မကြည်ပြာနှင့် ယုဇနမခင်ပျို - ဇော်ဇော်အောင်

 



အမှာစာ

 

ဤဝတ္ထုကို ရေးစဉ်က မော်ဒန်ဝတ္ထုများ ရေးမည်ဟု ကြိုတင်ကြံစည် စိတ်ကူးထားခြင်း မရှိခဲ့ပါ။ မော်ဒန်ဝတ္ထုတို သဘောတရားများကို ဟုတ်တိပတ်တိ မလေ့လာရသေးပါ။ Joyce, Woolf စသော ထိပ်တန်းဂုရုကြီးများ၏ ဝတ္ထုများကိုလည်း အပိုင်းအစလောက်သာ လေ့လာဖတ်ရှုခဲ့ဖူးသည်။ ထူးထူးခြားခြား အဖြစ်အပျက်တစ်ခုမှာ ဤသို့ ဖြစ်ခဲ့ပါ၏။ ကွယ်လွန်သူ ဒဿနိကပါမောက္ခ ဦးခင်မောင်ဒင်သည် ကျွန်တော်နှင့် ညီအစ်ကိုပမာ ခင်မင်ရင်းနှီးခဲ့သည်။ မော်လမြိုင်ကောလိပ်တွင် သူက ဒဿနိက လက်ထောက်ကထိက၊ ကျွန်တော်က မြန်မာစာ လက်ထောက်ကထိက။ ခုနှစ်သက္ကရာဇ်၊ နေ့စွဲရက်စွဲများနှင့် ပတ်သက်၍ ကျွန်တော်သည် လွန်စွာ အမှတ်သညာ နည်းပါးသည် ဖြစ်ပါ၏။ စိတ်အထင် ၁၉၆၄ မှ ၁၉၆၈ ခုနှစ် အတွင်းက မော်လမြိုင်ကောလိပ် ဖြစ်သည်။ သူ့ကို ကျွန်တော်က ကိုရယ်ဂျီ (သူ့ငယ်နာမည်) ခေါ်သည်အထိ ရင်းနှီးခဲ့သည်။ အတိုချုပ်ရလျှင် သူလည်း ရန်ကုန်ပြန်ရောက်၊ ကျွန်တော်လည်း စီးပွားရေးတက္ကသိုလ်သို့ ရောက်သည်။ အမြဲလိုလို ကိုအောင်ရင်၏ အီကိုလက်ဖက်ရည်ဆိုင်မှာ ဆုံဖြစ်သည်။ ကိုကျော်စိန်၊ ကိုသိန်းလွင်၊ ကိုဆောင်၊ ကိုသိန်းဇံ (ယခု နန္ဒာသိန်းဇံ)၊ ကိုမောင်မောင် (ယခု မောင်မောင်ဇေယျ)၊ ကိုအေးကျော် (ယခု မောင်ကြည်သစ်) တို့သည် ဒဿနိက မဟာဝိဇ္ဇာ ကျောင်းသားများ၊ ဆရာများ ဖြစ်ကြသည်။ ထိုအုပ်စုသည် ဆရာရယ်ဂျီနှင့် အတူတကွ ဒဿနိက သိုက်မြုံရပ်ဝန်းမှာ ဖြစ်တည်ကြီးပြင်း ခဲ့ကြသည်။ ဆရာရယ်ဂျီသည် ကျွန်တော့် သင်ဆရာ မဖြစ်ခဲ့သော်လည်း သူ့ဆီက များစွာရခဲ့ပါသည်။ ကျွန်တော့်ဆရာဟု သတ်မှတ်ပါသည်။ တစ်နေ့ ကျွန်တော့်ကို စာအုပ်တစ်အုပ် ပေးပါသည်။ သူ့ထံမှ စာအုပ်ပေါင်းများစွာကို ငှားရမ်းဖတ်ရှုခဲ့ပါသည်။ ဆွေးနွေးမေးမြန်း ခဲ့ပါသည်။ မှတ်မှတ်ရရ ကျွန်တော့်ကို ပေးသော ထိုစာအုပ်မှာ Joyce ၏ Finnagans Wake ဝတ္ထုကြီးဖြစ်သည်။ ကျွန်တော် ဖတ်၍ နားမလည်ခဲ့ပါ။ ဘာတွေရေးထားမှန်းကို မသိပါ။ သို့သော် ဆရာရယ်ဂျီ ပေးဖတ်သော ထိုစာအုပ်သည် ကျွန်တော့်ဘဝအတွက် အကွေ့အလှည့်တစ်ခု ဖြစ်ခဲ့သည်။ နောက်ထပ် Sarte, Camus တို့ ရပါသည်။ သိပ်ရေရေလည်လည် မရှိလှပါ။ သူ့ကို ဆွေးနွေး (တကယ်တော့ မသိတာတွေ မေးခြင်းပါ) ခဲ့သည်က အကြိမ်ကြိမ်။ သည်လို မှုန်ဝါးဝါးနှင့်ပင် နေလာခဲ့သည်။ တဖြည်းဖြည်း ကျွန်တော့်စိတ်ထဲမှာ ဘဝင်မကျခြင်းနှင့် ဘဝင်ကျခြင်း နှစ်ခုတို့ တစ်ပြိုင်နက် ဖြစ်ပေါ်နေသည်ဟု ထင်ပါသည်။ ဘဝင်မကျခြင်း ဆိုသည်မှာ အဆိုပါ ဝတ္ထုတွေကို ဖတ်၍ နားမလည်ခြင်းပင် ဖြစ်သည်။ ဘဝင်ကျခြင်း ဆိုသည်မှာ ယခုရှိနေသော ဝတ္ထုများနှင့် မတူသော ဝတ္ထုရေးဖို့ လိုအပ်သည်။ ရေးရမည်ဟူသော အချက်မှာ ဘဝင်ကျနေခြင်း ဖြစ်၏။ ထိုသို့ ဝတ္ထုများကို ဖတ်၍ ထွေထွေပြားပြား ဖြစ်နေချိန် တစ်ပြိုင်တည်းမှာပဲ ဆရာဇော်ဂျီနှင့် အတွေ့အကြုံ အဝင်အထွက် များခဲ့ပါသည်။ RICHARDS, WIMSATT, WARREN, BLACK-MUR, TATE စသော ဂုရုကြီးများ၏ ဝေဖန်ရေး သဘောတရားများနှင့် (ခပ်ဝါးဝါးပင်) ထိတွေ့လာခဲ့ပါသည်။ တစ်စတစ်စနှင့် ဝေဖန်ရေးသစ် NEW CRITICISM ၏ သြဇာသည် ကျွန်တော့်အပေါ် လွှမ်းမိုး၍လာပါသည်။ NEW CRITICISM ၏ ထက်မြက်စူးရှသော ဝေဖန်ရေး အတွေးအမြင် များ၊ စနစ်များကို ပို၍ပို၍ သိလာသည်နှင့်အမျှ မြန်မာစာပေ ဝေဖန်ရေး၏ နောက်ကျကျန်ခဲ့ခြင်းများကို ပို၍ပို၍ ခံစားလာရပါသည်။ ထိုသို့ တစ်ဖက်က မော်ဒန်ဝတ္ထုများနှင့် ပတ်သက်၍ ထွေပြားဝေဝါးနေခြင်း၊ မြန်မာစာပေ ဝေဖန်ရေး(လေ့လာမှုလည်း အပါအဝင်) နောက်ကျနေမှုကို ခံစားရခြင်းတို့ဖြင့် စိတ်တို့ ရှုပ်ထွေးဝေရီနေသည့် ကာလသည် ကျွန်တော့်အထင် ၁၉၇ဝ ဝန်းကျင်ဟု ထင်ပါသည်။ ထိုသို့ စိတ်ထွေပြားနေသည်နှင့် တစ်ချိန်တည်းမှာပင် လက်ရှိရှိနေသော ဝတ္ထုများနှင့် မတူအောင် ရေးရမည်၊ ရေးသင့်သည်ဆိုသော ဆန္ဒကလည်း တစ်စတစ်စ ပို၍ ကြီးမားလာပါသည်။

ထိုအခိုက် ကျွန်တော့်သူငယ်ချင်းထံမှ Koob ဟူသော အင်္ဂလိပ်ဘာသာ လက်ရေးစာမူ စာအုပ်ကလေး ရပါသည်။ ဝါကျတိုင်းသည် အဆို တစ်ခု၊ အတွေးတစ်ခု ဖြစ်သော Fragmentations များ ဖြစ်သည်။ အထင်ရှားဆုံး အချက်မှာ ဇာတ်လမ်းဇာတ်ကွက် Story, Plot လုံးဝ မပါခြင်းဖြစ်သည်။ ခင်မောင်ရင်သည် ပန်းချီဆရာဖြစ်၏။ ကင်းဗတ်ပေါ်မှာ ပုံမပါသော အရောင်များ၊ မျဉ်းများ၊ အစက်များဖြင့် ပန်းချီကားများကို ရေးဆွဲ သူဖြစ်၏။ ထို့အတူ သူ့စိတ်ကူးအတိုင်း ဇာတ်လမ်းဇာတ်မပါဘဲ ဝါကျများကို စုပြုံ၍ စာမျက်နှာပေါ်မှာ တင်လိုက်သည်။ (သူလည်း ဘာသာစကားကို မကျော်နိုင်ခဲ့)။ သူငယ်ချင်း ခင်မောင်ရင်၏ Koob သည် ကျွန်တော်တို့ ရုတ်ခြည်း လင်းပွင့်သွားစေပါသည်။ သို့နှင့် ကံ့ကော်ပင်အောက်က အေးမြသောမီးလျှံကို စရေးပါသည်။ တစ်ခါမှ ပုံမနှိပ်ဖူးပါ။ ထို့နောက် နေယျဒေါသကို ရေးပါသည်။ ၁၉၈၂ ဧပြီ ဂီတပဒေသာ မဂ္ဂဇင်းမှာ ဖြစ်ပါသည်။ ပုံနှိပ်ဖော်ပြဖြစ်၏။ ကျွန်တော်၏ ပထမဆုံးသော ဇာတ်လမ်းမဲ့ အပိုင်းအစဝတ္ထု ဖြစ်ပါသည်။ မြန်မာဘာသာစကားဖြင့် ထိုဝတ္ထုမျိုးကို ကျွန်တော် စတင်ရေးသားခဲ့သည် ဆိုသောအချက် မှန်ကောင်း မှန်ပါလိမ့်မည်။ သို့သော် ကျွန်တော့်အရှေ့က ခင်မောင်ရင်၏ Koob ရှိခဲ့သည်။ အင်္ဂလိပ်- မြန်မာ ဘာသာစကား မခွဲခြားဘဲ ပြောစတမ်းဆိုရင် ကျွန်တော်သည် ဒုတိယလူသာ ဖြစ်ပါလိမ့်မည်။ (မှတ်ချက်။ ခင်မောင်ရင်၏ Koob ကို ကုဗအမည်ဖြင့် ကျွန်တော် မြန်မာဘာသာ ပြန်ခဲ့ပါသည်။ မုံရွေးတိုက်ထုတ် “အနုပညာစံ” တွင် ကြည့်ပါ။) ထို့နောက်... (နေယျဒေါသ၏ နောက်- ကျွန်တော် မှတ်မိသလောက် ၁၉၈၃ ခုနှစ် “သဘင်မဂ္ဂဇင်း” မှာ ကျွန်တော့် “ယုဇနမခင်ပျို” ပါလာခဲ့သည်။ (၁၇)နှစ်ကြာခဲ့ပြီ။ “ပန်” မဂ္ဂဇင်းမှ အယ်ဒီတာသည် မြတ်သစ် ဖြစ်၏။ ပန်မှာ ကျွန်တော့် “ကတ္တီပါလွမ်းချင်း” ၁၉၈၄ ခုနှစ်တွင် ၂ လ ဆက်ခဲ့ပါသည်။ ထို့နောက် မြတ်သစ်သည် ကိုထူးနှင့်အတူ ဒဂုန်မဂ္ဂဇင်းကို ပြန်လည်ထုတ်ဝေသည်။ ဒဂုန်တွင် ကျွန်တော့်ဝတ္ထုများ အဆက်မပြတ် ရေးဖြစ်ခဲ့၏။ ကျွန်တော်မှတ်မိသလောက် “မကြည်ပြာ” ဝတ္ထုကို ၁၉၈၅ ဇွန်လ ဒဂုန်မဂ္ဂဇင်းတွင် စရေးခဲ့သည်။ “ခံစားကြည့်ပါ မကြည်ပြာ” ကို ၁၉၈၆ စက်တင်ဘာ ချယ်ရီမဂ္ဂဇင်းတွင် ရေးခဲ့သည်။ ထိုစဉ်က ချယ်ရီကို အောင်ပြည့် ကိုင်ခဲ့သည်။ ၁၉၈၈ နှစ်ဦးပိုင်းလောက်တွင် မကြည်ပြာ ဝတ္ထုများ အပါအဝင် ဝတ္ထုတိုစု နှစ်အုပ် ထုတ်ဝေဖြစ်ခဲ့ပါသည်။ ကိုလေး၏ ဝတ်ရည်စာပေမှ ပန်းချီဆရာ မောင်ဒီ(မျိုးညွန့်) ပန်းချီလှထွဏ်းအောင်တို့၏ သရုပ်ဖော်ပုံများနှင့် အတူ ထုတ်ဝေခဲ့သည်။ ထိုအချိန်လောက်မှစ၍ ကျွန်တော် စာရေးရပ်ခဲ့သည်။ သရဖူမဂ္ဂဇင်း ထုတ်ဝေလာသောအခါ ဆောင်းပါး၊ စာတမ်းများနှင့်အတူ ဝတ္ထုများ ပြန်ရေးဖြစ် လာပါသည်။ ၁၉၉၄ ဟု ထင်ပါသည်။ ၁၉၉၅ တွင် “တောင်ထိပ်ပေါ်က နတ်သျှင်နောင်၏ မော်တော်ဆိုင်ကယ်” “နာမ်အထူးပြု မနှင်းဆီ” “သီရိဆောင် အခန်း ၂၆” စသည်တို့ ရေးဖြစ်ပါ သည်။ အခြားမှာလည်း ရံဖန်ရံခါ ရေးဖြစ်ပါသည်။ ယခင် ဒဂုန်၊ သဘင်၊ ပန်၊ ချယ်ရီစသော မဂ္ဂဇင်းများမှာ ရေးခဲ့သော ဝတ္ထုများနှင့် ကွန်မြူနစ်ဆန့်ကျင်ရေး စိုးအောင်ဝတ္ထုများ၊ ပီတာဇော်မြင့် ပါဝင်သော သရော်စာဝတ္ထုတိုများကို သီးခြားပြောရမည် ဖြစ်သည်) ယခု ဝတ္ထုများသည် ဇာတ်လမ်းမဲ့ခြင်း Plotless နှင့် ပိုင်းစစိတ်မြွှာခြင်း Fragmentation သဘောကဲသော ဝတ္ထုများ ဖြစ်ပါသည်။ အရှိအတိုင်း၊ ပကတိအတိုင်း တင်ပြလိုက်ခြင်း ဖြစ်၏။ ကောင်း၏၊ ညံ့၏ ပြောရန်မှာ ကျွန်တော့်ကိစ္စ မဟုတ်ပါ။ ကြိုက်သင့် မကြိုက်သင့်၊ ဖတ်သင့် မဖတ်သင့် ပြောရန်မှာ ကျွန်တော့်ကိစ္စ သာ၍ မဟုတ်ပါ။

 

ဇော်ဇော်အောင်

မတ်လ ၂ဝဝဝ

နေယျဒေါသ

 

အကယ်၍ ဖြစ်နိုင်မည်ဆိုပါလျှင်။

ကောင်းကင်စွန်းမှ လဝန်းမြင့်တက်လာရာ လ၏ခြေသံကို မကြားရပါ။

ဤလောကတွင် အကျယ်လောင်ဆုံး အသံသည် တိတ်ဆိတ်မှု ဖြစ်သည်ဟု တစ်စုံတစ်ယောက်က ပြောကြားသည်ကို ကျွန်ုပ် မယုံကြည်ပါ။

အရာရာသည် ဝိုးဝါးရီဝေနေ၏။

လျှို့ဝှက်သိုသိပ်တတ်သော၊ တောက်ပြောင်သော်လည်း ရှင်သန်မှု နည်းပါးသော သူ့မျက်လုံးများထဲမှာ အပြာရောင်ရနံ့များ ရှိ၏။

ပန်းနုရောင်အသွေး လည်ဆံမွေးတခါခါနှင့် ပြေးလာသော မြင်းတစ်ကောင် ရုတ်ခြည်း ရပ်တန့်လိုက်သည်နှင့်။

မာလကာပင်ပေါ်မှ ဖွဲဖွဲဖြုတ်ဖြုတ် ကြွေကျနေသော ခရမ်းရောင် ပန်းပွင့်များသည်...

ကျွန်ုပ်ကို ဖုံးလွှမ်းအုပ်၍ သွားတော့သည်။

ရေကန်ဘက်ဆီမှ ဥသြငှက်တစ်ကောင်သည်

သံပြောင်း နိမ့်မြင့်မရှိသော တေးသီချင်းအတု တစ်ပုဒ်ကို

မုန်းစရာကောင်းလောက်အောင် ရှည်လျားစွာသီဆိုနေ၏။

စိန်ပန်းပင်များသည် အပွင့်တို့ဖြင့် မီးလောင်နေ၏။

ပိုးသားနု ကတ္တီပါစသည် လိုချင်မက်မော အတောမသတ်နိုင်သူအတွက် ကြမ်းရှ၍ နေပေလိမ့်မည်။

သင်တို့ ဘာကို လိုချင်ကြသနည်း။

ကျွန်ုပ်ကို မေးသည်လား။

ကျွန်ုပ်သည် ဘာကိုမျှ မလိုချင်မှုကို လိုချင်သည်ဟု ဖြေပါလျှင်

ထိုအဖြေသည် နေရောင်ထဲမှာ ဇာပဝါအုပ်ထားသော

ကျောက်တုံးနက်တစ်တုံး ဖြစ်၏။

ပြတင်းပေါက်ကို ဖွင့်လိုက်ပါ...။

 

အပြင်ဘက်မှာ ဘာတွေရှိနေသည်ကို သိချင်သည်လား။ သင်တို့၏ အလုပ်မဟုတ်ပါ။ ကျွန်ုပ်အလုပ်လည်း မဟုတ်ပါ။ ဘာတွေ ရှိနေလိမ့်မည်နည်းဟု မစဉ်းစားရန် အကြံပေးလိုပါသည်။ ဥယျာဉ်တစ်ခု နှင်းဆီပန်းအပြည့် ရှိချင်ရှိနေမည်။ ကိုကာကိုလာသံဗူးများ အပြည့်ထည့်ထားသော ရေခဲသေတ္တာတစ်လုံး ရှိချင်ရှိနေမည်။ ဒုံးပျံအစင်းတစ်သောင်း တစ်ပြိုင်နက် ထွက်သွားစေနိုင်သော ခလုတ် အနီဝိုင်းဝိုင်းတစ်ခု ရှိချင်ရှိနေမည်။ ပညာများဖြင့် လေးလံထိုင်းမှိုင်းနေသော ပါမောက္ခအိုကြီးတစ်ယောက် ရှိချင်ရှိနေမည်။ ဝင်းဝါသွယ်မွတ်သော ခြေသလုံးကလေးများ တက်သွားသည့် လှေကားတစ်စင်း ရှိချင်ရှိနေမည်။ စက်ပျက်နေသော အိုင်ဘီအမ်ကွန်ပျူတာ တစ်ခုကိုလည်း တွေ့ချင်တွေ့ရမည်။ ပိုးကိုက်ထားသော သစ်တော့သီး တစ်လုံးနှင့် သီချင်းဆိုနေသော လူတစ်ယောက် ရှိချင်လည်း ရှိနေမည်။ ဖန်တီးရှင်၏ လက်ချောင်းများ သို့မဟုတ် ပျက်ပြယ်သွားသော လက်ထပ်စာချုပ် တစ်ခုလည်း ရှိချင်ရှိနေမည်။ ခွဲစိတ်သော လေဆာရောင်ခြည် ဓားတစ်လက်နှင့် ရွှေရောင် မျှော်လင့်ချက်ကိုလည်း တွေ့ကောင်းတွေ့ရမည်။ ပန်းချီကားတစ်ချပ်နှင့် စကားလုံးမဲ့ ကဗျာတစ်ပုဒ်လည်း ရှိနေနိုင်သည်။ လူတို့၏ ကျောရိုးအပုံတစ်ပုံလည်း ရှိနေနိုင်သည်။ ပင့်ကူများနှင့်အပြည့် ရွှေသားရဲတိုက်ကြီးလည်း ရှိချင်ရှိနေမည်။ ရွှေချည်ထိုး ပိုးသားဝတ်စုံ အောက်က ဆိုင်ယာနိုက် ဆေးပြားတစ်ပြားလည်း ရှိနိုင်သည်။ ငြိမ်းအေးခြင်းနှင့် ပျော်ရွှင်ခြင်းလည်း ရှိနိုင်သည်။ ဘာမှမရှိချင်လည်း ရှိနိုင်သည်။ အရေးအကြီးဆုံးမှာ ပြတင်းပေါက်ကို ဖွင့်ဖို့သာဖြစ်၏။ တစ်ခါတစ်ရံ ရဲရင့်ဖို့ အတော်လိုအပ်ပါသည်။

 

×××

 

ကျွန်ုပ် သူ့ကို နှင်းဆီပန်းတစ်ခင်း လက်ဆောင်ပေးမည်ဟု ဘယ တုန်းကမှ ကတိမပြုခဲ့ပါ။ ကျွန်ုပ်တွင် စီးကရက်တို တစ်သောင်းနှင့် ဦးခေါင်းထဲမှာ အံမဝင် ခွင်မကျသော ဦးနှောက်တစ်ခြမ်းသာ ရှိပါသည်။ ထို့ပြင် ကျွန်ုပ်သည် ပေးခြင်းအလုပ်နှင့် ယူခြင်းအလုပ် နှစ်ခုကို မဆောင် ရွက်ခဲ့သည်မှာ အတော်ကြာပြီ ဖြစ်ကြောင်းကိုလည်း သိစေအပ်ပါသည်။ ဝင်းထရံများ သံချေးတက်လျက် မိုးကုပ်စက်ဝိုင်းစွန်းအထိ ပြေးသွားနေကြ၏။ တိုက်ခန်းတစ်နေရာမှာ အဝါရောင်ဆေးများ ကွက်နေ၏။ အပွင့်ဟောင်းထဲက ရနံ့သည် သစ်နေ၏။ ကျွန်ုပ်ကို မည်သူလာ၍ ဤနေရာတွင် ပစ်ချထားခဲ့ ပါသနည်း။ တောင်ကုန်းများ စိမ်းလန်းနေသည်လား။ နေရာဆိုသည်မှာ ဘာလဲ။ သိသည်ဟု ထင်နေသူသည် စားပွဲထိပ်တွင် ထိုင်၏။ တောက်ပသော ရောင်ခြည်သည် ချိုအီသော စားကောင်းသောက်ဖွယ်များကို ပုပ်သိုး သွားစေပါသည်။ တင့်တယ်ပြေပြစ်သော ထိုမိန်းမတွင် ကျွန်ုပ်ပေးထားသော နာမည်တစ်သောင်း ရှိခြင်းသည် ရေကန်ထဲတွင် နေ၏။ မနက်ဖြန် အဝတ်အစားအသစ် တစ်စုံဝယ်လျှင် သူ့ကိုခေါ်လိုက်မည် ဟု… ကေ… အား ပြောလိုက်သော်လည်း ကျွန်ုပ်မရှိတော့ပါ။ ချောနွဲ့သော တယောသံနှင့်အတူ ကျွန်ုပ်၏ မရှိခြင်းအဖြစ်သည် တစ်ပါတည်း ပျောက်ကွယ်သွား၏။ အခြား ဘယ်သူ့ထံမှာမှ မရှိသော သူ့အပြုံးသည် ကျွန်ုပ် ဘဝအား မူးယစ်ဝေသီစွာ ပျက်ပြားသွားစေသည် ဟု ဆိုပါလျှင် ခရမ်းရောင် သစ်ခွပန်းများ ပွင့်လာကြပါလိမ့်မည်။ ကွန့်မြူးပျံတက်လာသော ရောင် ခြည်တန်းသည် ကျွန်ုပ်ဘဝကို ထိန်လင်းစူးရှစွာ အမှောင်ကျ သွားစေပါ၏။ အေးစက်သော လေပွေထဲတွင် လူများနှင့် စက္ကူစုတ်များ လွင့်ပျံနေကြသည်မှာ ကြာလှပါပြီ။ လှပသော ကျွန်ုပ်၏ ထိုမိန်းမဟူသော စကားရပ်ကို အမှတ်ပေးစည်းမျဉ်းအရ မည်မျှပင် အထားအသို ပြင်ဆင်ကြစေကာမူ ကျွန်ုပ်ရင်တွင်းမှ တိုးလျှိုပေါက် မှုန်ဝါးနေသော အရာကို ပြင်၍ ရကြလိမ့်မည် မဟုတ်ပါ။ ကျွန်ုပ်သည် ဉာဏ်ထိုင်းသူများကို အလွန်မုန်းတီး၏။ ကျွန်ုပ် သွားတော့မည်။

 

×××

 

ရှေ့ကသွားနှင့်သူတွေ များလှပြီ။ သူတို့ဘယ်မှာနည်း။ သူတို့အကြောင်း တွေးမိသော အတွေးသည်ပင်လျှင် ဝေးလံလွန်းလှ၏။ တစ်ဒင်္ဂ သာယာမှုနှင့် လဲလှယ်ရန် တစ်စုံတစ်ခုကို ရှာဖွေရင်း ချောက်ကမ်းပါးစွန်းသို့ ကျွန်ုပ်ရောက်လာခဲ့သည်။ ချောက်၏ ဟိုဘက်တွင် လောကအဆုံး ရှိသည်ကို ကျွန်ုပ်မသိခဲ့ပါ။ ထိုနေရာတွင် ဘာမှမရှိသောအရာ ရှိနေ၏။ ဘော်ဒီလဲကို ကျွန်ုပ်သတိရသည်။ တောက်ပသောဝတ်ရုံများ ဝတ်ဆင်ထားသူတို့သည် ထိုနေရာကို မြင်တွေ့မသွားရဘဲ ပျောက်ကွယ်သွားကြ၏။ သူတို့ဝတ်ရုံများမှ အရောင်ကျန်ရစ်သည်။ လှည့်စားထင်မိမှားစေခြင်းကို မာယာဟုခေါ်သည်။ အကြီးကျယ်ဆုံးသော မာယာတစ်မျိုးသည် အရောင်တောက်ပသော ဝတ်ရုံ၏အရောင် ဖြစ်၏။ ကျွန်ုပ် အဝတ်များ မဖွပ်လျှော်ရသေးပါ။ ကျွန်ုပ်၏ ကိုယ်သည် ဟန်ဆောင်မှုတို့ဖြင့် နံစော်နေပါသည်။ ကျွန်ုပ်ပခုံးထက်မှာ ထမ်း၍ လာခဲ့သောအိတ်သည် ဒုက္ခတို့ဖြင့် ပြည့်ဖောင်းလေးလံနေ၏။ အိတ်ထဲမှ ဒုက္ခများကို ချရောင်းရန် ဈေးလယ်ကောင်မှာ နေရာတစ်နေရာ ရှာပါသည်။ နေရာဆိုသည်မှာ ဘာကိုခေါ်သနည်း ဟု ကျွန်ုပ် ကွဲကွဲပြားပြား မသိသောကြောင့် ချခင်း၍ မရောင်းဖြစ်ပါ။ ကျွန်ုပ် လေးလံပင်ပန်းလှပါပြီ။ ဈေးထဲမှာလည်း လူရှုပ်လှသည်။ ကျွန်ုပ် အဝေးသို့ သွားပါမည်။ သူလိုက်လာမည် ထင်သည်လား။

 

×××

 

သူ့တွင် ဈေးဝယ်ရန်ရှိသည်။ ချက်ပြုတ်ရန်ရှိသည်။ စာပြရန်ရှိသည်။ အပ်ချုပ်ဆိုင်သို့သွားရန် ရှိသည်။ ကျောင်းကြိုရန်ရှိသည်။ လူမမာမေးသွားရန် ရှိသည်။ အစည်းအဝေးတက်ရန် ရှိသည်။ ကြမ်းပြင်ကို လှည်းကျင်းရန် ရှိသည်။ စာဖတ်ရန်လည်း ရှိသည်။ ဘဝ၏ အရေးကိစ္စများကို အချိန်ဇယားချ၍ စည်းစနစ်ကျစွာ ဆောင်ရွက်တတ်သော ထိုမိန်းမ လိုက်လာလိမ့်မည် မဟုတ်ပါ။ နေပါစေလေ။ ကျွန်ုပ်တို့သည် မတူညီသော လမ်းများကို သွားနေကြကြောင်း အဖန်တလဲလဲ ဆင်ခြင်ဖို့ လိုအပ်ပါသည်။ ပင်ပန်းနွမ်းနယ် အိပ်ချင်မှု ဖိစီးလေးလံလှသောကြောင့် ကျွန်ုပ်၏ကိုယ်ကို ပစ်လှဲချ၍ အိပ်စက်ရန် နေရာတစ်ခု ရှာရပါဦးမည်။ ထိုနေရာကို ရှာမတွေ့မချင်း သူလိုက်လာသည် မလာသည်ကို အပထား၊ ကျွန်ုပ် ဆက်၍သွားချင်သည် မသွားချင်သည် အပထား၊ ကျွန်ုပ် ဆက်၍ သွားနေရပါဦးမည်။ ဘဝ ၏ အချည်းနှီးဖြစ်မှုကို ပြန်လှန်တွေးတော စဉ်းစားနေခြင်းကြောင့် အကြောင်းထူးလာမည် မထင်ပါ။ ထိုအကြောင်းထူးကို တစ်ဆင့်စကား ဖြန့်ဖြူးဝေငှခြင်းအားဖြင့် ကုသိုလ်ရမည် ထင်သည်လား။ ကျောက်သလင်းအဖြူ ခေါင်းတစ်လုံး ထုလုပ်၍ ပုပ်အဲ့နံစော်နေသော အလောင်းကောင်ကို ထည့်ရဦးမည်။ နံ့သာရည် အပြည့်ဖျန်း၊ နံ့သာပန်းများ ဝေနေအောင် ဖုံးအုပ်၊ “တိုက်တန်” သုံးဆင့်ကွဲ ဒုံးယာဉ်ဖြင့် အာကာသအတွင်းသို့ ပစ်လွှတ်တင်ပါမည်။ တစ်ခုသေချာစေချင်သည်မှာ…။

 

×××

 

ထိုကျောက်သားခေါင်းထဲတွင် ဝန်တိုစဉ်းလဲမှုများ၊ ဉာဏ်ပညာ နုန့်နဲမှုများ၊ ကိုယ်ကျိုးသက်သက်ဖက်မှုများ၊ လိမ်လည်ကောက်ကျစ်မှု များ၊ မနာလိုစိတ် ပြင်းပြမှုများ၊ ကွဲအက်နေသော အစာအိမ်များ၊ ချွဲကျိနံဟောင်နေသော ပါးစပ်များ၊ မွေးညင်းပေါက်နေသော လက်ဖဝါးများ အသေအချာ ပါဝင်သွားပါစေ။ အနုပညာ၏ အဆုံးစွန်သော၊ အမြင့်မားဆုံးသော ကိစ္စသည် လူသား၏ ကြီးကျယ်မြင့်မြတ်မှုကို ပြသရန်ဖြစ်သည် ဟု ကျွန်ုပ် အယူရှိသည်။ အပြင်ဘက်မှာ နုပျိုသော ကံ့ကော်ပန်းရနံ့များ ကြိုင်လှိုင်နေသည်။ နှင်းဆီဥယျာဉ်တွင်းမှာ လိပ်ပြာအကောင်တစ်သောင်း ပျံဝဲနေ၏။ ပြတင်းပေါက်ကို ခုန်ကျော်၍ ထွက်ခဲ့ပါ။ လတ်ဆတ်နုပျိုခြင်း နှင့် ရှင်သန်တိုးတက်ခြင်းတို့က အသင့်ကြိုဆို နေကြပါသည်။ အပြင်ဘက်မှာ နေရောင်ခြည်သည် ရွှေရွှေနု၏။ ကျယ်လောင်အေးမြသော ပန်းရနံ့များသည် ရင်ကို အေးမြသွားစေမည်မှာ အမှန်ပင်။ ငြိမ့်နွဲ့သော တယောသံများကို ကြားကြရလိမ့်မည်။ ငယ်ရွယ်သော ဦးနှောက်များသည် ရေပြာအိုင်တွင်းမှ ရွှေငါးကလေးများပမာ စုန်ဆန်ကူးခတ် နေကြ၏။ ဤနေရာတွင် စက်ရုပ်များ မရှိ။ ကျီးကန်းများနှင့် ပုတ်သင်များ မရှိ။ တောက်တဲ့နှင့် တစ်တီတူးများ မရှိ။ ဖျံများ မရှိ။ မျောက်လွှဲကျော်များ မရှိ။ မြွေပွေးနှင့် ကျားသစ်များ မရှိ။ ဤနေရာတွင် ခရမ်းရောင် သစ်ခွပန်းများ ရှိ၏။ ကျိုးကြောင်းမျှသော ဆင်ခြင်တုံတရား ရှိ၏။ ရဲရင့်သော အမှန်တရားရှိ၏။ စွန့်လွှတ်အနစ်နာခံမှုများ ရှိ၏။ စိတ်ဝမ်းညီခြင်း၊ ပျော်ရွှင်ခြင်းများ ရှိ၏။ ငြိမ်သက်ခြင်း ရှိ၏။ လေပြည်ညင်း ရှိ၏။ စမ်းရေအိုင် ရှိ၏။ စွန့်စား မကြောက်ရွံ့၊ နောက်မတွန့်ဘဲ ပြေးထွက်ခဲ့ပါ။ တန်ဖိုးရှိသော လူသားတစ်ယောက် ဖြစ်ခြင်းက ကြိုဆိုနေပါလိမ့်မည်။ ကျွန်ုပ်သည် မိုက်မဲသူ ဖြစ်၏။

 

×××

 

ကျွန်ုပ် ဘာမျှမလိုချင်ပါ။ ကျွန်ုပ် အချစ်ကို မလိုချင်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တွင် အချစ်ရှိပြီးဖြစ်၏။ မည်သူမျှ တားဆီးမရသော၊ မည်သူမျှ ကန့်ကွက်၍ မရသော၊ မည်သူမျှ လုယူလွှင့်ပစ်၍ မရသော၊ မည်သူမျှ အရေးဆို၍မရသော အချစ် ကျွန်ုပ်တွင်ရှိ၏။ ထိုအချစ်သည် မတ်လ ဆယ့်ကိုးရက်နေ့ ဖြစ်၏။ အဝါရောင် တိုက်တစ်လုံး ဖြစ်၏။ ပန်းနုပျော့ နှုတ်ခမ်းပါးများ ဖြစ်၏။ အညိုရောင်ကိုင်းနှင့် မျက်မှန်တစ်လက် ဖြစ်၏။ ကြေးသော့ခလောက် တစ်လုံးနှင့် ရေညှိတက်နေသော လှေကားတစ်စင်း ဖြစ်၏။ ကျွန်ုပ်သည် တံခါးပေါက်ကို ဟင်းလင်းဖွင့်ထားခြင်းဖြင့် ပိတ်၍ထားသည်။ သူ့သဘောအတိုင်း လာလိုမှ လာပါစေ။ ဟင်းလင်းဖြစ်စေခြင်းသည် ဝင်လာသူအတွက် ဖြစ်၏။ အချစ်ဆိုသည်မှာ အဘယ်နေရာတွင် ရှိသနည်း။ တတိယတန်းစား အချစ်ကဗျာများနှင့် အချစ်ဝတ္ထုများသည် အချစ်ကို အသည်းနှလုံးထဲမှာ ရှိသည်ဟု ဆိုကြ၏။ အချစ်ဆိုသော အရာသည် နေရာအားလုံးတွင် ရှိ၏။ အချစ်ဆိုသော အရာသည် မည်သည့်နေရာတွင်မှ မရှိ။ အချစ်သည် ချောင်းဆိုးပျောက်ဆေးပုလင်း အတွင်းမှာ ရှိ၏။ ခရမ်းနုရောင် အင်္ကျီပေါ်တွင် ရှိ၏။ သကြားလုံးများ ထည့်ထားသော မှန်ဗီရိုအတွင်းမှာ ရှိ၏။ ပိတောက်ပင်အောက်တွင် ရှိ၏။ ဝါးလုံးတစ်ရာဖြင့် ဆောက်ထားသော အိမ်အတွင်းမှာ ရှိ၏။ ယုဇနပန်းပွင့် အတွင်းမှာ ရှိ၏။ နှုတ်ခမ်းဆိုးဆေးများ ပေကျံနေသော လက်ဖက်ရည် ပန်းကန်လုံးပေါ်မှာ ရှိ၏။ အညိုရောင် သားရေစလင်းဗက် အတွင်းမှာ ရှိ၏။ အချစ်သည် ဘယ်နေရာမှာမှ မရှိ။ အချစ်သည် နေရာအားလုံးတွင် ရှိ၏။ ကျွန်ုပ်သည် အချစ်ဖြစ်၏။ ကျွန်ုပ်သည် နေရာတစ်ခုမဟုတ်။ ကျွန်ုပ် သည် နေရာတစ်ခုဖြစ်၏။ ကမ္ဘာလောကသည် ထိတ်လန့်ဖွယ် တောက်ပသော အလင်းရောင်အောက်တွင် မှောင်မည်းနေသည်။ လေပြည်၏ ငိုသံကို ကြားရ၏။

 

×××

 

နဝမမြောက် တိမ်တိုက်တစ်ခု အတွင်းမှာ ကျွန်ုပ်နေသည်။ ထိုနေရာတွင် ခင်မောင်ရင်၏ ပန်းချီကားများ၊ အောင်စိုး၏ ပန်းချီကားများ၊ ခရမ်းရောင် သစ်ခွပန်းများနှင့် သောက်ရေအိုးစင်တစ်ခု ရှိ၏။ ဘော်ဒီလဲနှင့် ဗေဒါလမ်းကို ကျွန်ုပ်၏ ခေါင်းအုံးဘေးတွင် ထားသည်။ ယူလီစီးကို ကြမ်းပြင်တွင် ဖွင့်လျက်သား ချထား၏။ “ကေ”ကိုမူ ကျွန်ုပ်ဖတ်ပြီး၍ စားပွဲပေါ်တွင် တင်ထားသည်။ ကျွန်ုပ် ဘာမျှ မစားရသေးပါ။ အချို့လူများ အာလူးစား၏။ အချို့လူများ ပေါင်မုန့်စား၏။ အချို့လူများ ကိတ်မုန့်စား၏။ အချို့ သည် ကျော်ကြားမှုနှင့် လုပ်ပိုင်ခွင့်များကို စားကြ၏။ ကျွန်ုပ် ဘာမျှ မစားရသေးကြောင်း မေ့လျော့နေသည်။ ကျွန်ုပ်၏ ကြောင်သည် အဝတ်ပုံပေါ် တွင် အိပ်နေ၏။ ခပ်လှမ်းလှမ်းမှာ လူတစ်ယောက်ရပ်နေ၏။ သူ့လည်ပင်းမှာ စကားလုံးအဆန်း ထွင်သောစက်ကို ကြိုးနှင့်သိုင်း၍ လွယ်ထားသည်။ သူရှင်ပြုစဉ်က ဆောင်းခဲ့သော ရွှေထီးသည် ပိုးဖောက် အရောင်ပြယ်နေပြီ။ ရယ်ဖွယ်ကောင်း၏။ ကျွန်ုပ်နှစ်သက်သော ကဗျာဆရာနှစ်ဦးမှာ ကြည်အေးနှင့် ညွန့်ကြူးဖြစ်၏။ သူတို့သည် ကျွန်ုပ်အကြိုက် စစ်ဆေးသော အရည်အချင်းစစ် စာမေးပွဲ အောင်မြင်ကြသည်ဟု ဆိုပါလျှင် သူတို့ မခံချင် ဖြစ်ကောင်းဖြစ်မည်။ ကိစ္စမရှိပါ။ ကျွန်ုပ်အကြိုက်ကို ကျွန်ုပ်ပြောခြင်းဖြစ်၏။ ကဗျာကို ခံစားမှုနှင့် ရေးသည်လား၊ ယုံကြည်ချက်နှင့် ရေးသည်လား၊ စကားလုံးများနှင့် ရေးသည်လား၊ ယောင်တိယောင်ဝါး ဖြစ်နေသူများနှင့် ကျွန်ုပ် စကားမပြောလို။ အနုပညာကိစ္စတွင် ခံစားခြင်းနှင့် နားလည်ခြင်း မကွဲပြားလျှင် ကျွန်ုပ်အား စကားလာ၍ ပြောသည့်တိုင် ကျွန်ုပ် ပြန်ပြောမည် မဟုတ်ပါ။ ဗင်ဂိုး၏ အဝါရောင်ကုလားထိုင်ပေါ်မှ ဆေးတံသည် ဘာကို နားလည်စေပါသနည်း။ ဒါလီ၏ ပျော့တွဲအိကျနေသော နာရီများသည် ဘာအဓိပ္ပာယ်ကို ဆောင်ပါသနည်း။ မန့်၏ အော်ဟစ်ခြင်းသည် ဘာကို ဆိုလိုပါသနည်း။ ယက်စပါဂျွန်၏ အရူးအိမ်သည် ဘာကို ပြောပြနေပါသနည်း။ သိချင်သူများ နားလည်အောင် ကြိုးစားသည်ကို ကျွန်ုပ် ကန့်ကွက်ရန် မရှိသော်လည်း ကျွန်ုပ်သည် သိချင်သူ မဟုတ်ပါ။ ခံစားချင်သူသာ ဖြစ်၍ ကျွန်ုပ်ဘာသာ နေပါရစေ။ နဲဖရိတဲရိ၏ လည်ပင်းသည် ရှည်လျားလွန်း သည်။ ဗီးနပ်စ်သည် ခါးတုတ်၍ ဝမ်းပြင်သား မောက်လွန်းသည်။ မိုနာလီဇာ၏ အပြုံးသည် စိတ်မပါသည့်အပြင် သူ့ရင်သည် ပြားချပ်လွန်း၏။ အထင်ဆိုသည်မှာ လက်ယက်တွင်းထဲမှ အလကားရသောရေ ဖြစ်သည်။ မျောက်အကောင်နှစ်ဆယ်သည် ရှင်ဥတ္တမကျော်၏ တောလားကြီးကို သံပြိုင်ရွတ်ဆိုနေကြ၏။ ကျွန်ုပ် ခွေးတစ်ကောင် မွေးရဦးမည်။

 

×××

 

အရာရာသည် လှုပ်ရှားပြောင်းလဲ နေသော်လည်း ကဗျာသည် သံသရာတည်းဟူသော နံ့သာဖြူပန်းပြောက် သစ်တောထဲတွင် ထာဝစဉ် ရှိ၏။ သံဂဟေဆော်သော ဂေါက်တံမှ အပြာရောင် မီးပန်းပွားများ လွင့်စဉ် ဖြာထွက်သွားပုံနှင့် တူသော သူ့အပြုံးကို ကျွန်ုပ် သောက်သုံးမျိုချလိုက်၏။ ဝိုးဝါးမှုန်ရီသော ဟုတ်ယောင်ထင်မှုနှင့် တောက်ပစူးရှသော ဖြစ်ရပ်မှန်၏ ဘဝ၏စပ်ကြား အလင်းနှစ်သန်း အကွာအဝေး အပိုင်းအခြား အတွင်းမှာ အပြာရောင် မီးပန်းပွားများ လွင့်စဉ်ဖြာထွက်နေ၏။ ဖောက်ပြန်ရိုင်းစိုင်းသော ကျွန်ုပ်၏စိတ်တွင် အချစ်သည် ကဗျာယောင်ဆောင်၍ တည်ရှိနေသည်။ မနေ့က သူဘယ်သွားနေသည်လဲ။ အမိုက်မ ကျွန်ုပ်ရှိရာသို့ မလာသည်မှာ အင်္ဂါနေ့ သုံးကြိမ်တိုင်ခဲ့ပြီ။ ပါးစပ်ပိတ်၍ ပြုံးတတ်သော ထိုမိန်းမသည် လျှို့ဝှက်သော ဥယျာဉ်အတွင်းမှာ ကနေရီငှက်များကို အစာကျွေးနေသည်။ ဖန်ခွက်ထဲမှာ ရေခဲတုံးများ အေးစက်အရည်ပျော်လျက် ရှိ၏။ အတင်းပြောတတ်သော လူတစ်ယောက် လာနေပြီ။ ကျွန်ုပ် သွားတော့မည်။

 

×××

 

တိတ်ဆိတ်ခြင်းနှင့်တူသော အရာတစ်ခုသည် ဝါးရုံပင်ကြားမှ ဘွားဘွားပေါ်လာ၍ ငါသည် အချစ်ဖြစ်၏ဟု ဆိုသည်။ ကျွန်ုပ်ကို ဤ နေရာသို့ မည်သူလာ၍ ပစ်ချခဲ့သနည်း။ အံစာတုံးကို လက်ခုပ်အတွင်းမှာ လှုပ်ခါ၍ ပစ်ချလိုက်သောအခါ အပေါ်မျက်နှာပြင်တွင် ခြောက်ပွင့်ပေါ်လာ၏။ ကျွန်ုပ်တွင် အရည်အချင်း ခြောက်ခုမရှိပါ။ သူ့ဆံစမှ ခရမ်းရောင် သစ်ခွပန်းပွင့်သည် ခွေးရူးတစ်ကောင် မဟုတ်။ ရာတန်စက္ကူတစ်ရွက် မဟုတ်။ အကြွေးစာရင်းတစ်ခု မဟုတ်။ လမ်းကြိတ်စက်တစ်လုံး မဟုတ်။ သစ်ခွပန်းတစ်ပွင့်သာ ဖြစ်၏။ ထိုသစ်ခွပန်းပွင့်သည် ဖြစ်တည်နေ၍ ရှိ၏။ ကျွန်ုပ်သည် ဖြစ်တည်နေ၍ ရှိ၏။ ထိုအချစ်သည် ကျွန်ုပ်နှင့်မဆိုင်၊ သူနှင့်လည်း မဆိုင်၊ ကမ္ဘာလောကနှင့်လည်း မဆိုင်၊ သူ့ကိုချစ်မိသော ကျွန်ုပ်၏ အချစ်သည် သူ့ဘာသာ ဖြစ်တည်နေ၍ ရှိခြင်းနှင့် ဆိုင်၏။ အချည်းနှီးသော ချစ်ခြင်းဖြင့် ချစ်သောသူသာလျှင် အမှန်တကယ်ချစ်သူမည်၏ ဟု ဟိုလဗ်က ရေးခဲ့သည်ကို ကျွန်ုပ် သဘောမပေါက်ခဲ့ပါ။ ယခုလည်း သဘောမပေါက်ပါ။ အမှန်တကယ် ဆိုသောစကားက ကျွန်ုပ်ကို အတွေးရှုပ်စေပါသည်။ ကျွန်ုပ် သူ့ကို အချည်းနှီးချစ်သည်။ ထို့ကြောင့် ကျွန်ုပ် သေပြီ။

 

×××

 

ငါသေလျှင် ဝက်သစ်ချပင် ခြေရင်းတွင် မြှုပ်နှံ၍ အုတ်ဂူပေါ်မှာ အဝါရောင် ပန်းစည်းတစ်စည်း ချလှည့်ပါဟု မှာကြားသူနှင့် ကျွန်ုပ် သဘောချင်း မတိုက်ဆိုင်ပါ။ သံသရာတစ်ဖက်ကမ်းသို့ ကူးပြောင်းရန် လှေခကြီးလွန်းလှသည်။ နောက်ဘဝရှိသည် ဆိုပါလျှင် သူနှင့်ကျွန်ုပ် ထပ်မံ မတွေ့ဆုံချင်ပါ။ ယခုဘဝမှာပင် ပိုင်ဆိုင်မှုကိုလည်းကောင်း၊ လိင်မှုကိစ္စကိုလည်းကောင်း သူ့ထံမှ တောင်းခံမည် မဟုတ်ပါ။ တောင်းခံရန် အကြောင်းမရှိပါ။ ကျွန်ုပ်သည် ပိုင်ဆိုင်သူ မဟုတ်ပါ။ ချစ်၍နေသူသာ ဖြစ်ပါသည်။ သို့သော် အကယ်၍ ဖြစ်နိုင်မည်ဆိုပါလျှင် နေရောင်ခြည်သည် စူးရဲလွန်းလှ၏။ ဝရန်တာပေါ်မှာ ပန်းအိုးကလေးတစ်လုံး ရှိသည်။ အချို့လူများသည် ဟန် ဆောင်ကောင်းကြ၏။ အိပ်၍ မရသောအခါ အချစ်သည် ဟန်ဆောင်ခြင်း အင်္ကျီဝတ်၍ မျက်ခွံတွင်းသို့ ဝင်လာတတ်၏။ ခေါင်းလျှော်ပြီးခါစ အဝါရောင်အင်္ကျီ ဝတ်ထားသူကို ကျွန်ုပ် တွေ့လိုက်ရ၏။ အချိန်သည် ရှေးဆန်သော ကျောင်းဆရာအိုကြီးပင် ဖြစ်သည်။ မနေ့က သည်နေ့အကြောင်း မစဉ်းစားမိပါ။ မနက်ဖြန်ဆိုလျှင် အနက်ရောင်ငှက်များ လာကြတော့မည် ဟု ဆာ့(တ်)က ပြောခဲ့ဖူးသည်။ ကျွန်ုပ် သိသလို ရှိသော်လည်း အချိန်ဆိုသည်မှာ ဘာလဲဟု မေးလိုက်သောအခါ ကျွန်ုပ်တွင် အဖြေပေးစရာ မရှိ။ ဆေးပြာသုတ်ထားသော သစ်သားအိမ်ကလေးတစ်လုံး၊ မန်ကျည်းပင်ရိပ်မှ ဝါးကွပ်ပျစ်၊ ရေချိုတွင်းတစ်တွင်းနှင့် သစ်ခွပန်းရုံတစ်ရုံ၊ ဗေဒါလမ်း၊ ဘော်ဒီလဲ၊ ကပ်(ဖ)ကာနှင့် ဂျွိုက်(စ)၊ ဒေါ့တိုယက်စကီးနှင့် သစ်ချတောင်ဆရာတော်၏ စာအုပ်များ၊ ချိုပေါ့ကျ လက်ဖက်ရည်တစ်ခွက်နှင့် အကြမ်းအိုး တစ်အိုး၊ အောင်စိုး၏ ပန်းချီကားတစ်ချပ်နှင့် ဆေးကောင်းစွာ စပ်ထားသော နွားဆေးပေါ့လိပ်တစ်လိပ်၊ အနည်းငယ်မျှသော ကျွန်ုပ်ဘဝလိုအင်များ ရေးမှတ်ထားသည့် စာရွက်သည် အချိန်နှစ်ခု၏ကြား ဘယ်မှာ ကျပျောက်ခဲ့ပြီ မသိတော့။ စုံသာမြိုင်လယ် သီချင်းခံ့နှင့် ဝါးပတ္တလားသံသည် ကျွန်ုပ်၏ မေ့လျော့တတ်ခြင်း အဖြစ်ကို တစ်ပါတည်း ယူဆောင်၍ ပျဉ်းမပင် တစ်ပင်၏ ခြေရင်းတွင် ချထားခဲ့သည်။ ပင်လယ်ကဗွီးပင်များ၊ မပြတ်မလပ် သတိဖြင့် စောင့်ကြပ်အပ်သော အဆောက်အဦကို သေးငယ်စွာ မြင်ရ၏။ ဟောင်းနွမ်းဝါကျင်နေသော ထီလက်မှတ်တစ်စောင် လေထဲမှာ လွင့်နေသည်။ မွန်းတည့်နေကို ပကတိမျက်စိဖြင့် ကြည့်ဖူးကြရဲ့လား။ သူ့အခန်း တံခါးကို ကြေးသော့ခလောက်တစ်လုံးနှင့် ပိတ်ထား၏။ အပြာရောင် တောက်သော သုညတစ်လုံး၏ သော့ပေါက်အတွင်းမှ ယိုစိမ့်၍ အခန်းတွင်းသို့ ဝင်သွားသည်။ ခြေသံမဲ့သော အဆောင်လှေကားသည် ပြုံးရယ်စွာ တိတ်ဆိတ်နေ၏။ နီရဲသော မျက်လုံးများ တပ်ဆင်ထားသူ တစ်ယောက် လာနေပြန်ပါပြီ။ ကျွန်ုပ် ဘယ်ကို သွားရမည်နည်း။ အပြင်ဘက်မှာ နေသာနေသည်။ နံရံကို လက်သီးနှင့် ထိုးမိသူအား ကျွန်ုပ် စာနာပါ၏။

ကျုံဝှာချုံ၏ တယောသံကို ကျွန်ုပ် နားမထောင်ဖူးသော်လည်း သူ့ပါးစပ်သည် ပါးလျားကျယ်ပြန့်၍ ကျွန်ုပ် သဘောကျသည်။ ကလေးတွေ သီချင်းဆိုနေသည်ကို ဆိုပါစေ။ ဟန့်တားမျက်ရိပ်မျှပင် မပြကြပါနှင့်။ ခရမ်းရင့်ရောင်အဖွဲ့က ဟိုင်းဝေးစတားကို ဆူညံစွာ တီးခတ်နေကြ၏။ နန်းတော်ရှေ့၏ ကြာပင်အိုင်ကြီး အနီးမှာ မြူနှင်းများ ဝေနေသည်။ ဆရာငြိမ်း၏ သီချင်းများကို သူဆို၏။ အချိုသာဆုံးသော ဂီတသံတစ်သောင်းကို ပေါင်းစပ်လိုက်သောအခါ ပင်လုံးဝေဝေ ပွင့်သော ပိတောက်ပင်တစ်ပင် ဖြစ်လာသည်ကို ခံစားတတ်မှ သိလိမ့်မည်။ ချိုက်ကော့စကီး၏ ကွန်ရှာတို တေးကြီးတစ်ဘွဲ့သည် ကျဉ်းမြောင်းသော ပညတ်နံရံများကို ကျော်လွန်သွား၏။ ဆဒ္ဒန်အိုင်သာမှာ ရွှေကြာတွေ ညီးလို့လင်းနေသည်။ စိန်ဗေဒါကြီးသည် ဗမာလူမျိုး ဖြစ်သောကြောင့် ကျွန်ုပ် ဝမ်းမြောက်လှ၏။ ဝါးရွက်ဖျားကို လေတိုးခတ်သံအား ချော့ကလက်တီးလုံးက ဖုံးလွှမ်းပစ်လိုက်သည်။ မာရီအော့စမွန်၏ စက္ကူနှင်းဆီပန်းများကို ပန်းအိုးထဲမှာ ထားခဲ့၍ မေရှင်၏ ပျို့မှာတမ်းကို ကျွန်ုပ် နားထောင်လိုက်ဦးမည်။ အကြိုက်ဆိုသည်မှာ ဝေဖန်ရေးသမားနှင့် မဆိုင်။ တိုင်ငုတ်ပေါ်က မိန်ကောင်တစ်ကောင်သည် ရှည်လျားသော ဝါးလုံးတစ်လုံးကို ကိုင်စွဲထား၏။ အစိမ်းရောင် တောက်ပသော မြွေတစ်ကောင်သည် ရင်ကိုပတ်၍ တင်းတင်းရစ်လေပြီ။ ကျွန်ုပ် သီချင်းသံများ ကြားရ၏။ ပြည်လှဖေ၊ ဒေါ်မေရှင်တို့ကို ခေါ်ခဲ့ပါ။ မချိုလည်း သီချင်းဆိုပါစေ။ သို့သော် စာသားမဲ့သော သီချင်းတစ်ပုဒ်ကို တူရိယာပစ္စည်းတစ်ခုမျှ မပါဝင်စေဘဲ လူသံသက်သက်မျှဖြင့် သီဆိုမှ ဤလောကတွင် အသာယာဆုံး ဂီတသံကို ရလိမ့်မည်ဟု ကျွန်ုပ်ထင်၏။ အမြန်ရထားတစ်စင်း ထွက်ခွာသွားသော အသံ၊ ကျောက်တုံးပေါ်သို့ ရေတံခွန် ကျဆင်းနေသောအသံ၊ နှင်းဆီဖူးများ ပွင့်အာလာသံ၊ ကလေးငယ်တစ်ယောက် ပြုံးလိုက်သော အသံ၊ သောင်ခုံကိုဖြတ်၍၊ မြစ်ပြင်ကိုဖြတ်၍ ပြေးလာသော တံငါတဲဆီမှ ငါးညှီနံ့၏အသံ၊ တောင်ထွတ်ဖျားမှ ဘွားခနဲပေါ် လာသော နေဝန်း၏အသံ၊ ဟန်ဆောင်စိတ်ကောက်သော ချစ်သူ၏ မျက်မှောင်ကုတ်သော အသံ၊ အဖြေမှန်မရသော ကွန်ပျူတာ၏ ချောင်းဟန့်သံ၊ ထမင်းပွဲပြင်ပြီးကြောင်း အော်ပြောလိုက်သော အမေ၏အသံ၊ ဘာမျှမသိသော ဘာမျှမတတ်သော ကျွန်ုပ်၏ ရှက်ဖွယ်ရာ အဖြစ်အတွင်းမှာ အသံအားလုံး နစ်မြုပ်သွား၏။ လူတစ်ယောက် ကျယ်လောင်စွာ စကားပြောနေသည်။ သူ့ကို ကတ္တီပါအင်္ကျီအဝါရောင် ဝတ်ပေးလိုက်ကြပါ။

 

×××

 

ကျွန်ုပ် ဟုတ်ကဲ့ဟု ပြောခဲ့သည်။ ကျွန်ုပ် ဟုတ်ကဲ့လိမ့်မည် ဆိုသော စကားရပ်ကို ဝေဖန်ပြစ်တင် နေဆဲမှာပင် ဂျွိုက်(စ်)သည် သာမန်လူများ လိုက်၍မမီနိုင်သော နေရာအဝေးသို့ ရှေ့ကရောက်သွားပြီ။ ပင်လယ်ကို ကူးနိုင်သည်ဟု ဂုဏ်ယူနေဟန်ရှိသော ပုစွန်ဆိတ်တွင် ဦးနှောက်မရှိဟု ကြားဖူးသည်။ အစီအစဉ် မညီမညွတ်ခြင်း၏ ဂုဏ်ကို လူအချို့ ကုန်အောင် မဖတ်ဖူးသော သုဗောဓာလင်္ကာရကျမ်းတွင် မပါရှိသောကြောင့် သူတို့ မသိကြသော်လည်း “စက်ဆယ့်နှစ်လီ” တောလားကြီးကို တစ်ခေါက် နောက်ထပ် ပြန်ဖတ်ကြရန် ကျွန်ုပ် တိုက်တွန်းလိုက်ပါ၏။ အနုပညာသည် ရသပညာက ချမှတ်ထားသော သဘောတရားအားလုံးကို မှေးမှိန်ပျက်ပြယ် သွားစေနိုင်သည်ဟု ဆိုနိုင်သော်လည်း အနုပညာအစစ်ဖြစ်ဖို့ လိုအပ်ပါ သည်။ သို့သော် အစစ်ဆိုသည်မှာ ဘာလဲ။ ကျွန်ုပ်တွင်ရှိသော အချစ်များသည် အစစ်လား၊ အတုလား။ အရှေ့ဘက်က ဆိုင်းချက်အတိုင်း ကနေ သော မင်းသားပျက်သည် တီးလုံးပြောင်းသွားသည်ကို မသိလိုက်သောကြောင့် ဇာတ်ခုံပေါ်မှာ ခြေတစ်ပေါင်ကျိုး ရပ်လျက်ရှိ၏။ ကျောက်သံ ပတ္တမြား စီခြယ်ထားသော ရွှေခွက်အတွင်းမှာ ရေတစ်စက်မျှမရှိ။ ကျွန်ုပ်သည် မြန်မာလူမျိုးဖြစ်၏။ တောင်ထွတ်ဖျားက စေတီသည် နေခြည်ထဲတွင် ဝင်းလက်နေ၏။ ကျွန်ုပ် တစ်ခါထပ်၍ ပြောရပါဦးမည်။ အနုပညာ ဆိုသည်မှာ အစစ်လည်း မရှိ၊ အတုလည်း မရှိ။ အနုပညာနှင့် အနုပညာမဟုတ်သော အရာသာ ရှိ၏။ ကျွန်ုပ်ရင်ထဲက အချစ်သည် အစစ်လည်း မဟုတ်၊ အတုလည်း မရှိ။ အနုပညာနှင့် အနုပညာမဟုတ်သော အရာသာ ရှိ၏။ ကျွန်ုပ်ရင်ထဲက အချစ်သည် အစစ်လည်း မဟုတ်၊ အတုလည်း မဟုတ်။ အချစ်သာလျှင် ဖြစ်၏။ ထိုအချစ်သည် ပေးအပ်ရန် မဟုတ်၊ တောင်းခံရန် မဟုတ်၊ ဖြစ်တည်၍ ရှိနေသော အချစ်သာလျှင် ဖြစ်၏။ သင်တို့နှင့်မဆိုင်၊ ကျွန်ုပ်နှင့်လည်း မဆိုင်၊ သူနှင့်လည်း မဆိုင်။ စိမ်းလန်းသော တောင်ကုန်းများ မီးလောင်သွားပြီ။ သူ့ကို ကျွန်ုပ် နှင်းဆီဥယျာဉ်တစ်ခု လက်ဆောင်ပေးပါမည်ဟု ဘယ်တုန်းကမှ ကတိမပြုခဲ့ဖူးပါ။ သို့သော် အကယ်၍ ဖြစ်နိုင်ပါမည်ဆိုလျှင်…။

 

×××

 

ဇော်ဇော်အောင်သည် ဘာမျှသုံးမရသူ ဖြစ်ရုံမျှမက အနုပညာများကို ပိုင်ဆိုင်ထားသည်ဟု သူ့ကိုယ်သူ ထင်နေကြောင်း ကျွန်ုပ်ယူဆ၏။ အကယ်၍ သို့သော်…။ အချစ်သည် သုညဖြစ်၏။ သူ့ကို ရှာရဦးမည်။

ယုဇနမခင်ပျို

 

ရွှေခြည်တွေ ပျပျမှိုင်း၍ လောကတံတိုင်းမှာ အမှောင်ညို့ပြီ မခင်ပျို။ အရာရာမှာ အသင့်အတင့် နှလုံးသွင်းတတ်သော ရင့်ကျက်ခြင်း အဆင့်တစ်ဆင့်သို့ ရောက်ပြီဟု ကိုယ့်ကိုယ်ကိုယ် ထင်ထားသည်။ အထင်ဆိုသည်မှာ ရှိတတ်စမြဲပါပဲ။ ထို့ပြင်လည်း အထူးသဖြင့် ဥပေက္ခာတရားကို လက်ကိုင်ထားနိုင်သူ ဟုလည်း ထင်မိသေး၏။ တစ်ခါတုန်းက မခင်ပျို၏ ထဘီအနားခတ်လိုက်ပုံသည် ကျွန်တော်၏ အသည်းနှလုံးကို ယူဆောင်သွားဖူး၏။ သို့သော်လည်း ခဏတာမျှသာ ဖြစ်သည်။ တပ်မက်ခြင်းလား၊ ရသခံစားမိခြင်းလား မသိခင်မှာပင် ကျွန်တော့်အသည်းနှလုံး ပြန်လာပါသည်။ အခုတော့ မခင်ပျို နေဝင်တော့မည် ထင်ပါသည်။ သွားကြစို့၊ သွားကြစို့ မခင်ပျို။ တစ်ယောက်တစ်လမ်းစီ ဆိုပေမဲ့ ဆုံရဦးမှာ သေချာပါသည်။

နီရဲစေးပျစ်သော လက်ဖက်ရည် ပန်းကန်လုံးထဲမှာ နို့နှစ်အဆီများ ဝေ့နေ၏။ ခပ်ဝေးဝေးမှ ဆိုင်းတီးသံ ကြားရသည်။ အေးမြသောလေထုကို ဖြတ်၍ ဆိုင်းတီးသံသည် ချမ်းတုန်စွာ ပြေးလာ၏။ မန္တလေးမြို့၏ ညများထဲမှာ အနုပညာရနံ့များ ဝေ့နေ၏။ ကြက်သွေးရောင် ကတ္တီပါကားပေါ်မှာ ရွှေခြည်ငွေခြည် ဘော်ကြယ်စာလုံးတွေ ဝင်းလက်ဖိတ်ဖိတ် တောက်နေသည်။ သည်နေ့ည မခင်ပျို ဘယ်မှာကမှာလဲ။ ရွှေဘုန်းရှိန်မှာလား၊ ပုလဲငွေရောင်မှာလား၊ ဈေးချိုမှာပဲလား။ လူတစ်ယောက်ရဲ့ရင်ထဲမှာလား၊ ဘာမှမဟုတ်သော သာမန်ရေမြောင်းကလေး ဖြစ်ပေမဲ့ ရေနီမြောင်းသည် လူပေါင်းများစွာ၏ အတွင်းရေးများကို ကျောက်တုံးရွှံ့နှစ်နှင့် ရေညှိရွက် အကြားမှာ သိမ်းဆည်းထားသူ ဖြစ်၏။ စိန်မြင့်လာ၍ ကျွန်တော်တို့ နုကြည်ကို သွားကြသည်။ ဟိုကောင်ကို မတွေ့၍ ရေရိပ်သာနီမြောင်းဘေးမှာ ညဉ့်နက်အောင် ထိုင်ကြ၏။ စိန်မြင့်သည် စကားများပေမဲ့ စကားပြောကောင်း၏။ ကဗျာအကြောင်း၊ လင်္ကာအကြောင်းတွေကို ပြောသည်။ နတ်သျှင်နောင်အကြောင်း၊ အိုမာခေယမ်အကြောင်း၊ နီရူးဒါးအကြောင်း၊ ခေတ်စမ်းကဗျာတွေအကြောင်း ပြောသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ကဗျာ၏ အလုပ်အကြောင်းလည်း ပြောသည်ထင်၏။ ကျွန်တော်သည် ကြက်သွေးရောင် ကတ္တီပါကားလိပ် အကြောင်းကိုသာ စိတ်ကရောက်နေ၏။ ပွဲဈေးတန်းက မုန့်မောင်နှမ အိုးကင်းညှော်နံ့ သင်းပျံ့ပျံ့ကလေးသာ စိတ်ကူးနေမိ၏။ လထွက်ပြီ၊ ထူးထူးဆန်းဆန်း မှတ်မိနေသည်က ထိုည ကျွန်တော် မခင်ပျိုကို သတိမရ။ စကားစပ်လို့လည်း မပြောမိ။ ထနောင်း ပင်ကိုင်းဖျား လတစ်ခြမ်းချိတ်သော အချိန်တွင် အချစ်အကြောင်းကို စကား စပ်မိကြ၏။ စိန်မြင့်နှင့် ကျွန်တော် သဘောကွဲလွဲခဲ့ကြသည်။

 

×××

 

အချစ်ဆိုတာ ဘာလဲ။ ရွှန်းလက်ညိုမှောင် အလိုမကျယောင်ဆောင်တဲ့ မျက်စောင်းကလေးလား။ ဘယ်တစ်ဆစ် ညာတစ်ဆစ် ချိုးချလိုက်တဲ့ လက်မောင်းသွယ်သွယ်ကလေးရဲ့ အဆုံးမှာ ကော့ညွှတ်ပျံတက်နေတဲ့ လက်ဖျားကလေးတွေလား။ ဆလိုက်မီးအပြောင်းမှာ တစ်ချက် ဝင်းခနဲ လက် သွားတဲ့ ရင်ညွန့်ဝါဝါကလေးလား။ ဒူးကလေးတွေ ညွှတ်ပြီး ဒူးပေါ်မှာ လက်နှစ်ဖက် တန်းတန်းချလို့၊ ပခုံးလေး ဘယ်ညာလှုပ်လို့ ဇာတ်စင်အရှေ့ပိုင်း အပြေးကလေး ထွက်လာတဲ့ ဟန်ကလေးလား။ အချစ်ဆိုတာ မခင်ပျိုရယ် မျက်နှာလား၊ ကိုယ်လုံးလား၊ အသံလား၊ ဟန်လား။ အချစ်ဆိုတာ အကြောင်းတရားလား။ အကျိုးသက်ရောက်မှုလား။ လူတွေ ညာပြောနေကြတာပါ။ တကယ်တမ်းက လူဟာ ဘာသာစကားကို အတော် လုံလုံလောက်လောက် ကျကျနန ပြောတတ်လာတဲ့ အချိန်ကစပြီး မုသားတွေ မမြင်သာအောင် ဖုံးဖို့ဝှက်ဖို့ နေရာကောင်းတစ်ခု ရခဲ့တယ်ဆိုတာ ဘယ်ပညာရှင်ကမှ ပြောသံမကြားဖူးပါဘူး။ အချစ်ဆိုတာ ဘယ်ကလာ ပေးဆပ်ခြင်း ဟုတ်ရမှာလဲ မခင်ပျိုရယ်။ ရချင်တာ၊ ယူချင်တာ၊ ပိုင်ဆိုင်ချင်တာပါ။ အဲဒီတစ်ညကလည်း အရင်ညတွေလိုပါပဲ။ မခင်ပျို ကျွန်တော့်ကို ကြည့်ပြီး သီချင်းဆိုနေတယ်လို့ ထင်မိတာ ဟုတ်မဟုတ် နောက်တစ်ခါ ပြန်စဉ်းစားမနေပါဘူး။ မန္တလေးမြို့ရဲ့ တန်ဆောင်မုန်းညတွေဟာ အားလုံး ကဗျာတွေချည်းပါပဲ။

နှစ်ပေါင်းများစွာ ကတည်းက အငြိမ့်မင်းသမီးပေါင်း များစွာဟာ မန္တလေးမြို့ တစ်နေရာက ဇာတ်စင်ပေါ်မှာ၊ မီးရောင်အောက်မှာ ကရင်းဆိုရင်းနဲ့ ကဗျာတွေကို ဖန်တီးသွားခဲ့ကြပါတယ်။ ပွဲပြီးမီးမှိတ်လို့ ကားလိပ်တွေ ခေါက်သိမ်းတဲ့အထိ မရောက်ပါဘူး။ အဲဒီကဗျာတွေဟာ ချက်ချင်း ကွယ်ပျောက် သွားကြပြန်တယ်။ ဒါပေမဲ့ အဲဒီကဗျာတွေဟာ လောကရဲ့ နှလုံးသားထဲက တစ်နေရာမှာ အားလုံး စုရုံးနေကြတယ်။ သွေးကြောထဲမှာ လှည့်ပတ်နေကြတယ်။ နှလုံးသားထဲ ပြန့်ဝင်နေကြတယ်။ လောကရဲ့ ရင်ခုန်သံတစ်ချက် ကြားရတိုင်း အဲဒီကဗျာတွေ အားလုံးဟာ သီဆိုကခုန် နေကြတယ်ဆိုတာ လူတိုင်း သတိပြုမိမယ် မထင်ပါဘူး။ သေဆုံးကွယ်လွန် သွားကြတဲ့ အငြိမ့်မင်းသမီးကြီးတွေလည်း အဲဒီကဗျာတွေထဲမှာ ရှိကြတယ်။ မခင်ပျို ကပါ၊ ဆိုပါ။ အနုပညာဆိုတာ မခင်ပျိုရဲ့ အလုပ်ပါ။ ကျွန်တော် ပြောပြီးပါပြီကော။ လူဆိုတာ ညာပြောတတ်တယ်၊ လိမ်ပြောတတ်တယ်။ ဒါပေမဲ့ အခု ဒီတစ်ခါတော့ ကျွန်တော်မညာပါဘူး။ ကျွန်တော်ချစ်တာ မခင်ပျိုကိုပါ။

 

×××

 

ဝေးလံသော အရပ်တစ်ပါးမှ ဝါးပတ္တလားသံ ခပ်သဲ့သဲ့ ခပ်အုပ်အုပ် ကြားနေရသည်။ ဝါးရွက်နှင့် လက်ခတ် ထိတွေ့လိုက်သည့် အခါတိုင်း၊ ဝါးရွက်ပေါ် လက်ခတ်ကျလိုက်သည့် အခါတိုင်း ရင်မှာ ပေါက်ကွဲမှုများ ဖြစ်ပေါ်၏။ ဝေဒနာ၏ နာကျင်စွာသော အဖြစ်သည်ပင်လျှင် နှစ်လိုဖွယ် ကောင်းလှချေသည်။ တောင်တောင်ယံ တောငယ်နှင့် မောလေအောင် ဝေးကျူးသီခေါင်၊ ရီမှောင်ညိုညိုဆိုင်းဆိုင်း၊ ဝေမှိုင်းမှိုင်းလေး။ ပင်တိုင်းသာ မာလာကြိုင်ကြိုင်သင်း။ နှင်းယွန်းဝသန်နွေ၊ စုံမြိုင်ခြေဦး၊ သာဟန်လေ သာဆန်းထူး။ သံသရာတောအုပ် အတွင်းမှာ မှောင်လွန်းလှသည်။ ဘယ် သောအခါမှ လမ်းမမှားဟု ကြွားနေသူသည် သူလမ်းမှားနေကြောင်း မသိ။ အင်ကြင်းပန်းတွေ ပင်လုံးဝေဝေ ပွင့်နေ၏။ သည်နေရာမှာ ဘယ်သူလာ၍ ကျွန်ုပ်ကို ပစ်ချထားခဲ့သနည်း။ အထီးကျန်မှု၊ အားကိုးမဲ့မှု၊ ဘာဆိုဘာမျှ မတတ်နိုင်မှုတို့သည် စင်းထားသော ကျွန်ုပ်၏ လည်ပင်းပေါ်သို့ အရှိန်ပြင်းစွာ ကျရောက်လာသည်။ လောက တစ်ရေးနိုးပြီလား။ တစ်နေ့သစ်ပြီလား။ တစ်နေ့ဟောင်းသွားပြီလား မသိပါ။ တောအလယ် မောတယ် မရယ်။ သူတို့ ဘာလိုချင်ကြသည်လဲ။ ဘာဖြစ်ချင်ကြသည်လဲ။ ကျွန်ုပ် ဘာကိုမျှ မလိုချင်ပါ၊ ဘာမှမဖြစ်ချင်ပါဟု လိမ်ညာ၍ ပြောလိုက်သောအခါ ကမ္ဘာပေါ်မှာ အရှက်မဲ့သူ တစ်ယောက်တိုးသွားပြီ။ အို၊ လှလွန်းလှလွန်းပါသည်။ မိန်းမဆယ့်သုံးယောက်ကို တွေ့ရ၏။ သေတ္တာထဲမှာ မြွေအစိမ်းရောင် တစ်ဆယ့်သုံးကောင် ခွေနေသည်။ ဘယ်ကို သွားကြမည်နည်း။ ကျွန်ုပ်ကိုယ်ပေါ်သို့ နူးညံ့သော ပန်းဝတ်ဆံများ၊ ကတ္တီပါပွင့်ဖတ်များ၊ မိုးကဲ့သို့ ဖွဲရွာကျလာသည်။ ကျွန်ုပ်တစ်ကိုယ်လုံး ပွင့်ဖတ်ဝတ်ဆံတွေ ဖုံးသွားတော့သည်။ အနီရောင် ခတ္တာပန်းများ ပွင့်ဖတ်လန်၍ ဖူးပွင့်နေကြ၏။ အချိန်ခုနစ်မိနစ် စေ့သွားပါပြီ။ မောလှချည်ရဲ့၊ မောလှချည်ရဲ့။ တောအုပ်သည် ပို၍ပို၍ မှောင်လာနေသည်။

 

×××

 

မခင်ပျို။ ယုဇနမခင်ပျို။ လွမ်းလိုက်ရတာ မခင်ပျိုရယ်။ အောင်မြင်တာတွေ၊ ကြီးမြင့်တာတွေ၊ ကျော်ကြားတာတွေ။ အခုနေ ကျုံးဘေးမှာ လေပြည်တဖြူးဖြူး ရှိနေမှာပေါ့။ ဘယ်သစ်ပင်စိမ်းပုံနဲ့မှ မတူတဲ့ ထနောင်းပင်ဖြူဖြူတွေရဲ့ အရိပ်စိမ်းမှာ မခင်ပျို ကျွန်တော့်လက်ကို ရဲရဲတွဲပါ။ ချစ်တယ်ဆိုတာ လက်ချင်းတွဲပြီး ရည်ရွယ်ချက်မရှိဘဲ လမ်းလျှောက်ခြင်း တစ်မျိုးပဲလို့ ကြားဖူးတယ်။ ကြည့်စမ်းမခင်ပျို၊ ကော့လိုက်၊ ကွေးလိုက်၊ ညွှတ်လိုက်၊ လှုပ်ရှားလိုက်တာနဲ့ လောကကို အသက်ရှူတစ်ခဏ ရပ်သွားစေနိုင်တဲ့ လက်ချောင်း ဖြူဖြူသွယ်သွယ် ကလေးတွေ။ သည်လက်ချောင်းကလေးတွေ လှုပ်ရှားရင်း ကွေးညွှတ်ကော့ပျံတဲ့ လက်နဲ့စပ်လိုက်တဲ့ ကဗျာတွေကို ကျွန်တော့် မျက်လုံးထဲမှာ သိမ်းထားတယ် သိလား။ အောင်ပင်လယ် တာတစ်ရိုးမှာ ရွှေမိုးတွေ ညို့ပြီ မခင်ပျို။ မိုးရွာမယ် မထင်မိပါလို့ တဘက်ကလေး မပါပေမဲ့ ကျွန်တော့်ရင်ခွင်မှာ မိုးခိုလို့ရပါတယ်။ မိုးတွေ သည်းလိုက်တာ။ မိုးရွာတဲ့နေ့ကို သတိရလိုက်တာ။ စုတ်ချာယိုင်ရွဲ့တဲ့ လက်ဖက်ရည်ဆိုင်ကလေးရဲ့ တံစက်မြိတ်စွန်းမှာ နေရောင်ခြည်ကလေး တစ်စက် လက်နေတယ်။ မိုးစက်မိုးပွင့် ကန့်လန့်ကာကို ဖြတ်လာတဲ့ နေ ရောင်ခြည်ဟာ မခင်ပျိုပြုံးတာနဲ့ သိပ်တူတာပဲ။ ကျွန်တော့် အနားမှာ သစ္စာမဲ့သူတွေ ဝိုင်းဝိုင်းလည်နေ လိုက်ကြတာ။ ဘာဆိုင်တာမှတ်လို့ လို့ မခင်ပျိုကတော့ ပြောလိမ့်မယ်။ အဲဒီအခါမှာ မခင်ပျိုကို သတိရတယ်။ ဘာမှတော့ မဆိုင်ဘူးလေ။ ဒါပေမဲ့ ကျွန်တော် အကြိုက်ဆုံးတွေက ရှင်ဥတ္တမကျော်ရယ်၊ ဇော်ဂျီရယ်၊ ဇေယျရယ်၊ ပန်းချီအောင်စိုးနဲ့ ခင်မောင်ရင်ရယ်၊ စိန်ဗေဒါရယ်၊ လွတ်လပ်ခွင့်ရယ်၊ ပိတောက်ပန်းရယ်၊ လက်ဖက်ရည် ချိုပေါ့ကျရယ်။ ခေတ်ပေါ်ဂီတရယ်၊ မခင်ပျိုရယ်။ များတော့ အများသား။ မကြိုက်ဆုံးအရာတွေက ဟိတ်ဟန်ကြီးတာရယ်၊ ဝက်သားပေါက်စီရယ်၊ သင်္ဘောသီးအစေ့ရယ်၊ တတိယတန်းစား ဝေဖန်ရေးဆရာရယ်၊ ကုန်းချောတိုက်တာရယ်၊ မနာလိုမှုရယ်၊ သဇင်ပန်းရယ်၊ ဒံပေါက်ထမင်းရယ်၊ အနီရောင်ရယ်၊ နေကာမျက်မှန်ရယ်၊ စိန်ရွှေရတနာရယ်။

ကြိုက်တာတွေ မကြိုက်တာတွေ ပြောမယ့်သာ ပြောရတာပါ။ တကယ်တမ်း ကျတော့လည်း ဘာမှမဟုတ်ပါဘူး။ ကိုယ် ဘာမှမဟုတ်ဘူး ဆိုတာ မသိလိုက်ခင်မှာဘဲ ဘဝဟာ နိဂုံးချုပ်သွားတာပါပဲ။ ဘဝဆိုတာ နေဖို့လား။ နေဖို့ထိုင်ဖို့ ပြင်ဆင်နေလိုက်ကြတာ။ သူတို့တစ်တွေရဲ့ မဟုတ်တဲ့ အလုပ်တွေကို ကမ္ဘာ့အပြင်ဘက် ထွက်ပြီး ခပ်ခွာခွာကြည့်မှ မြင်ရတာ မဟုတ်ပါဘူးတဲ့။ ဒီသစ်ပင်အောက်က ကြည့်ရင်လည်း တကယ်လို့ ကြည့်တတ်ရင်ပေါ့လေ မြင်ရပါတယ်တဲ့။ တစ်ယောက်ယောက်က ကျွန်တော့်ကို ပြောဖူးတယ်။ ပြောပြီးတော့ သူလည်း နေစရာ ပြင်ဆင်ရဦးမယ် ဆိုပြီး ထွက်သွားပါလေရော။ ရယ်တော့ အရယ်ရသားပဲ။ ဘဝဆိုတာ စကတည်းက မှားလာတယ်ဆိုတဲ့ အကြောင်း ယန်းပေါဆတ်ကို ဖတ်ဖူးဖို့ မလိုပါဘူး။ အစကတည်းက သိတယ်လို့ ကျွန်တော်တော့ ထင်တာပဲ။ ဒါပေမဲ့ ဖတ်တော့ ဖတ်ကြည့်ပါတယ်။ ဖက်ရှင်ပေါ့လေ။ ကျော်ကြားလှတဲ့ သူရဲ့ ထရိုင်လော်ဂျီ ဝတ္ထုကြီးသုံးပုဒ် ဖတ်တယ်။ ကြိုက်ပါဘူးဗျာ။ နောက်ဆုံး စာကြောင်းကလေးကတော့ သဘောကျသလိုလို ရှိရဲ့။ မနက်ဖြန်ဆိုလျှင် အနက်ရောင်ငှက်များ လာကြတော့မည်တဲ့။

ဒါပေမဲ့ မခင်ပျို။ အဲဒီညက မခင်ပျိုဟာ ဘော်ကြယ်တွေ လက်နေတဲ့ အဖြူရောင်ဝတ်စုံနဲ့။ ကျွန်တော့် မျက်စိထဲမှာတော့ ငှက်အဖြူကလေး တစ်ကောင်၊ ခိုဖြူမလေးတစ်ကောင် အမြီးကော့ကော့ထောင်ထောင်နဲ့ ကျွန်တော့် အသည်းနှလုံးရှိတဲ့ ရင်ထဲက လိုဏ်ခေါင်းမှာ တောင်ပံတဖျတ်ဖျတ် ခတ်နေသလိုပါပဲ။ ဆင်စွယ်ယပ်တောင် ဖြူဖြူကလေး ကျွန်တော်ရှိရာဘက်ကို တည့်တည့်ညွှန်ပြီး “မိဘပေးစား ဒီလူကြီးဇနီးရပါစေ” ဆိုတဲ့သီချင်းကို မခင်ပျိုဆိုခဲ့တယ်။ နောက်တစ်နှစ်မှာပဲ မိဘကပေးစားလို့ ကျွန်တော် ဇနီးရခဲ့တယ်။ အချစ်မပါတဲ့ အိမ်ထောင်ရေးဆိုတာ မသာယာဘူးတဲ့။ လူတိုင်း ပြောကြတာပါပဲ။ ဝတ္ထုဆရာတွေ၊ ရုပ်ရှင်ဆရာတွေ ဆိုရင် သိပ်ပြောကြတာပေါ့။ ထပ်နေပါပြီ။ အဲဒါကိုက ပရမတ်တရား တစ်ခုလို၊ ပရမတ္တသစ္စာတရား တစ်ခုလို ဖြစ်နေတယ်။ ပြောလိုက်ကြတာ။ ဟိုမှာ မခင်ပျို။ မိုးရွာပြီးစ ခဲသားရောင်ထနေတဲ့ ကောင်းကင်ပြင်ကျယ်ကြီးကို ဗျိုင်းဖြူတစ်အုပ် ဖြတ်ပျံသွားတာ လှလိုက်တာ။ ကျွန်တော့်အဖို့တော့ တခြားသူတွေအတွက် တာဝန်မယူနိုင်ပါဘူး။ ကိုယ့်အတွက်ကိုယ်တောင် မနည်း တာဝန်ယူရတာ။

ကျွန်တော့် အဖို့တော့ အချစ်မပါတဲ့ အိမ်ထောင်ရေး မသာယာဘူး ဆိုတာ သဘောမပေါက်ပါဘူး။ သီတာ့ကို ကျွန်တော် လက်ထပ်တာ မိဘတွေ ပေးစားလို့။ ပြီးတော့ ကျွန်တော် သူ့ကိုချစ်သလား၊ မချစ်ဘူးလားဆိုတာ စဉ်းစားချိန်လည်း မရလိုက်ပါဘူး။ လေးဘက်လေးတန်က တောင်ကြီးလေးလုံး ပိကျလာသလို ရှောင်မရတဲ့ မိဘဆွေမျိုး အသိုင်းအဝန်း ဘာညာတွေ စုပြုံဖိညှပ်ပြီး သီတာနဲ့ ကျွန်တော့်ကို ပေးစားလိုက်ကြတာပါပဲ။ အဲဒီတုန်းက ကျွန်တော် ငြင်းဖို့ မကြိုးစားမိပါဘူး။ သီတာဟာ သိပ်လှတယ် မခင်ပျို။ သိပ်ကိုလှတယ်။ ရှားရှားပါးပါး ရက်ရက်စက်စက် လှတယ်။ မကွယ်မဝှက် မလိမ်မညာ ပြောရရင် မခင်ပျိုထက် အများကြီး ပိုလှ တယ်။ သူ့အလှမှာ ကျွန်တော့်အထင်တော့ တကယ်အပြစ်မရှိဘူး။ သိပ်လှတာပဲ။ ပြီးတော့လည်း ကျွန်တော့် အယူအဆက ဟိုးငယ်ငယ် ကတည်းက ရှိခဲ့တာဟာ မိန်းမတစ်ယောက်မှာ ရုပ်လှဖို့က အဓိကပဲ။ စိတ်လှဖို့ဆိုတာ သာမည။ အဲဒီအယူအဆက ခိုင်ခိုင်မာမာပဲ တစ်ယောက်ယောက် က မကျေနပ်လို့ ငြင်းလာလျှင်၊ စောဒက တတ်လာလျှင် ကျွန်တော် နိုင်အောင် ပြောနိုင်ချင်မှ ပြောနိုင်မယ်။ ဒါပေမဲ့ ဒီအယူအဆကိုတော့ မစွန့် လွှတ်နိုင်ဘူး။ ပင်လယ်ပြင်မှာ နေဝင်သွားတဲ့မြင်ကွင်း လှတာ၊ ရေစပ်က သဲသောင်ဖွေးဖွေးပြန့်ပြန့် လှတာ၊ ပိတောက်ပင်က ပင်လုံးပွင့်လို့ လှတာ၊ မှိုင်းညို့မြင့်မားတဲ့ တောင်စဉ်တန်းကြီးတွေ လှတာ၊ အုန်းပင်အုန်းလက်တွေ ပေါ်မှာ ကျနေတဲ့ လရောင်ခြည် လှတာ အဲဒါမျိုးပေါ့။ သီတာလှတာ အဲလိုပါပဲ။ ကျွန်တော့်အဖို့တော့ လက်ထပ်ပြီးလို့ နှစ်ရက်ခွဲလောက် ကြာတဲ့အခါ သီတာ ကျွန်တော့်ကို မေးတယ်။ သူ့ကိုချစ်လားတဲ့။ ကျွန်တော် ဘယ်လို ဖြေလိုက်တယ် ထင်သလဲ မခင်ပျို။ မဆိုင်းမတွပါပဲ။ သီတာ့ကို သိပ်ချစ်တယ်လို့ ဖြေလိုက်တယ်။ သီတာ ပြုံးပြုံးကလေး ကျွန်တော့်ပုခုံးပေါ် ခေါင်းတင်ပြီး မျက်စိမှိတ်ထားတယ်။ အဲဒီအဖြေကို ပေးလိုက်ပြီးတဲ့အခါ လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားတာကို ချောက်ချောက်ချားချား ခံစားလိုက်ရတယ်။ ကျွန်တော်တို့ အိပ်ခန်းထဲက လေအေးစက်အသံ၊ ဓာတ်ပြား ချိန်ချာမှာလည်း လင်ဒါရွန်စတက်ရဲ့ သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုး ဖွင့်ထားသေးတယ်။ လမ်းပေါ်မှာ သွားလာနေတဲ့ ကားသံတွေလည်း ခပ်သဲ့သဲ့ကြား နေရတယ်။ ပြီးတော့ သီတာရဲ့ တတွတ်တွတ် ပြောနေတဲ့ ချစ်စကားတွေကိုလည်း ပူနွေးတဲ့ ထွက်သက်နဲ့ ရောယှက်ပြီး ကြားနေရတယ်။

ဒါပေမဲ့ သူ့ကိုသိပ်ချစ်တယ် လို့ ပြောလိုက်ပြီးတဲ့ ခဏ။ ကျွန်တော် ခံစားမိတဲ့ တိတ်ဆိတ်ခြင်းဟာ ဘာနဲ့မှ မတူပါဘူး။ တစ်သက်မှာ တစ်ခါမှ မခံစားဖူးပါဘူး။ တစ်လောကလုံး တိတ်ဆိတ်သွားလိုက်တာ ကြောက်စရာတောင် ကောင်းပါတယ်။ သီတာကတော့ သိပ်ကျေနပ် သိပ်ပျော်သွားမှာပါပဲ။ မပျော်တာက ကျွန်တော်။ အင်မတန်လှတဲ့ သီတာ၊ ဘာမှပြောစရာမရှိတဲ့ သီတာ၊ ကျွန်တော့်ကို သိပ်ချစ်ပုံရတဲ့ သီတာ၊ သူ့ကို ကျွန်တော် ပိုင်ဆိုင်လိုက်ရပြီ။ မနက်ပိုင်း ဆေးရုံကြီးကို လိုက်ပို့၊ နေ့လယ်ပိုင်း ထမင်းစားဖို့ သွားကြို၊ ပြန်ပို့။ ညနေကျတော့ ရွှေဘုံသာလမ်းက သူ့ဆေးခန်းကို လိုက်ပို့၊ ဆေးခန်းပိတ်ချိန် ပြန်ခေါ်။ ကျွန်တော့်အလုပ်က ဒါပါပဲ။ ကျွန်တော့်ဘဝမှာ ဘာမှမလိုဘူး၊ တော်တော်များများ ပိုနေတယ်။ အပိုဆုံးကတော့ အချိန်တွေပဲ။ တစ်လောကလုံး အုတ်အုတ်ကျက်ကျက် အလုပ်တွေ ရှုပ်နေကြတဲ့ အချိန်မှာ ကျွန်တော်က အချိန်တွေ ကုန်ဆုံးအောင် ကြံရဖန်ရတဲ့ အလုပ်ကို လုပ်နေရတယ်။ ကျွန်တော် ပျော်သလားလို့ မေးလာရင် ဘာဖြေရမလဲ။ စိတ်ညစ်စရာသောက မရှိတာကို ပျော်တယ်လို့ ပြောရင်တော့ ကျွန်တော် ပျော်တာပေါ့။ ကျွန်တော့်အိမ်ထောင်ရေး သာယာသလား မေးရင်လည်း သာယာတယ်လို့ ဖြေရမှာပါပဲ။ ဘာပြဿနာမှ မရှိတာ၊ အရာရာ အဆင်ပြေ ချောမွေ့နေတာကို သာယာတယ်လို့ ခေါ်ရင်တော့ ကျွန်တော့် အိမ်ထောင်ရေးဟာ သာယာနေတာပါပဲ။ သိပ်လှတဲ့ သီတာဟာ ကျွန်တော့်ကို သိပ်ချစ်တယ် ဆိုတာ ခံစားသိရှိလာရတယ်။ အဲဒီ့အချစ်ကို သူဘယ်လို မွေးမြူယူသလဲ။ ကျွန်တော်ခုထိ မသိဘူး။ ကျွန်တော် သူ့ကိုချစ်သလား မခင်ပျို။ အဲဒီ့ မေးခွန်းဟာ တစ်ကနေပြန်စတဲ့ မေးခွန်းမျိုးထက် ပိုတယ်။ တစ်ရဲ့ဟိုဘက်၊ တစ်ရဲ့ရှေ့မှာ ဘာဂဏန်းများ ရှိသေးလဲ။ အဲဒီက စရမယ်။ ချစ်တယ်ဆိုတာ ဘာလဲ မခင်ပျို။ ချစ်တယ်ဆိုတာ ဘာလဲကိုမှ ရေရေရာရာ မသိဘဲနဲ့ သီတာ့ကို ကျွန်တော်ချစ်သလား မေးလိုက်ရင် အဆင့်ကျော်နေပြီပေါ့။ ကျွန်တော် ဘယ်လိုလုပ် ဖြေမလဲ။ ချစ်တယ်ဆိုတာ ရယူခြင်း၊ ပိုင်ဆိုင်ခြင်း သစ်ခွပန်းပွင့်ကလေးလို လှတဲ့ မသီတာကို ကျွန်တော် ရယူပြီး ပိုင်ဆိုင်ခဲ့ပြီ။ ကျွန်တော် သူ့ကိုချစ်သလား၊ ကျွန်တော် သူ့ကိုချစ်သလား။

 

×××

 

ဟန်ဆောင်ခြင်းများကို အရည်ကျို၍ လောက၏နံရံအား သုတ်လိမ်းညစ်ညမ်းစေသူကို ဖမ်းဆီးခေါ်ဆောင် ခဲ့ကြပါ။ ကျွန်တော့်တွင် မုသားရင်နှင့်အပြည့် ရှိပါသည်။ အချစ်၏အစနှင့်အဆုံးကို မသိသေးသော်လည်း ဟန်ဆောင်သော အရပ်ဒေသတစ်ခုကို မလွဲမသွေ ဖြတ်သန်းသွားရကြောင်း ကျွန်တော် ကောင်းကောင်းသိပါသည်။ အမှန်စင်စစ် ဘယ်သူမှ ဘာမှ မဟုတ်ကြပါ။

ထိုအချက်ကို သူကပင် စတင်တွေ့ရှိလေဟန် ကြွားဝါဂိုက်ထုတ်သော ဇော်ဇော်အောင်သည် ဘာမှမဟုတ်ပါ။ အချို့လူများ အစာမကြေသော ရောဂါရှိ၏။ သူတို့ပါးစပ်မှ မာ့က်စ်ဝါဒလေချဉ် တက်သောရနံ့ ရသည်။ တစ်ခါတစ်ရံ စကားလုံးများသည် မြေကိုခွဲ၍ ဘွားခနဲပေါ်လာတတ်၏။ သံသရာလမ်းသည် အဝါရောင် တောက်ပသော သုညတစ်လုံးထဲသို့ ငုပ်လျှိုးဝင်သွား၏။ သူသည် နေ့ညဘယ်မှာ ကမည်လဲ။

ညနေခင်းသည် ဆည်းဆာတို့ အနှံ့ဖြန့်လွှတ်နေ၏။ လက်ကိုတွဲ၍ ရဲရဲဆုပ်ကိုင်၍ ကျွန်ုပ်နှင့်အတူ အမိုးအောက် ကော်ရစ်ဒါစင်္ကြံတစ်လျှောက် ရေညှိများဖြင့် ချောကျိလျက်။ မိုးစက်များ ထိမှန်သောအခါ ရွှံ့အိုင်ထဲက ကံ့ကော်ရွက်များ ကျွန်တော့်လက်ကို ရဲရဲတွဲပါ။

ဤလောကတွင် အကောင်းဆုံး သတိရနေခြင်းသည် မေ့လျော့ထားခြင်းပင် ဖြစ်ကြောင်း လောကက ကျွန်တော့်အား ပြောကြားခဲ့သည်ကို မေ့သွားပြီ။ စုတ်ချာသော လက်ဖက်ရည်ဆိုင်ကလေးမှာ သူ့ကိုချစ်ကြောင်း ပြော၍ ကလောသို့ ခိုးယူထွက်ပြေး သွားချင်သည်ကို သူသိဖို့ကောင်းပါသည်။ လူအချို့ရင်ထဲမှာ မီးပုံများရှိကြောင်း ယုံပါပြီ။ အနုပညာဆိုသည်မှာ သီတာရေစင်လို အေးမြသည်ဟု ဆိုစကားရှိသော်လည်း သီတာရေစင်ကို ကျွန်တော် မတွေ့မမြင်ဖူးပါ။ ကျွန်တော် ဘယ်ကလာ၍ ဘယ်ကိုသွားမည်လဲ။ ကျွန်ုပ်၏ ဆရာသည် ဇော်ဂျီဖြစ်၏။ ဆရာ ရှေ့ကသွားနှင့်ပါ။ လောက၏ အစွန်အဖျားတစ်နေရာ နဝမမြောက် တိမ်တိုက်ပေါ်တွင် ဆရာနှင့် ကျွန်ုပ်ဆုံပါမည်။ တောင်ဆီက မိုးတွေ ညို့လာပြန်ပြီ။ ဘယ်များ ရောက်နေသလဲ မခင်ပျိုရယ်။

 

×××

 

မန္တလေးအသင်း နှစ်ပတ်လည်ဆုပေးပွဲ ရှိတယ်လို့ စိန်မြင့်က ပြောတယ်။ ကျွန်တော် မန္တလေးသား မဟုတ်ပေမဲ့ မန္တလေးအသင်းကို စိန်မြင့်နဲ့ သွားနေကျ။ အရက်သောက်၊ ဘိလိယက်ထိုး။ မခင်ပျိုကို စပယ်ရှယ်ဖိတ်ထားတယ် လို့လည်း ပြောတယ်။ ကျွန်တော့်ရင်ထဲ ဘယ်လိုဖြစ်သွားမလဲ ဆိုတာ စဉ်းစားကြည့်စမ်း။ အချစ်ဆိုတာဘာမှန်း အခုမသိရပေမဲ့ မခင်ပျိုကျတော့ သိပ်ချစ်တယ်လို့ ထင်နေတဲ့ ကျွန်တော် ဘယ်လောက် ဝမ်းသာမလဲ။ မန္တလေးအသင်းမှာ ယုဇနမခင်ပျို ကမယ်တဲ့။ ဖြစ်ချင်တော့ အဲဒီနေ့က ရက်အား။ သီတာကို ဆံပင်အလှပြင်တဲ့ဆိုင် လိုက်ပို့ရတယ်။ ကြိုလည်း ပြောမထားဘူး။ ဆိုင်မှာထားခဲ့ပြီး နောက်မှ ပြန်ခေါ်မယ်ဆိုလည်း မရ။ တစ်ခုရှိတာက သီတာဟာ ဒီလိုနှစ်ယောက်တည်း အတူနေရတဲ့ ရက်အားဆိုရင် ကျွန်တော့်ကို မျက်စိအောက်က အပျောက်မခံဘူး။ သူ အလုပ်သွားတဲ့အခါလည်း ကျွန်တော်ကို တစ်ခါတည်း ခေါ်သွားချင်တယ်။ တာနောယက္ခဘီလူးလို လည်ပင်းမှာဆွဲပြီး ရွှေကြုတ်ကလေးထဲ ထည့်ခေါ် သွားချင်တယ်တဲ့။ ကျွန်တော့်ကို ထည့်ခေါ်သွားနိုင်လောက်အောင် ဂျူတီကုတ်မှာ အိတ်ထောင်အကြီးကြီး ချုပ်တပ်ထားရ ကောင်းမလားလို့လည်း ပြောရဲ့။ ယောက်ျားကို မျက်စိအောက်က အပျောက်မခံချင်တာဟာ စိတ်မချတာလား၊ သိပ်ချစ်တာလား။

ကျွန်တော့်ကိုတော့ သူစိတ်ချတယ်။ ကျွန်တော်ကလည်း ဝီစကီ သောက်တာရယ်၊ ဘိလိယက်ထိုးတာရယ်၊ ဘောလုံးပွဲ ကြည့်တာရယ်က လွဲလို့ တခြား ရှုပ်ရှုပ်ပွေပွေ မရှိပါဘူး။ ကျွန်တော့်မှာ အင်မတန်လှတဲ့၊ အင်မတန် စွဲမက်စရာ ကောင်းတဲ့၊ အင်မတန် တွတ်တီးတွတ်တာ လုပ်တတ်တဲ့ သီတာရှိနေပြီပဲ။ အဲလေ ဒါနဲ့ ဆံပင်အလှပြင်ဆိုင်မှာ ထိုင်စောင့်နေလိုက်ရတယ်။ ပြီးတော့တစ်ခါ မိုးကုတ်က သူ့သူငယ်ချင်းတစ်ယောက် ရန်ကုန်လာလို့ သွားတွေ့တယ်။ လိုက်သွားရတယ်။ အဲဒီအမျိုးသမီးကို ခေါ် ပြီး ညစာစားတယ်။ ပြန်ပို့ရတယ်။ ညကိုးနာရီကို ထိုးပါရော။

မခင်ပျိုနဲ့လွဲရတာ စိတ်ထဲမှာ မကောင်းလိုက်တာ။ ဒါပေမဲ့လည်း ဘာတတ်နိုင်မှာလဲ။ မန္တလေးအသင်းက နှစ်ပတ်လည်ပွဲ နှစ်ရက်ဆက်လည်း မလုပ်ဘူး။ မခင်ပျိုလည်း နှစ်ခါဆက်ကမှာ မဟုတ်ဘူး။ ကျွန်တော် စိတ်မကောင်းလိုက်တာ ညကိုးနာရီ အိမ်ပြန်ရောက်လို့ အိပ်တဲ့အထိ စိတ်ထဲမှာ ဘယ်လိုဖြစ်နေမှန်း မသိဘူး။ ဆယ့်တစ်နာရီလောက် အိပ်ပျော်သွားတယ် ထင်ပါရဲ့။ အဲ ဆယ့်တစ်နာရီထိ မခင်ပျိုနဲ့ လွဲရတာ စိတ်မကောင်းဘူး။ အိပ်ပျော်သွားတော့ ကျွန်တော် အိပ်မက် မမက်တတ်ဘူး။ အိပ်ပျော်နေတုန်းတော့ ဘယ်သတိရမလဲ။ မနက်မိုးလင်းတော့ ကျွန်တော် အမှန်ပြောရမှာလား မခင်ပျို။ ကျွန်တော် သတိမရတော့ဘူး။

အိပ်ရာက နိုးလည်းနိုးရော ငယ်ငယ်တုန်းက သူငယ်ချင်းတွေ စောစောစီးစီး ပေါက်ချလာတယ်။ မြင့်သိန်းရယ်၊ ကျော်မောင်ရယ်၊ အေးကို ရယ်၊ ငှက်ကျားရယ်၊ ဘသန်းတင်ရယ်၊ ကိုသန်းလွင်ရယ်။ ဘယ်သတိရဖို့ အချိန်ရှိတော့မလဲ။ နောက်ရက်တွေမှာလည်း ကျွန်တော် မေ့တေ့တေ့ ဖြစ်နေတယ်။ တစ်ခါတစ်ခါတော့ သတိရရဲ့။ ဒီလိုပါပဲလေ။ နောက် မခင်ပျို မန္တလေး ပြန်သွားတယ်ဆိုတာ ကြားလိုက်ရရဲ့။ ပြန်သွားတော့လည်း ပြီး သွားတာပဲ။ မိုးကုန်လို့ ဆောင်းဦးပေါက်ပြီ ဆိုရင်ပဲ မန္တလေးမှာ အငြိမ့်ပွဲတွေ ခြိမ့်ခြိမ့်သည်းတော့မယ် ဆိုတာ အသိကတော့ တစ်နှစ်တစ်ခါ ပေါ်လာတတ်ရဲ့။ အဲလိုအခါမျိုးမှာတော့ မခင်ပျိုကို သတိရတာတော့ မဟုတ်ပါဘူး။ တမ်းတမိတာ။ မခင်ပျို ကတာဆိုတာလေးတွေကို ချမ်းချမ်းအေးအေး ဇာတ်စင်ဘေးက ငေးကြည့်နေချင်တဲ့ တမ်းတမှုမျိုး။ ညဉ့်နက်လာတာနဲ့အမျှ အအေးဓာတ်က ပိုလာတယ်။ ပွဲမပြီးပါစေနဲ့၊ ပွဲမပြီးပါစေနဲ့ဦးလို့ ရင်ထဲမှာ လှုပ်ရှားရတဲ့အရသာ။ အဲဒါတွေက အစားထိုးလို့ မရပါဘူး။

ဘာလို့လဲဆိုတော့ ဒီလောကမှာ ယုဇနမခင်ပျို နှစ်ယောက် မရှိလို့ပါပဲ။ သီတင်းကျွတ်၊ တန်ဆောင်မုန်းမှာ မခင်ပျိုကို သိပ်တမ်းတမိတာပါပဲ။ လေထဲမှာ ဝဲပျံလွင့်မျောလာတဲ့ ပတ်မသံ၊ စခွံ့သံ၊ သံပတ္တလားသံ၊ ကြေးနောင်သံ၊ အဲဒီအသံတွေမှာ နှင်းရည်စက်တွေ ခိုတွဲလို့ အဲဒီအချိန်မှာ ကျွန်တော်ဟာ ကျွန်တော့် အိပ်ခန်းထဲမှာ ဗီဒီယိုကြည့်နေတယ်။ အရပ်ရှည်တဲ့ ရွှေရောင်မိန်းကလေး ဆူဇန်အင်တန်ဟာ အားကစားဘောင်းဘီတိုကလေးနဲ့ အပြေးလေ့ကျင့် နေလေရဲ့။ သွယ်ပျောင်းတဲ့ ခြေတံရှည်ကလေးတွေ လှုပ်ရှားပြေးသွားနေတာ ကြည့်ရင်းနဲ့ မခင်ပျိုရဲ့ ထဘီအနားခတ်လိုက်ပုံ၊ ထဘီနားဖြူဖြူကြီး ဝဲကျသွားပုံကို မြင်နေမိတယ်။ ကြည့်ပြီးသွားလို့ အိပ်ရာဝင်ကြတော့ တစ်ဖက်လှည့် အိပ်ချင်ယောင်ဆောင်နေတဲ့ သီတာရဲ့ မေးရိုးကလေး ဖွဖွညင်သာ နမ်းလိုက်တဲ့ အခါမှာတော့ မခင်ပျိုကို သတိမရတာ အမှန်ပါပဲ။ ဒါပေမဲ့ မခင်ပျိုရယ် ကိုယ့်ဘာသာ ကျိတ်ပြီး အကြိမ်ကြိမ် အခါခါ မေးမိတဲ့ မေးခွန်းနှစ်ခု ကျွန်တော်ပြောပြမယ်။ အချစ်ပါတယ် မပါဘူး ဘာညာ မသိဘူး။ အခုတော့ သီတာ ကျွန်တော့်ကို သိပ်ချစ်တယ်။ အိမ်ထောင်ရေး သာယာတယ်။ သီတာ့ကို ချစ်သလားမေးတဲ့ အခါမျိုးမှာ အဖြေဟာ တုံ့ဆိုင်းဝေ့ဝဲပြီးတော့ တစ်ခုခုကို မီးခိုးလုံးတွေ ဝေ့ဝိုက်ဖုံးအုပ် သွားသလိုမျိုး အဖြေပျောက်ကွယ် သွားတတ်တယ်။ မခင်ပျိုကို ချစ်သလားလို့ မေးတဲ့အခါ အဖြေဟာ ပါးစပ်ဖျားနှုတ်ဖျား မရောက်ခင် ရင်ထဲက ဖြေပြီးသွားပြီ။ မခင်ပျိုကို ကျွန်တော် ချစ်တယ်။ ဘယ်လိုလဲရှင်လို့ မေးမလို့လား။ မမေးနဲ့မခင်ပျို။ ချစ်တယ်ဆိုတာ ရှင်းပြဖို့မဟုတ်ဘူး။ သက်သေထူဖို့ မဟုတ်ဘူး။ ရှင်းပြလို့လည်း ရချင်မှရမယ်။ ထူစရာသက်သေလည်း ရှိချင်မှ ရှိမယ်။ ရှိတယ်ထားဦး၊ ယုံလောက်အောင်လည်း ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ ချစ်တာဟာ ချစ်တာပါပဲ။ ချစ်တယ်ဆိုတာ ချစ်တာပါပဲ မခင်ပျို။

 

×××

 

နေဝင်ချိန် တိမ်တောက်ခြင်းသည် ကဗျာဖြစ်၏။ အညိုရောင် မျက်မှန်ကိုင်းနောက်မှ မျက်လုံးများသည် ကဗျာဖြစ်၏။ သူတောင်းစားအိုကြီး၏ ဆုတောင်းသံသည် ကဗျာဖြစ်၏။ မစားရတာ ကြာပြီဖြစ်သော ကြက်သားဆီပြန်ဟင်းသည် ကဗျာဖြစ်၏။ ဆယ်နှစ်ကြာမှ ပြန်လာဆပ်သော အကြွေးငါးကျပ်သည် ကဗျာဖြစ်၏။ နှုတ်ခမ်းပါးလှပ်၊ ပါးစပ်ပိတ်ထားသော အပြုံးသည် ကဗျာဖြစ်၏။ အမေ၏ခေါ်သံသည် ကဗျာဖြစ်၏။ အဖေ ကျိုပေးသော ရေနွေးကြမ်းတစ်အိုးသည် ကဗျာဖြစ်၏။ ခရမ်းရောင် သစ်ခွပန်းသည် ကဗျာဖြစ်၏။ ဆံတိုပြတ်နှင့် သမီးလေးသည် ကဗျာဖြစ်၏။ အော်ဟစ်ရယ်မောနေသော သူငယ်ချင်း၏ မျက်နှာသည် ကဗျာဖြစ်၏။ စပါးခင်းသည် ကဗျာဖြစ်၏။ အရာအားလုံးသည် ကဗျာဖြစ်၏။ မခင်ပျိုသည် ကဗျာဖြစ်၏။ ကဗျာ၏ ရည်ရွယ်ချက်နှင့် ရည်ရွယ်ချက်သို့ ရောက်အောင် ပို့ဆောင်ပုံကို အပန်းတကြီး ရှာဖွေနေကြသောသူများ ကျွန်တော်နှင့် ကြမ်းတစ်ပြေးတည်း မထိုင်ကြနှင့်။ အပြင်ဘက်မှာ နုပျိုသော နှင်းဆီပန်းရနံ့များ ကြိုင်လှိုင်စွာ ကူးခတ်လွင့်မျောလျက် ရှိနေသည်။ အခန်းတွင်းက အံဆွဲထဲမှာ ပိုးဟပ်တစ်ကောင်၊ ပျို့ဟောင်းတစ်စောင်နှင့် ပင်အပ်တစ်ထုပ် ရှိသည်။ လူတစ်ယောက်သည် ကဗျာဆိုသောအရာကို ဓားမဖြင့် နုပ်နုပ်စဉ်း၍ ဤကဗျာ ကောင်းသည်ဟု ပြော၏။

နောက်တစ်ယောက်က ကဗျာကို မတို့မထိ အဝေးကကြည့်၍ ကောင်းသည်ဟု ပြော၏။ ထိုလူနှစ်ယောက်စလုံးကို ကျွန်ုပ် ကားစင်တင်၍ ကွပ်မျက်လိုက်ပြီ။ ကဗျာဆိုသည်မှာ မည်သူ့အတွက် ဖြစ်သည်ဟု မည်မျှပင် ပြောကြစေကာမူ ဉာဏ်တိမ်သူများအတွက် မဟုတ်သည်ကား သေချာ၏။ ဤလက်ဖက်ရည်ခွက်ကို ပြန်ယူသွားပါလေ။ ကျွန်ုပ်အိပ်တော့မည်။ ပန်းပေါင်းတစ်ရာဆီ ဖျန်းပက်၍ ပြတင်းကို ဖွင့်ထားပါ။ ဟိုလိဗ်က အရာအားလုံးတွင် ကဗျာရှိသည်ဟု ပြောဖူးသည်။

 

×××

 

ဆန်းတော့အဆန်းသား။ လောကကြီးမှာ ဆရာဝန်တွေလည်း ဖျားတတ်နာတတ် ကြတာကိုး။ တစ်နေ့ကဆို နည်းနည်းတော့ ကြာပါပြီ။ မသီတာဖျားတယ်။ တော်တော်လေး ဖျားတယ်။ အပူရှိန်ကြီးလွန်းလို့ ထင်ပါရဲ့ နဖူးကလေးပေါ် ရေတဘက်ကလေး တင်ပေးရတဲ့ အထိပါပဲ။ သူ့နဖူး ကလေးပေါ်မှာ ရေဆွတ်ထားတဲ့ မွေးပွလက်ကိုင်ပဝါလေး အသာအယာ တင်ပေးရင်း သူ့မျက်နှာလေးကို ငေးကြည့်နေမိတယ်။ သိပ်သနားတာပဲ၊ ကျွန်တော့်ရင်ထဲ အလိုလို ပြည့်ကျပ်မွန်းသိပ်လာတယ်။ ငိုချင်သလိုလိုပဲ၊ ဖြစ်နိုင်ရင် လူချင်းလဲပြီး ဝေဒနာခံလိုက်ချင်ပါတယ်။ တကယ်ပါ။ မသဲမကွဲ ညည်းညူပြီး ကယောင်ကတမ်းတွေတောင် ပြောလာတယ် မခင်ပျို။ ခေါင်းထဲမှာ မိုက်ခနဲဖြစ်ပြီး မျက်လုံးတွေ ပြာသွားတဲ့ အံ့သြမှုမျိုး ကြုံဖူးလား။ လျှပ်စစ်ဓာတ် အလိုက်ခံရသလို လန့်သွားတာလည်းပါမယ် မခင်ပျို။ မသီတာဟာ ကယောင်ကတမ်းနဲ့ အပူရှိန်ပြင်းပြီး ပြောချင်ရာ ပြောနေတဲ့ စကားတွေထဲမှာ ဘာပါလာတယ် ထင်လဲ။ ကိုကိုတဲ့။ မသီတာ ကျွန်တော့်ကို ကိုကိုလို့ ခေါ်တယ်။ ကိုကိုတဲ့။ ကိုကို မခင်ပျိုကို သိပ်ချစ်သလားတဲ့။ ကျွန်တော့် တစ်ကိုယ်လုံး အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်လွင့်စဉ် သွားသလို ခံစားလိုက်ရတယ်။ သူ့ကိုကိုဟာ မခင်ပျိုဆိုတဲ့ အငြိမ့်မင်းသမီး တစ်ယောက်ကို ချစ်နေတာ သူသိနေတာကိုး။

အချစ်သည် ဤကမ္ဘာလောကတွင် အကြီးကျယ်ဆုံးသော ဟုတ်ယောင်ထင် မှုဖြစ်ကြောင်း ကျွန်တော့်အား ပြောကြားသော ဒဿနိက ပါမောက္ခအိုကြီးသည် ကျောက်ဖြူသား လှေကားထစ်ပေါ်တွင် ထိုင်၍ ငိုက် မျဉ်းနေ၏။ ဘယ်ကစ၍ ဘယ်မှာဆုံးသည်လဲ။ အချစ်ဆိုသည်မှာ အစလား၊ အဆုံးလား။ အစနှင့်အဆုံးဆိုသော စကားနှစ်ရပ်၏ အဓိပ္ပာယ်ကို တိတိကျကျ သိလိုလှပါသည်။ တောင်ပင်လယ်တိမ်စွန်းမှာ မိုးတွေညို့လာပြန်ပါပြီ။ သည်နေ့မနက် ဘာစားထားသလဲ။ လူအချို့ ကိတ်မုန့်စား၏။ လူအချို့ ပီတိကိုစား၏။ လူအချို့ အာလူးစား၏။ လူအချို့ ကျော်ကြားမှုကို စား၏။ လူအချို့ မနာလိုဝန်တိုမှုကို စား၏။ ဇော်ဇော်အောင်သည် မုသားများကို စား၏။

ပုပ်အဲ့နံစော်နေသော ခံတွင်းကို ရှနဲလ်နံပါတ် ၅ ရေမွှေးဖြင့် ဆေးကြော ပလုတ်ကျင်းလိုက်သောအခါ လောကသည် အတွေ့အကြုံ ရင့်ကျက်စွာ ပြုံး၏။ လူတွေအများကြီး သေဆုံးသွားကြပြီ။ သူတော်စင်တွေ၊ အာဇာနည်တွေ၊ သူရဲကောင်းတွေ၊ လူယုတ်မာတွေ၊ သစ္စာဖောက်တွေ၊ ဖန်တီးသူတွေ၊ ဖြည့်ဆည်းသူတွေ၊ ထည့်ဝင်သယ်ပိုးသူတွေ၊ ဖျက်ဆီးသူတွေ၊ အသရေယုတ်လျော့စေသောသူတွေ၊ ညစ်ညမ်းစေသူတွေ လူပေါင်းများစွာ သေကြလှပြီ။ ဇော်ဇော်အောင် မသေသေး။ မသေသေးသမျှ နေသေးကြဦးပေါ့။ မျောက်အကောင် နှစ်ဆယ်သည် ရှင်ဥတ္တမကျော် တောလားကြီးကို သံပြိုင်ရွတ်ဆို နေကြ၏။ ကျွန်ုပ် ခွေးတစ်ကောင် မွေးရဦးမည်။ နာတာရှာစကင်စကီးကို စပါးကြီးမြွေတစ်ကောင် ရစ်ပတ်ထား၏။ တစ်ခါတစ်ရံ ရယ်စရာဟာသများသည် မရယ်ရ၊ အရယ်ရဆုံး ဟာသသည် ကျွန်ုပ်၏ အချစ်ဖြစ်၏။ ကျွန်ုပ်သည် အချစ်ဖြစ်၏။ ကျွန်ုပ်အား အချစ်ဖြစ်၏။ ကျွန်ုပ်၌ အချစ်ဖြစ်၏။ ကျွန်ုပ်တွင် အချစ်ဖြစ်၏။ ကျွန်ုပ်ကို အချစ်ဖြစ်၏။ ကျွန်ုပ်နှင့် အချစ်ဖြစ်၏။ စနေဂြိုဟ်၏ တတိယမြောက် ခါးပတ်ထဲမှာ ကျွန်ုပ်၏ ဒိုင်ယာရီစာအုပ်ကို သိမ်းထားသည်။ အဝါရောင်တိုက်တစ်လုံးက စောင့်နေပါ။ ကျွန်ုပ်ကိုလိုက်၍ တုပနေသော သူများသည် ကျွန်ုပ်၏ နောက်ကသာရှိ၏။ အမှန်စင်စစ် ဘယ်သူမှ ဘာမှမဟုတ်ပါ။ (ဂျိမ်းဂျွိုက်စ်၏ ယူလီဆီး၊ ၁၉၆၁ စာမျက်နှာ ၁၆၄) အမုန်း၊ အချစ်၊ အမည် ပညတ်များသာ ဖြစ်၏။ (စာမျက်နှာ ၂၈၅) အချစ်သည် အချစ်ကို ချစ်ရန် ချစ်၏။ (စာမျက်နှာ -၃၃၃) ဝါကြွားဟန် ရေးပြလိုက်ခြင်းသည် သရက်မျိုးကောင်း မှည့်မှည့်တစ်လုံးထက် ချိုမြိန်၏။ ဂျက်,ကေရိုဗက်၏ ဝတ္ထုကို ဖတ်ဖူးပါသလား။ ဗာနေကူလာနရေးတစ်နှင့် စထရီးအော့ကွန်စီးရှပ်စ်နက် ကွဲကွဲပြားပြား ခွဲခွဲခြားခြား သိရဲ့လား။ ကျွန်ုပ်သည် အများသူငါ၏ မုန်းတီးအမြင်ကတ် ခံရခြင်းကို ဈေးကြီးပေး၍ ဝယ်ထားရပါသည်။

 

×××

 

မခင်ပျိုရယ် ယုဇန မခင်ပျိုရယ်၊ ကျွန်တော်ချစ်တယ်လို့ ထင်ထားတဲ့ အငြိမ့်မင်းသမီး ယုဇနမခင်ပျိုရယ်၊ သတိရလိုက်တာ။ မခင်ပျိုရယ်။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မသီတာ ဟင်။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မသီတာ။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မသီတာ။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မသီတာ။ မခင်ပျို။ မခင်ပျို။ မခင်ပျို။ မသီတာ၊ မခင်ပျို။ မခင်ပျို။ မသီတာ။ မခင်ပျို။ မသီတာ။ မခင်ပျို။ မသီတာ။ မခင်ပျို။ မသီတာ။ မခင်ပျို။ မသီတာ။ မသီတာ။ မခင်ပျို။ မသီတာ။ မသီတာ။ မသီတာ။ မခင်ပျိုရယ်။ မသီတာ။ မသီတာ။ မသီတာ။ မသီတာ။ မခင်ပျို။ မသီတာ။ မသီတာ။ မသီတာ။ မသီတာ။ မသီတာ။ မခင်ပျိုရယ်။ မသီတာ။ မသီ တာ။ မသီတာ။ မသီတာ။ မသီတာ။ မသီတာ။ မသီတာ။ မခင်ပျို ဟင်။မသီတာရယ်၊ သီတာရယ်၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ ခဏလေးနော် မသီတာ။

 

×××

 

ချစ်စဖွယ် နုထွေးအိသော အပျိုမကလေးကို ပွေ့ချီ၍ ကျွန်ုပ် ချောင်းကိုဖြတ်ခဲ့သည်။ ချောင်းတစ်ဖက်တွင် သူ့ကိုထားခဲ့သော်လည်း ကျွန်ုပ်နေ သော နေရာအထိ သူလိုက်ပါလာ၏။ ထိုအခါ ချောင်းရေသည် စီးသွားပြီ။ အနုပညာလား၊ အတတ်ပညာလား။ လူတချို့ တောင်ပိန္နဲပင်အောက်တွင် အိမ်တစ်လုံးဆောက်ရာ တိုင်မထူဘဲ အမိုးမိုးနေကြ၏။ ကိုယ့်အလုပ်ကိုယ် ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်ကြရုံနှင့် မပြီးသေး။ ကိုယ့်အလုပ်ကိုယ် သိကြဖို့လည်း လိုသေးကြောင်း ကျွန်ုပ် ပြောကြားခဲ့ခြင်းကို မှတ်ထားဖို့ မလိုပါ။ ဉာဏ်ပညာဖြစ်စေတတ်သော ကိတ်မုန့်တစ်လုံးဖုတ်၍ ကျွေးချင်စမ်းလှသည်။ ကျွေးစမ်းချင်လှသည်။ အတင်းအဖျင်း ပြောတတ်သူ တစ်ယောက်သည် ရွှေရောင်အင်္ကျီကိုဝတ်၍ လာနေပြီ။ ညံ့ဖျင်းစွာ ဖျော်ထားသော ကော်ဖီတစ်ခွက်ဟူသော စကားရပ်သည် မြန်မာမဆန်ပါ။ သိသမျှ ပြောတတ်သူရှိသော်လည်း ပြောသမျှ သိသူတွေလည်း လိုသေး၏။ လှုပ်ယမ်းနေသော သရက်ပင်ကိုင်းဖျားကို ခွေးဟောင်နေသည်။ လွယ်အိတ်ထဲက ပညာများသည် ကျိုးပဲ့တွန့်ကြေလျက် ရှိသည်။ အစီအစဉ်ကျနမှု ဟူသော စကားရပ်၏ အဓိပ္ပာယ်ကိုလည်း ကျွန်တော် နားမလည်ပါ။ အစီ အစဉ်ဆိုသည်မှာ ရှိနှင့်ပြီးသော အရာလား၊ သဘောလား။ နောက်မှ ရှိလာတာလား။ တစ်ခါရှိလိုက်သည်နှင့် နောင်အမြဲတည်နေသည်လား။ ဇော်ဇော်အောင်သည် ကာလနှစ်ပါးလုံးတွင် အစီအစဉ်မရှိသူ ဖြစ်၏။ အနာဂတ်ကာလအတွက် အစီအစဉ် ကြိုတင်ပြောရဲသော အာဂလူမိုက်များ ရှိပါသေးသလား။ ဆယ့်နှစ်နာရီ သံချောင်းခေါက်သံ ကြားရ၏။ နေ့သစ်သို့ ကူးပြီ။ ထိုနေ့သစ်တွင် ကျွန်ုပ်နေ၏။ မည်မျှ ကြာကြာနေရမည်ကို ပြောပြထားရန် ကျွန်ုပ် ငြင်းဆန်ရလိမ့်မည်။

 

×××

 

ဆောင်းဦးတစ်ခါ ရောက်ပြန်ပြီ။ လေထဲမှာ လွင့်မျောလာတဲ့ ပတ်မသံ၊ စခွံ့သံ၊ သံပတ္တလားသံ၊ ကြေးနောင်သံတွေဟာ နှင်းရည်စက်တွေ ခိုတွဲလို့ ရင်ထဲကို ဝင်လာတယ်။ ဖြူဖွေးတဲ့မီးရောင်အောက်မှာ ထဘီနားဖြူဖြူကြီး ဝဲလို့ပျံလို့။ အင်္ကျီမှာ ဘော်ကြယ်တွေ၊ သက်တံ့ရောင် တလက်လက်နဲ့၊ ပုဏ္ဏားကွယ်၊ ကတ္တီပါအစိမ်းစမှာ ညိုမှောင်တဲ့လှိုင်းရိပ်တွေ ထနေတယ်။ ပွဲခင်းဘေး အကြော်ဖိုဆီဒယ်အိုးထဲက အနံ့သင်းသင်းလေး၊ အေးမြနှင်းရည်နဲ့ စိုစွတ်တဲ့ မီးခိုးပြာပြာတွေ ဇာတ်စင်အထက်က မီးရောင်ထဲမှာ ပျံတက်နေတယ်။ ကဗျာတွေ၊ အလှအပတွေ ရိုးတွင်းခြင်ဆီထဲ ဝင်နေကြတယ်။ ကပါ၊ ဆိုပါ။ ကတယ်ဆိုတယ်ဆိုတာ အနုပညာရှင်တွေရဲ့ အလုပ်ပါ။ ကကြပါ၊ ဆိုကြပါ။ အဲဒါတွေ အားလုံးကို ဧရာဝတီမြစ်ထဲမှာ ထည့်သိမ်းထားလိုက်မယ်။ ဘယ်တိုင်းပြည် ဘယ်လူမျိုးကမှ ဘာမှ လုပ်ကိုင်လို့ မရပါဘူး။ ဘယ်သူလာလို့မှ ဖျက်ဆီးလို့ မရပါဘူး။ ဘယ်သူလာလို့မှ ပြောင်းလဲပစ်လို့ မရပါဘူး မခင်ပျို။ ကဗျာများ၊ အလှအပများနှင့် မခင်ပျို။ ဧရာဝတီမြစ်ထဲမှာ ရှိသည်။

 

×××

 

အငြိမ့်မင်းသမီး ယုဇနမခင်ပျို၊ ဆရာဝန် ဒေါက်တာမသီတာနှင့် ဘာမှ အသုံးမကျသော ဇော်ဇော်အောင်တို့ သုံးယောက် ကွယ်လွန်သွားကြသောအခါ သူတို့သုံးယောက် အသက်ရှင်၍ ကျန်ရစ်ခဲ့လေသည်။ ။

ဆီလျော်သောခေါင်းစဉ်တပ်ပါ

 

[၁]

 

လူဆိုသည်မှာ

အေးစက်သောလေထဲတွင်

ဝေ့ဝိုက်လွှင့်တင်ခြင်းခံရသော စက္ကူစုတ်များ ဖြစ်၏။

 

အဲလရော့

 

[၂]

 

မြောက်ဥက္ကလာပ မြို့အဝင် တစ်ခုသောနေရာတွင် ဆိုက်ကားဆရာ မောင်ဇော်မြင့်နေသည်။ သူ့တွင် သားသမီးခြောက်ယောက် ရှိသည်။ အငယ်ဆုံးကလေးသည် အသက် ခြောက်လကျော်ကျော် ရှိပြီ။ ထိုအိမ်ထောင်စုကို ဆိုက်ကားနင်းခြင်းဖြင့် မောင်ဇော်မြင့် ရှာကျွေးသည်။ သူ့မိန်းမသည် အဝတ်လျှော်ခြင်း အတတ်ပညာကို မတတ်ကျွမ်းခဲ့သော အိမ်ထောင်စုများသို့ လိုက်လံအဝတ်လျှော်ခြင်းဖြင့် တစ်ဖက်က ဝင်ငွေကူရှာရသည်။

 

[၃]

 

ဆိုက်ကားဆရာ မောင်ဇော်မြင့်တွင် ထူးဆန်းသော ဝါသနာတစ်ခု ရှိ၏။ ထိုဝါသနာကား ဆိုက်ကားရပ်ထားစဉ် အနီးအပါး၌ တွေ့ရသော စက္ကူစုတ်များကို ကောက်ယူကြည့်တတ်သော ဝါသနာဖြစ်၏။ ဝါသနာဆိုသည်မှာ တစ်ခါတစ်ရံ အတော် အပြောရခက်သည်။

 

[၄]

 

တနင်္ဂနွေနေ့က စက္ကူစုတ်တစ်ခုကို ကောက်ယူကြည့်မိ၏။ အင်္ဂလိပ်လို ရေးထားသောကြောင့် မောင်ဇော်မြင့် မဖတ်တတ်။ ဟိုဘက်သည်ဘက် နှစ်ခါလောက် လှန်ကြည့်ပြီး နားမလည်သောကြောင့် လွှင့်ပစ်လိုက်သည်။ ထိုစာရွက်ကို မောင်ဇော်မြင့် နားမလည်သော်လည်း ဤဝတ္ထုရေးသူ ဇော်ဇော်အောင်သည် အင်္ဂလိပ်လို ဖတ်တတ်သောကြောင့် နားလည်၏။ ထိုစာရွက်သည် ဟိုတယ်ကြီးတစ်ခုမှ ဘောက်ချာစာရွက်ဖြစ်၏။ Swing ဝီစကီ နှစ်ပက်၊ ခြောက်ဆယ့်ကိုးကျပ်။ ပုတ်(က)ချော့(ပ) ဝက်သားစဉ်းကောကြော်၊ နှစ်ဆယ့်ရှစ်ကျပ် ပြားရှစ်ဆယ်၊ ဒိန်ခဲပွဲကြီး၊ ဆယ့်ရှစ်ကျပ်၊ နောက်ထပ် Swing ဝီစကီနှစ်ပက်၊ ခြောက်ဆယ့်ကိုးကျပ်၊ မာတီနီ(အချို)နှစ်ခွက်၊ သုံးဆယ့်ခြောက်ကျပ်၊ ချစ်ကင်းအင်သဲ ဘတ်(စ်)ကက်၊ ကြက်ကောင်ကြော်၊ သုံးဆယ့်ခြောက်ကျပ်။ စုစုပေါင်း နှစ်ရာ့ငါးဆယ့်ခြောက်ကျပ် ပြားရှစ်ဆယ်ဖိုး သောက်စားထားသော ငွေရပြေစာတစ်စောင် ဖြစ်သည်။ (ထိုစာရွက်ကို စာရေးသူ ဇော်ဇော်အောင် ဘယ်ကဲ့သို့ တွေ့ရှိဖတ်မိသွားသနည်း ဆိုသော မေးခွန်းသည် အဖြေမရနိုင်သော မေးခွန်းဖြစ်၏။) သို့သော် ထိုစာရွက်သည် ဟိုတယ်ကြီးတစ်ခုမှ ငွေရပြေစာဖြစ်သည်မှာ သေချာပါသည်။

 

[၅]

 

တနင်္လာနေ့က မောင်ဇော်မြင့် စက္ကူစုတ်တစ်ခုကို ကောက်ယူကြည့်မိပြန်သည်။ အင်္ဂလိပ်လို ရေးရုံမျှမက ဂျပန်စာလား၊ တရုတ်စာလား ရှုပ်ရှုပ် ယှက်ယှက် စာတွေလည်း ပါ၏။ မောင်ဇော်မြင့် မဖတ်တတ်။ လွှင့်ပစ်လိုက် ပြန်သည်။ ထိုစာရွက်သည် နိပွန်အီလက်ထရစ်ကုမ္ပဏီမှ တယ်လီဗီးရှင်း ရုပ်မြင်သံကြားစက်အကြောင်း ရေးထားသော လက်စွဲစာအုပ်ငယ်မှ စာမျက်နှာ တစ်မျက်နှာဖြစ်၏။ ဂျပန်လို ရေးထားသည့် စာသားက များသည်။ (စာရေးသူ ဇော်ဇော်အောင်သည် အင်္ဂလိပ်စာသာတတ်၍ ဂျပန်စာမတတ်သောကြောင့် တယ်လီဗီးရှင်းကုမ္ပဏီ၏ အမည်ဖြစ်သော NEC စာလုံးသုံးလုံးသာ ဖတ်တတ်သည်။ သို့သော် တယ်လီဗီးရှင်း လက်စွဲစာအုပ်မှ ပါသော စာသားမှန်းတော့သိ၏။)

 

[၆]

 

အင်္ဂါနေ့က မောင်ဇော်မြင့် စက္ကူစုတ်တစ်ခုကို ကောက်ယူကြည့်မိသည်။ စာတွေက အင်္ဂလိပ်လို၊ မနေ့ကတွေ့သော စာရွက်ထဲကစာမျိုး (ဂျပန်စာ)တွေလည်း ပါ၏။ မောင်ဇော်မြင့် မဖတ်တတ်။ သို့သော် သည်တစ်ခါတော့ လွှင့်မပစ်။ အဘယ်ကြောင့်ဆိုသော် ထိုစက္ကူစုတ်တွင် မော် တော်ကားပုံ လှလှကလေးတစ်ပုံ ပါသောကြောင့် ဖြစ်၏။ ထိုကားပုံမျိုး မောင်ဇော်မြင့် မြင်ဖူးသလိုလိုတော့ ရှိ၏။ သိတော့မသိ။ မောင်ဇော်မြင့်သည် သူတို့ဆိုက်ကား ရှေ့ခုံကူရှင်ကို လှန်လိုက်၏။ အတွင်းက သစ်သားခင်း။ သစ်သားခင်းမှ ပျဉ်တစ်ချပ်ကို လှန်လိုက်၏။ အတွင်းက တိုလီမိုလီထည့်သော အံ၊ မော်တော်ကားရုပ်ပါသော စက္ကူစုတ်ကို အသေအချာ ဖြန့်သပ်၍ ထိုအံထဲ ထည့်သည်။ အံကိုပြန်ပိတ်။ ကူရှင်ကိုပြန်ချ။ အိမ်ရောက်လျှင် သူ့ခေါင်းရင်း ကျူထရံမှာ အလှကပ်ထားရန် မောင်ဇော်မြင့် ရည်ရွယ်၏။ ထိုမော်တော်ကား၏ အမျိုးအမည်ကို မောင်ဇော်မြင့် မသိသော်လည်း စာရေးသူ ဇော်ဇော်အောင် သိ၏။ ထိုကားသည် မစ်ဆူဘီရှီ ဂဲလင့်ဆစ်(ဂ)မာ ငွေရောင်ကားကြီး ဖြစ်သည်။

 

[၇]

 

ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့၊ သောကြာနေ့ သုံးရက် မောင်ဇော်မြင့် ဖျား၍ ဆိုက်ကားမထွက်။ အုံနာဦးကျင်းဟိုက်က ဘုမ္မာလမ်းသွယ်ထဲမှ စိန်မြင့်ဆိုသော သူငယ်ကလေးကို ဆိုက်ကားပေး၍ အထွက်ခိုင်းသည်ဟု သိရ၏။ ဖျားရုံမျှမက ကိုယ်လက်တွေပါ ကိုက်ခဲနာကျင်လှသောကြောင့် အတော်ခံလိုက်ရသည်။ ကိုးပါးဆေးနှင့် ပျောက်၍ စနေနေ့ ဆိုက်ကားပြန်ထွက်သည်။ အနည်းငယ် မောနေ၏။

 

[၈]

 

စနေနေ့က မောင်ဇော်မြင့် စက္ကူစုတ်တစ်ခု တွေ့ပြန်သည်။ ကောက်ယူကြည့်ပြန်၏။ မြန်မာလို ရေးထားသောကြောင့် မောင်ဇော်မြင့် ဖတ်တတ်၏။ ဖတ်၏။ ဘာမှ သူနားမလည်။ ဖတ်တတ်သော်လည်း နားမလည်သော စာများ ရှိပါသေးသလားဟု သူစဉ်းစားမိ၏။ လေးငါးကြောင်းလောက် ဖတ်ပြီး လွှင့်ပစ်လိုက်ပြန်၏။ ထိုစာကို မောင်ဇော်မြင့် နားမလည်သော်လည်း စာရေးသူ ဇော်ဇော်အောင် နားလည်၏။ ထိုစာမှာ ဤသို့ဖြစ်၏…။

… ဆယ့်ကိုးရာစုနှစ် ရုရှစာပေလောကတွင် အိတ်ဇစ်တင်ရှယ်လစ်ဇင်း အရိပ်အငွေ့သန်းသော ဂန္ထဝင်မြောက် လက်ရာနှစ်ခုပေါ်ခဲ့၏။ ယင်းတို့မှာ အိုင်ဗင်အိလိရစ် ကွယ်လွန်ခြင်းဟူသော တော်လ်စတွိုင်း၏ ဝတ္ထုနှင့် ဖခင်များနှင့်သားများ ဟူသော တာဂျီနက်၏ ဝတ္ထုတို့ပင်ဖြစ်သည်။ သို့သော် ကျွန်ုပ်သဘောအရ ပြောရလျှင် အကြီးကျယ်ဆုံး အိတ်ဇစ်တင်ရှယ်လစ် စာရေးဆရာကြီးမှာ ဒေါ့စတို ယက်စကီး(1821-81)ပင် ဖြစ်သည်။ ဆရာကြီး၏ ကာရမာဇော့ ညီအစ်ကိုများနှင့် မြေအောက်မှမှတ်စုများ ဟူသော လက်ရာနှစ်ပုဒ်တွင် အိတ်ဇစ်တင်ရှယ်လစ်ဇင်းကို…။

 

(ထိုစာသားများကို ဇော်ဇော်အောင် နားလည်သော်လည်း မသိ။)

 

[၉]

 

ဘယ်နေ့ဟု မမှတ်မိ။ လူနှစ်ယောက်ကို နှစ်ကျပ်တန်ခရီး တစ်နေရာ လိုက်ပို့ရာတွင် ငွေအစိတ်ရလိုက်၏။ သည်ကိစ္စလည်း သိပ်မဆန်း။ မကြာခဏ ဤသို့ မတန်တဆ ရတတ်၏။ မောင်ဇော်မြင့် အိမ်အစောကြီး ပြန်သည်။ လမ်းထိပ်မှာ စက်ဘီးပေါ်တွင်တင်၍ ရောင်းသော ထီဆိုင်ကို တွေ့၏။ စက်ဘီးကယ်ရီယာပေါ်မှာ တင်ထားသော ကက်ဆက်က သီချင်းသံ ထွက်နေ၏။ မွေးနေ့မင်္ဂလာ၊ မွေးနေ့မင်္ဂလာ၊ မွေးနေ့လက်ဆောင်သီချင်းပင် ဖြစ်လိမ့်မည်။ ရွှေသူဌေးထီဆိုင်မှ ထီတစ်စောင်ထိုးခဲ့၏။ အတိတ်ဘာရေးရမှန်း မသိ၍ သည်အတိုင်း ယူလာသည်။ ထီလက်မှတ်နှင့်အတူ စိတ်ကူးများကိုပါ ယူလာခဲ့သည်။

 

[ ၁ဝ ]

 

မောင်ဇော်မြင့် အိမ်ပြန်ရောက်၏။ အငယ်ဆုံးသမီးလေးက တဝါးဝါး ငိုနေသည်။ ဗိုက်နာတာလား၊ သံထိုးလို့လား၊ မအေ ဘာအစားမှား သလဲ။ ညနေကျမှ လမ်းထိပ်ဆေးခန်း သွားပြမည်။ သူ့မှာ ငွေနှစ်ဆယ့်သုံးကျပ် ရှိ၏။ သမီးကို လှမ်းကြည့်၏။ မည်းမည်းပိန်ပိန် ဗိုက်ပူနံကားကလေးနှင့်။ ထီဆိုင်တုန်းက သီချင်းသံ သူ သတိပြန်ရ၏။ မွေးနေ့မင်္ဂလာ၊ မွေးနေ့မင်္ဂလာ။ နာမည်မပေးရသေးသော သူ့သမီးလေး မွေးနေ့မင်္ဂလာပွဲလုပ်မည်။ တစ်ရပ်ကွက်လုံး ဒံပေါက်ထမင်းကျွေးမည်။ ဒူးယားနှင့် ရေခဲမုန့်ပါ ပါဦးမည်။ နာမည်။ သည်ကောင်မကို အခုထိ နာမည်မပေးရသေး။ နာမည်။ နာမည်။ နာမည်ကောင်းကောင်း လှလှ ခေတ်ဆန်ဆန် ပေးရမည်။ နာမည် ကြားဖူးသမျှ၊ ဗဟုသုတရှိသမျှ၊ နာမည်၊ နာမည်။

 

[ ၁၁ ]

 

မောင်ဇော်မြင့်သည် သူ့သမီးလေးကို မမသူဇာဖြူပြာ၊ ကလျာနွဲ့ နှင်းဖြူ... ဟု စိတ်ထဲက နာမည်ပေးလိုက်၏။

 

[၁၂]

 

ဒါပဲတတ်နိုင်တယ် သမီးရယ်။

မပျော်ပိုက်တော့ပြီဖြစ်၍

 

သိပ်ဆူသည်။

 

လောကမှာ

မခံနိုင်ဆုံးအရာကား

ဆူညံခြင်း အသံဗလံများပင်

ဖြစ်တော့သည်။

ဆူညံခြင်းကို

မည်သူစတင်

တီထွင်ခဲ့သနည်း။

လောက၏ အကျိုးကို

ဖြစ်ထွန်းစေသော

တီထွင်မှုတစ်ခုခု

စတင်ဆောင်ရွက်ခဲ့သူကို

ဆုငွေပေးသည်

ကြားဖူး၏။

သည်ဆူညံခြင်းကို

စတင်တွေ့ရှိသူ

သို့မဟုတ် တီထွင်သူကို

ဘယ်လိုလုပ်ပစ်ရမည်လဲ။

ပင်ကိုသဘာဝကိုက

နားအေးပါးအေး

နေချင်သူဖြစ်ခဲ့၏။

သို့သော်

ဘဝထဲရောက်လာမှတော့

မှတ်မိသလောက်

သိတတ်သည့်အရွယ်ကစ၍

နားအေးပါးအေး

မနေခဲ့ရပါ၊ ဘယ်သူလဲဟု

အသေအချာမမှတ်မိ။

ဘဝဆိုတာ

လှုပ်ရှားရုန်းကန်ခြင်းပါပဲ။

ဆိုပြီး

သူ့ကို ခပ်ငယ်ငယ်က

လူတစ်ယောက်က

မြှောက်ပေးခဲ့သည်။ ဘဝထဲမှာနေဖို့

မောလိုက်ရတာ

ဘဝအမောတွေဆို့ပြီး

မတ်တတ်က

ဗုန်းဗုန်းပစ် လဲကျလုမတတ်

လှုပ်ရှားရုန်းကန် ခဲ့ရသည်။

သည်တုန်းကလည်း

အသံတွေဆူညံလို့ပါပဲ။

လူတွေရဲ့ ခြေသံ၊

ရယ်သံ၊ ငိုသံ၊

စိတ်ဆိုးသံ၊ ဟန်ဆောင်သံ၊

လိမ်ပြောသံ၊ ထမင်းအိုးဖုံးဖွင့်တဲ့အသံ၊

ပန်းကန်ဆေးတဲ့အသံ၊

ထမင်းလုံးတစ်စေ့

ကြမ်းပြင်ပေါက်က

အောက်ကျသွားတဲ့အသံ၊

စာအုပ်ထဲက

စာလုံးတွေ

ခိုတစ်အုပ်လန့်ပျံသလို ဝုန်းခနဲ

ပျံထွက်သွားတဲ့အသံ၊

ငေါက်လိုက်တဲ့အသံ၊

ခြေတစ်လှမ်း နောက်ဆုတ်သွားတဲ့အသံ၊

ကျောကုန်းကို

လက်ဖဝါးနှင့်သပ်လိုက်တဲ့အသံ၊

ခေါင်းပေါ်တက်နင်းသွားတဲ့အသံ၊

အပေါ်ထပ်က

ကြေးစည်သံ၊ ဘောက်(စ)ပန်နာနဲ့

တအားလှည့်ကျပ်လိုက်လို့

နပ်တိုင် ထောက်ခနဲ

ကျိုးသွားတဲ့အသံ၊

ဆူညံနေလိုက်တာ။

အခုတော့ တော်လောက်ပါပြီ၊

အလုပ်က အနားယူပြီး

ပင်စင်လစာလေး

ဆုကြေးကလေးနှင့်

နားအေးပါးအေး

တစ်ကိုယ်ရေ တစ်ကာယ

တော်လောက်ပါပြီလေ။

 

XXX

 

ဘယ်ဘက်အခန်းကလူ

 

သိပ်ဆူသည်

သတင်းစာ

အကျယ်ကြီးအော်ဖတ်လေ့ရှိ၏။

ပြည်တွင်းပြည်ပ သတင်းအကုန်။

ဆောင်းပါး၊ နာရေးကြော်ငြာ၊

စေ့စပ်ခြင်း၊ လက်ထပ်ခြင်း၊

နာမည်ပြောင်းခြင်း၊ စာအုပ်ကြော်ငြာ၊

တိပ်ခွေကြော်ငြာ၊ ရုပ်ပြကြော်ငြာ၊

ရုပ်ရှင်ဇာတ်ပွဲ တီးဝိုင်းကြော်ငြာ၊

အကုန် အကုန်။

ဘာတစ်ခုမျှမကျန်။

အကုန်ဖတ်သည်။

အကျယ်ကြီးအော်ဖတ်သည်။

သတင်းစာဖတ်သံ၊

တစ်ချိန်လုံး ကြားနေရ၏။

တစ်စောင်လုံး

ကုန်သွားလည်း ပြန်ဖတ်၏။

ထပ်ကာ ထပ်ကာ ဖတ်၏။

အကြိမ်ပေါင်းများစွာ ဖတ်၏။

တစ်ချိန်လုံး

ကြားနေရသည်။

သိနေရသည်။ သိပ်ဆူသည်။

 

×××

 

ညာဘက်ခန်းက

 

လူသည် စကားနည်း၍

အလွန်အေးသည်။

သတင်းစာ အော်မဖတ်တတ်၊

သို့သော် ခက်နေသည်က

ထိုလူသည် တစ်နေ့လုံး

ပစ္စည်းတွေ ဟိုရွှေ့ သည်ရွှေ့

လုပ်တတ်၏။

မ၍ရွှေ့၏။ တွန်း၍ရွှေ့၏။

ဆွဲ၍ရွှေ့၏။

ခုတင်၊ စားပွဲ၊ ကုလားထိုင်၊

သေတ္တာ၊ ကြောင်အိမ်၊ ရေအိုးစင်၊

ဖျာလိပ်၊ ပစ္စည်းတွေကို

တစ်နေရာက တစ်နေရာသို့

အမြဲရွှေ့နေ၏။ တစ်နေ့လုံး ရွှေ့သည်။

နေ့တိုင်းရွှေ့၏။

ထိုမျှမကသေး။ တူတစ်လက်နှင့်

နံရံပေါ်မှာ တိုက်တွေပေါ်မှာ

တဒုံးဒုံးနှင့်

သံချောင်းတွေရိုက်နေ၏။

အိမ်ဆိုသည်မှာ ပစ္စည်းချိတ်စရာ

ခြင်ထောင်ကြိုးတန်းစရာ

သံချောင်းရိုက်ရစမြဲပါပဲ။

သို့သော် နေ့တိုင်းရိုက်၏။

တဒုံးဒုံးရိုက်၏။

တစ်ချိန်လုံးရိုက်၏။

ပစ္စည်းရွှေ့သံနှင့် သံရိုက်သံတွေ

သိပ်ဆူသည်။

 

×××

 

သုံးခန်းတွဲအိမ်ကလေးမှာ

အလယ်ခန်းကိုမှ

ရွေး၍ငှားမိပေသကိုး။ စတုန်းကတော့

သူ့လိုပဲ

အသက်ကြီးကြီး ပင်စင်စား

အဘိုးကြီးတွေဟု သိရ၍

အဆင်ပြေလိမ့်မည် ထင်ခဲ့သည်။ အခုတော့၊

 

×××

 

သူ့အခန်းနှင့် မျက်နှာချင်းဆိုင်

 

လမ်းဟိုဘက်က အိမ်မှာလည်း

မြင်နေရ၏။ ကြားနေရ၏။

မျက်နှာချင်းဆိုင်အိမ်ကလူသည်

သူ့အကြောင်းကို

သူသိပ်ပြော၏။ ဘယ်တုန်းက

ဘာလုပ်ခဲ့တာ၊

အဲဒီတုန်းက ဘယ်လို

အခုဘာတွေလုပ်နေတာ

ဘယ်လိုလုပ်နေတာ

လုပ်သမျှလည်း

အကောင်းတွေချည်းပဲ။

အမှန်တော့ သူ့ကို

လာပြောနေခြင်းတော့ မဟုတ်။

သူ့အိမ်မှာ သူ့ဘာသာနေပြီး

လမ်းသွားလမ်းလာတွေကို

ဆီးနှုတ်ဆက်၊ ဘယ်သွားမလို့လဲ၊

ဘယ်ကပြန်လာသလဲ၊ လာထိုင်ပါဦး၊

ရေနွေးသောက်ပါဦး၊ ခေါ်ပြီး

သူ့အကြောင်းတွေ

သူပြောပြခြင်းသာဖြစ်၏။

ဘာပဲဖြစ်ဖြစ် ကြားနေရ၏။

ကြာတော့ နားထဲမှာ ဆူလာသည်။

 

×××

 

နောက်ဖေးအိမ်ကလူ။

 

သူ့အိမ်နောက်ဖေး

ရေကပြင်ကထွက်လိုက်သောအခါ

နောက်ဖေးလမ်းကြားနှင့်ကပ်လျက်

တစ်ဖက်လမ်းကအိမ်၏

ရေကပြင်မှာ လူတစ်ယောက်။

ထိုလူက သူ့ကို

တွေ့တိုင်း ပြုံး၍ပြုံး၍ပြ၏။

စကားတော့ တစ်ခွန်းမှမပြော။

ပြုံး၍ပြုံး၍သာပြ၏။

ထို့ပြင် ထိုလူသည်

အဝတ်အစားသစ်

တစ်နေ့အကြိမ်များစွာလဲ၍

ဝတ်တတ်၏။ အင်္ကျီလုံချည်

အလွန်ပေါသူဖြစ်သည်။

နောက်ဖေးကပြင်သို့

ထွက်လိုက်တိုင်း

ဟိုလူကိုတွေ့ရ၏။

တစ်ခါတွေ့လျှင်

အင်္ကျီလုံချည်တစ်မျိုး

တွေ့တိုင်း သူ့ကိုပြုံးပြုံးပြ၏ ။

ကြာတော့

အဝတ်အစားခဏခဏ

လဲဝတ်တတ်သော

ထိုလူ၏အပြုံးသည်

ဆူညံလာတော့၏၊

နားမခံသာတော့။

 

×××

 

သူ အိမ်ပြောင်းတော့မည်။

 

ပြောင်းဆို အခုပြောင်းတော့မည်။

အိမ်ရှင်တွေက တခြားမှာနေ၏။

နောက်မှ စပေါ်ငွေ

တောင်းယူတော့မည်။

အခုပြောင်းသွားကြောင်း

သိရုံ စာရေးခဲ့မည်။

စာရေးဖို့ သူ စဉ်းစား၏။

ဆူလို့ပြောင်းသည်ဟုပြောလျှင်

တစ်ဖက်လူတွေ

ထိခိုက်လိမ့်မည်။

ဘယ်သူ့ကိုမှ အပြစ်မပြောလို။

သူပျော်လို့

ပြောင်းသွားသည်ပဲထားတော့။

ဘယ်ကစရေးရမည်လဲ။

ဤအိမ်တွင် မပျော်ပိုက်တော့ပြီဖြစ်ပါ၍

သိပ်မကောင်း။

စာရွက်ကို လုံးချေပစ်လိုက်၏။

နောက်မှပဲ ကြည့်ပြောတော့မည်။

သိပ်များများစားစားမရှိသော

သူ့ပစ္စည်းပစ္စယတွေ

စုထုပ်၏။ မကြာခင် ပြီးသွားသည်။

အထုပ်ငါးထုပ်၊ သံသေတ္တာတစ်လုံး

မဟာမြတ်မုနိပုံတော်

ကားချပ်တစ်ချပ်၊ သည်လောက်ပါပဲ။

ဘယ်သွားရပါ့။

အထုပ်တွေကြည့်စဉ်းစားသည်။

ငါ ဘယ်သွားမလဲ။ သူစဉ်းစားသည်။

အတော်ကလေးကြာသောအခါ

သူ့ဘာသာတစ်ယောက်တည်း

ပြုံးမိသည်။ ငါဘယ်သွားမလဲ။

အထုပ်တွေကြည့်၍

အသံထွက်ရယ်မိသည်။

အတော်ကြာကြာ ဟက်ဟက်ပက်ပက်

ရယ်မိ၏။ အရယ်ရပ်လိုက်သည်နှင့်

တစ်လောကလုံး အသံဗလံတွေ

တိတ်သွားသည်။ တစ်ခါထပ်၍

ရယ်ပြန်၏။ ရယ်ရင်း

သူ့အထုပ်တွေ သူပြန်ဖြေ၏။

 

×××

 

သည်လိုနှင့်

သုံးခန်းတွဲ အလယ်ခန်းတွင်

နေသော

အသက်ခြောက်ဆယ်အရွယ်

မော်တော်ကားစက်ပြင်ဆရာဟောင်း

အငြိမ်းစားမက္ကင်းနစ် ဦးဇော်မြင့်

အိမ်မပြောင်းဖြစ်။

အသံဗလံတွေကြားမှာ ဆက်နေ၏။

နိုင်တဲ့လူ အကုန်ယူသွားသည်

 

The Winner takes it all.

 

ABBA

 

တောင်စောင်းအပြန့်သည် နိမ့်လျှောဆင်းသွား၏။ ခပ်ဝေးဝေး တစ်နေရာတွင် အနိမ့်အဝှမ်းသည် ကော့ပျံမြင့်တက်၍ သွားသည်။ ရှေ့တူရူကို ငေးမောမေ့ကျန်စွာ ကြည့်နေမိသည်။ မည်မျှကြာသွားသည် မသိ။ ပြန့်ပြောခြင်း၊ အတားအဆီး အဖိအနှိပ်မရှိခြင်း၊ ကျယ်ဝန်းခြင်းတို့ကို ရင်မောစွာ ခံစားရ၏။ ရှေ့တူရူမှာ လှိုင်းထနိမ့်မြင့် မို့မောက်ပြေလျောသွားသော တောင်များ၊ မိုးကုပ်စက်ဝိုင်းအထိ တောင်စဉ်လှိုင်းသည် တည်ရှိနေ၏။ စိတ်ထဲမှာတော့ ထူးဆန်းနေသည်။ တောင်လှိုင်းလွင်ပြင်မှာ ပြောင်ချောလွန်းသည်။ ဗလာဖြစ်လွန်းသည်။ အရာဝတ္ထုမဲ့လွန်းသည်။ သစ်ပင်မဆိုထားနှင့် မြက်ကလေးတစ်မျှင်၊ ရေညှိကလေး တစ်ကွက်မှ မတွေ့ရ။ ဝါညိုရောင် ကျောက်သားများသာ။ ကမ္ဘာပေါ်မှာ ဘာမှမရှိ ဗလာပြောင်ချောနေ သော ကျောက်တောင်များ ရှိပါကလား။ ထိုကျောက်တောင်များသည် မိုးကုပ်စက်ဝိုင်းအထိ မျက်စိတစ်ဆုံး ကျယ်ပြန့်စွာ တည်ရှိတတ်ပါကလား။ အတားအဆီးမဲ့သော ကျောက်တောင်ကွင်းပြင်ကို ကြည့်မိပြန်၏။ ဘာလုပ်ရမလဲ။ ဆက်သွားပါ။ ဆက်သာသွားပါ။ အခု ဆက်သွားသောအလုပ်ကို လုပ်ပါ။ အချိန်ကျလာလျှင် ထိုအလုပ်မှတစ်ပါး အခြားအလုပ် ရှိနေခဲ့ပါလျှင် ဘာလုပ်ရမည်ကို အလိုလို သိလာလိမ့်မည် ဖြစ်သော်လည်း အချိန်မကျသေးမချင်း ထိုအချိန်ကို စောင့်၍ စောင့်ချင်သည်ဖြစ်စေ၊ မစောင့်ချင်သည်ဖြစ်စေ၊ စောင့်၍ ထိုအချိန်ကျလာလျှင် အကယ်၍ တခြားအလုပ် ရှိနေခဲ့ပါလျှင် ဘာလုပ်ရမည်ကို အလိုလို သိလာပါလိမ့်မည်ဟု ထင်၏။

ခင်မောင်ရင်ပေးထားသော (Herman Hesse) ၏ “အရှေ့ဘက်သို့ခရီး”ဆိုသော ဝတ္ထုစာအုပ်တစ်အုပ် ဖတ်ဖူးသည်။ ဝတ္ထုဆိုသည်မှာ ဘာကို ဘယ်လိုရေးထားသလဲ။ သုတလား၊ ရသလား၊ သုတရသလား။ သည်မေးခွန်းတွေ အစကတည်းက မှားနေ၏။ သုတဆိုတာ မရှိဘူး။ သုတရသဆိုတာ မရှိဘူး။ ရသတစ်ခုပဲရှိသည်။ ကိုယ်မသိသော အကြောင်းအရာကို ဘာမှမသိပါဘဲနှင့် ဝင်ဝင်ပြောသော သူတစ်ယောက် လာနေသည်။ သူ့အင်္ကျီကျောပေါ်မှာ “ရှက်ဖွယ်” ဟူသော စာလုံးနှစ်လုံး ပန်းထိုးချည်အနီနှင့် လှပစွာ ရက်ဖောက်ရေးထိုး ပေးလိုက်ကြပါ။ လောကကြီးမှာ အရယ်ရဆုံးဟာသ တမြန်နေ့က ပေါ်ပေါက်လာခဲ့သည်။ သိတယ်ဆိုတာ ဘာလဲ။ အမှန်စင်စစ် ဘယ်သူမှ ဘာမှသိကြသည် မထင်ပါ။

ပြာသောကောင်းကင်နှင့် ဖြူဆွတ်နုသော တိမ်တိုက်တို့ ပွတ်တိုက် ရွေ့လျားသံသည် ကျယ်လောင်လှချေ၏။ တိမ်တိုက်များ ရွေ့လျားသံသည် ရက်စက်ပွင့်လင်းနေသည်။ ထိုအသံကို နားမခံသာပါ။ နားနှစ်ဖက်ကို ပိတ်၍ ထိုင်ရာမှ ထလိုက်သည်။ ရှေ့သို့ အားသွန် ပြေးထွက်ခဲ့ရသည်။ တောင်ကမူပေါ်မှာ သံမဏိဗီရိုတစ်လုံး ရှိနေသည်။ အဆင့်သုံးဆင့်ပါ၏။ ရင်ခေါင်းလောက် မြင့်သည်။ အပေါ်ဆုံးဆွဲအံကို ဆွဲဆောင့် ဖွင့်ပစ်လိုက်သည်။ အံဆွဲအောက်မှ ဘီးလုံးငယ်ကလေးများ သံဘောင်မြောင်းတစ်လျှောက် ပွတ်တိုက်ရွေ့လျား သွား၏။ ပြန်ဆောင့်ပိတ်လိုက်သည်။ ပြန်ဖွင့်သည်။ ပြန်ပိတ်၏။ သံမဏိအံဆွဲများ၏ ဖွင့်သံပိတ်သံသည် နားထဲမှာ လွန်စွာ ကြည်နူးအေးမြလှပါသည်။ အချိန်မည်မျှ ကုန်သွားသည် မသိပါ။ အံဆွဲသုံးဆင့်ကို ဖွင့်လိုက်ပိတ်လိုက်၊ ဖွင့်လိုက်ပိတ်လိုက် လုပ်ရင်း ကိုယ်မပိုင်သော လောက၏ အချိန်များကို ကုန်လွန်သွားစေခဲ့ပါသည်။ အချိန်အတော် ကြာသွားပြီ ထင်သည်။ အံဆွဲဖွင့်သံ ပိတ်သံများသည် နေ့နှင့်ညအကူး အမှောင်ကျဆင်း ဆိုင်းအုပ်လာသလို ဖြည်းညင်းစွာ၊ သိမ်မွေ့စွာ၊ လှပစွာ တစ်ကိုယ်လုံး အပေါ်သို့ ကျဆင်းအုပ်ဆိုင်း လာနေပါသည်။ သာယာလိုက်တာ၊ လှပလိုက်တာ၊ ကြည်နူးလိုက်တာ၊ ရင်ထဲမှာ နှင်းမှုန်တွေ တဖွားဖွား လွင့်နေသည်။ သိတယ်ဆိုတာဟာ ဘာလဲ။ အမှန်စင်စစ် သိပ်မသိကြပါ။

လူသည် လောကအတွင်းသို့ ပစ်ချခံလိုက်ရသော အထီးကျန်သတ္တဝါ ဖြစ်သည်။ ဖြစ်လာပြီဆိုကတည်းက အဓိပ္ပာယ် ကင်းမဲ့နေသည်။ လောကထဲမှာ ထိုသို့လျှင် အဓိပ္ပာယ်ကင်းမဲ့စွာ၊ အထီးကျန်စွာ တစိမ်းပြင်ပြင် လောကထဲမှာ၊ သူစိမ်းများ၏ အလယ်မှာ ဖြစ်တည်လာခြင်းသည် ကောင်းချီးမင်္ဂလာတစ်ပါး မဟုတ်။ သူ အသက်ရှင် တည်ရှိနေသော လောကထဲမှာ ထိုလောကနှင့် အဆက်ပြတ်၍ နေရသည်ဟု လူအချို့က ပြောကြားခဲ့သည်။ မကြိုက်ပါ။ သိပ်မကြိုက်လှပါ။ ကိုယ်ကိုယ်တိုင်က ဘာမှမသိဘဲနှင့်တော့ အယူအဆတစ်ရပ်၊ ဒဿနတစ်ရပ်ကို သိသလိုလို မလုပ်ချင်ပါ။ ဆစ်ဇီဖတ်ဆိုသူသည် ကျောက်တုံးကြီးကို တောင်ပေါ်သို့ လှိမ့်တင်နေစဉ် ဇော်ဇော်အောင်သည် ဤဝတ္ထုကို သူခံစားအာရုံရသလို ရေးနေ၏။ ဘယ်သူမှ ဘာမှပြောရန် မရှိပါ။ အကယ်၍ တစ်စုံတစ်ယောက်က ဤဝတ္ထု၏ ဆိုလိုရင်း အဓိပ္ပာယ်ကို ဘယ်လိုအကြောင်းနှင့်ပဲ ဖြစ်ဖြစ် ရှာဖွေစူးစမ်းဖို့ ကြိုးပမ်းလျှင် သူ့တာဝန်သာဖြစ်၏။ ရေးသူနှင့် မဆိုင်ပါ။ ရှာတွေ့သွားပြီ ဆိုလျှင်သော် လည်းကောင်း၊ ရှာမတွေ့ဟု ဆိုလျှင်သော် လည်းကောင်း၊ ရေးသူက ဘာမှပြောရန် အကြောင်းမရှိပါ။ ရေးသူသည် သူ ခံစားအာရုံရသလို ရေးထားခြင်းကို သဘောမပေါက်သမျှ၊ ဒဿနတစ်ရပ်ကို မသိဘဲနှင့်ဟူသော စကားရပ်သည် မသိသေးသမျှဟု ဆိုလိုသည်လား။ ဘယ် တော့ သိမည်လဲ။ အမှန်စင်စစ် ဘယ်သူမှ ဘာမှမသိကြသည့် အထဲတွင် ဇော်ဇော်အောင်သည် အာရုံခံစားသူသာ ဖြစ်၏။ သစ်သားပေတံ၊ ဝါးပေတံ၊ ပလတ်စတစ်ပေတံ အားလုံး အမှိုက်ပုံးထဲ ထည့်ထားပါ။

အဝေးအရပ်မှ ပျံ့လွင့်လာသော တီးတိုးသံသည် သစ်ပင်များ၊ မြက်ပင်များ၊ ရွက်ခြောက်များ၊ ကင်းမဲ့လပ်ဟာသော ပကတိပြောင်ချော တောင်ကုန်းများ၊ ထူးဆန်းသော အရောင်ဖြင့် စိမ်းလန်းစေ၏။ စိမ်းလန်းသော အရောင်ဆိုသည်မှာ နီရဲသောအရောင် မဟုတ်။ နီရဲသောအရောင် မဟုတ်ခြင်းသာ သိရ၏။ စိမ်းလန်းသော အရောင် ဆိုသည်မှာ ဘာလဲဟု တကယ်မသိရ သိဖို့မသိဖို့ကို အပထား၊ ထူးဆန်းသော အရောင်ဖြင့် မီးစုန်းတောက်သလို စိမ်းလန်းနေသော ကျောက်သားတောင်ကုန်း လွင်ပြင်ကို ဆက်ဖြတ်ရပါလိမ့်မည်။ ဆက်၍ ဖြတ်နေရပါသည်။ ဗျိုင်းဖြူများသည် ကျက်သရေရှိစွာ ကောင်းကင်ကိုဖြတ် ပျံသန်းနေကြသည်။ အရေးအကြီးဆုံးက ကိုယ့်အလုပ်ကို လုပ်ဖို့ပဲဖြစ်သည်။ လူသားတစ်ရပ်လုံး ကောင်းကျိုးအတွက် အသက်ရှင်နေထိုင် လုပ်ကိုင်ဆောင်ရွက်ခြင်းသည် စစ်မှန်သော ဖြစ်တည်မှုဟူ၍ မှတ်ယူအပ်ပေသည်။ ကမျူး၏ ဖြစ်တည်မှုအဓိက ဒဿနကိုမျှ ဌာန်ကုန်အောင် မလေ့လာဖူးဘဲ ကြည်အေးကဗျာသုံးပုဒ်၊ ဝတ္ထုလေးပုဒ်လောက် ဖတ်ပြီး ထင်ရာတွေ စွတ်ပြောနေလျှင် ဘာပြောစရာ လိုပါသနည်း။ လူကြီးမင်းများ လက်ခုပ်တီးပါ။ ကမျူးက ဆာ့တ်လို ပုဂ္ဂိုလ်၏ ဖြစ်တည်မှုအဓိကဝါဒ ဆန်သော အတွေးအခေါ်များသည် လုံးဝမှားယွင်း၍ လုံးဝ လက်မခံနိုင်ပါကြောင်း အပြတ်ကြေညာခဲ့သည်။ တေပေလေလွင့် စိတ်ကစားချင်သော ကောင်မလေးတစ်ယောက် အချိန်တန် အိမ်ပြန်ပါလိမ့်မည်။ ဝန်နှင့်အားကို မချိန်ဆဘဲ လေးလံပြည့်ဖောင်းနေသော ဒဿနထုပ်ကြီး သူ့ခေါင်းပေါ် တင်မပေးလိုက်ကြပါနှင့်။ လူသတ်မှုအတွက် ထားရှိသော ပုဒ်မသည် ၃ဝ၂ ဖြစ်သည် ဆိုပါလျှင် အတွေးအခေါ်သတ်မှုအတွက် ပုဒ်မသည် သုံး ကုဋေနှစ် ဖြစ်နိုင်စရာ အကြောင်းရှိ၏။ သူတို့ ဘယ်သွားနေကြသည်လဲ။

တောင်ကုန်းစွယ်မှာ မြင်းဖြူတစ်ကောင် တွေ့ရပြန်ပါသည်။ ကကြိုးတန်ဆာ ဘာမှမပါသော မြင်းဖြူကြီးသည် ငွေရောင်တဖိတ်ဖိတ် တောက်ပနေ၏။ လည်ဆံမွေးများသည် ရေတံခွန်များ စီးသွန်ဖြာကျနေသည်နှင့် တူသည်လား၊ ဆည်းဆာ၏ ကျနေရောင်သည် ပြောင်လက်သော ကျောကုန်းပေါ်မှတစ်ဆင့် မျက်လုံးထဲသို့ဝင်၏။ အလှအပဆိုသည်မှာ မျက်လုံးထဲမှာသာ ရှိသည်။ မြက်ပင်၊ သစ်ပင်တစ်ပင်မျှ မရှိသော တောင်ကုန်းပေါ်မှာ မြင်းဖြူကြီးသည် စိမ်းလန်းသော မြက်များကို စားနေ၏။ ထို မြင်းဖြူကြီးသည် ကြည့်နေရင်းမှာပင် အဝါရောင်တောက်ပသော မြွေတစ်ကောင် ဖြစ်၍သွားသည်။ အထင်လား၊ အမြင်လား ခွဲခြားမသိနိုင် ကလေးမှာပင် အရှေ့ကောင်းကင်မှ ထောပတ်ရောင်တောက်သော လ ထွက်လာသည်။ လရောင်အောက်တွင် အရာအားလုံး၊ ကမ္ဘာအားလုံး မေတ္တာဓာတ်ကို ရ၏။

အိပ်ချင်မှု၊ နွမ်းနယ်မှုတို့ဖြင့် လေးလံနေသော မျက်လုံးများသည် တစ်ရပ်တစ်ကျေးမှ ခံစားမှုများကို ပြန်လည်ခေါ်ယူ လာခဲ့သည်။ ခံစားမှုဝါဒီတစ်ဦး ဖြစ်ရခြင်းအတွက် ရှက်ဖွယ်ရာဟု မယူဆပါ။ ရင်ထဲကအရာကို ဘယ်သူမှ ဘာမှလုပ်၍မရ။ လေးတွဲသော ရနံ့များသည် ဒေါနပန်း၏ ရနံ့များဖြစ်ကြောင်း ခံစားသိရှိလိုက်ရသည်။ လေထဲမှာ ကျောက်သား မျက်နှာပြင်၏ ချောမွတ်မှုများ ပျံတက်နေသည်။ ချောမွတ်သော ရနံ့များသည် ဒေါနပန်းများ၊ လရောင်ခြည်များနှင့် ယှက်ထွေးလျက် ကောင်းကင်မှာ တွဲလွဲဆွဲ၍ ချိတ်နေသည်။ အဝေးဆုံး မိုးကုပ်စက်ဝိုင်းမှာ လရောင်ခြည်သည် အလှဆုံးဖြစ်တော့သည်။ ဘယ်ဆီဟု မသိရသော အရိပ်တစ်ခုမှ တယောသံများ ပြေးလာနေသည်။ အသံများ ပြေးလွှားရင်း ဒေါင်လိုက်၊ အလျားလိုက် ပျံသန်းကာ သံဆန်ခါကွက် လှောင်အိမ်တစ်ခုကို ရက်လုပ်လိုက်ကြ၏။ လေထဲမှာ တယောသံ ဆန်ခါကွက် လှောင်အိမ်ကြီးသည် ဖြည်းညင်းစွာ လာနေ၏။ အံ့သြရန် အချိန်မရလိုက်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး ထိုလှောင်အိမ်တွင်းသို့ သက်ဆင်းကျရောက် သွားသည်။ ထူးဆန်းသည်မှာ စိတ်က အပြင်ဘက်မှာ ကျန်ရစ်၏။ အေးစက်ကြမ်းရှသော တောင်ကုန်း၊ ကျောက်သားပြင်ပေါ်မှာ စိတ်သည် ခြေပစ်လက်ပစ် မောဟိုက်ကျန်ရစ်သည်။ လျင်မြန်သောအဟုန်ဖြင့် တယောသံ ဆန်ခါကွက် လှောင်အိမ်ကြီးသည် ဟိုအဝေးသို့ ပြေးထွက်၊ ခန္ဓာကိုယ်ကို သယ်ဆောင်ကာ ပျောက်ကွယ် သွား၏။ မောလိုက်တာ။ အေးမြလိုက်တာ။ ကောင်းလိုက်တာ။ လရောင်ခြည်သည် ပြန့်ကျဲနေသော အလင်းစက်များအဖြစ် စုစည်းကာ စိတ်ကို ရစ်ပတ်ဖုံးအုပ်လိုက်။ တစ်ခဏချင်း ပျံတက်ကာ ကောင်းကင်ထက်က တိမ်တိုက်ငယ်တစ်ခု အပေါ်သို့ ပို့ဆောင်လိုက်သည်။

တောင်တန်းကျောက်သားပြင်ကို အမြင့်ဝေးဝေးမှ ရေးရေးမြင်ရသည်။ လရောင်ခြည်ပင်လယ်ထဲမှာ မည်းနက်သော အရိပ်ကျွန်းများ ကွက်တိကွက်ကျား ဖြစ်နေ၏။ ကျောက်သားလွင်ပြင်၏ အသရေရှိခြင်းကို စကားလုံးမပါဘဲ စိတ်ထဲမှာသာ ကဗျာစပ်၍ ကြည့်မိသည်။ ထိုကဗျာသည် ဤဝတ္ထုဖြစ်၏။ မောဟစွန်းထင်းသော၊ ဒေါသပေကျံသော ဤဝတ္ထုကို လရောင်ခြည်ပင်လယ်ပြင်ထဲက တောင်ကမူအရိပ်ကျွန်းပေါ်သို့ ပစ်ချလိုက်သည်။ ဖြူဖွေးသွယ်ပျောင်းသော၊ နုပျိုနွဲ့လျသော လက်မောင်းကလေး တစ်ဖက်က ဆီးယူဖမ်းဆီးလိုက်၏။ စကားလုံးမဲ့သော၊ ဒြပ်မဲ့သော ဝတ္ထုသည် လက်ကလေးထဲတွင် ပျောက်၍သွား၏။ လက်သည် အရိပ်ထဲတွင် ပျောက်၍သွား၏။ အရိပ်သည် မူလကပင် မရှိခဲ့ဟု ထင်ရသည်။ မူလက မရှိသောအရိပ်သည် ကဗျာထဲတွင် ပြန်ပေါ်လာသည်။ ကဗျာသည် စိတ်ထဲတွင် ပေါ်ပြန်သည်။ စိတ်သည် ဖြူလွသော တိမ်တိုက်ငယ်အတွင်း မှာ...။ ရှေ့တူရူကို ပျော်ပါးနှစ်သက်စွာ ကြည့်နေမိသည်။ အဝေးဆုံး အရပ်က မိုးကုပ်စက်ဝိုင်း တစ်နေရာမှာ လရောင်ခြည်များ တဖိတ်ဖိတ်လွင့်စဉ် ဖြာထွက်နေတော့သည်။ ကျောက်သားပြင်၏ အေးစက်မာကျောသော အတွေ့အထိကို မသိမမြင် မတွေ့ခဲ့ရပြီ။ ။

 

(၁၉၈၄ ခုနှစ်)

ရေပွက်ပမာ တစ်သက်လျာတည်း

 

တံခါးပေါက်ကို အသေအချာ လုံခြုံစွာပိတ်ခဲ့သည် မှန်သော်လည်း ပိတ်ပြီးသည်၏ ခဏတွင် တံခါးသည် ပြန်၍ပွင့်သွား၏။ တံခါးပေါက်များကို သေချာ လုံခြုံစွာပိတ်ခဲ့၍ လုံခြုံလှပြီဟု ထင်ရသောအိမ်ထဲမှာ ကျွန်တော် ရှိနေခြင်းဖြစ်၏။ အမှန်စင်စစ် တံခါးပေါက်၏ သဘာဝအရ လောကမှာ ဘယ်တံခါးပေါက်မှ မလုံခြုံပါ။ လုံခြုံသည်ဟု စိတ်ကို အကြိမ်ကြိမ် အဖန်ဖန် လှည့်စားပါသော်လည်း မလုံခြုံခြင်း အဖြစ်ကို ဝမ်းနည်းပက်လက် သိနေပါသောကြောင့် ကြံရာမရ၊ ဆောက်တည်ရာမရ ဖြစ်သည်၏ အဆုံးတွင် မျက်စိများကို မှိတ်ထားလိုက်ပါသည်။ ဤလောကတွင် အလုံခြုံဆုံးသော အခြေအနေသည် မျက်စိကို မှိတ်ထားခြင်းဖြစ်ကြောင်း သိလိုက်ပြီ။ ဘာကိုမှ မမြင်ပါ။ ဘယ်သူ့ကိုမှ မမြင်ပါ။ ဘာကိုမှ မတွေ့ပါ။ ဘယ်သူ့ကိုမှ မတွေ့ပါ။ ထိုအခါ…။ လုံခြုံသွားပြီ ထင်ရသော်လည်း ထိုအထင်သည် အထင်သာ ဖြစ်တော့၏။ လုံခြုံသော အခြေအနေနှင့် မလုံခြုံသော အခြေအနေဟူ၍ သီးခြားသတ်သတ် ရှိပါ့မလား။ ရှိသင့်သလား။ ထိုအခြေအနေ နှစ်ရပ်၏ နှိုင်းယှဉ်ချက်သာ ရှိသည်ဟူသော အယူအဆကို လက်ခံရမည်လား၊ ငြင်းပယ်ရမည်လား စဉ်းစားဆဲ ခဏမှာပင် ကျွန်တော် ပိတ်ပစ်ခဲ့သော တံခါးပေါက်မှ လူတစ်ယောက်ဝင်လာသည်။

ထိုလူသည် ရယ်မောနေသည်။ မျက်စိမှိတ်ထားသော ကျွန်တော်သည် ပါးစပ်ကိုလည်း ပိတ်ထားပါသည်။ ဘာမှ မပြောရသေးပါ။ မေးလည်း မမေးရသေးပါ။ သို့သော် သူ ရယ်၏။ ရယ်စရာဟာသပြောမှ ရယ်သင့်ပါသည်။ ဘာမှ မပြောရသေးဘဲနှင့် သူရယ်သည်မှာ အကြောင်းရှိပါလိမ့်မည်။ ဖြစ်နိုင်စရာရှိသည်မှာ ကျွန်ုပ် မျက်စိမှိတ်ထားပုံကို ကြည့်၍ ရယ်ခြင်းဖြစ်ပေလိမ့်မည်။ သို့သော်လည်း မျက်စိမှိတ်ထားခြင်းသည် ရယ် စရာ မဟုတ်ပါ။ သူ ဘာကြောင့် ရယ်နေသလဲ။ ဘယ်ကြောင့်ရယ်သလဲ ဟု မေးလိုက်ပါသည်။ ကျွန်ုပ်ပါးစပ်မှ အသံထွက်မလာပါ။ ခန္ဓာကိုယ်အတွင်းမှ ကြွက်သားများ၏ ညှစ်အားကြောင့် အဆုတ်အတွင်းမှ လေသည် တွန်းကန်၍ အပေါ်သို့ တက်ရမြဲ၊ လည်ချောင်းဝ တစ်နေရာ အသံကြိုးဟု ခေါ် သော ကြွက်သားမျှင်ကလေး နှစ်ခုကို ထိုလေက ရိုက်ခတ်လိုက်သောအခါ ဂစ်တာကြိုးကို ခတ်လိုက်သကဲ့သို့ ဖြစ်ပေါ်၍ အသံထွက်လာရစမြဲ။ ထိုအသံကိုမှ ခံတွင်းပိုင်းအသံ ဖြစ်စေသော အင်္ဂါများက ပြုပြင်ပေးလိုက်သောအခါ စကားသံများ ဖြစ်လာရစမြဲ။ ကျွန်တော်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ အလုပ်မလုပ်သည်မှာ ကြာပြီ။ အဆုတ်တွင်းမှလေကို အပေါ်သို့ တွန်းကန်ထွက်စေလောက်အောင် ကျွန်တော့်ကြွက်သားများ ညှစ်အားမပေးနိုင်သည်မှာ ကြာပါပြီ။ ပါးစပ်က ဘယ်မှာ အသံထွက်လာ ပါမည်နည်း။

ထိုလူက အရယ်ရပ်လိုက်၏။ သစ်တုံးပေါ်မှာ ရယ်သံကိုတင်၍ ပုဆိန်ဖြင့် ဖြတ်လိုက်သလို တိခနဲပြတ်သွား၏။ ကျွန်တော်မေးသည်။ သူနှင့် လိုက်မလားဟု မေးသည်။ ဘယ်ကိုလဲဟု မေးရန် မေ့လျော့စွာ ခေါင်းညိတ်ပြမိပါသည်။ လာ ငါတို့ အရှေ့အရပ်ကို သွားကြမယ်။ အဲဒီမှာ ရွှေတုံးတွေရှိတယ်။ ရေတွက်ခြင်းရဲ့ ဟိုမှာဘက်ကို ပေါက်ရောက်တဲ့ အရေအတွက် စတဲ့...။ ရွှေတုံးတွေကို သွားယူကြမယ်။ သူနှင့်လိုက်ခဲ့ဟု ပြော ပါသည်။ ခေါင်းညိတ်၍ပင် ပြမိ၏။ ထိုအခါ သူသည် ကျွန်တော့်မျက်စိများကို အရာဝတ္ထုတစ်ခုဖြင့် ပွတ်သပ်လိုက်သည်။ ကျွန်တော့်မျက်စိများ တုံ့ဆိုင်းစွာ ပွင့်၍ ခဏချက်ချင်း ပြူးကျယ်သွားသည်။ သူ့လက်ထဲမှာ ကျွန်တော့်မျက်စိကို ပွတ်သပ်ပေးသော အရာကို ကိုင်ထား၏။ ထိုအရာ သည် ရွှေတုံးဖြစ်သည်။ ထိုအရာသည် မျက်စိများကို ပွင့်စေသော အရာဖြစ်ကြောင်း ကျွန်ုပ်သိသည်မှာ အတော်ကလေး နောက်ကျသော်လည်း တော်ပါသေးရဲ့။ သူသည် ပြုံးရာမှ ရယ်၍ ကျွန်ုပ်၏ခေါင်းကို ဆွဲကာ ရှေ့မှ ထွက်သွားသည်။ သူ့နောက်ကို လိုက်ခဲ့ရပါသည်။

 

×××

 

ရွှေရောင်တောက်ပသော လူတစ်ယောက်သည် ကောင်းကင်ထက်မှာ တောင်မှမြောက် အရှေ့မှအနောက် လူးလားတွန့်ခေါက် ပျံဝဲလျက် တအားအား အော်မြည်ကာ နီရဲသောအာခေါင်မှ ဝန်တိုစဉ်းလဲခြင်းများကို ထွေးထုတ်ပစ်နေ၏။ လူများ ကောင်းကင်မှာ ပျံဝဲနေသည်ကို တစ်ကြိမ်တစ်ခါမှ မတွေ့ဖူး၍ အထူးအဆန်း ဖြစ်ရ၏။ မြေပြင်ပေါ်မှာလည်း လူအများ ယောက်ျား မိန်းမတို့ ဟိုမှသည်သို့ သည်မှဟိုသို့ လူးလားတုံ့ခေါက် သွားလာနေကြ၏။ သူတို့လွယ်အိတ်တွေထဲမှာ လောဘ၊ ဒေါသ၊ မောဟ၊ မာနများကို အဖုံးစက္ကူလှလှ ဖုံးကာထားသော စာအုပ်များကြားမှာ မသိမသာညှပ်၍ ယူလာကြသည်။ လူအချို့ ရင်ဘတ်ပေါ်မှာ ရပြီးပြီဟူသော စာတန်းပါ၏။ လူအချို့ရင်ဘတ်ပေါ်မှာ ပေးပါဟူသော စာတန်းပါ၏။ လူတို့သည် သတ်သတ်ခွဲ၍ မနေကြ။ ရောနှော၍ နေကြသည်။ အချို့က ခြေတံများ ရှည်ကြ၏။ သွားချင်သောအရပ်ကို ရောက်အောင် သူတကာထက် အလျင်ဦးအောင် ခြေတံရှည်များဖြင့် ပြေးလွှားနေကြ၏။ အချို့သည် ဗျိုင်းနှင့်တူ၍ အချို့က သစ်ကုလားအုပ်နှင့် တူ၏။ ဝန်းကျင်ဝဲယာကို ငေးမောကြည့်နေစဉ်မှာပင် ရွှေချောင်းရှိရာသို့ ခေါ်လာသူက ကျွန်တော်၏ဦးခေါင်းကို ကိုင်လှုပ်ပြီး ဆက်သွားကြမည်ဟု ပြောသည်။ ကျွန်ုပ်က ခေါင်းညိတ်ရပြန်ပါသည်။

မိုးတွေရွာနေသည်။ မိုးစက်များသည် အံ့သြဖွယ်ရာ ပူနွေးနေသည်။ မျက်စိတူရူမှ ကျဆင်းနေဆဲ မိုးစက်တစ်စက်ကို မှတ်သား၍ လိုက်ကြည့်ပါသော်လည်း ကြည့်နေရင်း ပျောက်ကွယ်သွား၏။ မိုးစက်များ အဆက်မပြတ် ကျနေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ရုတ်တရက် ပူနွေးရာမှ အေးမြသွားသောအခါ ကတ္တရာလမ်းသည် အငွေ့ခြောင်းခြောင်း ထလျက်ရှိ၏။ မြေပြင်ပေါ်မှ ချောင်းငယ်ကလေးများသည် မြက်ပင်များကို တိုးဝှေ့စီးဆင်းနေ၏။ မဟာသမုဒ္ဒရာ ရှိရာအရပ်ကို သူတို့ ဘယ်အခါ ရောက်ကြမည် မသိကြသော်လည်း အလုအယက် တိုးဝှေ့စီးဆင်းနေသည်။ အချိန်ကာလနှင့် နေရာဒေသ မှားယွင်းတွက်ချက်မိသော ငှက်တစ်ကောင်သည် စိုစွတ်ထိတ်လန့်စွာ ပျံသန်းနေ၏။ မိုးရွာမည်ကို သူသိဖို့ ကောင်းပါသည်။ မိုးရွာသော နေ့တစ်နေ့ကို သတိရမိပါသေး၏။

လောလောလတ်လတ် ထည့်လိုက်သော မီးသွေးခဲကို မီးစွဲလောင်သော အနံ့ကို မွှေးပျံ့စွာ ရလိုက်သည်။ ခြောက်သွေ့သော မီးသွေးခဲကို မီးစွဲ အသံကိုလည်း ဖျတ်ခနဲ ကြားလိုက်ရ၏။ မီးဖိုပေါ်မှာ လက်ဖက်ခြောက် အကျရည်အိုးသည် တပွက်ပွက် ဆူဝေလျက် ရက်လနှစ်ပေါင်းများစွာက ကြာမြင့်တင်ကျန်ခဲ့သော ကြေးညှော်အထပ်ထပ် စွန်းထင်းနေသော စားပွဲမျက်နှာပြင်ကို ဖြူသွယ်သွယ် လက်ချောင်းကလေးများက တဒေါက်ဒေါက် ခေါက်လျက်နေသည်။ ပန်းကန်ပြားထဲသို့ ရေနွေးကြမ်းများ ငှဲ့လိုက်သောအခါ ရေနွေးကြမ်း ဝါဝါညစ်ညစ်များ အေးစက်စွာကျလာ၏။ ကျွန်ုပ်တို့နှစ်ယောက်ကို စားပွဲတစ်လုံးက ခြားထား၏။ စားပွဲပေါ်မှာ ပန်းကန်အလွတ်များ၊ သတ္တုရေနွေးကရားနှင့် စီးကရက်တိုတစ်ပုံ ရှိ၏။ ထိုစဉ်က ကျွန်တော်သည် မလိုအပ်ပါဘဲလျက် နေရာပြင်ရွှေ့၍ ထိုင်သည်။ သေးငယ် နက်မှောင် ရွှန်းရွှန်းလဲ့သော မျက်လုံးများက တစ်စုံတစ်ခုကို ပြောရန် ကြံစည်နေကြောင်း ရိပ်မိပါသည်။ ဘာမှ ပြောရန်မလိုကြောင်း ကျွန်ုပ်၏ မျက်နှာပေါ်က အချက်ပြခြင်းကို သူသိသွားပုံရ၏။ ဘာစကားမှ မပြောဖြစ်ကြ။ တိတ်ဆိတ်သော ဘာသာစကားသည် စပ်စပ်စုစု လုပ်တတ်သော ဘာသာဗေဒ ပညာရှင်များနှင့် တွေ့သောအခါ ဆဲရေးငေါက်ငမ်း ပစ်တတ်သော်လည်း ကျွန်တော်တို့အဖို့ သာယာသောချိုမြိန်မှု ဖြစ်၏။ ကျွန်တော်တို့ အရင်က လူပေါင်းများစွာ စကားလုံးပေါင်းများစွာနှင့် သည်အကြောင်း အရာကို ပြောခဲ့ဖူးကြပါပြီ။ ကျွန်တော်တို့နှစ်ယောက် ကျကာမှ ပြောဖို့ လိုအပ်ပါသလား။ ပြည့်စုံလုံလောက်ပါသည်။ ဆယ့်နှစ်မိနစ် ကြာသောအခါ မော်တော်ကားတစ်စင်းလာ၍ သူ့ကိုတင်၍ ခေါ်ဆောင်သွားမည်။ မိုးတိတ် သွား၏။

မေ့လျော့ငေးငိုင်နေသော ကျွန်တော်၏ ဦးခေါင်းကို ကိုင်လှုပ်၍ ရုတ်တရက်ဆွဲကာ ကောင်းကင်သို့ ပျံတက်သွားပါသည်။ ကျွန်တော်သည်လည်း ထိုလူ ဆွဲငင်ခေါ်ဆောင်သည့်အတိုင်း ကောင်းကင်သို့ ပါသွားပါသည်။ ဆန်းကြယ်လွန်း၍ အံ့သြဖို့ သတိမေ့နေပါသည်။ အမြင့်မှစီး၍ ကြည့်ရသောအခါ အနိမ့်လူများ၏ သေးငယ်စွာသော အဖြစ်ကို ဝမ်းပန်းတသာ မြင်လိုက်ရပါ၏။ လူတွေ သေးငယ်လှပါသည်။ ကောင်းကင်အမြင့်၌ လေထန်လွန်းသည်။ လေတွေကြားထဲမှာ အုတ်နံရံတစ်ခုရှိ၏။ အုတ်နံရံဘေးမှာ သစ်မြစ်ဆုံတစ်ခုရှိ၏။ သစ်မြစ်ဆုံကို ခွေရစ်သွားသော ချောင်းကလေး၏ဘေးတွင် ကလေးငယ်တစ်ယောက်ကို တွေ့ရ၏။ အပြစ်ကင်းစင်လှသော ကလေးရယ်… ဟု အံ့သြစိတ်လှုပ်ရှားမိသည်။ မျက်နှာဝိုင်းဝိုင်းကလေးကို ဆံနွယ်နုများက ဝန်းရစ်ထား၏။ မို့မို့ဖောင်းသော ပါးနံ့ကလေးနှစ်ဖက် နီမြန်းလျက်ရှိ၏။ သူပြုံးရယ်လိုက်သောအခါ ရှေ့သွားဟောင်းလောင်းပေါက်နှင့် ချစ်စရာ ရယ်စရာကလေး။ လက်ကလေး၊ ခြေကလေး များသည် လုံးဝန်းဖုထစ် ပျော့နွဲ့လှ၏။ အသားအရေ လတ်ဆတ်ကြည်လင်သည်။ သူ့မျက်လုံး ဝိုင်းဝိုင်းကလေးတွေထဲမှာ အနာဂတ်ကာလ ရှိ၏။ ကျွန်တော့်ကို ဦးဦးဟုခေါ်၍ သူ့မြင်းရုပ်ကလေးအကြောင်း၊ သူ့ပုဆိုး အသစ်ကလေးအကြောင်း၊ သီတင်းကျွတ်တုန်းက သူစုထားသော မုန့်ဖိုးများအကြောင်း၊ သူမွေးထားသော ခွေးအမွေးစုတ်ဖွား ကလေးအကြောင်း၊ တွတ်တီးတွတ်တာ ပြောပြ၏။ ဤကလေးကြီးလာလျှင် စကားပြောကောင်းသူ ဖြစ်လိမ့်မည်ဟု တွက်မိသည်။ ခေါင်းကလေးငဲ့ကာ၊ လက်ညှိုးဝတုတ်တုတ် ပုတိုတိုကလေး ထောင်ကာ၊ ပြုံးရယ်ကာ သူပြောနေပုံမှာ ချစ်စရာ အလွန်ကောင်းလှ၏။ ကျွန်တော် ငေးမောနားထောင် နေစဉ်မှာပင် ရုတ်တရက် ကျွန်တော့်ခြေမကို ကျောက်ခဲတစ်လုံးနှင့် ထု၍ ကျွန်တော့်ကို တွန်းလှဲကာ ထွက်ပြေးသွား၏။ အံ့သြငေးမော ကြက်သေသေနေရာမှ သတိရသောအခါ ကျွန်တော့် မျက်လုံးထဲမှာ ပူနွေးသော မျက်ရည်များ စုံအိုင်နေကြပါသည်။ ခပ်တိုးတိုး ခပ်အုပ်အုပ် ရယ်မောသံကို ကြားရပြန်သည်။ လာပါကွာ၊ သူက လူကြီး၊ မင်းက ကလေးပဲဟု ပြော၍ ကျွန်တော့်ခေါင်းကို ဆွဲကိုင်ကာ ဆက်လက်ပျံသန်း လာခဲ့ကြသည်။

 

×××

 

ဤမျှလှပသော သစ်ခွဥယျာဉ်မျိုး တစ်သက်မှာ တစ်ခါမှ မမြင်ဖူးပါ။ ခရမ်းရောင်ရင့်ရင့် သစ်ခွပန်းရနံ့များသည် လေထဲတွင် ပျင်းရိစွာ လွင့်မျောနေကြ၏။ ရှည်လျားလှသော ပဝါစကြီးကို ဖြည်းညင်းစွာ လှုပ်ယမ်းနေသကဲ့သို့ ရနံ့များသည် သစ်ခွပင်များ၊ သစ်ခွစင်များကြားတွင် ဝေ့ဝိုက်မျောပါ ဖြည်းညင်းစွာ သွားလာနေကြသည်။ ဖြူဆွတ်နူးညံ့သော လိပ်ပြာအကောင်တစ်သောင်း ပျံဝဲနေကြ၏။ ကွင်းစပ်မှ ခရေပင်ကြီးသည် ခရေပွင့်များကို စည်းကိုက်ဝါးကိုက် ချွေချနေသည်။ ခရေပင်တန်းနှင့် လမ်းကလေးကို လည်းကောင်း၊ ခရေပွင့် ကောက်ခဲ့ရသည်ကို လည်းကောင်း၊ မင်းသုဝဏ်ကို လည်းကောင်း သတိရဆဲခဏတွင် ဝိုင်းစက်ဝဖောင်းသော ပင့်ကူ အဖြူကြီးတစ်ကောင် ခရေပင်ပေါ်မှ ဆင်းလာ၏။ ဝမ်းဗိုက်ဖြူဖြူကြီးသည် အသံမြည်၍ ပေါက်ကွဲသွားသောအခါ ခရေပွင့်များ ပွင့်အန်ထွက်ကျလာ၏။ ခရေပင်အောက်ရှိ ကျောက်ဖြူသား ခုံတန်းလျားကလေးပေါ်တွင် ခရေပွင့်များ ဖုံးလွှမ်းသွားသည်။ အမှန်စင်စစ် ခရေပွင့်ဆိုသည်မှာ ခြေထောက်အပို များစွာပါသော ပင့်ကူကလေးများသာ ဖြစ်၏။ စိမ်းရွှေသော မီးခိုးများကြားမှာ အဝါရောင်မြင်းတစ်ကောင်ကို ခွာလေးဖက် ညီညီစီး၍ ခရီးသွားရသည်မှာ အရသာရှိလှ၏။ ကျွန်တော့်ခေါင်းပေါ်မှာ ရွှေချောင်းများရှိရာကို ပြမည့်သူ ထိုင်လိုက်ပါလာ၏။ မြင်းစီး ကောင်းကောင်းတတ်သော ကျွန် တော်သည် မြင်းကို ကြိမ်တို့၍ ကဆုန်ချ စီးလိုက်သည်။ မြင်းကြီးသည် သန်မာလျင်မြန်စွာ ကဆုန်စိုင်းနေသော်လည်း နေရာကမရွေ့။ မြင်းမရွေ့သော်လည်း ဘေးနှစ်ဖက်မှ တောတောင်ရေမြေ ပတ်ဝန်းကျင်သည် လည်၍လည်၍ နောက်မှာ ကျန်ရစ်ခဲ့၏။ မြင်းရွေ့သည် မရွေ့သည် အပထား အရေးကြီးသည်မှာ ခရီးပေါက်ဖို့ပင် ဖြစ်သည်မဟုတ်ပါလား။ မြင်းမပြေးပေမဲ့ ကျွန်တော်၏ အနောက်အရပ်သည် ဝေး၍ဝေး၍ ကျန်ခဲ့၏။ ကျွန်တော်၏ ရှေ့ဘက်အရပ်သည် နီး၍နီး၍ လာခဲ့၏။ ပထမဆုံးအကြိမ်ဟု ထင်ပါသည်။ ကျွန်တော် အသံထွက် ရယ်လိုက်မိ၏။ ကျွန်တော့်ခေါင်းပေါ်က လိုက်ပါလာသော ပုဂ္ဂိုလ်၏ ရယ်သံကိုပါ ကြားရပြန်သည်။ မင်း သဘောပေါက်လွယ်သားပဲ၊ အစက ငါဟာ မင်းကို အတုံးအအ အထူတစ်ယောက်လို့ ထင်ခဲ့တာ။ ဒါပေါ့ကွ၊ အရေးကြီးတာ ခရီးရောက်ဖို့ပဲ။ တကယ်တမ်းကျတော့ ခရီးရောက်တယ် မရောက်ဘူးဆိုတာတောင် သိပ်အရေးမကြီးသေးဘူး၊ တကယ် အရေးကြီးတာက ခရီးရောက်တယ်လို့ မင်းထင်နေဖို့ပဲဟု ခေါင်းပေါ်က လူကြီးမင်းက ပြောပါသည်။ မြင်းကြီးသည် ကျယ်လောင်စွာ ရယ်မော၍၊ လူရယ်သလို ရယ်မော၍ နှစ်ဆတိုးကာ ကဆုန်ချ ပြေး၏။ ကျွန်တော်သည် နှစ်ဆပိုမြန်လာပြီး နှစ်ဆတိုး၍ ခရီးရောက်သည်ဟု ထင်လိုက်၏။ ခေါင်းပေါ်မှလူ၏ ရယ်သံသည် မီးခိုးငွေ့ကွင်းများသဖွယ် တစ်ခုနှင့်တစ်ခု ထပ်၍ဆက်၍ လည်ပတ်ကာ ထွက်ပေါ်လာသည်။

ကျွန်တော်တို့ရှေ့တွင် သကြားလုံးများ အပြည့်ထည့်ထားသော မှန်ဗီရိုတစ်လုံး ဘွားခနဲ တွေ့လိုက်ရသည်။ ထိုဗီရိုပေါ်တွင် တံဆိပ်ခေါင်း ကပ်ထားသော စက္ကူတစ်ထပ်ရှိ၏။ ခေါင်းပေါ်ကလူက ကျွန်တော့်ကို တံဆိပ်ခေါင်းပေါ်တွင် လက်မှတ်ရေးထိုးပါ ဟု ပြောသည်။ သူခိုင်းသည့်အတိုင်း ကျွန်တော်သည် တံဆိပ်ခေါင်းပေါ်တွင် တစ်ဝက်၊ စက္ကူအဖြူသားပေါ်တွင် တစ်ဝက် ဇော်ဇော်အောင်ဟူသော လက်မှတ်အမည်ကို အခါတစ်သောင်း ရေးထိုးလိုက်၏။ ရေးထိုးပြီးသောအခါ ကျွန်တော်စီးလာသော မြင်းဝါကြီးသည် လက်ခုပ်တီး သြဘာပေးကာ ထွက်ပြေးရှောင်ထွက် သွားတော့သည်။ တံဆိပ်ခေါင်း ကပ်ထားသော စာရွက်တစ်သောင်းပေါ်မှ လက်မှတ်အကြိမ် တစ်သောင်း ထိုးပြီးသည်၏ နောက်တွင် ဘာဖြစ်မည်နည်း။ ကျွန်တော် ဘာရမည်နည်း။ လူ့လောကထဲကို ကျွန်တော် ရောက်လာကတည်းက လိုချင်သူအဖြစ် ရောက်လာခဲ့၍ အကျင့်က ပါနေပြီ။ တစ်စုံတစ်ခု ပြုလုပ်ပြီးလျှင် ထိုသို့ ပြုလုပ်ခြင်းအတွက် ဘာပြန်လည်ရရှိမည်နည်း ဟု တွေးတတ်သော အကျင့်က ကျွန်တော့်တွင် ပါနေပြီ။ ကျွန်တော် ဘာလိုချင်သလဲ။ မင်းလိုချင်တာတွေ အကုန်ရမှာပေါ့ကွာ ဟု ကျွန်တော့်ခေါင်းပေါ်က လူက ပြော၏။ အံ့ဩစရာကောင်းသည်မှာ ကျွန်တော် ဘာမှ မပြောပါဘဲလျက် ကျွန်တော့် စိတ်အတွေးကို သူ သိ၍သိ၍ နေသည်ဟူသော အချက်ပင်ဖြစ်၏။ ကျွန်တော် ဘာမှပြန်မဖြေဘဲ ငြိမ်၍ သူ့ကိုကြည့်နေသည်။ နှစ်လိုဖွယ် ကောင်းလှသော်လည်း တစ်စုံတစ်ခု လပ်ဟာနေသော သူ့အပြုံးကို ကျွန်တော် အနီးကပ် မြင်တွေ့နေရ၏။ သူ့အပြုံးသည် အခိုးအငွေ့များပမာ ကျွန်တော့်ထံသို့ တည့်တည့် ပြေးဝင်လာ၍ ကျွန်တော့် ခန္ဓာကိုယ်ထဲသို့ ဝင်သွားပါသည်။ ငါတို့ ခရီးဆက်ကြမယ်၊ ရှေ့မှာ အစ်(ရှ)တာကုန်းမြေမြင့် ဆိုတာကို တွေ့ရလိမ့်မယ်။ ခရီးကဝေးတော့ အတွေ့အကြုံ ဗဟုသုတ ရတာပေါ့ကွာဟု ပြော၍ ကျွန်တော့်ခေါင်းကို ဆွဲကိုင်ကာသွား၏။ ကျွန်တော် နောက်က လိုက်ခဲ့ရပြန်ပါသည်။ ဗဟုသုတ သိပ်မကြိုက်ပါ။

 

×××

 

အစ်(ရှ)တာကုန်းမြေမြင့်မှာ လေထန်လွန်းလှ၏။ တစ်ခါတစ်ရံ လေ၏အသံကို ကြားရ၏။ တစ်ခါတစ်ရံ လေ၏အသံကို မကြားရ။ အနီရောင်ဖုန်လုံးများ လိပ်ကြွ၍ တက်လာ၏။ အရောင်ပြောင်းကာ အရပ်ကိုးမျက်နှာသို့ တစ်ပြိုင်နက် လွင့်စဉ်ဖြာထွက် သွားခြင်းတို့နှင့် ပတ်သက်၍ ကျွန်တော် အတွေ့အကြုံရသည်။ ဗဟုသုတဖြစ်သည်။ ထို့နောက် ဘာဖြစ်သလဲဟု ကျွန်တော် စဉ်းစားနေမိပါသည်။ တစ်စုံတစ်ယောက်က မောင့်လပြည့်ဝန်း သီချင်းကို ဆွဲငင်ကြေကွဲစွာ သီဆိုနေ၏။ ကျွန်တော့် ကိုယ်ခန္ဓာသည် တစ်စစီကွဲအက်၍ အစိတ်အပိုင်း တစ်ခုချင်း ဖြည်းညင်းစွာ မြေကြီးပေါ်သို့ ပြုတ်ကျနေသည်ဟု ခံစားရပါသည်။ ပြန့်ကျဲနေသော အကွဲအအက် အပိုင်းအစများပေါ်တွင် ဇော်ဇော်အောင်ဟူသော အမည်များ ရော်ဘာတံဆိပ်တုံးဖြင့် နှိပ်ထား၏။ အကွဲအအက် အပိုင်းအစ အစုအပုံမှ ကျွန်တော် ပြန်ထ၍လာသည်။ ကောင်းကင်မှာ တကယ်ပင် လမင်း ထွန်းလင်းနေပေပြီ။ လရောင်ခြည်သည် ချိုအီယစ်မူးသော ကျွန်တော်၏ အတွေးအခေါ်များကို ပုပ်သိုးသွားစေသည်။ ကျွန်တော့်တစ်ကိုယ်လုံး ပုပ်အဲ့နံစော်လာသည်။ အတွေးအခေါ် ပုပ်သိုးလျှင် တစ်ကိုယ်လုံး သာမက တစ်ဘဝလုံး လက်ကျန်ရက်များကိုပါ ပုပ်သိုးသွားနိုင်ကြောင်း ကျွန်တော် မသိခဲ့ရိုး အမှန်ပါ။ တစ်ခဲကို သုံးဆယ့်ငါးကျပ်လောက် ပေးရသော ရေမွှေးဆပ်ပြာခဲဖြင့် တိုက်ချွတ် ဆေးကြော ရေမိုးသန့်စင် ပေးလိုက်သောအခါ အတွေးအခေါ်များ မွှေးလာလိမ့်မည် ထင်ပါသည်။ အပွင့်ဟောင်းထဲမှ ရနံ့တို့သည် သစ်တတ်၍ အပွင့်သစ်ထဲမှ ရနံ့တို့သည်လည်း ဟောင်းတတ်၏။ အကယ်၍ ကျွန်တော်သည် ရနံ့တစ်ခု ဖြစ်ခဲ့ပါလျှင် မည်မျှကောင်းသနည်းဟု တွေးမိရာ ကျွန်တော်၏ ခေါင်းပေါ်က ပုဂ္ဂိုလ်က ဖြစ်ခဲ့ပါလျှင်ဆိုတာ ဖြစ်လာပြီလား၊ မဖြစ်လာသေးဘူးလား ဟု မေးသည်။ သည်လောက်မှ မသိရန်ကောဟု ပြောမည်ကြံကာ ပါးစပ်ကို ဟသော်လည်း ကျွန်တော့်ပါးစပ် ဟ၍မရ။ ကျွန်တော်သည် အလွန်အမှတ်သညာ နည်းပါး၍ သတိမေ့တတ်သူ ဖြစ်၏။ ကိုယ့်ဆန္ဒအလျောက် ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားစေတတ်သော အတတ်ပညာ ကျွန်တော့်မှာ မရှိတော့ကြောင်း မေ့နေ၏။ ဟိုမှာကြည့်စမ်းဟု ပြော၍ လက်ညှိုးညွှန်ရာကို ကျွန်တော်ကြည့်၏။ ဟိုအဝေးကြီးမှ ရေတံခွန် တစ်ခုကို ပြောင်းပြန်မြင်နေရ သကဲ့သို့ မီးခိုးများ အထက်သို့ ပျင်းရိလေးတွဲ့စွာ တွန့်လိပ်ခွေလိမ်၍ တက်နေသည်ကို မြင်ရ၏။ မီးခိုးများကြားမှာ လူမျက်နှာများ ဝိုးတဝါးတွေ့ရ၏။ ကျွန်တော့်သူငယ်ချင်းများ ပါ၏။ ကျွန်တော့်ကို ဆိုးညစ်လိုက်သော သူများက ပြုံးရယ်နေကြ၏။ အချို့လည်း အားတုံ့အားနာ အမူအရာရှိ၏။ ကျွန်တော်က ဆိုးညစ်လိုက်သူများသည် မကျေမနပ်စွာ အော်ဟစ်ဆဲရေး နေကြ၏။ သူတို့ ဘာလုပ်နေကြသလဲ။ ကျွန်တော့်သူငယ်ချင်း ကဗျာဆရာတစ်ယောက်က ကဗျာကိုးပုဒ်ကို လှုပ် ယမ်းပြ၍ ကျွန်တော့်အား စာအုပ်တစ်အုပ် လှမ်းပေးသည်။ ခင်မင်သူများက နှုတ်ဆက်ကြ၏။ မုန်းတီးသူများက မျက်လုံးများကို နီရဲအောင် ပြူးကျယ်ပြကြ၏။ သူတို့ ဘာလုပ်နေကြသလဲ။ သူတို့ ဘာလုပ်နေကြသလဲ ဆိုတာ အကြောင်းမဟုတ်ပါဘူးကွာ။ တို့ဘာလုပ်မယ်ဆိုတာ အကြောင်းပါ။ တို့ ဘာလုပ်နေကြသလဲ။ တို့ ရွှေချောင်းတွေ ရှိတဲ့နေရာကို သွားမယ်လေ။ ဟိုမှာ မင်းနဲ့ငါနဲ့ တစ်ဝက်စီ ခွဲယူပြီး ကမ္ဘာတစ်ခြမ်းစီ ဝယ်ကြမယ်။ အဲဒါ ငါတို့လုပ်ရတဲ့ အလုပ်ပေါ့။ ကမ္ဘာအနောက်ဘက်ခြမ်းကို ဝယ်မည်။

 

×××

 

ကျွန်တော် ရှေ့ဆက်သွားရ၏။ ကျွန်တော်နှင့်အတူ သူလိုက်ပါလာလျှင် မည်မျှကောင်းမည်နည်း။ သို့သော် သူ့တွင် ဈေးဝယ်ရန် ရှိ၏။ စာပြ ရန်ရှိ၏။ အပ်ချုပ်ဆိုင်သွားရန် ရှိ၏။ လျှော်ဖွပ်ချက်ပြုတ်ရန် ရှိ၏။ လူမမာမေး သွားရန်ရှိ၏။ ကြမ်းပြင်ကိုလည်း လှည်းကျင်းရန်၊ သစ်ခွပန်းအိုးကို ရေလောင်းရန်၊ စာဖတ်ရန်၊ ဘုရားရှိခိုးရန် ရှိနေသည်။ ဘဝ၏ အရေးကိစ္စ မှန်သမျှ အချိန်ဇယားချ၍ စနစ်တကျ လုပ်ကိုင်ဆောင်ရွက် တတ်သောသူ လိုက်လာနိုင်မည် မဟုတ်ပါ။ သူနှင့်အတူတကွ ရှိနေခဲ့ရသော အချိန်များသည် ကောင်းချီးမင်္ဂလာများ ဖြစ်၏။ ထိုအကြောင်းကို တသသဖြစ်နေခြင်း၏ အချည်းနှီး အကျိုးမဲ့မှုကို ကျွန်တော် ငြင်းပယ်ခဲ့ပါသည်။ နေရောင်ခြည် ရောယှက်ထားသော မိုးငွေ့မှုန်များ ကျဆင်းနေသည့် တစ်ညနေခင်း သူပြန်သွားကတည်းက ထိုငြင်းပယ်မှုကို ကျွန်တော် စွန့်လွှတ်သင့်ပါလျက် မစွန့်လွှတ်မိသော အမှားဒဏ်ကို ယခုတိုင် ခံနေရဆဲဖြစ်သည်။ ပင်ပန်းလွန်း လှပါတယ်ကွာ... ဟု ကျွန်တော့်ခေါင်းပေါ်မှ ပြောသံကြားရ၏။ ကျွန်တော်သည် ရှက်ရွံ့မလုံမလဲဖြစ်၍ ကျွန်တော့်ရင်ထဲမှာ သိမ်းဆည်းထားသော ဆာရီရယ်လစ် ပန်းချီကားတစ်ချပ်ကို ထုတ်ပေးလိုက်ရ၏။ ရင်ထဲမှာ ထိုပန်းချီကား မရှိသောအခါ ပို၍ လေးလံမွန်းကျပ်လာ၏။ ဘဝအဆက်ဆက် သံသရာက ပါလာခဲ့သော အညစ်အကြေးဝန်ထုပ်ကြီး ကျန်ရှိနေသေး ကြောင်း ကျွန်တော် သတိမထားမိပါ။ ကျွန်တော့်ကိုယ်ထဲမှာ ပုပ်စော်နံသော သံသရာကြေးညှော် အထုပ်ကြီး ရှိနေသည်မှာ လေးလံလှပါ၏။ ရွှေ ချောင်းများ ရှိရာကို လိုက်ပို့သူက ကျွန်တော့်ကို ဆွဲငင်ခေါ်ဆောင် သွားပြန်သောအခါ ကျွန်တော်သည် ပေါ့ပါးစွာ လိုက်ပါလာခဲ့ရပြန်၏။

 

×××

 

ရှေ့မှာ လမ်းကြိတ်စက်များကို ဘက်ဂီယာထိုး၍ အမြန်မောင်း ပြိုင်နေကြသော ပွဲရှိ၏။ ကျွန်တော် မပါဝင်လိုပါ။ အခြားအရပ်မှာ တီးသောတီးလုံးနှင့် လိုက်ကနေသော မင်းသားပျက်သည် တီးလုံးပြောင်းသွားသည်ကို မသိလိုက်ဘဲ ဇာတ်ခုံပေါ်မှာ ခြေတစ်ပေါင်ကျိုး ကလျက်ရှိ၏။ လောက၏ ပြောင်းလဲတတ်သော သဘောက ထိုမင်းသားပျက်ကို ခိုးထုပ်ခိုးထည်နှင့် အမိဖမ်းပြီး လမ်းကြိတ်စက်အောက်သို့ ပို့လိုက်သည်။ အထဲမှာ ဘာမှမရှိသော သူ့ဦးခေါင်းသည် ဖောင်းခနဲပေါက်၍ ပြားချပ်သွားသည်။ ကျွန်တော့်မှာ ကတ်ကတ်သတ်သတ် ကျန်နေသော စေတနာလက်ကျန်ကလေးနှင့် သူ့ကို ကျင်းတူးမြှုပ်ပေးလိုက်ပါသည်။ အမျှ... အမျှ။ အချိန်ကြာမြင့်စွာ မဖွပ်လျှော်ဘဲ ပစ်ထားသော ဘောကန်ခြေအိတ်ကဲ့သို့ ရှည်လည်းရှည်၍ နံလည်းနံသော အတွေးအခေါ်များကို မီးပုံထဲသို့ ပစ်ထည့်လိုက်၏။ အမျှ... အမျှ။ အမည်ဆိုသည်မှာ ခေါ်စရာတစ်ခုသာ ဖြစ်၍ နှင်းဆီပန်းကို နှင်းဆီပန်းဟု မခေါ်ဘဲ အခြားနာမည်တစ်ခုဖြင့် ခေါ်ပါသော်လည်း ရနံ့မွှေးပါက ရနံ့သည် မွှေး၍ ရနံ့မမွှေးပါက ရနံ့သည် မမွှေးဘဲရှိလိမ့်မည် ဖြစ်သောကြောင့် နှင်းဆီပန်းသည် နှင်းဆီပန်းသာလျှင် ဖြစ်၍ အမည်နှင့်ပတ်သက် အငြင်းပွားချင်သူများကို ဈေးတွင် ကားစင်တင်၍ လူသွမ်းဟု အမည်တပ်ကာ ကွပ်မျက်လိုက်ပါ။ အမျှ.. အမျှ။ ကျွန်တော်သည် ရွှေချောင်းများရနိုင်သည်ဟု လာရောက်ခေါ်ငင်သော လူစိမ်းတစ်ယောက်၏ နောက်သို့ ကောက်ကောက်ပါအောင် လိုက်ခဲ့ပါသည်။ အမျှ… အမျှ။ အနုပညာဆိုသည် လူသား၏ ကြီးကျယ်မြင့်မြတ်မှုကို ပြရန်မှတစ်ပါး အခြားအရေးကိစ္စ မရှိ။ သာဓု… သာဓု။

 

×××

 

မိုးပေါ်မှာ နေတစ်စင်း ဝင်းဝင်းတောက်နေ၏။ ပတ်ဝန်းကျင် လောကသည် ကြေးနီရောင်ထလျက်။ လေပြင်းတစ်ချက် ဝေ့သည်နှင့် နွေ လယ်ကွင်း နှင်းများ ပြန့်ကျဲသွား၏။ လိမ္မော်သီးကားကြီးတစ်စင်း မှောက်သွား၍ လူတစ်ယောက် ဝမ်းနည်းပက်လက် ငိုနေ၏။ နောက်တစ်ခါ ထပ် ကြိုးစားပါဦး။ မိမိ လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ ဘဝတစ်ခုကို ရပြီးသည့်နောက် ဆက်လက် တာဝန်ယူရလိမ့်မည်ဟု လူတတ်လုပ်ပြီး ပြောဖို့ ကြံရွယ်သောအခါ ကျွန်တော့်ခေါင်းပေါ်က လူက ချောင်းတစ်ချက် ဟန့်၏။ ကျွန်တော် ဘာမှမပြောလိုက်။ ပြော၍လည်း ရမည်မဟုတ်ပါ။

မာတိစ်ဥယျာဉ်ဟူသော ဆိုင်းဘုတ်ကြီးကို တွေ့ရ၏။ ဥယျာဉ်တွင်းသို့ ကျွန်တော်တို့ ဝင်လာခဲ့သည်။ ထင်းရှူးဖြူပင်သည် မားမားရပ်၍ ကျွန်တော်တို့ကို ကြည့်နေ၏။ ကျောက်ဖြူသား ထိုင်ခုံတစ်ခုပေါ်မှာ အညိုရောင် ခွာမြင့်ဖိနပ်တစ်ရံကို တွေ့ရ၏။

အစိမ်းရောင် နှင်းမြူများကြားမှ အဝါရောင်တိုက်တစ်လုံး ပေါ်လာ၏။ ဝရန်တာပေါ်မှာ ပန်းအိုးသုံးလေးလုံး တွေ့ရသည်။ အဝါရောင်ခန်းဆီးစသည် အစိမ်းရောင် တောက်နေ၏။ ပင်လယ်ကဗွီးပင်များ အောက်ခြေတွင် သဲပုံတစ်ပုံရှိသည်။ သဲများအတွင်းမှာ ခေါင်းကိုမြှုပ်၍ အိပ်နေသော ကြိုးကြာငှက်၏ အနီးတွင် လက်ဖက်ရည်ဖျော်စက် ရှိ၏။ ထိုစက်ထဲမှာ ဆား အိတ်များရှိသည်။ ဆားအိတ်များကို မိုးရေမထိစေရန် ထီးမိုးပေးထားရသည်။ ထီး၏အရောင်သည် အဖြူနှင့်အပြာကျား ဖြစ်၏။ လမ်းသွားရဖန်များ၍ ကျွန်တော်၏ခြေထောက်များ ပေါက်ဖူးရောင်၍နေပြီး စိမ်းလန်းသော ကန်ပေါင်ရိုးပေါ်သို့ အုတ်လှေကားထစ်များ တက်သွားသော လမ်း ကလေးရှိ၏။ လမ်းဆိုသည်မှာ လိုရာအရပ်ကို မယိမ်းမယိုင် ဆက်သွယ်ပို့ ဆောင်ပေးသည်ချည်းဖြစ်၏။ ယိမ်းယိုင်တတ်သည်မှာ လမ်းမဟုတ်။ ခြေလှမ်းများသာ ဖြစ်သည်။ ကျွန်တော့်ခြေလှမ်းများ ယိမ်းယိုင်နေသည်မှာ အနည်းဆုံးကိုးနှစ် အများဆုံးတစ်ဘဝ ရှိပါပြီ။ ယိမ်းယိုင်စွာ ဆက်လျှောက်လာခဲ့၏။ ကျွန်တော့်ခေါင်းသည် ဆွဲငင်ဆုပ်ကိုင်ထားသော သူ့လက်ချောင်းများ အောက်တွင် ကျိန်းစပ်နာကျင် နေပါသည်။

စားပွဲပေါ်မှာ လူတစ်ယောက် ဆန့်ငင်ဆန့်ငင် ဖြစ်နေသည်။ အနုပညာအယူအဆ ဓာတ်လိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။ ဝိုင်ယာကြိုးကို ဆွဲဖြုတ်ရန် ပလပ်ပေါက်ကိုရှာ၏။ ထိုလူက အော်ဟစ်ကန့်ကွက်သည်။ ပလပ်ပေါက်ကို တွေ့ပါလျက် သူကန့်ကွက်သောကြောင့် ပလပ်ခေါင်းကို ဆွဲမဖြုတ်ဘဲ သည်အတိုင်း ထားခဲ့ရသည်။ သနားစရာ။ လောကမှာ ဓာတ်လိုက်ပြီး အသေခံသွားလိုသူတွေ ရှိပါကလား။ ရှိပါစေ။ ကိုယ့်ကိစ္စမဟုတ်ပါဟု အသင့်အတင့် နှလုံးသွင်းလိုက်ရုံမှတစ်ပါး အခြား ဘာမှမရှိပါ။

ရှေ့မှာ ချောင်းကလေးတစ်ခု တွေ့ပြန်သည်။ ပယင်းရောင် ခပ်လဲ့လဲ့၊ စေးပျစ်ပျစ် ပျားရည်များသည် ထိုချောင်းကလေးထဲတွင် ဖြည်းညင်းစွာ တအိအိ စီးဆင်းနေ၏။ ကျွန်တော် တစ်ခါမှ စိတ်ကူးမကြည့်မိသော ပျားရည်ချောင်းထဲမှာ ပလတ်စတစ် ပန်းအတုများ မျောပါလာ၏။ ထိုပလတ်စတစ်ပန်းများ တွေ့မြင်လိုက်သော ခဏတွင် အမျိုးဘာသာ သာသနာကို စွန့်ပယ်သွားသော နတ်သျှင်နောင်ကို သတိရ၏။ ပလတ်စတစ်ပန်းများပေါ်မှာ အပြာရောင် လဲ့လဲ့သန်းသော မုတ်ဆိတ်ရိပ် ဘလိတ်ဓားသွားများ ပါလာ၏။ အချို့ဘလိတ်ဓားသွားများသည် ရွှေရောင် တောက်နေသေး၏။ ချောင်းတစ်ဖက် သစ်ပင်အောက်မှာ ပန်းပုရုပ်တစ်ခု ရှိနေသည်။ ဘာအရုပ်ဟု ပြောပြရန် ခက်သည်။ လူရုပ်လား၊ နတ်ရုပ်လား၊ တိရစ္ဆာန်ရုပ်လား မကွဲပြား။ မြင်းတစ်ကောင်လား၊ တောင်တစ်လုံးလား၊ မိန်းမတစ်ယောက်လား ခွဲခြားပြော၍မရ။ ပန်းပုရုပ်ဖြစ်နေသည်မှာ သေချာသည်။ ပန်းပုရုပ်တစ်ရုပ်သည် ပန်းပုရုပ်တစ်ရုပ် ဖြစ်ကြောင်း ပြောပြနိုင်ရန် တစ်ခုခုတော့ လိုအပ်ပေလိမ့်မည်။ ပန်းပုရုပ်တစ်ရုပ် ဖြစ်ကြောင်း ပြောပြနိုင်ခြင်းနှင့် ဘာအရုပ်ဖြစ်ကြောင်း ပြောပြနိုင်ခြင်း အတူတူလား။ တခြားစီလား။ ပန်းပုရုပ်တစ်ရုပ် ဖြစ်ကြောင်း အတည်ပြုလိုက်ခြင်းနှင့် ဘာအရုပ်ဟု သိလိုက်ခြင်းတို့သည် သီးခြားသတ်သတ် ကိစ္စများ ဖြစ်ပုံရပါသည်။ နေတစ်ခါ ဝင်တော့မည်။ သစ်ကိုင်းသစ်ခက် သစ်ရွက်တို့ကြားမှ ဖြာဆင်းစောင်းရွှေ ကျလာသော နေရောင်ခြည်သည် ပျားရည်စမ်းချောင်းပေါ်တွင် လှပသော ဒီဇိုင်းအဆင်များပေါ်စေသည်။ သစ်ကိုင်းအရိပ်ကြားမှ နေရောင်သစ်ကိုင်း အရိပ်ကြားမှ အကွက်ဒီဇိုင်းသည် ချိုသာမွှေးပျံ့နေ၏။ ထိုမွှေးပျံ့ချိုသာခြင်းသည် သစ်ပင်အောက်တွင် ရှိသော ကိတ်မုန့်တစ်လုံးကို ရစ်ပတ်ဖုံးအုပ်လိုက်သည်။ ကျွန်တော့်ခေါင်းပေါ်က လူသည် ထိုကိတ်မုန့်ကိုစားလျှင် ဉာဏ်ပညာရှိလိမ့်မည်။ ယူ၍စားပါဟု ပြောသည်။ ကျွန်တော် ဉာဏ်ပညာ မရှိချင်ပါ။ အခုရှိသမျှ ဉာဏ်ပညာကလေးနှင့်ပင် လောကကို ချိန်တွယ်ရသည်မှာ ပင်ပန်းဝန်လေးလှ၏။ နောက်ထပ် ပင်ပန်းဝန်လေးမှုများ တိုးလာအောင် ဘာမှမလုပ်ချင်ပါ။ ကျွန်တော် ဤနေရာက ထွက်သွားချင်လှပါပြီ။ ချိုအီဆိမ့်လေးသော ရနံ့များ၏ မွှေးပျံ့ကြိုင်လှိုင်လွန်းခြင်းကို ကျွန်တော် သည်းမခံနိုင်တော့ပါ။ ကျွန်တော့်စိတ်ကို သိသောသူဖြစ်၍ ကျွန်တော် သွားချင်စိတ်ပေါ်ရုံနှင့် ကျွန်တော့်ခေါင်းကို တင်းတင်းကျပ်ကျပ် ဆွဲကိုင်ကာ ပျံတက်ထွက်ခွာလာခဲ့၏။

 

×××

 

ပိုးဟပ် ဆယ့်သုံးကောင်၊ ပင်အပ်တစ်ထုပ်၊ ခဲနီတံသုံးချောင်း၊ ပျို့ဟောင်းတစ်စောင်နှင့် ရေနံဝနေသော ပေထုပ်တစ်ထုပ်ကို အံဆွဲထဲမှာ တွေ့ရ၏။ ထိုအံဆွဲကို အံမှဆွဲထုတ်၍ စားပွဲပေါ်တွင် တင်ထားသည်။ အံဆွဲနှင့် ဖိလျက်သား စာရွက်တစ်ရွက်ကိုလည်း တွေ့ရ၏။ ထိုစာရွက်ကို ကြွက်ကိုက်ထား၍ အနားများ ဖွာလန်ကြဲနေသည်။ ထိုစာရွက်ကို အသေအချာ ကြည့်သောအခါ ကေ… ဆိုသောသူ၏ မြေတိုင်းအရာရှိ အလုပ်ခန့်စာ ဖြစ်နေသည်။ ထူးဆန်းအံ့သြဖွယ်ရာ၊ လေးစားဦးညွှတ်ဖွယ်ရာ စကားပြေ ရေးနိုင်စွမ်းရှိသော ကေသည် တစ်ထောင့်ကိုးရာနှစ်ဆယ့်လေး ခုနှစ် အသက်လေးဆယ့်တစ်နှစ် အရွယ်တွင် သေဆုံးခဲ့သည်။ ကမ္ဘာလောကသည် လူတော်အနုပညာရှင် တစ်ယောက် ဆုံးရှုံးခဲ့ရသည်။ သူ့အလုပ်ခန့်စာကို သည်မှာလာ၍ တွေ့ရသည်။ အမှန်စင်စစ် ကျွန်တော် ဘာမှမသိပါ။ ရေထဲမှာ မြှုပ်ထားသော သံပုံးစုတ် တစ်လုံးထဲတွင် ငါးရှဉ့်များ ပြည့်သိပ်စွာခွေနေ၏။ စကြဝဠာ၏ ဟိုဘက်တွင် ဘာရှိမည်ကို ကျွန်တော် စဉ်းစားမရပါ။ ဦးနှောက်များ ထုတ်ယူထားပြီးဖြစ်သော ကျွန်တော့်ဦးခေါင်းထက် စက်ပျက်နေသော ကွန်ပျူတာတစ်လုံးကို သော်လည်းကောင်း ငါးရှဉ်များရှိသော သံပုံးအစုတ်ကို သော်လည်းကောင်း၊ လက္ခဏာဆရာ တစ်ယောက်ယောက်ကို သော်လည်းကောင်း မေးကြည့်လျှင် ဘာမှရှိမည်ကို ရေးတေးတေး ပြောနိုင်လိမ့်မည် ထင်ပါသည်။ အလွန်ရယ်စရာ ကောင်းပါသည်။ ကျွန်တော့်ခေါင်းထဲတွင် ရွှေချောင်းများရှိသည်ကို ဗေဒင်ဆရာများ မသိကြပါ။ စနေဂြိုဟ်၏ လှပသော ကွင်းဝိုင်းများအလယ်တွင် နောက်ထပ်လတစ်စင်း ထပ်မံတွေ့ရှိသည်ဟု ဆိုကြသည်မှာ မဆန်းပါ။ ကျွန်တော့် ကိုယ်ပိုင်မိုးကောင်းကင်တွင် နေ့စဉ်နေ့တိုင်း လပြည့်ဝန်းများ တစ်ခုပြီးတစ်ခု သစ်ဆန်းတိုးပွား နေသည်မှာ ကိုးနှစ်မက ကြာပါပြီ။ လက်ခုပ်နှင့် ခပ်ယူခဲ့သော စမ်းရေသည် တစ်စတစ်စ ယိုစိမ့်၍ကုန်ပြီ။ သွားကြဦးစို့၊ အချိန်သည် ရွှေလောက် တန်ဖိုးမတန်သော်လည်း အတော်အသင့်တော့ အဖိုးတန်ပါသေးသည်။ ရွှေချောင်းကိုရမှ ကျွန်တော် နာရီအလုံးတစ်ထောင် ဝယ်၍ ထားဦးမည်။

 

×××

 

သွားနေသော်လည်း ခရီးမတွင်လှပါလားဟု ထင်ရသော်လည်း တစ်ခါတစ်ခါ အလွန်ဝေးကွာခဲ့ပြီ ဟု ထင်မိပြန်၏။ ခရီးဆုံးအောင် သွားရမည်လော။ အဆုံးဆိုသည်မှာ ဘာလဲ။ တစ်ခါတစ်ရံ မစမီက ဆုံးတတ်သည်။ ကျွန်တော်သည် ရှေ့ခရီးကို စပြီးပြီလား။ ဘယ်တော့ ဆုံးမည်လဲ။ အဆုံးကို မှန်းမျှော်စဉ်းစားသောအခါ မော၍လာ၏။ ဘဝအမောတွေ ပြေလျော့သန့်စင်စေဖို့ ကွမ်းတစ်ယာနှင့် ဆေးတစ်အိုး ပေးကြပါ။ ကျေးဇူးပြု၍ မုန့်အချိုတစ်ခုလည်း ပါပါစေ။

 

×××

 

ထိုစဉ် ရုတ်တရက် မှောင်မည်း၍လာ၏။ အမှောင်သည် ဇာတ်စင်ပေါ်မှ ကားလိပ်ကြီးကျသလို ဖြည်းညင်းစွာ ကျလာခြင်းမဟုတ်။ သံသေတ္တာအဖုံးကို ဗြုံးခနဲ ပိတ်လိုက်သလို မြည်ဟီး၍ ကျလာသည်။ လေပြင်းများ တိုက်ခတ်လာ၏။ ဆူညံသော တော်လည်းသံများ ကြားရ၏။ တောင်တန်းများ ကွဲပြိုသံများ တဝုန်းဝုန်း တဒိုင်းဒိုင်း မြည်နေ၏။ ကောင်းကင်သည် ကွဲအက်၍ လွင့်စဉ်ဖြာထွက်သွား၏။ တောင်ပင်လယ်စွန်းမှ ဒီလှိုင်း များ ရိုက်နှက်လာသည်။ ကျွန်တော့်ခြေဖဝါးအောက်က မြေကြီးသည် သွင်သွင်ခါယမ်း၍ လှုပ်၏။ ထိုစဉ် လျှပ်တစ်ချက် ဝင်းခနဲ ပြက်လိုက်သည်။ နေမျိုးဗလကျော်သူဘွဲ့ရ ရွာစားကြီး စိန်ဗေဒါ၏ ခြောက်သွယ်ညွန့်တီးလုံးကို ကြားလိုက်ရသည်။ အရှေ့မှာ... ပတ်ရင်းသံ၊ ပတ်ဖျားသံ အတွဲများကြားတွင်...။

ဤမျှများပြားသော ရွှေတုံးများ၊ ရွှေချောင်းများကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးပါ။ စိတ်ကူးမကြည့်ဖူးပါ။ အိပ်မက်ပင် မမက်ဖူးပါ။ ရွှေချောင်းရွှေတုံး အပုံကြီး၏ ထိပ်ဖျားကို တိမ်တိုက်များ ရစ်ပတ်ဖုံးလွှမ်းနေ ၏။ အကျယ်အပြန့်ကို မှန်းဆ၍မရပါ။ ရွှေချောင်းများ၊ ရွှေတုံးများ၊ ရွှေတုံးများနှင့် ရွှေချောင်းများ။

ရွှေဟိမဝန္တာတောင်ကြီးကို ငေးကြည့်နေစဉ် ကျွန်တော့်ခေါင်းပေါ် က လူသည် ရယ်မောလျက် ရွှေချောင်း အခိုးအငွေ့များဖြစ်ကာ ပျောက်ကွယ်သွား၏။ ဤမျှများပြားသော ရွှေချောင်းရွှေတုံးများကို ကျွန်တော် တစ်ယောက်တည်းသာ ပိုင်ဆိုင်ရတော့မည်။ ကမ္ဘာတစ်ခြမ်း မဟုတ်တော့၊ တစ်ကမ္ဘာလုံးကို ကျွန်တော်ဝယ်တော့မည်။ တစ်ကမ္ဘာလုံး။ ရွှေများ။ ရွှေချောင်းနှင့် ရွှေတုံးများ။

 

×××

 

ကျွန်တော် သေသွားပြီ။ မည်သူ ကျွန်တော့်ကို သတိရမည်နည်း။ နှစ်ရက်မျှ ကြာဟောင်းသွားသော သတင်းစာမှ နာရေးကြော်ငြာသည် ဘယာကြော်ထုပ်ပြီး လမ်းဘေးသို့ လွှင့်ပစ်ခြင်း ခံလိုက်ရသောအခါ အချိန်က ဆီများစွန်းကွက်ပေကျံ နေပေပြီ။ သေခြင်းဆိုသည်မှာ အစလား၊ အဆုံး လား၊ အစဉ်၏ အစိတ်အပိုင်းလား၊ ကျွန်တော်သေလျှင် သူ ငိုမည်လား။ တစ်နှစ်တစ်ခါ ကျွန်တော့်ကို သတိရမည်လား။ ကျွန်တော်ကြိုက်သော လက်ဖက်ရည်ခါးခါး ကျကျချိုချို တစ်ခွက်ကို အမှတ်ရသောသဘောဖြင့် တစ်သက်ပန် မသောက်တော့ပါဟု ဆုံးဖြတ်မည်လား။ ကျွန်တော်ကြိုက်သော ဒူးမောရီးယား စီးကရက်ဘူးခွံ လှလှကလေးများကို စိတ်ပြေစရာ စုဆောင်းသိမ်းဆည်း ထားတော့မည်လား။ ပိတောက်ပန်း ပွင့်သောနေ့မှာ ခရမ်းရောင်ဝတ်စုံကို သတိရစွာ ထုတ်ယူဝတ်ဆင်မည်လား။ ကျွန်တော် ရေးခဲ့သော ဝတ္ထုနှင့် ဆောင်းပါးများ၏ ဟောင်းနွမ်းဝါကျင်သော စာမျက်နှာပေါ်သို့ သူ့မျက်ရည် တစ်စက်တလေမျှ ကျသွားလေမည်လား။ ထိုအတွေးများသည် သေခြင်းပွိုင့်၏ ဟိုမှာဘက်သို့ မလိုက်ပါသော ရှက်ဖွယ်အတွေးများ ဖြစ်လေသည်လား။ ငါသေလျှင် မငိုပါနှင့်၊ ပင်လယ်ကဗွီးပင်အောက်တွင် မြှုပ်နှံ၍ အုတ်ဂူပေါ်မှာ သစ်ခွပန်းများ ကြဲချထားပါဟု မှာသော အရူးလောက်မရူး ဟု ထင်ပါသည်။ သတိရခြင်း၊ မေ့လျော့ခြင်း၊ ချစ်ခင် ခြင်း၊ မုန်းတီးခြင်းတို့အတွက် အရေးထား သတိပြုမိစရာ အကြောင်းရင်း ဖြစ်သော ကျွန်တော်၏ ဖြစ်တည်မှုတစ်ခုသည် ကန့်သတ်ချက် အတိုင်းအတာ ကုန်လွန်သွားခြင်းသာ ဖြစ်ပါ၏။ ကမ္ဘာပေါ်တွင် လူသားသန်းပေါင်း လေးထောင့်လေးရာ ကျန်သေး၏။ ရွှေချောင်းများ၏ အစုအပုံအောက်မှာ သေဆုံးသွားသူ တစ်ယောက်အတွက် ဘာမှမဖြစ်ပါ။ ရှင်ကျန်ရစ်သူများကိုသာ ထမင်းဝဝကျွေး၍ ကလေးများကို ကျောင်းထားပေးပါလေ။ ထို့ပြင် အနုပညာလည်း ရှင်သန်ဝေစည်ပါစေ။ မေတ္တာတရားလည်း…။

မကြည်ပြာ အိပ်မက်ဖြစ်သွားပြီ

 

ရေကန်၏ဘေး ကမ်းစပ်မှာ လွတ်လပ်ခွင့်အကြောင်း သူ့ကို ပြောပြချင်ပါသည်။ ရွှေရောင်နေခြည်တို့ဖြင့် စွန်းကွက်ပေကျံနေသော မြက်ခင်း ပြင်သည် မှောင်တစ်ဝက်၊ စိမ်းတစ်ဝက် ရင်မောဖွယ်ရာ လှပနေ၏။ အရိပ်များသည် ရှည်လျားတတ်ကြ၏။ တစ်ခါတစ်ရံ နေရာတစ်နေရာမှ အရိပ်များသည် ရှည်ကြာလေးဖင့်စွာ နေတတ်ကြ၏။ ဘဝပေါ်မှာ ရှည်ကြာလေးမြင့်စွာ အရိပ်ထိုးနေခဲ့လျှင် အကျိုးရှိစေနိုင်သော အရာများ ညှိုးနွမ်းတတ်ပါသည်။ ကျွန်တော့်ရင်ထဲမှာ ပိတောက်ပန်းကို လည်းကောင်း၊ ရွှေပြည်စိုးငှက်ကို လည်းကောင်း၊ တိမ်တောက်သော အနောက်ဘက် မိုးကောင်းကင်ကို လည်းကောင်း၊ ကံ့ကော်ပွင့်များဖြင့် ပြည့်မောက်နေသော ခြင်းတောင်း တစ်လုံးကို လည်းကောင်း၊ ငြိမ်းအေးမှုတစ်သန်းနှင့် အတူ ယူဆောင်ပေးနိုင်သော နှလုံးသားရှိ၏။ ထိုနှလုံးသားပေါ်တွင် အရိပ်ထင်လျက် ရှိချေပြီ။ သစ်ရွက်စိမ်းများ ကန်ရေပြင်ထက်သို့ ကြွေကျသည်။ ရေပြင်၏ မှန်သားချပ် တုန်ခါကွဲအက်သွားသည်။ နှလုံးသားသည် သေးငယ်သော အစိတ် အပိုင်းပေါင်း တစ်သောင်းတိတိ ကွဲအက်သွားသော အခါတွင်လည်း အံ့သြဖွယ်ရာ ထိုအရိပ်သည် ကွဲအက်မသွား၊ ပကတိ စွဲမြဲတည်ရှိစွာ နှလုံးသား အစများပေါ်တွင် တလုံးတစည်းတည်း နှောင်ဖွဲ့အုပ်မိုးလျက် ရှိ၏။ သူပြုံးသောအခါ အလွန်လှသည်။ ချိုသောစကားလုံးများ နီရဲစွတ်စိုသော သူ့ နှုတ်ဖျားမှ ယိုဖိတ်စီးဆင်းသွားသည်။ စကားလုံးများသည် အဝါရောင် သေးငယ်သော မြွေကလေးများသဖွယ် လူးလွန့်တွန့်လိမ်ကာ အရိပ်ထဲသို့ ဝင်သွား၏။ အရိပ်သည် ပို၍ပို၍ သိပ်သည်းစွဲမြဲ လာနေသည်။ သူ့ခြေဖမိုးကလေးများ အလွန်လှသည်။ အလွန်လှသော ခြေဖမိုးကလေးများကို တုပ်နှောင်စီးကြပ်ထားသော အနီနှင့်အနက်ကြား ကြိုးသိုင်းဖိနပ်သည် ကြီးကျယ် သော ရာဇဝတ်မှုကို ကျူးလွန်နေ၏။ လမ်းမဘက်မှာ ကားတစ်စင်း ဟွန်းအရှည်ကြီးတီး၍ မောင်းနှင်သွားသည်။ ပူနွေးသော ထွက်သက်လေများနှင့်အတူ အမောတကော သူစကားပြောလျက်ရှိ၏။ လောကဝန်းကျင်ကို ပန်းနုရောင် လဲ့လဲ့သန်းသော ဟုတ်ယောင်ထင်မှုက ဖုံးလွှမ်းထား၏။ အမှန်စင်စစ် သူ၏ ဆင်ခြေပြေပြေလျောမို့သော ရင်ထဲမှာ မုသားတစ်ကမ္ဘာ ရှိနေသည်။ ဖန်ခွက်ထဲမှ ကြံရည်များ ကုန်သွားပြီဖြစ်၍ ဖြူဖွေးသေးငယ်သော အမြှုပ်ကလေးများသည် ထူးဆန်းသော ဒီဇိုင်းပုံသဏ္ဌာန်အဖြစ် ကျန်ရစ်၏။ ရေခဲ ယတုံးငယ်ကို အချိန်တော်ကြာ စုပ်ယူငုံခဲထားသောကြောင့် သူ့နှုတ်ခမ်းများ အေးစက်ထုံကျဉ်၍ နေမည်ကို သိပါသည်။ ဖန်ခွက်နှုတ်ခမ်းပေါ်မှာလည်း နီရဲသော နှုတ်ခမ်းဆိုးဆေးတစ်စ စွန်းထင်းနေ၏။ ကောက်ရိုးတို့ဖြင့် လှပစွာ ရက်လုပ်ထားသော ဘဝပန်းချီကားချပ်ပေါ်မှာ ထိုနှုတ်ခမ်းဆိုးဆေးစကို တွေ့ခဲ့ဖူးပါသည်။ ဘယ်က စခဲ့သလဲ။ ဘယ်တုန်းက စခဲ့သလဲဟု ပြန်လည် တွေးတောရန် မေ့လျော့နေဆဲ ခဏမှာပင် အဆုံးကို မျှော်တွေးစိတ်မော နေမိသည်။ ကြာတော့ ကြာခဲ့ပြီ ထင်ပါသည်။ မနေ့ကဆိုသည်မှာ ကုန်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း၊ အမှန်တကယ် သိရုံမျှနှင့် ဘဝသည် နေပျော်သောအရပ် ဖြစ်လာလိမ့်မည်။ သို့သော် မသိပါ။ ယနေ့တွင် ယစ်မူးနေ၏။ ယစ်မူးပျော်မိန်းမှု ခဏငယ်များ၏ အကြားအစပ်တွင် အနာဂတ်ကို တဖျပ်ဖျပ် ဝင်၍ဝင်၍ တွေးနေမိသည်။ လူဆိုသည်မှာ မိုက်မဲသောသတ္တဝါ ဖြစ်ပေသည်။ ကြာတော့ကြာခဲ့ပြီ ထင်ပါသည်။

 

×××

 

အမောတကော တရစပ် သူပြောသော စကားသံများကြားတွင် နစ်မြုပ်နေသည်မှာ အမှန်ပါ။ စနေနေ့က သူ ဘယ်သွားသလဲဟင်။ မနက်လေးနာရီ ကီလီဆိပ်ကမ်းသို့ သွားရ၏။ ထိုမှ တောင်ဥက္ကလာ နန္ဒဝန်ဈေး၊ အပြန်တွင် ရန်ကုန်ထဲသို့ လူတင်ခဲ့သည်။ ရှားမီးရှေ့မှာ ဆုံး၏။ ထိုမှတစ်ဆင့် သုံးနံပါတ်ဂိတ်သို့ သွားသည်။ အင်းစိန်သို့ လိုင်းရိုက်၏။ အင်းစိန်ကအပြန် မြေနီကုန်းအထိ ဆွဲသည်။ ထို့နောက် ဓာတ်ဆီဆိုင်ပြေး၍ တန်းစီ၊ နောက် အိမ်ပြန်၏။ ဘေးအခန်းမှာ အမေအပ်ခဲ့သော သော့ကို တောင်းယူ၊ ထမင်းစား၊ အိမ်မှာ ခဏနားရင်း သူ့အကြောင်းစဉ်းစား၊ နှစ်နာရီထိုးသောအခါ ထမင်းအိုးတစ်လုံး ချက်သည်။ ဟင်းကတော့ အမေ ညနေဈေးသိမ်းလျှင် ပါလာလိမ့်မည်။ သုံးနာရီပြန်ထွက်၊ မြို့ထဲ စကော့ဈေးက ကျောက်မြောင်းဈေးသို့ အသွားအပြန် နှစ်ခေါက်၊ ရှားမီးရှေ့ပြန်ထိုးသည်။ အော်ဒါရ၍ သုဝဏ္ဏသို့ သွားသည်။ ကျွန်တော့်အတွက် တစ်နေ့စာရပြီ။ အုံနာခရှင်းပြီး ကားသော့အပ်ကာ အိမ်ပြန်ခဲ့၏။ အမေ့ကို ငွေအပ်သည်။ ငါးပြေမဟင်းနှင့် ထမင်းစားသည်။ ထို့နောက် လမ်းထိပ်လက်ဖက်ရည်ဆိုင် သွား၏။ မေခလာ၏ အခွေအသစ် နှစ်ဖက်ဆုံးအောင် နားထောင်သည်။ လက်ဖက်ရည် မှာ၍သောက်၏။ လက်ဖက်ရည်ဖိုးကို ဆရာကိုထွန်းမြင့်က ပေးသွားသည်။ ဒူးယားနှစ်လိပ်ဝယ်ပြီး အိမ်ပြန်ခဲ့၏။ တစ်လိပ်ကို မအိပ်ခင် သူ့အကြောင်းစဉ်းစားရင်း သောက်ရန်။ ထို့နောက် ညအိပ်မက်ထဲမှာ သူနှင့်တွေ့၏။ စနေနေ့ကဟု ခေါ်သော ကျွန်တော့်ဘဝ အကန့်တစ်ကန့်မှာ ဤသို့ပါဟု သူ့ကိုပြောပြသည်။ သူငေးနေ၏။ သူငေးနေသောအခါ အလွန်လှသည်။ စနေနေ့က ဘယ်သွားသလဲ၊ ဘာတွေလုပ်နေသလဲ ကျွန်တော် သူ့ကို မမေးပါ။ မနက်ရှစ်နာရီ သူအိပ်ရာထ၏။ မနက်စာ ကပျာကယာစား၊ သူငယ်ချင်းများထံ ကပျာကယာ ဖုန်းဆက်ချိန်းဆို၊ အစ်မလတ် မနိုးခင် အလျင်ဦးအောင် ကားထုတ်၍ မောင်းထွက်ခဲ့သည်။ သူငယ်ချင်းများနှင့်တွေ့၊ အင်္ကျီအပ်ထားတာ ရွေးသည်။ ကြိုးသိုင်းဖိနပ်တစ်ရံနှင့် ရှမ်ပူတစ်ပုလင်း ကြုံလို့ဝယ်ခဲ့၏။ ဘားလမ်းက ကိုပန်းသီးဆိုင်သို့ သွား၊ မှာထားသော ‘ဘရိတ်ဒန့်’အခွေ နှစ်ခွေယူ၊ အိမ်ပြန်လာပြီး ကြည့်ကြသည်။ ညနေ လက်ဖက်သုပ်စား၊ လူစုခွဲ၊ ည သူငယ်ချင်း တစ်ယောက်၏ မွေးနေ့ပွဲမှာ ပြန်ဆုံကြ၏။ စောစောပြန်ဖို့ စိတ်ကူးရ၍ ဆယ့်နှစ်နာရီမှာ ပြန်ခဲ့သည်။ စားတာတွေများ၍ အီနောက်နောက် ဖြစ်နေသည်။ တော်တော်နှင့် အိပ်မပျော်။ တစ်အိမ်လုံး အိပ်ကုန်ပြီဖြစ်၍ ကက်ဆက်ကို နားကြပ်နှင့်နားထောင် တူးတူးအခွေမှ သီချင်းနှစ်ပုဒ်လောက် မဆုံးခင် အိပ်ချင်လာ၏။ အိပ်သောအခါ တစ်ရေးမှမနိုး၊ အိပ်မက်မက်ဖို့ ဝေးလို့၊ ထိုအကြောင်းများကို သူပြောမပြသော်လည်း ထူးဆန်းအံ့သြဖွယ်ရာ ကျွန်တော် သိနှင့်နေ၏။ “လမ်းပေါ်မှာ” ဂျပန်ရုပ်ရှင်ကားအကြောင်း သူပြောပြ၏။ အလွန်အချစ်ကြီးသော မော်တော်ဆိုင်ကယ် ရဲသားကလေး၏ ကြေကွဲဖွယ်ရာ ချစ်ပုံပြင်ဟု ဆိုသည်။ လွန်ခဲ့သော အပတ်ထဲက ကျွန်တော့်လိုင်စင် အသိမ်းခံရ၍ အတော်တောင်းပန်ပြီး ပြန်ယူခဲ့ကြောင်း တွေးနေမိ၏။ တီဗီထဲက “ဟတ်တို့ လင်မယား” ဇာတ်လမ်းများကို ပြောပြ၏။ ကျွန်တော့်လက်ဖျားတွေ အေးနေသည်။ သူဘာပြောပြော အလွန်နားထောင်လို့ ကောင်းပါသည်။ “ကိုဇော်အောင်၊ သူ့ကို တို့မချစ်တော့ဘူး” ဟု ပြောခဲ့လျှင် ကမ္ဘာကြီးပျက်သွားသလို ကျွန်တော် ခံစားရမည် ဖြစ်သော်လည်း နားထောင်လို့ ကောင်းမည်မှာ အမှန်ပင်။ သူ့အသံသည် ပျားရည်ဖြစ်သည်။ ဒေါနပန်းခင်းထဲ ဖြတ်တိုက်သွားသော လေညင်းဖြစ်၏။ ရေပြင်ပေါ်မှာ အရိပ်ထင်နေသော သက်တံဖြစ်၏။ တစ်လက်တည်းတီးနေသော လျှပ်စစ်ဂစ်တာဖြစ်၏။ အရိပ်ကောင်းသော ညောင်ပင်ဖြစ်၏။ ဖြည်းဖြည်းချင်း ကျနေသော ရေတံခွန်ဖြစ်၏။ မိုးစက်များကို ပွေ့ပိုက်ထားသော ခရမ်းရောင် သစ်ခွပန်းဖြစ်၏။ သူ့အသံသည် အလွန်လှသည်။

 

×××

 

ပထမဆုံးနေ့က မိုးရွာနေသည်။ ဇီဇဝါပန်းများ တစ်နေရာတွင် ပွင့်နေပုံရပါသည်။ လေးတွဲ့ချိုအီစွာ လွင့်မျောနေသော ရနံ့များကြားတွင် သူ့ ကို ဘွားခနဲ တွေ့လိုက်ရ၏။ လျှပ်ရောင်တစ်ချက် ပြက်သည်နှင့် တစ်ပင်လုံး ပွင့်ဝေနေသော မိုးပိတောက်ပင် ပြိုလဲသွားသည်။ ပိတောက်ပွင့်ဝါဝါများသည် မိုးရွာပက်သလို လွင့်စဉ်ဖွာကျဲ ထွက်သွား၏။ ပိတောက်ပွင့် ပန်းပုံထဲမှ အမြော်အမြင် ကြီးမားစွာ အဝါရောင်ဆင်တူဝတ်၍ သူရပ်နေသည်။ မိုးရေထဲမှာပင် ခြေအောက်မှာ မဟော်ဂနီရွက်များသည် မာကျောပြောင်လက်နေ၏။ သူ့နောက်ဘက် ဝါးရုံပင်အစပ်တွင် ခွေးကလေးတစ်ကောင် မိုးရေထဲမှာ အအေးမိ၍ သေနေသည်။ သူ့ဆံပင်ကို ဘယ်လိုဘယ်လို ပြင်ထားကြောင်း သတိမပြုမိပါ။ သူ့ဆံစပ်က ရစ်ခွေနွယ်သော ဆံလှိုင်းတွန့်မှာ မိုးရေစက်များ တွဲခိုနေ၏။ သူ့ရင်ညွန့်ဝါဝါပေါ်မှာ တင်၍ထားသော စိန်ဆွဲသီး၏ အရောင်များသည် စွေစောင်းကျလာသော မိုးစက်တန်းများကို ဖြတ်၍ စကြဝဠာ တစ်ဖက်စွန်းသို့ ပြေးသွား၏။ ရေခဲစိမ်ထားသော သံချွန်တစ်ချောင်းဖြင့် ရင်ကိုထုတ်ချင်းခတ် ထိုးဖောက်လိုက်သလို အေးစက်ချမ်းမြေ့သော သူ့အပြုံးသည် ကျွန်တော့်ထံသို့ ပြေးဝင်လာ၏။ နာကျင်စူးရှ နှစ်လိုဖွယ်ရာ ကောင်းလှသည်။ အပြာရောင်နုနု မိုးမြူငွေ့များ သန်းလာသောအခါ သူ့ကို ဝိုးဝါးမပီပြင်စွာ မြင်နေရ၏။ သူ လမ်းလျှောက်လာသောအခါ မြေပြင်ထက်က ရေပြင်မှာ ဂယက်တွေထင်ကျန်ရစ်၏။ လှိုင်းထဝိုင်းအိစွာ လှုပ်ရှားယိမ်းနွဲ့ လျှောက်လှမ်းလာသောအခါ အပြာရောင် မိုးငွေ့များ ပြန့်ကျဲပျက်ပြယ်သွား၏။ မောင့်လပြည့်ဝန်း သီချင်းကို တစ်စုံတစ်ယောက်က ဆွဲငင်ကြေကွဲစွာ သီဆိုနေသည်။ လျှို့ဝှက်သိုသိပ်လွန်းသော သူ့မျက်လုံးများထဲမှ အရိပ်အယောင်များ ဖြတ်သန်းပြေးသွားသည်မှာ မြန်လွန်းလှ၏။ ဝေးလံသော အရပ်တစ်ပါးဆီမှ အတီးမပါ၊ အဆိုသက်သက်က အစွမ်းပြနေသော သာဆန်းရဂုံဗွေကို ကြားလိုက်ရသည်။ ကျွန်တော်သိဖို့၊ ထိုစဉ်က သိဖို့ကောင်းပါသည်။ သူနှင့်ကျွန်တော့်ကြားမှာ တောအုပ်တစ်ခု ခြားနေသည်။ သို့သော် သူ့ကို မိုးစက်မှုန် မိုးမြူငွေ့တွေကြားက အခြားတစ်နေရာသို့ ခေါ်ဆောင်သွားခဲ့မိပါသည်။ စုတ်ချာယိုင်ရွဲ့နေသော လက်ဖက်ရည်ဆိုင်ကလေး တစ်ဆိုင်မှာ အတူထိုင်ပြီး သူ့ကိုချစ်ကြောင်း ကျွန်တော် ပြောခဲ့မိပါသည်။ သူ့ကို ကလောသို့ ခိုးယူထွက်ပြေး သွားချင်ကြောင်းကိုလည်း တစ်ပါတည်း ပြောလိုက်ပါသည်။ ထိုအခါ သူရယ်မောသည်။ အမှတ်မထင် ထိတွေ့လိုက်သော ကျွန်တော်တို့ လက်ချောင်းကလေးများက ကျွန်တော်၏ ပုံမှန်အတွေးလမ်းကြောင်းများကို ဖြတ်တောက်ပစ်လိုက်ပါသည်။ မိုးတိတ်သွားပြီ။ ပင်လယ်ပြင်ကို ပြာကျသွားတဲ့အထိ မီးရှို့ပစ်နိုင်သော ခွန်အားသတ္တိရှိသည့် အဆိုတော် တစ်ယောက်က သီချင်းဆို၍ ကျွန်တော့်ကို ကောင်းချီးပေးနေသည် ထင်မိ၏။ ပြောပြီးကာမှ အချစ်ဆိုတာ ဘာလဲဟု မိုက်မဲစွာ ကျွန်တော်စဉ်းစားမိသည်။ ကျွန်တော့်အင်္ကျီ ကော်လံပေါ်မှာ ဘယ်သူလာ၍ လွှတ်ထားခဲ့မှန်း မသိရသော ပုရွက်ဆိတ်ကလေး တစ်ကောင်ကို သူလှမ်း၍ အသာအယာ ကောက်ယူပစ်သောအခါ လှပသော သူ့လက်မောင်းကလေးကို နီးကပ်စွာ ခိုးကြောင်ခိုးဝှက် ကြည့်လိုက်မိ၏။ ကျွန်တော် ဆယ်တန်းဖြေဖို့ လျှောက်လွှာတင်သောနှစ်က ဥမ္မာဒန္တီပျို့ ဖတ်ဖူးပါသည်။ နွယ်ပင်နှင့်တူသော လက်မောင်းကလေးများ၏ အလှကို စာဆိုခဲ့သော မဟာမင်းလှမင်းခေါင် ဦးရွှန်းဆိုသော ပုဂ္ဂိုလ်သည် စာရေးသိပ်မကောင်းလှကြောင်း ကျွန်တော်သိလိုက်ပြီ။ ပန်းများပွင့်လာကြောင်း မည်သို့ သိနိုင်ပါသနည်း။ ပန်းများပွင့်လာကြောင်း သိနိုင်စရာ အကောင်းဆုံး အထောက်အထားမှာ ပန်းများပွင့်လာခြင်းပင် ဖြစ်ပါသည်။ ကျွန်တော့်ကို ချစ်သလားဟု ကျွန်တော်မေးသောအခါ “ကိုဇော်အောင်ရယ်... မကြည်ပြာလေ... လက်ဖက်ရည် သိပ်ကြိုက်တာပဲ” ဟု ပြန်ဖြေပါသည်။ ထိုအဖြေသည် မေးခွန်းနှင့် မကိုက်ညီဟု ကျွန်တော် ထင် ပါသည်။ ထိုသို့ထင်ကြောင်း ပြောပြသောအခါ “ကိုဇော်အောင်ရယ် အချစ်မှာ အမှတ်ပေးစည်းမျဉ်းနဲ့ ကိုက်ညီတဲ့ အမေးအဖြေ လိုသလား” ဟု ပြန်မေးပါသည်။ ထုံထိုင်းအနသော ကျွန်တော် ဘာပြန်ပြောရမှန်း မသိတော့ပါ။ ဘာပြန်ပြောရမှန်း မသိသောအခါတိုင်း ကျွန်တော်လုပ်လေ့ရှိသော အလုပ်က ပြုံးပြ၍ တစ်နေရာသို့ ထသွားခြင်း ဖြစ်ပါသည်။ သူ့ကိုကျွန်တော် ပြုံးပြပြီး မီးသေနေသော ဒူးယားစီးကရက် တစ်ဝက်ကို မီးသွားညှိပါသည်။ ပြန်လာ၍ ထိုင်သောအခါ စားပွဲပေါ်မှာ ပို့စကတ်လှလှကလေး တစ်ခုကို တွေ့ရပါသည်။ ပို့စကတ်ထဲမှာ နီရဲသော နေတစ်စင်း၊ တိမ်တိုက် တွန့်တွန့်လိမ်လိမ်တွေ အကြား ပင်လယ်ပြင်နှင့်အတူ တွေ့ရသည်။ သူပြုံး၍ ကျွန်တော့်ဘက်သို့ ပို့စကတ်လေး တိုးပေးသည်။ သူ့အပြုံးသည် ကျွန်တော့် ရှေ့က လက်ဖက်ရည်ပန်းကန်ထဲသို့ ကျဆင်းသွား၏။ ထိုစဉ်က လက်ဖက်ရည်ကို ကုန်သွားသည်အထိ ကျွန်တော် မသောက်လိုက်ရပါ။ တစ်မော့နှစ်မော့ မော့သောက်ပြီး တစ်ဝက်လောက် ကျန်နေသော လက်ဖက်ရည်များကို သူယူ၍ သောက်ပစ်လိုက်ပါသည်။ ကျွန်တော့်ကို ချစ်ရဲ့လားဟု မေးခဲ့သော မေးခွန်းအတွက် အဖြေကို (က) (ခ)နှစ်ပိုင်းခွဲ၍ သူ ဖြေခဲ့ပြီးပြီဟု ကျွန်တော် ကောက်ချက်လွဲမှားစွာ ချလိုက်မိ၏။ ထို့နောက် ကမ္ဘာဦးအစ အချစ်ဆိုတာ ပေါ်ခါစ၊ ချစ်သူဆိုတာ စတင်ရှိခါစ ကတည်းက ချစ်သူအချင်းချင်း ပြောခဲ့ကြသော၊ ပြောနေကြဆဲဖြစ်သော အမြင့်ဆုံး ဘာသာစကားကို တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေခြင်းအားဖြင့် တိတ်ဆိတ်စွာ ပြောကြားနေလိုက် ကြပါသည်။ ဇော်အောင်နှင့် ကြည်ပြာတို့ ချစ်သူတွေ ဖြစ်သွားကြသော အရေးကိစ္စအတွက် ကန့်ကွက်မည့်သူ ရှိမရှိထိုစဉ်က ကျွန်တော် မမေးလိုက်မိပါ။

 

×××

 

သစ်ပင်များ၊ အရွက်များ၊ အပွင့်များကို သူ စိတ်ဝင်စားတတ်ပါသည်။ သူ့တွင် သစ်ရွက်စိမ်းရောင် လုံချည်တစ်ထည် ရှိကြောင်း အစကတည်းက ကျွန်တော် သိထားပါသည်။ တင်းတင်းရစ်နှောင်သော သစ်ရွက်စိမ်းရောင် လုံချည်အောက်မှ တင့်တယ်မှုများသည် ဇာတ်လမ်းကောင်းသော ဝတ္ထုတစ်ပုဒ်ကဲ့သို့ ပြေပြစ်အသရေရှိလှ၏။ အဝါရောင် သစ်ခွပန်းများ ပွင့်နေသည်။ ပွင့်ဖတ်၏ အတွင်းပိုင်းသည် ခရမ်းရောင် မှိုင်းညို့နေ၏။ ရင်ထဲမှာ မိုးတွေရွာနေသည်။ မိုးသံများကို မိုးခြိမ်းသံများက အနားကွပ် ပေးနေကြ၏။ မတူညီသော အရာဝတ္ထုများ၊ မတူညီသော မျက်နှာပြင်များပေါ်သို့ ကျနေသော မိုးစက်သံများ၏ အသံအတိုးအကျယ် ထုထည်သည်လည်း မတူညီကြပါ။ ကျောက်တုံးပေါ်သို့ ကျသော မိုးစက်သံ၊ ပိန်းရွက်ပေါ်သို့ ကျသော မိုးစက်သံ၊ သဲပုံထဲသို့ ကျသော မိုးစက်သံ၊ ဂစ်တာကြိုးပေါ်သို့ ကျသော မိုးစက်သံ၊ အသံပေါင်းတစ်သောင်းသည် အာကာသဟင်းလင်းပြင်ကို ဖြတ်၍ လွင့်မျောသွားကြ၏။ ရင်ထဲမှာ မိုးတွေ ရွာနေတာပါလား။ မိုးတိတ်သွားသောအခါ သက်တံကိုင်းသည် ခုနစ်ရောင် တောက်ပစွာ ပေါ်လာ၏။ တောင်စောင်းလွင်ပြင်မှာ နေကြာရိုင်းတွေ ကော်ဇောဝါဝါကြီး ဖြန့်ခင်းထားသလို၊ ပန်းခင်းထဲမှာ ကျွန်တော်တို့ စက်ဘီးစီး၍ လျှောက်ကြည့်ကြသည်။ စက်ဘီးဘားတန်းပေါ်မှာ အထိုင်ကြာသောကြောင့် ခြေကျဉ်သည်ဟု သူပြောသည်။ အရှေ့ဘက်တောင်စွယ်မှာ နီကျင်ကျင်လမင်းသည် တိတ်ဆိတ်ခြေရာမဲ့စွာ ကောင်းကင်ကို ဖက်တွယ်တက်နေ၏။ ရေကန်ထဲက ကြာပန်းများ အလယ်မှာလည်း ကောက် ကောက်ကွေ့ကွေ့ လရောင်ခြည်များကို တွေ့နေရသည်။ တက္ကသိုလ်ကျောင်းက ငွေလမင်းသည် ကျွန်တော့်ရင်ထဲမှာ သာနေ၏။ ဈေးကြီးသော စိတ်မချမ်းသာမှုများကို လဆိုင်းအကြွေးစနစ်နှင့် ဝယ်မိနေပြီဖြစ်ကြောင်း ကျွန်တော် မစဉ်းစားမိခဲ့ပါ။ တဖွဲဖွဲကျနေသော ကံ့ကော်ဝတ်မှုန်များအောက်တွင် ကျွန်တော် နစ်မြုပ်နေ၏။ မကြည်ပြာကို ကျွန်တော် သိပ်ချစ်နေခြင်းသည် အကြောင်းတရားလား၊ အကျိုးတရားလား ကျွန်တော် မစဉ်းစားမိခဲ့ပါ။

 

×××

 

ဗဟိုစာကြည့်တိုက်ရှေ့က စိန်ပန်းပြာပင်အောက်မှာ ထိုင်ခုံတစ်ခုံ ရှိ၏။ စိန်ပန်းပြာပွင့်ဖတ်များ သဲသဲရုတ်ရုတ် တဖြုတ်ဖြုတ် ကြွေကျနေသည်။ အပြာရောင် ပွင့်ဖတ်များသည် နားလည်ရခက်သော သီချင်းတစ်ပုဒ်ကို အစမ်းလေ့ကျင့် သီဆိုနေကြသည်။ ရေစီးထဲမှာ ရောင်စုံပန်းပွင့်များ မျောပါနေကြ၏။ သူတို့ ပန်းတိုင်ဆိပ်ကမ်းသည် သာယာချမ်းမြေ့သော အရပ်ဒေသတစ်ခု ဖြစ်ပါစေဟု ဆုတောင်းမိသည်။ ကိုယ့်အရပ်ဒေသ မဟုတ်၍ မအပ်စပ်သလို ခံစားနေရ၏။ မမြင်ရသော စည်းတစ်ခု ခြားထားသလို၊ သူတို့နှင့်ကျွန်တော် ဘာမှမဆိုင်သလို ဖြစ်နေသည်။ အပူအပင် ကင်းမဲ့သော ချိုလွင်ရယ်မောသံများသည် လူးလာတုံ့ခေါက် ရိုက်ခတ် ပြေးလွှားနေ၏။ အေးစိမ့်ချိုကြည်သော စမ်းချောင်းများသည် ငုပ်လျှိုးရာမှ ဘွားဘွားပေါ်ကာ ဤနေရာတွင် အနှံ့ဖြန့်၍ စီးဆင်းနေ၏။ လေးစားဦးညွှတ်ဖွယ် ကောင်းသော ရဲရင့်သည့် အမျိုးသားစိတ်ဓာတ်တို့ ထွန်းကားဝေစည်ပါစေ။ အဝေးက ကြည့်ရှုရင်မော နေရသည်ကပင် စိတ်ချမ်းမြေ့စရာ။ သူရှိရာ အရပ်ဒေသသည် ကျွန်တော်ချစ်သော အရပ်ဒေသပင် ဖြစ်ရပါမည်။ သူ့အလာကို ရင်မောစွာ စောင့်ကြိုနေရင်း ကမ္ဘာပေါ်ရှိ နာရီအားလုံး ရပ်တံ့သွားသည်ကို အသက်ရှူမှားစွာ တွေ့မြင်လိုက်ရ၏။ သူလာနေ သည်။ ရင်ညွန့်ဝါဝါပေါ်မှာ တဖျပ်ဖျပ် လှုပ်ခါနေသော ဆွဲကြိုးတပ်စိန်တုံး၏ အရောင်သည် ဂုဏ်သိန်ထည်ဝါခြင်း အလင်းတန်းများ၊ အလင်းစက်ဝိုင်းများကို အခိုးအလျှံများပမာ မှုတ်ထုတ်နေ၏။ တုန့်ဆိုင်းလေးတွဲ့သော ခြေလှမ်းချသံ၊ လှမ်းကြွသံတို့သည် သစ်ရွက်ကြွေသံနှင့် ရောနှောပေါင်းစပ် သွားသည်။ တစ်ရပ်တစ်ကျေး အဝေးနယ်ပယ်သို့ တိုင်အောင် သူလာနေပြီ ဖြစ်ကြောင်း ပန်းပွင့်တို့က အော်ဟစ်ပြောကြား ကြသည်။ ပျော့ပျောင်းကြမ်းရှသော အင်္ကျီပိတ်သားပေါ်မှာ အနီရောင်အစက်ကလေးများ မျက်လုံးအိမ်ထဲမှာ စုဝေးလာ၏။ လေးလံသော အိတ်တစ်လုံးကို သူ့လက်မောင်းမှာ ဆိုင်းချိတ်သယ်ဆောင် လာသောကြောင့် လက်မောင်းဖွေးဖွေး သေးသွယ်လျမှာ နီရဲသောအရှိုးရာ ထင်ချေပြီ။ အိတ်ထဲမှာ သံယောဇဉ်တွေ အပြည့်အသိပ် ပါသည်လား။ ကျွန်တော် သယ်ခဲ့ပါရစေ။ ပျော်ရွှင်မှုများ ရနိုင်သော အကောင်းဆုံး နည်းလမ်းမှာ ပျော်ရွှင်မှုကို မေ့ထားခြင်းဖြစ်ကြောင်း ထိုစဉ်က ကျွန်တော် နားမလည်ခဲ့ပါ။ အချစ်သည် နေရာအားလုံးတွင် ရှိ၍ ဘယ်မှာမှ မရှိကြောင်းကိုလည်း ကျွန်တော် မသိခဲ့ပါ။ ကျွန်တော့်ထံသို့ ရှေ့တူရူ လှမ်းကြွလာနေသော မကြည်ပြာထံတွင် အချစ်ရှိ၏။ မကြည်ပြာသည် အချစ်ဖြစ်၏။ မကြည်ပြာသည် အချစ်ဆိုသောအရာ တည်နေသော နေရာတစ်ခုဖြစ်၏။ မကြည်ပြာသည် နေရာတစ်နေရာမှာ တည်ရှိနေသော အချစ်ဖြစ်၏။ မကြည်ပြာသည် ကျွန်တော့်အဖို့ နေရာတစ်ခုလည်း ဟုတ်သည်။ အရာတစ်ခုလည်း ဟုတ်သည်။ သူ့လက်ကလေးကို အသာဖွဖွ ကိုင်ထားချင်တာလား။ ဖက်ရုံကလေး ဖက်ထားချင်တာလား။ ချစ်သူ၊ ရည်းစား၊ ဇနီး၊ ခင်ပွန်းဟူသော နာမည်ပညတ်တွေက ပေးအပ်လိုက်သော အခွင့်အရေးကို ပိုင်ဆိုင်ချင်တာလား။ သုခဒုက္ခ ဝေမျှခံစားနေကြမည် ဆိုသော စကားလုံးလှလှကလေးတွေ ဗန်းပြ၍ အတူတူ နေချင်တာလား။ ဘာပဲဖြစ် ဖြစ် ထိုအရာအားလုံးကို လိမ္မာပါးနပ်စွာ လှည့်ပတ်အကြောင်းပြ၍ အချစ်ဟု ခေါ်ကြသည်။ ကျွန်တော် သူ့ကိုချစ်သည်။ ဇော်အောင်နှင့် မကြည်ပြာတို့ အချစ်ထဲမှာ နေကြသည်။ စိမ်းပြာဝါနုသော ရွက်ညွန့်တို့ ဝေလေပြီ။ အဖြူရောင် ပြောင်ချောသော ယူကလစ် ပင်စည်များသည် ဖြူဖွေရွှင်မြူးစွာ အတင်းစကားဆိုကြ၏။ ပင်လယ်ကဗွီးပင်တန်းသည် ဣန္ဒြေကြီးမား တာဝန်ကျေစွာ အိပ်ဖန်စောင့်လျက် ရှိ၏။ သစ်ပင်ကိုင်းဖျားများမှ ချိတ်ဆွဲထားသော ငွေစင်ခေါင်းလောင်း တစ်သောင်းသည် ပြိုင်တူတီးခတ် လှုပ်မြည်ကြ၏။ ပျပျအုံ့သော မိုးသားထဲမှ မြင်းဖြူကြီးတစ်ကောင် ဝဲပျံကျဆင်းလာသည်။ မကြည်ပြာ၏ ရွှေရောင်လေးထောင့်နာရီမှ အချစ်ဆိုသော အရာသည် အုတ်ခုံစွန်းကို ကျော်ဖြတ်ဆင်းသွား၏။ လှပဝင်းမွတ်သော ခြေသလုံးကလေးများ၏ ပုံရိပ်ကို ဆင်စွယ်ပြတိုက် အတွင်းမှာ ဖွက်ထားလိုက်ကြပြီ။ အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းမဟုတ်၊ အတူရှိနေခြင်းသာ ဖြစ်သည်ဟု ပြောသော ယန်းပေါလ်ဆတ်သည် လူညစ်ပတ်ကြီးတစ်ယောက် ဖြစ်နေသည်လား။ ကမ္ဘာပေါ်မှာ မိုးဇတ်တို့ ရှိုပင်တို့လည်း သေခဲ့ကြပြီ။ အိုင်စတိုင်းလည်း သေပြီ။ နပိုလီယံလည်း သေပြီ။ ရှင်ဥတ္တမကျော်နှင့် ယောမင်းကြီးလည်း သေပြီ။ နိုက်တင်ဂေးလည်း သေပြီ။ ဒိုင်နိုဆောတွေလည်း သေတာကြာလှပြီ။ အချစ်က မသေသေးပါ။ တစ်နေရာရာကို သွားကြမည်။ အို အချစ်ရယ် မြန်မြန်လာ။

 

×××

 

လေးခြမ်းကွဲ၍ တွဲလျက်ရှိနေသေးသော ဒူးရင်းသီးအခွံသည် မြေပေါ်တွင် မှောက်လျက်၊ ချွန်ထက်သောဆူးများကို ဒေါသတကြီး ပြနေ၏။ အာလူးကြော်ထည့်သော ပလတ်စတစ်အိတ်ခွံ၊ ဆေးလုံးငယ်လေး နှစ်ဆယ့်ရှစ်လုံး ကုန်သွားသော ဆေးကတ်ပြားဟောင်းတစ်ခု၊ ဘောပင်အကျိုးတစ်ချောင်း၊ တစ်ခြမ်းစုတ်နေသော ငွေရပြေစာတစ်စောင်၊ ကွာရှင်းပြတ်စဲကြောင်း ပါသော သတင်းစာ စာမျက်နှာတစ်ခု၊ ရော်ဘာဖိနပ် သဲကြိုးပြတ်တစ်ဖက်၊ ပုစွန်ဆိတ်အခွံများ၊ ကိတ်မုန့်ထည့်သော ဘူးခွံအလွတ်တစ်ခု၊ အိမ်မိုးဟောင်းမှ ဖျက်ချထားသော ဓနိပျစ်နှစ်တန်း၊ ထိုအရာများကို ကျော်ဖြတ်လာခဲ့ရပါသည်။ ပိတ်ဆို့နေသော မြောင်းတွင်းကရေများသည် အပြာရင့်ရောင် သန်းလျက်ရှိ၏။ အမေ၏ မှုန်ရီဝေသော မျက်လုံးများ ဝမ်းသာပျော်ရွှင် နေကြ၏။ မကြည်ပြာ၏လက်ကို အမေကိုင်ထားသည်။ ဘဝအပူ လောင်၍ထားသော အမေ၏ ကြမ်းတမ်းရှုံ့တွနေသော လက်ချောင်းများကြားမှ ဖြူဖွေးနုညက်သော လက်ချောင်းသွယ်သွယ် ကလေးများသည် ကရုဏာကို ခံယူလျက်ရှိ၏။ မကြည်ပြာ လက်ဖက်ရည်ကြိုက်ကြောင်း ပြောပြထားသည်ကို အမှတ်ရ၍ လမ်းထိပ် လက်ဖက်ရည်ဆိုင်သို့ အမေကိုယ်တိုင် သွားဝယ်သည်။ နေပူထဲမှာ လျှောက်နေသော အမေ့မျက်နှာသည် အေးမြကြည်နူးနေ၏။ ကျွန်တော်တို့ အိမ်ခန်းထဲမှာ ကျွန်တော့်နေရာတစ်ဝိုက် ရှုပ်ပွနေသော အဝတ်အစားများ၊ စာအုပ်များ၊ စာရွက်များ၊ စက္ကူစုတ်နှင့်ဆေးလိပ်တိုများ၊ ဆေးလိပ်ပြာနှင့် ဖုန်မှုန့်များ၊ ဝက်အူလှည့်၊ ပလိုင်ယာ၊ ဘောက်စပန်နာကွင်းနှင့်ခွများ၊ ဓာတ်ဆီနံ့၊ အင်ဂျင်ဝိုင်နှင့် ဘရိတ်ဆီနံ့၊ မပြည့်စုံခြင်း၏ အနံ့များ။ ထိုအရာအားလုံးသည် မကြည်ပြာသခင်မကို ဆီးကြိုထွေးပိုက် နှုတ်ဆက်နေလိုက်ကြ၏။ မကြည်ပြာသည် ဧဝရတ်တောင်ထိပ်မှာ နေစာလှုံနေသော နှင်းခဲငှက်ဖြူမတစ်ကောင်လို ကြွားကြွားဝင့်ဝင့် ကြော့ကြော့မော့မော့ ရှိလှ၏။ ကိုယ်နှင့်မဆိုင်သော၊ မဆက်စပ်သော ပတ်ဝန်းကျင်မှာ ဤသို့ အထာကျကျ ကျော့မော့စွာ နေနိုင်သော၊ နေတတ်သော မကြည်ပြာမှာ အချစ်ဟူသော ပါရမီ၊ အချစ်ဟူသော အရည် အချင်းများ ရှိနေ၏။ အချစ်ဆိုတာ လက်ချင်းမြဲမြဲတွဲ၍ ဘဝထဲ ရဲရဲတိုးဝင်ခြင်းဟု မည်သူကမှ ကျွန်တော့်ကို ပြောကြားမထားဘဲ သိနေသလိုရှိ၏။ ခေါင်းရင်းဘက်နံရံမှာ ကပ်ထားသော မဟာမြတ်မုနိပုံတော် ကားချပ်ရှေ့မှာ မကြည်ပြာ ကျုံ့ကျုံယုံ့ယုံ့ထိုင်၏။ ကျွန်တော့်ကို ခေါ်သည်။ နှစ်ဦးအတူ ဦးသုံးကြိမ်ချ၏။ ပန်းအိုးထဲမှ ဇော်စိမ်းပန်းများသည် ပို၍ အရောင်တောက်လာသည် ထင်ရ၏။ ထိုညနေက ကျွန်တော်တို့သုံးယောက် ထမင်းနှင့်ဟင်းများ ဆိုင်ကပဲ ဝယ်စားကြသည်။ အမေကြိုက်သော ငါးရံ့အူနှင့် ငါးခူစင်းကောကို မကြည်ပြာကလည်း ကြိုက်၏။ ကျွန်တော့်အတွက် ဝက်ကလီစာ ဟင်းတစ်ခွက်။ ကျွန်တော့်အသက် အနှစ်အစိတ်အတွင်းမှာ သည်တစ်ခါ ပထမဆုံးအကြိမ်အဖြစ် ဟင်းကောင်းသုံးခွက် တစ်ပြိုက်နက် စားဖူးခြင်းဖြစ်၏။ ကျွန်တော် ထမင်းကောင်းကောင်း မစားနိုင်ခြင်းမှာ ဟင်းကောင်းသုံးခွက် တစ်ပြိုင်နက် စားရသောကြောင့် ဟုတ်မည်မထင်။ ညဉ့်အိပ်ညဉ့်နေ ဧည့်စာရင်းတိုင်ဖို့ အမေ့ကို ကျွန်တော်ပြောသောအခါ အမေကရယ်၏။ ကြည်ပြာ ဧည့်သည်မှ မဟုတ်ဘဲနဲ့ဟု မကြည်ပြာက ပြောသည်။ ဘာကြောင့်မှန်းမသိ ကျွန်တော့် မျက်လုံးအိမ်ထဲမှာ မျက်ရည်လဲ့နေ၏။ အမေက ပြုံးရယ်၍... မကြီးမငယ် ရူးပါဘိ ငါ့သားရယ်ဟု ပြော၏။ ဓနိမိုးကြား နေရာအနှံ့အပြား၊ ထုပ်တန်းပေါ် နေရာအနှံ့အပြား အိမ်မြှောင်များစွာ စုတ်ထိုးကြသည်။ ဇော်အောင်နှင့် ကြည်ပြာတို့ ဘဝအရေးကိစ္စကို မည်သူမျှ မကန့်ကွက်ကြပါ။ အချစ်သည် သကြားလုံးများ အပြည့်ထည့်ထားသော မှန်ဗီရိုထဲမှာ ပျော်ဝင်ရွှင်မြူးနေလေ၏။

တစ်လ သုံးရက်နှင့် တစ်ညနေ ကြာသောအခါ မကြည်ပြာ ပြန်သွားသည်။

အမေသည် ကျွန်တော့်ကို ကြေကြေကွဲကွဲ ကြည့်၏။ စကားတစ်ခွန်းမှ မဆို။ ကမ္ဘာလောကတစ်ခုလုံးမှာ ရှိသော မိခင်များ၏ ဘာသာစကားကို အမေ ကောင်းစွာတတ်၏။ ထိုဘာသာစကားဖြင့် ကျွန်တော့်ကို ပြောကြားနှစ်သိမ့် နေသည်။ ထိုဘာသာစကားသည် တိတ်ဆိတ်ခြင်း ဖြစ်၏။ တစ်လောကလုံးမှာ လူတွေမရှိ။ တောတောင်ရေမြေ မရှိ။ ပန်းပွင့်တွေ၊ ငှက်ကလေးတွေ ဘာမှမရှိ။ ကျွန်တော်နှင့်အမေနှင့် တိတ်ဆိတ်ခြင်းသာ ရှိသည်။ ကျွန်တော့်ရင်ထဲမှာ ပြောစရာစကား မရှိ။ ခံစားစရာစိတ် မရှိ။ စွန့်စားမှု အထူးအဆန်းတစ်ခု အနေနှင့် ကျွန်တော်နှင့်အတူ တစ်လသုံးရက်နှင့် တစ်ညနေခင်း နေသွားသော မကြည်ပြာ သူ့အိမ်သူပြန်သွားပြီ။ ဘဝမှာ အကြီးမားဆုံး စိတ်မချမ်းမြေ့မှုကို လပိုင်းအကြွေးစနစ်နှင့် ဝယ်လာခဲ့ရာ သည်နေ့ အကြေအလည် ပေးဆပ်လိုက်ရသည်။ ကျွန်တော့်မှာ ပေးရန် ဘာမှမကျန်တော့ပါ။ ကျွန်တော့်အမေနှင့် ကျွန်တော့်သဘောနှင့် ကျွန်တော်ဝယ်ခဲ့သော ပစ္စည်း။ သည်နေ့ ကျွန်တော် အပြီးအပိုင် ရလိုက်ပြီပဲ။ “ကိုဇော်အောင်၊ သူ့ကို တို့မချစ်တော့ဘူး” လို့တောင် ပြောမသွားဘဲ မကြည်ပြာ အိပ်မက်ဖြစ်သွားပြီ။

အမေ့ဒူးနားကို ဆားကျပ်ထုပ်ထိုးပေးဖို့ မီးသွေးမီးဖိုကို ကျွန်တော် မွှေးနေသည်။ မနက်ဖြန် အင်ဂျင်ဝိုင်ပေးမည်။ အစောကြီး သွားတန်းစီရန်။ နောက် ဘယ်ဘက်ဘီးက အဝိုင်းဆီးမလုံလို့ ဆီယိုနေသည်။ အုံနာကိုပြော၍ ညပိုင်းဝပ်ရှော့ထိုးရန်။ မီးသွေးမီးဖိုထဲမှာ မီးကျီးခဲတွေ နီရဲတောက်ပ နေကြ၏။ နီရဲလောင်ကျွမ်းနေသော မီးကျီးခဲသည် နောက်ဆုံး ပြာဖြစ်သွားပေလိမ့်မည်။ စားပွဲစွန်းမှာ တင်ထားသော နာရီအဝိုင်းကြီးတစ်လုံး ပျော့တွဲအိကျနေသည်။ ကျွန်တော့်ရင်ထဲ နှလုံးသားပေါ်မှာ ထင်နေသော အရိပ်သာကျန်ရစ်၏။ နှလုံးသား မရှိတော့ပါ။ ဆားကျပ်ထုပ်ရပြီ အမေ။

ပင်လယ်ထဲကညသည် ပိတောက်ပန်းဖြစ်၏

 

မနက်ဖြန်တွင် ပိတောက်ပန်းများ ပွင့်လိမ့်မည်ဟု တစ်စုံတစ်ယောက်က ပြောကြားသော်လည်း ယုံကြည်ရန် ခက်ပါသည်။ ထိုသူသည် ပန်းများကို ပွင့်စေသူ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ သို့သော် ပွင့်လာမည့် ပန်းများသည် ပန်းများကို ပွင့်စေသူမဟုတ်၊ ပွင့်လာသော ပန်းများသာလျှင် ဖြစ်ပါလိမ့်မည်။ ပန်းများ ပွင့်လာကြောင်းအတွက် အယုံကြည်ရဆုံး အထောက်အထားမှာ ပန်းများပွင့်လာခြင်းပင် ဖြစ်ပါသည်။

ပိတောက်ပန်းကို ကျွန်တော်ချစ်သည်။ ဪ... မနက်ဖြန် ပိတောက်ပန်းတွေ ပွင့်လိမ့်မည်တဲ့။ အထက်သို့ တက်နေသော ဆေးလိပ်မီးခိုးများပမာ ခပ်ဝေးဝေးက ရေတံခွန်တစ်ခုကို ပြောင်းပြန်မြင်နေရသည်။ စိမ်းညို့ချောကျိသော ရေညှိလွှာများသာ ပြောင်ချောလုံးဝန်းသော ကျောက် ဆောင်များကို ရစ်ပတ်လွှမ်းခြုံ ထားကြ၏။ အဝါရောင် ခက်နွယ်သော ပါတိတ်လုံချည်စကို လေတိုးသံသဲ့သဲ့ ကြားရသည်။ သူက ပြောဖူးသည်။ အချစ်ဆိုသည်မှာ မမျှော်လင့်ဘဲ ရုတ်ခြည်း ရောက်ရှိလာသင့်သည်။ မိုးကြိုးထစ် ခြင်းများ၊ လျှပ်စစ်ပြက်ခြင်းများနှင့် အတူ ကောင်းကင်အမြင့်မှ ဘဝအတွင်းသို့ မမျှော်လင့်ဘဲ မုန်တိုင်းတစ်ခု သက်ဆင်းကျရောက် လာသောအခါ ဘဝတစ်ခုလုံး လှုပ်ရှားပြောင်းပြန် ယောက်ယက်ခတ် ဇောက်ထိုးမိုးမျှော် ဖြစ်စေ၍ သစ်ရွက်ကလေးတစ်ရွက်ပမာ တိုက်ခတ်လွှင့်တင်၍ အသူတစ်ရာနက်သော ချောက်အတွင်းသို့ ပစ်ချခံလိုက်ရ သကဲ့သို့…။

အချစ်ဆိုသော မုန်တိုင်းတစ်ခုအကြောင်း တစ်ယောက်က ပြောခဲ့ဖူးပါသည်။ ဘဝအတွင်းသို့ အချစ်ဆိုသောအရာ သက်ဆင်းကျရောက် လာခြင်းအတွက် အစီအစဉ်ကို ရွတ်ဆိုပြနေရန် မလိုပါ။ အချစ်တွင် အစီအစဉ်မရှိ၊ အစသည် အချစ်ဖြစ်၏။ အလယ်သည် အချစ်ဖြစ်၏။ အဆုံးသည် အချစ်ဖြစ်၏။ အသားဖြူဖြူ မျက်လုံးမှေးမှေး သွားတက်ကလေးနှင့် ကောင်မလေးကို ကျွန်တော် ချစ်မိစဉ်က အစသည် အချစ်ဖြစ်၏။ အလယ်သည် အချစ်ဖြစ်၏။ အဆုံးသည် အချစ်ဖြစ်၏။ စလယ်ဆုံး အချစ်တွေ ဖြစ်နေလျှင် အစီအစဉ်ဆိုသည်မှာ ပျောက်ကွယ်၍ သွားပါသည်။ အစအလယ်အဆုံး လုံးလုံးမရှိတော့ပါ။ အစီအစဉ်ကြေညာစာရွက်ကို ကျွန်တော် ဆုတ်ဖြဲလွှင့်ပစ်လိုက်သည်။

အပြင်ဘက်မှာ မိုးမှုန်များ ကျနေသည်။ စက္ကူစုတ်သည် အသုံးမကျစွာဖြင့် မိုးရေဖြင့် ပျော့အိနူး၍ လဲလျောင်းနေသည်။ လက်ဖက်ရည်ပန်းကန်ထဲက ပုဏ္ဏားလက်ဖက်ရည်များသည် ကာလရှည်ကြာခြင်းနှင့်အတူ ပျော့အိနူးလျက်ရှိ၏။ မနက်ဖြန်မနက် ပိတောက်ပန်းများ ပွင့်မည်ဆိုခြင်းကို ကျွန်တော်မယုံပါ။

 

×××

 

မောင်းမကန်ကမ်းစပ်က သောင်ခုံပေါ်မှာ အမိုးအဝါနှင့် အအေးဆိုင်ကလေး တစ်ဆိုင်ရှိသည်။ သူ့ခြေထောက်များ အလွန်လှပါသည်။ ပါးလျားသော ကြိုးသိုင်းဖိနပ်မျိုးကို သူကြိုက်တတ်၏။ ယုတ်စွအဆုံး သဲပြင်ပေါ်မှာ ထင်ကျန်ရစ်သော ဖိနပ်ဗလာ သူ့ခြေဖဝါး အရာကလေးသည်ပင်လျှင် အလွန်လှ၏။ ကမ်းခြေသို့ ပြေးဝင်လာသော ရေလှိုင်းသည် တစ်နေရာရာ၊ တစ်ချိန်ချိန်က အတောင်ညောင်း၍ ပင်ပန်းသော စင်ရော်ငှက်ကို ကျောထက်မှာ ဖောင်သဖွယ် တင်ဆောင်လာခဲ့လိမ့်မည် ဟု ကျွန်တော်ပြောသောအခါ သူနားမလည်။

အမှန်စင်စစ် ကျွန်တော် အလွန်ချစ်မိသော မျက်စိမှေးမှေး သွားတက်ကလေးနှင့် ကောင်မလေးသည် ဘာကိုမှ နားမလည်ပါ။ သံပရာဖျော်ရည်ခွက်ထဲသို့ ပင်စိမ်းရွက်ကလေး တစ်ရွက်နှစ်ရွက်ထည့်၍ သောက်ရကြောင်းကိုလည်း သူနားမလည်ပါ။ လူ့ဘဝ၏ ရခဲသော အဖြစ်ထက် ရသောဘဝအတွင်းမှာ လွတ်လပ်ခွင့်ရောင်ခြည် သန်းခဲ့သောအဖြစ်က ပိုသည်ကို သူ နားမလည်ပါ။ လူသား၏ ကြီးကျယ်မြင့်မြတ်မှုကို ပြသရန်မှတစ်ပါး အခြားတာဝန် အနုပညာမှာ မရှိကြောင်းကိုလည်း သူနားမလည်ပါ။ သောက်ရေအိုးကို မှန်မှန်ဆေးကြော၍ ရေသစ်လဲပေးရန်နှင့် ကြမ်းပြင်ကို ပြောင်လက်အောင် မှန်မှန်လှည်းကျင်းပေးရန် လိုအပ်ကြောင်းကိုလည်း သူနားမလည်ပါ။

ကဗျာတစ်ပုဒ်မှာ ကဗျာသာဖြစ်ပါစေ၊ ကာရန်မလိုအပ်ကြောင်း ပြောသောအခါလည်း သူနားမလည်ပါ။ လူအချို့၏ ခေါင်းထဲမှာ လေဟာနယ်သာရှိကြောင်း ပြောသောအခါလည်း သူနားမလည်ပါ။ သူ့ကို ကျွန်တော်သိပ်ချစ်ကြောင်း ပြောသောအခါလည်း သူနားမလည်ပါ။ မျက်စိမှေးသော၊ သွားတက်ပါသော၊ ကြိုးသိုင်းဖိနပ် ကြိုက်တတ်သော၊ ခြေချောင်းကလေးများ အလွန်လှသော ဤကောင်မလေးကို ဘာကြောင့် အသည်းအသန် ချစ်နေမိမှန်း ကျွန်တော် နားမလည်ပါ။ အစွန်းဆုံးက ဆောက်လုပ်ရေး ဘန်ဂလိုဝရန်တာမှ နေလုံးကြီး ပင်လယ်ထဲ ဆင်းသွားပုံကို ကျွန်တော်နှင့်သူ အတူကြည့်ခဲ့ကြသေး၏။ ထိုစဉ်က ကျွန်တော့်ပခုံးပေါ်မှာ သူ့ခေါင်းကို မှီ၍ထားသည်။ အကြေသား ယောက်ျားဝတ် ရှပ်လက်ရှည်သည် သေးသွယ်သော သူ့ကိုယ်လုံးပေါ်မှာ လောဘတကြီး နေရာယူ ဖုံးအုပ်ထား၏။ မိန်းကလေးများ ဘာကြောင့် ယောက်ျားဝတ် ရှပ်အင်္ကျီပွပွကြီးတွေကို နှစ်သက်ကြောင်း ကျွန်တော် နားမလည်သည်ဟု ထင်ပါသည်။ ရှပ်အင်္ကျီမှာ အတော်အသင့် ရေစိုနေ၏။ ရေချိုးပြီးစ သူ့ဆံပင် တိုနံ့နံ့ကလေးပေါ်မှ ရေစက်ရေပေါက်များ စီးကျ၍ဟု ထင်ရသည်။ လတ်ဆတ်နုပျိုသော ကိုယ်နံ့သည် ဇော်ဇော်အောင်ဆိုသောသူကို ထိုနေရာမှာပင် ကားစင်တင်၍ ကွပ်မျက်လိုက်သည်။

နေလုံးကြီး ပျောက်ကွယ်သွားသောအခါ မောင်းမကန်ရေပြင်သည် ထူးဆန်းစွာ တောက်ပကျန်ရစ်၏။ ကျွန်တော့်ရင်ထဲက မီးပုံတစ်ရာသည် အေးမြလန်းဆန်းနေသည်။ အချစ်သည် အရောင်တောက်စားတတ်၏။ မောင်းမကန်ကမ်းခြေမှာ အချစ်၏အရောင်တွေ တောက်နေသည်။ နူးညံ့ စိုစွတ်သော သဲသောင်ပြင်သည် ပူနွေးလျက်ရှိ၏။ သူနှင့်ကျွန်တော် အသက်နှစ်ဆယ်နှင့် သုံးလနှင့် လေးရက်တိတိ ကွာပါသည်။ ရှိန်းမြမြ သူ့ကိုယ်လေးကို ဖက်ထားရစဉ် အရှေ့ဘက်မိုးစွန်းမှာ လမင်းထွက်၍ နေပါသည်။ ကျွန်တော့်ကို ဦးဇော်အောင်ဟု သူခေါ်၏။ ထိုအဖြစ်က ရယ်စရာကောင်းသည်။ ပင်လယ်ထဲမှာ ကျောက်ဆောင်တစ်လုံး ပေါလောပေါ်နေသည်။ တစ်တီတူးတစ်ကောင်သည် သူ့အမည်ကိုသူ သုံးကြိမ်အော်ဟစ်၍ ပျံပြေးသည်။ ရေလှိုင်းများသည် စဉ်ဆက်မပြတ် ပြေးဝင်ရိုက်ခတ်နေ၏။ ငြီးငွေ့ ဖွယ်ရာ ရေလှိုင်းဂီတသံများသည် တဖြည်းဖြည်းနှင့် ဆူညံမြည်ဟည်း လာနေသည်။ စိုစွတ်သော သဲမြေပွပွပေါ်မှာ ရေစီးကြောင်းရာများ တွန့်တွန့်ကွေ့ကွေ့ ထင်ကျန်ရစ်၏။

လရောင်ခြည်သည် မည်းနက်ညိုမှောင်သော ကျောက်ဆောင်အငူစွန်းကို ရစ်ပတ်ဖက်တွယ်ထားလျက်။ လျှပ်စစ်အော်ဂင် အသံစမ်းသံသဲ့သဲ့ ကြားရ၏။ စာသားအဆိုမပါသော ပတ်ပျိုးတစ်ပုဒ် ဆက်တီးနေသည်။ သမုဒ္ဒဃောသဇာတ်ထွက် ရေယမုန်ပတ်ပျိုး ဖြစ်ကြောင်း ကျွန်တော်မသိပါ။ ချစ်တယ်ဆိုတာ ဘာလဲ ဦးဇော်အောင်ဟု သူမေးသောအခါ အဖြေကို ကျွန်တော် မစဉ်းစားမိ။ ထိုအမေးဝါကျ၏ တည်ဆောက်ပုံ ရယ်စရာကောင်းကြောင်းကိုသာ ကျွန်တော် သိလိုက်၏။ ငါးညှီနံ့စို့စို့ကလေးသည် ချာလည်ပတ်လည် ဝေ့ဝဲ၍ ပြေးလာနေသည်။ မနက်တုန်းက ထားဝယ်ဈေးမှာ ဝယ်ခဲ့သည့် စံပယ်ပန်းကုံး၏ ညှိုးရော်နှစ်သက်ဖွယ်ရနံ့က စူးရှသင်းပျံ့နေသော ငါးညှီနံ့ကို ဆီးကြိုထွေးပိုက်လိုက်၏။ ထိုရနံ့နှစ်ခု ဆုံရာအရပ်မှာ ဖြစ်ပေါ်သော ရနံ့ဝဲဂယက်ထဲတွင် ကျွန်တော် နစ်မြုပ်သွား၏။

မြန်မာနိုင်ငံမှာ ကြိုးသိုင်းဖိနပ်နှင့် အလိုက်ဖက်ဆုံး ခြေထောက်ကလေးများကို ပိုင်ဆိုင်ထားသော အသားဖြူဖြူ မျက်လုံးမှေးမှေး သွားတက်

ကလေးနှင့် ကောင်မလေးသည် ကျွန်တော့်ကို ခမ်းနားကြီးကျယ်သော မှားယွင်းမှုတစ်ခု အတွင်းသို့ ထည့်သွင်းဖုံးအုပ် လိုက်ပါသည်။ အသည်းနှလုံးထဲက အလျင်သည် လင်းထိန်တောက်ပနေ၏။

 

×××

 

အိမ်ဆိုသည်မှာ နေထိုင်စရာ အရာဝတ္ထုတစ်ခုပင် ဖြစ်ပါသည်။ သူ့အဆိုအရ အိမ်တစ်လုံးဆောက်ဖို့ အကောင်းဆုံးနေရာ နှစ်နေရာရှိ၏။ တစ်နေရာက တောင်ကုန်းအမြင့်ပေါ်မှာ၊ နောက်တစ်နေရာက ဟိုအောက် ချောက်ထဲမှာ။ မြေပြန့်မြေညီလွင်ပြင်မှာ ဆောက်သောအိမ်သည် စိတ်ဝင်စားစရာ မကောင်းဟု သူဆိုပါသည်။ တောင်တန်းပေါ်ကအိမ်ကို ရောက်အောင် သွားသောအခါ စကားပမာ ဆိုကြပါစို့၊ တစ်နေ့လုံး အလုပ်သွားပြီး ညနေ ကိုယ့်အိမ်ကို ပြန်လာသောအခါ…၊ အိမ်ကို အဝေးက လှမ်းမြင်နေရပြီ။ ထိုအိမ်သို့ရောက်အောင် တောင်ကုန်းအမြင့်ကို တက်ရ၏။ တောင်ကုန်းအမြင့် တက်ရသည် ဆိုကတည်းက နည်းနည်းတော့ မောမည်။ မောဟိုက် ပင်ပန်းမှုကို အရင်းခံရှေ့ထားပြီးမှ အေးမြသော၊ သာယာသော၊ ချစ်စရာပေါင်း များစွာကောင်းသော အိမ်ကလေးထဲသို့ ဖြုန်းခနဲ ရုတ်တရက်ဝင် ရောက်လိုက်ခြင်းသည် အရသာပင်ဖြစ်သည် ဟု သူဆိုပါသည်။ ကိုယ့်အိမ်ကိုယ့်ရာ ဟူသော အသိစိတ်ဖြင့် စိတ်လွတ်ကိုယ်လွတ် စိတ်လျှော့ကိုယ်လျှော့ လှေကားသုံးထစ် ခြေရင်းမှာ ပစ်ထိုင်ချလိုက်ရခြင်းသည် အရသာဟု သူဆိုပါသည်။ တစ်နေ့တာအလုပ် ပြီး၍ ကိုယ့်အိမ်ကိုယ့်နေရာမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ရသော အရသာကို ခံစားဖို့ တောင်ကုန်းကို တက်ရန် လိုအပ်သည်၊ မောပန်းခြင်း အရင်းခံရှေ့ထားရန် လိုအပ်သည်ဟု သူယူဆပုံရပါ၏။

အလားတူပင် ဟိုအောက်ချောက်ထဲက အိမ်သို့ ရောက်ရန်မှာလည်း ချောက်ကို ဆင်းရပါဦးမည်။ မြေသားကို ခုတ်ထွင်၍ထားသော မြေလှေကားထစ်များ ရှိနေကာမူ အဆင်းသည်လည်း မောတတ်ပါသည်။ ခြေထောက်တွေ ညောင်းတတ်ပါသည်။ အဆင်းနှင့်အတူ ရှိတတ်၊ တွေ့ရတတ်သော အရှိန်ကို ထိန်းရသတ်ရသည်မှာ သိပ်မခက်သော်လည်း သတိရှိဖို့လို၏။ ခြေထောက်များကို ထိန်း၍ထိန်း၍ ဆင်းသွားရာမှ နောက်ဆုံးအိမ်ကလေး၏ လှေကားခြေရင်း ရောက်ခါနီး သုံးလေးလှမ်းလောက် အရှိန်ကိုလွှတ်၍ အပြေးကလေးဝင်ကာ အထက်ပါအတိုင်း လှေကားခြေရင်းမှာ ပစ်ထိုင်ချ လိုက်ရခြင်းသည် အရသာဖြစ်ပါသည်။

ကုန်းမြင့်ထိပ်ကို တက်ရသကဲ့သို့ ချောက်အောက်တွင်းသို့ ဆင်းရာမှာလည်း မောတတ်ပါသည်။ ထိုအမောသည် အိမ်၏ အေးမြသာယာခြင်းကို ဒီဂရီပိုစေသည်ဟု သူဆိုပါသည်။ အိမ်၏ အရိပ်အာဝါသကို ပို၍ နက်ရှိုင်းစေသည်ဟု သူဆိုပါသည်။ ကျွန်တော့်ထက် အသက်နှစ်ဆယ်ကျော် ငယ်သော သည်ကောင်မလေးမှာ သည်လိုထူးဆန်းသော၊ ကျွန်တော် မတွေးမိသော အတွေးကလေးများ ရှိနေသည်က ချီးကျူးစရာ။ ကဗျာမှာ ကာရန်အရေးမကြီးကြောင်း သူမသိပေမဲ့ အိမ်ဘယ်နေရာမှာ ဆောက်သင့်ကြောင်း သူသိသည်။ ရှိုပင်တို့ ချိုက်ကော့စကီးတို့၏ မဟာလက်ရာ ဂီတတွေမှာ စာသားမပါကြောင်း၊ မွန်ဒရီယန်၏ ပန်းချီကားတွေမှာ တောတောင်ရေမြေ၊ လူ စသော သက်ရှိသက်မဲ့တွေ၏ ပုံတူရုပ်တွေ မပါကြောင်း၊ နေမျိုးဗလကျော်သူဘွဲ့ရ ရွာစားကြီး စိန်ဗေဒါ၏ လက်သံအချို့မှာ အဆိုမပါဘဲ တီးထားကြောင်း၊ ပုဂံမြို့မှ အာနန္ဒာသည် အုတ်အင်္ဂတေတို့ဖြင့် ဖွဲ့ထားသော ကဗျာတစ်ပုဒ်ဖြစ်ကြောင်း သူ မသိပေမဲ့ အိမ်အကြောင်းတော့ သိနေသည်မှာ ကမ္ဘာကို ကြေညာသင့်သော အချက်တစ်ချက် ဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။

ခြွင်းချက်အဖြစ်နှင့်တော့ သူတစ်ခုပြောသေး၏။ အကယ်၍ သူသည် ကျွန်တော်နှင့်အတူ ရှိနေပါလျှင် ပင်လယ်ကမ်းစပ်က သစ်သားတစ်ထပ် အိမ်ကလေးကိုလည်း သူနှစ်သက်နိုင်ပါသည်။ ထိုသို့ နှစ်သက်နိုင်ခြင်းသည် ကျွန်တော့်ကိုချစ်၍ တစ်ထစ်လျှော့ခြင်း ဖြစ်သည်ဟု သူ ဆိုပါသေးသည်။ သူ ကျွန်တော်နှင့်အတူ ရှိရပါသည်။ ဆောက်လုပ်ရေးဘန်ဂလို ကလေး၏ မျက်နှာစာ ဝရန်တာဘောင်သို့ ကျွန်တော်တို့ နောက်တစ်ခေါက် ပြန်ထွက်လာပြီး ထိုင်နေကြပါသည်။ လဝန်း အတော်မြင့်နေပြီ။ ပင်လယ် ဘက်က လေသည် နွေးတေးတေးဟု ထင်ရသော်လည်း ကျွန်တော့်လက်မောင်း အရေပြားပေါ်မှာ အေးစိမ့်စိမ့်ဖြစ်နေ၏။ သူ့ဆံပင်ထဲမှ လိမ္မော်ခေါင်းလျှော်ရည်နံ့သည် နာရီအနည်းငယ် ကြာသွား၍ လတ်ဆတ်မှုအား ပျော့သွားခြင်းကိုက နှစ်သက်ဖွယ်။ ခပ်လှမ်းလှမ်း သဲပြင်ပေါ်သို့ ယူကလစ်ပင်မှ အရွက်တစ်ရွက် ကြွေကျသောအသံကို ကြားလိုက်ရ၏။

ကျွန်တော့်နာမည်ရှေ့က ဦးတပ်၍ ခေါ်ပြန်ပါသည်။ မူလကတည်းက သဘောတူညီမှုရှိထား၍ ကျွန်တော့်ကို နာမည်ရှေ့က ဦးတပ်၍ခေါ်ခြင်း ဖြစ်ပါသည်။ သို့သော် ထိုသဘောတူညီမှုကို ကျွန်တော် ဖျက်သိမ်းချင် နေပါသည်။ အသေအချာ စဉ်းစားကြည့်သောအခါ ထိုသို့ ခေါ်ခြင်းကိုပင် ကျွန်တော် သာယာနှစ်သက်နေ သလိုလို။ ကျွန်တော့်ပခုံးပေါ်မှာ ခေါင်းမှီ စောင်းငဲ့၍ စကားအဆက်မပြတ် ပြောနေသော ကောင်မလေးနှင့် ကျွန်တော် အသက်အရွယ် ကွာဟချက်အတွက် ဖြေစရာအကွက်တစ်ကွက် ဖြစ်တန်ကောင်းပါရဲ့။ အသက်အသက်ချင်း ကွာမှုသည် ကိစ္စမရှိပါဘူး။ သူက ငါ့ကို ဦးလို့ ခေါ်နေသားပဲဟု ကျွန်တော့်ရင်ထဲက တိတ်တိတ်ကျိတ်၍ ကိုယ့်ဘာ သာ ဖြေ၍နေမိသည်လား။ အေးမြသော လေပြည်လေညင်းသည် အတင်းစကားများကို အားနာစွာ သယ်ဆောင်လာ၏။ သူ့ကို ကျွန်တော့်ကိုယ်လုံးနှင့် ထွေးပိုက်၍ ကွယ်ထားလိုက်ပါသည်။ ပန်းခြင်းတောင်းထဲမှာ အမွေးထောင်ထောင်နှင့် ခူယားတစ်ကောင် ပါလာ၏။ ဝမ်းဗိုက်သည် စိမ်း၍ ခြေထောက်ပေါင်းများစွာသည် နီရဲနူးညံ့နေ၏။

မနက်ဖြန် ပိတောက်ပန်း ပွင့်လိမ့်မည်ဟု တစ်စုံတစ်ယောက်က ပြောတော့ပြောပါသည်။ ထိုသူ့ကို ယုံကြည်ရန်ခက်လှ၏။ မိမိဝါ… ကလော မှာ နေချင်သည်၊ ခေါင်း နိမ့်နိမ့်ပြားပြားနှင့် အနီရောင်ကားကလေးကို စီးချင်သည်။ လူရိုင်းကြီး ကိုနန်းအခွေကို ထပ်တလဲလဲဖွင့်၍ မိုးလင်းသည် အထိ ကြည့်ချင်သည်။ ထမင်းပူပူကို ထောပတ်နှင့်နယ်၍ သကြားအနည်းငယ် ဖြူးကာ စားချင်သည်။ ရုပ်ရှင်၊ ဗီဒီယိုမကြည့်သော ညလယ်ပိုင်းမှာ ရေသုံးခါသောက်၍ အရုဏ်ဦးမှာ ရေတစ်ခါထပ်သောက်၍ မနက်ဆယ် နာရီခွဲမှ အိပ်ရာက ထချင်သည်။

အိပ်ရာကနိုး၍ မျက်စိနှစ်လုံး ဖွင့်လိုက်သည်နှင့် ရှေ့တူရူ ပြတင်းပေါက်ဘောင်ပေါ်က ပန်းအိုးထဲမှာ ခရမ်းရောင်သစ်ခွပန်းတစ်ခိုင် ပွင့်ပြီးသား ဖြစ်စေချင်သည်။ သူ့လက်သည်းခွံပေါ်က လက်သည်းဆိုးဆေးများကို ဖျက်ဆေးနှင့် ဖျက်သောအခါ မြန်မြန်ပျက်စေချင်သည်။ မြန်မာပြည်ကို ကျီးကန်းတစ်ကောင်မှ မရှိသော တိုင်းပြည် ဖြစ်စေချင်သည်။ သဘောတူညီ ထားလျက်နှင့် ကျွန်တော့်ကို ဦးဇော်အောင်ဟု သူခေါ်လိုက်သောအခါ ကျွန်တော် မျက်စိမျက်နှာပျက်၍ စိတ်အလိုမကျဟန် ဆောင်စေချင်သည်။ ထို့ပြင် တောင်ကုန်းပေါ်မှာ ဖြစ်စေ၊ ဟိုအောက် ချောက်ထဲမှာဖြစ်စေ သစ်သားအိမ်ကလေးတစ်လုံး ဆောက်၍ ကျွန်တော်နှင့်မိဝါ နှစ်ယောက်အတူ နေချင်သည်။ မိမိ၏ လိုအင်ဆန္ဒတွေသည် ဆန်းပြားသည်ဟု မဆိုသာသော်လည်း အစီအစဉ် ညီညွတ်မှုများ ကင်းမဲ့နေသည်လား ဟု ကျွန်တော် တစ်ခါတစ်ရံ တွေးမိသည်။ အစီအစဉ် ညီညွတ်မှု မရှိခြင်းသည်ပင်လျှင် အစီအစဉ်များ ဖြစ်နေသည်လား ဟုလည်း တွေးမိသည်။ မိဝါရယ် လိုက်သောအခါ မျက်စိများ ပိတ်သွား၍ သူ့ခြေထောက်ကလေးများ အလွန် လှကြသည်။

ကျွန်တော့်နှလုံးသားသည် မည်းနက်သော အရောင်ရှိကြောင်း အကြိမ်ကိုးထောင်မြောက် သိလိုက်သောခဏမှာ မိဝါ၏အသားများ အလွန်ဖြူဆွတ်ကြောင်း သိလိုက်ရ၏။ ဝရန်တာထောင့်ရှိ ရေစစ်အိုးမှ ရေတစ်စက်ချင်း၊ တစ်ပေါက်ချင်း ကျနေသော အသံသည် စည်းချက်မှန်လွန်းလှ၏။ ပို၍မြန်လာအောင်၊ ပို၍နှေးသွားအောင် လုပ်၍ရလျှင် လုပ်ချင်ပါသည်။ အလွန်လှပ ညီညွတ်ပြေပြစ် အပြစ်ကင်းသော ဘဝရစ်သမ်ကို ကျွန်တော် မနှစ်သက်ပါ။ ထို့ကြောင့်ဟု ထင်ပါသည်။ မိဝါ၏ အသက်ရှူသံများ မြန်လာလိုက်၊ နှေးသွားလိုက် ဖြစ်သောအခါများတွင် ကျွန်တော် ရင်ထဲမှာ အေးနေ၏။ သာယာသလို ကြည်နူးသလို၊ တစ်စုံတစ်ခုကို နှမြော ဝမ်းနည်းတသ နေရသလို ခံစားရ၏။ နှင်းဆီပွင့်တစ်ပွင့်၏ ပွင့်ချပ်တွေ၊ ပွင့်ဖတ်တွေ၊ အထပ်လွှာတွေ ညီညွတ်ပြေပြစ် နေသော်လည်း ကောင်းကင်မှာ လွင့်မျောနေသော တိမ်တိုက်များမှာ ထိုအရာမရှိ၊ ခံစားမှုများသည် ပန်းကန်ပြားထဲမှ လွင့်မျောယိုဖိတ် လျှံကျ၏။

လ၏ ရောင်ခြည်များသည် ဖျော့တော့နေသည်။ စောစောပိုင်းက မကြားလိုက်ရသော လှိုင်းပုတ်သံများ ပြန်လည် ဆူညံလာသည်။ ကြားခြင်း မကြားခြင်းသည် အာရုံစိုက်မှုပေါ်မှာ မူတည်နေပါသည်။ မိမိဝါ၏ လုံချည်ပေါ်မှ အပြောက်အစက် အခက်အနွယ်တို့သည် သီချင်းတစ်ပုဒ်ကို အတုလုပ်၍ ဆိုနေကြသည်။ သဲပြင်ထဲသို့ ပူနွေးဖြူဖွေးသော ဆားငန်ရေမြှုပ်များ စိမ့်ဝင်သွားသော အသံကို ကမ်းစပ်သောင်ခုံပေါ်မှာ ကျယ်လောင်စွာ ကြားလိုက်ရသည်ဟု ထင်မိ၏။ ပင်လယ်၏ ဟိုဘက်အစွန်းမှာ ဘာရှိသလဲ၊ ဘဝ၏ ဟိုဘက်အစွန်းမှာ ဘာရှိသလဲ။ ခေါင်းခွံထဲက ဦးနှောက်တွေ ဖယ်ရှားလိုက်လျှင် ဆံပင်ဖျား၏ ဟိုဘက်စွန်းမှာ ဘာရှိသလဲ။ မိဝါ၏ သွယ် ပျောင်းရစ်ပတ်သော လက်မောင်းကလေးများကို ဖယ်ရှားလိုက်သောအခါ ထိန်းချုပ်ထားသော ပေါက်ကွဲမှု၏ ဟိုဘက်တွင် ဘာရှိသလဲ၊ အဝါရောင် ဂန္ဓမာပန်းပွင့်တစ်ပွင့် ထိုးထည့်ထားသော တစ်ရာငါးဆယ့်ငါး မီလီမီတာ ဟော်ဝစ်ဇာ အမြောက်ပြောင်းဝ၏ ဟိုဘက်မှာ ဘာရှိသလဲ၊ ထမင်းမစားရသေးသော ကလေးငယ်၏ အစာအိမ် ဟိုဘက်စွန်းမှာ ဘာရှိသလဲ။

မိဝါ၏ ကြိုးသိုင်းဖိနပ်မှ အနီရောင် သားရေတစ်ချောင်း၊ အနက်ရောင် သားရေတစ်ချောင်း၊ နှစ်ချောင်းယှက်၍ ဆက်ထားသော နေရာ၏ ဟိုဘက်စွန်းမှာ ဇော်ဇော်အောင်၏ ပျော်ရွှင်ချမ်းမြေ့သော ဟုတ်ယောင်ထင်မှားမှုများ ရှိ၏။ ခပ်ဝေးဝေးမှ ခွေးတွေ ဟောင်နေသည်။ အုန်းလက်၊ အုန်း ရွက်တို့၏ ပြောင်ချောမာတင်းသော ကျောပြင်သို့ ကျလာသည့် လရောင်သည် လွန်စွာတောက်ပလျက် စက်ဝိုင်းငယ်များ ဖြစ်ကာ ပြေးသွား၏။ လရောင်ခြည် စက်ဝိုင်းကွင်းများ တစ်ခုအတွင်း တစ်ခုဝင်၍ ဟိုအဝေးသို့ ပြေးသွားသောအခါ ကျန်ရစ်ခဲ့သော တိတ်ဆိတ်ငြိမ်သက်ခြင်းသည် ဘယ်အရာနှင့်မှ နှိုင်းတုမရအောင် အေးမြလန်းဆန်းကြောင်း ကောင်းကောင်း သဘောပေါက်ခဲ့ရပေပြီ။

 

×××

 

ချိုမြနွဲ့စွာ သီချင်းဆိုတတ်သော ပုလဲက အခုတော့ အားလုံးစိတ်ညစ်ရပြီ ဟု ဆိုသွားသည် ထင်ပါသည်။ ကျွန်တော်တို့ အလွန်ပျော်နေကြ ပါသည်။ တစ်ခုစီ တစ်ခုစီကြည့်လျှင် ဘာမျှမလှသော မိမိဝါ၏ အလုံးစုံသော အပေါင်းအစုသည် တစ်သန်းသော အသရေဖြင့် ထိန်လင်းစွာ လှပ ခြင်း ပန်းပုရုပ်ကို ဤမောင်းမကန် ကမ်းခြေတွင် ထုလုပ်ခဲ့ပါ၏။ အချစ်နတ်သမီး ဗီးနပ်(စ်)သည် ခါးတုတ်၍ ဝမ်းပြင်းသား မောက်လွန်းသည်။ မိုနာ လီဇာ၏ အပြုံးသည် စိတ်မပါသည့်အပြင် သူ့ရင်သည် ပြားချပ်လွန်းနေ၏။ ကမ္ဘာပေါ်မှာ ကျောပြင်အလှဆုံးဟု ဆိုကြသော ရကွယ်ဝဲ့လ်(ချ)၏ ပခုံးရိုးများ ကြီးလွန်းသည်။ အပြစ်ဆိုသည်မှာ ရှိစမြဲပါပဲ။ အသားဖြူဖြူ အရပ်ပုပု မိမိဝါသည် အတော်အသင့်မျှမက လိုလားအပ်သော မိန်းကလေးတစ်ယောက် ဖြစ်ပါသည်။ သူနှင့်အတူတကွ ရှိနေခြင်းသည်ပင်လျှင် ငြင်းပယ်၍ ရနိုင်မည် မထင်သော နှစ်သက်ဖွယ်ရာ မင်္ဂလာဖြစ်၏။ အပွင့်ဟောင်းထဲက ရနံ့သည် တစ်ခါတစ်ရံ သစ်လွင်နေတတ်ပါသည်။ ဟိုလဗ်က အရာအားလုံးတွင် ကဗျာရှိ၏ဟု ဆိုဖူးသည်။ မိမိဝါသည် ကာရန်မပါသော ကဗျာတစ်ပုဒ်ပင်ဖြစ်ကြောင်း စိုစွတ်သော သဲမြေပွပေါ်မှာ ထင်ကျန်ရစ်သည့် ခြေရာများက အတည်ပြု ပြောကြားကြသည်။ ပျင်းရိငြီးငွေ့ဖွယ် အလင်္ကာများ၊ ဂုဏ်ရသများ၊ နိမိတ်ပုံများကို တဖျစ်ဖျစ် တောက်လောင်နေသော လက်ပြနှုတ်ဆက်ခြင်းမီးပုံထဲသို့ အခမ်းအနားနှင့် ထည့်လိုက်ဖို့ လိုပါသည်။ အမွေးအတောင် ရဲရဲနီသော မျက်လုံးမျက်ဆန် သွေးရောင်စို စွာတောက်ပသော ဖီးနစ်မီးလျှံငှက်သည် ခုန်ထွက်ပျံသန်းကာ ဤကမ္ဘာ ကို သုံးပတ်ပတ်၍ ကောင်းချီးပေးပါလိမ့်မည် ဟု ထင်ပါသည်။ အပြစ်များဖြင့် မည်းမှောင်ညစ်ကျူနေသော မိမိဝါ၏ အသက်ရှင် ဖြစ်တည်နေခြင်းကို ကျွန်တော် ငြင်းပယ်၍မရပါ။

ထိုအကြောင်းကို မောင်းမကန်ကမ်းခြေ သောင်ခုံများက သိပါသည်။ အုန်းလက်ပေါ်က လရောင်ခြည်များ သိပါသည်။ ဆားငန်နံ့၊ ငါးညှီနံ့တို့ ရောယှက်သော မြူငွေ့ပြာပြာတို့က သိပါသည်။ ရေစစ်အိုးမှ တစ်စက်စက် ကျနေသော ရေစက်ရေပေါက်သံတို့က သိပါသည်။

အချစ်ဆိုသည်မှာ ပိုင်ဆိုင်မှုလား၊ ပေးဆပ်ခြင်းလား၊ ရယူခြင်းလား၊ ဘာလားညာလားတို့ ခေတ်နောက်ကျသွားပြီဟု ထင်ပါသည်။ တာဝန်ယူမှု တစ်ခုခုတော့ ရှိရမည်ဟု တစ်ယောက်ယောက်က ပြောကြားပါသည်။ ထိုစကားသည် အနှစ်ခြောက်ထောင်လောက် ကြာမြင့်အိုဟောင်း ခဲ့လေပြီ။ မိမိဝါ၏ အလုံးစုံကို ကျွန်တော်၏ အချစ်များက တာဝန်ယူခဲ့သည်မှာ ပင်လယ်ရေငန်တို့ဖြင့် စိုစွတ်သော ပထမဆုံးအိပ်မက် မက်ခဲ့စဉ်ကပင် ဖြစ်ကြောင်း ရေးကြီးခွင့်ကျယ် ပြောဖွယ်မရှိပါ။ မိမိဝါကို နံ့သာဖြူပန်းပြောက် သေတ္တာထဲမှာထည့်၍ ဘာမှမရှိသော ကျွန်တော့်ဦးခေါင်းထက်မှာ တင်ရွက်၍ ဒုတိယမြောက် မိုးကုပ်စက်ဝိုင်းရှိရာ အရပ်သို့ သွားပါမည်။ သက်တံခုနစ်ရောင် တောက်ပစွာ ထည်ဝါလှသော မိုက်မဲမှုကို ဘဝတစ်ဘဝစာ ဈေး ကြီးပေး၍ ဝယ်ယူလိုက်သည့်အတွက် နောက်တစ်ခါထပ်၍ စဉ်းစားရန် မရှိပါ။ မိဝါကို ပြင်ဦးလွင်အတက် နှစ်ဆယ့်တစ်မိုင်မှာ ကျွန်တော် စတင် တွေ့ခဲ့ပါသည်။

 

×××

 

မောင်းမကန်ကမ်းခြေမှာ ပိတောက်ပန်းတွေ ပွင့်နေပြီလား။ ရှည်လျားလွန်းသော ညသည် တစ်စစီ ပြတ်တောက်၍သွား၏။ ပြင်းထန်ကျယ်လောင်သော အိမ်မြှောင်စုတ်ထိုးသံသည် တစ်စုံတစ်ခုကို သတိပေးနေသလို ဖြစ်၏။ သစ်ရွက်များ ကြွေသည်။ လေသည် မွန်းကျပ်ပိတ်လှောင်သော နေရာတစ်ခုထဲမှာ ပုပ်သိုးသွားလျက် ရှိနေသည်။ တစ်ချက်တစ်ချက် ဝင်းလက်သော အလင်းရောင် ဘယ်ဆီက လာမှန်းမသိပါ။ သို့သော် အားပျော့လှ၏။ မကျေနပ်ခြင်း ရနံ့များသည် အစွပ်မပါသော ခေါင်းအုံးကို ပွေ့ပိုက် ထား၏။ စာရွက်အဖြူပေါ်မှ ဂဏန်းများသည် လိုအပ်သည်ထက် ပို၍ကြီးနေကြ၏။ ဘယ်သောအခါမှ မေ့၍ရမည် မဟုတ်သော ဖြစ်ရပ်များက ရင်ထဲမှာ ဝတ်ကျေတန်းကျေ လှုပ်ရှားနေကြသည်။ ဘယ်သူတွေ ဘာဖြစ်နေတာလဲ၊ အမြင့်ဆုံး သစ်ကိုင်းများမှ သစ်သီးသည် အချိုမြိန်ဆုံး ဖြစ်ပါလိမ့်မည်။ ဆင်စွယ်ဖြင့် ထုလုပ်ထားသော ငှက်ရုပ်တစ်ကောင်သည် အာခေါင်ကို ခြစ်၍ သီချင်းဆိုရန် ကြိုးပမ်းနေသည်။ ထိုအခါ စိမ်းမြသော ဝါးရုံပင်ကြားမှ မိုးရေစက်ငှက် သီချင်းမဆိုတော့ပြီ။

မိုးစင်စင်လင်းမှ မနက်ခင်းကို တွေ့ရလိမ့်မည် ဖြစ်ကြောင်း ကျွန်တော် သိသော်လည်း ည၏ အစိတ်တစ်စိတ်ထဲမှာ ကဗျာကိုရှာ၍ ကြည့်မိသည်။ မိမိဝါ၏ အသက်ရှူသံ တိုးတိုးညင်းညင်းသည် အစပ်မှားသော ခြင်္သေ့လည်ပြန် ကာရန်ပမာ သနားစရာဖြင့် ပြည့်ဝနေ၏။ ညတာ၏ ရှည်လွန်း ခြင်းအဖြစ်ကို မျှော်လင့်ချက်ဖြင့် နှိပ်ကွပ်ရန် စဉ်းစားမိသော အတွေးသည် အချည်းနှီး မဖြစ်တန်ရာ၊ လရောင်ခြည်သည် သံချေးတက်စ ပြုနေသော နို့ဆီခွက်အတွင်းမှာ ပုန်းလျှိုးသွား၏။ အေးမြလတ်ဆတ်စွာ အမောများကို ပြေလျော့စေသော လေပြည်လေညင်းသည် ပင်လယ်ပြင်အောက် ကျောက်စွန်းကျောက်ခက်၊ ရေညှိရွက်တို့ကြားတွင် သွား၍နေ၏။ လွမ်းပါသည်၊ လွမ်းပါသည်။ ဖြူဖွေးနူးညံ့သော ဝါဂွမ်းတစ်ဆုပ်ဖြင့် အကြိမ်ကြိမ်ရိုက်ပုတ် ထောင်းထုသောကြောင့် ဦးခေါင်းတစ်ခုလုံး ကျိန်းစပ်၍ နေလေပြီ။ ကြေကွဲ ခြင်းများကို လုံခြုံစွာ သိမ်းဆည်းထားစရာ နေရာရှာ၍လည်း မတွေ့။

ပင့်ကူအကောင် ငါးရာသည် နီရဲပြောင်လက်သော ပန်းသီးကို ငါးမိနစ်အတွင်း ကုန်စင်အောင် စားပစ်လိုက်ကြသည်။ တိတ်ဆိတ်ခြင်းသည် စူးရှစွာ ရင်ထဲသို့ ဝင်ရောက်လာသည်။ မိဝါသည် အိပ်ပျော်လျက်ရှိ၏။ ညကား ရှည်လျားလွန်းသော်လည်း အစိတ်စိတ်အမြွှာမြွှာ ကွဲ၍ ပင်လယ်ထဲသို့ ဆင်းနေသည်။ ရင်ထဲက တိတ်ဆိတ်ခြင်းသည် ကျယ်လောင်စွာ ပေါက်ကွဲ၏။ သူ့ကို ကျွန်တော်ချစ်နေကြောင်း အသိအမှတ်ပြုသည့် ထောက်ခံစာပေါ်မှာ အနီရောင် ကြက်ခြေခတ်တစ်ခု ပါလာသည်။

မောင်းမကန်ကမ်းခြေမှာ ပိတောက်ပန်းများ မပွင့်ပါ၊ မောင်းမကန် ကမ်းခြေမှာ ပိတောက်ပန်းများ ကြွေနေသည်။ မောင်းမကန်ကမ်းခြေမှာ ပိတောက်များ မပွင့်ပါ၊ မောင်းမကန်ကမ်းခြေမှာ မိတောက်ပန်းများ ပွင့်နေသည်။ မိဝါသည် ပိတောက်ပန်းတစ်ခက် ဖြစ်၏။ ထိုပိတောက်ပန်း တစ်ခက်သည် ကြိုးသိုင်းဖိနပ် ပါးပါးကလေးတစ်ရံ စီးထား၏။ မောင်းမကန်ကမ်းခြေမှာ မိဝါသည် ကြောင့်ကြမဲ့ ကြည်နူးစွာ အိပ်ပျော်နေ၏။ ကျွန်တော်သည် ညထဲသို့ တိုးဝင်နေသည်။ လိုက်မယ်ဆိုရင် ထတော့လေ... မိဝါ။

ကျွန်တော်၏ချစ်လှစွာသော အစရှိသဖြင့်

 

ဇော်ဇော်အောင်၏ မြောက်မြားလှစွာသော နာမည်တွေထဲတွင် “ငကျား”ဟူသော နာမည်တစ်လုံး တိုးသောနေ့က စတော်ဘယ်ရီဖျော်ရည် ဖန်ခွက်တစ်ခွက်တည်းမှာ ပိုက်တံနှစ်ချောင်း ထည့်ကာ နှစ်ယောက်သား ခေါင်းချင်းဆိုင်၍ စုပ်ခဲ့ကြသည်။

ပြတင်းပေါက်ကို ဖွင့်လိုက်စမ်းပါ။

အပြင်ဘက်မှာ ဘာပဲရှိရှိ၊ ဖွင့်ဖြစ်အောင် ဖွင့်လိုက်စမ်းပါ။ တစ်ခါတစ်ရံ ပြတင်းပေါက်ဖွင့်ရေး ကဲ့သို့သော အသေးအဖွဲ ကိစ္စကလေးတွေမှာပင် ရဲရင့်ဖို့ လိုအပ်ပါသည်။ ဘာလုပ်နေသလဲ ညိုမာ။ အပြင်ဘက်မှာ နေရောင်ခြည်။

သေတ္တာထဲမှာ ရည်းစားစာအဟောင်း ဆယ့်သုံးစောင်နှင့် မြွေအကောင် လေးဆယ်ရှိ၏။ စနေဂြိုဟ်သည် လည်းကောင်း၊ ပိတောက်ပန်းသည် လည်းကောင်း၊ သဲသောင်ခုံသည် လည်းကောင်း၊ အဝါရောင်ခန်းဆီးသည် လည်းကောင်း၊ စားပွဲပေါ်က ပန်းအိုးသည် လည်းကောင်း၊ လိုလားတပ်မက်စွာ ကုတ်ခြစ်သော လက်သည်းများသည် လည်းကောင်း၊ ချက်လက်မှတ်ပေါ်က သုညများသည် လည်းကောင်း၊ လက်ခုပ်သံသည် လည်းကောင်း၊ ကိုယ်ပိုင်အယူအဆသည် လည်းကောင်း၊ မှတ်တမ်းသည် လည်းကောင်း အမှန်စင်စစ် ဘာမှမဟုတ်ကြပါ။ ဘယ်ကစ၍ ဘယ်မှာဆုံးသည်လဲ။ နေရာအမှတ်အသား ကင်းမဲ့စွာ ဤနေရာသို့ ကျွန်တော့်ကို ဘယ်သူလာ၍ ပို့ဆောင်ခဲ့ပါသလဲ။ အခုဘဝမှာကိုပင် အနေရကျပ်လှပါပြီ။

ငါသေရင် ဝက်သစ်ချပင် ခြေရင်းတွင် မြှုပ်နှံ၍ အုတ်ဂူပေါ်မှာ အဝါရောင်ပန်းစည်းတစ်စည်း ထားလှည့်ပါဆိုသူနှင့် ကျွန်တော် သဘောချင်း မတိုက်ဆိုင်ပါ။ နောင်ဘဝရှိပါလျှင်လည်း သူနှင့်တစ်ခါထပ်၍ မတွေ့ချင်ပါ။ ရက်စက်စူးရှသော တိမ်းညွတ်မှုကြောင့် ဇော်ဇော်အောင် အကြိမ်တစ်ထောင် ချစ်ခဲ့မိသည်။ မလွှပင်ခြေရင်းတွင် မလွှပွင့်ဝါဝါများ အနားကော့လန်၍ အတွင်းက ခရမ်းနုရောင်ကို မြင်နေရစေသည်။ အချစ်နှင့် လိင်ကိစ္စသည် ကလေးသူငယ်များ အတွက်သာ ဖြစ်သည်ဟု အဲဖရက်ဟစ်ကော့က ပြောဖူး၏။ တင်းတင်းရစ်နှောင်သော အစိမ်းနုရောင် လုံချည်အောက်မှ တင်းမာလုံးဝန်းသော အသရေကုဋေတစ်သန်းသည် တစ်ခါတုန်းက မန္တလေးတက္ကသိုလ်အဝင်ဝ ကျောက်သားလှေကားထစ်များပေါ်တွင် ကျန်ရစ်ခဲ့ပြီ။ မေ့သွားပြီ လဲ့လဲ့ဝေရီ။

ခေါင်းမာခြင်း၊ စိတ်ဆတ်ခြင်း၊ မာနကြီးခြင်းတို့ကို သူ့မျက်နှာပေါ်မှာ အဖုံးအကာမဲ့ တွေ့ရသည်မှာ သူနှင့်ကျွန်တော် မသိခင်ကတည်းက ဖြစ် ၏။ ရေနီမြောင်းဘေးမှာ နှစ်ယောက်အတူ လမ်းလျှောက်စဉ်က အနုပညာ လွတ်လပ်ခွင့်အကြောင်းကို ကျွန်တော် ပြောပြဖူးသည်။ ထိုအခါ ထနောင်းပင်များသည် တဖျစ်ဖျစ်မြည်၍ ဆူးချွန်အသစ်များ နောက်ထပ် ထွက်လာပါသည်။ နီရဲစေးပျစ်သော ချော်ရည်ပူများ ပေါက်ကွဲလွင့်စဉ် ဖိတ်အန်ကျနေသော မီးတောင်တစ်လုံးကို ကြည့်နေရသလို ဖြူဖွေးသွယ်လျက်သော သူ့ မျက်နှာကို တစိမ့်စိမ့်ကြည့်နေရင်း ခံစားမိသည်။ သေးသေးသွယ်သွယ်၊ ကိုယ်နေဟန် ခပ်ပါးပါး၊ အရပ်သိပ်မမြင့်၊ လှုပ်ရှားပုံ နှေးကွေးသော သူ့ ခန္ဓာကိုယ်ထဲက အလှအပများသည် စက္ကန့်တိုင်း စက္ကန့်တိုင်း ပေါက်ကွဲလွင့်စဉ် ဖြာထွက်နေပါသည်။ သည်လောက်လှသော မိန်းကလေးတစ် ယောက်နှင့် နှစ်ယောက်အတူ အေးအေးဆေးဆေး လမ်းလျှောက်နေရချိန် မှာ ညနေခင်းသည် ကောင်းကင်ပြင်မှာ လွင့်မျောနေ၏။ အနှေးပြရုပ်ရှင် ကားတစ်ကားပမာ လွင့်မျောနေသော ညနေခင်းကို ကျွန်တော် မြင်တွေ့နေရကြောင်း ပြောပြသောအခါ သူရယ်မောပါသည်။ ထို့နောက် ထနောင်းပင်တစ်ပင်ကို လက်ညှိုးထိုးပြ၍ ထနောင်းကြောင်ခြစ်၊ ဆူးရစ်ပွင့်ကာ၊ မိုးမရွာ၊ ရွာပါသော်လည်း၊ မိုးမသည်းဟူသော ကဗျာတစ်ပိုင်းကို သူရွတ်ပြ၏။

သူသည် တတိယနှစ် မြန်မာစာက ဖြစ်သည်။ ကျွန်တော်က ဘော့ဂဲလ်ဒေါ့အကြောင်း၊ အာဖရိကတိုက်မှာ မိုးခေါင်ခြင်း၊ အငတ်ဘေးအကြောင်း၊ ကမ္ဘာပေါ်မှာ ကျော်ပေ့ဆိုသော ဂီတပညာရှင်များ၏ အလှူပွဲအကြောင်း ပြောပြသောအခါ သူက မြန်မာပြည်က လယ်သမားအကြောင်းကို ပြောပြ၏။ ကျွန်တော်က လယ်ဝန်မင်းဆောမြို့စားဦးစီး၊ မောင်ထင်၏ ငဘဝတ္ထုများအကြောင်း ပြောပြသောအခါ သူရယ်ပြန်ပါသည်။ သူ့မျက်စိထဲမှာ ကျွန်တော်သည် စာဖောင်မှားကောက်မိ၍ စာမျက်နှာများ ကျော်နေသော စာအုပ်တစ်အုပ်နှင့် တူသည်ဟု ပြောသောအခါ အဓိပ္ပာယ်ကို ကျွန်တော် နားမလည်။ အရောင်တောက်သော တိမ်တိုက်တစ်ခု အနောက် ဘက် မိုးကောင်းကင်မှာ ရုတ်တရက် အောက်သို့ ပြုတ်ကျသွားသောအခါ ကျွန်တော်တို့ ပြန်လာခဲ့ကြသည်။ အဆောင်တံခါးဝအထိ ကျွန်တော် လိုက်ပါလာခဲ့သည်။ အပေါ်ထပ် သူတက်သွားသည်အထိ စောင့်ကြည့်ခဲ့၏။ ထိုစဉ်က အဆောင်ပေါ်မှာ ကျောင်းသူတစ်ယောက်မှ မရှိပါ။ သူတစ်ယောက်သာ ရှိ၏။ အရှေ့ဘက် ရှမ်းရိုးမ တောင်တန်းများဆီမှ လမင်းသည် တိတ်ဆိတ်ခြင်းနှင့်အတူ တရွေ့ရွေ့ တက်လာ၏။ ကျွန်တော့်ရင်ထဲက ပူနွေးလတ်ဆတ်သော စိတ်သည် မန်းတက္ကသိုလ်တွင် သက်တမ်း အကြာဆုံး ရွှေမန်းဆောင်ထဲသို့ ဝင်သွား၏။ သူနေသောအခန်းသည် သပ်ရပ်သန့်ရှင်းလှ၏။ အခန်းထဲမှာ သပ်ရပ်သန့်ရှင်းစွာ နေတတ်သူသည် ဘဝထဲမှာလည်း သပ်ရပ်သန့်ရှင်းစွာ နေတတ်လိမ့်မည်ဟု ယူဆသောကြောင့် ကျွန်တော် အလိုလို ပြုံးမိပါသည်။ စက္ကန့်များ၏ အစိတ်အပိုင်းတို့ကိုပင် စနစ်တကျ ခွဲတမ်းချ၍ ဘဝကို နေထိုင်သွားမည့် သူတစ်ယောက်ကိုမှ ကျွန်တော် ချစ်မိခြင်းသည် ရယ်စရာကောင်းသော ကိစ္စတစ်ခု ဟုလည်း သဘောပေါက်လိုက်ပါသည်။

အမှန်စင်စစ် အချစ်ဆိုသည်မှာလည်း ဘာမှမဟုတ်ပါ။ ရင်ထဲမှာ တံဆိပ်အတု တပ်ထားသော အသည်းနှလုံးကို သန့်စင်ပြောင်လက်အောင် ကြိုးစားပွတ်တိုက် နေခြင်းသာ ဖြစ်ပါသည်ဟု ထင်ပါသည်ဟု လဲ့လဲ့ဝေရီကို ကျွန်တော်ချစ်ကြောင်း ပြောမိသော အကြိမ်ပေါင်း များလှပါပြီ။ တောင်သမန်မှာ၊ ရန်ကင်းတောင်မှာ၊ တက္ကသိုလ်ဝင်းထဲက အအေးဆိုင်ကလေး တစ်ဆိုင်မှာ၊ ကော်ရစ်ဒါမှာ၊ တက္ကသိုလ်ပြတိုက်မှာ၊ ပြင်ဦးလွင်မှာ၊ မင်းကွန်းမှာ၊ စစ်ကိုင်းတောင်ပေါ်မှာ၊ ရွှေကြက်ယက် ရွှေကြက်ကျ ကျောက်တောင်စွန်းမှာ၊ ကျောက်ဆည် ဝေဘူတောင်ပေါ်မှာ၊ နေပူထဲမှာ၊ နှင်းတွေ ကျနေတုန်းမှာ၊ ရွာမလိုမိုးတွေ ညိုလာတုန်းမှာ။ သို့သော် ဘယ်တုန်းကမှ ကျွန်တော့်ကို ပြန်ချစ်ပါလို့ ကျွန်တော်မပြောခဲ့ပါ။ သူ ကျွန်တော်နှင့် တတွဲတွဲ မခွဲဘဲ ဘုရားသွား၊ ကျောင်းတက်၊ အတူသွား အတူလာ၊ တတွဲတွဲ မခွဲဘဲ တတွဲတွဲရှိခဲ့ပါသည်။ မြန်မာစာမှတ်စုများ ကျွန်တော် ကူးပေးရဖန် များသောကြောင့် ရတုအတော်များများ၊ ပျို့အတော်များများမှ စာသား အတော်များများကို ကျွန်တော် အလွတ်ရနေပြီ။ သူ့အလိုကျ ဆောင်ရွက်ဖွယ်ရာ အဝဝကို ပြေပြစ်အစဉ်ချောစွာ ဆောင်ရွက်ပေးရဖန် များသောကြောင့် သူ့အကြိုက်နှင့် မကြိုက်အားလုံးကို ကျွန်တော်သိနေပြီ။ ထိုသို့ သူ့အလိုကျမှုကြောင့် ကျွန်တော့်ကို ပြန်လည်ပေးအပ်သော ဆုလာဘ်မှာ လဲ့ဝေ၏ ချစ်လှစွာသောအဖော်… ဟူသော စကားတစ်ခွန်းဖြစ်၏။

တစ်ခါတစ်ရံ သူစိတ်ကူးပေါ်သောအခါ အထက်ပါအတိုင်း ကျွန်တော့်ကို လဲ့ဝေ၏ ချစ်လှစွာသောအဖော်... ဟု ခေါ်တတ်၏။ ကျွန်တော့် နားထဲမှာ ထောင့်၍ချိုနေသည်။ မြန်မာစာအဓိက ကျောင်းသူတွေထဲမှာ သူသည် အကြောင်ဆုံးဖြစ်၍ ငကြောင်ဟု ခေါ်သောအခါ သီးထပ်နှင့် သီးညှပ်ကို ခွဲမသိဘဲ အာဖရိကတိုက်၏ စိုက်ပျိုးရေးအကြောင်း ပြောလေ့ရှိသော ကျွန်တော့်ကို ငကျားဟု သူပြန်ခေါ်သည်။ ဇော်ဇော်အောင်၏ မြောက်မြားလှစွာသော နာမည်တွေထဲတွင် ငကျား... ဟူသော နာမည်တစ်လုံး တိုးသောနေ့က စတော်ဘယ်ရီဖျော်ရည် ဖန်ခွက်တစ်ခွက်တည်းမှာ ပိုက်တံနှစ်ချောင်းထည့်ကာ နှစ်ယောက်သား ခေါင်းချင်းဆိုင်၍ စုပ်ခဲ့ကြသည်။ လဲ့ဝေ ၏ ချစ်လှစွာသော အဖော်၏ အဖော်သည် ညီညာပြန့်ပြူးသော နဖူးပြင်ရှိ၏။ နှစ်ပြည့်တစ်ပြည် စစ်မက်ခင်းရန် စစ်သင်္ဘော အစင်းတစ်ထောင် ရွက်လွှင့်ချီတက်စေသော ထရွိုင်မြို့က ဟယ်လင်မင်းသမီးလေး၏ နဖူးပြင် ထိုသို့ရှိလိမ့်မည်။

အဆောင်ပေါ်မှာ သူအိပ်ပျော်နေပေရော့မည်။ ရွှေမန်းဆောင်ရှေ့ အုတ်နံရံမှာ နာရီတစ်သောင်း ထိုင်ပြီးသည့်နောက် ကျွန်တော် ပြန်လာခဲ့ သည်။ အောင်မင်္ဂလာအဆောင် ကော်ရစ်ဒါမှ လှမ်းမျှော်ကြည့်သောအခါ အရှေ့ဘက်ရိုးမ အပျိုစင်သည် မီးလျှံလည်ဆွဲတန်ဆာကို ထုတ်ယူ၍ ဝတ်ဆင်အလှပြင်နေကြောင်း တွေ့ရသည်။ လဲ့ဝေ၏ မိဘများသည် မျိုးစဉ်မျိုးဆက် ရွှေကုန်သည်များ ဖြစ်၏။ စိန်ကုန်သည်များ ဖြစ်ကြသည်။ ကျွန်တော့်မှာ ကြောင်ကလေးတစ်ကောင် ရှိသည်။ အဆောင်ထမင်းစားခန်းမှာ တွေ့သော ကြောင်ဝဝကလေး တစ်ကောင်ကို ကျွန်တော် ကောက်ယူကျွေးမွေးထား၏။ ထိုကြောင်ကလေးကို ငကျားဟု အမှတ်တရ နာမည်ပေးထား၏။ ငကျားကို ကျွန်တော်ချစ်သည်။ လဲ့လဲ့ဝေရီကို ကျွန်တော်ချစ်သည်။ ပြင်ဦးလွင်သို့ အလည်သွားရခြင်းနှင့် မန္တလေးအငြိမ့်ပွဲများကို ကျွန်တော်ချစ်သည်။ ငုံးတံဆိပ်ဖိနပ်ကို ကျွန်တော်ချစ်သည်။ မန္တလေးမှာ ကျွန်တော် ချစ်စရာငါးခုပဲရှိသည်။ လဲ့ဝေ၏ ချစ်လှစွာသောအဖော် အိပ်ပျော်သွားသောအခါ အိပ်မက်ထဲမှာ မြင်းစီးသည်။ ကုန်းနှီးမပါသောမြင်း ကျောပေါ်မှာ လဲ့ဝေ နာနေသည်။ ကျွန်တော့်ခါးကို လက်မောင်းသွယ်သွယ်ကလေး နှစ်ဖက်ဖြင့် နောက်ပြန်သိုင်း၍ ဖက်ထားသည်။ ဦးယာ၏ အဖြည့်ခံရတု သုံးပုဒ်နှင့် ကင်းဝန်မင်းကြီး၏ နိုင်ငံခြားသွားမှတ်တမ်းကို ဖြတ်၍ ကျွန် တော်တို့ မြင်းစီးကြသည်။ ခွာသံဖြောင်းဖြောင်း ဖုန်တထောင်းထောင်း ထသောအခါ စာအုပ်ထဲက စကားလုံးများ လွင့်စဉ်ပြုတ်ကျ ကျန်ရစ်ခဲ့၏။ အထပ်သုံးထပ်ရှိသော တောင်ခါးပန်းကိုပတ်၍ သုံးထပ်ကွေ့ကို လွန်သောအခါ ခွာအောက်က မြေကြီးသည် အနီရောင်သို့ ပြောင်းလဲသွား၏။

ရှမ်းပြည်နယ်က မြေကြီးများ အနီရောင် ရှိကြသည်။ ကလောမြို့စွန် က အိမ်ကလေးတစ်လုံးထဲမှာ ကျွန်တော်တို့ ခရီးတစ်ထောက် နားသောအခါ သူနှင့်ကျွန်တော် တစ်ညလုံး မအိပ်ကြဘဲ စကားပြောကြ၏။ အခန်းခွဲ၍ သတ်သတ်စီ ပြင်ဆင်ထားသော အိပ်ရာနှစ်ခုသည် အတွန့်အကြေမရှိဘဲ ပြန့်ပြူးမပျက်ရှိ၏။ ကျွန်တော်တို့ စီးလာသောမြင်းသည် ကောင်းကင်သို့ ပျံတက်ပျောက်ကွယ် သွားသောအခါ ကျွန်တော့်ပခုံးပေါ်မှီ၍ သူအိပ်ပျော် သွားသည်။ ထိုအခါ မနက်ဆယ်နာရီ ထိုးပြီဖြစ်၍ ကျွန်တော် အိပ်ရာက နိုးလာ၏။ သူအတန်းတက်နေမည် အထင်နှင့် လိုက်သွားသောအခါ မမျှော်လင့်သော ကိစ္စတစ်ခုကြောင့် သူ ကျောက်ဆည်သို့ ပြန်သွားကြောင်း စိန်မြင့်က ပြောသည်။ ဤလောကမှာ မမျှော်လင့်သော ကိစ္စတွေ ဖြစ်တတ်ကြောင်းကိုမှ မသိသည်အထိ ကျွန်တော် မညံ့သောကြောင့် ဘာမှမမြင်ဟု ထင်သော်လည်း ရင်ထဲမှာ ဗလာဖြစ်၍သွား၏။

မော်ဒန်ပန်းပုဆရာများ၏ သစ်သားပန်းပုရုပ်တွေမှာ ဘာကြောင့် ရင်ဘတ်နေရာ၊ ဝမ်းဗိုက်နေရာတို့တွင် တိုးလျှိုပေါက် အခေါင်းထွင်းထားကြောင်း ကျွန်တော် သိသလိုလို ရှိလာ၏။ ထိုနေ့သည် နောက်ဆုံးနေ့ဖြစ်၏။ ထိုနေ့သည် အစအဆုံးနေ့ဖြစ်၏။ မန်းတက္ကသိုလ်အဝင်ဝက ကျောက်သား လှေကားထစ်များပေါ်မှာ တစ်ကြိမ်တစ်ခါကမှ ပြန်ချစ်ပါဟု မတောင်းခံခဲ့ဖူးသော အချစ်သည် ပုန်းကွယ်ငုပ်လျှိုး၍ ကျန်ရစ်၏။ လဲ့လဲ့ဝေရီကို နောက်ထပ်မတွေ့တော့။ မန္တလေးနှင့်ကျောက်ဆည် ခရီးမဝေးပါ။ သို့သော် အချို့သော ရုပ်ရှင်၊ ဝတ္ထုတွေထဲကလို နှစ်ယောက်ကွဲပြီ ဆိုကတည်းက သဘာဝကျကျ မကျကျ နောက်ထပ် ပြန်မတွေ့ကြသည်အထိ ဇာတ်ကနာခဲ့သည်။ တကယ်တမ်းပြောပါမူ ရုပ်ရှင်၊ ဝတ္ထုတွေကို သဘာဝကျကျ ဖြစ်ရိုးဖြစ်စဉ် ဖြစ်နိုင်ချေနှင့် ချိန်ထိုး၍ ဝေဖန်နိုင်သော်လည်း ဘဝထဲက အချင်းအရာ အကြောင်းကိစ္စတွေကို ထိုသို့ ဝေဖန်၍မရနိုင်ဟု ထင်ပါသည်။ သူ့ကို နောက်ထပ် ကျွန်တော်မတွေ့တော့ပါ။ ကျွန်တော် သိပ်ချစ်မိသော မြန်မာစာတတိယနှစ်က ငကြောင်မလေးကို မတွေ့တော့ပါ။

 

×××

 

လဲ့ဝေ၏ ချစ်လှစွာသောအဖော် မန္တလေးတက္ကသိုလ်က ထွက်၍ လောကထဲသို့ ဝင်ခဲ့သည်မှာ နှစ်ပေါင်း အတော်ကြာခဲ့ပြီ။ အချိန်သည် လျင်မြန်စွာ ပျံသန်း၏။ သူနှင့်ကျွန်တော် ကွဲကွာခဲ့သည်မှာ ခုနစ်မိနစ်မျှရှိပြီဟု ကျွန်တော် ထင်ပါသည်။ သည်အတောအတွင်းမှာ အံ့သြဖွယ်ရာ အတော်များများ ထည့်ထားလို့ဆန့်သော သေတ္တာကြီးတစ်လုံး ဖြစ်သည်။ အံ့ဩစရာများကို အကြီးအသေး အရွယ်အစားအလိုက် သပ်ရပ်ညီညာစွာ ထပ်၍ ထိုသေတ္တာထဲမှာ ကျွန်တော် သိမ်းဆည်းထားခဲ့သည်။ ကျွန်တော်၏ အနှစ်နှစ်ဆယ် သေတ္တာကြီးထဲက အံ့ဩစရာတစ်ခု ထုတ်ပြစမ်းပါဟု အကယ်၍ တစ်စုံတစ်ယောက်က ပြောလာလျှင် ထုတ်ပြစရာတွေ အတော်ရှိပါ၏။ ပုံစံအားဖြင့် ကျွန်တော်၏နာမည် ပျောက်ဆုံးသွားခြင်းမျိုး ဖြစ်ပါသည်။ ဘယ်တုန်းကဟု ကျွန်တော် မမှတ်မိပါ။

ကျွန်တော်သည် ခုနှစ်သက္ကရာဇ်၊ နေ့စွဲ ရက်စွဲများနှင့် ပတ်သက်၍ လွန်စွာ အမှတ်သညာ နည်းပါးသူ ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ကျွန်တော့်နာမည် ဇော်ဇော်အောင် ပျောက်သွားခဲ့ပါသည်။ လူတွေက ကျွန်တော့်ကို နာမည်မခေါ်ကြတော့ပါ။ ကျွန်တော် ရှာပါသည်။ အတော် ကြိုးစား၍ ရှာပါသည်။ ဘယ်မှာမှ ရှာမတွေ့။ သတင်းစာထဲမှာ ကျွန်တော့် နာမည်ကောက်ရသူများကို ကျေးဇူးဆပ်ပါမည်၊ ပြန်ပေးကြပါဟု ကြော်ငြာခဲ့ပါသည်၊ မရ။ အတော်ကြာလာသည်။ တစ်နေ့ အမှတ်မထင် ဝမ်းသာစရာ ကောင်းလှစွာ ကျွန်တော့်နာမည်ကို ကျွန်တော်၏ မှတ်ပုံတင်ကတ်ပြားထဲမှာ ပြန်တွေ့သည်။ ထိုအကြောင်းကို ပြောပြသောအခါ လူတွေက မယုံကြ။ သို့သော် အမှန်ဖြစ်ပါသည်။ လူဆိုသည်မှာ တစ်ခါတစ်ရံ မမှန်တာကို ယုံတတ်ကြသည် ဆိုသောကြောင့် ကျွန်တော် သဘောပေါက်ခဲ့ပါသည်။

တစ်ခါကလည်း ကျွန်တော့်စာအုပ်စင်မှာ ရှိသော စာအုပ်များထဲက စကားလုံးများသည် စာအုပ်ထဲမှထွက်ကာ အိမ်ခေါင်းရင်း သစ်ပင်အောက်မှာ သွား၍ စုပုံနေကြသောအဖြစ် ကြုံရပါသည်။ စာအုပ်စင်မှ စာအုပ်တိုင်း အဖုံးပေါ်မှာသာ စာအုပ်နာမည်၊ ရေးသူနာမည် စသည်ဖြင့် ရှိ၍ အတွင်း စာမျက်နှာများပေါ်မှာ ဘာစာလုံးမှ မရှိတော့။ စာရွက်အဖြူသား သက်သက်ကို စာအုပ်ချုပ်ထားသလို ခေါင်းရင်းက မန်ကျည်းပင်အောက်မှာ သွား၍ စုပုံနေကြသည်။ မယုံနိုင်ဖွယ်ရာ အံ့သြစရာအဖြစ်။ ထို့နောက် ဘယ်တုန်းကဟု မမှတ်မိ၊ မသိလိုက်။ သစ်ပင်ရင်းက စာလုံးတွေ စာအုပ်တွေထဲ ပြန်ရောက်လာကြသည်။ ကျွန်တော် ဝမ်းသာလိုက်သည့် ဖြစ်ခြင်း။

သို့သော် ကျွန်တော့်ဝမ်းသာမှုသည် ကြာရှည်မခံ။ စာအုပ်ထဲက စာလုံးတွေ ပြန်ဝင်လာကြသော်လည်း သူ့စာအုပ်နှင့်သူ မဟုတ်၊ ဝင်ချင် သော စာအုပ်တွင်းသို့ အစီအစဉ်၊ အမှတ်အသားမရှိ ပြန်ဝင်လာသောကြောင့် အကုန်အလွဲအချော်တွေ ဖြစ်ကုန်သည်။ ကမောက်ကမ ဘယ်စာအုပ်မှ ဖတ်မရတော့။ ကျွန်တော် စိတ်ထိခိုက်စွာ ငိုမိပါသည်။ သည့်အပြင် အံ့သြစရာတွေ အများကြီး။ ရင်းနှီးသော မိတ်ဆွေတစ်ယောက်၏ ခေါင်းကို ကျွန်တော် ရိုက်ခွဲလိုက်သောအခါ ထိုမိတ်ဆွေက ကျွန်တော့်ကို ကျန်းမာပါစေ ချမ်းသာပါစေဟု ဆုပေးလိုက်ခြင်း၊ ကျွန်တော် တစ်ခါမှ မသိဖူးသော လူတစ်ယောက်ကို ကျွန်တော့်စိန်လက်စွပ်ကို ချွတ်၍ လက်ဆောင်ပေး လိုက်ရ ခြင်း၊ မျက်နှာပေါ်မှာ မျက်လုံး နှာခေါင်း ပါးစပ် ဘာမှမပါသော လူတစ်ယောက်က ကျွန်တော့်ကို သီချင်းကြီး အဆိုသင်ပေးခြင်း စသည်ဖြင့် အံ့ဩ ဖွယ်ရာတွေ အတော်များများ ကျွန်တော့်သေတ္တာကြီးထဲမှာ ရှိပါသည်။

အားလုံးတို့အနက် အံ့သြစရာ အကောင်းဆုံး၊ အကြီးကျယ်ဆုံး အံ့သြစရာမှာ လဲ့လဲ့ဝေရီကို ကျွန်တော် သတိရမိနေခြင်းပင် ဖြစ်ပါသည်။

 

×××

 

မန္တလေးကို ကျွန်တော် တစ်ကျော့ပြန် ရောက်ပါသည်။ အနှစ်နှစ်ဆယ် ကြာပြီးမှ ရောက်ခြင်းဖြစ်၏။ ပထမဆုံး ငုံးတံဆိပ်ဖိနပ် ဝယ်စီးသည်။ ထို့နောက် ပြင်ဦးလွင်သို့ အလည်တက်သည်။ ပြန်ဆင်းလာပြီး ညအငြိမ့် လှည့်ကြည့်သည်။ ဆိုင်းသံကို နားထောင်ရင်း လေသင့်ရာမှ ပါလာသော ဆိုင်းသံကို နားထောင်ရင်း စက်ဘီးတစ်စင်းနဲ့ အငြိမ့်ရှိလေရာသို့ လိုက်ကြည့်သည်။ မန္တလေးအငြိမ့်များ၏ ဆိုင်းသံသည် မှားနိုင်ဖွယ်ရာမရှိ။ အမှတ်သညာ နည်းပါးသော ကျွန်တော်လိုလူပင်လျှင် အငြိမ့်ဆိုင်းသံကို သိနေ၏။ မန္တလေးမှာ ကျွန်တော်ချစ်သောအရာ သုံးခုသာ ရှိတော့သည်ကို ပူလောင်ရက်စက်စွာ ရင်ထဲက ရုတ်တရက် သိလိုက်၏။ ကျွန်တော်ချစ်သော အောင်မင်္ဂလာကျောင်းဆောင်မှ ကြောင်ကလေး ငကျား၊ ထို့နောက် လဲ့လဲ့ဝေရီ၊ အချစ်ဆုံး ချစ်စရာငါးခုမှာ နှစ်ခု လပ်ဟာနေပါကလား။

ထိုအကြောင်းကို ခင်မင်သော အစ်ကိုများကို ပြောပြရန် လိုက်ရှာရ ပြန်သည်။ ကိုသန်းညွန့်နှင့် ကိုဝင်းမောင်တို့ မရှိကြတော့ပြီ။ ကိုခင်မောင်နှင့် ကိုကိုကြီးတို့ နှစ်ယောက်ကို ရှာ၍ ဝမ်းပန်းတနည်း ပြောပြသည်။ သူတို့က ဝမ်းနည်းကြေကွဲစွာ စူးစိုက်ကြည့်၍ အနှစ်နှစ်ဆယ်ဆိုတာ ဘယ်လောက်ကြာပြီလဲ ဟု ကျွန်တော့်ကို မေးကြသည်။ အနှစ်နှစ်ဆယ်လုံးလုံး သူ့ကို ကျွန်တော် သတိမရ။ သည်နေ့ သတိပြန်ရသည်။ ကျွန်တော့်စိတ်အထင် အနှစ်နှစ်ဆယ် ဆိုသည်မှာ ခုနစ်မိနစ်မျှ ကြာသည်ဟု ထင်ပါသည်။ ကိုခင်မောင်ကို ကိုကိုကြီးတို့နှစ်ယောက် ကျွန်တော့်ကို နားမလည်။ ကျွန်တော်က သူတို့ပြောသော အနှစ်နှစ်ဆယ်၏ သဘောကို နားမလည်။ အနှစ်နှစ်ဆယ်လုံးလုံး မင်းဘာလုပ်နေသလဲဟု မေးကြပြန်သည်။ ဘဝထဲမှာ အသက်ရှင် ဖြစ်တည်နေသော အလုပ်ကို လုပ်နေပါသည်ဟု ကျွန်တော်က ပြန်ဖြေသည်။ သူတို့ သဘောတွေ့ပုံမရ။ အမှန်စင်စစ် လူအချင်းချင်း ဆက်ဆံကြရာတွင် သဘောတွေ့မှုသည် အရေးအကြီးဆုံး ဖြစ်ရမည်။ အခြားသော အကြောင်းအရာများကို ပြောဆိုနှုတ်ဆက်၍ ကျွန်တော် ပြန်ခဲ့သည်။ တည်းခိုခန်းသို့ ရောက်သောအခါ ကျွန်တော့်ကို စောင့်နေသော မိန်းမငယ်တစ်ယောက်ကို တွေ့ရ၏။

 

×××

 

ကျွန်တော် သူ့ထံမှ ကုန်ပစ္စည်း တော်တော်များများ ဝယ်ရန်ရှိသည်။ ကျွန်တော်တို့ အရောင်းအဝယ် သမားများသည် အလုပ်ကို ဖင့်နွဲ့လေးကန်စွာ မလုပ်တတ်ကြ၊ မြန်မြန်ဆန်ဆန် လုပ်ကိုင်တတ်ကြသည်။ ကုန်ပစ္စည်း အမျိုးအစား၊ ကုန်အရည်အသွေး အဆင့်အတန်း၊ ပို့ရမည့်ရက်၊ ပို့မည့် ယာဉ်အမျိုးအစား၊ အကွဲအရှ အဖိတ်အစဉ်အတွက် တာဝန်ယူမှု၊ ထုပ်ပိုး စရိတ်၊ အတင်အချစရိတ်၊ ပို့ဆောင်ခ စသည်တို့မှာ မြောက်မြားလှစွာသော အလုပ်အချက်အလက်တို့အနက် အချို့ဖြစ်၏။

အသက်ငယ်သော်လည်း သွက်လက်ချက်ချာ၍ သူ့အလုပ်သူပိုင်သော အဆိုပါ ရွှေမန်းသူမိန်းမပျိုကို ကျွန်တော် လေးလေးစားစား ဦးညွတ်မိ၏။ အားလုံး ပြောဆိုပြီးသောအခါ သူ့ကို ကျွန်တော် ထမင်းကျွေးသည်။ အလုပ်ကိစ္စ ပြီးပြတ်ပြီဖြစ်၍ ထွေရာလေးပါး စကားစမြည်ပြောရင်း ထမင်းစားကြသည်။ သူ့နာမည်မှာ အလွန်လှသည်။ သို့သော် ထိုနာမည်ကို ကျွန်တော်မခေါ်။ သူ့ကို လဲ့လဲ့ဝေရီဟု ကျွန်တော်ခေါ်သည်။

 

×××

 

ကျွန်မတို့ အရောင်းအဝယ် ကိစ္စထဲမှာ၊ အလုပ်ကိစ္စထဲမှာ နာမည်ပြောင်းခေါ်တာ ပါသလားဟု သူကမေးသည်။ ကျွန်တော်က ပါသည်ဟု ဖြေသည်။ သူ အတန်ကြာ စဉ်းစားနေသည်။ အဲ့ဒီနာမည်လည်း လှတာပါပဲ၊ မဆိုးပါဘူးဟု သူ ရယ်၍ပြောသည်။ ကျွန်တော် သူ့ကို လဲ့လဲ့ဝေရီဟု ခေါ်တော့သည်။

ကျွန်တော်တို့ ထမင်းစားနေစဉ် မြန်မာသံစုံ တီးဝိုင်းကြီးတစ်ဝိုင်းမှာ အောင်မြေမန်း ပတ်ပျိုးကို တီးမှုတ်နေသည်။ လဲ့လဲ့ဝေရီ ပြုံးရယ်သောအခါ သွားများ အလွန်လှသည်။ ထိုသွားများသည် စိုစွတ်ဖြူဖွေး နေသော်လည်း များစွာ မညီညာ။ ထိုးထိုးထောင်ထောင် သွားထပ်ကလေးများ၊ သွားတက်ကလေးများကို မညီမညာ တွေ့နေရသည်။ ထိုသွားကလေးများ၏ အခြေအရင်းမြစ်သည် နူးညံ့စိုစွတ်စွာ ပန်းရောင်သန်းနေသည်။ တစ်စုံတစ်ရာကို မှား၍ ပြောမိသောအခါ လျှာကလေးတစ်လစ်ထုတ်၍ ကျွန်တော့်ကို မျက်လုံးပြူး ကြည့်တတ်ပါသည်။ သူ့လျှာကလေးသည် သေးငယ်၍ အလွန်လှသည်။ သူ့မျက်နှာကို ကြည့်နေရင်း ခဏခဏ စကားမှား၍ ပြောမိပါစေဟု ကျွန်တော် ဆုတောင်းနေမိသည်။ လျှာတစ်လစ်ထုတ်ထားသော သူ့မျက်နှာ ပြောင်စပ်စပ်ကလေး ကျွန်တော် ရေရေလည်လည် ချစ်နေမိပြီ။ ထိုအကြောင်းကို တစ်ချိန်ကျလျှင် ကျွန်တော် ပြောပြရဦးမည်။

ထမင်းစားပြီး၍ အချိုရည်သောက်နေစဉ် လဲ့လဲ့ဝေရီသည် အကြီးအကျယ်ဆုံး အရေးအကြီးဆုံး စကားကို မှား၍ပြောမိသည်။ လေးလေး ကျွန်မကို လက်ထပ်မလားဟု သူကမေးသည်။ ဘာဖြစ်လို့လဲဟု နှစ်စက္ကန့်ခြား၍ ကျွန်တော် ပြန်မေးလိုက်သည်။ လေးလေးဟာ အောင်မြင်နေတဲ့ စီးပွားရေးသမားတစ်ယောက်၊ လေးလေးမှာ အိမ်ထောင်မရှိဘူး။ သည် အကြောင်း နှစ်ကြောင်းနှင့် မလုံလောက်ဟု ကျွန်တော်က ပြန်ပြောသည်။ ကျွန်မတို့ စီးပွားရေးလုပ်ငန်းဟာ လွန်ခဲ့တဲ့ သုံးလေးနှစ်ကတည်းက တစ်စတစ်စ ကျလာတယ်။ အပေါ်ယံ ဟန်ပြသာရှိတယ်။ တကယ်တမ်းအတွင်းမှာ ကြွေးတွေ လည်ပင်းရောက်နေပြီဟု သူပြောသည်။ နောက်ထပ် အကြောင်းရှိသေးသလား ဟု ကျွန်တော်က ထပ်မေးသည်။ ကျွန်တော့်အသံသည် တိုးလွန်းနေသည် ထင်ရ၏။ လဲ့လဲ့ဝေရီက ခေါင်းကို ဖြည်းညင်းစွာ ခါယမ်း၍ပြသည်။ ခေါင်းကလေး ခါယမ်းလိုက်ပုံမှာ ဖြည်းဖြည်းညင်ညင် သာသာကလေး ဖြစ်သော်လည်း သူ့ခေါင်းမှာ ပန်ထားသည့် ကက်တယ်လီယာ သစ်ခွတစ်ပွင့်သည် ပြုတ်ထွက်၍ စပါကလင်ဖန်ခွက်ထဲသို့ ကျသွား၏။ ကြည်လဲ့၍ အသီးကလေးများ ထနေသော စပါကလင်အရည်များ ခရမ်းနုရောင် သန်းသွားသည်။ သစ်ခွပန်းပွင့် ကျသွားသော ဖန်ခွက်ကို ကျွန်တော် ကောက်ယူ မော့သောက်လိုက်သည်။ ရင်ထဲမှာ စူးရှနာကျင်စွာ အေးသွား၏။ မင်းငါ့ကို ချစ်ကောမချစ်ဘူးလား လဲ့လဲ့ဝေရီ။ ချစ်ပါတယ် လေးလေးရယ်... ဟု ပြော၍ ပြောင်စပ်စပ် လျှာကလေးတစ်လစ် ထုတ်ပြလိုက်၏။

ထိုခဏမှာပင် ရွှေမန်းပွဲရုံက အငယ်ဆုံး သမီးထွေးကလေး သဇင်ညိုမာကို တောင်းရမ်း လက်ထပ်ယူရန် ကျွန်တော် ဆုံးဖြတ်လိုက်ပါသည်။

 

×××

 

ဖျော့တော့အရောင်မှိန်သော သက်ပြင်းချသံများ ကျွန်တော့်ကို နူးညံ့ညင်သာစွာ ထွေးပိုက်ရစ်ပတ်သွား၏။ ကောင်းကင်တစ်နေရာမှ အဝါရောင် ပန်းဝတ်မှုန်များ မိုးရွာသလို တဖွဲဖွဲကျလာသည်။ ယိုးဒယားပိုးသား အဝါနုရောင် ကန့်လန့်ကာ နောက်ကွယ်မှာ မီးပုံတစ်ပုံရှိသည်။ လယ်ဂျာစာရင်းစာအုပ် တစ်ထပ်ကို ထိုမီးပုံထဲသို့ ပစ်ထည့်လိုက်သောအခါ ကျုံးအတွင်းမှ ရေကင်းသံများ ကြားရသည်။ သဇင်ညိုမာသည် ဇော်ဇော်အောင်ကို သိပ်ချစ်သည်ဟူသော ပဲ့တင်သံတစ်သောင်းသည် နန်းမြို့ရိုးကို ရိုက်ခတ်၍ ကောင်းကင်သို့ ပျံတက်သွား၏။ တစ်လောကလုံး ကြားစေသတည်း ဟု မလိုအပ်ပါဘဲ ကျွန်တော် ဖြည့်စွက်အော်ဟစ် လိုက်မိသေးသည်။

ဇော်ဇော်အောင်၏ သဇင်ညိုမာသည် သူ့ လေးလေးဇော်ဇော်အောင်ကို သိပ်ချစ်သည်။ ဇော်ဇော်အောင်၏ ချစ်လှစွာသော၊ မြတ်နိုးလှစွာသော အလင်းရောင်တန်းကလေး သဇင်ညိုမာသည် ဇော်ဇော်အောင်ကို အကြိမ်ကြိမ် အထပ်ထပ် ကြိုးနှယ်ရစ်ပတ် တုပ်နှောင်ခဲ့ပေပြီ။ အလင်းရောင်တန်း ကြိုးများ တင်းကျပ်စွာ တုပ်နှောင်ထားခြင်း ခံရသော ကျွန်တော်သည် သဇင်ညိုမာ၏ ဝင်းဝါနုနယ်သော မျက်နှာကလေးပေါ်မှာ အိပ်ချင်မှုဖြင့် လေးလံငိုက်မျဉ်းနေသော အချစ်ကို တွေ့မြင်နေရပါသည်။ လေးလေးကို သိပ်ချစ်တယ်ဟု ပြောလာသော အခါတိုင်း အခါတိုင်း နှင်းမြူမှုန်များကြားမှာ တဖြည်းဖြည်း အဝေးဆီမှ ပြေး၍လာနေသော သူ့အသံများကို ကျွန်တော် မြင်တွေ့နေရပါသည်။

ထိုအသံများ ကျွန်တော့်အနားသို့ ရောက်သောအခါ ထက်အောက်ဝဲယာ ခွဲဖြာထွက်ကာ အလင်းရောင်ကြိုးများအဖြစ် ပြောင်းလဲသွားပြီးနောက် ကျွန်တော့်ကို ထပ်၍ထပ်၍ ရစ်ပတ်တုပ်နှောင် ကြပြန်ပါသည်။

သဇင်ညိုမာ၏ ချစ်လှစွာသော ဇော်ဇော်အောင်သည် ကျောက်ဆည်မြို့စွန် တစ်နေရာ တောင်ခြေရင်းမှာ မေ့လျော့ခြင်း ရဲတိုက်တစ်လုံးကို စုလစ်မွမ်းချွန်တို့ အစုံအလင်ဖြင့် တည်ဆောက်ခဲ့ပါ၏။ ထိုရဲတိုက်မှာ သဇင်ညိုမာ စံမြန်းသည်။ ။

ခံစားကြည့်ပါ မကြည်ပြာ

 

နေခြည်ယှက်ဖောက်သော အဝါရောင်နှင်းများ ပျံ့လွင့်လာချိန် နှစ်သက်ဖွယ် တိုက်ဆိုင်မှုတစ်ခုသည် ကျွန်တော့်ဘဝ အစိတ်အပိုင်းအားလုံးကို နေရာရွှေ့၍ ပစ်လိုက်သည်။ မနေ့က ကြိုတင်ကြံစည် မျှော်လင့်ထားသော အရာများ သည်နေ့ဖြစ်မလာသောအခါ မနက်ဖြန်ခါကို မျှော်ရပြန်၏။

အမှန်စင်စစ် ကြီးမြင့်သော အရပ်ဒေသတွင် ဘာတွေရှိနေသလဲဟု စဉ်းစား ခေါင်းရှုပ်ခံခြင်းသည် ကိုယ့်ကိစ္စမဟုတ်ပါ။ အချိန်တန်လျှင် ကံ့ကော်ပန်းများ ပွင့်လန်းမွှေးထုံစမြဲ။ အချိန်တန်လျှင် နေဝင်စမြဲ။ အချိန်တန်လျှင် တိမ်တောက်စမြဲ။ နောက်တစ်နေ့မှာ နေပြန်ထွက်မည်။ အသက် ရှင် ဖြစ်တည်ကတည်းက ခုန်ခဲ့ရသော၊ တဒိတ်ဒိတ် ခုန်ခဲ့ရသော နှလုံးသားသည် ပင်ပန်းသည်မရှိ။ တဒိတ်ဒိတ် ခုန်မြဲပင်။ ရှင်သန်မှု နည်းပါးသော်လည်း ရွှန်းလက်သော မျက်လုံးများထဲမှာ သုံးလခန့်အလိုကပင် တစ်ကြိုမေးခွန်းများကို ဖော်ပြနေခဲ့ကြောင်း မသိ။ ခရမ်းနုရောင်၊ ပန်းနုရောင် မုန်းစရာကောင်းသော အရောင်နုများ တဖွားဖွားလွင့်နေ၏။ သေးသေးမျှင်မျှင် ကော်ကိုင်းအနက်နှင့် မျက်မှန်တစ်စုံသည် ရင်ထဲကပန်းချီကားကို ဖုံးကွယ်ထား၏။ အလှဆုံး၊ ချစ်ဖို့ အကောင်းဆုံး မျက်နှာကလေးများ ရေးဆွဲတတ်သော မောင်မောင်သိုက်ကို တောင်ပင်လယ် ဟိုဘက်စွန်းက မူရိုရိုအာကျွန်း သွားဖို့ ထားလိုက်ကြ။ သည်မှာ အလှဆုံး၊ ချစ်ဖို့အကောင်းဆုံး မိတ်ကပ်မဲ့စွာ အဆီပြန် ပြောင်တင်းနေသော မျက်နှာလုံးလုံးဝန်းဝန်းကလေး ရှိနေပြီ။ ခမ်းနားကြီးကျယ်သော ကတိစကားများ လွန်ခဲ့သော နှစ်ခြောက်ဆယ်လောက်က ဆူညံနေခဲ့၏။ သူ့ကို နှင်းဆီဥယျာဉ်တစ်ခု လက်ဆောင်ပေးမည်ဟု ဘယ်တုန်းကမှ မပြောဖူးပါ။ စုတ်ချာသော ကော်ဖီဆိုင်ကလေးမှာ သူ့အတွက် ကော်ဖီတစ်ခွက်ဖိုး ကျွန်တော် ပေးဖူးသည်မှအပ ဘာမှ ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် မဖြစ်ခဲ့ပါ။ အများသုံး ဈေးအိမ်သာမှာ ရွှေတွေ အပြားခတ်၍ ခင်းမည်ဟု ပြောခဲ့သော ပုဂ္ဂိုလ်ကြီးအကြောင်း စဉ်းစားမိတိုင်း ကျွန်တော် မျက်နှာမထားတတ်။ ကိုယ်နှင့်တော့ မဆိုင်။ မကြည်ပြာမှာ ငယ်ရွယ်သော ချစ်သူတစ်ယောက်ရှိကြောင်း ပြောပြသိရှိရသောအခါ ကျွန်တော် မျက်နှာမထားတတ်။ ထိုချစ်သူသည် ကျွန်တော်မဟုတ်ကြောင်း ထပ်လောင်းအတည်ပြု ပြောလိုက်သောအခါသက်သာသလိုလို ဖြစ်ခဲ့၏။ စင်စစ် မကြည်ပြာကို ကျွန်တော် ချစ်နေသည်မှာ အမှန်ပါ။ ထိုကိစ္စသည် မကြည်ပြာနှင့်လည်း ဆိုင်သည်မထင်ပါ။ ကံကောင်းသူလား၊ ကံဆိုးသူလား။ မကြည်ပြာ၏ချစ်သူ ဆိုသောသူနှင့်လည်း ဆိုင်သည်မထင်ပါ။ ကြွေသား ပန်းအိုးဖြူဖြူထဲက ဝါဝါနီနီ နှင်းဆီပွင့်တစ်ပွင့်လို၊ ခင်မောင်ရင် ဆွဲသော ပန်းချီကားတစ်ချပ်ထဲက ဘုန်းကြီးကျောင်း တစ်ကျောင်းလို၊ ကိုနေဝင်း စပ်သော မောင့်လပြည့်ဝန်း သီချင်းထဲက အသံတစ်သံလို၊ သစ္စာနီရေးသော ကာရန်မဲ့ကဗျာ တစ်ပုဒ်ထဲက စကားလုံးတစ်လုံးလို မကြည်ပြာကို ကျွန်တော်ချစ်သည်။ ဇော်ဂျီ၏ ဗေဒါလမ်းကဗျာ အပုဒ်လေးဆယ်ကို ဖြည်းဖြည်းဆေးဆေး နားနားနေနေ ဖတ်နေရသလို၊ လရောင်ဝိုးဝါး နှင်းမှုန်ကြားက ပုဂံမြို့ဟောင်းတစ်ခွင်မှာ တစ်ယောက်တည်း အဖော်မပါ လှည့် ပတ်သွားလာ နေရသလို၊ ကွင်းပြင်အလယ်ကောင်မှာ တစ်ပင်ထီးတည်း ပေါက်နေသော ပိတောက်ပင် ပင်လုံးကျွတ်ပွင့်ချိန် အဝေးက လှမ်းမြင်လိုက်ရသလို၊ လမ်းဘေးပလက်ဖောင်းက စာအုပ်အဟောင်းပုံတွေထဲက ရှားပါး လိုချင်သော စာအုပ်ဟောင်းတစ်အုပ် ရုတ်တရက် တွေ့လိုက်ရသလို၊ အောင်မြင်မှုတစ်ခုကြောင့် ဘဝလိုအင်တစ်ခု ဖြစ်သွားသော အချစ်ဆုံး သူငယ်ချင်း၏ မျက်နှာကို ဆေးလိပ်မီးခိုးငွေ့တွေကြားက ကြည့်နေရသလို၊ ခံစားကြည့်ပါ မကြည်ပြာ။ မကြည်ပြာကို ကျွန်တော် ချစ်ပါသည်။ ထိုကိစ္စသည် ကျွန်တော်နှင့် ဆိုင်သောကိစ္စ ဖြစ်ပါ၏။

 

×××

 

ကမ္ဘာပေါ်မှာ မြက်ပင်အမျိုးပေါင်း ဘယ်လောက်ရှိသလဲ။ ကမ္ဘာပေါ်မှာ ဘာသာစကား အမျိုးပေါင်း ဘယ်လောက်ရှိသလဲ။ ကမ္ဘာပေါ်မှာ လိမ်ညာတတ်သော နိုင်ငံရေးသမား အမျိုးပေါင်း ဘယ်လောက်ရှိသလဲ။ ကမ္ဘာပေါ်မှာ ငတ်မွတ်ခြင်း အမျိုးပေါင်း ဘယ်လောက်ရှိသလဲ။ ကမ္ဘာပေါ် မှာ ကဗျာအမျိုးပေါင်း ဘယ်လောက်ရှိသလဲ။ ကမ္ဘာပေါ်မှာ မနာလိုဝန်တိုမှု အမျိုးပေါင်း ဘယ်လောက်ရှိသလဲ။ ကမ္ဘာပေါ်မှာ စိတ်ကောင်း စေတနာကောင်း အမျိုးပေါင်း ဘယ်လောက်ရှိသလဲ။ မကြည်ပြာကို ကျွန်တော်ချစ်သော အချစ်သည် တစ်မျိုးတည်းသာ ရှိပါသည်။ ပေးအပ်တာ၊ ရယူတာ၊ ပိုင်ဆိုင်တာ၊ လိင်မှုကိစ္စ ဘာမျှမဟုတ်။ အချစ်သည် အချစ်ဖြစ်၏။ ကန့်ကွက်သည်လား မကြည်ပြာ။ ငြင်းဆန်သည်လား မကြည်ပြာ။ ပြစ်တင် ကြိမ်းမောင်းမည်လား၊ ရှုတ်ချ ငေါက်ငမ်းမည်လား၊ အရေးယူ တိုင်တန်းမည်လား မကြည်ပြာ။ ချစ်ပါသည်ဟူသော စကားသုံးခွန်း၏ သည်ဘက် မှာ မြင့်မားသော တံတိုင်းတစ်ခု ခြားလျက်ရှိ၏။ ထိုတံတိုင်းသည် ရူးကြောင်ကြောင်လူများ ပြောလေ့ရှိသော ဂုဏ်တံတိုင်း၊ ငွေတံတိုင်း၊ ပကာသန တံတိုင်း၊ အဆင့်အတန်းတံတိုင်း၊ လူမှုရေးတံတိုင်း၊ ယဉ်ကျေးမှုတံတိုင်း၊ ဘာတံတိုင်း၊ ညာတံတိုင်း ထိုတံတိုင်းများ ဘာတစ်ခုမျှ မဟုတ်ပါ။ ချစ်၍ နေခြင်းသက်သက်မျှသော တံတိုင်းသာဖြစ်၏။ နေစကြဝဠာ အတွင်းသို့ ပစ်လွှတ်လိုက်သော လေဆာရောင်ခြည် အလင်းတန်းကဲ့သို့ အဆုံးမဲ့အစဉ်ဖြင့် သွားလျက်နေမည့် ချစ်ခြင်းသက်သက် ရောင်ခြည်တန်းသည် ကျွန်တော့် အသည်းနှလုံးထဲမှာ ငုပ်လျှိုးပျောက်ကွယ် သွားသည်။ ခံစားကြည့်ပါ မကြည်ပြာ။ သိပ်ချစ်သည် မကြည်ပြာ။ ချစ်ဖို့မလိုပါ မကြည်ပြာ။

 

×××

 

ကမ္ဘာပေါ်မှာ လေတွေရှိသည်။ ကြောင်ကလေးတွေမှာ နှုတ်ခမ်းမွေးရှိသည်။ နေရာတိုင်းမှာ မနာလိုမှုတွေရှိသည်။ မထင်မှတ်သောသူတွေ ထံမှာ စေတနာကောင်းတွေ ရှိသည်။ နေရာတိုင်းမှာ အနစ်နာခံသူတွေ ရှိသည်။ ပန်းချီကားထဲမှာ နေရာမကျသော ဆေးရောင်တွေရှိသည်။ သံစဉ်ထဲမှာ ကြောင်နေသော အသံတွေရှိသည်။ တစ်နေ့တခြား ပူပြင်းလာသော ကမ္ဘာကြီးမှာ မျှော်လင့်အားထားစရာ အရိပ်တွေရှိသည်။ သီချင်းထဲမှာ၊ ကဗျာထဲမှာ မေတ္တာတရားတွေရှိသည်။ တချို့စာအုပ်တွေထဲမှာ ဘာမှမရှိ။ တချို့လူတွေ၏ ခေါင်းထဲမှာ ဘာမှမရှိ။ လုံခြုံအောင် ပိတ်ဆို့ထိန်းသိမ်း မထားနိုင်သော အနုမြူဓာတ်ပေါင်းဖိုမှ စိမ့်ထွက်လာသည့် ရေဒီယေးရှင်းနှင့် လုံခြုံအောင် ပိတ်ဆို့ထိန်းသိမ်း မထားနိုင်သော အနက်ရောင်နှလုံးသားထဲမှ စိမ့်ထွက်လာသည့် ဣဿမစ္ဆရိယသည် မမြင်ရပုံချင်း၊ ဘေးဖြစ်စေခြင်း အတူတူပင် ဖြစ်သည်။ ကျွန်တော့်နှလုံးသားထဲက အချစ်များကို လုံခြုံအောင် ပိတ်ဆို့ထိန်းသိမ်း ထားပါသည်။ ခံစားကြည့်ပါ မကြည်ပြာ။ ဖန်ပေါင်းချောင် တစ်ခုတည်းမှာ ပုစွန်ဆိတ်တစ်ကောင်နှင့် အဲလ်ဘတ်အိုင်စတိုင်း ပျော်ရွှင်စွာ အတူ ရေကူးနေကြသည်လား။ လေအဝှေ့မှာ ကံ့ကော်ဝတ်မှုန်များ တဖွေးဖွေး ကြွေနေကြ၏။ စကြဝဠာအစွန်းက တွင်းနက်ကြီး တစ်ခုထဲမှာ ကဗျာသည် စုပ်ယူဝါးမြို ချေဖျက်ခြင်း မခံရဘဲ ပျော်ရွှင်စွာ ရယ်မောနေ၏။ အချစ်ဆိုသည်မှာ ကဗျာတစ်မျိုးဖြစ်သည် ဟု ထင်ပါသည် မကြည်ပြာ။

 

×××

 

ဤလောကတွင် မုန်းစရာ အကောင်းဆုံးမှာ ကိုယ်မသိသောကိစ္စကို ဝင်ဝင်ပြောသူများ ဖြစ်၏။ လောကနာသည်။ မကြည်ပြာကို ကျွန်တော် ချစ်နေကြောင်း ကျွန်တော် သိသည်။ အခြားဘယ်သူသိဖို့ လိုအပ်ပါသလဲ။ မကြည်ပြာပင် သိဖို့မလိုအပ်။ အဘယ်ကြောင့်ဆိုသော် အချစ်သည် ရင်ထဲက မမြင်ရသော၊ ကာရန်မပါသော၊ စကားလုံးများ မပါသော၊ အလင်္ကာများ၊ နိမိတ်ပုံများ၊ ရစ်သမ်များ သာ၍ပင် မပါသော ကဗျာတစ်ပုဒ်ဖြစ်၏။ ထိုကဗျာ ရင်ထဲမှာရှိ၏။ မကြည်ပြာရင်ထဲမှာ ရှိ၏။ ရင်ထဲမှာ မကြည်ပြာရှိ၏။ အခြားသော အရာများနှင့် ဆက်စပ်ပတ်သက်သော ဖြစ်တည်မှုမဟုတ်။ ရင်ထဲက မကြည်ပြာသည် မကြည်ပြာမဟုတ်။ အချစ်သာလျှင် ဖြစ်၏။ ထိုအချစ်သည် မကြည်ပြာဖြစ်၏။ သို့သော် မကြည်ပြာနှင့် ဆက်စပ် ပတ်သက်မနေပါ။ ကျွန်တော်နှင့်သာ ဆိုင်ပါသည်။ ဘာမှမပြောနှင့် မကြည်ပြာ။ ဘာမှမလုပ်နဲ့ မကြည်ပြာ။ ကျွန်တော့်ကို ချစ်ဖို့ မချစ်ဖို့ မစဉ်းစားနှင့် မကြည်ပြာ။ မွန်းကျပ် ပိတ်လှောင်သော လေထုသည် ပန်းပွင့်ဟောင်းတို့၏ ရနံ့ဖြင့် လေးတွဲ့ ချိုအီနေပြီး တင့်တယ်စွာ ခင်းကျင်းအပ်သော စားပွဲပေါ်က စားကောင်းသောက်ဖွယ်တို့ ပုပ်သိုး၍ သွားပေပြီ။ အပြင်ဘက်မှာ မိုးတွေရွာလာပြီ မကြည်ပြာ။ မိုးရေထဲကို ရဲရဲတိုးဝင် ဆက်လျှောက်ပါ။ ကျွန်တော် သည်မှာပဲ ရှိနေမည်။ သည်မှာပဲ ဖြစ်တည်နေမည်။ ဆင်စွယ်ပန်းခြင်းနှင့်အပြည့် ကျွန်တော်၏ ကောင်းချီးမင်္ဂလာများ ယူဆောင်၍ သွားပါလေ။ ဤကဗျာကို ယူဆောင်သွားပါလေ။ ရဲရင့်သော လင်းယုန်ငှက်တို့ ဆင်းသက်ပျော်မြူးသော ထိုကန်ရေပြာမှာ ကြာပွင့်နီနီတို့ လွှမ်းပါစေ။ မောင်သစ်မင်း၏ သီချင်းတစ်ပုဒ် ကျော်ဟိန်းဆိုပါစေ။ ကုန်းမို့ထက် စေတီမြတ်က ညောင်ရွက်ခတ်သံ ကြားသောအခါ ဤကမ္ဘာသည် မကြည်ပြာအတွက် ပန်းနုရောင် ရောင်ခြည်ဝန်းတစ်ခု ဖြစ်သွားပါလိမ့်မယ်။ လှပနီကြင်သော ဆံယဉ်နွယ်များကို လက်ချောင်း ဖြူဖြူကလေးများဖြင့် သပ်၍ ခေါင်းကို မတ်မတ်မြင့်မြင့် စွင့်မော့၍ လတ်ဆတ်သန့်ရှင်းသော အချစ်ကို ရှူရှိုက်၍ တောင်ထွတ်ပေါ်မှာ မကြည်ပြာ ဆက်နေခြင်းဖြင့် လောကကို မွှေးကြိုင်ပျံ့သင်းစေ၍ အရှေ့အရပ်က ငွေလမင်းကို သီချင်းဆို၍ကြိုပါ မကြည်ပြာ။ ကျွန်တော် သည်မှာပဲ ရှိနေပါမည်။

 

×××

 

အဝေးအရပ်မှ ပျံသန်းလာသော ကဗျာငှက်သည် သူ့ရင်ထဲမှာ ဗလာ။ အဝါရောင်နှင်းများ ပျံဝဲသက်ဆင်းလာ၏။ ဖိတ်ဖိတ်နက်မှောင် ကတ္တီပါရောင် မြင်းတစ်ကောင်သည် လက်ပံပင်ခြေရင်းမှာ စင်း၍ ရပ်နေ၏။ ခဲသားရောင်ကောင်းကင် တစ်နေရာမှ မိုးခြိမ်းသံကို ညင်သာတိုးတိတ်စွာ ကြားလိုက်ရ၏။ ဘယ်နေရာမှာ၊ ဘယ်သူ့ရင်ထဲမှာ လေပြင်းမုန်တိုင်းတစ်ခု အစပြု ဖြစ်ပေါ်နေပြီလဲ။ ကျောက်တောင်များ မှုန့်မှုန့်ညက်ညက် ကြေပျက်ပေရော့မည်။ အဝေးအရပ်မှ ပျံသန်းလာသော ကဗျာငှက်သည် ကမ္ဘာတုန်အောင် အဟုန်ပြင်းသော သီချင်းသံများ ကြားလိုက်ရ၏။ မိုးသား များ အရိပ်ဆင်၍ တက်လာပြီ။ ကမ္ဘာလောက အေးမြပါစေ။ လှပသော ရောင်ခြည်တစ်သန်း၊ ကဗျာငှက်၊ သီချင်းသံများကြားမှာ ရွှေသားနန်းဆောင်တစ်ခု၏ တံလျှပ်ရုပ်ပုံ၊ ကျိုးပဲ့လဲလျောင်းနေသော ကာရန်တစ်ခု၊ နှစ်သက်ဖွယ် တိုက်ဆိုင်မှုတစ်ခု၊ ချစ်နေခြင်း သက်သက်မျှသော တံတိုင်း၏ ပိတ်ဆို့ထိန်းသိမ်းခြင်း၊ ဟေမာနေဝင်း၏ သီချင်းတစ်ပုဒ်၊ ရှက်စရာကောင်းသော လူများ၊ ဖုန်မှုန့်တောမှ မျှော်လင့်ချက်၊ ခံစားကြည့်ပါ မကြည်ပြာ။ ကျွန်တော် သည်မှာ ရှိနေသည်။

အဝေးအရပ်မှ ပျံသန်းလာနေသည်ဟု ထင်ရသော….။ မကြည်ပြာ။ သိပ်ချစ်သည်ဟု ထင်ရသော…။ ။

ခရေဖူးအမည်ရှိ မိန်းကလေးအပေါ် ချစ်သောအကြောင်းများ ရေးဖွဲ့ထားခြင်း

 

အချစ်ညသည် မောပန်းနွမ်းနယ်စွာ အိပ်ပျော်သွား၏။

ခရေဖူးကို အခြားနာမည်တစ်ခု ပြောင်းလဲခေါ်ဝေါ်ချင်သူများ ရှိသည့်တိုင်အောင် မွှေးပျံ့လတ်ဆတ် ကြည်သာခြင်းများ ရရှိနေသမျှ ကာလပတ်လုံး အလုပ်မရှိ အလုပ်ရှာ၍ နာမည်အသစ် ပေးချင်သူများနှင့် ကျွန်တော် ပြဿနာဖြစ်မည် မဟုတ်ပါ။ မွှေးပါ ပျံ့ပါစေ။ လတ်ပါ ဆတ်ပါစေ။ ကြည်ပါ သာပါစေ။ လယ်တောကပြန် ပန်ချင်တယ် ခရေဖူးဆိုလို့ မောင်ခူးကာပေး... ဟူသော ကဗျာစ ရင်ထဲမှာ အခုထိ ရှိနေသည်။ ခရေဖူး၊ ခရေဖူး၊ ချစ်လှစွာသော မခရေဖူး။ ရှားရှားပါးပါး ဆန်းပြားသော အလှရှိသည်ဖြစ်၍ မခရေဖူးကို နာမည်နှင့်တကွ ကျွန်တော်ချစ်ပါသည်။ သောက်ရေအိုးစင်ကြားမှာ ရေစိုပိတ်ပါးဖြင့် ထုပ်၍ထားသော ခရေဖူးများသည် နေစကြဝဠာပြင်ပတိုင် မွှေးပျံ့နေ၏။ လာမရှုပ်နှင့်၊ နည်းနည်းကလေး သိသည်ကို အများကြီး သိသည်ထင်၍ စကားတွေ သိပ်မများနှင့်။ သြဇာသိပ်မပေးနှင့်၊ ဆရာသိပ်မလုပ်နှင့်။ သည်နေရာမှာ ခရေဖူး၊ နောက်တစ်ခါထပ်၍ ဆေးဆိုးရန် လက်သည်းလှလှလေးတွေပေါ်မှ လက်ကျန် ဆေးစများကို ချွတ်ဆေးဖြင့် ပွတ်တိုက်ဖျက်ပစ်နေသည်။ မနှောင့်ယှက်ပါနှင့်။ ပေါက်တတ်ကရ လာလာမပြောနှင့်။ မနက်ဖြန်မနက် ကမ္ဘာကြီးပျက်မည့်အကြောင်း လာမပြောနှင့်။ ရေနံတွေ အလျှံပယ် ဖြစ်နေကြောင်းလည်း လာမပြောနှင့်။ ငါးဈေး ပုစွန်ဈေးကိုလည်း လာမပြောနှင့်။ ဂျနီဗာကွန်ဖရင့် အကြောင်းလည်း လာမပြောနှင့်။ ရွှေတစ်အောင်စ ပေါက်ဈေးအကြောင်း လာမပြောနှင့်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအကြောင်း လာမပြောနှင့်။ ချာနိုဗိုင်းလီစက်ရုံ ပေါက်ကွဲမှုအကြောင်း လာမပြောနှင့်။ ယုတ်စွအဆုံး ကဗျာအကြောင်းကိုပင်လျှင် လာမပြောနှင့်။ သည်နေရာမှာ ကဗျာရှိသည်၊ သည်နေရာမှာ ခရေဖူး လက်သည်းဆေးဆိုးဖို့ ကြိုးစားနေသည်။ တော်ရာလျော်ရာ သွားနေကြ။

 

×××

 

မောပန်းနွမ်းနယ်စွာ အိပ်ပျော်နေသော အချစ်ကောင်းကင်ထက်မှာ အပြာရောင်တိမ်များ တဆတ်ဆတ်တုန်၍ ခုန်နေကြသည်။ လုံးဝန်းသော အရာဝတ္ထုများသည် ပတ္တမြားမီးကျီးခဲကဲ့သို့ ရဲစွာတောက်ပနေ၏။ ခမ်းနားသော စင်မြင့်ပေါ်မှာ မုသားများကို ပြိုးပြိုးပြက်ပြက် မြင်နေရဆဲ။ အစစ်အမှန်လား၊ မာယာလား။ စစ်မှန်သော မုသားလား၊ မာယာဆောင်သော အစစ်အမှန်လား။ ဝေခွဲပိုင်းခြားရန် အလို့ငှာ ဆင်ခြင်တတ်သော အလေ့ အကျင့်သည် ကြာပြီဖြစ်၍ ပျောက်ပျက်ခဲ့လေ၏။ ကိုယ့်အကြောင်း ပြောသူများသည် လက်ထဲမှာ ခေါင်းလောင်းကိုယ်စီ ကိုင်ကာ လှုပ်ယမ်း၍ လာနေကြသည်။ လောကသည် ခေါင်းလောင်းသံများဖြင့် ညံနေသည်။ ချောက် ကမ်းပါးကို မြေဖို့သူများ ရှိတတ်ပါသည်။ ညီညာပြန့်ပြူးသော မြေတလင်းမှာ ဘယ်သူလာ၍ ခြေဆင်းထိုင်မလဲ။ ပန်းတွေပွင့်ပါစေ။ ဝေပါစေ။ လင်းရိပ်ကိုဖယ်ပါ။ ရွှေရောင်နေခြည် အစက်အပြောက်တို့ စွန်းထင်းတောက်ပသော မြက်ခင်းပြင်ပေါ်က အမှိုက်ပုံကို တစ်နေရာသို့ ရွှေ့ပစ်ကြရင် မကောင်းပေဘူးလား။ လမ်းပေါ်မှာ အမှိုက်တွေ ရှိတတ်သည်။ အချိန်မရလျှင် ကျော်ခွသွားပါ။ အချိန်ရလျှင် လမ်းဘေးသို့ ကောက်ပစ်ခဲ့ပါ။ အရေးအကြီးဆုံးမှာ လမ်းဆက်လျှောက်ဖို့ပဲ ဖြစ်သည်ဟု ထင်ပါသည်။ ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး ဟူသော စတီရီယိုသီချင်းကို မြမြမောင်းမောင်း ပတ်ပျိုးထက် ကျွန်တော် ပို၍ကြိုက်၏။ ခရေဖူးနှင့်ကျွန်တော် တောင်ပိန္နဲပင်အောက်က ကော်ဖီဆိုင်မှာ ထိုင်နေကြသည်။ ကျွန်တော်တို့ ဘာမှမဖြစ်ကြပါ။ သူ့ကို မတွေ့ရသောအခါ ကျွန်တော်ရှာ၏။ ကျွန်တော် ရှိတတ်သောနေရာသို့ သူလာ၏။ သူ့ကို ကျွန်တော် စာကူးပေး၏။ ကျွန်တော့်ကို သူ လက်ကိုင်ပဝါ သုံးထည်နှင့် ကြောင်ကလေးနှစ်ကောင် အရုပ်ပါသော ပိုစတာတစ်ချပ် ဂျပ်ဆင်အောက်က ဝယ်လာ၍ ပေး၏။ အေးမြ စိုစွတ်သော ကော်ရစ်ဒါတစ်လျှောက် လက်ချင်းတွဲ၍ လျှောက်ကြ၏။ ဘွဲ့နှင်းသဘင်ရှေ့က ညာဘက်ကြေးခြင်္သေ့ရုပ်၏ ခေါင်းကိုကိုင်၍ ကိုယ်စီဆုတောင်းကြ၏။ ခရေဖူး ကျွန်တော့်ကို မချစ်ကြောင်း သူဖွင့်မပြောပေမဲ့ ကျွန်တော် သိနေနှင့်သည်။ သိနေသော အကြောင်းကို ပြောသောအခါ သူ အံ့သြ၏။ အံ့သြခြင်းသည် အတောင်ပံပါ၍ ကောင်းကင်ကို ပျံတက်ပြေးသည်။ မေးရိုးအနည်းငယ်ကား၍ အသားဝါသော ခရေဖူးသည် မြန်မာမ အစစ်ဖြစ်သောကြောင့် ကျွန်တော် ပို၍ချစ်ရသည်။ အစွဲအလမ်းဆိုသည်မှာ ဒါပဲဖြစ်လိမ့်မည်။ အစွဲအလမ်းကြီးသူသည် တစ်နေ့တွင် ဒုက္ခတွေ့လိမ့်မည်ဟု တစ်ယောက်ကပြော၏။ ဒုက္ခဆိုတာ ဘာပါလဲ။ ဗလာစာအုပ် ရောင်းရငွေကို လေးကြိမ်တိတိ ရေတွက်ရခြင်းသည် ဒုက္ခလား။ အမှတ် လေးဆယ့်ငါး ဟိုင်းလပ်အမြန်ကားသည် ဒုက္ခလား။ တက္ကသိုလ်ဓမ္မာရုံမှာ ဆရာကန်တော့ပွဲ လုပ်သောနေ့က မိုးရွာခြင်းသည် ဒုက္ခလား။ မိုးခေါင် အငတ်ဘေး ရန်ပုံငွေအတွက် နိုင်ငံရေးသမားများ စကားဖောင်နေချိန်မှာ အနုပညာသမားများက သီချင်းဆို၍ ရန်ပုံငွေ ရှာပေးရခြင်းသည် ဒုက္ခလား။ သည်လောကမှာ ဒုက္ခမဟုတ်တာ ဘာရှိသလဲ။ စဉ်းစားစမ်း ခရေဖူး။ နင့်ကို ငါ စွဲလမ်းနေတာ ဒုက္ခလား။ ငါ့ကို မချစ်မှန်း သိလျက်နှင့်ပင် နင့်အပါးမှာ တရစ်ဝဲဝဲ တဝဲလည်လည် ဖြစ်နေရခြင်းသည် ဒုက္ခလား။ သည်လောကမှာ ဒုက္ခဆိုတာ ဘာလဲ၊ ဒုက္ခမဟုတ်တာ ဘာရှိသလဲ။ အပိုတွေ ပြောမနေနှင့်။ အားလုံးသည် ဒုက္ခ။

 

×××

 

မောပန်းနွမ်းနယ်စွာ အိပ်ပျော်နေသော အချစ်ညအလယ်မှာ အနက်ရောင် ကုလားထိုင်တစ်လုံး ရှိ၏။ ထိုကုလားထိုင်ပေါ်မှာ ဇာပဝါပါးနှင့် ထုပ်ထားသော ဇီဇဝါပွင့်နှစ်ပွင့် ရှိ၏။ ထိုပန်းပွင့် နှစ်ပွင့်ကြားမှာ အဖြူရောင် ကြိုးကြာငှက်၏ ငှက်တောင် တစ်တောင်ရှိ၏။ တောင်ပေါ်မှာ ရေကန်ရှိသည်။ ရေကန်ထဲမှာ ကြာနီတစ်ပွင့် ပွင့်လျက်၊ ပွင့်လျက်နှင့် ပိတ်ထားသော တံခါးပေါက်မှ ဝင်လာခဲ့ပါ။ ကော်ဇောပေါ်မှာ ထိုင်ပါ။ ကုလားထိုင်ကို လူအများ မြင်သာသော နေရာသို့ရွှေ့ပါ။ ဘယ်ဘက်မှာ ပန်းအိုးတင်သော စင်ရှိ၏။ ညာဘက်မှာ မြင်းဖြူတစ်ကောင်ရှိ၏။ မြင်းဆိုသည်မှာ စေတနာပင် ဖြစ်သည်။ စေတနာမပါဘဲနှင့် စကားတွေ သိပ်မပြောပါနှင့်၊ လူတွေက မယုံကြ။ ခရေဖူး နင့်ကိုငါ သိပ်ချစ်သည်။ အကယ်၍ ဖြစ်နိုင်မည်ဆိုပါလျှင် နင့်ကို ငါ ဖက်ရုံကလေး ဖက်ထားချင်ပါသည်။ ကြာတတ်တာတွေ မကြာစေဖို့၊ ကြာတွေလှူကာ ဆုတောင်းပါသည်။ မောင်ပန်းမွှေး ကဗျာမရေးတာ ကြာပြီ၊ ကြာနီပန်းတွေ မျောလွင့်နေသော ရေကန်သည် ကောင်းကင်မှာရှိ၏။ တောင်ပေါ်မှာရှိ၏။ တောင်ကြားထဲမှာရှိ၏။ မြူနှင်းများ ဆီးဆို့ပိတ်ဆိုင်းသော တောင်ကြားလွင်ပြင်မှာ သစ်သားအိမ်ကလေး တစ်လုံးဆောက်၍ ခရေဖူးနှင့်အတူ နေချင်ပါသည်။ တစ်ဖက်မှာ တော၊ တောင် တစ်ကြောနှင့်၊ အပြောကျယ်စွာ ကောင်းကင်ပြာနှင့်၊ ဘယ်မှာကြည့်လေ စိမ်းမြကြွေနှင့်၊ ရေကန်အတွင်း နေနှစ်စင်းတည်း၊ ထွက်စပုလဲ၊ ဝင်းက ရွှေဝါ၊ နေစကြာ၊ လစကြာ၊ ရေကန်သာတွင်၊ ရေကန်သာတွင်၊ ရေကန်သာတွင် ခရေဖူး ရေချိုးသည်။ ကုလားထိုင်၏ရှေ့တွင် ရွှေငါးကလေးများ အလှမွေးသော မှန်သေတ္တာရှိ။ ကောင်းကင်ပေါ်က မြူနှင်းများ ခိုတွဲလွင့်မျောနေသော တောင်ကြားလွင်ပြင်မှာ သစ်သားအိမ်ကလေး၏ ဘေးတွင် ကြာနီပန်းများ လွင့်မျောယိမ်းနွဲ့နေသော ရေကန်ထဲမှာ ခရေဖူးရှိသည်။ အပေါစား ယိုးဒယားဖြစ် ကျွန်တော့်ဖိနပ်တစ်ရံ၏ဘေးမှာ ကျပ်ငွေ တစ် ထောင့်ရှစ်ရာ ပေးရသော ဖန်ကြည်မှန်သား ခရေဖူး၏ ခွာမြင့်ကြိုးသိုင်း ဖိနပ်တစ်ရံရှိနေ၏။ ယောက်ျားစီးဖိနပ်တစ်ရံနှင့် မိန်းမစီးဖိနပ်တစ်ရံ အခန်းဝမှာ အတူတကွ ရှိနေခြင်းသည် ဒုက္ခတစ်ခုဖြစ်၏။ ခရေဖူးနှင့်ကျွန်တော် အတူတကွ ရှိနေခြင်းသည် အမှန်တရားတစ်ခု ဟုတ်မဟုတ် စဉ်းစားစရာ ဖြစ်ပါသည်။ ခရေဖူးနှင့်ကျွန်တော် အတူတကွ ရှိရခြင်းသည် အတူတကွ ရှိနေခြင်း မဟုတ်ပါ။ ခရေဖူးနှင့် ဇော်ဇော်အောင်သည် အမှန်တရားမဟုတ်ပါ။ အမှန်တရားဆိုသည်မှာ ဘာပါလဲ။ မသိဘဲနှင့်တော့ မပြောနှင့်။ တတ်ယောင်ကားတွေ ဝေးဝေးကနေ။ အမှန်တရားဆိုတာ ဘာလဲ။ သိသွားသောသူတွေ သည်မှာ မနေကြပါ။ သည်မှာနေသူတွေက မသိသူတွေ၊ မတောက်တခေါက်တွေနှင့် ခရေဖူးနှင့် ဇော်ဇော်အောင်တို့သာ ဖြစ်သည်။ တို့သာ သည်မှာနေသည်။ သူတို့အားလုံး ဘာမှမသိကြပါ။

မောပန်းနွမ်းနယ်စွာ အိပ်ပျော်နေသော အချစ်ည၏ လက်ဝဲဘက်မှာ သစ်ပင်မပေါက်သော တောင်ကုန်းတစ်ခု စိမ်းလန်းစွာ ရယ်မောနေ သည်။ ကျောက်သားပကတိ ရေညှိတစ်ပင်၊ တစ်မျှင် စနမှမရှိသော တောင်ကုန်းပေါ်မှာ ပညာရှိသော ဗျိုင်းဖြူတစ်ကောင် သီချင်းဆိုနေသည်။ သီချင်းထဲမှာ စကားလုံးများပါ၏။ စကားလုံးထဲမှာ အသံများရှိ၏။ အဓိပ္ပာယ်များ ရှိ၏။ အဓိပ္ပာယ်များကို နေရောင်ခြည်နှင့် ဖုံးအုပ်ထား၏။ ဘာသာစကား စတင် ပေါ်ပေါက်သောနေ့မှာ မင်္ဂလာမိုးကြီး အခါမဟုတ်ရွာသည်ဟု ကြားဖူးပါသည်။ လူသည် သူ့ရင်ထဲ ထုတ်ဖော်လှစ်ရန် မဝံ့ရဲသော စိတ်ကူးများ ဖုံးစရာဖိစရာ ကွယ်စရာ ဝှက်စရာ နေရာတစ်ခုကို ဘာသာစကား စတင် ပေါ်ပေါက်သောနေ့က တွေ့ရှိသွားသည်ဟု ထင်ပါသည်။ ဘာသာစကားသည် လိုဏ်ခေါင်းဖြစ်၏။ ဘာသာစကားသည် မျက်လှည့်ဆရာ၏ သေတ္တာကိုဖုံးသော ကတ္တီပါစအနက်ရောင် ဖြစ်၏။ ခရေဖူးကို ကျွန်တော်ချစ်ကြောင်း ပြောပြရမည်လား။ ယခု ပြောရမည်လား။ နဝဒေး၊ နတ်သျှင် နောင်၊ ဦးပုည၊ ဦးရွှန်း၊ ဦးတိုး၊ သန်းဆွေ၊ ငြိမ်းကျော်၊ နွမ်ဂျာသိုင်း၊ မောင်စိန်ဝင်း၊ ခရေဖူးကို ကျွန်တော်သိပ်ချစ်သည်။ လိုဏ်ခေါင်းထဲက မျက်လှည့်သေတ္တာကို ဖုံးသော အနက်ရောင်ကတ္တီပါစသည် ပြောင်လက် ရွှန်းစိုစွာ အခိုးအငွေ့ဖြစ်သွားသည်။ တောင်ကုန်းပေါ်မှာ ရေညှိများ မရှိ။ ချောမွေ့မှုများသည် ရက်ကန်းရက်သလို ပျံသန်းနေကြ၏။ ပါးချင်းအပ်၍ ထားသောအခါ ပါးပြင်နှစ်ဖက်၏ ကြားမှာ ဘာမှမရှိစေချင်သောကြောင့် ခရေဖူး မိတ်ကပ် ဘယ်အခါမှမသုံး၊ သနပ်ခါး ဘယ်အခါမှမလိမ်း၊ မယုံကြနှင့်၊ ယုံကြည်အပ်သော အမျိုးအစားများ မဟုတ်။ ဘာပြောပြော မယုံနှင့်။ ညထဲက လထဲမှာ လေပြည်မရှိ၊ ပန်းပင်မရှိ၊ စကားလုံးများမရှိ၊ ကတိစကားများ မရှိ၊ ဘယ်သောအခါမှ ပြည့်ဝမည်မဟုတ်သော မျှော်လင့်ချက်များမရှိ။ ခရေဖူး ကျွန်တော့်ကို မချစ်ကြောင်း ပြောသောအခါ ကျွန်တော် ယုံပါသည်။

 

×××

 

မောပန်းနွမ်းနယ်စွာ အိပ်ပျော်နေသော ည၏ လက်ယာဘက်တွင် ပင်လယ်ကဗွီးပင်များ ရှိ၏။ စက္ကူယပ်တောင် တစ်ချောင်းရှိ၏။ လျှာပွတ် ဆေးပုလင်းငယ်တစ်လုံး ရှိ၏။ အထင်တွေ ရှိ၏။ အချစ်တွေ ရှိ၏။ စက္ကူစုတ်နှင့် ငှက်သိုက်များရှိ၏။ ဂဏန်းသုံးလုံးတစ်တွဲ ရှိ၏။ ရုပ်ရှင်လက်မှတ် ဖြတ်ပိုင်းများရှိ၏။ သစ်ခွပန်းခြောက်များ ရှိ၏။ မှားယွင်းနေသော သော့ခလောက်များ ရှိ၏။ အရည်ပျော်ကျနေသော နာရီများရှိ၏။ အချစ်ရှိ၏။ မင်းသုဝဏ်၏ ကဗျာများရှိ၏။ ပျံသန်းနေသော မျက်တောင်များရှိ၏။ နာကျင်နေသော ပုလဲလုံးများရှိ၏။ ပုပ်သိုးနေသော ကိတ်မုန့်များ ရှိ၏။ ပန်းနုရောင်ဝတ်စုံ တစ်စုံရှိ၏။ အချစ်ရှိ၏။ ခရေဖူးရှိ၏။ အလင်းနှစ် သန်းနှစ်ထောင်အကွာမှာ ကြယ်တာရာအသစ်တစ်လုံး ဖြစ်ပေါ်နေသည်။ ကွန်ပျူတာမှာ ပရိုဂရမ်လုပ်၍ ကဗျာစပ်ဖို့ ကြိုးစားကြသည်မှာ ယနေ့အထိပါဆိုလျှင် နှစ်ပေါင်းဆယ့်ကိုးနှစ် ကြာခဲ့ပြီ။ သူတို့ မအောင်မြင်သေးပါ။ ဘယ်တော့မှလည်း အောင်မြင်မည်မဟုတ်ပါ။ မြေကမ္ဘာပေါ်ရှိ သိပ္ပံနှင့်နည်းပညာ တိုးတက်ဖွံ့ဖြိုးမှုအတွက် ဟုတ်လှပြီအထင်နှင့် အလွန်အကျွံ မာန်မတက်ကြနှင့်။ သိပ္ပံပညာက မသိသေးသော၊ ဖြေရှင်း၍ မရသေးသော ကိစ္စပေါင်း ဤမြေကမ္ဘာမှာ သုံးသောင်းကျော် ရှိသေးသည်။ ယောင်တောင်တောင်နှင့် ကဗျာကိစ္စ၊ အနုပညာကိစ္စမှာ သိပ္ပံနည်းကျဖို့ သွားမကြိုးစားလေနှင့်။ ခရေဖူးကို ဘာ့ကြောင့်ချစ်ကြောင်း ဘယ်သိပ္ပံပညာကမှ သိမည်မဟုတ်ပါ။ ဘယ်ဗေဒင်ဆရာကမှ သိမည်မဟုတ်ပါ။ ဘယ်စိတ်ပညာရှင်မှ သိမည်မဟုတ်ပါ။ ခရေဖူးကို ချစ်သောအချစ်သည် ကဗျာဖြစ်၏။ ပန်းပွင့်ဖြစ်၏။ နေရောင်ခြည်ဖြစ်၏။ မိုးရေစက်ဖြစ်၏။ ရူးသွပ်ခြင်းဖြစ်၏။ ရောဂါဖြစ်၏။ ခရေဖူးဖြစ်၏။ ကျွန်တော်ဖြစ်၏။ နေ့စဉ်ညဆက် အိပ်မက်တို့ ရှည်လျားဝေသီစွာ ကုန်းကြတ်ဘီးမြေပြင်ပေါ်မှာ အရိပ်ထည် ပေကျံစေသောအခါ ဤနေရာတွင် လာရောက်ဖြစ်တည်နေသော ဇော်ဇော်အောင်သည် လို၍မရသော ဆင်းရဲကြောင့် စိမ်းလမ်းခက်ထန်စွာ ရယ်မော ထွက်ပြေးနေသည်ကို တစ်စုံတစ်ယောက်က ကျိုးကြောင်းဆက်စပ်၍ ယုတ္တိဗေဒ နည်းကျကျ သိပ္ပံဆန်ဆန် ညီညွတ်ခိုင်လုံစွာ ဆင်ခြင်ပါသော်လည်း ရူးသွပ်ခြင်းမှ လွဲ၍ အဖြေမထွက်ကြောင်း မချစ်မနှစ်သက်ပါသော မခရေဖူး နားလည်သိရှိရန် မလိုအပ်ပါ။

 

×××

 

သည်နေရာမှာ ဘယ်သူမရူးဘဲ ရှိမည်နည်း။

မိုးနေး”၏ ကြာပန်းဆိုင် ပန်းချီကားထဲမှာ ခရေဖူး ရေနစ်သေဆုံး သွားပါသည်။ ဘယ်သူတွေ ဘာပြောပြော မယုံကြနှင့်။ ။

ထိုအခါ ကမ္ဘာသူ မကြည်ပြာသည်

 

နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်၊ ရွှေနှင့်ယိုးမှား…. ရွှေနှင့်ယိုးမှား မကြည်ပြာ။ ရင်ထဲမှာ အနေကြာ၍ ကဗျာတစ်ပုဒ်လို ဖြစ်နေသော မကြည်ပြာသည် ယခုတော့ ဘဝခြား၍ သွားပါပြီ။

သိပ္ပံပညာရှင် အကျော်အမော်တစ်ဦး ရေးသော စာအုပ်တစ်အုပ်ထဲမှာ အချစ်ဆိုသည်မှာ ဆန့်ကျင်ဘက်လိင်ရှိသော သတ္တဝါ(မျိုးတူ)တစ်ဦးပေါ်တွင် စွဲလမ်းတပ်မက်ခြင်းဟု ဖွင့်ဆိုထားသော စာကြောင်းကို ဖတ်လိုက်ရသည့်နေ့မှ အစပြု၍ သိပ္ပံပညာကို တစ်သက်စာ သေခန်းဖြတ်လိုက်ပါသည်။ မြစ်ပြင်ပေါ်က ဝင်လုဆဲ လရောင်ခြည်လို ပါးလျားသိမ်မွေ့သော မကြည်ပြာကို ကျွန်တော်ချစ်ရာမှာ လိင်မှုကိစ္စမပါ။ ထိုကိစ္စနှင့် ပတ်သက်၍လည်း ဂုဏ်ယူဝင့်ကြွားဖွယ်ရာ မရှိပါ။

အချစ်ဆိုသည်မှာ တွပ်ကွက်တစ်ထောင်ပါသော စိန်တုံးဖြစ်၏။ ကျွန်တော့်ဘက်က တွပ်ကွက်သည် နေတစ်သန်းမျှ ထွန်းလင်းလျက်။ အချစ်သည် အလင်းရောင်ဖြစ်၏။ အချစ်သည် ဘဝဖြစ်၏။ အချစ်သည် အစဖြစ်၏။ အချစ်သည် အဆုံးဖြစ်၏။ အချစ်သည် လုံးဝဥဿုံဖြစ်၏။ လူတစ်ယောက်ကို ချစ်ပါ၊ လူတစ်ရာကို ချစ်ပါ၊ လူတစ်ထောင်၊ တစ်သောင်း၊ တစ်သိန်း၊ တစ်သန်း၊ လူသန်းပေါင်း များစွာကို ချစ်ပါ။ ချစ်တတ်သောစိတ်ကို မွေးမြူပါ။ ထိုစိတ် မွေးမြူ၍ရသော နေ့သည် တန်ဖိုးအရှိဆုံးနေ့ ဖြစ်ပါလိမ့်မည်။ သို့သော် တစ်ခုတော့ မှာချင်ပါသည်။ လူတွေကို မချစ်တတ်သူ၊ မချစ်သောသူကိုတော့ စာရင်းထဲမှာ ထည့်ထားစရာ မလိုပါ။ လူတွေကို ချစ်ရဲ့လား၊ ချစ်တတ်ရဲ့လား၊ ချစ်တတ်သောစိတ် မွေးမြူထားသလား၊ မွေးမြူနေသလား စဉ်းစားကြည့်ပြီးဖြေပါ မကြည်ပြာ။ ဇော်ဇော်အောင် မကြည်ပြာကို သိပ်ချစ်သည်။

စူးစူးရှရှ အော်လိုက်သော ကျော်ဟိန်း၏ အသံကို ကျောက်မြောင်းထဲက လက်ဖက်ရည်ဆိုင်မှာ ကြားလိုက်ရ၏။ ကမ္ဘာပေါ်မှာ အသံတွေ သိပ်များနေသည်။ ရင်ထဲက မလာ။ ခန္ဓာကိုယ်အပြင်ပမှာ အတုလုပ်ယူ၍ရသော အသံတွေ သိပ်များနေသည်။ သဒ္ဒဗေဒပညာရှင်တွေ ပြောကြသော အသံဖြစ်ရာ အင်္ဂါအစိတ်အပိုင်းများ၊ ဌာန်၊ ကရိုဏ်း၊ ပယတ်၊ ဃောသ၊ အဃောသဗျည်း၊ သရ၊ ဘာညာ သွားစမ်းပါ။ ရင်ထဲကလာသော လူသံ အစစ်သည် မေတ္တာဖြင့် ရစ်ပတ်ဖွဲ့နှောင်လျက် ထွက်ပေါ်လာမြဲ။ အသံတွေ အများကြီး ကြားနေရသည်မှာ အမှန်ပါ။ အကယ်၍ ဇော်ဇော်အောင်သည် လူသတ္တဝါစင်စစ် ဧကန်ဖြစ်ပါမူ သူ့အသံသည် မေတ္တာဖြင့် ရစ်ပတ်ဖွဲ့နှောင်လျက်သာ ရှိရပါမည်။ မကြည်ပြာ မနေ့က ဆွယ်တာအဖြူဝတ်လာသည်။

ခေတ်နောက်ကျသွားသော နိုင်ငံရေးစကားလုံးများသည် တတ်ယောင်ကား သူငယ်နှပ်စား မာ့က်(စ်)ဝါဒသမားများ၏ ပါးစပ်ဖျားတွင် နေ၏။ ရယ်စရာကောင်းသော ကတိများသည် စာမျက်နှာပေါ်မှာ နေ၏။ သတ္တိမရှိသူများသည် ရန်ကုန်သို့လာ၍ လူစု၏။ ရဲရင့်သူများ တစ်ယောက်တည်း နေတတ်၏။ မရှက်တတ်သူများ စကားများများပြော၏။

မကြည်ပြာကို ကျွန်တော်သိပ်ချစ်ကြောင်း များများပြောဖို့ မလိုအပ်သော်လည်း ထပ်ကာတလဲလဲ ပြောပါရစေ။

ရင်ထဲက ကတ္တီပါလေပြည်ညင်းကို ကော်ဇောသဖွယ် ဖြန့်ခင်း၍ ပြင်ဆင်သန့်ရှင်း ထားပါသည်။ လာနေပါ မကြည်ပြာ။ နှင်းဖုံးသော တောင်ထွတ်၏ အေးမြခြင်း၊ အောင်စိုး၏ ပန်းချီကားကဲ့သို့ လေးနက်ခြင်း၊ သွားပေါက်စ ကလေးငယ်၏ အရယ်အပြုံးကဲ့သို့ ဖြူစင်ခြင်း၊ ငတ်မွတ်သူထံမှောက် အရောက်ပေးပို့သော ဂျုံစေ့တစ်စေ့ကဲ့သို့ သြဇာဓာတ်ပြည့်ဝခြင်း၊ မဆိုင်သူတစ်ဦး၏ ကိုယ်မှ တသွင်သွင်ယိုထွက်သော သွေးတို့ကို ပိတ်ဆို့ရန် ကြိုးစားသော ဂွမ်းလိပ် ပတ်တီးစကဲ့သို့ နူးညံ့ခြင်း၊ ဘဝ၏ဒဏ်ကို ခါးစည်းခံသော လူဆင်းရဲ၏ မျက်လုံးကဲ့သို့ ရဲရင့်ခြင်း၊ ထိုအရာအားလုံးကို ထုထောင်းဆုပ်နယ်၍ ရင်ထဲမှာ ပလ္လင်တစ်ခု ဆောက်ထားပါသည်။

စံမြန်းလှည့်ပါ မကြည်ပြာ။

 

×××

 

ထိုအခါ ဘာဆို ဘာမျှယူမလာပါနှင့်။ မကျေပွန်သော ကတိကဝတ်များ၊ တောက်ပ၍ တံလျှပ်မျှသာဖြစ်သော မျှော်လင့်ချက်များ၊ အနာဂတ်ကာလမှာ မကြည်ပြာနှင့် ဇော်ဇော်အောင်တို့နှစ်ယောက် အချစ်ဘဝ တည်ဆောက်ရန် စီမံလျာထားချက်များ၊ မကြည်ပြာက မလွဲမသွေ ဖြည့်ဆည်းပေးမည့် ဇော်ဇော်အောင်၏ ဘဝလိုအင် စာရင်းဇယားများ၊ နီရဲပြောင်လက် စိုစွတ်သော နှုတ်ခမ်းဖျားမှ တဆတ်ဆတ် တုန်ခါနေသော ကြင်နာမှုများ၊ ပါးချင်းအပ်၍ထားစဉ် သဲ့သဲ့မျှ ကြားလိုက်ရသော ပင့်သက်သံ၏ ပူနွေးလတ်ဆတ်မှုများ၊ ဘာဆိုဘာမျှ ယူလာရန်မလိုပါ။ မကြည်ပြာ၏ မို့မို့စွင့်စွင့် ပြေပြေလျောသော ဘယ်ဘက်ရင်ခြမ်းအောက် နှလုံးသားအတွင်းက အချစ်ဆိုသော အရိပ်အယောင်များကိုပင် ယူငင်၍မလာပါနှင့်။

ဇော်ဇော်အောင် ဘာမှမလိုပါ။ မကြည်ပြာကို ချစ်နေခွင့်သာ လိုပါသည်။

 

×××

 

အလင်္ကာဆိုတာ ဘာလဲ မကြည်ပြာ။ မသိတဲ့လူတွေရယ်၊ သိတယ်လို့ ထင်နေသူတွေရယ်၊ ဘာပဲဖြစ်ဖြစ် အများနည်းတူ တစ်ခုခုတော့ ဝင်ပြောမှ ဖြစ်မယ်လို့ ယူဆတဲ့လူတွေရယ်၊ အဲဒီလူစားတွေ ဝင်ဝင်ပြောတာနဲ့ ရှုပ်ခဲ့ကြတာ အလင်္ကာဆိုတာ တန်ဆာဆင်ခြင်း၊ လက်စွပ်လက်ကောက် ပုတီး နားကပ် စတာတွေ၊ အဆော့တက်ကိတ်မုန့်ပေါ်က ရောင်စုံသကြားခဲ သကြားပွင့်တွေ၊ အလင်္ကာဆိုတာ အပြောက်အမွမ်း၊ အလင်္ကာတွေ နံပါတ်စဉ်ထိုးလို့၊ အလင်္ကာတစ်၊ အလင်္ကာနှစ်၊ အလင်္ကာသုံး၊ အလင်္ကာလေး။

မကြည်ပြာရယ် ကမ္ဘာလောက တစ်နေရာရာမှာ ဘယ်နေရာတော့ ကျွန်တော်မသိဘူး။ စိတ်ကျန်းမာရေးဆေးရုံ တစ်ရုံကို ကာရံထားတဲ့ အုတ် တံတိုင်း ပြိုကျသွားပြီ ထင်ပါရဲ့။ ရယ်ရတယ်နော် မကြည်ပြာ။ အလင်္ကာဆိုတာ ရှင်သန်ထမြောက်တဲ့ ဘာသာစကားပါ။ မီးပုံကြီးအတွင်း ခုန်ဆင်း ပြီးနောက် ပိုမိုတောက်ပ အရောင်စုံတဲ့ အမွေးအတောင်များရဲ့ ရှင်သန် ထမြောက်လာတဲ့ “ဖီးနစ်” မီးလျှံငှက်ပါပဲ။ အနုပညာသမားရဲ့ ပြင်းထန် လောင်မြိုက်တဲ့ နှလုံးသားထဲက ပြန်လည် ရှင်သန်ထမြောက်လာတဲ့ ဘာသာစကားပါပဲ။

မကြည်ပြာဆိုတာ အလင်္ကာပါပဲ။

ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့ ဝင်ပြောမှဆိုတဲ့ လူတွေနဲ့ ဇော်ဇော်အောင် ကြမ်းတစ်ပြေးတည်း အတူမထိုင်နိုင်ပါ။ ဘာကြောင့်လဲဆိုတော့ မကြည်ပြာဟာ အလင်္ကာဖြစ်တယ်ဆိုတာ ဘယ်သူ့ကိုမျှ ကျွန်တော် ပြောမပြနိုင်လို့ပါဘဲ။

 

×××

 

မနေ့ မိုးရွာသည်။

ရင်ထဲမှာ နာနေ၏။

နေရောင်ခြည်နောက်ခံဖြင့် တစောင်းစွေစွေ ကျလာသော မိုးစက်ကန့်လန့်ကာ၏ ဟိုဘက်တွင် မကြည်ပြာကို မြင်ရ၏။ စတွေ့သောနေ့က နေပူမိုးရွာ စိန်တုံးစိန်ပွင့် ကန့်လန့်ကာကို လက်ဖြင့် အသာအယာဖယ်မ လိုက်သောအခါ မကြည်ပြာ၏ ဝင်းဝါသောမျက်နှာ ပေါ်လာသည်။ ဆံနွယ် စပ်မှာ မိုးရည်စက်များ ခိုတွဲလျက်။ ညိုမှောင်သော တိမ်များသည် စိတ်အားလျော့ဖွယ် အတိတ်နိမိတ်ကို သယ်ဆောင်လာကြ၏။

မကြည်ပြာ ပြုံးလိုက်သောအခါ မိုးချုန်းသံသဲ့သဲ့ ကြားလိုက်ရသည်။

မိုးစက်မှုန်များကြားက မကြည်ပြာသည် အမြော်အမြင်ကြီးစွာ၊ ခရမ်းရောင်ဝတ်စုံကို ဝတ်၍ ထိုနေ့က လာ၏။ ခရမ်းရောင်သည် တော်ဝင်သော အလင်္ကာရောင် ဖြစ်သော်လည်း ပါးလှပ်လျင်မြန်စွာ ပျောက်ကွယ်တတ်ကြောင်း မသိခဲ့ပါ။ ရေစိုသော ခရမ်းရောင်လုံချည်၏ ရနံ့သည် အချစ်နှင့် တပ်မက်ခြင်းကို ကမ္မကတ္တား ခွဲခြားနိုင်သည်ဟု အထင်ကြီးနေသောသူအား ထိုနေရာမှာပင် ခေါင်းဖြတ်သတ်ပစ်လိုက်၏။

ပျော့ပျောင်းစိုစွတ်သော ရွှံ့နှစ်မြေပြင်ပေါ်မှာ အချစ်၏ခြေရာကို တွေ့ရ၏။ ဘယ်တော့လဲ၊ ဘယ်နေ့လဲ။ သူတို့ ပြောကြားခဲ့သည်မှာ ကြာပါ ပြီ။ ကမ္ဘာလောကသည် ဇာတ်ခုံကြီးတစ်ခု ဖြစ်သည်ဟု ရှိတ်စပီးယားဆိုသူက ပြောကြားခဲ့၏။ ရှိတ်စပီးယား သိမသွားသော အချက်မှာ တစ်ခါတစ်ရံ ဇာတ်လမ်းအရ ဇာတ်ခုံပေါ်မှာ လူကြမ်းတွေချည်း ရှိတတ်သည်ဆိုသော အချက်ဖြစ်၏။ ထိုအကြောင်းအချက်ကို ကောင်းစွာသိသော ဇော်ဇော်အောင်သည် ရှိတ်စပီးယားထက် ပို၍တော်သည်ဟု ပြောလျှင် အပြောကြီးရာ ရောက်လွန်းသည် မထင်ပါ။

မိုးရေစက်တို့ဖြင့် ပြောင်လက်နက်မှောင်သော နိုင်လွန်ကတ္တရာ လမ်းမပေါ်မှာ လူကြမ်းတစ်ယောက် လမ်းလျှောက်သွား၏။ သည်ဇာတ်လမ်း၏ ခေါင်းဆောင်မင်းသမီး မကြည်ပြာ ဘာလုပ်နေသလဲ။ သူ့မှာ စာပြစရာရှိ၏။ အလှစိုက်ပန်းအိုးကို ပြုပြင်ရေလဲရန် ရှိ၏။ အပ်ချုပ်သည်ထံမှ အင်္ကျီနှစ်ထည် ပြန်ရွေးရန်ရှိ၏။ ဖြောင့်နေသောဆံပင်ကို နေရာသုံးနေရာလောက် ခွေလိပ်ပင့်တင်ရန် အလှပြင်ဆိုင်သို့ သွားရန်ရှိ၏။ အင်္ဂလိပ်စကားပြော သင်ခန်းစာ တိပ်ခွေနှစ်ခွေ ကူးရန်ရှိ၏။ ညနေစာ ချက်ပြုတ်ရန်ရှိ၏။

မိုးမှုန်ဖွဲဖွဲတို့ ရပ်စဲစပြုနေပြီ။ လေးထောင့်စပ်စပ် ပြတင်းပေါက်မှာ ဇာအခန်းဆီး အဝါရောင်တစ်ဝက် ကာထား၏။ မယုံကြည်ခြင်းကို ဘာနှင့်ကာ၍ ထားရမည်လဲ။ မကြည်ပြာ ကျွန်တော့်ကို မချစ်မနှစ်သက်ခြင်းကို ကျွန်တော် ယုံကြည်နေကြောင်း ကျွန်တော် မယုံကြည်။ ဘာနှင့်ကာလျှင် စိတ်သက်သာရာ ရမည်လဲ။ ဘဝအမောရေပြင်ကျယ်မှာ မျောပါနစ်မြုပ်သော အမောသမား၊ အမျောသမား၊ အမြုပ်သမား တစ်ယောက်အတွက် တောင်စဉ်တန်းမှ ခေါင်းလောင်းသံတစ်ရာ အသံညှိ၍ ထိုးခတ်နှုတ်ဆက် လိုက်ပါပြီ။

ကျွန်တော် မယုံကြည်ပါ။ ချစ်သော မကြည်ပြာ။ မနေ့က မိုးရွာ၍ ရင်ထဲမှာ နာကျင်နေဆဲ။ စတွေ့သောနေ့က မကြည်ပြာ မိုးတွေရွာနေသည်။

အလှဆိုတာ သီးခြားကင်းလွတ်စွာ ရပ်တည်နေနိုင်တဲ့ အရည်အချင်း တစ်ခုလား၊ အရုပ်ဆိုးခြင်းနဲ့ နှိုင်းယှဉ်မှ မြင်သာထင်သာတဲ့ ဂုဏ်တစ်ခုလား။ စိတ်ထဲက အထင်လား။ အလှဆိုတာ ပိုင်ဆိုင်ထားသူဘက်က အကြောင်းတရားလား။ ခံစားသူဘက်က အကျိုးသက်ရောက်မှုလား။

မကြည်ပြာမှာ အလှဆုံးလေးခု ရှိတယ်။ မြင့်မားတဲ့အရပ်၊ မျက်နှာ၊ လက်မောင်း ပြီးတော့ ခြေချင်းဝတ်။ ကမ္ဘာပေါ်မှာ အရုပ်ဆိုးတာတွေ သိပ်များနေစဉ် အခိုက်မှာ မကြည်ပြာရဲ့ အလှလေးပါးဟာ စိမ့်ညို့အေးမြတဲ့ အိုအေစစ်လေးခုပါပဲ။ စမ်းပေါက်အိုင် လေးခုပါပဲ။ မီးခိုးနုရောင်ငွေကိုင်း မျက်မှန်များရဲ့နောက်က မကြည်ပြာရဲ့ မျက်လုံးတွေဟာ ကွန်ပျူတာစက်ခုံက မှန်သားပြင်မှာ တဖျပ်ဖျပ်ပေါ်လာတဲ့ အစိမ်းရောင် ဂဏန်းတွဲတွေလို အပြောင်းအလဲ မြန်လွန်းတယ်။

ကမ္ဘာပေါ်မှာ အရုပ်ဆိုးတာတွေ သိပ်များနေတယ်မကြည်ပြာ။ မနာလိုတာတွေ၊ အသာစီး ရချင်တာတွေ၊ ကိုယ်ကျိုးစီးပွား သိပ်ကြည့်လွန်းတာတွေ၊ အနိုင်ကျင့်ချင်တာတွေ၊ ကိုယ်မဟုတ်သလို အရင်ဦးအောင် သူများကို အပြစ်တင်တာတွေ၊ ဟန်ဆောင်တာတွေ၊ အသံကောင်း ဟစ်တာတွေ။ နေစကြဝဠာထဲက ဘာမှမဟုတ်တဲ့ အစက်အပြောက် မှုန်တိမှုန်မွှားလေးပေါ်မှာ လူတွေ သိပ်ရေးကြီးခွင့်ကျယ် လုပ်နေကြတာ တကယ်တော့ ဘယ်သူမှ ဘာမှ သိပ်မဟုတ်ကြပါဘူး။

ကမ္ဘာ့လေထုဟာ အရုပ်ဆိုးမှုတွေနဲ့ လေးလံညစ်ညမ်းနေချိန်မှာ မကြည်ပြာရဲ့ နဖူးပြင်ပြောင်ဝင်းဝင်းပေါ်က ဆံယဉ်နွယ်စကို ကျက်သရေရှိစွာ ခံစားကြည့်မြင်လိုက်ရခြင်းနဲ့ သန့်ရှင်းဖို့ ကြိုးစားကြည့်မိပါတယ်။ ဥမ္မာဒန္တီကို ကျွန်တော်လည်း မမြင်ဖူးဘူး။ မဟာမင်းလှမင်းခေါင် ဦးရွှန်းလည်း မမြင်ဖူးဘူး။ မကြည်ပြာကို မိုးရွာတဲ့နေ့က မြင်ဖူးတယ်။ အလှတရားကို ခံစားသောက်သုံး ပြီးတဲ့နောက်၊ လောကရဲ့ အကျည်းတန်ခြင်းတွေကို မေ့ပစ်ဖို့ ကြိုးစားခဲ့တဲ့ ဒီနေ့အထိပါပဲ။

ဒါပေမဲ့ မရဘူး မကြည်ပြာ။ ကမ္ဘာကြီးဟာ သိပ်အရုပ်ဆိုးနေတယ်။ ဘယ်သူတွေ ဘာလုပ်နေကြသလဲ။ လူအားလုံး တစ်ခုခုတော့ လုပ်မှဖြစ်မယ်။

 

×××

 

အရှေ့ကျွန်းက လှပလွန်းသော နှင်းဆီရောင်သည် လွတ်လပ်မွှေးပျံ့သော ရနံ့တစ်သောင်းကို ကမ္ဘာအနှံ့ ဖြန့်ကြဲပစ်လွှင့်နိုင်ပါစေ။ ခုန်ပေါက် မြူးထူးနေသော ကလေးငယ်တို့၏ ရယ်မောသံများ၊ ကြည်လင်အေးမြသော စမ်းရေနှင့် ကိုယ်ချင်းစာမှုများ၊ ပန်းပွင့်များ၊ မြက်ခင်းများ၊ သက်တံများ၊ ဝင်းမှည့်သော စပါးခင်းများ၊ ပူနွေးစစ်မှန်သော ရိုင်းပင်းကူညီမှုများ၊ စာသင်ကျောင်းက ခေါင်းလောင်းသံများ၊ လူအားလုံးအား စိုစွတ်သော မင်္ဂလာမိုးရေများ၊ ထိုအရာအားလုံး လာပါစေ။ သီချင်းဆို၍ ကြိုပါ၏။ ကဗျာစပ်၍ ကြိုပါမည်။

ထိုအခါ မကြည်ပြာသည် လည်းကောင်း၊ ဇော်ဇော်အောင်သည် လည်းကောင်း၊ ထမင်းမစားရသေးသော ကလေးငယ်သည် လည်းကောင်း၊ လူအားလုံးသည် လည်းကောင်း၊ တိရစ္ဆာန် အားလုံးသည် လည်းကောင်း၊ မီးလောင်ပြင်သည် လည်းကောင်း၊ ဆေးရုံသည် လည်းကောင်း၊ ညဈေးတန်းသည် လည်းကောင်း၊ ဗုံးခိုကျင်းသည် လည်းကောင်း၊ ဒုံးပျံပစ်စင်သည် လည်းကောင်း အရာအားလုံးသည် နှင်းဆီရောင် လှပပျော်ရွှင်စွာ။

ထိုအခါ မကြည်ပြာထံမှ ပင်ပန်းကြီးစွာ တောင်းခံနေရသော လွတ်လပ်စွာ ချစ်နေခွင့်သည် အရေးပါ အရာရောက်သော အဆင့်မှ အထစ်များစွာ လျှောကျသွားပါလိမ့်မည်။

မချစ်၍လည်း ရပါသည်။

မကြည်ပြာတို့၊ ကျွန်တော်တို့ အကယ်၍သာ...

ထိုအခါ...

မကြည်ပြာ။ ။

ခမ်းနားကြီးကျယ်သောအချစ် အင်းလျားဆောင်မှာနေ၏။

 

ကောင်းသည်။ သည်လိုတမ်းသာ ဆိုရင်ဖြင့် ဘယ်သူမှ ဘာမှ ဖြစ်စရာအကြောင်း မရှိပါ။ အေးစက်သော မြောက်ပြန်လေများသည် တံခါးကို စောစောကပင် ပိတ်ထားပါက အခန်းတွင်းသို့ ဝင်လာစရာ အကြောင်းမရှိ။ တံခါးကို ပိတ်သာထားပါ မကြည်ပြာ။ မနေ့ကနှင့် သည်ကနေ့ လေတွေ တိုက်ခတ်၏။ ထိုလေများ အေးစက်နေ၏။ လေထဲမှာ ဝဲကန်တော့ ပတ်ချာလည်၍ စကားလုံးများ ခုန်ပေါက်မျောလွင့် နေကြ၏။ အတ္တစွဲကြီးသူများ သည် သူတို့တီထွင်သည်ဆိုသော စကားလုံးများတွင် မှတ်ပုံတင်သော တံဆိပ်စာရွက်များ ချိတ်ဆွဲထားကြ၏။ လေထဲမှာ လွင့်မျောရင်း စကားလုံးများ အချင်းချင်း တိုးဝှေ့တိုက်ကတ် မိကြသည်။ ငါဟူသော တံဆိပ်စာရွက်များ စုတ်ပြဲပြုတ်ထွက် ကုန်သောအခါ ကျိုးကြေနေသော စကားလုံး အပဲ့အရွဲ့များ ကျန်ရစ်သည်။ ဘာသာစကားကို အများပိုင်သည်။ မကြည်ပြာ ဟူသော စကားလုံးသုံးလုံးကို ဇော်ဇော်အောင်ပိုင်ကြောင်း သက်သေပြရန် လိုအပ်ပါက မိုးရွာသော နေ့တစ်နေ့၊ ပိတောက်ပင်တစ်ပင်၊ သုံးဆယ့်တစ်လမ်းထဲက တိုက်ခန်းတစ်ခန်း၊ ပျက်ပြယ်သွားသော ကတိစကား၊ အင်းလျားကန်ဘောင်မှ လှေကားထစ် သုံးဆယ့်ခြောက်ထစ်၊ ကဗျာအပုဒ်လေးဆယ်၊ တောင်ပင်လယ် ဟိုဘက်စွန်းမှ သဲ့သဲ့ကြားရသော မိုးခြိမ်းသံ၊ လပြည့်ညတစ်ည၊ စိုးပိုင်၏ သီချင်းတစ်ပုဒ်ထဲမှ စာသားအချို့အဝက်၊ ဥသြငှက်၏ နီရဲသောအာခေါင်၊ ကိုင်းကျိုးနေသော လက်ဖက်ရည်ပန်းကန်လုံး တစ်ခုနှင့် မြူနှင်းရောင် အိပ်မက်တို့ကို တင်ပြသက်သေ ထူနိုင်လိမ့်မည် ဟု ယုံကြည်ပါသော်လည်း ပိုင်ဆိုင်ခြင်း၏ သဘောသကန် အတွင်းသရုပ်ကို ကျေနပ်လောက်အောင် နားမလည်သေးသော ဇော်ဇော်အောင်အတွက် ထိုကိစ္စကို နားမလည်နိုင်စွာ မေ့လျော့ပစ်ရန်သာ ရှိပါသည်။ အချစ်ဆိုသည်မှာ ပိုင်ဆိုင်ခြင်း မဟုတ်သည်မှာ သေချာသလောက်ရှိ၍ မကြည်ပြာ ဟူသော ထိုနာမည် စာလုံးသုံးလုံးကို ကျွန်တော် မပိုင်ဆိုင်ပါသော်လည်း တံခါးကိုပိတ်ထားပါ မောင့်မကြည်ပြာ။ မဖြစ်နိုင်သော အရာများကို မစူးစမ်း မဆင်ခြင်၊ စတင်လုပ်ကိုင် ဆောင်ရွက်ခဲ့သည်မှာ နှစ်အစိတ် ကျော်ခဲ့ပါပြီ။ ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး ဆိုသော်လည်း တစ်ခါတစ်ရံ လုပ်လိုက်တိုင်း အလွဲလွဲအမှားမှား ဖြစ်တတ်ပါသည်။ မှားခဲ့တာ အနှစ်အစိတ်ရှိပြီ။ တစ်ဆစ်ချိုး လှေကားအကွေ့မှာ တွေ့ကတည်းက၊ ရုံးခန်းရှေ့မှာ တွေ့ကတည်းက၊ မကြည်ပြာကို စတွေ့ကတည်းက ကျွန်တော်တို့နှစ်ယောက် အချစ်သည် လွဲမှားခဲ့ကြသည်။ ကမ္ဘာပေါ်မှာ မှန်သောကိစ္စများက သတ်သတ်၊ မှားသောကိစ္စများက သတ်သတ်၊ သီးခြားခွဲ၍ တစ်စုံတစ်ယောက်က နေသားတကျဖြစ်အောင် လုပ်ခဲ့ရင် သိပ်ကောင်းပေလိမ့်မည်။ မကြည်ပြာနှင့် ကျွန်တော် အမှားတွေ သတ်သတ်ခွဲ၍ စုပုံထားသော နေရာသို့ သွားဖြစ်ကြမည် မဟုတ်ဟု ထင်ရသည်။ အခုတော့ ကမ္ဘာပေါ်မှာ အမှားနှင့်အမှန် ရောထွေးစုပုံ ထားသောကြောင့် အချစ်ကြီးချစ်မိသူအဖို့ အမှားကို ရွေးချယ်မိခြင်း မဆန်းလှပါ။ ချစ်တယ်ဆိုတာ အမှားတစ်မျိုးပါပဲ။ တွေးခေါ်ပညာရှင်တချို့နှင့် စိတ်မနှံ့သူတချို့ နေရာတစ်နေရာ၊ ပွိုင့်တစ်ပွိုင့်မှာ လာဆုံသည်။ မယုံမရှိနှင့်။ ပညာရှင်သည် ထိုနေရာ ထိုပွိုင့်သို့ အတွေးနှင့်လာ၏။ စိတ်မနှံ့သူက ဘဝနှင့်လာ၏။ ထိုနေရာကား လူ့ဘဝသည် အစကတည်းက မှားခဲ့သည်ဟူသော ဒဿနဖြစ်၏။ ပညာရှင်ကလည်း အတွေးအခေါ်အားဖြင့် မှားသည်။ စိတ်မနှံ့သူကလည်း သူ့ဖြစ်တည်နေမှုအားဖြင့် မှားသည်။ ထိုသို့ အဆိုရှိ၏။ မှားနေသလား မောင့်မကြည်ပြာ။ ငိုနေသောကလေးကို နို့ချိုကျွေးခြင်းသည် မမှားပါ။ ထမင်းမစားရသေးသူကို ထမင်းဝယ်ပေးခြင်းသည် မမှားပါ။ အနုပညာသစ်ပင်ကို ဝေစည်ဖွံ့ဖြိုးအောင် ရေလောင်းပေါင်းသင် ပေးခြင်းသည် မမှားပါ။ ခုတ်တော့အံ့ဟု တစ်ဝက်တိတိ ဆွဲနုတ်မိသော ဓားကို ဓားအိမ်တွင်းသို့ ပြန်သွင်းခြင်းသည် မမှားပါ။ သန့်စင်လွတ်လပ်သော လေကို အဆုတ်တွင်းသို့ အားပါးတရ ရှူသွင်းခြင်းသည် မမှားပါ။ လမ်းပေါ်က အမှိုက်စကို လက်ဖြင့်ကောက်ယူ ဖယ်ရှားပစ်ခြင်းသည် မမှားပါ။ သီချင်းတေးသွားတစ်ပိုဒ်ကို ကိုယ်ရသလောက် ညည်းနေခြင်းသည် မပီမသ ဖြစ်စေကာမူ မမှားပါ။ ဗြဟ္မစိုရ် တရားလေးပါးသည် မမှားပါ။ အသေအချာ ပြောလိုက်ပါမည်။ မေတ္တာတရားသည် ဘယ်အခါမှ မမှားပါ။ သိပ်ချစ်တယ် မကြည်ပြာ။ အချစ်ဆိုတာ ဘယ်အခါမှလည်း မမှား၊ ဘယ်အခါမှလည်း မမှန်။ အချစ်ဆိုသည်မှာ အမှန်မဟုတ်သော်လည်း အမှားလည်း မဟုတ်။ အချစ်သည် ဘာမှမရှိသော ဗလာနယ်ထဲမှာ ခမ်းနားကြီးကျယ်စွာ တောက်ပကွန့်မြူးနေ၏။ တံခါးပိတ်ပါ မကြည်ပြာ။ ကျွန်တော် ဟိုအဝေးအရပ်က သစ်ပင်အောက်မှာ ရှိနေမည်။

 

×××

 

ဘဝဆိုသည်မှာ သွားရောဂါကု ဆရာဝန်ထံ သွားခြင်းတစ်မျိုး ဖြစ်သည်ဟု ဆိုမိန့်ခဲ့သော ပညာရှင် တစ်ယောက်တစ်လေမှ မပေါ်ပေါက်ခဲ့ ဘူးလား။ ရင်ထဲက နာကျင်နေသော အချစ်ကြည်ပြာကို သွားဆရာဝန် သုံးသောညှပ်ဖြင့် ဆွဲနုတ်၍ လွှင့်ပစ်လိုက်ချင်ပါသည်။ ထိုအခါ ကျွန်တော့်ကို မေ့ဆေးပေးရန် သတိရပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော့်ရင်ထဲမှာ မကြည်ပြာ ရှိနေသေးကြောင်း ယုံကြည်နေချင်သေးသောကြောင့် ဖြစ် ပါသည်။ လူဆိုသည်မှာ မဟုတ်မှန်းသိလျက်နှင့် ယုံတတ်သော၊ ဟုတ်သည်ထင်သော သတ္တဝါဖြစ်၏။ သို့မဟုတ်မှန်း သိလျက်နှင့် ကြောက်ရွံ့ သောကြောင့် ဟုတ်သည်ဟု ထင်နေသော သတ္တဝါဖြစ်၏။ သို့မဟုတ် ဟုတ်သည်ဟု ပြောနေသော သတ္တဝါဖြစ်၏။ ကျွန်တော့်ရင်ထဲမှာ မကြည်ပြာ မရှိတော့ပါ။ ကျွန်တော့်ရင်ထဲမှာ မကြည်ပြာ ရှိနေပါသေးသည်။ အသေအချာ မှာပါလျက်နှင့် အမိုက်မသည် တံခါးကို အသေအချာ လုံခြုံစွာ မပိတ်။ အေးစက်သော မြောက်ပြန်လေသည် ရွှေရောင်အနံ့နှင့် နှင်းဆီဝတ်ဆံတို့ကို သယ်ဆောင်တိုက်ခတ် လာပြန်ပြီ။ ကြာဖြူပန်းသည် လရောင်ခြည်ထဲမှာ ပွင့်လန်းလာ၏။ အဝေးဆီမှ ဆွေးဆွေးမြည့်မြည့် သီဆိုနေသော မောင့်လပြည့်ဝန်း သီချင်းသံ ကြားနေရသည်။ အမွေး အတောင် အရောင်အသွေး စိုသော “ဖီးနစ်ငှက်” လေကိုခွဲ၍ ပျံသန်းလာ၏။ မြက်ခင်းလယ်က ပင်လယ်ကဗွီးပင်ရင်းမှာ ညှိုးလျော်နေသော နှင်းဆီပန်းအိုး တစ်အိုးရှိ၏။ ပန်းအိုးက ညှိုးသည်လား၊ နှင်းဆီပန်းက ညှိုးသည်လား၊ တတ်ယောင်ကား လာမစွာနှင့်။ သဒ္ဒါဆိုသည် အချစ်နှင့်မဆိုင်။ သဒ္ဒါဆိုသည်မှာ မကြည်ပြာနှင့် မဆိုင်။ မောင့်မကြည်ပြာသည် ဘာသာစကားထဲမှာ ရှိသော အသံအားလုံး၊ အဓိပ္ပာယ်အားလုံး၊ ပုံသဏ္ဌာန်အားလုံး ဖြစ်သည်ကို ဘယ်သူငြင်းဆိုမည်လဲ။ မကြည်ပြာသည် ကတ္တားဖြစ်၏။ မကြည်ပြာသည် ကြိယာဖြစ်၏။ မကြည်ပြာသည် ပစ္စည်းဖြစ်၏။ မကြည်ပြာသည် ဝိဘတ်ဖြစ်၏။ မကြည်ပြာသည် ဝါစင်္ဂအားလုံး ဖြစ်၏။ မကြည်ပြာသည် ရုပ်ရင်းအားလုံး၊ သံရင်းအားလုံး ဖြစ်၏။ စွာတာတာ လျှာမရှည်နှင့်၊ မကြည်ပြာသည် သဒ္ဒါနှင့်မဆိုင်။ အဘယ့်ကြောင့်ဆိုသော် မကြည်ပြာသည် ဇော်ဇော်အောင်၏ ဘဝသဒ္ဒါ၊ အချစ်သဒ္ဒါဖြစ်သောကြောင့် ဖြစ်သတည်းဟု ဆိုရမည်ဖြစ်၏။

 

×××

 

တံခါးပိတ်ပါ။ အဝေးသို့ သွားပါမည်။ အဝေးမှာပင် ရှိနေပါမည်။ ရင်ထဲမှာ မရှိပါ။ ရင်ထဲမှာ ဘာရှိသလဲ။ ရင်ထဲမှာ ရှိနေဆဲပါ။ ရင်ထဲမှာ ဘာမှမရှိ။ မနေ့က နှင်းကျသည်။ မြူနှင်းငွေ့များ ပြာနေ၏။ ရင်ထဲမှာ ဘာရှိသလဲ။ သိပြီးသား အကြောင်းအရာကို ထပ်ကာထပ်ကာ မမေးနှင့်။ လောကထဲမှာ မေးခွန်းတွေများသည်။ အဖြေတွေ ကျေနပ်လောက်အောင် မရသေး။ ဘာမှမဖြစ်ဘဲနှင့် လုပ်မနေနှင့်။ ဘာတွေ လာပြောပြော မယုံ။ အချစ်ဆိုသည်မှာ ဘယ်အခါမှမသေ။ အကွာအဝေး သဘောတရားကြောင့် အချစ်သည် ပို၍ ခမ်းနားကြီးကျယ်လာ၏။ ဘာယူလာသလဲ၊ ဘာပေးမှာလဲ။ ရင်ထဲက မကြည်ပြာကို ကဗျာအပုဒ်လေးဆယ် ပေးလိုက်မည်။ အဝေးကသာ မကြည်ပြာ။ သည်လိုနှင့်ပင် အိပ်မက်တို့သည် တစ်စစီ တစ်မှုန်စီ ပြိုကွဲပျံ့လွင့်၍ အမြင့်ဆုံးတောင်၊ အနက်ဆုံး ပင်လယ်ကြမ်းပြင်၊ မိုးသက်လေ၊ မုတ်သုန်လေ၊ မြောက်ပြန်လေ၊ တန်ခူးလေ၊ အားလုံးသော လေတွေထဲမှာ ဝေ့ဝိုက်လွင့်ပျံ မျောပါလျက် အရပ်လေးမျက်နှာမှ၊ အရပ်ရှစ်မျက်နှာမှ၊ အရပ်ဆယ်မျက်နှာမှ ဖြူဆွတ်နူးညံ့သော စကားလုံးများနှင့်အတူ လေးလံကြီးမားသော ပိုက်ကွန်တစ်ခု ပစ်အုပ်လိုက်သည့်ပမာ ဘဝတစ်ခု အပေါ်သို့ ဝဲပျံကျဆင်း လာသောအခါ ငြင်းပယ်ရန်၊ ရုန်းဖယ်ရန် မေ့လျော့သောသတိ၊ မှားယွင်းသော အသိတို့ ရှိနေသည် ဖြစ်သောကြောင့် သူ့အလိုလို ပြာလွင်နေသော ကောင်းကင်ထက်မှာ ပန်းဆိုင်းဆွဲသကဲ့သို့ တွဲလဲခိုချိတ်နေသည့် ကြေးနီရောင် လှောင်အိမ်ထဲတွင် အသည်းနှလုံးကို ထည့်သွင်း ၍ လှောင်အိမ်တံခါးကို ပိတ်ထားလိုက်သည့်အကြောင်း မကြည်ပြာ သိသာစေရန် ဘယ်သူမှစာရေး အကြောင်းမကြား ကြပါနှင့်။ ရင်ထဲမှာ မကြည်ပြာ။ ရင်ထဲမှာ ဘာရှိသလဲ။ ရင်ထဲမှာ ဘာမှမရှိပါ။ ရင်ထဲမှာ ရှိနေဆဲပါ။ ရင်ထဲမှာ ဘာမှမရှိ။ အချစ်ဆိုသည်မှာ အရာအားလုံး ရှိနေခြင်းလား။ ကျွန်တော့်မှာ မကြည်ပြာ၏ အပြုံးရှိ၏။ အလိုမကျသော မျက်စောင်းရှိ၏။ မကြည်ပြာ၏ တိကျသော စည်းကမ်းချက်များ ရှိ၏။ မကြည်ပြာ၏ အပြုံးရှိ၏။ အလိုမကျသော မျက်စောင်းရှိ၏။ မကြည်ပြာ၏ အုံ့ဆိုင်းသော ဒေါသ ရှိ၏။ မကြည်ပြာ၏ တိကျသော စည်းကမ်းချက်များရှိ၏။ မကြည်ပြာ၏ သပ်ရပ်မှုရှိ၏။ မကြည်ပြာ၏ နီရဲစိုစွတ်သော နှုတ်ခမ်းများရှိ၏။ လှပသော ခြေထောက်ဖြူဖြူကလေး တစ်စုံရှိ၏။ မကြည်ပြာ ခေါင်းမာခြင်းနှင့် စိတ်ဆတ်ခြင်းရှိ၏။ ကြင်နာသနားတတ်ခြင်း ရှိ၏။ ရှက်ရွံ့အားနာတတ်ခြင်း ရှိ၏။ မကြည်ပြာ၏ အလုံးစုံရှိ၏။ အမှန်စင်စစ် ဘာမှမရှိ။ မကြည်ပြာမရှိ။ အချစ်သာရှိ၏။ အချစ်သည် ဟိုအဝေးက သစ်ပင်အောက်မှာ၊ ရင်ထဲမှာ ဗလာနယ်။ ညမရှိ။ လမရှိ။ နေမရှိ။ ဒေါနပန်းမရှိ။ ရေချိုးခန်းမရှိ။ အမုန်း မရှိ။ အချစ်မရှိ။ အချစ်ရှိ၏။ မကြည်ပြာရှိ၏။ ဇော်ဇော်အောင်ဆိုသူ မရှိပါ။ နှစ်ပေါင်းအစိတ် ကြာပါပြီ။

 

×××

 

စိမ်းညို့သော ရေမှော်ပြင်သည် အင်းလျားကန်ကို ဖုံးကွယ်ထား၏။ သစ်တိုပင်မှ နီရဲသော သစ်ရွက်တစ်ရွက် ဝဲပျံကျသွားသည်။ ကန်ရေထက်က ရေမှော်ပြင်နှင့် သစ်ရွက်ထိတွေ့သောအခါ ကျယ်လောင်စွာသော အသံကို ဖြစ်စေ၏။ တဖြည်းဖြည်းနှင့် သစ်တိုရွက်သည် မှော်သားပြင်ကို ဖောက်ကာ ရေအောက်သို့ နစ်မြုပ်သွားသည်။ ထိုအခါ လောကသည် ငြိမ်သက်၍ ကျန်ရစ်၏။ ထာဝရတရားနှင့် ခဏတရားဆိုသော စကားနှစ်လုံးကို ဆရာမင်းသုဝဏ် သုံးခဲ့ဖူးကြောင်း အမှတ်ရနေ၏။ အင်းလျားကန်က ထာဝရ၊ ရေမှော်ပြင်က တစ်ခဏ။ ဇော်ဇော်အောင်သည် သစ်ရွက်ဟုတ်ပါသလား။ စဉ်းစားကြည့်ပါ မကြည်ပြာ။ ဘယ်သူတွေက ထာဝရ၊ ဘယ်သူတွေက တစ်ခဏ။ အလောင်းစည်သူမင်းကြီး လက်ညှိုးညွှန်ရာ ရေဖြစ်သည်ဟု ကြားဖူး၏။ မကြည်ပြာ လက်ညှိုးညွှန်ရာ အချစ်ဖြစ်၏။ ဆေတန် လက်ညှိုးညွှန်ရာ ဘာဖြစ်သလဲ စဉ်းစားပါ။ ဖြူဖွေးလှပသော လက်ညှိုးကလေးတစ်ချောင်း၊ ဇော်ဇော်အောင်၏ ရင်ထဲမှာ မည်းညစ်သော ကျောက်တုံးတစ်တုံး။ ကျောက်တုံးပေါ်မှာ လက်ညှိုးဖြူဖြူကလေး။ ကြီးမြင့်စောထံ ပန်းချီကားတစ်ချပ် အပ်နှံရေးဆွဲစေ၍ “သရဒအချစ်” ဟု အမည်ပေးကာ မကြည်ပြာကို မွေးနေ့လက်ဆောင် ပေးမည်။ လက်ညှိုးဆိုသည်မှာ ညွှန်ပြစရာ ကိရိယာတစ်မျိုး ဖြစ်၏။ အမှားကို ညွှန်မည်လား၊ အမှန်ကို ညွှန်မည်လား။ အမှားကို ညွှန်နေသလား၊ အမှန်ကို ညွှန်နေသလား။ အမှား သည် တစ်ခဏတရား။ အမှန်သည် ထာဝရတရား။ ဘယ်လမ်းရွေးမလဲ မကြည်ပြာ။ ခေါင်းမာမနေပါနှင့်။ မကြည်ပြာ လက်ညှိုးညွှန်ရာ အချစ်တွေ ဖြစ်ပါသည်။

 

×××

 

အစကတည်းက မစခဲ့ဖို့ ကောင်းပါသည်။ အခုမှတော့ အနှစ်အစိတ် ကြာခဲ့ပြီ။ ဘယ်သူမှ စိတ်ချမ်းသာမှု မရခဲ့ပါ။ ရယ်သံမောသံ လွင်ညံဝေစည်နေ၍လည်း ပျော်သည်မထင်ပါနှင့်။ ဤလောကတွင် အကျယ်လောင်ဆုံး အသံသည် ဘာမှမပြောဘဲ တိတ်ဆိတ်နေခြင်း ဖြစ်၏ဟု တစ်စုံ တစ်ယောက်က ပြောဖူးပါသည်။ ဇော်ဇော်အောင်၏ တိတ်ဆိတ်သော အနက်ရောင် ကျောက်တုံးသည် မကြည်ပြာ လက်ညှိုးညွှန်ရာ ဖြစ်သွားသော အချစ်များကို တိတ်ဆိတ်စွာ ကန့်ကွက်နေ၏။ အသံထွက်၍ ကန့်ကွက်ရဲသော သတ္တိ မရှိပါ။ နာကျင်မှုများ အဆုံးစွန် ပြင်းထန်သောအခါ သာယာမှုတစ်မျိုး ဖြစ်လာသည်။ နာကျင်မှုထဲမှာ အနေကြာ၍ သာယာသလို ဖြစ်နေပြီ။ လက်ဖက်ရည် ချိုပေါ့ကျတစ်ခွက် မှန်မှန်သောက်ရဖို့ အရေးသည် ကမ္ဘာ့ရေနံဈေးနှုန်း ညှိမရခြင်းထက် ပို၍ အရေးကြီးနေပါသည်။ ရွှေရောင်ကိုင်းနှင့် မျက်မှန်နောက်မှ စူးရှသော်လည်း ရှင်သန်မှုနည်းပါးသော မျက်လုံးနက်များကို ခိုး၍ ကြည့်ရခြင်းသည် ကြယ်တာရာစစ်ပွဲ အစီအစဉ်ထက် ပို၍ အရေးကြီးနေပါသည်။ ဘယ်သူမှ ထာဝရမဟုတ်သည်ကို သတိရဖို့တော့ ကောင်း၏။ လက်ချောင်းကလေးများ အမှတ်မထင် ထိတွေ့လိုက်သောအခါ ဖြစ်ပေါ်ပေါက်ကွဲသွားသော တစ်ခဏတရားသည် အမှန်အားဖြင့် တစ်ခဏတရားသာ ဖြစ်သည်။ အလုပ်တစ်ခုကို မဖြစ်မှန်းသိလျက်နှင့် ယုံကြည်ဟန်ဆောင်ကာ လုပ်နေကြသော လူတွေထဲမှာ အချစ်တစ်ခုကို မချစ်မှန်းသိလျက်နှင့် ချစ်ဟန်ဆောင်ကာ ချစ်နေသောသူသည် အမိုက်မဲ ဆုံးဖြစ်၏။ ဇော်ဇော်အောင်၏ဘဝ တစ်ခဏပေါ်တွင် အပ်ဖျားရာမျှရှိသော မိုက်မဲမှုများ ပြည့်သိပ်မွန်းကျပ်နေ၏။

 

×××

 

ကောင်းကင်ထက်မှ နားကွဲမတတ် ကြီးမားကျယ်လောင်သော အသံသည် ခြိမ်းခြိမ်းမြည်၍ ဆင်းသက်လာကာ မြေပပ်ကြားအက်တွင်း သက် ဆင်းကွယ်ပျောက် သွား၏။ အချစ်၏ ခမ်းနားသောအသံ၊ ကြီးမားသော အသံသည် ကဗျာဖြစ်သွား၏။ ထိုကဗျာကို ထမင်းစား စားပွဲခင်းသော စားပွဲခင်းအဝတ်စုတ်ဖြင့် သေသပ်စွာထုပ်၍ ပန်းဖူးထဲမှာ ထည့်ထားခဲ့ပြီ မကြည်ပြာ။ ဟိုလူတစ်ယောက် ယောင်ချာချာ လာမလုပ်နှင့်။ မြောင်းပုပ်ထဲက သဘောတရားကို ပလက်ဖောင်းဘေးက မြောင်းဘောင်ပေါ်မှာ ထားခဲ့။ ဝေးဝေးသွား။ ရာစုနှစ် တစ်ဝက်ကျော်ခဲ့သည် အထိ အောင်မြင်မှုမရှိခဲ့သော သဘောတရား အပုပ်အစပ်များဖြင့် အနုပညာပန်းပွင့်ကို မစွန်းထင်း မညစ်ညမ်းစေသင့်။ ကဗျာနှင့် စကားပြေကြားမှာ ပါးလျားသိမ်မွေ့စွာ ပိုင်းခြားသော ပိုးသားဇာလွှာ ကန့်လန့်ကာကို ကြမ်းတမ်းညှီစို့သော သားသတ်သမားလက်ဖြင့် ဖမ်းဆီးဆုပ်ကိုင်၍ မရစကောင်း။ အနုပညာသည် အရာအားလုံး၏ အထက်က လေပမာလျှင် အာကာခွင်၌ သူလျှင် လွတ်လပ် လှည့်လည်ပတ်အံ့။ ဝရန်တာပေါ်က ပန်းအိုးထဲတွင် ထွက်ပြူလာစ အနုပညာပန်းဖူးထဲမှာ ကဗျာကို ထည့်ထားခဲ့၏။ အရှေ့လောကဓာတ်မှ ထွက်ပေါ်လာမည့် နေရောင်ခြည်ထဲမှာ ကဗျာတွေ ပါလာလိမ့်မည်။ အခုတော့ ချစ်နေမိခြင်း အမှောင်ထုထဲမှာ။ ပန်းဖူးထဲမှာ၊ မကြည်ပြာကို မကြည်ပြာထံမှာ၊ အချစ်များစွာကို အမှောင်တိုက်ထဲမှာ၊ နေရောင်ခြည်ကို မကြည်ပြာကို၊ အမှောင်ထဲမှာ... ကျွန်တော် ထားခဲ့ပါဦးမည်။ အရှေ့အရပ်မှ နေရောင်ခြည် ဖူးပွင့်လာသောအခါ ကျွန်တော်၏ ဘဝသဒ္ဒါဖြစ်သော၊ ကျွန်တော်၏ ကဗျာဖြစ်သော၊ ကျွန်တော်၏ စကားပြေဖြစ်သော၊ ကျွန်တော်၏ အနုပညာဖြစ်သော မကြည်ပြာ၏ အကြောင်းကို စာပိုဒ်တစ်သောင်းဖြင့် စကားပြေကဗျာရေး၍ ဒေါနပန်းခင်း ဖြတ်သွင်းတိုက်ခတ်သွားသော လေပြည်လေညင်းနှင့် အတူ ပေးပို့လိုက်ပါမည်။ စောင့်လို့ယူပါ မကြည်ပြာ။

 

×××

 

ခမ်းနားကြီးကျယ်သော အချစ်သည် အင်းလျားကန်နားမှာ နေ၏။ အချစ်ဆုံး ဇော်ဇော်အောင်သည် ဟိုအဝေးက သစ်ပင်အောက်မှာ... တစ်ခဏမျှသာ။ မှောင်နေသည်။ မြတ်နိုးလှစွာသော အလင်းရောင်မကြည်ပြာ... ခမ်းနားကြီးကျယ်စွာ... စကားပြေကဗျာ၊ အမှောင်ထဲမှာ... မှောင်နေသည့် မောင့်မကြည်ပြာ။ ။

ဇော်ဇော်အောင်၏ အချစ်ဝတ္ထု

 

အခန်းထဲမှာ ဘာမှမရှိပါ။ သူလာသည်နှင့် အရာအားလုံး ပြည့်စုံသွားပါသည်။ အတူတကွနေကြဖို့ ပြောသောအခါ နားလည်မှု နည်းပါးသူကို သနားကြည့်ကြည့်သော ပုံမျိုးဖြင့် ကြည့်၏။ ထို့နောက် နီရဲစိုစွတ်သော နှုတ်ခမ်းများကို ပိတ်၍ ပြုံးသည်။ ထိုအပြုံးသည် ကမ္ဘာပေါ်မှာ တခြား ဘယ်သူ့ထံမှာမှ မရှိသော အပြုံးဖြစ်၍ သကြားလုံး အပြည့်ထည့်ထားသော မှန်ဗီရိုတစ်လုံးသဖွယ် လိုလားတပ်မက်ဖွယ် ကောင်းလှ၏။

မြစ်ကြီးနားကို သွားမှာလား၊ မလေးရှားကို သွားမှာလား၊ မသွားသေးဘူးလား၊ ဘယ်တော့သွားမှာလဲ။ ရန်ကုန်ဘူတာကြီးကို ဆင်းဖို့ ဘတ်စ်ကား စောင့်နေတာပဲဖြစ်ဖြစ်၊ လေယာဉ်လက်မှတ် ပို့လိုက်ပြီဆိုတဲ့ တဲလက်(က်)(စ) စောင့်နေတာပဲဖြစ်ဖြစ်၊ စောင့်တော့ စောင့်နေရတာပါပဲ။ လောကမှာ မုန်းစရာအကောင်းဆုံးသော တီထွင်မှုရှိသည် ဆိုပါလျှင် ထိုတီထွင်မှုသည် စောင့်ဆိုင်းနေရခြင်း ဖြစ်၏။ စောင့်ဆိုင်းနေရခြင်းကို ဘယ်သူ တီထွင်ခဲ့ပါသလဲ။

တို့... သွားရင် ဘာပေးလိုက်မှာလဲ”

“အချစ်တွေ”

“ဘာရယ်... ထပ်ပြောစမ်းပါ”

“မကြားလိုက်လို့ မေးတာလား၊ ထပ်ကြားချင်လို့လား”

“ကြားလိုက်သားပဲ၊ သူ ထပ်များ ပြောချင်မလားလို့”

“ထပ်တော့ မပြောချင်ပါဘူး၊ ဒါပေမဲ့ ရှင်းဖို့တော့ လိုလိမ့်မယ်။ ဟိုလေ ဘယ်လိုပြောမလဲ၊ ကချင်လွယ်အိတ်တို့၊ ပုသိမ်ထီးတို့၊ မန္တလေးဖိနပ်တို့ အမှတ်တရဝယ်ပေးရင် ပိုက်ဆံကုန်မယ်။ ကိုယ့်အချစ်တွေ ပေးလိုက်တော့ ပိုက်ဆံလည်း မကုန်ဘူး၊ သူ့မှာလည်း လေယာဉ်လပ်ဝိတ် အလေးချိန် မပိုတော့ဘူး”

“ဘာလဲ၊ လက်တွေ့ဆန်တယ် ဆိုတာကို သက်သေပြချင်လို့ ဒီစကား ပြောတာလား”

“ဒီလောက် အချိန်အကြာကြီး တွဲလာခဲ့ပြီး လက်တွေ့ဆန်တာ ဘာတစ်ခုမှ မလုပ်ခဲ့တဲ့ကောင်ကို ဒီစကားမျိုး မေးရသလား၊ ပြောရမလား။ ရင်ထဲရှိတဲ့ စကားတွေ ပြောချလိုက်ရမလား”

“အိုကွာ...၊ သူ သိပ်ဒေါသကြီးတာပဲ”

“ဒီမယ်... ဒေါ်ကြည်ပြာ၊ လူဆိုတာ လောဘနဲ့၊ ဒေါသနဲ့၊ မောဟနဲ့ ဆက်ပြောရမလား”

“မပြောနဲ့တော့၊ တခြားစကား ပြောင်းပြော”

“ကြည်ပြာ... မချစ်နဲ့ဆိုတာတစ်ခုက လွဲလို့ ကြည်ပြာ့စကားကို အားလုံး နားထောင်ခဲ့တယ်။ အဲဒါ ဘာလို့လဲ မစဉ်းစားဘူး။ ချစ်လို့ဆိုပြီးတော့လည်း လွယ်လွယ် မပြောချင်ဘူး။ နားထောင်ချင်စိတ်ရှိလို့ အလိုလို နားထောင်မိသွားတာပဲ။ အခုလည်း သူ့စကားကို ကိုယ်နားထောင်ပါတယ်။ တခြားအကြောင်း ပြောင်းပြောမယ်။ ချစ်နေတာကိုသာ ပြောင်းလို့မရတာပါ။ တခြား ဘာပြောင်းပြောင်း၊ ပြောင်းလို့ရပါတယ်...”

“ကဲပါ”

“မနေ့က သန်းလွင်လာတယ်။ သူ့အိမ်ကကြောင်မကြီး မွေးပြီတဲ့။ ကြောင်ကလေး လေးကောင်မွေးသတဲ့။ အဝါက သုံးကောင်၊ အနက် ကလေးက ထူးထူးခြားခြား တစ်ကောင်ပါသတဲ့”

“အို... ဟုတ်လား၊ ဒါ ကြောင်အကြောင်း ပြောတာပေါ့နော် ဟုတ်လား”

“မဟုတ်ဘူး...။ ကြောင်မွေးတဲ့အကြောင်း”

“သူ့ကို တို့အရမ်းချစ်တယ်”

“အခုအချိန်အထိ ဒီစကားပြောတာ ငါးရာနဲ့လေးဆယ့်သုံးခါ ရှိသွားပြီ”

“ပြစမ်း... အဲဒါ ဘာလဲ”

လက်တစ်ဝါးလောက် ဒိုင်ယာရီစာအုပ်ကလေး တစ်အုပ်ကို ပြလိုက်ပါသည်။ ထိုစာအုပ်သည် ကျွန်တော့်စာအုပ် ဖြစ်သည်။ မကြည်ပြာ၏ ပါးစပ်ဖျားမှ “သူ့ကို တို့အရမ်းချစ်တယ်” ဟူသော စကားထွက်လာတိုင်း တစ်ခါမှတ်၏။ တစ်နှစ်သုံးလေး ဂဏန်းသေးသေးလေးတွေ ရေးလာခဲ့တာ ငါးရာနှင့် လေးဆယ့်နှစ်အထိ ရောက်ခဲ့ပြီ။ အခု ၅၄၃…။

“သိပ်ရယ်ရတာပဲ”

“ဟုတ်မှာပေါ့”

“ဘာလို့ အဲလိုမှတ်တာလဲ၊ အရင်က မတွေ့ဖူးပါဘူး”

“အခု တွေ့ပြီလေ”

“ဘာလို့ အဲလိုမှတ်တာလဲ”

“အပျင်းပြေတာပေါ့”

“မဟုတ်ပါဘူး။ သူ တမင်ပေါ့ပေါ့ဆဆ ပြောတာ၊ သိပ်အရေးမကြီးဘူး ဆိုတဲ့ သဘောနဲ့ ပြောတာ”

“ခက်လိုက်တာဗျာ၊ ခင်ဗျားနဲ့ ပတ်သက်သမျှ ကျုပ်မှာ အရှိအတိုင်း၊ ပကတိအတိုင်းပဲ။ ပိုတယ်ထင်အောင်လည်း ပိုမပြောဘူး။ လိုတယ်ထင်အောင်လည်း လျှော့မပြောဘူး။ ခင်ဗျားသိဖို့ကောင်းတယ် မကြည်ပြာ”

“သိပါတယ် ကိုအောင်သူရယ်...၊ သိပါတယ်”

“ထမင်းစားမလား၊ လမ်းထိပ်ဆိုင်က ငါးသလောက်ပေါင်း ကောင်းတယ်၊ စားမလား... သွားဝယ်လိုက်မယ်”

“ဒါက ဘယ်လိုဖြစ်တာလဲ”

“ထမင်းစားမလားလို့ မေးတာလေ”

“အင်း... ဟုတ်တယ်၊ ကောင်းတယ်၊ စားမယ်လေ၊ သွားဝယ်”

 

×××

 

တစ်ခုစဉ်းစားမိတယ်... သိလား”

“သူစဉ်းစားတာ ဘယ်သိပါ့မလဲ၊ ခင်ဗျား စိတ်မှန်ရဲ့လား မကြည်ပြာရယ်”

“မဟုတ်ဘူး။ သွားရင် တို့စာအုပ်တွေ သူ့ကိုပေးခဲ့မယ်”

“စာကြည့်တိုက် သွားလှူလိုက်ပါလား”

“တမင်ရွဲ့ပြောတာလား”

“စဉ်းစားပါဦးလေ၊ ဒီလောက် အိမ်ခန်းကျဉ်းကျဉ်းလေးထဲမှာ ခင်ဗျားစာအုပ်တွေ ထောင်နဲ့ချီပြီး ဘယ်လိုထားမလဲ၊ စိတ်ထဲရှိတာ အမှန်အတိုင်း ပြောရမလား”

“သူ့စိတ်ထဲရှိတာ မှန်မမှန် ဘယ်လိုလုပ် သိမလဲ”

“ကျေရောပေါ့၊ ဒီလိုလုပ်လေ… သူအနှစ်သက်ဆုံး၊ အကြိုက်ဆုံး စာအုပ်ငါးအုပ် ရွေးပေးခဲ့၊ ကျန်တာတွေ စာကြည့်တိုက် သွားလှူမယ်”

“ရွေးတာ ဘာလို့ ငါးအုပ်ရွေးရမှာလဲ”

“မသိဘူးလေ၊ သူကြိုက်သလောက် ရွေးပေါ့”

“ဒါဖြင့် တို့စာအုပ်၊ တို့အကြိုက်ဆုံးစာအုပ် သူ ယူသိမ်းထားမယ်ပေါ့”

“အင်း”

“ပြီးတော့ အဲဒီစာအုပ်တွေ ဘာလုပ်မှာလဲ...၊ ခေါင်းရင်းမှာထားပြီး နေ့တိုင်းကြည့်မှာလား။ အလွမ်းပြေလို့ ပြောဦးမှာလား”

“ဟုတ်တယ်၊ တကယ်အမှန်ပဲ၊ အဲဒီအတိုင်းပဲ”

“သူ့ကို တို့အရမ်းချစ်တယ်၊ ဟိုနေ့က စာအုပ်ကလေးပေး၊ တို့ရေးမှတ်ချင်တယ်”

“အဲဒီစားပွဲပေါ်မှာ...၊ ဟိုစာအုပ်အောက်မှာလေ”

“ဘယ်လောက်ရောက်သွားပလဲ၊ ပြစမ်း၊ ငါးရာခြောက်ဆယ့်နှစ်”

“ငါးရာခြောက်ဆယ့်သုံးပေါ့”

“ရယ်ရတယ်နော်”

 

×××

 

သူ တစ်ခါ ရေးဖူးတယ် မဟုတ်လား၊ အကယ်၍ ဖြစ်နိုင်မည်ဆိုပါလျှင် သူ့ကို ဖက်ရုံကလေးသာ ဖက်ထားချင်ပါသည်... ဆိုတာလေ”

“အဲဒါ ဘာဖြစ်လဲ၊ ခွင့်ပြုမလို့လား”

“ခွင့်ပြုလိုက်ရင် ကောင်းမလားလို့ စဉ်းစားနေတယ်”

“စဉ်းစားပါ၊ စဉ်းစားပါ၊ လက်ဖက်ရည် ပန်းကန်တွေ သွားဆေးလိုက်ဦးမယ်။ ဘသန်းတင်တို့၊ ကျော်မောင်တို့ ညက လာအရက်သောက် သွားကြတာ”

“တခြား ဘယ်သူတွေပါသေးလဲ”

“မောင်ညိုပါတယ်၊ ထွန်းရှိန်ကြီးပါတယ်၊ ငှက်ကျားပါတယ်”

“သူကော သောက်လား”

“သောက်တာပေါ့၊ ကဲပါ… စဉ်းစားပါ၊ ပန်းကန်ဆေးရတော့မလား”

“စဉ်းစားပြီးပြီ”

“ပန်းကန်သွားဆေးရမလား၊ မဆေးရဘူးလား”

“မဆေးနဲ့ဦး”

“ပန်းကန်မဆေးရရင် ဘာလုပ်ရမလဲ”

“မသိဘူးလေ”

“ဒီမယ် ဒေါ်ကြည်ပြာရဲ့၊ သူနဲ့ကျုပ်နဲ့ကြားမှာ အဲဒါတွေ မလုပ်ပါနဲ့။ တည့်တည့်ပြောစမ်းပါ။ ရိပ်ကာဝဲကာ ပြောမနေစမ်းပါနဲ့။ ဝင်္ကဝုတ္တိတွေ လုပ်မနေစမ်းပါနဲ့။ ဒါ ကဗျာစပ်နေတာ မဟုတ်ဘူးလေ”

“အချစ်ဆိုတာ ကဗျာလို့ ကြားဖူးတယ်”

 

×××

 

မိုးကုတ် တွင်းထွက်ကျောက်ပမာ နီရဲစွာသော ပင့်ကူတစ်ကောင်သည် ဦးခွံကိုဖောက်၍ ဦးနှောက်ကို စားသွား၏။

ဦးခွံအက်ကွဲရာများမှ မွှေးပျံ့သော အပြာရောင်ရနံ့များ တလူလူ ထွက်ပေါ်နေသည်။ ရင်ထဲမှာ အေးချမ်းသော်လည်း လေးလံနေ၏။ ငုံ့ ကြည့်နေသော မကြည်ပြာ၏ဆံပင်များ ဖုံးအုပ်ကျဆင်း လာသောအခါ မျက်နှာပေါ်တွင် အခွေလိုက်တင်နေ၏။ ပျားရည်သုတ်လိမ်းထားသော သံချွန်တစ်ချောင်း မျက်လုံးထဲသို့ ဝင်သွားသည်။ ဝင်းဝင်းစက်စက် မကြည့်ရက်၊ မမြင်ရဲစရာ တောက်ပြောင်သော အလင်းရောင်ထုထည် တစ်ခုက တစ်ကိုယ်လုံးကို ဖုံးအုပ်သွား၏။ မျက်စိများ မှိတ်ထားသောအခါ ခုနစ်ရောင် သက်တံကိုင်းနှင့် ထိတွေ့လွင့်စဉ် ဖြာထွက်သွားသော မိုးစက်များ၏ အသံကို ကြားနေရသည်။ လွမ်းရဦးတော့မှာပါလား မကြည်ပြာ...။

 

×××

 

ကောင်းကင်နောက်ခံ အဲဒီကောင်းကင်ထဲမှာ နံနက်ခင်းမှာ ရှိနေသည်။ နေရောင်ခြည်အသစ်တွေ ရှိနေသည်။ တောင်ပူစာ မို့မို့ကလေးပေါ်မှာ ကျောက်ဖြူသား ပန်းခက်၊ ပန်းနွယ် ခြူးပွင့်နှင့် ငှက်ကလေးများ ပါသော ခုတင်ကြီးတစ်လုံး ရှိသည်။ ထိုခုတင်ကြီးပေါ်မှာ မကြည်ပြာ ကိုယ် တစောင်းလှဲ၍ ကျောပေးအိပ်နေသည်။ သူ့တစ်ကိုယ်လုံး ပိတောက်ပွင့်များ နေရာလပ်မရှိအောင် ဖုံးအုပ်ထား၏။ သူ့ကိုယ်ပေါ်မှာ အဝတ်အစား မပါသော်လည်း ခန္ဓာကိုယ်ကို မမြင်ရ၊ ပိတောက်ပွင့်ဖတ် အစုအပုံကိုသာ မြင်နေရ၏။ ခြေရင်းဘက်မှာ လတ်ဆတ်ကျန်းမာသော ခြေဖဝါး ပန်းနုရောင်ကလေး တစ်ဖက်သာ ပေါ်နေသည်။

ဘဝတစ်သက်တာမှာ စိတ်တိုင်းအကျဆုံး ပန်းချီကားတစ်ချပ်ရေး ပြီးပြီဟု ကိုယ့်ဘာသာဆုံးဖြတ် အတည်ပြုလိုက်သည်။ ဆက်တိုက်ကားရေးချိန် သုံးဆယ့်ရှစ်နာရီ ကြာသည်။ ကင်းဗတ်ပေါ်မှ ဆေးနံ့သည် မယုံနိုင်စရာ ပီတိများကို ဖြစ်ပေါ်စေ၏။ နာမည်ပေးဖို့ စဉ်းစားသောအခါ “မကြည်ပြာ” ဟူသော နာမည်သာ ရိုးရိုးကလေး ပေါ်လာ၏။

ဖြစ်သင့်တာက ထိုပန်းချီကားကို သူသွားလျှင် လက်ဆောင်အဖြစ် ပေးလိုက်ဖို့ကောင်းသည်။ သို့သော် စက္ကန့်ပိုင်းအတွင်းမှာပဲ သူဆုံးဖြတ်လိုက်သည်။ မကြည်ပြာ လုံးဝမသိစေရ၊ မမြင်စေရ။ လက်ဆောင်ပေးလိုက်ဖို့ နေနေသာသာ။

ပန်းချီကား၏ ညာဘက်ထောင့်မှာ လက်မှတ်ရေးထိုးလိုက်သည်။

 

×××

 

တို့... ဒီနေ့ည သွားတော့မယ်”

“အင်း…”

“ညဆယ်နာရီ ဖလိုက်နဲ့”

“အဲဒါက ဘာလဲ”

“ပုစွန်ခြောက်ကြော်၊ ဟိုကိုယူသွားဖို့ ကြော်တဲ့အထဲက သူ့ဖို့ခွဲယူလာတာ။ ပုစွန်ခြောက်ကြော် ငရုတ်သီးမပါဘူးလေ၊ သူသိပ်ကြိုက်တယ် ဆိုတာ သိရလို့”

“သိပ်ကောင်းတာပေါ့”

“အဖြေကို ကြိုသိပေမဲ့ မေးတော့မေးချင်တယ်”

“ဘာလဲ... မေးလေ၊ အဖြေက ရှိပြီးသားပါ”

“သူ လေဆိပ်ကို လိုက်ပို့မှာလား”

“မပို့တော့ပါဘူး”

“အင်းလေ... ရော့၊ ပုစွန်ခြောက်ကြော်ပုလင်း၊ မကြည်ပြာ နှုတ်ဆက်ခဲ့ပါတယ် မောင်...”

 

×××

 

အခန်းထဲမှာ ဘာမှမရှိပါ။

ရင်ထဲမှာ ပြည့်ကျပ်လေးလံ နေသည်ကို ခံစားနေရ၏။ သွားဖို့ သေချာသွားပြီ။ ရဲဝံ့စွန့်စား ပြတ်သားတဲ့ မိန်းမပါပဲ။ မှတ်မိသလောက် သူသွားဖို့ ဆုံးဖြတ်ကြောင်း စပြောသောနေ့က ထူးဆန်းသော စကားကို ပြောခဲ့သည်။

တို့သွားမယ်၊ လိုက်ခဲ့ပါလား ကိုအောင်သူ”

“ဘာရယ်...၊ ဘာပြောတယ်”

“မကြားလိုက်ဘူးလား”

“ပြန်ပြောစမ်းပါ၊ မယုံလို့”

“တို့သွားမယ်...၊ လိုက်ခဲ့ပါလား ကိုအောင်သူ”

“ကျုပ် ခင်ဗျားနဲ့လိုက်ခဲ့ရမယ် ဟုတ်လား မကြည်ပြာ၊ တော်စမ်းပါဗျာ” မကြည်ပြာ အကြာကြီး စိုက်ကြည့်သည်။ ဘယ်တော့မဆို၊ ဘယ်သူနဲ့မဆို ယောက်ျားသား တစ်ယောက်ကို မျက်နှာတည့်တည့် မျက်စိချင်းဆုံ၍ ကြည့်တတ်သောအကျင့် ရှိသည်။ အကြည့်ကလည်း စူးစူးရဲရဲရှိသည်။

“တော်စမ်းပါဆိုတော့လည်း တော်ရတာပေါ့။ ဒါပေမဲ့ လိုက်ခဲ့ပါလို့ ခေါ်တာ ဒီကရင်ထဲက စကားပါ”

စစ်ကြိုခေတ်က သမီးရည်းစား အသုံးအနှုန်းတစ်ခုကြောင့် အဲဒီတုန်းက ပြုံးမိသေးသည်။

ဘာပြုံးတာလဲ”

“တခြားစကားပြောရအောင် မကြည်ပြာ”

ရင်ထဲမှာ အဲဒီစကား ကြားလိုက်ရတုန်းက လှုပ်ရှားသွားသည်မှာ အမှန်။ သို့သော်လည်း ဘာမှမဖြစ်သလို နေလိုက်သည်။ ဘာမှမဖြစ်သလို နေလိုက်မှန်းကိုလည်း သူသိနေသည်။ တခြားစကားတွေ ပြောင်းပြောခဲ့ပေမဲ့ လိုက်ခဲ့ပါလား ကိုအောင်သူ ဆိုသော စကားသည် ခေါင်းထဲမှာ စည်းချက်မှန်မှန် တီးနေသော လင်းကွင်းကြီးတစ်ချပ် အသံလို ကွဲအက်ကျယ်လောင် ဆူညံလွန်းနေသည်။

ဒီမှာ ကျုပ် လုပ်စရာတွေရှိတယ်၊ ကျုပ် အလုပ်လုပ်ရဦးမယ်။ ကျုပ်မှာ အဖေမရှိဘူး၊ အမေမရှိဘူး၊ ညီအစ်ကိုမောင်နှမ အရင်းအချာ မရှိဘူး။ ကျုပ်ကို ကောက်ယူကျွေးမွေးပြီး ကျောင်းထားပေးတဲ့ ဆရာတော်လည်း ပျံလွန်တော်မူပြီ။ သာမန်အနေနဲ့ ပြောရရင်တော့ ဘာသံယောဇဉ်မှလည်း မရှိဘူး၊ ကျုပ်သိပ်ချစ်တဲ့ မိန်းမက ကျုပ်ကို ခေါ်နေပြီ၊ လိုက်သွားရုံပဲပေါ့၊ ဒါပေမဲ့ ကျုပ်ဘဝရဲ့အမြစ်တွေက မြန်မာပြည်မှာ တွယ်နေပြီ၊ ဆွဲနုတ် ဖြတ်တောက်လို့ မရဘူး၊ ကျုပ်အဖို့ မရဘူး။ ဒီမှာနေရတာ လိုအပ်တာထက် ပိုပြီး တွယ်တာလွန်းတယ်လို့ ထင်ချင်လည်း ထင်မယ်။ ကျုပ်နေရတာ သူသိတဲ့အတိုင်း ဆင်းရဲတယ်၊ ကျပ်တည်းတယ်၊ ပတ်ဝန်းကျင်မကောင်းဘူး။ ဒါပေမဲ့ ကျုပ် ဒီမှာပဲနေရမယ်၊ ပျော်တယ် ထင်သလား၊ မပျော်တာမှ သိပ်မပျော်တာ။ ဒီမယ် မကြည်ပြာရဲ့ မျက်နှာကလေး ကြည့်နေရတဲ့ အချိန်၊ မကြည်ပြာနဲ့ စကားပြောနေရတဲ့ အချိန်၊ အဲဒီတဒင်္ဂလေးတွေ နုတ်လိုက်၊ ကျန်တဲ့အချိန်တွေ လုံးဝမပျော်ဘူး... လုံးဝ၊ အိပ်မက်ထဲမှာတောင် ဆင်းရဲတယ်၊ ဒါပေမဲ့ နားလည်ပါ့မလား၊ သဘောပေါက်ပါ့မလား မသိဘူး၊ ကျုပ် မလိုက်နိုင်ဘူး မကြည်ပြာ”

ထိုစကားများကို အသံထွက် ထုတ်ဖော် မပြောဖြစ်ပါ။ ထိုနေ့ညနေခင်းကိုလည်း မမေ့နိုင်ပါ။

အခုတော့ သူသွားဖို့ သေချာသွားပြီပေါ့။

ဝတ်ထားသော အဝတ်အစားများ သည်ပင်လျှင် ကိုယ်ပေါ်မှာ လေးလံလွန်းနေသည်။ အခန်းထဲမှာ ရှိရှိသမျှ အရာဝတ္ထုတွေ၊ စားပွဲ၊ ကုလား ထိုင်၊ ခေါက်ခုတင်၊ သောက်ရေအိုး၊ စာအုပ်ပုံများ၊ ပန်းချီကားချပ်များ၊ ပန်းချီကားဘောင်များ၊ ကြိုးတန်းပေါ်မှ အဝတ်များ၊ အခန်းထောင့်က လျှပ်စစ်မီးဖို၊ ထင်းရှူးသေတ္တာခွံပေါ်က ထမင်းချိုင့်၊ အားလုံးသော အရာဝတ္ထုများသည် လေထံပျံဝဲ၍ လာနေကြသည်။ တဖြည်းဖြည်းချင်း တစ်ခုချင်း တစ်ခုချင်း အခန်းအလယ်မှာ လာရောက်စုပုံ နေသည်ဟု ထင်ရ၏။

ထိုအရာဝတ္ထု အစုအပုံသည် တောင်ကမူကလေးတစ်လုံးလို ကြမ်းပြင်မှ မျက်နှာကြက်အထိ မို့မောက်နေ၏။

လူက ထိုအရာဝတ္ထုပုံအောက် အလိုလို ရောက်သွားသည်။ လေးလံ မွန်းကျပ်လှချေရဲ့။

 

×××

 

အခန်းထဲမှာ ဘာမှမရှိပါ။

ဟ... ဟ အောင်သူ၊ ဒါ ဘယ်လိုဖြစ်တာလဲ”

“ဘာကိုပြောတာလဲ”

“ဟင်. . ကြည့်စမ်း၊ နင့် နင့်အခန်းထဲကပစ္စည်းတွေ ဘယ်ရောက်ကုန်ပြီလဲ”

“စားပွဲ၊ ကုလားထိုင်၊ ခေါက်ခုတင်အားလုံး ပရိဘောဂအဟောင်းဆိုင် သွားရောင်းပစ်လိုက်ပြီ”

“ဘာ… ဘာလို့လဲ သူငယ်ချင်းရာ”

“အခန်းထဲမှာ ရှင်းနေအောင်လို့”

“ဟုတ်သေးပါဘူးကွာ၊ စာအုပ်တွေကော၊ ပန်းချီ ပန်းချီ ပန်းချီကားတွေ”

“အကုန် ရောင်းပစ်လိုက်ပြီ”

“အဖိုးတန်စာအုပ်တွေကွာ၊ မင်းပန်းချီကားတွေ နှမြောစရာ၊ ဘယ် ဘယ်လိုဖြစ်.... ဖြစ်တာလဲကွာ”

“ဒီထက် အဖိုးတန်တာတောင် ငါ စွန့်လွှတ်နိုင်သေးတာပဲကွာ”

“ဒုက္ခပါပဲ၊ မင်းရူးတော့ မရူးသေးပါဘူးနော်”

“လုပ်နေကျအလုပ် ပုံမှန်မလုပ်တဲ့သူ၊ သူတစ်ပါးကို အနှောင့်အယှက် ဖြစ်စေတဲ့သူ၊ အဲဒီလူကမှ ရူးတာ၊ ငါမရူးပါဘူး”

“မင့်အခန်း... အခန်း... ထဲမှာ”

“ငါ့ရင်ထဲမှာ ဘာမှမရှိတော့သလိုဘဲ၊ ဘာမှမရှိတဲ့ ကွင်းပြင်အကျယ်ကြီးထဲမှာ သွားနေချင်တယ်။ နေလို့မဖြစ်တော့ ဖြစ်သလောက်လုပ်ရတာ ပေါ့။ ငါ့အခန်းထဲမှာ ဘာအရာဝတ္ထုမှ မရှိစေချင်ဘူး၊ လွတ်လပ်ချင်တယ်၊ ကျယ်ပြန့်ချင်တယ်”

“ဒုက္ခပါပဲကွာ၊ အောင်သူ ငါ... ငါ ဘာပြော...”

“ဘာမှမပြောနဲ့၊ အခု ဘယ်နှနာရီထိုးပြီလဲ”

“နာရီ... နာရီ အင်း... ကိုးနာရီလေးဆယ်၊ အဲ လေးဆယ့်ငါးမိနစ်”

“ဆယ်နာရီထိုးဖို့ ဆယ့်ငါးမိနစ်”

“ဘာ.. ဘာကွ’

“လာ… လက်ဖက်ရည်ဆိုင် သွားကြစို့၊ ဆိုင်မပိတ်သေးပါဘူး”

“အဲ... အဲဒါဘာလဲ”

“ပုစွန်ခြောက်ကြော်ပုလင်းလေ”

“မင်း ထမင်းမစားရသေးဘူးလား”

“စားပြီးပြီ၊ လက်ဖက်ရည် ချိုပေါ့ကျတစ်ခွက်နဲ့ ပုစွန်ခြောက်ကြော် သိပ်လိုက်တယ်ကွ၊ လာသွားကြစို့”

“အေး... အေးပါကွာ”

“မင်း လေယာဉ်ပျံသံ ကြားရလား”

“ဘာ... ဘာရယ်ကွ”

“ဪ... ဘာမှမဟုတ်ပါဘူးကွာ၊ လာ သွားကြစို့”

 

×××

 

အိုဆာကာဟိုတယ် ရေပန်းရှေ့မှာ မကြည်ပြာ ကုတ်အင်္ကျီရှည်နဲ့၊ ဇင်းမယ်ထဘီနဲ့၊ ရှူးဖိနပ်တော့ စီးထားရဲ့၊ ဓာတ်ပုံတစ်ပုံ ပို့လိုက်သည်။

ငွေကိုင်းမျက်မှန်နှင့် နီရဲစိုစွတ်သော နှုတ်ခမ်းကိုပိတ်ကာ ပြုံးနေသော မကြည်ပြာသည် သူထင်ရာကို ဇွတ်တရွတ် လုပ်တတ်သော ပညာတတ် အနုပညာသည် တစ်ယောက်၏ မျက်နှာဖြင့်။ သူ့အပြုံးတွင် တစ်စုံတစ်ရာ လိုနေသလား။ စိတ်က ထင်တာပါလေ။

မနက်မိုးလင်း အိပ်ရာကနိုးလျှင် မျက်နှာသစ်။ မုန့်ဟင်းခါးတစ်ပွဲ။ လက်ဖက်ရည်တစ်ခွက်။ အဝတ်လဲ။ အလုပ်သွား။ နေ့လယ် သက်သာဆိုင်မှာ ထမင်းစား။ တစ်ခါတလေ အစည်းအဝေးတက်။ ညနေ အလုပ်ဆင်း။ တစ်ခါတလေ အလုပ်ကစောဆင်းပြီး ဘောလုံးပွဲသွား။ ညပြန်။ ဆိုင်မှာပဲ ထမင်းစား။ သူငယ်ချင်းနဲ့လက်ဖက်ရည်ဆိုင်ထိုင်။ တစ်ခါတလေ ဗီဒီယို ကြည့်။ ညမအိပ်ခင် စာဖတ်။ အိပ်။ နောက်တစ်နေ့မနက် ပြန်နိုး။ အရင် အတိုင်းပြန်စ။ အလုပ်ပိတ်ရက်မှာ ကိုရဲတို့နဲ့ ဘုရားတက်။ စိတ်ပါလျှင် ပန်းချီဆွဲ။ အနည်းဆုံး တစ်ကားပြီးအောင် ရေး။ မပြီးရင် ရပ်ထား။ လက် ဖက်ရည်ဆိုင်ထိုင် စကားပြောကြ။ ဒီဖြစ်စဉ်သံသရာမှာ မှားယွင်းနေတာ တစ်ခုမှမပါ။ ပုံမှန်ကို ကျော်လွန်နေတာ တစ်ခုမှမပါ။ တစ်မူထူးခြား၍ အများကို အနှောင့်အယှက်ဖြစ်စရာ တစ်ခုမှမပါ။ ရင်ထဲမှာ ဘာရှိသလဲ၊ ဘာဖြစ်နေသလဲ ဆိုတာကို ထွင်းဖောက်သိမြင်နိုင်သူကစ်ယောက် ခေါ် မလာစတမ်း။ အောင်သူ ဘာမှမဖြစ်ပါ။

 

×××

 

မကြည်ပြာ...

သတိရလို့ စာရေးလိုက်တယ်။ အို... မရေးတာဘဲ ကောင်းပါတယ်ကွာ။ စာရွက်ကို လုံးချေ၍ ပစ်လိုက်သည်။ တစ်စုံတစ်ယောက် တွေ့သွား မည်စိုး၍ စာရွက်အလုံးကလေးကို ပြန်ကောက်၊ လက်ထဲမှာ ကိုင်ထား၏။

လုံးချေပစ်ရာက ပြန်ကောက်ကိုင်ထားသော ထိုစာရွက်စုတ်အလုံးကလေး ထားစရာနေရာ အခန်းထဲမှာ၊ လောကထဲမှာ၊ ကမ္ဘာပေါ်မှာ ဘယ်မှာမှမရှိပါ။။

မဒေါနကို မုန်းပါသည်

 

ပြတင်းပေါက်ဘောင်ပေါ်မှာ ကြောင်ဝါကလေးတစ်ကောင် အိပ်နေ၏။ ကျည်းပေါင်ခွေအားလုံး သုတ်ထားသော ဆေးသားအဖြူမှာ နှစ် ကာလကြာလို့ထင့်၊ ဝါကျင့်ကျင့် ဖြစ်နေပြီ။ ညာဘက်ပေါင် အလယ်လောက်တွင် လက်လေးလုံးခန့် အပဲ့တစ်ပဲ့ ရှိနေသည်။ ပြတင်းတံခါးရွက် တစ်ဖက်စီတွင် မှန်ကန့် သုံးကန့်ရှိသည်။ လက်ဝဲဘက် တံခါးရွက်မှ အောက်ဆုံး မှန်ချပ်တွင် အက်ကြောင်းတစ်ကြောင်း ရှိသည်။ ကန့်လန့်ဖြတ် မှန်အက်ကြောင်းသည် တစ်ထွာသာသာ ရှည်လိမ့်မည်။ မှန်ချပ်တွေမှာ ဖုန်မှုန့်တွေ ကပ်နေသည်။ အပေါ်စွန်း မှန်ချပ်ထောင့်တွင် ပင့်ကူမျှင်တချို့ ရှိ၏။ ညာဘက်တံခါးချပ် အပေါ်ထိပ်မှ တံခါးကလန့်စွဲသော ဝက်အူတစ်လုံးပြုတ်၍ ဝက်အူပေါက်တစ်ပေါက် ဟောင်းလောင်း ဖြစ်နေ၏။ အပြစ်အနာအဆာကလေး အနည်းငယ်မှအပ ဤပြတင်းပေါက်သည် ကြည့်ပျော်ရှုပျော် သပ်ရပ်သော ပြတင်းပေါက်တစ်ခု ဖြစ်သည်မှာ သေချာပါသည်။

ကမ္ဘာဦးအစကတည်းက ပြတင်းပေါက်စိတ်ကူးကို မည်သူ စတင် ကူးခဲ့သလဲ၊ စဉ်းစားကြည့်လျှင် ပျော်စရာကောင်းမည် ထင်ပါသည်လား။ ပြတင်းပေါက်သည် အလင်းရောင်ကို ခေါ်ဆောင်ခွင့်ပြုသူ၊ လေအေးများကို ဖြတ်သန်းသွားလာစေသူ၊ နာမည်ပျက်ခြင်းနှင့် တူသော အနံ့ဆိုးများကို ဖယ်ရှားဝေးလွင့်စေသူ၊ ပြတင်းပေါက်သည် လောကကောင်းကျိုးကို သယ်ပိုးဆောင်ရွက် မင်္ဂလာရှိစေသူဖြစ်၍ ထိုပြတင်းပေါက် စတင်တီထွင် ဖောက်လုပ်ရန် အကြံရသူ၊ စတင်ဖောက်လုပ်သူတို့ကို ဆုကောင်း၊ လာဘ်ကောင်း၊ တံဆိပ်ကောင်းများ ပေးသင့်၏။ အကြီးဆုံးသော ဆုတံဆိပ် ပြတင်းပေါက် ရသင့်သည်။

စိမ်းမြရွက်ညွန့်တို့ကို ပြတင်းပေါက်မှ မြင်နေရ၏။ အစိမ်းရောင်အရင့်နှင့် အစိမ်းရောင်အနုတို့ ပြောက်ကျား စွန်းကွက်နေသည်။ အနုဆုံး သစ်ရွက်တို့မှာ တောက်ပသော အနီရောင် ဖြစ်နေကြ၏။ ကြက်သွေးရဲရဲလို နီမြန်းခြင်း မဟုတ်။ ပန်းသွေးဘက်သို့ လုသော်လည်း ပန်းနုရောင်လည်း မခေါ်နိုင်။ ပန်းနုသွေး အရိပ်ဖျန်းသော အနီရောင်ဟု ခေါ်သင့်၏။ အစိမ်းရင့်၊ အစိမ်းနုနှင့် အနီနု သုံးရောင်ခြယ်ဖောက်သော ထိုသစ်ပင်တစ်ပင်၏ အစိတ်အပိုင်း အတော်များများကို ပြတင်းပေါက်မှ လှမ်းမြင်နေရသည်။ အမြင့်ဆုံး သစ်ပင်ထိပ်ရှိ ရွက်ညွန့်တို့ကို လွန်သော် ကောင်းကင်ပြာကို တွေ့ရ၏။ ဖျော့တော့ပါးလျားလွန်းသော တိမ်မျှင်တစ်စကိုပါ တွေ့နေရသည်။ ကြည့်နေရင်းပင် တိမ်မျှင်တစ်စသည် လွင့်ပျောက်သွားပြန်၏။ သစ်ပင်ထိပ်မှ ရွက်ညွန့်နီနီတို့ကို နောက်ခံကင်းရှင်းစွာ ပြန်မြင်ရသည်။

ကမ္ဘာဦးအစက သစ်ပင်များ သန့်ရှင်းကြည်လင် ကြလိမ့်မည်ဟု တွေးမိ၏။ အခုတွေ့နေရသော သစ်ပင်တွေ သန့်ရှင်းကြည်လင် ကြပါသလား။ စိတ်အထင်တော့ သန့်ရှင်းကြည်လင်ခြင်း ရှိလိမ့်မည်မဟုတ်။ လူ့ယဉ်ကျေးမှု တိုးတက်လာသည်နှင့်အမျှ သုံးလောကအတွင်းက သက်ရှိသက်မဲ့ အရာအားလုံး သန့်ရှင်းကြည်လင်ခြင်း ဒီဂရီတွေ ယုတ်လျော့ကျဆင်း ခဲ့ရသည်ဟု ဆိုချင်သည်။ လေထဲမှာ၊ လောဘ၊ ဒေါသ၊ မောဟတွေ လွင့်ခဲ့သည်ပ။ လေထဲမှာ မနာလိုဝန်တိုမှုတွေ၊ တစ်ကိုယ်ကောင်းဆန်မှုတွေ၊ ကောက်ကျစ်၊ ညစ်ပတ်၊ ယုတ်မာမှုတွေ လွင့်ခဲ့သည်ပ။ ကိုယ့်အပြစ်ကို သူများအပေါ် လွှဲချမှုတွေ၊ သူများအပြစ်ကို ရှိသည်ထက် ပုံကြီးချဲ့ပေးမှုတွေလည်း လေထဲမှာ လွင့်ခဲ့သည်ပ။ ကတိပျက်မှုတွေ လေထဲမှာ လွင့်ခဲ့သည်ပ။ ရက်စက်မှုတွေ လေထဲမှာ လွင့်ခဲ့သည်ပ။ လေထဲမှာ လောဘ၊ ဒေါသ၊ မောဟတွေ လွင့်ခဲ့သည်ပ။ ထိုအညစ်အညမ်းတို့ကို သစ်ရွက်အပေါ်မှာ ကြေးညှော်ကပ်ငြိ တင်ရှိခဲ့ပေပြီ။ သစ်ပင်များ၏ သန့်ရှင်းကြည်လင်မှု လျော့ပါးခဲ့ရခြင်း၏ အပြစ်ကို ဝမ်းနည်းဖွယ်ရာ၊ ယူကျုံးမရဖွယ်ရာ စဉ်းစားမိ၏။ သိန်းသန်းကုဋေ ရေလို့ရလျှင် ရေထားချင်ပါသော်လည်း မိုးစက်တွေ များပြားလွန်းသည်။ ထိုမိုးစက်များ အားလုံး စိမ်းမြရွက်ညွန့် နီကျန်ကျန်တို့ကို သန့်စင်ဆေးကြော မောပန်း မစင်ကြယ်စေနိုင်တော့ပြီ။ ပြတင်းပေါက်မှ သစ်ပင်ကို မြင်နေရသည်။

မနေ့ညက ထမင်းမစားရ။ နှလုံးသားက အားအင်စိုက်ထုတ်ရလွန်းခြင်း အတွက် နာကျင်စူးရှ နေခဲ့သည်။ သွေးကြော အသွယ်သွယ်ထဲမှာ၊ သတ္တိကြောင်မှုများ လှည့်ပတ်စီးဆင်း နေသည်လား။ လျှပ်လည်းမပြက်၊ မိုးလည်း မချုန်းဘဲ တစ်မိုးလုံးလင်း၍ ရွာသော မိုးရေစက် ပူပူနွေးနွေးတွေ အရေပြားကိုဖောက်၍ နှလုံးသားထဲသို့ တောက်လျှောက် စီးဝင်သွားသည်ဟု ခံစားရ၏။ အသည်းနှလုံး လိုဏ်ဂူအဝ မြေအပြင်မှာ အဝါရောင် ဂန္ဓမာပန်းခင်းတစ်ခင်း ဖြန့်ကျင်းစိုက်ပျိုး ထားပါသည်။ တမလွန်ရောက် အချစ်ဆုံးသူငယ်ချင်း အတွက် ပန်းဝါဝါများ ရော်ကျကြွေခြောက်သည်အထိ ခေါင်းငုံ့ဒူးတုပ် ဝပ်စင်း၍ ဆုတောင်းခြင်းဖြင့် သတိရနေပါသည်။ အချစ် ဆုံးသူငယ်ချင်း မင်းဘယ်မှာလဲ။

ကောင်းကင်ပြာနှင့် ကံ့ကော်ပင်ထိပ်ဖျားကို ဘောင်ခတ်ထားသော ပန်းချီကားတစ်ချပ်ပမာ ပြတင်းပေါက်မှာ မြင်နေရသည်။

မင်း ငါ့ကို ဘာကြောင့် ဘောင်ခတ်ချင်ရသလဲ မဒေါန။ ငယ်ငယ်တုန်းက ရခဲ့တဲ့ ကဗျာတစ်ပုဒ် အကြိမ်တစ်သောင်းတိတိ မင်းကို ရွတ်ပြခဲ့ဖူးပါတယ်။ လေပမာလျှင် အာကာခွင်၌ ငါလျှင်လွတ်လပ် လှည့်လည်ပတ်အံ့။ မွေးနေ့တုန်းက ပေးခဲ့တဲ့ ကြည်ပြာရောင်အင်္ကျီကို ငါမဝတ်ချင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီ့အရောင်ကို ငါမုန်းတယ်။ မုန်းခြင်းချစ်ခြင်း ဆိုတာ၊ ကြိုက်ခြင်း မကြိုက်ခြင်းဆိုတာ အကြောင်းပြချက် အမျိုးမျိုး၊ အခြေခံအမျိုးမျိုး ရှိကြပေမဲ့၊ သေချာတဲ့ အချက်တစ်ချက်ကတော့… အဲဒါတွေဟာ ရွေးချယ်မှု ဆိုတာပါပဲ။ အင်္ကျီအပြာကို ငါမရွေးချယ်ဘူး မှတ်ထားပါ မဒေါန။ အဲဒီလိုပါပဲ။ အဲဒီလိုပဲ အင်မတန် အသားဖြူပြီး အင်မတန် သဘောကောင်းတဲ့ မိစံကို ငါမရွေးချယ်ခဲ့ဘူး။ အဖက်ဖက်က ပြည့်စုံပြီး အသင့်လျော်ဆုံး အခြေအနေတွေထဲက မိစံကို ငါမရွေးချယ်ခဲ့တာ မုန်းလို့ မဟုတ်ဘူး။ မချစ်နိုင်လို့ပါဘဲ။ အဲဒီလိုပဲ မိစံလို သဘောမကောင်းတဲ့၊ လူတိုင်းကို မကူညီတတ်တဲ့၊ အရှိန်အဝါ အသိုင်းအဝိုင်း ကြီးမားပြီး ဆက်ဆံရေး မောက်မာလှတဲ့ မဒေါနကို ငါ့အပေါ်မှာ သိပ်ကောင်းလွန်းတဲ့ အတွက် ငါရွေးချယ်ခဲ့တယ်၊ ငါပြောပြခဲ့ဖူးပါတယ်။ ငါ့အပေါ်မှာ ဆိုးရင်လည်းပဲ ငါခွင့်လွှတ်နိုင်ပါတယ် လို့။ အင်္ကျီကြည်ပြာရောင်ကို ငါမုန်းတယ်။ ငါ့ကို ဘာလို့ ဘောင်ခတ်ချင်ရသလဲ မဒေါန။

ငါ ခေါင်းမဖြီးဘဲ နေချင်တယ်။ တစ်ခုခုကို အလေးအနက် စဉ်းစားတဲ့အခါမျိုးမှာ ဘယ်ဘက် လက်သန်းကလေးက လက်သည်းကို ငါကိုက်ပြီး စဉ်းစားချင်တယ်။ အချိုပေါ့ကျကျ အုတ်နီခဲရောင်ထတဲ့ လက်ဖက်ရည်တစ်ခွက်ကို အချိန်ဆွဲပြီး ငါသောက်ချင်တယ်။ ဇာတ်လမ်းမပါတဲ့ ဝတ္ထုကို ငါဖတ်ချင်တယ်။ ပြီးတော့ ငါ ဆေးပြင်းလိပ်ကြိုက်တယ်။ ပြီးတော့ ရေချိုးပျင်းတယ်။ ငါ့စားပွဲကို သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း၊ စီကာ စဉ်ကာ ထားတာကို ငါမကြိုက်ဘူး။ ကုလားကား ငါမကြည့်ချင်ဘူး။ ဒံပေါက်ထမင်း ငါမကြိုက်ဘူး။ ကဗျာအရှည်ကြီးတွေ ငါမဖတ်ချင်ဘူး။ အဲဒါတွေဟာ ငါ့ရွေးချယ်မှုတရားအရ စာရင်းတို့ထားတဲ့ အရာတွေ။ ငါ့ ဘဝထဲမှာ စိတ်အနှောက်အယှက် ဖြစ်စရာမို့ ထိတွေ့ကြိမ် အနည်းဆုံးအထိ လျှော့ချထားတဲ့ အရာတွေ၊ ငါမတွေ့ချင်၊ မကြုံချင်၊ မဆုံချင်တဲ့ အရာတွေ၊ ငါ့လွတ်လပ်ခွင့်တွေကို ရုပ်သိမ်းတဲ့ကိစ္စမှာ ငါ့ကိုချစ်ပါပြီလို့ အဖြေပေးတဲ့နေ့ နောက်တစ်ရက်၊ ငါ အပွင့်လင်းဆုံး ပြောခဲ့ပါတယ်။ မဒေါန လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို ရုပ်သိမ်းတဲ့ကိစ္စမှာ အတိုင်းအတာ ရှိတယ်။ အတိုင်းအတာကို ကျော်လွန်ပြီးတော့ လွတ်လပ်ခွင့်ကို မရုပ်သိမ်းသင့်ဘူး၊ မရုပ်သိမ်းရဘူး။ မေတ္တာစေတနာ၊ အကြင်နာနဲ့ ကောင်းစေချင်တဲ့ သဘောတွေ အကြောင်းပြုပြီး၊ ငါ့လွတ်လပ်ခွင့်အားလုံး မင်းထင်တိုင်း ရုပ်သိမ်းခွင့် ငါမပြုနိုင်ဘူး မဒေါန။

ငါတို့အပေါ်မှာ အင်မတန်ကောင်းတဲ့၊ သူ့အကျိုးစီးပွားကို အမြဲတန်း ဒုတိယထားတဲ့၊ လူတိုင်းကို ကူညီတတ်တဲ့၊ ငါတို့အားလုံး တညီတညွတ်တည်း ချစ်ခင်ကြတဲ့၊ ငါတို့အချစ်ဆုံး သူငယ်ချင်းနေဖို့ ငါတို့အသည်းနှလုံး လိုဏ်ဂူဝ မြေပြင်မှာ ဂန္ဓမာပန်းဝါဝါများနဲ့ ပန်းမွေ့ရာ ခင်းကြလိမ့်မယ်။ မဒေါနရယ်။ မနေ့က စိတ်မကောင်းစရာတွေ ငါမေ့ချင်ပေမဲ့ ကာလသုံးပါးရဲ့ အလျဉ်ကို တားဆီးပိုင်းကန့်နိုင်တဲ့ စွမ်းအား ငါ့မှာမရှိဘူး။

မနေ့က မဒေါနကို ဒီနေ့အထိ ငါချစ်နေတာ သဘောပေါက်ရဲ့လား။ မေ့ပစ်ချင်တာတွေ မေ့လို့မရတာ ဒုက္ခတစ်ပါး၊ မမေ့ချင်တာတွေ မမေ့တာဟာ လူ့ဘဝရဲ့ သုခတစ်ပါး။ နာကြည်းစရာ ခါးသီးကြမ်းတမ်းတဲ့ ငါတို့ မေ့စရာတွေထဲမှာ မမေ့ဘဲ ငါပျော်မယ် မဒေါန။ ငါ အသေအချာ ပြောမယ်။ ငါ့နာမည် ဖောင်းကြွစာလုံးပါတဲ့ ရွှေလက်စွပ် ငါမဝတ်ချင်ဘူး၊ မဝတ်နိုင်ဘူး။

ကောင်းကင်ပြာနောက်ခံဖြင့် တစ်စိတ်တစ်ပိုင်း မြင်နေရသော ကံ့ကော်ပင်ထိပ်ဖျားသည် ဆေးဖြူသား ဝါရော်နေသော ပြတင်းပေါက်ဘောင် ထဲမှာရှိ၏။ သည်လောက် မြင်ရလျှင်ပင် နေပျော်ပါသည်။ မိုးငွေ့ဖြူစတို့ဖြင့် သိပ်သည်းအေးမြသော လေကို အဆုတ်ပြည့်မျှ ဝဝရှူပါရစေ။ ရင်ထဲမှာ အေးသွားသော အရသာကို လွဲမှားစွာ (သို့မဟုတ်) မတော်တဆ (သို့မဟုတ်) မတန်မရာ ရထားသော ဂုဏ်သရေနှင့် လဲနိုင်မည် မဟုတ်ပါ။ ညဉ့်အခါ အေးချမ်းစွာ အိပ်စက်ပြီးနောက် မိုးသောက်လေဦးကို ကြည်နူးစွာ၊ စိုးရိမ်ထိတ်လန့်မဲ့စွာ ခေါင်းကိုမော့ထား၍ အားပါးတရ ရှူပါရစေ။

ကောင်းကင်ပြာနှင့် ကံ့ကော်ပင် တစ်ပိုင်းမြင်နေရသော ပြတင်းပေါက်တွင် ရပ်၍ ကြေညာလိုက်ပါ။ ဇော်ဇော်အောင် မဒေါနကို မုန်းသည်။ လောကကြားစေသတည်း။ ။

တို့လိုနုတဲ့ ပုထုဇဉ်....ကို

 

ဆန်းကြယ်သော အပြောက်အမွမ်းတို့ဖြင့် အိပ်မက်တစ်ခုသည် ရုပ်ဖျက်၍ ကျွန်တော့်ထံလာခဲ့သည်။ ထိုစဉ်က ခရမ်းနုရောင် အခိုးအငွေ့များသည် ရေပန်းတစ်ခုပမာ ဖြာကျလွင့်ထွက်နေ၏။ နှုတ်ခမ်းထူထူကို ရဲရဲဆိုး၍၊ ဆံပင်ကို နီကြန်စွာ ဖွာလန်စေ၍၊ နုမွတ်ချောမွေ့ ဝင်းဝါသော ရွှေလည်တိုင်မှာ ကံကောင်းခြင်း (သို့မဟုတ်) ကောင်းသောကံကြမ္မာဟု အဓိပ္ပာယ်ရသည့် အင်္ဂလိပ်စာလုံးများပါသော ရွှေဆွဲကြိုး သေးသေးမျှင်မျှင်ကလေး ဆွဲ၍၊ ဆင်စွယ်လေးထောင့်တုံး နားကပ်များကို နားတစ်ဖက်မှာ နှစ်ခုစီ တပ်ဆင်၍ အိပ်မက် ကျွန်တော့်ထံသို့လာစဉ်က ခရမ်းနုရောင် အခိုးအငွေ့များ ဝေ့နေ၏။ လေးစက္ကန့်တစ်ကြိမ် အရောင်ပြောင်းသွားသော ကင်ဇိုရှပ်အင်္ကျီသည် သူ့ကိုယ်လုံး လှလှကလေးပေါ်တွင် ဖားဖားလျားလျား ရှိ၏။ အိပ်မက်က လူသားမိန်းမငယ်အသွင် ရုပ်ဖျက်လာသလို ခုနစ်ရောင် သက်တံကလည်း ကင်ဇိုအင်္ကျီကဲ့သို့ ရုပ်ဖျက်၍လာ၏။ ကမ္ဘာပေါ်မှာ ရုပ်ဖျက်၍ သို့မဟုတ် ပင်ကိုဇာတိရုပ် သွင်ပြင်ဟန်မူကို ဖုံးကွယ်၍ လှည့်စားတတ်သော သက်ရှိသက်မဲ့ အမျိုးအစားပေါင်း မည်မျှရှိသည်ကို အမှန်တကယ် မသိပါ။ တစ်ပါးသူအတွက် ဘာအကျိုးမှ မသယ်ပိုးချင်သူသည် ကတိတစ်လုံးတည်မည် ပြော၍ ရုပ်ဖျက်တတ်၏။ မနာလိုဝန်တိုစိတ် ကြီးသူသည် လှိုက်လှိုက်လှဲလှဲ ချီးကျူးစကား ပြောကြားခြင်းဖြင့် ရုပ်ဖျက်တတ်၏။ အမုန်းပွားခြင်း၊ ရန်လိုခြင်းတို့သည် မွေးနေ့လက်ဆောင်ကိတ်မုန့် အသွင်ဖြင့် တစ်ခါတစ်ရံ ရုပ်ဖျက်တတ်၏။ ဘယ်သူ့စကား ယုံရမည်လဲ။ သီချင်းဆို၍ ငွေရှာပြီး ငတ်မွတ်သူများကို အစားအစာပေးသူကို ချီးကျူး ဂုဏ်မြှောက်ဖို့ မသင့်ပေဘူးလား။ သရုပ်ပျက်တေးဂီတသည် နားမခံသာသူတို့ ထံမှောက် မရောက်သင့်ပေ။ လည်ချောင်းထဲမှာ ငါးရိုးမျက်နေလျှင် သီချင်းအော်၍ ဆိုလိုက်ပါ။ မကျေနပ်သော ကိစ္စတွေ များနေလျှင် ငြိမ်ငြိမ် တိတ်တိတ်ကလေး သည်းခံနေကြည့်ပါ။ ဇော်ဇော်အောင် သည်းခံနေပါ သည်။

 

×××

 

သူ့လက်ထဲတွင် အော်တိုစာအုပ်ပါ၏။ တူးတူး၏ သီချင်းစာအုပ်ပါ၏။ လေကြောင်းကုမ္ပဏီတစ်ခု အမှတ်တံဆိပ်ပါသော ပိုက်ဆံအိတ် ပြားပြားရှည်ရှည်ကလေးထဲမှာ တစ်နှစ်သက်တမ်းရှိသော ကံ့ကော်ပွင့်ခြောက် တစ်ခုပါ၏။ သူ့ကိုယ်ပေါ်မှာ ရှားပါးသော အလှပစ္စည်းများပါ၏။ ခြေချင်းဝတ် ပတ်လည်မှာ လက်သည်းခွံလောက် မရှိတရှိ သံစုံမြည်သော ခေါင်းလောင်းကလေးများ ဆွဲထားသည့် ရွှေကြိုးသေးသေးမျှင်မျှင်ကလေး ဝတ်ထား၏။ သူ့ဆံပင် ဘယ်လိုပြင်ထားကြောင်း မသိပါ။ သို့သော် ခေါင်းပေါ်မှာ လက်တစ်ဆစ်လောက် ရောင်စုံကလစ်ကလေးတွေ သုံးဆယ့်ရှစ်ခု ညှပ်တွယ်ထား၏။ ကျောပြင်ပေါ်မှာ အထပ်သုံးခုပါသော ယောက်ျားဝတ် ကင်ဇိုရှပ်အင်္ကျီသည် မောပန်း၍ သွားဟန်တူ၏။ အဝါနုရောင်သို့ နောက်ဆုံးပြောင်းပြီး ရပ်တန့်သွားသည်။ ဖိတ်ဖိတ်တောက်နေသော စိန်ကတ္တီပါ လုံချည်အနက်သည် ဦးနန်းဝေ၏ ပန်းချီကားတစ်ချပ်ထဲက မြင်းကြီး၏ လည်ဆံမွေးနှင့်တူသည်။ ကြေးဝါကွင်းကလေးများဖြင့် ဆက်ထားသော ဆိုင်းကြိုးနှင့် လက်ကိုင်အိတ်ငယ်ထဲတွင် ဘာတွေ ဆက်လက်ရုပ်ဖျက်ထားသလဲ မသိပါ။ ထိုအရာအားလုံးကို ကျွန်တော် မကျေနပ်သောကြောင့် ငြိမ်ငြိမ်တိတ်တိတ်ကလေး သည်းခံနေ၏။ အမှန်စင်စစ်တော့ မိန်းကလေး တစ်ယောက်ကို ချစ်မိသည့်အကြောင်း ရေးကြီးခွင့်ကျယ်လုပ်၍ ကမ္ဘာသို့ ကြေညာသင့်သောကိစ္စ ဖြစ်မည်ဟု ဘယ်တုန်းကမှ ကျွန်တော် မယူဆခဲ့ပါ။ သို့ပါလျက် သူ့အတွက် ကျွန်တော့် ဆောင်ရွက်ခြင်းများသည် များလွန်းလှ၏။

 

×××

 

ကျွန်တော် မကျေနပ်ဆုံးမှာ သူ့မျက်လုံးများဖြစ်သည်။ မျက်လုံး မှေးမှေး သေးသေးငယ်ငယ်၊ မျက်အိမ်မကျယ်ပါ၊ မျက်ရစ်မပါပါ။ သို့သော် ကြည်လင်စူးရှ တောက်ပလွန်း၏။ သူ့မှာ ဘာကြောင့် ထိုမျှလောက် ကြည်လင်စူးရှ တောက်ပသော မျက်လုံးများ ရှိနေရပါသလဲ။ သံဂဟေဆော်သော ဂေါက်တံမှ အပြာရောင်မီးပွားများ တဖျပ်ဖျပ် လွင့်စဉ်ဖြာထွက်နေသလို သူ ကျွန်တော့်ကို ကြည့်လိုက်သောအခါ စာစီသမားရယ်၊ လာဒီအနားဝယ်၊ မဟာဂီတမှ မရတဲ့သူပါကွယ်။ ပတ်ပျိုး တစ်ပုဒ်နှင့်တစ်ပုဒ် တီးလုံးတီး ကွက်၊ သံစဉ်တွေ ဘယ်လိုကွာခြားသလဲဟု နကန်းတစ်လုံးမှ မသိသော ကျွန်တော့်အဖို့ ပတ်ပျိုးသံအားလုံး အတူတူဖြစ်နေသည်။ သို့သော် ထူး ထူးခြားခြား ရင်ထဲမှာ ခံစားရသည်က သူ ကျွန်တော့်ကို ကြည့်လိုက်တဲ့ အခါတိုင်း အခါတိုင်း အောင်မြေသာစံ ပတ်ပျိုးထဲက စာသားအချို့သည် ကျွန်တော့်ရှေ့မှာ ဖြတ်သန်းသွားကြ၏။ သဲပြင်ဖွေးဖွေးမို့မို့ဘေး၊ တစ်ခုသော မြစ်ညာအရပ်မှာ ကျွန်တော် လှေကလေးတစ်စင်းဖြင့် တစ်ယောက်ထီးတည်း ဖော်မပါ လှော်ခတ်နေရာက မြစ်ပြင်သည် သစ်ကြီးဝါးကြီး ပိတ်ဆီးဆိုင်းဆို့သော မဟာမြိုင်တောကြီး ဖြစ်သွား၏။ တစ်ဆင့်တက်သော် တစ်တောင်ငယ်ကျော် တစ်ပင်ငုံ့လျှိုး တစ်ချုံတိုး၊ တစ်မိုးသောက်လျှင် တစ်နေဝင်၊ နေဝင်ချိန် တိမ်တောက်သောအခါ မိမိဝါ၏ မျက်လုံးများသည် အတောက်စားဆုံးဖြစ်၏။ မာ့(ခ)(စ)၏ အရင်းကျမ်းအဖုံးပေါ်က ဖုန်မှုန့်များကို ကျွန်တော် ဝါးစား၍ ကျန်ခဲ့သော ရာစုနှစ်ဝက်ခန့်က ကြားခဲ့ကြရသည့် ကတိစကားများ တိမ်နှင့်ရော၍ လေကြောမှာ ပျံသွားသည်ကို မြင်လိုက်ရ၏။ ဘယ်သူ့စကား ယုံရမည်လဲ။ မိမိဝါ အလုံထဲက အောင်ကြီး ကိုးစင်တာမှာ စောင့်နေကြောင်း ယုံရမည်လား။ အာကာသမှာ လက်နက် ယှဉ်ပြိုင် မတပ်ဆင်ပါ၊ မထားသိုပါ၊ မသိုလှောင်ပါဆိုသော စကားကို ယုံရမည်လား။ ဆန်အိုးထဲမှာ ဆန်အပြည့်ရှိသည် ဆိုကြောင်း ယုံရမည်လား။ ကျွန်တော်ရေးသော ဝတ္ထုများကို ဘာအဓိပ္ပာယ်မှ ဖော်မရ၊ ဖမ်းမရသော်လည်း မြတ်မြတ်နိုးနိုး ဖြတ်ညှပ်သိမ်းဆည်း၍ သီးသန့်ချုပ်ကာ အိပ်ရာခေါင်းရင်းမှာ သူထားကြောင်း ပြောသည်ကို ယုံရမည်လား။ ရေကန်ထဲမှာ ကျားတစ်ကောင်ရှိကြောင်း ယုံရမည်လား။ အချစ်၏ အန္တိမသည် ပင့်သက်လှိုက်ဖိုစွာ ငေးမောအံ့သြခြင်း၊ ခမ်းနားကြီးကျယ်မှု တစ်ခုခုက လွှမ်းမိုးဖိစီး ထားသည်ကို နှစ်သက်လိုလားစွာ ခံလိုက်ရခြင်း၊ ဒူးထောက်ဝပ်စင်း၍ လက်နှစ်ဖက်ကို မိုးသို့မြှောက်ကာ လုံးဝဥဿုံ အပ်နှင်းလိုက်ရခြင်းတို့သာ ဖြစ်သည်ဟု သူ့ကို ပြောပြချင်သော်လည်း သူသည် ရုပ်ဖျက်ထားသော အိပ်မက်တစ်ခုသာ ဖြစ်လေသောကြောင့် သိက္ခာမဲ့ နာကျင်စွာ သူ့အမှုကိစ္စများကို ဆောင်ရွက်၍ ပေးရသည်မှာ ကြာလွန်းလှပါပြီ။ ဝါးပတ္တလားသံထဲက အမျိုးသားဂီတသည် အရာအားလုံးကို ယူငင်၍ သီတာရေစင် တစ်စက် မျှ သွန်းချရုံနှင့် နေသားတကျ ဖြစ်သွားနိုင်ပါလိမ့်မည်။ တောင်ထိပ်ပေါ်က စောင့်ပါ မိမိဝါ။ မင့်ရင်ထဲက မိတ်ကပ်ဘူး၊ မျက်နှာချေဘူး၊ နှုတ်ခမ်းဆိုးဆေး၊ မျက်ခွံဆိုးဆေး၊ ကရင်ပတ်နှင့် မှန်ဝိုင်းငယ်ကို ထုပ်ပိုး၍ ဥသြငှက်၏ ကျောပြင်ထက်မှာ တင်ဆောင်ပို့လွှတ်လိုက်ပါ။ ပါးချင်းအပ်၍ ထားသောအခါ ကြားထဲက အဖိုးတန်နံ့သာမှုန်များ တားဆီးခုခံနေသည်ကို မလိုလားပါ။ ဘာနှင့်တည်ဆောက်မှာလဲ၊ ရင်ထဲက အနက်ရောင်အသည်းသည် သူ မနိုင်သော တာဝန်ကို ထမ်းဆောင်ရသောအခါ ဖျတ်ခနဲ ကွဲအက်၍ သွား တတ်သည်ကို သတိထား။ ပင်လယ်ကဗွီးပင်များ ဝန်းရံစောင့်ကြပ်သော ထမင်းစားဆောင်မှာ ထမင်းဟင်းများ ကုန်ပြီလား။ လူအချို့ပြောသော စကားများကို မယုံသင့်ပါ။ အခါမဲ့မိုးရွာသောအခါ နားခိုစရာ အသိုက်အမြုံတို့ စိုစွတ်၍ သွားပေမည်။ သွေးကြောထဲမှာ မျက်ရည်ပူများသာ စီးဆင်းနေ၏။ လှိုင်းခေါင်းဖြူများ ရိုက်ခတ်၍ ကျောက်သားထု တစ်စင်တီမျှ ပွန်းရှသွားသည်ကို အလိုလိုနေရင်း မသိ။ အတော်သတိထားကြည့်မှ မြင်ရပေလိမ့်မည်။

 

×××

 

အနီရောင်၊ အပြာရောင်၊ အဝါရောင်လား။ လေးလံသောအရောင်၊ ဆူညံမြည်ဟည်းသောအရောင်၊ သင်းသင်းပျံ့ပျံ့ မွှေးသောအရောင်၊ စေးပျစ်ထူထပ်သော အရောင်၊ ချိုသာအေးမြ ခါးသက်သော အရောင်၊ နူးညံ့အိစက်သော အရောင်၊ ရက်စက်ပစ်ပယ်သော အရောင်၊ ထိုစဉ် ခုနစ်လွှာပေါင်းသောအခါ ငွေရောင်ကြိုးသိုင်းဖိနပ် စီးထားသော မိမိဝါ၏ ခြေထောက်ကလေးများကို လှမ်းမြင်နေရသည်။ ဈေးထဲမှာ ကုန်ပစ္စည်းတွေရှိ၏။ အမှိုက်တွေလည်း ရှိ၏။ သူ့ခြေဖမိုးသို့ ရွှံ့စက်တစ်စက် စဉ်ကျလာသောအခါ လောကသည် အသံရှည်စွာ ငိုညည်းသည်ဟု ထင်လိုက်ရ၏။ ကန်စွန်းရွက်စည်းသော နှီးကြိုးတစ်ပင်၊ ငါးဖယ်ရိုးတစ်ချောင်းနှင့် ခရမ်းချဉ်သီး အပုပ်တစ်လုံးတို့သည် တိုင်ပင်မထားဘဲ ရော်ဘာဖိနပ်တစ်ရံ၏ အနင်းခံလိုက်ရသည်။ မိမိဝါသွားသောဈေးသည် မွှေးပျံ့ပါ၏။ ထုံးခြောက်ဝါရောင် ဝါကာဖိနပ်မှ သားရေတုနံ့သည် ရေခဲမုန့်ဖန်ကလပ် အတွင်းမှာ ကျန်ရှိသောဇွန်း၏ အနံ့နှင့် တူညီစွာ မွှေးပျံ့နေ၏။ မနေ့ကပြောသောစကား နောက်နေ့တွင် ကွယ်ပျောက်ပျက်စီး မေ့လျော့သွားသည်ကို ယောနိသောမနသိကာရဖြင့် အသင့် အတင့် နှလုံးသွင်း ဆင်ခြင်နိုင်ဖို့ အတော်ကြာလိမ့်မည်။ မသိဘဲနှင့် မပြောနှင့်။ မတတ်ဘဲနှင့် မလုပ်နှင့်။ အကောင်အထည် မဖော်နိုင်လျှင် ကတိမပေးနှင့်။ သံသရာသည် လုံးဝန်းစွာ လည်ပတ်တတ်ပါသလား။ တစ်နေ့နေ့မှာ တစ်နေရာရာသို့ ပြန်ရောက်မည်ကို မိမိဝါ မသိလေသလား။ ခေါ် ချင်သလိုသာ ခေါ်ပါ။ မိမိဝါသည် အိပ်မက်ဖြစ်ကြောင်း တစ်နေ့နေ့ သိလာလိမ့်မည်ဟု တရားကျအောင် နားချရုံနှင့် ဇော်ဇော်အောင်သည် သူ၏ အကျဉ်းသားဘဝမှ လွတ်မြောက်မည် မထင်ပါ။ ဇာနားတွန့် သုံးထပ်ဖြင့် ဖွဲ့စည်းအပ်သော ကျိုင်းတုံအင်္ကျီ ပန်းချီကားချပ်ထဲမှာ ဝင်းဝါသော ရင်ညွန့်လွင်ပြင်ကို ပြန့်ပြူးအကာအကွယ်မဲ့ ခံစားရ၏။ တစ်ခုခုကို ယုံခြင်းသည် အခြားတစ်ခုကို မယုံခြင်းဟု အဓိပ္ပာယ်သတ်မှတ်၍ ရနိုင်ပါမည်လား။ မိမိဝါ၏ အိပ်မက် သက်သက်မျှသာ ဖြစ်ခြင်းကို ကျွန်တော်ယုံသလား မယုံသလား။ အကြောင်းကိစ္စ မဟုတ်ဟု ထင်ပါသည်။ တစ်ခုချင်း သတ်သတ်ခွဲကြည့်လျှင် ဘာမျှမလှသော သူ့မျက်နှာ အပေါင်းအစုသည် လှပသော မုသားဖြစ် ကြောင်း ယုံရမည်လား။ သူသီချင်းဆိုသောအခါ ကြာညိုပန်းနှင့် တူသော သူ့ပါးစပ်ထဲမှ ပျားရည်လက်နက်ပုန်းများ လမ်းကြောင်းအမျိုးမျိုး ခွဲ၍ ပျံသန်းထွက်လာတတ်ကြောင်း ယုံရမည်လား။ ကိုယ့်အိမ်မဟုတ်ဘဲ သူများအိမ်ပေါ် တက်၍ ထိုအိမ်သားများကို အကာအကွယ်ပေးရန် အိမ်သားအားလုံး အိမ်ပေါ်မှ နှင်ချသူကို ကယ်တင်ရှင်ဟု ခေါ်မည်လား။ မိမိဝါ ကျွန်တော့် အသည်းနှလုံးအိမ်ထဲမှာ နေနေသည်။ မိမိဝါသည် ကယ်တင်ရှင် လား။ ကျူးကျော်သူလား။ ချစ်စရာကောင်းသော မုသားလား။ ရုပ်ဖျက်ထားသော နယ်ချဲ့စနစ်လား။ လိုလားပွတ်သပ်သော အကြည့်မျက်စောင်း ထောင်းထုရိုက်သတ်၍ ကျွန်တော် သေသွားနိုင်ပါသည်။

 

×××

 

လုံးဝန်းသွယ်မွတ်သော သူ့ခြေသလုံးသားလေးများနှင့် နှိုင်းယှဉ်စရာ အလင်္ကာသည် အိတ်ဇိုဆေးဒုံးပျံထဲမှာ ရှိ၏။ အမြောက်ကျည်ဆံခွံများဖြင့် အိမ်ဆောက်ပါ။ အပေါ်က ဖန်ချပ်အကြည်သား မိုးပါ။ ထိုအိမ်ထဲမှာ သစ်ခွပန်းစိုက်ပါ။ ရေလောင်းပါ။ ပွင့်လာသောအခါ ကျွန်တော်ခူးပါမည်။ မိမိဝါအတွက် သေဆုံးသွားပြီဖြစ်သော သက်ပြင်းချသံဖြင့်ထုပ်၍ ခြောက်သွေ့နေသော မျှော်လင့်ချက်ဖြင့် စည်းနှောင်ကာ ထိုသစ်ခွပန်းကို သွား၍ ပေးရပါဦးမည်။ ဘယ်လောက်ပြောပြော၊ ဘာတွေပြောပြော မယုံပါ။ ဘယ်သူတွေကပြောပြော မယုံပါ။ မိမိဝါသည် ရုပ်ဖျက်ထားသော အိပ်မက်တစ်ခုဖြစ်ကြောင်း၊ နှင်းဆီဖူးများ ပွင့်အာသံကို အတုလုပ်၍ စပ်ဆိုထားသော သီချင်းတစ်ပုဒ်ဖြစ်ကြောင်း၊ အဝါနုရောင်သို့ ပြောင်းပြီးနောက် ထပ်မံ အရောင်ပြောင်းဖွယ် မရှိသော ကင်ဇိုရှပ်ကို ဝတ်ထားကြောင်း၊ ကြည်လင်အေးမြ စူးရှတောက်စားသော မျက်လုံးများအောက်မှာ မျက်ရစ်မပါကြောင်း၊ တူးတူး၏ သီချင်းများနှင့် မစီမာဇီးပေါင်း အလွန်ကြိုက်ကြောင်း၊ ဝါသနာမပါဘဲ မြန်မာစာအထူးပြုယူ၍ ဘွဲ့လွန်သင်တန်း တက်နေကြောင်း၊ မကြာမီ ခမ်းနားကြီးကျယ်သော တည်ဆောက်မှု တစ်ခုနှင့်အတူ ကျွန်တော့်ထံသို့ အချစ်တစ်သန်း ယူလာမည်ဖြစ်ကြောင်း၊ အိပ်မပျော်သောညမှာ ဆန်းကစ်ဖျော်ရည်သံဘူးမှ လိမ္မော်ရည်ကိုသောက်ရင်း ဇော်ဇော်အောင်၏ ဇာတ်လမ်းမဲ့ ဘာမှန်းမသိသော ဝတ္ထုတစ်ပုဒ်ကို အော်ဟစ်ဖတ်တတ်ကြောင်း၊ မနက်ဖြန်မနက်မှာ မင်္ဂလာရှိစွာ မိုးရွာမည်ဖြစ်ကြောင်း၊ မနက်ဖြန်မှာ အချစ်တို့သည် အရာအားလုံးကို ဖြည့်ဆည်းပြည့်စုံ စေလိမ့်မည်ဖြစ်ကြောင်း၊ သူပြောသမျှအကြောင်း၊ မိမိဝါ၏ အချစ်အကြောင်း မနက်ဖြန် မနက်မိုးလင်းသောအခါ အရာရာသည် မိမိဝါပြောသမျှ ဇော်ဇော်အောင် ယုံသည်။ မကျေနပ် ခေါင်းငုံ့၍ သိက္ခာရှိစွာ ငြိမ်ငြိမ်တိတ်တိတ်ကလေး နေသည်။ ဇော်ဇော်အောင် နင့်ကို ယုံမယ်ထင်သလား မိဝါ။ ။

သစ္စာပျက်မှတ်တမ်း

 

ကြာခဲ့ပြီ။

ကြာခဲ့ပြီ အချစ်ရယ်။

အနှစ်နှစ်ဆယ်သည် လျင်မြန်စွာ ပျံသန်းလာခဲ့၏။

အသည်းနှလုံးသည် အပိုင်းအစပေါင်း နှစ်ဆယ်တိတိ ကွဲအက်ပြတ်ကြွေ ပြီးသောအခါ ပြီးသည့်နောက်တွင်မူကား ရယ်မောသံသည် သွေ့ ခြောက်တွန့်လိမ် အက်ကွဲ၍ အဓိပတိလမ်း၏ဘေး ဖုန်မှုန့်များထဲတွင် လဲလျောင်းနေသည်။ ထိုနေရာတွင် ကမ္ဘာတည်သရွေ့ ရှိနေလိမ့်မည်။ နောင် အနှစ်တစ်သန်း ကြာသောအခါ သိပ္ပံပညာရှင်များ၊ သုတေသီများသည် တူးဖော် အမှတ်မထင် ရရှိလိုက်ကြသော ရယ်မောသံ ကျောက်ဖြစ်ရုပ်ကြွင်းကို စားပွဲတွင်တင်၍ စာတမ်းဖတ်ကြလိမ့်မည်။ ထိုအခါ မသေသောအချစ်သည် သူ့အကြောင်း တစ်စွန်းတစ်စ တစ်ပါဒမျှ မပါဝင်သော သုတေသနစာတမ်းကို နားထောင်၍ ပြုံးနေလိမ့်မည်။ ထိုအပြုံးသည် မိုက်မဲသော၊ အရှက်မရှိသော သစ္စာတရားကို တိတ်ဆိတ်စွာ ငေါက်ငမ်းနေပေလိမ့်မည်။

အနှစ်နှစ်ဆယ်သည် လျင်မြန်စွာ ပျံသန်းလာခဲ့သည်။

ထိုစဉ်က…

ထိုစဉ်က ကံ့ကော်ပွင့်တွေ ဝေနေသည်။ ဥသြငှက်၏ တေးသံသွင်း ရိပ်မြုံသည် အင်းလျားကန်စပ် တစ်ခုတည်းသော စိန်ပန်းပြာ အပင်ပေါ်တွင် ရှိခဲ့၏။ နှင်းကြွင်းတို့ စိုစွတ်သော မြက်ခင်းသည် အဆောင်တံခါးပိတ်ချိန် သံဆန်ခါကွက်များ နောက်မှ မြင်လိုက်ရသော မျက်လုံးကလေးနှင့် တူ၏။

ထိုစဉ်က တက္ကသိုလ်က လေပြည်ညင်းသည် ဒေါနပန်းတစ်ခင်းလုံးကို သယ်ဆောင်လာသည်။ ဒေါနလေပြည်ညင်းနှင့် တူသော ရယ်မောသံကို တစ်ရံမလပ် ကြားနေရ၏။

သစ်ပုပ်ပင်ကြီးသည် ထိုစဉ်က မအိုသေး။

နုပျိုသော ခြေထောက်ဖြူဖြူကလေး တစ်စုံသည် ဖိနပ်မပါ၊ ဗလာပြေး၍ ညိုရင့်ပြောင်လက်သော မဟော်ဂနီ ရွက်ခြောက်များကို လိုက်လံ နင်းချေခဲ့သေးသည်။ လဲပြိုမှု ယိမ်းယိုင်သွားသောအခါ သူရယ်သည်။ ထို ရယ်သံကို အဓိပတိလမ်းက ဖမ်းယူဝှက်ထား လိုက်ပြန်သည်။ ယခု ဘယ်ဆီ ရောက်နေပြီ မသိပါ။

ထိုစဉ်က……

သီရိဆောင်တွင် ကံ့ကော်ပင်တစ်ပင် ရှိခဲ့ဖူး၏။

သူ့အပွင့်တွင် ကြည်သာသော ချစ်သူတို့၏ ပန်းနုရောင်ရနံ့များ ရှိသည်။ ပွင့်ချပ်များတွင် ချစ်သူတို့၏ အပြုံးများရှိ၏။ ဝတ်ဆံများတွင် သဝန်တိုသော အချစ်စစ် အချစ်မှန်များ ရှိ၏။ အရွက်များတွင် ဟန်လုပ်သော စိမ်းကားမှုများရှိ၏။ အကိုင်းအခက်တို့သည် လောကတံတိုင်းတိုင် ယှက်ဖြာနေ၏။ ထိုအပင်သည် ထာဝရ။ ထိုစဉ်က သီရိဆောင်တွင် ကံကော်ပင်တစ်ပင် ရှိခဲ့ဖူးသည်။ ကံ့ကော်ပန်းများ ဝေနေသည်။ နှင်းမြူတွေ မှိုင်းနေ၏။ တက္ကသိုလ်များ ကံ့ကော်ပင်တွေဝေ၍ နှင်းမြူတွေ မှိုင်းပြီဆိုပါလျှင် ဘာကိုမျှမမြင်။ လောကသည် ပိတ်ဖုံးလျက်။ ရှည်လျားကော့သွယ်သော မျက်တောင်များပေါ်တွင် တင်နေသည့် နှင်းမှုန်ကလေးများကိုသာ မြင်ရသည်။

အင်းလျားရေပြင်သည် ပူနွေးသော အငွေ့များကို ထုတ်လျက်ရှိသည်။ ဖြူဖွေးနွဲ့သွယ်သော လက်ချောင်းကလေးများ ဖြန့်၍ ရေပြင်မှ အနွေးဓာတ်ဖြင့် မီးလှုံခဲ့ဖူးပါသည်။ အင်းလျားရေပြင်၏ အကြည့်သည် ယခုအခါလောက် စိမ်းစိမ်းကားကား မရှိလှ။ ပြုံးပြနေသည် ထင်၏။ ဘွဲ့နှင်းသဘင် အဆောက်အအုံကြီး၏ နောက်တွင် ကျွန်းဆွယ်တစ်ခုမှ ဖြာထွက်သွားသော၊ ကမ္ဘာပေါ်တွင် အလှဆုံးသော ကျွန်းကလေးတစ်ကျွန်း ရှိသည်။ သည်ဘက်အငူစွန်းမှာ ကိုင်း၍ပေါက်နေသော သစ်ပင်ကြီးတစ်ပင်လည်း ရှိသည်။ နောင် အနှစ်နှစ်ဆယ် ကြာသောအခါ သစ်ပင်ကိုင်းကိုင်းကြီး ရှိမရှိ ငြင်းခုန်ခဲ့ကြသေး၏။ ချစ်သူတို့၏ ငြင်းခုန်မှုသည် ကွဲကွာခြင်းနှင့် အထီးကျန်နိမိတ် ယူလာကြောင်း ထိုစဉ်က မသိ။ ယခု ထိုသစ်ပင်ကြီး မရှိတော့။

အဖြူရောင် နောက်ခံတွင်၊ အနီ၊ အပြာနှင့် အနက် ပတ်လည်စင်းများ ပါရှိသော လုံချည်ကို တိုတိုမ,၍ ကျွန်းကလေးသို့ ကူးလာသောအခါ ဖြူဝင်းသွယ်မွတ်သော ခြေသလုံးကလေးများ အင်းလျားရေပြင်တွင် အရိပ်ထင် ကျန်ရစ်၏။ ထိုအရိပ်ကို ကျီစယ်တတ်သော ရေကန်မိုက်က ဖမ်းယူ ဝှက်ထားခဲ့သည်။ ယခု ဘယ်ဆီတွင် ရောက်လေပြီမသိ။ ပျောက်ကွယ်သွားသော သစ်ပင်ကြီးရှိခဲ့ဖူးရာ နေရာဟောင်းကို မြင်မိတိုင်း လျှော့ထားသည်မှာ ကြာပြီဖြစ်သော အားတင်းမှုကိုသာ ဆူဝေလာပါသည်။

ဗဟိုစာကြည့်တိုက်၏ ဘေးတွင် ကံ့ကော်တောအုပ်ကလေး မရှိသေး။ မြက်ခင်းကွက်လပ်၏ အလယ် စိန်ပန်းပြာပင်ကြီး တစ်ပင်သာ ကြီးမားစွာ ရှိခဲ့၏။ အကိုင်းအခက်များသည် ပုံပြင်ထဲက စုန်းမကြီး၏ ခြေထောက်များနှင့် တူသော ထိုအပင်ကြီးသည် အရုပ်ဆိုးလှ၏။ သို့သော် တစ်ပင်လုံး အပြာနုရောင် သန်းလာသောအခါ ဘယ်သူမှ တုမရသောအလှ ပေါ်လာ သည်။ အပွင့်တွေကြွေ၍ ပင်အောက်ခြေ မြက်ခင်းတစ်ဝိုက် အပြာနုရောင်တွေ ဖုံးသောအခါ ထိုအလှသည် အထွတ်အထိပ်သို့ ရောက်တော့၏။ အပြာနုရောင် ပန်းကော်ဇောမှ ပွင့်ဖတ်တစ်ဖတ်ကို ကောက်ခဲ့ကြသေးသည်။ ဘယ်သောအခါမှ ပြန်လည်ဖတ်တော့မည် မဟုတ်သော ဒိုင်ယာရီဟောင်း တစ်ခုကိုမှ မတ်လ ၁၉ ရက်နေ့ ဟူသော စာမျက်နှာတွင် ယခုတိုင် ရှိနေပေလိမ့်ဦးမည်။ ထိုတစ်ခုသော ပွင့်ဖတ်၏ အပြာနုရောင် သစ္စာတရားသည် ယခုအခါ မည်းညစ်စွာ ပျက်ယွင်းခဲ့လေပြီ။

သစ္စာတရားဆိုသည်မှာ မည်သို့သော တရားမျိုးပါလဲ။ သမိုင်းစာအုပ်၏ ဝါကြင်ရော်နေသော စာမျက်နှာပေါ်မှာ ဒဿနပညာရှင်သည် မိုက်မဲသော အပြုံးစဖြင့် မသိကျိုးကျွံ ပြုနေသည်။

တက္ကသိုလ်များ ဓမ္မာရုံတွင် ဉာဏ်တော်တစ်တောင်သာသာ ကြေးသွန်းဘုရားတစ်ဆူ ရှိသည်။ သစ္စာမြဲ၍ လက်တွဲမဖြုတ်လိုသော ချစ်သူတိုင်း ထိုဘုရားထံတော်ပါးမှာ သစ္စာထားကြသည်ဟု အစဉ်အလာအဆို ရှိခဲ့ဖူးသည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်က ဖူးမြော်မြင်တွေ့ခဲ့ရသည့် အသရေတော် တည်ငြိမ်ခြင်းသည် မပြောင်းမလဲ သပ္ပာယ်ဆဲပင် ရှိပါလိမ့်မည်။ တက္ကသိုလ်များဓမ္မာရုံသို့ မရောက်သည်မှာ အနှစ်နှစ်ဆယ် ကြာခဲ့ပါပြီ။

အို... အရှင်၊ လောကသုံးပါးသခင်၊ မိုက်မဲလေးလံသော ဘုရား တပည့်တော်အား ခွင့်လွှတ်တော်မူပါ။

စိမ်းကားစွန့်ပစ်မှု၏ အထိမ်းအမှတ်ရနံ့သည် ခရေပန်းနံ့ ဖြစ်လေမည်လား။ ထိုပန်းသည် ဤလောကတွင် မနှစ်သက်ဆုံး၊ အမုန်းဆုံးပန်း ဖြစ်၏။ လွန်ခဲ့သော အနှစ်နှစ်ဆယ်က အမုန်းဆုံးပန်းကို ကြိုက်ခဲ့ရပြန်ပါသည်။ အင်းဝလမ်းမှထွက်သော် အင်းလျားပေါ်သို့ ရောက်၏။ အင်းဝတံခါး တည့်တည့်တွင် အဒေါ်ကြီးလုစ်၏ ကလေးများကျောင်း ရှိပါသည်။ ကလေးများကျောင်းနှင့် ဘုရားကျောင်း၏ အကြားတွင် ခရေပင်တန်းနှင့် လမ်းကလေးနီနီ ရှိ၏။ ချစ်သူတို့၏ ခရေလမ်းဟု အမည်တွင်ခဲ့သည်။ ယခု မည်သို့ခေါ်ကြသည် မသိ။ ချစ်သူတို့ ခရေလမ်းမှာ ခရေပန်းတွေ ဖွေးနေအောင် ကြွေတတ်ပါသည်။ ရေတမာတစ်ရွက်ကို ခူးဆွတ်၍ အရွက်များကို သတ်လိုက်သောအခါ အကြောတံ စိမ်းစိမ်းကလေး ကျန်၏။ ထိုရေတမာကြောတံတွင် ခရေပန်းများသီ၍ ခရေသီတံနှစ်ခုကို သူ့ခုတင်ခေါင်းရင်းမှာ ထား၍ ဘုရားကိုလှူခဲ့သည် ဟု ဆိုပါသည်။ အဘယ်ကဲ့သို့သော စိမ်းကားစွန့်ပစ်ခြင်းဆုကို တောင်းယူရမည်နည်း။

လက်ဖက်ရည်ဆိုင်ကလေးမှာ နှစ်နာရီကြာ၏။ ဘာစကားတစ်ခွန်းမျှ မပြော။ မျက်လွှာချ၍ လက်ဖက်ရည်ပန်းကန်ကိုသာ ငုံ့ကြည့်နေဖူးသည်။ ပန်းနုရောင်ဖျော့ဖျော့ နှုတ်ခမ်းဆိုးဆေးများ စွန်းထင်းသော လက်ဖက်ရည် ပန်းကန်ပေါင်း တစ်သိန်းခန့်ပင် ရှိပေရော့မည်။ အေးစက်ချွဲပျစ် ဝါကြင်သော လက်ဖက်ရည်များသည် မျက်လွှာချထားသူ၏ ရှက်ရောင်ပြုံးကို သောက်သုံးဝါးမျို လိုက်ပြန်၏။ ပြန့်ကျဲကျနေသော စီးကရက်ပြာတောင့် ပြာစများသည် နှစ်ဦးသားကြားတွင် တံတိုင်းတစ်ခုကို တည်ဆောက်စ ပြုနေကြောင်း ထိုစဉ်က မသိခဲ့။ စားပွဲအောက်မှာ ခွေးကလေးတစ်ကောင်သည် စားကြွင်းစားကျန်များကို ရှာဖွေနေ၏။

ချစ်ခြင်းမေတ္တာ၏ အကြီးအကျယ် အမြင့်မားဆုံးကိစ္စသည် လုံးဝ မချစ်ဘဲနေခြင်း ဖြစ်သည်ဟူ၍များ ပြောဖူးပါသလား။ ဤစကြဝဠာတွင် အနိမ့်အမြင့်၊ အတိုအရှည်၊ အပူနှင့်အအေး စသည် စသည်တို့ မရှိကြ။ ရှိသည်ထင်သော အရာနှစ်ခု၏ နှိုင်းယှဉ်ခြင်းသာ ရှိကြသည်ဟု မည်သူ ပြောခဲ့ပါသနည်း။ အချစ်နှင့်အမုန်းသည် အခြေအနေနှစ်ရပ်၏ နှိုင်းယှဉ်ခြင်းသာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။

သို့သော် ချစ်တော့ချစ်ပါသည်၊ မေ့တော့မေ့လိုက်ပါ ဟူသော စကားတစ်ခွန်းသည် မည်သည့် ဝိဘာဂအုပ်စုတွင် ပါဝင်ပါသနည်း။ ချစ်၍နေရ ခြင်း၊ ချစ်၍နေခွင့်ရှိခြင်းကို မည်သူ့ထံတွင် သွားရောက်တောင်းခံ ရပါမည်နည်း။

ရက်စက်သော၊ စိမ်းကားသော၊ ကွေ့ဝိုက်သော၊ ကောက်ကျစ်သော၊ လှည့်ပတ်သော၊ အမိုက်မ။ မာရီယာ...။ အနှစ်နှစ်ဆယ်မျှ သင်၏ကိုယ်နံ့နှင့် သင့်ပန်းနုရောင်နှုတ်ဖျားမှ ပဲ့တင်သံများကို ကျွန်ုပ်၏ နှလုံးသားတွင် သိုဝှက်သိမ်းဆည်း ထားခြင်းဖြင့် သင့်အား ဒဏ်ခတ်ခဲ့သည်ကို ဤမှတ်တမ်းဖြင့် သိစေလိုပါသည်။ သင့်နှုတ်ခမ်းပါးလှပ်၊ ပါးစပ်ပိတ်၍ ပြုံးတတ်သော ခရမ်းရောင်အပြုံး ကွယ်ပျောက်သွားသည့် ခဏဝယ် ကျွန်ုပ်တွင် ရေးရန်မကျန်တော့ပြီ။ ခရမ်းရောင်မိန်းမ၊ မာရီယာ၊ အနှစ်နှစ်ဆယ် ကြာခဲ့ပါပြီ။ အချစ်မ၊ အမုန်းမ၊ အမိုက်မ၊ မာရီယာ။ ။

မှန်ဗီရိုထဲက ချစ်သောမကြည်ပြာ

 

အင်းလျားလမ်းမီးပွိုင့်က “အပြုံးများ” လက်ဖက်ရည်ဥယျာဉ်မှာ မကြည်ပြာနှင့် ကျွန်တော် ရန်ဖြစ်ခဲ့ကြသည့် အကြောင်းကို ပြန်လည်တွေးတော ကြည့်သောအခါ အချို့သည် လွမ်းစရာ၊ အချို့သည် ပျော်စရာ၊ အချို့သည် ရယ်စရာ ကောင်းကြပါသည်။ အမှန်စင်စစ် အချစ်တို့ဖြင့် ပျော်ဝင်နူးအိနေသော ပန်းသီးတစ်လုံး မည်မျှချိုကြောင်း ထိုနေ့က မသိခဲ့။ ရှမ်း တို့ဟူးကြော် ပူပူနွေးနွေးနှင့် အေးစက်ခဲပျစ်နေသော နို့စိမ်းလက်ဖက်ရည်တစ်ခွက် မည်မျှလိုက်ဖက်၍ အတွဲအစပ် အဆင်ပြေ ညီညွတ်မှုရှိကြောင်း ကောင်းစွာမသိသော မကြည်ပြာက ပါရမီမှာရှိသော “ဘာဂါဟောက်စ်” သို့ သွားလိုသေးသည်။ သူမသိသောအရာတွေ အများကြီးပါ။ ကြည်အေး၏ ကဗျာများအကြောင်း လေ့လာချက်ဖြင့် မဟာဝိဇ္ဇာဘွဲ့ယူရန် ကြိုးပမ်းနေချိန်မှာ မကြည်အေး ကဗျာဘယ်နှပုဒ် ရေးခဲ့ကြောင်း သူမသိ။ စာတတ်မြောက်ရေး လှုပ်ရှားမှုအကြောင်း သူမသိ။ ဘော့ဂဲလ်ဒေါ့နှင့် အာဖရိကအငတ်ဘေး အကြောင်း သူမသိ။ ရှာနိုဘိုင်းစက်ရုံ ပေါက်ကွဲမှုအကြောင်း သူမသိ။ အထူးအထွက်တိုးစပါးနှင့် ဇီဝဓာတ်ငွေ့ ထုတ်လုပ်ရေးအကြောင်း သူမသိ။ စစ်အကြောင်း သူမသိ။ ဂယီနီဗာဆွေးနွေးပွဲများ အကြောင်း သူမသိ။ ကြက်မောက်တောင် စီမံကိန်းအကြောင်း သူမသိ။ ပို့ကုန်ပစ္စည်း အသစ်များနှင့် ဈေးကွက်အသစ်များ အကြောင်း သူမသိ။ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲများအကြောင်း သူမသိ။ သံပရာသီးတစ်လုံး၏ ပေါက်ဈေးများ သူမသိ။ အမှတ် ၄၅ ဘတ်စ်ကား ဘယ်လမ်းတွေ ပြေးဆွဲနေသလဲ သူမသိ။ နေ့စဉ်နှင့်အမျှ လူ့ဘဝပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေသလဲ သူမသိ။ သူသိတာက တစ်ခုပဲရှိသည်။ မကြည်ပြာ ကျွန်တော့်ကို သိပ်ချစ်သည်။ ထိုအကြောင်း သူကောင်းကောင်းသိ၏။

 

×××

 

မှန်ဗီရို ဘယ်ဆိုင်ကဝယ်သလဲ၊ ဘယ်လောက်ပေးရသလဲ အကြောင်းမဟုတ်ပါ။ အရေးအကြီးဆုံးကတော့ ဗီရိုထဲမှာ ဘာရှိသလဲဆိုသော အကြောင်းသာ ဖြစ်ပါသည်။ စက္ကူစုတ်များ၊ ပိုးဟပ်ချေးများ၊ အိမ်မြှောင်ဥများ၊ ပင့်ကူအိမ်များ၊ ဖုန်မှုန့်များ ရှိနေပါလျှင် ဗီရိုအသစ်တစ်လုံးသာ ရှာပါတော့။ ကျွန်တော့်ဗီရိုထဲမှာ မကြည်ပြာ၏ပြတိုက် ရှိပါသည်။ သမ္မတရုပ်ရှင်ရုံမှ ထိုင်ခုံလက်မှတ် ဖြတ်ပိုင်းအဟောင်း နှစ်စောင်၊ သူအလွန်ကြိုက်သော ပက်ပါးပူရှိန်းသကြားလုံး စက္ကူပတ်တစ်ခု၊ စနေနေ့ တစ်ညနေ ခင်းမှာ တစ်ဖက်ကျပျောက်သွား၍ တစ်ဖက်တည်းသာ ကျန်သော နားကပ်တစ်ဖက်၊ ကျွန်တော့်ထံသို့ ပေးပို့သော သူ့စာ နှစ်ရာနှစ်ဆယ့်ငါးစောင်၊ သင့်ချစ်သူ စိတ်ကောက်နေသည် ချော့လိုက်ပါဟူသော စာတန်းပါသည့် ပေါင်ချိန်စက်လက်မှတ်တစ်ခု၊ သူ့ဓာတ်ပုံ လေးဆယ့်ငါးပုံ၊ အင်းလျားလိတ် ကော်ဖီဘားမှ ငွေရပြေစာဖြတ်ပိုင်း သုံးဆယ့်ခြောက်စောင်၊ ကိုပန်းသီးဆိုင် မှ ကျပ်ငွေတစ်ထောင့်ရှစ်ရာ ပေး၍ ဈေးမဆစ်ဘဲ ဝယ်ခဲ့သော စိန့်လောရင့်မှ ရေမွှေးပုလင်း ထည့်ပေးလိုက်သည့် စက္ကူအိတ်ဟောင်းတစ်ခု။ ထိုအရာများကို ကျွန်တော် မြတ်မြတ်နိုးနိုး တန်ဖိုးကြီးစွာ သိမ်းဆည်းထားပါသော်လည်း ကျွန်တော်၏ မြတ်နိုးလှစွာသော မကြည်ပြာက “နင့်ဗီရိုထဲက ဟာတွေအားလုံး စက္ကူစုတ်တွေ၊ အမှိုက်တွေချည်း ပါပဲလား” ရယ်တစ်ဝက်နှင့် ပြောသောကြောင့် သူနှင့်ကျွန်တော် “အပြုံးများ” လက်ဖက်ရည်ဥယျာဉ်မှာ ရန်ဖြစ်ခဲ့ရပါသည်။ ကျွန်တော့်ဗီရိုထဲမှာ စက္ကူစုတ်တွေ၊ အမှိုက်တွေသာ ရှိနေကြောင်း ယခုအထိ ကောင်းကောင်းမသိပါ။ ဗီရိုထဲက စက္ကူစုတ်များသည် ရယ်စရာကောင်းလှ၏။

 

×××

 

လမ်းပေါ်မှာ အမှိုက်တွေရှိသည်။ အချို့အမှိုက်များမှာ ဖယ်ရှားပစ်စရာ မလိုဘဲ ကျော်ခွသွားရုံမျှသာ ဖြစ်သော်လည်း စိတ်အနှောင့်အယှက် ဖြစ်ရပါသည်။ လမ်းပေါ်မှာ အမှိုက်များ၊ အချို့လူများသည် အမှိုက်ဖြစ်၏။

 

×××

 

ဦးထွန်းမြင့်သည် ဆရာကောင်းတစ်ယောက် ဖြစ်သည်။ တစ်နေ့တခြား ရှားပါးစပြုနေပြီလား အထိတ်တလန့် ရင်ဖိုရလောက်အောင် ရှားပါး သော ဆရာအမျိုးအစားထဲမှာ ဦးထွန်းမြင့်သည် နောက်ဆုံးလက်ကျန် ဆရာမဖြစ်ပါစေနှင့် ဟု ဆုတောင်းမိသည်။ ဦးထွန်းမြင့်သည် မကြည်ပြာ တို့ကို ဘာသာဗေဒသင်၏။ အတန်းမှန်မှန် မတက်သော မကြည်ပြာ တစ်နေ့သောအခါ ဆရာဦးထွန်းမြင့်ထံ သွား၏။ ဘာသာဗေဒကို သုံးလအပြတ်နှင့် သူတစ်ယောက်တည်းကို သင်ပေးပါရန်နှင့် ငွေသုံးထောင် ကန်တော့ပါမည်ဟု ပြောသည်။ ဦးထွန်းမြင့် မျက်နှာသည် ညိုမှောင်ရာမှ ရုတ်ခြည်း မည်းပုပ်သွား၏။ ခပ်ကြမ်းကြမ်း ဆဲဆိုငေါက်ငမ်းလိုက်သည်။ ငါ့ပညာကို ငွေသုံးထောင် ပေးဝယ်တာလား၊ ယောက်ျားလေးသာ ဆိုရင် နင့်ကိုငါ ဆွဲထိုးမိမယ်။ အခုထွက်သွား၊ သူအော်ဟစ်နှင်ထုတ်၏။ မကြည်ပြာ အခန်းထဲက ထွက်ခဲ့သည်။ သူ့မျက်နှာ ဘယ်လိုနေသည် မသိ။ ဆရာ့မျက်နှာကို ကျွန်တော်လှမ်းကြည့်၍ ထိုအကြည့်နှင့်ပင် မကြည်ပြာကိုယ်စား ကျွန်တော် တောင်းပန်ခဲ့ပါသည်။ ကျွန်တော် တောင်းပန်ခဲ့ကြောင်း ဆရာ သိမသိ ကျွန်တော်မသိပါ။ ထိုဆရာသည် ဆရာဖြစ်နေခြင်း အတွက် ကျွန်တော် အလွန် သနားသွားပါသည်။ လေးလည်း အလွန်လေးစား သွားပါသည်။ တောင်ငူဆောင်အောက် ရောက်သောအခါ မကြည်ပြာ့မျက်နှာကို အသေအချာ ကြည့်မိ၏။ သူ စိတ်ဆိုးနေသလား၊ အားနာနေသလား၊ နောင်တရ စိတ်မကောင်း ဖြစ်နေသလား။ မကြည်ပြာ၏မျက်နှာ လမင်းသည် လေးကျွန်းလုံး ထွန်းလင်းလျက်။ သူ ဘာမှမဖြစ်ကြောင်း အံ့သြဖွယ်ရာ တွေ့ရ၏။ ဟိုတစ်နေ့က နင်နဲ့ငါနဲ့ ရန်ဖြစ်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်ကလေး သွားရအောင်၊ ငါ တို့ဟူးကြော်စားချင်တယ် ဟု ပြောသည်။ ပညာဆိုတာ ဆရာတိုင်းထံမှ ငွေပေးဝယ်၍ မရကြောင်း ထိုနေ့က သူကောင်းကောင်း သိသွားမည် မဟုတ်ပါ။ အချစ်ဆိုတာကိုလည်း လူတိုင်းဆီမှ ငွေပေးဝယ်မရကြောင်း သူကောင်းကောင်းသိဖို့ လိုအပ်သော တစ်နေ့မှာ ထိုအကြောင်းကို ပြောပြသူ ကျွန်တော်မဖြစ်ပါစေနှင့် ဆုတောင်းနေမိသည်။ ထိုနေ့က ကျွန်တော့်တို့ ရန်မဖြစ်ကြပါ။ သုံးထောင့်ချွန် ရှမ်းတို့ဟူးကြော်ကို သူအလျင် တစ်ဝက်ကိုက်၍ ကျန်သောအပိုင်းကို ကျွန်တော့်အား စားစေပါသည်။ တို့ဟူးကြော် သုံးပွဲကုန်ခဲ့၏။ မကြည်ပြာကို ကျွန်တော်သိပ်ချစ်သည်။

 

×××

 

ဘာကြောင့်လဲဟု ကျွန်တော်စဉ်းစားသည်မှာ အကြိမ်တစ်သန်းမကပါ။ စဉ်းစား၍မရ၊ သူပြောမှ ကျွန်တော်သိရတော့သည်။ နင့်ကို ငါ ဘာကြောင့် ချစ်သလဲ နင်သိလား... ဟင်။ သွားစမ်းပါ ပေါက်ကရ။ နင်လား ရုပ်ချောတာ။ ဒါလောက် ပုံတုံးကြီးကိုများ။ ဘာရယ်၊ အာလိန်းဒီလွန် ဟုတ်လား။ ငါအကြိုက်ဆုံး ရုပ်ရှင်မင်းသား၊ အဲဒီမင်းသားနဲ့ တူတယ်လို့ ဘယ်သူက ပြောလဲ။ နင့်ဘာသာ ထင်တာလား။ ရယ်ရတယ်ဟေ့။ ဒီမယ် နင်ဟာ အမြဲ ငေးငိုင်နေတတ်တယ်။ စကားလည်း သိပ်နည်းတယ်။ မေးနိုင်လွန်းမှ တစ်ခွန်းနှစ်ခွန်း ပြန်ပြောတဲ့လူစားမျိုး။ ဘာခေါ်မလဲ၊ သိပ်အေးဆေးတယ်၊ နင် ငေးငိုင်နေပုံမျိုးက တစ်ခုခုကြောင့် မဟုတ်ဘူး။ နင့်ရင်ထဲက ဖြစ်လာတာ။ အဲဒီလို ငေးငိုင်နေပြီး သိပ်အေးတာ၊ သိပ်စကားနည်းလို့ ချစ်တာ။ ပြီးတော့ ဆင်းရဲတာ။ နင်ဘယ်လိုမှ မထင်နဲ့နော်။ ဟင့်အင်း၊ ဆင်းရဲလို့ သနားတာ မဟုတ်ဘူး။ ချစ်တာ၊ ချစ်ကိုချစ်တာ သိလား။ ပြီးတော့လည်းလေ၊ အခု တစ်ခါတည်း ပြောထားလိုက်မယ်။ ငါ့ကိုလေ၊ အမြဲတမ်း နင်နဲ့ ငါနဲ့ပဲ ပြောရမယ်။ အချစ်တို့၊ ချစ်ချစ်တို့၊ အသက်တို့၊ ကိုကိုတို့၊ ဘာတို့ ငါသိပ်မုန်းတာ။ ငါ့ကို အဲလို ဘယ်တော့မှ မခေါ်နဲ့ အဲလိုလေ၊ အချစ်တို့၊ ကိုကိုတို့၊ ဘာတို့ နင်ခေါ်တဲ့နေ့ဟာ နင့်ကို ငါမုန်းတဲ့နေ့ပဲ။ အဲဒါမှတ်ထား။ နင့်ကို ငါ သိပ်ချစ်တယ် ဇော်အောင်ရယ်။ ကျွန်တော် ဘာမှ ပြန်မပြောခဲ့ပါ။ အေးစက်နေပြီဖြစ်သော ရေနွေးကြမ်းကို မော့ သောက်လိုက်သောအခါ ရင်ထဲသို့ နှင်းဆီပန်းများ ဝင်သွား၏။

မကြည်ပြာ ကားမောင်းအလွန်ကြမ်းသည်။ ဂျပန်လုပ် ရီကွန်ဒီရှင်း ကားမျိုးမဟုတ်၊ နို့နှစ်ရောင် ဗော်လ်ဗိုလ်ကား တစ်ပတ်ရစ်၊ ဂျပန်တိုယိုတာ ငါးစင်းစာလောက် ပေးရသောကား။ ကားအကြောင်း ကျွန်တော်သိပ်နားမလည်၊ ဘယ်နံပါတ်စီးလျှင် ဘယ်ရောက်သည်လောက်သာ သိသူဖြစ်၏။ မကြည်ပြာ ကားမောင်းအလွန်ကြမ်းသည်။ သူကားမောင်းနေစဉ် ကျွန်တော့် နဖူးဆံစပ်၊ ကျွန်တော့်ရင်ဘတ်၊ ကျွန်တော့်လက်ဖဝါးတွေ အမြဲလိုလို ချွေးရွှဲစို့နစ်နေတတ်၏။ ဘရိတ်ကို ဆောင့်အုပ်လိုက်သော အခါမျိုး၊ ကျွန်တော့်ရင်ထဲမှာ ဖို၍အေး၍ သွားပါသည်။ ဂီယာပြောင်းသောအခါ မညင်သာ၊ ဂီယာဖုသီးကို လက်ဖနောင့်နှင့်ရိုက်၍ ပြောင်းတတ်၏။ ကလပ်အလွှတ် လီဗာဖိနင်း ကားကလေး ဝေါခနဲရိပ်ခနဲ ပြေးထွက်သွားသော အခါမျိုးတွင် ကျွန်တော် မျက်စိတွေပြာ၍ ဘာမှမမြင်ရ။ သို့သော် သည်လို ကြမ်းကြမ်းရမ်းရမ်း မောင်းနှင်နေခြင်းမှာ ကျွန်တော် လွင့်မျောသာယာ နေတတ်၏။ ပန်းတိုင်ကိုရောက်မှ သက်ပြင်းအရှည်ကြီး ချရတော့သည်။ ဘယ်လောက်ကြာကြာ ကျွန်တော် အသက်အောင့်ထားမိသည် မသိ။ မီးပွိုင့်မှာ အလယ်မီးဝါတစ်လုံး ဖွင့်လိုက်၊ မှိတ်လိုက်ဖြစ်နေ၏။ နင်ကားမောင်း ကြမ်းလိုက်တာ ကြည်ပြာရယ်။

 

×××

 

သစ္စာသစ်၊ ကြည်အေးကဗျာလား၊ ဗာဂျီနီယာဝုဖ် ဆိုတဲ့ စာရေးဆရာမကြီး ကြားဖူးလား။ သူရေးတဲ့ “ပိုးဖလံ၏နိဂုံး” ဆိုတဲ့ ဝတ္ထုတိုတစ်ပုဒ် ဖတ်ဖူးလား၊ ဆရာထင်လင်းသိလား၊ ကမျူးရဲ့အောက်ဆိုက်ဒါကို ဘာသာပြန်တဲ့ဆရာ။ သစ္စာသစ်ထဲမှာ ဗာဂျီနီယာဝုဖ်ရဲ့ ပဲ့တင်သံတွေ၊ ရနံ့တွေ ဘယ်လောက်ပါနေသလဲ စဉ်းစားကြည့်ပါလား။ ဟုတ်ချင်ဟုတ်မှာပေါ့။ ပိုးဖလံမျိုး မီးကိုတိုး ကိုယ်ကျိုးနဲခဲ့ပြီတဲ့။ ငါ ဘူမိဗေဒယူပေမဲ့ မြန်မာ ကဗျာကို ဖတ်ပါတယ်။ မြတ်လည်း သိပ်မြတ်နိုးပါတယ်။ ဟင့်အင်း၊ ငါ တစ်ခါမှ ကဗျာမစပ်ဖူးဘူး။ စပ်ဖို့လည်း မကြိုးစားဖူးပါဘူး။ ကဗျာဆိုတာ ရေးတတ်ဖို့ထက် ချစ်တတ်ဖို့က ပိုအရေးကြီးပါတယ် မကြည်ပြာရယ်။ အေး ဟုတ်တယ်။ ဒီနေ့ ငါစကားပြောတာ အတော်များသွားတယ်။ သစ္စာသစ်အကြောင်း နင် စပြောလာလို့ပါ။ တကယ်တော့ ငါတို့အားလုံးဟာ ပိုးဖလံတွေပါပဲ။ ငါ့မှာ ကဗျာရှိပါတယ်။ နင်ဟာ ကဗျာတစ်ပုဒ်ပဲ၊ နင်ဟာ တစ်လောကလုံးမှာရှိတဲ့ ကဗျာအားလုံးပဲ။ သိလား ကြည်ပြာ။ အင်း ပိုးဖလံပါပဲလေ။

 

×××

 

မှန်ဗီရိုကြီးကိုထမ်း၍ အင်းလျားလမ်းအတိုင်း ကျွန်တော် လျှောက်လာပါသည်။ ကျွန်တော့်နောက်က လူအုပ်ကြီး ပြေးလိုက်လာသည်။ ကျွန်တော်မပြေး။ ဗီရိုအလေးကြီး ထမ်းလာရ၍ ဖြည်းဖြည်းပဲ လျှောက်လာပါသည်။ ကျွန်တော့်နောက်က ပြေးလိုက်လာသူတွေ၏ ခြေထောက်အောက်က မြေကြီးက ထူးဆန်းစွာ နောက်ပြန်ရွေ့နေ၏။ သူတို့လက်ထဲမှာ တုတ်တွေ၊ ဓားတွေ၊ ကျောက်တုံးတွေ ပါ၏။ ကျွန်တော့်ကိုမိလျှင် စိစိညက်ညက် ကြေလိမ့်မည်။ ကျွန်တော် သေမှာအရေးမကြီးပါ။ မှန်ဗီရို ကွဲရှသွားမည်ကိုသာ စိုးရိမ်ပါ၏။ ကျွန်တော် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ နောက်ကလူအုပ် ဝေး၍ဝေး၍ ကျန်ရစ်ခဲ့သည်။ သူ့တို့ ခြေထောက်အောက်က မြေကြီး၏ နောက်ပြန်ရွေ့နှုန်း ပိုမြန်လာပြီထင်သည်။ ရုတ်တရက် ကျွန်တော့်ခြေထောက်အောက်က မြေကြီး ရုတ်တရက် ပျောက်ကွယ်သွား၏။ ကျွန်တော့်ရှေ့မှ မြေပြင်သည် ရေပြင်ဖြစ်သွား၏။ ရေထဲသို့ ဗီရိုရော လူပါ ဝုန်းခနဲ ပစ်ကျသွားပါတော့သည်။ ကျွန်တော့် မျက်လုံး၊ နားရွက်၊ နှာခေါင်း၊ ပါးစပ်ထဲသို့ ရေများဝင်လာ၏။ အနံ့ဆိုးရွား ပုပ်ဟောင်လှ၏။ အရသာ ခါး၏။ အသက်ရှူမရ။ မွန်းကျပ်လာပြီ။ ဗီရိုကြီးရေထဲမှာ ပက်လက် ပေါလောမျောလျက်။ တံခါးကိုဖွင့်၍ ဗီရိုထဲသို့ ကျွန်တော် ခက်ခက်ခဲခဲ ဝင်သည်။ ဗီရိုတံခါး ပြန်ပိတ်၏။ တော်ပါသေးရဲ့ဟု စဉ်းစားမိစဉ် ခဏမှာပင် ဗီရိုသည် ရေထဲမြုပ် ရေအောက်သို့ တဖြည်းဖြည်း ကျဆင်းသွားသည်။ ဗီရိုမှန်ချပ်ကို မျက်နှာကပ်၍ အပြင်သို့ ကြည့်မိသည်။ ကျွန်တော့်နောက်က ပြေးလိုက်လာသော လူအုပ်ကြီး ရေထဲမှာ ရယ်မော လက်ခုပ်တီးနေကြ၏။ သူတို့လည်း ကျွန်တော့်လိုပဲ ရေအောက်သို့ တဖြည်းဖြည်း ကျဆင်းနေ၏။ ဗီရိုထဲမှာ ဇော်ဇော်အောင် ရှိနေသည်။

 

×××

 

မကြည်ပြာနှင့် မောင်မြင့်အေးတို့၏ အင်းလျားလိတ်တွင် ကျင်းပမည့် မင်္ဂလာဧည့်ခံပွဲသို့ တက်ရောက်ချီးမြှင့်ပါရန် ဖိတ်ကြားသော မင်္ဂလာဖိတ်စာကို မှန်ဗီရိုထဲသို့ ကျွန်တော် တရိုတသေ ထည့်သွင်းသိမ်းဆည်း ထားလိုက်ပါသည်။

 

×××

 

ကြည်ပြာ အချစ်ရယ်...၊ ကိုကို… ကိုကို ကြည်ပြာ့ကို သိပ်ချစ်တယ်။

အရောင်မဲ့ စိမ်းလန်းသော စိတ်ကူးများ ဒေါသတကြီး အိပ်စက်နေကြသည်

 

တိမ်ကင်းစင်စွာ ရက်စက်စူးရှသော မိုးကောင်းကင်မှာ လေဆာရောင်ခြည်ဖြင့် လေးထောင့်စပ်စပ် ပြတင်းပေါက်တစ်ပေါက် ဖောက်ထားကြသည်။ ပြတင်းပေါက်ဘောင်ပေါ်မှာ မိဝါ ခြေတွဲလောင်းချ၍ တင်ပါးလွှဲ ထိုင်နေသည်။ ကျတော့မလို တွဲလွဲခိုနေသော ကြိုးသိုင်းဖိနပ် အဖြူကလေး တစ်ဖက်သည် စည်းချက်မှန်မှန် လှုပ်ယမ်းနေ၏။ ပွင့်သစ်သော နေရောင်ခြည်သည် မိဝါ၏ ခြေဖဝါးမို့မို့ကလေးပေါ်သို့ ကျရောက်၍ လွင့်စဉ်ဖြာထွက် သွားသောအခါ အပြာရောင်သံစဉ်များ ဖြစ်ပြန်၏။ မင်္ဂလာရှိသော မနက်ခင်းလေပြည်သည် နေရောင်ထဲမှာ ပျော်ရွှင်စွာ ကူးခတ်နေသည်။ အရေးအကြီးဆုံးသည် နေရောင်ခြည်သာလျှင် ဖြစ်ကြောင်း အမိုက်မ မိဝါကို ပြောပြရဦးမည်။ စိမ်းညို့ထူထပ်သော ရွက်ညွန့်တို့ကြားမှာ ဇီဇဝါ ပန်းများ ဖူးပါစေ။ တစ်နေရာမှာ မှိုင်းနေသော်လည်း နေရာတိုင်းမှာ တိမ်မည်းများ မရှိနိုင်ပါ။

အစိမ်းပျော့ရောင် ငုရွက်တွေကြားမှာ ငုပန်းဝါဝါများ ပွင့်ခဲ့တာ အချိန်အတော် ကြာခဲ့ပေပြီ။ အရေးကြီးဆုံးမှာ နေရောင်ခြည်သာ ဖြစ်ပါသည် မိမိဝါ။ အသည်းနှလုံးထဲမှာ နေရောင်ခြည်၊ နီညိုရောင် နှုတ်ခမ်းဆိုးဆေးပေါ်မှာ နေရောင်ခြည်၊ မိုလာငွေရောင်ကိုင်းနှင့် မျက်မှန်နောက်က ရွှန်းမြမျက်လုံးတွေထဲမှာ နေရောင်ခြည်၊ အကြေကောက် ဆံပင်ဖွာဖွာတွန့်တွန့် အဖျားမှာ နေရောင်ခြည်၊ ပန်းပွင့်ထဲမှာ၊ စာအုပ်ထဲမှာ၊ ဧည့်ခန်းထဲမှာ၊ မီးဖိုချောင်မှာ နေရောင်ခြည်၊ နေရောင်ခြည်သည် ရွှေရောင်ခြည်။ စကားပွင့် အဖြူစက်တို့ စွန်းကွက်လှပသော မိခင်မြေသားညိုညိုများပေါ်မှာ နေရောင် ခြည်။ လောကတစ်ခွင်လုံး လွှမ်းဖုံးဆွတ်ဖျန်းထားသော နေရောင်ခြည်၏ ရွှေရနံ့များကို လေးတွဲ့ချိုသာ ဖြန့်ဝေကြပါ။ ရဲရင့်ပြုံးရွှင်စွာ လက်ဆင့်ကမ်းကြပါ။ အသက် နှစ်ဆယ့်တစ်နှစ်၊ အရပ် ငါးပေနှစ်လက်မ၊ မျက်လုံး လှလှ၊ အသားဖြူဖြူ၊ မြန်မာစာအထူးပြု ကျောင်းသူ မိမိဝါ၏ ညနေခင်း ကိုယ်သင်းနံ့ကလွဲလျှင် ကမ္ဘာပေါ်မှာ အမွှေးဆုံးရနံ့သည် နေရောင်ခြည်၏ ရွှေရနံ့ဖြစ်သည်ဟု ဇော်ဇော်အောင် ပြောသောအခါ မည်သူ့ထံမှ ထောက်ခံချက်ယူရန် မလိုပါ။ နေခြည်ပွင့်သစ်တို့ ဖွင့်လှစ်ဖြန့်ချိအပ်သော မိုးကောင်းကင် ပြတင်းဝမှာ အလကားကောင်မလေး မိမိဝါ။ ရွှေရောင်ခြည်ကို ချစ်ကြပါ။

×××

 

အချစ်ဆိုတာ ဘာလဲဟု မမေးမိခင် အချစ်က အရင်ရောက်လာတတ်သည် ဟု ရှိတ်စပီးယားက ပြောခဲ့သလား၊ ဦးပုညက ပြောခဲ့သလား အရေးမကြီးဟု ထင်ပါသည်။ အချစ်ရောက်ချိန် စောတတ်သော်လည်း အချစ်ကြောင့်ဖြစ်သည့် ပူဆွေးကြေကွဲမှု၊ ဘဝကြွေပျက်မှုတို့ကို ဖြေသိမ့် ကုစားနိုင်သည်ဟု အဆိုရှိသော အရာကား အတော်နောက်ကျမှ ရောက်လာတတ်ကြောင်း ဘယ်သူ ပြောခဲ့သလဲ။ ပြန်စဉ်းစား၍ မရပါ။ သို့သော် မိုးအမြင့် ပြတင်းပေါက်တွင် ခြေတွဲလောင်းချ ထိုင်နေသော မိမိဝါကို ကျွန်တော် သိပ်ချစ်ကြောင်း သိလိုက်သည်မှာ သိပ်နောက်မကျသေး ဟု ထင်မိပါသည်။ အဘယ့်ကြောင့်ဆိုသော် အခုအထိ ပိတောက်ပန်းများ မပွင့်သေးပါ။ သန့်ရှင်းသပ်ရပ်စွာ လှည်းကျင်းထားသော ကြမ်းပြင်ပေါ်မှာ အဖြူနုနုဖုန်မှုန့်များ မတင်သေးပါ။ မှာယူထားသော ချိုပေါ့ကျ လက်ဖက်ရည်တစ်ခွက် ရောက်မလာသေးပါ။ ဝါးရုံပင်ထိပ်ဖျားစွန်းမှာ ငွေလဝန်းကို မဆွဲချိတ်ရသေးပါ။ ညစ်ပတ်နံစော်သော ထိုင်ခုံကို မဆေးကြောရသေးပါ။

သောက်ရေအိုးကို မဖြည့်ရသေးပါ။ အချိန် ခုနစ်မိနစ် မစေ့သေးပါ။ ထို့ကြောင့် သိပ်နောက်မကျသေးပါ ဟု ထင်ပါသည်။ သို့သော် မြန်မာစာ က ကောင်မလေးနှင့် အနုပညာအကြောင်း ဆွေးနွေးရသည်မှာ အလွန်တရာ ဟန်မကျသော ကိစ္စဖြစ်ကြောင်း ကျွန်တော် စောစောကတည်းက သိဖို့ကောင်းပါသည်။ ကျော်ဟိန်းဆိုသော မောင်သစ်မင်း၏ သီချင်းတစ်ပုဒ်ကို ရောင်ခြည်ရွှေရနံ့တို့ဖြင့် သေသပ်လှပစွာ ထုပ်လိုက်စမ်းပါ။ သီချင်းထုပ်ကို အပြင်က ရသကိုးပါးနှင့် ထပ်၍ ထုပ်ပါ။ နောက်တစ်ခါ မဲပြာပုဆိုးဖြင့် ထုပ်ပါဦး။ နောက်တစ်ခါ လူတစ်ယောက်၏ မရှိသောအရှက်ဖြင့် ထပ်၍ထုပ်ပါဦး။ အပေါ်က ဖဲကြိုးအဝါဖြင့် သေချာစွ ာစည်းနှောင်၍ ထိုဖဲကြိုးကို ပရုပ်ဆီသုတ်လိမ်း၍ အပေါ်က နေရာအနှံ့ ဆားဖြူး၍ ထိုသီချင်းထုပ်ကို ယူဆောင်ခဲ့ပါ။ အမြင့်ဆုံးတောင်ထိပ်သို့ တက်၍ ထိုသီချင်းထုပ်ကို ပင်လယ်တွင်းသို့ ပစ်ချလိုက်ပါ။ ထိုအခါ သီချင်းသံသည် ယုဇနပင် အကိုင်းဖျား၊ ယုဇနပွင့်ဖြူဖြူကလေးတွေ ကြားမှာ ရယ်မောတင်ကျန် နေလိမ့်မည်ကို အံ့သြမယုံနိုင်ဖွယ်ရာ တွေ့ကြရပါလိမ့်မည်။ အနုပညာဆိုသည်မှာ ဤလောကတွင် အံ့သြဖွယ်ရာ အကောင်းဆုံးသော အခြင်းအရာဖြစ်သည် ဆိုသော သစ္စာတရားကို သိရှိစွဲမြဲကြဖို့ လွန်စွာ လိုအပ်နေပါသည်။ ဘယ်သူ့ထံမှ ချဉ်းကပ်မေးမြန်းရန်၊ ဆွေးနွေးညှိနှိုင်းရန် မလိုပါ။ ရင်ထဲသို့ အနုပညာ ရောက်လာသောအခါ ထိုသစ္စာတရားကို အလိုလို သိလာပါလိမ့်မည်။ ရင် ထဲသို့ အနုပညာရောက်လာစေဖို့ အရေးကြီးဆုံးမှာ နှလုံးသားပြတင်းပေါက်ကို ပိတ်ဆို့ကာဆီး မတားစေဖို့၊ အနှောင့်အယှက် မပေးဖို့ဘဲ ဖြစ်သည်။ ပြတင်းပေါက်၏ရှေ့မှာ စာအုပ်များ မထားပါနှင့်။ သြဇာပေးချင်သော စိတ်များ မထားပါနှင့် မြို့ရွာဒေသအမည်များ မထားပါနှင့်။ ဝါးလုံးရှည်များ မထားပါနှင့်။ ဘဝင်မြင့်ရောဂါပိုးများ မထားပါနှင့်။ တတ်ယောင်ကား လူတွင်ကျယ်လုပ်မှုများ မထားပါနှင့်။ တရားသေပုံစံများ မထားပါနှင့်။ မနာလိုဝန်တိုစိတ်များ မထားပါနှင့်။ ဘာနှင့်မှ တားဆီးပိတ်ဆို့ မထားပါနှင့်။ ထိုအရာများနှင့် အနုပညာ မတည့်ပါ။ ရင်ထဲမှာ အခုတော့ ဗလာ၊ မိဝါကို ပြောပြချင်ပါသည်။ သူ့ကို ကျွန်တော် သိပ်ချစ်သည်လို့။

 

×××

 

နားရွက်ဖျားမှာ နှစ်နားညီတြိဂံပုံ ရွှေနားဆွဲကလေး တခါခါလှုပ်ယမ်း၍ ခေါင်းအငဲ့၊ ခေါင်းအခါမှာ ကောက်ကောက်တွန့်တွန့် ဆံပင်များ တဖွာဖွာ၊ သူသဘောကျရင် အကျယ်ကြီး အော်ရယ်တတ်၍ ရယ်သံတစ်ဝက်မှာ ပါးစပ်လှလှကလေးကို လက်ချောင်း ဖြူဖြူသွယ်သွယ်ကလေးများဖြင့် ဘရိတ်အုပ်လေ့ရှိသော၊ မကြည်အေး၏ ကဗျာအတော်များများနှင့် ရှင်ဥတ္တမကျော် တောလားကြီးတစ်စောင်လုံး အလွတ်ရသော၊ တင် အောင်နီ၏ ပြာလောင်နှင့် မောင်ဝဏ္ဏ၏ သမိန်ပေါသွပ်ကို အကြိုက်ဆုံးဟု ဆိုသော၊ ရုပ်မြင်သံကြား အစီအစဉ်မှာ တစ်လတစ်ခါလောက်ပါသော အဆိုကောင်း အကကောင်း၊ အလှဆုံး၊ အလျင်ဆုံး၊ ဇော်ဇော်အောင် အချစ် ဆုံး၊ မြန်မာစာဌာနတည်ရာ တောင်ငူဆောင်၏ ငွေလမင်းဖြစ်သော ကျွန်တော်အချစ်ဆုံး မိမိဝါသည် အလကားကောင်မလေး ဖြစ်၏။

 

×××

 

ဖျော့တော့ပါးလျော့သော ဖန်နန်းဆောင်ထဲမှာ ရယ်မောသံများသည် ပန်းပွင့်ယောင်ဆောင်၍ နေကြသည်။ ယုံကြည်ဖို့တော့ လိုအပ်သည်။ ဘာပဲလုပ်လုပ် ယုံကြည်ဖို့တော့ လိုအပ်ပါသည်။ အချစ်ကို ပလ္လင်ဆောက်၍ ဂုဏ်မြှောက်ကာ တင်ထားသော်လည်း တကယ်ချစ်ဖို့ လိုအပ်ပါသည်။ ဘာပဲလုပ်လုပ် ယုံကြည်မှ လုပ်ကြပါ။ မိဝါကို ချစ်သောအချစ်မှာ ကျွန်တော် ယုံကြည်ပါသည်။ ထိုအချစ်သည် ဂျုံရိုးနုနုကလေးများဖြင့် ရက်လုပ်ထားသော လက်ကိုင်အိတ်ထဲမှာ ရှိပါသည်။ မဟာမင်းလှမင်းခေါင် ဦရွှန်းရေးဖွဲ့ခဲ့သော နွယ်ပင်နှင့်တူသည့် ဥမ္မာဒန္တီ၏ လက်မောင်းကလေးများသည် မိမိဝါ၏ လက်မောင်းကလေးများလောက် မလှဟု ထင်ပါသည်။ မိမိဝါသည် အရှေ့တောင်အာရှမှာ လက်မောင်းအလှဆုံး၊ အထင်မျှသာ ဖြစ်သည်ဟု ဆိုချင်ဆိုပါ။ လူဆိုသည်မှာ ထင်တတ်ကြစမြဲ။ သိပ်ဟုတ်သည်၊ သိပ်မှန်သည်၊ သိပ်သိသည်၊ သိပ်တတ်သည်၊ သိပ်တော်သည်ဟု ထင်ရင်းထင်ရင်း စင်ပေါ်မှာ ကိုယ်တစ်ယောက်တည်း ကျန်နေတတ်သည့် အဖြစ်က ယူတတ်ရင် တရားရစရာပေပဲ။ လူတွေအားလုံးက သူ့ကို ကျောပေးနေကြပြီ။ မိဝါ၏ လက်မောင်းကလေးများ အရှေ့တောင်အာရှမှာ အလှဆုံးဟု ကျွန်တော် ထင်ပါသည်။ သနပ်ခါးအစင်းကြောင်းကလေးများ ရေးရေးမှုန်မှုန် ထင်ကျန်နေသော လုံးဝန်းချောမွတ်သည့် လက်မောင်းကလေးများ ၏ အသရေရှိမှုသည် အထင်တစ်ခု မဟုတ်နိုင်။ မဟုတ်တာတွေ ပြောပြ။ မမှန်တာတွေလုပ်ပါ။ ဝင်းဝါချောမွတ်သော သူ့လက်မောင်းကလေးများကိုသာ မထိပါးပါနှင့်။ ကိုယ့်ဘာသာကိုယ် နေပါရစေ။ မိဝါနှင့် နှစ်ယောက်အတူတူ တွဲ၍ ပူနွေးသော မိုးစက်တွေကြားမှာ ပြေးလွှားခုန်ပေါက်၍ တောင် လောက်ရှိသော ဥသြငှက်၏ ကျောကုန်းထက်မှာ လိုက်ပါ၍ နေရာအမှတ်အသား မရှိသော အရပ်ဒေသသို့ သွားကြရပါဦးမည်။ ကောင်းကင်ပြာမှာ ခဲသားရောင်တွေ ညို့နေ၏။ မီးကျီးခဲပေါ်မှာ ကြွပ်ဆတ်တွန့်လိပ်စွာ ဖုံးနေသော ဖြူရော်ရော် ပြာပွင့်ပြာစများ၏ နူးညံ့သိမ်မွေ့ပုံနှင့် တူလှသော မိဝါ၏ ရှက်ပြုံးသည် ဇော်ဇော်အောင်၏ အရေပြားပေါ်မှာ နေရာများစွာ ဘလိတ်ဓားဖြင့် မွှန်းနေသည်လား။ ကောင်မလေးတစ်ယောက်ကို ချစ်မိနေခြင်းမှ တစ်ပါး အခြားဘာမှမသိသော ကျွန်တော့်အား တောင်ပြုန်းပွဲမှာ ကြားခဲ့ဖူးသည့် “မရှက်ဘူးလား၊ မကြောက်ဘူးလား” ဟူသော နတ်သီချင်းကို သီဆိုပြနေစရာ မလိုပါ။ မရှက်တတ်သူတွေ၊ မကြောက်တတ်သူတွေ ဤ လောကမှာ တစ်ပုံကြီးပါ။ အရေးအကြီးဆုံးက မိဝါကို ကျွန်တော် မည်မျှ ချစ်နေကြောင်း စကားတွေအများကြီး၊ ခမ်းနားကြီးကျယ်စွာ ပြောနေဖို့သာ ဖြစ်ပါသည်။ မိဝါကို ကျွန်တော် တကယ်ချစ်မချစ် သက်သေပြရန် အကောင်းဆုံး အထောက်အထားမှာ ဘာလဲ။ အချစ်လား။ ကျွန်တော်ပြောသော ချစ်ကြောင်းလား။ ကျွန်တော် မည်မျှ ချစ်နေပါကြောင်းလား။ အရေး အကြီးဆုံးမှာ မိဝါကို ကျွန်တော် သိပ်ချစ်နေကြောင်း များများပြောဖို့သာ ဖြစ်ပါသည်။ ကမ္ဘာပေါ်မှာ လူတွေ စကားသိပ်ပြောကြသည် ဆိုသောအကြောင်း ကျွန်တော် ကောင်းစွာ သဘောပေါက်ထားသည်ဟု ထင်ပါသည်။ အမှန်စင်စစ် ရှက်တတ်ဖို့ ကြောက်တတ်ဖို့ သိပ်မလိုပါ။ စကားများများ ပြောဖို့သာ လိုပါသည်။ မိမိဝါဆိုသော ကောင်မလေးကို ဇော်ဇော်အောင် သိပ်ချစ်နေမိပါပြီ။ မထောက်ထား မညှာတာ မိမိဝါကို ချစ်မိသောကြောင့် လူအားလုံးက ကန့်ကွက်အရေးဆိုလာလျှင် ထိုသူများကို စကားလုံးများဖြင့် ဖုံး၍ ပစ်လိုက်မည်။ မိဝါကို သိပ်ချစ်သည်။ ဘာသာစကားသည် အမှန်တရားကို ဖော်ထုတ်ပြသရန် အထိရောက်ဆုံး ဖြစ်သလို ဖုံးကွယ်ပိတ်ဆို့ရန်လည်း အထိရောက်ဆုံး ဖြစ်ပါသည်။ သို့သော် မိဝါကို ကျွန်တော်ချစ်သည်မှာ အမှန်ပါ။ ဗေဒင်လက္ခဏာ မေးစရာ မလိုပါ။ ရင်ထဲမှာ ရှိပါသည်။ အပူအပင်ကင်းတဲ့ ကလေးဘဝ၊ တစ်ခါပြန် ရချင်သူများနှင့် ကျွန်တော် သဘောထားချင်း မတိုက်ဆိုင်ပါ။ ရွှေသားအပြားခတ်၍ နဝရတ် ကိုးပါးစီချယ်သော အနာဂတ်နန်းဆောင်ကိုလည်း မတမ်းတပါ။ ကျွန်တော် ပစ္စုပ္ပန်တည့်တည့်မှာပင် မိမိဝါကို ချစ်၏။

 

×××

 

မနေ့က မိုးရွာသည်။ ဓာတ်မီးတိုင်အောက်မှာ ပိုးဖလံအတောင်ပံကျွတ်များ ပုံနေ၏။ ရယ်မောကြ သွားကြ လာကြ။ လောကဥဒဟိုမှာ ဘာတွေဖြစ်နေသည်လဲ။ ထမင်းစား၍ ပြီးကြပြီလား။ အင်းလျားကန်ဘေးက အကြော်တဲကို ဓနိပျစ် သုံးဆယ့်တစ်ပျစ်ဖြင့် မိုး၍ထား၏။ မိုးမှုန်များ ကျလာသောအခါ သုန်မှုန်စွာ အလိုမကျသော ကန်ရေပြင်၏အလှ ဘယ်သူ ဖမ်းယူထားသလဲ။ အလှတရားကို စကားစပ်၍ ပြောကြတာ တော်လောက်ပြီ။ ဝိတိုရိယခေတ် အင်္ဂလိပ်ကဗျာထဲမှာပဲ နေရစ်ကြတော့။ မိမိဝါ၏ ရေစိုရွှဲသော နီညိုဖြူပြာ ကီမိုနိုလုံချည်စွန်းသည် အလှတရား၊ အလှတစ်ပါး ဖြစ်ကြောင်း အချိန်ကုန်ခံ၍ ပြောရန်မသင့်ပါ။ သင်္ကြန်ကျရင် ပိတောက်ပန်းများ ပွင့်သည့်အကြောင်း၊ ထိုပွင့်သောပန်းများ လှသည့် အကြောင်း အချိန်ကုန်ခံ၍ ပြောမနေကြနှင့်။ တစ်ခုတော့ စဉ်းစားဖို့ရှိသည်။ ပန်းများ တကယ်ပွင့်ရဲ့လား၊ ပွင့်သည်မှန်ရင်လည်း တကယ်လှရဲ့လား၊ လှသည်မှန်ရင်လည်း တကယ် ခံစားရရဲ့လား၊ နည်းနည်း စဉ်းစားဖို့ကောင်းသည်။

သည်မှာ မိဝါရှိ၏။ သွယ်လျကျစ်လျစ်သော သူ့ကို ကျွန်တော် ထွေးပိုက်ထားသည်။ ဟာမိုနီအောက်သော တီးလုံးတစ်ခုကို ပွေ့ပိုက်ထားရ သည်ကဲ့သို့ မိဝါ အသက်ရှူ မြန်လွန်းသည်။ ထိုအသက်ရှူသံကို အကြောင်းပြု၍ မိဝါရှိနေကြောင်း ကျွန်တော် အတည်ပြုပါသည်။ မိဝါ တကယ်လည်း လှပါသည်။ စိမ်းလန်းနုဖပ်သော မြက်ခင်းထဲက ခမ်းနားကြီးကျယ်မှုပမာ သူ့အလှကို ခံစားနေရပါသည်။ မိဝါ ရှိနေခြင်းအကြောင်း၊ မိဝါ အလွန်လှကြောင်း၊ မိဝါ၏အလှကို ခံစားရကြောင်း ယုံကြပါ။ တောနက်ထဲမှာ မာယာတွေရှိ၏။ မာယာဆိုသည်မှာ လှည့်ဖြားတတ်၏။ လူဆိုသည်မှာ ယုံတတ်၏။ တစ်ခါတစ်ရံ ယုံသူ၏ အမှားသာ ဖြစ်တတ်၏။ ဘယ်သူ့ကို ယုံရမည်လဲ။ ဘယ်သူပြောတာ ယုံရမည်လဲ။ ဇော်ဇော်အောင်ကို ယုံပါ။ ဇော်ဇော်အောင် ပြောတာကို ယုံပါ။ မိမိဝါကို သူသိပ်ချစ်ကြောင်း ယုံပါ။ မိမိဝါက သူ့ကိုချစ်ကြောင်း သူမယုံပါ။

သူ မယုံသည့် အကြောင်းကို သူ ယုံပါသည်။ သူထိုသို့ ယုံသောအကြောင်း မိမိဝါကို ပြောပြသောအခါ မိမိဝါ ယုံပါသလား။ သူ သဘောကျလျှင် အကျယ်ကြီး အော်ရယ်တတ်သောကြောင့် မိဝါ အကျယ်ကြီး အော်ရယ်ပါလိမ့်မည်။ ရယ်သံတစ်ဝက်နှင့် ရပ်တံ့၍ ပါးစပ်လှလှကလေးကို လက်ချောင်း ဖြူဖြူသွယ်သွယ် ကလေးများနှင့် ပိတ်ပါလိမ့်မည်။ တစ်ဝက်မျှသော ရယ်သံကို ပန်းပုရုပ်တစ်ရုပ်ထု၍ “ပျံသန်းဆဲငှက်” ဟု အမည်ပေးကာ ကျွန်တော့်ရင်ထဲမှာ သိမ်းဆည်းထားပါရစေ။ ကျွန်တော့်အထင်၊ ဝါသနာ မပါဘဲ မြန်မာစာအထူးပြုထားသော မရွှေမိမိဝါ၏ ညနေခင်း ကိုယ်သင်းနံ့ကလွဲလျှင် ဤလောကမှာ ဒုတိယအမွှေးဆုံး ရနံ့သည် နေရောင်ခြည်၏ အနံ့သာ ဖြစ်ပါသည်။ ထိုအနံ့ကို ရှူရှိုက်ခံစားဖို့ နှစ်ပေါင်းထောင်သောင်း ကြိုးပမ်းကြရပါသည်။ ပွင့်လင်းလွတ်လပ် အတားအဆီး အဖုံးအဖိမဲ့သော နေရောင်ခြည်ကို မိုးမခပင် ခြေရင်းက စောင့်ပါ။ ကလေးဘဝက ပျောက်ဆုံး မျောပါသွားသော စက္ကူလှေကလေးကို အကြေအရပ် ချောင်းစပ်က မိုးမခသစ်မြစ်ဆုံကြားမှာ ပြန်တွေ့ပါသလား။

ရှိပါစေလေ။ နေရောင်ခြည်သည် ရွှေရောင်ခြည်၊ ကွန့်မြူးပျံတက်သော သိန္ဓောမြင်း၏ တိမ်ညွန့်နန်းမှာ အလှတစ်သန်း တင့်တယ်စွာ မိမိဝါကို ရှည်လျားထူထပ်သော အရိပ်များအောက် သစ်ရွက်ခြောက်များ အကြားက စောင့်ကြိုပါ။

အရေးအကြီးဆုံးမှာ မိမိဝါ။ အရေးအကြီးဆုံးမှာ နေရောင်ခြည်။ အရေးအကြီးဆုံးမှာ နေရောင်ခြည်။ အရေးအကြီးဆုံးမှာ သူ့ကိုချစ်သော ကျွန်တော်။ အရေးအကြီးဆုံးမှာ သူ့ကို ကျွန်တော် သိပ်ချစ်နေကြောင်း ပြောဖို့ပဲ ဖြစ်ပါသည်။ များများပြောပေးဖို့၊ ခမ်းနားကြီးကျယ်စွာ ပြောပေးဖို့ပဲ ဖြစ်ပါသည်။ ဘာသာစကားဆိုသည်မှာ တစ်မျိုးပါပဲ။

 

×××

 

အရောင်မဲ့စိမ်းလန်းသော စိတ်ကူးများ ဒေါသတကြီး အိပ်စက်နေကြ၏။ စကားပြေနှင့် ကဗျာ၏ကြားမှာ ပါးလျားသိမ်မွေ့သော နယ်နိမိတ် မျဉ်းကြောင်းကလေး ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း ကောင်းကောင်း သဘောမပေါက်သူများ အတွက် ဤဝတ္ထုကို ရေးသည်ဟု ပြောသောအခါ မိမိဝါသည် စိတ်ကောက်မူနွဲ့ ထွက်ပြေးသွားခြင်းသည် ဘာမှမဆိုင်ပါ။ စဉ်းစားပါ မိမိဝါ။ အနုပညာဆိုတာ နေရောင်ခြည်။ နေရောင်သည် မရှိရင် လောကအားလုံး ပုပ်သိုးသွားပေလိမ့်မည်။

နေရောင်ခြည်သည် ဤလောက၏ ရွှေအသက်၊ လေပမာလျင်၊ အာကာခွင်၌၊ ငါလျှင်လွတ်လပ်၊ လှည့်လတ်ပတ်အံ့ဆိုတဲ့ ကဗျာတစ်စ မင်းသုဝဏ်ဆိုသော ကဗျာဆရာကြီး ရေးခဲ့ဖူးကြောင်း သိရဲ့လား မိဝါ။ မိုးကုပ်စက်ဝိုင်းသာလျှင် အနားသတ်သော မဟာသမုဒ္ဒရာ၏ ကျက်သရေ၊ တိမ်မျှင်စန တစ်မှုန်လောက်မှ မရှိသော ပြာသိုလ၏ မိုးကောင်းကင်၏ ကျက်သရေ၊ ကျက်သရေ ကုဋေတစ်သိန်း ထွန်းလင်း၍ လေးကျွန်းလုံး ပဝင်းသော အနုပညာ၏ ကျက်သရေ၊ မိမိဝါ၏ နှင်းဆီပွင့်ဖတ်မျက်နှာ၊ ကဗျာစာအုပ်တစ်အုပ်၊ ရင်ထဲက နှင်းမှုန်နှင်းစက်များ အိပ်မက်ခဲ့ ချမ်းသာစွာ အိပ်စက်ရခြင်း၊ ကြည်လင်လတ်ဆတ်စွာ ခေါင်းကိုမော့၍ အသက်ဝဝ ရှူရှိုက်ခြင်း၊ ချိုပေါ့ကျ လက်ဖက်ရည်တစ်ခွက်နှင့် “ဂျိုးသိန်း” စိမ်းစိမ်းတစ်လိပ်၊ မန်ကျည်းပင်အောက်က ကွပ်ပျစ်ပေါ်မှာ ခြောက်သွေ့သော အိပ်ရာတစ်ခု၊ သန့်ရှင်းသောလေနှင့် စကားမပြော နှုတ်ပိတ်နေခြင်း။ ထို ကျက်သရေရှိသော အရာများ ရနိုင်ပါ့မလား စိတ်ကူးကြည့်မိနေသည်။ ဇော်ဇော်အောင် ရှိနေသည့်အတွက် ကမ္ဘာမြေကြီး အနည်းငယ်ပို၍ လေးနေပါသည်။ လောလောဆယ်အဖို့ မိတ်ကပ်သနပ်ခါးမပါ၊ ပြောင်ဝင်းလှစွာ အဆီပြန်နေသော မိဝါ၏ နှင်းဆီပွင့်ဖတ် မျက်နှာကလေးကို ကြည့်နေရုံနှင့် လုံလောက်ပါသည်။ အချစ်အတွက်သာ အသက်ရှင်နေသောသူကို တစ်ကိုယ်ကောင်းဆန်သူဟု ပြောသောအခါ သူမကောင်းမှန်း ကိုယ်တိုင်သိနေသူက ရယ်မောနေရုံသာ တတ်နိုင်ပါလိမ့်မည်။ ဘယ်သူတွေက ဘယ်လောက် ကောင်းကြသလဲ ဆိုသည်မှာ ကိုယ့်ကိစ္စ ဟုတ်မဟုတ် စဉ်းစားမရသေးပါ။ မိဝါကို ချစ်နေသည်ကတော့ အမှန်ပင်။ ထိုအကြောင်းကို မိမိဝါ ယုံစမ်းစေချင်ပါသည်။ ယုံစေချင်စမ်းပါသည်။ မြတ်နိုးလှစွာသော အို... နေရောင်ခြည်။ မိမိဝါကို ဇော်ဇော်အောင် သိပ်ချစ်သည်။ ပြောင်တင်းဝင်းဝါသော သူ့နဖူးပြင် အလယ်ဗဟိုကို နှုတ်ခမ်းဖျားဖြင့် ထိကပ်ခွင့်ရခဲ့ပါလျှင်...။ နေရောင်ခြည် ရွှေဝတ်ရုံကို လွှမ်းခြုံဝတ်ဆင်လျက် ဖားလျားကျသော ဆံပင်ထက်မှာ ရေစက်ရေပေါက်တို့ တွဲခိုတောက်ပြောင်စွာ ပင်လယ်ပြာ မှန်ကိုခွဲ၍ ဘွားခနဲ ထွက်ပေါ်လာသော အချစ်နတ်သမီး မိမိဝါ။ အကယ်၍ ဖြစ်နိုင်မည်ဆိုပါလျှင် အရောင်မဲ့စိမ်းလန်းသော စိတ်ကူးများ (Colorless Green Ideas Sleep Furiously) ဒေါသတကြီး အိပ်စက်နေကြသည်။

 

×××

 

မိမိဝါကို သိပ်ချစ်သည်။ မိမိဝါကို သိပ်ချစ်သည်။ မိမိဝါကို...။ မရှက်ဘူးလား၊ မကြောက်ဘူးလား၊ သောက်ခေါင်ကျူးတဲ့ မင်းညီနောင်။ ဇော်ဇော်အောင်သည် မိမိဝါ၏ အချစ်တို့ဖြင့် ယစ်မူးနေ၏။ သူမရှက်တတ်ပါ။။

ပုလဲရစ်သမ်

 

အခန်း ၁

 

ရှည်လျားမှုန်သီလှစွာသော အနမတဂ္ဂ ဘဝသံသရာနှင့် နှိုင်းစာပါလျှင် ဘဝတစ်ခုသည် မြူမှုန်စိတ်ငယ်မျှသာ။ အရေးပါ အရာရောက်သည်ဟု ထင်မှတ်ထားသူတို့သည် တစ်စစီပြန့်ကျဲနေသော အကြောင်းကျိုးဆက် တို့ကြောင့် ယှက်တွဲနေသည်ဟု ထင်ရသော ဘဝ၏ အစိတ်အပိုင်းများကို ပြီးပြည့်စုံသော၊ လှပတင့်တယ်သော အရာတစ်ခု ဖြစ်လာစေရန် ကြိုးပမ်းနေကြသည်။ သူတို့သည် ခုနစ်ရောင်သက်တံကို ပန်းပုထုလုပ်ရန် ကြိုးပမ်းနေကြသူများ ဖြစ်၏။ ကျွန်ုပ်၏ စူးဆောက်ကိရိယာ တန်ဆာပလာများသည် ရောင်စဉ်တန်းကို ဖမ်းမမိခင်မှာပင် ပျောက်ဆုံးခဲ့သည်ဖြစ်၍ ထိုထို ပျောက်ဆုံးခဲ့သည်၏ အဖြစ်ကြောင့် အများနှင့်စာသော် တော်ပါသေး၏ဟု ဖြေရန်ကြံစဉ်ခဏမှာပင် တစ်စုံတစ်ယောက်က ရယ်မောလေတော့၏။

ထိုအခိုက် လောက၏ သင်ပုန်းပေါ်တွင် လှပဝိုင်းစက်ဆူဖြိုးသော သုညတစ်လုံးကို မြင်လိုက်ရ၏။ ထိုအခါသည် အရာအားလုံး၏ အစဖြစ် သည်ဟု တစ်စုံတစ်ယောက်က ပြောလာသည်ကို နားမရှင်း၍ ထပ်မေးဆဲမှာပင် ထိုအရာသည် အရာအားလုံး၏ အဆုံးဖြစ်သည် ဟူသော ပဲ့တင်သံကို ကြားလိုက်ရသည်။ အချည်းနှီးသော၊ အနှစ်မဲ့သော၊ ဗလာဖြစ်သော သဘောများသည် မိုးသက်နှင်းများပမာ ဖြည်းညင်းစွာ ဝဲပျံကျဆင်းလာ၍ တန်ဖိုးတစ်ရပ်ကို တည်ထောင်ဖန်ဆင်းလိုက် ကြလေသည်။ တန်ဖိုးရှိသောအရာနှင့် တန်ဖိုးမဲ့သောအရာ ဟူ၍ သီးခြားသတ်သတ် မရှိအပ်ဘဲ ယင်းတို့ နှစ်ခုနှင့် နှိုင်းယှဉ်ချက်သာ ရှိအပ်သည်ဟူသော အယူအဆကို လက်ခံရလေမည်လား၊ ငြင်းပယ်ရလေမည်လား၊ ခေါင်းခဲနာကျင်စွာ စဉ်းစားမိသည်။

လောက၏ သင်ပုန်းပေါ်မှ သုည အမှန်တကယ်ရှိကြောင်း ကျွန်ုပ် မြင်နေရသောကြောင့် တာဝန်ယူရဲပါသည်။ သုညတွင် တန်ဖိုးများရှိကြောင်း လူအချို့ မသိရှာကြ။ ရေကန်ဘေးတွင် ပိတောက်ပန်းများ ပွင့်နေကြပါသည်။ မိုးငွေ့ဖြင့် သိပ်သည်းသော အပြာရောင်လေထုကိုခွဲ၍ ပိတောက်ရနံ့သည် ရင်ထဲသို့ ပြေးဝင်လာ၏။ ကလေးဘဝ သင်္ကြန်အခါကို လည်းကောင်း၊ လွဲခဲ့ရသော အချစ်ဟောင်းကို လည်းကောင်း၊ အပျော်ဆုံးနေ့ကို လည်းကောင်း ထိုပိတောက်ပန်းရနံ့သည် ကျွန်ုပ်ထံသို့ ယူဆောင်လာမြဲ ဖြစ်သည်။ သင်္ကြန်ကျလုနီးပြီလား၊ ကျပြီးသွားပြီလား မသိပါ။ ကျွန်ုပ်သည် နေ့စွဲ၊ ရက်စွဲ၊ ခုနှစ်သက္ကရာဇ်များနှင့် ပတ်သက်၍ လွန်စွာ အမှတ်သညာ နည်းပါးသူဖြစ်သည်။ သို့သော် ထိုနေ့ကား မိုးရွာနေသည်။ ။

 

အခန်း ၂

 

ထိုနေ့က မိုးရွာသည်။ မိုးစက်များသည် အံ့သြဖွယ်ရာ ပူနွေးနေ၏။ မျက်စိတူရူမှ မိုးစက်များကို မှတ်သားလိုက်ကြည့် နေရင်းမှပင် ပျောက် ကွယ်သွားသည်။ မိုးစက်များ အဆက်မပြတ် ကျနေသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ရုတ်တရက် ပူရာမှ အေးမြသွားသောကြောင့် နိုင်လွန်ကတ္တရာ လမ်းမသည် အငွေ့ခြောင်းခြောင်း ထလျက်၊ မြေပြင်ပေါ်မှ ချောင်းငယ်ကလေးများသည် မြက်ပင်များ၊ အမှိုက်သရိုက်များကို တိုးဝှေ့စီးဆင်း နေကြသည်။

အချိန်ကာလနှင့် နေရာဒေသများ မှားယွင်းတွက်ချက်မိသော ငှက် တစ်ကောင်သည် ထိတ်လန့်ပျံသန်းနေ၏။ မိုးရာသီကို သူသိဖို့ ကောင်းပါသည်။ ကျွန်ုပ်တို့ စကားတစ်ခွန်းမှ မပြောဖြစ်ကြ။ ရက်လနှစ်ပေါင်းများစွာ ကြာမြင့်တင်ကျန်ရစ်သော ကြေးညှော်အထပ်ထပ် စွန်းထင်းပေကျံနေသည့် စားပွဲပြင်ကို လက်ချောင်း ဖြူဖြူသွယ်သွယ် ကလေးများက တဒေါက်ဒေါက် ခေါက်လျက်ရှိ၏။ မီးဖိုပေါ်မှ ပွက်ပွက်ဆူနေသော ရေနွေးအိုး၏ အသံကို ကြားနေရသည်။ အငွေ့များသည် ပိတ်ထားသော အဖုံးကို တွန်းကန်နေကြ၏။ လောလောလတ်လတ် ထည့်ထားသော မီးသွေးခဲကို မီးစွဲလောင်သောအနံ့ မွှေးပျံ့စွာရလိုက်၏။ ခြောက်သွေ့သော မီးသွေးခဲကို စွဲလောင်နေသော အသံလည်း ဖျတ်ခနဲ ကြားလိုက်ရသေး၏။ ကျွန်ုပ်တို့ စကားတစ်ခွန်းမှ မပြောဖြစ်ကြ။ တိတ်ဆိတ်သော ဘာသာစကားသည် စပ်စပ်စုစု လုပ်တတ်သော ဘာသာဗေဒ ပညာရှင်များအား တိတ်ဆိတ်စွာ ငေါက်ငမ်းနေသည်။ မပြောမီက သိပြီးဖြစ်နေလျှင်လည်း ပြောရန်မလိုအပ်ဘဲ ရှိနေတတ်ပါသည်။ ပြုံး၍ကြည့်နေသော မျက်လွှာကို ထိုအကြည့်သည် ရင်ကိုခွဲ၍ ထွင်းဖောက် သွားသည်ဟု ခံစားလိုက်ရသည်။

ကျွန်ုပ်၏ ခန္ဓာကိုယ်အတွင်းသို့ အဝါရောင် လျှပ်စစ်များ စီးဝင်သွား၏။ သတ္တုကရားအိုးထဲမှာ စိမ်းဖန့်ဖန့် လက်ဖက်ခြောက် အရောင်များသည် စားပွဲပေါ်တွင် အရိပ်ထင်နေသည်။ ရွှန်းလဲ့သော မျက်လုံးများသည် တစ်စုံတစ်ရာကို ပြောကြားရန် ကြိုးစားနေသည်ဟု ထင်မိသည်။ အမှန်စင်စစ် ထင်မိခြင်းသည် ထင်မိခြင်းဖြစ်၏။ မလိုအပ်ပါဘဲလျက် ကျွန်ုပ်သည် ကုလားထိုင်ကို အနည်းငယ်ရွှေ့၍ နေရာပြင်ထိုင်သည်။ ရွှေချည်ထိုး ပိုးလုံချည် တစ်ထည်သည် ကျွန်ုပ်ရှေ့က လက်ဖက်ရည်ခွက်ထဲသို့ ကျသွား၏။ နီရဲစေးပျစ်၍ အပေါ်ယံ အရည်ခွံတင်းနေသော လက်ဖက်ရည်အတွင်းသို့ ကျလျှင်ကျချင်း နစ်မြုပ်သွားသည်။ ကျွန်ုပ်သည် ပိုးလုံချည်ပါသော လက်ဖက်ရည်ငန်ပျပျကို မော့သောက်ချလိုက်၏။ စေးပျစ်ချွဲကျသော အချိုဓာတ်ကို လျှာက အချိန်အတော်ကြာ မနှစ်မြို့ဖွယ်ရာ ခံစားနေရသည်။ အမှတ်မထင် တွေ့ထိလိုက်သော လက်ချောင်းများက မကြေညာသော အချစ်ကို ကားစင်တင်၍ ကွပ်မျက်လိုက်၏။ နောက်ထပ် ဆယ့်နှစ်မိနစ် ကြာသောအခါ မော်တော်ကားတစ်စင်း လာ၍ သူ့ကိုခေါ်သွားသည်။

ထိုစဉ် ကမ္ဘာပေါ်ရှိ နာရီအားလုံး ရပ်တန့်သွား၏။ မော်တော်ကားတာယာ စွပ်ထားသော တောင်ဆိတ်တစ်ကောင်၏ ရုပ်လုံးသည် ကမ္ဘာကျော်သွားသည် ဆိုပါလျှင် သူထိုင်သွားသော ကုလားထိုင်တစ်လုံး၏ ကင်းမဲ့ခြင်းကို ပန်းချီဆရာ ခင်မောင်ရင်အား ပြောပြ၍ ကားတစ်ချပ် အပ်နှံချင်သည်။ အိပ်မက်အချို့သည် ထူးခြားစွဲမက်ဖွယ် ရယ်စရာဟာသများ ဖြစ်၏။ လက်ဖက်ရည် ပန်းကန်ထဲမှာ ဇလဲထော်ပန်းများ ပွင့်နေသည်။ မာလကာပင်ပေါ်မှ ခရမ်းရောင်ပန်းပွင့်များ တဖြုတ်ဖြုတ် ကြွေကျနေပြန်၏။ သူပြန်သွားပြီ။

စားပွဲအောက်မှ စားကြွင်းစားကျန်များကို ရှာဖွေစားသောက်နေသော ခွေးတစ်ကောင် ရှိသည်။ ကျွန်ုပ်၏မျက်လုံးထဲမှာ မိုးရေတို့ဖြင့် စိုစွတ်ပျော့ အိနေသော အနက်ရောင်ထီးတစ်လက် ရှိသည်။ ညနေခင်းမှာ ကျနေရောင်သည် အစိမ်းရောင်တောက်နေ၏။ ကျွန်ုပ်သည် မိုးစက်မှုန်တွေကြားမှာ စုတ်ချာယိုင်ရွဲ့သော လက်ဖက်ရည်ဆိုင်ကလေးတွင် နာရီတစ်သောင်း လက်ဖက်ရည်ရပြီ ဖြစ်ကြောင်း သို့မဟုတ် နို့ဆီကုန်သွားပြီ ဖြစ်ကြောင်း ထူးဆန်းစွာ အချက်ပေးတတ်ပါသည်။ မိုးစဲသွားပြီလား။ ။

 

အခန်း ၃

 

မက်ရှာဂါးလ်၏ ပန်းချီကားထဲက လက်ညှိုးတစ်ချောင်းသည် အတောင်ပံခတ်၍ နေရာအနှံ့ ပျံသန်းသွားနေ၏။ သိသည်ဟု ထင်ထားသူများ ဆူညံစွာ စကားပြောနေကြသည်။ သူလုပ်သမျှ ပြောသမျှ တွေးကြံသမျှ ဟုတ်သည် မှန်သည် ထင်နေသူကိုလည်း ထင်ပါစေ။ အဝါရောင် ကုလားထိုင်ကြီးပေါ်မှာ ထိုင်၍ ကျွန်ုပ် ဆေးတံသောက်နေပါမည်။ သိခြင်းသည် သိသည်ဟု ထင်နေခြင်း၏ အထက်တွင်ရှိသည်။ မိုးတိတ်စရောင်ခြည်သည် ရွှေရောင်နုနေ၏။ ကျောက်ဖြူသားထိုင်ခုံပေါ်မှာ တောင်ဇလပ်ပန်းများ လွင့်နေသည်။ ရနံ့မွှေးမွှေး အေးမြလှသည်။ သည်နေ့ သူ ကျွန်ုပ်ထံ လာသည်။ ကျွန်ုပ် မုန်းတီးလှသော အနီရောင် ဇာပွင့်အင်္ကျီကို ယောလုံချည် အနက်နှင့် သူတွဲဖက်ဝတ်ဆင်လာ၏။ အမိုက်မကို ကန့်ကွက်ရန် စိတ်ကူးရုံမျှနှင့် ကျွန်ုပ် ပါးစပ်ထဲမှာ ဇာပွင့်များ ပြည့်သွား၏။ သို့သော် သည်ကနေ့ သစ်ခွပန်းတစ်သောင်း တစ်ပြိုင်နက်ပွင့်၏။

သူ ကျွန်ုပ်ထံသို့ လာ၏။ ကျွန်ုပ်သည် သူနှင့်အတူရှိနေ၏။ အတူ တကွရှိနေခြင်းသည် ဆုလာဘ်တစ်ပါးဖြစ်၏။ မင်္ဂလာဖြစ်၏။ မည်သူလဲ မသိပါ။ မိန်းမငယ်တစ်ယောက်သည် အမေရိကန် သီချင်းတစ်ပုဒ်ကို အတုလုပ်၍ ဆိုနေသည်၊ ဆိုပါစေလေ။ နေ့လယ်ခင်းမှာ လမင်းသားသည် တိတ်ဆိတ်သော ကန်ရေပြင်ထက်မှာ လရောင်ခြည်များ ငိုက်မျဉ်းနေကြသည်။ လည်ဆံမွေးတခါခါနှင့် ဖြည်းညင်းစွာ ပြေးလွှားနေသော မြင်းဖြူကောင်ကြီး တစ်ကောင်သည် ကျွန်ုပ်၏ ဘယ်ဘက်မျက်လုံးထဲသို့ ဝင်သွား၏။ ကြေးနီရောင် တောက်ပသော မောင်းသံကို ကြားရသည်။ ရင်ထဲမှာ စိမ်းပြာရောင်၊ ရွှေရောင်တောက်ပနေသော ငှက်တစ်ကောင် အတောင်တဖျပ်ဖျပ် ခတ်နေ၏။

ဟိုအရပ်ဝေးဝေး တောင်ပင်လယ် တစ်ဖက်စွန်းမှ မိုးခြိမ်းသံသဲ့သဲ့ ကြားရ၏။ ငါးညှီနံ့သင်းသော မိုးသက်လေပြည်သည် သမုဒ္ဒရာခုနစ်စင်း ကို ဖြတ်လာသည်။ ဖန်ပေါင်းချောင်ထဲမှာ ကြာညိုပန်းတစ်ပွင့် အနားပွင့်ဖတ်များ လန်၍ ပွင့်နေသည်။ ထင်းရှူးပင်များသည် မားမားကိုင်းကိုင်း ရပ်လျက် ကျွန်ုပ်ကို အုပ်မိုးကြည့်နေ၏။ ခဲတံသည် ခဲသားပွ၍ ခဲဆန် မကြာခဏ ကျိုးသည်။ သံဂဟေဆော်သော ဂေါက်တံမှ အပြာရောင်မီးပွင့်များ လွင့်စဉ်ဖြာထွက်နေ၏။ ဤနေရာတွင် လသာနေသော်လည်း တစ်နေရာရာ တွင် မိုးရွာနေဟန် တူပါသည်။

ခဲသားရောင်ထနေသော မိုးကောင်းကင်ပြင်ကျယ်ကို ဗျိုင်းဖြူတစ်အုပ် ဖြတ်၍ပျံသန်းသွားသည်။ အုန်းလက်ပေါ်သို့ မိုးရေကျသောအသံသည် စည်းချက်မှန်လှ။ တောင်ကျချောင်းရေသည် အရှိန်ပြင်းသည်။ သော်ကရွက်နုများ နီမြန်းနေကြဆဲပင် ရှိပါသည်။ ဝက်သစ်ချပင်တွင် ချည်နှောင်ထားခဲ့သော ဖဲကြိုးတစ်စသည် ကျွန်ုပ်၏ လည်ပင်းကို တင်းတင်း ရစ်နှောင်ပတ်လေတော့သည်။ တောင်ကမူစောင်းမှ ဒေါနပန်းခင်းကို လေညင်းဖြတ်၍ တိုက်ခတ်သွားသည်။ ပန်းနုရောင်ရသများ စိမ်းကားအေးစက်စွာ တစ်ရပ်တစ်ကျေးသို့ ထွက်ပြေးသွားပြီးသည့်နောက်တွင်မှ တစ်ကျော့ပြန် စိတ်ပြောင်းကာ ကျွန်ုပ်ရှိရာသို့ လာကြ၏။ တယောသံနွဲ့နွဲ့ကို ခပ်သဲ့သဲ့ အေးကြည်စွာ ကြားရပြန်သည်။ အောင်မင်္ဂလာ သိင်္ဂါဆောင်ဗွေ။ နံရံထက်မှာ ခင်မောင်ရင်၏ အမည်မဲ့ ပန်းချီကားတစ်ချပ် ရှိ၏။ အခန်း ထောင့်မှ အပြာရောင် မီးအုပ်ဆောင်းနှင့် မီးလုံးသည် မထွန်းဘဲနှင့် လင်းနေသည်။ ပုပ္ပားတောင်ပေါ်မှာ စကားဖြူပင်များ ရှိ၏။ ဖြူဝါသော စကားဝါပွင့်များ လေအဝေ့တွင် သဲသဲရုတ်ရုတ် ကြွေကျလာ၏။

တောင်လောက်မြင့်သော ပန်းပွင့်အပုံကြီးအောက်တွင် ကျွန်ုပ်၏ ဦးခေါင်းသည် မွန်းကျပ်စွာရှိနေသည်။ မီးခိုးရောင် ပုရွက်ဆိတ်များ တရွရွ လာနေသကဲ့သို့ ကြမ်းပြင်ပေါ်မှာ ဆေးလိပ်များ ပျံ့လွင့်နေ၏။ ကုန်းပြင်မြင့်ပေါ်တွင် လေထန်လွန်းသည်။ ငှက်မွေးတစ်ချောင်းပမာ လေထဲတွင် ကျွန်ုပ်လွင့်ပါသွားသည်။ မှောင်မည်းထိန်လင်းသော နေဆယ်စင်းသည် အနောက်မိုးကုပ်စက်ဝိုင်း အစွန်းသို့ ခုန်ဆင်းငုပ်လျှိုး သွားကြသည်။ ငွေဆည်းလည်းသံများ တချွင်ချွင် ကြားရ၏။ မောင့်လပြည့်ဝန်း သီချင်းကို မည်သူ ပြတ်တောင်းပြတ်တောင်း ဆိုနေပါသနည်း။ ပြတင်းပေါက်ကို ဖွင့်လိုက်စမ်းပါ။ တစ်စုံတစ်ယောက်ရယ်...၊ ပြတင်းပေါက်ကို ဖွင့်လိုက်စမ်းပါ။ ။

 

အခန်း ၄

 

သရက်ပင်ထိပ်ဖျား စိမ်းမြရွက်နုကြားတွင် စားပွဲတင်နာရီနှင့် လူခေါ်ခေါင်းလောင်းများ ချိတ်ဆွဲထား၏။ လွယ်အိတ်ထဲမှ ပညာများသည် လေးအိတွဲကျနေသည်။ ကျွန်ုပ်သည် မြေကြီးပေါ်သို့ လက်ညှိုးဖြင့် စာလုံးများ ရေးနေ၏။ ဝါကျတစ်ကြောင်း မပြည့်မီ ကျွန်ုပ်ရှေ့က မြေကြီးသည် နိမ့်ကျပျောက်ကွယ် သွား၏။ အမှန်စင်စစ် ဘယ်သူမှ ဘာမှမဟုတ်ကြကြောင်း ရှင်တော်မြတ်ဘုရား ဟောခဲ့သည်မှာ နှစ်ပေါင်း နှစ်ထောင့်ငါးရာ ကြာခဲ့ပြီ။ လူအများသည် ဟုတ်ယောင်ထင်မှုကို ကိုးစား၍ ချိုမြိန်စွာ ယစ်မူးနေကြသည်။ စူးရှသော အမှန်တရားကို သံသရာတံတိုင်းက ခြားထား၏။ ဆေးတစ်အိုးကျွမ်းပြီ။ ကွမ်းတစ်ယာ မညက်မီ ရေတစ်ခွက် ရှာကြပါလေ။

စာအုပ်တစ်အုပ်ကို လှန်ကြည့်သောအခါ စာရွက်၏ လက်ယာဘက် အထက်နားတွင် စာမျက်နှာဂဏန်းများ တပ်ထား၏။ ဂဏန်းများ ကြီးလာသည်နှင့်အမျှ စာအုပ်ပြီးဆုံးတော့မည် ဖြစ်ကြောင်း သိရသည်။ စာမျက်နှာ ဂဏန်းများ ခုန်ကျော်မှားယွင်း၍ တပ်ထားခြင်းသည် စာအုပ်တစ်အုပ် ပြီးတော့မည် ဖြစ်ကြောင်းကို ဟန်ဆောင်လိုက်ခြင်းပင် ဖြစ်သည်။ ကျွန်ုပ်၏ ဘဝစာအုပ် မနက်ဖြန်တုန်းက ကျပျောက်ခဲ့ပြီ။ သူနှင့် မတွေ့ရသည်မှာ နှစ်ဆယ့်ရှစ်နှစ် ကြာပါပြီ။ ရှားပါးသောအပြုံးကို ပြုံးတတ်သည့် ထိုမိန်းမသည် လျှို့ဝှက်သော ဧဒင်ဥယျာဉ် အတွင်းဝယ်က နေရီငှက်ကလေးကို အစာကျွေးနေသည်လား ထင်မှားဝန်တိုမိသည့် သူ့ခြေဖမိုးသည် ကိုးနှစ် တာ ကြာမြင့်ခဲ့သော အချစ်ကဲ့သို့ နူးညံ့သိမ်မွေ့လှ၏။ အပူအပင်ကင်းတဲ့ ကလေးဘဝ ပြန်ရချင်သူနှင့် ကျွန်ုပ် သဘောချင်း မတိုက်ဆိုင်ဟု ထင်ပါ သည်။ ရေခဲတုံးသည် ဖန်ခွက်ထဲတွင် ပျင်းရိသန်းဝေစွာ အရည်ပျော်လျက် ရှိ၏။

လေပူပူများ ဝန်းဝေ့တိုက်ခတ် လာသောအခါ ကံ့ကော်ရွက်များ ကြွေပြတ်၍ ပင်ခြေရင်းတွင် အထွေးလိုက်ထပ်နေ၏။ မေ့လျော့သတိချွတ်သော သစ်ပုပ်ပင်သည် ဥဩနှင့် ကျီးကန်းငှက်ကို ခွဲခြား၍ မသိတော့။ ကျွန်ုပ် ထမ်းပိုး၍ သယ်ဆောင်လာသော အိတ်ထဲတွင် သောကများအပြည့် လေးလံနေ၏။ သောကများကို မြေတွင် ဖြန့်ခင်း၍ ရောင်းချသော နေရာတစ်နေရာ ဘယ်မှာရှိသနည်း။ ဤရွှေရေး လှပသောယွန်းပန်းချီ ခြယ်ထားသည့် အုပ်ထဲတွင် ဘာမှမရှိ။ ဈေးထဲမှာ လူရှုပ်လှသည်။ ကျွန်ုပ် အဝေးသို့ သွားပါမည်။ ပင်ပန်းနွမ်းနယ် အိပ်ချင်မှုတို့ ဖိစီးလှသောကြောင့် ကျွန်ုပ်ကိုယ်ကျွန်ုပ် ပစ်လှဲချ၍ အိပ်စက်ရန် နေရာတစ်ခုလည်း ရှိရပါဦးမည်။ ထိုနေရာကို ရှာမတွေ့မချင်း သူလိုက်လာသည် မလာသည် အပထား၊ ကျွန်ုပ် ပင်ပန်းသည် မပင်ပန်းသည် အပထား၊ ဆက်၍ သွားနေရပါဦးမည်။ ခြေဖဝါးများသည် ခရီးရှည်ဖြင့် ထုံကျဉ်နေပါသောကြောင့် လမ်းပေါ်မှာ ကျောက်စရစ်ခဲ၏ အတွေ့အထိ၊ မသိတော့ပါ။ မပိုင်ဆိုင်သော အချစ်သည် လိုက်ပါမလာ၊ ပိုင်ဆိုင်သူ၏ အနားမှာပင် နေ၏။ အပြာရောင်မိုးပွင့်များ ကျလာပြန်ပြီ။ ။

 

အခန်း ၅

 

ကျွန်ုပ် ဤနေရာသို့ ရောက်မလာမီပင် ဤနေရာသည် ရှိနှင့်နေ၏။ ထိုနေရာတွင် စားပွဲတစ်လုံးရှိ၏။ ထိုစားပွဲသည် ကြမ်းပြင်ပေါ်တွင် ပြောင်းပြန်ပက်လက် ရှိနေ၏။ မိုးသို့မျှော်နေကြသော စားပွဲခြေထောက် လေးချောင်းမှ ရေခိုးရေငွေ့များ တရှူးရှူး ပန်းထွက်နေသည်။ ဤနေရာသို့ ကျွန်ုပ် မည်သို့ ရောက်ရှိလာသနည်း။ ဤနေရာလျှင် သည်မှာ သည်သို့ ဘယ်သူပို့၍ ငါတို့ရောက်နေသည် မသိချေပြီ။ တွေဝေဒွိဟ သံသယကို သောကများက လွှမ်းပြန်သည်။ လက်ခုပ်ဖြင့် ခပ်ယူခဲ့သော စမ်းရေကြည်သည် ယိုကျ တစိမ့်စိမ့်ထွက်၍ ကုန်ခဲ့ပြီ။ အေးစက်သော လေပွေထဲမှ လူများ၊ ယောက်ျားများနှင့် မိန်းမများ၊ စက္ကူစုတ်များ ဝေ့ဝိုက်လွင့်ပျံ မျောပါနေကြသည်။ ပန်းပေါင်းတစ်ရာ၏ရနံ့ ဖျန်းသတ်ချင်မှ ဖျန်းသတ်ပါ။

အရေးကြီးဆုံးသော ပြတင်းပေါက်ကို ဖွင့်ဖြစ်အောင် ဖွင့်ခြင်းသာ ဖြစ်ပါသည်။ သိက္ခာရှိသော အသိပညာရနံ့များ၊ ရှိန်းမြသော ကိုယ်သင်းနံ့များ၊ ပုပ်ဟောင်သော အတင်းအဖျင်း စကားများ၊ သူသယ်ဆောင်လိုသော အရာများကိုသယ်ဆောင်၍ လေညင်းအေးမြ လာပါစေ။ သူလာလိုက လေညင်းအေးမြ လာပါစေ။ ကျွန်ုပ်အဖို့ အကြောင်းမထူးပါ။ ပတ္တမြားစီရွှေပေချပ်ကို မြကလပ်တွင်တင်၍ ပူဇော်ရွတ်ဆို နေကြသံကို ကျွန်ုပ် မကြားရတော့ပါ။ အိပ်မက်ထဲက ပန်းအိုးထဲမှာ ခရမ်းရောင်သစ်ခွပန်း တစ်ပွင့်ရှိ၏။ ပန်းအိုးထဲမှာ ရှိသည်လား။ လောကထဲမှာ ရှိသည်လား။ ဤခရမ်း ရောင်သစ်ခွပန်းသည် လမ်းကြိတ်စက်တစ်ခု မဟုတ်။ ကျောရိုးတစ်ချောင်း မဟုတ်။ ကြွေးစာရင်းစာရွက် တစ်ရွက်မဟုတ်။ ပျက်ပြယ်သွားသော စာချုပ်တစ်စောင်မဟုတ်။ ကြက်ဥပြုတ်တစ်လုံး မဟုတ်။ သစ်ခွပန်းတစ်ပွင့်သာ ဖြစ်ကြောင်း ကျွန်ုပ်မက်သော အိပ်မက်က အသေအချာ ရှင်းပြ၏။

မနာလိုဝန်တိုတတ်သူ တစ်ယောက် လာနေပြန်ပါပြီ။ သနားသဖြင့် ကျွန်ုပ်နှင့် ကျွန်ုပ်၏အိပ်မက်ကို တစ်နေရာရာမှာ ဖွက်ပေးကြပါ။ နေခြည်ထဲက မြပုလဲတက္ကသိုလ်သည် ဝေးလံသော အရပ်တစ်ပါးမှာ ရှိ၏။ ရယ်မောသံများကို ကြားနေရသော်လည်း မကြားရပါ။ အနှေးပြရုပ်ရှင်ကား တစ်ခုပမာ ကျွန်ုပ်၏ အိပ်မက်သည် တစ်စစီ ကွဲပြိုသွားပါသည်။ လွမ်းလိုက်တာ မာရီယာရယ်။ ။

 

အခန်း ၆

 

လေးဆယ့်သုံးကြိမ် ထပ်ကာထပ်ကာ မက်သော အိပ်မက်သည် ဆာရီယယ်လစ် ပန်းချီကားတစ်ချပ်ထဲမှာ နစ်မြုပ်ပျော်ဝင်သွား၏။ လောက သုံးပါး၏ လက်ဝါးပြင်ပေါ်တွင် အမြော်အမြင်ရှိသော မိန်းမသည် ခရမ်းရောင်ဝတ်စုံကို ဝတ်၍ တစ်သန်းသော အသရေဖြင့် ရပ်နေ၏။ ခြင်္သေ့ တစ်ကောင်၊ မယ်ဒလင်တစ်လက်နှင့် အိပ်နေသော ဂျစ်ပစီလူမျိုးတစ်ယောက်သည် ထောပတ်ရောင် ထွက်နေသော လမင်းအလင်းရောင် အောက်တွင် ရှိ၏။ သမင်မမျက်လုံးထဲမှာ စကြဝဠာဆယ်ခုစာ ကျယ်ပြန့်သော မြင်ကွင်းကို တွေ့ရမည်။ အောက်မေ့သတိရဖွယ် ခန်းမဆောင် အတွင်းမှာ ရေလှိုင်းပြာပြာများ လွင့်နေ၏။ ဘယ်ကိုသွားသလဲ။ ဘယ်ကို သွားကြပြီလဲ။

 

အခန်း ၇

 

ရေကန်နားတစ်နေရာတွင် ကံ့ကော်ပင် ဆယ့်သုံးပင်သည် ခရမ်းရောင် မှုန်မှုန်ဝေသော နားမလည်မှုများအဖြစ် ပြောင်းလဲသွားပြန်သည်။ လျှပ်စစ်ဂီတ၏ ဘေးတွင် အဝါရောင်မြင်းကလေးတစ်ကောင် ရပ်နေ၏။ မိလ္လာပိုက်ကြောင့် အချစ်ငိုကြွေးသောအခါ အရောင်ပြိုးပြက်သော မိုးကုပ်စက်ဝိုင်း ပေါ်ထွန်းလာ၏။ ဘယ်တုန်းက တို့ကို စ၍ ချစ်ခဲ့မိသလဲ။ မနှစ် နွေကလား။ ကျန်ခဲ့သော ကိုးနှစ်ကလား။ အချိန်ကာလသဘောကို ပန်းများ ကျဲဖြန့်ထားသော ဒါလီ၏ အုတ်ဂူအနီးတွင် မြှုပ်နှံရန် ဆင်စွယ်ခေါင်းနှင့်ထည့်ကာ အနက်ရောင်ရထားဖြင့် သယ်ဆောင်သွားကြပြီ။

ဟိုမှာကြည့်စမ်း အချစ်။ မင်းကို လက်ဆောင်ပေးမည်ဟု ဘယ်တုန်းကမှ ကတိမပေးခဲ့သော နှင်းဆီဥယျာဉ်တစ်ခု။ လေထုသည် ခေတ်ပြိုင်အတွေးအခေါ်များနှင့် မွှေးကြိုင်နေသည်။ အဖြူရောင်လိပ်ပြာ တစ်သောင်းသည် အဲချင်းသီ၍ ဝဲပျံနေကြ၏။ အဝါနှင့်အနီစင်းများ ပါသော ရွှေငါးကလေးများ အင်ကြင်းပင်ပေါ်မှာ နားနေကြ၏။ ပိတောက်ပန်းများ၏ ခြေသံကို နားထောင်ရင်း၊ ရွှေရောင်နေခြည်ကို သောက်သုံးရင်း၊ ခေတ်ပေါ်မြန်မာကဗျာ အကြောင်းကို ဆွေးနွေးရင်း၊ ဇာတ်လမ်းမပါသော ဝတ္ထုနှင့် အရာဝတ္ထုမပါသော ပန်းချီအကြောင်း ငြင်းခုံရင်း အတောမသတ်ရယ်မော မွေ့လျော်ကာ ဤသစ်မြစ်ပေါ်မှာ ထိုင်ကြမည်။ ရေညှိတက်သော လှေကားမှတစ်ဆင့် သုံးထပ်အမြင့် အဆောင်ပေါ်က ဆင်းခဲ့ပါ။ ပူနွေးဖြူဆွတ်သော မိုးပေါက်များ ကျလာသောအခါ ထိုနေရာတွင် တောင်တန်းများလောက် မြင့်မားသော တို့နှစ်ယောက် လက်ချင်းတွဲ၍ ကခုန်မြူးထူးကြမည်။ ပင်အပ်တစ်ထုပ်၊ ပျို့ဟောင်းတစ်စောင်၊ ပိုးဟပ်တစ်ကောင်နှင့် ခဲနီပြာတံကို အံဆွဲထဲမှာ ထည့်ပိတ်သိမ်းခဲ့ပါ။ ကြည်အေးကဗျာနှင့် သစ်ချတောင်ဆရာတော်၏ စကားပြေကို မဖတ်ဖူးကြသူများ အတွက် ငဲ့ကွက် နောက်ဆံတင်းစရာ မမြင်ပါ။

ကျယ်ပြန့်သော သစ်ပင်ရိပ် အေးမြမြတွင် ခေတ်ပေါ်ဂီတသံစဉ်များ ပြန့်ကျဲနေ၏။ ကိုယ့်အကြောင်းကိုယ် အကောင်းပြောသူများ၊ သူတစ်ပါးအကြောင်း မကောင်းပြောသူများ၏ နှုတ်ထွက်အနံ့များဖြင့် ထုံမွှမ်းအပ်သော ထိုအရပ်ဒေသကို တစ်ယောက်ယောက်က တစ်နေ့နေ့တွင် နွားနို့သုံးမြူ၊ ရေသုံးမြူဖြင့် ဆေးကြောသန့်စင် လာပါလိမ့်မည်။ သစ်ပင်ပေါ်က တောက်တဲ့သည် ဇီးကွက်လောက် မျက်လုံးမပြူးသော်လည်း သတင်းစာကို အော်ကျယ်ဟစ်ကျယ် ဖတ်တတ်၏။ အုံ့မှိုင်းသော စိုးရိမ်စိတ်များကို လက်ဖြင့်ဖယ်ရှား၍ စနေဂြိုဟ်၏ တတိယခါးပတ်တွင်းပိုင်း တစ်နေရာမှာ ထားလိုက်ပါ။ လူသား၏ ကြီးကျယ်မြင့်မြတ်မှုကို ပြသရန်မှတစ်ပါး အခြားတာဝန်ဟူ၍ အနုပညာမရှိဟု ကျွန်ုပ်ယူဆခြင်းနှင့် ပတ်သက်၍ မည်သူ့ကိုမျှ အားနာရန်မလိုပါ။ ကြောက်ရွံ့ရန်မလိုပါ။ တောသုံးတောင်ကုန်အောင် ကျက်စားသော ကေသရာဇာ ခြင်္သေ့မင်းကို ကြွက်တွင်းထဲသို့ ဆောင့်သွင်းလိုက်သောအခါ လောကသည် အသံရှည်လျားစွာ ရယ်မော၏။ မြေခွေးများသည် ရက်ဗလွန်အမျိုးအစား လက်သည်းဆိုးဆေး ပုလင်းကို ဖွင့်နေကြ၏။ သူက ဘာလဲ။ ဟုတ်ယောင်ထင်မှုသည် လှည့်စားတတ်၏။ လှည့်စားမှုကို မာယာဟု ခေါ်ကြသည်လား။ အကြီးကျယ်ဆုံးသော မာယာသည် တောက်ပသော ပန်းနုရောင် ဝတ်ရုံအောက်က တောပင်ဖြစ်၏။

လောကသည် ထင်ထားသလောက် မွန်းကျပ်ခြင်း မရှိပါ။ ယုတ်လျော့သော နေရာနှင့် မို့မောက်သောနေရာကို ရွေးချယ်စေလိုခြင်းသည်လည်း သူ၏ ကြီးမြတ်သော ဂုဏ်တစ်ပါး ဖြစ်၏။ ဝတ္ထုတိုလား၊ ကဗျာလား၊ စကားပြေလား၊ ကဗျာလား မကွဲပြား၍ ရွာထဲတွင် အိမ်ပေါက်စေ့လိုက် မေးသူ တစ်ယောက်ကြောင့် ရွာအတော်နာသွားသည်။ နွားတင်းကုပ်ဘေးက ခွေးတွေဟောင်သည်။ ဟောင်ပါစေလေ၊ ဟောင်ဖော်ရလျှင် တော်လှပြီ။ သူခိုးသူဝှက်လာလျှင် မခက်ပါလား။ အသိလွန်သော လောကသည် တစ်ဖက်သို့လှည့်၍ အားနာသနားပြုံး ပြုံးနေ၏။ သည်နေရာမှာ ချိုမြိန်သော အစားအစာတွေရှိ၏။ မေတ္တာတရားနှင့် စာနာစိတ်များရှိ၏။ ခွင့်လွှတ်ခြင်းနှင့် ကူညီမှုများရှိ၏။ ပန်းရုံကြားမှာ တောက်ပသော ကြယ်ပွင့်များ ရှိ၏။ ဇီဇဝါပန်းရနံ့များ မိုးရေထဲမှာ မျောပါလာသည်။ အပြင်ဘက်သို့ ထွက်ခဲ့ပါ။ မိုးစက်မှုန်ကြားမှာ အလှအပပေါင်းအစုကို ထုထည်နှင့်တကွ တွေ့မြင်ခံစားရလိမ့်မည်။

ပျဉ်းမပင်၏ ခရမ်းနုပွင့်များ အပြည့်အမောက် ထည့်ထားသော ဝါးခြင်းတောင်းကို ဤနေရာမှ ယူခဲ့ပါ၏။ တံခါးကိုပိတ်ပါ။ သော့နှိပ်ပါ။ ဉာဏ်ပညာနုသူများ နေရစ်ခဲ့ကြ။ သိတတ်ကြ။ ကဗျာဆိုသည်မှာ မည်သူအတွက် ဖြစ်သည်ဟု မည်သူက မည်မျှပင် ပြောစေကာမူ ဉာဏ်နည်းတိမ်သူအတွက် မဟုတ်သည်မှာ သေချာ၏။ ရွှေဘုံသာလမ်းမှာ မှန်ရောင်းသော ဆိုင်တစ်ဆိုင် ရှိသည်။ သွားကြစို့။ လက်ချင်းယှက်၍ တို့လက်ကိုတွဲ ရဲရဲတွဲပါ။ တို့အချစ်ရယ် မြန်မြန်လာ။ ။

 

အခန်း ၈

 

သဲဖြင့်ဆောက်သော ရဲတိုက်၊ တံလျှပ်ဖြင့်ဆောက်သော ရဲတိုက်၊ ရွှေရဲတိုက်၊ ဆင်စွယ်ရဲတိုက်၊ ဓနိရဲတိုက်၊ ဝါးရဲတိုက်၊ ကဗျာရဲတိုက်၊ စာရဲတိုက်၊ ပီတိရဲတိုက်၊ တိမ်ရဲတိုက်၊ ဇော်ဇော်အောင်၏ ခေါင်းထဲမှာနေ၏။ တစ်ပိုင်းကြောင် ကျက်စာရရုံနဲ့ ခက်ပါလှ သဘောဉာဏ်၊ ထက်မာန အပြောသန်သည်၊ ဒေါသမာန်ထူပွား…၊ စောဒကတုဖက်လာလျှင် သူ့ထက်ငါ ငြင်းမယ့်လူစား၊ သင်္ဘောပါ မှန်ကုန်များကိုလ မှားခေါ်၍ရောင်းစေ၊ မိပစ်လို့ မရှောင်သွေသည်၊ ခွကောင်တွေ ခွေးဖြစ်…။ အရှေ့ဘက်မှ တီးလုံးပြောင်းသည်ကို မသိလိုက်သော မင်းသားပြက်သည် ဇာတ်စင်အလယ်မှာ ခြေတစ်ပေါင်ကျိုး ရပ်လျှက်။

ဤလောကတွင် မရှက်တတ်သူများသည် ရှက်တတ်သူများ မဟုတ်ကြ။ မသိသူများသည် သိသူများ မဟုတ်ကြ။ ကိုယ်ပိုင်အယူအဆ မရှိသူများသည် သူတစ်ပါးအယူအဆ ရှိသူများ ဖြစ်ကြ၏။ သူ့စာဆယ်ကြောင်း ကိုယ်တစ်ကြောင်းနှင့် တစ်ကြောင်းတစ်လှည့်.... ဟု ဆို၏။ သွားတော့လေ၊ နေရစ်ခဲ့။ ဤသစ်ခေါင်းထဲမှာ ကျွန်ုပ်အိပ်တော့မည်။ အနုပညာဆိုသည်မှာ နားလည်ဖို့လား၊ ခံစားဖို့လား၊ မကွဲမပြားမချင်း သူ့ကို မနှိုးပါနှင့်။ အပြင်ဘက်မှာ နေသာနေသည်လား။ မိုးရွာနေသည်လား။ နှင်းကျနေသည်လား။ ဇော်ဇော်အောင် သိပါရစေ။ ။

 ပြီး။

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review