ဒဗ္ဗလင် မြို့သူ EVELINE - လင်းဝေမြိုင်
ဒဗ္ဗလင် မြို့သူ
EVELINE
သစ်ရိပ်တွေ သိုသိပ်ဝေနေသော သူနေသည့် ရိပ်သာလမ်းထဲတွင် ညနေမှောင်ရီပျိုးခဲ့ပြီ။ အက်ဗလင်သည် ပြတင်းတံခါးကို မှီထိုင်ရင်း အပြင်သို့ ငေးကြည့်နေလေသည်။ တံခါးခန်းဆီးမှ ဖုန်နံ့တွေက သူ့နှာခေါင်းထဲသို့ တိုးဝှေ့ ဝင်လာသည်။ သူ့မှာ ထိုင်ရင်း မောနေသည်။ လမ်းထဲတွင် လူသွားလူလာက မရှိတော့သလောက်ပင်။ အစွန်ဆုံး အိမ်ထဲမှ လူတစ်ယောက် ထွက်လာသည်။ အိမ်ကိုပြန်ခြင်း ဖြစ်သည်။ သမံတလင်းထက်မှ သူ့ဖိနပ်သံ တခွပ်ခွပ်ကို အတိုင်းသား ကြားနေရသည်။ နောက်တော့ ဖိနပ်သံက အိမ်သစ်ကလေးတွေရှေ့ ရောက်သွားသည်။ သည်နေရာ တစ်ဝိုက်သည် သူတို့ မောင်နှမတစ်တွေ ကလေးဘဝက သူငယ်ချင်းတွေနှင့် ကစားခဲ့ကြရာနေရာ၊ နောက်ပိုင်း “ဘယ်လ်ဖတ်မြို့” မှ လူ တစ်ယောက်က မြေတွေဝယ်ပြီး အိမ်ကလေးတွေ တစ်လုံးပြီး တစ်လုံး ဆောက်လိုက်သဖြင့် သူတို့မှာ ဘုံပျောက်ခဲ့ကြ ရသည်။
နောက်ထပ် အသစ်ဆောက်သည့် အိမ်တွေက သူတို့ အရပ်က အိမ်တွေနှင့်လည်း မတူ။ ပုံစံ၊ အရောင်အသွေးက တခြားစီ။
သည်ကွင်းပြင်ကြီးထဲမှာပဲ သူတို့ မောင်နှမတစ်တွေနှင့် သူငယ်ချင်းတစ်တွေ ဆော့ကစား ခဲ့ကြသည်။ “အားနက်စ်” ကတော့ ကြီးပြီမို့ သူတို့နှင့် ဝင်ကစားလေ့ မရှိ။ သူတို့ကစားလျှင် အဖေက တုတ်တစ်ချောင်းဖြင့် တဟဲ့ဟဲ့။ သည်တုန်းကတော့ အဖေကလည်း အခုလောက် မဆိုးသေး။ ပြီးတော့ အမေလည်း မသေသေး။
ကြာခဲ့ပြီ။ အခုတော့ သူတို့မောင်နှမတစ်တွေလည်း လူလားမြောက် အရွယ်ရောက်ကုန်ကြပြီ။ ကစားဖော် သူငယ်ချင်းတွေလည်း သေသူသေ၊ ပြောင်းသူပြောင်း။ အစစ အရာရာ အားလုံး ပြောင်းလဲခဲ့ကြပြီလေ။ ယခုဆိုလျှင် သူလည်း သူတို့တစ်တွေလိုပင် ဟိုအဝေးသို့ လွင့်တော့မည်၊ အိမ်မှ ခွာတော့မည်။
အိမ်၊ အိမ်ဆိုသည့် သူ နှစ်ပေါင်းများစွာ နေလာခဲ့သည့် အခန်းကလေးကို ဝေ့ဝဲကြည့်လိုက်မိသည်။ ဘယ်က ဘယ်လို ရောက်လာသည် မသိရသည့် အမှိုက်သရိုက်နှင့် ဖုန်တွေကို သူ နှစ်နှင့်ချီပြီး တစ်ပတ်တစ်ကြိမ် လှည်းကျင်း ခဲ့ရသည်။ သူနှင့် ရင်းနှီးနေသည့် သည်အရာတွေကို သူ ခွဲခွာရတော့မည်။ နောင် ဘယ်သောအခါမျှ ပြန်လည် မြင်တွေ့ ရတော့မည် မဟုတ်တော့။ ဒါတွေကို တစ်နေ့ သူ ခွဲခွာ သွားရလိမ့်မည်ဟုလည်း မထင်ခဲ့၊ အိပ်မက်မျှပင် မမက်ခဲ့။
ယခုတော့ သူ လိုက်မည်ဟု ပြောလိုက်ပြီ။ မှန်သည်၊ မှားသည် သူမသိ။ နဖူးပေါ် လက်တင်ပြီး အပြန်ပြန် အလှန်လှန် စဉ်းစားကြည့်ပြီးခဲ့ပြီ။ အက်ဗလင်ဆိုသည့် ကောင်မလေးတစ်ယောက် လင်နောက်လိုက်သွားပြီဆိုတော့ စတိုး ဆိုင်က လူတွေက ဘာပြောကြမည် မသိ။ မိုက်လေခြင်းလို့ ဆိုသူက ဆိုမည်။ သူ့ကို လူရှေ့သူရှေ့မရှောင် အမြဲ အပြစ်ရှာ ပြောတတ်သည့် မစ္စဂက်ဗင် တစ်ယောက်ကတော့ ဝမ်းသာ၍ နေမည်ပင်။ “ဝယ်သူတွေ စောင့်နေတယ်လေ၊ မြန်မြန် လုပ်ပါလား” ဟု ဆိုတတ်သူ။ ဘာပဲပြောပြော သည်ဆိုင်မှ ခွာရမည့် အတွက်ကိုတော့ နည်းနည်းမျှ ဝမ်းမနည်းမိ၊ မျက်ရည် တစ်စက်မျှ မကျမိ။
သူ့အိမ်၊ သူ တစ်ခါမျှ မရောက်ဖူးသေးသည့် ဟို ဝေးခေါင်သည့် အရပ်က အိမ်။ ထိုအိမ်တွင်တော့ သူ သည်လို အဖြစ်မျိုး ကြုံတွေ့ရတော့မည် မဟုတ်။ အိမ်ထောင်ရှင်မကြီး ဖြစ်တော့မည်မို့ သည်မှာလို အဆက်ဆံ ခံရတော့မည် မဟုတ်တော့။ လူတွေက သူ့ကို နေရာပေးပြီး တလေးတစား ဆက်ဆံကြလိမ့်မည်။ သူ ယခု အသက် တစ်ဆယ့်ကိုးနှစ် ပြည့်ခဲ့ပြီ။ မိန်းကလေးဖြစ်၍ ဟယ်ရီတို့၊ အားနက်စ်တို့လိုတော့ အဖေ အရိုက်ကို မခံခဲ့ရ။ သို့သော် အဖေနှင့် နေလို့ မဖြစ် တော့။ သူ့မှာ အကာအကွယ်ပေးမည့်သူ၊ စောင့်ရှောက်မည့်သူ ဆို၍လည်း တစ်ယောက်မျှ မရှိ။ အားနက်စ်က သေပြီ။ ဟယ်ရီက ဘုရားကျောင်း ပြုပြင်မွမ်းမံသည့် အလုပ်ဖြင့် အမြဲလိုလိုပင် အဝေးတစ်နေရာရာမှာ ရှိနေတတ်သည်။
ပြီးတော့ ငွေရေးကြေးရေးကိစ္စနှင့် ပတ်သက်ပြီးတော့လည်း အဖေနှင့် တကျက်ကျက် ဖြစ်ရသည်။ မကြာ ခဏ စကားများရသည်။ တစ်ခါတစ်ခါ စကားမပြောချင်၊ မဆိုချင်လောက်အောင်ပင် စိတ်ကုန်ခန်းမိသည်။ မိမိလည်း အလုပ် လုပ်၍ ရသမျှငွေကို အကုန် ထိုးအပ်သည်ပင်။ ဟယ်ရီ ခမျာလည်း တစ်ခါတလေ တတ်အားသရွေ့ အဝေး မှနေပြီး ငွေပို့ ပေးရှာသေးသည်။ အဖေ့ဆီကတော့ ခြူးတစ်ပြားမှ ထွက်မလာ။ ပြောပုံက မိမိကပဲ ပေးသမျှ ငွေကို အလဟဿ ဖြုန်းတီးပစ်နေသည့်ပုံ။ သူ တပင်တပန်း ရှာထားသည့်ငွေကို မပေးနိုင်ဟု ဆိုသည်။ စနေနေ့လို ညများတွင် အထူးသဖြင့် ပိုဆိုးသေးသည်။ တနင်္ဂနွေနေ့အတွက် ချက်ပြုတ်စရာရှိမှ ငွေထုတ်ပေးတတ်သည်။ ထိုအခါမျိုး ကျလျှင်တော့ အက်ဗလင် ခမျာ ပိုက်ဆံအိတ်ကလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး သုတ်သုတ်ပျာပျာ ဈေးဝယ်ထွက်ရသည်။ လူတောထဲသို့ အတင်း တိုးခွေ့ဝင်ရသည်။ ဈေးဝယ်ပြီး၍ အိမ်ပြန်လာပြီဆိုလျှင် မိုးချုပ်ပြီ။ အိမ်အလုပ်တွေကိုလည်း သူ့မှာ ဇယ်ဆက်သလို မနားတမ်း လုပ်ရသည်။ သည်ကြားထဲ ကျောင်းသားပေါက်စ နှစ်ယောက်ကို ကျောင်းသွားကြိုပို့နှင့် စားစရာပို့ အလုပ်ကို လုပ်ရသေးသည်။ ဆင်းရဲ ပင်ပန်းသည့်ဘဝ၊ သက်သောင့်သာယာ မရှိသည့်ဘဝ၊ နှစ်မြို့ဖွယ် မရှိသည့် သည်လိုဘဝမျိုးကို သူ မက်မောတွယ်တာ၍လည်း မနေချင်တော့။
ဖရန့်နှင့်သူ ဘဝတစ်ခုကို အစပြုတော့မည်။ ချစ်သူ ဖရန့်က သူ့အပေါ် ကြင်ကြင်နာနာ ရှိသည်။ ယောက်ျား ပီသ သည်။ ပွင့်လင်းသည်။ ဖရန့်နှင့်သူ ညသင်္ဘောဖြင့် လိုက်ပါသွားတော့မည်။ ဖရန့်ရဲ့ ဇနီးမယား အဖြစ်နှင့်လေ။ “ဗြူနို အေးရိစ်မြို့” တွင် နေကြမည်။ ဟိုမှာနေဖို့ အိမ်က သူတို့ကို စောင့်ကြိုနေချေပြီကော။
ဖရန့်နှင့်သူ စတင် တွေ့ဆုံခဲ့ကြသည့် အဖြစ်ကလေးကို သွားသတိရနေမိသေးတော့။ ဖရန့်က လမ်းမတော်မှ အိမ် တစ်အိမ်တွင် လာပြီး အိမ်ငှားနေသည်။ ဖရန့် အိမ်ငှား နေသည့်အိမ်မှာ သူ မကြာခဏ သွားလည်နေကျအိမ် ဖြစ်နေသည်။ ဟိုးလွန်ခဲ့သည့် သီတင်းရက်သတ္တပတ် အနည်းငယ် ကြာလောက်ကပါပဲ။ ဖရန့်က တံခါးဝတွင် ရပ်နေသည်။ ဆံပင်တွေက ဖရိုဖရဲ ဖွာလန်ကျဲ။ ဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်းထားသည်။ မျက်နှာက ကြေးနီရောင် သန်းနေလျက်။ သည်မှာတင် သူတို့ချင်း စတင်သိကျွမ်းခဲ့ရခြင်း။ နောက်တော့ ဖရန့်က သူ့ကို ညနေဘက် အိမ်အပြန် လိုက်ပို့တတ်မြဲ။ ကပွဲရုံသို့ ခေါ်သည်။ ဖရန့်နှင့်အတူ ဇာတ်ပွဲ ထိုင်ကြည့်ကြရင်း သူ့မှာ ရင်ထဲ တလှပ်လှပ်။
ဖရန့်ကတော့ ဂီတကိုလည်း ဝါသနာပါလိုက်သေးသည်။ သီချင်း နည်းနည်းပါးပါး ဆိုလေ့ရှိသည်။ အရပ်ကလည်း သူတို့နှစ်ယောက်အကြောင်း သိနေကြပြီ။ “သင်္ဘောသားကို ချစ်သည့် ကောင်မလေး” ဆိုသည့် သီချင်းကို ဖရန့်က ဆိုပြတော့ သူ့မှာ နေမထိ ထိုင်မသာ၊ စိတ်ထဲမှာတော့ အပျော်သား။ ရည်းစား ထားစကတော့ ရန်ခုန်ရသည်။ သည်လို နှင့်ပင် သူ ဖရန့်ကို ချစ်လာခဲ့မိသည်။ ဖရန့် က သူ့ကို ဟိုအဝေး တိုင်းပြည်တွေက အကြောင်းကို ပြောပြ တတ်သည်။ ကနေဒါသွား ပင်လယ်ကူးသင်္ဘော တစ်စင်း ပေါ်မှာ လခ တစ်လ တစ်ပေါင်ရသည့် ကုန်းပတ်အလုပ် သမားပေါက်စ ဘဝ ဖြင့် သူ့ဘဝ စခဲ့ပုံ၊ သူ လိုက်ခဲ့ဖူးသည့် သင်္ဘောတွေ၊ လုပ်ခဲ့ဖူးသည့် အလုပ်တွေအကြောင်းကို စီကာ ပတ်ကုံး ပြောပြ တတ်သည်။ ဗြူနိုအေးရိစ်မှာ အခြေချ နေမည်၊ အဲသည်မှာ သူ လုပ်ငန်း ကိုင်ငန်း အဆင်ပြေနေသည်ဟု ဆိုသည်။ ခွင့်ရက်ရှည်ရလျှင်တော့ သူ့ဇာတိနိုင်ငံကို သွားလည်ဦးမည်ဟု ဆိုသည်။
အဖေကတော့ သူတို့နှစ်ယောက် အကြောင်းကို သိတော့ အဆက်ဖြတ်ဖို့ ပြောသည်။ “ဒီ သင်္ဘောသားကောင် တွေကို ငါ သိတာပေါ့” ဟု ဆိုသည်။ တစ်နေ့ အဖေသည် ဖရန့်နှင့် စကားများပြီး ပြန်လာသည်။ ထိုအချိန်မှစပြီး သူတို့ နှစ်ယောက် လွတ်လွတ်လပ်လပ် တွေ့လို့မရတော့။ တွေ့ချင်လျှင် မသိအောင် ခိုးဝှက် တွေ့ရတော့သည်။
ညနေက တစ်စတစ်စ မှောင်လာပြီ။ သူ့ပေါင်ပေါ်မှ စာနှစ်စောင်မှာ တဖြည်းဖြည်း မသဲမကွဲ ဖြစ်လိုက်လာသည်။ စာတစ်စောင်က ဖရန့်အတွက်၊ တစ်စောင်က အဖေ့အတွက်။ အဖေမှာ အသက်အရွယ် ထောက်လာပြီဖြစ်၍ သူ့ကို သတိရ လွမ်းဆွတ်နေပေလိမ့်မည်။ တစ်ခါတစ်ခါတော့လည်း အဖေက ချစ်စရာ ခင်စရာ။ ဟိုတလောက တစ်ရက်လောက် နေထိုင်မကောင်းဖြစ်ပြီး အိပ်ရာပေါ်မှာလဲတော့ အဖေက သူ့ကို သရဲတစ္ဆေဝတ္ထု ဖတ်ပြသည်။ သူ ကျန်းမာပါစေကြောင်း ဘုရားမှာ ဆုတောင်းပေးခဲ့သေးသည်။ အမေ မသေခင်က သူတို့မိသားစု ပျော်ပွဲစားခရီး ထွက်ခဲ့ကြဖူးသည်။ အဖေက အမေ့ဦးထုပ်ကို ဆောင်းပြီး သားသမီးတွေ ရယ်အောင် ဟာသလုပ်ပြခဲ့သေးသည်လေ။ ဒါတွေကို သူ သတိရနေမိသည်။
အချိန်တွေ တရွေ့ရွေ့ တိုတောင်းလာပြီ။ ပြတင်း တံခါးနားမှာပဲ တံခါးခန်းဆီးကိုမှီရင်း သူ ထိုင်နေဆဲ။ ခန်းဆီးမှ ဖုန်နံ့ဆိုးဆိုးကို ရှူရှိုက်၍နေဆဲ။ ခပ်လှမ်းလှမ်း ရိပ်သာလမ်း အောက်ဘက်ဆီမှ အော်ဂင်တီးသံသဲ့သဲ့ကို ကြားရသည်။ သည်သီချင်းကို သူ သိသည်။ အမေ မသေခင် ညက အမေ့ကို ကတိပေးခဲ့သည့် အဖြစ်ကို သတိရသည်။ မိမိ တတ်နိုင်သရွေ့ သည်အိမ်ကို ထိန်းသိမ်းစောင့်ရှောက် သွားပါမည်ဟု ကတိပေးခဲ့သည်။ ထိုညက အပြင်မှာ ဆွေးဆွေး မြေ့မြေ့ သီချင်းတစ်ပုဒ် ဆိုနေသည်။ အီတလီ သီချင်းသံ။ အော်ဂင်တီးသူကို ပိုက်ဆံပေးပြီး ခပ်ဝေးဝေး မောင်းထုတ် သည်။ အဖေကတော့ မြည်တွန်တောက်တီးသည်။
“ဒီ အီတလီကောင်တွေ လာပြန်ပြီ”
ဟု ထောမနာပြုသည်။
သည်အကြောင်းတွေကို တနွေးနွေး ပြန်တွေးရင်းမှပင် အမေ့အသံကို နားထဲတွင် ပြန်ကြားယောင်လာတော့၊ သူ တုန်လှုပ်သွားမိသည်။ သူ အထိတ်တလန့် ထရပ်လိုက် မိသည်။ သည်အရပ် သည်နေရာက ရုန်းထွက်ရတော့မည်၊ အလွတ်ပြေးမှ ဖြစ်တော့မည်။ ဖရန့်က သူ့ကို ကယ်တင် လိမ့်မည်။ ဖရန့် သူ့ကို နှစ်နှစ်ကာကာ ချစ်သည်။ သူ အသက်ရှင် နေချင်သေးသည်။ ဘဝမှာ ဘာကြောင့် စိတ်ညစ် ခံတော့မှာလဲ။ မိမိမှာ ပျော်ပျော်ရွှင်ရွှင်နေဖို့ အခွင့်အရေး ရှိသေးသည်။ ဖရန့်သည် မိမိကို ပိုက်ထွေးယုယစွာဖြင့် ကယ် တင်ပေလိမ့်မည်။
■
သင်္ဘောဆိပ်၌ ပျားပန်းခတ်နေသော လူစု လူအုပ်ကြီး အကြားထဲတွင် သူ ရပ်တန့်၍ နေမိသည်။ ဖရန့်က သူ့လက်ကို ဆုပ်ကိုင်ထားသည်။ စကားတွေ တသွင်သွင် ပြောနေသည်။ သူတို့သွားမည့် ခရီးစဉ် အကြောင်းပါပဲ။ သင်္ဘောဆိပ်တွင် စစ်သားတွေကလည်း အထုပ်အပိုးတွေနှင့် အပြည့်။ ဆိပ်ကမ်းမှ လှေတွေ၊ သင်္ဘောတွေကို တံခါးပေါက် မှ မှောင်နှင့် မည်းမည်း လှမ်းမြင်နေရသည်။ သင်္ဘော ပြတင်းတံခါး ပေါက်များတွင် မီးရောင်တွေက လင်းလက်နေလျက်။ သူ စကားတစ်ခွန်း တစ်ပါဒမျှ မဆိုမိ။ ပါးပြင်မှာ အေးစက် လာသည်။ မျက်နှာက ဖြူဖပ်ဖြူရော်၊ ရင်ထဲမှာ ဗလောင် ဆူ နာကျင်လာသည်။ သူ ဘာလုပ်ရမည်လဲ၊ ဘုရားသခင် ဆီမှာ တိုင်တည်ဆုတောင်းသည်။
သင်္ဘောဥသြသံက နှင်းမြူထဲမှ ဖောက်ထွင်း ထွက်ပေါ်လာသည်။ မနက်ဖြန်ဆိုလျှင် ဗြူနိုအေးရိစ်သို့ ဦးတည် ခုတ်မောင်းမည့် သင်္ဘောပေါ်တွင် ဖရန့်နှင့်အတူ သူ ရှိနေတော့မည်။ ပင်လယ်ပြင်တွင် ရောက်နေတော့မည်။ အားလုံး စီစဉ်ပြီးပြီ၊ အခုမှ နောက်ဆုတ်လို့ ဖြစ်နိုင်ပါဦးမည်တဲ့လား။ ရင်ထဲတွင် တစ်ဆို့လာသည်။ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်ယင်လာသည်။
သင်္ဘော ဆိပ်ကမ်းမှ ခွာတော့မည်။ ခေါင်းလောင်းသံကို ကြားရပြီ။ ဖရန့်က သူ့လက်ကို ဆွဲကိုင်လာသည်။ ခေါင်းလောင်းသံသည် သူ့နှလုံးသားပေါ်တွင် တုန်ခါ ဖြတ်သန်းသွားသည်။ သူ တစ်ခုခုကို ဆုံးဖြတ်ရတော့မည်။
“လာလေ”
သည်ပင်လယ်ပြင်ကြီးထဲတွင် သူ့နှလုံးသား နစ်မြုပ် သွားတော့မည်။ ဖရန့်က သူ့ကို ဆွဲနှစ်နေပါပကောလား။ သံလက်ရန်းကို သူ ကြောက်အားတကြီးကုတ်ပြီး ဆုပ်ကိုင် ထားမိသည်။
“လာ”
“မလိုက် ….မလိုက် ...မလိုက်တော့ဘူးကွယ်၊ လိုက်လို့ မဖြစ်နိုင်တော့ဘူး”
သံလက်ရန်းကို သူ အားကုန်ဖျစ်ညှစ် ဆုပ်ကိုင် ထားမိသည်။ စိတ်ထိခိုက် ပြင်းထန်စွာ၊ နာကျင်စွာ။
“အက်ဗလင် ....အက်ဗီ”
ဖရန့်သည် သူ့လက်ရန်းကိုကျော်ပြီး သူ့ဆီသို့ ပြေးလာသည်။ သူ့ကို ခေါ်သည်။ သင်္ဘောပေါ်မှလည်း ဖရန့်ကို ခေါ်နေသည်။ သို့တိုင် သူ့ကို ဖရန့်က တကြော်ကြော် အော်ခေါ်နေဆဲ။ သူသည် ဖရန့်ကို မလှုပ်မယှက် ကြည့်သည်။ ဟင်းလင်းပြင် သူ့အကြည့်တွင် ချစ်ခြင်း အရိပ်အယောင် မတွေ့၊ နှုတ်ဆက်ခြင်းသဘော မပါ၊ သိဖူးပါကလား ဟူသည့် အသွင်အပြင်ကိုမျှ မမြင်မတွေ့ရ။
လင်းဝေမြိုင်
(On We Read မှ ပြန်ဆိုသည်။)
[ဒဂုန်မဂ္ဂဇင်း၊ မေ၊ ၁၉၈၇]

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။