ခွင့်လွှတ်ပါ တင်နော်ဟေကာ

၁၉၉၆ စာပေဗိမာန် ဝတ္ထုရှည် ပထမဆုရ ပထမအကြိမ်၊ ၁၉၉၈ ခုနှစ်။

၁၈၈၂ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နေ့ထုတ် လုပ်သားပြည်သူ့နေ့စဥ် သတင်းစာကို သူဖတ်ခဲ့မိတယ်။ အဲဒီ သတင်းစာမှာပါတဲ့ ဆောင်းပါးရှင် ခင်မြင့်မောင်ရဲ့ "သူနာပြုဆရာမယတစ်ဦး" ဆောင်းပါးကို သူစိတ်ဝင်စားမိတယ်။ ဒီဆောင်းပါးကို ဖတ်ပြီး သူနာပြုဆရာမလေးကို သူစွဲလန်းခဲ့ရတယ်။ တစ်ခါတစ်ရံ တကယ့်အဖြစ်အပျက်တွေက စိတ်ကူးယဥ်ဇာတ်လမ်းထက်ကို ပိုစိတ်ဝင်စားဖို့ ကောင်းတာကို သူသိလာခဲ့တယ်။

သူ . . . ဆိုတာက ဦးသိမ်းမြင့်ထွန်း၊ ဦးသိမ်းမြင့်ထွန်းဆိုတာက စာရေးဆရာ ကိုကိုလေး။
ကိုကိုလေး ဟာ မမြင်ဖူးတဲ့ ဒီဂျပန်သူနာပြုဆရာမလေးကို စွဲလန်းပြီးရင်း စွဲလန်းကာ မြန်မာ့မြေပေါ်က ဖက်ဆစ်ဂျပန်တွေ တပ်ဆုပ်ပြေးချိန်အတွင်း ဂျပန်တို့ရဲ့ ဒုက္ခ၊ မြန်မာပြည်သူတွေရဲ့ အာဃာတမထား သနားတတ်တဲ့ စိတ်ထားအလှတွေကို ချရေးချင်စိတ်တွေ ဖြစ်လာတော့တာပေါ့။ သူမမြင်ဖူးတဲ့ ဂျပန်မလေးကို ဇာတ်ကောင်လုပ် ဖန်တီးခဲ့ပေမဲ့ တကယ့် အဖြစ်အပျက်တွေကို အခြေခံထားတာမို့ ကာလ၊ ဒေသ၊ သက်ရှိပုဂ္ဂိုလ်တို့ရဲ့ ဘဝအဖြစ်အပျက်တွေကို နီးစပ်စွာ မြင်တွေ့ခံစားစေရတယ်။

ကိုကိုလေး ဖန်တီးခဲ့တဲ့ ဂျပန်သူနာပြုမလေးက "မတ်ဆုမိစံ"။

မတ်ဆုမိစံ . . .
မြန်မာ့မြေပေါ်မှာ မှတ်သုန်မိုးက တပ်ဆုပ်ပြေးရတဲ့ မတ်ဆုမိစံတို့ကို သနားသဖြင့် ငိုကြွေးနေသလား။ မငိုပါနဲ့ မိုးမုတ်သုန်ရယ်။ မတ်ဆုမိစံက ဂျပန်တပ်ကပေမဲ့ စစ်ကိုမုန်းတယ်။ မတ်ဆုမိစံက သူနာပြုအတတ်နဲ့ လူတွေကိုပဲ ကယ်ချင်တာ။ အင်အားကြီးသူက နိုင်ပြီး အင်အားငယ်သူတို့ ထွက်ခွာပြေးရတဲ့ စစ်တို့ရဲ့ သဘောအရ မတ်ဆုမိစံတို့က ပြေးရမယ့် သူတွေပါ။ ငိုတဲ့မိုးဟာ မတ်ဆုမိစံတို့အတွက် ဒုက္ခတစ်ရပ်ပဲ။ မတ်ဆုမိစံက စစ်ကိုမုန်းတယ်၊ ပြီးတော့ မိုးကို မုန်းတယ်။

"ကျွန်တော်တို့အားလုံး ဒီဗမာပြည် ရောက်နေတာ ကြာပါပြီ။ ခုဆိုရင် မကြာခင် ကိုယ်တိုင်းပြည် ကိုယ်ပြန်ရောက်တော့မယ် မဟုတ်လား။ ဟိုရောက်ရင် ဆရာမဆီကို ကျွန်တော်လာခဲ့မယ်။ ဆရာမ ဘယ်ဆေးရုံမှာလုပ်လုပ်၊ ဆရာမ ရှိမယ့်နေရာကို ကျွန်တော် တွေ့အောင် ရှာမယ်။ ဆရာမ ယုံတယ်မဟုတ်လား။ ကျွန်တော် လာတွေ့မယ်၊ အဲဒီကျ ပြောစရာတွေ အများကြီးရှိတယ်"

"သြော် . . . တစ်ဖက်သား အားရှိအောင် ပြောတတ်လိုက်တာ အာဆာဒါစံရယ်။ ဒါပေမဲ့ . . . ဒါပေမဲ့ ဒီစစ်ပွဲကြီး ပြီးတဲ့အထိ ကျွန်မတို့ နီပွန်တွေ အောင်လံ လွှင့်ထူနိုင်ပါ့မလား။ တကယ်လို့များ . . . အို မတွေးဝံ့စရာပါလား"

ကိုရေအေး . . .
တန်ပြန်ကလဲ့စားချေခြင်း၊ နှိပ်စက်ခြင်းတို့ထက် သည်းခံခွင့်လွှတ်ခြင်းကို လက်ကိုင်ထားတဲ့သူ။ စစ်ပြေးရင်း ကျန်ခဲ့တဲ့ သင်းကွဲငှက်မကလေး မတ်ဆုမိစံကို နွေးထွေးစွာ ကူညီရင်း ချစ်ခင်စုံမက်သွားတဲ့သူ။ သင်းကွဲငှက်ကလေးကို ဌာနေ မပြန်စေချင်သူ။ သူလည်း ချစ်တယ် မတ်ဆုမိစံကို။

မတ်ဆုမိစံ နဲ့ ကိုရေအေး . . .
"ဆာယိုနာရာ . . . နှုတ်ဆက်ခဲ့ပါတယ် အချစ်ရယ်။ မွေးရပ်ဌာနေ ဂျပန်မြေကို ပြန်ရပေမဲ့ ကျွန်မ လိပ်ပြာက သခင့်ဆီမှာပါကွယ်"
"မတ်ဆုမိစံ . . . သွားတော့နော်"

လွမ်းခြင်း၊ ချစ်ခြင်း၊ ကြင်နာခြင်း ကရုဏာ မေတ္တာတွေနဲ့ ပျော်ခြင်း၊ ဝမ်းနည်းခြင်း ရသအပြည့်အဝကို ခံစားနိုင်တဲ့ ကိုကိုလေးရဲ့ "ခွင့်လွှတ်ပါ တင်နော်ဟေကာ"

Aung Thiha
#ဝတ္ထုရှည်ဖတ်ညွှန်း

Comments

Post a Comment

Comments