မာန် - မောင်ထွန်းသူ - Book Review

 


မာန် - မောင်ထွန်းသူ - Book Review 

အမြောက်ကြီးတလက်က ဝတ္ထုတစ်အုပ်လုံးကို မွှေနှောက်သွားမယ်  ဆိုတာ ဖြစ်နိုင်မလား။ အခုဝတ္ထုရဲ့ ထူးခြားချက်ကတော့ အဓိကဇာတ်ကောင်က ဆယ့်ရှစ်ပေါင်ဒါအမြောက်ကြီး ဖြစ်နေတာပါပဲ။


အမြောက်ကြီးကို လူတွေ၊ လက်တွေအဆင့်ဆင့် လွှဲပြောင်းယူခဲ့ကြတယ်။ ဒီအမြောက်ကြီးပဲ၊ သို့သော် ပိုင်ရှင်တွေမှာတော့ စရိုက်မျိုးစုံ ဖြစ်ပေါ်နေတယ်။ တချို့တွေက လက်နက်ရှိပြီး စေတလုံးပိုင်ရှင် ဖြစ်လာတာရဲ့ နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ အာဏာကို မထိန်းသိမ်းနိုင်ကြဘူး။ တန်ခိုးအာဏာပေါ်မှာ ယစ်မူးသွားကြတယ်။ တချို့ဘဝတွေချုံပေါ်ကနေ စင်ပေါ်ရောက်သွားတယ်။ တချို့ကျ ရွှေထီးဆောင်းရာကနေ ဘဝပြောင်းသွားကြရတယ်။ စပိန်တွေရဲ့ သူ့ကျွန်မခံစစ်ပွဲမှာ အမြောက်ကြီးတစ်လက်က အလွန်တာသွားခဲ့တယ်။ စပိန်ပြောက်ကျားတပ်သားတွေဟာ ပြင်သစ်တွေရဲ့ ဖိနှိပ်မှုကို ပြန်ကလဲ့စားချေနိုင်မယ့်အခွင့်အရေးကို စောင့်မျှော်နေကြတာပါ။ သူတို့ကို နှစ်နှစ်တိုင်တိုင် ဗိုလ်ကျစိုးမိုးထားတဲ့ ပြင်သစ်တွေကို တော်လှန်ဖို့ဆိုတာ စပိန်တွေရဲ့ သမိုင်းပေးတာဝန်တစ်ခုပဲ။ 

သူတို့တွေ လိုအပ်နေတာက တော်လှန်ရေးကို ခေါင်းဆောင်မှု ပေးနိုင်မယ့် သူမျိုး။ ဒီလိုခေါင်းဆောင်နိုင်ဖို့ကလည်း တော်ရုံ အရည်အချင်းမျိုးနဲ့ မဖြစ်နိုင်ဘူး။ ဒီလိုသူတစ်လူ ငါတစ်မင်း ဖြစ်နေတဲ့ အဖွဲ့တွေကို စုစည်းပေးနိုင်ဖို့က ဆယ့်ရှစ်ပေါင်ဒါ အမြောက်ကြီးပဲ တတ်နိုင်တယ်။ စိတ်ဓာတ်က ဆောင်ပေမယ့် စနစ်တကျ ဖွဲ့စည်းထားတဲ့ ပြင်သစ်ခံတပ်၊ ပြင်သစ်စစ်သားတွေကို တိုက်ခိုက်ဖို့ကျ သူတို့လူတွေမှာ သေနတ်တွေတောင် အနိုင်နိုင်ကိုင်နေရတဲ့ အခြေအနေ။ အဲ့လိုအနေအထားမှာ ပစ်အားပြင်း အမြောက်ကြီးတစ်လက် ရှိနေခြင်းက တကွဲတပြားဖြစ်နေတဲ့ ပြောက်ကျားတော်လှန်ရေး တပ်တွေကို စုစည်းပေးနိုင်တဲ့လက်နက်၊ အောင်ပွဲဖော် လက်နက်ပါပဲ။

နယ်ချဲ့သမားတွေ၊ အာဏာရှင်တွေကို တော်လှန်ရင်းနဲ့ ကိုယ်တိုင်ကပါ အာဏာရှင်ဖြစ်မှန်းမသိ ဖြစ်သွားတဲ့ ကားလို့စ် လိုလူတွေရဲ့ ဇာတ်သိမ်းကလည်း သင်ခန်းစာ ယူစရာပါပဲ။  ကားလို့စ်ကျဆုံးခန်းမှာ သူ့တပ်မှူးတစ်ယောက်က မှတ်ချက်ချလိုက်တယ်။ သူက ငါတို့ကြုံရမယ့် ပြဿနာကို သူကိုယ်တိုင် ဖြေရှင်းပေးလိုက်တာပဲတဲ့။ စာရေးဆရာက ထပ်လောင်း ပြောထားသေးတယ်။ “ဒီစကားတစ်ခွန်းက အုတ်ဂူမှာဖော်ပြမယ့် ကမ္ဗည်းစာသားထက်တော့ အများကြီးအဖိုးတန်ပါတယ်” တဲ့လေ။ တကယ်တမ်း ကားလို့စ်ဇာတ်ကောင်က အစပိုင်းမှာ အားရစရာ။ ငယ်ငယ်ရွယ်ရွယ်ပေမယ့် စစ်ကိုပဲတောင့်တနေတဲ့ ကာလကြီးမှာ စစ်ပဲတိုက်တတ်တဲ့၊ အမြောက်ကျွမ်းကျွမ်းကျင်ကျင် ပစ်တတ်တဲ့ စစ်သားမျိုးရိုး ကားလို့စ်အိုနဲလ် နဲ့ ဟူ့ အိုနဲလ်ညီနောင်ဟာ ဦးဆောင်နိုင်သူတွေ ဖြစ်လာတယ်။ 

သူ့အကိုနဲ့စာရင် ကားလို့စ်က လိုအပ်ချက်တွေအများကြီးရှိနေတယ်။ လူမှုဆက်ဆံရေး မပါးနပ်တဲ့ ကားလို့စ်တစ်ယောက်အတွက် ကံကြမ္မာက ဖန်တီးပေးလာတဲ့ တပ်မှူးချုပ်တာဝန်က ကြီးလွန်းနေခဲ့တယ်။ လီယွန်မြို့ကို ပြင်သစ်လက်ထဲက ပြန်သိမ်းပြီး အုပ်ချုပ်ရတဲ့အချိန်မှာတော့ သူဟာလည်း အာဏာရဲ့သားကောင်လုံးလုံး ဖြစ်သွားတယ်။ အောင်ပွဲတွေဆင် နိုင်ပွဲတွေရပြီး အင်အားအဆမတန် ကြီးမားလာတဲ့အခါ စစ်တစ်ခုပဲတိုက်တတ်တဲ့ ကားလို့စ်တစ်ယောက် နိုင်နင်းအောင်မအုပ်ချုပ်နိုင်တော့ဘူး။ အလိုလိုနေရင်း အချင်းချင်းသံသယတွေဝင်လာ၊ တပ်တွင်းမှာလည်း ယုံကြည်လေးစားမှုတွေပျက်။ တောသူတောင်သား စပိန်တွေခမျာမှာလည်း ကျားကြောက်လို့ရှင်ကြီးကိုး ပါတယ်၊ရှင်ကြီးက ကျားထက်ဆိုးနေတဲ့အဖြစ်။ 

အမြောက်ကြီးရဲ့တန်ခိုးက တစ်ပြည်နယ်လုံးက လူတွေရဲ့ ယုံကြည်ကိုးစားခြင်းကို ခံရတာနဲ့ ထပ်တူကျနေလေတော့ ပိုင်ရှင်တိုင်းက ဒီဂုဏ်ကိုမက်ကြပြီး သွေးနားထင် ရောက်ကြတာ မဆန်းပါဘူး။ အမြောက်ကြီးပိုင်ထားရပြီး အောက်ခြေမလွတ်သွားတဲ့သူဆိုလို့ ဂျော့ဆိုတဲ့ သူတစ်ယောက်သာ ရှိလိမ့်မယ်။ ဒါတောင် သူဟာလည်း ရထားတဲ့အဆင့်အတန်းနဲ့ ထိုက်တန်ကြောင်းပြချင်စိတ်က အရင်းခံနေသေးတာကလား။

ဒီစာအုပ်က တကယ်ကို ရသအမျိုးမျိုးပေးစွမ်းနိုင်တဲ့စာအုပ်ပါပဲ။ ဆယ့်ရှစ်ပေါင်ဒါ အမြောက်ကြီးဟာ ဝတ္ထုရဲ့အဓိကဇာတ်ကောင် ဖြစ်တယ်ဆိုတာ ငြင်းမရအောင်မှန်နေတဲ့အချက်ပါ။ ဒီအမြောက်ကြီးကနေ ဆက်စပ်ဖြစ်ပေါ်လာတဲ့ မာနက ဇာတိမာန်ထက်သန်နေတဲ့ မျိုးချစ်စပိန်တွေအဖို့ တွန်းအားတစ်ခုထက်ကို ပိုခဲ့ပါတယ်။ သံဝေဂရစရာကတော့ စစ်ပွဲကြားထဲက မြေစာပင် ပြည်သူတွေ ဘဝပါပဲ။ အခုဝတ္ထုက တကယ့်သမိုင်းဖြစ်ရပ်မှန်ပေါ် အခြေခံထားတာ မဟုတ်ပေမယ့် လူသားတွေရဲ့စရိုက်တွေကို ပီပီပြင်ပြင် သဘာဝကျကျ ဖော်ပြထားနိုင်တာ တွေ့ရပါလိမ့်မယ်။ စာအုပ်ကောင်းလေးမလို့ ဖတ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

#Youths_book_reflections #bookreview #မောင်ထွန်းသူ #မာန် #The_Gun #CSForester


Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)