တစ္ဆေ - မင်းကျော်


တစ္ဆေ
မင်းကျော်

Ebook မှတ်တမ်း

 

 

Epub kfx - Whisper Of Words

Ocr - ⓀⓅ

Proof - Crooner Hein

Blog - https://whisper1of.blogspot.com/

Download Epub

Review

Download Kfx

ပုဂံ စာအုပ်တိုက်၏ နှစ်လည်မှတ်ချက်

 

ပုဂံသည် စာရေးဆရာများ၊ ပန်းချီဆရာများ၊ စာစီသူ၊ ပုံနှိပ်သူ၊ ဘလောက်လုပ်ငန်း လုပ်သားများ၊ စာအုပ်ချုပ်သူများ စသည့် ကာယ၊ ဉာဏ ပညာသည်များနှင့်တကွ စာဖတ်သူများ၊ စာအုပ်ကိုယ်စားလှယ်ကြီးများ၏ ဝိုင်းဝန်းကူညီ အားပေးမှုဖြင့် သုံးနှစ်ကာလခရီးသို့ ရောက်ခဲ့ပေပြီ။

ထို့ကြောင့် ပုဂံသည် စာပေအနုပညာပိုင်းဆိုင်ရာ ပုဂ္ဂိုလ်များ၊ စာအုပ်လုပ်ငန်းဆိုင်ရာ ပညာရှင်များနှင့်တကွ စာဖတ်သူ၊ စာပေမြတ်နိုးသူများ၊ စာအုပ်ကိုယ်စားလှယ်ကြီးများအား အထူးကျေးဇူးတင်ပါကြောင်း ဦးစွာ ဖော်ပြအပ်ပါသည်။

ယင်းသို့သော ကျေးဇူးတရားကို အမြဲဆင်ခြင် အောက်မေ့သည်နှင့် လျော်ညီစွာ ထိုစာပေလုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်များနှင့် စာပေမြတ်နိုးသူများ၏ ကျေးဇူးတရားကို တုံ့ပြန်နိုင်ရန်အတွက် လည်းကောင်း၊ အလိုဆန္ဒ ပြည့်ဝနိုင်စေရန်အတွက် လည်းကောင်း၊ ပုဂံသည် အခါမလပ် ကြိုးပမ်း ဆောင်ရွက်ခဲ့ပါသည်။

ယင်းသို့ ကြိုးပမ်းဆောင်ရွက်ရာ၌ ပုဂံသည် တဖက်တွင် ဝတ္ထုများ၊ နိုင်ငံရေးဆိုင်ရာ စာပေများ၊ စာပေအနုပညာဆိုင်ရာ စာအုပ်များနှင့်တကွ ကမ္ဘာ့ဂန္ထဝင်ဝတ္ထုကြီးများကို ထုတ်ဝေနေသလို၊ ပင်ကိုရေး မြန်မာဝတ္ထုရှည်ကြီးများ ထုတ်ဝေနိုင်ရေးကိုလည်း တတ်နိုင်သမျှ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် စာအုပ်၏ အရွယ်အစား၊ ကုန်ကျစရိတ်တို့ကို ချင့်၍ အနည်းဆုံးသော စာအုပ်ဈေးနှုန်း သတ်မှတ်နိုင်ရေးကိုလည်း ကြိုးစားခဲ့ပါသည်။ ယင်းသို့ စာအုပ်ဈေးနှုန်း သတ်မှတ်ရာ၌ ပုဂံသည် စာမျက်နှာ အနည်းအများ၊ စာရွက်အမျိုးအစား၊ ကုန်ကျစရိတ် အနည်းအများ စသည်ဖြင့် စာအုပ်အခြေအနေကို တွက်ဆပြီး စာဖတ်သူအဖို့ အသက်သာဆုံးဖြစ်အောင် ကြိုးစားခဲ့သည်ချည်း ဖြစ်ပါသည်။

ယခု ဤစာအုပ်ဆိုလျှင် တတွဲစီခွဲ၍ ထုတ်ဝေပါက သုံးကျပ်တန် သုံးတွဲ၊ တန်ဖိုးအားဖြင့် ကိုးကျပ် သတ်မှတ်နိုင်မည် ဖြစ်သော်လည်း ပုဂံသည် သုံးနှစ်လည် အထိမ်းအမှတ် စာဖတ်သူတို့၏ ကျေးဇူးကို တုံ့ပြန်သောအားဖြင့် အများသတ်မှတ်နှုန်းအရ သုံးကျပ်တန် သုံးတွဲစာ ကိုးကျပ်တန် စာအုပ်ကို ငါးကျပ်မျှ တန်ဖိုးသတ်မှတ် ထုတ်ဝေပါသည်။

ဤသို့အားဖြင့် ပုဂံသည် ပင်ကိုယ်ရေး မြန်မာဝတ္ထုရှည်ကြီးများ ပေါ်ပေါက်နိုင်မှုကို ရှေးရှုရည်ရွယ်ခြင်း၊ စာဖတ်သူများအတွက် အသက်သာဆုံးသော ကုန်ကျမှုဖြင့် စာပေအရသာကို တအီတဝကြီး ခံစားနိုင်စေ ဟူသော စေတနာထားရှိခြင်းတို့ဖြင့် ဤစာအုပ်ကို ပုဂံသုံးနှစ်မြောက် နှစ်လည်အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည်ကို စာပေမြတ်နိုးသူတို့အနေဖြင့် ကျေနပ်အားရခြင်း ဖြစ်လိမ့်မည်ဟု မျှော်လင့်ရပါသတည်း။

ပုဂံစာအုပ်တိုက်၊

ရန်ကုန်။

ခင်မင်လေးစားအပ်သော စာဖတ်သူသို့

 

စာရေးသူသည် အတတ်နိုင်ဆုံးသော အားထုတ်မှုဖြင့် ဤဝတ္ထုကို ရေးပါသည်။ ထိုသို့သော အားထုတ်မှုမျိုးသည် စာရေးသူ တဦးတယောက်၏ အဆုံးစွန်သော အားထုတ်မှုမျိုး ဖြစ်သည် ဟူ၍ကား မမှတ်ယူပါ။

ထို့အတူ အတတ်နိုင်ဆုံးသော အားထုတ်မှုဆိုရာ၌ အကြွင်းမဲ့ ဆိုရေးဆိုရာ ကင်းပပြီဟုလည်း မယူဆပါ။

စင်စစ် စာရေးသူ၏ အားထုတ်မှုနှင့်ပတ်သက်၍ နားအလည်နိုင်ဆုံးသော ပုဂ္ဂိုလ်သည် စာဖတ်သူသာလျှင် ဖြစ်ရမည်ဟု ရိုးသားစွာ နှလုံးပိုက်ပါ၏။

ထို့ကြောင့် စာရေးသူသည် မိမိ၏ အားထုတ်ကြိုးပမ်းမှုနှင့် ပတ်သက်၍ စာဖတ်သူ၏ ပြစ်တင်ဝေဖန်ခြင်း၊ ညွှန်ပြဝေဖန်ခြင်း စသည့် မည်သည့်ဝေဖန်ခြင်းမျိုးကိုမဆို အခါမလပ် ကြိုဆိုအပ်ပါသည်။ ထိုသို့ ဝေဖန်လာခြင်းမျိုးသည် စာရေးသူအပေါ်၌ ထားရှိသော စေတနာ ဖြစ်သည်ဟုလည်း အစဉ်သဖြင့် အောက်မေ့အမှတ်ရခြင်း ဖြစ်ပါသည်။ ထိုဝေဖန်မှုမျိုး၏ ကျေးဇူးတရားကိုလည်း မမေ့မလျော့ ဖြစ်ရပါသည်။

သို့ဖြင့် စာရေးသူသည် မိမိ၏ ကြိုးပမ်းအားထုတ်မှုနှင့် စပ်လျဉ်း၍ အားနည်းပျော့ညံ့သည် များကို ပြုပြင်နိုင်ရမည်ဟု အစဉ်သဖြင့် မှတ်ယူပါသည်။

ဤသည်ပင်လျှင် စာဖတ်သူတို့၏ စေတနာနှင့် ကျေးဇူးတရားကို စာရေးသူအနေဖြင့် တုံ့ပြန်ခြင်း ဖြစ်နိုင်စွမ်းသည်ဟုလည်း ယုံကြည်ရင်းစွဲ ရှိပါ၏။

စာဖတ်သူတို့၌ လေးစားခြင်းသည် စာရေးသူ၏ မဖောက်ပြန်သောတရား ဖြစ်ကြောင်းကိုလည်း ထပ်လောင်းဖော်ပြအပ်ပါသည်။

မင်းကျော်

| ၁ |

 

နှင်းမှုန်များသည် ထူထပ်စွာ ကျဆင်းနေ၏။ အရှေ့ဘက် ကောင်းကင်၌ ဆုတ်ရက် လခြမ်းသည် နီကြင့်ကြင့်အဆင်းကို ဆောင်လျက် ထွက်ပြူစပြုလေပြီ။ နှင်းမှုန်ကြား၌ လမင်း၏ အရောင်သည် မှုန်မွှားမွှားနိုင်လှသည်။ လမင်းသည် ကမ္ဘာမြေသို့ ရောက်လာရန် ဝန်လေး တွန့်ဆုတ်နေဟန်ရှိ၏။ တခါတရံ၌ မြောက်ဘက်လေသည် ဝှေ့ယမ်း တိုက်ခတ်လာတတ်သည်။ ထိုအခါ မှုန်မွှားမွှား အလင်းရောင်နှင့် ရက်ဖောက်ထားဟန်ရှိသော နှင်းဇာပါးသည် လှုပ်ယမ်း တွန့်ခါသွားလေ၏။ သစ်ပင်ကိုင်းခက်တို့သည် ဆောင်းချမ်းဒဏ်ကြောင့် ခိုက်ခိုက်တုန် ဖြစ်ကြရသည် ဟု ထင်မှတ်စရာ ရှိ၏။

ပတ်ဝန်းကျင်တခုလုံးသည် ဆောင်းနှင်းအောက်၌ မလှုပ်မယှက် ငြိမ်သက် ငိုက်မျဉ်းနေရာမှ မြောက်လေ ဝှေ့ယမ်းလာသည်ကြောင့် တုန်တုန်ယင်ယင်ဖြစ်သွားလေ၏။

ထိုနောက် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။

မြို့ဘက်သို့ ရှေးရှုသော လမ်းမကြီးသည် ဆောင်းချမ်းဒဏ်ကို လုံးဝ အမှုမထားသည့် ဟန်ပန်မျိုးဖြင့် ဆန့်ဆန့်ကြီး လဲလျောင်းနေ၏။ သူသည် ထိုနေရာ၌ နှစ်ကာလကြာမြင့်စွာ မလှုပ်မချောက် လဲလျောင်းနေခဲ့ပြီးဖြစ်၏။ နေပူသည်၊ မိုးရွာသည်၊ နှင်းကျသည်များကို သူ အကြိမ်ကြိမ် ကြုံဖူးသည်။ သူ့အပေါ်တွင် ယာဉ်အမျိုးမျိုး၊ လူသူ တိရစ္ဆာန်အမျိုးမျိုးတို့ ဖြတ်သန်း ကျော်နင်းသွားသည်ကိုလည်း လည်စင်းခံခဲ့ရလှပေပြီ။ လွန်ခဲ့သော မကြာသေးမီအချိန်ကဆိုလျှင် စစ်သုံးယာဉ် အမျိုးမျိုး အစားစားတို့သည် သူ့ကို နိုင်ထက်ကလူပြုကာ ချေနင်းသွားခဲ့သည် မျိုးကိုလည်း တသက်နှင့်တကိုယ် ပထမဆုံးအကြိမ်အဖြစ် ကြုံခဲ့ရပြီဖြစ်၏။ ထိုအခါက ဤပတ်ဝန်းကျင်တခုလုံးမှာ ရံဖန်ရံခါ သေနတ်သံ၊ အမြောက်သံ၊ ရံဖန်ရံခါ လေယာဉ်သံ၊ ဗုံးသံ၊ ရံဖန်ရံခါ လူတို့ အော်ဟစ်သံ ညည်းတွားသံ အမျိုးစုံတို့ဖြင့် ရပ်တည်ရာမရ ဖြစ်ခဲ့ဖူးလေသည်။ သို့သော် ဤလမ်းမကြီးသည် တစိကလေးမျှ မဖြုံ။

မြို့အဝင်ဝတွင် သစ်ပင်များသည် လမ်းနှစ်ဖက်၌ တန်းစီလျက် လမ်းမကြီးကို အုပ်မိုးထား၏။ သစ်ကိုင်း ခက်လက်တို့သည် တခုနှင့် တခု ကပ်လျက် ထပ်လျက် အုပ်မိုးထားသည် ဖြစ်သောကြောင့် ထိုနေရာ၌ အမှောင်သည် ပိုမိုအတင့်ရဲလှပေသည်။

လမ်း၏ညာဘက် ခရစ်ယာန်သင်္ချိုင်းတွင်းရှိ မြန်မာကုက္ကိုပင်ကြီးများသည် မားမားမတ်မတ် ရပ်လျက် ရှိကြသည်။ ထိုသစ်ပင်ကြီးများသည် တခါတရံတွင် ဟိုဘက်သည်ဘက် ယိမ်းထိုးပြုကာ ပတ်ဝန်းကျင်ကို ခြောက်လှန့်နေဟန်ရှိ၏။ အုတ်ဂူများနှင့် လက်ဝါးကပ်တိုင်များသည် အမှောင်တွင် ငုတ်တုတ်ထိုင်လျက် လမ်းဘက်သို့ မိမိတို့၏ ပြူးကျယ်သော မျက်လုံးအစုံများဖြင့် စိန်းစိန်းစူးစူး ကြည့်နေဟန်ရှိ၏။ မြောက်ဘက်လေသည် အုတ်ဂူများ၊ လက်ဝါးကပ်တိုင်များနှင့် သစ်ပင် ခက်လက်များ ကြားတွင် မှင်စာကလေးများပမာ အော်ဟစ်ပြေးလွှားနေ၏။

ထို့နောက် အတန်ကြာ ဆိတ်ငြိမ်သွားပြန်သည်။

သင်္ချိုင်းအတွင်း ကုက္ကိုပင် ထိပ်ဖျားမှ ဇီးကွက်တကောင်သည် ဆင့်ကဲ အော်မြည်လျက် ရုတ်ခနဲ ထပျံသွားလေသည်။

တိတ်ဆိတ် ငိုက်မျဉ်းနေသော ပတ်ဝန်းကျင်သည် လန့်ဖျပ် နိုးထလာပြီး တုန်တုန်ယင်ယင် ဖြစ်နေပြန်၏။

အေးငြိမ်း၏ ခန္ဓာကိုယ်တခုလုံးတွင် လည်ပတ်နေသော သွေးကြောအလုံးစုံသည် ချက်ချင်း အေးစက်စိုင်ခဲ ရပ်တန့်သွားကြပြီ ထင်လိုက်မိ၏။ အေးငြိမ်းသည် ခပ်စောစောက အလုံးစုံကို မေ့လျော့နေခဲ့သည်။ ရွာမှ ထွက်လာစက နည်းနည်းကြောက်သည်။ ရွာဘက်မှလာသော မြေလမ်းအတိုင်း လာခဲ့ပြီး တာလမ်းမပေါ်ရောက်၍ မြို့ဘက်သို့ ရှေးရှုလိုက်သည်နှင့် ကြောက်စိတ်သည် ချက်ချင်းထွက်ပြေး ပျောက်ကွယ်သွား၏။ အသိစိတ်အာရုံသို့ မှုန်မှေးသော လရောင်သည် မရောက်လာ။ နှင်းမှုန်ဇာပါးလွှာကိုလည်း မမြင်။ အေးမြသော မြောက်ဘက်လေကို လည်း သတိမထားမိ။

ယခုမူ အေးငြိမ်းသည် ပခုံးထက်က တဘက်စောင် နှစ်ဖက်စွန်းကို ခပ်တင်းတင်း ဆွဲချလိုက်ရပေပြီ။ ဤအပြုအမူသည် အလုံးစုံသော ကြောက်လန့်ဖွယ်ရာတို့ဘေးမှ ကာကွယ်ခြင်း ဟုလည်း ယူဆဟန်ရှိ၏။ ကြောက်စိတ် အနည်းငယ် ဝင်လာပြီဟူ၍ သိလိုက်သည်။ ထို့ကြောင့် ညာဘက်မှ သင်္ချိုင်းကို လုံးဝမကြည့်ရဲ။

သစ်ပင်တန်းသည် မြို့ထဲအထိ အုံ့ဆိုင်းနေ၏။ သင်္ချိုင်းမြေ၏ တဖက်စွန်း၌ စစ်တပ်ဝိုင်း ရှိသည်ကို အေးငြိမ်း သိသည်။ ယခု ထိုစစ်တပ်ဝိုင်းကို အေးငြိမ်း မေ့လျော့ထားလိုက်သည်။ တဘက်စောင်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆွဲကာ ခြေလှမ်းကို ပိုမိုအားစိုက်လှမ်းလာခဲ့သည်။ ခြေလှမ်းများသည် ပိုပိုသွက်လက်လာဟန် ရှို၏။ လေးမိုင်နီးပါးခရီးကို လျှောက်ခဲ့ရသည့်အတွက် ညောင်းညာခြင်း၊ နာကျင်ခြင်း ဖြစ်ရသည်များကိုလည်း မေ့လျော့နေဆဲ ဖြစ်လေသည်။ ရင်ထဲတွင် အမျိုးအမည် ခွဲခြားမရသော ဝေဒနာများ ရောနှောလျက် ခလောက်ဆန်နေကြ၏။ လေမုန်တိုင်း ကျနေသည်နှင့်လည်းတူ၏။ လှိုင်းတံပိုး ရိုက်ခတ်နေသည်နှင့်လည်း တူ၏။ သို့သော် စိတ်က စောလွန်းနေသဖြင့် ဘာကိုမျှ တိတိပပ ခံစားမိသည် မရှိ။

စစ်တပ်ဝိုင်းအဆုံးတွင် ညာဘက်မှ ဦးတည်လာသော လမ်းသွယ်တခုရှိ၏။ ထိုလမ်းသွယ်ဆီမှ မော်တော်ကားတစီးသည် အရှိန်ပြင်းစွာဖြင့် မောင်းနှင်လာလေသည်။ အေးငြိမ်း၏ ခြေလှမ်းသည် တုံ့ခနဲ ရပ်တန့်သွား၏။ မော်တော်ကားသည် လမ်းသွယ်အတိုင်း ထွက်လာပြီး မိမိတူရူသို့ အရှိန်ပြင်းစွာဖြင့် ဆက်လက်မောင်းနှင် လာလိမ့်မည်ဟု ရုတ်ခြည်း တွေးထင်စိတ်ကြောင့် ထိတ်လန့်သွား၏။ သို့သော် မော်တော်ကားသည် လမ်းမကြီးနှင့် ဆုံရာ၌ ညာဘက်သို့ ကွေ့ချိုးကာ လမ်းမကြီးအတိုင်း အနောက်ဘက်သို့ အရှိန်ပြင်းစွာ ခုတ်မောင်းသွားပြန်သည်။ ကားမီးရောင်တွင် ထောင်နံရံကြီးကို မြင်ရလေပြီ။

ထိုအခါ သူ့စိတ်အာရုံသို့ ဘဒင် ရောက်လာခဲ့လေသည်။

ရုတ်တရက် တုံ့ရပ်သွားသော ခြေလှမ်းသည် ပြန်လည်လှုပ်ရှားလာ၏။ ရင်ထဲ၌ ပူလောင်သွားလေသည်။ သောကမီး တောက်သည်။ နှလုံးသည်းပွတ်မှာ နာကျင်လာသည်။ ဝေဒနာအလုံးစုံသည် ရင်တွင် ပြည့်လျှံဝေကျမည် တကဲကဲ ရှိလာ၏။

ထောင်ထဲမှ သူ့မျက်နှာကို မြင်ယောင်လာသည်။ သည်တော့ ဝမ်းနည်းသည်။ ကိုဘဒင်ကို အေးငြိမ်း သနားသည်။ ကိုဘဒင်အတွက် အေးငြိမ်း စိတ်ထိခိုက်လာသည်။ နံနက်ခင်းက အဖြစ်တွေကို ပြန်ပြီး မြင်ယောင်လာသည်။

မြင့်မားထူထဲသော အုတ်တံတိုင်း လေးဖက်ကာရံလျက် အတွင်း၌ သံဆူးကြိုးခက်များ ရစ်ပတ်ထားသော သံတိုင်ကာ အဆောက်အအုံတွင်းရှိ သံတိုင်များကြားမှ မိမိလင်သား၏ ညှိုးငယ်သောမျက်နှာကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်း ဖြစ်လေသည်။

သူ့ဆီကို လာစဉ်က သူ စိတ်မကောင်း မဖြစ်စေလိုသောဆန္ဒဖြင့် အံကို တင်းတင်းကြိတ်ကာ သူ့ရှေ့မှာ ဟန်ဆောင်မျက်နှာထားဖြင့် အားပေးစကား ဆိုမည်ဟု အေးငြိမ်းစိတ်ကူးခဲ့သည်။ သို့ပေမဲ့ သားနှင့်မယားကို ချစ်ကြင်နာရမည်မှအပ ဘာမျှ နားလည်ခြင်းမရှိ။ ပြီး မိမိကိုယ်တိုင် အကျဉ်းထောင်တွင်းသို့ ရောက်နေရသည်ကိုလည်း ဘာမျှသိနားလည်ခြင်း ရှိဟန်မတူသော လင်သား၏ မျက်လုံးအစုံမှာ မျက်ရည်စက်တွေဖြင့် ရီဝေနေသည်ကို တွေ့ရသောအခါ အေးငြိမ်း ရင်ထဲကမချိ။

“ငါ့ကို ဘာဖြစ်လို့ ဖမ်းတာတဲ့လဲ အေးငြိမ်းရယ်၊ ခု ငါထောင်ကျတော့မှာလား၊ ဒီလိုဆို ငါ ထောင်ထဲမှာ ဘယ်လောက်ကြာမှာလဲ၊ နင်တို့သားအမိနဲ့ခွဲပြီး နေရရင် ငါဒုက္ခရောက်မှာပဲ အေးငြိမ်း ငါမရှိရင်ကော နင်တို့သားအမိ ဘယ်လိုနေကြ စားကြမလဲ၊ ငါ ထောင်မကျအောင် လုပ်ပေးပါ အေးငြိမ်းရာ နင်လုပ်ရင် ရပါတယ်၊ သူ့ဆီကို နင်သွားပါ၊ နင်သွားပြောရင် ငါ့ကိုလွှတ်မှာပါ အေးငြိမ်းရယ်”

ငိုသံနှင့် ရောထွေးတုန်ယင်နေသော လင်သား၏စကားတွေကို ကြားရတော့ အေးငြိမ်း မျက်ရည် မဆည်နိုင်။ မငိုဘူး အံခဲထားပါလျက် မျက်ရည်က သွယ်ကျရသည်။ သူပြောသမျှကို နားထောင်ရင်း အချိန်ကုန်သည်နှင့် သူ့ရှေ့က ထွက်ခွာလာခဲ့သည်အထိ သူ့ကို စကားတလုံးမျှ မပြောခဲ့ရ။ သူ့ထံမှ မျက်ရည်စက်လက်ဖြင့် ခွာထွက်ရခဲ့သည်။

ယခုတဖန် မနက်က သူပြောသောစကားတွေကို ကြားယောင်လာပြန်၏ ရင်ထဲမှ တလှပ်လှပ် လှုပ်ခတ်လာသည်။ မျက်ရည်စသည် မသိမသာ သွယ်ကျလာ၏။

ခြေလှမ်းသည် ပိုမို သွက်လက်လာ၏။

ထောင်ကြီးထောင့်သို့ ရောက်သောအခါ ခြေလှမ်းအစုံသည် တုံ့ရပ်သွားပြန်သည်။ မည်းမည်းမှောင်မှောင် အုတ်တံတိုင်းကြီးကို စူးစူးစိုက်စိုက် ကြည့်လျက် တွေငေးနေပြန်၏။ မိမိမျက်လုံးအစုံသည် အုတ်တံတိုင်းကို ဖောက်ထွင်းကာ ကိုဘဒင်ကို မြင်နိုင်သည်အထင် ရောက်ဟန်ရှိ၏။ အကြားစိတ်ကလည်း ကိုဘဒင်ပြောသော စကားကို ကြားရမည်အထင်ဖြင့် နားကို စွင့်ကြည့်သည်။ သူ့ကိုလည်း မမြင်ရ။ သူပြောသည်လည်း မကြားရ။ သံချောင်း ၁၁ ချက် ခေါက်သံသည်သာလျှင် ထောင်ကြီးဆီမှ ပြတ်တောင်းတောင်း ပေါ်ထွက်လာလေသည်။ သံချောင်း ဘယ်နှချက် ခေါက်လိုက်သည်ကိုကား အေးငြိမ်း သတိမထားမိ။ ထောင်နံရံကို စေ့စေ့ကြည့်ရင်း မိမိ၏ခန္ဓာကိုယ်ဖြင့် ထောင်နံရံကို ရိုက်ခွဲ ဖြိုလှဲပစ်ချင်စိတ် ပေါ်လာ၏။ မဖြစ်နိုင်မှန်းတော့ သိသည်။

အေးငြိမ်းသည် သွယ်ကျလာသော မျက်ရည်စကို ပခုံးပေါ်မှ တဘက်စဖြင့် သိမ်းပြီး ဘယ်ဘက်ရှိ ဘောလုံးကွင်းကို ကန့်လန့်ဖြတ်ထားသည့် လူသွားခြေလမ်းကလေးဆီသို့ အမြင်သိစိတ် အာရုံကို လွှတ်လိုက်လေသည်။

ယခုအခါ အေးငြိမ်း၏ခန္ဓာကိုယ်သည် ထောင်နံရံကို ကျောပေးမိပြီးဖြစ်၏။ ဘောလုံးကွင်းကို ကန့်လန့်ဖြတ်ထားသောလမ်းငယ်သို့ ခြေချမိသည့်တိုင် နောက်ဘက် အုတ်နံရံတွင်းမှ ကိုဘဒင်ကို မြင်ရလို မြင်ရငြားဖြင့် လည်ပြန်ကြည့်လိုက်မိပြန်သည်။ ထို့နောက် မိမိ ရှေးရှုသွားရမည့် လမ်းအတိုင်း ဘယ်ဘက်သို့ ချိုးခဲ့လေသည်။ သည်လမ်းကို အေးငြိမ်း မမေ့။ အမြဲ သတိရသည်။ အမှတ်ရသည်။ စိတ်က ရှေ့သို့ ကျော်လွန်ထွက်သွားနေသည့်တိုင်အောင် ခြေလှမ်းစုံသည် တုန်ယင်နှေးကွေးနေပြန်သည်။

အမှန်ပင် သည်လမ်းကို မမေ့နိုင်မပျောက်နိုင်စေကာမူ သည်လမ်းအတိုင်း ယခုကဲ့သို့ ရှေးရှုသွားလာစရာ အကြောင်းကိစ္စတခု ပေါ်ပေါက်လာလိမ့်မည်ဟူ၍ကား အေးငြိမ်း တွေးထင် မျှော်လင့်ခြင်း မဖြစ်ခဲ့ဖူးပေ။

အထူးသဖြင့် ထိုလမ်းတူရူ၌ အစ်ကိုကြီးရှိနေသမျှ ကာလပတ်လုံး ထိုလမ်းတွင်း ဝင်ထွက်သွားလာခြင်း မပြုဟု အေးငြိမ်း ဆုံးဖြတ်ထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့်ပင် လွန်ခဲ့သော တပတ်ခန့်က ဤမြို့သို့ အစ်ကိုကြီး ပြန်လည်ရောက်ရှိလာပြီဟူသော သတင်းကို ကြားရသည့် အချိန်မှစ၍ ထိုလမ်းကို အေးငြိမ်း ဝေးဝေးမှ ရှောင်ခဲ့သည်။ သို့ပါလျက် ယခု ဤလမ်းတူရူသို့ အေးငြိမ်း လာခဲ့ရပေပြီ။ အေးငြိမ်း ဘယ်အခါကမျှ မတွေ့ပါဘူးဟု ကတိပေးရသော လူတယောက်ကို တွေ့ဆုံနိုင်ရန် အေးငြိမ်း ကြိုးစားခဲ့ရ၏။ ယခု ထိုလူကို တွေ့ဆုံရန် လာခဲ့ပေပြီ။ ကိုဘဒင်အတွက် ဟူသော အကြောင်းပြချက်များဖြင့်မို့သာ လာခဲ့ရသည်။ သို့မဟုတ်ပါက မိမိကိုယ်ကိုယ်ပင်လျှင် ခွင့်လွှတ်စရာ မရှိဟုလည်း အထင်ရောက်ရပြန်သည်။

သို့သော် မနက်ခင်းက ကိုဘဒင်ဆီကအပြန်တွင် အစ်ကိုကြီးနှင့် တွေ့ဆုံဖို့ ဆုံးဖြတ်ပြီး အစ်ကိုကြီး ရုံးထိုင်သောနေရာနှင့် မလှမ်းမကမ်းမှနေ၍ အစ်ကိုကြီးကို တစေ့တစောင်း ကြည့်ခဲ့ရကတည်းကပင် တမ်းတစိတ် လွမ်းဆွတ်စိတ်တို့သည် ခန္ဓာကိုယ်မှာ ပျံ့နှံ့လာခဲ့သည်။ အစ်ကိုကြီးနှင့် မျက်လုံးချင်း ဆုံမိသောအခါ အိုမင်းရင့်ကျက်သောအရွယ်နှင့် အသိစိတ်အလုံးစုံသည် ကမ္ဘာမြေပြင်၏ တဖက်စွန်းသို့အထိ လွင့်စဉ်သွားကြသည်ဟု မှတ်ယူခဲ့ရ၏။ မိမိကို အစ်ကိုကြီး မြင်သွားပြီလား စိုးရိမ်စိတ်ဖြင့် ထိတ်လန့်ခဲ့ရပြီ။ အစ်ကိုကြီးကိုယ်တိုင်က မိမိကို စိမ်းကားခြင်း၊ လျစ်လျူရှုခြင်း မပြုဘဲ သူ့လူယုံတယောက်ကို စေလွှတ်ပြီး အကြောင်းကိစ္စ မေးမြန်းလာသောအခါ စိတ်အားတက်ခဲ့ရသေးသည်။ ယခု အစ်ကိုကြီး၏ စီစဉ်ချက်အရ အစ်ကိုကြီးနှင့် တွေ့ဆုံဖို့ လာခဲ့ခြင်း ဖြစ်၏။ သို့ပါလျက် အစ်ကိုကြီးနှင့် ယခုတကြိမ် တွေ့ရမည်ကို ထိတ်လန့်နေပြန်၏။

တွန့်ဆုတ်နှေးကွေးသော ခြေလှမ်းများသည် သွားလာနေကျ အစ်ကိုကြီး အိမ်တူရူကို အမှတ်အသား ရှိကြ၏။ ဤခြေလှမ်းများသည် ဆေးရုံကွေ့ လမ်းချိုးသို့ ကတုန်ကယင် လှမ်း၍ ဝင်ခဲ့၏။

ခပ်လှမ်းလှမ်းမှ မီးရောင် မထင်မရှား လင်းနေသောအိမ်ကြီးကို မြင်ရချေပြီ။ အေးငြိမ်း ရင်ထဲက ဝေဒနာများသည် ပိုမို ယောက်ယက်ခတ်လာကြကုန်၏။ ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း၊ ထိတ်လန့်တုန်လှုပ်ခြင်း၊ စိုးရိမ်ခြင်းတို့သည် ရောနှော မွှေနှောက်နေဘိ၏။

အိမ်ကြီးမှာ အထက်ထပ် ခေါင်းရင်းခန်းတခုဆီမှ ခပ်ဖျော့ဖျော့ လင်းနေသော မီးရောင် မှုန်မှေးမှေးမှအပ တိတ်ဆိတ်ပိန်းပိတ်နေလေသည်။

အောက်ထပ်တွင် အုတ်နံရံကာလျက် အပေါ်ထပ်တွင် ပျဉ်းကတိုး လျှာထိုး ကာရံထားသော အိမ်ကြီးသည် အိုမင်းဟောင်းနွမ်းသောအသွင်ကို ဆောင်ထား၏။ အိမ်ဝိုင်းအတွင်း ပြုပြင်ခြင်း ကင်းမဲ့သည်မှာ ကြာပြီဖြစ်၍ အများအားဖြင့် မြက်ရိုင်းပင်များ ပေါက်ရောက်နေ၏။ အဝင်တံခါးဝ ဘေးဘက်မှ မန်ကျည်းပင်ကြီးသည် မြောက်လေတွင် ခိုက်ခိုက်တုန်နေသည်။ မန်ကျည်းပင်ဘေးမှ ဓာတ်မီးတိုင်၏ အလင်းရောင်သည် ဖျော့တော့လှချေသည်။ ဓာတ်မီးတိုင်မှ အလင်းရောင် ပြိုးပြောက်များသည် ခိုက်ခိုက်တုန်နေသော မန်ကျည်းပင်အောက်သို့ သစ်ကိုင်းခက်လက်များကြားမှ တဆတ်ဆတ်ခုန်လျက် ကျဆင်းနေ၏။

လမ်း၏သည်ဘက်တွင်လည်း မန်ကျည်းပင်ကြီးတပင် ရှိလေသည်။ အေးငြိမ်းသည် လမ်းသည်ဘက် မန်ကျည်းပင်အောက်သို့ ဝင်လာခဲ့သည်။ ဆုတ်ရက် လမင်းဆီမှ အလင်းရောင် ပြိုးပြောက်တို့သည် မှုန်မှုန်မှေးမှေး ကျဆင်းနေ၏။ အေးငြိမ်း၏ မျက်လုံးအစုံသည် အိမ်ကြီးဆီသို့သာလျှင် စူးစိုက်နေ၏။ ရင်တွင်းမှ လှုပ်ခတ်သံများသည် နှလုံးသည်းပွတ်နှင့် ထိခတ်ကာ အသံထွက်ပေါ်လာကြ၏၊ အမြင်အာရုံကို အိမ်ကြီး၏ အထက်ထပ် မီးလင်းနေသော အခန်းမှာသာ စူးစိုက်ထားလိုက်သည်။ ထိုအခန်းတွင်းမှ လှုပ်ရှားသော အရိပ်တခုကို မြင်ရသည်။ ဒါကို အစ်ကိုကြီးဟု အေးငြိမ်း ထင်ကြည့်သည်။

ရင်ထဲက အပူသည် မျက်လုံးအိမ်သို့ ပျံ့လာသည်။ မျက်ရည်သည် ဝေ့လာ၏။ ပြည့်လျှံ ဝေကျလာလေသည်။

လေးမိုင်ကျော် လျှောက်ခဲ့ရသော ခြေတံများသည် ယိမ်းညွတ်ခွေယိုင်လာကြသည်။ ခန္ဓာကိုယ်ကို ရပ်တည်ခြင်းငှာ မစွမ်းသာတော့ပေ။ မိမိ၏ခန္ဓာကိုယ်ကို မန်ကျည်းပင်စည်၌ မှီကပ်ထားလိုက်ရသည်။ ဟစ်အော်တမ်းတ ငိုယိုပစ်လိုက်ချင်သည်။ သို့မဟုတ် မိမိ၏ခန္ဓာကိုယ်ကို မြေမှာ ဗုန်းဗုန်းလှဲချပြီး ရှိုက်ငိုပစ်လိုက်ချင်၏။

ရင်ထဲမှ တဒိတ်ဒိတ်မြည်နေသည်တို့သည် အစ်ကိုကြီးကို တမ်းခေါ်သည်ပဲ ဖြစ်မည်။ သည်လိုဆို အစ်ကိုကြီး ကြားသင့်ကောင်းပေသည်။

| ၂ |

 

ယနေ့အဖို့ ဤအိမ်ကြီးသည် ခါတိုင်းထက် စောစီးစွာ အိပ်မောကျခဲ့ဟန် ရှိ၏။

သို့သော် ဦးထွန်းတင်၏ စိတ်အာရုံ၌ အေးငြိမ်း၊ နုနှင့် ကိုကိုထွန်းတို့သည် လူးလာဆန်ခတ် လှုပ်ရှားနေကြ၏။ ပင်ပန်းသည်။ မောဟိုက်သည်။ ဦးနှောက်တခုလုံးမှာ နောက်ကျုရှုပ်ထွေး နေရလေပြီ။ ထွက်သက်ကို ပြင်းပြင်းမှုတ်ထုတ်ရပါက မိမိစိတ်အာရုံသို့ ဝင်ရောက်မွှေနှောက် နေကြသူများ လွင့်စဉ်ပျောက်ပျက်သွားမည်လား အထင်ဖြင့် သက်ပြင်းကို အကြိမ်ကြိမ် မှုတ်ထုတ်မိသည်။ သို့သော် သူတို့အားလုံးသည် အမှောင်ကိုဖြတ်၍ ဝင်ရောက်လာကြ၏။

ညနေက အိမ်ပြန်ခရီးသည် သူ့တသက်တာတွင် အပင်ပန်းဆုံးခရီးဟု ဦးထွန်းတင် ယူဆသည်။ နုနှင့် မျက်နှာချင်းဆိုင်ရမည်ကို ပင်ပန်းသည်။ နုကို ကြောက်လန့်နေသည်လားဟုလည်း အထင်ရောက်သည်။ ဖြစ်နိုင်သည်ဟုလည်း အဆုံးအဖြတ်ပြုသည်။

စင်စစ် နုလို မိန်းမသားတယောက်နှင့် ပေါင်းသင်းနေထိုင်ရခြင်း၊ သည်သား သည်သမီးများနှင့် သိုက်ဝန်းစည်ပင် နေရခြင်းသည် လူ့ဘဝတခုလုံး၏ မြတ်နိုးဖွယ်သော အခြေအနေ တရပ်ဟူ၍ သူအမြဲတမ်း မှတ်ယူနိုင်ခဲ့၏။

နုသည် ချစ်စရာ ကောင်းသည်၊ လှပသည်၊ နုမျစ်သည် ဆိုခြင်းတို့နှင့် စပ်လျဉ်း၍ ပမာပြစရာ ရှားသည်ဟု မဆိုသာပေ။ သို့သော် လင့်အပေါ်၊ သားအပေါ်၌ ထားရှိသော နု၏မယားကောင်း ကျင့်ဝတ်၊ မိခင်ကောင်းကျင့်ဝတ်များနှင့် စပ်လျဉ်း၍ကား ဤကမ္ဘာမြေအပြင်၌ ရှာဖွေ တွေ့စ ကောင်းသည်ဟု ဦးထွန်းတင် မထင်မှတ်ခဲ့ပေ။

ကိုကို့ကား အိမ်ဝမှာ ရပ်လာသည်နှင့် နုသည် ကိုကို့ကို တံခါးဝမှ ကြိုဆိုနှင့်၏။ သည်ဝတ္တရားကို နုသည် ၁၀ နှစ်ကျော် ဆောင်ရွက်ခဲ့သည်။

ကိုကို့ကားတံခါးကို နုကိုယ်တိုင် ဖွင့်ပေးသည်။ ကားပေါ်မှ ဆင်းလာသော ကိုကို့အား ချိုပြုံးသောမျက်နှာပေးဖြင့် “ကိုကို ကနေ့ သိပ်မောလာသလားကွယ်” ဟု ဆိုလာလျှင်ပင် ပင်ပန်းမှု ဟူသမျှ ပျောက်လွင့်ရမြဲဖြစ်သည်။

ကိုကိုသည် ဧည့်ခန်းကိုဖြတ်ပြီး စာကြည့်ခန်းတွင်းသို့ ဝင်လာသည်အထိ နုသည် ကိုကို့အပါးမှ ကပ်လျက်ပါလာသည်။ ကိုကို့အတွက် သံပုရာရည်ဖန်ခွက်သည် စားပွဲပေါ်တွင် အသင့်စောင့်လင့်နေပြီး ရှိစေသည်။ စာကြည့်ခန်း ရောက်သည်နှင့် ကိုကို့ အပေါ်အင်္ကျီကို ချွတ်ယူပြီး ချိတ်မှာချိတ်သည်။ ပြီးလျှင် ကိုကို့ကို ကြိမ်ပက်လက် ကုလားထိုင်ကြီးမှာ ထိုင်စေသည်။ ကိုကို့ဖိနပ်၊ ခြေအိတ် အလုံးစုံကို နုကိုယ်တိုင် တယုတယ ချွတ်သည်။ အိမ်ထဲမှာ ကိုကိုစီးဖို့ ကတ္တီပါ ညှပ်ဖိနပ်သည် ထိုနေရာတွင် အမြဲအသင့်ရှိသည်။ နုသည် ကိုကို ရုံးတွင်စီးခဲ့သော ဖိနပ်များကို ချွတ်ယူပြီး ဖိနပ်စင်မှာ ထားမည်။ သည်ကပြန်လာလျှင် ကိုကို့ကို လုံချည်လဲစေမည်။ လုံချည်လဲပြီးသည်နှင့် သံပရာရည် သောက်စေမည်။ ထို့နောက် ကြိမ်ပက်လက် ကုလားထိုင် လက်တင်ကြားမှ ခြေတင်တန်းကို ဆွဲထုတ်ပြီး ကိုကို့ခြေထောက်တွေကို နုကိုယ်တိုင် မ၍ ခြေတင်ပေါ်မှာ တင်ပေးမည်။ ကိုကို့အတွက် စီးကရက်တလိပ်ယူပြီး မီးညှိပေးမည်။ သည်နောက် ကိုကို့ဘေးမှာ ဒူးတုပ်ထိုင်ရင်း ကိုကို့မျက်နှာကို ပြုံးစစမော့ကြည့်ကာ အမောပြေစကားကို ဆိုမည်။ ကိုကို့မျက်နှာ ကြည်သာပုံမပေါ်လျှင်

“ကိုကို သိပ်မောလာသလားကွယ်၊ ကနေ့ အမှုတွေက များသလား၊ ဒီလိုဆို ခေါင်းကိုက်နေမှာပေါ့နော်၊ ရေမွှေးကလေး ရှူလိုက်ပါလား ကိုကို၊ နေဦး၊ ကိုကို့ဇက်ကြောကို နှိပ်ပေးမယ်” နု ပျာပျာသလဲ ဖြစ်တတ်သည်။

ထိုအခိုက် သားတို့ သမီးတို့ ကျောင်းမှပြန်လာလျှင် နုကိုယ်တိုင် ကလေးတွေကို ထွက်ကြိုရပြန်သည်။ ကလေးတွေကို အဝတ်အစား လဲပေးရဦးမည်။

ကလေးတွေမှာ အိမ်ပြန်ရောက်သည်နှင့် တသောသော ရှိတတ်သည်။ သည်ကလေး သုံးယောက်တွင် ကိုကိုထွန်းသည် အကြီးဆုံး ဖြစ်သောကြောင့်ပင်လား မဆိုနိုင်။ အလိုက်ကမ်းဆိုး သိတတ်လွန်းသည်။ မိဘနှစ်ပါးအတွက် သူတတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးဖို့ မည်သည့်အခါမျှ ဝန်လေးခဲ့သည် မရှိ။ ကျောင်းမှ ပြန်လာသည်နှင့် ဖေဖေ့စာကြည့်ခန်းဝကို ရောက်ဖြစ်အောင် ရောက်လာတတ်သည်။ ဖေဖေ မျက်နှာညှိုးဟန်ရှိလျှင် သူလည်း မိခင်နှင့်ထပ်တူ အကူအညီ ပေးတတ်သည်။ မိခင် အလုပ်မအားလျှင် ညီနှင့် ညီမကို သူကိုယ်တိုင် အဝတ်လဲပေးသည်။ ရေချိုးပေးသည်။ သူ့အသက် ၁၂ နှစ်သာ ရှိသော်လည်း သူ့ဟန်ပန်သည် ရင့်ကျက်တည်ငြိမ်သော အသွင်ကို ဆောင်သည်။ နုအနေနှင့် လင်သားကို ဂရုစိုက်ဖို့ မလစ်ဟင်းစေရသလို၊ ကိုကိုထွန်း အနေနှင့်လည်း ညီ၊ ညီမငယ်တို့ကို ဂရုစိုက်ဖို့ လစ်ဟင်းစေသည် မရှိခဲ့ရ။

အထူးသဖြင့် ညီညီခင်နှင့် စပ်လျဉ်းသော ပြဿနာကို ကိုကိုထွန်းသည် နုထက်ပင် နိုင်နင်းစွာ ဖြေရှင်းနိုင်စွမ်းသည်ဟု ဆိုရချေမည်။ ညီညီခင်မှာ ၁၀ နှစ်သာသာ အသက် ရှိသေးသည်ကြောင့်လား မဆိုနိုင်၊ အခါခပ်သိမ်း အလိုက်ကမ်းဆိုး သိခဲသည်။ သူဆော့မည်။ ဆူမည်။ အဖေအမေနားကပ်၍ ချွဲမည်။ ညီမငယ်အပေါ်မှာ နိုင်စိုးချင်သည်။ ကျောင်းကပဲဖြစ်စေ၊ လမ်းကပဲဖြစ်စေ ပြဿနာ တခုခုကို အိမ်သို့ ယူလာဖို့ ဝန်မလေး။ ကျောင်းမှာ ဘယ်ကျောင်းသားက ဘယ်သို့၊ ဘယ်ဆရာက ဘယ့်နှယ်၊ ကိုကိုထွန်းက ဘယ်လို၊ နုငယ်ငယ်က ဘယ်ပုံဆိုသော ပြဿနာမျိုးကို အိမ်သို့ အမြဲလို ယူလာတတ်သည်။ ဘယ်အခါမျှ အိမ်သို့ ကျေကျေနပ်နပ်နှင့် ပြန်လာခဲ့ရသည်မရှိ။ တခြားမှာ ပြဿနာ မတွေ့လာလျှင် အိမ်အပြန် ကားပေါ်တွင် ဒရိုင်ဘာ အောင်သန်းနှင့်ဖြစ်ဖြစ် ပြဿနာ ဖြစ်လာတတ်သည်။ အိမ်ရောက်ပြန်လျှင်လည်း အဝတ်လဲရာကအစ “ဒီအင်္ကျီကြီး မဝတ်ချင်ဘူး၊ ဟိုဟာကိုပေး” စသည်ဖြင့် ကြေး(ဂျီး)ထူတတ်သည်။ သို့မဟုတ်လျှင် ထမင်းဝိုင်း၊ သို့မဟုတ်လျှင် စကားဝိုင်း။ သူ့အတွက် မကျေမနပ်ဖြစ်လောက်သော ပြဿနာတွေ လူတိုင်း နေရာတိုင်းမှာ ရှိ၏။ သည်အခါမျိုးမှာ ကိုကိုထွန်း ဝင်ရောက်ပြောဆိုရသည်။ ကိုကိုထွန်းသြဇာကိုကား သူ ပယ်လှန်ခဲသည်။

အငယ်ဆုံး နုငယ်ငယ်ကျတော့လည်း အေးဆေးလွန်းသည်။ သူ့စိတ်က ပျော့ညံ့သည်ဟုပင် ဆိုအပ်ပေသည်။ ဆိတ်ဆိတ်ငြိမ်ငြိမ် နေတတ်သည်။ စိတ်ထိခိုက်စရာကို လွယ်လွယ်နှင့် ခံစားတတ်သည်။ ညီညီခင် နိုင်ဆိုးသမျှ သင်း ခံရမြဲဖြစ်၏။ ညီညီခင့်ကိုတော့ သူ အချစ်လျော့ဟန် ရှိ၏။ ကိုကိုထွန်းကိုကျတော့ အချစ်ပိုသလား ထင်မှတ်စရာပင်။ ကိုကိုထွန်းကလည်း နုငယ်ငယ် မျက်နှာညိုရမည့်ကိစ္စမျိုး ဘယ်လိုနည်းနှင့်မျှ မပေါ်ပေါက်စေရ။

သည်မယား၊ သည်သား၊ သည်သမီးတွေနှင့် ကုန်ဆုံးရသော ညနေခင်းများသည် အလွန် ကြည်နူးဖွယ် ကောင်းလှပေသည်။

ညနေ ၆ နာရီလောက်မှာ ထမင်းစားကြမည်။ ပြီးလျှင် လသာဆောင်မှာ ရောက်တတ်ရာရာ စကားဆိုမည်။

ညီညီခင်က ပြဿနာကို ဖော်တတ်သည်။ ကိုကိုထွန်းက ဖြေရှင်းသည်။ တခါတရံ ဖေဖေက အကြောင်းအရာတခုခုကို ပြောမည်။ သို့မဟုတ် နုက ပြောမည်။ ဤသို့ဖြင့် ၉ နာရီ၊ နောက်အကျဆုံး ၁ဝ နာရီမှာ အိပ်ရာသို့ ဝင်ကြမြဲဖြစ်သည်။

ယနေ့တော့လည်း မိမိ မျက်နှာညိုနေသည်ကို နု မသိစေချင်။ သားတွေ သမီးတွေလည်း မသိစေချင်သောကြောင့် အတတ်နိုင်ဆုံး ဟန်ဆောင်ရသည်။

စင်စစ်ဟန်ဆောင်ရသည်ဆိုခြင်းမှာ ပင်ပန်းသောအလုပ်ပါတကားဟု နားလည်ရ၏။

ဦးထွန်းတင်အဖို့ သည်ယနေ့ညနေတွင် တအိမ်လုံးနှင့် ရင်ဆိုင်ရသည့် ကိစ္စတိုင်းမှာ စိတ်မဖြောင့်မတ်။ ထမင်းစားပြီး စကားဝိုင်းကို သူရှောင်ချင်သည်။ သို့သော် ရှောင်၍မဖြစ်။

စကားဝိုင်းမှာကျတော့လည်း ထုံးစံအတိုင်းပင် ညီညီခင်က ပြဿနာ တခုကို စသည်။

“ဖေဖေ၊ ညီညီ အခု ဒုတိယအစမ်းမှာ ပထမရတယ်လေ”

“အဲဒါ ဘာဖြစ်လဲ ညီညီရဲ့”

မိခင်၏စကားက ကြားဝင်လာသည်။

“ဘာဖြစ်ရမှာလဲ မေမေ၊ ညီညီကို ဖေဖေ ဘာကတိပေးထားသလဲဆိုတာ ဖေဖေလည်း သိတယ် အားလုံးလည်း သိတာပဲ”

ဦးထွန်းတင်သည် မျက်လုံးပြူးသွား၏။ မည်သည့်ကတိမျိုး ပေးခဲ့သနည်း။ သူ စဉ်းစားမရ။

“အလကားပါ ဖေဖေ၊ ဖေဖေက သူ့ကို နာရီဝယ်ပေးမယ်ဆိုတာ ပြောနေတာပါ”

ကိုကိုထွန်းစကားကို ကြားခါမှပင် သားလတ်အတွက် သူ မည်သည့်ကတိမျိုး ပေးခဲ့သည်ကို ဦးထွန်းတင်သည် ပြန်လည် သတိရရသည်။ ဦးထွန်းတင်သည် ညီညီခင်ကို ခပ်ပြုံးပြုံးကြည့်လျက်

“ရရမှာပေါ့ သားရယ်၊ သားကို ဖေဖေဝယ်ပေးမယ်ဆိုရင် ပေးမှာပေါ့၊ ဖေဖေ ခုတခါ ရန်ကုန်သွားရင် ဝယ်ခဲ့ပါမယ်ကွယ်”

သို့သော် ညီညီခင် ကျေနပ်ပုံ မပေါ်။

“ဖေဖေ ရန်ကုန်သွားမှာက ဘယ်တော့သွားမှန်းမှ မသိတာ”

“ဘယ်တော့ပဲသွားသွားပေါ့ သားရယ်၊ ဖေဖေသွားရင် ဝယ်လာမယ် ပြောတယ် မဟုတ်လားကွဲ့”

နုသည် အဆိုးပိုသောသားလတ်ကို အချစ်ပိုသည့်အလျောက် နှစ်သိမ့်စကားဆို၏။

“အံမယ်၊ ဒါက မေမေပြောမှပဲလား၊ သွားရင်တော့ ဝယ်မှာပေါ့၊ ဒါပေမဲ့ မသွားဖြစ်ဘူးဆိုရင် ဘယ့်နှယ်လုပ်မလဲ”

ကိုကိုထွန်းသည် သည်ပြဿနာကို အကြာအရှည် ရှိနေစေချင်ပုံ မပေါ်ပေ။

“ကဲပါ ညီညီ၊ ညီညီ ဒါလောက်လိုချင်နေရင် အခု ကိုကို့နာရီကို ပတ်နေ၊ ဖေဖေ့ဆီက အသစ်ရမှ ကိုကို့ဟာ ပြန်ပေးပေါ့”

ဟူသောစကားဖြင့် ညီညီခင့်နာရီကိစ္စကို အဆုံးသတ်ခဲ့၏။

ညီညီခင့်ပြဿနာ ပြေလည်သွားစေကာမူ သည်ယနေ့အဖို့ ပြဿနာ တရပ်ရပ်သည် တနေရာရာ သို့မဟုတ် တယောက်ယောက်တွင် ရှိနေမည် ဖြစ်ကြောင်း ဦးထွန်းတင် ရိပ်စားမိနေသည်။

ဤသို့ဖြင့် စကားစပြတ်၍ တိတ်ဆိတ်နေခြင်းကို

“ဖေဖေ ကိုထွန်း တခုသိချင်လို့”

ကိုကိုထွန်းက စကားစ ဆက်လာ၏။

ပထမတော့ ဖေဖေအံ့သြသည်။ ကိုကိုထွန်းစကားက ဆန်းသည်အထင်ဖြင့် ဦးထွန်းတင်သည် ကိုကိုထွန်းမျက်နှာကို စေ့စေ့ကြည့်နေရင်း

“မေးလေ သား”

ပြောမည့်သာ ပြောရသည်။ ယနေ့အဖို့ ဦးထွန်းတင်သည် မည်သည့် ပြဿနာကိုမျှ အလေးအနက်ထားပြီး ရှင်းလင်းလိုသည် မဟုတ်ပေ။

သို့ပါလျက်

“ကိုထွန်းတို့ လွတ်လပ်ရေး ရတော့မယ်ဆို”

ကိုကိုထွန်း၏ မျက်နှာထားက အလွန်တက်ကြွသော အသွင်ကို ဆောင်ထား၏။

ဦးထွန်းတင် အဖို့တော့လည်း ကိုကိုထွန်း၏ မျက်နှာထားကို ကောင်းစွာ နားလည်ထားပြီး ဖြစ်၏။

“ဒါဟာ ကိုထွန်းကိစ္စမှ မဟုတ်ဘဲ”

“ဘာလို့ မဟုတ်ရမှာလဲ ဖေဖေ၊ လွတ်လပ်ရေးဆိုတာ အားလုံးနဲ့ ဆိုင်တယ် မဟုတ်လား”

သည်လို စူးစမ်းချင်သော ကိုကိုထွန်း၏စရိုက်၊ သူ့စိတ်တွင် ပြောချင်လာသည်နှင့်အမျှ ဒိုးဒိုးဒေါက်ဒေါက် ပြောတတ်သောအလေ့၊ မဟုတ်မခံတတ်သော အကျင့်ကို ဖေဖေရော မေမေပါ နားလည်ထားကြပြီးဖြစ်၏။ သို့သော် ယခုတကြိမ်တွင် မိမိစကားကို ပြန်လှန်ချေပ ပြောဆိုလာသည့်အတွက်တော့ ဦးထွန်းတင်အဖို့ အောင့်သက်သက် ဖြစ်ရသည်။

စင်စစ် ဤကလေးနှင့် ပတ်သက်သော အလားတူပြဿနာမျိုးကို ဦးထွန်းတင် ကြုံခဲ့ဖူးလှပေပြီ။ အထူးသဖြင့် ကိုကိုထွန်းသည် တခါတရံ ကလေးနှင့် မလိုက်လျောသော အကြောင်းအရာများ၌ စိတ်ဝင်စားလွန်းသည်ဟု မှတ်ယူကာ ပြောဆိုဆုံးမခဲ့ရုံမျှနှင့် ပြီးစီးစေခဲ့ရ၏။ ထိုအခါမျိုး၌ ကိုကိုထွန်းသည် ကျေနပ်သည် ဖြစ်စေ၊ မကျေနပ်သည် ဖြစ်စေ မိဘစကားကို နှုတ်ဆိတ် နာခံတတ်မြဲဖြစ်၏။ ယခုတကြိမ်တွင်မူ ဦးထွန်းတင်အဖို့ ဒေါသစိတ်သည် အလိုလို နိုးထရလေပြီ။

“အရူးတွေနဲ့ ဆိုင်တာ၊ မင်းနဲ့ ဘာမှမဆိုင်ဘူး”

ဦးထွန်းတင်၏အသံသည် အနည်းငယ် ခက်ထန်မာကျော တုန်ယင်နေ၏၊ ကိုကိုထွန်းသည် အထိတ်တလန့် ဖြစ်သွား၏။ သို့သော် ချက်ချင်းပင် မိမိ၏တုန်လှုပ်ခြင်းကို ထိန်းချုပ်ကာ ဖခင်ဖြစ်သူအား နားမလည်သောအကြည့်ဖြင့် ကြည့်နေ၏။ နုသည်လည်း လင်နှင့်သား၏အဖြစ်ကို နားမလည်နိုင်ဘဲ ကြောင်ငေးငေး ကြည့်နေ၏။ ညီညီခင်ကမူ ကိုကိုထွန်းကို မလိုလားသော အကြည့်ဖြင့် ကြည့်လိုက်သည်။ နုငယ်ငယ်သည် တစုံတခုကို ထိတ်လန့်စိုးရိမ်နေ၏။

“ကိုထွန်း ပြောတဲ့စကားမှာ အမှားပါသလား ဖေဖေ”

ကိုကိုထွန်း၏ အသံသည် တည်ငြိမ်ရှင်းလင်းလှသည်။

ဦးထွန်းတင်သည် ကိုကိုထွန်းကို တစေ့စေ့ကြည့်ရင်း မိမိစိတ်တွင်း၌ အလိုမကျနိုင်မှု မကျေချမ်းနိုင်မှုများသည် ဆူပွက်နေသည်ဟု အထင်ရောက်သည်။

“ကိုထွန်း စကားမှာရော ကိုထွန်းလုပ်နေတာတွေမှာပါ အမှားတွေ အများကြီး ပါတယ်”

“ဘာကိုလဲ ဖေဖေ”

“ဘာရမလဲ ကိုထွန်း၊ ဒီကိစ္စကို ဖေဖေ နောက်မှ အေးအေးဆေးဆေး ပြောဖို့ပဲ၊ ဒါပေမဲ့ ဖေဖေ အခုပြောရလိမ့်မယ်၊ မနေ့က ဆန္ဒပြပွဲကို သားလိုက်သွားတယ် မဟုတ်လား”

“ဟုတ်တယ် ဖေဖေ၊ ဒါဟာ အပြစ်လား ဖေဖေ၊ လွတ်လပ်ရေးအတွက် ဆန္ဒပြကြတာ ကျောင်းက ဆရာ၊ ဆရာမတွေလည်း ပါတာပဲဥစ္စာ”

ယခုတော့လည်း ဦးထွန်းတင်ကိုယ်တိုင် ခပ်စောစောပိုင်းက မေ့လျော့နေသော အကြောင်းရပ်သည် တနေ့လုံး ရင်ဆိုင်ရှုပ်ထွေးခဲ့ရသော ဖြစ်ရပ်များဖြင့် ရောထွေး တိမ်မြုပ်နေရာမှ ပြန်လည်ပေါ်ပေါက်လာခဲ့ရလေသည်။

စင်စစ် ဤပြဿနာသည် ယခုတလောတွင် သူ့စိတ်အာရုံကို လွှမ်းမိုး မွှေနှောက်ခဲ့သည်မှာ ကြာပေပြီ။

ယခုအချိန်တွင် တိုင်းပြည်နှင့်အဝန်း ‘လွတ်လပ်ရေး၊ လွတ်လပ်ရေး’ ဟူသော အသံများသည် ပိုမိုကျယ်လောင်လာခဲ့ပေပြီ။ ထိုအသံများကို ဦးထွန်းတင် မကြားလိုပေ။

သူ့လို အိန္ဒိယပဋိဉာဉ်ခံ ဝန်ထမ်းစာမေးပွဲအမည်ရှိ ဗြိတိသျှအစိုးရ၏ သစ္စာတော်ခံ စာမေးပွဲကြီးကို ဖြေဆိုအောင်မြင်ခဲ့ပြီး နယ်ပိုင်ဝန်ထောက်အဖြစ် ဝင်ရောက် အမှုထမ်းခဲ့သည်မှစ၍ ဤကဲ့သို့ လွတ်လပ်ရေးဟူသောအသံကို နားခါးခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်လည်း ဗြိတိသျှအစိုးရ၏ သစ္စာတော်ခံ အမှုထမ်း အရာထမ်း လောက၌ ဦးထွန်းတင်၏ ဂုဏ်သတင်းသည် ကျော်ကြား ထင်ရှားခဲ့ပြီး ဖြစ်လေသည်။

ဤနေရာတွင် ယခုအခါ ဦးထွန်းတင် ရောက်ရှိနေသော မြိုင်သာယာမြို့၏အကြောင်းကို အနည်းငယ်မျှ ဖော်ပြရန် လိုအပ်ပေမည်။ မြိုင်သာယာသည် ဟိုစဉ်ကပင် နိုင်ငံရေး နိုးကြား တက်ကြွခဲ့ပြီး မြေလတ်ဒေသ ခရိုင်မြို့ ဖြစ်သည်။ ထို့ကြောင့် ဦးထွန်းတင်သည် အသင် နယ်ပိုင်ဝန်ထောက်ဘဝမှာကတည်းက ဤအရပ်တွင် လွတ်လပ်ရေးစကား တွင်တွင်ကျယ်ကျယ် ပြောဆိုတတ်သော သခင်များကို အများဆုံး ဖိနှိပ်ဖမ်းဆီးခဲ့၏။ ထို့ကြောင့်လည်း ဗြိတိသျှအစိုးရသည် ယခုစစ်ပြီးကာလ၌ ဦးထွန်းတင်အား နယ်ပိုင်ရာထူးအဆင့်ဖြင့် မြိုင်သာယာသို့ ဒုတိယအကြိမ် စေလွှတ် ခန့်ထားခဲ့ခြင်း ဖြစ်လေသည်။

ဦးထွန်းတင်အနေနှင့်တော့လည်း မိမိ၏ သက်တမ်းတလျှောက်လုံးတွင် ဗြိတိသျှအစိုးရ၏ ပညာရေးစနစ်အောက်၌ သင်ယူခဲ့ရသော သင်ခန်းစာများ၊ အင်္ဂလန်တွင် သွားရောက်ပြီး သင်ယူခဲ့ရသော သင်ခန်းစာများအရ မဟာဗြိတိသျှ အင်ပိုင်ယာကြီးသည်သာလျှင် ကမ္ဘာမြေပြင်ကို လွှမ်းမိုးရမည်ဟု ယုံကြည်ထားပြီးဖြစ်၏။ မဟာဗြိတိသျှအစိုးရ၏ မဟာကရုဏာတော်ကိုလည်း အတုမဲ့သော ကရုဏာတရားအဖြစ် လက်ခံထားခဲ့ပြီး ဖြစ်လေသည်။ ဤသို့ဖြင့် ဗြိတိသျှနိုင်ငံ၊ ဗြိတိသျှလူမျိုး၊ ဗြိတိသျှတို့၏ ဘဝအထွေထွေသည်သာလျှင် မြတ်နိုးဖွယ်၊ လေးစားဖွယ်၊ ဂုဏ်ယူဖွယ် ဖြစ်သည်ဟုလည်း ဦးထွန်းတင် မှတ်ယူထားပြီးဖြစ်၏။ ထို့ပြင် ဗြိတိသျှလူမျိုး ရာဇဝင်သုတေသီတို့ ပြုစုခဲ့သည့် မြန်မာရာဇဝင်စာအုပ်များမှ သင်ယူခဲ့ရသော အသိအမှတ်အရ မိမိလူမျိုးများသည် နုံ့နဲ့သော လူမျိုး၊ မိမိနိုင်ငံသည် သိမ်ဖျင်းသော နိုင်ငံ၊ မိမိနိုင်ငံဘုရင်များသည် တန်ခိုးအာဏာ တပ်မက်သူများ၊ ကာမဂုဏ်၌သာ မွေ့လျော်လိုသူများ၊ ယုတ်ညံ့သေးသိမ်သူများသာ ဖြစ်သည် ဟုလည်း အခိုင်အမာ စွဲမြဲ၏။ ထို့ကြောင့်လည်း ယခုကဲ့သို့ ဗြိတိသျှအစိုးရ၏ ကျေးတော်မျိုး ကျွန်တော်မျိုးအဖြစ် အမှုထမ်းနေရသည်ကိုပင် မိမိအတွက် မဟာအခွင့်အရေးကြီးတရပ်ဟု မှတ်ယူခဲ့ရ၏၊

သို့ပါလျက် ဤနိုင်ငံမျိုးသည် အဘယ်ကြောင့် လွတ်လပ်ရေးဟူသော စကားလုံးများကို ထပ်ဖန်တလဲလဲ ရေရွတ်နေကြရသနည်း။ ဦးထွန်းတင် မည်သို့မျှ သဘောမပေါက်နိုင်ပေ။ သင်းတို့လူမျိုးသည် ဗြိတိသျှပညာရှင်ကြီးများ ပြောဆိုသကဲ့သို့ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ နေထိုင်လိုသော လူမျိုးသာ ဖြစ်ပေလိမ့်မည်။ ယခုလည်း မိမိတို့ ကြုံတွေ့ခဲ့ရသော ဒုက္ခဘေးရန် ဟူသမျှကို မမေ့ပျောက်နိုင်ကြသေးဘဲ လွတ်လပ်ရေးကို တောင်းဆိုလာကြပြန်သည် စသည်ဖြင့် ဦးထွန်းတင်၏ အတွေးအာရုံတွင် ထိုအယူအဆများသာလျှင် ပြည့်နှက်နေဘိ၏။

သည်နိုင်ငံလူမျိုးအနေနှင့်တော့လည်း နှစ်ကာလကြာမြင့်စွာ ဖိနှိပ်ခြင်း၊ ချုပ်ချယ်ခြင်း၊ မိမိတို့အဖို့ အရာရာကို အဆုံးရှုံးခံနေရခြင်းတို့အတွက် မခံမရပ်နိုင်လွန်းသဖြင့် လွတ်လပ်ရေးကို တောင်းဆိုခဲ့ကြသည်။ မိမိတို့ကို ဖိနှိပ် သွေးစုပ်နေသူများကို တော်လှန် တိုက်ခိုက်ခဲ့ကြ၏။ မကြာသေးမီကမူ ဗိုလ်ချုပ်အောင်ဆန်း တနှစ်အတွင်း လွတ်လပ်ရေး ရမည်ဟူသော သန္နိဋ္ဌာန်ကို ပြည်သူလူထုရှေ့တွင် ကြေညာခဲ့၏။ လွတ်လပ်ရေးကို အေးအေးဆေးဆေး တောင်းယူ၍ မရလျှင် တော်လှန် တိုက်ခိုက်ရမည်ဟူသော ဗိုလ်ချုပ်၏အယူအဆသည် တက်ကြွသောအားမာန်ကို ဆောင်ခဲ့ပေပြီ။ ဤသို့ဖြင့် နိုင်ငံနှင့်အဝန်း လွတ်လပ်ရေး ဆန္ဒပြပွဲကြီးများ ပေါ်ပေါက်ခဲ့လေသည်။

ဦးထွန်းတင်သည် ဗိုလ်ချုပ်အောင်ဆန်းဆိုသူ၏အမည်ကို ကြားဖူးသော လူတယောက် ဖြစ်၏။ ယခုကဲ့သို့ တနိုင်ငံလုံး ထိုသူ၏အမည်ကို နှုတ်ဖျားမှ ရွတ်ဆိုခြင်းမပြုမီ လွန်ခဲ့သောအချိန်များ ကတည်းကပင် ထိုလူ၏အမည်သည် မိမိဦးနှောက်တွင်းသို့ ရောက်ရှိလာခဲ့ပြီးဖြစ်၏။ ထိုသူကား သခင်အမည်ခံ ဝရမ်းပြေးတယောက်အဖြစ် ဗြိတိသျှအစိုးရ၏ သတ်မှတ်ကြေညာခြင်း ခံရသူ တယောက် ဖြစ်သည်နှင့်အညီ မိမိအနေဖြင့် ထိုလူ့အပေါ်တွင် မည်သို့မျှ အထင်မကြီးခဲ့ပေ။ သို့ပါလျက် ဗြိတိသျှအစိုးရသည် ထိုသူအား ယခုအခါ၌ အစိုးရအဖွဲ့တွင် ပါဝင်ခွင့်ပြုထားခြင်းနှင့် ပတ်သက်၍ မူလက မည်သို့မျှ နားလည်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း မိမိ၏ မဟာဗြိတိသျှ အစိုးရသည် ဝရမ်းပြေးတယောက်ကို ဝန်ကြီးရာထူး ပေးထားခြင်းမှာ ပရိယာယ်တရပ် ဖြစ်ကောင်းသည်ဟု ယူဆခဲ့ရလေသည်။

ယခုမူ ထိုဗိုလ်ချုပ်အောင်ဆန်းကို တတိုင်းပြည်လုံးက လေးစားကြည်ညိုကြသည်။ ထိုသူ၏ မိန့်ခွန်းနောက်တွင် လူထုကြီးသည် သေဆိုသေ၊ ရှင်ဆိုရှင်မည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့ပေပြီ။ ထိုလူသည် တနိုင်ငံလုံး၏ တခဲနက် ထောက်ခံမှုကိုယူ၍ အင်္ဂလန် နိုင်ငံသို့ပင် သွားရောက်ကာ လွတ်လပ်ရေးအတွက် အရေးဆိုနေပြီဟုလည်း သိရ၏။

သည်အချိန်မျိုးတွင် မိမိအဖို့ ထိုလူ ပါဝင်နေသော အစိုးရအဖွဲ့ လက်အောက် အရာရှိ တယောက်အနေဖြင့် တာဝန်ထမ်းဆောင်နေရစေကာမူ တကယ်တမ်း မိမိ သစ္စာခံယူရမည်မှာ မဟာဗြိတိသျှ ဧကရာဇ်ဘုရင်သာလျှင် ဖြစ်သည်ဟု စွဲမြဲထားပြီး ဖြစ်လေသည်။ သို့ပါလျက် ဤကဲ့သို့ ဖခင်ဖြစ်သူက မဟာဗြိတိသျှဧကရာဇ် ဘုရင်မင်းမြတ်၏သစ္စာကို ခံယူထားချိန်တွင် သားဖြစ်သူက မဟာဗြိတိသျှဧကရာဇ် ဘုရင်မင်းမြတ်ကို ဆန့်ကျင်နေခြင်းအတွက် ဦးထွန်းတင် မည်သို့မျှ မကျေနပ်နိုင်ပေ။

“ဘာလွတ်လပ်ရေးလဲ၊ ဒီလွတ်လပ်ရေးကြောင့် အဖမ်းအဆီး ခံခဲ့ကြရပြီ၊ အသတ်ခံခဲ့ကြရပြီ။ ခုအထိ အရူးတွေလို လျှောက်အော်နေကြတဲ့အထဲမှာ မင်းက ဘာဖြစ်လို့ ပါတာလဲ။ ဒီမှာ ကိုထွန်း၊ ဖေဖေ ကိုထွန်းကို ပြောထားတယ် မဟုတ်လား။ နိုင်ငံရေးသမားတွေပြောတဲ့ တရားပွဲကို မသွားရဘူး။ ကျောင်းမှာ ကျောင်းသားကြီးတွေနဲ့ မပေါင်းရဘူးလို့ ဖေဖေ သတိပေးထားတယ် မဟုတ်လား။ အေး ခုဟာ ဖေဖေ နောက်ဆုံးသတိပေးတာပဲ။ နောက်တခါ ဖေဖေ မကြိုက်တဲ့ အလုပ်ကို ကိုထွန်းလုပ်ရင် ကိုထွန်းကို မမကေသီဆီ ပို့ပစ်မယ်”

ဦးထွန်းတင်သည် ပြောပြောဆိုဆို နေရာမှ ဆောင့်ဆောင့်အောင့်အောင့် ထလျက် ထွက်ခွာသွားလေသည်။

ကိုကိုထွန်းသည်လည်း ဘာမျှမပြောဘဲ မကျေနပ်နိုင်ခြင်း အပြည့်ဖြင့် ထိုနေရာမှ ထသွားလေတော့သည်။

ထိုနေရာ၌ နု၊ ညီညီခင်နှင့် နုငယ်ငယ်တို့သာလျှင် နားမလည်နိုင်ခြင်း၊ စိတ်မချမ်းမြေ့ခြင်း ကိုယ်စီဖြင့် တွေဝေးကျန်ရစ်ခဲ့ကြလေ၏။

ခဏအတွင်းမှာပင် ထိုနေရာသို့ အမှောင်ဖုံးလွှမ်းစ ပြုခဲ့လေသည်။ ဤသို့ဖြင့် ခါတိုင်းတစေ ကြည်နူးချမ်းမြေ့ဖွယ် ဖြစ်ခဲ့သော မိသားစု၏ ထိုနေ့ ညဦးပိုင်းသည် အကျည်းတန်လှစွာ ပြိုကွဲခဲ့ရလေတော့သည်။

အားလုံးသည် ခပ်စောစောပင် အိပ်ရာသို့ ဝင်ကြသည်။ သို့သော် ဦးထွန်းတင်အဖို့ အိပ်၍ မရနိုင်။ အိပ်ပျော်ဖို့လည်း မကြိုးစားချင်။ ကိုကိုထွန်းနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်ရသည်ကိုလည်း ဝမ်းနည်းသည်။ ထိုဝေဒနာမှာ တွဲခိုလျက် နေ့ခင်းက အဖြစ်အပျက်သည် ရောက်လာခဲ့ပြန်သည်။ သည်တော့ ကိုကိုထွန်းကို စိတ်အာရုံမှ မေ့ပျောက်ရနိုင်ပေမဲ့ အေးငြိမ်းကို တကယ်တမ်း မမေ့ပါကလားဟု သိရပြန်လေသည်။

| ၃ |

 

အေးငြိမ်းကို မေ့လည်း မမေ့ချင်။

မြိုင်သာယာသို့ လာရမည်ဆိုကတည်းက အေးငြိမ်းကို သတိရသည်။ သို့ပေမဲ့ နှစ်ကာလ ကြာမြင့်စွာ ခွဲခွာခဲ့ကြရပြီး အဖြစ်အပျက်ပေါင်း မြောက်မြားစွာကို ဖြတ်သန်းခဲ့ကြရာကား အေးငြိမ်းကို မေ့ကောင်းသည်၊ ပျောက်ကောင်းသည်၊ အမှတ်ထားခဲ့၏။

တကယ်တမ်းကျတော့ သူ အေးငြိမ်းကို စိမ်းကားရက်သည် မဟုတ်ပေ။

နေ့ခင်းက ရုံးတံခါးဝ ထောင့်စွန်းမှာ အေးငြိမ်းမျက်နှာကို လျှပ်ပြက်သည်သို့ မြင်ရုံမျှဖြင့် သည်မျက်နှာကို မေ့ပျောက်မရပါတကားဟု သိရသည်။ စိတ်အာရုံမှာ ချောက်ချားတုန်လှုပ်ရသည်။ မိမိမျက်စိအမြင်စိတ်သည် မိမိကိုယ်ကိုယ်ပင်လျှင် လှည့်စားသည်လားဟု သံသယဖြစ်ရသေး၏။ နောက်တကြိမ် ကြည့်ပြန်သည်၊ နောက်တကြိမ် ကြည့်ပြန်သည်။ ထိုအခါ ရင်ထဲမှာ တလှပ်လှပ် လှုပ်ခတ်ရသည်။

စင်စစ် အဖြစ်အပျက် အလုံးစုံသည် ၁ဝ နှစ်ကာလ ကျော်ခဲ့ပေပြီ။ အသက် အရွယ်သည်လည်း နှစ် ၄ဝ ခရီးကို ကျော်လွန်လာပေပြီ။ သို့ပါလျက် လွမ်းဆွတ်သော ဝေဒနာသည် ခန္ဓာကိုယ်၌ ပျံ့နှံ့လွယ်လွန်းသည်။ ခဏနှင့်လည်း မပျောက်၊ အတန်ကြာသည်အထိ မပြယ်။ မယားဖြစ်သူ၏ယုယမှု၊ သားသမီးတွေ၏အပြုံး၊ အပြော၊ နောက်ဆုံး ကိုကိုထွန်းနှင့် ပတ်သက်သော ဒေါသစိတ်သည်ပင်လျှင် တကယ်တမ်းကျတော့ အေးငြိမ်းအတွက် ခံစားရသောဝေဒနာကို မချေဖျက်နိုင်ကြပါတကား။

တဖက်ခန်းမှ နာရီစက်သံ တချက်ချက် မြည်နေသည်ကိုပင်လျှင် အေးငြိမ်း၏ တမ်းခေါ်သံဟု ထင်ရသည်။

အပြင်ဘက်မှ လရောင်မှုန်မွှားမွှား မှန်ပြတင်းကို ဖြတ်သန်း၍ ကျဆင်းနေသည်ကိုပင် အေးငြိမ်း၏ဝိညာဉ် ရောက်လာပြီဟု ထင်ပြန်သည်။ အမှောင်ထဲမှာ စိတ်က ထွေပြားသည် ထင်သောကြောင့် အိပ်ရာမှထပြီး မီးခလုတ်ကို ဖွင့်သည်။ ဘာမျှ သိနားလည်ခြင်း မရှိသော မျက်နှာသွင်ပြင်နှင့် အိပ်မောကျနေသည့် နုကို မြင်ရသောအခါ ရင်ထဲမှာ မြက်ခနဲ ခံစားရပြန်၏။

မှန်ပြတင်းပေါက်မှနေ၍ လမ်းဘက်သို့ လှမ်းကြည့်လိုက်မိသည်။ ဟိုအဝေးမှ အေးငြိမ်း လာနေသည်ကို မြင်ရသည်ဟု အထင်ရောက်သည်။ သည်အခါ ရင်ထဲမှာ ပူနွေးသည်။

ဟို လွန်ခဲ့သော ၁၀ နှစ်ကျော်ခရီးသို့ ပြန်ရမည်ကိုကား ဝန်လေးသည်။ ဟိုတုန်းက အေးငြိမ်းဆီသို့ ပြန်သွားရမည့်အစား ယခုလာနေသော အေးငြိမ်းဆီသို့သာလျှင် ပြေးသွားချင်သည်။

အဘယ်ကြောင့် သင်း မိမိကို ဤမျှလွှမ်းမိုးနိုင်စွမ်းရသနည်း။ နားမလည်။ နားလည်း မလည်ချင်။ တွေးလည်းမတွေးချင်။ အေးငြိမ်းကို သနားသည်။ အေးငြိမ်းကို ဘယ်သို့နည်းနှင့်မျှ ပစ်မထားရက်။

ဦးထွန်းတင်သည် အခန်းတွင်း၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေရာမှ မီးခလုတ်ဆီသို့ ရောက်သွားပြီး မီးခလုတ်ကို ပိတ်လိုက်သည်။ ခြေဖဝါးကို ဖော့နင်းကာ အခန်းတွင်းမှ ထွက်ခဲ့လေသည်။ သည်အချိန်မှာတော့ အမှန်ပင် နုကို မေ့လျော့သည်။ အေးငြိမ်းကိုပဲ တွေ့ချင်သည်။

အိမ်အောက်ထပ် တခုလုံးသည် ပိန်းပိန်းပိတ်မှောင်နေသည်။ သို့ပေမဲ့ သည်နေရာမှာ ဦးထွန်းတင် သွားလာနေကျ၊ ကျင့်သားရပြီးဖြစ်၏။

စာကြည့်ခန်းတံခါးကို ခပ်ဟဟ တွန်းလိုက်သောအခါ အပြင်ဘက်မှ လျှံကျ ယိုစီးနေသော လရောင်မှုန်မှေးမှေးကို မြင်ရသည်နှင့် ခြေလှမ်းအစုံသည် တုံ့ရပ်သွား၏။ သည်အလင်းရောင်ကိုပင် အေးငြိမ်းဟု ရုတ်တရက် ထင်မှတ်သည်။ အေးငြိမ်း၏ အဆင်းသည် မှုန်မှေးဖျော့တော့သော လရောင်လိုပင် ဝါဖျော့ဖျော့ဖြစ်သည်။ အေးငြိမ်း၏ အတွေ့အထိသည် နှလုံးသည်းပွတ်ကို အေးမြ ကြည်နူးစေတတ်သည်။ အကယ်၍ လမင်း၏အလင်းရောင်သည် စကားဆိုတတ်သည်ဖြစ်မူ အေးငြိမ်းလိုပဲ ဆွတ်ပျံ့ညွှတ်နူးဖွယ် စကားတို့ကို ဆိုတတ်မည် မလွဲပေ။ အေးငြိမ်းရင်ခွင်၌ ခိုဝင်နားနေရသည်မှာ လရောင်၌ ခိုဝင်နားနေရသည်ကဲ့သို့ အေးမြချမ်းငြိမ်းခြင်းကို ဖြစ်စေမည်။ ယခု ရင်ထဲတွင် ပူလောင်ရသည် ဟူသမျှသည် အေးငြိမ်းရင်ခွင်၌ ပျောက်လွင့်ကုန်ကြရပေလိမ့်မည်။

ဦးထွန်းတင်သည် စာကြည့်ခန်းပြတင်းမှနေ၍ လမ်းတဖက်သို့ မျှော်ကြည့်လိုက်လေသည်။

မြောက်လေဝှေ့ယမ်းသည်ကြောင့် လှုပ်ခတ်နေသော မန်ကျည်းပင်ရိပ်ကို မြင်ရသောအခါ သူ့ခန္ဓာကိုယ်သည်လည်း ဤသို့နှယ်ပင် တိမ်းမူးယိမ်းယိုင်နေသည်လား သို့မဟုတ် အေးငြိမ်းကို မြင်ရပြီ ဖြစ်ပေမည်။

ဦးထွန်းတင်သည် စာကြည့်ခန်းမှ အပြင်သို့ ထွက်နိုင်သော တံခါးမကြီးကို အသာလှပ်လိုက်၏။

အေးငြိမ်းရင်ထဲမှာ ဖိုသွားသည်။

သူထွက်လာပြီကို မြင်ရသောကြောင့် အေးငြိမ်း ပျော်သည်လား။ ဝမ်းသာသည်လား။ ရင်ထဲက ဖိုသည်။ စိတ်အာရုံက ငှက်ငယ်နှယ်ပင် သည်မှ ရုတ်ခြည်းထ၍ သူ့ဆီသို့ ပျံသွား၏။ ခြေလှမ်းအစုံသည် သည်နေရာမှာပင် တုံ့ဆိုင်းနေ၏။ သည်လိုဆို သူ့ကို ကြောက်သည်လား။ သူနှင့်တွေ့ရမည်ကို စိုးရိမ်သည်လား၊ ရင်ထဲမှာ ဝေဒနာတခုခု သို့မဟုတ် အမျိုးမျိုးရှိသည်။

ဝိညာဉ်ဆိုတာကို မမြင်ဖူးပေမဲ့ လေထဲမှာ လွင့်မျောလာသော ဝိညာဉ်များလိုပင် သူတို့၏ ခန္ဓာကိုယ်နှစ်ခုသည် လွင့်မျောပါလာပြီး တနေရာတွင် ဆုံမိကြသည်။

အိမ်ခြံစည်းရိုး ဝင်းတံခါးဝရှိ မန်ကျည်းပင်အောက်၌ ထိုခန္ဓာကိုယ် နှစ်ခုသည် ရုတ်ခနဲ တုံ့ရပ်သွားကြပြန်သည်။ ထိုခန္ဓာကိုယ်အသီးသီးမှ အသိ၊ အသွေး၊ အသား ဟူသမျှသည် လွင့်စဉ်သွားကြဟန်ရှိ၏။ သူတို့သည် တဦးကိုတဦး ငေးစိုက်လျက် ကျောက်ဆစ်ရုပ်များပမာ မလှုပ်မချောက် ရပ်နေမိကြသည်။ မန်ကျည်းပင်ရိပ် အုပ်ဆိုင်းသောအမှောင်တွင် သူတို့၏ မျက်လုံးအစုံသည် လကွယ်ည၌ တောက်ပသော ကြယ်ပွင့်များကဲ့သို့ အရောင်တဖျပ်ဖျပ် ပြိုးပြက်နေဟန်ရှိ၏။ ထိုကြယ်ပွင့်များသည် ကမ္ဘာမြေကို မြင်နိုင်စွမ်းသည် မဟုတ်စေကာမူ သူတို့၏ မျက်လုံးအစုံတို့သည် တဦးကိုတဦး မြင်ရသည်ဟု အထင်ရောက်နေ၏။

အာရုံကြောများသည် တဖြည်းဖြည်း လူးလွန့်လှုပ်ရှားလာခဲ့လေသည်။ မြင်သည်၊ သိသည်၊ ဝေဒနာသည် ဦးစွာနိုးထလာခဲ့ဟန်ရှိသည်။ နှုတ်ခမ်းကိုယ်စီ၌ စကားစကို ရှာ၍ မတွေ့နိုင်သေးပေ။ အသိစိတ်မှာ ဝေဒနာမျိုးစုံဖြင့် ရစ်ပတ်ရှုပ်ထွေး နေဆဲရှိသည်။ စိတ်အာရုံသည် ထွေပြားလွင့်ပျံ့နေ၏။

ဦးထွန်းတင်၏ ခြေလှမ်းများသည် စတင်လှုပ်ရှားလာကြသည်။ အေးငြိမ်း၏ ခန္ဓာကိုယ်ဆီသို့ ချဉ်းကပ်လာခဲ့သည်။ အေးငြိမ်းသည် အသိမဲ့သော ထိတ်လန့်ခြင်းများဖြင့် နောက်ဘက်သို့ ခြေတလှမ်း ဆုတ်လိုက်၏။ ချက်ချင်းပင် မိမိအပြုအမူအတွက် ဝမ်းနည်းမိပြန်သည်။

“အေးငြိမ်း နေကောင်းတယ်နော်”

ဦးထွန်းတင်၏အသံသည် အနည်းငယ် ထစ်အ တုန်ယင်နေသည်မှအပ ဟိုလွန်ခဲ့သော ၁၀ နှစ်ကျော်ကကဲ့သို့ပင် ပျိုမျစ်ထက်မြက်သောအသွင်ကို ဆောင်သည်ဟု အေးငြိမ်း အထင်ရောက်၏။

သူတို့နှစ်ဦးစလုံး၏ ခန္ဓာကိုယ်သည် ၁၀ နှစ်ကျော်ကျော် အိုမင်းရင့်ရော် လာခဲ့ပြီ ဖြစ်သော်လည်း စိတ်အာရုံအလုံးစုံသည် ၁၀ နှစ်ကျော်ကျော် ပြန်လည် နုမျစ်သွားကြလေသည်။

အရှေ့ဘက် ကောင်းကင်တွင် မြင့်တက်လာခဲ့ပြီဖြစ်သော လမင်းသည် လွန်ခဲ့သော ၁ဝ နှစ်ကျော်ကာလက ဤနေရာတွင် မိမိတွေ့ကြုံခဲ့ဖူးသော ၁၇ နှစ်ရွယ် သူငယ်မကလေးနှင့် အသက် အစိတ်ကျော်ကျော် အမျိုးသားတို့ကို ယခုတကြိမ် ပြန်လည်တွေ့ရှိရခြင်းအတွက် လွမ်းဆွတ် တမ်းတခြင်း ဝေဒနာကို ခံစားနေရဟန်ရှိ၏။ သူ့မှာ ဆုတ်ချည်၊ ဆန်ချည်ဖြင့်သာ ရွေ့လျားရသည်။ အိုမင်းရင့်ရော်သည်ဟု မရှိနိုင်သလို ထိုနှစ်ဦးသည်လည်း ယခုတိုင်ပင် နုမျစ်ပျိုရွယ်ဆဲ ဖြစ်မည် ဟုလည်း အထင်ရောက်သည်။

ဖိုးလမင်းသည် သူတို့ကို ရဲရဲမကြည့်ဝံ့။ ဟိုစဉ်ကအဖြစ်ကို တွေးမိပြီး ရှက်စနိုးဖြစ်သည်။ မကြည့်ဘဲလည်း မနေနိုင်။ တခါတခါ မြောက်လေကို မိတ်ဖွဲ့ပြီး မန်ကျည်းပင် အကိုင်းအခက်တို့ ကြားမှ တိတ်တိတ်ခိုး ဝင်ရောက်ကျဆင်းကာ ထိုလူနှစ်ယောက်၏မျက်နှာပြင်ကို ဖျတ်ခနဲကြည့်ပြီး ထွက်ပြေးတတ်ပြန်၏။ လမင်းက လှောင်သည် ထင်ရ၏။

သို့သော် သူတို့နှစ်ဦးစလုံးသည် ဖိုးလမင်းကို မေ့လျော့နေကြလေသည်။ အစ်ကိုကြီး၏ စကားသံကို ကြားရသည်နှင့် အေးငြိမ်းရင်ထဲက ဝေဒနာသည် ဘောင်ဘင်ခတ်လာသည်။ မျက်လုံးအိမ်မှာလည်း မျက်ရည်စို့ရသည်။

“အစ်ကိုကြီးကော နေကောင်းတယ်နော်”

အစ်ကိုကြီး၏စကားသံသည် မိမိရင်ခွင်သို့ ရောက်လာတွေ့ထိပြီး ပဲ့တင်ပြန်သည်ဟု အေးငြိမ်း အထင်ရောက်နေလေသည်။ ပဲ့တင်သံသည် ဝမ်းနည်းကြေကွဲ တုန်ယင်နေ၏။

ဦးထွန်းတင်၏ စိတ်အာရုံသည် ပိုမိုလူးလွန့်လှုပ်ရှားလာ၏။ အေးငြိမ်း၏ ခန္ဓာကိုယ်သည် လည်း တဆတ်ဆတ် တုန်ယင်နေသည်ဟု အထင်ရောက်သည်။ သည်အဖြစ်မျိုးနှင့် အေးငြိမ်းကို သူ မရှုဆိတ်။

ထို့ကြောင့် ဦးထွန်းတင်သည် သူ့ခန္ဓာကိုယ်မှ အပေါ်အနွေးထည်အင်္ကျီကို ချွတ်ယူပြီး အေးငြိမ်းဆီသို့ လှမ်းပေးရင်း

“အေးငြိမ်း အေးလှပါတယ်ကွယ်၊ ဒီအင်္ကျီကို အေးငြိမ်းခြုံထားနော်”

အေးငြိမ်းသည် အစ်ကိုကြီး လှမ်းပေးသော အနွေးထည် အင်္ကျီကိုယူဖို့ ဝန်လေးသည်။

“အေးငြိမ်း မချမ်းပါဘူး အစ်ကိုကြီး”

ထိုအဖြေကို အေးငြိမ်း သဘောကျ နှစ်ခြိုက်၏။ သူသည် ရင်ထဲတွင် ရှိသည့်အတိုင်း ပြောလိုက်မိသည်အတွက် ကျေနပ်သွား၏။ “အစ်ကိုကြီးနဲ့ တွေ့ရတဲ့အချိန်မှာ အေးငြိမ်း နွေးထွေးပြီးသားပါ” ဟူသော စကားမျိုးကိုကား အေးငြိမ်းမပြောတတ်သည့်အတွက် ဝမ်းနည်းသည်။

ဦးထွန်းတင်သည် အေးငြိမ်းအနီးသို့ တိုးကပ်လာခဲ့သည်။ ယခုတကြိမ်၌ အေးငြိမ်းသည် နေရာမှာပင် ရပ်နေလိုက်၏။ ဦးထွန်းတင်၏လက်မှ အနွေးထည်သည် အေးငြိမ်း၏ပခုံးနှစ်ဖက်ကို လွှမ်းခြုံပြီး ဖြစ်သွားလေသည်။ ထို့နောက် ဦးထွန်းတင်သည် အေးငြိမ်း၏ခန္ဓာကိုယ်ကို ယုယုယယ ရစ်သိုင်းပိုက်ဖက်လိုက်လေသည်။ နှစ်ဦးစလုံး၏ ခန္ဓာကိုယ်များသည် နွေးထွေးလာခဲ့ပေပြီ။

အေးငြိမ်းသည် မိမိ၏ပခုံးကို ရစ်သိုင်းပိုက်ဖက်ထားသည့်လက်မှ ရုန်းထွက်အံ့ ကြံစည်သေး သည်။ သို့သော် အစ်ကိုကြီး၏ရှေ့တွင် အေးငြိမ်း၏ စိတ်ဓာတ်သည် အမြဲပျော့ညံ့လွန်းသည်။

နှစ်ဦးစလုံးပင် ပတ်ဝန်းကျင်တခုလုံးကို မေ့လျော့နေကြပေပြီ။ အစ်ကိုကြီး ရစ်သိုင်းပိုက်ဖက် ထားသော အေးငြိမ်း၏ပခုံးသည် မသိမသာ လှုပ်ရှားတုန်ယင်စ ပြုလာ၏။

“အေးငြိမ်း ငိုနေသလားကွယ်”

အစ်ကိုကြီးဆီသို့ လာခဲ့စဉ်က အစ်ကိုကြီးနှင့်တွေ့လျှင် ပြောရမည့်စကားတွေ ရင်မှာ အပြည့်ပါခဲ့သည်။ ယခုထိုစကားများသည် ရင်ထဲ၌ လှိုင်းခတ်သည့်နှယ် ဘောင်ဘင်ခတ်နေကြပေပြီ။ လှိုင်းထန်တတ်သော ပင်လယ်ပြင်သို့ စီးဝင်လာခဲ့ကြပြီး ရေအလျဉ်၏အစကို ရှာဖွေမတွေ့နိုင်သလို အစ်ကိုကြီးအတွက် စကားစကိုလည်း ရှာ၍ မတွေ့နိုင်တော့ပြီ။ သည့်အတွက် ပင်ပန်းသည်၊ မောသည်။ ပျော့ညံ့သော စိတ်အာရုံသို့ ချန်ရစ်ခဲ့သော အဖြစ်ဟောင်းများသည် ဝင်ရောက် လွှမ်းဖုံးအံ့ကဲကဲ တိုးဝှေ့နေကြဟန်ရှိလေသည်။ သည်အခါ အေးငြိမ်း ဝမ်းနည်းရပြန်၏။ အစ်ကိုကြီး၏ နှစ်သိမ့်စကားများက ပိုမိုဝမ်းနည်းစေသည်ဟုလည်း ထင်ရ၏။

“အစ်ကိုကြီး အေးငြိမ်းကို မမေ့သေးဘူးနော်၊ ခုလို အစ်ကိုကြီး အေးငြိမ်းကို မစိမ်းကားသေးဘူး၊ ဥပေက္ခာ ရှုမထားသေးဘူးဆိုတာ သိရလို့ အေးငြိမ်း ဝမ်းသာတယ်၊ အခု အေးငြိမ်း မျက်ရည်ကျရတာဟာ ဝမ်းသာလွန်းလို့ပါ အစ်ကိုကြီးရယ်” ဟူသော စကားကို ပြောချင်သော်လည်း ပြောမထွက်။ အစီအစဉ်ကျအောင် မည်သို့ ပြောရမည်ကိုလည်း အေးငြိမ်း နှုတ်ဖျားသည် ထိုစကားလုံးတို့ကို ရှာမတွေ့။ နှလုံးသည်းပွတ်မှာသာ တလှုပ်လှုပ် ဖြစ်နေကြ၏။

“အေးငြိမ်းမှာ ဘာကိစ္စရှိသလဲကွယ်”

အေးငြိမ်း၏ပခုံးတဖက်ကို ဖျစ်ညှစ်ဆုပ်ကိုင် လှုပ်ယမ်းပြီး မေးလိုက်၏။ အေးငြိမ်း တွေနေပြန်၏။ နှုတ်ကလည်း ဆွံ့အနေသည်လား ထင်ရ၏။ အတန်ကြာမှပင်

“ပြောစရာတွေ အများကြီးပဲ အစ်ကိုကြီး”

အေးငြိမ်း၏ စကားလုံးများသည် လွင့်စဉ်ပေါ်ထွက်လာ၏။

အစ်ကိုကြီး၏ မျက်စိအာရုံသည် မည်းမှောင်နေသော အိမ်ကြီးဆီသို့ ဖျတ်ခနဲ ရောက်သွားပြန်သည်။ ချက်ချင်းပင် သူ၏မျက်စိအာရုံကို အိမ်ကြီးမှ ဖယ်လွှဲပြီး

“ဒါဖြင့်ရင် အစ်ကိုကြီးတို့ ဟိုဘက်ကိုလမ်းလျှောက်ကြမယ်နော် အေးငြိမ်း၊ လမ်းလျှောက်ရင်း ပြောကြတာပေါ့ကွယ်”

အေးငြိမ်းသည် တွေငေးနေပြန်သည်။ အစ်ကိုကြီးနှင့်ပတ်သက်၍၊ ကိုဘဒင်နှင့်ပတ်သက်၍၊ သားနှင့်ပတ်သက်၍ ပြောရမည့်စကားတွေ ရင်ထဲမှာ အပြည့်ပါ၏။ သို့သော် ဘယ်သင်းကိုမျှ နှုတ်က ဟဟပြောမထွက်။ အစ်ကိုကြီး ခေါ်ဆောင်ရာသို့သာ လိုက်ပါခဲ့ရလေသည်။ ပခုံးတွင် လွှမ်းခြုံပြီး ဖြစ်သော အစ်ကိုကြီး၏ အနွေးထည်ကို လက်တဖက်ဖြင့် ဆုပ်ကိုင်တင်းကျပ်နေစေသည်။

လရောင်သည် မှုန်ရီမှုန်မှေးကျဆင်းနေ၏။ ဤလမ်းသည် မြိုင်သာယာမြို့မှ လှိုင်သို့ ရှေးရှုသောလမ်းဖြစ်သည်။ လမ်းသည် လူသူပြတ်လပ် တိတ်ဆိတ်လှစွာ၏။ လမ်းဘေး မီးတိုင်များသည် ထိုနေရာ၌ မရှိကြပေ။ မန်ကျည်းပင်တန်း ခပ်ကျဲကျဲ၏ အရိပ်များသည် လမ်းပေါ်သို့ အုံ့ဆိုင်းကျဆင်းနေ၏။

ထိုလမ်းသည် သူတို့နှင့် ကာလအတန်ကြာစွာ ရင်းနှီးကျွမ်းဝင်ခဲ့ပြီးသော လမ်းဖြစ်လေသည်။ လှိုင်အမည်ရှိသော ရွာကလေးအနီးသို့ ရောက်လာသည်နှင့် ရေကျချောင်းတခုသည် ထိုလမ်းကို ကန့်လန့်ဖြတ် ဆီးတားလျက် ရှိဘိ၏။ ချောင်း၏ သည်မှာဘက်ကမ်းထိပ်၌ အပြိုပြိုအလဲလဲ ဖြစ်လျက် ဆေးရေးပြယ်နေပြီဖြစ်သော စေတီသုံးဆူရှိ၏။ ထိုနေရာ၌ ညောင်ပင်နှင့် ထန်းပင်တို့ ရောထွေးပေါက်ရောက်နေကြ၏။ ဟိုယခင်က ဤချောင်းငယ်ကို ဖြတ်ကူးပြီး လှိုင်သို့သွားနိုင်သော တံတားငယ်တခု ရှိခဲ့လေသည်။ ထိုတံတားကလေးမှာ ဂျပန်ခေတ်တွင် ဗုံးဒဏ်သင့်၍ ပျောက်ကွယ်ခဲ့ရပြီဖြစ်၏။

သူတို့သည် တံတားနေရာဟောင်း ချောင်းထိပ်မှသည် မြစ်ဘက်သို့ ရှေးရှုသော လမ်းအတိုင်း လျှောက်ခဲ့ကြလေသည်။

“အစ်ကိုကြီး စိတ်ချမ်းသာတယ်နော်”

အေးငြိမ်း၏နှုတ်ခမ်းစုံမှ လွင့်စဉ်လာသော စကားလုံးများသည် စူးထက်သော စည်းသွားတပ် မြားတံများ မိမိ၏ရင်သို့ ရုတ်တရက် စူးဝင်လာသကဲ့သို့ ခံစားလိုက်ရသဖြင့် ဦးထွန်းတင်၏ ခြေလှမ်းများသည် တုံ့ရပ်သွားကြသည်။

အေးငြိမ်းသည် မိမိကိုယ်တိုင် ဘာပြောခဲ့သနည်း၊ သတိမထားလိုက်မိ။ အစ်ကိုကြီး၏ ခြေလှမ်းများ တုံ့ရပ်သွားသည်နှင့် သူ့ခြေလှမ်းသည်လည်း တုံ့ရပ်သွားသည်။ အစ်ကိုကြီး၏မျက်နှာကို စေ့စေ့ကြည့်မိသည်။ မှုန်မှေးသောလရောင်တွင် မထင်မရှား မြင်သာသော အစ်ကိုကြီး၏ မျက်နှာပြင်သည် သုန်မှုန်သွားဟန် ရှိချေသည်။

“ဘာဖြစ်လို့ ဒီစကားမျိုးကို ပြောရတာလဲ အေးငြိမ်းရယ်”

ယခုကဲ့သို့ အစ်ကိုကြီး စိတ်ထိခိုက် တုန်လှုပ်ရပြီ ဆိုသောအခါ နောင်တကြီးစွာဖြင့် မိမိပြောဆိုခဲ့သော စကားများကို အေးငြိမ်း ပြန်လည်စဉ်းစားရသည်။ ထိုစကားတို့ကို မိမိအမှန်ပင် ရိုးသားဖြောင့်မတ်စွာ ပြောဆိုခဲ့ပေသည်။ ထိုကြောင့်လည်း ထိုစကားကြောင့် အစ်ကိုကြီး စိတ်ထိခိုက် တုန်လှုပ်ခြင်း မဖြစ်သင့်ဟု ယူဆသည်။

“အစ်ကိုကြီး စိတ်ချမ်းသာနေတယ်ဆိုရင် အေးငြိမ်း ဝမ်းသာလွန်းလို့ပါ အစ်ကိုကြီးရယ်”

အေးငြိမ်း ဒေါသဝှက်နှင့် စကားဆိုတတ်သည် မဟုတ်မှန်း အစ်ကိုကြီး သိသည်။ သူ့အရိုးခံ စိတ်ဓာတ်ကိုလည်း အစ်ကိုကြီး နားလည်သည်။ ဟိုစဉ်ကလည်း အေးငြိမ်းသည် အလားတူ စကားမျိုးကို ဖြူစင်သောသဘော၊ ဖြောင့်မတ်သောစိတ်ထားတို့ဖြင့် ဆိုလေ့ရှိမြဲဖြစ်သည်။ ထို့ကြောင့် သင်းအပေါ်မှာ အစ်ကိုကြီး ပိုမိုညှာတာထောက်ထားနေသည်။ သင်းအပေါ်မှာ မစိမ်းကားရက်အောင် ဖြစ်ရသည်။ ဒါတွေကို အေးငြိမ်း နားလည်စေချင်သည်။

“ဟုတ်တယ် အေးငြိမ်း၊ မင်းအဖို့တော့ ဒီစကားမျိုးတွေကို ရင်ထဲမှာရှိတဲ့အတိုင်း ရိုးရိုးပြောလိုက်တာပဲ၊ ဒါပေမဲ့ ပြစ်မှုတခုကို ကျူးလွန်ထားခဲ့တဲ့ အစ်ကိုကြီးအဖို့ ဒီစကားမျိုးတွေ ကြားရတိုင်း မချိဘူး အေးငြိမ်း”

ဦးထွန်းတင်သည် ရင့်ရော်လာခဲ့ပြီဖြစ်သော အသက်အရွယ်တွင် မိမိ၏ ကြေကွဲဝမ်းနည်းခြင်း အရိပ်အငွေ့များ မပါရလေအောင် အတတ်နိုင်ဆုံး ထိန်းချုပ် ပြောဆိုရင်း အေးငြိမ်း၏မျက်နှာပြင်ကို စေ့စေ့ကြည့်နေ၏။ သူ့စကား မဆုံးသေးပေ။ အေးငြိမ်း၏ မျက်နှာပြင်သည် ဟိုစဉ်ကလို ဝင်းပနေသေးသည်လား၊ အေးငြိမ်း၏ပါးပြင်ကလေးများမှာ ဟိုစဉ်ကကဲ့သို့ ပြည့်ဖြိုးနေပါဦးမည်လား ဟူသော အတွေးစများသည် သူ၏စိတ်အာရုံသို့ အပြည့်အလျှံ ရောက်လာကြပြန်၏။ အတန်ကြာမှပင် ဦးထွန်းတင်သည် သက်ပြင်းကို မှုတ်ထုတ်ပြီး

“အေးငြိမ်း၊ အစ်ကိုကြီးကို ဘာတွေပြောချင်တာလဲ၊ ပြောစရာရှိတာကို ပြောလေ”

သူတို့သည် မြစ်ကမ်းစပ်သို့ နီးလာပေပြီ။ ထိုနေရာသည် ဟိုစဉ် လသာသောညများတွင် သူတို့ ရောက်လာ ကြည်နူး မြူးထူးရမြဲ နေရာဖြစ်၏။

မြစ်ပြင်မှာ သောင်ထွန်းနေလေပြီ။ ရေပြင် ဂယက်လှိုင်းငယ်များတွင် လရောင်သည် ပြိုးပြက်နေ၏။ သောင်ပြင်သည် ငွေပြားကြီးနှယ် ပြန့်ပြန့်ကြီး တည်နေ၏။ ကမ်းခြေစပ်၌ ကျွန်းစိုက်ခင်းများသည် ပြန့်ပြူးလဲလျောင်းနေလေသည်။ ထိုကျွန်းစိုက်ခင်းများ၏ မြစ်ဘက်အစွန်၌ မီးရောင်လဲ့လဲ့နှင့် တဲကလေးကို မှုန်မှေးမှေး မြင်နိုင်၏။ မြစ်ပြင်တွင်လည်း တံငါလှေတစင်းသည် မီးရောင်ဖျော့ဖျော့ကို ထွန်းလျက် စုန်ဆင်းနေ၏။

သူတို့သည် ကျွန်းစိုက်ခင်းအစပ် ညောင်ပင်ကြီးအောက်သို့ ရောက်လာကြသည်။ ညောင်ပင်ကြီး၏ မြစ်ပျဉ်းများသည် လက်တံကြီးများကဲ့သို့ ဖြာထွက်နေ၏။ သူတို့သည် မြစ်ပျဉ်းကြီး တခုပေါ်တွင် ထိုင်လိုက်ကြသည်။

မြောက်လေသည် ထိုနေရာ၌ အတင့်ရဲစွာ တိုက်ခိုက်နေလေသည်။ ဦးထွန်းတင်သည် အေးငြိမ်း၏ ခန္ဓာကိုယ်ကို သူ့လက်နှစ်ဖက်ဖြင့် ရစ်သိုင်း ပွေ့ဖက်လိုက်သည်။ အေးငြိမ်းကို သူသနားသည်။ အေးငြိမ်းကို ကာလကြာမြင့်စွာ ပစ်ပယ်ထားခဲ့သည့်အတွက်လည်း ယူကျုံးမရ ဖြစ်သည်။ သင်းခမျာမှာ ဘာမျှ သိနားလည်ခြင်း မရှိသော ကလေးငယ်တယောက်ကဲ့သို့ပင် ကျရောက်လာသော ဆင်းရဲခြင်းဟူသမျှ ခေါင်းငုံ့ခံရရှာသည်ကို ဦးထွန်းတင်သိသည်။ ထိုကြောင့် မည်သည့်အခြေအနေများအားဖြင့် ကွဲပြားခြားနားနေရလင့်ကစား အေးငြိမ်းနှင့် တွေ့သောအခါ ထိုအခိုက်အတန့်ကလေးမျှဖြစ်စေ အေးငြိမ်းကို သူ့ရင်ခွင်မှာသာ နေစေ့ချင်သည်။

အေးငြိမ်းသည်လည်း အစ်ကိုကြီး၏ရင်ခွင်တွင် မွေ့လျော်တတ်မြဲဖြစ်သည်။ တိတ်ဆိတ်ခြင်း၊ လှပခြင်းနှင့် ချမ်းအေးခြင်းတို့သည် မိန်းမူးတွေဝေစေသောသဘောကို ဖန်တီးဟန် ရှိချေသည်။ အေးငြိမ်းစိတ်က အစ်ကိုကြီး၏ ရင်ခွင်သည် ဟိုစဉ်ကလိုပင် နွေးထွေးလိုသည်ဖြစ်က နွေးထွေးစေ၊ အေးမြလိုသည်ဖြစ်က အေးမြစေနိုင်စွမ်းသည်ဟု ယူဆထားဟန်လည်း ရှိ၏။ ထို့ကြောင့် အစ်ကိုကြီး၏ ရင်ခွင်မှာသာ ခိုဝင်ချင်သည်။ ဒုက္ခဟူသမျှမှ လွတ်မြောက်ရာဖြစ်သောနယ်မြေဟု အယူရှိဟန်လည်း တူချေ၏။

သို့သော် စိုးရိမ်ခြင်း၊ ထိတ်လန့်ခြင်း၊ ပူပန်ခြင်းနှင့် သတိတရားသည် ခဏအတွင်းမှာပင် အေးငြိမ်း၏ စိတ်အာရုံသို့ ဝင်ရောက်လာခဲ့လေသည်။ ထိုအခါ အစ်ကိုကြီး၏ရင်ခွင်မှ သူ့ခန္ဓာကိုယ်ကို ရုန်းထွက်သည်။

“အေးငြိမ်းကို လွှတ်ပါ အစ်ကိုကြီးရယ်”

တီးတိုးညင်သာသောအသံသည် တဆတ်ဆတ် တုန်ယင်နေ၏။

ယခု အေးငြိမ်း၏ စိတ်အာရုံသို့ ကိုဘဒင်သည် ရောက်လာပေပြီ။ မည်သို့ဖြစ်စေ၊ ကိုဘဒင်သည် အစ်ကိုကြီးနှင့်ပတ်သက်၍ဖြစ်စေ၊ အေးငြိမ်းနှင့် ပတ်သက်၍ဖြစ်စေ၊ အလုံးစုံကို နားလည်တတ်သူဖြစ်သည်။ ခွင့်လွှတ်ခြင်းနှင့် သည်းခံခြင်းကို သူ အလုံးစုံပိုင်ဆိုင်သည်။ ယခုကဲ့သို့ အစ်ကိုကြီး၏ရင်ခွင်တွင် တခဏမျှ ခိုဝင်သည်ကို မဆိုထားဘိ၊ အေးငြိမ်းသည် အစ်ကိုကြီး၏ရင်ခွင်၌ အမြဲတစေ ပျော်မွေ့မည်ဆိုလျှင်လည်း သူ့မှာ အပြစ်အနာအဆာဟု မြင်တတ်မည် မဟုတ်။ သူ့လိုလူတယောက်မှာ ရိုးသားခြင်းနှင့် မသိနားမလည်ခြင်းတို့သည် ဝမ်းနည်းအားငယ်တတ်ခြင်းမှ အပ မည်သည်ကိုမျှ ခံစားတတ်ခြင်း မရှိအောင် ဖန်တီးထားဟန် ရှိပေသည်။ ဤသို့ဖြင့် ထိုလူသည် ချစ်လှစွာသော သားနှင့်မယားကို ခွဲခွာကာ ပတ်လည်တွင် သံတိုင်များဖြင့်လည်းကောင်း၊ ဆူးကြိုးများဖြင့်လည်းကောင်း ခြံရံလျက် တတိယအဆင့် အကာအရံအဖြစ် အုတ်တံတိုင်းလေးဖက် ကာရံတားဆီး ချုပ်နှောင်ခြင်း ခံထားရသောအဖြစ်သို့ ကျရောက်နေရပေပြီ။ သည်လို လင်သားတယောက်၏အဖြစ်ကို တွေးမိသောအခါ အေးငြိမ်းသည် မိမိဘဝကို သစ္စာမဲ့သော၊ မိုက်မဲသော အပြစ်တခုကို ကျူးလွန်နေပြီလားဟု ထိတ်လန့်တုန်လှုပ်ခြင်း ဖြစ်ရသည်။

ဟိုစဉ်ကလည်း အစ်ကိုကြီး၏ရင်ခွင်၌ သာယာမိန်းမူးခဲ့ခြင်းဖြင့် အေးငြိမ်းအဖို့ အရာရာကို စွန့်လွှတ်ခဲ့ရပေပြီ။ စွန့်လွှတ်ဆုံးရှုံးခြင်းအတွက် ငိုကြွေးပူပန်ခဲ့ရသည်တို့ကိုလည်း ကြုံခဲ့ရပေပြီ။ ယခုအခါမျိုး၌ အေးငြိမ်းသည် နောက်ထပ် စွန့်လွှတ်ဆုံးရှုံးရမည်ကို ဝန်လေးသည်။ ထောင်ထဲ ရောက်နေသော လင်သားနှင့် ယခုမျှ ခွဲခွာရသည်ကိုပင် စိတ်မှာပူဆွေးရသည်ဖြစ်ရာ ယခုတကြိမ် မိမိတွင် ရှိသည်တို့ကို စွန့်လွှတ်ရမည်အတွက် အေးငြိမ်း စိုးရိမ်သည်။

သည်တော့ အစ်ကိုကြီး၏ရင်ခွင်၌ မွေ့လျော်ရမည်ကိုပင် ထိတ်လန့်ပြန်သည်။

အစ်ကိုကြီးသည် သူ့လက်ကို လျှော့ဖြေပေးလိုက်သည်။

“အစ်ကိုကြီး အေးငြိမ်းကို စိတ်မဆိုးဘူးနော်”

အေးငြိမ်း၏အသံသည် ကြောက်လန့်တုန်လှုပ်သောအသွင် ဆောင်နေ၏။

“ဘာလို့စိတ်ဆိုးရမှာလဲ အေးငြိမ်းရယ်”

ဆိုသောစကားကို ကြားရသောအခါ အေးငြိမ်း ဝမ်းသာသည်။

“အေးငြိမ်းလေ အစ်ကိုကြီးနဲ့ မတွေ့ရဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့ ခု အေးငြိမ်း အစ်ကိုကြီးကို မတွေ့လို့ မဖြစ်ဘူး”

“ဘာဖြစ်လို့လဲကွယ်”

သူတို့နှစ်ယောက်၏အသံသည် သစ်ကိုင်းခက်လက်ကြားမှာ တီးတိုးစကား ဆိုလျက် ဖြတ်သန်းသွားသော မြောက်လေ၏ အသံကဲ့သို့ပင် ညင်သာတီးတိုးလှစွာ၏။ အေးငြိမ်းသည် ဘာမျှစကားမဆက်နိုင်သေးဘဲ မြစ်ဘက်သို့ မျှော်ငေး တွေဝေနေပြန်လေသည်။

“အစ်ကိုကြီး”

တလုံးချင်း ထွက်လာသော သူ့အသံသည် ဝမ်းနည်းကြေကွဲခြင်းဖြင့် ကတုန်ကယင် ဖြစ်နေ၏။

အစ်ကိုကြီးသည် အေးငြိမ်း၏မျက်နှာကို စူးစိုက်ကြည့်လိုက်သည်။ မျက်နှာပြင်မှာ ပူပန်ခြင်းဖြင့် ဖုံးလွှမ်းနေပေပြီ။

“အေးငြိမ်းသားကလေးကော အစ်ကိုကြီးရယ်”

အေးငြိမ်းသည် အစ်ကိုကြီးနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သူ့မျက်လုံးအစုံ၌ မျက်ရည်စတို့ သွယ်ကျနေလေသည်။ သူ့ရင်ထဲမှာ ပူလောင်နေ၏၊ လာခဲ့ရင်းကိစ္စကို မေ့လျော့ထားလိုက်သည်။ အေးငြိမ်းသည် သားငယ်ကို သတိရလာပြန်သည်။

သည်မေးခွန်းကို အစ်ကိုကြီး မျှော်လင့်ခဲ့သည်မဟုတ်။ မည်သို့ဖြစ်စေ၊ ကာလအတန်ကြာ ခွဲခွာခဲ့ရသော သားဖြစ်သူအား မည်သည့်မိခင်မဆို မေ့ပျောက်ခြင်း နိုင်ဦးမည် မဟုတ်သည်ကိုကား ဦးထွန်းတင် နားလည်သည်။ သို့သော် အေးငြိမ်းသည် မိမိနှင့် တွေ့ဆုံလိုသည်ဆိုသော အကြောင်းရင်းမှာ သား၏ကိစ္စသာလျှင် အဓိက ဖြစ်လိမ့်မည်ဟူ၍ လုံးဝ တွေးထင်ခြင်း မရှိခဲ့မိပေ။ ယခု သည်မေးခွန်းကို ကြားရသောအခါ ဦးထွန်းတင် တုန်လှုပ်ရသည်။ အဖြေစကားကို ရုတ်တရက် ရှာမရနိုင်သေး။ မျက်ရည်သွယ်ကျနေသော အေးငြိမ်း၏မျက်နှာကိုသာ စူးစိုက်ကြည့်နေမိသည်။ အေးငြိမ်းရင်ထဲက ဝေဒနာသည် မိမိရင်တွင်းသို့ ကူးစက်လာခဲ့ဟန်ရှိ၏။

“အစ်ကိုကြီးကို တွေ့ချင်တာ သားကိစ္စလား အေးငြိမ်း”

အစ်ကိုကြီးသည် မိမိ၏အသံကို တည်ငြိမ်လေးနက်စေအောင် ဖန်တီးပြောဆိုလိုက်သည်နှင့် အေးငြိမ်း၏ခန္ဓာကိုယ်သည် ဆတ်ခနဲ တုန်လှုပ်သွားသည်။

“မဟုတ်ပါဘူး အစ်ကိုကြီးရယ်၊ မဟုတ်ပါဘူး”

အေးငြိမ်း၏အသံသည် ထိတ်ထိတ်ပျာပျာဖြစ်၏။ သူသည် အပြစ်တခုကို ခဏအတွင်းမှာပင် ကျူးလွန်မိခဲ့ပြီဟုလည်း မှတ်ထင် တုန်လှုပ်ရပေပြီ။

သည်သားနှင့် ပတ်သက်ပြောဆိုရန် စကားတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၁ဝ နှစ်ကျော် ကာလမှာကတည်းက ပြီးမြောက်ကုန်ဆုံးခဲ့ပြီဟု သူတို့နှစ်ယောက်စလုံး ကတိစကားဆိုခဲ့ကြပြီး ဖြစ်ပါလျက် သည်သားအကြောင်းကို စတင်ပြောဆိုမိသည်မှာ ပြစ်မှုတခု ကျူးလွန်ခြင်းဟူ၍ အေးငြိမ်း ရိုးရိုးသားသား ယူဆရလေပြီ။ သည့်အတွက် အေးငြိမ်း တုန်လှုပ်ချောက်ချားရသည်ကို မြင်တော့လည်း ဦးထွန်းတင်သည် အေးငြိမ်းကို သနားရပြန်သည်။

“အစ်ကိုကြီး အေးငြိမ်းကို အပြစ်ပြောနေတာ မဟုတ်ပါဘူးကွယ်၊ သားနဲ့ပတ်သက်လို့ အေးငြိမ်း ပူပန်စရာမရှိဘူးဆိုတာ အေးငြိမ်းသိတယ် မဟုတ်လား”

အေးငြိမ်းသည် ခေါင်းကို တချက်ညိတ်လိုက်သည်။

“သူ အခု အစ်ကိုကြီးနဲ့ အတူတူပဲလားဟင်”

အေးငြိမ်း၏အသံသည် တွန့်ဆုတ်သော အသွင်ဖြင့် ထစ် အ နေသည်။

“မဟုတ်ဘူးလေ၊ သူ့အဒေါ်ဆီမှာပဲပေါ့”

ဦးထွန်းတင်သည် စကားကို ခပ်ပေါ့ပေါ့ ပြောလိုက်၏။

အေးငြိမ်းသည် စိတ်ပျက်အားလျော့ခြင်းဖြင့် ခေါင်းကို ငုံ့ချလိုက်သည်။ မည်သို့ဖြစ်စေ၊ ၁ဝ နှစ်ကာလ ခွဲခွာခဲ့ရပြီဖြစ်သော မိမိ၏သားကို သားအဖြစ် အမှတ်မထားပါဟု ကတိပေးထားသည့် အတိုင်း သားဟူသောအသိကို မျိုသိပ်ထားနိုင်မည် ဖြစ်သော်လည်း သည်သား၏မျက်နှာကို လျှပ်တပြက်မျှဖြစ်စေ အေးငြိမ်း မြင်ချင်၊ တွေ့ချင်သည်။ ယခုတော့လည်း သည်သားနှင့် သည်အမေတို့သည် လှမ်းမျှော်ရှုမြင်ခြင်းငှာ မစွမ်းနိုင်သောဘဝကို အေးငြိမ်း နားလည်ရလေသည်။

အစ်ကိုကြီးသည် အေးငြိမ်း၏ရင်ထဲက ဝေဒနာကို ခံစားကြည့်သည်။

သည်တော့ အေးငြိမ်းအတွက် ယူကျုံးမရဖြစ်ရသည်။

“အေးငြိမ်း သူ့ကို တွေ့ချင်လိုက်တာ အစ်ကိုကြီးရယ်”

အေးငြိမ်း၏အသံသည် ဖျော့တော့လှစွာ၏။

“တနေ့ကျ တွေ့ရမှာပေါ့ကွယ်”

ပြောမည့်သာပြောရသည်။ သူ့ရင်ထဲမှာလည်း စိုးရိမ်ပူပန်ခြင်း ဖြစ်ရလေပြီ။ သည်တော့လည်း သည်အကြောင်းတွေကို ဆက်၍မပြောချင်။

လမင်းသည် မွန်းတည့်လာခဲ့ပေပြီ။ ကျွန်းစိုက်ခင်းများ၏ တဖက် တဲကလေးဆီမှ မီးရောင်သည်လည်း ပျောက်ကွယ်သွားပေပြီ။

ဦးထွန်းတင်၏ စိတ်အာရုံသို့ နုနှင့် သားသမီးတို့ ရောက်လာကြပြန်သည်။

“အေးငြိမ်း အစ်ကိုကြီးနဲ့ တွေ့တာ ဘာကိစ္စလဲ”

အေးငြိမ်းနှင့် အဆောတလျင် ခွဲခွာချင်သည် မဟုတ်စေကာမူ ယခုအချိန်မျိုးတွင် နု အိပ်ရာမှ နိုးလာမည်ကို စိုးရိမ်ရပြီ။ နု အိပ်ရာမှနိုးလာ၍ သူ့ကို မတွေ့လျှင် ရေချိုးခန်း၊ စာကြည့်ခန်း နေရာအလုံးစုံမှာ ရှာဖွေမည်။ မတွေ့နိုင်သောအခါ စိုးရိမ်စိတ်ဖြင့် ရပ်တည်ရာမရ ရှိချေမည်။ တအိမ်လုံးက လူတွေကိုလည်း နှိုးကောင်း နှိုးပေမည်။ ဤသို့ဖြင့် ပြဿနာများသည် တဆက်တည်း တဆက်တည်း ပေါ်ပေါက်ကြီးမားလာနိုင်ပေသည်။ သည်တော့ အေးငြိမ်းကို သူ အမြန်ခွဲခွာမှ သင့်ပေမည်။

“အစ်ကိုကြီး ပြောထားတဲ့အတိုင်း အစ်ကိုကြီးကို အေးငြိမ်း မတွေ့ဘဲ နေခဲ့တာပါ အစ်ကိုကြီး။ အစ်ကိုကြီး ဒီကိုပြန်လာတယ်ကြားတော့ အေးငြိမ်း ဝမ်းသာတယ်။ အဲဒီကတည်းက အေးငြိမ်းသားကို အေးငြိမ်း တွေ့ရမလားလို့ အစ်ကိုကြီးကလေးတွေကို အေးငြိမ်း ချောင်းကြည့်ခဲ့ ရတယ်။ ဘယ်သူဟာ အေးငြိမ်းသားရယ်လို့ အေးငြိမ်းသိနိုင်ပါ့မလဲ အစ်ကိုကြီး။ ဒါပေမဲ့ အေးငြိမ်း အစ်ကိုကြီးကို မတွေ့ဘဲ နေခဲ့ပါတယ် အစ်ကိုကြီး။ ခုတော့ အစ်ကိုကြီးကို အေးငြိမ်း မတွေ့လို့ မဖြစ်ဘူး”

“ဘာကိစ္စမို့လို့လဲကွယ်”

“ကိုဘဒင်၊ ကိုဘဒင်ကိစ္စပဲ အစ်ကိုကြီး”

“ဘာပြောတယ်၊ ဘဒင်ကိစ္စ၊ ဟုတ်လား”

အေးငြိမ်းသည် ခေါင်းကို တချက်ညိတ်လိုက်သည်။

ဦးထွန်းတင် သတိမထားလိုက်မိ။ သူ၏စိတ်အာရုံသို့ ဘဒင်သည် လွှမ်းမိုးလာခဲ့လေသည်။

စင်စစ် အေးငြိမ်းကို သူမေ့ဖို့ မကြိုးစားခဲ့သလို ဘဒင်ကိုလည်း မေ့ပျောက်ဖို့ ကြိုးစားခဲ့သည် မဟုတ်ပေ။ ထို့ကြောင့် အေးငြိမ်းနှင့်ပတ်သက်လျှင် ဘဒင်ကို သူအမြဲ သတိရနေကောင်းသည် မှန်၏။ သို့သော် ဤအမည်ကို မကြားရမီအထိ သူ၏စိတ်အာရုံ၌ ဘဒင် မရောက်လာသေးပေ။ ဘဒင်၏ အမည်ကို ကြားရတော့လည်း တည်ငြိမ်စေအောင် ကြိုးစားနေရသော ဝေဒနာအသိသည် ပြန်လည် လှုပ်ခတ်လာရ ပြန်သည်။

“ဘဒင် ဘာဖြစ်တာလဲ အေးငြိမ်း”

“ကိုဘဒင်၊ ကိုဘဒင် အဖမ်းခံနေရတယ် အစ်ကိုကြီး”

အေးငြိမ်း ငိုပြန်လေပြီ။ သည်စကားကို ပြောရသည့်အတွက် အေးငြိမ်း ဝမ်းနည်းငိုကြွေး ရသလို ဦးထွန်းတင်အဖို့လည်း အံ့သြရလေသည်။ ဘဒင်လိုလူတယောက် ထောင်ထဲရောက်နေသည် ဆိုခြင်းမှာလည်း သူ့အဖို့ ယုံကြည်နားလည်ရခက်သော အဖြစ်အပျက်တရပ်ဟု ဆိုရပေမည်။

မှန်သည်။ ဘဒင်သည် ရိုးသည်၊ အသည်၊ အပြစ်တခုကို ကျူးလွန်ရမည်အတွက် ဝန်လေးတတ်သည်။ ဟိုစဉ် သူ့အပါးတွင် နေထိုင်ခဲ့စဉ်ကတည်းကပင် ထိုသူသည် အုတ်နံရံ လေးဖက်က ထောင်ကြီးကိုကြည့်ပြီး ထိတ်လန့် တုန်လှုပ်တတ်သူမျိုးဖြစ်သည်။ ထောင်ထဲမှ လူတွေအတွက် အပြင်ဘက်မှနေပြီး ပူပန်တတ်သည်။ ထောင်ဆိုလျှင် ဤမျှကြောက်လန့်သူ ဖြစ်သည်။ မည်သို့ဖြစ်စေ၊ ဘဒင်သည် သူ့တပည့်၊ တချိန်က သူ၏ရုံးပျာတာ၊ သူ့အိမ်တော်ပါကျွန် ဟုလည်း မှတ်ယူထားခဲ့ရသူ ဖြစ်၏။ သင်းသည် ပျော့ညံ့ခြင်း၊ သိမ်ဖျင်းခြင်း အလုံးစုံကို ပိုင်ဆိုင်သည်။ ကျိုးနွံခြင်း၊ နာခံခြင်း၊ ကြောက်ရွံ့ခြင်း ဟူသမျှသည် သူ့တွင် အခါခပ်သိမ်း တည်၏။ ဤသို့ဖြင့် ဘဒင်သည် မိမိ၏ထားရာနေ၊ စေရာသွားခဲ့ရသည့် လူတယောက် ဖြစ်ခဲ့သည်။ ယခု ဤလူတယောက် ထောင်ကျနေခြင်းကို ကြားသိရသောအခါ မိမိချစ်သော အေးငြိမ်း၊ မိမိ၏တပည့် ဘဒင်၊ ထိုနှစ်ဦးစလုံးအတွက် မိမိအတတ်နိုင်ဆုံး ဆောင်ရွက်ရမည့်တာဝန်ကို ဦးထွန်းတင် ချက်ချင်း နားလည်ရပေသည်။

“ဒီကောင် ဘာဖြစ်လို့ အဖမ်းခံရတာလဲ”

သည်တော့လည်း အေးငြိမ်း အဖြေပေးဖို့ ဝန်လေးပြန်သည်။ ကိုဘဒင် အဖမ်းခံရသည်နှင့် ပတ်သက်၍ အေးငြိမ်းကိုယ်တိုင် အသေအချာ သိသည်မဟုတ်။ သိသမျှကိုလည်း မည်သို့မည်ပုံ ရှင်းလင်းပြောပြရမည်နည်း။ အေးငြိမ်းကိုယ်တိုင် နားလည်လှသည် မဟုတ်ပေ။

စင်စစ် ဘဒင်နှင့် ပတ်သက်လျှင် အစ်ကိုကြီးသည် ပို၍ နားလည်နိုင်ပေသည်။ ဘဒင်သည် အေးငြိမ်း၏ လင်သားတယောက် ဖြစ်စေကာမူ ဘဒင်အကြောင်းကို အေးငြိမ်းထက် အစ်ကိုကြီး ပို၍နားလည်သည်။ သိသည်။

ဘဒင်သည် စာအုပ်တွေ အများကြီးကို မြင်ဖူးတွေ့ဖူးသည်။ မိမိသခင်၏ ဖိုင်တွဲများ၊ စာခြင်းများတွင်လည်း စာလုံးဗျည်းအက္ခရာများကို မြင်ခဲ့ဖူးလှပေပြီ။ မိမိသခင်၏အပါးတွင် မတ်မတ်ရပ်ကာ မိမိသခင် ပြောခဲ့၊ ဖတ်ခဲ့သည်များကိုလည်း ကြားဖူးနာဖူး၏။ သို့သော် သည်စာ၊ သည်အက္ခရာတွေ၏အဓိပ္ပာယ်ကို သင်း ဘာမျှနားမလည်။ စာတွေအက္ခရာတွေ၏အဓိပ္ပာယ်ကိုသာ နားမလည်မဟုတ်၊ တခါတရံ သူ့သခင်ပြောသော စကားကိုပင်လျှင် သူနားလည်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့်လည်း အေးငြိမ်းကို လက်ထပ်ယူရမည်ဟု မိမိသခင် နယ်ပိုင်ဝန်ထောက်မင်း ဦးထွန်းတင် ပြောလာသည့်စကား၏ အဓိပ္ပာယ်ကို သူ နားမလည်ခဲ့။ စင်စစ် အေးငြိမ်းကို သူသိသည်။ မိမိဆရာ့ထံသို့ အေးငြိမ်း ရောက်လာခဲ့ရသည်ကိုလည်း သူသိသည်။ နောက်ဆုံး မိမိဆရာနှင့် အေးငြိမ်းတို့ တိတ်တဆိတ် ပေါင်းသင်း နေထိုင်ခဲ့ကြသည်ကိုလည်း ဘဒင် အလုံးစုံ သိခဲ့လေသည်။ သည်အခါကဆိုလျှင် ဘဒင်သည် အေးငြိမ်းကို မိမိ၏သခင်မအဖြစ် လေးစားရိုကျိုးခြင်း ဖြစ်ခဲ့ရလေသည်။ ဤသို့ မိမိအရှင်သခင်၏ဇနီး၊ မိမိကိုယ်တိုင် လေးစားခန့်ညားရသော အေးငြိမ်းအား မိမိလက်ထပ် ပေါင်းသင်းရမည်ဆိုသော နယ်ပိုင်ဝန်ထောက်မင်း၏ စကားကို သူ မည်သို့မျှ နားမလည်။ ထိုစကားကို ကြားရသည့်အတွက် ထိတ်လန့် တုန်လှုပ်ခြင်းသာလျှင် ဖြစ်ခဲ့ရ၏။ သို့ပါလျက် နယ်ပိုင်ဝန်ထောက်မင်းနှင့် ဒေါ်ကေသီတို့သည် ဘဒင်အား အေးငြိမ်းကို လက်ထပ်ယူဖို့ တဖွဖွ ပြောလာ၏။

ဘဒင်သည် သူ့သခင်၏ စကားဟူသမျှကို နားလည်သည်၊ မလည်သည်ထက် အမိန့်တရပ်အဖြစ် မှတ်ယူဖို့ကိုကား အခါခပ်သိမ်း အသင့်ရှိ၏။ သခင်၏အမိန့်ကို တသဝေမတိမ်း နာခံရမည်ဟုလည်း ယုံကြည်ထား၏။ ထို့ကြောင့်ပင် ဘဒင်သည် မယားတယောက်ကို လက်ထပ် ပေါင်းသင်း နေထိုင်ရလိမ့်မည် မျှော်မှန်း ရည်ရွယ်ထားခြင်း ရှိသည် မရှိသည် မဟုတ်ပါဘဲလျက် အေးငြိမ်းကို လက်ထပ်ရမည့်အခြေကို ရင်ဆိုင်ခဲ့ရသည်။ ပထမတော့လည်း ဘဒင်သည် မိမိသခင်၏ ဇနီးကို လက်ထပ်ရသည်မှာ မဖြစ်နိုင်ဘူးဟု နားလည်ထား၏။ သခင်ဖြစ်သူက ထပ်တလဲလဲ ပြောဆိုလာသောအခါကျတော့လည်း အမိန့်ကိုနာခံရမည်ဟု မိမိကိုယ်ကို အဆုံးအမ ပေးသည်။ သို့ပေမဲ့ အေးငြိမ်းကိုယ်တိုင် အလိုမတူမည်ကို စိုးရိမ်ပြန်၏။ သို့သော် ကိစ္စအားလုံးစုံ စီစဉ်ပြီးသော အခါကျတော့လည်း မိမိမှာ လှည်းကျိုးထမ်းရခြင်းပါတကားဟူ၍ ဘဒင်သည် တစိုးတစေ့လေးမျှ အတွေးမရောက်ခဲ့။ မယားတယောက်ကို အလွယ်နှင့် ရသည်ဟု ပီတိဖြစ်စေကာ ကွယ်ရာမှာ တိတ်တိတ်ပြုံးပြီး အကျေနပ်ကြီး ကျေနပ်ခဲ့သေးသည်။

သည်လိုနှင့် မယားတယောက်ရပြီး နောက်တနေ့တွင် ဦးထွန်းတင်သည် ငွေစက္ကူတထပ်ကို မိမိအား လှမ်းပေးရင်း “မင်းတို့နှစ်ယောက် ရင်းနှီးလုပ်ကိုင် စားသောက်ဖို့” ဟူ၍ ပြောလာသည်အထိ ဘဒင်သည် အိပ်မက်တခုကို မြင်မက်နေသည်ဟု အထင်ရောက်နေ၏။ ပြီး ဝန်ထောက်မင်း လက်ထဲက ငွေတွေလို ငွေ ၅ဝဝ ခန့်ကို မိမိပိုင်ဆိုင်ရမည့်အတွက်လည်း ဝန်လေးနေပြန်သည်။ သည်ငွေတွေကို မည်သို့ သုံးစွဲရမည်နည်း သူစဉ်းစားမရ။ သည်ငွေငါးရာ မိမိလက်တွင် ပေးအပ်ပြီး မိမိအား အလုပ်မှ နုတ်ပယ်လိုက်ပြီဆိုသောစကားကို ကြားရတော့ ဝမ်းနည်းသည်။ မိမိသခင်နှင့် ခွဲခွာရမည်ကို စိတ်မကောင်းနိုင်။ အဆုံးတွင် သည်အိမ်ကြီးနှင့် သည်သခင်တို့ကို ခွဲခွာခဲ့ရပြီ ဆိုသောအခါ အေးငြိမ်းကိုယ်တိုင် အံကို တင်းတင်းကြိတ်၍ ခွဲခွာနိုင်ခဲ့ပါလျက် သင်း မျက်ရည်ကျခဲ့သေးသည်။

ဤသို့ဖြင့် နယ်ပိုင်ဝန်ထောက်မင်း၏ စီစဉ်ပေးချက်အရ မြိုင်သာယာမှ လေးမိုင်ခန့်ကွာသော ဒုံရင်းသို့ ရောက်ခဲ့သည်။ ဝန်ထောက်မင်းပေးသော ငွေကလေးနှင့် မြေကလေးတကွက် ဝယ်ခဲ့သည်။ အခြေအနေ ကျလာပြီဆိုသောအခါ သထုံဘက်က မိဘတွေကို လုံးဝမေ့သွားသည်။ သို့နှင့် ခြောက်လလောက်အတွင်းမှာ သားယောက်ျားကလေးတယောက် ဖွားမြင်လာသည်ကို တွေ့ရတော့ ပထမတွင် သင်း ပျော်လိုက်သည်မှာ မိုးမမြင် မြေမမြင်။ သို့သော် သည်ကလေးကို မိမိ ပိုင်ဆိုင်ခွင့် မရှိပါတကားဟု သိလာပြန်တော့လည်း သူ့မှာ ဘာမျှထူးခြား တုန်လှုပ်ခြင်း မရှိခဲ့။ သည်နောက် နှစ်နှစ်နီးပါးအကြာမှာ အေးငြိမ်း ဒုတိယသားကလေး ဖွားမြင်လာပြီ ဆိုသောအခါ သူသည် ကမ္ဘာတခုကို ဖန်တီးအောင်မြင်ခဲ့သူတဦးပမာ တပြုံးပြုံး ရှိခဲ့ပြန်သည်။

သားကလေး လေးငါးနှစ်သားမှာ စစ်ကြီးဖြစ်လာပြီ ဆိုတော့လည်း သင်းမှာ နေစရာ မရှိအောင် စိုးရိမ်ရ၊ ကြောက်ရသည်။ မယားအတွက်၊ သားအတွက် ပူပန်ရသည်နှင့် အိပ်ရာထဲ ရောက်ပေမဲ့ မျက်လုံးကို မြဲမြဲမမှိတ်ဝံ့ခဲ့။ နိပွန်တို့ကို မာစတာ ခေါ်ရသည့် အခြေမျိုးသို့ ရောက်လာသောအခါမှာလည်း သင်းလိုလူမျိုးသည် မာစတာဆိုလျှင် ရဲရဲဝံ့ဝံ့ မျက်နှာမော်၍ မကြည့်ဝံ့။ သည်အခါ သူကြီးဖြစ်သူက အာရှတိုက်ကြီးအတွက် အာရှတိုက်သားများ သာတူညီမျှရေး အတွက် စသည်ဖြင့် နေ့ချင်းညချင်း ရွှေမိုးရွာလာတော့မည်အဟန် ပြောဆိုမိန့်မြွက်ကာ ဘဒင်အား ချွေးတပ်ထဲ လိုက်ရမည်ဟု အမိန့်ပေးလာခဲ့လေသည်။ သည်တော့လည်း ဘဒင်သည် နိပွန်မာစတာများ အမိန့်၊ သူကြီးအမိန့်တို့ကို နာခံလျက် ချွေးတပ်ထဲသို့ လိုက်ပါရမည်ကို ဂုဏ်ယူဖွယ်သော အလုပ်တရပ်အဖြစ် ယူဆကာ ချွေးတပ်ထဲသို့ လိုက်ခဲ့လေသည်။ သို့သော် ချွေးတပ်စခန်းသို့ သူမရောက်ခဲ့။ အိမ်မှ ထွက်ကတည်းက သားနှင့်မယားကို လွမ်းသည်။ တလမ်းလုံး အနှိပ်စက်၊ အညှဉ်းပန်းခံရသည်ကြောင့် နိပွန်မာစတာ ဟူသမျှကို ပို၍ကြောက်လာခဲ့ရ၏။ သို့သော် မုဒုံရောက်သည်နှင့် အတူလိုက်ခဲ့သူများက ရထားပေါ်မှ ခုန်ချထွက်ပြေးမည် ဆိုသောအခါ ရင်ဆိုင်ရမည့် ဘေးအန္တရာယ်ကို လုံးဝ မစဉ်းစားဘဲ ချွေးတပ်ထဲမှ လွတ်မြောက်လျှင်ပြီးတမ်း သဘောထားကာ ရွာသို့ ပြန်ပြေးခဲ့လေတော့သည်။

ချွေးတပ်ထဲမှ ထွက်ပြေးလွတ်မြောက်လာခဲ့သည်မှာ ကြီးမားသော အပြစ်ကြီးတခုဟူ၍ကား ဘဒင် လုံးဝ တွေးထင်ခြင်း မရှိပေ။ သူ့လိုပင် ချွေးတပ်ထဲက ထွက်ပြေးလိုက်၊ ပြန်လာလိုက်၊ ချွေးတပ်ထဲ ပြန်ဝင်လိုက်နှင့် ကြေးစားငွေရှာနေသော စိန်ကြီးလိုလူမျိုးကို ရွာမှာ သူ မြင်တွေ့ နေရသည်ဖြစ်၏။ သို့ပါလျက် ရွာသို့ပြန်ရောက်သည်နှင့် ချွေးတပ်မှ ထွက်ပြေးလာခဲ့သူအဖြစ် သူကြီး၏ ဖမ်းဆီးခြင်းကို ခံရသောအခါ ဘဒင်အဖို့ ကြီးစွာ တုန်လှုပ်ချောက်ချားရလေသည်။ ချွေးတပ်စခန်းသို့ ပြန်ပို့ရမည်ဟု သူကြီးပြောလာသောအခါတွင် ဘဒင်သည် မိမိခန္ဓာကိုယ်ကိုပင်လျှင် ရပ်တည်ခြင်းငှာ မစွမ်းတော့ပေ။ သူကြီးခြေထောက်ကို ဖက်၍ ငိုယိုတောင်းပန်၏ ရှိခိုးဦးချ တောင်းပန်၏။ သည်တော့မှပင် သူကြီးသည် မိမိကို ကရုဏာသက်သော အကြည့်ဖြင့် ကြည့်ကာ

“ခက်တယ် ဘဒင်၊ မင်းကို ထည့်လိုက်တာမှာ မင်းက ခုလိုပြန်ပြေးလာတော့ တို့ဆီက လူလိုနေတယ်ဆိုပြီး မာစတာတွေက ထပ်ပြီးတောင်းမှာပဲ၊ ရွာထဲက လူတွေကလည်း ဘယ်သူမှ သွားချင်ကြတာ မဟုတ်ဘူး၊ ဒါပေမဲ့ မင်း ပိုက်ဆံတတ်နိုင်ရင်တော့ စိန်ကြီးကို ပိုက်ဆံပေးပြီးငှားရင် ဖြစ်နိုင်ကောင်းရဲ့”

ဟူ၍ ဆိုလာသောအခါ သူကြီးမင်း၏ ကရုဏာတရားကို ဘဒင် လေးစားခဲ့ရပြန်သည်။ စိန်ကြီးအတွက် ငွေတထောင် ပေးရမည် ဆိုလာပြန်တော့လည်း ဘဒင် မကြံတတ်အောင် စိတ်ရှုပ် အားငယ်ရပြန်သည်။

“ဒီတော့ ဒီလိုလုပ်ပေါ့ကွ၊ မင်းယာကလေးကို ရောင်းလိုက်ပါလား၊ ဒီငွေလောက်တော့ ရမှာပေါ့ကွ”

ဟု သူကြီးပြောလာပြန်တော့လည်း မိမိတို့ သားအမိ၊ သားအဖတတွေ စားသောက်နေရသော ထမင်းအိုးကလေးကို ခွဲပစ်ရမည်အတွက် ထိတ်လန့်တုန်လှုပ်ရပြန်သည်။

“ကဲပါလေ၊ မင်းဒီလောက်တောင် စိတ်ဒုက္ခရောက်နေတာကိုတော့ ငါ မကြည့်ရက်ဘူး ဘဒင်၊ ဒီတော့ ဒီလိုလုပ်ပေါ့၊ မင်းယာကလေးကိုလည်း အဆုံး ရောင်းမပစ်နဲ့၊ အပေါင်ထားလိုက်၊ ဒီအတွက် ငါကပဲ အပေါင်ခံထားမယ်၊ မင်းမှာ ငွေကြေး ချောင်လည်လာတော့ ပြန်ယူပေါ့၊ ဒီယာကိုလည်း မင်းတို့သားအမိ သားအဖတွေပဲ သီးစားအဖြစ် ဆက်လုပ်ပေါ့”

ဟူသော သူကြီးမင်း၏ စကားသည် မိမိအတွက် ကြီးစွာသောဆုလာဘ်ကို ချီးမြှင့်သည်ဟု အထင်ရောက်ကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပြန်၏။ သူကြီးမင်းကိုလည်း အနန္တကျေးဇူးရှင်ကြီး အဖြစ် မှတ်ယူကာ နှစ်စဉ်နှစ်ကူးတိုင်း၊ ဝါကျွတ်တိုင်း၊ ပူဇော်ကန်တော့ခဲ့ရခြင်းအတွက် ကျေးဇူး သိတတ်ခြင်းကို ပြသရာရောက်သည်ဟု ယူဆထားခဲ့လေသည်။

ဤသို့ဖြင့် အတိုးတက်၍ ယာကွက်ကလေး လက်လွှတ်ဆုံးရှုံးရစေကာမူ သူကြီးမင်း၏ သီးစားအဖြစ် ဆက်လက်လုပ်ကိုင်ခွင့် ရရှိသည့်အတွက် သူကြီး၏ကျေးဇူးကို အသက်ထက်ဆုံး မမေ့စကောင်းဟု နှလုံးပိုက်ခဲ့ရလေသည်။

သူ အလွန်ကြောက်သော နိပွန်မာစတာများကို တော်လှန်တိုက်ခိုက်ကြပြီ ဆိုတော့လည်း ရွာသို့ ရောက်လာသော မြန်မာ့တပ်မတော်သားများကို သူချစ်၍၊ ကြည်ညို၍၊ လေးစား၍ မဆုံးနိုင်ခဲ့။ သည်မှာ ဗိုလ်ချုပ်အောင်ဆန်း၏အမည်ကို ဘဒင် စ၍ ကြားခဲ့ရလေသည်။ ဗိုလ်ချုပ်အောင်ဆန်းကို မမြင်ဖူးပါဘဲလျက် လေးစား မြတ်နိုးခဲ့ရလေသည်။

ထို့ကြောင့်လည်း ယခုတကြိမ် သခင်ဖေသိန်းနှင့် ပြန်လည်တွေ့ရှိရသောအခါ သခင်ဖေသိန်း အပေါ်တွင် အထင်ကြီး လေးစားလာခဲ့ရသည်ဟု ဆိုနိုင်၏။

စင်စစ် ဘဒင်သည် သခင်ဖေသိန်းကို ယခင်အချိန်များကတည်းက တွေ့မြင်ခဲ့ဖူး၏။ ထိုအခါကမူ သခင်ဖေသိန်းအား သူ့သခင် ဦးထွန်းတင်နှင့် တထပ်တည်း စိတ်သဘောထားကာ နိုင်ငံရေးသမား သူပုန်ပေါက်စအဖြစ် မှတ်ယူခဲ့၏။

သခင်ဖေသိန်း ဆိုသည်မှာ လွန်ခဲ့သောအချိန်များက မြိုင်သာယာမြို့နယ် အုပ်ချုပ်ရေး အရာရှိများ၏ မျက်တောင်မခတ် လေ့လာစုံစမ်း ကြည့်ရှုရခြင်း ခံခဲ့ရသော တို့ဗမာအစည်းအရုံး အမှုဆောင် အဖွဲ့ဝင်တဦး ဖြစ်လေသည်။ နယ်ပိုင်ဝန်ထောက်မင်း ဦးထွန်းတင်၏ အပြစ်ပေး ထောင်ချခြင်းကို အကြိမ်ကြိမ် ခံခဲ့ရသူတဦးလည်း ဖြစ်သည်။ နောက်ဆုံး၌ ဝန်ထောက်မင်းသည် သခင်ဖေသိန်းကို နယ်နှင်ဒဏ်အပြစ် ပေးခဲ့ဖူး၏။ သည်အဖြစ်အပျက်များကို ဘဒင် ကြုံခဲ့၊ တွေ့ခဲ့ရသည်။ ထို့ကြောင့် ထိုစဉ်အခါက ဘဒင်သည် သခင်ဖေသိန်းကို စက်ဆုပ်ရွံရှာဖွယ်သော လူတယောက်၊ လူဆိုးတယောက်ဟူ၍သာ နားလည်ခဲ့သည်။ သူ့အဖို့ သခင်များနှင့် တို့ဗမာ အစည်းအရုံးအကြောင်းကို ဘာမျှနားလည်ခဲ့သည် မဟုတ်ပေ။

လွန်ခဲ့သော တလခန့်က ဒုံရင်းတွင် ကျင်းပသည့် တရားပွဲသို့ သူ တက်ရောက်ခဲ့ရာတွင် သခင်ဖေသိန်းကို တွေ့ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ထိုတရားပွဲတွင် တော်လှန်ရေးကာလက ရွာသို့ ရောက်ဖူးသော ဗိုလ်တင်ဦး ပါလာသည်ဆိုသောကြောင့် သူ တက်ရောက်ခဲ့ခြင်း ဖြစ်ပေသည်။ ဗိုလ်တင်ဦးကိုတော့ ဘဒင် ခင်မင်လေးစားသည်။ ဗိုလ်တင်ဦးဆိုသူသည် ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ယခင်က အကြိမ်ကြိမ် ပြောခဲ့ဖူးသလို ယခုလည်း ပြောပြဦးမည်ဟု မျှော်လင့်သည်။ ထိုကြောင့် ဘဒင်သည် တရားပွဲသို့ ရောက်ခဲ့၏။

တရားပွဲကို ဒုံရင်းရွာ အရှေ့ကျောင်း ဇရပ်ကြီးတွင် ကျင်းပသည်။

တရားဟောမည့်ပုဂ္ဂိုလ်များတွင် သခင်ဖေသိန်းကို တွေ့ရသော် စိတ်မှာ စနိုးစနောင့် ဖြစ်မိလေ၏။ သို့သော် ရဲဘော်ဗိုလ်တင်ဦး၏ မိန့်ခွန်းကို စိတ်ဝင်စားသည်နှင့် သခင်ဖေသိန်းကို မေ့လျော့သွားခဲ့သည်။ ဗိုလ်တင်ဦးက ဗိုလ်ချုပ်၏ “တနှစ်အတွင်း လွတ်လပ်ရေး ရရမည်။ လွတ်လပ်ရေးကို တနှစ်အတွင်း အေးချမ်းစွာမရပါက တော်လှန်ရေးတရပ် ဆင်နွှဲရမည်” ဟူသော မိန့်ခွန်းကို ရှင်းလင်းပြောပြသောအခါ ဘဒင် ကြက်သီးမွေးညင်း ထရသည်။ ယခုတကြိမ် တော်လှန်ရေးကြီး ဆင်နွှဲရပါက သူလည်း ပါဝင်ရမည်ဟု စိတ်ထဲက ဆုံးဖြတ်နေမိသည်။ ထို့နောက် သခင်ဖေသိန်း မိန့်ခွန်းပြောတော့သည်။ သူသည်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးပမ်းချက်ကို ချီးကျူးပြောဆို၏၊ လူထု၏ထောက်ခံမှု လိုအပ်ကြောင်း ပြောဆို၏။ သည်တော့ သူ သခင်ဖေသိန်းကို စတင်လေးစားရတော့သည်။ သခင်ဖေသိန်းသည်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်တယောက်ပါကလား ဟူသောအသိဖြင့် ကြည်ညိုရပြန်သည်။

ဤသို့ဖြင့် ယခုတကြိမ် သခင်ဖေသိန်းကို တွေ့ရသောအခါ ဟိုစဉ်ကလို မုန်းတီးရွံရှာခြင်းမျိုး မဖြစ်။ ခင်မင်လေးစားခြင်းသာ ဖြစ်ခဲ့ရ၏။ ထိုနေ့က တရားပွဲ ပြီးသည်နှင့် သခင်ဖေသိန်း၏ ရင်းရင်းနှီးနှီး ဆက်ဆံမှုကို ခံယူရသောအခါ ဘဒင် ကျေနပ်သည်။ ဂုဏ်ယူသည်။ သည်မှာ သခင်ဖေသိန်းသည် ဦးထွန်းတင်နှင့် ပတ်သက်၍ မကျေနပ်သယောင် စကားဆိုမည် ကြံရွယ်သေး၏။ ဒါကိုတော့ ကိုဘဒင် မနှစ်မြို့။ ထို့ကြောင့် သခင်ဖေသိန်းသည် ဦးထွန်းတင်၏အကြောင်းကို စကား မဆက်ခဲ့။

လွန်ခဲ့သောရက်များကမူ သခင်ဖေသိန်းသည် ဒုံရင်းသို့ နေ့စဉ်ရက်ဆက် ရောက်လာခဲ့သည်။ “မကြာမီအတွင်း မြိုင်သာယာမြို့ပေါ်၌ အလွန်ကြီးကျယ်သော လူထုဆန္ဒပြပွဲကြီးတရပ် ကျင်းပမည်။ ထိုဆန္ဒပြပွဲကြီးသည် ဗိုလ်ချုပ်၏ လွတ်လပ်ရေး ကြိုးပမ်းမှုကို တပြည်လုံး အတိုင်းအတာဖြင့် ထောက်ခံအားပေးသော ဆန္ဒပြပွဲကြီး ဖြစ်ကြောင်း။ ထိုဆန္ဒပြပွဲကြီးအတွက် မြို့ပေါ်လူများသာမက တောရွာများကပါ တက်ရောက်ကြမည်ဖြစ်ကြောင်း။ ထို့ကြောင့် ဒုံရင်း ရွာသူရွာသားများကို ဘဒင်က ဦးဆောင်၍ ချီတက်လာသင့်ကြောင်း” ပြောဆိုလာခဲ့၏။ သို့အတွက် ဘဒင် ကျေနပ်သည်။ ဂုဏ်ယူသည်။ လွတ်လပ်ရေးဟူသော စကား၏အဓိပ္ပာယ်ကို သူ ကောင်းစွာ နားလည် သဘောပေါက်ခြင်း မရှိစေကာမူ ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်၍ သူ ပါဝင်ဆောင်ရွက်ခွင့် ရရှိမည် ဆိုခြင်းအတွက် သူအားတက်၏။

သို့ဖြင့် ဆန္ဒပြပွဲ ကျင်းပသည့်နေ့တွင် ဘဒင်သည် ရွာထဲကလူ လေးငါးဆယ်ကို သူကိုယ်တိုင် ခေါင်းဆောင်ပြီး မြို့ဘက်သို့ ချီတက်ခဲ့လေသည်။ မြို့ထဲ၌ သခင်ဖေသိန်းတို့ လူသိုက်နှင့် တွေ့ဆုံရမည်ဖြစ်၏။ သို့သော် သခင်ဖေသိန်းတို့နှင့် မတွေ့မီ မြို့အဝင်၌ ပုလိပ်များ၏ တားဆီး စစ်ဆေးခြင်းကို ခံရလေသည်။ ထို့နောက် လွတ်လပ်ရေးအတွက် ဆန္ဒပြရန် ချီတက်လာသော ဘဒင်တို့လူစုကို ပုလိပ်များက ဆန်လုပွဲ ချီတက်လာကြသူများဟု အကြောင်းပြကာ ခေါင်းဆောင် ဘဒင်ကို ဖမ်းဆီးလိုက်ကြလေသည်။ ရွာသားများကိုကား ရွာသို့ ပြန်လွှတ်လိုက်ကြ၏။ ဘဒင်အနေနှင့်တော့လည်း မိမိ အဘယ်ကြောင့် ဖမ်းဆီးခြင်း ခံရသည်ကို နားမလည်နိုင်။

အေးငြိမ်းသည် နှုတ်အနေဆဲဖြစ်၏။

“ပြောလေ အေးငြိမ်း၊ ဘဒင် ဘာဖြစ်လို့အဖမ်းခံရတာတဲ့လဲ”

“အေးငြိမ်းလည်း အသေအချာမသိဘူး အစ်ကိုကြီး၊ သူ့ကို ဆန်လုဖို့ လာတယ်ဆိုပြီး ဖမ်းကြတာတဲ့”

အေးငြိမ်း၏အသံသည် ငိုသံရောနှောနေ၏။

ဦးထွန်းတင်သည် မျက်လုံးပြူးသွား၏။

“ဘာပြောတယ် အေးငြိမ်း၊ ဘဒင် ဆန်လုဖို့လာတယ် ဟုတ်လား”

“အဲဒါကို အေးငြိမ်းမသိဘူး၊ မနေ့က မြို့မှာ ဆန္ဒပြပွဲရှိတယ်ဆိုလား၊ သခင်ဖေသိန်းဆိုတဲ့လူ လာခေါ်တာပဲ၊ အဲဒါ ကိုဘဒင်ကတော့ ဘာမှသိတာ မဟုတ်ဘူး၊ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေး ရအောင် လုပ်လိမ့်မယ်၊ ဒီအတွက် ဆန္ဒပြရမယ်ဆိုပြီး သွားတာ၊ အဲဒါပဲ အေးငြိမ်း သိတယ်၊ ခုတော့လည်း ဆန်လုဖို့လာတယ်ဆိုပြီး အဖမ်းခံရတာတဲ့”

ဦးထွန်းတင်သည် ဘာမျှပြန်လည်ပြောဆိုနိုင်ခြင်း မရှိပေ။ သည်အကြောင်းတွေကို အေးငြိမ်း မသိနိုင်။ ဘဒင်လည်း မသိနိုင်။ သခင်ဖေသိန်းလည်း မသိနိုင်။ သူသာလျှင် အသိဆုံးဖြစ်၏။ ထိုကြောင့်လည်း သည်အကြောင်းကို သူဆက်၍ မပြောလိုတော့ပေ။ ပြီး ယခုအခါ၌ သခင်ဖေသိန်း၏ အမည်သည်လည်း သူ၏စိတ်အာရုံသို့ မွှေနှောက်လာခဲ့ပြီဖြစ်၏။ သည်အမည်ကပင် သူ့ကို ပိုမိုတုန်လှုပ် ချောက်ချားစေပြန်သည်။ သူ၏ အတွေးစိတ်အာရုံကို ဖရိုဖရဲ ဖြစ်စေသည်ဟု နားလည်ရလေပြီ။ ဦးထွန်းတင်သည် အတန်ကြာ ငိုင်တွေနေလေ၏။

အေးငြိမ်း၏ရှိုက်သံသည် ချုပ်တည်းထားရာမှ ကွဲအက်ထွက်ပေါ်လာသည်။

ဦးထွန်းတင်သည် အေးငြိမ်းကို ပြန်လည်သတိရလာ၏။

“ကောင်းပြီ အေးငြိမ်း၊ ဘဒင်အတွက် အစ်ကိုကြီး ကြည့်ပြီး စီစဉ်လိုက်မယ်၊ အစ်ကိုကြီးကို အေးငြိမ်း ပြောချင်တယ်ဆိုတာ ဒါပဲ မဟုတ်လား”

ဦးထွန်းတင်၏အသံသည် ပြတ်တောင်းတောင်းနိုင်လှပေသည်။ ယခုတော့လည်း ဦးထွန်းတင်၏ စိတ်အာရုံ၌ အေးငြိမ်းကို အကြောင်းပြုကာ သခင်ဖေသိန်းသည် ဝင်ရောက် ရှုပ်ထွေးလာသည့်အတွက် စိတ်နောက်ကျုရလေတော့သည်။

အေးငြိမ်းက ခေါင်းညိတ်လိုက်သည်။

“ဒါဖြင့်ရင်လည်း ပြန်ကြစို့ အေးငြိမ်း၊ ညဉ့်နက်လှပြီ။ အေးငြိမ်းပြန်တော့၊ အစ်ကိုကြီးလည်း သွားမယ်”

အေးငြိမ်းနှင့် စပ်လျဉ်းသော ကရုဏာစိတ်သည် ပျောက်လွင့်နေပေပြီ။ သခင်ဖေသိန်းနှင့် ပတ်သက်သော အမျိုးအမည် ခွဲခြားမသိနိုင်သည့် ဝေဒနာများ ရောယှက်ရှုပ်ထွေးလာကြလေသည်။

ညသည် မှုန်မှေးမှေးမျှသော အလင်းရောင်၏အောက်တွင် တိတ်ဆိတ်မြဲ တိတ်ဆိတ် သွားပြန်လေသတည်း။

| ၄ |

 

သို့သော် ဦးထွန်းတင်၏စိတ်အာရုံသည် တိတ်ဆိတ်ငြိမ်သက်ခြင်း မရှိနိုင်သေး။

အမျက် သို့မဟုတ် မခံရပ်နိုင်ခြင်း၊ သို့မဟုတ် နားမလည်ခြင်း၊ သို့မဟုတ် အခဲမကြေနိုင်ခြင်း စိတ်သည် ခန္ဓာကိုယ်တခုလုံးကို လွှမ်းမိုးနေသည် ဖြစ်သောကြောင့် အိမ်သို့ပြန်ခဲ့သော ခြေလှမ်းများသည် ပိုမိုသွက်လက်လာ၏။ စောစောက အိမ်သို့အပြန်တွင် တွေ့ရမည်လား စိုးရိမ်ကြောင့်ကြခဲ့ရသည့် အခြေအနေများကိုလည်း မေ့လျော့နေ၏။ ချောင်းရိုးထိပ်မှာ မျက်နှာငယ်နှင့် ကျန်ရစ်ခဲ့ရှာသော အေးငြိမ်းကိုလည်း မေ့လျော့နေ၏။ သခင်ဖေသိန်းသာလျှင် သူ၏စိတ်အာရုံ အလုံးစုံကို လွှမ်းမိုးနေပေပြီ။

အိမ်သည် ပကတိ တိတ်ဆိတ်မည်းမှောင်နေ၏။ ထိုနေရာ၌ သူပြန်လာသောအခါတွင် တွေ့ဆုံရင်ဆိုင်ရနိုင်ဖွယ်ရှိသော အခြေအနေအမျိုးမျိုးသည် တစုံတခုမျှ ဖြစ်ပေါ်ခြင်းမရှိ။ နုသည် အိပ်ရာမှ မနိုးသေးပေ။

ဦးထွန်းတင်သည် အိမ်ပြင်သို့ ထွက်ခဲ့သည့်လမ်းအတိုင်း အိမ်တွင်းသို့ ဝင်သည်။ အိမ်ပေါ်သို့ တက်သည်။ အိပ်ခန်းသို့ ဝင်ခဲ့လေ၏။ အပြင်ဘက်မှ လရောင်၏ရောင်ရှိန်ဖြင့် အိပ်ခန်းသည် မသဲမကွဲမျှသာ လင်းနေ၏။ သည်မှာ နုကိုပင် မျက်စိအာရုံက မမြင်။ နုသည် အိပ်မောကျနေဆဲ ဖြစ်၏။

ဦးထွန်းတင်သည် နုဘေးတွင် ဝင်ရောက်ကာ သူ၏ကိုယ်ကို အိပ်ရာပေါ်၌ လှဲချလိုက်၏။

သူ့အတွေးအာရုံသို့ အေးငြိမ်းသည် မှုန်စီမှုန်မွှား မထင်ရှားသော အသွင်ဖြင့် ရောက်လာခဲ့ပြန် သည်။ ဘယ်အခါမျှ အေးငြိမ်းကို စိမ်းကားရက်စက်ခြင်း ပြုဖြစ်မည် မထင်ပါဘဲလျက် ယခု သူ အေးငြိမ်းကို စိမ်းကားရာ၊ လျစ်လျူရှုရာ ရောက်နေသည်လားဟူသော စုံစမ်းတွေးကြောင့် မောသည်။ ညဉ့်သန်းခေါင်အချိန် ရွာသို့ အေးငြိမ်းတယောက်တည်း ပြန်ရသည့်အရေးကိုလည်း အောက်မေ့ သတိရကာ စိတ်မကောင်းဖြစ်ရသည်။ သူသည် အေးငြိမ်းအပေါ်မှာ သည်မျှအထိ လိုက်လျောခဲ့မိခြင်း အတွက်လည်း မိမိကိုယ်ကို မကျေမနပ်ဖြစ်ပြန်သည်။

မြိုင်သာယာသို့ ပြန်လည် ရောက်ရှိလာခဲ့ခြင်းသည်ပင်လျှင် သူ့အဖို့ ကြီးစွာသော စိတ်မချမ်းသာစရာ၊ စိတ်ထိခိုက် တုန်လှုပ်စရာများနှင့် ရင်ဆိုင်ရအံ့လော။ ယနေ့သည် မိမိအဖို့ ထိုစိတ်မချမ်းသာစရာ၊ စိတ်ထိခိုက် တုန်လှုပ်စရာများကို စတင် ရင်ဆိုင်ရခြင်းပေလောဟူသော ‘လော’ များစွာသည် အတွေးအာရုံ၌ ယောက်ယက်ခတ် ကြလေပြီ။

သည်အလုံးစုံသော စိတ်နှလုံး ချောက်ချားဖွယ်ရာများကို အေးငြိမ်း ဆောင်ယူလာသည် ဟူသောစွဲချက်ဖြင့် အေးငြိမ်းကို မကျေမနပ် ဖြစ်ရမည် ဆိုပြန်တော့လည်း သင်းအတွက် စိတ်မကောင်း။

မှန်သည်။ ယခု အေးငြိမ်းသည် ဘဒင်နှင့်စပ်လျဉ်းသော ပြဿနာကို ဆောင်ယူလာခဲ့၏။ ဘဒင်၏ ပြဿနာတွင် သခင်ဖေသိန်း ပါဝင်လာခဲ့လေသည်။ သည့်အတွက် အေးငြိမ်းကို အဓိကထား အပြစ်ပွားရမည်မှာ တရားနည်းလမ်းမကျ။ စင်စစ် မြိုင်သာယာသို့ လာခဲ့စဉ်က သူ့အဖို့ အေးငြိမ်းတဦးတည်းကိုသာ သတိရခဲ့သည်။ အေးငြိမ်းပြဿနာကိုသာ စဉ်းစားခဲ့သည်။ အေးငြိမ်းနှင့် ပတ်သက်လျှင်ကား သူ ထူးခြားတုန်လှုပ်ဖွယ် ဖြစ်ပေါ်ရလိမ့်မည်ဟု အလျဉ်းမယူဆခဲ့ပေ။ အေးငြိမ်းဆိုသည်မှာ မည်သည့် ကြီးကျယ်သောပြဿနာကိုမျှ ဖန်တီးနိုင်စွမ်းသူတယောက် မဖြစ်နိုင်ပေ။

သည်မှာ သခင်ဖေသိန်းကိုတော့ အမှန်ပင် မေ့လျော့ထားသည် ဆိုခြင်းထက် မေ့လျော့သွားခြင်း၊ သတိလစ်ဟင်းနေခဲ့ခြင်းသာ ဖြစ်မည်။

တခုတော့ရှိသည်။ မိမိ၏အထက်အရာရှိများက ဟိုစဉ်ကတည်းကပင် ဤဒေသတွင် မိမိသြဇာညောင်းခဲ့သည်။ နိုင်နင်းခဲ့သည်ဆိုကာ မိမိအား ဤဒေသသို့ ပြန်လည်ပို့လွှတ်လိုက်ခြင်း ဖြစ်ပေသည်။ သည်တော့ သခင်ဖေသိန်းအတွက် မတုန်လှုပ်သင့်ဘူးဟု အားတင်းသည်။ သို့ပေမဲ့ ဟိုစဉ်အခါက သခင်ဖေသိန်းကို ရင်ဆိုင်ရတိုင်း မည်သို့မျှ တုန်လှုပ်ချောက်ချားခြင်း မရှိ။ ထို သခင်ဖေသိန်းဆိုသူအား မိမိကသာလျှင် ဦးလျင်စွာ နှိမ်နင်းနိုင်ခဲ့သည် မှန်ပါလျက် ယခု ထိုသူ၏ အမည်ကို ကြားရရုံဖြင့် သည်မျှ နှလုံးတုန်လှုပ်ရသည့်အတွက်လည်း မိမိကိုယ်ကို အရှက်ရရသည်။

ဦးထွန်းတင်၏စိတ်သည် ဝဲတွင်ရောက်သော လှေကဲ့သို့ ချာချာလည် နေလေပြီ။

ဆောင်းချမ်းည ဖြစ်ပါလျက် နဖူးတွင် ချွေးစို့လာသည်ကိုလည်း စဉ်းစားမရနိုင်။ အားလုံးသော အာရုံကြောအလုံးစုံသည် သခင်ဖေသိန်း တဦးတည်းဆီ သို့သာ ရှေးရှုနေကြဟန်ရှိ၏။

လွန်ခဲ့သော လေးငါးနှစ်ကပင် ထိုသူ့ကို ဦးထွန်းတင် နယ်နှင်ဒဏ်ပေးခဲ့ပြီးဖြစ်၏။ ယခုအခါ သူသည် မည်သည့်အဖွဲ့တွင် ပါဝင်သနည်း။ ပြည်သူ့ရဲဘော်လား၊ ဆိုရှယ်လစ်လား၊ ဖဆပလထဲမှာ ဆိုတာတော့ သေချာမည်။ သည်အတွေးတွေနှင့် တဆက်တည်းပင် ဗိုလ်ချုပ်အောင်ဆန်းသည် သူ့စိတ်အာရုံသို့ ရောက်လာပြန်၏။ ဦးထွန်းတင်သည် မသိမသာ မဲ့ပြုံး ပြုံး၏။ ထိုအပြုံး၌ သရော်လှောင်ပြောင်သောအရိပ်သည် သမ်းနေ၏။ ယခုအခါတွင် ထိုဗိုလ်ချုပ်အောင်ဆန်း ဆိုသူသည် ဘိလပ်၌ ဗြိတိသျှ အစိုးရအဖွဲ့ဝင်များနှင့် ဆွေးနွေးတိုင်ပင်နေပေလိမ့်မည်ဟု တွေးမိသည်။ ဒါကို ဦးထွန်းတင် လှောင်ချင်သည်။

စင်စစ် ဦးထွန်းတင်သည် ဗိုလ်ချုပ်အောင်ဆန်းကို နည်းနည်းကလေးမျှ အထင်မကြီး။ ထိုလူသည် လူစွမ်းကောင်းမဟုတ်။ လူစွမ်းကောင်းဆန်သူဟုသာ ထင်မှတ်ထားသည်။ ထိုလူသည် လွန်ခဲ့သောနှစ်က အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦး ဖြစ်လာသောအခါ ဦးထွန်းတင် အနည်းငယ် တုန်လှုပ်ရ၏။ တချိန်က မိမိတို့ကိုယ်တိုင် ဝရမ်းပြေးတယောက်အဖြစ် မှတ်ယူထားရသူ တဦးသည် နိုင်ငံတွင် လူထုတရပ်လုံး၏ ထောက်ခံမှုကို ရယူလာခြင်း၊ ဗြိတိသျှအစိုးရကိုယ်တိုင်က ကာကွယ်ရေးနှင့် ပြည်ပဆက်သွယ်ရေးဝန်ကြီးအဖြစ် ခန့်ထားလိုက်ခြင်းအတွက် နားမလည်နိုင်ဘဲ ဖြစ်ရ၏။ သို့သော် ချက်ချင်း နားမလည်စေကာမူ ဦးထွန်းတင်သည် တဖြည်းဖြည်း နားလည်လာသည်ဟု အထင်ရောက်၏။

မြန်မာနိုင်ငံသားတွေနှင့် ပတ်သက်လျှင်ကား ဦးထွန်းတင်သည် ဘယ်အခါမျှ အထင်ကြီးခဲ့ဖူးသည် မဟုတ်ပေ။ သည်နိုင်ငံသားတွေကို ပရမ်းပတာ လူအုပ်ကြီး အသိမဲ့ ပညာမဲ့ လူအုပ်ကြီးအဖြစ်သာ သူမြင်သည်။ သည်လိုလူတွေ၏ ထောက်ခံမှုကို ရရှိနေခြင်းအတွက် အထင်ကြီးစရာ မရှိဟု သူအဆုံးအဖြတ်ပြု၏။ သူ့အရှင်သခင် မဟာဗြိတိသျှအစိုးရသည် အလွန်လိမ္မာ ကျွမ်းကျင်သော နည်းပရိယာယ်ဖြင့် ထိုပုဂ္ဂိုလ်အား အစိုးရအဖွဲ့ဝင် ခန့်ထားလိုက်ခြင်း ဖြစ်သည်ဟု ယူဆခဲ့မိ၏။

မည်သို့ဖြစ်စေ မိမိသည်လည်း မိမိ၏အရှင်သခင်များကဲ့သို့ အတတ်နိုင်ဆုံးသော နည်းပရိယာယ်တို့ကို ကျင့်သုံးလျက်ဤ ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့၏ လက်အောက်တွင် အမှုထမ်းရမည်ဟု နားလည်ထားခဲ့လေသည်။

သို့ဖြင့် သူသည် မြိုင်သာယာသို့ ပြောင်းရွှေ့မလာမီကပင် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်လှုံ့ဆော်မှုဖြင့် တပြည်လုံး အတိုင်းအတာရှိသော လွတ်လပ်ရေးဆန္ဒပြပွဲများ တိုင်းပြည်တွင် နေရာအနှံ့အပြား၌ ကျင်းပပြုလုပ်ကြမည်ဖြစ်ကြောင်း သိရှိခဲ့၏။

စင်စစ် ဗြိတိသျှအစိုးရသည် တိုင်းပြည်နှင့်အဝှမ်း လွတ်လပ်ရေးဆန္ဒပြပွဲကြီးများကို နှစ်လိုကြည်ဖြူစွာ ရှုဆိတ်ခြင်း မရှိနိုင်သလို ဦးထွန်းတင်သည်လည်း သဘောကျ နှစ်သက်ခြင်းမရှိ။ ထို့ကြောင့်ပင် သူရောက်ရှိလာပြီး တပတ်အတွင်း ကျင်းပမည့် မြိုင်သာယာလူထု၏ လူထုဆန္ဒပြပွဲကြီးကို တနည်းနည်းဖြင့် ဖြိုခွဲကာ ဗြိတိသျှအစိုးရ၏ အလိုတော်နှင့်အညီ စီမံဆောင်ရွက်ရန် နည်းလမ်းများကို ဦးထွန်းတင် စဉ်းစားခဲ့ပြီး ဖြစ်လေသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း၏လူထုကြီးကို သူသည် ပြောင်ပြောင်တင်းတင်း နှောင့်ယှက်ဟန့်တားခြင်းကား မပြုဝံ့ပေ။

ဦးထွန်းတင်သည် မြိုင်သာယာသို့ ပြောင်းရွှေ့လာခြင်းမပြုမီ မြစ်ဝကျွန်းပေါ်၌ အမှုထမ်းနေစဉ်က အလံနီတို့၏ ဆန်လုပွဲများကို ကြုံခဲ့ဖူး၏။ ယခု မြိုင်သာယာသို့ ရွှေ့လာရအံ့သော အချိန်အတွင်းမှာလည်း မြိုင်သာယာအထက်ပိုင်း မြို့နယ်များတွင် အလံနီတို့ ဆန်လုပွဲ ကျင်းပနေကြသည်ဟု ကြားသိထားပြီးဖြစ်၏။

ထိုကြောင့်ပင် ဦးထွန်းတင်သည် မြိုင်သာယာသို့ ရောက်ရှိခဲ့သည့် ရက်သတ္တ တပတ်အတွင်းမှာပင် ပုလိပ်အဖွဲ့ကြီးအား မကြာမီအတွင်း အလံနီတို့သည် ဤအရပ်၌ ဆန်လုပွဲကြီးများ ကျင်းပလိမ့်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးထားခဲ့၏၊ အခိုက်အတန့်အားဖြင့် မြိုင်သာယာအရေးပိုင်၏ တာဝန်ဝတ္တရားများကိုပါ ပူးတွဲ ဆောင်ရွက်ရသည့် နယ်ပိုင်သစ်၏ သတိပေးစကားကို မည်သည့်ပုလိပ်အမှုထမ်းကမျှ သံသယ မဖြစ်ခဲ့ကြပေ။

သို့ဖြင့် ဆန္ဒပြပွဲနေ့မတိုင်မီ ညနေစောင်းမှာကတည်းက ဦးထွန်းတင်သည် မိမိ၏ ပုလိပ်အဖွဲ့ကို မြို့အဝင်လမ်းများသို့ သွားရောက်ပြီး နောက်တနေ့ ဆန္ဒပြပွဲကြီးသို့ ချီတက်လာမည့် ဆန္ဒပြ ကျေးလက်တောရွာ လူထုကြီးကို အလံနီ ဆန်လုပွဲ ချီတက်လာသူများအဖြစ် ဖမ်းဆီးရန် အမိန့်ပေးထားခဲ့လေ၏။

ဤကိစ္စကို ဆောင်ရွက်ရာ၌ အထူးသတိဝီရိယရှိဖို့ လိုအပ်သည်ကိုလည်း ဦးထွန်းတင် ကြိုတင်သိနားလည်ပြီး ဖြစ်ပေသည်။ စင်စစ် ဗိုလ်ချုပ်အောင်ဆန်း၏ အစိုးရအဖွဲ့ လက်အောက်ခံ အရာရှိတယောက်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ လူထုကြီးကို ဆန့်ကျင်လုပ်ဆောင်ရမည်မှာ လွယ်ကူသောအလုပ် မဟုတ်သည်ကို ဦးထွန်းတင် သိ၏။

ထိုကြောင့်ပင် မနေ့က ဆန္ဒပြပွဲသို့ ချီတက်လာသော ကျေးရွာပေါင်း ၃ဝ အနက် ကျေးရွာ ၂ဝ ခန့်မှ ခေါင်းဆောင် ၁၅ ဦးကို ဖမ်းဆီးကာ ဆန္ဒပြပွဲ လူထုတထောင်ကျော်ကို မြို့တွင်းသို့ မရောက်အောင် လိမ္မာပါးနပ်စွာ ဆောင်ရွက်ခဲ့ရ၏။ နောက်တနေ့တွင် ခေါင်းဆောင်များကို ရုံးတင်စစ်ဆေးပြီးမှ မှားယွင်းဖမ်းဆီးမိကြောင်း အစီရင်ခံရမည်။ ဤမှားယွင်းမှုမျိုး ဆိုသည်မှာလည်း ပုလိပ်များ၏ မှားယွင်းမှုသာ ဖြစ်နိုင်သည်ဟု လှီးလွှဲဖော်ပြရုံသာ လိုအပ်ပေသည်။

ယခုတော့လည်း ဤကိစ္စမှာ သခင်ဖေသိန်းနှင့် ဆက်စပ်နေရကား ယနေ့ပင်လျှင် သခင်ဖေသိန်းနှင့် ချက်ချင်း ရင်မဆိုင်ရသည်ကို ကံကောင်းသည်ဟု မိမိကိုယ်ကို ယူဆ၏။ မည်သို့ဖြစ်စေ ဆန္ဒပြပွဲလာ ကျေးရွာခေါင်းဆောင်များ ဖမ်းဆီးခံရသော သတင်းကို သခင်ဖေသိန်းတို့ သိတန်ပေပြီ။ သတင်းထောက်များအနေဖြင့်လည်း သိရှိကြရော့မည်။ သည်တော့ ဤအရေးအခင်းကို အမြန်ဆုံး ဖြေရှင်းရပေမည်။ ဖြေရှင်းနည်း ရှိပြီးဖြစ်၍ မထောင်းတာ။ ယခုအတိုင်းဆိုလျှင် သခင်ဖေသိန်းဆိုသူသည် အချိန်မရွေး ရောက်လာနိုင်ပေသည်။

အဘယ်ကြောင့် သခင်ဖေသိန်း ယနေ့ ရောက်မလာသေးသည်ကိုလည်း စဉ်းစားရပေပြီ။ အကယ်၍ ဤမြို့တွင် မိမိရောက်ရှိနေသည်ကို သိပြီးဖြစ်ပါက ထိုသူသည် မဆိုင်းမတွ ရောက်လာပေလိမ့်မည်။ မိမိကို အငြိုးတကြီး ပြစ်တင်ပြောဆိုပေလိမ့်မည်။ ယခုအတိုင်းဆိုလျှင် မိမိရောက်ရှိနေသည်ကို ထိုလူ မသိသောကြောင့်သာ ရောက်မလာခြင်း ဖြစ်မည်ဟု ယူဆရသည်။ သည်လိုဆို မနက်ဖြန် နံနက်တွင် သူရောက်လာပေလိမ့်မည်။ အိမ် သို့မဟုတ် ရုံးသို့ သူလာလိမ့်မည် မလွဲပေ။ ထိုအခါ ထိုလူကို မည်သို့ဆက်ဆံရပါမည်နည်း။ ဦးထွန်းတင် စဉ်းစားရပေပြီ။

သခင်ဖေသိန်းသည် ဟိုစဉ်ကပင် ဦးထွန်းတင်အား အညံ့မခံ။ အလျှော့မပေးခဲ့။ နင့်နင့်သီးသီး ပြောဆိုဖို့ ဝန်လေးခဲ့သူ မဟုတ်ပေ။ ယခုအခါမျိုးတွင်ကား ထိုသူသည် မိမိအား ရှေးကထက်ပင် နင့်နင့်သီးသီး ပြောဆိုဖို့ ဝန်လေးမည် မဟုတ်ပေ။ မိမိကိုပင် အပြစ်ရအောင် ထိုလူ စွမ်းဆောင်ချေမည်လား။

ခက်ကပြီ။ သူ့လိုလူမျိုးတွေ တန်ခိုးကြီးမားလာပါက မိမိတို့လိုလူမျိုးတွေအဖို့ နေစရာမှ ရှိပါဦးမည်လားဟူသော အတွေးတွေ တသီတတန်းနှင့်အတူ မိမိ၏ အရှင်သခင် ဗြိတိသျှအစိုးရသည် ဤတိုင်းပြည်အား လွတ်လပ်ရေး မပေးပါစေနှင့်ဟုလည်း သိုဝှက်ဆန္ဒပြုပြန်သည်။

အတွေးစများ ရှုပ်ထွေးရစ်ပတ် ပင်ပန်းရလေပြီ။ အိပ်၍ကား မရနိုင်ပေ။ အိမ်ရှေ့ခန်းမှ နာရီနှစ်ချက်ခေါက်သံကို ကြားပြီးသည်နောက်မှပင် ဦးထွန်းတင်သည် သခင်ဖေသိန်းလိုလူမျိုးနှင့် ပတ်သက်၍ မိမိ မည်သို့သဘောထား ဆက်ဆံရမည်ကို ကျေကျေနပ်နပ် ဆုံးဖြတ်နိုင်လေသည်။ သည်တော့မှ ရင်ထဲမှာ ပေါ့ပါးသွားသည်။

ဦးထွန်းတင် မျှော်လင့်ခဲ့သည့်အတိုင်း ယနေ့နံနက် ဦးထွန်းတင် အိပ်ရာမှ မနိုးမီပင် သခင်ဖေသိန်းသည် ဦးထွန်းတင်၏အိမ်သို့ ရောက်လာခဲ့လေသည်။

သည်အိမ်သို့ လာခဲ့စဉ်ကပင် သခင်ဖေသိန်းသည် မကျေမနပ် ဖြစ်လာခဲ့ပြီးဖြစ်၏။ ထိုကြောင့် အိမ်ဝင်းထဲသို့ ဝင်လာခဲ့သော သူ့ခြေလှမ်းသည် ပိုမို သွက်လက်နေ၏။ သူနှင့်အတူ အဖော် သုံးယောက်လည်း ပါလာ၏။ သခင်ဖေသိန်းတို့ ဝင်လာသည်အထိ အိမ်အောက်ထပ်သည် ပကတိ တိတ်ဆိတ်နေ၏။ သခင်ဖေသိန်းသည် တိတ်ဆိတ်နေသော အိမ်အောက်ထပ်တခုလုံးကို မနှစ်မြို့သော အကြည့်ဖြင့် မျက်စိကစားလိုက်ပြီး ချောင်းဟန့်လိုက်သည်။

အတန်ကြာသည်အထိ လူသူလှုပ်ရှားခြင်းကို မတွေ့ရသေးဘဲရှိ၏။ သခင်ဖေသိန်းသည် စိတ်မရှည်နိုင်တော့ပေ။ ဒုတိယအကြိမ် ချောင်းဟန့်လိုက်ပြန်သည်။ ထိုအခါမှ နောက်ဖေးခန်းဆီမှ မိန်းမကြီးတယောက်သည် အိမ်ရှေ့ဘက်သို့ ထွက်လာ၏။ သခင်ဖေသိန်းသည် နယ်ပိုင်မင်းကို အရေးတကြီး တွေ့လိုကြောင်း ပြောလိုက်သည်။

အဒေါ်ကြီး အိမ်ပေါ်တက်သွားပြီး မကြာမီပင် ဒေါ်နုနုခင် ဆင်းလာ၏။

“ဪ ဧည့်သည်တွေပါလား၊ ထိုင်ကြပါရှင် ထိုင်ကြပါ”

ဖော်ရွေသောလေသံဖြင့် နှုတ်ဆက်စကားဆိုကာ ခရီးဦးကြိုပြုလာသည်။

ထိုအချိန်အထိ သခင်ဖေသိန်းသည် များစွာ ကျေနပ်နှစ်သက်ခြင်း မရှိသေးဘဲ ဒေါ်နုနုခင်အား ပြုံးထေ့ထေ့ကြည့်ကာ

“ဘယ့်နှယ်လဲ မင်းကတော်ရဲ့၊ ကျုပ်ကိုတောင် မမှတ်မိတော့ဘူးထင်တယ်”

ဒေါ်နုနုခင်သည် ရုတ်တရက် တွေသွား၏။ သူ့အဖို့ လွန်ခဲ့သော ခုနစ်နှစ်ခန့်က နှစ်ကြိမ် သုံးကြိမ်မျှသာ ခဏတဖြုတ် တွေ့ခဲ့ဖူးသော ထိုသူကို အမှန်ပင် ရုတ်တရက် မမှတ်မိနိုင်ခြင်းဖြစ်၏။

ဒေါ်နုနုခင်သည် သခင်ဖေသိန်းကို အတန်ကြာ စူးစိုက်ကြည့်ရှုပြီး စိတ်တွင် မနှစ်မြို့ခြင်း ဖြစ်ရစေကာမူ ချိုသာသောအပြုံးကို ဆောင်လျက်

“ဪ သခင်ဖေသိန်းပါကော၊ ထိုင်ကြပါရှင် ထိုင်ကြပါ၊ ကိုကို့ကို တွေ့ချင်လို့ ထင်ပါတယ်”

“ဟုတ်ပါတယ်”

သခင်ဖေသိန်းသည် မိမိ၏ မကျေမချမ်းနိုင်ခြင်းကို ဒေါ်နုနုခင်လို မိန်းမသားရှေ့တွင် ပေါ်လွင်ခြင်း မရှိရလေအောင် အတတ်နိုင်ဆုံး ထိန်းချုပ်ထားလိုက်၏။

“ရုံးမှာတွေ့လည်း ဖြစ်နိုင်ပါတယ်ရှင်”

ဒေါ်နုနုခင်သည် ထိုစကားကို ရိုးရိုးသားသား ပြောဆိုလိုက်ခြင်းဖြစ်၏။ သခင်ဖေသိန်းနှင့် ပတ်သက်ကြသူများသည် ကုလားထိုင်များတွင် ဝင်၍ထိုင်ကြပေပြီ။ သခင်ဖေသိန်းကမူ ကုလားထိုင်သို့ ဝင်ထိုင်မည့်ဆဲဆဲမှာပင် ထိုစကားကို ကြားလိုက်ရသဖြင့် တုံ့ရပ်သွားကာ ဒေါ်နုနုခင် ရှေ့တွင် ဖုံးကွယ်ထားသော မကျေမနပ်ဟန်ပန်ကို ဖော်ပြရင်း

“ဒါကိုတော့ အသိသားပဲ မင်းကတော်”

ခပ်ပြတ်ပြတ် ပြောလိုက်၏။

ဒေါ်နုနုခင်သည် မျက်စိမျက်နှာ ပျက်သွား၏။

“ကျုပ်တို့ကိစ္စက ရုံးတက်တဲ့အချိန်အထိ မစောင့်နိုင်လို့ ဒီကို လာခဲ့တာ”

သခင်ဖေသိန်းက စကားဆက်ပြောလာသည့်တိုင်အောင် ဒေါ်နုနုခင်သည် မည်သို့ စကားဆက်ရဦးမည် မသိဘဲ တွေနေ၏။ အတန်ကြာမှ

“ဒီလိုဆိုလည်း ကျေးဇူးပြုပြီး ဆက်စောင့်ကြပါရှင်၊ ကိုကိုအိပ်ရာက မထသေးလို့ပါ”

ဒေါ်နုနုခင်၏စိတ်မှာ မအီမသာ ဖြစ်ရလေပြီ။

“ခင်ဗျာ၊ အိပ်ရာကမထသေးဘူး၊ ဟုတ်လား၊ တိုင်းပြည်အတွက် အလုပ်လုပ်တယ်ဆိုတဲ့ လူတွေဟာ ဒီအချိန်အထိ အိပ်ကြရသလားခင်ဗျာ့”

သခင်ဖေသိန်း၏ ထေ့ငေါ့ပြစ်တင်လိုသော လေသံသည် ဒေါ်နုနုခင်၏စိတ်ကို ဆွပေးလိုက်သကဲ့သို့ ဖြစ်ပေါ်လာ၏။

ဒေါ်နုနုခင်အဖို့တော့လည်း သခင်ဖေသိန်းလို လူတယောက်က မိမိလင်သားအား ဤသို့ ပြောဆိုလာခြင်းအတွက် ခံရပ်နိုင်ခြင်း မရှိပေ။

“ရှင် ဘယ်လိုပြောလိုက်တာလဲ သခင်ဖေသိန်း၊ ရှင် ဒီကိုလာတာ ကိုကို့ကို ရန်ထောင်ဦးမလို့လား”

အသံသည် မသိမသာ တုန်ယင်နေ၏။

“ရန်ထောင်မလို့ မဟုတ်ဘူး မင်းကတော်၊ နားမလည်တဲ့အလုပ်ကို နားလည်အောင် ပြောဖို့လာတာ၊ ကဲပါလေ ဒီစကားတွေက မင်းကတော်နဲ့ ပြောရမယ့် စကားတွေ မဟုတ်ပါဘူးလေ၊ ဒီတော့ နယ်ပိုင်မင်းကိုသာ သွားပြီး နှိုးချေပါ”

“အိုရှင် မဖြစ်နိုင်တာဘဲ၊ ရှင်တို့ တွေ့ချင်ရင် စောင့်ပေါ့”

ဒေါ်နုနုခင်သည် ဆောင့်ဆောင့်အောင့်အောင့် ပြောဆိုပြီး ချာခနဲ လှည့်ထွက်ကာ အိမ်ပေါ်သို့ တက်ခဲ့၏။

ဧည့်ခန်းတွင် သခင်ဖေသိန်းတို့လူသိုက်သည် မကျေနပ်ခြင်း၊ မနှစ်မြို့ခြင်း အကြည့်ဖြင့် ဒေါ်နုနုခင်အား ကြည့်ရင်း ကျန်ရစ်ခဲ့ကြ၏။

ဒေါ်နုနုခင် အိမ်ပေါ်သို့ ပြန်ရောက်ချိန်လောက်တွင် ဦးထွန်းတင် နိုးလာ၏။ ဦးထွန်းတင်သည် သခင်ဖေသိန်းတို့ ရောက်ရှိနေသည် ဟူသောသတင်းကို ကြားရသည်တွင် ထူးခြားတုန်လှုပ်ခြင်း မရှိလှပေ။ မျက်နှာသစ် ရေချိုးခန်းဝင်၊ ကော်ဖီသောက်ဖြင့် နာရီဝက်ခန့် အချိန်ကို ကုန်ဆုံးစေ၏။

သခင်ဖေသိန်းတို့သည် စိတ်မရှည်နိုင်တော့ပေ။

ဦးထွန်းတင်သည် မိမိဆောင်ရွက်ဖွယ်များကို ဆောင်ရွက်ပြီးမှပင် အိမ်ပေါ်မှ ဆင်းအံ့ပြု၏။ သို့သော် လှေကားမှ ဆင်းခါနီးတွင် မိမိနောက်ဘက်မှ ခြေသံကို ကြားမိသဖြင့် နောက်ဘက်သို့ လည်ပြန်လှည့်ကြည့်လိုက်၏။ စာအုပ်လွယ်အိတ်ကို လွယ်လျက် မိမိ၏နောက်ဘက်၌ ခေါင်းငုံ့ ရပ်နေသော ကိုကိုထွန်းကို တွေ့ရ၏။ ထိုသူငယ် မိမိနှင့်အတူ လိုက်ပါလာသည်ကို ဦးထွန်းတင် မနှစ်သက်။

“သား ကျောင်းသွားတော့မလို့လား”

“ဟုတ်တယ် ဖေဖေ”

ယခုတော့လည်း သူတို့နှစ်ဦးစလုံးသည် ညခင်းက အဖြစ်အပျက်များကို မေ့လျော့သွားကြပြီ ဖြစ်ဟန်ရှိလေသည်။

“ဒါဖြစ်ရင်လည်း ညီညီနဲ့ ငယ်ငယ့်ကို စောင့်ဦးမှပေါ့ သားရဲ့”

“သူတို့ ရေချိုးကြတုန်း ဖေဖေ၊ ကိုထွန်း ဂဏန်းတွက်စရာရှိလို့ ဆင်းလာတာပါ၊ ဖေဖေ့စာကြည့်ခန်းထဲမှာ ဂဏန်းတွက်ရင်း ညီညီတို့ကို စောင့်နေမလို့”

ဦးထွန်းတင်သည် ကိုကိုထွန်းကို ခဏမျှတွေကြည့်နေပြီး မည်သို့မျှ စကားမဆက်ဘဲ အိမ်ပေါ်မှ ဆင်းခဲ့လေသည်။ သို့သော် မိမိနှင့် သခင်ဖေသိန်းတို့ ပြောဆိုသောစကားများ ကိုကိုထွန်း ကြားနေမည်ကိုတော့ စိုးရိမ်၏။

ကိုကိုထွန်းသည် လှေကားခြေရင်းတွင် ဖခင်၏ဘေးမှကွေ့၍ ဧည့်ခန်းဘေး ကပ်လျက်ရှိသော စာကြည့်ခန်းဆီသို့ လျှောက်သွား၏။ ဧည့်ခန်းတွင် ထိုင်နေသူများကို မျက်လုံးတချက်ဝင့်၍ ကြည့်လိုက်၏။ ထိုသူများတွင် မိမိတွေ့ဖူးသူ နှစ်ယောက် ပါနေသည်ကို တွေ့ရသဖြင့် စိတ်ဝင်စားရသည်။ သို့သော် မိဘများ ဧည့်ဝိုင်း၌ မိမိတို့ဝင်ရောက် နားထောင်နိုင်ခွင့် မရှိသည်ကို သိထားပြီးဖြစ်သောကြောင့် စာကြည့်ခန်းတွင်းသို့ ဝင်ခဲ့လေသည်။ နားကို စွင့်ထား၏။

“အော၊ ဝန်မင်း နိုးလာမှကိုး”

ဦးထွန်းတင်သည် သခင်ဖေသိန်း၏စကားကို မကြားဟန်ပြုကာ စာကြည့်ခန်းဆီသို့ ဆက်လက်လျှောက်သွားပြီး စာကြည့်ခန်းတံခါးကို စေ့ထားလိုက်၏။ ပြီးမှ သခင်ဖေသိန်းတို့ရှိရာသို့ လျှောက်လာရင်း

“ဘယ့်နှယ် သခင်ဖေသိန်းက လူချင်းမတွေ့သေးဘူး၊ တယ်ပြီး အပြစ်တင်ချင်တာကိုး၊ ကျွန်တော်တို့ဟာ ဟိုတုန်းကလို ရန်ဖြစ်ရမယ့်လူတွေလားဆိုတာလည်း စဉ်းစားဦးမှပေါ့ဗျ”

ဦးထွန်းတင်၏ အေးဆေးတည်ငြိမ်သော စကားသံကြောင့် သခင်ဖေသိန်းသည် ဦးထွန်းတင်အား အံ့သြ ကြည့်နေမိပြန်သည်။ သူပြောခဲ့သော စကားအတွက် စိတ်မကောင်းခြင်း လည်း ဖြစ်မိ၏။

ဦးထွန်းတင်သည်မူ ပြုံးရွှင်သော မျက်နှာထားဖြင့် သခင်ဖေသိန်းနှင့် မျက်နှာချင်းဆိုင် ကုလားထိုင်တွင် ဝင်ထိုင်ပြီး နောက်ဖေးဘက်သို့လှည့်၍

“ဟေး မောင်ပုရေ၊ ဒီက ဧည့်သည်တွေအတွက် ကော်ဖီယူခဲ့ပါကွယ်” ဟု လှမ်းပြောလိုက် သည်နှင့် တဆက်တည်းပင်

“ဒီကောင်တွေဟာလေ ဘာမှနားမလည်ဘူး၊ ဧည့်သည်တွေ ရောက်နေတာ ကော်ဖီကလေး၊ မုန့်ကလေး ချပေးတာ မဟုတ်ဘူး”

တကိုယ်တည်း ညည်းညူပြောဆိုရာမှ သခင်ဖေသိန်းဘက်သို့ လှည့်၍

“ဝမ်းနည်းပါတယ် သခင်ဖေသိန်း ညက အမှုတခုအတွက် စဉ်းစားတာ အိပ်ရာဝင် ညဉ့်နက်သွားတယ်လေ” စကားစကို ခဏဖြတ်လိုက်ပြီး

“ဪ ဒါထက် သခင်ဖေသိန်းလည်း ကျန်းကျန်းမာမာပဲနော်၊ အေးဗျာ ကျွန်တော်လည်း ဒီကိုရောက်ရောက်ချင်း ခင်ဗျားကို သတိအရသား၊ အလုပ်တွေကလည်း အဆမတန် များနေတယ် မဟုတ်လား။ အရေးပိုင်ကလည်း ခွင့်ယူသွားတော့ ကျွန်တော့်မှာ တယောက်တည်း ဒေါင်ချာစိုင်းနေတာပေါ့။ ဒီအထဲ စိုးကြီးတို့လူသိုက်ကတမှောင့်၊ အင်း ဟိုတယောက်က လွတ်လပ်ရေးအတွက် သွားပြီး ကြိုးစားနေတယ်၊ ဒီမှာက အဖျက်အဆီး လုပ်ချင်နေကြတယ် ဆိုတာတော့ မကောင်းဘူးဗျာ၊ ခက်ပါတယ်လေ”

ညည်းညူပြောဆိုနေ၏။

သခင်ဖေသိန်းသည် ဦးထွန်းတင်၏မျက်နှာကို စူးစိုက်ကြည့်ရင်း အံ့ဩ တွေငေးနေရလေ သည်။

ဦးထွန်းတင်ကမူ စကားအဆုံးမသတ်သေးဘဲ

“အဲဒီကိစ္စတွေအတွက် ကျွန်တော်တောင် သခင်ဖေသိန်းတို့နဲ့ တွေ့ဖို့ပဲ၊ သိတဲ့အတိုင်းပဲ သခင်ဖေသိန်း၊ အလုပ်က လှည့်ကို မလှည့်သာဘူး၊ ဟိုနေ့က ဆန္ဒပြပွဲတောင် မတက်ဖြစ်တာ ကြည့်ပေတော့၊ ဒါပေမဲ့ လူတော်တော်များတယ်လို့တော့ ကြားပါတယ်၊ အားတက်စရာပေါ့ဗျာ၊ ဒီအတိုင်းသာ တိုင်းပြည်တပြည်လုံး တက်တက်ကြွကြွရှိရင် ဟိုကောင်တွေ ဘာခံနိုင်မလဲ၊ ဗိုလ်ချုပ်ပြောသလို လွတ်လပ်ရေးဟာ တနှစ်တောင်နေမယ် မဟုတ်ဘူး၊ ဒီနှစ်အတွင်းကို ရနိုင်တယ်။ ကျွန်တော်ကတော့ စဉ်းစားပြီးသားပဲ၊ ဗိုလ်ချုပ်ပြန်လာလို့မှ လွတ်လပ်ရေးအတွက် အကြောင်း မထူးရင် ဒီကောင်တွေလက်အောက်မှာတော့ ဆက်ပြီး မလုပ်ပါဘူး၊ ကဲ ကဲ သခင်ဖေသိန်းတို့ ကော်ဖီသောက်ကြပါဦး။ ဒီဘက်က မိတ်ဆွေများလည်း သခင်ဖေသိန်းတို့နဲ့ အတူတူပဲ ထင်ပါတယ်၊ သောက်ကြဗျာ”

ဦးထွန်းတင်သည် မိမိကိုယ်ကိုယ် အတော်ပင် ကျေနပ်သဘောကျသွားလေသည်။

သခင်ဖေသိန်းမှာမူ ဦးထွန်းတင်နှင့်တွေ့လျှင် ပြောလိုက်မည်ဟူသော စကားစတွေကို ရှာ၍ မတွေ့နိုင်တော့ပေ။ ဦးထွန်းတင်လိုလူမျိုးပင် အမှန်တကယ် အပြောင်းအလဲကြီး ပြောင်းလဲနေပြီ လားဟု တွေးတောနေ၏။ ခေတ်အမျိုးမျိုးကို ဖြတ်သန်းခဲ့ပြီဖြစ်တော့ သည်လိုလူမျိုး၏ စိတ်ဓာတ်မျိုးသည်လည်း အမှန်တကယ် ပြောင်းလဲနိုင်ပေပြီဟု မှတ်ယူနေ၏။

ဧည့်သည် လေးယောက်စလုံးသည် သူတို့ရှေ့သို့ ရောက်လာသော ကော်ဖီပန်းကန်များကို စိတ်မဝင်စားနိုင်ကြသေးဘဲ ဦးထွန်းတင်အားသာလျှင် စိတ်ဝင်စားနေကြ၏။

အတန်ကြာ စကားစ ပြတ်နေပြီးမှ

“ဒါထက် သခင်ဖေသိန်းတို့ကိစ္စက”

ယခုမှပင် သခင်ဖေသိန်းသည် သူတို့ လာခဲ့ရင်းကိစ္စကို သတိရသွား၏။

“ဟုတ်တယ် ဝန်မင်း၊ ကျုပ်လည်း အလုပ်တွေများနေလို့ ဝန်မင်းနဲ့ မတွေ့ရတာပဲ။ ဝန်မင်း ရောက်နေတယ်ဆိုတာကိုတောင် တနေ့ကမှ ကြားရတာ၊ လာရတဲ့ကိစ္စကိုတော့ ဝန်မင်း သိမှာပေါ့”

“ဆိုစမ်းပါဦး၊ ဘာလဲ၊ အဖွဲ့အတွက် ရန်ပုံငွေလား၊ ဒါကတော့ဗျာ၊ ပြောရမယ့် လူတွေမှ မဟုတ်တာဘဲဥစ္စာ၊ ဒါထက် သခင်ဖေသိန်း ကျွန်တော့်ကို ဝန်မင်းဆိုတဲ့အသုံးမျိုး မသုံးစေချင်ဘူး”

ဦးထွန်းတင်သည် မည်သို့မျှ တုန်လှုပ်ခြင်း မရှိဘဲ ပြောလိုက်နိုင်ခြင်းအတွက် စိတ်တွင်းမှ ကျိတ်၍ ဝမ်းမြောက်နေ၏။

“မဟုတ်ပါဘူး ဝန်မင်း၊ ကျုပ်တို့လူတွေ အဖမ်းခံရတဲ့ကိစ္စအတွက်လာတာ”

“ခင်ဗျာ၊ ကျွန်တော်တို့လူတွေ အဖမ်းခံရတယ် ဟုတ်လား၊ ဘယ်သူတွေတုံး၊ ဘယ်သူက ဖမ်းတာတုံး၊ ဘာကိစ္စ ဖမ်းတာတဲ့တုံး”

ဦးထွန်းတင်သည် စကားစကို ရုတ်တရက်ဖြတ်ပြီး သခင်ဖေသိန်းထံက စကားပြန်မလာမီမှာပင်

“ဒီခေတ်ကြီးမျိုး ရောက်လာမှ ဝန်မင်းဆိုတဲ့ အသုံးတော့ မသုံးပါနဲ့ သခင်ဖေသိန်း”

“ကောင်းပါပြီလေ၊ ဒါပေမဲ့ လာရင်းကိစ္စကိုတော့ ဦးထွန်းတင် အခုအထိ တကယ် မသိသေးတာလား၊ တမင်ဟန်ဆောင်နေသလား မပြောတတ်ဘူး”

“ခင်ဗျာ”

ဦးထွန်းတင်သည် မျက်စိမျက်နှာပျက်သွား၏။ ချက်ချင်းပင် မိမိဟန် အမူအရာကို ပြန်လည်ထိန်းချုပ်ကာ

“ကော်ဖီတွေသောက်ကြပါဦးလေ၊ အေးကုန်ပါ့မယ်” ဟုပြောရာမှ

“ဆိုစမ်းပါဦး သခင်ဖေသိန်းရ၊ ကျွန်တော်လည်း ဘာမှမသိရသေးပါလား၊ အေးဗျာ၊ တခုတော့ ကျွန်တော် ကြိုပြီးပြောထားမှ ဖြစ်မယ်ထင်တယ်၊ နို့မဟုတ်ရင် ခင်ဗျား ကျွန်တော့်ကို အထင်လွဲနေလိမ့်မယ်၊ ဒီကမိတ်ဆွေများလည်း သိရအောင်ပေါ့”

သခင်ဖေသိန်းသည် သူ့စကားကိုမဆက်သေးဘဲ ခပ်သွက်သွက် ပြောနေသော ဦးထွန်းတင်၏ စကားကိုသာ စိတ်မဝင်စားသော်လည်း နားထောင်သင့်သည်ဟူသော အမှတ်ဖြင့် နားထောင်နေ၏။

“ဒီလိုခင်ဗျ။ ဟိုတုန်းကတော့ ကျွန်တော်နဲ့ သခင်ဖေသိန်းဟာ တယောက်ကိုတယောက် ရန်သူလို ဆက်ဆံခဲ့ကြရတာပေါ့။ ဒါကတော့ ရှင်းပါတယ်လေ။ သခင်ဖေသိန်းနဲ့ ဒီကမိတ်ဆွေတွေ နားအလည်ဆုံးပဲ။ ဟိုကောင်တွေလက်အောက်က အမှုထမ်းတဦးအနေနဲ့ ဟိုကောင်တွေ အမိန့်အတိုင်း လုပ်ခဲ့ရသပေါ့။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ကတော့ လုပ်စရာ ဆယ်ခုမှာ ငါးခုလောက်ပဲ လုပ်ခဲ့တာပါ။ ခုတော့ ကိုယ့်အစိုးရနဲ့ ကိုယ့်လူတွေပဲဟာ။ တဦးကိုတဦး ဘာမှ ရန်ငြိုးအာဃာတတွေ ထားနေဖို့ မလိုပါဘူးဗျာ။ ခုအချိန်မျိုးမှာ ကျွန်တော်တို့နဲ့ ခင်ဗျားတို့နဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့ပဲ ရှိတယ် မဟုတ်လား”

“ဟုတ်ပါပြီလေ၊ ဒါ့ကြောင့်လည်း ခင်ဗျားဆီကို ကျုပ်တို့လာခဲ့ကြတာ၊ ဒီလို ဦးထွန်းတင် ဟိုနေ့က ကျုပ်တို့ ဆန္ဒပြပွဲလာတဲ့ တောရွာတွေက လူတွေကို ခင်ဗျားတို့လူတွေက ဖမ်းတဲ့ကိစ္စ၊ တောကလူတွေကို ဆန္ဒပြပွဲ မတက်အောင် ပြန်လွှတ်တဲ့ကိစ္စ”

သခင်ဖေသိန်း၏အသံသည် ပြတ်သားလှ၏။ သို့သော် သူ့စိတ်ကမူ ဦးထွန်းတင်၏ အယူအဆကို လက်ခံစ ပြုလာဟန်ရှိ၏။

“ဗျာ၊ ဆန္ဒပြပွဲ တက်လာတဲ့လူတွေကို ဖမ်းတယ်၊ ဟုတ်လား၊ ဒါဟာ မဖြစ်နိုင်ပါဘူး၊ ဘယ့်နှယ်ဗျာ၊ ဗိုလ်ချုပ်ကိုယ်တိုင်က လွတ်လပ်ရေး ကြိုးပမ်းနေတဲ့ဥစ္စာ၊ လွတ်လပ်ရေးအတွက် ဆန္ဒပြတဲ့လူတွေကို ဖမ်းတယ်ဆိုတာ မဖြစ်နိုင်ဆုံးပဲ”

“ဒါပေမဲ့ ကျုပ်တို့လူတွေ အခု ထောင်ထဲရောက်နေပြီ”

သခင်ဖေသိန်း၏ဘေးမှ ကာကီစိမ်းဘောင်းဘီရှည်နှင့်လူက ခပ်ပြတ်ပြတ် ဝင်ပြောလိုက် သည်။

ဦးထွန်းတင်သည် မျက်နှာထားပြင်ကာ

“ဪ ဒါထက် သခင်ဖေသိန်းနဲ့ ပါလာတဲ့ မိတ်ဆွေတွေကိုတောင် မသိရသေးဘူး”

“သိရပါတယ်၊ ဟောဒါက ရဲဘော်ဗိုလ်တင်ဦး၊ ပြည်သူ့ရဲဘော်ပါ၊ ဒီဘက်က မိတ်ဆွေက သခင်ဘသိန်း၊ သူက ဆရာကိုတင့်မောင်”

သခင်ဖေသိန်းသည် သူနှင့် ပါလာသူများကို ဦးထွန်းတင်နှင့် မိတ်ဆက်ပေးပြီး စကားဆက်မည်အပြုမှာပင် ဦးထွန်းတင်သည်

“ကော်ဖီတွေ သောက်ကြပါဦးဗျာ၊ စီးကရက်လည်း သောက်ကြပါ”

စီးကရက်ဘူးကို စားပွဲပေါ်တွင် ရှေ့တိုးပေးရင်း ပြောလိုက်၏။

သခင်ဖေသိန်းနှင့် သခင်ဘသိန်းတို့သည် ကော်ဖီပန်းကန်များကို ယူလိုက်ကြသည်။ ရဲဘော်တင်ဦးကမူ ကော်ဖီပန်းကန်ကိုယူပြီး တကျိုက်တည်း မော့သောက်လိုက်၏။ ဆရာကိုတင့်မောင်ဆိုသူကမူ ဦးထွန်းတင်အား မကျေနပ်သော အကြည့်ဖြင့် စူးစိုက်ကြည့်နေမြဲ ဖြစ်၏။

“နေစမ်းပါဦး၊ ကျွန်တော်တို့လူတွေကို ဘယ်လိုလုပ်ပြီး ဖမ်းကြတာပါလိမ့်”

ဦးထွန်းတင်သည် ခပ်ညည်းညည်း ပြောလိုက်သည်။

“ဘယ်လိုဖမ်းရမလဲဗျ၊ အလံနီတွေဆိုပြီး ဖမ်းတာပေါ့”

ဆရာကိုတင့်မောင်ဆိုသူက ဒေါသဖြင့် ဝင်ပြောလိုက်၏။

ဦးထွန်းတင်သည် ဆရာကိုတင့်မောင်ဆိုသူကို မသက်သာသောအကြည့်နှင့် ကြည့်ပြီး အတန်ကြာ တွေးတောစဉ်းစားဟန်ပြုကာ

“ဟာ သိပြီဗျို့၊ သိပြီ၊ ကြည့်စမ်း ဒီကောင်တွေ သောက်ရမ်းလုပ်ကုန်ပြီ ထင်တယ်”

ဦးထွန်းတင်သည် ဒေါသသံဖြင့် ညည်းတွားပြောဆိုပြီး တက်တချက် ခေါက်၍

“ဟောဒီ ပုလိပ်ဆိုတဲ့အကောင်တွေဟာ ဘယ်တော့မှ စိတ်မချရဘူး။ ဒင်းတို့မှာ ခုအထိ ကျွန်စိတ် ကျွန်ကျင့် မပျောက်ချင်ဘူး၊ ဒီလိုဖြစ်ကုန်တာ သခင်ဖေသိန်း၊ ဆန္ဒပြပွဲနဲ့ တနေ့တည်းမှာပဲ။ အလံနီတွေကလည်း ဆန္ဒပြလာသူတွေနဲ့ ရောယောင်ပြီး ဆန်လုပွဲ လုပ်မယ်ဆိုတဲ့သတင်း ရထားတယ်”

“ဘာ၊ ဘာ၊ ဘာပြောတယ်၊ ဒါဟာ မဖြစ်နိုင်ဘူး”

ရဲဘော်တင်ဦးက ဝင်ပြောလာ၏။

“ဟုတ်တယ် ဗိုလ်တင်ဦး။ ဒါကြောင့် ကျွန်တော် ခုနက ပြောတာပေါ့။ ကျွန်တော်တို့ အုပ်ချုပ်ရေးဘက်ကလူတွေနဲ့ ခင်ဗျားတို့ နိုင်ငံရေးဘက်ကလူတွေ တွဲပြီး လုပ်ကြဖို့ လိုတယ်ဆိုတာ။ နို့မဟုတ်ရင် ကြားက အမျိုးမျိုး ဝင်နှောက်နိုင်တယ်။ တဦးနဲ့တဦး နားလည်မှု မရှိရင်လည်း အခက်အခဲ အမျိုးမျိုး တွေ့နိုင်တယ်ဆိုတာ။ ကြည့်လေ ခုကိစ္စမှာပဲ။ လက်စသတ်တော့ ဒါကြောင့် ခင်ဗျားတို့ ကျွန်တော့်ဆီကို စိတ်ဆိုးမာန်ဆိုး ရောက်လာကြတာကိုး”

ဦးထွန်းတင်၏ စကားအဆုံးမှာပင် အိမ်ပေါ်မှ ဒေါ်နုနုခင်နှင့် သားသမီးနှစ်ယောက် ဆင်းလာသဖြင့် ဦးထွန်းတင်သည် နေရာမှထရင်း

“ခဏ သခင်ဖေသိန်းရေ”

ဟုဆိုကာ သားသမီးတို့ဆီသို့ လျှောက်သွားရင်း

“သားတို့ သွားကြတော့မလားဟေ့၊ ကိုကိုထွန်းတော့ စာကြည့်ခန်းထဲမှာ” ဟု ပြောပြောဆိုဆို စာကြည့်ခန်းဘက်သို့ လှည့်သွားပြီး စေ့ထားသော တံခါးကို လှပ်လိုက်၏။

ကိုကိုထွန်းသည် ညီ၊ ညီမတို့နှင့်အတူ အိမ်ဝသို့ ထွက်ခဲ့၏။ သို့သော် သူ့စိတ်ကမူ ဧည့်သည်များ၏ စကားဝိုင်းသို့သာ ရောက်နေ၏။

ဦးထွန်းတင်သည် သားသမီးများကို နှုတ်ဆက်ပြီး နေရာသို့ ပြန်လာ၏။ ဒေါ်နုနုခင်သည် သားသမီးများကို ကားပေါ်သို့ တင်ပေးပြီး အိမ်ပေါ်သို့ ပြန်တက်သွား၏။

“ဦးထွန်းတင် ခုနကပြောတဲ့ အလံနီဆန်လုပွဲဆိုတာ ဟုတ်မှမဟုတ်ဘဲ ဥစ္စာ၊ ကျုပ်တို့နယ်မှာ အလံနီ မရှိပါဘူး ဦးထွန်းတင်”

သခင်ဖေသိန်းက ခပ်အေးအေး ပြောလိုက်သည်။

ဦးထွန်းတင်သည် ခေါင်းကို ဖြည်းလေးစွာ ခါယမ်းရင်း

“မဟုတ်သေးဘူး သခင်ဖေသိန်း၊ ကျွန်တော်တို့မှာက ဒီသတင်းကို ကျွန်တော် ဒီမလာခင်ကလေးတင် အခိုင်အမာ ရထားတာ၊ သခင်ဖေသိန်းပြောသလို ဒီနယ်မှာ အလံနီမရှိဘူး ဆိုတာ ဟုတ်ချင်ဟုတ်မယ်၊ ဒါပေမဲ့ ဟိုဘက်ကမ်းမှာ ရှိတယ် မဟုတ်လား”

သခင်ဖေသိန်းသည် ထိုအကြောင်းကို ဆက်လက် အငြင်းပွားလိုခြင်း မရှိတော့ပေ။

“ကဲပါလေ၊ ဒါကို ကျုပ်တို့ မသိဘူး၊ ဒါပေမဲ့ ခင်ဗျားလူတွေ ဖမ်းထားတာကတော့ အလံနီ မဟုတ်ဘူး၊ ကျုပ်တို့လူတွေပဲ”

“သေချာရဲ့လားဗျ၊ ကျွန်တော် သေသေချာချာ မှာထားတာပဲဥစ္စာ။ ဆန္ဒပြ လာတဲ့လူတွေနဲ့ မှားပြီး မဖမ်းမိဖို့လည်း ပုလိပ်တွေကို အသေအချာ ပြောထားတာပဲ”

“ဒါပေမဲ့ ခင်ဗျားတို့ ဖမ်းထားတဲ့ လူအားလုံးဟာ ကျုပ်တို့လူချည်းပဲ”

ဦးထွန်းတင်သည် တွေနေပြန်၏။

“ကဲပါလေ၊ ဒီတော့ ဒီလိုလုပ်ပါ၊ ကျွန်တော်တို့ဆီက ဖမ်းတာ လူ ၁၅ ယောက်တည်းပါ၊ ဒီလူတွေကို ကျွန်တော် ကနေ့ပဲ ရုံးတင်စစ်ဆေးဖို့ စီစဉ်ထားပါတယ်၊ ဒီတော့ ဒီလူတွေဟာ သခင်ဖေသိန်း ပြောသလို ကိုယ့်လူလား သူ့လူလား ဆိုတာ ကွဲရမှာပေါ့ဗျာ၊ အေးဗျာ၊ ခုနေခါမျိုးမှာ ဗိုလ်ချုပ်ကို ဆန့်ကျင်တဲ့လူတွေ ရှိနေသေးတာကိုလည်း ကျွန်တော်တို့ဖြင့် နားကို မလည်ဘူး”

ဦးထွန်းတင်သည် စဉ်းစားတွေးတော ပြောဆိုဟန်ဖြင့် ပြောလိုက်လေသည်။

“ဘာဆိုင်လို့ ဒီလူတွေကို ရုံးတင်ရမှာလဲ”

အတန်ကြာ တိတ်ဆိတ်နေသော သခင်ဘသိန်း၏ အသံဖြစ်သည်။

“ဒီလိုရှိတယ်လေ၊ ကျွန်တော့်လူတွေက အလံနီဆိုပြီး ဖမ်းထားတယ်၊ ခင်ဗျားတို့က ခင်ဗျားတို့လူတွေလို့ ပြောတယ်၊ ဒီတော့ သဲကွဲသွားအောင် စစ်ဆေးရမှာပေါ့”

“မလိုပါဘူး၊ ခင်ဗျားပြောတာတွေဟာ တခုမှ အဓိပ္ပာယ်မရှိဘူး”

ဆရာကိုတင့်မောင်သည် ဒေါသထွက်နေပေပြီ၊ ထိုသူမှာ အသက်၂ဝ ခန့်သာ ရှိပေဦးမည်။

မိမိအသက် ထက်ဝက်ခန့်သာ ရှိဦးမည့် လူတယောက်က ယခုလို ပြောဆိုလာခြင်းကိုတော့ ဦးထွန်းတင် မကျေနပ်။

“ဘယ့်နှယ် မလိုရမလဲ မောင်ရင်၊ ဒါဟာ အုပ်ချုပ်ရေးအလုပ်ကွယ့်”

ထို့နောက် ဦးထွန်းတင်သည် သခင်ဖေသိန်းဘက်သို့ လှည့်ပြီး

“ကဲပါလေ သခင်ဖေသိန်း နားလည်ပါတယ်၊ ရုံးတင်စစ်လိုက်လို့ ဒီလူတွေ အလံနီ မဟုတ်ဘူး ဆိုလည်း လွှတ်လိုက်တာက မခက်ပါဘူး

“အလံနီ မဟုတ်ပါဘူး၊ ဖဆပလအလံတော်အောက်က လူတွေပါလို့ ဆိုနေ”

ဦးထွန်းတင်သည် ဆရာကိုတင့်မောင်ဆိုသူကို လုံးဝ မနှစ်သက်။ ထိုသူငယ်သည် ရိုင်းစိုင်းသည်ဟု အထင်ရောက်၏။ သို့ပါလျက် ဆရာကိုတင့်မောင် ထပ်ဆင့် ပြောလာနေသည်ကို ကြားရတော့လည်း ဦးထွန်းတင်သည် စိတ်ရှုပ်လာ၏။ ထိုအခိုက်မှာပင် ရဲဘော်တဦးက

“ဒီမှာ ဦးထွန်းတင်၊ ဖဆပလဆိုတာ ဗိုလ်ချုပ်ပဲ။ ဗိုလ်ချုပ်ဆိုတာလည်း ဖဆပလပဲ။ ဒါကို ခင်ဗျားသိတယ်နော်။ နောက်ပြီး ဖဆပလအဖွဲ့ကြီးဟာ တပြည်လုံးကို ကိုယ်စားပြုပြီး တော်လှန်ရေးကို ဆင်နွှဲခဲ့တဲ့ အဖွဲ့ကြီး။ ဒါကိုလည်း ခင်ဗျားသိတယ်။ ဒီတော့ ကျုပ်တို့ဗိုလ်ချုပ်ရဲ့ ဦးဆောင်မှု ဖဆပလ အလံတော်အောက်က လူတွေကို ခင်ဗျား ဒုက္ခပေးတယ်ဆိုရင် ခင်ဗျား ဘယ်လိုဖြစ်နိုင်တယ်ဆိုတာကိုလည်း သိထားဖို့လိုတယ်။ ဒီကိစ္စကို ခင်ဗျား အသေးအဖွဲ မမှတ်နဲ့။ ဒါကို ကျုပ်တို့အနေနဲ့ ဌာနချုပ်အထိ တက်ပြီး အရေးယူနိုင်တယ်”

ခပ်ပြတ်ပြတ် ဝင်ပြောလာ၏။

ဦးထွန်းတင်သည် မျက်စိပျက်မျက်နှာပျက် တုန်လှုပ်ချောက်ချားသွားပြီး

“ဒီအထိ ပြောစရာမလိုပါဘူး ဗိုလ်တင်ဦး။ ကျွန်တော်လည်း နားလည်ပါတယ်။ ဒီလူတွေ ဖမ်းတာနဲ့ ပတ်သက်လို့ အခု ခင်ဗျားတို့ လာပြောမှ ကျွန်တော် သိရတာ။ ခက်တယ်။ ပုလိပ်တွေ လုပ်လိုက်ရင် သောက်ရမ်းပဲ။ ကောင်းပြီ။ ဒီကိစ္စဟာ ခင်ဗျားတို့ပြောတဲ့အတိုင်းဆိုရင် ကျုပ်ဌာနကကောင်တွေကို အကုန်လုံး နယ်ပြောင်းပစ်လိုက်မယ်၊ ကဲ ဒါဖြစ်ရင် အခု ကျွန်တော်က ဘာလုပ်ရမှာလဲ”

“သူတို့ကို လွှတ်လိုက်ပေါ့”

သခင်ဖေသိန်း၏အသံ။

“ဒီကိစ္စကျတော့ သခင်ဖေသိန်း စဉ်းစားပါ၊ ခင်ဗျားက နားလည်တဲ့လူပဲ ဥစ္စာ၊ ကျွန်တော် မလွှတ်ဘူး ပြောနေတာမဟုတ်ဘူး၊ ပုလိပ်ကဖမ်းထားပြီ ဘာဖြစ်ဖြစ် ရုံးပေါ်ကိုတော့ တင်ရဦးမှာပဲ”

ဦးထွန်းတင်သည် လက်မှာနာရီကို ကြည့်ပြီး

“ရုံးချိန်တောင် နီးနေပြီပဲ၊ ကျွန်တော် ထမင်းစားမနေတော့ပါဘူး၊ သခင်ဖေသိန်းတို့ပဲ ကျွန်တော့်ကားနဲ့ တခါတည်းလိုက်ခဲ့ပေါ့ဗျာ၊ ထုံးစံအတိုင်း ရုံးတင်ပြီး ကျွန်တော် ဘာမှ စစ်ဆေးမနေဘဲ အားလုံးကို လွှတ်ပေးမယ်၊ ကဲကျေနပ်ကြပလား”

ဧည့်သည်များသည် မည်သို့မျှ စကားပြန် မမေးကြ။

ဦးထွန်းတင်အဖို့တော့လည်း စိတ်ထဲတွင် မခံမရပ်နိုင် ဖြစ်ရသေး၏။ မည်သို့ဖြစ်စေ လိမ္မာပါးနပ်ခြင်းဖြင့် အောင်မြင်ရမည်ဟူ၍ကား သူ ဆုံးဖြတ်ထားပြီး ဖြစ်လေသည်။

ရှေ့တွင် သခင်ဖေသိန်းလိုလူမျိုးကို မည်သို့ ဆက်ဆံရမည်ဟူ၍လည်း သူ တတ်မြောက် နားလည်ပြီးဖြစ်၏။

သည်တကြိမ်မှာ ဟန်ဆောင်ခဲ့ရခြင်းအတွက် မိမိကိုယ်ကို ကျေနပ်ခဲ့သည်တော့ အမှန်ပင်။

| ၅ |

 

သွေ့ခြောက်ထိုင်းမှိုင်း အိုမင်းဆွေးမြည့်ရာမှ အသစ်တဖန် ပြန်လည်ဆန်းသစ်အံ့သော လောကပြင်သို့ မိုးရေဆမ်းပက်လိုက်သည်နှင့် လွန်ခဲ့သောအချိန်များက ပျင်းရိငြီးငွေ့ဖွယ်သော ကျောင်းအဆောက်အအုံသည်လည်း သစ်လွင်တက်ကြွသော စိတ်ထား၊ လန်းဆတ်ချိုလွင်သော အပြုံးများ၊ ရယ်မောသံများ၊ စကားများ၊ ဖျတ်လတ်သော ဟန်ပန်များဖြင့် ပြန်လည် စိုပြည် တင့်မောလာခဲ့လေသည်။

လပေါင်းမြောက်မြားစွာ ပြောပလောက်ဖွယ် မရှိဘဲ ခါတိုင်းလိုပင် မောကာ ပန်းကာ၊ ခါတိုင်းလိုပင် ရယ်ကာမောကာ ပြေပျောက်ကာ၊ ခါတိုင်းလိုပင် သွားကာ လာကာ လှုပ်ရှားကာဖြင့် ထူးထူးခြားခြား ဖြစ်ပျက်ပေါ်ပေါက်ခဲ့သည် ဆိုနိုင်စေဦး ခဏမျှနှင့် မေ့ပျောက်နိုင်သော အဖြစ်အပျက်များကို ကျော်လွှားခဲ့ပြီးခါမှ နုငယ်ငယ်သည် ပြဿနာတခုကို စတင် ဖန်တီးခဲ့ပြန်လေသည်။

စင်စစ် မြမောင်ကို စတင်စိတ်ဝင်စားခဲ့သူများတွင် ကိုကိုထွန်းသည် တယောက်အပါအဝင် ဖြစ်သည်ဟု ဆိုရပေမည်။

မြမောင်သည် ညီညီခင်နှင့် သက်တူရွယ်တူ ဖြစ်မည်ဟု မှန်းဆရ၏။ မြမောင်က အသားညိုသည်။ ညီညီခင်ထက် အနည်းငယ် ဖွံ့ထွားဟန် ရှိသည်။ သို့သော် မြမောင်၏ဘဝသည်မူ ညီညီခင်၏ဘဝနှင့် မနှိုင်းသာပေ။ ညီညီခင်သည် နယ်ပိုင်မင်း၏သား။ ကျောင်းသို့ မော်တော်ကားနှင့် ရောက်လာတတ်မြဲဖြစ်သည်။ အသန့်အပြန့်ဆုံး ဝတ်စားတန်ဆာကို ဆင်ယင်၏။ အာဟာရ ဖြစ်ဖွယ်ဟု ယူဆရသော အစာကို သုံးဆောင်၏။ မြမောင်သည်မူ လက်သုပ်စုံသည်၏သား ဖြစ်သည်။ နံနက်တိုင်း ကျောင်းသူကျောင်းသားများ မရောက်မီကတည်းက အသုပ်စုံဗန်းကို ရွက်လျက် ကျောင်းသို့ ရောက်လာတတ်၏။ သူ့အလုပ်မှာ ကျောင်းသူကျောင်းသားများကို လက်သုပ်စုံ ပြင်ပေးခြင်းနှင့် စားသောက်ပြီး ပန်းကန်များကို ဆေးကြောပေးခြင်းဖြင့် မိခင်ဖြစ်သူ လက်သုပ်စုံသည်ကို အကူအညီပေးရန်ဖြစ်၏။

သူ့လို ကိုးနှစ်၊ ၁၀ နှစ်ရွယ် ကလေးငယ်တယောက် သူနှင့် ရွယ်တူကလေးများ ကျောင်းတက် ပညာသင်ချိန်တွင် လက်သုပ်စုံ ရောင်းနေရသည်ကိုလည်းကောင်း၊ တခါတရံ ကျောင်းတက်ချိန် များတွင် ကျောင်းစာသင်ခန်းဘေး၌ ရပ်ငေး တွေငိုင်နေတတ်သည်ကိုလည်းကောင်း။ ကိုကိုထွန်း နားမလည်နိုင်။ တခါတော့လည်း ထိုကလေးအား အဘယ့်ကြောင့် ကျောင်းမနေရသနည်းဟု ကိုကိုထွန်း မေးမြန်းစုံစမ်းချင်သည်။

ညီညီခင်အဖို့တော့လည်း မြမောင်လို လူတယောက်ရှိနေခြင်းကို မည်သို့မျှ အမှတ်ထားခြင်း မရှိပေ။

စင်စစ်တော့လည်း ဤညီအစ်ကိုမောင်နှမတစုသည် မြမောင်နှင့်ပတ်သက်၍ မည်သို့မျှ ဆက်စပ်ရန် အကြောင်းမရှိပေ။

မေမေကိုယ်တိုင် မိမိ၏သားသမီးတွေနှင့်ပတ်သက်လျှင် ဘာဆိုဘာမျှ လိုလေသေးမရှိအောင် စီမံဖန်တီးပေးတတ်မြဲဖြစ်သည်။ ကျောင်းတက်၊ ကျောင်းဆင်း အဝတ်လဲပေးခြင်း၊ ထမင်းပွဲ ပြင်ပေးခြင်း၊ အိပ်ရာပြင်ပေးခြင်းတို့ကို မေမေသည် အလုံးစုံ အဆင်သင့်ဖြစ်အောင် စီမံသည်။ အိမ်တွင် သားသမီးတို့ ပျော်ရွှင်အောင် ဖန်တီးရမည်ကိုလည်း မေမေ ဝန်မလေးခဲ့ပေ။ သည်သား သည်သမီးတွေကို ကျောင်းသို့ မော်တော်ကားဖြင့်ပို့ရုံနှင့် မေမေ့တာဝန် ဆုံးခန်းမတိုင်သေးပေ။ ထမင်းစားချိန်မှာ သားသမီးများ အရသာတွေ့စေမည့် ဟင်းလျာဟင်းမည်တို့ကို မေမေကိုယ်တိုင် စီစဉ်ပြီး ဒရိုင်ဘာအား ပို့စေသည်။ နေ့လယ်အချိန်မှာလည်း မေမေသည် သားသမီးများ နှစ်ခြိုက်စွာ စားသုံးနိုင်စေရန်အလို့ငှာ အမျိုးမျိုး အလှယ်လှယ်သော စားသောက်ဖွယ်တို့ကို ငြီးငွေ့ခြင်း မရှိအောင် စီမံပေးပို့စမြဲဖြစ်၏။ အထူးသဖြင့် ကျောင်းဈေးဆိုင်များတွင် သားသမီးဖြစ်သူများ စားသုံးနေကြမည်ကို မေမေ မလိုလား။ သည်မှာ မသန့်ရှင်း၊ သည်မှာ မကျန်းမာစေသော အစာများသာ ရှိသည်ဟု မေမေယူဆ၏။

သို့ပါလျက် နုငယ်ငယ်သည် သည်နှစ် ကျောင်းပြန်အဖွင့်တွင် ရောက်လာသော အသုပ်စုံဆိုင်ရှေ့၌ အားပါးတရ စားသောက်နေသော ကျောင်းသူ ကျောင်းသား ကလေးများကို မြင်ရကတည်းကပင် မြမောင်၏အသုပ်စုံကို စားကြည့်ချင်ခဲ့သည်။ တခြားသူငယ်ချင်း ကျောင်းသား ကျောင်းသူများနှင့်အတူ လက်သုပ်ဆိုင်မှာ လက်သုပ်စုံတပွဲ ချဉ်ချဉ်ငန်ငန် စပ်စပ်ကလေးကို နုငယ်ငယ် စားချင်သည်။ ထို့ကြောင့်လည်း နုငယ်ငယ်သည် မြမောင်၏ အသုပ်စုံကိုစားရန် အခွင့်ကောင်းကို ရက်ပေါင်း အတန်ကြာ စောင့်လင့်နေခဲ့ပြီး ဖြစ်လေသည်။

ထိုနေ့က မုန့်စားကျောင်းဆင်းချိန်တွင် ကိုကိုထွန်းတို့ ခြောက်တန်းသားများမှာ သင်ခန်းစာ မပြီးပြတ်သေးသဖြင့် ကျောင်းဆင်း နောက်ကျနေ၏။ နုငယ်ငယ်သည် စာသင်ခန်းမှ ထွက်လာသည်နှင့် အိမ်ကကား ရောက်လာ ရပ်ထားနေကျ ကျောင်းခြံဝင်းထောင့်မှ ကုက္ကိုပင်ကြီး ဆီသို့ မျက်စိတချက် ဝင့်လိုက်၏။

ကားဆီသို့ မည်သူမျှ မရောက်ကြသေးပေ။

နုငယ်ငယ်သည် လျင်မြန်သောအသွင်ဖြင့် မြမောင်၏ အသုပ်စုံဆိုင်ဆီသို့ အပြေးသွားခဲ့သည်။ သူသည် ခေါင်းမော်၍ မကြည့်ဝံ့။ တစုံတယောက် သူ့ကို မြင်သွားမည် စိုးရိမ်သည်။ မြမောင် ပြင်ပေးသော အသုပ်စုံပန်းကန်ကို လက်တဖက်က ကိုင်ရင်း မတ်တတ်ရပ်လျက်မှာပင် လက်သုပ်စုံကို အားရပါးရ စားမည့်ဆဲဆဲ

“ကြည့်စမ်း၊ ဒါဘာလုပ်တာလဲ ငယ်ငယ်”

နုငယ်ငယ်၏ ခန္ဓာကိုယ်သည် ဆတ်ခနဲ တုန်လှုပ်သွားလေသည်။ သူ့လက်မှ အသုပ်စုံ ပန်းကန်သည်လည်း မရှိတော့ပေ။ နုငယ်ငယ်သည် သူ့ရှေ့တွင်ရပ်နေသော ညီညီခင်ကို မြင်ရလေပြီ။

ညီညီခင်သည် နုငယ်ငယ်လက်မှ ပန်းကန်ကိုလုယူပြီး နုငယ်ငယ်အား စားတော့၊ ဝါးတော့မည့်အသွင်ဖြင့် ကြည့်နေ၏။

ငယ်ငယ်သည် ဝမ်းနည်းလာသည်။

“ပေးပါ”

ငယ်ငယ်သည် တုန်ယင်သောအသံဖြင့် ပြောဆိုပြီး ညီညီခင့်လက်မှ ပန်းကန်ကို ပြန်ယူမည် ပြုလိုက်သည်နှင့် ညီညီခင်သည် ပန်းကန်ကို မြေပြင်ပေါ်သို့ လွှင့်ပစ်လိုက်၏။ အသုပ်စုံနှင့် ပန်းကန်ပြားသည် အမြွှာမြွှာ ကွဲကြေလွင့်စဉ်သွားလေသည်။

“ကိုကိုညီ ဘာလုပ်တာတုံး”

ငယ်ငယ်သည် အားတင်းပြောဆိုနေရသော်လည်း အသံမှာ တုန်နေ၏။ မျက်ရည်များလည်း ဝဲလာ၏။

သူတို့နှစ်ယောက်စလုံးသည် ပတ်ဝန်းကျင်တခုလုံးကို မေ့လျော့နေဟန်ရှိ၏။

“ဘာလုပ်ရမလဲ၊ နင့်ကို မေမေ ဘာပြောထားသလဲ၊ ဟင်း ခွေးမလေး၊ အောက်တန်းစား အစာကို စားချင်တယ်”

ညီညီခင်သည် ခပ်ထန်ထန်ပြောရင်း ဘေးဘီသို့ မထီလေးစားသောအသွင်ဖြင့် လှည့်ကြည့်လိုက်၏။ သို့သော် သူသည် စားသောက်နေသော ကျောင်းသား ကျောင်းသူများနှင့် ဆိုင်တွင်းမှ ဈေးသည်သားအမိကို သေသေချာချာ ကြည့်လိုက်မိခြင်း မရှိသေးပေ။

ငယ်ငယ်၏ မျက်လုံးအစုံမှ မျက်ရည်များ သွယ်ကျလာ၏။

ညီညီခင်သည် ငယ်ငယ်၏ လက်တဖက်ကို ဆတ်ခနဲဆွဲယူကာ

“လာခဲ့ အငတ်မလေး၊ နင်တော့လား အိမ်ကျမှ မေမေ့ကို တိုင်ပြောမယ်”

ထိုနေရာမှ ထွက်ခွာအံ့ပြုလိုက်၏။

မည်သူမျှ ဂရုထားနိုင်ခြင်း မရှိမီမှာပင် မြမောင်သည် ဆိုင်ရှေ့သို့ ရုတ်ခနဲ ထွက်လာပြီး ညီညီခင်၏ ရှေ့တွင်ရပ်၍

“ဟေ့ကောင်၊ မင်း ငါ့ပန်းကန်”

မြမောင်သည် ပြောလက်စစကားကို မဆက်နိုင်သေးဘဲ ထစ် အ နေ၏။ သူ့မျက်နှာသည် နီညို့နေ၏။

ညီညီခင်သည် ငယ်ငယ့်ကို လက်မှလွှတ်လိုက်ပြီး

“ဘာကွ၊ ဘာ၊ ဘာပန်းကန်လဲ၊ ဘာဖြစ်လို့ မင်းတို့ ဒီမှာလာရောင်းတာလဲ၊ အကွဲတောင် နည်းသေး၊ နောက်တခါဆို တဆိုင်လုံး ခွဲပစ်မယ်”

“မင်း ဒီလိုမပြောနဲ့၊ ငါတို့ဘာသာ ငါတို့ရောင်းတာ၊ မင်းမစားချင်နေပေါ့ကွ၊ သူများစားတာကို လည်း မင်းနှောင့်ယှက်တယ်၊ ငါ့ပန်းကန်ကိုလည်း ခွဲတယ်၊ မင်းကို ဆရာကြီးဆီ တိုင်မယ်”

မြမောင်၏အသံသည် ကတုန်ကယင် ဖြစ်နေ၏။

“ဘာပြောတယ်၊ ဘာပြောတယ်၊ အောင်မယ်၊ မင်းက လူပါးဝလို့”

ညီညီခင်၏ဒေါသသည် စကားလုံးများထက်ပင် မြန်ဆန်လှချေသည်။ ညီညီခင်သည် မြမောင်၏ အင်္ကျီလည်ပင်းစကို ဆွဲလျက် မြမောင်၏ ခန္ဓာကိုယ်ကို တွန်းလှဲပစ်လိုက်၏။ မြမောင်၏ ဖျင်အင်္ကျီနွမ်းသည် စုတ်ပြဲလျက် ခန္ဓာကိုယ်သည်လည်း မြေကြီးပေါ်သို့ လဲကျသွားလေ၏။

သို့သော် မြမောင်သည် ချက်ချင်းပင် မြေပြင်မှပြန်ထကာ ညီညီခင်နှင့် မျက်နှာချင်း ဆိုင်လာ၏။

ဆိုင်တွင်းမှ မိခင်သည် တထိတ်တလန့်ဖြစ်ကာ

“ဟဲ့၊ ဟဲ့၊ သား၊ ရန်မဖြစ်နဲ့လေ” ဟု အော်ဟစ်လျက် ဆိုင်ပြင်သို့ ထွက်လာ၏။

မြမောင်သည် မိခင်၏အသံကြောင့် တဖက်သို့ လှည့်ကြည့်လိုက်စဉ်မှာပင် ညီညီခင်သည် မြမောင်၏ အင်္ကျီစ ကျန်တဖက်ကို ဘယ်ဘက်ဖြင့် တင်းတင်းဆုပ်ကာ ညာဘက်လက်ဖြင့် မြမောင်၏ မျက်နှာပြင်သို့ လျင်မြန်စွာ အဆက်မပြတ် ထိုးနှက်လိုက်လေ၏။

ထိုနေရာသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။

နုငယ်ငယ်သည် ထိတ်လန့်တုန်လှုပ်ခြင်း ပြင်းစွာဖြင့် ထိုနေရာမှ ငိုယို ပြေးထွက်သွားလေပြီ။

ကိုကိုထွန်း ရောက်လာသည်ကို မည်သူမျှ သတိမထားလိုက်မိ။ ကိုကိုထွန်းသည် မည်သူမျှ ဝင်ရောက်ဖျန်ဖြေနိုင်ခြင်း မရှိသော ကျောင်းသားအုပ်ကို ထိုးဖောက်ကာ ညီညီခင်၏ခန္ဓာကိုယ်ကို တွန်းဖယ်ပစ်လိုက်၏။

မြမောင်၏နှာခေါင်း ပါးစပ်တို့မှ သွေးများ ယိုစီးကျနေ၏။ မြမောင်သည် အံကို တင်းတင်းကြိတ်ထားရာမှ လဲကျသွားသော ညီညီခင့်ဆီသို့ ပြေးသွားအံ့ပြု၏။ ကိုကိုထွန်းက ကြားမှဝင်၍ ရပ်လိုက်သည်။ မြမောင်၏မိခင်သည် သားဖြစ်သူကို ဆွဲယူပွေ့ဖက် ငိုကြွေးနေ၏။ မြမောင်ကမူ အလျှံတောက်သော မျက်လုံးစုံဖြင့် စူးစိုက်ကြည့်နေ၏။ လက်သီးဆုပ်များကိုလည်း တင်းကျပ်စွာ ဆုပ်ထား၏။ သူသည် အလစ်ခံလိုက်ရသည့်အတွက် မကျေနပ်။ တနည်းအားဖြင့် ကျောင်းသားတယောက်နှင့် ရန်ဖြစ်ရာတွင် သူ အလျှော့ပေးရမည်ကို သိထားခြင်းအတွက်လည်း မကျေနပ်။ သို့သော် ဒေါသနှင့် မခံမရပ်နိုင်ခြင်းသည် သူ့ကို ဖိစီးနေ၏။

“ခုလိုဖြစ်ရတာကို ကျွန်တော်တောင်းပန်ပါတယ်”

ကိုကိုထွန်းသည် ဝမ်းနည်းစိတ်မကောင်းခြင်း ပြင်းစွာဖြင့် တောင်းပန်စကား ဆိုခိုက်မှာပင် ညီညီခင်သည် ထလာပြီး

“ဘာတောင်းပန်စရာလိုသလဲ၊ ဈေးသည်မသားက လူပါးဝလို့”

“တော်စမ်း ညီညီ”

ကိုကိုထွန်းက သူ့ညီကို လက်ဖြင့် လှမ်းတားပြီး ပြော၏။

“ဟေ့ကောင်၊ မင်းကို ကြောက်လို့ ထင်မနေနဲ့၊ ငါမလုပ်ချင်လို့”

မြမောင်က ဒေါသဖြင့် လှမ်းပြီးအော်လိုက်သည်။

“ဟုတ်ပါတယ်၊ ငါနားလည်ပါတယ်”

ကိုကိုထွန်း စကားနှင့် တပြိုင်တည်းလိုလိုမှာပင်

“သား ဘာမှမလုပ်ရဘူးလို့ အမေပြောထားတာပဲ သားရယ်၊ ဒီကိစ္စမျိုးမှာ ဆရာကြီး ရှိသားပဲ”

မြမောင်၏ မိခင်ဖြစ်သူက သားကို နှစ်သိမ့်စကားဆို၏

“ဘာလဲ၊ ဘာလဲ၊ ခင်ဗျားကပါ ဆရာကြီးတိုင်ချင်လို့လား၊ သွားတိုင်ချေ၊ အလကား ဈေးသည် အစုတ်အနုပ်တွေ”

“တော်စမ်း ညီညီ၊ မင်း ဘာမှဝင်မပြောနဲ့၊ လူကြီးကို ဒီလိုမပြောရဘူးဆိုတာ ညီညီ မသိဘူးလား”

“အောင်မယ်၊ ကိုကိုကပါ ဈေးသည်တွေဘက်က ပါချင်တယ်ပေါ့လေ၊ ပါပေါ့၊ ညီညီ ဂရုမစိုက်ပေါင်”

ညီညီခင်သည် ပြောပြောဆိုဆိုပင် ထိုနေရာမှ ထွက်ခွာသွား၏။ နောက်ဆုံးတော့လည်း ဤပြဿနာကို ကိုကိုထွန်းက လူကြီးလုပ်၍ ဖြေရှင်းရ၏။

ဈေးသည်သားအမိအဖို့တော့လည်း ဤအခြေအနေမျိုးတွင် ဆရာကြီးဖြစ်သူမှအပ အားထားစရာမမြင်။ သို့ဖြင့် ထိုပြဿနာသည် ဆရာကြီးရှေ့သို့ ရောက်ရလေသည်။ ဆရာကြီး အနေနှင့်တော့လည်း ဤအရေးအခင်းတွင် ဈေးသည်သားအမိဘက်မှ တခြား ကျောင်းသူ ကျောင်းသားများနှင့်တကွ ကိုကိုထွန်းကိုယ်တိုင် ပါဝင်သည် မှန်စေကာမူ ညီညီခင့်ကို ကြိမ်သုံးချက်မျှ ခပ်ဖွဖွရိုက်၍ ပြစ်ဒဏ်ပေးခြင်းထက် ကြီးမားသောအပြစ် မပေးသင့်ဟု ယူဆပြီး ဖြစ်၏။ နယ်ပိုင်မင်း၏ သားတယောက်နှင့် ဈေးသည်တယောက်၏သားတို့ ပြဿနာကို ဆရာကြီး ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိ။

ဈေးသည်သားအမိမှာကား မိမိတို့ကို အနိုင့်ထက်ပြုကျင့်ခဲ့သော ကလေးသည် မည်သူမည်ဝါ ဟူ၍ သိကြသည် မဟုတ်ပေ။

ဒါကို ကိုကိုထွန်း နားလည်သည်။ ထို့ကြောင့်လည်း ကိုကိုထွန်းက ဤပြဿနာကို အိမ်သို့ အထိ ဆောင်ယူသင့်သည်ဟု ယူဆ၏။ ဖေဖေသည် ဤပြဿနာကို တရားသဖြင့် ဖြေရှင်းသင့်သည် ဟုလည်း ယူဆ၏။

ဈေးသည် အဒေါ်ကြီးသည် ထိုသူငယ်၏ ကြင်နာသနားတတ်ခြင်းကို ကျေးဇူးတင် ဝမ်းမြောက်ရ၏။ ထို့ကြောင့်လည်း ညနေကျောင်းဆင်းသောအခါ မြမောင်ကို ထိုသူငယ်နှင့်အတူ သူငယ်၏မိဘများထံသို့ ထည့်လိုက်မိလေသည်။ မြမောင် ထွက်ခွာသွားမှပင် မိမိသည် မည်မျှကြီးမားသောအပြစ်ကို ကျူးလွန်ခဲ့ပြီ ဖြစ်ကြောင်း အသုပ်စုံသည် အေးငြိမ်းသိရှိရလေသည်။

အစကတော့လည်း အေးငြိမ်းသည် မိမိ၏သား မြမောင်နှင့် ရန်ဖြစ်ရသူကို လုံးဝမသိခဲ့။ ထိုကလေးတို့မှာ ငွေကြေးရှိသူ သို့မဟုတ် သြဇာအာဏာရှိသူများ၏ သားသမီးများ ဖြစ်ကြသည်ဟု သာမန်အားဖြင့် မှတ်ယူခဲ့သည်။ ကျောင်းဆင်း၍ မြမောင်ကို ကိုကိုထွန်းနှင့် ထည့်လိုက်ပြီးခါမှပင် ဤကလေးများမှာ မိမိအစ်ကိုကြီး နယ်ပိုင်ဦးထွန်းတင်၏ သားသမီးများဖြစ်မှန်း သိရလေတော့သည်။ သို့သော် အေးငြိမ်း ဘာမျှမတတ်နိုင်တော့ပေ။

ညီညီခင့်အဖို့တော့လည်း နေ့လယ်ကတည်းကပင် ကိုကိုထွန်းကို မကျေနပ်။ ယခုအခါ ကိုကိုထွန်းသည် မြမောင်လို အစုတ်ပလုပ် ကလေးတယောက်ကို မိမိတို့ ကားပေါ်သို့တင်၍ ခေါ်ဆောင်လာခဲ့ရုံမက ဤပြဿနာကို အိမ်သို့အထိ ဆောင်ယူလာခဲ့ခြင်းအတွက် သူ ကိုကိုထွန်းကို ပို၍ မကျေမနပ်ဖြစ်ရ၏။

မည်သို့ဖြစ်စေ မိမိဆောင်ရွက်ပြုမူခဲ့သည်တို့သည် နည်းလမ်းကျသည် မှန်ကန်သည်ဟု ညီညီခင် ယူဆပြီးဖြစ်သည်။ အကယ်၍ မိမိဘက်က ကျူးလွန်ရာ ရောက်သည် မှန်စေဦး။ မိဘများရှေ့တွင် ဤကဲ့သို့သော ဈေးသည်မတဦးနှင့် မိမိတို့ပြဿနာကို ဖြေရှင်းရာ၌ မိမိဘက်ကသာ အနိုင်ရမည်ဟုလည်း နားလည်ထားပြီးဖြစ်သည်။ နောက်ဆုံး ဖေဖေကိုယ်တိုင် ကိုကိုထွန်းက လွန်လွန်းသဖြင့် မိမိအား အပြစ်ဆိုစေကာမူ မေမေသည် မိမိဘက်မှ အခိုင်အမာ ကာကွယ် ပြောဆိုလိမ့်မည်ဟု အတပ်အစွဲ ယုံကြည်ထားပြီးဖြစ်၏။ ထို့ကြောင့် ညီညီခင်သည် မကျေနပ် သည်ထက် ပို၍ မည်သို့မျှ တုန်လှုပ်ခြင်းမရှိ။

နုငယ်ငယ်အနေနှင့်တော့လည်း ဤပြဿနာမှာ မိမိအစပြုခဲ့သည် ဖြစ်သောကြောင့် အလိုလိုပင် ဝမ်းနည်းကြောက်လန့်နေရသည်။ မိဘတို့၏ အပြစ်တင် ပြောဆို ကြိမ်းမောင်းခြင်း ခံရစေဦး၊ မိမိကိုသာလျှင် အဓိကတရားခံအဖြစ် ပြစ်တင် ပြောဆိုလာကြမည်ဟု တွေးပြီး ပို၍ စိတ်တုန်လှုပ်ရ၏။ အထူးသဖြင့် မေမေနှင့် ရင်ဆိုင်ရမည်ကို ငယ်ငယ် ကြောက်သည်။

ကိုကိုထွန်းသည် ညီနှင့် ညီမဖြစ်သူတို့၏ အခြေအနေကို အားလုံးနားလည်ပြီး ဖြစ်၏။ မိဘများ မည်သို့ အဆုံးအဖြတ် ပေးမည်ကိုလည်း ကြိုတင်မှန်းဆထားပြီး ဖြစ်၏။ မည်သို့ဖြစ်စေ၊ မြမောင်၏အင်္ကျီတထည် စုတ်ပြဲရခြင်း၊ ပန်းကန်ပြားကွဲ ရခြင်း၊ အနာဒဏ်ရာရခြင်းတို့အတွက် မြမောင်အား ထိုက်သင့်သော လျော်ကြေးငွေ ပေးသင့်သည်။ ညီညီခင်အားလည်း ထိုက်သင့်သော အပြစ်ပေးရမည်ဟု ယူဆ၏။ ဤသို့ဖြင့် မြမောင် ကျေနပ်မှု ရစေချင်သည်။

မော်တော်ကား အိမ်ဝသို့ရောက်သည်နှင့် ညီညီခင်သည် လျင်မြန်သောအဟုန်ဖြင့် ကားပေါ်မှဆင်းပြီး မိဘများဆီသို့ရောက်၏။ ပထမ မြမောင်ကို အပြစ်တင်သည်။ ဒုတိယ နုငယ်ငယ်။ တတိယ ကိုကိုထွန်းတို့သည် အစီအစဉ်လိုက် အပြစ်တင်သင့်သူများဟု သူ ယူဆ၏။

ထို့ကြောင့်ပင် ကိုကိုထွန်းတို့ ကားပေါ်မှ ဆင်းလာသည်နှင့် ဖေဖေသည် အိမ်ရှေ့ ဧည့်ခန်းကုလားထိုင်မှာ ရောက်နှင့်ပြီးဖြစ်၏။ ညီညီခင် ပြောသွားသည်တို့မှာ လုံးစေ့ပတ်စေ့မဟုတ်။ လုံးစေ့ပတ်စေ့ကိုလည်း ဦးထွန်းတင် နားမလည်။ သူသိရသည်မှာ ညီညီခင် ပြောထားသမျှသာ ဖြစ်၏။

ထို့ကြောင့် ကိုကိုထွန်းက အဖြစ်အပျက် အလုံးစုံကို ပြောပြပြီးသည်နှင့် တပြိုင်နက်

“ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာကြီးက ညီညီကို ထိုက်သင့်တဲ့အပြစ် ပေးလိုက်ပြီ မဟုတ်လား ကိုထွန်း”

“ဆရာကြီးကလည်း အဖေ့မျက်နှာနဲ့ ကြောင့် အပြစ်ကြီးကြီးပေးတာမှ မဟုတ်တာ”

ကိုကိုထွန်းသည် တရားသူကြီးရှေ့တွင် အမှုလျှောက်လဲနေသော ဝတ်လုံတော်ရတဦးကဲ့သို့ အေးဆေးတည်ငြိမ်သောအသံဖြင့် ပြောလိုက်၏။

သည်လိုအပြောကို ဦးထွန်းတင် သဘောမကျ။ နံရံတွင်မှီရပ်လျက် မျက်လွှာချထားသော မြမောင်ကိုသာ တချက်တချက် စူးစိုက်ကြည့်မိ၏။

“ဒီစကားမျိုး သားပါးစပ်က ပြောလာတဲ့အတွက် ဖေဖေ စိတ်မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် ဖေဖေ့သားသမီးတွေမှာ အပြစ်ရှိရင် တခြား ကျောင်းသားကျောင်းသူတွေနဲ့ တထပ်တည်း အပြစ်ပေးပါလို့ ဖေဖေ ဆရာကြီးကို ပြောထားတယ်”

ကိုကိုထွန်းသည် ဖခင်၏စကားကို ကောင်းစွာ သဘောမတူနိုင်ပေ။ သို့သော် ဖခင်နှင့် ဆက်လက် အငြင်းမပွားလို။

“ဒါပေမဲ့ သူ့မှာ အင်္ကျီကိုလည်း ဆုတ်ပြီး အဖြဲခံရတယ်၊ ပန်းကန်လည်း အခွဲခံရတယ်၊ ညီညီခင် မတရားဖိနှိပ် ပြောဆိုတာအပြင် အထိုးအကြိတ်လည်း ခံရသေးတယ်၊ ဒီအတွက် ဆရာပေးတဲ့အပြစ်အပြင် ညီညီခင်ဟာ ဖေဖေပေးတဲ့အပြစ်ကိုလည်း ခံသင့်တယ်၊ သူ့ကိုလည်း ထိုက်သင့်တဲ့ လျော်ကြေး ပေးသင့်တယ်”

ကိုကိုထွန်း စကားစကတည်းကပင် ညီညီခင်သည် ကိုကိုထွန်းကို မကျေနပ်ကြည့်ဖြင့် ကြည့်နေမိ၏။

နုငယ်ငယ်သည် အိပ်ခန်းထဲမှ ထွက်မလာတော့ပေ။

ဒေါ်နုနုခင်သည်လည်း သားဖြစ်သူ ကိုကိုထွန်း ယခုကဲ့သို့ပြောဆိုလာခြင်းကို လုံးဝမကျေနပ်။

ဦးထွန်းတင်သည် အိမ်ရှေ့တံခါးမကို အာရုံဖြင့် ဖြတ်သန်းကာ အဝေးသို့ တွေဝေ ငေးစိုက်နေ၏။ ကိုကိုထွန်း ပြောလာသော စကားများသည် ဦးထွန်းတင်၏ အတွေးကို ပိုမိုရှုပ်ထွေးလာစေ၏။ သည်တော့ သားကြီး ကိုကိုထွန်းကို ပို၍ မကျေမနပ် ဖြစ်ရလေသည်။ သို့သော် ကိုကိုထွန်း ပြောဆိုလာသော စကားများမှာပင် မိမိဧည့်ခန်းတွင်းသို့ ရောက်ရှိနေသော ဒုံရင်းရွာမှ အေးငြိမ်း၏သား မြမောင်ဟု သိရသည်မှစ၍ ဦးထွန်းတင်သည် ကိုကိုထွန်းနှင့် ဖက်ပြိုင်ပြောဆိုခြင်း မပြုလိုတော့ပေ။ ကိုကိုထွန်း ပြောလာသည့်အတွက် မြမောင်အား ထိုက်သင့်သော လျော်ကြေးကို ပေး၍ ကျေအေးစေရ၏။

သို့ဖြင့် မြမောင်ကိစ္စမှာ မိမိတို့မိသားစုအတွင်း၌ မကျေနပ်ခြင်း၊ မခံမရပ်နိုင်ခြင်းတို့ဖြင့် ပြီးမြောက်ခဲ့ရလေ၏။

သို့သော် ဦးထွန်းတင်အဖို့ကား မပြေနိုင်၊ မပြီးနိုင်၊ မပျောက်နိုင်။ သည်ညမှာလည်း ယခင်အခါ ညတညမှာကဲ့သို့ ဤအိမ်သည် စောစောစီးစီး အိပ်မောကျခဲ့လေသည်။

သည်တော့ အေးငြိမ်းသည် ဦးထွန်းတင်ထံသို့ ရောက်လာခဲ့ပြန်၏။ ယခုတကြိမ် အေးငြိမ်း ရောက်လာခဲ့ရသော နေရာသည်ကား အစ်ကိုကြီး၏ အတွေးအာရုံမည်သော နေရာတည်း။

| ၆ |

 

သို့သော် အေးငြိမ်းသည် ယခုတကြိမ်တွင် တယောက်တည်း လာသည်မဟုတ်။ မမကေသီကိုပါ အပါခေါ်ခဲ့ပြန်ချေသည်။

စင်စစ် အေးငြိမ်းသည် သူ့အတွက် သာယာခြင်း၊ ကြည်နူးခြင်းတို့ကို ဖန်တီးနိုင်စွမ်းခဲ့၏။ ထိုနောက် လွမ်းဆွတ်ခြင်း၊ သနားခြင်းတို့ကိုလည်း ဖြစ်စေခဲ့၏။ အဆုံးတွင် ဥပေက္ခာတရားကို ကျင့်သုံးကာ ဗြဟ္မစိုရ်တရားပိုင်သူအဖြစ် မိမိကိုယ်ကိုလည်း အထင်ရောက်စေခဲ့၏။ ထိုအခါ အေးငြိမ်းကို သူသည် အဝေးသို့ နှင်ထုတ်နိုင်၏။ အေးငြိမ်းသည် ခေါင်းကို ငုံ့ထားလိမ့်မည်။ မျက်ရည် သွယ်သွယ်ကျလိမ့်မည်။ ရှိုက်သံ တအင့်အင့်ကို သင်း ချုပ်တည်းမည်။ ပြီးလျှင် အေးငြိမ်းသည် သူ့ရှေ့မှ အမြန်ဆုံး ထွက်ခွာသွားလိမ့်မည်။ တခါ အေးငြိမ်းကို ခေါ်ပြန်သည်ဆိုလျှင်လည်း ထိုအမျိုးသမီးသည် ငှက်ငယ်ကဲ့သို့ပင် အဟုန်လျင်စွာဖြင့် ပျံရောက်လာချေအံ့။ သူ့ရှေ့ရောက်လျှင် ခေါင်းကိုတော့ ငုံ့ထားမည်။ ရင်ထဲက တလှပ်လှပ် ခုန်နေလိမ့်မည်။ သင်းကို ပွေ့ဖက်မိလျှင် နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်သည် မသိမသာ တဆတ်ဆတ် တုန်ယင်လိမ့်မည်။ သည့်နောက်တော့ သင်းမှာ အင်ရော၊ အားရော၊ အသိရော၊ စိတ်ပါ ကင်းပျောက်သွားတတ်သည်။ ထို့ကြောင့် အေးငြိမ်းသည် မျက်စိအာရုံရှေ့တွင် ရောက်လာသည်ဖြစ်စေ၊ အတွေးအာရုံမှာပဲ ရောက်လာသည် ဖြစ်စေ၊ တုန်လှုပ်ရသည်မရှိ။ ထိတ်လန့်ရသည် မရှိ။ တခုသာ ပြောစရာရှိ၏။ အတွေးသို့ အေးငြိမ်းချည်းလာလျှင် မောရုံသာမောတတ်သည်။

မမကေသီပါ လိုက်လာပြီဆိုသောအခါ တုန်လှုပ်ရလေပြီ။ အမှန်ဆိုရလျှင် မမကေသီကို သူချစ်သည်။ လေးစားသည်။ တွယ်တာသည်။ မမကေသီသည် သူ့အမိ၊ သူ့အဖ၊ သူ့သခင်၊ သူ့ဆရာမ၊ သူ့ဘဝကို ဖန်တီးသူ။ ဒေါသ မသင့်ပါမူ သူ၏ တဆူတည်းသော ဘုရားသခင်ဟု ဆိုရချိမ့်မည်။

မမကေသီသည် သူ့အတိတ်ကိုလည်း ဖန်တီး၏။ ပစ္စုပ္ပန်ကိုလည်း တည်ဆောက်၏။ အနာဂတ်ကိုလည်း ပိုင်ဆိုင်၏။ ယခုမူ မမကေသီသည် သူ ထွက်ပြေး တိမ်းရှောင်လာခဲ့သော အတိတ်ကို သူ့ထံသို့ တပါတည်း ခေါ်လာပြန်သည်။

သည်မှာ ဖေဖေနှင့် မေမေတို့လည်း ပါလာ၏။

ထွန်းတင်၏မေမေသည် မိုးကုတ်မြို့မှ ကျောက်တွင်းပိုင်ရှင်၏ သမီးချောတဦးဖြစ်ခဲ့သည်။ ဖေဖေသည် သာမန်ကျောက်တွင်းတူးသမားမျှသာ ဖြစ်၏။ သို့သော် ဖေဖေသည် ရိုးသားခြင်း၊ ကြိုးစားခြင်းနှင့်အတူ မေမေ၏ မေတ္တာကို ပိုင်ဆိုင်ခဲ့လေသည်။

မေမေနှင့် ဖေဖေတို့၏ဘဝသာလျှင် ခြားနားသည် မဟုတ်။ စိတ်ထားချင်းလည်း ခြားနားသည်။ ဖေဖေ့စိတ်က ပျော့သည်။ သိမ်ငယ်သည်။ မေမေ့စိတ်က ထန်သည်။ တက်ကြွသည်။ ထိုကြောင့် မေမေသည် ဖေဖေ့လိုလူမျိုးကို ချစ်ကြိုက်ခဲ့ရသည်အတွက် တစိုးတစိကလေးမျှ တုန်လှုပ်ခြင်း မရှိခဲ့ပေ။ ကြားလေသွေးရုံမျှနှင့် တကမ္ဘာဝေးသည်ဟု မေမေ ထင်မှတ်လာသည်နှင့် ဖေဖေနှင့်အတူ ပေါင်းသင်း နေထိုင်ဖို့ ဆုံးဖြတ်ခဲ့သည်။ မေမေ့မိဘများအနေနှင့်တော့လည်း မိမိတို့၏ သမီးချောကို ကျောက်တွင်းတူးသမားနှင့် သဘောမတူနိုင်သည်မှာ ဆန်းပြားလှသည် မဟုတ်ပေ။ သို့သော် မေမေသည် မိုးကုတ်တမြို့လုံး ပြောစမှတ်ပြု၍ ကျန်ရစ်ခဲ့အောင် ထူးခြားသော အပြုအမူများကို ဆက်တိုက် ပြုလုပ်ဆောင်ရွက်လေတော့သည်။

ပထမ ဖေဖေနေသောအိမ်သို့ ရောက်လာကာ ဖေဖေနှင့်အတူ ပေါင်းသင်းနေထိုင်သည်။ မိဘများက ဂတ်တိုင်ပြီး အမှုဖွင့်သောအခါ မိမိသဘောနှင့်မိမိ ပေါင်းသင်းနေထိုင်သည်။ မိမိမှာ လင်ယူသားမွေးနိုင်သော အသက်အရွယ်ရောက်ပြီဟု ဇာတာခွင်ပြကာ ချေပသည်။ သည်မျှနှင့် မနေသေး။ အဘိုးအဘွားလက်ထက်ကတည်းက ပိုင်ခဲ့သော ပစ္စည်းရတနာများအနက် မိမိအတွက် သတ်မှတ်ထားခဲ့ပြီး ကျောက်မျက်ရတနာများကို မိဘများမှတဆင့် ရသင့်သည်ဟု ရှေ့နေနှင့် အရေးဆိုခဲ့သည်။ မိုးကုတ်တွင် သမီးက မိဘကို တရားခွင်၌ ရင်ဆိုင်စေသော အမွေမှုတခု အထင်အရှား ဖြစ်ခဲ့ရလေသည်။ အဆုံးကျတော့လည်း မိဘများမှာ အမှုကို အရှည်အကြာ ရင်ဆိုင်ခြင်းငှာ မျက်နှာပြမဝံ့သည်နှင့် အဘိုးအဘွားလက်ထက်က ရတနာ တချို့တဝက်ကို သမီးလက်သို့ အပ်ခဲ့ကြရသော ဟူ၏။

သည်နောက်တော့လည်း မေမေကပင် ဦးဆောင်ကာ ဖေဖေနှင့်အတူ မန္တလေးသို့ ဆင်းခဲ့ကြသည်။ မန္တလေးတွင် သူ ကျွမ်းကျင်သော ကျောက်မျက်ရတနာ အရောင်းအဝယ်လုပ်သည်။ ဖေဖေဆိုသည်ကား မေမေထားရာနေ၍ စေရာသွားရသူမျှသာ ဖြစ်လေသည်။ သည်မှာပင် မမကေသီနှင့် ထွန်းတင်ကို မွေးသည်။ ထွန်းတင် ရှစ်နှစ်၊ မမကေသီ ၁၃ နှစ်သမီးမှာ မေမေသည် မန္တလေးမှာ မပျော်ပိုက်။ မိုးကုတ်မှ အမျိုးတွေနှင့် သည်သား သည်သမီးတွေ အဆက်အစပ် ဖြစ်လာမည်ကို မလိုလားဟု ဆိုသည်။ ထို့ကြောင့် ရန်ကုန်သို့ ဆင်းခဲ့ပြန်လေသည်။

ရန်ကုန်ရောက်တော့ မိုးကုတ်နှင့် ဆက်ဆံရမည့် ကျောက်ကုန်သည်အလုပ်ကို မလုပ်လိုတော့ဆိုကာ ရွှေတောင်တန်းဘက်မှာ ပွဲရုံထောင်သည်။ မေမေ့စီးပွားရေးလုပ်ငန်းမှာ ကျဆင်းသည်ဟူ၍ မရှိ။ သို့သော် မေမေ့အိမ်ထောင်ရေးမှာကား စိတ်မချမ်းမြေ့ဖွယ်ရာကို ရင်ဆိုင်ရလေတော့သည်။

ရန်ကုန်ရောက်ပြီး နှစ်နှစ်အကြာမှာ ဖေဖေ ဆုံးသည်။ သည်အခါကစ၍ မေမေ့ဘဝမှာ ပျော်မွေ့ခြင်း ကင်းခဲ့သည်ဟု ဆိုရမည်။ သို့သော် သည်သား သည်သမီးအတွက်ဟူသော စိတ်ကိုကား မေမေ တင်းထားခဲ့သေး၏။

ထွန်းတင် ၁၀ တန်းရောက်သောနှစ်၊ မမကေသီ ဆရာဖြစ်သင် ရောက်သောနှစ်မှာ မေမေ မကျန်းမမာဖြစ်သည်။ ဖေဖေ့ကို ကရုဏာပိုသော၊ အမြတ်နိုးပိုသော မေမေ့အဖို့တော့လည်း ဖေဖေ မရှိကတည်းကပင် အပြုံးအရယ် လျော့နည်းခဲ့ရာမှ သားသမီးအတွက် တင်းထားသော စိတ်ဓာတ်သည် လျော့ပြေစပြုလာခဲ့သည်ဟု ထင်ရ၏။

မေမေ မမာမကျန်း ဖြစ်သည်ဆိုသောအချိန်တွင် ကိုခင်မောင်ညိုသည် အိမ်သို့ စတင် ရောက်ရှိလာခဲ့သည်ဟု ထွန်းတင် အမှတ်ထားခဲ့၏။

အစကတော့လည်း ထွန်းတင်သည် မမကေသီကို အကြောင်းပြုကာ ဤအိမ်သို့ ရောက်ရှိလာသော လူစိမ်းတယောက်နှင့်ပတ်သက်၍ မည်သို့မျှ နားလည်နိုင်ခြင်း မရှိခဲ့ပေ။ သို့ပေမဲ့ မမကေသီကိုယ်တိုင်က အရေးပေးလွန်းသည့်အဖြစ်ကို မြင်ရဖန်များသော် ထိုလူစိမ်းကို အမှန်ပင် မရှုဆိတ်ချင်။ နောက်တော့လည်း ထိုလူစိမ်းနှင့်ပတ်သက်၍ မမကေသီ အရေးပေးလွန်းသကဲ့သို့ မေမေကိုယ်တိုင် အလေးအမြတ် ပြုလာသည်နှင့်အတူ ထွန်းတင်ကိုယ်တိုင် ထိုလူစိမ်းအား မမကေသီ၏ ချစ်သူအဖြစ် ကြည်ဖြူခဲ့ရလေတော့သည်။ သည်ကတည်းကပင် ထွန်းတင်သည် မမကေသီ၏ဆန္ဒကို လွန်ဆန်နိုင်ခြင်း မရှိပါတကားဟု တွေးတောနိုင်ဖွယ်ရာ ရှိလေသည်။

ကိုခင်မောင်ညို ဘိလပ်သွားရမည် ဆိုသောအခါ ထွန်းတင်သည် ကိုခင်မောင်ညို့ကို အထင်တကြီး လေးစားလာခဲ့ရသည်။ စင်စစ်တော့လည်း ငွေကြေး ကြွယ်ဝချမ်းသာခြင်း၊ ဂုဏ်သတင်း ကျော်စော ထင်ရှားခြင်းဟူသော မျိုးရိုးမှ ပေါက်ဖွားလာခဲ့ပြီး မကြာမီ ဘိလပ်သို့ ပညာသင်သွားရမည့် လူတယောက်ကို ထွန်းတင် ဆွေမျိုးတော်စပ်ရမည့်အတွက် အတွင်းစိတ်မှ နေပြီး ကျေနပ်တတ်ခဲ့လေပြီ။

သို့သော် အခြေအနေများသည် ရုတ်တရက် ပြောင်းလဲလာကြပြန်သည်။ လွန်ခဲ့သော အချိန်များကမူ မေမေသည် မမကေသီ စာမေးပွဲ အောင်မြင်သည်ကိုလည်းကောင်း၊ မမကေသီနှင့် ကိုခင်မောင်ညိုတို့ လက်ထပ်ကြသည်ကိုလည်းကောင်း၊ နောက်ဆုံး စိတ်ကြည်နူးဖွယ်ရာများအဖြစ် မြင်တွေ့သွားပေလိမ့်ဦးမည်ဟု ယူဆခဲ့ကြ၏။ သို့သော် မေမေသည် ကိုခင်မောင်ညိုနှင့် ပတ်သက်သည့် ရှေ့ရေးကို ကြိုတင် သိမြင်ထားခြင်း ရှိလေသလား မဆိုနိုင်ပေ။ မမကေသီ ဆရာဖြစ်သင် စာမေးပွဲ အောင်မြင်ပြီးသည့်နောက် လပိုင်းမျှ မကြာမြင့်မီမှာ ကွယ်လွန်ခဲ့လေတော့ သည်။ သည်အချိန်မှာ ကိုခင်မောင်ညို ဘိလပ်မှ ပြန်မလာသေးပေ။

သည်နောက်တွင်လည်း ကိုခင်မောင်ညိုသည် ဘိလပ်မှ ပြန်လာခြင်း မရှိတော့ပေ။

မေမေကွယ်လွန်စဉ်က မမကေသီသည် မျက်ရည်သွယ်ကျ ငိုယိုခဲ့ရသည်။ မေမေ့ကို သင်္ဂြိုဟ်ပြီးစီးသည့်နောက် မကြာမီပင် ကိုခင်မောင်ညို ဘိလပ်တွင် ကွယ်လွန်ရှာပြီဟူသော သတင်းကို ကြားသောအခါ မမကေသီငိုသည်ကို ထွန်းတင် မမြင်ရတော့ပေ။ မမကေသီသည် ကွယ်ရာမှာ ကျိတ်၍ ငိုချင်ငိုပေမည်။ သို့သော် ထွန်းတင်ရှေ့တွင်ကား အံကိုသာ တင်းတင်းကြိတ်ထားဟန် ရှိချေ၏။

သည်တော့ မေမေ၏ တက်ကြွခြင်း၊ ပြင်းထန်ခြင်းတို့သည် မေမေ သေဆုံးခဲ့ပြီ ဖြစ်သည့်တိုင်အောင် ပျောက်ကွယ်ခြင်း မရှိဘဲ မမကေသီထံတွင် ဆက်လက် ရှင်သန်ခဲ့ရသည်ဟု ဆိုရပေမည်။

စင်စစ် မိုးကုတ်တွင် ကျန်ခဲ့သော ဆွေမျိုးများနှင့် ပတ်သက်၍ကား ထွန်းတင်သည် ကောင်းမွန်စွာ သိကျွမ်းခြင်းမရှိ။ ထိုသူများနှင့်ပတ်သက်၍လည်း ဘာမျှ ပြည့်ပြည့်စုံစုံ သိနားလည်ခြင်း မရှိပေ။ သို့သော် မေမေတို့ မန္တလေးမှာရှိစဉ်ကပင် မေမေ့ဘက်က ဆွေမျိုးများသည် မမကေသီတို့ မောင်နှမကို အကြောင်းပြုကာ ပြန်လည်ဆက်ဆံခြင်းပြုဖို့ ကြိုးစားခဲ့ကြဖူးသည်ဆို၏။ သို့သော် မေမေသည် ဆွေမျိုးအားလုံးကို အဆက်ဖြတ်ခဲ့၏။ ယခုမူ မေမေ သေဆုံးပြီးနောက် မကြာမီမှာပင် မိုးကုတ်မှ ဆွေမျိုးများသည် မမကေသီတို့ မောင်နှမ၏ရှေ့ရေးအတွက် မိမိတို့မှာ တာဝန်ရှိသည်ဆိုကာ ရောက်လာကြပြန်၏။ သူတို့အနေနှင့်တော့လည်း သည်မိဘမဲ့ မောင်နှမကို အုပ်ထိန်းပြုစုရမည့်တာဝန်ကို သိနားလည်စွာဖြင့် ရောက်လာကြခြင်း ဖြစ်လေသည်။ သည်ကိစ္စမှာ ထွန်းတင် ဘာမျှပြော၍တတ်ခဲ့သည်မဟုတ်။ မမကေသီကမူ ခေါင်းကိုသာ တွင်တွင်ခါခဲ့လေတော့ သည်။ မေမေ နာကြည်းသောဆွေမျိုးတွေကို မေမေ့နည်းတူ မမကေသီ နာကြည်းခဲ့ပြီ ဆိုရမည်။ သည်တော့ ထွန်းတင်လည်း မမကေသီလိုပင် ဆွေမျိုးကို ပစ်ပယ်တတ်ခဲ့၏။ ဆွေမျိုးများမှာမူ မအေတူသမီးဟု မှတ်ချက်ချပြီး ပြန်ကြရလေသည်။

သည်အခါကစ၍ မမကေသီသာလျှင် ထွန်းတင်၏အမေ၊ ထွန်းတင်၏အဖေ ဖြစ်လာခဲ့လေသတည်း။

“မမဘဝဟာ အားလုံး ဆုံးရှုံးခဲ့ရပြီ ငါ့မောင်။ အခုဆိုရင် မမဘဝနဲ့ပတ်သက်လို့ ငါ့မောင်တယောက်ပဲ ကျန်တော့တယ်။ ဒါဟာ မမရဲ့ နောက်ဆုံး မျှော်လင့်ချက်၊ နောက်ဆုံး အားထားရာပဲ။ ဒီမှာ ငါ့မောင်။ လူဆိုတာ ယုံကြည်ချက် ရှိရတယ်။ ယုံကြည်ချက်နဲ့ပတ်သက်ပြီး အစွဲအလမ်း ကြီးရတယ်။ စိတ်ဓာတ် ပြင်းထန်ရတယ်။ မေမေ့ဘဝကို ပြန်စဉ်းစားကြည့် ငါ့မောင်။ မေမေဟာ ဖေဖေ့အတွက် ငါ့မောင်နဲ့ မမတို့အတွက် ဘယ်လောက်အထိ စွန့်လွှတ်ခဲ့ရတယ်။ ဘယ်လောက်အထိ စွမ်းဆောင်ခဲ့ရတယ်ဆိုတာတွေကို ဘယ်တော့မှ မမေ့နဲ့။ မမလည်း အဲဒီလို ဆောင်ရွက်ရလိမ့်မယ်။ ကဲ ဒီတော့ မမဟာ ဘယ်သူ့အတွက် ဆောင်ရွက်ရမှာလဲ။ မမဘဝမှာ မေမေကလွဲရင် ဘယ်သူရှိသလဲ။ ငါ့မောင် သိရဲ့လား”

မမကေသီ၏ စကားလုံးတွေသည် ရင်တွင်းဝေဒနာက လျှံကျလာသည် ဆိုခြင်းကိုကား ထွန်းတင် နားလည်၏။ သို့သော် မမ မျှော်လင့်အားထားရသူကိုကား ထွန်းတင် ချက်ချင်း စဉ်းစားမရနိုင်ခဲ့။

“အခု သူလည်း မရှိတော့ဘူး။ ဒါပေမဲ့ မမမျက်စိအာရုံထဲမှာ မမရဲ့စိတ်အာရုံထဲမှာ သူပျောက်မသွားသေးဘူး။ ဟုတ်တယ် ငါ့မောင်။ ကိုခင်မောင်ညိုဟာ မမဘဝမှာ လုံးဝ မသေဆုံးသေးဘူး။ မမအဖို့ နောက်ဆုံးမျှော်လင့်ချက်က ကျန်နေသေးတယ်။ ဒီမှာ ငါ့မောင်၊ မမဟာ ကိုခင်မောင်ညိုလို လူတယောက်ကို လင်သားအဖြစ် မပေါင်းသင်းရပေမဲ့ မောင်အရင်းအချာ တယောက်လို တွယ်တာရအောင်တော့ မမကြိုးစားမယ်။ ဒါကို ငါ့မောင် နားလည်ရဲ့လား။ မမဘဝဟာ ဘယ်သူ့အတွက်ဆိုတာ ငါ့မောင်သိရဲ့လား။ မမဘဝရဲ့ နောက်ဆုံးမျှော်လင့်ချက်ဟာ ဘယ်သူလဲဆိုတာကိုရော ငါ့မောင် သိပြီလား”

ဤသို့ဖြင့် မမကေသီသည် ပထမဆုံး မေမေတည်ဆောက်ခဲ့သော ပွဲရုံကို ဖျက်သိမ်းသည်။ အင်းလျားလမ်းဘက်တွင် အိမ်တလုံး ဝယ်ယူလိုက်၏။ သူကိုယ်တိုင်ကား ခရစ်ယာန်ဘာသာဝင် တဦးအဖြစ် ခံယူလိုက်ပြီး မကြာမီပင် သာသနာပြုကျောင်းတကျောင်းတွင် ကျောင်းဆရာမအဖြစ် ဝင်ရောက်အမှုထမ်းလေတော့သည်။ သည်အချိန်အထိ မမကေသီ မည်သည့်ရည်ရွယ်ချက်ဖြင့် ဤသို့ ဆောင်ရွက်ခဲ့သည်ကို ထွန်းတင် နားမလည်ခဲ့သေး။

ထွန်းတင် ဘီအေအောင်တော့မှပင် မမကေသီသည် မည်သည့် ရည်ရွယ်ချက်ဖြင့် မည်သို့လုပ်ကိုင်ခဲ့သည်ကို နားလည်လာရ၏။ မမကေသီ၏ ဆောင်ရွက်ချက်ဖြင့် ထွန်းတင် အိုင်စီအက်စ် စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်၊ ဘိလပ်သွားခွင့်တို့ကို ရရှိခဲ့လေသည်။

မမကေသီသည် ထွန်းတင်၏ဘဝကို ဖန်တီးသူအဖြစ် ဤမျှနှင့် ပြီးပြည့်စုံခြင်းသို့ မရောက်သေးပေ။

ထိုကြောင့်ပင် ထွန်းတင်သည် အင်္ဂလန်မှ ပြန်လာသောနေ့က သင်္ဘောဆိပ်တွင် မမကေသီနှင့်အတူ နုနုခင်ပါ လာရောက်ကြိုဆိုသည်ကို တွေ့ရသောအခါ ထူးခြား တုန်လှုပ်ခြင်း မဖြစ်ရတော့ပေ။

မမကေသီအဖို့တော့လည်း ထွန်းတင် အင်္ဂလန်မှာ ရှိစဉ်ကတည်းကပင် ထွန်းတင်အတွက် ဇနီးလောင်း ရှာခဲ့ပြီးဖြစ်၏။ ထွန်းတင်လို အိုင်စီအက်စ်တယောက်အတွက် ဇနီးလောင်း ဆိုသည်မှာလည်း စင်စစ် ပင်ပန်းကြီးစွာ ရှာဖွေရသည်ကား မဟုတ်ပေ။ စိတ်တိုင်းမကျနိုင်ပါမူ ထောင်သောင်းမကသော အချောအလှ၊ အကြွယ်အဌေးဆိုသော မိန်းကလေးများထဲမှ တယောက်ကို အချိန်မရွေး ရွေးယူနိုင်လေသည်။ ထို့ကြောင့် မမကေသီသည် လှသည်၊ ချောသည်၊ ကြွယ်ဝသည်၊ ချမ်းသာသည်ဆိုသော အမျိုးသမီး ဆယ့်လေးငါးဦးမှ နုနုခင်ကို ရွေးချယ်ခဲ့လေသည်။

နုနုခင်သည် လှပချောပြေသည်၊ ယဉ်ကျေးသိမ်မွေ့သည်။ တက္ကသိုလ်ကျောင်းသို့ ရောက်လာစလည်း ဖြစ်သည်။ နုနုခင်၏ မိဘများသည် မြေပိုင်ရှင်များဖြစ်သည်။ နုနုခင်၏အဘိုးကား အငြိမ်းစား စစ်ကဲကြီးဖြစ်သည်။ သည့်ထက် မြတ်နိုးဖွယ်သော အရည်အချင်းကား မိမိ၏သြဇာကို နာခံလွယ်မည့် ကလေးမဟု ယူဆရခြင်းပင်တည်း။

ထိုကြောင့် ထွန်းတင် ပြန်လာမည်ဆိုသောနေ့တွင် မမကေသီသည် နုနုခင်နှင့် သူ၏မိဘများကိုပါ သင်္ဘောဆိပ်သို့ ခေါ်လာခဲ့လေသည်။ သည်မှာ နုနုခင်နှင့်လည်းကောင်း၊ နုနုခင်၏ မိဘများနှင့်လည်းကောင်း အသိဖွဲ့ပေးသည်။ အကျွမ်းတဝင် ဖြစ်စေသည်။ ထိုမိန်းကလေးသည် ထွန်းတင်၏ ဇနီးလောင်း ဖြစ်သည်ဟုလည်း အသိပေးခဲ့သည်။

ထွန်းတင်အဖို့တော့လည်း မမကေသီ စီမံဆောင်ရွက်သည်များနှင့် စပ်လျဉ်း၍ မည်သည်ကိုမျှ လက်မခံနိုင်စရာ မရှိသေးဟု ယူဆရမည်။ ကျေနပ်ရမည်။ လက်ခံရမည်သာတည်း။

ဤသို့ဖြင့် မကြာမီပင် ထွန်းတင် အလုပ်ဝင်ရလေသည်။ အလုပ်ဝင်သည်နှင့် ထွန်းတင်သည် မြိုင်သာယာသို့ အသင်နယ်ပိုင်ဝန်ထောက်အဖြစ် သွားရပေမည်။ သည်အခါ မမကေသီမှာ ပြောစရာ စကား ပေါ်ပြန်သည်။

“ဒီမှာ ငါ့မောင်။ ငါ့မောင်ဟာ ပညာလည်း တတ်တယ်။ ဥစ္စာလည်း ရှိတယ်။ လူပျိုလည်း ဖြစ်နေသေးတယ်ဆိုတဲ့အချက်ကို အမြဲသတိထားရမယ်။ ဒါကို နားလည်ရဲ့လား။ အခုမမပြောတဲ့ ဂုဏ်ထူးလေးမျိုးစလုံးကို မဆိုထားနဲ့ ဂုဏ်ထူးတခုခုပဲရှိဦး၊ သမက်ဖမ်းချင်သူတွေ၊ ကိုယ်တိုင် ကျော့ကွင်းထောင်ချင်သူတွေဆိုတာ ဒုနဲ့ဒေးပဲ။ ဒီတော့ ငါ့မောင် နယ်မှာ အလုပ်လုပ်တဲ့အခါ အဲဒီကိစ္စမျိုးကို ကြပ်ကြပ်ရှောင်ပါ။ အေး ငါ့မောင်နဲ့ပတ်သက်လို့ တခုခုများ ကြားရရင်တော့လား မမ ဒုန်းစိုင်းပြီး ရောက်လာပြီလို့သာ မှတ်ပေတော့။ မမအနေနဲ့က ခုအလုပ်ဝင်၊ ခုမိန်းမယူဆိုတာ မဖြစ်စေချင်လို့ နုနုခင်နဲ့ကိစ္စကိုလည်း တနှစ်လောက် ဆိုင်းထားချင်တာ။ အဲဒါ မကောင်းဘူးလား။ ကောင်းတယ်။ ဒါကြောင့် ငါ့မောင်ဟာ အခု နုနုခင်နဲ့ လက်မထပ်ရသေးပေမဲ့ လက်ထပ်ပြီးသားလို့ မှတ်ထားပါ၊ နားလည်ရဲ့လား၊ ဒါပဲ၊ မမဟာ ဘယ်လိုမိန်းမစားမျိုးလဲဆိုတာ ငါ့မောင် အသိသားပဲ”

ထွန်းတင်ဆိုသည်က ဘာဆိုဘာမျှ ပြန်ပြောတတ်ခဲ့သည် မဟုတ်။

မည်သို့ဖြစ်စေ၊ မမကေသီ၏စေတနာကို ထွန်းတင် နားလည်သည်။ မမကေသီ၏သြဇာသည် နာခံအပ်သည်။ မမကေသီ၏အမိန့်သည် လိုက်နာအပ်သည်။ မမကေသီပြုမူသမျှ ဆောင်ရွက်သမျှ စီမံသမျှ ပြောဆိုသမျှ အလုံးစုံသည် မှန်ကန်သည်၊ အကျိုးရှိသည်ဟူ၍ ထွန်းတင် အကြွင်းမဲ့ ယုံကြည်စွာ စွဲမြဲထားပြီး ဖြစ်လေသည်။

သို့စဉ်လျက် မြိုင်သာယာသို့ ရောက်ခဲ့ပြီး လေးငါးခြောက်လအတွင်းမှာ အေးငြိမ်းနှင့် တွေ့ရပြီ ဆိုသောအခါ မမကေသီ၏ စကားတွေကို မေ့သည်ဟုထင်၏။ ‘ထင်၏’ ဟူ၍ မရေမရာသာ ဆိုဝံ့သည်။ တကယ်တမ်း မမကေသီ၏ စကားကို ထွန်းတင် မေ့ချင်သည်။ မေ့ရဲသည်ကား မဟုတ်ပေ။ သို့ပေမဲ့ နယ်ပိုင်ဝန်ထောက်မင်းသည် အေးငြိမ်းကို သနားမိသည်မှာ အမှန်ပင်။

တွေ့စက အေးငြိမ်းဆိုသောကလေးမကလေးသည် စကားကိုမျှ ပြောတတ်ပါလေစဟုပင် ထင်မှတ်ခဲ့ရ၏။

အေးငြိမ်း ဆိုသည်မှာလည်း ဖအေတယောက်လုံး အသတ်ခံရသည်ကို မျက်စိနှင့် တပ်အပ် မြင်ရသည် ဖြစ်ပါလျက် ရှိုက်၍ ရှိုက်၍ ငိုနေသည်မှအပ ဘာမျှ မပြောတတ်နိုင်လောက်အောင် ကြီးမားပြင်းထန်သော ဝေဒနာဖြင့် ၁၈ မိုင်ဝေးသော ကျေးရွာကလေးမှ မြိုင်သာယာသို့ ဖခင်၏ အလောင်းနှင့်အတူ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ သည်အဖြစ်ကို တွေ့ရသောအခါ အားလုံးပင် အေးငြိမ်းကို သနားကြသည်။ အသနားပိုသူကား နယ်ပိုင်ဝန်ထောက်မင်း ဦးထွန်းတင်။

ပထမတော့လည်း နယ်ပိုင်ဝန်ထောက်မင်းသည် အေးငြိမ်းကို စေတနာ ဖြူဖြူနှင့် သနားခဲ့သည်ဟု ရိုးရိုးသားသား ယုံကြည်ရသည်။ ထို့ကြောင့်ပင် အမှုစစ်နေဆဲကာလအတွင်း မြို့ပေါ်၌ တည်းခိုစရာမရှိသော အေးငြိမ်းအတွက် နယ်ပိုင်ဝန်ထောက်မင်းသည် သူ့ အိမ်နောက်ဖေး တန်းလျားမှ ထမင်းချက် လင်မယားထံတွင် ခေတ္တအပ်နှံပေးခဲ့၏။

သည်မှာပင် အေးငြိမ်း၏ဇာတ်လမ်းသည် စခဲ့၏။ သနားစရာကောင်းသော အေးငြိမ်းသည် ချစ်စရာကောင်းသည်မှာလည်း အမှန်ဖြစ်လေသည်။ လှပသည်။ နုမျစ်သည်။ လတ်ဆတ်သည်။ တပ်မက် ညွှတ်နူးဖွယ်လည်း ကောင်းသည်။

နယ်ပိုင်ဝန်ထောက်မင်း၏ဘဝကား ပျင်းရိငြီးငွေ့ဖွယ်သောဘဝ ဖြစ်သည်။ အေးငြိမ်း ရောက်လာပြီ ဆိုသောအခါ နယ်ပိုင်ဝန်ထောက်မင်းသည် သူ့အိမ်ရှေ့မှ ပန်းပင်ကလေးများပင် အပွင့် ပို၍ မြိုင်ဆိုင်သည်ဟူ၍လည်းကောင်း၊ မြက်ခင်းပြင်သည် ရေမဖျန်းပါဘဲလျက် စိမ်းစိုသည် ဟူ၍လည်းကောင်း၊ အရာရှိကလပ်မှ ဘိလိယက်ခုံသည် စိတ်ဝင်စားဖွယ် ကင်းမဲ့သည်ဟူ၍ လည်းကောင်း မှတ်ယူလာခဲ့သည်။ အေးငြိမ်းဆိုသည်ကား အားငယ်သည်။ ဝမ်းနည်းသည်။ ထိုအခါ သင်း ငိုမည်။ သည်အခါမျိုးမှာ မိမိမျက်ရည်စကို သုတ်ပေးသော လက်ဖဝါးပြင်သည် အနူးညံ့ဆုံး။ မိမိဘဝကို နှစ်သိမ့်စေသည့်စကားသည် အချိုသာဆုံး။ မိမိအရေးကိစ္စတွင် မားမားရပ်သည့် သူသည် မေတ္တာတရား အကြီးမားဆုံးဟု ယူဆသည်။ သည်အခါ နယ်ပိုင်ဝန်ထောက်မင်း၏ ရင်ခွင်မှာ မျက်ရည်သုတ်နိုင်သည်။ အားငယ်စိတ်ကို ဖျောက်နိုင်သည်ဟုလည်း သင်း အထင်ရောက်သည်။ ဤသို့ဖြင့် နယ်ပိုင်ဝန်ထောက်မင်း၏ ဟာလွတ်သောရင်ခွင်၊ မွတ်သိပ်သော ရင်ခွင်တွင်းသို့ အေးငြိမ်း ရောက်ခဲ့ရလေသတည်း။

သည်တော့လည်း နယ်ပိုင်ဝန်ထောက်မင်း ဦးထွန်းတင်သည် ဇနီးလောင်း နုနုခင်ကို လည်းကောင်း၊ မမကေသီကိုလည်းကောင်း အဆုံးဆိုရသော် အလုံးစုံကို မေ့လျော့လေတော့၏။

အေးငြိမ်းကိုတော့ ဝေးဝေးမှာ မနေစေချင်။

ထိုကြောင့်ပင် အေးငြိမ်းသည် ဖခင်၏ အမှုကိစ္စပြီးစီး၍ လပေါင်းအနည်းငယ် ကြာမြင့်ခဲ့သည့် နောက်ပိုင်းတွင် နယ်ပိုင်ဝန်ထောက်မင်း၏ နောက်ဖေးတန်းလျားမှ တဆင့် ဝန်ထောက်မင်း၏ အိမ်အပေါ်ထပ် နောက်ဖေးဆောင်သို့ ပြောင်းရွှေ့ခဲ့ရလေသတည်း။

နွေရာသီကျောင်းပိတ်ရက်၌ မမကေသီ မိမိထံသို့ လာရောက်မည်ကို ဦးထွန်းတင်သည် အချိန်အတော်ကြာကပင် ကြိုတင်သိရှိထားပြီးဖြစ်၏။ ယင်းသို့ မမကေသီ ရောက်ရှိလာခြင်းသည် အေးငြိမ်းနှင့် ပတ်သက်သော ပြဿနာများကို ဖြစ်ပွားပေါ်ပေါက်စေလိမ့်မည်ဟူ၍ တွေးထင် ယူဆခြင်း မဖြစ်ခဲ့ရပေ။

အမှန်တော့လည်း နယ်ပိုင်ဝန်ထောက်မင်းသည် အေးငြိမ်းလို မိန်းကလေးတယောက်နှင့် ပတ်သက်၍ ကြီးကျယ်သော ပြဿနာများ ပေါ်ပေါက်လာနိုင်လိမ့်မည်ဟု မထင်ခဲ့ပေ။ ထို့ကြောင့် မမကေသီ မိမိအိမ်သို့ ရောက်လာပြီး အေးငြိမ်းနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလာသောအခါ ဦးထွန်းတင်သည် ဘာမျှမည်မည်ရရ မရှိသော အကြောင်းအရာတရပ်ပမာ သဘောထား၍ ပြောဆိုနိုင်ခဲ့လေသည်။ သို့ပါလျက် မမကေသီသည် အေးငြိမ်းကိစ္စကို အလွန်ကြီးမားသော ကိစ္စကြီးတရပ်သဖွယ် စုံစမ်းအရေးယူလာခြင်းကိုကား ဦးထွန်းတင်သည် မည်သို့မျှ သဘောပေါက် နားလည်ခြင်း မရှိခဲ့ပေ။

မမကေသီ ဆိုသည်မှာ လင်ယူခြင်း၊ သားမွေးခြင်း မရှိခဲ့သော အပျိုကြီး ဖြစ်စေကာမူ သည်အိမ်ပေါ်သို့ ရောက်၍ အေးငြိမ်းကို တွေ့လိုက်သည်နှင့်ပင် ဤအိမ်ကြီး၌ မည်သည့် အရေးအခင်းများ ပေါ်ပေါက်နေသည်ကို သိရှိနားလည်ပြီးဖြစ်၏ ထို့ကြောင့် မောင်ဖြစ်သူက ထိုကလေးမနှင့် ပတ်သက်၍ ဘာမျှအရေးပါခြင်း မရှိဟန် ဖြစ်လာသော်လည်း ဤကိစ္စကို သာမန် ထမင်းစားရေသောက် ကိစ္စမျိုးသဖွယ် အမှတ်မထားနိုင်ပေ။ စင်စစ် ဤကိစ္စမျိုး ဆိုသည်မှာလည်း မောင်နှင့်နှမ ပွင့်လင်းစွာ စုံစမ်းစစ်ဆေးသည်ထက် မိန်းမသားချင်းဖြစ်သော အေးငြိမ်းထံတွင် စုံစမ်းစစ်ဆေးခြင်းဖြင့်သာ အပြည့်အစုံ အမှန်အကန် ရရှိနိုင်မည်ဖြစ်သည်ကို ထိုအပျိုကြီး နားလည် သိရှိပြီးဖြစ်၏။

ထိုအပျိုကြီးမှာလည်း ကျောင်းစာသင်ခန်းများတွင် မည်သည့် မေးခွန်းမျိုးကို မေးမြန်းခြင်းဖြင့် ကျောင်းသူများထံမှ မည်သည့်အဖြေမျိုး ရနိုင်သည်ကိုလည်းကောင်း၊ မည်မျှ ကြီးကျယ်သော ပြစ်မှုမျိုးကိုပင် ကျူးလွန်ခဲ့သည်မှန်စေ၊ အပြစ်ကျူးလွန်ခဲ့သော ကျောင်းသူအား မည်သို့ စစ်ဆေးခြင်းဖြင့် အဖြစ်မှန် သိရှိနိုင်သည်ကိုလည်းကောင်း နားလည်ကျွမ်းကျင်ပြီးသော ကျောင်းဆရာမကြီးတဦး ဖြစ်လေသည်။ ထို့ပြင် ထိုအပျိုမကြီးသည် ရုပ်ရှင်လောကတွင် လည်းကောင်း၊ ဇာတ်သဘင် လောကတွင်လည်းကောင်း ကျင်လည်တတ်မြောက်သော ပညာသည် ဇာတ်ဆောင်တဦးအဖြစ် ပါဝင် သရုပ်ဆောင်ခြင်း မရှိခဲ့စေကာမူ ချိုသော၊ ခါးသော၊ ပြုံးသော၊ မဲ့သော၊ ပျော့သော၊ မာသော ဟန်အမူအရာအမျိုးမျိုးကို အရှိန်ပြင်းထန်စွာ မောင်းနှင်လာသော မော်တော်ကားပေါ်မှ တရိပ်ရိပ်မြင်နိုင်သည့် ရှုခင်းများလို ဖျတ်ခနဲ ဖျတ်ခနဲ ပြောင်းလဲ ဖော်ပြ သရုပ်ဆောင်တတ်သူလည်း ဖြစ်၏။ သည်တော့လည်း အေးငြိမ်းလို ပျော့ညံ့သော၊ အရာရာတွင် အလျှော့ပေးရန် ဝန်မလေးသော ကလေးမသည် ကာလကြာမြင့် ပင်ပန်း မောဟိုက်စွာ စစ်ဆေး မေးမြန်းခြင်း မပြုရပါဘဲ သူ့တွင် ကိုယ်ဝန် သုံးလမျှ ရှိနေပြီ ဖြစ်သည်ဟူသောအချက်ကို ဖော်ပြပြောဆိုမိလျက်သား ဖြစ်ရလေတော့သည်။

သည်သတင်းကို ကြားသိရသည်နှင့် အပျိုကြီးဖြစ်သူမှာ ဆောက်တည်ရာမရ ဖြစ်လာလေသည်။

ဦးထွန်းတင်အဖို့ကား များစွာ တုန်လှုပ်ခြင်း မရှိလှပေ။ ဤနေရာ၌ မိမိ၏ အစ်မဖြစ်သူသည် စိတ်ဝေဒနာ ခံစားလွယ်သည်ဟုပင် အထင်ရောက်ချင်ခဲ့သေးသည်။

စင်စစ် ဦးထွန်းတင်ဟု ရာထူးဂုဏ်ရှိန်အရ ဖော်ပြသုံးနှုန်းအပ်သော ထွန်းတင်သည် အေးငြိမ်းကို သနားသည်။ အေးငြိမ်းရင်ခွင်မှာ သူမွေ့လျော်သည်။ အေးငြိမ်း၏ ခန္ဓာကိုယ်ကို မိမိရင်ခွင်မှာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားရသည်မျိုးကို သူ ကျေနပ်သည်။ ဆိုကြပါစို့၊ အများပြောစကားဖြင့် ပြောရသည်ရှိသော် အေးငြိမ်းကို သူ ချစ်သည်ဟု။

မည်သို့ရှိစေ ချစ်သည်ဆိုသော အရေးကိစ္စများကို အလွန်ကြီးမားသော စိတ်ထိခိုက် တုန်လှုပ်ဖွယ်သော လူမှုရေးပြဿနာတရပ်ဟူ၍ကား ထွန်းတင်သည် ဘယ်သောအခါကမျှ ယူဆထင်မှတ်ခြင်း မရှိခဲ့ပေ။ ဤလောကတွင် ချစ်စရာကောင်းသည်ဆိုသော၊ သနားစရာ ကောင်းသည်ဆိုသော အိမ်မွေးတိရစ္ဆာန်ကလေးများ အများအပြား ရှိနေသည်ကို သူသိရှိထားပြီး ဖြစ်၏။

တခုသာလျှင် ပြောစရာရှိပေသည်။ အေးငြိမ်းကို အိမ်မွေးတိရစ္ဆာန်ကလေးတကောင်နှင့် ထပ်တူ မှတ်ယူ၍ မဖြစ်နိုင်သည်မှာ အေးငြိမ်း၌ ကိုယ်ဝန်ရှိလာခြင်းပင်။ စင်စစ် အေးငြိမ်းတွင် ကိုယ်ဝန်ရှိလာခြင်းကိုလည်း ရုံးတွင် နေ့စဉ်ကြုံတွေ့မြဲ အမှုကိစ္စတခုလောက် လေးနက်ကြီးကျယ် သည်ဟု သူ မထင်။ ကိုယ်ဝန်ရှိလာသည်။ ပြီးလျှင် အေးငြိမ်းသည် ကလေးတယောက် မွေးမည်။ နောင်လည်း အေးငြိမ်းတွင် ကိုယ်ဝန်ရှိလာနိုင်၏။ နောက်တကြိမ် ထပ်၍ ထပ်၍ ကလေးများ မွေးဖွားဦးမည်ဆိုလျှင် မွေးဖွားနိုင်ပေသည်။

“အင်း အင်း။ မင်းပြောတော့ တယ်လွယ်၊ တယ်လွယ်။ အခု ငါပြောနေတာက မင်းဟာမကိစ္စကို အရေးထားပြီး ပြောတာမဟုတ်ဘူး ငါ့မောင်။ မင်း နားလည်ရဲ့ လား။ ဒီမှာ ငါ့မောင် မင်းမှာ မှတ်ဉာဏ်မှ ရှိသေးရဲ့လား။ မင်း နုနုကို မေ့ပစ်လိုက်ပလား။ အခုလောက် အရေးတကြီး ထားပြောနေတာ နုနုအတွက် ပြောနေတာလို့ မင်းနားမလည်ဘူးလား”

မမကေသီမှာ အမှန်တကယ် တုန်လှုပ်ချောက်ချားနေဟန်ရှိ၏။ သည်အဖြစ်ကို မြင်ရသောအခါ ထွန်းတင် ရယ်ချင်သည်။ မမကေသီကို ကြောက်၍သာ စိတ်ထဲက ကျိတ်ပြီး ရယ်ရသည်။ သို့မဟုတ်ပါက ဟားတိုက်ရယ်ချလိုက်မိမည် ထင်၏။

သည် နုနုခင်ပြဿနာကိုလည်း ကြီးကျယ်သည်ဟု ထွန်းတင် မထင်ခဲ့ပေ။ ထွန်းတင် နုနုခင်ကို တွေ့ပြီး မမကေသီကိုယ်တိုင်က မိမိနှင့် လက်ထပ်ပေါင်းသင်းရမည့် အမျိုးသမီးဟု ပြောလာစဉ်ကပင် ထွန်းတင်သည် ထူးခြားသောဝေဒနာ တစုံတခုကို ခံစားခဲ့ရသည်မရှိ။ မမကေသီ၏ အဆိုအရ မိမိလက်ထပ်ပေါင်းသင်းရမည့် မိန်းကလေးတယောက်ဟူ၍ကား အမှတ်ထားခဲ့ပါသည်။ ယခု မမကေသီ ရောက်လာသောအခါမှာလည်း မမကေသီသည် မိမိနှင့် နုနုခင်တို့ မကြာမီ လက်ထပ်ရတော့မည်ဟူသော အကြောင်းကို ပြောလာ၏။ သည်တုန်းကလည်း ထွန်းတင် ဘာမျှ အရေးထားခဲ့ရသည် မဟုတ်ပေ။ မမကေသီ၏ အမေးကို ဖြေရလျှင် ထွန်းတင်သည် နုနုခင်နှင့် လက်ထပ်ရမည်ဆိုခြင်းကို မမေ့၊ မဖျောက်၊ ဝန်လေးခြင်းလည်း မဖြစ်မိ။ တခုတော့ ရှိသည်။ နုနုခင်နှင့် လက်ထပ်ခြင်းသည် အေးငြိမ်းနှင့်ပတ်သက်၍ မည်သို့သောပြဿနာမျိုး ဖြစ်ပေါ်လာနိုင်သည် ဆိုခြင်းကား မတွေးမိခဲ့။ ဤသို့ဖြင့် ပြဿနာတခု ပေါ်ပေါက်နိုင်သည်ဟုလည်း ထွန်းတင် မထင်ခဲ့။

သည်ကိစ္စမျိုးမှာတော့ မိမိအယူအဆ၊ မိမိ အဆုံးအဖြတ်များသည် တိကျ မှန်ကန် ရှင်းလင်း ပြတ်သားသည်ဟု ထွန်းတင်သည် ပိုင်ပိုင်နိုင်နိုင် မှတ်ယူထားပြီး ဖြစ်၏။ အမှန်ကိုဆိုရလျှင် အေးငြိမ်း၏ ရင်ခွင်သည် သူ့လိုလူမျိုးအဖို့ မွေ့လျော်ဖွယ် ကောင်းသည်။ သူ့ရင်ခွင်သို့ အေးငြိမ်း ရောက်လာသောအခါ ရင်ခွင်၏ မွတ်သိပ်ခြင်း ပြေပျောက်သည်ဆိုသော အချက်များမှာ အမှန်ပင် ဖြစ်၏။ သို့သော် အေးငြိမ်းကို မိမိ၏ဇနီးမယားအဖြစ် အမှတ်ထားကာ လက်မောင်းချင်းချိတ်၍ မင်းပွဲသဘင်သို့ ထွက်ဝင်သွားလာရန်ကိုကား ထွန်းတင် ဘယ်အခါကမျှ ရည်မှန်းထားခြင်း မရှိပေ။ ဤအိမ်ကြီး၏ နောက်ဖေးဆောင်သည်ပင်လျှင် အေးငြိမ်းအတွက် လုံလောက်ပြီ ဖြစ်၏။ ဤလိုမိန်းကလေးတယောက်နှင့် လူသိရှင်ကြား လက်ထပ်ခြင်း၊ ပေါင်းသင်း နေထိုင်ခြင်း ဆိုသည်မျိုးကို သူ့စိတ်ကူးကိုယ်တိုင်က ခွင့်မပြု။ ဘယ်တုန်းကမျှလည်း မတွေးခဲ့။ အေးငြိမ်း ကိုယ်တိုင်ကလည်း ထွန်းတင်လို ပုဂ္ဂိုလ်မျိုးနှင့် လက်ထပ်ခွင့်၊ ပေါင်းသင်း နေထိုင်ခွင့်တို့ကို အခွင့်အရေးတရပ်အဖြစ် တောင်းဆိုလာလိမ့်မည်ဟု ထွန်းတင် မထင်။ အေးငြိမ်းကိုယ်တိုင် ထိုအခွင့်အရေးမျိုးအတွက် ထုတ်ဖော်ပြောဆိုလာခြင်းမျိုးလည်း မပြုခဲ့။ ထိုကြောင့် ထွန်းတင်သည် အေးငြိမ်းနှင့် ပတ်သက်၍ မည်သည့်ကိစ္စမျိုးကိုမျှ လူသိရှင်ကြား ပြုလုပ်ခဲ့သည် မဟုတ်ပေ။ ပြီး ဤကိစ္စမျိုး ဆိုကြပါစို့၊ သူ့လိုလူမျိုး၊ သူ့ပတ်ဝန်းကျင်က လူတွေဆိုသည်မှာ ပေါင်းသင်း နေထိုင်ရန် အလို့ငှာ လူသိရှင်ကြား မယားပြုထားသူ တဦးတယောက်အပြင် နောက်ဖေးဆောင်၌ အရံရင်ခွင်များ ထားရှိခြင်းဖြင့် ပျော်မွေ့တတ်ကြသည်ဖြစ်၏။ သည့်အတွက် မည်သူတဦးတယောက်ကမျှလည်း ယခု မမကေသီကဲ့သို့ စုံစမ်း စစ်ဆေးခြင်း မပြုလုပ်ကြ၊ ထိတ်လန့်တုန်လှုပ်ခြင်းလည်း မရှိကြ။ ဤကိစ္စမျိုးကို မည်သူကမျှလည်း ရေးကြီးခွင့်ကျယ်လုပ်ကာ ပြောဆိုခြင်းမပြုကြပေ။ ထိုကြောင့် ထွန်းတင်အဖို့ နုနုခင်နှင့် လက်ထပ်ခြင်း၊ အေးငြိမ်းကို ယခုအတိုင်း နောက်ဖေးဆောင်၌ ဆက်လက် ထားရှိခြင်းတို့သည် တခုနှင့်တခု ဆက်သွယ်နေလိမ့်မည်ဟု မထင်။

မမကေသီသည် သူ့မောင်၏အယူအဆကို ကြားရသောအခါ ပထမတွင် အံ့ဩသည်။ နောက် ထွန်းတင်ကို အထင်ကြီးရသလို ဖြစ်သည်။ သင်းတကောင်လည်း ပတ်ဝန်းကျင်က သင်ကြားပေးသော ပညာများပင် အတော်အတန် ပြည့်စုံနေပါပြီလားဟု နှစ်ထောင်းအားရခြင်း ခံစားရမယောင်လည်း ဖြစ်ရ၏။ သို့သော် အသေအချာ စဉ်းစားကြည့်သောအခါ ထွန်းတင်၏ အယူအဆကို သူ ခွင့်မလွှတ်နိုင်။ ထိုကြောင့် မမကေသီသည် ခေါင်းကို ဖြည်းလေးစွာ ခါယမ်းရင်း

“မဖြစ်ဘူး ငါ့မောင်။ မဖြစ်ဘူး။ တခြားလူတွေမှာ မင်းပြောသလို ဖြစ်ချင်ဖြစ်မယ်။ သို့ပေမဲ့ အခုကိစ္စမှာတော့ မင်းပြောသလို မဖြစ်နိုင်ဘူး။ ဒီကိစ္စမှာ မမတို့ အဓိကထား ကြည့်ရမှာက နုနုတို့ဘက်ကို ဖြစ်တယ် ငါ့မောင်။ နုနုတို့ဆိုတာက ခုလိုကိစ္စမျိုးမှာ လွယ်လွယ်နဲ့ နားလည်နိုင်ကြမယ် မဟုတ်ဘူး။ သူ့မိဘမျိုးရိုး အသိုက်အဝန်းကိုက ဒီကိစ္စမျိုးကို နှာခေါင်းရှုံ့ကြမှာ အမှန်ပဲ။ နားလည်ရဲ့လား ငါ့မောင်။ နောက်တခုကလည်း ငါ့မောင်နဲ့ နုနုဆိုတာက ခုအထိ လက်ထပ်ရတာ မဟုတ်သေးဘူး။ အဲဒီလို လက်မထပ်ခင်ကတည်းက မမတို့ဘက်မှာ အပြစ် အနာအဆာ ပါလာရပြီဆိုရင် ပထမဆုံး မျက်စိပျက်၊ မျက်နှာပျက်ဖြစ်ရမှာက မမပဲ ငါ့မောင်။ ဒါကို မင်းနားလည်ရဲ့လား။ မမအနေနဲ့က ဒီကိစ္စလောက်နဲ့ မျက်နှာပျက်မခံချင်ဘူး။ မမဟာ သူတို့အသိုက်အဝန်းကြားမှာ ရင်ကော့ထားချင်တယ်။ နုနုတို့ဘက်က လူတွေရဲ့ရှေ့မှာ မမမျက်နှာကို ရဲရဲဝံ့ဝံ့ ပြထားချင်တယ်”

“ဒါဖြင့်ရင်လည်း သူ့ကို တခြားခွဲထားမယ်လေ”

ထွန်းတင်အဖို့တော့လည်း ခပ်ပေါ့ပေါ့ပင်။

“မဖြစ်နိုင်တာပဲ ငါ့မောင်ရယ်၊ အားလုံး ကင်းကင်းရှင်းရှင်းဖြစ်ဖို့က အရေးကြီးတယ်၊ ဒီတော့၊ ဘာဖြစ်ဖြစ် ငါ့မောင် သူ့ကို စွန့်လွှတ်ရမှာပဲ”

ထွန်းတင် မစဉ်းစားတတ်တော့ပေ။ အေးငြိမ်းကို ထွန်းတင် မစွန့်နိုင်၊ မစွန့်ရက်။ အေးငြိမ်းကို ထွန်းတင် သနားသည်။ သည်မျှ ဒုက္ခပင်လယ်ဝေနေသော ကလေးမကလေးအတွက် သူ ကယ်တင်ရှင် လုပ်ထားသည်မှာ မှန်၏။ ထိုကလေးမအတွက် သူ့နောက်ဖေးဆောင်မှာ နေရာ ရနေသင့်သည်ဟူ၍လည်း ယူဆသည်။ သင်းကို အဝေးသို့ နှင်ထုတ်ပစ်လိုက်ရမည့်လုပ်ငန်းမှာ ကြီးကျယ်သည် မဟုတ်စေကာမူ သင်းဘဝ ခိုကိုးရာမဲ့ ဖြစ်ရမည်ကို ထွန်းတင် မလိုလား။ မည်သို့ဖြစ်စေ၊ ထွန်းတင်အဖို့ အေးငြိမ်းကို အဆုံးရှုံးမခံနိုင်၊ အေးငြိမ်းကို မစွန့်လွှတ်ဘူး၊ အေးငြိမ်းနှင့် မခွာဘူး၊ အေးငြိမ်း စိတ်ဒုက္ခမရောက်စေရဘူးဟူ၍သာ စိတ်ထဲက ထပ်တလဲလဲ ဆုံးဖြတ်၏။ သို့သော် ထွန်းတင်၏ စိတ်ကူး ဆုံးဖြတ်ချက်များကို မမကေသီ၏ စကားလုံးများက ဖုံးလွှမ်း ချေဖျက်ပစ်လိုက်လေသည်။

“အေး၊ ဒီတော့ ဒီကိစ္စမှာ ငါ့မောင် ဘာမှဝင်မရှုပ်နဲ့၊ မမ အားလုံး ကျေနပ်အောင် စီစဉ်မယ်၊ နားလည်ရဲ့လား”

ဟု မမသည် အဆုံးစကားဆို၏။

သည်မှာ မမကေသီ အစွမ်းပြလေတော့သည်။

စင်စစ် မမကေသီသည် အလွန်ချီးကျူး အံ့သြဖွယ်သော အမျိုးသမီးကြီးတယောက် ဖြစ်လေသည်။ သည်လို အမျိုးသမီးကြီးတယောက်၏ သြဇာကို နာခံနေရသည်မှာ လျော်ကန် သင့်မြတ်သော အမှုကိစ္စတခုဟူ၍ ထွန်းတင် ပိုမိုနားလည် လာခဲ့ရလေ၏။

မမကေသီကို ပိုမိုချီးကျူးအံ့သြရသည်ကား ဤကိစ္စတွင် ဘဒင် ပါဝင်လာခြင်းပင်ဖြစ်၏။

တခုပြောစရာရှိသည်မှာ ဘဒင်သည် မူလကတည်းကပင် မမကေသီ၏လူ ဖြစ်နေခြင်း။ ထွန်းတင် အင်္ဂလန်မှ ပြန်မရောက်မီကပင် မွန်သွေးစပ်သော ဘဒင်သည် မမကေသီ၏အိမ်သို့ ရောက်နေနှင့်သည်။ ထွန်းတင် အလုပ်ဝင်သောအခါ သင်းကိုပါ ထွန်းတင်နှင့်အတူ ထည့်ပေးလိုက်ခြင်း ဖြစ်သည်။ သည်အခါကစ၍ ဘဒင်ကို မိမိ၏ ရုံးပျာတာအဖြစ် ထွန်းတင် ခန့်ထားပြီး မိမိအိမ်မှာပင် နေထိုင်စေခဲ့ရသူဖြစ်၏။

ထိုဘဒင်ဆိုသည်ကား ရုပ်သေးရုပ်တည်း။ ရုပ်သေးရုပ်ဆိုရုံဖြင့် သင်း အကြောင်းသည် ပြည့်စုံဦးမည်မထင်။ ရုပ်သေးရုပ်မှ ကြိုးနည်းနည်း ပါလင့်ကစား ရုပ်သေးဆွဲဆရာ ကျင်လည်သည် နှင့်အမျှ ကကြိုးအမျိုးမျိုးကို ကနိုင်သည့် ဇော်ရုပ်မျိုး ဖြစ်လေသည်။

ယခုအခါ မမကေသီသည် ထိုဇော်ရုပ်ကို ဇာတ်ခုံပေါ်သို့ တင်ခဲ့ပေပြီ။

ဤသို့ဖြင့် အေးငြိမ်းနှင့် ဘဒင်တို့ကို လက်ထပ်ပေးရန် စီစဉ်လေတော့သည်။ ဘဒင်က ဘာဆိုဘာမျှမပြော။ သူ့အဖို့ ကျေနပ်သယောင်ပင် ရှိသေး၏။ အေးငြိမ်းကတော့ ခေါင်းငုံ့ထားသည်။ မျက်ရည်သွယ်ကျသည်။ ရှိုက်၍ငိုသည်။ သင်းခမျာ ဒါပဲ တတ်နိုင်၏။

မမကေသီသည် သူ့ဇာတ်လမ်းကို သည်မျှနှင့် အဆုံးမသတ်။ ဇာတ်ဆိုသည်မှာ မင်းသား မင်းသမီး ပေါင်းရုံနှင့် ဆုံးချင်မှလည်း ဆုံးသည်။ တခါတလေတော့လည်း မင်းသား မင်းသမီး မပေါင်းဘဲနှင့် ဆုံးနိုင်သည်။ စင်စစ် မိုးလင်းသည်၊ မလင်းသည်၊ မင်းသား မင်းသမီး ညားသည်၊ ကွဲသည်ကို မမကေသီ အမှုမထား။ သူ့ဇာတ်ကွက် ဇာတ်ရည်လည်ဖို့သာ အဓိကဖြစ်ဟန်ရှိ၏။ ထို့ကြောင့် အေးငြိမ်းနှင့် ဘဒင်ကို လက်ထပ်ပေးပြီးသည်နှင့် ထိုလင်မယား အိုးသစ်၊ အိမ်သစ်၊ ဘဝသစ် ထူထောင်စေတော့ဟု ထွန်းတင်အား ဆက်လက်ညွှန်ကြားပြန်လေသည်။ မမကေသီ အဖို့တော့လည်း ‘ရှင်းရှင်းလင်းလင်း’ ဟူသော စကားကို နှုတ်ဖျားက လုံးဝမချ။

သည်မှာ အေးငြိမ်းရင်ထဲက ပြဿနာသည် ဇာတ်ကွက်ကို ရှည်လျားစေခဲ့ပြန်လေသည်။

အေးငြိမ်း စကားမပြောတတ်ဘူးထင်ခဲ့သည်မှာလည်း ယခုမှပင် ပါစင်အောင် လွဲမှားကြောင်း ထွန်းတင် ကြုံရလေတော့သည်။

“အေးငြိမ်းတို့ဟာ အစ်ကိုကြီးတို့ စီမံသမျှကို ခံခဲ့ရတဲ့လူတွေပါ အစ်ကိုကြီးရယ်။ သည့်အတွက် အေးငြိမ်း ခေါင်းငုံ့ခံပါတယ်။ အေးငြိမ်း ငိုရမယ်ဆိုလည်း ငိုနိုင်ပါတယ်။ နောက်ဆုံးမှာ ‘အေးငြိမ်းရေ နင်သေလိုက်ဟဲ့’ လို့ အစ်ကိုကြီး ပြောရင်တောင် အေးငြိမ်း သေရမှာပါ အစ်ကိုကြီး။ နို့ပေမဲ့ အေးငြိမ်းရင်ထဲက ကလေးဟာ အေးငြိမ်းတယောက်တည်း ဆိုင်တာမဟုတ်ပါဘူး။ အေးငြိမ်း သွေး၊ အစ်ကိုကြီးသွေးပါ။ သည်တော့ အစ်ကိုကြီး အေးငြိမ်းနဲ့ပတ်သက်လို့ ဘာမှ မစဉ်းစားတောင် ဒီကလေးကိစ္စကိုတော့ စဉ်းစားပါ အစ်ကိုကြီးရယ်”

မျက်ရည်အသွယ်သွယ်နှင့် စကားဆိုသောအခါ ထွန်းတင်တွေဝေရလေသည်။ အေးငြိမ်းမှာက ပြောစရာစကား မကုန်သေး။

“စဉ်းစားဖို့ကောင်းတဲ့အချက်တွေဟာ အများကြီး ရှိပါတယ် အစ်ကိုကြီး။ ခုအတိုင်းဆိုရင် အစ်ကိုကြီးကလေးဟာ ပထွေးလက်မှာ နေရမယ်။ နောက်တခုက အေးငြိမ်းတို့ဟာ လူဆင်းရဲတွေပါ အစ်ကိုကြီး။ အစ်ကိုကြီးကလေးကို အေးငြိမ်း ဆင်းဆင်းရဲရဲနဲ့ ကျွေးမွေးရရင် အေးငြိမ်း ရင်ကွဲရုံပဲ ရှိမှာပါ အစ်ကိုကြီးရယ်။ နောင်တနေ့ ဒီကလေးကို အစ်ကိုကြီးတွေ့ရင် ဘယ်လိုနေမလဲ။ နောက်ဆုံးတခုက အေးငြိမ်းကို အစ်ကိုကြီး ဒီလောက်ဒုက္ခပေးရရင် ကျေနပ်ပါတော့ အစ်ကိုကြီး။ အေးငြိမ်းသေတဲ့အထိ ဒုက္ခခံစေရမယ့်အဖြစ်မျိုးကိုတော့ အစ်ကိုကြီး မပေးလိုက်စေချင်ပါဘူး”

အမှန်ပင် သည်ကလေးနှင့်ပတ်သက်၍ အေးငြိမ်း စေတနာထားသည်ကို တွေ့ရသောအခါ ထွန်းတင် ရင်ထဲကမချိ။ စိတ်မှာကလည်း တွေဝေရသည်။

အဆုံးကျတော့လည်း ဤပြဿနာသည် မမကေသီဆီသို့ပင် ရောက်ခဲ့ရပြန်သည်။ ပထမတွင် မမကေသီသည် ‘ရှင်းရှင်းလင်းလင်း’ ဟူသော စကားကို ဆိုကာ ထိုပြဿနာ မစဉ်းစားသင့်ဟု ဆိုသေး၏။

ထွန်းတင် ထပ်တလဲလဲ စကားဆိုတော့လည်း သည်ကိစ္စတွင် မမကေသီမှာ ကရုဏာတရား ရှိပါကလား မှတ်ထင်ရလေသည်။

“ကောင်းပြီလေ၊ ဒီကိစ္စကို ကြည့်ပြီး ငါစီစဉ်မယ်”

ဤသို့ဖြင့် အေးငြိမ်းနှင့် ဘဒင်တို့ ဒုံရင်းသို့ ထွက်သွားသည်နှင့် မရှေးမနှောင်းပင် ထွန်းတင်သည် မမကေသီနှင့်အတူ ရန်ကုန်သို့ လိုက်ခဲ့ရသည်။ မကြာမီမှာပင် ထွန်းတင်နှင့် နုနုခင်တို့၏ လက်ထပ်မင်္ဂလာပွဲကြီးကို ရန်ကုန်မြို့ မြို့တော်ခန်းမကြီး၌ မြန်မာနိုင်ငံတွင် အကြီးကျယ်ဆုံးသော မင်္ဂလာပွဲများအနက် တခုအပါအဝင် မင်္ဂလာပွဲကြီးအဖြစ် ဝှဲချီးကျင်းပခဲ့လေ တော့သတည်း။

| ၇ |

 

ညက မိုးရွာထားသောကြောင့် ယနေ့နံနက်ခင်းသည် ပိုမိုသစ်လွင်လန်းဆတ်သော အသွင်ကို ဆောင်နေ၏။

စနေ၊ တနင်္ဂနွေနှစ်ရက်ကို အေးချမ်းစွာ ကျော်လွန်ခဲ့ကြသည် ဖြစ်သောကြောင့် ကလေးတို့သည် လွန်ခဲ့သော သောကြာနေ့က အဖြစ်အပျက်ကို လုံးဝ မေ့ပျောက်သွားကြဟန် ရှိလေသည်။

သို့သော် ကလေးတို့ကို တင်ဆောင်လာသော မော်တော်ကားသည် ကျောင်းဝင်းထဲသို့ ဝင်ခဲ့သည်နှင့် ကိုကိုထွန်း၏ မျက်လုံးအစုံသည် ဈေးဆိုင်တန်းဆီသို့ ရောက်သွား၏။ စိတ်တွင် စနိုးစနောင့် ဖြစ်ရသည်။

ကျောင်းဈေးဆိုင်တန်းတွင် ယခင်က မြမောင်တို့ဆိုင်နေရာသည် ယခု ဟာလာဟင်းလင်း ဖြစ်၍နေပေပြီ။

ညီညီခင်နှင့် နုငယ်ငယ်တို့သည် ကိုကိုထွန်း၏ စိတ်အာရုံလှုပ်ရှားမှုကို မသိလိုက်ကြပေ။

စင်စစ်တော့လည်း ဦးထွန်းတင်သည် အေးငြိမ်းကို စိမ်းကားလိုသည်၊ ရက်စက်လိုသည် ဟူသော စိတ်ထားမျိုး သူ့တွင်မရှိဟု အမြဲယုံကြည်၏။ ထို့ကြောင့်လည်း အေးငြိမ်းကို စွန့်ခွာခဲ့ရသည့် တိုင်အောင် သူ့တွင် အေးငြိမ်းနှင့်ပတ်သက်သော ကရုဏာတရားသည် ခန်းခြောက်သွေ့ပျောက်ခြင်း မရှိခဲ့ဟု နားလည်ထား၏။ သို့သော် အေးငြိမ်းနှင့်ပတ်သက်၍ အရှည်အရှည် မငြိမ်းဖွယ် ပူလောင်နိုင်သော ပြဿနာရပ်များ ရှုပ်ထွေးလာကြမည်ကိုကား စိုးရိမ်သည်။ အထူးသဖြင့် ကိုကိုထွန်း၏ စိတ်သဘောထားကို သူ ကောင်းစွာနားလည်သည်။ မြမောင်နှင့် အေးငြိမ်းတို့ ကျောင်းဝိုင်းတွင်း၌ ရှိနေသမျှ တနေ့နေ့တွင် ကိုကိုထွန်းသည် မြမောင်နှင့် အကျွမ်းတဝင်ဖြစ်မည်၊ မြမောင်အတွက် စေတနာထားသည်၊ ကရုဏာသက်သည်၊ အကူအညီ ပေးလိုသည်ဆိုသော သူ့သဘောထားများကို ဖော်ပြလာပေလိမ့်မည် ဖြစ်၏။ သည်တော့လည်း အေးငြိမ်းနှင့် ပတ်သက်သော ပြဿနာများကို ထိုသူငယ်သည် ဆောင်ကြဉ်းလာပေလိမ့်ဦးမည်။ သည်လို ကိုကိုထွန်းကိုယ်တိုင်က အေးငြိမ်းကို မိမိထံသို့ ဆောင်ယူလာမည် သို့မဟုတ် ပို့ဆောင်လာမည် ဆိုပါက ပြဿနာများမှာလည်း ပိုမိုရှုပ်ထွေး ရင်လေးဖွယ်ရာများ ဖြစ်လာကြနိုင်ပေသည်။ ဒါတွေကို ဦးထွန်းတင် ကြိုတင်နားလည်ရလေသည်။

မည်သို့ဖြစ်စေ၊ မိမိအိမ်သားများနှင့် အေးငြိမ်းတို့တတွေ အလှမ်းကွာနေစေချင်သည်။ စင်စစ် ဤအရေးအခင်းတွင် မိမိနှင့် အေးငြိမ်း နှစ်ဦးတည်းသာ စပ်လျဉ်းသော ပြဿနာမျိုးမျှသာ ဖြစ်ပါမူ ဦးထွန်းတင် ကြီးကြီးကျယ်ကျယ် အရေးထားလိုမည် မဟုတ်ပေ။ သို့သော် မိမိနှင့် အေးငြိမ်းတို့ ကြားတွင် ကိုကိုထွန်း ဝင်လာခြင်းဖြင့် မီးခိုးမဆုံး၊ မိုးမဆုံး အရေးအခင်းများ ပေါ်ပေါက်လာမည် ကိုကား စိုးရိမ်မိလေသည်။

သည်အရေးတွင် အဓိကမှာ ကိုကိုထွန်းပဲဟုဆိုလျှင် ဖြစ်နိုင်သည်။ ကိုကိုထွန်းဆိုသည်ကား ပြဿနာနှင့် ကလေးငယ်ဖြစ်သည်။ သည်လို ကလေးငယ်မျိုးသည် မြမောင်တွင် အစပြုခဲ့သော ပြဿနာကို လွယ်လွယ်နှင့် ပြီးဆုံးစေလိမ့်မည် မဟုတ်သည်ကို ဦးထွန်းတင် မှန်းဆနိုင်ပြီးဖြစ်၏။ ထိုကြောင့်ပင် ဦးထွန်းတင်သည် စနေနေ့က ဘဒင်ကို ရုံးသို့ ခေါ်ယူတွေ့ဆုံပြီး ကျောင်းတွင်း၌ အေးငြိမ်းတို့သားအမိ ဈေးရောင်းနေခြင်းကို တနင်္လာနေ့မှစ၍ ရပ်ဆိုင်းပေးရန် ပြောကြားခဲ့၏။ ထိုသားအမိ ယခုထက် ပိုမိုရင်းနှီးရောင်းချ စားသောက်နိုင်ရန် ရင်းနှီးငွေ ၁ဝဝ ကိုလည်း ထုတ်ပေးခဲ့လေသည်။

ကိုကိုထွန်းအဖို့တော့လည်း သောကြာနေ့က နယ်ပိုင်မင်း၏သားနှင့် ရန်ဖြစ်ခဲ့သော မြမောင်၏ ဈေးဆိုင်ကို ယနေ့ တနင်္လာနေ့တွင် မတွေ့မမြင်ရသည်နှင့် သူ့မှာ တွေးတောစရာအများ ရရှိလာ၏။ မြမောင်ဒဏ်ရာ မသက်သာသောကြောင့် ယနေ့ ဈေးရောင်းမထွက်နိုင်သည်လည်း ဖြစ်နိုင်၏။ ရန်ပွဲကို အကြောင်းပြုပြီး ဆရာကြီးလုပ်သူက မြမောင်တို့ဆိုင်ကို ပိတ်ပင်လိုက်သည် လည်း ဖြစ်နိုင်၏။ မည်သို့ပင်ဖြစ်စေ မြမောင်တို့ ဈေးမထွက်သည့်ကိစ္စကို သူစိတ်ဝင်စားသည်။

သို့သော် မြမောင်တို့နှင့် ဈေးရောင်းဖက်များသည် ထိုနေ့က မြမောင်တို့သားအမိ ဈေးရောင်းပျက်ကွက်ခြင်း အကြောင်းရင်းကို မည်သူမျှ အတိအကျ မပြောနိုင်ကြချေ။

သို့ဖြင့် တရက်နှစ်ရက်ကျော်လွန်လာခဲ့သည့်တိုင်အောင် ကိုကိုထွန်းသည် ထိုပြဿနာကို မေ့ပျောက်မရနိုင်ဘဲ ရှိလေသည်။ သည်မျှကြာမြင့်အောင် သင်းတို့ သားအမိ ဈေးရောင်း ပျက်ကွက်လာပြီ ဆိုတော့လည်း သင်းတို့သားအမိသည် ဤကျောင်းကလေး၏ ဆိုင်တန်းကို အပြီးပိုင် စွန့်ခွာသွားခြင်းဖြစ်မည်ဟူ၍ ထင်ကြေးပေးနိုင်ကြပြီဖြစ်၏။

သည်တော့ ကိုကိုထွန်းသည် မြမောင်ကို ပို၍တွေ့ချင်သည်။ မိမိ၏ညီ၊ ညီမငယ်များကြောင့် သင်းတို့လုပ်ငန်းကလေး ရပ်စဲသွားရသည်ကိုကား မလိုလား။ မည်သို့ဖြစ်စေ ဤကိစ္စကို နုငယ်ငယ် သိသင့်သည်ဟု ကိုကိုထွန်း ယူဆသည်။

ထိုကြောင့်လည်း ကြာသပတေးနေ့ ညနေ ကျောင်းမှအပြန်တွင် မြမောင်၏ပြဿနာသည် ညီအစ်ကို မောင်နှမသုံးယောက်ကြားသို့ ရောက်လာခဲ့ရပြန်သည်။

စင်စစ် ဤကိစ္စသည် ကိုကိုထွန်း တွေးထင်သည့်အတိုင်းမှန်ပါမူ ဤကိစ္စတွင် ညီညီခင်လည်း ဆက်စပ်အကျုံးဝင်နေသည်ကို သူနားလည်၏။ သို့သော် ကိုကိုထွန်းသည် ဤကိစ္စနှင့်ပတ်သက်၍ ညီညီခင်ကို ပြောဆိုတိုင်ပင်လိုခြင်း မရှိပေ။

သို့ပါလျက်

“ငယ်ငယ် ဟိုနေ့က မြမောင်တို့အသုပ်ဆိုင် မထွက်တာ လေးရက် ရှိသွားပြီ၊ အဲဒါ ဆိုင်ပိတ်သွားတာလို့ တခြားဈေးဆိုင်တွေက ပြောကြတယ်”

ဟူသော ကိုကိုထွန်းစကားကို ကြားရသောအခါ နုငယ်ငယ် ဘာမျှ ရုတ်တရက် စကားမပြန်နိုင်သေးပဲ တွေငေးနေစဉ်မှာပင်

“ပိတ်သွားလည်း ကောင်းတာပေါ့ ကိုကို၊ မဟုတ်ရင် ဒီကောင့်ကို ညီညီ ထပ်ပြီး ထိုးချင်ထိုးရဦးမှာ”

ညီညီခင့်စကားက ကြားဖြတ်ဝင်လာသည်။

ငယ်ငယ်ရော ကိုကိုထွန်းပါ ညီညီခင့်ကို မနှစ်မြို့သော အကြည့်မျိုးဖြင့် ကြည့်မိကြသည်။ ညီညီခင်ကမူ မည်သို့မျှ ဂရုမထားဟန်ဖြင့် အရုပ်စာအုပ်ကို ကြည့်နေ၏။ သူ့အဖို့တော့လည်း ဤကိစ္စကို စိတ်ဝင်စားဖွယ် ကိစ္စတရပ်အဖြစ် လက်ခံလိုခြင်း မရှိဟန် တူ၏။

ကိုကိုထွန်းသည် ညီညီခင်ကို ချက်ချင်း လျစ်လျူရှုလိုက်ပြီး

“အဲဒါ သူတို့ဆိုင်ပိတ်ရတယ်ဆိုရင် ကိုကိုတို့ကြောင့်များ ဖြစ်နေမလား မသိဘူး ငယ်ငယ်”

ကိုကိုထွန်း ပြောနေသော စကားအကြောင်းအရာသည် မိမိတို့နှင့် ပတ်သက်နေပါကလားဟု ငယ်ငယ် တွေးတောမိစပြုခိုက်မှာပင်

“သူတို့ဘာသာ ဘာဖြစ်လို့ပိတ်ပိတ်၊ ခုလိုပိတ်သွားတာ မကောင်းဘူးလား။ ဒီကောင်က လူပါးကိုဝတယ်”

ညီညီခင်သည် ကြည့်နေသောစာအုပ်ကို ပိတ်ပြီး ကိုကိုထွန်းဘက်သို့ လှည့်၍ ပြောလိုက်၏။

မော်တော်ကားသည် ထောင်ကြီးအနီးသို့ ရောက်လာခဲ့ပြီဖြစ်သည်။

ဒရိုင်ဘာသည် နောက်ဘက်၌ လိုက်ပါလာသော ကလေးသုံးယောက်၏ ပြဿနာ၌ သူ ဝင်ရောက်စွက်ဖက်သင့် မသင့် စဉ်းစားရင်း လိုက်ပါလာ၏။ သူသည် ဤကလေးသုံးယောက်နှင့် ပေါင်းသင်းလာခဲ့သည်မှာ နှစ်ဝက်နီးပါးရှိပြီ ဖြစ်၏။ ထို့ကြောင့် ထိုကလေးသုံးယောက်၏ စိတ်နေသဘောထားကို သူ ကောင်းစွာ သိသည်ဟု ယုံကြည်သည်။

ပြီး မြမောင်တို့ ဆိုင်ပိတ်ရသည့်ကိစ္စကိုလည်း ဘဒင်ကို ခေါ်ပေးရသည်မှအစ သူ အလုံးစုံ သိရှိထား၏။

ကိုကိုထွန်းအနေနှင့်တော့လည်း ညီညီခင်နှင့်ပတ်သက်၍ မည်သို့မျှ ပြန်လှန် ပြောဆိုခြင်း မပြုလိုလှပေ။ ထိုကြောင့်ပင် ပထမတကြိမ် ညီညီခင် ဝင်ရောက် ပြောဆိုကတည်းက ညီညီခင့် စကားကို လျစ်လျူရှုထားခဲ့၏။ ယခုမူ ညီညီခင့်ကို သူ လွှဲရှောင်မရတော့ဟု နားလည်ရ၏။ ညီညီခင် ပြောလာသော စကားကို သူ လုံးဝမနှစ်သက်။

“ညီညီ ဒီစကားမျိုးမပြောနဲ့၊ ဒီကိစ္စဟာ ညီညီကြောင့် ဖြစ်ရတာ”

“ဘာဆိုင်လို့တုံး၊ တကယ်တော့ ဒီလိုဈေးဆိုင်စုတ်တွေ ကျောင်းမှာ ရောင်းတာကိုပဲ ညီညီ မကြိုက်ဘူး၊ ညီညီသာ ဆရာကြီးဆိုရင် ကျန်တဲ့ဆိုင်တွေကိုပါ ပိတ်ပစ်မှာပဲ”

“ဒီလိုမပြောနဲ့ ညီညီ၊ ညီညီဟာ ပိုက်ဆံမရှိတဲ့လူတွေကို ဘယ်တော့မှ အကောင်းမပြောဘူး၊ အဲဒါ ကိုကိုမကြိုက်ဘူး၊ ဟိုနေ့ကလည်း ညီညီမတရားလုပ်လို့ ခုလိုဖြစ်တာ”

“အဲဒါ ညီညီ မတရားလုပ်တာလား၊ အဲဒီနေ့က ညီညီသာ လက်မမြန်ရင် ညီညီ ခံရမှာကျတော့ ကိုကိုက မပြောဘူး”

“တော်ကွယ် ညီညီ၊ တော်၊ ဒီအကြောင်းတွေကို ကိုကို ညီညီနဲ့ မပြောချင်ဘူး”

ယခုအချိန်အထိ နုငယ်ငယ်သည် တွေတွေကလေး ကြည့်နေဆဲဖြစ်၏။ ကိုကိုထွန်းကိုယ်တိုင် ညီညီခင်နှင့် စကားပြောရသည်ကို စိတ်ညစ်ညူးရကြောင်း သိရသည်နှင့်

“ဟုတ်သားပဲ၊ ကိုကိုညီလုပ်တာ မတရားဘူး”

“လာပြန်ပလား ဒီကောင်မလေး၊ ဟင်း။ ဟိုနေ့ကတည်းက ငါနင့်ကိုပါ ဆော်ချင်နေတာ”

“ညီညီ၊ နင်နဲ့ ငါနဲ့ မပြောရဘူးလို့ မေမေပြောထားတယ် မဟုတ်လား”

ကိုကိုထွန်း စကားကြောင့် ညီညီခင်သည် တိတ်သွား၏။ သို့သော် သူ မကျေနပ်။ ကိုကိုထွန်းကမူ ငယ်ငယ့်ဘက်သို့လှည့်၍

“တကယ်သာ သူတို့ဆိုင်ပိတ်ရတယ် ဆိုရင်တော့ သနားစရာပဲ ငယ်ငယ်၊ အဲဒါ ကိုကိုတို့ကြောင့် ဖြစ်ရတာဆိုရင် ကိုကိုတော့ ဖေဖေ့ကိုပြောမှာပဲ၊ ဆရာကြီးကလည်း ဖေဖေ့ကို မျက်နှာရအောင် မြမောင်တို့ကို ဈေးမရောင်းရဘူးလို့ ပြောချင် ပြောမှာ”

ကိုကိုထွန်းစကားကို ကြားရသောအခါ နုငယ်ငယ် စိတ်ထိခိုက်ရလေပြီ။ နုငယ်ငယ် စိတ်ထိခိုက်ရသည် ဆိုသည်နှင့် မျက်လုံးအိမ်၌ မျက်ရည်စ ရီဝေလာခဲ့ရလေသည်။

“သူတို့ဟာ မရှိဆင်းရဲလို့ ဈေးရောင်းတာပဲဟာ၊ ပြီးတော့လည်း ဟိုနေ့ကဆို သူတို့ပဲ နာတာ မဟုတ်လား။ အထိုးလည်း ခံရသေးတယ်။ ဈေးဆိုင်လည်း ပိတ်ပစ်တယ် ဆိုရင်တော့ မကောင်းဘူးပေါ့၊ ငယ်ငယ်။ ကိုကိုတော့ မြမောင်ကို တွေ့ချင်တယ်၊ ပြီးတော့ သူတို့ ပိတ်ရတဲ့ အကြောင်းကို မေးချင်တယ်၊ ဆရာကြီးက ပိတ်ပစ်တာ ဆိုရင်တော့ ဖေဖေ့ကို ကိုကိုပြောမယ်၊ ငယ်ငယ်လည်း ပြောပါ”

“ပြောမှာပေါ့ ကိုကို၊ ခုဥစ္စာ ငယ်ငယ့်ကြောင့်ဖြစ်ရတာ၊ ငယ်ငယ်လည်း ပြောမယ်၊ အခု အိမ်ရောက်တာနဲ့ ဖေဖေ့ကို ပြောလိုက်မယ်”

“အခုတော့ မပြောနဲ့ဦးလေ၊ တော်တော်ကြာ သူတို့ဘာသာသူတို့ ဆိုင်ပိတ်တာဆိုရင် ကိုကိုတို့ပြောတာ အပိုဖြစ်နေမှာပေါ့”

ကိုကိုထွန်းအနေနှင့်တော့လည်း မြမောင်တို့ ဆိုင်ပိတ်ရသည့်ကိစ္စကိုပင် အလွန် ကြီးကျယ်သော ကိစ္စကြီးပမာ အမှတ်ထားကာ နောက်တနေ့ ကျောင်းသို့ ရောက်သည်နှင့် မြမောင်တို့ နေထိုင်ရာအရပ်ကို စုံစမ်းလေတော့သည်။ စုံစမ်းရပြီ ဆိုသောအခါ ငယ်ငယ့်ကို ဦးစွာ ပြောပြသည်။

နောက်တနေ့သည် စနေနေ့ဖြစ်သည်။

ဦးထွန်းတင်သည် ခပ်စောစောကတည်းကပင် ယနေ့ ကိုကိုထွန်းသည် မြမောင်ကို တွေ့ဆုံရန် ဒုံရင်းသို့ သွားမည်ဆိုသောသတင်းကို ညီညီခင့်ဆီကတဆင့် သိထားပြီးဖြစ်သည်။ သို့သော် ဤကိစ္စနှင့်ပတ်သက်၍ ကိုကိုထွန်းနှင့် မိမိ ရင်မဆိုင်သင့်ဟု ယူဆထားပြီးဖြစ်သည်။ ကိုကိုထွန်းနှင့် ရင်ဆိုင်ရလျှင် ဒေါသ မဖြစ်သင့်ဘဲ ဖြစ်လာရနိုင်သည်ကိုလည်း ဦးထွန်းတင် တွေးတောမိပြီးဖြစ်၏။ မည်သို့ဖြစ်စေ ဤကိစ္စနှင့်ပတ်သက်၍ ကိုကိုထွန်းကို ဦးထွန်းတင် ဒေါသ မဖြစ်လို။ ထိုကြောင့် သူ ရုံးမသွားမီကပင် ကျောင်းပိတ်ရက်များ၌ ကိုကိုထွန်းအား ဘယ်သို့မျှ သွားလာခွင့်မပြုရန် နုကို မှာထားခဲ့၏။

ဒေါ်နုနုခင်ဆိုသည်မှာလည်း သားသမီးများနှင့် ပတ်သက်လျှင် ပါးနပ် ကျင်လည်သော သဘောရှိသည့် မိခင်ဖြစ်သည်။

“မဟုတ်သေးပါဘူး သားရယ်၊ ဒီကိစ္စမှာ သားဖေဖေက သားစိတ်တိုင်းကျ လုပ်ခဲ့ပြီ မဟုတ်လား၊ ကဲ ဒီတော့ မေမေတခုမေးမယ်၊ အခု သားက မြမောင်ဆိုတဲ့ သူငယ့်ဆီကို သွားပါပြီတဲ့၊ အဲဒီသူငယ်က သူတို့ ဈေးဆိုင်ဟာ ဆရာကြီးက တားမြစ်လို့ ပိတ်လိုက်ရတယ်လို့ ပြောပါပြီတဲ့၊ အဲဒီစကားကို သားယုံမလား၊ ဟိုသူငယ်က မဟုတ်တာကို အဟုတ်လုပ်ပြီး မပြောနိုင်ပေဘူးလား”

မိခင်၏စကားကို ကြားရသောအခါ ကိုကိုထွန်းအဖို့ ရုတ်တရက် တွေဝေရသည်။

“ဆရာကြီးက ပိတ်ခိုင်းတာဆိုရင် ဖေဖေ့ကို ပြောမှာပေါ့၊ ဖေဖေက ဆရာကြီးကို ပြောပြီး မြမောင်တို့ ဆိုင်ပြန်ရောင်းခွင့်ပေးတယ်ဆို ဖြစ်တာပဲ”

“ဟုတ်ပါပြီ၊ သားထင်သလို ဆရာကြီးက အပိတ်ခိုင်းလို့ ပိတ်ရတာ ဆိုရင်တော့ ဟုတ်တာပေါ့ သားရဲ့၊ အဲဒီလို မဟုတ်ဘဲနဲ့ ဟိုသူငယ်က လိမ်ပြောမယ်၊ သားက တကယ်ထင်ပြီး ဖေဖေ့ကို ပြောမယ်၊ ဖေဖေကလည်း သားစကားနဲ့ ဆရာကြီးကို ပြောမယ် ဆိုပါတော့၊ ဆရာကြီးက သူအပိတ်မခိုင်းပါဘူးဆိုရင် မခက်ဘူးလား”

ကိုကိုထွန်းသည် မေမေနှင့် ပတ်သက်လျှင်ကား ချစ်လည်းချစ်သည်။ မေမေသည် ဘယ်သောအခါမျှ မမှန်သောစကားကို မဆိုဟုလည်း ယုံကြည်သည်။

ယခုလို မေမေ သာယာညင်းပျောင်း ပြောဆိုတတ်သည်ကိုလည်း နားမှာ အဝင်ချိုသည်ဟု ယူဆသည်။ သည်တော့ မေမေ့စကားကြောင့် သူ့စိတ်မှာ ဇဝေဇဝါ ဖြစ်ရသည်။

“နောက်တခု သားစဉ်းစားဖို့ ရှိသေးတယ်။ အခုလို သူတို့ဘာသာသူတို့ ဆိုင်ပိတ်သွားတာ ကောင်းပါတယ်။ ဒါ မေမေ မတရားပြောတာ မဟုတ်ဘူး။ သား သနားတတ်သလို မေမေလည်း သနားတတ်တာပဲ။ ဒါပေမဲ့ သူတို့မှာ ကျောင်းကို လာပြီး ဈေးရောင်းမှ မဟုတ်ပါဘူး။ တခြားမှာ ရောင်းလည်း ရောင်းရပါတယ်။ တကယ်လို့ ကျောင်းမှာသာ ဆက်ပြီးရောင်းမယ်ဆိုရင် ဟိုသူငယ် မြမောင်ဆိုတာနဲ့ ညီညီတို့ ရန်စက အေးချင်မှအေးမယ်။ ညီညီနဲ့ အဲဒီသူငယ် ဒီတခါထပ်ပြီး ရန်ဖြစ်ဦးမယ်ဆိုရင်ကော ကောင်းမလား”

ဒေါ်နုနုခင်သည် မြမောင်တို့ ဆိုင်ပိတ်ရသည်နှင့်ပတ်သက်၍ ဦးထွန်းတင်ဆီက သိရသမျှကို တဆင့်ရှင်းပြလိုက်၏။

သည်တော့လည်း ကိုကိုထွန်းသည် အမှန်တကယ်ပင် ညီညီခင်နှင့်မြမောင်တို့ နောက်တကြိမ် ရန်ဖြစ်နိုင်သည်ကို တွေးတောပူပန်ရပြန်၏။

သို့ပေမဲ့ သူ့စိတ်မှာက မပြတ်သား။ မေမေပြောဆိုသော အကြောင်းအချက်များသည် လက်ခံနိုင်သော အကြောင်းအချက်များဟု သူ ယုံကြည်မိသည်။ မြမောင်ကိုတော့လည်း သူတွေ့ချင်သည်။

စင်စစ် ဤကိစ္စမှာ သူ့အဖို့ လွယ်ကူသောကိစ္စတရပ် မဟုတ်သည်ကို သိ၏။ သူ့အနေနှင့် ဒုံရင်းသည် ဤမြို့နှင့် မလှမ်းမကမ်းမှာသာ ရှိသည်ဟု သိသည်။ သို့သော် သူရောက်ဖူးသောအရပ် မဟုတ်ပေ။ မြို့ထဲသို့ သွားလာသည်ကိုပင် အိမ်က ကားနှင့်သာ သွားလာခဲ့ရသော ကလေးငယ်များ အဖို့ မြို့စွန်သို့ မိမိချည်းသာ သွားလာမည် ဆိုခြင်းမှာ မိဘများအနေနှင့် လိုက်လျောနိုင်သော ကိစ္စတရပ် မဟုတ်သည်ကိုလည်း သူသိ၏။ အထူးသဖြင့် ဤကိစ္စမျိုးကို ဖခင်သည် မည်သည့် အကြောင်းမျိုးနှင့်မျှ ခွင့်လွှတ်မည် မဟုတ်သည်ကိုလည်း နားလည်၏။ ထို့ကြောင့်ပင် ကိုကိုထွန်းသည် မနေ့ကတည်းက အတန်းထဲမှ သူငယ်ချင်းတယောက်ကို အဖော်လာဖို့ ဖိတ်ခေါ် မှာကြားထားခဲ့ပြီး ဖြစ်၏။

“ဒါဖြင့်ရင်လည်း ကိုထွန်း အဲဒီအကြောင်းတွေကို မပြောဘူးလေ၊ ကိုထွန်း မြမောင်ကို သနားတယ်၊ ညီညီထိုးလို့ သူ့မျက်နှာက အနာတွေ ဘယ်လိုနေသလဲ ဆိုတာလောက်တော့ သွားကြည့်ချင်တယ်”

“အိုကွယ်၊ ဒါကလည်း ကြီးကျယ်တာမှ မဟုတ်တာ၊ နောက်ပြီး သားတို့ ဖေဖေအနေနဲ့က သားတို့ ဟိုဟိုဒီဒီသွားတာကို မကြိုက်ဘူး မဟုတ်လား”

“ကိုထွန်းမှာ အဖော်ပါပါတယ် မေမေ၊ အဲဒါ ကိုထွန်းသူငယ်ချင်း လှမြင့်ကို မှာထားတာ၊ သူလာခေါ်ရင် အားနာစရာဖြစ်မှာပေါ့ မေမေ”

“ကိစ္စမရှိပါဘူးကွယ်။ သားသူငယ်ချင်းလာတော့ မေမေ ကြည့်ပြောလိုက်မယ်။ မဟုတ်ဘူးလား သား။ ဪ ဒါထက် ကိုထွန်းကို မေမေ ပြောဖို့တောင် မေ့နေတယ်။ ကနေ့ မေမေလေ သားကြိုက်တတ်တယ်ဆိုလို့ မုန့်ဟင်းခါးလက်သုပ်တောင် လုပ်ထားတယ်။ သမီးကလည်း ကြိုက်တယ်မဟုတ်လား။ သားသူငယ်ချင်း လာရင် သူ့ကိုလည်း ကျွေးရတာပေါ့။ နောက်တခုလည်း မေမေ ပြောရဦးမယ်။ အဲဒီစကားကိုတော့ မေမေ မပြောဘူးနေမလို့ပါ။ သား စိတ်မကောင်းမှာစိုးလို့။ ဖေဖေက ခုလို သား လူတကာတွေနဲ့ လျှောက်ပြီး ပေါင်းသင်းနေတာ သား ဟိုဟိုဒီဒီ သွားချင်တာကို မကြိုက်ဘူး။ ဒါပေမဲ့ ဖေဖေဟာ သားတွေသမီးတွေကို ဆူချင်ပူချင်တာ မဟုတ်ဘူးဆိုတာ သားလည်း အသိသားပဲ။ အဲဒါ ခုကျောင်းဖွင့်တော့လည်း သားဟာ အသက်ကြီးလာပြီ။ အပေါင်းအသင်းလည်း များလွန်းတယ်။ အထူးသဖြင့် အတန်းကြီးသားတွေနဲ့ ပေါင်းလွန်းတယ်ဆိုပြီး သားအတွက် ဖေဖေ အတော်ပဲ စိတ်မကောင်းဖြစ်နေတာ။ အဲဒါ သားကို မမကေသီဆီ ပို့ပါမယ် တကဲကဲနဲ့ မေမေ အတော်ကြီး တားထားရတယ် သားရဲ့”

သည်စကားကို ကြားရသောအခါ ကိုကိုထွန်း အမှန်ပင် တုန်လှုပ်သည်။

စင်စစ် မိမိဘဝသည်လည်းကောင်း၊ ညီညီတို့ ငယ်ငယ်တို့ဘဝသည်လည်းကောင်း အန်တီ၏ မျက်စိအောက်တွင် ကြီးပြင်းခဲ့ကြရသည်ဖြစ်သောကြောင့် အန်တီနှင့် မိမိတို့ ညီအစ်ကိုမောင်နှမ သံယောဇဉ် ရှိကြသည်ကို ကိုကိုထွန်းသိသည်။ သည်မောင်နှမတွေထဲမှာ အန်တီသည် ကိုကိုထွန်းကို အချစ်ပိုခဲ့ဟန်ရှိလေသည်။ မကြာမီက ဖေဖေ မြိုင်သာယာသို့ ပြောင်းလာမည်ပြုစဉ်ကပင် အန်တီသည် မိမိကို သူနှင့်အတူ နေထိုင်ကျန်ရစ်ခဲ့ရန် ပြောဆိုခဲ့သေး၏။ ထို့ကြောင့် အန်တီနှင့် သွားရောက်နေထိုင်ရမည်ကို ဝန်မလေးသင့်ဟု ကိုကိုထွန်း ယူဆနိုင်၏။ သို့သော် ဟိုစဉ်ကပင် ဖေဖေကိုယ်တိုင် မိမိအား အန်တီနှင့် အတူနေခဲ့ဖို့ စီစဉ်သောအခါ ပထမဆုံး မျက်ရည်ကျရသည်မှာ ငယ်ငယ်။ မိမိနှင့်ခွဲခွာရမည်ကို ဒုတိယမလိုလားသူကား မေမေ။ တကယ်တမ်းကျတော့ မိမိကိုယ်တိုင်ပင်လျှင် သည်မိ သည်ဖ၊ သည်ညီ သည်ညီမတွေနှင့် ခွဲခွာရမည်ကိုကား မလိုလားနိုင်ပေ။ ထို့ကြောင့် အန်တီနှင့် သွားရောက်နေထိုင်ရမည်ကို ဝန်မလေးစေကာမူ သည်မိသားစုနှင့် ခွဲခွာရမည်ဆိုခြင်းကိုကား ကိုကိုထွန်း တုန်လှုပ်သည်။

မည်သို့ဖြစ်စေ ဦးထွန်းတင်အနေနှင့်တော့လည်း ကိုကိုထွန်းကို မမကေသီထံသို့ ပို့သင့်သည် ဟု လွန်ခဲ့သောအချိန်များကတည်းကပင် ဆုံးဖြတ်ခဲ့ပြီး ဖြစ်လေသည်။ သို့သော် ကိုကိုထွန်းနှင့် ခွဲခွာရခြင်းအတွက် တအိမ်လုံး စိတ်မချမ်းမြေ့စရာ ဖြစ်ရမည့် အမှုကိစ္စများကိုကား ဦးထွန်းတင် မဆောင်ရွက်လိုပေ။ အထူးသဖြင့် ကိုကိုထွန်းကို မမကေသီထံ ပို့မည်ဆိုတိုင်း ရှေ့မှနေ၍ တားဆီးတတ်သူကား နု။ နုကိုယ်တိုင်က ကိုကိုထွန်းကို ကလေးငယ်တယောက် သဘောထားကာ တခြားတပါး ပို့ထားရမည့်အတွက် ဝန်လေးသည် ဆိုတော့လည်း ကိုကိုထွန်းကို မမကေသီထံသို့ မပို့ဖြစ်ခဲ့။

သည်သားနှင့် သည်မယားတို့၏ အဖြစ်ကိုတွေးမိတိုင်း ပထမတွင် ရင်ထဲမှာ နွေးသည်။ နောက်တော့ လေးလံသည်။ ထိုကြောင့် ဦးထွန်းတင်သည် သည်သားနှင့် သည်မယားတို့၏အဖြစ်ကို တွေးရမည့်အတွက် ဝန်လေးသည်။ ချစ်သောဇနီးနု ကိုယ်တိုင်က သားနှင့်ပတ်သက်၍ ဘာကိုမျှ ပြန်လည် အောက်မေ့သတိရခြင်း မရှိဘဲသကဲ့သို့ နေနိုင်စွမ်းသည် ဆိုသောအခါ မိမိသည်လည်း နုကဲ့သို့ပင် ပြန်လည် အောက်မေ့သတိရဖွယ် ဟူသမျှကို မေ့ဖျောက်ထားခဲ့၏။ ထိုသတိရ အောက်မေ့ဖွယ်တို့ လိုက်လာပါမူကား လွတ်အောင်သာ ထွက်ပြေးရမြဲ ဖြစ်၏။

ယခုမူ မယားနှင့် သားတို့အပြင် မမကေသီပါ လိုက်လာခဲ့ပြန်သည်။ မမကေသီထံမှ လွတ်မြောက်အောင် ရုန်းထွက်ခြင်းငှာ ဦးထွန်းတင် မစွမ်း။

စင်စစ် မမကေသီဆိုသည်မှာ ဇာတ်ဆရာ။

မမကေသီသည် ဇာတ်ညွှန်းတခုကို ကိုယ်တိုင် စီစဉ်ရေးသားတတ်သည်။ ကိုယ်တိုင် ညွှန်ကြားသည်။ ကိုယ်တိုင်လည်း ပါဝင်ကပြတတ်၏။

ထွန်းတင်အဖို့တော့လည်း နုနုခင်နှင့် လက်ထပ်ရသောနေ့တွင် အလုံးစုံသော စိတ်နှလုံး နောက်ကျုဖွယ်ရာဟူသမျှကို မေ့လျော့သည်။ တမ်းတဖွယ်သော အေးငြိမ်းကိုလည်း မေ့သည်။ ယုတ်စွအဆုံး မိမိကိုယ်တိုင် မမကေသီစီစဉ်သော မမကေသီ ညွှန်ကြားသော ဇာတ်လမ်းတွင် ပါဝင်ကပြနေရသည့် ဇာတ်ကောင်တကောင်ပါကလား ဟူသောအချက်ကိုပင် မေ့လျော့နေ၏။

ထိုကြောင့် နုနှင့် မင်္ဂလာဆောင်ခဲ့သောနေ့က မင်္ဂလာပွဲမှ ပြန်အလာ လမ်းတွင် မမကေသီ ပြောလာသော စကားကို ရုတ်တရက် နားမလည်။ မမကေသီ၏ စကားအဓိပ္ပာယ်ကို သိနိုင်မည်လား ဟူသောအထင်ဖြင့် မမကေသီ၏ မျက်နှာပြင်တွင် စကားလုံးများ၏ ခက်ဆစ်အဓိပ္ပာယ်ကို ရှာဖွေမိသေးသည်။ သည်တော့ သိသယောင်ယောင် အထင်ရောက်သည်။ ထိုအထင်အမြင်ဖြင့် မမကေသီကို ထေ့ပြုံး ပြုံးလျက် လှောင်ကြည့်ကြည့်ရင်း

“ဘာလဲ မမကေသီ၊ မမကေသီရဲ့ကျေးဇူးကို မမေ့သင့်ဘူးလို့ အခု မမကေသီ ပြောတယ်။ တကယ်တော့ ကျွန်တော်ဟာ မမကေသီရဲ့ကျေးဇူးကို ဘယ်အခါကမှ မမေ့ပါဘူး။ ကဲ ဆိုစမ်းပါဦး မမကေသီ။ မမကေသီကို ကျေးဇူး ဆပ်ရမယ်ဆိုတယ် မဟုတ်လား။ မမကေသီမှာ တွေ့ထားပြီးသား လူ ရှိနေလို့လား”

ထွန်းတင်အနေနှင့်တော့လည်း မမကေသီထံမှ ကျေးဇူးတုံ့ပြန်သင့်သည် ဟူသောစကားကို ယခုအခါမျိုးတွင် ကြားရခြင်းနှင့်ပတ်သက်၍ မမကေသီလည်း လက်ထပ်တော့မည့်အသွင်သဘော ပြသည်ဟု မှတ်ယူခဲ့မိခြင်း ဖြစ်၏။

သည်အခါမှာ နုကအစ မမကေသီကို ကြည်နူးသောအပြုံးနှင့် စူးစိုက်ကြည့်၏။

“အလို၊ ငါ့မောင်က မမ ဘာပြောနေတယ်၊ ဘာဆိုချင်တယ်ဆိုတာ မသိသေးဘူး ထင်ပါရဲ့”

မမကေသီသည် သူ့စကားကို အလေးအနက်ထားပြီး ပြောနေ၏။

“ဘာလဲ မမကေသီ၊ ကဲ မမကေသီကို နုတို့က ဘယ်လိုကျေးဇူးဆပ်ရမှာလဲ”

ဒေါ်ကေသီသည် နုဘက်သို့လှည့်ပြီး စူးစိုက်ကြည့်ရင်းက

“ဘယ်လိုဆပ်ရမယ်ဆိုတော့ နုနုဆပ်နိုင်မှာလား”

“ဘာလို့မဆပ်နိုင်ရမှာလဲ မမကေသီ”

ယခုအခါ စကားလမ်းသည် မမကေသီနှင့် နုတို့အကြားသို့ ရောက်ရှိနေပေပြီ။ ထွန်းတင်သည် ဘာမျှနားမလည်။

“စဉ်းစဉ်းစားစားလည်းပြော ငါ့ညီမ၊ တော်တော်ကြာမှ လင်ရော၊ မယားရော မျက်နှာ ပျက်မနေကြနဲ့နော်”

“ဘာပျက်စရာရှိသလဲ၊ မမကေသီအတွက်ဆို နုတို့ အစွမ်းကုန် လုပ်ပေးရမှာပဲဟာ”

ဒေါ်ကေသီသည် နုနုခင်နှင့် ထွန်းတင်တို့၏မျက်နှာကို တပြန်စီကြည့်ရင်း အခြား အကြောင်းအရာတရပ်ကို ဆက်လက် တွေးတောနေ၏။ သူ့နှုတ်ခမ်းအစုံတွင် ပြုံးရိပ်သည် သမ်းလာ၏။

သတို့သားနှင့် သတို့သမီးကို တင်ဆောင်လာသောကားသည် မင်္ဂလာအိမ်သို့ ရောက်လုနီးပေပြီ။

“ဒါဖြင့် ငါ့မောင်ရော၊ ငါ့ညီမပါ သေသေချာချာ နားထောင်နော်၊ တခြားတော့ မဟုတ်ပါဘူး၊ မမမှာက တယောက်တည်းသမား မဟုတ်လား၊ ဒီတော့ ငါ့မောင်တို့ ငါ့ညီမတို့ရဲ့သားဦးကို မမမွေးစားဖို့ ပေးရမယ်ဆိုရင် ပေးနိုင်ပါ့မလား”

ဒေါ်ကေသီ အတည်ပေါက်ပြောသည် မပြောသည်ကို အကဲဖမ်း၍ မရနိုင်ပေ။ သူ့မျက်နှာမှာ ကျေနပ်ပြုံးနှင့်။ ထွန်းတင်အဖို့တော့လည်း သည်တော့မှပင် စောစောပိုင်းက တိုက်ထားသော ဇာတ်ကွက်ကို ပြန်လည်သတိရမိ၏။

မြိုင်သာယာမှ ထွက်ခွာလာခဲ့စဉ် လမ်းခရီး၌ မမကေသီသည် အေးငြိမ်း၏ ရင်သွေးနှင့် ပတ်သက်၍ ကြာမြင့်စွာ စဉ်းစားလိုက်ပါလာခဲ့ရပြီး

“ဒါဖြင့် ဒီလိုလုပ် ငါ့မောင်၊ မင်းနဲ့ နုနုနဲ့ လက်ထပ်ပြီးလို့ မြိုင်သာယာ အပြန်မှာ ငါ့မောင်ကို ငါ တခုမှာလိုက်မယ်၊ အကြောင်းကတော့ မမ ကလေးတယောက်လောက် မွေးစားချင်တယ်ဆိုတဲ့ အကြောင်းပဲ၊ ဒီတော့ ငါ့မောင်က အေးငြိမ်း ကလေးရလာတာနဲ့ မမမွေးစားဖို့ တောက မထင်မရှား ရလာဟန်အဖြစ် ယူလာခဲ့။ ပြီးတော့ မမဆီကို အကြောင်းကြားလိုက်”

ရုတ်တရက် ပြောလာခဲ့၏။

ထိုစဉ်က ထွန်းတင်သည် မမစကားကို အံ့ဩဒွိဟ ဖြစ်ရသေးသည်။

“ဖြစ်ပါ့မလား မမကေသီရယ်”

“ဘာလို့မဖြစ်ရမှာလဲ ငါ့မောင်ရ၊ ဒီကလေး လူမှန်းမသိခင် မွေးစားမယ့်ဥစ္စာ၊ အေး၊ တခုတော့ ရှိတယ်၊ အေးငြိမ်းကိုတော့ နောင်အခါ ဒီကလေးနဲ့ ပတ်သက်ပြီး ဘာမှ အရှုပ်အရှင်း မဖြစ်စေနဲ့”

ထွန်းတင် သဘောမပေါက်နိုင်သေးပေ။ သို့သော် မမစီစဉ်သော ဇာတ်ကို သူ ကပြရပေမည်။

ယခုတော့လည်း မမပြောဆိုနေသော စကားများမှာ မူလကတိုက်ထားသော ဇာတ်လမ်းနှင့် အနည်းငယ် ကွဲလွဲနေသည့်အတွက် ထွန်းတင် ကြောင်အအ ဖြစ်နေရသေး၏။ ဤသည်ပင်လျှင် မမကေသီ၏ ထူးခြားတတ်စွမ်းသော အရည်အချင်းပါတကားဟု ဆင်ခြင်မိသောအခါ

“ဘာလဲ၊ မမက ကလေးမွေးစားချင်လို့လား”

“ဒါပေါ့ဟဲ့၊ ငါ့မှာက တယောက်တည်းသမား မဟုတ်လား၊ ဒီတော့ ဝမ်းမနာ သားကလေး သမီးကလေး တယောက်လောက် မွေးစားရမလားလို့”

“မမက ကျွန်တော်တို့ကလေးကိုမှ မွေးစားချင်တာလား”

“ဒီလိုလည်း မဟုတ်ပါဘူးဟယ်၊ ပြောမယ့်သာ ပြောရတာပါ၊ ကိုယ့်မောင်ရဲ့ကလေး ဆိုတာကတော့ ကိုယ့်တူ ကိုယ့်သားပဲဥစ္စာ၊ မွေးစားလို့ကော ဘာအကြောင်းထူးမှာမှတ်လို့”

“ဒါဖြင့်ရင် တခြားက ရရင် မမ မွေးစားမယ်ပေါ့ ဟုတ်လား”

“လူမှန်းသူမှန်း မသိတတ်တဲ့ အရွယ်မျိုးရရင်တော့ မွေးစားချင်သားပဲ”

“မမ အဆင်းရဲခံနိုင်ပါ့မလား”

“အမယ်လေး ငထွန်းရယ်၊ နင့်တယောက်လုံးကိုတောင် ကြီးပြင်းလာအောင် မွေးခဲ့ပြီးမှ အဆန်းလုပ်မနေပါနဲ့ဟယ်၊ နေစမ်းပါဦး၊ ငါ့မောင်က ဒီစကားတွေ ပြောလာအောင် ကလေး ရှာပေးနိုင်လို့လား”

“ရှာစရာ မလိုဘူး မမ၊ ကျွန်တော်တို့ တောသွားရင် ဆင်းရဲတဲ့ မိဘသားသမီးတွေ မိဘမဲ့ကလေးတွေကို တွေ့နေရတာပဲဥစ္စာ၊ အဲဒီလိုထဲက တယောက်ယောက်ကို ယူမွေးစားရင် ရတာပေါ့”

“ဒီလိုဆိုရင်လည်း ငါ့မောင် ရှာကြည့်စမ်းပါ၊ မိဘမရှိတဲ့ ကလေးဆိုရင်တော့ ပိုကောင်းတာပေါ့ကွယ်”

နုနုခင်သည် ထိုအပျိုကြီးကို ယခုတကြိမ်တွင် အလွန်အမင်း အံ့သြရလေတော့သည်။ သည်မှာ ဇာတ်ကနေပါကလားဟူ၍ကား နည်းနည်းကလေးမျှ မရိပ်စားမိ။ ကုန်ကုန်ပြောရလျှင် ထိုအပျိုကြီး၏ ဇာတ်လမ်း၌ မိမိကိုယ်တိုင် ပါဝင်ကပြနေရပါကလားဟူသော အဖြစ်ကိုလည်း နုနုခင် သတိထားမိခြင်း မရှိပေ။

ထိုအပျိုကြီး၏ စကားကိုလည်း နုနုခင် အစွဲအမှတ် မထားခဲ့။

စင်စစ် မြိုင်သာယာသည် ခရိုင်မြို့တမြို့ဖြစ်သော်လည်း ခြောက်သွေ့ ငြီးငွေ့သောအသွင်ကို ဆောင်သည်ဟု နုနုခင်ထင်သည်။ အထူးသဖြင့် အုပ်ချုပ်ရေးအရာရှိပိုင်းနေသော ရပ်ကွက်သည် မြို့ပြင်ကျ၍ အေးချမ်းဆိတ်ငြိမ်သည် မှန်ပါ၏။ သို့သော် ထိုအေးချမ်းဆိတ်ငြိမ်သော ရပ်ကွက်တွင် နုနုခင်သည် အိမ်ကြီးထက်၌ တကိုယ်တည်းလိုလို နေခဲ့ရသော နေ့ရက်များစွာကို ကျော်လွန်ခဲ့သည် နှင့် ပျင်းရိငြီးငွေ့လာသည်မှာ အမှန်ပင်။

အိမ်မှာ ကိုကို အမြဲရှိနေသည်ဆိုလျှင် များစွာ မထောင်းတာလှ။ ကိုကို ရုံးသွားပြီဆိုသောအခါ ကိုကို့ကို ကားပေါ်အထိ လိုက်ပို့သည်။ ကိုကို့ကား မျက်စိအောက်မှ ပျောက်သည်အထိ ငေးမောရသည်။ ကိုကို့ကား မျက်စိအောက်မှ ပျောက်ကွယ်သွားပြီဆိုသောအခါ ရင်ထဲမှာ လွတ်ဟာ၍ ကျန်ရစ်ခဲ့ရ၏။ တခါတရံ နေ့ခင်းမှာ ကိုကို ပြန်လာတတ်သည်မှန်၏။ သို့ပေမဲ့ တနေ့တာလုံးလိုလို စိတ်အာရုံသည် ခိုနားရာ ကင်းမဲ့လွန်းသည်။ နေ့ခင်းဆိုလျှင် ဤအိမ်ကြီး တခုလုံးသည် လူသူကင်းမဲ့သော အဆောက်အအုံကြီးတခုလိုပင် ခြောက်သွေ့သည်။ တခြား မင်းကတော်တွေလို စုဝေးဖဲကစားမည်၊ ဟိုသည်စသည်ဖြင့် တပါးသူတွေအကြောင်း ပြောမည် ဆိုလျှင် စိတ်အာရုံကို ခိုနားစရာပေးနိုင်မည် ဖြစ်ကောင်းဖြစ်မည် မှန်သော်လည်း နုနုခင် သည်လိုအလုပ်မျိုးကို စက်ဆုပ်တတ်သည်။

“နောက်တော့လည်း သားတွေသမီးတွေနဲ့ ပျော်စရာကြီးဖြစ်လာမှာပေါ့ နုရယ်”

ဟူသော ကိုကို့စကားကို ကြားရတော့ စိတ်ကူးယဉ်အတွေးနှင့် ကိုယ့်ကိုယ်ကိုယ် ကျေနပ်သည်။

သည်သဘောကို နု နားလည်သည်။ မိန်းမသားတယောက်အနေနှင့် မိမိပိုင်ဆိုင်သော ဘဝဆိုသည်မှာလည်း ဤသို့သာလျှင် ဖြစ်သင့်သည်ဟု နု ယူဆထားပြီးဖြစ်သည်။ အိမ်ထောင် ပြုသည်နှင့် လင်ကို မည်သို့ပြုစုရမည်၊ သားကို မည်သို့ စောင့်ရှောက်ရမည် ဆိုသည်တို့ကို မေမေသည် တိုးတိုးတိတ်တိတ် သင်ကြားလိုက်ပြီး ဖြစ်သည်။ သားသမီးဆိုသည်ကား မိဘ၏ရတနာ၊ အိမ်ထောင်၏ ရသာထူးဟူသော အယူအဆမျိုးကိုလည်း နု သဘောပေါက်သည်။

သည်တော့ ဤပျင်းရိငြီးငွေ့ဖွယ်သော အိမ်ကြီးသည် မကြာမီအတွင်းမှာပင် စိုပြည်သာယာခြင်းဖြင့် ပြည့်စုံလာမည်ဟု မျှော်လင့်ခဲ့ရ၏။

ဤသို့ဖြင့် တခါတရံ ကိုကို တောသွားသည်နှင့် သည်အိမ်ကြီးမှာ အိမ်ဖော်များကိုသာ အဖော်ပြု၍ တပတ်နှစ်ပတ်နေရသည့် အဖြစ်မျိုးကို ကြုံလာရသည်။ သည်အခါတွေမှာ ကိုကို့ကို ပိုပြီးလွမ်းလာသည်ထင်၏။ ကိုကို မရှိနှင့်ဦး။ ကိုကို့ကိုယ်စား တဦးဦးတော့ ရှိကောင်းပေသည်။

ဤသို့ဖြင့် လေးငါးခြောက်လသာ ကြာမြင့်ခဲ့သည်။ သားသမီးရတနာ ရနိုင်ဖို့ လမ်းစသည် မပေါ်လာ။ ခုနစ်လ ရှစ်လမှာ ကိုကိုက ကျွမ်းကျင်သော ဆရာဝန်တယောက်ကို အိမ်သို့ ခေါ်လာပြီး စစ်ဆေးစုံစမ်းစေသည်။ ဆရာဝန်သည် အားတက်လောက်ဖွယ်သော အဖြေကို မပေး။ ကိုးလ၊ ဆယ်လ အချိန်တွေသာ ကုန်ခဲ့သည်။ ဤအိမ်ကြီးသည် ခြောက်သွေ့မြဲ ခြောက်သွေ့နေခဲ့၏။

ယခုတကြိမ် ကိုကို တောမှပြန်လာသောအခါ နုစိတ်ကို လှုပ်ရှားစေသော အဖြစ်အပျက်တရပ် ပေါ်ပေါက်လာခဲ့လေသည်။ စင်စစ်တော့လည်း ဤအဖြစ်အပျက်သည် နုစိတ်ကို အမှန်တကယ် လှုပ်ရှားခြင်း ဖြစ်လိမ့်မည်ဟုလည်း ကိုကိုကိုယ်၌က တွေးထင်မျှော်လင့်ထားခြင်း မရှိပေ။ ဤအဖြစ်အပျက်မှာလည်း မမကေသီ စီစဉ်သောဇာတ်လမ်း၏ တစိတ်တဒေသသာ ဖြစ်ပေသည်။ ထိုဇာတ်လမ်း၌ နု ပါဝင်ခြင်း မရှိပေ။ အမှန်အားဖြင့် နုသည် ပွဲကြည့်ပရိသတ်တဦးသာလျှင် ဖြစ်သင့်လေသည်။ ထို့ကြောင့်လည်း

“မမအတွက် ကလေးတယောက်တော့ တွေ့ခဲ့ပြီ နု၊ အဲဒါ ကနေ့ပဲ မမဆီကို စာရေးဖို့လိုမယ်”

ကိုကိုသည် ထိုစကားကို ခပ်ပေါ့ပေါ့ပြောလိုက်ခြင်း ဖြစ်၏။

“ဘာပြောတယ် ကိုကို၊ မမဖို့ ကလေး ဟုတ်လား”

နုကိုယ်တိုင် စိတ်ဝင်စားနေသည်ဟူ၍ ကိုကို မရိပ်မိ။

“ဟုတ်တယ်လေ၊ ကိုကိုတို့ ဒီမလာခင် မှာလိုက်တယ် မဟုတ်လား၊ မမက ကလေး လိုချင်တယ် ဆိုတာ”

“ဘယ်က ကလေးလဲ ကိုကို၊ ဘယ်မှာလဲဟင်”

နုကိုယ်တိုင် စိတ်အားထက်သန်စွာ ပြောနေခြင်းအတွက် ကိုကိုသည် နုအကဲကို ဖမ်းမိအောင် ကြိုးစားကြည့်၏။ သို့သော် နု စိတ်လှုပ်ရှားနေပြီဟု မထင်သေး။

“ဟို သဲတောဆိုတဲ့ ရွာကပါ၊ ကလေးက အဖေလည်း မရှိ၊ အမေလည်း မရှိဘူး”

“ဘယ်အရွယ်လဲ ကိုကို”

“လေးငါးခြောက်လပဲ ရှိဦးမပေါ့”

“ဟင်၊ သနားစရာပါလား ကိုကိုရယ်၊ ကလေးက ယောက်ျားလေးလား မိန်းကလေးလား”

“ယောက်ျားကလေး၊ မအေကလည်း လွန်ခဲ့တဲ့တလလောက်ကပဲ ဆုံးသွားသတဲ့၊ ကိုကိုတောင် ကလေးဖို့ဆိုပြီး ပိုက်ဆံပေးခဲ့သေးတယ်၊ ဒီကလေးမှာက ဆွေမျိုးသားချင်းလည်း မရှိဘူး။ ခုလောလောဆယ်တော့ သူကြီးဆီမှာပဲ ထားခဲ့တယ်၊ မမရောက်လာမယ့် အချိန်လောက်ကျမှ ကလေးကို ဒီကနေပြီး အယူလွှတ်မလို့”

“တခါတည်းပဲ ခေါ်ခဲ့ရောပေါ့ ကိုကိုရယ်”

“တခါတည်း ခေါ်လာလို့ နုမှာ”

“အို နုမှာ ဘာမှဒုက္ခမပိုပါဘူး၊ တကယ်ဆို ဒီအချိန်မှာ နုလည်း ကလေးတယောက်ကို ပြုစုနေရမယ့်အချိန်ပဲ ဥစ္စာ”

အဆုံးကျတော့လည်း နုကိုယ်တိုင် သည်ကလေးကို စိတ်ဝင်စားလွန်းနေသည့်အတွက် ကိုကို့စိတ်မှာ စနိုးစနောင့် ဖြစ်ရသေးသည်။ သို့သော် နုကိုယ်တိုင်က ထိုကလေးကို ယူဖို့ တဖွဖွ ပြောလာတော့လည်း အေးငြိမ်းထံက ကလေးကို အယူလွှတ်ရသည်။

သည်ကလေး အိမ်ရောက်ပြီဆိုသောအခါ နုမှာ တကယ်ပဲ ရတနာအိုးတွေ တူးဖော် ရရှိသူလိုပင် ကြည်နူးမဆုံးနိုင်။

ကိုကို့စိတ်မှာက အနေမဖြောင့်။

မမကေသီ ရောက်လာတော့လည်း မမကေသီကိုယ်တိုင် သူ စီစဉ်သောဇာတ်လမ်း၌ မူလက ပါဝင်ခြင်း မရှိသော သူညွှန်ကြား သင်ပြထားခြင်း မရှိသော ဇာတ်ဆောင်တဦး ပါဝင်ကပြလာခြင်း အတွက် လွန်မင်းစွာ အံ့သြရလေတော့သည်။

“မမမှာက ကျောင်းတက်နေရတော့ ကလေးကို ဂရုစိုက်ဖို့ အချိန်လည်း ရမှာမဟုတ်ဘူး၊ တာဝန်ပိုလာမှာပဲ၊ နုမှာက ဒီအိမ်မှာ အလုပ်လည်း ရှိတာမဟုတ်ဘူး၊ ကလေးကလည်း ငယ်ပါသေးတယ်၊ ဒီတော့ နုတို့နဲ့ပဲ အတူထားပါ မမရယ်၊ အိမ်မှာ ကလေးရှိတော့ နုလည်း အပျင်းပြေမယ်၊ နုတို့လည်း ကလေး မြန်မြန်ရလွယ်မယ် မဟုတ်ဘူးလားဟင်၊ ကလေးကြီးလာတော့ မမ ခေါ်ချင်ခေါ်ပါ၊ အဲဒီတော့လည်း နုတို့ကလေးက မမကလေးပဲပေါ့၊ ဟုတ်ဘူးလား ကိုကို”

ကိုကိုရော မမကေသီပါ လွယ်လွယ်နှင့် စကားပြန် မပေးနိုင်လောက်အောင် ကြုံရလေတော့သည်။

အဆုံးကျတော့လည်း မမကေသီအဖို့ လက်လျှော့ရန် မခဲယဉ်းသောအခြေသို့ ရောက်ခဲ့ရလေသည်။

ထိုကြောင့်ပင် မြမောင်နှင့်ပတ်သက်၍ ကိုကိုထွန်း အတွယ်အတာ ရှိလွန်းနေသည်ကို မိမိတဦးချင်းအနေဖြင့် နားလည် သဘောပေါက်သည်ဟု ဦးထွန်းတင် ယူဆ၏။ သို့သော် သည်မြမောင်ကို အကြောင်းပြု၍ အေးငြိမ်း ဝင်ရောက်လာသည်နှင့် ကိုကိုထွန်း၏ အဖြစ်မှန် ပေါ်ပေါက်လာရမည်ကိုကား ဦးထွန်းတင် စိုးရိမ်သည် ထိတ်လန့်သည်။ သည်အဖြစ်မျိုးကိုသာ ရင်ဆိုင်ရမည်ဆိုပါက ဤအိမ်ထောင်စု၏ အလုံးစုံသော သာယာခြင်း၊ ကျေနပ်ဖွယ် ရှိခြင်းတို့သည် လွင့်စဉ်ပျောက်ပျက်ကြရမည် မလွဲပေ။ တချိန်တည်းမှာပင် ကြေကွဲခြင်း၊ သင်္ကာမကင်းနိုင်ခြင်းတို့နှင့် အတူ မည်သည့်အခါမျှ ဖြေရှင်းနိုင်မည် မဟုတ်သော ပြဿနာများ ဆင့်ကဲလာကြလိမ့်မည် ဖြစ်သည်ဟုလည်း ဦးထွန်းတင် နားလည်ရ၏။

သည်ပြဿနာတွင် ယခုအတိုင်းဆိုလျှင် ကိုကိုထွန်းသာ အဓိကဟု ဦးထွန်းတင် ထင်မှတ်ခဲ့သည်။ စေ့စေ့တွေးမိတော့လည်း ပြဿနာအလုံးစုံကို ကိုကိုထွန်းအပေါ်မှာ သူပုံမချရက်။ စင်စစ် ဤကလေး ဘာမျှ သိရှာသည် မဟုတ်ပေ။ တခုလည်း ရှိသည်။ ဤကလေးကို မမကေသီထံသို့ ပို့လိုက်ရုံမျှဖြင့် ပြဿနာအလုံးစုံသည် ချက်ချင်း ပြီးပျောက်သွားမည်ဟု ဦးထွန်းတင် ယုံကြည်ထားပြီးဖြစ်သည်။ ထို့ကြောင့် ကိုကိုထွန်းသာလျှင် အဓိကဟု သူ ယူဆသည်။

အံ့သြစရာကောင်းသည်ကား နု။ ကိုကိုထွန်းကို နုရင်မှာလွယ်၍ မွေးခဲ့ရသည် မဟုတ်ပါဘဲလျက် ကိုကိုထွန်းအပေါ်တွင် သားရင်း သမီးရင်းလို မှတ်ယူကာ ညီညီခင်၊ နုငယ်ငယ်တို့နှင့်မခြား တသဘောတည်း ထားလာခဲ့သော နုစိတ်ကိုတော့လည်း ဦးထွန်းတင် အနှောင့်အယှက် မဖြစ်စေချင်ပေ။ ဟိုစဉ်အခါက အသက်အရွယ် ကြီးရင့်လာလျှင် မမကေသီထံတွင် ထားခွင့်ပြုနိုင်မည် ဆိုခဲ့ဖူးသော နုကိုယ်တိုင် ကိုကိုထွန်းကို တခြားတပါးသို့ မပို့ဆောင်ရက်။ ကိုကိုထွန်း ရှိနေခြင်းဖြင့် မည်သည့် အရေးအခင်းများ ပေါ်ပေါက်လာနိုင်သည်ကိုကား သင်း မသိ။

မြမောင်ကိစ္စမျှလောက်နှင့် ကိုကိုထွန်းကို မမကေသီထံသို့ ပို့ရမည်ဆိုခြင်းကိုတော့လည်း ဦးထွန်းတင်သည် ဒေါ်နုနုခင်နှင့် အကျောက်အကန် မပြောလို။ မည်သို့ဖြစ်စေ ကိုကိုထွန်းကို မမကေသီထံသို့ အနှေးနှင့်အမြန် ပို့ရမည်ဟူ၍ကား ဦးထွန်းတင် ဆုံးဖြတ်ပြီးဖြစ်လေ၏။

ထိုကြောင့်လည်း ကိုကိုထွန်း သည်မှာ ဆက်လက်နေထိုင်ရန် မသင့်တော်သော အကြောင်းအချက်များကို စုဆောင်းခဲ့ရလေသည်။

ဤသို့ဖြင့် ရက်များမကြာမီအတွင်းမှာပင် နောက်ဆုံးအခြေအနေများသည် မကြာခင်က နယ်ပိုင်ဘဝမှ အရေးပိုင်အဖြစ် တိုးမြှင့်ခန့်ထားခြင်း ခံခဲ့ရသော ဦးထွန်းတင်၏အိမ်သို့ ဆိုက်ရောက်လာခဲ့လေသတည်း။

စင်စစ် ဤအခြေအနေသည် အရေးပိုင်မင်းတဦးတည်း သို့မဟုတ် အရေးပိုင်မင်း၏ မိသားစု တခုတည်းနှင့်သာ စပ်ဆိုင်သော အရေးအခင်း မဟုတ်ပေ။ တတိုင်းပြည်လုံးနှင့် စပ်လျဉ်းသော အရေးအခင်းဖြစ်လေသည်။

မှန်၏။ တိုင်းပြည်တပြည်လုံး၏ အားထားကိုးစားခြင်း ခံရသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများသည် မသမာသူများ၏ လုပ်ကြံခြင်းဖြင့် ဆုံးရှုံးရပြီ ဆိုတော့လည်း တတိုင်းပြည်လုံးကပင် ဗိုလ်ချုပ်တို့အတွက် ယူကျုံးမရသည်နှင့်အတူ ယုတ်မာသော လူသတ်သမား များကို ရှုတ်ချပြစ်တင်ကြလေတော့သည်။ ဤကဲ့သို့သော လူသတ်ဝါဒ ရှုတ်ချပွဲများတွင် ကိုကိုထွန်းလို ကလေးသူငယ်တယောက်ကအစ ပါဝင်လာခြင်းသည် အလွန်နှစ်ထောင်း အားတက်ဖွယ် ဖြစ်သင့်လှပေသည်။

သို့ပါလျက် ထိုတနင်္ဂနွေနေ့တွင် ကျင်းပသော လူသတ်ဝါဒ ရှုတ်ချပွဲသို့ ကိုကိုထွန်း တက်ရောက်မည်ဆိုခြင်းကို အရေးပိုင်မင်းသည် အလွန်ကြီးမားသော ပြစ်မှုကြီးတခုအဖြစ် ပြောဆို တားမြစ်ထားခဲ့၏။

ကိုကိုထွန်းအဖို့တော့လည်း လူကိုယ်တိုင် မြင်တွေ့ဖူးခြင်းမရှိသော ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီဆိုသောသတင်းကို ကြားရုံမျှနှင့် မျက်ရည်ကျခဲ့ရသည့်အဖြစ်ကို ခံစားခဲ့ရပြီ ဖြစ်ရကား ဤလူသတ်ဝါဒရှုတ်ချပွဲကြီးကို တက်ရောက်သင့်သည်ဟု ယုံကြည်၏။ ဗိုလ်ချုပ်တို့ ဘာကြောင့် လုပ်ကြံခံရသည်၊ ဘယ်သူတွေက အဘယ်ရည်ရွယ်ချက်ဖြင့် လုပ်ကြံသည် စသော အကြောင်းအချက်များကို သိချင်သည်။ တချိန်ချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းကို သူတွေ့ရမည်ဟု ယုံကြည်ထားခဲ့ရာမှ ယခုကဲ့သို့ ရုတ်တရက် ကွယ်လွန်ရပြီ ဆိုသောအခါ သူ့အနေနှင့် ဤလူသတ်ဝါဒ ရှုတ်ချပွဲကြီးသို့ တက်ရောက်ခြင်းဖြင့် ဗိုလ်ချုပ်ကို ကြည်ညိုကြောင်း ပြသရာရောက်နိုင်သည် ဟုလည်း ယူဆ၏။ တကျောင်းလုံးက ဆရာ၊ ဆရာမတွေကိုယ်တိုင် တက်ရောက်မည်ဟုလည်း သိထား၏။ ထို့ကြောင့် သူသည် ပြစ်မှုတခုကို ကျူးလွန်ရန် ကြံရွယ်သည်ဟု လုံးဝမထင်။

သို့ဖြင့် ဖေဖေ တားမြစ်ထားသည့်ကြားမှ ဤလူသတ်ဝါဒ ရှုတ်ချပွဲကြီးသို့ တက်ရောက် ဖြစ်သည်ဆိုတော့လည်း ဖေဖေသည် ကိုကိုထွန်းအား ငယ်ငယ်ရွယ်ရွယ်မှာပင် နိုင်ငံရေး၌ စိတ်ဝင်စားလွန်းသည်ဟူသော စွဲချက်ကိုတင်၏။ နောက်တနေ့မှာပင် မမကေသီထံ ပို့မည်ဟူသော စီရင်ချက်ကို ချ၏။

ထိုအခါ မေမေနှင့် ငယ်ငယ်တို့ ငိုကြရလေသည်။ ကိုကိုထွန်း မကျေနပ်။ နားမလည်။

| ၈ |

 

ကြခတ်ပင်များကို အညီဖြတ်ကိုက်ထားသည် ဖြစ်သောကြောင့် မြကတ္တီပါထည်ကို ရံပတ်ထားသည်ဟု ထင်မှတ်နိုင်လေသည်။ ခြံတွင်း၌ မရန်းပင်ကြီးများသည် ရံခါ၌ သေယစ်မူးသဖြင့် ပျော်မြူးကခုန်နေကြသော ယောက်ျားကြီးများနှင့်လည်းကောင်း၊ ရံခါ၌ ထိတ်လန့်တုန်လှုပ်ခြင်းဖြင့် မိမိ၏ခန္ဓာကိုယ်ကို ရပ်တည်ခြင်းငှာ မစွမ်းနိုင်လောက်အောင် ယိမ်းမူးယိမ်းယိုင် ဖြစ်နေသော အမျိုးသမီးကြီးများနှင့်လည်းကောင်း ခိုင်းနှိုင်းအပ်ပေသည်။ မြက်ခင်းသည် လဲလျောင်း နေပျော်ဖွယ်သော မြကမ္ဗလာထည်နှင့် တူ၏။ ပန်းပင်များသည် နုမျစ်လတ်ဆတ်သောသဏ္ဌာန်၊ ဖျတ်လတ်သွက်လက်သော ဟန်ပန်တို့ကို ဆောင်လျက် “သည်မှာ ငါတို့သာလျှင် အလှဆုံး၊ အတင့်ဆုံး ဖြစ်ကောင်းသည်” စိတ်မှတ်ထားကာ ဝင့်ကြွားလိုသော စိတ်မနောရှိသည့် အပျိုမကလေး များနှယ် ရံခါတွင် ဆံစကို ခါ၏။ ရံခါတွင် မျက်နက်ဆံကိုသာလျှင် လှုပ်ရှားစေ၏၊ ရံခါတွင် အပြုံးနှင့် ချိုမြို့သည်။ ရံခါတွင် လည်တံကို ငဲ့တတ်၏။ ရံခါတွင် ရင်သားကို စွင့်တတ်၏။ ရံခါတွင် ခါးတံကို လှုပ်ခါတတ်၏။ ရံခါတွင် ခြေတံကို မြင့်ယောင် နိမ့်ယောင် ပြုတတ်၏။ ပြီးတော့ သူတို့သည်ပဲ သည်ကမ္ဘာကို မထီလေးစားပြုဟန်ဖြင့် မျက်နှာကို မော့ချင်မော့တတ်သေးသည်။ ရင်ထဲမှာတော့ ပီတိ အပြည့်သားနှင့်။

သည်အဖြစ်မျိုးတွေကို ဤအိမ်ကြီးသည် နှစ်ကာလကြာမြင့်စွာ အတွေ့အမြင်၊ အသိအကြား အဆင်အခြင်ရှိခဲ့ပြီး ဖြစ်ဟန်တူ၏။ သူ့မှာက သည်ပတ်ဝန်းကျင်တွင် လှုပ်ရှားဖြစ်ပေါ်နေသမျှကို ညွတ်နူးသည်လည်း မရှိ၊ စက်ဆုပ်သည်လည်း မရှိ၊ တက်ကြွသည်လည်း မရှိ၊ အားငယ်သည်လည်း မရှိ၊ ဝင့်ကြွားသည်လည်း မရှိ၊ ကြောက်လန့်သည်လည်း မရှိ၊ ပြုံးရယ်သည်လည်း မရှိ၊ ညှိုးငယ်သည်လည်း မရှိ၊ အခါမလပ် နကမ္ပတိ။

ထိုအိမ်ကြီးတွင် ဒေါ်ကေသီ နေထိုင်၏။

ဒေါ်ကေသီသည် ၁၉ ရာစု နောက်ဆုံးနှစ်တွင် လူဖြစ်လာခဲ့သော အမျိုးသမီးတဦးဖြစ်၏။ သို့သော် ၂၀ ရာစုတွင် နောက်ဆုံးမွေးဖွားလာခဲ့သော အမျိုးသမီးတယောက်ဟု မှတ်ယူနိုင်ပေသည်။

ကိုကိုထွန်းသည် အလှဘုရင် ခင်မြရင်ဟု ထင်ရှားသော ရုပ်ရှင်မင်းသမီးတယောက်ကို ရုပ်ရှင်ကားတွင်လည်းကောင်း၊ ဓာတ်ပုံအရုပ်ကားများတွင်လည်းကောင်း မြင်ဖူး၏။ ခင်မြရင်နှင့် ပတ်သက်၍ ကိုကိုထွန်း၏ စိတ်အာရုံ၌ လေယူရာတိမ်းဟူသော ဝေါဟာရသည် စွဲငြိခဲ့ဖူး၏။ အန်တီကေသီသည် ခင်မြရင်၏လေယူရာတိမ်းကို သူ၏နဖူးထက်တွင် ဖန်ဆင်းထားဟန်ရှိလေသည်။ မျက်ခုံးမွေးသည် တပင်ချင်း တန်းစီလျက် ဂျီသြမေထရီဘာသာတွင် သင်မှတ်ခဲ့ရသော လေးကြိုးမျဉ်းကဲ့သို့ ကွေးဝိုက်နေ၏။ မျက်လုံးများမှာ သံပတ်ပေးထားသော အရုပ်တခုလို လှုပ်ရှားလွန်းသည်ဟု ထင်ရ၏။ အဝလွန်သဖြင့် ပြည့်ပြည့်လျှံလျှံကြီး ဖြစ်နေဟန်ရှိသော ပါးပြင်တွင် ဆေးဆိုးထားသည်မှာ ပန်းရောင်နှင်းဆီပွင့်ကြီးက ပွင့်ချပ်များကို တင်ထားသည်နှင့် တူ၏။ သည်မျက်နှာဝဝကြီးမှာ ပါးစပ်ပေါက်သေးသေးကလေးတွင် နှုတ်ခမ်းလွှာကို တွတ်တွတ်နီ ဆိုးထားသည်မှာ စကားပြောတိုင်း ငရုတ်သီးချိုချဉ်ကို ပြူတစ်ပြူတစ်လုပ်ကာ စို့နေသည်ဟူသော အမှတ်ဖြင့် ကိုကိုထွန်း ရယ်ချင်သည်။ မနည်းပင် ကျိတ်မှိတ်ထားရသည့်အတွက် ပင်ပန်းသည်။ လက်သည်းများကို ခပ်ချွန်ချွန် ပြုလုပ်ကာ ဆေးဆိုးထားခြင်းကို ကိုကိုထွန်း ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဟု ထင်၏။ ဝဖိုင့်သော ခန္ဓာကိုယ်ကို လှုပ်ခါ လမ်းလျှောက်တတ်ခြင်းကိုတော့ ကိုကိုထွန်း မျက်စိနောက်သည်မှာ အမှန်ပင်။ သို့သော် ကိုကိုထွန်းကို တွေ့သောအခါ သူ့မျက်နှာက ချိုရွှင်သည်။

“ကိုထွန်းရောက်လာမှကို၊ တနေ့ကျရင် ကိုထွန်း အန်တီ့ဆီ ရောက်လာလိမ့်မယ်ဆိုတာ အန်တီ အစောကြီးကတည်းက သိတယ်”

အသံက သေးပြီး စူးသည်။ သို့သော် ကိုကိုထွန်းစိတ်ထဲမှာ ထိုအသံသည် ချိုလည်းချိုသည်ဟု မှတ်ယူရ၏။

“အင်း အန်တီတို့အိမ်လည်း ကိုထွန်းရောက်လာမှ စိုစိုပြည်ပြည် ဖြစ်တော့မှာပဲဟေ့”

ဟုဆိုရင်း စားပွဲပေါ်ရှိဘူးထဲက စီးကရက်ကို ထုတ်ယူပြီး ဖွာရှိုက်သည်။ စီးကရက် လက်ကြားညှပ်ထားပုံကို ကိုကိုထွန်း သဘောကျမိသည်။ အန်တီသည် မည်သို့ပင် အသစ်အဆန်း ဖြစ်နေစေကာမူ ယခင်ကလိုပင် ချစ်မြတ်နိုးဖွယ်ရာ ကောင်းလိမ့်မည်ဟုတော့ ကိုကိုထွန်း ထင်မှတ်သည်။

သို့သော် အန်တီသည် နေ့စဉ် ကျောင်းတက်သွား၏။ ထိုအခါ ဤအိမ်ကြီး တိတ်ဆိတ်နေခြင်းကိုကား ကိုကိုထွန်း များစွာသဘောမကျ။

စင်စစ် ဤအိမ်ကြီးမှာ အန်တီကေသီတယောက်တည်း နေထိုင်သည် မဟုတ်ပေ။ ဤခြံကြီးကို စောင့်ကြပ်ရသော အဘိုးကြီး ဦးဖိုးလှဆိုသူရှိ၏။ အန်တီကေသီ၏ကားကို မောင်းသော ဒရိုင်ဘာ ကိုစိန်လှဆိုသူနှင့် သူ့မယား မမြသန်း၊ သားငယ်တို့လည်း ရှိသည်။ ခြံကိုပြုပြင်မွမ်းမံရသော ကုလားရာမန်လည်း ရှိ၏ သို့သော် သူတို့အားလုံးသည် ခြံနောက်ပိုင်းတန်းလျားတွင် နေထိုင်ကြ၏။ ဤအိမ်ကြီးသို့ အဝင်အထွက် မရှိဟု မှန်းဆရသည်။

အိမ်ကြီး၏အောက်ထပ် မီးဖိုချောင်နှင့် ကပ်လျက်အခန်းသည် ဟိုစဉ်က စတိုခန်းဖြစ်သည်။ သို့သော် ယခုအခါ ထိုအခန်း၌ ထမင်းချက် ဒေါ်လှမင်းနှင့် သူ့သမီး ပေါက်စမတို့ နေထိုင်သည်ဟု သိရ၏။

ရောက်စက သည်ပေါက်စမဆိုသော ကောင်မကလေးကို တော်တော်ပင် အမြင်ကတ်မိလိမ့်မည်ဟု ကိုကိုထွန်း အထင်ရောက်ခဲ့သည်။ ကောင်မကလေးဟု ပြောမယ့်သာ ပြောရသည်။ ပေါက်စမသည် မိမိထက် တနှစ်ကြီးသည် ဆိုသောအချက်ကို ကိုကိုထွန်း မသိ။

မည်သို့ဖြစ်စေ သည်ပေါက်စမဆိုသော ကောင်မကလေးသည် သူ့ကို တနေရာရာမှနေ၍ ချောင်းကြည့်ချင် ကြည့်တတ်သည်။ သင်း ချောင်းကြည့်နေသည်ကို ကိုကိုထွန်း သိသည်နှင့် ခစ်ခနဲရယ်ပြီး မျက်စိအောက်က ပျောက်ပြေးတတ်သည်။ သည်အခါတိုင်း ကိုကိုထွန်း အောင့်သက်သက်ဖြစ်ရ၏။ ထို့ကြောင့် တနေ့နေ့တွင် သည်ကောင်မကလေးကို အမိဖမ်းပြီး ဆုံးမဦးမည်ဟု စိတ်ကူးထား၏။

သို့သော် တကယ်တမ်းကျတော့ ကိုကိုထွန်းသည် ပေါက်စမကို အရေးမလုပ်အား။ အန်တီ မရှိသည်နှင့် ဤအိမ်ကြီးသည် ခြောက်သွေ့လာသည်ထင်၏။ အန်တီထုတ်ပေးထားသော စာအုပ်တွေကို ဖတ်ရသည်မှာလည်း စိတ်အဝင်စားကြီး ရှိလှသည်မဟုတ်။ ပထမ မေမေ့ကို လွမ်းသည်။ ငယ်ငယ့်အတွက် ဆွေးသည်။ ညီညီကို သတိရသည်။ ဖေဖေ့ကိုတော့ တယ်ပြီးမကျေနပ်။ ဤသို့ဖြင့် နောက်ထပ်ပြီး ရက်တပတ်လောက် နေရဦးမည်ကို ပင်ပန်းလှ၏။ သို့သော် ကျောင်းတက်ရေးကိစ္စကို ဆောင်ရွက်နေဆဲ ဖြစ်သောကြောင့် ဤပင်ပန်းဖွယ်နေ့ရက်များကို ကုန်ဆုံးစေချင်လှ၏။

အန်တီ ကျောင်းသွားချိန်၊ နေ့ခင်းတိုင် မိုးရွာပြီ ဆိုသောအခါ လွမ်းဆွတ်သော စိတ်အဟုန်သည် မိုးနှယ်၊ လေနှယ် ပြင်းထန်ကြီးမားရသည်။ တခါတခါ ငိုချင်သည်။ အိမ်ကြီးထဲမှာ အကျဉ်းသမား ဖြစ်နေရသည်ဟု ထင်ထင်လာသည်။ ထောင်ကျသည်ဆိုခြင်းမှာ သည်လိုပဲဖြစ်မည် ဟုလည်း တွေးမိသည်။ သည်အခါ မျက်ရည်သည် အလိုလို စို့လာတတ်သည်။

ဤသို့ဖြင့် ဤအိမ်ကြီးသို့ရောက်၍ သုံးရက်မြောက်ခဲ့သည်။ သည်နေ့လယ်မှာ မိုးရွာသည်။

အိမ်ထဲ မှန်ပြတင်းဝမှာ ထိုင်ရင်း မိုးထဲလေထဲတွင် ယိမ်းထိုးနေသည့် မရန်းပင်ကြီးများကို မြင်ရသောအခါ ရင်ထဲမှာ ဆို့ဆို့နင့်နင့်ကြီး ဖြစ်လာရ၏။ သည်နေရာမှာ အဘယ်မျှကြာအောင် တွေငေးနေမိသည်ကိုပင် ကိုကိုထွန်း သတိမထားမိ။ မျက်ရည်စသည် ရီဝေလာသည် ထင်ရ၏။

ခစ်ခနဲအသံကို ရုတ်တရက် ကြားရသောအခါ လန့်သွားသည်။ ပြီးမှ ပေါက်စမကို သတိရနေသည်။ နောက်ဘက်သို့ လှည့်ကြည့်လိုက်သည်နှင့် တံခါးပြင်ဘက် နံရံတွင် ခန္ဓာကိုယ် ဝှက်လျက် ခေါင်းပြူတစ်နှင့် စပ်ဖြီးဖြီး မျက်နှာထားကို မြင်ရသည်။

“ဟေ့ နေဦး”

အသံနှင့်အတူပင် နေရာမှ ရုတ်ခနဲထပြီး စပ်ဖြီးဖြီးမျက်နှာဆီသို့ ပြေး၏။ အခန်းပြင်သို့ ကိုကိုထွန်း ချက်ချင်း ရောက်လာသည်။ ပေါက်စမ၏ အရိပ်အရောင်ကို မတွေ့ရတော့ပေ။ မကျေမနပ်ဖြစ်ရ၏။ ဟိုသည်ကိုကြည့်၏။ ကပ်လျက်အခန်း တံခါးဝမှာရပ်ပြီး အခန်းတွင်းသို့ လှမ်းကြည့်လိုက်မိသည်။

ထိုအခန်းသည် အန်တီကေသီ၏အခန်း။

ကိုကိုထွန်းသည် အခန်းတွင်းအနှံ့ မျက်စိကစားကြည့်၏။ ပေါက်စမကို မတွေ့။ စိတ်ထဲက မကျေနပ်။ တခြမ်းပွင့်နေသော တံခါးချပ်ကို ကျောမှီပြီး ခြေရင်းဘက်နံရံ လုံချည်တန်းဆီသို့ ကြည့်လိုက်သည်။ တံခါးချပ်သည် နံရံသို့ ပိကျသွား၏။

“အောင်မယ်လေးတော့ သေပါပြီ”

ကိုကိုထွန်းသည် လန့်ဖျပ်ပြီး တံခါးချပ်မှခွာကာ နောက်ဘက်သို့ လှည့်လိုက်၏။

ပေါက်စမသည် လျှာတစ်လစ်နှင့် စပ်ဖြီးတုန်း။

“နင် ဒါဘာလုပ်တာတုံး”

မျက်နှာထား ခပ်တည်တည်နှင့် အသံခပ်မာမာပြောလိုက်သည်။

သင်း မှုပုံ မပေါ်။ မျက်နှာပိုးက မသေ။

“ဒီမှာ ငါမေးတာကို မကြားဘူးလား”

ခစ်ခနဲ ရယ်ပြန်သည်။ ကိုကိုထွန်းသည် ဒေါသဖြင့် ရှေ့သို့တိုးလိုက်၏။ သင်းမျက်နှာသည် ချက်ချင်းပြောင်းလဲသွား၏။ မျက်လုံးဝိုင်းဝိုင်းသည် ချာချာလည်သွားသည် ထင်ရ၏။

“ရှေ့မတိုးနဲ့နော်၊ အော်ပစ်လိုက်မှာ”

သည်တခါတော့ ကိုကိုထွန်း ကြောက်သွား၏။ သို့သော် ချက်ချင်းပင် မိမိဣန္ဒြေကို တည်လိုက်ပြီး

“နင် ငါမေးတာကိုဖြေလေ”

“ဘာမေးတာတုံး”

သူ့အသံသည် တကယ်ပဲ ဘာကိုမျှ ဂရုစိုက်ခြင်းမရှိသလို ထင်ရ၏။

“နင် ဒီမှာ ဘာလုပ်တာလဲလို့ မေးနေပါရော”

အသံက အနည်းငယ် ဆတ်သည်။

“ကြမ်းတိုက်တယ်၊ ပန်းကန်ဆေးတယ်၊ မေမေကြီးအတွက် သနပ်ခါးသွေးတယ်၊ ဖိနပ်တိုက်တယ်၊ ထမင်းစားတယ်၊ ရေချိုးတယ်၊ ပန်းပန်တယ်၊ အိပ်တယ်၊ သီချင်းလည်း”

“တော်တော့”

ဗလစ်ဗလစ်နှင့် တဆက်တိုက်ကြီး ပြောနေသော ပေါက်စမ၏ စကားလုံးများသည် ခပ်ကျယ်ကျယ် ခပ်ထန်ထန် ပေါ်ထွက်လာသော ကိုကိုထွန်း၏အသံကြောင့် ပြတ်တောက်သွား၏။ ချက်ချင်းပင် မျက်နှာညှိုးကျသွားသည်။ မျက်လုံးအစုံမှာလည်း မျက်ရည်စို့လာသည်။

သည်တော့ ကိုကိုထွန်း စိတ်မကောင်း။ သို့သော် သင်းကို ကျေတော့ မကျေနပ်။

“ခုဟာက ဘာဖြစ်တာတုံး”

ပေါက်စမက မဖြေ။ မျက်လုံးအစုံမှာ မျက်ရည်တွေသာ ပြည့်ပြည့်လာနေ၏။

“မေးတာကို ဖြေလေ”

မဖြေ။

“ဟေး၊ မငိုနဲ့လေ၊ နင့်ကို ငါ ဘာမှမလုပ်ဘဲနဲ့ မငိုနဲ့”

ကိုကိုထွန်း စိတ်အိုက်ရပေပြီ။

“သူ၊ သူ၊ သူများကို အော်တာကိုး”

အသံက တုန်တုန်ယင်ယင် ထစ်ထစ်အအ ဖြစ်နေ၏။ ခေါင်းကိုလည်း ငုံ့ပစ်လိုက်သေးသည်။

ခုလိုတော့လည်း သနားစရာ ကောင်းသည်ဟု ကိုကိုထွန်း တွေး၏။

“နင် ငါမေးတာကို အကောင်းမှ မပြောဘဲဟာ အော်မှာပေါ့”

“သူများက ဟင်း၊ ဟင်း၊ အကောင်း သူပျင်းနေသလားလို့”

“အဲဒါ ဘာဆိုင်လဲ”

ကောင်မကလေးသည် ချက်ချင်းမဖြေ။ စို့လာသော မျက်ရည်စကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်သုတ်လိုက်ပြီး မျက်နှာကို ရဲရဲဝံ့ဝံ့မော့ကာ

“နေပေါ့၊ သူများက သူပျော်အောင်လည်း လုပ်ရသေး၊ သူများလည်း အော်သေးတယ်၊ ဖယ် သူများတို့ သွားမယ်”

ပေါက်စမသည် တကယ်ဒေါသဖြစ်သွားဟန်ဖြင့် ကိုကိုထွန်းကို တိုးဝှေ့ ထွက်သွားမည် ပြုသည်နှင့် ကိုကိုထွန်းသည် ရှေ့မှကာဆီးရင်း

“မသွားရသေးဘူး၊ ငါမေးတာကို နင်ဖြေဦး”

“ဘာလို့ဖြေရမှာတုံး၊ သူများကိုအော်တာ၊ နောက် ဘယ်တော့မှ မခေါ်ဘူး။ နောက်ပြီး သူ့မျက်နှာက လူကြီးကြီးလိုပဲ”

ကိုကိုထွန်းသည် ကလေးဆိုးတယောက်လို ပေါက်စမ၏ ဟန်မူရာကို နားမလည်နိုင်ဘဲ ရှိနေသေး၏။ သို့သော် ဤကလေးမနှင့် ဆက်ဆံရာတွင် မိမိအချိုး ပြင်သင့်သည်ဟုကား ချက်ချင်းတွေးမိသည်။

“ကဲပါဟာ၊ ငါနောက်တခါ မအော်ပါဘူး၊ ငါတောင်းပန်ပါတယ်၊ ငါမေးတာကို ဖြေစမ်းပါဦး”

“နို့ဖြင့် မေး”

စကားက ပြတ်လှ၏။

“ကောင်းပြီ၊ ဒီလိုဆို ငါဒီမှာ မမေးဘူး၊ လာခဲ့”

ပြောပြောဆိုဆိုပင် ကိုကိုထွန်းသည် ပေါက်စမ၏ လက်တဖက်ကိုဆွဲပြီး သူ့အခန်းဘက်သို့ ခေါ်ခဲ့၏။ ပေါက်စမသည် ယက်ကန်ယက်ကန်နှင့် ပါလာ၏။ ကိုကိုထွန်းသည် ပေါက်စမကို ကုလားထိုင်ပေါ်မှာ ထိုင်စေ၏။ သူကမူ စားပွဲတွင် မှီရင်း

“ငါ မေးမယ်နော်”

ပေါက်စမက မလှုပ်။

“နင် ငါ့ကို လာလာပြောင်တာ ခဏခဏရှိပြီ၊ အဲဒါ ဘာလုပ်တာတုံး”

ခပ်တည်တည် မျက်နှာထားပြီး မေးလိုက်သည်။

“သူ မပျင်းအောင်လို့ သူများ၊ သူများ”

ပေါက်စမ စကားဆက်ရန် ထစ်အနေစဉ်မှာပင်

“ဟေ့ နေပါဦး၊ သူများဆိုတာ ဘယ်သူတုံး”

“သူများဆိုတာ သူများနာမည်ပေါ့”

“ဘယ်က သူများတုံး”

“ဟောတော့ သူများဆိုတာလည်း မသိဘူး”

ပေါက်စမသည် စိတ်ပျက်သွားဟန်ဖြင့် ခပ်ညည်းညည်း ပြောလိုက်၏။ ယခုတော့လည်း သူ့ဟန်ပန်သည် အနည်းငယ် သွက်လက်သော အသွင်ကို ဆောင်နေပြန်၏။

ကိုကိုထွန်း စိတ်မှာ မြူးလာသည်။

“ကဲ ဒါဖြင့်ရင် သူများက ငါ့ဆီလာလာပြီး ခစ်ခစ်နဲ့လုပ်တာ ဘာလုပ်တာတုံး”

“အဲဒါ အမေက ခိုင်းလို့”

“ဘာရယ်၊ ဘာအမေကခိုင်းတာတုံး”

ပေါက်စမသည် ရှက်ကိုးရှက်ကန်းဖြစ်သွားသော သူ့မျက်နှာကို ငုံ့ချလိုက်ပြီး

“အမေ၊ အမေက သူ၊ သူ၊ သူပျင်းနေမယ်၊ သွား၊ သွားကစားချေဆိုလို့ သူ မပျင်းအောင် သူများက ကစားတာ”

“နေပါဦး၊ အခု သူများပြောတဲ့သူဆိုတာကော ဘယ်သူ့ပြောတာတုံး”

သည်တခါတော့ ကိုကိုထွန်း တမင်မေးလိုက်ခြင်းဖြစ်၏။

“သူဆိုတာ အဲဒါပေါ့”

ခေါင်းမဖော် လက်ညှိုးကိုသာ ကိုကိုထွန်းဆီသို့ ထိုးပြ၏။

“ဟယ် ဒီကောင်မလေး မဟုတ်တာ ပြောရောမယ်၊ ငါက သူမဟုတ်ဘူး၊ ငါ့နာမည် ကိုကိုထွန်း”

“ဘာရယ်”

ခေါင်းထောင်လာသည်။ အံ့သြသွားပုံလည်း ရသည်။

“ငါ့နာမည် ကိုကိုထွန်းလို့ ပြောနေတာ”

“မခေါ်သေးဘူး၊ နာမည်ကြီးကိုက ကိုကိုတဲ့၊ ခစ်”

ကိုကိုထွန်းသည် အောင့်သက်သက်ဖြစ်သွားပြန်၏။

“ဘာပြောင်တာတုံး”

“ဟုတ်သားပဲ သူများကိုကျ ကောင်မလေးတဲ့၊ သူ့ကျတော့ ကိုကိုထွန်းတဲ့၊ အားကြီးကြီး လူကြီးလုပ်ချင်တယ်၊ သွားမယ်၊ မကစားဘူး”

ကိုကိုထွန်း နည်းနည်းတော့ရှက်သွားသည်။

“နေပါဦးလေ၊ ငါ ဘာလူကြီးလုပ်လို့လဲ”

“လုပ်တာပေါ့၊ မျက်နှာကိုက အစ်ကိုကြီးလှစိန်လိုပဲ ရှုတင်းတင်းနဲ့၊ ပြီးတော့ နာမည်ကလည်း လူကြီးလိုပဲ”

“မဟုတ်ပါဘူးဟ၊ ဒါထက် နင့်နာမည်က ပေါက်စမ မဟုတ်လား”

“မဟုတ်ဘူး”

“ဘာပြောတယ်”

“မဟုတ်ဘူးလို့ပြောတာ”

“ဒါဖြင့်ရင်”

“သူများနာမည်က သူများပဲ”

“ကဲဟာ ဒါဖြင့်ရင်လည်း ငါ့နာမည်ကို ကိုထွန်းလို့ခေါ်ပေါ့၊ ဒီလိုတော့ ခေါ်နိုင်တယ် မဟုတ်လား”

“မခေါ်ပါဘူး”

“ဘာဖြစ်လို့”

“သူက လူကြီးမှမဟုတ်တာ၊ လူကြီးမှ ကိုလို့ ခေါ်ကြတာပဲဥစ္စာ”

ကိုကိုထွန်းသည် တွေသွား၏။ ဘာပြောရမှန်း မသိတော့။

“ဒါဖြင့်ရင် ဘယ်နှယ့်ခေါ်မလဲ”

“သူ၊ သူပဲပေါ့”

“သူ သူဆိုတာ ဘယ်ကောင်းမလဲ”

“သူ သူ မဟုတ်ဘူး၊ သူလို့ပြောတာ”

“ဒါဖြစ်ရင်လည်း သူများသဘောပဲပေါ့။ အေး ငါလည်း လူကြီး မဟုတ်ပါဘူး။ သူများနဲ့ အခုလို စကားပြောရတာ ပျော်သားပဲ”

“အင်းပေါ့၊ သူများတို့အမေက သူနဲ့ ကစားချေဆိုလို့ ကစားတာပဲဟာ ပျော်မှာပေါ့”

ကိုကိုထွန်းသည် ပေါက်စမကို သဘောကျလာ၏။ ပေါက်စမသည် တကယ်ပဲ ကလေးတယောက် ဖြစ်သည်ဟု ထင်မှတ်လာ၏။ မိမိကိုယ်ကိုလည်း ကလေးတယောက် ဖြစ်နေသည်ဟု ထင်ချင်လာ၏။

ဤသို့ဖြင့် ထိုနေ့မှစ၍ သူနှင့် ပေါက်စတို့ စတင် ခင်မင်သိကျွမ်းလာခဲ့သည်ဟု ကိုကိုထွန်း မှတ်ယူခဲ့လေသည်။ ပေါက်စမနှင့် ခင်မင်သိကျွမ်းလာသောအခါ ဤအိမ်ကြီးသည် သူ့အဖို့ စိုပြည်လာသည်ဟု ထင်မှတ်လာနိုင်၏။

ပေါက်စမမျက်နှာသည် ညှိုးငယ်သည် မရှိ။ သူ့မှာ အမြဲပျော်ရွှင်နေဟန် ရှိ၏ သူ့ကိုယ်လုံးကိုယ်ထည်က သွယ်လျသည်။ သူ့ဟန်ပန်သဏ္ဌာန်က ဖျတ်လတ်သည်။ သူ့ဝတ်စား ဆင်ယင်မှုက ညှိုးနွမ်းသည်။ သူ့မျက်နှာက ချိုသည်။

တခါတခါတော့ ပေါက်စမကို စေ့စေ့ကြည့်ပြီး ထိုသူငယ်မအား ကလေးငယ်မအဖြစ် မမှတ်ယူသင့်ဟုလည်း ကိုကိုထွန်း အတွေးရောက်တတ်သည်။ စင်စစ် ပေါက်စမအသက်မှာ ၁၃ နှစ်ခန့် ရှိပေပြီ။ အပျိုဖော်ဝင်စဖြစ်၏။ သို့စေကာမူ သူ့မျက်နှာသည် ဘာမျှသိနားလည်ခြင်း မရှိသော ကလေးငယ်ကလေးလိုပင် သောကကင်းပယောင် မှတ်ယူရလေသည်။

ပေါက်စမနှင့် ကျွမ်းဝင်လာသောအခါ သူ့ဘဝကိုလည်း ကိုကိုထွန်း စိတ်ဝင်စားရသည်။ ကလေးငယ်အသွင် ရှိစေကာမူ သင်းမှာ လူကြီးတယောက်၏ အလုပ်မျိုးကို လုပ်နေရ၏။ တအိမ်လုံးက ကြမ်းပြင်တွေကို သင်း တိုက်ချွတ်ရသည်။ ထိုအလုပ်မှာ တနေ့တည်းနှင့် ပြီးစီးသည် မဟုတ်။ ကြမ်းတိုက်မည်ဆိုလျှင် ပထမ တံမြက်စည်း လှည်းသည်။ ပြီးလျှင် ရေဖတ်တိုက်သည်။ ပြီးလျှင် အရောင်တင်ဆေးတင်၍ တိုက်ချွတ်သည်။ ထိုအခါများ၌ ပေါက်စမ ခေါင်းမဖော်ဘဲ လုပ်တတ်၏။ ချွေးပေါက် ဒီးဒီးကျသော်လည်း သူ့မှာ သီချင်းဆို မပျက်။

ပေါက်စမ ကြမ်းတိုက်သောနေ့မှာ ကိုကိုထွန်း ပျင်းရသည်။ ပေါက်စမ ပင်ပန်းကြီးစွာ ကြမ်းတိုက်ရသည်ကိုလည်း မရှုဆိတ်နိုင် ဖြစ်ရ၏။

“သူများကို ငါ ကူပြီး လုပ်ပေးမယ်လေ”

ဟု ပေါက်စမ ကြမ်းတိုက်ရာသို့သွား၍ ပြောသောအခါ သူများဆိုသော ကလေးမက မခိုးမခန့် ပြုံးသည်။

“နေပါ၊ သူကြမ်းတိုက်တာ ကြီးကြီးမြင်ရင် သူများကို ဆူမှာပေါ့”

“ဘာဆိုင်လို့ ဆူမှာလဲ၊ သူများနဲ့ ငါက သူငယ်ချင်းပဲဥစ္စာ၊ သူငယ်ချင်းချင်း ကူညီရတာပေါ့ဟ”

“သူငယ်ချင်းဆိုပေမဲ့ သူများက ဒီအိမ်မှာ အစေခံပဲဟာ”

သည်စကားကို ပေါက်စမရင်ထဲမှာ ဘာမျှခံစားရခြင်း မရှိသလို ပြောလာသော်လည်း ကြားရသော ကိုကိုထွန်းအဖို့ မချိ။

သင်းကလေး ပျော်ပျော်နေတတ်သည် မှန်သော်လည်း အန်တီကေသီ၏ ဆူပူ ပြစ်တင်ခြင်း ခံရလျှင် နေရှိန်မှာညှိုးသော ပန်းလိုပင် သင်းမျက်နှာမှာ ချက်ချင်း ညှိုးကျသည်။ ပြီး ကွယ်ရာတထောင့်သို့ သွားပြီး တအင့်အင့်ရှိုက်ကာ ငိုတတ်၏။ သည်အဖြစ်မျိုးကို မြင်ရသောအခါ ကိုကိုထွန်း သင်းကို အသနားပိုရသည်။

နောက်တနင်္လာနေ့မှာ ကိုကိုထွန်း ကျောင်းလိုက်ရပေတော့မည်။ ဒါကိုတော့ သူများဆိုသော ကလေးမကို ကြိုတင်အသိပေးသင့်သည်ဟု ကိုကိုထွန်း ယူဆ၏။

“ငါ တနင်္လာနေ့ ကျောင်းတက်ရင် သူများတော့ ပျင်းကျန်ခဲ့မှာပဲနော်”

“ပျင်းပါဘူး၊ အရင်ကလည်း သူများ ဒီလိုနေတာပဲဥစ္စာ၊ သူမရှိရင် ပိုတောင်ပျော်ချင်ပျော်ရမှာ”

ပေါက်စမက ခပ်ပေါ့ပေါ့ပင် ဖြေသည်။ မည်သို့ဖြစ်စေ၊ ပေါက်စမ ခုလိုပြောဆိုတတ်သည်ကို ကိုကိုထွန်း သဘောကျ၏။

“ငါမရှိတာနဲ့ ပိုပျော်မယ်ဆိုတော့ ခု ငါရှိလို့ သူများမပျော်ဘူးပေါ့လေ”

“ဒီလိုတော့ ဘယ်ဟုတ်မလဲ၊ အရင် သူမရှိခင်ကဆို နေ့လယ်တိုင်း သူများ ကနေတာ။ ခု ကမှ မကရဘဲဟာ”

ကိုကိုထွန်း နားမလည်။

“ဘာဆိုင်တာ မှတ်လို့၊ ခုလည်း ကချင်ကပေါ့”

“ဒါတော့ သူများ ရှက်တာပေါ့”

တကယ် ရှက်စနိုးဟန်နှင့် ပြောပြန်သည်။ ပြီးတော့ အကြာကြီး တွေနေသည်။ သူ့မျက်နှာကိုလည်း ငုံ့ထားသည်။ ကိုကိုထွန်းက သင်း ဘာဆက်ပြောလာမည်နည်းဟု သူ့ကို စေ့စေ့ကြည့်ပြီး နားစွင့်နေရသည်။ အတန်ကြာ တိတ်ဆိတ်နေပြီးမှ

“ဒါပေမဲ့”

သူ့အသံသည် အနည်းငယ် တုန်ယင်နေသည်ကို ကိုကိုထွန်း သတိပြုလိုက်မိ၏။ ပြောဆိုသော စကားမှာလည်း ပေါ်ထွက်မလာသေးဘဲ ခေါင်းငုံ့လျက် တိတ်ဆိတ်နေပြန်၏။

“ဒါပေမဲ့ ဘာဖြစ်လဲဟင်”

“ကျောင်းမှာဆို သူ့သူငယ်ချင်းတွေကို အများကြီး တွေ့မှာပဲနော်”

ပေါက်စမ ဝမ်းနည်းနေဟန်ရှိ၏။ ဘာကို ဝမ်းနည်းရပြန်သနည်း။ ကိုကိုထွန်း မစဉ်းစားတတ်သေး။

“ဒါက မသေချာပါဘူးဟာ၊ မြိုင်သာယာမှာတုန်းကတော့ သူငယ်ချင်းတွေနဲ့ တွေ့ သားပဲ”

“သူများလည်း ကျောင်းတက်ချင်လိုက်တာ”

သည်စကားကို ကြားရသောအခါ ကိုကိုထွန်း ရင်ထဲမှာ နင့်ခနဲ ခံစားလိုက်ရ၏။ ယခုမှပင် ပေါက်စမ ကျောင်းမနေရသောအဖြစ်ကို တွေးပြီး စိတ်မကောင်းဖြစ်ရပြန်၏။ ကိုကိုထွန်းသည် အတန်ကြာ တွေနေ၏။

“သူများ တကယ်ကျောင်းတက်ချင်သလား”

ပေါက်စမက ခေါင်းကို မသိမသာ ညိတ်လိုက်သည်။

“ဒါဖြင့်ရင် ငါ အန်တီကို ပြောမယ်”

ဆိုသည်နှင့် ပေါက်စမ ချက်ချင်း ခေါင်းထောင်လာသည်။ သူ့မျက်နှာက ထိတ်ထိတ်ပျာပျာ ဖြစ်နေ၏။

“မပြောပါနဲ့လေ၊ အဲဒီလိုပြောရင် သူများကို ကြီးကြီးဆူမှာပေါ့”

“ဘာဖြစ်လို့မပြောရမှာလဲ၊ သူများအရွယ်ဟာ ကျောင်းနေတဲ့အရွယ်ပဲဥစ္စာ”

“မပြောပါနဲ့၊ သူများ သူ့ကို ရှိခိုးဆိုခိုးပါမယ်။ ကြီးကြီး သူများကို ဆူလိမ့်မယ်”

ဆိုကာ ပေါက်စမသည် ကိုကိုထွန်းရှေ့မှ ထွက်သွားလေတော့သည်။ ကိုကိုထွန်းသည် ပေါက်စမကို ငေးကြည့်ရင်း နေရာတွင် ကျန်ရစ်ခဲ့သည်။ ရင်ထဲမှာက တနင့်နင့် ခံစားနေရ၏။

ပေါက်စမ ကျောင်းနေသင့်သည်ဟူသော အတွေးသည် ခန္ဓာကိုယ်တခုလုံးမှာ ယောက်ယက်ခတ်ရလေသည်။

သည်တော့ တနင်္လာနေ့တွင် မိမိကျောင်းတက်ရမည့်အဖြစ်ကိုပင် တွေးတော ရင်လေးရပြန်၏။

ပတ်ဝန်းကျင်တခုလုံးမှာ မိုးသားများဖြင့် မှောင်မည်း အုံ့ဆိုင်းစ ပြုလာလေပြီ။ မကြာမီ မိုးရွာလိမ့်မည် ထင်ရ၏။

ညီညီနှင့် ငယ်ငယ်တို့ကို လွမ်းဆွတ်သောဝေဒနာသည် သည်မိုးနှင့်အတူ ရောက်လာပြန်ချေသည်။

| ၉ |

 

ဒေါ်ကေသီသည် ကိုကိုထွန်းနှင့်ပတ်သက်၍ ထိုသူငယ်၏ ဘဝအခြေအနေကိုသာလျှင် မဟုတ်၊ စိတ်နေသဘောထားကိုပါ နားလည်ပြီး ဖြစ်သည်ဟု ယုံကြည်ထား၏။ မည်သို့ဖြစ်စေ ကိုကိုထွန်း၏ ထက်မြက်သောဉာဏ်ရည်၊ လိမ္မာတတ်သိ နားလည်လွယ်ခြင်းတို့ကို ဒေါ်ကေသီ နှစ်သက်၏။ ထို့ကြောင့် ဤကလေးများကို ပြုပြင်ထိန်းချုပ်နိုင်မည်၊ စနစ်တကျ သွန်သင်ပြသ ပေးနိုင်မည်ဆိုပါက တနေ့တွင် မိမိမောင် ထွန်းတင်ကဲ့သို့ အရာရောက် လေးစားဖွယ်သော ပုဂ္ဂိုလ်တယောက် ဖြစ်လာရမည်ဟု မှတ်ယူထားပြီးလည်း ဖြစ်လေသည်။

သို့သော် ဤကလေးသည် ပြဿနာများကို တခုပြီးတခု ဖန်တီးတတ်သော ကလေးဖြစ်သည်။ ထိုကြောင့် ဒေါ်ကေသီသည် ထိုကလေးကို ကျောင်းမအပ်မီကတည်းကပင် ထိုကလေးအား မည်သည့်ကျောင်းတွင် အပ်နှံထားသင့်ကြောင်း စဉ်းစားတွေးတောခဲ့ပြီး ဖြစ်၏။ ဖြစ်နိုင်မည်ဆိုပါက ဒေါ်ကေသီသည် ကိုကိုထွန်းကို သူ့မျက်စိအောက်မှာပင် အမြဲထားချင်သည်။ သူ့ကျောင်းမှာပင် နေစေ့ချင်သည်။

သို့သော် မိမိအလုပ်လုပ်သောကျောင်းမှာ မိန်းကလေးကျောင်းသက်သက် ဖြစ်နေ၏။

ဤကလေးနှင့် စပ်လျဉ်း၍ ပြဿနာများ ပေါ်ပေါက်ရသည် ဆိုခြင်းမှာလည်း မြိုင်သာယာ အစိုးရကျောင်းမှာကဲ့သို့ လူပေါင်းစုံ နေထိုင်သည့်ကျောင်းမှာ ပညာသင်ရသောကြောင့် ပတ်ဝန်းကျင် အသိုင်းအဝိုင်း မမှန်ကန်သဖြင့် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေါ်ကေသီ ယူဆသည်။

ထို့ကြောင့် ဒေါ်ကေသီသည် ကိုကိုထွန်းအား မြန်မာပြည်တွင် အလွန် ထင်ရှားသော ရှေးယခင်ကမူ ဥရောပတိုက်သား အနွယ်ဝင်များသာ နေထိုင် သင်ကြားခွင့်ရသော ယခုအခါတွင်မူ မင်းပေါက်စိုးပေါက်အနွယ်များနှင့် ငွေကြေးတတ်နိုင်သူများသာ နေထိုင် သင်ကြားခွင့်ရသော သာသနာပြုကျောင်းကြီးတကျောင်းတွင် အပ်နှံရန် ဆုံးဖြတ်ခဲ့လေသည်။

စင်စစ် မြိုင်သာယာကျောင်းမှာ ပညာသင်ကြားခဲ့ပြီး ယခုလို ရန်ကုန်မြို့ပေါ်မှ သီးသန့် ကျောင်းကြီးမျိုးသို့ ရောက်လာသောအခါ ရောက်စ၌ အနည်းအကျဉ်းမျှသော အဆင်မပြေမှုများကို တွေ့နိုင်သည်ဟု ဒေါ်ကေသီ နားလည်ထားပြီးဖြစ်၏။ ထို့ကြောင့် ကိုကိုထွန်း ကျောင်းမတက်သော နေ့တွင် ဘုရားရှိခိုးကျောင်းတွင် ခရစ်တော်ထံသို့ ခိုဝင်ရှိခိုးဆုတောင်းခြင်းအမှုပြုရန် ဤကလေး ငြင်းပယ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဒေါ်ကေသီသည် များစွာတုန်လှုပ်ခြင်း မဖြစ်ခဲ့ပေ။

သို့သော် ထိုကလေးကမူ

“ကိုထွန်း ခရစ်ယာန်မှ မဟုတ်တာ၊ ဘာဖြစ်လို့ရှိခိုးရမှာလဲ အန်တီ၊ ဗုဒ္ဓဘာသာပဲဟာ ရှိခိုးရမယ်ဆိုလည်း ဗုဒ္ဓဘာသာဘုရားကို ရှိခိုးခိုင်းတယ်ဆိုရင် တော်သေးတာပေါ့”

“ဒီလိုလည်း ဘယ်ဟုတ်မလဲကွဲ့၊ ဘုရားဆိုတာ အတူတူပဲပေါ့၊ ဘယ်ဘုရားကိုပဲ ရှိခိုး ရှိခိုး ကုသိုလ်ရတာပဲ မဟုတ်လား”

“ဘုရားရှိခိုးလို့ ကုသိုလ်ရတယ်ဆိုတာ ကိုထွန်းမှ မယုံဘဲဥစ္စာ”

ထိုစကားကို ကြားရသောအခါ အန်တီကေသီ မျက်လုံးပြူးရလေတော့သည်။ ၁၂ နှစ်၊ ၁၃ နှစ်ရွယ် ကလေးတယောက်က ဤသို့ပြောလာခြင်းကိုကား ဒေါ်ကေသီ သဘောမကျ။

“နေစမ်းပါဦး ကိုထွန်း၊ မာမီက ကိုထွန်းကို ဘုရားရှိခိုးမခိုင်းဘူးလား”

“ခိုင်းသားပဲ၊ ဒါပေမဲ့ ကိုထွန်း စိတ်မှ မပါဘဲဟာ”

ဒေါ်ကေသီသည် သက်ပြင်းတချက်ကို ခပ်ညင်းညင်း မှုတ်ထုတ်လိုက်ပြီး

“ကိုထွန်းဟာ လိမ္မာတဲ့ကလေးတယောက်လို့ အားလုံးက ယူဆထားတယ်၊ ခုတော့ ကိုထွန်းဟာ ဘုရားကိုတောင် ရှိမခိုးဘူးဆိုတော့ အတော်မိုက်မဲနေပြီပဲ”

“ဘုရားရှိမခိုးပေမဲ့ ကိုထွန်း မတရားတာကို ဘယ်တော့မှ မလုပ်ဘူး။ ဘုရား မကြိုက်တာကိုလည်း ဘယ်တော့မှ မလုပ်ဘူး”

“သို့ပေမဲ့ ဘုရားကိုတော့ ရှိခိုးရမယ် ကိုထွန်း”

ယခုတကြိမ်တွင်ကား ကိုထွန်းသည် ဘာမျှနှုတ်တုံ့ပြန်ပြောဆိုခြင်း မပြုလိုတော့ပေ။

ဒေါ်ကေသီအဖို့မှာမူ သူပြောလိုသောစကားတွေကို မစဖြစ်သေးမှန်း သိ၏။

“တခုတော့ အန်တီပြောမယ် ကိုထွန်း။ ကျောင်းသားတယောက်ဟာ ကျောင်းစည်းကမ်းကို လိုက်နာတတ်ရမယ်။ ကျောင်းတွေမှာ သတ်မှတ်ထားတဲ့ စည်းကမ်း ဆိုတာတွေဟာ ကျောင်းသားတွေရဲ့ လိမ္မာရေးခြားရှိမှုနဲ့ ပညာ တတ်မြောက်မှုအတွက် ကျောင်းသားကျောင်းသူတွေ လိုက်နာသင့်တဲ့အချက်တွေ ဖြစ်တယ်။ နားလည်ရဲ့လား။ ကျောင်းသားတယောက်အဖို့ ကျောင်းစည်းကမ်း ဖောက်ဖျက်တယ်ဆိုတာ အကြီးဆုံးပြစ်မှုပဲ ကိုထွန်း။ အထူးသဖြင့် ကိုထွန်းလို ဆရာမတယောက်ရဲ့တူ၊ အရေးပိုင်တယောက်ရဲ့သားက စည်းကမ်း ဖောက်ဖျက်တယ်ဆိုရင် ကိုထွန်းတယောက်တည်းသာ အပြစ်တင်ခံရမှာ မဟုတ်ဘူး။ အန်တီရော ကိုထွန်းဒက်ဒီကိုပါ အပြစ်တင်ကြမှာပဲ။ ကိုယ့်အတွက်နဲ့ မိဘဆွေမျိုးကို မထိခိုက်စေသင့်ဘူး။ နားလည်ရဲ့လား ကိုထွန်း”

ကိုကိုထွန်းသည် ဘာမျှမပြောတော့ပေ။ သူ့စိတ်တွင် မကျေနပ်စေကာမူ ဒေါ်ကေသီ၏ ဆုံးမစကားကို နာခံပြီးဖြစ်သည်ဟု ဒေါ်ကေသီ နားလည်၏။

စင်စစ်တော့လည်း ကိုကိုထွန်းသည် သူရောက်နေသော ကျောင်းအသိုက်အဝန်းတွင် ပျော်မွေ့ခြင်း မရှိနိုင်ပေ။ သည်မှာ မိတ်ဆွေပြုရမည့် သူများကအစ ထိုပတ်ဝန်းကျင်သည် သူ့အပေါ်မှာ စိမ်းကားတတ်သောသဘော ရှိသည်ဟု ထင်မှတ်၏။ သို့သော် သူ သည်မှာ မပျော်ပိုက်သည်ကို ဒေါ်ကေသီအား ဘာမျှ ထုတ်ဖော် ပြောဆိုလိုခြင်း မရှိပေ။ မိမိကိုယ်တိုင် အပြစ်တခု၏ဒဏ်ကို ခံယူထားရသည်ဟု ယူဆသောကြောင့်လည်း နေ့ရက်များ လျင်မြန်စွာ ကုန်ဆုံးသွားနိုင်ရန်ကိုသာ သူတောင့်တ၏။ မည်သို့ဖြစ်စေ ယခုတနှစ် ကုန်ဆုံးသွားပါက ဖေဖေသည် သူ့အား မြိုင်သာယာသို့ ပြန်လည်ခေါ်ယူလိမ့်မည်ဟုလည်း မျှော်လင့်၏။

သို့သော် ကိုကိုထွန်းနှင့်ပတ်သက်သော ပြဿနာများကား ဆုံးခန်းတိုင်သည်ဟု မရှိခဲ့ပေ။ တပတ်လျှင် တခုစ၊ နှစ်ခုစ ပြဿနာများ ပေါ်ပေါက်လာတတ်မြဲဖြစ်၏။ ယင်းသည်မှာလည်း ဒေါ်ကေသီကိုယ်တိုင် ကိုကိုထွန်း၏ ကျောင်းနှင့် ဆက်စပ်နေသောကြောင့်ဟု ဒေါ်ကေသီကအစ ယူဆထား၏။ စင်စစ် ထိုပြဿနာများမှာလည်း ကြီးမားသော ပြဿနာသည်လည်း မဟုတ်ပေ။ အချို့ကို ပုံစံထုတ်ပြရသည်ရှိသော် ဘုရားရှိခိုးကျောင်းသို့ ဝင်လာသော်လည်း ဘုရားရှိခိုးစာကို မရွတ်ဖတ်ခြင်း၊ အထူးသဖြင့် ခရစ်တော်နှင့်ပတ်သက်၍လည်းကောင်း ဗြိတိသျှ ဘုရင်မင်းမြတ်နှင့် ပတ်သက်၍လည်းကောင်း မရိုမသေ ပြုမူတတ်ခြင်း၊ တခါတရံ ကျောင်းသားများအား လွတ်လပ်ရေး ရပါက သာသနာပြုကျောင်းများကို ဖျက်သိမ်းမည် ဟူသော စကားမျိုး အင်္ဂလိပ်များ မြန်မာပြည်မှ ထွက်ခွာရမည်ဟူသော စကားမျိုး၊ ပြောဆိုခြင်း စသည်တို့ဖြစ်၏။ သို့သော် ထိုပြဿနာများကို ဒေါ်ကေသီသည် ကြီးမားသော ပြဿနာဟု မယူဆခဲ့ပေ။ အချို့ကိစ္စများလောက်ကိုသာ ကိုကိုထွန်းကို ပြစ်တင်ပြောဆို၍ အချို့ကိစ္စများကိုမူကား ဒေါ်ကေသီကိုယ်တိုင် မေ့ဖျောက်ပစ်ခဲ့၏။ မိမိထံတွင် ကိုကိုထွန်း မပျော်ပိုက်မည်ကိုကား ဒေါ်ကေသီ မလိုလားပေ။

ထိုအခြေအနေများကို ကျော်လွန်ခဲ့ပြီးသည့်နောက် လေးငါးလအကြာမှာပင် ကိုကိုထွန်းသည် နောက်ထပ် ပြဿနာတခုကို ယူဆောင်လာခဲ့ပြန်၏။ သည်ပြဿနာမှာတော့ ဒေါ်ကေသီ မျက်လုံးပြူးရပြန်သည် အမှန်ပင်။

စင်စစ် ကျောင်းသင်ခန်းစာများ သင်ပြပို့ချမှု ဟူသည်မှာ ကျောင်းသားနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိ၊ ဆရာ ဆရာမ ဆိုသူများသည် ကျောင်းသားထက် သိကျွမ်းတတ်မြောက် နားလည်ထားကြသူများ ဖြစ်ပေသည်ဟု ဒေါ်ကေသီ အကြွင်းမဲ့ ယုံကြည်၏။ ထို့ကြောင့် ကျောင်းသားတယောက်သည် ဆိုးသည် မိုက်သည်ဟူသော ဂုဏ်ပုဒ်ကို ရယူလိုပါက အချင်းချင်းကို ရန်လိုခြင်းဖြင့်လည်းကောင်း၊ ဆရာ သို့မဟုတ် ဆရာမကို မထီလေးစားပြုခြင်း၊ စော်ကားခြင်း၊ ဆရာ့စကား အမိန့်တို့ကို ပယ်လှန် ငြင်းဆန်ခြင်း စသည့် အပြုအမူများဖြင့် ရယူနိုင်လေသည်။ ဒေါ်ကေသီကဲ့သို့ လုပ်သက် ကြာရင့်လာပြီဖြစ်သော ဆရာမတယောက်အဖို့တော့လည်း ကျောင်းသားတယောက်ထံတွင် ဖော်ပြပါ အပြုအမူများ တွေ့ရှိရခြင်းအတွက် ထူးခြားဆန်းပြားသည် ဟု မထင်။ သို့သော် ဆရာ၏ သင်ခန်းစာနှင့်ပတ်သက်၍ ကျောင်းသားတယောက်က ဝေဖန် ပြောဆိုခြင်း၊ ပြန်လှန်ချေပပြောဆိုခြင်း စသည့် သင်ပြမှု၌ အနှောင့်အယှက် ပြုခြင်းမျိုးကိုကား နားလည်ခွင့်လွှတ်နိုင်သော အကြောင်း အရာမျိုးဟူ၍ ဒေါ်ကေသီ မယူဆ။

ယခုမူ ကိုကိုထွန်းသည် ထိုပြဿနာကို ဖန်တီးခဲ့ပေပြီ။

ကျောင်းမှအပြန် ကိုကိုထွန်းကို ဝင်ခေါ်ကတည်းက ဆရာကြီးဖြစ်သူက ကိုကိုထွန်းနှင့် ပတ်သက်၍ အပြစ်စကား ပြောဆိုလိုက်၏။ အတန်းလက်ထောက် ဆရာများကသာ ပြောဆို တိုင်တန်းတတ်သော ကိုကိုထွန်း၏ပြစ်မှုကို ဆရာကြီးကိုယ်တိုင်က ပြောဆိုလာသည့်အတွက် ထိုပြဿနာသည် မည်မျှကြီးမားသော ပြဿနာဖြစ်နေသည်ကို ဒေါ်ကေသီ တွေးထင်မှန်းဆ ကြည့်ခဲ့သေး၏။ ထိုကြောင့် ဆရာကြီးလုပ်သူက ကိုကိုထွန်းသည် ဆရာများ၏သင်ခန်းစာကို ဝေဖန်ချေပ ပြောတတ်သည်ဟု မိမိအား ခေါ်ယူတိုင်တန်းသည် ဆိုရုံမျှဖြင့် မျက်နှာအထား မတတ်အောင် ကြုံခဲ့ရပေပြီ။

ကိုကိုထွန်းအဖို့တော့လည်း ယနေ့ အတန်းတွင်း၌ ကြုံခဲ့ရသည့်အဖြစ်ကို ပြဿနာတခုဟု မယူဆလိုပေ။

နှစ်ဦးစလုံးသည် ထိုပြဿနာနှင့်ပတ်သက်၍ အစဖော်ခြင်းမရှိဘဲ အိမ်သို့ ရောက်ခဲ့လေသည်။ အိမ်သို့ ရောက်ခါမှပင်

“ကိုထွန်း ကနေ့ ကျောင်းမှာ ဘာဖြစ်ခဲ့ပြန်သလဲ”

ဒေါ်ကေသီသည် ကိုကိုထွန်း မျက်စိပျက် မျက်နှာပျက်လောက်အောင် ဒေါသဖြင့် စကားမဆိုလိုသောကြောင့် မိမိအသံကို ထိန်းချုပ်ပြောဆို၏။

“ဘာမှမဖြစ်ပါဘူး အန်တီ”

“ကိုထွန်း မလိမ်တတ်ဘူး ထင်ပါတယ်”

မှန်၏။ ကိုကိုထွန်းသည် မည်မျှကြီးကျယ်သော အပြစ်တခုကို ကျူးလွန်ခဲ့စေကာမူ လိမ်ညာ ပြောဆိုခြင်း မပြုလိုပေ။ ထို့ကြောင့်ပင် ကိုကိုထွန်းသည် ကျောင်းတွင် မိမိကြောင့် ဖြစ်ပေါ်ခဲ့ရသော အဖြစ်အပျက်များကို ပြန်လည်စဉ်းစားရလေသည်။

“မလိမ်ပါဘူး အန်တီ၊ တခုတော့ ဖြစ်ခဲ့တယ်၊ ဒါကလည် သိပ်ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး၊ ရာဇဝင်နဲ့ပတ်သက်ပြီး မရှင်းတာကို ကိုထွန်း မေးတာပါ”

သည်အဖြစ်အပျက်ကိုကား ကိုကိုထွန်း သတိရမိ၏။ အမှန်ပင် ထိုအဖြစ်အပျက်ကို ကြီးကျယ်သည်ဟူ၍ ကိုကိုထွန်း ထင်မြင်ခြင်း မရှိပေ။

ဆရာဖြစ်သူက အင်္ဂလိပ်တို့ မြန်မာပြည်သို့ ပထမအကြိမ် ဝင်ရောက် တိုက်ခိုက်ရခြင်းနှင့် ပတ်သက်၍ သင်ပြခြင်းဖြစ်သည်။ ဆရာ၏ သင်ပြပို့ချချက်၌ ထိုခေတ်အခါက မြန်မာဘုရင်များသည် အိန္ဒိယပြည်ကို အင်္ဂလိပ်လက်မှ သိမ်းပိုက်ရန် ကြံစည်ခဲ့ကြောင်း။ အထူးသဖြင့် အာသံနှင့် မဏိပူရ စော်ဘွားများကို မြန်မာဘုရင်များက မြှောက်ပေးကြောင်း။ ရခိုင်ဘက်တွင်လည်း မြန်မာဘုရင်တို့ နယ်ချဲ့ရန် အားထုတ်ကြောင်း။ ထို့ပြင် မြန်မာဘုရင်များသည် သံတမန်ရေးရာများ၌ နားလည်မှု မရှိကြောင်း။ အင်္ဂလိပ်အစိုးရက ဤကိစ္စနှင့်ပတ်သက်၍ မြန်မာဘုရင်များနှင့် ပြေပြစ်စွာ ဆက်ဆံနိုင်ရန် သံတမန်များ စေလွှတ်ခဲ့ကြောင်း။ သို့သော် မြန်မာဘုရင်များက သံတမန်များကို ကောင်းမွန်စွာ လက်ခံခြင်း မရှိကြောင်း။ မြန်မာနန်းတွင်း၌ အင်္ဂလိပ်သံတမန်များကို ဖိနပ်ချွတ်စေခဲ့ကြောင်း စသည်တို့ကို သင်ပြ၏။

သည်တော့လည်း ကိုကိုထွန်းသည် ဆရာ၏ သင်ပြချက်များကို လုံးဝ နားလည်နိုင်ခြင်း မရှိတော့ပေ။ အထူးသဖြင့် ဤသင်ခန်းစာများကို သူသည် မြိုင်သာယာမြို့ အထက်တန်းကျောင်း၌ သင်ယူခဲ့ရဖူး၏။ ထိုစဉ်ကမူ ရာဇဝင်သင်ပြသော ဆရာက အင်္ဂလိပ်တို့၏ နယ်ချဲ့ဝါဒကို အဓိကထား သင်ပြသည်။ အင်္ဂလိပ်တို့သည် ကုန်သွယ်ခြင်း၊ သာသနာပြုခြင်း၊ လက်နက်အားကိုးခြင်းတို့ဖြင့်သာ နိုင်ငံငယ်များကို သိမ်းပိုက်ရန် အားထုတ်ခဲ့သည်ဟု ဆို၏။ နန်းတွင်း၌ သံအဖွဲ့ဝင်များ ဖိနပ်မချွတ်ခြင်းနှင့် ပတ်သက်၍လည်း အင်္ဂလိပ်တို့သည် ရောမသို့ ရောက်ပါက ရောမသားကဲ့သို့ ကျင့်ရမည်ဟူသော စကားပုံကို လက်သုံးပြုတတ်ကြစေကာမူ မြန်မာနန်းတွင်း၌ ဖိနပ်ချွတ်ရန် ငြင်းပယ်ခြင်းဖြင့် မြန်မာတို့အပေါ် အထင်သေးစိတ်ထားခဲ့ကြောင်း သင်ယူခဲ့ရလေသည်။

ကိုကိုထွန်း နားမရှင်းနိုင်တော့ပေ။

ထိုအခါ ကိုကိုထွန်းသည် အတန်းတွင်း၌ မတ်တတ်ရပ်ကာ ဆရာဖြစ်သူ၏ သင်ပြပို့ချချက်ကို မရှင်းလင်းကြောင်း မေးမြန်းရာမှအစ ပြဿနာသည် ပေါ်ပေါက်လာရ၏။

ဆရာ့အဖို့တော့လည်း ဤကျောင်းတွင်း၌ အင်္ဂလိပ်လူမျိုးကို နယ်ချဲ့သမားအဖြစ် ထုတ်ဖော် ပြောဝံ့သော ကျောင်းသားတယောက်ကို အံ့သြထိတ်လန့်ခြင်း ကြီးစွာဖြင့် စူးစိုက်ကြည့်ရှုပြီး

“ဒါတွေဟာ ဒီစာအုပ်ထဲမှာပါတဲ့ အချက်အလက်တွေ ဖြစ်တယ်ဆိုတာ ဂျော့ နားလည်ပါတယ်”

ဟု ပြောပြောဆိုဆို ဆရာသည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဟာဗေ၏ မြန်မာနိုင်ငံ ရာဇဝင်အကျဉ်း စာအုပ်ကို ထုတ်၍ပြလေ၏။

“ဟုတ်ပါတယ် ဆရာ။ အဲဒါက အင်္ဂလိပ်လူမျိုးတယောက် ရေးထားတဲ့ ရာဇဝင်စာအုပ်ဖြစ်လို့ အင်္ဂလိပ်တွေကို အကောင်းရေးပြီး ဗမာတွေကို အကောင်းမရေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကျောင်းမှာက ဒီစာအုပ်ကို မသင်ရပါဘူး။ အမျိုးသားပညာဝန် ဦးဖိုးကျားရေးတဲ့ မြန်မာရာဇဝင် ကိုသာ သင်ခဲ့ရပါတယ်”

ကိုကိုထွန်းသည် အတတ်နိုင်ဆုံး ယဉ်ကျေးသိမ်မွေ့သော လေသံဖြင့် ပြောဆိုလိုက်၏။

သို့သော် ဆရာဖြစ်သူမှာမူ ဒေါသပြင်းစွာ ဖြစ်နေဟန်ရှိ၏။ ကိုကိုထွန်းသည် သူ့စကားကို အဆုံးမသတ်လိုသေးပေ။

“နောက်ပြီး ဆရာက ပြောပါတယ်။ သံအဖွဲ့ဝင်တွေဟာ နန်းတော်ထဲမှာ ဖိနပ်ချွတ်ခိုင်းတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ဗမာဘုရင်တွေဟာ သံတမန်ကိစ္စကို နားမလည်ဘူး။ သံတမန်တွေကို တန်ဖိုးထား ဆက်ဆံခြင်း မရှိဘူးလို့ ဆိုပါတယ်။ ဒီကိစ္စဟာ အလွန်ရှင်းပါတယ် ဆရာ။ ကျွန်တော်တို့ဗမာတွေမှာ နန်းတော်ကို အထွတ်အမြတ် ထားပါတယ်။ ဒီနေရာမျိုးမှာ နိုင်ငံခြားသား တယောက် ဖိနပ်စီးဝင်တာကို ဘယ်ဘုရင်ကမှ ခွင့်ပြုကြမယ် မဟုတ်ပါဘူး။ ဒီနေရာမှာ အင်္ဂလိပ်တွေဟာ ရောမကို ရောက်ရင် ရောမလို ကျင့်သုံးရမယ်ဆိုတဲ့ စကားပုံကို မေ့ကြတာနဲ့ တူပါတယ် ဆရာ”

“ဂျော့ ထိုင်ပါ”

ဆရာက ဒေါသသံဖြင့် အော်လိုက်သည်။

သို့သော် ကိုကိုထွန်း မထိုင်သေး။

“ကျွန်တော် မရှင်းတဲ့အချက်ကို မေးဖို့ ကျန်ပါသေးတယ် ဆရာ။ ဥပမာဆိုပါတော့ ဆရာ။ အခု ဆရာတို့ကျောင်းမှာ ကျွန်တော်လာပြီး ပညာသင်တဲ့အတွက် ကျွန်တော်ဟာ ခရစ်ယာန် မဟုတ်ပေမဲ့ ဆရာတို့ကျောင်းစည်းကမ်းအတိုင်း ဘုရားရှိခိုး ကျောင်းတက်ပြီး ခရစ်တော်ကို ရှိခိုးဆုတောင်းတဲ့ကိစ္စကို ဝန်မလေးရသလို အဲဒီတုန်းက သံအဖွဲ့ဝင်တွေဟာရော နန်းတော်ထဲမှာ ဖိနပ်ချွတ်ဖို့ကိစ္စကို ဝန်လေးသင့်ပါသလား ဆရာ”

“ဂျော့ ထိုင်ပါ”

ကိုကိုထွန်းသည် ထိုင်ချလိုက်သည်။ ဆရာသည် ဒေါသကြီးစွာဖြင့် အတန်းပြင်သို့ ထွက်သွားလေ၏။

ဤကိစ္စကို ကြီးကျယ်သည်ဟု ကိုကိုထွန်း မထင်မှတ်ခဲ့ပေ။ ယခုမူ

“ဟုတ်တယ်၊ အဲဒါတွေအလုံးစုံကို အန်တီ ကြားခဲ့ရတယ်။ ကိုကိုထွန်းဟာ အဆင့်အတန်း နိမ့်ကျတဲ့ ကျောင်းတွေက သင်ခန်းစာတွေကို မှတ်ထားပြီး ဆရာဖြစ်သူကို ပြန်လှန်ပြောဆိုတာဟာ အပြစ်တခုလို့ နားလည်သင့်တယ်”

“ဒီဥစ္စာ ကိုထွန်း ဆရာ့ကို ငြင်းတာလည်း မဟုတ်ပါဘူး အန်တီ၊ မရှင်းလို့ မေးတာပါ”

“ဟုတ်တယ်လေ၊ ကိုထွန်းအနေနဲ့က မရှင်းလို့မေးတာ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ကိုထွန်းက အတန်းထဲမှာ အင်္ဂလိပ်တွေဟာ နယ်ချဲ့တာပဲ။ အင်္ဂလိပ်တွေဟာ ကုန်သည်တွေ၊ သာသနာပြု ပုဂ္ဂိုလ်တွေ၊ စစ်သားတွေလွှတ်ပြီး သူများတိုင်းပြည်တွေကို သိမ်းတာပဲလို့ ပြောတယ်ဆို”

“အဲဒါမဟုတ်ဘူးလား အန်တီ”

ဒေါ်ကေသီသည် ရုတ်တရက် စကားပြန်မပေးနိုင်ဘဲ တွေနေ၏။ ထိုအခိုက်မှာပင် ဦးကျော်သာဦး ရောက်နေကြောင်းကို ပေါက်စမ လာရောက် ပြောကြားလေသည်။

“ကိုထွန်းဟာ ဘာကိုမှ သေသေချာချာ နားလည်ခြင်း မရှိဘဲ အခုလို ဆရာကို ပြန်ပြောတာ ဗြိတိသျှအစိုးရနဲ့တကွ ကိုထွန်း ပညာသင်နေတဲ့ကျောင်းရဲ့လုပ်ငန်းကို ထိခိုက်ပြောဆိုတဲ့အတွက် မနက်ဖြန် ကိုထွန်း ဆရာကြီးနဲ့တကွ ကိုထွန်းရဲ့ ဆရာ့ရှေ့မှာ ဝန်ချတောင်းပန်ရမယ်၊ နားလည်လား”

ဒေါ်ကေသီသည် ပြောပြောဆိုဆို ကိုကိုထွန်းရှေ့မှထ၍ အိမ်အောက်ထပ်သို့ ဆင်းသွားလေ၏။

ကိုကိုထွန်းသည် ဘာမျှ ပြန်လည် ပြောဆိုလိုက်ရခြင်း မရှိသည့်အတွက် နေရာ၌ မကျေမနပ် ဖြစ်ကာ ကျန်ရစ်ခဲ့၏။

ဦးကျော်သာဦး ရောက်လာပြီဆိုသောကြောင့် ဦးကျော်သာဦးရှေ့တွင် ထိုအကြောင်းကို ထုတ်ဖော်ပြောဆိုပါက ဦးကျော်သာဦး ဖြေရှင်းပေးနိုင်လိမ့်မည်ဟု ကိုကိုထွန်း ယုံကြည်သည်။ ထိုကြောင့် ဦးကျော်သာဦးကို သူတွေ့ဖို့လိုသည်ဟု စိတ်ထဲက ဆုံးဖြတ်သည်။

ဦးကျော်သာဦးဆိုသည်မှာ ဤအိမ်ကြီးသို့ ရောက်လာတတ်မြဲသော ဧည့်သည်ကြီး ဖြစ်လေသည်။

သူသည် ရခိုင်ပြည်သားတယောက်ဖြစ်သည်။ ယခုနှစ် မိုးဦးကျတွင် မိမိ ဝင်ရောက် အမှုထမ်းခဲ့သော ပညာရေးဌာနမှ အငြိမ်းစားယူခဲ့သည့် အငြိမ်းစား ပညာဝန်တဦး ဖြစ်၏။ ဒေါ်ကေသီနှင့်မူ ပညာရေးဌာနတွင် အမှုထမ်းနေစဉ်ကတည်းကပင် သိကျွမ်းခဲ့လေသည်။

ဦးကျော်သာဦး၏ဇနီးဖြစ်သူမှာ ဂျပန်ခေတ်တွင် ကွယ်လွန်ခဲ့၏။ ထို့နောက် တနှစ်၊ နှစ်နှစ်အကြာတွင် ဦးကျော်သာဦးသည် ဒုတိယအိမ်ထောင်ပြုရန် အကြံဖြစ်ခဲ့သော်လည်း သမီးဖြစ်သူ သန္တာနွယ်၏ရှေ့ရေးကို မျှော်တွေး စိုးရိမ်သည် ဖြစ်သောကြောင့် နောက်အိမ်ထောင်ပြုရန် အကြံအစည်ကို လက်လျှော့ထားခဲ့၏။

ယခုကဲ့သို့ အငြိမ်းစား ယူပြီးသောအခါ၌ သားမြေး တသိုက်တဝန်းနှင့် နေထိုင်ရမည်ဆိုလျှင် မထောင်းတာလှပေ။ နဂိုအလုပ်ခွင်မှာကတည်းက လုပ်ဖော်ကိုင်ဖက်တွေနှင့် ပျော်ပျော်နေ ပျော်ပျော်လုပ်ကိုင်တတ်သူ တဦးအနေဖြင့် အငြိမ်းစား ယူပြီးနောက် နေ့ရက်များကို အေးချမ်းစွာဖြင့် ကုန်ဆုံးစေရမည်မှာ အလွန်ငြီးငွေ့ဖွယ်သော အလုပ်တခု ဖြစ်လိမ့်မည်ဟူ၍ကား ဦးကျော်သာဦး နားလည်ပြီးဖြစ်၏။ ထို့ကြောင့်လည်း အငြိမ်းစား ယူခဲ့ပြီးသည့်နောက်ပိုင်းအချိန်များကို မိမိအနေဖြင့် မည်သို့ကုန်ဆုံးစေခဲ့သည်ဟူသော အချက်များကိုလည်း ကြိုတင်စဉ်းစား စီစဉ်ခဲ့ပြီး ဖြစ်လေသည်။

ဤသို့ဖြင့် ဦးကျော်သာဦးသည် အငြိမ်းစား မယူမီ တလခန့်ကတည်းက အင်းလျားလမ်းတွင် ခြံမြေတခုကို အိမ်တလုံး အပါအဝင် ဝယ်ယူခဲ့၏။ သည်မှာ မိမိအိမ်နှင့် မလှမ်းမကမ်းတွင် ဒေါ်ကေသီ နေထိုင်သည်ဟု သိရသောအခါ ဦးကျော်သာဦးအဖို့ မိတ်ဆွေဟောင်းတယောက်နှင့် ပြန်လည် နီးစပ်နေထိုင်ရမည့်အတွက် ကျေနပ်ခြင်း ဖြစ်ခဲ့ရ၏။

သမီးငယ် သန္တာနွယ်မှာ အသက် ၁၂ နှစ်သာ ရှိပေသေးသည်။ သူ့မိခင် သေဆုံးစဉ်ကမူ သူ့အသက်သည် ကိုးနှစ်ပင် ကောင်းကောင်း မပြည့်တတ်သေးပေ။ ယခုအခါ ထိုကလေးမသည် ပထမတန်းတွင် ပညာသင်ကြားနေဆဲဖြစ်၏။ ထိုကလေးမ၏ ပညာဆုံးခန်းတိုင် တတ်မြောက်ရေးနှင့် ထိုကလေးမ၏ ဘဝရှေ့ရေးသည် မိမိ၏ အဓိကတာဝန် ဖြစ်သည်ဟု ဦးကျော်သာဦး စွဲမြဲစွာ မှတ်ယူထား၏။

စင်စစ် ယခုလိုအချိန်မျိုးတွင် ဦးကျော်သာဦး အငြိမ်းစားမယူဘဲ ဆက်လက် အမှုထမ်းနိုင်ရန် ဆောင်ရွက်မည်ဆိုက ဖြစ်နိုင်လေသည်။ သူ့အဖို့တော့လည်း ဇနီးဖြစ်သူ ကွယ်လွန်ပြီးကတည်းကပင် အစိုးရဌာနတွင် ဆက်လက် အမှုထမ်းရမည်ထက် စာပေရေးသားပြုစုခြင်းဖြင့် မိမိ၏ နောက်ပိုင်း အချိန်များကို အေးချမ်းစွာ ကုန်ဆုံးစေလို၏။ သို့သော် ထိုအကြံမှာလည်း ထိုစဉ်က လုံးဝ အကောင်အထည် မပေါ်ခဲ့ပေ။ ယခုအခါတွင်မူ မိမိအနေဖြင့် ပညာရေးဌာန၌ ဆက်လက် အမှုထမ်းနေခြင်းထက် မိမိဝါသနာပါသော စာပေကျမ်းများ ရေးသားပြုစုခြင်းက လွတ်လပ်အံ့သော နိုင်ငံနှင့် လွတ်လပ်ပြီး နိုင်ငံ၏အကျိုးကို ပိုမိုထမ်းရွက်နိုင်မည်ဟု ယုံကြည်ခဲ့သည် ဖြစ်သောကြောင့် ယင်းသို့ စောစီးစွာ အငြိမ်းစားယူခဲ့ခြင်းဖြစ်၏။

ဦးကျော်သာဦးသည် ပညာရေးဌာနတွင် နှစ်ပေါင်း ၃ဝ နီးပါး ဝင်ရောက် အမှုထမ်းခဲ့ပြီး ဖြစ်သောကြောင့် ပညာရေးလုပ်ငန်း အတွေ့အကြုံ တော်တော်များများကို ရင်ဆိုင်ကြုံတွေ့ခဲ့ပြီး ဖြစ်၏။

သူ၏ ပညာရေး အတွေ့အကြုံများတွင် ၁၉၂ဝ ခုနှစ် တက္ကသိုလ်အက်ဥပဒေ ပြင်ဆင်ရေး သပိတ်သည် ပထမဆုံးမှတ်တိုင် ဖြစ်လေသည်။ ထိုစဉ်ကတည်းကပင် သူသည် ဗြိတိသျှအစိုးရ၏ ကိုလိုနီပညာရေးစနစ်ကို ခါးခါးသီးသီး မုန်းတီးခဲ့၏။ တဖက်တွင်လည်း ငွေကြေးတန်ဖိုး ကြီးလှစွာသော တက္ကသိုလ်ပညာကို သူ့အနေနှင့် ဆက်လက်မသင်ကြားနိုင်တော့သော အခက်အခဲကို ရင်ဆိုင်လာရ၏။ ထို့ကြောင့် တက္ကသိုလ် ပညာတပိုင်းတဝက်ဖြင့် တက္ကသိုလ်မှ ထွက်ခဲ့ရလေသည်။ သည်တော့လည်း ပညာဆက်လက်သင်ယူခွင့် မရှိသော မိမိ၏အခြေအနေကိုပင် ကျေနပ်ခဲ့မိသေး၏။

ထိုအချိန်မှာပင် ၁၉၂ဝ ခုနှစ် တက္ကသိုလ်သပိတ်နောက်ပိုင်းတွင် အမျိုးသားကျောင်းများ ပေါ်ပေါက်လာခဲ့သည်ဖြစ်ရာ ဦးကျော်သာဦးသည် အမျိုးသားကျောင်းဆရာအဖြစ် ဝင်ရောက် အမှုထမ်းခဲ့၏။ ထိုအခါ ဖခင်ဖြစ်သူ လိုက်လာကာ အလုပ်မှထွက်စေပြီး ဆရာဖြစ်သင်သို့ တက်စေ၏။ ဆရာဖြစ်သင်မှ ဆင်းသောအခါ အမျိုးသားကျောင်းသို့ ပြန်လည်ဝင်ရောက် အမှုထမ်းခြင်းကို ဖခင်က ခွင့်မပြုတော့ပေ။ အစိုးရကျောင်းမှာသာ ဝင်ရောက် အမှုထမ်းရလေတော့သည်။

သို့ဖြင့် ဆရာလုပ်သက် ၅ နှစ်တွင် ဇနီးဖြစ်သူကို လက်ထပ်ခဲ့၏။ မကြာမီပင် ပညာအုပ် ဖြစ်လာပြီး ၁၉၃၆ ခုနှစ်လောက်တွင် ပညာဝန်အဖြစ် တိုးမြှင့်ခန့်ထားခြင်းကို ခံခဲ့ရ၏။

သို့သော် ပညာရေး အကျပ်အတည်းနှင့် အမျိုးသားလှုပ်ရှားမှုများကို ကျော်လွှားဖြတ်သန်းခဲ့ ရသည်ဖြစ်သောကြောင့် ပညာရေးအယူအဆများ၊ အတွေ့အကြုံများနှင့်အတူ အမျိုးသားလှုပ်ရှားမှု များ၌ စိတ်ဝင်စားခဲ့လေ၏။ ထို့ပြင် ကျောင်းနေစဉ် ကျောင်းသားဘဝနှင့် ကျောင်းဆရာဘဝများ၌ ရာဇဝင်ဘာသာရပ်ကို စိတ်ဝင်စားခဲ့သည် ဖြစ်သောကြောင့် ရာဇဝင်ဘာသာ သင်ပြပို့ချခြင်းကို လက်တွေ့မဆောင်ရွက်ရသည့် အခြေအနေမှာပင် ဝါသနာဘာသာရပ်အဖြစ် ဆက်လက် လေ့လာခဲ့လေသည်။ ပညာအုပ်၊ ပညာဝန်ဘဝဖြင့် အနယ်နယ်အရပ်ရပ်သို့ ရောက်လေတိုင်းပင် ရာဇဝင် အထောက်အထားပစ္စည်းများကို ရှာဖွေစုဆောင်းခဲ့၏။

ဤသို့လျှင် အမျိုးသားစိတ်ဓာတ်၊ သမိုင်းအသိနှင့် ပညာရေး အတွေ့အကြုံတို့သည် သူ၏ တိုးတက်သော အတွေးအခေါ် အယူအဆကို ဖြစ်စေသည်ဟုလည်း ဦးကျော်သာဦး မြဲစွဲယုံကြည်ခဲ့လေသည်။ ထို မိမိ၏ သမိုင်းအသိ အမျိုးသားစိတ်ဓာတ်နှင့် ပညာရေး အတွေ့အကြုံတို့ကို စာနယ်ဇင်းများတွင် အသင့်အတင့် ရေးသားဖော်ပြခဲ့ရသည်တို့ကို နှစ်သက် အားရလှသည်ဖြစ်ရာ မိမိ အငြိမ်းစား ယူပြီးသောအခါ စာအုပ်စာတမ်းများ ပြုစုရေးသားမည်ဟု ဆုံးဖြတ်ခဲ့လေသည်။ ဤသို့ဖြင့် မိမိ၏ နောက်ဆုံးနေ့ရက်များကို ကုန်ဆုံးစေရမည့်အတွက်လည်း ကျေနပ်အားရမိ၏။

ယခုမူ ဒေါ်ကေသီနှင့် အိမ်နီးချင်းအဖြစ် ပြန်လည် ခင်မင်ရခဲ့ပြန်သည်ကြောင့် ဦးကျော်သာဦးအဖို့ မိမိ၏ အငြိမ်းစား အချိန်ကာလများသည် မျှော်လင့်ထားသည့်ထက်ပင် ပျော်ရွှင် ကြည်နူးဖွယ် ဖြစ်လိမ့်မည်ဟု ကျေနပ်အားတက်မိလေသည်။ ထို့ကြောင့်လည်း ညနေခင်းများ သို့မဟုတ် စနေ၊ တနင်္ဂနွေနေ့များ၌ ဦးကျော်သာဦးသည် ဒေါ်ကေသီတို့အိမ်သို့ ရောက်လာတတ်မြဲ ဖြစ်၏။

ဤကဲ့သို့ ဦးကျော်သာဦး ရောက်လာတတ်ခြင်းကို ဒေါ်ကေသီသည် လွန်ခဲ့သော အချိန်များမှာကတည်းက လိုလားနှစ်သက်ခြင်း ရှိသည်ဟု ဤအိမ်ကြီးမှ လူအများက ခန့်မှန်း တွက်ချက်ခဲ့ကြ၏။ အထူးသဖြင့် ထမင်းချက် မောင်လှမင်းနှင့် ဒရိုင်ဘာ၏ဇနီးမမြသန်းတို့ကမူ ဦးကျော်သာဦး ဤအရပ်သို့ ပြောင်းရွှေ့လာပြီး တလအကြာတွင် တနေ့သောအခါ၌ မိမိတို့၏ အိမ်ကြီးရှင် ဒေါ်ကေသီ အပျိုကြီးသည် မုဆိုးဖိုကြီး ဦးကျော်သာဦးနှင့် လက်ထပ်ဖြစ်လိမ့်မည်ဟု တီးတိုး ထင်မြင်ချက် ပေးခဲ့ကြလေသည်။

သူတို့နှစ်ဦးစလုံးသည် ထိုအခြေအနေများကို ရိပ်စားမိခြင်း မရှိပေ။ ရိပ်စားမိစေဦး အမှုထားကြမည်ဟုလည်း ထင်စရာ မရှိပေ။

စင်စစ် သူတို့နှစ်ဦး ပြန်လည်တွေ့ဆုံခဲ့ကြခြင်းသည် အများအစား မဟုတ်စေကာမူ အတန်အသင့် စိတ်ဝင်စားဖွယ် ဖြစ်သည်ဟူ၍ကား ဖော်ပြနိုင်မည် ထင်ရ၏။ ဦးကျော်သာဦးသည် ပညာဝန်အဖြစ်လည်းကောင်း၊ ဒေါ်ကေသီသည် ဆရာမအဖြစ်လည်းကောင်း အမှုထမ်းခဲ့ကြသည် ဆိုရာတွင်လည်း တဦးမှာ ပညာရေးဌာန၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်ရှိ၍ တဦးမှာ သာသနာပြုကျောင်းအဖြစ် ပညာရေးဌာနနှင့် တဆင့်ခံ ဆက်စပ်မှုတွင် ရှိသည်ဖြစ်သောကြောင့် ထိုစဉ်အခါက သူတို့နှစ်ဦး တွေ့ဆုံသိကျွမ်းခဲ့ကြသည် ဆိုခြင်းမှာလည်း တိုက်ရိုက်တွေ့ဆုံ သိကျွမ်းခြင်းမျိုး မဟုတ်ပေ။ နှစ်ကြိမ် သုံးကြိမ်မျှသာ တွေ့ဆုံသိကျွမ်းခွင့် ကြုံခဲ့ရခြင်းဖြစ်၏။ ထို့ကြောင့်လည်း သူတို့နှစ်ဦးသည် တဦးဘဝကို တဦး၊ တဦးစိတ်ထားကို တဦး၊ သေချာစေ့ငုစွာ သိကျွမ်းခြင်း ရှိခဲ့ကြရသည် မဟုတ်ပေ။ တဦး၏ ရာထူးဂုဏ်ရှိန်ကို တဦး အပြန်အလှန် လေးစားခြင်းမျိုးဖြင့်သာ ဆက်ဆံခဲ့ကြရခြင်းဖြစ်၏။

ယခုအခါ ပြန်လည်တွေ့ဆုံရာ၌မူ နှစ်ဦးစလုံးသည်ပင် တဦးအကြောင်းကို တဦး အတန်အသင့် ခင်မင်နိုင်စရာများ တွေ့ရှိလာကြ၏။ ဦးကျော်သာဦး၏ ပျော်ရွှင် ဖော်ရွေစွာ ပြောဆိုတတ်ခြင်းကို ဒေါ်ကေသီ နှစ်သက်သလိုပင်၊ ဒေါ်ကေသီ၏ ခင်မင် ရင်းနှီးတတ်ခြင်းကို ဦးကျော်သာဦး သဘောကျခဲ့ပေသည်။ မည်သို့ဖြစ်စေ၊ သူတို့နှစ်ဦး၏ ဆက်ဆံရေးတွင် တဦးကိုတဦး ခြောက်ပြစ်ကင်း သဲလဲစင် သဘောမျိုး ထားနိုင်ခဲ့ကြသည်ကား မဟုတ်ပေ။ ဦးကျော်သာဦးသည် ဒေါ်ကေသီ၏ အင်္ဂလိပ် အထင်ကြီးစိတ်၊ ဂုဏ်ပကာသန အသိုင်းအဝိုင်း၌ အထင်ကြီးစိတ် ထားသည်ကို နှစ်လိုနိုင်ခြင်း မရှိသကဲ့သို့ ဦးကျော်သာဦး၏ နိုင်ငံရေးစကားများကိုလည်း ဒေါ်ကေသီ နားဝင်မချိုသာနိုင်အောင် ဖြစ်ခဲ့၏။ ထိုကြောင့်လည်း သူတို့နှစ်ဦးစလုံးသည် သူတို့၏ ခင်မင်ရင်းနှီးစွာ ဆက်ဆံနိုင်ရေးအတွက် တဦး မနှစ်သက်နိုင်သည်ကို တဦးက သိရှိကာ မနှစ်သက်ဖွယ်ရာ အပြောအဆို၊ အပြုအမူများကို ရှောင်ရှားဖုံးကွယ်ထားနိုင်ခဲ့ကြသည် ဖြစ်သည်။ သည်တော့လည်း သူတို့နှစ်ဦးစလုံး၏ ဆက်ဆံရေးမှာ စိတ်နှလုံး ကြည်နူးဖွယ်ရာများ ဖြစ်ခဲ့ကြသည်ဟု နှစ်ဦးစလုံး၏ စိတ်၌ သိုဝှက် မှတ်ယူထားကြပြီးဖြစ်၏။

“ဝန်မင်းဆိုတဲ့ အသုံးအနှုန်းမျိုးတော့ ခုနေအခါမှာ မသုံးပါနဲ့တော့ ဆရာမရာ”

“ရှင်၊ ရှင့်ကိုတော့ ဝန်မင်း မသုံးစေချင်ဘူး၊ ကျွန်မကိုတော့ ဆရာမလို့ သုံးနှုန်းနေတယ် ဆိုတော့ ဘယ်နည်းလမ်းကျပါ့မလဲရှင့်”

“ဪ၊ ဒါကတော့ ဒေါ်ကေသီက ဆရာမ ဖြစ်နေသေးတာကိုး၊ ကျုပ်က ဝန်မင်းမှ မဟုတ်တော့ပဲကလား”

ပြန်လည်တွေ့ဆုံစမှာ သည်လိုအပြောမျိုးကလေးဖြင့် ဆက်ဆံရသည်ကို ဒေါ်ကေသီ စိတ်ထဲက ကျေနပ်၏။

“ကဲ ဒါဖြင့် ကျွန်မက ရှင့်ကို ဘယ်နှယ့်ခေါ်ရမှာလဲရှင့်”

“နာမည်ရှိသားပဲဗျာ”

“ဘယ်နှယ့်ရှင်၊ ရှင့်နာမည်ကြီးက အရှည်ကြီးဥစ္စာ”

ဒေါ်ကေသီ သည်လိုပြောတတ်ခြင်းမျိုးကိုလည်း ဦးကျော်သာဦး သဘောကျ၏။ သူ့အနေနှင့်တော့လည်း အလုပ်ခွင်မှာ မိတ်ဆွေအပေါင်းအသင်းများနှင့် ယခုလို ခပ်သောသော ခပ်သွက်သွက်ကလေး ပြောကာဆိုကာ ရယ်မောကာနှင့် နေလာခဲ့ရာမှ အငြိမ်းစားယူလာခဲ့သော အခါ၌ မိမိအဖို့ ယခုလို သွက်သွက်လက်လက် ပေါ့ပေါ့ပါးပါး စကားမျိုး ပြောစရာလူမျိုး ရှိပါဦးမည်လား ထင်မှတ်ခဲ့သေး၏။ ယခု ဒေါ်ကေသီနှင့်တွေ့၍ ယခုလို ပေါ့ပေါ့ပါးပါး စကားကလေးတွေ ပြောရသည်ဆိုသောအခါ မိမိဘဝသည် အငြိမ်းစား ယူလိုက်ခြင်းဖြင့် တကယ်တမ်း ခြောက်သွေ့ခြင်း မဖြစ်သေးပါတကားဟု အောက်မေ့ခဲ့ရ၏။

“ဒါကတော့ လွယ်ပါတယ် ဒေါ်ကေသီ၊ နာမည်ကို ဖြတ်ခေါ်လည်း ရတာပဲဟာ၊ ဥပမာ ကျော်သာပေါ့ဗျာ

“ကဲ ဒါဖြင့် ဦးကျော်သာ ဆိုပါတော့”

“အမယ်လေးလေး၊ ဒုက္ခပါပဲဗျာ၊ ဦးကျော်သာရယ်လို့၊ ကိုကျော်သာလို့ လုပ်စမ်းပါဗျ၊ ဦးဆိုတဲ့ စကားလုံး တပ်လိုက်တာဟာ ကျုပ်ကို မြန်မြန် အသေခိုင်းတာနဲ့ မတူဘူးလား”

“ဒါကတော့ရှင်၊ အရွယ်နဲ့ ဂုဏ်သိက္ခာကို လိုက်ပြီး သုံးရတာပဲလေ”

“မလုပ်ပါနဲ့ဗျာ၊ ကျုပ်တို့နှစ်ယောက်ကြားမှာ ဂုဏ်သိက္ခာဆိုတာနဲ့ ဂုဏ်ထူး၊ ရာထူး ဆိုတာတွေ မေ့ထားပါစို့၊ ဒီမှာ ဒေါ်ကေသီ၊ အေးလေ ယောင်လို့၊ မကေသီလို့ ခေါ်ရင် ခွင့်လွှတ်နိုင်ပါတယ်နော်”

သူ့မျက်နှာကို ဦးကျော်သာဦး တချက်လှမ်းကြည့်သည်။ ဒေါ်ကေသီ၏မျက်စောင်းသည် ဘဝင်ကို ကြည်နူးစေသည် ထင်လိုက်ရ၏။

သည်လို ပြန်လည် တွေ့ဆုံခဲ့ကြပြီး တလအကြာမှာပင် ဦးကျော်သာဦး မကြာမကြာ ရောက်လာတတ်သည်ဆိုတော့လည်း

“ဘယ်နှယ့် ကိုကျော်သာ၊ ရှင့်မလည်း အလုပ်မရှိတာနဲ့ ကျွန်မတို့ဆီ ခဏခဏရောက် ထင်ပါရဲ့” ဟူသော အကဲစမ်း မေးခွန်းမျိုး မေးလာတတ်သည်။

“ဆိုပါတော့ဗျာ၊ တကယ်တော့ ကျုပ်မှာက တကိုယ်တည်းမဟုတ်လား မကေသီရဲ့၊ အေးဗျာ၊ မကေသီတော့ တကိုယ်တည်း နေနေတာ ကြာပြီမို့ ကျင့်သားရနေပြီလား မဆိုနိုင်ဘူး၊ ကျုပ်တော့ ခုလိုတကိုယ်တည်း နေခဲ့ရတာက သုံးလေးနှစ်ပဲ ရှိသေးမဟုတ်လား၊ တကိုယ်တည်းနေရတဲ့ ဘဝမျိုးဟာ တယ် ပျင်းရိငြီးငွေ့စရာ ကောင်းတာပဲ မကေသီ၊ တခါတခါတော့ မကေသီလည်း ကျုပ်လို ငြီးငွေ့ပျင်းရိနေမလား အထင်ရောက်ပြီး ကိုယ်ချင်းစာမိလို့ ခုလို ရောက်လာခဲ့တယ် ဆိုပါစို့ဗျာ”

အပြုံးတဝက်နှင့် စကားပြောရသည်ကို အားရပါးရရှိသည်။

သည်တော့ ဒေါ်ကေသီသည် ရှက်စနိုးဟန်ပြတတ်၏။ သူ့စိတ်ထဲက ကျေနပ်ဟန်ကိုကား ဒေါ်ကေသီ တပါးသူအား မသိစေချင်။

ဤသို့ဖြင့် နောက်ရက်များတွင်မူ ဒေါ်ကေသီကိုယ်တိုင် ဦးကျော်သာဦး၏အိမ်သို့ လိုက်လံလည်ပတ်ခြင်းဖြင့် ဒေါ်ကေသီသည် သန္တာနွယ်နှင့် တွေ့ဆုံခင်မင်ခွင့် ရရှိခဲ့၏။ ထိုစဉ်ကမူ ဒေါ်ကေသီသည်

“နွယ့်ကို ခု ဘယ်ကျောင်းမှာထားသလဲ ကိုကျော်သာ”

စေတနာရိုးဖြင့် အစပြုမေးခဲ့ခြင်းဖြစ်၏၊

“မြို့မကျောင်းမှာ ထားတယ် မကေသီ”

“ကျွန်မတို့ကျောင်းမှာ ပြောင်းထားပါလား ကိုကျော်သာ”

သဘောရိုးဖြင့် တိုက်တွန်းခြင်းလည်း ဖြစ်၏။

“မကေသီကိုတော့ သဘောကျပါရဲ့ဗျာ၊ ဒါပေမဲ့ ကျုပ်သမီးကို သာသနာပြုကျောင်းတွေမှာ မထားချင်ဘူးဗျ”

ဟူသော စကားမျိုးကို ဦးကျော်သာဦး ချုပ်တည်းထားလိုက်ရသည်။ ပြုံးရုံသာ ပြုံးလိုက်မိ၏။

ဦးကျော်သာဦး၏အပြုံးကို မြင်ရုံမျှဖြင့် ဒေါ်ကေသီသည် ဦးကျော်သာဦး ဘာဆိုလိုသည်ကို သဘောပေါက်မိပြီးဖြစ်၏။ သည်တော့လည်း မိမိတိုက်တွန်းခဲ့ခြင်းမှာ ဦးကျော်သာဦးစိတ်နှင့် ဆန့်ကျင်သည်ကို သတိထားလိုက်မိသဖြင့် စကားစကို ပြောင်းလဲပစ်ရန် အားထုတ်ရလေတော့ သည်။

ဤသို့လျှင် တဦးစိတ် အနှောင့်အယှက် ဖြစ်စေမည်ကို တဦး လွှဲရှောင်ရင်းဖြင့်လည်းကောင်း၊ တဦးစိတ်ပျော်ရွှင်မှုကို တဦးဖန်တီးခြင်းဖြင့်လည်းကောင်း ဆက်ဆံလာခဲ့ကြသည် ဖြစ်သောကြောင့် လည်း မောင်လှမင်းနှင့် မမြသန်းတို့ ထင်ကြေးပေး ပြောဆိုရလောက်အောင်ပင် သူတို့နှစ်ဦးသည် ရင်းနှီးလာခဲ့ကြ၏။ သို့သော် နှစ်ဦးစလုံးသည်မူ ဘေးလူများ၏ ထင်ကြေးအတိုင်း ဖြစ်ပေါ်လာစေရန် တကယ်တမ်း စိတ်ဆန္ဒမျိုးကား မပေါ်ပေါက်မိကြပေ။

ဦးကျော်သာဦးသည် ဒေါ်ကေသီနှင့် ရင်းနှီးခင်မင်၍ ထိုအိမ်သို့ ဝင်ထွက်သွားလာခြင်းဖြင့် ကိုကိုထွန်းရောက်ပြီး သုံးလေးရက်အတွင်းမှာပင် ဦးကျော်သာဦးနှင့် ကိုကိုထွန်းတို့သည်လည်း တွေ့ဆုံခွင့် ရခဲ့၏။ တွေ့စနေ့ကမူ ဦးကျော်သာဦးသည် ဒေါ်ကေသီက ခေါ်ယူတွေ့ဆုံပေးခြင်းဖြင့် ကိုကိုထွန်း မိမိတို့စကားဝိုင်းသို့ ရောက်လာခဲ့ရာတွင် ထိုကလေးသည် လူကြီးများ၏ စကားဝိုင်း၌ ဝင်ရောက်စွက်ဖက်ခြင်း မရှိ။ ပကတိ သေဝပ်ကျိုးနွံခြင်းကို တွေ့ရသည့်အတွက် ထိုကလေးသည် တတ်သိနားလည် လိမ္မာသော ကလေးငယ်တယောက် ဖြစ်လိမ့်မည်ဟူ၍ သာမန်မျှ ထင်မှတ်ခဲ့၏။

ကိုကိုထွန်းနှင့် ဦးကျော်သာဦးတို့ တွေ့ဆုံပြီး ဆယ့်လေးငါးရက် အကြာမှာပင် ဦးကျော်သာဦးသည် ထိုကလေးအား မည်သို့သော ကလေးတယောက် ဖြစ်သည်ဟု မှန်းဆ ကြည့်တတ်လာခဲ့၏။ စင်စစ် ထိုကလေးသည် လူကြီးများကိုယ်တိုင်က ခေါ်ယူခြင်း မရှိပါက မိမိတို့စကားဝိုင်းသို့ ရောက်လာတတ်သည် မဟုတ်ပေ။ ထိုနေ့ကမူ ဦးကျော်သာဦးနှင့် ဒေါ်ကေသီတို့ စကားပြောဆိုနေချိန်တွင် ကိုကိုထွန်းသည် အိမ်ပေါ်မှ ဆင်းလာပြီး အိမ်ရှေ့ဘက်သို့ ထွက်မည်အပြုတွင်

“ဟေး ကိုထွန်း၊ လာပါဦးကွ”

ဟု ဦးကျော်သာဦးက စတင်ခေါ်ယူလိုက်သဖြင့် ထိုသူငယ်သည် စကားဝိုင်းသို့ ရောက်လာ၏။

“ဘယ့်နှယ်တုံး၊ ခု ကိုထွန်း ကျောင်းတက်နေပြီထင်တယ်”

“ဟုတ်ကဲ့ ဦးဦး”

“ဘယ်နှယ့် ဦးဦးလဲကွယ့်၊ အန်ကယ်ခေါ်ရမယ်လို့ အန်တီပြောထားတယ် မဟုတ်လား ကိုကိုထွန်း”

ဒေါ်ကေသီက ကြားဝင်ပြောလာခဲ့၏။

“ဦးဦးလို့ခေါ်ရတာကို ကိုထွန်း ပိုပြီးသဘောကျတယ် အန်တီ”

ကိုကိုထွန်းအနေနှင့်တော့လည်း မည်သည့်ရည်ရွယ်ချက်မျိုးမှ မရှိဟန်ဖြင့် ဖြေဆိုလိုက်၏။

သို့သော် ထိုအဖြေကို ဒေါ်ကေသီ နှစ်သက်ခြင်း ရှိပုံမပေါ်ပေ။

“အန်ကယ်ဆိုတာက ပိုမကောင်းဘူးလားကွဲ့”

ဒေါ်ကေသီက ချော့မော့သောလေသံဖြင့် ပြောလိုက်၏။

“ဒါပေမဲ့ ကိုထွန်း ဗမာလို ဦးဦးလို့ ခေါ်ရတာကို ပိုပြီးအားရတယ် အန်တီ၊ အန်တီကိုတောင် ဒေါ်ဒေါ်လို့ပဲ ခေါ်ချင်တယ်၊ ဒါပေမဲ့ အန်တီက သဘောမကျဘူး မဟုတ်လား၊ ဦးဦးကတော့ ကိုထွန်း ဦးဦးလို့ခေါ်တာကို သဘောကျလိမ့်မယ် ထင်ပါတယ်”

ဒေါ်ကေသီက နှာခေါင်းကို မသိမသာ ရှုံ့လိုက်သည်။

ဦးကျော်သာဦးကမူ သဘောကျလှသဖြင့် နှစ်ခြိုက်စွာ ပြုံးရင်း

“ဒါပေါ့ကွယ်၊ ကိုထွန်း ခေါ်သလို ဗမာဆန်ဆန်ခေါ်တာ ဗမာတယောက်အနေနဲ့ သဘောကျဖို့ ကောင်းတာပေါ့”

ပြောပြောဆိုဆို ဒေါ်ကေသီကို အကဲခတ်ကြည့် ကြည့်မိသည်တွင် ဒေါ်ကေသီ၏ မကျေမနပ် အမူအရာကို တွေ့လိုက်သဖြင့်

“ကိစ္စမရှိပါဘူးလေ၊ ဦးဦးအနေနဲ့ကတော့ ဦးဦးခေါ်လည်း သဘောကျတာပဲ၊ အန်ကယ်လို့ ခေါ်လည်း သဘောကျမှာပါပဲ၊ ဩော် ဒါထက် ကိုထွန်း ကျောင်းမှာ ပျော်ရဲ့မဟုတ်လားကွဲ့”

“ပျော်တယ်တော့ မဟုတ်ပါဘူး ဦးဦးရယ်”

ကိုကိုထွန်း စကားမဆက်မီမှာပင်

“ရောက်စတော့ ကိုထွန်း ဘယ်ပျော်ဦးမလဲ။ နောက်ပြီး ကိုကျော်သာလည်း သိတဲ့အတိုင်း အစိုးရကျောင်းတွေမှာဆိုတာက စည်းကမ်းကလည်း မရှိ၊ အပေါင်းအသင်း အသိုင်းအဝိုင်းကလည်း သောကောရောကော မဟုတ်လား။ ကလေးဆိုတာမျိုးကလည်း အဲဒီလို သောကောရောကော စည်းမဲ့ကမ်းမဲ့မျိုးကို ကြိုက်တတ်ကြတာကလား။ ဒီတော့ ကိုထွန်း မြိုင်သာယာကျောင်းကို ပိုပျော်တယ်လို့ ပြောချင်ပြောမှာ။ သို့ပေမဲ့ သူ ဒီမှာ မကြာခင် ပျော်လာမှာပါ”

ဒေါ်ကေသီ ဝင်ရောက်ပြောဆိုလာသောအခါတွင်မူ ဦးကျော်သာဦးသည် ဒေါ်ကေသီနှင့် ဆန့်ကျင်ပြောဆိုလိုခြင်း မရှိသည်ကြောင့်

“အေးပေါ့ကွယ်၊ ဖြည်းဖြည်းတော့ ပျော်လာမှာပေါ့ ကိုထွန်းရာ၊ ကျောင်းအားတဲ့အခါ ပျင်းရင်လည်း ဦးဦးတို့ အိမ်ဘက်ကို လာလည်ပေါ့ကွယ်”

ဟု စကားကြောင်းကို လှီးလွှဲခဲ့လေသည်။

သည်ကစ၍ သန္တာနွယ်နှင့် တွေ့ဆုံရန် အကြောင်းဖန်ခဲ့သည် ဆိုရချိမ့်မည်။

| ၁၀ |

 

အငြိမ်းစားပညာဝန် ဦးကျော်သာဦး၏အိမ်သည် ဆရာမဒေါ်ကေသီ၏ အိမ်နှင့် ခြံသုံးခြံအကွာ လမ်းတဖက်တွင် ရှိလေသည်။ သူ့ခြံသည် ဒေါ်ကေသီ၏ခြံလောက် ကျယ်ဝန်းခြင်း မရှိပေ။ ခြံစည်းရိုးသည် ပြုပြင်ခြင်း ကင်းမဲ့သော အသွင်လက္ခဏာကို ဆောင်၏။ ခြံတွင်းမှာလည်း ပန်းပင် အနည်းငယ်နှင့် အိမ်ရှေ့ဘက်တွင် ကြီးမားအုံ့ဆိုင်းသော ခရေပင်ကြီးတပင်သာရှိ၏။ ခြံတံခါးဝတွင်မူ ငုဝါပင်တပင် ရှိလေသည်။ ခြံ၏နောက်ပိုင်းကျကျတွင် တထပ်တိုက်အိမ်ကလေးရှိ၏။ ထိုအိမ်သည် သားအဖနှစ်ယောက်အတွက် ကျယ်ပြန့်သည် ဆိုနိုင်သော်လည်း ဒေါ်ကေသီ၏ အိမ်ကြီးနှင့် နှိုင်းစာပါမူ သေးနုပ်လှသည်ဟု ဆိုရပေမည်။ မီးဖိုဆောင်သည် အိမ်၏နောက်ဘက်တွင် စင်္ကြံတခုနှင့် ဆက်စပ်လျက်ရှိ၏။ မီးဖိုဆောင်၏လက်ဝဲဘက်၌ သုံးခန်းတွဲ တန်းလျားတခု ရှိလေသည်။ ထိုတန်းလျားတွင် ထမင်းချက် အဘိုးကြီးတယောက် နေထိုင်၏။ ဤတခြံလုံးတွင် သားအဖ နှစ်ယောက်နှင့် ထမင်းချက် အဘိုးကြီးသာလျှင် ရှိ၏။

ကိုကိုထွန်းသည် ထိုခြံတွင်းသို့ ဝင်ခဲ့သည်နှင့် ကြီးမားအုံ့ဆိုင်းသော ခရေပင်ကြီးကို သဘောကျ နှစ်ခြိုက်မိ၏။ ခြံဝသို့ ရောက်သည်နှင့် ခရေပန်းနံ့က ဆီးကြိုသည်။ ခရေပင်စည် အခြေကို ဝိုင်းရံလျက်ပြုလုပ်ထားသော သစ်သားကွပ်ပျစ်သည် နွေအခါ၌ နားနေရာဖြစ်မည်ဟု မှန်းဆရ၏။

အိမ်နှင့် နီးကပ်လာသောအခါ ဝါးပတ္တလားသံ၊ ညင်းညင်းပျောင်းပျောင်းကို ကြားရလေသည်။ ကိုကိုထွန်းအဖို့ ထိုတူရိယာသံသည် နားဝင်ဆန်းနေ၏။ ထို့ကြောင့် အိမ်တံခါးဝ၌ ရပ်လျက် အတန်ကြာ တွေနေမိ၏။ စိတ်အာရုံသည် နားဝင်ဆန်းသော ဝါးပတ္တလားသံနှင့်အတူ ပေါ်ထွက်လာသည့် တေးသံတွင် နစ်မြောနေ၏။ သို့သော် သူ့စိတ်အာရုံ နစ်မြောနေသည်ဆိုခြင်းကို ကိုကိုထွန်းသည် အတန်ကြာ သတိလစ်ဟင်းနေလေသည်။

သီချင်းသံသည် ချိုလွင်သည်။ ညင်းပျောင်းသည်။

ကိုကိုထွန်းသည် သီချင်းသံ၏ အဓိပ္ပာယ်ကို စဉ်းစားတွေးတောနေပြန်၏။ သီချင်းမှာ မန္တလေးမြို့ဘွဲ့ သီချင်းဖြစ်သည်။ ကိုကိုထွန်းအဖို့ သီချင်းစာသားသည်လည်း အဆန်းအပြား ဖြစ်နေ၏။ သို့သော် အတန်ကြာသောအခါတွင် ထိုသီချင်းသံသည် သန္တာနွယ်ဆိုသော ကလေးမ၏ အသံ ဖြစ်လိမ့်မည်ဟု မှန်းဆနိုင်ခဲ့လေသည်။ စင်စစ်သူသည် သန္တာနွယ်ဆိုသော သူငယ်မကို တကြိမ်တခါမျှ တွေ့မြင်ဖူးခြင်း မရှိပေ။ သို့ပါလျက် ထိုသီချင်းသံကို ကြားရုံမျှဖြင့် သီချင်းအဓိပ္ပာယ်ကို ရှင်းလင်း သေချာစွာ မသိနိုင်သေးဘဲလျက် ထိုသီချင်းသံသည် သန္တာနွယ်၏ အသံ ဖြစ်ရမည်ဟု ကြိုတင်မှန်းဆနိုင်ခြင်းအတွက်ကား သူ့ကိုယ်ကို အံ့သြရပြန်လေသည်။

ကိုကိုထွန်းသည် အတန်ကြာ တွေငေးနေပြီးမှ တံခါးအတွင်း သော့ခလောက်ကို ပုတ်၍ အသံပေးလိုက်၏။ မရှေးမနှောင်းပင် ပတ္တလားသံနှင့်အတူ သီချင်းသံသည် ပြတ်တောက်သွားလေ သည်။ ထိုအခါ မိမိကိုယ်ကို မသိမသာ အပြစ်တင်မိပြန်သည်။

“အလို၊ ကိုထွန်းပါလားကွဲ့ ၊ လာဟေ့၊ လာဟေ့”

ဦးကျော်သာဦးသည် ပြောပြောဆိုဆို တံခါးသော့ကို လှပ်ပေးနေ၏။ ထိုအချိန်အထိ ကိုကိုထွန်းသည် တွေငိုင်နေဆဲဖြစ်၏။ ခြေလှမ်းများသည် အိမ်ထဲသို့ လှမ်းဝင်ရန် တုံ့ဆိုင်းနေကြဟန် တူလေသည်။

သူ့အမြင်စိတ်အာရုံသည် တဖက်အခန်းတံခါးဝတွင် ရပ်လျက် သူ့ကို စူးစိုက်ကြည့်နေသော မိန်းကလေးဆီသို့သာ ရောက်နေ၏။ ပြုံးယောင် နှုတ်ဆက် ကြိုဆိုယောင်ရှိသော မိန်းကလေး၏ မျက်နှာပြင်သည် သူ၏ အသိစိတ်အလုံးစုံကို ဖမ်းဆီးချုပ်နှောင်ထားဟန် ရှိလေသည်။ ရွှန်းစိုကြည်လဲ့သော မျက်လုံးအစုံ၊ ကော့စင်းသော မျက်တောင်၊ နက်မှောင်ကွေးဝိုက်သောမျက်ခုံး၊ ပေါ်လွင်ထင်ရှားသော နှာတံ၊ ပြုံးဟန်၊ စကားဆိုဟန်ရှိသော နှုတ်ခမ်းလွှာ၊ ဝင်းဝါစိုပြည်သော အသား၊ သွယ်လျစ်သောခန္ဓာကိုယ်၊ ထိုခပ်သိမ်းကုန်သော ချစ်မြတ်နိုးဖွယ် သွင်ပြင်လက္ခဏာမှအပ သူ့စိတ်အာရုံသည် ဘယ်ဆီသို့မျှ မရွေ့လျား။

ဦးကျော်သာဦးသည် ချက်ချင်း သတိထားလိုက်မိသည်။

“အဲဒါ ဦးဦးရဲ့သမီး နွယ်လေ၊ သန္တာနွယ်တဲ့။ ကဲ ကဲ ကိုထွန်း အထဲဝင်။ အထဲရောက်မှ ဦးဦး မိတ်ဆက်ပေးရသေးတာပေါ့ကွယ်”

ပထမတော့ အားနာသည်လား၊ ရှက်သည်လား၊ တွန့်ဆုတ်သည်လား၊ သိမ်ငယ်သည်လား မဆိုနိုင်ပေ။ ထိုကလေးမနှင့် မျက်နှာချင်းဆိုင်ရမည်ကို ဝန်လေးယောင် ရှိသည်။

ဦးကျော်သာဦးကိုယ်တိုင်က မိတ်ဆက်ပေးလာသောအခါတွင်လည်း လူတဦးတယောက်နှင့် အသိအကျွမ်းဖြစ်ရန် တကြိမ်တခါဖူးမျှ မိတ်ဆက်ပေးခြင်း မခံခဲ့ရသည် ဖြစ်သောကြောင့် မည်သည့်စကားကို မည်သို့စတင်ပြောဆိုရမည် မသိနိုင်ဘဲ ကြောင်အအ ဖြစ်ရသည်။

“ဦးဦးတို့လည်း ပျင်းပျင်းရှိတာနဲ့ သီချင်းဆိုပြီး ပတ္တလားတီးနေကြတယ်၊ အတော်ပဲ ကိုထွန်း၊ ကိုထွန်းလည်း သီချင်းဝါသနာပါသလား မဆိုနိုင်ဘူး၊ ကဲ လာ နားထောင်ကြည့်ရအောင်”

သည်တော့လည်း ကိုကိုထွန်းသည် ဦးကျော်သာဦးနှင့် သန္တာနွယ်တို့နောက်သို့ လိုက်ခဲ့၏။ သို့သော် ခန္ဓာကိုယ်သည် ရှက်နေသေးဟန် ရှိလေသည်။ ခါတိုင်း လှမ်းနေကျ ခြေလှမ်းများကိုပင် ခြေလှမ်းပုံမှားနေသလားဟု တွေးထင် စိုးရိမ်နေ၏။

သို့သော် အခန်းတွင်းသို့ ဝင်မိသည်နှင့် သူ့စိတ်အာရုံသည် ချက်ချင်း ပြောင်းလဲသွားပြန်သည်။ အံ့သြခြင်း၊ ထူးဆန်းခြင်းတို့ကြောင့် ပါးစပ်ဟရသည်။ မျက်လုံးကို ပို၍ ဖွင့်လိုက်ရသည်။

ထိုအခန်းသည် သူ့အတွက် အဆန်းတကြယ်ပင်။

အဝင်တံခါးဝ၏ ညာဘက်နံရံတွင် မှန်ဗီရိုများ တန်းစီနေ၏။ မှန်ဗီရိုများအတွင်း၌ သူ့အမြင်တွင် ထူးခြားသော ပစ္စည်းအမျိုးမျိုးကို တွေ့ရလေသည်။ ပထမဆုံး ဗီရို၌ အုတ်ခွက်များ၊ ဘုရားရုပ်တုများ၊ နတ်ရုပ်တုများ၊ မြေဆေးတံများနှင့် ဓာတ်ပုံအမျိုးမျိုး၊ ပန်းချီကားအကြီးအငယ် အသွယ်သွယ်။ သွပ်ကျည်တောက်ဘူး အချို့။ ဒုတိယဗီရိုတွင်ကား သစ်သားပန်းပု ရုပ်တုများ၊ စဉ့်ဖြင့်ပြုလုပ်ထားသော ရုပ်တုများ၊ ဆေးရေးပန်းချီ အုတ်ချပ်များ၊ ပေစာထုပ်များ၊ ပုရပိုက်များ စသည်တို့ ရှိ၏။ တတိယဗီရိုတွင်ကား ပန်းချီကားများ၊ ဓာတ်ပုံများနှင့် အခြားအမျိုးအမည် ခွဲခြား၍ သိနိုင်ရန် မလွယ်သော ပစ္စည်းများဖြစ်၏။ မျက်နှာချင်းဆိုင်အုတ်နံရံတွင် စားပွဲနှစ်လုံးနှင့် ကုလားထိုင်တလုံးရှိ၏။ စားပွဲများပေါ်၌ စာအုပ်များ ပြန့်ကျဲနေ၏။ စားပွဲများမှာ ကုလားထိုင်၏ နောက်ဘက်တလုံးနှင့် ရှေ့ဘက်တလုံး ဖြစ်၏။ ရှေ့ဘက်စားပွဲဘေးတွင် ပက်လက်ကုလားထိုင် တလုံးကိုလည်း တွေ့ရ၏။ ထိုစားပွဲအစွန်၌ ဗီရိုတလုံးလည်း ရှိသေး၏။ ဗီရိုအပေါ်ထပ်များ၌ စာအုပ်များဖြင့် ပြည့်နှက်နေ၏။ အောက်ဆုံးထပ်တွင်မူ မြန်မာတူရိယာ ပစ္စည်းအချို့ ရှိလေသည်။ ဗီရိုပေါ်၌ စောင်းကောက်တလက်ကိုလည်း မြင်နိုင်၏။ အခြားတဖက်နံရံတွင်မူ စာအုပ်များဖြင့် ပြည့်နှက်သော ဗီရိုသုံးလုံးရှိ၏။ အဝင်ဘက်နံရံတွင်မူ သတင်းစာများ၊ မဂ္ဂဇင်း၊ ဂျာနယ်များကို စုပုံထား၏။ နံရံလေးဖက်စလုံးမှာပင် ဓာတ်ပုံအမျိုးမျိုး၊ ပန်းချီကား အမျိုးမျိုးကို တွေ့နိုင်သေး၏။ အခန်းအလယ်ချက်မ၌မူ ကော်ဇောတချပ် ခင်းထား၏။ ထိုနေရာ၌ ပတ္တလားတခုကို တွေ့ရလေသည်။

“ထိုင်လေ ကိုထွန်း၊ သမီးကလည်း ခေါ်ပါကွဲ့”

ကိုကိုထွန်းသည် ကော်ဇောတဖက်စွန်းတွင် ဝင်ထိုင်လိုက်၏။ သူ၏မျက်လုံးအစုံသည် အခန်းတွင်း၌ ချာချာလည်နေသည်ထင်၏။

“ဘာလဲကွဲ့၊ ကိုထွန်းက ဦးဦးပစ္စည်းတွေကို စိတ်ဝင်စားနေတယ် ထင်ရဲ့”

“ဟုတ်တယ် ဦးဦး၊ ဦးဦးဒါတွေကို ဘာလုပ်တာလဲ ဟင်၊ စာအုပ်တွေလည်း အများကြီးပဲ”

“အေး၊ အေး၊ ကိုထွန်း စိတ်ဝင်စားတယ်ဆိုရင် ဦးဦး နောက်တော့ ရှင်းပြရတာပေါ့ကွယ်။ ကိုထွန်းအနေနဲ့ သိထား၊ စိတ်ဝင်စားထားဖို့ကောင်းတဲ့ ပစ္စည်းတွေပေါ့ကွယ်။ အားလုံးပစ္စည်းတွေက သမိုင်းဆိုင်ရာ အထောက်အထား ဖြစ်နိုင်တဲ့ ပစ္စည်းတွေချည်းပဲ၊ တချို့ကတော့ ကိုယ့်လူမျိုး ယဉ်ကျေးမှုကို သတိရစေနိုင်တဲ့ ပစ္စည်းတွေပေါ့။ စာအုပ်တွေကတော့ အမျိုးမျိုးပဲ။ ကိုထွန်းတို့ လူငယ်တွေ ဖတ်သင့်တဲ့ စာအုပ်တွေလည်း ပါသပေါ့။ နောက်တော့ ကိုထွန်း ယူပြီး ဖတ်ကြည့်တာပေါ့”

“ဟုတ်ကဲ့၊ ကိုထွန်းတော့ ဦးဦးအခန်းကို အထူးအဆန်း ဖြစ်နေတာပဲ၊ ဦးဦးအခန်းက စုံတယ်နော်”

“ဒီလိုပေါ့ကွယ် ဦးဦးမှာက ခုနေခါမှာ ဒါပဲအလုပ်ရှိတော့တာ မဟုတ်လားကွဲ့၊ ဒီတော့ သိသင့်သိအပ်တာတွေအတွက် ပစ္စည်းတွေ၊ စာအုပ်တွေ စုဆောင်းထားရတာပဲ၊ ကဲ၊ ကိုထွန်း သီချင်းနားထောင်မလား။ မင်းညီမက ဆိုမယ်၊ ဦးဦးက တီးပြမယ်လေ”

ကိုကိုထွန်းသည် ခေါင်းညိတ်လိုက်၏။

ဦးကျော်သာဦးနှင့် သမီးသန္တာနွယ်တို့သည် စောစောက တပိုင်းတပြတ်ဖြင့် ရပ်ထားခဲ့သော မြမန်းဂီရိသေလာတောင် အစချီ မန္တလေးမြို့ဘွဲ့ သီချင်းကို ပြန်လည် တီးခေါက်သီဆိုကြပြန်၏။

ကိုကိုထွန်းသည် ယခုတကြိမ်၌ သီချင်းသံ၊ သီချင်းဆိုသူ၊ ပတ္တလားသံ၊ ပတ္တလားတီးသူတို့ကို ရုတ်တရက် စိတ်မဝင်စားသေးဘဲ အခန်းတွင်းရှိ ပစ္စည်းများ၌သာ စိတ်ဝင်စားနေ၏။ သို့သော် မကြာမီအတွင်းမှာပင် သူ့စိတ်အာရုံသည် သီချင်းနှင့် ပတ္တလားသံဆီသို့ ရောက်ရှိလာခဲ့လေသည်။ သန္တာနွယ်ကိုကား သူ ရဲရဲမကြည့်ဝံ့။ ခေါင်းမော့လိုက်လျှင် မြင်သွားမည်လား စိုးရိမ်စိတ်ဖြင့် ပတ္တလားပေါ်တွင် ရွေ့လျားနေသော လက်ခတ်ကိုသာ စူးစိုက်ကြည့်နေ၏။ တခါတခါတွင်မူ စည်းကိုင်ထားသော လက်ချောင်းသွယ်သွယ်ကလေးများမှတဆင့် တေးသံရှင်၏ မျက်နှာကို ခိုးကြည့်မိသည်။ သည်တော့ ရှက်သည်။

သီချင်းပြီးဆုံးသွားသည်ကို သတိထားရန်ပင် မေ့လျော့နေ၏။

“ဘယ်နှယ့်လဲဟေ့ ကိုထွန်း၊ သမီးအသံနဲ့ ဦးဦးလက်သံကို သဘောကျရဲ့လား”

ရုတ်တရက် သူ ဘာဖြေရမှန်း မသိ။ ခဏမျှ နှုတ်အနေပြီးမှ

“ကောင်း၊ ကောင်း၊ ကောင်းပါတယ်”

ဦးကျော်သာဦးသည် ကိုကိုထွန်းကို အတန်ကြာ စူးစိုက်ကြည့်နေပြီးမှ ခေါင်းကို တဆတ်ဆတ်ညိတ်ရင်း

“ဘယ်နှယ့် ကိုထွန်းရော သီချင်းဆိုတတ်လား”

“မဆိုတတ်ဘူးခင်ဗျာ့”

သူ့အသံသည် တုန်နေ၏။ အဘယ်ကြောင့် တုန်နေသည်ကိုကား သူ မသိ။ သန္တာနွယ်ကမူ ကိုကိုထွန်း၏အဖြေကို သဘောကျဟန်ဖြင့် မပွင့်တပွင့် ပြုံးလိုက်၏။

“ဒီလိုသီချင်းမျိုးတွေကို ကိုထွန်း နားထောင်ဖူးသလား”

“မထောင်ဖူးပါဘူး ခင်ဗျာ”

ဟု ခေါင်းခါဖြေဆိုပြီးမှ

“ဒါပေမဲ့ အိမ်မှာတော့ ဓာတ်စက်ရှိပါတယ်၊ ဓာတ်ပြားတွေလည်း ရှိပါတယ်၊ သီချင်းတွေ အမျိုးမျိုးပဲ”

“ဪ ကိုထွန်းက သီချင်းနားထောင်တာတော့ ဝါသနာပါတယ် ထင်ပါရဲ့”

“ကိုထွန်းတော့ သိပ်ဝါသနာမပါဘူး ခင်ဗျာ့၊ ငယ်ငယ်ကတော့ အမြဲလို သီချင်း နားထောင်တတ်ပါတယ်၊ ရေဒီယို မလာရင် သူ သီချင်းဖွင့်တာပဲ”

“ငယ်ငယ်ဆိုတာ ဘယ်သူလဲကွဲ့”

“ကိုထွန်းညီမ အငယ်ဆုံးပါ၊ သူ့နာမည်က နုငယ်ငယ်တဲ့၊ ဒါပေမဲ့ ငယ်ငယ်လို့ပဲ ခေါ်ကြပါတယ်”

“ကိုထွန်းက သီချင်းမကြိုက်ဘူး ထင်ပါရဲ့”

ကိုကိုထွန်း အဖြေရ ခက်ပြန်၏။ သူသည် ဦးကျော်သာဦးနှင့်တကွ သန္တာနွယ်တို့ စိတ်ကြိုက် ဖြစ်နိုင်မည့်အဖြေကို ပေးချင်သည်။ သို့သော် မည်သို့ ဖြေရမှန်းမသိ။

ဦးကျော်သာဦးသည် ကိုကိုထွန်း၏ အဖြစ်အပျက်ကို ရိပ်စားမိဟန် ရှိလေသည်။ ထိုကြောင့် သမီးဘက်သို့လှည့်၍

“ကဲ သမီးရယ်၊ ဖေဖေတို့အတွက် စားစရာ သောက်စရာကလေး လုပ်ပေးပါလို့ ဦးသာဒွန်းကြီးကို ပြောချေပါကွယ်၊ ကိုထွန်းအတွက်ပါ လုပ်ပေးပါလို့ပြော”

သန္တာနွယ်သည် ကိုကိုထွန်းကို မသိမသာ ခိုးကြည့်ပြီး နေရာမှ ထသွားလေ၏။ သည်တော့မှပင် ကိုကိုထွန်း ထိုနေရာ၌ အနေချောင်သွားရဟန် ရှိလေသည်။

“တေးသီချင်းဆိုတာ လူရဲ့စိတ်နှလုံးကို နူးညံ့စေတယ် ကိုထွန်း။ လူငယ်တွေရဲ့ထွေပြားချင်တဲ့ စိတ်အာရုံကိုလည်း ထိန်းချုပ်ပေးနိုင်တယ်။ ဦးဦးသမီးမှာက အဖော်လည်း မရှိဘူး မဟုတ်လား၊ ဒီတော့ သားအဖနှစ်ယောက်ရဲ့ ဖြေဖျော်မှုတခုပေါ့ကွယ်။ အင်း။ ပြီးတော့လည်း သီချင်းဆိုတာ နားအရသာရဲ့ အလေ့အကျင့်ပေါ်မှာ တည်ပေတာပဲ။ ဒါကြောင့် သီချင်းကို ကိုယ်ကိုယ်တိုင် မဆိုတတ်ပေမဲ့ နားထောင်တဲ့ အလေ့အထကိုတော့ ပြုစုသင့်တယ်။ ကိုယ်ကိုယ်တိုင် တူရိယာသမား၊ အဆိုသမား ဖြစ်လာဖို့ထက် အသံရဲ့သာယာလှပခြင်းကို ခံစားတတ်ဖို့၊ စိတ်နှလုံး နူးညံ့သိမ်မွေ့မှု ရရှိနိုင်ဖို့နဲ့ ဖျော်ဖြေတတ်မှုအတွက် အသုံးဝင်တာပေါ့။ အခုနက ဦးတို့ တီးကြ၊ ဆိုကြတဲ့ သီချင်းက သီချင်းကြီးပေါ့။ ကိုထွန်းတို့လို လူငယ်တွေထဲမှာ သီချင်းကြီး နားထောင်ဖို့ အတော်များများ ဝန်လေးကြမယ် ထင်တယ်”

ဦးကျော်သာဦးသည် ရည်ရွယ်ချက်တခုခုကို ထားရှိပြီးဖြစ်ဟန်ဖြင့် တကူးတကန့် ရှင်းလင်း ပြောဆိုနေ၏။ ကိုကိုထွန်းအဖို့မှာလည်း အမြင်အာရုံ၌ စိတ်ဝင်စားရသကဲ့သို့ ယခုအခါတွင် အကြားအာရုံမှာပါ စိတ်ဝင်စားခြင်း ဖြစ်ရလေသည်။

“ဦးအနေနဲ့က တူရိယာသမား မဟုတ်ပါဘူး။ ဦးသမီးကိုလည်း တူရိယာ ဂီတသမား ဖြစ်ရမယ်ဆိုတဲ့ အဓိက ရည်ရွယ်ချက် မထားဘူး။ ဒါပေမဲ့ ဦးတို့ဗမာလူမျိုးအနေနဲ့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ချစ်တတ်ဖို့လိုတယ် မဟုတ်လားကွဲ့။ ဒီလို ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ချစ်တတ်ဖို့ဆိုရာမှာလည်း ကိုယ့်တိုင်းပြည်ရဲ့သမိုင်း၊ ကိုယ့်တိုင်းပြည်ရဲ့ပထဝီ၊ ကိုယ့်လူမျိုးရဲ့စရိုက် စိတ်နေသဘောထား၊ ကိုယ့်လူမျိုးရဲ့ စာပေ၊ ဂီတ၊ အနုပညာ စတဲ့ ယဉ်ကျေးမှုတန်ဖိုးကို သိထားဖို့ လိုတယ်။ အဲဒီရည်ရွယ်ချက်အပြင် တခြားရည်ရွယ်ချက် ရှိသေးတယ်။ စာပေ၊ ဂီတ၊ အနုပညာရဲ့ အရသာ ခံစားတတ်မှုဆိုတာ လူရဲ့စိတ်နှလုံးကို နူးညံ့စေတယ်။ ကျယ်ပြန့်ကြီးထွားစေတယ်။ ဒီတော့ ဦးတို့ဟာ ကလေးတွေကို တဖက်က အမျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်နဲ့အတူ သတ္တိရှိအောင် ဖန်တီးပေးဖို့ လိုသလို၊ ဒီလိုမျိုးချစ်စိတ်ရှိတဲ့ လူငယ်တွေရဲ့စိတ်ထား အမူအကျင့် မွန်ရည်လာအောင် သွန်သင် ပြသနိုင်ရမယ်။ ကိုထွန်း အခု ဦးပြောနေတာတွေကို နားလည်ရဲ့လား။ စိတ်ကော ဝင်စားရဲ့လား”

“ဟုတ်ကဲ့၊ နားလည်ပါတယ်၊ စိတ်လည်း ဝင်စားပါတယ်၊ ဦးဦးစကားတွေကို ကျွန်တော် သိပ်သဘောကျတာပဲ”

ထိုအခိုက်မှာပင် သန္တာနွယ်သည် အခန်းတွင်းသို့ ပြန်လည်ရောက်ရှိလာ၏။ ကိုကိုထွန်းသည် သန္တာနွယ့်ဆီသို့ မျက်စိတချက် ဝင့်လိုက်သည်။ ထို့နောက် ဦးကျော်သာဦးဆီသို့သာ အာရုံ စူးစိုက်ထားလိုက်၏။ သန္တာနွယ်သည် ဖခင်၏ဘေးတွင် ဝင်၍ထိုင်လိုက်၏။

“စင်စစ်မတော့ သွန်သင်ပြသတာထက် သိမ်းသွင်းယူနိုင်ဖို့ ပိုပြီး ကြိုးစားရတယ်။ ဥပမာ ဆိုပါတော့ကွယ်၊ အခု ကိုထွန်းက သီချင်းကြီး နားမထောင်ဖူးဘူး။ အဲဒါကို ဦးက ကိုထွန်း သီချင်းကြီး နားထောင်မလားလို့ဆိုရင် ဦးကို အားနာလို့သာ နားထောင်ပါ့မယ်လို့ ပြောချင်ပြောမှာ၊ တကယ်က ကိုထွန်း စိတ်ဝင်စားမှာ မဟုတ်ဘူး။ အဲဒီမှာ ဦးက ဇွတ်နားထောင်ခိုင်းပြန်လည်း ကိုထွန်း စိတ်ညစ်ချင်ညစ်မယ်။ ဒီတော့ ကိုထွန်းနားမှာ ယဉ်ပါးလာအောင် ဦးက လုပ်ရမယ်။ ဟုတ်ဘူးလားကွယ်။ ဦးသမီးကိုဆို ဦး ဒီလိုပဲ လေ့ကျင့်ပေးလာရတယ်။ ဦးကိုယ်တိုင်လည်း ပတ္တလားတီးကို ဂျပန်ခေတ်မှ သင်လာခဲ့ရတာပဲ။ ဒါကြောင့် ကိုထွန်းလည်း စိတ်ဝင်စားမယ်ဆိုရင် ဦးတို့ဆီ မကြာမကြာ လာပေါ့ကွယ်”

ထိုအခိုက်မှာပင် အဘိုးကြီးတယောက်သည် ကိုကိုးပန်းကန်များနှင့် မုန့်များကို ယူဆောင်လာခဲ့လေသည်။

ကိုကိုထွန်းသည် ကိုကိုးပန်းကန်ကိုယူ၍ သောက်နေရစေကာမူ ဦးကျော်သာဦး ဘာပြောလာဦးမည်နည်းဟု နားစွင့်ထား၏။

“ဒါပေမဲ့ ဦး ကိုထွန်းကို တခုတော့ ကြိုတင်ပြောထားမယ်ကွဲ့၊ ကိုထွန်း ဦးဆီ လာတဲ့နေရာမှာ ဦးတို့ အခုလို စကားပြောကြတာတွေကို ကိုထွန်းဒေါ်ဒေါ်ရှေ့မှာတော့ ပြန်မပြောနဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုထွန်း ဒေါ်ဒေါ်တို့က ကိုယ့်လူမျိုးကို တယ်ပြီး အထင်မကြီးဘူး။ အင်္ဂလိပ်လူမျိုးကိုသာ အထင်ကြီးပုံရတယ်။ ဒီတော့ တော်တော်ကြာ မကေသီက ဦးဟာ သူ့တူကိုခေါ်ပြီး ဖျက်ဆီးနေတယ် လို့ အပြစ်တင်နေပါဦးမယ်ကွယ်”

ရယ်ရယ်မောမော ပြောလာ၏။

ထိုစကား၏အဓိပ္ပာယ်ကို နားလည်ပြီး ဖြစ်သောကြောင့် ကိုကိုထွန်းသည် ဦးကျော်သာဦးနှင့် အတူ ရောနှောရယ်မောမိလေ၏။ ဘာမျှ သိနားလည်သေးခြင်း ရှိဟန်မတူသော သန္တာနွယ်ကမူ ပြုံးသည်ဆိုရုံမျှသာ ပြုံးလိုက်လေ၏။

ထိုနေ့ကမူ ထိုကလေးနှစ်ယောက်စလုံး ရင်းရင်းနှီးနှီး ပြောဆိုမိခြင်း မရှိကြသေးပေ။ နှစ်ဦးစလုံးပင် တဦးကိုတဦး ရှက်ရွံ့နေဟန်ရှိ၏။ အစကတော့လည်း ထိုအခြေအနေသည် သာမန်မျှသော အခြေအနေ ဖြစ်သည်ဟု ထင်မှတ်ခဲ့ရစေကာမူ အိမ်သို့ ပြန်ရောက်သောအခါ ကိုကိုထွန်းစိတ်မှာ မချင့်မရဲဖြစ်ရ၏။ အဘယ့်ကြောင့် ထိုကလေးမနှင့် ရင်းရင်းနှီးနှီး စကားမပြောခဲ့ရလေသနည်းဟု မိမိကိုယ်ကို ပြစ်တင်ခြင်းလည်း ပြုမိလေသည်။

ဒါကို ပေါက်စမသည် နည်းနည်းကလေးမျှ ရိပ်စားမိခြင်း ရှိဟန်မတူပေ။ အိမ်သို့ ပြန်ရောက်သောအခါ ကိုယ့်အခန်းမှာ ကိုယ်ခိုဝင်ပြီး စာရေးစားပွဲမှာ ထိုင်ရင်း ငိုင်တွေးနေမိသည်ကား အမှန်ပင်။ ထိုအခါ သန္တာနွယ်ဆိုသော ကလေးမကို မြင်ယောင်သည်။ ပြီး စိတ်အာရုံသည် ထိုကလေးမကို ခေါ်ဆောင်ကာ မြိုင်သာယာအထိ လွင့်ပျံ့သွားပြန်၏။ သည်စိတ်အာရုံထဲသို့ ဦးကျော်သာဦး၏ စာကြည့်ခန်း၊ ဦးကျော်သာဦး၏ စကားများ ရောနှောဝင်ရောက်လာကြပြန်သည်။

“ဟိတ်”

ပေါက်စမ၏ ရုတ်ခနဲ လွင့်ပျံ့လာသောအသံနှင့် အခန်းတွင်းသို့ ဖျတ်ခနဲ ရောက်လာသော ခန္ဓာကိုယ်က အတွေးစများကို လွင့်ပြတ်သွားစေသည်။

“ကြည့်စမ်း ကြည့်စမ်း။ သူ ဘာတွေစဉ်းစားနေလဲမသိဘူး။ အဲဒါ သူများ မေးမယ် မေးမယ်နဲ့၊ သူဟာ အမြဲတမ်း စဉ်းစားနေတယ်။ အဲဒါ ဘာတွေကို စဉ်းစားနေတာလဲဟင်၊ သူများလည်း တခါတခါ စဉ်းစားကြည့်တယ်”

ပေါက်စမသည် သူ့ဘေးသို့ ရောက်လာကာ တောင်စဉ်ရေမရ စကားများကို ပြောချလိုက်၏။

“ဘာပြောတယ်”

စိတ်က ဘာကြောင့် အလိုလို အကဲဆတ်နေသနည်း။ ကိုကိုထွန်း မသိနိုင်။ ပေါက်စမသည် ကိုကိုထွန်း ဤကဲ့သို့ စိတ်အကဲဆတ်လွယ်ခြင်းကို ကြုံဖူးလှပြီဖြစ်သောကြောင့် နည်းနည်းကလေးမျှ အမှုမထား။

“သူ ဘာတွေစဉ်းစားနေသလဲလို့ မေးတာပဲဟာ အလကား စိတ်တိုချင်တယ်၊ ပြောစမ်း၊ အဲဒီလိုစဉ်းစားတာ ဘာတွေစဉ်းစားသလဲ”

“သူများနဲ့ ဘာဆိုင်လို့လဲ”

“သူများနဲ့ ဆိုင်တယ်လို့ ပြောတာမှ မဟုတ်ဘဲဟာ၊ သူစဉ်းစားတာမြင်ရလို့ အခု သူများလည်း တခါတခါ စဉ်းစားကြည့်တယ်၊ အဲဒါလေ သူစဉ်းစားတာနဲ့ သူများစဉ်းစားတာ တူသလားလို့ သိချင်လို့ မေးတာ”

ကိုကိုထွန်းသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။ သူ့အတွေးအာရုံကို ထိုသူငယ်မ သိရှိသွားလေသလားဟုလည်း တုန်လှုပ်ရလေသည်။

“ကဲ ဆိုစမ်းပါဦး သူများက ဘာစဉ်းစားလို့တုံး”

သည်တော့လည်း ထိုကလေးမသည် ချက်ချင်းစကားပြန်မပေးဘဲ တွေငေးနေပြန်၏။ မျက်နှာက မသိမသာ ညှိုးကျလာသည်။

“ကျောင်းနေရတာ ပျော်စရာကောင်းမှာပဲနော်”

“အဲဒါ ဘာဖြစ်သလဲလို့”

“သူများ အဲဒါကို စဉ်းစားကြည့်လို့ပါ။ သူကျောင်းတက်သလို သူများလည်း ကျောင်းလိုက်တက်ချင်တယ်။ အဲဒါ အမေ့ကို ပြောကြည့်တယ်။ အမေက သူများကို ကျောင်းမနေရဘူးတဲ့။ ပထမတော့ မိန်းကလေးတွေ ကျောင်းမနေရဘူးလားလို့ သူများ စဉ်းစားတယ်။ ဒါပေမဲ့ အဲဒါ မဟုတ်ဘူးထင်တယ်။ ကြီးကြီးစာသင်တဲ့ ကျောင်းမှာ မိန်းကလေးတွေချည်းပဲလို့ သိရတယ်။ ဟို ဟို ဦးကြီးသမီးကလည်း ကျောင်းနေတယ် ဆိုပဲ။ ဒီတော့ သူရယ်၊ ဟိုကောင်မလေးရယ်က ကျောင်းနေတယ်။ သူများက မနေရဘူး။ အဲဒါ ဘာဖြစ်လို့လဲ အမေ့မေးတော့ အမေက မမေးရဘူးတဲ့။ အဲဒါကို သူများ သိချင်လို့ စဉ်းစားတယ်။ ဘာဖြစ်လို့ သူများ ကျောင်းမနေရသလဲလို့ သူကော မစဉ်းစားဘူးလားဟင်”

ပေါက်စမစကားကို ကြားရသောအခါ ကိုကိုထွန်း စိတ်မကောင်း ဖြစ်ရလေတော့သည်။ သည်တော့လည်း ပေါက်စမ ကျောင်းမနေသောပြဿနာသည် သူ့ခေါင်းတွင်းသို့ ဝင်လာခဲ့လေသည်။

အခန်းတွင်း၌ အတန်ကြာ တိတ်ဆိတ်နေပြီးမှ

“မေ့နေလိုက်တာဟယ်၊ သူများ သူ့ကို ထမင်းစားဖို့ လာခေါ်တာ၊ အယ် ကြီးကြီး ဆူခံထိတော့မှာပဲ၊ ကဲ ကဲ လာ၊ ထမင်းစားကြမယ်တဲ့”

ယခုတော့လည်း ပေါက်စမ၏စိတ်ကူးများသည် ပျက်ပြယ်သွားကြရလေပြီ။ ကိုကိုထွန်းသည် ပေါက်စမနှင့်အတူ ထွက်လာရင်း လှေကားအဆင်းတွင် ခြေလှမ်း တုံ့ရပ်ပြီး ပေါက်စမဘက်သို့ လှည့်၍

“ဘာလဲ သူများက ကျောင်းနေချင်လို့လား”

ပေါက်စမသည် ခေါင်းညိတ်လိုက်၏။

စင်စစ်တော့လည်း ကိုကိုထွန်းသည် ပေါက်စမ ကျောင်းနေသင့်သည် ဆိုခြင်းကို တွေ့စအချိန်က စဉ်းစားခဲ့ပြီလား၊ မစဉ်းစားခဲ့သည်လား ပြန်လည် တွေးတောကြည့်မိသည်။ သူ့အဖို့ ကောင်းစွာ မမှတ်မိ။ မည်သို့ဖြစ်စေ၊ ပေါက်စမ ကျောင်းနေသင့်သည် ဟူသောအချက်ကို သူ နားလည်လက်ခံရလေသည်။ သည်အခါ ထိုကိစ္စကို အန်တီကေသီအား ပြောပြသင့်သည်ဟု ယူဆ၏။

ထို့ကြောင့်ပင် ထမင်းစားပွဲတွင် ပေါက်စမကို ကျောင်းထားပေးရန် ပြောဆိုမိလေ၏။

ဒေါ်ကေသီသည် နှုတ်တုံ့မပြန်။ မျက်နှာမှာကား နှစ်မြို့ခြင်း မရှိသည်ကို သိရ၏။

ညအိပ်ရာဝင်ခါနီးမှပင် အန်တီကေသီသည် ကိုကိုထွန်းကို သူ့အခန်းတွင်းသို့ ခေါ်ယူပြီး

“ကိုထွန်းဟာ ဒီအိမ်ကလူတွေရဲ့ကိစ္စကို ဘာမှ ဝင်ပြီးပြောဖို့မလိုဘူး။ ပေါက်စမဆိုတာ အိမ်မှာ အစေခံ။ ဒီကောင်မကလေးနဲ့ ဘာမှ အရောတဝင် လုပ်ဖို့ အကြောင်းလည်း မရှိဘူး။ ကိုထွန်းဟာ ငယ်တော့တဲ့အရွယ် မဟုတ်ဘူး။ လေး ငါး ခြောက်နှစ် ကလေးတယောက်လို ပေါက်ကရတွေကို မပြောရဘူး။ ကိုယ်က ဒီအိမ်မှာ သခင်၊ သူတို့က ကျွန်တွေ။ ဒါတွေကို ဆက်ဆံရတဲ့နေရာမှာ ကျောင်းက သူငယ်ချင်းတွေလို ဆက်ဆံစရာ မလိုဘူး။ ကဲ ဒါပဲ။ ကိုထွန်း သွားနိုင်ပြီ”

အန်တီကေသီ၏စကားကို နားထောင်နေရစဉ်ကပင် စိတ်ထဲတွင် မကျေနပ်ခြင်း၊ သဘောမပေါက်နိုင်ခြင်းဖြင့် အန်တီကေသီအား အပြန်အလှန် မေးခွန်းထုတ်ချင်ခဲ့၏။ သို့သော် အန်တီကေသီကိုယ်တိုင် မိမိအား နှင်ထုတ်နေပြီ ဖြစ်သောကြောင့် ကိုကိုထွန်းသည် ဘာမျှ နှုတ်တုံ့ပြန်မေးမြန်းခြင်း မပြုနိုင်ဘဲ အခန်းတွင်းမှ ထွက်ခဲ့ရလေတော့သည်။

ပေါက်စမပြဿနာသည် အိပ်ရာပေါ်သို့ ရောက်သည်အထိ လိုက်ပါလာခဲ့လေသည်။ ပေါက်စမ၏ ပြဿနာမှာပင် မြိုင်သာယာမိသားစုသည်လည်း ရောထွေးပါလာ၏။

သည်မှာ မပျော်ပိုက်လိုတော့ပေ။ မြိုင်သာယာသို့သာ ပြန်ချင်သည်။ အန်တီကေသီနှင့် နေထိုင်ရသည်ကို ကျဉ်းကျပ်သည်ဟု မှတ်ယူလာ၏။

ထိုအတွေးစများမှာပင် သန္တာနွယ်သည် ရောထွေးရောက်လာပြန်ချေသည်။ မနက်ဖြန် တနင်္ဂနွေနေ့မှာ သန္တာနွယ်တို့အိမ်သို့ သွားမည်ဟုလည်း ဆုံးဖြတ်သည်။

| ၁၁ |

 

ဦးကျော်သာဦးအိမ်သို့ သွားရောက်လည်ပတ်ရသည်ကို သူကျေနပ်သည်။ သည်မှာ မနှစ်မြို့စရာဟူ၍ ဘာမျှမရှိဟုလည်း မှတ်ယူသည်။

ဦးကျော်သာဦး ပြောပြသော စကားများကို သူနားထောင်ရသည်မှာ ငြီးငွေ့သည်ဟူ၍ မရှိ။ ဦးကျော်သာဦး ထုတ်ပေးသော စာအုပ်များကို ဖတ်ရသောအခါ နားလည်သည်လည်းရှိ၏။ နားလည်မယောင်လည်းရှိ၏။ နားမလည်သည်များလည်း ရှိ၏။ သို့သော် ထိုစာအုပ်များကို ဖတ်ရှုရခြင်းအတွက် ကျေနပ်သည်။ အားတက်သည်။ သည်မှာ သန္တာနွယ်နှင့် ခင်မင်ရင်းနှီးရသည်ကို ပို၍ပင်လျှင် ကြည်နူးမိသည်။

သန္တာနွယ်နှင့် တွေ့လျှင် ပြောစရာစကားစတွေမှာ ကုန်နိုင်သည်ဟု မရှိ။ နွယ်သည် သီချင်းတွေအကြောင်းကိုလည်း ပြောသည်။ ကျောင်းမှအကြောင်းတွေကိုလည်း ပြောသည်။ ကိုကိုထွန်းက မြိုင်သာယာမှ မိသားစုအကြောင်း၊ မြိုင်သာယာက သူငယ်ချင်းများအကြောင်း စသည်တို့ကို ပြော၏။ တခါတခါ ကိုကိုထွန်းသည် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ လွတ်လပ်ရေး အကြောင်း၊ အင်္ဂလိပ်တွေအကြောင်းကို ပြောတတ်၏။ တခါတရံ သူ ပညာသင်ကြားရသော ကျောင်းများအကြောင်းကို ပြောသည်။ မည်မျှ အကြိမ်ပေါင်းများစွာ ပြောဆိုလာခဲ့ရစေကာမူ ပြောစရာစကားများသည် ကုန်ဆုံးခဲ့သည်ဟူ၍ မရှိပေ။

သည်လိုနေ့ရက်များစွာတွင် သန္တာနွယ်နှင့် ခွန်းတုံ့ခွန်းပြန် စကားမဆိုခဲ့ရစေကာမူ သန္တာနွယ်နှင့် ပတ်သက်၍ ကိုကိုထွန်း၏ တသက်တာတွင် မေ့ပျောက်နိုင်ခြင်း ရှိလိမ့်မည် မထင်ရသော နေ့တနေ့ကို ကြုံခဲ့ရလေသည်။

ထိုနေ့မှာ အမျိုးသားအောင်ပွဲနေ့ ဖြစ်သည်။ အမျိုးသားအောင်ပွဲနေ့ အကြောင်းကိုကား ကိုကိုထွန်းသည် အတန်အသင့် သိထားပြီးဖြစ်၏။ ထိုအောင်ပွဲနေ့ ဖြစ်ပေါ်ခဲ့ရာ အရေးတော်ပုံတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သော ဦးကျော်သာဦးကိုယ်တိုင် ပြောပြလာသောအခါတွင်ကား ကိုကိုထွန်းအဖို့ အမျိုးသားနေ့အကြောင်းကို ပို၍ သိမှတ်နားလည်ခဲ့ရလေ၏။

အမျိုးသားအောင်ပွဲနေ့တွင် နွယ်တို့ကျောင်း၌ ကပွဲတခု ကျင်းပမည်။ ထိုကပွဲ၌ နွယ် ပါဝင်ကပြမည် ဆိုခြင်းကို ကိုကိုထွန်းသည် ကြိုတင်သိရှိခဲ့၏။ သည်စဉ်ကတော့လည်း ထိုကပွဲနှင့် ပတ်သက်၍ ထူးထူးခြားခြား စိတ်ဝင်စားခဲ့သည် မဟုတ်ပေ။ နွယ် ပါဝင်ကပြမည်ဆိုခြင်းအတွက် ကြည့်ရှုလိုသည်သာ ဖြစ်၏၊ ထိုကပွဲသို့ နွယ်ကိုယ်တိုင်က ဒေါ်ကေသီနှင့် ကိုကိုထွန်းတို့ နှစ်ဦးစလုံးကို ဖိတ်ခေါ်၏။ သို့သော် ဒေါ်ကေသီသည် သည်လိုပွဲလမ်းမျိုး၌ စိတ်ဝင်စားခြင်း ရှိသည် မဟုတ်ပေ။ ထို့ကြောင့် နွယ်တို့ကျောင်းကပွဲသို့ ကိုကိုထွန်း တဦးတည်းသာလျှင် နွယ်တို့သားအဖနှင့်အတူ လိုက်ခဲ့ရလေသည်။

ထိုကပွဲ၌ နွယ်သည် အမိမြန်မာပြည်အသွင် သရုပ်ဖော် ကပြရသည်။ နွယ်၏ လှုပ်ရှားမှု ဟန်ပန်သည် များပြားလှသည် မဟုတ်ပေ။ သို့သော် ထိုစဉ်က နွယ့်ရုပ်သွင်သည် ကိုကိုထွန်း၏ စိတ်အာရုံ၌ ငြိတွယ်ရလေတော့သည်။ သည်လို လှပခြင်း၊ တင့်တယ်ခြင်း၊ သိမ်မွေ့ခြင်းမျိုးကို ပထမဦးဆုံး တွေ့မြင်ဖူးခြင်းဟုလည်း မှတ်ယူသည်။

ဤသို့ဖြင့် ထိုနေ့က နွယ်၏ရုပ်သွင်သည် သူ၏အိပ်မက်သို့ မကြာမကြာ ရောက်လာတတ်ခဲ့လေသည်။ နွယ်နှင့်ပတ်သက်၍ သူ့စိတ်ဝေဒနာ မည်သို့ခံစားရသည်ကိုကား ကိုကိုထွန်းကိုယ်တိုင် အတပ်မသိနိုင်ခဲ့သေးပေ။ မည်သို့ဖြစ်စေ၊ မြိုင်သာယာကိုပင် မေ့လျော့နေခဲ့မိသည် ထင်၏။

မြိုင်သာယာကို မေ့လျော့နေခဲ့သည် ဆိုစေကာမူ ထိုနေ့ရက်များကို တလကျော်ကျော် လွန်မြောက်လာခဲ့သောအခါ မြိုင်သာယာမှ မေမေ၊ ညီညီနှင့် ငယ်ငယ်တို့ ရောက်လာကြမည် ဆိုသောအကြောင်းကို ကြားရလျှင် ဝမ်းမြောက်အားတက်မိခြင်း ဖြစ်ရပြန်၏။

ယခုနှစ် ဒီဇင်ဘာကျောင်းပိတ်ရက်သည် ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသော နေ့ရက်များ ဖြစ်၏။ ဒီဇင်ဘာ ကျောင်းပိတ်ရက်နှင့်အတူ လွတ်လပ်ရေးအောင်ပွဲ ကျောင်းပိတ်ရက်များ တဆက်တည်း ဖြစ်သောကြောင့် ယခုနှစ်ကျောင်းပိတ်ရက်သည် ရှည်လျား၏။ သည်နှစ်မှာ ကိုကိုထွန်းတို့ မိသားစုသာလျှင် မဟုတ်၊ နိုင်ငံနှင့်အဝှမ်း ပျော်ရွှင်ရသော ဆောင်းရာသီနှစ်ဦး ဖြစ်လေသည်။ မေမေ၊ ညီညီ၊ ငယ်ငယ်တို့နှင့် ပြန်လည် ဆုံတွေ့ရသည့်ပြင် မိမိတို့မိသားစုနှင့် နွယ် သိကျွမ်းခွင့်ရခဲ့သည့်အတွက်လည်း ကိုကိုထွန်းသည် အကျေနပ်ကြီး ကျေနပ်နေခဲ့၏။

သည်တော့ ပေါက်စမကို မေ့လျော့နေခဲ့သည်မှာ အမှန်ပင်။

လွတ်လပ်ရေးအောင်ပွဲကြီး ကျင်းပပြီးစီး၍ မေမေတို့ပြန်သွားပြီဆိုတော့လည်း အားငယ်စိတ်၊ ဝမ်းနည်းစိတ်သည် ရောက်လာပြန်၏။

“နွေကျောင်းပိတ်ရင် သားကို ဖေဖေ လာခေါ်ပါလိမ့်မယ် သားရယ်”

မေမေက နှစ်သိမ့်စကားဆိုသည်။

မှန်သည်။ နွေရာသီ ကျောင်းပိတ်လျှင် သည်သမီး၊ သည်သားတွေ ပြန်လည် တွေ့ဆုံကြရမည် ဟူ၍ ကိုကိုထွန်း သိပြီးဖြစ်၏။ ယခုတော့လည်း နွေရာသီ ပြန်ရမည်ဆိုသောအခါ နွယ့်ကိုပါ မြိုင်သာယာသို့ အလည်ခေါ်မည်ဟု စိတ်ကူးရောက်မိသေး၏။

သည်တော့ နွေရက်မှာ ဥသြငှက် ရောက်လာမည့်အချိန်ကို စောင့်မျှော်ရလေပြီ။

သို့ဖြင့် ဥသြငှက် ရောက်မလာမီ တနေ့တွင် ထိုလူသည် ဤနေရာသို့ ရောက်လာခဲ့လေ၏။

ထိုလူသည် အသက်အရွယ်အားဖြင့် အသက် ၄ဝ ပတ်ဝန်းကျင်တွင် ရှိလိမ့်မည်ဟု မှန်းဆရ၏။ ခန္ဓာကိုယ်သည် တုတ်ခိုင်ထွားကျိုင်း၏။ အသားသည် ညို၏။ နေလောင်ထားသည် ကြောင့် မည်းညိုသော အဆင်းရှိသည်။

သူသည် လွန်ခဲ့သော သုံးလေးရက်ကပင် ဤအိမ်ခြံဝင်းကြီးအနီးသို့ မယောင်မလည် ရောက်ရှိလာခဲ့၏။ တခါတရံ ခြံဝင်းတံခါးမှနေ၍ အိမ်ကြီးဆီသို့ လှမ်းမျှော်ကြည့်၏။ သို့သော် သူ့စိတ်သည် ဝံ့ရဲခြင်း မရှိပေ။ အိမ်တွင်းမှ တစုံတခုကို သူ လှမ်းမျှော်ကြည့်ဟန် ရှိသော်လည်း အိမ်တွင်းမှ အခြားသူတဦးဦးက သူ့ကို မြင်တွေ့သွားမည်အတွက် စိုးရိမ်ကြောက်လန့်ဟန် ရှိလေသည်။

ဒေါ်ကေသီနှင့် ကိုကိုထွန်းတို့ ကျောင်းပြန်လာသည့် ညနေများ၌ ထိုလူသည် ဝင်းခြံနှင့် မလှမ်းမကမ်း လမ်းတဖက်တွင် ရှိနေတတ်သည်။ ထိုအခါများ၌ သူသည် ခြံဝင်းတံခါး လှပ်လာသည်ကိုလည်းကောင်း၊ ခြံထဲသို့ မော်တော်ကား ဝင်သွားသည်ကိုလည်းကောင်း စူးစိုက်ကြည့်နေတတ်၏။ သို့သော် ကားဒရိုင်ဘာသည်လည်းကောင်း၊ ခြံစောင့် ဦးဘိုးလှသည် လည်းကောင်း၊ ဒေါ်ကေသီနှင့် ကိုကိုထွန်းတို့သည်လည်းကောင်း သူ့ကို တခါဖူးမျှ ဂရုထား မြင်တွေ့မိကြခြင်း မရှိပေ။

ထိုသူသည် ဤနေရာသို့ ရောက်လာ၍ လေးရက်မြောက်သောနေ့သည် စနေနေ့ဖြစ်၏။

ကိုကိုထွန်းသည် ခါတိုင်း စနေနေ့များမှာကဲ့သို့ပင် မိုးချုပ်လုသောအချိန်မှသာ ဦးကျော်သာဦး၏ အိမ်မှ ပြန်လာခဲ့၏။ ထိုလူသည် ခပ်လှမ်းလှမ်းမှ ကိုကိုထွန်း ရောက်လာသည်ကို မြင်သဖြင့် ကိုကိုထွန်းတူရူသို့ မယောင်မလည် လျှောက်ခဲ့၏။

ကိုကိုထွန်းသည် သူ့ကို အမှတ်မထားဘဲ ဖြတ်ကျော်ဟန်ပြုခိုက်မှာပင် ထိုလူသည် ကိုကိုထွန်း၏ ရှေ့မှရပ်ကာ ဟန့်တားလိုက်လေသည်။ ကိုကိုထွန်းသည် အထိတ်တလန့်ဖြစ်ပြီး ခြေလှမ်းကို တုံ့ရပ်လိုက်၏။ ထိုလူ၏မျက်လုံးများသည် တစုံတခုကို စိုးရိမ်ထိတ်လန့်သော အသွင်လက္ခဏာ ဆောင်နေ၏။

“မင်း မင်း မင်း ဘယ်သူ ဘယ်သူလဲ”

သူ၏စကားလုံးများ ထစ်အနေ၏။

ကိုကိုထွန်းသည် ထိုလူ၏စကားကို ရုတ်တရက် နားလည်ခြင်းမရှိဘဲ တွေနေလေသည်။

“မင်း မင်း မင်း ဟို ဟိုအိမ်က ဟုတ်လား”

“ဟုတ်တယ်”

“ငါ ငါ အဲ အဲ အဲဒီအိမ်က လူ လူတယောက်ကိုတွေ့ တွေ့ချင်လို့”

စကားပြောရင်း ထိုလူသည် ဘေးဆီသို့ မကြာခဏ မျက်စိကစားနေလေသည်။ ကိုကိုထွန်းသည် ထိုသူအား ယခုထက်တိုင် နားမလည်နိုင်သေးပေ။

“ခင်ဗျား တွေ့ချင် ဝင်တွေ့ပါလား”

ထိုလူသည် ခေါင်းကို ခါယမ်းလိုက်သည်။

“ဒီ ဒီမှာ၊ ငါ ငါ အဲဒီ အဲဒီအိမ်က ထ ထ ထမင်းချက်တဲ့ မိန်း မိန်း မိန်းမကြီးကို တွေ့ချင်တယ်”

“ဒေါ်လှမင်းကိုလား”

ထိုသူက ခေါင်းညိတ်လိုက်သည်။

“ဝင်တွေ့ပါလား၊ ဝင်တွေ့ရင် ရပါတယ်”

ထိုလူသည် ခေါင်းကို ခါယမ်းရင်း

“မင်း မင်း သူ့ သူ့ကို ပြောပါ။ ငါ ငါ ဒီက စောင့်နေမယ်၊ ပြီး ပြီး ပြီးတော့ ငါနဲ့ မင်း တွေ့ တွေ့ တွေ့တာကို ဘယ်သူမှ မသိ မသိစေနဲ့”

ကိုကိုထွန်း၏စိတ်သည် နောက်ကျုရှုပ်ထွေးလာလေသည်။

“ခင်ဗျားက ဘယ်သူလဲ”

ထိုလူသည် မဖြေ။ ထိုလူသည် ကိုကိုထွန်း၏ လက်တဖက်ကို ရုတ်တရက် ဖမ်းယူဆုပ်ကိုင်ပြီး ကိုကိုထွန်းကို စားတော့ဝါးတော့မည့်အသွင်ဖြင့် စူးစိုက် ကြည့်နေပြန်၏။ ကိုကိုထွန်းသည် မည်သို့မျှ တုန်လှုပ်ခြင်းမရှိဘဲ ထိုသူ၏လက်မှ ရုန်းထွက်ရန် အားထုတ်၏။ ထိုသူသည် ကိုကိုထွန်း၏လက်ကို ပိုမိုခိုင်မာစွာ ဆုပ်ကိုင် ဖမ်းဆီးထား၏။

“မင်း မင်း ငါ ငါပြောသလိုလုပ်ပါ။ ငါ ငါ မင်းကိုတောင်း တောင်းပန်ပါ တယ်။ သူ့ကို သူ့ကိုပြောပါ။ လူတယောက်စောင့် စောင့်နေတယ်လို့။ တခြား ဘယ်သူ့ကိုမှ ငါ ငါနဲ့တွေ့တာ မ မ မပြောပါနဲ့”

ထိုသူ၏မျက်နှာသည် အမှန်ပင် စိုးရိမ်ထိတ်လန့်ခြင်းဖြင့် တောင်းပန်တိုးလျှိုးသော အသွင်လက္ခဏာကို ဆောင်နေ၏။

“ဘယ်သူလို့ ပြောရမလဲ”

“သူ သူ သိပါတယ်”

“ကောင်းပြီ ကျွန်တော်ပြောလိုက်မယ်”

ကိုကိုထွန်းသည် ထိုလူ၏လက်မှ ရုန်း၍ထွက်ခဲ့၏။

သူသည် နေရာတွင်ရပ်လျက် တွေးဝေကျန်ရစ်ခဲ့ပြီးမှ နောက်ဘက်သို့ ချာခနဲလှည့်ကာ

“မင်း မင်း ဘယ် ဘယ်သူ့ကိုမှ မပြောရဘူး”

“ကျွန်တော် နားလည်ပါတယ်”

ကိုကိုထွန်းသည် ထိုသူပြောသည့်အတိုင်း ဒေါ်လှမင်းကို တဦးချင်း တွေ့ဆုံပြီး ပြောပြလိုက်၏။

ဒေါ်လှမင်းသည် ကိုကိုထွန်းဆီမှ စကားကို ကြားလိုက်ရသောကြောင့် ထိတ်လန့်တုန်လှုပ် သွားဟန် ရှိလေသည်။ ခဏချင်းမှာပင် ဒေါ်လှမင်း၏ထိတ်လန့်တုန်လှုပ်သော အသွင်လက္ခဏာသည် ပြောင်းလဲသွား၏။ မျက်နှာပြင်သည် ညှိုးကျသွားလေသည်။

“စကားထစ်နေတဲ့ လူကြီးလား ကိုထွန်း”

“ဟုတ်တယ်”

ဒေါ်လှမင်းသည် နောက်ထပ် ဘာမျှစကားမဆက်နိုင်ဘဲ တွေငိုင်နေပြန်၏။

“အဲဒီလူက ဘယ်သူလဲ ဒေါ်လှမင်း”

ဒေါ်လှမင်းသည် ကိုကိုထွန်း၏အမေးကို မကြားဟန် ရှိ၏။ သို့သော် ခဏကြာတွေနေပြီး

“သူနဲ့ တွေ့တယ်လို့ ဘယ်သူ့ကိုမှ မပြောပါနဲ့ကွယ်၊ နော် ကိုထွန်း၊ မမကြီးလည်း မသိပါစေနဲ့၊ ပေါက်စမလည်း မသိပါစေနဲ့”

“ဘာလဲ ဒေါ်လှမင်း သွားတွေ့မလို့လား”

ဒေါ်လှမင်းသည် ရုတ်တရက် အဖြေမပေးနိုင်ဘဲ တွေငိုင်နေပြန်၏။ သို့သော် ဒေါ်လှမင်း၏ စိတ်ဂနာမှာ ငြိမ်ဆိတ်ခြင်း မရှိလှပေ။ ဒေါ်လှမင်းသည် ပြတင်းပေါက်ဆီသို့ သွားပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် ကိုကိုထွန်းအနီးသို့ လျှောက်လာပြန်ကာ

“ကိုကိုထွန်း ဘယ်သူ့ကိုမှ မပြောပါနဲ့ကွယ်”

“မပြောပါဘူး ဒေါ်လှမင်း စိတ်ချပါ”

ကိုကိုထွန်းသည် ဒေါ်လှမင်းကို ဆက်လက်ပြီး အကဲခတ်နေပြန်၏။

“ကဲ ကိုထွန်း သွားတော့၊ ထမင်းပွဲပြင်ပြီးပြီ”

ထိုညနေ တညနေလုံးပင် ထိုအမည်မသိ စကားထစ်အသော လူတယောက်သည် ကိုကိုထွန်း၏ စိတ်အာရုံသို့ ဝင်ရောက်လာခဲ့လေ၏။ သူ ဘယ်သူလဲ။ ဒေါ်လှမင်းနဲ့ မည်သို့ ပတ်သက်သလဲ၊ ဘယ်ကလာသလဲ၊ ဘာကြောင့် ဒေါ်လှမင်းသည် ထိတ်လန့်နေရသနည်း။ ဒေါ်လှမင်းသည် ထိုသူကို သွားရောက်တွေ့ဆုံလေသလားဟူသော အမေးစူးစမ်းစိတ်တို့သည် ဦးနှောက်တွင်းသို့ ဝင်ရောက်မွှေနှောက်လေ၏။ သို့သော် ကိုကိုထွန်းသည် ထိုလူ၏အကြောင်းကို ရက်အနည်းငယ်အတွင်းမှာပင် မေ့လျော့လိုက်သည်။ ထိုလူသည် ကိုကိုထွန်း တွေ့စက မျှော်လင့်ထားသလို သူ့စိတ်အာရုံ၌ ဝင်စားစွဲငြိခြင်း မရှိလှပေ။

ခပ်လှမ်းလှမ်းဆီမှ ဥသြငှက်သံကို ကြားရပေပြီ။

| ၁၂ |

 

မျှော်လင့်စောင့်စားရသော ဥသြငှက်သည် မည်သူ တဦးတယောက်ကမျှ မျှော်လင့်ထားခြင်း မရှိသော စိတ်နှလုံး တုန်လှုပ်ချောက်ချားဖွယ်သော အဖြစ်အပျက်တို့ကို ဆောင်ယူ ရောက်ရှိ လာခဲ့လေသည်။

ဦးထွန်းတင်၏ စိတ်အာရုံသည် နွေရာသီပတ်ဝန်းကျင်ကဲ့သို့ မှုန်ဝါးဝါး ဖြစ်နေ၏။ တောင်လေရူးကဲ့သို့လည်း ရပ်တည်ရာမရ ဖြစ်ရလေပြီ။

တခါတရံ စိတ်ပျက် အားငယ်သည်။ တခါတရံ ထိတ်လန့် တုန်လှုပ်သည်။ တွေဝေ ယိမ်းယိုင်ခြင်း၊ ယုံကြည်မှု ကင်းမဲ့ခြင်း စိတ်အာရုံတို့သည်လည်း ရံဖန်ရံခါ ထိုးဖောက် ဝင်ရောက်လာတတ်လေသည်။ တခါတရံ၌ စိတ်ပျက်ခြင်း၊ အားငယ်ခြင်း၊ ထိတ်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ တွေဝေယိမ်းယိုင်ခြင်း၊ ယုံကြည်မှု ကင်းမဲ့ခြင်းတို့နှင့်အတူ အပျက်သဘောသို့သာ ရှေးရှုသော စိတ်အာရုံတို့ ယောက်ယက်ခတ် ဖြစ်ပေါ်လာတတ်လေ၏။

မူလက နွေရာသီမတ်လ နောက်ဆုံးရက်များတွင် ရန်ကုန်သို့ သွားရောက်ပြီး ကိုကိုထွန်းကို မြိုင်သာယာသို့ ပြန်လည်ခေါ်ယူမည်ဟု စီစဉ်ထား၏။ ထိုအခါ မြိုင်သာယာအိမ်သည် ရှေးကကဲ့သို့ပင် စည်ပင်သာယာခြင်း ဖြစ်လိမ့်မည်ဟုလည်း ယူဆ၏။ ကိုကိုထွန်းနှင့် ပတ်သက်၍ စိတ်အနှောင့်အယှက် ဖြစ်ရသည်တို့ကို ကြုံတွေ့ရသည် မှန်စေကာမူ သားငယ်တယောက်နှင့် ကာလကြာမြင့်စွာ ခွဲခွာနေရခြင်းအတွက် ဦးထွန်းတင် စိတ်မကောင်းမိပေ။ ကိုကိုထွန်းနှင့် ပတ်သက်သော စိုးရိမ်ဖွယ်ရာများသည်လည်း ယခုအခါတွင် လျော့နည်းခြင်း ရှိပေပြီဟု ယူဆမိ၏။ အထူးသဖြင့် အေးငြိမ်းတို့နှင့် စပ်လျဉ်း၍ မေ့လျော့ခဲ့ရသည်မှာ ကိုကိုထွန်း ရန်ကုန်သို့ ပြောင်းရွှေ့သွားခဲ့သည်မှ အစပြုသည်ဟုလည်း ထင်မှတ်၏။ တခုဆိုစရာရှိသည်မှာ ကိုကိုထွန်းနှင့် နိုင်ငံရေးလှုပ်ရှားမှု ပြဿနာဖြစ်လေသည်။

စင်စစ် အပေါင်းအသင်းကြောင့် ရောယောင်ပါဝင်နေရစေကာမူ နိုင်ငံရေးနှင့် ပတ်သက်၍ ထိုကလေးငယ်သည် မည်သို့မျှ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အကြောင်းမရှိဟု ဦးထွန်းတင် ယူဆ၏။ မိမိ၏ သားတယောက်အနေနှင့် နိုင်ငံရေးလုပ်ငန်း ဆိုသည်မှာလည်း မည်သို့မျှ ဆက်စပ်ဖွယ်ရာ အကြောင်းမရှိဟု နားလည်ထား၏။

သည်အကြောင်းတွေကြောင့် ကိုကိုထွန်းနှင့်ပတ်သက်၍ ပြဿနာကြီးများ ပေါ်ပေါက်စရာ အကြောင်း မရှိတော့ဟု ယူဆသည်။ ကိုကိုထွန်းကို မြိုင်သာယာသို့ ပြန်လည်ခေါ်ဆောင်ရမည် ဖြစ်၏။

ထိုကြောင့်ပင် ဦးထွန်းတင် ရန်ကုန်သို့ ထွက်ခွာသွားသည်နှင့် မြိုင်သာယာ တအိမ်လုံးသည် ကိုကိုထွန်း ပြန်လာမည့်ရက်ကို မျှော်လင့် စောင့်စားကြရလေတော့သည်။ ကိုကိုထွန်း ပြန်လာတော့မည် ဆိုသောအခါ ငယ်ငယ် ပျော်သည်။

ထိုရက်များအတွင်းမှာပင် နိုင်ငံရေးအခြေအနေများသည် ရုတ်တရက် ချက်ချင်းပေါ်ပေါက် ပြောင်းလဲလာခဲ့လေသည်။

ဦးထွန်းတင်သည် ရန်ကုန်သို့ရောက်ခဲ့ပြီး နှစ်ရက် သုံးရက်အတွင်းမှာပင် မြိုင်သာယာသို့ အမြန်ဆုံး ပြန်သွားရန် အခြေအနေကို ရင်ဆိုင်ရလေတော့သည်။

လွတ်လပ်ရေး မကြေညာမီကလေးအတွင်းမှာပင် အရေးပိုင်ရာထူး အဆင့်သို့ တိုးမြှင့် ခန့်ထားခြင်း ခံခဲ့ရသူ တဦးအနေနှင့် ပြောင်းလဲလာသော နိုင်ငံရေး အခြေအနေများအရ မိမိမြို့နယ် လုံခြုံရေးကို အဓိက တာဝန်ယူ ဆောင်ရွက်ရပေမည်။

သို့ဖြင့် အရေးပိုင်မင်းသည် သားဖြစ်သူ ကိုကိုထွန်းနှင့် အေးအေးလူလူ စကားပြောဆိုခြင်း မပြုရမီအတွင်းမှာပင် မြိုင်သာယာသို့ ပြန်လည် ထွက်ခွာလာခဲ့ရပြန်လေသည်။

ဦးထွန်းတင် မြိုင်သာယာသို့ ရောက်၍ သုံးရက်အကြာမှာပင် ကွန်မြူနစ် ပါတီဝင်များ တောခိုလှုပ်ရှားမှုသည် မြို့ပေါ်ရှိ ကွန်မြူနစ်ပါတီဝင်များအနက် ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်သုံးဦးနှင့် နောက်လိုက်အချို့ကို ကြိုတင်ဖမ်းဆီးနိုင်ခဲ့လေသည်။ ကွန်မြူနစ်တို့သည် တောခိုခဲ့ပြီးသည်နှင့် မရှေးမနှောင်းပင် နယ်ပယ်အနှံ့အပြား၌ စတင်လှုပ်ရှားကြလေတော့သည်။

ဦးထွန်းတင်သည် အခြေအနေကို လျင်မြန်စွာ သုံးသပ်ရပေပြီ။

ခပ်စောစောကပင် သခင်ဖေသိန်း ရောက်လာဆွေးနွေးသော အချက်အလက်များအရ အခြေအနေဆိုးများကို မကြာမီအတွင်း ရင်ဆိုင်ရလိမ့်မည်ဟု ယူဆမိ၏။ ထို့ကြောင့်လည်း ဧပြီလအတွင်းမှာပင် ဇနီးဖြစ်သူနှင့် သားသမီးတို့ကို ရန်ကုန်သို့ ပို့လိုက်လေသည်။

သားသမီးနှင့် ဇနီးဖြစ်သူကို ရန်ကုန်သို့ပို့လိုက်ပြီးသောအခါ ပို၍အားငယ် တုန်လှုပ်လာသည်။ တခါတခါတွင် မိမိ၏ရာထူးကို စွန့်လွှတ်ရလျှင် ကောင်းလေစွဟု စိတ်ကူးမိသည်။ သို့သော် သည်ရာထူး ဂုဏ်ရှိန်မျိုးကို စွန့်လွှတ်ရမည် ဆိုခြင်းကိုကား ဦးထွန်းတင် ရဲရဲရင့်ရင့် တွေးတောဝံ့သည် မဟုတ်ပေ။ အရေးပိုင်မင်း အဆင့်အတန်းသို့ ရောက်ရှိလာပြီးခါမှလည်း သည်မျှ အရှိန်အဝါ တောက်ပသော အဆင့်အတန်းကို ဦးထွန်းတင် စွန့်လွှတ်ဝံ့သည် မဟုတ်ပေ။

တဖက်မှလည်း မမကေသီနှင့် ပတ်သက်၍ နားလည်ရသည်များ၊ လိုက်နာရသည်များ ရှိသေး၏။ သည်အခါ လွတ်လပ်ရေး၏ အရသာကိုလည်း ဦးထွန်းတင် ပြန်လည်ဆင်ခြင်ရလေသည်။

အစတွင် လွတ်လပ်ရေး ဆိုသည်ကို ဦးထွန်းတင် သဘောပေါက်ခြင်း မရှိပေ။

“အင်္ဂလိပ်က ဗမာတွေကို လွတ်လပ်ရေး ပေးလိုက်တဲ့အတွက် ငါ့မောင် တုန်လှုပ်သလို မမလည်း အစကတော့ တုန်လှုပ်မိတယ်၊ သို့ပေမဲ့ သေသေချာချာ စဉ်းစားကြည့်တော့ လွတ်လပ်ရေး ရတဲ့အတွက် မမတို့ ဘာမှတုန်လှုပ်စရာမရှိဘူးလို့ မမ သဘောပေါက်လာတယ်။ အခု လောလောဆယ် အခြေအနေကိုပဲ မမပြောမယ်။ အခုဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ထဲမှာ မမနဲ့ ရင်းနှီးသိကျွမ်းတဲ့ပုဂ္ဂိုလ် နှစ်ယောက် သုံးယောက် ပါလာတာကို တွေ့ရတယ်။ ဒီတော့ မမတို့အနေနဲ့ ဘာမှ အခြေပျက်၊ အနေပျက် ဖြစ်စရာ မလိုဘူး။

ဒီထက်ကောင်းတဲ့ အခြေအနေကို မမ စုံစမ်းသိရပြန်တယ်။ အဲဒါက အထူးသဖြင့် ငါ့မောင်အတွက်ပဲ။ အခု တိုင်းပြည် လွတ်လပ်တာနဲ့ မမတို့တိုင်းပြည်ရဲ့အုပ်ချုပ်ရေးကို ဗမာတွေကပဲ ဆောင်ရွက်ရမယ်။ အင်္ဂလိပ်တွေ၊ ကုလားတွေဟာ သူတို့တိုင်းပြည်ကို ပြန်ကြရမယ်။ ဒီအခါ ရာထူးကြီး၊ နေရာကြီးတွေကို မမတို့လူမျိုးတွေ ရရှိကြမယ်။ ကောင်းပြီ ဒီတော့ မင်းပဲ စဉ်းစားကြည့်ပါ။ တိုင်းပြည်အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်လို့ မင်းတို့လိုလူတွေကိုပဲ ဒီအစိုးရ အားကိုးရလိမ့်မယ်။ ဘယ်လောက်ပဲ မင်းတို့ကို မလိုချင်ဘူး ပြောနေစေဦး။ လောလောဆယ်အားဖြင့် လစ်လပ်လာမယ့် ရာထူးနေရာတွေမှာ မင်းတို့ကို ခန့်ထားရလိမ့်မယ်။ ဒီတော့ လွတ်လပ်ရေး အရသာဆိုတာ တခြားလူတွေအဖို့ ဘယ်အခြေအနေရှိမယ် မခန့်မှန်းနိုင်ပေမဲ့ ငါ့မောင်တို့လို လူတွေအဖို့တော့ မြိုးမြိုးမြက်မြက် ရှိရမှာပဲလို့ မမ ခန့်မှန်းတယ်။ မမရဲ့ခန့်မှန်းချက် ဘယ်အထိ မှန်သလဲဆိုတာကို မင်း မကြာခင် သိရမယ်။ အခု မမဆီကစာရပြီး မကြာမီဆိုသလို ငါ့မောင်ကို အမြဲတမ်း အရေးပိုင်အဖြစ် တိုးမြှင့်ခန့်ထားကြောင်း အမိန့်စာ ပို့လိုက်တယ်လို့ မမ သိထားတယ်။

ဒီတော့ ငါ့မောင် သတိချပ်ရမှာက လိမ္မာပါးနပ်ဖို့ပဲ။ နိုင်ငံရေးသမားကို သင့်အောင်ပေါင်းပါ။ တတ်နိုင်သမျှ လိုက်လျောညီထွေဝါဒကို ကျင့်ပါ။ ဒီလောက်ဆိုရင် ငါ့မောင် နားလည်မယ်လို့ ယူဆတယ်”

ဟူသော မမကေသီထံမှစာကို ဖတ်ပြီးသောအခါ လွတ်လပ်ရေးနှင့်ပတ်သက်၍ အတန်အသင့် နားလည်ခဲ့ရသည်ဟု ဦးထွန်းတင် ယုံကြည်ခဲ့လေသည်။ ထို့ကြောင့်လည်း ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို ချစ်သည်ဟူသော စိတ်ဓာတ်မျိုး တကြိမ်တခါမျှ မပေါ်ပေါက်ခဲ့စေကာမူ နှုတ်ဖြင့်လည်းကောင်း၊ အမူအရာဖြင့်လည်းကောင်း တိုင်းပြည်ချစ်၊ လူမျိုးချစ်စကားမူရာ ဖော်ပြခြင်း မရှိစေကာမူ မိမိအခြေအနေ၊ ရာထူးဂုဏ်ရှိန်ကိုကား ဦးထွန်းတင် ချစ်မြတ်နိုးရလေသည်။ သို့ပါလျက် ဒေါ်နုနုခင်သည် သားသမီးများကို ရန်ကုန်သို့ သွားရောက်ပို့ထားပြီး ပြန်လည်ရောက်ရှိလာကာ

“ဘာပဲဖြစ်ဖြစ် နုသဘောကတော့ ကိုကို အလုပ်ကထွက်လိုက်စေချင်တယ်။ ခုလို သားတကွဲ၊ မယားတကွဲ အဖြစ်မျိုးမှာ နုမနေချင်ဘူး။ ဂျပန့်ခေတ်ကတောင် ဥမကွဲ သိုက်မပျက် နေလာခဲ့တဲ့ ဒီမိသားစုဟာ ခုအခြေအနေမျိုးကျမှ တကွဲတပြား နေရမယ်ဆိုရင် ဖြစ်နိုင်ပါ့မလား ကိုကို။ နုတော့လေ ရန်ကုန်မှာပဲ အေးအေးချမ်းချမ်းနဲ့ ဖြစ်သလို လုပ်ကိုင်စားသောက်နေချင်တော့တာပဲ” ဟု ပြောလာခဲ့လေသည်။

“မဖြစ်ဘူး နု၊ ကိုကို့အနေနဲ့ ခုမှ အရေးပိုင်အဆင့်ရောက်တာ မကြာသေးဘူး၊ ခုအတိုင်းဆိုရင် တိုင်းမင်းကြီးလောက်အဆင့်ကို ကိုကို မကြာခင်ရောက်မှာပဲ၊ ဒါတွေကို မမကေသီ နားလည်တယ်။ တိုင်းပြည်အခြေအနေ ဆိုတာလည်း ဒီလောက်ဆိုးရွားတာ မဟုတ်ဘူး နု”

“မဆိုးရွားဘူးသာ ပြောနေတာကို ကိုကိုရဲ့ အခုဆို ကေအင်ဒီအိုက တမျိုး၊ ကွန်မြူနစ်တွေက တမျိုး၊ ရဲဘော်ဖြူတွေက တမျိုး ဆူပူနေကြပြီ မဟုတ်လား”

“သိပ်လည်း မတုန်လှုပ်ပါနဲ့ နုရယ်။ ကိုကိုတို့အဖို့ ဒီလောက် တုန်လှုပ်စရာ မရှိပါဘူး။ ကိုကိုတို့မှာ လက်နက်ရှိတယ်။ နောက်ဆုံး ကုန်ကုန်ပြောမယ် နု။ မြိုင်သာယာနဲ့ ရန်ကုန်ဆိုတာ တခြားခရီးလမ်းတွေ ပြတ်တောက်နေဦး လေယာဉ်ပျံ အချိန်မရွေး ရနိုင်ပါတယ်။ အစိုးရအနေနဲ့ ကိုကိုတို့ကို အကျပ်အတည်းထဲမှာ ချမထားပါဘူး။ စိတ်ချပါ နု။ ဒီတော့ နု ရန်ကုန်မှာ အေးအေးဆေးဆေး ပြန်နေပါ။ ကိုကို့အတွက် ဘာမှမပူနဲ့ နု”

ဆိုသော စကားဖြင့် သည်နှစ်အကုန်လောက်တွင် နုကို ရန်ကုန်သို့ ပြန်ပို့ရလေသည်။ ထိုအချိန်များမှာပင် ကိုကိုထွန်းနှင့်ပတ်သက်၍ မမကေသီကိုယ်တိုင် လက်လျှော့ထားရသည်ဆိုသော အခြေအနေတရပ်ကို သိခဲ့ရ၏။

ထို့ကြောင့် ယခုတကြိမ် ရန်ကုန်သို့ ရောက်ရှိလာသောအခါတွင် ဦးထွန်းတင်သည် ကိုကိုထွန်းပြဿနာကို ရင်ဆိုင်ရလေတော့သည်။

ကိုကိုထွန်းအဖို့တော့လည်း ယမန်နှစ် နွေရာသီကျောင်းပိတ်ရက်မတိုင်မီ ခုနစ်တန်းစာမေးပွဲ ဖြေဆိုပြီးကတည်းကပင် ထိုစဉ်က ပညာသင်ကြားနေသော ကျောင်းမှ မိမိစွန့်ခွာတော့မည်ဟု အပြီးအပိုင် ဆုံးဖြတ်ခဲ့လေပြီ။

ထို့ကြောင့်လည်း ကျောင်းပြန်ဖွင့်သောအခါ အန်တီကေသီထားသော ကျောင်းတွင် မနေလိုတော့ဟု ဇွတ်ပေ၍ တင်းခံလာ၏။ သူ့အနေနှင့် သာသနာပြုကျောင်းတွင် နေရသည်ထက် အစိုးရကျောင်းမှာသာ နေလိုသည်ဟူသော စကားကို အခိုင်အမာ ဆိုခဲ့၏။

အမှန်တော့လည်း ကိုယ်ကိုယ်တိုင် သိမြင်သော အသိအမြင်နှင့် မဟုတ်စေကာမူ

“မနေဘူး အန်တီ။ ကိုထွန်း ဒီလိုကျောင်းမျိုးမှာ မနေဘူး။ ဒီလိုကျောင်းမျိုးက အင်္ဂလိပ်အစိုးရရဲ့ ကျွန်ကြီး ကျွန်ငယ်တွေကို ထုတ်လုပ်တဲ့စက်ရုံလို ကျောင်းမျိုး။ ဒီလိုကျောင်းမျိုးက ထွက်ပြီး ကျွမ်းကျင်တယ်၊ တတ်မြောက်တယ်လို့ အန်တီတို့ ထင်နေတဲ့ တိုင်းသူပြည်သားတွေ အပေါ်မှာ အာဏာဂုဏ်၊ ရာထူးဂုဏ်ပြမယ့် ဗျူရိုကရေစီ အရာရှိကြီး ဖြစ်ရမယ့်ဘဝမျိုးကို ကိုထွန်း မလိုလားဘူး”

ဟူသော စကားများကို ဦးဦး ဦးကျော်သာဦး လေသံနှင့်အညီ ပြောလာခဲ့လေသည်။

အကြောင်းစုံကို ရိပ်စားမိခြင်း ရှိဟန်မတူသော အန်တီကေသီအဖို့တော့လည်း ထိုကလေးငယ်အပေါ်တွင် ဆတ်ဆတ်ခါနာရသည်မှအပ ဘာဆိုဘာမျှ တတ်နိုင်ခြင်းမရှိ။ ပထမတွင် ဤကလေးကို မိမိ ဆက်လက် တာဝန်မယူတော့ပါဟူသော စာမျိုးကိုပင် ရေးသားမည် အကြံ ဖြစ်သေး၏။ သို့သော် ကလေး၏မိဘများ ရောက်လာသည် ဖြစ်သောကြောင့် ကလေး၏မိဘများ စီစဉ်ကြမည်ဟု မှတ်ယူခဲ့လေ၏။

ထိုအချိန်ကမူ ဦးထွန်းတင်သည် ဘာကိုမျှ အရေးတယူ မဆောင်ရွက်နိုင်ခဲ့ပေ။ ဒေါ်နုနုခင်အားသာ ကိုကိုထွန်းနှင့်ပတ်သက်၍ အတတ်နိုင်ဆုံး ဆုံးမပဲ့ပြင်ရန် မှာထားခဲ့ရ၏။ သို့သော် ဒေါ်နုနုခင်သည်လည်း ကိုကိုထွန်းကို မဖက်ပြိုင်နိုင်။ သည်ကလေးက အလိမ္မာအပါးနပ် ပိုခဲ့သည် ထင်၏။

“ခေတ်အခြေအနေတွေက ပြောင်းလာပါပြီ မေမေ။ ကိုကိုထွန်းဟာ မေမေတို့ ဖေဖေတို့ အန်တီတို့ရဲ့ဆန္ဒကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ လွတ်လပ်တဲ့ နိုင်ငံတခုအနေနဲ့ တနိုင်ငံလုံး သူ့ကျွန်ဘဝက ရုန်းထွက်လာခဲ့ကြပြီးမှ ကျောင်းသား ကျောင်းသူတွေအဖြစ် အင်္ဂလိပ်လူမျိုး အရိပ်အာဝါသ မကင်းတဲ့ လောင်းရိပ်အောက်မှာ နေနေရမယ်ဆိုရင် ကောင်းနိုင်ပါ့မလား မေမေ။ ဘာပဲဖြစ်ဖြစ် ဒီတခါ ဖေဖေလာရင် ကိုထွန်း ဖေဖေ့ကို ပြောပါမယ်။ ဖေဖေဟာ ကိုထွန်းကို ခွင့်လွှတ်နိုင်ပါလိမ့်မယ်။ အန်တီအနေနဲ့ကတော့ သူကိုယ်တိုင် အဲဒီလိုကျောင်းမှာ လုပ်နေတာ ဆိုတော့ အဲဒီလို သာသနာပြုကျောင်းမှာပဲ နေစေချင်မှာပေါ့”

ဆိုခါမျှဖြင့် ဒေါ်နုနုခင်မှာ သား၏စကားကို ချေပရန် စကားစ ရှာမရနိုင် ဖြစ်ခဲ့ရလေတော့သည်။

သို့ဖြင့် ကိုကိုထွန်း၏ အလိုဆန္ဒအတိုင်း မူလကျောင်းမှ နုတ်ထွက်စေပြီး အစိုးရကျောင်းတွင် ပြောင်းရွှေ့နေထိုင်ရေး အစီအစဉ်ကို ဒေါ်နုနုခင် လိုက်လျောခဲ့ရသည်။ စိတ်ထဲမှာက ကျေနပ်လှသည် မဟုတ်ပေ။

စင်စစ် ဦးထွန်းတင်သည် ယခုလို အခြေအနေမျိုးတွင် ကိုကိုထွန်းနှင့် ပတ်သက်ပြီး ရင်ဆိုင်ရသည်ကို အမှန်ပင် မလိုလားနိုင်ပေ။ မည်သို့ဖြစ်စေ၊ ယခုကဲ့သို့ အဘက်ဘက်မှ အကြောင်းအမျိုးမျိုးဖြင့် ဦးနှောက်ရှုပ်ထွေးနေရသော အခြေအနေမျိုး၌ ဤသားငယ်သည် မိဘ၏ စိတ်နှလုံး အနှောင့်အယှက်ဖြစ်မည့် အပြုအမူမျိုးကို ပြုမူ ဆောင်ရွက်ရန် မသင့်ဟု ယူဆ၏။

“ဘာပဲဖြစ်ဖြစ် လူကြီးလုပ်တဲ့လူတွေ စိတ်မအေးမချမ်း ဖြစ်နေတဲ့ အချိန်မျိုးမှာ သား အခုလို ကိုယ်ထင်ရာ ကိုယ်လျှောက်လုပ်နေတာမျိုးကို ဖေဖေ နည်းနည်းမှ သဘောမတူဘူး”

ဦးထွန်းတင်သည် အမှန်တကယ် စိတ်ထိခိုက်ခြင်း ပြင်းစွာဖြင့် ထိုစကားကို ဆိုလာ၏။

“ကိုထွန်း နားလည်ပါတယ် ဖေဖေ။ ကိုထွန်းက ကနေ့အထိ ဖေဖေတို့ မေမေတို့ အန်တီတို့ရဲ့ စိတ်မချမ်းသာမှု မဖြစ်စေအောင် ကြိုးစားနေထိုင်ပါတယ်။ ဒါပေမဲ့ ကိုထွန်း ဘာပဲလုပ်လုပ် အားလုံးရဲ့ ပြစ်တင်ငြိုငြင်ခြင်း ခံရတာကိုတော့ ကိုထွန်း ဝမ်းနည်းပါတယ်။ အခု ကျောင်းကိစ္စမှာ လည်း ကိုထွန်းအနေနဲ့ ဆုံးဖြတ်တာဟာ ဖေဖေ သဘောတူနိုင်တယ်၊ ဖေဖေကိုယ်တိုင်က လိုက်လျောစွာ ခွင့်ပြုနိုင်မယ်ဆိုတဲ့ နားလည်ခြင်းမျိုးနဲ့ ဆုံးဖြတ်ခဲ့တာပါ ဖေဖေ”

ကိုကိုထွန်းသည် မိဘအား အတတ်နိုင်ဆုံး ယဉ်ကျေးသိမ်မွေ့စွာ ပြောရမည် ဆိုခြင်းကိုကား နားလည်ထားပြီးဖြစ်၏။ သားဖြစ်သူက ဤမျှ ချိုသာသိမ်မွေ့စွာ ပြောဆိုလာပြီ ဆိုတော့လည်း ဦးထွန်းတင်အဖို့ ဒေါသစိတ်သည် အလိုလိုပင် ဖြေလျှော့ရလေသည်။ သို့ပေမဲ့ သား၏အလိုသို့ကား မလိုက်နိုင်သေးပေ။

“ဒါပေမဲ့ ဖေဖေ တခြားမှာ နေနေရတဲ့ အတောအတွင်းမယ် ကိုထွန်းဟာ အန်တီကေသီနဲ့ မေမေတို့ရဲ့စကားကို နားထောင်ရမှာပဲ။ အခုလို ဖေဖေ့သားတယောက်က အားလုံး စိတ်မချမ်းမသာ ဖြစ်နေရတဲ့ အချိန်ပိုင်းမှာ မေမေ့ကို အကျပ်ကိုင်တာမျိုးကိုတော့ ဖေဖေ နည်းနည်းမှ သဘောမတူဘူး”

သည်တခါ ကိုကိုထွန်း ခေါင်းငုံ့နေရတော့သည်။ သူပြောချင်သောစကားတွေ စီကာစဉ်ကာ မှတ်ယူထားသည်များမှာ ယခုအခါ ပျောက်ကွယ်နေကြပြီလားဟု စိုးရိမ်ခြင်းလည်း ဖြစ်မိ၏။

အဆုံးကျတော့လည်း ဦးထွန်းတင်သည် သားဖြစ်သူနှင့် ပတ်သက်၍ အမျိုးမျိုးသော ပြစ်တင် ဝေဖန်စကားတို့ကို ပြောဆို၏။ ယခုအခါ ကိုကိုထွန်း တက်ရောက်နေသောကျောင်းမှ ထုတ်နုတ်ပြီး မူလကျောင်းသို့ ပြန်အပ်မည်ဆိုစေကာမူ ကျောင်း နှစ်ရာသီ ကုန်လုနီးပြီဖြစ်ရကား ဤကိစ္စများကို နောက်တကြိမ် ရန်ကုန် ရောက်လာခါမှပင် ဆက်လက်ဆောင်ရွက်မည် ဆုံးဖြတ်ပြီး မြိုင်သာယာသို့ ပြန်ခဲ့တော့သည်။

ကိုကိုထွန်းအတွက် စိတ်က မဖြောင့်။

ကိုကိုထွန်းအနေနှင့်တော့လည်း သူနှင့် အကြိမ်ကြိမ် စကားများခဲ့ပြီ ဖြစ်သော ကျောင်းဟောင်းကို မပြန်ချင်။ ပြီး ယခုအခါ ပြောင်းရွှေ့နေထိုင်ရပြီဖြစ်သော ကျောင်းမှာ သူ ပျော်မွေ့သည်။

အစကမူ ဤကိစ္စများနှင့် စပ်လျဉ်း၍ ဦးဦး ဦးကျော်သာဦးကို အန်တီကေသီအား နားလည်သဘောပေါက် ခွင့်လွှတ်နိုင်ရန် ပြောပေးဖို့ တောင်းပန်စေမည်ဟု စိတ်ကူးအကြံ ပေါက်ခဲ့သေး၏။ ဦးဦး ဦးကျော်သာဦးနှင့် အန်တီတို့ အခင်မင် ပျက်ရမည်ကို မလိုလား။ ထို့ကြောင့်လည်း မိမိတာဝန်နှင့် မိမိရှိစေဟု ကိုကိုထွန်း ဆုံးဖြတ်ထားပြီးဖြစ်၏။ အဋ္ဌမတန်းသို့ တက်ရောက် ပညာသင်ကြားခွင့် ရပြီဆိုသောအခါကျတော့လည်း အရာရာ၌ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် အတန်အသင့် ရှိအပ်သည်ဟု ကိုကိုထွန်း ယူဆလာ၏။

သို့ပေမဲ့ တခါတခါတော့ မိမိသည် အမှန်တကယ်ပင် မိဘဖြစ်သူများ၏ စိတ်အလိုဆန္ဒကို ဆန့်ကျင်ပြုမူသော ကလေးဆိုးတယောက် ဖြစ်ရလေပြီလား။ မိဘ၏အလိုဆန္ဒကို ဆန့်ကျင်မိသည့် အတွက် မိမိသည် မိုက်မဲသော ကလေးတယောက် ဖြစ်ရပြီလားဟုလည်း တွေးတောမိသေးသည်။ သူ ထွက်လာခဲ့သောကျောင်းသို့ ပြန်သွားရမည်ကိုကား ဝန်လေးသည်။ သည်သဘောကို ဖေဖေသည် လည်းကောင်း၊ မေမေသည်လည်းကောင်း၊ အန်တီသည်လည်းကောင်း တချိန်ချိန်၌ နားလည် သဘောပေါက်လာကြလိမ့်မည်ဟု မျှော်လင့်သည်။ ထိုအခါ ဖေဖေ မေမေနှင့် အန်တီတို့၏ ခွင့်လွှတ်ခြင်းကို ခံယူရလိမ့်မည်ဟုလည်း ကိုကိုထွန်း ယုံကြည်ထားလေသည်။

စင်စစ်တော့လည်း ယခုနေအခါမျိုးတွင် ကိုကိုထွန်းနှင့် ပတ်သက်သော ပြဿနာကို ဤမိသားစုအတွင်း၌ ကြီးမားသော ပြဿနာအဖြစ် မှတ်ယူရမည်ကိုကား မည်သူတဦးတယောက်မျှ တကယ်တမ်း လိုလားကြသည် မဟုတ်ပေ။

ဒေါ်နုနုခင်အဖို့ တရပ်တမြေခြားတွင် သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်နေသည့် လင်သားအတွက် နေ့စဉ်မပြတ် ဘုရားရှင်မြတ်ရှေ့၌ ဆုတောင်း မေတ္တာပို့ရမည့် တာဝန်သည် အဓိကဖြစ်သလို ဒေါ်ကေသီအဖို့ရာတွင်လည်း မိမိ၏ မောင်ဖြစ်သူ ဘေးအန္တရာယ် ကင်းဝေးနိုင်မည့် ကိစ္စများကို ကြံရဖန်ရသည်က တဖက်၊ မိမိမောင်၏ အခြေအနေ တိုးတက်မှုအတွက် ကြံရဖန်ရသည်က တဖက်နှင့် အချိန်ကုန်ရလေတော့သည်။

ဦးထွန်းတင်အနေနှင့်တော့လည်း ထိတ်လန့်တုန်လှုပ်ရသော အရေးအခင်းများတွင် ဤသားငယ်၏ ပြဿနာကို အရှည်အကြာ စဉ်းစားနိုင်ခဲ့ပေသည် မဟုတ်ပေ။ ဤသို့ဖြင့် ဆူပူလှုပ်ရှားသော နေ့ရက်များသည် တရွေ့ရွေ့ ရင့်ရော်လာခဲ့လေသည်။ ဆောင်းဦးပေါက်သောအခါ ဗိုလ်ကျော်မောင်၏တပ်သည် မြို့စောင့်တပ်အဖြစ် မြိုင်သာယာသို့ ရောက်ရှိခဲ့လေသတည်း။

၁၉၄၉ ခုနှစ်ဦးသည် အဆိုးရွားဆုံးသော အခြေအနေများကို ဆောင်ယူလာခဲ့လေသည်။

ဦးထွန်းတင်သည် ဗိုလ်ကျော်မောင်၏တပ် ရောက်ရှိလာခြင်းနှင့် စပ်လျဉ်း၍ အားတက် ဝမ်းမြောက်သင့်သည် မှန်သော်လည်း ဗိုလ်ကျော်မောင်၏တပ်သည် များစွာ အားထား မျှော်လင့်ဖွယ်ရာ ဖြစ်လိမ့်မည်ဟု မယူဆနိုင်ခဲ့ပေ။

မည်သို့ဖြစ်စေ မြိုင်သာယာသည် ခရိုင်မြို့ဖြစ်သည်။ ရန်ကုန်မြို့နှင့် လေကြောင်း အဆက်အသွယ် ပြုနိုင်သော မြို့လည်းဖြစ်၏။ ထို့ကြောင့် မြိုင်သာယာ လေယာဉ်ကွင်းကို အကာအကွယ် ပေးထားနိုင်သမျှ ကာလပတ်လုံး မြိုင်သာယာသည် အခြေအနေဆိုးများနှင့် ရုတ်တရက် ရင်ဆိုင်ရစရာ အကြောင်းမရှိနိုင်ဟု ယူဆနိုင်ပေသည်။

တနည်းတော့ ဦးထွန်းတင် ကျေနပ်သည်။ သူ့အဖို့ မရှူနိုင်မကယ်နိုင် အခြေအနေများတွင် ဤလေယာဉ်ကွင်းမှ လေယာဉ်ဖြင့် ရန်ကုန်သို့ အချိန်မရွေး ပြန်နိုင်သည်ဖြစ်၏။ ထို့ကြောင့် မြိုင်သာယာခရိုင်အတွင်းမှ မြို့ကလေးနှစ်မြို့ သူပုန်လက်သို့ ကျပြီဆိုသည်နှင့် မိမိသည် မြိုင်သာယာကို စွန့်ခွာသင့်ပြီဟု ဦးထွန်းတင် ယူဆခဲ့လေသည်။

“မဟုတ်သေးဘူး ဦးထွန်းတင် အခြေအနေ ဆိုးတယ်ဆိုတာ ကျွန်တော် ဝန်ခံပါတယ်။ ဒါကို အစိုးရအနေနဲ့ကလည်း သိထားပါတယ်၊ ဒါပေမဲ့ အခြေအနေ ဆိုးလာလို့ ကျွန်တော်တို့ဟာ မြို့ကို စွန့်ပစ်သွားဖို့ မဟုတ်ဘူး၊ အထူးသဖြင့် အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်လို့ ဒီမြို့နယ်မှာ ဦးထွန်းတင်ဟာ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ထိုနည်းတူစွာ ကာကွယ်ရေးပိုင်းမှာလည်း ဦးထွန်းတင်ရဲ့တာဝန် မကင်းပါဘူးခင်ဗျာ”

ဦးထွန်းတင်သည် သူ၏ရုံးခန်းတွင်းသို့ ရောက်လာပြီး မိမိ ဤမြို့မှ ထွက်ခွာသွားရေးနှင့် ပတ်သက်၍ လာရောက်ပြောဆိုသည့် ဗိုလ်ကျော်မောင်ကို နားမလည်သောအကြည့်ဖြင့် စူးစိုက်ကြည့်နေမိသည်။

ဗိုလ်ကျော်မောင်ဆိုသူမှာ အသက် ၃ဝ ပတ်ဝန်းကျင်မျှသာ ရှိပေဦးမည်။ သူသည် ဘီအိုင်အေခေတ်မှ အစပြု၍ စစ်တပ်ထဲသို့ ရောက်ရှိလာခဲ့သော လူငယ်တယောက်ဖြစ်သည်။ ဤကဲ့သို့သော လူငယ်တယောက်က ဤမြို့မှ ထွက်ခွာသွားရန် အစီအစဉ်နှင့် ပတ်သက် ပြောဆိုလာခြင်းအတွက် ဦးထွန်းတင် မကျေမနပ် ဖြစ်ရလေသည်။

“ဒါက ဗိုလ်ကျော်မောင်ရဲ့အယူအဆကို၊ ကောင်းပြီ သူပုန်ဝင်တိုက်ပါပြီတဲ့ မောင်ရင့်တပ်က အကာအကွယ် ပေးနိုင်မယ်လို့ မောင်ရင် ယူဆသလား”

“အခြေအနေက ဒီအထိ ရောက်မလာသေးပါဘူး ဦးထွန်းတင်။ ကျွန်တော်တို့ ဦးထွန်းတင်တို့ အနေနဲ့ တာဝန်ကို ပိုင်းပိုင်းခြားခြား သိထားဖို့လိုပါတယ်”

“တာဝန် ဟုတ်ရဲ့လားကွဲ့”

ဦးထွန်းတင်၏အသံသည် ဒေါသဖြင့် တုန်ယင်လာ၏။

“ဒီမှာ ဗိုလ်ကျော်မောင် ဒီမြို့ဟာ ခရိုင်မြို့တမြို့ကွဲ့၊ ဒီလိုမြို့တမြို့ကို မောင်ရင်ရဲ့တပ်သား သုံးလေးဆယ်ရှိတဲ့ စစ်တပ်ကလေးတခုက ကာကွယ်ဖို့ စီစဉ်တာကိုရော အစိုးရဘက်က ကျေပွန်တဲ့ တာဝန်လို့ မောင်ရင် ယူဆသလား”

ဗိုလ်ကျော်မောင်သည် မျက်စိပျက် မျက်နှာပျက် ဖြစ်သွားလေ၏။ သို့သော် ချက်ချင်းပင် ဒေါသစိတ်ကို ပြန်လည်ထိန်းချုပ်ကာ “အစိုးရအရာရှိတယောက်အနေနဲ့ ဒီစကားမျိုး မပြောသင့်ပါဘူး ဦးထွန်းတင်။ ကျွန်တော်တို့တပ်မတော်ဟာ အမျိုးမျိုးသော အခက်အခဲတွေကြားမှာ ရုန်းကန်ပြီး ပေါက်ပွားလာခဲ့ရတယ်ဆိုတာ ဦးထွန်းတင် သိနိုင်ပါတယ်။ ကနေ့ အခြေအနေအရ အမျိုးမျိုးသော ဘေးအန္တရာယ်တွေရဲ့ ထိုးနှက်တိုက်ခိုက်ခြင်း ခံနေရတယ် ဆိုတာကိုလည်း ဦးထွန်းတင် နားလည်နိုင်ပါတယ်။ အခုအခြေအနေဟာ အဆိုးရွားဆုံး အခြေအနေကို အတတ်နိုင်ဆုံး ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားရတဲ့ အခြေအနေ ဖြစ်ပါတယ်။ နိုင်ငံတခုလုံးနဲ့အမျှ ဖြန့်ပြီးတော့ တိုက်ခိုက်နေရတဲ့ အခြေအနေ၊ သက်တမ်းအားဖြင့် နုနယ်သေးတဲ့ တပ်မတော်ရဲ့ အခြေအနေတွေကို သဘောပေါက်ရင် ဦးထွန်းတင် အခုလိုစကားမျိုး မပြောသင့်ပါဘူး”

အတတ်နိုင်ဆုံး ပြေပြစ်သောစကားကို ပြောလိုက်၏။

သို့တိုင်အောင် ဦးထွန်းတင်သည် ဗိုလ်ကျော်မောင့်အပေါ်တွင် သဘောပေါက် နှစ်သက်ခြင်း မရှိသေးဟန်ဖြင့် မျက်မှောင်ကြုတ်၍ စူးစိုက်ကြည့်ရင်း လှောင်ပြောင်လိုသော အပြုံးနှင့်

“ဗိုလ်ကျော်မောင် ကျုပ်ကို ဒီလောက်ရှင်းပြစရာမလိုပါဘူး။ ဒီအခြေအနေမှာ မောင်ရင်တို့လို စစ်သားတယောက်အဖို့ တိုက်ပွဲတခုခုမှာ အသေခံဝံ့တယ် ဆိုတာကို ဂုဏ်ယူစရာလို့ ထင်ချင်ရင် ထင်မယ်၊ ကျုပ်တို့လိုလူမျိုးကတော့ အသေမခံနိုင်ဘူး”

“ခင်ဗျာ”

ဗိုလ်ကျော်မောင်သည် ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။ ဒေါသအရှိန်သည် ခန္ဓာကိုယ် တခုလုံးကို မီးတောင်အပူရှိန် ဟပ်သလို ဟပ်လိုက်သည်ဟု ထင်လိုက်မိ၏။ အသားက တဆတ်ဆတ် တုန်လာသည်။ ထို့ကြောင့် ဗိုလ်ကျော်မောင်သည် စကားစကို မဆက်သေးဘဲ ဒေါသအရှိန်ကို သတ်နိုင်ရန် ကြိုးစားနေ၏။ အတန်ကြာမှပင်

“ဦးထွန်းတင်ဆီက ဒီလိုစကားကို ကြားရတဲ့အတွက် ကျွန်တော် အများကြီး ဝမ်းနည်းပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့နဲ့ ဦးထွန်းတင်တို့ဟာ လက်ချင်းတွဲပြီး လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ တယောက်ကိုတယောက် မကျေမနပ်ဖြစ်ရမယ့် ရန်ငြိုးဖြစ်ရမယ့် စကားမျိုး မပြောသင့်ဘူးလို့ ယူဆထားပါတယ်။ နို့ပေမဲ့ အခု ကျွန်တော် တခုတော့ ပြောရလိမ့်မယ် ဦးထွန်းတင်။ အဲဒါဟာ ဘာလဲဆိုရင် ဒီအချိန်မျိုးမှာ ကျွန်တော်တို့ဟာ နိုင်ငံ့သစ္စာကို ပိုပြီး စောင့်ထိန်းရမယ်ဆိုတဲ့ အချက်ပဲ။ ဒါကြောင့် ဦးထွန်းတင် မြို့ကို စွန့်ခွာသွားမယ့်ကိစ္စကို ကျွန်တော် တားမြစ်ရမှာပဲ”

ဦးထွန်းတင်၏ မျက်နှာသည် ထူပူနီရဲလာလေသည်။

“ဘယ်လိုပြောတယ် ဗိုလ်ကျော်မောင်၊ နေစမ်းပါဦး၊ မောင်ရင်က ကျုပ်အမိန့်ကို နာခံရမှာလား၊ မောင်ရင့်အမိန့်ကို ကျုပ်က နာခံရမှာလား”

အသံသည် တုန်ယင်နေ၏။

“ကျွန်တော်တို့ဟာ နိုင်ငံနဲ့ လူမျိုးရဲ့သစ္စာကို ခံယူရမယ်၊ နိုင်ငံနဲ့ လူမျိုးရဲ့အမိန့်ကို နာခံရမယ် ဦးထွန်းတင်”

“ဘာလဲကွဲ့၊ ဖရိုဖရဲဖြစ်နေတဲ့ နိုင်ငံကြီးအပေါ်မှာ သစ္စာရှိရမယ် ဆိုချင်သလား”

“နိုင်ငံဝန်ထမ်းတယောက်ဟာ ဒီအသုံးအနှုန်းမျိုးကို မသုံးသင့်ပါဘူး ဦးထွန်းတင်။ အထူးသဖြင့် နိုင်ငံဝန်ထမ်းဖြစ်တဲ့ ဦးထွန်းတင်တို့လို နယ်ဘက်အရာရှိတွေ ကျွန်တော်တို့လို စစ်ဘက်အရာရှိတွေဟာ ဒီအချိန်မျိုးမှာ ပိုပြီး တာဝန်သိဖို့ လိုပါတယ်။ ခုလိုအရေးကိစ္စမှာ ကျွန်တော်တို့ ဦးတို့ကအစ တာဝန်ပျက်ကွက်တယ် ဆိုတာမျိုးဟာ နိုင်ငံကို သစ္စာဖောက်တာနဲ့ အတူတူပါပဲ”

ဗိုလ်ကျော်မောင်သည် ဦးထွန်းတင်ကို စေ့စေ့ကြည့်လိုက်၏။ ဦးထွန်းတင်သည် တွေဝေနေဟန် ရှိ၏။

“ထားပါတော့လေ၊ ခုအချိန်မှာ ဦးထွန်းတင်နဲ့ ကျွန်တော် စကားများပြီး အချင်းမပွားသင့်ပါဘူး၊ အခု ကျွန်တော် လာခဲ့ရင်းကိစ္စကိုတော့ ပြောခွင့်ပြုပါ ဦးထွန်းတင်”

ဗိုလ်ကျော်မောင်သည် စကားစကိုဖြတ်ပြီး ဦးထွန်းတင်ကို စေ့စေ့ကြည့်လိုက်ပြန်သည်။ စေ့စေ့ကြည့်ရင်း စိတ်မချမ်းမြေ့သောအသံဖြင့်

“ဒီည ကျွန်တော်တို့ တိုက်ကင်းလှည့်ကြပါမယ်။ ကျွန်တော်တို့ တပ်သားကလေးတွေ တချို့ကိုလည်း လေယာဉ်ကွင်းမှာ တာဝန်ချထားရပါမယ်။ ဒီတော့ တိုက်ကင်းလှည့်ရာမှာ ဦးထွန်းတင်တို့ ရဲဘက်က ရဲသား ၁၅ ယောက်လောက် အကူအညီ ပေးစေချင်ပါတယ်။ အဲဒီအတွက် ကျွန်တော်လာခဲ့ခြင်းဖြစ်ပါတယ်။ ဦးထွန်းတင်”

လာရင်းကိစ္စကို ပြောလိုက်သည်။

ဦးထွန်းတင်သည် အတန်ကြာ ငေးကြည့်နေပြီး

“မောင်ရင့်သဘောပဲ၊ မောင်ရင်လိုချင်ရင် ၁၅ ယောက် မဟုတ်ဘူး။ ဂတ်တဲတခုလုံး ခေါ်သွားပေါ့”

ခပ်ဆတ်ဆတ်ပြောလိုက်၏။

ဗိုလ်ကျော်မောင်သည် စကားတုံ့ပြန် ပြောမည်ပြုပြီးမှ ဖက်ပြိုင်ပြောဆိုရန် မလိုအပ်ဟု ယူဆကာ အခန်းတွင်းမှ စိတ်လက်မချမ်းမသာဖြင့် ထွက်ခွာလာခဲ့လေသည်။

အရေးပိုင်မင်းသည် မိမိကို ကျောပေးထွက်ခွာသွားသော စစ်ဗိုလ်ကလေးအား ရွံ့ရှာ စက်ဆုပ်သော အကြည့်ဖြင့် လှမ်းကြည့်ရင်းနေရာမှ ဝုန်းခနဲထလိုက်သည်။

ဆုံးဖြတ်ချက်တခုကိုလည်း ချက်ချင်းချလိုက်လေသည်။ မနက်ဖြန် လေယာဉ်ဖြင့် ရန်ကုန်သို့ သွားမည်ဟု။

| ၁၃ |

 

ရုံးမှ ပြန်လာခဲ့သည်တိုင်အောင် သူ့စိတ်အာရုံသည် တည်ငြိမ်ခြင်း မရှိ။ ရပ်တည်ရာမရ လှုပ်ခတ်နေဘိသည်။

ခါတိုင်းစိုပြည်သာယာသော အိမ်ကြီးသည် ယနေ့ မိမိကို ဆီးကြိုခြောက်လှန့်နေသည်ဟု ဦးထွန်းတင် အထင်ရောက်နေ၏။

အကြောင်းမဲ့ ခါးက ခြောက်လုံးပြူးကို အကြိမ်ကြိမ် စမ်းမိသည်။

ယခုညနေ လေယာဉ်ရှိလျှင် လိုက်သွားလိုက်ချင်သည်။ ယခင်တပတ် သခင်ဖေသိန်း ထွက်သွားစဉ်က လိုက်ပါမသွားခဲ့မိသည့်အတွက် မိမိကိုယ်ကိုယ် အပြစ်တင်မိပြန်သည်။ နဖူးမှာ ချွေးစို့လာသည် ဖြစ်သောကြောင့် အကြိမ်ကြိမ် သုတ်ရသည်။

အိမ်တွင် ထမင်းချက်သူများက ညစာစားပွဲပြင်၍ ကျွေးကြသည်။ မစားချင်။ စာကြည့်ခန်းထဲမှသာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိ၏။ စာရေးစားပွဲပေါ်မှ စတင်းဂန်း သေနတ်ကိုလည်း မြင်နေသည်။ သို့သော် ယခုအချိန်၌ ဦးထွန်းတင်သည် ထိုသေနတ်ကို စိတ်မဝင်စား။

အမြင်အာရုံတွင် ဒေါ်နုနုခင်နှင့် သားသမီးများ ရောက်လာကြ၏။ ထိုအခါ သူတို့ရှိရာသို့ ငှက်လို ပျံပြေးချင်သည်။ ယခုမကြာမီပင် မိမိအသက် သေရတော့မည်လားဟု ကြောက်လန့်လာသည်။

ခန္ဓာကိုယ်ကို ပက်လက်ကြိမ်ကုလားထိုင်ပေါ်မှာ ပစ်လှဲချလိုက်၏။ ဗိုလ်ကျော်မောင်သည် စိတ်အာရုံသို့ ရောက်လာ၏။ ဒေါသစိတ်သည် ပေါက်ကွဲလာပြန်သည်။

ဦးထွန်းတင်သည် ပါးစပ်မှ အရူးတယောက်လိုပင် ရေရွတ်ဆဲရေး နေပြန်၏။

အိမ်ရှေ့ခန်းမှ လူသံကြားသဖြင့် စားပွဲပေါ်မှ စတင်းဂန်းသေနတ်ကို ယောင်ယမ်းပြီး ဆွဲကိုင်လိုက်သည်။

အိမ်ရှေ့ခန်းသို့ ဝင်လာသော လူသံများသည် တိတ်ဆိတ်သွားပြန်၏။ တံခါးကြားမှ လှမ်းကြည့်လိုက်မိသည်။ ငွေတိုက်ဝန်ထောက် ဦးဘရီနှင့် ရာဇဝတ်ဝန် ကိုလှမြိုင်ကို မြင်ရသည်။

ကုလားထိုင်မှ ဖြုန်းခနဲထပြီး စာကြည့်ခန်းဝ၌ ရပ်လိုက်သည်။

“ဘာတုံး၊ ဘာကိစ္စတုံး”

စကားပြောရန် နှုတ်တပြင်ပြင် ဖြစ်နေသော လူနှစ်ယောက်သည် ကြောင်အအ ဖြစ်နေကြ၏။

“ဘာကိစ္စလာကြတာတုံး”

ဦးထွန်းတင်က ထပ်၍ အော်လိုက်သည်။

သူတို့နှစ်ယောက်သည် တယောက်ကိုတယောက် ကြည့်လိုက်ကြသည်။ အသက်အရွယ် ကြီးရင့်ပြီဖြစ်သော ဦးဘရီက

“ငွေတိုက်က ငွေတွေနဲ့ပတ်သက်လို့ အရေးပိုင်မင်းဆီကို အစီရင်ခံဖို့ လာတာပါ”

“ဘာလုပ်မှာလဲ၊ ခင်ဗျားက သိပ်စိုးရိမ်နေသလား”

အရေးပိုင်မင်းသည် ကယောင်ကတမ်း ဖြစ်နေဟန်ရှိ၏၊

“မဟုတ်ပါဘူး အရေးပိုင်မင်း၊ အခု တရက်နှစ်ရက်အတွင်း မြို့ကို သူပုန်စီးမယ်လို့ သတင်းရထား”

“ဘာရယ် ဘာပြောတယ်၊ ဒီသတင်းကို ခင်ဗျားဘယ်က ကြားလာတာလဲ”

ဦးထွန်းတင်သည် အော်ဟစ်ပြောဆိုရင်း ဦးဘရီ၏အနီးသို့ ချဉ်းကပ်လာ၏။ ဦးဘရီသည် ကြောက်ရွံ့ ထိတ်လန့်သွား၏။ စကားစ ပြတ်သွားသည်ကို အဆက်ရှာမတွေ့ဘဲ ဖြစ်နေပြန်သည်။

“ပြောစမ်းပါဦး၊ ခင်ဗျား ဒီသတင်းကို ဘယ်က ကြားတာလဲ”

“မြို့ထဲမှာ ကြားရတာပဲ အရေးပိုင်မင်း”

ဦးထွန်းတင်သည် အတန်ကြာ တွေဝေစဉ်းစားပြီးမှ

“နေစမ်းပါဦး၊ ဒီတော့ ကျွန်ုပ်တို့က ဘာလုပ်ရမှာလဲ၊ ကျုပ်တို့အားလုံး ပြေးကြရုံရှိတာပေါ့”

ဦးဘရီသည် အရေးပိုင်မင်းကို အတန်ကြာ စူးစိုက်ကြည့်ရင်း

“ငွေတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့မှာ တာဝန်ရှိနေပါတယ် အရေးပိုင်မင်း”

“အိုဗျာ၊ တမြို့လုံး အသိမ်းခံရတဲ့ဥစ္စာ ငွေတွေကို ကျုပ်တို့က ဘယ်လိုကာကွယ်ရမှာမို့လဲ၊ သူပုန်တွေက ငွေကို လိုချင်တာပဲ မဟုတ်လား”

အရေးပိုင်မင်းသည် ခဏကြာ တွေနေပြန်၏။ အတန်ကြာမှ

“ဒီတော့ ဒီလိုလုပ်ပေါ့၊ ငွေတိုက်ကို သူတို့ထိုးအပ်လိုက်ရင် ကျုပ်တို့ ဘေးအန္တရာယ်တော့ လွတ်မှာပဲ”

ဦးဘရီက ခေါင်းကို ဖြည်းလေးစွာ ခါယမ်းနေသည့်အတွက် ဦးထွန်းတင်သည် မကျေမနပ် ဖြစ်ကာ

“ဘာလဲ ခင်ဗျားက မအပ်ချင်ဘူးလား၊ ငွေမအပ်ဘဲ ကျုပ်တို့ အသတ်ခံရမယ် ဆိုပါတော့”

“မဟုတ်ပါဘူး အရေးပိုင်မင်း၊ အခြေမလှရင် ကျွန်တော်တို့ ပြေးရမှာပဲ၊ အဲဒီအခါမှာ ငွေတွေ သူတို့လက် မရောက်ဖို့ အစီအစဉ် လုပ်ချင်လို့ပါ”

“ခင်ဗျားက ဘာတတ်နိုင်မှာမို့လဲ”

“ကျွန်တော့်သဘောကတော့ ငွေတွေကို တနေရာမှာ ဝှက်ထားချင်တယ်”

“ဟုတ်ပါတယ် အရေးပိုင်မင်း။ ကျွန်တော်တို့ဌာနက လက်နက်နဲ့ ကျည်ဆန်တွေကိုလည်း တနေရာမှာ ဝှက်ထားဖို့ အစီအစဉ်ရှိပါတယ်”

ရာဇဝတ်ဝန် ကိုလှမြိုင်ကပါ စွက်ဖက်ပြောလိုက်၏။

ဦးထွန်းတင်သည် ထိုလူနှစ်ယောက်အား အံ့သြခြင်းကြီးစွာဖြင့် မျက်လုံးပြူး မျက်ဆံပြူး ကြည့်ရာမှ

“သဘောပဲ ခင်ဗျားတို့ ကြိုက်သလိုလုပ်”

အော်ဟစ်ပြောဆိုလိုက်၏။

ထိုလူနှစ်ယောက်သည် နောက်ထပ် ဘာမျှမပြောကြဘဲ နေရာမှ ထွက်ခွာသွားလေတော့ သည်။

ဦးထွန်းတင်သည် ပါးစပ်မှ တဖွဖွ ဆဲရေး ရေရွတ်ရင်း ကျန်ရစ်ခဲ့လေသည်။

ဆောင်းညသည် စောစီးစွာ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ဦးထွန်းတင်သည် အိပ်ရာပေါ်သို့ ရောက်သည့်တိုင်အောင် အိပ်၍မပျော်နိုင်သေးပေ။ ချမ်းအေးသော ပတ်ဝန်းကျင်ကို မေ့လျော့နေ၏။ ထိတ်လန့်ခြင်း၊ စိုးရိမ်ခြင်း၊ ပူပန်ခြင်းတို့ဖြင့် ဇောချွေးများ ပြန်နေ၏။

တအိမ်လုံး တိတ်ဆိတ်နေ၏။ အပြင်ဘက် ပတ်ဝန်းကျင်၌ မြောက်ဘက်လေ၏ ခြေလှမ်းသာလျှင် မင်းမူနေဘိသည်။

မြို့အစွန် ခပ်ဝေးဝေးဆီမှ အဆက်မပြတ် ပေါ်ထွက်လာသော သေနတ်သံ ခပ်သဲ့သဲ့ကို ကြားရ၏။

ဦးထွန်းတင်သည် အိပ်ရာမှ ရုတ်ခနဲ ထလိုက်သည်။ အိပ်ရာဘေးတွင် ရှိသော ခြောက်လုံးပြူး ခါးပတ်နှင့် စတင်းဂန်းကို လက်ဖြင့် စမ်းသပ်ဆုပ်ကိုင်ရင်း သေနတ်သံများကို နားစွင့်ကြည့်သည်။ သေနတ်သံများမှာ ပို၍ များပြားကျယ်လောင်လာ၏။ မြို့၏ မြောက်ဘက်စွန်မှ အမြောက်သံ တချက် နှစ်ချက်ကို ကြားရ၏။

ဦးထွန်းတင်သည် သေနတ်များကို လက်မှဆွဲကိုင်လျက် အိပ်ခန်းပြင်ဘက်သို့ ထွက်လာခဲ့သည်။ စိတ်အာရုံမှာ ယောက်ယက်ခတ်နေ၏။ အဝေးဆီမှ သေနတ်သံ၊ အမြောက်သံ များသည် သူ၏ရင်တွင်း၌ ပဲ့တင်ရိုက်ခတ်နေကြဟန် ရှိ၏။

ဦးထွန်းတင်သည် မီးခလုတ်ကိုဖွင့်မည် အကြံဖြစ်သေး၏။ အိမ်အောက်ထပ်မှ မိမိ၏ ရာထူးဂုဏ်ပုဒ်ကို အော်ဟစ်ခေါ်ဝေါ်သံ ကြားရသည်။ မီးခလုတ်ကို မဖွင့်ဖြစ်။ အောက်ထပ်မှ အသံသည် အဆက်မပြတ် ပေါ်ထွက်နေ၏။ ဒရိုင်ဘာ အောင်သန်း၏ အသံဖြစ်သည်။ အနည်းငယ် အားတက်မိ၏။

အမှောင်ထဲတွင် အိမ်အောက်ထပ်သို့ ဆင်းလာသည်။

အသံသည် တံခါးဝဆီမှဖြစ်၏။ တံခါးဝသို့သွား၍ ဖွင့်မည်ပြုပြီးမှ မယုံသင်္ကာဖြစ်ဟန်ဖြင့် ခြေလှမ်းသည် တုံ့ရပ်သွား၏။

အဝေးဆီမှ သေနတ်သံများမှာ ဆူညံနေဆဲဖြစ်၏။

အိမ်တံခါးဝအပြင်မှ အသံများမှာလည်း ဆက်လက်ပေါ်ထွက်နေ၏။

အိမ်နောက်ဘက်မှ အသံများကိုလည်း ကြားရလေပြီ။

ဦးထွန်းတင်သည် တာရှည်စဉ်းစားနေရန် မလိုအပ်ဟူသော အသိဖြင့် အိမ်ရှေ့တံခါးကို ဖွင့်လိုက်သည်။ အပြင်ဘက်၌ မှောင်နေ၏။ ပျံ့လာသော လမ်းမီးတိုင် အလင်းရောင် မှုန်ဝါးဝါးတွင် ဒရိုင်ဘာအောင်သန်းကို တွေ့ရပေပြီ။

“ဆရာ သူပုန်တွေ ဝင်လာပြီထင်တယ်”

အောင်သန်း၏အသံသည် တုန်ယင်နေ၏။

ဦးထွန်းတင်သည် သူ၏သွေးကြောများ ရုတ်တရက် ချက်ချင်းတုံ့ဆိုင်း ရပ်တန့်သွားဘိ သကဲ့သို့ ခံစားလိုက်ရ၏။

သေနတ်သံများသည် ပို၍ နီးကပ်လာကြပြီ ဖြစ်လေသည်။ မြို့တွင်းမှ ဆူဆူညံညံ အသံများသည်လည်း ပိုမိုကျယ်လောင်လာ၏။

“မင်း ငါ့နောက်လိုက်ခဲ့”

ဦးထွန်းတင်သည် တုန်တုန်ယင်ယင် ပြောဆိုရင်း အနောက်ဘက်သို့ ရှေးရှု ပြေးလေ၏။ သူသည် ဘာကိုမျှ မမြင်ရ။

မြို့၏မြောက်ဘက်ဆီမှ မော်တော်ကားသံများသည် ကျယ်လောင်စူးရှစွာ ပေါ်ထွက်လာကြ ၏။ အရှေ့ဘက်ဆီမှလည်း အော်ဟစ်ဆူညံ ရွေ့လျားလာသော အသံများသည် လှိုင်းလုံးကြီးများပမာ လိမ့်၍ လိမ့်၍ လာကြ၏။

ဦးထွန်းတင်သည် ထိုအသံများကို မကြားတော့ပေ။ မြစ်ကမ်းခြေသို့သာ ဦးတည်၍ ပြေးနေ၏။ မြစ်ကမ်း၌ လှေတစင်းစင်းကို တွေ့ရမည်။ ထိုလှေဖြင့် စုန်ဆင်း ထွက်ပြေးနိုင်သည် ဟူသော အသိသာလျှင် လွှမ်းမိုးနေ၏။

မြစ်ဘက်မှဝင်လာသော သူပုန်လှေများသည် မြစ်ကမ်းခြေအတိုင်း စုန်ဆင်းလာနေ၏။

“ဆရာ ရှေ့မှာ သူပုန်တွေ”

အောင်သန်းက အလန့်တကြား အော်ဟစ်ရင်း ဦးထွန်းတင်၏လက်ကို ဖမ်းဆွဲ ဆုပ်ကိုင်လိုက်၏။

“ဟေ့ ရပ်လိုက်”

လက်နှိပ်ဓာတ်မီးရောင်များ ရွေ့လျားပေါ်ထွက်လာသည်နှင့်အတူ ကျယ်လောင်စူးရှသော အသံကို ကြားလိုက်ရ၏။

ဦးထွန်းတင်သည် နောက်ဘက်သို့ လှည့်၍ပြေး၏။

အဆက်မပြတ် ပေါ်ထွက်လာသော သေနတ်သံများနှင့်အတူ လက်မောင်းပြင်မှာ ပူရှိန်းရှိန်း တွေ့ထိခံစားလိုက်ရခြင်း၊ အောင်သန်း၏ စူးစူးဝါးဝါး အော်ဟစ်လိုက်သောအသံတို့နှင့် တပြိုင်နက်တည်းပင် ဦးထွန်းတင်သည် မိမိ၏ခန္ဓာကိုယ်ကို မြေပြင်သို့ လှဲချလိုက်လေသည်။

သူပုန်တို့သည် နောက်တနေ့နံနက် လင်းအားကြီးအချိန်လောက်မှာပင် မြိုင်သာယာမြို့ကို သိမ်းပိုက်ပြီးဖြစ်ကြလေ၏။ တိုက်ပွဲ၌ တပ်မတော်မှ ဗိုလ်ကျော်မောင်နှင့် တပ်သားသုံးဦး၊ ရဲဘက်မှ ရဲသားလေးဦး၊ အရပ်သားထဲမှ ဒရိုင်ဘာ အောင်သန်း အပါအဝင် နှစ်ဦး ကျဆုံး၍ တပ်မတော်သား နှစ်ဦး၊ ရဲဘက်မှ ငါးဦး၊ အရေးပိုင်မင်းနှင့်တကွ အရပ်သားခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြ၏။

သူပုန်များသည် မြို့ကို သိမ်းပိုက်မိသည်နှင့် ငွေတိုက်နှင့် ဂတ်တဲကို မွှေနှောက်ကြသည်။ သူတို့သည် ငွေကို မတွေ့။ လက်နက်ဟူ၍လည်း တိုက်ပွဲမှ ရရှိသော လက်နက်အချို့နှင့် အရေးပိုင်မင်းထံမှ လက်နက်ထက် ပို၍မရကြပေ။ ထိုအခါ အရေးပိုင်မင်း၏ ဒဏ်ရာကို ဆေးဝါးကုသပေးရင်း အရေးပိုင်မင်းထံမှ ပြည်သူ့ငွေများနှင့် လက်နက်များ ရရှိရေးကို ချော့၍တမျိုး၊ ခြောက်၍တမျိုး တောင်းဆိုကြ၏။

စင်စစ် ဦးထွန်းတင်သည် ငွေတိုက်ဝန်ထောက်နှင့် ရာဇဝတ်ဝန်တို့၏ အစီအစဉ်ကို သိခွင့်ရခဲ့သည် မှန်သော်လည်း ထိုပုဂ္ဂိုလ်များသည် ငွေနှင့် လက်နက်များကို မည်သည့်အရပ်တွင် သိုဝှက်ထားခဲ့ကြသနည်း သူ မသိ။ ယခုအခါတွင် ငွေတိုက်ဝန်ထောက်နှင့် ရာဇဝတ်ဝန်တို့မှာလည်း ထွက်ပြေး လွတ်မြောက်သွားကြပြီဖြစ်ရာ ဦးထွန်းတင်အဖို့ ဤကိစ္စကို မိမိမသိကြောင်း ငွေတိုက်ဝန်ထောက်နှင့် ရာဇဝတ်ဝန်တို့ စီစဉ်ခြင်းဖြစ်ကြောင်းမှအပ မည်သည်ကိုမျှ မပြောတတ်ခဲ့ပေ။

သူပုန်များအနေနှင့်မူ အရေးပိုင်မင်းကိုယ်တိုင်က ငွေနှင့် လက်နက်များ သိုဝှက်ထားခြင်းကို မသိဟု ဆိုလာခြင်းနှင့် ပတ်သက်၍ မည်သို့မျှ ကျေနပ်နိုင်ကြသည် မဟုတ်ပေ။ ထိုကြောင့်လည်း ဤကိစ္စမှာ အမှန်တကယ်ပင် ဦးထွန်းတင် သိရှိရမည်ဟူသော အယူအဆဖြင့် ဦးထွန်းတင်အား အမျိုးမျိုး စစ်ဆေးမေးမြန်းကြ၏။

သို့ဖြင့် သူပုန်တို့သည် အရေးပိုင်မင်းထံမှ ငွေတိုက်နှင့် လက်နက်များကိစ္စကို စုံစမ်းနေဆဲ ရက်သတ္တပတ်အတွင်းမှာပင် အစိုးရတပ်များသည် မြိုင်သာယာမြို့သို့ ပြန်လည်စုရုံး ချီတက်လာခဲ့ကြ ပြန်လေသည်။ အစိုးရတပ်သည် တနေ့တည ပြင်းထန်သော တိုက်ပွဲများကို ရင်ဆိုင်ပြီးနောက် သူပုန်လက်သို့ ခုနစ်ရက်မျှ ကျရောက်ခဲ့သည့် မြိုင်သာယာမြို့ကို ပြန်လည် သိမ်းပိုက်လိုက်ကြ လေ၏။

မြို့ကို ပြန်လည် သိမ်းပိုက်မိသည်နှင့် ဦးထွန်းတင်၏ ဂုဏ်သတင်းသည်လည်း ထင်ရှား ကျော်ကြားလာခဲ့၏။

မှန်၏။ သူပုန်တို့၏ တိုက်ခိုက်မှုကို တပ်မတော်နှင့်အတူ လက်တွဲတိုက်ခိုက်ခဲ့ခြင်းဖြင့် နိုင်ငံ၏သစ္စာကို မဆုတ်မနစ် စွန့်စားထမ်းရွက်ခဲ့သော အရေးပိုင်မင်း၊ လက်နက်လူသူအင်အား မမျှသည်ကြောင့် မြို့နှင့်တကွ မိမိကိုယ်တိုင် သူပုန်တို့လက်တွင်းသို့ ကျရောက်စေကာမူ နိုင်ငံအစိုးရ၏ ငွေနှင့် လက်နက်တို့ကို မယိုမဖိတ်ရအောင် ထိန်းသိမ်းနိုင်ခဲ့သော အရေးပိုင်မင်း၊ တိုက်ပွဲတွင် ဒဏ်ရာရသည်အထိ စွန့်စားတိုက်ခိုက်ခဲ့သော အရေးပိုင်မင်း၊ ထိုအရေးပိုင်မင်း၏ ဂုဏ်သတင်းအတွက်လည်း ယခုကဲ့သို့ ရှုပ်ထွေးသော အရေးအခင်းများ၌ မည်သူမျှ သံသယ ထားလိုကြသည် မဟုတ်ပေ။ အထူးသဖြင့် ဗိုလ်ကျော်မောင်လို လူတယောက် ကျဆုံးခဲ့ပြီ ဆိုတော့လည်း ဤမြို့ကလေး၏ ကာကွယ်မှု အရေးအခင်း၊ သူပုန်များ သိမ်းပိုက်သော အရေးအခင်းများကို ပြည့်စုံစွာ အစီရင်ခံနိုင်သူဟူ၍ ဦးထွန်းတင်တယောက်သာလျှင် ကျန်ရှိရာကား နိုင်ငံအစိုးရသည် မိမိ၏ သစ္စာရှိ ဝန်ထမ်းတယောက်၏ အစီရင်ခံချက်ကိုပင် တန်ဖိုးထား မှတ်ယူရမည် ဖြစ်သတည်း။

ဤကိစ္စများ၌ မိမိမောင်၏ စွန့်စားခန်းများနှင့် ပတ်သက်၍ ဒေါ်ကေသီသည်လည်း ပိုမိုပြည့်စုံစွာ ပြောပြနိုင်သူတဦး ဖြစ်ခဲ့လေသည်။ ထိုအခါ ဒေါ်ကေသီ ထိုးဖောက်နိုင်သော အစိုးရ အစိတ်အပိုင်းမှာလည်း ဦးထွန်းတင်၏ စွန့်စားကာကွယ်မှုများသည် ဂုဏ်ယူ ပြောဆိုစရာ ဖြစ်ပေါ်လာခဲ့ရလေ၏။

ထိုအခြေအနေများကို ကျော်လွန်လာခဲ့ကတည်းကပင် အရေးပိုင်မင်း၏ ရာထူးတိုးမြှင့် ခန့်ထားရေးနှင့် နိုင်ငံအကျိုး သယ်ပိုးမှုအတွက် ထိုက်သင့်သော ဘွဲ့တံဆိပ် ချီးမြှင့်ရေး အလားအလာ များမှာ အထင်အရှား ပေါ်ပေါက်ခဲ့ပြီဖြစ်၏။

အစိုးရတပ်များ မြိုင်သာယာကို ပြန်လည်သိမ်းပိုက်ပြီးနောက် မြို့အုပ်ချုပ်ရေး အစီအစဉ်များကို ပြန်လည်ဆောင်ရွက်ပြီး ဦးထွန်းတင်သည် မိမိ၏ဒဏ်ရာ ကုသရန်ဟူသော အကြောင်းပြချက်ဖြင့် ရန်ကုန်သို့ ထွက်ခွာခဲ့ပြန်သည်။ ရန်ကုန်သို့ ရောက်သည်နှင့် ဦးထွန်းတင်သည် မိမိရင်ဆိုင်ခဲ့ရသော မြိုင်သာယာမြို့ အရေးအခင်းများကို အလွန်အံ့သြ တုန်လှုပ်ဖွယ်သော စာတမ်းကြီးတစောင်အဖြစ် နိုင်ငံအစိုးရထံသို့ အစီရင်ခံစာ ရေးသားတင်သွင်းလိုက်လေသည်။

အစီရင်ခံစာ၌ ဗိုလ်ကျော်မောင်၏ အသက်စွန့်ကာကွယ်မှုကို ဖော်ပြရန် ဝန်မလေးသင့်ဟု ယူဆသည့်အလျောက် ဗိုလ်ကျော်မောင်နှင့် နောက်လိုက်များ မြို့အရှေ့ဘက်မှ ကာကွယ်ခဲ့ပုံ၊ မိမိအနေနှင့် ရဲဌာနကို အကာအကွယ်ပြုခဲ့ရပုံ၊ အဘက်ဘက်မှ သူပုန်များ ထိုးဖောက်ဝိုင်းရံလာပုံ၊ ထိုအခါ မိမိတို့အင်အား လျော့နည်းနေသည်ကို သတိထားရပုံ၊ သို့သော် မိမိအနေနှင့် အသက်တချောင်း၊ ကျည်တတောင့် ကျန်သည်အထိ စွန့်စားတိုက်ခိုက်ရန် ဆုံးဖြတ်ပြီးဖြစ်ပုံ၊ နောက်ဆုံး၌ မိမိဒရိုင်ဘာနှင့်အတူ မိမိသည် စတင်းဂန်း သေနတ်တလက်နှင့် ခြောက်လုံးပြူးကို စွဲကိုင်ပြီး မြစ်ဘက်မှ တက်လာသော ရန်သူများကို ထိုးဖောက်တိုက်ခိုက်ခဲ့ပုံ၊ မိမိ ဒဏ်ရာရရှိပုံတို့ကို အကျယ်တဝင့် ဖော်ပြခဲ့၏။ ငွေတိုက်နှင့် လက်နက်တိုက် ကာကွယ်ရေးအတွက် မူလကပင် ငွေတိုက်ဝန်ထောက်နှင့် ရာဇဝတ်ဝန်တို့အား စီမံခန့်ခွဲရန် အမိန့်ပေးခဲ့ရပုံ၊ ငွေတိုက်ဝန်နှင့် ရာဇဝတ်ဝန်တို့ ထွက်ပြေးသွားကြခြင်းမှာ ရုတ်တရက်အားဖြင့် အပြစ်သင့်ဖွယ် ဖြစ်သည် မှန်သော်လည်း ထိုသူများ ထွက်ပြေးလွတ်မြောက်သွားခြင်းအတွက် ငွေတိုက်နှင့် လက်နက်များ သိုဝှက်ထားသည်ကို ဖုံးကွယ်နိုင်ခြင်းဖြစ်ပုံ၊ ထိုအစီအစဉ်များကိုလည်း မိမိကိုယ်တိုင်ပင် ဆိုင်ရာအရာရှိများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း အစီရင်ခံစာ၌ အပြည့်အစုံ ဖော်ပြရေးသားခဲ့၏။

ထိုအခါ အစိုးရသည် နိုင်ငံ၏တာဝန်ကို ဤသို့ သက်စွန့်ကြိုးပမ်း အမှုထမ်းခဲ့သော ဝန်ထမ်းတယောက်အား ယခုလက်ရှိ အရေးပိုင်ရာထူးမှ တိုင်းမင်းကြီးအဆင့်သို့ တိုးမြှင့်ခန့်ထား ချီးမြှောက်သင့်သည်ဟု ယုံကြည်ယူဆ၏။

သို့သော် ဦးထွန်းတင်၏ အခြေအနေမှာ တိုင်းမင်းကြီး ရာထူးကို ရုတ်တရက် ဝင်ရောက် ထမ်းရွက်နိုင်သော အခြေ၌ မရှိပေ။

စင်စစ် သူပုန်များ၏လက်ချက်ကြောင့် ဦးထွန်းတင် ရရှိခဲ့သော ဒဏ်ရာသည် စိုးရိမ်ကြောင့်ကြဖွယ်ရာ မဟုတ်ပေ။ ဘယ်ဘက် လက်မောင်းပြင်ကို ရှပ်၍မှန်သော ကျည်ဆန်သည် လက်မောင်းအသားတွင် မြုပ်ဝင်နေသည်ဟု ယူဆရ၏။ ထိုကြောင့် အနာကို ကုသပြီးစီးစေကာမူ ကျည်ဆန်ကိုကား ထုတ်ယူရပေဦးမည်။ သို့အတွက် ဦးထွန်းတင်သည် တလမျှ အနားယူ ဆေးကုသရန် လိုအပ်သည်ဟူသော ဆရာဝန် ထောက်ခံချက်ဖြင့် ဦးထွန်းတင်သည် ရှုပ်ထွေးနေသော အခြေအနေများမှ ခေတ္တတိမ်းရှောင်လိုက်လေ၏။

ဦးထွန်းတင် ဆေးရုံပေါ်တွင် ရှိနေစဉ်မှာပင် ဒေါ်ကေသီသည် မိမိမောင်အား တိုင်းမင်းကြီး ရာထူးအစား ရန်ကုန်တွင် အမြဲသဖြင့် နေနိုင်ရန်အလို့ငှာ အတွင်းဝန်ရာထူးသို့ တိုးမြှင့်ခန့်ထားပါမည် အကြောင်း ဆက်လက်ကြိုးစား ဆောင်ရွက်ရပြန်၏။ ၁၉၄၉ ခုနှစ် စောစောပိုင်းအချိန်များက နိုင်ငံ၏ မရေရာသော အခြေအနေများသည် ၁၉၄၉ ခုနှစ် နှစ်ဝက်ပိုင်းတွင် မျှော်လင့်နိုင်ဖွယ် အခြေအနေသို့ ပြန်လည် ရောက်ရှိသည်ဟု ဆိုနိုင်လေသည်။

ထိုအချိန်လောက်မှာပင် ဦးထွန်းတင်သည် ဆေးရုံမှဆင်းခဲ့ပြီး အတွင်းဝန်ရာထူးကို လက်ခံလိုက်လေ၏။

| ၁၄ |

 

နွေရာသီသည် ဟောင်းနွမ်းအိုမင်း ရင့်ရော်ခြင်း အသွင်လက္ခဏာအားလုံးကို ခြွေချလိုက်ပြီး တက်ကြွသစ်လွင်သော အဆင်တန်ဆာတို့ကို ဖန်တီးခဲ့ပေပြီ။ မိုးရာသီသည် နွေရာသီ၏ မှုန်မှိုင်းခြင်း၊ တွေဝေခြင်း၊ မတည်ငြိမ်ခြင်းတို့ကို သူ၏ မိုးသက်လေဖြင့် ဝှေ့ယမ်းတိုက်ခိုက်လိုက်လေသည်။ မိုးရေသည် ဖူးငုံနုမျစ်စ ရွက်သစ်ရွက်ဖူးတို့ကို ပြေစင်စေ၏။ ထိုအခါလောကသည် စိမ်းစိုခြင်း၊ ပွင့်ဖူးဝေဆာခြင်းတို့ဖြင့် တန်ဆာ ဆင်လေသတည်း။

လွန်ခဲ့သော နှစ်ကာလများအတွင်းက စိုးရိမ်ရခြင်း၊ ပူပန်ရခြင်း၊ တုန်လှုပ်ရခြင်း၊ ထိတ်လန့်ရခြင်းတို့ဖြင့် အားငယ် တုန်ယင်ချည့်နဲ့၍ တိတ်ဆိတ်ခြောက်သွေ့နေခဲ့သော ဒေါ်ကေသီ၏ အိမ်ဝင်းသည် ရှေးယခင်အခါများကထက် စိုပြည်သာယာသော အသွင်သဏ္ဌာန်ကိုဆောင်၍ ပြန်လည်ရှင်သန်ခဲ့ပေပြီ။

အားလုံးသော မိသားစုများသည် လွန်ခဲ့သောရက်များအတွင်းက ဖြစ်ပွား ပေါ်ပေါက်ခဲ့သော စိတ်နှလုံးမချမ်းမြေ့ဖွယ် အရေးအခင်းဟူသမျှကို မေ့လျော့ချေဖျက်ထားလိုက်ကြဟန် ရှိလေသည်။

သို့သော် ဒေါ်ကေသီသည် ကိုကိုထွန်းနှင့်ပတ်သက်၍ မေ့ဖျောက်ထားနိုင်ခြင်း မရှိသည်လား သို့မဟုတ် ကိုကိုထွန်း၏ အခြေအနေနှင့် ပတ်သက်၍ သူသည် အမြဲတစေ စိုးရိမ်တတ်သောသဘော ရှိသည်လား မဆိုနိုင်ပေ။

ယခုအခါတွင် ဦးထွန်းတင်သည် ကိုကိုထွန်းနှင့်ပတ်သက်၍ အကယ်ပင် လျစ်လျူရှု ပစ်ပယ်ထားသည်ဟူသော သဘောထားကို ဖော်ပြကာ ကိုကိုထွန်းနှင့် စပ်လျဉ်းသမျှ အလုံးစုံကို မေ့ဖျောက်ထားသည်ဟု ယူဆလျှင်လည်း ရနိုင်၏။ သို့မဟုတ် ဦးထွန်းတင်သည် အတန်အသင့် အရွယ်ရောက်လာပြီဖြစ်သော သားအပေါ်တွင် ကလေးသူငယ်တယောက်လို အမှတ်ထားရန် မသင့်လျော်ဟု ယူဆနေသည်လည်း ဖြစ်ရာ၏။ စင်စစ် ကိုကိုထွန်းနှင့်ပတ်သက်၍ ယခုအခြေအနေမျိုးတွင် ပိုမိုအရေးတစိုက်ထားကာ အထိန်းအကျောင်း ပြုသင့်သည်ဟု ဒေါ်ကေသီ ယူဆ၏။ ဒေါ်ကေသီအနေနှင့်တော့လည်း ကိုကိုထွန်းနှင့် ပတ်သက်လျှင် မိမိတွင် ပို၍တာဝန် ရှိသည်ဟုလည်း တခါတရံ ယူဆ၏။

သည်အခါတိုင်း ဒေါ်ကေသီသည် ဒေါ်နုနုခင်၏ပြဿနာကိုပါ ထည့်သွင်း စဉ်းစားလေ့ ရှိလေသည်။

ဒေါ်နုနုခင်သည် ကိုကိုထွန်းနှင့် ပတ်သက်လျှင် အကဲပါတတ်သည်ဟု ဒေါ်ကေသီ အမြင်ရှိသည်။

တခုပြောစရာရှိသည်မှာ ကိုကိုထွန်း၏ သဘောထားဖြစ်သည်။ ကိုကိုထွန်းဆိုသော ကလေးသည် ယခုအခါ အသက် ၁၅ နှစ် လွန်မြောက်ခဲ့ပြီဖြစ်သည်။ ယခုနှစ်တွင် တက္ကသိုလ် ဝင်တန်းနှင့် တန်းမြင့်ကျောင်းတွင် စာမေးပွဲတို့ကို တပြိုင်နက် ဖြေဆို အောင်မြင်နိုင်ရန် ကြိုးစားနေသူလည်းဖြစ်၏။ ထိုကလေးသည် မည်သို့ပင် လူကြီးတယောက် ဟန်ပန်သဏ္ဌာန်ကို ဆောင်ယူလျက် သူ့ကိုယ်သူ အရွယ်ရောက်ပြီဟု အထင်ရောက်နေစေကာမူ သူ့ဖခင်ကိုယ်တိုင်က ထိုကလေး အရွယ်ရောက်ပြီဟု မှတ်ယူထားလိုစေကာမူ ဒေါ်ကေသီရော ဒေါ်နုနုခင်တို့သည် ကိုကိုထွန်းကို ကလေးငယ်တယောက်လိုပင် မှတ်ယူထားကြသည်။ သို့ပါလျက် ဤကလေးငယ်သည် မိဘနှင့် အဒေါ်ဖြစ်သူ၏ဆန္ဒကို ဆန့်ကျင်ကာ သူ့စိတ်ကြိုက်ကျောင်းကို ရွေးချယ်ပြီး ပညာ သင်ယူခဲ့သည်။ သူကိုယ်တိုင် အုပ်ထိန်းခြင်းကင်းပြီး အယူအဆရှိဟန်ဖြင့် မည်သည့်နေရာမျိုးကိုမဆို အခါမလပ် လွတ်လပ်စွာ သွားလာတတ်သည်။ အပေါင်းအသင်း အမျိုးမျိုးကိုလည်း ပေါင်းသင်း ဆက်ဆံတတ်သည်။ ယခင်အခါများက သူ့အဖို့ ဦးကျော်သာဦးအိမ်သို့သာ အလည်အပတ် ရှိခဲ့ခြင်းနှင့် ပတ်သက်၍ ဒေါ်ကေသီ ခွင့်လွှတ်နိုင်၏။ ယခုမူ ကိုကိုထွန်း ခြေတံဆန့်သည်ဟု ဒေါ်ကေသီ ယူဆသည်။ ဒါကို ဒေါ်ကေသီ မနှစ်သက်။

သို့သော် ကိုကိုထွန်းသည် ဘာကိုမျှ ဖုံးကွယ်လိမ်လည်တတ်သည် မရှိ။ သူနှင့်ပတ်သက်၍ မိဘအပါအဝင် အန်တီကေသီတို့ စိတ်အနှောင့်အယှက် ဖြစ်ရမည်ကို သူ မလိုလား။ သူ့မှာ ခိုင်လုံသောဆင်ခြေ အမြဲရှိသည်။ မည်သည့် ပြဿနာမျိုးမှာမဆို သူ့တွင် အကြောင်းပြချက် အပြည့်အစုံ ရှိသည်။ သို့ဖြင့် မိဘများ မနှစ်မြို့ဟန် အန်တီကေသီ မနှစ်မြို့ဟန် အရေးကိစ္စတခုတွင် ပါဝင်မိပြီဆိုသော အခါတိုင်း ထိုကလေးသည် ပြည့်စုံခိုင်လုံသော အကြောင်းပြစကားတို့ကို ဆိုလာတတ်သည်။ ထိုအခါတိုင်း ဒေါ်နုနုခင်သည် သားကို ခွင့်လွှတ်နိုင်ခဲ့သည်ချည်းပင်။ ဒေါ်ကေသီမှာက ခွင့်လွှတ်ရန် အမြဲတမ်း အသင့်ရှိခဲ့သည် မဟုတ်ပေ။

သည့်အတွက် ဒေါ်နုနုခင်သည် ကိုကိုထွန်းနှင့် ပတ်သက်လျှင် အကဲပါသည်ဟု ဒေါ်ကေသီ ယူဆသည်။ သို့မဟုတ် မိခင်ရင်း မဟုတ်သည့်အတွက် ထိုကလေးငယ် ဖြစ်လိုရာဖြစ်စေ သဘောထားလေရော့သလားဟုလည်း ဒေါ်ကေသီ တွေးမိသေးသည်။ မည်သို့ဖြစ်စေ ကိုကိုထွန်းနှင့် ပတ်သက်၍ ဒေါ်ကေသီသည် ဒေါ်နုနုခင်နှင့် ရင်ဆိုင်ခြင်းထက် ဦးထွန်းတင်နှင့် ရင်ဆိုင်ခြင်းက သာလျှင် ပို၍မှန်ကန် မည်ဟု ယူဆထား၏။

ထို့ကြောင့် ဦးထွန်းတင် ပြန်လည်ရောက်ရှိလာကတည်းကပင် ပြောဆို ဆွေးနွေးရန် စကားများကို ဦးထွန်းတင် ရောက်ရှိခဲ့ပြီး တနှစ်နီးပါးကြာမြင့်ခါမှ ပြောဆို ဆွေးနွေး ဖြစ်လေတော့သည်။

ထိုညနေသည် စနေနေ့ညနေ ဖြစ်သည်။ မနက်လင်းကတည်းကပင် ခပ်သည်းသည်း ရွာချခဲ့သော မိုးသည် နေ့လယ်လောက်တွင် စဲသွားခဲ့ပြီး ကောင်းကင်သည် နေရောင်ဖြင့် တောက်ပလာခဲ့သည် ဖြစ်သောကြောင့် ပတ်ဝန်းကျင်သည် ရွှင်လန်းမြူးထူးသောအသွင်ကို ဆောင်၏။

ဒေါ်နုနုခင်သည် ၃ နာရီခွဲပွဲ ရုပ်ရှင်ကြည့်ရန်အတွက် သားလတ်နှင့် သမီးငယ်တို့ကို အော်ခေါ်၍ ထွက်ခွာသွားခဲ့သည်။ မိခင်ဖြစ်သူ ထွက်သွားသည်နှင့် မရှေးမနှောင်းပင် ကိုကိုထွန်းသည် ဦးကျော်သာဦးအိမ်သို့ ထွက်ခွာသွားလေသည်။

ဒေါ်ကေသီသည် အမြဲတစေ ပင်ပန်းကြီးစွာဖြင့် အလုပ်ကိစ္စ များပြားဟန်ရှိသော ဤကလေးကို မကျေမချမ်းသောအကြည့်ဖြင့် ကြည့်ရင်း တွေးနေမိလေသည်။ ဒီကလေးသည် အဘယ်ကိစ္စနှင့် အဘယ်ကြောင့် ဤမျှ အလုပ်ရှုပ်ထွေးများပြားဟန်၊ အမြဲတစေ တာဝန်တခုကို ထမ်းဆောင်နေရဟန် သဘောထားမျိုး ရှိနေရပါသနည်းဟု တွေးကြည့်သေးသည်။ အဖြေကို အလွယ်နှင့် မရပေ။

ထိုအခါ ဦးထွန်းတင်ရှိသော စာကြည့်ခန်းတွင်းသို့ ဝင်ခဲ့လေသည်။ ဦးထွန်းတင်သည် ပက်လက်ကုလားထိုင်တွင် မျက်လုံးကို မှိတ်လျက် မှေးနေဟန်ရှိ၏။ နေ့ဝက်အလုပ်ကိစ္စများဖြင့် ပင်ပန်းခဲ့သည်အတွက် အာရုံကြောများကို ဖြေလျှော့နေသည် သို့မဟုတ် မပြီးပြတ်နိုင်သော အလုပ်ကိစ္စများအတွက် စဉ်းစားတွေးတောနေသည်။ တခုခုဖြစ်နိုင်လေသည်။

ဒေါ်ကေသီသည် အခန်းတံခါးဝတွင် ရပ်လျက် မိမိမောင်အား ငေးစိုက်ကြည့်ရင်း လက်မှစီးကရက်ကို အားရပါးရ ဖွာရှိုက်လိုက်သည်။

ဦးထွန်းတင်သည် မျက်လုံးကို ခပ်မှေးမှေးဖွင့်၍ ကြည့်လိုက်၏။

“ဪ မမပါလား၊ လာလေ မမ”

ပက်လက်ကုလားထိုင်တွင် လှဲထားသော ခန္ဓာကိုယ်ကို မတ်လိုက်ပြီး ဒေါ်ကေသီအား ခရီးဦးကြိုပြုလိုက်သည်။

သည်ကတည်းကပင် ဒေါ်ကေသီ၏ မျက်နှာပြင်တွင် မကျေနပ်သော သွင်ပြင်လက္ခဏာ မြင်သာပြီ ဖြစ်သောကြောင့် ဒေါ်ကေသီသည် ပြဿနာတခုခုကို ဆောင်ယူလာခြင်းဖြစ်မည်ဟု ဦးထွန်းတင် တွေးလိုက်မိပြီး ဖြစ်ပေသည်။

ဒေါ်ကေသီသည် မည်သို့မျှ စကားနှုတ်တုံ့မပြန်သေးဘဲ ဦးထွန်းတင်၏ ဘေးဘက်မှ နှစ်ယောက်ထိုင် ဆိုဖာပေါ်တွင် ခြေထောက်ချိတ်ပြီး ထိုင်လိုက်၏။ စီးကရက်ကို ဖွာရှိုက်ပြီး မီးခိုးငွေ့ကို ရှိုက်ထုတ်လိုက်သည်။ သူသည် အမြင်အာရုံကို မီးခိုးငွေ့တန်းတွင် စူးစိုက်ရင်း အတွေးစတခုကို ဖမ်းဆီးနိုင်ရန် ကြိုးစားနေဟန်ရှိ၏။

ဦးထွန်းတင်သည် မိမိအစ်မ၏ ဟန်ပန်သဏ္ဌာန်ကို အဆန်းမထင်မှတ်။

“ဒီမှာ ငါ့မောင်၊ မင်း ကိုထွန်းကို အခုလို ဆက်လွှတ်ထားမယ်လို့ စိတ်ကူးထားသလား”

ဒေါ်ကေသီသည် ဦးထွန်းတင်ကို လုံးဝမကြည့်ဘဲ ဖြည်းဖြည်းလေးလေး ပြောချလိုက်၏။

ဦးထွန်းတင်သည် ရုတ်တရက် အံ့သြသွားပြီး ဒေါ်ကေသီကို စိုက်ကြည့်လိုက်သည်။ နှုတ်တုံ့စကားသည် ချက်ချင်း ပေါ်ထွက်မလာခဲ့ပေ။

“ဘာဖြစ်လို့တုံး မမ၊ ကိုထွန်း ဘာလုပ်နေလို့တုံး”

ဦးထွန်းတင်သည် ကိုကိုထွန်းနှင့် ပတ်သက်၍ မေ့လျော့ပစ်ပယ်ထားခြင်း မရှိဟန်ဖြင့် စိတ်ဝင်စားစွာ မေးလာ၏။

“ဘာဖြစ်လို့လဲဆိုတာ မမပြောစရာ လိုသလား ငါ့မောင်၊ ကိုထွန်းဟာ ဒီနှစ် ကျောင်းပြန်ဖွင့်တဲ့အချိန်မှာ မင်းရောက်လာပြီဖြစ်လို့ သူ့ကို ကျောင်းပြောင်းဖို့ စီစဉ်လိမ့်မယ်လို့ အထင်ရောက်တယ်၊ မမသဘောက သူ့ကို ဂျီအီးစီစာမေးပွဲ ဝင်စေ့ချင်တယ်၊ ပြီးတော့ အင်္ဂလန်ကို ပို့ချင်တယ်”

ဒေါ်ကေသီသည် စကားစကို ဖြတ်လိုက်သည်။ ဦးထွန်းတင်ထံက စကားပြန်မလာမီမှာပင်

“နေပါဦး ငါ့မောင်၊ မင်းဟာကလေးတွေရဲ့ ပညာရေးနဲ့ပတ်သက်ပြီး ဘာမှ မစဉ်းစားတော့ဘူးလား၊ သူတို့ရှေ့ရေးကို ဘာမှ မတွေးတော့ဘူးလား”

“တွေးပါတယ် မမ။ ကျွန်တော် အားလုံးကိစ္စတွေကို တွေးပါတယ်။ ကိုထွန်း ကျောင်းပြောင်းဖို့ ကိစ္စကို ကျွန်တော်တွေးမိပါတယ်၊ ဒါပေမဲ့ ဒီနှစ်ဟာ သူ့အဖို့ ဟိုက်စကူးမှာ နောက်ဆုံးနှစ်ဖြစ်နေတယ် မဟုတ်လား၊ ဒီကောင်ဟာ ဉာဏ်ထက်တယ်၊ ကြိုးစားတယ်၊ မနှစ်ကတောင် အသက်မစေ့လို့ စာမေးပွဲဖြေခွင့် လက်လျှော့ခဲ့ရတာကိုး။ ဒီတော့ ဒီနှစ်မှာ ကိုထွန်းဟာ အက်စ်အယ်လ်စီကိုရော မက်ထရစ်ကိုပါ အောင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တယ်။ ဒါကြောင့် နောက်ဆုံးနှစ်အနေနဲ့ သူစိတ်မချမ်းမသာ မဖြစ်စေချင်တဲ့အတွက် ကျောင်းပြောင်းဖို့ မစီစဉ်တာဘဲ။ ဂျီအီးစီကိစ္စကတော့ ဖြစ်မယ်မထင်ဘူး မမ။ ကိုထွန်းဟာ နည်းနည်းသိတတ်တဲ့အရွယ်ကို ရောက်နေပြီ။ ဂျီအီးစီဖြေပြီး အင်္ဂလန်သွားပါလားဆိုလို့ သူသွားမယ် မဟုတ်ဘူး။ နောက်တကြောင်းကလည်း တိုင်းပြည် အခြေအနေကို ထည့်တွက်ရသေးတယ်”

“ဘယ်လိုအခြေအနေမို့လဲ ငါ့မောင်”

“ကျွန်တော် စဉ်းစားတာက ကိုထွန်းကိစ္စတင် မဟုတ်ဘူး။ ညီညီနဲ့ ငယ်ငယ့်ကိစ္စပါ စဉ်းစားတယ်။ ပထမတော့ ရှေ့နှစ်လောက်မှာ အဲဒီကလေးနှစ်ယောက်ကို ဒါဂျီလင် ပို့ရင် ကောင်းမလား စဉ်းစားတယ်။ ကလေးတွေအမေနဲ့ တိုင်ပင်ကြည့်သေးတယ်။ ကလေးတွေ အမေကလည်း သားသမီးတွေကို မခွဲချင်ဘူး။ နောက်တကြောင်းကလည်း မမသိတဲ့အတိုင်း တိုင်းပြည်ဟာ အင်္ဂလိပ်လက်အောက် ပြန်ရောက်ဖို့ မလွယ်တော့ဘူး မဟုတ်လား။ ဒီတော့ အင်္ဂလန်ကို သွားပြီး ပညာသင်နေလို့ကော အကြောင်းထူးပါ့မလားလို့ ကျွန်တော် စဉ်းစားမိလို့ပါ”

“ဒါတွေဟာ ဘာမှမဆိုင်ပါဘူး ငါ့မောင်၊ လွတ်လပ်ရေး ရတယ်ဆိုတာ လွတ်လပ်ရေးရတာပဲ၊ ခုအတိုင်းက ဒီတိုင်းပြည်မှာ အင်္ဂလိပ်ရဲ့ပညာရေးစနစ်ကို ပြုပြင်ဝံ့တဲ့ သတ္တိမရှိပါဘူး၊ ဘွဲ့တွေ၊ ဒီဂရီတွေက အဓိကပဲ မဟုတ်လား။ ငါ့မောင်ဟာလေ လမ်းပေါ်က လူပြိန်းတွေလို လွတ်လပ်ရေး ရတာနဲ့ တိုင်းပြည်ကြီး ပြုပြင် ပြောင်းလဲလာတော့မှာပဲလို့ ထင်နေတာကိုကွဲ့၊ တခုတော့ မင်းကို သတိထပ်ပေးရဦးမယ်၊ မင်း နိုင်ငံရေးသမားတွေကို ပေါင်းရမယ်။ သူတို့နဲ့ ရောနိုင်မယ့်စကားကို ပြောတတ်ရမယ်၊ ဒါပေမဲ့ နိုင်ငံရေးသမားတွေက လူထုကို ကြိုက်အောင် ပြောတဲ့စကားတွေကျတော့ လူထုယုံသလို မင်းယုံဖို့ မဟုတ်ဘူး။ တခြားကိုမကြည့်နဲ့ ငါ့မောင်။ အခု လွတ်လပ်ရေးရလာတဲ့ တိုင်းပြည်ကို မင်းကြည့်စမ်း။ အင်္ဂလိပ်လက်အောက်က လွတ်ပြီ။ အင်္ဂလိပ်ရဲ့အနှောင်ဖွဲ့ ကင်းပြီလို့ လူတွေက ပြောကြတယ်။ အဲဒါဟာ ကျေးဇူးကန်းစကားကွဲ့။ တိုင်းပြည်ရဲ့ အဓိကအုပ်ချုပ်ပုံ နည်းစနစ်ဟာ ဘယ်ပုံစံလဲ။ ကမ္ဘာမှာ ပါလီမန်ရဲ့မိခင်လို့ ထင်ရှားတဲ့ ဗြိတိသျှ ပါလီမန် ထုံးတမ်းစဉ်လာကို ဒင်းတို့ ပယ်ရှားဝံ့သလား။ ပညာရေးစနစ်မှာကော ဗြိတိသျှအစိုးရရဲ့ စနစ်အတိုင်း ရှိနေရတာပဲ မဟုတ်လား”

ဦးထွန်းတင်သည် အစ်မဖြစ်သူကို ငေးစိုက်ကြည့်ရင်း တွေတွေဝေဝေ ဖြစ်နေ၏။

“ဗြိတိသျှအစိုးရဟာ အကြာကြီး ဆက်လက်ပြီး အုပ်ချုပ်နေမယ်ဆိုတာ မြဲမြဲမှတ်ထား ငါ့မောင်”

ဟူသော ဒေါ်ကေသီ၏ နောက်ဆက်တွဲစကားသည် သူ့ဦးနှောက်မှာ စွဲငြိရလေသည်။

“ဒီတော့ ကျွန်တော် ဘယ်လိုလုပ်စေချင်သလဲ မမ”

“ငါ့သဘောကတော့ ကိုထွန်းကို လျစ်လျူရှုမထားသင့်ဘူးလို့ ထင်တယ်။ မင်းပြောသလို ကိုထွန်းဟာ တော်တယ်။ တတ်တယ်။ ထက်တယ်။ သို့ပေမဲ့ ဒီကလေးဟာ အစိုးရကျောင်း ရောက်လာကတည်းက အပေါင်းအသင်း ဖျက်ဆီးလာတယ်။ စည်းကမ်းပျက်လာတယ်။ ဒီနေရာမှာ ငါ နုနုနဲ့ ပတ်သက်ပြီးတော့လည်း ပြောချင်တယ်။ ကိုထွန်းဟာ စကားတတ်လွန်းတယ်။ ဒီတော့ နုနုကိုယ်တိုင် ကိုထွန်းစကားကို ယုံသလား၊ သို့မဟုတ် နုနုဟာ သူ့သားအရင်းမဟုတ်ဘူးဆိုတဲ့အသိနဲ့ ဖြစ်ချင်ရာဖြစ် သဘောထားသလား မဆိုနိုင်ဘူး။ ကိုထွန်းကို အလိုလိုက်လွန်းတယ်။ သင်း အစိုးရကျောင်း ပြောင်းတုန်းကလည်း သူပဲ လိုက်လျောခဲ့တယ်။ အခုလည်း ဘာကိစ္စဖြစ်ဖြစ် သူရှေ့က ကန့်လန့်ကန့်လန့် ခံချင်တယ်။ အေး ငါ့သဘောကတော့ ကိုထွန်းဟာ အမေဘက်က မျိုးရိုးမမှန်ဘူး မဟုတ်လား။ ဒီတော့ အမေ့ဇာတိပြပြီး ပေါ့ပေါ့သွမ်းသွမ်း ဖြစ်မှာကို စိုးရိမ်တယ်”

ဒေါ်ကေသီသည် စကားစကို အဆုံးမသတ်နိုင်ဘဲ စကားဆက်မည်အပြုတွင် အိမ်အပြင်ဘက်ဆီမှ ဦးကျော်သာဦး၏အသံကို ကြားလိုက်ရသဖြင့် စကားစကို ဖြတ်လိုက်သည်။

“အဲဒါပဲ ငါ့မောင်”

“ဟုတ်ပါပြီ မမ။ ကျွန်တော်လည်း မမပြောသလို ပစ်ထားတာ မဟုတ်ပါဘူး။ ဒီတနှစ်သာ သူ့အခြေအနေကို ကြည့်နေတာပါ။ ရှေ့နှစ် တက္ကသိုလ်ရောက်တာနဲ့ အခြေအနေတွေဟာ တမျိုးဖြစ်နိုင်ပါတယ်။ နောက်ပြီး ကိုထွန်းဟာ တတ်သိနားလည်လွယ်တဲ့ ကလေးတယောက်ပါ မမ”

ဒေါ်ကေသီသည် နောက်ထပ် စကားမဆက်တော့ဘဲ စာကြည့်ခန်းအပြင်သို့ ထွက်ခဲ့လေသည်။

ဦးထွန်းတင်သည် ဒေါ်ကေသီအား နားမလည်နိုင်သောအကြည့်ဖြင့် ကြည့်ရင်းကျန်ရစ်သည်။ ကိုကိုထွန်းနှင့်ပတ်သက်၍ သည်မျှစိုးရိမ်တကြီး ဖြစ်အပ်သည်ဟု သူမထင်ချင်။ ဖြစ်အပ်သည် မှန်စေဦး။ ဒေါ်ကေသီ ဤမျှ စိုးရိမ်တကြီး ဖြစ်နေခြင်းကို သူ သဘောမပေါက်။

ဒေါ်ကေသီသည် ဦးထွန်းတင်၏ရှေ့တွင် မည်မျှ အတွေးနက်နဲသောအသွင်ကို ဆောင်လျက် စိတ်စိုးရိမ်မှုစကားတို့ကို ဆိုခဲ့စေကာမူ ဦးကျော်သာဦးနှင့် တွေ့ရသောအခါ စိတ်နှလုံး လန်းဆတ်ရသည်။ မျက်နှာပြင်မှာ ပြုံးရွှင်ရသည်။

“ဘယ်နှယ့် ရှင်တယောက်လည်း ပျောက်လှချေလား၊ အိမ်ဘက်မလာတာတောင် တပတ်လောက် ရှိပြီထင်တယ်”

ဒေါ်ကေသီသည် ခပ်သွက်သွက် ပြောဆိုရင်း ဧည့်ခန်းကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။

“လူမရောက်ပေမဲ့ စိတ်ကတော့ အမြဲရောက်ပါတယ် မကေသီ”

ဦးကျော်သာဦးက ကုလားထိုင်မှာ ထိုင်နေရင်းမှ အပြုံးဖြင့် နှုတ်ဆက်စကား ဆိုလိုက်သည်။

သည်တော့ ဒေါ်ကေသီသည် မျက်စောင်းကို ထိုးဖြစ်သည်။ မေးကိုလည်း ရှေ့ဘက်သို့ ငေါ့လိုက်မိသည်။

သည်လူနှင့်တွေ့ရလျှင် သွေ့ခြောက်သော စိတ်အာရုံသည် မိုးရည်ဆမ်း လောကပြင်နှယ် စိုပြည်လန်းဆတ်ရသည်ဟုလည်း မသိစိတ်မှာ တိတ်တိတ်ကလေး တွေးမိသည်။

တခါတခါတော့ ထိုလူနှင့်ပတ်သက်၍ မိမိစိတ်မှာပင် အရှက်ရရသည်များလည်း ရှိသေးသည်။ မည်သို့ဖြစ်စေ၊ လူ့အဖြစ်ရရှိခဲ့သည်များတွင် စိတ်အာရုံ၏ လွတ်လပ်ခြင်းကိုကား ဒေါ်ကေသီ နှစ်သက်သည်။

မှန်၏။ သည်အိမ်ကြီးမှာ မိမိသည် ခြံထဲမှ ဦးဘိုးလှကလွဲလျှင် အသက်ကြီးဆုံးဖြစ်သည်။ စင်စစ် ဦးဘိုးလှဆိုသူသည်ကိုလည်း ဤအိမ်ကြီးက လူတယောက်အဖြစ် ထည့်သွင်း စဉ်းစားအပ်သည်ဟူ၍ ဒေါ်ကေသီ မထင်မှတ်လိုပေ။ ဘာပဲဖြစ်ဖြစ် သည်အိမ်တွင် မိမိသည် အသက်အားဖြင့် အကြီးဆုံး၊ အိမ်ကြီးရှင်လည်း ဖြစ်သည်။ ဟိုအခါက သည်အိမ်ကြီးမှာ မိမိတယောက်တည်း ပျင်းရိငြီးငွေ့ဖွယ်ရာအဖြစ် မှတ်ယူခဲ့၏။ ကိုကိုထွန်း ရောက်လာသော အခါမှာလည်း သည်ကလေးသည် ပြဿနာတွေကိုသာ တခုပြီးတခု ဆောင်ယူလာတတ်သည် ဖြစ်သောကြောင့် စိတ်ရှုပ်နောက်ကျုခဲ့ရသည်။ ယခုတဖန် မောင်ဖြစ်သူနှင့် ယောက်မမိသားစုများ ရောက်လာပြန်သောအခါ မိမိ၏စိတ်နှလုံး ပြုံးရွှင်မှုကို ထောက်ပံ့မည် အထင်ရောက်ခဲ့သည်မှာ ပါစင်အောင် လွဲမှားသည်ဟု ဒေါ်ကေသီ ဆိုချင်သည်။ သည်မောင်၊ သည်ယောက်မ၊ သည်တူ၊ သည်တူမနှင့် သည်အိမ်စေ အသိုက်အဝန်းမှာ လူကြီးလုပ်ကာ မျက်နှာထားတင်းတင်း ထားနေရသည်နှင့် ကိစ္စကမပြီး။ ကျောင်းကျတော့လည်း ဟိတ်နှင့် ဟန်နှင့် နေရသည်။ တသက်လုံးဆိုသလို သည်လိုချည်းသာ မိမိ၏ စိတ်အာရုံ အသွင်သဏ္ဌာန် အလုံးစုံကို ဟန်ကြီးပန်ကြီး လုပ်ရမည်ကို မနှစ်သက်ပေမဲ့ ဟန်လုပ်ပန်လုပ် နေသွားရမည်ကို စက်ဆုပ်ရွံရှာဖွယ် ကောင်းသည်ဟု တွေးတောခြင်း မရှိစေကာမူ ဦးကျော်သာဦး ရောက်လာ၍ စိတ်အာရုံကို လေထဲမှာပျံဝဲသော ငှက်ငယ်တကောင်လို လွှတ်ထားရခြင်းကိုတော့ ဒေါ်ကေသီ နှစ်သက်သဘောကျသည်မှာ အမှန်ပင်။

နောက်တကြောင်းကလည်း လူတွေ၌ မသိစိတ်ဆိုသည်မှာ တကယ်တမ်း မြတ်နိုးစရာပါ တကားဟုလည်း ဒေါ်ကေသီ ကြိုကြားကြိုကြား တွေးမိခဲ့သေးသည်။

စိတ်သည် မကောင်းမှု၌သာ မွေ့လျော်သည်ဟု ဗုဒ္ဓဘာသာတို့ နာခံမှတ်သားကြသည် ရှိ၏။ ဒါကို ဒေါ်ကေသီ သဘောမတူချင်။ တခါတရံ စိတ်ဟူသည် ကောင်းမြတ်ခြင်း၌လည်း မွေ့လျော်တတ်သည်ဟု သူဆိုချင်၏။ တခုတော့ရှိသည် မကောင်းမှု၌ မွေ့လျော်သော စိတ်အာရုံကို တပါးသူ မသိသင့်သကဲ့သို့ပင် ကောင်းမြတ်ခြင်း၌ မွေ့လျော်သော စိတ်မျိုးကိုလည်း တပါးသူ မသိကောင်းပေဘူးဟု ဒေါ်ကေသီ မှတ်ယူချင်သည်။

ဖြစ်နိုင်လျှင် မိမိ၏စိတ်အာရုံ မွေ့လျော်ခြင်းများနှင့် စပ်လျဉ်း၍ မိမိကိုယ်တိုင် မသိနိုင်စွမ်းသည်ကိုပင် ဒေါ်ကေသီ ကျေနပ်ချင်သည်။ ထို့ကြောင့် တခါတခါတော့ အသိနှင့် အာရုံသည်လည်းကောင်း၊ အသိနှင့် ဝေဒနာသည်လည်းကောင်း ကွဲပြားသည်ဟု သူ ယူဆသည်။ ကြည့်လေ။ ဦးကျော်သာဦးနှင့် စကားပြောရ၍ ကြည်နူးရပါတကားဟု အသိမထားချင်ပေမဲ့ စိတ်အာရုံမှာက ကြည်နူးသည်။ အသိမဲ့ စိတ်အာရုံခံစားခြင်းဟု အမည်ပေးချင်သည်။ သို့မဟုတ် မသိစိတ် ဆိုသည်မှာ ထိုအရာပင် ဖြစ်ပေမည်။

ထိုအသိစိတ်တွင် ပေါက်စမ မည်သည့်အချိန်က ဝင်ရောက်နေခဲ့သနည်းဟု မသိသည်ကို တော့ ဒေါ်ကေသီ ဒေါပွသည်။

အစကတော့ ကိုကိုထွန်းနှင့် ပတ်သက်ပြီး ပေါက်စမကို စိတ်အလိုမကျ ဖြစ်ခဲ့ရသည်။ သည်ကလေးသည် ကိုကိုထွန်းကို အရောတဝင် ပြုလွန်းသည်။ ကိုကိုထွန်းဆိုသော သူငယ်ကလည်း ထိုကလေးမကို ပလဲပတင်ပြုလွန်းသည်။ သင်းတို့ချင်း တွေ့စမှာ ကလေးတွေပဲဟု စိတ်က ပေါ့ပေါ့ဆဆ ထားခဲ့နိုင်ပေမဲ့ သင်းတို့ ခန္ဓာကိုယ်တွေမှာ သေးသေးညှက်ညှက်ကလေးတွေအဖြစ် ရပ်တန့်မနေ။

ပေါက်စမဆိုသော ကောင်မကလေးသည် တနေ့တခြား မျက်စိအောက်မှာပင် ဖွံ့ထွားလာသည်။ အသားအရေက စိုပြည်လာသည်။ ခန္ဓာကိုယ်က နုမျစ်သည်။ မျက်လုံးအစုံက ရွှန်းစိုဝင်းလဲ့လာသည်။ ဟန်ပန်သဏ္ဌာန်ကျတော့ လိပ်ပြာငယ် ပျံဝဲလာသည်လို လေညင်းတွင် ဟန်လုပ်၍ ဟိုသည် တိမ်းတတ်၊ ယိမ်းတတ်သည့် ပွင့်သစ်စ ပန်းပွင့်ကလေးနှယ်။

ကြာတော့ ကိုကိုထွန်းနှင့် သင်းတို့ ဆက်ဆံရေးတွင် မျက်စိထောင့်လာသည်။ တခါသားတွင် ပြစ်တင်စကားဆိုမိသည်။ ဒါကို ပေါက်စမက တယ်ပြီး ကျေနပ်ချင်ပုံ မပေါ်။ ဒေါ်ကေသီအဖို့ ကိုကိုထွန်းကို အပြစ်မဆိုချင်။ တော်တော်ကြာ ဆင်အိပ်ရာ ဆိတ်နှိုးဖြစ်မည် စိုးသည်။ သည်တော့ ဘာပဲဖြစ်ဖြစ် သည်သူငယ် ဦးကျော်သာဦးတို့ အိမ်ဘက်မှာသွားပြီး သန္တာနွယ်နှင့် ရယ်လား မောလား နေသည်ကို ကျေနပ်ရသေးသည်။

ရှိပါစေ သည်ကိစ္စမှာ မိမိနှင့် တိုက်ရိုက်ပတ်သက်သည့် အရေးကိစ္စမှ မဟုတ်ပေဘဲ၊ အနေသာကြီးဟု ဒေါ်ကေသီ မှတ်ချင်လည်း မှတ်လို့ရသည်။

စင်စစ် ဦးကျော်သာဦးနှင့် ဒေါ်ကေသီတို့မှာ တဦးနှင့်တဦး စာချုပ်စာတမ်းပြုကာ ကတိကဝတ် ပြုခဲ့ကြသည် မဟုတ်စေကာမူ တဦးစိတ်သဘောကို တဦး သိထားပြီးဖြစ်ဟန်နှင့် တဦးစိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်တို့ကို တဦးက မပြောဆိုဘဲ တဦးနှင့်တဦး ပြုံးရယ် ရွှင်ပြနိုင်သည်များကိုသာ ပြောဆိုခဲ့ ကြသည် ဖြစ်၏။

သို့ပါလျက် ပေါက်စမဆိုသော သူငယ်မသည် သူ့တာဝန်အရ ကော်ဖီအစ၊ လိမ္မော်ရည်၊ စားသောက်ဖွယ် စသည်တို့ကို မိမိတို့စကားဝိုင်းသို့ လာရောက်ပေးပို့သည့်အခါတိုင်း ဦးကျော်သာဦး ကိုယ်တိုင်၌က အရယ်အမောစကား ဆိုချင်သည်။ ထိုလူသည် အိမ်စေကို အိမ်စေသဘော မပိုက်ဘဲ သူ့တူ၊ သူ့သမီးအသွင်မျိုးနှင့် မေးလား၊ မြန်းလား၊ ပြောလား၊ ဆိုလား လုပ်ချင်သည်။ သည်အခါ ဟိုသူငယ်မကလည်း မျက်လုံးကလေး ချာလည်လှည့်ကာလှည့်ကာနှင့် ပြုံးချည်၊ ရယ်ချည်ပြုလျက် စကားရော၊ ဖောရော လုပ်ချင်သည်။ သည်လိုအပြုအမူကို ဒေါ်ကေသီ နည်းနည်းကလေးမျှ မကြိုက်။

ပထမ တကြိမ် နှစ်ကြိမ်မှာ

“နင်က အိမ်စေ၊ ဟိုက အငြိမ်းစားဝန်မင်း၊ နင် ဘာမှ ရောရောနှောနှော ဆက်ဆံစရာ မလိုဘူး၊ အိမ်စေဟာ အိမ်စေပီပီ နေရမယ်”

ဆိုထားပါလျက် ဟိုလူက မနေ။ ကြုံတိုင်း စကားစချင်သည်။ နောက်ချင်သည်။ ပြောင်ချင်သည်။ ကျီစယ်ချင်သည်။

တခါတခါ ထိုလူသည် မိမိထက်ပင် သည်ပေါက်စမကို အရောတဝင် ပြုသည်လား အထင်နှင့် စိတ်ပေါက်ချင်ချင်။

သည့်ထက်ဆိုးသည်က ရှိသေးသည်။ တခါတရံ ထိုလူသည် အိမ်သို့ရောက်လာပြီး မိမိကို မတွေ့လျှင် ပြန်ရုံသာရှိသည် မှန်လျက်မပြန်။ မောင်မင်းကြီးသားက ပေါက်စမကို ခေါ်ပြီး တရင်းတနှီး ရယ်လားမောလား စကားပြောချင်သည်။ ဦးကျော်သာဦးကိုကား သည့်အတွက် မကျေနပ်ပေမဲ့ ပြောမထွက်။ ကြုံရလွန်းတော့ မောင်မင်းကြီးသားသည် ပေါက်စမအပေါ်မှာ စိတ်ညွတ်သည်လား တွေးမိသေးသည်။ မဖြစ်နိုင်စရာ အကြောင်းမရှိဟုလည်း အခိုင်အမာ ဆုံးဖြတ်သည်။ ကောင်မကလေးက စိုပြည်လှပသည်။ နုမျစ်ဖွံ့ထွား လတ်ဆတ်သည်။ ဒေါ်ကေသီ ဆက်ပြီး မတွေးချင်။

မည်သို့ဖြစ်စေ တကိုယ်တည်းကျိတ်ပြီး ပေါက်စမကို မနာလိုဖြစ်နေပါကလား တွေးပြန်တော့ ရှက်သည်။ မိမိသည် အိမ်စေမကိုပင် ယှဉ်ပြိုင်သူ အမှတ်ထားမိသည်လားဟု မသိစိတ်ကို စက်ဆုပ်ပြန်သည်။

စင်စစ် မသိစိတ်နှင့် ထွေပြားသော စိတ်အာရုံဆိုသည်များမှာ ငယ်စဉ်အခါက အိပ်ရာဝင်ချိန်တွင် အိပ်ရာထဲသို့ရောက် မျက်လုံးစုံမှိတ် အိပ်ကရော မှတ်ပေမဲ့ အိပ်မပျော်နိုင်သေးဘဲ မျက်စိအမြင်အာရုံမှာ ပြာလိုက်၊ နီလိုက်၊ စိမ်းလိုက်၊ ဝါလိုက် ရောင်စုံတွေ ပွင့်လိုက်၊ ရွက်လိုက်၊ ခက်လိုက်၊ နွယ်လိုက်၊ ဝိုင်းလိုက်၊ သွယ်လိုက် ဖြစ်ပေါ်လာတတ်သည်နှင့် တူလှပါတကားဟုလည်း ဒေါ်ကေသီ တွေးမိ၏။

အိပ်ရာထဲမှာ တွေ့ရသော အပွင့်၊ အရွက်၊ အခက်၊ အနွယ်၊ အဝိုင်း၊ အသွယ် နီ၊ ပြာ၊ ဝါ၊ စိမ်း ရောင်စုံတွေလိုပင် ဘာမျှရေရေရာရာမရှိသော အသိစိတ်နှင့် ထွေပြားစိတ်တို့ဖြင့် လှုပ်ခတ်ခံစားရ သည်များကို ဒေါ်ကေသီ ကျေနပ်ရသည်များကို မသိ။ သို့မဟုတ် မသိဟန်ပြုသည် ဖြစ်ပေမည်။

သို့ပါလျက် ကိုကိုထွန်းစိတ်က တခါတခါတော့ မိမိသည် နွယ့်ကို ချစ်နေမိသည်လား။ သို့မဟုတ် နွယ်နှင့် ပတ်သက်၍ မိမိစိတ်လှုပ်ရှားရခြင်းသည် ချစ်ခြင်းမေတ္တာ၏ သဘောလားဟူ၍ ကြိမ်ဖန်များစွာ မိမိကိုယ်ကို မေးမြန်းမိလေသည်။ ဦးကျော်သာဦးသည် ဒေါ်ကေသီထံသို့ လာရောက် လည်ပတ်ရခြင်းအတွက် တကယ်တမ်း ကြည်နူးရွှင်ပျသည်၊ မရွှင်ပျသည်ကိုသာ အတိအကျ မဖော်ပြနိုင်လျှင် ရှိချင်ရှိပေမည်။ ကိုကိုထွန်း နွယ်ရှိသောအရပ်၌ မွေ့လျော်သည်ကိုကား အမှန်အတိုင်း ဖော်ပြရန် ခဲယဉ်းမည် မဟုတ်ပေ။

နွယ့်ကို ခင်မင်သည်။ နွယ်နှင့် တွေ့ရလျှင် စိတ်နှလုံး ကြည်နူးသည်။ နွယ်နှင့် စကားလက်ဆုံကျရာနေရာဖြစ်သော နွယ်တို့အိမ်ရှေ့မှ ခရေပင်ရိပ် ကွပ်ပျစ်ငယ်သည် အမြဲတစေ သာယာလှပသည်။ ထိုကြောင့် နွယ်ရှိသောအရပ်၌ မွေ့လျော်သည်။

ဦးကျော်သာဦးသည် လေးစားခင်မင်ဖွယ်ဖြစ်ပါသည်။ ဦးကျော်သာဦး ပြောပြ၊ ရှင်းပြသော အကြောင်းအရာ အချက်အလက်များတွင် စိတ်အားတက်ကြွဖွယ်လည်း ပါ၏။ အသိများ ကြွယ်ရသည်တို့လည်း ပါ၏။ သို့သော် နွယ်နှင့်အတူ စာအုပ်တွေဖတ်၊ အချင်းချင်း ဆွေးနွေးရ၊ ပြောဆိုရသည်ကို ပို၍နှစ်သက်သည်။ ကျေနပ်သည်။ တခါတခါ နွယ့်ရှေ့မှာ လူတတ်ကြီးလုပ်ကာ ပြောလိုက်ရသည်များကိုပင် ကိုကိုထွန်း ကျေနပ်၏။ တခါတခါ နွယ့်ကို လှောင်ပြောကလေး ပြောလိုက်ရသည့်အတွက် နွယ့်မျက်စောင်း တချက်ဝင့်လာသည်ကိုပင် သဘောကျသည်။

သည်စကားကို စပ်လာသောအခါ နွယ့်ကဗျာတွေအကြောင်းကိုလည်း ကိုကိုထွန်း ပြောပြရပေလိမ့်မည်။

ပထမတော့ ကြီးလာလျှင် ဆရာဝန်မ လုပ်မည်ဆိုသော နွယ်သည် ကဗျာ အတိုအစများကို ရေးစပ်သည် ဆိုသောအခါ ကိုကိုထွန်းအဖို့ လှောင်စရာရသည်။ သည်အခါ စကားပြည့်ပြည့် ချေပတတ်ခြင်း မရှိသော နွယ် အရှက်ရလေသည်။ သည်တော့ ကိုကိုထွန်း အမျက်ပြေ အရှက်ပြေ စကား ဆိုရ၏။ သို့ပေမဲ့ နွယ် ကျေနပ်ပုံ မပေါ်။

တခါမှာ နွယ့်ကဗျာကို ကိုကိုထွန်း သဘောကျလှသည် ဆိုသောအခါ

“အောင်မယ် ကိုထွန်းကတော့ကော ဝတ်လုံလုပ်မယ်ဆိုပြီး ကဗျာကို ဝေဖန်တယ်၊ မရှက်ဘူးလား”

ဆိုကာ သူလှောင်သည်။

ကိုကိုထွန်းမှာက ချေပစရာ စကားရှိသည်။

“ဝတ်လုံလုပ်မယ်ဆိုတာနဲ့ ကဗျာ မကြိုက်ရတော့ဘူးလား၊ ဦးဦး ပြောတယ် မဟုတ်လား၊ ကဗျာစာပေ အနုပညာဆိုတာ လူတိုင်းရဲ့ နှလုံးသားအတွက် အာဟာရ ဆိုတာ”

ခပ်တည်တည် ပြောလိုက်သောအခါ နွယ်ပဲ ခေါင်းကလေးငုံ့ကာ မျက်တောင်ကလေး ပုတ်ခတ်ပုတ်ခတ် လုပ်ရသည်။ ထို့ကြောင့် နွယ်ရှိသောနေရာမှာ ကိုကိုထွန်း မွေ့လျော်သည်။

သည်တော့ နွယ့်ကို ချစ်နေသည်လား တွေးသည်။ သည်အတွေးကြောင့် တုန်လှုပ်သည်။ စင်စစ် သည်အရွယ်မှာ သည်အတွေး ဝင်ရောက်လာခြင်းကိုကား ကိုကိုထွန်း ထိတ်လန့်သည်။ မဖြစ်နိုင်ပါဘူး။ ငြင်းပယ်သည်။ မဖြစ်သင့်ဟုလည်း အကြောင်းပြသည်။

မည်သို့ဖြစ်စေ၊ နွယ်နှင့် တွေ့ရလျှင် ပျော်သည်။ တနေ့မျှ နွယ်နှင့် မတွေ့ရလျှင် အောက်မေ့သည်။ ယခု နွယ့်ထံသို့ရောက်လျှင် ထိုလူတယောက်နှင့် တွေ့ဆုံရခြင်းကိုလည်း ကိုကိုထွန်း ကျေနပ်သဘောကျသည်။

ထိုသူကား မကြာမီရက်များအတွင်းက နွယ်တို့အိမ်သို့ ရောက်လာတတ်သော လူစိမ်း ဖြစ်လေသည်။ သူ့အမည်မှာ ကိုအောင်သူ။

| ၁၅ |

 

ရဲကျော်စွာသည်လည်းကောင်း၊ အောင်သူသည်လည်းကောင်း ကိုကိုထွန်းအဖို့ စိမ်းသောအမည်များ မဟုတ်ကြပေ။ ကိုကိုထွန်းသည် များမကြာမီကပင် အောင်သူ၏ ဝတ္ထုများကို လည်းကောင်း၊ ရဲကျော်စွာ၏ ဆောင်းပါးများကိုလည်းကောင်း ဖတ်ရှုခဲ့ဖူးပြီဖြစ်၏။

သို့သော် ကိုအောင်သူဆိုသော ထိုလူကို စတင်တွေ့ဆုံရစဉ်ကမူ ထိုလူသည် မိမိသဘောကျ နှစ်ခြိုက်သော စာရေးဆရာတယောက် ဖြစ်လိမ့်မည်ဟု ရုတ်တရက် မထင်ခဲ့ပေ။

တနေ့တွင် ဦးကျော်သာဦး မြို့ထဲမှအပြန်မှာ ထိုသူ နွယ်တို့အိမ်သို့ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။

သူ့အသက်အရွယ်မှာ ၃၀ ပတ်ဝန်းကျင်တွင် ရှိမည်။ မျက်နှာပြင်က ကြည်စင်ချိုမြသော အသွင်ကိုဆောင်သည်။ စကားကို ခပ်ပြတ်ပြတ် ပြောတတ်ဟန် ရှိ၏။ မျက်လုံးသည် စူးရှရဲတင်းလွန်းသည်။ ခန္ဓာကိုယ်မှာ ဖြူနုပြီး ကျုံလှီသေးကွေးသည်။ ဟန်ပန်သဏ္ဌာန်ကမူ ထက်မြက်တက်ကြွဟန် ရှိ၏။

နွယ်နှင့် စကားလက်ဆုံကျနေရသည် ဖြစ်သောကြောင့် ထိုသူကို စိတ်မဝင်စားချင်ပေ။ ဦးကျော်သာဦးသည် ထိုလူနှင့်အတူ သူ၏ စာကြည့်ခန်းတွင် အတန်ကြာ နေခဲ့ပြီးမှ ပြန်၍ထွက်လာကြသည်။ ထိုလူ ထွက်ခွာသွားမှပင်

“ကိုထွန်း၊ အခု ထွက်သွားတဲ့လူကို သိရဲ့လား”

ဦးကျော်သာဦး မေးလာခြင်းကို ဆန်းသည်ဟုထင်၏။

“မောင်အောင်သူဆိုတဲ့ သူငယ်ပဲ၊ စာရေးဆရာ အောင်သူဆိုတာ”

ဟူသော ဦးကျော်သာဦး၏ နောက်ဆက်တွဲစကားကို ကြားရမှပင် ထိုလူနှင့် ရင်းနှီးခင်မင်ခွင့် မရခဲ့သည့်အတွက် နောင်တဖြစ်ရပြန်၏။

သို့သော် ထိုသူ၏ အကြောင်းကိုကား သူ့ကို စတင်တွေ့မြင်ရသောနေ့မှာပင် ကြားသိခဲ့ရပေသည်။

ထိုသူနှင့် ဦးကျော်သာဦးတို့သည် စစ်ကြီးဖြစ်စကပင် စတင်သိကျွမ်းခဲ့ကြသည်ဖြစ်၏။ စစ်အတွင်း၌ ထိုသူသည် ရပ်ကွက် အာရှလူငယ်အသင်းတွင် ဆောင်ရွက်ခဲ့သည်။ တော်လှန်ရေး ကာလ၌ တော်လှန်ရေးတပ်သား ဖြစ်လာ၏။ ထိုစဉ်ကပင် သူသည် ရဲကျော်စွာဟူသောအမည်ကို ခံယူခဲ့သည်။

တော်လှန်ရေး ပြီးဆုံးသောအခါတွင် တော်လှန်ရေးအတွေ့အကြုံ၊ နိုင်ငံရေး အလေ့အလာနှင့် မျိုးချစ်စိတ်အခြေခံတို့ကို အရင်းတည်ကာ စာပေလောကသို့ ကူးဝင်ခဲ့လေသည်။ သူ၏ ‘ရိုးမ’၊ ‘တပေါင်း’ နှင့် ‘ကိုယ့်တိုင်းကိုယ့်ပြည်’ တို့သည် ထင်ရှားသော စစ်ပြီးခေတ် ဝတ္ထုများစာရင်းတွင် ထည့်သွင်းဖော်ပြ ပြောဆိုခြင်း ခံရလေသည်။ အမည်ရင်း အောင်သူဖြင့် ဝတ္ထုများ ရေးသလို တဖက်တွင်လည်း သတင်းစာ၊ ဂျာနယ်များ၌ တော်လှန်ရေးကာလအမည်ဖြစ်သော ရဲကျော်စွာ အမည်ဖြင့် နိုင်ငံရေးဆောင်းပါးများကို ရေးသားနေသူ ဖြစ်လေသည်။

မကြာမီတွင် ထိုလူသည် ကိုယ်ပိုင်ဂျာနယ်တစောင်ကို ထုတ်ဝေရန် စီစဉ်နေသည်ဟုလည်း သိရ၏။

သည်ကတည်းကပင် ကိုကိုထွန်းသည် သူ့ဘဝကို အားကျခဲ့သည် ထင်၏။ နောက်ရက်များ၌ ကိုအောင်သူသည် နွယ်တို့အိမ်သို့ မကြာခဏ ရောက်လာတတ်သူ ဖြစ်လေသည်။ ထိုအခါ သည်အိမ်သားများနှင့်တကွ ကိုကိုထွန်းနှင့်ပါ ရင်းနှီးခွင့် ရခဲ့လေ၏။ တခါတခါတွင် ကိုကိုထွန်းသည် သူနှင့် ရင်းနှီးသော ကျောင်းသားတချို့ကို နွယ်တို့အိမ်သို့ ခေါ်လာကာ ကိုအောင်သူနှင့် မိတ်ဆက်ပေးရခြင်းကိုပင် ဂုဏ်ယူခဲ့ရလေသည်။

ကိုအောင်သူနှင့် ဦးကျော်သာဦးတို့ ဆွေးနွေးပြောဆိုကြသည်များကို နားထောင်ရလျှင် ကိုကိုထွန်း မငြီးငွေ့။ တခါတရံ မိမိကိုယ်တိုင် ဝင်ရောက် ဆွေးနွေးခွင့်ရသည် ဆိုသောအခါ စိတ်အား ပိုမိုတက်ကြွရသည်။ သို့ဖြင့် ကိုအောင်သူကို ခင်မင်လေးစားခြင်းဖြင့် ဆက်ဆံခဲ့ရ၏။ ကြာသော် ငယ်စဉ်က ဖေဖေပြောခဲ့သည့်အတိုင်း ဝတ်လုံတော်ရတဦး ဖြစ်လာဖို့ထက် ကိုအောင်သူလို စာရေးဆရာ သို့မဟုတ် သတင်းစာဆရာတယောက် ဖြစ်မြောက်ရေးဘဝကို တောင့်တလာချင်သည်။

နွယ်ရှိသောအရပ်၌ မွေ့လျော်ရသည်ဆိုရာတွင် ကိုအောင်သူနှင့် တွေ့ဆုံရခြင်းသည်လည်း အကြောင်းရင်းတခု ဖြစ်မည်ဟု ယူဆသည်။

တခါတခါတော့ နွယ်တို့အိမ်သို့ သွားလာနေခြင်း၊ ဦးကျော်သာဦး၊ ကိုအောင်သူတို့ ပြောဆိုသော စကားများကို နားထောင်ရခြင်း၊ မိမိကိုယ်တိုင် ပါဝင် ပြောဆိုခြင်းတို့သည် တချိန်ချိန်တွင် ဖခင်ဖြစ်သူ သို့မဟုတ် မိခင်ဖြစ်သူ သို့မဟုတ် အန်တီဖြစ်သူတို့၏ အလိုဆန္ဒနှင့် ဆန့်ကျင်နေမည်လားဟုလည်း သံသယဖြစ်မိသေးသည်။

ယခုမူ ဖေဖေ၊ မေမေ၊ အန်တီတို့ဆီမှ ဟန့်တားသောစကား ပေါ်ပေါက်မလာမီ ပေါက်စမထံမှ မကျေနပ်စကားကို ကြားရသည် ဖြစ်သောကြောင့် ကိုကိုထွန်း အံ့ဩသည်။

တနင်္ဂနွေနေ့ တနေ့ဖြစ်သည်။

ပေါက်စမသည် နံနက်လင်းသည်နှင့် အိပ်ခန်းစေ့ ဝင်ရောက်ကာ အိပ်ရာအားလုံးကို သိမ်းဆည်းရမြဲ ဖြစ်သည်။ ပေါက်စမ မိမိအခန်းသို့ ဝင်လာပြီး အိပ်ရာ သိမ်းနေစဉ်တွင် ကိုကိုထွန်း မျက်နှာသုတ်နေ၏။

“ဘာလဲ၊ သူ ဟိုအိမ်ကို သွားဦးမလို့ပေါ့လေ”

ပေါက်စမ၏ ခပ်ဆတ်ဆတ်အသံကို ကြားရသောအခါ အံ့သြသည်။ အသံလာရာကို ကြည့်မိသည်။ သူငယ်မသည် သူ မည်သည့်စကားကိုမျှ ပြောဆိုခဲ့ခြင်း မရှိဟန်ဖြင့် စောင်ကိုသာ ခေါက်နေ၏။ ကိုကိုထွန်းရှိရာသို့ တစက်ကလေး လှည့်မကြည့်။

“ပေါက်စမ ဘယ်သူ့ကို ပြောနေတာလဲ”

ကိုကိုထွန်းက ပေါက်စမကို စေ့စေ့ကြည့်ပြီး ပြောသည်။

ပေါက်စမသည် စောင်ကိုခေါက်ပြီး ကိုကိုထွန်းဘက်သို့ မျက်လုံး မသိမသာ တချက်ဝင့်၍

“ဘယ်သူ့ကိုပြောရမှာလဲ၊ သူ့ကို ပြောနေတာ မကြားဘူးလား”

သူ့မျက်နှာကို မမြင်ရအောင် လွှဲထားပေမဲ့ သူ့အသံမှာ မကျေနပ်သောအသွင် ပေါ်လွင်နေသည်။ စိတ်မှာက တမျိုးမျိုး ခံစားရလေသည်။ မည်သည့်ဝေဒနာဟူ၍ မခွဲခြားတတ်။

“ခုတလော သူ ဟိုအိမ်ကိုချည်းပဲ နေ့တိုင်းသွားတယ်”

သည်စကား၊ သည်အသံသည် ရင်ထဲကို ထိုးဖောက်သည်ဟု ထင်သည်။

“ဒါတွေက ဘာဆိုင်လို့ ပြောနေရတာလဲ ပေါက်စမ”

“ဘာဆိုင်လို့ ပြောရမှာလဲ၊ သူ သူများကို အရင်လို မခင်လို့ပြောတာ”

သည်တော့ ကိုကိုထွန်း ရုတ်တရက် စကားပြန်မပြောတတ်။ စိတ်မှာက ချောက်ချားသည်။ ပေါက်စမသည် ကိုကိုထွန်းဆီကစကားကို မကြားလိုသည်လား၊ မမျှော်လင့်လိုသည်လား မဆိုနိုင်ပေ။ သူ့စကားအဆုံးမှာ ခဏပဲရပ်နေပြီး ကိုကိုထွန်းဘက်သို့ မျက်လုံးတချက် စူးစိုက်ကြည့်သည်။ မျက်လုံးအိမ်မှာ မျက်ရည်စ ဝေသည်ကို မြင်နိုင်သည်။

ကိုကိုထွန်း နားမလည်။ ရင်တွင်းမှာ တလှပ်လှပ်နှင့် လှုပ်ခတ်သည်။ ဦးနှောက်မှာ တရိပ်ရိပ်နှင့် နောက်ကျုသည်။

လက်ဖက်ရည်ပွဲသို့ ရောက်သောအခါ စိတ်ထိခိုက် တုန်လှုပ်ဖွယ်သော အဖြစ်အပျက်ကို ရင်ဆိုင်ရပြန်သည်။ ထိုအရေးအခင်းသည် ဖေဖေနှင့် မေမေတို့ အရေးအခင်းသာ ဖြစ်သည်ဟု ပထမတွင် မှန်းဆရသည်။

သို့သော် ထိုအရေးအခင်းသည် မည်သည့်အချိန်တွင် စတင်ပေါ်ပေါက်ခဲ့သည် ဆိုခြင်းကိုကား ကိုကိုထွန်း မှန်းဆမရနိုင်ပေ။

အလိုမကျခြင်း၊ မကျေနပ်နိုင်ခြင်းဖြင့် သုန်မှုန်သော မေမေ့မျက်နှာကို မြင်ရသောအခါ လက်ဖက်ရည်ပွဲတွင် ပြဿနာတခု ပေါ်ပေါက်နေပြီဟု အသိရောက်သည်။ ဖေဖေ့မျက်နှာကိုကား သေချာစွာ မမြင်ရပေ။ ဖေဖေသည် ခေါင်းကို ငုံ့ထား၏။

“ဖေဖေတို့ မေမေတို့သာ ရှိရင် တခါတည်း လဲသေမှာပဲ၊ နေစမ်းပါဦး ကိုကို။ ဒီမြေတွေကို အစိုးရက ပိုင်သလား။ နုတို့က ပိုင်သလား၊ ဒါမှမဟုတ် လယ်သမားတွေက ပိုင်သလား၊ အခုတော့ လယ်ကိုပိုင်ထားတဲ့လူတွေရဲ့ သဘောဆန္ဒကို တခုကလေးမှ မယူဘဲ သိမ်းတယ်၊ လယ်သမားတွေကို ဝေတယ်ဆိုတာ တရားသလား၊ ကိုကိုတို့အနေနဲ့ ဒီကိစ္စတွေကို ဘာမှမပြောနိုင်ဘူးလား”

ကိုကိုထွန်းသည် ကုလားထိုင်တွင် ဝင်ထိုင်မိသောအခါ မေမေ၏ မကျေမချမ်းနိုင်သော စကားကို ကြားရလေသည်။

“ဒါတွေကို ပြောမနေနဲ့ နု၊ ဒါတွေကို ပြောမနေနဲ့၊ နုတို့မြေတွေဆိုတာ ဂျပန်ခေတ်ကစပြီး သီးစားမှန်မှန် ရခဲ့တာမှ မဟုတ်ဘဲ”

ဖေဖေက စိတ်ပျက်ညည်းညူသော လေသံဖြင့် ပြော၏။

“သီးစားခ ရတာ မရတာ မဆိုင်ပါဘူး ကိုကို၊ ကိုယ့်မြေကိုယ် ပိုင်နေသေးတယ်ဆိုရင် တချိန်မဟုတ် တချိန်မှာ ရနိုင်တာပဲ”

“အခု ဒီလယ်တွေနဲ့ ပတ်သက်လို့ လျော်ကြေးရမှာပဲ မဟုတ်လား၊ အစိုးရ ဆိုတာကတော့ လူများစု စိတ်ကျေနပ်အောင် လုပ်ပေးရမှာပဲ၊ ကိုကို ပြောပြီးပါပြီ နုရယ်၊ နုမှာ လယ်တွေက သီးစားခ မရလို့လည်း ဆင်းရဲသွားတာမှ မဟုတ်တာ”

“ဘာပဲဖြစ်ဖြစ် နုတော့ နုမိဘ လက်ငုတ်လက်ရင်းတွေ ဆုံးရှုံးသွားရတာကို နည်းနည်းမှ မကျေနပ်ဘူး”

“ခက်လိုက်ပါဘိ နုရယ်၊ နုဟာ ကိုကိုပြောတာကို နားမလည်နိုင်ဘဲကိုး၊ ကဲ ဒီတော့ ကိုကိုပြောမယ်၊ အခု နုလယ်တွေ ဆုံးရှုံးရတယ် မဟုတ်လား၊ တကယ်က နု ရန်ကုန်မှာ နေနေရတာပါ၊ လယ်တွေကို ပြန်ကြည့်နိုင်တာလည်း မဟုတ်ဘူး၊ သူပုန်တွေရဲ့အန္တရာယ်ကလည်း ကင်းသေးတာ မဟုတ်ဘူး၊ ဒီတော့ နု ဘာတွယ်တာနေစရာ ရှိသလဲ၊ နုအဖို့ ဝင်ငွေဆိုတာ မဆုံးရှုံးစေရဘူးလို့ ကိုကို ကတိပေးထားပြီ မဟုတ်လား၊ ကဲပါ နုရယ် ဒါတွေပြောမနေပါနဲ့တော့”

မည်သို့ဖြစ်စေ ကိုကိုထွန်း မေမေ့ကို သနားသည်။ မေမေ့အဖို့ လယ်မြေဝေငှရေးနှင့် ပတ်သက်၍ မိမိလယ်များ ဆုံးရှုံးရသည်အတွက် စိတ်ထိခိုက်နေရသည်ဟု ကိုကိုထွန်း နားလည်ရသည်။

သည်အကြောင်းတွေကို ခပ်စောစောကပင် ကိုကိုထွန်းသည် ကိုအောင်သူနှင့် ဦးဦး ဦးကျော်သာဦးတို့ထံက ကြားခဲ့ရပြီဖြစ်၏။ ထိုကြောင့်လည်း လယ်ထဲသို့ တခါမျှ ရောက်ဖူးခြင်း မရှိသော မေမေသည် လယ်မြေများကို ဆက်လက်ပိုင်ဆိုင်ရန် မသင့်။ မိမိကိုယ်တိုင် ကောက်တပင် မစိုက်၊ ရွှံ့တစက် အစဉ်မခံဘဲလျက် လယ်ပေါ်မှ သီးစားခကိုလည်း မခံစားသင့်ဟု ကိုကိုထွန်း နားလည်ထားပြီးဖြစ်သည်။

သို့သော် မေမေ တကယ်တမ်း စိတ်ထိခိုက်နေရသည်ကို တွေ့ရသောအခါ သူ စိတ်မကောင်း။ သည်စကားဝိုင်းတွင် မိမိဝင်ရောက်ပြောဆိုခြင်းဖြင့် မေမေ့ကို အတန်အသင့် နှစ်သိမ့်နိုင်မည်လား တွေးမိသေး၏။ တကယ်တမ်း မိမိစကားတွေမှာ မေမေ့ဘက်က ရပ်တည် ကာကွယ်မည် မဟုတ်သည်ကို သိရသောအခါ နှုတ်ဆိတ်နေရသည်က ပို၍သင့်လျော်မည်ဟုလည်း ယူဆပြန်၏။ သည်တော့လည်း လက်ဖက်ရည်စားပွဲမှ မြန်မြန်ထွက်ခွာသွားခြင်းသည်သာလျှင် အသင့်လျော်ဆုံး ဖြစ်မည်ဟု ဆုံးဖြတ်သည်။

မေမေ့ကိုတော့ ကိုကိုထွန်း သနားသည်။

ထိုနေ့က နွယ်တို့အိမ်သို့ ရောက်သောအခါ ကိုအောင်သူသည် သူ စတင် ထုတ်ဝေသော ပြည်သူ့အရုဏ်ဦး ဂျာနယ်တစောင်ကို ကိုကိုထွန်းအား လက်ဆောင်အဖြစ် ပေးသည်။

ဂျာနယ်မှာ စနေတပတ်ခြား ထုတ်ဝေသော ဂျာနယ်ဖြစ်သည်။

ဂျာနယ်တွင် ပြည်တွင်း၊ ပြည်ပ သတင်းချုပ်၊ နိုင်ငံခြားသတင်း၊ နိုင်ငံတွင်း သတင်းဝေဖန်ချက်၊ လယ်သမားရေးရာ၊ အလုပ်သမားရေးရာ၊ ကျောင်းသားရေးရာနှင့် ယဉ်ကျေးမှု၊ အနုပညာဆိုင်ရာ ဆောင်းပါးများ၊ ဝတ္ထုများနှင့် ကဗျာများ ပါရှိလေသည်။

သည်ဂျာနယ်တွင် ရဲကျော်စွာရေးသော မြန်မာ့လယ်မြေနှင့် မြန်မာလယ်သမား ဆောင်းပါးကို စိတ်ဝင်စားမိသည်။ ဖတ်ကြည့်မိသည်။ ပြီးလျှင် သဘောမပေါက်သည်တို့ကို ဦးဦး ဦးကျော်သာဦးထံမှာ မေးရ၏။ သည်ဆောင်းပါးကို မေမေ့အား ပေးဖတ်မည် စိတ်ကူးသေးသည်။ လက်တွေ့မှာ မပေးဖြစ်။

ထိုနေ့က ပေါက်စမနှင့်ပတ်သက်၍ စိတ်နှလုံး ထိခိုက်လှုပ်ရှားရသည်ကို အလိုလို မေ့ပျောက်နိုင်သော်လည်း မေမေ့သုန်မှုန်သောမျက်နှာကို မြင်ရသောအခါ မေမေ့အတွက် စိတ်မကောင်း။ မေမေ့တွင် ဤမျှ ပိုင်ဆိုင်လိုစိတ် ပြင်းထန်နေရခြင်းကိုကား ကိုကိုထွန်း နားမလည်နိုင်။

ထိုအဖြစ်အပျက်များကို သာမန်အဖြစ်အပျက်များအဖြစ် ကျော်လွှား ဖြတ်သန်းခဲ့ကြပြီး နောက် ရက်သတ္တပတ်အတွင်းမှာပင် ဤအိမ်ကြီးတွင် ကိုကိုထွန်းတို့ မသိနိုင်သော အရေးကိစ္စတခု ဖြစ်ပွားပေါ်ပေါက်လာခဲ့ကြပြန်လေသည်။

ဒေါ်ကေသီသည် ညနေကျောင်းအား၍ ကျောင်းဝင်းတွင်းမှ ကားဖြင့်ထွက်လာစဉ်ကမူ စာအုပ်တအုပ်တွင် စိတ်ဝင်စားလာခဲ့သည် ဖြစ်သောကြောင့် ခပ်လှမ်းလှမ်း ကျောင်းဝင်းတံခါးဝဆီမှ မိမိကား တူရူသို့ အာရုံစိုက်ကြည့်နေသော လူတယောက်ကို လုံးဝ သတိထားမိခြင်း မရှိပေ။

မော်တော်ကားသည် ကျောင်းဝင်းတံခါးဝတွင် ရုတ်တရက် အရှိန်သတ် ရပ်သွားသည့်အတွက် ဒရိုင်ဘာဆီသို့ ပထမဆုံး လှမ်းကြည့်သည်။ သူထိုင်နေသော နောက်ဘက်တံခါးပေါက်တွင် တံခါးပေါင်ကို ကိုင်လျက် ရပ်နေသူကို မမြင်သေး။ အမြင်သိစိတ်သည် ထိုလူ့ထံသို့မရောက်မီပင် အသိစိတ်သည် တံခါးဝမှ ထိုလူထံသို့ ရောက်သွားသည်။

ထိုလူ့ကို မြင်သည်။ ခန္ဓာကိုယ်တခုလုံး သွက်သွက်ခါသွားသကဲ့သို့ ခံစားလိုက်ရ၏။ မျက်လုံးအစုံမှ မီးဟုန်းဟုန်း တောက်သည်ဟုလည်း ထင်လိုက်ရ၏။ ဒေါသစိတ်သည် သွေးကြောအနှံ့ ပျော်ဝင်ကာ တကိုယ်လုံးသို့ ပြန့်ပွားလာခဲ့လေသည်။

တံခါးပေါင်ကို ကိုင်လျက်ရပ်နေသူကမူ မည်သို့မျှ တုန်လှုပ်ခြင်း မရှိဟန်ဖြင့် ဒေါ်ကေသီကို ငေးစိုက်ကြည့်နေ၏။

ဒရိုင်ဘာ လှစိန်သည် ခပ်စောစောက သူ့ကားရှေ့မှ ဆီးတား၍ ကားကိုရပ်တန့်စေပြီး ယခုတိုင် ကားကို ရုတ်တရက် မောင်းထွက်မသွားနိုင်အောင် တံခါးပေါင်ကို လက်မောင်းဖြင့် တွယ်ချိတ်မှီကပ်လျက် ရပ်နေသည့် ထိုလူအား နားမလည်နိုင်သောအကြည့်ဖြင့် တချက် လှမ်းကြည့်သည်။

“ဟေ့ လှစိန် မောင်လေး၊ ကားကို ဘာဖြစ်လို့ ရပ်ပစ်ရတာလဲ”

“မ မ မ မောင်းနဲ့၊ တခါထဲ ကား ကား ကားအောက်ဝင် ဝင် ဝင်ပစ်မယ်”

ထစ်ထစ် အအ ပြောလာသော စကားသံကြောင့် လီဗာကို နင်းအံ့သော လှစိန်၏ ခြေဖဝါးသည် ရွံ့သွား၏။

“ဒေါ် ဒေါ် ဒေါ်ကေသီ၊ ခင်ဗျား ခင်ဗျား ကျုပ် ကျုပ် ကျုပ်ကို ဆက် ဆက်ပြီး ညှဉ်း ညှဉ်း ညှဉ်းဆဲဖို့ မကောင်း မကောင်းပါဘူး။ ဟို ဟို ဟို သူ့ကို တွေ့ချင်တယ်၊ ကျုပ် ကျုပ် သူ့ကို တွေ့ တွေ့ တွေ့ ဖို့ လွန် လွန် လွန်ခဲ့တဲ့ နှစ်နှစ်က တခါတခါလာတယ်၊ သူ သူ အတွေ့ မခံ မခံဘူး”

“တော်ဟေ့ တော်၊ မင်း နောက်ထပ်ပြီး ဘာမှပြောမနေနဲ့၊ ဖယ်လိုက်စမ်း၊ လှစိန် မောင်းမှာ မောင်းစမ်း”

စကားထစ်အသော ထိုလူသည် မော်တော်ကားတံခါးကို ဆွဲဖွင့်ရန် ကြိုးစားလိုက်၏။ ဒေါ်ကေသီသည် အတွင်းဘက်တံခါးခလုတ်ကို လျင်မြန်စွာ ဆွဲကိုင်လိုက်ပြီး

“မင်း ဒါဘာလုပ်တာလဲ၊ ငါပြောနေတာကို မင်းမကြားဘူးလား၊ ဘာလဲ၊ အပြင်မှာ ကောင်းကောင်းမနေဘဲ ထောင်ထဲကို ပြန်သွားချင်သလား”

ခပ်ထန်ထန် ပြောလိုက်၏။

ဒရိုင်ဘာ လှစိန်သည် နောက်ဘက်သို့ လှည့်ကြည့်ရင်း အံ့သြနေ၏။ ကားကို ရုတ်တရက် မောင်းသွားလျှင် ဖြစ်နိုင်သည်ကို သူသိ၏။ သို့သော် ကားမောင်းသည်နှင့် ထိုလူ ကားဘီးအောက်သို့ ဇွတ်ဝင်လှဲလိုက်မည်ကို ကြောက်နေ၏။

“ကျုပ် ကျုပ် ခင်ဗျား ခင်ဗျားကို အနှောင့်အယှက် မပေးပါဘူး၊ သူ့ သူ့ သူ့ကိုသာ တွေ့ပါရစေ”

ထိုလူ၏အသံမှာ ပျော့ပျောင်းလာ၏။ တောင်းပန်တိုးလျှိုးသောလေသံ ဖြစ်လေသည်။

“ဖယ်စမ်းကွာ၊ ဖယ်စမ်း၊ ငါ အားလုံး စိတ်ချမ်းသာအောင် လုပ်ပေးထားပြီ မဟုတ်လား၊ ကောင်းပြီ၊ မင်းမယားကို တွေ့ချင်ရင် ငါလွှတ်လိုက်မယ်၊ အေး သို့ပေမဲ့ ငါ့အိမ်ဝိုင်းထဲက ထွက်သွားပြီးရင်တော့ ပြန်ဝင်ရလိမ့်မယ် မထင်နဲ့၊ ဒါပဲ”

ထိုလူ၏မျက်နှာသည် ချက်ချင်း ညှိုးကျသွားလေသည်။ တံခါးခလုတ် ကိုင်ထားသော လက်ကို ရုပ်လိုက်သည်။ တံခါးရွက်တွင် မှီထားသော ခန္ဓာကိုယ်ကိုလည်း နောက်သို့ ဆုတ်လိုက်၏။

အကင်းပါးလှသော ဒရိုင်ဘာသည် လီဗာကိုနင်း၍ ကားကို လျင်မြန်စွာ မောင်းနှင်လေတော့ သည်။ ဒေါ်ကေသီ၏ ဒေါသစိတ်ကို ထိတ်လန့်တုန်လှုပ်ခြင်းက လွှမ်းလာ၏။

မော်တော်ကားသည် တရိပ်ရိပ်ပြေးလျက် ထွက်ခွာလာခဲ့သလို လွန်ခဲ့သောအချိန်များက ဖြစ်ရပ်တို့သည်လည်း သူ၏စိတ်အာရုံသို့ ဖျတ်ခနဲ ဖျတ်ခနဲ ဝင်ရောက် လာကြပြန်လေသည်။

စင်စစ် ဒေါ်ကေသီသည် ထိုလူနှင့်ပတ်သက်၍ မည်သည်ကိုမျှ ပြန်လည် အောက်မေ့ သတိရခြင်း မပြုလိုပေ။ ဖြစ်နိုင်မည်ဆိုလျှင် ထိုလူ ဆက်စပ်အကျုံးဝင်နေသော အဖြစ်အပျက်များကို သာမန် ထမင်းစားရေသောက် အဖြစ်အပျက်မျိုးအဖြစ် ကျော်လွန်လာခဲ့ချင်သည်။ မေ့ဖျောက်ထားပစ်လိုက်ချင်သည်။ တကယ်ဆိုလျှင် ထိုအလုံးစုံသော အဖြစ်အပျက်များသည် လွန်မြောက်ပြီးဆုံးခဲ့ကြပြီလည်း ဖြစ်ပေသည်။

တခုပြောစရာကား ရှိပါသည်။ ဒေါ်ကေသီသည် စံမြင့်ကို အမှန်တကယ် သနားခဲ့သည်။

စံမြင့်သည် ရိုးသားသည်။ ဖြောင့်မတ်သည်။ သစ္စာရှိသည်။ သို့သော် ဒင်းမှာ မဟုတ်လျှင် မခံလိုသောစိတ်ဓာတ်အပြည့်ရှိသည်။

ရိုးသည်။ ဖြောင့်သည်။ သစ္စာရှိသည်ကို ဒေါ်ကေသီ နှစ်သက်နိုင်သော်လည်း မဟုတ်မခံ စိတ်ဓာတ် မွေးသည်ကိုကား ဒေါ်ကေသီ လက်မခံနိုင်၊ မနှစ်သက်နိုင်။

မည်သို့ဖြစ်စေ၊ စံမြင့်ကိုကား ဒေါ်ကေသီ အကြွင်းမဲ့ ယုံကြည်ခဲ့လေသည်။ သူသည် မိမိ၏ ရာသက်ပန်အိမ်စေ ကျွန်တယောက် ဖြစ်လာနိုင်ရမည်ဟုလည်း ဒေါ်ကေသီ မှတ်ယူထား၏။

ထိုကြောင့်ပင် စံမြင့်ကို ဒရိုင်ဘာ၊ သူ့မယား လှမင်းကို ထမင်းချက်ထားကာ သမီးပေါက်စမနှင့်အတူ ကျွေးမွေးပြုစုခဲ့သည်။

ဒေါ်ကေသီ သွားလေရာသို့ စံမြင့် ကားမောင်းပို့ခဲ့ရသည်။ ထိုစဉ်က စံမြင့်မှာ ကားမောင်းရုံသာ မဟုတ်၊ ဒေါ်ကေသီ၏ အိမ်တွင်းအိမ်ပြင် အရေးကိစ္စများကိုလည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးရ၏။ ထို့ကြောင့် စံမြင့်သည် ဒေါ်ကေသီ၏ လူယုံလက်စွဲလည်း ဖြစ်ခဲ့ရလေသည်။ ထိုအခါ စံမြင့်သည် ဒေါ်ကေသီ၏ အတွင်းရေး ကိစ္စအလုံးစုံကို သိခွင့်ရလာသည်။

ထိုအချိန်ကား စစ်ကြီးပြီးစ အချိန်ဖြစ်သည်။ ရန်ကုန်တမြို့လုံးတွင် အင်္ဂလိပ်စစ်တပ်၊ အမေရိကန်စစ်တပ်၊ ကပ္ပလီစစ်တပ်များ မွှေနှောက်ခြယ်လှယ်နေကြသော အချိန်မျိုးလည်းဖြစ်သည်။

ထိုအခြေအနေမျိုး၌ ဒေါ်ကေသီကဲ့သို့ ခေတ်ပညာတတ်၊ အနောက်တိုင်းသူ စိတ်ထားမျိုး မွေးမြူလိုသော အမျိုးသမီးကြီးတယောက်သည် အမေရိကန် စစ်ဗိုလ်ကြီးများ၊ အင်္ဂလိပ်စစ်ဗိုလ်ကြီး များနှင့် အကျွမ်းတဝင် ဖြစ်ရသည်မှာ ထူးခြားဆန်းကြယ်လှသည် မဟုတ်ပေ။

သို့ပါလျက် စံမြင့်စိတ်က ဒေါ်ကေသီ၏အိမ်သို့ အမေရိကန် အင်္ဂလိပ် စသော တိုင်းခြားသား စစ်ဗိုလ်ကြီးများ ဝင်ထွက်သွားလာနေခြင်းကို လည်းကောင်း၊ ဒေါ်ကေသီကိုယ်တိုင် ထိုလူများ နေထိုင်သော အိမ်များသို့ သွားရောက်လည်ပတ်ခြင်းကိုလည်းကောင်း သဘောကျ နှစ်သက်ခြင်း မဖြစ်ခဲ့ပေ။

ဒေါ်ကေသီအဖို့တော့လည်း မိမိ၏ဆက်ဆံရေးနှင့် ပတ်သက်၍ မည်သူ တဦးတယောက်ကမျှ မနှစ်သက်၊ မလိုလားသော သွင်ပြင်မျိုးကို အထင်အရှား ပြလာခဲ့ကြသည် မဟုတ်ပါဘဲလျက် မိမိ၏ ဒရိုင်ဘာလုပ်သူက နှာခေါင်းရှုံ့ခြင်းမျိုးကို တစိုးတစိကလေးမျှ အရေးမထားချင်။

သို့ဖြင့် တညနေတွင် ခါတိုင်းတစေလို ရောက်လာမြဲဖြစ်သော ဗိုလ်မှူးစမစ်သည် မြောက်မြားစွာသော ရာရှင်ပစ္စည်းများကို သယ်ပိုးယူဆောင်၍ ရောက်လာခဲ့လေသည်။ စမစ်၏ ကားပေါ်တွင် ပါလာသော စားသောက်ဖွယ် ဘူးများ၊ ကတ်ပုံးများ၊ သေရည်ပုလင်းများကို စံမြင့်ကိုယ်တိုင် သယ်ပိုးပေးခဲ့သေး၏။

ဒေါ်ကေသီသည် အိမ်မှာပင် စမစ်နှင့် ခဏတဖြုတ် စကားပြောသည်။ ပြီးလျှင် စမစ်က အပြင်လိုက်ဖို့ခေါ်သည်။ ဒါမျိုးကိုတော့ ဒေါ်ကေသီ ငြင်းပယ်ရမည်ဟု နားလည်ပြီးဖြစ်သည်။ သူ့လိုလူမျိုးက သွားရောက်လည်ပတ်ခြင်း၊ သူ့ထံသို့ လာရောက်လည်ပတ်ခြင်းကို ဒေါ်ကေသီ စိတ်မလေးခဲ့။ သို့ပေမဲ့ အပြင်သို့ နှစ်ကိုယ်တွဲ ထွက်ရမည်ကိုကား ဝန်လေးသည်။

ထို့ကြောင့် အိမ်မှာပင် ခါတိုင်းလို ညစာစားဖြစ်ကြသည်။ သောက်သည်။ ယစ်မူးသည်။ စမစ်က ကလိုသည် ဆိုသောကြောင့် တွဲဖက်ပြီး ကသည်။ သည်အခါ အသက် ၄ဝ စွန်းခဲ့ပြီ ဖြစ်သော်လည်း စိတ်က ၂ဝ ဝန်းကျင်၊ ၂ဝ အောက်နားတဝိုက်မှာလို နုပျိုသည်။ လတ်ဆတ်သည်။ ထက်သန်သည်။ သည်တော့ ဘာကိုမျှမမြင်။ သည်အဖြစ်မျိုးမှာလည်း ဆန်းသည်ဟု မထင်။ လွန်ခဲ့သောညများကလည်း စမစ်သည် ဤအိမ်တွင် မကြာမကြာ မိုးသောက်ခဲ့ဖူးပြီ ဖြစ်သည်။

အားလုံးကို မေ့လျော့ထားနိုင်သည်။

စိတ်အာရုံက အထင်ကြီးခြင်း၊ ဂုဏ်ယူလိုခြင်းသည် ကြည်နူးခြင်း၊ လိုက်လျော ပေါင်းဖက်ရန် ဝန်မလေးခြင်းကို ခေါ်ယူလာ၏။ လိုက်လျောပေါင်းဖက်ခြင်းဖြင့် အကျွမ်းတဝင် ဖြစ်သောအခါ သူတို့ဓလေ့ထုံးစံမှအပ မည်သည့် ဓလေ့ထုံးစံမျိုးကိုမျှ လိုက်နာကျင့်သုံးအပ်သည်ဟု မအောက်မေ့တော့။ ထိုအခါ သေရည်ဖြင့် ယစ်မူးရခြင်းသည် စည်းစိမ်တပါးဟု ယူဆသည်။ ထို့ထက်ပင်လျှင် ယစ်မူးနိုင်စွမ်းသော၊ မိန်းမောနိုင်စွမ်းသော၊ သာယာနိုင်စွမ်းသော စည်းစိမ်မျိုးကို ရှာဖွေပြန်၏။ တွေ့၏။ ထိုအခါ အလုံးစုံကို မေ့သည်။ ဂုဏ်သိန်သည်လည်း အမှောင်ထဲမှာ ပျောက်၏။ အရှက်အကြောက်တရားသည်လည်း လေထဲမှာ လွင့်ပါသွား၏။

အိပ်မက်တခုလိုပင်။

ထိုအိပ်မက်တွင် ဖျတ်ခနဲလင်းသောမီး၊ လွင့်စဉ်လက်ပလာသော အရောင်များ၊ အရှိန်ပြင်းစွာ ဟပ်လာသော အပူရှိန်။

ထိုအခါ မျက်လုံးအစုံသည် ပြာသွား၏။ အာရုံကြောများ ထောင်းထောင်း ပြတ်သည်။

အိပ်ရာပေါ်မှ ပြေးထသွားသော စမစ်၏ခန္ဓာကိုယ်ကြီး လဲကျသွားဟန်၊ သွေးများ စီးလာဟန်၊ ခုတင်ဘေးတွင် သွေးစွန်းသော ဓားလွတ်ကိုကိုင်လျက် ဒေါသတောက်သောမျက်လုံးဖြင့် မိမိအား စားယောင်၊ ဝါးယောင်ကြည့်နေသော စံမြင့်၊ ထိုအလုံးစုံသည် ရောထွေးဝိုးဝါးနေ၏။

အံ့သြသည်။ ရှက်သည်။ တုန်လှုပ်သည်။ ဒေါသဖြစ်သည်။ ကြောက်သည်။ ထိုအလုံးစုံတို့ကို တပြိုင်နက်တည်း ခံစားရသည်။

သတိရလာသောအချိန်မှာ ပထမ စံမြင့်ကို ဒေါပွသည်။

“ကျုပ် ကျုပ် ကျုပ်မခံနိုင်ဘူး၊ ခင်ဗျား ခင်ဗျား မရှက်ပေမဲ့ ကျုပ် ကျုပ် ကျုပ် ရှက်တယ်”

ဆိုသော သူ့ထစ်အအစကားတွေက နားထဲသို့ သံပူရည်လောင်းနေသည်ဟု ဒေါ်ကေသီ ထင်ရ၏။

တဖြည်းဖြည်းနှင့် သိက္ခာ၊ ဂုဏ်အရှိန်အဝါ ဆိုတာတွေကို ဒေါ်ကေသီ သတိရ ရ၏။ သည်တော့ အဖြစ်မှန်ကို ဖုံးကွယ်ဖို့ ကြိုးစားရသည်။

စမစ်၏ ဒဏ်ရာသည် သေလောက်သောဒဏ်ရာဖြစ်သည်၊ စံမြင့်လည်း လူသတ်မှု ကျူးလွန်ရာ ရောက်သည်ဆိုလျှင်ကား စံမြင့်ကို ကြိုးစင်တင်ပေးလိုက်သည်နှင့် အလုံးစုံသော အကြောင်းချင်းတများမှာ အလိုအလျောက် ပြည်ဖုံးကားချပြီး ဖြစ်ပေမည်။ ယခုမူ ဤသို့မဟုတ်ပေ။ စမစ်၏ဒဏ်ရာမှာ စိုးရိမ်ရလောက်သောဒဏ်ရာ မဟုတ်ပေ။

မည်သို့ဖြစ်စေ စံမြင့်အပေါ်မှာချည်း အပြစ်ကို ပုံချရပေမည်။ အသက် သေဆုံးခြင်း မရှိသေးသော စမစ်နှင့်လည်း ကျေနပ် နားလည်မှုရအောင် လုပ်ရသည်။ ပထမတွင် စမစ်ရော စံမြင့်ကပါ ကျေနပ်လိုသည် မဟုတ်ကြပေ။

သည်အခါ စမစ်ဘက်က ရပ်ရသည်။

မိတ်ဆွေဖြစ် လာရောက်လည်ပတ်သော စမစ်ကို အိမ်မှ ဒရိုင်ဘာက ဓားနှင့်ခုတ်သော အမှုအဖြစ် စံမြင့်ကို ဖမ်းစေရသည်။ စံမြင့်စကားတွေကို အရာမရောက်အောင်လည်း ကြံရဖန်ရသည်။ စံမြင့် ထောင်သက်များများ ကျလေအောင်လည်း လုပ်ရသေးသည်။

စိတ်မှာက မကောင်း။

သို့ဖြင့် စံမြင့် ထောင်ကျရသည်။

သည်အခါ လှမင်းနှင့် ပေါက်စမ သားအမိကို အိမ်မှာ ဆက်ထားရသည်။ သူတို့ သားအမိကိုကား သံယောဇဉ် မပြတ်နိုင်သေး။ စံမြင့်ဆိုသည်မှာလည်း နှစ်ကာလကြာမြင့်စွာ ထောင်မှာနေပြီးမှ ပြန်လာရပေလိမ့်မည်။ ထိုအခါ သူ့ပြောစကားတို့ကို မည်သူကမျှ ယုံကြည်ခြင်း ရှိကြတော့မည် မဟုတ်ဟု ဒေါ်ကေသီ ယူဆထားခဲ့ရစေကာမူ ဒေါ်ကေသီစိတ်သည် စံမြင့်နှင့် ပတ်သက်၍ တထစ်ချ မှတ်ယူ ဆိတ်ငြိမ်ခဲ့ရသည်ဟူ၍ကား မရှိပေ။

စံမြင့် ယခုလို တိုတောင်းသောအချိန်ကာလအတွင်း လွတ်လာလိမ့်မည်ဟူ၍လည်း ဒေါ်ကေသီ မထင်မှတ်ခဲ့ပေ။ မည်သို့ဖြစ်စေ ဤသို့သော လူဆိုး၊ လူမိုက်၊ လူယုတ်မာတဦး ထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့စေကာမူ ပြန်လည် ပေါင်းသင်းနေထိုင်ခြင်း မပြုရဟူသော အမိန့်အာဏာစကားမျိုးကို ဒေါ်ကေသီသည် လှမင်းအတွက် ပြဋ္ဌာန်းထားခဲ့၏။

လွန်ခဲ့သော နှစ်နှစ်ကျော်ကျော် လွတ်လပ်ရေး မရမီကလေးမှာပင် စံမြင့် ထောင်မှ ထွက်ပြေး လွတ်မြောက်သွားသည် ဆိုသောသတင်းကို ကြားခဲ့ရသည်။

“ဒါပဲ၊ ညည်းလင်ဟာ အခု ဝရမ်းပြေးဖြစ်သွားပြီ၊ ဒီတော့ ညည်း သူ့ကို ဘာမှ နောက်ထပ်ပြီး တွေ့စရာမလိုဘူး၊ ညည်းနဲ့ ညည်းသမီးရှေ့ရေးကို မမကြီး တာဝန်ယူတယ်။ အင်း ညည်းလင်ဟာ ဘာပဲဖြစ်ဖြစ် ညည်းဆီကို တနေ့နေ့မှာ လာလိမ့်မယ်၊ အဲဒါ ညည်းလက်ခံတွေ့တယ်ဆိုရင် ညည်းပါ ထောင်ကျမှာပဲ၊ ဒီတော့ ညည်းသမီးမျက်နှာကို ညည်းထောက်ထားရမယ်။ နားလည်ရဲ့လား လှမင်း။ မမကြီး မပြောမရှိနဲ့၊ မမကြီးအိမ်မှာ ရှုပ်ရှုပ်ယှက်ယှက် ကြားရပြီဆိုရင် ညည်းတို့အားလုံး ဒုက္ခရောက်ပြီသာမှတ်၊ နားလည်ရဲ့လား”

ဟူသော စကားဖြင့် ခြိမ်းခြောက်ထားခဲ့ရသည်။

သည်တော့လည်း ကြောက်သည်။ နာခံရသည် ဆိုခြင်းမှအပ ဘာကိုမျှ သိနားလည်ခြင်း မရှိသော လှမင်းအဖို့ စိတ်မှာသာ ကျိတ်၍ ပူခဲ့ရပေသည်။

သို့သော် ဒေါ်ကေသီ စိတ်မဖြောင့်။ ‘ယခုပင် စံမြင့်က သူလွန်ခဲ့သောနှစ်နှစ်က တကြိမ် လှမင်းကို တွေ့ရန် ကြိုးစားသည်၊ မတွေ့ဘူးဟု ဆို၏၊ ဒါကို ဖြစ်နိုင်မည်လို့မထင်၊ သည်လိုဆို သင်းတို့ချင်း တွေ့ကြမည်။ တွေ့လျှင် ဟိုအကောင်က ဘာတွေပြောမည်နည်း၊ တနေ့သည် စကားတွေ ပွရောင်းလာလျှင်’ ဒေါ်ကေသီ ဆက်၍ မတွေးချင်။

မော်တော်ကားသည် အိမ်ဆင်ဝင်အောက်သို့ ထိုး၍ရပ်လိုက်သည်။ ဒေါ်ကေသီသည် ရစ်ပတ်နှောင်ဖွဲ့ထားသော အတွေးစမှ ရုန်းထွက် မရနိုင်သေးပေ။ ထိုအခါ ဒေါသဖြစ်သည်။

ကားတံခါးကို ဒေါသနှင့် ဖွင့်သည်။ ဆောင့်ပြီးပိတ်သည်။ အိမ်ထဲ ဝင်လာသော ခြေလှမ်းတွေ ကြမ်းပြင်မှာ နင်းခဲ့ရသည်ဟုမထင်။ မျက်လုံးကလည်း ဘာကိုမျှမမြင်။ မီးဖိုတွင်း ရောက်ခါမှ လှမင်းကို မြင်သည်။

လှမင်းသည် ရဲရဲနီသော မျက်နှာဖြင့် ဒေါသတကြီး ဖြစ်လာသည့် ဒေါ်ကေသီကို တွေ့ရသည်နှင့် တုန်လှုပ်သည်။

“ညည်း ငါ့အခန်းကို လာခဲ့စမ်း”

အသံက တုန်သည်။

ခန္ဓာကိုယ်သည် ဒယိမ်းဒယိုင် ဖြစ်နေဟန်ရှိ၏။

လှမင်းသည် ဘာကိုမျှ စဉ်းစားမနေနိုင်။ ဒေါ်ကေသီနောက်က ကပ်၍လိုက်ခဲ့ရသည်။ ဘာတွေဖြစ်နေသည်ဟု မသိ။

ဧည့်ခန်းတွင် ကစားနေသော မောင်နှမနှစ်ယောက်နှင့် ကုလားထိုင်တွင် ထိုင်နေသော ဒေါ်နုနုခင်တို့သည် ဒေါ်ကေသီ ဒေါသဖြစ်လာသည်ဟုသာ သိ၏။ သည့်ထက်ပို၍ ဘာမျှမသိ။ စိတ်လည်း မဝင်စားမိ။

ဒေါ်ကေသီသည် အပေါ်ထပ်ခေါင်းရင်းစွန်းရှိ မိမိအခန်းတွင်းသို့ မိမိရော လှမင်းပါ ရောက်သည်နှင့်

“တံခါးကို ပိတ်လိုက်စမ်း”

ဟု အော်ဟစ်ပြီး အမိန့်ပေးလိုက်သည်။

လှမင်းသည် တံခါးကို တုန်တုန်ယင်ယင် ပိတ်လိုက်၏။

ဒေါ်ကေသီသည် မိမိ၏ စိတ်ရော ခန္ဓာကိုယ်ပါ ရပ်တည်ခြင်းငှာ မစွမ်းသာအောင် ဒေါသဖြစ်နေ၏။ ဒေါ်လှမင်းသည် ထိတ်လန့်သော မျက်လုံးစုံဖြင့် ဒေါ်ကေသီအား ခပ်တွေတွေ ကြည့်ရင်း ပြောလာမည့် စကားကို နားစွင့်နေ၏။

“ညည်းတို့သားအမိ ငါ့အိမ်မှာနေဖို့ စိတ်ကူးသေးသလား”

ထိုစကားကို လှမင်း နားမလည်။

“ဟေ့ ငါမေးနေတာ မကြားဘူးလား”

လှမင်းသည် နှုတ်တုံ့ပြန်ရန် စကားစရှာမရ။

ဒေါ်ကေသီသည် အခန်းတွင်း၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏။

“ကျွန်မတို့ ဘာဖြစ်လို့လဲ မမကြီး”

လှမင်း၏အသံသည် တုန်ယင်ချည့်နဲ့နေ၏။

“ဘာဖြစ်ရမလဲ၊ ညည်းလင် ဒီကိုလာတယ်မဟုတ်လား။ ပြောစမ်း”

လှမင်းသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။ နှုတ်မှာလည်း အာစေးထည့်ခြင်း ခံရသလို ဖြစ်သွား၏။

“မေးနေတာကို ပြောလေ”

“ဟုတ်၊ ဟုတ်၊ ဟုတ်ပါတယ်”

“ဘာရယ်၊ ဘာရယ်၊ ညည်းက ညည်းလင်ကို တွေ့ပြီးပြီပေါ့လေ”

ဒေါ်ကေသီ ထန်လိုက်တိုင်းပင် လှမင်းမှာ မည်သို့ ပြန်ကြားပြောရမည် မသိလောက်အောင် ကယောင်ချောက်ချား ဖြစ်ရ၏။ သို့သော် ဒေါ်ကေသီ၏အမေးကို ရုတ်တရက် မဖြေလျှင်လည်း ဒေါ်ကေသီ ထပ်ဆင့် အော်လာမည်ကို လှမင်း စိုးရိမ်လေသည်။

“ဒါပေမဲ့ ကျွန်မ သူနဲ့ မတွေ့ပါဘူး”

လှမင်း၏အသံသည် တုန်ယင်နေဆဲဖြစ်၏။

“ဘယ်လိုရယ်၊ ညည်း သူ့ကိုမတွေ့ဘူး ဟုတ်လား၊ ဒါဟာ ဖြစ်နိုင်ပါ့မလားအေ”

“ဟုတ်ပါတယ် မမကြီးရယ်၊ မမကြီး ဘုရားပေးပေး ကျမ်းပေးပေးပါရှင်၊ ကျွန်မ သူ့ကို မတွေ့ပါဘူး”

ဒေါ်ကေသီသည် လှမင်းကို စူးစိုက်ကြည့်လိုက်၏။ လှမင်းမှာ ဒေါ်ကေသီ၏ မျက်လုံး စူးစိုက်ခြင်းကို မျက်လုံးချင်းဆုံ၍ အကြာအရှည် ရင်ဆိုင်ဝံ့သည် မဟုတ်ပေ။ စကားကို အဆုံးသတ်ရင်း မျက်လွှာကို ချပစ်လိုက်သည်။

ဒေါ်ကေသီသည် လှမင်း၏စကားကို ယုံကြည်စပြုလာ၏။ စိတ်မှာ အနည်းငယ် သက်သာမှု ရသည်။ ဒေါသစိတ်ကိုလည်း အနည်းငယ် လျှော့ဖြေသည်။

“ညည်း တကယ်ပဲ သူ့ကို မတွေ့ဘူးလား”

“မတွေ့ပါဘူး မမကြီးရယ်”

“ညည်း သူ့ကိုရော မတွေ့ချင်ဘူးလား”

သွေးတိုးစမ်း မေးခွန်း မေးလိုက်သည်။ လှမင်း နှုတ်တုံ့မပြန်။

“ညည်း ညည်းလင်ကို တွေ့ ချင်တယ် မဟုတ်လား”

အတန်ကြာ တိတ်ဆိတ်သွားပြန်၏။

“ဒါပေမဲ့”

“ဒါပေမဲ့ ဘာဖြစ်သလဲ”

“သူက ဝရမ်းပြေးဖြစ်နေတယ်မဟုတ်လား မမကြီးရယ်”

“အေး ဟုတ်တယ်၊ ညည်းလင်က ဝရမ်းပြေး၊ ထောင်ပြေးပဲ၊ ညည်းတွေ့တာနဲ့ အားလုံး ဒုက္ခရောက်နိုင်တယ်၊ နားလည်ရဲ့လား၊ ဒါထက် နေစမ်းပါဦး အရင်တခါက ညည်းလင် ညည်းဆီကို လာတာ ညည်း ဘယ်လိုလုပ်ပြီး သိသလဲ”

လှမင်းမှာ အဖြေပေးဖို့ ဝန်လေးနေပြီဖြစ်သည်။

“မေးတာကိုပြောလေ”

“ကိုထွန်း ကိုထွန်း”

“ဘာ”

ဒေါ်ကေသီ၏အသံသည် အံ့သြထိတ်လန့်ခြင်းဖြင့် ရုတ်ခြည်း ပေါ်ထွက်လာပြန်သည်။ အတွေးအာရုံများသည် ဖရိုဖရဲဖြစ်သွားကြပြန်သည်ဟု ဒေါ်ကေသီ နားလည်လိုက်ရ၏။

မိမိနှင့် စံမြင့်တို့ တွေ့ခဲ့သည်ကို ပြောသင့် မပြောသင့် ဆုံးဖြတ်မလာခဲ့သော်လည်း ယခုမူ ပြောဖို့ မလိုအပ်ဘူး ဆုံးဖြတ်သည်။ ဦးနှောက်တွင်းသို့ ကိုထွန်း ဝင်ရောက်လာခြင်းကို မကျေနပ်။ ထိုကလေးကို ခေါ်ယူစစ်မေးချင်သည်။ သည်လိုနှင့် တစတစ ပွထကုန်မည်ကိုလည်း စိုးရိမ်သည်။

အခန်းကလေးမှာ အတန်ကြာ တိတ်ဆိတ်နေပြန်သည်။

“အေး ဒါပဲ၊ ညည်းလင်နဲ့ ညည်း ဆက်ဆက်စပ်စပ် သတင်းကြားရရင်တော့ ညည်းတို့သားအမိ ဒီအိမ်က ခေါင်းနဲ့ဆင်းရပြီသာ မှတ်ထား၊ နားလည်ရဲ့လား၊ သွားတော့”

လှမင်းသည် ဘာမျှဆက်လက်ပြောဆိုရန် နှုတ်မဝံ့။ တုန်လှုပ် ထိတ်လန့်ခြင်းဖြင့် အခန်းတွင်းမှ ခေါင်းငုံ့ထွက်ခွာခဲ့ရလေသည်။

ဒေါ်ကေသီသည် သူ၏ခန္ဓာကိုယ်ကို အိပ်ရာပေါ်သို့ ပစ်လှဲချလိုက်သည်။ စံမြင့်ကို မျက်စိအာရုံမှာ မြင်လာသည်။

သင်း ထောင်မှ လွတ်မြောက် ထွက်ပြေးသွားသည့်သတင်းကို ကြားရစဉ်က စိတ်ဓာတ် ချောက်ချားရသည်မျိုးကို ခံစားရပြန်လေပြီ။ ‘ဘာဂရုစိုက်စရာရှိသလဲ’ စိတ်ထားကိုလည်း မွေးကြည့်၏။ ‘သင်း ငါ့ကိုများ နှောင့်ယှက်လေမလား’ စိုးရိမ်စိတ်က ဝင်လာပြန်သည်။ စောစောပိုင်း သူ့ကို တွေ့ရစဉ်က ရဲလက်သို့ တခါတည်း မအပ်လိုက်မိသည်ကိုလည်း နောင်တဖြစ်သည်။

အတွေးစိတ်ကူးအလုံးစုံသည် လေပွေလှည့်သည်လို ချာချာလည် မွှေ့ယမ်းနေ၏။

မောသည်။ ပင်ပန်းသည်။ တုန်လှုပ်သည်။

အခန်းဝသို့ နုငယ်ငယ် ရောက်လာသည်ကို သတိမထားမိ။ ငယ်ငယ်က ဦးကျော်သာဦး ရောက်နေသည်ဟူသော သတင်းကို ပြောလာ၏။

ထိုအခါ ထိတ်လန့်တုန်လှုပ်ရပြန်သည်။ တခါဖူးမျှ ထိတ်လန့်တုန်လှုပ်ခြင်း မဖြစ်ရသူတဦး၏ အမည်ကို ကြားရုံမျှဖြင့် ထိတ်လန့်တုန်လှုပ်ရသည် ဆိုသောအခါ ဒေါ်ကေသီသည် ‘ငါ လူတိုင်းကို ကြောက်နေရပြီလား’ ဟု ဝမ်းနည်းအားငယ်ခြင်း ဖြစ်ရ၏။

အင်အားကုန်ခန်းလာသည်။ ချည့်နဲ့ တုန်ယင်လာသည်။

သို့သော် အံ့ကို တင်းတင်းကြိတ်ထားသည်။ အိပ်ရာမှထပြီး ကုလားထိုင်မှာထိုင်ရင်း စီးကရက်ကို မီးညှိကာ အားရပါးရ ဖွာရှိုက်လိုက်သည်။

“ဘာကိုမျှ ကြောက်စရာမလိုပါဘူး” စိတ်ကိုတင်းရင်း မျက်နှာကို မဲ့ထားလိုက်၏။

Comments

Post a Comment

တခုခု ပြောထားခဲ့ပါ။

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review