မဖဲဝါသိုက် - တာတေ
မဖဲဝါသိုက်လို့ကျူပ်ကပြောလိုက်တော့ သိပ်ကိုအံ့သြကြမှာပေါ့ ၊ မဖဲဝါကဥစ္စာစောင့်မှမဟုတ်တာ ဘယ်လိုလုပ်ပြီးသိုက်ရှိမှာတုန်းပေါ့ ။
တကယ်တော့ သချိုင်းတစ်ရာကိုအပိုင်စားရထားတဲ့ မဖဲဝါကြီးမှာ သူအပိုင်စားရထားတဲ့ သချိုင်းတွေထဲကို ရောက်လာတဲ့ ဥစာမှန်သမျှသူပိုင်ပြီးသားဗျာ။ အားလုံးဟာ သူပိုင်တဲ့ဥစ္စာဖြစ်သွားတာ။ ကျူပ်လည်းအစကမသိပါဘူးဗျာ။
ငွေတွင်းကုန်းက ကိုဘပွား ကျူပ်ဆီကိုရောက်လာရာကစသိခဲ့တာပေါ့ ၊ ကိုဘပွားနဲ့ကျူပ်က နဂိုကတည်းကခင်တာဗျ ။ လူကအရပ်ရှည်ရှည် ကိုယ်လုံးတောင့်တောင့် နှာတံပေါ်ပေါ်နဲ့ဥပတိရုပ်ကောင်းကောင်းပါပဲ။ ဒါပေမယ့် ကိုဘပွားကသနားဖို့ကောင်းတယ်ဗျ ။
ငွေတွင်းကုန်းသားတွေကသူ့ကွယ်ရာမှာဆို နှာခေါင်းရှံ့ကြတယ် ။ ဘာလို့လဲဆိုတော့ ကိုဘပြားတို့အေဖ ဦးစံဖေဆိုတဲ့အဖိုးကြီးကသွက်သွက်ခါအောင်ရူးနေတာကိုးဗျ ။ ကိုဘပွားတို့ကလည်းဒီဇာတိကမဟုတ်ဘူးလေ ။ ဘယ်ဇာတိကဆိုတာလည်းဘယ်သူမှတိတိကျကျမသိဘူးဗျ ။ ဘယ်ကပြောင်းလာမှန်းလည်းမသိကြဘူး ။
ငွေတွင်းကုန်းမှာ ယာကွက်တွေဝယ်ပြီးပြောင်းလာကြတာပဲ ။ ပြောင်းလာကတည်းက ကိုဘပွားအဖေကြီးကရူးနေတာဗျ ။ ကိုဘပွားကအိမ်ထောင်မရှိဘူးဗျ ။ လူပျိုကြီး ။ သူ့ညီ ကိုလှပွားကအိမ်ထောင်နဲ့ သားသမီးတွေရှိတယ် ။ ညီအစ်ကိုတွေအလုပ်ကြလွှတ်လုပ်ကြတာဗျ ။ ရပ်ရေးရွာရေးဆိုရင်တော့လည်းအမြဲပါကြတာ ။ လူချစ်လူခင်လည်းပေါပါတယ် ။ စိတ်ထားမကောင်းတဲ့လူတွေကတော့ သူတို့ကွယ်ရာမှာ အရူးစံဖေကြီးသားတွေ ဘာညာ နဲ့ပြောတာတော့ရှိတာပေါ့ဗျာ ။
အဲ့ဒီနေ့ကနေကလည်းပူတော မန်းကျည်းပင်အောက်က ကွပ်ပျစ်မှာထိုင်ပြီး အမေခိုင်းထားတဲ့ မြေပဲဆံထွတ်နေတယ် ။ ကျူပ်ဘယ်မှမသွားဘူး ။ နဂါးဆေးပေါ့လိပ်လေးဖွာလိုက် ။ မြေပဲဆံလေးထွတ်လိုက်ပေါ့ဗျာ ။
"ဟ တာတေ အလုပ်တွေ လွှတ်လုပ်နေတာကိုး"
ဝိုင်းပေါက်ကအသံကြားလို့ကျူပ် လှမ်းကြည့်လိုက်တယ် ။
"ဟာ ကိုဘပွားပါလား ။ လာလေဗျာ"
မားမားရပ်နေတဲ့ကိုဘပွားက သူ့ခေါင်းက ဝါးဖတ်ဦးထုပ်ကို ချွတ်ရင်းဝိုင်းထဲဝင်လာတယ်ဗျ ။
"တာတေတို့အိမ်က ဒီမန်ကျည်းပင်ကြီးက အရိပ်လွှတ်ကောင်းပါလားကွ"
ကျူပ်ထိုင်နေတဲ့ကွပ်ပျစ်မှာ ကိုဘပွားက ဝင်ထိုင်ရင်းပြောလိုက်တယ် ။
"ဟုတ်ပ ။ ဒါ့ထက်ကိုဘပွား ကျူပ်တို့ထနောင်းကုန်းကိုလာခဲပါတယ်"
"အေးကွ ။ တာတေရလာခဲဆို ယာလုပ်ငန်းကတစ်ဖက် ရပ်ရေးရွာရေးကတစ်ဖက် ။ သွက်သွက်ခါအောင် ရူးနေတဲ့အဖေကတစ်ဖက်မို့လားကွာ"
"ဟုတ်တာပေါ့ဗျာ ။ ကိုဘပွားတို့ညီအစ်ကိုကအဖေကြီးကိုတော်တော်ဂရုစိုက်ကြတာပါဗျာ ။ ဒါနဲ့ ဘိုးစံဖေကြီး နေကောင်းရဲ့မဟုတ်လား"
"ဆုံးသွားပြီ တာတေရဲ့"
"ဗျာ ဘယ်တုန်းကလဲ ကျူပ်ဖြင့်သတင်းမကြားရပါလားဗျာ"
"မနေ့က ရက်လည်တာကွ ။ သတင်းမကြားဆိုရက်လည်းမထားဘူးလေကွာ ။ အားချင်းပဲသဂြိုဟ်လိုက်တာ"
"အို ဘာဖြစ်လို့တုံးဗျ"
"တာတေရ ။ ရွာထဲက လူတချို့က သူတို့ရွာကိုငါတို့ပြောင်းလာတာ သိပ်မကြိုက်ကြဘူးကွ"
"ဟ ဘာလို့တုံး"
"အဖေက ရူးနေတာကိုးကွ ။ သူတို့ရွာကို အရူးပြောင်းလာတယ်ဆိုတော့ မကြိုက်ကြဘူးကွ ။ အခုလည်း အရူးသေတယ်ဆိုတော့ အပြောအဆိုရှိတယ်လေ ။ ဒါကြောင့် မထားတော့ပဲချက်ခြင်း သဂြိုဟ်လိုက်တာ ။ သေမှတော့ ထားနေလည်းမထူးတော့ပါဘူးကွာ"
"ဟုတ်ပါတယ် ကိုဘပွားရာ ။ ခင်ဗျားတို့လည်းဒီအဖေကြီးပြုစုခဲ့တာ နှစ်ပေါင်းမနည်းတော့ပဲကို"
"အနှစ်နှစ်ဆယ်တိတိပဲကွ တာတေရ"
ကိုဘပွားလည်းကျူပ်မီးညှိပြီးတည်ထားတဲ့ဆေးပေါ့လိပ်ကိုအားပါးတရဖွာနေတယ် ။
"ဒါနဲ့ကိုဘပွား ။ ထနောင်းကုန်းကိုလာတာ ဘယ်သူ့အိမ်ကိုတုန်း"
"ဘယ်သူ့အိမ်ကိုမဟုတ်ဘူးကွ ။ မင်းဆီကိုပဲသက်သက်လာတာ"
"ဟင် ဟုတ်လား ။ ကိုဘပွား ဘာကိစ္စများရှိလို့တုန်း"
"အေး ။ ကိစ္စကတော့နည်းနည်းရှင်းပြမှ မင်းသိမှာကွ"
"ဆိုပါဦး ကိုဘပွားရယ် ။ ဘာဖြစ်လို့လဲ"
ကျူပ်ကမေးလိုက်တယ် ။ ဒီတော့ကိုဘပွားတစ်ချက်ခေါင်းငြိမ့်ပြီး မန်ကျည်းပင်ကြီးကိုတစ်ချက်မော့ကြည့်တယ် ။
"အေး ဒီလိုကွ ။ တာတေရ ။ ငါတို့အဖေကြီးဦးစံဖေဟာ တစ်သက်လုံးရူးနေတဲ့အရူးတစ်ယောက်ဆိုတာ မင်းလည်းသိတာပဲလေ ။ လူတွေအားလုံးလည်းဒီအတိုင်းသိကြတာပေါ့ကွာ ။ ဒါပမယ့် အဖေမသေခင်အိပ်ရာထဲမှာဘုန်းဘုန်းလဲခဲ့တဲ့အချိန် အရူးရောဂါပျောက်သွားပြီး ပြန်ကောင်းသွားကြတာကို ဘယ်သူမှမသိလိုက်ကြဘူးကွ"
"ဟင် ဘကြီးစံဖေပြန်ကောင်းသွားတယ်ဟုတ်လား"
"အေး ။ ဟုတ်တယ် တာတေ"
"ဒါနဲ့ ဘကြီးစံဖေက ဘယ်တုန်းကရူးနေတာတုန်း"
"ငါဆယ်နှစ် ။ ဆယ့်တစ်နှစ်မှာ ရူးသွားတာကွ"
"ဟင် ဟုတ်လား ဘကြီးစံဖေက အစကဘာအလုပ်လုပ်တာတုံးဗျ"
"ငါရော ငါ့အမေရော ငါတို့တစ်ရွာလုံးသိထားတာက ကုန်သည်ပေါ့ကွာ ။ တစ်ခါတစ်ခါ အောက်ပြည်အထိဆင်းပြီးကုန်တွေရောင်းတယ်ကွ ။ အောက်ပြည်ကပြန်လာရင် ငါးပိတို့ငါးခြောက်တို့ယူလာပြီးရွာတွေကိုလှည့်ရောင်းတယ်ကွ ။ အိမ်ကယာကလေးနည်းနည်းရှိတာကိုတော့ အမေကပဲဦးစီးပြီးလုပ်ရတာ"
"သြော် ကိုဘပွားတို့မိသားစု စီးပွားရေးပြေလည်မှာပေါ့နော်"
"လွှတ်ပြေလည်တာပေါ့တာတေရာ ။ ဒါပေမယ့် ငါတို့အဖေဟာ ကုန်သည်မဟုတ်မှန်းကို အဖေသေခါနီးမှငါသိလိုက်ရတာကြ"
"ငင့် ကိုဘပွားပြောတော့ကုန်သည်ဆို"
"အေး ကုန်သည်တော့ဟုတ်တယ် ။ ဒါပေမယ့် ဟန်ပြအလုပ်ကွ တကယ်လုပ်တာမဟုတ်ဘူး ။ ဒီလိုကွ အဖေအရူးဘဝနဲ့တစ်လျောက်လုံးမှာ မကြာခဏအော်ပြောနေတဲ့ လင်္ကာလိုလို တဘောင်လိုလိုတစ်ခုရှိတယ်ကွ"
"ဟင် ဘာများတုန်းကိုဘပွားရဲ့"
"ဒီလိုကွာ ။ ဘာတဲ့ မန်ကျည်းပင်မြောက် ဆယ်လှမ်းလျောက် စနိမာကိုရောက် စနိမာနောက် ဆယ်လှမ်းလျှောက် အောင်ဗလကိုရောက် အောင်ဗလခေါင်း ခြောက်အိမ်ပြောင်း ပွဲစားကိုကံကောင်းတဲ့"
"တိန် အာ့ ဘာတုန်းဗျ ကိုဘပွားရဲ့"
"အေး ။ ငါ့အဖေ ရူးပြီးလျောက်အော်နေတဲ့ဟာလေကွာ ။ ရွာက ကလေးတွေ အကုန်လုံးတောင်အလွတ်ရနေတာလေ ။ ကြားနေကြဆိုတော့ ဘယ်သူမှ ဂရုမပြုကြတော့ဘူး ။ ငါတို့ကိုယ်တိုင်လည်း ဂရုမပြုမိတော့ဘူးပေါ့"
"ဒါနဲ့ ဘကြီးစံဖေကဘယ်လိုကြောင့်ရူးသွားတာတုန်း"
"ကုန်တွေယူပြီးအောက်ပြည်ကိုသွားရောင်းတာပဲကွ ။ ငါ့အမေကလည်းအဖေ့ကိုသေပြီပဲထင်တာ ။ နှစ်နှစ်လောက်ကြာတော့မှ ဘကြီးစံငွေက မန်းတလေးမှာ အဖေ့ကိုတွေ့တာနဲ့ပြန်ခေါ်လာတာ ။ ဘကြီးစံငွေဆိုတာအဖေ့အစ်ကိုပေါ့ ။ အဖေကသွက်သွက်ခါအောင်ရူးနေတာ ။ ရွာကိုလုံးဝမပြန်တတ်တော့ဘူး ။ ဘကြီးနဲ့တွေ့လို့သာ အိမ်ပြန်ရောက်လာတာ ။ လူတွေပြောတာတော့ အဖေ့ကိုစုန်းပြုစားသလိုလိုပေါ့ကွာ ။ ဒါပေမယ့် အဖြစ်မှန်ကိုတို့ညီကို အဖေမသေခင်လေးသိလိုက်ကြတာ"
"ဆိုစမ်းပါဦးဗျာ"
ဆေးလိပ်ကိုဖွားရင်း ကိုဘပွားစကားကိုဆက်တယ် ။
"အေးကွာ ။ မင်းကိုဒီလိုပြောပြီး တိုင်ပင်စရာရှိလာတော့လည်းပြောပြရမှာပေါ့တာတေရာ ။ ဒီလိုကွ ။ အဖေမသေခင်ပြောပြတာကသူက ကုန်သည်အစစ်မဟုတ်ဘူး ။ ကုန်သည်ယောင်ဆောင်ထားတဲ့ ဓားပြတဲ့ကွ"
"ဗျာ ဓါးပြဟုတ်လား ကိုဘပွား"
"ဟုတ်တယ်တာတေ ။ အဖေ့မှာအဖွဲ့ရှိတယ်တဲ့ ။ အင်မတန်ညီကြတာတဲ့ ။ အားလုံး လက်ရဲဇက်ရဲ ရှိသလောက် အနေအထိုင်လည်းပိရိကြတာဆိုပဲ ။ အမြဲတိုက်ကြတာမဟုတ်ဘူးတဲ့ကွ ။ သေသေချာချာသတင်းထောက်လှမ်းပြီး တစ်နှစ်နှစ်နှစ်ကိုတစ်ကြိမ်ပဲတိုက်ကြတာကွ ။ သူတို့အဖွဲ့က အားလုံးငါးယောက်ရှိပြီး သူတို့ဗိုလ်ကတော်တော်ထက်မြတ်တယ်ဆိုပဲကွ"
"သြော် ဒီလိုကိုး"
"အဲ့ဒါနဲ့ တစ်နေ့ကျတော့ သူတို့တွေမိုးကုတ်က ကျောက်တွင်းသူဌေးအိမ်ကိုတိုက်တာ ပတ္တမြားတွေရော ရွှေတွေရော တော်တော်ကိုရလာခဲ့တယ်ကွ ။ သူတို့ဗိုလ်က ဒါတွေကိုချက်ချင်းမသုံးဖို့ပြောသတဲ့ ။ ဒီလောက်များတဲ့ပစ္စည်းတွေကို ပုလိပ်ဘက်က ခြေရာချင်းထပ်အောင်လိုက်မှာပဲ ဆိုတာသူတို့အားလုံးသိနေကြတယ်တဲ့ ။ ဒါနဲ့ပဲသူတို့အားလုံးတိုင်ပင်ပြီး မန္တလေးကသချိုင်းတစ်ခုမှာမြှုပ်ကြတယ် ။ အဲ့ဒီသချိုင်းထဲက ပွဲစားကြီးဦးကံကောင်းရဲ့ ဂူကို ဖောက်ပြီး ပစ္စည်းထုပ်ကိုထား ခြေရာလက်ရာမပျက်အောင်ပြန်ပိတ်ခဲ့ကြသတဲ့ ။ အဲ့ဒီနေရာကိုမမေ့အောင် ငါတို့အဖေကသူရွတ်ရွတ်နေတဲ့ လင်္ကာနဲ့မှတ်ထားတာဟေ့ ။ ရူးသွားတော့ ပါးစပ်ကသာ ဒီလင်္ကာကိုရွတ်နေတာ ဘာအဓိပ္ပါယ်မှန်းသူ့ဘာသာတောင်မသိတော့ဘူးပေါ့ကွာ ။ သူမသေခင်ပြန်ကောင်းသွားတော့မှ ဒါတွေကိုသတိရပြီးပြောပြခဲ့တာကွ"
"သြော် ဒီလိုကိုး ။ ဒါနဲ့ ဘကြီးစံဖေက ဘာလို့သွက်သွက်ခါအောင်ရူးသွားရတာတုန်း"
"အဲ့ဒီညကပေါ့ကွာ ။ အဖေတို့ငါးရောက် ဂူဖောက်ပြီး ဂူထဲကိုပစ္စည်းထုပ်ထည့်တယ် ။ ပြီးတော့ ဂူပိတ်ကြတယ် ။ ပြီးတော့မှ သူတို့ဗိုလ်က ဂူကိုအမှတ်အသားလုပ်သတဲ့ ။ အမှတ်အသားကတော့ မန်ကျည်းပင်မြောက် ဆယ်လှမ်းလျောက် စန္ဒိမာကိုရောက် စန္ဒိမာနောက်ဆယ်လှမ်းလျောက် အောင်ဗလကိုရောက် ။ အောင်ဗလခေါင်း ခြောက်အိမ်ပြောင်း ပွဲစားကိုကံကောင်း တဲ့ကွ ။ ဆိုလိုတာက အဲ့ဒီသချိုင်းထဲမှာပင်စည်လူတစ်ဖက်မကကြီးတဲ့ ထူးထူးခြားခြားမန်းကျည်းပင်ကြီးရှိသတဲ့ ။ လှမ်းသွားရင် ဘုန်းကြီး စန္ဒိမာရဲ့အုတ်ဂူရှိသတဲ့ ။ အဲ့ဘုန်းကြီးဂူရဲ့ အနောက်ဘက် ဆယ်လှမ်းအကွာမှာ ကိုအောင်ဗလဆိုတဲ့လူရဲ့ဂူကိုရောက်မယ် ။ အဲ့ဒီကိုအောင်ဗလဂူရဲ့ ခေါင်းရင်းဘက် ခြောက်ဂူမြောက်မှာ ပွဲစားကြီးဦးကံကောင်းရဲ့ အုတ်ဂူရှိသတဲ့ ။ အဲ့ဒီဂူထဲမှာ ပစ္စည်းတွေရှိတယ်ဆိုတာကိုအမှတ်အသားလုပ်ပြီး ခေါင်းထဲစွဲအောင် မှတ်ကြတာကွ ။ ပြီးတော့မှသူတို့ငါးယောက် ဂူကိုဝိုင်းပြီးတော့သစ္စာဆိုကြတယ် ။ ငါးယောက်သဘောတူမှ ဒီပစ္စည်းတွေကို အတူဖော်ယူကြဖို့ပေါ့ကွာ ။ ဒီလိုနဲ့သစ္စာဆိုနေကြတုန်းမှာ သူတို့နဲ့မလှမ်းမကမ်းက တဟားဟားနဲ့ရယ်သံကြီးထွက်လာသတဲ့ ။ အဖေလည်းကျက်သီးတွေတဖျန်းဖျန်းထကုန်ရောတဲ့ ။ ဟိုကြည့်သည်ကြည့် ကြည့်ကြတော့အဖေကသွားတွေ့ရောတဲ့ဟေ့"
"ဟင် ဘာကိုတုန်းဗျ"
"အရပ်ကြီးအရှည်ကြီးနဲ့ ဂူကြီးတစ်လုံးပေါ်မှာမားမားကြီးရပ်နေတာတဲ့ကွ ။ ဆံပင်ဖားယားကြီးချပြီး မျက်လုံးနီနီကြီးတွေတဲ့ ။ အဖေကကုန်သည်ယောင်ဆောင်ပြီး နယ်အနှံ့သွားနေတော့ကြားဖူးနားဝရှိတာပေါ့ ။ အဲ့ဒီမှာတင် အဖေက တအားကြောက်သွားပြီး မဖဲဝါ မဖဲဝါ ဟိုမှာဟိုမှာ ဆိုပြီး လက်ညှိုးနဲ့ထိုးပြတယ် ။ ကျန်တဲ့လေးယောက်က လိုက်ကြည့်ကြပေမယ့်မမြင်ကြဘူးတဲ့ကွ ။ ဒါပေမယ့် အဖေမေ့သွားတာတစ်ခုရှိတာက မဖဲဝါကိုတွေ့ရင် လက်ညှိုးနဲ့မထိုးရဘူးတဲ့ တာတေရေ ။ ထိုးရင်သွက်သွက်ခါအောင်ရူးတယ်ဆိုပဲ"
"ဟာ ဒါတော့မဟုတ်ပါဘူးဗျာ ။ ကျူပ်လည်းမဖဲဝါကိုတွေ့ဖူးပြီး လက်ညှိုးနဲ့လည်းထိုးဖူးပါတယ်ဗျ"
"အေးလေ ။ မင်းကကံမြင့်နေလို့ဖြစ်မှာပေါ့ကွာ ။ အဖေကတော့ မင်းသိတဲ့အတိုင်းသွက်သွက်ခါအောင်ကိုရူးတော့တာပဲကွာ"
"နေပါဦးကိုဘပွားရဲ့ ။ ဟို ကျန်တဲ့လေးယောက်ကကော ရူးသွားကြသလား"
"ဟာ မရူးဘူးကွ ။ သူတို့ကမဖဲဝါကိုမြင်ကြတာမှ မဟုတ်တာ ။ ဒါပေမယ့် မဖဲဝါ ဘာလုပ်လိုက်တယ်မသိဘူးဟေ့ ။ လူစိတ်ပျောက်ပြီးတစ်ယောက်နဲ့တစ်ယောက်ဓါးနဲ့ထိုးကြတာ လေးယောက်စလုံးသေကုန်ရောဆိုပဲကွ ။ မဖဲဝါကြီးကတော့ အဲ့အဖြစ်ကိုကြည့်ပြီး တဟားဟားနဲ့အော်ရယ်တာတဲ့ဟေ့ ။ အဖေလည်းကြောက်လန့်ပြီးထွက်ပြေးလိုက်တာ ဘယ်ရောက်လို့ရောက်သွားမှန်းကိုမသိတာတဲ့ဟေ့ ။ နောက်ဆုံးတော့ဆက်မပြေးနိူင်ပဲ သတိလစ်ပြီးလဲသွားသတဲ့ ။ သတိလည်းပြန်ရကော ဘာမှမသိတော့ပဲသွက်သွက်လည်အောင်ရူးနေတော့တာပေါ့ကွာ"
"ဟာ ဖြစ်မှဖြစ်ရလေဗျာ"
ကိုဘပွားက ဆေးလိပ်ကို မီးပြန်ညှိ နှစ်ဖွာလောက်ဖွာပြီး စကားဆက်တယ် ။
"သူ့ရှေ့တင်အမေဆုံးတာလည်းသူမသိဘူး ။ မင်းတို့အမေမပန်းနူရောလို့မေးတယ် ။ ဆုံးပြီလို့ပြောတော့ ဘယ်တုန်းကလဲ မေးတယ် ။ ပြီးတော့ သူတို့မြှပ်ထားတဲ့ပစ္စည်းတွေက တော်တော်များတာလို့လည်းပြောတယ်ကွ ။ ပတ္တမြားအရိုင်းတွေကောသွေးပြီးသားတွေကောပါတယ်လို့ပြောတယ် ။ ဒါပေမယ့် မသန့်စင်တဲ့ပစ္စည်းတွေမို့လို မလိုချင်ကြနဲ့လိုပြောတယ်ကွ"
"ဒီအကြောင်းတွေကိုကိုလှပွားကော သိသလား"
"ဟာ သိတာပေါ့တာတေရ ။ တို့ညီအစ်ကိုနှစ်ယောက်လုံးကိုပြောပြတာပေါ့ကွ"
"အင်း ။ အခုကိုဘပွား ကျူပ်ဆီကိုလာတာက ဘာအတွက်တုန်း"
"သချိုင်းထဲက ဂူထဲမှာ အလဟသဖြစ်နေတဲ့ ပစ္စည်းတွေကိုငါသွားယူချင်တယ် တာတေ ။ ပြီးတော့ပစ္စည်းတွေက သန့်တယ်ပြောပြောမသန့်ဘူးပြောပြော ငါ့အဖေ တစ်သက်လုံးအရူးကြီးဖြစ်အောင်ရင်းနှီးလာခဲ့ရတာကွ ။ ဒီတော့ အဖေ့အစားငါသွားယူချင်တယ်"
"ကိုလှပွားကကော ဘာပြောတုန်း"
"လှပွားကတော့ဖျက်တာပေါ့ကွာ ။ မသန့်စင်တဲ့ပစ္စည်း ဘာညာပေါ့ ။ သူကအားကြီးရိုးတာကွ ။ ပြီးတော့သိပ်ကြောက်တတ်တာ ။ ဒါပေမယ့်ငါက ဒီကိစ္စကိုစိတ်အားထက်သန်နေတော့သူမဖျက်တော့ပါဘူးကွာ ။ ဒါပေမယ့် အစ်ကိုတစ်ယောက်တည်းတော့မသွားနဲ့တဲ့ သူလည်းလိုက်မယ်ပြောတယ် ။ ပြီးတော့ အတွေ့အကြုံများတဲ့မင်းကိုလည်း အကျိုးအကြောင်းပြောပြီးပါအောင်ခေါ်ခဲ့ပါလို့ပြောတယ် တာတေရေ ။ ဒါ့ကြောင့်မင်းဆီကိုငါလာခဲ့တာကွ"
"သြော် ဒီလိုလား"
ကိုဘပွားစကားဆုံးမှပဲ ကျူပ်ဇာတ်ရည်လည်တော့တာဗျို့ ။
"ဒါဆိုရင်ကျူပ်တို့မန္တလေးကိုဘယ်တော့လောက်သွားဖြစ်မလဲ"
"လှပွားတို့နှမ်းတောင်တွေခါနေကြတယ်ကွ ။ အဲ့ဒီနှမ်းတွေအားလုံးသိမ်းဆည်းပြီးရင်ကိစ္စတွေပြီးပါပြီ ။ ဒီတော့ လကုန်လောက်ဆိုသွားနိူင်ပါပြီ"
"ဗမာလနဲ့ကျတောရောဘယ်လိုနေတုန်း"
"ဗမာလနဲ့ဆိုလကွယ်လောက်သွားကျမယ်ကွ ။ ဘာဖြစ်လို့လဲ တာတေရ"
"ကိုဘပွားကလည်းသချိုင်းမှာဂူဖောက်ရမှာလေ ။ လသာရက်ဆိုဘယ်ကောင်းမှာတုန်း ။ လမိုက်ရက်မှကောင်းမှာပေါ့ဗျ"
"အေးဟုတ်သား ။ ဒါကြောင့်လည်းလှပွားက မင်းကိုအားကိုးပြီးလွှတ်လိုက်တာကိုးကွ ။ အေး မင်းကောင်းသလိုသာစီစဉ်ကွာ ။ ခက်တာကအဖေက မန္တလေးက ဘယ်သချိုင်းဆိုတာ အတတ်မပြောခဲ့တာခက်တာ ။ အဲ့ကိစ္စကိုငါလည်းအတန်တန်မေးပါတယ်ကွာ ။ အဖေကမှတ်ကိုမမှတ်မိတော့တာကွ ။ မန်ကျည်းပင်ကြီးနဲ့အုတ်ဂူတွေပဲမှတ်မိနေတာ"
"အင်း ခက်တော့လည်းခက်သားလားဗျာ ။ သူ့ခဗျာတစ်သက်လုံးရူးသွားတာမလား ။ ဘယ်မှာလာပြီး အကုန်မှတ်မိတော့မလဲဗျာ ။ ဒီလောက်မှတ်မိတာပဲ အံ့သြစရာဖြစ်နေတာ ။ အင်း ဟိုရောက်မှပဲကြည့်ပြီးစုံစမ်းကြတာပေါ့ဗျာ ။ ဒီလောက်နှစ်တွေကြာရင် သချိုင်းအနေအထားပြောင်းသွားမှာရယ် ပစ္စည်းကိုလူတစ်ယောက်ယောက်ရသွားပြီလားဆိုတာရယ်ကိုတွေးပူတာပါ"
"အေး ။ ဒါတော့ဘယ်တတ်နိူင်ပါ့မလဲတာတေရာ ။ တခြားသူရသွားရင်လည်းပြန်လာကြရုံပေါ့ ။ ငါကတော့ ဒီအတိုင်းတော့မေ့မပစ်လိုက်ချင်ဘူးကွာ"
"ဟာ ဒါတော့ဟုတ်ပါတယ်ကိုဘပွားရဲ့ ။ သွားတော့ရှာကြည့်သင့်ပါတယ် ။ ရလာတော့လည်းကိုယ့်သဘောပေါ့ဗျာ ။ လှူသင့်တာလှူ ။ သချိုင်းမှာရတာပေါ့ ။ ကိုဘပွား အလကားဖြစ်နေမယ့်အစားရှာတော့ရှာသင့်တာပေါ့ဗျာ"
"အေး ။ ဒါဖြင့်ငါပြန်မယ်တာတေ ။ လှပွားလည်းမျှော်နေတော့မှာကွ ။ ငါသုံးလေးရက်နေရင်ပြန်လာမယ်လေကွာ ။ အဲ့ကြမှလှပွားလည်းခေါ်ခဲ့မယ် ။ ဟိုမှာနေတဲ့ ရက်အတွင်းစားရေးသောက်ရေးအတွက်တော့မပူနဲ့နော် ။ ငါအားလုံးစီစဉ်ခဲ့မယ် ။ ဒီအတွင်းမင်းလည်းစဉ်းစားထားလေကွာ"
ကိုဘပွားပြန်တော့ ညနေတောင်စောင်းနေပြီ ။ ကျူပ်လည်းကိုဘပွားပြောသွားတဲ့ကိစ္စကိုတော်တော်စိတ်ဝင်စားသွားတာဗျ ။ တာတေ့အကြောင်းကိုခင်ဗျားတို့လည်းအသိပဲဗျာ ။ ဒီလိုကိစ္စမျိုးဆိုရင် တာတေကစွန့်စားဖို့အသင့်ပဲဗျို့ ။ ခါးမှာဝတ်ထားတဲ့ပုဆိုးကို အခုချက်ချင်းတောင် ခါထောင်းထကြိုက်ပစ်လိုက်ချင်တာဗျ ။
အဘနဲ့အမေကိုကျူပ်ကြိုပြောထားလိုက်တယ် ။ ကိုဘပွားတို့ညီအစ်ကိုနဲ့မန္တလေးကိုလိုက်သွားမယ့်အကြောင်းပေါ့ဗျာ ။ တစ်ပတ်လောက်ကြာတော့ ကိုဘပွားကျူပ်ဆီကိုပြန်ရောက်လာတယ် ။ သူတို့နှမ်းသိမ်းတာအားလုံးပြီးသွားကြောင်းနဲ့ ခရီးထွက်ဖို့အဆင်သင့်ဖြစ်ကြောင်း ပြီးတော့ ကျူပ်လိုက်ဖို့သေချာလားလို့လာမေးတာဗျ ။ သေချာရင်မနက်ဖြန်ကားလက်မှတ်မှာတော့မယ့်အကြောင်းလာပြောတယ် ။ ကျူပ်ကလည်းအခုချက်ခြင်းထသွားချင်နေတဲ့ကောင်ဆိုတော့ "ကျူပ်ကတော့ အဆင်သင့်ပဲ" လို့ပြောလိုက်တာပေါ့ဗျာ ။ နောက်နှစ်ရက်ကြာတော့ ကျူပ်ရယ် ကိုဘပွားတို့ညီအစ်ကိုရယ် ခရီးစထွက်ခဲ့ကြတယ် ။
မန္တလေးရောက်တော့ ဘုရားကြီးဘက်က ဘုန်းကြီးကျောင်းမှာတည်းကြတယ် ။ ကိုဘပွားတို့အသိဘုန်းကြီးပေါ့ဗျာ ။ အဲ့ဒီမှာတည်းပြီး နေ့တိုင်း အပြင်ထွက် သချိုင်းတွေလိုက်ရှာကြတာပေါ့ ။ ခက်တာက ဘကြီးစံဖေက ဘယ်သချိုင်းကဆိုတာ အတိအကျ မမှတ်မိတော့လည်းခက်သားလားဗျာ ။
ဘကြီးစံဖေ ရူးနေတုန်းက အမြဲရွတ်နေတဲ့ တဘောင်လိုလို သိုက်စာကိုတော့ ကျူပ်စိတ်ထဲမှာ အမြဲရွတ်နေတာဗျ ။
"မန်ကျည်းပင်မြောက် ဆယ်လှမ်းလျောက် စန္ဒိမာကိုရောက် စန္ဒိမာနောက်ဆယ်လမ်းလျောက် အောင်ဗလကိုရောက် ။ အောင်ဗလခေါင်း ခြောက်အိမ်ပြောင်း ပွဲစားကိုကံကောင်း"
ဟီး ရွတ်လို့တော့အကောင်းသားနော် ။ သချိုင်းရှာမတွေ့သေးတာကခက်နေတာဗျ ။ မန်ကျည်းပင်လည်းရှာရ ။ အုတ်ဂူတွေလည်းရှာရ ။ တချို့ဂူတွေက ရေညှိတွေတတ်ပြီး မည်းနေလို့ မနည်းကိုပွတ်တိုက်ပြီးစာဖတ်ရတာ ။ တချို့ကြတော့ အင်္ဂတေတွေကွာနေကြလို့စာလုံးတွေပျက်နေပြီ ။ ဖတ်လို့ကိုမရတာဗျ ။ သုံးယောက်သားသချိုင်းကုန်းတစ်ခုပြီးတစ်ခုလိုက်ရှာနေတာနဲ့တစ်နေကုန်တော့တာပါပဲဗျာ ။
မနက်စောစောထပြီးစုံစမ်းတယ် ။ ဒီနေ့တော့ကျူပ်တို့သုံးယောက်လုံး စိတ်ပျက်သွားကြပြီဗျို့ ။ ဘာဖြစ်လို့လဲဆိုတော့ မန္တလေးကသချိုင်းတွေလည်းကုန်ပြီလေ ။ ဘကြီးစံဖေပြောထားတာတွေလည်းလုံးဝမတွေ့ဘူးဗျ ။
"အစ်ကိုရာ စိတ်လျော့လိုက်ပါတော့ဗျာ ။ အဖေက မသေခင်ပြန်ကောင်းတယ်ဆိုပေမယ့် စိတ်က လုံးလုံးကောင်းတာဟုတ်ချင်မှဟုတ်မှာဗျ ။ တစ်ချက်တစ်ချက်ပြန်ပြီးဖောက်သွားတာ အစ်ကိုလည်းသိတာပဲလေ"
ကိုလှပွားက သူ့အစ်ကိုကို စိတ်လျော့ဖို့တောင်ပြောနေပြီ ။ ကိုဘပွားကတော့ ခေါင်းအမာသားဗျ ။ လျော့ချင်ပုံမရဘူး ။ ကျူပ်နဲ့ကိုလှပွား တောင်သမန်အင်းက မယ်ဇဠီပင်တစ်ပင်အောက်ထိုင်နေတုန်း ကိုဘပွား ထွက်သွားတယ် ။
"အစ်ကို ဘယ်တုန်း"
လို့ကိုလှပွားမေးလိုက်တော့ "ဒီနားတင်" လို့ပဲပြောခဲ့တယ် ။ ကျူပ်နဲ့ကိုလှပွားလည်းကိုဘပွားကိုစောင့်လိုက်ကြတာ ညနေကိုစောင်းရောဗျို့ ။ ကိုလှပွားလည်းသူ့အစ်ကိုကိုစိတ်တိုပြီး ပါးစပ်ကဗျစ်တောက်ဗျစ်တောက်ပြောနေရောဗျို့ ။ နောက်တော့ ကိုလှပွားသုတ်သုတ်သုတ်သုတ်နဲ့ ပြန်ရောက်လာတယ် ။
"အစ်ကို ဘယ်သွားနေတာတုန်းဟ"
လို့ကိုလှပွားကခပ်ဆတ်ဆတ်မေးတော့တာပေါ့ဗျာ ။
"ငါအကြံရလို့ကွ ။ သက်ကြီးရွယ်အိုတစ်ရောက်လောက်ကိုမေးမှရလိမ့်မယ်ထင်လို့ မြင်းလှည်းသမားတစ်ယောက်ကိုရအောင်ပေါင်းပြီး အသက်ကြီးကြီးနှံ့နှံ့စပ်စပ် အဘိုးကြီးတစ်ယောက်ကို စုံစမ်းရတာပေါ့ကွာ ။ အဲ့ဒီမြင်းလှည်းသမားက အသက် ၉၀ ကျော်အဘိုးကြီးတစ်ယောက်ဆီလိုက်ပို့တယ်ကွ ။ အဘိုးကြီးနာမည်က ဦးမြတဲ့ ။ တော်တော်လေးဗဟုသုတရှိပြီး ဒီဒေသကိုနှံ့စပ်တဲ့လူကြီးကွ ။ ငါကဥပါယ်တံမျဉ်နဲ့ပြောရတာပေါ့ကွာ ။ အဘိုးကြီးကတော်တော်လေးစဉ်းစားပြီးမှ ပြောတယ် ။ ပွဲစားဦးကံကောင်းကို သူသိတယ်တဲ့ မန္တလေးကမဟုတ်ဘူး အမရပူရကတဲ့ ။ ဦးကံကောင်းဆုံးတော့ အသုဘတောင်သူလိုက်ပို့သေးတယ်ဆိုပဲ ။ အမရပူရသချိုင်းမှာပဲသဂြိုဟ်တာပါတဲ့ ။ မန္တလေးမှာသဂြိုဟ်တာမဟုတ်ပါဘူးတဲ့ကွ"
"ဟာ ဟုတ်လားကိုဘပွား ။ ဒါဆိုရင် ကျူပ်တို့အမရပူရ သချိုင်းမှာရှာရမှာပေါ့ ။ ဘကြီးစံဖေကအမရပူရနဲ့မန္တလေးကိုအမှတ်မှားသွားတာဖြစ်မှာပေါ့ဗျာ ။ တစ်သက်လုံးစိတ်ရောဂါခံစားနေရတာဆိုတော့လည်း အမှတ်တွေလည်းလွဲလို့ရှိမှာပေါ့ ။ မနက်ဖြန်ပဲ အမရပူရကိုသွားကြတာပေါ့"
ကျူပ်ကဝင်ပြောတော့မှ ညီအစ်ကိုနှစ်ယောက်ကျေနပ်ပြီး ဘုန်းကြီးကျောင်းကိုပြန်ခဲ့ကြတော့တယ် ။
နောက်နေ့ကျတော့ အိပ်ယာကခပ်စောစောထပြီး မြို့ကိုလာခဲ့ကြတာပေါ့ဗျာ ။ နေသိပ်မမြင့်ခင် သချိုင်းထဲဝင်ခဲ့ကြတယ် ။ သုံးယောက်သား ဟိုကြည့်သည်ကြည့်ပေါ့ဗျာ ။
"ဟာ ဟိုမှာ မန်ကျည်းပင်ကြီးတစ်ပင်ဗျ ။ တော်တော်ကိုကြီးတာဗျို့ လူနှစ်ဖက်စာလောက်ရှိမှာဗျ"
ကိုဘပွားတို့ညီအစ်ကိုလည်း ကျူပ်ပြောတဲ့ဘက်ကိုကြည့်ကြတာပေါ့ ။
"ဟုတ်တယ်ဟေ့ တာတေရေ ။ ကဲလာ အဲ့အပင်ကြီးဆီကိုသွားကြရအောင်"
ကိုဘပွားက ဦးဆောင်ပြီး ရှေ့ကသွားတယ်ဗျ ။ ကျူပ်နဲ့ကိုလှပွားနဲ့လည်း နောက်ကလိုက်ရတာပေါ့ ။ မန်ကျည်းပင်ကြီးဆီရောက်တော့ ကျူပ်နဲ့ကိုလှပွားက မန်ကျည်းပင်ကိုလက်နဲ့ဟိုဘက်သည်ဘက် ဖတ်ကြည့်ကြတယ်ဗျ ။ ယောက်ျားနှစ်ဖက်တောင် ကျော်သေးတယ်ဗျို့ ။
"ကဲ ကျူပ်တို့ရှာကြစို့ဗျာ ။ မြောက်ဘက်ကို ဆယ်လှမ်းလျောက်ပြီဗျို့ တစ်လှမ်း --- ကိုးလှမ်း ။ ဆယ်လှမ်းရောက်ပြီး ဂူကြီးတစ်လုံး စာတွေတောင်ပျက်နေပြီဗျ"
ကျူပ်ကအနားက ခြုံတွေထဲက သစ်ပင်တစ်ပင်ကိုချိုးပြီး စာလုံးပေါ်က ဂျေးတွေကို ခြစ်ချလိုက်တယ် ။ ဟောပေါ်လာပြီ ။ ဦစန္ဒိမာ ။ သက်တော် ၈၀ ။ ဝါတော် ၄၂ ။ အင်း ဘုန်းကြီးဂူသွင်းတာတော့ ရှားသားဗျ ။ ကျူပ်လည်းဝမ်းသာအားရ လှမ်းပြောလိုက်တယ် ။
"ဟုတ်ပြီဗျို့ ဒါဦးစန္ဒိမာအုတ်ဂူပဲ ။ အစတော့တွေ့သွားပြီ ကိုဘပွား"
"အေးဟုတ်ပြီဟေ့တာတေ ။ စန္ဒိမာနောက်ဆယ်လှမ်းလျှောက်တဲ့ကွ"
"ဟုတ်ပြီဟုတ်ပြီ ။ ဦးစန္ဒိမာဂူရဲ့ အနောက်ဘက် တစ်လှမ်း ။ နှစ်လှမ်း ---"
"ဦးအောင်ဗလ အသက် ၆၀ တဲ့တာတေရေ"
ကျူပ်ခြေဆယ်လှမ်းအရောက် တွေ့ရတဲ့ဂူပေါ်က ကမ္ဗည်းစာတန်းကို ကိုဘပွားကအသံကျယ်ကျယ်နဲ့ဖတ်လိုက်တယ် ။
"အောင်ဗလခေါင်း ခြောက်အိမ်ပြောင်း ပွဲစားကိုကံကောင်းတဲ့ဟေ့"
"ဟုတ်ပြီ ။ ဦးအောင်ဗလရဲ့ဂူ ခေါင်းရင်းဘက်ကို လျောက်မယ် ။ ကဲ တစ်ဂူ ။ ငါးဂူ ။ ဟော ဒါခြောက်ဂူမြောက် ။ ကဲ့ကြည့်စမ်းဗျာ ဘယ်သူတဲ့တုန်း"
"ဟာ ပွဲစားကြီးဦးကံကောင်းအသက် ၇၀ တဲ့ကွ ။ တွေ့ပြီကွ ။ တွေ့ပြီ"
ကိုဘပွားတို့ညီအကိုမျက်နှာတွေ ဝင်းသွားကြတယ် ။ ကျူပ်ကပွဲစားကြီးရဲ့ဂူကိုတစ်ပတ်လှည့်ကြည့်တယ် ။ ဒီဂူကိုဘကြီးစံဖေတို့အဖွဲ့ ဘယ်နေရာကဖောက်ပြီးပစ္စည်းထည့်ထားလဲဆိုတာကိုပေါ့ ။ အခုထိတော့ ဂူကခြေရာလက်ရာမပျက်သေးဘူးဗျ ။ တစ်ယောက်ယောက်ဖောက်ထားပုံမပေါ်သေးတော့ ဝှက်ထားတဲ့ရတနာတွေ ရှိနေနိူင်သေးတာပေါ့ဗျာ ။
"တာတေတို့အလုပ်ဘယ်တော့လုပ်မလဲ"
ကိုဘပွားမေးတယ်ဗျ ။ ကိုလှပွားလည်း ကျူပ်ပြောမှာနားထောင်နေတယ်လေ ။
"ဒီညပေါ့ကိုဘပွား ။ ဒီညလမိုက်တယ်လေဗျ ။ ဒါမှ အလုပ်လုပ်လို့ကောင်းမှာဗျ"
"အေးကောင်းပြီ ။ ဒါဆိုတို့အခုမန္တလေးသွားပြီး လိုအပ်တာဝယ်ကြရအောင်"
ကျူပ်တို့လည်း ဂူအခြေအနေ ။ သချိုင်းအနေအထား ။ ဝင်လမ်းထွက်လမ်း ။ သစ်ပင်အမှတ်အသား အားလုံးမှတ်သားကြပြီးပြန်လာကြတယ် ။ မန္တလေးရောက်တော့ လိုအပ်တဲ့ ပစ္စည်းတွေဝယ်ရတာပေါ့ဗျာ ။ အားလုံးစုံအောင်ယူလို့ အမရပူရထွက်ခဲ့ကြတယ် ။
ဒီလိုနဲ့ သချိုင်းကိုရောက်တော့ ညရှစ်နာရီထိုးနေပြီဗျ ။ ကြယ်ရောင်လေးတွေကိုအားပြုပြီး ကျူပ်တို့သုံးယောက် ထိုင်ပြီးငြိမ်နေကြရတာပေါ့ဗျာ ။ အချိန်ကစောနေသေးတာကိုး ။ တစ်ပြင်တစ်ခုလုံးတိတ်ဆိတ်နေတယ် ။ တစ်ချက်တစ်ချက် လေအေးကြီးကတိုက်နေတယ် ။ လေအဝေ့မှာ အမှောင်ထဲက သစ်ပင်တွေက နာနာဘာဝတွေလမ်းလျောက်နေသလိုထင်ရတယ်ဗျ ။ တစ်ချက်တစ်ချက်ကျရင် သစ်ပင်မှာကပ်နေတဲ့ ပိုးစုန်းကြူးလေးတွေ တလက်လက်ဖြစ်နေတာကိုတွေ့ရတယ်ဗျ ။ သချိုင်းထဲမှာငြိမ်ပြီးထိုင်နေတော့ ကျက်သီးတွေ တဖျန်းဖျန်းထနေတာဗျို့ ။ ကျူပ်ရောကိုဘပွားတို့နှစ်ယောက်ကော တောင်ကြည့်မြောက်ကြည့် လျောက်ကြည့်နေတာဗျ ။
ဒီလိုနဲ့ သန်းခေါင်းကြက်တွန်သံ ကြားလိုက်ကြတယ် ။
"သန်းခေါင်ကြက်တွန်ပြီကွ တာတေ"
"ဟုတ်တယ် ကိုဘပွား ။ လုပ်ငန်းစကြစို့"
ပြောပြောဆိုဆိုနဲ့ ကျူပ်က အိတ်ထဲက စွပ်ကျယ်တစ်ထည်ကိုထုတ်ပြီး လက်နှိပ်ဓါတ်မီးကို အုပ်ပတ်လိုက်တယ် ။ ဒီတော့မှ အလင်းရောင်ကဝပ်သွားတယ်ဗျ ။ ပြီးတော့မှ သံစို့နဲ့တူကိုယူတယ် ။ သံစို့ကြီးကိုလည်း စွပ်ကျယ်တစ်ထည်နဲ့ပတ်လိုက်တယ် ။ ဒါမှတူထုရင်အသံမမြည်မှာကိုး ။
"ကဲကိုလှပွားက ကျူပ်ကိုမီးထိုးပြဗျာ ။ ကျူပ်တို့ဂူခြေရင်းကဖောက်မယ် ။ ဘကြီးစံဖေတို့ဖောက်ပြီးပစ္စည်းထုပ်ထည့်တာ ခြေရင်ကပဲဖြစ်လိမ့်မယ်ထင်တယ်"
ကိုလှပွားကမီးကိုခပ်အုပ်အုပ်ထိုးပြထားတယ် ။ ခြုံပုတ်တွေကွယ်နေပြီးတော့ ကျူပ်တို့ဖောက်မယ့်ဂူဘေးမှာအခြားဂူတွေလည်းကွယ်နေတော့ တော်တော်လုံခြုံပါတယ် ။
"ဝူးးးးးးးးး ဝူးးးးးးး"
ကျူပ်က သံစို့ကိုဂူမှာထောက်လိုက်ပြီး တူနဲ့ထုဖို့ပြင်ရုံရှိသေးတယ် ။ သစ်ပင်အုပ်အုပ်ကြီးတွေဘက်က ဆွဲဆွဲငင်ငင် ခွေးအူသံကြီးတစ်သံထွက်လာကောဗျာ ။ ဟိုညီကိုတော့မသိဘူး ကျူပ်တော့ ကျက်သီးတွေ ဖျန်းခနဲ ထသွားတယ်ဗျို့ ။ သူတို့လည်းဟိုကြည့်သည်ကြည့်ကြည့်နေကြတယ်ဗျ ။ ကျူပ်လည်း ဘာမှ စဉ်းစားမနေတော့ပဲ လုပ်စရာရှိတာသာ ဆက်လုပ်လိုက်တယ် ။
"ဒုတ် ဒုတ် ဒုတ် ဒုတ်"
အဝတ်ပတ်ထားတဲ့ သံစို့ပေါ် တူနဲ့ခပ်ဆတ်ဆတ်ထုလိုက်တယ် ။ အင်္ဂတေစတွေဖွားခနဲ ဖွားခနဲ လွင့်ထွက်လာတယ် ။
"ဝူးးးးးးးးး ဝူးးးးးးး"
ခွေးအူသံကြီးကကျူပ်တို့ဘက်ကိုနီးလာသလိုပဲဗျ ။ ကျူပ်ဆိုတာ ဆံပင်တွေတောင်ထောင်သွားသလိုပဲဗျို့ ။
"ဒုတ် ဒုတ် ဒုတ် ဒုတ်"
ကျူပ်လည်းတူကို ခပ်မြန်မြန်ထုလိုက်တယ် ။
"ဝူးးးးးးးးး ဝူးးးးးးး"
ဒီတစ်ခါခွေးအူသံက ကျူပ်တို့နဲ့ကပ်ပြီးထွက်လာတာဗျ ။ အလွန်ဆုံးကွာမှ ဂူသုံးလေးလုံးလောက်ကဗျ ။ ကျူပ်လည်း သံစို့ကြီးယောင်ပြီးလွှတ်ချလိုက်တယ် ။ ကိုဘပွားက ကျူပ်တို့ပါလာတဲ့ဂေါ်ပြားကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ကျူပ်တို့သုံးယောက် စလုံးပြိုင်တူထရပ်လိုက်ကြတယ် ။ ဟိုကြည့်သည်ကြည့်လျောက်ကြည့်ကြတာပေါ့ ။
"ဟာ ဟို ဟိုမှာ"
ကိုလှပွားပြောတဲ့ဘက်ကို ကျူပ်တို့ကြည့်လိုက်ကြတယ် ။
"ဟာ မဖဲဝါကြီး"
ကျူပ်ပါးစပ်ကလှစ်ခနဲထွက်သွားတယ် ။ ကျူပ်တို့တောင်ဘက်က သုံးဂူကျော်မှာတွေ့တာဗျ ။ ဂူပေါ်မှာ ဆံပင်ဖားယား ချပြီးမားမားကြီးရပ်နေတာဗျ ။ အရပ်ကြီးက ဆယ်ပေလောက်ရှိမယ်ထင်တယ် ။ ကြယ်ရောင်နဲ့ဆိုတော့ မှောင်ထဲမှာသဲသဲကွဲကွဲ မမြင်ရဘူးပေါ့ ။ မျက်လုံးနီနီကြီးတွေကပြူးထွက်နေတယ် ။
"ဒါ ငါတို့ပစ္စည်း ငါ့အဖေပစ္စည်း ငါလာယူတာ မနှောင့်ယှက်နဲ့"
ကိုဘပွားပြောလိုက်တာဗျို့ ကျူပ်တောင်အံ့အားသင့်သွားတယ် ။
"ဟီးးဟီးးးးးးးးးးးးးးးး"
မဖဲဝါကြီးရဲ့ ရယ်သံကြီးထွက်လာတာဗျ ။ ကျူပ်ဖြင့် အဲ့ဒီအသံကြားလိုက်တာနဲ့ ဆံပင်တွေထောင်ကုန်ရောဗျို့ ။ ကိုလှပွားကနောက်ကိုဆုတ်သွားတယ် ။
"ဟီးးးးး ။ ငါ့သချိုင်းရောက်ရင်ငါ့ပစ္စည်း ဒီသိုက်က ငါ့သိုက် မဖဲဝါသိုက် ။ ခုထွက်သွားကြ ဟီးးးးးးးး"
အသံကြီးကဝါးဝါးကြီးဗျ ။
ကျူပ်ကိုဘပွားကိုလက်ကုပ်လိုက်တယ် ။
"ပြေးကြစို့ကိုဘပွား"
"မပြေးဘူး တာတေ ။ ဘာလို့ပြေးရမှာလဲ ။ ငါ့အဖေရဲ့ပစ္စည်းကွ ။ ဒီကောင်မကြီးနဲ့ဘာမှမဆိုင်ဘူး ။ ဒင်းကိုငါလုပ်မယ် ။ ငါ့အဖေလည်းသူ့ကြောင့်ရူးရတာ"
"ဗျာ"
ကျူပ်ဘာပြန်ပြောရမှန်းမသိခင် ကိုဘပွားလက်ထဲက ဂေါ်ပြားကိုကျစ်ကျစ်ပါအောင်ကိုင်ရင်း မဖဲဝါကြီးဆီ ပြေးသွားတော့တာပဲဗျို့ ။
ဟာ ။ ကိုဘပွား ဂေါ်ပြားကြီးကိုလွှဲလိုက်ပြီ ။ လွှဲလိုက်ပြီ ။ လွှဲလိုက်ပြီ ။ ခုတ်ပြီ ။ ခုတ်လိုက်ပြီဗျို့ ။
"ဟာ"
ကိုဘပွားခုတ်တဲ့ဂေါ်ပြားက မဖဲဝါကိုထိပေမယ့် လေကိုခုတ်လိုက်သလိုပဲ ဝှီးခနဲ မြည်သွားတာပဲရှိတယ် ။ ကျူပ်ရောကိုလှပွားကောနောက်ဆုတ်ပြီး ခြေလှမ်းငါးလှမ်းလောက်ပြေးလိုက်ကြတယ် ။
ဟာ ။ ခုတ်နေပြန်ပြီဗျို့ ။ ကိုဘပွားက ဂေါ်ပြားကို သူ့ခေါင်းပေါ်မှာ ဝှီးခနဲမြည်အောင်လွှဲပြီး မဖဲဝါကိုလိုက်ခုတ်နေတာဗျို့ ။ မဖဲဝါကလည်း ဂူပေါ်မှာ ခါးထောက်ပြီး စိမ်းစိမ်းကြီးကြည့်နေတာ ။
"အစ်ကို မလုပ်နဲ့"
ကိုလှပွားအော်သံက သချိုင်းတစ်ခုလုံးလွှမ်းသွားတာဗျ ။
"ဝူးးးးးးးးးးးးးးးးးးးးး"
ခွေးအူသံကမဖဲဝါကြီးရပ်နေတဲ့ဂူဘေးကထွက်လာတာဗျို့ ။ ကိုဘပွားကတော့လူစိတ်ပျောက်သလို မဖဲဝါကို ဂေါ်ပြားကြီးနဲ့လိုက်ခုတ်နေတယ် ။ တစ်ချက် မဖဲဝါကိုဂေါ်ပြားနဲ့တအားလွှဲအခုတ် မဖဲဝါရပ်နေတဲ့ ဂူပေါ်ကို တည့်တည့်ကြီးစိုက်ကျသွားတယ်ဗျ ။
ဟာ ။ မဖဲဝါ လက်ဝါးကြီးနဲ့ ကိုဘပွားကျောကုန်းကိုရိုက်လိုက်တာဗျို့ ။ တစ်ချက် ။ နှစ်ချက် ။ သုံးချက် ။ ဟာ သွားပြီး ။ ကိုဘပွားကြီးကျောကြီးကောပြီးလဲကျသွားပြီ ။ ဟော မဖဲဝါကြီးလည်းပျောက်သွားပြီဗျ ။
ဒီတော့မှ ကျူပ်တို့ပြေးပြီးကိုဘပွားကိုပွေ့ထူလိုက်ကြတယ် ။ ကိုဘပွားပါးစပ်ကသွေးတွေဒလဟော စီးကျနေတယ်ဗျ ။ တစ်ကိုယ်လုံးလည်း တဆတ်ဆတ်နဲ့ အကြောတွေဆွဲနေတယ် ။
"အကို အကို"
ကိုလှပွားသူ့အစ်ကိုကိုခေါ်ရင်းအသံတိမ်သွားတယ် ။ ကိုဘပွားငြိမ်သွားပြီ ။ ကျူပ် ဓါတ်မီးယူပြီးထိုးကြည့်လိုက်တော့ မျက်လုံးကြီးပျူးထွက်ပြီး အသက်မရှိတော့ဘူးဗျ ။
"ဟာ အစ်ကို ။ အစ်ကိုရာ"
ကိုလှပွား ချူံးပွဲချငိုတော့တာပဲ ။ ကျူပ်လည်း ဘာဆက်လုပ်ရမယ်မသိတော့လို့ မဖဲဝါကိုလိုက်ရှာကြည့်တယ် ။ မတွေ့တော့ဘူးဗျ ။ ခွေးအူသံကြီးလည်းပျောက်သွားတယ် ။
ကိုဘပွားတစ်ယောက်တော့ သေနေပြီ ။ မနက်မိုးလင်းရင် ရဲတွေရောက်လာမှာသေချာတယ် ။ ကျူပ်တို့ဒီကိစ္စအတွက်ဘယ်လိုလုပ်မလဲ ။ ကျူပ်ချွေးပျံလာတယ် ။ အခုဆိုတစ်နာရီလောက်ရှိပြီဗျ ။
ကိုလှပွားနဲ့ကျူပ်တိုင်ပင်ကြတယ် ။ ကိုဘပွားအလောင်း ရွာထဲရောက်အောင်သယ်ဖို့က ဘယ်လိုမှမဖြစ်နိူင်တော့ဘူး ။ ဒီတော့ ဒီတိုင်းထားခဲ့မလား သဂြိုဟ်ခဲ့မလားပေါ့ ။ နောက်ဆုံးတော့ သူ့ညီကိုလှပွားသဘောတူတာနဲ့ ကျင်းနက်နက်တူပြီး ကိုဘပွားကြီးကိုကျကျနန သဂြိုဟ်ခဲ့ကြတယ် ။ ပြီးတော့မှ ခြေရာလက်ရာဖျောက်ပြီး ရွာကိုတန်းပြန်ခဲ့ကြတယ် ။
ရွာရောက်တော့ ကိုဘပွားပိုးထိပြီးဆုံးတယ်ဆိုတဲ့ အကြောင်းသတင်းလွှင့်ပြီးသက်ပျောက်ဆွမ်းသွတ်ကြရတယ် ။ ကျူပ်လည်းရက်လည်တော့ရွာကိုပြန်ခဲ့ရတာပေါ့ဗျာ ။ ရွာနီးချုပ်စပ်ကလူတွေကကော ပိုးထိပြီးဆုံးတယ်ပဲသိထားကြတာပေါ့ ။ မဖဲဝါရိုက်သတ်လို့သေတာတော့ ကျူပ်ရယ် ကိုလှပွားရယ်ကလွဲ ဘယ်သူသိမှာတုန်းဗျ ။ အဲ ခုတော့ ခင်ဗျားလည်းသိသွားပြီပေါ့ဗျာ ။

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။