ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်
ကံ့ကော်ဝတ်ရည်စာပေ
အမှတ်-၅၁(ပထပ်/ဝဲ)၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- ၀၉ ၂၅၀၀၁၂၃၄၈ ၊ ဝ၉ ၄၄ ၃ဝ ၄၁၁၃၇
email: kantkawwutyee@gmail.com www.facebook.com/KantKawWutYeePublishing တို့တွင် ဝင်ရောက်ကြည့်ရှု မှာယူနိုင်ပါသည်။
ပုံနှိပ်မှတ်တမ်း
ထုတ်ဝေသူ - ဦးကျော်ဇင်၊ ကံ့ကော်ဝတ်ရည်စာပေ(၀၀၄၅၄)၊ ၅၁၊ ရေကျော်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
ပထမအကြိမ် - နိုဝင်ဘာလ၊ ၂၀၂၁ ခုနှစ်၊
အုပ်ရေ - ၁ဝဝဝ
မျက်နှာဖုံးနှင့် အတွင်းပုံနှိပ် - ဦးအေးဝင်း၊ အေးကမ္ဘာပုံနှိပ်တိုက် (၀၀၂၉၀)၊ အမှတ် ၄၆၊ ၄၆ လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
မျက်နှာဖုံးသရုပ်ဖော် - ဇော်မောင်
တန်ဖိုး - ၅၅၀၀ ကျပ်
ရူးမူရာကာမိ
တိုကျိုကျဆုံးခန်း
လက်ရွေးစင်ဝတ္ထုတိုများ
Tokyo Decadence
Ryū Murakami
မိုးသက်ဟန်
(မြန်မာပြန်)
ဂျပန်ဘာသာမှ အင်္ဂလိပ်ဘာသာသို့
ရက်ဖ်မက်ကာသီ (Ralph McCarthy) ပြန်ဆိုသည်။
ရူးမူရာကာမိ(Ryū Murakami)
ရူးမူရာကာမိကို အမေရိကန် ရေတပ်အခြေစိုက် စခန်းရှိရာ ဆာဆီဘိုမှာ ၁၉၅၂ ခုနှစ်တွင် မွေးဖွားခဲ့ပါတယ်။ အဆိုပါမြို့မှာပဲ အထက်တန်းကျောင်းပြီးတဲ့အထိ တက်ရောက်ခဲ့ပြီးနောက် တိုကျိုမြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ တိုကျိုတွင် အမေရိကန် စစ်အခြေစိုက်စခန်းရှိရာ ဖူဆာမှာ နေထိုင်ပြီး ပထမဆုံး ဝတ္ထုဖြစ်တဲ့ Almost Transparent Blue ကို ရေးသားခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ အဆိုပါ စာအုပ်နဲ့ပဲ ဂျပန်နိုင်ငံရဲ့ ဂုဏ်သိက္ခာ အကြီးမားဆုံး စာပေဆုဖြစ်တဲ့ အကုတဂါဝါဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။ ထိုအချိန်မှစပြီး ဝတ္ထု၊ အက်ဆေးများကို ယနေ့ထက်တိုင် ဆက်လက် ရေးသားလျက် ရှိပါတယ်။ သူဟာ ဂျပန်လူ့အဖွဲ့အစည်း အတွင်းက ရုပ်ရှင်ဆန်ဆန် ပြင်းထန်တဲ့ အကြမ်းဖက်မှုနဲ့ နည်းပညာ အကြောင်းအရာတွေကို ထုတ်ဖော် ရေးသားလေ့ ရှိပါတယ်။ သူဟာ ရုပ်ရှင် ဇာတ်ညွှန်းရေးသားသူ၊ ရုပ်ရှင် ဒါရိုက်တာ ဖြစ်ရုံသာမက ရော့ခ်ဂီတ တီးဝိုင်း တစ်ခုမှာလည်း ဒရမ်တီးခတ်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ယခု ဘာသာပြန်ဆိုထားတဲ့ တိုကျိုကျဆုံးခန်း (Tokyo Deacadence) ဟာ သူ့ရဲ့ ဝတ္ထုတိုစာအုပ်များမှ လက်ရွေးစင် ဝတ္ထုတိုများအဖြစ် ထုတ်နုတ်ကာ ၂၀၁၆ ခုနှစ်တွင် ထုတ်ဝေခဲ့တဲ့စာအုပ် ဖြစ်ပါတယ်။
❏
ဘာသာပြန်သူရဲ့ အမှာ
ဒီစာအုပ်ဟာ ၂ဝ၁၆ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ရူးမူရာကာမိရဲ့ Tokyo Decadence အမည်ရ လက်ရွေးစင် ဝတ္ထုတိုများ စာအုပ်ကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ ရူးမူရာကာမိ ယခင်က ထုတ်ဝေခဲ့တဲ့ ဝတ္ထုစုစည်းမှု စာအုပ် ငါးအုပ်မှ ဝတ္ထုတို ဆယ့်ငါးပုဒ်ကို စုစည်းထားတဲ့ စာအုပ် ဖြစ်ပါတယ်။ ရူးမူရာကာမိရဲ့ စာပေသက်တမ်းတစ်လျှောက် သူ့ရဲ့ တွေးခေါ်ပုံ၊ လောကအမြင်၊ ရေးသားဟန်၊ သရော်တော်တော်နိုင်မှုတွေကို ဖော်ကျူးနေတဲ့ ဝတ္ထုတိုတွေလည်း ဖြစ်ပါတယ်။ တချို့သော ဝတ္ထုတိုတွေက ချစ်စဖွယ်၊ ကြည်နူးဖွယ်၊ ပြုံးစစ ဖြစ်ချင်စဖွယ်တွေ ဖြစ်ပေမယ့် တချို့သော ဝတ္ထုတိုတွေကလည်း ဂျပန်လူ့အဖွဲ့အစည်း အတွင်းက အမှောင်ခြမ်းတွေကို နက်နက်ရှိုင်းရှိုင်း တူးဖော်ထားတာ ဖြစ်တဲ့အတွက် စာဖတ်သူတွေကို စိတ်အနှောင့်အယှက် ဖြစ်ရလောက်အောင် အထိလည်း ဖြစ်စေနိုင်ပါတယ်။ တချို့သော ဝတ္ထုတိုတွေမှာ လိင်ပိုင်းဆိုင်ရာ ရေးသားဖော်ထုတ်မှုတွေက ကြမ်းရှလွန်းပြီး ထင်မှတ် မထားနိုင်လောက်အောင်လည်း ဖြစ်စေနိုင်ပါတယ်။ ၁၉၇၀ နှစ်များ တစ်ဝိုက်နဲ့ ထို့အလွန်နှစ်များ တစ်လျှောက်က မူးယစ်ဆေးဝါး စွဲလမ်းမှု အကြောင်းတွေကိုလည်း ရေးသားထားတာ ပါပါတယ်။ ထိုစဉ်ကာလများ အတွင်းက ဂျပန်ပြည်တွင်းမှာ ရှိခဲ့တဲ့ ဟစ်ပီလှုပ်ရှားမှုများ အကြောင်းတွေလည်း ထင်ဟပ်ထားတာတွေပါဝင်နေပါတယ်။ ရူးမူရာကာမိရဲ့ ထုံးစံအတိုင်း ရဲတင်း၊ ပွင့်လင်းစွာ အရာရာကို တွေးခေါ်၊ ရေးသားတတ်ပေမယ့် ဝတ္ထုတို အများစုကတော့ ဂျပန်စာပေ ဘာသာပြန်လက်ရာများနဲ့ ရင်းနှီးပြီးသား စာဖတ်သူများ အတွက် နှစ်သက်ဖွယ်ရာ ဖြစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီစာအုပ်ပါ ဝတ္ထုတိုများပါ အကြောင်းအရာများကို စာပေလက်ရာအနေနဲ့ ဖတ်ရှုတဲ့အခါ တစ်ဦးနဲ့တစ်ဦး အတ္တနောမတိအရ နှစ်သက်နိုင်မှု၊ လက်ခံနိုင်မှုတွေ ကွဲပြားကြဦးမှာပဲ။ မိမိ အနေနဲ့ကတော့ လွတ်လပ်စွာ ရေးသားဖန်တီးခွင့်ကို လက်ခံထားတဲ့အလျောက် မူရင်း အရသာနဲ့ ကင်းကွာမှု နည်းနိုင်အောင် အတတ်နိုင်ဆုံး မြန်မာဘာသာသို့ ပြန်ဆိုထားပါကြောင်း။
လေးစားလျက်
မိုးသက်ဟန်
❏
ကျွန်တော် ဝတ္ထုရေးဆရာ
ကျွန်တော် ဝတ္ထုရေးဆရာတစ်ယောက်ပါ။
ကျွန်တော့်အသက် သုံးဆယ့်ငါးနှစ်ရှိပြီ။ ဝတ္ထုရေးဆရာဖြစ်တာ ခုနစ်နှစ် ရှိခဲ့ပါပြီ။
ကျွန်တော် အသက် နှစ်ဆယ့်ရှစ်နှစ်တုန်းက ရေးခဲ့တဲ့ Electronic Guerrila စာအုပ်ဟာ အုပ်ရေ ခြောက်သိန်းကျော် ရောင်းခဲ့ရပါတယ်။ အဲဒီနောက် ထွက်ခဲ့တဲ့ Optic Fiber Love, Sentimental Amorphous, Tokyo Computer Death Match နဲ့ Microwave Cosmopolitan တို့ဟာ အရောင်းရဆုံး စာအုပ်စာရင်းရဲ့ ထိပ်ပိုင်းမှာ ရှိခဲ့တာချည်းပါပဲ။ တကယ်တော့ အဲဒီစာအုပ်တွေ အကြောင်းကို ကျွန်တော်ကိုယ်တိုင် အပါအဝင် ဘယ်သူမှ သေသေချာချာ နားလည်ကြတာ မဟုတ်ပါဘူး။ ကျွန်တော် ပထမဆုံး ဝတ္ထုကို စရေးတုန်းက ကျွန်တော်ဟာ အမေရိကန် ကွန်ပျူတာ ကုမ္ပဏီဖြစ်တဲ့ Cray Research ရဲ့ ပြည်သူ့ဆက်ဆံရေး ဌာနမှာ အလုပ်လုပ်နေခဲ့တုန်းပဲ ရှိပါတယ်။ စာရေးဆရာ ဖြစ်ဖို့ အလုပ်ကနေ ထွက်လိုက်တာဟာ ကျွန်တော့်ဘဝမှာ ကြီးမားတဲ့ အပြောင်းအလဲ သုံးခုကို ရလာစေပါတယ်။
ကျွန်တော် နာမည်ကျော်ကြားလာတယ်။
ကျွန်တော် ချမ်းသာလာတယ်။
ကျွန်တော် ဝလာတယ်။
※※※
“ဟယ်လို၊ ကျွန်တော် ဆရာ အိုကူတေဂါဝါနဲ့ စကားပြောချင်လို့ပါ”
ကျွန်တော့်ရုံးခန်းကို ဒီဖုန်း ဝင်လာခဲ့ပါတယ်။ယောက်ျားတစ်ယောက်ရဲ့ အသံပါ။ ဘယ်သူလဲ ဆိုတာတော့ ကျွန်တော် မသိပါဘူး။
“မိတ်ဆွေက” လို့ ကျွန်တော် ပြောလိုက်ပါတယ်။ စာကြောင်းတစ်ကြောင်း အဆုံးမှာ ကီးဘုတ်ကို ရိုက်လိုက်ရင်းနဲ့ပေါ့။
“အခုလို ပြောရတာ ဆရာ့အတွက်တော့ စိတ်ကသိကအောက် ဖြစ်စရာကောင်းပါလိမ့်မယ်၊ ဒါပေမဲ့ ယိုကိုဟားမားက ကန်နိုင်းခရိုင်ကို သိလားလို့ မေးပါရစေ”
“စိတ်တော့မရှိပါနဲ့၊ ကျွန်တော် တယ်လီဖုန်းနဲ့ အင်တာဗျူး မဖြေဖို့ မူဝါဒ ချမှတ်ထားပါတယ်၊ မကြာမကြာ တလွဲ ကိုးကားခံရလို့ပါ”
အချိန်တော်တော်ကြာ တိတ်ဆိတ်သွားပါတယ်၊ မီဒီယာသမား တစ်ယောက် မဟုတ်တာတော့ သိသာလှပါတယ်။
“ဆရာ ကန်နိုင်းကို သိလားဗျ”
“ကျွန်တော် ရောက်ဖူးပါတယ်၊ ဘာကိစ္စများလဲဗျ”
“ကျွန်တော်က ကန်နိုင်းမှာရှိတဲ့ ဂျူလီယာလို့ ခေါ်တဲ့ ကလပ်က မန်နေဂျာပါ”
“ဆိုတော့”
“အဲဒါကို သိလားဗျ”
“ဘာကို သိရမှာတုံး”
“ကျွန်တော်တို့ ကလပ်ကိုပါ”
“ကန်နိုင်းမှာ ကျွန်တော် သိတဲ့ တစ်ခုတည်းသော ကလပ်က သည်ဒိုးပဲ ရှိတယ်”
“သည်ဒိုး ဟုတ်လား၊ အဲဒီကို မကြာမကြာ သွားဖြစ်လား”
“တစ်ခေါက်ပဲ ရောက်ဖူးပါတယ်၊ တော်တော်ကြာခဲ့ပါပြီ”
“ပြီးခဲ့တဲ့ အပတ်တုန်းက အဲဒီကို ရောက်ခဲ့လားဗျ”
“မရောက်ပါဘူး၊ ကျွန်တော် ကော်ပိုရိတ်လောကမှာ အလုပ်လုပ်နေတုန်းက ရောက်ခဲ့တာပါ၊ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က ဖြစ်မယ်၊ အဲဒီထက် ပိုရင်လည်း ပိုမယ်၊ ဖောက်သည်တစ်ယောက်က ကျွန်တော့်ကို ခေါ်သွားခဲ့တာပါ၊ မှတ်မိသလောက်တော့ ကြောက်ဖို့ကောင်းအောင် ဈေးကြီးတဲ့ ဆိုင်ပဲဗျာ”
သူဟာ စကားပြောခွက်ကို လက်တစ်ဖက်နဲ့ ဖုံးလိုက်တယ်။ နောက်ထပ် အချိန်အတိုင်းအတာ တစ်ခုထိ တိတ်ဆိတ်သွားတယ်။ သူ တစ်ယောက်ယောက်ကို စကားလှမ်းပြောတာ ကြားလိုက်တယ်။ ဒါပေမဲ့ ဘာပြောလိုက်လဲ ဆိုတာ ကျွန်တော် မကြားရဘူး။ ပြီးတော့ သူ ကျွန်တော့်ကို ပြန်ပြောတယ်။
“အမှန်အတိုင်း ပြောရရင်တော့ ရှက်စရာကောင်းတဲ့ အခြေအနေ တစ်ခုပါပဲ၊ အားတော့ နာပါရဲ့ဗျာ၊ ကျွန်တော် ပြောရလိမ့်မယ်၊ လွန်ခဲ့တဲ့ နှစ်လလောက်တုန်းက ဆရာ၊ အိုကူတေဂါဝါလို့ ခေါ်တဲ့ လူကြီးလူကောင်းတစ်ယောက် ကျွန်တော်တို့ ဆိုင်ကို ရောက်လာခဲ့တယ်၊ အဲဒီ နာမည်ကြီး စာရေးဆရာက ကျွန်တော်တို့ ဆိုင်ရဲ့ ပုံမှန်ဖောက်သည် တစ်ယောက် ဖြစ်လာခဲ့တယ်”
ကျွန်တော် လှောင်ပြုံးပြုံးလိုက်တယ်။ အယောင်ဆောင်သမား တစ်ယောက်ပဲ။
“ဟုတ်ပြီလေ၊ သူက ကျွန်တော် မဟုတ်ဘူးပေါ့”
“အဲဒါက ကံဆိုးတာပါပဲ၊ မပြောချင်လည်း ပြောရဦးမယ်ဗျာ၊ အဲဒီ လူကြီးလူကောင်းက ကျွန်တော်တို့ကို ဆပ်ရမယ့် အကြွေးက ယန်း ဆယ့်ခြောက်သန်းနဲ့ သုံးသောင်းရှစ်ထောင် ရှိနေတယ်ဗျ”
“တစ်ဆိတ်လောက်နေပါဦး၊အဲဒါက ကျွန်တော်နဲ့ ဘာမှ မဆိုင်ဘူးလေ”
“ဟုတ်ပါတယ်၊ လုံးဝ လုံးဝ မဆိုင်ပါဘူး၊ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ပဲ အပြစ်တင်ရမယ် ဆိုတာ လုံးဝ လက်ခံပါတယ်”
“နားလည်ရတော့ နည်းနည်းခက်သား၊ ဘယ်သူမဆို ကျွန်တော်အဖြစ်နဲ့ လွယ်လွယ်လေး ဟန်ဆောင်လို့ ရနေသလို ဖြစ်နေတာပေါ့”
“ဟုတ်ပါတယ်၊ ပြောရရင်တော့ အကဲပိုတယ်လို့ ထင်စရာ ဖြစ်ပါလိမ့်မယ်၊ ကျွန်တော်တို့ ဂျူလီယာကို လာကြတဲ့ ဖောက်သည်တွေထဲမှာ နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေ၊ အနုပညာရှင်တွေ စတဲ့ အထင်ကရ ပုဂ္ဂိုလ်တွေ ပါဝင်ကြပါတယ်၊ ပြီးတော့ ကော်ပိုရေးရှင်းကြီးတွေက လူတွေအတွက် ကျွန်တော်တို့ ကလပ်မှာ အပျော်စရိတ် ဆိုပြီး ယန်းနှစ်သန်းလောက်ထိ သုံးတာ ဘာမှ မပြောပလောက်ပါဘူး၊ ဖောက်သည် တစ်ယောက်ကို မသေချာဘဲနဲ့ သံသယ ဝင်တာက…”
“သူက ကျွန်တော်နဲ့ တူလို့လား”
“ခွင့်လွှတ်ပါဆရာ၊ မကြာသေးခင်က ဆရာ ကိုယ်အလေးချိန် တော်တော် တက်လာခဲ့တယ် မဟုတ်လား”
ကျွန်တော် စာရေးဆရာ စဖြစ်စအချိန်ကနဲ့ဆို ခု ဆယ့်ရှစ်ကီလို ကိုယ်အလေးချိန် တက်လာခဲ့ပါတယ်။
“ဆရာ့ရဲ့ ပထမဆုံး စာအုပ်ဖြစ်တဲ့ Electone Guerrila မှာ ပါတဲ့ ဓာတ်ပုံ”
“Electronic Guerrila ပါ”
“ဟုတ်ကဲ့၊ တောင်းပန်ပါတယ်၊ ကျွန်တော့် သမီးက Yamaha Electone သင်ခန်းစာတွေ သင်ယူနေလို့ပါ၊ ပြီးတော့…”
“ခင်ဗျား ပြောနေတာက၊ အဲဒီစာအုပ်ထဲမှာ ကျွန်တော့်ဓာတ်ပုံ ပါတယ် ဆို၊ ဟုတ်လား”
“အဲဒီ ဓာတ်ပုံထဲက ပုံစံနဲ့ တော်တော်လေး ပြောင်းလဲသွားပြီ မဟုတ်လား”
“ကျွန်တော် တော်တော်ကြီး ပြောင်းလဲသွားပါတယ်။ ခင်ဗျားက ဘာတွေများ မျှော်လင့်ထားလို့လဲ။ ခင်ဗျား ကျွန်တော့်ကို မမှတ်မိနိုင် ဖြစ်စရာလောက်တော့ မရှိပါဘူး။
“ကျွန်တော်တို့ ကလပ်ကို လာတဲ့ ဆရာအိုကူတေဂါဝါက သူ့စာအုပ်တွေ၊ အဲ… ဆရာ့စာအုပ်တွေ တော်တော်များများ ယူလာပါတယ်၊ ပြီးတော့ လက်မှတ်ထိုးပြီး ကျွန်တော်တို့ကို ပေးပါတယ်၊ ကျွန်တော့်ကို တစ်အုပ်ပေးပါတယ်၊ ကောင်မလေးတွေကို…”
“ကျွန်တော့်ဘဝမှာ ကျွန်တော့်စာအုပ် တစ်အုပ်ကို ဘယ်ဘားကိုမှ ယူမသွားဖူးဘူး၊ အဲဒီလောက် အရှက်မဲ့တာ…”
“ကျွန်တော်တို့ဆီက ကောင်မလေးတစ်ယောက်က သူနဲ့ ကိုယ်ဝန် ရနေပါတယ်”
ကျွန်တော် မအံ့သြမိပါဘူး။ လက်မှတ်အတုတွေ ထိုးပြီး စာအုပ်တွေ လိုက်ပေးတဲ့ အဲဒီလို ရွံဖို့ကောင်းတဲ့ ကောင်တစ်ကောင် အနေနဲ့ ဘားက ကောင်မလေးတစ်ယောက်ကို တစ်နေ့တည်းနဲ့ အပိုင်သိမ်းသွင်းလို့ ရပါတယ်။
“အဲဒီကောင်မလေး ကျွန်တော်နဲ့ အတူရှိနေပါတယ်၊ ကောင်မလေးက အဲဒီလူကို အစစ်လို့ပဲ ထင်နေပါတယ်၊ ဘယ်လိုမှ နားချလို့မရဘူး ဖြစ်နေပါတယ်၊ ကျွန်တော်တို့ ဆရာ့အဆောက်အုံနားက ကော်ဖီဆိုင်တစ်ဆိုင်မှာ ရှိနေပါတယ်၊ ဆရာ ကျွန်တော်တို့နဲ့ ခဏလောက် ကော်ဖီလာသောက်ပါလား လို့ ဖိတ်ရင် လွန်သွားမလား မသိပါဘူး”
※※※
အမျိုးသမီးက ကျွန်တော့်ကို မြင်မြင်ချင်း “သူ မဟုတ်ဘူး” လို့ ညည်းတွားပါတယ်။ ခေါင်းကို စားပွဲပေါ်တင်ပြီး ငိုတော့တာပါပဲ။ သူမဟာ၊ ဘယ်လို ပြောရမလဲ၊ ပြစ်မျိုး မှဲ့မထင်ပါပဲ။ သူမ အဖြူရောင်ဝတ်စုံကို ဝတ်လို့ ထားတယ်။ အပြာတောက်တောက် ရှူးဖိနပ်နဲ့ အဖြူရောင် ဇာခြေအိတ်ရှည်တွေကို ဝတ်ထားတယ်။ သူမရဲ့ ခြေချင်းဝတ်တွေက ညီညီညာညာ ရှိလှပါတယ်။ သူမရဲ့ အသားအရေက ချောမွေ့ပြီး နေပူစာခံထားပါတယ်။ သူမရဲ့ မျက်နှာအကျက ဘဲဥပုံစံ ရှိပြီး မျက်ဝန်းတွေက ဝိုင်းဝိုင်းလေးပါ။ ဆိုတော့ သူမက ပြစ်မျိုးမှဲ့မထင်ပါပဲ။
မန်နေဂျာက အသက်ခြောက်ဆယ်လောက် ရှိပါပြီ။ သူက ကောင်မလေးကို နှစ်သိမ့်ဖို့ ကြိုးစားနေပါတယ်။
“နင် သူနဲ့အတူ ကားလိုက်စီးတယ် မဟုတ်လား၊ အဲဒီမှာ ဖြစ်ကုန်တာပေါ့” သူက ကောင်မလေးကို ပြောတယ်။
“နင် အမှန်တရားကို ရင်ဆိုင်မှ ရမယ်”
ကျွန်တော် လက်ကိုင်ပဝါ တစ်ထည် ထုတ်ပေးလိုက်ပါတယ်။ မျက်ရည်တွေ စိုရွှဲနေတဲ့ မျက်ဝန်းတွေနဲ့ သူမက ကျွန်တော့်ကို ကြည့်ပြီး တောင်ပင်လယ်ထဲက သန္တာကျောက်တန်းလို လှပလွန်းတဲ့ လက်မောင်းတစ်ဖက်ကို ဆန့်ပြီး လှမ်းယူပါတယ်။ သူမ နာမည်က မတ်ဆုမိပါ။
※※※
မတ်ဆုမိကို ကျွန်တော် သိတဲ့ အကောင်းဆုံး စားသောက်ဆိုင် တစ်ဆိုင်ကို ဖိတ်လိုက်ပါတယ်။ သူမဟာ မြစိမ်းရောင်ဝတ်စုံကို ဝတ်ပြီး ခရုလည်ဆွဲလေး ဆွဲထားပါတယ်။ ဖယောင်းတိုင် မီးပျပျတွေရဲ့အောက်မှာ သူမဟာ ကျွန်တော် အထက်တန်းကျောင်းသား ဘဝတုန်းက တသသ စွဲလမ်းမိခဲ့တဲ့ အီတလီမင်းသမီး တစ်ယောက်နဲ့ တစ်ပုံစံတည်းအတိုင်း ကျွန်တော့်ကို မြင်နေစေပါတယ်။ အဲဒီအကြောင်းကို ကျွန်တော်နဲ့ ရင်းနှီးတဲ့ စားပွဲထိုးတစ်ယောက်ကို ပြောပြမိတာ သူက လုံးဝ၊ လုံးဝကို မတူပါဘူးလို့ ပြောတော့ ငါတော့ သေပြီလို့ သဘောပေါက်မိပါတယ်။ ကျွန်တော် မိန်းမတစ်ယောက်ကို စချစ်မိတိုင်း အဲဒီ အမျိုးသမီးဟာ ခုနက ပြောတဲ့ အီတလီမင်းသမီးနဲ့ တူလာခဲ့တာချည်းပါပဲ။ အရန်ဟင်းပွဲအတွက် ကျွန်တော်တို့ ဟင်းခတ်အမွှေးရည် စိမ်ထားတဲ့ ကိုကာနီး ဆယ်လ်မွန် စားကြပါတယ်။
“မဖြေချင်လည်း မဖြေလို့ ရပါတယ်။ အဲဒီ အယောင်ဆောင်တဲ့ လူက ကိုယ်နဲ့ တူလို့လား”
မတ်ဆုမိက ကျွန်တော့်ကို စိုက်ကြည့်ပါတယ်။ နာကျင်စရာ တစ်ခုခုကို အမှတ်ရသွားသလို သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ကျွန်တော့်ကို ကြည့်ပါတယ်။ နောက်ဆုံးတော့ သူမက “အခုလို အနီးကပ် မြင်ရရင် ရှင်က သူနဲ့ ဘယ်နေရာမှာမှ မတူပါဘူး”
ဒီစကားက စိတ်ဆင်းရဲစရာပါပဲ။ ကျွန်တော် မနာလို ဖြစ်မိတယ်။ ကျွန်တော့် အယောင်ဆောင်တဲ့ လူကို ကျွန်တော် မနာလို ဖြစ်မိတယ်။
သူမဟာ ပင်လယ်လိပ် စွပ်ပြုတ် ဟင်းတစ်ပန်းကန်ကို စသောက်ပါတယ်။
“ဒါပေမဲ့ သူနဲ့ ကိုယ်နဲ့မှာ အကြိုက်တူတာ တစ်ခုရှိတယ်” လို့ ကျွန်တော် သူမကို ပြောလိုက်တယ်။ ကျွန်တော် ပြောတော့မယ့် စကားက မျှော်လင့်ချက် ကင်းမဲ့တဲ့ ပလီပလာစကားလို့ ထင်စရာ ဖြစ်တော့မယ် ဆိုတာ သတိထားမိနေတယ်။ “အဲဒါက ကိုယ်တို့ရဲ့ မိန်းမတွေနဲ့ ပတ်သက်တဲ့ အကြိုက်ပဲ”
သူမ ခေါင်းကို ဆတ်ခနဲ မော့လိုက်ပြီး သူမကို မကျီစားပါနဲ့လို့ ပြောတယ်။ ကျွန်တော်ဟာ သူမကို နှစ်လိုဖွယ် စကားတွေ ပြောပြီး စိတ်အနှောင့်အယှက် ဖြစ်နေစေတယ်လို့ တွေးရမှာဟာ စိတ်ပျက်စရာပါပဲ။ ဒါပေမဲ့လည်း ဒီအမျိုးသမီးဟာ ဘားတွေမှာ လက်မှတ်အတုတွေ ထိုးပြီး စာအုပ်တွေ ဝေခဲ့တဲ့ လူလိမ်ကောင်ကို ကြိုက်ဖူးတဲ့ မိန်းမပါပဲ။ အဲဒီတော့ မျှော်လင့်ချက် ရှိသေးတာ သေချာတာပေါ့။
ဘာပဲပြောပြော၊ ကျွန်တော်က အစစ်ပဲလေ။
“ကိုယ် မင်းကို စနေတာ မဟုတ်ပါဘူး၊ ကိုယ် မင်းကို တကယ် သဘောကျတာပါ”
ကျွန်တော်တို့ ဖလာရီရှန်ပိန် သောက်နေကြတာပါ။ မတ်ဆုမိက ခွက်ကို လှလှပပလေး ကုန်အောင် သောက်လိုက်ပါတယ်။
“သူက ကျွန်မကို အဲဒီလိုမျိုး တစ်ခါမှ မပြောဖူးဘူး”
“ဘယ်လိုမျိုးလဲ”
“ကိုယ် မင်းကို သဘောကျတယ်တို့၊ ကိုယ် မင်းကို ချစ်တယ် ဆိုတာမျိုးပေါ့”
“မင်းတို့က ချစ်သူတွေ မဟုတ်ဘူးလား”
“သူ ကလပ်ကိုလာတဲ့ အကြိမ်တော်တော်များများမှာ သူ့စားပွဲကို တခြား မိန်းကလေးတွေ ပြောင်းပြောင်း ခေါ်ထိုင်တတ်တယ်”
“ထူးဆန်းတာပဲ”
“သူက တခြားကောင်မလေး သုံး၊ လေးယောက်လောက်ကို လုပ်ခဲ့ပုံပေါ်တယ်”
“ဘာလုပ်တာကို ပြောတာလဲ”
“လိင်ဆက်ဆံခဲ့တာလေ၊ လုပ်တယ် ဆိုတာ အဲဒါကို ပြောတာ”
ကျွန်တော်တို့ ဘေးစားပွဲက လူတွေက ကျွန်တော်တို့ကို ကြည့်တယ်။ မတ်ဆုမိက မျက်တောင်တစ်ချက်တောင် မခတ်ဘူး။
“သူ ပျောက်မသွားခင်အထိ ကျွန်မကို မလုပ်ခဲ့ဘူး”
“တကယ်လား၊ အဲဒါတော့ ကောင်းသားပဲ”
“ကောင်းသားပဲ၊ ဟုတ်လား”
“မလုပ်တာကို ဆိုလိုတာပါ၊ လုပ်ခဲ့ရင် ပိုဆိုးမှာပေါ့၊ အဲဒီလို တွေးမိတာပါ”
“သူ မလုပ်ချင်ခဲ့တာ”
“နောက်ဆုံးတော့ မင်းလုပ်ခဲ့တယ် မဟုတ်လား”
“နေပါဦး၊ လုပ်ခဲ့တယ်၊ မလုပ်ခဲ့ဘူး ဆိုတဲ့ မေးခွန်းတွေနဲ့ ရှင် ဘာဖြစ်နေတာလဲ၊ ကျွန်မ မကြိုက်ပါဘူး” လို့ သူမက ပြောရင်း ဘဲကင်ကြွပ်ကြွပ် တစ်ဖတ်ကို ခက်ရင်းနဲ့ထိုးပြီး ပါးစပ်ထဲ ထည့်လိုက်တယ်။
“မင်း ကိုယ့်စာအုပ် တစ်အုပ်တလေ ဖတ်ဖူးလား”
“အကုန်ဖတ်ဖူးတယ်”
“အကုန် ဟုတ်လား”
“ဟုတ်တယ်၊ ကျွန်မ ရှင့်ရဲ့ ပရိသတ် ဖြစ်ခဲ့ဖူးတယ်”
“မင်းက ကိုယ့်ရဲ့ ပရိသတ် ဖြစ်ခဲ့ဖူးတယ် ဟုတ်လား” ကျွန်တော် ကြောင်တောင်တောင် အပြုံးကို မကွယ်ဝှက်နိုင်ခဲ့ဘူး။ “မတ်ဆုမိချန်ရေ၊ မင်းနဲ့ အဲဒီလူရဲ့ ဆက်ဆံရေးကို ကိုယ်တော့ နားမလည်နိုင်တော့ဘူး”
“ကျွန်မကို မူချန်လို့ပဲ ခေါ်ပါ၊ ကလပ်မှာ အဲဒီလိုပဲ ခေါ်ကြတယ်”
“မူချန်”
“ဘာပဲပြောပြော၊ ကျွန်မ သူ့ကို သဘောကျခဲ့ပါတယ်၊ အဲဒါပါပဲ”
“အဲဒီလူက ဘယ်လို လူစားမျိုးလဲ”
သူမ ဝါးလုံးကွဲ ရယ်တော့တာပဲ။
“ဘာတွေများ ရယ်စရာ ပါနေလို့လဲ”
“ရှင်လေ၊ တကယ့်အစစ်က အတုအကြောင်းကို စပ်စုနေတာ မထူးဆန်းဘူးလား”
“ကိုယ်သိချင်နေတာက မင်း ဘယ်လို ယောက်ျားမျိုးကို ကြိုက်လဲဆိုတာကိုပါ”
“ကျွန်မက သူ့ကို ရှင်လို့ ထင်ခဲ့တာလေ၊ မဟုတ်ဘူးလား”
“အဲဒါ မှန်ပါတယ်၊ ဆိုတော့ စာရေးဆရာ ဆိုရင် ဘယ်ယောက်ျားဖြစ်ဖြစ် အဆင်ပြေတယ် ဆိုတဲ့ သဘောလား”
“ကျွန်မက ရှင့် ပရိသတ်လို့ ပြောခဲ့တယ်လေ”
“ကောင်းပြီလေ၊ ခဏလေး၊ ငြင်းလို့ မရနိုင်တဲ့ အချက်က အဲဒီစာအုပ်တွေကို ရေးခဲ့တာက ကိုယ်လေ”
မတ်ဆုမိ ထပ်ရယ်ပြန်ပါတယ်။
“ကျွန်မ သိပါတယ်”
“အဲဒီတော့ မင်း ကိုယ့်ကို ချစ်မိသွားဖို့ကော မဖြစ်နိုင်ဘူးလား”
သူမ ရယ်တာ ရပ်သွားပါတယ်။ သူမ ခေါင်းကို ညိတ်တယ်။ ဆင်စွယ်ဘူးလေးထဲက အမေရိကန် စီးကရက်သွယ်သွယ် တစ်လိပ်ကို ဆွဲထုတ်လိုက်ပြီး မီးညှိတယ်။ ပြီးတော့ သူမ ကျွန်တော့်ကို မော့ကြည့်ပြီး ခံစားချက်တွေနဲ့ဆိုင်တဲ့ မေးခွန်းတစ်ခုပဲလို့ ပြောတယ်။
“ကျွန်မ ရှင့်ကို ချစ်သွားနိုင်ခဲ့ပါတယ်”
လို့ သူမက ပြောတယ်။
“ဒါပေမဲ့ အဲဒါ မဖြစ်ခဲ့ပါဘူး”
“ကလေးကို ဘာလုပ်ဖို့ စဉ်းစားထားလဲ”
“ရှေ့တစ်ပတ်ထဲ သွားဖျက်ချမယ်”
အဲဒီစကားကို ကြားရတာ ကျွန်တော် ဝမ်းနည်းသွားတယ်။ အားလုံးက ကျွန်တော့်အပြစ်တွေကြောင့်လို့ ခံစားရတယ်။
※※※
လက်ထဲမှာ ပန်းစည်းတစ်စည်းရယ်၊ လက်မှတ်ထိုးထားတဲ့ ကျွန်တော့်ရဲ့ နောက်ဆုံးထွက် စာအုပ်ဖြစ်တဲ့ The Ultra-LSI Club Epistles တို့ကို ကိုင်ပြီး မတ်ဆုမိရဲ့ ကွန်ဒိုကို ကျွန်တော် ရောက်လာပါတယ်။ သူမ ညအိပ်ဘောင်းဘီနဲ့ ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပါတယ်။ ဘာမိတ်ကပ်မှ မလိမ်းထားပါဘူး။ ဒါပေမဲ့ သူမ အရင်အတိုင်းပဲ ချစ်ဖို့ ကောင်းနေပါတယ်။
သူမ ကျွန်တော့်ကို ကော်ဖီတစ်ခွက် ဖျော်တိုက်ပါတယ်။
“ခုလို ထနေရတာ အဆင်ပြေရဲ့လား၊ ဘယ်လိုနေလဲ”
ကျွန်တော့် စိတ်ထင် ဖြစ်ကောင်း ဖြစ်နိုင်တာက သူမ ပါးချောင်လေး နည်းနည်းကျနေပါတယ်။
“ကောင်းပါတယ်၊ ကျွန်မကို နေ့တိုင်း ဖုန်းဆက်ပေးတာ ကျေးဇူးတင်ပါတယ်၊ အဲဒါကြောင့် ကျွန်မ သိပ်စိတ်ဓာတ်မကျတာပါ၊ ရှင့်ဆီက ဖုန်းတွေ လာလွန်းလို့ ရှင်ဟာ ကလေးအဖေလို့တောင် ကျွန်မ ခံစားလာရပါတယ်”
ငါသာ ကလေးအဖေ ဖြစ်လိုက်ပါတော့လား။
“ကိုယ်တို့ ဖုန်းထဲမှာ ပြောခဲ့တာတွေကို ပြန်စဉ်းစားဖြစ်သေးလား”
“ရှင် ကျွန်မကို စိတ်သက်သာရာရအောင် ပြောနေတာ မဟုတ်လား၊ ကျွန်မကို လက်ထပ်ဖို့ ပြောတဲ့ အဲဒီအူကြောင်ကြောင် စကားတွေပေါ့”
“ကိုယ် တကယ့်ကို လေးလေးနက်နက် ပြောတာပါ”
ကျွန်တော် ကွာရှင်းပြတ်စဲပြီးနောက် ကျွန်တော့်မှာ ရည်းစား သုံးယောက်ထိ ရှိလာခဲ့ပါတယ်။ ပြဿနာက မတ်ဆုမိနဲ့ တွေ့ကတည်းက သူတို့နဲ့ အိပ်ချင်စိတ်တွေ လုံးလုံး ပျောက်ကွယ်သွားခဲ့တာပါပဲ။ မတ်ဆုမိရဲ့ အခန်းက စတူဒီယို တိုက်ခန်းပါ။ သူမဆီမှာ ပန်းချီကားဒေါက်နဲ့ ဆီဆေးတွေ ရှိပါတယ်။ သူမက ပန်းချီဆရာမတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ သူမက ဘားမယ်လုပ်တာ ပန်းချီဆွဲဖို့ အချိန်ပို တော်တော်ရမယ်လို့ ထင်ခဲ့ပေမယ့် လက်တွေ့မှာတော့ တခြားစီပါ။
“ကိုယ့်ကိုကြည့်ပါဦး” လို့ ကျွန်တော် ပြောလိုက်တယ်။
“ဘာလဲ”
“ဘာတွေ ပြောင်းလဲသွားလဲ ဆိုတာ သတိထားမိလား”
“အခုမှ ရှင်နဲ့တွေ့တာ သုံးကြိမ်ပဲ ရှိသေးတယ်လေ”
“ကိုယ်အလေးချိန် ဂရမ်ရှစ်ရာ ကျသွားတယ်”
သူမ The Ultra-LSI Club Epistles စာအုပ်ကနေ တစ်ဆင့် ကြည့်လို့နေတယ်။ ခုတော့ စာအုပ်ပိတ်လိုက်ပါပြီ။ ကျွန်တော့်ကို သနားတဲ့ အကြည့်နဲ့ ကြည့်ပါတယ်။ ကျွန်တော် အရက်သောက်တာ လျှော့လိုက်ပါပြီ။ ရေကူးကလပ်ကို သွားနေပါပြီ။ ညမအိပ်ခင် ဗိုက်မှာ အဆီကျစေတဲ့ ဆေးကို လိမ်းပါတယ်။
“ရှင် ဝိတ်ချနေတာလား”
“ဟုတ်တယ်”
“ဘာဖြစ်လို့လဲ”
“ပထမဆုံး စာအုပ်ထဲက ပုံစံအတိုင်း ပြန်ဖြစ်ချင်လို့”
ကျွန်တော်က သူမ ခုတင်ရဲ့ ထောင့်စွန်းမှာ ထိုင်နေပါတယ်။ သူမ ကျွန်တော့်ဆီ ထလာပြီး ကျွန်တော့်လက်ကို ကိုင်ပါတယ်။
“သူ ရောက်မယ့်အစား ကလပ်ကို ရှင် ဘာလို့ ရောက်မလာခဲ့တာလဲ”
“ပြောရရင်ကွာ၊ ကိုယ်ဟာ ကိုယ့်အကြောင်းကိုယ် စဉ်းစားနေခဲ့တာ၊ နည်းနည်းတော့ ရှုပ်ထွေးပါတယ်၊ ဘယ်လို ပြောရမလဲ၊ ကိုယ်တို့နှစ်ယောက် ချစ်ကျွမ်းဝင်ဖို့ ကံကြမ္မာပါလာခဲ့တယ်လို့ ကိုယ် ထင်မိတယ်၊ ဒါပေမဲ့ အမှားအယွင်း အတိမ်းအစောင်း တစ်ခု ရှိခဲ့တယ်”
“အမှားအယွင်း အတိမ်းအစောင်း ဟုတ်လား”
“ကိုယ်တို့ နည်းနည်း လွဲချော်ခဲ့ကြတယ်”
“ရှင် ကျွန်မကို ဘာလို့ အတင်း နားသွင်းနေတာလဲ”
“မူချန် ကိုယ်တို့ နှစ်ယောက်ကြား ရပ်နေတာ အကုန်လုံးက တစ္ဆေတစ်ကောင်ပဲ၊ လူသေရဲ့ ပုံရိပ်ပဲ”
“အင်း၊ သူက ရှင့်ဟန်ဆောင်နေတာ”
“ကိုယ်နဲ့ ဘာမှ မသက်ဆိုင်တဲ့ လူတစ်ယောက် ဆိုရင်တော့ ဘာမှ မဖြစ်လှပါဘူး၊ မင်းဟာ ကိုယ်တစ်ခါမှ မကြားဖူးတဲ့ လူတစ်ယောက်ရဲ့ လှည့်ဖြားတာကို ခံခဲ့ရရင်ပေါ့”
“ရှင် ဆိုလိုချင်တာကို ကျွန်မ နားလည်ပါတယ်”
“ဟုတ်ပါတယ်၊ မင်း နားလည်တယ်၊ မင်းက ကိုယ့်စာအုပ်တွေ ဖတ်တဲ့ ပရိသတ်တစ်ယောက်ပဲ၊ ကိုယ့်စာပေလက်ရာတွေ အားလုံးရဲ့ ပင်မ အကြောင်းအရာတွေက ဒစ်ဂျစ်တယ် အချိန်ကာလရဲ့ စေ့ဆော်မှုအပေါ် မှီခိုနေရတဲ့ အန်နာလော့ဂ် အချိန်ပါပဲ၊ ဒစ်ဂျစ်တယ် အချိန်ဆိုတာက တခြားနည်းလမ်းနဲ့ ဘယ်လိုမှ မလည်ပတ်ဘူး”
“ကျွန်မ နောက်တစ်ခေါက် လည်ပတ်စေတာကို လိုချင်တာလား”
“ဥပမာပြောရရင် သွားကိုက်တာက ကိုယ်ရည်ကိုယ်သွေးအပေါ် သက်ရောက်မှု ရှိစေသလိုပဲ”
“ကျွန်မတို့ရဲ့ ပတ်သက်မှုက အဲဒီလို ဖြစ်နေတာနဲ့ တူတယ်လို့ ပြောချင်တာလား”
“မေးပါရစေဦး၊ အဲဒီလူကို မင်း ဘယ်လိုခေါ်လဲ”
“ပထမတော့ ဆရာလို့ ခေါ်တယ်၊ ဒါပေမဲ့ အဲဒီအသံကို မကြိုက်လို့ အိုကူတေဂါဝါစံလို့ ပြောင်းခေါ်တယ်၊ သူ့ကို ကျွန်မက ဂျွန်လို့ ခေါ်ဖို့ ပြောပါတယ်၊ ဒါပေမဲ့ သူက ကျွန်မ လေးစားရတဲ့ စာရေးဆရာ ဖြစ်နေတာကြောင့် အရမ်းကြီး ရင်းနှီးနေတာကိုလည်း မကြိုက်ဘူး၊ အဲဒါနဲ့ အိုကူတေဂါဝါလို့ပဲ ဆက်ခေါ်ဖြစ်တယ်၊ ခေါ်ရတာ ပါးစပ်ထဲမှာ တစ်လုံးတစ်ခဲတော့ ရှိလှတယ်၊ ဒါပေမဲ့…”
“မင်းကတော့ ကိုယ့်ကို တစ်ခါမှ နာမည်တပ် မခေါ်ဘူး၊ ကိုယ်ကမှ အိုကူတေဂါဝါဂျွန် အစစ်ပါ”
“ကျွန်မ သိပါတယ်”
“ကိုယ့်ဘက်က ဒီနေရာမှာ နစ်နာတာပေါ့၊ သူနဲ့က ကောင်းလား”
“ဘာကို ပြောတာလဲ”
“လိင်ကိစ္စ”
“ဘာအကြောင်းတွေ လာမေးနေတာလဲ”
“အဲဒါ အရေးကြီးတယ်၊ အဲဒါကြောင့်ပဲ ကိုယ့်အိမ်ထောင်ရေး ပြိုကွဲခဲ့ရတာ”
“ရှင့်မိန်းမနဲ့က မကောင်းဘူးလား”
“အဲဒီ ကိစ္စက ခုပြောချင်တာနဲ့ မဆိုင်ဘူး၊ မင်းနဲ့ အယောင်ဆောင်တဲ့ သူနဲ့ အတူတူ ပြီးကြလား”
“အတူတူ အော်ဂတ်ဆန် ဖြစ်လားလို့ မေးချင်တာလား”
မတ်ဆုမိ ရှက်လို့နေပါတယ်၊ သူမရဲ့ နားရွက်ဖျားတွေ ပန်းရောင်သန်း သွားတယ်။ ဒါပေမဲ့ သူ့ရဲ့ ပါးစပ်ထောင့်ဖျားမှာ အပြုံးလေးတစ်ခု တွဲလဲခိုလို့ နေတယ်။ အော်ဂတ်ဆန်ဖြစ်တဲ့ မှတ်ဉာဏ်ဟာ ဖိနှိပ်လို့ မရကောင်းပါဘူး။ ဘယ်တော့မှ ကွယ်ဝှက်လို့ မရဘူး။
“မင်း အသက်ဘယ်လောက် ရှိပြီလဲ”
“နှစ်ဆယ့်နှစ်နှစ်”
“မင်း အသက်အရွယ်မှာ လိင်တံအရွယ်အစားက ကိစ္စမရှိပါဘူး၊ ဟုတ်တယ် မဟုတ်လား၊ အရေးကြီးတာက အချစ်ပဲ”
“ကျွန်မ နားထောင်နေပါတယ်”
“မင်းရဲ့ ပါတနာကို ချစ်တယ် ဆိုရင် အော်ဂတ်ဆန် ဖြစ်တယ်”
“ကောင်းလိုက်တဲ့ ပို့ချမှုပဲ၊ ကိုယ်ဝန်ဖျက်ချပြီးခါစ မိန်းကလေး တစ်ယောက် ကြားချင်တဲ့ စကားမျိုးပဲ”
“ဆောရီးပါ၊ ဒါပေမဲ့ မင်းဟာ ကိုယ့်နေရာမှာ ဟန်ဆောင်ခဲ့တဲ့ လူကို ချစ်ခဲ့တာ ထင်ရှားနေတယ်၊ ကိုယ် ဆိုလိုချင်တာ နားလည်လား၊ ဘာကိုဆိုလိုလဲ ဆိုတော့ မင်းအတွက်တော့ ကိုယ်ဟာ အယောင်ဆောင်သူပါပဲ”
မတ်ဆုမီက ကျွန်တော့်ကို ပြန်ပါတော့လို့ တောင်းဆိုတယ်။ သူမရဲ့ မျက်ဝန်းတွေကနေ ပါးပြင်ပေါ် မျက်ရည်တွေ စီးထွက်လာပြီး သူမရဲ့ လက်ခုံပေါ်က သွေးကြောစိမ်းစိမ်းတွေ အပေါ် ကျလို့ သွားတယ်။ ကိုယ်ဝန်ဖျက်ချထားတာကြောင့် ကိုယ်ရော၊ စိတ်ပါ ညှိုးငယ်နေချိန်မှာ သူမဟာ ဒီကိစ္စကိုပါ ဖြေရှင်းနေရတယ်။ ပထမတော့ သူမဟာ အိုကူတေဂါဝါရဲ့ ဝတ္ထုတွေကို ဖတ်တဲ့ ပရိသတ်တစ်ယောက် ဖြစ်ခဲ့တယ်။ အဲဒီနောက် သူမရဲ့ ကမ္ဘာထဲကို မမျှော်လင့်ဘဲ ရောက်လာတဲ့ အိုကူတေဂါဝါဂျွန်ကို ချစ်မက်မိသွားတယ်။ အစမှာတော့ အဲဒီနာမည်ဟာ သူမအတွက် အဝတ်အစားတစ်စုံ သက်သက်ပဲ။ ဒါပေမဲ့ အဝတ်အစားက ကျွတ်ကျသွားပြီး နာမည်တွေဆိုတာ ဘာဖြစ်ဖြစ် အော်ဂတ်ဆန်သို့ သွားရာ လမ်းမှာ အရေးမကြီးတော့ဘူး။
“ကိုယ့်ဟန်ဆောင်တဲ့ လူက ညစ်ပတ်တဲ့ စိတ်မျိုးရှိတဲ့ လူစားလား”
“သူ ကျွန်မကို မျိုးစုံလုပ်ခိုင်းတယ်”
လို့ သူမ ဝန်ခံပါတယ်။ သူမ ငိုနေတုန်းပဲ။ သူမဟာ နှစ်ခါပြန် စွန့်ပစ်ခြင်း ခံခဲ့ရတယ်။ အမည်နာမအားဖြင့် အိုကူတေဂါဝါ ဆိုတာနဲ့ ဝတ်လစ်စားလစ် ဖြစ်ခဲ့တဲ့ အမည်မသိလူ။
ကျွန်တော့်ကိုကော ဘယ်ကို ဦးတည်စေလဲ။ မတ်ဆုမိ ရှုထောင့်ကဆို ကျွန်တော်ဟာ ခပ်ဖျော့ဖျော့ အတုအပက လွဲလို့ ဘာမှမဟုတ်ပါဘူး။
※※※
ကျွန်တော့် ငယ်သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဖို့အတွက် ကျွန်တော် Cray Research ကုမ္ပဏီကို သွားခဲ့ပါတယ်။ သူက ဂျပန်နိုင်ငံရဲ့ ထိပ်တန်း ကွန်ပျူတာ နည်းပညာရှင် သုံး၊ လေးယောက် စာရင်းမှာ ပါဝင်ပါတယ်။ ကျွန်တော့် အဆိုပြုချက်ကို နားထောင်ပြီး သူက ခေါင်းကို ခါတယ်။
“မေ့လိုက်”
လို့ သူက ပြောတယ်။
“ကျေးဇူးပြုပြီး ကြိုးစားကြည့်ပေးပါ၊ လူသားဦးနှောက်အတွက် အရမ်း ကြီးမားနေလို့ပါ၊ ဉာဏ်အတု (artificial intelligence) ရဲ့ အကူအညီ နည်းနည်းလောက်ယူတာ ဘာဖြစ်လို့လဲကွာ”
ကျွန်တော့်မှာ မတ်ဆုမိ ဖြေထားတဲ့ မေးခွန်းငါးဆယ် အမေးလွှာ ရှိနေပါတယ်။ ပြီးတော့ ကျွန်တော် သူမကို အဲဒီအတိုင်းပဲ အယောင်ဆောင်သူနဲ့ ပတ်သက်တဲ့ မေးခွန်းငါးဆယ်ကို အကောင်းဆုံး ထပ်ဖြေခိုင်းပါတယ်။ နောက်ဆုံးတော့ ကျွန်တော့်ကိုယ်ကျွန်တော် အဲဒီမေးခွန်းတွေ ဖြေခိုင်းခဲ့ပါတယ်။ ကျွန်တော့်မှာ သက်ဆိုင်ရာ အချက်အလက် အဖြေသုံးစုံ ရထားပါတယ်။ အရပ်အမြင့်နဲ့ ကိုယ်အလေးချိန်၊ မိဘတွေရဲ့ အလုပ်အကိုင်များ၊ အကြိုက်ဆုံးဟင်း၊ အကြိုက်ဆုံး ရုပ်ရှင်၊ အကြိုက်ဆုံး ဂီတအမျိုးအစား၊ အကြိုက်ဆုံး ဘေ့စ်ဘောအသင်း၊ ဖက်ရှင် နှစ်ခြိုက်မှုများ၊ စီးကရက်များ၊ ခန္ဓာကိုယ်အနံ့၊ ယေဘုယျခန္ဓာကိုယ် အနေအထား၊ သွားခံတွင်းပေါက် အရေအတွက်၊ အကြိုက်ဆုံး ယမကာ၊ ဝီစကီကြိုက်လျှင် ဘာဘွန်းလား၊ စကော့ခ်ျလား၊ ကနေဒီယန်လား၊ အိုင်းရစ်ရှ်လား စသည်ဖြင့်၊ အကြိုက်ဆုံး ကော့ခ်တေး ဆူရှီဆိုင်မှာ အရင်ဆုံး မှာတတ်တဲ့ အရာ၊ ကစားတဲ့ အားကစား၊ လိင်ဆက်ဆံရာမှာ အကြိုက်ဆုံး ပုံစံအနေအထား၊ လိင်စိတ် နိုးထစေသော နေရာများ၊ သတင်းစာဖတ်ရင် အရင်ဆုံးဖတ်တဲ့ စာမျက်နှာ၊ မာ့က်စ်ဝါဒ သဘောထားအမြင်နဲ့ စသည်ဖြင့်။ အူကြောင်ကြောင် နိုင်မှန်းတော့ ကျွန်တော် သိပါတယ်။ ကွန်ပျူတာကနေ တစ်ဆင့် ချိန်းတွေ့ရာမှာ ဖြည့်ရတာတွေထက် မပိုပါဘူး။ ဒါပေမဲ့ ကျွန်တော် ကောက်ရိုးမျှင်လေးတွေကို ဖမ်းဆုပ်ကိုင်နေတာပါ။ ကျွန်တော်ဟာ မတ်ဆုမိရဲ့ ပြသနာအပေါ် စွဲလမ်းလွန်းစိတ် ဖြစ်နေတာကြောင့် ဘာအလုပ်မှ လုပ်လို့ မရပါဘူး။
“မင်းကလေ တကယ့်ကို ငကြောင် တစ်ကောင်ပါပဲ၊ မင်းမိန်းမ မင်းကို ထားသွားတုန်းကလည်း ဒီလိုမျိုး ညည်းတွားသေးတယ်၊ အခုဟာက ပိုတောင် ဆိုးသေးတယ်၊ ဝတ္ထုရေးဆရာတွေဟာ ဉာဏ်ကောင်းလိမ့်မယ်လို့ ငါ အမြဲတမ်း ထင်ထားတာ၊ အဲဒီအမြင်အရဆိုရင် မင်းကတော့ ခြွင်းချက်ပဲ”
သူ အချက်အလက်တွေ ထည့်သွင်းတော့ ပိုလို့တောင် ညည်းညူလာခဲ့တယ်။
“သနားစရာ ဘော်ရဂဲလ်လေးအတွက် စိတ်မကောင်းပါဘူး”
လို့ သူက ကီးဘုတ်ကို တချောက်ချောက် ရိုက်ရင်း ပြောပါတယ်။
“ဘယ်သူလဲ ဘော်ရဂဲလ်”
“ပြီးခဲ့တဲ့ လကမှ ရထားတဲ့ စူပါကွန်ပျူတာအသစ်၊ ငါ အဲဒီထဲကို အချက်အလက်တွေ ပို့နေတာ”
“မင်းက ဘာလို့ စိတ်မကောင်း ဖြစ်ရတာလဲ”
“ဘော်ရဂဲလ်က တစ်စက္ကန့်မှာ အော်ပရေးရှင်းပေါင်း တစ်ဘီလျံ၊ သန်းခြောက်ရာကို ကူးယူနိုင်တယ်၊ ငါတို့ သူ့ဆီကို မင်းရဲ့ သောက်ပေါ ပြဿနာကို ပို့နေရတယ်၊ မင်းဟာတွေက အရမ်း ပိန်းလွန်းအားကြီးရင်တော့ ဘာမှမလုပ်ဖို့ သူက ငြင်းလိမ့်မယ်၊ မင်း နားလည်လား”
သူ ကျွန်တော့်ကို ကြည့်ပြီး သွားဖြဲပြပါတယ်။
“အခုဆိုရင် လူတွေက မင်းအနေနဲ့ အယောင်ဆောင် လာကြပြီ”
လို့ သူက ပြောတယ်။
“အဲဒါက မင်း ဘယ်လောက် နာမည်ကြီးနေလဲ ဆိုတာကို ပြနေတာပဲ”
“ငါလည်း ဒီလို သွားဖြဲနေခဲ့ရတာပါ၊ အဲဒီအမျိုးသမီးကို တွေ့တဲ့အထိပေါ့”
“ဘော်ရဂဲလ်က ပုံစံတူ တစ်ခုကို လုပ်ပေးဖို့ သဘောတူလိုက်ပြီ”
“ဘော်ရဂဲလ်ဆိုပဲ၊ မင်းက သူ့ကို လူတစ်ယောက်လို ဆက်ဆံနေတာပဲ”
“ဟုတ်တယ်၊ သူက နှစ်သက်စရာကောင်းတဲ့ ပုံစံ ရှိတယ်”
“မင်းက တချို့စက်တွေကို နှစ်လိုဖွယ်ကောင်းတဲ့ ပုံစံရှိတယ်လို့ အမြဲ ပြောတတ်တယ်”
“တချို့စက်တွေက လူတွေထက် ပိုကောင်းတယ်၊ လူတွေက အမြဲတမ်း သူတို့ကိုယ်သူတို့ပဲ သက်သေပြနေ၊ သူတို့ရဲ့ ဂုဏ်သိက္ခာတွေကို ထိန်းသိမ်းနေတာချည်းပါပဲ၊ အားလုံး အတူတူပဲ၊ အဲဒါက တရွတ်ဆွဲနေတာပဲ၊ ဘော်ရဂဲလ်က သူမွေးတဲ့ နေ့မှာကတည်းက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်တဲ့ စနစ် အတပ် ခံထားရတယ်”
“ကွန်ပျူတာတွေမှာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတာ ရှိလို့လား”
“ရှိတာပေါ့”
“ငါက သူတို့မှာ စိတ်ခံစားမှုတွေ မရှိဘူးပဲ ထင်တာ”
“ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတာနဲ့ စိတ်ခံစားမှုနဲ့က မတူဘူးကွ၊ မင်းက ဘယ်လို ဝတ္ထုရေးဆရာလဲကွာ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု ဆိုတာက ကိုယ့်ကိုယ်ကိုယ် သိရှိမှုပဲ၊ မင်းရဲ့ အကန့်အသတ်ကို အပြည့်အဝ သိနေတာ၊ ကိုယ်ပိုင်စနစ်တွေနဲ့အညီ ရှင်သန်နေတာ၊ ငါ မှန်လား၊ ဒါမှမဟုတ် ငါ မှန်လား”
အက္ခရာတွေ၊ စာလုံးတွေ၊ သင်္ကေတတွေ၊ ကိန်းဂဏန်းတွေဟာ ကွန်ပျူတာ ဖန်သားပြင်မှာ တစ်လိုင်းပြီး တစ်လိုင်း ပြည့်လို့ လာတယ်။ ပြီးတော့ ပျောက်လို့သွားပြန်တယ်။ ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်ကို လှောင်ပြုံး ပြုံးပြပါတယ်။
“အံ့ဩဖို့ကောင်းတယ် မဟုတ်လား”
လို့ သူက ပြောတယ်။
“ဘာကိုလဲ”
“ဘယ်အရာက အံ့ဩဖို့ကောင်းတယ် ဆိုတာ မင်း မမြင်ဘူး မဟုတ်လား၊ မင်းပဲ အဆင့်မြင့် နည်းပညာ ခေါင်းစဉ်တွေ တပ်ပြီး စာအုပ်တွေ ရောင်းနေပြီးတော့၊ မင်းကတော့ ဆရာယောင်၊ သမားယောင်ပဲ၊ ဘော်ရဂဲလ်က မင်းရဲ့ မေးခွန်းငါးဆယ် အမျိုးအစားတွေအတွက် ဖြစ်နိုင်ဖွယ်ရှိတဲ့ ပေါင်းစပ်မှုတွေကို ပုံစံတူ လုပ်ပေးနေတယ်၊ ဒေတာ သုံးစုံကို တစ်ခုချင်းစီ လုပ်နေတာကို ပြောတာ၊ မင်းဘာသာမင်းဆို နှစ်တစ်ထောင်လောက် ကြာလိမ့်မယ်၊ ဒါနဲ့ မင်းဇနီးဟောင်း ဘယ်လိုလဲ”
“သူ အဆင်ပြေပါတယ်၊ ငါ့သားဆီကနေ တစ်ခါတလေ ကြားရတယ်၊ ရေကူးသင်တန်း၊ ယောဂသင်တန်း၊ ကွတ်ကီးဖုတ်နည်း သင်တန်းတွေ တက်နေပြီး ကောလိပ်က ဘေ့စ်ဘောနည်းပြ ဆရာတစ်ယောက်နဲ့ ကြိုက်နေတယ်လို့ သားက ပြောတယ်၊ မင်း မိန်းမဟောင်းကော”
“သူ နောက်အိမ်ထောင်ပြုသွားပြီ။ ကော်ဖီတင်ပို့တဲ့ ကုမ္ပဏီက အမှုဆောင် အရာရှိတဲ့၊ အဲဒီတစ်ယောက်က သုံးဆယ်ကျော်ကျော်ပဲ ရှိသေးတယ်တဲ့၊ ပြီးတော့ ပထမဆုံး အိမ်ထောင်ပြုတာ ဆိုပဲ၊ မင်း မေးရင်တော့ တော်တော် အံ့ဩဖို့ကောင်းတယ်လို့ပဲ ငါဖြေမှာ၊ ငါ့မိန်းမ ဒါမျိုးတွေ သံယောဇဉ်ဖြတ်နိုင်တာကို ငါတော့ အထင်ကြီးမိတယ်၊ ငါကတော့ ဘော်ရဂဲလ်အပေါ်ပဲ ယုံကြည်နိုင်တဲ့ လူစားမျိုး၊ ဒီမှာ အဖြေတစ်ခု၊ ကာ့ပ်ဆိုတာ ဘာလဲ၊ ဘာအဓိပ္ပာယ်လဲ”
“ဟီရိုရှီးမားကာ့ပ် ဘေ့စ်ဘောအသင်းကို ပြောတာ၊ ငါ့ဟန်ဆောင်တဲ့ ကောင်ရယ်၊ မတ်ဆုမိရယ်၊ ငါရယ်က ကာ့ပ်အသင်းရဲ့ ပရိသတ်တွေချည်းပဲ၊ ဒါက အဖြေမဟုတ်သေးဘူး၊ စက်က ဘာပြောချင်နေတာလဲ”
“မင်းက တော်တော်ထူတဲ့ ကောင်ပဲ၊ ကောင်မလေးကို ဘေ့စ်ဘောပွဲ ခေါ်သွားတယ်၊ အားကစားက သန့်ရှင်းပါတယ်၊ ရိုးရှင်းတယ်၊ ဒါပေမဲ့ ဘာတွေများ ကောင်းလို့လဲ၊ ဘာမှ မသင်္ကာစရာ မရှိဘူး၊ ဘောလုံးပစ်မယ်၊ ရိုက်မယ်၊ ပြေးမယ်၊ ဒါပဲ၊ အယောင်ဆောင်တဲ့ ကောင်ကလည်း အဲဒီအသင်းရဲ့ ပရိသတ်ပဲ၊ သူနဲ့ ပတ်သက်တဲ့ နှစ်လိုဖွယ်ရာ မှန်သမျှနဲ့ ဘေ့စ်ဘောနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေဟာ မင်းဆီကို ကူးပြောင်းလာလိမ့်မယ်၊ အဲဒါတော့ ကောင်းတယ်”
※※※
ဝေလငါးများနဲ့ ကာ့ပ်အသင်းတို့ရဲ့ ရှစ်ကြိမ်မြောက် ပုံမှန် ရာသီပွဲစဉ် ကြည့်ဖို့ ကျွန်တော်တို့ ယိုကိုဟားမား အားကစားရုံကို ရောက်လို့နေပါတယ်။ ကျွန်တော်က ပွဲကြည့်ဖို့ ဖိတ်တော့ မတ်ဆုမိက စီခနဲမြည်အောင် အသံထွက် ပျော်သွားပါတယ်၊ ပြီးခဲ့တဲ့ လေးနှစ်တုန်းက ကာ့ပ်အသင်းရဲ့ မန်နေဂျာနဲ့အတူ စားပွဲဝိုင်းဆွေးနွေးပွဲမှာ ပါဝင် စကားပြောပြီး ကတည်းက ကျွန်တော်ဟာ ကာ့ပ်အသင်းရဲ့ ပရိသတ်တစ်ယောက် ဖြစ်လို့လာပါတယ်။ ဒီပွဲစဉ်ဟာ ဘောလုံးပစ်သမားတွေ ဖြစ်တဲ့ ဝေလငါးများအသင်းက အန်ဒိုနဲ့ ကာ့ပ်အသင်းက ကီတာဘက်ပူတို့ နှစ်ယောက်ရဲ့ အားပြိုင်ပွဲ ဖြစ်လို့လာပါတယ်။ တတိယတန်းရဲ့ အောက်ခြေမှာ ကာတိုက ကီတာဘက်ပူရဲ့ ဘောလုံးကို ရိုက်လိုက်ပါတယ်။ ပြီးတော့ လီယွန်လီက ဘောလုံးကို ရိုက်ပြီး ညာဗဟိုကို ပြေးသွားပါတယ်။
လေက တော်တော့ကို အေးစိမ့်စိမ့် နိုင်လှပါတယ်။ ဒါပေမဲ့ ဘီယာ အရသာက ကောင်းလွန်းလှပါတယ်။ မတ်ဆုမိနဲ့ ပူးပူးကပ်ကပ် ထိုင်နေရတာကြောင့်လည်း ဘီယာအရသာက ပိုကောင်းနေတာပါ။ မတ်ဆုမိဟာ သားရေဘောင်းဘီ ကျပ်ကျပ်၊ ငွေရောင် ခြေညှပ်ဖိနပ်နဲ့ အိစက်စက် တီရှပ်တို့ကို ဝတ်ဆင်ထားပြီး သူမရဲ့ ပါးကို ပြောင်းဖူးပေါက်ပေါက်နဲ့ ပွတ်သပ်လို့ နေပါတယ်။
“မူချန် မင်း ဘာဖြစ်လို့ ကာ့ပ်ပရိသတ် ဖြစ်နေတာလဲ၊ ဟီရိုရှီးမားမှာ မွေးခဲ့တာလည်း မဟုတ်ဘဲနဲ့”
“အဲဒီမှာ မမွေးခဲ့ပါဘူး၊ ဒီအသင်းက လူငယ်ကစားသမား တော်တော်များများက ချောလို့ပါ၊ ရာမိန်းက ကြည့်မကောင်းဘူးလား၊ တာကာဟာရှီယိုရှီဟီကိုလည်း ချောတာပဲ၊ ကိုဘာယာကာဝါ၊ ကာဝါဂူချီ၊ မိုရီဝါကီ… အကုန်လုံး ချောတယ်”
“မင်း အတွက် ရုပ်က အရေးကြီးတယ်ပေါ့၊ ဟုတ်လား”
“စာအုပ်တစ်အုပ်ကို အဖုံးနဲ့ကြည့် မဆုံးဖြတ်နဲ့လို့ ပြောကြတယ်၊ အဲဒါ မမှန်ဘူး၊ အဲဒီ အဖုံးနဲ့ ဆုံးဖြတ်ရမှာပဲလေ”
“ဒါပေမဲ့ ပြင်ပသွင်ပြင် လက္ခဏာတွေက လှည့်ဖြားတတ်တယ်လေ၊ မဟုတ်လား”
“တခြားလူတွေ ဘယ်လို ထင်လဲ ဆိုတာတွေကို ကိုယ့်ကို အလွှမ်းမိုးခံလိုက်မှ ဖြစ်တာပါ၊ ရှင်က ကိုယ့်ရဲ့ ကိုယ်ပိုင်ခံစားချက်တွေကို ယုံကြည်တယ် ဆိုရင်၊ ဘယ်သူ့ကိုမဆို သူတို့ရဲ့ အမြင်နဲ့ ဆုံးဖြတ်နိုင်တယ်၊ ဘယ်တော့မှ မမှားဘူး”
အဲဒါ ဘာကို ဆိုလိုတာလဲ။ ကျွန်တော်နဲ့ ကျွန်တော့်အယောင်ဆောင်သူ ကိစ္စကို ရည်ညွှန်းလေသလား။ သူ့ပုံစံ ဘယ်လိုရှိလဲ ဆိုတာ ကျွန်တော် သိချင် စမ်းပါဘိ။ မတ်ဆုမိဟာ အဲဒီကောင်ရဲ့ စိတ်ထဲမှာ ဘာတွေရှိလဲ ဆိုတာ ဘယ်တော့မှ နားလည်မှာ မဟုတ်ပါဘူး။ အဲဒီကောင်က ကျွန်တော့်ထက်ပဲ ရုပ်ပိုချောနေသလား။
ကီနူဂါဆာဝါ ပဉ္စမအလှည့် အရှေ့ဆုံးမှာ တစ်ကိုယ်တော် ရိုက်ပြေးသွားတာက ကျွန်တော့်ရဲ့ အတွေးရထားကို လမ်းချော်စေပါတယ်။ ကျွန်တော် တို့နှစ်ယောက် တစ်ယောက်လက်ကို တစ်ယောက် ကိုင်ပြီး ထိုင်ခုံတွေကနေ ထခုန်လိုက်တယ်။ အရူးတွေလို အော်ဟစ်အားပေးကြတယ်။
သတ္တမအလှည့်ရဲ့ ထိပ်မှာ တာကာဟာရှီယိုရှီဟီကိုဟာ ရိုက်ချက် လေးချက် ရိုက်ခွင့်ရလာတယ်။
တာကာဟာရှီဟာ ဇွန်လကတည်းက တတိယနေရာကနေ ရိုက်လာခဲ့ပါတယ်။ သူ့နောက်မှာက ယာမာမိုတိုကိုဂျီပါ။ အပြင်တွေ မပါဘူး။ အပြေးသမားက အရင်ပါ။
ကျွန်တော်တို့နောက် သုံးတန်းမြောက်က သောက်ရူးတချို့က မတ်တတ်ရပ်ပြီး-
“ပြေးထား၊ တာကာဟာရှီ”
လို့ ထအော်ကြပါတယ်။
“ဒီအချိန်မှာ မပြေးသင့်သေးဘူး”
လို့ ကျွန်တော် မတ်ဆုမိကို တိုးတိုးလေး ပြောလိုက်ပါတယ်။
“ဘာလို့ မပြေးရမှာလဲ”
သူမက ကစားသမားတွေ အားလုံးထဲမှာ တာကာဟာရှီကို အကြိုက်ဆုံးပါ။
“ကိုဂျီကို သူ့အလုပ်သူ အာရုံစိုက်စေသင့်တယ်”
လို့ ကျွန်တော် သူမကို ပြောတယ်။
“တာကာဟာရှီက ပစ်မယ့်သူကို အာရုံနောက်နေရင် ကိုဂျီက သူ့အလုပ်ကို သူ ဘယ်လို အာရုံစိုက်နိုင်မလဲ၊ ကိုဂျီက အပြတ်ရိုက်နိုင်တဲ့ သူပါ၊ သူ့အလုပ် သူ လုပ်ပါစေ”
“ဒါက ယိုရှီဟီကိုလေ၊ ကျွန်မ သူ့ကို ပြေးစေချင်တယ်၊ သူ ပြေးတာကို ကြည့်ရတာ ကျွန်မ အရမ်းကြိုက်တယ်”
တာကာဟာရှီက ဦးဆောင်လို့နေပါတယ်၊ အန်ဒိုက အချိန်ဆွဲပြီး ပထမဆုံး ပစ်ချက်တွေကို အချိန်ဆွဲ ဝေ့လည်ကြောင်ပတ် လုပ်လို့ နေတယ်။ ယာမာမိုတို စောင့်လို့နေတယ်။ စည်းအပြင်ကို ထွက်လိုက်ပြီး နောက်ထပ် ပစ်လာမှာတွေကို စောင့်တယ်။
တစ်မိနစ်ကျော်လောက် ကြာသွားတဲ့အထိ အန်ဒိုက ဒုတိယမြောက် ပစ်ချက်ကို မပစ်သေးဘူး။
ဒီတစ်ခါတော့ ယာမာမိုတို စိတ်မရှည်တော့ဘဲ၊ ခံစစ်ဘက်ကို ပြောင်းပြီး ဘောလုံး အပြင်ထွက်စေဖို့ ဒဗယ်ပလေး ကစားမယ့်နေရာကို ရွှေ့လိုက်တယ်။
“တွေ့လား၊ တာကာဟာရှီ ဟိုရွှေ့ဒီရွှေ့လုပ်နေရင်း ပထမဆုံး အပြင်ကို ရောက်သွားစေလိုက်ပြီ၊ အန်ဒိုက ဒီနေ့ မယုံနိုင်လောက်အောင်ပဲ၊ ကိုယ်တို့ကတော့ အပြေးသမား များများရမှာ မဟုတ်ဘူး”
အန်ဒိုနဲ့ ကီတာဘက်ပူတို့ နှစ်ယောက်လုံး ပစ်ချက်တွေ အရမ်း ကောင်းနေတာကြောင့် ပွဲက အပိုအင်းနင်း ရိုက်ချက်တွေအထိ ရှည်လာခဲ့တယ်။
ဆယ်ကြိမ်မြောက်ရဲ့ ပထမဆုံးပစ်ချက်။ တာကာဟာရှီက ပထမ။ ပထမပစ်ချက်မှာ သူ ရိုက်ချက် ကောင်းကောင်းရပါတယ်။ အမြန်အဝေးပစ် ဘောကို သူ လွတ်သွားတယ်။ ပြီးတော့ ဒုတိယ ပစ်ဘောမှာ လှလှပပ ရိုက်ပြီး တတိယပြေးလမ်းပေါ် ရောက်သွားစေတယ်။
ဘယ်သူမှ မထွက်ရသေးဘူး။ ပထမမှာပဲ။ ဒီတစ်ကြိမ်မှာတော့ တာကာဟာရှီဟာ ဦးဆောင်မှုကြီးကြီးကို မယူထားသေးပါဘူး။ ယာမာမိုတိုက အန်ဒို အမြင့်ပျံ၊ အမြန်ဘောကို လွှဲရိုက်နိုင်လိုက်ပါတယ်။ နာဂါရှီမာက ဘောလုံး ရပြီး တတိယပစ်ချက် ဖြစ်စေတယ်။
နောက်ထပ် ဝင်လာတာက ကိုဘာယာကာဝါပါ။ သူက ကျွန်တော့် အကြိုက်ဆုံး ကစားသမားပါ။ သူ အရိုက်သမား စည်းဝင်ဝင်ချင်းမှာပဲ တာကာဟာရှီက ဦးဆောင်မှုကြီးကြီးကို ရယူလိုက်ပြန်ပါတယ်။
“ကြည့်စမ်း၊ အဲဒီငကြောင်ကောင်က ကိုဘာယာကာဝါ ရိုက်ဖို့ အနှောင့်အယှက် ပေးနေတယ်”
ကျွန်တော် မကျေမနပ် ဖြစ်လာတာက အခုလိုကြောင့်ပါ။ တခြား လူတွေရဲ့ အသံထက် အဆပေါင်းများစွာ ကျယ်လောင်တဲ့ အသံတစ်သံ ထွက်ပေါ် လာခဲ့တယ်။
“ပြေးထား၊ တာကာဟာရှီ”
ယောက်ျားတစ်ယောက်ရဲ့ အသံပါ။ အဲဒီအသံကို ကြားတော့ မတ်ဆုမိ မျက်နှာ ဆတ်ခနဲ တွန့်လို့သွားတယ်။ အော်တဲ့ အဲဒီလူက ကျွန်တော်တို့ အတန်းရဲ့ နောက် တော်တော်အကွာမှာ ရှိနေပါတယ်။ ထိုင်ခုံကနေ မတ်တတ်ထပြီး မတ်ဆုမိ သူ့ကို လှည့်ကြည့်လိုက်တော့ ထိတ်လန့်တုန်လှုပ်တဲ့ မျက်နှာဖြစ်လို့ သွားတယ်။ သူမ ခက်ထန်မာကျောသွားပြီး နည်းနည်း ငိုတယ်။
ကျွန်တော်က ဒန်နီဆိုင်က ဟမ်ဘာဂါ အမဲသားပြား ဆိုရင်၊ အဲဒီ အယောင်ဆောင်တဲ့ လူက မေဇင်ဆိုင်က နွားလေးသား အသားပြားနဲ့ တူပါတယ်။ ကျွန်တော်တို့နှစ်ယောက် အသားအမျိုးအစားချင်း တူပေမယ့် ရုပ်ထွက်ချင်းနဲ့ အရသာချင်းက နှိုင်းယှဉ်လို့တောင် မရနိုင်ပါဘူး။ မတ်ဆုမိဟာ အိပ်ပျော်ရင်း လမ်းလျှောက်နေသလို မတ်တတ်ထပြီး အဲဒီနွားအသားပြားဆီ ပြေးလို့ သွားပါ တယ်။
※※※
နောက်ထပ် သုံးရက်အကြာမှာ သူမ ကျွန်တော့်ဆီ ဖုန်းဆက်လာပါတယ်။
“ဖြစ်ခဲ့တာတွေအတွက် ကျွန်မ စိတ်မကောင်းပါဘူးရှင်၊ ဒါပေမဲ့ သူ ကျွန်မကို ချစ်နေတာ ကျွန်မ သိလိုက်ရပါတယ်၊ သူ ကျွန်မကို အမြဲတမ်း ချစ်ခဲ့ပါတယ်၊ အဲဒါကြောင့်ပဲ ကျွန်မဟာ ရှင့်ရဲ့ ပရိသတ်ဆိုတာ သိတော့ သူက သူဟာ ရှင်ပါပဲလို့ ပြောခဲ့တာပါ၊ ကျွန်မဆီက အာရုံစိုက်ခံရမှုကို လိုချင်လို့ပါ၊ သူ့စားပွဲကို တခြားမိန်းကလေးတွေကို ခေါ်ရတာက သူက ကျွန်မကို အရမ်းနှစ်သက်လို့ ခေါ်ရမှာ ရှက်လို့ လို့ ပြောပါတယ်၊ အဲဒါကြောင့် သူ ကျွန်မကို ဂရုမစိုက်သလို ဟန်ဆောင်နေခဲ့တာပါ၊ သူ တခြား မိန်းကလေးတွေနဲ့ မအိပ်ခဲ့သလို၊ ဘာမှလည်း မဖြစ်ခဲ့ပါဘူး၊ ဒါပေမဲ့ မန်နေဂျာက ရှင့်ဆီကို ဖုန်းဆက်ပြီး နောက်မှာတော့ သူဟာ ဖြေရှင်းဖို့ ကြိုးစားနေတုန်းပါပဲ၊ ဘောက်ချာတွေက ရှင့်နာမည်နဲ့ ဖြစ်နေတာမို့ သူ့စာရင်းကနေ လွှဲပေးလို့မရ ဖြစ်နေခဲ့တာပါ၊ ခုတော့ သူ အားလုံးကို ပြန်ပေးပြီးပါပြီ၊ ပြီးတော့ သူက ရှင့်ကို ဒုက္ခတွေ များစေခဲ့တဲ့အတွက် တကယ့်ကို စိတ်မကောင်းပါဘူးလို့ ပြောပါတယ်၊ သူက ပြောပါသေးတယ်၊ ရှင့်ကို တောင်းပန်လို့ ရအောင်လို့ ကျွန်မတို့နဲ့ တစ်ခါလောက် ညစာ လိုက်စားနိုင်မလားလို့ ကျွန်မကို မေးခိုင်းပါတယ်၊ ရှင် ဘယ်လိုသဘောရလဲ”
❏
(I am a Novelist by Ryū Murakami)

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။