ရွှံ့စေး Clay - နိုင်ဇော်
ရွှံ့စေး
CLAY
အမျိုးသမီးတွေ လက်ဖက်ရည်သောက်ချိန် ပြီးပြီးချင်း အပြင် ထွက်နိုင်တယ်လို့ မေထရွန်ကြီးက ခွင့်ပေး လိုက်တော့၊ မာရီယာလည်း ညနေခင်း အပြင်ထွက်ချိန်ကိုပဲ မျှော်နေမိတော့တယ်။ မီးဖိုချောင် တစ်ခုလုံးကတော့ဖြင့် ဖိတ်ဖိတ်လက် သပ်ရပ်သန့်ရှင်းနေတာပဲ။ စားဖိုမှူးကြီးကတော့ ကြေးနီဘွိုင်လာအိုးကြီးတွေမှာ လူရိပ်ရုပ်ပုံ ထင်ဟပ်နေတာ ကိုပဲ အမြဲလိုလို ကြွားပြော ပြောနေတတ်တယ်လေ။ မီးတောက်တွေကလည်း လှလှပပ လင်းလက်နေကြ။ ပြီးတော့ နံဘေး စားပွဲတစ်လုံးပေါ်မှာ ဘန်းမုန့်ကြီးလေးခု ရှိနေခဲ့တယ်။ အဲဒီ ဘန်းမုန့်ကြီးတွေကို ကြည့်ရတာ ဖြတ်ရတောက် ရသေးပုံ မပေါ်ပေမယ့် အနီးနားကပ်သွားပြီး သေသေချာချာ ကြည့်လိုက်ရင်တော့ ရှည်ရှည်ထူထူ ညီညီညာညာ အပိုင်းလေးတွေ အဖြစ် စိတ်ထား ပိုင်းထားပြီးသားဆိုတာ တွေ့ရပါလိမ့်မယ်။ လက်ဖက်ရည် သောက်ချိန်ကျရင် ဝေငှ ပေးဖို့အတွက် အဆင်သင့်ပဲပေါ့။ ဒါတွေကို မာရီယာ တစ်ယောက်တည်း ဖြတ်တောက် စိတ်ပိုင်းထားတာပါ။
မာရီယာဆိုတာက တကယ့်တကယ်ကိုပဲ သေးသေး ကွေးကွေးကလေး။ ဒါပေမဲ့ မာရီယာ့ နှာခေါင်းကတော့ အရှည်ကြီးရယ်။ မေးစေ့ကလည်း ရှည်လိုက်သေးတယ်။ မာရီယာ စကားပြောလိုက်ရင် နှာခေါင်းသံလေး နည်းနည်း ပါတတ်တယ်။ အမြဲတမ်းလိုလိုပဲ နှစ်သိမ့်ချော့မော့တဲ့ လေသံမျိုးနဲ့ “ဟုတ်တာပေါ့ကွယ်”၊ “မဟုတ်ပါဘူးကွယ်” အဲဒီလို ပြောတတ် ဆိုတတ်တယ်။ ရေဇလုံတွေအတွက်ရယ်နဲ့ အမျိုးသမီး အချင်းချင်း စကားများကြပြီဆိုရင်လည်း ရန်ပွဲဖျဉ်ဖို့ အတွက် မာရီယာကိုပဲ လွှတ်တတ်ကြတယ်။ ရန်ပွဲကလည်း မာရီယာကြောင့် ပြေငြိမ်းသွားတတ်တာချည်းပဲ။ တစ်ခါတုန်း က မေထရွန်ကြီး ပြောဖူးတယ်။
“မာရီယာရေ ….မင်းကတော့ တကယ့်ကို ငြိမ်းချမ်းရေး အကျိုးဆောင် စစ်စစ်ပါပဲကွယ်” တဲ့။
လက်ထောက် မေထရွန်နဲ့ ဘော်ဒါဆောင် အမျိုးသမီး နှစ်ယောက်ကလည်း အဲဒီ ချီးမွမ်းစကားကို ကြားလာ ခဲ့ကြတယ်။ ပြီးတော့ “ဂျင်ဂျာမူနီး” ဆိုရင်လည်း မာရီယာကို ငဲ့နေလို့သာပဲ။ မီးပူတိုက်တဲ့ လုပ်ငန်းကို ကွပ်ကဲတဲ့ လက်ထောက်အတွက် ဆိုရင်ဖြင့် ဘာဆို ဘာတစ်ခုမှ လုပ်မပေးနိုင်ပါဘူးလို့ အမြဲတမ်းပဲ ပြောတတ်တယ်။ လူတွေ အားလုံးက မာရီယာကို အင်မတန် ချစ်ခင်ကြပါတယ်။
ခြောက်နာရီထိုးတဲ့ အခါကျရင် အမျိုးသမီးတွေ လက်ဖက်ရည်သောက်ကြမှာမို့ ခုနစ်နာရီ မတိုင်ခင် မာရီယာ အပြင်ထွက်နိုင်မှာပါပဲ။ ဘောလ်တံတားကနေ ကျောက်တိုင်အထိ မိနစ် နှစ်ဆယ်။ ကျောက်တိုင်ကနေ “ဒရမ်ကွန်ဒရာ” အထိ မိနစ် နှစ်ဆယ်၊ ပြီးတော့ ပစ္စည်းပစ္စယလေးတွေ ဝယ်ဖို့ ခြမ်းဖို့ကဖြင့် မိနစ်နှစ်ဆယ်ပဲထား။ ဟိုကို ရှစ်နာရီ မထိုးခင်တော့ ရောက်သွားမှာပါလေ။ ဘော်ငွေချိတ်တွေနဲ့ ပိုက်ဆံအိတ်ကလေးကို ထုတ်ကြည့်ပြီးတော့ စာတန်း ကလေး ကို တစ်ခါထပ်လို့ ဖတ်ကြည့်မိပါတယ်။
“ဘဲလ်ဖတ်စ်မြို့တော်မှ လက်ဆောင်မွန်” တဲ့။
ဟောဒီ ပိုက်ဆံအိတ်ကလေးကို မာရီယာ သိပ်မြတ်နိုးတယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ငါးနှစ်လောက် တုန်းက “ဂျိုး” ယူလာပေးခဲ့တဲ့ လက်ဆောင်ကိုး။ အဲဒီတုန်းက ဂျိုးနှင့် အဲလဖီနဲ့ နှစ်ယောက်သား ရက်သတ္တပတ် အဆုံး အားလပ်ရက် ခရီးစဉ်တစ်ခုမှာ ဘဲလ်ဖတ်စ် မြို့တော်ကို ရောက်သွားခဲ့ကြဖူးတယ်လေ။ ပိုက်ဆံအိတ် ကလေးထဲမှာ ကရောင်းဝက် ဒင်္ဂါးနှစ်ပြားနဲ့ ကြေးနီ အကြွေစေ့တွေ ရှိနေကြတယ်။ ဓာတ်ရထားဖိုးတွေ ဘာတွေ ရှင်းပြီးတဲ့အခါ ငါးသျှီလင် လောက်တော့ဖြင့် အသာကလေး ကျန်နေဦးမှာပါ။ ဟိုရောက်ရင် ဘယ်လောက် ပျော်စရာကောင်းတဲ့ ညနေခင်းများ ဖြစ်နေလိမ့်မလဲ။ ကလေးတွေကလည်း သီချင်းဆိုနေကြမှာပဲ။ ဂျိုးတစ်ယောက် အရက်တွေမူးပြီး ပြန်မလာပါစေနဲ့ လို့တော့ ဆုတောင်းရလိမ့်မယ်။ အဲဒီ ဂျိုး ဟာ အရည်တွေများ နည်းနည်းလောက် မျိုလာမိပြီဆို အရင်နဲ့ တူကို မတူတော့ဘူး။
ဂျိုးအနေနဲ့တော့ဖြင့် မာရီယာ့ကို သူတို့နှင့်သာ အတူတူ လာနေစေချင်ခဲ့တာပဲ။ ဒါပေမဲ့ မာရီယာ့ဘက်ကလည်း (ဂျိုးမိန်းမက ကြင်ကြင်နာနာ ဆက်ဆံသည့်တိုင်) အတူ သွားနေလို့တော့ ဘယ်ဖြစ်နိုင်လိမ့်မလဲ။ နောက်ပြီးတော့ ခဝါဆိုင် မှာ နေရတဲ့ ဘဝမှာလည်း နေသားကောင်းကောင်း ကျနေပါပြီလေ။ ဂျိုးကတော့ တကယ့်ကို လူကောင်း တစ်ယောက်ပါ။ ဂျိုးနဲ့ အဲလဖီကို မာရီယာ ထိန်းခဲ့ဖူးတာပေါ့။
ဂျိုးက- “မေမေကတော့လည်း မေမေပေါ့လေ၊ ဒါ ပေမယ့် မာရီယာကမှ ကျုပ်အမေ အစစ်ဗျ” တဲ့။ အဲဒီလို အမြဲပြောတတ်တယ်။
အိမ်က အလုပ်ထွက်ခဲ့ပြီးတဲ့နောက် “ဒဗ္ဗလင် ဖန်မီးအိမ်” ခဝါဆိုင်မှာ လက်ရှိအလုပ်ကို ဝင်လုပ်ခဲ့တာပဲ။ ဒီအလုပ်ကိုလည်း မာရီယာ သဘောကျပါတယ်။ ပရိုတက်စတင့်တွေနဲ့ ပတ်သက်လာရင် သိပ်ကြီး အကောင်းမထင် တတ်ခဲ့ပေမယ့်၊ ခုကျပြန်တော့လည်း ဒီလူတွေဟာ အင်မတန်မှ သဘောကျစရာကောင်းတဲ့ လူတွေပဲလို့ ထင်လာမိပြန်ပြီ။ ငြိမ်ငြိမ်ဆိမ်ဆိမ်နဲ့ အယူစွဲ ပြင်းထန်ပေမယ့် အတူတူ နေဖို့အတွက်တော့ဖြင့် အင်မတန် သဘောကျစရာကောင်းတဲ့ လူစား မျိုးတွေပေါ့။ ဒီလိုနဲ့ ဥယျာဉ်မှန်အိမ်လေးထဲမှာ ပန်းပင်လေး ဘာလေး စိုက်ထားပြီးတော့၊ တကုပ်ကုပ် ပြုစု ပျိုးထောင် နေရတာကိုပဲ ပျော်နေမိတော့တယ်။ ပန်းပင်လှလှလေးတွေနဲ့ ဖယောင်းပန်းလေးတွေ စိုက်ထားမိလေတော့ တစ်ယောက် ယောက်များ အလည်အပတ် ရောက်လာခဲ့ရင် ဥယျာဉ် မှန်အိမ်လေးထဲက ပန်းကလေး တစ်ခက် နှစ်ခက်တော့ဖြင့် မာရီယာ က လက်ဆောင်ပေးတတ်တာချည်းပဲ။ နံရံပေါ်မှာ အက်ကြောင်း အစင်းအစင်းတွေ ထင်နေတာ တစ်ခုကိုတော့ မာရီယာ သဘောမကျပါဘူး။ ဒါပေမဲ့ မေထရွန်ကြီးကတော့ ပေါင်းသင်းဆက်ဆံရတာ အင်မတန် ချောမွေ့ အဆင်ပြေ ပါတယ်။ သိပ်ပြီးတော့လည်း ရည်မွန်တယ်။
စားဖိုမှူးကြီးက အားလုံး အဆင်သင့် ဖြစ်နေပါပြီလို့ လာပြောတာနဲ့ မာရီယာလည်း အမျိုးသမီးခန်းထဲ ဝင်သွားပြီး ခေါင်းလောင်းကြီးကို တီးခတ်လိုက်တယ်။ ခဏချင်း အတွင်းမှာ အမျိုးသမီးတွေဟာ နှစ်ယောက်တစ်တွဲ၊ သုံးယောက် တစ်တွဲနဲ့ ရောက်လာခဲ့ကြတယ်။ အငွေ့ တထောင်းထောင်းထနေတဲ့ လက်တွေကို အတွင်းခံဂါဝန်မှာ သုတ်ပြီးတော့၊ အငွေ့ တထောင်းထောင်းထ နီရဲနေတဲ့ လက်မောင်းအပေါ် ခေါက်တင်ထားတဲ့ ဘလောက်စ်အင်္ကျီလက်တွေကို ပြန်ဆွဲချနေ ကြတယ်။
စားဖိုမှူးနဲ့ လက်ထောက်တို့ကလည်း သံဖြူပုံးကြီးထဲမှာ နွားနို့၊ သကြားတွေနဲ့ ရောမွှေထားပြီးသား လက်ဖက် ရည်ကို မတ်ခွက်ကြီးတွေနဲ့ လိုက်ချပေးလေတော့ အမျိုးသမီးတွေက ကိုယ်စီ နေရာယူကြတယ်။ မာရီယာက ဘန်းမုန့် ဝေတဲ့တာဝန် ယူထားသမို့ တစ်ယောက်ချင်း တစ်ယောက်ချင်း ရသင့်တဲ့ လေးချပ်စီ စေ့စေ့စုံစုံ ရကြရဲ့လားလို့ လိုက်ကြည့် ရသေးတယ်။ စားသောက်တဲ့အချိန် တစ်လျှောက်လုံးမှာတော့ ရေရေလည်လည် ရယ်မောလိုက်ကြ၊ သောလုံး ထုတ်လိုက် ကြပဲပေါ့။
“လစ်ဇိုပလင်းမင်း” ကတော့ “မာရီယာ တစ်ယောက် လက်စွပ်ရမှာသေချာပါတယ်” လို့ ပြောလိုက်တယ်။ ဒီစကားကို သူတော်စင် အကြိုညခင်း ရောက်တိုင်းရောက်တိုင်း ဖလင်းမင်း ပြောပြောလာခဲ့တာ ရိုးနေပြီ ဖြစ်ပေမယ့် မာရီယာ ကတော့ ရယ်မိသေးတာပဲ။ ပြီးတော့ လက်စွပ်လည်း မလိုချင်၊ ယောက်ျားလည်း မလိုချင်ပေါင် အေရယ်လို့ ပြန်ပြောမိသေးတယ်။ မာရီယာ ရယ်လိုက်တဲ့အခါ စိမ်းလဲ့လဲ့ မီးခိုးပြာ မျက်လုံးတွေက စိတ်ကသိကအောက်နဲ့ ရှက်စနိုး ဖြစ်ရတာကြောင့် အရောင်တောက်လက် နေတော့တယ်။ နှာခေါင်းထိပ်ကလေးကလည်း မေးစေ့ထိပ်ဖျားနဲ့ သွားထိတော့ မတတ်ဖြစ်နေတယ်။
အဲဒီနောက် ဂျင်ဂျာမူနီးက လက်ဖက်ရည်ခွက်ကို အထက်ပင့်ပြီး မာရီယာ တစ်ယောက် ကျန်းမာရွှန်လန်းပါ စေကြောင်း ဆုမွန်တောင်းပေးလိုက်သေးတယ်။ တခြား အမျိုးသမီးတွေကလည်း စားပွဲကို မတ်ခွက်နဲ့ခေါက်ပြီး သြဘာ ပေးကြတယ်။ မူနီးကတော့ ခုလို ဆုတောင်းသောက်ဖို့အရေး ဘီယာခါးလေး တစ်ပေါက်လောက်မှ မရှိတာတော့ ဝမ်းနည်း မဆုံးနိုင်အောင်ပါပဲတဲ့။ အဲဒီတော့လည်း မာရီယာက ရယ်မိပြန်တာပေါ့။ မာရီယာရဲ့ နှာခေါင်းထိပ်ကလေးကလည်း မေးစေ့ ထိပ်ဖျားနဲ့ သွားထိတော့မတတ် ဖြစ်နေပြန်တယ်။ မာရီယာ့ ကိုယ်လုံးသေးသေးကလေး ဆိုရင် အစိတ်စိတ် ကွဲပြတ် ကျတော့မတတ် လှုပ်ခတ်နေခဲ့တယ်။ ဒီလို ဖြစ်ရတာကလည်း သူ့မှာ သာမန်လူပြိန်း မိန်းမတွေလို စိတ်ကူးစိတ်သန်းမျိုး လောက်ပဲ ရှိထားပေမယ့်၊ မူနီးပြောတဲ့ စကားအဓိပ္ပာယ်က အင်မတန် သဘောကျစရာ ကောင်းတယ် ဆိုတာ နားလည် လို့ပါ။
ဒါပေမဲ့ အမျိုးသမီးတွေ လက်ဖက်ရည် သောက်ပြုပြီးသွားလို့၊ စားဖိုမှူးနဲ့ လက်ထောက်တို့ လက်ဖက်ရည် ပန်းကန် ခွက်ယောက်တွေကို ဆေးကြောနေကြပြီဆိုတဲ့ အခါကျတော့လည်း မာရီယာ ပျော်သွားမိပြန်တာပါပဲ။ အိပ်ခန်း ကျဉ်းကျဉ်းကလေးထဲကို မာရီယာ ဝင်သွားတယ်။ မနက်ဖြန် မနက်ခင်းဟာ ဘုရားရှိခိုးကျောင်း တက်ရမယ့် မနက်ခင်းပဲ ဆိုတာကိုလည်း သတိရလိုက်မိသေးတယ်။ အဲဒီတော့ နာရီနိုးစက်လက်တံကို ခုနစ်ဂဏန်းကနေ ခြောက် ဂဏန်းဆီ ရွှေ့ထားလိုက်ရတယ်။ အဲဒီနောက် အလုပ်လုပ်ရင်း ဝတ်တဲ့စကပ်နဲ့ ဖိနပ်ကြမ်းတွေကို ချွတ်ပစ်လိုက်တယ်။ အကောင်းဆုံး စကပ်ကို ခုတင်ပေါ်မှာ ဖြန့်တင်ထားလိုက်တယ်။ ပွဲတက်ဖိနပ်ကလေး ကိုတော့လည်း ခုတင်ခြေရင်း နားမှာပဲ ချထား လိုက်တယ်။ မှန်ရှေ့မှာ မာရီယာ ရပ်နေတယ်။ ဟိုးငယ်တုန်းက တနင်္ဂနွေ မနက်ခင်းကျရင် ဘုရားရှိခိုးကျောင်းတက်ဖို့ ဝတ်ရစားရ ပြင်ဆင်ခဲ့ရပုံလေးတွေကိုလည်း မာရီယာ ပြန်ပြီး စဉ်းစားကြည့်မိတယ်။ အဲဒီနောက် အမြဲတမ်းပဲ သူ့ဘာသာ သူ ပြင်ဆင်ခြယ်မှုန်းခဲ့ရတဲ့ ကိုယ်ခန္ဓာ ပိစိကွေးလေးကိုလည်း အံ့သြသဘောကျ မြတ်နိုးနှစ်သက်စိတ်နဲ့ ငေးမောနေခဲ့မိ တာပေါ့။ ဒီလို နှစ်တွေ များစွာ ရှည်ကြာလာတော့မှပဲ လှပသန့်ရှင်း သေးငယ်တဲ့ ကိုယ်ခန္ဓာလေးအဖြစ် သဘာပေါက် လာခဲ့မိတယ်လေ။
အပြင်ဘက်ကို မာရီယာ ထွက်လာတဲ့အခါ လမ်းတွေအားလုံး မိုးရေစက်ကြောင့် တောက်ပပြောင်လက်နေ တော့တယ်။ အညိုရောင် မိုးကာအင်္ကျီဟောင်းကလေး ပါလာတဲ့အတွက်ပဲ ဝမ်းသာကျေနပ်မိပြန်တယ်။ ဓာတ်ရထားထဲမှာ လူတွေ ပြည့်ကျပ်နေလေတော့ တွဲထိပ်နားက ခွေးခြေပေါ်မှာ ထိုင်စရာ တစ်နေရာ ရခဲ့တယ်။ အဲတော့ လူတွေ အားလုံးနဲ့ မျက်နှာချင်းဆိုင်ကြီး ဖြစ်နေတာပေါ့။ ခြေဖျားတွေကလည်း ကြမ်းပြင်နဲ့ သိပ်မထိချင်ဘူး။ ဘာပြီး ဘာ ဆက်လုပ်သွားမယ် ဆိုတာ စိတ်ထဲ ကြိုတင်ပြီးတော့ အားလုံး အကွက်ချထားလိုက်တယ်။ ခုလို လွတ်လွတ်လပ်လပ် အနှောင်အဖွဲ့ ကင်းကင်းနဲ့ ကိုယ့်ပိုက်ဆံ ကိုယ့်အိတ်ထဲ ထည့်ပြီး သွားလာရတာ ဘယ်လောက် ပျောက်စရာကောင်း လိုက်သလဲနော်လို့ တွေးလိုက်မိ သေးတယ်။ ဟိုရောက်ရင်တော့ သဘောကျစရာ ညနေခင်းလေးပဲ ဖြစ်လိမ့်မှာလို့ မာရီယာ မျှော်လင့်ထားမိတာပဲ။ သဘောကျစရာ ကောင်းမှာ ကတော့ သေချာပါတယ်လေ။ ဒါပေမဲ့လည်း စိတ်မကောင်းစရာ အဲလဖီနဲ့ ဂျိုးတို့ နှစ်ယောက် စကားလုံးလုံး မပြောကြတော့တဲ့ အကြောင်းကိုလည်း မစဉ်းစားဘဲ မနေနိုင်ပြန်ဘူး။ ခုတော့ အကြီးအကျယ် သဘော ကွဲလွဲကုန်ကြပြီ။ လူကလေး အရွယ်တုန်းကတော့ဖြင့် အင်မတန်မှ ရင်းနှီးချစ်ခင်ကြတာပေါ့။ အေးလေ၊ ဘဝ ဆိုတာ ကလည်း ဒီလိုမျိုးပဲ မဟုတ်လားကွယ်။
ကျောက်တိုင်ကျတော့ ဓာတ်ရထားပေါ်က မာရီယာ ဆင်းလာခဲ့တယ်။ လူအုပ်ကြီးကြားထဲမှာ ခပ်သွက်သွက် ကလေး တိုးဝှေ့လျှောက်သွားတယ်။ “ဒေါ်နီ” ကိတ်မုန့် တိုက်ထဲ ဝင်သွားပေမယ့် ဆိုင်ထဲမှာက လူတွေ မတရားကြီး ပြည့်ကျပ် နေလေတော့ သူ့အလှည့်ရောက်ဖို့အရေး အကြာကြီးကိုပဲ စောင့်နေရသေးတယ်။ ကိတ်မုန့် အသေးလေးတွေ အမျိုးစုံ တစ်ဒါဇင်လောက် ဝယ်ပြီးတာနဲ့ လေးလေးလံလံ အိတ်ကြီးဆွဲပြီး ဆိုင်ထဲက ထွက်လာခဲ့ရတယ်။ နောက်ထပ် ဘာများ ဝယ်သွားရရင် ကောင်းလေမလဲလို့ မာရီယာ တွေးဆ ကြည့်နေခဲ့မိတယ်။ ပန်းသီးတွေ၊ သစ်ကြားသီးတွေ ကတော့ဖြင့် ဟိုမှာ ဖောခြင်းသောခြင်း ရှိနေမှာ။ အဲဒီတော့ ဘာများ ဝယ်သွားရမလဲ ဆိုတာ အတော်လေးကို စဉ်းစားရ ကျပ်နေတာပေါ့။ စိတ်ကူးကြည့်လို့ ရသလောက်ကတော့ ကိတ်မုန့်ထဲကပဲ ဝယ်ဖို့ ရှိတော့တယ်။ နောက်ဆုံးကျမှ ဆီးသီး ကိတ် ဝယ်သွားမယ်လို့ ဆုံးဖြတ်လိုက်မိတယ်။ ဒါပေမဲ့ ဒေါ်နီ ကိတ်မုန့်တိုက်က ရောင်းတဲ့ ဆီးသီးကိတ်အပေါ် မှာ အလှ ဆင်ထားတဲ့ ဗာဒံစေ့တွေက နည်းနည်းလေးရယ်။ ဒါကြောင့် မာရီယာလည်း “ဟင်နရီ” လမ်းထဲက ကိတ်မုန့်ဆိုင်ဘက် လှည့်ထွက်လာမိတယ်။ အဲဒီကို ရောက်တော့လည်း စိတ်တိုင်းကျဖို့အရေး အကြာကြီးပဲ ရွေးနေရသေးတာ။ ဒီတော့လည်း ကောင်တာနောက်က စတိုင်ကျကျ ကောင်မလေး သိပ်စိတ်မရှည်တော့ဘူး။ လက်ထပ်မင်္ဂလာ ကိတ်မုန့် ဝယ်ချင်တာလား လို့ လှမ်းမေးလိုက်တော့ မာရီယာလည်း ရှက်သွေးတွေဖြန်းပြီး ကောင်မလေးကို ပြုံးပြလိုက်မိတယ်။ ဒါပေမဲ့ ကောင်မလေး က ဒီကိစ္စကို တကယ်ပဲ အလေးအနက် သဘောထားပြီး ဆီးသီးကိတ်မုန့် အတုံးအကြီးကြီး တစ်တုံး လှီးဖြတ်ပြီးမှ သေသေချာချာ ထုပ်ပိုး ပြင်ဆင်ပေးလိုက်တယ်။
“နှစ်သျှီလင်နဲ့ လေးပဲနိ ကျပါတယ်ရှင်”
“ဒရမ်ကွန်ဒရာ” ဓာတ်ရထားပေါ် ရောက်သွားတော့ ဘယ်လူငယ် တစ်ယောက်တလေကမှ မာရီယာ့ကို သတိမပြုမိကြတာကြောင့်၊ ဒီအတိုင်းကြီးပဲ မတ်တတ်ရပ် စီးရတော့မယ် ထင်နေတာ။ ဒါပေမဲ့ လူရည်သန့် အဘိုးကြီး တစ်ယောက်က မာရီယာ့ကို နေရာဖယ်ပေးပါတယ်။ သန်သန်မာမာ လူရည်သန့်သန့်နဲ့ အညိုရောင်ဦးထုပ်အမာ ဆောင်းထားတယ်။ လေးထောင့်စပ်စပ် မျက်နှာနီရဲရဲနဲ့။ ပြီးတော့ နှုတ်ခမ်းမွေးတွေက ဖြူရော်ရော်ပေါ့။ မာရီယာ့ စိတ်ထင် ဒီလူရည်သန့်ဟာ ကာနယ်ကြီးတစ်ယောက် ပုံစံမျိုးနဲ့ တူနေတယ်။ ပြီးတော့ ရှေ့တည့်တည့်ကိုပဲ အကြောင်သား ငေးစိုက် ကြည့်နေကြတဲ့ လူငယ်တွေနဲ့ နှိုင်းစာလိုက်ရင် အများကြီးပိုပြီး သိမ်မွေ့နူးညံ့နေတာပေါ့။
ဒီလိုနဲ့ လူရည်သန့်ကြီးက သူတော်စင် အကြိုညခင်းနဲ့ မိုးသည်းတဲ့ ရာသီအကြောင်း စကားစ လာခဲ့တယ်။ ဒီလူကြီးက မာရီယာ ဆွဲလာတဲ့ အိတ်ထဲမှာ သားသမီးတွေအတွက် လက်ဆောင်ပစ္စည်းလေးတွေ ပါလာတယ်များ ထင်နေ သလား မသိပါဘူး။ တကယ့်တကယ် ပျော်ဖို့ကောင်းတာ ငယ်စဉ်တောင်ကျေး ကလေးဘဝပဲလို့ ပြောလိုက်သေးတယ်။ မာရီယာကလည်း ဒီအချက်ကို သဘောတူတယ်။ အဲဒီတော့ ရှက်ရွံ့ရွံ့နဲ့ပဲ ခေါင်းကလေး ညိတ်လိုက်၊ အင်း လိုက် လိုက်နဲ့ စကားရောဖောရော လုပ်ရတယ်။ ဒီလူကြီး ကလည်း တကယ့်ကို ဖော်ရွေပျူငှာ ပေတာပဲ။ ဒါနဲ့ တူးမြောင်းတံတား မှတ်တိုင်ကျတော့ မာရီယာလည်း ဆင်းဖို့ ပြင်ရင်း ဒီလူကြီးကို ကျေးဇူးတင်စကားဆိုလို့ ဦးညွှတ် နှုတ်ဆက်တယ်။ လူကြီး ကလည်း ပြန်ပြီး ဦးညွှတ် နှုတ်ဆက်၊ ဦးထုပ်ကို အသာပင့်ပြီးတော့ ရင်းရင်းနှီးနှီး ပြုံးပြလိုက်သေးတယ်။ မာရီယာလည်း ဆင်ခြေလျှော ကုန်းမြင့် အဆင့်ဆင့်ကို လှမ်းနင်းတက်သွားရင်း မိုးစက်မိုးပေါက်တွေ အောက်မှာ ခေါင်းကလေး ငုံ့ထား ရတယ်။ “တစ်ခါတလေ ကျတော့လည်း အရက်နည်းနည်း သောက်ထားပေမယ့် ခုလို လူရည်သန့် တစ်ယောက်နဲ့ သိကျွမ်းဖို့က မခဲယဉ်းပါလား” လို့ တွေးနေမိသေးတယ်။
“အို …. ဒီမှာ မာရီယာ ရောက်လာပြီဟေ့” ...
ဂျိုးတို့အိမ် ရောက်တာနဲ့ အားလုံးကပဲ အဲဒီလို ဝိုင်းအော်ကြတယ်။ ဂျိုးလည်း လုပ်ငန်းခွင်က အိမ်ပြန်ရောက်လို့ ရှိနေတယ်။ ကလေးတွေ အားလုံးကလည်း တနင်္ဂနွေဝတ်စုံ ကိုယ်စီဝတ်လို့ပေါ့။ ဘေးအိမ်က ခပ်ရွယ်ရွယ် မိန်းကလေး နှစ်ယောက်လည်း အလည်ရောက်နေကြပြီ။ ပျော်ပွဲရွှင်ပွဲ ဂိမ်းတွေ ကစားနေကြတယ်။ မာရီယာက သားအကြီးကောင် အဲလဖီ လက်ထဲ ကိတ်မုန့်အိတ်ကို လှမ်းကမ်းလိုက်ပြီး အားလုံး ဝေပေးခိုင်းလိုက်တယ်။ မစ္စက် ဒေါ်နယ်လီ ကတော့ ဒီလို ကိတ်မုန့်အိတ်ကြီး ယူလာခဲ့တာ ကျေးဇူးတင် မဆုံးကြောင်းနဲ့ “မာရီယာ့ကို ကျေးဇူးတင်ကြောင်း” ကလေးတွေ အားလုံး ကို ပြောခိုင်းတယ်။
ဒါပေမဲ့ မာရီယာက ဖေဖေနဲ့ မေမေတို့ အတွက် အားလုံးသဘောကျမယ့် အထူးစပါယ်ရှယ် တစ်ခု ဝယ်လာ ခဲ့သေးတဲ့ အကြောင်း ပြောပြီးတော့ ဆီးသီးကိတ်ကို ထုတ်ဖို့ ပြင်လိုက်တယ်။ ဒေါ်နီ ကိတ်မုန့် အိတ်ထဲ ရှာကြည့်တယ်။ မိုးကာအင်္ကျီအိတ်ထဲ နှိုက်ကြည့်တယ်။ ချိတ်စင်ပေါ်ကို လှမ်းကြည့်သေးတယ်။ ဒါပေမဲ့ ဘယ်မှာမှ ရှာလို့ မတွေ့တော့ဘူး။ ဒါနဲ့ ကလေး တစ်ယောက်ယောက်များ မတော်တဆ မှားယွင်း စားပစ်လိုက်မိသေးသလားလို့ မေးကြည့်ရတာပေါ့။ ကလေးတွေ ကလည်း မစားမိကြောင်း ပြောကြတယ်။ ပြီးတော့ ခုလို သူခိုးသာ ညှိုးခံရမယ် ဆိုရင်ဖြင့် ကိတ်မုန့်များတော့ လုံးလုံး မကြိုက်တတ်ပါဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ကြည့်နေကြတာပဲ။
ဒီလို အထူးအဆန်းကြီး ဖြစ်နေပေမယ့် အားလုံး နားလည်ပြီးသားပါ။ မစ္စက် ဒေါ်နယ်လီကတော့ ဓာတ်ရထား ပေါ်မှာ မာရီယာ ကျန်ရစ်ခဲ့တာ ဖြစ်မှာပဲလို့ ပြောလိုက်တယ်။ မာရီယာလည်း နှုတ်ခမ်းမွေး ဖြူရော်ရော် လူရည်သန့် အဘိုးကြီးကြောင့် သူ မွှန်ထူနေခဲ့တာ သတိရလာတယ်။ ဒါနဲ့ ရှက်သွေးနီရဲပြီးတော့၊ စိတ်ရှုပ်ထွေး နောက်ကျိပြီးတော့ ကသိကအောက် ဖြစ်သွားတယ်။ တအံ့တသြ ဖြစ်သွားကြအောင် လုပ်ပြလိုက်မယ့် ကိစ္စကလေး ခုလို ပျက်စီးသွားတာ ရယ်၊ နှစ်သျှီလင် လေးပဲနိလောက်ကို အကျိုးမဲ့ အလဟဿ လွှင့်ပစ်လိုက်သလို ဖြစ်သွားရတာရယ် စဉ်းစားမိတော့လည်း အော်ဟစ် ငိုပစ်လိုက်ချင်တယ်။
ဒါပေမဲ့ ဂျိုးက ဒါတွေ ဘာမှအရေးမကြီးကြောင်း ပြောပြီး၊ မာရီယာ့ကို မီးလင်းဖိုနားမှာ ထိုင်ခိုင်းတယ်။ ဂျိုးက မာရီယာ့ကို သိပ်ကြင်နာတာပဲ။ ရုံးမှာ ဘာတွေ ဘယ်လို ဖြစ်ပျက်တဲ့အကြောင်း မာရီယာ့ကို အားလုံးပြောပြတယ်။ မန်နေဂျာကို ခပ်ထန်ထန်ကလေး ဘယ်လိုပြန်ပြောခဲ့သလဲ ဆိုတာ မာရီယာ့ကို ဇာတ်ကြောင်းပြန်ပြတယ်။ ဂျိုးအနေနဲ့ ဒီလို ပြန်ပြောခဲ့တာလေးအတွက်နဲ့များ ဘာကြောင့် ဒီလောက်တောင်မှ ရယ်မောဟားတိုက်နေရသလဲ ဆိုတာဖြင့် မာရီယာတော့ နားမလည်အောင် ဖြစ်နေမိခဲ့တယ်။ ဒါပေမဲ့ အဲဒီမန်နေဂျာဟာ အတော်လေး ဆောင့်ကြွားကြွား နိုင်မှာပဲလို့တော့ ပြောလိုက် မိသေးတယ်။ ဂျိုး သဘောအရ ဒီလူက သူ့အကြောင်း သိထားရင် သိပ်အဆိုးကြီးတော့ မဟုတ်ပါဘူးတဲ့။ သူ့ရှေ့မှာ မဟုတ်တရုတ် မလုပ်မိသရွေ့ အေးဆေးညင်သာတဲ့ လူတစ်ယောက် ဆိုပဲ။ မစ္စက် ဒေါ်နယ်လီက ကလေးတွေ အတွက် စန္ဒရား တီးပြတဲ့အခါ ကလေးတွေလည်း သီချင်းဆိုကြ ကကြပေါ့။ အဲဒီနောက် ဘေးအိမ်က ကောင်မလေး နှစ်ယောက် က သစ်ကြားသီးတွေ လိုက်ဝေတယ်။ သစ်ကြားသီး ခွဲတံကိုတော့ ဘယ်သူ့မှ ရှာလို့ မတွေ့ကြဘူး။ ဂျိုးက ဒေါသတစ်ချက်တောင်မှ ထွက်သွားလုနီးပါး ဖြစ်လိုက်သေးတယ်။ သစ်ကြားသီးခွဲတံ မရှိဘဲနဲ့ မာရီယာက ဘယ်လိုလုပ်ပြီး သစ်ကြားသီး ခွဲစားမှာလဲလို့ အော်လိုက်တာ။ ဒါပေမဲ့ မာရီယာက သူ သစ်ကြားသီး မကြိုက်ကြောင်းနဲ့ သူ့အတွက် စိတ် အနှောင့်အယှက် မဖြစ်ဖို့ ဝင်ပြောပေးရတယ်။ ဒါနဲ့ ဂျိုးက မာရီယာကို ဘီယာ ညိုပြင်း တစ်ပုလင်းလောက် သောက်ပါ လားတဲ့။ မစ္စက် ဒေါ်နယ်လီကလည်း ဆိပ်ကမ်းဝိုင် သောက်ချင်ရင် အိမ်မှာ ရှိထားတဲ့အကြောင်း ပြောသေးတယ်။ မာရီယာ ကတော့ ဘာမှ မသောက်ပါရစေနဲ့လို့ ပြောတာပေါ့။ ဒါပေမဲ့ ဂျိုးက ဘယ်ရလိမ့်မလဲ။
ဒါနဲ့ မာရီယာလည်း ဂျိုးအလို ဂျိုးစိတ်ကြိုက် လိုက်လျောလိုက်ရတယ်။ ပြီးတော့ မီးလင်းဖိုနားမှာ ထိုင်ရင်း ရှေးဟောင်း နှောင်းဖြစ်တွေ ပြောမိကြတယ်။ မာရီယာက အဲလဖီအကြောင်း စကားစ ဖော်ပေးလိုက်သလို ဖြစ်ခဲ့မိ သေးတယ်။ ဒါပေမဲ့ ဂျိုးကတော့ သူ့ညီနဲ့ စကားခေါ်ပြောမိတဲ့နေ့မှာ ဘုရားစူး မိုးကြိုးပစ် ဗြုန်းခနဲ သေသွားတာပဲ ကောင်း လိမ့်မယ်လို့ ထ အော်တယ်။ မာရီယာလည်း ဒီအကြောင်း စ လိုက်မိတာ စိတ်မကောင်းကြောင်း ပြောရတော့တာပေါ့။ မစ္စက်ဒေါ်နယ်လီကတော့ သူ့ယောက်ျားကို ကိုယ့်အသွေး ကိုယ့်အသား အရင်းအချာအကြောင်း ခုလို မကောင်းပြောတာ ရှက်စရာပဲလို့ ဝင်ပြောသေးတယ်။ ဒါပေမဲ့ ဂျိုးက တော့ အဲလဖီဆိုတာ သူ့ညီလုံးလုံး မဟုတ်ဘူးတဲ့။ ဒီအဆုံး မှာ ဆူဆူညံညံ ရန်ပွဲ တစ်ပွဲ ထ ဖြစ်လုနီးနီးပဲ။
ဒါနဲ့ ဂျိုးက ဒီလိုညမျိုးမှာ ဒေါသထွက်နေလို့ မဖြစ်ပါဘူးကွာ ဆိုပြီး၊ သူ့မိန်းမကို နောက်ထပ် အရက်ပြင်း ပုလင်းသစ်တွေ ဖွင့်ခိုင်းတယ်။ ဘေးအိမ်က ကောင်မလေးတွေက သူတော်စင်အကြိုည ဟာလိုအိဗ်ဂိမ်းတွေ စီစဉ် ကစား နေကြတော့လည်း တစ်ခဏချင်းအတွင်း စိုစိုပြည်ပြည် ပျော်ပျော်ပါးပါး ဖြစ်သွားကြပြန်တယ်။ ကလေးတွေ ခုလို ဝမ်းသာ မြူးထူးနေကြတာရယ်၊ ဂျိုးနဲ့ သူ့မိန်းမလည်း ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွ ဖြစ်နေတာရယ် တွေ့ရလို့ မာရီယာလည်း ဝမ်းသာကျေနပ်မိတော့တယ်။
ဘေးအိမ်က ကောင်မလေးတွေလည်း ပန်းကန်ပြားတချို့ စားပွဲပေါ်တင်ပြီး မျက်လုံး အဝတ်စည်းထားတဲ့ ကလေး တွေကို စားပွဲအနီးနား ခေါ်လာတယ်။ ကလေးတစ်ယောက်က ဝတ်ပြုကျမ်းစာ မဲပေါက်တယ်။ ကျန်တဲ့ သုံးယောက်က ရေမွှေး ရတယ်။ ဘေးအိမ်က ကောင်မလေး တစ်ယောက် လက်စွပ်မဲပေါက်သွားတော့ မစ္စက်ဒေါ်နယ်လီ က ရှက်သွေး ဖြန်းနေတဲ့ ကောင်မလေးဘက်ကို “ဒါတွေ အားလုံး ငါ သိသနော်” ဆိုတဲ့ ပုံစံမျိုးနဲ့ လက်ညှိုးကလေး လှုပ်ပြလိုက် သေးတယ်။ အဲဒီနောက် သူတို့အားလုံးက မာရီယာကို မျက်လုံး အဝတ်ဝိုင်းစည်းပေးကြပြီး စားပွဲနားကို ခေါ်သွားဖို့ ပြင်ကြတယ်။ ပဝါစည်းပေးနေတဲ့ အချိန် ကတည်းက မာရီယာတော့ဖြင့် ရယ်မောပြီးရင်း ထပ်ရယ် မောမိတာပဲ။ သူ့နှာခေါင်း ထိပ်ကလည်း မေးစေ့ထိပ်ဖျားနဲ့ သွားထိမတတ်ပေါ့။
ရယ်လိုက်မောလိုက် သောလုံးထုတ်လိုက်ကြနဲ့ မာရီယာကို စားပွဲအနီးနား ခေါ်သွားတဲ့အခါ မာရီယာလည်း သူတို့ခိုင်းသလိုပဲ လက်ကို လေထဲ ဆန့်ထားလိုက်တယ်။ လေထဲမှာ ဟိုဟိုဒီဒီ ဝှေ့ယမ်းစမ်းသပ်ပြီးမှ အောက်ကိုနှိမ့်ချ လိုက်တော့ ပန်းကန်ပြားတစ်ချက်နဲ့ သွားထိမိတယ်။ နူးညံ့ စွတ်စိုတဲ့ ပစ္စည်းတစ်ခုကို မာရီယာ လက်ချောင်းတွေနဲ့ စမ်းမိတယ်။ ဘယ်သူမှ စကားတစ်ခွန်းရယ် မဆိုကြဘူး။ ပဝါကိုလည်း မဖြုတ်ခိုင်းကြဘူး ဆိုတော့ အံ့အားသင့်နေ မိသေးတယ်။
စက္ကန့်အတော်ကြာထိ အားလုံး တိတ်ဆိတ်ငြိမ်သက် သွားခဲ့တာ။
ပြီးမှ တရှပ်ရှပ် ခြေသံတွေ၊ စကားတီးတိုး ပြောသံတွေ အများကြီးပဲ ပေါ်လာတယ်။ ပန်းခြံထဲကအကြောင်း တစ်ယောက်ယောက် ပြောလိုက်တယ် ထင်တယ်။ မစ္စက် ဒေါ်နယ်လီကလည်း ဘေးအိမ်က ကောင်မလေးတစ်ယောက်ကို ဒေါသတကြီး ဆူလိုက်သေးတယ်။ ခုချက်ချင်း လွှင့်ပစ်လိုက်စမ်း၊ ဒါ ကစားစရာ မဟုတ်ဘူးတဲ့။ မာရီယာလည်း ဒီတစ်ခါ မှားသွားပြီဆိုတာ နားလည်လိုက်တယ်။ ဒါနဲ့ နောက်တစ်ခါထပ်ပြီး လုပ်ကြည့်ရပြန်တယ်။ ဒီတစ်ခါတော့ ဝတ်ပြု ကျမ်းစာအုပ် ကလေး ရလိုက်ပါတယ်။
အဲဒီနောက် မစ္စက်ဒေါ်နယ်လီက “မစ္စကလောက်” ရဲ့ စကော့တလန် နှစ်ပါးသွား အကတီးလုံးဆန်းကို ကလေး တွေ အတွက် တီးခတ်ပေးခဲ့တယ်။ ဂျိုးကလည်း ဝိုင်တစ်ခွက် ယူလာပြီး မာရီယာကို သောက်ခိုင်းတယ်။ ခဏတစ်ဖြုတ် ကြာသွားတော့ အားလုံးပျော်ကုန်ကြပြန်တာပဲပေါ့။ မစ္စက် ဒေါ်နယ်လီကလည်း မာရီယာက ဝတ်ပြုကျမ်းစာအုပ် ကလေး ရလိုက်တော့ ဒီနှစ်မကုန်ခင်ပဲ သီလရှင်ကျောင်း သွားတော့မယ် ထင်ပါရဲ့ တဲ့။ ဂျိုးတစ်ယောက် သူ့အပေါ် ဒီလောက် ကြည်လင်ပျူငှာနေတာမျိုး မာရီယာ အရင် မတွေ့ခဲ့ဖူးဘူး။ အမှတ်ရစရာ ရှေးဟောင်းနှောင်းဖြစ်တွေ၊ စိတ်ချမ်းသာစရာ စကားတွေပဲ ပြောနေတာ။ သူတို့အားလုံး အင်မတန် သဘောကောင်းကြတာပဲလို့ မာရီယာ ပြောမိတယ်။
နောက်ဆုံးကျတော့ ကလေးတွေလည်း အားလုံးပင်ပန်းကုန်ကြပြီ၊ အိပ်ငိုက်လာကြပြီ။ ဒါနဲ့ ဂျိုးကလည်း မာရီယာ မပြန်ခင် ခေတ်ဟောင်းတေးလေး တစ်ပုဒ်လောက်တော့ ဆိုပြဖို့အကြောင်း ပွဲတောင်းလာတော့တယ်။ မစ္စက် ဒေါ်နယ်လီ ကလည်း-
“ဆိုပြပါနော်၊ မာရီယာရယ်နော်” တဲ့လေ။
ဒါနဲ့ မာရီယာလည်း ထလာခဲ့ပြီး ပီယာနိုနား သွားရပ်နေလိုက်တယ်။ မစ္စက် ဒေါ်နယ်လီက ကလေးတွေကို တိတ်တိတ်နေဖို့နဲ့ မာရီယာဆိုပြမယ့် သီချင်းကို သေသေချာချာ နားထောင်ကြဖို့ မာန်မဲထားရတယ်။ အဲဒီနောက် ပဏာမ ခြေဆင်းတီးလုံးတွေကို တီးလိုက်တယ်။ ပြီးတော့-
“ကဲ၊ မာရီယာရေ” လို့ ဆိုလိုက်တော့တာ။
မာရီယာလည်း ရှက်သွေးတွေ မွှန်ထူလို့ တုန်တုန်ရီရီ အသံစူးစူးလေးနဲ့ သီချင်း စ ဆိုလိုက်ပါတယ်။ “စံမြန်းခဲ့ရ တယ်လို့ ကိုယ် အိပ်မက်မက်ခဲ့ပေါ့ကွယ်” သီချင်းကို မာရီယာ ဆိုလိုက်တာပေါ့။ ဒုတိယ တေးသွားပိုဒ် ရောက်တော့ မာရီယာ က တစ်ကျော့ပြန်ပြီး ဆိုတယ်။
မာရီယာ့ အမှားကွက်ကို ထောက်ပြဖို့ အတွက်တော့ဖြင့် ဘယ်သူမှ မကြိုးစားကြတော့ပါဘူး။ မာရီယာ့ သီချင်း ဆုံးသွားတာနဲ့ ဂျိုးလည်း အကြီးအကျယ် စိတ်လှုပ်ရှားသွားပုံ ရတယ်။ ဂျိုးက သူ့အတွက်တော့ ဟိုးတုန်းကလို အချိန်အခါ မျိုးနဲ့ ဘယ်နည်းနဲ့မှ မတူနိုင်တော့ကြောင်း၊ သနားစရာ အဘိုးကြီး “ဘဲလဖေး” ရဲ့ ဂီတလက်ရာမျိုးနဲ့ ဘယ်သူကမှ မယှဉ် နိုင်ကြောင်း ပြောသေးတယ်။ ဂျိုး မျက်လုံးထဲမှာ မျက်ရည်စတွေ အိုင်ထွန်းနေလေတော့ သူ ရှာချင်တဲ့ပစ္စည်းလည်း ရှာလို့မရတော့ဘူး။ ဒါနဲ့ သူ့မိန်းမကိုပဲ ပုလင်းဘူးဆို့ ဖွင့်တံ ဘယ်မှာထားသလဲလို့ လှမ်းမေးလိုက်ရတော့တယ်။
နိုင်ဇော်
[ပင်လယ် စာပေနှင့် အနုပညာမဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၁၉၉၃]

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။