တစ္ဆေ - မင်းကျော် - Book Review


တစ္ဆေ - မင်းကျော် - Book Review

စာဖတ်သူတို့အနေနဲ့ နိုင်ငံရေး၊လူမှုရေး၊သုတ၊ရသ မျိုးစုံနဲ့  အကြောင်းအရာတွေ ပြည့်ပြည့်စုံစုံပါဝင်တဲ့ ဝတ္ထုရှည် တစ်အုပ်ကိုဖတ်ချင်နေတယ်ဆိုရင်တော့ ဆရာမင်းကျော်ရဲ့"တစ္ဆေ"ဆိုတဲ့ စာအုပ်ကို  ညွှန်းပေးရမှာပဲ ဖြစ်ပါတယ်။နာမည်ကြည့်ပြီး ဘာသာပြန်စာအုပ်လားလို့ ထင်မှတ်ခဲ့ပါတယ်။ တစ္ဆေ စာအုပ်ဟာဆိုရင် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ အဖြစ်အပျက်များကို နောက်ခံထားပြီး ဇာတ်ကောင်များစွာ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ဖွဲ့စည်းထားတဲ့ ဝတ္ထုဖြစ်ပါတယ်။

လွတ်လပ်ရေးမရမီ နယ်ပိုင်ဝန်ထောက် ရာထူးမှစ၍ ဗြိတိသျှ လက်အောက်တွင် အမှုထမ်းသူ၊လေ့လာသင်ကြားခဲ့တဲ့ သင်ခန်းစာများအရ မြန်မာနိုင်ငံဟာ ဗြိတိသျှတို့အုပ်ချုပ်နေရတာကိုက မဟာကရုဏာတော်ဟု အထင်ရောက်နေသူ ဦးထွန်းတင် နဲ့ အထက်တန်းလွှာကို အထင်ကြီးသော၊ဗြိတိသျှအင်ပါယာကြီးကို ဂုဏ်ယူနေကြတဲ့ ဒေါ်ကေသီတို့ ‌မောင်နှမ ရဲ့ဇာတ်လမ်းဖြစ်ပါတယ်။

ဦးထွန်းတင်ဟာ ငယ်ငယ်ကတည်းက အစ်မဖြစ်သူရဲ့လက်ထဲကြီးပြင်းခဲ့ရလို့ အစ်မစကား တသွေမတိမ်းနားထောင်တဲ့ စစ်စတာဘွိုင်းလေး ဖြစ်ပါတယ်။ အထက်တန်းလွှာကိုအထင်ကြီး၊ ဂုဏ်မောက်တဲ့ အစ်မဖြစ်သူ အလိုအတိုင်း  ‌သူအပျော်ကြံခဲ့တဲ့ အေးငြိမ်းကို ကိုဘဒင်နဲ့ ပေးစား၊သူနဲ့ရခဲ့တဲ့ကလေးကို မွေးစားသား လုပ်ပစ်ရလောက်တဲ့အထိ ရက်စက်တဲ့ သူတို့မောင်နှမရဲ့ဇာတ်ညွှန်းကို သိခဲ့ရတယ်။

မောင်ဖြစ်သူကို ဂုဏ်ရှိစေဖို့ လူချမ်းသာ အသိုင်းအဝိုင်းက နုနုနဲ့လက်ဆက်စေခဲ့တယ်။

"လင်ကိုဘုရား၊သားကိုသခင်" ဆိုပြီး ငယ်ငယ်ကတည်းက သင်ခံရတဲ့ နုနုက ဒေါ်ကေသီကိုရော ဦးထွန်းတင်ကိုပါ ကိုးကွယ်ရတဲ့အဆင့်၊သား ကိုကိုထွန်းကို မွေးစားလာတာပဲဟု  သိထားပြီး သားအရင်း ညီညီခင် ၊သမီးအရင်း နုငယ်ငယ် တို့နဲ့မခြား ချစ်ရှာခဲ့တဲ့ မိခင်ကောင်း အဖြစ် ‌မြင်တွေ့ရမှာပါ။ နောက်တော့ ဖိနှိပ်ခံပါများပြီး ပွင့်ထွက်လာတဲ့ နုနုဟာ ဒေါ်ကေသီနဲ့ စိတ်ဓာတ်ချင်း မတူဖြစ်ရပြီး အမြဲမျက်ရည်နဲ့မျက်ခွက်နဲ့သာ ပြီးခဲ့ရလေသော နုနု၊လင်သားမျက်နှာသာ အပေးမခံရလေသော မိန်းမ၊သားသမီး အပေါ်မှာတောင် ဩဇာမညောင်းတဲ့ မိခင်အဖြစ် သနားစရာ ကောင်းလွန်းခဲ့ပါတယ်။

ကိုကိုထွန်း ဟာ ဖခင်ဖြစ်သူ အဒေါ်ဖြစ်သူတို့နဲ့မတူ လွတ်လပ်ရေးစိတ်ဓာတ် ပြင်းထန်ပါတယ်။ မတရားတာကို ကြည့်မနေနိုင်တဲ့သူမျိုး။ ဒေါ်ကေသီရဲ့ အိမ်စေမလေး ပေါက်စမကိုတောင် တန်းတူဆက်ဆံတဲ့ စိတ်ထားကောင်းတဲ့သူ။ အပေါင်းအသင်းနဲ့ လိုက်လျောညီထွေ နေတတ်တဲ့ ကိုကိုထွန်းက ညီညီနဲ့ငယ်ငယ် အပေါ်လည်း ချစ်ခဲ့ ငဲ့ညှာခဲ့တဲ့ အစ်ကိုကြီး ဖြစ်ခဲ့ပါတယ်။ အဖေဖြစ်သူနဲ့ နိုင်ငံရေးခံယူချက် မတူတာလေးကပဲ အဖေဖြစ်သူရဲ့အပြစ်တင်မှုတွေ ခံရတဲ့ သားဖြစ်ခဲ့ပါတယ်။

အဲ့လိုဇာတ်ကောင်တွေနဲ့ အစပျိုးထားတဲ့ နိုင်ငံရေး နောက်ခံ ဇာတ်လမ်းမှာ လွတ်လပ်ရေးမရမီ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ပြည်သူများ ကြိုးပမ်းအားထုတ်ခဲ့ကြပုံများကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ဗြိတိသျှကျေးစေတော်၊ကျွန်စေတော်လုပ်နေရတာကို ပျော်မွေ့တဲ့ ဦးထွန်းတင်ရဲ့စိတ်ထား၊လွတ်လပ်ရေးတိုက်ပွဲ အတွင်းမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတစ်ဦး ကို အသုံးချ နာမည်ကောင်းယူ ၊အခွင့်ကောင်းယူပြီး ရာထူးရယူခဲ့တဲ့ အကြံ တို့ကြောင့် စက်ဆုပ်ဖွယ်ခံစားခဲ့ရပါတယ်။

ကိုကိုထွန်း အပေါ်လည်း ဖခင်က သူနဲ့စိတ်ဓာတ်မတူညီသောကြောင့် လျစ်လျူရှုထားပုံ၊ ဒေါ်ကေသီကလည်း သူ့ပုံစံခွက်အတိုင်းမနေ၍ မချစ်ပုံ နှိမ်ချ၍ဆက်ဆံတာပုံကြောင့် ပိုပြီး စိတ်ဝင်စားမှုမြင့်တက်ရမှာပါ။

ဆရာဝန်လောင်းမလေး၊ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူ သန္တာနွယ်ကို ချစ်မိသော်လည်း ပြိုင်ဘက်ပေါ်လာလို့ ပင်ကိုယ်ကပဲ သဘောထားကြီးတာလား၊ကိုယ့်စိတ်ကို မဆန်းစစ်မိတာလား တောင် မသိတဲ့ ကိုကိုထွန်းဟာ သူ့အဖေနဲ့ ညီညီခင်ရဲ့ ချောင်းမြောင်းကြံစည် ခြင်း ခံနေရတဲ့ ပေါက်စမ ကို ကရုဏာသက်ပြီး လက်ထပ်ယူဖို့ စိတ်ကူးနေခဲ့ပုံ က စာဖတ်သူကို မရိုးမရွ ဖြစ်စေမှာပါ။

ညီညီခင်ကတော့ အဒေါ်ဖြစ်သူနဲ့ အဖေဖြစ်သူရဲ့ သွေးအပြည့်ပါတဲ့ ကောင်ဆိုးလေးတစ်ယောက်ပါ၊ နုနုရဲ့အဆုံးအမနဲ့ ထိန်းကျောင်းမှုအောက်ဆို လိမ္မာနိုင်ပေမဲ့ ဒေါ်ကေသီ ပုံစံခွက်သွန်းတဲ့အတိုင်း သူ့အဖေ ခြေရာနင်းခဲ့ပါတယ်။

နုငယ်ငယ် ကတော့ ကိုကိုထွန်းကို အလွန်ချစ်ပြီး အဖေနဲ့ အဒေါ်ရဲ့စိတ်ထားကို မျက်မြင်လက်တွေ့ မြင်ရပြီး မနှစ်မြို့သော်လည်း မတွန်းလှန်နိုင်သေးတဲ့ သမီးငယ်လေး၊အမေရဲ့အဖြစ်ကိုလည်း သိခဲ့လို့ စိတ်ဒဏ်ရာရသွားရှာမဲ့ သမီး‌ငယ်လေးပါ။

ဇာတ်ကောင်ပေါင်းမြောက်မြားစွာနဲ့ ဇာတ်လမ်းကို ချည်လုံးမှ ချည်မျှင်စ နည်းနည်းချင်းဆွဲထုတ်ပြသလို ဖတ်နေရပြီး ဦးထွန်းတင်နဲ့ ဒေါ်ကေသီရဲ့ ရက်စက်ယုတ်မှာမှုက ဘယ်လောက်ထိ ရိုက်ခတ်သလဲ၊လူဘယ်လောက်များနစ်နာဆုံးရှုံးသွားခဲ့ရသလဲ။

အထက်တန်းလွှာတို့ကို အထင်ကြီးမှု၊ ဗြိတိသျှစာပေ၊ ဗြိတိသျှစနစ်ကိုသာ အထင်ကြီးမှုတို့က ဘယ်လောက်ထိ ဆိုးကျိုးဖြစ်သလဲ ဆိုတာရယ်၊ ဘာကိုပဲဖြစ်ဖြစ် အစွန်းရောက်နေရင် ကောင်းတာတွေ ချည်းတော့ မရနိုင်၊ မဖြစ်နိုင်ဘူးဆိုတာရယ် ကို သဘောပေါက်စေမဲ့ စာအုပ်တစ်အုပ်ဖြစ်လို့ ဖတ်ကြည့်သင့်ပါတယ်ရှင်။

တစ္ဆေ -မင်းကျော်

#Review By ဝဿန်အေးချမ်း

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review