ရွက်လှပန်း - မိုးမိုး(အင်းလျား)

 


ရွက်လှပန်း - မိုးမိုး(အင်းလျား)

 

ညို... တဲ့ သိပ်မြန်မာဆန်တဲ့ ချစ်စရာနာမည်‌နဲ့ မိန်းမငယ်လေး တစ်ယောက်ရဲ့ အကြောင်းပေါ့။‌ အသက်အရွယ်နဲ့ မလိုက် စကားပြောရင် လောကကြီးနဲ့ ချီ ပြောတတ်သော.. ညို၊ အနုတ်လက္ခဏာ  က စခဲ့ရတယ် ယူဆပြီး အရာရာ အပျက်ဘက်က ချည်း စတွေးလေသော.. ညို၊ နာမည်လေးအတိုင်း အသားညိုသော၊ ကိုယ့်ကိုယ်ကိုယ် မလှဘူး ထင်နေတဲ့ ညို..

အသက် လေးနှစ်မှာ အမေ နောက် အိမ်ထောင် ပြုသွားလို့ မေတ္တာငတ် အချစ်ငတ်နေတဲ့ ညိုက ဘဝတလျှောက်လုံး အချစ်ကို မျှော်လင့်တောင့်တ နေခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် အညတရ ရွက်လှပန်း လို့ နာမ်စားသုံးထားပေမဲ့ ရွက်လှပန်းဆိုတာ အပွင့်မဟုတ်ပေမဲ့ အမြဲစိမ်းစို လန်းဆန်းပြီး ရာသီဥတုဒဏ် ခံတဲ့ပန်းလို့ ကိုကိုနိုင့်ရဲ့ အတွေးကြောင့် မေတ္တာငတ်နေတဲ့ စိတ်နဲ့ မျှော်လင့်ခဲ့ရသူပေါ့။

သူ့ဘဝမှာ ကိုကိုနိုင်ရယ်၊ ဆရာရယ်၊ ကိုသက်ဆွေရယ် ဆိုပြီး ဝင်လာတဲ့အချိန်မှာ မျှော်လင့် နေမိသူက တစ်ယောက် ကိုယ့်ကိုယ်ငေးရင်း မျှော်လင့်သူက တစ်ယောက် ဆိုတာ ညို မသိတာလား မကြည့်ခဲ့တာလား..

မျှော်လင့်ချက်တွေ ဖြစ်မလာတာရော၊ အကျိုးအကြောင်းတွေ တိုက်ဆိုင်ပြီး စာကို စိတ်နာသွားခဲ့ရတဲ့ ညို၊ လောကကြီးကလေ.. လောကကြီးကလေ.. လို့ အမြဲ အရွဲ့တိုက်တတ်တဲ့ ညို၊ အမေ့ နောက်အိမ်ထောင်က တရုတ်ဖြစ်တာနဲ့ပဲ တရုတ်ဗမာ ကပြား စာရင်းသွင်းခံရသူ ညို၊အရာရာ စိတ်ပျက်စရာချည်း တွေ့နေရတဲ့ ညို့အတွက် ဆရာကရော အထိန်းအကွပ် လုပ်နိုင်ပါ့မလား၊ လောကကြီးကလေမှ ... ဘဝကြီးကလေ... ဆိုပြီး ရေရွတ်ဖို့ ရင့်ကျက်တဲ့အမျိုးသမီးလေး ညို အဖြစ် တွေ့မြင်ရဖို့ ဘာတွေက ပြောင်းလဲမလဲ။ ညို့ရဲ့ လောကကြီးကို အရွဲ့တိုက်ရင်း လျှောက်တဲ့လမ်း ကရော ညို ရုန်းထွက်နိုင်ပါ့လား။

ညို့ဘဝ ရွက်လှပန်းလေးကို ‌ဆရာမမိုးမိုးအင်းလျားက ညို့ရဲ့ရုပ်ရည်အလှကို မဖွဲ့နွဲ့၊ လူတွေအပေါ် ညို့ရဲ့ ရှုမြင်ပုံနဲ့ ညို့ရဲ့ ပုန်းအောင်းနေတတ်သော လောကဓံကြောင့် မထုတ်ပြရသော မေတ္တာစေတနာတို့ ပေါ်ပေါက်လာတဲ့အထိ ရေးဖွဲ့ထားလို့ ဘဝအကြောင်း၊ လူတွေအကြောင်းကို ‌ကွင်းကွင်းကွက်ကွက် မြင်လာစေမှာဖြစ်လို့ ဖတ်ဖို့ တိုက်တွန်းပါတယ်နော်။

Review by ဝဿန်အေးချမ်း

Comments