ဖား - တော်ကောင်းမင်း
![]() |
ဖား-တော်ကောင်းမင်း
နိဒါန်း
နိုဗဲ စာပေဆုရ တရုတ် စာရေးဆရာကြီး မိုးယံ1ကို တရုတ်နိုင်ငံ၊ ဆန်းတုန်း ပြည်နယ်၊ ကောင်းမိ မြို့နယ်၊ တာ့လန် တိုက်နယ်၊ ဖိန်အန်း ရွာ (ယခု ဆန်းတုန်း ပြည်နယ်၊ ကောင်းမိမြို့) ၌ ၁၉၅၅ ခုနှစ်၊ ဖေဖော် ဝါရီလ ၁၇ ရက်နေ့တွင် ဖွားမြင်သည်။ အမည်ရင်းမှာ ကွမ်မောယဲ့2 ဖြစ်၏။ ကလောင်အမည် မိုးယံမှာ တရုတ်ဘာသာတွင် စကားမဆိုနှင့် သို့မဟုတ် တုဏှိဘောဟု အဓိပ္ပာယ် ရပေသည်။ တရုတ် ကွန်မြူနစ် ပါတီဝင်ဖြစ်၍ ဟောင်ကောင် အိုးပင်းတက္ကသိုလ်မှ ဂုဏ်ထူးဆောင် စာပေ ပါရဂူ ရရှိထားသူ၊ ချင်းတောင် သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်မှ ဧည့်ပါမောက္ခ ဖြစ်၍ ဆန်းထို တက္ကသိုလ်မှ ပါမောက္ခလည်း ဖြစ်လေသည်။
၂ဝ၁၁ ခုနှစ်၊ သြဂုတ်လတွင် သူ၏ ဝတ္ထုရှည် ဖားသည် မော်တွန်း စာပေဆုကို ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် မိုးယံသည် ၎င်း၏ ‘အာရုံချောက်ချား သရုပ်မှန်ဝါဒ’3 ဖြင့် ကျေးလက်ပုံပြင်၊ သမိုင်းနှင့် ခေတ်ပြိုင်တို့ကို ပေါင်းစည်းနိုင်စွမ်း သဖြင့် နိုဗဲ စာပေဆုကို ဆွတ်ခူးရရှိခဲ့ရာ ၎င်းစာပေဆုကို ရရှိသည့် ပထမဆုံးသော တရုတ်ပြည်သူ့သမ္မတ နိုင်ငံသား စာရေးဆရာ ဖြစ်လာခဲ့ပေသည်။
လယ်သမား မိသားစုတွင် မွေးဖွားလာခဲ့သည့် မိုးယံသည် ငယ်စဉ်က ဇာတိ မူလတန်းကျောင်းတွင် ငါးတန်းအထိ ကျောင်းတက်ခဲ့၍ ယဉ်ကျေးမှု တော်လှန်ရေးကြီးကြောင့် ကျောင်းမှ ထွက်ခဲ့ရပြီး ကျေးတောရွာတွင် ဆယ်နှစ်ကျော်မျှ အလုပ်ကြမ်း လုပ်ခဲ့ရသည်။ ၁၉၇၆ ခုနှစ် တွင် မိုးယံသည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သို့ ဝင်ရောက်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် လွတ်မြောက်ရေး တပ်မတော် အနုပညာကောလိပ်မှ ဘွဲ့ရရှိသည်။ ၁၉၉၁ ခုနှစ်တွင် ပေကျင်း ဆရာအတတ်သင် တက္ကသိုလ် လူရွှင့် ဝိဇ္ဇာကောလိပ်မှ မဟာဘွဲ့ ရရှိသည်။
မိုးယံသည် ဝတ္ထုရှည် ဆန်ပြောင်းနီ ဆွေမျိုးစု4 ဖြင့် ကမ္ဘာသိ ဖြစ်လာခဲ့သည်။ ၎င်းဝတ္ထုကို ဒါရိုက်တာ ကျန်းယိမိုး5 က ၁၉၈၇ ခုနှစ်တွင် ဆန်ပြောင်းနီ အမည်ဖြင့် ရုပ်ရှင်ရိုက်ခဲ့ရာမှ ကမ္ဘာကျော်လာခဲ့ပေသည်။ မိုးယံသည်လည်း တရုတ်ပြည်ရှိ စာရေးဆရာများအနက် မိမိ စာပေ လက်ရာများကို နိုင်ငံခြားဘာသာများသို့ အများဆုံး ပြန်ဆိုခြင်း ခံရသည့် စာရေးဆရာတဦး ဖြစ်လာခဲ့ပေသည်။
၁၉၉၇ ခုနှစ်တွင် မိုးယံသည် ဝတ္ထုရှည် ရင်ထွား တင်ကား6 ဖြင့် တရုတ်ပြည်၏ သမိုင်းတလျှောက် ဆုကြေး အမြင့်ဆုံး စာပေဆုဖြစ်သော တာ့ကျား စာပေဆုကို ဆွတ်ခူးရရှိ၍ ဆုကြေးငွေ တရုတ် ယွမ်တသိန်း ရရှိခဲ့လေသည်။ ထိုနှစ်မှာပင် တပ်မှထွက်၍ အရပ်ဘက် သတင်းစာတိုက်တတိုက်တွင် ဝင်ရောက် လုပ်ကိုင်ရင်း ရုပ်သံ ဇာတ်လမ်းတွဲ ဇာတ်ညွှန်းများကိုလည်း ရေးသားခဲ့ပေသည်။
ဖား ဝတ္ထုကို ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ဝေခဲ့သည်။ ၎င်းဝတ္ထုကို မိုးယံသည် ဆယ်နှစ်ကျော်မျှ အရှိန်ယူ၍ လေးနှစ်ကြာ ရေးသားခဲ့ပြီး သုံးကြိမ်တိုင်တိုင် သုတ်သင် တည်းဖြတ်ခဲ့ရသည် ဆိုသည်။ ဖား ဝတ္ထုမှာ သူ၏ နောက်ဆုံး ထွက်ရှိထားသော ဝတ္ထုရှည် ဖြစ်သလို သူ အားအရဆုံး ဝတ္ထုရှည်လည်း ဖြစ်ပေသည်။
ဝတ္ထုသည် ပေးစာဟန်နှင့် ပြဇာတ်ဟန်တို့ဖြင့် နောက်ကြောင်းပြန်ရင်း ပစ္စုပ္ပန် အကြောင်းကို သရုပ်ဖော်ထားခြင်း ဖြစ်သည်။ ဝတ္ထုကို ပြဇာတ်ရေးဆရာ ဖားလောင်းက ဂျပန်စာရေးဆရာ စုဂိတနိ ယောရှိတိုထံ ပေးပို့သည့် ပေးစာရှည်ကြီး လေးစောင်နှင့် ပြဇာတ်တပုဒ်တို့ဖြင့် ဖွဲ့စည်းထားပေသည်။ “ကျွန်တော့် အရီး” ဟူသော အညတရ ကျေးလက် သားဖွားမီးယပ် ဆရာဝန်တယောက်၏ နှစ်ပေါင်း ငါးဆယ်အတွင်း သားဆက်ခြား စီမံကိန်း ဖော်ဆောင်ခဲ့သည့် ဖြစ်စဉ်နှင့် တရုတ်ပြည်သစ်၏ လှိုင်းတံပိုး ထန်သော လူဦးရေ ထိန်းချုပ်ရေးသမိုင်းကို ထင်ဟပ်ပြထားပေသည်။
တရုတ်ပြည်၏ ကျေးလက် ဆရာဝန်များသည် တက္ကသိုလ်ဘွဲ့ရ ဖြစ်ရန် မလိုချေ။ ဆေးပညာ သင်တန်းကျောင်း တက်ရောက်၍ ဆေးကျောင်းဆင်းများဖြစ်သော သူတို့သည် အနောက်တိုင်း ဆေးပညာနှင့်အတူ တရုတ် တိုင်းရင်းဆေးပညာကိုပါ နားလည်ကြသည်။
ဖား ဝတ္ထုထဲမှ အရီးသည် နှစ်ပေါင်း ငါးဆယ်ကျော်မျှ ကျေးလက် သားဖွားမီးယပ် ဆရာဝန် အဖြစ် လုပ်ကိုင်ခဲ့ရာ အရပ်ထဲက ကလေးပေါင်း မြောက်မြားစွာကို မွေးပေးခဲ့ဖူးသဖြင့် ရပ်ဆွေရပ်မျိုး အပေါင်းက သူ့အား “သားဆုပန် မယ်တော်” အဖြစ် တင်စား ခေါ်ဝေါ်ခဲ့ကြပေသည်။ သို့သော် နောက်ပိုင်းတွင် ခေတ်စနစ်ကြောင့် သူကပဲ မွေးလာလုဆဲဆဲ ကလေးပေါင်း မြောက်မြားစွာ၏ ဇီဝိန်ကို ခြွေယူခဲ့သည့် “ယမမင်းကြီး” ဖြစ်လာခဲ့ရပြန်လေသည်။
တဖန် ဝတ္ထုထဲမှ အငှား ကိုယ်ဝန်မယ် ချန်မျက်ခုံးသည် မူလက အလွန် ချောမောလှပသော မိန်းကလေးတယောက်ဖြစ်ရာ မီးဘေးကြောင့် ရုပ်အဆင်း ပျက်ခဲ့ရသဖြင့် နောက်ဆုံးတွင် ဖခင်၏ အကျပ်အတည်းကို ကူညီဖို့အတွက် အငှား ကိုယ်ဝန်ဆောင်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရလေသည်။ ဝတ္ထုရေးဆရာသည် အလွန် ရက်စက်သည့်အဖြစ်မှန်ကို အလွန် ပေါ့ပါးသယောင် ထင်ရသည့် ရေးဟန်မျိုးနှင့် ရေးခဲ့ခြင်း ဖြစ်၏။ ထိုအဖြစ်မှန်ထဲတွင် လူသားစိတ်နှင့် ပတ်သက်သည့် ပြဿနာကြီး တရပ် ရှိနေ၏။ ကလေး မွေးထွက်လာပြီးနောက် မိမိ၏ သားလေးကို သူများက ယူသွားသည့်အခါ ချန်မျက်ခုံးသည် စိတ်ဓာတ်ရေးရာတွင် အလွန် ပြင်းထန်စွာ နာကျင်ခံခက်လာခဲ့သည်။ သူက ငွေ မလိုချင်တော့ဘူး၊ ငါ့သားလေးကိုပဲ ငါ နို့တိုက်တော့မယ်ဟု ဆုံးဖြတ်လိုက်ချိန်တွင် အားလုံး နှောင်းသွားခဲ့လေပြီ။
ဖား ဝတ္ထုနှင့် ပတ်သက်၍ မိုးယံက “ဖားဟာ သားရေဝတ်ရုံထဲ ထုပ်ထားတဲ့ အတ္တ ဖြစ်တယ်၊ သည်ဖားဝတ္ထုဟာ ဆယ်စုနှစ်များစွာ ဖြတ်သန်းလာခဲ့တဲ့ ကျွန်တော့်ဘဝကို လည်ပြန်ကြည့်ခြင်း လည်း ဖြစ်တယ်၊ ကြီးကြီးကျယ်ကျယ် အကြောင်းပြချက်များစွာရဲ့ နောက်ကွယ်မှာ ပုဂ္ဂလိက တကိုယ်ကောင်းစိတ်၊ တကိုယ်ကောင်း အစွဲ များစွာ ရှိနေတယ်၊ ဖား ဝတ္ထုမှာ အရေးကြီးတဲ့ အနက်အဓိပ္ပာယ်တခု ရှိတယ်၊ အဲသည် အရေးကြီးတဲ့ အနက်အဓိပ္ပာယ်ကတော့ မိမိကိုယ်ကို ရင်ဆိုင်ခြင်းပဲ၊ မိမိရဲ့ အဇ္ဈတ္တစိတ်ကို တူးဆွကြည့်ခြင်းပဲ၊ မိမိကိုယ်ကို ဝေဖန်တဲ့ စိတ်ဓာတ်တမျိုးပဲ” ဟု ပြောခဲ့ပေသည်။ ဝတ္ထုထဲက ဝမ့်ဖိုးပြေး ခေါ် ဖားလောင်းသည် ကိုယ့်ဘဝ ရှေ့ရေးအတွက် ကိုယ့်မယားနှင့် မွေးခါနီးပြီဖြစ်သော ရင်သွေးလေးတို့ကို ခွဲစိတ်ခုံပေါ် တင်ခဲ့ရာမှ ကလေးရော အမေပါ ဆုံးပါးရသည့်အဖြစ်ဆိုးနှင့် ကြုံခဲ့ရပေသည်။
ဖားဝတ္ထု၏ မူရင်း တရုတ်အမည်မှာ ဝါး ဖြစ်၏။ ၎င်း ဝါး သည် တရုတ်ဘာသာအားဖြင့် ဖားဟု အနက်ရသော စာလုံးဖြစ်သော်လည်း ဝတ္ထုတနေရာတွင်မူ စာရေးဆရာက ၎င်းမှာ တရုတ်လို ကလေး - ဝါးနှင့် သံတူကြောင်းကွဲ ဖြစ်သလို တရုတ်ဒဏ္ဍာရီလာ လူသားတို့ကို ဖန်ဆင်းခဲ့သည် ဆိုသည့် နွီဝါး၏ ဝါး နှင့်လည်း သံတူကြောင်းကွဲ ဖြစ်သည်ဟု ဆိုထားပေသည်။
၂၀၁၂ ခုနှစ်အတွက် နိုဗဲ စာပေဆုကို ကြေညာလိုက်ပြီး မကြာခင်တွင် မိုးယံ၏ ဖား ဝတ္ထုကို ဖတ်ဖြစ်ရာမှ ကြိုက်နှစ်သက်ပြီး ဘာသာပြန်ချင်စိတ် ဖြစ်လာခဲ့သည်။ ဤသို့ ဘာသာပြန်ဆို ဖြစ်အောင် အားပေးသော ဖခင်၏ ကျေးဇူးကား ကြီးမားလှပေသည်။ ထို့အတူ ဤစာအုပ်ကို စိတ်ဝင်စား၍ ထုတ်ဝေသော ဘဝတက္ကသိုလ် ဦးနေဝင်းကိုလည်း ကျေးဇူးတင်ရပေမည်။ ဖား ဝတ္ထုကို မူရင်း တရုတ်ဘာသာမှ မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါသည်။
ဤသို့လျှင် တရုတ်ပြည်သစ်၏ သားဆက်ခြား စီမံကိန်း၊ လူဦးရေ ထိန်းချုပ်ရေးသမိုင်းကို ထင်ဟပ်ပြထားသော၊ ၂၀၁၂ ခုနှစ် စာပေဆိုင်ရာ နိုဗဲဆုရှင် တရုတ် စာရေးဆရာကြီး မိုးယံ၏ ဖား ဝတ္ထုကို စာဖတ်ပရိသတ်အား မိတ်ဆက်ပေးလိုက်ပါသည်။
၂၈ နိုဝင်ဘာ ၂၀၁၂
(တန်ဆောင်မုန်း လပြည့်)။



Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။