တိမ်တိုက်ကလေး A Little Cloud - ကောင်းသာ

 

မကွယ်လွန်မီ သုံးနှစ်အလိုတွင် ရိုက်ကူးသည့်ပုံ (၁၉၃၈)

တိမ်တိုက်ကလေး

A LITTLE CLOUD

ကောင်းသာ

လွန်ခဲ့သည့် ရှစ်နှစ်က သူ့သူငယ်ချင်းကို သူ “ဥတ္တရ တံတိုင်း” ၌ တွေ့ခဲ့ပြီး၊ ခရီးတစ်လျှောက် ခလုတ်မထိ ဆူးမငြိစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ပို့ဆောင် နှုတ်ဆက်ခဲ့သည်။ “ဂါလာဟာ” ကတော့ ထွက်ခွာသွားဖြစ်ခဲ့ ချေပြီ။ ဤသို့ ပြောနိုင်ရခြင်းမှာ သူ့၌ ခရီးထွက်လုဆဲဆဲ သူတစ်ယောက်၏ လေသံဟန်ပန်မျိုး။ ကောင်းစွာ ပိရိသေသပ် သည့် သက္ကလပ်ဝတ်စုံနှင့် အကြောက်အလန့်ကင်းသည့် ပြောပေါက်ဆိုပေါက်တို့ကို တွေ့ရခြင်းကြောင့် ဖြစ်သည်။ သူ ကဲ့သို့ ပါရမီရှိသူက အနည်းငယ်မျှသာ ရှိနိုင်သည်။ ရှိသည့်တိုင်အောင်လည်း ဤသို့သော အောင်မြင်မှုမျိုးကြောင့် မပျက် မစီး ကျန်ခဲ့နိုင်သူမှာ ပို၍ပင် နည်းနိုင်ပါသည်။ ဂါလာဟာ၏ နှလုံးသားက နေရာမှန်မှာ ရှိသည်။ ထို့အတွက် သူ ထိုက်ထိုက်တန်တန် အောင်မြင်ရသည်။ ဤလို လူတစ်ယောက်နှင့် သူငယ်ချင်း ဖြစ်ရသည်မှာ တစ်ခုခုတော့ အကြောင်း ရှိပါသည်။

နေ့လယ်စာ စားပြီးချိန်တိုင်း “ချန်ဒလာ” ငယ်လေး တွေးတတ်သည်မှာ ဂါလာဟာနှင့် တွေ့ခဲ့ရပုံ၊ ဂါလာဟာ က သူ့ကို ဖိတ်မန္တက ပြုခဲ့ခြင်း၊ ဂါလာဟာ နေထိုင်ခဲ့ရာ မဟာမင်းနေပြည်တော် လန်ဒန်မြို့ကြီး အကြောင်းများ ဖြစ်သည်။ သူ့ကို ချန်ဒလာငယ်လေးဟု ခေါ်ရခြင်းမှာ အများသူငါ အရပ်အမောင်း၊ အလုံးအထည်ထက် အနည်းငယ် မျှသာ သေးသော်လည်း သူ့ကြည့်ရသည်နှင့်ပင် ငချွတ်ကလေးဟု ထင်မိစေနိုင်သောကြောင့်ပင် ဖြစ်သည်။ သူ့လက်များက ဖြူဖပ်ဖြူရော်နှင့် သေးသေးကွေးကွေး။ သူ့ကိုယ်လုံးကိုယ်ဖန်က ကွဲကြေတော့မည်သဏ္ဌာန်။ အသံက တိုးတိုးသဲ့သဲ့၊ အမူအရာ က လှုပ်လီလှုပ်လဲ့။ ပိုးချည်လို နူးညံ့လွန်းသည့် သူ့ဆံပင်များနှင့် နှုတ်ခမ်းမွေးများကို အလွန်တရာ ဂရုတစိုက် တသသ ရှိတတ်သူ၊ သူ့လက်ကိုင်ပဝါကိုလည်း အမြော်အမြင်ရှိရှိ ရေမွှေးများ ဆွတ်ထားတတ်သူ၊ လခြမ်းပုံ သူ့လက်သည်းလေးများ ကလည်း စင်းလုံးချော၊ သူ ပြုံးလိုက်သည့်အခါ ကလေးဆန်သော စီတန်းနေသည့် သူ့သွား ဖြူဖြူ ဖွေးဖွေးလေးများကို ဖျတ်ခနဲ မြင်ရနိုင်သည်။

“ဘုရင်” တည်းခိုခန်းအတွင်း စားပွဲ၌ ထိုင်နေစဉ် ပြီးခဲ့သည့် ရှစ်နှစ်တာ ကာလတစ်လျှောက် ပြောင်းလဲသွား ခဲ့သည်များကို သူ တွေးနေမိသည်။ ဆင်းရဲနွမ်းပါး စုတ်ချာသည့် အသွင်အပြင်ဖြင့် သူ သိခဲ့ရသော သူငယ်ချင်း တစ်ယောက် က “လန်ဒန်ပရက်စ်” စာစောင်၌ လျှမ်းလျှမ်းတောက် ကျော်ကြားနေလေပြီ။ ငြီးငွေ့ဖွယ်ရာ သူ၏ စာရေး နေသော အလုပ်မှ မကြာခဏလှည့်၍ ရုံးခန်းပြတင်းပေါက် အပြင်သို့ ငေးကြည့်နေမိသည်။ မိုးနှောင်းကာလ နေဝင် ဆည်းဆာ နေရောင်ခြည်က မြက်ခင်းပြင်ကျယ်များကို ဖုံးအုပ်ဖြတ်ကျော် လျှောက်သွားသည်။ ခုံတန်းများပေါ် ငိုက်မျဉ်း နေသည့် အိုမင်းမစွမ်း သက်ကျားအိုများနှင့် ညစ်ပတ်သော သူနာပြုဆရာမများအပေါ်သို့ ညင်သာသော ရွှေရောင် မြူမှုန် များက မိုးလို ဖြာဆင်း လွှမ်းခြုံနေသည်။ ကျောက်စရစ် လမ်းတစ်လျှောက် စူးစူးဝါးဝါး အော်ဟစ်ပြေးလွှားနေသည့် ကလေး သူငယ်များနှင့် ဥယျာဉ်ကို ဖြတ်လျှောက်သွားနေသော လူများကဲ့သို့ လှုပ်ရှားနေသည့် အရာအားလုံး အပေါ် ယင်းရွှေမြူမှုန်တို့က တလူလူ လှုပ်ခတ်နေသည်။ ဤရှုခင်းကို ငေးနေစဉ် ဘဝအကြောင်း သူ စဉ်းစား မိပြန်သည်။ ထို့နောက် (ဤသို့ ဘဝအကြောင်း စဉ်းစားမိတိုင်း ဖြစ်နေကျ ဓမ္မတာ) သူ ကြေကွဲဝမ်းနည်းလာသည်။ သိမ်မွေ့ သော ညှိုးငယ်မှိုင်တွေခြင်းက သူ့ကို အပိုင်သိမ်းလိုက်သည်။ ကံကြမ္မာကို အန်တုရုန်းကန်ရမှုက မည်မျှ အသုံးမကျ အရာ မဝင် ဖြစ်ရသည်၊ ဤရုန်းကန်မှု ဟူသည်မှာလည်း ဇရာက သူ့အား အမွေပေးသော ဉာဏ်ပညာ၏ ဝန်ထုပ်ဝန်ပိုးသာ ဖြစ်နေ ရသည် ဟု သူ ခံစားနေမိသည်။

သူ့နေအိမ် စာအုပ်စင်ပေါ်မှ ကဗျာစာအုပ်များကို သူ ပြန်သတိရမိပြန်သည်။ သူ၏ လူပျိုအရွယ် နေ့ရက် ကာလ များက ဝယ်ထားခဲ့သော စာအုပ်များ ဖြစ်သည်။ ညနေခင်းပေါင်းများစွာ၊ ခန်းမကျယ်ကြီးဘေး သူ့အခန်း ငယ်လေးအတွင်း ထိုင်လျက်၊ စင်ပေါ်မှ စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် ဆွဲချကာ သူ့ဇနီးသည်အား တစ်ခုမဟုတ် တစ်ခု ဖတ်ပြ နေချင်သည့် စိတ်က မရိုးမရွ ဖြစ်နေတတ်သည်။ သို့သော်လည်း ရှက်အမ်းအမ်းဖြစ်မှုက သူ့ကို နောက်တွန့်စေသည်။ ထို့ကြောင့်လည်း စာအုပ်များက သူတို့နေရာ စင်ပေါ်မှာသာ ရှိမြဲရှိနေ ရတတ်ပါသည်။ ကြိမ်ဖန်များစွာ စာကြောင်းများကို သူ့ကိုယ်သူ ပြန်ဖတ်ပြရင်းဖြင့်သာ စိတ်ဖြေခဲ့ရသည်။

သူ့အလုပ်ချိန်နာရီ ကျရောက်လာသည်။ မတ်တတ်ရပ်လိုက်ပြီး သူ့စားပွဲ၊ သူ့အပေါင်းအသင်း စာရေးများ အလယ်မှ စနစ်တကျ ထွက်ခွာလာခဲ့သည်။ ဘုရင် တည်းခိုခန်း၏ ပဒေသရာဇ်ဆန်ဆန် အမိုးခုံးအောက်မှ အသားနား အခံ့ညားဆုံး ရုပ်လုံးတစ်ရုပ်အဖြစ် သူထွက်ပေါ်လာခဲ့ပြီး၊ “ဟန်ရီယက်တာ” လမ်းမပေါ်သို့ အလျင်အမြန် ထွက်လျှောက် လာခဲ့သည်။ ရွှေရောင်ဆည်းဆာက ယုတ်လျော့လာပြီး လေပြည်က ရှတတ ဖြစ်လာသည်။ ညစ်ထည်းထည်း ကလေးငယ် တစ်အုပ်က လမ်းပေါ် ပြည့်ကျပ်လာသည်။ သူတို့က ရပ်သည့်အခါ ရပ်၊ လမ်းမကြောင်းထဲ ဝင်ပြေးသည့် အခါ ပြေး၊ ဟ နေသော တံခါးရှေ့ လှေကားထစ်များပေါ် လေးဖက်ထောက် တက်သည့်အခါ တက်၊ ဖိနပ်ချွတ်ခုံပေါ် ကြွက်များလို ဆောင့်ကြောင့်ထိုင်သည့်အခါ ထိုင်နေတတ်ကြသည်။ ချန်ဒလာငယ်လေးက သူတို့အား သူ့အတွေးထဲ အဝင်မခံ။ ဒဗ္ဗလင် ၏ မြင့်မြတ်မှု အဟောင်းအနွမ်းတို့ ကိန်းအောင်းရာ ကြောက်ဖွယ်သရဲ မိစ္ဆာခန်းမဆောင်၏ အရိပ်အောက်မှနေ၍၊ ထို တစ်ခဏ၏ ပိုးမွှားဆန်ဆန် ဘဝများကို ကျော်ဖြတ်ကာ သူ့လမ်းသူ ကျင်လည်စွာ ဆက်လျှောက်သည်။ အတိတ်၏ မည်သည့် အောက်မေ့ဖွယ်ရာ တို့ကမျှ သူ့ကို မထိပါးနိုင်။ သူ့စိတ်၌ ပစ္စက္ခ၏ ချမ်းသာသုခဖြင့် ပြည့်လျှမ်းနေသောကြောင့် ဖြစ်သည်။

သူ “ကော်လက်စ်” သို့ မရောက်ဖူးချေ။ သို့သော် ထိုအမည်၏ တန်ဖိုးကို သူ သိသည်။ လူအများ ပြဇာတ် အပြီး၊ ထိုနေရာသို့ သွားကာ ကမာကောင်များ၊ အဖျော် ယမကာများ စားသောက်တတ်ကြသည်။ ထိုဆိုင်မှာ စားပွဲထိုး များက ပြင်သစ်စကား၊ ဂျာမန်စကားများ ပြောတတ်ကြသည်ဟုလည်း သူ ကြားဖူးထားသည်။ ညဘက် ခပ်သွက်သွက် လမ်းလျှောက်ထွက်ရင်း သူ တွေ့ခဲ့ဖူးသည်များလည်း ရှိသည်။ အငှား မြင်းရထားလေးများ ဆိုင်တံခါးဝရှေ့ ဆိုက်လာကာ အဖိုးထိုက် အဖိုးတန် ဝတ်စားထားသော မိန်းမပျိုလေးများက အစောင့်အရှောက်များ ခြံရံလျက် ဆိုင်ထဲ ခပ်မြန်မြန် ဝင်သွားတတ်သည်။ ဆူဆူညံညံ အသံထွက်နေသော အဝတ်များက ဟိုပတ် သည်ပတ် ကျပ်ထုပ်စည်းထားလျက်။ သူတို့ မျက်နှာများက ပေါင်ဒါမှုန့်များ အဖွေးသား။ မြေပေါ် ခြေချစဉ် သူတို့အဝတ်များ ဖမ်းကိုင်ထားသည်က အချက်ပေး အတ္တလန္တာ (မီးပြတိုက်) များနှင့် တူနေသည်။ သူတို့ဘက် သူ လှည့်မကြည့်ဘဲ ဖြတ်လျှောက်သွားမြဲ ဖြစ်သည်။ နေ့ဘက် မှာပင် လမ်းကို မြန်မြန်လျှောက်တတ်သည်က သူ့အကျင့် ဖြစ်သည်။ မြို့ထဲ၌ ညဉ့်နက်နေလျှင် စိတ်လှုပ်ရှားစွာ အားလုံးကို နားလည်နေရင်းဖြင့် သူ့လမ်းသူ တက်သုတ် ရိုက်မြဲ ဖြစ်သည်။ မည်သို့ဖြစ်စေ တစ်ခါတစ်ရံမူ သူ့ အကြောက်တရားကို သူ ခယ ဝပ်တွား လူပျိုလှည့်ကြည့် မိသည်။ အမှောင်ဆုံး၊ အကျဉ်းမြောင်းဆုံးလမ်းကို သူ ရွေးလျှောက်ကြည့်သည်။ ခပ်ရဲရဲ ရှေ့တိုးလျှောက်တိုင်း၊ သူ့ ခြေလှမ်းတစ်ဝိုက် ပျံ့လွင့်နေသည့် တိတ်ဆိတ်မှုက သူ့ကို စိတ်ဒုက္ခ ပေးနေသည်။ ဟိုဟိုသည်သည် သွားလာနေသော သဏ္ဌာန်များကလည်း သူ့ကို စိတ်ဒုက္ခ ပေးနေသည်။ တစ်ချက်တစ်ချက် ပုန်းအောင်း နေသူ တစ်ယောက်ယောက်၏ ခပ်အုပ်အုပ် ရယ်မောသံ တစ်သံကလည်း သူ့ကို သစ်ရွက် တစ်ရွက်ကဲ့သို့ လှုပ်ခါသွား စေသည်။

“ကက်ပယ်” လမ်းဘက် ရှေးရှုလျက် သူ ညာဘက် ကွေ့လိုက်သည်။ ဪ .. လန်ဒန်ပရက်စ်မှာ “အစ်ဂနား ရှပ်စ် ဂါလာဟာ” ရောက်နေပါပေါ့လား။ သည်လို ဖြစ်လိမ့်မယ်လို့ လွန်ခဲ့တဲ့ ရှစ်နှစ်က ဘယ်သူ ထင်လိမ့်မလဲနော်။ ယခု တိုင်အောင်ပင် သူ့အတိတ်ကို ပြန်သုံးသပ်နေမိသည်။ သူ့သူငယ်ချင်း၌ အနာဂတ်ကြီးမြတ်မှု လက္ခဏာ မြောက်မြားစွာ ရှိနေသည်ကို ချန်ဒလာငယ်လေး မှတ်မိနေသည်။ အစ်ဂနားရှပ်စ်ဂါလာဟာ တစ်ယောက် ရိုင်းစိုင်းသည်ဟု လူများက ပြောလေ့ရှိသည်။ မှန်သပါ့။ ထိုအချိန်က အပျော်ကြူးသည့် သောက်သောက်စားစားကောင်များနှင့် သူ ရောထွေးနေသည်။ စိတ်လွတ်ကိုယ်လွတ် သောက်သည်။ တွေ့သမျှ ဘက်ပေါင်းစုံ လူများထံမှ ငွေချေးသည်။ အဆုံးမတော့ သင်္ကာမကင်းဖွယ် ကိစ္စရပ်တချို့ထဲ သူ ရောပါသွား ပြီး ငွေကြေးလည်း ပြတ်လပ်သွားသည်။ အနည်းဆုံး သူ့ပျံသန်းမှုမှာ အလှည့်ကောင်း တစ်ချက်တော့ ရှိသည်။ သူ့မှာ ပါရမီရှိကြောင်း မည်သူမျှ မငြင်းဆို။ သင်ကိုယ်တိုင်ထက်ပင် သင့်ကို ပိုဆွဲဆောင် စွဲငြိ စေနိုင်သော အရာတစ်ခုခုကတော့ ဂါလာဟာ မှာ အမြဲရှိနေသည်။ စုတ်ပြတ်သပ်နေသည့် အခါ၊ ငွေရေးကြေးရေး အကျပ်ဆိုက်နေသည့် အခါမျိုး၌ပင် ဘာမထီ မျက်နှာထားမျိုး ခပ်တင်းတင်း ထားနိုင်ခဲ့သေးသည်။ တစ်ကြိမ် ချောင်ပိတ် မိသည့် အခိုက်အတန့် မျိုး၌ ဂါလာဟာ ပြောခဲ့ဖူးသည့် စကားတစ်ခွန်းကို ချန်ဒလာငယ်လေး မှတ်မိသေးသည်။ (ဤ မှတ်မိခြင်းက သူ ပါးပြင်၌ ဂုဏ်ယူသည့်အသွင် လက်ခနဲ ယှက်ဖြာစေသည်။)

စိတ်လက် ပေါ့ပေါ့ပါးပါးနှင့် သူ ဤသို့ ပြောလေ့ ရှိသည်။

“အခုတော့ အားလပ်ချိန်ပေါ့ ချာတိတ်ရာ။ ငါ့ဦးထုပ် ဘယ်များ ရောက်သွားသလဲကွ”

“အစ်ဂနားရှပ်စ် ဂါလာဟာ” ဆိုတာ ဒါပဲ။ မှတ်ပြီလား။ ခင်ဗျားတို့ ဘာမှ မတတ်နိုင်။ ဒါ့အတွက် သူ့ကို အောချ ချီးကျူးဖို့ပဲ ရှိတယ်။

ချန်ဒလာငယ်လေး သူ့ခြေလှမ်းကို ပိုသွက်လိုက်သည်။ သူဖြတ်ကျော်ခဲ့သော လူတွေထက် သူက ပိုအထက်တန်း ကျသည်ဟု သူ့ဘဝမှာ ပထမဆုံးအကြိမ် ခံစားရသည်။ ကက်ပယ် လမ်းမ၏ ထိုင်းမှိုင်းဖွယ်ရာ မပြေပြစ်မှု ကိုလည်း သူ့စိတ်ထဲမှ ပထမဆုံးအကြိမ် ပုန်ကန်ထကြွချင်စိတ် ပေါ်လာသည်။ အောင်မြင်ချင်လျှင်တော့ အဝေးကို ထွက်သွားရမည် သာ။ ဒါကို သံသယဖြစ်စရာ မလို။ ဒဗ္ဗလင်၌ သင် လုပ်နိုင်တာ ဘာမှမရှိ။ “ဂရက်တန်” တံတားကို သူ ဖြတ်ကျော်စဉ်၊ အောက်ဘက် မြစ်ကမ်း အနိမ့်ပိုင်း သင်္ဘောဆိပ်များဆီ ငုံ့ကြည့်ကာ ကြုံလှီလှီ နေအိမ်များကို သနားစိတ် ဝင်နေမိသည်။ ထိုအိမ်များကို ကြည့်ရသည်မှာ သူ့အတွက် ခြေသလုံးအိမ်တိုင် အဖွဲ့တစ်ဖွဲ့ မြစ်ကမ်းဘေးတစ်လျှောက် ပြွတ်သိပ်တိုးဝှေ့ နေသယောင် ရှိသည်။ သူတို့၏ ဟောင်းနွမ်းသော ကုတ်အင်္ကျီများက ဖုန်များ၊ ကျပ်ခိုးများဖြင့် ဖုံးလွှမ်းနေသည်။ တစ်နံတစ်လျား ဖြန့်ကြက်နေသော နေဝင်ဆည်းဆာကြောင့် ထိုင်းမှိုင်းတွေဝေနေကာ သူတို့ကို လှန့်နှိုးမည့် ညဉ့်၏ ကနဦး အေးစိမ့်မှုကို စောင့်မျှော်ရင်း၊ သူတို့ဟာသူတို့ ကတုန်ကယင် ဖြစ်နေလိုက်ကြသည်မှာ ……။ တကတဲ ……သွားကြစမ်း ကွယ်။ သူစိတ်ကူးကို ဖော်ကျူးနိုင်မည့် ကဗျာတစ်ပုဒ်တလေတောင် သူ ရေးနိုင်ပါ့မလားဟု သူ့ကိုယ်သူ စဉ်းစားနေရပြီ။ ဂါလာဟာ က တော့ ဒါမျိုး သူ့အတွက် လန်ဒန်စာစောင်တချို့မှာ ရေးနိုင်ကောင်း ရေးနိုင်ပါလိမ့်မည်။ သူကိုယ်တိုင်ကော …… ။ ဤလို ပင်ကိုလက်ရာတချို့ ရေးနိုင်စွမ်း ရှိပါ့မလား။ သူ ဖော်ကျူးလိုသည်မှာ မည်သို့သော စိတ်ကူးမျိုး ဖြစ်သည် မသေချာလှသော်လည်း၊ ကဗျာ ဈာန်ဝင်လာမည့် အခိုက်အတန့် တစ်ခုက သူ့အား ဘဝထဲသို့ မွေးကင်းစ ကလေးငယ်၏ မျှော်လင့်ချက်ပမာ သွတ်သွင်းပေးလိမ့်မည်ဟု သူ ယူဆထားသည်။ သူ ရှေ့သို့ ရဲရဲရင့်ရင့် လှမ်းထွက်လိုက်သည်။

ခြေလှမ်းတိုင်းက သူ့ကိုယ်သူ ချုပ်တည်းထားရသော ကိုယ်ပိုင် တိုက်ပွဲဝင်လိုစိတ် ဘဝမှ ဝေးကွာစေလျက်၊ လန်ဒန်သို့ ပို၍ နီးကပ်လာစေသည်။ သူ့ စိတ်ကူးဝိညာဉ်၏ မိုးကုပ်စက်ဝိုင်းပေါ်၌ အလင်းရောင်တစ်ခုက စတင်တုန်ခါ နေသည်။ သူ အသက်မကြီးလှသေးပါ။ ၃၂ နှစ်သာ ရှိပါသေးသည်။ သူ့စိတ်ရင်း စရိုက်လက္ခဏာက လူလားမြောက်မှု ရေချိန်မှတ်သို့ ရောက်စပြုပြီဟု ပြောနိုင်သည်။ ကဗျာ လင်္ကာအဖြစ် သူ ဖော်ကျူးလိုသည့် စိတ်အနေအထားများ နှင့် စွဲမိ အာရုံများက အမျိုးအစား များပြားလှသည်။ သူ့ကိုယ်တွင်း၌ ဤအရာများကို ခံစားနေရသည်။ သူ့ လက်ရှိ စိတ်ဝိညာဉ်က ကဗျာဆရာတစ်ယောက်၏ စိတ်ဝိညာဉ် အဖြစ်သို့ ရောက် မရောက် သူ ချိန်စက်ကြည့်ဖို့ ကြိုးစားသည်။ သူ့စိတ်ရင်း စရိုက်ကို လွှမ်းမိုးထားသည်မှာ စိတ်အားငယ်ညှိုးနွမ်းမှု ဖြစ်သည်ဟု သူ ထင်သည်။ သို့သော် ဤစိတ်အားငယ်ညှိုးနွမ်းမှုက ကံကြမ္မာ၊ သည်းခံနေရမှုနှင့် ရိုးရိုးပျော်ရွှင်မှုတို့ ထပ်ကာထပ်ကာ ဖြစ်ပျက်ခြင်းများဖြင့် ရောမွှေ သမထားကြောင်း သူ ယူဆသည်။ ဤအချက်ကိုသာ ကဗျာစာအုပ်တစ်အုပ်ဖြင့် သူ တင်ပြနိုင်ပါက၊ လူတွေ နားထောင်နိုင်ဖွယ် ရှိပါသည်။ သူ ဘယ်တော့မှ ကျော်ကြားမည် မဟုတ်ဟုလည်း သူ သိထားသည်။ လူထု လူအုပ်ကို သူ မစိုးမိုးနိုင်။ သို့သော် ဆက်နွှယ် နေသော စိတ်ဝိညာဉ်များ၏ အဝန်းအဝိုင်းလေး တစ်ခုတလေကိုတော့ သူ ညွတ်ပျောင်း စေနိုင်ပါသည်။ သူ့ကဗျာများ၌ စိတ်ညှိုးငယ်သံ ထွက်နေခြင်းကြောင့် သူ့ကို “ဆဲလ်တစ်” ကျောင်းထွက်တစ်ယောက် ဟု အင်္ဂလိပ်စာပေ ဝေဖန်ရေး သမားများ သတ်မှတ်ဖွယ် ရှိသည်။ ထို့အပြင် သူက ရည်ညွှန်းချက်များလည်း ထည့်ဦးမည် ဖြစ်သည်။ သူ့စာအုပ် ရနိုင်မည့် နေရာများ၌ ကြော်ငြာရန် ကြော်ငြာစာသား စာကြောင်းများလည်း သူ ကြံဆ တွေးထားသည်။ “လွယ်ကူ ရှင်းလင်း၍ ခမ်းနားတင့်တယ်သော မစ္စတာ ချန်ဒလာ၏ လက်ဆောင်ကဗျာများ” ...…။ “ဤကဗျာများ၌ တမ်းတသသ ဖြစ်စေမည့် ကြေကွဲမှုများ စိမ့်ဝင်နေသည်။” “ဆဲလ်တစ်မှတ်စု”- သူ့နာမည်က အိုင်းရစ် သိပ်မဆန် လှသဖြင့် သနားစရာ တစ်ခု ဖြစ်နေသည်။ သူ့ နာမည်ရှေ့မှာ သူ့မိခင်နာမည်ကို ဖြည့်လိုက်လျှင် ပိုကောင်းလေမလား။ “သောမတ်စ်မာလုံး ချန်ဒလာ” ဖြစ်ဖြစ်၊ ဒါမှမဟုတ် ပိုကောင်းတာ တစ်ခုခု “တီမာလုံး ချန်ဒလာ” ဟူ၍။ သည်ကိစ္စ သူ ဂါဟာလာ နှင့် ပြောရမည်။

အလွန်အကျွံ စိတ်ထက်သန်စွာနှင့် သူ့စိတ်ကွန့်မြူးမှုနောက် သူ လိုက်ပါနေရာ သူ့လမ်းကို ကျော်သွားသဖြင့် နောက်ပြန်လှည့်ရသည်။ “ကော်လက်စ်” ၏ ဆိုင်နား ရောက်သည့်အခါ၊ ယခင်က ပေါ်ဖူးသော စိတ်ဂနာမငြိမ် ဖြစ်မှုများ သူ့အပေါ် မင်းမူစ ပြုလာသဖြင့် မရည်ရွယ်ဘဲနှင့် တံခါးဝရှေ့ ရပ်မိသည်။ နောက်ဆုံး တံခါးကိုဖွင့်ပြီး အထဲ ဝင်လိုက် သည်။

အရက်ဆိုင်၏ အသံဗလံ အလင်းရောင်ကြောင့် အဝင်စင်္ကြံလမ်း၌ သူ တစ်အောင့်နားနေလိုက်သည်။ အနီး တစ်ဝိုက် သူ လှည့်ကြည့်သော်လည်း၊ ဝိုင်အရက်ဖန်ခွက် များစွာ၏ အနီရောင်၊ အစိမ်းရောင်များကြောင့် မျက်စိကျိန်း ကာ ဘာမှ သဲသဲကွဲကွဲ မမြင်ရ။ သူ့အတွက် ဤအရက်ဆိုင်က လူများလွန်းနေသည်။ လူများက သူ့ကို ဝိုင်းပြီး စပ်စပ်စုစု အကဲခတ်နေသည်ဟုလည်း သူ ခံစားရသည်။ သူ့ဘေး ဘယ်ညာနှစ်ဖက်ကို သူ ဖျတ်ခနဲ ခပ်သွက်သွက် လှည့်ကြည့် လိုက်သည် (သိပ်အရေးတကြီး ကိစ္စဖြင့် ဝင်လာသယောင် မျက်မှောင်ကြုတ်ရင်း)။ သို့သော် သူ အနည်းငယ် သဲသဲကွဲကွဲ မြင်လာရသည့်အခါ မည်သူကမှ သူ့ကို အရေးစိုက် ကြည့်မနေကြောင်း သိလာရသည်။ ပိုသေချာသည်က အစ်ဂနားရှပ်စ် ဂါလာဟာ တစ်ယောက် ခြေထောက်ကို ခွဲကာ ကောင်တာကို ကျောမှီရပ်နေသည်ကို တွေ့လိုက်ရခြင်း ဖြစ်သည်။

“ဟဲလို ... တော်မီ၊ ရှေးဟောင်း သူရဲကောင်းကြီး ပါလား။ မင်းလည်း သည်ရောက်နေသကိုး။ ဘာကိစ္စများ လဲ၊ ဘာသောက်မလဲ။ ငါကတော့ ဝီစကီ ကိုင်ထားပြီ။ ရေထက်စာရင် တော်လှပြီပေါ့ကွာ။ ဆော်ဒါလား၊ လစ်သီယာလား … ။ ဘိလပ်ရည်တော့ မသောက်ဘူး မဟုတ်လား။ ငါလည်း ဒီလိုပဲ။ သူက ယမကာအနံ့ကို ဖျက်ဆီးပစ်တယ်။ ဟေ့ ...သည်မှာ စားပွဲထိုးကောင်လေး၊ မော့ ဝီစကီ နှစ်ပိုင်းလောက် ယူခဲ့ဟေ့။ တို့ မတွေ့တာ ကြာလှပြီ။ မင်း ဘယ်ရောက်နေသလဲ။ ကြည့်စမ်းကွာ ..တို့ ဘယ်လောက် အိုစာသွားသလဲ။ ငါ ဘယ်နေရာ ရုပ်ရင့်သွားသလဲ ….မင်း တွေ့သလား။ ဆံပင် နည်းနည်းဖြူသွားတာ၊ ကျဲသွားတာ တို့ပေါ့”

ဂါလာဟာ က သူ့ဦးထုပ်ကို ချွတ်ပြီး ညှဉ်းသိုးသိုး ဖြစ်နေသည့် သူ့ခေါင်းကို ပြသည်။ မျက်နှာက ခပ်ကြီးကြီး ဖြူရော်ရော်။ မုတ်ဆိတ်၊ နှုတ်ခမ်းမွေးများ သန့်သန့်ရှင်းရှင်း ရိတ်ပယ်ထားပြီး၊ သူ၏ ဖြူရော်ရော် နာမကျန်း ဖြစ်မှုကို သက်သာစိမ့်သောငှာ၊ မီးခိုးပြာရောင် သူမျက်ဝန်းများက လိမ္မော်ရောင်တောက်နေသော သူ့လည်စည်း အထက်၌ ရောင်ဝါ ရွှန်းလဲ့နေသည်။ ဤအားပြိုင်မှု အသွင်အပြင် နှစ်ရပ်ကြား၌ နှုတ်ခမ်းအစုံက ပုံသဏ္ဌာန်မဲ့စွာ၊ အရောင်အဆင်းကင်းစွာ ရှည်ရှည်လျားလျား ရှိနေသည်။ သူ့ခေါင်းကို ငုံ့ကာ၊ သနားစဖွယ် သူ့လက်ချောင်းကလေးများဖြင့် ငယ်ထိပ်မှ ကျိုးတိုးကျဲတဲ ဆံပင်များကို စမ်းနေသည်။ ချန်ဒလာငယ်လေးက ခေါင်းခါပြလိုက်သည်။ ဂါလာဟာက ဦးထုပ် ပြန်ဆောင်း လိုက်ပြီး ဆက်ပြောသည်။

“ဒီဘဝက လူကို ဆွဲချတယ်၊ စာနယ်ဇင်းသမား ဘဝပေါ့။ အမြဲတမ်း ပျာလောင်ပျာလောင် ဖတ်သီဖတ်သီနဲ့။ မိတ္တူတွေပဲ လိုက်ရှာနေရတယ်။ တစ်ခါတစ်ခါလည်း မတွေ့ဘူး။ ပြီးတော့ .... အလုပ်ထဲမှာ အမြဲအသစ်တွေ ထည့်နေ ရတယ်။ သည် သောက်သုံးမကျတဲ့ ပုံနှိပ်စက်တွေ၊ ပုံနှိပ်မူကြမ်းတွေ၊ သည်လိုနေရာဟောင်းကို ပြန်လာရတာ သိပ်ဝမ်းသာ တယ်။ ရက်အားလေး ရလိုက်တာ သိပ်ကောင်းတယ်ကွာ။ ညစ်ညစ်ပတ်ပတ် ဒဗ္ဗလင်ကို ပြန်ရောက် ကတည်းက ငါ အရမ်းကို နေလို့ကောင်းသွားပြီ။ ကဲ .... တော်မီရေ့၊ ရေ ရောဦးမလား”

ချန်ဒလာငယ်လေးက သူ့ဝီစကီကို ရေများများ ရောခွင့်ပြုလိုက်သည်။

“မင်းအတွက် ဘာကောင်းတယ်ဆိုတာ မင်းမသိဘူး ချာတိတ်ရဲ့။ ငါကတော့ ရေမရောဘဲ သောက်နေကျ” ဟု ဆက်ပြောသည်။

ချန်ဒလာက ဣန္ဒြေရရပင် “ကျွန်တော်ကတော့ နည်းနည်းပဲသောက်ဖို့ စည်းကမ်းချထားတယ်။ တစ်ပိုင်းတည်းပဲ ချဖို့၊ မိတ်ဟောင်း သင်းဟောင်းတွေနဲ့ တွေ့တဲ့ အခါလောက်ပဲ သောက်ဖို့။ ဒါလောက်ပဲ” ဟု ပြန်ပြောသည်။

“အား … ကောင်းတာပေါ့ကွာ၊ ကဲ တို့နှစ်ယောက် အတွက် ရှေးဖြစ်ဟောင်း အမှတ်တရ ……”

နှစ်ယောက်သား ဖန်ခွက်ချင်းရိုက်ပြီး ဆုတောင်း လိုက်သည်။ ဂါလာဟာ က ဆက်ပြောသည်။

“ငါ ဒီနေ့ လူဟောင်းတချို့ တွေ့ခဲ့တယ်။ “အိုဟာရာ” ကြည့်ရတာ အခြေအနေ မကောင်းဘူး၊ သည်လူ ဘာတွေ လုပ်နေသလဲ”

“ဘာမှ မလုပ်ပါဘူး၊ သူ ခွေးတွေဆီ ရောက်နေတာ”

“ဒါပေမဲ့ “ဟိုဂင်” ကတော့ ဟန်နေပုံ ရတယ်၊ ဟုတ်တယ် မဟုတ်လား”

“ဟုတ်တယ်၊ သူက “မြေယာကော်မရှင်” မှာ ရောက်နေတာ”

“ငါ သူ့ကို လန်ဒန်မှာ တစ်ည တွေ့ခဲ့တာ၊ စမတ် ကျနေတာပါပဲ။ “အိုဟာရာ” ကတော့ သနားစရာ ပဲကွာ”

“သူ့လိုလူတွေ ရှိသေးတယ်” ချန်ဒလာက တိုတို တုတ်တုတ်ပင် ပြောသည်။ ဂါလာဟာ က ရယ်နေသည်။

“တော်မီ၊ မင်း ဘာမှ မပြောင်းသေးဘူးကွ၊ ငါ စိတ်ဆတ်ဆတ် နှုတ်လျှာကြမ်းကြမ်း ဖြစ်ခဲ့တုန်းက တနင်္ဂနွေ နေ့တိုင်း ငါ့ကို မင်း သြဝါဒပေးခဲ့တဲ့ ပုံစံအတိုင်း လေးလေး နက်နက် ရှိနေတုန်းပဲ။ မင်းက ကမ္ဘာကြီးကို ခေါင်းခေါက် ချင်နေတာ၊ ဟိုဟိုဒီဒီ ခရီးလေး ဘာလေးတောင် မထွက်ခဲ့ဘူးလား”

“ “မန်းကျွန်းစု” ကို ငါ ရောက်ခဲ့ပါတယ်” ဟု ချန်ဒလာငယ်လေးက ပြောသည်။

ဂါလာဟာ က ရယ်ပြန်သည်။

“မန်းကျွန်းစု .... ဟုတ်လား၊ လန်ဒန်ဖြစ်ဖြစ်၊ ပဲရစ် ဖြစ်ဖြစ် သွားရောပေါ့ကွာ။ ရွေးမယ်ဆိုရင် ပဲရစ်ပေါ့၊ မကောင်းဘူးလား”

“ခင်ဗျားရော ပဲရစ် ရောက်ဖူးသလား”

“ရောက်ဖူးတယ်လို့ ဆိုပါတော့၊ ခဏတစ်ဖြုတ် လှည့်ဖူးတယ်”

“သူတို့ပြောတဲ့အတိုင်း လှရော လှရဲ့လားဗျ”

မေးရင်း ချန်ဒလာက သူ့ဝီစကီကို နည်းနည်း စုပ် သောက်လိုက်သည်။

“လှတယ် …. ဟုတ်လား” ဂါလာဟာ က အရက်နံ့ခံရင်း ခဏနားသည်။ “သည်လောက်ကြီးလည်း မလှပါဘူးကွာ၊ မင်း သိပါတယ်။ လှတာတော့ လှတာပေါ့၊ ဒါပေမဲ့ ဒါဟာ ပဲရစ်ရဲ့ ဘဝ … ဒါပဲလေ။ ပဲရစ်လို အပျော်များ၊ အပျော်လွန်၊ ဂနာမငြိမ် လှုပ်ခတ်လွန်းတဲ့ မြို့တော်မျိုးတော့ ဘယ်ရှိမလဲ”

ချန်ဒလာက သူ့ဝီစကီကို လက်စသတ်လိုက်သည်။ ရီရီဝေဝေ ရှာဖွေကြည့်ပြီးမှ စားပွဲထိုးနှင့် မျက်လုံးချင်း ဆုံမိသည်။ အလားတူ ဝီစကီ ထပ်မှာလိုက်သည်။ စားပွဲထိုးတွေ ဖန်ခွက်လွတ်များ ယူသွားစဉ် ဂါလာဟာက ဆက်ပြော သည်။

“ငါ “မောင်လင်းရု” ကို ရောက်ခဲ့တယ်၊ ဘိုဟီးမီးယန်း ကော်ဖီဆိုင် မှန်သမျှလည်း ရောက်ခဲ့တယ်။ တယ် ပူလောင်တဲ့ ဟာတွေပဲ။ မင်းလို ဘာသာရေးကိုင်းရှိုင်းတဲ့ လူမျိုး တစ်ကောင်မှ မရှိဘူး၊ တော်မီရဲ့”

စားပွဲထိုး ဖန်ခွက်နှစ်ခွက်နှင့် ပြန်ရောက်လာသည် အထိ ချန်ဒလာက ဘာမှ ပြန်မပြောသေး။ ထို့နောက် သူငယ်ချင်း၏ ဖန်ခွက်ကို ခပ်သာသာထိရင်း၊ ယခင်အတိုင်း ဆုတောင်းကြသည်။ သူ အမြင်မှန် ရလာသယောင်လည်း ခံစားရသည်။ ဂါလာဟာ၏ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ဖော်သော ပြောဟန်ဆိုဟန် လေသံကို သူ သိပ်မကြိုက်ချင်။ သူ သူငယ်ချင်း၌ ယခင်က မရှိဖူးသော ရိုင်းစိုင်းမှုတစ်ခုခု တွေ့နေရသည်။ သို့သော်လည်း ဤသည်မှာ အပြိုင်အဆိုင်များသော စာနယ်ဇင်းလောက၊ ယောက်ယက်ခတ်လှသော လန်ဒန် လူနေမှုဘဝ၏ ရလဒ်မျှသာ ဖြစ်ဖွယ်ရှိပါသည်။ ယခင်က ချစ်ခင်နှစ်လိုဖွယ် အချက်များက ယခု ဝင့်ဝါသော အမူအရာအောက်၌ ရှိနေဆဲ ဖြစ်သည်။ မည်သို့ဖြစ်စေ၊ နောက်ဆုံးတော့ ဂါလာဟာကတော့ ရှင်သန်နေဆဲ …။ ကမ္ဘာကြီးကို သူ ကြည်ခဲ့ရပြီ။ ချန်ဒလာငယ်လေးက မနာလိုစွာ သူ့သူငယ်ချင်းကို ကြည့်သည်။

“ပဲရစ်မှာ အရာအားလုံးကတော့ ပျော်စရာတွေချည်းပဲ။ ဘဝကို ပျော်ပျော်နေဖို့လို့ပဲ သူတို့က ယုံကြည်ထားကြ တယ်။ သူတို့ မှန်တယ်လို့ မထင်ဘူးလား။ မင်းဘဝမှာ မင်းဟာမင်း ကျကျနန ပျော်ပျော်နေချင်ရင် ပဲရစ်ကို သွားရမှာပဲ။ တစ်ခုတော့ သတိထား၊ အိုင်းရစ်လူမျိုးဆိုရင် သူတို့ သိပ်ကို ခံစားချက်ရှိတယ်။ ငါ အိုင်ယာလန်က လာမှန်း သူတို့လည်း သိရော၊ ငါ့ကို စားတော့ ဝါးတော့မလိုပဲကွ”

ချန်ဒလာက သူ့ဖန်ခွက်ကို လေးငါးကြိမ် စုပ် သောက်လိုက်သည်။ ပြီး … သူက တစ်ခွန်း မေးကြည့်သည်။

“ကျွန်တော့်ပြောစမ်းပါ၊ ပဲရစ်ဟာ သူတို့ပြောသလို ဟို… စာရိတ္တ သိပ်ပျက်ပြားနေကြတယ်ဆိုတာ ဟုတ်သလား”

ဂါလာဟာက သူ့ညာလက်မောင်းကို ကက်သလစ် ဟန်ပန်မျိုး လုပ်လိုက်သည်။

“နေရာတကာမှာ စာရိတ္တတွေ ပျက်ပြားနေကြတာပဲ။ ပဲရစ်မှာတော့ ဒီ ပျက်ပြားမှုက ပို စူးစူးရှရှ ထိထိမိမိ ရှိတာပေါ့ကွာ။ ဥပမာ …ကျောင်းကပွဲသဘင် တစ်ခုခု သွားကြည့်ရင် သိမယ်။ အဲဒီမှာ “လျှပ်ပြာမယ်” လေးတွေ လျော့ရိ လျော့ရဲ စဖြစ်လာပြီဆိုတာနဲ့ မင်း စိတ်ကြိုက်တွေ့ရင် တွေ့သလို လုပ်နိုင်ပြီပေါ့ကွ။ သူတို့ ဘာတွေလဲဆိုတာ မင်းလည်း သိတယ် မဟုတ်လား”

“ကျွန်တော်လည်း အဲဒါ ကြားဖူးတယ်”

ဂါလာဟာက သူ့ဝီစကီကို အကုန် ရှင်းပစ်လိုက်ပြီး ခေါင်းကို ခါယမ်းလိုက်သည်။

“မင်း ကြိုက်သလို ပြောနိုင်တယ်။ ပဲရစ်သူလို မိန်းမမျိုးကတော့ ဘယ်မှာမှ မရှိဘူး။ ဟန်ပန်အရကော၊ သွားလာ ပုံကော”

“အဲလိုနဲ့ စာရိတ္တပျက်စီးနေတဲ့ မြို့တော်တစ်ခု ဖြစ် နေရတာပေါ့။ ကျွန်တော် ဆိုလိုတာ လန်ဒန်၊ ဒါမှမဟုတ် ဒဗ္ဗလင်နဲ့စာရင် ပြောပါတယ်” ဟု ချန်ဒလာက ပြောသည်။

“လန်ဒန် .... ဟုတ်လား၊ သူက ဒီလိုမြို့မျိုး တစ်ဒါဇင် ခွဲလောက်မှာ နံပါတ် ၆ ပဲ ရှိတယ်။ ဟိုဂင်ကို မေးကြည့်ပါ လား ချာတိတ်ရဲ့၊ သူ လန်ဒန်ကို ရောက်လာတုန်းက ငါ လန်ဒန်အကြောင်း အတော်လေး ပြလိုက်တယ်။ သူက မင်း မျက်လုံးကို ဖွင့်ပေးလိမ့်မယ်။ အဲ တော်မီ …… နေဦး၊ ဝီစကီ ကို သကြားဖျော်ရည် မရောနဲ့လေ၊ ဒီတိုင်းထား ....”

“မဟုတ်သေးဘူးလေ၊ ဟို ....”

“အမယ် … လုပ်စမီးပါ၊ နောက်ထပ်သောက်လို့ မင်း ဘာမှ ဖြစ်မသွားဘူး။ ဘာဖြစ်မှာလဲ၊ ဒီတိုင်းပဲ မဟုတ်လား”

“အေးလေ …. ကောင်းပါပြီ”

“ဒီတိုင်းပါပဲ ကိုယ့်ဆရာရဲ့၊ ဆေးလိပ်ကော သောက်ဦးမလား တော်မီ”

ဂါလာဟာက သူ့ စီးကရက်ဘူးကို ထိုးပေးသည်။ သူငယ်ချင်း နှစ်ယောက်သား မီးညှိပြီး စားပွဲထိုး ရောက်လာ သည်ထိ တိတ်တိတ်ဆိတ်ဆိတ် ဖွာနေကြသည်။

ဂါလာဟာက ဆေးလိပ်မီးခိုး တိမ်တိုက်များကြားထဲ ခေတ္တပုန်းရှောင်နေရာမှ ထွက်လာပြီး ဆက်ပြောသည်။

“ငါ့အယူအဆကို ပြောပြမယ်၊ သည်ဒေသကြီးက ဆန်းကြယ်တဲ့ ကမ္ဘာကြီးတစ်ခုပဲ။ စာရိတ္တပျက်ပြားမှု အကြောင်း ပြောကြတယ်၊ ဟုတ်လား။ ငါလည်း သည်ဖြစ်ရပ်တွေ ကြားခဲ့ရတယ်။ ဘယ်လို ပြောရမလဲကွာ၊ သူတို့ ကိုတော့ ငါ နားလည်ပါတယ်။ အင်း .... သည်ကိစ္စတွေ၊ စာရိတ္တဖောက်ပြန်မှု ....”

ဂါလာဟာက အတွေးနက်ရင်း သူ့ဆေးလိပ်ကို ဖွာနေသည်။ ထို့နောက်... တည်ငြိမ်သော သမိုင်းဆရာ တစ်ယောက်၏ လေသံမျိုးဖြင့်၊ နိုင်ငံရပ်ခြား၌ ဖောခြင်းသောခြင်း လှိုင်ဘောလည်အောင် တွေ့ရသော ကိုယ်ကျင့်တရား လှိုက်စားမှု ရုပ်ပုံလွှာတချို့ကို သူငယ်ချင်းအတွက် ဆက်လက် ချပြပေးသည်။ မြို့ကြီးပြကြီးများစွာ၏ အပြစ်အနာအဆာ များစွာကို အကျဉ်းချုံး ပြောပြသည်။ ဘာလင်မြို့ကိုမူ ထန်းလက်ကာပြီး ဆုချပေးလိုဟန် ရှိသည်။ သူ အာမ မခံနိုင်သော ကိစ္စရပ်တချို့အကြောင်း (သူ့သူငယ်ချင်း ပြောထားသော အရာများ)၊ သို့သော် သူ ပုဂ္ဂိုလ်ရေးအရ တွေ့ကြုံခဲ့ရသော ကိစ္စ များလည်း ပါဝင်သည်။ ဤသို့ ဖောက်သည်ချရာ၌ ရာထူးရာခံ၊ လူနေမှု အဆင့်အတန်း၊ ဇာတ်မြင့်ဇာတ်နိမ့် မရွေး ဘာကိုမှ သူ သက်ညှာထိမ်ချန်ထားခြင်း မပြု။ ထို ဥရောပတိုက်ကြီးပေါ်ရှိ ဘာသာရေးအသင်း ဂေဟာတို့၏ လျှို့ဝှက်ချက် ဇာတ်ရှုပ်တို့ကို သူ ဖွင့်ချသည်။ အထက်တန်းလွှာ လောက၌ ဖက်ရှင်သဖွယ် ဖြစ်နေသော အလေ့အထ အမူအကျင့် တချို့ကို ပြောပြသည်။ ထို့နောက် သူ အမှန်အတိုင်း သိလာခဲ့ရသော ဇာတ်လမ်းတစ်ခု ဖြစ်သည့် အင်္ဂလိပ် မြို့စားကတော် တစ်ယောက်၏ အကြောင်းကို အသေးစိတ် ပြောပြရင်း နိဂုံးချုပ်သည်။ ချန်ဒလာငယ်လေး အတော် အံ့အားသင့်နေသည်။ ဂါလာဟာက ဆက်ပြောသည်။

“အေး ……ကောင်းတယ်ကွာ၊ ငါတို့ကတော့ သည် ကိစ္စတွေ ဘာမှမသိတဲ့ ဒဗ္ဗလင်မှာပဲ ရှေးရိုးရာကျကျ ခုန်ဆွ ခုန်ဆွ ကျန်ခဲ့တာပေါ့ကွာ”

“သည်လိုနေရာတွေ အနှံ့ရောက်ခဲ့ပြီးမှ ဒဗ္ဗလင် ပြန်ရောက်လာတော့.. ခင်ဗျားအတွက် သိပ်ပျင်းစရာ ကောင်းနေ မှာပဲ နော်”

“အင်း .... သည်ပြန်ရောက်ရတာ အနားယူ အပန်းဖြေသလိုပါပဲ။ မင်း သိတယ် မဟုတ်လား။ ပြီးတော့ .... သည်နေရာဟာ တို့ရဲ့ ဇာတိနေရာဟောင်းပဲ။ သူတို့ပဲ ပြောတယ်လေ၊ မင်းကတော့ သည်လိုမခံစားဘဲ နေနိုင်မှာ မဟုတ် ပါဘူး။ ဒါ လူ့သဘာဝပဲ။ ဒါနဲ့ …… နေစမ်းပါဦး၊ မင်းအကြောင်းလေးလည်း ပြောပြဦးမှပေါ့။ ဟိုဂင်ကတော့ ပြောတယ်ကွ။ မင်းကို … ဃရာဝါသ ကိစ္စနဲ့ လောကီ စည်းစိမ် တွေ့နေပြီတဲ့။ နှစ်နှစ်လောက် ရှိပြီဆို ဟုတ်လား”

ချန်ဒလာက ရှက်အမ်းအမ်းနှင့် ပြုံးလိုက်သည်။

“ဟုတ်တယ်၊ ကျွန်တော် ပြီးခဲ့တဲ့ မေလက လက်ထပ်ခဲ့တယ်။ ၁၂ လ ရှိပြီ”

“ဒါဆို ငါ ဆုတောင်းမေတ္တာပို့ဖို့ သိပ်နောက်မကျသေးဘူးပေါ့ကွာ။ မင်းလိပ်စာ ငါမသိလို့ကွ၊ နို့မို့ဆို အချိန် မီတယ်”

သူ့လက်ကို ကမ်းပေးရာ ချန်ဒလာက ဆွဲယူနှုတ်ဆက်လိုက်သည်။

“ကောင်းပြီ … တော်မီ၊ မင်းဘဝမှာ ပျော်ရွှင်စရာ အတိနဲ့ ပြီးပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ရွှေငွေရတနာ တွေလည်း တောင်လိုပုံပါစေ၊ ငါ ပစ်သတ်တယ်ဆိုတဲ့ တိုင်အောင် မသေနိုင်တဲ့အထိ အသက်ရှည်ပါစေ။ ဒါ အရိုးသားဆုံး သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ဆုမွန်ပဲ၊ သူငယ်ချင်းရဲ့။ နားလည်ရဲ့လား”

“နားလည်ပါတယ်”

“ကလေးတွေကော ရပြီလားကွ”

ချန်ဒလာက ရှက်သွားပြန်သည်။

“တစ်ယောက်ပဲ မွေးပါတယ်”

“သားလား၊ သမီးလားကွ”

“ယောက်ျားလေးပါ”

ဂါလာဟာက သူ့သူငယ်ချင်း ကျောကုန်းကို ဖြန်းခနဲ မြည်အောင် ရိုက်လိုက်သည်။

“ကောင်းတယ်ဟေ့၊ မင်းကို ငါ မစိုးရိမ်တော့ဘူး တော်မီရေ့”

ချန်ဒလာငယ်လေးက ပြုံး၍ သူ့ဖန်ခွက်ကို စိတ်ရှုပ်ရှုပ်နှင့် ကြည့်နေသည်။ ကလေးဆန်သော သူ၏ ရှေ့သွား ဖြူဖြူ သုံးချောင်းဖြင့် အောက်နှုတ်ခမ်းကို ကိုက်ထားသည်။

“ခင်ဗျား မပြန်ခင် တစ်ညလောက် ကျွန်တော်တို့ အိမ် လာလည်ပါလား။ ကျွန်တော့်မိန်းမကလည်း ခင်ဗျား ကို တွေ့ချင်မှာပါ။ သီချင်းလေး ဘာလေး နားထောင်ရင်း ....ပြီးတော့”

“သိပ်ကျေးဇူးတင်တာပေါ့ သူငယ်ချင်းရယ်၊ သည့်ထက်စောစော တို့ မတွေ့မိကြတာ နာတယ်။ ငါက မနက်ဖြန် ညပဲ ပြန်တော့မှာကွ”

“သည်ညကော ဖြစ်နိုင်မလား”

“ဟာ ....သိပ်ဝမ်းနည်းပါတယ်ကွာ၊ ငါ အခု သည်လာတာ အဖော်တစ်ယောက် ပါသေးတယ်ကွ။ ရည်ရည် မွန်မွန် လူငယ်တစ်ယောက်ပါပဲ။ ငါတို့မှာက သည်ည ဖိတ်ထားတဲ့ ပါတီပွဲတစ်ခု တက်ဖို့ရှိတယ်၊ ဟိုဒင်းအတွက်ပါ”

“ဒါဖြင့်ရင် ..”

“ဒါပေမဲ့ မပူပါနဲ့၊ နောက်နှစ်ဆို ဘယ်သူပြောနိုင်မလဲ။ ငါ သည်နေရာ ထပ်ပြီး ခရီးထွက်ချင် ထွက်လာရဦး မှာပေါ့၊ အဆင်ချောရစေ့မယ်ကွာ။ အဲဒီအချိန်ကျ ...မှ”

“ကောင်းပြီလေ၊ နောက်တစ်ကြိမ် ရောက်ခဲ့ရင် ကျွန်တော်တို့ တစ်ညနေ ဆုံကြတာပေါ့။ ဒါ ခုကတည်းက သဘောတူထားပြီးသားနော်၊ ဟုတ်ပြီလား”

“ဟုတ်ပြီ၊ တူထားပြီးပြီ။ နောက်နှစ် ငါ ရောက်တဲ့ အခါ ကတိပေးတယ်ပေါ့ကွာ”

“ကဲ … ကျွန်တော်တို့ရဲ့ သဘောတူချက်ကို ခိုင်မာဖို့ အတွက် နည်းနည်း ထပ်ချကြရအောင်”

ဂါလာဟာက သူ၏ ကြီးမားသော ရွှေလက်ပတ် နာရီကြီးကို ထုတ်ပြီး ကြည့်လိုက်သည်။

“ဒါပြီးရင် ပြီးပြီနော်၊ ဘာ့ကြောင့်ဆို မင်း သိပါတယ်။ ငါ့မှာ ချိန်းထားတာ ရှိနေလို့”

“ဟုတ်ပါပြီ၊ ဒါ တကယ့်နောက်ဆုံးပါ”

“ဒါဖြင့် …… ကောင်းပြီ၊ တို့ နောက်တစ်ကြိမ် တစ်ကော် နှစ်ကော်လောက်ပေါ့ကွာ။ သည်ဒေသမှာ ဝီစကီက နည်းနည်းမှ ကောင်းတာ”

ချန်ဒလာငယ်လေးက အရက်မှာလိုက်သည်။ ပြီးခဲ့သည့် တစ်ခဏက ရှက်သွေးဖြန်းနေခြင်းများ ငြိမ်ကျသွားခဲ့ပြီ။ အသေးအဖွဲ တစ်ခုခုက သူ့ကို အချိန်မရွေး ရှက်သွေး ဖြန်းစေသည်။ ယခုမူ နွေးနွေးထွေးထွေးနှင့် စိတ်လှုပ်ရှားနေသည်။ ဝီစကီ သုံးခွက်က သူ့ခေါင်းထဲ ရောက်သွားခဲ့ပြီ။ ဂါလာဟာ၏ ဆေးပြင်းလိပ် အနံ့ဆိုးကလည်း သူ့စိတ်ကို နောက်ကျိ စေသည်။ သူက နူးညံ့ပြီး ဆေးလိပ်ကို ရှောင်ကြဉ်သူလည်း ဖြစ်သူ။ ရှစ်နှစ်အကြာမှာ ဂါလာဟာနှင့် ပြန်တွေ့ရခြင်း။ ကော်လက်စ်ဆိုင်အတွင်း အလင်းရောင်များ၊ ဆူညံသံများကြားမှ ဂါလာဟာ၏ ပုံပြင်များ နားထောင်ရခြင်းနှင့် ဂါလာဟာ ၏ လေလွင့်ရင်းဖြင့် အောင်မြင်သော ဘဝကို တိုတိုတောင်းတောင်း ဝေမျှယူရခြင်း ……… စသည့် စွန့်စားခန်းများက သူ၏ ထိလွယ်ခိုက်လွယ် သဘာဝ၏ နှစ်ဖက်အားမျှခြေကို ဖရိုဖရဲ ဖြစ်စေလေသည်။ သူ့ကိုယ်ပိုင် ဘဝနှင့် သူ့သူငယ်ချင်း ဘဝတို့ အကြား ခြားနား ကွာဟမှုကို စူးစူးရှရှ ခံစားရပြီး၊ ဤသည်မှာ မတရားဟု သူ ထင်သည်။ ဂါလာဟာမှာ အသိပညာ အရ သူ့ထက် နိမ့်ကျသူ ဖြစ်သည်။ သူ့သူငယ်ချင်း လုပ်ခဲ့ပြီးသမျှ၊ သို့မဟုတ် လုပ်နိုင်သမျှတို့ထက် သူ ပိုကောင်းအောင် လုပ်ပြနိုင်သည်မှာ သေချာသည်။ အခွင့်အလမ်းသာရလျှင် ယခု ရှိနေသော ပြူးတူးပြဲတဲ ကြောင်တက်တက် စာနယ်ဇင်း လောကထက် အဆင့်အတန်းမြင့်သော အရာများ သူ လုပ်ပြနိုင်သည်။ သူ့ဘဝမှာ ဘာတွေက လာပြီး ပိတ်ရပ်နေသနည်း။ ကံခေလှစွာသော သူ၏ တွန့်ဆုတ်နေမှုများလား ...။ တစ်နည်းနည်းဖြင့် သူ့၌ အပြစ်မရှိကြောင်း ထုချေ ပြချင်နေသည်။ သူ့ဖိတ်ကြားချက်ကို ဂါလာဟာ ငြင်းပယ်ခြင်း၏ နောက်ကွယ်မှ အချက်ကို သူ မြင်သည်။ ဂါလာဟာ က ခင်မင်ရင်းနှီးမှုဖြင့် သူ့အပေါ် တင်စီးသွားသလို ဇာတိရပ်သို့ လာလည်ခြင်းဖြင့်လည်း အိုင်ယာလန်ကို တင်စီးသွားပြန်သည်။

စားပွဲထိုးက အရက်များ ယူဆောင်လာသည်။ ချန်ဒလာက တစ်ခွက်ကို သူ့သူငယ်ချင်းထံ ထိုးပေးပြီး၊ ကျန် တစ်ခွက်ကို ခပ်ရဲရဲပင် ကောက်ကိုင်သည်။ ကိုယ့်ဖန်ခွက် ကိုယ် မြှောက်ကိုင်ရင်း ချန်ဒလာက ပြောသည်။

“ဘယ်သူ သိနိုင်မလဲလေ။ နောက်နှစ် ခင်ဗျား ရောက်လာရင် …. မစ္စတာ ဂါလာဟာနှင့် မစ္စက်ဂါလာဟာတို့ ဇနီး မောင်နှံအတွက် တစ်သက်မခွဲ ပျော်ပျော်ကြီး ရွှေလက်တွဲ နိုင်စေကြောင်း ကျုပ်က ဆုမွန်ကောင်း တောင်းနိုင်ဦးမှာပေါ့”

ဂါလာဟာက ဖန်ခွက် နှုတ်ခမ်းစပ်တစ်လျှောက်မှ ကျော်ကြည့်ကာ မျက်စိတစ်ဖက် မှိတ်ရင်း ခပ်မျှဉ်းမျှဉ်း ဇိမ်ခံ သောက်နေသည်။ အားလုံး သောက်ပြီးသည့်အခါ နှုတ်ခမ်းကို လျှာဖြင့်သိမ်းကာ၊ ဖန်ခွက်ကို ပြန်ချပြီး ပြောသည်။

“သည့်အတွက်တော့ သိပ်သောက ကြွယ်မနေပါနဲ့ ချာတိတ်ရာ။ အဲဒီ အိမ်ထောင်ကျတယ် ဆိုတဲ့ကိစ္စ ဖြစ်လာ ရင်တောင် .... ငါ အဲဒီ အိတ်ထောင်ထဲ ခေါင်းစိုက်မကျခင်၊ သည်လောကကြီးနဲ့ သည်ဘဝကြီးကို ကောင်းကောင်းကြီး ကြည့်ပြီး ပျော်ပျော်ကြီး နေလိုက်ဦးမှာပါ”

“ခင်ဗျား တစ်နေ့နေ့တော့ ဖြစ်ဦးမှာပါ” ဟု ချန်ဒလာငယ်လေးက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“မင်း သည်လိုပဲ ထင်သလား”

“ခင်ဗျား တစ်နေ့တော့ အိတ်ထောင်ထဲ ခေါင်းစိုက်ကျဦးမှာပဲ။ အများသူငါလို ကြိုက်တဲ့မိန်းကလေး တစ်ယောက် ယောက် တွေ့လာရင်ပေါ့ဗျာ”

သူ့လေသံကို မသိမသာ အလေးအနက်ထားပြီး ချန်ဒလာငယ်လေးက ခပ်ကျောကျောဖြင့် ဆက်ပြောသည်။ သူ့ကိုယ်သူ သစ္စာဖောက်မိသလိုလိုဖြင့် သူ့ပါးပြင်ပေါ် သွေးရောင်တက်လာသော်လည်း၊ သူ့သူငယ်ချင်း၏ စိုက်ကြည့် နေမှုကို မျက်နှာမလွှဲဘဲ နေလိုက်သည်။ ဂါလာဟာက တစ်အောင့်လောက် စိုက်ကြည့်နေပြီးမှ ပြန်ပြောသည်။

“အဲလို ဖြစ်လာဦးတော့ကွာ ... ငါ ဘယ်တော့မှ လျှောက်ပြန်သံပေး၊ ခြေအေးဝမ်းရောင် မဖြစ်ဘူး ဆိုတာ မင်း ရှိသမျှ ဒေါ်လာ တစ်ပြားမကျန် ချလောင်းနိုင်တယ်ကွ။ ဆိုလိုတာက ငါက ငွေကိုသာ လက်ထပ်မှာ။ ငါယူမယ့် မိန်းကလေး ဟာ ဘဏ်မှာ ငွေစာရင်း တစ်ဝကြီး ရှိနေရမယ်။ နို့မို့ရင် ငါ့အတွက် ဘာမှ သုံးရမှာ မဟုတ်ဘူး”

ချန်ဒလာငယ်လေးက ခေါင်းကို ခါလိုက်သည်။ ဂါလာဟာက အရှိန်ပြင်းပြင်း ဆက်ပြောသည်။

“ဘာဖြစ်လို့လဲကွ၊ သူတို့မပါလည်း တို့ယောက်ျားတွေ အသက်ရှင်နေနိုင်တာပဲ။ မင်း သိပါတယ်၊ အခုဟာ ငါ စကားအဖြစ် ပြောတာပါ။ မနက်ဖြန်ဆို ငွေရော မိန်းမရော တစ်ပါတည်း ငါ ရလာမှာပေါ့။ မင်း မယုံဘူးလား၊ ငါတော့ ယုံတယ်။ ဘယ်လိုပြောမလဲ၊ ချမ်းသာတဲ့ ငွေကြေးတွေနဲ့ ပုပ်ပွနေတဲ့ ဂျာမန်တွေ၊ ဂျူးတွေ ရာနဲ့ ထောင်နဲ့ချီပြီး ရှိနေတယ်။ ဒါ ဝမ်းသာစရာ။ ခဏပဲ စောင့်လိုက် ... ချာတိတ်ရ။ ငါ့ဖဲ ကောင်း မကောင်း မင်းတွေ့လိမ့်မယ်။ ငါ တစ်ခုခု လှုပ်ရှား လိုက်ပြီဆို ……ဒါ အလုပ်သဘောလို့ မှတ်။ ဒါ အသေအချာ ပြောထားမယ်။ မင်း စောင့်ကြည့်ရုံပဲကွာ”

သူ့ဖန်ခွက်ကို နှုတ်ခမ်းဝတေ့၊ အပြီးသတ်မော့ကာ ကျယ်လောင်စွာ ရယ်လိုက်သည်။ ပြီးမှ စဉ်းစဉ်းစားစား တွေခနဲ နေကာ၊ တည်ငြိမ်သောလေသံနှင့် ပြောပြန်သည်။

“ဒါပေမဲ့ ငါ သိပ်အလျင်မလိုပါဘူး။ သူတို့က စောင့်နိုင်ပါတယ်။ ငါ့ကိုယ်ငါ မိန်းမတစ်ယောက်နဲ့ သွားပြီး ချည်နှောင်ထားဖို့ စိတ်ကူးမယဉ်ဘူးဆိုတာ .... မင်း သိပါတယ်”

သူ့ပါးစပ်ကို တစ်ခုခု အရသာခံသည့် အမူအရာ လုပ်ပြကာ၊ မျက်နှာကိုလည်း ရှုံ့မဲ့ပြသည်။

“ခပ်ကြာကြာလေးတော့ မှိုတက်နေရဦးမယ်ဆိုတာ ငါ သိထားရမှာပေါ့ကွာ” ဟု ပြောလိုက်သည်။

 

အိမ်ခန်းမ၏ ဘေးဘက်အခန်းငယ် တစ်ခုအတွင်း၌ ချန်ဒလာငယ်လေး၊ သူ့ကလေးငယ်ကို ပွေ့ချီထားလျက် ထိုင် နေသည်။ အိမ်သုံးစရိတ် ခြိုးခြလို၍ သူတို့ အိမ်စေမထားသော်လည်း “အင်နီ” ၏ ညီမ “မော်နီကာ” က မနက်ခင်းပိုင်း တစ်နာရီ နှစ်နာရီခန့် လည်းကောင်း၊ ညနေပိုင်း၌လည်း တစ်နာရီ နှစ်နာရီခန့် လည်းကောင်း လာရာက်ကူညီ လုပ်ကိုင် ပေးတတ်သည်။ သို့သော် “မော်နီကာ” အိမ်ပြန်သွားသည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သည်။ ယခု ကိုးနာရီမတ်တင်း ရှိနေ ချေပြီ။ ချန်ဒလာ အိမ်ပြန်ရောက်သည်မှာ လက်ဖက်ရည် သောက်ချိန် လွန်သွားသည်အထိ နောက်ကျနေခဲ့သည်။ ထို့အပြင် အင်နီအတွက် အိမ်အပြန် ဝယ်လာနေကျ “ဗျူလေး” ဆိုင်မှ ကော်ဖီကိုလည်း ဝင်ဝယ်ရန် မေ့လာခဲ့ပြန်သည်။ ထို့ကြောင့် သူမက မျက်နှာအိုပြီး သူ့အပေါ် မေးတစ်ခွန်း ဖြေတစ်ခွန်းနှင့် ကောင်းကောင်း စကားမပြောချင်။ လက်ဖက်ရည် မသောက်ရလည်း အကြောင်းမဟုတ်ပါဘူး ဟု ပြောနေသော်လည်း ထိုလမ်းထောင့်မှ ဆိုင်ပိတ်ချိန် ရောက်လုသည့်အခါ၊ သူ့ဟာသူသာ လက်ဖက်ခြောက်မှုန့် ပေါင်တစ်စိတ်နှင့် သကြားနှစ်ပေါင် ထွက်ဝယ်ရန် ဆုံးဖြတ် လိုက်သည်။ အိပ်ပျော်သော ကလေးကို သူ့လက်မောင်း ကြားတွင် ကျင်လည်စွာ ချထားရစ်ပြီး ပြောလိုက်သည်။

“ကဲ .. ယူထား၊ မနိုးစေနဲ့ဦး”

စားပွဲပေါ်၌ တရုတ်မီးကာ အဖြူလေးနှင့် မှန်မီးအိမ်တစ်လုံးက လင်းနေသည်။ မီးအိမ်အလင်းရောင်က တွန့်ကြေ နေသော ပေါင်ဖြင့် မှန်ပေါင်ခတ်ထားသော ဓာတ်ပုံ တစ်ပုံပေါ် ကျရောက်နေသည်။ အင်နီ၏ ဓာတ်ပုံ ဖြစ်သည်။ ချန်ဒလာက ဓာတ်ပုံကို စိုက်ကြည့်ရင်း သေးသွယ်စေ့စပ်သော နှုတ်ခမ်းပါးလေးကို အာရုံစိုက်မိသည်။ သူမက အပြာ ဖျော့ဖျော့ နွေရာသီဝတ် ဘလောက်စ်အင်္ကျီကို ဝတ်ထားသည်။ စနေနေ့ တစ်ရက်ရက်က သူ လက်ဆောင်အဖြစ် အိမ်အပြန် ဝယ်လာသောအင်္ကျီ ဖြစ်သည်။ ငွေတစ်ဆယ်နှင့် ဆယ့်တစ်ပဲနိသာ ပေးရပါသည်။ သို့ပေမယ့် ပြင်းပြလှတဲ့ စိတ်ကျဉ်းကျပ်မှုနှင့် လဲယူခဲ့ရပါပကော။

ထို ဘလောက်စ်အင်္ကျီလေး ရမည့်အရေးကို ဆိုင်ထဲ လူရှင်းသည်အထိ ဆိုင်တံခါးဝ၌ အကြာကြီး စောင့်ဆိုင်း ခဲ့ရသည်။ ဆိုင်ထဲရောက်၍ ကောင်တာ၌ ရပ်မိသည့် အခါ၌လည်း သူ့ကို အမျိုးသမီး ဘလောက်စ်အင်္ကျီများ စုပုံထုတ် ပြနေသော စာရေးမလေးရှေ့၌ အမူအရာမပျက်အောင် ကိုယ့်ကိုယ်ကိုယ် ထိန်းနေရသည်။ ကျသင့်ငွေ ချေသည့်အခါ၌ လည်း ပြန်အမ်းငွေများယူရန် မေ့သွား၍ ငွေကိုင်စာရေးက လှမ်းခေါ်ရသည်။ နောက်ဆုံး ရှက်အမ်းအမ်း ဖြစ်နေသော မျက်နှာကို ဖုံးကွယ်ရန် ကြိုးစားသည့်အနေဖြင့် သူ့ပစ္စည်းထုပ် ချည်ထားသောကြိုး မြဲ မမြဲ စစ်ဆေးသလိုလို မျက်နှာ ငုံ့ပြီး ပြန်ထွက်ခဲ့သည်။

အိမ်သို့ ဘလောက်စ်အင်္ကျီ ယူလာသည့်အခါ “အင်နီ” က အင်္ကျီ လှကြောင်း၊ ခေတ်ဆန်ကြောင်း ပြောပြီး သူ့ကို နမ်းသည်။ သို့သော် ဈေးနှုန်းကို ထပ်ကြားရသည့် အခါ၌မူ အင်္ကျီကို စားပွဲပေါ် ပစ်တင်ပြီး၊ သည်အင်္ကျီအတွက် တစ်ဆယ် နှင့် ဆယ့်တစ်ပဲနိ ပေးရခြင်းမှာ လုပ်နေကျအတိုင်း ဈေးတင်ပြီး ဖြတ်စားလျှပ်စား လုပ်လိုက်ခြင်းဖြစ်ကြောင်း ပြောတော့သည်။ ပထမပိုင်း သူမက အင်္ကျီကို ဆိုင်ပြန်ပို့ချင် နေသော်လည်း ကိုယ်ပေါ် ဝတ်ကြည့်သည့် အခါမတော့ အလွန်တရာ နှစ်ခြိုက်သွားမိတော့သည်။ အထူးသဖြင့် အင်္ကျီ လက်ကို မနောခွေ့မိသည်။ သို့နှင့် သူ့ကိုနမ်းပြီး သူမနှင့် လိုက်ဖက်သည်ကို စဉ်းစားရှာဖွေရာ၌ တော်လှကြောင်း ချီးကျူးသည်။

“အင်း ....”

ဓာတ်ပုံထဲမှ မျက်ဝန်းများကို သူ သွေးအေးအေးဖြင့် စိုက်ကြည့်နေရာ၊ သူတို့ကလည်း သွေးအေးအေးဖြင့် တုံ့ပြန် သည်။ ထိုမျက်ဝန်းအစုံက အမှန်တကယ် ချစ်စဖွယ်ကောင်းသလို၊ ထိုမျက်နှာလေးကလည်း ချစ်စရာ ချောလှပါသည်။ သို့သော် ထိုအထဲ၌ အဆင့်အတန်းနိမ့်ကျမှု တစ်စုံတစ်ရာလည်း သူ တွေ့ရသည်။ အဘယ့်ကြောင့် ထိုမျက်နှာက သိစိတ် ကင်းမဲ့သလိုလိုနှင့် မိန်းမဆန်လွန်းရပါသလဲ။ ဣန္ဒြေ ဆောင်ထားသော မျက်ဝန်းများက သူ့ကို ဇဝေဇဝါ ဖြစ်စေသည်။ ယင်းတို့က သူ့ကို ပယ်လှန်ငြင်းဆန်ပြီး၊ သူ့ကို အာခံနေသည်။ ယင်းတို့ထဲ၌ စွဲလမ်းမှုအချစ်လည်း မတွေ့ရ၊ ပီတိလည်း မရှိ။ ဂါလာဟာ ပြောပြသည့် ချမ်းသာသော ဂျူးမများအကြောင်း သူ စဉ်းစားမိသည်။ နက်မှောင်သော အရှေ့တိုင်းသူ မျက်ဝန်းများ မည်မျှ စွဲမက်ဖွယ် ချစ်အာရုံတို့ ပြည့်လျှမ်းနေပါသလဲ …. မည်မျှ ကာမဂုဏ်ကို တမ်းတမ်းမက်မက် တောင့်တ နေသော မျက်ဝန်းမျိုးလဲ။ ဘာ့ကြောင့် သည်ဓာတ်ပုံထဲက မျက်ဝန်းများကို သူ လက်ထပ် မိပါလိမ့်နော် .. ။

အမေး ပြဿနာကြားထဲ သူ့ကိုယ်သူ မိနေကာ အခန်းပတ်ပတ်လည်ကို ဘာရယ်မဟုတ် လှည့်ပတ်ကြည့်မိ သည်။ အငှားအရမ်းစနစ်နှင့် အိမ်သို့ယူလာပြီး ခင်းကျင်းထားသော လှပသည့် ပရိဘောဂကို ကြည့်ရင်း ယင်းကို အဆင့် အတန်း နိမ့်သည်ဟု မြင်မိသည်။ အင်နီ သူဟာသူ ရွေးချယ်တားသောအရာ ဖြစ်ကာ၊ ယင်းက အင်နီကို သတိရစေသည်။ ပရိဘောဂကလည်း လှလှပပနှင့် ဣန္ဒြေဆောင် နေပြန်သည်။ သူ့ဘဝကိုသူ ဆန့်ကျင်သော ငြီးငွေ့ဖွယ်ရာ နာကြည်းမှု တစ်ခုက သူ့ကို လှုပ်နှိုးလိုက်သည်။ ဤအိမ်ငယ်လေးမှ သူ မလွတ်မြောက်နိုင်တော့ဘူးလား။ ဂါလာဟာ လို ဘဝကို ရဲရဲ တင်းတင်း နေတတ်အောင် သူ ကြိုးစားကြည့်ဖို့ သိပ်နောက်ကျနေပြီလား။ လန်ဒန်ကို သူ သွားနိုင်ပါ့မလား …။ ပရိဘောဂ အတွက်လည်း ငွေချေရဦးမည်။ စာအုပ်တစ်အုပ်သာ ရေးပြီး ကောက်ထုတ်လိုက်နိုင်ပါက သူ့အတွက် လမ်းပွင့်သွား နိုင်သည်။

သူ့ရှေ့စားပွဲပေါ်၌ “ဘိုင်ရွန်” ၏ ကဗျာပေါင်းချုပ် စာအုပ်တွဲ တစ်တွဲက လဲလျောင်းနေသည်။ ကလေး နိုးသွား မည်လည်း စိုးသောကြောင့် သူ ဘယ်လက်ဖြင့် ကဗျာ စာအုပ်ကို သတိကြီးစွာ ဖွင့်လိုက်ပြီး၊ ပထမဆုံး ကဗျာကို စတင် ရွတ်ဖတ်သည်။

“ညနေခင်း မှောင်ရီပျိုးဆဲ၊

လေက ဆိတ်ငြိမ်ခဲ့။

လေပြည်လေညင်းတစ်ချက်

တောအုပ်ကို

ဖြတ်သန်းလှည့်လည်ခဲ့ချေပေါ့။

ထိုစဉ် ....

ငါ့မားဂရက်ရဲ့ အုတ်ဂူကို

ရှုစားရန် ငါပြန်လာ

ငါချစ်တဲ့ မြေမှုန့်ပေါ်မှာ

ပန်းများက ပြန့်ကျဲလို့။

သူ ရပ်နားလိုက်သည်။ အခန်းတွင်း သူ့ခေါင်း အထက်တစ်ခွင်မှာ ကဗျာ၏ နရီတက်ကျသံကို ခံစားရသည်။ မည်မျှ ဆွေးမြည့်ဖွယ် ကောင်းလိုက်ပါသလဲ။ သူ လည်း အလားတူ သူ့စိတ်ဝိညာဉ်၏ ဆွေးမြည့်ဖွယ်ရာတို့ ကို ကဗျာထဲ ထည့်စပ်နိုင်ပါသည်။ သူ ဖော်ကျူးချင်သည့် အရာက များလှပါဘိ။ ပမာအားဖြင့် “ဂရက်တန်” တံတား သို့ သူ ရောက်မလာမီ နာရီအနည်းငယ်ခန့်က သူ၏ စိတ်အနေအထား ခံစားချက်များအကြောင်း ....။ ထို စိတ် အခြေအနေသို့ သူ နောက်တစ်ခေါက်များ ပြန်သွားနိုင်မည် ဆိုပါလျှင် ….။

ကလေးက ရုတ်ခြည်းနိုးလာပြီး၊ စ ငိုတော့သည်။ စာအုပ်မှ မျက်နှာခွာကာ အငိုတိတ်အောင် ကြိုးစားချော့ရသည်။ သို့သော် ချော့မရ။ လက်မောင်းပေါ် ချီပွေ့ရင်း ပုခက်လွှဲသလို ဟိုသည်လွှဲသော်လည်း ကလေးက ပို စူးစူး ဝါးဝါး အော်လာသည်။ ပို၍ ခပ်မြန်မြန် လွှဲသိပ်ရင်း သူ့ မျက်လုံးက ဒုတိယ ကဗျာပုဒ်ကို ဆက်ဖတ်သည်။

“ကျဉ်းမြောင်းလှတဲ့

အုတ်တိုက်ငယ်အတွင်း

သူမ၏ ရွှံ့စေးမြေစိုင်ခဲက

တွယ်ငြိနေ။

တစ်ချိန်ကဆို

ထို ရွှံ့စေးသည် .... ”

သွားပါပြီ ....ဘာမှ သုံးမရ။ သူ စာဖတ်၍ မရတော့။ ဘာမှလည်း လုပ်မရတော့။ ကလေးငိုသံက သူ့နားစည်ကို ထိုးဖောက်နေသည်။ ဘာမှ သုံးမရ ..အသုံးမကျ။ သူဟာ ဘဝရဲ့ အကျဉ်းသားတစ်ယောက်။ ဒေါသဖြင့် သူ့လက်မောင်း များ တဆတ်ဆတ် တုန်နေကာ၊ ကလေးမျက်နှာကို ငုံ့ကြည့်ပြီး အော်ငေါက်ပစ်လိုက်သည်။

“တိတ်စမ်း ....”

ကလေးက ရုတ်တရက်တော့ တိတ်သွားသည်။ သို့သော် လိပ်ပြာလွင့်မတတ် အကြောက်လွန်ကာ အကြော တစ်ချက် ဆွဲပြီး ငယ်သံပါပါ အော်တော့သည်။ သူ ကုလားထိုင်ပေါ်မှ ခုန်ထကာ ကလေးကိုပွေ့လျက် ခေါက်တုံ့ခေါက်ပြန် ခပ်သုတ်သုတ်လျှောက်ပြီး ချော့သည်။ ကလေးက သနားစဖွယ် ရှိုက်ရင်းရှိုက်ရင်း အသက်ရှူမော၍ လေးငါး စက္ကန့် လောက်တော့ ငြိမ်သွားသေးသည်။ နောက် အသစ်တစ်ဖန် ငိုပွဲ စပြန်သည်။ အခန်း၏ နံရံပါးလျလျမှာ ငိုသံဖြင့် ပဲ့တင် ရိုက်ဟီးနေသည်။ သူ ကြိုးစားချော့လေ၊ ကလေးက ပို၍ တက်မတတ် ချက်မတတ် ငိုလေ ဖြစ်နေသည်။ ကလေးငယ်၏ တွန့်ရှုံ့ပြီး တဆတ်ဆတ်တုန်နေသော မျက်နှာကို သူ စိုက်ကြည့်ပြီး ထိတ်လန့်လာမိသည်။ ကလေးရှိုက်သံကို သူ အသက် အောင့်ကာ ခုနစ်ကြိမ်ထိ ရေတွက်ရင်း၊ ကြောက်လန့်တုန်လှုပ်မှုဖြင့် ကလေးကို သူ့ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ် ဖက်လိုက်သည်။ တကယ်လို့များ … ကလေး သေ သွားရင် ....

တံခါးက ဝုန်းဒိုင်းပွင့်လာပြီး မိန်းမငယ်တစ်ယောက် မောကြီးပန်းကြီး ဝင်လာသည်။

“ဘာဖြစ်နေတာလဲ၊ ဘာဖြစ်နေတာလဲ” ဟု အော် မေးသည်။

မိခင်၏အသံ ကြားလိုက်သည့်အခါ ကလေးက ရုတ်ခြည်း အသည်းအသန် ရှိုက်ငိုတော့သည်။

“ဘာမှ မဟုတ်ပါဘူး အင်နီ ....ဘာမှ မဖြစ်ပါဘူး။ ကလေးက ခုမှ စ ငိုရုံရှိ …”

သူမက ပါလာသော ပစ္စည်းထုပ်များကို ကြမ်းပေါ် ပစ်ချပြီး၊ သူ့လက်ထဲမှ ကလေးငယ်ကို ဆွဲယူလိုက်သည်။

“ရှင် ကလေးကို ဘာများ လုပ်လိုက်သလဲ” ဟု သူ့မျက်နှာကို စေ့စေ့ကြည့်ရင်း မိန်းမဖြစ်သူက အော်မေးသည်။

သူမ အကြည့်ကို ချန်ဒလာ အခိုက်အတန့်အားဖြင့် လန့်သွားမိသည်။ သူမ အကြည့်၌ မုန်းတီးမှုကို မြင်လိုက် ရသဖြင့်၊ သူ့နှလုံးအိမ်များ ကျုံ့သွားမိကာ ထစ်ထစ်ငေါ့ငေါ့ ဖြင့် ပြန်ပြောသည်။

“ဘာမှ မလုပ်ပါဘူး။ သူ သူ့ဟာသူ စငို ... ငါ လည်း ဘာမှ ....ဘာမှ မတတ်နိုင်ဘူး။ ဘာမှတော့ မလုပ် ....မလုပ်ပါဘူးဟာ ...။ ဘာ ….”

သူ ပြောသမျှ ဂရုစိုက်နားထောင် မနေတော့ဘဲ မိန်းမဖြစ်သူက အခန်းတွင်း ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ ကလေးကို ရင်ခွင်ထဲ တင်းကျပ်စွာ ဖက်ပွေ့ရင်း ချော့သည်။

“အို လူကလေးရယ်၊ မေမေ့ရွှေသွေး ကိုလူချော ကလေးရယ် …. မကြောက်ပါနဲ့ကွယ်။ တိတ်တော့ .... တိတ်တော့နော်။ လိမ္မာပါတယ် သိုးငယ်လေးရယ် ... ကမ္ဘာကြီးရဲ့ သိုးငယ်လေးရယ် ... တိတ်တော့ကွယ် ……”

ချန်ဒလာလေး ရှက်သွေးများ ဖြန်းကာ၊ မီးရောင် ကွယ်ရာသို့ နောက်ဆုတ်ရပ်မိသည်။ ကလေး၏ အသည်း အသန် ငိုရှိုက်သံ တစ်စတစ်စ တိုးတိတ်သွားသည်ထိ သူ နားစွင့်နေစဉ်၊ နောင်တ သံဝေဂ မျက်ရည်စက်များက သူ့ မျက်လုံးမှ စတင် လိမ့်ဆင်းလာတော့သည်။

ကောင်းသာ

[ဟန်သစ်၊ အမှတ်(၆၇)၊ မတ်၊ ၁၉၉၆]


ဂျိမ်း ဂျွိုက်(စ်) ၏ ဝတ္ထုတိုများ

https://whisper1of.blogspot.com/2026/03/blog-post_26.html

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review