အာရဘီ ARABY ဘုန်းမြင့် (မန္တလေး)
အာရဘီ
ARABY
“နော့သ်ရစ်ချ်မွန်လမ်း”သည် တစ်ဖက်ပိတ်လမ်းဖြစ်၍ ခရစ်ယာန် ညီနောင်ကျောင်း ကျောင်းဆင်းချိန်မှတစ်ပါး တိတ်တိတ်ဆိတ်ဆိတ် ရှိသောလမ်း ဖြစ်သည်။ လူမနေသော နှစ်ထပ်တိုက် တစ်လုံးမှာ တစ်ဖက်ပိတ် လမ်းအဆုံး၌ တည်ရှိပြီး၊ လေးထောင့်စပ်စပ် ခြံဝင်းက တခြားအိမ်များနှင့် အလှမ်း ကွာစေသည်။ လမ်းထဲရှိ တခြားအိမ်များသည် အတွင်း၌ သပ်သပ်ရပ်ရပ် နေထိုင်သူများ ရှိနေခဲ့မှန်းသိ၍၊ ဣန္ဒြေကြီးလှသော ညိုတိုတို တိုက်မျက်နှာစာကြီးများဖြင့် တစ်တိုက်နှင့် တစ်တိုက် ကြည့်နေခဲ့ကြသည်။
ကျွန်တော်တို့ အိမ်ခန်းတွင် အလျင်က နေထိုင်သွားခဲ့သော ဘုန်းကြီးသည် အိမ်နောက်ခန်းထဲမှာပင် ကွယ်လွန် သွားခဲ့သည်။ ပိတ်ထားခဲ့သည်မှာ ကြာပြီဖြစ်၍ အခန်းတိုင်းတွင် မှိုနံ့ရနေပြီး၊ မီးဖိုခန်းနောက်ရှိ ပစ္စည်းဟောင်းများ သိမ်းသော အခန်းထဲ၌ စက္ကူစုတ်များ ပြန့်ကျဲနေခဲ့သည်။ ထိုအမှိုက်များ ကြားထဲမှ အစိုဓာတ်ရိုက်ပြီး စက္ကူများ လန်တက် နေသော စာအုပ်အချို့ကို တွေ့ရသည်။ “သည်ကွန်မြူနီဆင်”၊ “သည်မိမွိုင်းအော့ဖ်ဗိုင်ဒေါ့” နှင့် ဆာဝေါ်လတာ စကော့၏ “သည်အက်ဘော့” တို့ ဖြစ်ကြသည်။ “သည် မိမွိုင်းအော့ဖ် ဗိုင်ဒေါ့” စာအုပ်ကို ကျွန်တော် အကြိုက်ဆုံး ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အတွင်းပါ စာရွက်များမှာ အဝါရောင်ရှိ၍ဖြစ်သည်။ ဖုန်းဆိုးထနေသော အိမ်နောက်ဖေး ဥယျာဉ်အလယ်တွင် ပန်းသီးပင်ကြီးတစ်ပင်ရှိပြီး ပတ်ပတ်လည်တွင် ချုံပင်များ ရှိသည်။ ယခင် နေထိုင်သွားသူ၏ သံချေး တက်နေသော စက်ဘီးလေထိုးတံကို ချုံပင်များအောက်မှ ကျွန်တော် တွေ့ခဲ့ရသည်။ သူသည် အလှူအတန်း အပေးအကမ်း ရက်ရောသော ဘုန်းကြီးတစ်ပါး ဖြစ်သည်။ သူ၏ သေတမ်းစာထဲတွင် သူပိုင် ငွေများအားလုံးကို အဖွဲ့အစည်းများသို့ လှူပစ် ခဲ့ပြီး အိမ်ထောင်ပရိဘောဂများကိုမူ သူ့ညီမအား လွှဲပြောင်းပေးခဲ့သည်။
နေ့တာတိုသော ဆောင်းရက်များ ရောက်လာသောအခါ ကျွန်တော်တို့မှာ ညစာစား၍ ကောင်းကောင်းမပြီး သေးခင် မှောင်နေခဲ့ပြီ ဖြစ်သည်။ လမ်းထဲတွင် ဆုံမိကြ၍ အိမ်ကြီးများကို ကြည့်လိုက်သောအခါ ညိုမှိုင်းနေခဲ့သည်။ ကျွန်တော်တို့ ထက်ဝယ်မှ ကောင်းကင်ကြီးမှာ အမြဲ ပြောင်းလဲနေသော ခရမ်းရောင်များ ဖြစ်ကြပြီး၊ ဖျော့တော့သော အလင်းရောင်ထွက်နေသည့် လမ်းမီးတိုင်ထိပ်မှ မီးအိမ်လေးများသည် ကောင်းကင်ကြီးဆီသို့ ဦးတည်လျက် ရှိနေခဲ့ ကြသည်။ လေက ကျွန်တော်တို့ အသားကို ထုံကျင်အေးစက် သွားစေသည်။ ကျွန်တော်တို့က ခန္ဓာကိုယ်များ နွေးထွေး လာသည်အထိ ပြေးလွှားဆော့ကစား နေကြသည်။ တိတ်ဆိတ်သော လမ်းထဲ၌ ကျွန်တော်တို့အသံများ ပဲတင့်ညံနေ ခဲ့သည်။
ကျွန်တော်တို့သည် ပြေးရင်းလွှားရင်း မည်းမှောင်ပြီး ရွှံ့ထူသော အိမ်နောက်ဖေး လမ်းကြားထဲသို့လည်း ရောက်ရှိ ခဲ့ကြသည်။ အရိုင်းအစိုင်းတွေ၏ တဲတန်းတွေကြား ဖြတ်ပြေးတမ်း ကစားကြရင်း၊ နောက်ဖေးပေါက်များရှိ အမှိုက်ပုံး များမှ ဟောင်နံပြီး ရေစက်လက်ရှိနေသော ဥယျာဉ်များ၊ မြင်း ကကြိုးတန်ဆာများမှ မြည်သံထွက်နေသော သို့မဟုတ် မြင်းထိန်းက မြင်းကို ဝက်မင်ဘီး ဖြီးပေးနေသော နံစော်မည်းမှောင်လှသည့် မြင်းဇောင်းများသို့လည်း ရောက်ရှိကြသည်။
ကျွန်တော်တို့ လမ်းထဲသို့ ပြန်ရောက်လာသောအခါ မီးဖိုချောင် ပြတင်းပေါက်များမှ အလင်းရောင်များက နောက် ဖေးလမ်းကြားထဲကို လင်းထိန်နေစေခဲ့ပြီ။ အကယ်၍ လမ်းဟောင်းမှ ကျွန်တော့်ဦးလေး ချိုးလာသည်ကို မြင်လျှင် ကျွန်တော်တို့သည် သူ အိမ်ထဲ ဝင်သွားသည်အထိ မှောင်ရိပ်ထဲ၌ ပုန်းနေကြသည်။ သို့မဟုတ် အကယ်၍ မန်ဂန်၏ အစ်မ ဖြစ်သူက သူ့မောင်အား လက်ဖက်ရည်သောက်ဖို့ခေါ်လျှင် ကျွန်တော်တို့သည် မှောင်ရိပ်မှ သူ့အစ်မ လမ်းထဲ ဟိုသည် ကြည့်၍ လျှောက်ရှာနေသည်ကို ကြည့်နေခဲ့ကြသည်။ သူ ဆက်ရပ်နေမည်လော၊ ပြန်ဝင်သွားတော့မည်လော ဟု ကျွန်တော်တို့ စောင့်ကြည့်နေခဲ့ကြသည်။
အကယ်၍ ပြန်မဝင်ဘဲ ဆက်ရပ်နေခဲ့လျှင် ကျွန်တော်တို့က အလျှော့ပေးလိုက်ပြီး၊ မန်ဂန်၏ လှေကားရင်း သို့ လျှောက်သွားခဲ့ကြသည်။ သူက ကျွန်တော်တို့ကို စောင့်နေခဲ့ခြင်း ဖြစ်ပြီး၊ ဟ ထားသော တံခါးမမှ အလင်းရောင် ကြောင့် သူ့ခန္ဓာကိုယ်သဏ္ဌာန်မှာ ပီပီပြင်ပြင် ပေါ်နေခဲ့ သည်။ သူ့မောင်က သူ့စကား နားမထောင်မီ အလျင် စ လေ့ ရှိသည်။ ကျွန်တော်သည် ထရံနားရပ်ရင်း သူ့အစ်မကို ကြည့်နေမိခဲ့သည်။ သူ့ခန္ဓာကိုယ် လှုပ်ရှားလျှင် သူ့ဂါဝန်မှာ ဝဲလွင့်နေပြီး၊ ဆံပင်ကို ချည်ထားသော ဖဲကြိုးလေးမှာလည်း ဟို သည် ယိမ်းနေသည်။
မနက်တိုင်း ကျွန်တော်သည် ဧည့်ခန်းကြမ်းပြင်ပေါ် မှောက်လျက် သူ တံခါးဖွင့်အလာကို စောင့်ကြည့်နေခဲ့သည်။ အခန်းဆီး ချထားသဖြင့် သူ့ကို ကျွန်တော် မမြင်ရပေ။ အိမ်ရှေ့ လှေကားထိပ်သို့ သူ ထွက်လာသောအခါ ကျွန်တော် ရင်ခုန်မိသည်။ ကျွန်တော်သည် ခန်းမထဲ ပြေးဝင်ခဲ့ပြီး စာအုပ်များကိုယူကာ သူ့နောက်သို့ လိုက်တော့သည်။ သူ၏ ညိုသော အသွင်သဏ္ဌာန်ကို ကျွန်တော်၏ မျက်စိထဲတွင် အမြဲရှိနေစေပြီး လမ်းခွဲသို့ ရောက်ခါနီးလာသောအခါ ကျွန်တော် သူ့ကို ကျော်တက်လိုက်သည်။
ဤသို့ မနက်တိုင်း ဖြစ်နေကျ ဖြစ်သည်။ ဆုံမိ၍ စကား တစ်ခွန်းစ၊ နှစ်ခွန်းစ ပြောသည်မှအပ ကျွန်တော် သည် သူ့အား မည်သည့်အခါကမျှ စကားမပြောခဲ့ပေ။ သို့တိုင်အောင် သူ့နာမည် ကြားလိုက်သည်နှင့် ကျွန်တော့် သွေးများ ဆူပွက် ကုန်သည်။
စိတ်ကူးယဉ်စရာ မကောင်းသော နေရာဌာနမျိုးမှာပင် သူ့ရုပ်ပုံလွှာသည် ကျွန်တော့်မျက်စိထဲမှ မထွက်ခဲ့ပေ။ စနေနေ့များတွင် ကျွန်တော့်အဒေါ် ဈေးဝယ်သွားသောအခါ ကျွန်တော်က အထုပ်အပိုးများကို လိုက်သယ်ပေးရသည်။ အတင်း တိုးဝှေ့သွားတတ်သော အရက်သမားများ၊ ဈေးသွား မိန်းမများ၊ အလုပ်ကြမ်းသမားများ၏ ဆဲဆိုသံများ၊ ဝက်သား ဆိုင်စောင့် ကောင်လေးများ၏ ဘုရားစာ တတွတ်တွတ် ရွတ်သံများ၊ လမ်းထဲလျှောက် သီချင်းဆိုသူများ၏ နှာသံနှင့် သီဆိုလိုက်သော “အိုဒိုနိုဗန်ရိုစာ” အကြောင်း သီဆိုထားသည့် “ကမ်းအောလ်ယူ” နှင့်၊ သူတို့ဒေသ၏ ကြုံရသော ဒုက္ခများ အကြောင်း ဖွဲ့နွဲ့ထားသော ဘဲလေး သီချင်းများဖြင့် လှုပ်လှုပ်ရွရွ ညံညံစီစီ ဖြစ်နေသော လမ်းများကို ဖြတ်လျှောက်သွားကြ ရသည်။
ဤအသံဗလံများသည် ပေါင်းဆုံ၍ ကျွန်တော့်ဘဝ အာရုံခံစားမှု တစ်ခုကို ဖြစ်ပေါ်စေသည်။ ကျွန်တော်သည် စိတ်အာရုံ ပျံ့လွင့်ဖွယ်ရာများ အလယ်၌ ရောက်ရှိနေခဲ့ရသည့်တိုင်၊ ဆီဖိတ်လျှင် အသတ်ခံရမည့် ရာဇဝတ်သားက နှုတ်ခမ်းထိ ဆီခွက်ကို မဖိတ်မစဉ်အောင် ပွဲလယ် ဖြတ်လျှောက် နိုင်သည့်ပမာ စိတ်အာရုံကို မပျံ့လွင့်စေဘဲ၊ တစ်နေရာ တည်း၌ ချုပ်ထားနိုင်ခဲ့သည်ဟု ကျွန်တော် တွေးကြည့်မိလိုက်သည်။ ကျွန်တော် နားမလည်သည့် ထူးဆန်းသော ဂုဏ်တော် ဘွဲ့များ၊ ဘုရားစာများ ရွတ်ဖတ်သံ ကြားနေရသည့် ကြားထဲမှ သူ့နာမည်ကို ပြေးသတိရမိသည်။ ကျွန်တော့် မျက်လုံးများသည် မကြာခဏ မျက်ရည်များဖြင့် ဝိုင်းနေတတ်ပြီး (ဘာကြောင့်မှန်း မသိပါ)၊ တစ်ခါတစ်ရံတွင် ကျွန်တော့် နှလုံးသားမှ ခံစားမှုများ ဆူဝေလာပြီး ရင်ထဲ လျှံကျကုန်သည်ဟု ထင်ရသည်။ သူ့ကို ကျွန်တော် စကား ပြောဖြစ်မည် လော၊ သို့မဟုတ် မပြောဘဲ နေမည်လော ဆိုသည်ကို ကျွန်တော် မသိပါ။
အကယ်၍ ကျွန်တော် သူ့အား စကားဆိုဖြစ်မည် ဆိုပါက ကျွန်တော်၏ ဝေခွဲမရနိုင်အောင် ရှုပ်ထွေးနေသည့် မြတ်နိုးမှုများကို အဘယ်သို့လျှင် ထုတ်ဖော်ပြောကြားရပါ တော့မည်နည်း။ ကျွန်တော်၏ ခန္ဓာကိုယ်သည် စောင်းပမာ ရှိနေခဲ့ပြီး၊ သူ၏ စကားလုံးများနှင့် ဟန်အမူအရာများက စောင်းကြိုးကို တီးခတ်သော လက်ချောင်းလေးများပမာ ရှိနေ ခဲ့သည်။
တစ်ညနေခင်းတွင် ဘုန်းကြီး အသက်ပျောက်ခဲ့ရသော နောက်ခန်းထဲသို့ ကျွန်တော် ဝင်ရောက်သွားခဲ့သည်။ မှောင်၍ မိုးလည်း ရွာနေခဲ့ပြီး၊ အိမ်ထဲမှာလည်း ဘာသံမှ မကြားရပေ။ ကျိုးနေသော ပြတင်းပေါက်တစ်ပေါက်မှ မြေပြင် ပေါ်သို့ မိုးစက်ကျသံလေးများ ဝင်ရောက်လာခဲ့သည်။ ရေမြုပ်နေသော အခင်းများ ထက်ဝယ်သို့ မိုးပေါက်များ အဆက် မပြတ် ကျလျက် ရှိနေသည်။ ခပ်ဝေးဝေးရှိ မီးတိုင်မှ သို့မဟုတ် တစ်အိမ်အိမ်၏ နောက်ဖေးခန်းမှ မီးရောင်သည် ကျွန်တော့် အောက်နားဆီတွင် ကျရောက်လျက် ရှိသည်။ နည်းနည်းပါးပါးသာ မြင်နိုင်သည့်အတွက် ကျွန်တော် ကျေးဇူး တင်မိသည်။
ကျွန်တော်၏ အာရုံခံစားမှုများသည် ငုပ်လျှိုး ဖုံးကွယ်နေချင်ကြသယောင် ရှိပြီး၊ ကျွန်တော်သည် ထိုအာရုံများမှ လွတ်ကင်းနိုင်တော့မည်ဟု ခံစားမိကာ “အို....အချစ် ရယ်” “အို ....အချစ်ရယ်” ဟု နှုတ်မှ အကြိမ်ကြိမ် ရွတ်ဆိုမိသည်။
နောက်ဆုံး၌ သူ ကျွန်တော့်ကို စကားလာပြောခဲ့သည်။ သူ့နှုတ်မှ ပထမ စကားတစ်ခွန်း ထွက်လာချိန်တွင် ကျွန်တော့် ခေါင်းထဲ၌ တွေဝေရှုပ်ထွေးသွားခဲ့သဖြင့် ဘာပြန် ဖြေရမှန်းပင် မသိခဲ့ပေ။ “အာရဘီ” သို့ ကျွန်တော် သွား မသွား သူက မေးလိုက်ခြင်း ဖြစ်သည်။ သွားမယ်၊ မသွားဘူး ဘယ်လိုဖြေခဲ့မှန်း ကျွန်တော် မေ့နေခဲ့ပြီ ဖြစ်သည်။ စည်ကားသောဈေး ဖြစ်လိမ့်မည် ဖြစ်ကြောင်းနှင့် သူ့အနေနှင့် သွားလိုလှကြောင်း ပြောသည်။
“ဒါဖြင့် ခင်ဗျားက ဘာလို့ မသွားရတာလဲ” ကျွန်တော်က မေးလိုက်သည်။
သူ စကားပြောနေစဉ်အတွင်း လက်မှ ငွေလက်ကောက်လေးကို တစ်လှည့်တည်း လှည့်နေခဲ့သည်။ သူ့အနေ နှင့် သွားလိုလှသော်လည်း သီလရှင်ကျောင်းတွင် တရားကျင့်ရမည် ဖြစ်၍ သူ မသွားနိုင်ကြောင်း ပြောပြသွားခဲ့သည်။ သူ၏ မောင်နှစ်ယောက်သည် ဦးထုပ်လုရင်း သတ်ပုတ် နေကြပြီး၊ ဝင်းထရံနားတွင် ကျွန်တော် တစ်ယောက်တည်းသာ ရပ်နေ သည်။ သူက ဝင်းထရံ သံချွန်တစ်ခုကို ကိုင်၍ ကျွန်တော့်အပေါ်ကနေ ခေါင်းငုံ့ပြီး ပြောနေခြင်း ဖြစ်သည်။ ကျွန်တော်တို့ တံခါးနှင့် မျက်နှာချင်းဆိုင်ရှိ မီးအိမ်မှ မီးရောင်က သူ့လည်တိုင်ပေါ် ကျရောက်လျက် ရှိနေသည်။ ဝင်းထရံပေါ် ပြေကျ နေသော သူ့ဆံပင်များကိုလည်း ဝင်းပစေသည်။ သံချွန်ကိုင်ထားသော သူ့လက်ကိုလည်း ဖြူဝင်းစေသည်။ သူ့ အဝတ်အစား များပေါ် တစ်ခြမ်းကျရောက်နေပြီး၊ သက်သောင့်သက်သာ ရပ်နေသော သူ၏ အတွင်းခံ အင်္ကျီအနားကို မြင်ရုံသာ မြင်ရသည်။
“မင်းအတွက်တော့ ပျော်စရာပေါ့” သူက ပြောလိုက်သည်။
“တကယ်လို့ ကျွန်တော် သွားဖြစ်ရင် ….” ကျွန်တော် က ပြောလိုက်သည်။
“ကျွန်တော် ခင်ဗျားအတွက် တစ်ခုခု ဝယ်ခဲ့မယ်”
ထိုညဦးပိုင်း၏ နောက်ပိုင်းတွင် အဘယ်ကဲ့သို့သော မိုက်မဲ တွေဝေမှုများက နိုးနေစဉ်ရော အိပ်နေစဉ်၌ပါ ကျွန်တော့် စိတ်များကို ပျံ့လွင့်နေစေခဲ့ရပေသနည်း။ ကျွန်တော်သည် ငြီးငွေ့ဖွယ်ကောင်းသော ကြားရက်များကို ဖယ်ရှား ပစ်လိုလှပါသည်။ ကျောင်းစာများကိုလည်း စိတ်မရှည်နိုင်အောင် ဖြစ်နေရသည်။ ည အိပ်ရာထဲ လှဲနေချိန်ရော၊ နေ့ဘက် ကျောင်းတက်နေစဉ်အတွင်းပါ ကျွန်တော် လှန်လိုက်သော စာရွက်တိုင်း သူ့ရုပ်ပုံ ထင်ဟပ်နေခဲ့သည်။
“အာရဘီ” ဆိုသည့်အသံက တိတ်ဆိတ်နေစဉ် အတွင်း ကျွန်တော့်ကို ခေါ်လျက်ရှိသည်။ ကျွန်တော့်စိတ်ကို မွေ့လျော်စေပြီး၊ အရှေ့တိုင်းကို နှစ်သက်စွဲမက်စေသော စိတ်ကို ပေါ်လာစေသည်။ စနေနေ့ညတွင် ဈေးသွားဖို့ ခွင့်တောင်း လိုက်သည်။ ကျွန်တော့်အဒေါ်သည် အံ့အားသင့် သွားခဲ့ပြီး “ဖရီးမေဆင်” အသင်းကိစ္စ မဟုတ်တန်ရာဟု မျှော်လင့် မိသည်။
အတန်းထဲ၌လည်း မေးခွန်း အနည်းငယ်ကိုသာ ကျွန်တော် ဖြေခဲ့သည်။ ခင်မင်ရင်းနှီးသော မျက်နှာပေးမှ တည်ကြည် သွားခဲ့သော ကျွန်တော့်ဆရာ၏ မျက်နှာကို ကျွန်တော် ကြည့်နေမိခဲ့သည်။
ကျွန်တော်သည် ပေါ့လျော့ ပျင်းရိစ ပြုလာခဲ့ပြီဟု သူ့စိတ်ထဲ၌ မျှော်လင့်မိသည်။ ပျံ့လွင့်နေသော စိတ်များကို ကျွန်တော် ထိန်းသိမ်းလို့ မရခဲ့ပေ။ ကျွန်တော်နှင့် ကျွန်တော့် ဆန္ဒကြားတွင် တည်နေခဲ့သော ဘဝ၏ တည်တည်တံ့တံ့ အလုပ်များကို ကျွန်တော် စိတ်မရှည်နိုင်တော့အောင် ဖြစ်နေခဲ့သည်။ အရုပ်ဆိုး အကျည်းတန်ပြီး ထိုင်းမှိုင်းငြီးငွေ့ဖွယ် ကလေး ကစားစရာများဟု ထင်မြင်နေမိသည်။
စနေနေ့မနက် ရောက်သောအခါ ညနေပိုင်းတွင် ကျွန်တော် ဈေးသို့ သွားမည့်အကြောင်း ဦးလေးကို သတိပေး ထားလိုက်သည်။ သူက ဦးထုပ်တိုက်ရန် စင်ပေါ်၌ ဝက်မင်ဘီးကို ရှာရင်း အလုပ်ရှုပ်နေသဖြင့် ခပ်ပြတ်ပြတ် ပြန်ဖြေ လိုက်သည်။
“အေးပါဟ၊ ငါ သိပါတယ်”
ခန်းမထဲ သူ ရှိနေသဖြင့် ဧည့်ခန်းပြတင်းပေါက်ရှေ့ သွားပြီး အားယားမှောက်ကြည့်ခွင့် မရပေ။ စိတ်လက် မကြည်မသာဖြင့် အိမ်မှ ကျွန်တော် ထွက်လာခဲ့ပြီး ကျောင်းသို့ လေးတွဲ့စွာ လျှောက်လာခဲ့သည်။ လေသည် အညှာတာ ကင်းမဲ့စွာ အေးစက်နေပြီး ကျွန်တော် စိတ်ထင့်နေမိခဲ့သည်။
ညစာ စားရန် ကျွန်တော် အိမ်ပြန်ရောက်လာချိန်တွင် ဦးလေး ပြန်ရောက်မလာသေးပေ။ စောတော့ စောနေ ပါသေးသည်။ တိုင်ကပ်နာရီကို အတော်ကြာသည်အထိကျွန်တော် စိုက်ကြည့်နေခဲ့သည်။ နာရီစက်သံကို စိတ်ထဲ၌ မကျေ မနပ် ဖြစ်လာသည်။ အခန်းထဲမှ ကျွန်တော် ထွက်ချလာသည်။ အပေါ်ထပ်သို့ တက်လာခဲ့သည်။
မြင့်သော၊ အေးသော၊ ရှင်းလင်းနေသော အခန်းကြီး က ကျွန်တော့်စိတ်ကို လွတ်လပ်မှုပေးသည်။ ကျွန်တော် သည် သီချင်းဆိုရင်း တစ်ခန်းဝင် တစ်ခန်းထွက်နှင့် လျှောက်သွားနေမိသည်။
ပြတင်းပေါက်မှနေ၍ လမ်းထဲတွင် ကစားနေကြသော ကျွန်တော့်အဖော်များကို မြင်တွေ့နေရသည်။ သူတို့ အသံ များကို မကွဲမပြားဖြင့် ခပ်တိုးတိုးသာ ကြားနေရသည်။
အေးစက်သော မှန်ပြတင်းကို နဖူးနှင့်ကပ်၍ သူ နေထိုင်ရာ အိမ်ကြီးဆီသို့ လှမ်းကြည့်လိုက်သည်။ တစ်နာရီ ခန့် ကြာသည်အထိ ပြတင်းပေါက်၌ ကျွန်တော် ရပ်နေမိသည်။ ဘာတစ်ခုမှ မမြင်ရပေ။ သို့သော် ကျွန်တော့်စိတ်ထဲ၌ အညိုရောင် ဝတ်စုံ ဝတ်ထားပြီး လည်တိုင်ပေါ် မီးရောင်ကျ နေပုံ၊ ဝင်းထရံ ကိုင်ထားသော လက်နှင့် အောက်ခံအင်္ကျီ အနား စသည်တို့ကို မြင်ယောင်နေမိသည်။
ကျွန်တော် အောက်ထပ်သို့ ပြန်ဆင်းလာသောအခါ မီးလင်းဖိုနားတွင် ထိုင်နေသော မစ္စက်မာဆာကို တွေ့လိုက် ရသည်။ သူသည် စကားများသော အဘွားအို တစ်ယောက် ဖြစ်သည်။ အပေါင်ဆိုင်ပိုင်ရှင် မုဆိုးမ တစ်ယောက် ဖြစ်ပြီး အသုံးပြုပြီး တံဆိပ်ခေါင်းများကို ရည်ရွယ်ချက်တစ်ခုဖြင့် စုဆောင်းသူ ဖြစ်သည်။ လက်ဖက်ရည် စားပွဲဝိုင်း၌ ထိုင်၍ အတင်းပြောကြခြင်းကို ကျွန်တော် နားငြီးခံပြီး နားထောင် ရဦးတော့မည် ဖြစ်သည်။ ညစာ စားချိန် တစ်နာရီမျှ လွန်လာခဲ့ သည့်တိုင် ဦးလေးသည် ပြန်ရောက်လာခြင်း မရှိခဲ့သေးပေ။ မစ္စက်မာဆာက ပြန်ရန် ထ ရပ်လိုက်သည်။ သူ ဆက်မစောင့် နိုင်တော့သည်ကို စိတ်မကောင်း ဖြစ်နေမိသည်။
သို့သော် ည ရှစ်နာရီထိုးပြီဖြစ်၍ သူ့အနေနှင့် အချိန် လင့်သည်အထိ အပြင်၌ မနေလို။ ညဘက်တိုက်သော လေသည် သူ့အတွက် မကောင်း။ သူ ပြန်သွားသောအခါ ကျွန်တော်သည် လက်သီးဆုပ်၍ အခန်းထဲ၌ ခေါက်တုံ့ ခေါက်ပြန် လျှောက်နေမိသည်။ အဒေါ်က-
“မင်း ဒီနေ့ ညဈေးကို သွားမှ သွားနိုင်ပါတော့မလားကွယ်”
ကိုးနာရီ ထိုးသောအခါ ခန်းမတံခါးဆီမှ အသံ ကြားလိုက်ရသည်။ ဦးလေးက သူ့ဘာသာသူ စကားပြော နေသည်ကို ကြားလိုက်ရပြီး၊ သူ့အပေါ်ကုတ်အင်္ကျီကြီး ချွတ်ချိတ်လိုက်သဖြင့် ပေါင်းချိတ်လှုပ်သံများကို ကြားလိုက် ရသည်။ ကျွန်တော်သည် ဤအရိပ် လက္ခဏာများကို အဓိပ္ပာယ်ကောက်တတ် ပါသည်။ သူ ညစာစား၍ အတော်လေး ကြာသောအခါ ကျွန်တော်က ဈေးသွားဖို့ သူ့ဆီမှ ပိုက်ဆံတောင်းလိုက်သည်။ သူ မေ့နေခဲ့သည်။
“လူတွေ ခုချိန်လောက်ဆို တစ်ရေးတောင် နိုးရော့မယ်” သူက ပြောလိုက်သည်။
ကျွန်တော်က မပြုံးမိ။ အဒေါ်က သူ့ကို တိုက်တွန်း သလို ပြောလိုက်သည်။
“ပိုက်ဆံပေးမှာ ပေးလိုက်ပါတော့လား၊ သူ သွားပါစေတော့။ ရှင့်ကြောင့် သူ အတော် နောက်ကျနေခဲ့ရပြီ”
သူ မေ့နေခဲ့သည့်အတွက် စိတ်မကောင်းကြောင်း ဦးလေးက ပြောလိုက်သည်။ ရှေးက ဆိုရိုးစကားကြီးကို သူ ယုံကြည်ကြောင်း ပြောလိုက်သည်။ “စာချည်း ကျက်နေပြီး ထွက်မကစားရင် ဉာဏ်ထိုင်းသွားလိမ့်မယ်”
ကျွန်တော် ဘယ်ကိုသွားရမလဲဟု သူ့ကို မေးလိုက်သည်။ ကျွန်တော်က ဒုတိယအကြိမ် ထပ်ပြောပြလိုက်သော အခါ သူက ကျွန်တော့်အား “ ‘သည် အာရပ် ဖဲဝဲလ် ဟူဟစ် စတိဒ်’ ရလား” ဟု မေးလိုက်သည်။ ကျွန်တော် မီးဖိုချောင်မှ ထွက်ခဲ့သည်။
ဘူတာရုံသို့ ရောက်သော “ဘတ်ကင်ဟမ်” လမ်း တစ်လျှောက် ခြေလှမ်းကျဲကြီးများဖြင့် ကျွန်တော် လျှောက် လာသောအခါ၊ ကျွန်တော့်လက်ထဲတွင် ဖလော်ရင့်ဒင်္ဂါး တစ်ပြားကို ကျစ်ကျစ်ပါအောင် ဆုပ်လာခဲ့မိသည်။ ဓာတ်ငွေ့ မီးတိုင်၏ တောက်ပသော မီးရောင်ထဲတွင် ဈေးဝယ်သူများ နှင့် ပြည့်နှက်နေသည်ကို မြင်ရတော့မှ ကျွန်တော့် လာရင်း ကိစ္စကို သတိရမိသည်။ လက်မှတ်ဝယ်ပြီး လူရှင်းသော တတိယတန်း တွဲပေါ် တက်၍ထိုင်လိုက်သည်။ စိတ်မရှည် နိုင်လောက်အောင် ကြန့်ကြာနေခဲ့ပြီးမှ ရထားသည် ဘူတာမှ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။ စုတ်ပြတ် နုံချာသော အိမ်များ၊ တလက်လက်နေသော မြစ်တို့ကို ဖြတ်၍ ခုတ် မောင်းလာခဲ့သည်။
“ဝက်စ်လင်းရိုး” ဘူတာရုံသို့ ဆိုက်သောအခါ တွဲ တံခါးအနီးသို့ ခရီးသည်များ စုပြုံ ရောက်ရှိလာခဲ့သည်။ သို့သော် တွဲစောင့်က ဈေးအတွက် အထူးရထား ဖြစ်ကြောင်း ပြောပြီး ပြန်ဆုတ်ခိုင်းသည်။ တွဲပေါ်တွင် ကျွန်တော် တစ်ယောက်တည်းသာ ဆက်လက်ရှိနေခဲ့သည်။ မိနစ် အနည်းငယ် ကြာသောအခါ ဖြစ်ကတတ်ဆန်း ရိုက်ထားသော သစ်သား ပလက်ဖောင်းအနီး တိုးကပ်လိုက်သည်။ လမ်းဘက်သို့ ကျွန်တော် ထွက်လာခဲ့ပြီး မီးထွန်းထားသော နာရီကြီးကို မော့ကြည့်လိုက်သောအခါ ဆယ်နာရီထိုးရန် ဆယ်မိနစ်သာ လိုတော့သည်။ ကျွန်တော့်ရှေ့တွင်မူ ထူးဆန်းသော နာမည် ပေးထားသည့် အဆောက်အအုံကြီးကို တွေ့လိုက်ရသည်။
ဝင်ခ ခြောက်ပဲနိ ပေးရသော ဈေးတန်းကို ရှာ မတွေ့။ ဈေးပိတ်သွားမည်စိုး၍ ပင်ပန်းနွမ်းနယ်နေပုံ ရသော အပေါက်စောင့်ကို တစ်သျှီလင်ပေး၍ ဒလက်တံခါးပေါက်မှ အလျင်အမြန် ဝင်ရောက်လာခဲ့သည်။ ကြီးမားလှသော ခန်းမ ကြီးထဲ ရောက်သွားခဲ့ပြီး အခန်း၏ ခါးလယ်အမြင့်လောက်တွင် စင်္ကြံလမ်းများ သွယ်တန်းထားသည်။ ကောင်တာများ အားလုံး လိုလို ပိတ်ပြီး ဖြစ်နေခဲ့ပြီ။ အခန်း၏ နေရာအတော် များများ၌လည်း မှောင်နေခဲ့ပြီ။ ဘုရားကျောင်း၌ ဝတ်တက် ပြီးစ ငြိမ်သက်မှုများ ရှိနေကြာင်း ကျွန်တော် သတိပြုလိုက် မိပါသည်။ ကျွန်တော်သည် ဈေးလယ်သို့ ရွံ့တွန့်တွန့်နှင့် လျှောက်လာခဲ့သည်။ ဖွင့်ထားဆဲ နေရာများတွင် လူအနည်းငယ် အစုလိုက် တွေ့နေရသေးသည်။ အဝင် အခန်းဆီး အထက်၌ ရောင်စုံမီးလုံးများဖြင့် “ကဖေးချန်တန်” ဟူသော စာလုံး ထွန်းညှိထားသော ဆိုင်ရှေ့တွင် လူနှစ်ယောက် ငွေ အကြွေများကို ရေလျက် ရှိနေကြသည်။ အကြွေများ ဗန်းထဲ ကျသံကို ကျွန်တော် ကြားနေရသည်။
ကျွန်တော့် လာရင်းကိစ္စကို အတော် ပြန်စဉ်းစား ယူရပြီး၊ ကျွန်တော်သည် နီးရာဆိုင်သို့ဝင်၍ ကြွေပန်းအိုးများ၊ အချိုပန်းကန်များကို လိုက်ကြည့်လိုက်သည်။ ဆိုင်ဝ တွင် အမျိုးသမီးငယ် တစ်ယောက်သည် အမျိုးသားလေး နှင့် ရယ်ရယ်မောမော စကားလက်ဆုံ ကျနေခဲ့ကြသည်။ သူတို့၏ အင်္ဂလိပ်လေသံကို မှတ်ချက်ချနေမိလိုက်ပြီး၊ ကျွန်တော်က သူတို့ပြောစကားများကို မသိမသာ နားထောင် နေမိသည်။
“အိုး …. ကျွန်မ အဲသလို စကားမျိုး မပြောခဲ့ရပါလား ရှင်”
“အို .... ခင်ဗျား ပြောပါတယ်”
“မပြောပါဘူး ရှင်”
“သူ ပြောခဲ့တယ် မဟုတ်လား”
“အေး ....ဟုတ်တယ်၊ ငါ ကြားမိတယ်”
“အို …. အဲဒါ …. ပလီတာ”
ကျွန်တော့်ကို မြင်သွားခဲ့သော အမျိုးသမီးက လျှောက်လာခဲ့ပြီး ဘာဝယ်ချင်လို့လဲဟု မေးလိုက်သည်။ သူ့လေသံ က သိပ် အားရစရာ မရှိလှ။ သူ ပြောလိုက်ပုံက တာဝန်အရ မလွှဲမကင်းသာ၍ မေးလိုက်ရခြင်းသာလျှင် ဖြစ်သည်။ အဝင်ဝ တစ်ဖက်တစ်ချက်စီ၌ အရှေ့တိုင်းသား အစောင့်ကြီးများပမာ မားမားမတ်မတ် တည်နေသော ပန်းအိုးရှည်ကြီးများ ကို ကြည့်နေမိသည်။
“ဘာမှ မယူပါဘူး၊ ကျေးဇူးပါပဲ”
အမျိုးသမီးက ပန်းအိုးတစ်လုံးကို နေရာရွှေ့လိုက်ပြီးနောက် အမျိုးသား လူငယ်နှစ်ယောက် ရှိရာသို့ ပြန်လျှောက် သွားသည်။ သူတို့ စကားပြန်ဆက်လိုက်ကြသည်။ တစ်ကြိမ် နှစ်ကြိမ်လောက် အမျိုးသမီးက ကျွန်တော့်ကို လည်ပြန် လှည့်ကြည့်လိုက်သေးသည်။
ကျွန်တော် ဆက်နေလည်း အကျိုးမရှိမှန်း သိသည့်တိုင် သူ့ပစ္စည်းများကို ကျွန်တော် စိတ်ဝင်စားသည်ဟု ထင်မြင်စေရန် သူ့ဆိုင်ထဲတွင် ဟိုသည် ဆက်လျှောက်၍ ကြည့်နေမိခဲ့သေးသည်။ ထို့နောက် ကျွန်တော် ပြန်လှည့်ထွက်၍ ဈေးလယ်သို့ လျှောက်လာခဲ့သည်။ လက်ထဲမှ နှစ်ပဲနိကို အိပ်ထောင်ထဲရှိ ခြောက်ပဲနိနှင့် ပေါင်းထည့်လိုက်သည်။
စင်္ကြံလမ်း တစ်ဖက်စွန်းမှ မှောင်သွားကြောင်း အော်ပြောလိုက်သံကို ကျွန်တော် ကြားလိုက်ရသည်။ ယခုအခါ၌ ခန်းမ အပေါ်ပိုင်းမှာ လုံးဝ မှောင်နေခဲ့ပြီ ဖြစ်သည်။
အမှောင်ထဲသို့ မော့်ကြည့်ရင်း ကျွန်တော်သည် အကျိုးမဲ့မှု၏ လှောင်ပြောင်ခြင်းကို ခံရသော သတ္တဝါ တစ်ကောင်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပြန်မြင်မိသည်။ ကျွန်တော့် မျက်လုံးများသည် ဒေါသမျက်ရည်များဖြင့် ကျိန်းစပ်နေခဲ့ ရပြီ။
ဘုန်းမြင့် (မန္တလေး)
[စပယ်ဖြူ၊ ဧပြီလ၊ ၁၉၉၂]

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။