့ရှေ့ တိုးသွားလေလျှင် ငှက်မောင်နှံလည်း ထပျံ ကြပါလေ၏။ သူလည်း မျက်လုံးကို ပင့်ကြည့်လိုက်ပြီး …
“သူ သေပြီ မဟုတ်လား၊ ကျုပ်ဒီသတင်း နားထောင်ဖို့ စောင့်နေတာ မဟုတ်ဘူး၊ လက်ထဲက လက်ကိုင်ပဝါကို လွှင့်ပစ်လိုက်စမ်းပါဗျာ၊ ကျုပ်ရှေ့လာပြီး ငိုလား ယိုလား လုပ်မနေနဲ့၊ ခင်ဗျားတို့ တယောက်မှ အသုံးမကျဘူး၊ သူကလဲ ခင်ဗျားတို့ မျက်ရည်စတွေကို အရေးထားတာ မဟုတ်ပါဘူး” ဟု ပြောလိုက်ပါသည်။
ကျွန်မမှာ သူတို့နှစ်ယောက်စလုံးအတွက် ငိုခဲ့ရသူ ဖြစ်ပါသည်။ နှစ်ယောက်စလုံးကသာ သူတို့အတွက်ရော တခြားသူတွေ အတွက်ပါ မခံစားတတ်သလို ရှိခဲ့သည်ဟု ကျွန်မထင်ပါသည်။ ယခုကား သူလည်း ခံစားရလေပြီ။ စိတ်သည်လည်း ကယောင်ချောက်ချား ဖြစ်နေဟန် ရှိသည်။ နှုတ်ခမ်းဖျားတို့သည် တဆတ်ဆတ် လှုပ်ရှားနေပြီး ခေါင်းကို အောက်သို့ စိုက်ထား၏။
ကျွန်မသည် ပါးပြင်ပေါ်က မျက်ရည်စကိုသုတ်ယင်း...
“ဟုတ်ကဲ့ရှင့်၊ သူ သေသွားပြီ၊ သူ ကောင်းကင်ဘုံကို ရောက်သွားပြီပေါ့၊ ကျွန်မတို့ သူနဲ့အဘူ ကောင်းကင်ဘုံမှာ မြင်တွေ့ရယင်တော့ ဖြစ်ခဲ့သမျှတွေ မေ့လိုက်ကြဖို့ သတိပေးရမှာပေါ့ရှင်' ဟု ပြောလိုက်မိပါသည်။
'ဩ အဲဒီကျမှ သတိပေးရမယ်၊ ဟုတ်လား၊ နေစမ်းပါဦးဗျ၊ သူ ဘယ်လို သေရတာလဲ၊ သူသေပုံကလေး ပြောပြစမ်းပါဗျ' သူက ခပ်ငေါ့ငေါ့ ပြောနေပြန်လေသည်။ စိတ်ထဲကမူ ပူပန်သောကကို မချိမဆံ့ ခံစားနေရဟန်မှာ ထင်ရှားနေပါ၏။
“အင်း၊ သူလဲ တခြားယောကျ်ားတွေလိုပါပဲလား၊ အချစ်ဝေဒနာနဲ့ ကျတော့ မတွန်းလှန်နိုင်ပါကလား” ကျွန်မ တွေးလိုက်မိသေး၏။
'သူ သက်သက်သာသာပဲ အသက် ထွက်သွားတာပါ၊ သက်ပြင်းတချက်ချပြီး အိပ်ပျော်သွားပြီးနောက် ငါးမိနစ်လောက်မှာပဲ ထွက်သက် ထွက်သွားပါတယ်ရှင်'
“သူ သူ ကျုပ် နာမည်ကို ခေါ်သွားသေးသလားဗျာ' မေးသာ မေးလိုက်ရသည်။ သူ့ အမေးအတွက် တုံ့ပြန်လာမည့် အဖြေကိုကား စိုးရိမ်နေပုံရ၏။
"ရှင် ထွက်သွားကတည်းက သတိမေ့သွားတာ တခါမှ သတိပြန်လည် မလာတော့ပါဘူးရှင်၊ သူ သေသွားပုံက ပြုံးပြုံးကလေးပါပဲ၊ သူ သေခါနီးမှာ ငယ်ငယ်က ပျော်ရွှင် မြူးထူးခဲ့ရတာတွေကို ပြန်ပြီး သတိရသွားသလိုပဲရှင့်၊ အဲဒီလို သာယာ ချမ်းမြေ့တဲ့ ဘဝ အဖြစ်မျိုးနဲ့ ဘဝကူးသွားတယ်လို့ပဲ ပြောရမယ်”
“သူ ဘဝကူး ကောင်းရမယ်၊ ဟုတ်လား၊ နောက်ဘဝမှာ သင်း ဒုက္ခပေါင်းစုံနဲ့ တွေ့စမ်းပါစေ” ဟိကလစ်သည် ရုတ်တရက် ပေါက်ကွဲလာမှုကို မထိန်းနိုင်တော့ပဲ ကြောက်စရာ အမူအရာဖြင့် ခြေထောက်ကို ဆောင့်လျက် အော်ဟစ်လာပါ၏။ “နေစမ်းပါဦးဗျ၊ သူက သေတဲ့ အထိတောင် ဘာကြောင့် လိမ်သွားရတာလဲ၊ ခု သူ ဘယ်ရောက်မှာလဲ၊ ကောင်းကင်ဘုံ၊ ဟုတ်လား၊ မဖြစ်နိုင်တာပဲ၊ ဒီမယ် ကက်သရင်း၊ မင်းက ကိုယ် ခံစားရတာကလွဲပြီး မင်း ဘာမှ ဂရုမစိုက်ဘူးလို့ ပြောခဲ့တယ်၊ ကိုယ် တခုပဲ ဆုတောင်းမယ် ဟေ့၊ ကိုယ့်လျှာ တောင့်တင်းသွားတဲ့အထိ ဒီ ဆုတောင်းပဲ ရွတ်နေမယ် ကက်သရင်းရေ၊ မင်း နောက်ဘဝမှာလဲ ဒုက္ခတွေနဲ့ ဆုံစမ်းပါစေကွာ၊ မင်းက ပြောတယ်၊ ကိုယ်က မင်းကို သတ်တယ်လို့။ ဒီနည်းနဲ့ မင်း ကိုယ့်ကို ခြောက်လှန့်တာပဲ၊ ဟုတ်တာပေါ့၊ အသတ်ခံရတဲ့ လူတွေဟာ သတ်တဲ့ လူတွေကို ခြောက်လှန့်စမြဲပဲ၊ မင်း ကိုယ်နဲ့အတူ အမြဲနေပါ၊ ကိုယ့်ကို ရူးအောင် လုပ်ပါ ကက်သရင်းရယ်၊ ကိုယ့်တယောက်တည်း မင်းကို ဘယ်လိုမှ ရှာမတွေ့တဲ့ ချောက်ကမ်းပါးကြီးထဲမှာ မထားရစ်ခဲ့နဲ့၊ မင်း မရှိပဲ ကိုယ် မနေနိုင်ပါဘူး အချစ်ရယ်’
ပြောပြောဆိုဆိုပင် သစ်ပင် ပင်စည်ကို သူ့ခေါင်းနှင့် ဆောင့်၍ ဆောင့်၍ တိုက်ပါလေတော့သည်။ သူသည် မျက်လွှာကို ပင့်ကြည့်ပြန်ပါ၏။ မျက်လုံးမှာ အလျှံရဲရဲ တောက်နေ၏။ လူတယောက်နှင့်ပင် မတူတော့ပါ။ ဓားလှံကို လက်မှာစွဲလျက် လူကို လိုက်သတ်နေသော အရိုင်းအစိုင်းတယောက်လို ဖြစ်လာပါသည်။ ထိုစဉ်မှာပင် ကျွန်မသည် သူ့ခေါင်းက သွေးတို့ဖြင့် ရဲရဲနီနေသော သစ်ပင်ကို သတိပြုလိုက်မိသည်။ လက်နှင့်နဖူးမှာလည်း သွေးတွေ ရဲရဲနီနေလေပြီ။ ကျွန်မမှာ သူ့အနားမှ မခွာနိုင်ပဲ သူ့ကို စိုက်ကြည့်နေမိပါသည်။ သူက ကျွန်မကို နှင်ထုတ်တော့မှပင် ကျွန်မလည်း သူ့အနားမှ ထွက်လာခဲ့ရလေတော့သည်။ သူ့ကို ကျွန်မ ဖျောင်းဖျ နှစ်သိမ့်နိုင်စွမ်းခြင်း မရှိတော့ပါတကား။
မစ္စက်လင်တန်၏ အသုဘ အခမ်းအနားကို သောကြာနေ့တွင် ကျင်းပရန် စီစဉ်ထားပြီး ဖြစ်သည်။ ထိုနေ့မတိုင်မီအထိ ရုပ်အလောင်းကို ဧည့်ခန်းကြီးထဲ၌ ပန်းပွင့် ပန်းခက်များဖြင့် တန်ဆာ ဆင်ထားပါ၏။ မစ္စတာလင်တန်မှာ ဇနီး၏ အလောင်းနားတွင် မအိပ်မနေ နေခဲ့ပါလေ၏။ မစ္စတာ ဟီကလပ်သည်လည်း အခန်းအပြင်မှ လာ၍ နေခဲ့ပါသည်။ ကျွန်မသည် သူနှင့် အဆက်အသွယ် မလုပ်ဖြစ်တော့ပါ။
မစ္စက်လင်တန်၏ အလောင်းကို မြေမြှုပ်သင်္ဂြိုဟ်သောနေ့တွင် မစ္စတာ အန်းရှောကို ဖိတ်ကြားခဲ့ပါသေး၏။ သို့သော် အန်းရှောသည် အကြောင်းလည်း မပြန်၊ သူ့ညီမ၏ အသုဘ အခမ်းအနားသို့လည်း ရောက်မလာခဲ့ပါချေ။ အစ္စဗယ်လာကိုကား အကြောင်း မကြားပါလေ။ ထို့ကြောင့် အသုဘ အခမ်းအနားတွင် မစ္စတာ လင်တန်နှင့် သူ့မြေငှားများ၊ တပည့်များ၊ အစေခံများသာ တက်ရောက်ခဲ့ကြပါလေ၏။
ကတ်သရင်း၏ အသုဘ ရုပ်အလောင်းကို လင်တန် မျိုးနွယ်တို့၏ သင်္ချိုင်းတွင်သော်လည်းကောင်း၊ အန်းရှော မျိုးနွယ်တို့၏ သင်္ချိုင်းတွင် သော်လည်းကောင်း မမြှုပ်ပဲ ဘုရားရှိခိုးကျောင်းထောင့် ကမူကလေးတွင် မြှုပ်နှံခဲ့လိုက်ကြပါလေသတည်း။
အခန်း [ ၁၇ ]
ကက်သရင်းကို သင်္ဂြိုဟ်သော သောကြာနေ့သည် ထိုတလလုံးတွင် ရာသီဥတု သာယာသည့် နောက်ဆုံးရက် ဖြစ်ပါသည်။ ထိုနေ့ ညနေပိုင်းတွင် ရာသီဥတု ဖောက်ပြန်လာပါသည်။ လေသည် တောင်ဘက်မှ မြောက်ဘက်သို့ တိုက်လာပြီး မိုးကိုပါ သယ်ဆောင်လာပါလေ၏။ ထို့နောက်တွင် မိုးသီးများ ရွာချပြီး နှင်းပွင့်များ ကျလာပါ၏။ နွေရိပ် နွေငွေ့ လုံးဝ ပြယ်လေပြီ။ ဆောင်းဦးပန်းတို့သည် ဆောင်း အလျဉ်၏ နောက်ကွယ်တွင် မသိမသာ ပုန်းလျှိုးနေကြလေပြီ။ ဘီလုံးငှက်တို့လည်း တေးသံ တိတ်ကြကုန်ပြီ။ သစ်ရွက်တို့လည်း ညှိုးရော်စ ပြုကြလေပြီ။ တရက် တရက်ဖြင့် စိတ်ပျက်ဖွယ် ခိုက်ခိုက်တုန် ရာသီဆိုးသည် ကျရောက် လာပြန်တော့မှာပါတကား။
သခင်လင်တန်သည် သူ့အခန်းထဲက မထွက်တော့ပါ။ ကျွန်မသည် ဧည့်ခန်းထဲတွင် ကလေး ထိန်းနေရပါလေတော့သည်။ ကျွန်မသည် မွေးကင်းစကလေးကို ပူးပေါ်တင်၍ ပခက်လွှဲသလို လွှဲယင်း ပြတင်းပေါက်မှနေ၍ အပြင်ဘက်တွင် ကျဆင်းနေသော နှင်းပွင့် နှင်းဖတ်တွေကို ငေးကြည့်နေမိပါသည်။ ထိုစဉ်မှာပင် တစုံတယောက် အဝင်တံခါးမကြီးကို တွန်းဖွင့်ပြီး မောကြီးပန်းကြီး ဝင်လာဟန်ကို ကျွန်မ သတိပြုလိုက်မိပါ၏။ ရုတ်တရက်တွင် အိမ်တွင်း အစေခံမ တယောက်ယောက် အထင်ဖြင့် ဒေါသထွက်သွားပြီး အော်လိုက်မိပါ၏။
“ဟဲ့ ဘာဖြစ်လာရတာလဲ၊ နင်တို့ဟာ တယ်ပြီးတော့လဲ နမော်နမဲ့နိုင်တာပဲ၊ နင့်အသံကြားယင် သခင်လင်တန်က ဘာပြောမလဲဟဲ့"
'ခွင့်လွှတ်ပါရှင်' ဟူသော အသံသည် ကျွန်မနှင့် ရင်နှီးပြီးသား ဖြစ်နေပါသည်။ အက်ဂါ အိပ်နေတယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမယ့် ကျွန်မကိုယ် ကျွန်မ မထိန်းနိုင်တော့ဘူး” ဟု ဆက်လက် ပြောဆိုယင်း အသံရှင်သည် မီးဖိုနားသို့ တိုးလာပါ၏။ သူ၏ မောကြီးပန်းကြီး ဟောဟဲသံမှာ မပျောက်သေးပါ။ သူသည် ခဏမျှ စကားပြတ်သွားပြီး …
“ကျွန်မ လေထန်ကုန်းက တအား ပြေးလာရတာပါရှင်၊ တလမ်းလုံးလဲ လဲလာတာတောင် ဘယ်နှစ်ကြိမ် လဲခဲ့သလဲ ဂရုမထားနိုင်ခဲ့ပါဘူး၊ တကိုယ်လုံးလဲ နာလိုက်တာ နယ်လီရယ်၊ လန့်တော့ မသွားပါနဲ့လေ၊ နောက်တော့ နယ်လီ သိရမှာပါ၊ ခု လောလောဆယ်တော့ ကျွန်မဖို့ မြင်းလှည်းတစီးကို ဂျင်မာတန်ဘက် သွားဖို့ အပြင်ခိုင်းပေးပါရှင်၊ ပြီးတော့ အစေခံ တယောက်ကိုလဲ ကျွန်မ အဝတ်အစား တချို့ ထုပ်ပိုးပေးဖို့ ပြောပေးပါ နယ်လီ”
အိမ်ထဲသို့ မောကြီးပန်းကြီး ဝင်လာသူကား အစ္စဗယ်လာတည်း၊ ပခုံးပေါ်တွင် ပုံကျနေသော သူ့ဆံစတွေမှာ နှင်းပေါက်များကြောင့် ရွှဲရွှဲစိုနေပါ၏။ ကပိုကရို အဝတ်အစားတွေမှာလည်း သာမန်မိန်းမငယ်တို့ ဝတ်ဆင်လေ့ရှိသော အဝတ်များ ဖြစ်ကြ၏။ ဂါဝန်ပုံသဏ္ဌာန်သည်လည်း အဆင့်အတန်း နိမ့်ကျလှပါ၏။ ခြေထောက်မှာလည်း ခြေညှပ်ဖိနပ်ပါးကိုသာ စီးထား၏။ နားတဘက် အောက်ပိုင်းမှာလည်း ကိုက်ဖြတ်ထားဟန်ရှိသော ဒဏ်ရာသည် အအေးဒဏ်ကြောင့် သွေးတသွင်သွင် ထွက်မနေသော်လည်း သွေးစသွေးနများဖြင့် စွန်းထင်းနေ၏။ မျက်နှာပြင်မှာလည်း ကုတ်ခြစ် ရိုက်ပုတ်ထားသော ဒဏ်ရာများဖြင့် ပြည့်နေပါသည်။ ထိုဒဏ်ရာများကြောင့် ကျွန်မသည် အထိတ်တလန့် ဖြစ်ရပါတော့သည်။
“ဘယ်လို ဖြစ်လာရတာလဲ မိန်းကလေးရယ်၊ မင်း ပြောင်းသွားပြီးကတည်းက မတွေ့ရတာပါကလား၊ မင်း အဝတ်အစားတွေကို လဲစမ်းပါဦးကွယ်၊ ဒီည ဂျင်မာတန်ကို သွားဖို့လဲ မသင့်ပါဘူး၊ ဒီတော့ မြင်းလှည်းပြင်ခိုင်းဖို့လဲ မလိုပါဘူး'
“ကျွန်မကတော့ မသွားလို့ မဖြစ်ဘူး၊ သွားရမှာပဲ၊ ခြေကျင်ပဲဖြစ်ဖြစ်၊ လှည်းနဲ့ပဲဖြစ်ဖြစ် သွားရမှာပဲ၊ အဝတ်အစားကလေးတော့ လဲဝတ်ဖို့ လိုချင်လိုမယ်"
သူ တဖွဖွ ပြောနေသဖြင့် ကျွန်မလည်း သူ့အလိုဆန္ဒအတိုင်း မြင်းလှည်းသမားကို လှည်းပြင်ခိုင်းလိုက်ပြီး အစေခံမတယောက်ကို လိုအပ်သော အဝတ်အထည်များကို ရှာဖွေ ထုပ်ပိုးစေရပါလေသည်။ ကျွန်မ ကိုယ်တိုင်လည်း သူ့ဒဏ်ရာကို ဆေးကြော သုတ်သင်ပေးပြီး အဝတ်များကိုလည်း လဲလှယ်ပေးလိုက်ပါသည်။
ကျွန်မ သူ့ကို အဝတ်လဲပေးအပြီးတွင် သူသည် မီးဖိုနားရှိ ပက်လက်ကုလားထိုင်မှာ ဝင်ထိုင်ပါသည်။ ကျွန်မက လက်ဖက်ရည် တခွက် ပြင်ပေးလိုက်သည်။
"ကဲ၊ အယ်လင်ရှယ် ထိုင်စမ်းပါဦး၊ ကက်သရင်းရဲ့ ကလေးကိုလဲ ချထားစမ်းပါဦး၊ ကျွန်မ သူ့ကို မမြင်ချင်ဘူး အယ်လင်၊ အယ်လင် ကျွန်မ ကက်သရင်းအပေါ် ပစ်ပစ်ခါခါ လုပ်သွားတယ်လို့ မထင်စေချင် ပါဘူး၊ ကျွန်မလဲ စိတ်ဆင်းရဲပြီး ငိုခဲ့ရတာပါ၊ ကျွန်မတို့ဟာ တယောက်နဲ့ တယောက် မျက်နှာချင်း မဆိုင်ရဲလောက်အောင် အခြေအနေတမျိုးနဲ့ ခွဲခွာခဲ့ရတာပါ အယ်လင်၊ ရှင်စဉ်းစားကြည့်ပါ၊ ကျွန်မဟာ ကျွန်မကိုယ် ကျွန်မ ခွင့်မလွတ်နိုင်အောင်ကို ဖြစ်ခဲ့တာပါ၊ ဒါပေမယ့် ကျွန်မ သူ့ကို ကွယ်တာတယ် မထင်ပါနဲ့၊ သူဟာ လူမဟုတ်ဘူး အယ်လင်၊ တိရစ္ဆာန်၊ တိရစ္ဆာန်မှ တကယ့် အရိုင်းအစိုင်း တိရစ္ဆာန်မျိုး' သူသည် ပြောပြောဆိုဆိုပင် သူ့လက်ခလယ်မှ ရွှေလက်စွပ်ကို ချွတ်လိုက်ပြီး "သူနဲ့ပတ်သက်လို့ ကျွန်မ ဆီမှာရှိသမျှဆိုလို့ ဒါနောက်ဆုံးပဲ” ဟု ဆိုကာ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပါလေ၏။ “ဒီလက်စွပ်ကိုလဲ ကျွန်မ ထုချေပစ်မယ်' ဟု ပြောပြောဆိုဆိုပင် ကလေးတယောက်လို ထုချေယင်း “ပြီးတော့ မီးထဲ ထည့်ပစ်မယ်' ဟုဆိုကာ လက်စွပ်ကို မီးဖိုထဲသို့ ပစ်ချလိုက်ပါလေ၏။ စကားကား မပြတ်သေး။ “သူ ကျွန်မကို ပြန်ခေါ်ပြီး နောက်ထပ် လက်စွပ်တကွင်း လုပ်ပေးဦးမှာပဲ၊ သူ ဒီအိမ်ကို လာပြီး အက်ဂါ မခံချင်အောင်လဲ လုပ်မှာပဲ၊ ကျွန်မကိုလဲ ရှာမှာပဲ၊ ဒီတော့ ကျွန်မဒီမှာ မနေရဲဘူး အယ်လင်၊ ပြီးတော့ အက်ဂါကလဲ ကျွန်မကို မသနားဘူး၊ မဟုတ်ဘူးလား အယ်လင်၊ ဒီတော့ ကျွန်မ သူ့ဆီကလဲ ဘာ အကူအညီမှ မတောင်းချင်ဘူး၊ သူ့ကိုလဲ ထပ်ပြီး ဒုက္ခမပေးချင်ပါဘူး၊ ဒီတော့ ကျွန်မအနေနဲ့ သူရှာလို့ မရနိုင်တဲ့ နေရာအထိ သွားရလိမ့်မယ် အယ်လင်၊ ကျွန်မ သူနဲ့ ဝေးရာကို သွားရလိမ့်မယ်"
‘ဖြည်းဖြည်း ပြောပါ ကလေးရယ်' ကျွန်မသည် သူ့စကားကို ဖြတ်ပြီး ပြောလိုက်ရပါလေတော့သည်။ “မင်းဒဏ်ရာကို စည်းထားတဲ့ လက်ကိုင်ပဝါကို ပိုပြီး ခိုင်သွားအောင် ကိုယ် ပြင်စည်းပေးမယ်၊ ကဲ လက်ဖရည်သောက်ဦး"
“ကလေးကလဲ ငိုလိုက်တ၁ အယ်လင်ရယ်၊ ကျွန်မ ဒီကလေးငိုသံကို မကြားရက်ဘူး အယ်လင်” ဟု ဆိုလာပြန်သည်။ ကျွန်မသည် အစေခံတယောက်ကို ခေါ်ပြီး ကလေး ပေးလိုက်ရပါ၏။ ထို့နောက် ကျွန်မသည် အစ္စဗယ်လာအား လေထန်ကုန်းအိမ်ကြီးမှ ယခုကဲ့သို့ အခြေအနေဖြင့် ထွက်လာရသည့်အကြောင်း၊ ဤအိမ်ကြီးမှာပင် နေဖို့အကြောင်း၊ မည်သည့်အရပ်သို့ သွားရန် ထွက်လာကြောင်းတို့ကို မေးမိပြန်ပါလေ၏။
“ဒီအိမ်ကြီးက ကျွန်မအိမ်ကြီးပါ အယ်လင်၊ ပြီးတော့လဲ အက်ဂါကိုလဲ အားပေးရအောင်၊ ကက်သရင်းရဲ့ကလေးကိုလဲ ပြုစုရအောင် ကျွန်မ ဒီအိမ်ကြီးမှာ နေသင့်တယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် သူက ဘယ်လိုနည်းနဲ့မှ ဒီအိမ်မှာ နေခွင့်ပြုမှာ မဟုတ်ဘူးဆိုတာ ကျွန်မ ပြောပြီးပြီပဲ ကျွန်မ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် နေရထိုင်ရတာကို ကြိုက်တာ မဟုတ်ဘူးရှင့်၊ ကျွန်မတို့ မောင်နှမ သင့်သင့် မြတ်မြတ် ချမ်းချမ်း သာသာ နေနေမှာကိုလဲ ရှုဆိတ်တာ မဟုတ်ဘူး၊ ဒီတော့ သူ့အမြင် သူ့အကြားနယ် အဝန်းရှိသမျှ သူ ကျွန်မကို စုံစမ်းပြီး လိုက်နှောင့်ယှက်နေမှာပဲ၊ ကျွန်မ သိပါတယ်၊ သူ ကျွန်မကို ချစ်တာ မဟုတ်ဘူး၊ တခြား မကြည့်နဲ့၊ သူကျွန်မကို မြင်လိုက်တာနဲ့ သူ့ မျက်နှာပေါ်မှာကို အလိုလို အမုန်းရိပ် သမ်းသွားတတ်တယ်၊ ဒီတော့ ကျွန်မ သွားရလိမ့်မယ်၊ သူ ရှာမရတဲ့ နေရာမျိုး ထိအောင် ကျွန်မ သွားရမယ်၊ ပထမတော့ သူ ကျွန်မကို သတ်ပါစေလို့တောင် စိတ်ကူးပေါက်သေးတယ်၊ နောက်တော့ သူ သူ့ကိုယ်သူ သတ်သေသွားတာက ကောင်းတယ်လို့ သဘောထားလိုက်တယ်၊ တကယ်တော့ အယ်လင်ရယ်၊ သူ ကျွန်မကို ချစ်တာ မဟုတ်ပါဘူး၊ ကျွန်မကသာ သူ့ကို ချစ်ခဲ့ရတာပါ။ ဒါပေမယ့် သူက ကျွန်မ အချစ်ကို ချေဖျက်ပစ်ခဲ့တာပဲ၊ သူကျွန်မကို နည်းနည်းကလေးလောက်များ ချစ်ခဲ့သလား၊ ကျွန်မ စဉ်းစားကြည့်ပါတယ်၊ သူ ကျွန်မကို မချစ်ဘူး၊ ကက်သရင်းဟာ သူ့အပေါ် ချစ်မြတ်နိုးတဲ့ စိတ်ကို အံ့ဩစရာ ကောင်းလောက်အောင် တွန်းလှန်နိုင်ခဲ့တယ်၊ အဲဒါ ဘာကြောင့်လဲ သိလား၊ ကတ်သရင်းက သူ့အကြောင်းကို ကောင်းကောင်း သိလို့ပဲ၊ တကယ်တော့ သူဟာ လူမဟုတ်ဘူး၊ မကောင်း ဆိုးဝါးကောင်ပဲ အယ်လင်"
“ဒီလိုလဲ မဟုတ်သေးပါဘူး ကလေးရယ်၊ သူလဲ လူတယောက်ပါပဲ၊ သူ့အပေါ် စိတ်ကောင်းထားပါကွယ်၊ ဒီကမ္ဘာကြီးထဲမှာ သူ့ထက် ဆိုးတဲ့သူတွေလဲ ရှိပါသေးတယ်"
'မဟုတ်ဘူး၊ သူ လူမဟုတ်ဘူး၊ သူ ကျွန်မဆီက စိတ်စေတနာကောင်းကို မတောင်းခံသင့်ဘူး အယ်လင်၊ ကျွန်မဟာ သူ့ကို အသည်းနှလုံးကို ပေးခဲ့တာပါ၊ ဒါကိုလဲ သူက ဖျစ်ညစ်ပြီး ကျွန်မကို လွှင့်ပစ် ပြန်ပေးခဲ့တာပါ၊ လူတွေဆိုတာ အသည်းနှလုံးနဲ့ ခံစားကြရတာပါ အယ်လင်ရယ်၊ အဲဒီ ကျွန်မရဲ့ အသည်းနှလုံးကို သူ ဖျက်ဆီးပစ်လိုက်ကတည်းက ကျွန်မမှာ သူနဲ့ ပတ်သက်လို့ ဘာခံစားမှုမျိုးမှ မရှိတော့ဘူး၊ ကုန်ကုန် ပြောမယ် အယ်လင်၊ သူ သေခါနီးလို့ ကက်သရင်း အတွက် သွေးမျက်ရည်တွေ ကျပြီး ငိုနေဦးတော့ ကျွန်မ ဘာမှ ခံစားရမှာ မဟုတ်ဘူး၊ တကယ်ပါ မယ်လင်၊ ကျွန်မ သူ အတွက် ခံစားရမှာ မဟုတ်ဘူး"
အစ္စဗယ်လာသည် စကားပြောယင်း မျက်ရည် ကျလာပါလေသည်။ သို့သော် မျက်ရည်စကို သုတ်ပြီး..
“ရှင်က ကျွန်မ ဘာကြောင့် ထွက်ပြေးလာခဲ့ရသလဲလို့ မေးတယ်၊ တကယ်တော့ ကျွန်မ သူနဲ့ လွတ်ရာပြေးဖို့ အခြေအနေက ဖန်တီးလာပြီးသားပါ။ သူ့ရဲ မလိုမုန်းထား စိတ်ဓာတ်ကို ကျွန်မက ဆွပေးသလို ဖြစ်ခဲ့တာကိုး၊ ကျွန်မ သူ့ဆီ ပြန်သွားလို့ မဖြစ်ဘူး အယ်လင်၊ ကျွန်မ သူ့လက်ထဲ နောက်တကြိမ်ရောက်ပြန်ယင် သူ ကျွန်မကို ကောင်းကောင်း လက်စားချေမှာပဲ။
“မနေ့က အဖြစ်ကိုပဲ ကြည့်ပါ အယ်လင်၊ ဘာဖြစ်ဖြစ် မစ္စတာ အန်းရှောဟာ သူ့ညီမရဲ့ ဈာပန အခမ်းအနားကို တက်သင့်တာပဲ၊ သူက တချိန်လုံး မူးနေတယ်လေ၊ အိပ်တဲ့ အချိန်ကလွဲလို့ အရက်နဲ့ ပြတ်တယ်လို့ကို မရှိဘူး၊ အဲဒီနေ့ကလဲ မီးဖိုဘေးမှာ ထိုင်ပြီး အရက်တွေကို တခွက်ပြီး တခွက် သောက်နေသတဲ့။
“ဟိကလစ်၊ ကျွန်မ ဒီနာမည်ကို ခေါ်ရတာတောင် နှလုံးတုန်ပါရဲ့ရှင်၊ သူကတော့ အလျင် တနင်္ဂနွေကတည်းက ကနေ့အထိ အိမ်ကို လာချင်တဲ့အခါမှ ရောက်လာတယ်၊ ဘယ်မှာသွားပြီး စားသောက်နေတယ် ဆိုတာ မပြောတတ်ပါဘူးရှင်၊ ကျွန်မတို့နဲ့အတူ ထမင်းမစားတာကို ရက်သတ္တ တပတ်လောက် ရှိပါပြီ၊ အရုဏ်တက်ချိန်လောက်မှာ အိမ်ကို ပြန်လာပြန်တော့လဲ အပေါ်ထပ်ကို တန်းတက်သွားပြီး သူ့အခန်းထဲသူ တန်းဝင်သွားတယ်၊ ပြီးတော့ အခန်းအောင်း နေလိုက်တော့တာပဲ။ ပြီးတော့လဲ ကျွန်မတို့အိမ်ကို ထွက်သွားပြန်ရောရှင်၊ ကျွန်မ အဖို့တော့ ကက်သရင်း စိတ်ဆင်းရဲခဲ့ရသလို စိတ်ဆင်းရဲနေခဲ့ရတာပါပဲ ရှင်။
“မနေ့က ညဦးပိုင်းမှာတော့ ကျွန်မလဲ အခန်းထောင့် တနေရာမှာ စာအုပ်ဟောင်းတွေ ဖတ်နေတာ ည ဆယ့်နှစ်နာရီ ထိုးတဲ့အထိပဲ။ အပြင်ဘက်မှာလဲ နှင်းတွေ တသုန်သုန် ကျနေတယ် အယ်လင်ရဲ့။ ကျွန်မ အိမ်ပေါ်တက်ရမှာ စိတ်ကုန်နေတယ် ထင်ပါရဲ့ရှင်၊ နောက်ကြောင်း ပြန်တွေးယင်း ဘုရားကျောင်းဝင်းထဲက ကက်သရင်းရဲ့ သင်္ချိုင်းဂူကလေးကို သတိရလာတယ်။ မျက်လုံးတွေကတော့ ရှေ့မှာရှိတဲ့ စာအုပ်တွေကို စိုက်နေပါရဲ့၊ အခန်းတွင်း အခြေအနေ တခုလုံးဟာ လွမ်းလွမ်းဆွေးဆွေးကြီး ဖြစ်နေသလိုပဲ၊ ဟင်ဒလီက ကျွန်မနဲ့ မျက်နှာချင်းဆိုင်မှာ မှိုင်တွေချနေတယ်၊ သူ ဒီလိုပါပဲ၊ အရက်မသောက်ပဲ နေယင်လဲ နှစ်နာရီ သုံးနာရီလောက် စကားမပြောပဲ ငြိမ်နေပြန်ရော၊ အပြင်ဘက်က တဟူးဟူး တိုက်နေတဲ့ လေကြောင့် ပြတင်းပေါက်တွေဆီက ညိုးညိုးညံညံ အသံနဲ့ မီးဖိုထဲက မီးသွေးတွေ တဖြောက်ဖြောက် လောင်ကျွမ်းနေတဲ့ အသံကလွဲလို့ တအိမ်လုံး တိတ်နေတော့တာပဲ၊ ဟယ်ယာတန်ကလေးနဲ့ ဂျိုးဆက်တို့တော့ အိပ်နေကြပြီ ထင်ပါရဲ့၊ အတွေးက ပျံ့နေယင်း ပတ်ဝန်းကျင်တခုလုံးဟာ တွေတွေမှိုင်မှိုင်ကြီး ဖြစ်နေတော့ ကျွန်မ ပိုပိုပြီး အားငယ်လာတယ် ရှင့်။ တချိန်က ပျော်ရွှင်မှုတွေဟာ ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး ထင်ပါရဲ့ အယ်လင်ရယ်။
“အဲဒီတုန်းမှာပဲ မီးဖိုချောင်ဘက်ဆီက အသံတသံကို ကြားလိုက်ရတယ်၊ ဟိကလစ်ဟာ ကျွန်မတို့ အိမ်ကြီးနား သွားသွားပြီး စောင့်ကြည့်ခံနေရာက ပြန်လာတာပဲ ရှင့်၊ အဲဒီအချိန်မှာ အိမ်ရှေ့ အဝင်တံခါးကို ပိတ်ထားတာမို့ သူပြန်လာတာသိတော့ ရုတ်တရက် ဒေါသဖြစ်သွားပြီး နေရာက ထလိုက်မိသေးတယ်၊ ဟင်ဒလီကတော့ အသံလာရာ နောက်ဖေး တံခါးကို စိုက်ကြည့်နေရာက ကျွန်မဘက်လှည့်ပြီး “မင်း မကန့်ကွက်ယင် ကိုယ် ဒီကောင်ကို ငါးမိနစ်လောက် အပြင်ဘက်မှာပဲ ထားလိုက်ချင်တယ်" လို့ ပြောတယ်ရှင့်။
"ဒီတော့ ကျွန်မက “ကျွန်မအဖို့တော့ ရှင် သူ့ကို အပြင်ဘက်မှာ တညလုံးထားလဲ အရေးမကြီးပါဘူး။ သော့ခတ်ပြီး ကန့်လန့်ထိုးထားလိုက်ပါရှင့်” လို့ ပြန်ပြော လိုက်ပါတယ်၊ ဟိကလစ် နောက်ဖေးပေါက်က ဝင်မရလို့ အိမ်ရှေ့ဘက်အလာ တံခါးမရောက်ခင်မှာပဲ အန်းရှေးက အိမ်ရှေ့တံခါးကို ကန့်လန့်ထိုးပြီး သော့ခတ် ပစ်လိုက်ပါတယ်၊ အဲဒီရောက်တော့ အန်းရောဟာ ကျွန်မထိုင်နေတဲ့ စားပွဲတဘက်မှာ ဝင်ထိုင်လိုက်ပြီး ကျွန်မ မျက်လုံးထဲမှာ ကရုဏာရိပ်များ တွေ့ရလေ မလားဆိုတဲ့ အကြည့်နဲ့ ကြည့်လာတယ်၊ သူ့မျက်လုံးတွေကတော့ အမုန်းအလျှံတွေ တလက်လက် တောက်နေတယ် ရှင့်၊ ပြီးတော့လဲ သူ့ကိုယ်ကိုသူ သူကပဲ လက်ဦးမှုရမလား၊ ဟိုကလစ်ကပဲ သူ့ကို ရန်မူမလားဆိုတာ မဝေခွဲနိုင်သလို ဖြစ်နေလိုက်သေးတယ်၊ နောက်တော့လဲ သူ အားတက်သွားပုံ ရတယ်ရှင့်။
“သူက “မင်းနဲ့ကိုယ် သူ့ကို လက်စားချေဖို့ နှစ်ယောက်စလုံးမှာ တာဝန်ရှိတယ်၊ တို့ သူရဲဘောကြောင်နေယင် နှစ်ယောက်စလုံး ခံရမှာတဲ့။ ဘာလဲ၊ မင်းက မင်းအစ်ကိုလို ငုံ့ခံနေမှာပဲလား၊ တို့လက်စားချေယင်တော့ ဆုံးခန်းတိုင်အောင် ချေရလိမ့်မယ်” လို့ ပြောလာတယ်၊ ဒီတော့ ကျွန်မက “ကျွန်မလဲ ခံနိုင်ရည် မရှိတော့လောက်အောင် အနှိပ်စက်ခံရနေတာပဲရှင်၊ လက်စားချေချင်တာပဲပေါ့၊ ဒါပေမယ့် တဘက်သားအပေါ် သစ္စာမဲ့တာတို့ အကြမ်းဖက်တာတို့ဆိုတာ နှစ်ဘက်သွား လှံတံလိုပဲ၊ တဘက်သားကို ထိခိုက်စေတာထက် ကိုယ့်ကိုယ်ကိုယ် ပိုပြီး ထိတတ်တယ်ရှင်” လို့ ပြန်ပြောလိုက်တော့ သူက “ဟဲ့၊ သစ္စာမဲ့တယ်၊ အကြမ်းဖက်တယ်ဆိုတာလဲ သူကိုယ်တိုင်က သစ္စာမဲ့လို့၊ အကြမ်းဖက်လို့ သစ္စာမဲ့ရတာ၊ အကြမ်းဖက်ရတာဟဲ့၊ ဒီမယ် မစ္စက်ဟိကလစ်၊ ကိုယ်ပြောမယ်၊ မင်းဘာမျှ လုပ်စရာမလိုဘူး၊ ငြိမ်ငြိမ်ကလေး ထိုင်နေရုံပဲ၊ အဲဒီကောင်ရဲ့ ဇာတ်သိမ်းခန်းကို မင်း ပျော်ပျော်ရွှင်ရှင် ထိုင်ကြည့်နေရုံပဲ၊ မဟုတ်ယင် မင်းရောငါရော သူ့လက်ချက်နဲ့ သေကြရမှာပဲ။ ကြည့်စမ်း၊ ခွေးကောင် တံခါးခေါက်နေလိုက်တာ ဒီအိမ်မှာ သူ့ကိုယ်သူ သခင်ထင်နေတဲ့ အတိုင်းပဲ၊ ကဲ၊ ဒီတော့ မင်း နှုတ်ပိတ်သာနေ တနာရီထိုးသံ မကြားခင် မင်းအဖိုလဲ ဝဋ်ကျွတ်ပြီသာ မှတ်ပေတော့ ပြောတဲ့ပြီး သူ့မှာ ဆောင်ထားလေ့ရှိတဲ့ သေနတ်ကို ထုတ်ပါလေရော။ ပြီးတော့ ဖယောင်းတိုင်ကို ငြိမ်းမယ့်အလုပ်မှာ ကျွန်မလဲ ဖယောင်းတိုင်ကို ဆွဲယူလိုက်ပြီး သူ့လက်ကို ဆွဲထားလိုက်ပါတယ်။
"ပြီးတော့ ကျွန်မက “ရှင် ဒီလိုတော့ မလုပ်ပါနဲ့၊ ကျွန်မ ငြိမ်နေမှာ မဟုတ်ဘူး၊ ရှင် သူ့ကို မထိရဘူး၊ တံခါးပိတ်ပြီးသာ ငြိမ်ငြိမ်နေပါလို့ ပြောလိုက်မိတယ်၊ သူကတော့ အတော်ပဲ မခံမရပ်နိုင် ဖြစ်နေပုံ၊ သူက အော်ပြောတယ်ရှင့်၊ “မရဘူး ၊ မရဘူး၊ ကိုယ်ဆုံးဖြတ်ပြီးပြီ၊ သူ့ကို ကိုယ် သတ်ရလိမ့်မယ်၊ မင်းအတွက်နဲ့ ဟယ်ယာတန်အတွက် ကိုယ် သတ်ကို သတ်ရမှာပဲ၊ ကိုယ့်အတွက် မင်းဘာမှ ဒုက္ခရှာမနေနဲ့၊ ခုအချိန်မှာ ကက်သရင်းလဲ မရှိတော့ဘူး၊ ကိုယ်ဟာ ကိုယ့်လည်ပင်းကိုယ်ဖြတ်ပြီး အဆုံးစီရင်ဦးတော့ ကိုယ့်အတွက် ဝမ်းနည်းရမယ့်လူ ရှက်ရမယ် ဆိုလို့လဲ ဘယ်သူမှ မရှိတော့ဘူး၊ ဒီအချိန်ဟာ ကိုယ်အဖို့ နောက်ဆုံး အချိန်ပဲ” တဲ့၊ ကျွန်မအဖို့တော့ ဝက်ဝံတကောင်နဲ့ ဖက်လုံးနေရသလို အရူးတယောက်ကို တရားချနေရသလို ဖြစ်နေခဲ့တာပေါ့ အယ်လင်ရယ်၊ ကျွန်မ ဘာလုပ်ရမလဲ။ ကျွန်မအဖို့ ပြတင်းပေါက်နားသွားပြီး ဟိကလစ်ကို ဟင်ဒလီက သတ်တော့မယ့် အကြောင်း ပြောဖို့ ရှိတော့တာပေါ့ ဒါကြောင့် ကျွန်မ ပြတင်းပေါက်နားသွားပြီး “ရှင် ဒီညအဖို့ တနေရာရာ သွားပြီးနေပါ၊ ရှင် အခန်းထဲဝင်ဖို့ ကြိုးစားယင် မစ္စတာ အန်းရောက ရှင့်ကို သေနတ်နဲ့ ပစ်လိမ့်မယ်ရှင့်” လို့ ဟိကလစ်ကို လှမ်းပြောလိုက်မိပါတယ်။
“အဲ့ဒီတော့ သူက အပြင်ဘက်ကနေပြီး ကျွန်မကို “မင်းတံခါး ဖွင့်မှာသာ ဖွင့်စမ်းကွာ” လို့ ပြောတယ်၊ ကျွန်မလဲ သူ့ကို ဘယ်လိုမှ ပြောရတော့မှာ မဟုတ်မှန်းသိတာနဲ့ “ရှင်တို့ကိစ္စထဲ ကျွန်မ မပါချင်ဘူး၊ ရှင် ဝင်ချင် ဝင်ခဲ့ပေါ့၊ ရှင်အပစ်ခံရမှာပဲ၊ ကျွန်မ ဘက်ကတော့ တာဝန်ကျေပြီ” လို့ ပြောလိုက်မိတယ်။” ကျွန်မလဲ ပြောပြောဆိုဆို ပြတင်းပေါက် တံခါးကို ပိတ်ပြီး မီးဖိုနားမှာ ပြန်ထိုင်နေလိုက်တယ်၊ သူ ဖြစ်ချင်ရာ ဖြစ်တော့ဆိုတဲ့ ကိုယ့် ကိုယ်ကိုယ် ဟန်ဆောင်တဲ့ စိတ်ဓာတ်ဟာ လျော့ပါးလာတယ်ရှင့်၊ အန်းရှောက ကျွန်မကို စိုက်ကြည့်သေးတယ်၊ ကျွန်မ ဟိုကလစ်အပေါ် မေတ္တာမကုန်သေးဘူးဆိုတာ သဘောပေါက်သွားတယ်၊ ကျွန်မစိတ်ကတော့ ဟိုကလစ် ဒုက္ခမရောက် ပါစေနဲ့လို့ ကျိတ်ပြီး ဆုတောင်းနေမိတယ်၊ အဲဒီတုန်းမှာပဲ ကျွန်မ နောက်ဘက် ပြတင်းကို အပြင်ဘက်ကနေ ဖောက်ခွဲပစ်လိုက်တယ်၊ သူ့ရုပ်သွင်ကို ကျွန်မ မြင်နေရပြီ၊ ဆံပင်တွေရော၊ အဝတ်တွေရော နှင်းတွေနဲ့ ဖွေးဖွေးဖြူနေတယ် ရှင့်၊ အဲဒီတုန်းမှာ သူက “ဟေ့ အစ္စဗယ်လာ၊ တံခါးဖွင့်နော်၊ မဖွင့်ယင် မင်းတော့အသိပဲ” ဆိုပြီး ကြိမ်းပြန်တာကိုး၊ ဒီတော့ ကျွန်မက “ဖြစ်မလား၊ ရှင်သေသွားမှာပေါ့၊ မစ္စတာဟင်ဒလီက ကျည်ဆန်ထည့်ပြီး ဓားတပ်ထားတဲ့ သေနတ်နဲ့ ရှင့်ကို သတ်မလို့ ထိုင် စောင့်နေတာရှင့်” လို့ ပြောပေမယ့်လဲ မရဘူး၊ “အဲဒီလိုဆို မီးဖို တံခါးကို ဖွင့်ပေးကွာ” လို ပြောပြန်တယ်။
“အဲဒါနဲ့ကျွန်မက “ကျွန်မ အဲဒီမရောက်ခင် ဟင်ဒလီ ရောက်နှင့်မှာပေါ့ရှင့်” လို့ ပြောပြီး “တကယ်တော့ ရှင့်အချစ်က နှင်းကျတဲ့ဒဏ်လောက်တောင် မခံနိုင်တဲ့ အချစ်မျိုးပါကလား၊ သနားစရာ ကောင်းလိုက်တာရှင်၊ နွေရာသီ လသာတဲ့ ရက်တွေကျတော့ ရှင် ကက်သရင်းနေတဲ့ အိမ်ကြီးနားမှာ သွားသွား နေလိုက်ရတာ၊ ဟော၊ ခု နှင်းလဲ ကျလာရော၊ ရှင် ပြန် ပြေးလာရတာပဲ မဟုတ်လား ဟိကလစ်ရယ်၊ ကျွန်မသာ ရှင်ဆိုယင်လေ၊ ကက်သရင်း အုတ်ဂူပေါ်မှာ မှောက်လျားထိုးနေလိုက်ပါရဲ့၊ တကယ်တော့ ခုနေခါမျိုးမှာ ရှင့်အဖို့ ကမ္ဘာကြီးဟာ နေဖို့ မကောင်းတော့ဘူး မဟုတ်လား၊ ရှင့်အဖို့ ကက်သရင်းသာ အဓိက မဟုတ်လား၊ ကဲ၊ ကက်သရင်းမရှိတော့ ရှင် ဘာကြောင့်များ အသက်ရှင်နေချင်ရသေးတာလဲ ဆိုတာ ကျွန်မဖြင့် မတွေးတတ်ဘူး” လို့ ဆက်ပြောလိုက်မိတယ်၊ အဲဒီတုန်းမှာပဲ ဟင်ဒလီက ကျွန်မ ရပ်ပြီး ပြောနေတဲ့ နေရာ တိုးလာပြီး “ဟ၊ ဒီကောင် ဒီရောက်နေပါကလား၊ သင်းတော့ အသေပဲ” ပြောပြောဆိုဆို သူ သေနတ်ကို ပြတင်းပေါက် မှန်ကွဲကနေ အပြင်ထုတ် ချိန်လိုက်တယ်။
“ကျွန်မ အတော်ပဲ ကြောက်သွားတယ် အယ်လင်ရဲ့၊ ဒီတချီတော့ဖြင့် ဟိကလပ် အသေပဲလို့ ထင်လိုက်ပြီး ဘာမှလဲ မပြောနိုင်၊ ဘယ်လိုမှလဲ မလှုပ်ရှားနိုင်ပဲ ကြက်သေ သေနေတုန်း ဟိကလစ်က အန်းရှောသေနတ်ကို လှမ်းဆွဲလိုက်တယ်။ သေနတ်က ကျည်ဆန်တချက် ထွက်သွားတာနဲ့ တပြိုင်နက် သေနတ်မှာ တပ်ထားတဲ့ ဓားခလုတ်ကလဲ ပြုတ်ပြီး ဓားသွားဟာ အန်းရှော လက်မောင်းကို စိုက်ဝင်သွားတယ်။ ဟိကလစ်က သေနတ်ပြောင်းကို တအား ဆွဲယူလိုက်တယ်၊ အဲဒီတော့ ဓားသွားက အန်းရှောရဲ့ လက်မောင်းကို ခွဲချလိုက်သလို ဖြစ်သွားတယ်၊ အဲဒီတုန်းမှာပဲ ဟိကလစ်က ကျောက်တုံးတတုံးကို ယူပြီး ပြတင်းတံခါးကို ပေါက်ခွဲ ပစ်လိုက်တယ်။ ပေါက်ကွဲပြီး ပွင့်သွားတဲ့ ပြတင်းပေါက်ကနေ ခုန်ဝင်လာတယ်၊ အန်းရောဟာ သွေးကြောကို ထိသွားပြီး ဒဏ်ရာက သွေးတွေ တသွင်သွင်ကျပြီး နာကျင်လွန်းလှတာနဲ့ သွေးအိုင်ထဲမှာ မေ့လဲနေတယ်၊ ဟိကလစ်ဟာ အခန်းထဲ ရောက်လာတာနဲ့ အန်းရှောကို ခြေထောက်နဲ့ လှိမ့်ကန်ပြီး ဖနောင့်နဲ့ ထပ်တလဲလဲ ပေါက်ပစ်လိုက်တယ်၊ ပြီးတော့ ကျွန်မကို လက်တဘက်က ဖမ်းဆုပ်ယင်း အန်းရှောခေါင်းကို ကြမ်းပြင်နဲ့ ဆောင့်ချလိုက်ပြန်တယ်၊ ကျွန်မကို ဖမ်းချုပ်ထားတာကတော့ ဂျိုးဆက်က မခေါ်နိုင်အောင်ဆိုတဲ့ သဘောပါ၊ ဟိကလစ်ဟာ အန်းရှောကို ရက်ရက်စက်စက်ကြီး လုပ်ပြီးတဲ့နောက် အန်းရှောကိုယ်ကြီးကို တနေရာ ဆွဲယူပြီး ပစ်ချလိုက်တယ်၊ ပြီးတော့မှ အန်းရော အင်္ကျီလက်မောင်းကို ဆွဲဆုတ်လိုက်ပြီး အန်းရှော ဒဏ်ရာကို ခပ်ကြမ်းကြမ်း စည်းပေးလိုက်တယ်၊ ဟိကလစ်ဟာ အဲဒီလို နှိပ်စက်ချင်တိုင်း နှိပ်စက်နေတဲ့ တချိန်လုံးမှာ တံထွေးနဲ့လဲထွေး၊ ဆဲလဲ ဆဲလိုက်သေးတယ်ရှင့်၊ အဲဒီတုန်းမှာ ကျွန်မလဲ ဂျိုးဆက်ကို ပြေးခေါ်ရတာပေါ့ရှင်။
“ဂျိုးဆက်လဲ အခန်းထဲ ဝင်လာပြီး “ဘာဖြစ်ကြတာလဲဗျ၊ ဘာဖြစ်ကြတာလဲဗျ” နဲ့ အမေးမှာ ဟိကလစ်က “ဘာဖြစ်ရမှာလဲဗျ၊ ခင်ဗျား သခင် အရူးထတာလေ၊ အင်း တလလောက်တော့ ခံဦးပေါ့၊ ကဲ၊ အဘိုးကြီး၊ ဘာမှ ငိုင်ကြည့်မနေနဲ့၊ လာစမ်း၊ ကျုပ် သူ့ကို မပြုစုနိုင်ဘူး၊ သွေးတွေလဲ သုတ်ပစ်လိုက်ဦး” လို့ ပြောပေမယ့် ဂျိုးဆက်က ကြောက်လန့်တကြီးနဲ့ လက်နှစ်ဘက်ကို မြှောက်ပြီး “ဟင်၊ ခင်ဗျား သူ့ကို သတ်လိုက်တယ်ပေါ့လေ၊ ကျုပ် ဒါမျိုး မကြုံဖူးပါဘူး၊ ဘုရား ဘုရား' လို့ တနေပြန်တယ်ရှင့်၊ ဟိကလစ်လဲ ဂျိုးဆက်ကို အန်းရှောရဲ့ သွေးတွေ ပေကျံနေတဲ့ နေရာရောက်အောင် တွန်းချလိုက်ပြီး အဝတ်တထည် ပစ်ပေးလိုက်တယ်၊ အဘိုးကြီးကတော့ သွေးတွေကို သုတ်ပစ်ရမယ့်အစား လက်နှစ်ဘက်ကို ယှက်ပြီး ဘုရားစာတွေ ရွတ်နေပြန်တယ်၊ ကျွန်မမှာလဲ ငိုအားထက် ရယ်အားသန်ရမလို ဖြစ်လာတာပေါ့ရှင်၊ ကျွန်မ ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ ဖြစ်နေတုန်းမှာပဲ ဟိကလစ်က “အေး၊ ငါ မင်းကို သစ္စာဖောက်တာ မဟုတ်လား၊ ဒီတော့ အဲဒီ သွေးကို မင်းလဲ သုတ်ပစ်ရမယ်” လို့ ပြောယင်း ကျွန်မကို ကိုင်ကိုင် ဆောင့်ထည့်ပြီး ဂျိုးဆက်နားကို တွန်းပစ်လိုက်တယ်၊ မကြာခင်မှာပဲ အန်းရှော သတိပြန် လည်လာတယ်ရှင့်၊ အန်းရှောဟာ သတိမေ့နေတယ်ဆိုတော့ သူခံခဲ့ရတာကို မသိဘူးပေါ့၊ ဟိကလစ်ကတော့ အန်းရောကို စိုက်ကြည့်ယင်း အရက်မူးလွန်နေတယ်လို့ သဘောထားပြီး အိပ်ရာထဲဝင်ဖို့ လှမ်းပြောလိုက်တယ်၊ ပြီးတော့ သူလဲ နေရာက ထွက်သွားတယ်၊ ဒီကိစ္စ ဒီလောက်နဲ့ ပြီးသွားလို့ တော်သေးတာပေါ့ရှင်၊ ဟင်ဒလီလဲ မီးဖိုနားမှာပဲ လှဲချလိုက်တယ်၊ ဒါနဲ့ ကျွန်မလဲ ကိုယ့်အခန်းကိုယ် တက်လာခဲ့တော့တယ်။
“ဒီမနက်ကျတော့ ဆယ့်တနာရီ မထိုးခင်မှာပဲ ကျွန်မ အိပ်ပေါ်က ဆင်းလာတော့ အန်းရှောကို မီးဖိုဘေးမှာ နုံးနုံးချည့်ချည့်နဲ့ ထိုင်နေတာ တွေ့ရတယ်၊ ဟိကလစ်ကတော့ မီးဖိုခေါင်းတိုင်နေရာကို မှီပြီး ရပ်နေတယ် ရှင့်၊ နှစ်ယောက်စလုံးပဲ ထမင်းစားချင်စိတ် ရှိပုံမပေါ်ဘူး၊ စားပွဲပေါ်မှာ ကျွန်မ ဝင်ထိုင်တော့ ထမင်းတွေက အေးနေပြီ၊ ဒါနဲ့ ကျွန်မလဲ ထမင်းစားလိုက်ပါတယ်၊ ကျွန်မလဲ ထမင်းစားပြီးတာနဲ့ အန်းရှော အနားမှာ ဝင်ထိုင်လိုက်ပါတယ်။
ဟိကလစ်ဟာ မလှုပ်မချောက် ကျောက်ရုပ်လို ဖြစ်နေတယ်၊ တခါက ယောက်ျားပီသတယ်လို့ ကျွန်မ ထင်ခဲ့တဲ့ သူ့ နဖူးဟာ ခုတော့လဲ တိမ်တွေ အုံ့ဆိုင်းနေတဲ့ ကောင်းကင်ပြင်ကြီးလို ထင်လာတယ်၊ အလျှံညီးညီးရှိမြဲ သူ့မျက်လုံး အစုံတွေဟာလဲ ယခုအခါမှာ အိပ်ပျက်တာကြောင့်ရော၊ ငိုကြွေးရတာကြောင့်ပါ မှေးမှေးရီရီ ဖြစ်နေကြပါတယ်၊ ရက်စက် ကြမ်းကြုတ်ဟန် ပေါ်လွင်နေတတ်တဲ့ သူ့နှုတ်ခမ်း အစုံဟာလဲ ခုတော့ ကြေကွဲဝမ်းနည်းခြင်းကြောင့် ရက်စက်ကြမ်းကြုတ်ဟန် ပျောက်နေပါတယ်၊ ကျွန်မ သူ့အခြေအနေကို အကဲခတ်နေတုန်းမှာပဲ ဟင်ဒလီက ရေတောင်းတာနဲ့ သူ့ကို ရေခပ်ပေးပြီး 'ဘယ်လိုနေသေးသလဲ' လို့ မေးလိုက်မိတယ်။
"ဒီတော့ ဟင်ဒလီက 'နေမကောင်းလှတယ်လို့တော့လဲ မဟုတ်ပါဘူး၊ ဒါပေမယ့် လက်မောင်းက နာနေတယ်' လို့ ပြောတာကြောင့် ကျွန်မက 'ကတ်သရင်း ပြောမယ်ဆိုလဲ ပြောစရာပဲ၊ ကတ်သရင်းက ရှင် အနာတရ မဖြစ်ရအောင် ရှင့် ရှေ့က အကာအကွယ် ပေးခဲ့ရတယ်လို့ ပြောလေ့ရှိတယ်၊ သူ ဆိုချင်တာက တယောက်ယောက်က ရှင့်ကို အန္တရာယ်မပြုနိုင်အောင် ကာကွယ်ပေးခဲ့ရတယ်လို့ ဆိုလိုက်တာပဲ၊ ဟုတ်တော့လဲ ဟုတ်တာပဲလေ၊ သေပြီးသား လူဆိုတာ သင်္ချိုင်းကုန်းကနေ ဘယ် ထနိုင်ပါတော့မလဲ၊ မဟုတ်ယင်တော့လား ညက အဖြစ်ကို ကတ်သရင်း တွေ့လိုက်ရယင်တော့လား၊ ရှင့် ရင်ဘတ်တွေ ပခုံးတွေ ပွန်းပဲ့ မနေဘူးလား' လို့ ပြောပြီး မေးလိုက်မိတယ်၊ သူက 'မပြောတတ်ပါဘူးကွယ်၊ မင်း ဘာဆိုလိုချင်တာလဲ၊ ဘာလဲ၊ ကိုယ် လဲကျသွားတုန်း သူ ကိုယ့်ကို ရိုက်လား နှက်လား လုပ်သေးလို့လား' လို့ မေးပါလေရော၊ ဒီတော့ ကျွန်မ 'လုပ်ပါသကောရှင်၊ ရှင် လဲနေတဲ့ အပေါ် တက်ခုန်လိုက်၊ ရှင့်ကို ဖနောင့်နဲ့ ပေါက်လိုက်၊ ကြမ်းနဲ့ ကိုင်ဆောင့်လိုက်နဲ့၊ သူက လူတပိုင်းဖြစ်နေလို့သာပေါ့၊ မဟုတ်ယင် ရှင့်ကို အစိမ်းလိုက် ဝါးစားတော့မတတ်ပဲ' လို့ ပြောပစ်လိုက်တယ်၊ အဲဒီတော့မှ မစ္စတာ အန်းရှောလဲ ကျွန်မလိုပဲ ဟိကလစ် မျက်နှာကို စိုက်ကြည့်မိတယ်။ ဟိကလစ်ဟာ ပူဆွေးသောက လွှမ်းပြီး သူ့ပတ်ဝန်းကျင်ကို သတိမမူနိုင်သလို ဖြစ်နေတယ်၊ သူ အဲဒီနေရာမှာရပ်ပြီး အဖြစ်ဟောင်းတွေကို တွေးမိတာနဲ့အမျှ မျက်နှာကလဲ ညှိုးကျနေတယ်။
"မစ္စတာ အန်းရှောကတော့ ဟိကလစ်ကို စိုက်ကြည့်ယင်း 'ကိုယ့်ကိုသာ ဒီကောင့်လည်ပင်းကို ညှစ်နိုင်တဲ့ အင်အားမျိုး ဘုရားသခင်ကပေးယင် ကိုယ် သင်းကို သတ်ပြီး ငရဲကို ပျော်ပျော်ကြီး သွားပါရဲ့' လို့ ပြောယင်း မခံမရပ်နိုင်စိတ်ကြောင့် ဒယီးဒယိုင်နဲ့ ထလာပေမယ့် နောက်ဘက် ပက်လက်လန် လဲကျသွားတယ်၊ သူ့မှာ အားမှ မရှိပဲဟာ၊ ကျွန်မကလဲ ခံပြင်းလွန်းတာနဲ့ 'သူ ရှင်တို့ မောင်နှမ နှစ်ယောက်ထဲက ကတ်သရင်းကို သတ်ပြီးပြီပဲ၊ လုံလောက်ပါပြီ၊ ကျွန်မတို့ အိမ်ကြီးကဆိုယင် ကတ်သရင်းကို ဟိကလစ် သတ်တာပဲလို့ သိထားတာရှင့်၊ အင်း တကယ်တော့ သူ့အချစ်ကို ခံရတာထက် သူ့အမုန်းကို ခံရတာက တော်သေးတာပေါ့ရှင်၊ ကျွန်မဖြင့်လေ သူ ပြန်မလာခဲ့တုန်းက ကတ်သရင်း ပျော်ပျော်ရွှင်ရွှင် နေခဲ့ပုံတွေကို ခုထိ မြင်ယောင်သေးတယ်' လို့ ခပ်ကျယ်ကျယ်ကလေး ပြောပစ်လိုက်တယ်၊ ဒီတော့မှလဲ ဟိကလစ်ဟာ ကျွန်မစကားကို သတိပြုမိပြီး ကျွန်မကို လှမ်းကြည့်တယ်။ မျက်ရည်တွေ ရီဝေနေတဲ့ သူ့မျက်လုံးတွေကို သတိပြလိုက်မိပါရဲ့၊ သူဟာ သက်ပြင်းကို ခပ်လေးလေး ချလိုက်တယ်၊ ကျွန်မလဲ သူ့ကို စိုက်ကြည့်ပြီး လှောင်ရယ် ရယ်ပစ်လိုက်တယ်၊ အဲဒီမှာတွင် သူက 'ထစမ်း၊ သွား၊ ငါ့မျက်စိရှေ့မှာ မနေနဲ့' လို့ ကျွန်မကို ကြိမ်းမောင်းပါလေရော၊ ကျွန်မကလဲ 'ကျွန်မ တောင်းပန်ပါတယ်ရှင်၊ ကျွန်မက ကတ်သရင်းကို ချစ်ခဲ့ရတဲ့လူဆိုတော့ ကတ်သရင်းကိုယ်စား သူ့ အစ်ကို ကို ကျွန်မ ပြုစုစောင့်ရှောက်ဖို့ လိုတယ် မဟုတ်လား၊ တကယ်တော့ ခု ကတ်သရင်း မရှိတော့ပါဘူး၊ ဒါပေမယ့် ကျွန်မအဖို့တော့ ဟင်ဒလီဟာ ကတ်ရင်းပဲရှင့်၊ ကြည့်ပါလား၊ ဟင်ဒလီ မျက်လုံးတွေဟာ ကတ်သရင်း မျက်လုံးတွေနဲ့ တထေရောတည်း မဟုတ်လား၊ ပြီးတော့လဲ …."။
"ပြန်ပြောလို့မှ မဆုံးသေးဘူး၊ သူက 'ဟဲ့၊ အယုတ်တမာမ၊ သွားဆို သွားစမ်း၊ မဟုတ်ယင် ငါ ဆောင့်ကန်လိုက်လို့ သေသွားမယ်' လို့ အော်တော့ ကျွန်မလဲ ပြေးမယ့်ဟန် ပြင်ယင်းကပဲ 'တခုတော့ ပြောရဦးမယ်ရှင့်၊ ကတ်သရင်းဟာ ရှင့်ကို ယုံစားပြီး ရှင်နဲ့ လက်ထပ်ခဲ့ယင် ခု ဟင်ဒလီ ကြုံသလို ကြုံရမှာပဲ၊ ဒါပေမယ့် ကတ်သရင်းကတော့ ရှင် ရက်စက်သမျှ ငုံ့ခံနေမယ့် အစားထဲက မဟုတ်ဘူး' လို့ ထပ်ပြောနေတုန်းမှာပဲ သူ ကျွန်မကို လှမ်းဆွဲဖို့ ကြိုးစားပေမယ့် ကြားမှာ အန်းရှောက ခံနေတော့ သူ စားပွဲပေါ်က ဓားကို ဆွဲပစ်ပြီး ကျွန်မခေါင်းကို ပစ်ပေါက်လိုက်တယ်၊ ဓားက ကျွန်မ နားရွက်အောက်ပိုင်းကို ထိသွားတာနဲ့ ကျွန်မလဲ စကားပြတ်သွားပြီး ဓားကို ဖယ်ထုတ်ပစ်လိုက်တယ်၊ ချက်ချင်းပဲ အဲဒီနေရာကနေ ပြေးထွက်လာတယ်၊ အခန်းထဲမှာတော့ သူ ကျွန်မကို ဒေါသတကြီး လိုက်ဖမ်းဖို့ အလုပ်မှာ ဟင်ဒလီက ဆွဲထားလိုက်လို့ နှစ်ယောက်သား လုံးထွေး လဲကျသွားတာကို မြင်လိုက်ရတယ်။
"ကျွန်မလဲ မိုးဖိုထဲကနေ ဖြတ်ပြေးလာယင်း ဂျိုးဆက်ကို သူ့သခင်ဆီကို သွားကြည့်ဖို့ လှမ်းပြောခဲ့သေးတယ်၊ တံခါးအထွက်လမ်းပေါ်မှာ အရုပ်တွေနဲ့ ကစားနေတဲ့ ဟယ်ယာတန် ကလေးကိုလဲ ဝင်တိုက်လိုက်မိသေးတယ်၊ ကျွန်မဟာ အိမ်ထဲက ထွက်လားပြီး လမ်းအတိုင်း ဒုံးစိုင်းလာခဲ့တယ်၊ လေတိုက်နေတာကိုလဲ သတိမထားနိုင်ဘူး၊ ရွှံ့ထဲ ကွင်းတွေထဲ ဖြတ်ပြီး ဒီအိမ်ကြီးဆီကို တန်းပြေးလာခဲ့တာပဲ အယ်လင်"
အစ္စဗယ်လာသည သူ့ အဖြစ်အပျက်ကို အဆုံးသတ်လိုက်ပြီးနောက် လက်ဖက်ရည် သောက်ပါသည်။ ထို့နောက် နေရာမှ ထ၍ သူ့အား ဦးထုပ်ဆောင်းပေးစေပါသည်။ ကျွန်မလည်း ဦးထုပ်ဆောင်းပေးပြီး ကျွန်မ ယူလာသော တဘက်ကိုလည်း သူ့ပခုံးပေါ်တွင် တင်ပေးလိုက်ပါ၏။ ကျွန်မက သူ့အား ခေတ္တမျှ နေရန် ပြောသော်လည်း သူ နားမဝင်တော့ပါ။ ကတ်သရင်းနှင့် အက်ဂါ၏ ဓာတ်ပုံများ ရှိရာသို့ သွားပြီး ဓာတ်ပုံများကို နမ်းရှုပ်ပြီးနောက် ကျွန်မကို နှုတ်ဆက်၍ မြင်းလှည်းရှိရာသို့ ထွက်သွားပါလေတော့သည်။ ချက်ချင်းပင် မြင်းလှည်းလည်း သရတ်ကရောအိမ်ဝင်းကြီးထဲမှ ထွက်သွားပါလေတော့၏။ အစ္စဗယ်လာ၏ ခွေးကလေး ဖန်နီမှာ သူ့သခင်မကို ပြန်တွေ့ရသဖြင့် ဝမ်းသာအားရ အော်မြည်လျက် မြင်းလှည်းနောက်မှ လိုက်သွားပါလေ၏။
အစ္စဗယ်လာသည် ထိုတခေါက် အိမ်ကြီးမှ ထွက်သွားပြီးကတည်းက ကျွန်မတို့ ပြန်မတွေ့ကြရတော့ပါ။ သို့သော် အတန်ကြာ၍ မောင်နှမ ဆက်ဆံရေး အဆင်ပြေလာသော အခါတွင်မူ သူ့တို့ မောင်နှမသည် အခါမလပ် စာ အဆက်အသွယ် ပြုခဲ့ကြပါ၏။ ကျွန်မအထင်တွင် အစ္စဗယ်လာသည် အင်္ဂလန်တောင်ပိုင်း လန်ဒန်မြို့အနီး၌ နေထိုင်ခဲ့ပုံ ရပါသည်။ သူ ကျွန်မတို့ဆီမှ ထွက်သွားပြီး လ အနည်းငယ်ခန့်အကြာတွင် ထိုအရပ်၌ပင် သားယောင်္ကျားကလေး တယောက် ဖွားမြင်ကြောင်း ကြားသိရပါ၏။ ထိုကလေးကို လင်တန်နွယ် အစဉ်အဆက် အမည်ကို ခံယူစေကြောင်းနှင့် ကလေးမှာ ချူချာကြောင်းကိုလည်း ကျွန်မတို့ ကြားသိရပါလေ၏။
တနေ့တွင် ရွာထဲ၌ ကျွန်မသည် ဟိကလစ်နှင့် တွေ့ဆုံရာ ဟိကလစ်က အစ္စဗယ်လာနေသော အရပ်ကို စုံစမ်းပါ၏။ ကျွန်မ မပြောခဲ့ပါ။ သို့သော်လည်း မကြာမီပင် ဟိကလစ် အခြားအစေခံများထံမှ အစ္စဗယ်လာနေသော နေရာနှင့် အစ္စဗယ်လာမှာ သားယောင်္ကျားလေး ထွန်းကားသည့်အကြောင်း သိသွားပါ၏။ သို့တိုင်အောင် ဟိကလစ်သည် အစ္စဗယ်လာကို အဆက်သွယ် မလုပ်တော့ပါ။ ကျွန်မ အနေနှင့်မူ သူ ယခုလို အစ္စဗယ်လာအား ပစ်ပစ်ခါခါ လုပ်ထားသည့်အတွက် အစ္စဗယ်လာအဖို့ သူ့အား ကျေးဇူးတင်စရာ ကောင်းသေးတော့သည်ဟု သဘောထားလိုက်ပါ၏။ သူနှင့်ကျွန်မတို့သည် ရွာထဲ၌ မကြာခဏ တွေ့တတ်လေရာ တွေ့တိုင်းပင် သူက ကျွန်မအား သူ့ကလေးအကြောင်း မေးလေ့ရှိပါသည်။ ကလေး၏ အမည်ကို ကြားရသောအခါ သူက မဲ့ပြုံးပြုံးကာ ….
"ဩ၊ ကျုပ်က လင်တန်အမျိုးတွေကို မုန်းမှန်းသိလို့ ကျုပ်သားကို လင်တန်လို့ နာမည်မှည့်ကြတောပေါ့လေ" ဟု ပြောပါလေ၏။
'သူတို့ကတော့ ရှင့်ကို ဘာမှ သိစေချင်ပုံ မပေါ်ဘူး ထင်တာပဲ' ကျွန်မက ရှင်းပြပါသေး၏။
သည်တော့ သူက …
'ကျုပ် ကလေးပဲဗျာ၊ ကျုပ် လိုချင်ယင် ကျုပ် ရ ရမှာပေါ့' ဟု ပြောပါ၏။
ကလေးကိစ္စ ပြဿနာ မပေါ်မီမှာပင် အစ္စဗယ်လာသည် ကွယ်လွန်သွားပါလေတော့သည်။ ထိုအချိန်သည် ကတ်သရင်း ကွယ်လွန်ပြီးနောက် ဆယ့်သုံးနှစ်၊ လင်တန်ကလေး ဆယ့်နှစ်နှစ်၊ ဆယ့်နှစ်နှစ်သာသာ အရွယ်ရောက်လာသောအချိန် ဖြစ်ပါ၏။
ထို လွန်ခဲ့သော ဆယ့်နှစ်နှစ်ခန့်က ကျွန်မတို့ အိမ်ကြီးသို့ အစ္စဗယ်လာ မမျှော်လင့်ပဲ ရောက်လာပြီး နောက်ရက်များတွင် ကျွန်မသည် အစ္စဗယ်လာနှင့် ပတ်သက်၍ သခင့်အား ပြောပြရန် အခွင့်မသာခဲ့ပါချေ။ သူကိုယ်တိုင်ကလည်း မည်သူနှင့်မှ စကားစပ်ချင်ပုံ မရပါ။ သို့သော် သူ စိတ်လိုလက်ရ ရှိလာသောအခါတွင် ကျွန်မက သူ့ညီမ ဟိကလစ်ကို စွန့်ပစ်သွားကြောင်း ပြောပြရာ သူ ထိုသတင်းကို ကြားရသဖြင့် စိတ်ချမ်းသာသွားပုံရပါသည်။ ဟိကလစ်နှင့် ပတ်သက်၍ သခင်လင်တန်သည် အတော်ကြီး စက်ဆုပ်ရွံရှာ မုန်းတီးသွားသည်ဖြစ်ရာ ဟိကလစ်ကို တွေ့ရမည့် နေရာ၊ ဟိကလစ် အကြောင်း ကြားရမည့်နေရာ ဟူသမျှကို ရှောင်ပါလေတော့သည်။ ဟိကလစ်ကို ရှောင်ကွင်းလိုသော စိတ်နှင့်အတူ ကွယ်လွန်သူ ဇနီးအတွက် ပူဆွေးသောကကြောင့် လူအများကို ရှောင်ဖယ်၍ တကိုယ်တည်းသာ နေနေပါလေတော့၏။ နေ့စဉ် အလုပ်တာဝန်ကိုလည်း မလုပ်တော့ပါ။ ဘုရားရှိခိုးကျောင်းကိုပင် မတက်သည့်အပြင် ရပ်ထဲရွာထဲက သာရေးနာရေး ကိစ္စများကိုပါ ရှောင်ကွင်းကာ သူ့ခြံဝင်းနှင့် အိမ်ထဲမှာသာ လမ်းလျှောက်တတ်ပြီး လူသူကင်းရှင်းသော နံနက်စောပိုင်းနှင့် ညနေပိုင်းတို့တွင်ကား ဇနီးဖြစ်သူ၏ သင်္ချိုင်းဂူသို့ ရောက်တတ်ပါသည်။ သူ့စိတ်သည် သူ့ဇနီး မသေသေးသကဲ့သို့ အတွေးရောက်ကာ ဇနီးနှင့်နေရသော ဘဝကိုသာ တမ်းတနေပါလေတော့သည်။
သခင်လင်တန်သည် စွဲလမ်းတပ်မက်ခြင်းနှင့် ဖြေသိမ့်မှု ရယူခြင်းတို့တွင် လက်တွေ့ဆန်သူဟု ဆိုရမည်။ စောစောပိုင်းက ကျွန်မသည် ကွယ်လွန်သူ ကတ်သရင်း၏ သမီးကလေးနှင့် ပတ်သက်၍ လင်တန်သည် ပစ်ပစ်ခါခါ ပြုထားသယောင် ထင်ခဲ့ရပါ၏။ သမီးအပေါ် အေးစက်စက်နိုင်သလို ထင်ရပါသည်။ သို့သော် နွေဦးပေါက်တွင် နှင်းများ အရည်ပျော်လွဘ်ဘိသကဲ့သို့ သူ့ အေးစက်စက် စိတ်ဓာတ်သည်လည်း အရည်ပျော်လာပါတော့သည်။ ထိုကလေး တော့တီးတော့တ မသွားတတ်မီ၊ တွယ်တီးတွယ်တာ မပြောတတ်မီမှာပင် ကလေးသည် လင်တန့်အသည်းနှလုံး ဖြစ်လာပါလေ၏။ အမည်ကိုလည်း ကတ်သရင်းဟု မှည့်ထားပါသည်။ ကတ်သရင်းဟု မည့်ထားစေကာမူ အမည်ကို အပြည့်အစုံ မခေါ်ရက်ပါ။ ဟိကလစ်က ကတ်သရင်းကို ခေါ်ခဲ့သလိုပင် ယခုလည်း သခင်လင်တန်သည် သမီးကို ကေသီဟု ခေါ်ဝေါ်သုံးနှုန်းပါလေ၏။ ဤသို့ ကေသီဟု ခေါ်ဝေါ်သုံးနှုန်းသည်မှာ အမေဖြစ်သူကို ခေါ်စဉ်ကနှင့် ကွဲလွှဲသော်လည်း သူ့စိတ်ကမူ သမီးနှင့် အမေ ဆက်စပ်နေသည်ဟု မှတ်ယူထားပါ၏။ သူ့ဇနီး အသက်ရှိစဉ်ကထက်ပင် သမီးအပေါ် ပို၍ တွယ်တာပါလေသည်။
ကျွန်မသည်လည်း သခင်လင်တန်ကို ဟင်ဒလီအန်းရှောနှင့် ယှဉ်၍လည်း ကြည့်မိတတ်ပါသည်။ သူတို့နှစ်ယောက်ကား တွယ်တာစရာ ကိုယ်စီနှင့် ဇနီးမယား ဆုံးပါးသူချင်း ဖြစ်ပါလျက် သူတို့ စိတ်နေစိတ်ထား ခြားနားပုံကို ကျွန်မက စဉ်းစားမရနိုင်အောင် ဖြစ်ရပါလေ၏။ ဤသို့သော အခြေအနေမျိုးတွင် အဘယ်ကြောင့် ထိုနှစ်ယောက်သည် ကောင်းလည်းအတူ ဆိုးလည်းအတူ အခြေအနေမျိုး မဖြစ်ကြရသနည်း။ ကျွန်မ စဉ်းစားကြည့်ပါ၏။ ကျွန်မ အမြင်ကို ပြောရလျှင် ဟင်ဒလီသည် သင်္ဘော လေမုန်တိုင်းမိရာတွင် သင်္ဘောကို စွန့်ပစ်ပြေးသော ကပ္ပတိန်မျိုး ဖြစ်ပါသည်။ သူ စွန့်ပစ်ပြေးသည့်နောက်တွင် သင်္ဘောသားတို့ကလည်း သင်္ဘောကို ထိန်းနိုင်အောင် ကြိုးစားရမည့်အစား အချင်းချင်း သတ်ဖြတ်နေကြသည့် အခြေအနေမျိုး ဖြစ်၏။ လင်တန်ကား ဤသို့မဟုတ်။ သူ့ ဝိဉာဉ်ကို သူ သစ္စာစောင့်သိသူ ဖြစ်သည်။ စိတ်ဓာတ်ကြံ့ခိုင်သူ ဖြစ်သည်။ သူသည် ဘုရားသခင်ကို သက်ဝင်ယုံကြည်၏။ ဘုရားသခင်၏ အားပေးမှုကိုလည်း ခံရ၏။ သူတို့နှစ်ယောက်ကား တယောက်က မျှော်လင့်တက်ကြွပြီး တယောက်က စိတ်ပျက်အားငယ်နေသူများသာတည်း။
ဤသည်မှာ ထိုနှစ်ယောက်နှင့် ပတ်သက်၍ ကျွန်မ သုံးသပ်မိသည်ကို ပြောပြခြင်း ဖြစ်ပါသည်။ မစ္စာလော့ဝု၊ ကျွန်မ အထင်အမြင်ကို မစ္စတာလော့ဝု သဘောမတူနိုင်လျှင် ကိုယ်တိုင် သုံးသပ်ကြည့်နိုင်ပါသည်။
ဤသို့ဖြင့် ခြောက်လမျှသော ကာလအတွင်း ကျွန်မတို့အိမ်ကြီး နှစ်အိမ်မှာ ဘာသတင်းမျှ မကြားရ။ မည်သည့် အဆက်အဆံမျှ မရှိပဲနေခဲ့ပြီး တနေ့တွင် ဆရာဝန် ကင်းနက်သည် သခင်လင်တန်ထံသို့ သတင်းတရပ်ပေးရန် ရောက်လာခဲ့ပါလေသည်။
တမနက်ခင်းတွင် ဖြစ်ပါသည်။ ဆရာဝန် ကင်းနက်သည် မြင်းကို စီးလျက် ကျွန်မတို့ ခြံကြီးထဲသို့ ဝင်လာပြီး ကျွန်မကို တွေ့သည်နှင့် ….
'ဪ နယ်လီပါလား၊ သည်တကြိမ်တော့ ခင်ဗျားရော၊ ကျွန်တော်ရော အသုဘ အခမ်းအနား တက်ကြရလိမ်မယ်ဗျို့၊ ဒီတခါ ဘယ်သူ့အလှည့်လို့ ခင်ဗျားထင်သလဲ' ဟု ပြောလာပါ၏။
'ဘယ်သူလဲဟင်' ကျွန်မလည်း ပျာပျာသလဲ မေးလိုက်မိပါ၏။
'ခင်ဗျား တွေးကြည့်စမ်းပါ၊ ဘယ်သူဖြစ်မလဲဆိုတာ' ဟု ပြောပြောဆိုဆိုပင် ဆရာဝန်သည် မြင်းပေါ်မှ ဆင်းလိုက်ပါ၏။ မြင်းဇက်ကြိုးကို တံခါးရှိ ချိတ်တွင် ပစ်တင်လိုက်ပါသည်။
'ဟိကလစ်တော့ မဟုတ်ဘူး မဟုတ်လား'
'မဟုတ်ပါဘူး၊ ဟိကလစ်က သန်သန်စွမ်းစွမ်းကြီးပဲဟာ၊ ကျွန်တော် တွေ့ခဲ့သေးတာပဲ၊ ကနေ့များ ပိုပြီး လန်းလန်းဆန်းဆန်း ဖြစ်နေသေးတယ်ဗျ'
'ဒါဖြင့် ဘယ်သူလဲ မစ္စာ ကင်းနက်ရဲ့'
"ဘယ်သူရမလဲဗျ၊ ဟင်ဒလီအန်းရှောပေါ့၊ ခင်ဗျား သူငယ်ချင်း ဟင်ဒလီပေါ့ဗျာ၊ ကျွန်တော် သူ့ကို အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်ဗျာ၊ ဒါပေမယ့် သူ ဂရုမစိုက်ဘူး၊ ဒီအရက်ကြောင့်ပဲ သူ့ အသက်ဆုံးရှုံးတာပေါ့၊ စိတ်မကောင်းစရာပါပဲ၊ ကျွန်တော်တို့အဖို့ မိတ်ဆွေတယောက် ဆုံးရှုံးရတာပဲပေါ့ဗျာ၊ တကယ်တော့ ငယ်ငယ်ရွယ်ရွယ် ရှိသေးတာ၊ ရှိလှ နှစ်ဆယ့်ခုနှစ်နှစ်ပေါ့၊ ခင်ဗျားနဲ့ ရွယ်တူမဟုတ်တာ ခင်ဗျားတို့နှစ်ယောက် တနှစ်တည်း မွေးခဲ့ကြတာပဲလေ'
ထိုစကားကြောင့် ကျွန်မအဖို့ မစ္စက်လင်တန် ကွယ်လွန်စဉ်ကာ ပို၍ စိတ်ထိခိုက်ရပါလေတော့သည်။ ငယ်စဉ်က အဖြစ်အပျက်များသည် နှလုံးသည်းပွတ်တွင် ခိုအောင်းလာပါလေတော့သည်။
ကျွန်မသည် အိမ်အဝင်ဝတွင် ထိုင်ချလိုက်ပြီး သွေးရင်းသားရင်း တယောက် ကွယ်လွန်ကြောင်း သတင်းကို ကြားရဘိသကဲသို့ အားရပါးရ ငိုချလိုက်မိပါ၏။ အစေခံတယောက်အားလည်း ဆရာဝန် ကင်းနက်အား သခင့်ထံ ခေါ်သွားစေရပါလေသည်။
ကျွန်မသည် ဟင်ဒလီ သေဆုံးရခြင်းအတွက် စိတ်မကောင်း ဖြစ်ရုံသာမဟုတ်ပါ။ သေချိန်မတန်ပဲ သေရသည်ဟု မှတ်ယူကာ စိတ်ထဲမှာ မကျေမလည် ဖြစ်ပါသေးသည်။ ထိုစိတ်ကြောင့် ကျွန်မမှာ ကြိတ်မနိုင် ခဲမရလည်း ဖြစ်ရပါ၏။
ကျွန်မသည် သခင်လင်တန်ထံတွင် လေထန်ကုန်းအိမ်ကြီးသို့ သွား၍ ကျွန်မ သူငယ်ချင်း၏ နောက်ဆုံး အသုဘကိစ္စကို ကူညီဆောင်ရွက်နိုင်ရန် ခွင့်တောင်းရပါလေတော့သည်။ ပထမတွင် မစ္စတာ လင်တန်သည် ကျွန်မကို လေထန်ကုန်းအိမ်သို့ သွားစေချင်ပုံ မပေါ်ပါ။ ကျွန်မသည် ဟင်ဒလီခမျာမှ အပေါင်းအသင်း မရှိရှာပဲ ကွယ်လွန်ရသည်ဖြစ်ကြောင်း၊ ဟင်ဒလီမှာ ကျွန်မ၏ သခင်ဟောင်းတဦး ဖြစ်သည့် မောင်နှမလို နေထိုင်ခဲ့ကြသူများ ဖြစ်၍ သူ့ အသုဘကိစ္စကို သွားရောက် ဆောင်ရွက်ပေးသင့်ကြောင်း ပြောပြပြီး ဟင်ဒလီ၏ အသုဘသို့ သွားရန် တောင်းပန်ရပါ၏။ ထို့ပြင်လည်း ဟယ်ယာတန် ကလေးမှာ သခင့်ဇနီး၏ တူကလေး ဖြစ်သည့်အလျောက် ယခုလို ဆွေမဲ့မျိုးမဲ့ ဖြစ်ရသော အချိန်တွင် သခင်လင်တန်ကသာ ခေါ်ယူ စောင့်ရှောက်သင့်ကြောင်း၊ သခင် လင်တန်အနေနှင့် သူ့ ယောက်ဖတွင် မည်သည့် ပစ္စည်းများ ကျန်ရစ်ခဲ့သည်ကို စုံစမ်းပြီး ဟယ်ယာတန်ကလေး ဆက်ခံရပိုင်ခွင့် ပစ္စည်းများ ကိစ္စကို ဆောင်ရွက်သင့်ကြောင်းလည်း ရှင်းပြရပါ၏။
ထိုအခါကျမှပင် သခင်လင်တန်သည် ဟင်ဒလီ၏ ပစ္စည်းကိစ္စကို ဝတ်လုံနှင့် ညှိနှိုင်းဆောင်ရွက်ရန် ပြောပြီး ကျွန်မအားလည်း လေထန်ကုန်းအိမ်ကြီးသို့ သွားခွင့်ပြုပါလေတော့သည်။
သခင်လင်တန်၏ ဝတ်လုံမှာ မစ္စတာ အန်းရှော၏ ဝတ်လုံနှင့် တယောက်တည်းပင် ဖြစ်ပါသည်။ ကျွန်မသည် ရွာဘက်သို့သွား၍ ဝတ်လုံအား အကျိုးအကြောင်း ပြောပြပြီး ကျွန်မနှင့်အတူ လိုက်ခဲ့ရန် ခေါ်ပါ၏။ ထိုအခါ ဝတ်လုံက ခေါင်းကို ယမ်းပြီး လေထန်ကုန်း၌ ဟိကလစ်ကိုသာ နေထိုင်ခွင့်ပြုရန်နှင့် အမှန်ကိုသိလျှင် ဟယ်ယာတန်ကလေးခမျာမှာ သူတောင်းစားသာသာ အခြေအနေတွင် ကျန်ရစ်ခဲ့ခြင်းဖြစ်ကြောင်း ကျွန်မအား ရှင်းပြပါ၏။
"ကလေးရဲ့အဖေ ဆုံးတော့ ကလေးအဖေမှာ ကြွေးတွေနဲ့ ခင်ဗျာ၊ သူ့ပစ္စည်း အားလုံးကလဲ ကြွေးနဲ့ ဆုံးပြီး ဖြစ်နေတယ်ဗျာ၊ ဒီတော့ ကျန်ရစ်တဲ့ ကလေးအနေနဲ့က ဟိကလစ်ဆီက သက်ညှာခွင့်တောင်းခံရုံပဲ ရှိပါတယ်"
ထို့ကြောင့် ကျွန်မသည် ဝတ်လုံထံမှ တဆင့် လေထန်ကုန်အိမ်သို့ လာခဲ့ပြီး အသုဘကိစ္စများကို ဆောင်ရွက်ရန် လာခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြရပါ၏။ ဂျိုးဆက်သည်လည်း ဟင်ဒလီအတွက် အတော် စိတ်မကောင်း ဖြစ်နေပုံရပါ၏။ သို့သော် ကျွန်မ ရောက်လသည့်အတွက်ကား သူ အားတက်မိကြောင်း သိသာပါ၏။ မစ္စတာ ဟိကလစ်သည် ကျွန်မ ရောက်လာသည်ကို သဘောမကျသော်လည်း ကျွန်မအနေနှင့် အသုဘကိစ္စကို ကူညီဆောင်ရွက်လိုက ဆောင်ရွက်နိုင်းကြောင်း ပြောပါ၏။
"အမှန်ပြောရယင် ဘာအခမ်းအနားမှ လုပ်မနေပဲ ဒီလူ့ အလောင်းကို ဆွဲချ မြှုပ်နှံ ပစ်လိုက်ဖို့ ကောင်းတာဗျ၊ မနေ့က အဖြစ်ကိုပဲ ကြည့်ဗျာ၊ ကျုပ် ဆယ်မိနစ်လောက် အပြင်ထွက်သွားတယ်၊ ကျုပ် မရှိတုန်းမှာ ကျုပ်အိပ်ထဲ မဝင်နိုင်အောင်ဆိုပြီး တံခါးတွေ အကုန်ပိတ်ထားလိုက်တယ်၊ အဲဒီမှာ သူ တညလုံး အရက်တွေကို အလွန်အကျွံ သောက်ပစ်တယ်၊ ဒီမနက် ကျုပ် တံခါးတွေချိုးပြီး အိပ်ထဲဝင်တော့ ဒီလူဟာ ခုံတန်းလျားပေါ်မှာ လဲကျပြီး တရှူးရှူး ဖြစ်နေပြီ၊ သူကို ရိုက်နိုးတာတောင် သူ မနိုးတော့ဘူး၊ ဒါနဲ့ ကျုပ်လဲ ကင်းနက်ကို အခေါ်ခိုင်း လိုက်ရတယ်၊ ဆရာဝန်ရောက်လာတော့ ဒီကောင် အေးစက်တောင့်ခဲပြီး သေနေပြီ"
ဂျိုးဆက်ကလည်း သူ့သခင် အသက်ဆုံးရှုံးရပုံကို...
“ငါလဲ ဆရာဝန်သွားခေါ်ဖို့ ထွက်လာခဲ့တယ်၊ ငါထွက်လာတုန်းက သခင် မသေသေးဘူးဟ၊ အဲဒီတုန်းက ငါသာ သခင်နားမှာ ရှိနေယင် သခင်ဟာ သေချင်မှ သေမှာပါ၊ ငါ ဆရာဝန်ခေါ်ပြီး ပြန်လာတော့ သခင်ဟာ အသက်မရှိတော့ဘူး" ဟု ပြောပြပါ၏။
ကျွန်မသည် ဟင်ဒလီ၏ အသုဘအခမ်းအနားကို တင့်တင့်တယ် ဖြစ်အောင် ပြင်ဆင်ပါ၏။ ဟိကလစ်ကမူ အခမ်းအနားကို ကျွန်မ စိတ်တိုင်းကျ ဆောင်ရွက်နိုင်ကြောင်း၊ သို့သော် ကုန်ကျသမျှ စရိတ်မှာ သူ့အိတ်ထဲကချည်း ဖြစ်ကြောင်း ပြောပါသေး၏။ ဟိကလစ်သည် ဟင်ဒလီ ကွယ်လွန်သွားခြင်းနှင့် ပတ်သက်၍ ဝမ်းလည်း မနည်း ဝမ်းလည်းမသာဟန် အမူအရာဖြင့် ခပ်တည်တည် နေခဲ့ပါ၏။ ဟင်ဒလီ၏ ရုပ်အလောင်းကို သယ်ဆောင်လာသော အခါတွင်မူကား အသုဘပို့သူ တယောက်အဖြစ် လိုက်ခဲ့ပါ၏။
အသုဘကိစ္စများ ပြီးသော် ဟိကလစ်သည် ဟယ်ယာတန် ကလေးကို ချီ၍ သူရှေ့စားပွဲပေါ်တွင် တင်လိုက်ပြီးနောက် ကလေးကို အားရပါးရကြည့်ကာ….
“ဟေ့… ချာတိတ်၊ ခုအချိန်ကစပြီး မင်းဟာ ငါ့လက်ထဲ ရောက်ပြီကွ၊ တနေ့မှာ မင်းလဲ မင်းအဖေလို ဒီပုတ်ထဲက ဒီပဲမျိုး ဖြစ် မဖြစ် စောင့်ကြည့်ရသေးတာပေါ့ကွာ” ဟု ကျေနပ်အားရလှသော အသံဖြင့် ပြောလိုက်ပါလေ၏။
ကလေးကမူ ဟိကလစ် ဘာဆိုလိုသည်ကို သဘောမပေါက်ပါ။ ဟိကလစ် မုတ်ဆိတ်မွှေးကိုပင် ဆွဲပြီး ကစားနေလိုက်ပါသေး၏။
ကျွန်မကမူ ဟိကလစ် ဘာဆိုလိုသည်ကို နားလည် သဘောပေါက်သည့်အလျောက် …
"ဒီကလေးက ရှင်နဲ့ဘာမှ မဆိုင်ပါဘူး၊ ကျွန်မ သူ့ကို သရုတ်ကရော့ အိမ်ကြီးကို ခေါ်သွားမယ်" ဟု ပြောချလိုက်ပါသည်။
'လင်တန်က ခေါ်ခဲ့ဖို့ ပြောသလားဗျ'
'ဟုတ်တယ်၊ သူ့တူကို သူ့ဆီ ခေါ်ခဲ့ဖို့ မှာလိုက်တယ်”
“ကောင်းပြီလေ၊ ခု လောလောဆယ်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အငြင်းမပွားချင်ပါဘူး၊ ဒါပေမယ့် ကျုပ်က ကလေး တယောက်ယောက် ရချင်နေတာဗျ၊ ဒီတော့ ခင်ဗျားသခင်ကို ပြောလိုက်ပါ၊ ဒီကလေးကို ခင်ဗျား ယူချင်ယူပါလို့၊ အဲဒီလို ဒီကလေးကို သူ ယူယင် ကျုပ် အနေနဲ့ကလဲ ကျုပ်သားကို ကျုပ်ပြန်ခေါ်ရမှာပဲ၊ ဟယ်ယာတန်အတွက် ကျုပ် လုမနေပါဘူး၊ ဟယ်ယာတန် ကလေးအစား တယောက်က လာလိမ့်မပေါ့ဗျာ၊ အဲဒါကိုသာ ခင်ဗျားသခင်ကို ပြောပြဖို့မမေ့နဲ့ဗျာ”
သူ့လေသံမှာ ကြမ်းတမ်း ရိုင်းစိုင်းလှပါသည်။
သူ ဘာဆိုလိုသည်ကို ကျွန်မ နားလည်ပါ၏။ သူ့သားကို သူခေါ်ယူမည်ဆိုခြင်းမှာ အစ္စဗယ်လာ၏ သားကို ခေါ်ယူမည်ဟု ဆိုလိုကြောင်းကို ပြောခြင်းပင်။ ကျွန်မလည်း အိမ်ကြီးသို့ ပြန်ရောက်သည်နှင့် ထိုအကြောင်းကို သခင်လင်တန်အား ပြောပြလိုက်ရာ သခင်လင်တန်သည် သူ့တူလေးကိစ္စနှင့် ပတ်သက်၍ ဘာမျှ မပြောတော့ပါ။
ယခုကား ဧည့်သည်တဦးအဖြစ် ရောက်လာခဲ့သော ဟိကလစ်သည် လေထန်ကုန်းအိမ်ကြီး၏ အရှင်သခင် ဖြစ်လာခဲ့ပါလေပြီ။ ဟိကလစ်သည် ဟင်ဒလီအန်းရော ပိုင်ဆိုင်ခဲ့သမျှ ပစ္စည်း၊ အိမ်ခြေ၊ ယာမြေ အလုံးစုံကို သူ့လက်ဝယ်သို့ ရောက်ပြီဖြစ်ကြောင်း စာချုပ် အထောက်အထားများကို ပြပါလေတော့သည်။ အထူးသဖြင့် လင်တန် ရှင်းလင်း သဘောပေါက် သွားစေရန် ဖြစ်ပါ၏။ ဟင်ဒလီကား ဖဲအကစားမက်သဖြင့် သူပိုင် စ္စည်းများကို ဆုံးရှုံးရလေပြီ။
ဤနည်းအားဖြင့် ဟယ်ယာတန်ကလေးမှာ သူ့အဖေ အပေါ် အခဲမကြေနိုင် ရန်ငြိုးကြီးစွာသော ရန်သူအပေါ် မှီခိုရသော ဘဝသို့ ကျဆင်းရလေတော့သည်။ သူ့အိမ်မှာပင် အစေခံ ဘဝဖြင့် အခွင့်အရေးမဲ့ တကောင်ကြွက်အဖြစ် ကျရောက်ရလေပြီကို သူကိုယ်တိုင် မသိရှာပါတကား။
အခန်း [ ၁၈ ]
စိတ်မချမ်းမြေ့ဖွယ်ရာသော ထိုကာလကို လွန်မြောက်ပြီးနေတဲ့ ဆယ့်နှစ်နှစ်တာ ကာလသည် ကျွန်မဘဝတွင် အပျော်ရွှင်ရဆုံးသောကာလ ဖြစ်ပါ၏။ ကက်သရင်းကလေး ငယ်ငယ်ရွယ်ရွယ် ဘဝ အခြား ကလေးများနည်းတူ ဖျားသည့် နာသည့် အခါမျိုးလောက်သာ ကျွန်မ စိတ်ညစ်ရတတ်ပါသည်။ သို့သော် ကက်သရင်းကလေးသည် ခြောက်လ အရွယ်မှစ၍ ကျန်းကျန်းမာမာ ဖြစ်လာပါ၏။ လမ်းလျှောက်သည့် အရွယ်၊ စကားပြောသည့် အရွယ်တို့တွင်လည်း မှန်မှန်ကန်ကန် တတ်မြောက်လာခဲ့ပါ၏။ တော့တီး တော့တ လျှောက်တတ်သော အရွယ်နှင့် တွတ်တီးတွတ်တာ ပြောတတ်သော အရွယ်တွင် ကက်သရင်းကလေးသည် မီးဖိုဘေး၌ မစ္စက်လင်တန် ဒုတိယအကြိမ် ပြန်လည် မွေးဖွားလာသလို ထင်လာရပါ၏။
ကက်သရင်း ကလေးသည် တအိမ်လုံး၏ ပျော်ရွှင်ချမ်းမြေ့မှုကို ဖန်တီးသူကလေး ဖြစ်လာပါသည်။ သူ့ မျက်နှာကလေးမှာ အန်းရှော မျိုးနွယ်တို့၏ နက်မှောင်လှပသော မျက်လုံးများ ဖြစ်ပြီး အသားအရေကား လင်တန်မျိုးနွယ်တို့၏ ဖြူဝင်းသော အသားအရေမျိုး ဖြစ်သည်။ ဆံပင်သည်လည်း အဝါရောင် ဆံပင်တွန့်ကလေးများဖြင့် ကက်သရင်းကလေးသည် တကယ့်အလှကို ဆောင်လာပါလေ၏။
ကက်သရင်းကလေး၏ စိတ်ကောင်း၊ သဘောကောင်းပုံသည် ကျွန်မအား သူ့အမေကို ပြန်လည် သတိရစေ၏။ ကက်သရင်းကလေးသည် စိတ်သဘောထားအားဖြင့် သူ့အမေနှင့် တထပ်တည်း ဟူ၍ကား မဆိုသာပါ။ စိတ်နှလုံးကား ချိုးငှက်ကလေးတကောင်လိုပင် သိမ်းမွေ့နူးညံ့ လှပါသည်။ သူ့အသံကလေးသည် သာယာချိုလွင်လှပါ၏။ အမူအရာကား တွေငေးနေသေယောင် ရှိတတ်လေသည်။ သူသည် ဒေါသမကြီးတတ်ပါ။ သူ့မေတ္တာသည် နူးညံ့သိမ်မွေ့ လေးနက်လှပါ၏။ တခါတခါ မထီလေးစားလုပ်ချင်သည့် စိတ်မျိုးတော့ ရှိပါသည်။
ကတ်သရင်းကလေးကို အစေခံတယောက်ယောက်က စိတ်နှင့် မတွေ့အောင်လုပ်လျင်ကား 'အဖေ့ကို တိုင်ပြောလိုက်မယ်နော်' ဟု ဆိုတတ်ပါသည်။ ကတ်သရင်းကလေးနှင့် ပတ်သက်၍ သူ့အဖေနား ပေါက်သွားလျှင်တော့လည်း အစေခံ တယောက်အဖို့ မသက်သာပါ။ သခင်လင်တန်ကိုယ်တိုင်ကလည်း သူ့သမီးကို ဆူလားပူလား လုပ်ပုံ မပေါ်ပါ။ ပညာသင်ကြားရာတွင်လည်း သမီးကို ကိုယ်တိုင် သင်ပေးပါ၏။ သမီးပျင်းနေလျှင်လည်း ကိုယ်တိုင်ပင် ဖျော်ဖြေပေးပါလေသည်။ ကတ်သရင်းကလေးကလည်း ပညာသင်ကြားရာတွင် ထက်ထက်သန်သန် တက်တက်ကြွကြွ ရှိလှပါ၏။
ကတ်သရင်းကလေးမှာ အသက်ဆယ့်သုံးနှစ် အရွယ်ရောက်လာသည့်အထိ အများအားဖြင့် အိမ်ဝင်းကြီး အပြင်ဘက်သို့ မရောက်ဖူးပါ။ တခါတရံမှသာ မစ္စတာလင်တန်က သူ့သမီးကို ခေါ်ပြီး ခြံပြင်ဘက်သို့ လမ်းလျှောက်လေ့ရှိပါ၏။ မစ္စတာလင်တန်သည် သူ့သမီးကို သူနှင့် မဟုတ်လျှင် ခြံပြင်ဘက်သို့ ထွက်ခွင့်မပြုပါ။ ကတ်သရင်းကလေးသည် ဂျင်မာတန်ဟူသော အမည်ကိုပင် မကြားဖူးပါ။ သူ့အိမ်မှအပ သူရောက်ဖူးသော နေရာဟူ၍ ဘုရားရှိခိုးကျောင်းသာ ရှိပါသည်။ လေထန်ကုန်အိမ်နှင့် ဟိကလစ် အကြောင်းကိုလည်း သူ ဘာမျှ မသိပါ။ ကတ်သရင်းကလေးကား တကယ့် အထီးကျန်ဘဝဖြင့် ကြီးပြင်းလာခဲ့ရသူ ဖြစ်ပါသည်။ တခါတရံတွင် သူသည် သူ့အခန်း ပြတင်းမှနေ၍ ….
'ဟိုတောင်ကုန်းတွေဆီ လမ်းလျှောက်သွားယင် ဘယ်လောက်ကြာမလဲ အယ်လင်၊ အဲဒီတောင်ကုန်းတွေရဲ့ ဟိုဘက်မှာက ဘာရှိလဲဟင်၊ ပင်လယ်ကြီးလား' ဟူ၍ စူးစမ်းတတ်ပါ၏။
'မဟုတ်ဘူး သမီးကလေးရဲ့၊ အဲဒီတောင်ကုန်းတွေရဲ့ ဟိုဘက်မှာလဲ အဲဒီလို တောင်ကုန်းတွေပဲ ရှိတာပေါ့' ဟု ကျွန်မ ဖြေရပါသည်။
'ဟို ကျောက်တောင်ကြီးတွေကကော အယ်လင်'
မတ်မတ်စောက်စောက်ကြီး ဖြစ်နေသော ပင်နီစတန် ကျောက်တောင်ကြီးများသည် သူ့အာရုံတွင် စိတ်ဝင်စားစရာ ဖြစ်သွားရပါ၏။ နေဝင်ချိန်များ၌ ထိုကျောက်တောင်ကြီးများသည် မားမားမတ်မတ် ရှိနေပြီး အရိမ်များ ထိုးကျနေတတ်ပါသည်။ ကျွန်မလည်း သူကလေးအား ဤကျောက်တောင်ကြီးမှားမှာ ကျောက်သားပကတိဖြစ်ပြီး သစ်ပင်ကြီးတွေလို မားမားမတ်မတ် တည်ရှိနေခြင်းဖြစ်ကြောင်း ရှင်းပြရပါလေ၏။
'အဲဒါကြီးတွေက နေဝင်သွားပြီးတဲ့အထိ ဘာကြောင့် အရောင်တောက်နေတာလဲဟင်'
'သူတို့က သိပ်မြင့်ကြတာကိုးကွဲ၊ သိပ်ပြီး မတ်စောက်လွန်းတော့ တက်လို့တောင် မရဘူး၊ ဆောင်းဝင်လာပြီဆိုယင် တို့များဆီမှာ နှင်းမကျသေးပေမယ့် အဲဒီကျောက်တောင်ထိပ်တွေမှာ နှင်းတွေ ဖွေးနေတတ်တယ်၊ နွေရောက်လာတဲ့ အချိန်မှာတောင် အဲဒီကျောက်တောင်ကြီးရဲ့ အရှေ့မြောက်ဘက်က ချောင်းတွေထဲမှာ နှင်းတွေကို တွေ့ရတတ်သေးတယ်'
'အိုး၊ အယ်လင်က အဲဒီရောက်ဖူးတာကိုး၊ ကျွန်မလဲ ကြီးလာယင် အဲဒီကို သွားနိုင်မှာပဲ၊ ဖေဖေကော အဲဒီကို ရောက်ဖူးလားဟင်'
ထိုစကားကြောင့် ကျွန်မလည်း ပျာပျာသလဲပင်
'အဲဒီနေရာဟာ အန္တရာယ်များကြောင့် သမီးလေး ဖေဖေက ပြောပြပါလိမ့်မယ်၊ တကယ်တော့ သမီးနဲ့ သမီးဖေဖေ လမ်းလျှောက်တဲ့ ကွင်းလောက်ပဲ သွားလို့လာလို့ ကောင်းတာကွဲ့၊ အမှန်ကတော့ သရက်ကရော့ခြံကြီးသာ ကမ္ဘာပေါ်မှာ အကောင်းဆုံးနေရာပါကွယ်'
'ကျွန်မက ဒီခြံကြီးအကြောင်း သိပြီးသားပဲ၊ အဲဟိုဘက်က နေရာတွေ အကြောင်းသာ မသိတာ၊ အဲဟိုဘက်က နေရာတွေကို ရောက်ဖူးချင်လိုက်တာ၊ တနေ့ကျယင်တော့ ကျွန်မ မြင်းကလေး ပင်နီနဲ့ အဲဒီနေရာတွေကို သွားဦးမယ်'
တခါတွင် အစေခံတယောက်က ထိုကျောက်တောင်ကြီးများမှ လိုဏ်ဂူတခု အကြောင်းကို ပြောလိုက်ရာ ကတ်သရင်းကလေးမှာ အထူးပင် စိတ်ဝင်စားသွားပြီး သူ့အဖေအား ထိုနေရာသို့ သွားရန် ပူဆာပါလေတော့သည်။ ထိုအခါ မစ္စတာ လင်တန်က သမီးအား ကြီးလာလျှင် သွားရမည်ဖြစ်ကြောင်း ကတိပေးပါလေ၏။ ထိုအခါမှစ၍ ကတ်သရင်းကလေး သူ့အရွယ်ကို မှန်းဆလာပြီး 'ခု ကျွန်မ ကြီးလာပြီနော်၊ ပင်စတန်ကျောက်တောင်တွေဆီသွားယင် ရပြီပေါ့နော်' ဟု တဖွဖွ ပြောတတ်လာပါ၏။ ထိုနေရာသို့ သွားရာ လမ်းကား လေထန်ကုန်းအိမ်ကြီးနှင့် ကပ်လျက်တည်ရှိပါသည်။ အက်ဂါလင်တန်သည် ထိုနေရာကို ဖြတ်သွားချင်လှသူ မဟုတ်ပါချေ။ ထို့ကြောင့် သမီး နားပူနားဆာ လုပ်တိုင်း 'ငယ်ပါသေးတယ် သမီးရယ်၊ သမီး ငယ်ပါသေးတယ်' ဟု ပြောတတ်စမြဲ ဖြစ်ပါလေသည်။
အစ္စဗယ်လာသည် သူ့ခင်ပွန်းကို စွန့်ခွာပြီး ဆယ်နှစ်နှစ်ကျော်ကျော် အရပ်တပါး၌ သွားရောက်နေထိုင်ကြောင်း ကျွန်မ ပြောခဲ့ပါပြီ။ စင်စစ် သူတို့ သားအမိနှစ်ယောက်စလုံးမှာ ကျန်းမာရေး မကောင်းလှပါ။ နောက်ဆုံးတွင် သူ မည်သည့် ရောဂါဝေဒနာ ခံစားရသည်ကို ကျွန်မ အသေအချာ မသိပါ။ သူ မသေခင် လေးလလောက်တါင် သူ့အစ်ကိုဆီသို့ စာရေးခဲ့ပါသည်။ စာတွင် သူ မကွယ်လွန်မီ ဆောင်ရွက်စရာရှိသည်များကို ဆောင်ရွက်ရန်၊ သူ့အစ်ကိုအား နှုတ်ဆက်စကားဆိုရန်နှင့် သူ့သားကလေး လင်တန်ကို အစ်ကို့လက်သို့ ပေးအပ်ခဲ့ရန်တို့ပါပါသည်။ အစ္စဗယ်လာသည် သားကလေးကို သူ့ဦးကြီး လက်မှာသာ ထားခဲ့ရန် ရည်ရွယ်ထားပြီး ဖြစ်ဟန်တူပါသည်။ သူ့ခင်ပွန်း လက်တွင် ထားခဲ့ရန်ကိုကား နည်းနည်းမျှ စိတ်ကူးခဲ့ပုံ မပေါ်ပါ။
အက်ဂါလည်း ညီမဖြစ်သူထံ လိုက်သွားရန် စီစဉ်ပါလေ၏။ ထိုအခါ ကျွန်မအား ကတ်သရင်းကို အထူးဂရုစိုက်ရန်နှင့် ကျွန်မပါသည့်တိုင်အောင် ကတ်သရင်းအား ခြံကြီးအပြင်ဘက်သို့ ထွက်ခွင့်မပြုရန် တဖွဖွမှာပါသည်။ သို့သော် အက်ဂါသည် အဖော်မပါပဲ သူ့သမီး ခြံကြီးအပြင်သို့ ထွက်သွားမည့်အရေးကိုကား မမှန်းဆခဲ့ပါ။
ဤသို့ဖြင့် အက်ဂါသည် ရက်သတ္တသုံးပတ်ကြာ ခရီးသွားခဲ့ပါသည်။ ပထမ တရက် နှစ်ရက်တွင်ကား ကတ်သရင်းကလေးသည် ကျွန်မ မျက်စိအောက် စာကြည့်ခန်းထောင့်၌ စာဖတ်လိုက် ကစားလိုက်နှင့် နေနေခဲ့ပါ၏။ သို့သော် သူပျော်ပိုက်ပုံ မပေါ်ပါ။
နွေရာသီ ရောက်လာပြီဖြစ်၍ လောကသည် သာတောင့်သာယာ ဖြစ်လာပါသည်။ ကတ်သရင်းကလေးသည် အိမ်ထဲမှာ ကြာကြာမနေတော့ပဲ ခြံထဲမှာသာ လှည့်လည်နေပါ၏။ တခါတရံ ထမင်းစားချိန်နှင့် လက်ဖက်ရည်သောက်ချိန်များ၌ပင် အိမ်ထဲသို့ ပြန်ဝင် မလာတော့ပါ။ သို့သော် ကျွန်မ သူ့အတွက် မစိုးရိမ်ပါ။ အကြောင်းက အိမ်ဝင်းတံခါးများမှာ အများအားဖြင့် ပိတ်ထားသောကြောင့်တည်း။
တနေ့တါင် ကတ်သရင်းကလေးသည် သူတို့သည် အာရပ် ကုန်သည်တဦး သဲကန္တာရအတွင်း လှည့်လည်တမ်း ကစားကြမည်ဖြစ်၍ သူတို့ခရီးအတွက် ရိက္ခာပေးရန် တောင်းခံလာပါ၏။ ခြံထဲမှာ ခွေးတွေနဲ့ ကစားရန်ပဲဟု သဘောထားကာ ခွေးသုံးကောင်နှင့် သူ့အတွက် ရိက္ခာများ ထည့်ပေးလိုက်ပါသည်။ ထိုအခါ ကတ်သရင်းကလေးသည် သူ စီးနေကျ မြင်းကလေးဘေးတွင် ရိက္ခာတောင်းကလေးကို ဆွဲချိတ်ကာ မြင်းပေါ်သို့ တက်၍ ဒုန်းစိုင်းသွားပါလေ၏။ ကျွန်မက မြင်းကို ဒုန်းမစီးဖို့နှင့် စောစောပြန်လာဖို့ မှာသည်ကိုပင် လှောင်သွားလိုက်ပါသေး၏။
သို့သော် လက်ဖက်ရည် သောက်ချိန်အထိ သူ ပြန်မလာချေ။ သူနှင့် ပါသွားသော ခွေးကြီးတကောင်သာ ပြန်လာပါလေ၏။ သို့သော် ကေသီနှင့် သူ စီးသွားသော မြင်းကလေးနှင့် အခြား ခွေးကလေးနှစ်ကောင်ကား ပြန်မလာကြပါပေ။ ကျွန်မလည်း မနေသာတော့ပါ။ အိမ်ထဲက အစေခံများကို အနှံ့လွှတ်၍ ရှာဖွေစေရပါ၏။ နောက်ဆုံးတွင် ကျွန်မကိုယ်တိုင် မနေသာတော့ပဲ သူ့ကို ထွက်ရှာရပါလေတော့သည်။ ကျွန်မတို့ ခြံကြီးအစပ်ရှိ စိုက်ခင်းတွေထဲမှာ အလုပ်သမားတယောက်ကို တွေ့သဖြင့် ကျွန်မက သူငယ်မကို တွေ့မတွေ့ စုံစမ်းကြည့်ရာ ….
'မနက်ကတော့ တွေ့လိုက်တယ်ဗျ၊ အဲဟိုဘက် ခြံစည်းရိုး ခပ်နိမ့်နိမ့် အပိုင်းကနေ မြင်းကို ဒုန်းစိုင်းပြီး ခုန်ထွက်သွားတာပဲ' ဟူသော စကားကို ကြားလိုက်ရသည်နှင့် ကျွန်မလည်း တုန်သွားပါလေတော့သည်။ သင်းကလေး ပင်နီစတန် ကျောက်တောင်ကြီးတွေဘက် သွားပြီဟု အတပ်တွေးပြီး ကျွန်မလည်း တောင်ကုန်းတွေ ရှိရာဘက်သို့ လိုက်ခဲ့ပါလေသည်။ တောင်ကုန်းတွေနား ရောက်လာသော်လည်း ကတ်သရင်းကလေးကို မတွေ့ရပါ။ ကျောက်တောင်ကြီးတွေမှာ လေထန်ကုန်းနှင့် တမိုင် ဝေးပါသည်။ ထို့ကြောင့် မမှောင်ခင် ကျောက်တောင်ကြီးတွေဆီ မရောက်မှာ စိုးပူလာပါသည်။
'ကျောက်တောင်ကြီးတွေပေါ် တက်လို့ ချော်များကျပြီး သေနေလေပြီလား၊ ကျိုးပဲ ပဲ့နေပြီလား' ဟူသော အတွေးလည်း ဝင်လာပါလေသည်။ ထိုစဉ်မှာပင် လေထန်ကုန်း အိမ်ကြီး၏ ယာတဲကလေးဘေး၌ ကတ်သရင်းကလေးနှင့် အတူ ပါသွားသော ခွေးကလေး ချာလီသည် နားရွက်မှ သွေးများ ယိုစီးလျက် ခေါင်းငိုက်စိုက်ချထားသည်ကို မြင်လိုက်ရသဖြင့် ကျွန်မလည်း အားတက်သွားပါ၏။ ထို့ကြောင့် ယာတဲ မလွယ်ပေါက်ဆီမှ အပြေးသွားကာ တံခါးကို ခေါက်လိုက်ပါသည်။ ယခင် သူ ဂျင်မာတန်မှာ နေစဉ်ကတည်းက သိကျမ်းခဲ့ပြီး မစ္စတာ အန်းရှော ကွယ်လွန်ပြီးနောက်တွင် လေထန်ကုန်းအိမ်ကြီးသို့ ရောက်လာသည့် မိန်းမတယောက် တဲကလေးထဲမှ ထွက်လာပြီး ….
'ဪ၊ ရှင် ရှင့်သခင်မကလေးကို လိုက်ရှာတယ် ထင်ပါရဲ့၊ မစိုးရိမ်ပါနဲ့ရှင်၊ သူ ကျွန်မတို့ အိမ်ကြီးထဲမှာ ရှိပါတယ်၊ ကျွန်မတို့ သခင် မရှိတုန်းမို့ ဝမ်းသာရသေးတယ်' ဟု ပြောလာပါ၏။
ကျွန်မလည်း ထိုအကြောင်းကို ကြားရသဖြင့် အမောမျှပင် မဖြေနိုင်သေးပဲ သူ့ဆီသို့ ခပ်သွက်သွက် လျှောက်သွားယင်း …
''သူမရှိဘူး၊ ဟုတ်လား' ဟု မေးလိုက်ပါသည်။
'မရှိဘူးရှင့်၊ သူရော ဂျိုးဆက်ရော အပြင်ထွက်သွားကြတယ်၊ တော်တော်နဲ့ ရောက်ကြဦးမှာ မဟုတ်ဘူး၊ အထဲဝင်ပြီး ခဏတဖြုတ် နားပါဦးလား'
ကျွန်မလည်း အိမ်ထဲသို့ ဝင်ခဲ့ရပါလေတော့သည်။ ကတ်သရင်းကလေးသည် မီးဖိုဘေး ထိုင်ခုံတင် ကုလားထိုင်ကို ပုခက်စီးသကဲ့သို့ လှုပ်လျက် ထိုင်နေပါသည်။ ကျွန်မသည် သူ့အမေ ငယ်စဉ်က ရုပ်သွင် အနေအထားကို မြင်ယောင်လာပါလေ၏။ သူသည် ဦးထုပ်ကို နံရံမှာ ချိတ်ထားပြီး သူ့အိမ်ထဲမှာ နေနေသကဲ့သို့ အေးအေးဆေးဆေးပင် ဟယ်ယာတန်နှင့် ရယ်လား မောလား စကားဆိုနေပါသည်။
ထိုအချိန်တွင် ဟယ်ယာတန်သည် အသက်ဆယ့်ရှစ်နှစ်ခန့် ရှိပြီဖြစ်၍ ထွားထွားကျိုင်းကျိုင်း ရှိလှပါသည်။ သူသည် ကတ်သရင်းကလေးကို စူးစမ်းသည့် အကြည့်ဖြင့် တအံတဩ စိုက်ကြည့်နေပါလေသည်။
ကျွန်မသည် ကတ်သရင်းကို ပြန်တွေ့ရ၍ ဝမ်းသာသည့် အဖြစ်ကို ဖုံးထားလိုက်ပြီး ….
'ဟုတ်လိုက်လေ သမီးရယ်၊ မင်းကလေးတော့လား၊ မင်း ဖေဖေ ပြန်မလာမချင်း နောက် ဘယ်တော့မှ မြင်းမစီးရတော့ဘူး မှတ်၊ ခြံထဲမှာတောင် သမီးက စိတ်မချရပဲကလား၊ တယ်ဆိုးပါကလား သမီးရယ်' ဟု ပြောလိုက်ပါ၏။
ထိုအခါ ကလေးမသည် အားရဝမ်းသာ ထပြီး ကျွန်မဘေးသို့ အပြေးလာယင်း …
'ဟယ်၊ အယ်လင်ပါကလား၊ အယ်လင့်ကို ညကျမှ ပုံတပုံ ပြောပြရဦးမယ်၊ ကဲ၊ ခု အယ်လင် ကျွန်မကို တွေ့ပြီ၊ နေပါဦး၊ ရှင် ဒိအလျင်က ဒီနေရာကို ရောက်ဖူးသလား ဟင်'
'ကဲပါ၊ ဦးထုပ်ဆောင်ပါ၊ အိမ်ကို ချက်ချင်းသွားမှ၊ ကျုပ်မှာဖြင့် ပူလိုက်ရတာ၊ ကေသီရယ်၊ ညည်းကလေး တယ်ဆိုးပါကလား၊ ကဲပါ၊ မဲ့လား ရွဲ့လား လုပ်မနေပါနဲ့၊ မစ္စတာ လင်တန်က ကျုပ်ကို အသေအချာ မှာထားခဲ့တာ၊ ညည်းအသိသားနဲ့ တိတ်တိတ်ကလေး ထွက်ပြေးရတယ်လို့၊ ညည်းကိုတော့ နောက်ဆို ယုံဖို့ အခက်သား'
သည်တော့လည်း ကတ်သရင်းကလေး ငိုပြန်ပါသည်။ ရှိုက်ယင်းကပင် …
'ကျွန်မ ဘာလုပ်လို့လဲ ဟင်၊ ဖေဖေက ကျွန်မကို မဆူပါဘူး အယ်လင်ရဲ့၊ ကြိမ်းလဲ မကြိမ်းပါဘူး၊ အယ်လင့်ကိုလဲ ကျွန်မကြောင့် ဘယ်တော့မှ အပြစ်မပြောဘူး' ဟု ပြောပြန်ပါလေ၏။
'ကဲပါအေ၊ လာ လာ၊ ဦးထုပ်ကြိုးကို ကျုပ် စည်းပေးပါမယ်၊ အလကား ကောက်မနေနဲ့၊ ညည်း အသက်အရွယ်နဲ့များ စိတ်ကောက်လား၊ စိတ်ဆိုးသလားနဲ့ ရှက်စရာကြီး'
ကျွန်မက ဦးထုပ်ဆောင်းပေးမယ် အလုပ်တွင် သူက ကျွန်မ မမီသာအောင် ခေါင်းကို ယိမ်းလိုက်သဖြင့် စောစောက အိမ်စေမကြီးက ဝင်ပြေးပါလေတော့သည်။
'မဟုတ်သေးဘူး မစ္စက်ဒင်းရဲ့၊ သူ့ကိုလဲ အပြစ် ပြောမနေပါနဲ့၊ သူ့ကို ကျွန်မတို့က ခေါ်ထားတာပါ၊ သူက ဟို ကျောက်တောင်တွေဘက် သွားချင်တယ်ဆိုလို့၊ ဟယ်ယာတန် အဖော် လိုက်ပေးခဲ့ရသေးတယ်၊ လမ်းက သိပ်ဆိုးတယ် မဟုတ်လား'
ကျွန်မတို့ စကားပြောနေချိန် တချိန်လုံးတွင် ဟယ်ယာတန်သည် ဘာမျှ ဝင်မပြောသာပဲ ဘောင်းဘီအိတ်ထဲ လက်နှိုက်ပြီး ရပ်နေပါလေ၏။ သူသည် ကျွန်မ ရောက်လာသည့်အတွက်လည်း သဘောမကျဟန် ဖြစ်နေပသည်။
ကျွန်မမှာ မနေသာတော့ပါ။ အိမ်စေမကြီး၏ စကားကို ဖြတ်၍ …
'ကဲ၊ အချိန်မရှိဘူး၊ နောက် ဆယ်မိနစ်လောက်ဆိုယင်ပဲ မှောင်တော့မယ်၊ မြင်းကလေးကော ကေသီ၊ ဟိုခွေးကလေး တကောင်ကော၊ ကဲ၊ ခပ်မြန်မြန်လုပ်ကွယ်၊ မဟုတ်ယင် ကျုပ် ညည်းကို ထားပစ်ခဲ့မှာနော်' ဟု ပြောလိုက်ရပါတော့သည်။
'မြင်းက ခြံထဲမှာပါ၊ ခွေးတကောင်ကလဲ ချာလီလိုပဲ အကိုက်ခံထားရလို့ အထဲသွင်းထားပါတယ်၊ ကျွန်မ နောက်တော့ အကုန် ပြောပြမှာပါ အယ်လင်ရယ်၊ ခု ရှင် စိတ်ဆိုးနေတုန်း ဆိုတော့ ရှင် ကြားချင်မှာလဲ မဟုတ်ဘူး'
ကျွန်မကသည် ကေသီကို ဦးထုပ်ဆောင်းပေးဖို့ ပြင်ပြန်ပါ၏။ ကေသီက ရှောင်ဖယ်ဖယ် လုပ်ပြီး နေပြန်ပါသည်။ ကျွန်မ သူ့နောက်ကို လိုက်သောအခါ သူသည် အခန်းထဲတွင် ပတ်ချာလှည့်၍ ပြေးပြန်ပါလေ၏။
ကျွန်မတို့နှစ်ယောက် ကြွက်နှင့်ကြောင်လို ဖြစ်နေပါသည်။ ဟယ်ယာတန်နှင့် အိမ်စေမကြီးတို့က ကျွန်မတို့အဖြစ်ကို ကြည့်ပြီး ရယ်လေလျှင် သူကပါ လိုက်ရော ရယ်ပါလေတော့သည်။ ကျွန်မ စိတ်မရှည်နိုင်တော့ပါ။
'ကောင်းပြီ ကေသီ၊ ခု ညည်း ရောက်နေတာ ဘယ်သူ့အိမ်လဲသိယင် ညည်း ဒီအိမ်ထဲက ချက်ချက်ထွက်သွားမှာပဲ'
'ဒါ ရှင့် အဖေအိမ် မဟုတ်ဘူးလား' ကေသီသည် ဟယ်ယာတန်ဘက် လှည့်ပြီး မေးလိုက်ပါသည်။
'မဟုတ်ဘူး' ဟယ်ယာတန်သည် မျက်နှာနီသွားပြီး ခေါင်းကို ငုံ့လိုက်ပါ၏။ စင်စစ် သူ့ အိမ်မှန်သော်လည်း သူ့အိမ်ပါဟု မဖြေသာတော့သော အခြေအနေ၌ ဟယ်ယာတန် ခမျာမှာ ကတ်သရင်းကလေးကို မျက်နှာချင်းမဆိုင်နိုင်ပဲ ရှိပါတော့သည်။
'ဒါဖြင့် ဘယ်သူ့အိမ်လဲ၊ ရှင့်သခင်ရဲ့ အိမ်လား' ကတ်သရင်းက ထပ်မေးပြန်ပါသည်။
ဟယ်ယာတန်၏ မျက်နှာသည် ပို၍ နီလာပါတော့သည်။ မျက်နှာကို လွှဲလိုက်ပါသည်။
ကေသီသည် ကျွန်မဘက်သို့ လှည့်၍ …
'သူ့ သခင်က ဘယ်သူလဲ ဟင်၊ သူက ကျွန်မတို့ အိမ်အကြောင်နဲ့ အိမ်ကလူတွေ အကြောင်း ပြောတယ် အယ်လင်ရဲ့၊ ကျွန်မက သူ့ကို ဒီအိမ်ရှင်ရဲ့ သားလို့ ထင်နေတာ၊ ဒါပေမယ့် သူက အိမ်ရှင်ရဲ့ သား မဟုတ်ယင် အစေခံပေါ့၊ အစေခံ ဆိုယင်လဲ ကျွန်မကို လေးလေးစားစား ပြောဆိုဆက်ဆံဖို့ ကောင်းတာပေါ့' ဟု ပြောပြန်ပါလေသည်။
ကတ်သရင်း၏ ကလေးဆန်ဆန် ပြောလိုက်သော စကားကြောင့် ဟယ်ယာတန်၏ မျက်နှာသည် တိမ်မည်းကြီးလို မည်းပုပ်သွားပါလေတော့သည်။ ကျွန်မသည် ကေသီအား ခေါင်းခါပြပြီး ဤနေရာမှ အမြန်ဆုံး ထွက်သွားရန် အမူအရာ ပြရပါလေသည်။
'ကဲ ကျွန်မမြင်း ထုတ်ခဲ့ပါ' ကတ်သရင်းသည် သူ့အိမ်က မြင်းဇောင်း အစေခံကလေးများကို အမိန့်ပေး စေခိုင်းသလို သူကိုယ်တိုင် မသိသော သူ၏ ဆွေမျိုးတယောက်ကို စေခိုင်းလိုက်ပါ၏။
'ကဲ၊ ဘာငိုင်နေတာလဲ၊ မြန်မြန်လုပ်လေ'
'ငါဟာ နင့်အစေခံ မဟုတ်ဘူး၊ နင်သာ အလကားဟာမလေး'
ဟယ်ယာတန်သည် ဒေါသထွက်နေလေပြီ။
'ရှင် ဘာပြောတယ်'
'ကဲပါ ကေသီရယ်၊ ရန်ဖြစ်မနေကြပါနဲ့တော့၊ မင်နီကို တို့ဘာသာ ရှာပြီး သွားကြပါစို့' ကျွန်မ ကြားဝင်ရပါလေတော့သည်။
ကေသီသည် မျက်ရည်ကျလာပြီး ဟယ်ယာတန်အား တအံ့တဩကြည့်လျက် …
'နေပါဦး အယ်လင်ရယ်၊ သူက ဘာမို့လို့ ကျွန်မကို ခုလို ပြောရဲရတာလဲ၊ သူ ကျွန်မကို ဘယ်လို ပြောတယ်ဆိုတာ ဖေဖေ့အကို ထိုင်ပြောရဦးမယ်' ဟု ဆိုနေပြန်ပါ၏။
ကေသီ စကားကို ဟယ်ယာတန် အရေးထားပုံ မပေါ်ပါ။
ကေသီသည် အိမ်စေမကြီးဘက် လှည့်ပြီး ….
'ကျွန်မ မြင်းကို ယူခဲ့ပါ၊ ခွေးကလေးကိုလဲ လွှတ်ပေးလိုက်ပါ' ဟု ပြောလိုက်ပါသည်။
'ဖြည်းဖြည်းပြောပါ မိန်းကလေးရယ်၊ ယဉ်ယဉ်ကျေးကျေး ပြောလို့ အရှုံးမရှိပါဘူးကွယ်၊ မစ္စတာ ဟယ်ယာတန်ဟာ သခင်ရဲ့ သား မဟုတ်ပေမယ့် မိန်းကလေးရဲ့ ဝမ်းကွဲ အစ်ကိုပါကွဲ့'
အိမ်စေမိန်းမကြီးက ရှင်းပြပါလေသည်။
'ဘာရယ်၊ ကျွန်မအစ်ကို ဝမ်းကွဲ၊ ဟုတ်လား'
ကတ်သရင်းသည် သရော်ပြုံး ပြုံးပြီး မေးလိုက်သည်။
'အစစ်ပေါ့ကွယ်'
ကတ်သရင်းသည် စိတ်ရှုပ်သွားပုံ ရပါလေသည်။
'အယ်လင်ရယ်၊ လုပ်စမ်းပါဦး၊ သူတို့ မဟုတ်တာတွေ ပြောနေတယ်၊ ကျွန်မ ဝမ်းကွဲမောင်လေးကို ခေါ်ဖို့ ဖေဖေ လန်ဒန်ကို သွားနေတာပဲဟာ၊ ကျွန်မနဲ့ အမျိုးဆိုယင် လူကြီးလူကောင်း သားသမီး ဖြစ်ရမှာပေါ့၊ ခုတော့ …'
ကတ်သရင်းသည် ပြောယင်း ငိုချလိုက်ပြန်ပါလေ၏။ ဟယ်ယာတန်နှင့် အမျိုးတော်သည်ကို အမှန်မသိရပဲ အပြောခံရသည့်အတွက် မခံမရပ်နိုင် ဖြစ်သွားပုံ ရပါသည်။
ထို့ကြောင့် ကျွန်မကပင် …
'ကဲ၊ ကဲ၊ တော်ပါတော့ကွယ်၊ လူဆိုတာတွေမှာ ဝမ်းကွဲ ဆွေမျိုးတွေ အမျိုးမျိုး အစားစား ရှိနိုင်တာပဲ' ဟု ခပ်တိုးတိုး ပြောလိုက်ပါသည်။
ကျွန်မသည် အိမ်စေမကြီး ဖွင့်ပြောလိုက်သဖြင့် အစေခံမကြီးကြောင့်ရော ကတ်သရင်းကြောင့်ပါ စိတ်အနှောင့်အယှက် ဖြစ်ရပါတော့သည်။ လင်တန်သာ ပြန်ရောက်လာလျှင် ဤကိစ္စ ပြဿနာ ဖြစ်ရတော့မည်ဟုလည်း တွေးမိပါ၏။
ထိုစဉ်မှာပင် ဟယ်ယာတန်သည် သူ့စိတ်ကို သူ ဖြေပြီး ကတ်သရင်းနှင့် ရန်ပြေမာန်ပြေ သဘောဖြင့် အပြင်သို့ထွက်၍ မြင်းကလေးကို ဆွဲလာပါတော့သည်။ ကတ်သရင်းကမူ ဟယ်ယာတန်ကို စူးသမ်းသလို ကြည့်နေပြန်ပါ၏။
ကျွန်မသည် ဟယ်ယာတန်ကို ကြည့်ပြီး ပြုံးချင်သလို ဖြစ်လာသဖြင့် မနည်း ချုပ်တည်း ထားလိုက်ရပါ၏။ ဟယ်ယာတန်မှာ လူပုံပန်းက တောင့်တောင့်တင်းတင်း ကြည့်ပျော်ရှု့ပျော် ဖြစ်သော်လည်း ယာထဲ လုပ်ငန်းနှင့် လိုက်ဖက်သော အဝတ်များကို ဝတ်ထားသည်။ သူ့ ကိုယ်နေဟန်ထားမှာ သူ့ အဖေထက်ပင် ကြည့်ကောင်းသည်။ ကျွန်မ အောက်မေ့မိပါသည်။ သို့သော်လည်း သူ့ခမျာမှာ ဟိကလစ်၏ အဖိနှိပ်ကို ခံရပြီး စာအရေး အဖတ်ကလေးမျှပင် မသင်ရသောကြောင့် အပြောအဆို ကြမ်းတမ်းနေရဟန် တူလေသည်။
ကျွန်မနှင့် ကတ်သရင်းတို့လည်း ခွေးကလေးနှစ်ကောင်ကို ခေါ်ပြီး အိမ်ဘက်သို့ ပြန်ခဲ့ကြပါ၏။ အပြန်တွင် ကျွန်မက ကတ်သရင်းအား လေထန်ကုန်းအိမ်ကြီးသို့ ရောက်ရပုံကို မေးမြန်းကြည့်ရာ သူသည် ပင်နီစတန် ကျောက်တောင်များဆီသို့ လာခဲ့ရာမှ လေထန်ကုန်းအိမ်ကြီး၏ ယာတဲသို့ ရောက်လာခဲ့ရာ ဟယ်ယာတန်နှင့် ခွေးများ ထွက်လာပြီး ဟယ်ယာတန့် ခွေးများက သူ့ခွေးများကို ကိုက်ကြရာမှအစ သူနှင့် ဟယ်ယာတန် သိကျွမ်းခဲ့ရကြောင်း၊ ထို့နောက် ကတ်သရင်းကပင် သူ မည်သူ မည်ဝါ ဖြစ်ကြောင်းနှင့် သူ့အား ပင်နီစတန်သို့ သွားရာလမ်းကို ပြပါရန် ပြောသော ဟူ၏။ ဤသို့ဖြင့် ဟယ်ယာတန်က သူ့အား ကျောက်တောင်ကြီးများဆီသို့ လိုက်ပို့ခဲ့ကြောင်း ပြောပါ၏။
ကျွန်မ ရောက်သွားပြီး သူတို့ အဆင်မပြေဖြစ်ကြရပုံကိုကား ကျွန်မ ဖော်ပြခဲ့ပါပြီ။
သူတို့နှစ်ယောက်မှာ တယောက်ကလည်း သူ့ကို အစေခံ အခေါ်ခံရသဖြင့် နာကျည်းရသလိုပင် ကတ်သရင်း အဖို့မှာလည်း အိမ်ကြီးတွင် 'အချစ်ကလေး' ၊ 'အသက်ကလေး' ဟု ခေါ်ဝေါ် အသုံးအနှုန်းခံနေရာမှ သူစိမ်းတယောက်က စော်ကားမော်ကား ပြောသလို ခံလိုက်ရခြင်းအတွက် စိတ်ထိခိုက်ရရှာပါလေသည်။
ကျွန်မအဖို့ကား ကေသီအား လေထန်ကုန်းအိမ်ကြီးသို့ ရောက်ခဲ့သော အဖြစ်ကို သူ့ဖေဖေအား ပြောမပြရန် နှုတ်ပိတ်ထားဖို့ ကတိတောင်းရပါလေတော့သည်။ ကေသီ လေထန်ကုန်းအိမ်ကြီး ရောက်သွားကြောင်း မစ္စတာလင်တန် သိသွားပါက ကျွန်မ အလုပ်ထုတ်ခံရမည်ဖြစ်ကြောင်းလည်း သူ့အား ပြောပြလိုက်ပါ၏။
ကေသီအား ချစ်စရာ မိန်းကလေးပါပေ။
ကျွန်မ ကတိတောင်းသည့်အတိုင်း သူသည် လေထန်ကုန်း အိမ်ကြီးသို့ ရောက်ခဲ့သော အဖြစ်ကို သူ့အဖေအား ဘယ်သောအခါမျှ ပြောမပြခဲ့ပါပေ။
အခန်း [ ၁၉ ]
အနက်ရောင်ဖြင့် အနားသတ်ထားသော စာတစောင် ရောက်လာပါသည်။ ထိုစာတွင် သခင်လင်တန် ပြန်လာမည့်အကြောင်း၊ အစ္စဗယ်လာ ကွယ်လွန်သွားရှာပြီ ဖြစ်ကြောင်းနှင့် တူကလေး အတွက် အခန်းတခန်းနှင့် လိုအပ်သမျှတို့ကို ပြင်ဆင်ထားရန် ဖော်ပြ ပါရှိပါ၏။
ကတ်သရင်းကလေးမှာ သူ့အဖေ ပြန်လာတော့မည်ဟု သိရသဖြင့် အပျော်ကြီး ပျော်နေပါလေတော့သည်။ ထို့ပြင် သူ၏ သွေးရင်းသားရင်း မောင်ဝမ်းကွဲတယောက် ပါလာမည့်အတွက်လည်း ဝမ်းသာနေပါ၏။
သခင်လင်တန် ပြန်လာမည့်နေသို့ ရောက်လာပါလေသည်။
ကတ်သရင်းကလေးမှာ မနက်လင်း ကတည်းကပင် အစေခံတွေနှင့် အလုပ်ရှုပ်နေပါတော့သည်။ သူကိုယ်တိုင်ကလည်း အဒေါ်ဖြစ်သူအတွက် ဝမ်းနည်းကြောင်း ဖော်ပြနိုင်ရန် အပေါ်ရုံ အင်္ကျီ အနက်ကို ဝတ်ထားပါလေသည်။ စင်စစ် သူကလေးသည် သူ့အဒေါ်အတွက် ဝမ်းနည်းသည်ထက် သူ့အဖေအတွက် စိတ်စောနေပြီး အိမ်ပြင်ထွက်၍ တစောင့်စောင့် တမျှော်မျှော် ဖြစ်နေခဲပါ၏။
သူကလေးသည် သစ်ပင်တွေအောက် ရေညှိလွှမ်းသော မြက်ပင်ကလေးများပေါ်တွင် လမ်းသလားယင်း ….
'လင်တန်ကလေးဟာ ကျွန်မထက် ခြောက်လ ငယ်တယ်နော်၊ ကျွန်မအဖို့ ကစားဖော်ရတာပေါ့၊ ပျော်စရာကြီးပဲ အယ်လင်ရဲ့၊ ဒေါ်လေး အစ္စဗယ်လာက ဖေ့ဖေ့ဆီကို လင်တန်ကလေးရဲ့ ဆံစုကလေး တခု ပို့ခဲ့သေးတယ် နော်၊ သူ့ဆံပင်က ကျွန်မ ဆံပင်ထက် နူးညံ့ပျော့ပျောင်းသေးတယ်၊ ကျွန်မလေ ကျွန်မ မောင်လေးရဲ့ ဆံစုကို မှန်သေတ္တာကလေးနဲ့ ထည့်ပြီး သိမ်းထားတယ်၊ အဲဒီကတည်းက ကျွန်မ သူ့ကို တွေ့ချင်နေတာ၊ ခု သူနဲ့ တွေ့ရတော့မယ်၊ ကျွန်မ ပျော်လိုက်တာ၊ ဖေဖေရယ်၊ ဖေဖေဟာ တယ် ချစ်စရာကောင်းပါကလား၊ ကဲ … လာ အယ်လင်၊ ကျွန်မတို့ ပြေးပြီး ကြိုရအောင်'
ကတ်သရင်းကလေးကား ဆောက်တည်ရာ မရတော့ပါချေ။ ပြေးသွားလိုက် ပြန်ပြေးလာလိုက်နှင့် ဖြစ်နေပါ၏။ ကျွန်မ ရှေ့ကပြေးပြီး လမ်းဘေး မြက်ခင်းပေါ်မှာ ထိုင်လိုက်ပါသေးသည်။ ထိုင်သော်လည်း ခဏကလေးသာ ဖြစ်ပါ၏။ သူ တမိနစ်ကလေးပင် အငြိမ် မနေနိုင်ပါ။
'ဖေဖေတို့ကလဲ ကြာလိုက်တာနော်၊ ဟယ် … ဟိုမှာ ဖုန်တွေ ထလာပြီ၊ ဖေဖေတို့ လာပြီ၊ အယ် … မဟုတ်ပါဘူး၊ သူတို့ မလာသေးဘူး နော်၊ မိုင်ဝက်လောက်တော့ လိုဦးမှာပေါ့၊ ဟုတ်ဘူးလား အယ်လင်'
ကတ်သရင်းကလေးမှာ တလှိုက်ဖိုဖို ဖြစ်နေပါ၏။ သို့သော် မကြာမီပင် သူ စိတ်စောနေသမျှသည် ဆုံးခန်းတိုင်ပါလေတော့သည်။ မြင်းလှည်းကြီး ဝင်လာသည်ကို မြင်ရပါလေပြီ။ ကတ်သရင်းကလေးသည် မြင်းလှည်းပြတင်းမှ ပြူထွက်လာသော သူ့အဖေ မျက်နှာကို မြင်လိုက်သည်နှင့် သံကုန်အော်၍ လိုက်ကို ဆန့်တန်းကာ မြင်းလှည်းဆီသို့ ပြေးပါလေတော့သည်။
အက်ဂါသည်လည်း သူ့သမီး နည်းတူပင် စိတ်လှုပ်ရှားလျက် မြင်းလှည်းပေါ်မှ ဆင်းလာပါ၏။ ထိုနောက် သားအဖ နှစ်ယောက်သည် ပွေ့ဖက် နှုတ်ဆက်ကြပါသည်။ ထိုစဉ်မှာပင် ကျွန်မသည် မြင်းလှည်းထဲက လင်တန်ကို ချောင်းကြည့်လိုက်ပါ၏။ ခမျာမှာ မြင်းလှည်းထောင့်ထဲတွင် ဆောင်းရာသီ အလား သိုးမွှေးထည် ဝတ်ရုံကြီးဖြင့် ကွေးနေပါလေသည်။ ခမျာသည် ဖြူဖပ်ဖြူရော် သေးသေးကွေးကွေး ရှိလှပါ၏။ မိန်းမလျာကလေးနှင့်ပင် တူပါသည်။ ကျန်းမာ သန်စွမ်းပုံလည်း မရှိလှပါ။ သူသည် ကျွန်မကို မြင်သွားပုံ ရပါသည်။ ကျွန်မအား လက်ဝှေ့ယမ်းပြပြီး တံခါးကို ပိတ်ရန် အမူအရာဖြင့် ကျွန်မလည်း တံခါးကို ပြန်ပိတ်လိုက်ပါသည်။ သူ ခရီးပန်းလာပုံ ရပါသည်။
ကတ်သရင်းသည် သူ့ကို တချက်ကြည့်ပြီး ဝမ်းသာသွားပုံ ရပါသည်။ ထို့နောက် ကျွန်မသည် အစေခံများထံ အပြေးသွား၍ သခင်ပြန်လာကြောင်း သတင်းပါးစဉ်မှာပင် သားအဖ နှစ်ယောက်သည် ခြံထဲအတိုင်း လျှောက်လာကြပါလေသည်။
အက်ဂါတို့ သားအဖသည် လှေကားရင်းသို့ ရောက်လေလျှင် သခင်က သမီးအား …
'သမီးရေ၊ သမီး မောင်ကလေးက သမီးလို သန်သန်စွမ်းစွမ်းလဲ မရှိဘူး၊ ပျော်ပျော်ရွှင်ရွှင်လဲ မရှိဘူးကွဲ့၊ သူ့အမေ ဆုံးတာကလဲ မကြာသေးဘူး မဟုတ်လား၊ ဒီတော့ ခုချက်ချင်းကြီး သမီးနဲ့ ကစားနိုင်လိမ့်မယ်လို့တော့ မမျှော်လင့်နဲ့ကွယ်၊ ပြီးတော့လဲ သူ့ကို စကားတွေ သိပ်ပြီး သွားမပြောပါနဲ့၊ ဒီညနေတော့ သူ့ ဘာသာ အေးအေးဆေးဆေး နေပါစေကွယ်၊ ဟုတ်ဘူးလား သမီး' ဟု ပြောလိုက်ပါ၏။
'ကောင်းပါပြီ ဖေဖေ၊ ဒါပေမယ့် သမီး သူ့ကို မြင်ဖူးချင်သေးတယ်။ သူကလဲ တချက်ကလေး ထွက်မလာဘူး'
ထိုစဉ်မှာပင် မြင်းလှည်းသည် ရပ်သွားပါ၏။ လှည်းထဲတွင် အိပ်ပျော်နေသော လင်တန်ကလေးသည်လည်း နိုးလာပါသည်။ မစ္စတာလင်တန်က သူ့ကို ပွေ့ချီပြီး မြင်းလှည်းပေါ်မှ ချပေးလိုက်ပါသည်။
'ကဲ လင်တန်ရေ၊ ဟောဒါ မင်းအစ်မ ကေသီပဲကွဲ့' ဟု ပြောပြောဆိုဆို မောင်နှမ နှစ်ယောက်ကို လက်ဆွဲ နှုတ်ဆက်စေပါ၏။ 'ကေသီကလဲ မင်းကို သဘောကျပြီးသားပါကွဲ့၊ ကနေ့ညတော့ မငိုနဲ့တော့နော်၊ ပျော်ပျော်ရွှင်ရွှင် နေပါကွယ်၊ ဒီမှာ မင်း ဘာမှ လုပ်စရာ မလိုဘူး၊ စိတ်တိုင်းကျ အနားယူပေတော့'
'ဒါဖြင့်လဲ ကျွန်တော် အိပ်ရာဝင်ပါရစေခင်ဗျာ'
လင်တန်ကလေးသည် ကတ်ရင်းက အလေးပြု နှုတ်ဆက်သည်ကို မျက်နှာကလေး ရှုံ့ပြီး ဝေ့လာသော မျက်ရည်စကို သူ့လက်ချောင်းကလေးတွေနှင့် သုတ်လိုက်ပါလေသည်။
ထိုအခါ ကျွန်မလည်း …
'ကဲ၊ လူကလေး လာကွဲ့၊ အတော်ကြာ မင်းအစ်မ ငိုနေပါဦးမယ်၊ ခမျာကလဲ မင်းတွက် စိတ်မကောင်း ဖြစ်နေတာကွဲ့ ' ဟု ဆိုကာ သူ့ကို ဦးဆောင် ခေါ်ခဲ့ပါလေတော့သည်။
ကတ်သရင်းသည် သူ့မောင်အတွက် တကယ် ဝမ်းနည်း မနည်းကို ကျွန်မ မသိပါ။ သို့သော် သူ့မျက်နှာသည်လည်း ညှိုးနေပါ၏။ သူတို့ သုံးယောက်သည် လက်ဖက်ရည်ပွဲ ပြင်ထားသော စာကြည့်ခန်းဘက်သို့ ထွက်လာကြပါ၏။
ကျွန်မသည် လင်တန်ကလေး၏ အပေါ်ဝတ်ရုံနှင့် ဦးထုပ်ကို ချွတ်ပေးလိုက်ပြီး စားပွဲရှိ ကုလားထိုင်တွင် နေရာ ချပေးလိုက်ပါသည်။ သို့သော် လင်တန်သည် ဝင်မထိုင်သေးပဲ ငိုချလိုက်ပြန်ပါ၏။ သခင်လင်တန်က အကြောင်းရင်းကို မေးလေလျှင် …
'ကျွန်တော် ကုလားထိုင်ပေါ်မှာ မထိုင်ချင်ဘူး' ဟု ရှိုက်လျက် ပြောသဖြင့် …
'ဒါဖြင့်လဲ ဆိုဖာပေါ် သွားထိုင်လေ၊ အယ်လင်က လက်ဖက်ရည် ယူပေးပါလိမ့်မယ်' ဟု သခင်က စိတ်ရှည်ရှည် ပြောလိုက်ပါလေသည်။
လင်တန်ကလေးသည် အတော်ပင် ခရီးပန်းလာပုံ ရပါသည်။ ဆိုဖာပေါ်မှာ ထိုင်နေရာမှ လှဲချလိုက်ပါလေသည်။ ကေသီသည် ခုံငယ်ကလေးတခုကို လင်တန်ကလေး အနားသို့ ရွှေ့ပြီး လက်ဖက်ရည်ခွက်ကို ထိုခုံပေါ်တွင် တင်ပြီး လင်တန်ကလေး၏ ဆံစကို ပွတ်သပ်ပေးလျက် လင်တန်၏ ပါးပြင်ကို မွှေးမွှေးပေး၍ လက်ဖက်ရည်ကိုလည်း ကိုယ်တိုင် တိုက်ပါလေတော့သည်။ ကေသီသည် ယခုမှ တွေ့ရသော သူ့ မောင်ဝမ်းကွဲကို ကလေးငယ်တယောက်ကဲ့သို့ ပြုစုပေးနေသည့်အတွက် လင်တန်ကလေးကလည်း သဘောကျသွားပုံရပါသည်။
သခင်လင်တန်သည် မောင်နှမနှစ်ယောက်၏ အဖြစ်ကို စောင့်ကြည့်ယင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကာ …
'ဟန်ကျတာပဲ၊ ဒီကလေးဟာ မကြာခင်ပဲ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ ဖြစ်လာမှာ အယ်လင်ရဲ့၊ ကလေးဖော်ချင်း ဆိုတော့ စိတ်လဲ ချမ်းသာပြီး ကိုယ်လဲ ကျန်းမာသန်စွမ်းလာမှာပဲဗျ' ဟု ပြောလိုက်ပါသည်။
'ဟုတ်တာပေါ့ရှင့်၊ ကျွန်မတို့ သူ့ကို လူသစ်စိတ်သစ် ဖြစ်အောင် ပြုစုရမှာပဲ'
ကျွန်မလည်း ထိုကလေးအတွက် စိတ်အား တက်ကြွလာပါသည်။ ထိုအခါ လေထန်ကုန်း အိမ်ကြီးက ဟယ်ယာတန်ကလေး၏ ဘဝဆိုးကိုလည်း အတွေးရောက်မိပြန်ပါ၏။
လက်ဖက်ရည်ပွဲ ပြီးလေလျှင် ကျွန်မလည်း ကလေးနှစ်ယောက်ကို အပေါ်ထပ် သူတို့ အိပ်ခန်းအနားသို့ ခေါ်ခဲ့ပြီး လင်တန်ကလေးကို သိပ်လိုက်ပါသည်။ ထို့နောက်မှ အောက်ထပ်သို့ ပြန်ဆင်းလာပြီး မစ္စတာ အက်ဂါ၏ အိပ်ခန်းတွင် မီးထွန်းပေးလိုက်ပါသည်။ ထိုစဉ်မှာပင် အိမ်စေ မိန်းကလေးတယောက်သည် မီးဖိုထဲမှ ထွက်လာပြီး ဟိကလစ်၏ အစေခံကြီး ဂျိုးဆက် ရောက်လာကြောင်းနှင့် ဂျိုးဆက်က သခင်နှင့် တွေ့ပြီး စကားပြောလိုကြောင်း အကြောင်းကြားလာပါလေသည်။
ထိုစကားကြောင့် ကျွန်မလည်း အနည်းငယ် တုန်လှုပ်သွားမိပါ၏။
'နေပါဦး၊ သူ ဘာလုပ်ဖို့ လာရတာလဲ၊ ငါမေးဦးမယ်၊ ဘယ့်နှယ် ဒီမှာ ခုမှ ခရီးသွားရာက ပြန်ရောက်လာတာ၊ သခင်ကလဲ တွေ့မယ်မထင်ပါဘူး'
ကျွန်မ ခပ်ညည်းညည်း ပြောလိုက်စဉ်မှာပင် ဂျိုးဆက်သည် မီးဖိုထဲမှ ဖြတ်ပြီး ခန်းမထဲသို့ ဝင်လာပါသည်။ သူသည် ဘုရားကျောင်းသွားသည့် ဝတ်စုံကို ဝတ်ထားပြီး မျက်နှာထားကလည်း ဘုရားတရား ကြည်ညိုလေယောင် မျက်နှာထားမျိုးနှင့် ဖြစ်ပါသည်။ လက်တဘက်တွင် ဦးထုပ်ကို ကိုင်ထားပြီး အခြားလက်တဘက်တွင် တုတ်တချောင်းကို ကိုင်ထားပါသည်။ အခန်း အဝင်ဝ၌ သူက ဖိနပ်ကို ခြေသုတ်ဖုံတွင် သုတ်လိုက်ပါသည်။
'ကောင်းသော ညချမ်းပါ ဂျိုးဆက်၊ ဘာကိစ္စများပါလိမ့်' ကျွန်မက ခပ်တည်တည် မေးလိုက်ပါ၏။
'ငါ သခင်လင်တန်နဲ့ တွေ့ဖိုလာတာ'
ကျွန်မကို အဖက်မတန်သလို ဘေးဘက်သို့ တွန်းယင်း ပြောပြပါ၏။
'သခင် အိပ်နေပြီ၊ ရှင့်မှာ ပြောစရာ ထူးထူးခြားခြား ပါဦးတော့ အခုတော့ သခင် နားထောင်နိုင်ဦးမယ် မထင်ဘူး၊ မှာစရာရှိယင် ကျွန်မကို မှာခဲ့လေ'
'သူ့ အခန်းက ဘယ်မှာလဲ'
ပြောပြာဆိုဆို အဘိုးကြီးသည် ပိတ်ထားသော တံခါးများကို မျက်စိတချက် ဝေ့ကြည့်လိုက်ပါ၏။
** မူရင်း pdf file မှာ စာမျက်နှာ ၂ မျက်နှာ မပါလာခဲ့ပါ။ အခန်း (၂၀) က စာများပါမလာခဲ့ပါ။ အကုန်လုံးတော့ မဟုတ်ပါ။ **
ရပါသည်။ ကျွန်မလည်း သူ့အား သူ့အဖေ ဖြစ်သူက တွေ့ချင်သဖြင့် သူ့အဖေဆီ လိုက်ပို့ရမည်ဖြစ်ကြောင်း ချော့မော့ ပြောပါသေး၏။
'ကျွန်တော့်အဖေ၊ ဟုတ်လားဗျာ၊ ကျွန်တော့်မှာ အဖေရှိတယ်လို့ မေမေက မပြောဖူးပါဘူး။ သူက ဘယ်မှာနေတာလဲ၊ ကျွန်တော် မသွားချင်ပါဘူး၊ ကျွန်တော် ဦးကြီးနဲ့ပဲ နေချင်တယ်' ဟု လင်တန်ကလေးမှာ သူ့အဖေဟူသော စကားကို ကြားလိုက်ရသဖြင့် စိတ်ရှုပ်ထွေး သွားပုံရပါသည်။
'သူ ဟိုဘက်နားမှာပဲ နေတယ်ကွယ်၊ ဟောဒီ တောင်ကုန်းတွေရဲ့ တဘက်ကလေးတွင်ပဲ၊ မဝေးပါဘူး၊ ခြေကျင်လျှောက်သွားယင်တောင် ရောက်နိုင်တာပဲ၊ လူးလေး အဖေကို တွေ့ရယင် လူလေး ပျော်သွားမှာပါကွယ်၊ လူလေး အမေကို လူလေးချစ်သလို လူလေး အဖေကိုလဲ ချစ်ပေါ့ကွယ်၊ သူကလဲ လူလေးကို ချစ်မှာပါပဲ'
'ဒါပေမယ့် သူ့အကြောင်းကို ကျွန်တော် ဘာဖြစ်လို့ အလျင်က မကြားဖူးခဲ့ရတာလဲ ခင်ဗျာ၊ မေမေနဲ့ သူကကော တခြား လင်မယားတွေလို ဘာဖြစ်လို့ အတူမနေကြတာလဲဗျာ'
'လူလေး အဖေ့အလုပ်က မြောက်ပိုင်းမှာ ရှိတာကိုးကွဲ့၊ လူလေး အမေကျတော့လဲ ကျန်းမာရေးကြောင့် တောင်ပိုင်းမှာ နေခဲ့ရတာကလား'
'ဒါဖြင့် မေမေက ဘာဖြစ်လို့ သူ့အကြောင်း မပြောရတာလဲ ခင်ဗျာ'
ကလေးသည် ထိုစကားကိုသာ ထပ်တလဲလဲ မေးနေပါလေသည်။
'မေမေကလေ၊ ဦးကြီးအကြောင်းကိုသာ ခဏခဏ ပြောတာ ခင်ဗျာ၊ ဒါ့ကြောင့် ကျွန်တော်လေ ဦးကြီးကိုပဲ ချစ်နေတာ၊ ဖေဖေ့ကိုကျတော့ ကျွန်တော်မှ မသိပဲ ကျွန်တော် ဘယ်လိုလုပ် ချစ်မလဲ'
'အိုကွယ်၊ ကလေးတိုင်းဟာ မိဘတွေကို ချစ်ကြတာပဲဟာ၊ လူလေး မေမေက လူလေး ဖေဖေအကြောင်း မပြောတာကလဲ လူလေးက သူ့ဆီ သွားချင်နေမှာစိုးလို့ ရှိမှာပေါ့ကွယ်၊ ကဲ၊ မြန်မြန်လုပ်၊ အိပ်ရာထဲ အိပ်နေတာနဲ့ စာယင် ခုလို စောစောစီးစီး မြင်းစီးရတာက ပိုကောင်းပါတယ်ကွယ်'
'ကျွန်တော် မနေ့က တွေ့တဲ့ ကောင်မလေးကရော ကျွန်တော်နဲ့ လိုက်မှာလားဟင်'
'အခုတော့ မလိုက်သေးဘူးကွဲ့'
'ဦးကြီးကရော'
'ဦးကြီးလဲ မလိုက်ပါဘူးကွယ်၊ ငါ လိုက်ပို့မှာပေါ့'
လင်တန်ကလေးသည် အိပ်ရာပေါ် ပြန်လှဲချလိုက်ပြီး တွေတွေငေးငေး ဖြစ်နေပြန်ပါသည်။ အဆုံးတွင် ကလေးသည် ငိုယိုလျက် …
'ဦးကြီးမပါပဲ ကျွန်တော် မလိုက်ဘူး၊ ခင်ဗျား ကျွန်တော့်ကို ဘယ်ခေါ်သွားမှန်းမှ မသိနိုင်တာပဲဟာ' ဟု ဆိုပါလေတော့သည်။
ကျွန်မ အတန်တန် ချော့မော့ ဖျောင်းဖျသော်လည်း လင်တန်ကလေးသည် သူ့အဖေနှင့် တွေ့ရမည်ကို ဝန်လေးနေပုံ ရပါသည်။ ကျွန်မလည်း သူ့အား ပြောမရပါက မစ္စတာ အက်ဂါကို ခေါ်၍ အကူအညီ တောင်းရမည့် အခြေအနေကို ရောက်လာပါ၏။ နောက်ဆုံးတွင် ကျွန်မလည်း သူ့အား ယခု ခဏသာ သွားနေရမည် ဖြစ်ကြောင်း၊ မကြာမီပင် မစ္စတာ အက်ဂါနှင့် ကေသီတို့လည်း လိုက်လာကြမည် ဖြစ်ကြောင်း အမျိုးမျိုးသော အကြောင်းပြချက်တို့ကို ပြ၍ ချော့မော့မှပင် သူလည်း အိပ်ရာမှ ထပြီး လိုက်လာပါလေ၏။
နံနက်ခင်းလေပြည်သည် ပန်းရနံ့တို့ဖြင့် ထုံသင်းနေပါ၏။ နေရောင်သည်လည်း လင်းလက်နေသည်။ ဤသို့သော နံနက်ခင်းတွင် မြင်းစီးလာရသောကြောင့် လင်တန်ကလေးသည် သူ၏ စိတ်ပျက်အားငယ်ဖွယ် အခြေအနေကို အခိုက်အတန့်အားဖြင့် မေ့ပျောက်သွားပုံ ရပါသည်။ လမ်းတလျှောက်လုံးတွင် သူက သူနေရမည့် အိမ်သစ်အကြောင်း၊ အိမ်သစ်က လူတွေအကြောင်းကို စိတ်ပါလက်ပါ တက်တက်ကြွကြွ မေးလာပါတော့၏။
'လေထန်ကုန်း အိမ်ကြီးဟာ သရက်ကရော့ အိမ်ကြီးလိုပဲ ပျော်စရာကောင်းရဲ့လားဟင်'
လင်တန်ကလေးသည် နောက်ဘက် ချိုင့်ဝှမ်းဆီသို့ လည်ပြန်လည့်ကြည့်ပြီး မေးလိုက်ပါသည်။ သရက်ကရော့ အိမ်ကြီး ဘက်ဆီတွင် တိမ်ပါးပါးကို မြူဆိုင်းလျက် မိုးသားပြာပြာက အနားကွပ် ထားပါလေသည်။
'သစ်ပင်တွေကတော့ သိပ်မများဘူး ပေါ့ကွယ်၊ အိမ်ဝင်းကလဲ အကျယ်ကြီးတော့ မဟုတ်လှဘူး၊ ဒါပေမယ့် ပတ်ဝန်းကျင် အလှအပတခုလုံးကို ခြုံပြီး မြင်ရနိုင်တယ်ကွယ်၊ လေထန်ကုန်းမှာက လေ ကောင်းကောင်း ရတယ်၊ လူလေး ကျန်းမာရေးနဲ့တော့ လိုက်ပါတယ်၊ ရောက်စတော့ လူလေးစိတ်ထဲက အိမ်ကြီးဟာ အိမ်အိုကြီး၊ မည်းမည်း မှောင်မှောင်ကြီးလို့ ထင်ချင် ထင်မယ်၊ ဒါပေမယ့် အိမ်ကြီး အိမ်ကောင်းတခုပဲကွဲ့၊ ဒီအနားတဝိုက်မှာတော့ အိမ်ကြီး အိမ်ကောင်း တခုပါပဲ၊ နောက်ပိုင်းတော့ လူလေးလဲ ကွင်းပြင်ထဲမှာ လျှောက်လည် နေမှာပါကွယ်၊ အဲဒီမှာ လူလေးလိုပဲ ကေသီရဲ့ ဝမ်းကွဲအစ်ကို တယောက်ရှိတယ်ကွဲ့၊ သူကလဲ လူလေးလိုပဲ ပျော်စရာ ကောင်းတဲ့ နေရာတေါ လိုက်ပြမှာပေါ့၊ အဲဒီမှာ အေးအေးဆေးဆေး စာအုပ်ဖတ်စရာ နေရာတွေလဲ ရှိပါတယ်၊ လူလေး ဦးကြီးလဲ လူလေးဆီ မကြာမကြာ လာပြီး အတူ လမ်းလျှောက်မှာပေါ့၊ လူလေး ဦးကြီးက တောင်ကုန်တွေပေါ်မှာ လမ်းလျှောက်လေ့ ရှိတယ်လေ'
'ကျွန်တော့် အဖေက ဘယ်သူနဲ့ တူသလဲဟင်၊ ဦးကြီးလိုပဲ ငယ်ငယ်ရွယ်ရွယ် ချောချောမောမောပဲလားဗျ'
'လူလေး ဦးကြီးလို ငယ်ငယ်ရွယ်ရွယ်ပဲကွဲ့၊ ဒါပေမယ့် လူလေး အဖေ့ ဆံပင်နဲ့ မျက်လုံးတွေက နက်တယ်၊ မျက်နှာက တည်တယ်၊ အရပ်ပိုရှည်ပြီး ကိုယ်လုံး ကိုယ်ထည်လည်း ပိုပြီးကြီးသကွဲ့၊ ပထမတော့ လူလေးအဖေဟာ သိမ်သိမ်မွေ့မွေ့ ကြင်ကြင်နာနာ မရှိဘူးလို့ ထင်မယ်၊ ဒါကလဲ သူ့ ပင်ကိုစရိုက်ကိုကွဲ့၊ ဒါပေမယ့် လူလေး တခုတော့ မှတ်ထား၊ လူလေး အဖေနဲ့ ဆက်ဆံယင် ပွင့်ပွင့်လင်းလင်း ရှိပါ၊ ရင်းရင်းနှီးနှီး ရှိပါ၊ တဖြည်းဖြည်းကျယင် လူလေးအဖေက လူလေးကို ပိုပြီး ချစ်လာမှာပဲ၊ အဖေတွေဟာ ဦးကြီး ဦးလေးတွေထက် ပိုပြီး ချစ်တတ်ကြတာ သဘာဝပဲလေ၊ လူလေးဟာ သူ့ သားအရင်း မဟုတ်လား'
'ဆံပင်နဲ့ မျက်လုံးက နက်တယ်၊ ဟုတ်လား၊ ကျွန်တော်ဖြင့် စဉ်းစားလို့ကို မရဘူး၊ ဒီလိုဆိုယင် ကျွန်တော်နဲ့ မတူဘူးပေါ့နော်'
လင်တန်ကလေးသည် စဉ်းစားပြီး ပြောလိုက်ပါသည်။
'သိပ်ကြီးတော့ မတူဘူးပေါ့ကွယ်'
ကျွန်မသည် ကလေး၏ အမေးကို ပြန်ဖြေလိုက်ယင်း ကလေး၏ အသားအရေ၊ ခန္ဓာကိုယ် အနေအထားနှင့် သူ့အမေ၏ မျက်လုံးကဲ့သို့သော မျက်လုံးဝိုင်းဝိုင်းစက်စက်ကြီးများကို သတိပြုမိလိုက်ပါသည်။
'သူ မေမေ့ဆီ တခါမှ မလာတာ အံ့ဩစရာပဲနော်၊ သူ ကျွန်တော့်ကို မြင်ဖူးသလားပဲ၊ သူလာယင်လဲ အဲဒီတုန်းက ကျွန်တော် ငယ်ငယ်ပဲ ရှိဦးမှာ၊ ကျွန်တော် သူ့ကို လုံးဝ မမှတ်မိဘူး' ခပ်ညည်းညည်း ပြောလိုက်ပြန်ပါသည်။
'အင်း၊ မိုင်သုံးရာ ခရီးဆိုတာကလဲ အဝေးကြီးကလားကွယ်၊ ဆယ့်နှစ်နှစ်ခရီးဆိုတာကလဲ မိုင်သုံးရာခရီးနဲ့စာယင် ပိုဝေးတာပေါ့၊ လူကလေး အဖေမှာကျတော့လဲ တနှစ်တနှစ် အလုပ်နဲ့ လုံးပန်းနေရတာဆိုတော့ လူလေးတို့ဆီ မရောက်ဖြစ်ဘူး ထင်ပါရဲ့ကွယ်၊ ဒါတွေကိုလဲ လူလေးအဖေကို ပြန်မမေးနေပါနဲ့တော့ကွယ်၊ သူ စိတ်မကောင်းဖြစ်ရုံပဲ နေမှာပေါ့ …'
ထို့နောက် စကားစ ပြတ်သွားပါလေ၏။ လင်တန်ကလေးသည် တစုံတခုကို တွေးတောလာခဲ့ဟန် ရှိလေသည်။ ကျွန်မတို့သည် ခြံတံခါးနားသို့ ရောက်လာကြပါသည်။ ကျွန်မသည် လင်တန်ကလေး၏ မျက်နှာထားကို တချက် လှမ်းကြည့်လိုက်မိသည်။ သူသည် အိမ်အဝင် တံခါး ပြတင်းပေါက်များနှင့် ရှေ့ဘက်မှ ဗယ်ရီချုံပင်များ၊ ထင်းရှုးပင်များကို စူးစိုက်ကြည့်နေပါလေသည်။ ထို့နောက် သူသည် ခေါင်းကို ယမ်းလိုက်ပါသည်။ သူ နေရမည့် အိမ်သစ်၏ ပြင်ပ မြင်ကွင်းကို မနှစ်သက်ဟန် ပေါ်နေပါ၏။ သို့သော် ဤခံစားမှုကို သူ ချက်ချင်း ဖယ်ရှားပစ်လိုက်ပုံ ရပါသည်။
သူ မြင်းပေါ်မှ မဆင်မီမှာပင် ကျွန်မသည် တံခါးကို ဖွင့်ပြီး ဖြစ်သွားပါလေသည်။ ထိုအချိန်တွင် ခြောက်နာရီ ခွဲပါပြီ။ အိမ်ထဲက လူတွေ နံနက်စောစော စားပြီးကြပေပြီ။ အစေခံများသည် စားပွဲကို ရှင်းလင်းနေကြလေပြီ။ ဂျိုးဆက်သည် သူ့သခင် ကုလားထိုင်အပါးတွင် ရပ်လျက် မြင်းတကောင် ခြေကျိုးရသည့်အကြောင်းကို ပြောနေ၏။ ဟယ်ယာတန်မှာ ယာထဲသွားရန် ပြင်ဆင်နေလေသည်။
ဟိကလစ်က ကျွန်မကို မြင်သည်နှင့် …
'ဟာ၊ နယ်လီပါရော၊ ကျုပ်က ကျုပ်အကောင်ကို ခေါ်ဖို့ ကျုပ်ကိုယ်တိုင်များ လာရမလား မှတ်နေတာ၊ ခင်ဗျား လာပို့တာကိုး၊ ကဲ၊ ဘယ်လိုအစားထဲကလဲ ကြည့်ရအောင်ဗျာ ' ဟု ဆီးပြောယင်း သူသည နေရာမှ ထပြီး တံခါးဆီသို့ လျှောက်လာပါသည်။ ဂျိုးဆက်နှင့် ဟယ်ယာတန်တို့သည်လည်း တအံ့တဩ မျက်နှာသွင်ပြင်မျိုးဖြင့် သူ့နောက်မှ လိုက်လာကြပါ၏။
ဂျိုးဆက်သည် တံခါးဝ မြင်းပေါ်က ကလေးကို အသေအချာ ကြည့်ပြီး …
'ဟုတ်ပါပြီ၊ သူတို့ ကလေးချင်း လဲထားလိုက်ကြပြီဗျ၊ ဒါက သူတို့ သမီးကလေးပဲ' ဟု ပြောလိုက်ပါသေးသည်။
ဟိကလစ်ကမူ နားမလည်နိုင်သလို စိုက်ကြည့်နေပြီး ခပ်လှောင်လှောင် ရယ်မောလျက် ..
'အလိုလေး၊ လူချောပဲ၊ ဘယ်လောက်ချောသလဲ၊ ကျုပ်လူက ကျုပ် ထင်တာထက်တောင် ချောသားပဲဗျ'
ကျွန်မသည် ကတုန်ကယင်ဖြစ်နေသော လင်တန်ကလေးကို မြင်းပေါ်မှ ဆင်းပြီး အိမ်ထဲဝင်ရန် ပြောလိုက်သည်။ သူသည် သူ့အဖေ ပြောနေသော စကားကို နာလည်ပုံ မရသလို သူ့ကို ရည်ရွယ် ပြောနေမှန်းလည်း သိပုံမရပေ။ လှောင်သလို သရော်သလို ပြောနေသူကိုလည်း သူ့အဖေ ဟူ၍ သိသေးပုံ မရပေ။ ကလေးသည် ကြောက်ရွံ့နေသဖြင့် ကတုန်ကယင်ဖြစ်ကာ ကျွန်မကိုသာ ဖက်တွယ် ထားပါလေသည်။ မစ္စတာ ဟိကလစ်က 'ကဲ၊ လာစမ်းပါဦးကွယ်' ဟု ဆိုလာသည်နှင့် ကျွန်မကျောတွင် မျက်နှာဝှက်ကာ ငိုပါလေတော့သည်။
ဟိကလစ်သည် ကျွန်မကို တွယ်ကပ်ထားသော ကလေးကို ဇွတ်ဆွဲယူလိုက်ပြီး …
'ကျွတ်၊ ကျွတ်၊ အဓိပ္ပာယ်မရှိတာပဲကွာ၊ တို့က မင်းကို ဘာလုပ်မှာကျလို့ လင်တန်ရယ်၊ သူ့နာမည် လင်တန် မဟုတ်လား၊ မင်းက အဖေ့သားပဲကွ၊ မင်းမှာ ငါနဲ့တူတာ ဘာများပါသလဲကွ'
ဟိကလစ်သည် ကလေး ခေါင်းပေါ်က ဦးထုပ်ကို ချွတ်လိုက်ပြီး ရှေ့ဘက်ကျနေသော ဆံစ ခွေခွေများကို နောက်ဘက်သို့ သပ်ချပေးယင်း ကလေး၏ လက်မောင်းလှီလှီနှင့် လက်ချောင်း သေးသေးကလေးများကို ဆုပ်ကိုင်စမ်းသပ်နေပြန်ပါသည်။ ထိုအတွင်းမှာပင် လင်တန်သည် အငိုတိတ်သွားပြီး သူ၏ ပြာလဲ့လဲ့ မျက်လုံးများကို ပင့်လျက် ဟိကလစ်ကို ကြည့်လိုက်ပါသည်။
'မင်း ငါ့ကို သိသလားကွ' ဟိကလစ်က မေးလိုက်သည်။
'ဟင့်အင်'
'မင်း ငါ့အကြောင်းတော့ ကြားဖူးမှာပေါ့'
'ဟင့်အင်'
'မကြားဖူးဘူး၊ ဟုတ်လားကွ၊ မင်းအမေဟာ အတော် ရှက်စရာကောင်းတာပဲ၊ ကိုယ့်သားကိုတောင် အဖေဖြစ်တဲ့ ငါ့အကြောင်း မပြောဘူးလို့၊ မင်းဟာ ငါ့သားပဲကွ၊ ဒီတော့ ငါ ပြောမယ်၊ မင်း အမေကတော့ မင်းမှာ ငါ့လို အဖေတယောက် ရှိတယ်ဆိုတာတောင် မပြောပဲ ထားလောက်အောင် ပေါ့တီးပေါ့ဆ နိုင်တာပဲ၊ မိန်းမယုတ်ပဲ၊ မျက်နှာက ရှုံ့မသွားစမ်းပါနဲ့ကွာ၊ မင်း ငါ့ဆီမှာ ကောင်းကောင်းနေ၊ ငါကလဲ မင်းအတွက်တော့ ဂရုစိုက်ရမယ်၊ ကဲ၊ နယ်လီ၊ ခင်ဗျားလဲ မောယင် ထိုင်ဦး၊ မဟုတ်လို့ အိမ်ပြန်ချင်ယင်လဲ ပြန်လေ၊ ခင်ဗျားမှာက ဒီမှာ ဘာတွေတွေ့တယ်၊ ဘာတွေ ကြားရတယ်ဆိုတာ ဟိုသတ္တဝါကို ပြန်ပြီး သံတော်ဦး တင်ရဦးမယ် မဟုတ်လား'
'ကောင်းပါပြီရှင်၊ ရှင်လဲ ကလေးကိုတော့ အထူး ဂရုစိုက်လိမ့်မယ်လို့ ထင်ပါတယ် မစ္စတာ ဟိကလစ်၊ မဟုတ်ယင်တော့ ရှင် သူ့ကို ကြာကြာ မွေးထားဖို့ မသင့်ဘူး၊ နောက်ပြီး ဒီကမ္ဘာကြီးမှာ ဒီကလေးကဟာ တဦးတည်းသော သွေးရင်းသားရင်း ဆိုတာလဲ ရှင် သိပါတယ်၊ ဒါကိုတော့ ရှင် အမြဲ သတိရနေပါရှင်'
'စိတ်ချပါဗျာ၊ ဘာမှ မပူပါနဲ့၊ ကျုပ် သူ့ကို အထူး ဂရုစိုက်မှာပါ'
ဟိကလစ်က ရယ်ရယ်မောမော ပြောပါသည်။
'သူ့ကို ကျုပ်ထက်ပိုပြီး ဘယ်သူက ဂရုစိုက်မှာလဲလို့ဗျာ၊ ကျုပ်သားကို ကျုပ်ပဲ ချစ်ရ၊ ဂရုစိုက်ရမှာပေါ့၊ ခုပဲ ကျုပ်သားကို ဂရုစိုက်ကြောင်း ပြရမှာပေါ့၊ ကဲ၊ ဂျိုးဆက်ရေ၊ ကလေးစားဖို့ စားစရာ ယူခဲ့ပါကွာ၊ ဟေ့၊ ဟယ်ယာတန်၊ ငရဲကလေး၊ မင်း အလုပ်သွားတော့လေကွာ၊ ဒီမယ် နယ်လီရဲ့၊ ကျုပ်သားက ခင်ဗျားတို့ အိမ်ကြီးကို အမွေဆက်ခံရမယ့် ကလေးဗျ၊ ပြီးတော့ သူက ကျုပ်သားပါ၊ သူ အမွေတွေ ဆက်ခံတာ၊ သူ့ သားစဉ်မြေးဆက်တွေကို အမွေ ဆက်ခံစေတာတွေကို ကျုပ် မြင်ချင်သေးတယ်၊ အဲဒီစိတ်ကူးကြောင့်ပဲ ဒီကောင်ကို ကျုပ် ဂရုစိုက်ရမှာပဲ၊ တကယ်တော့ နောက်ကြောင်းတွေ ပြန်ပြန် သတိရတိုင်း ဒီကောင့်ကို ကျုပ် တယ်ပြီး သဘောကျတာ မဟုတ်ဘူး၊ ဒါပေမယ့် ခုနက စိတ်ကူးနဲ့ပဲ ကျုပ် သူ့ကို ပြုစုရမှာပါဗျာ၊ ခင်ဗျားသခင်က သူ့သမီးကို သူ ဂရုစိုက်ပြသလို ကျုပ်လဲ ကျုပ်သားကို ကျုပ် ဂရုစိုက်ရမှာပေါ့၊ ကျုပ် ခု အပေါ်ထပ်မှာ သူ့အတွက် အခန်းတခန်း အကျအန ပြင်ထားပြီးပြီဗျ၊ သူ့အတွက် ဆရာတယောက်လဲ ငှားထားပြီးပြီ၊ အဲဒီဆရာဆို မိုင်နှစ်ဆယ်လောက် ခရီးကကို လာရမှာဗျ၊ သူ တပတ်ကို သုံးကြိမ်လာမယ်၊ ကျုပ်သား စိတ်တိုင်းကျ သူ သင်ပေးလိမ့်မယ်၊ ဟယ်ယာတန်ကိုလဲ ကျုပ်သား စကားကို နားထောင်ဖို့ ပြောထားပြီးပြီဗျာ၊ သူ့ကို လူတလုံး သူတလုံး ဖြစ်အောင် အစခပ်သိမ်း စီစဉ်ထားပြီးပြီ ဆိုပါတော့ဗျာ၊ ကျုပ်ဘက်ကတော့ ဘာမှ လိုလေသေးမရှိအောင် စီစဉ်ထားတာပဲ၊ တခုပဲ ကျုပ် သဘောမတွေ့တာက သူ့မျက်နှာ ဖြူဖပ်ဖြူရော်နဲ့ လူပုံက ပျော့စိစိ ဖြစ်နေတာပဲဗျ'
ဟိကလစ် ဤသို့ ပြောနေစဉ်မှာပင် ဂျိုးဆက်သည် နို့နှင့် ကျိုထားသော ယာဂုဇလုံတခွက်ကို ယူလာပြီး လင်တန်ကလေးရှေ့တွင် ချလိုက်ပါသည်။ လင်တန်သည် သူ့ရှေ့သို့ ရောက်လာသော ယာဂုဇလုံတွင်းသို့ မွှေကြည့်ယင်း စားရမည့်အတွက် ခက်ခဲသလို ဖြစ်လာပါလေသည်။ အစေခံ အဘိုးကြီးကလည်း သူ့သခင်က ကလေးအပေါ် အလေးမထားသည်ကို အခွင့်ကောင်းယူပြီး အလေးမထားဟန်ပြုပုံ ရပါသည်။
'ဘာလဲ၊ မစားနိုင်ဘူးလား၊ ဟယ်ယာတန်လဲ ဒါမျိုးပဲ စားတာပဲ'
အဘိုးကြီးက လင်တန်အား ပြောလိုက်ပါသည်။
'ကျွန်တော် မစားနိုင်ဘူး၊ ဒါကို ပြန်ယူသွားပါ'
လင်တန်ကလေးက ခပ်မာမာ ပြောလိုက်ပါလေသည်။
ဂျိုးဆက်လည်း လင်တန်ရှေ့က ယာဂုခွက်ကို ယူလာပြီး ဟိကလစ်ရှေ့တွင် ပြလိုက်ယင်း …
'ဒါကို မစားနိုင်ဘူးတဲ့' ဟု ပြောလေရာ ဟိကလစ်က …
'ဘာဖြစ်လို့ မစားနိုင်ရတာတဲ့လဲ' ဟု မေးလိုက်သဖြင့် ..
'သခင့်သားက ဒီယာဂုကို မစားနိုင်ဘူးတဲ့၊ ဒါဟာ သူ့အမေက သူ့ကို ဖျက်ဆီးတာပဲ' ဟု အဘိုးကြီးက ပြန်ဖြေပါလေသည်။
ထိုအခါ ဟိကလစ်လည်း ဒေါသဖြစ်လာပြီး …
'သူ့အမေအကြောင်း မပြောနဲ့၊ သူ စားနိုင်မယ့် အစားအစာမျိုးယူခဲ့၊ ဒါပဲ၊ ဒီမယ် နယ်လီ၊ သူ စားနေကျ အစားအစာက ဘာလဲဗျ' ဟု ဆိုကာ ကျွန်မဘက်သို့ လှည့်မေးပါသည်။
ကျွန်မလည်း ကလေးအတွက် နွားနို့ဖြစ်ဖြစ်၊ လက်ဖက်ရည်ဖြစ်ဖြစ် တိုက်ကျွေးသင့်ကြောင်း အကြံပေးလိုက်သဖြင့် ဟိကလစ်သည် စားဖိုချောင် အစေခံအား သူ့သားအတွက် သင့်လျော်မည့် အစာကို ပြင်ဆင်စေပါလေတော့သည်။
ကျွန်မအဖို့ အိမ်သို့ ပြန်ရုံသာ ရှိပါတော့သည်။ ကျွန်မသည် မစ္စတာ အက်ဂါအား တွေ့မြင်သမျှ ပြောပြခြင်းဖြင့် မစ္စတာ အက်ဂါအဖို့ တူဖြစ်သည့်အတွက် စိတ်သက်သာရာ ရနိုင်မည် ဟု ထင်ပါသည်။
ကျွန်မသည် အိမ်ထဲမှ ထွက်လာခဲ့ပါသည်။ အခန်းအပြင်သို့ ထွက်လာပြီး တံခါးကို ပြန်ပိတ်လိုက်သော အချိန်တွင် …
'ကျွန်တော့်ကို မထားခဲ့ပါနဲ့၊ ကျွန်တော် ဒီမှာ မနေဘူး' ဟူသော အသံကို ကြားနေရပါသည်။
ကျွန်မလည်း မြင်းပေါ်သို့ တက်၍ အသော့နှင့်ခဲ့ပါလေတော့သည်။
အခန်း [ ၂၁ ]
ထိုနေ့က ကျွန်မတို့မှာ ကေသီကလေးနှင့် ပတ်သက်၍ စိတ်မကောင်း ဖြစ်ကြရပါလေသည်။ ပထမတွင် ကေသီကလေးသည် သူ့မောင် ဝမ်းကွဲနှင့်အတူ နေရတော့မည် ဟူသော စိတ်ကူးဖြင့် မြူးမြူးကြွကြွကလေး အိပ်ရာမှ နိုးလာပါ၏။ သို့သော် သူ့မောင် ထွက်ခွာသွားပြီ ဟူသော သတင်းကို ကြားရသည်နှင့် ကေသီကလေး မျက်ရည်သွယ်သွယ် ကျရပါလေတော့၏။ ထိုအခါ သခင်အက်ဂါကိုယ်တိုင် သမီးကို နှစ်သိမ့်ရလေသည်။ လင်တန်ကလေး ပြန်လာလိမ့်မည် ဟူသော စကားကိုလည်း ဆိုပါ၏။ သို့သော် သခင်အက်ဂါ၏ စကားတွင် 'ဖေဖေတို့ သူ့ကို ပြန်ခေါ်နိုင်ယင်' ဟူသော စကားမှာ မိမိပြောနေသော စကားပေါ် မိမိကိုယ်တိုင် သိပ်မမျှော်လင့်ကြောင်း ပေါ်လွင်နေပါ၏။ မည်သို့ ဖြစ်စေ ကေသီကလေးမှာ အဖေ့စကားကို လက်ခံကာ စိတ်အေးသွားသယောင် ရှိပါ၏။
အချိန်ကား တန်ဖိုးကြီးလှပါသည်။
ကေသီကလေးသည် ပထမပိုင်းတွင် သူ့အဖေအား လင်တန်ကလေးအကြောင်း ကြိုးကြား ကြိုးကြား မေးတတ်သော်လည်း ကြာလာသောအခါ ကေသီကလေး၏ အာရုံ၌ လင်တန်ကလေး၏ ရုပ်သွင်သည် မှေးမှိန်မှုန်ဝါးလာပါလေတော့သည်။
ကျွန်မသည် ဂျင်မာတန်သို့ အလုပ်ကိစ္စနှင့် သွားယင်း လေထန်ကုန်းအိမ်ကြီးမှ အိမ်စေ မိန်းမကြီးနှင့် တွေ့လျှင် လင်တန်ကလေးအကြောင်းကို စုံစမ်းကြည့်လေ့ရှိပါသည်။
လင်တန်ကလေးမှာလည်း ကေသီကလေးလိုပင် အိမ်တွင်းအောင်နေရရှာပါလေသည်။ ကျွန်မသည် လေထန်ကုန်းအိမ်ကြီးက အိမ်စေမကြီးထံမှ လင်တန်ကလေးသည် ကျန်းမာရေး ချို့တဲ့ပြီး တနွမ်းနွမ်း တနယ်နယ် ဖြစ်နေကြောင်း သိရပါ၏။ ထိုအိမ်စေမကြီးကပင် မစ္စတာ ဟိကလစ်သည် သူ့သားအပေါ် ပို၍ပို၍ မနှစ်မြို့ဟန် ပြလာကြောင်း၊ တခါတရံ နှစ်ယောက် စကားပြောကြသော်လည်း အများအားဖြင့်ကား ဟိကလစ်သည် သားအပေါ် ကျေပန်သဘောကျပုံ မရှိကြောင်း၊ လင်တန်ကလေးမှာ သူ့ အခန်းကလေးထဲမှာပင် စာသင်ချင် သင်၊ စာဖတ်ချင် ဖတ်၊ စာမသင် စာမဖတ်လျှင် အိပ်ရာထဲမှာသာ တနေ့လုံး လှဲနေကြောင်း၊ အမြဲတမ်းလိုလို ချောင်းဆိုးလိုက်၊ အအေးမိလိုက်၊ ခေါင်းကိုက်လိုက်၊ ဗိုက်နာလိုက်ဖြင့် ရောဂါမျိုးစုံ ခံစားနေရကြောင်း ပြောပြပါသည်။ ထို့ပြင် မိန်းမကြီးကပင် …
'ကျုပ်ဖြင့်တော် အဲသလောက် အသည်းကြောင်တဲ့ ကောင်ကလေးမျိုး တွေ့ဖူးပေါင်တော်၊ ကြာတော့လဲ သူ့ကို ဂရုစိုက်မနေနိုင်ဘူး၊ တခါတခါများဆို သူ့အခန်း ပြတင်းတံခါးပေါက် မပိတ်တော့ တညလုံး လေအေးမိ ခံရတော့တာပေါ့၊ သူကလဲ နွေခေါင်ခေါင်မှာတောင် မီးဖိုနားမှာ နေရမှ ဖြစ်တာတော့်၊ ဂျိုးဆက်ရဲ့ ဆေးတံနံ့လဲ သူ မခံနိုင်ဘူး၊ ဘယ်သူနဲ့မှလဲ သင့်မြတ်အောင် မပေါင်းနိုင်ဘူး၊ သူ့အတွက်ဆို သူ့အနားမှာ သကြားလုံးတို့၊ မုန့်တို့၊ နွားနို့တို့ဆိုတာ အမြဲတမ်း ထည့်ထားပေးရတယ်တော့်၊ ဆောင်းတွင်းများဆို သူက သိုးမွေးဝတ်ရုံကြီး ခြုံပြီး မီးဖိုနား ထိုင်နေတော့တာပဲ၊ အဲဒီအခါမျိုးဆိုလဲ မီးဖိုနားမှာ သူသောက်ဖို့ ရေဖြစ်ဖြစ်၊ ကစီရည်ဖြစ်ဖြစ် အမြဲချထားပေးရတယ်တော့်၊ သနားစရာကောင်းတာကတော့ ဟယ်ယာတန်ပဲ၊ ဟယ်ယာတန်ကလေးဟာ လူကသာ ကြမ်းကြမ်းတမ်းတမ်း ဖြစ်နေတာ စိတ်ရင်းက မဆိုးရှာပါဘူးတော်၊ သူ့ခမျာ လင်တန်ကလေး ပျင်းနေမှာစိုးလို့ လာပြီး စကားစမြည် ပြောပြန်ယင်လဲ လင်တန်ကလေးက သင့်မြတ်အောင် မပေါင်းသင်းတတ်ဘူးတော့်၊ ကျုပ်အထင်တော့ သခင်ကိုယ်တိုင်က လင်တန်ကလေးဟာ သူ့သားဖြစ်နေလို့၊ မဟုတ်ယင် ဟယ်ယာတန်က လင်တန်ကလေးကို ရိုက်ဦး၊ နှက်ဦး၊ သဘောကျမှာအမှန်ပဲ၊ သူ့သားအရင်းသာ မဟုတ်ယင်လဲ အိမ်က မောင်းထုတ်မှာ အသေချာပဲလို့ ကျုပ်တော့ ထင်တာပဲ၊ ကြာတော့ သခင်ကိုယ်တိုင်က သူ့သားကို ခပ်ရှောင်ရှောင် လုပ်လာတယ်၊ သူရှိယင် ဧည့်ခန်းထဲတောင် မလာတော့ဘူးတော့်'
ကျွန်မသည် ထိုသတင်းစကားများ အရ လင်တန်ကလေး ခမျာမှာ ဂရုစိုက် ပြုစုမည့်သူ မရှိသဖြင့် မူလစိတ်ရင်းကောင်းကလေးများ ပျောက်ကွယ်ကာ လူဆိုး သူဆိုးကလေး အသွင် ရောက်နေရလေပြီလား တွေးမိပါလေတော့သည်။ လင်တန်ကလေးအတွက် စိတ်မကောင်းခြင်းလည်း ဖြစ်ရပါလေ၏။
မစ္စတာအက်ဂါသည် သူ့တူကလေးအပေါ် သံယေခဇဉ် ပြတ်နိုင်ပုံ မပေါ်ပါ။ ကျွန်မအား သူ့ တူကလေးအကြောင်းကို အစုံစမ်းခိုင်းလေ့ ရှိပါသည်။ သူကိုယ်တိုင်လည်း သူ့ တူကလေးကို တွေ့ချင်ပုံ ရပါသည်။ လေထန်ကုန်းမှ အိမ်စေမကြီးထံတွင် လင်တန်ကလေး ဂျင်မာတန်ဘက်သို့ လာလေ့ ရှိ မရှိ အစုံစမ်းခိုင်းပါ၏။ ကျွန်မ စုံစမ်းကြည့်ရာ လင်တန်ကလေးသည် ဂျင်မာတန်သို့ နှစ်ကြိမ် လာဖူးကြောင်း၊ သူ့ အဖေနှင့်အတူ မြင်းစီးလာကြောင်း၊ ထိုသို့ သွားလာပြီးနောက် လင်တန်ကလေးသည် သုံးလေး ရက်လောက် မောနေတတ်ကြောင်း သိရပါလေသည်။
ဤသို့ဖြင့် အချိန်ကာလတို့သည် တရွေ့ရွေ့ ကုန်ဆုံးလာခဲ့ရာ ကေသီကလေး ဆယ့်ခြောက်နှစ် အရွယ်သို့ ရောက်လာပါလေ၏။ ကေသီကလေး၏ မွေးနေ့သည် သူ့မိခင် ကွယ်လွန်သောနေ့ ဆယ့်ခြောက်နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် တိုက်ဆိုင်နေပေရာ ကျွန်မတို့ အိမ်တွင် ကေသီ မွေးနေ့ပွဲကို ပျော်ပျော်ရွှင်ရွှင် မကျင်းပဖြစ်ပါ။ ထိုနေ့က သူ့အဖေသည် စာကြည့်ခန်းထဲမှာ အထီးတည်း နေနေခဲ့လေသည်။ မှောင်ရီပျိုးချိန်မှာပင် ဂျင်မာတန် ဘုရားရှိခိုးကျောင်းဘက်က သူ့ဇနီးသည်၏ သင်္ချိုင်းဂူဘေးသို့ သွားပြီး သန်းခေါင်ကျော်တိုင်အောင် ထိုင်နေခဲ့ပါသည်။
ကေသီကလေးမှာ ထိုနေ့အဖို့ ပျော်ရွှင်မှု ဆိတ်သုဉ်းနေခဲ့ပါသလေသည်။
မတ်လ ၂၀ ရက်နေ့ကား လှပသော နွေဦးပေါက်နေ့ ဖြစ်လေသည်။ သခင်အက်ဂါသည် အိမ်တွင်း၌ အနားယူနေစဉ်တွင် ကေသီကလေးသည် အပြင်သို့ ထွက်ရန် အဝတ်အစားများ ဝတ်ဆင်ပြီး အိမ်ပေါ်မှ ဆင်းလာကာ ကျွန်မအား ကွင်းစပ်ဘက်သို့ လမ်းလျှောက်ထွက်ရန် ပြောပါ၏။ သခင်ကိုယ်တိုင်ကလည်း ခပ်ဝေးဝေးမသွားပဲ တနာရီအတွင်း ပြန်လာကြရန် ပြောထားသည်ဟု သိရပါသည်။
“မြန်မြန်လုပ်ပါ အယ်လင်ရဲ့၊ ကျွန်မ ဘယ်သွားချင်တယ်ဆိုတာ ကျွန်မသိပါတယ်၊ ကျွန်မ တောကြက်တွေနေတဲ့ နေရာ သွားပြီး သူတို့တွေ အသိုက်လုပ်ပြီလား ကြည့်ချင်တယ် အယ်လင်” ကေသီကလေးက အော်ဟစ်ပြောနေပါသည်။
“အဲ့ဒီနေရာက အဝေးကြီးပဲကွဲ့၊ သူတို့က ကွင်းစပ်မှာ မနေပါဘူး'
“မဟုတ်ပါဘူး အယ်လင်ရဲ့၊ ကျွန်မ ဖေဖေနဲ့အတူ ရောက်ဖူးတာပဲ နီးနီးကလေးပါ"
ကျွန်မလည်း ခမောက်ဆောင်းပြီး သူ့နောက်က ချက်ချင်း လိုက်ခဲ့ပါသည်။ မည်သည့် အရေးကိစ္စမျိုးနှင့် ကြုံရနိုင်သည်ကိုပင် ကျွန်မ မစဉ်းစားပါ။ ကေသီကလေးသည် ကျွန်မရှေ့က ပြေးသွားချည်၊ ကျွန်မဘေးသို့ ပြန်ရောက်လာချည်နှင့် အမဲလိုက် ခွေးတကောင်လို ဖြစ်နေပါလေသည်။
ကျွန်မသည် ပတ်ဝန်းကျင် ရှုခင်းနှင့် ကေသီကလေးကို ကြည့်ပြီး ကြည်နူးနေမိပါသည်။ နွေးထွေးသော နေရောင်အောက်တွင် ဘီလုံးငှက်ကလေးများ၏ တေးသံသည် ဟိုမှသည်မှ လွှင့်ပျံလာနေပါသည်။ ကေသီကလေး၏ ရွှေရောင်ဆံပင်စတို့သည်လည်း နောက်ပိုင်း ကျောထက်၌ လျော့လျည်းလျော့လျဲ လွှင့်ပျံနေပါ၏။ ကလေးမကလေး၏ ပါးပြင်သည် နှင်းပွင့်ကလေးကဲ့သို့ ပြေပြေကလေး။ တောက်ပါနေပါ၏။ မျက်လုံးတို့သည်လည်း ရွှန်းလဲ့နေကြလေသည်။ သူကလေးသည် စိတ်လွတ်လက်လွတ် ပျော်မြူးနေပုံ ရပါသည်။
“တောကြက်တွေဆိုတာ ဘယ်မှာလဲ မစ္စကေသီရဲ့၊ တို့များ အိမ်ကြီးရဲ့ ခြံစည်းရိုး နယ်နိမိတ်က အဝေးကြီး ကျော်လာပြီနော်"
"နည်းနည်းပဲ လိုပါတော့တယ် အယ်လင်ရဲ့၊ ဟောဒီ ကုန်းကလေးကို တက်၊ ဟောဟို ကမ်းပါးယံကလေးကို ကျော်လိုက်ယင် ရောက်ရောပဲ"
ဤနေရာတွင် ကုန်းကမူတွေက အများကြီး။ ကမ်းပါယံတွေကို ဖြတ်ကျော်ဖို့ကလည်း မနည်းပေ။ ကျွန်မ မောလာပါလေပြီ။ ထို့ကြောင့် နောက်ကြောင်းပြန်ဖို့ ကျွန်မက ပြောပါသေးသည်။ ကေသီသည် ကျွန်မရှေ့ အတော်ကြီး ဝေးနေလေပြီ။ ကျွန်မ သူ့ကို လှမ်းအော်ပါသေးသည်။ သူ မကြား၊ ဂရုလည်း ထားပုံ မရပေ။ ခုန်ပေါက်ပြေးလွှား သွားနေပါလေသည်။ ကျွန်မ သူ့နောက်က လိုက်ရုံသာ ရှိပါလေတော့သည်။ ကျွန်မ လိုက်မမီခင်မှာပင် သူသည် တွင်းတခုထဲသို့ ဆင်းသွားပါလေ၏။ ထိုအချိန်၌ ကျွန်မတို့သည် လေထန်ကုန် အိမ်ကြီးဘက်နှင့် ပိုနီးလာကြပြီ ဖြစ်ပါသည်။ ထိုစဉ်မှာပင် ကျွန်မသည် လူနှစ်ယောက်ကို မြင်လိုက်ရပါ၏။ တယောက်ကား မစ္စတာ ဟိကလစ် ဖြစ်မည်ဟု ထင်လိုက်မိပါသည်။
ထိုနေရာကား ဟိကလစ်၏ ပိုင်နက်ဖြစ်လေသည်။ ထို့ကြောင့် ဟိကလစ်သည် ကေသီကလေးကို သူ့ပိုင်နက်ထဲသို့ ကျူးကျော်၍ ငှက်ဥနှိုက်သူအဖြစ် ဖမ်းဆီးလိုက်ပုံ ရပါသည်။ ကျွန်မ သူတို့အပါးသို့ အမောတကော ရောက်သွားချိန်တွင် ကေသီသည် သူ့လက်ကို ပြန်ပြလျက် …
'ကျွန်မ ဘာမှ မယူဘူး၊ ဘာမှလဲ မတွေ့ဘူး၊ ဒီနားမှာ ငှက်ဥတွေရှိတဲ့ ငှက်သိုက်တွေ ရှိတယ်လို့ ဖေဖေက ပြောလို့ ငှက်ဥတွေ ကြည့်ချင်တာနဲ့ လာတာပါ၊ ကျွန်မ ငှက်ဥယူဖို့ လာတာလဲ မဟုတ်ဘူး' ဟု အခိုင်အမာ ပြောနေပါလေပြီ။
ဟိကလစ်သည် ကျွန်မအား မနှစ်မြို့ဖွယ်သော အပြုံးနှင့် တချက် ကြည့်လိုက်ပါသည်။ သူ့အကြည့်တွင် ကျွန်မတို့ နှစ်ဦးစလုံးကို သိပြီးဖြစ်ကြောင်းလည်း ဖော်ပြနေပါ၏။ သို့သော် သူ၏ မလိုလောသော စိတ်ထားဖြင့် ကေသီကလေး၏ စကားမှ 'ဖေဖေ' ဟူသည်မှာ မည်သူဖြစ်ကြောင်း မေးနေပြန်ပါလေ၏။
'သရက်ကရော့အိမ်ကြီးက မစ္စတာ လင်တန်ရှင့်၊ ရှင် ကျွန်မကို မသိဘူးထင်တယ်၊ သိယင် ရှင် ကျွန်မကို ခုလို စွပ်စွပ်စွဲစွဲ ပြောမှာတောင် မဟုတ်ဘူး'
'ဩ မင်း ဖေဖေဆိုတာက ဂုဏ်သရေရှိ လူကြီးလူကောင်းတယောက် ဆိုပါတော့' ဟိကလစ်က ခပ်ငေါ့ငေါ့ မေးလိုက်ပြန်သည်။
'ရှင်ကကော ဘယ်သူလဲ'
ကေသီသည် ဟိကလစ်အား အထူးတဆန်း စိုက်ကြည့်ပြီး မေးလိုက်ပါသည်။ တဆက်တည်းပင် 'နေပါဦး၊ ဟောဒီလူကိုလဲ ကျွန်မ မြင်ဖူးပါတယ်၊ သူက ရှင့်သားလား' ဟုလည်း ဟယ်ယာတန်ကို လက်ညှိုးထိုးပြီး မေးလိုက်ပါ၏။
ဟယ်ယာတန်မှာ သူ့ထက် နှစ်နှစ်ခန့် ကြီးသော်လည်း ကိုယ်လုံးကိုယ်ထည်မှာ အတော်ပင် ကြီးထားတုတ်ခိုင်နေပါသည်။ ဟယ်ယာတန်သည် သူ့ကို လက်ညှိုးထိုး မေးလိုက်သဖြင့် မနေတတ် မထိုင်တတ် ဖြစ်သွားပါ၏။
'မစ္စကေသီ၊ တနာရီပဲ ကြာရမယ်ဆိုတာ ခု သုံးနာရီတောင် ကြာသွားပြီ၊ တို့များ ပြန်မှ ဖြစ်မယ်' ဟု ကျွန်မက ကြားဝင် ပြောလိုက်ပါသည်။
ဟိကလစ်က ကျွန်မကို ဘေးဘက်သို့ တွန်းဖယ်ယင်း ကေသီ၏ စကားကို ပြန်ကြားနေပြန်ပါသည်။
'မဟုတ်ဘူးကွ၊ ဒါ ငါ့သား မဟုတ်ဘူး၊ ငါ့မှာ သားတယောက်ရှိတယ်၊ သူ့ကိုလဲ မင်း တွေ့ဖူးပြီးသားပါ၊ မင်းအဘွားကြီးက သွားချင်နေပေမယ့် မင်းတို့နှစ်ယောက်စလုံး ခဏတဖြုတ် အနားယူဖို့တော့ ကောင်းတယ်၊ မင်း ငါ့အိမ်ထဲ ခဏ လိုက်ခဲ့ပါလား၊ မင်းတို့ကို ငါ ကြိုဆိုပါတယ်ကွယ်'
ကျွန်မသည် ကေသီနား ကပ်ပြီး ဘယ်နည်းနှင့်မျှ လိုက်မသွားသင့်ကြောင်း ခပ်တိုးတိုး ပြောလိုက်ပါသေး၏။ ဒါကိုပင် ကေသီက အော်ကျယ်ဟစ်ကျယ်ဖြင့် …
'ဘာဖြစ်လို့လဲ အယ်လင်ရဲ့၊ ကျွန်မ ပြေးလာရတာ မောလှပြီရှင့်၊ ဒီနား ထိုင်နားဖို့ဟာလဲ မြေကြီးက စိုနေတာ၊ လိုက်သွားရအောင်ပါ အယ်လင်ရယ်၊ ပြီးတော့လဲ ဒီလူကြီးက သူ့သားကို ကျွန်မ တွေ့ဖူးသတဲ့၊ သူ မှားနေပြီ ထင်ပါတယ်၊ ဒါပေမယ့် ကျွန်မ သူတို့အိမ်ကို ရောက်ဖူးသလားလို့ တွေးကြည့်နေတာပါ၊ ဟိုတခါ ပင်နစ်တန် ကျောက်ကမ်းပါးတွေဘက်က အပြန်မှာတုန်းက ရောက်ဖူးသလားလို့၊ ဟုတ်ဘူးလားရှင့်' ဟု ပြောနေပြန်ပါလေတော့သည်။
'ဟုတ်တာပေါ့ကွယ်၊ ကဲ နယ်လီ၊ ခင်ဗျား ဘာမှ ဝင်မပြောနဲ့၊ ကဲ လာကြ၊ ဟယ်ယာတန်၊ မင်းက ကောင်မလေးကို ခေါ်ပြီး ရှေ့ကသွားနှင့်၊ နယ်လီ ခင်ဗျားက ကျုပ်နဲ့ လိုက်ခဲ့'
ဟိကလစ်သည် ကျွန်မလက်ကို ဖမ်းဆုပ် ဆွဲခေါ်လိုက်သဖြင့် ကျွန်မက ရုန်းမယ်ယင်း …
'သူ အဲဒီနေရာ သွားလို့ မဖြစ်ဘူး' ဟု အော်ဟစ် ပြောလိုက်ပါသော်လည်း ကေသီသည် ရှေ့မှ အပြေးသွားလေရာ လေထန်ကုန်းအိမ်ကြီးရှေ့သို့ပင် ရောက်သွားပါလေပြီ။ ဟယ်ယာတန်မှာ နောက်တွင် ကျန်ရစ်ခဲ့ပြီး တခြားဘက်သို့ ထွက်သွားပါလေ၏။
'မစ္စတာ ဟိကလစ်၊ ဒါဟာ မဟုတ်သေးဘူး၊ ရှင်လုပ်နေတာ မကောင်းမှန်းလဲ ရှင် အသိသားနဲ့၊ ကေသီဟာ လင်တန်ကို တွေ့ပြီး အပြန်ကျယင် အားလုံး ပြန်ပြောတော့မှာပဲ၊ ကျွန်မလဲ အပြစ်တင် ခံရတော့မယ်'
'ကျုပ်က ကေသီကို လင်တန်နဲ့ တွေ့စေချင်တာပဲဟာ၊ ခု သူလဲ ဟန်ဟန်ပန်ပန် ဖြစ်လာပါပြီဗျ၊ ကျုပ်သားနဲ့ ခဏခဏ တွေ့ကြရတာလဲ မဟုတ်ဘူး မဟုတ်လား၊ ဒီတော့ အန္တရာယ်ရှိတဲ့ နေရာကို ကေသီ တိတ်တိတ်ပုန်း လာရအောင် လုပ်မှ ဖြစ်မှာပေါ့ဗျ'
'ဟုတ်တယ်၊ အန္တရာယ်ရှိတဲ့နေရာ၊ သူ့သမီး ရှင့်အိမ်ထဲ ဝင်တယ်ဆိုရင် သူ့အဖေက ကျုပ်ကို အပြစ်ပြောမှာပဲ၊ ရှင် ဒါကို သိလျက်နဲ့ သူ့သမီးကို ရှင့်အိမ်ထဲ ဝင်အောင် လုပ်တာကိုက ရှင် မကောင်းကြံတာပဲ'
'ကျုပ်အကြံအစည်က ရိုးရိုးကလေးပါဗျာ၊ သူတို့ မောင်နှမ ဝမ်းကွဲ နှစ်ယောက် တွေ့ကြ၊ ကြိုက်ကြ၊ ညားကြ၊ ဒါပါပဲ၊ ဒါဟာလဲ ကျုပ် ခင်ဗျားအတွက် စေတနာနဲ့ ဆောင်ရွက်ပေးနေတာပါ၊ သူ့သမီးမှာက အမွေစား အမွေခံ ဆက်ခံခွင့် မရှိဘူးမဟုတ်လား၊ ဒီတော့ သူ့သမီးနဲ့ ကျုပ်သား ညားသွားယင် သူ့သမီးအဖို့ ကျုပ်သားနဲ့ ပူးတွဲပြီး အမွေဆက်ခံခွင့် ရမယ် မဟုတ်လား'
'ဘာလဲ၊ ရှင့်သား ကျန်းမာရေး အခြေအနေက မသေချာတော့ ရှင့်သားသေယင် ကေသီ အမွေဆက်ခံခွင့် ရဖို့လား'
'ဒီလိုပဲ မဟုတ်ဘူးလေ၊ ကောင်မလေး အနေက ဘယ်မှာလာပြီး အမွေဆက်ခံခွင့် ရှိလို့လဲ၊ အမွေဆက်ခံခွင့် စာချုပ်ထဲမှာ သမီး မိန်းကလေး ဆက်ခံခွင့် ရှိစေ ဆိုတဲ့ အချက်မှ မပါပဲဟာ၊ ကျုပ်သား သေသွားတောင် ကျုပ်ပဲ အမွေဆက်ခံရမယ့် ဥစ္စာ၊ ဒါပေမယ့် ဒီကိစ္စ အငြင်းမပွားရအောင် သူတို့နှစ်ယောက် စည်းစည်းလုံးလုံး ရှိစေချင်လို့ ကျုပ် ဆောင်ရွက်တာပဲဟာ'
'ကျွန်မတော့ ကေသီကို နောက်တကြိမ် ရှင့်အိမ် မလာစေရဘူးလို့ ဆုံးဖြတ်ထားလိုက်ပြီ'
ကျွန်မ တုံ့ပြန်ပြောစဉ်မှာပင် ကျွန်မတို့သည် ကေသီ ရပ်စောင့်နေသော အိမ်ဝင်းဝသို့ ရောက်လာကြပါလေတော့သည်။
ဟိကလစ်က ကျွန်မအား ဆိတ်ဆိတ်နေရန် ပြောပြီး ကျွန်မတို့ကို သူ့အိမ် တံခါးဝသို့ ဦးဆောင် ခေါ်လာကာ တံခါးကို ဖွင့်လိုက်ပါသည်။ ကေသီကလေးသည် ဟိကလစ်အား တချက်တချက် လှမ်းကြည့်မိသော်လည်း ဟိကလစ်နှင့် ပတ်သက်၍ ဘာမျှ သဘောပေါက်ထားခြင်း ရှိပုံမရပါ။ ဟိကလစ်ကမူ ကေသီကို အပြုံးနှင့်ကြည့်ပြီး လေသံကို နှိမ်၍ အိမ်ထဲသို့ ဝင်ရန် ဖိတ်ခေါ်ပါလေ၏။
အိမ်ထဲ မီးဖိုအနီး၌ လင်တန် ရပ်နေပါသည်။ လင်တန်သည် ယာထဲက ပြန်လာခဲ့ပုံရပါသည်။ သူ့ဦးထုပ်ကို မချွတ်ရသေးပါ။ သူသည် ဂျိုးဆက်အား ဖိနပ်အခြောက်များ ယူလာဖို့ လှမ်းပြောလိုက်ပါသည်။ လင်တန်သည် ဆယ့်ခြောက်နှစ် မပြည့်တတ်သေးသော်လည်း အသက်အရွယ်နှင့်စာလျှင် အရပ်ရှည်နေပါလေပြီ။ ရုပ်ရည်သွင်ပြင်ကလည်း ချောချောမောမော ဖြစ်လာပါပြီ။ မျက်လုံးနှင့်အသားအရေတို့သည်လည်း ယခင် တွေ့စကထက်ပင် တောက်ပ စိုပြည်လာပါပြီ။ ယခု အခိုက်အတန့်တွင် ရာသီဥတု အခြေအနေကြောင့် ကျန်းကျန်းမာမာ ဖြစ်လာပုံရပါသည်။
'ကဲ၊ သူ ဘယ်သူလဲ၊ မင်း ပြောနိုင်ရဲ့လား' ဟိကလစ်က ကေသီဘက် လှည့်ပြီး မေးလိုက်ပါသည်။
'ရှင့်သား မဟုတ်လား” ကေသီသည် စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်နေပုံရပါသည်။
"ဟုတ်တာပေါ့ကွယ်၊ မင်းသူ့ကို ခုမှ တွေ့ဖူးသလား၊ စဉ်းစား ကြည့်စမ်းပါဦး၊ မှတ်ဉာဏ်ကလဲ တယ်နည်းကြတာကိုး၊ လင်တန်ရ၊ မင်းကကော မင်းအစ်မကို မမှတ်မိတော့ဘူးလားကွ'
လင်တန် ဟူသော အမည်ကို ကြားလိုက်သဖြင့် ကေသီသည် တအံ့တဩ ဝမ်းပန်းတသာ ဖြစ်သွားကာ....
"လင်တန် ဟုတ်လား၊ ဒါ လင်တန်ကလေးလား ဟင်၊ သူကျွန်မ ထက်တောင် အရပ်မြင့်နေပြီပဲ၊ မင်း လင်တန်လားဟင်' အော်ဟစ် ပြောလိုက်ပါလေတော့သည်။
လင်တန်သည် ရှေ့သို့ တိုးလာပါသည်။ ကေသီသည် လင်တန်အား အားရပါးရ ဖက်ယမ်း နမ်းရှုပ်ပါလေတော့သည်။ ထို့နောက် သူတို့သည် ကွဲကွာသွားကြသော ကာလအတွင်း ပြောင်းလဲသွားသော ရုပ်သွင်များကို ငေးစိုက်ကြည့်နေကြပါလေ၏။
ကက်သရင်း၏ အရပ်အမောင်းသည်လည်း အရွယ်ရောက်နေပြီ ဖြစ်သောအသွင်ကို ဆောင်နေပါ၏။ ကိုယ်ဟန်မှာ ကြံ့ကြံ့ခိုင်ခိုင် သွယ်သွယ်ပျောင်းပျောင်း ရှိလှပါသည်။ ကျန်းမာသော ကိုယ်နေဟန်ဖြင့် စိုပြည် ဝင်းလဲ့ နေပါသည်။ လင်တန်မှာ ပိန်နေပြီး လှုပ်ရှားဟန်သည် ပင်ပန်းနေဟန် ပေါ်နေပါသည်။ သို့သော် သူ့အမူအရာသည် ပင်ပန်းခြင်း၊ အင်အားချည့်နဲ့ခြင်းကို ဖုံးကွယ်ထားဟန် ရှိလေသည်။ သူတို့သည် တယောက်ကို တယောက် အပြန်အလှန် ကြည့်နေကြပြီးနောက် ကေသီသည် တံခါးဝမှနေ၍ သူတို့ နှစ်ယောက်ကို ငေးစိုက်ကြည့်နေသော ဟိကလစ်ထံသို့ လာ၍...
“ဒီလိုဆို ရှင် ကျွန်မ ဦးလေးပေါ့၊ တွေ့စက စိတ်ထဲမှာ တမျိုးပေမယ့် ခုတော့ ကျွန်မ ဦးလေးကို သဘောကျပါတယ်။ ဦးလေးက လင်တန်ကလေးကို ခေါ်ပြီး ကျွန်မတို့အိမ်ကို ဘာလို့ မလာရတာလဲ၊ အိမ်နီးနားချင်းတွေ ဖြစ်ပြီး ဒီလောက်ကြာအောင် အသွားအလာ မရှိတာ တမျိုးပဲ” ဟု ပြောလိုက်ပါသည်။
“မင်း မမွေးခင်ကတော့ တခေါက်နှစ်ခေါက် ရောက်ဖူးပါတယ်ကွယ်၊ ဒါပေမယ့် အလကားပါပဲ”
“ဘယ်လိုလဲ အယ်လင်၊ ရှင် ကျွန်မကို ဒီမှာ ဦးလေးတယောက် ရှိတယ်ဆိုတာ ဘာလို့ မပြောရတာလဲ” ကေသီသည် ကျွန်မ ဘက်သို့ လှည့်၍ မဲပြန်ပါလေသည်။ “နောက်ဆိုယင် ကျွန်မ ဒီကို မနက်တိုင်း လာမယ်၊ လာရမယ် မဟုတ်လား ဦးလေးရဲ့၊ တခါတလေကျတော့လဲ ဖေဖေ့ကိုပါ ခေါ်လာခဲ့မယ်လေ၊ ဦးလေး ဝမ်းမသာဘူးလား ဟင်'
‘လာပေါ့ကွယ်’ ဟု ပြောလိုက်ရသော်လည်း ဟိကလစ်၏ မျက်နှာထားမှာ ရွှံ့ရှုံ့မဲ့မဲ့ ဖြစ်သွားပါသည်။ ထို့နောက် သူကပင် ဆက်၍ “ဒါပေမယ် နေဦးကွဲ့ ၊ ဒီအကြောင်းတွေ မင်းကိုတော့ ပြောမှ ဖြစ်မယ် ထင်တယ်၊ မစ္စတာလင်တန်ဟာ ဦးလေးအပေါ် အာယာတရှိတယ်ကွဲ့။ တခါကဆို ဦးလေးတို့နှစ်ယောက်ဟာ တယောက်ကို တယောက် ရင်မဆိုင်ချင်လောက်အောင် စကားများခဲ့ကြဖူးတယ်၊ ဒီတော့မင်းက မင်းအဖေကို ဒီကို လာဖို့များ သွားပြောယင် မင်းကိုတောင် ဒီကို လာစေမှာ မဟုတ်ဘူး၊ ဒါကြောင့် မင်း မင်းမောင် ဝမ်းကွဲကို တွေ့ချင်တယ်ဆိုယင် မင်းအဖေကိုတော့ သွားမပြောလေနဲ့၊ မင်းချည်းလာမယ်ဆို လာပေါ့ကွ’ ပြောပါလေတော့သည်။
“ဦးလေးတို့က ဘာဖြစ်လို့ စကားများ ရတာလဲဟင်”
ကေသီသည် စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး ခပ်လေးလေး မေးလိုက်ပါလေသည်။
“ဦးလေးနဲ့ သူ့ ညီမနဲ့ ယူမှာ ဦးလေးကို မတူဘူး၊ မတန်ဘူး ဦးလေးက ဆင်းရဲတယ်လို့ ထင်တာကိုးကွဲ့၊ ဦးလေးတို့ချင်း ယူတော့ သူ အတော်ပဲ စိတ်ထိခိုက်သွားတယ်၊ သူ့မာနက သူ့ကို စိတ်ထိခိုက်စေတာပဲ၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သူ ခွင့်မလွတ်နိုင်ဘူး'
“ဒါဆို ဖေဖေ မှားတာပေါ့၊ ဒီအကြောင်း ဖေဖေ့ကို ပြောရဦးမယ်၊ ဒါပေမယ် ဦးလေးတို့ ရန်ဖြစ်တာ ကျွန်မနဲ့ လင်တန်နဲ့တော့ မဆိုင်ပါဘူး၊ ဒီတော့ ကျွန်မ ဒီကို မလာလဲ လင်တန် ကျွန်မတို့အိမ် လာပေါ့'
“ကိုယ် မလာနိုင်ဘူး၊ ခရီးက ဝေးတော့ ကိုယ် ပင်ပန်းတယ်၊ လေးမိုင်လောက် လျှောက်ရယင် ကိုယ် သေသွားလိမ့်မယ်၊ ဒီတော့ မစ္စကက်သရင်း ပဲကိုယ့်ဆီလာပါ၊ မကြာမကြာ လာပါ၊ နေ့တိုင်း မလာနိုင်တောင် တပတ် တခါ နှစ်ခါတော့ လာပါ' ဟု လင်တန်ကလေးက ခပ်ညည်းညည်း ပြောလိုက်ပါသည်။
ဟိကလစ်သည် လင်တန်အား မနှစ်မြို့သော အကြည့်၊ ရှုတ်ချသော အကြည့်ဖြင့် ကြည့်လိုက်ပါသည်။ ထို့နောက် ကျွန်မဘက်သို့ လှည့်၍ …
'ကျုပ်တော့ ခဲလေသမျှ သဲရေကျ ဖြစ်ရတော့မလား မဆိုနိုင်ဘူး နယ်လီရေ၊ ဒီကောင်ကလဲ တုံးလိုက်တာ လွန်ပါရော၊ ကြာယင် မစ္စကတ်သရင်းကပါ သင်းကို လူတုံးလူညံ့ ဆိုပြီး ပစ်သွားမှာဗျ၊ ဟယ်ယာတန်တို့နဲ့များ ကွာပါ့ဗျာ၊ ဟယ်ယာတန်ကို ကျုပ်က ဘယ်လောက် နှိမ်ထားသလဲ၊ သင်းဟာ တခြားလူဆို ကျုပ် သူ့ကို ချစ်လို့ နေပါရဲ့၊ ထားပါတော့လေ၊ ဟယ်ယာတန် အတွက်က စိတ်မချရစရာ မရှိပါဘူး၊ ကျုပ်ကောင်ကတော့ အလကားပဲ၊ ဒါပေမယ့် စောင့်တော့ ကြည့်ရမှာပဲလေ' ခပ်တိုးတိုး ပြောပြီး သူ့သားဘက်သို့ လှည့်ပြန်ကာ…
'ဟေ့ … လင်တန်' ဟု ခေါ်လိုက်ပါသည်။
'ဟုတ်ကဲ့ ဖေဖေ'
'မင်း မင့်အစ်မကို ခေါ်ပြီး တခုခု လိုက်ပြပါလားကွ၊ ယုန်ကလေးတွေ ဖြစ်ဖြစ် လိုက်ပြပါလား၊ ဒီတော့ မင်းဖိနပ် အစိုတွေမလဲခင် မင်း အစ်မကို ခြံထဲ ခေါ်သွား၊ ပြီးယင် မြင်းဇောင်းထဲ ခေါ်ပြီး မင့်မြင်းကို ပြလိုက်ဦးပေါ့'
ထို့ကြောင့် လင်တန်သည် ကေသီအား ခပ်တိုးတိုး လှမ်းခေါ်လိုက်ပြီး…
'ဒီမှာပဲ ထိုင်နေယင် မကောင်းဘူးလား' ဟု မေးလိုက်ပါလေသည်။
ကေသီသည် တံခါးဘက် စိုက်ကြည့်နေရာမှ …
'မသိဘူးလေ' ဟု ဖြေလိုက်ပါသည်။
လင်တန်ကား ကုလားထိုင်မှာပင် ထိုင်နေပါ၏။ မီးဖိုနားသို့ပင် တိုးသွားပါလေသည်။ ဟိကလစ်သည် နေရာမှ ထပြီး မီးဖိုဘက်သို့ လျှောက်သွားပြီး ခြံထဲမှ ဟယ်ယာတန်ကို လှမ်းခေါ်လိုက်ပါလေသည်။ ဟယ်ယာတန် ပြန်ထူးသံကို ကြားရပြီးနောက် ဟယ်ယာတန်နှင့် ဟိကလစ်တို့သည် အခန်းထဲသို့ ပြန်ဝင်လာကြပါလေသည်။ ဟယ်ယာတန်မှာ ရေချိုးပြီးစ ဖြစ်ပါသည်။ ပါးကလေးတွေ အရောင်ထွက်နေပြီး ဆံပင်များမှာ ရေစိုနေပါသည်။
ထိုစဉ်မှာပင် ကေသီသည် တစုံတခုကို သတိရဟန်ဖြင့်..
'ဦးလေးကို ကျွန်မ တခု မေးချင်တယ်၊ သူက ကျွန်မ ဝမ်းကွဲ အစ်ကို မဟုတ်ပါဘူးနော်' ဟု ပေးလိုက်ပါလေသည်။
“ဟုတ်တာပေါ့ကွယ်၊ မင်းအမေရဲ့ တူပဲဟာ၊ မင်းရဲ့ ဝမ်းကွဲအစ်ကို တော်တာပေါ့၊ မင်း သူ့ကို သဘောမကျဘူးလား”
ကက်သရင်းသည် တအံ့တဩ ဖြစ်သွားပါလေသည်။
“သူ မချောဘူးလားကွယ်”
ဟိုကလစ်က ဆက်မေးနေပြန်ပါသည်။ ဟယ်ယာတန်မှာ သိမ်သိမ် မွေ့မွေ့ မရှိလှပါ။ ခြေဖျားထောက်ရပ်ယင်း ဟိကလစ်အား စကားတခွန်း ခပ်တိုးတိုး ပြောလိုက်ပါသည်။ ဟိကလစ်က ရှယ်လိုက်သည်။ ဟယ်ယာတန့် မျက်နှာသည် မည်းခနဲ ဖြစ်သွားပါ၏။ ဟယ်ယာတန်သည် သိမ်ငယ်နုန့်နဲ့နေကြောင်း ထင်ရှားလှပါသည်။
“ဟေ...ဟယ်ယာတန်ရ၊ မင်းက တို့အထဲမှာတော့ လူတိုင်းကြိုက်ပဲကွ.. ဟောဒီမှာ ကေသီ ကတောင် ပြောနေတယ်၊ ဘာတဲ့ကွာ၊ မင်းကို ချီးမွမ်းခန်း ဖွင့်နေတာဟေ့၊ ကဲ...ဒီတော့ မင်း သူ့ကို ခြံထဲ ခေါ်သွားလိုက်ပါကွာ၊ ယဉ်ယဉ်ကျေးကျေး သိမ်သိမ် မွေ့မွေ့လဲ ဆက်ဆံနော် စကားအပြောအဆိုလဲ ဆင်ခြင်၊ မိန်းကလေးက ကိုယ့်ကို မကြည့်နဲ့ မင်းကလဲ စိုက်ကြည့်မနေနဲ့ဦး၊ စကားပြောယင်လဲ ဖြည်းဖြည်းပြော ဘောင်းဘီအိတ်ထဲချည်း နှိုက်မထားနဲ့ဦး၊ ကဲ...သွားတော့ ကလေးမလေး စိတ်ပျော်အောင် လိုက်ပြလိုက်ကွာ”
ဟီကလစ် သူတို့နှစ်ယောက်ကို ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ပါသေးသည်။ ဟယ်ယာဘန်သည် ကက်သရင်းကို မကြည့်ပဲ မျက်နှာလွှဲကာ ရှုခင်းကိုသာ ငေးစိုက် လိုက်ပါသွားလေသည်။ ကက်သရင်းက ဟယ်ယာတန်ကို မသိမသာ ကြည့်လျက် လိုက်ပါသွား၏။
“ကျုပ် သူ့ပါးစပ်ကို ပိတ်ထားလိုက်တယ်လေ၊ သူ ဘာစကား တခွန်းမှ ပြောမှာ မဟုတ်ဘူး၊ နယ်လီ...ကျုပ် ငယ်ငယ်က အဖြစ်ကို ခင်ဗျား ပြန်စဉ်းစားကြည့်စမ်း၊ ကျုပ်ဟာကော ဒီလိုပဲ မဟုတ်လား" ဟိကလစ်က ပြောလာပါသည်။
“အဲဒီတုန်းက ပိုတောင် ဆိုးသေးတယ်၊ ရှင့် မျက်နှာက အောက်သိုးသိုးနဲ့လေ"
"ကျုပ်တော့ သူ့ကိုကြည့်ပြီး သဘောကျတယ်၊ ကျုပ် ဖြစ်စေချင်တဲ့ အတိုင်း ဖြစ်တာပဲ၊ သူသာ မွေးကတည်းက ခပ်တုံးတုံး ခပ်ညံ့ညံ့ဆိုယင် ကျုပ် ဒီလောက် ကျေနပ်ချင်မှ ကျေနပ်မယ်၊ ဒါပေမယ့် သူက ပင်ကိုအားဖြင့် လူတုံးလူညံ့ မဟုတ်ဘူး၊ ခု သူဘယ်လို ခံစားနေရမယ်ဆိုတာ ကျုပ်ခံစားလို့ ရပါတယ်၊ ဒါပေမယ့် သူ ဘယ်ပုံ ဘယ်နည်း ခံစားနေရ တယ်ဆိုတာ သူ ကိုယ်တိုင် မသိဘူး၊ သူ့ကို ကျုပ် လွယ်လွယ်နဲ့ ဖျက်ဆီးပစ်လို့ ရခဲ့တယ်၊ သူကိုယ်တိုင်ကလဲ ဒီလို အဖျက်ဆီးခံရတာကိုပဲ မာနထားသလို ဖြစ်နေတယ်၊ ကျုပ် သူ့ကို တိရစ္ဆာန်တကောင်ထက်တောင် နိမ့်ကျတဲ့ဘဝ ရောက်အောင် ပို့ပစ်ခဲ့တယ်၊ ဒီမယ် နယ်လီ၊ ခုနေတုန်း ဟင်ဒလီသာရှိယင် သူ့သားအတွက် သူ ဘယ်လောက် ဂုဏ်ယူလိုက်မလဲ၊ ကျုပ်ဟာ ကျုပ်သားအတွက် ဂုဏ်ယူသလိုပဲ သူလဲ သူ့ သားအတွက် ဂုဏ်ယူမှာပဲ၊ ဒါပေမယ့် မတူဘူး အယ်လင်၊ တယောက်က ရွှေတုံး ရွှေခဲဗျ။ အဲဒီ ရွှေတုံးရွှေခဲကို လမ်းခင်းကျောက်လို အသုံးချခံရတာ၊ တယောက်ကတော့ သံဖြူထည်ကို အရောင်တင်ပြီးသားအဖြစ် အသုံးချခံနေရတာ၊ တကယ်က ကျုပ်ကောင်က ဘာမှ တန်ဖိုးရှိတဲ့ကောင် မဟုတ်ဘူး၊ ဟိုကောင်မှာက ပထမတန်း အရည်အချင်းတွေ ရှိတယ်၊ ဒါကို ကျုပ် ဖျက်ဆီးပစ်လိုက်တာပဲ၊ ဒါပေမယ့် ဟယ်ယာတန်က ကျုပ်ကိုတော့ တွယ်တာတယ်ဗျ။
ပြောယင်းပင် ဟိကလစ်သည် သူ၏ စိတ်ကူးအတွေးကို သူ့ဘာသာ သူ သဘောကျပြီး ရယ်ပြန်ပါလေသည်။ သူ့ရယ်မောသံကား နတ်ဆိုး၏ ရယ်မောသံပမာတည်း။ သူ့စကားကို ကျွန်မ မည်သို့မျှ မတုံ့ပြန်ပါ။ သူကိုယ်တိုင်ကလည်း ကျွန်မထံမှ မည်သည့် တုံ့ပြန်မှုမျိုးကိုမျှ မျှော်လင့်ထားပုံ မရပါ။ ထိုစဉ်မှာပင် လင်တန်ကလေးသည် ကျွန်မတို့နားသို့ တိုးလာပြီး သူ့အဖေစကားကို နားစိုက်ထောင်ပါလေသည်။ သူ့အဖေစကားများကို ကြားရသောအခါ သူသည် မနေတတ် မထိုင်တတ် ဖြစ်လာပါ၏။ ဟိကလစ်သည် ပြတင်းပေါက်မှ နေ၍ အပြင်ဘက်သို့ လှမ်းကြည့်ပြီး နောက်...
“ဟေ့၊ ငပျင်းကလေး ထစမ်းကွာ၊ ဟိုမှာ သူတို့နှစ်ယောက်ကို တွေ့လား၊ လိုက်သွားပါလားကွ” ဟု ပြောလိုက်ပါသည်။
လင်တန်လည်း နေရာမှ အားယူ ထသွားပါလေတော့သည်။ ထို့နောက် လင်တန်သည် အပြင်သို့ ထွက်သွားလေ၏။ ပြတင်းတံခါးသည် ပွင့်နေပါ၏။ ကျွန်မသည် အပြင်ဘက်မှ ကေသီနှင့် ဟယ်ယာတန်အား တံခါးပေါက်က စာတွေအကြောင်း မေးပါသည်။ ဟယ်ယာတန်က စာလုံးတွေကို မော့ကြည့်ပြီး ခေါင်းကုတ်ပါလေတော့သည်။
'ဘာတွေ ရေးထားမှန်းလဲ မသိဘူး၊ ငါ မဖတ်တတ်ဘူး'
'မဖတ်တတ်ဘူး၊ ဟုတ်လား၊ ကျွန်မ ဖတ်တတ်ပါတယ်၊ ဒါ အင်္ဂလိပ်လို ရေထားတာပဲ။ ဒါပေမယ့် လိုရေးထားတာပဲ၊ ဒါပေမယ့် ကျွန်မသိချင်တာက ဘာကြောင့် ရေးထားတာလဲ သိချင်တာ'
ထိုနေရာသို့ လင်တန်ရောက်သွားပြီး လင်တန်က ကျိတ်၍ ရယ်ပါလေတော့သည်။ လင်တန် ပြုံးပြုံးရယ်ရယ် ရှိသည်ကို ပထမဆုံး အကြိမ် တွေ့ရခြင်း ဖြစ်ပါသည်။
“သူက စာမဖတ်တတ်ဘူး၊ အဲဒီလောက်တုံးတဲ့ ညံ့တဲ့လူ ရှိသေးတယ် ဆိုယင် မင်း ယုံပါ့မလား' လင်တန်က ကေသီကို လှမ်းပြောလိုက်ပါသည်။
“သူက ဒီလိုပဲလား၊ သူ ရိုးလွန်း အ လွန်းတာပဲလား၊ ငါသူ့ကို မေးတာ နှစ်ခါရှိသွားပြီ၊ သူ့ မေးလိုက်ယင် သူ ဘာမှ မသိသလိုပဲ။ ငါမေးတာ နားမလည်ဘူးလား မသိဘူး”
လင်တန်က ရယ်ပြန်ပါလေသည်။ ဟယ်ယာတန်မှာ သူတို့နှစ်ယောက် ပြောနေသည်ကို နားမလည်နိုင်သလို ငေးတိငိုင်တိုင် ဖြစ်နေပါ၏။ လင်တန်က ဟယ်ယာတန်ကို အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ...
“ဒါကလဲ တခြား မဟုတ်ပါဘူး၊ အပျင်းထူလို့ပါဟာ၊ မဟုတ်လား ဟယ်ယာတန်၊ ခင်ဗျားကို ကျွန်တော့်အစ်မက ငတုံးလို့ ထင်နေတာ အဲဒါ ခင်ဗျားက စာသင်တာ အလကားပဲလို့ ပြောချင်တာကိုးဗျ'
“မဟုတ်ဘူးလားကွ၊ စာသင်တာ ဘာသောက်သုံးကျလို့လဲ”
ဟယ်ယာတန်က သူနှင့် လင်တန် နှစ်ယောက်ချင်း ပြောနေကျအတိုင်း ခပ်မာမာ ပြောချလိုက်သည်။ သူ စကားဆက်ဦးမည် ပြုဆဲမှာပင် လင်တန် တို့နှစ်ယောက်က ရယ်ချလိုက်ပါလေသည်။ ကေသီကလေးမှာ ဟယ်ယာတန်၏ ထူးဆန်းသော စကားအသုံးအနှုန်းကြောင့် အထူးအဆန်း ဖြစ်သွားပုံရပါသည်။
'ခင်ဗျား ဘာ သောက်တွေ ဘာတွေနဲ့ တိုင်းထွာ ပြောရတာလဲဗျ၊ ဖေဖေက ပြောထားတယ် မဟုတ်လား၊ ယဉ်ယဉ်ကျေးကျေး ပြောဖို့၊ ခင်ဗျားဟာ တိုင်းလား ထွာလား မပြောယင် မပြောတတ်တော့ဘူးလား၊ သိမ်သိမ်မွေ့မွေ့ ယဉ်ယဉ်ကျေးကျေး နေတတ် ပြောတတ်အောင် လုပ်စမ်းပါဗျာ”
လင်တန်က ရယ်သံကို ချုပ်ပြီး ပြောပြန်ပါလေသည်။
ဟယ်ယာတန်သည် စော်ကားမော်ကား အပြောခံလိုက်ရသဖြင့် ဒေါသဖြစ်သွားပြီး မျက်နှာ နီရဲသွားကာ …
'မင်းဟာလေ မိန်းမလျာကလေးလိုမို့ ပေါ့က္ခာ၊ မဟုတ်ယင် ဒီနေရာမှာ ငါ မင်းကို အလဲထိုးတယ်၊ အလကား ငကြောင်ကလေး” ဟု ချက်ချင်း နှုတ်တုံ့ ပြန်လိုက်ပါသည်။
မစ္စတာ ဟိကလစ်သည်လည်း ထိုလူငယ်သုံးဦး စကားများသည်ကို ကြားနေပါ၏။ ဟယ်ယာတန် နေရာမှ ထွက်သွားချိန်တွင် ကျွန်မလည်း ပြုံးလိုက်မိပါသည်။ ထို့နောက် ကျွန်မတို့သည် တံခါးဝတွင် ကျန်ရစ်သော လင်တန်တို့ နှစ်ယောက်ဆီသို့ အာရုံရောက်သွားပါ၏။ ကျွန်မသည် သူတို့နှစ်ယောက် စကားပြောနေသည်ကို သဘောမကျလှပါ။
ထိုနေ့က ကျွန်မသည် ကေသီ့ကို အလွယ်နှင့် ခေါ်မရသဖြင့် ထိုအိမ်တွင် မွန်းလွဲပိုင်းအထိ နေခဲ့ရပါသည်။ သို့သော် ထိုနေ့က ကျွန်မတို့ အိမ်တွင် သခင်သည် အခန်းအောင်းနေသဖြင့် ကျွန်မတို့ အပြင်ဘက်၌ အချိန်ကြာနေသည်ကို မသိ၍ ကျွန်မတို့အဖို့ သက်သာရာရခဲ့ပါ၏။
အိမ်ပြန်လမ်း၌ ကျွန်မက ဟိကလစ်တို့ အကြောင်းကို ပြောလာပါသည်။ ကေသီကမူ ကျွန်မသည် ဟိကလစ်အပေါ် အာဃာတထားနေသည်ဟုပင် သဘောရပုံရပါသည်။
“ဟာ ဟာ ဟ၊ ရှင်ကလဲ ဖေဖေ ဘက်ကပဲ အယ်လင်၊ ရှင်လဲ ဘက်လိုက်တာပဲ၊ မဟုတ်ယင် လင်တန် ဟိုအဝေးကြီးမှာ ရောက်နေတယ်လို့ ကျွန်မကို ရှင် လိမ်ထားမလား၊ အဲဒီကိစ္စမှာတော့ ကျွန်မ သိပ်စိတ်ဆိုးတာပဲ၊ နောက်ပြီး ကျွန်မ ဦးလေးအကြောင်းကိုလဲ ရှင် မကောင်း မပြောယင် ကောင်းမယ်၊ ဘာဖြစ်ဖြစ် သူဟာ ကျွန်မဦးလေးပဲဆိုတာတော့ သိထားဖို့ ကောင်းတာပေါ့၊ ဖေဖေ့ကိုလဲ သူနဲ့ စကားများတာကို ပြောရဦးမယ်’
ကျွန်မ သူ့အား ရေလည်အောင် ရှင်းမပြနိုင်ခင်မှာပင် ကေသီသည် ရှေ့က ပြေးပါလေတော့သည်။
ထိုညကမူ ကေသီသည် သူ လေထန်ကုန်း အိမ်သို့ ရောက်ခဲ့သည့်အကြောင်းကို သူ့အဖေအား မပြောဖြစ်ခဲ့ပါ။ ထိုညကတော့လည်း ထိုသားအဖနှစ်ယောက် မတွေ့မိကြပါ။ နောက်တနေ့တွင်ကား ဖုံးကွယ်၍ မရတော့ပါ။ ကျွန်မအဖို့သာ စိတ်မကောင်းစရာ ဖြစ်ရပါတော့သည်။ ကျွန်မ၌ စိတ်မကောင်းရုံ မကောင်း ဖြစ်ရသော်လည်း မစ္စတာ လင်တန် အဖို့ကား သမီးနှင့် ပတ်သက်၍ တာဝန်ကြီးတရပ် ဖိစီးလာသလို ဖြစ်ရပါလေတော့သည်။
ထိုနေ့မနက်က ကေသီသည် ဖခင်ဖြစ်သူအား နှုတ်ဆက် စကားပြောပြီးသည်နှင့် ....
“ဖေဖေ၊ မနေ့က သမီး ကွင်းထဲ လမ်းလျှောက်သွားယင်း ဘယ်သူနဲ့ တွေ့ခဲ့သလဲ တွေးကြည့်စမ်းပါ၊ ဟော ဖေဖေ တုန်လှုပ်သွားပြီ ဖေဖေတို့ မဟုတ်တာ လုပ်ထားတာပဲ၊ မဟုတ်ဘူးလား ဖေဖေ၊ သမီး ဘယ်သူနဲ့ တွေ့ခဲ့တယ်ဆိုတာ ပြောပြမယ် ဖေဖေ၊ အမှန်က ဖေဖေရော အယ်လင်ရော နှစ်ယောက်ပေါင်းပြီး သမီးအပေါ် သနားချင်ယောင် ဆောင်ပြီး သမီးကို မျှော်လင့်ချက် ပေးထားတာပဲ၊ ဒီလိုနဲ့ လင်တန် ပြန်လာတော့မှာ မဟုတ်ဘူးလို့ သမီး စိတ်ပျက်သွားအောင် လုပ်တာပဲ” ဟု စကားစကာ ယမန်နေ့က သူ တွေ့ခဲ့သမျှ အဖြစ်အပျက်နှင့် လူတွေအကြောင်း အလုံးစုံကို အမှန်အတိုင်း ပြောပြပါလေတော့သည်။
သခင်သည် ကျွန်မအား အပြစ်တင်သော အကြည့်ဖြင့် ကြည့်သော်လည်း ကေသီ၏ စကားမဆုံးမီ ကျွန်မ ဘာမှ မပြောပါ။ ထို့နောက် သခင်သည် သူ့သမီးကို သူ့အပါးသို့ ဆွဲခေါ်လိုက်ပြီး လင်တန်ကလေး အနီးအနားမှာ ရှိကြောင်း အဘယ်ကြောင့် မပြောပဲ ထားရသနည်း၊ သူ သိ မသိ ပေးလိုက်ပါလေ၏။ ကေသီသည် ဘာမှ မစဉ်းစားပဲ ဖြေချ လိုက်ပါသည်။
“အဲဒါ ဖေဖေက မစ္စတာ ဟိကလစ်ကို မုန်းလို့ပဲပေါ့"
“ဒါဖြင့် ဖေဖေက သမီးခံစားရတာထက် ဖေဖေ ခံစားရတာကို ပိုပြီး အရေးထားတယ်လို့ ဆိုချင်သလား ကေသီ၊ တကယ်က ဖေဖေက မစ္စတာ ဟိကလစ်ကို မုန်းတာ မဟုတ်ဘူးကွဲ့။ မစ္စတာ ဟိကလစ်ကသာ ဖေဖေ့ကို မုန်းနေလို့ပဲ၊ သူဟာ တကယ့်နတ်ဆိုး တကောင်ပါသမီးရယ်၊ သူဟာ အခွင့်သာတာနဲ့ သူမုန်းတဲ့ လူတွေကို ဖျက်ဆီးရမှ၊ ချေမှုန်းရမှ သဘောကျတဲ့ လူစားမျိုးပါ၊ ဒီတော့ သမီးဟာ သမီးရဲ့ မောင်လေးနဲ့ ဆက်ဆံဖို့ဆိုတာမျိုးဟာ သူနဲ့ကင်းပြီး မဖြစ်နိုင်ဘူးဆိုတာ ဖေဖေ သိတယ်၊ သူက ဖေဖေ့ အပေါ်ထားတဲ့ အမုန်းစိတ်ကို သမီးအပေါ်မှာလဲ ထားမှာပဲဆိုတာ ဖေဖေ သိတယ်သမီး၊ ဒါကြောင့်လဲ သမီး ကောင်းကျိုးအတွက် သမီးကို လင်တန်ကလေးနဲ့ မတွေ့ရအောင် လုပ်ထားတာပါ သမီးရယ်၊ တခြား ဘာအကြောင်းမှ မရှိပါဘူး၊ အင်း၊ သမီး ကြီးလာတဲ့ တနေ့ကျယင် အဲဒီအကြောင်းတွေကို ရှင်းပြပါ့မယ်ကွယ်၊ ခုလောလောဆယ် ရှင်းမပြနိုင်တာကိုတော့ ဖေဖေ စိတ်မကောင်းပါဘူး သမီးရယ်"
‘ဒါပေမယ့် မစ္စတာဟိကလစ်ဟာ ဖော်ဖော်ရွှေရွှေ ရင်းရင်းနှီးနှီး ရှိပါတယ် ဖေဖေ၊ သူက သမီးတို့ နှစ်ယောက်တွေ့တာကိုလဲ မကန့်ကွက်ပါဘူး။ သမီးကိုတောင် သူအိမ်ကို လာချင်တဲ့ အချိန် လာနိုင်ကြောင်း ပြောလိုက်ပါသေးတယ်၊ ဒါပေမယ်. ဒီအကြောင်းကို သမီး မပြောသေးတာက ဖေဖေတို့နှစ်ယောက်က စကားများထားကြတာ မဟုတ်လား၊ နောက်ပြီး ဖေဖေကလဲ ဒေါ်လေး အစ္စဗယ်လာနဲ့ ပတ်သက်ပြီး သူ့ကို ခွင့်မလွတ်ဘူး မဟုတ်လား။ ဒါဟာလဲ ဖေဖေဘက်က မှားတာပဲ၊ သူကလဲ သမီးတို့နှစ်ယောက်ကို အနည်းဆုံး မိတ်ဆွေတွေလိုပဲ ဖြစ်ဖြစ် ဆက်ဆံစေချင်တယ်၊ ဖေဖေတော့ မပါဘူးပေါ့လေ'
သခင်သည် သူ့သမီးကလေးမှာ သူ့စကားကို နားမဝင်သဖြင့်သာ သူ့ဦးလေး၏ ယုတ်မာမှုများကို သဘောမပေါက်နိုင်ခြင်း ဖြစ်သည်ဟု သဘောရသဖြင့် အစ္စဗယ်လာနှင့် ပတ်သက်၍ မစ္စတာဟိကလစ် ရက်စက်ပုံ၊ လေထန်ကုန်း အိမ်ကြီးကို အပိုင်သိမ်းရအောင် လုပ်ဆောင်ပုံများကို အကျဉ်းချုပ် ပြောပြလိုက်ပါသည်။
မစ္စတာအက်ဂါသည် ဤအကြောင်းကို ရှည်ရှည်ဝေးဝေး ပြောချင်ပုံမရပါ။ အနည်းအကျဉ်းမျှ ပြောရသည်ကိုပင် နောက်ကြောင်းတွေကို သတိရလာပြီး ချောက်ချား တုန်လှုပ်လာပုံရပါသည်။ ဇနီး ဖြစ်သူသည်ပင်လျှင် ထိုသူနှင့် မပတ်သက်ခဲ့လျှင် ယခုတိုင် အသက်ထင်ရှား ရှိလိမ့်ဦးမည် ဟူသော သူ မပြတ်ခံစားခဲ့ရသည့် အတွေးသည် ထင်ဟပ်လာပြန်လေသည်။
မစ္စကေသီသည် သူ့အဖေစကားကို နားထောင်ယင်း အထိတ်တလန့် ဖြစ်လာလေတော့သည်။ နှစ်ပေါင်းများစွာ ရန်ငြိုးမပြေနိုင်ပဲ တဆွေတမျိုးလုံးအပေါ် လက်စားချေတတ်သော လူမျိုး၊ သတိသံဝေဂ မရနိုင်ပဲ ရက်စက်စွာ လက်စားချေတတ်သော လူမျိုးအကြောင်းကို ကြားရသဖြင့် အံ့ဩ တုန်လှုပ်ခြင်းလည်း ဖြစ်ရလေတော့သည်။ သူ့အဖို့တော့လည်း လူ့လောကကြီးထဲတွင် ဤမျှ ရက်စက်ယုတ်မာသူမျိုးလည်း ရှိပါကလား ဟူသော အသိဖြင့် ထိတ်လန့်တုန်လှုပ်ရလေတော့သည်။
“အဲဒါဆိုယင် သမီး အဲဒီအိမ်နဲ့ အဲဒီအိမ်က လူတွေကို ဘာကြောင့် ရှောင်ကွင်းစေချင်သလဲဆိုတာ သမီး နားလည်ရောပေါ့၊ ကဲ၊ ဒီတော့ သမီး အလုပ်တွေ သမီး သွားလုပ်ချေတော့၊ သူတို့အကြောင်းတွေကို ကက်သရင်းသည် သူ့အဖေကို နမ်းရှုပ် နှုတ်ဆက်ပြီးနောက် ထုံးစံအတိုင်း စာကြည့်ခန်းသို့ ဝင်ခဲ့ပါလေသည်။ ခြံထဲမှာ လမ်းဆင်းလျှောက်ပါသည်။ ညနေပိုင်းတွင်ကား သူသည် ရှစ်နာရီခန့် လေ့လာပြီးနောက် ခါတိုင်းနည်းတူပင် သူ့အဖေနှင့်အတူ လဲပေးရန် သူ့အခန်းထဲသို့ ဝင်ခဲ့ရာ သူ့ကို အိပ်ရာဘေးတွင် ရပ်လျက်သား တွေ့ရပါလေသည်။
“အို၊ ကလေးရယ်၊ ဘာမဟုတ်တဲ့ ကိစ္စကလေးနဲ့ ကိုယ့်ဘာသာ ကိုယ် အမှားပြင်ပြီး တကယ် ဝမ်းနည်းဦးတော့ အလကား မျက်ရည်ကျရတာ ဘယ်လောက်ရှက်စရာ ကောင်းသလဲ၊ ကိုယ့်အရိပ်ကြောင့် ကိုယ် ဝမ်းနည်းရတာမျိုး မဖြစ်ကောင်းဘူး မစ္စကက်သရင်း၊ ဒီလောကထဲမှာ တမိနစ်လောက် ငါနဲ့ညည်းအဖေ သေသွားပြီး ညည်းတယောက်တည်း ကျန်ခဲ့ရတယ်လို့ တွေးကြည့်လိုက်စမ်း၊ ညည်း ဘယ်လိုခံစားရမလဲ၊ ခု ကေသီကလေးရဲ့ လက်ရှိ အခြေအနေကို အဲဒီလို အထီးတည်း ပရိဒေဝ မီးတောက်ရှတဲ့ အခြေအနေနဲ့ ယှဉ်ပြီး ကြည့်စမ်း ကေသီ၊ ခုလို ကေသီမှာ အဖော်အပေါင်းတွေနဲ့အတူ နေရတဲ့ အဖြစ်ကို ကေသီ ကျေးဇူး တင်မိမှာပဲ”
'ကျွန်မ အတွက် ကျွန်မ ငိုနေဘာ မဟုတ်ဘူး အယ်လင်၊ သူ့ အတွက် ကျွန်မငိုရတာ သူ မနက်ဖြန်ကျ ကျွန်မကို မျှော်နေမှာ၊ ကျွန်မ မသွားယင် သူ ဘယ်လောက် စိတ်ညစ်ရမလဲ၊ သူ ကျွန်မကို စောင့်နေမှာ၊ ကျွန်မကလဲ မသွားနိုင်ဘူး မဟုတ်လား'
'အဓိပ္ပာယ် မရှိတာ ကေသီရယ်၊ ညည်း စဉ်းစားကြည့်စမ်း၊ သူကလဲ နှစ်ခါလောက် တွေ့ဖူးတဲ့ ဆွေမျိုးတယောက် ဆုံးရှုံးရလို့ ငိုရှတယ်ဆိုတာ အဖော်အဖြစ် ဟယ်ယာတန်လဲ ရှိတယ် မဟုတ်လား၊ ဒီမယ် ကေသီရဲ့၊ နှစ်ခါလောက် တွေ့ဖူးတဲ့ ဆွေမျိုးတယောက် ဆုံးရှံးရလို့ ငိုရတယ်ဆိုတာ လူတရာမှာ တယောက် မရှိပါဘူးကွယ်၊ လင်တန်ကလဲ ညည်းကို သတိရချင်မှ ရမှာပါ'
'ဒါပေမယ် ကျွန်မ မလာနိုင်တဲ့ အကြောင်းတော့ စာရေးဖို့ မလိုဘူးလား၊ ပြီးတော့လဲ သူ့ကို ငှားမယ်ဆိုတဲ့ ဒီစာအုပ်တွေကိုလဲ သူ့ဆီ ပို့ပေးချင်တယ်၊ ကျွန်မတို့ စာအုပ်တွေအကြောင်း ပြောတော့ သူ့မှာ ကျွန်မ စာအုပ်တွေလောက် ကောင်းတာ မရှိဘူး၊ သူ ကျွန်မ စာအုပ်တွေကို သိပ်လိုချင်နေတာဆိုတော့ ကျွန်မ မပို့ရဘူးလား အယ်လင်”
'မပို့ရဘူး၊ မပို့ရဘူး' ကျွန်မက အခိုင်အမာ ဆုံးဖြတ်ပြီး ပြောလိုက်ပါသည်။ 'ညည်းက စာရေး၊ စာအုပ်ပို့တော့ သူက ပြန်ရေးမယ်၊ အဲဒီနည်းနဲ့ စာအပြန်အလှန် ရေးတာ ဘယ်တော့မှ ဆုံးမှာ မဟုတ်ဘူး၊ မဖြစ်ပါဘူး ကေသိရယ်၊ ညည်းတို့ ဆက်ဆံရေးကို လုံးဝ ဖြတ်ပစ်လိုက်ပါကွယ်၊ ညည်း ဖေဖေကလဲ အဲဒါကိုပဲ ဖြစ်စေချင်တာပါ၊ ငါကလဲ ဒီအတိုင်းပဲ ဖြစ်စေချင်တယ်”
“စာတိုတိုကလေး ရေးမှာပါ'
သူက ကျွန်မ မျက်နှာကဲကိုကြည့်ပြီး ပြောလိုက်ပါသည်။ ကျွန်မက သူ့စကား မဆုံးမီမှာပင် ကြားဖြတ်၍ ..
'တိတ်စမ်း ကေသီ၊ အဲဒီ စာတိုတိုကလေးနဲ့ကိုပဲ အစမလုပ်ရဘူး၊ ကဲ အိပ်ရာထဲဝင်တော့” ဟု ပြောလိုက်ရပါတော့သည်။
ကက်သရင်းသည် ကျွန်မကို မနှစ်မြို့သော အကြည့်ဖြင့် ကြည့်လိုက်ပါသည်။ သူ့ အကြည့်ကို ကျွန်မ သဘော မကျသဖြင့် သူ့ကိုပင် အိပ်ရာဝင် နှုတ်ဆက်အနမ်း မနမ်းခဲ့ပါ။ သို့သော် သူ့ကို စောင်ခြုံ ပေးလိုက်ပါသည်။ တံခါးပိတ်ပြီး ထွက်လာခဲ့သော်လည်း ကျွန်မ စိတ်မကောင်းပါ။ ထို့ကြောင့် လမ်းတဝက်တွင် ကျွန်မ သူ့အခန်းထဲသို့ အညင်အသာ ပြန်ဝင်ခဲ့ပါသည်။
'ကြည့်စမ်း၊ ကလေးမသည် စားပွဲဘေးတွင် ရပ်နေပါသည်။ သူ့ရှေ့မှာ စာရွက် အလွတ်တရွက်နှင့်။ သူ့လက်ထဲမှာလည်း ခဲတံတချောင်းနှင့်။ ကျွန်မ ဝင်လာသည်ကို သူ သတိထားမိပုံ မပေါ်ပါ။
'ညည်း ဒီစာကို ရေးဦးတော့၊ ဘယ်သူ့ကိုမှ အပို့မခိုင်းရဘူး၊ ခုလောလောဆယ်တော့ ဖယောင်းတိုင်မီးကို ငါငြိမ်းလိုက်ရလိမ့်မယ်'
ကျွန်မလည်း ဖယောင်းတိုင်မီးကို ငြိမ်းပြီး အပြင်သို့ ထွက်လာခဲ့ပါသည်။ ယခုတကြိမ်၌ ကတ်သရင်းသည် စိတ်ဆိုးမာန်ဆိုးဖြင့် အတွင်းမှနေ၍ ကန့်လန့်ထိုးလိုက်ပါလေသည်။
သို့သော် ကတ်သရင်းသည် ထိုစာကို ရေးပြီး ရွာထဲမှ နွားနို့လာပို့ ယူသော ကလေးတယောက်နှင့် အပို့ခိုင်းလိုက်သော အဖြစ်ကိုကား ကျွန်မသည် ကာလအတန်ကြာ မသိခဲ့ရပါပေ။ ရက်သတ္တပတ် အတန်ကြာသောအခါ ကတ်သရင်းသည် ကျွန်မ အပေါ် စိတ်ဆိုးပြေသွားပါလေသည်။ သို့သော် သူသည် ထောင့်တခုခုမှာ ချောင်ခိုနေတတ်လာပါသည်။ ကျွန်မ သူ့အနားသို့ ရောက်သွားတိုင်း သူ စာအုပ်ဖတ်နေခိုက်နှင့် ကြုံလျှင် သူသည် ချောက်ချောက်ချားချား ဖြစ်သွားပြီး စာအုပ်ကို ပိတ်ပစ်ကာ ဖုံးလားဝှက်လား လုပ်တတ်ပါလေတော့သည်။ ကျွန်မကလည်း သူ့စာအုပ်ကြားမှာ စာရွက်အစွန်းအစများ ထွက်လေမလား ကြည့်တတ်ပါသည်။ မနက်တွင်လည်း သူသည် မီးဖိုထဲသို့ မနက်စောစော ရောက်လာပြီး တစုံတခုကို စောင့်မျှော်တတ်လာပါသည်။
စာကြည့်ခန်းထဲက ဗီရိုတခုတါင် အံဆွဲတခု ရှိပါသည်။ ထိုအံဆွဲထဲ၌ သူ၏ တိုလီမိုလီ ပစ္စည်းကလေးများ ထည့်ထားလေ့ရှိပါသည်။ အံဆွဲသော့ကို သူ သိမ်းထားလေ့ရှိပါသည်။
တနေ့တွင် သူ အံဆွဲကို ဖွင့်ကြည့်နေခိုက် ကျွန်မလည်း အံဆွဲထဲက ပစ္စည်းများကို လှမ်းကြည့်လိုက်မိပါသည်။ ယခင်က ထိုအံဆွဲထဲတွင် တိုလီမိုလီ ကစားစရာများနှင့် ကစားစရာ လက်ဝတ်လက်စားများ ရှိသော်လည်း ယခုမူ စာရွက်ခေါက်များက နေရာ ယူထားနေကြပါလေသည်။ ကျွန်မ သူ့ကို မယုံချင်တော့ပါ။ ထို့ကြောင့် သူ့အံဆွဲထဲက ပစ္စည်းတွေကို ခိုးကြည့်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်ပါသည်။ ထို့ကြောင့် သူနှင့် သူ့အဖေ အပေါ်ထပ် ရောက်နေသော အချိန်တွင် လက်ခံသော့တွဲထဲမှ အံဆွဲသော့ကို ရှာပြီး အံဆွဲကို ဖွင့်လိုက်ပါသည်။ အံဆွဲထဲက ပစ္စည်းအားလုံးကို ကျွန်မ ခါးစည်းဝတ်ထဲ ထည့်၍ ကျွန်အခန်းထဲသို့ ရလာခဲ့ပါတော့သည်။ ကျွန်မသည် အံဆွဲထဲမှ ပစ္စည်းများကို အသေအချာ ကြည့်လိုက်ရာ အံ့အားသင့်ရပါလေတော့သည်။ စာရွက်များကား လင်တန်ဟိကလစ်ထံမှ နေ့စဉ်လိုလို ရေးပို့နေသော စာများကို ပြန်ကြားသော စာများ ဖြစ်ပါသည်။ စောစောပိုင်း ရက်စွဲတပ် စာများမှာ တိုတိုတောင်းတောင်းနှင့် မရေမရာ ရှိလှသော်လည်း နောက်ပိုင်း စာများကား ရည်းစားစာများ ဖြစ်နေပါလေသည်။ ထိုရည်းစားစာများမှာလည်း အသက်အရွယ်နှင့် လိုက်ဖက်ခြင်း မရှိပဲ အတွေ့အကြုံ ရှိပြီးသူ တဦးဦးက ရေးပေးသည့် အသွင်မျိုး ပေါ်ပေါက်နေပါသည်။ ဒါတွေကို ကေသီ ကျေနပ်နေသလား ကျွန်မ မသိပါ။ ကျွန်မအဖို့ကား အဓိပ္ပာယ်မရှိ တန်ဖိုးမဲ့ အရာတွေဟု သဘောရပါသည်။ ကျွန်မလည်း ဤစာများနှင့် ပတ်သက်၍ အဘက်ဘက်မှ စဉ်းစားပြီးနောက် စာတွေကို လက်ကိုင်ပဝါနှင့် ထုပ်၍ အခြား တနေရာတွင် သိမ်းထားလိုက်ပါသည်။ အံဆွဲကိုလည်း ပြန်ပိတ်ထားလိုက်ပါ၏။
နောက်တနေ့ မနက်တွင် ကေသီသည် ခါတိုင်းလိုပင် အိမ်ပေါ်မှ ဆင်းလာပြီး မီုးဖိုထဲသို့ ရောက်လာပါသည်။ ကျွန်မလည်း သူ့အရိပ်အကဲကို စောင့်ကြည့်နေလိုက်ပါသည်။ နွားနို့ယူလာသော သူငယ်ကလေး ရောက်လာသည်တွင် ကေသီက တံခါးဝသို့ သွားပါလေ၏။ အိမ်စေမကလေးက နွားနို့ပုံးထဲ နွားနို့ ထည့်ပေးစဉ်တွင် ကေသီသည် ကောင်လေး၏ အင်္ကျီအိတ်ထဲသို့ တခုခု ထည့်ပေးလိုက်ပြီးနောက် အိတ်ထဲမှ တခုခုကို နှိုက်ယူလိုက်ပါ၏။
ကျွန်မလည်း ဥယျာဉ်ထဲ ထွက်လာပြီး နွားနို့လာယူသော ကောင်လေး ပြန်အလာကို စောင့်နေလိုက်ပါသည်။ ကောင်ကလေး ထွက်လာသည်နှင့် ကောင်ကလေး အိတ်ထဲမှ စာကို နှိုက်ယူလိုက်ပြီး သူ့အား အိမ်ကို မြန်မြန်ပြန်ဖို့ ကြိမ်းမောင်း လွှတ်လိုက်ပါ၏။ ကျွန်မကမူ နံရံတွင် ကပ်လျက် ကေသီပေးလိုက်သော စာကို ဖတ်ကြည့်လိုက်ပါသည်။ ကေသီစာမှာ လင်တန်ဟိကလစ်ထံမှ စာတွေထက် ရိုးစင်း ပြေပြစ်ပါသည်။ ကျွန်မလည်း စာကို ဖတ်ပြီး ခေါင်းကို ခါယမ်းလိုက်မိပါသည်။ ထို့နောက် အိမ်ထဲသို့ ပြန်ဝင်ခဲ့ပါလေတော့သည်။
ထိုနေ့က ရာသီဥတု သာသာယာယာ မရှိသဖြင့် ကေသီသည် ခြံထဲဆင်း၍ လမ်းမလျှောက်ပါ။ ထို့ကြောင့် မနက်ပိုင်း စာကြည့်ချိန် ကုန်ဆုံးသည်နှင့် ကေသီသည် သူ့ အံဆွဲဆီသို့ ရောက်သွားပါလေတော့သည်။ ထိုအချိန်က သူ့အဖေသည် စာရေးစားပွဲတွင် ရှိနေပါ၏။ ကျွန်မသည် ခန်းဆီးစများကို အနားလုံးယင်း သူ့အခြေအနေကို စောင့်ကြည့်နေပါ၏။ ကေသီသည် အံဆွဲထဲ၌ သူ့စာတွေကို မတွေ့သည်နှင့် မျက်နှာ ပျက်သွားပြီး 'အို ..' ဟု အသံ ထွက်လိုက်မိပါသည်။ ထိုအခါ မစ္စတာ လင်တန်က ..
'ဘာများ ဖြစ်လိုက်ပါလိမ့် သမီးရယ်' ဟု လှမ်းမေးလိုက်ပါသည်။ သူ့လေသံတွင် သမီးဖြစ်သူ၏ စာများနှင့် ပတ်သက်၍ ဘာမှ မသိကြောင်း ထင်ရှားနေပါ၏။
'ဘာမှ မဟုတ်ပါဘူး ဖေဖေ' ကေသီသည် သူ့အဖေ အမေးကို တုံ့ပြန်ပြီး 'အယ်လင်၊ အယ်လင်၊ အပေါ် တက်ခဲ့စမ်းပါ၊ ကျွန်မ နေမကောင်းချင်သလိုပဲ' ဟု ဆိုကာ အပေါ်ထပ်သို့ တက်သွားပါလေတော့သည်။
ကျွန်မလည်း သူ့နောက်က လိုက်ပြီး အပေါ်ထပ်သို့ တက်လာခဲ့ပါသည်။
ကျွန်မတို့နှစ်ယေက် အခန်းထဲ ရောက်သည်နှင့် ကေသီက ဒူးတုပ်ထိုင်လိုက်ပြီး …
'အယ်လင်ရယ်၊ ရှင် ကျွန်မစာတွေကို ယူထားပါတယ်၊ အဲဒါတွေ ပြန်ပေးပါ အယ်လင်၊ ကျွန်မ နောက်ကို ဒီလို မလုပ်တော့ပါဘူး အယ်လင်ရယ်၊ ဖေဖေ့ကိုလဲ တိုင်မပြောနဲ့နော်၊ ရှင် ဖေဖေ့ကို တိုင်မပြောသေးဘူး မဟုတ်လား အယ်လင်၊ ပြောစမ်းပါ အယ်လင်ရယ်၊ ရှင် ဖေဖေ့ကို မပြောရသေးဘူးလို့ ပြောစမ်းပါ၊ ကျွန်မ မှားပါတယ်၊ နောက်လဲ ကျွန်မ ဒီလို မဟုတ်တော့ပါဘူး' ဟု ပြောပါလေတော့သည်။
ကျွန်မ စိတ်မကောင်းပါ။ သို့သော် မျက်နှာထား ခပ်တည်တည်ဖြင့် သူ့အား မတ်တပ် ရပ်ခိုင်းလိုက်ပါသည်။
'ညည်းဟာ ထင်တာထက်တောင် မိုက်လှချည်လား မစ္စတက်သရင်းရယ်၊ ဘယ်လောက် ရှက်ဖို့ ကောင်းသလဲ၊ ညည်း အားတဲ့ အချိန်မှာ ဒီစာတွေကိုပဲ ဖတ်နေတာပေါ့လေ၊ ငါ ဒီစာတွေကို သခင့်ကို ပြလိုက်ယင် သခင်က ဘာထင်မလဲ၊ တွေးကြည့်စမ်းပါ ကေသီရယ်၊ ငါ ဒီစာတွေ ခုအထိ သခင့်ကို မပြရသေးပါဘူး၊ အဲဒါကြောင့် ညည်းရဲ့ လျှို့ဝှက်ချက်တွေကို ငါကပါ ကူပြီး လျှို့ဝှက်ပေးထားတယ်လို့ ထင်စရာ မလိုဘူး၊ နောက်ပြီး ဒီ စာပေးစာယူ ကိစ္စဟာလဲ ဟိုက စတာ မဟုတ်ဘူး၊ ညည်းက စတာပဲ ဖြစ်ရမယ်၊ ရှက်စရာ ကောင်းလိုက်တာဟယ်'
'မဟုတ်ပါဘူး အယ်လင်ရယ်၊ မဟုတ်ပါဘူး၊ ကျွန်မ ကျွန်မ သူ့ကို ချစ်ဖို့ စိတ်မကူး …'
'ချစ်ဖို့ ဟုတ်လား၊ ချစ်တယ်၊ ကြိုက်တယ် ဆိုတဲ့ စကားများ ညည်း ကြားဖူးလို့လား ကေသီရယ်၊ ပြီးတော့လဲ ညည်း လင်တန်နဲ့ တွေ့ရတာ နှစ်ကြိမ်တည်း ရှိပါသေးတယ်။ တွေ့ရတဲ့ အချိန်ကလဲ လေးနာရီထက် မပိုပါဘူး၊ ဒါများ ချစ်ဖို့ ကြိုက်ဖို့ ကိစ္စ ပြောတာ အံ့ပါရဲ့၊ ဟောဒီမှာ ညည်းရဲ့ ကလေးကလား စာတွေ၊ ငါ ဒါတွေ စာကြည့်ခန်းထဲ ယူသွားပြီး ညည်းအဖေကို ပြလိုက်မယ်၊ ညည်းအဖေက ချစ်ရေး ကြိုက်ရေး ကိစ္စ ဘာပြောမလဲ သိရတာပေါ့'
ကျွန်မက ပြောပြောဆိုဆို သူ၏ စာထုပ်ကို ထုပ်ပြလိုက်ပါသည်။
ကေသီသည် ကျွန်မ လက်ထဲက စာထုပ်ကို လှမ်းခုန်ပြီး ဆွဲယူရန် ကြိုးစားပါလေတော့သည်။ ကျွန်မသည် စာထုပ်ကို ကျွန်မ ခေါင်းပေါ် အထက်ဆီ မြှင့်ထားလိုက်ပါသည်။ ကျွန်မက စာတွေကို သူ့အား ပြန်မပေးပဲ မီးရှို့မည်ဟု ဆိုသောအခါ ကေသီသည် စာတွေကို သူ့အဖေအား မပြလျှင် ပြီးရော မီးရှို့လိုက ရှို့တော့ ဟူသော သဘောမျိုး ရလာပါသည်။ သူ့အဖြစ်ကို ကြည့်ပြီး ကျွန်မသည် စိတ်ဆိုးရမည့်အစား ရယ်ချင်သလိုလို ဖြစ်လာပါသည်။
'ကောင်းပြီ၊ ဒါဆိုယင် ညည်းစာတွေကို မီးရှို့ပစ်လိုက်မယ်၊ ညည်းလဲ လိမ်လိမ်မာမာ နေပါ့မယ်၊ နောက်ထပ်ပြီး စာလဲ မပေးပါဘူး၊ စာအုပ်လဲ မပေးပါဘူး၊ အမှတ်တရ ပစ္စည်းတွေလဲ မပေးပါဘူး၊ ကစားစရာတွေလဲ မပေးပါဘူးလို့ ကတိပေးပါ'
'ကျွန်မတို့ ဘယ်တုန်းက ကစားစရာတွေ ပေးလို့လဲ'
ကတ်သရင်းသည် ရှက်သည်ထက် မာနတက်သွားပုံ ရပါသည်။
'ဘာပဲဖြစ်ဖြစ်၊ ဘာမှ အပေးအကမ်း အဆက်အသွယ် မလုပ်ရဘူး၊ အဲဒါ ကတိပေး၊ ကတိမပေးယင် ဒီစာတွေကို ငါ သွားအပြပဲ'
'ကျွန်မ ကတိပေးပါတယ် အယ်လင်ရယ်၊ စာတွေ မီးရှို့ပစ်လိုက်ပါ' ကတ်သရင်းသည် ကျွန်မ အဝတ်ကို ဆွဲပြီး ပြောပါလေတော့သည်။
ကျွန်မလဲ စာတွေကို မီးထဲ ထည့်မည်ဟု မီးဖိုကို မီးဆွလိုက်ပါသည်။ ထိုအခါ ကျတော့လည်း ကတ်သရင်းသည် သူ့စာတွေအတွက် နှမြောလာပုံရသည်။ တစောင် နှစ်စောင်လောက် သူ့ကို ပြန်ပေးရန် တောင်းပြန်ပါလေသည်။
'လင်တန်ကို သနားတဲ့ အနေနဲ့ တစောင်နှစ်စောင် လောက်တော့ ချန်ထားပါ အယ်လင်ရယ်'
ကျွန်မသည် စာတွေကို ထုပ်ထားသည့် လက်ကိုင်ပဝါကို ဖြေပြီး စာတွေကို မီးဖိုတွင်း မီးတောက်ထဲသို့ စ ထည့်လိုက်ပါတော့သ်ည။
'ရှင် သိပ်ရက်စက်တာပဲ၊ တစောင်တော့ ပေးခဲ့ပါ အယ်လင်ရယ်'
ကလေးမကလေးသည် မီးတောက်ထဲ ရောက်သွားသော စာတွေကိုပင် ပြန်ယူဖို့ ကြိုးစားပြန်ပါလေသည်။
'ကောင်းပြီ၊ ညည်း အဲဒီလို လုပ်နေယင် ငါ ကျန်တဲ့စာတွေ ညည်းအဖေကို သွားပြမယ်' ဟု ဆိုကာ ကျန်နေသော စာများကို မီးဖိုထဲသို့ ထည့်လိုက်ပါတော့သည်။
သူ ဘာမျှ မပြောသာတော့ပါ။ စာ အားလုံးကို မီးတောက်များက ဝါးမျိုသွားလေပြီ။ စာရွက်အားလုံး မီးလောင် ကျွမ်းသွားသည်နှင့် ကျွန်မသည် ပြာများကို မွှေနှောက်ပြီး ထိုပြများကို မီးသွေးများ အောက်တွင် မြှုပ်နှံလိုက်ပါလေတော့သည်။ ကတ်သရင်းသည် ကျွန်မ လုပ်ဆောင်နေသည်ကို ဘာမျှ မပြောပဲ စိုက်ကြည့်နေပြီးနောက် သူ့ အခန်းထဲသို့ စိတ်ထိခိုက်လှစွာဖြင့် ဝင်သွားပါလေ၏။
ကျွန်မသည် ကေသီကလေး နေမကောင်းဟု ဆိုခြင်းမှာ မအီမသာ ဖြစ်ခြင်းမျှသာဟု သူ့အဖေအား ပြောရန် အောက်ထပ်သို့ ပြန်ဆင်းလာခဲ့ပါသည်။ ကေသီကိုကား စိတ်ပြေသွားစေရန် ခေတ္တမျှ လှဲလျောင်းနေစေသည်က အကောင်းဆုံးဟု သဘောထားလိုက်ပါသည်။
ညနေစာ စားချိန်တွင် ကေသီ ဆင်းမလာပါ။ သို့သော် လက်ဖက်ရည် သောက်ချိန်တွင်ကား သူ ဆင်းလာပါသည်။ မျက်လုံးတွေ နီနေပြီး အသားအရေမှာလည်း ဖျော့တော့နေပါ၏။
နောက်တနေ့ နံနက်တွင် ကျွန်မသည် 'လင်တန်ဟိကလစ်နှင့်၊ ကေသီထံသို့ နောက်ထပ် စာရေးမပို့ရန် တောင်းပန်ပါသည်။ ပို့လျှင်လည်း စာတွေ သူ့လက်ထဲ ရောက်မည် မဟုတ်ပါ' ဟူသော စာကလေးတစောင် ရေးပြီး နွားနို့ လာယူသော သူငယ်ကလေး၏ အိတ်ထဲသို့ ထည့်ပေးလိုက်ပါလေသည်။
အခန်း [ ၂၂ ]
နွေကုန်လုပေပြီ။ ဆောင်းဦးပင် ပေါက်စ ပြုလေပြီ။ တမန်တော် ဂုဏ်ပြုပွဲနေ့ကိုပင် ကျော်လွန်ခဲ့ပေပြီ။ သို့သော် ယခုနှစ် ကောက်သိမ်းချိန် နောက်ကျသဖြင့် ကျွန်မတို့ ကောက်ခင်းတချို့မှာ မရိတ်ရသေးပေ။
မစ္စတာလင်တန်နှင့် ကတ်သရင်းတို့သည် ရိတ်ဆဲ ကောက်ခင်းများထဲသို့ မကြာခဏ လမ်းလျှောက်သွားလေ့ ရှိပါသည်။ နောက်ဆုံး ကောက်လှိုင်းများ သိမ်းသော ရက်များတွင် သားအဖ နှစ်ယောက်သည် မိုးချုပ်သည်အထိ လယ်ကွင်းထဲမှာ နေကြပါသည်။ ထိုအချိန်မျိုး၌ ရာသီဥတုသည်လည်း အေးလာပါတော့၏။ ဤသို့ဖြင့် သခင်လင်တန်သည် အအေးမိပါလေတော့သည်။ အအေးမိသော ဝေဒနာသည် ပိုဆိုးလာပြီး အဆုပ်ကိုပါ ထိခိုက်လာပါတော့သည်။ ထို့ကြောင့် ထိုဆောင်း တဆောင်းတွင်းလုံးပင် သခင်သည် အိမ်တွင်းအောင်း နေရပါလေသည်။
ကေသီကလေးမှာ သူ၏ အချစ်ရေးကိစ္စအတွက် ထိတ်လန့် တုန်လှုပ်သွားပြီး အိမ်ထဲမှာသာ တမှိုင်မှိုင် တတွေတွေ နေပါလေတော့သည်။ သူ့အဖေက သူ့ကို စာကြည့်လျော့ပြီး လေ့ကျင့်ခန်းကလေး ဘာလေး လုပ်ဖို့ ပြောပါ၏။ သူ့အဖေကလည်း နေမကောင်းသဖြင့် ကလေးမကလေးမှာ အဖော် မရှိတော့ပါ။ ကျွန်မသည် သူ့ အဖော်အဖြစ် အချိန်ပြည့် ပေးချင်သော်လည်း အိမ်အလုပ်တွေကြောင့် တနေ့တနေ့နှစ်နာရီ သုံးနာရီမျှသာ အချိန်ပေးနိုင်ပါသည်။
အောက်တိုဘာ၊ သို့မဟုတ် နိုဝင်ဘာ လဆန်းပိုင်း၏ မနက်ခင်း ဖြစ်ပါသည်။ မိုးရွာထားပြီးစ ဖြစ်၍ မြက်ခင်းပြင်များနှင့် လမ်းများမှ စိုစိုတ်စွတ် ဖြစ်ပြီး ရော်ရွက်ကြွေတို့နှင့် ရှုပ်ထွေးနေပါ၏။ အေးလည်း အေးနေပါသည်။ ကောင်းကင်တွင် တိမ်များ အုံ့ဆိုင်းနေပါသည်။ အနောက်ဘက်က တက်လာသော မိုးသားညို့ညို့သည် မိုးရွာမည့် အသွင်ကို ဆောင်နေပါ၏။ မိုးရွာမည်မှာ သေချာလှသဖြင့် ကျွန်မက ကေသီကလေးအား အပြင်ဘက်ထွက်၍ လမ်းမလျှောက်ရန် ပြောပါသေးသည်။ သို့သော် သူက လက်မခံပါ။ ထို့ကြောင့် ကျွန်မလည်း စိတ်လက်မပါပဲ အပေါ်ရုံ အင်္ကျီနှင့် ထီးတလက်ကိုဆွဲပြီး သူနှင့်အတူ လိုက်ခဲ့ ရပါလေတော့သည်။
ကျွန်မတို့သည် ခြံစပ်နားသို့ ရောက်လာကြပါ၏။ ကေသီကလေးသည် စိတ်ညှိုးငယ်နေတိုင်း ဤသို့ လမ်းလျှောက်မြဲ ဖြစ်သည်။ ယခုလည်း သူ့အဖေ ဝေဒနာမှာ သက်သာသည် မရှိသဖြင့် ပို၍ ဆိုးလာပါသည်။ သူကိုယ်တိုင်က ဘာမျှ ထုတ်မပြောစေကာမူ သူ့ မျက်နှာသွင်ပြင် ကြည့်၍ သူ့ဝေဒနာ ပိုဆိုးနေကြောင်း ကျွန်မရော ကေသီကလေးပါ သတိထားမိပါသည်။ ကေသီကလေးသည် လမ်းလျှောက်နေယင်း ဝမ်းနည်းလာပုံ ရပါသည်။ လေအေး တိုက်နေသော်လည်း သူမပြေးပါ။ ကျွန်မသည် သူ့ကို ကြည့်လိုက်မိတိုင်း သူ့လက်တဘက်က ပါးပြင်ပေါ်မှ တစုံတရာကို သပ်ချနေဟန် ရှိပါသည်။
ကျွန်မသည် သူ့ အာရုံကို ပြောင်းပေးနိုင်ရန်အတွက် ပတ်ဝန်းကျင်ကို စိုက်ကြည့်မိပြန်ပါသည်။
လမ်းတဘက်တွင် မြေအပြင်သည် ကမ်းပါးယံဖြင့် မြင့်တက်သွားနေပါသည်။ ထိုနေရာတွင် သစ်အယ်ပင်များနှင့် သန်စွမ်းပုံမှရသော ဝက်သစ်ချပင်များ ပေါက်နေပါ၏။ သို့သော် အမြစ်များသည် မြေပေါ် တဝက်ပေါ်နေပြီ ဖြစ်ရာ ထိုသစ်ပင်များမှာ သက်တမ်းပြည့် နေရရှာမည့်ပုံ မပေါ်ပါ။ မြေကြီးအနေအထားကလည်း ထိုသစ်ပင်တွေအတွက် အားထားရဖွယ် မရှိလှပါ။ လေပြင်းကလည်း တိုက်နေလိုက်သေးသည်။
နွေရာသီ၌ ဤနေရာသို့ ရောက်လာတိုင်း ကေသီကလေးသည် သစ်ပင်များပေါ်တက်၍ သစ်ကိုင်းပေါ်မှာ ထိုင်ယင်း သစ်ကိုင်းကို လှဲလျက် ကလေးစိတ်ဖြင့် ပျော်ရင်မြူးထူးနေမြဲ ဖြစ်ပါသည်။ ထိုအခါတိုင်း ကျွန်မသည် သူကလေးကို ကြည့်ပြီး ကြည်နူးခဲ့ရပါ၏။ သူကလည်း ထိုသစ်ကိုင်း ထက်မှာပင် သီချင်းတွေဆိုလိုက်၊ ငှက်ကလေးတွေ ငေးကြည့်လိုက်နှင့် သည်တုန်းက ပျော်ရွှင်ကြည်နူးခဲ့ရပုံကား စာဖွဲ့၍ပင် မကုန်နိုင်ပါ။
ကျွန်မသည် သစ်ပင် ခွဆုံတခုကို လက်ညှိုး ညွှန်ပြလိုက်ပြီး..
'ကြည့်စမ်း ကေသီ၊ ဒီနေရာမှာ ဆောင်းမရောက်သေးဘူးကွဲ့၊ ဟိုမှာ ခေါင်ရမ်းပြာပန်းကလေးတပွင့် ရှိသေးတယ်ကွဲ့၊ ဖေဖေ့ကို ပြရအောင် တက်ခူးပါလားကွယ်'
ကေသီကလေးသည် နွေလက်ကျန် တပွင့်တည်းသော ပန်းကလေးကို အတန်ကြာ ငေးစိုက်ကြည့်နေပြီး..
“ကျွန်မ မခူးချင်ပါဘူး အယ်လင်ရယ်၊ သူ့ကြည့်ရတာ ညှိုးနွမ်း အားငယ်သလိုပဲ၊ မဟုတ်ဘူးလား အယ်လင်'
“ဟုတ်တာပေါ့၊ မင်းကလေး သိပ်ပြီး ချမ်းလာလို့ ညှိုးနွှမ်းလာသလိုပဲ၊ မင်း ပါးကလေးတွေတောင် ဖြူရော်ရော် ဖြစ်နေပြီ၊ ကဲတို့များ လက်ချင်းတွဲပြီး ပြေးကြစို့”
“ဟင့်အင်"
သူသည် ခပ်နှေးနှေး ဆက်သွားပြန်ပါလေသည်။ သူသည် ရေညှိတွေကို ကြည့်နေသလို၊ ဖြူရော်ရော် ဖြစ်စ ပြုလာနေသော မြက်ပင်ကလေးတွေကို ကြည့်သလိုလို ငေးနေရာမှ လက်တဘက်ကို ပင့်၍ မျက်နှာကို သုတ်ဟန်ပြုပြန်ပါလေသည်။
ကျွန်မလည်း သူ့ အပါးသို့ ကပ်သွားပြီး သူ့ပခုံးထက်တွင် လက်တင်ကာ …
“ဘာဖြစ်လို့ ငိုရတာလဲ ကေသီရယ်၊ ဖေဖေ အအေးမိတာကလေး လောက်နဲ့ဖြင့် ငိုမနေပါနဲ့ကွယ်” ဟု ပြောလိုက်ပါသည်။
သူမျက်ရည်ကို မထိန်းနိုင်ပါ။ ရှိုက်သံသဲ့သဲ့ပင် ထွက်လာလေသည်။
“ဖေဖေ့ရောဂါဟာ ဆိုးလာမှာပဲ၊ ဖေဖေနဲ့ အယ်လင်မရှိယင် ကျွန်မ တယောက်တည်း ဘယ်လို နေရမှာလဲဟင်၊ ကျွန်မလေ အယ်လင် တခါက ပြောခဲ့တဲ့စကားကို မေ့မရဘူး၊ အဲ့ဒီစကားကကျွန်မနားထဲမှာ စွဲနေတယ် အယ်လင်၊ အယ်လင်နဲ့ ဖေဖေသာ သေကုန်ကြယင် အကြီးအကျယ် ပြောင်းလဲသွားမှာပဲ၊ ကမ္ဘာကြီးကလဲ ဘယ်လောက် စိတ်ပျက်စရာ ကောင်းလိုက်မလဲ နော်”
“တို့များအလျင် ညည်းမသေဘူးလို့ကော ဘယ်သူ ပြောနိုင်မလဲကွယ်၊ မကောင်းတဲ့အဖြစ်ကို တွေးတောတာဟာ မဟုတ်သေးဘူးကွဲ့၊ သခင်ဟာလဲ ငယ်သေးတယ်၊ ငါဆိုလဲ ကျန်းကျန်းမာမာပဲ၊ အသက်ဆိုတဲ့ လေးဆယ့်ငါးတောင် မပြည့်ချင်သေးဘူး၊ တို့များအမေဆို အသက် ရှစ်ဆယ်အထိတောင် နေသွားရတာကွဲ့၊ ဒီတော့ မဖြစ်သေးတာ တွေးပြီး ပူမနေစမ်းပါနဲ့ ကေသီရယ်'
“ဒါပေမယ့် ဒေါ်လေး အစ္စဗယ်လာဟာ ဖေဖေ့ထက် ငယ်ပါတယ် အယ်လင်ရယ်”
သူက ထပ်ကွန့်နေပြန်ပါလေသည်။
“ဒေါ်လေးလင်တန်မှာက ပြုစုစောင့်ရှောက်မယ့်သူမှ မရှိပဲဟား၊ ဒါကြောင့် ခမျာ အသက်တိုရရှာတာပါကွယ်၊ ဒီတော့ ကေသီ အနေနဲ့က သူ့ခမျာ သခင့်လိုလဲ စိတ်ချမ်းသာကိုယ်ချမ်းသာ နေခဲ့ရတာ မဟုတ်ဘူး အဖေ စိတ်ချမ်းသာအောင် လုပ်ပါ၊ ကေသီကိုယ်တိုင်ကလဲ ပျော်ပျော်ရွှင်ရွှင် နေပြဖို့လိုတယ်၊ ဖေဖေ စိတ်ဆင်းရဲရမယ့် ကိစ္စမျိုး မပေါ်ပေါက်စေနဲ့ပေါ့ကွယ်၊ အဲဒါတော့ သတိထား ကေသီ၊ ညည်းဖေဖေ ညည်းကြောင့် သေရတာမျိုး မဖြစ်ရအောင် ညည်းဖေဖေကို မြန်မြန်သေစေချင်တဲ့ လူတယောက်ရဲ့ သားနဲ့ ပတ်သက်ပြီး စိတ်ရူး မထစေချင်ဘူး ကေသီ၊ အဲဒါတွေကြောင့်လဲ ညည်း ဘာမှ စိတ်သောက မရောက်စေချင်ဘူး”
“ကျွန်မ ဒီကမ္ဘာမြေမှာ ဖေဖေ နေမကောင်းတဲ့ ကိစ္စက လွဲပြီး ဘာသောကမှ မဖြစ်ပါဘူး၊ ဖေဖေနဲ့ ယှဉ်လိုက်ယင် ကျွန်မအဖို့ ဂရုစိုက်စရာ ဘာမှ မရှိပါဘူး အယ်လင်ရယ်၊ ကျွန်မလေ ဖေဖေ စိတ်အနှောင့်အယှက် ဖြစ်စရာမျိုးကို ဘယ်တော့မှ လုပ်လဲ မလုပ်ဘူး၊ ပြောလဲ မပြောဘူး၊ ကျွန်မဟာ ညတိုင်း ဘုရားရှိခိုးတိုင်း ဖေဖေနဲ့ အတူ နေနေရဖို့သာ ဆုတောင်းတာပါ အယ်လင်ရယ်၊ နောက်ဆုံး စိတ်ဆင်းရဲစရာ ခံစားရဦး ဖေဖေ့အစား ကျွန်မပဲ ခံစားမှာပါ၊ ဖေဖေ့ကို ကျွန်မ ကိုယ်ကိုထက် ပို့ချစ်ရတာပါ ကယ်လင်”
“အေး၊ ကောင်းတယ်၊ ကောင်းတယ်၊ ကေသီ ပြောတာတွေ ကောင်းတယ်၊ ညည်း အပြောကို လက်တွေ့ပြပါကွယ်”
ကျွန်မတို့သည် စကားတပြောပြောနှင့် တဖြည်းဖြည်း လျှောက်လာယင်း ဝင်းတံခါးဝနားသို့ ရောက်လာကြပါသည်။ ထိုအချိန်တွင် နေရောင် လင်းလက်လာပြီဖြစ်၍ ကေသီကလေးသည်လည်း ပေါ့ပါးသွက်လက်လာပါသည်။ ကေသီသည် ခြံစည်းရိုး တံတိုင်းပေါ်သို့ တက်လိုက်ပါသည်။ ထိုနေရာတွင် တောနှင်းဆီကလေးများ ပွင့်နေကြပါသည်။ ကေသီသည် တောနှင်းဆီပွင့်ကလေးကို ခူးလိုက်ရာ သူ့ ခေါင်းပေါ်မှ ဦးထုပ်သည် ခြံတဘက်သို့ ကျသွားပါလေတော့သည်။ ခြံတံခါးမှာ သော့ခတ်ထားသဖြင့် သူက ခြံစည်းရိုးတဘက်သို့ ခုန်ချပြီး ဦးထုပ်ကို ကောက်ယူရန် ကြိုးစားပါသည်။ ကျွန်မ သတိပေးနေသည့် ကြားမှပင် သူသည် ခြံစည်းရိုးတဘက်သို့ ခုန်ချလိုက်ပါလေတော့သည်။ ခုန်ချတုန်းက လွယ်သလောက် ပြန်တက်ဖို့မှာ မလွယ်လှပါ။ ခြံစည်းရိုး တံတိုင်းသည် အင်္ဂတေကိုင်ထားသဖြင့် ချောနေပါသည်။ ခြံအပြင်ဘက်မှ အထောက်အကူ မပြုနိုင်ကြပါ။ ထိုစဉ်မှာပင် တံတိုင်းတဘက်မှ နေ၍ နေ၍ ခြံစည်းရိုးပေါ် ပြန်တက်ရန် နှင်းဆီပင်နှင့် ချုံပင်များကလည်း အထောက်အကူ မပြုနိုင်ကြပါ။ ထိုစဉ်မှာပင် တံတိုင်းတဘက်မှ နေ၍ ကေသီ ရယ်သံနှင့်အတူ..
“အယ်လင်ရေ၊ ကျွန်မ ပြန်တက်လို့ မရတော့ဘူး၊ ဝင်းတံခါးသော့ သွားယူပေးပါဦး၊ မဟုတ်ယင် ကျွန်မ နောက်ဖေးက လှည့်ဝင်နေရလိမ့်မယ် အယ်လင်ရဲ့” ဟု လှမ်းပြောလာပါလေ၏။
'ဒါဖြင့် အဲဒီအပြင်ဘက်မှာပဲ နေဦး၊ ငါ့အိတ်ထဲမှာ သော့တွဲတတွဲ ပါတယ်။ အဲဒီထဲက သော့တချောင်းချောင်းနဲ့ တန်ယင့် သော့ခလောက်ကို ငါ ဖွင့်ပေးမယ်၊ မတန်ယင်တော့လဲ ငါ အိမ်ဘက်ပြန်ပြီး ယူပေးမယ် ́ဟု ပြောလိုက်ပါသည်။
ကေသီသည် ဝင်းတံခါးရှေ့နား ရောက်လာပြီး ကခုန်မြူးထူးနေပါလေ၏။ ကျွန်မသည် အသင့်ပါလာသော သော့တွဲကြီးထဲမှ သော့များဖြင့် တချောင်းပြီးတချောင်း စမ်းသပ် ဖွင့်ကြည့်ပါ၏။ သို့သော် ဝင်းတံခါး သော့ခလောက်နှင့် တန်သော သော့တချောင်းမျှ မပါပါ။ ထို့ကြောင့် ကျွန်မက ကေသီအား အပြင်ဘက်မှာပင် ခေတ္တစောင့်နေရန်နှင့် ကျွန်မ အိမ်ဘက်သို့ သွားပြီး ဝင်းတံခါးသော့ သွားယူမည်ဟု အပြောလိုက်တွင် အသံတသံကို ကြားလိုက်ရပါသည်။ အသံကား မြင်းခွာသံ ဖြစ်ပါသည်။ ကေသီလည်း အကရပ်သွားပါ၏။
‘ဘယ်သူလဲ ကေသီ’ ကျွန်မက ခပ်တိုးတိုး လှမ်းပေးလိုက်ပါ။
“အယ်လင်၊ တံခါး ပြန်မြန်ဖွင့်ပါ” ဟု သူကလည်း ခပ်တိုးတိုး ပြန်ပြောလိုက်ပါသည်။
ထိုစဉ်မှာပင် မြင်းစီးလာသူသည် အပြင်ဘက် ဝင်းတံခါးနားရောက်လာပြီး …
“ဟာ၊ မစ္စလင်တန်ပါကလား၊ အဆင်သင့်ပဲဟေ့၊ ငါ မင်းကို တွေ့ချင်နေတာနဲ့၊ ခြံထဲ ပြန်ဝင်ဖို့ လောမနေစမ်းပါနဲ့၊ ငါ မင်းဆီက သိချင်တာကလေး ရှိလို့’ ဟူသော အသံခပ်ဩဩကြီးကို ကြားလိုက်ရပါ၏။
“ကျွန်မ ရှင့်ကို စကားမပြောချင်ဘူး မစ္စတာ ဟိကလစ်၊ ဖေဖေက ပြောတယ်၊ ရှင်ဟာ လူကောင်း မဟုတ်ဘူးတဲ့၊ ရှင်က ကျွန်မကိုရော ဖေဖေ့ကိုပါ မုန်းနေတာတဲ့၊ အယ်လင်ကလဲ အဲဒီလိုပဲ ပြောတယ်"
“ဒါက အကြောင်း မဟုတ်ပါဘူး၊ ငါ့သားကိုတော့ ငါ မမုန်းဘူးဆိုရမှာပဲ၊ ခုဟာလဲ ငါ့သားနဲ့ ပတ်သက်ပြီး မင်းဆီက အကျိုးအကြောင်း သိချင်တာပဲ၊ ခုမှ ရှက်မနေပါနဲ့လေ၊ လွန်ခဲ့တဲ့ နှစ်လ သုံးလလောက်က မင်းငါ့သားနဲ့ စာ အဆက်အသွယ် လုပ်ခဲ့တယ် မဟုတ်လား၊ ချစ်ကြောင်း ကြိုက်ကြောင်း ရေးကြတာတွေလေ၊ မင်းတို့ နှစ်ယောက်စလုံး ရိုက်ပစ်ဖို့လဲ ကောင်းတယ်၊ အထူးသဖြင့် မင်းက ကြီးတဲ့လူပဲ၊ မင်းက သတိထားဖို့ ကောင်းတာပေါ့၊ မင်း စာတွေအားလုံး ငါ့ဆီမှာ ရှိတယ် ကက်သရင်း၊ မင်း ငါ့ကို စော်ကားမော်ကားပြောယင် ဒီစာတွေ မင်း အဖေဆီ ငါ အပို့ပဲ၊ မင်း ငါ့သားကို အပျော်ရည်းစားထားပြီး ခုတော့ မင်းက ရပ်လိုက်တာပေါ့လေ၊ မဟုတ်ဘူးလားကွ၊ အေး မင်းကတော့ စိတ်ကုန်သွားပြီး ငါ့သားကို ဖြတ်လိုက်တယ်၊ ဒါပေမယ့် ငါ့သားမှာ တကယ့်အချစ်နဲ့ ချစ်တော့ ခု ခံနေရပြီလေ၊ ခုဆို ငါ့သားဟာ မင်းစိတ်နဲ့ သေမတတ် ဖြစ်နေရပြီ၊ မင်းက သစ္စာမဲ့တော့ ဟိုကောင် အသည်းကွဲတာပေါ့၊ ဒါဟာ အပေါ်ယုံသဘော ဖြစ်နေတာ မဟုတ်ဘူး ကတ်သရင်း၊ ငါ့သားဟာ တကယ် ခံစားနေရတာ၊ ဟယ်ယာတန်က သူ့ကို ရယ်လားမောလား မေ့မေ့ပျောက်ပျောက် ဖြစ်အောင် လုပ်တယ်၊ ငါအတော့ မင်းကို အလေးအနက်ထားပြီး ပြောဆိုဆုံးမတယ်၊ ဒါပေမယ့် သူ့ဝေဒနာက ပိုပို ဆိုးလာတယ်၊ အေး၊ ဒီအတိုင်းသာဆိုယင် မင်းမှ မကယ်ယင် ဒီကောင် နွေရောက်တဲ့အထိတောင် ခံမှာ မဟုတ်ဘူး'
ကျွန်မလည်း ဟိကလစ်မှန်း သေချာသဖြင့် မနေသာတော့ပဲ အထဲမှ လှမ်းအော် ပြောလိုက်မိပါတော့သည်။
“ရှင် ကလေးကို ဘာမဟုတ်တာတွေ လာပြောတာလဲ၊ ရှင့်လမ်းကို ရှင်သွားပါတော့လား၊ ရှင် မဟုတ်က ဟုတ်ကတွေ ဘာဖြစ်လို့ ပြောနေရတာလဲ၊ မစ္စကေသီရေ၊ ငါ တံခါးသော့ကို ရိုက်ချိုးပြီး ဖွင့်လိုက်မယ်၊ အဲဒီ အဓိပ္ပာယ်မရှိ မဟုတ်က ဟုတ်က ပြောတာတွေ ယုံမနေနဲ့၊ ညည်းလဲ ညည်းဘာသာ ညည်း အသိသားနဲ့၊ လူတယောက်ဟာ အချစ်ကြောင့် သေရတယ်ဆိုတာဟာလဲ မဖြစ်နိုင်ပါဘူး”
“ဩ၊ ခင်ဗျားကလဲ အထဲက ချောင်းနားထောင်နေတာကိုး မစ္စက်ဒင်းရဲ့၊ ကောင်းပါတယ်၊ ကျုပ် ခင်ဗျားကို ခင်ပါတယ်။ ဒါပေမယ့် ခင်ဗျား ခုလို ကျုပ်အကြောင်း မဟုတ်တာပြောတာတော့ ကျုပ်မကြိုက်ဘူး၊ ကျုပ်က ကက်သရင်းကို မုန်းတယ်လို့ ပြောတာ ခင်ဗျား တမင် လိမ်ပြောတာပဲ၊ ဒါဟာ ကလေးမကလေး ကျုပ်အိမ်ကို မလာအောင် လုပ်တာပဲ၊ ဒီမယ် ကက်သရှင်းလင်တန်ရဲ့၊ ဒီတပတ်လုံး ငါ အိမ်မှာ မရှိဘူး၊ ဒီတော့ ငါ့သားဟာ မင်းအတွက် စိတ်ဒုက္ခ ရောက်နေရတယ်ဆိုတာ ဟုတ် မဟုတ် သွားကြည့်လိုက်ပါကွယ်၊ မင်းအဖေသာ ငါ့နေရာမှာ ရှိပြီး မင်းသာ ငါ့သားနေရာမှာ ရှိမယ်ဆိုယင် မင်းရော မင်းအဖေရော ဘယ်လိုခံစားရမလဲ စဉ်းစားကြည့်ပါကွယ်၊ ငါ ကျိန်ပြောပါတယ် ကလေးရယ်၊ သားဟာ မင်းကလွဲပြီး ကယ်တင်နိုင်တဲ့လူ မရှိပါဘူး၊ သူ သေရတော့ မှာပါကွယ်”
ကျွန်မသည် သော့ခလောက်ကို ကျောက်ခဲတလုံးဖြင့် ရိုက်ချိုးလိုက်ပါလေသည်။ ဟိကလစ်သည် ကျွန်မကို မြင်သည်နှင့် ကျွန်မကို စေ့စေ့ကြည့်ပြီး …
"လင်တန် သေရတော့မယ် ဆိုတာ ကျုပ် တကယ် ပြောနေတာပါ နယ်လီရယ်၊ ခင်ဗျား ကလေးမကလေးကို မလွှတ်နိုင်ယင် ခင်ဗျားကိုယ်တိုင် သွားကြည့်ပါ၊ ကျုပ်သား အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ ခင်ဗျား တွေ့ရမှာပါ၊ ကျုပ်လဲ ဒီတပတ် တခြား သွားမလို့၊ ကက်သရင်း အဖေကလဲ ကက်သရင်းကို ခု အခြေအနေမျိုးမှာ သူ့ဝမ်းကွဲ မောင်ကလေးဆီကို သွားဖို့ ကန့်ကွက်မယ် မထင်ပါဘူးဗျာ”
“အထဲဝင်စမ်း ကေသီ"
ကျွန်မသည် ကက်သရင်းကလေး လက်ကိုဆွဲပြီး အိမ်ထဲသို့ တွန်းပို့လိုက်ပါသည်။ ကေသီသည် ဟိကလစ်ကို စိုက်ကြည့်ယင်း တုံ့နှေးနှေး ဖြစ်နေပါသေးသည်။
ဟီကလပ်သည် နေရာမှ ထွက်မသွားမီကလေးမှာပင်...
“မစ္စကက်သရင်း၊ မင်းနဲ့ပတ်သက်ပြီး ငါ့မှာ ငါ့သားအတွက် စိတ်ပူနေရတာပါ၊ သူ့အတွက် ဟယ်ယာတန်နဲ့ ဂျိုးဆက်ကတောင် ငါ့လောက် မပူကြရပါဘူး၊ သူ့ကြောင့်ပဲ ငါ စိတ်ဆင်းရဲရတယ်၊ သူဟာ အကြင်နာတရားနဲ့ မေတ္တာကို တောင်းခံနေရရှာတာပါ၊ မင်းရဲ့ ကရုဏာစကားကလေးတလုံးဟာ သူ့အဖို့ အကောင်းဆုံး ဆေးပါပဲ မိန်းကလေးရယ်၊ မစ္စက်ဒင်း ပြောတာတွေ ဂရုမစိုက်နဲ့၊ မင့်မောင်ကလေးကို မင်း ကြည့်လိုက်ပါကွယ်၊ သူ့ခမျာ နေ့ရောညရော မင်းကိုပဲ တမ်းတနေရရှာတာပါ၊ ငါက မင်းဆီက စာမလာ၊ မင်းကိုယ်တိုင်လဲ မလာကတည်းက မင်းသူ့ကို မုန်းသွားပြီလို့ ပြောတာတောင် မရဘူး' ဟု ပြောဖြစ်အောင် ပြောလိုက်ပါသေး၏။ ထို့နောက် မြင်းကိုစီး၍ ထွက်သွားပါလေတော့သည်။
ကျွန်မလည်း ကက်သရင်း အထဲရောက်ပြီဖြစ်၍ ဝင်းတံခါးကို ပြန်ပိတ်လိုက်ပါသည်။ ထိုအချိန်၌ မိုးပေါက်ကလေးများ ကျလာသဖြင့် ထီးဖွင့်လိုက်ပြီး ကက်သရင်းကိုပါ ထီးအောက်သို့ ဆွဲခေါ်လိုက်ပါ၏။ ထို့နောက် ကျွန်မတို့သည် အိမ်ဘက်သို့ ထွက်ခဲ့ကြပါ၏။ ကက်သရင်းကလေးမှာ ဟိကလစ်စကားကြောင့် စိတ်မကောင်း ဖြစ်သွားပုံရလေသည်။
သခင်သည် ကျွန်မတို့ အိမ်ထဲ ပြန်မရောက်မိကပင် သူ့အခန်းထဲ ဝင်ခဲ့ပြီ ဖြစ်ပါသည်။ ကေသီသည် သူ့အဖေ အခြေအနေကို သိရန် သူ့အဖေ အခန်းထဲသို့ တိတ်တိတ် ဝင်သွားပါသေးသည်။ သခင်ကား အိပ်ပျော်နေလေပြီ။
ထို့နောက် ကေသီသည် သူ့အဖေ အခန်းထဲမှ ပြန်ထွက်လာပြီး ကျွန်မအား သူနှင့်အတူ စာကြည့်ခန်းထဲသို့ လိုက်ခဲ့ရန် ခေါ်ပါသည်။ ကျွန်မတို့သည် စာကြည့်ခန်းထဲတွင် လက်ဖက်ရည် အတူသောက်ကြပါသည်။ ပြီးလျှင် ကေသီသည် ကော်ဇောပေါ်၌ လှဲချလိုက်ပါ၏။ သူစိတ်ပင်ပန်းနေသဖြင့် ကျွန်မအား စကားမပြောရန် မှာထားသောကြောင့် ကျွန်မလည်း စာဖတ်ချင်ယောင် ဆောင်နေလိုက်ပါ၏။ အတော်ကြာသောအခါ သူသည် အသံမထွက်ပဲ ကျိတ်ငိုနေပါလေတော့သည်။ ကျွန်မ သူ့ကို ပထမတွင် ဆူပူကြိမ်းမောင်းပါသည်။ ထို့နောက် ဟိကလစ် ပြောသွားသော သူ့သားအကြောင်းတို့မှာ မဟုတ် မမှန်ကြောင်း ကက်သရင်းကလေးအား ရှင်းပြ ဖျောင်းဖျပါလေသည်။
‘အယ်လင် ပြောတာလဲ ဟုတ်ချင် ဟုတ်မှာပါ၊ ဒါပေမယ့် ကျွန်မ ကိုယ်တိုင် မမြင်ရ မသိရပဲနဲ့တော့ ကျွန်မ စိတ်ကောင်းမှာ မဟုတ်ဘူး၊ ပြီးတော့လဲ ကျွန်မ စာမရေးတာ ကျွန်မ အပြစ်မဟုတ်ဘူးဆိုတာ သူ့ကို ပြောချင်တယ်၊ ကျွန်မ သူ့အပေါ်မှာ စိတ်မပြောင်းသွားဘူး ဆိုတာလဲ သူ သိစေချင်တယ်”
ကျွန်မ ချော့ပြော၊ ခြောက်ပြောသော်လည်း အကျိုးမထင်ပါ။ ထို့ကြောင့် ထိုညတွင် ကျွန်မတို့သည် စိတ်လက် မကြည်မသာနှင့် ခွဲခဲ့ကြပါလေ၏။
နောက်တနေ့ နံနက်တွင်ကား ကျွန်မသည် ကက်သရင်းကလေးအား မြင်းကလေးပေါ် တင်ခေါ်ပြီး လေထန်ကုန်း အိမ်ကြီးဆီသို့ လာခဲ့ပါလေသည်။
ကျွန်မ ကက်သရင်းကလေးကို ကြည့်ပြီး စိတ်မကောင်းပါ။ မျက်နှာမှာ ဖြူရော်နေပြီး မျက်ခွံတွေလည်း မို့နေပါသည်။ သူ့ကို သနားလာပါသည်။ ထို့ပြင်လည်း လင်တန်ကလေး မကျန်းမမာ ဖြစ်နေသည် ဆိုခြင်းကိုလည်း ကျွန်မ တယ်မယုံချင်ပါ။ ကျွန်မသည် လင်တန်ကလေးကို ကျန်းကျန်းမာမာပဲ တွေ့ရလိမ့်မည် မျှော်လင့်ထားပါ၏။
ထို့ကြောင့်ပင် ကျွန်မသည် ကက်သရင်းကလေးကို လေထန်ကုန်း အိမ်ကြီးသို့ လိုက်ပို့ခဲ့ခြင်း ဖြစ်လေသည်။
အခန်း [ ၂၃ ]
ညက မိုးရွာထားပြီး မနက်ခင်းတွင် မြူးတွေ ဆိုင်းနေပါသည်။ မိုးဖွဲကလေးများ၊ ဆီးနှင်းဖွဲများလည်း ကျနေပါသည်။ မြေမြင့်ပိုင်းမှ ရေစီးများ စီးကျနေသဖြင့် ကျွန်မတို့သည် ရေစီးချောင်းကလေးများကို ဖြတ်ခဲ့ကြရပါသည်။ ကျွန်မမှာ ခြေကျင်လိုက်ခဲ့သဖြင့် ခြေထောက်တွေ၊ ရွှဲရွှဲစိုပြီး စိတ်မှာလည်း ကသိကအောက် ဖြစ်လာပါသည်။
ကျွန်မတို့သည် ဟိကလစ် တကယ် ခရီးထွက်သွား မသွား သိရအောင် ဂျိုးဆက်ထံ စုံစမ်းမည် စိတ်ကူးဖြင့် မီးဖိုရှိရာ ယာတဲဘက်မှ ဝင်လာခဲ့ကြပါသည်။ ကျွန်မသည် ဟိကလစ်စကားကို မယုံချင်လှပါ။
ဂျိုးဆက်သည် အလျှံညီးညီး တောက်နေသော မီးဖိုဘေးတွင် ထိုင်လျက် ငြိမ်ခံနေပုံ ရပါသည်။ သူ့ဘေးက စားပွဲပေါ်တွင်လည်း ဗျစ်ရည်တခွက်နှင့် မုန့်ကြွပ်အချို့ အသင့်ရှိနေပါသည်။ ပါးစပ်တွင်လည်း ဆေးတံတိုကို ခဲထားပါသည်။
ကက်သရင်းသည် ချမ်းရှာလွန်းသဖြင့် မီးဖိုဘေးသို့ ပြေးလာပါသည်။ ကျွန်မကမူ ဂျိုးဆက်အား သခင်ဟိကလစ် အိမ်တွင် ရှိမရှိ မေးလိုက်ပါသည်။ ကျွန်မ မေးခွန်းကို ရုတ်ဘရက် မတုံ့ပြန်ပါ။ အဘိုးကြီး နားထိုင်းလာပြီ အထင်ဖြင့် နောက်တကြိမ် အော်ပြီး မေးလိုက်ပါသည်။
“မရှိဘူး၊ မရှိဘူး။ နင့်အိမ် နင် ပြန်"
အဘိုးကြီးသည် နှာခေါင်းသံဖြင့် အော်ပြောလိုက်ပါလေသည်။ တချိန်တည်းမှာပင် အိမ်တွင်းမှ ခပ်ဆတ်ဆတ် လှမ်းအော်လိုက်သော အသံတသံ ထွက်လာပါသည်။
“ဂျိုးဆက်၊ ကျုပ် ခင်ဗျားကို ဘယ်နှစ်ခါ ခေါ်ရမှာလဲ၊ မီးဖိုထဲမှာ ပြာချည်း ရှိတော့တယ်ဗျ၊ ခင်ဗျား ချက်ချင်း လာခဲ့စမ်းပါဦး”
အဘိုးကြီးကား ဘာမျှ မကြားဟန်ဖြင့် မီးဖိုဆီသို့သာ စူးစိုက်ငေးနေပါသည်။ အိမ်စေမကြီးနှင့် ဟယ်ယာတန်တို့ကိုလည်း မတွေ့ရပေ။ သူတို့ အလုပ်ကို သူတို့ သွားနေကြဟန် ရှိလေသည်။
“အိမ်ထဲက အသံသည် လင်တန့်အသံ ဖြစ်သဖြင့် ကျွန်မတို့သည် အိမ်ထဲသို့ ဝင်လာခဲ့ကြပါလေတော့သည်။ ကျွန်မတို့ ဝင်လာသော ခြေသံကို လင်တန်သည် သူခေါ်နေသော အစေခံ အဘိုးကြီး ဝင်လာသည် အထင်ရှိဟန်ဖြင့် …
“ကျုပ်က ခင်ဗျားအခန်းထဲမှာ သေနေပြီ ထင်တာဗျ” ဟု ဆီးပြောလိုက်ပါသည်။
သို့သော် ချက်ချင်းပင် သူ အပြော မှားသွားသည်ကို သတိပြုဟန်ဖြင့် စကားစကို ဖြတ်လိုက်ပါသည်။ ကက်သရင်းသည် သူ့မောင်ဆီသို့ အပြေးကလေး သွားပါလေတော့သည်။ လင်တန်သည် ကုလားထိုင်တွင် လှဲနေရာမှ ခေါင်းကို ထောင်လိုက်ပြီး…
'မင်း၊ မင်း ကက်သရင်း မဟုတ်လား၊ ဟင့်အင်း၊ ကိုယ့်ကို မနမ်းပါနဲ့၊ ကိုယ် မောလွန်းလို့ပါကွယ်၊ ဖေဖေကတော့ ပြောသား၊ မင်းလာ လိမ့်မယ်လို့” ပြောစဉ်မှာပင် ကက်သရင်းက ဖက်လိုက်ပါသည်။ ထိုနောက် စိတ်ထိခိုက်သွားဟန်ဖြင့် လင်တန့်ဘေးတွင် ရပ်နေလိုက်ပါသည်။ လင်တန်သည် ဆက်ပြောနေပြန်ပါ၏။ 'တံခါး ပြန်ပိတ်ခဲ့ကြပါဗျ။ အိမ်က ဟာတွေကလဲ မီးဖိုထဲ မီးသွေး ထည့်မပေးကြဘူး၊ အေး လိုက်တာကလဲ အလွန်ပဲ'
ကျွန်မသည် ကိုယ်ဘိုင်ပင် မီးသွေးရှာပြီး မီးဖိုထဲသို့ ထည့်ပေးလိုက်ပါသည်။
လင်တန်သည် ချောင်းတဟွပ်ဟွပ် ဖြစ်နေပါသည်။ အတော်ပင် နေမကောင်းဖြစ်ပြီး အားကလည်း ချည့်နဲ့နေပုံ ရပါသည်။
“ကဲ၊ လင်တန်၊ ကိုယ့်ကိုတွေ့ရတော့ မင်း ဝမ်းမသာဘူးလား”
“မင်း အလျင်က ဘာလို့ မလာရတာလဲ ကက်သရင်းရယ်၊ မင်း ဟိုကတည်းက ကိုယ့်ဆီကို စာရေးမယ့်အစား လူကိုယ်တိုင် လာတွေ့ရောပေါ့ကွယ်၊ ကိုယ် စာတွေ ရေးရဘာ သိပ်မောတယ်ကွယ်၊ လူချင်းတွေ့ပြီး စကားပြောရတာကမှ တော်ဦးမယ်။ ဒါပေမယ့် ခုတော့ ကိုယ် စကားတောင် မပြောနိုင်တော့ဘူး၊ ဇိလာကလဲ ဘယ်ရောက်နေပါလိမ့်၊ တဆိတ်ဗျာ၊ မီးဖိုဘက် သွားပြီး ဇီလာကို ရှာကြည့်စမ်းပါဗျ'
ကျွန်မကိုပါ လှမ်းပြောလိုက်ပါသည်။ ကျွန်မလည်း မည်သူကိုမျှ မတွေ့ရသဖြင်...
“ဂျိုးဆက်ကလွဲလို့ ဘယ်သူကိုမှ မတွေ့ရဘူး” ဟု ပြောလိုက်ပါသည်။
“ကျွန်တော် ရေသောက်ချင်တယ်ဗျာ၊ ဗီလာဆိုတဲ့ မိန်းမကြီးက ခက်တာပါပဲ၊ ကျွန်တော် အပေါ်ထပ်မှာဆိုယင် သူတို့ ဘာမှ မကြားတာကြောင့် အောက်ဆင်းနေတော့လဲ ဘယ်သူမှ မရှိဘူး” ညည်းညည်းညူညူ ပြောလိုက်ပါသည်။
“မင်းအဖေက မင်းကို ဂရုမစိုက်ဘူးလားကွဲ"
“အဖေ ပြောလဲ သူတို့က ကျွန်တော့်ကို သိပ်ဂရုစိုက်ကြတာ မဟုတ်ပဲ၊ အလကားဟာတွေ၊ ဒီမယ် ကက်သရင်းရဲ့၊ ဟယ်ယာတန်ဆိုတဲ့ လူကလဲ အချိန်ရှိသရွေ့ ကိုယ့်ကို လှောင်လား၊ ပြောင်လား လုပ်နေတာ၊ ကိုယ် သူ့ကို မကြိုက်ဘူး၊ ကိုယ် သူတို့အားလုံးကို မုန်းတယ် အလကား အသုံးမကျတဲ့ ဟာတွေ”
ကေသီသည် လင်တန်အတွက် ရေရှာပါလေတော့၏။ ရေတကောင်းတခုကို ထုတ်ပြီး ခွက်တခုတွင် ထည့်၍ ယူလာပါသည်။ လင်တန်က ကေသီအား စားပွဲပေါ်ရှိ ဝိုင်ပုလင်းထဲမှ ဝိုင်တဇွန်း ရောထည့်ရန် ပြောသဖြင့် ကေသီက ရေခွက်ထဲသို့ ဝိုင်တဇွန်းထည့်ပြီး ပေးလိုက်ပါသည်။ လင်တန်သည် ကေသီ လှမ်းပေးသော ရေခွက်ကို ယူ၍ သောက်ချလိုက်ပါသည်။ စိတ်ငြိမ်သွားပုံ ရပါသည်။ ကေသီအားပင် ကျေးဇူးတင်စကား ပြောလိုက်ပါသည်။
“မင်း ကိုယ့်ကိုတွေ့ရတာ ဝမ်းမသာဘူးလား လင်တန်ရယ်”
ကေသီ သည် စောစောက မေးခွန်းကို ထပ်မေးလိုက်ပါလေသည်။
“ဝမ်းသာတာပေါ့ကွယ်၊ ကိုယ့်အဖို့ မင်းအသံ ကြားရတာကိုကပဲ ထူးခြားနေတယ်၊ ဒါပေမယ့် မင်းမလာတော့ ကိုယ် စိတ်ညစ်ရတယ်၊ ဖေဖေက ပြောတယ်၊ မင်းမလာတာ ကိုယ် အသုံးမကျလို့တဲ့၊ ဖေဖေက ကိုယ့်ကို အလကားကောင်၊ အသုံးမကျတဲ့ကောင်၊ သနားစရာအကောင်လို့ ခေါ်တာ၊ ကိုယ် အသုံးမကျလို့ မင်းက ကိုယ့်ကို စိတ်ပျက်သွားတာတဲ့၊ ဒါမဟုတ်ပါဘူးနော်၊ မစ္စ.."
“ကိုယ့်ကို ကက်သရင်းလို့ပဲ ဖြစ်ဖြစ်၊ ကေသီလို့ပဲ ဖြစ်ဖြစ် ခေါ်ပါ''
လင်တန် စကားကို ကြားဖြတ် ပြောလိုက်ပါသည်။
“ကိုယ်က မင်းကို စိတ်ပျက်တယ်၊ ဟုတ်လား၊ မပျက်ပါဘူးကွယ်၊ ဖေဖေနဲ့ အယ်လင်ကလွဲယင် ဒီကမ္ဘာပေါ်မှာ ကိုယ် မင်းကို အချစ်ဆုံးပါ၊ ဒါပေမယ့် ကိုယ် မင်းအဖေကိုတော့ မချစ်ဘူး၊ သူပြန်လာယင် ကိုယ် မင်းဆီကို မလာရဲဘူး၊ သူ တခြားမှာ အကြာကြီး နေမှာ မဟုတ်လားဟင်'
'ဖေဖေ ကြာကြာ မနေဘူး။ ဒါပေမယ့် အမဲလိုက်ရာသီကျယင် ဖေဖေ ကွင်းထဲကို ခဏခဏ သွားတယ်၊ အဲဒီကျယင် မင်း ကိုယ့်ဆီကို လာခဲ့ပါ၊ ကိုယ်နဲ့ တနာရီ၊ နှစ်နာရီလောက် နေနိုင်တာပေါ့၊ လာမယ် မဟုတ်လား ဟင်၊ မင်းရှိနေယင် ကိုယ် စိတ်ညစ်ရမှာလဲ မဟုတ်ဘူး၊ မင်းကလဲ ကိုယ့်ကို စိတ်မကောင်းဖြစ်အောင် လုပ်မယ့်လူမျိုးမှ မဟုတ်ပဲ၊ ကိုယ့်ကိုသာ မင်း ကူညီတာပဲဟာ၊ ဟုတ်တယ် မဟုတ်လား ဟင်”
ကေသီသည် လပ်တန်၏ ဆံပင်ကလေးများကို ပွတ်သပ်ယင်း...
“အေးပါကွယ်၊ ဖေဖေက ခွင့်ပေးယင် ကိုယ် မင်းဆီကို လာပါမယ်၊ လင်တန်ကလေးရယ်၊ မင်းဟာ ကိုယ့် မောင်အရင်းကလေးပဲ ဖြစ်လိုက်ပါတော့လား” ဟု ပြောလိုက်ပါသည်။
“အဲဒီလိုဆို မင်း ကိုယ့်ကို မင်းအဖေကို ချစ်သလို ချစ်မှာပေါ့နော်၊ ဒါပေမယ့် ဖေဖေကတော့ မင်းသာ ကိုယ်နဲ့ လက်ထပ်ယင် မင်းဟာ မင်းအဖေကိုထက် ကိုယ့်ကို ပိုချစ်မှာပဲတဲ့၊ ဒီလိုဆို ကိုယ်တို့ လက်ထပ်ကြယင် ပိုကောင်းမှာပဲ”
လင်တန်သည် တက်တက်ကြွကြွ ဖြစ်လာပါသည်။ ကက်သရင်းကမူ မျက်နှာကလေး ညှိုးသွားပြီး...
“ကိုယ်ကတော့ ကိုယ့်အဖေထက် ပိုပြီး ဘယ်သူ့မှချစ်မှာ မဟုတ်ဘူး၊ နောက်ပြီး လက်ထပ်တယ်ဆိုတာဟာလဲ ယောက်ျားတွေက တခါတလေ သူတို့ မိန်းမတွေကို မုန်းတတ်ကြသတဲ့၊ ဒါပေမယ့် ညီအစ်ကို မောင်နှမကျတော့ မမုန်းဘူး မဟုတ်လား၊ ဒီတော့ မင်းနဲ့ကိုယ်သာ မောင်နှမ အရင်းဆို အတူလဲ နေရမယ်၊ ဖေဖေကလဲ ကိုယ့်ကို ချစ်သလိုပဲ မင်းကိုလဲ ချစ်မှာပဲ” ခပ်လေးလေး ပြောလိုက်ပါလေသည်။
လင်တန်က ကိုယ့်မယားကို မုန်းသော ယောက်ျား မရှိနိုင်ကြောင်း ငြင်းသည်။ ကေသီက ရှိနိုင်ကြောင်း အခိုင်အမာ ပြောသည်။ သူ့အဒေါ်ကို မုန်းခဲ့သော ဟိကလစ် အကြောင်းကိုပင် အထောက်အထား ပြပါလေတော့သည်။ ထိုအခါ ကျွန်မလည်း မနေသာတော့သဖြင့် ကေသီ့စကားကို ဝင်တားပါသေး၏။ သို့သော် အချည်းနှီးပင်။ သိသမျှ အားလုံးကို ပြောချနေပါလေ၏။ ထိုအခါ လင်တန်ကလေးသည် သူ့အဖေဘက်က နာလာပြီး ကေသီ စကားတွေမှာ မဟုတ်တမ်း တရားတွေ ဖြစ်ကြောင်း တုံ့ပြန်ပါလေ၏။
'ဒါတွေဟာ ဖေဖေ ပြောတာပဲ၊ ဖေဖေဟာ ဘယ်တော့မှ လိမ်မပြောဘူး” ခပ်ပြတ်ပြတ် ပြောချလိုက်ပါသည်။
“တို့ဖေဖေကတော့ မင့် ဖေဖေကို မကြိုက်ဘူး၊ မင်းတို့ ဖေဖေဟာ ကြောင်သူတော်ပဲတဲ့”
“မင်းတို့ဖေဖေကျတော့ လူယုတ်မာတဲ့၊ မင်းအဖေပြောတဲ့ စကားတွေ မင်းပြောနေတာကိုက မင်းလဲ မဟုတ်သေးဘူး၊ ဒေါ်လေး အစ္စဗယ်လာ ထွက်ပြေးအောင် လုပ်တာကိုက မင်းတို့အဖေ ယုတ်မာတာပဲပေါ့"
“တို့အမေ ထွက်ပြေးတာ မဟုတ်ဘူး၊ မင်း ကိုယ့်ကို ဆန့်ကျင် မပြောပါနဲ့”
“ပြောမှာပဲ၊ ဟုတ်တယ်၊ ဒေါ်လေးဟာ မင်းတို့အဖေ မကောင်းလို့ ထွက်ပြေးရတာ'
ကေသီ ငိုပါလေတော့သည်။
“ကောင်းပြီ၊ ဒါဖြင့် ကိုယ် ပြောမယ်၊ မင်းတို့အမေလဲ မင်းအဖေကို မုန်းတာပဲ”
“အို” ကေသီ ဒေါသစိတ်ဖြင့် အံ့ဩရပါလေတော့သည်။
“မင်းတို့အမေက တို့အဖေကို ချစ်တာ'
“မင်းညာတာ၊ မင်းကို ကိုယ်မုန်းတယ်"
ကေသိသည် သက်ပြင်း ချလိုက်သည်။ သူ့မျက်နှာကလေးမှာ နီလာပါလေပြီ။
“မင်းတို့အမေက တို့အဖေကို ချစ်တယ်၊ ချစ်တယ်’
လင်တန်သည် သီချင်းဆိုသလို ဆိုယင်း ကုလားထိုင်ကြီးပေါ်မှာ ကိုယ်ကို မှီထိုင်ချလိုက်ပါသည်။ သူ စကားနိုင်လုရာတွင် အသာရသဖြင့် ပျော်နေသည့် ဟန်မျိုးလည်း ပေါ်နေပါသည်။
“တော်တော့ လင်တန်၊ ဒါမင်းအဖေ လုပ်ကြံပြောတာပဲ”
'မဟုတ်ဘူး၊ မင်းသာ ပါးစပ်ပိတ်ထား၊ ဒီမယ် ကက်သရင်းရဲ့၊ မင်း အမေက တို့အဖေကို ချစ်တယ် သိလား၊ သူချစ်တယ်၊ ချစ်တယ်”
ကေသီသည် လင်တန်ကို တအား ဆောင့်တွန်းလိုက်ရာ ထိုင်နေသော ကုလားထိုင် လက်တန်းနှင့် ရိုက်မိပြီး ချောင်းတဟွပ်ဟွပ် ဆိုးပါလေသည်။ ချောင်းဆိုးသံမှာ အတော်နှင့် မရပ်ပါ။ ကျွန်မပင်လျှင် စိုးရိမ်လာပါ၏။ ကေသီသည် သူ့ အပြုအမူနှင့် ပတ်သက်ပြီး စိတ်ထိခိုက်သွားကာ သည်းသည်းထန်ထန် ငိုနေပါလေသည်။ သို့သော် ဘာမျှ မပြောပါ။ ကျွန်မသည် လင်တန်ကို ပြန်ထူပေးလိုက်ပါသည်။ လင်တန်သည် ကျွန်မကို တွန်းဖယ်လိုက်ပြီး ခေါင်းငိုက်စိုက်ချလျက် ကုလားထိုင်မှာ ထိုင်လိုက်ပါလေ၏။ ကေသီသည် အငိုရပ်လိုက်ပြီး မျက်နှာချင်းဆိုင် ကုလားထိုင်တွင် ဝင်ထိုင်လိုက်ကာ မီးဖိုကိုသာ စူးစိုက်ကြည့်နေလိုက်ပါ၏။
ကျွန်မလည်း သူတို့နှစ်ယောက်ကို ငေးကြည့်နေမိပြီး ဆယ်မိနစ်ခန့်ကြာမှ …
'ဘယ်လို နေသေးလဲ လင်တန်’ ဟု မေးလိုက်ပါသည်။
'ကိုယ်ခံရသလို ခံရပါစေ၊ မင်း အတော် ရက်စက်တာပဲ၊ ဟယ်ယာတန်တောင် ကိုယ့်ကို လက်ဖျားနဲ့ ထိတာ မဟုတ်ဘူး၊ ကိုယ့်ကို ဘယ်တုန်းကမှ မလုပ်ဘူး၊ ကနေ့ ကိုယ် နေကောင်းမလို့ ရှိသေးတယ်၊ ခုတော့၊ ခုတော့” သူ့အသံသည် ငိုသံထဲမှာ တိမ်ဝင်သွားပါလေတော့သည်။
“ကိုယ် မင်းကို လုပ်တာ မဟုတ်ပါဘူးဟယ်"
ကေသီသည် နောက်ထပ် ဒေါသ မဖြစ်ရအောင် ထိန်းချုပ်သည့်အနေဖြင့် အပေါ်နှုတ်ခမ်းကို သွားနှင့်ကိုက်ယင်း ခပ်ညည်းညည်း ပြောလိုက်သည်။
လင်တန်ကလေးသည် အတော်ပင် နာကျင်သွားဟန်ဖြင့် နာရီဝက်လောက် ကြာသည်အထိ သက်ပြင်းချလိုက် ညည်းညူလိုက် လုပ်နေပါလေသည်။ ကက်သရင်းကလေးမှာလည်း ပိုပြီး စိတ်ထိခိုက်လာပါ၏။ ကက်သရင်း စိတ်ဆင်းရဲပြီး ကျိတ်၍ ငိုရှိုက်သံကို ကြားသည်နှင့် လင်တန်သည် ပိုပြီး နာလာဟန်ဖြင့် တငိုငို တညည်းညည်း လုပ်လာပါလေတော့သည်။
ကေသီသည် သူ့ ကိုယ်သူ အောင့်အည်း မနေနိုင်တော့ပါ။
“ကိုယ် မင်းကို အနာတရဖြစ်အောင် လုပ်မိတာ စိတ်မကောင်းပါဘူး လင်တန်ရယ်၊ ကိုယ် အသာကလေး တွန်းလိုက်ရုံနဲ့ မင်း ဒီလိုဖြစ်သွားမယ် မထင်လိုက်လို့ တွန်းမိတာပါကွယ်၊ သိပ်များ နာနေလား လင်တန်၊ ကိုယ် ဒီအတိုင်း အိမ်ပြန်သွားရယင် ကိုယ် စိတ်ကောင်းတော့မှာမဟုတ်ဘူး။ ပြောစမ်းပါ လင်တန်ရယ်၊ သိပ်များ နာနေသလား”
“မင်း လုပ်ထားတာက သိပ်နာနေတော့ စကားတောင် မပြောနိုင်ဘူး။ အဲဒါ တညလုံး ချောင်းဆိုးပြီး အိပ်ရတော့မှာလဲ မဟုတ်ဘူး၊ မင်း ဘာသိသလဲ ကက်သရင်း၊ ကိုယ်ဟာ ကိုယ့်နားမှာ တယောက်မှမရှိပဲ စိတ်ဒုက္ခ ခံစားပြီး နေခဲ့ရတဲ့ ညတွေမှာ မင်းကတော့ စိတ်ချမ်းသာ လက်ချမ်းသာ အိပ်ပျော်နေမှာပဲ၊ အဲဒီလို စိတ်ဒုက္ခ ခံစားရတဲ့ ညတွေမှာ မင်း ဘယ်လို နေနေမလဲ၊ ကိုယ် စဉ်းစားလို့ မရဘူး'
လင်တန်သည် ပြောယင်း ချုံးပွဲချ ငိုပြန်ပါလေတော့သည်။
‘ဒါကလဲ မင့်ဒုက္ခ မင်း ရှာတာကိုးကွယ်၊ ကက်သရင်းသာ မင်းဆီ မလာယင် မင်းဘာမှ စိတ်ဒုက္ခ ရောက်စရာ မလိုပဲ အိပ်ပျော်မှာပေါ့၊ ကဲ...ကောင်းပြီ၊ ဒီတော့ကက်သရင်း မင်းဆီကို နောက်ထပ် မလာစေရဘူး၊ ဟုတ်ပြီလား၊ ဒါဆို မင်းလဲ ဘာမှ စိတ်ဒုက္ခရောက်စရာ မရှိဘူး၊ တို့ သွားမယ်’
ကျွန်မက ဝင်ပြောလိုက်ပါသည်။ ကေသီသည် လင်တန်ပေါ် ခေါင်းငုံ့လိုက်ပြီး..
“ဒါဖြင့် ကိုယ် သွားတော့မယ်၊ မင်း သွားစေချင်တယ် မဟုတ်လား လင်တန်” ဟု ပြောလိုက်ပါ၏။
“မင်း စကားလမ်းကြောင်း မလွဲပါနဲ့ ကက်သရင်း၊ မင်း ငါ့ စိတ်ဆင်းရဲအောင် လုပ်ချင်လုပ်ပါ"
လင်တန်သည် နောက်ဆုတ်လိုက်ပြီး စိတ်ကောက်သည့် အမူအရာဖြင့် ပြောလိုက်ပါသည်။
“ကောင်းပြီ၊ ဒါဖြင့် ကိုယ်သွားမယ်'
“ကိုယ် တယောက်တည်းပဲ နေချင်တယ်၊ မင်းပြောတာတွေကိုလဲ ကိုယ် မကြားချင်ဘူး'
ကက်သရင်းသည် တုံ့ဆိုင်းနေပြန်ပါ၏။ ကျွန်မက သွားရန်ပြောသည်ကိုပင် သူ ဂရုမစိုက်တော့ပါ။ လင်တန်သည် စကားလည်းမပြော၊ ကက်သရင်းအားလည်း မော်မကြည့်တော့သဖြင့် ကက်သရင်းသည် တံခါးဆီသို့ ဦးတည် ထွက်သွားလေရာ ကျွန်မလည်း သူ့ နောက်က လိုက်ခဲ့ပါလေ၏။ ထိုစဉ်မှာပင် စူးစူးဝါးဝါး အော်လိုက်သော အသံကြောင့် ကျွန်မတို့သည် နောက်ဘက်သို့ လှည့်ကြည့်မိလေ၏။ လင်တန်သည် ကုလားထိုင်ပေါ်မှ လိမ့်ကျပြီး မီးဖိုဘေးတွင် လူးလိမ့်နေပါလေတော့သည်။ ကျွန်မ သူ့အပါးသို့ ရောက်လာချိန်တွင် ကက်သရင်းသည်လည်း အထိတ်တလန့်ဖြင့် ရောက်လာကာ သူ့ အပါးမှာ ဒူးထောက် ထိုင်လျက် ငိုပါလေတော့သည်။
''ကဲ သူ့ကို ငါ ကုလားထိုင်ပေါ် ပြန်တင်ပေးလိုက်ပါ့မယ်၊ ကေသီ၊ ညည်းလဲ ကျေနပ်ပေတော့၊ ညည်းကြောင့်လဲ သူဘာမှ အကျိုးထူးမှာ မဟုတ်ဘူး၊ သူ့ကျန်းမာရေး မကောင်းတာလဲ ညည်းကြောင့် ဖြစ်ရတာ မဟုတ်ဘူး၊ သူ့ဘာသာ ဖြစ်ကိုဖြစ်တာပဲ၊ ကဲ...လာ၊ သူကို ပြုစုမယ့်လူ မလိုယင် သူ့ဘာသာ လှဲနေလိမ့်မယ်" ဟု ကျွန်မက ပြောလိုက်ပါသည်။
ကက်သရင်းက သူ့ခေါင်းအောက်မှာ မှီအုံးတခုခု ခုပေးပြီး ရေအနည်းငယ် တိုက်သော်လည်း သူ ရေမသောက်ပါ။ ကက်သရင်းသည် သူ နေသာထိုင်သာရှိအောင် မှီအုံး အနေအထား ပြင်ပေးလိုက်ပါ၏။
"ဒီမှီအုံးက မြင့်တယ်၊ ကိုယ် မနေတတ်ဘူး"
ကက်သရင်းက အခြားမှီအုံးတခုဖြင့် ပြင်ခုပေးလိုက်ပါသည်။
“ဒါကလဲ မြင့်တာပဲ”
“ဒါဖြင့် ကိုယ် ဘယ်လို လုပ်ရမှာလဲ”
ကက်သရင်းက စိတ်ပျက် လက်ပျက် ပြောလိုက်သည်။
လင်တန်သည် ကက်သရင်းကိုယ်ပေါ် မှီချလိုက်ပါသည်။ ကက်သရင်းက သူ့ပခုံးဖြင့် မှေးထားလိုက်ပါ၏။
"ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ လင်တန်၊ မှီအုံးပေါ်မှာပဲ မှီနေပေါ့၊ မင်းကြောင့် အချိန်ကုန်လှပြီ၊ တို့ နောက်ထပ် ငါးမိနစ် မနေနိုင်ဘူးကွဲ့"
ကျွန်မက ပြောလိုက်ပါသည်။
“ခဏနေပါဦး နယ်လီရယ်၊ ခု သူ ကောင်းလာပါပြီ၊ မတော် သူ ပြန်ရောဂါဆိုးနေယင် ကျွန်မတို့ လာလို့ လို့ ဖြစ်ဦးမယ်၊ ဒါဆို ကျွန်မလဲ နောက်ထပ် လာရဲမှာ မဟုတ်ဘူး၊ အဲဒီတော့ လင်တန် အမှန် ပြောစမ်း၊ ကိုယ် နောက်ထပ် မလာရတော့ဘူးလား"
“လာရမယ်၊ လာရမယ်၊ မင်းလာယင် ကိုယ် နေကောင်းသွားတာပဲဟာ"
'ဒါပေမယ့် မင်းက အလကားနေယင်း ငိုလား ရယ်လားနဲ့ ကိုယ်ကိုယ် ရောဂါဖြစ်အောင် လုပ်နေတာပဲဟာ'
“ကဲပါ၊ ကိုယ် မင်း ပြောသလို နေပါ့မယ်၊ မင်း ထိုင်စမ်းပါဦး၊ မင်းဒူးပေါ်မှာ ကိုယ် မှီနေပါရစေ၊ မေမေ့အပေါ်မှာ ကိုယ်နေခဲ့သလိုပေါ့၊ ကိုယ့်ကို သီချင်း တပုဒ်လောက် ဆိုပြစမ်းပါကွယ်၊ ဒါမှမဟုတ်လဲ မင်း သင်ပြပေးမယ် ဆိုတဲ့ ကဗျာတပုဒ် ဖြစ်ဖြစ် ပေါ့ကွယ်၊ ကဲ …ဆိုစမ်းပါ'
ကက်သရင်းက ကဗျာရှည်တပုဒ် ဆိုပြလိုက်ပါသည်။ နှစ်ယောက်စလုံး ကြည်ကြည်နူးနူး ဖြစ်သွားကြပါ၏။ ကတ်သရင်း ကဗျာတပုဒ်ဆုံးတိုင်း လင်တန်က တပုဒ်ဆိုခိုင်းပါသည်။ ကျွန်မ တားသော်လည်း မရပါ။ ဤသို့ဖြင့် ဆယ်နှစ်နာရီပင် ထိုးပါလေတော့သည်။ ဟယ်ယာတန် ပြန်လာသံကိုလည်း ကြားရပါ၏။
ကက်သရင်း မတ်တတ်ရပ်သောအချိန်မှာ လင်တန်က ကက်သရင်း ဆံစကို ဆွဲလျက် ..
“မနက်ဖြန်လဲ လာမယ် မဟုတ်လား ကက်သရင်းရယ်" ဟု မေးပါလေသည်။
“မလာပါဘူး၊ မနက်ဖြန်လဲ မလာဘူး၊ နောက်နေ့တွေလဲ မလာဘူး"
ကျွန်မက ဝင်ပြောလိုက်ပါသည်။
သို့သော် ကက်သရင်းကမူ သူ့ နားနားကပ်ပြီး တစုံတခု ခပ်တိုးတိုး ပြောလိုက်ပါ၏။
ကျွန်မတို့သည် အိမ်ထဲက ထွက်လာခဲ့ကြပါသည်။ အိမ်ထဲ ထွက်သည်နှင့် ကျွန်မက ...
"ညည်း မနက်ဖြန် မသွားရဘူး ကေသီ၊ ဒီအဖြစ်အပျက်ကိုလဲ ညည်း သတိရနေစရာ မလိုဘူး” ဟု ပြောလိုက်ပါသည်။
သူက ပြုံးသေးသည်။
“ငါကတော့ ညည်းကို သတိထားရလိမ့်မယ်၊ ညည်း ဘယ်မှ ထွက်မသွားနိုင်အောင် သော့ခတ်ထားရလိမ့်မယ်”
ကျွန်မက ဆက်ပြောလိုက်ပါသည်။
“အဲဒီတော့လဲ ကျွန်မ ခြံစည်းရိုး ကျော်သွားမှာပေါ့ နယ်လီရဲ့”
သူက ရယ်ရယ်မောမော ပြောပါသည်။
“ကျွန်မတို့ အိမ်ကြီးက ထောင်မှ မဟုတ်တာ၊ နယ်လီကလဲ ထောင်ပိုင်မှ မဟုတ်တာ၊ ပြီးတော့ ကျွန်မ ဆယ့် ခုနစ်နှစ် ရှိပြီပဲ၊ လူကြီး ဖြစ်ပြီပေါ့။ လင်တန်ဟာ ကျွန်မသာ ပြုစုလိုက်ယင် မြန်မြန် နေကောင်းလာမှာ နယ်လီရဲ့၊ နယ်လီသိတဲ့ အတိုင်း ကျွန်မက သူ့ထက် အသက်လဲကြီးတယ်၊ ဆင်ခြင်ဉာဏ်လဲ ကလေးမဆန်ဘူး မဟုတ်လား နယ်လီရဲ့၊ သူသာ ကျွန်မပြောသလို နေထိုင်သွားယင် ချောင်းဆိုးတာလဲ လျော့သွားမယ်၊ သူ နေကောင်းသွားယင် ဟန်ကျသွားမှာပါ၊ ကျွန်မ သူ့ကို ဂရုစိုက်ရလိမ့်မယ်၊ ကျွန်မတို့ချင်းလဲ နောင်ဆို ရန်မဖြစ်တော့ဘူး၊ နယ်လီ သူ့ကို သဘောမကျဘူးလားဟင်”
“သူ့ကို သဘောကျရမယ်၊ ဟုတ်လား၊ အမလေးတော် ဒီလို စိတ်ကောက်လွယ်တဲ့ သူငယ်ကလေးကို ကျုပ်က သဘောကျရမယ်၊ ဟုတ်လား၊ လူကလဲ မကျန်းမာတာနဲ့ သူ့အဖေ ပြောသလိုပဲ၊ အသက် နှစ်ဆယ်ထိအောင်တောင် အသက်ရှင်ဖို့ မလွယ်တဲ့ဟာ၊ ဒီနွေအထိမှ ခံပါ့မလားတောင် မသိဘူး၊ သူ သေသွားယင် သူတို့အိမ် အဖို့တော့လဲ နည်းနည်းပါးပါး ဝမ်းနည်းစရာပေါ့၊ တို့အဖို့ကျတော့လဲ သူ့ အဖေက သူ့ကို ခေါ်သွားတာကိုက ကံကောင်းတယ်လို့ ဆိုရမယ်။ ဒီသူငယ်ကလဲ သူ့ကို နည်းနည်း အရေးပေးလိုက်တာနဲ့ အဖြစ်က ခပ်သဲသဲရယ်၊ အင်းလေ.. ညည်းအဖို့ ဒီလိုလူမျိုး လင်မတော်ရတာပဲ ငါတော့ ဝမ်းသာတယ် ကက်သရင်း’
ကေသီသည် လင်တန်သေကြောင်း ပါနေသဖြင့် ကျွန်မ စကားကို မကျေမနပ် ဖြစ်သွားပါလေသည်။ အတန်ကြာ စကားဆက် ပြတ်နေပြီး …
“သူဟာ ကျွန်မထက် ငယ်သေးတာပဲ၊ သူ အသက်ရှည်ရှည် နေသင့်တာပေါ့၊ သူ မသေနိုင်သေးပါဘူးလေ၊ ခုဆို ဒီရောက်လာစကလိုပဲ သူ သန်သန်စွမ်းစွမ်းပဲဟာ၊ ခုဟာက ဖေဖေလို ရိုးရိုး အအေးမိတာပဲဟာ၊ နယ်လီပဲ ပြောတယ် မဟုတ်လား။ ဖေဖေ နေကောင်းလာမယ် ဆိုတာ၊ ဒီလိုဆို သူလဲ နေကောင်းလာမှာပေါ့” ဟု ပြောလာပြန်ပါသည်။
“ဟုတ်ပါသတဲ့ရှင်၊ ဟုတ်ပါသတဲ့၊ အေး၊ ဘာပဲဖြစ်ဖြစ် တို့ကြားမှာတော့ ပြဿနာ မပေါ်စေချင်ဘူးဟေ့၊ ဒီတော့ ညည်းလဲ ကောင်းကောင်းနားထောင်ပါ၊ ငါ တကယ်ပြောတာ၊ ညည်း နောက်တကြိမ် လေထန်ကုန်းအိမ်ကို ငါ ပါပါ မပါပါ သွားယင်တော့လား သည်းအဖေကို ငါ အပြောပဲ၊ ညည်း အဖေ ခွင့်ပြုချက်မရပဲ နောက်ကို ညည်းတို့မောင်နှမ အဆက်အသွယ် မလုပ်ရဘူး၊ ဒါပဲ”
“ခုပဲ ပြန်ဆက်သွယ်နေပြီပဲဟာ” ဆောင့်ဆောင့်အောင့်အောင့် ပြောလိုက်ပြန်ပါသည်။
“ဒါပေမယ့် နောက် မဆက်ရဘူး”
“ကြည့်သေးတာပေါ့” ဟု ဆိုကာ ကေသိသည် မြင်းကို ဒုန်းစိုင်းသွားပါလေတော့သည်။
ကျွန်မတို့သည် ညစာ စားချိန်မတိုင်မီ အိမ်သို့ ပြန်ရောက် လာခဲ့ကြပါသည်။ သခင်သည် ကျွန်မတို့နှစ်ယောက်အား ခြံထဲတွင် လမ်းလျှောက် နေသည်ဟု ထင်သဖြင့် ဘာမျှ မမေးတော့ပါ။
ကျွန်မသည် အခန်းထဲသို့ ဝင်လျှင်ဝင်ချင်း ဖိနပ်စို ခြေအိတ်စိုများနှင့် လေထန်ကုန်း၌ အတန်ကြာ ထိုင်နေခဲ့သဖြင့် ဒုက္ခရောက်ရပါတော့သည်။ နောက်တနေ့မနက်တွင် ကျွန်မမှာ အအေးမိပြီး အိပ်ရာမှ မထနိုင်တော့ပါ။ ထိုအချိန်မှစ၍ ရက်သတ္တ သုံးပတ်လုံးလုံး ကျွန်မသည် အိမ်အလုပ်များကိုလည်း မလုပ်နိုင်တော့ပါ။ ကျွန်မမှာ ကြုံခဲ့ရသော အဖြစ်ဆိုးနှင့် ပတ်သက်၍လည်း နောက်ထပ် မပတ်သက် ရတော့သဖြင့် နေမကောင်းနေသည်ကိုပင် ကျေးဇူးတင်ရမလို ဖြစ်ရပါလေ၏။
ကေသီကလေးမှာ ကျွန်မအနားသို့ အမြဲလိုလို ရောက်လာကာ ကျွန်မ နေမကောင်းနေသည်ကို အားပေးရှာပါ။ ကျွန်မမှာ အိပ်ရာထဲမှာသာ နေနေရသဖြင့် စိတ်ပျက်လာပါသည်။
ကေသီသည် သူ့အဖေအပါးတွင် မနေလျှင် ကျွန်မအနားသို့ ရောက်လာတတ်ပါသည်။ သူ့အဖို့ တနေ့လုံး အဖေနှင့် ကျန်မအနားတွင်သာ အချိန်ကုန်တတ်ပါသည်။ ခမျာမှာ အပျော်အပါးလည်း မရှိတော့ပါ။ သူသည် အစားအသောက်ကိုရော၊ အကစားကိုရော၊ စာအုပ်တွေကိုပါ မေ့လျော့ထားလိုက်ပါလေသည်။ သူကား ချစ်စရာ အကောင်းဆုံး သူနာပြုဆရာမကလေး ဖြစ်နေပါလေတော့သည်။ သို့သော် ညနေ ခြောက်နာရီ ကျော်လျှင်ကား သူ ကျွန်မကို ပြုစုစရာ မလိုတော့ပါ။ ထိုအချိန်များကား သူ့ကိုယ်ပိုင် အချိန်များ ဖြစ်ပါတော့သည်။
ကျွန်မကား ညနေပိုင်းများတွင် ကေသီ ဘာလုပ်နေသည်ကို မစဉ်းစားခဲ့မိပါပေ။ ညအိပ်ရာဝင်ချိန် သူ ကျွန်မကို နှုတ်ဆက်လာသောအခါများတွင် သူ့မျက်နှာကလေး နီရောင်သမ်းနေသည်ကို ကျွန်မ သတိပြုမိပါ၏။ သို့သော် သူ ကွင်းထဲတွင် ထွက်ပြီး မြင်းစီးနေခဲ့သည် ဟူ၍ကား မတွေးမိပါ။ သူ့အဖေရှိသော စာကြည့်ခန်းတွင် မီးဖိုနားမှ ခွာလာ၍သာ သူ့မျက်ကလေး နီရောင်သမ်းနေသည်ဟု ကျွန်မ တွေးထင်ခဲ့မိလေသည်။
အခန်း [ ၂၄ ]
ရက်သတ္တ သုံးပတ်အကြာတွင် ကျွန်မသည် အခန်းထဲမှ ထွက်ပြီး အိမ်ထဲတွင် လှုပ်လှုပ်ရှားရှား လုပ်နိုင်ပါလေသည်။ တညနေတွင် ကျွန်မနှင့် ကက်သရင်းတို့သည် စာကြည့်ခန်းထဲ၌ ရှိစဉ် ကျွန်မက သူ့ကို စာဖတ် ပြခိုင်းပါသည်။ ကျွန်မမှာ မျက်စိ အားနည်းသဖြင့် ကိုယ်တိုင် မဖတ်နိုင်ပါ။ ထိုအချိန်က သခင်သည် အိပ်ခန်းသို့ ဝင်ပါလေပြီ။
ကက်သရင်းကို စာဖတ်ခိုင်းရသော်လည်း သူ စိတ်ပါလှပုံ မရပါ။ ကျွန်မစိတ်က ကျွန်မ ဖတ်စေချင်သော စာအုပ်တွေကို မဖတ်ချင်သောကြောင့်ဟု ထင်သဖြင့် သူစိတ်တိုင်းကျ စာအုပ်တွေကို ရွေးဖတ် စေရပါသည်။
သူတနာရီလောက် စာဖတ်ပြီးနောက် စကား စလာပါလေသည်။
'မပင်ပန်းဘူးလား အယ်လင်၊ လှဲနေယင် ပိုကောင်းမှာပေါ့၊ ဒီလောက်ကြာကြာကြီး ထိုင်နေတော့ နေမကောင်း ဖြစ်နေပါဦးမယ် အယ်လင်'
‘ငါ မမောသေးပါဘူး ကလေးရယ်”
သူ့ မှာ အလုပ်တခုခု ရှိနေပုံရပါသည်။ ကျွန်မ လှုပ်ရှားပုံ မပေါ်သဖြင့် သူ တခုခု ပြောင်းလဲ လုပ်ကိုင်ရန် စဉ်းစားနေပုံ ရပါသည်။ သူသည် လက်ကို ဆန့်ပြီး သမ်းလိုက်ကာ ….
'ကျွန်မတော့ မောပြီ အယ်လင်'
“ကဲ ဒါဖြင့်လဲ စာမဖတ်နဲ့တော့၊ စကားပြောတာပေါ့၊"
သည်တော့မှပင် ပိုဆိုးလာပါသည်။ စိတ်ကယောက်ကယက်ဖြစ် လာပြီး သက်ပြင်းကို အခါခါ ချပါလေတော့သည်။ နာရီကို ခဏခဏ ကြည့်ပြီး ရှစ်နာရီထိုးသည်နှင့် အိပ်ခန်းသို့ ဝင်သွား ပါလေတော့သည်။
ထိုညက သူ့ကို ကြည့်ရသည်မှာ ဂနာငြိမ်ပုံ မရပါ။ မျက်လုံးတွေကလည်း အိပ်ချင်မူးတူး ဖြစ်နေပုံရပါသည်။
နောက်တနေ့ ညနေ့တွင်ကား သူ့အခြေအနေမှာ ပိုဆိုးလာပါသည်။ တတိယမြောက်ညတွင်ကား ခေါင်းကိုက်သည်ဟုဆိုကာ စောစော စီးစီးပင် အိပ်ရာထဲ ဝင်သွားပါလေတော့သည်။ ကျွန်မအဖို့ သူ့အပြုအမူမှာ ဆန်းနေပါတော့သည်။ ကျွန်မလည်း အတန်ကြာ တယောက်တည်း ထိုင်နေပြီး သူ့အား အပေါ်ထပ် အမှောင်ထဲမှာ နေနေမည့်အစား စာကြည့်ခန်းတွင် ဆိုဖာပေါ်မှာပင် လှဲနေရန် ခေါ်ပြီး သူ့အခြေအနေကို မေးမည်ဟူသော စိတ်ကူးဖြင့် သူ့ အခန်းသို့ လာခဲ့ပါ၏။ အပေါ်ထပ် သူ့အခန်းမှာ သူ့ကို မတွေ့ရပါ။ အောက်ထပ်မှာလည်း မရှိပါ။ အိမ်စေတွေလည်း တိတ်နေကြပါလေပြီ။ ကျွန်မသည် သူ့ အခန်းသို့ ပြန်လာပြီး ဖယောင်းတိုင်ကို ငြိမ်း၍၊ ပြတင်းပေါက် နားမှာ ထိုင်နေလိုက်ပါသည်။
လရောင်သည် ရွှန်းရွှန်းပပကြီး သာနေပါသည်။ မြေပြင်ပေါ်သို့ နှင်းပွင့်များ ခပ်ဖွဲဖွဲ ကျနေပါ၏။ သည်အချိန်တွင် ကေသီသည် ဥယျာဉ်ထဲများ လမ်းလျှောက်နေသလားဟု အတွေးပေါက်လာပါသည်။ ထိုစဉ်မှာပင် အတွင်းခြံစည်းရိုးမှ တွားဝင်လာသူ တယောက်ကို မြင်လိုက်ရပါ၏။ သို့သော် ကေသီ မဟုတ်ပါ။ ပုံသဏ္ဌာန်သည် လရောင်အောက် ရောက်လာသဖြင့် ထင်ရှားလာပါ၏။ မြင်းထိန်းတယောက် ဖြစ်ပါသည်။ မြင်းထိန်းသည် ရပ်နေပြီး လှည်းလမ်းကြောင်းဘက်ကို အတန်ကြာ ငေးကြည့်နေပါသည်။ ထို့နောက် သူသည် တစုံတခုကို မြင်မိဟန်ဖြင့် နေရာမှ ဖြတ်ကနဲ ထွက်သွားပါလေ၏။ မကြာမီပင် ကေသီ၏ မြင်းကလေးကို ဆွဲပြီး ပြန်လာပါသည်။ မြင်းကလေးဘေးတွင် ကေသီလည်း ပါလာပါသည်။ မြင်းထိန်းသည် မြင်းကိုဆွဲပြီး မြင်းဇောင်းဘက်သို့ ခိုးကြောင်ခိုးဝှက် ထွက်သွားပါလေ၏။
ကေသီသည် ဧည့်ခန်းပြတင်းမှ လျှောဝင်လာပြီး ကျွန်မ ရှိနေသော အခန်းသို့ တက်လာပါသည်။ ထို့နောက် သူသည် အခန်းထဲသို့ အသာကလေးဝင်ပြီး နှင်းစိုနေသော ဦးထုပ်ကို ချွတ်ပါသည်။ ကျွန်မအခန်း ထဲတွင် တိတ်တိတ်ပုန်း ရှိနေသည်ကို သူ သတိ မပြုမိပါ။ ကျွန်မ ရုတ်ကနဲ ထလိုက်မှပင် သူလည်း အံ့အားသင့်သွားပြီး ကြက်သေသေနေပါလေ၏။
ကျွန်မလည်း သူ.ကို စိတ်ဆိုးသွားပြီး..
'ကဲ၊ မစ္စကက်သရင်း ရှင့်၊ ညကြီးမင်းကြီး အချိန်မတော်မှာ ရှင် ဆယ်သွားနေပါသလဲ၊ ကျုပ်ကို မဟုတ်တာပြောပြီး လှည့်စားသွားတာပေါ့လေ၊ ပြောစမ်းပါဦး၊ ရှင် ဘယ်သွားနေသလဲဆိုတာ' ဟု စကား စလိုက်ပါသည်။
“ဥယျာဉ်ထဲ သွားတာပါ”
“တခြားကို သွားတာပဲ”
“မဟုတ်ပါဘူး”
“အို.... ကက်သရင်းရယ်၊ ညည်း မဟုတ်တာလုပ်တာကို ညည်း သိပါတယ်ဟယ်။ ဒါမှမဟုတ်လဲ ညည်းငါ့ကို လိမ်နေတာပဲ၊ ညည်း ငါ့ကို မလိပ်စဖူး လိမ်တာ ငါ တကယ်ပဲ စိတ်မကောင်းဘူး၊ ညည်း လိမ်ပြောတာတွေ ကြားရတာနဲ့စာယင် ငါ သုံးလလောက် နေမကောင်းနေဖို့ ကောင်းတယ်ဟု ကျွန်မ ဝမ်းပန်းတနည်း ပြောလိုက်ပါသည်။
ထိုအခါ သူသည် ရှေ့တိုးလာပြီး ကျွန်မလည်ပင်းကို သိုင်းဖက်လျက် မျက်ရည်သွန်ချ ငိုယိုပါလေတော့သည်။
“ကျွန်မကို စိတ်မဆိုးပါနဲ့ အယ်လင်ရယ်၊ အယ်လင် စိတ်ဆိုးမှာ ကျွန်မ ကြောက်လွန်းလို့ပါ၊ အယ်လင် စိတ်မဆိုးဘူးလို့ ကတိပေးပါလား၊ ကျွန်မ အမှန်အတိုင်း ပြောပါမယ်။ ကျွန်မ ဘာမှ ဖုံးမထားချင်ဘူး'
ကျွန်မတို့သည် ပြတင်းပေါက်နားမှာပင် ထိုင်ချ လိုက်ပါသည်။ ကျွန်မက သူ့ လျှို့ဝှက်ချက် ဘာဖြစ်ဖြစ် စိတ်မဆိုးပါဟု ပြောလိုက်သဖြင့် သူက စကားစပါလေတော့သည်။
“ကျွန်မ လေထန်ကုန်း အိမ်ကြီးကို သွားခဲ့တာပါ အယ်လင်ရယ်။ ရှင် နေမကောင်းကတည်းက နေ့တိုင်းလိုပဲ ကျွန်မ အဲဒီကို သွားခဲ့တယ်၊ ကျွန်မလေ မြင်းထိန်း မိုက်ကယ်ကို စာအုပ်တွေပေးပြီး ကျွန်မရဲ့ မြင်းကလေး ပင်နီကို ညနေတိုင်း ပြင်ခိုင်းခဲ့တယ်၊ ပြီးတော့ မြင်းဇောင်းထဲ ပြန်အသွင်းခိုင်းခဲ့တယ်၊ သူ့ကိုလဲ ဆူလားပူလား မလုပ်ပါနဲ့နော်၊ အယ်လင်း ကျွန်မလေ ညနေခြောက်နာရီခွဲဆို လေထန်ကုန်း အိမ်ကြီးကို ရောက်သွားတာပဲ၊ အဲဒီမှာ ရှစ်နာရီခွဲအထိနေပြီး ကျွန်မ ပြန်လာပါတယ်။ ပထမက ကျွန်မ လင်တန်ကို ကတိပေးထားတဲ့အတိုင်း သွားဖို့ကိစ္စ အယ်လင့်ကို ပြောမလို့ပါပဲ၊ ဒါပေမယ့် စိတ်မကောင်းစရာ ဖြစ်ရဦးမယ် မဟုတ်လား၊ ကျွန်မတို့ သူတို့အိမ်က ပြန်လာတဲ့နေ့က သူ့ဆီကို နောက်တနေ့ လာပါဦးမယ်လို့ ပြောခဲ့တယ် မဟုတ်လား၊ အဲ...နောက်တနေ့ကျတော့ အယ်လင် နေမကောင်းနေတာနဲ့ အတော်ကျသွားတာပေါ့။
“ညနေစောင်းလို ဝင်းတံခါး သော့ခတ်ပြီးယင် ကျွန်မက သော့ကို ယူထားလိုက်တယ်၊ မိုက်ကယ်ကိုလဲ ကျွန်မ မောင်ဝမ်းကွဲကလေး နေမကောင်း ဖြစ်နေတဲ့ အကြောင်း၊ သူက ကျွန်မကို တွေ့ချင်တဲ့ အကြောင်း။ သူ့ခမျာ နေမကောင်းနေလို့ ကျွန်မတို့ အိမ်ကြီးကို မလာနိုင်တဲ့အကြောင်း၊ ဖေဖေကလဲ ကျွန်မ အဲဒီကိုသွားတာ မကြိုက်တဲ့ အကြောင်း ပြောပြီး သူနဲ့နားလည်မှု ယူရတာပေါ့၊ ဒါမှလဲ မြင်းကိစ္စက အဆင်ပြေမယ် မဟုတ်လား၊ သူက စာဖတ်ဝါသနာပါတော့ ကျွန်မလဲ သူ့ကို စာအုပ်တွေ ငှားတယ်လေ၊ ဒီတော့ ကျွန်မ လုပ်ချင်တာလဲ လုပ်ရတာပေါ့။
“ကျွန်မ လင်တန့်ဆီ ရောက်သွားတော့ လင်တန်ဟာ အတော်ပဲ ပျော်နေပုံရတယ်။ သူတို့အိမ်က အိမ်စေမကြီး ဇီလာက ကျွန်မတို အတူထိုင်တဲ့ အခန်းကိုလဲ ရှင်းထားပေးတယ်၊ မီးဖိုလဲ ကောင်းကောင်း ဖိုပေးတယ်၊ ပြီးတော့ ဂျိုးဆက် ဝတ်တက်သွားပြီး ဟယ်ယာတန်ကတော့ ခွေးတွေနဲ့ တောလိုက် သွားတယ်လို့ ပြောတယ်၊ ဒီတော့ ကျွန်မတို့လဲ လွတ်လွတ်လပ်လပ် နေရတာပေါ့၊ ဗီလာက ကျွန်မအဖို့ ဝိုင်နဲ့ မုန့်တွေလဲ ယူလာပေးတယ်၊ အဘွားကြီးက သဘောကောင်းပုံ ရပါတယ် အယ်လင်ရဲ့။
“ကျွန်မတို့လဲ မီးဖိုဘေး ကုလားထိုင် ကိုယ်စီမှာ ထိုင်ပြီး ရယ်လား မောလား ပြောကြ ဆိုကြတာပေါ့၊ နွေရောက်ယင် ကျွန်မတို့ ဘယ်သွားမယ်၊ ဘာညာပေါ့ရှင်၊ ဒါတွေတော့ မပြောတော့ပါဘူး၊ တော်ကြာနေ အယ်လင်က အရူးထတာလို့ ပြောဦးမယ်၊ တခါမှာတော့ ကျွန်မတို့ ရန်ဖြစ်မလို ဖြစ်သေးတယ် အယ်လင်ရဲ့၊ သူက နွေသီ ဇူလိုင်က တနေ့မှာ ကွင်းလယ်ကမ်းပါးယံပေါ်မှာ မနက်ကနေ မိုးချုပ်အထိ လှဲနေရတာဟာ အကောင်းဆုံး၊ အသာယာဆုံးပဲတဲ့၊ အဲဒီမှာ ပန်းတွေကြားက ပျားကလေးတွေ တဝီဝီ လုပ်နေတာ၊ ခေါင်းပေါ်မှာ ဘီလုံးငှက်ကလေးတွေ တွန်ကျူးတာကို နားထောင်ယင်း ကောင်းကင်ပြာမှာ တိမ်တွေစင်ပြီး နေရောင် တောက်ပနေတာကို ငေးစိုက်ကြည့်ရတာ သူ့အဖို့ သုခဘုံရောက်ရတာပဲတဲ့။ ကျွန်မကတော့ တမျိုး မဟုတ်လား၊ အနောက်လေမှာ တိမ်းယိမ်းနေတဲ့ သစ်ကိုင်းတွေပေါ်မှာ တငြိမ့်ငြိမ့် လွှဲထိုင်နေရတာ၊ ကောင်းကင်မှာ တိမ်တွေ တရွေ့ရွေ့ ဖြတ်သွားတာကို ကြည့်ရတာ၊ ငှက်သံဆိုလဲ ဘီလုံးငှက်မှတွင် မဟုတ်ပဲ ဘီလုံးငှက်တွေရော မြေလူးငှက်တွေရော၊ ဟို အဝေးကြီးနေရာအနှံ့က ဥဩငှက်ကသေးတွေ တွန်ကျူးနေတာကိုပါ ကြားရတာ ပိုသဘောကျတယ်၊ ကွင်းထဲမှာ ခပ်လှမ်းလှမ်းက တောင်ကြား လျှိုမြောင်တွေကို မှုန်ရီမှေးမှေး မြင်ရတာကိုလဲ ကြိုက်တယ်၊ မြက်ပင်တွေ လေထဲမှာ တရွှီးရွှီးမြည်ပြီး ယိမ်းထိုးနေတာတွေ၊ အပင်တွေကို လေတိုးသံရော၊ ရေစီးသံတွေ ဆူဆူညံညံနဲ့မှ ပျော်စရာကောင်းတာ၊ သူက အေးအေးဆေးဆေး လှဲပြီး အရသာ ခံချင်တယ်။ ကျွန်မကတော့ မြူးမြူးကြွကြွ ကခုန်နေတာမျိုးမှ ကြိုက်တယ်။ ဒီတော့ ကျွန်မက သူဇိမ်ခံတာက တဝက်ပဲ အသက်ရှိတယ်လို့ ပြောတော့ သူက ကျွန်မကို ကျွန်မ ကြိုက်တာက အရက်သမားလို ပျော်ရတာမျိုး ကြိုက်သတဲ့။ ကျွန်မကသူ့လိုမျိုး ဇိမ်ခံရယင် အိပ်ပျော်ရုံပဲရှိတယ်လို့ ပြောတော့ သူကလဲ ကျွန်မလို ပျော်ရမယ်ဆိုယင် သူ အသက်ရှူနိုင်မှာ မဟုတ်ဘူးတဲ့။ အဲ့ဒါပြောယင်း တဖြည်းဖြည်း တင်းမာလာတယ်၊ ကတောက်ကဆဖြစ်လာတယ်၊ နောက်ဆုံးကျမှ နှစ်ယောက်စလုံး တဦးအကြိုက်ကိုတဦး လိုက်ပြီး နားမယ်လို့ သဘောတူလိုက်တယ်၊ တယောက်ကိုတယောက် နမ်းပြီး ကျေအေးလိုက်တယ်လေ။
'တနာရီလောက် ထိုင်မိတော့ ကျွန်မက ကော်ဇော ခင်းမထားပဲ ပြောင်နေတဲ့ အခန်းကြီးကို ကြည့်ယင်း စားပွဲကိုရွှေ့ပြီး အခန်းထဲ ကစားဖို့ စိတ်ကူးပေါက်လာတယ်။ ဒါနဲ့ ကျွန်မက လင်တန်ကို ညောင်ပင်တစ္ဆေ ကစားဖို့နဲ့ ကျွန်မတို့ဖို့ အကူအညီရအောင် ဇီလာကို ခေါ်ပေးဖို့ ပြောလိုက်တယ်၊ ညောင်ပင်တစ္ဆေ ကစားတာ အယ်လင် သိတယ်မဟုတ်လား၊ ညောင်ပင်တစ္ဆေကစားတော့ ဇီလာက ညောင်ပင်တစ္ဆေလုပ်ပြီး ကျွန်မတို့ကို လိုက်ဖမ်းတာပေါ့၊ ဒါပေမယ် သူက ညောင်ပင် တစ္ဆေကစားရတာ သူ မပျော်ဘူးတဲ့။ ဒါကြောင့် ဘောလုံးနဲ့ကစားဖို့ စိတ်ကူးရပြန်တယ်လေ၊ ဒါနဲ့ ဗီရိုထဲ ရှာကြည့်တော့ အရုပ်တွေ၊ ဂျင်တွေ၊ သားရေကွင်းတွေ၊ ကြက်တောင်ရိုက် ကစားတဲ့ ကစားစရာ ပစ္စည်းတွေကြားမှာ ဘောလုံးနှစ်လုံး တွေ့ရတယ်၊ တလုံးက “က” အက္ခရာ အမှတ်အသားပါပြီး တလုံးမှာတော့ “ဟ” အမှတ်အသားပါတယ်၊ ကျွန်မက “က” အက္ခရာ ပါတဲ့ ဘောလုံးကို ယူလိုက်တယ်။ “က” အက္ခရာ ဆိုတော့ ကက်သရင်းပေါ၊ “ဟ" က ဟိကလစ်ကို ကိုယ်စားပြုတာကြောင့် “ဟ” အက္ခရာပါတဲ့ ဘောလုံးကို သူ့ပေးလိုက်တယ်၊ ဒါပေမယ့် သူ့ ဘောလုံးက ပေါက်နေတယ် သူ သိပ်သဘောမကျဘူး၊ ဒါနဲ့ ကျွန်မဘောလုံးကို နှစ်ယောက် ရိုက်ပြီး ကစားတာ၊ ကြာတော့ သူ မောလာတယ်၊ ချောင်းလဲ တဟွပ်ဟွပ် ဆိုးလာတဲ့အတွက် သူ ကုလားထိုင်မှာ ပြန်ထိုင်တယ်၊ ဒါနဲ့ ကျွန်မလဲ သူ့ကို သီချင်း ဆိုပြလိုက်တယ်၊ အယ်လင် ဆိုနေကျ သီချင်းတွေပေါ့၊ ဒီတော့ သူလဲ ပြန်ပြီး နေကောင်းလာတယ်၊ ပြန်ခါနီးကျတော့ သူက နောက်တနေ့ညနေ လာခဲ့ဖို့ မှာပြန်တယ်၊ ကျွန်မလဲ ကတိပေးပြီး မင်နီကို အသာနှင်ပြန်ခဲ့တယ်၊ အိမ်ရောက်ပြီး အိပ်ရာထဲ ဝင်ခဲ့တော့ လေထန်ကုန်းအိမ်ကြီးနဲ့ လင်တန်ဟာ အိပ်မက်ထဲမှာ ရစ်ဝဲနေတယ်လေ။
“မနက်လင်းတော့လဲ ကျွန်မ စိတ်မကောင်းရပြန်ဘူး၊ အကြောင်းကတော့ အယ်လင် နေမကောင်းတဲ့ အတွက်ပဲ၊ တကြောင်းကလဲ ကျွန်မ လင်တန့်ဆီ သွားနေတာ ဖေဖေ့ကို အသိပေးလိုက်ချင်တယ်။ ဖေဖေ့ဆီက သဘောတူချက် ရချင်တယ်၊ ဒါပေမယ့် ညဦးပိုင်း လသာသာမှာ မြင်းစီးပြီး လေထန်ကုန်းဘက်ကို လာခဲ့တော့လဲ စိတ်မကောင်းဖြစ်ခဲ့ရသမျှတွေ ပျောက်သွားပြန်ရော၊ ကျွန်မ အဖို့တော့ နောက်တကြိမ်ကြုံရတဲ့ ကြည်နူးဖွယ် ညချမ်းပေါ့၊ သူလဲ ပျော်မှာပါပဲလေ၊ အဲဒီ ညချမ်းက ကျွန်မ မြင်းစီးပြီး သူတို့ခြံထဲ ဝင်လာတော့ ဟယ်ယာတန်ဆိုတဲ့ လူက မြင်းဇက်ကြိုးကို လှမ်းဆွဲပြီး အိမ်ရှေ့ဘက်က ဝင်ဖို့ ပြောတယ်၊ ပြီးတော့ ပင်နီ လည်ပင်းကို ပွတ်သပ်ပေးယင်း မင်နီကို ချောသလေး လှသလေးနဲ့၊ သူ ကျွန်မကို စကားပြောချင်တယ် ထင်ပါရဲ့၊ ဒီတော့ ကျွန်မက မြင်းကို ဆွဲမထားဖို့နဲ့ ဆွဲထားယင် ကန်လိမ့်မယ်လို့ ပြောလိုက်တယ်။ ဒီတော့ သူက 'ဒီကောင်မ သိပ်နာအောင် မကန်ပါဘူး” လို့ ခပ်ရိုင်းရိုင်း ပြောယင်း မင်နီရဲ့ ခြေထောက်တွေကို ကြည့်ပြီး ပြုံးသလေ၊ ကျွန်မလေ သူ့ကို ကျွန်မမြင်း ကန်လိုက်စေချင်တယ်၊ ဒါပေမယ့် သူက မြင်းနားက ခွာသွားပြီး ဝင်းတံခါး ကန့်လန့်ကို ဖွင့်ပေးပြီး အိပ်ကြီးအဝင်ဝ နဖူးစည်းက စာကို မော့်ကြည့်နေတယ်၊ သူ့မျက်နှာထားက ဘဝင်မြင့်နေသလို ကြွားချင်သလိုလိုနဲ့ ခွတီးခွကျ နိုင်လိုက်တာ အယ်လင်ရှယ်၊ အဲဒီလို မော်ကြည့်ယင်း ‘မစ္စကက်သရင်း၊ ကိုယ် အဲဒီစာကို ဖတ်တတ်ပြီ" လို့ ပြောတယ်၊ ဒီတော့ ကျွန်မက “အံ့စရာပါလား၊ ဒီလိုဆို ရှင် လိမ္မာလာပြီပေါ့၊ ကဲ ဖတ်ပြစမ်းပါဦး” ဆိုတော့ သူက စာလုံးပေါင်းကို ခပ်လေးလေးပေါင်းပြီး “ဟယ်ယာတန် အန်းရှော” လို့ ဖတ်ပြတယ်၊ ဒါနဲ့ ကျွန်မကပဲ “ဒါဖြင့် ဂဏန်းတွေကို ဖတ်ပြစမ်းပါဦး” လို့ ပြောလိုက်တော့ “အဲဒါတွေတော့ မဖတ်တတ်သေးဘူး” လို့ ပြောတယ်၊ ဒီတော့ ကျွန်မက သူ့ကို လှောင်တဲ့အနေနဲ့ ရယ်ပြီး “အိုး၊ ဒါဆို ရှင် လူညံ့ပဲ” လို့ ပြောလိုက်တယ်။
“အမယ်၊ အဲဒီတော့ သူက ကျွန်မကို စိုက်ကြည့်တယ်၊ နှုတ်ခမ်းကလဲ ရွဲ့လို့၊ မျက်နှာကလဲ မဲ့လို့၊ သူက ကျွန်မ သဘောကျလိမ့်မယ် ထင်ပြီး ပြောတာ၊ ကျွန်မက သဘောမကျသလို၊ ဘာလိုနဲ့၊ သူ ရှက်တော့သွားပုံ အရသား၊ ဒါပေမယ့် ကျွန်မ သူ့ကို ဂရုမစိုက်နိုင်ပါဘူး၊ ကျွန်မက လင်တန်နဲ့ မြန်မြန် တွေ့ချင်ပြီ၊ သူ ကျွန်မနားက မြန်မြန် ထွက်သွားစေချင်ပြီ၊ လရောင်မှာ သူ့မျက်နှာ နီသွားတာကိုလဲ သတိထားမိတယ်၊ ရှက်သွားတာရော၊ ဒေါသဖြစ်သွားတာရော ပါမှာပေါ့၊ သူ ကန့်လန့်ကို ကိုင်ထားရာက လက်လွှတ်လိုက်ပြီး နေရာက ထွက်သွားတယ်၊ သူက သူ့နာမည် သူ စာလုံးပေါင်းဖတ်နိုင်တာကိုပဲ သူ့ကိုယ်သူ လင်တန်လောက် တတ်နေပြီလို့ ထင်နေတာ အယ်လင်ရဲ့"
“ဒီလိုတော့ မပြောနဲ့ ကက်သရင်း၊ ငါကတော့ ဟယ်ာ့တန်ကို အပြစ်မပြောချင်ဘူး၊ ညည်းလုပ်ပုံကိုသာ ငါ မကြိုက်တာ၊ ဟယ်ယာတန်ဟာလဲ လင်တန်လိုပဲ ညည်းရဲ့ ဝမ်းကွဲမောင်ပဲ၊ ညည်း ဒီလို ပြောသင့်သလား စဉ်းစားစမ်း၊ လင်တန်လို တတ်အောင်သင်တာ ကြိုးစားတာကိုပဲ ညည်း သူ့ကို ချီးကျူးဖို့ကောင်းပါတယ်၊ သူ့အနေနဲ့ သူ ဘယ်လောက် တတ်တယ်ဆိုတာ ပြရလောက်အောင် မတတ်ဘူးပဲထား ညည်း သူ အရှက်ရအောင် မလုပ်သင့်ဘူးပေါ့၊ ခုဟာလဲ ညည်း သဘောကျမလားလို့ ဆိုပြီး သူကြိုးစားပြရရှာတာပါအေ၊ ဒါကို ညည်းက သွားပြီး ပြောင်လား လှောင်လား လုပ်တယ်ဆိုတော့ ညည်းပဲ မကောင်းဖြစ်တာပေါ့၊ ညည်းလဲ သူ့လို အခြေအနေမျိုးနဲ့သာ ကြီးပြင်းလာယင် သူ့လိုပဲ နေမှာပေါ့၊ တကယ်တော့ ခမျာဟာ ငယ်ငယ်တုန်းက ညည်းလိုပဲ ဉာဏ်ကောင်းရှာပါသအေ၊ ခုဟာက ဟိကလစ်က နှိမ်ထားလို့ ခုလို ဖြစ်ရရှာတာ ငါ စိတ်မကောင်းဘူး သိလား”
“ကဲပါ အယ်လင်ရယ်၊ ငိုတော့ မငိုလိုက်ပါနဲ့။ သူ ဘာကြောင့် ကကြီး ခကွေးသင်ပြီး ကျွန်မ သဘောကျအောင် လုပ်တာလဲ ဆိုတာ နောက်တော့ ကျွန်မ ပြောပြမယ်၊ စောင့်ကြည့်ပါ၊ ကကြီး ခကွေးလေး တတ်ရုံနဲ့ကော လူယဉ်ကျေး၊ လူလိမ္မာ ဖြစ်ရောတဲ့လား၊ ထားပါတော့၊ ဒါနဲ့ ကျွန်မလဲ အိမ်ထဲ ဝင်ခဲ့တယ်၊ လင်တန်က ဆိုဖာပေါ်မှာ လှဲနေရာက ကိုယ်တပိုင်း ထပြီး ကျွန်မကို ကြိုတယ်၊ ပြီးတော့ “ကနေ့ည ကိုယ် နေမကောင်းဘူး ကက်သရင်းရယ်၊ မင်း ပြောစရာ စကားတွေကို ပြောစမ်းပါကွယ်၊ ကိုယ် နားထောင်ပါတယ်၊ ကိုယ့်နားလာပြီး ထိုင်စမ်းပါ၊ မင်းကတိအတည်သားပဲ၊ နောက်နေ့လဲ လာပါမယ်လို့ ကတိပေးဦးနော်” လို့ ပြောတယ်လေ၊ ကျွန်မလဲ သူ နေမကောင်းနေတာကြောင့် သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်တာနဲ့ ဘာမှ မမေးပဲ စကားကို ညပ်ညင်သာသာ ပြောလိုက်ပါတယ်၊ သူ စိတ်ကသိကအောက် ဖြစ်မှာကို ရှောင်ပြောရတာပေါ့၊ အဲဒီညက ကျွန်မ သူဖို့ စာအုပ်တချို့ ယူသွားတယ်၊ သူက စာဖတ်ပြခိုင်းတာနဲ့ ဖတ်ပြမလို့ လုပ်နေတုန်း ဟယ်ယာတန်ဟာ တံခါးကို ဝုန်းကနဲ ဖွင့်ပြီး ရှူးရှူးရှဲရှဲနဲ့ ရောက်လာတယ်။ သူ ကျွန်မတို့ နှစ်ယောက်ဆီ လာတယ်၊ လင်တန်ကို လက်မောင်းက ဆွဲကိုင်တဲ့ပြီး “ဟေ့ကောင်၊ မင်းအခန်း မင်း သွားပါလား” လို့ ပြောလိုက်တယ်၊ သူ့အသံကလဲ တုန်လို့၊ သူ့မျက်နှာကလဲ ဒေါသ ဖြစ်နေသလိုပဲ၊ “မင်း ကောင်မကလေးကလဲ မင်းနဲ့ နေချင်တယ်ဆိုယင် သူ့ပါ ခေါ်သွား၊ မင်းတို့ ဒီအခန်းထဲမှာ မနေနဲ့၊ နှစ်ယောက်စလုံး ထွက်သွား” လို့ ဆက်ပြောပြီး လင်တန်က ဘာမှ ပြန်မပြောနိုင်ခင်မှာပဲ လင်တန်ကို မီးဖိုထဲ တွန်းပစ်လိုက်တယ်၊ ကျွန်မ လင်တန့်နောက် လိုက်သွားတော့ သူက ကျွန်မကိုတောင် ထိုးလားကြိတ်လား လုပ်မလို ဟန်မျိုးနဲ့ လက်သီးကို တင်းတင်း ဆုပ်ထားတယ်၊ ကျွန်မလဲ ကြောက်လန့်သွားပြီး လက်ထဲက စာအုပ် လွတ်ကျသွားတယ်၊ အဲဒီတော့ ဟယ်ယာတန်က စာအုပ်ကို ကျွန်မ နောက်ကနေ ကန်ထုတ်လိုက်ပြီး အခန်းတံခါးကို ပိတ်ပစ်လိုက်တယ်၊ မီးဖိုခန်းထဲ မီးဖိုနားက ကြောက်ခမန်းလိလိ ရယ်သံကို ကြားလိုက်ရတာနဲ့ လှမ်းကြည့်လိုက်တော့ ဂျိုးဆက်ကို သူ့လက်တွေ သူ ပွတ်သပ်ယင်း ရပ်လျက်သား တွေ့ရတယ်၊ သူကလဲ “ဟဲ ဟဲ၊ မင်းတို့ကို မောင်းထုတ်လိမ့်မယ်လို့ ငါထင်သားပဲ၊ ဒီအိမ်မှာ သခင် ဟိကလစ် မရှိယင် ဘယ်သူ ဗိုလ်ဖြစ်မလဲဆိုတာ ပြလိုက်တာပဲ။ ဟီး ဟီး” လို့ လှောင်ရယ် ရယ်တယ်၊ ကျွန်မလဲ သူပြောနေတာတွေကို အရေးမထားပဲ “ကဲ၊ ဒါဖြင့် တို့ ဘယ်သွားမလဲ” လို့ လင်တန်ကို မေးလိုက်တယ်။
“လင်တန်က ဖြူဖပ်ဖြူရော် ကတုန်ကယင် ဖြစ်နေတယ်၊ သူ့ကြည့်ရတာ တမျိုးကြီးပဲ၊ သူ ကြောက်နေပုံရတယ်၊ မျက်လုံးကြီးတွေ ပြူးနေလိုက်တာများ တခါတည်း ရူးသွားမလား မှတ်ရတယ်၊ အဲဒီကြားက သူ တံခါးဘုကိုကိုင်ပြီး ဆွဲလှုပ်သေးတယ်၊ အထဲက ကန့်လန့် အခိုင်အမာ ချထားလိုက်ပြီလေ၊ အဲဒီမှာ အသံ တုန်တုန်ယင်ယင်နဲ့ “ဟေ့လူ၊ ကျုပ် အထဲမဝင်ရယင် ခင်ဗျားကို အသတ်ပဲ၊ “ကျုပ်အထဲ မဝင်ရယင်တော့ ခင်ဗျားကို အသတ်ပဲ၊ ကျုပ် သတ်မယ်၊ သတ်မယ်” လို့ အော်ပြောတယ်၊ ဒီတော့ ဂျိုးဆက်က အသံကွဲကြီးနဲ့ ရယ်ပြန်တယ်၊ ပါးစပ်ကလဲ “ဟယ်ယာတန်ရေ ဖွင့်မပေးနဲ့ဟ၊ ဘာမှ မကြောက်နဲ့၊ သူမဝင်နိုင်ဘူး” လို့ အော်ပြောတယ်။
“ဒါနဲ့ ကျွန်မလဲ လင်တန့် လက်ကိုဆွဲပြီး တခြားကို ခေါ်သွားမလို့ လုပ်ပါသေးတယ်၊ သူ အတော်ကြီးကိုပဲ ကယောင်ကတမ်း ဖြစ်နေပြီ၊ ဘယ်လိုမှခေါ်လို့ မရဘူး၊ နောက်ဆုံးကျတော့ အော်ယင်းဟစ်ယမ်းနဲ့ပဲ ချောင်းတဟွပ်ဟွပ် ဆိုးလာပြီး ဆက်မအော်နိုင်ပဲ ပါးစပ်ထဲက သွေးတွေ အန်ကျလာပြီး လဲကျသွားပါလေရော၊ ကျွန်မလဲ.. အထိတ်ထိတ် အလန့်လန့်နဲ့ နောက်ဖေးဘက် ထွက်လာပြီး ဇီလာကို သံကုန်ဟစ်ခေါ်လိုက်တယ်၊ အဲဒီတုန်းက ဇီလာဟာ နောက်ဖေးကျီရဲ့ နောက်ဘက် တင်းကုပ်ထဲမှာ နွားနို့ညှစ်နေတယ်၊ ဇီလာလဲ ကျွန်မ အော်ခေါ်သံ ကြားတာနဲ့ ကျွန်မဆီ အပြေး ရောက်လာပြီး အကျိုးအကြောင်း မေးတယ်၊ ကျွန်မ သူ့အမေးကို မဖြေနိုင်အောင် ထိတ်ထိတ်ပျာပျာ ဖြစ်နေတာကြောင့် သူ့ကို မီးဖိုထဲ ဆွဲခေါ်လာခဲ့တယ်၊ လင်တန်ကို ကြည့်လိုက်တော့ နေရာမှာ မရှိတော့ဘူး၊ ဟယ်ယာတန်ဟာ သူ့ကြောင့် မီးဖိုထဲမှာ ဘာဖြစ်ကုန်ကြပြီလဲ ထွက်ကြည့်ပြီး လင်တန် လဲကျနေတာ တွေ့တာနဲ့ လင်တန်ကို ပွေ့ပြီး အပေါ်ထပ် ခေါ်သွားတယ်၊ ဒါနဲ့ ကျွန်မနဲ့ ဇီလာလဲ အပေါ် တက်လိုက်သွားတာပေါ့၊ ဒါပေမယ့် သူက လှေကားထိပ်ကနေပြီး ကျွန်မကို အထဲမဝင်ဖို့နဲ့ အိမ်ပြန်ဖို့ ပြောတယ်၊ ကျွန်မကလဲ လင်တန်ကို သူသတ်နေတာ၊ ကျွန်မ ဝင်မယ် ပြောတာပေါ့၊ ဒီကြားမှာပဲ ဂျိုးဆက်က တံခါးကို ပိတ်ပစ်လိုက်တယ်၊ ဒါပေမယ့် ဇီလာကတော့ အခန်းထဲရောက်သွားပြီ။ ကျွန်မလဲ နေရာမှာပဲ ငိုပြီး ရပ်နေတယ်၊ တော်ကြာတော့ ဇီလာ ပြန်လာပြီး လင်တန် သက်သာလာပြီလို့ ပြောပြီး အောက်ထပ် အိမ်ကြီးထဲ ခေါ်လာတယ်။
“ကျွန်မဖြင့်လေ ဆံပင်တွေတောင် ဆွဲနုတ်ပစ်ချင်လောက်အောင် ဖြစ်ရတယ်၊ ငိုလိုက်တာလဲ ဘာဆို ဘာမှကို မမြင်ရတော့ သလောက်ပဲ၊ အဲဒီတုန်းမှာပဲ ရှင်သနားလှတဲ့ လူရိုင်းစိုင်းက ကျွန်မရှေ့ ရောက်လာပြီး သူ့ အပြစ် မဟုတ်ကြောင်း ပြောတာကိုး၊ ဒီတော့ ကျွန်မက ဖေဖေ့ကို ပြောပြပြီး သူ့ကို ထောင်ချပစ်မယ်၊ ကြိုးပေးပစ်အောင် လုပ်မယ်လို့ ပြောလိုက်တယ် ၊ ဒီနောက်တော့ ကျွန်မလဲ အိမ်ထဲက ထွက်လာတယ်၊ သူကျွန်မ နောက်က လိုက်လာပြီး “ကိုယ်စိတ်မကောင်းပါဘူး မစ္စကက်သရင်း၊ ဒီအဖြစ်ဟာ တော်တော်ဆိုးတာပဲ” လို့ ပြောလို့မှ စကားမဆုံးသေးဘူး၊ ကျွန်မ သူ့ကို ကျာပွတ်နဲ့ရိုက်ပြီး မြင်းကို ဒုန်းစိုင်းလာခဲ့တယ်၊ အဲဒီညက ကျွန်မ အိပ်ရာဝင်ခါနီး ရှင့်ကို လာပြီး နှုတ်မဆက်ဘူး၊ နောက်နေ့ကျတော့ ကျွန်မ လေထန်ကုန်း အိမ်ကို မသွားတော့ဘူး၊ သွားချင်လိုက်တာတော့ မပြောပါနဲ့တော့၊ ဒါပေမယ့် ကျွန်မစိတ်ထဲမှာ လင်တန်သေပြီဆိုတာကို ကြားရမလားဆိုပြီး စိတ် ချောက်ချား နေတာကလဲ တကြောင်း၊ ဟယ်ယာတန်ကို တွေ့ရမှာ ကြောက်နေတာလဲ တကြောင်းကြောင့် မသွားဖြစ်ခဲ့ပါဘူး။
'တတိယညကျတော့ ကျွန်မ စိတ်ကိုတင်းပြီး နောက်တကြိမ် အိမ်က ခိုးထွက်သွားပြန်တယ်၊ အဲဒီနေ့က ညနေငါးနာရီ လောက်မှာ လမ်းလျှောက်ပြီး သွားလိုက်တယ်။ သူတို့အိမ်ထဲကို ဝင်ပြီး လင်တန့် အခန်းထဲ တိတ်တိတ် ဝင်သွားမယ်ပေါ့လေ၊ ကျွန်မ အိမ်ဝင်းထဲ ဝင်လာတာ သတိမထားမိဘူး၊ အဲဒီမှာ ဇီလာနဲ့တွေ့ပြီး ကျွန်မကို လင်တန် အတော်ကလေး သက်သာသွားကြောင်း ပြောတယ်၊ ပြီးတော့ ကျွန်မကို ခန်းတခန်းထဲ ခေါ်သွားတယ်၊ လင်တန်ဟာ ဆိုဖာပေါ်မှာ လှဲပြီး ကျွန်မပေးထားတဲ့ စာအုပ်တအုပ်ကို ဖတ်နေတယ်၊ ဒါပေမယ့် ကျွန်မကို စကားလဲ မပြောဘူး၊ ကြည့်လဲ မကြည့်ဘူး၊ သူ စိတ်မကောင်း ဖြစ်နေသလိုပဲ၊ သူကတောင် ကျွန်မကို စိတ်ဆိုးနေလိုက်သေးတယ်၊ ဟိုနေ့က ဖြစ်တာ ကျွန်မက အော်တာ၊ ဟစ်တာကြောင့်ပဲ ဖြစ်နေရသလိုလို၊ ဟယ်ယာတန်မှာ အပြစ်မရှိဘူးတဲ့၊ ကျွန်မ စိတ်ဆိုးလိုက်တာလေ၊ ချက်ချင်းပဲ အခန်းထဲက ပြန်ထွက်လာတယ်၊ အဲဒီတော့မှ သူက ကျွန်မကို ယဲ့ယဲ့ အသံကလေးနဲ့ လှမ်းခေါ်တယ်၊ ဒါပေမယ့် ကျွန်မ သူ့ကို ပြန်တောင် လှည့်မကြည့်တော့ဘူး၊ သူတို့အိမ်က ထွက်လာတယ်၊ နောက်တနေ့ကျဘော့ ကျွန်မအိမ်မှာပဲ နေပစ်လိုက်တယ်၊ သူတို့အိမ်ကိုလဲ ဘယ်တော့မှ မသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။
“ဒါပေမယ့် အဲဒီညက အိပ်လို့လဲ မပျော်ခဲ့ဘူး၊ အိပ်ရာက နိုးတော့လဲ သူ့အကြောင်း၊ သူ့အခြေအနေကိုပဲ ကြားချင်နေတယ်၊ ဒီတော့ သူတို့အိမ်ကို ဘယ်တော့မှ မသွားတော့ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အရည်ပျော်ပြီး အငွေ့ဖြစ်သွား ပြန်တာပေါ့ အယ်လင်ရယ်၊ ညနေကျတော့ ထုံးစံအတိုင်းပဲ မိုက်ကယ်က ပင်နီကို ကကြိုးတန်ဆာ တပ်ရတော့မလားလို့ လာမေးတော့ ကျွန်မက “အေး” လို့ ဖြေလိုက်တယ်၊ ပြီးတော့ ပင်နီကလဲ သူ ထမ်းဆောင်နေကျ တာဝန်ကို ထမ်းဆောင်သလို ကျွန်မကို သယ်ပိုးပြီး တောင်ကုန်းတွေပေါ်က ဖြတ်လာပြန်တယ်၊ ဒီတခါတော့ ကျွန်မလဲ ဘာမှ ခိုးကြောင်ခိုးဝှက် လုပ်မနေတော့ပဲ အိပ်ထဲကို တန်းဝင်လာတယ်၊ ဇီလာက ကျွန်မကို တွေ့လိုက်တယ်ဆိုယင်ပဲ သခင်ကလေး အိမ်ထဲမှာ ရှိပါတယ်” ဆိုပြီး ကျွန်မကို ဧည့်ခန်းလိုက်ပို့ပါတယ်၊ ကျွန်မ ဧည့်ခန်းထဲ ဝင်လာတော့ ဟယ်ယာတန်လဲ ရှိနေတယ်၊ ဒါပေမယ့် ဒီတခါတော့ ဟယ်ယာတန်ဟာ ကျွန်မ ဝင်လာတာ မြင်တာနဲ့ အခန်းထဲက ထွက်သွားတယ်လေ၊ လင်တန်ကတော့ ပက်လက် ကုလားထိုင်ကြီးပေါ်မှာ မှိန်းနေတယ်၊ ဒါနဲ့ ကျွန်မလဲ သူရှိနေတဲ့ မီးဖိုနား လျှောက်သွားပြီး ခပ်တည်တည်လေသံနဲ့ “ဒီမယ် လင်တန်၊ မင်းဆီကို ကိုယ်လာတာ မကြိုက်ယင်၊ ကိုယ်လာတာဟာ မင်းကို ထိခိုက်နာကျင်စေတာမျိုးဆိုယင် ခုဟာ ကိုယ်မင်းဆီကို နောက်ဆုံးလာတာလို့ မှတ်ပါ မင်းကို ကိုယ် နှုတ်ဆက်ခဲ့ပါတယ်၊ ပြီးတော့လဲ မစ္စတာဟိကလစ်ကို ပြောလိုက်ပါ၊ မင်းကိုယ်တိုင်က ကိုယ့်ကို မတွေ့ချင်ဘူးလို့၊ ဒါကြောင့် ကိုယ့်ကိုလဲ မဟုတ်ကဟုတ်က စကားတွေ လာမပြောပါနဲ့တော့” လို့ ပြောပစ်လိုက်တယ်။
“အဲဒီတော့ သူက ဘာပြောဘယ် ထင်သလဲ၊ “ထိုင်ပါဦး ကက်သရင်းရယ်၊ ဦးထုပ်ကိုလဲ ချွတ်စမ်းပါဦး၊ မင်းက ကိုယ့်ထက် ပျော်ပျော်ရွှင်ရွှင် နေရတဲ့လူပါ၊ ဒါကြောင့်လဲ မင်းက ကိုယ် ထက်စိတ်ထား ပိုကောင်းတာပေါ့၊ ဖေဖေကဆို ကိုယ့်အပြစ် အနာအဆာတွေကို ပြောပြောပြီး ကိုယ့်ကို ဆူတာပူတာဟာ သဘာဝကျပါတယ်၊ ကိုယ်လေ၊ ကိုယ့်ကိုကိုယ် စဉ်းစားကြည့်တယ်၊ တကယ်ပဲ ကိုယ်ဟာ ဖေဖေ မကြာမကြာ ပြောသလို အလကားကောင် ဖြစ်နေသလား ဆိုတာ ကိုယ် စဉ်းစားကြည့်တယ်၊ ကိုယ်စိတ်ညစ်တယ် ကက်သရင်း၊ ကိုယ် စိတ်လဲနာတယ်၊ ကိုယ် အားလုံးကို မုန်းတယ်။ ဟုတ်တယ်၊ ကိုယ်ဟာ အလကားကောင်ပဲ ကိုယ်ဟာ အလကားနေယင်း စိတ်တိုနေတယ်၊ အကျင့်လဲ မကောင်းဘူး၊ ဟုတ်တယ်၊ ကိုယ်ဟာ အလကားကောင်ပဲ၊ အဲဒီအခြေအနေမျိုးမှာ မင်း ကိုယ့်ကို လာမတွေ့တော့ဘူးဆိုယင် မင်းအဖို့တော့ ကိုယ်နဲ့ပတ်သက်ပြီး စိတ်မညစ်ရတော့ဘူးပေါ့ကွယ်၊ ဒါပေမယ့် ကိုယ်လဲလေ ဖြစ်နိုင်ယင် မင်းလိုပဲ လူကောင်း၊ သူကောင်း၊ သဘောကောင်းနဲ့ ချစ်စရာကောင်းတဲ့ လူတယောက် ဖြစ်ချင်တာပဲ၊ ပိုပြီး ပျော်ပျော် ရွှင်ရွှင်နဲ့ ကျန်းကျန်း မာမာပဲ နေချင်တာပဲ၊ ဒါကိုတော့ ယုံပါ၊ တကယ်တော့ မင်းရဲ့ ကိုယ့် အပေါ်ထားတဲ့ ကရုဏာတရားဟာ ကိုယ်အဖို့ မင်းကို ချစ်သင့်တာထက် ပိုပြီး ချစ်လာရတယ် ကက်သရင်း၊ ဒါပေမယ် ကိုယ် မင်းကို ဘယ်လို ဘယ်လောက် ချစ်ကြောင်း မပြနိုင်ဘူး၊ အဲဒီ အတွက်လဲ ကိုယ် စိတ်မကောင်းဘူး၊ ဒီအတွက် ကိုယ်ဟာ သေတဲ့အထိ စိတ်ဆင်းရဲ နေရမှာပဲ ကက်သရင်းရယ်” တဲ့။ သူဟာ အမှန်အတိုင်း ပြောနေတာပဲလို့ ကျွန်မထင်တယ်၊ ဒါကြောင့်လဲ ကျွန်မ သူ့ကို ခွင့်လွတ်သင့်တယ်လို့ သဘောရတယ်၊ နောက်ဆုံး ကုန်ကုန်ပြောမယ် အယ်လင်၊ နောက်တကြိမ် သူ ကျွန်မကို ရန်စကား ပြောလာတောင် ကျွန်မ သူ့ကို ခွင့်လွှတ်ရလိမ့်မယ်လို့ သဘောရတယ်။
'အဲဒီလိုနဲ့ ကျွန်မတို့ ပြန်ပြီး သင့်မြတ်သွားကြတယ်၊ အဲဒီနေ့က ကျွန်မတို့ နှစ်ယောက်စလုံး ငိုမိကြတယ်၊ နှစ်ယောက်စလုံးလဲ ဝမ်းပန်းတနည်း ဖြစ်ကြရတယ်။ ကျွန်မဆို လင်တန်ရဲ့ စိတ်ကောက်လွယ်တတ်တဲ့ သဘာဝအတွက် ဝမ်းနည်းမိတယ်။ ဟုတ်တယ်လေ၊ သူက သူ့ အပေါင်း အသင်းတွေကို စိတ်ညစ်ရအောင် လုပ်သလို သူ့ကိုယ်သူလဲ စိတ်ညစ်ရအောင် လုပ်တာပဲ မဟုတ်လား။
“အဲဒီညက စပြီး ကျွန်မဟာ သူရဲ့ သီးခြား ဧည့်ခန်းကလေးထဲမှာပဲ သူနဲ့ သွားတွေ့လိုက်တယ်၊ အိမ်ကြီးက ဧည့်ခန်းမှာ မတွေ့တော့ဘူး၊ နောက်တနေ့ကျတော့ ဟိကလစ်ကလဲ ပြန်လာပြီလေ၊ အဲဒီနောက်တော့ ကျွန်မတို့လဲ ပထမအကြိမ် အဲဒီအိမ်ကြီးမှာ တွေ့စဉ်ကလိုပဲ သုံးကြိမ်လောက် ပျော်ပျော်ရွှင်ရွှင် တွေ့ကြရပါတယ်၊ နောက်ပိုင်းကျတော့ စိတ်ညစ်စရာရော၊ စိတ်ပျက်စရာရော ကြုံရပြန်တယ်၊ သူကလဲ သူပဲ အယ်လင်ရယ်၊ သူက တကိုယ်ကောင်းလဲ ဆန်ချင်တယ်၊ စိတ်ထားကလဲ မကောင်းဘူး မဟုတ်လား၊ ဟိကလစ်ဟာလဲ အိမ်ပြန်ရောက်ပေမယ် ကျွန်မနဲ့ မတွေ့အောင် တမင်ပဲ ရှောင်နေပုံရတယ်၊ သူ့ကို တွေ့ရခဲပါတယ်၊ အလျင် တနင်္ဂနွေနေ့ကတော့ ကျွန်မက ခါတိုင်းထက် စောရောက်သွားတယ်။ အဲဒီနေ့ ကျွန်မ ဝင်သွားတော့ ဟိကလစ်က လင်တန့်ကို မနေ့ညက ကျွန်မအပေါ် သူစိတ်ကောက်တာနဲ့ ပတ်သက်ပြီး အကြီးအကျယ် ဆဲဆို ဆူပူနေတာကို ကျွန်မ ကြားလိုက်ရတယ်၊ သူ ကျွန်မတို့ နှစ်ယောက်တွေ့တာကို ချောင်းနားထောင်နေလို့ သူ ညက လင်တန် စိတ်ကောက်တာ သိဘာပဲ နေမှာပေါ့၊ တကယ်တော့ လင်တန် စိတ်ကောက်တယ်ဆိုတာလဲ ကျွန်မနဲ့ ဆိုင်တာပဲဟာ၊ သူနဲ့ ဘာဆိုင်တာမှတ်လို့၊ ဒါကြောင့် ကျွန်မလဲ သူ လင်တန်ကို ဆူပူနေတုန်းဝင်သွားပြီး ဒီကိစ္စဟာ ကျွန်မနဲ့သာ ဆိုင်တဲ့အကြောင်း ပြောပစ်လိုက်တယ်၊ ဒီတော့ သူ ဘာလုပ်တယ် မှတ်သလဲ။ အားရပါးရ ရယ်ချလိုက်ပြီး ခုလို သူတို့ သားအဖ စကားများနေတာ ကျွန်မ တွေ့သွားတာကိုပဲ သူက ဝမ်းသာတယ် ပြောယင်း အခန်းထဲက ထွက်သွားပါလေရော။
“အဲဒီကတည်းကစပြီး ကျွန်မ လင်တန်ကို နောက် စိတ်ဆိုးယင် စကား တိုးတိုးပြောဖို့ ပြောရတယ်၊ အဲဒါပါပဲ အယ်လင်ရယ်၊ ကျွန်မလေ လေထန်ကုန်းကို မသွားရယင် မနေနိုင်ဘူး အယ်လင်၊ ဒီတော့ ဒီအကြောင်းတွေ ဖေဖေ့ကို ပြန်မပြောပါနဲ့နော်၊ ကျွန်မ ဟိုကိုသွားတဲ့အတွက် ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက် မဖြစ်စေချင်ပါဘူး အယ်လင်၊ အဲဒီတော့ အယ်လင် ဖေဖေ့ကို ပြန်မပြောဘူး မဟုတ်လား ဟင်၊ မပြောပါနဲ့နော်၊ ပြန်ပြောယင်တော့ ကျွန်မ ရင်ကျိုးရမှာပဲ'
“ငါ စဉ်းစားဦးမယ် ကက်သရင်း၊ ညည်း ပြောတာတွေကိုလဲ ငါ လေ့လာကြည့်ရဦးမယ်၊ ကဲ... ညည်းလဲ အိပ်တော့”
သခင်သာ အိမ်ထဲရှိလျှင် ကျွန်မတို့ ပြောကြတာတွေ ကြားလိမ့်မည် ထိင်ပါသည်။ ထို့ကြောင့် ကျွန်မလည်း ကက်သရင်းအခန်းက ထွက်လာပြီး သခင့်အခန်းသို့ တန်းဝင်၍ အဖြစ်စုံကို ပြောပြလိုက်ပါလေတော့သည်။ သို့သော် ကျွန်မ ပြန်ပြောသော အဖြစ်အပျက်များတွင် ဟယ်ယာတန်နှင့် ပတ်သက်သည့်အကြောင်းကိုကား ထည့်မပြောပါ။
သခင်သည် သူ့သမီးအကြောင်းကို ကြားလိုက်သဖြင့် အတော်ပင် တုန်လှုပ် ချောက်ချားသွားပါလေ၏။ နောက်တနေ့ နံနက်တွင် ကက်သရင်းသည် ကျွန်မက သူ မပြောစေချင်သည့် အကြောင်းများကို ပြောပြလိုက်မှန်း သိသွားပါလေတော့သည်။ သူ လေထန်ကုန်းသို့ တိတ်တိတ်ပုန်း သွား၍ မဖြစ်နိုင်တော့သည့် အခြေအနေကို သိသွားပြီး ငိုယိုလျက် သူ့အဖေအား ဆင်ခြေတက် အကြောင်းပြသော်လည်း အရာမရောက်ပါချေ။ ထိုအခါ ကက်သရင်းက သူ့အဖေအား လင်တန်အပေါ် သနားရန် ပြောပြန်ပါလေသည်။ ထိုအခါ သခင်က သမီးအား လေထန်ကုန်းအိမ်သို့ နောက်တကြိမ် သွားရန် မမျှော်လင့်ပဲ လင်တန် အားသာ ဤအိမ်ကြီးသို့ လာရောက်ရန် အကြောင်းကြား ပေးမည့် အကြောင်း ဖျောင်းဖျ ပြောဆိုပါလေသည်။ သခင်သည် သူ့တူကလေး ကျန်းမာရေးအခြေအနေ ချို့တဲ့နေရှာသည်ကိုကား သိပုံ မပါရလေ။
အခန်း [ ၂၅ ]
'ဒီအဖြစ်အပျက်တွေဟာ ပြီးခဲ့တဲ့ ဆောင်းတွင်းက အဖြစ်အပျက်တွေပါပဲရှင်၊ တနှစ်တောင် ကျော်ဦးမယ် မဟုတ်ပါဘူး၊ ခုလို ပြန်ပြောလိုက်ရတော့လဲ လွန်ခဲ့တဲ့ ဆောင်းတွင်းဟာ တနှစ်တောင် ကြာဦးမယ် မထင်ဘူး၊ ရှင် ဒီကို ရောက်လာတာကိုကပဲ ဘာကြာသေးလို့လဲ၊ တကယ်တော့ ရှင်လို ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီနေရာမျိုးမှာ လာနေနိုင်တာကိုက အံ့ဩစရာပါပဲ၊ ကက်သရင်းကို တွေ့ဖူးတဲ့လူတိုင်းဟာ ကက်သရင်းကို မချစ်ပဲ မနေနိုင်ကြဘူးရှင့်၊ ဟော...ရှင်က ပြုံးတယ်၊ ခု ကျွန်မ ကက်သရင်းအကြောင်း ပြောတာကိုပဲ ရှင် စိတ်ပါလက်ပါ စိတ်ဝင်စားနေတယ် မဟုတ်လား၊ နောက်ပြီး ဘာကြောင့်ကော ရှင်က မီးဖိုနားမှာ ကက်သရင်းပုံကို အချိတ်ခိုင်းရတာလဲ၊ ဘာကြောင့် ကော....”
မစ္စက်ဒင်းသည် ကက်သရင်းတို့အကြောင်း ပြောရာမှ ကျွန်ုပ်ဘက်သို့ လှည့်လာသဖြင့် ကျွန်ုပ်လည်း သူ့စကားကို ဖြတ်ပြီး ပြောလိုက်ရပါလေတော့သည်။
“ကဲ...အဲဒါ ထားစမ်းပါဦးဗျာ၊ ကျွန်တော် ကက်သရင်းကို သဘောကျပါတယ်ဆိုယင်လဲ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် သူက ကျွန်တော့်ကို ချစ်မှာလား၊ ကျွန်တော်ကလဲ ဒါတွေ စဉ်းစားနေလို့ မဖြစ်ပါဘူး၊ အချိန်တန်ယင် ကျွန်တော့်အိမ် ကျွန်တော် ပြန်ရမှာပဲဟာ၊ ခင်ဗျား ပြောလက်စ စကားပဲ ဆက်စမ်းပါဗျာ၊ မစ္စတာ အက်ဂါလင်တန်က တားမြစ်ထားတော့ကော ကက်သရင်းက လိုက်နာရဲ့လားဗျ” ဟု ဆိုသဖြင့် မစ္စက် အယ်လင်ဒင်းသည် သူပြောလက်စ အဖြစ်အပျက်များကို ဤသို့ ဆက်လက် ပြောပါလေတော့သည်။
ကက်သရင်းအဖို့ သူ့အဖေကို အဓိကထား မြတ်နိုးသူ ဖြစ်သည့်အားလျော်စွာ အဖေဖြစ်သူ၏ စကားကို နားထောင် ရှာပါလေသည်။ သခင်လင်တန်ကလည်း သမီးကို ပြောဆိုဆုံးမရာတွင် ဒေါနှင့် မောနှင့် ပြောဆိုသည် မဟုတ်ပေ။ မိမိ မရှိသည့်အခါတွင် လူ့လောက အလယ်၌ တယောက်တည်း ကျန်ရစ်ရှာမည့် သမီး အတွက် သူ ပေးနိုင်သော အမွေပစ္စည်းအဖြစ် ဆုံးမစကားကို ညင်ညင်သာသာ သိမ်သိမ်မွေ့မွေ့ ပြောဆိုခဲ့ခြင်း ဖြစ်သည့်အလျောက် သမီးသည် ဖအေ့ စကားကို နားထောင်ပါလေ၏။
ထို့နောက် ရက်အတန်ကြာသောအခါ သခင်သည် ကျွန်မအား …
“ကျုပ်တူကလေး လာထင်လဲ လည်စေချင်တယ်ဗျာ၊ သို့မဟုတ်တောင် စာရေးစေချင်တယ် အယ်လင်၊ ကဲ.. ဒီတော့ ခင်ဗျား ကျုပ်ကို မှန်မှန်ကန်ကန် ပြောစမ်းပါ။ ခင်ဗျား ကျုပ်တူကလေးကို ဘယ်လိုထင်သလဲဗျ၊ လူကောင်းတယောက် ဖြစ်နိုင်သလားဗျာ၊ တိုးတက်ဖို့ အခြေအနေကော ရှိသလား” ဟု ပြောလာပါလေသည်။
“လူကတော့ လူပျော့ကလေးပါ၊ ကျန်းမာရေးကလဲ မကောင်းရှာဘူး၊ ဒါပေမယ့် သူ့အဖေနဲ့ မတူတာတော့ အမှန်ပဲ၊ အင်း...ကံမကောင်း အကြောင်းမလှလို့ မစ္စကက်သရင်းနဲ့ သူ လက်ထပ်ဖြစ်မယ် ဆိုယင်တောင် မစ္စကက်သရင်းကသာ အလွန်အကျွံ အလိုမလိုက်ယင် သူ မစ္စကက်သရင်းကို လွန်ဆန်ရဲမှာ မဟုတ်ဘူး၊ သခင် သူ့ကို လေ့လာဖို့ အချိန်တွေ ရှိပါသေးတယ်”
ထိုအခါ သခင်အက်ဂါသည် သက်ပြင်းကို မှုတ်ထုတ်လိုက်ပါသည်။ ထို့နောက် ပြတင်းပေါက်ဘက် လျှောက်သွားပြီး ဂျင်မာတန်ဘက်ရှိ ဘုရားဝတ်ကျောင်းဆီကို ငေးကြည့်ပါလေ၏။ အပြင်ဘက်မှာ မြူတွေ ဆိုင်းနေပါ၏။ ဖေဖော်ဝါရီ နေရောင်သည် ခပ်ဖျော့ဖျော့ ဖြာကျနပါသည်။ ဂျင်မာတန် ဘုရားဝတ်ကျောင်းဘက်က ထင်းရှူးပင် နှစ်ပင်ကို ကောင်းကောင်း မြင်ရလေသည်။ ထိုနေရာ၌ ကွယ်လွန်သူတို့၏ သင်္ချိုင်း ဂူများ ရှိလေသည်။
'ကျုပ်တော့လေ ဖြစ်လာမယ့် အရေးအခင်းအတွက် အမြဲ ဆုတောင်းနေရတယ်၊ ခုတော့ ကျုပ် စိုးရိမ်လာပြီ၊ လပိုင်းလောက် အတွင်းမှာပဲ အဖြစ်အပျက်တွေကို ရင်ဆိုင်ရမလားဆိုပြီးလဲ ပူပန်မိတယ်။ ဒီမယ်အယ်လင်၊ ကျုပ်ဟာ ကျုပ်သမီးနဲ့ အတူနေရတာ စိတ်ချမ်းသာတယ်၊ တဆောင်းလုံး တနွေလုံး သမီးကလေး ကျုပ်အပါးမှာ ပျော်ပျော် ရွှင်ရွှင် ရှိနေယင် ကျုပ်လဲ ပျော်တာပဲ၊ ဒါပေမယ် တခါတခါတော့လဲ ကျုပ် သူ့ အမေ ဘေးမှာ တယောက်တည်း သွားနေရတာကိုပဲ ကျေနပ်တယ်၊ ကျုပ်သေယင် ကျုပ် သူ့အမေဘေးမှာပဲ သွားနေမယ်လို့ စိတ်ကူးထားတယ်။ ဒါပေမယ့် ကျုပ်သမီးအတွက် ကျုပ် စိတ်မချဘူး၊ ကျုပ် ကေသီကို ဘယ်လိုလုပ်ပြီး ခွဲသွားရမှာလဲ အယ်လင်၊ ကျုပ် မရှိတဲ့ နောက်မှာ လင်တန်သာ ကျုပ်သမီးကို ကျုပ် ဆုံးရှုံးသွားရတဲ့အတွက် ပူဆွေးရတာကို နှစ်သိမ့်မှု ပေးနိုင်မယ်ဆိုယင် သူဟာ ဟိကလစ်သား ဖြစ်နေတာကိုလဲ ကျုပ် ထည့်မတွက်ပါဘူး၊ ကျုပ်သမီးကို သူယူသွားလဲ ကျုပ် မပူပါဘူး။ ကုန်ကုန်ပြောမယ်၊ ဘယ်လို အောင်ပွဲကြီးမျိုးပဲ ခံခံ ကျုပ် မမှုဘူး၊ ဒါပေမယ် လင်တန်ကလေးဟာ သူ့အဖေကို ကြောက်ရလို့ ကျုပ်သမီးကို ယူရတာဆိုယင်တော့ ကျုပ် စိတ်ကောင်းရမှာ မဟုတ်ဘူးပေါ့၊ ကျုပ်သမီးကို ဘာအဟန့်အတားမှ မလုပ်ချင်ပါဘူး၊ ဒါပေမယ် ကျုပ်မရှိတဲ့အချိန်မှာ ကျုပ် သမီးကလေး စိတ်ဓာတ်တွေ ပျက်ပြားသွားမှာပဲ ကျုပ် စိုးရိမ်တယ်၊ အင်း...ကျုပ် မသေခင် သမီးကလေး အလျင်သေသွားယင်လဲ အကောင်းသား' မစ္စတာ အက်ဂါသည် ဇနီး ဖြစ်သူ၏ သင်္ချိုင်းဂူကို ငေးကြည့်ယင်း တကိုယ်တည်း ညည်းတွားသလို ပြောနေပါလေ၏။
“ဘာဖြစ်လို့ သူ အလျင်သေရမှာလဲ ရှင်၊ တကယ်လို့ သခင် ကွယ်လွန်သွားတောင် ကျွန်မဟာ ကေသီ့အပါးမှာ အသက်ထက်ဆုံး နေသွားမှာပါ၊ ကေသီကလေးဟာ လိမ္မာပါတယ်။ သူဟာ တဇွတ်ထိုး မိုက်မိုက်မှားမှား လုပ်လိမ့်မယ်လို့ ကျွန်မတော့ တွေးပြီး မစိုးရိမ်ဘူး၊ ဘာပဲဖြစ်ဖြစ် စိတ်ကောင်းရှိတဲ့လူတွေဟာ အဖြစ်ဆိုးနဲ့ ကြုံရခဲတတ်ပါဘယ်ရှင်"
သို့ဖြင့် နွေဦးပေါက်လာသော အချိန်တွင် သခင်အက်ဂါသည် သူ့သမီးနှင့်အတူ ခြံထဲသို့ ဆင်း၍ လမ်းလျှောက်စ ပြန်ပြုလာသော်လည်း သူ့ ကျန်းမာရေး အခြေအနေကား အားတက်ဖွယ် မရှိလှပါ။ ကတ်သရင်းကမူ သူ့အဖေ ပါးပြင်ကလေးတွေ သွေးရောင်လွှမ်းပြီ။ မျက်လုံးကလေးများ တောက်ပလာတတ်သည်ကိုပင် သူ့အဖေ နားလန်ထစ ပြုပြီ ဖြစ်သည်။ ပြန်လည် ကျန်းမာလာပြီဟု ယူဆထားပါ၏။
ကတ်သရင်း၏ ဆယ့်ခုနှစ်နှစ်မြောက် မွေးနေ့သည် မစ္စတာ အက်ဂါအဖို့ ဇနီးသည် ကွယ်လွန်သော နှစ်ပတ်လည်နေ့ ဖြစ်သော်လည်း သူ့ဇနီး၏ သင်္ချိုင်းဂူသို့ မသွားဖြစ်ပါ။ ထိုညက မိုးလည်း ရွာနေပါသည်။ ထို့ကြောင့် ကျွန်မကပင် …
'ကနေ့ညတော့ အပြင် မသွားပါနဲ့တော့ သခင်' ဟု ပြောလိုက်ပါသည်။
သူကလည်း ..
'အင်း၊ ဒီနှစ်တော့ နောက်မှပဲ သွားရတော့မှာပဲ' ဟု ပြောပါ၏။
မစ္စာ အက်ဂါလင်တန်သည် သူ့တူကလေးထံသို့ တွေ့လိုသဖြင့် လာရောက် လည်ပတ်ပါရန် စာရေးပြန်ပါလေသည်။ သို့သော် လင်တန်ကလေး မရောက်လာပါ။ သူ့အဖေကလည်း သူ့ကို ကျွန်မတို့ အိမ်ကြီးသို့ လာခွင့် ပြုလိမ့်မည် မထင်ပါ။
သို့သော် သူ့အဖေ၏ ညွှန်ကြား လမ်းပြပေးသည့်အတိုင်း ပြန်စာတစောင်ကိုကား ရေးလာပါလေသည်။ စာထဲတွင် သူ့အဖေက သရက်ကရော့ အိမ်ကြီးသို့ သွားခွင့် မပြုသည့်အကြောင်း၊ သူ့ဦးကြီးက သူ့အပေါ် ဂရုတစိုက် သတိရဖော်ရသဖြင့် သူ ဝမ်းသာသည့်အကြောင်း၊ ထို့ကြောင့် လမ်းလျှောက်ထွက်သည့် အခါတွင် သူနှင့်တွေ့ရန်၊ သူ့နှင့် ကေသီတို့ မတွေ့ရသည်မှာ ကြာ၍ စိတ်ဆင်းရဲလှသဖြင့် လမ်းလျှောက်ထွက်သည့်အခါ ကေသီကိုပါ ခေါ်လာစေလိုကြောင်း တို့လည်း ပါလေသည်။
ထိုအပိုင်းသို့ ရောက်လာသောအခါတွင် လင်တန်၏ စာအရေးအသားသည် ရိုးရှင်းလာပါသည်။ သူ၏ ကိုယ်တိုင် အရေးအသား ဖြစ်ပုံရပါ၏။ ဤအပိုင်းကို ရေးရာတွင် ဟိကလစ် ဝင်စွက်ဖက်ပုံ မရပါ။ သူ့စာမှာ ဤသို့ ဖြစ်ပါသည်။
ကျွန်တော် ကေသီ့ကို ကျွန်တော်တို့အိမ် လာဖို့ ပြောတာ မဟုတ်ပါဘူး ဦးကြီး၊ ဒါပေမယ့် အဖေကလဲ ကျွန်တော့်ကို ဦးကြီးတို့အိမ် မသွားဖို့ တားထားပြီး ဦးကြီးကလဲ ဦးကြီးသမီးကို ကျွန်တော်တို့အိမ် မလာဖို့ တားထားတာနဲ့ ကျွန်တော်တို့ နှစ်ယောက်ဟာ မတွေ့ကြရတော့ဘူးလား ဦးကြီး။ ဒီတော့ ကေသီနဲ့အတူ ဦးကြီး မြင်းစီးပြီး ထွက်ခဲ့ပါလား ခင်ဗျာ။ ဦးကြီး ရှေ့မှာပဲ ကျွန်တော်တို့ မောင်နှမ စကားပြောပါရစေ။ ကျွန်တော်တို့ နှစ်ယောက် တကွဲတပြားစီ ဖြစ်မနေသင့်ပါဘူး ဦးကြီးခင်ဗျား။ ဦးကြီး ကျွန်တော့်ကို စိတ်မဆိုးစေပါဘူး။
ချစ်လှစွာသော ဦးကြီးခင်ဗျား။ ဦးကြီးတို့ အိမ်ကြီးကလွဲယင် ဘယ်နေရာမှာပဲ တွေ့ရတွေ့ရ၊ ကျွန်တော်တို့ တွေ့ကြရအောင် မနက်ဖြန် စာပြန်စေချင်ပါတယ် ခင်ဗျား။ ဦးကြီး ကျွန်တော့်ကို တွေ့ယင် ကျွန်တော်ဟာ ကျွန်တော့် အဖေလို မဟုတ်ဘူးဆိုတာ ဦးကြီး သဘောပေါက်မှာပါ။ ကျွန်တော့် အဖေကလဲ ပြောပါတယ်။ ကျွန်တော်ဟာ သူ့သားအရင်းထက် ဦးကြီးရဲ့တူ ဖြစ်နေတယ်လို့ ပြောပါတယ်။
ကျွန်တော်ဟာ ကေသီ စိတ်ဆင်းရဲအောင် လုပ်မိပေမယ့် ကေသီဟာ ကျန်တော့်ကို ခွင့်လွှတ်မြဲပါ ဦးကြီး။ ဒီတော့ ဦးကြီးကလဲ ဦးကြီးသမီးကို ခွင့်လွှတ်စေချင်ပါတယ်။ ကျွန်တော်လေ ခု နေကောင်းလာပါပြီ။ ဒါပေမယ့် ကေသီနဲ့ မတွေ့ရပဲ တယောက်တည်း နေနေရတော့ မပျော်ဘူး။ စိတ်ကလဲ မကြည်ဘူး။ ဒီတော့ ကျွန်တော် ဘယ်မှာ လန်းလန်းဆန်းဆန်း ရှိပါ့မလဲ။
သခင် အက်ဂါသည် သူ့တူကလေး၏ စာကိုဖတ်ပြီး သူ့တူကလေးအတွက် စိတ်မကောင်းလှသော်လည်း သူ့မှာ ကက်သရင်းနှင့်အတူ အပြင်သို့ မထွက်နိုင်သဖြင့် သူ့တူကလေး၏ ဆန္ဒကို မလိုက်လျောနိုင်ရှာပေ။ သို့သော် နွေရောက်လျှင် ကက်သရင်းတို့ မောင်နှမ တွေ့ခွင့်ရ နိုင်စရာရှိသည်ဟုကား ပြောပါသည်။ သည်ကြားမှာပင် သခင်အက်ဂါသည် သူ့တူကလေးထံသို့ ကြိုးကြားကြိုးကြား စာရေးပါလေသည်။ သူ့တူကလေးခမျာ လေထန်ကုန်းအိမ်ကြီး၌ အနေအထိုင် ကျဉ်းကျပ်ရသည့် အဖြစ်ကို သိသည့်အားလျော်စွာ သူ့တူကလေး စိတ်ချမ်းသာမှုကို ရစေမည့် စာမျိုးကိုလည်း ရေးပါ၏။ လင်တန်ကလေးကလည်း သူ့ဦးလေးထံသို့ မကြာမကြာ စာရေးလေ့ရှိပါသည်။ သူ့စာများတွင် သူ့အဖေ၏ ချုပ်ချယ်မှု၊ သူစိတ်ဆင်းရဲနေရသည့် အကြောင်းနှင့် ကက်သရင်း တွေ့ခွင့်ရရေးတို့ကိုသာ ထပ်တလဲလဲ ဖော်ပြလေ့ ရှိပါလေသည်။
ကေသီသည် ယခုရက်များအတွင်း သူ့အဖေ စိတ်ချမ်းသာအောင် နေရှာပါ၏။ ထို့ကြောင့်လည်း နောက်ပိုင်းရက်များ၌ ကေသီသည် ကျွန်မနှင့်အတူ အိမ်ကြီးအနီး ကွင်းထဲ၌ မြင်းစီးထွက်လေ့ ရှိသည်ကို သူ့အဖေက ဘာမျှ အပြစ်ပြောဆိုခြင်း မပြုပါလေ။ ဇွန်လလောက်တွင် သခင်အက်ဂါ၏ ကျန်းမာရေးမှာ တဖြည်းဖြည်း ယိုယွင်းလာပါလေသည်။ ယခုအခါတွင် လယ်မြေယာမြေများမှ နှစ်စဉ် အချိုးကျ ရရှိသော ဝင်ငွေသည် သမီးကလေးအတွက် လုံလောက်သည် မှန်သော်လည်း သခင်အက်ဂါသည် သူ့သမီး ရှေ့ရေးနှင့် သူပိုင် ပစ္စည်းများ အမွေဆက်ခံရေးအတွက် ပူပန်မိဟန် ရှိလေသည်။ သူ့သမီးကလေးကို သူ့တူနှင့် လက်ဆက်ပေးခြင်းဖြင့် သူ့လယ်။ သူ့ယာ၊ သူ့ခြံကြီးကို သမီးလည်း အမွေဆက်ခံခွင့်ရပြီး ဖြစ်နိုင်သည်ကို သူ သဘောပေါက်ပါသည်။ ထို့ကြောင့် သူ့သမီးကို သူ့တူနှင့် လက်ထပ်ပေးရန် စိတ်ကူးမိပုံ ရလေသည်။ သို့သော် သူ့တူကလေး၏ ကျန်းမာရေး အခြေအနေကိုကား သူ မသိရှာပေ။ သူသာမဟုတ် ကျွန်မတို့လည်း အသေအချာ သိရသည်ကား မဟုတ်ပေ။ ထိုရက်များတွင် လင်တန်ကလေးတို့ အိမ်ဘက်တွင် ဆရာဝန် အဝင်အထွက် လုပ်သည်ကိုလည်း မမြင်ရ၊ ဟိကလစ်ထံမှလည်း သူ့သားအကြောင်းကို ဘာမျှ မကြားရပေ။
သို့သော် လင်တန်ကလေးနှင့် ပတ်သက်၍ ကျွန်မ အထင်များသည် လွဲမှားလာပုံ ရပါသည်။ သူ့စာများတွင် သူ ကွင်းထဲသို့ လမ်းလျှောက်လေ့ရှိကြောင်း၊ မြင်းစီးထွက်လေ့ရှိကြောင်း ဖော်ပြလာပြန်ပါ၏။ လင်တန်ကလေး အခြေအနေနှင့် ပတ်သက်၍ သူ့အဖေ ကိုယ်တိုင်က အရေးခိုင်းသဖြင့် ရေးသားရခြင်း ဟုတ် မဟုတ်ကိုကား ကျွန်မ မခန့်မှန်း နိုင်ပါ။
အခန်း [ ၂၆ ]
နွေလယ်ကာလကို ကျော်လွန်လာခဲ့လေပြီ။ သခင်အက်ဂါ ခွင့်ပြုထားသည့်အလျောက် ထိုနေ့က ကျွန်မသည် ကက်သရင်းနှင့်အတူ လင်တန်ကလေးနှင့် တွေ့ရန် အိမ်မှ ထွက်လာခဲ့ကြပါသည်။ ထိုနေ့ ကောင်းကင်သည် အုံ့ပျပျနှင့် အိုက်စပ်စပ်ကြီး ဖြစ်နေပါသည်။ မိုးရွာမည့်အသွင်ကိုလည်း ဆောင်နေပါ၏။ ကျွန်မတို့သည် လမ်းဆုံတွင် တွေ့ကြရန် ချိန်းဆိုထားပြီး ဖြစ်ပါသည်။ ကျွန်မတို့ လမ်းဆုံသို့ ရောက်သောအခါ သိုးကျောင်းသားကလေး တယောက်..
“ဆရာလေး လင်တန် ဟိုဘက်နားမှာ ခင်ဗျ၊ သူက ရှေ့ဆက် လာခဲ့ဖို့ ပြောပါလို့ မှာထားပါတယ်' ဟု ဆီးပြောပါလေသည်။
“လင်တန်ကလေးဟာ သူဦးကြီး ပြောထားတာကို မေ့သွားပြီ ထင်တယ်၊ သူဦးကြီးက တို့များကို အိမ်နဲ့ဝေးဝေး မသွားဖို့ ပြောထားတယ် မဟုတ်လား' ကျွန်မက သတိပေးစကား ပြောလိုက်ပါသေး၏။
“ဟုတ်ပါတယ် အယ်လင်ရဲ့၊ ခုလဲ သူနဲ့တွေ့ရုံကလေးပါ၊ သူ့ကို တွေ့ပြီး ကျွန်မတို့ ပြန်တာပေါ့” ဟု ကက်သရင်းက ဆိုသဖြင့် ကျွန်မတို့လည်း ရှေ့ ဆက်လာခဲ့ပါသည်။ ဤသို့ဖြင့် ကျွန်မတို့သည် လေထန်ကုန်းနှင့် နှစ်ဖာလုံလောက်သာ ဝေးသော နေရာသို့ ရောက်လာပါ၏။ ထိုနေရာတွင် လင်တန်ကလေးကို တွေ့ပါသည်။ သူ့မှာ မြင်းမပါပါ။ သူသည် မြေကြီးပေါ်တွင် လှဲလျက် ကျွန်မတို့ အလာကို စောင့်ကြည့်နေပါ၏။ ကျွန်မတို့လည်း မြင်းပေါ်ကဆင်းပြီး သူ့ တူရူသို့ လျှောက်လာခဲ့ကြပါသည်။ ကျွန်မတို့ သူ့အနား နီးလာသည်အထိ သူသည် လှဲနေရာမှ ရုတ်တရက် မထသေးပါ။ ကျွန်မတို့ ပိုပြီး နီးလာမှ လှဲနေရာမှ ကတုန်ကယင် ချည့်ချည့်နဲ့နဲ့ဖြင့် ထလာပါသည်။ သူ့ကို ကြည့်ရသည်မှာ ဖြူဖပ်ဖြူရော်နိုင်လှပါသည်။
“ဘယ်လိုဖြစ်တာလဲ လင်တန်၊ မင်း အပြင်ထွက်လမ်းလျှောက်ဖို့ မသင့်သေးပါကလား၊ မင်းကြည့်ရတာ နေကောင်းပုံလဲ မရဘူး' ဟု ကျွန်မက ရုတ်တရက် တအံ့အဩ ပြောလိုက်မိပါသည်။
ကတ်သရင်းသည် လင်တန်ကို ဝမ်းပန်းတနည်း စိုက်ကြည့်နေယင်း ဝမ်းသာရမည့်အစား အထိတ်တလန့် ဖြစ်သွားပြီး ခါတိုင်းထက် နေဆိုးနေသလားဟူသော စကားဖြင့် နှုတ်ဆက်စကား ဆိုလိုက်ပါသည်။
' မ မ မဟုတ်ပါဘူး၊ ကောင်း ကောင်းပါတယ်' မောဟိုက်သံဖြင့် အားယူ ပြောပါလေ၏။ လူကမူ ကတုန်ကယင် ဖြစ်နေပါသည်။
လင်တန်သည် ကတ်သရင်း၏ လက်ကို ဖမ်းယူ ဆုပ်ကိုင်ပြီး သူ့ကိုယ်သူ လဲကျမသွားစေရန် ကတ်သရင်းလက်ကို ကိုင်လျက်သား သူ့ကိုယ်သူ ထိန်းထားလိုက်ပါသည်။ ကေသီကို စိုက်ကြည့်နေသော သူ့မျက်လုံးတွေမှာ အထိတ်ထိတ် အလန့်လန့် ဖြစ်နေပုံရပါသည်။ မျက်နှာပြင်မှာလည်း ချုံးကျနေပါ၏။
'မင်း နေမကောင်းဘူး လင်တန်၊ ကိုယ်နဲ့ နောက်ဆုံး တွေ့ကြတုန်းကထက်တောင် ဆိုးလာသေးတယ်။ ပိုပြီးတော့လဲ ပိန်သွားတယ်၊ ပြီးတော့လဲ'
'ကိုယ် မောနေတာပါ၊ လမ်းလျှောက်လာရတာ ပူလဲပူတယ် မဟုတ်လား၊ ကိုယ်တို့ ဒီနားမှာ ခဏ နားရအောင်နော်၊ ကိုယ် မနက်ပိုင်းတွေမှာ ခဏခဏ ဖျားတတ်တယ်' လင်တန်သည် ကေသီစကား မဆုံးမီ အလောတဆယ် ကြားဖြတ် ပြောလိုက်ပါသည်။
သူ့အခြေအနေမှာ အားရစရာ မရှိပါ၊ ကေသီက သူ့အပါးတွင် ထိုင်ချလိုက်သောအချိန်မှာ ကေသီအပါးတွင် သူက တပိုင်းလှဲချလိုက်ပါ၏။
'မင်း ကြိုက်တယ်ဆိုတာ ဒီလို ရာသီဥတုမျိုး၊ ဒီလို နေရာမျိုးပဲပေါ့၊ ကိုယ်တို့အကြိုက် ရာသီဥတုနဲ့ နေရာအကြောင်းတွေ ပြောခဲ့ကြာတာ မင်း ပြန်စဉ်းစားကြည့်စမ်း လင်တန်၊ တိမ်တွေ ပျံနေပုံကို ကြည့်စမ်း၊ မင်းပြောတဲ့ အတိုင်းပဲ၊ နေရောင် လင်းလက်နေတာထက်တောင် လှသေးတယ်နော်၊ နောက်တပတ်ကျယင် မင်းနဲ့ကိုယ် ကိုယ်တို့ အိမ်ဘက် မြင်းစီး သွားကြတာပေါ့၊ သွားနိုင်အောင် ကြိုးစားနော်'
ကေသီက တချိန်က သူတို့နှစ်ယောက် ပြောခဲ့သော အကြိုက်ဆုံး ရာသီဥတု အခြေအနေကို ပြန်လည် အစဖော်ပေးလိုက်ခြင်းဖြင့် သူ့ကို အားပေးလိုက်သော်လည်း လင်တန်သည် ကေသီပြောနေသော စကားကို မှတ်မိပုံ မပေါ်ပေ။ သူ့အဖို့ မည်သည့် စကားကိုမျှ အာရုံစိုက်နိုင်စွမ်း ရှိပုံလည်း မပေါ်ပေ။
ကေသီက တခြားစကားကို လွှဲပြောသော်လည်း သူ စိတ်ဝင်စားမှု မရှိ။ ကေသီက သူ့ကို ပြုံးစေ ပျော်စေချင်သော်လည်း သူပြုံးနိုင် ပျော်နိုင်ပုံမရပေ။ ကေသီသည်ပင် သူ့ကို စိတ်ပျက်လာပါတော့သည်။ လင်တန်ကလေးကလည်း စိတ်ကောက်သလို သုန်သုန်မှုန်မှုန် ဖြစ်နေပါ၏။ ဤအခြေအနေကို ကျွန်မ သတိပြုမိသလို ကေသီလည်း သတိပြုမိပါသည်။ ထို့ကြောင့် ကေသီသည် သွားတော့မည်ဟု ဆိုလိုက်ပါ၏။ ကေသီ့ဆီမှ ထိုစကားကို ကြားလိုက်ရသဖြင့် လင်တန်သည် ဘာမျှ စိတ်မဝင်စားဟန် ပြုနေရာမှ လန့်လန့်ဖျပ်ဖျပ် ဖြစ်သွားကာ သူတို့အိမ်ဘက်သို့ ဖြတ်ကနဲ လှည့်ကြည့်လိုက်ပြီး ကေသီအား နောက်ထပ် နာရီဝက်ခန့်နေရန် တောင်းပန် ပြန်ပါလေတော့သည်။
“ဒါပေမယ့် မင်း အိမ်ထဲမှာ နေတာက ပိုကောင်းမယ် ထင်တယ် လင်တန်၊ ကနေ့တော့ ကိုယ် ဘာပြောပြော မင်းလဲ စိတ်ဝင်စားမှာ မဟုတ်ဘူး၊ ဒိအတူတော့ ကိုယ် ပြန်တာ ကောင်းမယ်၊ ကိုယ်ပြောတာတွေ မင်း စိတ်ဝင်စားယင်တော့လဲ ကိုယ် ဆက်နေရအကောင်းသား'
“ခဏနေပါဦးလားကွယ်၊ ကိုယ် သိပ်နေမကောင်း ဖြစ်နေတယ်လို့ မထင်ပါနဲ့နော်၊ အဲဒီလိုလဲ မပြောပါနဲ့ကွယ်၊ တကယ်တော့ ရာသီဥတု ပြင်းလွန်းလို့ ကိုယ် ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေတာပါ၊ ပြီးတော့လဲ မင်းတို့ မလာခင်က ကိုယ် လမ်းလျှောက်ခဲ့ရတယ်လေ၊ ဒီတော့ ဦးကြီးကို ကိုယ် နေကောင်းနေပြီလို့ ပြောပါနော်၊ ပြောမယ် မဟုတ်လား ကက်သရင်းရယ်...”
ကက်သရင်းသည် လင်တန်က ပြောနေသော စကားမှာ တကယ့် အဖြစ်နှင့် ကွာဟနေသဖြင့်...
“အေးလေ၊ မင်းပြောတဲ့အတိုင်း ကိုယ် ပြောလိုက်ပါ့မယ်၊ ဒါပေမယ့် မင်း နေကောင်းနေပြီလို့တော့ ကိုယ်မထင်ဘူး” ဟု ပြောလိုက်ပါလေသည်။
'ကက်သရင်းသည် လင်တန်ကို မျက်နှာလွှဲထားပြီး တွေငေးနေပါသည်။
“နောက်ကြာသပတေးကျယင် လာပါဦးနော်၊ ဦးကြီးကိုလဲ မင်းကို လာခွင့်ပြုတဲ့အတွက် ကိုယ်က ကျေးဇူးတင်ကြောင်း ပြောပေးပါ၊ တကယ်လို့ မင်း ကိုယ့်ဖေဖေနဲ့ တွေ့လို့ သူက မင်းနဲ့ ကိုယ် တွေ့တဲ့အကြောင်း မေးယင် ကိုယ် စကားမပြောပဲ နေတာတို့ စိတ်ညစ်နေတာတို့ မပြောပါနဲ့ကွယ်၊ ကိုယ့်အကြောင်းသိယင် ဖေဖေ စိတ်ဆိုးဦးမယ်"
“မင်းအဖေ စိတ်ဆိုးတာ ကိုယ် ဂရုမစိုက်ပေါင်”
ကက်သရင်းသည် သူ့ကို စိတ်ဆိုးလိမ့်မည် အထင်ဖြင့် ခပ်ဆတ်ဆတ် တုံ့ပြန်လိုက်ပါသည်။
"ကိုယ်ကတော့ ဂရုစိုက်ရတယ်၊ ဖေဖေက သိပ်ဆိုးတာ၊ ဒီတော့ ကိုယ်နဲ့ ပတ်သက်ပြီး ဖေဖေ စိတ်ဆိုး သွားအောင်တော့ မပြောပါ ကက်သရင်းရယ်”
“ဘာလဲ၊ သခင်ဟီကလပ်က မင်းကို ရိုက်လား ပုတ်လား လုပ်သလား၊ သူ မင်းကို အလိုမလိုက်ဘူးလား” ကျွန်မက ကြားဝင် မေးလိုက်ပါသည်။
လင်တန်သည် ကျွန်မအမေးကြောင့် ကျွန်မကို ကြည့်လိုက်သော်လည်း မည်သည့်စကားမျှ မတုံ့ပြန်ပါ။ ကက်သရင်းသည် သူ့မောင်ကလေး၏ တောင်းပန်မှုကြောင့် သူ့မောင်ကလေးဘေးမှာ ဆယ်မိနစ်ခန့် ထိုင်နေလိုက်ပါ၏။ လင်တန်ကလေးကမူ ခေါင်းငိုက်စိုက်ချလျက် သူ့ဝေဒနာ မသက်သာဟန်ဖြင့် ခပ်ညည်းညည်း လုပ်နေပါလေသည်။ ကက်သရင်းသည် လင်တန်နား ထိုင်နေသည်ကို ငြီးငွေ့လာဟန် ရှိပါသည်။
“နာရီဝက် ရှိရောပေါ့နော် ကျွန်မနားနား ကပ်ပြီး ခပ်တိုးတိုး ပြောလိုက်ပါသည်။ ထို့နောက် “ကဲ သူလဲ အိပ်နေပြီ၊ ကျွန်မတို့ ဘာလို့ ဆက်နေတော့မလဲ၊ ဖေဖေကလဲ ပျော်လှရော့မယ်' ဟု ပြောလာပါ၏။ “သူ အိပ်နေတုန်း တို့များ ထွက်သွားလို့တော့ မဖြစ်သေးဘူးကွဲ့၊ သူ နိုးလာတဲ့အထိတော့ စောင့်ဦးမှပေါ့၊ ညည်းပဲ လင်တန့်ကို တွေ့ချင်လှပြီး ပြန်ချင်တော့လဲ ညည်းပဲ၊ ဘာလဲ၊ ညည်း သူ့ကို တွေ့ချင်တဲ့စိတ် ကုန်သွားပြီလား”
“သူ ခုလို အနေအထားနဲ့ ဘာကြောင့်များ တွေ့ချင်ရသလဲ မသိဘူး၊ ခုဟာက သူ့ အဖေကို ကြောက်တာနဲ့ သူ ကျွန်မကို လာတာပဲဟာ၊ ကျွန်မက မစ္စတာ ဟိကလပ် စိတ်ချမ်းသာအောင် သူ့ ကို လာတွေ့တာမှ မဟုတ်ပဲ၊ ဘာပဲဖြစ်ဖြစ်၊ သူ ကျန်းကျန်းမာမာ ရှိစေချင်ပါတယ် အယ်လင်ရယ်၊ ခုတော့ သူလဲ မပျော်ရ၊ ကျွန်မ အပေါ်မှာလဲ သူ စိတ်က လျော့လျည်းလော့လျ ဆိုတော့ ကျွန်မ စိတ်မကောင်းဘူး'
'ဘာလဲ၊ ညည်းက သူ နေမကောင်းသေးဘူးလို့ ထင်နေသလား'
'ဟုတ်တယ်လေ၊ ကြည့်ပါလား၊ သူ့ကြည့်ရတာ ဝေဒနာကို ခံစားနေရသလိုပဲ၊ တကယ်တော့ သူ ဖေဖေကို ပြောခိုင်းသလို သူ နေကောင်းသေးတာ မဟုတ်ဘူး၊ ဒါပေမယ့် သူ နေကောင်းလာလိမ့်မယ်လို့တော့ ထင်ရတာပဲ'
'အဲဒီမှာ ညည်းနဲ့ငါ အထင်ချင်း လွဲပြီ၊ ငါကတော့ သူ့ရောဂါ ပိုပြီးတောင် ဆိုးလာတယ်လို့ ထင်တယ်'
ထိုစဉ်မှာပင် လင်တန်သည် ဖြတ်ကနဲ လန့်ဖျပ် နိုးလာပါသည်။ သူသည် ထိတ်ထိတ်လန့်လန် ဖြစ်နေပါ၏။ တယောက်ယောက်က သူ့အမည်ကို ခေါ်လိုက်သလားဟု ကြောက်ကြောက်လန့်လန့်နှင့် မေးလာပါ၏။
'ဘယ်သူမှ မခေါ်ပါဘူး၊ မင်း အိပ်မက် မက်နေတာ ရှိမှာပေါ့၊ မင်း အပြင်ထွက်ဖို့ မကောင်းသေးဘူး' ကတ်သရင်းက ပြောလိုက်ပါသည်။
ထိုအချိန်အထိ လင်တန်သည် ပါးစပ်အဟောင်းသားနှင့် ငေးတိငေးကြောင် ဖြစ်နေပါ၏။
'ကိုယ်က ကိုယ့်အဖေ ကိုယ့်ကို ခေါ်လိုက်သံ ကြားရသလားလို့၊ မင်းပြောတဲ့အတိုင်း သူ မခေါ်ဘူးနော်'
'သေချာပါတယ်ဟယ်၊ ခုဟာ ကိုယ်နဲ့ အယ်လင်တို့ မင်း ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး အငြင်းပွားနေကြတာပါဟဲ့၊ ဒီမယ် လင်တန်၊ မင်းဟာ ကိုယ်နဲ့ ခွဲခဲ့ရတဲ့ အလျင် ဆောင်းတွင်းတုန်းကထက် ပိုပြီး ကျန်းကျန်းမာမာ ဖြစ်လာရဲ့လား၊ ကဲ ပြောစမ်းပါဦး'
'အေး၊ အေး၊ ကိုယ်နေကောင်းပါတယ်' ဟု ပြောယင်း လင်တန်၏ မျက်လုံးအစုံမှ မျက်ရည်များ စီးကျလာပါလေတော့သည်။ သူ့စိတ်ထဲက သူ့ကို တယောက်ယောက်က ခေါ်နေသလို ထင်ပုံရပါသည်။ သူ ဟိုသည် လှည့်ကြည့်လိုက်ပါသည်။ ထိုစဉ်မှာပင် ကေသီသည် ထိုင်ရာမှ ထလိုက်ပြီး …
“ကဲ၊ ကိုယ်တို့ ပြန်တော့မယ်၊ ကနေ့ မင်းနဲ့တွေ့ရတာ ကိုယ် စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ကိုယ် ဒီအကြောင်းကို ဘယ်သူမှ ပြန်မပြောပါဘူး၊ အထူးသဖြင့် မစ္စတာ ဟိကလစ်ကို ကိုယ် မပြောပါဘူး၊ အဲဒါ ကိုယ် ဟိကလစ်ကို ကြောက်လို့တော့ မဟုတ်ဘူး”
“တိုးတိုးပြောပါကွယ်၊ ကိုယ့်အဖေ လာနေပြီ' လင်တန်သည် ထိတ်ထိတ်ပျာပျာ ပြောလျက် ကက်သရင်း၏ လက်ကို ဖက်တွယ်ထားပြန်ပါလေသည်။
သို့သော် ကက်သရင်းသည် လင်တန့်စကားကို ကြားလိုက်ရသဖြင့် သူ၏ မြင်းကလေး မင်နီကို လေချွန် အချက်ပေး ခေါ်လိုက်ပါ၏။ မင်နီကလည်း သူ့သခင်မ၏ အမိန့်ကို ခွေးကလေး တကောင်ပမာ နာခံ၍ ကက်သရင်းအပါးသို့ ရောက်လာပါသည်။ ကက်သရင်းသည် မြင်းပေါ်သို့ ခုန်တက်ယင်း...
“နောက်ကြာသပတေးကျ ကိုယ်လာခဲ့မယ်၊ အခုတော့ ကိုယ် သွားမယ်၊ ကဲ၊ အယ်လင်ရေ မြန်မြန်လုပ်' ဟု ဆိုကာ ကျွန်မတို့လည်း ဟိကလစ် ရောက်မလာခင် ထိုနေရာမှ ထွက်လာခဲ့ကြပါလေတော့သည်။
တလမ်းလုံးပင် ကက်သရင်းသည် လင်တန်နှင့် ပတ်သက်၍ စိတ်ရှုပ်လာပုံ ရှပါသည်။ လင်တန်ကို သနားပုံလည်း ရသည်။ လင်တန်အတွက် စိတ်မကောင်းပုံလည်း ရပါသည်။ လင်တန့် ကျန်းမာရေးအခြေအနေနှင့် စိတ်သဘောထားကြောင့်လည်း ကက်သရင်းသည် စိတ်မသက်မသာ ဖြစ်နေပုံ ရလေသည်။ ကျွန်မကား မည်သည့် ထင်မြင်ချက်မျှ မပေးတော့ပါ။ နောက်တကြိမ် တွေ့ရမှသာ လင်တန့် အခြေအနေကို ပိုမို လေ့လာနိုင်ပြီး ဆုံးဖြတ်ချက် ပေးနိုင်မည်ဟု သဘောထားလိုက်ပါ၏။ အိမ်သို့ ရောက်သောအခါ သခင် အက်ဂါက အကျိုးအကြောင်း မေးပါ၏။ ကေသီကလည်း လင်တန် မှာလိုက်သော ကျေးဇူးတင်စကားကိုသာ အဓိကထား ပြောပြီး ကျန် အစိတ်အပိုင်းကိုကား အတန်အသင့်သာ ပြောပါသည်။ ကျွန်မမှာလည်း မည်သည့် အကြောင်းကို ပြောသင့်သည်၊ မည်သည့် အကြောင်းကို ဖုံးကွယ်ထားသင့်သည် မသိနိုင်သေးသဖြင့် ကျွန်မတို့နှင့်လင်တန် တွေ့သည့်အကြောင်း အနည်းအကျဉ်းသာ ပြောပြလိုက်ပါလေသည်။
အခန်း [ ၂၇ ]
ကုန်ဆုံးသွားသော ခုနစ်ရက်အတွင်းမှာပင် အက်ဂါလင်တန်၏ ကျန်းမာရေး အခြေအနေသည် သိသိသာသာပင် ယိုယွင်းလာပါလေ၏။ ကက်သရင်းသည် သူ့အဖေ၏ အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ပူပန်လာလေပြီ။ ထို့ကြောင့် ကြာသပတေးနေ့ ရောက်လာသော်လည်း သူသည် လင်တန်နှင့် သွားရောက် တွေ့ဆုံရေးကို စကား မစပါလေ။ ကျွန်မက သတိပေးရပါလေသည်။ ခမျာမှာ သူ့အဖေထံ ခွင့်တောင်းဖို့ ဝန်လေး နေရှာပါသေးသည်။ သူ့အဖေကို အမြဲမပြတ် စောင့်ကြည့်ယင်း မျက်နှာ၌ ဝမ်းနည်းရိပ် သမ်းနေတတ်ပါသည်။ ကျွန်မက သူ့အဖေထံတွင် အပြင်သွားရန် ခွင့်တောင်းပါဟု ပြောယူရပါသည်။ သူ့ အဖေကလည်း သူ့သမီး အာရုံပြောင်းသွားစေချင်ပုံ ရပါသည်။ သူ မရှိတော့သည့်တိုင်အောင် သူ့သမီးမှာ တွယ်တာစရာ ရှိစေချင်ပုံလည်း ပါသည်။
ထို့ပြင် လင်တန်ကလေးထံမှ စာများအရ အက်ဂါလင်တန်သည် တူကလေးကို သူနှင့်ထပ်တူ သူ့သမီးဖို့ တွယ်တာစရာ ဖြစ်နိုင်သည်ဟု ယုံကြည်ထားပုံ ရပါသည်။ လင်တန်ကလေးကလည်း သူဦးကြီးထံ ရေးသော စာများတွင် သူ့ဘက်က ချွတ်ယွင်းချက်များကို အရိပ်အရောင်မျှ မတွေ့ရလေအောင် ရေးလေ့ရှိပါ၏။ ထိုကြောင့်လည်း သူ့သမီးအား သူ့တူကလေးနှင့် တွေ့ရေးကို ခွင့်ပေးလိုက်ခြင်းလည်း ဖြစ်နိုင်ပါသည်။
သို့သော် ကျွန်မတို့သည် ညနေပိုင်းအထိ အချိန် ဆိုင်းနေလိုက်ကြပါသည်။ ဩဂုတ်လ၏ ညနေစောင်းသည် လင်းလက်နေပါ၏။ တောင်ကုန်းများပေါ်မှ ဖြတ်လာသော လေညင်းသည် အရာရာကို ရှင်သန် နိုးကြားစေသည့်အသွင်ကို ဆောင်နေပါလေသည်။ မြေအပြင်ရှုခင်းတွင် နေရောင်နှင့် အရိပ်တို့သည် ဖြတ်ကနဲ ဖြတ်ကနဲ ပြောင်းလဲနေပါသည်။ ကက်သရင်း မျက်နှာပြင်သည် မြေပြင်ရှုခင်းနှင့် တူလှစွာ၏။ သို့သော် အရိပ်သည် ကြာမြင့်စွာ ထိုးကျနေတတ်ပြီး နေရောင်ကား ပြိုးပြက်ရုံမျှသာ ထင်လာတတ်ပေသည်။ ကက်သရင်းသည် လင်တန်အား ကတိပေးခဲ့မိသည့်အတွက် မှားလေခြင်းဟု အထင်ရောက်နေပုံ ရပါသည်။
လင်တန်သည် ယခင်နေရာမှာပင် စောင့်နေမည်ကို ကျွန်မတို့ သိပါသည်။ ထိုနေရာသို့ ရောက်လျင် ကက်သရင်းသည် မြင်းပေါ်မှ ဆင်းပြီး သူ ခဏလေးသာ လင်တန်နှင့် တွေ့မည်ဖြစ်၍ ကျွန်မအား မြင်းပေါ်မှသာ စောင့်နေရန် ပြောပါသည်။ ကျွန်မ သဘောမတူပါ။ ကျွန်မ ကက်သရင်းကို မျက်စိအောက်မှ တမိနစ်မျှပင် အပျောက်ခံ၍ မဖြစ်ပါ။ ထို့ကြောင့် ကျွန်မလည်း မြင်းပေါ်မှဆင်းပြီး လင်တန်ရှိရာ မြေကွက်လပ်သို့ ကက်သရင်းနှင့် အတူ ဆင်ခြေလျှော အတိုင်း တက်လိုက်ခဲ့ပါသည်။ လင်တန်သည် ကျွန်မတို့ကို မြင်သည်နှင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားပါသည်။ သို့သော် သူ လှုပ်လှုပ်ရှားရှား ဖြစ်သွားပုံမှာ ပျော်ရွှင်သည့် အသွင်လည်း မပေါ်။ ကျေနပ်သည့်အသွင်လည်း မပေါ်ပဲ ချောက်ချားနေပုံ ရပါသည်။
'နောက်ကျလိုက်ထာ၊ မင်းအဖေ အတော်ကြီး နေဆိုးရှာနေတယ် မဟုတ်လား၊ ကိုယ်က မင်းလာလိမ့်မယ်တောင် မထင်ဘူး ́ စကားကို မနည်းကြီးအားယူ ပြောနေရရှာပါသည်။
“မင်း ဘာဖြစ်လို့ ပွင့်ပွင့် လင်းလင်း မပြောရတာလဲ လင်တန်"
ကက်သရင်းသည် နှုတ်ဆက်စကားပင် ဆိုမနေတော့ပဲ ဟောဟော ဒိုင်းဒိုင်း အော်ပြောလိုက်ပါသည်။
“မင်း ကိုယ်နဲ့ မတွေ့ချင်ဘူးလို့ ဘာကြောင့် တခါတည်း ပြောမချလိုက်ရတာလဲ၊ တကယ်တော့ ဘာအကြောင်းမှမရှိပဲ နှစ်ယောက်စလုံး စိတ်ညစ်ရအောင် မင်း နောက်တကြိမ် ထပ်ချိန်းတာ အံ့ဩစရာတော့ အကောင်းသား"
လင်တန်သည် ကတုန်ကယင် ဖြစ်နေပါသည်။ ကက်သရင်းကို စိုက်ကြည့်နေသော်လည်း သူ မျက်နှာထားမှာ အသနားခံနေပုံလည်း ရသည်။ ရှက်နေပုံလည်း ရပါသည်။ သို့သော် ကက်သရင်းသည် လင်တန့် အမူအရာကို ဂရုထားပုံ မပေါ်ပါ။
“ဟုတ်တယ်၊ ကိုယ့်အဖေ အတော်ပဲ နေမကောင်း ဖြစ်နေတယ်။ ဒါနဲ့တောင် မင်း ကိုယ့်ကို ဘာလို့ ချိန်းရတာလဲ၊ တကယ်ဆို မင်း ဒါကို သိထားယင် ကိုယ့်ကို မလာခဲ့ဖို့ ပြောပါလား၊ ကိုယ်ကတော့ ကတိပေးထားမိလို့ လာရတာ၊ ကိုယ်တို့ဟာ ကလေးစိတ်နဲ့ ဆော့ကစားနေဖို့ မဟုတ်ဘူး၊ မင်းကို ဖျော်ဖြေတဲ့အနေနဲ့ မင်းဘေးမှာ လာပြီးလဲ ကပြ မနေနိုင်ဘူး"
“ကိုယ့်ကို ဖျော်ဖြေဖို့၊ ဟုတ်လား၊ မဟုတ်တာကွယ်၊ မင်း ကိုယ့်ကို စိတ်မဆိုးပါနဲ့၊ မင်း ကိုယ့်ကို လှောင်ချင် လှောင်ပါ။ သရော်ချင် သရော်ပါ၊ တကယ်တော့ ကိုယ်ဟာ ဘာမှ အသုံးမကျတဲ့ အကောင်၊ သူရဲဘောကြောင်တဲ့ အကောင်ပါ၊ ကိုယ့်လိုအကောင်မျိုးကို မင်း ဒေါသ မဖြစ်သင့်ပါဘူး၊ မင်း ကိုယ့်အဖေကို မုန်းချင်မုန်းပါ၊ ကိုယ့်ကိုတော့ အပြစ်မယူပါနဲ့”
ကက်သရင်းသည် ဒေါပူနေပါလေပြီ။
“အိုး....အဓိပ္ပာယ် မရှိတာပဲ၊ တကယ် ကလေးကလေး ကျနေတာပဲ၊ ကြည့်စမ်းပါဦး၊ ငါက ဘာမှ မလုပ်ရသေးဘူး၊ သူကပဲ တုန်နေရတယ် ရှိသေးတယ်၊ တော်စမ်းပါ လင်တန်ရယ်၊ မင်းမှာ အပြစ်မရှိဘူးဆိုတာလဲ ပြောမနေပါနဲ့၊ ဖယ်ပါ၊ ကိုယ်အိမ်ပြန်မယ်၊ ကိုယ့်အင်္ကျီကို ဆွဲမထားပါနဲ့၊ မင်း ဒီလို ငိုလား ယိုလား၊ ကြောက်သလို လုပ်လား လုပ်နေလို့ ကိုယ် သနားမယ် ဆိုဦးတော့ မင်း အဲဒီလို သနားတာမျိုးကို မခံယူသင့်ဘူး၊ အယ်လင်ရယ်၊ ကြည့်စမ်းပါဦး၊ ယောက်ျားကလေးတဲ့၊ အရှက်မရှိ လုပ်နေလိုက်တာ၊ ငိုနေသတဲ့၊ ကဲ....ထစမ်းပါ၊ မြေကြီးပေါ် လှဲပြီး ကိုယ့်အင်္ကျီ ဆွဲထားတာ မင်း မရှက်ဘူးလား”
လင်တန်ကလေး မျက်နှာမှာ ထိတ်လန့် ချောက်ချားခြင်း၊ စိတ်ညစ်ညူးခြင်းအသွင်များ လွှမ်းမိုးနေပါသည်။ မြေကြီးပေါ် လှဲချလိုက်သော သူ့ခန္ဓာကိုယ်မှာလည်း အကြောဆွဲသလို တဆန့်ဆန့် တငင်ငင် ဖြစ်နေပါသည်။ သူသည် တစုံတရာကို အကြောက်ကြီး ကြောက်နေရဟန်လည်း ရှိပါ၏။
“အို.... ကက်သရင်းရယ်၊ ကိုယ် ပြောချင်တယ်။ ဒါပေမယ့် ကိုယ် မပြောရဲဘူး၊ ဒီတော့ မင်းကိုယ့်ကို စွန့်သွားချင်သွားပါ၊ ကိုယ် အသတ်ခံရမှာပဲ၊ ခုအချိန်မှာ ကိုယ့်အသက်ဟာ မင်းလက်ထဲမှာပါ ကက်သရင်း ရယ်၊ မင်း ကိုယ့်ကို ချစ်တယ်လို့ ပြောစမ်းပါ၊ မင်းကိုယ့်ကို ချစ်လိုက်လို့ ဘာအန္တရာယ်မှ မဖြစ်နိုင်ပါဘူး၊ မင်းဟာ အကြင်နာတရားလဲရှိပါတယ်၊ သဘောလဲ ကောင်းပါတယ် ကက်သရင်းရယ်၊ မင်း မသွားပါဦးလား ကွယ်၊ မင်း သဘောတူယင် ကိုယ့်ကိုလေ မင်းလက်ထဲမှာ အသေခိုင်းပါကွယ်"
လင်တန်ကလေးမှာ စိတ် ကယောက်ကယက် ဖြစ်ပြီး လူပုံမှာလည်း အတော်ချောက်ချား နေပါ၏။ ကက်သရင်းသည် လင်တန်ကို ဆွဲယူရန် ခါးကုန်းလိုက်ပြီးမှ လင်တန်၏ စကားကြောင့် စိတ်ရှုပ်သွားပြန်ကာ …
“နေပါဦး၊ နေပါဦး၊ ကိုယ်က ဘာလို့ သဘောတူရမှာလဲ၊ ဘာလဲ၊ မင်းနဲ့ဆက်နေဖို့ သဘောတူရမှာလား၊ ပြောစမ်းပါဦး၊ မင်း ပြောလိုက်တဲ့ စကားကလဲ ထူးဆန်းနေပါကလား၊ မင်းစကားတွေကိုက ရှေ့နောက်လဲ မညီဘူး။ ဒီတော့ မင်း စိတ်အေးအေး ထားပြီး မင်း ရင်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောစမ်း လင်တန်၊ မင်း ကိုယ့်ကို စိတ်ရှုပ်အောင် မလုပ်စမ်းနဲ့၊ မင်းသာ တတ်နိုင်ယင် ကိုယ့်ကို အန္တရာယ်ပြုမယ့် အရာဟူသမျှကို မင်း ထားနိုင်ပါတယ်၊ ဒါပေမယ် မင်းဟာ သူရဲဘောနည်းတယ်လို့ ကိုယ် ထင်တယ်၊ ဒါပေမယ့် မင်း သူငယ်ချင်းတယောက် အပေါ် သစ္စာဖောက်လောက်အောင်တော့ သူရဲဘော မနည်းသင့်ဘူး” ဟု ပြောလိုက်ပါလေသည်။
"ဒါပေမယ့် အဖေက ကိုယ့်ကို မပြောရဘူးတဲ့၊ အဖေ့ကို ကိုယ် ကြောက်တယ်၊ ကိုယ် မပြောရဲဘူး"
“ကောင်းပြီ၊ ဒါဖြင့် မပြောနဲ့၊ မင်း လျှို့ဝှက်ချက်ကို မင်း ဆက်ပြီး လျှို့ဝှက်ထား၊ ကိုယ်ကတော့ ရှင်းရှင်းပဲ၊ ဘာကိုမှ မကြောက်ဘူး၊ မင်းသာ သူရဲဘောကြောင်တာ၊ ကိုယ် သူရဲဘော မကြောင်ဘူး”
ကက်သရင်း၏ စကားက လင်တန့် မျက်ရည်စကို ချူပေးလိုက်သလို ဖြစ်သွားပါလေ၏။ လင်တန်ကလေးသည် ထောက်ထားသော ကက်သရင်း လက်ကို နမ်းရှုပ်လျက် မထိန်းနိုင် မသိမ်းနိုင် ငိုချလိုက်ပြန်ပါသည်။ စကားကိုပင် မပြောနိုင်ရှာတော့ပါ။ လင်တန် မပြောရဲသော စကား၏ လျှို့ဝှက်ချက်ကို ကျွန်မသည် အလေးအနက် ဆင်ခြင်သုံးသပ်ပြီး ကက်သရင်းသည် လင်တန့်အတွက် ဖြစ်စေ၊ အခြားသူ တဦးအတွက် ဖြစ်စေ လိုက်လျော မနေသင့်တော့ဟု ဆုံးဖြတ်လိုက်ပါသည်။ ထိုစဉ်မှာပင် လှုပ်လှုပ်ရှားရှား အသံတသံ ကြားရသဖြင့် စောင့်ကြည့်လိုက်ရာ တောင်ကုန်းပေါ်မှ ဆင်းလာပြီး ကျွန်မတို့အနားသို့ ရောက်လာသော မစ္စတာ ဟိကလစ်ကို တွေ့လိုက်ရပါလေသည်။
လင်တန်ကလေး၏ ရှိုက်သံကို ကြားနိုင်သော နေရာသို့ ရောက်လာသည့်တိုင်အောင် ကက်သရင်းကို မကြည့်ပဲ ကျွန်မအားသာ စိတ်လိုလက်ရ နှုတ်ဆက်ပြီး......
“နယ်လီတို့ပါကလား၊ ခင်ဗျားတို့အိမ်က အခြေအနေ ပြောစမ်းပါဦး၊ အပြင်မှာတော့ အက်ဂါလင်တန် တယောက် သေကောင်ပေါင်းလဲ ဖြစ်နေတယ်လို့ ပြောကြတယ်၊ လူတွေကလဲ ချဲ့ကား ပြောကြတယ် ထင်ပါရဲ့ဗျာ"
“ဟုတ်ဘူးရှင့်၊ ကျွန်မတို့သခင် သေလုမျောပါး ဖြစ်နေတာတော့ အမှန်ပဲရှင့်၊ ကျွန်မတို့ စိတ်မကောင်းပါဘူးရှင်၊ သူ့အဖို့ ဆုတောင်းပေးရုံပဲ ရှိတော့တာပေါ့"
“ဘယ်လောက်ကြာ ခံဦးမယ်လို့ ခင်ဗျား ထင်သလဲ”
“အဲဒါတော့ မပြောတတ်ဘူးရှင့်”
သူသည် သူ့မျက်စိအောက်တွင် ရှိနေသော လူငယ်နှစ်ယောက်ကို စိုက်ကြည့်နေပါ၏။ လင်တန်သည် ခေါင်းမဖော်ရဲပဲ ဖြစ်နေပါသည်။ သူ့အနားသို့ ရောက်လာမှန်း သတိပြုမိသော ကက်သရင်းလည်း ငြိမ်နေပါလေသည်။ သူသည် သူတို့နှစ်ယောက်ကို စိုက်ကြည့်ယင်း စကားဆက်ပြန်ပါလေ၏။
“ဟိုကောင့် ကျန်းမာရေး အခြေအနေကြောင့် ကျုပ်တော့ ကျုပ် ရည်ရွယ်ချက်တွေ ပျက်တော့မှာပဲ ထင်နေတာ၊ ခုအတိုင်းဆိုတော့ ဟိုကောင် မသေခင် သူဦးကြီးက အလျင်သေတော့မှာဆိုတော့ သူဦးကြီးကိုတောင် ကျုပ် ကျေးဇူးတင်ရဦးမယ်၊ ကြည့်စမ်းပါဦးဗျာ၊ ဒီကောင်နာ ကလေးကလဲ ဒီလိုပဲ တငိုငို တယိုယိုနဲ့ပဲလားဗျ၊ မင်း ဒီလို လုပ်လွန်းလို့ ကျုပ် ဆော်ရနှက်ရပေါင်းလဲ များပြီ၊ မစ္စလင်တန်နဲ့တော့ ပျော်ပျော်ရွှင်ရွှင် နေရဲ့လားဗျ"
'ပျော်ပျော်ရွှင်ရွှင် ဟုတ်လား၊ မနေပါဘူးတော်၊ သူ့ကြည့်လိုက်ယင် မြဲတမ်း စိတ်ညစ်နေတာပဲ၊ သူ့လို လူမျိုးဟာ တောင်ကုန်းတွေပေါ်မှာ အတွဲနဲ့ ပျော်နေရမယ့်အစား အိပ်ရာထဲမှာ ဆရာဝန် အပြုအစုနဲ့ နေသင့်တာပါရှင်”
“အင်း တရက် နှစ်ရက်အတွင်းတော့ ဆရာဝန် ခေါ်ရမှာပဲ၊ ဟေ့ လင်တန် ထကွာ၊ ထစမ်း၊ မြေကြီးပေါ် လူးမနေစမ်းနဲ့ကွာ"
ကျွန်မ စကားကို ခပ်ညည်းညည်း တုံ့ပြန်လိုက်ပြီး သူ့သားကို အော်ပြောလိုက်ပါလေ၏။
လင်တန်ကလေးမှာ သူ့အဖေက စိုက်ကြည့်ပြီး ပြောလာသဖြင့် ပိုပြီး ကြောက်လာဟန် တူပါသည်။ မြေကြီးမှာ ဝပ်နေပြန်ပါလေ၏။ သည်လောက် အထိတ်ထိတ် အလန့်လန့် ဖြစ်နေပုံမျိုးကို ကျွန်မ မတွေ့ဖူးပါ။ သူသည် သူ့အဖေ အမိန့်ကို နာခံဖို့ ကြိုးစားပါသေး၏။ သို့သော် သူ့မှာ လဲနေရာမှ ထနိုင်လောက်အောင်ပင် အင်အားရှိပုံ မပေါ်ပါ။ သူ ပက်လက်လှန်ပြီး ထဖို့ ကြိုးစားယင်း တညည်းညည်း တညူညူဖြင့် ပက်လက်လန် ကျသွားပြန်ပါ၏။ မစ္စတာ ဟီကလစ်သည် ရှေ့သို့ တိုးလာပြီး သူ့သားကို ဆွဲထူ၍ မြက်ခင်း ကမ်းပါးကလေးမှာ မှီထားပေးလိုက်ပါသည်။ မစ္စတာဟိကလစ်သည် ဒေါသကို ထိန်းထားရပုံ ရပါသည်။
“ကဲ၊ ငါ စိတ်ဆိုးလာပြီနော်၊ ဟေ့ကောင် ကောင်စုတ်၊ ငါ ချလိုက်မိလိမ့်မယ်နော်၊ ကဲ ထစမ်းကွာ"
“ထပါ့မယ် ဖေဖေရယ်၊ ထပါ့မယ်၊ ကျွန်တော့် နားကို အဖေ မလာပါနဲ့၊ ကျွန်တော် ကြောက်ပါတယ်၊ ကျွန်တော် အဖေပြောတဲ့အတိုင်း လုပ်ပြီးပါပြီ အဖေရယ်၊ ကက်သရင်းကို မေးကြည့်ပါဗျာ၊ ကျွန်တော် နေကောင်းနေပြီလို့ သူ ပြောပါလိမ့်မယ်၊ ကက်သရင်းရယ် ကိုယ့်နားမှာ နေပါကွယ်၊ ကိုယ့်ကို ထူစမ်းပါ'
“ငါ့လက်ကို ကိုင်ပြီး မတ်မတ် ရပ်စမ်း၊ နေဦး၊ မင်းအစ်မက မင်းကို လက်ကမ်းပေးလိမ့်မယ်၊ ဟုတ်ပြီ၊ မင်း သူ့ကို သေသေချာချာကြည့်စမ်း မစ္စလင်တန်ရဲ့၊ မင်းကတော့ မင့်မောင်ကလေးကို ခြိမ်းလားခြောက်လား လုပ်နေတော့ ကျုပ်ကို လူဆိုးကြီးတယောက်လို့ ထင်မှာပဲ၊ ထားပါတော့လေ၊ မင့်မောင်ကလေးကို အိမ်ရောက်အောင် လိုက်ပိုလိုက်စမ်းပါဦးကွယ်၊ ဒီကောင်က ကျုပ် အကိုင်တောင် မခံရဲတာ ကြည့်ပါလား”
လင်တန်ရယ်၊ ကိုယ် မင်းတို့အိမ်ကို လိုက်လို့ မဖြစ်ဘူးကွဲ ၊ ဖေဖေက ကိုယ့်ကို မင်းတို့အိမ် မသွားရဘူးတဲ့၊ ကဲပါကွယ် မင့်အဖေကလဲ မင်းကို ဘာမှ မလုပ်ပါဘူး။ ဘာဖြစ်လို့ မင်း မင့်အဖေကို ကြောက်နေရတာလဲ၊ မင့်အဖေနဲ့ လိုက်သွားပါကွယ်”
ကက်သရင်းသည် လင်တန်နား ကပ်ပြီး တိုးတိုးကလေး ပြောလိုက်ပါလေသည်။
“ကိုယ်တယောက်တည်းတော့ လိုက်မသွားရဲဘူး။ မင်းမပါပဲ ကိုယ် အိမ်မပြန်ရဲဘူး”
"ဟေ့ကောင်၊ တော်စမ်းကွာ၊ ကက်သရင်းမှာလဲ သူ့အဖေစကား နားထောင်ရမှာပေါ့ကွာ၊ ကဲ နယ်လီရယ်၊ နယ်လီပဲ သူ့ကို အိမ်ထဲ လိုက်ပို့လိုက်ပါဗျာ၊ ကျုပ်လဲ နယ်လီ ပြောသလို ဒီကောင့်အတွက် ဆရာဝန် အမြန် ခေါ်မှပါ"
ထိုအခါ ကျွန်မကလည်း ဤသို့ ပြန်ပြောလိုက်ပါသည်။
“ဆရာဝန် ခေါ်တာတော့ ကောင်းပါတယ်၊ ဒါပေမယ့် ရှင့်သားကို လိုက်ပို့ဖို့ကတော့ ကျုပ်နဲ့ မဆိုင်ဘူးရှင့်၊ ကျုပ်မှာက ကျုပ်သခင့် သမီးကိုပဲ စောင့်ရှောက်ရမှာ"
"ဩ၊ ခင်ဗျားကလဲ တင်းလှချည်လား။ ဒီကောင့်ကို ကျုပ် နှိပ်စက်တာ ခင်ဗျားက မြင်ချင်တယ်ပေါ့လေ၊ ကဲ လူစွမ်းကောင်းကြီး၊ လာကွာ၊ မင်း ငါနဲ့အတူ အိမ်ပြန်ရမယ်ကွ”
မစ္စတာ ဟိကလစ်သည် သူ့သား လူမမာသည် ချူနာပါတေးကလေးကို ဇွတ်ပင် ဆွဲခေါ်တော့မည့်ဟန် ရှေ့သို့ တိုးလာပါ၏။ လင်တန်ကလေးသည် နောက်ဘက်သို့ တွန့်သွားပြီး သူ့အစ်မကို ကုပ်တွယ်ထားလိုက်ပါသည်။ ပါးစပ်မှလည်း သူ့ကို လိုက်ပို့ရန် တတွတ်တွတ် ပြောနေပါလေ၏။ ကက်သရင်းခမျာ ငြင်းရ ခက်နေပါလေသည်။ ကက်သရင်း လိုက်ပို့မည်ကို ကျွန်မ သဘောမတူသော်လည်း ကြားဝင် မကန့်ကွက်သာအောင် ဖြစ်နေပါသည်။ ထို့ကြောင့် ကက်သရင်းဘာသာ ငြင်းပယ်မည်ကိုသာ ကြည့်နေရပါသည်။ ကောင်ကလေးကလည်း အလွန်အမင်း ကြောက်လန့်သော အသွင်ကို ပြနေပါ၏။ ကျွန်မတို့မှာ သူ ဘာကြောင့် သည်မျှ ကြောက်ရွံ့နေရသည်ကိုပင် မသိနိုင်ပါ။ အဆုံး၌ ကက်သရင်းသည် သူ့မောင်ကလေးကို လိုက်ပို့ရပါလေတော့သည်။ ကျွန်မလည်း သူတို့နောက်က လိုက်ခဲ့ရပါသည်။ သို့ဖြင့် ကျွန်မတို့သည် အိမ်တံခါးရှေ့သို့ ရောက်လာကြပါ၏။ ကက်သရင်းက အိမ်ထဲ ဝင်လိုက်သွားသည်အထိ ကျွန်မမှာ အိမ်ထဲ မဝင်ဖြစ်သေးပဲ တုံ့ဆိုင်းနေသည်ကို ဟိကလစ်က ကျွန်မကို ရှေ့ဘက်သို့ တွန်းလိုက်ယင်း..
“ကျုပ်အိမ်ဟာ ပလိပ်ရောဂါ ဖြစ်နေတဲ့ အိမ် မဟုတ်ပါဘူး နယ်လီရဲ့။ ကျုပ် ခင်ဗျားတို့ကို ပြုစုပါရစေ၊ ထိုင်ပါဦးဗျ၊ ကျုပ် တံခါး ပိတ်လိုက်ဦးမယ်” ဆိုကာ အဝင်တံခါးကို ပိတ်ပြီး သော့ခတ်လိုက်ပါလေသည်။
ကျွန်မသည် ချောက်ချောက် ချားချား ဖြစ်သွားပါလေ၏။
“ခင်ဗျားတို့ အိမ်မပြန်ခင် လက်ဖက်ရည်ကလေးတော့ သောက်သွားကြဦးဗျာ၊ အိမ်မှာတော့ ကျုပ်တယောက်တည်းပဲ၊ ဟယ်ယာတန်ကလဲ နွားတွေ သွားကြည့်နေတယ်ဗျ၊ ဂျိုးဆက်နဲ့ ဇိလာတို့လဲ အပြင်သွားကြတယ်။ ကျုပ်အဖို့တော့ ဒီလို တယောက်တည်း နေနေရတာပဲ သဘောကျပါတယ်၊ ကဲ၊ ကက်သရင်း၊ မင်းက ဟိုအကောင်ဘေးမှာ ထိုင်ပါကွယ်၊ ငါကတော့ ငါ့မှာရှိတာ မင်းကို ပေးတာပဲ၊ ဒါပေမယ့် ဒီကောင်ဟာ မင်းအဖို့ သဘောကျစရာ ဖြစ်ချင်မှလဲ ဖြစ်ပေမပေါ့။ မတတ်နိုင်ဘူး၊ ငါ့မှာလဲ မင်းအတွက်ဆိုလို့ ဒီလောက်ပဲ ရှိတာကွ၊ ငါဘာ ပြောနေတယ် ဆိုတာ မင်း နားလည်ပါတယ်နော်၊ မင်းအတွက် ငါ လင်တန့်ကို ပေးနေတာပဲ၊ ဘာလဲကွ၊ မင်းက ငါ့ကို စိုက်ကြည့်နေလိုက်တာ၊ ဘာလဲ၊ မင်းက ငါ့ကို ကြောက်နေပြီလား၊ အေး၊ ငါကတော့ လုပ်စရာရှိယင် စည်းကမ်း နည်းလမ်းတွေ၊ ယဉ်ကျေး သိမ်မွေ့တာတွေ သိပ်မကြည့်တတ်ဘူး”
ဟိကလစ်သည် ပြောယင်း သက်ပြင်းချလိုက်ပြီး စားပွဲကို ထုရိုက်လိုက်ပြန်ပါသည်။ ကက်သရင်းသည် ဟိကလစ်ပြောနေသော နောက်ပိုင်းစကားများကို အရေးမထားပဲ…
“ကျွန်မ ရှင့်ကို မကြောက်ဘူး” ဟု ပြောလျက် စားပွဲရှိရာ ရှေ့ဘက်သို့ တိုးလာပါသည်။ သူ့မျက်လုံးတွေမှာ တစုံတခုကို အခိုင်အမာ ဆုံးဖြတ်ထားဟန်ဖြင့် အရောင်တဖိတ်ဖိတ် တောက်နေပါလေ၏။
'ကဲ၊ အဲဒီသော့ကို ပေးပါ၊ ကျွန်မတို့ ပြန်မယ်၊ ကျွန်မ ရှင့်အိမ်မှာ စားလဲ မစားဘူး၊ သောက်လဲ မသောက်ဘူး၊ ငတ်ချင်ငတ်ပစေ'
ထိုအချိန်၌ သော့သည် ဟိကလစ်လက်ထဲတွင် ရှိနေပါသည်။ ဟိကလစ်သည် လက်ကို စားပွဲပေါ်တင်ထားဆဲ ဖြစ်သည်။ သော့ကိုင်ထားသော လက်နားသို့ တိုးလာသော ကက်သရင်း၏ ရဲတင်းမှုကို တွေ့လိုက်ရသဖြင့် ဟိကလစ်သည် အံ့အားသင့်သွားပုံ ရပါသည်။ ကက်သရင်းက ဟိကလစ်လက်ထဲမှ သော့ကို ဆွဲယူလိုက်ပါသည်။ ဟိကလစ်သည် သော့ကို တင်းတင်း ပြန်ဆုပ်ပြီး လက်ကို ရုပ်လိုက်ပါ၏။
“ဟဲ့ ကောင်မလေး၊ နောက်ဆုတ်စမ်း၊ ငါလုပ်မိလိမ့်မယ်နော်'
ကက်သရင်းသည် ဟိကလစ်၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်ပဲ ဟိကလစ် လက်ထဲမှ သော့ကို လုယင်း “ကျွန်မတို့ ပြန်မယ်’ ဟုပြောလျက် သော့ကို ဆုပ်ထားသော ဟိကလပ်၏ လက်သီးဆုပ်ကို ငတ်ပြေပြီး သော့ကို ရနိုင်ရန် ကြိုးစားပါလေ၏။ သို့သော် ဟိကလစ်၏ လက်သီးဆုပ်ကို သူ့လက်ချောင်းများက မဖြေနိုင်ပါ။ ထိုအခါ ကက်သရင်း ဟိကလစ်၏ လက်ကို ကုန်းကိုက် ပါလေတော့သည်။ ဟိကလစ်သည် ကျွန်မကို ဝင်မရှုပ်ရန်ဟူသော သဘောဖြင့် တချက်လှမ်းကြည့်လိုက်ပြီး သော့ကို လွတ်ချကာ ကျန်လက်တဘက်ဖြင့် ကက်သရင်း၏ ကိုယ်ကို ဆွဲယူ၍ သူ့ဒူးခေါင်းပေါ်တင်ပြီး ကက်သရင်းကလေး၏ ခေါင်းကို ဘယ်ပြန်ညာပြန် အားရပါးရ ရိုက်ပါလေတော့သည်။
ကျွန်မကလည်း ဟိကလပ်၏ ရက်စက်ရမ်းကားမှုကို မြင်လိုက်ရသဖြင့် ဒေါသဟုန်းဟုန်း တောက်ကာ....
“ရှင် လူယုတ်မာပဲ၊ ရက်စက်လှချည်လား” ဟု အော်ဟစ်ပြောဆိုလျက် သူတို့နားသို့ တိုးသွားရာ ဟိကလစ်က ကျွန်မရင်ဘတ်ကို ဆီး၍ ထိုးလိုက်သဖြင့် ကျွန်မလည်း ဘာမျှ မပြောနိုင်ပဲ ဖြစ်သွားရပါ၏။ “ကျွန်မမှာ အသက်မျှပင် မရှူနိုင်ပဲ နောက်ဘက်သို့ ယိုင်သွားပါလေ၏။ သွေးကြောတွေ ပေါက်ကွဲသွားသလို ခံစားလိုက်ရပါသည်။ အဖြစ်အပျက်ကား နှစ်မိနစ်မျှသာ ကြာလိုက်ပါ၏။ ကက်သရင်းသည် ဟိကလစ်လက်မှ လွတ်သည်နှင့် သူ့နားရွက်တွေ စုတ်ပြတ်ကုန်လေပြီလား အထင်ဖြင့် နားသယ်စပ်ကို လက်နှစ်ဘက်ဖြင့် အုပ်ထားလိုက်ပါသည်။ ကက်သရင်းသည် စားပွဲတွင် မှီလျက် တဆတ်ဆတ် တုန်ယင်နေပါလေ၏။ လူရမ်းကားကြီး ဟိကလစ်သည် သူလွှတ်ချသော သော့ကို ကောက်ယူလိုက်ပြီး...
‘ငါ ကလေးတွေကို ဘယ်လို ဆုံးမတတ်တယ်ဆိုတာ တွေ့ပြီ မဟုတ်လား၊ ကဲ၊ ဟဲ့ကောင်မလေး၊ နင် ငါပြောသလို ဟိုအကောင်နား သွားလိုက်၊ ပြီးတော့ နင်ကြိုက်သလို ငို၊ ငါဟာ နင့်အဖေ ဖြစ်ပြီး မနက်ဖြန်ကစပြီး နင် ငါ့ကို ကလန်ကဆန်လုပ်ယင် ခုလိုပဲ အရိုက်ခံရမယ်မှတ်၊ နင် ခံနိုင်မှာပါ၊ နင်က ပိန်ချည့်ကလေးမှ မဟုတ်ပဲ၊ အေး၊ နင် ငါ့ကို အာခံတဲ့ အကြည့်မျိုးနဲ့ ကြည့်ယင်တော့လား နင် နေ့တိုင်း အရိုက်ခံရမှာပဲ” ဟု ဒေါနှင့်မောနှင့် ပြောလိုက်ပါသည်။
ကက်သရင်းသည် သူပြောသလို လင်တန်ကလေး ဘေးသို့ မသွားပဲ မှီလျက် အားရပါးရ ငိုချလိုက်ပါလေတော့သည်။ လင်တန်သည် ကျန်မအနားသို့ ပြေးလာပြီး ဒူးထောက်ထိုင်ချကာ ကျွန်မပေါင်ကို မှီလျက် အားရပါးရ ငိုချလိုက်ပါလေတော့သည်။ လင်တန်သည် ကုလားထိုင်ကြီးပေါ်တွင် ကြွက်ကလေးတကောင်လို ငြိမ်သက်နေပါ၏။ မစ္စတာဟိကလစ်သည် ကျွန်မတို့ အားလုံးကို မျက်စိတချက် စွေကြည့်ပြီး လက်ဖက်ရည် ခပ်မြန်မြန်ဖျော်၍ လက်ဖက်ရည် ပန်းကန်များကို ခင်းလိုက်ပါသည်။ ထို့နောက် လက်ဖက်ရည်များ ထည့်၍ လက်ဖက်ရည် တပန်းကန်ကို ကျွန်မအား လှမ်းပေးယင်း …
"ဘာမှ သုန်မှုန်မနေနဲ့၊ နင့်အဆိုးမကလေးရော ငါ့အကောင်ကိုရော လက်ဖက်ရည် တိုက်လိုက်၊ နင်လဲ သောက်၊ ငါ ဖျော်တာပေမယ့် အဆိပ်မပါပါဘူးဟဲ့၊ ငါ နင်တို့ မြင်းတွေ သွားကြည့်လိုက်ဦးမယ်" ဟု ဆိုကာ ထွက်သွား ပါလေတော့သည်။
သူထွက်သွားလျှင်ပင် ကျွန်မတို့လည်း အပြင်ထွက်နိုင်မည့် တံခါးပေါက်ကို အပူတပြင်း ရှာဖွေပါလေတော့၏။ မီးဖိုတံခါးဘက်ကို သွားကြည့်ပါသေး၏။ မီးဖိုတံခါးမှာလည်း အပြင်ဘက်မှ အခိုင်အမာ ပိတ်ထားပြီး ဖြစ်ပါသည်။ ပြတင်းပေါက်များကို ကြည့်ပါသေး၏။ ပြတင်းပေါက်များမှာ ကေသီ တကိုယ်စာပင် မဝင်ဆံ့ပါပေ။
ကျွန်မတို့မှာ အိမ်ထဲတွင် အပိတ်အလှောင်ခံရပြီကို သတိပြုမိသဖြင့် ကျွန်မက လင်တန်အား....
“ကဲ သခင်ကလေး လင်တန်ရှင့်၊ ရှင့် အဖေ လူရမ်းကားကြီးရဲ့ အကြံအစည်ကို ပြောစမ်းပါဦး၊ ဒါကို ရှင်သိပါတယ်၊ အေး၊ မပြောယင်တော့လား မင်းညီမကို မင်းအဖေဆောင့်သလို ငါကလဲ မင်းနားရွက်တွေ ကွဲသွားအောင် အဆော်ပဲ’ ဟု ပြောချလိုက်ပါသည်။
“ဟုတ်တယ် လင်တန်၊ မင်း သိတယ်၊ မင်း ပြောရမယ်၊ ကိုယ်ဟာ မင်းအတွက် မင်းဆီကို လာခဲ့တာပါ၊ ဒါနဲ့တောင် မင်းအဖေအကြံကို မင်း မပြောယင် မင်းလောက် ကျေးဇူးကန်းတဲ့လူ ရှိဦးမလား' ကက်သရင်းကပါ ဝင်ပြောပါလေ၏။
'ကျွန်တော် ဆာတယ်ဗျာ၊ ကျွန်တော့်ကို လက်ဖက်ရည် တခွက်ပေးပါ။ ပြီးယင် ပြောပြမယ်၊ ဒီမယ် မစ္စက်ဒင်းရဲ့၊ ခင်ဗျားကြီး ကျွန့်တော့်နား လာရပ်မနေနဲ့ဗျာ၊ ဟော၊ ကြည့်စမ်း၊ ကက်သရင်း မျက်ရည်တွေ ကိုယ့်ပန်းကန်ထဲ ကျသွားပြီ၊ ဒီပန်းကန် ကိုယ် မသောက်ချင်ဘူး၊ နောက်ထပ် တပန်းကန်ပေး"
ကက်သရင်းသည် နောက်ထပ် လက်ဖက်ရည် တပန်းကန်ယူပြီး သူ့ဆီသို့ တွန်းပေးလိုက်ပါသည်။ ထို့နောက် မျက်ရည်ကိုလည်း သုတ်လိုက်ပါ၏။
ကျွန်မသည် ကောင်စုတ်ကလေးကို ကြည့်ယင်း အမြင်ကတ်လာပါသည်။ ကောင်စုတ်ကလေးမှာ ယခုတော့လည်း ဘာမှ ကြောက်လန့် စိုးရိမ်သည့် အသွင်မျိုး မရှိတော့ပါ။ ကွင်းထဲမှာတုန်းက အထိတ်တလန့် ဖြစ်နေသော ဟန်ပန်သည် ဤအိမ်ထဲသို့ ဝင်မိကတည်းက သူ့မှာ ပျောက်သွားတော့၏။ ထို့ကြောင့် သူ့အဖေသည် သူ့အား ကျွန်မတို့ကို အိပ်ထဲသို့ အပါခေါ်လာရန် ကြိမ်းမောင်း ပြောဆိုထားသည် ဖြစ်၍ ယခုအခါ သူ့အကြံ အောင်ပြီ ဖြစ်သောကြောင့် မကြောက်မလန့်တော့ပဲ ခပ်အေးအေးဖြစ်နေပြီဟု ကျွန်မ မှန်းကြည့်မိပါသည်။ လင်တန်သည် လက်ဖက်ရည်ကို တကျိုက် သောက်လိုက်ပြီး..
“ဖေဖေက တို့ကို လက်ထပ်ပေးမလို့၊ မင်းတို့ အဖေက သဘောမတူဘူးဆိုတာ အဖေက သိတယ်၊ ဒီတော့ ကိုယ်တို့ လက်မထပ်ခင် ကိုယ် သေသွားမှာကို အဖေ စိုးရိမ်တယ်၊ ဒါကြောင့် မနက်ဖြန်မနက်ကျယင် အဖေက ကိုယ်နဲ့ မင်းကို လက်ထပ်ပေးလိမ့်မယ်၊ ဒီတော့ မင်း ဒီမှာ တည နေရမယ်၊ မနက်ဖြန် လက်ထပ်ပြီးယင် မင်း ကိုယ့်ကိုပါ ခေါ်ပြီး အိမ်ကို ပြန်ရမှာပါ'
'ဩ၊ မင်းက ကေသီကို လက်ထပ်မယ်၊ ဟုတ်လားဟဲ့ မှင်စာကလေးရဲ့၊ မင်းကများ မိန်းမယူဦးမတဲ့၊ မင်းတို့အဖေက ရူးများနေသလား၊ ဒါမှမဟုတ် တို့ကိုပဲ အရူးတွေ ထင်နေသလား၊ စဉ်းစားများ ကြည့်စမ်းပါဦး လင်တန်ရယ်၊ ကေသီလို မိန်းမချော၊ မိန်းမလှကလေး၊ ကျန်းကျန်းမာမာမိန်းကလေး၊ စိတ်ကောင်း သဘောကောင်း မိန်းကလေးက နင့်လို မျောက်စုတ်၊ မျောက်နာကလေးနဲ့ လက်ထပ်ရမယ်၊ ဟုတ်လား၊ နင့်လို ကောင်ကများ ကေသီလိုမိန်းကလေးကို စိတ်ကူးထဲထည့်တာ အံ့ပါရဲ့တော်၊ နင် ကလိမ်ဉာဏ်ဆင်ပြီး တို့ကို ခေါ်လာတာ ကြိမ်နဲ့ နာနာ နှက်ပစ်ဖို့ပဲ ကောင်းတယ်၊ ဟေ့၊ နင် ငါ့ကို ဘာမှ မိုက်ကြည့် ကြည့်စရာ မလိုဘူး၊ နင်တော့လား၊ နင်လို ဉာဏ်အစုတ်အပဲ့ ကလေးနဲ့ ယုတ်မာတာ ငါ နင့်ကို ဆွဲဆောင့်ပစ်လိုက်ချင်တယ်' ဟု ပြောပြောဆိုဆိုပင် ကျွန်မသည် ကောင်ကလေးကို ဆွဲဆောင့်ပစ်လိုက်ပါသည်။ လင်တန်သည် ချောင်းတဟွပ်ဟွပ်ဆိုးလာပြီး ငိုလား ယိုလား လုပ်လာပြန်ပါလေ၏။ ထိုအခါ ကက်သရင်းက ကျွန်မကို တားပါသည်။
'ဩ၊ ငါတို့က ဒီမှာ တညလုံး နေရမယ်၊ ဟုတ်လား၊ ဒီမယ် အယ်လင်၊ ကျွန်မတို့ အိမ်တံခါးကို မီးရှို့ပြီး ထွက်သွားရအောင်'
ကက်သရင်းသည် ဟိုသည် လှည့်ကြည့်ပြီး ပြောလိုက်ပါသည်။
ကက်သရင်းက ဤသို့ ဇွတ်လုပ်မည့် ဟန်ဖြင့် ပြောလိုက်သည်နှင့် လင်တန်သည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး ကက်သရင်းကို သူ၏ ချည့်နဲ့နဲ့ လက်များဖြင့် ဖက်လျက် ငိုရှိုက်ယင်း...
“ကိုယ့်ကို မသနားတော့ဘူးလားကွယ်၊ ကိုယ့်ကို ကယ်ပါဦး၊ ကိုယ်နဲ့ မင်းတို့ အိမ်ကို အတူပြန်ပါကွယ်၊ အို အချစ်ရယ်၊ မင်းကိုယ့်ကို ပစ်မသွားပါနဲ့ကွယ်၊ မင်း ကိုယ့်အဖေစကားကို နားထောင်ပါကွယ်၊ နားထောင်ပါ” ဟု ပြောပြန်ပါလေ၏။
“ငါ့အဖေစကားပဲ ငါ နားထောင်ရမယ်၊ ငါ့အဖေ လူမမာကြီးကို ငါ ပစ်မထားနိုင်ဘူးဟဲ့၊ တညလုံး ငါမရှိယင် အဖေက ဘယ်လို ထင်မလဲ၊ ငါ့အဖေဟာ မကျန်းမာလို့ စိတ်ညစ်ရတဲ့အထဲ ငါဒီမှာ မနေနိုင်ဘူး၊ တံခါးကို ရိုက်ချိုးရယင်ရ၊ မရယင်အိမ်ကို မီးရှို့ပြီး ထွက်သွားမှာပဲ၊ နင် ငါ့ကို မတားနဲ့၊ ငါဖေဖေ့ကို နင့်ထက် ချစ်တယ်”
ကက်သရင်းက ဤသို့ ပြောလိုက်သောအခါ လင်တန်သည် သူ့အဖေ ဒေါသကို သတိရပြန်ကာ ကြောက်ကြောက်လန့်လန့်ဖြင့် ကက်သရင်းအား တောင်းပန်ပြန်ပါလေ၏။ ကက်သရင်းမှာ စိတ်ရှုပ်နေပါလေပြီ။ သို့သော် အိမ်ထဲမှ ဖြုတ်ထွက်မည့် အကြောင်းကိုကား အခိုင်အမာ ပြောနေ၏။ လင်တန်ကလည်း သူ့အပါးမှ ခွာမသွားရန် အထပ်ထပ် ပြောနေပါလေသည်။ ထိုစဉ်မှာပင် လူရမ်းကားကြီး ဟိကလစ်သည် အခန်းထဲ ပြန်ဝင်လာပါ၏။
“နင်တို့မြင်းတွေ မရှိတော့ဘူးဟ၊ ဟေ့ကောင် လင်တန်၊ ဩ၊ မင်းက ငိုနေပြန်ပြီ၊ ကက်သရင်းက မင်းကို ဘယ့်နှယ်လုပ်ပြန်သလဲ၊ ကဲ၊ လာစမ်း၊ လာစမ်း၊ သွား၊ အိပ်ရာထဲ ဝင်ပေတော့၊ ဒီကောင်မလေးကိုလဲ တလနှစ်လအတွင်း အပိုးကျိုးသွားအောင် နှိမ်ပစ်လိုက်ရဦးမယ်၊ မင်းက တကယ့်အချစ်ကို တတမ်းတမ်းတတတ ဖြစ်နေတာကိုး၊ ဟေ့ကောင်၊ တကယ့်အချစ်ဆိုတာ ဒီကမ္ဘာမှာ မရှိဘူးကွ၊ ကဲ၊ အိပ်ရာထဲသွားတော့၊ ဒီည ဇီလာလဲ ပြန်လာမှာ မဟုတ်ဘူး၊ ကိုယ့်ဘာသာ အဝတ်လဲ၊ ကဲ၊ တော်စမ်းကွာ၊ ငိုမနေနဲ့၊ မင်းအခန်းထဲရောက်ယင် ငါ မင်းနားကို မလာဘူး၊ ဒီတော့ မင်း ဘာမှ ကြောက်စရာမလိုဘူး သွားတော့"
ဟိကလစ်သည် ပြောပြောဆိုဆို သူ့သားအား အိပ်ခန်းသို့ ဝင်ရန် တံခါးဖွင့်ပေးလိုက်ပါသည်။ ထို့နောက် တံခါးသော့ကို အသေအချာ ပြန်ပိတ်လိုက်ပြီး ကျွန်မတို့နှစ်ယောက် ရပ်နေသော မီးဖိုနားသို့ ပြန်လာပါ၏။ ကက်သရင်းက သနားစဖွယ် မော့်ကြည့်လိုက်သော်လည်း လူရမ်းကားကြီးက...
“အိုး၊ ဘာလဲ၊ မင်းငါ့ကို မကြောက်ဘူးဆို၊ ခုတော့လဲ ကြောက်နေတဲ့ပုံပါကလားကွ” ဟု ပြောလိုက်ပါလေသည်။
“ဟုတ်တယ်၊ ကျွန်မ ခုတော့ ကြောက်တယ်၊ ဖေဖေ စိတ်ပူနေမှာကို ကြောက်တာပဲ၊ ကျွန်မ ဒီမှာ နေနေရယင် ဖေဖေ ဘယ်လောက် စိတ်ပူရှာမလဲ၊ ဒီတော့ ဦးလေးရယ်၊ ကျွန်မ အိမ်ကို ပြန်ပါရစေ၊ ကျွန်မ လင်တန်ကို လက်ထပ်ပါ့မယ်၊ ဖေဖေကလဲ သဘောတူမှာပါ၊ ကျွန်မကလဲ လင်တန်ကို ချစ်ပါတယ်၊ ကျွန်မ လင်တန်ကို လက်ထပ်မယ့် ကိစ္စကိုပဲ ဦးလေးက ဘာကြောင့် ဇွတ်ရော အဓမ္မရော လုပ်ချင်ရတာလဲရှင်"
“ဘာလဲ၊ ရှင်က အလိုမတူပဲ ဇွတ် လက်ထပ်ခိုင်းမယ်ပေါ့လေ၊ ဒီတိုင်းပြည်မှာ တရားဥပဒေဆိုတာ ရှိတယ် ရှင့်၊ ကျွန်မတို့က အစွန်းအဖျားမှာ နေရပေမယ့် ဒီနေရာမှာလဲ တရားဥပဒေရှိတာပဲ"
"တိတ်စမ်း၊ နင့်အသံကို ငါမကြားချင်ဘူး၊ နင် ဘာမှ ဝင်မပြောနဲ့၊ ဒီမယ် ကက်သရင်းရဲ့၊ မင်းအဖေ စိတ်ပူနေမယ်ဆိုတော့ ငါ စိတ်ချမ်းသာတာပေါ့ဟ၊ ငါက စိတ်ချမ်းသာ လက်ချမ်းသာနဲ့မှ အိပ်လို့ရတာဟ၊ ဒီတော့ နင် အိမ်ပြန်ဖို့ ဘာမှ စိတ်မကူးနဲ့၊ နောက်ထပ် နှစ်ဆယ့်လေးနာရီလောက်တော့ ဒီမာ နေရာမှာပဲ၊ မင်းက လင်တန်ကို လက်ထပ်ပါမယ် ကတိပေးလို့ မင်းတို့ကို ငါ ကောင်းကောင်း စောင့်ရှောက်ထားမယ်။ လက်ထပ်မပြီးမချင်းတော့ မင်း ဒီအိပ်ထဲက ထွက်မသွားရဘူး”
“ဒါဖြင့်လဲ အယ်လင့်ကို ပြန်လွှတ်ပြီး ကျွန်မ ကောင်းကောင်းမွန်မွန် ရှိကြောင်း အကြောင်းကြားခိုင်းပေးပါရှင်၊ ဒါမှမဟုတ်လဲ ကျွန်မတို့ကို ခုပဲ လက်ထပ်ပေးပါ၊ အယ်လင်ရယ်။ ဖေဖေတော့ ကျွန်မတို့ ပျောက်နေပြီ ဆိုပြီး စိတ်ပူနေတော့မှာပဲ၊ ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲဟင်”
“မင်းအဖေ စိတ်မပူပါဘူးကွ၊ လူမမာကြီးကို အမြဲ စောင့်ကြည့်နေရတာ ပင်ပန်းလို့ သူ့ရည်းစားဆီ သွားတယ်ပဲ ထင်မှာပေါ့၊ မင်း ငါ့အိမ်ထဲ ဝင်လာတာကိုက မင်းစိတ်နဲ့ မင်းကိုယ် ဝင်လာတာပဲ မဟုတ်လား၊ ဒါဟာ တနည်းအားဖြင့်ပြောယင် မင်း အဖေစကားအတိုင်း မင်း မောင်ကို မင်း လာတွေ့တာပဲ မဟုတ်လား၊ ဟေ့၊ မင်းတို့ အရွယ်ဆိုတာ ခုလိုပဲ အပျော်ရှာချင်တတ်ကြတာပဲ မဟုတ်လားကွ၊ မင်းဟာ မင်းအဖေ လူမမာကြီးကို ပြုစုရတာကြာတော့ ငြီးငွေ့တယ်၊ ဒါကြောင့် အပျော်ရှာတယ်၊ ဒါဟာ သဘာဝပဲ၊ ဒီမယ် ကက်သရင်းရဲ့၊ မင်းအဖေအဖို့ သူပျော်ခဲ့တဲ့ ရက်တွေ ကုန်ပါပြီဟာ၊ မင်းအဖို့ ပျော်ရမယ့်ရက်က ခုမှ စခါစ ရှိပါသေးတယ်၊ အေး၊ တကယ်တော့ နင် လူ့လောကထဲ ရောက်လာတာကိုက နင့်အဖေအဖို့ ဒုက္ခပဲဟ၊ ငါ့အဖို့လဲ ဒုက္ခပဲ၊ ဒီတော့ ငါ နင့်ကို မုန်းတယ်၊ ကဲ ငိုမနေစမ်းနဲ့ဟာ၊ ငါမြင်သလောက် ပြောရယင် နင့်အဖို့ နောက်ဆို ဘဝလမ်းကြောင်း ပြောင်းသွားမှာပဲ၊ လင်တန်နဲ့ နင် အကြောင်းပါလိုက်တာကလဲ နင့်အဖို့ ဟန်ကျမှာပါ၊ လင်တန်မှာက အမွေတွေ ရဖို့ရှိသလို အကြင်နာတရား ရဖို့လဲ လိုတာပဲ၊ ဒါကြောင့်လဲ ငါဟာ အဖေတယောက်အနေနဲ့ သူ့ကို ဂရုတစိုက် လုပ်ရတာပေါ့၊ အေး၊ နင်တို့ လက်ထပ်ပြီး အိမ်ပြန်ယင်သာ နင့်အဖေကို သူ့တူကလေးက နင့်ကို ဂရုစိုက်ကြောင်း ပြောပြလိုက်ပါ"
“ဟုတ်လိုက်တာဟေ့၊ အဲဒီလိုဆို ရှင့်သားရဲ့ စိတ်နေသဘောထားလဲ ပြောရဦးမှပေါ့၊ သူဟာ သူ့အဖေနဲ့ တူကြောင်းလဲ ပြောမှပေါ့၊ ဒါမှလဲ မစ္စကေသီအဖို့ အန္တရာယ်မဖြစ်ခင် စဉ်းစားနိုင်မှာပေါ့' ဟု ကျွန်မက ဝင်ပြောလိုက်ပါ၏။
“ခု လောလောဆယ်တော့ သူရဲ့ချစ်စရာ စိတ်ထားကလေးတွေကို ငါမပြောသေးဘူး၊ ခုအတိုင်းက ကက်သရင်းဟာ ငါ့သားနဲ့ လက်ထပ်ဖို့ကိစ္စကို လက်ခံမလား၊ ဒါမှမဟုတ် ငါ့အိမ်မှာပဲ အကျဉ်းသားဘဝနဲ့ နေမလားဆိုတဲ့ကိစ္စက ရှိသေးတယ် မဟုတ်လား၊ ဟဲ့..ငါ့သားနဲ့ လက်ထပ်ဖို့ သဘောမတူယင်တော့ နင်လဲ နင့်သခင် သေတဲ့အထိ ငါ့အိမ်ထဲမှာ နင့်သခင်မကလေးနဲ့ အတူ အကျဉ်းခံနေပေတော့၊ နင်တို့နှစ်ယောက် ငါ့အိမ်ထဲ ရှိနေတယ်ဆိုတာ ငါ ဖုံးထားနိုင်တယ် သိရဲ့လား၊ ဒီတော့ ကောင်မကလေးကို နင် ဘာမှ ကဖျက်ယဖျက် မလုပ်နဲ့၊ သူ လက်ခံပြီးသား စကားကို ပြန်ရုပ်သိမ်းယင် နင်တို့ထိုက်နဲ့ နင်တို့ကံပဲ"
“ကျွန်မ ပြောပြီး စကားကို ပြန်မရုပ်သိမ်းပါဘူး ရှင်၊ ကျွန်မ သူ့ကို ခုချက်ချင်း လက်ထပ်ပါ့မယ်၊ လက်ထပ်ပြီးယင်သာ ကျွန်မ အိမ်ပြန်ပါရစေရှင်၊ ဒီမယ် ဦးလေး၊ ဦးလေးဟာ ရက်စက်ပေမယ့် လူဆိုးတယောက် မဟုတ်ပါဘူး၊ အဖေ့ကိုမုန်းတာနဲ့ ကျွန်မ စိတ်ချမ်းသာမှုကိုတော့ မဖျက်ဆီးပါနဲ့ရှင်၊ ဖေဖေသာ ကျွန်မတို့ ပြန်မရောက်ခင် သေသွားယင် ကျွန်မ တသက်လုံး စိတ်ဆင်းရဲရမှာပါ၊ ကျွန်မ ဦးလေးရှေ့မှာ ဒူးထောက်ပြီး တောင်းပန်ပါတယ်ရှင်၊ မျက်နှာလွှဲမထားပါနဲ့ရှင်၊ ကျွန်မကို ကြည့်စမ်းပါ ဦးလေးရယ်၊ ကျွန်မ ဦးလေး စိတ်ဆိုးအောင် မလုပ်ပါဘူး၊ ဦးလေးကိုလဲ ကျွန်မ မမုန်းပါဘူး၊ ဦးလေး ရိုက်တာကိုလဲ ကျွန်မ စိတ်မဆိုးပါဘူး၊ ဦးလေးရှယ်...ဦးလေး ဘဝမှာ ဘယ်သူ့ကိုမှ မချစ်ဖူးဘူးလားဟင်၊ ပြောစမ်းပါ ဦးလေးရယ်၊ ကျွန်မကို သနားပါဦးလေးရယ်”
“ဟေ...နင့်လက်တွေနဲ့ ငါ့ကို မထိစမ်းနဲ့၊ ဖယ်စမ်း၊ ငါ နင့်ကို ကန်မိလိမ့်မယ်၊ ငါ့ကို မြွေတကောင် ပတ်တာက ကောင်းဦးပယ်၊ နင် ငါ့ကို မထိနဲ့၊ ငါ နင့်ကို မုန်းတယ်” ဟု ဟိကလစ်က အော်ပြောလိုက်ပါသည်။
'ဟိကလစ်သည် ပခုံးကိုတွန့်လိုက်ပြီး သူ့ အသားအရေကို စက်ဆုပ်ဖွယ်ရာ အရာတခုနှင့် အတို့အထိ ခံလိုက်ရသလို သူ့ကိုယ်ကိုလည်း လှုပ်ခါပစ်လိုက်ပါသည်။ ထို့နောက် ကုလားထိုင်ပေါ်သို့ ခန္ဓာကိုယ်ကို ပစ်ထိုင်ချလိုက်ပါလေ၏။ ကျွန်မ တစုံတရာ ပြောမည် ပြုသော်လည်း ဟိကလစ်က ဟန့်လိုက်သဖြင့် မပြောဖြစ်ပါ။
အမှောင် ပျိုးလာပါပြီ။
အိမ်ခြံဝဆီမှ အသံဗလံများကို ကြားလိုက်ရပါသည်။ ဟိကလစ်သည် ချက်ချင်းပင် အပြင်သို့ ထွက်သွားပြီး နှစ်မိနစ် သုံးမိနစ် အကြာတွင်ပြန်လာပါ၏။
ကျွန်မက ကက်သရင်းအား...
ညည်းအစ်ကို ဟယ်ယာတန် ထင်တာပဲကွဲ့၊ ကျုပ်တော့ သူ ရောက်လာစေချင်တယ်၊ ဒါမှ တို့ဘက်ပါမှာ လူတယောက်ရမှာ"
ထိုစဉ်မှာပင် ဟိကလစ်သည် အခန်းထဲ ဝင်လာပြီး..
“နင်တို့အိမ်က အစေခံသုံးယောက် လာတယ်။ နင်တို့ ဘာဖြစ်လို့ လှမ်းမအော်ကြတာလဲ၊ ဒါလဲ ခပ်ကောင်းကောင်းပါ၊ ကက်သရင်းက ငါနဲ့နေဖို့ ပြောပြီးသားပဲဟာ”
ကျွန်မတို့မှာ စိတ်တွေ ထူပူနေသဖြင့် လှမ်းအော်ပြီး အကူအညီ မတောင်းလိုက်မိခြင်း ဖြစ်ပါသည်။
ဟိကလစ်သည် ကျွန်မတို့အား အောက်ထပ် အခန်းထဲတွင် ကိုးနာရီ ထိုးသည်အထိ ထားပြီး ကျွန်မတို့အား မီးဖိုဘက်မှ ခေါ်၍ အပေါ်ထပ်သို့ တက်စေပါ၏။ ကျွန်မတို့ကို ဇီလာ၏ အခန်းထဲသို့ သွင်းလိုက်ပါသည်။ ကျွန်မက ကက်သရင်းအား ငြိမ်ငြိမ်နေရန် တိုးတိုး ပြောလိုက်ပါသည်။ ကျွန်မက အခန်းထဲတွင် ပြတင်းပေါက်မှ ဖြစ်စေ၊ အထပ်ခိုးမှဖြစ်စေ၊ အပြင်ထွက်နိုင်ရန် အခွင့်သာလိမ့်မည် ထင်ထားပါသည်။ သို့သော် ပြတင်းပေါက်များမှာလည်း အောက်ထပ် ပြတင်းပေါက်တွေလိုပင် ကျဉ်းကျဉ်းကလေးများ ဖြစ်ကြပါသည်။ အထပ်ခိုးမှ ထွက်ရန်လည်း မဖြစ်နိုင်ကြောင်း တွေ့ရပါ၏။ ကျွန်မတို့မှာ အောက်ထပ်မှာလိုပင် အပိတ်အလှောင် ခံကြရပြန်ပါ၏။ နှစ်ယောက်စလုံး မလှဲနိုင်ပါ။ ကက်သရင်းက ပြတင်းဘောင်ပေါ်မှာ ထိုင်လျက် စိုးရိမ်ပူပန်နေပါ၏။ ကက်သရင်းသည် မနက်လင်းလျှင်ပင် ရင်ဆိုင်ရမည့် အခြေအနေအတွက် စိတ်မောနေပုံရပါသည်။ သူ့ဆီမှ သက်ပြင်းချသံကို ကြားနေရပါ၏။ ကျွန်မသည် လှုပ် ကုလားထိုင်ပေါ်တွင် ထိုင်ပြီး ကုလားထိုင်ကို ငြိမ့်နေလိုက်ပါ၏။
မနက် ခုနစ်နာရီတွင် ဟိကလစ်သည် အခန်းဝသို့ ရောက်လာပြီး ကေသီ နိုးမနိုး လှမ်းမေးသည်။ ကက်သရင်းသည် ချက်ချင်း ထသွားပြီး နိုးနေပြီဖြစ်ကြောင်း ပြောလိုက်သည်နှင့် ဟိကလစ်သည် တံခါးကိုဖွင့်၍ “ကဲ... ဒါဖြင့်လာ” ဟု ဆိုကာ ကက်သရင်းကို ဆွဲခေါ်သွားပါလေ၏။ ကျွန်မလည်း ကက်သရင်း နောက်ကလိုက်ရန် ထလိုက်သွားသော်လည်း ဟီကလစ်သည် တံခါးကို အပြင်မှပိတ်ပြီး သော့ခတ်သွားပြန်ပါလေ၏။ ကျွန်မက တံခါးဖွင့်ပေးရန် ပြောပါသေး၏။
“အဲဒီထဲမှာပဲ အေးအေး နေဦး၊ ခင်ဗျားအတွက် မနက်စာ အပိုခိုင်းလိုက်မယ်' ဟု ပြောသံကိုသာ ကြားလိုက်ရပါသည်။
ကျွန်မက ဒေါသဖြင့် တံခါးကို ထုပြီး ကန့်လန့်ကို တဂျောက်ဂျောက် လုပ်လိုက်ပါသည်။ ကက်သရင်းက ဟိကလစ်အား ကျွန်မကို အခန်းထဲ ပိတ်ထားခဲ့ရသည့် အကြောင်းကို မေးပါသေး၏။ ဟိကလစ်က တနာရီလောက်ပဲဟု ဖြေသံကို ကြားလိုက်ရပြီး သူတို့နှစ်ယောက် အခန်းနားမှ ထွက်သွားပါလေတော့သည်။ ကျွန်မမှာ အခန်းထဲတွင် တနာရီမကပါ၊ နှစ်နာရီ သုံးနာရီလောက်အထိ နေနေရပါ၏။ သုံးနာရီလောက်ကြာမှ ခြေသံတသံ ကြားရပါ၏။ သို့သော် ဟိကလစ် မဟုတ်ပါ။
“ကျုပ် စားစရာ လာပို့တာဗျ ၊ တံခါးဖွင့်စမ်းပါဦး”
ကျွန်မက အခန်း ကန့်လန့်ကို ဖွင့်ပေးလိုက်ပါသည်။ ဟယ်ယာတန် ဖြစ်ပါသည်။ သူသည် တနေ့လုံးစာ အစားအသောက်များကို ယူလာပြီး အခန်းဝမှာပင် ကျွန်မအား..
“ဒါတွေ ယူထား” ဟု ဆိုကာ စားသောက်ဖွယ် ဗန်းကို ကျွန်မ လက်ထဲသို့ ထိုးထည့် လိုက်ပါသည်။
“ခဏ နေပါဦး” ကျွန်မက ပြောသော်လည်း...
“မနေနိုင်ဘူးဗျ” ဟု ဆိုကာ သူ တံခါးပြန်ပိတ်ပြီး ပြန်သွားပါလေ၏။ ကျွန်မသည် အခန်းထဲတွင် ထိုနေ့တနေ့လုံး၊ ညတွင်လည်း တညလုံး နေလိုက်ရပါ၏။ နောက်နေ့တွေမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်ပါသည်။ ငါးညနှင့် လေးရက်လုံးလုံး နံနက်ပိုင်းများ၌ အစားအသောက် လာပို့သော ဟယ်ယာတန်မှအပ ကျွန်မ မည်သူ့ကိုမျှ မတွေ့ရပါ။ ဟယ်ယာတန်မှာလည်း သူ့ဆရာ အမိန့်အတိုင်း တသဝေမတိမ်း လိုက်နာ၍ နှုတ်ဆိတ်လျက်သာ နေပါလေသည်။
အခန်း [ ၂၈ ]
ပဉ္စမမြောက်နေ့တွင် ခါတိုင်းကြားနေကျ အသံနှင့် မတူသော ခြေသံတသံ ရွေ့လျားလာသည်ကို ကြားလိုက်ရပါသည်။ ခြေသံမှာ ခပ်သွက်သွက် ခြေသံ ဖြစ်ပါသည်။ ယခုတကြိမ် အခန်းတွင်းသို့ ဝင်လာသူကား ဇီလာတည်း။ သူသည် ကြက်သွေးရောင် ရှောစောင်ကိုခြုံလျက် ဦးခေါင်းထက်တွင် အနက်ရောင် ပိုးထည် ဦးထုပ်ကို ဆောင်းပြီး လက်၌ မိုးမခသား ခြင်းထောင်းကို ဆွဲချိတ်လာပါသည်။
“ဟော၊ မစ္စက်ဒင်းပါလား၊ ရှင်တို့အကြောင်းကို ဂျင်မာတန် တရွာလုံးက ပြောနေကြတာရှင့်၊ သခင်နဲ့ မတွေ့ခင်အထိ ရှင်နဲ့ ရှင့် သခင်မ ကလေးတော့ ရွှံထဲနွံထဲ နစ်ပြီး သေကုန်ကြပြီ ထင်တာ၊ သခင်က ပြောတော့မှ ရှင်တို့ နှစ်ယောက်စလုံးကို သူ တွေ့လို့ အိမ်ခေါ်ထားရတယ်လို့ သိရတာ၊ ရှင်တို့ ကံကောင်းတာပေါ့၊ ရွှံ့ထဲမှာ ဘယ်လောက် ကြာကြာ နေလိုက်ရသေးသလဲ၊ ရှင်တို့ကို သခင်က ကယ်လိုက်တာပေါ့နော်၊ ရှင် ပိန်တော့ မသွားပါဘူး၊ တော်သေးတာပေါ့ရှင်"
“ရှင်တို့ သခင်ကတော့ တကယ်ကို ယုတ်ကန်းတာပဲ၊ သူ့အပြစ် သူခံရမှာပေါ့လေ၊ တကယ်တော့ သူ ဘာမှ လုပ်ကြံပြောစရာ မလိုပါဘူး၊ ခုဟာလဲ လုပ်ကြံပြောတာပဲ”
“ရှင် ဘာဆိုလိုချင်တာလဲ မစ္စက်ဒင်းရဲ့၊ ဒါဟာ သခင် လုပ်ကြံပြောတာ မဟုတ်ပါဘူး၊ ရွာထဲက လူတွေကိုက ရှင်တို့နှစ်ယောက် ရွှံ့ထဲမှာ နစ်ပြီး ပျောက်နေတယ်လို့ ပြောနေကြတာရှင့်၊ ကျွန်မ အိမ်ပြန်ရောက်တော့ ဟယ်ယာတန်နဲ့ တွေ့လို့တောင် ကျွန်မက ကျွန်မ ကြားလာတဲ့ ရှင်တို့အကြောင်း ပြောမိသေးတယ်၊ သူကတော့ ဘာမှ မကြားသလိုပဲ၊ ကျွန်မ ပြောပြတော့တောင် သခင်က နားထောင်နေပြီး “ခင်ဗျား ပြောသလို သူတို့ စိမ့်မြေထဲ နစ်နေတယ်ဆိုဦး၊ ခုတော့ ကျုပ် ကယ်လိုက်ပါပြီ၊ ခုဆို နယ်လီ ခင်ဗျားအခန်းထဲ ရောက်နေပြီ၊ ဒီတော့ ခင်ဗျား အပေါ်ထပ် သွားယင် ရော့၊ သော့ယူသွားပြီး သူအိမ်ပြန်ချင်ပြန်ဖို့ ပြောလိုက်ပါ၊ သူ့ ခေါင်းထဲကို စိမ့်ရေတွေ ဝင်နေတော့ ရုတ်တရက် သူ အိမ်မပြန်ရဘူးလေ၊ သူ ရောဂါသက်သာအောင် ကျုပ်ပဲ ဂရုစိုက်လိုက်ရတယ်၊ ဒီတော့ ခုလောက်ဆို သူ သက်သာရောပေါ့၊ သူ အိမ်ကို ပြန်ချင်ပြန်ပါစေဗျာ၊ သူ့သခင်မကလေးနဲ့ ပတ်သက်လို့လဲ သူ့အဖေ အသုဘအမီ ရောက်လာလိမ့်မယ်လို့ ပြောလိုက်ပါ” လို့ ပြောသေးတယ်'
“ရှင်၊ မစ္စတာအက်ဂါ ဆုံးရှာပလား ရှင့်၊ အို ဇီလာရယ်' ကျွန်မမှာ အံ့အားသင့်လှပါလေတော့သည်။
“မဟုတ်ဘူးရှင့် မဟုတ်ဘူး၊ ကဲ ထိုင်စမ်းပါဦး ရှင်၊ ရှင့်ကြည့်ရတာ ခုထိ ကောင်းကောင်း ကျန်းမာပုံ မရသေးဘူး၊ ရှင်တို့သခင် မသေသေးပါဘူး၊ ဆရာဝန် ကင်းနက်က တရက်လောက်တော့ ခံဦးမယ် ပြောတာပဲ၊ ကျွန်မ လမ်းမှာ တွေ့လို့ မေးကြည့်တာနဲ့ သိရတာ”
ကျွန်မသည် ထိုင်မနေတော့ပဲ အပြင်သို့ ထွက်လာပြီး အောက်ထပ်သို့ ဆင်းလာခဲ့ပါသည်။ အိမ်မကြီးအတွင်းသို့ ဝင်လာပြီး ကက်သရင်း အကြောင်း စုံစမ်းရန် တယောက်ယောက်ကို ရှာကြည့်ပါသည်။ ခန်းမကြီးသည် နေရောင်ဖြင့် လင်းလက်နေပါ၏။ အဝင် တံခါးမကြီးသည်လည်း ပွင့်နေပါသည်။ သို့သော် ရုတ်တရက် မည်သူ့ကိုမျှ မတွေ့ရပါ။ ကျွန်မသည် ဘယ်သွားရမှန်းမသိပဲ တုံ့ဆိုင်းနေပြီးမှ ကက်သရင်းကို တွေ့လိုတွေ့ငြား ရှာမည်ဟု ပြန်အလှည့်တွင် မီးဖိုဘက်မှ ချောင်းဆိုးသံ တသံကို သတိပြုလိုက်မိပါသည်။ ထိုင်ခုံအရှည်ပေါ်တွင် လင်တန်သည် ကျွန်မကို အမှုမထားဟန်ဖြင့် သကြားလုံးကို စုပ်နေပါလေ၏။
“မစ္စကက်သရင်းကောကွဲ့” ကျွန်မက သူ့ကို ခြောက်လှန့်လိုက်သလို ခပ်ပြတ်ပြတ် မေးလိုက်ပါသည်။ သူကား ဘာမျှ မသိသလို သကြားလုံးကိုသာ စုပ်နေပါလေ၏။
“သူ သွားပလားဟဲ့”
'မသွားဘူး၊ အပေါ်ထပ်မှာ၊ သူ သွားလဲ မသွားရဘူး၊ ကျွန်တော်တို့ကလဲ မလွတ်ဘူး'
“ဘာ၊ မင်းတို့က မလွှတ်ဘူး၊ ဟုတ်လား ကောင်စုတ်ကလေးရဲ့၊ ခု သူ ဘယ်မလဲ၊ ငါ့ကို ချက်ချင်း ပြောစမ်း၊ မပြယင် နင့်ကို ငါအဆော်ပဲ
'ခင်ဗျား သူ့ဆီကို သွားယင် ဖေဖေက ခင်ဗျားကို အလျင် ဆော်မှာပေါ့၊ ဖေဖေက ကျွန်တော့်ကို ကက်သရင်းကို မညာရဘူးလို့ ပြောထားထာဗျ၊ ခု သူ ကျွန်တော့်မယား ဖြစ်နေပြီလေ၊ သူ ကျွန်တော်ကို ထားခဲ့ပြီး ထွက်သွားယင် သူပဲ အရှက်ကွဲမှာပေါ့၊ ဖေဖေက ပြောတယ်ဗျ၊ ကက်သရင်းဟာ ကျွန်တော့်ပစ္စည်းတွေကို လိုချင်လို့ ကျွန်တော့်ကို သေစေချင်နေတာတဲ့၊ ကျွန်တော်ကိုလဲ ကက်သရင်းက မုန်းလဲ မုန်းနေတာတဲ့၊ ဒါပေမယ့် ကျွန်တော့် ပစ္စည်းတွေကို သူ မရပါဘူး၊ သူ အိမ် မပြန်ရပါဘူး၊ သူ့ဘာသာ သူ ငိုချင်သလောက် ငိုပေါ့ဗျာ'
လင်တန်သည် ထိုစကားကို ပြောပြီးနောက် သူ အိပ်ချင်သည့်အလား မျက်ခွံကို ပိတ်လိုက်ပါသည်။
“ဒီမယ် ကိုယ်တော်ချောတဲ့၊ ပြီးခဲ့တဲ့ ဆောင်းတွင်းတုန်းက မင်း သူ့ကို ချစ်တယ် ပြောပြီးတဲ့နောက် သူ့ခမျာ နှင်းကြားလေကြား ဖြတ်ပြီး မင်းအတွက် စာအုပ်တွေ လာပို့၊ မင်းဆီလာပြီး သီချင်းတွေ ဆိုပြနဲ့ မင်းအပေါ် ထားခဲ့တဲ့ သူ့အကြင်နာတရားတွေကို မင်း မေ့လိုက်ပြီပေါ့လေ၊ တညနေကများဆို သူ့ခမျာ မင်းဆီကို မလာဖြစ်လို့ မင်း မျှော်နေမှာပဲ ဆိုပြီး သူ့ခမျာ ငိုလိုက်တာကွယ်၊ မင်းအပေါ် သူ စေတနာ ထားခဲ့တာတွေ မင်းသိဖို့ကောင်းပါတယ်၊ ခုတော့ မင်းအဖေ လိမ်ပြောသမျှကို မင်းက ယုံနေတာပေါ့လေ၊ တကယ်တော့ မင်းအဖေက မင်းတို့ နှစ်ယောက်စလုံးကို မုန်းနေတယ်ဆိုတာ မင်းလဲ အသိပါ၊ ဒါနဲ့များတောင် မင်းကပါ မင့်အဖေနဲ့ပေါင်းပြီး ကက်သရင်းကို ဆန့်ကျင်နေရတယ်လို့ များကွယ်၊ ကျေးဇူးရှင်ကို ကျေးစွပ်တာ ပေါ့လေ'
လင်တန်သည် ပါးစပ်မဲ့သွားပြီး စုပ်နေသော သကြားလုံးကို ထုတ်လိုက်ပြန်ပါသည်။ ကျွန်မက ဆက်ပြောပြန်ပါသည်။
“ကက်သရင်းခမျာ မင်းတို့အိမ်ကို လာခဲ့တာဟာ မင်းကို မုန်းလို့လား၊ စဉ်းစားပါဦးကွယ်၊ မင်းပိုက်ဆံကိစ္စနဲ့ပတ်သက်လို့ သူ့ခမျာ ဘာမျှ သိတာ မဟုတ်ဘူး၊ မင်းက သူ နေမကောင်းဘူး ပြောတယ်၊ ကောင်းပြီ ဒါနဲ့များတောင် သူ့ကို သူများအိမ်မှာ တယောက်တည်း ပစ်ထားရက်တယ်ကွယ်၊ မင်း စိမ်းကားရာ ကျလွန်းမနေဘူးလား လင်တန်၊ မင်း ခံစားနေရတုန်းက ခမျာဟာ မင်းအပေါ် သနားလွန်းလို့လေ၊ ဟော...ခု သူခံရဘော့ မင်း နေစိမ့်တယ်ကွယ်၊ ဒီမယ်လင်တန် ငါဟာ ကြီးလှပါပြီ၊ ပြီးတော့ အစေခံတယောက်ပါ၊ ဒါတောင် ငါ မျက်ရည်ကျမိတယ်။ မင်းကကျတော့ သူ့ကို ချစ်ချင်ယောင် ဆောင်ခဲ့တယ်၊ သူနဲ့ပတ်သက်ပြီး မင်း ညာနေတာပဲ၊ တကယ်တော့ မင်းဟာ အသည်းမရှိတဲ့ အကောင်ကလေးပဲ၊ တကိုယ်ကောင်းဆန်တဲ့ ကောင်လေးပဲ”
“ကျွန်တော် သူ့နားမှာ မနေနိုင်ဘူးဗျ၊ သူက သိပ်ငိုတာပဲ၊ ကျွန်တော် သည်းမခံနိုင်ဘူး၊ ကျွန်တော်က အဖေ့ကိုအော်ပြောမယ် ဆိုတာတောင် သူက အငိုမရပ်ဘူး၊ ကျွန်တော်က အဖေ့ကို ခေါ်လိုက်တော့ အဖေ ရောက်လာပြီး အငိုမတိတ်ယင် လည်ပင်း ညှစ်သတ်ပယ် ဆိုတော့မှ အငိုတိတ်တယ်၊ ဒါပေမယ့် အဖေလဲ ပြန်ထွက်သွားရော ငိုပြန်တာပဲ၊ ကျွန်တော်ဖြင့် စိတ်ရှုပ်လှုန်းလို့ အိပ်လို့တောင် မရဘူး ́
ကျွန်မသည် ဤသူငယ်ကလေးသည် သူ့ အစ်မဝမ်းကွဲ စိတ်ဒုက္ခခံစားနေရသည်ကို ကယ်တင်နိုင်စွမ်း မရှိမှန်း သိသဖြင့် …
“ဒါထက် မစ္စတာဟိကလစ်ကောကွဲ့” ဟု မေးလိုက်ပါသည်။
“အဖေ ခြံထဲမှာ ဆရာဝန် ကင်းနက်နဲ့ စကား ပြောနေတယ်ဗျ။ ဆရာဝန်ကတော့ ဦးကြီးဟာ အမှန်ပဲ သေတော့မယ်လို့ ပြောတယ်ဗျ၊ ဦးကြီးသေယင် ဦးကြီးတို့အိမ်မှာ ကျွန်တော်ပဲ လူကြီးဖြစ်လာမှာ ဆိုတော့ ကျန်တော် ဝမ်းသာသဗျာ၊ ကက်သရင်းကတော့ အဲဒီအိမ်ဟာ သူ့အိမ်လို့ပဲ ပြောပြောနေသဗျ၊ သူ့အိမ် မဟုတ်ပါဘူးနော်၊ ကျွန်တော့်အိမ်ပါ၊ ဖေဖေကတော့ ကက်သရင်း ပိုင်သမျှ ပစ္စည်းအားလုံးဟာ ကျွန်တော့်ပစ္စည်းတွေချည်းပဲလို့ ပြောတယ်ဗျ၊ သူ့ စာအုပ်တွေ အားလုံးလဲ ကျွန်တော် ပိုင်တာချည်းပဲဗျ၊ ဒါတောင် သူက သူ့ကို အခန်းထဲက ထွက်သွားရအောင် သော့ယူပေးယင် သူ့ငှက်ကလေးတွေရော၊ မြင်းမကလေးကိုပါ ကျွန်တော့်ကို ပေးမယ်လို့ ပြောသေးတယ်၊ ဒီတော့ ကျွန်တော်က သူ့မှာ သူပိုင်ဆိုလို့ ဘာမှ မရှိကြောင်း၊ အားလုံးကို ကျွန်တော်သာ ပိုင်ကြောင်း ပြောပစ်လိုက်တာပေါ့၊ ဒီတော့ သူက သူလည်ပင်းမှာ ဆွဲထားတဲ့ ဆွဲကြိုးက လော့ကက်သီးကလေးကို ယူပြီး ကျွန်တော်ကို သူ အဲဒါကလေး ပေးပါ့မယ်လို့ ပြောပြန်တယ် အဲဒီ ရွှေလော့ကက်သီးထဲမှာ သူ့အမေနဲ့ သူ့အဖေငယ်ငယ်က ဓာတ်ပုံ ကလေးနှစ်ပုံ ပါတယ်လေ၊ အဲဒီ အဖြစ်အပျက်ဟာ မနေ့က ဖြစ်တာပဲ၊ သူက အဲဒီလိုပြောတော့ ကျွန်တော်က ဒါလဲ ကျွန်တော်ပိုင်တာပဲဆိုပြီး သူ့ဆီက လုယူတာပေါ့၊ အဲဒီတော့ သူ ကျွန်တော့်ကို တွန်းပစ်လိုက်တယ်ဗျာ၊ နာလိုက်တာ မပြောပါနဲ့၊ ဒါနဲ့ ကျွန်တော်လဲ နာလွန်းလို့ အော်လိုက်တာနဲ့ ဖေဖေ ရောက်လာတယ်ဗျ၊ အဲဒီတော့ သူက လော့ကက်သီးကို ခွဲပစ်လိုက်ပြီး သူ့ အမေပုံကို ကျွန်တော်ကို ပေးတယ်၊ အဖေပုံကိုတော့ ဝှက်ထားလိုက်တယ်၊ ဖေဖေက အကျိုးအကြောင်း မေးတော့ ကျွန်တော်လဲ ပြောပစ်လိုက်တာပေါ့၊ အဲဒီမှာတွင် ဖေဖေက ကျွန်တော့်လက်ထဲက ပုံကို ဆွဲယူလိုက်တယ်။ သူ့ဆီက ပုံကိုလဲ တောင်းတာပေါ့၊ ဒီတော့ သူက မပေးဘူးလေ၊ ဒါနဲ့ ဖေဖေလဲ ဒေါသထွက်ပြီး သူ့ကိုရိုက်၊ သူ့ဆွဲကြိုးကို ဆွဲလုပြီး ကြမ်းပြင်ပေါ် ပစ်ချပြီး ခြေထောက်နဲ့ နင်းပစ်လိုက်တယ်'
“သူ အရိုက်ခံရတော့ မင်းက သဘောကျတာပေါ့လေ" ကျွန်မက အကဲစမ်းသောအားဖြင့် မေးလိုက်ပါသည်။
'ကျွန်တော် မမြင်ချင်ယောင် ဆောင်နေလိုက်တာပေါ့၊ ဖေဖေက ခွေးတွေ မြင်းတွေကို ရိုက်ယင်လဲ သိပ်ရက်စက်တာဗျ၊ အဲဒီအခါမှာလဲ ကျွန်တော် မမြင်ချင်ယောင် ဆောင်နေလိုက်တာပဲ၊ ပထမတော့ သူခံရတာ သူ ကျွန်တော့်ကို လုပ်လို့ ခံရတာပဲလို့ သဘောထားပြီး ဝမ်းတောင်သာသေးတယ်၊ ဒါပေမယ့် ဖေဖေထွက်သွားတော့ သူက ကျွန်တော့်ကို ပြတင်းပေါက်နား ခေါ်ပြီး သူဒဏ်ရာ ရသွားတာကို ပြတယ်၊ ပါးစပ်ထဲမှာ သွားနဲ့ ပါးစောင် ကိုက်မိပြီး သွေးတွေ ထွက်နေတယ်ဗျာ၊ သူက ဒဏ်ရာကို ပြပြီး ဓာတ်ပုံကလေးတွေကို လိုက်ကောက်ပြန်တယ်၊ ပြီးတော့ နံရံမှာ မျက်နှာကပ်ပြီး ထိုင်နေတယ်၊ အဲဒီကတည်းက သူ ကျွန်တော့်ကို စကားမပြောတော့ဘူး၊ သူ့အနာက နာလို့ မပြောတာပဲ ထင်သေးတယ်၊ ဒါပေမယ်. သူက အဆက်မပြတ် ငိုနေတော့ ကျွန်တော် စိတ်ရှုပ်လာတယ်”
“ဒါ့ဖြင့် မင်း သော့တော့ ယူပေးနိုင်မှာပေါ့'
“သော့က အပေါ်ထပ်မှာဗျ။ ကျွန်တော် အပေါ်ထပ်ကို မတက်နိုင်ဘူး'
‘ဒါဖြင့် ဘယ်အခန်းမှာလဲ”
“ဘယ်ပြောလို့ ဖြစ်မလဲဗျ၊ ဒါက လျှို့ဝှက်ချက်ပဲ၊ ဟယ်ယာတန်တို့၊ ဇီလာတို့တောင် အသိပေးတာ မဟုတ်ဘူး၊ သွားဗျာ၊ ကျွန်တော် စိတ်ရှုပ်လာပြီ” ဟု ဆိုကာ မျက်နှာကိုလွှဲ၍ မျက်လုံးကို စုံပိတ်ထားပြန် ပါလေသည်။
ကျွန်မလည်း မစ္စတာဟိကလပ် မတွေ့မီ ထွက်သွားပြီး အိမ်ကအစေခံတွေကို လွှတ်၍ ကက်သရင်းကို အကယ်ဆယ် ခိုင်းမည်ဟု စိတ်ကူးပြီး သူတို့အိမ်မှ ထွက်လာခဲ့ပါသည်။ အိမ်သို့ရောက်လျှင် အိမ်က လုပ်ဖော် ကိုင်ဖက်များမှာ ကျွန်မကို တွေ့ရသဖြင့် ဝမ်းသာသွားကြပါသည်။ ကက်သရင်းကလေး ကျန်းကျန်းမာမာ ရှိကြောင်း သိကြရ၍လည်း ဝမ်းသာကြပါ၏။ နှစ်ယောက်သုံးယောက်ကမူ မစ္စတာအက်ဂါ အခန်းဝသို့ သွား၍ ကျွန်မ ပြန်ရောက်လာကြောင်း အော်ပြောကြပါသေး၏။ သို့သော် ဤကိစ္စမှာ ကျွန်မကိုယ်တိုင် သွားတွေ့ပြီး ပြောမှ သင့်မည်ဟု ယူဆကာ ကျွန်မသည် သခင့် အခန်းထဲသို့ ဝင်ခဲ့ပါလေ၏။ ဤရက်များအတွင်း သခင်၏ ရုပ်သွင်သည် အပြောင်းလဲကြီး ပြောင်းလဲသွားလေပြီတကား။ သူသည် ဝမ်းပန်းတနည်းဖြင့် သေမင်းကို စောင့်လင့်နေရဟန် ရှိလေသည်။ သခင်သည် နုပျိုလှပါ၏။ သူ့အသက်မှာ စင်စစ် သုံးဆယ် ကိုးနှစ် ရှိပြီ ဖြစ်သော်လည်း ဆယ်နှစ်လောက် ပိုငယ်သည်ဟု ထင်ရပါသည်။ သူသည် နှုတ်ဖျားမှ သူ့သမီးအမည်ကို တနေ ပါလေသည်။ ကျွန်မသည် သူ့လက်ကို ကိုင်ပြီး
“ကက်သရင်း လာတော့မှာပါ သခင်၊ သူ ကျန်းကျန်းမာမာ ပါပဲ ဒီညပဲ သူ ရောက်လာပါလိမ့်မယ်' ဟု တီးတိုး ပြောလိုက်ပါ၏။ ကျွန်မစကားကို ကြားလိုက်သဖြင့် သခင်အက်ဂါသည် လှဲနေရာမှ ထထိုင်ပြီး အခန်းတွင်း လှည့်ကြည့်လိုက်ပါ၏။ ထို့နောက် သူသည် စိတ်ပျက်လက်ပျက်ဖြင့် ပြန်လဲကျသွားပြီး မြောသွားပါလေတော့သည်။ ကျွန်မလည်း သခင့်အဖြစ်ကို ကြည့်ယင်း တုန်လှုပ်သွားပါလေသည်။ သခင်ပြန်ပြီး သတိလည်လာသည်နှင့် ကျွန်မတို့သည် လင်တန်နှင့်တွေ့ရန် သွားခဲ့ပုံနှင့် လေထန်ကုန်းအိမ်ကြီး၌ ပိတ်လှောင်ခံရပုံကို ပြောပြလိုက်ပါ၏။ ထိုသို့ပြောရာတွင် ကျွန်မတို့သည် လေထန်ကုန်း အိမ်ထဲသို့ အလိုတူ အလိုပါ မဟုတ်ပဲ ဟိကလစ်က အဓမ္မ ခေါ်ယူခြင်းဖြစ်ကြောင်း မုသားသုံး၍ ပြောလိုက်ပါ၏။ လင်တန့်အကြောင်းကိုမူ ကျွန်မက အတတ်နိုင်ဆုံး လင်တန်ကို ပြောပြလိုက်ပါ၏။ သို့သော် ဟိကလစ်၏ အကြမ်းဖက်မှုကိုကား သခင်အက်ဂါသည် စိတ်ထိခိုက်ရှာမည် စိုးသဖြင့် ချန်ထားလိုက်ပါသည်။
သခင်အက်ဂါသည် ကျွန်မ ပြောပြသမျှကို ကြားရပြီးနောက် မိမိပိုင် ခြံမြေအိုးအိမ်နှင့်တကွ ပစ္စည်းအလုံးစုံကို ဟိုကလစ်က သူသားလက်ဝယ် ရောက်ရှိအောင် သို့မဟုတ် သူပိုင်ဖြစ်အောင် ကြံစည်ခြင်း ဖြစ်သည်ဟု အကဲခတ်မိပါလေ၏။ သို့သော် မိမိ မသေသေးပဲ မိမိပိုင် ပစ္စည်းများ လက်ဝါးကြီးအုပ်ရေး ကြံစည်မှုကို သခင်အက်ဂါသည် ရုတ်တရက် နားမလည်နိုင်ရှာပါပေ။ စင်စစ်တွင် မစ္စတာတက်ဂါသည် သူ သေရအံ့လုသော အခြေအနေနှင့် သူ့ တူသည်လည်း သူနှင့် မရှေးမနှောင်း သေရမည့် အခြေအနေကို မသိရှာပါပေ။ မည်သို့ဖြစ်စေ၊ သူ၏ သေတမ်းစာကို ပြင်ရေးရန် သူ သဘောရလာပါသည်။ သူပိုင် ပစ္စည်းများကို သူ့သမီးလက်တွင် ထားခဲ့ရမည့်အစား ဘဏ္ဍာထိန်းတယောက် ထားပြီး ဘဏ္ဍာထိန်း၏ အစောင့် အရှောက်ဖြင့် သူ့ သမီး ဘဝတလျှောက် ပိုင်ဆိုင်သုံးစွဲခွင့် ရနိုင်မည်ဟုလည်း သဘောရလာပါသည်။ သို့မှလည်း လင်တန်ကလေး သေသွားစေဦး၊ သူပိုင်ပစ္စည်းများ ဟိကလစ် လက်သို့ မကျရောက်နိုင်ဟု သူ သဘောရလာပါသည်။
သို့ဖြင့် ကျွန်မသည် သခင်၏ အမိန့်ကို နာခံလျက် ရှေ့နေကို သွားခေါ်ရန် တယောက်ကို စေခိုင်းလိုက်ပြီး အခြားအစေခံ လေးယောက်ကို လက်နက်များ ကိုင်စွဲစေလျက် ကက်သရင်းကို သွားရောက် ခေါ်ယူစေပါ၏။ သို့သော် သူတို့အားလုံးပင် အတော်နှင့် မပြန်လာကြပါ။ ရှေ့နေအခေါ် လွှတ်လိုက်သော သူကား အလျင်ဆုံး ပြန်ရောက်လာပါ၏။ သူက သူ့ရှေ့နေ မစ္စတာ ဂရင်းအိမ်သို့ ရောက်သွားချိန်တွင် မစ္စတာဂရင်း မရှိသဖြင့် နှစ်နာရီကြာမျှ စောင့်နေရပုံနှင့် မစ္စတာဂရင်း ရောက်ရှိလာသော အချိန်မှာလည်း မစ္စတာဂရင်းက သူ့မှာ လောလောဆယ် ဆောင်ရွက်ဖွယ် အခြားကိစ္စ ရှိနေသဖြင့် မိုးမလင်းမီ အရောက်လာမည်ဖြစ်ကြောင်း မှာကြားလိုက်ပုံကို ပြောပြပါ၏။
ထို့နောက် မကြာမီပင် လေထန်ကုန်းသို့ လွှတ်လိုက်သော လူလေးယောက်လည်း ရောက်လာပါ၏။ သို့သော် ကက်သရင်းကား မပါလာပါချေ။ သူတို့က ကက်သရင်းမှာ အတော်ကြီး မကျန်းမာ နေသဖြင့် သူတို့အား ဟိကလစ်က ကက်သရင်းနှင့် တွေ့ခွင့်မပေးသဖြင့် ပြန်လာခဲ့ရကြောင်း ပြောပြပါ၏။ ကျွန်မလည်း သူတို့၏ အသုံးမကျမှုကို ဆူပူ ကြမ်းမောင်းပစ်လိုက်ပြီး သခင်ကိုကား သည်အကြောင်းကို မပြောပြပဲ မနက်လင်းလျှင် လေထန်ကုန်းကို လူအလုံးအရင်းနှင့် ဝိုင်းပြီး ကက်သရင်းကို ကယ်ဆယ်စေရမည်ဟု ဆုံးဖြတ်ချက် ချလိုက်ပါ၏။ မစ္စတာအက်ဂါ မသေမီ သမီးဖြစ်သူကို တွေ့သွားရစေမည်ဟု ကျွန်မ ဆုံးဖြတ်လိုက်ပါ၏။
သို့သော် ကျွန်မ၏ အကြံအစည်အတိုင်း မဆောင်ရွက်မီမှာပင် စိတ်ချမ်းသာစရာ အဖြစ်သည် ဖြစ်ပေါ်လာပါ၏။
မနက်သုံးနာရီလောက်တွင် ကျွန်မသည် ရေချိုင့်ယူရန် အောက်ထပ်သို့ ဆင်းလာခဲ့ပါသည်။ ကျွန်မသည် ရေချိုင့်ကိုယူပြီး ခန်းမကို ဖြတ်လာစဉ်မှာပင် အိမ်ရှေ့ တံခါးခေါက်သံကို ရုတ်ကနဲ ကြားလိုက်ရပါ၏။ ကျွန်မစိတ်က မစ္စတာဂရင်း ဖြစ်မည်ဟု ထင်လိုက်ပါသည်။ ထို့ကြောင့် ကျွန်မသည် တယောက်ယောက်ကို တံခါး ဖွင့်ခိုင်းမည် စိတ်ကူးဖြင့် ဆက်လာခဲ့ပါ၏။ သို့သော် တံခါးခေါက်သံကား အဆက်မပြတ် ပေါ်ထွက်နေပါသည်။ အသံမှာ မကျယ်လှသော်လည်း အလောတကြီး ဖြစ်နေပုံ ရပါသည်။ ကျွန်မသည် ရေချိုင့်ကို လှေကားလက်ရန်းတွင် တင်ခဲ့ပြီး တံခါးကို ကျွန်မကိုယ်တိုင်ပင် ဖွင့်ရန် တံခါးဆီသို့ လာခဲ့ပါသည်။ တံခါးကို ဖွင့်လိုက်ပါ၏။ ကောက်သိမ်း ရာသီ လမင်းသည် အပြင်ဘက်တွင် ထိန်ထိန်သာနေပါ၏။ တံခါးဝတွင် တွေ့လိုက်ရသူကား ရှေ့နေ မစ္စတာဂရင်း မဟုတ်။ ကက်သရင်းသည် ကျွန်မလည်ပင်းကို အပြေးကလေး ခုန်ဖက်လိုက်ယင်း ငိုရှိုက်လျက်..
“အယ်လင်...အယ်လင်ရယ်၊ ဖေဖေ ရှိသေးတယ်နော်' ဟု မေးလိုက်ပါသည်။
“ရှိပါသေးတယ်ကွယ်၊ မင်းကလေး ဘေးမသိ ရန်မခ ပြန်ရောက်လာတာကိုပဲ တို့များ ဘုရားသခင်ကို ကျေးဇူးတင်ရမယ်ကွယ် ကက်သရင်းသည် သူ့အဖေအခန်းသို့ အမောတကော ပြေးသွားချင်နေပါသည်။ ကျွန်မက သူ့ကိုခဏမျှ ထိုင်နေစေပြီး မျက်နှာသစ်ခိုင်းရပါသည်။ ထို့နောက် ဖြူဖပ်ဖြူရော်ဖြစ်နေသောသူ မျက်နှာကို ကျွန်မ၏ အင်္ကျီ အောက်ပိုင်းဖြင့် ပွတ်သပ် ပေးလိုက်ရပါ၏။ ပြီးလျှင်ကျွန်မက သူ့အဖေအား သူ ရောက်လာကြောင်း သွားပြောမည့်အကြောင်းနှင့် သူ့အဖေနှင့်တွေ့လျှင် လင်တန်ကလေးနှင့် ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြောင်း ပြောဖို့ စကားထည့်ထားလိုက်ပါသည်။ ထိုအခါ ကက်သရင်းသည် လှုပ်လှုပ်ရှားရှား ဖြပ်သွားပြီး မမှန်သော အကြောင်းကို မပြောလိုကြောင်းနှင့် သူ ဒုက္ခရောက်ခဲ့ရသည့် အဖြစ်ကိုလည်း ပြောမည် မဟုတ်ကြောင်း ဆိုပါ၏။
ကျွန်မလည်း သူတို့ သားအဖေနှစ်ယောက် တွေ့ရေးကို မတားတော့ပါ။ သူတို့သားအဖ တွေ့စဉ်တွင် ကျွန်မသည် အခန်း အပြင်ဘက်မှာ ဆယ့်ငါးမိနစ်ခန့် ထွက်နေလိုက်ပါ၏။ ထို့နောက်မှ ကျွန်မသည် အခန်းထဲသို့ ပြန်ဝင်လာပါသည်။ ထိုအချိန်၌ သခင် အက်ဂါသည်လည်း ပျော်ရွှင်လျက် ကက်သရင်းမှာလည်း စိတ်ညစ်ခဲ့ရသမျှ ပျောက်သွားပုံ ရပါသည်။ ကက်သရင်းက သူ့အဖေကို အညင်အသာ ပွေ့ထားပါသည်။ သခင် အက်ဂါသည် သမီးကို စောင့်ကြည့်ယင်း မျက်လုံးများသည် ပိုပြူးလာပါ၏။
ဤသို့ဖြင့် သခင်အက်ဂါသည် အေးအေးချမ်းချမ်း ကွယ်လွန်သွားရ ရှာပါသည် မစ္စတာလော့ဝု။ သူက သမီးပါးကလေးကို နမ်းပြီး …
“ဖေဖေဟာ သမီးမေမေ့ဆီ သွားမယ် သမီး၊ သမီးလဲ လိုက်ခဲ့နော်' ဟု ပြောလိုက်ပါသည်။
ထို့နောက် ဘာမျှ မပြောတော့ပါ။ သို့သော် သမီးကို စိုက်ကြည့်နေယင်းပင် အသက်ထွက် သွားရှာပါလေသည်။ မည်သူမျှ သတိမပြုလိုက်မိပါ။ ဤသို့ဖြင့် သခင်အက်ဂါသည် မပင်ပန်းပဲ ကွယ်လှုန်သွားရှာပါလေတော့သည်။
ကက်သရင်းကား အားရပါးရ ငိုချလိုက်ပါလေတော့သည်။ မနက်လင်းသည်အထိ သူ့ အဖေ အပါးမှာပင် ထိုင်လျက် မျက်ရည်များ ခန်းခြောက်သွားသည်အထိ ငိုပါလေ၏။ မိုးသောက်လာသည့်တိုင်အောင် ကက်သရင်းမှာ တအုံနွေးနွေး ပူဆွေးလျက် မွန်းတည့်သည်အထိ သူ့ အဖေအပါးမှာပင် ထိုင်နေပါလေသည်။ ကျွန်မက သူ့ကို အနားယူဖို့ ပြောပါသေးသည်။ ညစာစားချိန်လောက်တွင် ရှေ့နေ မစ္စတာဂရင်း ရောက်လာမှပင် ခမျာမှာ အနားယူပါလေ၏။ ရှေ့နေက သူသည် လေထန်ကုန်း အိမ်သို့ သွားပြီး သူ ဆောင်ရွက်ရမည့် ကိစ္စများနှင့် ပတ်သက်၍ ညွှန်ကြားချက်ကို ခံယူနေရကြောင်း၊ ထိုကြောင့် ယခုကဲ့သို့ နောက်ကျမှ ရောက်လာရခြင်း ဖြစ်ကြောင်း ရှင်းပြပါလေသည်။ သွားလေသူ သခင်အက်ဂါမှာ သူ့အမွေများနှင့် ပတ်သက်၍ စိတ် အနှောင့်အယှက် ဖြစ်ဖွယ်တို့ကို မကြုံရသည်မှာ ကံကောင်းလှပေသည်ဟု ဆိုရပါမည်။
မစ္စတာဂရင်းသည် ပစ္စည်းပစ္စယများနှင့် ပတ်သက်၍လည်းကောင်း၊ လူပုဂ္ဂိုလ်များနှင့် ပတ်သက်၍ လည်းကောင်း၊ သူ ဆောင်ရွက်ဖွယ် ရှိသည်များကို ဆောင်ရွက်ပါလေတော့သည်။ သူသည် ကျွန်မမှအပ ဤအိမ်ကြီးတွင် ရှိသမျှ အလုပ်သမားများကို အလုပ်မှ ထုတ်ရန် ကြိုတင် အကြောင်းကြားပါ၏။ ထို့ပြင် သူကပင် တာဝန်ရှိသူ၏ ကိုယ်စားလှယ် အဖြစ် မစ္စတာ အက်ဂါလင်တန်၏ ရုပ်အလောင်းကို ဇနီးဖြစ်သူ၏ သင်္ချိုင်းဂူဘေးတွင် မမြှုပ်နှံပဲ ဘုရားရှိခိုး ကျောင်းတွင်းရှိ မိသားစု သင်္ချိုင်း၌သာ မြှုပ်နှံရန် ညွှန်ကြားပါလေသည်။ ဤသည်မှာ လင်တန်မျိုးရိုး၏ သေတမ်းစာအရ နောက်ဆုံးပိုင်ဆိုင်ခွင့်ရှိသူ၏ အလိုအတိုင်း လိုက်နာရမည် ဖြစ်သော်လည်း ကျွန်မက အကျောက်အကန် ပြောပါသေး၏။
ကျွန်မတို့သည် ဈာပနကိစ္စကို လျင်မြန်စွာ ဆောင်ရွက်ကြရပါလေတော့သည်။ ယခုအခါ မစ္စက်လင်တန် ဟိကလစ် ဘဝ ရောက်နေရှာပြီ ဖြစ်သော ကက်သရင်းကား သူ့အဖေ၏ အသုဘကိစ္စအဝဝ ပြီးဆုံးသည် အထိ အိမ်ကြီးမှာပင် ရှိနေပါလေသည်။
ကက်သရင်းသည် သူ၏ လွှတ်မြောက်ရေးအတွက် လင်တန်ကလေးအား အခါမလပ် နားပူနားဆာ လုပ်ခဲ့ပုံကို ကျွန်မအား ပြောပြပါ၏။ ကက်သရင်းသည် ကျွန်မလွှတ်လိုက်သော လူများနှင့် ဟိကလစ်တို့ တွေ့ဆုံပြီး ပြောကြ ဆိုကြပုံများကို ကြားရပါသည်။ ထိုအခါမှစ၍ သူသည် သူ့စိတ်ကို သူ ဆောက်တည်ရာမရ ဖြစ်လာပါလေသည်။ ထိုအတွင်း လင်တန်ကလေးသည် သော့ကို ရှာဖွေပါလေတော့သည်။ ထိုညက လင်တန်ကလေးသည် ကက်သရင်း၏ အခန်းသော့ကို ဖွင့်သော်လည်း ပြန်မပိတ်မိခဲ့ပါ။ သူကိုယ်တိုင်ကမူ ဟယ်ယာတန်၏ အခန်းတွင် သွားအိပ်ပါလေသည်။ ထိုစဉ်မှာပင် ကက်သရင်းသည် မိုးမသောက်မီ အိမ်ထဲမှ တိတ်တိတ်ကလေးထွက်လာခဲ့ပါ၏။ ကက်သရင်းသည် သူ့အခန်းမှ တိတ်တိတ်ကလေး ထွက်လာပြီး ထင်းရှူးပင်တပင်နှင့် နီးသော ပြတင်းပေါက်မှ ထွက်၍ ထင်းရှူးပင်မှတဆင့် အောက်သို့ ဆင်း၍ ထွက်ပြေးလာခဲ့ခြင်း ဖြစ်လေသည်။
အခန်း [ ၂၉ ]
အသုဘကိစ္စ ပြီးစီးသွားသော ညချမ်းပိုင်း၌ ကျွန်မနှင့် ကက်သရင်းတို့သည် စာကြည့်ခန်းထဲတွင် ထိုင်လျက် မရေရာလှသော ရှေ့ရေးကိစ္စများကို တွေးတောနေကြပါသည်။ ကျွန်မတို့သည် ဤအိပ်ကြီးတွင် ဆက်လက် နေထိုင်နိုင်ရေးအတွက် စဉ်းစားကြပါသည်။ ကက်သရင်းသည် လင်တန် အသက်ရှင်နေသမျှ ဤအိမ်မှာပင် ဆက်လက်နေထိုင်ယင်း လင်တန် ဤအိမ်သို့ ပြောင်းရွှေ့ နေထိုင်ခွင့်ရသည်အထိ စောင့်နေရန်နှင့် ကျွန်မသည်လည်း ဤအိမ်မှာပင် ဆက်လက် အမှုထမ်းရန် ကျွန်မတို့နှစ်ဦး ညှိနှိုင်းမိကြပါသည်။ ဤအစီအစဉ်မှာ ကျွန်မတို့ နှစ်ဦးစလုံးအဖို့ ဖြစ်နိုင်သော မျှော်လင့်စရာဟုလည်း မှတ်ယူထားကြပါ၏။ ထိုစဉ်မှာပင် အလုပ်မှ ဖယ်ရှားပြီးဖြစ်သော်လည်း ဤအိမ်ကြီးမှ ထွက်ခွာမသွားသေးသော အစေခံတယောက်သည် ကျွန်မတို့အခန်းထဲသို့ ပြေးရောက်လာပြီး အယုတ်တမာ ဟိကလစ် ခြံထဲသို့ ဝင်လာနေကြောင်း အကြောင်းကြားပါ၏။
ကျွန်မတို့မှာ ဘာလုပ်၍ ဘာကိုင်ရမှန်း မသိအောင် ဖြစ်သွားကြရပါသည်။ ဟိကလစ်သည် သူပိုင် အိမ်ပဲ သဘောထားကာ တံခါးကိုမျှပင် မခေါက်ပဲ အိမ်ထဲသို့ ပိုင်စိုးပိုင်နင်း ဝင်ရောက်လာပြီး စကားတခွန်းမျှ မပြောပဲ စကားသံများကြားရာ ကျွန်မတို့ အခန်းထဲသို့ တိုက်ရိုက် ဝင်လာပါလေသည်။
ဤအခန်းကား လွန်ခဲ့သော ဆယ့်ရှစ်နှစ်ခန့်က သူ ပထမဆုံးအကြိမ် ရောက်လာဖူးသော အခန်းပင် ဖြစ်ပါသည်။ အပြင်ဘက်တွင် ရွှန်းရွှန်းပပ သာနေသော လရောင်သည်လည်း လွန်ခဲ့သော ဆယ့်ရှစ်နှစ်က အတိုင်းပင် ဖြစ်ပါ၏။ ယခုအချိန်အထိ ကျွန်မတို့သည် ဖယောင်းတိုင်မီး မထွန်းကြရသေးသော်လည်း အပြင်ဘက် လရောင်ကြောင့် အခန်းတွင်းမှာ လင်းချင်းနေပါသည်။ ထို့ကြောင့် အခန်းနံရံမှ သခင်အက်ဂါနှင့် သခင်မ ကက်သရင်းတို့၏ ပုံကြီးများကို အထင်းသား မြင်သာနေပါ၏။ ဟိကလစ်သည် မီးလင်းဖိုနားသို့ တိုးလာပါ၏။ အခန်းထဲသို့ ဝင်လာသူမှာလည်း လွန်ခဲ့သော ဆယ့်ရှစ်နှစ်က ပုဂ္ဂိုလ်ပင် ဖြစ်ပါ၏။ သို့သော် ဆယ်ရှစ်နှစ် ကာလအတွင်း သူ့ရုပ်သွင်ကား ပြောင်းလဲခဲ့ပေပြီ။ မျက်နှာသည် ဖြူဖပ် ဖြူရော် ဖြစ်နေပြီး မျက်နှာထားမှာ ပိုမို တည်ငြိမ်နေပါ၏။ ကိုယ်လုံး ကိုယ်ထည်ကား တောင့်တောင့်ခိုင်ခိုင်ကြီး ဖြစ်ပါသည်။
ကက်သရင်းသည် သူ ဝင်လာသည်ကို မြင်သည်နှင့် နေရာမှ ထွက်သွားရန် ဆတ်ကနဲ ထလိုက်ပါသည်။ ဟိကလစ်သည် အပြင်သို့ ထွက်ဟန်ပြင်လိုက်သော ကက်သရင်း၏ လက်မောင်းကို ဖမ်းကိုင်လိုက်ပြီး...
“နေဦး၊ နင် ဘယ်မှ ထွက်ပြေးစရာ မလိုဘူး၊ ခုဟာက ဘယ်ကို သွားမလို့လဲ၊ ငါ နင့်ကို အိမ်ပြန်ခေါ်ရအောင် လာတာပဲ၊ နင် ငါ့အိမ်လိုက်ပြီး ငါ့သမီးတယောက်လို အိမ်တာဝန်ကို ထမ်းဆောင်ရမယ်၊ ငါ့သားကိုလဲ ငါ့စကား နားမထောင်အောင် မြောက်ပင့် မပေးရဘူး၊ နင် ထွက်ပြေးတာ ဒီကောင် အသုံးမကျလို့ပဲ၊ ဒါကြောင့် ဒီကောင်ကိုငါ ဆုံးမလိုက်ရတယ်။ ခု ဒီကောင် ဘာဖြစ်နေတယ်ဆိုတာ နင် ဒီကောင့်ကို တွေ့ယင် သိပါလိမ့်မယ်၊ တမြန်နေ့ညကပဲ ဒီကောင့်ကို အိမ်အောက် ခေါ်ပြီး ကုလားထိုင်ပေါ်မှာ အထိုင်ခိုင်းလိုက်တယ်၊ ငါ သူ့ကိုဘာမှ မလုပ်သေးဘူး၊ ပထမ ဟယ်ယာတန်ကို အပြင် ထွက်ခိုင်းလိုက်တယ်၊ အတော်ကြာတော့ ဂျိုးဆက်ကို ခေါ်ပြီး ဟယ်ယာတန်ကို ပြန်ခေါ်ခိုင်းလိုက်တယ်၊ အဲဒီမှာပဲ ဒီကောင် ချောက်ချောက်ချားချား ဖြစ်လာပြီ၊ ငါ သူ့အနားမှာ မရှိပေမယ် ငါ့ကို လှမ်းလှမ်း ကြည့်နေတယ်၊ ဟယ်ယာတန် ဝင်လာတော့ ဒီကောင်ဟာ ညတိုင်းညတိုင်း ငါ့ကို ကြောက်လို့ နင့်ကို တတနေသတဲ့၊ အဲဒီတော့ နင် ဒီကောင့်ကို ကြိုက်ကြိုက် မကြိုက်ကြိုက် နင် လိုက်ခဲ့ရမယ်၊ ခုအချိန်မှာ နင်တို့ဟာ လင်မယားပဲ၊ နင့်လင်ကို ငါ ပြုစုစရာ မလိုတော့ဘူး၊ နင်ပဲ ပြုစုရမယ်” ဟု ပြောချလိုက်ပါလေသည်။
“ကက်သရင်းကို ဒီမှာပဲ ဆက်နေပါစေလား ရှင်၊ သခင်ကလေး လင်တန်ကို ဒီပို့ပေးလိုက်ပေါ့၊ ရှင် သူတို့နှစ်ယောက်စလုံးကို မုန်းနေတဲ့ဟာ ရှင်နဲ့ အတူနေယင် ရှင်လဲ နေ့တိုင်း စိတ်ညစ်နေရမှာပေါ့" ကျွန်မက ဝင်ပြောလိုက်ပါသည်။
“ဒီအိမ်ကို ကျုပ် အိမ်ငှားထားမလို့ဗျ၊ ကျုပ် သားသမီးတွေဟာ ကျုပ်နဲ့အတူ နေရမှာပေါ့ဗျ။ နောက်ပြီး ဒီကောင်မလေးလဲ သူ့ဝမ်းစာအတွက် သူ အလုပ်လုပ်ဖို့ လိုတယ် မဟုတ်လား၊ ကျုပ် သူ့ကို လင်တန် မရှိတဲ့နောက်ပိုင်း အလုပ်မလုပ်ပဲ အလကား တင်ကျွေးမထားနိုင်ဘူး၊ ကဲ၊ မြန်မြန်လုပ်ဟေ၊ အေးအေးသက်သာ မလိုက်ယင် ငါအကြမ်းဖက် မိလိမ့်မယ်'
“လိုက်မှာပါ၊ ရှင်က လင်တန့်ကို ကျွန်မကို မုန်းအောင် လုပ်ပြီး ကျွန်မကလဲ လင်တန့်ကို မုန်းအောင်၊ ကျွန်မတို့နှစ်ယောက် တယောက်ကို တယောက် မုန်းအောင် ဘယ်လိုပဲလုပ်လုပ် ဒီကမ္ဘာမှာ ကျွန်မ ချစ်ရမယ့် လူဆိုလို့ လင်တန်တယောက်ပဲ ရှိတာပါ၊ ဒီတော့ ကျွန်မ လင်တန်အနားမှာနေပြီး ရှင် သူ့ကို မနှိပ်စက်နိုင်အောင် တားဆီးရမှာပဲ၊ ကျွန်မကိုလဲ ရှင် ကြိမ်းလား မောင်းလား မလုပ်နိုင်အောင် တားဆီးရမှာပဲ"
“အပြောကတော့ ကျသဟေ့၊ ငါကတော့ ငါ့သားကို နင့်ကြောင့် စိတ်မဆင်းရဲစေချင်ဘူး၊ ဒီတော့ နင့်အနေနဲ့ သူ့ကို ပြုစုရမှာပဲ၊ နင့်ကို သူမုန်းအောင်လဲ ငါလုပ်စရာ မလိုပါဘူးဟ၊ သူကိုယ်တိုင်က နင့်ကို မုန်းပြီးသားပါ၊ နင် ထွက်ပြေးကတည်းက ဒီကောင် နင့်ကို နာနေတာဟ၊ ဒီကောင်က ငါလို သန်သန်မာမာ မဟုတ်လို့ဟေ့၊ ဟုတ်များဟုတ်ယင် နင် မလွယ်ဘူး'
“သူ စိတ်သဘော မကောင်းမှန်း ကျွန်မ သိပါတယ်၊ ရှင့်သားပဲဟာကိုး၊ ဒါပေမယ့် ကျွန်မ သူ မကောင်းတာကို ခွင့်လွှတ်နိုင်လောက်အောင် ကျွန်မ သဘောထားကြီးတာကိုပဲ ကျေနပ်ရဦးမယ်၊ ဘာပြောပြော ကျွန်မ သူ့ကို ချစ်ဘယ်ဆိုဘာ သူ သိဘယ်၊ ဒီလိုပဲ သူကျွန်မကို ချစ်တာလဲ ကျွန်မ သိဘယ်၊ ဒီမယ် မစ္စတာ ဟိကလစ်၊ ရှင်ကတော့ ချစ်ရမယ့်လူမှ မရှိပဲ ဘယ်သိပါ့မလဲ၊ ရှင် ကျွန်မတို့ကို နှိပ်စက်ပါ၊ နှိပ်စက်ချင်သလောက် နှိပ်စက်ပေါ့၊ တနေ့ကျ ရှင်လဲ ခံရမှာပဲ၊ ရှင်ဟာ စိတ်ကောင်းမှ မရှိတာ၊ ရှင့်ကို ဘယ်သူကမှလဲ မချစ်ဘူး၊ ရှင်သေတောင် ဘယ်သူမှ ငိုမှာ မဟုတ်ဘူး"
ကက်သရင်းသည် အားရပါးရကြီး ပြောချလိုက်ပါသည်။ သူသည် ကြုံရအံ့သော ဒုက္ခဟူသမျှကို ရဲရဲရင့်ရင့် ရှင်ဆိုင်မည်ဟု ဆုံးဖြတ်ထားပြီး လုပ်ဟန်တူပါသည်။
“ကဲ၊ ရှည်မနေနဲ့၊ သွား၊ နင့်ပစ္စည်းတွေ ယူချည်'
ကက်သရင်းသည် ဘာကိုမျှ အလေးမထားသည့်ဟန်ဖြင့် အပြင်ဘက်သို့ ထွက်သွားပါလေ၏။
အခန်းထဲတွင် ကျွန်မနှင့် ဟိကလစ် နှစ်ယောက်တည်း ကျန်ခဲ့သောအခါ ကျွန်မက ဤအိမ်ကြီးတွင် ကျွန်မအစား ဇီလာကို ထားပြီး လေထန်ကုန်းအိမ်ကြီး၌ ကျွန်မအား ကက်သရင်းနှင့်အတူ နေခွင့်ပေးရန် ပြောသော်လည်း သူ လက်မခံပါ။ ကျွန်မအားသာ နောက်ထပ် ဘာမျှ မပြောရန် တားပါသည်။ ထို့နောက် သူသည် အခန်းတွင်း အခြေအနေကို အကဲခတ်လိုက်ပြီး နံရံပေါ်ရှိ ကွယ်လွန်သူ ကက်သရင်း၏ ဓာတ်ပုံကို ကြည့်ယင်း ..
“ကျုပ်ကတော့ ဟိုအိမ်မှာပဲ နေရမှာပဲ၊ ကျုပ် နေချင်လှတာ မဟုတ်ပေမယ့်လဲ...."
သူသည် မျက်နှာကို မီးလင်းဖိုဘက်သို့ ဖြတ်ကနဲ လွဲလိုက်ပါသည်။ သူ ဆက်ရမည့် စကားအတွက် စကားလုံး ရှာမရ ဖြစ်နေဟန် တူပါသည်။ ကျွန်မကတော့ သူ ပြုံးလိုက်သည် ထင်ပါသည်။
“မနေ့က ကျုပ် ဘာလုပ်ခဲ့တယ်ဆိုတာ ခင်ဗျားကို ပြောပြရဦးမယ်၊ လင်တန့် သင်္ချိုင်း တူးနေတဲ့ စဏ္ဍာလတယောက်ကို ကျုပ်က ကက်သရင်း သင်္ချိုင်းကို အဖော်ခိုင်းပြီး ခေါင်းကို လှန်ကြည့်ခဲ့တယ်ဗျ၊ ကက်သရင်းဟာ အလျင်က အတိုင်းပဲဗျ၊ ကျုပ်သူ့ကို ပြန်တွေ့ရတယ်၊ ဒါနဲ့ ကျုပ်က စဏ္ဍာလကို ကျုပ်သေယင် ကက်သရင်း သင်္ချိုင်းဘေးက လင်တန် အလောင်းကို ဖယ်ပြီး ကျုပ်အလောင်းကို ကက်သရင်း အလောင်းဘေးမှာ မြှုပ်ပေးဖို့ လာဘ်ထိုးလိုက်တယ်၊ လင်တန်ကတော့ ဘာတွေလုပ်လို့ ဘာတွေဖြစ်တယ်ဆိုတာ သိမှာ မဟုတ်တော့ပါဘူး၊ ကျုပ်သာ ကက်သရင်းနဲ့ အတူသေရမှာ”
“ရှင် ယုတ်ကန်းလှချည်လား မစ္စတာဟိကလစ်ရယ်၊ သေပြီးသား လူတွေကိုတောင် အနှောင့်အယှက်ပေးတာ ရှင် မရှက်ဘူးလား”
“ကျုပ် ဘယ်သူ့မှ မနှောင့်ယှက်ပါဘူး နယ်လီရာ၊ ကျုပ်ဘာသာ ကျုပ် သက်သာရာ သက်သာကြောင်း ရှာခဲ့တာပါဗျာ၊ ခုတော့ သေယင် ကက်သရင်းနဲ့အတူ သေရတော့မှာမို့ စိတ်ချမ်းသာသွားပြီ၊ ခင်ဗျားက ကျုပ် သူ့ကို နှောင့်ယှက်တယ်လို့ ဆိုတယ်၊ အဲဒါ မဟုတ်ဘူး နယ်လီရဲ့၊ သူကသာ ကျုပ်ကို ဆယ့်ရှစ်နှစ်လုံးလုံး မနေ့ကအထိ နေ့ရောညပါ ကျုပ်ကို အနှောင့်အယှက် ပေးခဲ့တာပါ၊ ကျုပ်ဟာ မနေ့ကအထိ စိတ်ထဲမှာ ကယောက်ကယက် ဖြစ်ခဲ့ရတာပါ၊ ကျုပ်ဟာ သူနဲ့ ပါးချင်းကပ်ပြီး အတူတူ သေရတယ်လို့ အမြဲ အိပ်မက် မက်ခဲ့ရတာပါ'
‘ကက်သရင်း အလောင်းက မြေစာဖြစ်သွားမှပဲဟာ၊ ရှင့် အိပ်မက်က အိပ်မက်တဲ့အတိုင်း ဖြစ်လာမှာမှ မဟုတ်တာပဲ”
“မြေစာဖြစ်သွားလဲ ပိုပြီးတောင် ပျော်ပျော်ရွှင်ရွှင် ဖြစ်ရတာပေါ့ဗျာ၊ ခင်ဗျားက အဲဒီလို ပြောင်းလဲသွားတဲ့အတွက် ကျုပ် ကြောက်မယ်လို့ ထင်သပေါ့လေ၊ ကျုပ်ဟာ သူ့အလောင်းကို ဖွင့်ကြည့်ကတည်းက ဒီလို အပြောင်းအလဲကို မျှော်လင့်ပြီးသားဗျ၊ ဘာပဲဖြစ်ဖြစ် မြေစာအဖြစ် ပြောင်းလဲသွားရတာလဲ ကျုပ်တို့နှစ်ယောက်အတူတူ ပြောင်းလဲရမှာပဲ၊ ဘာဖြစ်သေးလဲ၊ ဒီမယ် နယ်လီ၊ ကျုပ်ဟာ ကက်သရင်း သေသွားကတည်းက အရူးကြီးတယောက်လို ဖြစ်ကျန်ခဲ့ရတာဗျ၊ နေ့ရှိသရွေ့ တနေ့လုံး တညလုံးပဲ ကျုပ်ဟာ သူ့ကို ဝိညာဉ်အဖြစ်နဲ့ ကျုပ်ဆီ ပြန်လာဖို့ ဆုတောင်းခဲ့ရတာပါ၊ ကျုပ်က တစ္ဆေကို ယုံတယ်ဗျ၊ တစ္ဆေတွေဟာ ကျုပ်တို့ လူသားတွေကြားမှာ ရှိနေတယ်လို့ ကျုပ်က လက်ခံထားတာ၊ သူ့ကို မြေမြှုပ်သင်္ဂြိုဟ်တဲ့နေ့က နှင်းတွေကျနေတယ် မဟုတ်လား၊ အဲဒီနေ့ညနေ မှောင်တရီမှာ ကျုပ်သ င်္ချိုင်းကို ရောက်သွားတယ်၊ လေကလဲ အေးလိုက်တာ ဆောင်းတွင်းကြီး ကျနေတာပဲ သင်္ချိုင်းကလဲ တိတ်ဆိတ်နေသဗျ၊ ကျုပ် မကြောက်ပါဘူး၊ သူ့အလောင်းကို မြှုပ်ထားတဲ့ သင်္ချိုင်းနဲ့ နှစ်ဂိုက်အကွာရောက်တော့ ကျုပ်က “ငါ့ရင်ခွင်ထဲကို ပြန်လာခဲ့ပါကွယ်၊ မင်းခန္ဓာကိုယ် အေးစက်နေယင်လဲ ဆောင်းလေသွေးတာပဲ ထင်ပါရဲ့၊ မင်း မလှုပ်မယှက် ဖြစ်နေဦး၊ မင်း အိပ်နေတယ်လို့ ထင်ပါတယ်” လို့ ပြောလိုက်မီတယ်၊ အဲဒီအချိန်က ကျုပ် လက်ထဲမှာ တူရွင်းပြားတခု ပါလာတယ်၊ ကျုပ်လဲ သူ့အလောင်းရှိရာ သင်္ချိုင်း မြေပုံကို တူးလိုက်တယ်။ တူးရွင်းက ခေါင်းကို ထိတဲ့အသံ ကြားတော့ ကျုပ်လဲ တူးနေရာက ရုတ်ကနဲ ရပ်သွားတယ်၊ ခေါင်းကြီး ပွင့်လာသလိုလို အသံကိုလဲ ကြားမိတယ်၊ ကျုပ်က ခေါင်းကို စိုက်ကြည့်နေတုန်းမှာပဲ ကျုပ် အပေါ်ဘက်နားဆီက ကျုပ်ကို တစုံတယောက်က ငုံကြည့်နေယင်း သက်ပြင်းချလိုက်တဲ့ အသံကို ကြားလိုက်ရတယ်၊ ကျုပ် စိတ်ထဲမှာတော့ အတူများ မြေကြီးထဲမှာ နေရယင်လို့ အတွေးရောက်သေးတယ်၊ အဲဒီတုန်းမှာပဲ သက်ပြင်းသံနဲ့အတူ နွေးထွေးတဲ့ လေကို ထိလိုက်ရသလို ခံစားမိတယ်၊ အလောင်းကောင်ကြီးထဲမှာ အသက်မရှိတော့တာ ကျုပ် သိပါတယ်၊ ဒါပေမယ့် အမှောင်ထဲမှာ တစုံတယောက် ရှိနေတာတော့ အမှန်ပဲ၊ အဲဒါဟာကေသီ၊ ကေသီဟာ မြေကြီးထဲမှာ မဟုတ်ဘူးဗျ၊ မြေကြီးပေါ် ရောက်နေတာ၊ ကျုပ် အသည်းထဲ နှလုံးထဲမှာတော့ ကြည်နူးသွားတာပဲ၊ ဒါကြောင့် ကျုပ်လဲ သင်္ချိုင်းကို ပြန်ဖို့လိုက်တယ်၊ သူက ကျုပ်နဲ့အတူ ရှိနေတယ်လေ၊ ကျုပ် ကျေနပ်လိုက်တာ မပြောပါနဲ့တော့၊ ကျုပ် သင်္ချိုင်းကို ပြန်ဖို့တဲ့ အချိန်မှာလဲ သူ ကျုပ် အနားမှာ ရှိနေတယ်၊ ကျုပ် အိမ်ပြန်လာတော့လဲ ကျုပ်နဲ့ အတူ ပါလာတယ်။
“ဘာလဲ၊ ခင်ဗျားက ရယ်ချင်သလား၊ ရယ်ချင်ယင် ရယ်ပါ၊ ဒါပေမယ့် ကျုပ် ကေသီကို အသေအချာ မြင်ရတယ်ဗျ။ သူဟာ ကျုပ်နဲ့အတူ ပါလာတာပဲ၊ အဲဒီလိုနဲ့ ကျုပ် အိမ်ကို ပြန်ရောက်တော့ သူနဲ့အတူ အိမ်ထဲဝင်ဖို့ပဲ၊ ဒါပေမယ့် အိမ်တံခါးကို အတွင်းက ပိတ်ထားတယ်၊ ကျုပ် မှတ်မိသေးတယ်၊ အန်းရှောနဲ့ ကျုပ် မိန်းမ အစ္စဗယ်လာပေါ့၊ ကျုပ်ကို အိမ်ထဲ မဝင်ရအောင် အထဲကနေ ပိတ်ထားတာ၊ ဒါနဲ့ ကျုပ်လဲ အိမ်ထဲကို မရရအောင် ဝင်ပြီး အန်းရောကို လှိမ့်ကန်ပစ်လိုက်တယ်၊ ပြီးတော့ ကျုပ် အိမ်ပေါ်ကို အပြေးတက်လာတယ်၊ သူ့ အခန်းထဲမှာရော ကျုပ် အခန်းထဲမှာပါ ကျုပ် သူကိုရှာတယ်၊ ကျုပ်စိတ်က သူ ရှိတယ်လို့ပဲ တမ်းတမ်းစွဲတယ်၊ သူ့ကို မြင်ရတယ်လို့လဲ ထင်တယ်၊ ဒါပေမယ့် သူ မရှိဘူး၊ သူ့ကို မတွေ့ရပြန်ဘူး၊ ကျုပ် သူ့ကို တမ်းတလိုက်ရတာ၊ ရှာလိုက်ရတာ၊ သွေးတွေတောင် ချွေးအဖြစ် ယိုစီးလာသလိုပဲ၊ ကျုပ်သူ့ကို ပြန်လာဖို့ အသနားခံပါ တယ်ဗျား ဒါပေမယ့် ကျုပ် သူ့ကို မတွေ့ရပြန်ဘူး၊ ဒါပေမယ့် သူကတော့ ရှိနေသလိုပဲ။ တစ္ဆေတကောင်လို ကျုပ်ကို ကိုယ်ထင်ပြနေတယ်လေ၊ ကျုပ်ဆိုတာ သူ့ကို တကယ်ရနိုးနဲ့ ရှာလိုက်ရတာ ဆောက်တည်ရာကို မရဘူး၊ အဲဒီကတည်းက ကျုပ်ဟာ အိမ်ထဲမှာ ဟယ်ယာတန်နဲ့အတူ ထိုင်နေပြန်ယင်လဲ အပြင်ထွက်ယင်ပဲ သူ့ကိုတွေ့မယ်လို့ ထင်လာတယ်၊ အပြင်ဘက် ထွက်ပြန်တော့လဲ သူ အိမ်ထဲ ရောက်နေတယ်လို့ ထင်ပြန်တယ်၊ ကျုပ် အပြင်ရောက်နေယင် ချက်ချင်းပဲ အိမ်ကို ပြန်လာတယ်။ သူဟာ အိမ်ထဲမှာပဲ ရှိမယ်လို့ ထင်တယ်၊ ကျုပ် သူ့အခန်းထဲ ဝင်အိပ်တော့လဲ အိပ်လို့ မရဘူးဗျ၊ မျက်လုံး မှေးလိုက်ယင် သူ ပြတင်းပေါက်နားပဲ ရောက်နေသလို၊ အထဲဝင်ဖို့ ကြိုးစားနေသလို၊ မျက်လုံး ဖွင့်ကြည့်လိုက်တော့လဲ မတွေ့ရဘူး၊ တညတညများဆို၊ အကြိမ်တရာလောက် မျက်လုံး ဖွင့်ချည် ပိတ်ချည်နဲ့ စိတ်ဆင်းရဲလိုက်တာဗျာ၊ တခါတခါ အသံထွက်ပြီး ညည်းလိုက်မိတယ်၊ ဂျိုးဆက်တောင် သိတယ်၊ ကျုပ်စိတ်ဟာ အတွင်းထဲမှာတွင် ရုန်းရင်းဆန်ခတ် ဖြစ်နေတယ်ဆိုတာ သူ သိတယ်၊ ဟော ခုတော့ ကျုပ် သူ့ကို တွေ့ရပြီ။ ကျုပ် စိတ်သက်သာရာ ရပြီ၊ ကျုပ်အဖို့ ဆယ့်ရှစ်နှစ်လုံးလုံး မျှော်လင့်ချက်ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရတာပါ နယ်လီရယ်”
မစ္စတာ ဟိကလစ်သည် စကားကို ရပ်လိုက်ပြီး နဖူးမှ ချွေးများကို သုတ်လိုက်ပါသည်။ နဖူးပေါ်သို့ ကျနေသော ဆံစများသည် ချွေးများဖြင့် စိုရွှဲနေပါ၏။ မျက်လုံးအစုံတို့ကိုမူ မီးလျှံဆီသို့ စူးစိုက်ထား၏ စကားပြောယင်း ကျွန်မအမည်ကို တချက်တချက် ခေါ်လိုက်သော်လည်း ကျွန်မသည် ငြိမ်ပြီး နေခဲ့ပါ၏။ သူ့မျက်နှာသည် ဝေဒနာပြင်းစွာ ခံခဲ့ရပုံကို ဖော်ပြနေပါ၏။ သူသည် ကက်သရင်း၏ ရုပ်ပုံကို ကြည့်နေရာမှ ဆိုဖာပေါ် ထိုင်ချလိုက်ပြီး စကားကို ဆက်ပြောနေခဲ့ခြင်း ဖြစ်ပါ သည်။ သူ့စကား အဆုံးတွင် ကက်သရင်းသည် အခန်းထဲသို့ ပြန်ဝင်လာပြီး သူ အသင့်ဖြစ်နေကြောင်းနှင့် သူ မြင်းကို ကုန်းနှီးတင်ပြီးလျှင် သွားရုံသာရှိကြောင်း ပြောပါလေ၏။
"နောက်မှ ဆက်သေးတာပေါ့ဗျာ” ဟု ကျွန်မအား ပြောပြီး ကက်သရင်းဘက်သို့ လှည့်၍ “မြင်းစီးစရာ မလိုပါဘူး၊ ရာသီဥတုလဲ သာယာသားပဲ၊ နင် ဟိုမှာတော့ မြင်းထားစရာ မလိုဘူး၊ နင့်ခြေထောက် နင် အားကိုးပြီး သွားရလာရမှာပဲ၊ ကဲလာ” ဟု ပြောလိုက်ပါ၏။
ကက်သရင်းသည်..
“သွားမယ် အယ်လင်’ ဟု တီးတိုးဆိုပြီး ကျွန်မကို နမ်းရှုပ်ပါလေ၏။ သူ့နှုတ်ခမ်းများမှာ ရေခဲကဲ့သို့ အေးစက်နေပါသည်။ “ကျွန်မဆီကိုလဲ လာခဲ့ဦးနော်၊ မေ့မနေနဲ့' ဟု ဆက်ပြောလိုက်ပါသည်။
"ဒီမယ် မစ္စက်ဒင်း၊ ခင်ဗျား ကျုပ်အိမ်ကို လာစရာ မလိုဘူး၊ ကျုပ် ခင်ဗျားကို ပြောစရာရှိယင် ကျုပ် လာခဲ့မယ်၊ ခင်ဗျား အနေနဲ့ကတော့ ကျုပ် အိမ်နားတောင် လာစရာ မလိုဘူး”
ဟိကလစ်က ကက်သရင်းအား သူ့နောက်မှ လိုက်ခဲ့ရန် အရိပ်အကဲ ပြလိုက်သည်နှင့် ကက်သရင်းလည်း ဟိကလစ်နောက်မှ လိုက်သွားပါလေတော့သည်။ ကျွန်မကို တချက် လှည့်ကြည့်လိုက်သောအခါ ရင်ထဲမှာ နင့်ကနဲ ခံစားလိုက်ရပါ၏။ သူတို့ ထွက်သွားသည်ကို ကျွန်မသည် ပြတင်းပေါက်မှ လှမ်းကြည့်နေပါသေး၏။ ဟိကလစ်က ကက်သရင်းကို သူ့ လက်ကို ချိတ်တွဲလိုက်ပါရန် ခေါ်သည်ကို ကက်သရင်းက ငြင်းနေပါသေးသည်။ ထို့နောက် သူတို့နှစ်ယောက်စလုံးသည် သစ်ပင်အကွယ်တွင် ပျောက်သွားပါလေတော့သည်။
အခန်း [ ၃၀ ]
ကက်သရင်း အိမ်ကြီးမှ ထွက်သွားပြီးကတည်းက ကျွန်မ သူ့ကို မတွေ့တော့ပါ။ တခါမူ ကျွန်မ လေထန်ကုန်းအိမ်သို့ ရောက်ပါသေး၏။ အိမ်ဝတွင် ဂျိုးဆက်ကို တွေ့ရပါသည်။ ဂျိုးဆက်က ကျွန်မကို အိမ်ထဲဝင်ခွင့်မပြုပါ။ ကက်သရင်းအကြောင်း မေးသောအခါ ကက်သရင်း မကောင်းကြောင်းနှင့် သူ့သခင် မရှိကြောင်း ပြောပါ၏။ ဇီလာ ပြာပြသမျှသာ သူတို့အကြောင်းကို သိရပါသည်။
ဇီလာ၏ ပြောစကားအရ ဇီလာသည် ကက်သရင်းကို မာနကြီးသည် ထင်ပြီး ကက်သရင်းကို သူ သဘောမကျဟု ကျွန်မ ခန့်မှန်းရပါသည်။
ကက်သရင်းသည် အစပထမတွင် ဇီလာထံမှ အကူအညီ တောင်းပါသေးသည်။ သို့သော် မစ္စတာ ဟိကလစ်က ဇီလာအား ကတ်သရင်း၏ အလုပ်များတွင် ဝင်မကူရန်နှင့် သူ့ချွေးမ ကိစ္စကို သူ့ချွေးမဘာသာ လုပ်ဆောင်စေရန် ပြောထားပါသည်။ ဇီလာသည် စိတ်သဘောထား သေးသိမ်ပြီး ကိုယ်ချင်းစာတရား ခေါင်းပါးသူပီပီ သူ့သခင် စကားကို သဘောကျခဲ့ပါလေသည်။ ကက်သရင်းကလည်း ပထမတွင် အလေးမပေးကောင်းလား ထင်ခဲ့ပြီး မကြာမီအတွင်းမှာပင် မကျေနပ်စိတ် ပွားကာ သူ့ရန်သူ စာရင်းတွင် ထည့်လိုက်ပုံ ရပါသည်။
ကျွန်မသည် လွန်ခဲ့သော တလခွဲခန့် မစ္စတာ လော့ဝု ရောက်မလာမီကလေးတွင် ကွင်းထဲ၌ ဇီလာနှင့် တွေ့ပြီး စကားလက်ဆုံကျခဲ့ရာ ဇီလာက ဤသို့ ပြောပါလေ၏။
“မစ္စက်လင်တန်ဟာ အိမ်ကို ရောက်လာလာချင်းပဲ ကျွန်မနဲ့ ဂျိုးဆက်ကိုတောင် နှုတ်မဆက်ပဲ အိမ်ပေါ် တက်သွားပါတယ်၊ ပြီးတော လင်တန့် အခန်းထဲမှာ မနက်အထိ တံခါးပိတ် နေလိုက်ပါတယ်၊ မနက်ပိုင်း သခင် ဟီကလစ်နဲ့ အန်းရှောတို့ မနက်စောစာ စားချိန်ကျ အောက်ထပ် ဆင်းလာပြီး သူ့ခင်ပွန်း အတော်နေမကောင်း ဖြစ်နေလို့ ဆရာဝန် ခေါ်ပေးဖို့ ကတုန်ကယင်နဲ့ ပြောလိုက်ပါတယ်၊ ဒီတော့ သခင်က “ဟ၊ ဒါတော့ ငါတို့လဲ သိသားပဲ၊ ဒါပေမယ့် ဒီကောင် ဘဝက တပြားတောင်မှ တန်တာ မဟုတ်ပဲ သူ့အတွက် ငါ ပိုက်ဆံတပြားမှ အကုန်မခံနိုင်ဘူး” လို့ အော်ပြောလိုက်တယ်ရှင့်။
“ဒီတော့ မစ္စက်လင်တန်က “ကျွန်မလဲ ဘာလုပ်ရမှန်း မသိဘူး၊ သူ့အတွက် တယောက်ယောက်မှ အကူအညီ မပေးဘူးဆိုယင် သူသေရုံပဲ" လို့ ပြောတယ်၊ သခင်ကလဲ “ဒါဖြင့် နင် အခန်းထဲက ထွက်လိုက်ပေါ့၊ ဒီကောင့်အကြောင်း ငါ ဘာမှ မကြားချင်ဘူး၊ သူ ဘာဖြစ်ဖြစ် ဂရုစိုက်စရာလဲ မလိုဘူး၊ နင် မနေနိုင်ယင် နင်ဘာသာ ပြုစုပေါ့၊ မဟုတ်ယင် သူ့ကို အခန်းထဲထားပြီး သော့ပိတ်ထားလိုက်ပေါ့ဟ” လို့ ပြောသလေ၊ အဲဒီတော့ မစ္စက်လင်တန်က ကျွန်မကို အပူကပ်ပြန်တယ်။ ကျွန်မကလဲ ကျွန်မမှာ ကိုယ့်အလုပ်နဲ့ကိုယ် အလုပ်များနေတဲ့အကြောင်း၊ မစ္စက် လင်တန်အနေနဲ့ လင်တန်ကို ဂရုစိုက်ဖို့အကြောင်း ပြောလိုက်တယ်။ မစ္စတာ ဟိကလစ်ကလဲ ကျွန်မကို အကူအညီ မပေးစေချင်ဘူးရှင့်၊ ဒီနောက်တော့ သူတို့ လင်မယား ဘယ်လိုဆက် စခန်းသွားကြတယ်ဆိုတာ ကျွန်မ မပြောတတ်ပါဘူး၊ ကျွန်မအထင်တော့ လင်တန်ဟာ ဝေဒနာကို အသည်းအသန် ခံစားနေရပုံပဲ၊ တခါတခါတော့ မစ္စက်လင်တန်ဟာ မီးဖိုထဲ ရောက်လာတတ်တယ်၊ သူ တော်တော် စိတ်ရှုပ်နေပုံရတယ်၊ တယောက်ယောက်ဆီက အကူအညီ ရယူချင်ပုံလဲ ရတယ်။
“ကျွန်မဆိုတာကလဲ မစ္စက်ဒင်း သိတဲ့အတိုင်းပဲ၊ သခင့်စကားကို ဖီဆန်ရဲတာမှ မဟုတ်ဟာ၊ ဆရာဝန်မခေါ်တာ မဟုတ်မှန်းလဲ ကျွန်မ သိသားပဲ၊ ဒါပေမယ့် ဒါနဲ့ ပတ်သက်လို့ ကျွန်မ ဘာပြောသာမှာလဲ၊ သူတို့ သားအဖ၊ သမီးယောက္ခမကြားမှာလဲ ဝင်မရှုပ်ချင်ပါဘူး၊ တခါ နှစ်ခါလား ကျွန်မ အိပ်ရာဝင်ခါနီး တံခါးဝက လှမ်းကြည့်တော့ မစ္စက် လင်တန်တယောက် လှေကားထိပ်မှာ ထိုင်ပြီး ငိုနေတာ တွေ့ရတယ် ရှင့်၊ ကျွန်မလဲ ဘာမှ ဝင်မရှုပ်ချင်တာနဲ့ တံခါးပိတ်ပြီး အိပ်ပစ်လိုက်တယ်၊ ကျွန်မ သူ့ကို သနားပါတယ်ရှင်၊ ဒါပေမယ့် ရှင်သိတဲ့အတိုင်းပဲ ကျွန်မ အလုပ်ပြုတ် မခံနိုင်ဘူး။
“အဲဒီလိုနဲ့ တညကျတော့ မစ္စက် လင်တန်ဟာ ကျွန်မအခန်းထဲ စွတ်ဝင်လာပြီး “သူ့သား သေလုမျောပါးဖြစ်နေပြီလို့ မစ္စတာ ဟိကလစ်ကို ပြောပေးပါရှင်၊ ဒီတခါတော့ တကယ်ပဲ သူ သေတော့မှာပါ၊ မြန်မြန် သွားပြီး ပြောပေးပါရှင်” လို့ ထပ်တလဲလဲ ပြောပြီး သူ အခန်းထဲက ပြန်ထွက်သွားတယ်၊ ကျွန်မလဲ ရုတ်တရက် သွားမပြောသေးပဲ ဘာများ ဖြစ်မလဲလို့ ဆယ့်ငါးမိနစ်လောက် နားထောင်နေတယ်၊ လူကလဲ ကတုန်ကယင် ဖြစ်လာတယ်ရှင့်၊ ဆယ်ငါးမိနစ်လောက် ကြာတဲ့အထိ ဘာမှ ဖြစ်မလာဘူးရှင့်၊ တအိမ်လုံး တိတ်နေတာပဲ၊ ကျွန်မလဲ သူတော့ မှားပြီ၊ လင်တန် ပြန်ကောင်းသွားပြီ၊ သည်တော့ တခြားလူတွေကို အနှောင့်အယှက် မပေးတော့ပါဘူးဆိုပြီး အိပ်ပစ်လိုက်တယ်၊ ဒါပေမယ့် ဘာမှ မကြာပါဘူး၊ ခေါင်းလောင်းသံကြောင့် ကျွန်မ လန့်နိုးလာတယ်၊ အဲဒီ ခေါင်းလောင်းဟာ မစ္စတာ လင်တန် အတွက် တပ်ဆင်ပေးထားတဲ့ ခေါင်းလောင်းပါ၊ သခင်က ခေါင်းလောင်းသံကြောင့် ကျွန်မကို အခြေအနေ စုံစမ်းခိုင်းပါတယ်၊ ကျွန်မလဲ ခေါင်းလောင်းသံ နောက်ထပ် မကြားကြောင်း ပြောလိုက်ပြီး ကက်သရင်း အပြောခိုင်းတဲ့ စကားကို ပြောပြလိုက်ပါတယ်၊ အဲဒီတော့ မစ္စတာ ဟိကလစ်က ဖယောင်းတိုင်ကို ကိုင်ပြီး အခန်းထဲက ထွက်လာပါတယ်၊ ကျွန်မလဲ သူ့နောက်က လိုက်ပြီး ကက်သရင်းတို့အခန်းကို လိုက်ဝင်ခဲ့ပါတယ်၊ အဲဒီအချိန်မှာ ကက်သရင်းဟာ အိပ်ရာဘေးမှာ ငုတ်တုတ် ထိုင်နေပါတယ်၊ မစ္စတာဟိကလစ်က ရှေ့ကိုတိုးသွားပြီး လင်တန်ရဲ့ မျက်နှာကို ဖယောင်းတိုင် မီးရောင်နဲ့ ငုံ့ကြည့်လိုက်ပါတယ်။ အဲဒီနောက် လင်တန်ကို စမ်းကြည့်ပြီး ကက်သရင်း ဘက်ကို လှည့်ပြီးတော့ “ကဲ၊ ကက်သရင်း၊ နင် ဘယ်လို ခံစားရသလဲ” လို့ မေးလိုက်ပါတယ်။ ကက်သရင်းကတော့ မကြားသလို နှုတ်အနေပါတယ်။ ဒီတော့ မစ္စတာ ဟိကလစ်က “နင် ဘယ်လို ခံစားရသလဲဟ” လို့ ထပ်မေးပြန်ပါတယ်။
“အဲဒီတော့ ကက်သရင်းက “သူ ဝဋ်ကျွတ်သွားတာပေါ့၊ ကျွန်မလဲ လွတ်လပ်သွားပြီလေ၊ ဒါပေမယ့် ရှင်က ကျွန်မကို ဆက်ပြီး သေမင်းနဲ့ ရင်ဆိုင်ခိုင်းတာပဲ၊ ကျွန်မ သေခြင်းတရားကိုပဲ ခံစားရတယ်၊ သေခြင်းတရားကိုပဲ မြင်ရတယ်၊ ကျွန်မ သေခြင်းတရားကို ခံစားရတာကိုလဲ ကြိုက်တယ်” လို့ ဖြေလိုက်တယ်၊ သူ့ကြည့်ရတာကလဲ သူပြောတဲ့အတိုင်းပါပဲ၊ ကျွန်မ သူ့ကို ဝိုင်အရက် ထည့်ပေးလိုက်တယ်၊ အဲဒီ အချိန်မှာ ဟယ်ယာတန်နဲ့ ဂျိုးဆက်တို့လဲ ခေါင်းလောင်းသံကြောင့် နိုးလာပြီး အသံဗလံကြားရာ ကျွန်မတို့ အခန်းထဲ ဝင်လာကြတယ်၊ ဂျိုးဆက်ကတော့ သူ အလုပ်ပိုရဦးမှာကို သိပုံရတယ်၊ ဟယ်ယာတန်က စိတ်ပူသွားပုံရတယ်၊ ကက်သရင်းကိုလဲ စိုက်ကြည့်တယ်၊ အဲဒီတုန်းမှာပဲ သခင်က ဟယ်ယာတန်ကို သူ့အခန်း သူ ပြန်သွားဖို့ အမိန့်ပေးလိုက်တယ်၊ ပြီးတော့ ဂျိုးဆက်ကို လင်တန် ရုပ်အလောင်း သူ့အခန်းထဲ ရွှေ့ထားဖို့ ပြောလိုက်ပါတယ်၊ ကျွန်မကိုလဲ ကိုယ့်အခန်း ကိုယ် ပြန်ဖို့နဲ့ ကက်သရင်းကို အခန်းထဲမှာပဲ နေခဲ့ဖို့ ပြောလိုက်တယ်။
“မနက်ကျတော့ သခင်က ကျွန်မကို မစ္စလင်တန်ကို အခေါ်ခိုင်း လိုက်ပါတယ်၊ ကျွန်မ သူ့အခန်း ဝင်သွားတော့မှ သူဟာ အဝတ်လဲနေတာ တွေ့ရတယ်၊ ခုမှ အိပ်ရာဝင်တော့မယ့်ပုံပဲ၊ သူက ကျွန်မကို နေမကောင်းကြောင်း ပြောပါတယ်၊ ကျွန်မလဲ မစ္စတာ ဟိကလစ်ကို မစ္စက်လင်တန် နေမကောင်းကြောင်း ပြောလိုက်ပါတယ်၊ ဒီတော့ မစ္စတာဟိကလစ်က “ဒါဖြင့်လဲ သူ မသာကိစ္စပြီးတဲ့အထိ နေပေစေပေါ့ဗျာ။ ဒါပေမယ် သူ ဘာအလိုရှိသလဲ သွားမေးပါ၊ သူ နေကောင်းလာယင် ကျုပ်ကို လာပြောပေါ့” လို့ ပြောပါတယ်”
ဇီလာ ဆက်ပြောသော စကားများအရ ကေသီသည် အပေါ်ထပ်မှာပင် ရက်သတ္တနှစ်ပတ် ဆက်နေသည်ဟု သိရပါသည်။ ထိုကာလအတွင်း ဇီလာသည် ကေသီထံသို့ တနေ့နှစ်ကြိမ်ကျ သွားရောက်ခြင်းဖြင့် ပိုမို ရင်းနှီးသွားသည်ဟု ဆိုပါသည်။
တကြိမ်တွင် ဟိကလစ်သည် ကွယ်လွန်သူ လင်တန်၏ သေတမ်းစာကို ပြရန် ကက်သရင်းအခန်းသို့ ရောက်သွားသည်ဟုလည်း သိရပါသည်။ သေတမ်းစာ၌ လင်တန်သည် သူပိုင် သရတ်ကရော့အိမ်ခြံမြေ၊ ယာမြေနှင့်တကွ သူ့ဇနီးပိုင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းအားလုံးကို သူ့ အဖေဖြစ်သူ ဟိကလစ်အား လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြထားပါသည်။ ထိုသေတမ်းစာမှာလည်း ကက်သရင်း သူ့ အဖေထံသို့ ပြန်လာစဉ်က လင်တန်အား ခြိမ်းခြောက်ပြီး အရေးခိုင်းသော သေတမ်းစာ ဖြစ်ပါသည်။ စင်စစ် ယာမြေများကိစ္စမှာ အရေးမကြီးလှပါ။ သို့သော် မစ္စတာ ဟိကလစ်သည် လင်တန်နှင့် လင်တန်မယား ကက်သရင်းပိုင် ပစ္စည်းအားလုံးကို သူ ပိုင်ဆိုင်ပြီ ဖြစ်ကြောင်း တရားဝင် ပြသလိုက်ခြင်းပင် ဖြစ်ပါသည်။ ကက်သရင်းခမျာမှာ သူ့အဖို့ အခြေအနေမဲ့ ဖြစ်ရသည့်တိုင်အောင် ဟိကလစ်၏ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ပြဿနာ မလုပ်နိုင်ရှာပါပေ။
ယခု ဆက်လက်ဖော်ပြအံ့သည်တို့မှာ ဇီလာက ဆက်လက် ပြောပြသော အကြောင်းများ ဖြစ်ပါသည်။
ကက်သရင်း အခန်းထဲကို ကျွန်မကလွဲပြီး ဘယ်သူမှ မရောက်ပါဘူး၊ ဘယ်သူကမှလဲ သူ့အကြောင်းကို မမေးကြဘူးရှင့်၊ တနင်္ဂနွေနေ့ တနေ့မှာတော့ သူ အောက်ထပ်ကို ဆင်းလာတယ်လေ။ အဲဒီနေ့ ညနေပိုင်းမှာ ကျွန်မက သူ့အဖို့ စားသောက်စရာ သွားပို့တော့ သူ အေးလွန်းရှာလို့ ဆိုပြီး ငိုနေတယ်၊ ဒါနဲ့ ကျွန်မက အိမ်မှာ သခင်မရှိတဲ့ အကြောင်းနဲ့ အောက်ထပ်မှာ ကျွန်မနဲ့ ဟယ်ယာတန်တို့သာ ရှိတဲ့အကြောင်း ပြောလိုက်တယ်၊ ဟိုကလစ် မြင်းစီးထွက်သွားသံလဲ ကြားရော သူ အိမ်ပေါ်က ဆင်းလာတယ်၊ အဲဒီအချိန်က အနက်ရောင် ဝတ်စုံကို ဝတ်ထားတယ်၊ နောက်ဘက်က ဆံပင်ဝါဝါကလေးကို ရိုးရိုးကလေးပဲ ဖြီးထားတယ်ရှင့်။
“တနင်္ဂနွေနေ့ဆိုယင် ကျွန်မနဲ့ ဂျိုးဆက်က ဘုရားရှိခိုးကျောင်း သွားလေ့ရှိတယ်၊ အဲဒီနေ့ကတော့ ဂျိုးဆက်သာ ထွက်သွားပြီး ကျွန်မကတော့ အိမ်မှာပဲ နေမယ်ဆိုပြီး နေနေခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ လူငယ်တွေချည်း ကျန်ခဲ့လို့ ကျွန်မအနေနဲ့ ကြည့်ရှုဖို့လိုတယ် မဟုတ်လား၊ ဟယ်ယာတန်ကတော့ ကက်သရင်း အခန်းထဲ ဝင်လာတော့ ရှက်ကိုးရှက်ကန်း ဖြစ်နေသေးတယ်၊ ကျွန်မက သူ.ညီမကလေး လာမယ့်အကြောင်း ပြောထားတာနဲ့ သူလဲ အိမ်ထဲက အလုပ်တွေပစ်ပြီး ကျွန်မတို့နဲ့ လာထိုင်တယ်။
“ဒီမှာ မစ္စက်ဒင်းရဲ့၊ ကက်သရင်းဟာ ဘာပဲပြောပြော ဟယ်ယာတန် အတွက် သဘောကျစရာပဲ မဟုတ်လား၊ ကက်သရင်း အခန်းထဲ ဝင်လာတော့ ကျွန်မက ထိုင်နေတဲ့ ပက်လက်ကုလားထိုင်က ထပြီး သူ့ကို နေရာပေးပါတယ်၊ ဟယ်ယာတန်ကလဲ မီးဖိုနားက သူ ထိုင်နေတဲ့ ခုံတန်းလျားကထပြီး ခမျာ ချမ်းရှာမှာပဲဆိုပြီး နေရာပေးပါတယ် ကက်သရင်းကတော့ “ကျွန်မ တလလုံးလုံး အအေးခံနေရတာပါရှင့်” လို့ ဆိုပြီး တခြားကုလားထိုင်တလုံးမှာ သူ့ဘာသာ ဝင်ထိုင်တယ်၊ “အဲဒီ ကုလားထိုင်က ကျွန်မတို့နှစ်ယောက်စလုံးနဲ့ ခပ်လှမ်းလှမ်းမှာရှင့်။ သူ မီးလင်းဖိုနား ထိုင်မိပြီး အနွေးဓာတ်ကလေး ရလာတော့မှ အခန်းတွင်း အခြေအနေကို ကြည့်ဘယ်၊ အဲဒီတွင် ဗီရိုကြီးတခုပေါ်မှာ စာအုပ်တွေ သွားကွေ့တာကိုး၊ သူက ချက်ချင်းထပြီး စာအုပ်ကို ယူဖို့ကြိုးစားတယ်၊ ခြေဖျားထောက်ပြီး စာအုပ်ကို လက်လှမ်းပေမယ် ဗီရိုက သိပ်မြင့်နေတယ်ရှင့်၊ ဟယ်ယာတန်က ကက်သရင်းလုပ်ပုံကို ခဏကလေး စိုက်ကြည့်နေပြီး ဗီရိုပေါ်က စာအုပ်ကို လှမ်းယူပေးလိုက်တယ်၊ ဒါပေမယ့် ကက်သရင်းကတော့ ကျေးဇူးတင်ပါတယ်လို့တောင် မပြောဘူး၊ ဟယ်ယာတန်ကတော့ သူယူပေးတဲ့ စာအုပ်ကို ကက်သရင်းက လက်ခံလို့ ကျေးဇူးတင်နေပုံပဲ။
“ပြီးတော့ ဟယ်ယာတန်ဟာ အရဲစွန့်ပြီး ကက်သရင်းနောက် လာရပ်ပြီး ကက်သရင်း ဖတ်နေတဲ့ စာအုပ်က အရုပ်ကလေးတွေကို လိုက်ကြည့်နေတယ်၊ ဒါကို ကက်သရင်းက သဘောကျပုံ မရဘူး၊ နောက်ပိုင်းကျတော့ ဟယ်ယာတန်ဟာ စာအုပ်ကိုမကြည့်ပဲ ကက်သရင်းရဲ့ နောက်ပိုင်း ဆံပင်ကိုသာ စိုက်ကြည့်နေတယ်၊ ကက်သရင်းကတော့ စာအုပ်ကို ဆက်ဖတ်သလို ဖတ်စရာရှာသလို လုပ်နေတယ် ဟယ်ယာတန် ကက်သရင်းကို နောက်ပိုင်းကနေ ကြည့်ယင်း ကက်သရင်းရဲ့ ပိုးသားလို ဆံပင်စတွေဆီကို အာရုံရောက်သွားတယ်ရှင့်၊ အဲဒီအချိန်က သူကလဲ ကက်သရင်းမျက်နှာကို မမြင်ရဘူး၊ ကက်သရင်းကလဲ သူ့မျက်နှာကို မမြင်ရဘူး၊ ဟယ်ယာတန်ဟာ ကက်သရင်းဆံပင်ကို စိုက်ကြည့်ယင်း ဆံပင်စကလေးတွေကို စိတ်ဝင်စားသွားပုံ ရပါတယ်၊ ဆံပင်စကို ကိုင်ကြည့်လိုက်တယ်ရှင့်၊ အဲဒါကိုပဲ ကက်သရင်းက သူ့လည်ပင်းကို ဓားထိုးခံရသလောက် ထင်သွားပြီး “ရှင် ဒီမှာ လာရှုပ်မနေနဲ့၊ ရှင် ကျွန်မ ဆံပင်ကို ဘာလို့ ကိုင်ရတာလဲ၊ ရှင် ကျွန်မအနား ဘာလုပ်နေတာလဲ၊ ရှင် ဒီနားမှာနေယင် ကျွန်မ အပေါ်ပြန်တက်သွားမယ်” လို့ အတော်ကြီး စက်ဆုပ်မုန်းတီးဟန်နဲ့ အော်ပြောလိုက်တယ်။
“အဲဒီမှာ ဟယ်ယာတန်လဲ ခွတီးခွကျဖြစ်သွားပြီး သူ့ခုံတန်းလျားမှာ သူ ပြန်ဝင်ထိုင်လိုက်တယ်၊ ကက်သရင်းကတော့ စာအုပ်ကို ဆက်ကြည့်နေတယ်၊ အဲဒီတုန်းမှာပဲ ဟယ်ယာတန်က ကျွန်မနားကပ်ပြီး “ဇီလာရယ်၊ သူ့ကို ကျွန်တော်တို့ကြားရအောင် အဖတ်ခိုင်းပါဗျာ၊ ကျွန်တော် ကြားချင်ပေမယ့် မပြောရဲဘူးဗျ၊ ဒါပေမယ်. ကျွန်တော်က ဖတ်ခိုင်းတာလို့ မပြောပါနဲ့၊ ခင်ဗျားဘာသာ ပြောပါ” ဟု ပြောလာသဖြင့် ကျွန်မက “မိန်းကလေးရယ်၊ မစ္စတာ ဟယ်ယာတန်က မင်း စာဖတ်ပြတာကို နားထောင်ချင်လို့တဲ့ကွယ်၊ ဖတ်ပြလိုက်ပါ” လို့ ပြောလိုက်မိ တယ်။
“ဒီတော့ ကက်သရင်းက မျက်မှောင်ကုပ်ကြည့်ပြီး “ဒီမှာ မစ္စတာ ဟယ်ယာတန်ရဲ့၊ ရှင်တို့က ကျွန်မကို ကြင်နာယောင် ဆောင်နေတာ သိသာပါတယ်၊ တကယ်တော့ ရှင်တို့ဟာ ဟန်ဆောင်နေတာပဲ၊ ကျွန်မ မကြိုက်ဘူး၊ ရှင်တို့ကိုလဲ ဘာမျှ ပြောစရာ မလိုဘူး၊ ကျွန်မမှာ ဒုက္ခတွေ့နေရတုန်းက ရှင်တို့ကို တယောက်မှ မတွေ့ရဘူး၊ ဒါကိုလဲ ကျွန်မ အပြစ်ပြောတာ မဟုတ်ဘူး၊ ခုဟာလဲ ကျွန်မ ချမ်းလွန်းလို့ ဆင်းလာတာပဲ၊ ရှင်တို့ကို ဖျော်ဖြေဖို့လဲ မဟုတ်ဘူး၊ ရှင်တို့နဲ့ ရောနှော ပျော်ရွှင်ဖို့လဲ မဟုတ်ဘူး” လို့ ပြောလိုက်ပါတယ်၊ ဟယ်ယာတန်က “ငါက ဘာတတ်နိုင်မှာလဲဟ၊ ဒါကိုပဲ ငါ့ကို အပြစ်တင်ရတယ်လို့ဟာ” လို့ ပြောလိုက်တယ်၊ ဒီတော့ ကက်သရင်းက “ဟုတ်ပါတယ်လေ၊ ရှင်နဲ့ ဘာမှ ဆိုင်တာ မဟုတ်ပဲ” လို့ ပြောတော့ “ဒါပေမယ်. ငါ မစ္စတာ ဟိကလစ်ကို ထခါမက ပြောပါသေးတယ်၊ နင့်ကိုကူညီဖို့” လို့ ပြောလို့မှ စကားမဆုံးသေးဘူး၊ ကက်သရင်းက “တော်စမ်းပါ၊ ရှင့် အသံကြီးကို ကျွန်မ မကြားချင်ဘူး၊ ကျွန်မ ထွက်သွားမယ်” လို့ ပြောလိုက်တယ်။
“အဲဒီတော့ ဟယ်ယာတန်လဲ တော်တော် စိတ်ပျက်သွားတယ်၊ ကက်သရင်းကလဲ မာနကြီးသားကလား၊ ကျွန်မတို့က သူ့ကို ရောရော နှောနှော နေဖို့ ကြီးစားပေမယ့် မရဘူး၊ ဘယ်နှယ့်ရှင်၊ ကျွန်မတို့လဲ သူလို မာနရှိတာပဲဟာ၊ ကြာတော့ ကျွန်မတို့ကြားမှာ သူ့အဖို့ ခင်စရာ လူ မရှိပဲ ဖြစ်လာတယ်၊ ကျွန်မတို့က သူ့ကို စကား မပြောကြတော့ဘူး၊ ပြောလိုက်ပြန်ယင်လဲ သူက ဘယ်သူ့မှ ဂရုစိုက်စရာ မလိုတဲ့အနေနဲ့ နှုတ်လှန်ထိုးတော့တာပဲ၊ သူက မစ္စတာဟိကလစ်တောင် ငုံခံတာ မဟုတ်ဘူး၊ ကြာတော့ သူလဲ အဆိပ် ပိုပြင်းလာတာပေါ့ရှင်’“
ဇီလာ ပြောပြသော စကားကို ကြားရသောအခါ ကျွန်မသည် ပထမတွင် အလုပ်က ထွက်ပြီး အိမ်ကလေးတလုံး၌ ကက်သရင်းနှင့် အတူနေရန် စိတ်ကူးရမိပါသေးသည်။ သို့သော် ဤသို့သာဆိုလျှင် မစ္စတာ ဟိကလစ်သည် ဟယ်ယာတန်ကိုလည်း ဤသို့ သီးခြားနေခွင့် ပြုပေလိမ့်မည်ဟု တွေးမိသဖြင့် ကျွန်မ လက်လျှော့လိုက်ရပါသည်။ ကက်သရင်းနှင့် ပတ်သက်၍ ကျွန်မ လွတ်လမ်းမမြင်တော့ပါ။ ကက်သရင်း နောက်အိမ်ထောင် ပြုလိုက်မှသာ ကျွန်မအကြံ ထမြောက်ပေမည်ဟု တွေးမိပါလေ၏။
ဤသို့လျှင် မစ္စက်ဒင်းသည် သူပြောနေသော ဇာတ်လမ်းကို အဆုံးသတ် လိုက်ပါလေသည်။ ဆရာဝန်က မည်သို့ ဆိုစေကာမူ ကျွန်ုပ်၏ ကျန်းမာရေး အခြေအနေမှာ လျင်မြန်စွာပင် ပြန်လည် ကောင်းမွန်လာပါလေသည်။ ဇန်နဝါရီလတွင်း ဆောင်းရာသီကာလ ဖြစ်စေကာမူ ကျွန်ုပ်သည် ဤ တရက်နှစ်ရက်အတွင်း လေထန်ကုန်းသို့ သွားရောက်၍ ကျွန်ုပ် လန်ဒန်သို့ ပြန်တော့မည်ဟု အကြောင်းကြားရန် စိတ်ကူးလိုက်ပါသည်။ သို့မှလည်း သူ့အဖို့ နောက်ဆောင်းရာသီအတွက် အိမ်ငှား ရှာနိုင်မည် ဖြစ်ပါသည်။ ကျွန်ုပ်အဖို့ကား နောက်ထပ် ဆောင်းရာသီတွင် လာရောက်နေထိုင်ရန် အာသီသ သိပ်မရှိလှပါချေ။
အခန်း [ ၃၁ ]
ယမန်နေ့က ဆီးနှင်းကျပြီး လေငြိမ်နေပါသည်။ ကျွန်ုပ်သည် စိတ်ကူးထားသည့်အတိုင်း လေထန်ကုန်းသို့ လာခဲ့ပါ၏။ ထိုအခါ ကျွန်ုပ်၏ အိမ်စေ မစ္စက်ဒင်းက ကက်သရင်းအတွက် စာတစောင် လူကြုံပါးလိုက်ပါသည်။ ဤကိစ္စမှာ မငြင်းသင့်သော ကိစ္စဖြစ်သဖြင့် ကျွန်ုပ်လည်း ယူခဲ့ပါ၏။ လေထန်ကုန်းအိမ်ကြီးသို့ ရောက်သောအခါ အိမ်ရှေ့တံခါး ပွင့်နေသော်လည်း ဝင်းတံခါးမှာ ကျွန်ုပ် ယခင်တကြိမ် ရောက်လာစဉ်ကလိုပင် ပိတ်ထားပါသည်။ ကျွန်ုပ်က တံခါးကို ပုတ်ပြီး အချက်ပေးလိုက်သဖြင့် ဥယျာဉ်ထဲတွင် အလုပ်များနေသော ဟယ်ယာတန်က ဝင်းတံခါးကို လာဖွင့်ပေးပါသည်။ ကျွန်ုပ်လည်း အိမ်ဝင်းထဲသို့ ဝင်ခဲ့ပါ၏။ ယခုတကြိမ်၌ ကျွန်ုပ်သည် ဟယ်ယာတန်ကို အထူး ဂရုစိုက်ကြည့်လိုက်မိပါ၏။ သူသည် ကြမ်းတမ်းဟန် ပေါ်သလောက် လူချောတယောက်လည်း ဖြစ်ပါသည်။
ကျွန်ုပ်က မစ္စတာ ဟိကလစ် ရှိမရှိ မေးရာ သူက မရှိကြောင်းနှင့် ညစာစားချိန်တွင် ပြန်ရောက်စရာရှိကြောင်း ပြောပါသည်။ ထိုအချိန်က နံနက် ဆယ့်ထနာရီသာ ရှိပါသေးသည်။ ကျွန်ုပ်က အိမ်ထဲဝင်ပြီး စောင့်နေမည့်အကြောင်း ပြောလိုက်ရာ ဟယ်ယာတန်သည် ဥယျာဉ်တွင်း သူ့လုပ်ငန်း ကိရိယာများကို ချပစ်ခဲ့ပြီး ကျွန်ုပ်အား အိမ်ထဲသို့ လိုက်ပို့ပါ၏။
ကျွန်ုပ်တို့သည် အိမ်ထဲသို့ ဝင်လာခဲ့ကြပါသည်။ ကက်သရင်းသည် ဟင်းလျာအတွက် ဟင်းသီးဟင်းရွက်များကို ပြင်ဆင်နေပါ၏။ သူသည် ယခင်တကြိမ်ထက် စိတ်တိုနေဟန် ပေါ်သော်လည်း ယခင် တကြိမ်ကလောက် စိတ်ဆတ်ပုံ မရပါ။ သူသည် ကျွန်ုပ်ကို တချက်ကြည့်လိုက်သော်လည်း ကျွန်ုပ်၏ နှုတ်ဆက်စကားကိုရော နှုတ်ဆက်ဟန်ကိုပါ တုံ့ပြန်ခြင်း မရှိပါ။
"ဤသူငယ်မကား မစ္စက်ဒင်း ပြောသလို ချစ်စရာ မကောင်းပါကလား၊ လှတော့လည်း လှပေသား” ဟု ကျန်ုပ် တွေးလိုက်မိပါသည်။ ဟယ်ယာတန်က ကက်သရင်းအား ဟင်းချက်စရာများကို မီးဖိုထဲ ယူသွားရန် တိုတိုတောင်းတောင်း ပြောလိုက်ပါသည်။
“ရှင့်ဘာသာ ရှင် ယူသွားပါလား” ကက်သရင်းသည် သူ လှီးပြီးသား မုန်လာဥများကို ဟယ်ယာတန်ဘက်သို့ တွန်းပေးလိုက်ပြီး သူကိုယ်တိုင်မူ ပြတင်းပေါက်နားတွင် ခွေးခြေတခုပေါ်၌ ထိုင်လျက် မုန်လာဥခွံများကို အရုပ်များ လုပ်နေပါလေသည်။ ကျွန်ုပ်သည် ဥယျာဉ်ကို ကြည့်ဟန်ဖြင့် သူ့အနားသို့ ကပ်သွားပြီး မစ္စက်ဒင်း ပါးလိုက်သော စာကို ဟယ်ယာတန် မမြင်စေပဲ ကက်သရင်း ဒူးပေါ်သို့ ဖြတ်ကနဲ ချလိုက်ပါသည်။ ထိုအခါ သူက...
'ဒါက ဘာလဲ' ဟု အော်ပြောပြီး လွှင့်ပစ်လိုက်ပါလေ၏။
“မင်း မိတ်ဆွေဟောင်းကြီး ဖြစ်တဲ့ ဟိုအိမ်က အိမ်ဖော်မကြီးဆီက မင်းအတွက် ပေးလိုက်တဲ့ စာပါ"
သည်တော့မှလည်း သူသည် ကျွန်ုပ်အပေါ် အထင်လွဲမှုအတွက် ကသိကအောက် ဖြစ်သွားပြီး စာကို ဝမ်းပန်းတသာ ကောက်ယူလိုက်ပါသည်။ သို့သော် ထိုစာကို သူကောက်မယူမီပင် ဟယ်ယာတန်က ကောက်ယူပြီး အင်္ကျီအိတ်ထဲ ထည့်၍ ဤစာကို မစ္စတာဟိကလစ်ကို အလျင်ပြရမည်ဟု ဆိုပါလေသည်။ ထိုအခါ ကက်သရင်းသည် မျက်နှာကို တဘက်သို့ လွှဲလိုက်ပြီး ငိုတော့မည့်ဟန်ဖြင့် အသနားခံလေရာ ဟယ်ယာတန်လည်း သူယူထားသော စာကို ကက်သရင်းဘေး ကြမ်းပြင်ပေါ်သို့ ချပေးလိုက်ပါ၏။ ကက်သရင်းလည်း စာကို လျင်စွာ ကောက်ယူပြီး စိတ်အားထက်သန်စွာ ဖတ်ရှုပါလေတော့သည်။ ထို့နောက် သူနေထိုင်ခဲ့သော အိမ်ကြီးအကြောင်း၊ မစ္စက်ဒင်းအကြောင်းကို စုံစမ်းမေးမြန်းပါသည်။ ပြီးလျှင် ကက်သရင်းသည် တောင်ကုန်းများဆီသို့ ငေးစိုက်ကြည့်ယင်း သူ့ဘာသာသူ ပြောသလို ခပ်ညည်းညည်း ပြောနေပြန်ပါလေ၏။
“အင်း၊ ကိုယ် မြင်းနီကလေးကို စီးပြီး ဟိုတောင်ကုန်းတွေဘက် သွားချင်လိုက်တာ၊ ခုတော့ ထောင်ကျနေသလိုပါလား” ပြောယင်း ပြတင်းဘောင်ကို မှီလျက် သက်ပြင်းချလိုက်ပါလေသည်။ သူသည် အတော်ပင် ဝမ်းနည်းသွားပုံ ရပါသည်။ ကျွန်ုပ်တို့က သူ့အား အကဲခတ်နေသည်ကိုပင် သူ သတိထားမိပုံ မရပါပေ။
ကျွန်ုပ်သည် အတန်ကြာ တိတ်ဆိတ်နေပြီး နောက်မှ..
“မစ္စက် ဟိကလစ်ခင်ဗျာ၊ ကိုယ့်ကို မင်း မမှတ်မိဘူးလား၊ ဟိုတလောက ကိုယ် ဒီကို ရောက်သေးတယ်လေ၊ ဒါနဲ့တောင် မင်း ကိုယ့်ကို စကားမပြောချင်ဘူးလား၊ မစ္စက်ဒင်းကဆို မင်းအကြောင်းများ ပြောရယင် မောတယ်လို့ကို မရှိဘူး၊ မင်းကိုလဲ သိပ် ချီးကျူးတာပဲ၊ ဒီတော့ ကိုယ်ဒီက ပြန်သွားလို့ မင်းဆီက စာဖြစ်ဖြစ် စကားဖြစ်ဖြစ် မပါးလိုက်ယင် သူ့ခမျာ ဘယ်လောက် စိတ်ပျက်ရှာမလဲကွယ်' ဟု ပြောလိုက် ပါသည်။
ထိုအခါ ကက်သရင်းသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး...
“အယ်လင်က ရှင့်ကို သဘောကျရဲ့လား" ဟု မေးလိုက်ပါသည်။
“သိပ်သဘောကျတာပေါ့ကွာ”
“ဒီလိုဆို သူ့ကို ပြောလိုက်ပါရှင်၊ ကျွန်မ သူ့ဆီကို စာရေးပေးလိုက်ချင်ပေမယ့် စာရေးစရာ စာရွက်ဆိုလို့ တရွက်ကလေးတောင် မရှိဘူးလို့၊ စာအုပ်တအုပ်အုပ်က ဆုတ်ပြီး ရေးရအောင်လဲ စာအုပ် မရှိဘူးလို့"
“စာအုပ် မရှိဘူး၊ ဟုတ်လား၊ စာမဖတ်ပဲ မင်း ဘယ်လိုလုပ် နေနေသလဲ၊ ကိုယ် အခုနေတဲ့ အိမ်ကြီးမှာဆို စာကြည့်တိုက်ကြီးတခု ရှိနေတာတောင် ကိုယ်ဖြင့် တခါတလေ အတော်ပျင်းသား၊ စာအုပ်တွေသာ မရှိယင် ကိုယ်ဖြင့် ဘယ်လိုနေရမှန်းတောင် သိမှာမဟုတ်ဘူး"
“ကျွန်မလဲ ဟိုတုန်းကတော့ အမြဲလိုလိုပဲ စာဖတ်ပါတယ်ရှင်၊ ဒါပေမယ့် မစ္စတာ ဟိကလစ်က ဘယ်တော့မှ စာမဖတ်ဘူးရှင့်၊ ဒီတော့ ကျွန်မကိုလဲ စာမဖတ်စေချင်ဘူး ထင်ပါတယ်၊ ကျွန်မ စာအုပ်တွေ အားလုံးကို ဖျက်ဆီးပစ်လိုက်တယ်၊ အဲဒီကတည်းက ကျွန်မ စာအုပ်မဖတ်ရတာပဲ၊ တခါတခါတော့ ကျွန်မ ဂျိုးဆက်အခန်းထဲမှာ စာအုပ်ရှာပါသေးတယ်၊ သူက စိတ်ဆိုးတယ်လေ။ ဒါနဲ့ တခါမှာတော့ “ဒီမယ် ဟယ်ယာတန်ရဲ့၊ ရှင်ဝှက်ထားတဲ့ စာအုပ်တွေကို ရှင့်အခန်းထဲမှာ တွေ့တယ်၊ ကဗျာစာအုပ်တွေရော၊ ပုံပြင်စာအုပ်တွေရော၊ အားလုံး ကျွန်မ စာအုပ်တွေချည်းပဲ၊ ရှင်ကလဲ ကိုယ်နဲ့မဆိုင်ပဲ ယူထားတာဟာ သက်သက်ခိုးတာပဲ၊ ရှင်ဖတ်တတ်တာလဲ မဟုတ်ပဲနဲ့၊ သူများလဲ မဖတ်ရအောင် ယူထားတာဟာ အလကားပဲပေါ့ရှင့်၊ ကျွန်မ စာဖတ်တာကို မနာလိုတာနဲ့ ကျွန်မ စာအုပ်တွေကို ခိုးထားတာပေါ့” လို့ ပြောပစ်လိုက်တယ်”
ဟယ်ယာတန်သည် သူ့ညီမ၏ သူခိုးစွပ်စွဲလိုက်သော စကားကြောင့် မျက်နှာတခုလုံး ရှက်သွေး ဖြာသွားပါလေတော့သည်။ ဒေါသလည်း ဖြစ်သွားပုံရပါသည်။ စကား အထစ်ထစ် အငေါ့ငေါ့ဖြင့် ဖြေရှင်းချက် ပေးပါသေး၏။ ကျွန်ုပ်မှာ မနေသာတော့သဖြင့်...
“မစ္စတာ ဟယ်ယာတန်က ဗဟုသုတ ရှာချင်တာပဲပေါ့၊ တကယ်တော့ မင်းကို မနာလိုတာ မဟုတ်ပါဘူး၊ မင်းကို အားကျပြီး သူလဲ စာအုပ် စုထားတာ နေမှာပေါ့ကွဲ့၊ မကြာခင်ပဲ သူလဲ ပညာတတ်ကြီးတယောက် ဖြစ်လာမှာပါကွယ်’ ဟု ဝင်ပြောလိုက်ပါလေသည်။
“ခုတော့ သူက ကျွန်မကို ဉာဏ်တုံးနေအောင် လုပ်ချင်တာပေါ့လေ၊ အမယ်လေး၊ သူ စာလုံးပေါင်းပြီး ဖတ်တာကို ကြားပါတယ်၊ အမှားမှား အယွင်းယွင်းချည့်ပဲ၊ ကဲပါ၊ ရှင် မနေ့က ဖတ်နေတဲ့ စာလုံးပေါင်းကိုပဲ ဖတ်ပြစမ်းပါဦး၊ ဘယ်လောက်များ ရယ်စရာကောင်းသလဲဆိုတာ၊ ကျွန်မ ကြားပါတယ်၊ ပြီးတော့ စာလုံးအဓိပ္ပာယ် မသိလို့ အဘိဓာန်လှန်လိုက်၊ အဘိဓာန်က ရှင်းတာ နားမလည်လို့ ကျိန်ဆဲနေတာကိုလဲ ကျွန်မ ကြားပါတယ်”
ကက်သရင်းစကားကြောင့် ဟယ်ယာတန်မှာ အတော် စိတ်မကောင် ဖြစ်လာပါသည်။ သူ မတတ်သည်ကို လှောင်ပြောင်နေခြင်းအတွက်လည်း မသင့်ဟု သူ သဘောရပုံရပါသည်။ ကျွန်ုပ်လည်း ဟယ်ယာတန် နည်းတူပင် သဘောရပါ၏။
“ဒါပေမယ့် မစ္စက် ဟိကလစ်ရယ်၊ ကိုယ်တို့တတွေလဲ ဒီလိုပဲ စာသင်စမှာတော့ အထစ်ထစ် အငေါ့ငေါ့ အမှားမှား အယွင်းယွင်း ဖြစ်ခဲ့ကြရတာပဲ မဟုတ်လား၊ ဒါပေမယ့် ကိုယ်တို့ဆရာတွေ ဆရာမတွေကသာ အဲဒီတုန်းက ကိုယ်တို့ကို သင်ပြပေးမယ့်အစား လှောင်လား၊ ပြောင်လား ရှုတ်ချယင် ကိုယ်တို့လဲ ခုအထိ အမှားမှား အယွင်းယွင်း ဖြစ်နေကြရမှာပဲ မဟုတ်လားကွယ်”
“အိုရှင်၊ ကျွန်မတော့ ကျွန်မစာအုပ်တွေ သူယူထားတာကို မကြိုက်ဘူး၊ အမှားမှား အယွင်းယွင်း အသံထွက်ပြီး ဖတ်တာကလဲ ရှယ်စရာကြီး၊ ကျွန်မ စာအုပ်တွေထဲမှာ ကဗျာတွေလဲ ပါတယ်။ စကားပြေတွေလဲ ပါတယ်၊ ဒါတွေကိုလဲ ဖတ်သင့် ဖတ်တတ် ဖတ်နိုင်တဲ့လူမှ ဖတ်ဖို့ထားတဲ့ စာအုပ်တွေပဲ ရှင့်။ အဲဒီစာတွေကို သူ့လို ပါးစပ်က ထွက်တာလဲ ဘယ်လောက် ကျက်သရေယုတ်သလဲရှင့်၊ အဲဒီအပြင် သူ ကျွန်မ အခါခါဖတ်ဖို့ တမြတ်တနိုးထားတဲ့ စာအုပ်တွေကိုမှ သူ ရွေးယူတာကိုကလဲ သူ တမင် စိတ်ထားယုတ်တာပဲ”
ဟယ်ယာတန်သည် ဆိတ်ဆိတ်နေသော်လည်း ရင်ခုန်ဖိုလှိုက်နေပါ၏။ သူ့အဖို့ အတော်ကြီးပင် အခံရခက်နေပုံ ရပါလေသည်။ ကျွန်ုပ်လည်း သူတို့နားမှာ မနေသင့်ဟု သဘောရသဖြင့် တံခါးဘက်သို့ ထလာခဲ့ပါ၏။ ဟယ်ယာတန်သည်လည်း နေရာမူ ထလာပြီး အခန်းထဲမှ ထွက် သွားပါလေ၏။ ထိုနောက် စာအုပ်တချို့ကို ယူလာပြီး ကက်သရင်း ပေါင်ပေါ်ကို ပစ်တင်ပေးလိုက်ယင်း..
“ကဲ၊ ပြန်ယူ၊ ငါ ဒီစာအုပ်တွေအကြောင်းလဲ မကြားချင်ဘူး၊ ဒီစာအုပ်တွေကိုလဲ မဖတ်ချင်ဘူး၊ အဲဒီအကြောင်းလဲ မတွေးချင်ဘူး' ဟု အော်ဟစ်လိုက်ပါသည်။
“ခုမှတော့ ကျုပ်ကလဲ မယူချင်ဘူး၊ ရှင်နဲ့ပတ်သက်ပြီးမှတော့ ကျုပ်လဲ မဖတ်ချင်တော့ပါဘူး'
ကက်သရင်းသည် ပြောရာမှ စာအုပ်တအုပ်ကို ဆွဲဖွင့်လိုက်ပြီး စာဖတ်တတ်စ လူတယောက်ဖတ်သလို အထစ် အထစ်နှင့် ဖတ်၍ ရယ်ပြန်ပါလေ၏။ ထို့နောက် စာအုပ်ကို လွှင့်ပစ်လိုက်ပါသည်။
ဟယ်ယာတန်သည် အတော်ပင် ခံပြင်းလာပုံ ရပါသည်။ ကျွန်ုပ်လည်း ကက်သရင်း ပြောနေသည်ကို သဘောrတွေ့လှပါ။ ကက်သရင်းကလည်း သူ့အစ်ကို ကြီးပြင်းလာရသော အခြေအနေကိုပင် မဆင်ခြင်ပဲ ရက်ရက်စက်စက် ချိုးချိုးနှိမ်နှိမ် လုပ်နေသည်ဖြစ်ရာ ဟယ်ယာတန်cမျာ ဆတ်ကနဲ ဖြစ်လာပြီး စာအုပ်တွေအားလုံးကို စုကောက်၍ မီးဖိုထဲသို့ ပစ်ထည့်လိုက်ပါလေတော့သည်။ ထိုအချိန်က သူမည်မျှ စိတ်ပျက်သွားရှာသည်ကို ကျွန်ုပ် သူ့မျက်နှာအား အကဲခတ်မိရုံနှင့် သိလိုက်ပါ၏။ သူ့ခမျာ သည်စာအုပ်တွေကို ကြိုးစား ဖတ်ရှုပြီး ကြည်နူးခဲ့ရသော အဖြစ်နှင့် ဤသို့ဖြင့် သူ တိတ်တဆိတ် စာပေ ဖတ်ရှုလေ့လာခဲ့သည့် အဖြစ်ကို ကျွန်ုပ် စိတ်ကူးကြည့်မိပါသည်။ သူ့ခမျာ တနေ့တနေ့ တိရစ္ဆာန်တကောင်လို လုပ်ကိုင်လာခဲ့ရသည့် ဘဝတွင် ကက်သရင်း ရောက်လာပြီးနောက် ကက်သရင်းက သူ့အား အထင်အမြင် သေးသည်ကို သူ ရှက်လာခြင်း ဖြစ်ပါသည်။ သူ့ကို ကက်သရင်းက အထင်သေးခြင်းကို မခံလိုသဖြင့် သူ့ကို ကက်သရင်းက တန်ဖိုးထားလာအောင် ကြိုးစားလာခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ကက်သရင်းသည် သူ့ကို ကူညီသင်ပြပေးရမည့်အစား သူ့ကိုပင် ပို၍ အထင်သေးကြောင်း ပြလာခြင်းကို သူ ရင်ဆိုင်လိုက်ရခြင်း ဖြစ်လေသည်။
“အေး၊ ကောင်းပါတယ်၊ ဒီစာအုပ်တွေ ရှင့်လိုလူလက်ထဲ ရှိမယ့်အစား ခုလို မီးထဲရောက်သွားတာ ကောင်းပါတယ်” ကက်သရင်းက နှုတ်ခမ်းကို ရွဲ့ပြီး ပြောလိုက်ပါလေ၏။ ထိုအခါ ဟယ်ယာတန်ကလည်း ဒေါသဟုန်းဟုန်းထကာ...
“ဟေ ၊ တိတ်စမ်း၊ နင် ဘာမှ မပြောနဲ့တော့' ဟု အော်လိုက်ပါလေ၏။
သူ့စကားကြောင့် ကက်သရင်းလည်း နှုတ်ပိတ်သွားပါလေ၏။ ထိုစဉ်မှာပင် သူသည် အိမ်ရှေ့ဘက်သို့ ထွက်အံ့ ပြုသဖြင့် ကျွန်ုပ်သည် သူ့ကို လမ်းဖယ်ပေးလိုက်ပါ၏။ သူ အိမ်တံခါးဝသို့ မရောက်မီမှာပင် မစ္စတာ ဟိကလစ်သည် ဝင်လာရာ သူ့ကို တွေ့သည်နှင့် ပခုံးကို လက်တင်၍ …
“ဘာဖြစ်လာတာလဲ ချာတိတ်ရ' ဟု မေးလိုက်ပါ၏။ ဟယ်ယာတန်သည် ဤနေရာတွင် ဆက်မနေလိုတော့ဟန်ဖြင့်..
“အလကား ကောင်မလေး” ဟု ဆိုကာ စွတ်ထွက်သွားပါလေတော့သည်။
ဟိကလစ်သည် ဟယ်ယာတန်ကို စိုက်ကြည့် ကျန်ခဲ့ယင်း သက်ပြင်း ချလိုက်ပါသည်။ ထို့နောက် …
“အင်း၊ ငါဟာ ငါ့ကိုယ်ငါ မထိန်းနိုင်ခဲ့ပါကလား၊ ကြည့်စမ်း၊ သင်းအဖေမျက်နှာကို မြင်ရတိုင်း ငါဟာ ကေသီကို မြင်ယောင်နေခဲ့တာပဲ၊ အင်း၊ သင်းကလဲ သူ့အဖေနဲ့ တူလိုက်တာ၊ ငါသူ့ကိုတောင် မကြည့်ရဲတော့ပါကလား” ကျွန်ုပ် သူ့နောက်တွင် ရှိနေသည်ကိုပင် သတိမမူပဲ ညည်းတွားနေပြန်ပါလေသည်။
သူသည် ခေါင်းငိုက်စိုက်ကျသွားပြီး ဂနာမငြိမ်ပဲ အခန်းထဲသို့ ဝင်လာခဲ့ပါသည်။ သူ့မျက်နှာပြင်မှာ သူ အဘယ်မျှ ရပ်တည်ရာမရ ဖြစ်နေပုံ၊ ပူပန်စိုးရိမ်နေပုံတို့ကို ဖော်ပြနေပါ၏။ ကက်သရင်းသည် ဟိကလစ်ဝင်လာသည်ကို မြင်လိုက်သည်နှင့် မီးဖိုဘက်သို့ ထွက်သွားပါလေ၏။ အခန်းထဲတွင် ကျွန်ုပ်တယောက်တည်း ကျန်ခဲ့ပါလေသည်။ ဟိကလစ် ဝင်လာသောအခါ ကျွန်ုပ် ဆီးကြိုနှုတ်ဆက်လေရာ ...
“ဩ၊ ခင်ဗျား နေကောင်းလာပြီကိုး၊ တွေ့ရတာဝမ်းသာပါတယ် ၊ မစ္စတာ လော့ဝု၊ ကျုပ်လဲ ခင်ဗျားဆီ မရောက်ဖြစ်ဘူး၊ တခြားကိစ္စများ ရှိသလားဗျ"
“ကျွန်တော်လဲ ဒီမှာနေရတာ ပျင်းတော့ လာပြီဗျ၊ အဲဒါကြောင့် နောက်တပတ်ထဲမှာ လန်ဒန် သွားမလားလို့ပဲ၊ ဒီတော့ သရုတ်ကရော့ အိမ်ကြီးကို ကျွန်တော် တနှစ်အတွက် ငှားထားပေမယ့် ကျွန်တော် ဆက်မနေမယ့်အတူ ခင်ဗျား တခြားလူကို ငှားချင် ငှားရအောင် လာပြောတာပါပဲ”
“အင်း၊ ခင်ဗျား ကမ္ဘာ့ပြင်ဘက် နေရာကလေးမှာ နေရတာ ပျင်းသွားပြီ ထင်တယ်၊ ဘာလဲ၊ ခုဟာက အိမ်ငှားခ ရှင်းဖို့ လာတာလား၊ ဒီလိုဆို ခင်ဗျား ဒီလာနေရတာ အလကားဖြစ်တာပေါ့ဗျာ”
“ဒီလိုတော့လဲ မဟုတ်ပါဘူး၊ ခင်ဗျားက ရှင်းစေချင်ယင်လဲ ရှင်းတာပေါ့လေ' ဟု ဆိုကာ ကျွန်ုပ်သည် မှတ်စုစာအုပ်ကို ထုတ်လိုက်ပါ၏။
သူကမူ အေးစက်စက်အမူအရာဖြင့်..
“မဟုတ်ပါဘူး၊ ကျုပ်ကလဲ အလောသုံးဆယ် ရှင်းဖို့ပြောတာ မဟုတ်ပါဘူး၊ ဖြည်းဖြည်း နောက်များမှ ရှင်းလဲ ရပါတယ်ဗျ၊ ကဲ၊ ကျုပ်တို့နဲ့ အတူ ညစာ သုံးဆောင်သွားပါဦးလေ၊ ကက်သရင်းရေ၊ စားစရာလေး ဘာလေး ချကွာ၊ ဟဲ့၊ ဘယ်ရောက်နေသလဲ" ဟု ပြောပါသည်။
ကက်သရင်းသည် ဇွန်းခက်ရင်းများကို ယူ၍ ပြန်ဝင်လာပါသည်။
“နင်တော့ ဂျိုးဆက်နဲ့အတူမှပဲ စားတော့၊ သူမပြန်ခင် အထိတော့ နင် မီးဖိုထဲမှာပဲ နေဦးဂ
ကက်သရင်းသည် ဟိကလစ် ညွှန်ကြားသည့်အတိုင်း လိုက်နာ ဆောင်ရွက်ပါလေတော့သည်။ ယခုကား သူသည် ဟိကလစ် အမိန့်များကို ငြင်းဆန်လိုစိတ် ရှိဟန် မတူပါ။ လူဟူသမျှကို မုန်းစရာအဖြစ် မြင်သော လူတွေကြားမှာ နေနေရ၍လည်း လူနှင့်သူနှင့် ဆက်ဆံရခြင်းကို နားမလည်နိုင်ပဲ ဖြစ်နေရရှာဟန် တူပါသည်။
ကျွန်ုပ်လည်း မျက်နှာ သုန်မှုန်နေသော ဟိကလစ်နှင့် စကား လုံးဝ မဆိုသော ဟယ်ယာတန်တို့ ကြားတွင် ညစာ သုံးဆောင်နေရသဖြင့် စိတ်ပါလက်ပါကား မရှိလှပါ။ ထို့ကြောင့် စားသောက်ပြီးသည်နှင့် နှုတ်ဆက်စကား ဆိုလိုက်ပါလေ၏။ ကျွန်ုပ်က အပြန်တွင် ကက်သရင်းကို တွေ့ချင်သေးသဖြင့် နောက်ဖေးပေါက်မှ ထွက်မည် စိတ်ကူးသော်လည်း ဟိကလစ်က ဟယ်ယာတန်အား ကျွန်ုပ် မြင်းကို အိမ်ရှေ့သို့ ယူလာရန် အမိန့်ပေးသဖြင့် ကျွန်ုပ်သည် ဟိုကလစ်နှင့် အတူ အိမ်ရှေ့တံခါးသို့ ထွက်ခဲ့ရလေသည်။ ကက်သရင်းကို တွေ့လိုသော ဆန္ဒကား မပြည့်ပါလေ။
ကျွန်ုပ်လည်း မြင်းစီးပြီး ပြန်လာယင်း...
“အင်း၊ ဒီအိမ်ကလူတွေရဲ့ ဘဝကလဲ စိတ်ပျက်စရာကြီးပါလား၊ ကက်သရင်းကလေးနဲ့ ငါသာ အကြောင်းပါပြီး ကက်သရင်းကလေးကို မြို့ပေါ် ခေါ်ထားလိုက်ရယင် ခဗျာကလေးအဖို့ ပုံပြင်ထဲက အဖြစ်ထက်တောင် ပိုပြီး သာယာကြည်နူးရရှာပေမှာပဲ” ဟု တွေးလာခဲ့ပါ လေသတည်း။
အခန်း [ ၃၂ ]
၁၈၀၂ ခုနှစ်။
သည်နှစ် စက်တင်ဘာလတွင် မြောက်ပိုင်းရှိ ကျွန်ုပ် မိတ်ဆွေတဦးက ဖိတ်ကြားထားသဖြင့် ကျွန်ုပ်သည် သူ့အိမ်သို့လာခဲ့ရာ ဂျင်မာတန်ရွာနှင့် ဆယ့်ငါးမိုင်ခရီးကို ရောက်လာခဲ့ပါ၏။ လမ်းဘေး တည်းခိုဆောင်တခုမှ မြင်းထိန်းတယောက် ရေပုံးတပုံးကို ဆွဲလျက် ကျွန်ုပ်မြင်းကို ဆေးကြောသန့်ရှင်းပေးရန် ရောက်လာစဉ်တွင် ရိတ်သိမ်ပြီးစ ကောက်လှိုင်းများကို တင်ထားသည့် လှည်းတစင်း ဖြတ်သွားသဖြင့် မြင်းထိန်းက …
“အဲဒါ ဂျင်မာတန်ကပေါ့ သူများတွေ ရိတ်ပြီးတာဖြင့် သုံးပတ်တောင် ရှိပြီ။ သူတို့က ခုမှ ရိတ်လာတာ” ဟု ပြောလိုက်ပါသည်။ “ဂျင်မာတန်” ထိုအမည်ကို ကျွန်ုပ် ရွတ်ဆိုလိုက်ပါသည်။ ကျွန်ုပ် နေထိုင်ခဲ့သော အိမ်ကြီးသည် အာရုံတွင် ထင်လာပြီး “ဂျင်မာတန်ကို ကျွန်တော် သိတာပေါ့၊ ဒီကနေ ဘယ်လောက် ဝေးသေးသလဲဗျ” ဟု မေးလိုက်မိပါသည်။
“ဒီကနေဆို ဟောဟိုတောင်ကုန်းတွေ ဟိုဘက် ဆယ့်လေးမိုင်လောက် ဝေးမပေါ့၊ လမ်းကတော့ ကြမ်းတယ်ခင်ဗျ” ဟု ဆိုပါ၏။ ကျွန်ုပ်သည် ကျွန်ုပ်နေခဲ့သော သရုတ်ကရော့အိမ်ကြီးသို့ သွားလည်လိုစိတ် ရုတ်တရက် ပေါ်လာပါ၏။ ယခုမှ မွန်းတည့်ချိန်သာ ရှိပါသေးသည်။ ကျွန်ုပ်သည် သရုတ်ကရော့အိမ်ကြီးတွင် သည်တည နားချင်ပါသည်။ ထို့ပြင်လည်း အိမ်ပိုင်ရှင် ဟိကလစ်နှင့် တွေ့ပြီး စာရင်း ရှင်းစရာများကို ရှင်းလိုက်ချင်ပါသည်။ သို့မှလည်း နောက်တခေါက် လာစရာ မလိုမည် ဖြစ်သည်။ ကျွန်ုပ်လည်း ဂျင်မာတန်ဘက်သို့ သွားရန် လမ်းကို ပြခိုင်းပြီး ထိုနေရာမှ ထွက်ခဲ့ပါလေသည်။
ဘုရားရှိခိုးကျောင်းကလေးကို မြင်ရပါလေပြီ။ ဘုရားရှိခိုးကျောင်း၏ အရောင်သည် ပိုပြီး မွဲလာဟန် ရှိပါသည်။ ဘုရားရှိခိုးကျောင်း ဘေးရှိ သင်္ချိုင်းမြေပုံပေါ်၌ သိုးများ မြက်စားနေလေ့ရှိသော မြင်ကွင်းကို ကျွန်ုပ် သတိပြုမိလိုက်ပါသေးသည်။ ရာသီဥတု ကား သာတောင့်သာယာ ရှိလှပါသည်။ ခရီးသွားကောင်းရုံ နွေးထွေးနေပါသည်။ ကျွန်ုပ်သည် တောင်ပေါ်တောင်အောက် ရှုခင်းများကို ငေးမောလာသဖြင့် နေပူရှိန်ကိုပင် အမှတ်မထားမိပါ။
ကျန်ုပ်သည် နေမဝင်မီကလေးမှာပင် အိမ်ကြီးသို့ ရောက်လာခဲ့ပါလေ၏။ အိမ်ခြံ ဝင်းတံခါးကို ခေါက်သော်လည်း မည်သည့် လှုပ်ရှားမှုမျှ မမြင်ရပါ။ မီးခိုးခေါင်းတိုင်မှ မီးခိုးလူနေသဖြင့် အိမ်ထဲက လူတွေ နောက်ဖေးဘက် ရောက်နေသည်ဟု ထင်လိုက်ပါသည်။ ထို့ကြောင့် ခြံထဲသို့ မြင်းစီး ဝင်ပါလေတော့သည်။ အိမ် ဆင်ဝင်အောက်၌ ကိုးနှစ် ဆယ်နှစ်ရွယ် မိန်းကလေးတယောက်သည် ဇာထိုးနေပါသည်။ မိန်းမကြီးတယောက်ကမူ ဆင်ဝင်တိုင်ကို မှီလျက် ဆေးတံကြီး တခုကို ဖွာနေပါလေ၏။
ကျွန်ုပ်သည် မိန်းမကြီးအနားသို့ လာပြီး...
“မစ္စက်ဒင်း ရှိသလားဗျ” ဟု မေးလိုက်ပါသည်။
"မစ္စက်ဒင်းလား၊ မရှိဘူးရှင့်၊ သူ ဒီမှာ မနေတော့ပါဘူး၊ လေထန်ကုန်းအိမ်ကို ရောက်သွားပါပြီ”
“ဒါဖြင့် ဒီအိမ်တာဝန်ကို ခင်ဗျားပဲ ယူနေတယ် ဆိုပါတော့”
“ဟုတ်ပါတယ်၊ ကျွန်မက စောင့်ရှောက်နေပါတယ်”
“ကျုပ်က ဒီအိမ်ငှားထားတဲ့ မစ္စတာလော့ဝုပါ၊ ကျုပ် ဒီမှာ တညလောက် တည်းချင်လို့”
“အို... ဆရာကိုး၊ ဆရာ လာမယ်ဆိုတာ ကျွန်မတို့လဲ မသိရပါဘူး၊ ကြိုပြီး အကြောင်းကြားရောပေါ့ရှင်၊ အိမ်ထဲမှာ ရှင်းလင်းထားရတာပေါ့’ မိန်းမကြီးက အံ့အားသင့်သွားပြီး ဆေးတံကိုချ၍ အိမ်ထဲသို့ သုတ်သီးသုတ်ပျာ ဝင်ရှုားပါလေ၏။ ကလေးမကလေးကလည်း နောက်မှ လိုက်သွားပါသည်။ ကျွန်ုပ်လည်း အိမ်ထဲသို့ ဝင်ခဲ့ပါ၏။ အိမ်ထဲမှာ သူပြောသည့်အတိုင်းပင် ရှင်းလင်းထားခြင်း မရှိပါ။ ထိုအခါ ကျွန်ုပ်က အိမ်ကို ရှင်းထားရန်နှင့် ကျွန်ုပ် အပြင်ဘက်ကို လမ်းလျှောက်သွားမည်ဖြစ်ကြောင်း ပြောလိုက်ပါသည်။ ထိုအတွင်းမှာပင် မိန်းမကြီးသည် ဧည့်ခန်းထောင့် တနေရာကို ကျွန်ုပ်အိပ်ရန် ပြင်ဆင်နေပါလေသည်။ ထိုနေရာမှာ တံမြက်လှည်းရန် မလိုပါ။ မီးလင်းဖို ကောင်းကောင်းနှင့် စောင်များ ခင်းပေးဖို့သာ လိုပါသည်။ မိန်းမကြီးသည် ချက်ချင်းပင် မီးလင်းဖိုကို ပြင်ဆင်ပါလေ၏။ ကျွန်ုပ်ကား လေထန်ကုန်းသို့ သွားရပေမည်။ ကျွန်ုပ်သည် အခန်းထဲမှ ထွက်ခါနီးတွင်....
“လေထန်ကုန်းမှာကော အားလုံး ဟန်ကျပန်ကျပဲလားဗျ”
“သိသမျှတော့ ဟန်ကျပန်ကျပါပဲရှင်”
ကျွန်ုပ်က မစ္စက်ဒင်း ဤအိမ်ကြီးမှာ မနေတော့သည့် အကြောင်းကို မေးမည်ပြုပြီးမှ ဤကိစ္စဖြင့် အချိန်ကုန် မခံချင်သဖြင့် အပြင်ဘက်သို့ ထွက်လာခဲ့ပါလေတော့သည်။ နေမင်းကား ကွယ်စ ပြုလေပြီ။ အရှေ့ဘက် ကောင်းကင်တွင် လပင် ထွက်လာလေပြီ။ ကျွန်ုပ်သည် ခြံထဲမှ ထွက်လာခဲ့ပြီး လေထန်ကုန်း အိမ်ဘက်သို့ ရှေးရှုသော လမ်းအတိုင်း လာခဲ့ပါ၏။ လရောင်တွင် လမ်းပေါ်က ကျောက်ခဲများ၊ မြက်ပင်များကို အထင်းသား မြင်နေရပါ၏။ အိမ်ဝင်းတံခါးမှာ ပွင့်လျက် ရှိပါသည်။ ကျွန်ုပ် တံခါးခေါက်စရာပင် မလိုတော့ပါ။ တိုးတက်လာသော အခြေအနေဟု ကျွန်ုပ် တွေးလိုက်မိပါသည်။ အိမ်နံရံ ပန်းပင်များမှ ပန်းရနံ့ကိုလည်း ကျွန်ုပ် သတိပြုမိပါလေသည်။
အိမ်တံခါးတွေရော ပြတင်းပေါက်များမှာလည်း ပွင့်နေပါ၏။ မီးလင်းဖိုသည် ထိန်ထိန် ညီးနေပါ၏။ လေထန်ကုန်းအိမ်ကြီးမှာ ကျယ်ဝန်းလှသည်ဖြစ်၍ အိမ်နေသူများ အားလုံးအတွက် အနွေးဓာတ် အလှမ်းမီမီ ရရေးမှာ မလွယ်ပါ။ သူတို့သည် ပြတင်းပေါက်နှင့် မလှမ်းမကမ်းမှာသာ နေလေ့ရှိကြပါသည်။ ကျွန်ုပ်သည် အိမ်ထဲသို့ ဝင်လာရာ လူနှစ်ယောက် စကားပြောနေသံကို ကြားလိုက်သည်နှင့် သူတို့နှစ်ယောက်ကိုပါ မြင်လိုက်ရပါလေ၏။ ကျွန်ုပ်လည်း နေရာမှာတွင် ရပ်ပြီး သူတို့ကို စိုက်ကြည့်နေလိုက်ပါသည်။
“ကွန်ထရေရီပါ ရှင်ရဲ့၊ ရှင်ကလဲနော်၊ တုံးလိုက်တာ၊ သုံးခါတောင် ရှိပြီ၊ နောက်တခါ ထပ်မပြောဘူးနော်၊ ဒီတခါဆို ဆံပင်ကို အဆွဲပဲ”
ငွေဆည်းလည်းသံကလေးသည် လွင့်ပျံ့နေပါ၏။
“ကဲ...ကွန်ထရေရှိပါတဲ့၊ ဟုတ်ပြီလား၊ ဒါဆို ကိုယ့်ကို မွှေးမွှေးပေးတော့"
ညင်သာပျော့ပျောင်းသော အသံဩကြီးကို ကြားရပါလေသည်။
“မရသေးဘူး၊ တလုံးမှ မမှားအောင် ဖတ်ဦး"
လုလင်ပျိုသည် စာကို စ၍ ဖတ်ပါလေတော့သည်။ ထိုလုလင်ပျိုကား ခန့်ခန့်ညားညား ဝတ်ဆင်လျက် စားပွဲတွင် ထိုင်နေပါ၏။ သူ့ရှေ့တွင် စာအုပ်တအုပ် ချထားပါသည်။ သူ့ရုပ်သွင်ပြင်သည် ပျော်ရွှင်မြူးထူးနေဟန် ပေါ်နေပါသည်။ စာအုပ်ပေါ်သို့ ကျရောက်နေသော လက်ဖြူဖြူကလေးဆီသို့သာ သူ့မျက်လုံးက ကျရောက်နေပါသည်။ လက်ကလေးပိုင်ရှင် မိန်းကလေးကား သူ၏ ကျောဘက်တွင် ရပ်နေပါသည်။ မိန်းကလေး ဆံယဉ်စကလေးများသည် လက်နေပါသည်။ သူသည် သူ့ရှေ့က လုလင်ကို လက်ညှိုးထောက်၍ စာပြနေခြင်းဖြစ်ပါသည်။ လုလင်အဖို့ မိန်းကလေး၏မျက်နှာကို မြင်ရသည်မှာကံကောင်းလှသည်ဟု ဆိုရပေမည်။ အကယ်၍ မိန်းကလေး၏မျက်နှာကို မြင်ရလျှင် သူ စာသင်ဖြောင့်ရှာမည် မဟုတ်ပေ။ ကျန်ုပ်သည် မိန်းကလေး၏ အလှကို ငေးယင်း နှုတ်ခမ်းကို ပိတ်ထားလိုက်မိပါသည်။
လုလင်ပျိုသည် အထစ်ထစ် အငေါ့ငေါ့ဖြင် စာဖတ် ပြီးသွားပါလေသည်။ ထိုအခါ အနမ်းဆုကို တောင်းပြန်သဖြင့် သူတို့နှစ်ယောက်သည် ငါးကြိမ် နမ်းလိုက်ကြပါလေသည်။ ထို့နောက် သူတို့သည် အပြင်ထွက်ရန် တံခါးတူရူသို့ ရောက်လာကြပါ၏။ ကျွန်ုပ်လည်း သူတို့ မမြင်သာအောင် ပုန်းနေလိုက်ပြီး မီးဖိုထဲသို့ ဝင်လာခဲ့ပါသည်။ မီးဖိုတံခါးဝတွင် ကျန်ုပ်၏ မိတ်ဆွေဟောင်းကြီး နယ်လီဒင်းသည် အဝတ်ချုပ်ယင်း သီချင်း ဆိုနေပါလေသည်။
သည်ကြားကပင် ဂျိုးဆက်၏ အသံကြီးကိုလည်း ကြားရပါသည်။ ဂျိုးဆက်စကားကို မစ္စက်ဝင်းက ဖြတ်ပြောလိုက်ချိန်မှာ ကျွန်ုပ်သည် မစ္စက်ဒင်းနားသို့ တိုးသွားရာ မစ္စက်ဒင်းသည် ကျွန်ုပ်ကို မြင်သည်နှင့် နေရာမှ ထခုန်လိုက်ပြီး..
“မစ္စတာလော့ဝုပါလား၊ ရှင် ဘယ်လိုလုပ်ပြီး ပြန်ရောက်လာတာပါလိမ့်၊ လာမယ်ဆို ကြိုပြီး အကြောင်းကြားရောပေါ့ ခုတော့ ဟိုအိမ်ကြီးမှာ ဘာမျှ ပြင်ပြီးဆင်ပြီး ရှိမှာမဟုတ်ဘူး' အော်ဟစ် ပြောလိုက်ပါလေ၏။
“ကျွန်တော် ဟိုအိမ်ကို ရောက်ခဲ့ပါပြီ၊ တညတည်းဖို့လဲ စီစဉ်ခဲ့ပါပြီ။ ကျွန်တော် နက်ဖြန် ခရီးဆက်မှာပါဗျာ၊ ဒါထက် ခင်ဗျားက ဒီကို ဘယ်လိုရောက်လာတာလဲ၊ ဆိုစမ်းပါဦးဗျ”
“ရှင် လန်ဒန်ပြန်သွားပြီးတဲ့နောက် ဒီအိမ်က ဇီလာ အလုပ်ထွက်သွားတာနဲ့ မစ္စတာဟိကလစ်က ကျွန်မကို ရှင်ပြန်လာတဲ့အထိ ဒီအိမ်မှာ လာနေဖို့ ခေါ်တာနဲ့ ရောက်လာတာပဲ၊ ကဲ၊ အိမ်ထဲ ဝင်ရှထောင်ပါရှင်၊ ဒါထက် ရှင် ဂျင်မာတန်ကနေပြီး ဒီအထိ ခြေကျင်လျှောက်လာတာလား”
“အိမ်ကြီးက လမ်းလျှောက်လာတာပါဗျ။ အိမ်ကြီးမှာ ကျွန်တော့်အတွက် အိပ်စရာ ပြင်နေတုန်း ဒီမှာ ခင်ဗျားသခင်နဲ့ အလုပ်ကိစ္စကလေးတွေ ပြောရအောင် လာခဲ့တာပဲ၊ နောက်တကြိမ်လာဖို့က မလွယ်ဘူး မဟုတ်လား”
နယ်လီသည် ကျွန်ုပ်အား အိမ်ခန်းမကြီးထဲသို့ ခေါ်လာယင်း...
“ဘယ်လို အလုပ်ကိစ္စမျိုးပါလိမ့်ရှင်၊ သခင်က ခုပဲ ထွက်သွားတယ်၊ အတော်နဲ့ ပြန်လာဦးမှာ မဟုတ်သေးဘူး’ ဟု ပြောပါ၏။
“ဟိုအိမ်ကြီးကို ကျွန်တော် ငှားထားတဲ့ကိစ္စပါ"
“ဪ၊ ဒါလား၊ ဒါဆိုယင်တော့ မစ္စက်ဟိကလစ်နဲ့ ရှင်းလိုက်ယင် ပြီးသွားမှာပါ၊ မဟုတ်လဲ ကျွန်မနဲ့ပဲ ဒီကိစ္စ ရှင်းယင် ရပါတယ်၊ ကက်သရင်းက အလုပ်ကိစ္စတွေ နားမလည်သေးတော့ သူ့ကိုယ်စား ကျွန်မပဲ ဆောင်ရွက်နေရတယ်၊ တခြား ဘယ်သူမှလဲ မရှိဘူးလေ"
သူ့စကားကြောင့် ကျွန်ုပ် အံ့အားသင့်သွားရပါလေသည်။
"ဩ၊ ဟိကလစ် ဆုံးသွားတာ ရှင် မကြားသေးပဲကိုး” ဟု သူကပင် ဆက်ပြောပါသည်။
ကျွန်ုပ်လည်း တအံ့တသြဖြစ်သွားကာ ...
“ဗျာ၊ ဟိကလစ် ဆုံးသွားပြီ၊ ဟုတ်လားဗျ၊ ဘယ်လောက်ကြာပြီလဲ' ဟု မေးလိုက်မိပါလေ၏။
“သုံးလလောက်ရှိပါပြီ၊ ကဲ၊ ထိုင်ပါဦးလေ၊ ဦးထုပ်ကို ကျွန်မ ပေးပါ၊ ကျွန်မ အကြောင်းစုံ ပြောပြပါ့မယ်၊ ရှင်လဲ ဘာမှ စားရဦးမှာ မဟုတ်ဘူး၊ တခုခု စားရအောင်”
“ကျွန်တော် မစားတော့ပါဘူးဗျာ၊ ဟိုအိမ်မှာလဲ ကျွန်တော့်အတွက် စားစရာလုပ်ထားဖို့ မှာခဲ့ပါတယ်။ ကဲ၊ ခင်ဗျားလဲ ထိုင်စမ်းပါဦး၊ ကျွန်တော်ဖြင့် သူ သေလိမ့်ဦးမယ်လို့ မထင်ဘူး၊ ဘယ်လိုဖြစ်တာလဲ ပြောစမ်းပါဦး၊ ခင်ဗျား ပြောသလိုဆို ဟိုနှစ်ယောက်လဲ လာမှာ မဟုတ်သေးပါဘူး"
“မဟုတ်သေးဘူးရှင့်၊ သူတို့နှစ်ယောက်လဲ မိုးချုပ်ချုပ် ကွင်းထဲထွက် လမ်းလျှောက်လွန်းလို့ ဆူတာပူတာပဲ၊ ဒါပေမယ့် ကျွန်မကို သူတို့က ဂရုမစိုက်ကြဘူး၊ ထားပါဦးလေ၊ ရှင်လဲ ပင်ပန်းလာပုံ ရပါတယ်။ ဗျစ်ရှည်ကလေးတော့ သောက်လိုက်ပါဦး” ဟု ဆိုကာ ဗျစ်ရည် သွားယူပြန်ပါသည်။ ထို့နောက် ငွေခွက်ဖြင့် ထည့်သော ဗျစ်ရည်ခွက်ကို ယူလာပေးသဖြင့် ကျွန်ုပ်လည်း ဗျစ်ရည်ကို အားရပါးရ သောက်ချလိုက်ပါသည်။ ထို့နောက် မစ္စက်ဒင်းက ဟိကလစ်၏ ထူးဆန်းသော ဇာတ်သိမ်းခန်းကို ပြောပြသဖြင့် ကျွန်ုပ်လည်း သူပြောသည့်အတိုင်း ဖော်ပြလိုက်ရပါ၏။
မစ္စတာလော့ဝုသည် သရုတ်ကရော့အိမ်ကြီးမှ ထွက်သွားပြီး ဆယ့်ငါးရက်အတွင်းမှာပင် ကျွန်မလည်း လေထန်ကုန်းအိမ်ကြီးသို့ ရောက်ခဲ့ရပါ၏။ ကျွန်မမှာ ကက်သရင်းကလေးနှင့်အတူ နေရမည့်အတွက် အပျော်ကြီး ပျော်ရပါလေသည်။ ကျွန်မသည် ကက်သရင်းကို တွေ့စက အတော်ပဲ စိတ်မကောင်းလည်း ဖြစ်မိပါ၏။ သူ့အတွက် တုန်တုန်လှုပ်လှုပ်လည်း ဖြစ်မိပါ၏။ သူကား ကျွန်မတို့နှင့် နေစဉ်ကလို မဟုတ်ပဲ အပြောင်းလဲကြီး ပြောင်းလဲ နေပါလေပြီ။ ပစ္စတာ ဟိကလစ် ကျွန်မကို ခေါ်ယူရန် အဘယ်ပုံ စိတ်ကူးပေါက်လာသည်ကို ကျွန်မအား ရှင်းမပြခဲ့ပါ။ သူက ကက်သရင်းကို မြင်ရတိုင်း စိတ်ဆင်းရဲရသဖြင့် ကျွန်မကို ခေါ်ခဲ့ခြင်း ဖြစ်ပါသည်ဟု ပြောပါသည်။ ထို့ပြင် ကျွန်မအား ကျွန်မနှင့် ကက်သရင်းတို့ နေ့လယ် နေ့ခင်းနေဖို့ အခန်းတခု စီစဉ်ခိုင်းပါသည်။ ဤသို့ဖြင့် သူ့အဖို့ ကက်သရင်းကို တနေ့လုံးနေမှ တကြိမ်နှစ်ကြိမ် တွေ့နိုင်ခွင့် ရပါတော့သည်။ ဤသို့ စီစဉ်လိုက်သည်ကို ကက်သရင်းက သဘောကျပုံ ရပါ၏။ ထိုအခါ ကျွန်မလည်း သရုတ်ကရော့အိမ်ကြီးမှ စာအုပ်များနှင့် တခြားပစ္စည်း အတိုအထွာကလေးများကို ယူလာပြီး ကက်သရင်းအား ပေးပါသည်။
ကက်သရင်းမှာ ပထမပိုင်းတွင် ကျေနပ် သဘောကျပုံရပါသော်လည်း မကြာမီ အတွင်းမှာပင် ကက်သရင်းသည် စိတ်တိုင်းမကျသလို အလိုမပြည့်သလို ဖြစ်လာပါလေ၏။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းတရပ်မှာ သူ့ကို ဥယျာဉ်ထဲသို့ပင် ထွက်ခွင့်မပြုခြင်း ဖြစ်ပါသည်။ ထိုအချိန်မှာ နွေပေါက်စ ပြုလာပြီဖြစ်ရာ သူ့အဖို့ အပြင်သို့ မထွက်ရပဲ အိမ်ထဲနေရသည့်အတွက် ဝမ်းနည်းပြီး မနေနိုင် မထိုင်နိုင် ဖြစ်လာပါ၏။ နောက်တကြောင်းမှာ ကျွန်မကလည်း သူ့အပါးတွင် အမြဲ မနေနိုင်အောင် အလုပ်ရှိသဖြင့် သူ့ခမျာလည်း အခန်းထဲတွင် တယောက်တည်းလိုလို ဖြစ်လာပါတော့သည်။ ထိုအခါ ကက်သရင်းသည် တယောက်တည်း မနေနိုင်တိုင်း မီးဖိုထဲဝင်ပြီး ဂျိုးဆက်နှင့် ရန်ဖြစ်ရသည်ကိုပင် ကောင်းသေးသည်ဟု သဘောရပုံတူပါသည်။ သို့သော် ကျွန်မသည် သူတို့ ရန်ဖြစ်သည်ကို အမှုမထားပါ။ သခင်ဟိကလစ် အိမ်တွင်ရှိသော အခါများ၌ ဟယ်ယာတန်ကိုလည်း မီးဖိုထဲမှာ တွေ့ရတတ်ပါသည်။ ပထမပိုင်းတွင် ဟယ်ယာတန် အနားကပ်လာတိုင်း ကက်သရင်းက ရှောင်ထွက်သွားတတ်ပါသည်။ တခါတလေတွင်ကား ကျွန်မ အလုပ်လုပ်နေသော နေရာသို့ ကက်သရင်း ရောက်လာတတ်ပါ၏။ အတန်ကြာလာသောအခါ ကက်သရင်းသည် ဟယ်ယာတန်ကို ရှောင်မနေတော့ပါ။ စကားလည်း ပြောလာပါသည်။ တခါတရံ ဟယ်ယာတန် ဖျင်းပုံ အပုံကို ပြောတတ်လာပါသည်။ ဟယ်ယာတန်သည် အခန်းထဲတွင် မီးလင်းဖိုကို စိုက်ကြည့်ပြီး နေနေတတ်သည်ကို ကက်သရင်း ဘဝင်မကျနိုင် ဖြစ်လာပါသည်။
“တကယ်တော့ သူဟာ ခွေးတကောင်နဲ့ မတူဘူးလား အယ်လင်၊ သူ အလုပ်လုပ်တယ်၊ စားတယ်၊ သောက်တယ်၊ အိပ်တယ်၊ ဒါပဲ၊ ဒီလို နေနေတာ ဘယ်လောက် စိတ်ပျက်စရာကောင်းသလဲ၊ ဟယ်ယာတန် ရှင် အမြဲဒီလို နေနေမှာလားဟင်၊ ရှင် အဓိပ္ပာယ်ရှိတာ လုပ်စမ်းပါ၊ ဒါပေမယ့် ရှင် ကျွန်မကိုလဲ စကားမပြောဘူး”
ကက်သရင်းသည် တခါတွင် ဟယ်ယာတန်နှင့် ပတ်သက်၍ ကျွန်မကို ပြောပြီး ဟယ်ယာတန်ဘက်သို့ စကားဦး လှည့်လိုက်ပါ၏။ ဟယ်ယာတန်ကား စကားလည်းမပြော၊ သူ့ကိုလည်း မကြည့်ပါ။ သို့သော် ကက်သရင်းက စကားဆက်ပြန်ပါသည်။
“ကြည့်စမ်းပါဦး၊ ခုအထိ လူက ငေးတိငေးကြောင်နဲ့၊ သူ့ကိုယ်သူ တွန့်လိမ်မဲ့ရွဲ့နေပုံကိုလည်း ကြည့်စမ်းပါဦး၊ မေးမြန်းကြည့်စမ်းပါဦ အယ်လင်ရယ်"
“ကက်သရင်း၊ ညည်း ကောင်းကောင်း မဆက်ဆံယင် မစ္စတာ ဟယ်ယာတန်က ညည်းကို အပေါ်ထပ်ပို့ဖို့ သွားတိုင်လိမ့်မယ်နော်' ကျွန်မ ပြောလိုက်သော အချိန်မှာ ဟယ်ယာတန်သည် လက်သီးကို ကျစ်ကျစ် ဆုပ်ထားပါလေပြီ။
သို့သော် ကက်သရင်းကား သူ့ စကားကို မရပ်ပါ။
“ကျွန်မ မီးဖိုထဲ ရှိတုန်း သူ ဘာကြောင့် စကားမပြောသလဲဆိုတာ ကျွန်မ သိပါတယ်၊ ကျွန်မက သူ့ကို လှောင်မှာ စိုးလို့ပေါ့၊ ဒီမယ် အယ်လင်၊ ရှင် ဘယ်လိုထင်သလဲဟင်၊ တခါကလဲ သူ့ဘာသာသူ စာသင်နေသတဲ့၊ အဲဒါဘာလို့လဲ သိလား၊ ကျွန်မက သူ့ကို လှောင်လို့ စာအုပ်တွေ မီးရှို့ပစ်ခဲ့တာ အယ်လင်ရဲ့၊ သူ အရူးထတာ မဟုတ်ဘူးလား ကျွန်မလည်း မနေသာသဖြင့်--
“ညည်း အတော်မကောင်းပါလား ကက်သရင်းရယ်” ဟု ပြောမိပါလေတော့သည်။
“ထားပါလေ။ ကျွန်မက မကောင်းဘူးလို့၊ ဒါပေမယ့် သူ ဒီလောက်အထိတော့ မိုက်မဲလိမ့်မယ် မထင်ဘူး၊ ကဲ ဟယ်ယာတန်၊ ကျွန်မ စာအုပ်တအုပ် ပေးမယ်၊ ရှင် ယူမလား' ဟု ဆိုပြန်ကာ စာအုပ်တအုပ်ကို ဟယ်ယာတန် လက်ထဲသို့ ထည့်ပေးနည်ကဲ့သို့ ပြုပါ၏။ ဟယ်ယာတန်က စာအုပ်ကို ပုတ်ထုတ်ပစ်လိုက်ပါသည်။ ရပ်တန်းက မရပ်လျှင် ကက်သရင်း လည်ပင်းကို ချိုးပစ်မည်ဟုလည်း ကြိမ်းလိုက်ပါသည်။
“ကောင်းပြီ၊ ကျွန်မ စာအုပ်ကို ဟောဒီ စားပွဲအံဆွဲထဲမှာ ထည့်ခဲ့တယ်၊ ကျွန်မ သွားအိပ်ချည်တော့မယ်' ဆိုလျက် ကျွန်မအား ဟယ်ယာတန် စာအုပ် ယူမယူ စောင့်ကြည့်ရန် မှာပြီး ထွက်သွားပါလေတော့သည်။
သို့သော် ဟယ်ယာတန်ကား စာအုပ်နားသို့ပင် မလာပါ။ အကြောင်းကို နောက်တနေ့ မနက်တွင် ကက်သရင်းအား ပြောပြလိုက်သောအခါ ကက်သရင်းမှာ အတော် စိတ်ပျက်သွားပုံရပါ၏။ ကက်သရင်းသည် ဟယ်ယာတန် ယခုကဲ့သို့ မှုန်တေတေ၊ ထုံထုံ ထိုင်းထိုင်း လုပ်နေသည့်အတွက် စိတ်မကောင်းပုံ လှပါသည်။ ဤသည်မှာလည်း တချိန်သောအခါက ဟယ်ယာတန် သူ့ဘာသာသူ စာတတ်အောင် ကြိုးစားသည်ကို လှောင်ခဲ့မိသည့်အတွက် နောင်တရပုံရပါသည်။ ထိုအပြစ်ကို ပပျောက်စေရန် သူသည် ဟယ်ယာတန်၏ ကြိုးစားမှုကို ပြန်လည် နှိုးဆွပေးနေခြင်း ဖြစ်ပါသည်။ တခါတရံ ကျွန်မ မီးပူတိုက်နေရာသို့ ကက်သရင်းသည် စာအုပ်တအုပ်နှင့် ရောက်လာတတ်ပါသည်။ ထို့နောက် စာအုပ်ကို အကျယ်ကြီး ဖတ်ပြပါလေတော့သည်။ ထိုအချိန်မျိုးတွင် အနား၌ ဟယ်ယာတန် ရှိ၍ စိတ်ဝင်စားစရာအခန်းသို့ ရောက်လာပါက ကက်သရင်းသည် ဖတ်နေသော စာကို ရပ်၍ စာအုပ်ကို ထားခဲ့ပြီး ထသွားတတ်ပါလေ၏။ ဤသည်မှာ တကြိမ်လည်း မဟုတ်၊ နှစ်ကြိမ်လည်း မဟုတ်ပါ။ ဤသို့ ကက်သရင်းက စာအုပ်ချသွားသော်လည်း ဟယ်ယာတန်ကလည်း ယူမဖတ်ပါ။ ရာသီဥတုအေးသော အခါများ၌ ဟယ်ယာတန်သည် ဂျိုးဆက်နှင့်အတူ သွားနေပြီး ဆေးတံ သောက်နေတတ်ပါသည်။ ထိုအချိန်မျိုး၌ သူတို့နှစ်ယောက်သည် မီးဖိုဘေးတွင် စက်ရုပ်တွေလို ထိုင်နေတတ်ကြပါ၏။ ရာသီဥတု သာယာပါက ဟယ်ယာတန်သည် တောပစ်ထွက်လေ့ရှိပါသည်။ ထိုအခါမျိုး၌ ကက်သရင်းသည် တသမ်းသမ်း တဝေဝေနှင့် ပျင်းနေတတ်ပြီး ကျွန်မကို စကားပြောအောင် လာစတတ်ပါသည်။ သူ့ဘဝကို သူ မပျင်းရအောင် နေနေရသည်။ သူနေရ ထိုင်ရသည်ကိုလည်း ပျင်းရိငြီးငွေ့လာသည်ဟုဆို ပါသည်။
မစ္စတာဟိကလစ်သည် လူနှင့်သူနှင့် နေရသည်ကို ပို၍ပို၍ စိတ်ကုန်လာပါသည်။ ဟယ်ယာတန်အန်းရှောကိုပင် သူ့အခန်းထဲသို့ ဝင်ခွင့် မပေးတော့ပါ။ ဟယ်ယာတန်မှာ တနေ့တွင် တောင်ကုန်းများပေါ်၌ သူ သေနတ်ကျည်ထွက်ပြီး လက်တွင် ဒဏ်ရာရပါလေတော့၏။ ထိုအခါ ကက်သရင်းသည် ဟယ်ယာတန်၏ အပါးသို့ သွားနေတတ်ပြန်ပါလေသည်။
အီစတာနေ့ တနေ့တွင် ဂျိုးဆက်သည် ဂျင်မာတန်ဘက် အီစတာပွဲသို့ သွားနေပါ၏။ ကျွန်မမှာလည်း မီးဖိုထဲတွင် အလုပ်များနေပါသည်။ ဟယ်ယာတန်သည် ထုံးစံအတိုင်း မီးခိုးခေါင်းတိုင်ထောင့်တွင် သုန်သုန်မှုန်မှုန်နှင့် ထိုင်နေပါ၏။ ကက်သရင်းကား ပြတင်းမှန်များပေါ်၌ အရုပ်များ ရေး၍ နေပါသည်။ ထိုစဉ်မှာပင် ကက်သရင်း ပြောလိုက်သော စကားကို ကျွန်မ သတိပြုလိုက်မိပါသည်။
'ဒီမယ် ဟယ်ယာတန်၊ ကျွန်မလေ ရှင်ကသာ ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံယင် ရှင့်ကို ကျွန်မ အစ်ကိုတယောက်လိုပဲ ခင်ချင်ပါတယ်'
ဟယ်ယာတန်ကား နှုတ်တုံ့မပြန်ပါ။
“ဟယ်ယာတန်၊ အို ဟယ်ယာတန်ရဲ့၊ ရှင် ကျွန်မ ပြောနေတာကြားရဲလား ရှင့်'
“သွားစမ်းပါဟယ်” ဟယ်ယာတန်က အော်လွှတ်လိုက်ပါသည်။
“အဲဒီ ဆေးတံကြီး ပေးစမ်းပါ”
ကက်သရင်းသည် ပြောပြောဆိုဆိုပင် ရှေ့ဘက်သို့ တိုးသွားပြီး ဟယ်ယာတန် ပါးစပ်မှ ဆေးတံကို ဆွဲချွတ်လိုက်ပါသည်။
ဟယ်ယာတန်က ကက်သရင်း ယူသွားသော ဆေးတံကို လိုက်လုသေးသော်လည်း သူ ပြန်မရခင်မှာပင် ဆေးတံသည် ကျိုးသွားပါလေ၏။ ဟယ်ယာတန်လည်း ကက်သရင်းကို ကျိန်ဆဲလိုက်ပြီး နောက်ထပ် ဆေးတံတချောင်းကို ယူလိုက်ပါသည်။
“တော်စမ်းပါ၊ ရှင် ကျွန်မပြောတာကို နားထောင်စမ်း၊ ရှင့် အဲဒီ ဆေးတံခိုးတွေနဲ့ ကျွန်မ စကားပြောလို့ မရဘူးရှင့်’
“ဘာလဲ၊ နင် ငါ့ကို ဒုက္ခပေးဦးမလို့လား၊ ငါ့ဘာသာငါ နေစမ်းပါရစေ”
“မဟုတ်ပါဘူး၊ ကျွန်မ ရှင့်ကို ဒုက္ခ မပေးချင်ပါဘူး၊ ရှင် စကားပြောအောင် ကျွန်မ ဘယ်လိုပြောရမလဲ၊ ရှင် နားမလည်ဘူးလား၊ ရှင့်ကို ကျွန်မ ထုံတယ် ထိုင်းတယ် ပြောတာဟာလဲ ကျွန်မ စိတ်ထဲက ပါလို့ပြောတာ မဟုတ်ဘူး၊ ရှင့်ကို ရှုတ်ချလိုတဲ့ သဘောနဲ့ ပြောတာလဲ မဟုတ်ပါဘူး၊ လာစမ်းပါ ဟယ်ယာတန်ရယ်၊ ကျွန်မကို ကြည့်စမ်းပါ၊ ရှင်ဟာ ကျွန်မ အစ်ကိုပါ၊ ရှင်နဲ့ ကျွန်မတို့ဟာ ဆွေမျိုးတွေပါရှင်”
“နင့်မာနက အလကား အစုတ်အပြတ် မာန၊ နင့်မာနကိုလဲ ငါ ဂရုစိုက်ဘူး၊ နင်နဲ့လဲ ငါ နေစရာ အကြောင်းမရှိဘူး၊ ငါ သေပြီး ငရဲကျချင် ကျပါစေ၊ နင်လိုဟာမျိုးနဲ့တော့ မခင်မင်ချင်ဘူး။ ကဲ ဖယ်စမ်းပါဟာ”
ကက်သရင်းသည် မျက်မှောင်ကုပ်၍ ပြတင်းပေါက်နားသို့ ခွာသွားပါလေ၏။ နှုတ်ခမ်းကိုလည်း ကိုက်ထားပါသည်။ ငိုတော့မယောင် ဖြစ်နေပါလေပြီ။
ကျွန်မ ကြားဝင်ရပါလေတော့သည်။
“မင့် ညီမလေးနဲ့ သင့်သင့်မြတ်မြတ် နေမှပေါ့ ဟယ်ယာတန်ရယ်၊ သူလဲ မချေမငံ ဆက်ဆံခဲ့တာတွေအတွက် နောင်တရနေပါပြီကွယ်၊ မင်းတို့ သင့်မြတ်ယင် မင်းအဖို့လဲ အကျိုးရှိမှာပါကွယ်”
“သူနဲ့ သင့်မြတ်ရမယ် ဟုတ်လားဗျ၊ သူ ကျွန်တော့်ကို မုန်းနေတဲ့ဟာ ကျွန်တော်က သူ့ကို ဘာလို့ ပေါင်းသင်းရမှာလဲ၊ ကျွန်တော် ရှင်ဘုရင် ဖြစ်မယ်ဆိုတောင် သူ့လိုလူမျိုးနဲ့ အပေါင်းအသင်း မလုပ်သေးဘူး'
“ရှင့်ကိုမုန်းတာ ကျွန်မ မဟုတ်ဘူးရှင့်၊ ရှင်ကသာ ကျွန်မကို မုန်းတာ၊ ရှင်ကလေ ကျွန်မကို မစ္စတာဟိကလစ်က မုန်းသလို မုန်းတာ၊ ရှင်ကတောင် ပိုချင်သေးတယ်' ကက်သရင်းသည် ပြောယင်း ငိုပါလေတော့သည်။
“ဒါ နင်ညာတာ၊ နင့်ကြောင့် ငါ့ကို သူက ဘယ်လောက် စိတ်ဆိုးခဲ့သလဲ၊ အခါတရာလောက်တောင် ရှိမယ်၊ နင်က ငါ့ကို နှိမ်ပြီး လှောင်နေတဲ့ အချိန်မှာ ငါဟာ နင့်ကြောင့် စိတ်ဆိုးခံခဲ့ရတာဟ၊ တော်ပါ၊ ငါသွားမယ်'
“ရှင် ကျွန်မကြောင့် စိတ်ဆိုးခံရတာ ကျွန်မ မသိပါဘူးရှင်၊ ကျွန်မဟာ လူတိုင်းနဲ့ ပတ်သက်ပြီး စိတ်ညစ်ခဲ့ရတာပါ၊ လူတိုင်းကို နာကျည်းခဲ့ရတာပါ၊ ဒါပေမယ့် ခုလိုမှန်းသိရတော့ ကျွန်မ ရှင့်ကို ကျေးဇူးတင်ပါတယ်၊ ကျွန်မကို ခွင့်လွှတ်ပါလို့လဲ တောင်းပန်ပါတယ်၊ ဒိပြင် ကျွန်မ ဘာလုပ်စေချင်သေးသလဲရှင်”
ကက်သရင်းသည် မီးလင်းဖိုနားသို့ ပြန်လည် ချဉ်းကပ်လာပါသည်။ ဟယ်ယာတန်၏ မျက်နှာကား သုန်မှုန်နေဆဲ ဖြစ်သည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ခေါင်းကိုလည်း ငုံ့ထားပါသည်။ ထိုစဉ်မှာပင် ကက်သရင်း၏ လုပ်ချင်ရာကို ဇွတ်လုပ်တတ်သော ဉာဉ်ကလေးသည် နိုးထလာဟန် ရှိပါသည်။ ဘာကိုမျှပင် စဉ်းစားမနေတော့ပဲ ဟယ်ယာတန်၏ ပါးကို ဖြတ်ကနဲ အညင်အသာ နမ်းလိုက်ပါသည်။ ကောင်မလေးသည် ကျွန်မ မြင်လိုက်သည်ဟု ထင်ပုံ မရပါ။ ပြတင်းပေါက်ဘက် ပြန်သွားပြီး တွေတွေငိုင်ငိုင် လုပ်နေပြန်ပါ၏။ ကျွန်မက ခေါင်းကို ခါလိုက်မိသောအခါ သူသည် ရှက်သွားပြီး ကျွန်မအား ...
“ကျွန်မ ဘာလုပ်မိလိုက်သလဲ အယ်လင်၊ သူ ကျွန်မကို ကြည့်လဲ မကြည့်ဘူး၊ လက်ဆွဲလဲ မနှုတ်ဆက်ဘူး၊ ကျွန်မ သူ့ကို သဘောကျတယ်ဆိုတာ ကျွန်မပြပါမယ်၊ ကျွန်မ သင့်သင့်မြတ်မြတ် နေချင်ပါတယ် အယ်လင်ရယ်”
ကက်သရင်း၏ အနမ်းကို ဟယ်ယာတန် နားလည် သဘောပေါက်ခြင်းရှိမရှိ ကျွန်မ မပြောတတ်ပါ။ သို့သော် သူသည် တစုံတခုကို စဉ်းစားနေပုံရပါသည်။ သူ ခေါင်းပြန်မတ်လာသောအခါ သူလည်း မျက်နှာမထားတတ်သလို ဖြစ်နေပါ၏။
ထိုစဉ်မှာပင် ကက်သရင်းသည် စာအုပ်လှလှတအုပ်ကို စာရွက်ဖြူ တရွက်ဖြင့် သေသေသပ်သပ် ထုပ်၍ ဖဲကြိုးစည်းပြီး “မစ္စတာဟယ်ယာတန် အန်းရှောသို့” ဟု လိပ်တပ်၍ ကျွန်မအား...
“သူ့ကို ပြောပါ၊ သူ ဒီစာအုပ်ကို လက်ခံယင် ကျွန်မ သူ့ကို စာသင်ပေးမယ်လို့၊ သူ လက်မခံယင် ကျွန်မ သူ့ကို နောက် ဘယ်တော့မှ မစတော့ဘူး ဆိုတာရယ်၊ ကျွန်မ အိမ်ပေါ် တက်သွားတော့မယ် ဆိုတာရယ် ပြောပေးပါ” ဟု တိုးတိုးဆိုပြီး ကျွန်မအား စာအုပ်ကို ဟယ်ယာတန်ထံ ပေးခိုင်းပါသည်။
ကျွန်မလည်း စာအုပ်ထုပ်ကို ဟယ်ယာတန်ကို ပေးပြီး ကက်သရင်း အပြောခိုင်းသည့်အတိုင်း ပြောလိုက်ပါသည်။ ဟယ်ယာတန်က စာအုပ်ထုပ်ကို မယူသဖြင့် ဒူးပေါ် တင်ပစ်ခဲ့ပါသည်။ သူ စာအုပ်ထုပ်ကို မတို့၊ မထိ၊ မကိုင်ပါ။ ကျွန်မလည်း ကက်သရင်းဆီ ပြန်လာခဲ့ပါသည်။ ကက်သရင်းသည် စားပွဲပေါ်မှာ ခေါင်းငုံ့နေပါ၏။ စာအုပ်ထုပ် ဖြေသံကြားမှပင် နေရာမှ ထသွားပြီး ဟယ်ယာတန်ဘေးမှာ အသာကလေး ဝင်ထိုင်လိုက်ပါသည်။ ဟယ်ယာတန်သည် ကတုန်ကယင် ဖြစ်နေပါသည်။ သို့သော် သူ့ မျက်နှာမှာ ဝင်းလက်နေပါ၏။ သူ့မျက်နှာပြင်တွင် ရှိုင်းစိုင်းကြမ်းတမ်းသော အသွင်တို့သည် မရှိတော့ပါ။ သို့သော် ကက်သရင်း၏ မျက်လုံးထဲက အမေးတို့ကို သူ မတုံ့ပြန်နိုင်သေးပဲ ရှိပါသည်။
“ကျွန်မကို ခွင့်လွှတ်တယ်လို့ ပြောစမ်းပါ ဟယ်ယာတန်၊ အဲဒီစကားကလေးလောက် ရှင်ပြောယင် ကျွန်မ ပျော်ရမှာပါရှင်”
ဟယ်ယာတန်က ခပ်တိုးတို့း ပြောလိုက်ပါ၏။ သူ့စကားကို မကြားရပါ။
“ဒါဖြင့် ရှင်နဲ့ ကျွန်မ အပေါင်းအသင်းတွေ ဖြစ်သွားပြီပေါ့နော်”
ကက်သရင်းက တုံ့ပြန်ပါလေသည်။
“မဟုတ်သေးဘူး၊ နင် ငါ့ကြောင့် နေ့တိုင်း အရှက်ရနေမှာပဲ၊ နင် ငါ့အကြောင်း သိရလေလေ နင် ရှက်ရလေလေ ဖြစ်နေမှာပဲ၊ အဲဒါကိုတော့ ငါ သည်းမခံနိုင်ဘူး”
“ဒါဖြင့် ရှင်က ကျွန်မနဲ့ အပေါင်းအသင်း မဖြစ်ချင်ဘူးပေါ့လေ’
ကက်သရင်း အပြုံးကား ပျားရည်ကဲ့သို့ပင် ချိုမြိန်လှစွာ၏။ ကက်သရင်းသည် ပြောယင်း ပြုံးယင်း ဟယ်ယာတန်အပါးသို့ တိုးကပ်သွားပါလေသည်။
သူတို့နှစ်ယောက် ဆက်ပြောသည့်စကားများကို ကျွန်မ မကြားရတော့ပါ။ သို့သော် သူတို့နှစ်ယောက်ကို ကြည့်ရသည်မှာ နှစ်ဦးစလုံး ကြည်နူးနေပုံ ရပါသည်။ နှစ်ဦးစလုံး စာအုပ်ပေါ်သို့ ငုံ့ကြည့်နေကြပါသည်။ နှစ်ဘက် သဘောတူညီမှုဖြင့် ရန်သူနှစ်ဦးသည် မပျက်ပြယ်သော မိတ်ဆွေ ဘဝသို့ ရောက်သွားကြပါလေတော့သည်။
သူတို့နှစ်ဦး စိုက်ကြည့်နေသော စာအုပ်မှာ အရုပ်တွေ မြိုင်ဆိုင်လှပါသည်။ သူတို့သည် ဂျိုးဆက် ပြန်လာသည်အထိ မလှုပ်မယှက် စာအုပ်မှာ အာရုံစိုက်နေကြပါလေ၏။ ဂျိုးဆက်သည် ထိုင်ခုံတခုတည်း၌ ထိုင်လျက် ကက်သရင်းက ဟယ်ယာတန် ပခုံး၌ လက်တင် မှီနေသည်ကို မြင်လိုက်ရသဖြင့် အတော်ကြီး အံ့အားသင့်သွားပါလေသည်။ သူသည် သက်ပြင်းကြီး ချပြီး သူ့နေရာတွင် သမ္မာကျမ်းစာကို စားပွဲပေါ်တင်ကာ ဖြန့်ချလိုက်ပါ၏။ အတန်ကြာလျှင် ဟယ်ယာတန်ကို ခေါ်ပြီး သခင့်အခန်းသို့ ပို့စရာရှိသည်များကို ပိုခိုင်းပါလေ၏။
ကျွန်မလည်း...
“ကက်သရင်းရေ၊ လာတော့၊ ကျုပ်လဲ မီးပူတိုက်ပြီးပြီ၊ သွားကြတော့မလား” ဟု မေးလိုက်ပါသည်။
“အခု ရှစ်နာရီမှ မထိုးသေးပဲ” ဟု ဆိုကာ မထချင်ထချင် ထလာပြီး ဟယ်ယာတန်အား “ဟယ်ယာတန်ရေ၊ ကျွန်မစာအုပ်ကို မီးခိုးခေါင်းတိုင်နားမှာ ထားခဲ့မယ်၊ မနက်ဖြန်ကျတော့လဲ နောက်ထပ် ယူလာဦးမယ်နော်” ဟု လှမ်းပြောလိုက်ပါသေးသည်။
‘မင်းချန်ခဲ့ယင် တို့ကတော့ ယူမှာပဲနော်' ဟု ဂျိုးဆက်က လှမ်းပြောလိုက်ပြန်ပါသည်။
ကေသီသည် ဂျိုးဆက်အား သူ့စာအုပ်ကို ယူလျှင် ဂျိုးဆက် စာအုပ်တွေကိုလည်း သူ ယူမည်ဟု ခြိမ်းခြောက်စကား ပြောပြီး ဟယ်ယာတန်အား ပြုံးပြလိုက်ပါသေးသည်။ ထို့နောက် အပေါ်ထပ်သို့ သီချင်းဆိုယင်း တက်သွားပါလေတော့သည်။ ကက်သရင်း မြူးနေသည်ဟု ကျွန်မ မှန်းဆနိုင်ပါသည်။ ဤအိမ်တွင် သူ့အဖို့ အစောပိုင်းကာလ လင်တန်နှင့် တွေ့ရစဉ်ကမှအပ ဤတကြိမ်သည် အရွှင်မြူးဆုံး ဖြစ်နေဟန် ရှိပါသည်။
ဤသို့ဖြင့် သူတို့သည် ရင်းနှီးသူများ အဆင့်မှ ချစ်သူများ အဆင့်သို့ ရောက်စေချင်ပါသည်။ ကျွန်မအနေနှင့် သူတို့နှစ်ယောက် အကြင်လင်မယား ဖြစ်သွားစေချင်ပါ၏။ သူတို့ လက်ထပ်ဖြစ်သောနေ့တွင် အင်္ဂလန်နိုင်ငံ၌ ကျွန်မထက် ပျော်မည့် မိန်းမစားမျိုး ရှိလိမ့်မည် မထင်ပါချေ။
အခန်း [ ၃၃ ]
နောက်တနေ့ နံနက်တွင် ဟယ်ယာတန်သည် ယာထဲသို့ မဆင်းပဲ အိမ်မှာတွင် ရှိနေပါသည်။ ထို့ကြောင့် ကျွန်မအဖို့ ရှေးကလို ကက်သရင်း အနားတွင် ရှိနေရန် မလိုပါ။ ကက်သရင်းကပင် ကျွန်မ အလျင် အိမ်ပေါ်က ဆင်းပြီး ခြံထဲ ထွက်သွားပါလေသည်။ ခြံထဲ၌ ဟယ်ယာတန်သည် ခပ်ပေါ့ပေါ့ အလုပ်ကလေးများ လုပ်နေပါ၏။ ကျွန်မလည်း သူတို့နှစ်ယောက်ရှိရာသို့ သွားပြီး နံနက်စောစောစာ စားကြရန် ခေါ်လိုက်ပါသည်။ ထိုစဉ်တွင် ကက်သရင်းက ဟယ်ယာတန်အား စပျစ်ပင်များနှင့် ချုံပင်များရှိသော မြေနေရာကို ရှင်းရန် ခိုင်းနေသည်ကို တွေ့ရပါလေ၏။ ထိုနေရာတွင်လည်း အခြားနေရာမှ အပင်များ ပြောင်းရွှေ့ စိုက်ပျိုးရန်လည်း စီစဉ်နေကြပါလေသည်။ ကျွန်မသည် စပျစ်ပင်များ အဖျက်ဆီး ခံလိုက်ရသည်ကို မြင်လိုက်ရသဖြင့် တုန်လှုပ်ချောက်ချားသွားပါသည်။ စင်စစ် ထိုအပင်များကား ဂျိုးဆက် တမြတ်တနိုး စိုက်ထားသော အပင်များ ဖြစ်ပါသည်။ ယခုကား ဂျိုးဆက်၏ စပျစ်ပင်များ နေရာတွင် ကက်သရင်းက ပန်းပင်များ ရွှေ့စိုက် နေပါလေပြီ။
“ဟဲ့၊ ဘယ်လို လုပ်နေကြတာလဲ၊ သူတွေ့သွားယင်တော့ သခင့်ကို တိုင်ပြောတော့မှာပဲ၊ မင်းတို့ ဥယျာဉ်ထဲ ထင်တိုင်းကြဲနေတာ အဆူခံထိတော့မှာပဲ၊ ခေါင်းတော့ မီးတောက်ရဦးမှာပဲ၊ မစ္စတာဟယ်ယာတန်၊ မင်းကလဲနော်၊ ကက်သရင်း ခိုင်းတာကိုမှ လုပ်ရတယ်လို့” ဟု ကျွန်မက ပြောလိုက်ပါသည်။
ဟယ်ယာတန်သည် စိတ်ရှုပ်သလို ဖြစ်သွားပြီး
“အဲဒီအပင်တွေ ဂျိုးဆက် စိုက်ထားတာ ကျွန်တော် မေ့သွားတယ်ဗျာ၊ ကျွန်တော် လုပ်တာလို့ သူ့ကို ပြောလိုက်ပါ့မယ်လေ” ဟု ဖြေပါလေသည်။
ကျွန်မတို့သည် မစ္စတာဟိကလစ်နှင့် စားသောက်ကြမြဲ ဖြစ်ပါသည်။ ကျွန်မသည် ကက်သရင်း၏ တာဝန်များကို ဆောင်ရွက်နေသည်ဖြစ်ရာ ကျွန်မသည်လည်း နံနက်စာ စားပွဲတွင် ရှိနေရပါသည်။ ကက်သရင်းသည် ကျွန်မဘေးတွင် ထိုင်မြဲ ဖြစ်ပါသည်။ သို့သော် ယနေ့တွင်မူ သူသည် ဟယ်ယာတန်နားသို့ မသိမသာ တိုးကပ်၍ အတူ ထိုင်ပါလေသည်။ သူ့တွင် ဟိုတုန်းကလို ရန်လိုသည့် အသွင်အပြင်မျိုး မရှိပဲ ရင်းနှီးဟန်က ပေါ်လွင်နေပါသည်။
ကျွန်မလည်း ကက်သရင်း၏ ဤအခြေအနေကို သတိပြုမိသဖြင့် အခန်းထဲဝင်လာယင်း သူ့အနားသို့ ကပ်၍ ...
“ဟယ်ယာတန်ကို စကား သိပ်မပြောနဲ့၊ သိပ်လဲ ကြည့်မနေနဲ့၊ အတော်နေ မစ္စတာ ဟိကလစ် မျက်စိနောက်နေဦးမယ်၊ အလိုလိုကမှ ဟိုက ညည်းတို့နှစ်ယောက်ကို ကြည့်မရရတဲ့အထဲ” ဟု တီးတိုးပြောလိုက်ပါသည်။
သို့သော် စားပွဲတွင် ကက်သရင်းသည် ဟယ်ယာတန်နား တိုးကပ်ထိုင်ပြီး ယယ်ယာတန်၏ ပန်းကန်ထဲသို့ ပန်းပွင့်ကလေးများကို ထည့်၍ စနေပါလေ၏။ ဟယ်ယာတန်ကား ကက်သရင်းကို ဘာမျှ မပြောပါ။ သို့သော် သူ့ကို ကြည့်ရသည်မှာ အနေရအထိုင်ရ ခက်နေပုံရပါသည်။ ကလေးမ ကလေးကလည်း ထပ်ခါတလဲလဲ စနေပါလေ၏။ ကျွန်မ သူ့ကို မျက်မှောင်ကြုတ် ကြည့်လိုက်ပါသည်။ ထိုအခါ ကက်သရင်းက မစ္စတာ ဟိကလစ်ကို တချက် လှမ်းကြည့်လိုက်ပါသေး၏။ မစ္စတာဟိကလစ်မှာ တခြား အကြောင်းအရာ တခုခုတွင် အာရုံဝင်စားနေဟန်သည် သူ့မျက်နှာသွင်ပြင်တွင် ပေါ်လွင်နေပါ၏။ ကက်သရင်းသည် ဟယ်ယာတန်ကို ဆက် စ နေပြန်ပါ၏။ ဟယ်ယာတန်သည် အောင့်မနေနိုင်တော့ပဲ ခပ်တိုးတိုး ရယ်လိုက်ပါသည်။ မစ္စတာဟိကလစ်သည် ဖြတ်ကနဲ ဖြစ်သွားပြီး အကဲခတ်သလို ကြည့်လိုက်ပါသည်။ ကက်သရင်းသည် ဟိကလစ်၏ သဘောမတွေ့သော အကြည့်ကို ဂရုမစိုက်သလို နေနေပါ၏။
“နင် ငါ့နား နီးနီး မနေယင် ကောင်းမယ်၊ နင် ငါ့ကို ဒီလိုစိုက်ကြည့်တာကို ငါမကြိုက်ဘူး၊ သွားစမ်း၊ သွားစမ်း၊ နင် ရှိနေတာကို ငါ မမြင်ချင်ဘူး၊ အဲဒီလို ရယ်တာကိုလဲ ငါမကြိုက်ဆုံးပဲ ဟိကလစ်က အော်ပြောလိုက်ပါသည်။
“ကျွန်တော်ရယ်တာပါ” ဟယ်ယာတန်က ခပ်တိုးတိုး ဝင်ပြောပါသည်။
“မင်းက ဘာပြောတာလဲ” ဟိကလစ်က ပြောလိုက်သောအခါ ဟယ်ယာတန် ငြိမ်သွားပါသည်။ သူ့ရှေ့က ပန်းကန်ကိုသာ ငုံ့ကြည့်နေပါ၏။ သူ နောက်ထပ် ဘာမျှ မပြောတော့ပါ။ မစ္စတာဟိကလစ်သည် ဟယ်ယာတန်ကို ဖြတ်ကနဲ တချက်ကြည့်ပြီး သူ့စားသောက်ဖွယ်ရာများကိုသာ ဆက်လက် စားသုံးနေပါလေ၏။ ကျွန်မတို့ နံနက်စောစာ စားသောက်ပွဲလည်း ပြီးခါနီးပါပြီ။ ကောင်ကလေးနှင့် ကောင်မလေးတို့လည်း ခပ်ခွာခွာ ပြင်ထိုင်လိုက်ကြပါသည်။ ကျွန်မလည်း သူတို့ကိစ္စထဲမှာ ဝင်မရှုပ်ပဲ နေနေလိုက်ပါ၏။ ထိုစဉ်တွင် ဂျိုးဆက်သည် တံခါးဝသို့ ရောက်လာပါလေ၏။ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်နေပြီး မျက်လုံးကလည်း ဒေါသထွက်နေကြောင်း ဖော်ပြနေပါ၏။ သူ တမြတ်တနိုးစိုက်ထားသည့် စပျစ်ပင်တွေ နုတ်အပစ်ခံရ၍ ဒေါသဖြစ်နေပုံ ရပါသည်။ သူ့မေးရိုးတွေကလည်း နွားများ စားမြုံ့ပြန်သလို တလှုပ်လှုပ် ဖြစ်နေပါသည်။
“ကျုပ်ဒီမှာ နေလာတာ အနှစ်ခြောက်ဆယ် ရှိပြီ၊ ကျုပ်စာအုပ်တွေ ဖွလားဖွရဲ့၊ အခုလဲ ခြံထဲက ကျုပ်အပင်တွေကို ဖျက်ပစ်တယ်။ ဒါကိုတော့ ကျုပ် မခံနိုင်ဘူး’ သူ့ အသံမှာ ဝူးဝူးဝါးဝါး ဖြစ်နေပါ၏။
“ကဲ၊ တော်စမ်းအဘိုးကြီး၊ ပါးစပ်ပိတ်ထားစမ်း၊ ခင်ဗျားက ဘာတွေ မကျေမနပ် ဖြစ်လာတာလဲ၊ ကျုပ် ခင်ဗျားနဲ့ နယ်လီ ရန်ဖြပ်တဲ့ကိစ္စထဲ ဝင်မပါချင်ဘူး” ဟု မစ္စတာဟိကလစ်က ဝင်ပြောလိုက်ပါသည်။
“ဒါ နယ်လီနဲ့ ဖြစ်တာ မဟုတ်ဘူး၊ ခြံထဲက စပျစ်ပင်ကို နုတ်ပစ်တာကို ပြောတာ”
“ကဲ၊ အဘိုးကြီး မူးလာသလား၊ ဟေ့ ဟယ်ယာတန်၊ မင်းနဲ့ ဘာဖြစ်သလဲ'
မစ္စတာဟိကလစ်က ဟယ်ယာတန်ကိုပါ တဆက်တည်း မေးလိုက်ပါ၏။
“ကျွန်တော် သူ့ စပျစ်ပင် နှစ်ပင် သုံးပင် နုတ်ပစ်လိုက်မိတာပါ၊ ကျွန်တော် ပြန်စိုက်ပေးမှာပါ'
“မင်းက ဘာဖြစ်လို နုတ်ပစ်ရတာလဲ”
ကက်သရင်းက ကြားဝင်ပါလေတော့သည်။
“အဲဒီနေရာမှာ ကျွန်မတို့ ပန်းပင်စိုက်ချင်လို့ပဲ၊ ကျွန်မက အနုတ်ခိုင်းလို့ နုတ်တာ၊ အပြစ်တင်စရာရှိယင် ကျွန်မကိုပဲ အပြစ်တင်ပေါ့"
“ဩ၊ နင်က ဒီခြံထဲကဟာတွေကို နုတ်ပစ်ရအောင် နင့်မှာ ဘာအခွင့်အရေးရှိလို့လဲ၊ နေစမ်းပါဦး၊ မင်းကကော ဒီကောင်မလေး အမိန့်ကို နာခံရမယ်လို. ဘယ်သူက အမိန့်ပေးထားလို့လဲကွ'
ဟယ်ယာတန်ကိုပါ တဆက်တည်း မေးလိုက်ပါ၏။
ဟယ်ယာတန်မှာ ဘာမျှ မပြောနိုင်ရှာပါ။
ကက်သရင်းကသာ …
“ရှင်က ကျွန်မမြေတွေ အကုန်သိမ်းထားပြီး ဒီမြေကလေး လက်မလောက် ထိတာကိုကျမှ ပြောနေတာပေါ့လေ”
“ဘာ နင့်မြေလဲ၊ နင် နှုတ်သရမ်းမနေနဲ့၊ နင့်မှာ ဘယ်တုန်းကများ မြေရယ်၊ ယာရယ် ရှိခဲ့လို့လဲ”
“ပြီးတော့ ကျွန်မပိုက်ဆံတွေလဲ ရှင်ပဲ ယူထားတာ”
ကက်သရင်းသည် သူ၏ နံနက်စောစာ လက်စသိမ်းလု အခြေအနေဖြင့် မုန့်ကို ကိုက်စားယင်း မစ္စတာဟိကလစ်၏ ဒေါသဟုန်းဟုန်း တောက်နေသော မျက်လုံးစုံကို ရင်ဆိုင်လျက် ဆက်ပြောနေပြန်ပါသည်။
“တော်စမ်းပါ၊မြန်မြန် စားသောက်ပြီး ထွက်သွားစမ်း”
ကက်သရင်းက စကားကို မရပ်နိုင်သေး။
“ပြီးတော့လဲ ဟယ်ယာတန့် မြေတွေရော၊ ပိုက်ဆံတွေရောပါ ရှင် သိမ်းထားတာပဲ၊ ခု ဟယ်ယာတန်နဲ့ ကျွန်မ မိတ်ဆွေ ဖြစ်သွားပြီ ရှင့်၊ ဟယ်ယာတန်ကို ရှင့်အကြောင်းတွေ ပြောပြလိုက်မယ်” ဟု ခပ်ရမ်းရမ်း ဆက်ပြောနေပြန်ပါလေသည်။
မစ္စတာ ဟိကလစ်သည် ပို၍ စိတ်ရှုပ်ထွေးလာနေဟန် ရှိပါသည်။ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေပါလေပြီ။ နေရာမှ ထလာပြီး ကက်သရင်းအား ခါးခါးသီးသီး မုန်းသော အကြည့်မျိုးဖြင့် စိုက်ကြည့် နေပြန်ပါ၏။
“ရှင် ကျွန်မကို ရိုက်ယင် ဟယ်ဟာတန်က ရှင့်ကို ရိုက်မှာပဲ၊ ဒီတော့ ရှင် ပြန်ထိုင်နေပါ” ကက်သရင်းသည် စကား ဆက်နေပြန်ပါ၏။
“ဟယ်ယာတန်က မင်းကို အခန်းထဲက ဆွဲမထုတ်ယင် ဒီကောင့်ကို ငါ အချပဲ၊ အလကား စုန်းမ၊ နင်က သူနဲ့ငါ့ကို ရန်တိုက်ပေးနေတာပေါ့လေ၊ ဟေ့ကောင် ဟယ်ယာတန်၊ အဲဒီ သောက်ကောင်မကို ဆွဲထုတ်သွားစမ်း၊ ကြားတယ် မဟုတ်လားကွ၊ မီးဖိုထဲ ဆွဲထုတ်ပစ်လိုက်စမ်း၊ ဒီမယ် နယ်လီ၊ နောက်တခါ ဒီကောင်မလေးကို ကျုပ်မျက်စိအောက်တွေ့ရယင် ကျုပ် သင်းကို အသတ်ပဲ” မစ္စတာ ဟိကလစ်သည် အော်ဟစ် ပြောလိုက်ပါလေသည်။
ဟယ်ယာတန်သည် သူ့ညီမကလေးကို ချော့မော့ ခေါ်ရပါလေတော့သည်။
“ဟေ့ကောင်၊ ဆွဲခေါ်သွားပါလားကွ၊ ဘာလဲ၊ နင်က နောက်ထပ် စကားကြော ရှည်ချင်သေးသပေါ့လေ” မစ္စတာ ဟိကလစ်သည် စိတ်မရှည်နိုင်တော့ပဲ ရှေ့သို့တိုးလာပါလေ၏။
'သူ ရှင့်စကားကို နားထောင်တော့မှာ မဟုတ်ဘူး လူယုတ်မာကြီးရဲ့၊ ရှင့်ကို ကျွန်မ မုန်းသလို သူလဲ ရှင့်ကို မကြာခင် မုန်းလာမှာပဲ သိရဲ့လား' ကက်သရင်းက ရှည်နေပြန်ပါ၏။
“တော်စမ်းပါကွယ်၊ တော်စမ်းပါ၊ မင်း ဘာမှ ထပ်မပြောနဲ့တော့ ကက်သရင်းရယ်၊ လာစမ်းပါ' ဟယ်ယာတန်ကလည်း သူ့ညီမကို ထပ် ချော့နေပြန်ပါသည်။
“သူ ရိုက်ယင် ရှင် ကြည့်မနေဘူး မဟုတ်လား”
“လာစမ်းပါကွယ်” ဟယ်ယာတန်က တိုးတိုး ခေါ်နေပြန်ပါလေသည်။
ထိုစဉ်မှာပင် မစ္စတာဟိကလစ်သည် ကက်သရင်းအနား ရောက်လာပြီး ကက်သရင်းကို ဖမ်းချုပ်ယင်း ဟယ်ယာတန်အား...
“ကဲ မင်းသွားတော့၊ ဒီစုန်းမတော့ အသိပဲ၊ သင်းက ငါမခံရပ်နိုင်အောင် စော်ကားနေပြီ၊ သင်း တသက်လုံး နောင်ကြဉ်သွားအောင် ဆုံးမမှ”
မစ္စတာဟိကလစ်သည် ကက်သရင်း၏ ဆံပင်ကို ဆွဲထားပါလေပြီ။ ဟယ်ယာတန်သည် မစ္စတာဟိကလစ်နှင့် ဖက်ပြိုင်လျက် ကက်သရင်းကို ဆွဲခေါ်လျှင် ကက်သရင်း နာကျင်မည်စိုးသဖြင့် သူ ကိုင်ဆွဲထားသော ကက်သရင်းကို လျှော့လွှတ်ပေးလိုက်ပါသည်။ မစ္စတာ ဟိကလစ်၏ မျက်လုံးမှာ အရောင်တဖိတ်ဖိတ် လက်နေပါသည်။ သူသည် ကက်သရင်းကို စိစိညက်ညက်ကြေအောင် ချေမှုန်းတော့မည်ကဲ့သို့ ရှိပါသည်။ ကျွန်မလည်း ကြည့်မနေနိုင်တော့သဖြင့် ကက်သရင်းကို ကယ်တင်ရန် ရှေ့တိုးသွားခိုက်မှာပင် ကက်သရင်း၏ ခေါင်းကို ချုပ်ကိုင်ထားသော မစ္စတာဟိကလစ်၏ လက်သည် လျော့ပြေသွားပြီး လက်မောင်းကို ဖမ်းဆုပ်ယင်း ကက်သရင်း၏ မျက်နှာကို စိုက်ကြည့်နေပြန်ပါလေသည်။ ထို့နောက် သူ့လက်ကို ပြန်ရုပ်လိုက်ပြီး ကက်သရင်းကို စိုက်ကြည့်ကာ တည်ငြိမ်သော လေသံဖြင့်..
“နင် ငါ့စိတ်ကို ဒေါသဖြစ်အောင် မစမ်းနဲ့၊ မဟုတ်ယင် နင့်ကို ငါသတ်မိလိမ့်မယ်၊ သွား၊ မစ္စက်ဒင်းနဲ့ လိုက်သွား၊ မစ္စက်ဒင်းနားမှာပဲနေ၊ သူ့စကားကို နားထောင်၊ ဟယ်ယာတန်ကိုလဲ နင့်စကားကို နားထောင်ယင် အိမ်ပေါ်က နှင်အချပဲ၊ နင့်ကြောင့် ဒီကောင် သူတောင်းစားဖြစ်ရမှာပဲ၊ ကဲ နယ်လီ၊ သူ့ကို ခေါ်သွားဗျာ၊ သွားကြ၊ အားလုံး သွားကြတော့' အမိန့်ပေးလိုက်ပါလေသည်။
ကျွန်မလည်း ကက်သရင်းကို ခေါ်၍ အခန်းထဲမှ ထွက်လာခဲ့ပါသည်။ ကက်သရင်းသည်လည်း မစ္စတာဟိကလစ်လက်မှ လွတ်လာသဖြင့် အလွန်ပင် ဝမ်းမြောက်နေပါလေ၏။ ထိုအဖြစ်အပျက် နောက်ပိုင်းတွင် မစ္စတာဟိကလစ်သည် ညနေစာ စားချိန်တွင် ကျွန်မက ကက်သရင်းအား အပေါ်ထပ် သူ့အခန်းထဲမှာပင် စားဖို့ ပြောထားသော်လည်း မစ္စဘာဟိကလစ်သည် ညနေစာ စားပွဲ၌ ကက်သရင်းကို မမြင်ရသည်နှင့် ကက်သရင်းကို အခေါ်လွှတ်သဖြင့် ကျွန်မလည်း ကက်သရင်းကိုပါ ညနေစာ စားပွဲသို့ ခေါ်ခဲ့ရပါ၏။ ထိုစားသောက်ပွဲ၌ မစ္စတာဟိကလစ်သည် မည်သူ့အားမျှ စကားမပြောပါ။ အစားအသောက်ကိုလည်း အနည်းငယ်သာ စားသောက်ပြီး အပြင်ဘက်သို့ ထွက်သွားပါ လေတော့သည်။
မစ္စတာဟိကလစ် အိမ်မှာ မရှိတော့သောအခါ ကက်သရင်းတို့ နှစ်ယောက်တည်း တပူးတွဲတွဲ ဖြစ်နေကြပါ၏။ ယခုတကြိမ်၌ ကက်သရင်းက ဟယ်ယာတန်၏ အဖေအပေါ် မစ္စတာဟိကလစ် မကောင်းခဲ့ပုံ၊ အနိုင်ကျင့်ခဲ့ပုံများကို ပြောပြလေရာ ဟယ်ယာတန်က ထိုစကားများကို မပြောသင့်ကြောင်းနှင့် သူ့အနေနှင့် မစ္စတာဟိကလစ်၏ ဂုဏ်သိက္ခာကို ထိပါးစေသော စကားများ တလုံးတပါဒမျှ မပြောလိုကြောင်း ပြောဆိုနေကြသည်ကို ကျွန်မ ကြားရပါ၏။ ဟယ်ယာတန်သည် သူ့အနေနှင့် မစ္စတာဟိကလစ်ဘက်က ရပ်တည်ရမည်ဖြစ်ကြောင်းနှင့် မစ္စတာဟိကလစ်ကို ပုတ်ခတ်ပြောဆိုမည့်အစား သူ့ကို ပုတ်ခတ်ပြောဆိုလျှင် သူ ခံနိုင်ကြောင်း ဆက်ပြောပါသည်။ ထိုစကားကြောင့် ကက်သရင်းမှာ မကျေမနပ် ဖြစ်သွားပုံရပါသည်။ ဟယ်ယာတန်ကမူ ကက်သရင်းအား ကက်သရင်း ဖခင်အကြောင်း မကောင်းပြောလျှင် ကက်သရင်း မည်သို့ ခံစားရမည်နည်း ဟူသော မေးခွန်းမျိုးကိုပင် မေးပါလေသည်။ ထိုအခါ ဟယ်ယာတန်သည်. မစ္စတာဟိကလစ်အပေါ် သံယောဇဉ် တွယ်တာနေပြီဖြစ်ကြောင်း ကက်သရင်းလည်း သဘောပေါက်သွားပုံရပါသည်။ ထို့နောက်တွင်ကား သူတို့သည် မစ္စတာ ဟိကလစ် အကြောင်းကို မပြောကြတော့ပါ။ ကက်သရင်း ကိုယ်တိုင်ကလည်း ဟယ်ယာတန်နှင့် မစ္စတာ ဟိကလစ်တို့အကြား အမုန်းပွားအောင် လုပ်မိသည့်အတွက် သူ စိတ်မကောင်း ဖြစ်ရကြောင်း ကျွန်မအား ပြောပြပါ၏။
မစ္စတာ ဟိကလစ်နှင့် ပတ်သက်၍ နှစ်ဦး အငြင်းပွားမှု ပြီးဆုံးသွားသည့်နောက်တွင် သူတို့သည် ဆရာတပည့်အသွင်ဖြင့် စာသင်နေကြပြန်ပါသည်။ ကျွန်မလည်း လုပ်ဆောင်ဖွယ် အလုပ်များ ပြီးသွားပြီဖြစ်၍ သူတို့နားသွားထိုင်နေလိုက်ပါ၏။
ကျွန်မမှာ သူတို့နှစ်ယောက် စာသင်နေသည်ကို ကြည့်ယင်း ကြည်နူး ဝမ်းသာနေရသည့်အတွက် အချိန်မည်မျှ ကုန်သွားသည်ကိုပင် သတိမပြုမိပါ။ စင်စစ် သူတို့နှစ်ယောက်စလုံးမှာ ကျွန်မ၏ သားသမီးများသဖွယ် ပြုစုခဲ့ရ၍ ကျွန်မအဖို့ ဂုဏ်ယူမဆုံးနိုင်အောင် ရှိခဲ့ပါသည်။ သူတို့နှစ်ယောက်တွင် ကက်သရင်းကလေးမှာ မိခင် ကွယ်လွန်ခဲ့သော်လည်း ဖခင်လက်ထက်တွင် ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံ ကြီးပြင်းခဲ့ရသဖြင့် အဘက်ဘက်မှပင် ပြည့်စုံလာခဲ့သူ ဖြစ်ပါသည်။ ဟယ်ယာတန်ကလေးမှာက ပင်ကိုစရိုက်အားဖြင့် ရိုးသားသိမ်မွေ့ပြီး ဉာဏ်ပညာ ထက်မြက်သော်လည်း မစ္စတာဟိကလစ် လက်အောက်တွင် ကြီးပြင်းခဲ့ရသဖြင့် ပညာမတတ်၊ လူမှုရေးလည်း နားမလည်သလို ဖြစ်ခဲ့ရရှာလေသည်။ ယခုကား ကက်သရင်း၏ ကြိုးစားပမ်းစား သင်ပြမှုနှင့် ဟယ်ယာတန်၏ ဉာဏ်ရည်ထက်မြက်မှုနှင့် ကြိုးစားမှုကြောင့် ဟယ်ယာတန်သည် အတော်အတန်ပင် တိုးတက်လာခဲ့ပေပြီ။ စာတတ်လာသည်နှင့်အမျှ စိတ်ဓာတ်သည်လည်း မြင့်မားလာကာ ရုပ်သွင်ပြင်ပင်လျှင် ရှေးယခင်ကထက် ပြောင်ပြောင် ရောင်ရောင် ဖြစ်လာပြီဟု ဆိုရပါမည်။ယခု သူတို့နှစ်ယောက်ကို မြင်ရသောအခါ ကက်သရင်းကလေး ကျောက်တောင်ဘက် သွားစဉ် လေထန်ကုန်းအိပ်ကြီးသို့ ရောက်ပြီး ဟယ်ယာတန်နှင့် စတွေ့ကြသော အဖြစ်ကို ပြန်လည် မြင်ယောင်လာပါသည်။ ကျွန်မသည် သူတို့ နှစ်ယောက်ကို ကြည့်ယင်း သူတို့၏ အားထုတ်မှုကို စိတ်ထဲက ချီးကျူးနေစဉ်မှာပင် မှောင်ရီပျိုးလာပါသည်။ သခင်လည်း ပြန်ရောက်လာပါ၏။ သူသည် အိမ်ထဲသို့ အမှတ်မထင် ဝင်လာခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မတို့က သူ့ကို မမြင်လိုက်မီမှာပင် သူသည် ကျွန်မတို့သုံးယောက်ကို တွေ့သွားပြီး ဖြစ်ပါ၏။ သူ့အဖို့ ယယ်ယာတန်နှင့် ကက်သရင်းကို ဤသို့ မြင်တွေ့လိုက်ရသည့်အတွက် အပြစ်ဆိုဖွယ် ဖြစ်နိုင်သည်ဟု ကျွန်မ မထင်ပါ။ မီးလင်းဖိုမှ မီးရောင်သည် သူတို့ ခေါင်းများပေါ်တွင် ဖြာကျလျက် မျက်နှာပြင်များတွင်ကား သင်ပြသူက သင်ပြ၊ သင်ယူသူက သင်ယူရာ၌ အထူး စိတ်ထက်သန်နေကြပုံ ပေါ်နေပါသည်။ ယခုအခါ ဟယ်ယာတန်မှာ နှစ်ဆယ့်သုံးနှစ်ရှိပြီး ကက်သရင်းမှာ ဆယ့်ရှစ်နှစ်ရှိပြီ ဖြစ်သော်လည်း သည်အရွယ်ရောက်မှ စာသင်နေရသဖြင့် ရှက်ခြင်း ရွံ့ခြင်း မရှိပဲ စာသင်နေရသည်ကိုပင် မြင့်မြတ်သော အမှုကိစ္စအဖြစ် ခံစားနေကြရပုံ သည်လည်း ပေါ်လွင်နေပါ၏။
ကက်သရင်းနှင့် ဟယ်ယာတန်တို့သည် မစ္စတာ ဟိကလစ်ကို တပြိုင်တည်း မော့်ကြည့်လိုက်ပါသည်။ သူတို့နှစ်ယောက်စလုံး၏ မျက်လုံးအစုံတို့သည်ကား မစ္စတာဟိကလစ်၏ ချစ်သူ ကွယ်လွန်သူ ကက်သရင်း၏ မျက်လုံးများနှင့် တထေရာတည်း တူလှပါသည်။ ယခု ကက်သရင်းကလေးကား သူ့အမေ ကွယ်လွန်သူ ကက်သရင်းကဲ့သို့ နဖူးကျယ်ပြီး နှာခေါင်းပေါက်များက သူ့အမေထက် ပိုပြီး မာနကြီးသယောင် ရှိသည်မှအပ အခြားရုပ်သွင်ပြင်တို့မှာ သူ့အမေနှင့် မတူလှပါ။ ဟယ်ယာတန်၏ မျက်နှာသွင်ပြင်ကား သူ့အဒေါ် ကက်သရင်းနှင့် ပိုတူပါသည်။ ထို့ကြောင့်လည်း မစ္စတာဟိကလစ်အဖို့ ဟယ်ယာတန့် မျက်နှာကို စိုက်ကြည့်မိယင်း သူ့ချစ်သူ ကက်သရင်းကို သတိရလာဟန် တူပါသည်။ စိတ်လည်း လှုပ်ရှားသွားပုံ ရပါသည်။ သူသည် မီးလင်းဖိုနားသို့ လျှောက်လာပြီး ဟယ်ယာတန်ကို စိုက်ကြည့်နေပြန်ပါ၏။ ထို့နောက် ဟယ်ယာတန့်လက်ထဲက စာကို ဆွဲယူလိုက်ပြီး ဟယ်ယာတန် ဖတ်နေသော စာမျက်နှာကို တချက်ကြည့်၍ ဟယ်ယာတန်အား ပြန်ကြည့်လိုက်ပါ၏။ ကက်သရင်းကိုကား တချက် မသိမသာ ကြည့်ရုံကလေး ကြည့်လိုက်ပါသည်။ ထိုအချိန်တွင် သူတို့နှစ်ယောက်စလုံး အခန်းထဲမှ ထွက်ရန် ပြင်ကြပါလေပြီ။ ကျွန်မလည်း သူတို့နှင့်အတူ လိုက်သွားမည် ပြုပါ၏။ သို့သော် သူတို့ ထွက်သွားသောအခါ မစ္စတာ ဟိကလစ်က ကျွန်မအား ဆက်လက်ထိုင်နေရန် ပြောသဖြင့် အခန်းထဲတွင် ကျွန်မနှင့် မစ္စတာ ဟိကလစ်တို့သာ ကျန်ရစ်ခဲ့ပါလေသည်။
မစ္စတာ ဟိကလစ်သည် ထွက်သွားသော ကလေးနှစ်ယောက်နှင့် ပတ်သက်၍ တအုံနွေးနွေး ဖြစ်လာပြီး ဤသို့ ပြောပါလေတော့သည်။
“အင်း၊ အဆုံးကျတော့လဲ ကျုပ်အဖို့ ခဲလေသမျှ သဲရေကျ ဖြစ်ရတော့တာပါကလား၊ မဟုတ်ဘူးလား နယ်လီ၊ ကျုပ် အပြင်းအထန် ကြိုးစားခဲ့ရသမျှတွေဟာ သဲထဲရေသွန် ဖြစ်ရပြီ၊ ကျုပ်လေ ဒီမိသားစုနှစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ လက်နက်ကိရိယာတွေကိုလဲ စုဆောင်းခဲ့တယ်၊ အင်အားကိုလဲ မွေးခဲ့တယ်။ စိတ်ဓာတ်ကိုလဲ ထူထောင်ခဲ့တယ်၊ ခု ကျုပ်မှာ လူသန်ကြီး ဟာကျူလီလို အဲဒီနှစ်အိမ်လုံးကို ဖြိုချနိုင်လောက်တဲ့ အစွမ်းရှိပြီ၊ အဲဒီ နှစ်အိမ်လုံးက မိသားစု အားလုံးဟာ ကျုပ် ရန်သူတွေပဲဗျ၊ ခုဆိုယင် သူတို့နှစ်ယောက်လုံးက မွေးတဲ့ ဒီနှစ်ယောက်ကို ကျုပ်လက်စား ချေနိုင်တဲ့ အခြေအနေ ရှိပြီ၊ ကျုပ်ကို ဘယ်သူကမှ အဟန့်အတား မလုပ်နိုင်ဘူး၊ ဒါပေမယ့် ကျုပ် သူတို့ကို လက်စားချေလို့ ဘာအကျိုး ထူးတော့မှာလဲ၊ ကျုပ် သူတို့ကို ဘာမှ မလုပ်ချင်တော့ဘူး၊ သင်းတို့ကို အန္တရာယ်ပြုပို့အတွက် ကျုပ်လက်ကိုတောင် ကျုပ် မမြောက်နိုင်တော့ဘူး၊ ခု ကျုပ် ဘာကိုမှ မဖျက်ဆီးချင်တော့ဘူး၊ ဘယ်သူ့ကိုမှလဲ ဒုက္ခမပေးချင်တော့ဘူး၊ ဖျက်ဆီးဖို့၊ ဒုက္ခပေးဖို့၊ လက်စားချေဖို့ ကျုပ် စိတ်ကုန်သွားပြီ နယ်လီ။
“ဒီမယ် နယ်လီ၊ ကျုပ်ဟာ အပြောင်းအလဲတခုနဲ့ ကြုံရတော့မယ်ဗျ၊ အပြောင်းအလဲရဲ့ အရိပ်ဟာ ကျုပ်အပေါ်ကို ကျရောက်နေပြီဗျ၊ ကျုပ် နေ့စဉ် လုပ်ရိုး လုပ်စဉ် အလုပ်တွေမှာတောင် စိတ်မဝင်စားတော့ဘူး၊ ကုန်ကုန်ပြောယင် နေ့စဉ် စားရေးသောက်ရေးကိစ္စမှာတောင် ကျုပ် စိတ်မရောက်ချင်တော့ဘူး၊ ခုနက ထွက်သွားတဲ့ ကောင်လေးနဲ့ ကောင်မလေးဟာ ကျုပ်အပေါ် အကြီးအကျယ် လွှမ်းမိုးနေကြပြီ၊ သူတို့ကို မြင်ရယင် ကျုပ် စိတ်ဆင်းရဲတယ်၊ ကျုပ်အဖို့ ဝေဒနာကို အလူးအလဲ ခံစားရတယ်၊ ကောင်မလေးနဲ့ ပတ်သက်လို့တော့ ကျုပ်ပြောလဲ မပြောချင်ဘူး၊ သူ့အကြောင်းကိုလဲ မစဉ်းစားချင်ဘူး၊ ကျုပ် သူ့ကို မမြင်ရယင် အကောင်းဆုံးပဲ၊ သူ့ကို ကျုပ်မြင်ရယင် ကျုပ် စိတ်ဆင်းရဲတယ်။ ကောင်ကလေးက တမျိုးပဲ၊ ကျုပ် သူ့ကို မြင်ရတိုင်း သတိရစရာတွေ အများကြီး ပေါ်လာတယ်၊ ကျုပ် သူ့ကို မမြင်ချင်တော့သလိုလဲ ဖြစ်လာတယ်၊ အင်းလေ၊ သူ့ကို မြင်တော့.. ́ ဟု ဆိုကာ ပြုံးမယောင် လုပ်ပြီး စကားကို ဆက်ပြန်ပါသည်။ “သူ့ကို မြင်တိုင်း ကျုပ် သူ့အဒေါ်ကို သတိရလာတယ်၊ ဟိုတုန်းက အဖြစ်အပျက်တွေကို သတိရလာတယ်၊ သူက သူ့အဒေါ်နဲ့ တူတယ် မဟုတ်လား၊ ကျုပ် ဘာဖြစ်နေတယ်ဆိုတာ ခင်ဗျား ဘာမှ မပြောပါနဲ့၊ ကျုပ်က အတိတ်ဖြစ်ရပ်တွေထဲမှာ အမြဲနေနေတာ မဟုတ်လားဗျ။
'ခုနကလေးကပဲ ဟယ်ယာတန်ကို မြင်လိုက်ရတော့ ကျုပ်ငယ်စဉ်က ကက်သရင်းကို မြင်လိုက်ရသလို ဖြစ်လာတယ်၊ သူက ကက်သရင်းနဲ့ တူတော့ ကျုပ် သူ့ကို မြင်လိုက်ရတိုင်း ကက်သရင်းကိုပဲ မြင်မြင်လာတယ်၊ ကျုပ် ကက်သရင်းကို သတိရလာတယ်။ ကုန်ကုန်ပြောယင် ခုဆို ကျုပ် ကြမ်းပြင်ကိုတောင် ငုံ့မကြည့်ရဲဘူး၊ ကြမ်းပြင်မှာ ကက်သရင်းရဲ့ ပုံရိပ်က ထင်လာတယ်ဗျ။ နေ့နေ့ညည ဘယ်ကြည့်ကြည့်ဗျာ၊ လေထဲမှာရော၊ တိမ်ထဲမှာရော၊ သစ်ပင်ထဲမှာရော ကျုပ်ပတ်ပတ်လည်မှာ ကက်သရင်းပုံရိပ်က ထင်နေတယ်၊ ကုန်ကုန်ပြောမယ်၊ လူတွေရဲ့ မျက်နှာတွေကို ကြည့်တိုင်း ကက်သရင်း မျက်နှာကို မြင်နေတယ်ဗျာ၊ အဲဒီလို သူ့မျက်နှာကို မြင်ရတော့ သူ့ကို ဆုံးရှုံးရတဲ့အတွက် ကျုပ် ပိုပိုပြီး မခံမရပ်နိုင် ဖြစ်လာတယ်ဗျ၊ အဲဒါပါပဲ၊ ဒီတော့ ဘာဖြစ်သလဲ၊ သိလား၊ ဟယ်ယာတန်ဟာ ကျုပ် အမြဲချစ်ရတဲ့ ကက်သရင်းရဲ့ တစ္ဆေဖြစ်လာပြီး ကျုပ်မှာ ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းလာတယ်၊ ကျုပ်မှာ မနေနိုင် မထိုင်နိုင်အောင် ဖြစ်လာရတယ်။
“ခု ဒါတွေ ပြောပြနေရတာကိုလဲ ကျုပ် ပင်ပန်းလာတယ်။ ကျုပ် ပြောရတာလဲ ကျုပ်ဟာ ဘာကြောင့် အပေါင်းအသင်းနဲ့ မနေတတ်ပဲ တယောက်ထီးတည်း နေနေတာကို ခင်ဗျား သဘောပေါက်စေချင်လို့ပဲ၊ ခုတော့ ကက်သရင်းနဲ့ ပတ်သက်ပြီး ခံစားရတဲ့ ဝေဒနာက ပိုပို ဆိုးလာတယ်။ ဒါကြောင့် ကျုပ် သူတို့နှစ်ယောက် ဘယ်လိုဖြစ်နေကြပြီ၊ ဘာညာဆိုတာလဲ မသိချင်ဘူး၊ သူတို့ကိုလဲ မတွေ့ချင် မမြင်ချင်တော့ဘူး”
ကျွန်မသည် သူ့အမူအရာကို မြင်ရသဖြင့် တုန်တုန်လှုပ်လှုပ် ဖြစ်လာသည်။ သူ့ကိုမြင်ရသည်မှာ သန်သန်စွမ်းစွမ်း ကျန်းကျန်းမာမာ ဖြစ်ပါသည်။ သူသေလူအံ့သော အခြေအနေမျိုး မဟုတ်ပါ။ သို့သော် သူသည် ငယ်စဉ်ကတည်းက အထီးတည်းနေခြင်းကို သဘောကျပုံ ရပါသည်။ သူ့တွင် ဆုံးရှုံးခဲ့ရသော သူ့ချစ်သူတွက် အစွဲအလမ်း ကြီးမားနေသည်မှာ ထင်ရှားပါသည်။
“နေစမ်းပါဦး မစ္စတာ ဟိကလစ်ရဲ့၊ အပြောင်းအလဲဆိုတာက ဘာကို ဆိုလိုချင်တာလဲ”
“အပြောင်းအလဲတခုဟာ ဦးတည်လာနေပြီလို့ ကျုပ်ရဲ့ အတွင်းစိတ်က သိနေသလိုပဲ၊ ဘာလဲဆိုတာတော့ ကျုပ် မသိဘူး"
“ရှင် နေတော့ ကောင်းပါတယ်နော်"
“ကောင်းပါတယ်'
“ဒါဖြင့် ဘာလဲ၊ ရှင် သေရမှာ ကြောက်နေတာတော့ မဟုတ်ပါဘူးနော်"
“သေရမှာကို ကြောက်ရမယ်၊ ဟုတ်လား၊ မကြောက်ဘူး၊ ကျုပ်သေရမှာကိုလဲ မကြောက်ဘူး၊ တွေးလဲ မတွေးဘူး၊ သေရတော့မယ်လို့လဲ မထင်ဘူး၊ ဒါတွေကို ကျုပ် ဘာလို့ တွေးရမှာလဲ၊ ကျုပ်ဟာ သေလဲ မသေနိုင်သေးဘူး၊ ဒါပေမယ့် ကျုပ် ဒီအခြေအနေကို ဆက်ပြီး ရင်မဆိုင်နိုင်ဘူး၊ ဒီအခြေအနေမှာ ကျုပ် အသက်ရှူဖို့တောင် သတိမရချင်ဘူး၊ အသက်ရှူဖို့ အမြဲ သတိပြုနေရတယ်၊ ခု ကျုပ်တယောက်တည်း ဖြစ်နေပြီ၊ ဒီတော့ ကျုပ် တခုပဲ ဖြစ်စေချင်တယ်၊ မြန်မြန် ပြီးသွားစေချင်ပြီဗျာ၊ ကိစ္စတွေ မြန်မြန် ပြီးသွားစေချင်ပြီ၊ ကျုပ် ကြာရှည်ကြာမျော ခံစားခဲ့ရ၊ ခံစားနေရတဲ့ ဝေဒနာ မြန်မြန် ဆုံးခန်းတိုင်စေချင်ပါပြီ”
သူသည် ပါးစပ်က ဆိုညည်းယင်း သူ့အခန်းထဲသို့ လှမ်းသွားပါလေ၏။ ကျွန်မသည် သူ ဖွင့်အန် ပြောပြသည်များကိုလည်း ကြားရပါပြီ။ သူ့အမူအရာ ဟန်ပန်တွေကိုလည်း တွေ့နေမြင်နေရပါ၏။ သို့သော် သူ အဆုံးသတ်လိုသော အခန်းကဏ္ဍသည် မည်သို့မည်ပုံ အဆုံးသတ်လာမည်ကိုကား ကျွန်မလည်း မမှန်းဆတတ်ပါပေ။
အခန်း [ ၃၄ ]
ထိုညနေပိုင်းမှ စ၍ မစ္စတာဟိကလစ်သည် ကျွန်မတို့နှင့် လက်ဆုံ မစားသောက်တော့ပါချေ။ သူကိုယ်တိုင်ကမူ လက်ဆုံစားသောက်ပွဲတွင် ဟယ်ယာတန်နှင့် ကက်သရင်း မလာရဟု မဆိုပါ။ သူသည် လက်ဆုံ စားသောက်ပွဲ၌ မဝင်ရောက်လိုဟန်ဖြင့် ရှောင်နေပုံရပါသည်။ သူကလည်း တနေ့လုံးနေမှ တကြိမ်သာ အစားအသောက် သုံးဆောင်ပါလေသည်။
တညတွင် တအိမ်လုံး အိပ်ရာသို့ ဝင်သောအချိန်၌ သူ အိမ်ပေါ်က ဆင်းပြီး အိမ်ထဲက ထွက်သွားသည်ကို ကျွန်မ ကြားလိုက်ရပါ၏။ သူပြန်ဝင်လာသံကို ထိုညက တညလုံး မကြားရပါ။ မနက် မိုးသောက်သည်အထိလည်း သူ ပြန်မလာပါ။
ထိုအချိန်ကား ဧပြီလ နွေဦးပေါက် ရာသီဖြစ်ပါသည်။ ရာသီဥတုသည် နွေးထွေး သာယာလှပါသည်။ မြက်ခင်းသည် နေရောင်တွင် လက်နေပါသည်။ အိမ်တောင်ဘက်နားက ပန်းသီးပင်ကလေး နှစ်ပင်မှာလည်း အပွင့်တွေ ဝေနေပါလေပြီ။
နံနက်စောစာ စားသောက်ပြီးချိန်တွင် ကက်သရင်းက ကျွန်မအား ထင်းရှူးပင်တွေအောက်မှာ ကုလားထိုင်ယူပြီး ထိုင်နေဖို့ ပြောသဖြင့် ကျွန်မလည်း သူပြောသည့်အတိုင်း ထိုင်နေလိုက်ပါ၏။ သူကိုယ်တိုင်ကမူ ဂျိုးဆက်ကြောင့် ပြောင်းရွှေ့ စိုက်ပျိုးလိုက်ရသော သူ့ဥယျာဉ် မြေကွက်ကလေး၌ အလုပ်များနေသော ဟယ်ယာတန်အပါးတွင် တရစ်ဝဲဝဲ လုပ်နေပါသည်။ ကျွန်မသည် နွေဦးပန်းရနံ့တို့ကို ရှူရှိုက်ယင်း ကြည်ကြည်နူးနူး ဖြစ်နေစဉ် သူ့ဥယျာဉ် မြေကွက်ကလေးကို စည်းရိုးခတ်ရန် ခြံဝသို့ သွား၍ ပန်းပင်ရိုင်း အမြစ်များကို ယူပြီး ပြန်လာသော ကက်သရင်းသည် ခပ်သွက်သွက်ကလေး ပြန်လာကာ မစ္စတာ ဟိကလစ် ပြန်လာကြောင်း ပြောပြပါသည်။
“သူက ကျွန်မကိုတောင် စကားပြောတယ် ရှင့်" ကက်သရင်းသည် သူကြုံခဲ့ရသော အဖြစ်ကို နားမလည်အောင် ဖြစ်နေပါသည်။
“သူက ဘာပြောသလဲ” ဟယ်ယာတန်က ဆီးမေးပါသည်။
“သူက ကျွန်မကို မြန်မြန်သွားစမ်းလို့ ပြောတယ်ရှင့်၊ သူ့ကြည့်ရတာ ခါတိုင်းနဲ့ မတူလို့ ကျွန်မလဲ သူ့ကို စိုက်ကြည့်လိုက်မိသေးတယ်”
“သူက ဘယ်လိုဖြစ်လာလို့လဲ”
“ဘယ်လို ဖြစ်လာသလဲ မသိပါဘူး၊ လူပုံကတော့ ပြုံးပြုံးရွှင်ရွှင် ဖြစ်လာပုံပဲ၊ ဝမ်းသာပြီး စိတ်လှုပ်ရှားနေပုံလဲ ရတယ်ရှင့်"
“ညက လမ်းလျှောက်လိုက်ရလို့ စိတ်လက် ပေါ့ပါးလာပုံရပါတယ်’ ဟု ကျွန်မက ခပ်ပေါ့ပေါ့ မှတ်ချက်ချလိုက်ရသော်လည်း သူ့ကို မြင်လိုက်ရသောအခါ ကျွန်မကိုယ်တိုင်လည်း ကက်သရင်းလိုပင် အံ့အားသင့်ရပါလေ၏။ အမှန်ပင် သခင် ဟိကလစ်သည် ခါတိုင်း တွေ့မြင်နေကျပုံမျိုး မဟုတ်ပဲ အထူးပင် ဝမ်းသာရွှင်လန်း လာပုံရပါသည်။ ကျွန်မသည် တံခါးဝသို့ ရောက်သွားပါ၏။ သူသည် တံခါးဝတွင် ရပ်နေပါသည်။ သူ့မျက်နှာမှာ အားအင်ချည့်နဲ့ နေပုံရပါသည်။ ကတုန်ကယင်လည်း ဖြစ်နေပါသည်။ သူ့မျက်လုံးအစုံကား ပျော်ရွှင် ဝမ်းသာခြင်း အတိဖြင့် အရောင်လက်နေပါ၏။
“ရှင် တခုခုစားပါလား မစ္စတာဟိကလစ်၊ ရှင် တညလုံး အပြင်ထွက် လမ်းလျှောက်နေတာ ဆာရောပေါ့' ကျွန်မက သူ ညက ဘယ်သွားနေသည်ကို သိချင်သော်လည်း ကျွန်မ သူ့ကို တိုက်ရိုက် မမေးချင်ပါ။
“မဆာပါဘူး၊ ကျုပ် မဆာပါဘူး" သူက မျက်နှာကိုလွှဲပြီး ဖြေပါသည်။ သူ ဘယ်သွားသည်ကိုကား သူ ဖြေချင်ပုံ မရပါ။
ကျွန်မသည် စိတ်အနည်းငယ် ရှုပ်သွားပါ၏။ သူ့ကို ဟိုဟိုသည်သည် အချိန်မတော် အချိန်တော်မသွားဖို့ ပြောသင့်မပြောသင့် ကျွန်မ မသိပါ။ “
ရှင် ညကြီး မင်းကြီး အပြင်ထွက်တာတော့ မသင့်ဘူး ထင်တယ်၊ ညဆိုတော့ ရာသီဥတုကလဲ စိုထိုင်းထိုင်းနဲ့ဆိုတော့ အိပ်ရာထဲမှာပဲ နေဖို့ ကောင်းပါတယ်၊ အအေးမိပြီး ဖျားမှာ စိုးရတယ်၊ ရှင် အခု တခုခုများ ဖြစ်သလား' ကျွန်မ အကဲစမ်းမိပြီး ပြောလိုက်ပါသည်။
“ကျုပ် ခံနိုင်ရည်ရှိပါတယ်၊ ဘာမှ မဖြစ်ပါဘူး၊ ကျုပ်တယောက်တည်း နေပါရစေဗျာ၊ ခင်ဗျား အထဲဝင်တော့"
ကျွန်မလည်း သူ့ အမိန့်အတိုင်း အိမ်ထဲသို့ ဝင်ခဲ့ပါ၏။ သူ့ကို ဖြတ်လာယင်း သူ၏ အသက်ရှူသံ မမှန်ပုံကို သတိပြုလိုက်မိပြီး သူတော့ ဖျားတော့မှာပဲဟု စိတ်ထဲက ထင်လိုက်မိပါသည်။
ထိုနေ့ညနေပိုင်းတွင် သူသည် ကျွန်မတို့နှင့် အတူ ညနေစာ စားပွဲ၌ ဝင်ထိုင်ပါသည်။ ကျွန်မက သူ့ကို ပန်းကန်ကို လှမ်းပေးလိုက်သောအခါ သူကလည်း စားသောက်မည့်ဟန်ဖြင့် ပန်းကန်ကို လှမ်းယူယင်း မနက်က ကျွန်မ ပြောခဲ့သော စကားကို ပြန်ကောက်ပါလေ၏။
"ကျုပ် အအေးလဲ မမိဘူး၊ ဖျားလဲ မဖျားဘူး နယ်လီ၊ ခင်ဗျား လှမ်းပေးတဲ့ အစားအသောက်ကို ကျုပ် စားမယ်လေ”
ပြောပြောဆိုဆိုပင် သူသည် စားသောက်မည့်ဟန်ဖြင့် ခက်ရင်းနှင့် ဓားကို ပြင်ပါလေ၏။ ထိုစဉ်မှာပင် ရုတ်ကနဲ စိတ်ပြောင်းသွားပုံရသည်။ သူသည် ကိုင်လက်စ ခက်ရင်းနှင့် ဓားကို စားပွဲပေါ် ပြန်ချလိုက်ပြီး ပြတင်းပေါက်ဆီသို့ စိုက်ကြည့်နေပြန်ပါ၏။ ထို့နောက် ထိုင်ရာမှ ထပြီး အပြင်သို့ ထွက်သွားပါလေ၏။ ကျွန်မတို့ စားသောက် ပြီးခါနီးသည်အထိ သူသည် ခြံထဲမှာ လမ်းလျှောက် နေပါလေသည်။ ထိုအခါ ဟယ်ယာတန်က သူ အဘယ်ကြောင့် မစားသောက်ရသနည်းဟု သွားမေးမည်ဆိုကာ နေရာမှ ထသွားပါလေ၏။ ဟယ်ယာတန် စိတ်ထဲတွင် မစ္စတာဟိကလစ်သည် ကျွန်မတို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားသည်ဟု ထင်နေပါသည်။
ဟယ်ယာတန် ပြန်ဝင်လာသောအခါ ကက်သရင်းက ဆီးပြီး..
“သူ လာပြီလား” ဟု အော် မေးလိုက်ပါသည်။
“မလာဘူး၊ ဒါပေမယ့် သူ တို့ကို စိတ်ဆိုးတာတော့ မဟုတ်ဘူး၊ သူ ထူးထူးခြားခြား ကျေနပ်နေတာတော့ အမှန်ပဲ၊ ကိုယ်က နောက်တကြိမ် ထပ်မေးတာတောင် မခံဘူး၊ ကိုယ့်ကို မင်းအနားက ထလာရမလားလို့တောင် အပြစ်ပြောပြီး မင်းဆီကို ပြန်သွားဖို့ ပြောတယ်’
ကျွန်မလည်း သူ့အစားအသောက် ပန်းကန်ကို အနွေးဓာတ် မပြယ်စေရန် မီးဖိုပေါ် ပြန်တင်ထားလိုက်ပါသည်။ တနာရီ နှစ်နာရီလောက် အကြာတွင် သူ အခန်းထဲသို့ ပြန်ဝင်လာပါသည်။ အခန်းသည် ရှင်းလင်း ငြိမ်သက်နေပါ၏။ သူ့သွင်ပြင်ကား ထူးထူးခြားခြားပင် မြူးသွက်နေပါသည်။ ပြုံးမယောင် သူ့နှုတ်ဖျားက သွားများကိုလည်းအထင်းသား မြင်နေရပါ၏။ ခန္ဓာကိုယ်မှာ ကတုန်ကယင် ဖြစ်နေပါသည်။ ထိုသို့ ကတုန်ကယင် ဖြစ်နေရသည်မှာ ချမ်း၍လည်း ဟုတ်ပုံမရ၊ အဖြားနည်း၍လည်း ဟုတ်ပုံမရပါ။ တုန်လှုပ်နေသည်ထက် စိတ်ထဲက မြူးပြီး တုန်လှုပ်နေသည့်ပုံမျိုး ဖြစ်ပါသည်။
အကြောင်းရင်းကို မေးမှပဲဟု စိတ်ကူးရလာပါသည်။ ထို့ကြောင့် ...
“မစ္စတာဟိကလစ်၊ ရှင့်ကြည့်ရတာ ထူးထူးခြားခြား မြူးနေပါကလားရှင့်၊ ဘာသတင်းကောင်းများ ကြားရလို့ပါလိမ့်'' ဟု မေးလိုက်ပါသည်။
“ကျုပ်လိုလူဆီကို ဘယ်က သတင်းကောင်း ရောက်လာမှာလဲဗျ၊ ဆာလို့ မြူးမြူးကြွကြွ ဖြစ်နေတာထင်ပါရဲ့၊ ကျုပ် ဘာမှ မစားရသေးဘူးလေ"
“ရှင့်ပန်းကန် အသင့်ပါရှင့်၊ ရှင် ဘာလို့မစားသလဲ”
“အခုတော့လဲ မစားချင်သေးဘူးဗျာ၊ ညမှပဲ စားတော့မယ်၊ ခု လောလောဆယ်တော့ ဟယ်ယာတန်နဲ့ ကောင်မကလေး ကျုပ်နား မလာဖို့ ပြောထားစမ်းပါ၊ ကျုပ် ဘယ်သူ့ကြောင့်မှ အနှောင့်အယှက် မဖြစ်ချင်ဘူး၊ ဒီအခန်းထဲမှာ ကျုပ်တယောက်တည်း နေပါရစေဗျာ"
“ဒါကကော နောက်ထပ် အကြောင်းထူးရှိလို့လား၊ ရှင် အတော် ထူးခြားနေပါတယ် မစ္စတာ ဟိကလစ်ရယ်၊ ကျွန်မကို ပြောစမ်းပါ၊ ရှင် ညက ဘယ်ကို သွားနေသလဲ၊ ကျွန်မ စပ်စုတာ မဟုတ်ဘူးနော်'
“ခင်ဗျား စပ်စုတာပဲပေါ့ဗျာ” ဟုဆိုကာ သူ ရယ်ပြန်ပါသည်။
“ဒါပေမယ့် ကျုပ် ပြောပါမယ်ဗျာ၊ ညကလေ ကျုပ် ငရဲတွင်းဝကို ရောက်ခဲ့တယ်ဗျ၊ အဲ ကနေ့ကျတော့လဲ ကျုပ် ကောင်းကင်ဘုံကို မြင်ရပြီ၊ ကောင်းကင်ဘုံဟာ ကျုပ်အဖို့ လက်တကမ်းပဲ ကွာတော့တယ်၊ ကဲ- ခင်ဗျားသွားတော့ဗျာ"
ကျွန်မသည် မီးဖိုကို ရှင်း၊ စားပွဲကို သုတ်ပြီး ထိုအခန်းထဲမှ ထွက်လာခဲ့ပါသည်။ ကျွန်မခေါင်းထဲမှာ စဉ်းစားမရနိုင်အောင် ရှုပ်နေပါလေပြီ။
ထိုနေ့ညနေပိုင်းက သူ ဘယ်မှ မသွားတော့ပါ။ မည်သူကမျှလည်း သူ့အခန်းထဲသို့ မဝင်ကြပါ။ ည ရှစ်နာရီထိုးသောအခါ သူက မခိုင်းသော်လည်း လုပ်သင့် လုပ်အပ်သည် အထင် ရှိသဖြင့် ကျွန်မသည် ဖယောင်းတိုင် တချောင်းကို ကိုင်၍ သူ့ထံသို့ ညစာပွဲ သွားပို့လိုက်ပါသည်။ ထိုအချိန်က သူသည် ပြတင်းဘောင်ကို မှီနေပါသည်။ သို့သော် အပြင်ဘက်ကိုကား မကြည့်ပါ။ မှုန်မှိုင်းမှိုင်း ဖြစ်နေသော အခန်းတွင်းသို့သာ မျက်နှာမူထားပါ၏။ မီးဖိုထဲတွင် မီးသွေးများ ကျွမ်းနေကြပါပြီ။ အပြင်ဘက်၌ တိမ်ဆိုင်းနေသဖြင့် အခန်းတွင်းမှာ ထိုင်းထိုင်း မှိုင်းမှိုင် ဖြစ်နေပါ၏။ ကျွန်မသည် ငြိမ်းနေပြီဖြစ်သော မီးဖို အခြေအနေကို မကျေမနပ် မြည်တွန်တောက်တီးယင်း အခန်း ပြတင်းတံခါးများကို လိုက်ပိတ်လိုက်ပါသည်။
ကျွန်မသည် သူ့နားသို့ ကပ်သွားပြီး သူ၏ ခပ်မဆိတ်နေခြင်းကို လှုပ်ရှားသွားစေရန် သဘောဖြင့် …
"ဒီတံခါးကိုရော ပိတ်ရမလား" ဟု မေးလိုက်ပါသည်။
ထိုအချိန်တွင် မီးရောင်သည် သူ့မျက်နှာပေါ်သို့ ကျသွားပါ၏။ သူ့မျက်နှာကို ပြင်လိုက်ရသောအခါ ကျွန်မ ချောက်ချားသွားပါသည်။ မျက်လုံးနက်ကြီးများနှင့် ဖြူရော်ရော် မျက်နှာပြင်မှ ပြုံးဟဟ အနေအထားတို့မှာ သူ့ကို မကောင်းဆိုးဝါး တကောင်လို မြင်လာပါသည်။ ကျွန်မလည်း ထိတ်လန့်သွားပြီး လက်ထဲက ဖယောင်းတိုင်သည် နံရံဘက်သို့ ယိမ်းကျသွားကာ မီးငြိမ်းသွားပါလေတော့သည်။
“အင်း ... ပိတ်လိုက်လေ၊ ခင်ဗျားကလဲ တယ်ခွကျတာကိုး၊ ဖယောင်းတိုင်ကို ကန့်လန့်ကြီး ကိုင်လာရတယ်လို့၊ ကဲ...နောက်တတိုင် မြန်မြန် ယူခဲ့စမ်းဗျာ”
ကျွန်မလည်း အထိတ်ထိတ်အလန့်လန့်နှင့် ပြန်ထွက်လာပြီး ဂျိုးဆက်အား …
“သခင်က ဖယောင်းတိုင်တတိုင် မီးထွန်းယူလာဖို့နဲ့ မီးဖိုကို ပြန်မွှေးပေးပါတဲ့” ဟု ပြောလိုက်ပါသည်။
ဂျိုးဆက်သည် မီးဖိုထဲမှ မီးသွေးရဲရဲများကို ဂေါ်ပြားတခုဖြင့် ကော်ယူလိုက်ပြီး ထွက်သွားပါလေသည်။ သို့သော် မကြာမီပင် သူသည် မစ္စတာဟိကလစ်အတွက် ညစာပန်းကန် လင်ဗန်းကို ကိုင်ဆောင်လျက် ပြန်ထွက်လာပြီး မစ္စတာဟိကလစ်က အိပ်ရာဝင်တော့မည်ဖြစ်၍ ညစာ မစားလိုတော့ဟု ပြောလိုက်ကြောင်း ပြန်ပြောပါသည်။
ထို့နောက် မစ္စတာဟိကလစ် အိမ်ပေါ်သို့ တန်းတက်သွားသည်ကို ကြားလိုက်ရပါ၏။ သို့သော် သူသည် သူ့အခန်းသို့ မသွားပဲ ကျွန်မ ရှေ့ပိုင်းတွင် ပြောခဲ့သည့် ပြတင်းပေါက်ပါ ခုတင်ကြီးရှိသော အခန်းထဲသို့ ဝပ်သွားပါလေသည်။ ထိုခုတင်ကြီးနားက ပြတင်းပေါက်မှာ လူတယောက် ဝင်နိုင် ထွက်နိုင်သည် ဖြစ်ရာ ညတွင်လည်း သူသည် ထိုပြတင်းပေါက်မှ ထွက်၍ အောက်သို့ဆင်းပြီး ထွက်သွားလိမ့်မည်ဟု ကျွန်မ ထင်နေပါသည်။
ကျွန်မသည် တစ္ဆေ ပုံပြင်များကို ဖတ်ထားဖူးသည့်အလျောက် ယခုအခါတွင် မစ္စတာ ဟိကလစ်ကို ကျတ်ကောင်ပဲလား၊ ဖုတ်ကောင်ပဲလားဟု တွေးထင်လာမိသည်။ ထိုအခါ သူ ငယ်စဉ်ဘဝမှသည် လူလားမြောက်လာသည်အထိ သူ့ဘဝကို ပြန်လည် စဉ်းစားမိပါသည်။ ထိုအခါ ကျွန်မသည် အဓိပ္ပာယ်မဲ့ တွေးတောနေမိခြင်းဟု မြင်လာပြန်ပါသည်။ ကောင်မည်းကလေးတကောင်ကို မစ္စတာအန်းရော ယူလာသော အဖြစ်သည် အတွေးသို့ ရောက်လာပြန်ပါသည်။ ဤကောင်ကလေးသည် မည်သည့်အရပ်မှနည်း၊ မိဘမျိုးရိုးက မည်သည့် မျိုးရိုး ဖြစ်သနည်း၊ ကျွန်မသည် ထိုကောင်ကလေး အကြောင်းကို စဉ်းစားမိပြန်ပါလေသည်။ သူ့ခမျာ မိဘမျိုးရိုး အမည်ပင်လျှင် မရှိပါလေတကား။ သူ မည်သည့်နေ့ရက်က မွေးဖွားခဲ့သနည်း ဟူသော အချက်ကိုလည်း ကျွန်မတို့ မသိကြရပါပေ။ ထို့ကြောင့် သူသေသောအခါ သင်္ချိုင်းကမ္ပည်းတွင် “ဟိကလစ်” ဟူသော အမည်တလုံးနှင့် ကွယ်လွန်သော နေ့ရက်သာလျှင် ဖော်ပြနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
အရုဏ်တက်ချိန်လောက်မှာ ကျွန်မလည်း အတွေးစပြတ်ကာ နေရာမှထပြီး ခြံထဲသို့ ဆင်းခဲ့ပါ၏။ မစ္စတာဟိကလစ်သည် ညက ခြံထဲများ ဆင်းသေးသလား ဟူသော အတွေးဖြင့် သူ့ခြေရာကို ရှာကြည့်ပါသေး၏။ သို့သော် သူ ညကအိပ်သော အခန်းပြတင်းပေါက်အောက်တွင် သူ့ခြေရာကို မတွေ့ရပေ။ ထို့ကြောင့် သူ ညက အိမ်မှာပဲရှိသည်ဖြစ်ရာ ယနေ့အဖို့ သူသည် ပုံမှန်အနေအထားအတိုင်းပဲ ရှိလိမ့်မည်ဟု ကျွန်မ တွေးမိပါ၏။
ထို့နောက် ကျွန်မသည် ထုံးစံအတိုင်း နံနက်စောစာကို ပြင်ဆင်ပါလေသည်။ သို့သော် ဟယ်ယာတန်နှင့် ကက်သရင်းကိုကား မစ္စတာဟိကလစ်သည် အိပ်ရာဝင် နောက်ကျခဲ့သည်ဖြစ်ရာ မစ္စတာဟိကလစ် မလာမီ နံနက်စောစာ စားပွဲသို့ လာကြရန် မှာထားရပါ၏။ သူတို့သည် နံနက်စောစာ စားပြီးသည်နှင့် အပြင်ဘက် သစ်ပင်အောက်မှာ သွားနေ ကြပါလေ၏။ ကျွန်မလည်း သူတို့အတွက် စားပွဲကလေးတလုံး ခင်းပေးလိုက်ပါသည်။
ကျွန်မ အိပ်ထဲသို့ ပြန်ဝင်လာသောအခါ မစ္စတာ ဟိကလစ်သည် အိမ်အောက်ထပ်သို့ ရောက်နေပါပြီ။ သူသည် ဂျိုးဆက်နှင့်အတူ လုပ်ငန်းကိစ္စများကို ပြောနေပါသည်။ သူသည် ဂျိုးဆက်အား ညွှန်ကြားစရာ ရှိသည်များကို တိတိကျကျပင် ညွှန်ကြားနေပါ၏။ သို့သော် သူစကား ပြောပုံမှာ မြန်လှပါသည်။ သူ့စိတ်သည် ယခုတိုင် ဂနာမငြိမ်နိုင်သေးပဲ ရှိပါသည်။
ဂျိုးဆက် အခန်းထဲမှ ထွက်သွားသောအခါ သူသည် သူထိုင်နေကျ နေရာမှာ ထိုင်လိုက်ပါသည်။ ကျွန်မလည်း သူ့ရှေ့တွင် ကော်ဖီ တပန်းကန် ချလိုက်ပါ၏။ သူသည် ကော်ဖီပန်းကန်ကို သူ့အနားသို့ ဆွဲယူလိုက်ပြီး လက်ကို စားပွဲပေါ်တင်၍ နံရံကို စိုက်ကြည့်နေပြန်ပါသည်။ သူ့မျက်လုံးများသည် အရောင်တဖိတ်ဖိတ် တောက်လျက် မတည်မငြိမ် ဖြစ်နေပါသည်။
ကျွန်မသည် သူ့လက်နှင့် မလှမ်းမကမ်းနေရာတွင် ပေါင်မုန့်များ ချေပေးယင်း...
“ကဲ၊ ပူတုန်းကလေး စားလိုက် သောက်လိုက်ဦးမှပေါ့၊ ပြင်ဆင်ထားထာတောင် တနာရီလောက် ကြာသွားပြီ" ဟု ပြောလိုက်ပါသည်။
သူပြုံးနေသော်လည်း ကျွန်မကို ဂရုထားပုံ မရပါ။ ကျွန်မအဖို့ သူ့ကို ပြုံးနေသည်ထက် သွားကို ဖြဲပြနေသည်ဟု ထင်ပါသည်။
“မစ္စတာဟိကလစ်ရဲ့၊ ရှင် စိုက်ကြည့်နေပုံကလဲ တစ္ဆေသရဲကို မြင်လို့ စိုက်ကြည့်နေတဲ့ အတိုင်းပဲ"
“သိပ်ပြီး အော်မပြောစမ်းပါနဲ့ဗျာ။ အခန်းထဲကို ကြည့်စမ်း၊ ကျုပ်တို့ နှစ်ယောက်တည်း မဟုတ်လားဗျ”
“ဟုတ်ပါတယ်၊ ကျွန်မတို့နှစ်ယောက်တည်းပါ”
ကျွန်မလည်း ပြောသာပြောလိုက်ရပါသည်။ စိတ်ထဲကတော့ သိပ်မသေချာလှပါ။
သူသည် သူ့ရှေ့စားပွဲပေါ်တွင် နေရာရှင်းလိုက်ပြီး ရှေ့သို့ ကုန်း၍ စူးစိုက်ကြည့်နေပြန်ပါလေ၏။
ကျွန်မ သူ့ကို အကဲခတ် ကြည့်မိပါသည်။ စင်စစ် သူသည် နံရံကို စိုက်ကြည့်နေခြင်း မဟုတ်ပဲ သူ့ရှေ့နား နှစ်ဂိုက်လောက်အကွာမှာ တစုံတရာကို မြင်တွေ့ရဟုန်ဖြင့် စိုက်ကြည့်နေခြင်း ဖြစ်ပါသည်။ သူသည် တစုံတရာကို မြင်တွေ့နေပုံ ရပါသည်။ သူ့မျက်နှာတွင် ပျော်ရွှင်ခြင်းနှင့် ဝေဒနာကို ပြင်းစွာ ခံစားရခြင်းတို့သည် ရောထွေးနေပါသည်။ သူ မြင်နေရသောအရာသည် တနေရာတည်းတွင် တည်နေပုံ မရပါ။ သူ့မျက်လုံး အစုံသည် ထိုအရာ ရွှေ့လျားရာအတိုင်း မမောနိုင် မပန်းနိုင် လိုက်ပြီး ရွေ့လျားနေပါ၏။ ကျွန်မက သူ့အား ကော်ဖီသောက်ရန် သတိပေးသော်လည်း အချည်းနှီးပင်။ သူ့အာရုံသည် စားသောက်ဖွယ်များဆီသို့ မရောက်။
ကျွန်မလည်း အနားမှာပင် ထိုင်ပြီး သူ့အခြေအနေကို စောင့်ကြည့်နေလိုက်သည်။ သူသည် စိတ်တိုလာပုံရပါသည်။ ထိုင်ရာမှ ထလိုက်ပြီး ကျွန်မက စားသောက်ဖွယ်ရာများ ယူလာသည်ကို အပြစ်ဆိုပါသည်။ နောင်အခါ ကျွန်မ ယခုလို စောင့်ကြည့်မနေဖို့လည်း ပြောပါသည်။ ကျွန်မသည် အပြင်သို့ ထွက်လာခဲ့ပါ။ သူလည်း ပါးစပ်မှ ဗျစ်တီးဗျစ်တောက် ပြောလျက် ခြံထဲသို့ ထွက်သွားပါလေ၏။ ထို့နောက် ခြံပြင်သို့ ထွက်သွားပါလေတော့သည်။
စိတ်တထင့်ထင့်ဖြင့် အချိန်တို့သည် တရွေ့ရွေ့ ကုန်ဆုံးသွားကြပါသည်။ ညနေပိုင်းသို့ ရောက်လာပြန်ပါသည်။ ကျွန်မမှာ မိုးချုပ်လာသည်အထိ ဆောက်တည်ရာ မရနိုင်ပဲ ရှိခဲ့ပါသည်။ ညအိပ်ရာသို့ ဝင်ခဲ့သော်လည်း အိပ်၍ မရနိုင်ပါ။ မစ္စတာဟိကလစ်သည် သန်းခေါင်ကျော်တွင် အိမ်ထဲသို့ ပြန်ဝင်လာပါ၏။ သို့သော် သူ့အိပ်ခန်းသို့ မလာပဲ အောက်ထပ် သူ့အခန်းထဲတွင်သာ တံခါးပိတ်၍ နေပါလေ၏။ ကျွန်မသည် သူ့အသံကို နားစွင့်နေလိုက်ပြီး နောက်ဆုံးတွင် အဝတ်လဲပြီး အောက်ထပ်သို့ ဆင်းလာခဲ့ပါ၏။ ကျွန်မစိတ်ထဲမှာ တထင့်ထင့်နှင့် ရှုပ်ထွေး နောက်ကျုနေပါလေသည်။
ကျွန်မသည် အခန်းထဲမှ မစ္စတာဟိကလစ်၏ ခြေသံကို ကောင်းကောင်း မှတ်မိပါသည်။ သူသည်လည်း အခန်းထဲတွင် ရပ်တည်ရာမရ ဖြစ်နေပုံ ရပါသည်။ သူ၏ အသက်ပြင်းပြင်း ရှူသံကို ကြားနေရပါ၏။ သူ့ အသက်ရှူသံမှာ ညည်းတွားနေသလို ထင်ရပါသည်။ ပါးစပ်မှလည်း တတွတ်တွတ် ရေရွတ် ပြောဆိုနေပါသည်။ သူပြောနေသော စကားတွေထဲမှာ ကက်သရင်းဟူသော အမည်ကိုသာ ကျွန်မ သဲသဲကွဲကွဲ ကြားရပါသည်။ သူသည် အခန်းထဲတွင် တယောက်ယောက်နှင့် စကားပြောနေသလို ထင်ရပါသည်။ ဝေဒနာကိုလည်း အပြင်းအထန် ခံစားနေရကြောင်း ပေါ်လွင်နေပါသည်။
ကျွန်မ သူ့အခန်းထဲသို့ ဝင်မသွားရဲပါ။ သို့သော် သူ စိတ်ဆင်းရဲ ပင်ပန်းကြီးစွာ ခံစားနေရသော အဖြစ်ကို ပြောင်းလဲပစ်လိုက်ချင်ပါသည်။ ထို့ကြောင့် ကျွန်မသည် မီးဖိုထဲသို့ဝင်၍ မီးဖိုယင်း အသံဗလံ ပြုလိုက်ပါသည်။ ကျွန်မ မီးဖိုထဲမှ အသံဗလံများသည် မျှော်လင့်ထားသည်ထက်ပင် လျင်မြန်စွာ သူ့ဆီသို့ ရောက်သွားကြပုံ ရပါသည်။ သူသည် တံခါးဖွင့်လိုက်ပြီး..
“နယ်လီရေ လာပါဦးဗျ၊ မိုးလင်းနေပြီ မဟုတ်လားဗျ၊ ဖယောင်းတိုင်ကလေး ဘာကလေး ယူခဲ့စမ်းပါ”
“အခု လေးနာရီ ထိုးပြီရှင့်၊ ဖယောင်းတိုင်ကတော့ အပေါ်တက်ယူမှ ဖြစ်မယ်၊ မီးမွေးပြီးတော့ ဖယောင်းတိုင် ထွန်းလိုက်တာပေါ့ရှင်”
“ကျုပ် အပေါ် မတက်ချင်ဘူး၊ ခင်ဗျား အထဲ လာခဲ့ပါဦး၊ မီးကလေး ဘာကလေး ပေးပေးစမ်းပါဗျာ'
“ကျွန်မ မီးပေးပေးမယ်လေ” ဟု ဆိုကာ ကုလားထိုင်တလုံး ယူ၍ သူ့အခန်းထဲသို့ ဝင်ခဲ့ပါသည်။
ကျွန်မ မီးမွေးနေစဉ်တွင် သူသည် ဂနာမငြိမ်နိုင်ပဲ အခန်းထဲတွင် ခေါက်တုံ့ ခေါက်ပြန် လျှောက်နေပါလေ၏။ သက်ပြင်းကိုလည်း အထပ်ထပ် မှုတ်နေပါလေသည်။
“မနက်လင်းယင်တော့ ရှေ့နေဂရင်းကို အခေါ်လွှတ်မှပဲဗျ၊ ကျုပ် အေးအေးဆေးဆေး လုပ်နိုင်ကိုင်နိုင်တုန်း သူနဲ့ ဥပဒေကိစ္စကလေး ဘာကလေး ဆွေးနွေးချင်တယ်ဗျာ၊ ကျုပ်မှာက ခုအထိ သေတမ်းစာ မရေးရသေးဘူးဗျ၊ ကျုပ်ပစ္စည်းတွေ ဘယ်လို ထားခဲ့ရမယ်ဆိုတာ ကျုပ် မဆုံးဖြတ်ရသေးဘူး၊ ကျုပ်ကတော့ အားလုံး ကိစ္စတုံး လုပ်ပစ်ခဲ့ချင်တာပဲ”
“ဒီလို မပြောနဲ့ဦးလေ မစ္စတာဟိကလစ်ရဲ့၊ သေတမ်းစာကိစ္စက ထားစမ်းပါဦး၊ ရှင် မတရား လုပ်ခဲ့ကိုင်ခဲ့ဘာတွေကို ပြန်ပြီး နောင်တရစမ်းပါ၊ ရှင် ပင်ပန်းနေပေမယ့် ရှင့်အာရုံကြောတွေ ပျက်စီးမသွားနိုင်သေးပါဘူး၊ ရှင် ဒီသုံးရက်လုံးလုံး အတော်ကြီး ပင်ပန်းနေပုံပဲ၊ ဒီတော့ စားစားနားနား နေဦးမှပေါ့ရှင်၊ ရှင့်ရုပ်ကိုလဲ ရှင် မှန်ထဲ ပြန်ကြည့်စမ်းပါဦး၊ ရှင် အစာစားဖို့နဲ့ အနားယူဖို့ လိုအပ်တယ်ဆိုတာ ရှင် သဘောပေါက်မှာပါ၊ ရှင့်မေးရိုးတွေ ချိုင့်ဝင်နေပြီး မျက်လုံးတွေကလဲ ရဲနေတာပဲ၊ ရှင့်မှာ အစာမရှိတာရော၊ အိပ်ပျက်တာရော ပေါ်လွင်နေတယ်"
“ဒါဟာလဲ ကျုပ်အပြစ် မဟုတ်ဘူးဗျ၊ အစစအရာရာ ပြီးပြေအောင် ဆောင်ရွက်နေရတာဗျ၊ ကျုပ်ကိစ္စတွေပြီးယင် ကျုပ် စားလဲစားပါမယ်၊ နားလဲ နားပါမယ်၊ ခုနေခါမှာက ကျုပ်ဟာ ကမ်းကိုရောက်အောင် ကူးနေရတဲ့ ရေကူးသမားလို ဖြစ်နေတာဗျ၊ ကမ်းရောက်ဖို့ကလဲ လက်တကမ်းပဲ လိုတော့တယ်၊ ဒီတော့ ကျုပ်အဖို့ ကမ်းကိုရောက်ဖို့က ပထမပဲ၊ အဲ ကမ်းကိုရောက်ယင် ကျုပ် နားပါမယ်၊ မစ္စတာဂရင်း ကိစ္စက ထားဆို ထားပါဦးလေ၊ ဒါပေမယ့် ကျုပ် မတရားမှုတွေအတွက် နောင်တရဖို့ ဆိုတာကျတော့ ကျုပ်ဟာ ဘာမတရားမှုမှလဲ မရှိဘူး၊ ကျုပ် အားရပါးရ မပျော်ရသေးပေမယ့် ခုတော့ အတော်ကြီး ပျော်နေပြီ၊ ကျုပ် ဝိညာဉ်က ကျုပ်ခန္ဓာကိုယ်ကို သတ်နေပေမယ့် အားမရသေးဘူး"
"ပျော်ဖို့၊ ဟုတ်လား မစ္စတာဟိကလစ်ရဲ့၊ ထူးထူးခြားခြားကြီးကို ပျော်ရပါစေမယ်၊ ရှင် ကျွန်မ ပြောတာကို စိတ်မဆိုးပဲ နားထောင်မယ် ဆိုယင် ရှင် ပိုပျော်ရအောင် ကျွန်မ အကြံပေးချင်တယ်”
“ဆိုစမ်းပါဦး”
“ရှင် စဉ်းစားပါ မစ္စတာ ဟိလစ်၊ ရှင်ဟာ ဆယ့်သုံးနှစ်သား လောက်ကစပြီး တကိုယ်ကောင်းဆန်ခဲ့တယ်၊ ဘာသာတရားကိုလဲ ရှင် အလေးမထားခဲ့ဘူး၊ ဘုရားစာအုပ်ဆိုယင် ရှင် ကိုင်တောင် မကြည့်ခဲ့ဘူး၊ ဘုရားစာထဲမှာ ဘာပါတယ်ဆိုတာတောင် ရှင်မသိဘူး၊ အဲ့ဒီလိုမျိုးကို ဆုံးမပဲ့ပြင်ဖို့ဆိုတာ မလွယ်ဘူး၊ ရှင် ကိုယ်တိုင် ဖွင့်ဟဝန်ခံချက် မလုပ်ပဲ အမှားပြင်ဖို့ ဆိုတာကလဲ ဝေးပါသေးတယ်၊ ဒီတော့ ရှင် မသေခင် မပြုပြင် မပြောင်းလဲယင် ရှင့်အဖို့ ကောင်းကင်ဘုံကို ရောက်မှာမဟုတ်ဘူး"
"ဒီစကားအတွက် ကျုပ် ဒေါသ မဖြစ်တဲ့ အပြင် ကျေးဇူးတောင် တင်ပါသေးတယ် နယ်လီ၊ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျား စကားမှာ သေစကား ပါလာတဲ့အတွက် ကျုပ် သေယင် မြေမြှုပ်ရမယ့် ကိစ္စကို သတိရလို့ပဲ။ ကျုပ်မသာကျယင် ခင်ဗျားတို့ လိုက်ချင်သပဆို ခင်ဗျားနဲ့ ဟယ်ယာတန်ပဲ လိုက်ပို့ပါ၊ အထူးသဖြင့် အဲဒီ သင်္ချိုင်းက စဏ္ဍာလတွေဟာ ကျုပ်ပြောထားခဲ့သလို ကက်သရင်း သင်္ချိုင်းဘေးမှာ မြှုပ် မမြှုပ်သာ ကြည့်ပြောပေးဗျာ၊ ကျုပ် မသာမှာ ဘုန်းကြီးတွေ ဘာတွေလဲ ပင့်စရာ မလိုပါဘူး၊ ကျုပ်ပြောပြီးပဲ၊ ကျုပ် ကောင်းကင်ဘုံကို ရောက်မှာပဲဆိုတာ၊ အေးပေါ့ဗျာ၊ တခြား ဘယ်လူတွေ ကောင်းကင်ဘုံ ရောက်ထိုက်တယ် မရောက်ထိုက်ဘူးဆိုတာ ကျုပ် စိတ်မဝင်စားပါဘူး”
“ဒီအတိုင်းဆို ရှင့်ကို သင်္ချိုင်းထဲမှာတောင် အမြှုပ်ခံရမှာ မဟုတ်ဘူး'
ထိုစကားကြောင့် သူ တုန်လှုပ်သွားပါသည်။
“သူတို့ မမြှုပ်ယင် ခင်ဗျားပဲ ကျုပ်အလောင်းကို သူတို့ မြှုပ်ထားတဲ့ နေရာကနေ တိတ်တိတ် ရွှေ့ပြောင်း မြှုပ်ပေးပါဗျ၊ ကျုပ်ပြောတဲ့အတိုင်း မလုပ်ယင် ကျုပ်တစ္ဆေက နေမှာ မဟုတ်ဘူး”
ထိုစဉ်မှာပင် အိမ်သားများ နိုးလာသံကို ကြားရသဖြင့် သူလည်း သူ့အခန်းထဲသို့ ဝင်သွားပါလေတော့သည်။ သည်တော့မှလည်း ကျွန်မမှာ အသက်ရှူ ချောင်သွားပါသည်။ ထိုနေ့ မွန်းလွဲပိုင်းတွင် ဟယ်ယာတန်နှင့် ဂျိုးဆက်တို့ ယာထဲသွားနေကြစဉ် သူသည် မီးဖိုထဲသို့ ရောက်လာပြန်ပါသည်။ သူသည် ကျွန်မအား ကြောက်စရာ မျက်လုံးကြီးများနှင့် ကြည့်ပြီး အိမ်မကြီးထဲသို့ လာထိုင်ရန် ပြောပါသည်။ သူသည် အဖော်ရှိချင်ပုံ ရပါသည်။ ကျွန်မက သူ ပြောပုံဆိုပုံနှင့် သူ့အမူအရာကို ကြောက်သဖြင့် အိမ်ထဲသို့ မဝင်ဝံ့ကြောင်း ပြောလိုက်ပါသည်။
"ဩ၊ ခင်ဗျားက ကျုပ်ကို မကောင်းဆိုးဝါးကောင်လို့ ထင်နေသပေါ့လေ" စိတ်ပျက်သံကြီးဖြင့် ရယ်လိုက်ပြီး ထိုအချိန်က ကျွန်မ နောက်နားသို့ ရောက်လာသော ကက်သရင်းဘက်သို့ လှည့်၍ “ဟဲ ့ကောင်မလေး၊ နင် လာမလား၊ ငါ နင့်ကို ဘာမှ မလုပ်ပါဘူးဟ၊ ဩ၊ နင်ကလဲ ငါ့ကို လူဆိုးသူဆိုးကြီး ထင်နေဘာပေါ့လေ၊ ကောင်းပြီ၊ ငါနဲ့ အတူနေရမှာ မကြောက်တဲ့ လူတယောက်တော့ ရှိပါတယ်ဟ၊ အေး၊ ဒါပေမယ့် သင်းကလဲ အကြင်နာတရား ခေါင်းပါးလိုက်ပါဘို့၊ သင်းရက်စက်ပုံမျိုးကို တော်ရုံ သွေးနဲ့ကိုယ် သားနဲ့ကိုယ် မပြောနဲ့ ငါလို လူတောင် မခံနိုင်ဘူးဟေ့"
သူ့တွင် အပေါင်းအဖော် မရှိတော့ပါ။ မိုးချုပ်သောအခါ သူ့အိပ်ခန်းထဲသို့ သူ ဝင်သွားပါလေ၏။ သူသည် အခန်းထဲတွင် တကိုယ်တည်း တညည်းညည်း တညူညူ လုပ်နေပါလေ၏။ ဟယ်ယာတန်သည် သူ့အတွက် စိတ်ပူလာပြီး အခန်းထဲ ဝင်မည် လုပ်ပါသေးသည်။ ကျွန်မက သူ့အား ဆရာဝန် ကင်းနက်ကို အခေါ် လွှတ်လိုက်ပါသည်။ သူတို့ ရောက်လာသောအခါ ကျွန်မက မစ္စတာ ဟိကလစ် အခန်းဝသို့ သွား၍ ဝင်ခွင့်တောင်းပါသည်။ အခန်းမှာ အတွင်းက သော့ခတ်ထားပါ၏။ ကျွန်မတို့ကို အဝင်မခံပါ။ သူတယောက်တည်းနေလျှင် နေကောင်းသွားမည်ဟု ထင်သဖြင့် ဆရာဝန်လည်း ပြန်သွားပါလေ၏။
ထိုညက တညလုံး မိုးရွာပါသည်။ မနက်လင်းခါနီးမှပင် တိတ်သွား ပါသွားလေသည်။ မနက်လင်းသောအခါ ကျွန်မသည် အိမ်ကို ပတ်ပြီး လမ်းလျှောက်ယင်း မစ္စတာ ဟိကလစ်၏ အခန်းပြတင်းပေါက် တံခါးသည် ချိတ်မရှိပဲ ပွင့်နေသည်ကို သတိပြုလိုက်မိပါသည်။ မိုးပေါက်တွေ ပြတင်းပေါက်မှ ဝင်နေကြမည်ဖြစ်ရာ မစ္စတာဟိကလပ်မှာ အိပ်၍ရနိုင်စရာ အကြောင်းမရှိဟု ကျွန်မ တွေးမိပါသည်။ မိုးရေဖြင့် သူ တကိုယ်လုံးလည်း ရွှဲရွှဲနစ်နေပေလိမ့်မည်။ ဤသို့ဆိုလျှင် သူ အပြင်ထွက်နေမည်လား မပြောတတ်ပေ။ ဤအခြေအနေကြောင့် ကျွန်မသည် ဘာမျှ ပျာယာခတ်မနေတော့ပဲ သူ့အခန်းထဲ ဝင်ကြည့်ရန် ဆုံးဖြတ်လိုက်ပါသည်။
ကျွန်မသည် သူ့အခန်းသို့ ဝင်ရန် သော့အပို တချောင်းကို ယူပြီး အခန်းတံခါးကို ဖွင့်၍ ဝင်လိုက်ပါသည်။ မစ္စတာဟိကလစ်သည် အိပ်ရာပေါ်တွင် ပက်လက်လှဲနေပါသည်။ သူ မျက်လုံးပြူးပြူးကြီးကို မြင်လိုက်ရသဖြင့် ကျွန်မ လန့်သွားပါသည်။ သူ့ပါးစပ်ကလည်း ပြုံးနေပုံရပါသည်။ ကျွန်မ သူ့ကို သေနေသည်ဟု မထင်ပါ။ မျက်နှာနှင့် လည်ပင်းမှာ ချွေးတွေ ရွှဲရွှဲစိုနေပါသည်။ အိပ်ရာခင်းမှာလည်း ရွှဲရွှဲစိုနေပါ၏။ သူကား မလှုပ်မယှက်။ ပြတင်းဘောင်ပေါ်မှာ လက်တဘက် တင်ထားပါသည်။ ပြတင်းတံခါးရှုက်သည် တဖျပ်ဖျပ် ရိုက်ခတ်ကာ လက်ကို တံခါးရွက်က ညပ်နေပါသည်။ လက်တွင် ဒဏ်ရာ ရနေသော်လည်း သွေးစသွေးနကို မတွေ့ရပါ။ ကျွန်မ သူ့လက်ကို စမ်းကြည့်လိုက်သောအခါ သူ သေနေပြီကို သတိပြုမိပါလေတော့သည်။
ကျွန်မသည် ပြတင်းတံခါးရွက် ချိတ်ကို ချိတ်လိုက်ပါသည်။ သူ့နဖူး ပေါ် ဝဲကျနေသောဆံစကို သိမ်းပြီး မျက်လုံးများကို မှိတ်ပေးရန် ကြိုးစားကြည့်ပါ၏။ သို့သော် ပိတ်၍ မရပါ။ ကျွန်မကိုပင် လှောင်ပြောင်နေသယောင် ရှိပါသည်။ ခပ်ဟဟ ဖြစ်နေသော ပါးစပ်နှင့် သွားတွေကလည်း ကျွန်မကို မခိုးမခန့် ပြုနေသယောင် ရှိပါလေသည်။ ကျွန်မလည်း ကြောက်လာသဖြင့် ဂျိုးဆက်ကို လှမ်းခေါ်လိုက်ပါ၏။ ဂျိုးဆက်သည် ရောက်လာသော်လည်း သူနှင့် မပတ်သက်လိုသယောင် လုပ်နေပါသည်။
“ဩ၊ သူသေသွားပြီကိုး' ဟု လောက်သာ ပြောပြီး လှောင်သလို ပြောင်သလို ပြုံးဖြဲဖြဲ လုပ်နေပါသည်။ ထို့နောက် မစ္စတာ ဟိကလစ်ရဲ့ အလောင်းဘေးတွင် ဒူးတုပ် ထိုင်ချလျက် ဘုရားကို တပြီး ပြန်ထွက်သွားပါလေ၏။
ကျွန်မကား ထိတ်သန့်ဖွယ် အဖြစ်ကြောင့် သတိလက်လွတ်သလို ဖြစ်နေပါ၏။ ဟယ်ယာတန်ကား အတော်ပင် ပူဆွေးဝမ်းနည်းသွားပုံ ရပါသည်။ သူသည် အလောင်းဘေးမှာ တညလုံး ထိုင်ပြီး အားရပါးရ ငိုပါလေတော့သည်။ သူသည် မစ္စတာ ဟိကလစ်ကို တင်းတင်းဆုပ်ပြီး ရှုံ့မဲ့မဲ့ မစ္စတာဟိကလစ် မျက်နှာကြီးကို နမ်းရှုပ်ပါလေသည်။ တကယ်ပဲ ဝမ်းပန်းတနည်း ငိုကြွေးပါလေ၏။
မစ္စတာ ကင်းနက်သည် မစ္စတာ ဟိကလစ် သေဆုံးကြောင်း ကြားရသောအခါ အံ့အားသင့်သွားပုံ ရပါသည်။ အကြောင်းရင်းကို ရှာမရနိုင်ပဲ ရှိပါလေသည်။ ကျွန်မကပင် သူ လေးရက်လုံးလုံး မစားမသောက် မအိပ်မနေကြောင်း ပြောပြသောအခါ ဤသည်မှာ အဓိကအကြောင်းရင်း မဟုတ်ပဲ မစ္စတာ ဟိကလစ်၏ ထူးဆန်းသော ဝေဒနာ၏ အကျိုးဆက်မျှသာ ဖြစ်ကြောင်း ရှင်းပြပါ၏။
ကျွန်မတို့သည် မစ္စတာဟိကလစ်၏ ရုပ်အလောင်းကို သူ့အလိုဆန္ဒအတိုင်း မြေမြှုပ်သင်္ဂြိုဟ်ကြပါသည်။ အသုဘပို့ရာတွင် ကျွန်မ၊ ဟယ်ယာတန်။ သင်္ချိုင်း စဏ္ဍာလနှင့် ခေါင်းထမ်းသူ ခြောက်ဦးသာ ပါပါသည်။ ခေါင်းထမ်းသူ ခြောက်ဦးသည် သူ့ရုပ်လောင်းကို သင်္ချိုင်းမြေသို့ ချပေးပြီးနောက် ပြန်ထွက်သွားကြပါ၏။ ကျွန်မတို့ နှစ်ယောက်သာ မြေမြှုပ် သင်္ဂြိုဟ်ပြီးသည် အထိ စောင့်နေခဲ့ကြပါသည်။ ဟယ်ယာတန်သည် မျက်ရည်လည်ရွှဲဖြင့် မစ္စတာ ဟိကလစ်၏ သင်္ချိုင်းမြေ မို့မို့တွင် မြက်ပင် စိမ်းကလေးများကို စိုက်ပေးနေပါသည်။
ထို့နောက်ပိုင်းတွင်ကား ရွာထဲကလူများသည် မစ္စတာဟိကလစ်သည် ဘဝမကျွတ်ပဲ အစိမ်းသရဲ ဖြစ်နေကြောင်း ပြောတတ်ကြပါသည်။ တချို့က သူ၏ တစ္ဆေသရဲအဖြစ်ကို ဘုရားရှိခိုးကျောင်းနားတွင် တွေ့ရတတ်ကြောင်း၊ အချို့က ကွင်းထဲတွင် တွေ့ရတတ်ကြောင်း၊ အချို့က လေထန်ကုန်း အိမ်ဝင်းထဲတွင် တွေ့ရတတ်ကြောင်း ပြောတတ်ကြပါ၏။ ဂျိုးဆက်ကိုယ်တိုင်ကပင် မစ္စတာဟိကလစ် သေပြီးသည့် အချိန်မှစ၍ မစ္စတာ ဟိကလစ် ဟိကလစ် အခန်း ပြတင်းပေါက်၌ မစ္စတာဟိကလပ်နှင့် ကက်သရင်းတို့ကို တွေ့ရကြောင်း ပြောပါသည်။
လွန်ခဲ့သော တလကပင် ကျွန်မသည် သရတ်ကရော့ အိမ်ကြီးသို့ လာခဲ့ရာ အလားတူ အဖြစ်မျိုးကို ကြုံခဲ့ရပါ၏။ ထိုအချိန်က နေဝင် မိုးချုပ်အချိန် ဖြစ်ပါသည်။ မိုးခြိမ်းသံများကိုလည်း ကြားနေရပါ၏။ ကျွန်မသည် လေထန်ကုန်းဘက်သို့ ပြန်လာရာလမ်းတွင် သိုးကျောင်းသားကလေးတဦးနှင့် သိုးနှစ်ကောင်ကို တွေ့ရပါသည်။ သိုးကျောင်းသားကလေးမှာ အထိတ်ထိတ် အလန့်လန့်နှင့် ငိုနေပါ၏။ ကျွန်မ စိတ်က သိုးတွေ ပျောက်နေ၍ဟု ထင်လိုက်ပါသည်။ ထို့ကြောင့် ကျွန်မ ...
“ဘာဖြစ်နေသလဲ ကလေးရယ်” ဟု မေးလိုက်မိပါသည်။ ထိုအခါ သူက အော်ကြီးဟစ်ကျယ် ငိုလျက်......
“ဟောဟိုဘက်နားမှာ ဟိကလစ်နဲ့ မိန်းမတယောက်ဗျ၊ ကျုပ်မသွားရဲဘူး’ ဟု ဆိုပါသည်။
ကျွန်မတို့ကား ဘာမျှ မမြင်ရပါ။ သို့သော် သူငယ်ကလေးသည် အမှန်ပင် မသွားရဲသဖြင့် ကျွန်မကပင် ရှေ့နားရောက်အောင် လိုက်ပို့လိုက်ရပါသည်။ ထိုကလေးသည် စိတ်က ချောက်ချား၍ ဖြစ်ဟုန်တူပါသည်။ သို့မဟုတ် လူကြီးတွေဆီက ထပ်တလဲလဲ ကြားနေရသော အကြောင်းအရာကို စွဲလမ်းပြီး ကြောက်နေဟန် တူပါ၏။ သို့သော် ထိုအချိန်မှစ၍ ကျွန်မသည် အမှောင်ထဲမှာ မနေရဲတော့ပါ။ ဤအိမ်ကြီးမှာလည်း ဆက်မနေချင်ပါ။ သူတို့သည် မကြာမီ သရတ်ကရော့အိမ်ကြီးသို့ ပြောင်းကြတော့မည်ဖြစ်၍ ကျွန်မ ဝမ်းသာလှပါသည်။
“ဒါဖြင့် သူတို့က ဟိုအိမ်ကြီး ပြောင်းကြတော့မယ်ပေါ့' ဟု ကျွန်ုပ်က မေးလိုက်ပါသည်။
“ဟုတ်ပါတယ်ရှင်၊ နှစ်သစ်ကူးနေ့ သူတို့ လက်ထပ်ပြီးယင် ပြောင်းကြမှာပါ"
မစ္စက်ဒင်းက ကျွန်ုပ်အမေးကို ဖြေပါသည်။
"အဲဒီကျယင် ဒီအိမ်မှာ ဘယ်သူနေမှာလဲဗျ"
“ဂျိုးဆက်က ဒီအိမ်မှာ အိမ်စောင့်အဖြစ် နေလိမ့်မယ်၊ သူ့အဖော်ရအောင် ကောင်ကလေးတယောက်ကို ခေါ်ထားကောင်း ခေါ်ထားပါလိမ့်မယ်၊ သူတို့က မီးဖိုထဲနေပြီး တအိမ်လုံးကိုတော့ ပိတ်ထားပါလိမ့်မယ်”
“အဲဒီလိုဆို ဟိကလစ်တို့ ချစ်သူတစ္ဆေနှစ်ဦး နေရတာပေါ့ဗျာ"
ကျွန်ုပ်က အကဲစမ်း မေးလိုက်မိပါသည်။
“မဟုတ်သေးပါဘူး မစ္စတာလော့ဝုရယ်၊ ကျွန်မတော့ သေတဲ့လူတွေဟာ အေးအေးချမ်းချမ်း ရှိသွားကြပြီလို့ပဲ ယုံကြည်တယ်၊ ပြီးတော့လဲ သူတို့အကြောင်း ကပျက်ကချော် မပြောသင့်ပါဘူးရှင်”
ထိုစဉ်မှာပင် ဝင်းတံခါး ပွင့်သွားပြီး လမ်းလျှောက်ထွက်သွားသော ဟယ်ယာတန်နှင့် ကက်သရင်းတို့ ပြန်ဝင်လာကြပါသည်။ ကျွန်ုပ်လည်း ပြတင်းပေါက်မှ နေ၍ သူတို့အလာကို စောင့်ကြည့်ယင်း…
“သူတို့ကတော့ ဘာမှ မကြောက်ကြဘူးနော်၊ အင်းပေါ့လေ၊ နှစ်ယောက် လက်တွဲမိပြီဆိုတော့လဲ ဘာမဆို သူတို့ရင်ဆိုင်ရဲပြီပေါ့'
သူတို့သည် အိမ်ဆင်ဝင်အဝတွင် ရပ်လျက် လမင်းကို မော်ကြည့်ပြီး လရောင်တွင် တဦးမျက်နှာကို တဦး စိုက်ကြည့်ကြပြန်ပါသည်။ ကျွန်ုပ်ကလည်း သူဘို့နှစ်ဦးနှင့် ထပ်မတွေ့လိုသဖြင့် မစ္စက်ဒင်းလက်ထဲသို့ အမှတ်တရ လက်ဆောင်ပစ္စည်း ထည့်ပေးခဲ့ပြီး မီးဖိုထဲမှတဆင့် အပြင်သို့ ထွက်ခဲ့ပါလေတော့သည်။ မီးဖိုထဲက ဂျိုးဆက်သည် ကျွန်ုပ်ကို မှတ်မိပုံ မပေါ်ပါချေ။
ကျွန်ုပ်လည်း လေထန်ကုန်းမှ ထွက်လာပြီး သရတ်ကရော့အိပ်ကြီးဘက်သို့ မပြန်သေးပဲ ဘုရားရှိခိုးကျောင်းဝင်းနားက သင်္ချိုင်းဘက်သို့ လျောက်လာခဲ့ပါလေသည်။ ဘုရားရှိခိုးကျောင်း တံတိုင်းများသည် ခုနစ်လအတွင်းမှာပင် ယိုယွင်းပျက်စီးလာကြလေပြီ။
ကျွန်ုပ်သည် သင်္ချိုင်းမြေနေရာသို့ လာခဲ့၏။ ကွင်းအတက် ဆင်ခြေလျှော၌ သင်္ချိုင်းမှတ်တိုင် သုံးတိုင်ကို တွေ့ရလေသည်။ အလယ်က သင်္ချိုင်းနေရာသည် မြေကျွံစ ပြုနေလေပြီ။ အက်ဂါလင်တန်၏ သင်္ချိုင်းနေရာတွင်ကား မြက်များနှင့် ရေညှိများ ပေါက်နေလေပြီ။ ဟိကလစ်၏ သင်္ချိုင်းရာတွင်ကား အပင်များ မရှိသေးပေ။
ကျွန်ုပ်သည် လရောင်အောက်တွင် ရပ်လျက် ဘေးပတ်လည်ကို လှည့်ကြည့်လိုက်မိပါသည်။ ပိုးဖလံများသည် ကွင်းပြင်နှင့် ခေါင်းလောင်းပြာပင်များကြားတွင် ဝဲပျံနေကြကုန်၏။ မြက်ခင်းများကြားတွင် ဖြတ်တိုက်လာသော လေသံကိုလည်း ကျွန်ုပ် အာရုံစိုက်မိပါသည်။
တိတ်ဆိတ်သော ပြေပြင်တွင်း၌ လဲလျောင်းကြရရှာကုန်သူ အပေါင်းကား ဤသို့သော လှုပ်ရှားမှုများကို အမှုပြုကြတော့မည် မဟုတ်ပါတကား။
ကျော်လှိုင်ဦး
၈၃၊ ၁ဝ၊ ၉
လေထန်ကုန်း စာအုပ် အညွှန်း
https://whisper1of.blogspot.com/2026/02/leythankonekyaw-hlaing-oobookreview.html

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။