စွယ်တော်ရွက်ကလေး

ရန်ကုန်စောစောအိမ်ပြတင်း ကို ဖွင့်ကြည့်လိုက်တာနဲ့ အိမ်ဦးမှာစိုက်ထားတဲ့ စွယ်တော်ပင်ကလေးကို မြင်ရတယ်။ ဒီစွယ်တော်ပင်ကလေးကို မြင်ရတိုင်း ကျွန်တော့်စိတ်က ကြည်နူးကျေနပ်ခဲ့တယ်။ ဒါပေမဲ့ တစ်နေ့မှာ  ဒီစွယ်တော်ပင်ရဲ့ အရွက်လေးတွေက ကျွန်တော့်ရင်ကို ပူလောင်စေလိမ့်မယ်လို့ ကြိုတင်မသိခဲ့ပါဘူး။

 ပြတင်းပေါက်က ကြည့် လိုက်တော့ စွယ်တော်ပင်ကလေး ရဲ့ မဟူရာအစိမ်းရောင်စွယ် တော်ရွက်ကလေးတွေ လေပြည် ထဲမှာ ယိမ်းကနေတာကြည့်လို့ သိပ်ကောင်းပါတယ်။ မနက်ခင်း နေခြည်အောက်မှာ စွယ်တော် ရွက်နုနုလေးတွေပေါ် နေရောင် ထိုးတော့ စိမ်းနုဝါလင်းလက်နေ တာကြည့်မဝပါဘူး။ စွယ်တော် ပင်ကလေးတောင်မှ အရွယ်တော် တော််ကြီးလာပြီ။ ဒီစွယ်တော်ပင် ကလေးနဲ့ ကျွန်တော်တို့ရဲ့ သမီး ကလေးတို့က သက်တူရွယ်တူမို့ ရှစ်နှစ်ရှိပြီပေါ့။

ကျွန်တော်တို့ရဲ့ သမီးလေး နာမည်က ‘ခိုင်စံပယ်ဝေ’ တဲ့။ ကျွန် တော်ရဲ့ တစ်ဦးတည်းသောသမီး လေး။ ကျွန်တော်တို့မိသားစုရဲ့ အသည်းကျော်သမီးလေးပါ။ ခိုင် စံပယ်ဝေကို ကျွန်တော်ရော ကျွန် တော့်ချစ်ဇနီးကပါ တုန်နေအောင်  ချစ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက် ရောင်ခြည်လေး ပေါ့။ သမီးလေးကိုခိုင်စံပယ်ဝေဆိုတဲ့ နာမည်ပေးဖြစ်တာကလည်း အကြောင်းရင်းရှိပါတယ်။  ဒီအကြောင်းရင်းတွေထဲမှာ ကျွန်တော့်အပေါ်လွှမ်းမိုးနေတဲ့ စာပေရဲ့သြဇာက ထိပ်ဆုံးမှာပါတာပေါ့။

ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့  ‘သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည် ခိုင်’ ဝတ္ထုထဲကဇာတ်လိုက်အမျိုး သမီး ‘ခိုင်’ ကို ကျွန်တော့်ရင်ထဲ အသည်းနှလုံးထဲက စွဲနေတာပါ။ ဒါကြောင့် သမီးလေးမွေးလာ တော့ ကျွန်တော်တို့ ‘ခိုင်’  လို့ အမည်ပေးခဲ့မိကြတာ မဆန်းပါ ဘူး။ လိမ္မာရည်မွန် ထူးချွန်ထက် မြက်တဲ့သမီးလေး ဖြစ်စေချင် တယ်။ ကျွန်တော်တို့ သမီးလေး ကို ဖြူစင်စေချင်တယ်။ မိဘတိုင်း မှာရှိတဲ့လောဘ ဆန္ဒမျိုးပေါ့။ ဒါ ကြောင့် ‘စံပယ်’  ဆိုတဲ့စကားလုံး လေးတွေထည့်ထားတာ။ ‘ဝေ’ က တော့ ကျွန်တော်ရဲ့အသည်းစွဲ နောက်ထပ်ဝတ္ထု တစ်အုပ်ဖြစ်တဲ့ ဆရာနိုင်ဝင်းဆွေရဲ့ ‘နွေတစ်ည’  ဝတ္ထုထဲက ဇာတ်လိုက်အမျိုးသမီး ရဲ့ အမည်လေ။

ကျွန်တော်သိပ်ကြိုက်တဲ့ ဝတ္ထုတွေဆိုရင် အကြိမ်ကြိမ်ဖတ် တာ။ ဘယ်နှခေါက်ဖတ်လို့ဖတ်မိ မှန်း မသိလောက်အောင်ဖတ် တာ။ ဖတ်ဖန်များလို့ ဝတ္ထုထဲက ကြိုက်တဲ့စာသားတွေ အလွတ်ရ တယ်။

 ‘သူငယ်ချင်းလို့ပဲဆက်၍ ခေါ်မည်ခိုင်’  ဝတ္ထုထဲမှာစွယ်တော် ရွက်ကလေးနဲ့ စာဖတ်သူကို စာ ရေးဆရာ ဆရာတက္ကသိုလ်ဘုန်း နိုင်က ယခုလိုစတင်မိတ်ဆက်ပေး ခဲ့ပါတယ်။

         ခိုင်သည် ကျွန်တော့်နားကပ် ၍ တိုးတိုးလေးပြောသည်။

        ‘‘မောင်….စစ်ကိုင်းတောင်က သစ်ရွက်လှလှကလေးတွေ ခိုင် ကောက်လာခဲ့တယ်။ ကြည့် မလား’’

        ‘‘အင်း…အင်း….ကြည့်မယ် ခိုင်’’

ခိုင်သည် လွယ်အိတ်တစ် လုံးအတွင်းမှ သစ်ရွက်တစ်ရွက် ကို နှိုက်၍ ပြသည်။

ဤသစ်ရွက်မှာ ဆန်းသည် ထင်၏။ အညှာမှာ တစ်ခုတည်း။ တစ်ရွက်ပင်ဖြစ်သော်လည်း အ လွှာမှာနှစ်ချပ်။ ဤသစ်ရွက်ကို ‘စွယ်တော်ရွက်’ ဟု နောင်အခါမှ ကျွန်တော်သိရသည်။

ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ‘သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည် ခိုင်’ ဝတ္ထုထဲမှာပါတဲ့ ‘ခိုင်နှင့်ကျွန် တော့်ဘဝမှာမူ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်ရသည့် စွယ်တော် ရွက်ပမာဖြစ်ခဲ့ရသည်’ ဆိုတဲ့ စာ သားကို သိပ်နှစ်ခြိုက်ပါတယ်။

ဆရာ့ဝတ္ထုကိုဖတ်ပြီးနောက် မှာ‘စွယ်တော်ရွက်’ကလေးဟာ ကျွန်တော့်အတွက် အချစ်ကိုစိတ် ကူးယဉ်စရာ ရွက်လွှာကလေးဖြစ် ခဲ့ပါတယ်။ ကျွန်တော်ချည်းတော့ မဟုတ်ပါဘူး။ လူငယ်တော်တော် များများရဲ့ နှလုံးသားထဲမှာအညှာ တစ်ခုတည်းက နှစ်လွှာပေါင်းမှ  တစ်ရွက်ဖြစ်ရတဲ့ စွယ်တော်ရွက် ကလေးလို ‘ကိုယ်နဲ့ ကိုယ့်ချစ်သူ’ သဖွယ် စိတ်ကူးယဉ်စရာဖြစ်ခဲ့ တာ နှစ်ပေါင်းများစွာ၊ မျိုးဆက် ပေါင်းများစွာပါ။ ကျောင်းသူ၊ ကျောင်းသားလူငယ်များရဲ့ စာအုပ်ကြားမှာ စွယ်တော်ရွက် ခြောက်ကလေးတွေ ညှပ်ထားကြတာတွေ့ရမယ်။ ချစ်သူတို့ သင်္ကေတပေါ့။

‘သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည်ခိုင်’ဝတ္ထုထဲမှာစွယ်တော် ပင်ကလေးတစ်ပင် အိမ်ဦးမှာစိုက် တာလည်းပါသေးတယ်။ ဒီဝတ္ထု ရဲ့သြဇာခံ ကျွန်တော်လည်း ကျွန် တော်တို့ရဲ့အိမ်ဦးမှာ သမီးဦးမွေး တဲ့နှစ်က စွယ်တော်ပင်လေးတစ် ပင်စိုက်ပါတယ်။ အခုမှ ပြန်စဉ်း စားကြည့်လိုက်တော့မှ ‘သူငယ် ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်’ ရော၊ ‘နွေတစ်ည’ ပါ အဆွေး ဇာတ်တွေချည်းပါလား။ ချစ်သူ ချင်းကွေကွင်းရတဲ့ ဇာတ်လမ်း တွေချည်းပဲ။ ‘နွေတစ်ည’ ထဲမှာ မီးရထားဝန်ထမ်းအမျိုးသားနဲ့ သူ့ ဇနီးခင်ဝေတို့ စားဝတ်နေရေး အတွက် ခွဲခွာနေကြရင်းနောက် ဆုံးတော့ ကွဲကွာသွားကြရတယ်။

လူ့ဘဝထဲမှာလည်း ချစ်သူ ချင်းမပေါင်းသင်းနိုင်ဘဲ ကွေကွင်း ရတဲ့အဖြစ်တွေရှိတာပါပဲ။ ယခု လိုစားဝတ်နေရေး ခက်ခဲလာတဲ့ ခေတ်ကာလမှာဇနီးနဲ့ခင်ပွန်းမယ် တစ်ရွာမောင်တစ်မြို့ခွဲခွာ စီးပွား ရှာကြရရင်း နှလုံးသားတွေ အေး စက်မာကျောပြီး ကွဲကွာသွားတာ လည်းမနည်းတော့ပါလား။ အ ချစ်စစ်အချစ်မှန်မဟုတ်လို့၊သစ္စာ မရှိကြလို့ဆိုပြီး အပြစ်မတင်ရက် ပါဘူး။

 စွယ်တော်ရွက်နဲ့ပတ်သက် ပြီး ကျွန်တော်တို့လိုရူးသွပ်ကြသူ တွေထဲမှာ ကံကောင်းနဲ့ ချောစုမ တို့ လင်မယားလည်းပါသေး တယ်။ ချောစုမနဲ့ ကံကောင်းတို့ နှစ်ယောက်လုံးဟာ မြေလတ်မြို့ ကပါ။ အိမ်ထောင်ရက်သားကျ ပြီးနောက် လူတန်းစေ့စေ့နေနိုင်ဖို့  စီးပွားရှာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့  ရေကြည်ရာ မြက်နုရာရှာရင်း မန္တလေးကိုရောက်လာကြတယ်။  ကျွန်တော်တို့ လမ်းထဲမှာအိမ်ခန်း လေးငှားပြီး အတူနေကြတယ်။

ကျွန်တော်တို့အိမ်ဦးကစွယ် တော်ပင်ကလေးကိုချောစုမတွေ့ ပြီး ခွင့်တောင်းကာစွယ်တော်ရွက် နဲ့ စွယ်တော်ပန်းကလေးတွေကို ခူးလေ့ရှိတယ်။ ဘုရားတင်တယ်။ ကလေးမလေးက ရုပ်ရည်လှပ တော့ သူ့ခေါင်းမှာစွယ်တော်ပန်း တွေ ဝေနေအောင်ပန်ထားရင်  အင်မတန်ကြည့်လို့ ကောင်း တယ်။ သူတို့လင်မယားကိုမြင်ရ တာ စိတ်ချမ်းသာဖို့ကောင်းတယ်။ လမ်းပေါ်မှာ တူယှဉ်တွဲကာသွား ရင်းတစ်ယောက်နဲ့တစ်ယောက်  ပခုံးချင်းတိုက်လိုက်၊ တစ်ယောက် မျက်နှာတစ်ယောက် ကြည့်ပြီးပြုံး လိုက်၊  အကြောင်းမည်မည်ရရ မရှိပေမယ့် ခိုးခိုးခစ်ခစ်ရယ်မော လိုက်နဲ့ တကယ့်ချစ်မောင်နှံပါ။ ဒီ လိုသာ ပျော်နေတာသူတို့မှာဆုပ် ဆုပ်ကိုင်ကိုင် အလုပ်အကိုင်မရှိ ကြသေးဘူး။

ချောစုမကငယ်ရွယ်နုပျိုတာ ရော၊ မိန်းမချောလေးဖြစ်တာ ရော၊ အရည်အချင်းပေါင်းစုံနဲ့ ကိုက်ညီတာတွေရောကြောင့်  ဂေါက်ကွင်းမှာ အလုပ်ရသွား တယ်။  ချောစုလေးကချစ်စရာ ကောင်းတော့ အန်ကယ်ကြီးတွေ ပေးတဲ့မုန့်ဖိုးနဲ့ သူတို့မိသားစုလေး စိုပြည်နေပုံရတယ်။ ဒါပေမဲ့ ဝင် ငွေမည်မည်ရရမရှိတဲ့ ကံကောင်း  က မယားထဘီနားခိုမစားချင် ဘူးဖြစ်လာတယ်။ အပေါင်းအ သင်းတွေနဲ့ ဖားကန့်ဘက် ရေ မဆေးကျောက်ရှာဖို့ ဆိုပြီးလိုက် သွားတယ်။ ငွေထုပ်ကြီးပိုက်ပြီးမှ  ပြန်လာမယ်ဆိုတဲ့ ရွှေအိပ်မက် ကြီးနဲ့ ထွက်သွားတာပေါ့။

ချောစုမအလုပ်သွားတာသူ့ ကိုယ်ပိုင်ဆိုင်ကယ်လေးနဲ့ဖြစ်လာ တော့ ကျွန်တော်တို့ကကြည့်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါ တယ်။ နောက်တော့ ချောစုမ လေးကိုကားအမြင့်၊ ကားအ ကောင်းစားကြီးတွေနဲ့ လာလာ ခေါ်တယ်။ သူ့ယောကျ်ား အဝေး ရောက်နေခိုက် ကားအကောင်း စားကြီးတွေ တစ်နေ့တစ်မျိုးထည် လဲပြောင်းစီးနေတဲ့ ချောစုမလေး ကို မြင်ရချိန်မှာတော့ ကျွန်တော် တို့ ဝမ်းမသာနိုင်တော့ဘူး။

လင်နဲ့မယားကြာကြာခွဲမနေ သင့်ဘူးဆိုတာ ပြင်မရတော့တဲ့အ ချိန်ရောက်မှ သူတို့နှစ်ယောက် သင်ခန်းစာရတယ်။ သိတဲ့အချိန် မှာနှောင်းသွားပြီ။ ချောစုမရော ကံကောင်းပါနီးစပ်ရာမှာသာယာ သွားကြပြီ။ စိတ်မကောင်းစရာ သတင်းကတော့ သူတို့ချင်းလမ်း ခွဲသွားကြပြီတဲ့။ ကျွန်တော်တို့ရပ် ကွက်ထဲကအပြီးတိုင် ပြောင်းရွှေ့ တော့မယ့်နေ့က ချောစုမလေးက  ကျွန်တော်တို့ကို လာနှုတ်ဆက် တယ်။ နီညိုရောင်ဆေးဆိုးထား တဲ့သူ့ဆံကေသာထက်မှာ စွယ် တော်ပန်းတွေ ပန်ထားတာမမြင်ရ တော့ပါဘူး။ ထုပ်ပိုးထားတဲ့ သူ့ ပစ္စည်းလေးတွေကို ပစ်ကပ်ကား  တစ်စီးပေါ်တင်ပြီး ကားရှေ့ခန်း မှာထိုင်လျက်ပါသွားတဲ့ကလေးမ လေးကို ကျွန်တော်တို့ နောက်ဆုံး မြင်လိုက်ရတယ်။ လေအဝှေ့မှာ သစ်ရွက်ကြွေလေးတစ်ရွက် လွင့် ပါသွားသလိုပါပဲ။

စွယ်တော်ပင်ကလေးအပွင့် တွေ ဝေနေအောင်ပွင့်တာမြင်ရင် ချောစုမတို့လင်မယားကို ပြန်သ တိရတယ်။ မနက်ခင်းလင်းတာနဲ့  အလေ့အကျင့်လို ဖြစ်နေတာမို့ ပြတင်းတံခါးကိုဖွင့်ပြီး စွယ်တော် ပင်ကလေးကို ကျွန်တော်ကြည့် တယ်။ တစ်မနက်မှာကျွန်တော်တို့ ရဲ့သမီးလေး ခိုင်စံပယ်ဝေကို စွယ်တော်ပင်အနီးမှာမြင်ရတော့  စိတ်ဝင်စားသွားတယ်။ ဘာလုပ် နေပါလိမ့်။ သမီးလေးကစွယ် တော်ရွက်ကလေးတွေကို ခူးယူ နေတာပါလား။ နှစ်လွှာပေါင်းမှ  တစ်ရွက်ဖြစ်တယ်ဆိုတဲ့ စွယ် တော်ရွက်။ ကျွန်တော်တို့ငယ်ငယ် ကအချစ်သင်္ကေတအဖြစ် မြတ် နိုးခဲ့ရတဲ့စွယ်တော်ရွက်။ ချစ်သူ အတွက် ရည်စူးခူးယူပြီးစာအုပ် ကြားမှာ မြတ်မြတ်နိုးနိုးညှပ်ထား ကြရတဲ့ စွယ်တော်ရွက်။ ဒီစွယ် တော်ရွက်ကို နှစ်တန်းကျောင်းသူ  (၈)နှစ်သမီးက ခူးယူနေပါပေါ့ လား။ သိင်္ဂါရရသကိုဖော်ဆောင် တဲ့ စွယ်တော်ရွက်ကလေးတွေက  ကိုယ့်သမီးအလှည့်ရောက်မှဘာ ကြောင့်များ  ကျွန်တော့်ရင်ကို ပူ လောင်စေတာပါလိမ့်။ ‘မြေစာပင် မှာပုခက်လွှဲတဲ့ခေတ်’ ဆိုတဲ့ စကားကနားထဲမှာ မြည်ဟည်း လာပါတယ်။ ဒါကြောင့် သမီးကို  လှမ်းပြီး အော်ခေါ်လိုက်တယ်။  အသံထဲမှာဒေါသသံတွေပါနေပြီ ထင်တာပဲ။

‘‘ဘာလုပ်ဖို့ စွယ်တော်ရွက် တွေခူးနေတာလဲ’’

လေသံက မာလိုက်တာ။ ကိုယ့်အသံတောင် ကိုယ်လန့်ချင် စရာ။ သမီးက သူခူးယူထားတဲ့ စွယ်တော်ရွက်ကလေးတွေကို ကိုယ်နောက်မှာ ဝှက်လိုက်တယ်။

           ‘‘သူငယ်ချင်းကိုပေးဖို့ဖေဖေ’’

ရင်ထဲမှာ ‘ဟာ’ ခနဲဖြစ်သွား တယ်။ ခေါင်းထဲမှာ မူးဝေလာပြီး  ကြမ်းပြင်က ယိမ်းယိုင်တိမ်း စောင်းကပြောင်းကပြန်ဖြစ်သွား တယ်။ အမေ့နို့နံ့တောင်မှ မစင် သေးတဲ့သမီးလေးကသူငယ်ချင်း ကိုပေးဖို့ စွယ်တော်ရွက်ခူးတာတဲ့ လား။

‘‘မခူးရဘူး။ သူငယ်ချင်းဆို တာကို စွယ်တော်ရွက်ခူးမပေးရ ဘူး’’

ကျွန်တော့်ကို သမီးကနား မလည်နိုင်တဲ့ မျက်နှာပေးနဲ့ ပြန် မော့ကြည့်တယ်။ ပြီးတော့ ပြန် ပြောတယ်။         

‘‘သမီး စွယ်တော်ရွက် မပေးရင် သူငိုမှာပေါ့’’

ဒေါသစိတ်က ငယ်ထိပ် တက်ဆောင့်ပြီ။ နာနာကြည်း ကြည်း ‘တောက်’ ခေါက်လိုက်မိ တယ်။ သမီးလေး ခိုင်စံပယ်ဝေက ကျွန်တော့် ‘တောက်’ခေါက်သံ ကြောင့် ဇက်ကလေးပုသွားတယ်။

‘‘ဒီအရွက်တွေ ခူးနေတာ ဘယ်နှရက်ရှိပြီလဲ’’

‘‘နှစ်…နှစ်ရက်ပဲရှိပါသေး တယ် ဖေဖေ’’

နှစ်ရက်တောင်ရှိသွားပြီ။ အ ရင်နေ့က ကျွန်တော်ဘာကြောင့် မမြင်ပါလိမ့်။ သမီးမိန်းကလေး မွေးထားပြီး ငယ်သေးတယ်လို့  ပေါ့ပေါ့ဆဆ လွှတ်ထားလို့မရ တော့တဲ့ခေတ်ပါလား။

 ‘‘စွယ်တော်ရွက်တွေခူးပြီး သမီးက ဘယ်ကောင့်ကိုပေးနေ တာလဲ’’

ကျွန်တော့် ဒေါသအိုးက ပေါက်ကွဲဖို့ တဲတဲသာကျန်ပါတော့တယ်။ ရှူးရှူးရှဲရှဲ ဖြစ်နေပြီ။

‘‘သမီးသူငယ်ချင်း ကလျာ စောယုဆွေကိုပေးတာပါဖေဖေ’’

ကျွန်တော့်ကို မော့ကြည့်ပြီး မရဲတရဲလေသံတိုးတိုးနဲ့  သမီး လေးပြောလိုက်တာကြားရတော့  ကျွန်တော့် ပေါက်ကွဲလုလုဒေါသ အိုးက ပြန်လျော့ကျသွားတယ်။ ကလျာစောယုဆွေဆိုတော့ မိ်န်း ကလေးသူငယ်ချင်းပေါ့။

‘‘သမီးတို့က ဒီစွယ်တော် ရွက်တွေ ဘာလုပ်ကြတာတုံး’’

ကျွန်တော့်လေသံက အေး ဆေးပျော့ပျောင်းသွားပြီ။

 ‘‘ကလျာကစွယ်တော်ရွက် လေးတွေကို ဆောင်ထားချင်တာ ဖေဖေ’’

ကျွန်တော်က ဘာမျှပြန်မပြောဘဲ ငြိမ်နေတော့ သမီးလေး ခိုင်စံပယ်ဝေက ဆက်ပြောပြတယ်။

 ‘‘စွယ်တော်ရွက်ကလေး တွေကို သူဆောင်ထားမှ သူ့ဖေ ဖေနဲ့ သူ့မေမေအတူတူနေရတာ တဲ့။ သူငယ်ငယ်တုန်းကဆောင် ထားတဲ့ စွယ်တော်ရွက်ကလေးညှိုးခြောက်သွားလို့ လွှင့်ပစ်လိုက် တော့ သူ့ဖေဖေမူဆယ် ဘက်ကို အလုပ်သွားလုပ်ရရောတဲ့။ အဲဒါ ကြောင့် အဖေ၊ အမေအတူတူပြန် နေရအောင် သူငယ်ချင်းကစွယ် တော် ရွက်လေးအမြဲဆောင်ထား ချင်လို့ သမီးကိုခူးခိုင်းတာပါ။ ဒါမှ  သူတို့မိသားစု အတူတူနေကြရ မယ်တဲ့’’

သမီးလေး ခိုင်စံပယ်ဝေ က သူ့လုပ်ရပ်ကိုကျေနပ်ဂုဏ်ယူတဲ့ ပုံစံနဲ့ ပြောပြနေတယ်။

‘‘ကလျာက သူတို့အိုးပိုင် အိမ်ပိုင်နေနိုင်တဲ့နေ့ကျရင် စွယ် တော်ပင်ကြီးတစ်ပင်လုံး စိုက် ထားမှာတဲ့ဖေဖေ။ ခုတော့ သူတို့ သားအမိနှစ်ယောက်က လမ်း ဘေးမှာ ကျူးတဲလေးနဲ့နေနေရ တုန်း၊ သူ့ဖေဖေကလည်း အဝေး သွားပြီး အလုပ်လုပ်နေရတုန်း။ သူ့မေမေကတအား အားငယ်တာ တဲ့။ သူတို့တဲလေးတွေက ခဏ ခဏ ဖျက်ရွှေ့နေရတာဖေဖေ’’

ကျွန်တော့် ရင်ထဲမှာနင့်သွား တယ်။ လူတိုင်းကိုယ်ပိုင်အိမ်က လေးတစ်လုံးစီနဲ့ နေကြရပါစေ။  အိမ်တိုင်းအိမ်တိုင်းမှာ စွယ်တော် ပင်တွေဝေနေအောင် စိုက်ပေး ချင်လိုက်တာ။

(စွယ်တော်ရွက်ကလေးတွေအ ကြောင်းပြောပြတဲ့ သမီးနန္ဒာမြင့် သို့..)

ကျော်ရင်မြင့်

#7daydaily.com မှ

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review