မာရသွန်ပွဲမှ မျက်ရည်

ဆူဆူညံညံ အသံများကြောင့် အိပ်ပျော်နေရာမှ နိုးရသည်။ ပတ်၀န်းကျင်မှာ မှောင်အတိ ရှိနေဆဲ။ အရုဏ်ဦး၏ ရှေ့ပြေး အလင်းရောင်လေးပင် မလာသေး ။ နံနက်လေးနာရီခန့်သာ ရှိဦးမည်။
မြစ်ကြီးနားဆောင်းသည် အေးလွန်းလှ၏ ။ အိပ်ရာထဲမှနွေးထွေးစွာ အိပ်ပျော်နေဖို့ကောင်းသော အချိန်ဖြစ်သည်။
သို့သော် လမ်းဘက်ဆီမှ နိုးနိုးကြားကြားဖြစ်နေသော အသံများ အဆက်မပြတ် ထွက်ပေးနေသည်။ လူကြီးသံ မဟုတ်။ ငယ်သူတို့၏ အသံများ ဖြစ်၏ ။
ရယ်သံ ၊ ခေါ်သံ ၊လှမ်းအော်ပြောသံနှင့်အတူ ပြေးလွှားနေသော ခြေသံများ ၊ အနီးမှ အသံများ ၊ တောင်ဘက်ဆီသို့ တဖြည်းဖြည်း ဝေးဝေးသွားသည်။
မြောက်ဘက်ဝေးဝေးမှ အသံများက တဖြည်းဖြည်း နီး၍ လာပြန်ပြီ။ ပြီးတော့ အိမ်အနီးမှ ဖြတ်ကျော်သွားကြသည်။
တစ်သုတ်ပြီးတသုတ် အသံများ အသစ်သစ်ထွက်ပေါ်လာနေ၏ ၊ မီနီမာရသွန်အတွက် အပြေးလေ့ကျင့်နေကြသော ကလေးများ၏ အသံဖြစ်ပါသည်။
သူတို့၏ အသံများက တက်ကြွလန်းဆန်းနေသည်။ အေးသည် ချမ်းသည်က သူတို့ကို ဟန့်တားနိုင်ခြင်းမရှိ။
နံနက်တိုင်းကြားနေရသော အသံဖြစ်သည်။
သူတို့၏ ပျော်ရွှင်တက်ကြွမှုကို သဘောကျသည်။ သို့သော် ကျွန်တော်ကတော့ အိပ်ရာထက်မှာ စောင်ထူထူခြုံလျက် ပြန် အိပ်ပျော်သွားသည်။
* * *
ယနေ့ မာရသွန်ပြိုင်ပွဲနေ့ဖြစ်သည်။ နံနက်လေးနာရီလောက်ကတည်းက မြစ်ကြီးနား တစ်မြို့လုံး ဆူဆူညံညံ နိုးကြားနေသည်။
ကျွန်တော်လည်း အိပ်ပျော်နေ၍ မရတော့ပါ။ ပြိုင်ပွဲကြီး ကြပ်သူများတွင် ပါ၀င်၍ တာလွှတ်ရန် နေရာသို့ ရောက်နေရသည်။
ပန်စွန် ဂေါက်ကလပ်ရှေ့မှာ တာလွှတ်စင်မြင့်ရှိသည်။
အပြေးသမားများ ရောက်ရှိနေကြပြီ။ အမျိုးသား ဖိတ်ခေါ်မာရသွန်၊ ပြည်နယ်အဆင့် မာရသွန် ၊ပြည်နယ်အလွတ်တန်း အမျိုးသမီးမာရသွန်နှင့် မီနီ မာရသွန် ကျား ၊ မ နှစ်မျိုးခွဲထားသည်။
အားလုံးပေါင်း ငါးမျိုးဖြစ်သည်။
အလွတ်တန်း တွင် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် ၊ ဗန်းမော် ၊ စစ်ကိုင်း ၊ တောင်ကြီး ။ တစ်နိုင်ငံလုံးမှ ပါ၀င်သည်။ ကျန်သည့် မာရသွန်လေးခုမှာ ပြည်နယ်အတွင်းမှ လူများသာ ပြိုင်ခွင့်ရှိသည်။
ကလေးများကို တစ်ပေါင်းတည်း စုစည်းထားသော နေရာသို့ သွားကြည့်သည်။
ကလေးများမှာ ဆူညံစွာနှင့် တာလွှတ်ချိန်ကို စောင့်ဆိုင်းနေကြသည်။ ပြည်နယ်မှ ထုတ်ပေးထားသည့် မာရသွန် တံဆိပ် ပါသော စွပ်ကျယ် အင်္ကျီ များကို ကလေးများအားလုံး ၀တ်ထားရသည်။
စွပ်ကျယ်ရှေ့နောက်မှာ နံပါတ်တံဆိပ်များကပ်လျက် ကျွန်တော်တို့ နံနက်တိုင်း တရေးနိုးအောင် နှိုးကြသည့် ကလေးများ ဖြစ်သည်။ အားလုံးပေါင်း ၁၀ နှစ်အောက် များဖြစ်ကြသည်။ ၅နှစ် အရွယ်ကလေးများထိ ပါသည်။ သူတို့ပြေးရမည့် ခရီးအကွာအဝေးက ၁၃ မိုင်ဖြစ်သည်။
“ဒီကောင်တွေ တကယ် ပြေးနိုင်ပါ့မလား” သံသယ ဖြစ်မိသည်။
အေးလေ မနက်တိုင်း လေ့ကျင့်နေကြပဲ။ ရတဲ့သူလည်းရမှာပေါ့ ။ လမ်းမှာ ကျန်တဲ့သူလည်း ကျန်မှာပေါ့။
သို့သော် သူတို့အားလုံးကတော့ အားမာန် အပြည့် ၊ ဟန်အပြည့်။
နံနက် ၆ နာရီမထိုးမီ ကချင်ပြည်နယ် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌနှင့် မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်တိုင်းမှူး ရောက်လာသည်။
အပြေးသမား အားလုံးအတွက် တာလွှတ်သည့် စင်ရှေ့မှာ နေရာယူထားကြသည်။
ကချင်ပြည်နယ်၏ ဂုဏ်ထူးဆောင် ၊ မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် အပြေးချန်ပီယံ အားကစားသမား နှစ်ဦး ဖြစ်သည့် ဦးရှင်ဗွေဂမ်းနှင့် ဦးမီတုံနော် တို့ ခြံရံလျက် တာလွှတ်စင်မြင့်ပေါ်သို့ တိုင်းမှူး တက်ရောက်သွားသည်။
သူတို့နှစ်ဦးမှာ အသက် ၅၀ ကျော်သော်လည်း ကျန်းမာဆဲဖြစ်သည်။ အပြေးချန်ပီယံ နှစ်ဦးကို ယခုမှပင် တွေ့မြင်ရသည်။
အပြေးသမားနှစ်ဦးနှင့်အတူ တိုင်းမှူးပါ အားကစား၀တ်စုံကို ၀တ်ဆင်လျက် ၆နာရီတိတိတွင် တိုင်းမှူးက သေနတ်ပစ်ဖောက်၍ တာလွှတ်သည်။
ရေတံခါးဖွင့်ချလိုက်သကဲ့သို့ လူရေစီးကြောင်းကြီးက လမ်းပေါ်မှာ ဒလဟော စီးမျောသွားသည်။
တာလွှတ်သည့်နေရာသို့ လာရောက်အားပေးသော လူအုပ်ကြီးက လက်ခုပ်တီး၍ တစ်ခဲနက် အားပေးကြသည်။
လမ်းဘေးဝဲယာမှ စောင့်ကြိုနေသူများကလည်း လက်ခုပ်တီး ၍ အားပေးကြသည်။ အပြေးသမား ရေအလျဉ်က လျင်မြန်စွာ စီးဆင်းနေဆဲ ၊ လက်ခုပ်သံများ ဆူညံဆဲ။
* * *
ပန်း၀င်ရာနေရာသည် အေးသာယာ အားကစားကွင်း အတွင်းမှာ ဖြစ်သည်။
အရှေ့ဘက် ကောင်းကင်တွင် အရုဏ်ဦး၏ ရောင်ခြည် များ ကွန့်မြူးနေ၏။
နံနက်ခင်း၏ လေပြည်ညင်းက အေးသာယာ ကွင်းပတ် လည်မှ ရောင်စုံ အလံများကို ဆော့ကစား နေသည်။
ကွင်း၏ အရှေ့ဘက်ထိပ်တွင် မနောမြေ၏ အထိမ်းအမှတ် မနောတိုင်ကြီးများက ၀င့်ကြွားစွာ ရပ်တည်လျက်။
ပြေးလမ်းထိပ်မှ မာရသွန် အမျိုးအစား အလိုက် ပန်း၀င်ရမည့် မုခ်ဦးများက အပြေးသမား များကို စောင့်ကြိုနေသည်။
တာဖမ်းဒိုင်လူကြီးများ အားလုံး အသင့်ဖြစ်နေသည်။ တိုင်းမှူးကြီး အပါအ၀င် တပ်မတော်မှ အရာရှိကြီးများ ၊ ပြည်နယ် အဆင့်၀န်ထမ်း အကြီးအကဲ များနှင့် မြို့လူထုများ မာရသွန် ပန်း၀င် သည်ကို ကြည့်ရှူအားပေးရန် ပွဲကြည့်စင်များတွင် နေရာယူထားကြသည်။
မာရသွန် အပြေးသမားများ ပန်း၀င်ရန် ချဉ်းကပ်လာနေသည့် အခြေအနေကို အသံချဲံစက်မှ အဆက်မပြတ် ကြေညာပေးနေသည်။
မြို့ဘက်ဆီမှာ လက်ခုပ်သံများ ကြားသည်။ ပြေးလာနေသူများကို အားပေးသော လက်ခုပ်သံများဖြစ်သည်။
အေးသာယာကွင်းအတွင်းမှ လူများ လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ ခေါင်းတထောင်ထောင် လည်တဆန့်ဆန့် နှင့် ၀င်ပေါက်ဆီသို့ လှမ်းကြည့်နေကြသည်။
အမျိုးသမီးမာရသွန်က ရှေးဦးစွာ ပန်း၀င်လာသည်။ ဆိုင်ကယ်များ ခြံရံလျက် အမျိုးသမီးငယ်တစ်ယောက် အေးသာယာ ကွင်းအတွင်းသို့ တောင်ဘက်၀င်ပေါက်မှ ပြေး၀င်လာသည်။
အားပေးကြသော လက်ခုပ်သံများ ဆူညံသွားသည်။
မိန်းကလေး အားတက်သွားဟန်တူ၏ ။ ကွင်းထဲရှိ ပြေးလမ်းပေါ်ရောက်မှ ပြေးနှုန်းက ပိုမြန်လာသည်။ ကြည့်နေသူများ က သိ၏ ။ လက်ခုပ်သံ ၊ အော်ဟစ်အားပေးသံများ တစ်ကွင်းလုံး ဆူညံနေသည်။
ပြေးနေသော မိန်းကလေး ကိုယ်စား ရင်ထဲမှာ လှုပ်ရှားရသည်။
ပန်း၀င်မုခ်ဦးမှ တာဖမ်းဒိုင်လူကြီးများကလည်း ပထမပန်း၀င်လာသူကို လက်ခုပ်သြဘာပေး၍ ဆီးကြိုနေကြသည်။
ပန်း၀င်ရာ မုခ်ဦးဆီသို့ နီးလာလျှင် အားပေးသံများ၊ လက်ခုပ်သံများက ဆူညံလာလေ မိန်းကလေးက ပြေးနှုန်း မြန်လာလေဖြစ်သည်။
အားရစရာ ကောင်းသော အားပေးမှုဖြစ်သည်။ အသံချဲ့စက်လည်း အဆက်မပြတ် ကြေညာ၍ ဂုဏ်ပြုကြိုဆိုနေသည်။
ပန်း၀င်မုခ်ဦးအတွင်းသို့ ရောက်ရှိသွားသော မိန်းကလေးကို အမျိုးသမီး တာဖမ်းဒိုင်များက ဆီးကြိုပွေ့ဖက်ပြီး ကြက်ခြေနီ မိန်းကလေးများ ၀န်းရံလျက် အမောပြေအောင် ပြုစုရန် ခေါ်ဆောင်သွားကြသည်။
အချိန်အတော်ကြာမှ ဒုတိယ ၊ တတိယ မိန်းကလေးများ ပန်း၀င်လာကြသည်။
တစ်ယောက်၀င်လာတိုင်း တစ်ခါ အားပေးသံများ ဆူညံသွားသည်။
စတုတ္ထ ၊ ပဉ္စမ ၊ ဆဌမ …. တစ်ယောက်ပြီး တစ်ယောက် အမျိုးသမီး မာရသွန်များ ပန်း၀င်လာကြသည်။
နီးသည့် ခရီးမဟုတ်၊ ၁၃မိုင် ပြေးလာရခြင်းဖြစ်သည်။
ဤမျှဝေးသည့်ခရီးကို ပန်း၀င်သည့်အထိ မနားတမ်း ပြေးလာနိုင်သည်ကိုပင် အံ့သြစရာကောင်းလှသည်။
ဇွဲ လုံ့လ နှင့် သတ္တိသာမက ကိုယ်ရော စိတ်ပါ ကြံ့ခိုင်ကြသည့် အာဂမိန်းမသားများ ဖြစ်သည်။
မီနီမာရသွန်နှင့် ပထမ ပန်း၀င်မည့် သားငယ်တစ်ယောက် အေးသာယာကွင်းဆီသို့ ချဉ်းကပ်နေပြီ ဖြစ်ကြောင်း အသံချဲ့ စက်မှ ကြေညာသံ ထွက်ပေါ်လာသည်။
မြို့ဘက်ဆီမှ လက်ခုပ်သြဘာသံများ ဆူညံစွာ ကြားနေရ၏ ။ ကွင်းထဲမှာ ပရိသတ်များ လှုပ်လှုပ်ရှားရှား ဖြစ်လာကြပြန်သည်။
လက်ခုပ်သံများ ကွင်းဘက်ဆီသို့ နီးလာနေ၏။
အပြေးသမား ရောက်ရှုလာသည်ကို လက်ခုပ်သံများနှင့် မှန်းဆ၍ ကြိုဆိုနေ၏။
ဆိုင်ကယ်များ ခြံရံလျက် မီနီမာရသွန် ပထမဆုယူမည့် သားငယ်တစ်ယောက် ကွင်းထဲသို့ပြေး၀င်လာနေသည်။
အေးသာယာကွင်းထဲမှ လက်ခုပ်သံ ၊ အော်ဟစ်အားပေးသံ ဆူညံသွားသည်။
ကျွန်တော် ကိုယ်တိုင်လည်း အားရပါးရ လက်ခုပ်တီး၍ ကြိုဆိုနေမိသည်။
နံနက်တိုင်း ကျွန်တော့်တို့ကို အိပ်ရာမှ နိုးအောင် ဆူညံ ပေးသူများထဲမှ ဤကလေးသည် တစ်ယောက်အပါအ၀င် ဖြစ်လိမ့်မည်။
သူလည်း အားပေးသံများကြောင့် အားတက်ပြီး အပြေးခြေလှမ်းများ မြန်နေသည်။
ပန်း၀င်ခါနီး လက်ခုပ်သြဘာသံများ ဆူညံနေကြသည်။
မီနီမာရသွန် ပထမကို အားပေးဂုဏ်ပြုသည့် အားရစရာလက်ခုပ်သံများ ဖြစ်သည်။
ဒိုင်လူကြီးများက ၀မ်းသာအားရ ပထမဆုရှင်ကို ဂုဏ်ပြုဆီးကြို၍ ပွေ့ထားကြသည်။
နောက်တော့ ဒုတိယအတွက် လက်ခုပ်၊ တတိယအတွက် လက်ခုပ် ၊ စတုတ္ထအတွက် လက်ခုပ် ဂုဏ်ပြု လက်ခုပ်သံများက အဆက်မပြတ်။
ဤကြားထဲက အမျိုးသမီး မာရသွန်များကလည်း မလျှော့သော ဇွဲလုံ့လဖြင့် ပန်း၀င်နေကြဆဲ။ ပထမ ၊ ဒုတိယ ၊ တတိယ မရသော်လည်း ခရီးဝေးပြေး၍ ပန်း၀င်နိုင်သည်ကို ဂုဏ်ပြုကြသည်။ ကြည့်ရှုသူများကလည်း ဂုဏ်ပြုသြဘာပေးကြသည်။
နှစ်ယောက် တစ်တွဲ ၀င်လာသည်လည်း ရှိ၏ ။ သုံးယောက် တွဲ ရင်ပေါင်တန်း၍ ၀င်လာသည်လည်း ရှိ၏။
အချို့လည်း ခြေကုန် လက်ပမ်းကျနေပြီ။ သို့သော် အားတင်း၍ ပြေးနေသည်။ ပန်းတိုင်သို့ အရောက်ချီတက်မည် ဟူသော သတ္တိဖြစ်၏ ။
“ရောက်တော့မယ် …. အားတင်းထား”
“ပြေး …. ပြေး …. ပန်းတိုင်ရောက်ပြီ”
ကြည့်နေသူများက အော်ဟစ် အားပေးနေကြသည်။
စေတနာပါသည့် လှိုက်လှဲသော အားပေးခြင်းသည် အစွမ်းထက်မြက်သော အားဆေး ဖြစ်သည်ကို မာရသွန် ပွဲများမှ သိသာထင်ရှားလှ၏ ။ ခြေကုန်လက်ပန်း ကျနေသူများသည် အားပေးသံကြောင့် အားတက်ပြီး ပြေးပြေးလွှားလွှား ပန်း၀င်သွားကြ၏
အချို့ကြွက်တက်ပြီး ထော့ကျိုးထော့ကျိုး လျှောက်ထားသူများပင် ခုန်ဆွခုန်ဆွ ပြေး၍ ပန်း၀င်သွားကြ၏။
ဖိတ်ခေါ် မာရသွန်မှ နိုင်ငံကျော် အပြေးသမားများ ပထမ ဆုကို လုရန် အပြိုင်အဆိုင် အနိုင်ကြဲ၍ အေးသာယာကွင်းဆီ သို့ ချဉ်းကပ်လာနေပြီ ဖြစ်ကြောင်း အသံချဲ့ စက်မှ ကြေညာသည်။
ပရိသတ်များပို၍ လှုပ်ရှားလာကြသည်။
နိုင်ငံတကာ ပြိုင်ပွဲများတွင် ရွှေ ၊ ငွေ ၊ ကြေး ဆုတံဆိပ် များစွာ ရထားသည့် အပြေးသမားများကို ကိုယ်တိုင် ကြည့်မြင်အားပေးရတော့မည်။
မြိုထဲဆီမှ လက်ခုပ်တံများ အေးသာယာ ကွင်းဘက်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည်။
နိုင်ငံကျော် အပြေးသမားများဖြစ်၍ မြန်သည်။ သူတို့ပြေးရသည်က ၂၆ မိုင်၊ အဝေးဆုံးဖြစ်၍သာ နောက်ဆုံးမှ ပန်း၀င်လာကြခြင်းဖြစ်သည်။ ရမည့်ဆုကလည်း အများဆုံး။
ပထမဆု (၃) သိန်း ၊ ဒုတိယဆု (၂) သိန်း ၊ တတိယဆု (၁) သိန်း။
ကျန်သည့်အတန်းများမှ ပထမဆု (၁) သိန်း ၊ ဒုတိယဆု (ခုနှစ်သောင်း ငါးထောင် ) ၊ တတိယဆု (ငါးသောင်း) ဖြစ်သည်။
ထုံးစံအတိုင်းပင် ဆိုင်ကယ်သမားများ ခြံရံ၍ နိုင်ငံကျော် အပြေးသမား ဂိုလ်ပါး ခေါ် သိန်း၀င်း အေးသာယာကွင်းထဲ သို့၀င်လာသည်။
မြန်သည်။ ဤမျှ ပြေးလာသည်ပင် ခြေက မကျ။ တစ်ကွင်းလုံး ဆူညံသွားပြီး လက်ခုပ်သြဘာပေးကြသည်။
ကျန်သည့် အတန်းမှ နောက်ကျပြီး ပန်း၀င်ရန် ကြိုးစားနေကြသည့် အမျိုးသမီးမာရသွန်များ ၊ မီနီမာရသွန်များကို ဖြတ်ပြီး သူ့အတွက် အထူး သတ်မှတ်ထားသော ပန်း၀င်မုခ်ဦးဆီသို့ လျှင်မြန်စွာ ပြေး၀င်သွားသည်။
ဖိတ်ခေါ်မာရသွန် ပထမဆု ဆွတ်ခူးသော ဂိုလ်ပါး ခေါ် သိန်း၀င် အတွက် ဂုဏ်ပြု လက်ခုပ်သံများ ကွင်းထဲ မှာ ဆူညံသွားသည်။
သိပ်မကြာ ဒုတိယဆုကို မောင်မောင်တာ က ဆွတ်ခူးသွားသည်။
ပထမကဲ့သို့ပင် အားပေးကြပါသည်။
တတိယ ဆုကို ဂေါ်ရီခေါ် သူရက ဆွတ်ခူးသည်။
အလွတ်တန်း ဖိတ်ခေါ် မာရသွန်မှ နိုင်ငံကျော် အပြေးသမားများ ၊ ပထမ ၊ ဒုတိယ ၊ တတိယ ပန်း၀င်ပြီးမှ ဒေသခံအလွတ်တန်း မာရသွန် အပြေးသမားများ ပထမဆု ရရှိရန် အပြိုင်အဆိုင် ပြေးလာနေကြပြန်သည်။
ဒေသခံဆိုသော သံယောဇဉ်စိတ်က နိုင်ငံကျော်ကို အားပေးသော လက်ခုပ်သံထက် အလျော့မခံကြပါ။ ဤ ဒေသခံ အပြေးချန်ပီယံကို နောင်တစ်နေ့မှာ နိုင်ငံကျော် ချန်ပီယံအဖြစ် မျှော်လင့် အားထားပြီး အားပေးကြသည်။ ဤ ပြိုင်ပွဲများ ကျင်းပသည့် အဓိက ရည်ရွယ်ချက်သည်ပင် ကချင်ပြည်နယ်မှ နိုင်ငံကျော် ချန်ပီယံများကို မွေးထုတ်ပေးနိုင်ရန် ဖြစ်သည်။
ဒုတိယ ၊ တတိယဆု ၊ စတုတ္ထဆု စဉ်ဆက်မပြတ် ၀င်ရောက်လာနေကြသည်။ စိတ်လှုပ်ရှားစရာ ဆုကြီးများကို အသီးသီး ဆွတ်ခူး သွားကြသည်။
အတန်းတိုင်းမှာ ဇွဲ ၊ သတ္တိရှင် များကျတော့ နောက်ကျချင် ကျပန်းတိုင်အရောက် ပြေးနိုင်သည့် မှတ်တိုင်စိုက်ထူကြဆဲ။
ပရိသတ်များကလည်း သူတို့၏ ဇွဲသတ္တိကို ဂုဏ်ပြုကြောင်း လက်ခုပ် သြဘာပေးနေကြဆဲ။ သို့သော် ဆု၀င်သော လက်ခုပ်သံ များလောက် ပေါက်ကွဲအားမရှိ။
စိတ်လှုပ်ရှာစရာများကလည်း ကုန်သွားပြီ ဖြစ်၏။
အသက် ၅၀ ကျော် အဘိုးကြီးတစ်ယောက် ခပ်မှန်မှန်ပြေး၍ ပန်း၀င်လာသည်။
တစ်ချိန်က နိုင်ငံကျော် အပြေးသမားကြီးဖြစ်ကြောင်း အသံချဲ့စက်မှ ကြေညာ၍ လက်ခုပ်သံ စည်သွားပါသည်။
အမျိုးသမီး နှစ်ယောက် ရှေ့ဆင့် နောက်ဆင့် ပန်း၀င်လာသည်။ ဆရာအတက်သင်မှ ဆရာမများဖြစ်၍ သူ့ပရိသတ်က ၀မ်းသာအားရ အားပေးနေကြသည်။
၁၀ နှစ်အောက် သားငယ်များလည်း ဇွဲသတ္တိပြ၍ တစ်ယောက် ပြီးယောက် ပန်း၀င်နေကြသည်။
ရှစ်နှစ်ခန့် သားငယ်တစ်ယောက်ကတော့ ထော့ကျိုး ထော့ကျိုး နှင့် ပြေးလျက် ကွင်းထဲသို့ ၀င်လာသည်။ အတော်နာ နေဟန် တူသည်။ သုံးလှမ်းလောက် ပြေးလိုက် လမ်းလျှောက် လိုက်လုပ်နေသည်။
ကြည့်နေသော ပရိသတ်က လက်ခုပ်တီးပြီး အားပေးကြသည်။
“ပြေး….. ပြေး …. ရောက်ခါနီးပြီ ….. ”
ကလေးငယ် အားတင်းပြေးရှာသည်။
သုံးလှမ်းလောက်ပြေးပြီး ဆက်ပြေး၍ မရ။ လမ်းလျှောက်သည်။ ကြွက်တက်နေဟန်တူသည်။
“အားတင်းထား …. ပန်းတိုင် ရောက်တော့မယ်”
လက်ခုပ်တီး၍ အားပေးကြသည်။
ကလေးခဗျာ နာသည့်ကြားမှ ကြိုးစား၍ ပြေးသည်။ လက်ခုပ်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။
အားပေးသံများကြောင့် အားတက်သွားသည်။ သုံးလှမ်း မက လေးလှမ်း …. ငါးလှမ်း ….. ခြောက်လှမ်း …. ခုနှစ်လမ်း အထိ ပြေးသည်။
“ဟာ”
ကြည့်နေသူများ စိတ်မကောင်း ဖြစ်သွားကြသည်။
ကလေးငယ် မှောက်လျက်လဲကျသွားသည်။
ပြန်ထနိုင်ပါ့မလား။
ကြည့်နေသူများ စိုးရိမ်နေဆဲမှာပင် ကလေးငယ်က ကုန်းထနေသည်။ လက်ခုပ်သြဘာသံများ ဆူညံစွာ ထွက်ပေါ်လာ၏။
ပန်း၀င်ရမည် မုခ်ဦးကို မြင်နေရပြီ။ ၁၀၀ ကျော်ခန့်သာလိုတော့သည်။
“ရောက်တော့ မယ်….. အားတင်းထား”
တစ်ကွင်းလုံးရှိ ပရိသတ်များအားလုံးက ကလေးငယ်ထံ သို့ အာရုံ ရောက်နေကြသည်။
ကလေးငယ်က ကြိုးစား၍ ဆက်ပြေးသည်။
သုံးလှမ်းပြေးအပြီးမှ ကုန်းလျက် လဲကျသွားသည်။
“ဟာ”
ကြည့်နေသူများ စိတ်မကောင်းဖြစ်ကြရပြန်သည်။
သို့သော် လက်ခုပ်များတီး၍ အားပေးနေကြဆဲ။
ကလေးငယ် ပြန်ထသည်။
လက်ခုပ်သြဘာသံများ ပို၍ ဆူညံစွာ ထွက်ပေါ်လာသည်။
ပရိသတ်များထဲမှ သာမက အသံချဲ့စက်မှပါ အားပေးသံ ထွက်ပေါ်လာသည်။
“သားငယ် တစ်ယောက် ခြေထောက် အလွန်နာနေတဲ့ ကြားက မာရသွန် ပန်း၀င်နိုင်ဖို့ ကြိုးစားနေပါတယ် ခင်ဗျာ”
ကလေးငယ် ပြေးပြန်ပါသည်။
ဘယ်သူမှ မရယ်ရက်ကြပါ။
“သားငယ် လဲကျသွားတယ် ခင်ဗျာ … ဒါပေမယ့် ပြန်ထနေတယ် …. ဟောကြိုးစားပြီး ပြေးနေပြန်ပြီ …. အားပေးကြပါခင်ဗျာ … အခုလို ဇွဲ သတ္တိ ပြတဲ့ မြင်ကွင်းမျိုး က မာရသွန် ပြိုင်ပွဲများမှသာ တွေ့မြင်နိုင်သာ ဖြစ်ပါတယ်”
အသံချဲ့စက်မှ ပြောနေသူ၏ စကားများသည် အမြင်နှင့် ကိုက်ညီနေသည့်အတွက် ပရိသတ်အားလုံး ကလေးငယ်များကို လေးစားစွာ အားပေးကြသည်။
ပန်း၀င်ရန် ကိုက် ၅၀ ခန့်သာ ကျန်တော့သည်။
လက်ခုပ်သံများမှာ ဆူညံနေဆဲ။
ဤ ကလေး ပန်း၀င်လျှင်လည်း ပထမ၊ ဒုတိယ၊ တတိယ ဘာဆုမျှ ရမည်မဟုတ်ပါ။ နှစ်သိမ့်ဆုပင် မ၀င်နိုင်ပါ။ သူ့ရှေ့တွင် ပန်း၀င်သွားသော သားငယ်တွေ များလှပြီ။ ၅၀ ၊ ၆၀ ပင် ကျော်လောက်ပြီ။
သူကြိုးစားနေသည်မှာ ဆုရဖို့မဟုတ်။ မာရသွန်ပြိုင်ပွဲမှာ အစအဆုံး ပါ၀င်ပြီး ပန်း၀င်နိုင်သည်ဆိုသော ဂုဏ်ကို ရဖို့ ကြိုးစားနေခြင်းဖြစ်သည်။
ဤ ကလေး၏ ကြီးမားသော ဆန္ဒ ကို ပရိသတ်အားလုံး နားလည်ကြသည်။ ကလေး၏ ဆန္ဒ ကို လေးစားချီးကျူးပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးကြသည့် လက်ခုပ်သံများလည်း ဆူညံနေသည်။
အတန်းအသီးသီးမှာ ပထမရထားသူများပါ သားငယ်ကို လက်ခုပ်သြဘာပေး၍ လေးစားစွာ ဂုဏ်ပြုနေကြ၏။
ပန်းတိုင်နှင့် နီးနေပြီ။
“လာ ….. လာ….. နီးနေပြီ …. ကြိုးစားလိုက်”
ဒိုင်လူကြီးများကလည်း စိတ်လှုပ်ရှားစွာ ဆီးကြိုနေကြသည်။
ပန်းတိုင်မုခ်ဦးအတွင်းသို့ ဤ ကလေး ပန်း၀င်သွားနိုင်သည်ကို တစ်ကွင်းလုံးရှိ လူအားလုံး မြင်ချင်ကြသည်။
ကလေးငယ် လဲကျသွားပြန်သည်။
လက်ခုပ်သြဘာသံများကြားမှ ကြိုးစား၍ ထသည်။ ပြန်ပြေးရန် ကြိုးစားသည်။ တစ်လှမ်းသာရသည်။ ထပ်လဲသည်။
ပြန်ထသည်။ နောက်တစ်လှမ်း …. ပြန်လဲကျသည်။
ငါးကိုက်ခန့်သာ ကျန်တော့သည်။
လူအားလုံး စိတ်လှုပ်ရှားနေကြပြီ။
ပထမရရန် ကြိုးစားသူများကို ကြည့်ရသည်ထက်ပင် စိတ်လှုပ်ရှားနေကြသည်။
ပထမရမည့်သူထက်ပင် ပို၍ အားပေးနေကြသည်။
လူအားလုံး၏ ကြီးမားသော ဆန္ဒမှာ တူညီနေကြသည်။ ဤ ကလေးငယ် အောင်မြင်စေချင်သည်။
ဤအောင်မြင်မှုမှာ အလွန်ကြီးကျယ်နေသည်။
ကလေးငယ်လဲကျရာမှ ကြိုးစားပြီး ထနေသည်။
လက်ခုပ်သံများ ဆူညံစွာ အားပေးနေသော်လည်း ကလေးငယ် ပြန်မထနိုင်တော့ပါ။
သို့သော် အော်ဟစ်အားပေးသံ လက်ခုပ်သံများက ဆူညံနေဆဲ။
နာကျင်နေသော ကလေးငယ်ကို မသနား၍ မဟုတ်။
ဤ ကလေးငယ် ဤ မျှ ဇွဲသတ္တိကြီးစွာ ကြိုးစားပြီး ဤမျှ နီးနေခါမှ အရှုံးမပေးချင်တော့ပါ။
ဤကလေးငယ် အောင်မြင်စေချင်သည်။
ဤ ကလေး၏ အောင်မြင်မှုသည် အားပေးသူတစ်ယောက်ချင်း၏ အောင်မြင်မှုလည်း ဖြစ်လေသည်။
ကချင်ပြည်နယ် မာရသွန် ပြိုင်ပွဲကြီး၏ အောင်မြင်မှုလည်း ဖြစ်လေသည်။
ကလေးငယ်မှာ လေးဘက်ထောက်လျက် အခြေအနေသို့ ရောက်နေသည်။ မတ်တပ်ရပ်နိုင်အောင် ကြိုးစားသည်။ မရ။
ရှေ့မှာ မုခ်ဦးက ဆီးကြိုလျက်။
“မလျော့နဲ့ကွ ….. ကြိုးစားကွ ….. ပန်း၀င်တော့မယ်”
အားပေးသံများ
လက်ခုပ်သံများ
ကလေးငယ်လေးဘက်ထောက်လျက်မှ မုခ်ဦးဆီသို့ လှမ်းကြည့်နေသည်။
လက်ခုပ်သံများ ဆူညံနေဆဲ။
ကလေးငယ်သည် ဒူးနှစ်ဘက် လက်နှစ်ဘက်ထောက်လျက်မှ မုခ်ဦးဆီသို့ ပြေးသွားပါသည်။
လေးဘက်ထောက်လျက် ပြေးခြင်းဖြစ်၏။
ကလေး၏ ဆုံးဖြတ်ချက်သည် ပရိသတ် သိသွားသည်။
တခဲနက် သြဘာပေးသံကြီး ထွက်ပေါ်လာသည်။
မတ်တပ်ရပ်၍ မရသော ကလေးငယ်သည် လေးဘက်ထောက်လျက်ပြေးရင်း ပန်းတိုင် မုခ်ဦးအတွင်းသို့ အောင်မြင်စွာ ၀င်ရောက်သွားပါသည်။
ကျွန်တော်၀မ်းသာအားရ လက်ခုပ်တီးနေမိသည်။
ကျွန်တော့်မျက်လုံး အိမ်များတွင် မျက်ရည်များနှင့် စိုစွတ်နေကြလေပြီ။
ထွက်ကျတော့မည့် မျက်ရည်စကို မျက်တောင် နှစ်ချက်ဆက်တိုက်ခတ်၍ သိမ်းဆဲလိုက်ရသည်။

လယ်တွင်းသားစောချစ်
မေ၊ ၂၀၀၂

Comments