ကြောင်တွေရဲ့မြို့
ဘာသာပြန်သူ စကား
မူရာကာမိကို ကျွန်တော်က ခပ်တည်တည် မိတ်ဆက်ပေးစရာ လိုမယ် မထင်ပါ။ ဒီစာအုပ်အကြောင်းပဲ နည်းနည်း ပြောပါရစေ။ ဒီစာအုပ်မှာပါတဲ့ မူရာကာမိ ဝတ္ထုတိုများကို လွန်ခဲ့တဲ့ ခြောက်နှစ်တာ ကာလအတွင်း ကြိုးကြားကြိုးကြား ဘာသာပြန်ခဲ့ပြီး လရောင်လမ်း ဘလော့ဂ်ပေါ်မှာ တင်ထားခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင် ကြိုက်တဲ့ အရေးအသားများ ဖြစ်သလို ကျွန်တော် သိသလောက် မြန်မာစကားလုံးနဲ့ ပုံနှိပ်စာမျက်နှာများပေါ် မပါဖူးသေးတဲ့ ဝတ္ထုတိုများ ဖြစ်ပါတယ်။
ဒီစာအုပ် ဖြစ်ပေါ်လာဖို့ စီစဉ်နေတုန်းမှာ ထုတ်ဝေသူနဲ့ စာရေးဆရာတွေဆီက မကြာခဏ ကြားရတဲ့ မှတ်ချက်တစ်ခု ရှိပါတယ်။ ‘မူရာကာမိက ရိုးသွားပြီ’ ဆိုတဲ့ မှတ်ချက် ဖြစ်ပါတယ်။ တချို့လူတွေအတွက် ဟုတ်နိုင်ပါတယ် တစ်ဖက်မှာလည်း အင်္ဂလိပ်စာဖတ်နိုင်တဲ့ အသိုင်းအဝိုင်းအတွင်း ‘မူရာကာမိကို ကြိုက်တယ်’ ပြောလို့ ဂုဏ်ယူလောက်စရာ အနေအထားတစ်ရပ် မရှိ (တော့) တာကြောင့် ဒီလိုသဘောထားမျိုး ထွက်ပေါ်လာတာလည်း ဖြစ်နိုင်ပါတယ်။ မြန်မာစာဖတ်သူများကြားမှာ မူရာကာမိဟာ လူသိများသလောက်၊ တကယ် အဖတ်ခံရတဲ့ စာရေးဆရာမှ ဟုတ်ရဲ့လား၊ ကျွန်တော် သံသယရှိပါတယ်။ ကျွန်တော့် ဆန္ဒကတော့ မူရာကာမိ အရေးအသားများ အားလုံးကို မြန်မာဘာသာဖြင့် ဖတ်ချင်သူများက ဖတ်နိုင်အောင် မူရင်း အရသာ၊ ဒါမှမဟုတ် ‘လေ’က တတ်နိုင်သမျှ သွေဖည်မှု အနည်းဆုံးနဲ့ မြန်မာဘာသာစကားမှုဖြင့် ရှိစေချင်ပါတယ်။
ဒီစာအုပ်ကို ထုတ်ပေးတဲ့ နှစ်ကာလများနဲ့ ကိုမိုးဝေး၊ အဖုံးဒီဇိုင်း ဖန်တီးသူ မောင်ဒေး၊ ဖတ်ရှုမယ့်သူများနဲ့ ပါဝင်ပတ်သက်သူ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်။ ဒီဝတ္ထုတိုများကို ဘာသာပြန်ဖြစ်စေခဲ့တဲ့ စေ့ဆော်မှု တချို့ကိုလည်း ကျေးဇူးတင်ရပါတယ်။
မူရာကာမိကို ကျွန်တော်က ခပ်တည်တည်နဲ့ မိတ်ဆက်ပေးစရာ လိုမယ် မထင်ပါ။ မူရာကာမိ အရေးအသားတချို့ကိုတော့ မြန်မာစကားလုံးများနဲ့ ဖတ်ရှုနိုင်ပါကြောင်း။
တေဇာ (လရောင်လမ်း)
၁၆၊ ဖေဖော်ဝါရီ၊ ၂၀၁၇။
❏

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။