လနီနီကို မြင်တဲ့လူ - ချိုပိန်းနောင်
လနီနီကို မြင်တဲ့လူ
ချိုပိန်းနောင်
(စာဖတ်မိတ်ဆွေများအားဝန်ခံခြင်း)
ယခုစာအုပ်သည် ကျမ၏ ဒုတိယမြောက် အရေးအသားများ စုစည်းခြင်းစာအုပ် ဖြစ်ပါသည်။ ပထမတစ်အုပ်ဖြစ်သော (ဖွင့်ဆောင်းမရတဲ့ ထီး) စာအုပ်အား နှစ်ကာလများစာပေတိုက်မှ ၂၀၁၆ ဖေဖော်ဝါရီတွင် ပထမ အကြိမ်အဖြစ် ထုတ်ဝေခဲ့သည်။ ဝေဖန်တိုက်ခိုက်မှုအချို့ ရှိခဲ့ပြီး အတန်ငယ် အရောင်းသွက်ခဲ့ပါသည်။ (ဖွင့်ဆောင်းမရတဲ့ ထီး) စာအုပ်တွင် ပါဝင်ခဲ့သော ဇာတ်ကောင်အများစုမှာ ကျမကိုယ်တိုင် ဖြစ်ပါသည်။ သို့မဟုတ် ဖွင့်ဆောင်းမရတဲ့ ထီးစာအုပ်တွင် ပါဝင်ခဲ့သော အရေးအသားအချို့ (စာကြောင်းအချို့) တို့မှာ ကျမ၏ အစိတ်အပိုင်းများဖြစ်ပါသည်။ ကျမတွင် လှပသော ငယ်ဘဝမရှိခဲ့ပါ။ သေချာရေရာသော၊ ချစ်မေတ္တာအရင်းမှန် ပြည့်ဝသော မိတ်ဆွေနှစ်ဦး ရှိခဲ့ဖူးသော်လည်း အသက်ငယ်ရွယ်စဉ်ပင် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ခရစ်တော်၌ အိပ်ပျော်ခဲ့ကြပါသည်။ သူတို့နှစ်ဦး ခရစ်တော်၌ အိပ်ပျော်ပြီးနောက် ကျမဘဝတွင် သူတို့ကဲ့သို့ ခင်မင်ရသော မိတ်ဆွေများရှိမလာတော့ပါ။ ထိုအချိန်ကတည်းက ကျမ တစ်ဦးတည်းလိုလို အချိန်အများစုကို ကုန်ဆုံးခဲ့ပါသည်။ ထိုအဖြစ်ကပင် စာပေနှင့် ပိုမိုနီးစပ်အောင် လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်မည်ဟု ကျမ ထင်ပါသည်။ ကျမ အထင်လည်း ဖြစ်နိုင်ပါသည်။
ကျမအသက် ဆယ့်လေးနှစ်အရွယ်တွင် ဝတ္ထုဟု ကိုယ့်ဘာသာကိုယ် ခေါ်သော ဝတ္ထုရှည်တစ်ပုဒ် စတင်ရေးခဲ့သည်။ ပြီးတော့ ကဗျာများ။ ပညာရေးကိုသာ အလေးပေးလိုပြီး အပြင်စာ ဘာမှပေးမဖတ်သော ကျမတို့ မိသားစုထဲတွင် ထိုကိစ္စသည် အကြီးမားဆုံး အပြစ်ဖြစ်သည်။ ပြာပုံတိုးသော ကိစ္စဖြစ်သည်။ တကယ်လည်း ကျမ ပြာပုံတိုးလေသည်။ မိဘများ မရိပ်မိ ကျမဘာသာ ရေးချင်တာတွေ ကျိတ်ရေး၊ ပြီးလျှင်တော့ အိမ်သာထဲ သွားရေးထားသော စာရွက်များကို မီးရှို့ကာ ရေဆွဲချရသည်။ ကျမ အသက် ၂၁ တွင် ကျောင်းပြီးသည်။ ကျောင်းပြီးသည့်နောက်မှ အင်တာနက်စသုံးကာ ယခုကျမ၏ ခင်ပွန်းသည် ကိုနေမြဲနှင့်အတူ ဝက်ဘ်ဆိုဒ်တစ်ခုထောင်ပြီး ကဗျာများစာများ အတူရေးခဲ့ကြသည်။ သူလေ့လာခဲ့သမျှများကို ကျမအား ပြန်လည်ဝေမျှရင်း၊ နီးစပ်ရာ အသိုင်းအဝိုင်းများမှ နာယူမှတ်သားရင်း အနည်းငယ်များပြားသော စာအုပ်များနှင့် ရင်းနှီးခဲ့သည်။ ယခု ကျမအသက် သုံးဆယ်တန်းဖြစ်သည်။ ပြတ်တောင်းပြတ်တောင်း စာတိုပေစ ပေါက်ကရရေးသော အချိန်မှ စတင်ရေတွက်မည်ဆိုလျှင်တော့ ကျမ စာရေးခဲ့သည်မှာ ၁၄ နှစ်ခန့် ရှိခဲ့ပြီဖြစ်ပါလိမ့်မည်။ သို့သော် ကျမသည် အမြဲလေ့လာရန် လိုအပ်နေသော လူထူတစ်ဦးသာ ဖြစ်သည်။ အမြဲတမ်းလေ့လာနေရန်လည်း အသက်ရှင်သရွေ့ လိုအပ်နေဦးမည်ဖြစ်သည်။
ယခု ဒုတိယမြောက် အရေးအသားစာအုပ်ဖြစ်သော (လနီနီကို မြင်တဲ့ လူ) စာအုပ်သည် (ဖွင့်ဆောင်းမရတဲ့ ထီး) နှင့်တော့ အနည်းငယ် ကွဲပြားနိုင်မည် ထင်ပါသည်။ ရှိခဲ့သော နေရာကျဉ်းကျဉ်းကလေးတွင် နက်နိုင်သလောက် နက်အောင် တူးခဲ့ရသောကြောင့် ပထမတစ်အုပ်တွင် ရှင်တို့ရော ကျမပါ အတော် ပင်ပန်းခဲ့ကြပြီးပါပြီ။ ယခုစာအုပ်တွင် ကျမ အကြောင်းအရာပိုင်းဆိုင်ရာကို များစွာလျှော့ချကာ အရေးအသားပိုင်းကိုသာ ဦးတည်ရေးသား ထားခဲ့ပါသည်။ စာများသောကြောင့် ဖတ်သူများ ဟုံနိုင်ပါသည်။ ပျင်းရိငြီး ငွေ့လာနိုင်ပါသည်။ အကြောင်းအရာ တစ်ခုတည်းကို အသေးစိတ် ရှည်လျားစွာ ရေးသားထားခြင်းဖြစ်သောကြောင့် စိတ်မရှည်လည်း ဖြစ်လာနိုင်ပါသည်။ သို့သော်လည်း ဖုန်းဆိုးမြေတွင် ဂေါ်သဇင်လည်း ပေါက်ရောက်နိုင်ပါသည်။ ယခုကာလသည် ကျမ၏ စိတ်ဓာတ်နှင့် အရေးအသားတို့ကို ကျမဘာသာ စမ်းသပ်နေသော ကာလဖြစ်ပါသည်။ ကျမနှင့်အတူ ဝင်ရောက် အစမ်းသပ်ခံပေးကြမည့် ရှင်တို့ကိုလည်း ကျမ အထူးကျေးဇူးတင်ရပါသည်။
ကျမအား စိတ်အားဆေးအားဖြင့် အစွမ်းကုန်ကူညီပေးနေသော ဒေါက်တာ စောဖြိုးဝေလင်း (ကဗျာဆရာ ဖိုးခွား)၊ ယုံယုံကြည်ကြည် ထုတ်ဝေပေးသော Writing Culture၊ မအားမလပ်သည့်အကြားမှ ကျမ စာရေးနိုင်ရန် ကျမဆီ တကူးတက လာလာပေးတတ်သော ကျမ၏ မွေးသမိခင်၊ အမေအိမ်တွင် မရှိခိုက် အိမ်ထမင်း အိမ်ဟင်းစားရရန် အခက် မကြာခဏ တွေ့ခဲ့သော်လည်း နားလည်ပေးခဲ့သော ကျွေးသဖခင်။ အားလုံးကို နက်နက်နဲနဲ ကျေးဇူးတင်လိုက်ပါသည်။
ချိုပိန်းနောင်
(၂၀၁၇၊ မတ်လ ၂၆၊ တနင်္ဂနွေ နံနက် ၂း၄၈)
https://t.me/TheBookR
ကြွက်မွေးနဲ့လုပ်တဲ့ စန္ဒရား
အိမ်စပြောင်းလာတုန်းက ကျနော်တစ်ယောက်တည်း။ တစ်ကိုယ်တည်း နေရတာကို ကြိုက်တာမို့ ကျန်းမာရေးအတွက်လည်း အဆင်ပြေတဲ့ ပတ်ဝန်း ကျင်မို့ ကျနော့်ရဲ့ အလိုက်သိလှတဲ့ အမေက ဒီအိမ်ကို ကျနော့်အတွက် ငှားပေးခဲ့တယ်။ အိမ်က အတော်ကြီးကို ကျယ်ဝန်းတယ်၊ ခြံကလည်း အတော့်ကို ကျယ်တယ်၊ ကျနော်တစ်ယောက်တည်းနေရတာတောင် အိမ်ကို အားနာနေရတယ်။ ကျနော့်မှာ ပါတဲ့ ပစ္စည်းလေးက နည်းနည်းလေး။ ဂစ်တာလေးတစ်လုံး၊ အဝတ်သေတ္တာ အိတ်နှစ်အိတ်နဲ့ ကွန်ပျူတာတစ်လုံး ဒါပဲ။ တော်တော် ကြီးကြီး ပစ္စည်းဆိုလို့ အဖေ့အမွေ စန္ဒရားတစ်လုံးပဲ ပါလာတယ်။
ကျနော်အိမ်ပြောင်းတော့ အမေက တာဝန်ကျေတယ်။ ကျနော့်ကို အိမ်လိုက်ပြောင်းပေးတယ်။ ခြံရှင်းလုပ်သား နှစ်ယောက်ခေါzပြီး သုံးရက်ခြံရှင်း ပေးတယ်။ ပြီးတော့ ဒီကြားထဲလည်း အိမ်ကို သပ်ရပ်အောင် ရှင်းလင်းပေးတယ်။ နောက်... ကျနော်သဘောကျလို့ ဝယ်ပြီး စုထားတဲ့ ပန်းချီကားတွေကို ဂရုတစိုက်နဲ့ သယ်ယူလာပေးတယ်။ အပေါ်ထပ်က အခန်းကျယ်တစ်ခန်းထဲမှာ နေသားတကျ နေရာချပေးတယ်။ သူ အဓိက ဂရုစိုက်တာကတော့ သူ့လင်တော်မောင် ထားရစ်တဲ့ စန္ဒရားကြီးပဲ။ ကျနော်က စန္ဒရားတီးရတာ အင်မတန် ဝါသနာကြီးတယ်။ အဖေရှိစဉ်က အမေက ဒီစန္ဒရားကြီးနားကို ပေးမကပ်ဘူး။ ကျနော့်အတွက် အော်ဂင်လေးတစ်လုံးဝယ်ပေးတယ်။ အခန်းထဲမှာပဲ တီးခိုင်းတယ်။ အင်မတန်ဝါသနာကြီးတယ်လို့ ပြောသာ ပြောရတာပါ။ တကယ်က ကျနော်က တစ်ခါဖူးမျှ စန္ဒရားကို သေသေချာချာ ဆရာနဲ့ သမားနဲ့ သင်ခဲ့ဖူးတာ မဟုတ်ဘူး။ အဖေလည်း သိပ်တီးတတ်တယ် မဟုတ်ပါဘူး။ ဒီလိုပဲ ဟိုတစ်ပုဒ် သည်တစ်ပုဒ် ဧည့်သည်လာရင် တီးပြတာလောက်ပါပဲ။ ဒါပေမယ်လို့ အဲဒီခေတ်ကာလတုန်းက ဧည့်ခန်းထဲမှာ စန္ဒရားကောင်းကောင်းတစ်လုံး အလှထားနိုင်ခဲ့ရင် အဲဒီအိမ်ရဲ့ အနေအထားနဲ့ အဆင့်အတန်းကို မြင့်မားတယ်လို့ ခန့်မှန်းတတ်ကြတာကြောင့်ပဲ။ ဒီစန္ဒရားကို ဝယ်ဖို့ အဖေ့အမေ ကျနော့် အဖွားရဲ့ တစ်ခုတည်းသော အမွေ ရှေးဟောင်းအောက်လင်းဓာတ်မီးကြီး ဖြုတ်ရောင်းခဲ့ကြရတာကိုတော့ ကျနော်တို့အိမ်သားတွေက လွဲလို့ ဘယ်သူမှ မသိကြဘူး။ လူ့လောကမှာကလည်း ရှိတာ၊ မရှိတာ အပထားလို့ အမြင်ကောင်းအောင် နေနိုင်ဖို့က ပိုအရေးကြီးနေကြတာမို့ အဖွားထားရစ်တဲ့ အမွေကို ထုတ်ရောင်းရကောင်းလားလို့ ဘယ်သူမှ စောဒကမတက်ဖြစ်ကြဘူး။ စန္ဒရားရဲ့ တံဆိပ်က ပြင်သစ်စာလား စပိန်စာလားပဲ၊ ကျနော် မဖတ်တတ်ဘူး။
ကျနော့်အလုပ်က မည်မည်ရရ မဟုတ်ဘူးဆိုတဲ့ထဲမှာ ပါတယ်။ ကျနော် တို့နိုင်ငံက လူငယ်အများစုရဲ့ နေထိုင်မှုပုံစံအတိုင်းပါပဲ။ ဒီအသက်ဒီအရွယ်ထိ အမေ့လုပ်စာ ထိုင်စားတယ်။ ဘွဲ့ရပြီးပေမယ်လို့ ကိုယ့်လုပ်စာ ကိုယ်စားပြီး ကိုယ်တိုင်ရပ်တည်နိုင်လောက်အောင် မဖြစ်ထွန်းတဲ့ ပညာရေးမို့ အမေကလည်း နားလည်စွာနဲ့ပဲ ကျနော့်ကို မငြိုမငြင် တင်ကျွေးထားတယ်။ ကျနော်က ကော်ဖီ ဆိုင်တွေနဲ့ ဘားတချို့မှာ အပျော်တမ်း ဂစ်တာလိုက်တီးတယ်။ တစ်ခါတလေ သီချင်းရေးတယ်။ သီချင်းလာဝယ်တဲ့လူရှိရင် ရောင်းတယ်။ ပိုက်ဆံနည်းနည်း ပါးပါးရရင် အမေ့ကို ပေးတယ်။ အမေက ကျနော့်ကို ချစ်ရှာတယ်။ ကျနော် ရှာလာသမျှ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ တစ်ခါဖူးမျှ မယူဘူး။ ကျနော် သုံးဖို့ဆိုပြီး ပြန်ပြန်ပေးလေ့ ရှိတယ်။ လောကမှာ အမေနဲ့ ကျနော်နှစ်ယောက်တည်း ရှိတော့တာမို့ အချင်းချင်းနားလည်မှုနဲ့ ရိုင်းပင်းပြီး နေကြတယ်။ ဒီ အရွယ်အထိ အလုပ်အကိုင်အတည်တကျ မရှိတာက လွဲလို့ပေါ့လေ။
ခုတလော ကျနော့်ကျန်းမာရေးက သိပ်မကောင်းဘူး။ ဆရာဝန်က ကျနော့်ကို ဖြစ်နိုင်ရင် ခရီးထွက်ပါလို့ ပြောတယ်။ မဖြစ်နိုင်လို့ မဟုတ်ဘူး။
ကျနော် မသွားချင်တာ၊ ဒီတော့ အမေက ခုနေနေကျ ပတ်ဝန်းကျင်ကနေ တစ်ဖြုတ်ဖြစ်ဖြစ်ထွက်ပြီး တခြားတစ်နေရာမှာ သားအမိနှစ်ယောက်သွားနေဖို့ စီစဉ်တယ်။ လက်ရှိအမေ့အိမ်မှာက ဧည့်သည်တွေ တအားများတော့ ကျနော် မျက်စိရှုပ်နားရှုပ်တယ်။ ဒါကလည်း အမေ့အလုပ်နဲ့ ဆက်စပ်နေတဲ့ လူတွေ ဆိုတော့ အလုပ်မရှိတဲ့ ကျနော်က အတွန့်သွားတက်ဖို့ မသင့်တော်ဘူးပေါ့။ ဆေးလိပ်ငွေ့တွေ အမှိုက်နံ့တွေလည်း ရှိတော့ ပြတင်းပေါက်မရှိတဲ့ ကျနော့် အခန်းမှာ ဒီအနံ့တွေက လှောင်ပိတ်နေတယ်။ ပြီးတော့ အပြင်တွေမှာ ကျနော် ဂစ်တာလိုက်တီးရင်လည်း ဆေးလိပ်ငွေ့၊ အရက်နံ့၊ ဆေးနံ့ စတာတွေ မွှန်ထူ နေတတ်တဲ့ နေရာတွေမှာ တီးရတာ များတော့ ကျနော်ကြာတော့ အဆုတ် မကောင်းတော့ဘူး။ ဒါတောင် ကျနော်ဆေးလိပ်တွေ အရက်တွေ မသောက်လို့။ ဒီတော့ ကျနော် ခဏ ခဏချောင်းတွေ ဆိုးလာတယ်။ အမေက ကျနော် ဒီအနံ့တွေကြောင့် ရောဂါဖြစ်တယ်ဆိုတာကို အပြည့်လက်မခံဘူး။ ကျနော် ဆေးလိပ် အရက်တွေ မသောက်လို့ ဒီအနံ့တွေကို ပိုမခံနိုင်ဖြစ်တာလို့ ပြောလေ့ ရှိတယ်။ အမေ ဘယ်လိုပဲပြောပြော ဆရာဝန်ကတော့ ဒီဝန်းကျင်နဲ့ ဝေးတဲ့ နေရာတစ်ခုမှာ ယာယီဖြစ်စေ သွားနေဖို့ အကြံပေးလိုက်တယ်။ အကြံပေးပြီးနောက်ပိုင်း အမေက ကျနော်နဲ့ ပတ်ဝန်းကျင်အသစ်တစ်ခုမှာ နေဖို့ရာ အစီအစဉ်တွေ ဆွဲတော့တာပဲ။ ဝန်းကျင်အသစ်မှာ ဘယ်နှလနေမယ်၊ ဒီက အလုပ်တွေကို ဘယ်သူနဲ့ လွှဲခဲ့မယ်၊ အိမ်ကို ဘယ်သူ့အပ်ခဲ့မယ်၊ ဘယ်မှာနေမလဲ၊ ငွေဘယ်လောက် သုံးမလဲဆိုတာက အစပေါ့။ ကျနော့်သဘောကတော့ အမေ့ကို မခေါ်သွားချင်ဘူး။ ကျနော်တစ်ယောက်တည်း နားနားနေနေ နေချင်တာပဲ။ တစ်ယောက်တည်း နေချင်တာလည်း ပါတယ်။ တကယ်တော့ ဆေးလိပ်ကို လက်ကြားညှပ်ထားတတ်တဲ့ အမေ့ကို ကျနော့် ကျန်းမာရေးအတွက် အနားယူတဲ့ နေရာကို ခေါ်မသွားချင်တာ။ ကျနော် အမေ့ကို ဒီကိစ္စ ဘယ်လို ပြောရမလဲ မသိဘဲ အားနာနေမိတာ အကြာကြီးပဲ။ နောက်တော့ အမေက သူ့ဟာသူ ရိပ်မိသွားပုံပဲ။ ကျနော်တစ်ယောက်တည်း အေးအေးနေပါလို့ ဆိုလာတယ်။ သူ ငှားပေးတဲ့ အိမ်မှာ နေဖို့နဲ့ ကျန်းမာလာတာနဲ့ သူ့ဆီ အမြန်ဆုံးပြန်လာဖို့မှာတယ်။ ပြီးတော့ အပေါ်မှာ ပြောထားတဲ့အတိုင်း အိမ်ရှင်းနေတော့တာပဲ။
အမေ့မှာ ရှိတဲ့ ပိုက်ဆံနဲ့ ကျနော်တို့မြို့ရဲ့ အစွန်နေရာမှာ ရှိတဲ့ အိမ်တစ်လုံးကို ရတယ်။ အိမ်က အခန်းကျယ်တွေ ရှိပြီး ခြံကလည်း ကျယ်တယ်။ ယာဉ်အသွားအလာလည်း ကျဲတယ်။ တစ်အိမ်နဲ့ တစ်အိမ်လည်း တအားကပ် နေတာမျိုးမဟုတ်တော့ ပတ်ဝန်းကျင်ကတော့ အေးအေးဆေးဆေး ရှိတယ် ပြောရမယ်။ ဈေးကလည်း သင့်တယ်။ ဒါပေမယ်လို့ မယုံနိုင်လောက်အောင် သင့်တင့်တဲ့ ဈေးတော့ မဟုတ်ပါဘူး။ အမေက ကျနော့်ကို သူ့အလုပ်မှာ သုံးနေတဲ့ တစ်ပတ်ရစ် ဒီဇယ်ကားလေးတစ်စီးပေးတယ်။ စားသောက်တာကတော့ အိမ်မှာပဲ ချက်ပြုတ်စားရမှာပေါ့။ အပြင်မှာ အမြဲစားဖို့ရာက အမေ့မှာ ငွေမလုံလောက်ဘူး။
အိမ်က အနည်းငယ်ပျက်စီးနေပေမယ်လို့ ကျနော်တစ်ယောက်တည်း နေမှာဆိုတော့ အဆင်ပြေပါတယ်။ ပျက်စီးနေတဲ့ နေရာမှာ သွားမနေဘူးပေါ့။ ကျနော့်အတွက်က အောက်ထပ်ဧည့်ခန်း တစ်ခန်းလောက်ဆို လုံလောက်ပြီ။ ကျနော့်ကျန်းမာရေးအတွက်ရော ပတ်ဝန်းကျင်ကပါ အဆင်ပြေတဲ့အနေအထားမို့ အမေတတ်နိုင်တဲ့ ငွေနဲ့ သင့်တော်တဲ့ နေရာမို့ ကျနော်လက်ခံလိုက်တယ်။ တစ်ခုပဲ ရှိတယ်။ ဒီအိမ်က သရဲရှိတယ်လို့ ဒီဝန်းကျင်မှာ နာမည်ကြီးတယ်။ ကျနော်တို့ကို အိမ်ရှာပေးတဲ့ အေဂျင်စီကလည်း ဒါကို ဖုံးကွယ်မထားဘူး။ ငှားရမ်းခဈေးသင့်တာ ဒါကြောင့်ပါလို့ ပြောထားပြီးသား။ ဒါပေမယ်လို့ ကျနော်ရော၊ အမေရောက သရဲ ဘာညာဆိုတာတွေကို အယုံအကြည်သိပ်မရှိဘူး။ အမေကလည်း ဒီထက်ပိုပြီး ငှားရမ်းခ မတတ်နိုင်ဘူး။ ဒီတော့ ဒီအိမ်မှာ ကျနော်လာနေခဲ့တယ်။
ပြောင်းပြီးအတော်ကြာတဲ့အထိ ဘာပြောင်းလဲမှုမှလည်း မရှိတော့ သရဲ ရှိတယ်လို့ ပြောကြတဲ့ပတ်ဝန်းကျင်ကို ကျနော်ရယ်ချင်လာတယ်။ သူတို့က အိမ်အပြင်ကနေပြီး အိမ်ထဲမှာ ဘာတွေရှိတယ်၊ ဘယ်လိုတွေ... စသဖြင့်နဲ့ ကိုယ်ကိုယ်တိုင်ပဲ တွေ့ခဲ့ရသလိုလိုတွေ ပြောကြတယ်။ တကယ်တမ်း အိမ်ထဲမှာ တစ်ယောက်တည်းနေတဲ့ ကျနော်ကတော့ ဘာခံစားမှု ထူးထူးဆန်းဆန်း မှလည်း မဖြစ်သလို ဘာမှလည်း မတွေ့ဖူးဘူး။ တနင်္ဂနွေနေ့တိုင်း ကျနော် ဘုရားတက်တယ်။ တနင်္လာနေ့ မနက်စောစောတိုင်းမှာ ဆေးရုံ မသွားခင် ဆရာဝန်က ကျနော့်ဆီဝင်ဝင်လာတတ်တယ်။ ကျနော့်ကျန်းမာရေးအခြေအနေကို စစ်ဆေးပေးတယ်။ ဆေးပေးတယ်။ ဒီတစ်ပတ်အတွင်း သူနဲ့ ပြန်မတွေ့ခင် အချိန်မှာ ကျန်းမာရေးအတွက် ကျနော်ဘာတွေ လုပ်ထားသင့်တယ် ဆိုတာမျိုးတွေ ပြောပြတယ်။ ညနေပိုင်းမှာ မြို့ပတ်လမ်းကို ပတ်ပြီး လမ်းလျှောက်ထွက်တယ်။ လေကောင်းလေသန့်ရှူရင်း လေ့ကျင့်ခန်း နည်းနည်းပါးပါးလုပ်တယ်။ မြို့ပတ်လမ်းက ကျနော်တို့မြို့ တောင်တန်းထူထူရှည်ရှည်တွေကြားထဲမှာ ဖောက်ထားတာမို့ မနက်နဲ့ နေ့လယ်ပိုင်းတွေဆိုရင်တော့ မြို့ပတ်လမ်းကို နေရောင်တိုက်ရိုက်ကျတယ်။ အပူလွန်ကဲတဲ့ရာသီဥတုတွေ ရောက်ပြီဆိုရင် မြို့ပတ်လမ်းဟာ အခြေအနေအတော်ဆိုးတယ်။ ကတ္တရာနဲ့ ခင်းထားတာမို့ တချို့ နေရာတွေမှာ ကတ္တရာစေးတွေ ပျော်တယ်။ ကတ္တရာလောင်ရင် ဘာလောင်တာနဲ့မှ မတူဘူး။ အလုပ်ကိစ္စ အထွေအထူးမရှိကြရင် ညနေပိုင်းတွေလောက်ပဲ မြို့ထဲကလူတွေ အိမ်ပြင်ထွက် လမ်းလျှောက် ဈေးဝယ်လုပ်ကြလေ့ ရှိတယ်။ တစ်ခါတလေ ကျနော့်ကောင်မလေး အလည်လာတယ်။ တစ်ခါတလေ ကျနော့်ကို အလုပ်ပေးချင်တဲ့ လူတွေ လာတယ်။ ဒီလောက်ပဲ။
မြို့ထဲ သွားရင်တော့ ရယ်ရတယ်။ ကျနော့်ကို ဈေးထဲက လူတွေက မြို့စွန်က အိမ်မှာ တစ်ယောက်တည်းနေတဲ့လူဆိုပြီး အထူးအဆန်းတွေ ကြည့်ကြ၊ သတိပေးတာဆိုပြီး ပြောကြဆိုကြ လုပ်ကြတယ်။ ကျနော် ဒီအိမ်မှာ နေလာတာ ခုဆိုသုံးလထဲ ဝင်တော့မယ်။ ဘာထူးခြားမှုမှ မဖြစ်ဘူး။ သူတို့တွေ ဘာကို ကြောက်နေကြသလဲတော့ ဘုရားရှင်လည်း သိမှာ မဟုတ်ဘူး။ သူတို့ကိုယ်သူတို့လည်း သိမယ်မထင်ဘူး။ သေချာတာကတော့ ဒီအိမ်ကို သူတို့ကြောက်နေကြတယ် ဆိုတာပဲ။ ကျနော် အသီးအရွက်ဝယ်နေကျဆိုင်က အဒေါ်ကြီးက ကျနော့်ကို အမြဲသတိပေးလေ့ ရှိတယ်။ ကြာတော့ ကျနော်အာရုံနောက် လာတယ်။ (အဒေါ် ထိုင်းသရဲကားတွေ သိပ်မကြည့်နဲ့)လို့ ပိုက်ဆံရှင်းပြီးတာနဲ့ ကျနော် သူ့ကို ပြောလိုက်တယ်။ နောက်နေ့က စပြီး ကျနော် သူ့ဆိုင်မှာ သွားမဝယ်တော့ဘူး။ ကျနော့်ကောင်မလေးကို ဒီအကြောင်းတွေ ပြောပြတော့ သူကတော့ မိန်းကလေးပီပီ ကြောက်ပြတယ်။ ဒီကောလာဟလတွေကို သူ့ကို ကျနော် မပြောပြခင်က သူလာလာလည်နေတာ အကောင်း၊ ဒီအကြောင်းလည်း သူ့ကို ပြောပြလိုက်ပြီးရော ဟိုနားက အသံကြားသလို ဒီနားက အသံကြား သလိုတွေ ခဏ ခဏပြောပြောလာတယ်။ ဈေးထဲက အဒေါ်ကြီးကို အာရုံနောက်လို့ သူ့ဆိုင်မှာ ဈေးမဝယ်ဘဲ ကျနော်နေတာ ဘာမှ မဖြစ်ပေမယ်လို့ ကျနော့်ကောင်မလေးကိုတော့ အဲဒီလိုအာရုံသွားနောက်လို့ မဖြစ်ဘူး။ ကျနော် အာရုံနောက်တာထက် သူက နောက်နှစ်ဆယ်ဆလောက် အာရုံနောက်ပြလိမ့်မယ်။ သူ့အကြောင်း ကျနော်သိတယ်။
တစ်နေ့တော့ တနင်္ဂနွေမနက်မို့ ကျနော်ဘုရားသွားတယ်။ ကျနော့်ကောင်မလေးက အစောကြီး အိမ်ကို ရောက်လာတယ်။ သူ့ကို အိမ်သော့ပေးခဲ့ပြီး အိမ်စောင့်ခိုင်းခဲ့တယ်။ ကျနော်ဘုရားက ပြန်လာတော့ သူ မရှိတော့ဘူး။ အိမ်သော့ကို အိမ်ရှေ့တံခါးဝမှာ ဒီတိုင်းထားခဲ့တယ်။ စာလည်း ရေးမသွားဘူး။ သော့ကို လူမြင်သူမြင် ဒီအတိုင်းထားခဲ့တော့ အိမ်ထဲ သူခိုးဝင်ရင် မခက်လား၊ ထင်တာကတော့ သော့ကို ဒီတိုင်းထားခဲ့လည်း သရဲခြောက်တဲ့ အိမ်ဆိုပြီး နာမည်ကြီးနေတာဆိုတော့ ဘယ်သူခိုးမှ ဝင်မခိုးလောက်ဘူးလို့ သူထင်သလားတော့ မပြောတတ်ဘူး။ မိန်းမသူခိုးဆိုရင်တော့ အဲဒီလိုတွေးချင်တွေးပြီး ခိုး ချင်မှလည်း ခိုးမှာပေါ့။ ယောက်ျားသူခိုးဆိုရင်တော့ သူတွေးသလို တွေးချင်မှ တွေးမှာပေါ့။ ဥပမာ ကျနော့်စိတ်လို သူခိုးမျိုးတွေ မရှိဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ၊ မိန်းမတွေများ...လို့ တွေးရင်း အိမ်သော့ကို ကျနော် ဖွင့်လိုက်တယ်။ အိမ်ထဲမှာ လက်ရာခြေရာတွေ ပျက်နေတယ်။ စန္ဒရားကို ဖုံးထားတဲ့ စောင်စဟာ ကြမ်းပြင်ပေါ်ကို ကျနေတယ်။ ဧည့်ခန်းထဲက ကော်ဇောကို တစ်ကောင်ကောင်ကိုက်ထားသလို အနားစတွေ ဖွရရာကြဲနေတယ်။ နောက်ဖေးက ဒယ်အိုးက မီးပိတ်ထားပေမယ်လို့ ချက်လက်စ တန်းလန်း။ ရေခဲသေတ္တာပွင့်နေတယ်။ ရေခဲသေတ္တာထဲက ဟင်းခွက်တချို့ ဟင်းတွေ နည်းနေတယ်။ နို့ပုလင်းလည်း ကွဲကျနေတယ်။ စန္ဒရားကတော့ ကျနော့်ကောင်မလေး တီးသွားတာလည်း ဖြစ်နိုင်တာပဲ။ ဒယ်အိုးထဲက ဟင်းက သူချက်ထား တာ။ ဟင်းတွေ ဘာတွေကလည်း သူယူစားထားတာ ဖြစ်နိုင်တာပဲ။ နို့ပုလင်း ကတော့ ဟင်းခွက်တွေ ယူရင်း ကျကွဲတာ ဖြစ်နိုင်တယ်။ ဒါအားလုံးကို သူလုပ်ထားတာလို့ ကျနော်တွေးကြည့်လိုက်လို့ ရတယ်။ ဒါပေမယ်လို့ ဧည့်ခန်းက ကော်ဇောစအနားတွေ ဖွာနေတာကတော့ သူကိုက်သွားတာ မဖြစ်နိုင်ဘူး။ သူက ပျင်းရင် လက်သည်းကိုက်နေတတ်တဲ့ မိန်းမပေမယ်လို့ ပျင်းလို့ ကော်ဇောကောက်ကိုက်နေတဲ့ မိန်းမမျိုးတော့ ကျနော်မတွေ့ဖူးသေးဘူး။
အရာရာကို နေသားတကျဖြစ်အောင် ကျနော် နေရာပြန်ချလိုက်တယ်။ ကျနော့်ကောင်မလေးက အဲဒီညနေအထိ ပြန်မလာဘူး။ သူ့အိမ်က တစ်ခါတလေ ထွက်မရတာမျိုးလည်း ရှိနိုင်တော့ သူ့ဆီက အဆက်အသွယ်မရတာဟာ ကျနော့်အတွက် မဆန်းဘူး။ အနားတွေ ဖွာနေတဲ့ ကော်ဇောကို ကတ်ကြေးနဲ့ လိုက်ကိုက်လိုက်တယ်။ ကော်ဇောဟာ အရင်ထက်အရွယ်အစားသေး သွားပေမယ်လို့ ညီညီညာညာ ပြန်ဖြစ်သွားတယ်။ ညစာစားပြီးတော့ ကော်ဖီ တစ်ခွက်နဲ့ ဗရန်ဒါထွက်ထိုင်ရင်း ဂစ်တာတီးချင်လာတယ်။ အခန်းထောင့်က ဂစ်တာအိတ်ကို ဖွင့်လိုက်တော့ ကျနော့်ဂစ်တာက ကြိုးတွေအားလုံး ပြတ်နေတာကို တွေ့လိုက်ရတယ်။ ပြတ်နေတာမှ တစ်ချောင်းချင်းက တစ်ချက်ချင်း စီပြတ်နေတာမျိုးမဟုတ်ဘဲ အပိုင်းအပိုင်းတွေ ပြတ်နေတာ။ ကြာဆံပြုတ်အိုးထဲက ကြာဆံတွေလိုမျိုး။ ကျနော် တော်တော်စိတ်ညစ်သွားတယ်။ ဒီအိမ်မှာ ကြွက်ရှိနေပြီလို့ ကျနော်သိလိုက်တယ်။ ဒီလောက်မာတဲ့ ကော်ဇောအသားကိုတောင် ကိုက်ဖြတ်နိုင်တဲ့ ကြွက်ဆိုတော့ ကျနော့်ဂစ်တာကြိုးတွေကို အပိုင်းပိုင်းဖြစ်အောင် ဖြတ်သွားနိုင်တာ မဆန်းလှဘူး။ ဒါပေမယ်လို့ ကျနော့်ဂစ်တာ အိတ်က ဇစ်ပိတ်ထားတာ။ ဂစ်တာအိတ်ကို သေချာအောင် ပြန်စစ်လိုက်တော့ အိတ်ထောင့်မှာ ဇစ်မညီဘဲ နည်းနည်းပြဲနေတဲ့ နေရာကို တွေ့လိုက်ရတယ်။ နေရာတကာ သွားလေရာ ဂစ်တာယူသွားတတ်ပြီး ညဆို ဂစ်တာနဲ့ ဖက်အိပ် မတတ် သံယောဇဉ်တွယ်တဲ့ ကျနော်တောင် အိတ်ပြဲနေတာကို သတိမထားမိဘူး။ ခုမှ ဘယ်ကမှန်းမသိ ရောက်လာတဲ့ ကြွက်က သတိထားမိသွားတယ်ဆိုတော့ ကျနော့်စိတ်ထဲ ကြွက်ကို သိပ်မနာလိုလှဘူး။ ကြိုးအပိုင်းအပြတ်တွေကို ရှင်းလိုက်ပြီး ဂစ်တာကို အိတ်ထဲ အသေအချာပြန်ထည့်ထားလိုက်တယ်။
နောက်နေ့မနက်နိုးနိုးချင်းပဲ ဂစ်တာကြိုးဝယ်ဖို့ ခေါင်းထဲရောက်လာတယ်။ မနက်စောစော တူရိယာပစ္စည်းဆိုင်တွေ ဖွင့်ပါ့မလား ကျနော်မသိဘူး။ ဒါပေမယ်လို့ ကျနော်သိပ်သွားချင်နေတယ်။ ကျနော့်ဂစ်တာကို ကြိုးအပြတ်တွေနဲ့ ကျနော်မမြင်ချင်ဘူး။ အိမ်တံခါးကို ဆွဲဖွင့်လိုက်တော့ တံခါးခေါက်တော့မလို အမူအရာနဲ့ ခပ်အမ်းအမ်းဖြစ်နေတဲ့ ကျနော့်ဆရာဝန်ကို အိမ်ရှေ့မှာ တွေ့လိုက်ရတယ်။ ဒီနေ့ သူလာတာစောတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ ကျနော် အားနာတတ်တယ်။ ဒါပေမယ်လို့ ခုကတော့ ဂစ်တာကြိုးဝယ်ဖို့ကိုပဲ စိတ်က လောနေတော့ သူ့ကို အိမ်ထဲ ဝင်ဖို့ ကမန်းကတန်းဖိတ်လိုက်တယ်။ သူလည်း ကျနော် ဘာဖြစ်နေမှန်း မသိတော့ ကယောင်ကတမ်းနဲ့ ကျနော်ခေါ်တဲ့ဆီ အူကြောင်ကြောင်လိုက်လာတယ်။ သူ့ရဲ့ ကိုးရိုးကားရားပုံစံကို ကြည့်ပြီး ကျနော် ရယ်ချင်သွားတယ်။ သူ့လက်ဆွဲသေတ္တာအိတ်ကလေးကို ကြွက်ကိုက်ထားတဲ့ ကော်ဇောပေါ်မှာ ချပြီး သူပါဝင်ထိုင်တယ်။ ကျနော် သူ့ကို ဒီအချိန် မြို့ထဲမှာ ဂစ်တာကြိုး ဘယ်နားရောင်းသလဲသိလားလို့ မေးလိုက်တော့ သူက နည်းနည်း စဉ်းစားပြီး မနက်ခြောက်နာရီခွဲဆို တံခါးဖွင့်ထားတတ်တဲ့ တူရိယာဆိုင်တစ်ဆိုင် ရှိတယ်လို့ တွေးတွေးဆဆ ဖြေတယ်။ တံခါးဖွင့်ထားပေမယ်လို့ ဆိုင်ဖွင့်မဖွင့် ဆိုတာတော့ မသေချာဘူးလို့ ထပ်ပြောတယ်။ ကျနော် သူ့ကို နာရီဝက်အတွင်း ပြန်လာမှာမို့ ခဏလောက် အိမ်စောင့်ပေးနိုင်မလားလို့ သူ့ကို မေးကြည့်တော့ သူက အချိန်ရသေးတဲ့အတွက် ရပါတယ်လို့ အားနာပါးနာ ပြန်ဖြေတယ်။ သူအားနာလို့ ပြန်ဖြေတာကို ကျနော်သိပေမယ်လို့ ကျနော် အချိန်မီသွားပြီး ပြန်လာပါ့မယ်လို့ ကတိပေးရင်း အိမ်က ထွက်လာခဲ့တယ်။
နာရီဝက်အတွင်း ကျနော့်ကတိအတိုင်း ကျနော်အိမ်ပြန်လာတယ်။ အိမ်တံခါးမကြီးက ပွင့်လျက်ကြီး။ အိမ်ထဲ ဝင်လိုက်တော့ အိမ်ထဲမှာ ဆရာဝန်မရှိဘူး။ သူ့ဆေးသေတ္တာလေး ရှိတုန်းပဲဆိုတော့ ရေအိမ်များ ဝင်နေသလားလို့ ရေအိမ်ထဲ သွားကြည့်၊ အသံပြုကြည့်ပေမယ့်လည်း မရှိဘူး။ ရေအိမ်ခန်းကနေ ပြန်ထွက်လာတော့ ဆေးသေတ္တာလေးက ခုနကနေရာမှာမဟုတ်ဘဲ နေရာယွင်း နေတာကို တွေ့ရတယ်။ ကော်ဇောလည်း အနားတွေဖွာနေပြန်တယ်။ ဒီတစ်ခါတော့ ကော်ဇောက မနေ့ကလောက် အခြေအနေမဆိုးဘူး။ ဒီကြွက်လုပ်သွားပြန်ပြီလို့ ကျနော်တွေးလိုက်တယ်။ ကျနော့်ဆရာဝန်နဲ့ ကျနော့်ကောင်မလေး ဒီလောက် ကြွက်ကြောက်တတ်မှန်း ကျနော်အစက မသိခဲ့ဘူး။ ဒါပေါ့လေ။
ဒီမြို့မှာက လူချမ်းသာတွေပဲ များကြတော့ အိမ်တွေ၊ လမ်းတွေ၊ လမ်းကြား တွေမှာ ကြွက်တို့၊ ခြင်တို့ဆိုတာ မရှိသလောက် သန့်ပြန့်နေတာဆိုတော့ လူချမ်းသာတချို့ကတော့ ကြွက်တွေ ဘာတွေ ကြောက်ချင်လည်း ကြောက်မှာပေါ့လေ။ ကျနော် ဆရာဝန်ဆေးသေတ္တာလေးကို သိမ်းထားပေးလိုက်တယ်။ တစ်ခုခု အရေးပေါ်လိုအပ်တာပဲဖြစ်ဖြစ် ကျန်ခဲ့တာ သူသိသွားရင်ပဲ ဖြစ်ဖြစ် သူလာပြန်ယူမှာပဲ။
နောက်တစ်ပတ်ကြာတဲ့အထိ ကျနော့်ဆရာဝန်ဟာ လာချိန်တန်တာ တောင်မလာဘူး။ ကျနော့်ကောင်မလေးလည်း မလာဘူး။ ကျနော်လည်း တစ်ယောက်တည်းနဲ့ ပြည့်စုံနေတာမို့ ဘယ်သူ့အလာကိုမှလည်း သိပ်မမျှော်မိဘူး။ ဒါပေမယ်လို့ ကျနော့်အိမ်ကို လာလည်တဲ့ ဧည့်သည်တွေကို အနှောင့်အယှက်ပေးနေတဲ့ ကြွက်တွေကို ရှင်းဖို့ လိုအပ်နေပြီဆိုတာ ကျနော်သိတယ်။ ကြွက်သတ်ဆေးတွေနဲ့ ကြွက်ထောင်ချောက်တွေ ကျနော် မြို့ထဲက ဝယ်လာတယ်။ ကြွက်သတ်ဆေးနဲ့ ကြွက်ထောင်ချောက်ကို မြို့ထဲမှာ အတော်ရှာယူလိုက်ရတယ်။ ကြွက်ဖမ်းဖို့လို့ ပြောတာကိုပဲ.. ဆိုင်ရှင်တွေက ကျနော့်ကို ထူးဆန်းသလို ကြည့်နေကြတယ်။ နောက်တော့ ပရဆိုင်တစ်ဆိုင်မှာ ကျနော်လိုချင်တဲ့ ကြွက်သတ်ဆေးကို ရလာတယ်။ ကြွက်သတ်ဆေးအစစ်တော့ မဟုတ်ဘူး။ ကြွက်သေတယ်လို့ ပြောပြီး ဆိုင်က စပ်ပေးလိုက်တဲ့ ဆေး။ ဘာပဲဖြစ်ဖြစ် သေတယ်ဆို ရပြီမို့ ကျနော်အဲဒါပဲ ယူလာလိုက်တယ်။ နေ့လယ်ပိုင်းမှာ ကြွက်သတ်ဆေးတွေကို အိမ်နံရံထောင့်တွေမှာ ဖြူးထားလိုက်တယ်။ ကြွက်ထောင်ချောက်တွေကိုတော့ ကြွက်လာနိုင်တယ်လို့ ခန့်မှန်းရတဲ့ နေရာတွေမှာ နေရာအမှတ်အသားတွေ လုပ်ပြီး ချထားလိုက်တယ်။ ခြံထဲက ပုံနေတဲ့ သစ်ရွက်ခြောက်တွေကို မြေဖို့ပြီး မြှုပ်လိုက်တယ်။ အဲဒါလုပ်ပြီးတော့ ကျနော် အတော်ကြီး မောနေပြီ။ ခဏအနားယူပြီးတော့ အိမ်ထဲက အမှိုက်ထုပ်တွေကို လမ်းမထောင့်က မြူနီစီပယ်သတ်မှတ်ထားတဲ့ နေရာမှာ သွားချထားလိုက်တယ်။ အိမ်ပြန်လာတော့ ကြွက်ထောင်ချောက်တွေ အရာယွင်းနေပြီလားလို့ ကျနော်ကြည့်လိုက်မိသေး။ ဘာအရာမှ မယွင်းသေးဘူး။ ကော်ဇောက အနားတွေ ဖွာနေတာ ကျနော် ပြန်မတိထားဘူး။ ကြွက်က ဘယ်နေ့မှ သေမယ်မသိဘူး။ ကော်ဇောကို ဒီကောင်တွေ ကိုက်တိုင်းသာ အနားလိုက်တိနေရရင်တော့ ကျနော့် ကော်ဇောလည်း ကြာရင် စားပွဲခင်းဖြစ်တော့မယ်။ ဒီတော့ အနားတွေ အကုန်လုံးကို ညီညီညာညာ ဖွာလိုက်ဖို့ ကျနော်အကြံရတယ်။ ဒီတစ်နေ့တော့ ကျနော်ပင်ပန်းထားတာ လုံလောက်ပြီဆိုတော့ နောက်နေ့မှ လုပ်တော့မယ်လို့ စိတ်ကူးမိတယ်။
ကျနော်အိမ်ပြောင်းလာတာကိုသိတဲ့ မိတ်ဆွေတချို့က လာလည်ကြပေမယ်လို့ ကျနော့်အမေကတော့ တစ်ခါမှ မလာဘူး။ ကျနော်လည်း သူ့အိမ်မသွား ဖြစ်ဘူး။ တစ်မြို့ထဲနေနေပေမယ်လို့ ပတ်ဝန်းကျင်အသစ်မှာပဲ နေပျော်နေတဲ့အတွက် အမေ့အိမ်ကိုတောင် ကျနော်တခုတ်တရ သတိမရဘူး။ စားရေး နေရေးအတွက် အမေပေးထားခဲ့တဲ့ ပိုက်ဆံနဲ့ လုံလောက်ပြီး ကျနော့်ဘာသာလည်း အလုပ်လေး ဘာလေး ရတတ်တော့ ခြိုးခြံနေရုံနဲ့ ကျနော့်တစ်ကိုယ် စာက အဆင်ပြေနေတယ်။ အဆင်ပြေနေတုန်းမို့ ဘယ်သူ့ကိုမှ သတိမရတာမျိုးလည်း ဖြစ်နိုင်တာပဲ။ သေချာတာကတော့ ကျနော် ငြိမ်းချမ်းနေတယ် ဆိုတာပဲ။ ကျန်းမာရေးလည်း ကောင်းလာတယ်။
ဆရာဝန်နဲ့ ကောင်မလေး ဘာမှန်းညာမှန်း မသိဘဲ ထွက်သွားတဲ့ နေ့က စပြီး နောက်ပိုင်း ကျနော့်အိမ်လာလည်တဲ့ ဧည့်သည်တွေမှာ ထူးထူးခြားခြား ပြဿနာမျိုးတွေ ဘာမှမဖြစ်ဘူး။ ဆရာဝန်နဲ့ ကောင်မလေးကတော့ ကျနော့်ဆီ ပြန်မလာတော့ဘူး။ ကျနော်က နဂိုကကို ဆေးသောက်ဖို့ မုန်းတဲ့လူ ဖြစ်သလို ရည်းစားကြောင့် အာရုံလည်း မနောက်တော့တာကြောင့် သူတို့ကို ထွေထွေထူးထူး ဘာခံစားချက်မှ သိပ်မဖြစ်မိဘူး။ ကျနော် ကြွက်ထောင်ချောက်တွေ ချလိုက်တဲ့နေ့က စပြီး အဲဒီကြွက်တွေ မလာတော့တာ ခုချိန်ထိပဲ။ တစ်ကောင်မှလည်း မမိဘူး။ အိမ်နဲ့ ခြံသန့်ရှင်းရေးကို ကျနော် အလုပ် ဘယ်လို များနေပါစေ၊ ဦးစားပေးပြီး အမြဲလုပ်ဖြစ်တယ်။
နေရာသစ်မှာ တဖြည်းဖြည်းနဲ့ နေသားကျလာတော့ နေရာသစ်ကို နေရာဟောင်းထက်ပိုပြီး နှစ်သက်လာတယ်။ ခြံထဲမှာ မီးလုံးလေးတွေ ဆင်တယ်။ အိမ်ထဲမှာ တချို့မှောင်နေတဲ့ နေရာတွေအတွက် မီးဆင်တယ်။ စုထားတဲ့ ပန်းချီကားတွေထဲက အနှစ်သက်ဆုံး ပန်းချီကားတွေကို နည်းနည်းနဲ့ကျဲကျဲ ချိတ်တယ်။ ပန်းချီကားတစ်ချပ်ချင်းစီအပေါ်မှာ မီးချောင်းသေးသေး မှိန်မှိန်လေးတွေ တပ်တယ်။ နေရာသစ်က ကျနော်နဲ့ ကံစပ်တယ်လို့ ကျနော်ခံစားရတယ်။ ဒီကို ပြောင်းလာပြီးမှ ကျနော့်ကျန်းမာရေးလည်း ကောင်းလာသလို အလုပ်ကလေးတွေလည်း ခပ်စိပ်စိပ် ရရလာတယ်။ ကျနော်စပ်ထားတဲ့ သီချင်းတွေထဲက သုံး၊ လေးပုဒ်လောက်လည်း ရောင်းရတယ်။ ဒီကြားထဲ ကျနော့်ဆီမှာရှိတဲ့ နာမည်ကြီး ပန်းချီဆရာတစ်ယောက်ရဲ့ ပန်းချီကားချပ်တစ်ချပ် ရောင်းလိုက်ရသေးတယ်။ ငွေပိုလျှံလေး ရလာပေမယ်လို့ ကျနော်မသုံးဘူး။ နာရေးဖျားရေးနဲ့ တခြား လိုအပ်လာတာတွေ ရှိလာနိုင်တဲ့အတွက် စုထားတယ်။ နောက်တော့ ကျနော်နဲ့ ဝါသနာတူ မိတ်ဆွေသုံးယောက် ရလာတယ်။ ကျနော်တို့ ကိုယ်ပိုင် တီးဝိုင်းလေးတစ်ခု ထောင်လိုက်ကြပြီး အားလုံးကျနော့်အိမ်မှာပဲ စုနေကြတယ်။ စားရေးသောက်ရေးအတွက် အားလုံးကိုယ်စီ အချိုးကျ စိုက်ထုတ်ကြတယ်။ အိမ်နဲ့ ခြံသန့်ရှင်းရေးကို အလှည့်ကျ တာဝန်ယူကြတယ်။ တစ်ခုပဲ ရှိတယ်။ ကျနော့်အိမ်မှာ ဆေးလိပ်သောက်ခွင့်၊ အရက်သောက်ခွင့်၊ မူးယစ်ဆေးသုံးခွင့် ကျနော် မပေးဘူး။ အပြင်က သုံးပြီး ပြန်လာရင်လည်း အနံ့တွေ အငွေ့တွေ တတ်နိုင်သလောက် ပါမလာအောင် သူတို့ကို ဂရုစိုက်ခိုင်းတယ်။ ကျနော့်ရဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေကြောင့် အဖွဲ့ဖွဲ့ပြီး ပထမတစ်ပတ်မှာတင် လိဒ်ဂစ်တာသမား ထွက်သွားတယ်။ ကျန်တဲ့ နှစ်ယောက်နဲ့ ကျနော်ကတော့ အဆင်ပြေတယ်။ အားလုံးဟာ နေသားတကျ အစီအစဉ်တကျပဲ။
ကြာသပတေးတစ်ရက်မှာတော့ ကျနော်ခြံထဲမှာ အမှိုက်ရှင်းပြီး အိမ်ပေါ် ပြန်တက်လာတယ်။ ကျနော့်အဖော်နှစ်ယောက်ကို အိမ်ထဲမှာ မတွေ့ရဘူး။ ခုနကတင် ကျနော်ခြံထဲ ဆင်းသွားတော့ သူတို့ရှိနေကြသေးတယ်။ အပြင်များ ထွက်သွားသလားလို့ နေ့လယ်စာစားဖို့ ကျနော်စောင့်နေသေးတယ်။ ဒါပေမယ်လို့ ညနေစောင်း ကျနော်လမ်းလျှောက်ထွက်တဲ့ အချိန်အထိ သူတို့ပြန်မလာသေးဘူး။ စောင့် စောင့် စောင့်နဲ့ပဲ အရင်လူတွေလိုပဲ သူတို့နှစ်ယောက်လည်း ပျောက်ခြင်းမလှ ပျောက်သွားကြပြန်တယ်။ ကျနော့်အိမ်က ကြွက်တွေ ပြန်ရောက်နေပြီလို့ ကျနော့်စိတ်ထဲမှာ သိလိုက်တယ်။ အိမ်ပြန်တော့ ကျနော် ကြွက်သတ်ဆေးတွေ ထောင်ချောက်တွေ ထပ်ဝယ်သွားတယ်။
ကြွက်ဆေးဝယ်လာပြီးတော့ ဒီကောင်တွေ ထပ်မလာပြန်ဘူး။ အိမ်ထဲမှာ တစ်ယောက်တည်းနေတဲ့ အချိန်တွေဆို ဘာသံမှမကြား၊ ဘယ်ဟာမှလည်း ပျက်စီးတာမျိုး မရှိဘူး။ ဒါပေမယ်လို့ အဲဒီနောက်ပိုင်းတော့ ကျနော်အလုပ်ရှိလို့ အပြင်ထွက်သွားတိုင်း ပြန်လာရင် အိမ်မှာ ခြေရာလက်ရာတွေ ပျက်နေတာကို တွေ့တွေ့လာရတယ်။ ကြက်ဥတွေ ကွဲနေတာ၊ ရေချိုးခန်းလိုက်ကာ စတွေ ပြဲနေတာ၊ အဝတ်အိတ်တွေကို ကိုက်ဖြတ်ထားတာ စသဖြင့် အစုံပဲ။ ဂစ်တာကတော့ ကျနော်ဘယ်သွားသွား သယ်သွားလို့ ရပေမယ်လို့ အဝတ်အိတ်တွေကိုတော့ ဘယ်သွားသွား သယ်သွားလို့ မရတာမို့ ဗီရိုအသေးလေး တစ်လုံးဝယ်ပြီး အဝတ်တွေ ထည့်ရတယ်။
အိမ်က ကြွက်တွေဟာ အရမ်းလည်တယ်။ ကျနော်ရှိနေတဲ့ အချိန် ဘယ်တော့မှ မလာဘူး။ ကြွက်သတ်ဆေးတွေ ဖြူးထားတဲ့နေရာတွေကိုလည်း လုံးဝ မလာဘူး။ ထောင်ချောက်ဆို ဝေးရောပဲ။ ဒီလောက်လည်တဲ့ ကြွက်တွေဟာ ကြွက်ဖြစ်ဖို့တောင် မကောင်းဘူး။ လူသာဖြစ်ရင် ဘယ်လောက်လည်တဲ့ ပတ်တဲ့ကောင်တွေ ဖြစ်နေလိမ့်မလဲ။ ဒီကောင်တွေကို ဖမ်းမိဖို့ ကျနော်အိမ်မှာပဲနေမှ ဖြစ်မယ်။ ဒါမှ ဒီကောင်တွေ တစ်ချိန်မဟုတ် တစ်ချိန်ရောက်လာရင် ကျနော် အဆင်သင့်ဖမ်းဖို့ ဖြစ်နေမှာ။ ကျနော်လည်း အလုပ်ကိစ္စနဲ့လမ်းလျှောက်ဖို့ ဈေးဝယ်ဖို့လောက်ကလွဲရင် အပြင်ထွက်လေ့ မရှိဘူး။ ကြွက်တွေနှောင့်ယှက်တတ်တဲ့ အချိန်တွေကို ကျနော် ပြန်စဉ်းစားကြည့်တယ်။ ကြွက်တွေက အိမ်ထဲမှာ ကျနော်မရှိတဲ့ အချိန်တွေကျမှ အိမ်ကို လာတဲ့လူတွေကို နှောင့်ယှက်လေ့ ရှိတယ်။ ကျနော်ရှိနေရင်တော့ သူတို့လှုပ်တောင် မလှုပ်ဘူး။ အိမ်ထဲမှာ ဘယ်သူမှ မရှိနေရင်လည်း ဒီကောင်တွေ သောင်းကျန်းတယ်။ ဒီတော့ ကျနော် အိမ်ထဲမှာ မရှိတဲ့ ပုံစံလုပ်ပြီး ဒီကောင်တွေကို တစ်ပတ်ရိုက်ရမယ်လို့ အကြံ ဖြစ်တယ်။ တစ်နေ့တော့ အိမ်ထဲမှာ ကြွက်သတ်ဆေးတွေဖြူး ထောင်ချောက်တွေ ချပြီး အိမ်တံခါးမကြီးကို သော့ခတ်ပြီး အပြင်ထွက်တဲ့ဟန် ကျနော်လုပ်တယ်။ ပြီးတော့ အိမ်ကို တစ်ပတ်ပြန်ပတ်ပြီး နောက်ဖေးပေါက်ကနေ အပေါ် ထပ်ကို ပြန်တက်တယ်။ ပြီးတော့ အပေါ်ထပ်မှာ တံခါးကို လော့ခ်ချပြီး တိတ်တိတ်လေး နေနေလိုက်တယ်။ ဆယ့်ငါးမိနစ်လောက်ပဲ ကြာမယ်ထင်တယ်။ အောက်ထပ်မှာ လှုပ်ရှားသံတွေ ကြားလာရတယ်။ ပထမဆုံး စန္ဒရားခလုတ်တွေ တတောင်တောင်မြည်သံကို စကြားရတယ်။ ပထမတော့ ဖြည်းဖြည်းချင်း၊ နောက်တော့ ကြမ်းကြမ်းတမ်းတမ်း။ ထင်တာတော့ ဒီကောင်တွေ သုံး၊ လေး ကောင်ထက် မနည်းလောက်ဘူး။ ပြီးတော့ ကိုယ်လုံးကိုယ်ထည်လည်း ကြီးလိမ့်မယ်။ နောက်ပြီး အဲဒီအသံနဲ့ တစ်ဆက်တည်း မီးဖိုချောင်ထဲက အသံတွေလည်း ကြားရတယ်။ ပန်းကန်တစ်ချပ် ကွဲသွားတဲ့အသံ ကြားတယ်။ ပြီးတော့ အဝတ်စတွေကို ကိုက်ဖြတ်နေသလို အသံတွေ၊ ဟင်းခွက်တွေ လှန်နေသံတွေလည်း ကြားရတယ်။ တစ်သံက ဧည့်ခန်းထဲမှာ၊ နောက်တစ်သံက မီးဖိုချောင်ထဲမှာ ဖြစ်တာကြောင့် ကျနော့်အခန်းနဲ့ နီးတဲ့ မီးဖိုဘက်ခြမ်းက ကြွက်တွေကို အရင်ရိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခြေသံကို အလုံဆုံးထားပြီး အောက်ထပ်ကို ကျနော်ဆင်းတယ်။ အသံတွေက ကြားနေရတုန်းပဲ။ လှေကားရဲ့ အောက်ဆုံးထပ်ကို ရောက်လာပြီမို့ လက်ထဲက အဝတ်လျှော်တဲ့ တုတ်ကို တင်းတင်းပြန်ဆုပ်လိုက်တယ်။ မီးဖိုချောင်ဘက်ကို ခေါင်းထုတ်ပြီး ချောင်းလိုက်တယ်။ ရေခဲသေတ္တာနဲ့ ကွယ်နေတာမို့ လည်ပင်းကို တော်တော်ရှည်ရှည် ထားပြီး ချောင်းရတယ်။ အသံတွေ တိတ်သွားပြီ။ ကျနော်တစ်ကိုယ်လုံးထွက်ပြီး တုတ်နဲ့ ရွယ်လိုက်တယ်။ ဘာကောင်မှ မတွေ့ရဘူး။ ဟင်းခွက်တွေ လန်လျက်သား၊ ပန်းကန်အကွဲကလည်း ကြမ်းပြင်ပေါ်မှာ အစိတ်စိတ်အမြွှာမြွာ။ အိမ်ရှေ့ခန်းက စန္ဒရားသံလည်း မကြားရတော့ဘူး။ အိမ်ရှေ့သွားကြည့်တော့ စန္ဒရားအဖြူ ခလုတ်တွေထဲက ခလုတ်နည်းနည်း အထဲကို သိသိသာသာကြီး ကျွံဝင်နေတာ တွေ့ရတယ်။ ကျနော် ထူပူသွားတယ်။ ဒါ အမေလုံးဝ အထိမခံဘဲ အလှကြည့်ခဲ့တဲ့ စန္ဒရား။ ခုခလုတ်တွေ ကျွံကုန်ပြီ။ အမေအိမ်ကို လာလို့ မတော်တဆမြင်သွားရင် ကျနော် ဘယ်လိုဖြေရပါ့။ အမေကတော့ ကျနော့်ကို စိတ်ကွက်မလားပဲ။ ကော်ဇောတွေလည်း ပြဲလို့။ ကော်ဇောပြဲတာ ပန်းကန်ကွဲတာတွေက ကျနော့်ပစ္စည်းတွေမို့လို့ သိပ်ပြဿနာမရှိပေမယ်လို့ စန္ဒရားကတော့ အတော်ပြဿနာရှိတယ်။ အမေ ကျနော့်ကို တစ်သက်လုံး စိတ်ဆိုးသွားနိုင်တဲ့ ကိန်း။ ဒီသောက်ပြဿနာ ရှာလွန်းလှတဲ့ ကြွက်တွေကို ကျနော် အတော်စိတ်တိုဒေါသထွက်လာတယ်။
နောက်တစ်နေ့မနက် ပထမဆုံးလုပ်ရတဲ့ အလုပ်ကတော့ ဂစ်တာကြိုးသွားဝယ်တဲ့ ဆိုင်က ဆိုင်ရှင်ကို အဲဒီစန္ဒရားကို လာကြည့်ပေးဖို့ ခေါ်ရတာပဲ။ ဆိုင်ရှင်က ဒီနေ့တော့ မအားလို့ နောက်တစ်နေ့မှ လာကြည့်ပေးပါ့မယ်လို့ ပြန်ပြောလိုက်တယ်။ ဒီနေ့လာလို့ မရဘူးလားလို့ ကျနော်ထပ်မေးတော့ ဆိုင်ရှင်က ကျနော့်မျက်နှာကို စေ့စေ့စပ်စပ်ပြန်ကြည့်ပြီး ဒီ... နေ့... မ… အား... ဘူး… လို့ တစ်လုံးချင်း ပြန်ပြောတယ်။ အိုကေလို့ ကျနော်ပြောပြီး ဆိုင်ထဲက ပြန်ထွက်လာတော့ အိမ်ထဲမှာ ဘာမှ မဖြစ်ဘူးလားလို့ သူက လှမ်းမေးတယ်။ ကျနော် သူ့ကို လှည့်ကြည့်လိုက်တော့ သူက ဘာမှမဟုတ်ပါဘူးလို့ ပြန်ပြောတယ်။ အိမ်ထဲမှာ ဘာတွေ ဖြစ်နေတယ်ထင်လို့လဲလို့ ကျနော် သူ့ကို ပြန်မေးလိုက်တယ်။ သူ ကျနော့်မျက်နှာကို နှစ်စက္ကန့်လောက် စိုက်ကြည့်နေပြန်တယ်။ တစ်ခုခုကို ပြောချင်သလိုလို၊ မေးခွန်းထုတ်ချင်သလိုလို သူ့အမူအရာကို ကျနော်မကွဲပြားဘူး။ ဟင်... လို့ ကျနော်ထပ်မေးတော့ သူ ကျနော့်ကို စိုက်ကြည့်နေရာက သတိပြန်ဝင်လာသလို မျက်တောင်တစ်ချက်ခတ်ရင်း (အထွေအထူးမထင်ပါဘူး။ သိတယ်မို့လား၊ ဈေးဆိုတာက မိန်းမတွေ များတယ်လေ) လို့… မယောင်ရာ ဆီလူး သူပြန်ဖြေတယ်။ သူ့ ပေါတောတောအဖြေကို ကျနော် အဆုံးထိ နားထောင်နေလိုက်ပြီး သူစကားဆုံးတာနဲ့ မနက်ဖြန်လာမယ်ဆိုတာ သေချာသလားလို့ ကျနော်မေးလိုက်တယ်။ သူက မနက်ဖြန် မအားလည်း သန်ဘက်ခါတော့ လာဖြစ်အောင် လာပါ့မယ်လို့ ပြောတယ်။ ကျနော် ဆိုင်ထဲက ပြန်ထွက်လာတော့ ဆိုင်တံခါးဝမှာ တပ်ထားတဲ့ ဘဲလ်ကို တီးခဲ့တယ်။ ဆိုင်လူခေါ်ဘဲလ်သံက ဆိုင်ရှင့်အသံလိုပဲ။ ဘယ်လိုမှ နှစ်လိုဖွယ် မကောင်းဘူး။ လူခေါ်ဘဲလ်အစား လူနှင်ဘဲလ်လို့ ခေါ် ရမယ့် ဘဲလ်မျိုး။
ဥသြတွန်သံတွေ ကြားရတယ်။ မြို့လယ်က မီးပွိုင့်က စိမ်းလိုက်ဝါလိုက်နဲ့ ဘယ်ဟာကို ယုံရမှန်းမသိဘူး။ ကျနော့်ဘေးက ကားတွေကလည်း မီးပွိုင့်ကို ကြည့်ပြီး ရှေ့တိုးလိုက် နောက်ဆုတ်လိုက်တွေ ဖြစ်ကုန်တယ်။ ကျနော် ကားရပ်လိုက်တယ်။ ကျနော့်နောက်က မောင်းလာတဲ့ကားတွေပါ လိုက်ရပ်ကုန်တယ်။ ကားထဲက အက်ဖ်အမ်မှာ ရာသီဥတုသတင်း လာနေတယ်။ ဒီနေ့ ရာသီဥတုသာယာမှာမို့ ဒီနေ့အဝတ်တွေ လျှော်မယ်ဆိုရင် လျှော်လို့ ရကြောင်း လေလှိုင်းထဲကနေ ချောကလက်လိုလို ကလေးတွေ စားတဲ့ ယိုယိုလိုလိုအသံမျိုးနဲ့ သတင်းကြေညာနေတယ်။ အက်ဖ်အမ် နောက်တစ်လိုင်းပြောင်းလိုက်တော့ ခရက်ခ်လို့ ခေါ်တဲ့ သီချင်းအမျိုးအစားအသစ်တစ်ပုဒ် ကြေညာနေတယ်။ ဒီ သီချင်းအမျိုးအစားက အတော်ကြီးကို ကျန်းမာရေးကောင်းတဲ့ လူတွေမှ ဆိုလို့ ရတဲ့ အမျိုးအစားမျိုး။ ကျနော့်လို အဆုတ်မကောင်းတဲ့လူဆိုရင်တော့ ဆိုရင်း သေမှာပဲ။ ခရက်ခ် ဆိုနေတဲ့ လူတော့ မပြောတတ်ဘူး။ ကျနော်ကတော့ အဲဒီသီချင်းအမျိုးအစားတွေကို ကြားလိုက်တာနဲ့ နားထဲကနေ ချောင်းတွေ ဆိုးလာတယ်။
ကားလမ်းဘေးမှာ အဖွားကြီးတစ်ယောက်ရောင်းတဲ့ နွားနို့ဆိုင်ရှိတယ်။ ဆိုင်ထဲမှာ နွားနို့သောက်နေတဲ့ လူလေး၊ ငါး၊ ဆယ်ယောက်လောက် ရှိတယ်။ ကျနော်သာဆိုရင်တော့ ဒီလောက် နေပူနေတဲ့ အချိန်မှာ နွားနို့မသောက်ဘူး။ သောက်ဖြစ်ရင်လည်း ဆိုင်မှာတော့ မသောက်ဘူး။ ကားဘေး တစ်ဖက်တစ်ချက်ကို ပန်းရောင်းတဲ့ အဖိုးကြီးတစ်ယောက်နဲ့ သတင်းစာလက်ပွေ့သည် ကလေးမလေးတစ်ယောက် ရောက်လာကြတယ်။ တအားပူနေတဲ့ နေက ရုတ်တရက် ရိပ်သွားတယ်။ ဟိုဘက်က တောင်တွေဆီက အရိပ်တွေ ရောက်လာသလိုမျိုး။ မိုးပေါ်ကနေ အာကာသယာဉ်တစ်စီး ဖြတ်သွားတာ တွေ့တယ်။ သူ ဖြတ်သွားပြီးတော့ နေက ပြန်ပူလာတယ်။ မိုးပေါ်မော့ကြည့်နေတဲ့ အဖိုးကြီးကို ကျနော်ကြည့်လိုက်တယ်။ သူ့လက်ထဲက ပန်းတွေဟာ လန်းနေတုန်းပဲ။ သူကတော့ ခြေထောက်တစ်ဖက် ပြတ်နေတယ်။ သူ့ကို သနားလို့ ပန်းဝယ် လိုက်မယ်လို့ တွေးလိုက်ပေမယ်လို့ သူရောင်းတဲ့ ပန်းမျိုးတွေ ကျနော့်ခြံထဲမှာ ရှိနေတာကြောင့် ကလေးမလေးဆီက အားကစားဂျာနယ်တစ်စောင် ဝယ်လိုက်တယ်။
နောက်နှစ်ရက်လောက်နေလို့ အပြင်ထွက်ဖြစ်ရင်တော့ တာယာလဲရမယ်။ နေတအားပူတာရယ်၊ ပန်းတွေ ပါးနေတာရယ်၊ တာယာ တစ်ခါမှ မလဲဖူးတာရယ်ကြောင့် အပြင်ထွက်ဖြစ်ရင် တာယာသွားလဲရမယ်။ ကားထဲက အဲကွန်းဟာ အပူဒဏ်ကို မနိုင်ဘူး။ နေ တအားပူတော့ ဖုန်လည်း တအားထူတယ်။ ကားလည်း ရေဆေးသင့်နေပြီ။ အိမ်ရောက်မှ ပန်ကာဖွင့်ရမယ်။ ရေအေးအေးလေး တစ်ခွက်သောက်ရင်း စာလေး ဘာလေး ဖတ်ရမယ်။ အတွေးနဲ့ပဲ ခြံထဲ ပြန်ရောက်လာတယ်။ ပေါ်တီကိုအောက် ကားရပ်လိုက်တာနဲ့ အထဲမှာ အသံတွေ ကြားနေရပြန်ပြီ။ ဒီကောင်တွေ ပြန်ရောက်နေပြန်ပြီ။ ကျနော် ဒေါသနဲ့ တံခါးကို သော့ဖွင့်ပြီး ချက်ချင်း ဝုန်းခနဲ ဆောင့်ကန်ဖွင့်လိုက်တယ်။ ထုံးစံ အတိုင်းပဲ ကြွက်တွေဟာ လျင်လျင်မြန်မြန်နဲ့ ထွက်ပြေးသွားကြပြန်ပြီ ထင်တာပဲ။ တစ်ကောင်တစ်မြီးမှကို မတွေ့ရပြန်ဘူး။ ဧည့်ခန်းဟာ ကော်ဇောပြဲရာစတွေနဲ့ မွစာကြဲနေတယ်။ ပန်းချီကားတွေ ကြမ်းပေါ် ပြုတ်ကျနေတယ်။ တချို့ကားတွေက ချိတ်ပေါ်မှာ တစ်ဖက်ချိတ်လျက် တစောင်းအနေအထားကြီး။ ကျလုလု ကျလုလုနဲ့ လှုပ်တုတ်လှုပ်တုတ် ဖြစ်နေတယ်။ ကျနော် ပန်းချီကားတွေကို အရင်ပြန်ပြေးချိတ်လိုက်တယ်။ ပန်းချီကားတွေ ပေါက်ပြဲကုန်ရင်တော့ ကျနော် ဒီအိမ်ကိုပါ မီးနဲ့ ရှို့မိမလားပဲ။ ကံကောင်းလို့ ကားတွေ ဘာမှ မဖြစ်ဘူး။ ကျနော် သက်ပြင်းချလိုက်တယ်။ ကော်ဇောဟာ အတော်ကြီးကို ပြဲရွဲနေပြီ။ အနားတွေကလည်း ရစရာ မရှိအောင် ဖွာလန်ကြဲနေပြီ။ ကော်ဇောကို ထပ်တိဖို့ ကျနော်မတွေးတော့ဘူး။ လိပ်ပြီး သိမ်းလိုက်တယ်။ အခန်းထောင့်မှာ ထောင်ထားလိုက်ပြီး မွစာတွေကို တံမြက်စည်းနဲ့ ပြန်ရှင်းလိုက်တယ်။ တံမြက်စည်းလှည်းနေတုန်း အပေါ်ထပ်က အသံကြားပြန်တယ်။ ဘယ်အခန်းက လဲလို့ ကျနော်မှန်းဆလိုက်တယ်။ ပန်းချီကားတွေ ထားထားတဲ့ အခန်းနားက လာနေတဲ့ အသံ။ ကျနော် ဒေါသဖြစ်သွားပြီး တံမြက်စည်းတုတ်ကို လက်က တင်းတင်းကိုင်လို့ အပေါ်ကို ပြေးတက်သွားလိုက်တယ်။ လှေကားပေါ် တက်လာတဲ့ အသံကြားတာနဲ့ အပေါ်ထပ်က အသံတွေ တိတ်သွားပြန်တယ်။ ပန်းချီကားထားတဲ့ အခန်းတံခါးက ပွင့်နေတယ်။ ကျနော် မနေ့ညက ပန်းချီကား အခန်းထဲကို ဝင်ပြီး သန့်ရှင်းရေးလုပ်သေးတယ်။ တံခါးပြန်ပိတ်ခဲ့တာ နေရာ မကျဘူးထင်တယ်။ ခုတော့ ပွင့်လျက်သား။ သတိမေ့တတ်တဲ့ ကျနော့်ကိုယ်ကျနော် ဆဲရေးလိုက်ပြီး အခန်းထဲ အလောတကြီး ပြေးဝင်လိုက်တယ်။ အခန်းထဲက မီးချောင်းကို ဖွင့်လိုက်တဲ့ အချိန်မှာ ကျနော့်တစ်လောကလုံး ချာချာ လည်သွားသလိုပဲ။ မျက်လုံးထဲမှာ ပြာသွားပြီး မိုက်ခနဲဖြစ်သွားတယ်။ ရင်ထဲမှာ ဆို့လာတယ်။ ချောင်း လေး၊ ငါး၊ ဆယ်ချက် အသံအကျယ်ကြီးနဲ့ ဆိုးမိသေးတယ်။ ချက်ချင်းပဲ မောလာတယ်။ မောတာကို ကျနော် ဂရုမစိုက်နိုင် သေးဘူး။ ကျနော့်ရဲ့ အနှစ်နှစ်အလလ စုဆောင်းလာတဲ့ ပန်းချီကားတွေ၊ ပန်းချီကားတိုင်းရဲ့ အလယ်တည့်တည့်မှာ အပေါက်အဝိုင်း အကြီးကြီးတွေ ဖြစ်နေတယ်။ ပန်းချီကားတွေ အကုန်လုံးကို စုထပ်ပြီး အပေါ်ကနေ ဒရေလ်နဲ့ စက်ဝိုင်းပုံစံကြီး လှည့်ဖောက်သွားသလိုမျိုး။
နှမြောစိတ်၊ ဒေါသနဲ့ ဝမ်းနည်းမှုတွေ ကျနော့်ရင်ထဲမှာ တစ်လှည့်စီ ဒါမှမဟုတ် ရမ်ဒမ်၊ ဒါမှမဟုတ် ခံစားမှုပေါင်းစုံ စုပေါင်းပြီး ဖြစ်ပေါ်နေတယ်။ ဒေါသနဲ့ ရင်ဟာ မောက်လာလိုက်၊ ဝမ်းနည်းစိတ်နဲ့ ပြန်နိမ့်ကျသွားလိုက်၊ မောတဲ့စိတ်ကြောင့် ရင်ဟာ ပြန်မောက်လာလိုက်၊ နှမြောတသစိတ်ကြောင့် ပြန်နိမ့်ကျသွားလိုက်နဲ့ ကျနော့်ကိုယ်ကျနော် အချိန်အတော်ကြာတဲ့အထိ ခံစားမှုကို မထိန်းသိမ်းနိုင်ခဲ့ဘူး။ ဒီပန်းချီကားတွေကို ရဖို့ ကျနော် ခရီးအတော်များများ သွားသင့်ရင် သွားခဲ့ရတယ်။ ကျနော့်မှာ ရှိတဲ့ ပိုက်ဆံအတော်များများကို သုံးခဲ့ရတဲ့အပြင် တစ်ခါတလေများ အမေ့အလုပ်ထဲ ထည့်ဖို့ ပိုက်ဆံတွေကိုပါ အမေသိအောင်တစ်မျိုး၊ အမေ မသိအောင်တစ်မျိုး ယူခဲ့ရတာတွေလည်း ရှိရှိပဲ။
ဒီဘက်ထောင့်က ပန်းချီကားဆိုရင် အဲဒီပန်းချီဆရာက မရောင်းဘူးလုပ်နေလို့ အပေးအယူတွေ လုပ်လိုက်ရတာ အပြင်းအထန်ပဲ။ နောက်ဆုံးတော့ သူက သူ့ကို Boney M. ရဲ့ သီချင်းဖြစ်တဲ့ ရက်စ်ပူတင်သီချင်းကို တစ်ညလုံး ဂစ်တာတီးပြီး ဆိုပြမယ်ဆိုရင် အလကားပေးမယ်လို့ ပြောလာတယ်။ တတ်နိုင်သလောက် အကောင်းဆုံးစိတ်ထည့်ပြီး ဆိုပါလို့လည်း ကျနော့်ကို ပြောတယ်။ ခုဖြစ်နေတဲ့ အနေအထားနဲ့ သူဆိုခိုင်းတဲ့ သီချင်းအတွဲအစပ်ဟာ အတော်ကို အူကြောင်ကြောင်နိုင်တဲ့ အတွဲအစပ်ပဲ။ ပြီးတော့ တစ်ညလုံး ဂစ်တာသံနဲ့ အဆိုသံမစဲဘဲ ပဋ္ဌာန်းရွတ်သလို တရစပ်ဆိုခိုင်းတဲ့ ကိစ္စကြီးက အတော်ကြီးကို ပေါတောတော အနေအထားကြီး။ ပဋ္ဌာန်းရွတ်တာကမှ ဂါထာတစ်ပုဒ်ပြီး တစ်ပုဒ် ပြောင်းရွတ်သွားရတာမို့ တော်သေးတယ်။ ကျနော့်ခုဟာက သုံးမိနစ်ကျော်စာလောက် သီချင်းတစ်ပုဒ်တည်းကို တစ်ညလုံး အသံမစဲဘဲ ဆိုပြနေရမယ်ဆိုတော့...။ ပြီးတော့ မူရင်းလေးယောက်ဆိုခဲ့တဲ့ သီချင်းမြူးမြူးကို ကျနော်က တစ်ယောက်တည်းနဲ့...။ တခြားရွေးချယ်စရာလည်း ပေးမယ့်ပုံမပေါ်တော့ အဲဒီတစ်ညလုံး သူ့ရှေ့ကခုံမှာ သီချင်းတစ်ပုဒ်တည်းကို တီးရင်း၊ သီချင်းတစ်ပုဒ်တည်းကို ဆိုရင်း အချိန်ကုန်လိုက်ရတယ်။ ပန်းချီဆရာဟာ ကျနော့်သီချင်းကို သေသေချာချာ နားစိုက်ထောင်နေတဲ့ပုံ မပေါ်ဘဲ သူ့ဟာသူ ပန်းချီဆွဲနေတာကြောင့် ကျနော့်အားထုတ်မှုကို ဂရုမစိုက်လေခြင်းလို့ ဒေါသ တော်တော်ဖြစ်မိတယ်။ ဒီပန်းချီဆရာပုံစံက သူ့ပန်းချီပညာကလွဲလို့ တခြား အရာတွေအားလုံးဟာ အနုပညာမဟုတ်ဘူးလို့ ခံယူထားပုံပဲ။ သူက သူ့ဟာသူ ပန်းချီဆွဲနေရင်း တစ်ချက် တစ်ချက်မှ ကျနော့်ကို လှည့်ကြည့်တတ်တယ်။ မနက်လင်းခါနီးတော့ ကျနော့်ကို သီချင်းအဆိုရပ်ခိုင်းတယ်။ ကျနော် ဂစ်တာ တီးတာရပ်လိုက်ရင်း တံတွေးတစ်ချက်မျိုချလို့ မျက်နှာကြက်ကို မောပန်းတဲ့ စိတ်နဲ့ တခြားအကြောင်းပြချက်မရှိဘဲ မော့ကြည့်နေလိုက်တယ်။ လည်ချောင်းတွေထဲမှာ ဆူးပန်းသေးသေးလေးတွေ ပွင့်နေသလို ခံစားရတယ်။ လက်ချောင်းတွေကို မနည်းပြန်ဖြန့်ရတယ်။ ပန်းချီဆရာက ကျနော့်ကို သူ့ရဲ့နောက်စေ့ကပ်နေတဲ့ မျက်ကွင်းညိုညိုကြီးတွေနဲ့ လှမ်းကြည့်တယ်။ ကျနော့်ကိုယ်ပေါ်မှာ တစ်ခုခုရှာနေသလိုမျိုး။ ပြီးတော့ သူ့ပန်းချီကားပေါ် မျက်လုံးပြန်ရွှေ့သွားတယ်။ သူ့ရဲ့ နောက်ဆုံးစုတ်ချက် ရောက်တဲ့အထိ ကျနော့်ကို လှည့်မကြည့်တော့ဘူး။ သူပန်းချီဆွဲနေတာကို ကြည့်ရင်း ညက ဂစ်တာထိုင်တီးတဲ့ ခုံပေါ်မှာ ခေါင်းအုံးရင်း မှေးခနဲ အိပ်ပျော်သွားတယ်။
ပန်းချီဆရာက သူ့ကတိအတိုင်း ကျနော်သဘောကျတဲ့ ပန်းချီကားကို ပေးလိုက်ပါ့မယ်လို့ ပြောတာကိုတောင် ကျနော်ဝမ်းမသာတော့ဘူး။ အနုပညာကို ခံစားတတ်ကြတဲ့ လူချင်းအတူတူ ကျနော့်ခံစားချက်ကို သူသိမှာပါပဲ။ ဒါပေမယ်လို့ ကျနော့်ကို သူလုံးဝဂရုမစိုက်ဘူး။ ဒါမှမဟုတ် သူနဲ့ မတူတဲ့ အနုပညာရပ်တစ်ခုအပေါ်မှာ စိတ်ဝင်စားနေတဲ့ ကျနော့်ကို အရေးမလုပ်ဘူး။ ဒါမှမဟုတ် ပန်းချီပညာရပ်က လွဲလို့ တခြားဘယ်အနုပညာ ပညာရပ်ကိုမှ အထင်မကြီးဘူး။ သူ့မျက်နှာမှာ ကျနော်နဲ့ပတ်သက်တဲ့ ခံစားချက် ဥပမာ အားနာတာမျိုး... ဖြစ်လာမလားလို့ သတိထားကြည့်မိသေးတယ်။ ဒါပေမယ်လို့ သူ့ မျက်နှာဟာ မနေ့ ညနေက ကျနော် သူ့ကို စတွေ့စကလိုပဲ ဘာကိုမှ အသက်မရှိတဲ့ မျက်နှာမျိုး။ ကျနော်လက်ညှိုးထိုးပြတဲ့ သူ့ပန်းချီကားကို နောက်ဆုံး ကြည့်သလိုအကြည့်နဲ့ အတော်ကြာကြာ စိုက်ကြည့်နေပြီး ကြမ်းပြင်ပေါ် ဖိုးရိုးဖားရား ထိုင်ချလိုက်တယ်။ ပြီးတော့ ပန်းချီကားကို ဆီစိမ်စက္ကူအညိုတွေနဲ့ အသေအချာ သူကိုယ်တိုင်ထုပ်ပိုးပေးပြီး ကျနော့်ကို လှမ်းပေးတယ်။ ကျနော် လှမ်းယူလိုက်ပြီး ပြန်တော့မယ်လို့ ပြောလိုက်တယ်။ သူက ကျေးဇူးတင်ပါတယ်တောင် မပြောတော့ဘူးလားလို့ ပြန်မေးတယ်။ ကျနော် ပန်းချီကားချပ်ကို ဖိုင်တွဲပိုက်သလို ပိုက်ထားရင်း (လိုတယ်လို့ ခင်ဗျားထင်သလား)လို့ ပြန်မေး လိုက်တယ်။ သူ ပခုံးတစ်ချက်တွန့်ပြတယ်။ ပြီးတော့ (ညက ရှင်သီချင်းဆို နေတာကို ကျမ ကြည့်ရင်း ပန်းချီဆွဲနေတာ ရှင်မြင်တယ်မဟုတ်လား၊ အဲဒီ ကားကို ရှင်ကြည့်ချင်သလား)လို့ ကျနော့်ကို မေးတယ်။ ကျနော် စိတ်ဝင်စားသွားတယ်။ သူနဲ့ကွယ်နေတဲ့ ပန်းချီ Standကို ကျနော်လှမ်းကြည့်တော့ သူက ကိုယ်ကိုယို့ပြီး ဖယ်ပေးတယ်။ ကင်းဗတ်စပေါ်မှာ ကျနော်တွေ့လိုက်ရတာက ကျနော့်ပုံတူမဟုတ်ဘူး။ အမျိုးသမီးတစ်ယောက် မိုးရေထဲ ကားပြင်နေတဲ့ ပုံလားပဲ။ လမ်းမတွေပေါ်မှာ မကြာခဏ တွေ့ရတတ်တဲ့ ခပ်ပေါပေါ ပုံရိပ်မျိုး။ သူက ရယ်ပြတယ်၊ ကျနော် ပြန်လှည့်ထွက်လာလိုက်တယ်။
ဒီပန်းချီကားတွေအားလုံးမှာ အမှတ်တရ ဒါမှမဟုတ် ပြဿနာတစ်ခုစီ အသီးသီးရှိကြတယ်။ ဒီကားတွေ့အားလုံးကို ကျနော် ဆယ်နှစ်နီးပါး စုဆောင်းခဲ့ရတာ။ ခုတော့ အားလုံးဟာ ဒီကြွက်စုတ်တွေရဲ့ လက်ချက်နဲ့ မျက်စိတစ်မှိတ် ကာလလောက်မှာတင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပြီ။ ကျနော့်ရဲ့ ဆယ်နှစ်တာကာလ ပန်းချီနဲ့ပတ်သက်ပြီး ဒုက္ခခံခဲ့သမျှ ခုတော့ သဲထဲရေသွန် ဖြစ်ရပြီ။ တွေးရင်း ကျနော် ဝမ်းနည်းလာပြန်တယ်။ ပြီးတော့ ချက်ချင်းဆိုသလိုပဲ ဒေါသဖြစ်လာပြန်တယ်။ ဒေါသက လိုက်လာတော့ ရင်ထဲက မောလာပြန်တယ်။ မဆိုးတာ ကြာပြီဖြစ်တဲ့ ချောင်းကလည်း ဆက်တိုက် ပြန်ဆိုးလာပြန်တယ်။ ချောင်းဆိုးရင်း ရင်ထဲမှာ ဖော်မပြတတ်တဲ့ ခံစားမှုတစ်ခု ဖြစ်လာတယ်။ ချက်ချင်းပဲ ကျနော် ပျို့အန်ချင်လာတယ်။ ပန်းချီကားတွေထားတဲ့ အခန်းထဲမှာပဲ ကျနော် တမင်အန်ချလိုက်မိတယ်။ စက်ဝိုင်းပေါက်ကြီးတွေနဲ့ ပန်းချီကား တချို့ကို အန်ဖတ်ဖြူဖြူ အရည်တွေ သွားစဉ်တယ်။ မြို့ထဲက အဖွားကြီးရောင်းတဲ့ နွားနို့နဲ့ မလိုင်ဖတ်တွေလိုမျိုး။ ကျနော် အန်ဖတ်တွေကို အကြောင်းရင်းမရှိ ငေးနေမိတယ်။ ကျနော်ဟာ ဂစ်တာတီးတဲ့ လူတစ်ယောက်ဖြစ်ပေမယ်လို့ ပန်းချီကားတွေကို အရမ်းကို ချစ်တယ်။ ဒါတွေကို ရဖို့ ဆယ်စုနှစ် တစ်စုစာနီးပါး ဒုက္ခအမျိုးမျိုးခံပြီး စုဆောင်းခဲ့ရတာ။ ခုတော့ ကျနော့်ရဲ့ ပင်ပန်းထားမှုတွေဟာ ကျနော့်အတွက် မဟုတ်ဘဲ ခုမှ ရောက်လာတဲ့ ကြွက်ကောင်တွေရဲ့ သာယာမှုအတွက် ဖြစ်သွားခဲ့ရပြီ။ တွေးရင်း ဒေါသကို ထိန်းမရဖြစ် လာတယ်။ ဒေါသကို အစွမ်းကုန် ထိန်းသိမ်းထားတဲ့ကြားက ကျနော်အသံ ကုန်ခြစ်ပြီး အော်လိုက်တယ်။ ရင်ထဲမှာ ဗလောင်ဆူပြီး ဟာနေတယ်။
ရုတ်တရက် အောက်ထပ်မှာ ဗရုတ်ဗရက်အသံတွေကို ထပ်ကြားလာရပြန်တယ်။ ကျနော်အော်နေတာကို ရပ်ပြီး ပါးပေါ်က မျက်ရည်တွေကိုသုတ်လို့ လက်ထဲက တံမြက်စည်းတုတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အောက်ထပ်ကို ပြေးဆင်းသွားတယ်။ အောက်ထပ်မှာ ကျနော့်အမေကို တွေ့ရတယ်။ အမေဟာ ကျနော်ဆင်းလာတာ တွေ့တော့ ပြေးလာပြီး အတင်းဖက်တယ်။ ထုံးစံအတိုင်း ကြွက်တွေဟာ ထွက်ပြေးသွားကြပြန်ပြီ။ အမေ့ကို ကျနော် အတင်း ဆောင့်တွန်းပြီး ထွက်ပြေးသွားတဲ့ ကြွက်တွေကို ကျီးကန်းတောင်းမှောက် လိုက်ရှာနေလိုက်တယ်။ ဘယ်နေရာမှာမှ မတွေ့တော့ပြန်ဘူး။ ငါ့အဖိုးတန်ပစ္စည်းတွေ အကုန်ကုန်သွားပြီ။ အကုန်ကုန်သွားပြီလို့ အရူးတစ်ယောက်လို ကျနော် အော်ဟစ်နေမိတယ်။ အမေက ကြောင်ပြီး ကျနော့်ကို လိုက်ကြည့်နေတယ်။ ရုတ်တရက် ကျနော်အော်နေတာကို ရပ်လိုက်ပြီး ဒေါသတွေကို ထိန်းလိုက်တယ်။ ကျနော် ဒီကြွက်တွေကို ဖမ်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ တစ်ခါမှ မမိခဲ့ဘူး။ ကျနော်နဲ့ လက်တွဲနေတဲ့ လူတွေဟာ ကျနော့်ကိုတောင် အသိမပေးနိုင်ဘဲ ဒီကောင်တွေရဲ့ နှောင့်ယှက်မှုကြောင့် ကြက်ပျောက်ငှက်ပျောက် ထွက်သွားလိုက်ကြတာ။ တစ်ယောက်ပြီးတစ်ယောက်၊ တစ်ယောက်ပြီးတစ်ယောက်။ အခုတော့ ကျနော့်မှာ ကျန်တဲ့ အနှစ်နှစ်အလလ စုဆောင်းခဲ့ရတဲ့ ပန်းချီကားတွေ။ ဘယ်သူမှ မသိတဲ့ ကျနော့်ရဲ့ ပင်ပန်းမှုတွေ၊ ကြည်နူးမှုတွေ၊ မျက်ရည် တွေနဲ့ အပြုံးအပျော်တွေ၊ ဒါတွေအားလုံး ကျနော့်ဘဝထဲကနေ လပိုင်းအတွင်း တန်းစီပြီး ထွက်သွားကြတယ်။
(ဒီကြွက်တွေ၊ ဒီကြွက်တွေ) ဆိုပြီး ကျနော်ရေရွတ်နေလိုက်တာ အတော် ကြာပုံပဲ။ အမေက ဘေးကနေ ကျနော့်ကို သိုင်းဖက်ထားတယ်။ ဒီအိမ်က ပြောင်းဖို့ ကျနော့်ကို ပြောတယ်။ ကျနော့်မျက်ရည်တွေကို အမေ မမြင်ဘူး။ အမေက ပတ်ဝန်းကျင်က ပြောနေတာတွေကို ယုံလိုက်တော့ဖို့ ကျနော့်ကို ပြောတယ်။ ကိုယ်မမြင်ရတဲ့ အရာတစ်ခု လှုပ်ရှားသွားတာနဲ့ ဒါကို တစ်စုံတစ်ခုလို့ လွယ်လွယ် နာမည်တပ်တတ်ကြတဲ့ လူတွေလည်း တော်တော်အံ့ဩဖို့ ကောင်းတယ်။ ဒီထဲမှာ ကျနော့်အမေ ပါနေတာကိုက ပိုအံ့သြဖို့ ကောင်းတယ်။ ကျနော် ဘာမှ မပြောဘဲ အပေါက်တွေ ဖြစ်နေတဲ့ ပန်းချီကားတွေ အကုန်လုံးကို ခြံထဲမှာ စုပုံလိုက်တယ်။ ပြီးတော့ ဓာတ်ဆီလောင်းပြီး မီးရှို့ ပစ်လိုက်တယ်။ ပန်းချီဆေးနံ့တွေကို မီးလောင်တဲ့ အနံ့နဲ့ ဓာတ်ဆီနံ့တွေ ပတ်ဝန်းကျင်မှာ အခိုးမည်းမည်းတွေအဖြစ် လုံးထွေးပျောက်ကွယ်သွားကြတယ်။ မီးလောင်စာတွေကို ကြည့်ရင်း ကျနော်ရင်မောနေတာတွေ ပျောက်စပြုလာတယ်။ စိတ်က တဖြည်းဖြည်းနဲ့ ပြန်ကြည်လင်လာတယ်။ အမေက ကျနော့်ကို စိုးရိမ်နေတဲ့ ပုံမျိုးနဲ့ ကြည့်နေတယ်။ ကျနော် အမေ့ကို စန္ဒရားခလုတ်တွေ အကြောင်း ပြောပြလိုက်တယ်။ ဒီအချိန်ဟာ ဒီအကြောင်းပြောဖို့ အသင့်တော်ဆုံး အချိန်မဟုတ်လား။ ဒီပန်းချီတွေအားလုံး မီးလောင်ပြီး ပြာကျသွားပြီးရင် အိမ်ဘေးက လူတွေ၊ မြို့ထဲက လူတွေနဲ့ ကျနော့်အမေ သရဲခြောက်တယ်လို့ ထပ်ပြောကြလိမ့်ဦးမလား၊ ဒီတစ်ခါမှ ထပ်ပြောကြရင်လည်း သူတို့ကို ပါ ကြွက်တွေနဲ့အတူ ဒီအိမ်ထဲ မီးထည့်ပြီး ရှို့ဖို့ပဲ။
January 28, 2017
6:23 PM
https://t.me/TheBookR
မီးပုံးတပ်ထားတဲ့အိမ်
သူရို့အိမ်ရှေ့က ကျနော်ဖြတ်လျှောက်သွားတော့ မုန့်ဟင်းခါးနံ့က မကြာခင်ရွာတော့မယ့် မိုးဖွားဖွားတွေနဲ့တူတူ ပါလာတယ်။ အနံ့နဲ့တင်ပဲ အတော် ချိုနေပြီး စားလို့ ကောင်းမယ့်အနံ့ပဲ။ ဒါပေမယ်လို့ ဒါဟာ အိမ်လုပ်မုန့်ဟင်း ခါးနံ့မဟုတ်ဘူးလို့ ဘယ်သူမှမပြောဘဲ ကျနော့်ဘာသာသိနေသလိုပဲ။ ကျနော့် မိန်းမချက်နေကျ မုန့်ဟင်းခါးနံ့လို အနံ့မျိုးနဲ့ တူနေတယ်။ ငါးနံ့ကတော့ သိပ်မတူဘူး။ ထင်တာတော့ ငါးခူလို ငါးမြစ်ချင်းတို့လို ငါးကောင်းကောင်းမဟုတ်ဘဲ ငါးခေါင်းတိုတို့ ငါးသင်းအုံတို့လို ငါးမျိုးတွေနဲ့ ချက်တာ ဖြစ်နိုင်တယ်။ ငါးခေါင်းတိုနံ့ ပိုဖြစ်နိုင်တယ်။ ငါးခေါင်းတိုက အသားကတော့ ချိုပါရဲ့။ ဒီ အကောင်မျိုးက ချေးကအစ စားတဲ့ အစားပက်စက်တဲ့ အကောင်မျိုးဆိုတော့ စားရတာ သိပ်တော့ သတီဖို့ မရှိဘူး။ ဟုတ်လိမ့်မယ်။ သူရို့အိမ်က စနေည နေနဲ့ တနင်္ဂနွေမနက်တိုင်းမှာ မုန့်ဟင်းခါးချက်လေ့ ရှိတယ်။ သူရို့ စပြောင်းလာကတည်းကပဲ။ ဘယ်လောက်ကြာပြီလဲ... ... ... ဆိုတော့... ... ... ... ... မသိဘူးဗျာ အသေအချာ။ ကျနော်က ဒီရပ်ကွက်ထဲက ဗေဒင် ဆရာ။
သူရို့အိမ်က ရပ်ကွက်ထဲမှာဆောက်ထားတဲ့ နိုင်ငံခြားသားပိုင် စက်ရုံဝင်းကြီးထဲက အနောက်ဘက်ကျကျ ထောင့်ကလေးမှာ။ အားလုံးက သူရို့အိမ်ကို ကျူးကျော်အိမ်လို့ ပြောကြတယ်။ အားလုံးက ကျူးကျော်အိမ်လို့ တညီတ ညွတ်တည်း သတ်မှတ်ထားတဲ့ သူရို့အိမ်ကလေးမှာ ညစဉ်ညတိုင်း မီးပုံးလေးတစ်ပုံး ချိတ်ချိတ်ထားတတ်တယ်။ နေဝင်ရီတရောခေါ်မလား၊ နေဝင်စပြုလို့ ပတ်ဝန်းကျင်မှောင်စပျိုးလာပြီဆိုတာနဲ့ သူရို့အိမ်ထဲက မိန်းကလေးတစ်ယောက် (မဟုတ်တစ်ယောက်) ထွက်လာပြီး မီးပုံးလေးကို မီးဖွင့်တော့တာပဲ။ မီးပုံးကို မီးထွန်းတာ မဟုတ်ဘဲ မီးဖွင့်တယ်လို့ ကျနော်ပြောတာက သူရို့မီးပုံးလေးက ဖယောင်းတိုင်ထည့်ထွန်းရတဲ့ မီးပုံးမျိုးမဟုတ်လို့ပဲ။ သူရို့မီးပုံးဟာ ခလုတ် ဖွင့်ရတယ်။ ခလုတ်ဖွင့်လိုက်ရင် အထဲက အနီ၊ အပြာ၊ အဝါ၊ အစိမ်း... တခြား အရောင်တွေလည်း ပါသေးတယ်။ အရောင်တွေ ထွက်ထွက်လာတယ်။ အဲဒီ အရောင်လေးတွေဟာ အိမ်ရဲ့ ပတ်ဝန်းကျင် တစ်ပေ၊ နှစ်ပေလောက် အကွာ အထိပဲ လင်းတယ်။ ဒါပေမယ်လို့လည်း သူရို့အိမ်ရဲ့ အနီးတစ်ဝိုက်မှာ လမ်း မီးမရှိတော့ အဲဒီမီးပုံးလေးဟာ အဲဒီနားတစ်ဝိုက်မှာတော့ တကယ့်ကို လှပတဲ့ အလင်းရောင်ပဲ။ အားလုံးအိပ်ပျော်နေတဲ့ ညသန်းခေါင်လို အချိန်မျိုးဆို ပိုတောင်လှသေးတယ်။ အိမ်အားလုံးဟာ တိတ်ဆိတ်မှောင်မိုက်လို့...။ တစ်ခါတလေ အိမ်လည်လွန်တတ်တဲ့ ကျနော့်သားကို လိုက်လိုက်ခေါ်ရင်း သားအဖ နှစ်ယောက် သူရို့အိမ်ရှေ့က ဖြတ်လျှောက်မိရင် စိတ်ထဲမှာ အေးချမ်းသွား သလို ခံစားရတယ်။ တစ်လမ်းလုံးဟာ တိတ်ဆိတ်ပြီး မှောင်မည်းလို့....။ တစ်လမ်းလုံးမှာ အသက်ဝင်နေတာဆိုလို့ ကျနော်တို့သားအဖရယ်၊ လေတိုက်နေရင် သစ်ပင်သစ်ရွက်လေးတွေ နည်းနည်းလှုပ်မယ်ပေါ့လေ။ ပြီးတော့ အဲဒီမီးပုံးလေး။
မီးပုံးလေးဟာ ဆီစိမ်စက္ကူအပါးသားနဲ့လုပ်ထားပြီး ဝါးခြမ်းခပ်သေးသေး တွေနဲ့ တရုတ်မီးပုံးပုံစံမျိုး ချိုးထားတယ်။ ဒါပေမယ်လို့ တရုတ်မီးပုံးတော့ မဟုတ်ဘူး။ စက္ကူက မနက်စောစော နေမထွက်ခင်မှာ မြင်ဖူးတော့ အဖြူရောင် လွင့်လွင့်လေး။ နေစောင်းခါနီးတုန်းက တစ်ခါမြင်ဖူးတော့ ဆင်စွယ်ရောင်သန်း နေသလိုလို၊ အဝါဘက် သန်းနေသလိုလို ဘယ်ဟာအမှန်လဲတော့ အသေအချာ မသိဘူး။ အဲဒီစက္ကူအပါးသားပေါ်မှာ အရုပ်တွေ ဆွဲထားတယ်။ နည်းနည်းဝေးလို့ ဘာအရုပ်တွေလဲဆိုတာ အသေအချာ မမြင်ရဘူး။ ဆာမူရိုင်းတွေနဲ့ ကလေးတွေ ကစားနေတဲ့ ပုံလားပဲ။ ဘာအဆက်အစပ်မှမရှိဘဲ ကြုံသလိုဆွဲထားပုံရတယ်။ ဒီအရုပ်တွေဟာ ညဘက်မှာ မီးပုံးထဲက မီးရောင်ကြောင့် အသက် ဝင်လှုပ်ရှားနေသလို ထင်ရတယ်။ ဘယ်သူမှ မနိုးထကြတဲ့ ညသန်းခေါင်ယံ အချိန်တွေမှာ မီးပုံးအလင်းရောင်ဟာ အရမ်းကို တောက်ပနေတော့တာ။ ပုံမှန် အတိုင်းဆို တစ်ပေ၊ နှစ်ပေထက် ပိုမလင်းတဲ့ မီးပုံးအလင်းဟာ အဲဒီအချိန် တွေမှာဆိုရင်တော့ သူရို့အိမ်ကိုသွားတဲ့ ကျောက်ပြားခင်း လမ်းကလေးအထိကို လာထင်နေတတ်တယ်။ တအားတိတ်ဆိတ်လွန်းတဲ့ ညတွေမှာဆိုရင် အဲဒီမီးပုံးလေးက ထွက်တဲ့အသံ တတစ်တစ်ကိုပါ ကြားနေရသလို ခံစားရတတ်တယ်။ လေကလေးတဖြူးဖြူးရယ်၊ ဘယ်သူမှ မရှိတဲ့ လမ်းရယ်၊ တိတ်ဆိတ်မှောင် မည်းနေတဲ့ အချိန်ရယ်၊ မီးပုံးက ထွက်လာတဲ့ အလင်း တတစ်တစ်ရယ်... စက်ရုံဝင်းအပြင်ဘက်က ညောင်ပင်အိုကြီးရဲ့ သစ်ရွက်အုပ်အုပ်ကြီးတွေ လေတိုးသံ တရွှပ်ရွှပ်ရယ်... သူရို့အိမ်ရှေ့က အဖြတ်မှာ ဘဝဟာ ခဏတော့ သာယာတယ်။
တကယ်တော့ သူရို့အိမ်ပြောင်းလာတာကို ရပ်ကွက်ထဲက ဘယ်သူမှ သဘောမတူကြဘူး။ မကြည်ဖြူကြဘူး။ လူအချို့က လွဲလို့ပေါ့လေ။ အဲဒီလူ အချို့ကတော့ သူရို့အိမ် (စက်ရုံဝင်း) ဘေးက ခြံက သူရို့ဟင်းစားသွားသွား ပို့နေကျ၊ ဖုန်းသွားသွားပြောနေကျ အိမ်က မိန်းမကြီးရယ်၊ နောက်တချို့ကတော့ သူရို့အိမ်ကို လာနေကျ လူတချို့ရယ်ပေါ့။ များသောအားဖြင့်တော့ ဘယ်သူမှ မကြိုက်ကြပါဘူး။ တစ်ခါ ရပ်ကွက်အစည်းအဝေးလုပ်တော့ လူတစ်ယောက်ဆို ထပြောတယ်။ သူရို့အိမ်ရှိနေတာ ရပ်ကွက်နာတယ်တဲ့။ ပြီးတော့ ကျူးကျော်အိမ်ဖြစ်နေတာကြောင့် ရပ်ကွက်ထဲက တာဝန်ရှိလူကြီးတွေသာ တာဝန်ခံပြီး မောင်းထုတ်မယ်ဆိုရင် ထွက်သွားရမှာပါတဲ့။ ဒါတော့ ရက်စက်လွန်းရာကျတယ်လို့ ကျနော်ထင်တယ်။ ကျနော်ကတော့ သူရို့အိမ်နဲ့ ပတ်သက်ပြီး သိပ်တော့ မပြောပြတတ်ဘူး။ သူရို့အိမ်လည်း ကျနော်တစ်ခေါက်မှ မရောက်ဖူးဘူး။ ဒါပေမယ်လို့ သူရို့ကို ရပ်ကွက်ထဲက မောင်းထုတ်မှာ ကိုတော့ ကျနော်မလိုလားဘူး။ ဘာကြောင့်လဲဆိုတော့ သူရို့အိမ်က မိန်းကလေး အတော်များများက ကျနော့်ဖောက်သည်တွေ ဖြစ်နေလို့ပဲ။ ကျနော့်ကို ဗေဒင်ဆရာဆိုတော့ သူရို့က အားကိုးကြတယ်။
မိန်းမအများစုဝါသနာအတိုင်း ဗေဒင်ဆိုရင် စိတ်ဝင်စားလေ့ ရှိတတ်ကြတော့ ကျနော့်အတွက် သူရို့လို မိန်းကလေးချည်း စုနေတဲ့ အိမ်ရှိတာ အရမ်းအဆင်ပြေတယ်။ ကျနော့် တွက်ချက်မှုတွေနဲ့ သူရို့အဆင်ပြေ၊ မပြေတော့ မပြောတတ်ဘူး။ ကျနော့်အတွက်ကတော့ အတော်ကြီးကို အဆင်ပြေတယ်။ အရင်က အလုပ်လည်း ဘာတစ်ခုမှ မည်မည်ရရ မလုပ်တတ်လို့ တတ်ရင်းစွဲ ဗေဒင်ပညာလေးကို အသုံးချရင်း မရှိဆင်းရဲသားရပ်ကွက်ကလေးထဲ ပိန်တစ်လှည့် လိမ်တစ်လှည့်နဲ့ နေထိုင်ရပ်တည်လာရတဲ့ ကျနော်(တို့မိသားစု)ကို အခုဆို သူရို့ကောင်းမှုနဲ့ ရပ်ကွက်အတွင်းက လူတွေတင်မကတော့ဘူး။ တခြား တခြား ဘယ်ကမှန်းမသိ ရောက်ရောက်လာတတ်တဲ့ မိန်းမကြီး၊ မိန်းမငယ် အတော်များများကပါ သိလာကြပြီ။ ကျနော် အိမ်ပြင်ထွက်သွားရင်၊ သူရို့နဲ့ တွေ့မိရင် ဆရာ၊ ဆရာနဲ့ ခေါ်လာတတ်နေကြပြီ။ သူရို့က ဆရာ ဆရာနဲ့ လုပ်နေတော့လည်း အရင်က ကျနော်နဲ့ မသိဖူးတဲ့ လူတွေကပါ ဘာမသိ ညာမသိနဲ့ ဆရာ ဆရာ လိုက်ဖြစ်ကုန်ကြတော့တာပေါ့လေ။ ဒီလိုနဲ့ ကျနော့်အိမ်ရှေ့မှာ တပ်ထားတဲ့ ဗေဒင်ဆိုင်းဘုတ်ကလေးဟာ ကျနော့်နာမည်အရှေ့မှာ “ဆရာ” ဆိုတဲ့ ဂုဏ်ပုဒ်ကလေး ထပ်ဖြည့်ထည့်ခွင့်ရခဲ့တာပါ့။
သူရို့က သူရို့စီးပွားအတွက် ကျနော့်ဆီ ခဏ ခဏ လာလာနေကြတော့ ကျနော့်မှာ ရှိရှိသမျှ ကိုယ်စွမ်းဉာဏ်စွမ်းတွေ ခဏ ခဏ ထုတ်သုံးရတယ်ဗျ။ ကြာတော့လည်း ပညာရပ်နဲ့ လွဲချော်တဲ့ အကြောင်းအရာတွေ ပါလာတာပေါ့လေ။ သူရို့တတွေကောင်းမှုနဲ့ အရင်က “အလုပ်အဆင်မပြေရင် အုန်းသီးခုနစ်စိတ်နဲ့ ထန်းလျက်ခုနစ်ခဲ ဗာဒံရွက်နဲ့ထည့်ပြီး လမ်းလယ်ခေါင်မှာ နေဝင်ရီ တရော အချိန်ချထားပေးပါ” စတဲ့ ယတြာလောက်သာ ပေးဖူးတဲ့ကျနော်ဟာ အခုတော့ ဉာဏ်အဆန်းကလေးတွေပါ ထွင်လာရတော့တယ်။ ခဏ ခဏ လာလာနေတဲ့ သူတွေဆိုတော့လည်း ယတြာက တစ်ကြိမ်နဲ့ တစ်ကြိမ်၊ တစ်ယောက်နဲ့ တစ်ယောက် ထပ်မကုန်အောင် ကြိုးစားရှာဖွေရတော့တာပေါ့လေ။ ဥပမာ အားဖြင့် “ ခင်ဗျားရို့ ခြံထောင့်မှာ သင်္ဘောပင်ရှိလား၊ မရှိရင် စိုက်လိုက်၊ ရှိရင် ခုတ်လိုက်” ဆိုတာမျိုးတွေပေါ့။ ဒါက အသေးစားပေါ့လေ။ တစ်ခါတလေ သူရို့ယူယူလာတဲ့ အကြောင်းအရာတွေက အရေးတကြီး။ ဒီလိုအခါတွေကျ ပြန်တော့လည်း သူရို့ အားကိုးတကြီး လာရတာနဲ့ တန်အောင် ကျနော့်မှာ အမျိုးမျိုးလုပ်ပြရတော့တာပေါ့။
လူဆိုတာကလည်း အဆန်းတော့ အဆန်းသားဗျ။ ကျနော် ဒါကို အစကတည်းက သိပေမယ်လို့ ဒီအလုပ်စလုပ်တော့မှ ပိုသိလာရတာ။ လူတွေက အလွယ်တကူလုပ်လို့ လွယ်တဲ့ ကိစ္စမျိုးလောက်ဆို ကောင်းကောင်းဆိုးဆိုး သိပ်အယုံအကြည်မရှိတတ်ကြဘူး။ တန်ဖိုးလည်း မထားဘူး။ ဒီတော့ ဘာဖြစ်သလဲဆိုတော့ ဉာဏ်ပူဇော်ခ များများတောင်းရတာ အားနာရတာပါ့လေ။ ဆိုတော့လည်း ခေတ်ရဲ့ တောင်းဆိုမှုအရ ကျနော့်မှာ အဆန်းအပြား ဉာဏ်ကလေးတွေ ထုတ်သုံးရတော့တာပဲ။ ကျနော့်ဆီ လာလာနေတဲ့ သူရို့ဆိုတာဟာလည်း လူတွေပဲမို့ ကျနော့်မှာ ခဏ ခဏ အဆန်းအဆန်းလေး လုပ်လုပ်ပြရတော့တယ်။ အာရုံခံတာမျိုးက စလို့ အောက်လမ်းလို့ အများခေါ်နေကျ ယတြာများ အဆုံး အမျိုးမျိုးပေါ့လေ။ သူရို့ကလည်း သူများတကာ လုပ်လေ့မရှိတဲ့ ခက်ခက်ခဲခဲ ယတြာမျိုးတွေကို ပိုလို့စိတ်ဝင်စားတတ်ကြတယ်။ ဆိုတော့လည်း သူရို့အတွက် ကျနော် ဆန်းဆန်းပြားပြား ခက်ခက်ခဲခဲ ယတြာတွေ ထွင်ပေးရတော့တာပဲ။ “မီးဖိုချောင်ထဲမှာ ငရုတ်ဆုံကို ယူ၊ ဆရာပေးလိုက်တဲ့ ဆေးဖယောင်းတိုင်ကို ငရုတ်ကျည်ပွေ့ရဲ့ အပေါ်မှာ မီးထွန်း၊ ပြီးရင် ငရုတ်ဆုံထဲ ဝင်အောင် ထည့်၊ မီးငြိမ်းတဲ့အထိ စကားမပြောဘဲ စောင့်ပြီး ဆုတောင်း” ဆိုတာမျိုးတွေ... “ဘယ်သူမှ မရှိတဲ့ အခန်းထဲမှာ ပြတင်းတွေ အလုံပိတ်ပြီး ဖယောင်းတိုင်တွေ သက်စေ့ထွန်း။ အဲဒီဖယောင်းတိုင်တွေ အလယ်မှာ ကိုယ်တုံးလုံးချွတ်ပြီး ငါးရှဉ့်အရှင်နဲ့ တစ်ကိုယ်လုံးကိုပွတ်။ ပြီးရင် အဲဒီငါးရှဉ့်ကို ခုတ်သတ်ပြီး ရေစီးကောင်းတဲ့ ချောင်းမှာ ပစ်” ဆိုတာမျိုးတွေ... တန်ဆောင်မုန်းလပြည့်ညလိုမျိုးနဲ့ နီးနေရင်တော့ “လာမယ့် လပြည့်ညသန်းခေါင်ယံမှာ မဲဇလီဖူးကို ခူး၊ အိမ်ပြန်ယူလာတဲ့ လမ်းမှာ စကားတစ်ခွန်းမှ ပြောမလာနဲ့၊ အိမ်ရောက်တာနဲ့ ဆရာ ခုပေးလိုက်မယ့် အင်းရွက်ကို ပန်းကန်မှာ ကပ်၊ မဲဇလီဖူးကို သုပ်၊ ကိုယ်သဒ္ဓါစေချင်တဲ့သူကို ကျွေး” ဆိုတာမျိုးတွေ... တအားကြီး ခဲယဉ်းလာတဲ့ ကိစ္စမျိုးတွေမှာ ဆိုရင်တော့ “တိန်ညင်ကြက်ဖကို လည်လှီးပြီး လည်ချောင်း သွေးနဲ့ သင်္ချိုင်းမှာ နေ့ရက် အချိန်အခါ ကွက်တိချရမယ်။ ဆရာကိုယ်တိုင် လုပ်ပေးမှာ ဖြစ်လို့ ပိုက်ဆံပဲ အပ်” ဆိုတာမျိုးတွေ။ “ပီယသိဒ္ဓိ ဆယ်ပါးပြီး မြောက်အောင် သူရဿတီမယ်တော် ရုပ်တုဆောင်ထားပါ” ဆိုတာမျိုးတွေ။ တကယ်တမ်းတော့ ပီယသိဒ္ဓိဆယ်ပါးဆိုတာကို ကျနော်ကောင်းကောင်း နားမလည်ဘူး။ အစဉ်လိုက်လည်း မသိဘူး။ သူရို့ကတော့ သိ၊ မသိ မပြောတတ်ဘူး။ ကျနော် အဲဒီလိုဟောလိုက်ရင် နောက်တစ်နေ့ သူရို့အိမ်ရှေ့ကပြင် ကလေးမှာ သူရဿတီမယ်တော်ရုပ်တုက ရှိနေပြီ။
တကယ်ကတော့ ယုံကြည်မှုဟာ ကျနော်တို့ ထင်ထားတာထက် ပိုပြီး တန်ခိုးကြီးပါတယ်။ ယုံကြည်မှုပြင်းထန်လေ၊ အောင်မြင်ဖို့ နီးစပ်လေပဲ။ သူရို့ယုံကြည်မှုရှိအောင်တော့ ကျနော့်ဘက်က လုပ်ယူထားရတယ်။ များသောအားဖြင့် သူရို့ လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေကြပါတယ်။ ကျနော်လည်း လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေတယ်ပေါ့လေ။
လူတိုင်းကသာ သူရို့အိမ်ကို မကြည်ဖြူကြတာ။ သူရို့က ရပ်ကွက်ထဲ ဘယ်သူ့ဘယ်သူနဲ့မှ အဆက်အစပ်သိပ်မလုပ်ကြဘူး။ သူရို့ဟာ သူရို့နေကြ တာပါပဲ။ ရပ်ကွက်ဈေးထဲဆို သူတို့ ဘယ်တော့မှ မလာဘူး။ ကျနော်တို့ ရပ် ကွက်အပြင်ဘက်မှာ စူပါမားကက်လေးတစ်ခုဆောက်ပြီးတာ သူရို့ပြောင်းလာ ပြီးမှဆိုတော့ သူရို့ အဲဒီမှာ ဈေးသွားသွားဝယ်လေ့ ရှိကြတယ်။ စူပါမားကက် သွားဝယ်နိုင်ရင် ကျနော်တို့ရပ်ကွက်မှာ သူဌေးဆိုတော့ ကျနော့်မိန်းမက သူ ရို့ပြောင်းလာပြီးမှ ခဏ ခဏ အဲဒီမှာ ဈေးသွားသွားဝယ်တယ်။ စူပါမားကက်မှာ ဈေးဝယ်နိုင်လောက်အောင် ကျနော်က ရှာနိုင်နေပြီကိုးလေ။ ဒီတော့လည်း သူရို့ကို မြင်ပြင်းကတ်တဲ့ အုပ်စုထဲ ကျနော်တို့အိမ် မပါပေဘူးပေါ့။ ဒါပေမယ်လို့ မိန်းမကတော့ ကျနော်နဲ့ သားကိုလက်တို့ တိုးတိုးပြောတယ်။ “အဲဒီအိမ်နဲ့ သွားမပတ်သက်နဲ့ တဲ့။ ကျနော်တို့ကလည်း အထွေအထူး ထိန်းသိမ်းနေရမယ့် ကိစ္စမဟုတ်တော့ သူ့စကားအတိုင်း နားထောင်နေလိုက်တာပဲ။
သူရို့အိမ်က ရပ်ကွက်ထဲနေလို့လည်း တစ်ရက်မှာတစ်ခါ အပြင်ထွက်တယ်လို့ မရှိဘူး။ အိမ်ဝေးနေလို့ သတိမထားမိတာလည်း ဖြစ်ချင်ဖြစ်မပေါ့။ များသောအားဖြင့်တော့ ညနေလိုအပိုင်းတွေဆိုရင် သူရို့ကို စူပါမားကက်လေးမှာ ခဏ ခဏ တွေ့ရလေ့ရှိတယ်။ ဒီနေရာမှာ သူရို့အိမ်ရဲ့ ပတ်ဝန်းကျင် အနေအထားလေးကို ကျနော်နည်းနည်းပြောပြဖို့ လိုလာပြီ။
သူရို့အိမ်ကလေးက အပေါ်မှာ ပြောထားပြီးတဲ့အတိုင်း စက်ရုံဝင်းကြီးထဲမှာ ရှိတယ်။ စက်ရုံက ပြီးခဲ့တဲ့ အစိုးရဟောင်းလက်ထက်က နိုင်ငံတော်ပိုင် ပိတ်သိမ်းခဲ့တဲ့ စက်ရုံ။ အစိုးရသစ်က ဖြုတ်ချလိုက်တဲ့ ရာထူးကြီးစစ်ဘက် ပုဂ္ဂိုလ်တစ်ယောက် တည်ထောင်ပေးခဲ့တဲ့ စက်ရုံ။ အခုအစိုးရနှစ်ဆက် ပြောင်းပြီးကာမှ ဒီစက်ရုံကို ပုဂ္ဂလိကပိုင် ပေးလိုက်ပြီး ပြန်ဖွင့်ပေးခဲ့တာ။ အရင်က စက်ရုံဟောင်းကြီးအနေနဲ့ ရှိနေတုန်းက ဘယ်လောက်တောင် တောထူသလဲ ဆိုရင် စက်ရုံဝင်းထဲကနေ လုံးပတ်အတော်ကြီးတဲ့ စပါးအုံးမြွေကြီးတစ်ကောင် ရဖူးတယ်။ သူ့ကို ကျနော်တို့မြို့ကလေးနဲ့ နည်းနည်းလှမ်းတဲ့ မြို့စွန်ဖျားက ဘေးမဲ့ဥယျာဉ်တစ်ခုထဲ သွားပို့ကြတော့ ကျနော်ပါ လိုက်သယ်ပေးဖူးတယ်။ ခုနောက်ပိုင်းတော့ နိုင်ငံခြားသား လုပ်ငန်းရှင်တစ်ယောက် ရောက်လာပြီး ဒီစက်ရုံဝင်းကို စပြင်တော့တာပဲ။
သူပြင်တာ နှစ်လလောက်ပဲ ကြာလိုက်တယ်။ တဒုန်းဒုန်း တဒိုင်းဒိုင်း တဂျီးဂျီး တရွှီးရွှီးနဲ့ ပြင်ချလိုက်ပြီး အခုတော့ စက်ရုံပါပြန်ဖွင့်နေပြီ။ ရပ်ကွက်ထဲက အလုပ်အကိုင်မရှိတဲ့ လူပျိုအပျို အရွယ်ကလေးတွေ၊ စာသင်ချိန်ရောက်လို့မှ စာမသင်နိုင်ကြတဲ့ စာသင်အရွယ် ကလေးတွေဟာ အဲဒီစက်ရုံဝင်း အတွင်းနဲ့အပြင်မှာ အလုပ်တွေ ကိုယ်စီကိုယ်င ရသွားကြတာတော့ ကောင်းတယ်ဆိုရမယ်။ မကောင်းတာကတော့ ရပ်ကွက်ထဲ စက်ရုံအကြီးကြီး လာဖွင့်ထားတော့ ရပ်ကွက်တစ်ခုလုံးအတွက် ထရန်စဖော်မာတစ်လုံး ချထားပေးတာဟာ သူရို့အတွက်ချည့် ဖြစ်နေတော့တာပဲ။ ရပ်ကွက်ထဲမယ် မီးလုံးဝ အားမကောင်းတော့ဘူး။ ရေတင်ဖို့တို့၊ ထမင်းအိုးချက်ဖို့တို့၊ တယ်လီဗွီးရှင်းဖွင့်ဖို့တို့ဆို လုံးဝကို အားမတက်တော့တာပဲ။ သိပ်ပြဿနာတော့လည်း မရှိလှပါဘူး။ တယ်လီ ဗွီးရှင်းကြည့်ဖို့တို့၊ ရေစက်မောင်းဖို့တို့ ဆိုတာဟာ အရင်က ကျနော်တို့ရပ်ကွက်ထဲ ရှိတာမှမဟုတ်ဘဲ။ အရင်ဆို ကြည့်စရာ နာရီတောင် ရှိတာမဟုတ်။ ကြက်ဖရှိတဲ့ အိမ်က တွန်သံနားထောင်ကြရတယ်။ နောက်ပိုင်း အဲဒီကြက်ဖကြီး သေသွားတော့ ရပ်ကွက်အလယ်က ဘုန်းကြီးကျောင်းက ဘုန်းတော်ကြီးက သူ့တိုင်ကပ်နာရီကြီးကို လော်စပီကာနှစ်လုံးနဲ့ ချိတ်ထားပေးပြီး တစ်ရပ်ကွက်လုံး နာရီသံကြားအောင် လုပ်ပေးထားခဲ့တာ။ အဲဒါက အကျင့်ပါပြီး အခုနောက်ပိုင်း တစ်အိမ်ကို တိုင်ကပ်နာရီတစ်လုံးလောက် တပ်ထားနိုင်နေတဲ့ အချိန်မှာတောင် သူရို့ဘုန်းကြီးကျောင်းက နာရီသံကြီး တဒင်ဒင်က တစ်နာရီခြား တစ်ခါ ကြားကြားနေရတုန်း။ ကျနော် ဒီရပ်ကွက်ထဲမှာပဲ နေလာ ကြီးလာတာဖြင့် ကျနော့်တစ်သက်ရှိနေပြီ။ ခုမှ ပြောင်းလာတဲ့ လူတွေ၊ ဘုန်းကြီးကျောင်း ဘေးခြံကပ်လျက်က လူတွေကတော့ ဘယ်လိုနေကြမယ် မပြောတတ်ဘူး။ ကျနော်ကတော့ အခုအချိန်ထိ ဒီလော်က တစ်နာရီခြားတစ်ခါ ပွင့်ပွင့်နေတဲ့ ဒင်းဒေါင် ဒင်းဒေါင်... ဒင်... ဒင်... ဒင်... ဆိုတဲ့ အသံအက်အက်ကြီးကို နားထဲမှာ ဘယ်လိုမှ မယဉ်နိုင်သေးဘူး။ နေ့လယ်နေ့ခင်း တော်သေးရဲ့။ ညသန်းခေါင် ဆယ့်နှစ်နာရီလို အချိန်မျိုးဆို ဘာပြောကောင်းမလဲ။ အဲဒီအသံ အက်အက်ကြီးကြားရတာ ဟိုညောင်ပင်ကြီးအောက်က ဖြတ်လျှောက်ရတာ ထက်တောင် ပိုချောက်ချားစရာကောင်းသေးတယ်။ ဒါပေမယ်လို့ ကျနော် တို့ဘာပြောနိုင်မလဲလေ။ ရပ်ကွက်ထဲ နာရီဘာညာမရှိခင်ကတည်းက စေတနာနဲ့ ဖွင့်လာပေးတဲ့ လော်ကြီးတွေကို ခုမှ ပြန်ဖြုတ်ခိုင်းမယ်ဆို ရိုင်းရာ ကျမပေါ့။ အားနာစရာ ဖြစ်မပေါ့။ ပြီးတော့ တပ်ထားတာက ဘုန်းကြီးကျောင်းထဲ ဆိုတော့ ဘုန်းကြီးတွေကို သွားပြောဖို့ရာ ကျနော်တို့သာမန်လူတွေ မဝံ့မရဲ ဖြစ်စရာပေါ့လေ။ ဒီတော့ ဒီတိုင်းပဲ ကြားနေကြဆဲပေါ့။ ထားပါတော့။ ဘာပဲပြောပြောလေ ရပ်ကွက်ထဲ စက်ရုံကြီးတည်ထားတော့ ကျောင်းနေချိန် ကျောင်းမနေနိုင်တဲ့ ကလေးတွေအတွက် လေလွင့်ဖို့ အချိန်မရှိတော့ဘဲ ဝင်ငွေအပိုရအောင် ရှာနိုင်ကြတာပေါ့။ ရေစက်မမောင်းနိုင်လည်း ကိစ္စမရှိလှဘူး။ ရပ်ကွက် အလယ်မှာ အများပိုင် ရေတွင်းတစ်တွင်း ရှိနေတာကိုး။ တီဗွီကြည့်ချင်လည်း ရပ်ကွက်ထဲမှာ ဘက်ထရီအားသွင်းတဲ့ နေရာတစ်ခု ရှိနေတော့ အဆင်ပြေတယ်။
သူရို့အိမ်အကြောင်း ဆက်ရဦးမယ်။ စက်ရုံဝင်းကြီးဟာ တအားကျယ်တော့ သူရို့အိမ်ကလေးဟာ ကျယ်ပြောလှတဲ့ စက်ရုံဝင်းကြီးထဲမှာ ပျောက်နေတော့တာပဲ။ သူရို့အိမ်ဟာ စက်ရုံဝင်းကြီးရဲ့ အနောက်ဘက်ကျကျမှာ ရှိတယ်။ သူရို့အိမ်အနောက်ဘက်နဲ့ စက်ရုံခြံဝင်းစည်းရိုးတို့ကြားထဲမှာ သူရို့ရဲ့ ကိုယ်ပိုင်စိုက်ခင်းလေးတစ်ခု စိုက်ထားတာ ရှိတယ်။ အဲဒီစိုက်ခင်းကလေးဟာ နည်းနည်းစီနဲ့ အတော် အမျိုးပေါင်းစုံစုံ စိုက်ထားတယ်။ ချဉ်ပေါင်၊ ကန်စွန်း၊ ဂေါ်ဖီ၊ ဆလတ်၊ ရုံးပတီ၊ ခရမ်း၊ ကြက်ဟင်းခါးစတဲ့ အပင်တွေကို သူ့အတန်းနဲ့သူ စနစ်တကျစိုက်ပျိုးထားတယ်။ ဒါ့အပြင် အာလူးနဲ့ ကြက်သွန်မိတ်လို ငရုတ်ပွ၊ ဒန့်ဒလွန်နဲ့ ကြောင်လျှာပင်လို အပင်မျိုးတွေကိုလည်း စိုက်ထားတယ်။ အဲဒီအခင်းက စိုက်သီးစားသီးတွေ မစားချင်လို့ ကညွှတ်ရိုင်းတို့၊ ပုထုဇဉ်သီးတို့ စားချင်ရင်လည်း သူရို့အိမ်ရှေ့က ဖြတ်သွယ်ထားတဲ့ ဓာတ်ကြိုးတစ်ခုမှာ ဓာတ်ကြိုးမမြင်ရလောက်အောင်ကို နွယ်တွေတက်နေပြီးသား။ သူရို့ကတော့ ဒီဓာတ်ကြိုးကို “အသီးအရွက်တန်း”လို့ ခေါ်ကြတာပဲ။ နောက်ပြီး သူရို့ခြံဝင်း ထိပ်နားမယ် ပုစွန်စာပင်တွေ ရှိတယ်။ သူ့အလိုလို မြက်ပေါက်သလို ပေါက်နေတဲ့ အပင်တွေပေါ့လေ။ စက်ရုံရဲ့ ခြံတစ်ဖက်ထောင့်မှာတော့ အရိုင်းဖြစ်နေတဲ့ ငှက်ပျောတစ်ပင်၊ သင်္ဘောတစ်ပင်၊ သရက်ပင်တောင် ပါသေးထင်တယ်နဲ့ မန်ကျည်းပင်လား၊ ကင်မွန်းချဉ်ပင်လား မသိတဲ့အပင်တစ်ပင် ရှိသေးတယ်။ ဒီတော့လည်း သူရို့အိမ်ကလေးဟာ အစားအသောက်တွေ ပေါများနေတဲ့ နေချင့်စဖွယ် နေရာလေးတစ်ခု ဖြစ်နေတော့တာပေါ့လေ။
သူရို့အိမ်ပြောင်းမလာခင် အမှိုက်ပုံကြီးရှိခဲ့တဲ့ နေရာကိုလည်း စနစ်တကျ သန့်ရှင်းထားပြီး အဲဒီမြေနေရာမှာ ဂန္ဓမာ၊ နှင်းဆီနဲ့ စံပယ်တို့လို ပန်းပင်တွေကိုလည်း စိုက်ထားသေးတယ်။ ပန်းအိုးတွေကို သူရို့အခေါ် ပန်းရုံ (သစ်သားတန်းတွေနဲ့ အသေအချာဆောက်ထားတဲ့ စင်ကလေး) အပေါ်မှာ အစီအရီ တင်ထားတယ်။ အဲဒီပန်းရုံကို ပတ်ပြီး ပဲပုစွန်ပင်ကို နွယ်နဲ့ တက်ထားတယ်။ စက်ရုံဝင်းစည်းရိုးရဲ့ တခြားဘက်ခြမ်းကဟာတော့ ငါးမွေးမြူရေးကန်ကြီး တစ်ခုရှိတယ်။ ငါးမွေးမြူရေးကန်ပိုင်ရှင်ကို ဘယ်သူမှ မမြင်ဖူးကြပေမယ်လို့ အဲဒီကန်ပိုင်ရှင်ဟာ အလွန် သဘောကောင်းတာကိုတော့ လူတိုင်းလိုလိုသိကြတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ငါးမွေးကန်ကြီးဘေးကို ရပ်ကွက်ထဲက လူတွေကို ဝင်စေ ထွက်စေ ခွင့်ပေးထားတယ်။ ခွင့်ပေးထားရုံမကဘဲ ဟင်းတစ်မည်စာလောက် ငါးမျှားချင်သပ ဆိုရင်တောင် ရသေးဗျား။ ဒါပေမယ်လို့ လိုတာထက်တော့ ပိုလို့မရဘူး။ သူ့ငါးကန်ပတ်လည်မှာ လူအစောင့်တွေအပြင် အင်မတန် အကိုက်သန်တဲ့ ခွေးကြီးတွေပါ မွေးထားတယ်။ ဒီတော့လည်း ရပ်ကွက်ထဲက ဘဲတွေ ဘာတွေ မွေးတဲ့ လူတွေဟာ ဘဲသွားကျောင်းဖို့ နေရာတစ်ခု အဆင်ပြေပြေ ရသွားကြတော့တာပေါ့။
သူရို့အိမ်ဟာ ရပ်ကွက်နဲ့ အဆက်အစပ်မလုပ်ပေမယ်လို့ ဖော်တော့ဖော်ရွှေကြတယ်လို့ သူရို့ဟင်းစားသွားပို့နေကျ အိမ်က အဒေါ်ကြီးက ပြောတယ်။ သူရို့ရဲ့ စိုက်ခင်းတန်းလေးက အပြင်မှာ သွားဝယ်စားဖို့ မလိုလောက်အောင် ပြည့်စုံနေတဲ့အပြင် ပိုလျှံတာတွေကိုပါ ဘေးဘီအိမ်တွေကို လိုက်လံဝေငှနိုင်နေတာကိုး။ သူရို့အိမ်က ကျနော်တို့အိမ်လောက် အသားဟင်း အစားမများဘူးလို့ စူပါမားကက်မှာ တွေ့တိုင်းလိုလို သူရို့ဈေးခြင်းတောင်းကို ခဏခဏသွား သွားစပ်စုဖူးတဲ့ ကျနော့်ဇနီးက ပြောတယ်။ သူရို့အိမ်ဟာ အနေအထိုင် ကျစ်ကျစ်လျစ်လျစ် ရှိတယ်လို့တော့ ထင်ရတာပဲ။ သူရို့အိမ်က မိန်းကလေးတွေဟာ ညနေစောင်းလို့ ရပ်ကွက်ထဲက အပျိုမတွေ စက်ဘီးတွေ ဘာတွေနဲ့ ထွက်ပြီး သနပ်ခါးအပြည့်နဲ့ လမ်းသလားကြတဲ့ အချိန်ရောက်လို့လည်း သူရို့ မထွက်ကြဘူး။ ရပ်ကွက်ထဲက အပျိုမတွေ စကတ်တို စကတ်ရှည်တွေ ဘောင်းဘီကိုယ် ကျပ်တွေနဲ့ ဝတ်ဝတ်ပြီး အပြင်သွား ဘာညာလုပ်ကြလို့လည်း သူရို့သိပ်မသွားဘူး။ ဝတ်တာလည်း လုံခြုံလိုက်သမှ။ လမ်းသွားလို့ ဘေးဘီဝဲယာလည်း တစ်ချက်မျက်လုံးတောင် မဆံ့ဘူး။ တစ်ခါတလေတော့လည်း သူရို့ကို ရပ်ကွက် အလယ်က အပျိုမတွေ စုနေတတ်တဲ့နေရာဖြစ်တဲ့ အလှပြင်ဆိုင်လေးမှာ တွေ့တွေ့ရတတ်တယ်။ ဒါပေမယ်လို့လည်း အလှပြင်ဆိုင်ထဲ လူများနေရင် သူရို့ မသွားကြတော့ဘူး။ ရပ်ကွက်ထဲက မိန်းကလေးတွေဟာ သူရို့အိမ်ကို အဆက်အဆံ မလုပ်ကြသလို သူရို့အိမ်ကလည်း ဘယ်သူနဲ့မှ အဆက်အစပ်မလုပ်ဘူး။ ရပ်ကွက်ထဲက လူတွေ အတော်များများကတော့ အမျိုးသမီးတွေပေါ့။ သူရို့ အိမ်ကို စကားထဲကို ထည့်မပြောကြဘူး။ သူရို့အိမ်ကလည်း ရပ်ကွက်ထဲက အမျိုးသမီးတွေကို လုံးဝကို ဂရုမစိုက်ကြပါဘူး။
ညဘက်တွေ ရောက်ရင်ဖြင့် သူရို့အိမ်ဟာ မီးပုံးရဲ့အလင်းမှိန်မှိန်ရောင်ကို ယူပြီး အိမ်ရှေ့ကပြင်မှာ မီးပုံးမီးရောင်ကလွဲလို့ ဘာမီးရောင်မှ နောက်ထပ်မထွန်းဘဲ သူရို့အိမ်က မိန်းကလေးလေး၊ ငါးယောက်စုနေ၊ စကားပြောနေတတ်ကြတယ်။ အိမ်ရှေ့ကပြင်ဟာ အုန်းခွံတို့၊ ဖယောင်းဆီတို့နဲ့ အဖန်ဖန် တိုက်ချွတ်ထားပုံပဲ။ မီးပုံးမီးရောင်မှိန်မှိန်ရဲ့ အောက်မှာ တလက်လက် တောက်နေတယ်။ တစ်ခါတလေကျရင် သူရို့အိမ်က အကြီးဆုံးအမျိုးသမီးကို ကပြင်မှာ ဖယောင်းတိုင်တစ်တိုင်ထွန်းပြီး ဘုန်းကြီးကျောင်းသားတွေ စာကျက်တတ်တဲ့ လက်ယှက်သစ်သားခုံပေါ် စာအုပ်တင်ဖတ်နေတာမျိုး၊ ဆန်ပြာနေတာမျိုး တွေ့ရတတ်တယ်။ ညရှစ်နာရီရောက်ပြီဆိုတာနဲ့ တစ်အိမ်လုံးကို အမှောင်ချပြီး ဘုရားစင်မှာ ဆီမီးတိုင်ထွန်းပြီး ဘုရားစာရွတ်ဖတ်နေတာကို ကြားရတတ်တယ်။ ပြီးတော့ ကြေးစည်သံ၊ ပြီးတာနဲ့ တစ်အိမ်လုံးဟာ ဖယောင်းတိုင်လေး တစ်တိုင် နှစ်တိုင်လောက်သာ ထွန်းပြီး နေကြတော့တာပဲ။ ဒီကြားထဲ သူရို့အိမ်ကို လာလည်တဲ့ ဧည့်သည် ဘာညာရှိရင်လည်း သူရို့ဧည့်ခံကြပေါ့လေ။ သူရို့စပြောင်းလာတုန်းကတော့ ရပ်ကွက်ထဲက လူတွေက သူရို့အိမ်ဟာ ထရန်စဖော်မာပုံးကြီးရှိတဲ့ နေရာရဲ့ အနီးဆုံးလည်းဖြစ်၊ စက်ရုံဝင်းထဲလည်း ဝင်နေနေကြတော့ တခြားအိမ်တွေ မီးအားမကောင်းရင်တောင် သူရို့အိမ်က မီးအားကောင်းမှာပဲလို့ တွေးခဲ့ကြတယ်။ ဒါပေမယ်လို့လည်း သူရို့အိမ်ပြောင်းလာပြီး အခုချိန်ထိ သူရို့အိမ်မီးအားကောင်း၊ မကောင်းဆိုတာ ဘယ်သူမှ တပ်အပ်မသိကြဘူး။
တစ်ရပ်ကွက်လုံးနီးနီးက မကောင်းမြင် မကောင်းပြောကြပေမယ်လို့ သူရို့အိမ်က ဘာတုံ့ပြန်မှုမှ မရှိတော့ သူရို့နေရထိုင်ရတာ အများကြီးအခက် အခဲမရှိလှဘူး။ တစ်နေ့တော့ သူရို့အိမ်ကို အမြဲအကောင်းပြောလေ့ရှိတဲ့ သူရို့ဟင်းစားသွားပို့နေကျ အိမ်က မိန်းမကြီးက ရပ်ကွက်အစည်းအဝေးမှာ ပြောတော့တယ်။ သူရို့အိမ်ကို ဒီရပ်ကွက်ထဲက အမြန် မောင်းထုတ်ပေးပါတဲ့။ အားလုံးဟာ သူ့ကို တအံ့တသြကြီးကြည့်လို့။ နောက်ပိုင်းဆက်ကြားရတဲ့ ကောလာဟလ သဲ့သဲ့ကတော့ အဲဒီမိန်းမကြီးရဲ့ အမျိုးသားဟာ ကူးစက်နိုင်တဲ့ရောဂါ တစ်ခုစွဲကပ်နေတယ်လို့ ဆိုတယ်။ ဒီရောဂါဟာ မီးပုံးတပ်ထားတဲ့ အိမ်နဲ့ ခြံချင်းကပ်လျက် နေထိုင်ကြတာကြောင့် ရောဂါပိုးဟာ လေထဲကနေလွင့်ပါလာပြီး ခုနပြောခဲ့တဲ့ လူကို ရောဂါကူးခဲ့သယောင် ပြောကြတာပဲ။ အဲဒီနောက် ပိုင်းတော့ သူရို့အိမ်ဟာ အတိုက်အခိုက်တွေ များလာတယ်။ ညအချိန်မတော် အိမ်ကို ခဲနဲ့အပေါက်ခံရတာတို့၊ နေ့လယ်နေ့ခင်းဘက်တွေလည်း တစ်ခါတလေ အိမ်ပေါ်တက် ရန်တွေ့ခံရတာတို့ ဖြစ်လာတယ်။ ဒီတော့ သူရို့အိမ်ရဲ့ အားကိုးရာဖြစ်တဲ့ ကျနော့်ဆီကိုပဲ ဂဒီး ဂဒီး လာကြတော့တာပေါ့။ ကျနော့်မှာလည်း ဉာဏ်နီဉာဏ်နက်တင်မက ဘာအရောင်မှန်းမသိတဲ့ အရောင်တွေပါ ထည့်သုံးရတော့တာပဲ။ ကြာတော့ စိတ်တအား ညစ်လာတာပေါ့ဗျာ။ ပိုက်ဆံကတော့ တဖျောဖျောရပါရဲ့။ သူရို့မလည်း ဒီရပ်ကွက်က မပြောင်းရရေး အစွမ်းကုန် ကြိုးစားကြရှာတယ်။ ဒါပေမယ်လို့လည်း ရပ်ကွက်က သူရို့ကို မထောက်ခံ သူတွေများလာတော့ ဘယ်လိုယတြာသုံးသုံး ပြောင်းပြေးရတော့မယ့် ကိန်းကို ဆိုက်နေတော့တယ်။ ဒီတော့ သူရို့အားကိုးတဲ့လူ ပြောင်းသွားတယ်။ ကျနော့်ဆီ တစ်နေ့ တစ်ရာရှစ်ဆယ့်ခြောက်ခါလောက် လာလာနေတဲ့ သူရို့အိမ်ဟာ ကျနော့်ဆီ မလာကြတော့ဘဲ သူရို့နေထိုင်ရာ စက်ရုံဝင်းပိုင်ရှင်ဆီ ရောက်သွားကြတော့တယ်။ ဒီတော့ ကျနော်တို့ရပ်ကွက်ထဲ သူရို့အိမ်မနေရေး မဲခွဲဆုံး ဖြတ်တဲ့အခါမှာ နိုင်ငံခြားသားသူဌေးကြီးပါ ပါလာတာပေါ့လေဗျာ။
သူဌေးကြီးဟာ အတော်ကြီး ပိုက်ဆံရှိတယ်။ သူရို့အိမ်ကိုလည်း အတော်ကြီး ပေးကမ်းတယ်။ တချို့က ပြောကြတယ်။ သူဌေးကြီးနဲ့ သူရို့အိမ်က ကလေးမတစ်ယောက်ဟာ ဆွေရိပ်မျိုးရိပ် မကင်းဘူးတဲ့။ ဖြစ်နိုင်ပါ့မလားလို့ ကျနော်တွေးကြည့်ဖူးတယ်။ သူဌေးကြီးက မနေ့တစ်နေ့ကမှ ကျနော်တို့ နိုင်ငံထဲ ဝင်လာတဲ့လူ။ သူရို့အိမ်က လူတွေဆိုတာက ကျနော်တို့နိုင်ငံသားတွေ။ ဒါပေမယ်လို့လည်း ကျနော်တို့တိုင်းပြည်မှာ ဒုတိယကမ္ဘာစစ်က ဂျပန်တွေ ဂျပန်ပြည်ပြန်ကြတော့ ဒီမှာ ကိုယ်ဝန်အသီးသီးနဲ့ ကျန်ရစ်ခဲ့ကြတဲ့ အမျိုးသမီးတွေ အများကြီးရှိခဲ့တာကလား။ ခုချိန်ထိ ဂျပန်မျိုးဆက်တွေဟာ ကျနော်တို့နိုင်ငံမှာ ကျန်ရစ်တုန်း။ သွေးဝေးသွားပေမယ့်လည်း ဘာပဲပြောပြော ဂျပန် သွေးပါခဲ့ကြတာပဲ မဟုတ်လား။ ဒီတော့လည်း ခုသူဌေးကြီးနဲ့ သူရို့မီးပုံးတပ်ထားတဲ့ အိမ်တို့ဟာ အမျိုးတော်စပ်ချင်လည်း စပ်နေမပေါ့လေ။ နောက်တစ်ချက်က သူများစက်ရုံဝင်းထဲမှာ သွေးသားတော်စပ်မှုမရှိဘဲနဲ့ ဒီတိုင်းကြီး အိမ်ဆောက်သွားနေနေဖို့ဆိုတာက မဖြစ်နိုင်ဘူး မဟုတ်လား။ ပထမတော့ သူဌေးကြီးရဲ့ ပိုက်ဆံတွေဟာ အတော်ကြီးကို တာရောက်ခဲ့တယ်။ ဟိုလူ့လည်း ဆို့နိုင်၊ ဒီလူ့လည်း ပိတ်နိုင်ပေါ့လေ။ ဒီလိုနည်းနဲ့ပဲ သူရို့အိမ်ဟာ စက်ရုံဝင်းကြီးထဲမှာ ကျနော်တို့ရပ်ကွက်ထဲမှာ သက်ဆိုးလေး ရှည်နေခဲ့တယ်။
လူတိုင်းက မကျေနပ်ကြပေမယ်လို့ သူဌေးကြီးရဲ့ ငွေတွေကို ကြောက်ကြမက်ကြတော့လည်း သူရို့အိမ်ကို ကျယ်ကျယ်လောင်လောင် ဘာမှ မပြောကြတော့ဘူးပေါ့လေ။ ဒီလိုနဲ့ နှစ်နည်းနည်းကြာလာတယ်။ သူရို့အိမ်မှာ လူ အပြောင်းအရွှေ့တွေ ဖြစ်လာတယ်။ နည်းနည်း အသက်ကြီးသွားတဲ့ မိန်းကလေးတွေဟာ ကြက်ပျောက်ငှက်ပျောက်နဲ့။ သိပ်ကို ငယ်ရွယ်တဲ့ ဆယ့်ရှစ်ဆယ့်ကိုးအရွယ် မိန်းကလေးတွေ ရောက်လာတယ်။ တစ်ခါသား ဆယ့်သုံးလေးနှစ်လောက်ပဲ ရှိသေးတဲ့ ကလေးမလေးတစ်ယောက်တောင် တွေ့ဖူးသေးတယ်။ ငယ်ကြသေးတော့လည်း သွက်တယ်၊ ဖျတ်တယ်၊ အနေတည်ချက်ကတော့ အရင်မိန်းကလေးတွေထက်ကို ပိုတည်တယ်။ ရပ်ကွက်ထဲ တစ်ခါတလေ ဆင်းကြပေမယ်လို့ ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ပုံပဲ။ ရပ်ကွက်ထဲက တချို့မိန်းမတွေက သူရို့ကို ပြောတယ်။ ရပ်ကွက်ထဲ ထွက်မလည်ကြဖို့ပေါ့။ ဒီအချိန်မှာ ပြောမယ်ဆိုလည်း ပြောချင်စရာပဲ။ ရပ်ကွက်ထဲက ယောက်ျားတချို့ ကူးစက်နိုင်တဲ့ ရောဂါတွေ ဖြစ်လာကြတယ်။ ကူးစက်နိုင်တဲ့ ရောဂါဆိုတော့လည်း ဒီယောက်ျားတွေရဲ့ အမျိုးသမီးတချို့နဲ့ မွေးစကလေးတွေပါ ကူးစက်လာကြတယ်။ ဒီတော့လည်း ရပ်ကွက်ထဲက မိန်းမတွေ ဦးဆောင်ပြီး သူရို့အိမ်ကို မောင်းထုတ်ဖို့ ဖြစ်လာကြတော့တာပေါ့။
သိပ်မကြာမီမှာ သူဌေးကြီးရဲ့ စက်ရုံက စကားပြန်နဲ့ စက်ရုံလုပ်သားတွေ ပြဿနာဖြစ်ကြရာကစပြီး ဆန္ဒပြပွဲတွေ ဖြစ်လာတယ်။ ဒါကို မရှင်းနိုင်တဲ့ သူဌေးကြီးဟာ နိုင်ငံခြားကို ထွက်ပြေးသွားပြီး စက်ရုံကို သူ့မန်နေဂျာနဲ့ လွှဲခဲ့တယ်။ နောက်ပိုင်း ဘာဆက်ဖြစ်ကြသလဲတော့ အတိအကျ မသိရတော့ဘူး။ အချုပ်ပြောရရင် သူဌေးကြီး ပြန်မလာတော့ဘူး။ စက်ရုံဟာလည်း ပိတ်သွားတယ်။ ဒီတော့ စက်ရုံဝင်းဟာ အရင်လို အစိုးရပိုင် ပြန်ဖြစ်သွားပြီး အစိုးရပိုင်ဝင်းထဲနေတဲ့ သူရို့အိမ်လေးဟာလည်း ပျောက်ခြင်းမလှ ပျောက်သွားတော့တယ်။ နေ့ချင်းညချင်းဆိုသလို ပျောက်သွားတာကြောင့် ဘာဖြစ်သွားတယ် ဆိုတာကိုတောင် ဘယ်သူမှ အသေအချာ မသိလိုက်ကြဘူး။ သူရို့ဆိုတာဟာလည်း ဒီရပ်ကွက်ထဲ လုံးဝပြန်လာတော့ဟန် မရှိဘူး။ သူရို့နေခဲ့တဲ့ အိမ်ကလေးဟာလည်း မဖျက်မပြုဘဲ ဒီတိုင်းထားခဲ့ကြတယ်။ သူရို့အိမ်ရဲ့ ထရိတ်မတ်ဖြစ်တဲ့ မီးပုံးလေးတောင် ကျန်ရစ်ခဲ့သေး။ စက်ရုံကို အစိုးရက ပြန်မသိမ်းသေးခင် အချိန်ထိ ရပ်ကွက်က တချို့ကာလသား ခပ်နံ့နံ့တွေက အဲဒီဘယ်သူမှ မရှိတဲ့ အိမ်ကပြင်ပေါ်မှာ ညဘက်တွေဆို သွားထိုင်ကြ၊ ဂစ်တာတွေ တီးကြ၊ အရက်သောက်ကြ သွားလုပ်ကြတယ်။ သူရို့ထားခဲ့တဲ့ မီးပုံးလေးကိုလည်း သွားသွားဖွင့်ကြတယ်။ နောက်တော့ ဖွင့်မရတော့ဘူး။ ဓာတ်ခဲကုန်သွားတာလည်း ဖြစ်နိုင်တယ်။ နောက်ပိုင်းတော့ အစိုးရက စက်ရုံကို ဝင်းခတ်လိုက်တော့ ဘယ်သူမှ ဝင်လို့ မရတော့ဘူး။ အဲဒီအိမ်လည်း ဖျက်ခံလိုက်ရပြီး ထရိတ်မတ် မီးပုံးဟာလည်း ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိလိုက်ကြတော့ဘူး။ ဒါမှမဟုတ် ဘယ်သူမှ သတိမထားလိုက်မိကြဘူး။ ဒါမှမဟုတ် ဘယ်သူမှ သတိမထားကြတော့ဘူး။ ဒါပေမယ်လို့လည်း သူရို့ မရှိတော့ဘူးဆိုတော့ ရှူနေကျ ရပ်ကွက်ထဲက လေတွေတောင် ဝဖီးလာသလို ရပ်ကွက်ထဲက မိန်းမတွေက ပြောကြတယ်။ မိန်းမတွေ ပိုကို ပိုပါတယ်လေ။
အရင်က သူရို့အိမ်ရှိရာ နေရာလေးဟာ အုတ်ဖိနပ်လေးတွေပဲ ကျန်ရစ်ခဲ့တယ်။ အရင်ကလို စက်ရုံဝင်းရှေ့ဖြတ်ရင် ဘုရားရှိခိုးသံ၊ မီးပုံးက အလင်းနဲ့ အလင်းသံ တတစ်တစ်တို့ မကြားရတော့ဘူး။ ပြောင်လက်နေတဲ့ ကပြင်၊ ဆန်ပြာနေတဲ့ အမျိုးသမီး၊ ရောက်တတ်ရာရာတွေ ထိုင်ပြောနေတတ်တဲ့ အမှောင်မှိန်မှိန်ထဲက ကလေးမတွေ... အားလုံးဟာ အိပ်မက်လို ပျောက်သွားကြတယ်။ သူရို့ ဘယ်ကိုရောက်သွားတယ်ဆိုတာကို သိတဲ့လူတွေ သိကြပေမယ်လို့ မသိတဲ့လူတွေ မသိကြဘူး။ ဒီလိုပဲ ကျနော်တို့ရပ်ကွက်ထဲက သူရို့မီးပုံးအိမ်ဟာ ပျောက်သွားခဲ့တယ်။ သူရို့ပျောက်သွားပေမယ်လို့ ကျနော်တို့ရပ်ကွက်ထဲမှာတော့ သူရို့အကြောင်းဟာ ပြောမဆုံးဘဲ။ ရဲရဲတင်းတင်း ခုမှ အတင်းပြော ရဲတဲ့လူက ပြော၊ ဆေးစစ်ဖို့ ဆေးခန်းရောက်တဲ့လူတွေက ရောက်ပဲ။
ကျနော့်အလုပ်လား၊ အဆင်ပြေပါတယ်။ သူရို့ကောင်းမှုလေးကြောင့် ကျနော့်မှာ သူရို့မရှိတော့ပေမယ်လို့ ပရိသတ်တွေ တဖွဲဖွဲပဲ။ ကျနော့်ရပ်ကွက်ထဲ ကျနော် ဆရာဖြစ်သွားခဲ့တယ်။ တစ်ခုပဲ။ ကျနော်နဲ့ ကျနော့် သားကို အိမ်က မိန်းမက မကြာခင် ဆေးသွားစစ်ရမယ်လို့ ပြောထားတယ်။ ရပ်ကွက်ထဲလည်း ဆေးခန်းအသစ်တစ်ခုဖွင့်တာ မကြာသေးတော့လေ။
9th September, 2015
6:36PM
ပုံတူဆွဲမိန်းမ
အဲဒီနေ့ကမှ ထူးထူးခြားခြား ကျမတို့နိုင်ငံက နိုင်ငံကြီးခြားပြန်ဘုန်းတော် ကြီးတစ်ပါးရဲ့ တရားခွေကို နာနေတဲ့နေ့။ ကျမရဲ့ စိတ်နှလုံးတွေဟာ ကြည်လင်ချမ်းမြေ့လို့။ ကျမ နေထိုင်ရာ တိုက်ခန်းရဲ့ ဘယ်အရပ်ကို ကြည့်ကြည့်၊ တရားဒေသနာတော်ရဲ့ အရှိန်အဟုန်ကြောင့် မြင်လေရာဟာ စိမ်းရွှန်းအေးမြလို့။ ကျမ နားထဲမှာ ဘုန်းတော်ကြီးရဲ့ ကြည်လင်ပြတ်သားတဲ့ တရားဟောသံဟာ ပြက်ထင်စွဲမြဲလို့။ တစ်ယောက်တည်းနေတဲ့ ကျမရဲ့ တိုက်ခန်းဟာ ဒေသနာတော်သံကြောင့် သံသရာက လွတ်ကျွတ်အောင်မြင်တော့မယ့် ပုထုဇဉ် လူသားတစ်ယောက်လို တိတ်ဆိတ် ငြိမ်းမြနေလိုက်တာ။ ကျမတစ်ယောက်တည်း နေရတာတောင်ပဲ အထီးကျန်ဆန်လိုက်တာလို့ မခံစားမိသလောက်ပဲ။
နိုင်ငံကြီးခြားပြန်လို့ ကျမ ပြောခဲ့ရတာကတော့ ဒီလိုပါ။ ကျမ တရားနာယူခဲ့တဲ့ ဒေသနာတော်သံပိုင်ရှင် ဘုန်းတော်ကြီးဟာ မကြာသေးမီကမှ ကျမတို့နိုင်ငံထက် အဆပေါင်းများစွာ တိုးတက်အောင်မြင်နေတဲ့ ဂြိုဟ်သားတွေနေတဲ့ တိုင်းပြည်ကြီးတစ်ပြည်ဆီကို သွားရောက် လည်ပတ်ခဲ့လို့ပါပဲ။ အဲဒီတိုင်းပြည်ကြီးဟာ ကျမသတင်းတွေမှာ မြင်ရသလောက်ဆိုရင် သိပ်ကို မာနကြီးတဲ့ တိုင်းပြည်ကြီးပဲ။ အဲဒီမှာ နေထိုင်တဲ့ ဂြိုဟ်သားတွေဟာလည်း အလုပ်နဲ့လက် မပြတ်အောင် လုပ်ကြတယ်။ သူတို့ဆီမှာ ဘယ်လောက် လေတိုက်တိုက် မီးမပျက်တဲ့ စက်မှုမြို့တော်လို့ခေါ်တဲ့ မြို့တော်ကြီးတစ်ခုကိုလည်း ပိုင်ဆိုင်ထားကြတယ်။ ဆိုးတာကတော့ ဂြိုဟ်သားအများစုမှာ ဘာသာမရှိဘူး။ ဆိုလိုတာက သူတို့ဟာ ဘာသာရေးကို လက်ကိုင်မထားကြဘူး။ တစ်ခါတစ်ရံမှာ ဘုရားကျောင်းတို့ ဒါမှမဟုတ် စေတီပုထိုးတို့ကို သွားလည်ပတ်ချင် လည်ပတ်မယ်။ ဒါပေမယ်လို့ သူတို့ဟာ ဒီကိစ္စကို ကျမတို့လို အထွတ်အမြတ် မထားကြဘူး။ ဒါဆို သူတို့ ဘာကိုးကွယ်ကြသလဲလို့ဆိုတော့ သူတို့ကိုယ်သူတို့ ကိုးကွယ်ကြသတဲ့။ အလုပ်သည်သာ ဘုရားသခင်လို့ သူတို့ယူဆထားကြတဲ့အတွက်ကြောင့် အလုပ်ကို နေ့ ညမပြတ်အောင် အတင်းအကျပ် လုပ်ယူကြရင်း လူစင်စစ်က ဂြိုဟ်သားတွေ ဖြစ်ကုန်ကြသတဲ့။ ဒါကတော့ ဖိန်းတာပါ။ လူတစ်ယောက်ဟာ သံသရာတစ်ခုကနေ နောက်တစ်ခုကို မကူးပြောင်းမီ စပ်ကြားအတွင်း ဘယ်လို ပြောင်းလဲမှုနဲ့မှ မိမိကိုယ်ကိုယ် လူစင်စစ်က ဘာဖြစ်သွားပါစေဆိုပြီး ပြောင်းလဲပစ်လို့ မရဘူး။ ဒါဟာ တရားဟောလမ်းစဉ်ပဲ။
အဲ... အဲလေ... အဓိကပြောချင်တာကတော့ အပေါ်က နိုင်ငံကြီးခြားပြန် ဘုန်းတော်ကြီးအကြောင်းပါ။ ဘုန်းတော်ကြီးဟာ အဲဒီကျမအပေါ်မှာ ပြောခဲ့တဲ့ နိုင်ငံကြီးက ဘာသာရေးပုဂ္ဂိုလ်များရဲ့ အထူးတလည် ဖိတ်ကြားခြင်းကို ခံရပါတယ်။ ဘုန်းတော်ကြီး အဲဒီနိုင်ငံကြီးကို သွားရောက်တဲ့နေ့က ကျမတို့တပည့်တော်တတွေ ဘုန်းတော်ကြီးသွားမယ့် လေဆိပ်လမ်းတစ်လျှောက်မှာ ပန်းတွေ ကိုင်၊ ဘုန်းတော်ကြီးပုံပါ ဗွီနိုင်းတွေ ကိုင်ပြီး ဘုန်းတော်ကြီးကို သောင်းသောင်းဖြဖြ ပို့ဆောင်နှုတ်ဆက်ခဲ့ကြတယ်။ ဒီလိုနိုင်ငံကြီးမျိုးကို တကူးတက ဖိတ်ကြားလို့ သွားရောက်နိုင်တဲ့ ဘုန်းတော်ကြီးအတွက် ကျမတို့နိုင်ငံနဲ့ ကျမတို့ဟာ ဂုဏ်ဆောင်းသင့်တယ် မဟုတ်လား။ ဘုန်းတော်ကြီးဟာ နိုင်ငံကြီးခြားပြန် ဖြစ်ပြီးနောက်ပိုင်းမှာ တပည့်တပန်း ပိုလို့တောင် တိုးပွားလာတယ်။ ဒါကလည်း ဖြစ်သင့်တဲ့ ကိစ္စတစ်ခုပဲမို့ ကျမတို့ ဂုဏ်အဆောင်းကြီး ဆောင်းခဲ့ကြတယ်။
အဲဒီနေ့က ကျမ ဘုန်းတော်ကြီးရဲ့ ဒေသနာတော်ခွေကို နာယူပြီးစအချိန်မှာ တိုက်ခန်းဗရန်ဒါကနေ ဟိုဟိုသည်သည် ကြည့်နေမိတယ်။ ရင်ထဲမှာ လှိုက်မြူးနေဆဲ ဘုန်းတော်ကြီးရဲ့ ကြည်လင်သာယာနာပျော်အသံဟာ လှုပ်ခတ်နေတယ်။ အဲဒီနေ့က မိုးကလေးကလည်း တဖြောက်ဖြောက်ရွာနေတယ်။ ပတ်ဝန်းကျင်ဟာ စေးစွတ်စွတ် စိမ်းနေလိုက်တာ။ ကျမသာ ပန်းချီဆရာတစ်ယောက် ဖြစ်ခဲ့ရင် ဒီလိုမြင်ကွင်းမျိုး အဆွဲပဲပေါ့။ ကြည်လင်ညွှတ်နူးနေတဲ့ ကျမရဲ့ စိတ်ကို နှောင့်ယှက်ပစ်လိုက်ထာကတော့ ဟိုဘက်တိုက်က ခုမှ စပြောင်းလာတဲ့ လူတချို့ရဲ့ အသံဗလံတွေကြောင့်ပဲ။
တဒုန်းဒုန်း အိမ်သံထုရိုက်သံတွေ၊ ပစ္စည်းရွှေ့ပြောင်းသံတွေနဲ့ သူတို့ကို လိုက်ပါသယ်ယူပေးတဲ့ လူတွေရဲ့ ဟီးဟီးဟားဟား ပြောဆိုသံတွေ၊ သူတို့ရဲ့ နေထိုင်ဝတ်ဆင်ဟန်တွေ။ ကျမနဲ့ ဘာမှမဆိုင်တာ မှန်ပေမယ်လို့ တိုက်ချင်း ကပ်နေတော့လည်း သူတို့ရဲ့အသံတွေဟာ နားထဲမှာ အတိုင်းသားပဲ။ လိုတာထက်ပို ဆူညံပွက်လောရိုက်နေတယ်လို့ ကျမ ထင်မိတယ်။ ခဏနေတော့ သူတို့ထဲက ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်တို့ဟာ ဗရန်ဒါကို ထွက်လာပြီး ဟိုကြည့် သည်ကြည့် လုပ်ကြတယ်။ ဒီတော့ သူတို့ကို ကြည့်နေတဲ့ ကျမကို သူတို့မြင်သွားတယ်။ စိတ်အနှောင့်အယှက် ဖြစ်နေတဲ့အကြည့်နဲ့ ကျမကြည့်နေတာကို သူတို့သတိမမူမိတာလား၊ ဒါမှမဟုတ် တမင်ပဲ မသိချင်ယောင်ဆောင်... အင်း... မသိကျိုးကျွန် ပြုတာလားတော့ ကျမ သေချာမပြောတတ်ဘူး။ သူတို့အကြည့်တွေဟာ အလျင်အမြန်ပဲ ကျမမျက်ဝန်းတွေကနေ ခွာသွားခဲ့တယ်။ ပြီးတော့ သူတို့နှစ်ယောက်ထဲ ရှိတဲ့ကမ္ဘာလို ကျမရဲ့ အကြည့်တွေကို ဂရုမစိုက်တော့ဘဲ တဟီးဟီးတဟားဟား တွတ်ထိုးကျီစယ်နေကြပြန်တယ်။ ကြည့်ရတာတော့ ကြင်စဦးဇနီးမောင်နှံ ဖြစ်ဖို့များတယ်။ ဒါမှမဟုတ်လည်း လိုက်ပို့တဲ့ လူတွေထဲက အတွဲတစ်တွဲ ဖြစ်နိုင်တာပဲ။ ဒါမှမဟုတ် အတွဲမဟုတ်ရင်လည်း အခုခေတ်က အဲဒီလို စနောက်တွတ်ထိုးနေဖို့ ယောက်ျားမိန်းမ မရွေးချယ်ကြတော့တဲ့ ခပ်ပျက်ပျက်ခေတ်ဆိုတော့ အတွဲမဟုတ်ဘဲ တမင်ရေကြည်သောက် အသားယူ ကလူနေတာလည်း ဖြစ်နိုင်တာပဲ။
သူတို့ကို မြင်ပြင်းကတ်နေပေမယ်လို့ သူတို့ဆီကနေ ကျမရဲ့အကြည့်တွေကို မခွာနိုင်သေးတဲ့ အချိန်မှာပဲ သူတို့နှစ်ဦးဟာ ရုတ်တရက် စကားပြောရပ်သွားကြပြီး နှုတ်ခမ်းချင်း ထိတွေ့လိုက်ကြလေရဲ့။ ချက်ချင်းဆိုသလို ကျမရဲ့ ငယ်ထိပ်မှာရှိတဲ့ ဆံပင်တွေကစပြီး ခန္ဓာကိုယ်အလယ်ပိုင်းတစ်လျှောက်လုံး သွေးနွေးနွေးတွေ ရွှမ်းခနဲပြေးဆင်းသွားသလို ခံစားလိုက်ရတယ်။ သူတို့ကတော့ သူတို့ကမ္ဘာမှာ သူတို့နှစ်ယောက်တည်း ရှိနေတဲ့အတိုင်းပဲ လုပ်စရာရှိတဲ့ အလုပ်ကို ဆက်လုပ်နေကြတယ်။ ကျမကလည်း ကျမကမ္ဘာမှာ ကျမ တစ်ယောက်တည်း ရှိသွားတဲ့အတိုင်းပဲ သွေးနွေးနွေးတွေကို ဆက်စီးနေစေလိုက်တယ်။ သွေးနွေးတွေ စီးသွားပြီးနောက်မှာ သတိထားမိတာကတော့ ကျမ နည်းနည်း တုန်လှုပ်မိသွားတယ် ဆိုတာပဲ။ ဒါက လူတိုင်းဖြစ်မယ့် ကိစ္စပဲ။ ဘာကြောင့်လဲဆိုတော့ ဘာသာရေး တအားတင်းကျပ်တဲ့ ကျမတို့နိုင်ငံမှာ လူကြားထဲ နမ်းတာဟာ အပြစ်ဒဏ်ပေးလို့ ရတဲ့ အနေအထားတစ်ခု ဖြစ်နေတာကြောင့်ပဲ။ ဒါကြောင့် ကျမတို့နိုင်ငံက လူတွေဟာ နမ်းခြင်းပြုခြင်းနဲ့ သံဝါသနဲ့ ပတ်သက်စပ်ဆိုင်သမျှ အားလုံးတို့ကို အနည်းဖြစ်စေ၊ အများဖြစ်စေ အိမ်ခန်းတွင်းနဲ့ လူမမြင်ကွယ်ရာမှာသာ လုပ်ဆောင်ကြရပြီး သတ်ဖြတ်တာနဲ့ ရန်ဖြစ်သတ်ပုတ်တာတို့ကိုပဲ လူထုကြားမှာ လုပ်ဆောင်နေကြရတယ်။
ကျမတို့နိုင်ငံမှာ လူအများကြားမှာ မလုပ်ဆောင်ရလို့ ဘာသာရေးနဲ့ အယူဝါဒနဲ့ ပိတ်ပင်ထားတဲ့ အလုပ်တစ်ခုကို မြင်နေကျ မဟုတ်တဲ့အတွက် ကျမ တုန်လှုပ်ခဲ့တာပဲ။ ဒီလို အတွေးဝင်လာတာနဲ့တစ်ပြိုင်နက် ကျမသူတို့ကို မုန်းတီးပစ်ရတော့မယ်ဆိုတာ သေချာသွားတယ်။ လူကောင်းသူကောင်းမဟုတ်တဲ့ လူတွေကို ကျမရဲ့ အိမ်နီးနားချင်း ဖြစ်နေရတာဟာ ရပ်ကွက်ပါ နာသလို ခံစားလာရတယ်။ ချက်ချင်းဆိုသလို ကျမ သူတို့ကို နောက်ဆုံးအကြည့်နဲ့ ခပ်ပြင်းပြင်း တစ်ချက်ကြည့်လိုက်ပြီး အိမ်ထဲကို ပြန်ဝင်လာလိုက်တယ်။ အိမ်အဝင်ဝမှာ ကျမ ခလုတ်တစ်ချက် တိုက်တယ်။ ခလုတ်တိုက်မိတဲ့ အဝင်အဝတန်းကို ကျမ ဖနောင့်နဲ့ ပေါက်ခဲ့လိုက်တယ်။
အဲဒီနေ့က ကျမ တစ်နေကုန်လုံး စိတ်မကြည်ဘူး။ သူတို့နှစ်ယောက်ရဲ့ ရဲတင်းပွင့်လင်းတဲ့ အို... အပေါ်ကိုသာ ပြန်ကြည့်ပါတော့ရှင်။ အဲဒီကိစ္စ အဲဒီလုပ်ရပ်ဟာ ကျမကို တစ်နေကုန်လုံး စိတ်အနှောင့်အယှက် အကြီးကြီးကို ပေးနေတော့တာပဲ။ ဘာကြောင့်များ ဒီလောက် အရှက်သိက္ခာကင်းမဲ့တဲ့ အလုပ်မျိုးကို လူရှေ့သူရှေ့မှာ လုပ်ဖို့ ဝန်မလေးကြတာလဲ။ ဘယ်သူက မွေးထားတဲ့ ကလေကဝ သားသမီးတွေပါလိမ့်။ အရွယ်တွေကတော့ ကျမ သမီးအကြီးမ အရွယ်တွေလောက်ပဲ ရှိဦးမယ်ထင်တယ်။ ကျမ သမီးတွေဆို အိမ်ထောင်သာကျသွားကြရော... တစ်ခါမှ ဒီလို အရှက်သိက္ခာကင်းမဲ့တဲ့ လုပ်ရပ်မျိုး တစ်ခါမှ လုပ်ဖူးကြမယ် မထင်ဘူး။ ကျမ ဒါကို သေချာသိနေတယ်။ ကျမက မွေးတဲ့ ကျမသမီးတွေဟာ ကျမရှေ့မှာရော ကွယ်ရာမှာပါ ဒီလို အရှက်အကြောက်မရှိ အလုပ်မျိုးကို လုပ်ကြမှာ မဟုတ်ဘူး။ မိကောင်းဖခင် သားသမီးတွေပဲ မဟုတ်လား၊ သမီးတွေအကြောင်းကို တွေးမိတော့ အခုနက ကျမ ရင်ထဲ ရှိန်းနေတဲ့ ကိစ္စတွေ ခဏတော့ ပျောက်သွားသား။
အခုနက ဖွင့်တဲ့ တရားခွေပါတဲ့ ကက်ဆက်ကို ကျမ အိပ်ခန်းထဲကို ယူသွားလိုက်တယ်။ အိပ်ခန်းထဲမှာ လှဲရင်း တရားပြန်နာနေရင်း အခုနက တုန်လှုပ်သွားတဲ့ ကိစ္စကို ပြန်ထိန်းနိုင်လိမ့်မယ်ဆိုတာ ကျမ သိနေတယ်။ ကက်ဆက်ကို ခုတင်ခေါင်းရင်းက ဗီရိုပေါ်တင်ရင်း တရားသံကို အစက ပြန်ရစ် နာနေလိုက်တယ်။ အခုနက နာပြီးတဲ့ တရားဟာ အစကနေ ပြန်လာနေတယ်။ ဒါပေမယ်လို့ အခုနက နိုင်ငံကြီးခြားပြန် ဘုန်းတော်ကြီးရဲ့ အသံတော်မဟုတ်တော့ဘူး။ အသံဟာ တစ်မျိုးပဲ။ အခုနကလောက် သာယာနာပျော် ပြတ်သားမနေတော့ဘူး။ ကျမ ခုတင်စွန်းမှာ ပြန်ထိုင်ပြီး ပြေကျနေတဲ့ ဆံပင်ကို ပြန်ပတ်၊ ကက်ဆက်ထဲက အခွေကို ပြန်ထုတ်ပြီး အခွေမှာ ရေးထားတဲ့ တရားခွေ နာမည်နဲ့ တရားဟောဘုန်းတော်ကြီးရဲ့ ဘွဲ့နာမည်ကို ဖတ်လိုက်တယ်။ ခွေမှာတော့ ဘုန်းတော်ကြီးတစ်ပါးတည်းရဲ့ ဘွဲ့နာမကိုပဲ ရေးထားတယ်။ ဒါဆို အခုနက ကျမ နာလိုက်ရတဲ့ အသံတော်ဟာ ကျမ သိပ်ကြည်ညိုတဲ့ နိုင်ငံကြီးခြားပြန် ဘုန်းတော်ကြီးရဲ့ အသံတော်ပဲလား။ ဒါလည်း ဖြစ်တော့ ဖြစ်နိုင်ပါတယ်။ လူတွေတောင် သီချင်းစဆိုတဲ့ အချိန်ဆို ခဏတစ်ဖြုတ်လောက်တော့ ကီးလွဲကြသေးတယ် မဟုတ်လား။ နောက်မှ အရှိန်ရလာရင်း တဖြည်းဖြည်း နားထောင်ကောင်းလာတာလေ။ ဒါမှမဟုတ် ကြားဖန်များလို့ နားယဉ် သွားတာလေ။ ခုလည်း ဒီလိုပဲဖြစ်နိုင်တယ်။ ကျမ တရားကို နားစိုက်ထောင် လိုက်ရင်း ခဏနေတော့ အခုနက ကြားနာလိုက်ရတဲ့ ဘုန်းတော်ကြီးရဲ့ အသံတော်အမှန်ကို ကျမ ပြန်ကြားလာရတယ်။ ကျမ ကျေနပ်သွားတယ်။ ခုတင်ပေါ် ပြန်လှဲနေရင်း ဒေသနာကို ပြန်နာယူနေလိုက်တယ်။
ခေါင်းရင်းတိုက်ကို ပြောင်းလာတဲ့ လူတွေက ဘယ်သူတွေပါလိမ့်။ ခုနက အတွဲပဲလား။ ဒါဆိုရင်တော့ မကြာခင်လောက်ကမှ လက်ထပ်ထားတဲ့ စုံတွဲဖြစ်နိုင်ခြေများမယ်။ အပိုင်ဝယ်လိုက်တာလား၊ နှစ်ချုပ်၊ လချုပ်တွေလား၊ လချုပ်လောက်ဆိုရင်တော့ သိပ်ပြဿနာမရှိပါဘူး။ ခြောက်လလောက်ပြည့်ရင် ပြောင်းသွားကြမှာပဲ။ နှစ်ချုပ်တို့ အပိုင်ဝယ်လိုက်တာတို့ ဆိုရင်တော့ ကျမတော့ ဒုက္ခပဲ။ ဒီလိုဟာတွေနဲ့ အိမ်နီးချင်းဖြစ်ဖို့ တွေးလိုက်တော့ ကျမအတော်ကြီးကို စိတ်ညစ်သွားရတယ်။ ပြီးတော့ ခုနက သူတို့ဗရန်ဒါမှာ လုပ်လိုက်တဲ့ကိစ္စ။ ယောက်ျားလုပ်သူက ကျမဘက်ကို မျက်နှာမူလျက်သား။ သူ့ကို ကျမ မြင်နေရတာကို သူလှမ်းကြည့်ရင်တော့ မြင်ရမှာပဲ။ ဒါမှမဟုတ် လျှပ်တစ်ပြက်ပဲဖြစ်ဖြစ် ကျမကို သူမြင်လိုက်မှာပဲ။ တစ်ဖက်တိုက်ခန်းမှာ သူတို့ကို ကြည့်နေတဲ့ လူတစ်ယောက် ရှိနေတယ်ဆိုတာကို သူတို့သိသိကြီးနဲ့တောင် ဒီလိုအလုပ်မျိုးကို လုပ်တတ်ကြပလေ။ ကျမနှုတ်ခမ်းတွေ နွေးလာတယ်။ သွေးနွေးတွေ ပြန်လည်ပတ်လာသလို ခံစားလာရပြန်တယ်။ ကျွတ်စ်... ဒီကိစ္စက ကျမစိတ်ကို ဘယ်လောက်ကြာအောင် ဒုက္ခပေးနေမှာလဲ မဖြစ်ဘူး။ ညနေလည်း စောင်းပြီဆိုတော့ ကျမ ဈေးသွားဝယ်ဦးမှ ဖြစ်မယ်။ မသွားခင် ရေချိုးမိုးချိုးလုပ် သွားဦးမှ။ အတွေးနဲ့အတူ ခုတင်ပေါ်ကနေ ကျမ ဆတ်ခနဲ ပြန်ထလိုက်တယ်။ ဆံပင်ကို ပြန်ပတ်လိုက်တယ်။ ရေချိုးခန်းထဲ ဝင်လိုက်တယ်။ ရေပန်းကို ဖြန်းခနဲ ဖွင့်ချလိုက်တယ်။ ရေရဲ့ အေးမြမှုဟာ ကျမရဲ့ စိတ်ကို ပြန်လည်လန်းဆန်း လာစေတယ်။ ခုနက ညစ်ညူးထားတာတွေ ပြန်ပြေပျောက်သွားတယ်။ ခုနက စိတ်ညစ်ညူးမှုဟာ ရေအေးအေးနဲ့ အတူ၊ ဆပ်ပြာတိုက်ချလိုက်တဲ့ ကျမရဲ့ ကြေးတွေနဲ့အတူ ရေဆိုးမြောင်းထဲ ပါသွားတယ်။ ပိုပြီး စိတ်သန့်သွားအောင် ခေါင်းရှင်းတဲ့အနေနဲ့ ခေါင်းလျှော်လိုက်ဦးမလို့ပဲ။ ဒါပေမယ်လို့ အချိန်က ညနေစောင်းနေပြီ။ ပြီးတော့ ရာသီဥတုက နည်းနည်းအေးနေတယ်။ ကျမရဲ့ အသက်အရွယ်နဲ့ဆိုရင် ဒီအချိန်ဟာ ခေါင်းလျှော်ဖို့ မပြောနဲ့၊ ရေချိုးဖို့တောင် အတော်နောက်ကျနေပြီမဟုတ်လား။ ဒီတော့ နောက်နေ့မနက်မှ စောစောထပြီး ခေါင်းထလျှော်ဖို့ စဉ်းစားလိုက်တယ်။
ရေချိုးပြီး အိပ်ခန်းထဲ ပြန်ဝင်လာတော့ ခေါင်းရင်းက ဗီရိုပေါ်မှာ ဖွင့်ထားမိခဲ့တဲ့ ဒေသနာတော်ခွေဟာ ကက်ဆက်ထဲမှာ လည်လျက်သား။ ခုနက ရေချိုးဖို့ စဉ်းစားမိတုန်းက တရားခွေကို ကျမ တဒင်္ဂ မေ့သွားခဲ့တယ်။ ကက်ဆက်ကို အရင်ပိတ်လိုက်ရင်း ဗီရိုထဲက ညနေခင်းနဲ့ လိုက်ဖက်မယ့် ခေါက်ရိုးကျ မီးပူတိုက်ပြီးသား ဝတ်စုံတစ်စုံ ထုတ်ဝတ်လိုက်တယ်။
ဈေးဘက် ထွက်လာတော့ မိုးလေးနည်းနည်း အေးနေတယ်။ ထီးကို အနေတော်လောက် ပြင်ဆောင်းရင်း ကျမ မိုးရေထဲ ခပ်သုတ်သုတ် လမ်းလျှောက်လာခဲ့တယ်။ ဈေးထဲ ရောက်တော့ ညနေဈေးက ဝယ်သူတွေတောင် အတော်များနေပြီ။ ကျမ ဝယ်နေကျ အသားတန်းက အသားဆိုင်တစ်ဆိုင်ရှေ့မှာ တန်းစီနေလိုက်တယ်။ ကျမ အလှည့်ရောက်ဖို့ နည်းနည်းလိုသေးတယ်။ မိုးက ရွာနေပြီ စောင့်ရတာက ကြာဦးမှာ။ နောက်တစ်ဆိုင်လည်း သွားမဝယ်ချင်တော့ ကျမ ကြားဖြတ်ပြီး ဝင်လိုက်တယ်။ ကဲ... ခုဆို ကျမရှေ့မှာ လူနှစ်ယောက်ပဲ ကျန်တော့တယ်။ ကျမ ကျေနပ်ပြုံးပြုံးလိုက်တယ်။ နောက်က လူတွေရဲ့ ကြားဖြတ်ဝင်လိုက်တဲ့ ကျမကို ရည်ရွယ်ပြောနေတဲ့ တီးတိုးစကားတွေ ကြားသားပဲ။ ကျမ မကြားချင်ယောင် ဆောင်နေလိုက်တယ်။
ကျမရှေ့က ဈေးဝယ်နေတဲ့ မိန်းကလေးက အတော်ကြာတယ်။ ဟိုဟာ ရွေး၊ ဒီဟာ ဈေးမေးနဲ့။ ညနေစာ ဘာချက်မယ်ဆိုတာ အိမ်ကနေတစ်ခါတည်း မစဉ်းစားလာဘူး မှတ်တယ်။ အသားဈေးတွေလည်း သိပုံမရဘူး။ ကြည့်ရတာ တစ်ခါမှ ဈေးမဝယ်ဖူးတဲ့ မိန်းကလေးတစ်ယောက် ဖြစ်မယ်ထင်တယ်။ စကားမစပ် သူဆွတ်ထားတဲ့ ရေမွှေးဟာ အတော်အနံ့ပြင်းတယ်။ သူ့နောက်မှာ ရပ်နေတဲ့ ကျမဖြင့် မူးနေတာပဲ။ သူ့အင်္ကျီက ပရုတ်လုံးနံ့ရော ရေမွှေးနံ့ရောဟာ စိုစွတ်နေတဲ့ မိုးရေနဲ့အတူ စိုထိုင်းထိုင်း ပြင်းတင်းတင်း အနံ့ကြီး ထွက်နေတယ်။ ကျမငယ်ငယ်ကတည်းက ရေမွှေး ဘယ်တော့မှ မဆွတ်ခဲ့ဘူး။ အမြဲပင်ကို ကိုယ်နံ့ကိုပဲ အနံ့မပြင်းအောင် ဂရုစိုက်နေထိုင်ခဲ့တာ။ ဒါကြောင့် ကျမ ရေမွှေးနံ့ဆို ဘယ်ရေမွှေးနံ့မှ အနံ့ခံလို့ မရဘူး။ ငါးမိနစ်နီးပါးကြာတဲ့အထိ သူ့မှာ ဈေးမေးလို့ မပြီးနိုင်သေးဘူး။ ရောင်းသူကလည်း နောက်က တန်းစီနေတဲ့လူတွေကို မကြာခင် အလှည့်ကျလာတော့မယ့်အကြောင်း လှမ်းလှမ်းပြောနေတာ သုံးခေါက်ရှိနေပြီ။ ဒါကိုလည်း ရှေ့က မရွှေချောက သတိမထားမိဘူး ထင်ပါတယ်။ မေးလက်စဈေးကို ဆက်မေးနေပြန်တယ်။ ကျမလည်း ခုနကမှ ရေချိုးလာတာဆိုတော့ အေးတာက တော်တော်အေးနေပြီ။ မိုးရေတွေကလည်း ကျမခေါင်းကလွဲလို့ တခြားနေရာတွေကို စိုကုန်ပြီ။ နေမကောင်းဖြစ်မှာကို ကျမ စိုးရိမ်လာတယ်။ ကျမ နေမကောင်းဖြစ်ရင် ကျမသမီးတွေက လာနိုင်မှာမဟုတ်ဘူး။ သူတို့ယောက်ျားတွေက တစ်နယ်တစ်ကျေးမှာ အလုပ်လုပ်နေ ရသူတွေဆိုတော့ ချက်ချင်းပြေးလာကြဖို့ မလွယ်ကြဘူး။ ပြီးတော့ ကျမက ဆွေမျိုးဝေးတယ်။ ဆွေမျိုးနီးရင် စကားရှုပ်လို့ ဒီမှာပဲ တစ်ယောက်တည်းလာ နေနေတာ ကြာလှရှိပြီ။ ဒီတော့ ကျမကိုယ်ကျမ ဂရုမစိုက်နိုင်ရင် ကျမပဲ ဒုက္ခရောက်ဖို့ ရှိမှာ။ အတွေးနဲ့အတူ ရှေ့က မယ်မင်းကြီးမကို ခပ်ဆတ်ဆတ် လက်ကုတ်လိုက်တယ်။ သူ ချက်ချင်းပဲ ကျမကို လှည့်ကြည့်တယ်။ ပြီးတော့ ပြုံးပြတယ်။ ခဏလေးနော်လို့လည်း ပြန်ပြောတယ်။ သူလှည့်ကြည့်မှ ကျမ သတိထားမိလိုက်တယ်။ သူက ခုနက စုံတွဲက မိန်းမပဲ။ ကျမ ချက်ချင်း စိတ်နောက်ထွေးသွားတယ်။ သူ့နောက်မှာ ရပ်နေရတဲ့ ကျမကိုယ်ကျမလည်း ဒေါသဖြစ်မိသလိုပဲ။ သူ့ကို ဒီနေရာကနေ ချက်ချင်းထွက်သွားစေလိုတဲ့ ဆန္ဒ ကျမမှာ ဖြစ်နေတယ်။
သူ့စကားအတိုင်းပဲ ခဏနေတော့ ဈေးဝယ်ပြီး ပြန်ထွက်သွားတာတောင် ရိုးရိုးထွက်မသွားဘူး။ ကျမကို ပြုံးပြသွားသေးတယ်။ သူ့ရဲ့ စတော်ဘယ်ရီလို စိုရွှဲရွှဲနှုတ်ခမ်းတွေကို ကျမ တွေ့လိုက်ရတယ်။ အဲဒီနှုတ်ခမ်းတွေကို ခုနက လူအတွက် သူအသုံးပြုခဲ့သေးတယ်။ ခုနက လူအပြင် တခြားဘယ်သူတွေအတွက်ရော အသုံးပြုခဲ့ဖူးဦးမလဲ မသိဘူး။ အတွေးနဲ့ ကျန်ခဲ့တဲ့ ကျမကို သူကတော့ ဂရုမစိုက်ပါဘူး။ အိမ်ပြန်လမ်းအတိုင်း မိုးမဖွဲတဖွဲ မသည်းတသည်းအောက်မှာ ထီးမပါ ဈေးဆွဲခြင်းမပါနဲ့ ဖိုသီဖတ်သီ ပြက်တက်ပြက်တက် ပြန်ထွက်သွားလေရဲ့။ ခုမှ သူ့ရဲ့ ဝတ်စားဆင်ယင်ထားမှုကို ကျမ သတိထားမိလိုက်တယ်။ ကျမတို့ ယောက်ျားဝတ်လို့ ခေါ်ကြတဲ့ ဂျင်းအင်္ကျီလက်ရှည်ကို လက်အဖျားလေးတွေပဲ ခေါက်ပြီး ကပိုကရိုဝတ်ထားတယ်။ ဆံပင်က ထုံးထားသလို ဖြေထားသလို လျော့ရဲရဲ။ ပေါင်ဖြူဖြူ အလယ်မရောက် တရောက်မှာ တန့်နေတဲ့ ဂျင်းဘောင်းဘီအတို။ စလစ်ပါဖိနပ်အပါးနဲ့။ လမ်းပေါ်က မိုးရေတွေနဲ့ ဗွက်တွေကို သိပ်ဂရုမစိုက်ဘဲ ပြက်တက်တက် ထွက်သွားတာကြောင့် သူ့ရဲ့ ပေါင်နောက်ပိုင်း အသားဖြူဖြူနဲ့ ဂျင်းဘောင်းဘီဖင်တွေမှာ ရွှံ့စက်တွေဟာ ဗရပွ။ သူလမ်းလျှောက်သွားတာ အတော်မြန်တယ်။ သူ့ရဲ့ နောက်ပိုင်း လှုပ်တုတ်လှုပ်တုတ်အလှမှာ ကပ်နေတဲ့ ရွှံ့စက်တွေဟာ ပိုပိုများလာတယ်။ သူဖြတ်သွားရာ လမ်းတစ်လျှောက် ဆိုက်ကားဂိတ်က ဆိုက်ကားသမားတွေရဲ့ မျက်လုံးတွေဟာ သူ့ဖင်က ရွှံ့စက်တွေဆီမှာ တညီတညွတ်တည်း ပါသွားကြတယ်။ ဒီအကောင်တတွေဟာ သူတို့ပါးစပ်က ထွက်လာတဲ့ သွားရည်တွေနဲ့ ဟိုမိန်းမဖင်က ရွှံ့စက်တွေကို သွားဆေးပေးတော့မယ့် အတိုင်းပဲ။ ကျမလည်း ဝယ်စရာရှိတာ ခပ်မြန်မြန်ဝယ်ပြီး အိမ်ပြန်လာလိုက်တယ်။ ပထမတော့ ဒီလမ်းကနေ မပြန်ဘူးလို့ပဲ။ ခုနက မယ်မင်းကြီးမက ဒီလမ်းက ပြန်သွားတာဆိုတော့ ဘာမှတော့ မဆိုင်ပေမယ်လို့ ဒီလမ်းကို သူနင်းပြီးမှ ကျမနင်းဖို့ စိတ်ထဲ မသိုးမသန့်နဲ့။ ဒါပေမယ်လို့ မိုးရွာနေတာက တစ်ကြောင်းရယ်၊ ဒီလမ်းက အနီးဆုံးရယ်ကြောင့် ဒီလမ်းကနေပဲ ကျမ ဖြတ်ပြန်လာခဲ့တယ်။
တကယ်က ကျမက ဟင်းချက်လက်ရာ ကောင်းတယ်။ အရင်ကဆို ကျမသမက်အငယ်က ကျမကို ထမင်းဆိုင်ဖွင့်ပါလားတောင် ပြောဖူးတာ။ ဒါပေမယ်လို့ ထမင်းဆိုင်ဖွင့်ဖို့ နေရာကောင်းနဲ့ လူခွဲမရှိတာရယ်၊ ဒီအရွယ်ကြီးရောက်မှ တရားနဲ့ပဲ ပျော်မွေ့ချင်တော့တာရယ်ကြောင့် ကျမ သူ့အဆိုကို ပယ်ချခဲ့တာ။ အမြဲတမ်း ကျမချက်တဲ့ဟင်းကို ကျမ မြိန်ရေရှက်ရေ စားနေကျ။ အဲဒီညနေကတော့ စားမကောင်းဘူး။ ရင်ထဲ မကောင်းဖြစ်တယ်။ ထင်တာတော့ မိုးရေထဲ အကြာကြီးရပ်လိုက်ရလို့ ခြေဖျားတွေ အေးပြီး ဝမ်းခေါင်းတောင့်တာ ဖြစ်မယ်။ အဲဒါဟိုဘက်တိုက်က မိန်းမကြောင့်။ အလိုက်ကန်းဆိုးမသိတဲ့ ဘယ်က လာတဲ့ဟာမှန်းမသိတဲ့ မိန်းမကြောင့်။ အဲဒီမိန်းမရဲ့ ဈေးမေးနေတဲ့ ပုံစံနဲ့ ဝတ်စားပုံဟာ ကျမ အတွေးမျက်စိထဲ ပြန်ဝင်လာတယ်။ ဒါဆိုရင်တော့ အဲဒီတိုက်ခန်းဟာ သူတို့နေမှာဆိုတာ သေချာသလောက် ဖြစ်သွားပြီ။ ကျမအတော်စိတ်ပျက်သွားတယ်။
စားလက်စ ညနေစာကို သိမ်းလိုက်ပြီး ကျမ ဘာလုပ်ရမှန်း မသိတာနဲ့ ဆေးတစ်ခွက်သောက် ဗရန်ဒါမှာ ထွက်ထိုင်နေလိုက်မိတယ်။ ဘာရယ်မဟုတ် ဟိုဘက်တိုက်ခန်း ဗရန်ဒါကိုလည်း ကျမ လှမ်းကြည့်နေမိတယ်။ နေ့လယ်က သူတို့နမ်းခဲ့တာ အဲဒီနေရာမှာပေါ့။ ကျမ ရှိနေနိုင်မှန်း သိသိကြီးနဲ့ တမင်လုပ်ခဲ့ကြတယ် သူတို့။ ပြီးတော့ ခုနက ဈေးမှာတွေ့တော့လည်း မယ်မင်းကြီးမက သူအပြစ်မလုပ်ထားတဲ့အတိုင်း ပြုံးပြုံးချိုချိုနဲ့။ ဝတ်စားပုံကလည်း ရင်သပ်ရှုမော။ ကျမတို့ရပ်ကွက်ထဲမှာ သူ့လို ဝတ်စားတဲ့သူ မရှိသေးဘူး။ သူပထမဆုံးပဲ ဖြစ်နိုင်မယ်။ ကလက်တက်တက် ပျက်တက်တက် အဝတ်အစားနဲ့ ပေါင်လယ်လောက်ပဲရှိတဲ့ ဂျင်းဘောင်းဘီနဲ့ တီရှပ်လက်ရှည်နဲ့ ဝတ်စားတတ်တဲ့ မိန်းမ၊ နှုတ်ခမ်းနီဆိုး၊ ရေမွှေးပြင်းပြင်း ဆွတ်တတ်တဲ့ မိန်းမဟာ ကျမရဲ့ အိမ်နီးချင်းဖြစ်လာနေပြီ။ ပြီးတော့ လူကြားသူကြားမရှောင် မလုပ်သင့်တာ လုပ်တဲ့ မိန်းမ။ ဒီမိန်းမဟာ ကျမရဲ့ အိမ်နီးချင်းဖြစ်လာနေပြီ။
တကယ်ပြန်တွေးကြည့်တော့ ဒီမိန်းမက လှတော့ လှတယ်ဆိုတာ ငြင်းမရဘူး။ ဒါပေမယ်လို့ သူ့ရဲ့ အလှနည်းနည်းဟာ သူ့ရဲ့ ကလက်တက်တက် ဝတ်စားပုံတွေအောက်မှာ ဣန္ဒြေမရ ပျောက်ဆုံးနေတယ်။ ခုနက သူဈေးဝယ်ပြီး ပြန်ထွက်သွားချိန်မှာ ဈေးထဲက လူတွေ သူ့ကို နောက်ကနေ ဝိုင်းကြည့်နေ ကြတာကို ကြည့်ပါလား။ ဒီလောက် တိုနံ့နေတဲ့ ဘောင်းဘီကို ဝတ်ထားမှတော့ လူတွေက ဝိုင်းကြည့်ကြပြီပေါ့။ ကြည့်လို့တော့ ကောင်းပါရဲ့။ ကြည့်ကောင်းလွန်နေတာပဲ ခက်တာ။ တမင်ကြည့်အောင် လုပ်ထားတာဆိုရင်တော့ မသိဘူးလေ။
ညနေစာ စားပြီးတာတောင် ကျမ အဆာမပြေသေးဘူး။ စားမကောင်းတာလည်း ပါတာပေါ့လေ။ အိမ်ထဲမှာကလည်း ကျမတစ်ယောက်တည်းဆိုတော့ ရောက်တတ်ရာရာ အတွေးတွေလည်း တွေးမိတယ်။ ခုနကနာခဲ့တဲ့ နိုင်ငံကြီးခြားပြန် ဘုန်းတော်ကြီးရဲ့ ဓမ္မတရားခွေအကြောင်း။ ဘုန်းတော်ကြီးအကြောင်း။ ပြီးတော့ ဘေးအိမ်က လင်မယားလား၊ ဘာလား မသိတဲ့ စုံတွဲအကြောင်း။ ဒီအကြောင်းကို တွေးမိတော့ ကျမ မတွေးမိတာ ကြာပြီဖြစ်တဲ့ ကျမယောက်ျား ဖြစ်ခဲ့ဖူးသူအကြောင်းကို ပြန်တွေးမိတယ်။ သူ ကျမဘဝထဲက ထွက်သွားတာ ကြာလှရှိပြီ။ ဘယ်လောက်ကြာပြီလဲဆိုတာကို ကျမ မမှတ်မိတော့ဘူး။ ဒါမှ မဟုတ် မမှတ်မိထားတော့ဘူး။ ဒါမှမဟုတ် မမှတ်မိချင်တော့ဘူး။ ဒါပေမယ်လို့ ရုတ်တရက် သူနဲ့ လမ်းခွဲခဲ့တာ ဘယ်လောက် ကြာပြီလဲလို့ ကျမကိုယ် ကျမ သိချင်လာတယ်။ အဝတ်သေတ္တာအောက်မှာ အဝတ်တွေနဲ့ ဖိထားတာ ကြာပြီဖြစ်တဲ့ ပြက္ခဒိန်တစ်ရွက်ကို ကျမ ထုတ်လိုက်တယ်။ ကျမနဲ့ သူနဲ့ လမ်းအပြီးအပိုင် ခွဲလိုက်တဲ့နေ့ကို ဒီပြက္ခဒိန်စာရွက်မှာ အနီဝိုင်းဝိုင်းပြီး ကျမ မှတ်ထားခဲ့တယ်။ နှစ်တွေ နည်းနည်းကြာခဲ့ပြီ။ ကျမ အဲဒီအနီဝိုင်းလေးကို မသိမသာ ပွတ်ကြည့်လိုက်တယ်။ ပြက္ခဒိန်ဟာ ဝါကျင့်ပြီး သံချေးရောင်ဘက် လိုက်နေပြီ။
သူက အင်မတန် အလုပ်ကြိုးစားတဲ့သူပါ။ သမီးတွေအပေါ်မှာလည်း ချစ်ခင်မှုရှိပြီး မိသားစုပေါ်မှာလည်း တာဝန်ကျေကျေ အလုပ်လုပ်ကျွေးခဲ့တဲ့သူပါပဲ။ ဒါနဲ့ပဲ ဘာလို့များ လမ်းခွဲခဲ့ကြသလဲဆိုရင်တော့ သူ့ရဲ့ (မတော်တဆပါလို့ ပြောခဲ့တဲ့) မျောက်ကိုက်မှုကြောင့်ပဲ။ ဒီအကြောင်းကို ထပ်တွေးလိုက်မိတော့ ကျမနှလုံးတွေ တဆတ်ဆတ် ပြန်ခုန်လာတယ်။ စိတ်ဒေါသဟာလည်း မနေ့ကမှ ဖြစ်ခဲ့တဲ့ ကိစ္စအတိုင်း ပြန်ပူနွေးဆူပွက်လာတယ်။ ဒါပေမယ်လို့လည်း သူရှိနေစဉ်က ကျမတို့အပေါ်မှာ ချစ်ခင်ကြင်နာမှုတွေတော့ ရှိခဲ့သေးသား။ ကျမမှာ နာပဲ နာရမလား၊ လွမ်းပဲ လွမ်းပြီး ဖြေသိမ့်လိုက်ရတော့မလား မတွေးတတ်အောင်ပဲ။ ဒီလူဟာ ထွက်သွားပြီးတဲ့အထိကို ကျမတို့ကို ဒုက္ခတွေနဲ့ နာကြည်းမှုတွေ ပေးခဲ့တယ်။ သမီးတွေ အိမ်ထောင်ပြုပြီးချိန်ထိတောင် သမီးတွေဆီ မလာခဲ့ဘူးလို့ သမီးတွေက ပြောတယ်။ သမီးတွေလည်း ကျမလိုပဲ သူ့ကို မုန်းနေကြမှာပဲ။ ပြက္ခဒိန်စာရွက်ကို ကျမ တစ်ချက်ပြန်ကြည့်ပြီး ဆုတ်ဖြဲပစ်လိုက်တယ်။ ဆုတ်ရတာ ထင်တာထက် ပိုလွယ်နေတာကို တွေ့ရတယ်။ အသစ်ကို ဖြဲရတာနဲ့တောင် မတူဘူး။ ပြက္ခဒိန်စာရွက်တွေဟာ ဟောင်းနွမ်းမှုကြာရှည်လာရင် ဒီလိုပဲ နည်းနည်းကြွပ်ဆတ်သွားတတ်သလား မသိဘူး။ ကျမ သိပ်အားမစိုက်လိုက်ရဘဲကို ပြဲသွားတယ်။ ဒီစာရွက်ကို ကျမ သိမ်းထားဖို့ မလိုတော့ဘူး။ အဝတ်သေတ္တာကို ဂျိတ်ခနဲ အသံမြည်အောင် တမင်ဆောင့် ပိတ်ပစ်လိုက်တယ်။ သေတ္တာစွန်းမှာ တင်ထားတဲ့ ကျမလက်ကို ကျမသတိ မထားလိုက်မိတာကြောင့် ကိုယ့်လက်ကို သေတ္တာနဲ့ ညှပ်လိုက်သလိုဖြစ်သွားပြီး တစ်ချက် ကျမ နာသွားတယ်။ စိတ်တိုတိုနဲ့ ဆဲရေးလိုက်ဦးမလို့ပဲ။ ဒါပေမယ်လို့ ခုနကမှ နာထားတဲ့ တရားခွေဟာ ကျမအဝတ်သေတ္တာရဲ့ ခေါင်းရင်းမှာ။ ဘုန်းတော်ကြီးကို အားနာသွားတာနဲ့ (အပြစ်လည်း ဖြစ်မှာစိုးတာနဲ့) ဆဲရေးလိုက်ဖို့ကို စိတ်တိုတိုနဲ့ပဲ ပြန်မျိုသိပ်လိုက်ပြီး မီးဖိုချောင်ထဲက အမှိုက်ပုံးထဲကို ပြက္ခဒိန်စာရွက်အပြဲကို လုံးခြေပစ်ထည့်လိုက်တယ်။
ညကိုးနာရီမှာ ကျမ အမြဲတမ်း အိပ်ရာဝင်လေ့ ရှိတယ်။ မအိပ်ခင်မှာ ဘုရားဝတ်ပြုတယ်။ တရားထိုင်တယ်။ ဒီနေ့ တရားထိုင်ရတာ အာရုံမရတာကြောင့် ခဏပဲထိုင်ပြီး အိပ်ရာထဲကို လှဲလိုက်တယ်။ ဆံပင်တွေကို ဖြေချလိုက်တယ်။ ကျမဒီနေ့ စိတ်တွေထွေပြားနေတယ်။ အာရုံတွေလည်း နောက်နေတယ်။ စိတ်ထဲမှာ မကြည်ဘူး။ မနက်ကျ အစောထပြီး ဝတ်ထပြုဖို့ မနိုးမှာကို စိုးတာနဲ့ စိတ်ငြိမ်ဆေးတစ်လုံးသောက်လိုက်ပြီး တတ်နိုင်သလောက် အိပ်ဖို့ စိတ်နှစ်ကြည့်လိုက်တယ်။ ခြေရင်းနားမှာ ထားထားတဲ့ စားပွဲတင်နာရီက သံပတ်သံဟာ တချက်ချက်နဲ့။ ဘာမှ မကြားရတဲ့ ဒီလိုညအချိန်မှာ ဒီအသံဟာ ကျမအခန်းထဲ အတော်ကြီးကို ကျယ်လောင်နေတယ်။ အိပ်ရာထဲမှာ ဟိုဘက် စောင်းလိုက် ဒီဘက်စောင်းလိုက်နဲ့ ကျမ နေကြည့်တယ်။ အချိန်တွေ ကြာလာတယ်။ အိပ်ဖို့ကို ကိုယ်ပဲရှိပြီး စိတ်က အိပ်မပျော်ဘူး။ စိတ်ထဲမှာ ဘာကို အလိုမကျမှန်း မသိဘဲ တစ်ခုခုကို မတင်မကျဖြစ်နေသလိုလို၊ ဘာဖြစ်မှန်းမသိ ဖြစ်နေတယ်။ ညနေစာကို ဝဝလင်လင် စိတ်ထဲမှာ ပြည့်အောင် မစားလိုက်နိုင်တဲ့အတွက်များ အိပ်မပျော်ဖြစ်နေသလားလို့ တွေးမိတော့ ဖြစ်နိုင်တယ်လို့ အဖြေရတယ်။ ကျမ အိပ်ရာက ပြန်ထ၊ မီးဖိုချောင်ထဲ ထွက်လိုက်တယ်။ မီးဖိုချောင်မီးကို ဖွင့်လိုက်တော့ မနေ့ နေ့လယ်က အပေါ်ထပ်အခန်းက ကျမ အသိတစ်ယောက် အိမ်လာလည်တော့ ပြောပြသွားတဲ့ သရဲကားတစ်ကားကို မဆီမဆိုင် တွေးလိုက်မိသေးတာနဲ့ မီးဖိုချောင်မီးကို မြန်မြန်ဆန်ဆန်ပဲ ဖွင့်ပစ်လိုက်တယ်။ ကြောင်အိမ်ထဲက ညက ကျန်နေတဲ့ ဟင်းခွက်ကို လက်နှိုက် လိုက်ဦးမလို့ပဲ။ ဒါပေမယ်လို့ ကျမက ညလယ်ခေါင်ကြီး အစားမာမာစားမိရင် အစာမကြေဖြစ်တတ်တယ်။
ဓာတ်ဘူးထဲက ရေနွေး နွေးနွေးကျန်သေးတယ်။ ကွေကာအုတ်တစ်ခွက် ဖျော်ပြီး ကြောင်အိမ်အပေါ်ထောင့်နားမှာ တင်ထားတဲ့ ပေါင်မုန့်ကြမ်းထုပ်ကို ယူလိုက်တယ်။ ပေါင်မုန့်ထုပ်က ဝယ်ထားတာကြာလှရှိပြီ။ သက်တမ်းကုန်မယ့် ရက်ကို ကျမ ကြည့်လိုက်မိသေးတယ်။ သက်တမ်းကုန်ဖို့ နှစ်ရက်လောက် လိုသေးတယ်။ အထုပ်ထဲမှာ ပေါင်မုန့်က အပြည့်မရှိတော့ဘူး။ စဝယ်လာတဲ့နေ့က ကျမ နည်းနည်းစားထားတာရယ်၊ မနေ့ကရယ် ဧည့်သည်လာထားတော့ ဧည့်သည်ဧည့်ခံထားတာနဲ့ နည်းနည်းလေးကုန်နေတယ်။ ဒီနေ့ ကျမ စားမယ်ကြံမှ သက်တမ်းကုန်မယ့်ရက်ကို ကျမ ကြည့်မိတာ။ တကယ်တော့ ဧည့်သည်လာတဲ့ မနေ့ကကတည်းက ကြည့်မိသင့်တာ။ ခုထိတော့ ပေါင်မုန့်တွေက အထုပ်ထဲမှာ ကောင်းကောင်းမွန်မွန် အနေအထားနဲ့ ရှိနေတုန်းပဲ။ ရင်ထဲမှာ ပူသလိုလို ဆာသလိုလိုဖြစ်နေတာကြောင့် ရေခဲတုံးတစ်တုံးလောက် ကွေကာအုတ်ထဲ ထည့်သောက်လိုက်ရင် ကောင်းမလားလို့တောင် တွေးမိသေးတယ်။ ဒါပေမယ်လို့ ကျမက ရေခဲသေတ္တာတို့၊ အဲယားကွန်းတို့ကို မကြိုက်ဘူး။ ကျမအတွေးကို ကျမ ဖျောက်ပစ်လိုက်တယ်။ မနက်ထိ ရင်ပူနေတာ မပျောက်သေးရင် အိမ်ရှေ့က မုန့်ဆိုင်မှာ အအေးပုလင်းသွားဝယ်သောက်လိုက်လည်း ရတာပဲ။ ကွေကာအုတ်နွေးနွေးကို ပေါင်မုန့်နဲ့ တို့လိုက်ရင်း ထမင်းစားပွဲမှာ ထိုင်နေလိုက်တယ်။
မီးဖိုချောင်ထဲက နာရီက ဆယ့်တစ်နာရီထိုးတော့မယ်လို့ ပြနေပြီ။ မနက်တိုင်းမှာ ကျမ မနက်လေးနာရီဆို အမြဲနိုးလေ့ ရှိတယ်။ ကျမရဲ့ အိပ်ချိန်ဟာ ခုက စအိပ်မယ်ဆိုရင်တောင် ငါးနာရီပဲ ရှိတော့မယ်။ အိပ်ရေးမဝမှာကို ကျမ စိုးရိမ်လာတယ်။ ခုကတည်းက အိပ်တော့မှ...လို့ တွေးလိုက်ပြီး ကွေကာအုတ်ခွက်ကို လက်စသတ်လိုက်တယ်။ ဘေစင်မှာ ရေဖွင့်လိုက်တော့ ရေက နည်းနည်းပဲ လာတော့တယ်။ မနက်ကျမှပဲ ရေတင်တော့မယ်လို့ စဉ်းစားလိုက်ပြီး ထွက်သမျှ ရေလေးနဲ့ပဲ ရအောင် ကျင်းလိုက်တယ်။ ဘေစင်က ထွက်လာတဲ့ ရေသံတပေါက်ပေါက်အပြင် တစ်ချက် တစ်ချက် ကျမနားထဲမှာ အသံတိုးတိုးလေးတွေ ဝင်ဝင်လာသလို ခံစားရတယ်။ ပထမတော့ စိတ်ထင်နေတာ ပါလို့ ကျမ တွေးမိတယ်။ ပေမယ်လို့ အသံဟာ တိုးတိုးလေး ကြားတာထက် နည်းနည်းလေး ပိုကျယ်လာသလို ဖြစ်လာတယ်။ မနေ့ နေ့လယ်က အပေါ်ထပ်က အမျိုးသမီး လာလည်တုန်းက ပြောပြသွားတဲ့ သရဲကားအကြောင်းက ခေါင်းထဲ ပြန်ဝင်လာတယ်။ ကျမ ရုတ်တရက် ကြက်သီးတွေ ထလာတယ်။ တကယ်တော့ ကျမဟာ ဘုရားတရားနဲ့ နေကျင့်နေထရှိတဲ့သူပါ။ ဒါပေမယ်လို့ ရုတ်တရက် ဒီလိုကြားလိုက်ရတော့ ကျမမှာ နေစရာမရှိ ဖြစ်သွားခဲ့တယ်။ တစ်ကိုယ်လုံး ခေါင်းတွေ ကြီးလာသလိုလို။ နောက်မှာ လူတစ်ယောက်က မတ်တတ်ရပ်နေမှာလား၊ ဘေစင်ပိတ်လိုက်ပြီး နောက်ပြန်လှည့်လိုက်ရင် ဆံပင်ရှည်ရှည်နဲ့ ဂါဝန်အဖြူနဲ့ မိန်းမတစ်ယောက် ကျမနောက်မှာ ကပ်ပြီး ရပ်နေမှာလား၊ သူ ကျမကို မမှိတ်မသုန်ကြည့်နေလိမ့်မယ်ဆို ကျမ သူ့ကို ကြည့်ပြီး အော်ရမှာလား၊ ကြောက်ပြီး မျက်လုံးကြီးပြူးပြီး ကြည့်နေရမှာလား၊ ဒါမှမဟုတ် ကျမ ဘာလုပ်ပြမိမလဲ။ မိန်းမဆို တော်သေးရဲ့။ ယောက်ျားတစ်ယောက်ယောက် ဖြစ်နေခဲ့ရင် ဘယ်လို လုပ်မလဲ။ မျက်လုံးကြီးနှစ်ဖက် ရဲနေအောင် စိုက်ကြည့်နေမယ့် ယောက်ျားတစ်ယောက် ကျမ နောက်မှာ ကပ်ပြီး ရပ်နေမှာလား၊ သူ ကျမကို မမှိတ်မသုန် ကြည့်နေလိမ့်မယ်ဆို ကျမသူ့ကို ကြည့်ပြီး အော်ရမှာလား။ ကြောက်ပြီး မျက်လုံးကြီးပြူးပြီး ကြည့်နေရမှာလား။ ဒါမှမဟုတ် ကျမဘာလုပ်ပြမိမလဲ။ ကျမ သူ့ကို ဘာပဲ လုပ်လိုက်လုပ်လိုက် ကျမ လုပ်လိုက်တဲ့ အပြုအမူက လှလှပပရောရှိပါ့မလား။ ဒါမှမဟုတ် ကျမ ဘာမှ လုပ်မပြမိခင် သူ ကျမကို ပြုံးပြလိုက်တာမျိုး၊ လက်နဲ့ ဖမ်းဆွဲလိုက်တာမျိုး ဒါမှမဟုတ် ကျမကို တစ်လုံးချင်း အသံခဲခဲကြီးနဲ့ (ထွက်... သွား...)လို့ ပြောလိုက်တာမျိုး၊ ဒီလိုအဖြစ်မျိုး မကြုံဖူးဘူး။ ဒီနေ့မှ ကျမ ကယောင်ချောက်ချားတွေ ဖြစ်နေတာ။ ဘေစင်ကို ပိတ်လိုက်ဖွင့်လိုက် လုပ်မိတာ ဘယ်နှကြိမ်လဲ မသိမိဘူး။ ပြီးတော့လည်း တစ်ခါမှ မတွေးဖူးတဲ့ သရဲအကြောင်း ဆိုတာတွေ၊ လမ်းခွဲပြီးကတည်းက တစ်ခါမှ ပြန်မတွေးမိတော့တဲ့ ကျမယောက်ျား ဖြစ်ခဲ့ဖူးသူအကြောင်း ဆိုတာတွေ။ နေလာသမျှ ရက်တွေထဲမှာ ဒီနေ့ဟာ ကျမ အတွက် စိတ်ညစ်ညူးစရာ အကောင်းဆုံးနေ့ပဲ။ နားထဲက အသံဟာလည်း ကျမနဲ့ နီးနီးလာသလိုလို ဝေးဝေးသွားသလိုလိုနဲ့။ ရင်ဟာ တလှပ်လှပ် ဖျပ်ဖျပ် ဖျပ်ဖျပ်နဲ့။
နောက်ကို လုံးဝလှည့်မကြည့်ဘဲ ကျမအားတင်းပစ်လိုက်တယ်။ ဘေစင်ကို ပြန်ဖွင့်ပြီး ဘေစင်က ရေတစ်ပေါက်နှစ်ပေါက်ကို ရအောင်သောက်လိုက်တယ်။ ရေပေါက်တွေ လည်ချောင်းထဲ ရောက်သွားတဲ့အထိ ခဏစောင့်လိုက်တယ်။ ရင်ထဲမှာ နည်းနည်းအေးသွားသလို ရှိတယ်။ ကျမ အသက်ကို ပြင်းပြင်းရှူလိုက်တယ်။ ဒီအိမ်မှာ ကျမတစ်ယောက်တည်းနေတာ။ ကျမ အိမ်ကို ကျမ ကြောက်နေမယ်ဆိုရင် ကျမအတွက် မဖြစ်ဘူး။ ဒါကြောင့် ကျမအတွက် ကျမကိုယ်တိုင် သတ္တိမွေးမှ ဖြစ်မယ်။ ကျမနောက်မှာ ရပ်နေတဲ့ သတ္တဝါဟာ ဘာကြီးပဲဖြစ်နေပါစေ၊ ကျမ ကြားရတဲ့ အသံဟာ ဘာသံကြီးပဲ ဖြစ်နေပါစေ။ ကျမ ဒါကို ရဲရဲလက်ခံရမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဆုံးဖြတ်ချက်နဲ့အတူ သက်ပြင်း ပြင်းပြင်းတစ်ချက်နဲ့အတူ ကျမနောက်ကို ဆတ်ခနဲ လှည့်လိုက်တယ်။ ကျမ တွေးထားသလို ကျမနောက်မှာ ဘာသတ္တဝါမှ မရှိဘူး။ ဘေးဘီ နည်းနည်း ကျမ ကြည့်လိုက်သေးတယ်။ ဘယ်သူမှ မရှိဘူး။ အရာရာဟာ ကျမ နေရာချထားသလို ဘယ်နေရာကမှ ပုံပန်းမပျက်ရှိနေတယ်။ ဒါပေမယ်လို့ အသံဟာ မပျောက်သွားဘူး။ နီးလာသလိုလို၊ ဝေးသွားသလိုလို၊ တစ်ချက်တစ်ချက် ညည်းသံလိုလို။ ယောက်ျားတစ်ယောက်ရဲ့ ညည်းတွားသံလိုလို ရေရွတ်စကားပြောနေသံလိုလို၊ မိန်းမအသံလည်း ကြားရသလိုလိုပဲ။ အချိန်က မနည်းတော့ဘူး။ ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်နေတယ်။ အိမ်မြှောင်စုတ်ထိုးသံ တစ်ချက်တစ်ချက်ကို ကြားရတယ်။ အဝေးကြီးကလာတဲ့ ဘယ်က ထိုးမှန်းမသိတဲ့ ဒီအချိန်မှာ ပုံမှန်ကြားနေကျ ခေါင်းလောင်းသံဟာလည်း လေထဲမှာ လွင့်လို့။ လမ်းမကြီးက တစ်ခါတစ်ခါ ဖြတ်ဖြတ်သွားတတ်တဲ့ ကားသံတချို့ကြားရတယ်။ ပြီးတော့ လမ်းထဲက ခွေးတွေဟောင်တဲ့ အသံ။ ပုံမှန်အတိုင်း ဖြတ်သန်းနေတဲ့ ညမှာ ကျမတစ်ယောက်တည်း အသံဗလံတွေကို မူမမှန်ဘဲ ကြားနေရတာတော့ မဟုတ်သေးဘူး။ ဘေစင်နားမှာ ကျမ ရပ်ပြီး ဘေးဘီကို ဟိုဟိုသည်သည် ကြည့်နေမိတယ်။ အသံလာရာကို ကျမ မှန်းမရ ဖြစ်နေတယ်။
ရုတ်တရက် ကျမမျက်စိထောင့်ကနေ အရိပ်တစ်ခု ရိပ်ခနဲ မြင်လိုက်ရသလို ခံစားလိုက်ရတယ်။ ကျမ လန့်သွားတယ်။ ချက်ချင်းပဲ အဲဒီအရိပ်မြင်လိုက်ရာကို ကျမ လှမ်းကြည့်လိုက်မိတယ်။ ဘေစင်ဟာ နောက်ဖေးမီးဖိုချောင်မှာ ထားတာဖြစ်တဲ့အတွက် ဘေးက အခန်းတွေရဲ့ မီးဖိုချောင်အပြင်ဘက် အဖီခေါ်မလား၊ နောက်ဖေးဗရန်ဒါခေါ်မလား။ အဲဒီလိုနေရာတွေကို (ကြည့်မယ်ဆိုရင်) လှမ်းမြင်ရတဲ့ အနေအထားမှာ ရှိတယ်။ ဟို... ပြောင်းလာတဲ့ မိန်းမနဲ့ ယောက်ျားအခန်းကို (ကျမ လှမ်းကြည့်ချင်ရင်) မြင်ရတယ်။ အသံဟာ အဲဒီနားက လာနေတာပဲ။ ကျမ အဲဒီအသံကြားရာနေရာကို တိတ်တိတ်လေး ကပ်ချောင်းလိုက်တယ်။ အသံဟာ အဲဒီအခန်းဘက်က လာနေတာ။ နီးလာလိုက် ဝေးသွားလိုက်။ အကြောင်းအရာတစ်ခုခုကို တိုးတိုးတိုင်ပင်နေသံလိုလို၊ နာကျင်ညည်းတွားသံလိုလို။ အကြောင်းအရာတစ်ခုခုကို ရည်ရွယ်အားစိုက် ထုတ်ပြောနေသံလိုလို ကျမအတွေးထဲမှာ အတွင်းသိစိတ်တစ်ခုက ဝင်ဆောင့်တယ်။ အဲဒီအတွေးဝင်လာတာနဲ့ မဖြစ်သင့်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်ပေမယ်လို့ အတွေးနဲ့ဦးနှောက်ဆုံးဖြတ်ချက်ဟာ ကျမခန္ဓာကိုယ်ရဲ့ ရွေ့ လျားရာနောက်မှာ ကျန်ရစ်ခဲ့တယ်။ ဘေးအခန်းက ဗရန်ဒါနေရာဟာ အမှောင်တော့ ကျနေပေမယ်လို့ လုံးဝမမြင်ရတာမျိုးတော့ မဟုတ်လှဘူး။ အဲဒီအခန်းကို နေ့လယ်က ကျမမျက်စိစပါးမွေးစူးခဲ့တဲ့ လူနှစ်ယောက် ပြောင်းလာခဲ့တယ်။ ခုနက ကြားလိုက်တဲ့ အသံတွေကို အဲဒီမှောင်သလိုလို မမှောင်သလိုလို နေရာကနေ ကျမ ကြားနေရတယ်။ မဖြစ်သင့်ဘူးလို့ တွေးလိုက်မိသေးတယ်။ ဒါပေမယ်လို့ ကျမအရမ်းသိချင်နေတယ်။ ဒီလိုပြန်ပြောရတဲ့အတွက်လည်း ရှင်တို့ကို ကျမ ရှက်ပါတယ်။ ဒါပေမယ်လို့ ကျမ ကြည့်နေမိတယ်။ နေ့လယ်က ကျမတွေ့ခဲ့တဲ့ ယောက်ျားနဲ့မိန်းမကို မှောင်သလိုလို မမှောင်သလိုလိုနေရာမှာ မြင်ရသလိုလို မမြင်ရသလိုလို အနေအထားနဲ့ ကျမ တွေ့ရတယ်။ အမျိုးသမီးဟာ အလှကြီးမဟုတ်ပေမယ်လို့ မိန်းမတစ်ယောက်မှာ ရှိရမယ့် တောင်စွယ်တောင်တန်း အလှအပတွေ အပြည့်အစုံရှိနေတာကို ကျမ တွေ့ရတယ်။ သူ့ရဲ့ စိုလက်တဲ့ အလှဟာ ကျမကိုတောင် အရည်ကျိုလိုက်နိုင်တဲ့ အနေအထားမျိုး။ အမျိုးသားဖြစ်သူကိုလည်း ကျမ တွေ့ပါရဲ့။ ကျမ ရုတ်တရက် ခြေဖျားလက်ဖျားတွေ အေးစက်လာတယ်။ ခေါင်းနားပန်းကြီးတယ်ဆိုတာ ဒါမျိုးဖြစ်ရမယ်လို့ ကျမအတွေးဝင်တယ်။ ဒူးလည်း နည်းနည်းတုန်လာသလိုပဲ။ လူနှစ်ယောက်ဟာ အသံတွေပြုပြီး မကြာခင်မှာပဲ အသံတွေတိုးသွားခဲ့တယ်။ တိတ် သွားခဲ့တယ်။ ပြီးတော့ သူတို့နှစ်ယောက်ကို ကျမ မြင်ရတော့ဘူး။ ကျမ အမှောင်ထဲမှာ တစ်ယောက်တည်း ရင်တွေ လှတပတ တဖျပ်ဖျပ်လှပ်ရင်း ကျန်ခဲ့တယ်။
အိပ်ခန်းထဲကို ဘယ်လိုပြန်ရောက်လာသလဲဆိုတာကို ကျမကိုယ်ကျမ သတိမထားလိုက်မိဘူး။ ခေါင်းရင်းမှာထားထားတဲ့ စိတ်ငြိမ်ဆေးဘူးကို ဖွင့်ပြီး ရေမပါဘဲ လည်ချောင်းထဲ တစ်လုံးမျှောချလိုက်တယ်။ ခုနက ဆေးသောက်ပြီးသားလားလို့ ကိုယ့်ကိုယ်ကိုယ် တွေးလိုက်မိသေးပေမယ်လို့ နေပါစေတော့လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဖြေချလိုက်တယ်။ အိပ်ရာထဲကို လှဲလိုက်ချိန်အထိ သူတို့နှစ်ယောက်ဟာ ကျမ မျက်လုံးထဲမှာ၊ ကျမ နားထဲမှာ...။ ကျမဘေးက အပိုထားထားတဲ့ ခေါင်းအုံးကို ကြည့်နေမိတာ အတော်ကြာတယ်ထင်တယ်။ ရင်ဟာ ခုန်တုန်း။ အခန်းထဲက စားပွဲတင်နာရီ သံပတ်သံဟာလည်း တချက်ချက်မြည်တုန်း။ ကျမ ရင်ထဲက တဒုတ်ဒုတ်အသံဟာ နားထင်မှာ ဆောင့်ဆောင့်နေတယ်။ လက်ကောက်ဝတ်နေရာမှာလည်း သွေးတက်နေသလို ခံစားရတယ်။ ခြေလက်တွေ အေးတာဟာတော့ ပျောက်မတတ်တော့ ဖြစ်နေပြီ။ ပေမယ်လို့ ကျမစိတ်တွေ မတည်ငြိမ်ဖြစ်နေတယ်။ တစ်ခုခုနဲ့ ထိန်းလိုက်ရမယ်လို့ သိပေမယ်လို့ ဒါကို ကျမ မလုပ်ဖြစ်ခဲ့ဘူး။ ဒါမှမဟုတ် မလုပ်လိုက်ဘူး။ ဒါမှမဟုတ် ဘာလုပ်ရမှန်း မသိလိုက်ဘူး။ အိပ်မရတာနဲ့တူတူ အိမ်ရှေ့ ထွက်ထိုင်နေဦးမလို့ပဲ။ ဒါပေမယ်လို့ မလုပ်ဖြစ်လိုက်ပြန်ဘူး။
အိပ်ရာစွန်းမှာ ကျမတင်ပါးလွှဲ ပြန်ထိုင်နေလိုက်တယ်။ ပြေကျသွားတဲ့ ဆံထုံးကို ပြန်ပတ်လိုက်တယ်။ ကျမယောက်ျား အိမ်ပေါ်က ဆင်းသွားတော့ အဝတ်အစားနှစ်စုံ သုံးစုံလောက် အိမ်မှာ ကျန်ခဲ့တယ်။ ဒါတွေအားလုံးကို ပြန်ပေးလိုက်သင့်ပေမယ်လို့ ကျမကိုယ်တိုင်က သူ့ကို မတွေ့ချင်တော့တာက တစ်ကြောင်း၊ သူကိုယ်တိုင်ကလည်း လာပြန်ယူဖို့ သတိမရတာတစ်ကြောင်း တို့ကြောင့် ဒီအဝတ်အစားတွေဟာ ကျမဆီမှာ ကျန်ရစ်တုန်း ရှိနေသေးတယ်။ လွှင့်ပစ်လိုက်သင့်ပေမယ်လို့ ကျမဒီလိုမလုပ်ပစ်ခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတာကိုလည်း ကျမ မတွေးခဲ့ဘူး။ ကျမတို့ပေါင်းခဲ့တဲ့ သံယောဇဉ်ဟာ ဆယ်နှစ် နှစ် နှစ်ဆယ်လည်း မကတော့ဘူး။ ဒီလိုအချိန်မှ သူဒီလိုဖြစ်ခဲ့တယ်။ တကယ်တော့လည်း ယောက်ျားဆိုတာဟာ နေလာရင်းနဲ့ ဒီလိုကိစ္စမျိုး တစ်ခါမဟုတ် တစ်ခါတော့ ကြုံတွေ့ရတတ်တာပဲ။ မိန်းမအတော်များများဟာ ဒါကို ပထမအကြိမ် ဖြစ်ခဲ့တာဆိုရင် အချိန်အတိုင်းအတာတစ်ခုယူပြီး ခွင့်လွှတ်လိုက်တတ်လေ့ ရှိတယ်။ ဒါပေမယ်လို့ ကျမကတော့ သူ့ကို လုံးဝခွင့်မလွှတ်ခဲ့ဘူး။ သူနဲ့ကျမ အပြီးတိုင်ကွာရှင်းဖို့ ကျမဘက်ကပဲ ဦးဆောင်ပြီး လုပ်ဆောင်ခဲ့တာ ဖြစ်တယ်။ ကျမကို ဘယ်လိုမှ တားမရတဲ့အခါမှာ သူ ကျမရဲ့ ဆန္ဒကို လိုက်လျောပေးခဲ့တယ်။ အဲဒီကွာရှင်းတဲ့ နေ့က သူငိုခဲ့တယ်လို့ ကျမရဲ့သမီးအကြီးက ပြောပြသေးပေမယ်လို့ ကျမ လျစ်လျူရှူလိုက်တယ်။ ဒါဟာ ကျမအတွက် သာမက ကျမရဲ့ သမက်တွေအတွက်ပါ သင်ခန်းစာကြီးကြီးပေးလိုက်တာ ဖြစ်တယ်လို့ ကျမသဘောထားတယ်။ တကယ်တမ်း သူတို့ယောက်ျားတွေ ဒီလို မျောက်ကိုက်ရင် မတော်မဆဖြစ်ဖြစ် တမင်ပဲဖြစ်ဖြစ် ဒီလို အပြစ်ဒဏ် ခံရလိမ့်မယ်ဆိုတာကို ကျမသမက်တွေကို ပြင်းပြင်းထန်ထန် သိစေချင်တဲ့ သဘောတွေလည်း ပါတယ်။ သူနဲ့ လမ်းခွဲပြီး အချိန်အတော်ကြာတဲ့အထိ ကျမ သူ့ကို လွမ်းနေခဲ့တယ်။ ဒါမှဟုတ် ကျမ အသည်းကွဲနေခဲ့တယ်။ ကျမ အသက်အရွယ်နဲ့ ဒီလိုတွေ ပြောနေနေနေဖို့ မသင့်တော်ဘူးဆိုတဲ့ အသိကြောင့် ကျမ ဆွေမျိုးအသိုင်းအဝိုင်းနဲ့ မိတ်ဆွေတွေ၊ သမီးသမက်တွေကြားမှာ ဘာမှမဖြစ်သလို နေနေခဲ့ရတယ်။
သူကျန်ခဲ့တဲ့ အဝတ်အစားတွေကို ကျမ ထုတ်ကြည့်လိုက်တယ်။ ဒီဝတ်စုံတွေကို ကျမကိုယ်တိုင်ပဲ မီးပူတိုက်ပြီး ပရုတ်လုံးတွေ ထည့်ထားပေးခဲ့တာ။ ပရုတ်လုံးနံ့တွေ ကျန်နေတုန်းပဲ။ မီးပူခေါက်သားရာဟာ ကျနေတုန်းပဲ။ ကျမ သူ့အဝတ်အစားတွေကို အသာဖွဖွ ကိုင်ကြည့်မိတယ်။ သူ့ကို ရုတ်တရက် ကျမ လွမ်းသွားတယ်။ ငိုမိတဲ့အထိတော့ မဖြစ်ပေမယ်လို့ မျက်ရည်တော့ ဝဲချင်သလိုလို ဖြစ်မိသား။ ကျောင်းတက်ရင်းနဲ့ သူနဲ့ စတွေ့ခဲ့ပုံတွေ၊ သူ ကျမကို ချစ်ရေးဆိုခဲ့တာတွေ၊ မိဘတွေဆီမှာ လာတောင်းရင်း နှစ်ဖက်အဆင်ပြေကြတော့ ကျောင်းပြီးတာနဲ့ လက်ထပ်ခဲ့တာတွေ။ အနွေးထွေးခဲ့ဆုံး မင်္ဂလာဦးည။ ...။ ကျမ ပြုံးမိသေးတယ် ထင်တာပဲ။ မသိဘူးလေ။ ကျမ ရင်တွေ နွေးထွေး လာတယ်။ ဒီညတော့ အိပ်မပျော်တော့ဘူး ဆိုတာကို ကျမ သိလာတယ်။
ခုချိန်ဆို သူဘာတွေလုပ်နေမှာလဲ။ သူ အိမ်ထောင်ကျနေတာလည်း ဖြစ်နေနိုင်တာပဲ။ ဒီလိုကိစ္စတွေမှာ ယောက်ျားတွေဟာ မိန်းမတွေထက် အဖော်ပိုလိုတယ်လေ။ ကျမနဲ့ သူဝေးသွားခဲ့တာ ကြာလှရှိပြီ။ ဒီတော့ သူ နောက်တစ်ယောက် ထပ်တွေ့သွားတာလည်း ဖြစ်နေနိုင်တာပဲ။ သူ နေကောင်းရဲ့လားလို့ ကျမ သိချင်လာတယ်။ တကယ်တော့ ကျမယောက်ျားဟာ အင်မတန် ယောက်ျားပီသတဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားတဲ့ လူ။ ခုနက ဘေးအိမ်က အကောင်ထက်တောင် သာရင်သာဦးမယ်။ ဒီလိုတွေးမိတော့ ကျမ ရှက်သွားသေးသား။ ဘာလုပ်ရမလဲ၊ ဘယ်လိုလုပ်ရပါ့မလဲ။ ဘယ့်နှာ အိပ်ပျော်ပါ့မလဲလို့ ကျမအတွေးတွေ ယောက်ယက်ခတ်နေခဲ့တယ်။ ကျမယောက်ျားကို သတိရတဲ့စိတ်ကို ကျမ မဖုံးထားချင်တော့ဘူး။ ဒါမှမဟုတ် မဖုံးထားနိုင်တော့ဘူး။ အိမ်မှာ ဘယ်သူမှ ရှိတာလည်း မဟုတ်ဘူး။ ဒီအချိန် ကျမယောက်ျားကို ကျမ ပြန်ဆက်သွယ်ရင် ကျမသမီးနဲ့ သမက်တွေ သိမှာမဟုတ်ဘူး။ သူတို့မှမဟုတ်ဘူး။ ဘယ်သူမှ သိမှာမဟုတ်ဘူး။ ဘယ်သူမှ မသိအောင် ကျမ ဖုံးထားရင်ရတာပဲ။ ပြီးခဲ့တဲ့ နှစ်နည်းနည်းက သူနဲ့ပတ်သက်လို့ ကျမ နောက်ဆုံးရထားတဲ့ သတင်းတွေထဲမှာ ဖုန်းနံပါတ်တစ်လုံးပါတာကို ကျမ သတိရမိလိုက်တယ်။ ဒီဖုန်းနံပါတ်ကို ဘယ်သူမှ မသိအောင် ကျမ မှတ်ထားခဲ့တယ်။ သူ့အသံလေးကို ကျမ ကြားချင်လှတယ်။
ဘယ်သူမှ မသိအောင် အဲဒီဖုန်းနံပါတ် ရေးထားတဲ့စာအုပ်လေးကို အတွင်းခံတွေထည့်တဲ့ သေတ္တာထပ်ရဲ့ အံဖုံးလေးထဲမှာ ကျမ ထည့်ထားခဲ့တယ်။ အဲဒီ အံဖုံးလေးကို ကျမ ဆွဲထုတ်တော့ ကျမလက်တွေ တုန်နေတာကို ကျမကိုယ်တိုင်တောင် သတိထားမိပါရဲ့။ ဒီအရွယ်ကြီးရောက်မှ ကိုယ့်ယောက်ျားကိုယ် ဖုန်းဆက်ဖို့ ဒီလောက် ရင်ခုန်နေရတာကို တွေးမိပြီး ကျမ ရှက်မိသလိုလို၊ ဝမ်းသာမိသလိုလို စိတ်ဖြစ်လာတယ်။ ဖုန်းနံပါတ်ပါတဲ့ စာအုပ်ကလေးကို တယုတယ ကျမ ထုတ်လိုက်တယ်။ စာအုပ်ကလေးဟာ နွမ်းဖတ်ဖတ် မဖြစ်တဖြစ်ကလေး။ ကျမလက်ထဲ နွေးနွေးထွေးထွေး ပါလာတယ်။ ဖုန်းနံပါတ် မှတ်ထားတဲ့ စာရွက်ကို ကျမ လှန်လိုက်တယ်။ အိမ်ဖုန်းနဲ့ ကျမလှမ်းခေါ်လိုက်တယ်။ ဖုန်းခေါ်နေတဲ့ အသံဟာ ကျမနားထဲမှာ အသံနဲ့တူတူ သူရှိတဲ့နေရာကို လိုက်သွားရသလို ခံစားရတယ်။ ကျမ ရင်တွေ တုန်နေခဲ့တယ်။ မျက်စိကို အသာမှိတ်လိုက်ရင်း သူပြန်ထူးလာမယ့်အသံကို ကျမနားစွင့်နေလိုက်တယ်။ ဖုန်းခေါ်ပြီးမှ ကျမသတိရတယ်။ အချိန်က အတော်ကြီးညဉ့်နက်နေပြီ။ ဖုန်းဟာ အသံမြည်နေပေမယ်လို့ ဘယ်သူမှ လာမကိုင်ဘူး။ ကျမ ဖုန်းထပ်ခေါ်ရင် ကောင်းမလား၊ မနက်မှ ခေါ်လိုက်ရမလားလို့ စဉ်းစားမိသေးတယ်။ ဒါပေမယ်လို့ ကျမ သူ့ကို တွေ့ချင်နေတဲ့ စိတ်က ဘယ်လိုမှ တားမရဘူး။ ကျမ ဖုန်းထပ်ခေါ်မယ်လို့ ဆုံးဖြတ်လိုက်ပြီး ထပ်ခေါ်လိုက်တယ်။ သုံးခါမြောက် ဖုန်းမြည်ပြီးချိန်မှာ တစ်ဖက်က ဖုန်းကိုင်လိုက်တဲ့ အသံကို ကျမ ကြားလိုက်တယ်။ ကျမ ခါးတွေ ရုတ်တရက် မတ်သွားတယ်။ တစ်ဖက်က အသံကို နားစိုက်လိုက်တယ်။ (ဟဲလို)လို့ အတော်ကြီး အိပ်ချင်နေပြီး ဒေါသဖြစ်နေတဲ့ အသံနဲ့ လူတစ်ယောက်ပြန်ထူးတယ်။ ကျမ တောင်းပန်ပါကြောင်းနဲ့ ဒီဖုန်းနံပါတ်ပိုင်ရှင်ကို ဖုန်းပြောချင်လို့ပါလို့ပါ တစ်ဆက်တည်း ပြောလိုက်တယ်။ အချိန်မတော် ဖုန်းဆက်မိတဲ့အတွက် တောင်းပန်ကြောင်းကို သုံးခါလောက် ထည့်ပြောမိတယ် ထင်တယ်။
ကျမ စကားပြောနေရင်း စကားတွေ အမြီးအမောက်မတည့်တာကို အတော်သတိထားနေရတယ်။ တစ်ဖက်က ကျမစကားသံအဆုံးမှာ ခဏတိတ်သွားပြီး ပြန်ပြောတယ်။ ဒီဖုန်းနံပါတ်ကို သူဝယ်လိုက်တာ နှစ်အတော်ကြာနေပြီဖြစ်ကြောင်းနဲ့ အရင်ပိုင်ရှင်ဆီက တိုက်ရိုက်ဝယ်တာ မဟုတ်တဲ့အတွက် အရင်ပိုင်ရှင်ကို မေးတာဆိုရင်တော့ သူ မသိကြောင်း ဒါမှမဟုတ် ဒီဖုန်းနံပါတ်ပဲ ပေးခဲ့တာဆိုရင်တော့ ဖုန်းနံပါတ်မှားပေးခဲ့တာ ဖြစ်လိမ့်မယ် ဆိုတဲ့အကြောင်း သူပြန်ပြောတယ်။ ပြီးတော့ ပြောပြီးပြီးချင်းပဲ ဘာပြောဦးမလဲလို့ ထပ်မေးတယ်။ ကျမ ဘာပြောရမှန်း မသိဘူး။ ဖုန်းနံပါတ်က ကျမ ယောက်ျားရဲ့ မိတ်ဆွေရင်းချာတစ်ယောက်က ကျမနဲ့ လမ်းမှာ မတော်တဆ တွေ့ခဲ့ရင်း ပေးခဲ့တာပဲ မှားစရာ မရှိဘူး။ ဒါပေမယ်လို့ ဖုန်းထဲကလူ ခုနက ပြောသလိုပဲ ဖုန်းနံပါတ်ရထားတာက ကြာပြီဖြစ်လို့ သူဖုန်းပြောင်းသွားတာ အများကြီးဖြစ်နိုင်စရာ ရှိတယ်။ ဘာပြောဦးမလဲလို့ ဖုန်းထဲက လူက ခပ်ဆတ်ဆတ် ထပ်မေးတယ်။ ကျမ ဘာမှပြန်မဖြေနိုင်ဘဲ ဖုန်းချလိုက်တယ်။ သူ ဖုန်းနံပါတ် ပြောင်းသွားပြီ။ ကျမ ဘယ်ဖုန်းနံပါတ်ကို ဆက်ရမလဲ။ သူ ဘယ်မှာလဲ၊ အသက်ရော ရှိသေးရဲ့လား၊ ဒီနိုင်ငံထဲမှာရော ရှိသေးရဲ့လား၊ မနက် လေးနာရီထိုးသံကို ကျမ ကြားရတယ်။ ကျမ ဒီမနက်တော့ ဘုရားဝတ်မပြုတော့ဘူး။ စိတ်ထဲမှာ ထွေပြားနေတယ်။ ခေါင်းတွေလည်း မူးတယ်။ ကျမ အိပ်ရာပေါ် လှဲချလိုက်ပြီး အိပ်ရာဘေးက မီးအိမ်ခလုတ်ကို ပိတ်လိုက်တယ်။
(8.26.16) (2:22PM)
Friday
https://t.me/TheBookR
မြင့်မြတ်သော ကြောင်များ
ကျမ လွန်ခဲ့သော နှစ်အနည်းငယ်က ဖြစ်မည်ထင်ပါသည်။ ကဗျာဆရာ တေဇာ (လရောင်လမ်း) ဆိုသူနှင့် စတင်ရင်းနှီးခဲ့သည်။ သူ့ကို ဖေ့စ်ဘွတ်ခ်ပေါ်တွင် တွေ့နေသည်မှာ ကြာခဲ့ပြီ။ ရင်းနှီးခဲ့ရသည်မှာ အဓိကက ကျမ၏ ခင်ပွန်းကြောင့်ဖြစ်သည်။ ကျမနှင့် မရင်းနှီးဖူးသော ကဗျာဆိုင်ရာ မိတ်ဆွေများကို ကျမတို့ပတ်ဝန်းကျင်အတွင်းသို့ အမြဲတစေ ဆွဲသွင်းလာတတ်သည်မှာ အဓိကက ကျမ၏ ခင်ပွန်းသည်သာ ဖြစ်သည်။ ယခု ကျမ ပြောချင်သည့် ကိုတေဇာမှာလည်း ကျမ၏ ခင်ပွန်း ဆွဲခေါ်လာသော စာပေလောကဆိုင်ရာ မိတ်ဆွေများထဲမှ တစ်ယောက်ဖြစ်သည်။
ကျမ ပြောချင်သည်မှာ ကိုတေဇာအကြောင်းတော့ မဟုတ်။ အစကတည်းက ကျမ၏ ခင်ပွန်းသည်နှင့် ရင်းနှီးပြီးသားဖြစ်သော (ကို)ဇာတိ(အန္တိမ)၊ (ကို)တေဇာတို့နှင့် ကျမခင်ပွန်းတို့ အလုပ်အပြီး အိမ်အပြန်လမ်းတွင်ရှိသော ဆုံရပ်လေးတစ်ခုမှာ တွေ့ကြသည်။ ထိုနေ့က ခင်ပွန်းသည် အိမ်ပြန်လာတော့ ကိုတေဇာက မဂ္ဂဇင်းတစ်အုပ် ပေးလိုက်တယ်ဟု ဆိုလာသည်။
စာအုပ်မှာ ကဗျာနှင့် စာပေဆိုင်ရာ မဂ္ဂဇင်းအသစ်တစ်အုပ်ဖြစ်ပြီး နှင်းဆီဖြူဟု အမည်ပေးထားသည်ကို တွေ့ရသည်။ စာအုပ်တွင် ပါဝင်လေ့ ရှိသော မာတိကာ ဘာညာကွိကွတွေကို ကျော်လိုက်တော့ စာအုပ်ညာဘက်ထောင့်တွင် (ဆရာတေဇာ လရောင်လမ်းအတွက် မေတ္တာလက်ဆောင်) ဟု ရေးထိုးထားသည်ကို တွေ့လိုက်ရသည်။ သူ့အတွက် အမှတ်တရသိမ်းထားသင့်တဲ့ စာအုပ်ကို ကျမတို့ကို ဒီတိုင်းပဲ ပေးလိုက်တာလားဟု ခင်ပွန်းသည်ကို မေးကြည့်တော့ သူက ပေးလိုက်တာမဟုတ်၊ အတင်းလုလာတာဟု ဆိုသည်။
ကိုယ်နှင့်ရင်းနှီးသူ၏ အရေးအသားကို မြည်းစမ်းကြည့်ချင်သော စာဖတ်သူတို့ ထုံးစံအတိုင်း မာတိကာတွင် ပြထားသည့်အတိုင်း စာမျက်နှာ ၁၃၆ တွင် ရှိနေမည့် ကိုတေဇာ၏ လက်ရာစာမျက်နှာကို ကျမ လှန်ဖတ်လိုက်သည်။ သည်စာအုပ်တွင် ပါသော ကိုတေဇာ့လက်ရာမှာ ကဗျာတစ်ပုဒ်မဟုတ်ဘဲ ဝတ္ထုတိုတစ်ပုဒ် ဖြစ်နေကြောင်း ကျမ တွေ့လိုက်ရသည်။ ကိုတေဇာ့ဝတ္ထုလေးမှာ ရိုးရိုးရှင်းရှင်းကလေး။ သူနှင့် သူနှစ်ပေါင်းများစွာ (သို့မဟုတ်) အချိန်ကာလပေါင်းများစွာ ဝေးကွာသွားခဲ့ရသော သူပိုင်ဆိုင်ခဲ့ဖူးသည့် ကြောင်ကလေးတစ်ကောင် အကြောင်း ရေးထားခြင်းဖြစ်သည်။
ဝတ္ထုမှာ ရိုးရိုးရှင်းရှင်းလေး ဖြစ်သော်လည်း ကျမ ရင်ထဲသို့ တိုက်ရိုက် ထိသည်။ အရေးအသားကို လေ့လာမိချက်အရ ကိုတေဇာ၏ လတ်တလော လက်ရာမဟုတ်သည်ကို တွေ့ရသည်။ ဖြစ်နိုင်ခြေရှိသည်မှာ ကိုတေဇာ နိုင်ငံရပ်ခြားတွင် ပညာသင်သွားစဉ်ကာလက ရေးထားခဲ့ဖူးသော ဝတ္ထုဟောင်းတစ်ပုဒ် ဖြစ်ဟန်တူသည်။ ရိုးရှင်းသော ရေးဟန်ဖြစ်သော်ငြား သဘောတွေ့လှသော ဝတ္ထုတစ်ပုဒ်ဖြစ်သောကြောင့် ကျမခင်ပွန်းသည်၏ အလုပ်ဆီ ချက်ချင်း ဖုန်းဆက်ပြီး ပြောပြမိသည်။ ပြောမိတော့ ခင်ပွန်းသည်က ကိုတေဇာ အရေးအသားကောင်းသည်မှာ သည်တစ်ပုဒ်တည်း မဟုတ်ကြောင်းနှင့် နောက်မှ ကိုတေဇာ့အက်ဆေးများကို ပရင့်ထုတ်ပေးမည်ဟု ဆိုလာသည်။
ကိုတေဇာ့ ဝတ္ထုထဲတွင် ပါဝင်သော ဇာတ်ကောင် ကြောင်ကလေးမှာ ကြောင်တို့သဘာဝအရ ပြောရမည်ဆိုလျှင် အတော်လိမ်မာသော ကြောင်ဖြစ်သည်ဟု ဆိုရမည်။ သူ့ဇာတ်ကောင်ကလေးကို သဘောကျအပြီး တိုက်တိုက်ဆိုင်ဆိုင် အိမ်တွင် မွေးထားသော ကျမတို့မိသားစုအနွယ်ဝင် ကြောင်ကလေးကို ကျမ ကြည့်မိသည်။ လောလောလတ်လတ် ကျမတို့ အိမ်တွင် မတရားသဖြင့် စားသောက်ကာ လာရောက်နေထိုင်နေသော ကြောင်ကလေးအမည်ကို ကျမ၏ မောင်အငယ်ကောင်ဖြစ်သူက (အာကြီး) ဟု အမည်ပေးထားသည်။
သူ အိမ်ကို စရောက်ခါစက အိမ်တွင် ကျမ မရှိ။ အိမ်၏ မိသားစု ပြဿနာအချို့ကြောင့် မိသားစုနှင့် ဝေးရာပြင်ပသို့ ကျမရောက်ရှိနေချိန်ဖြစ်သည်။ မတရားသဖြင့် လာရောက်စားသောက် နေထိုင်နေသည်ဟု ကျမပြောခဲ့ခြင်းမှာ ကျမတို့နှင့် ဆွေမျိုးနီးစပ်တော်သော ကြီးတော်တစ်ယောက်မှ အတင်း လာပေးသွားခြင်းကြောင့်ဖြစ်သည်။ သည်တစ်နေရာမှာတော့ ကိုတေဇာ့ကြောင်ကလေးနှင့် ကျမတို့ကြောင်ကလေး ရောက်ရှိလာပုံချင်း ခပ်ဆင်ဆင်တူသည်။ အာကြီး ယခင်နေခဲ့သော အိမ်တွင် ကြောင်တွေများနေကြောင်းနှင့် သည်ကြောင်လေးကို မွေးထားမည်ဆိုလျှင် ကြွက်ဘေးမှ စိတ်ချရမည်ဖြစ်ကြောင်း ပြောသောကြောင့် ကြောင်ချစ်တတ်သော ကျမတို့မိသားစုဝင်များက ထိုကြောင်ကလေးကို ရက်ရက်ရောရော လက်ခံခဲ့ခြင်း ဖြစ်သည်။
အာကြီးအိမ်ကို စရောက်ပြီး တစ်ပတ်လောက်ကတည်းက ဇပြသည်ဟု အငယ်ကောင်က ကျမကို ပြောသည်။ အစားအသောက်ကို သိပ်မက်မက် မောမောမရှိဟု ပြောခဲ့သော ကိုတေဇာ့ကြောင်ကလေးနှင့် ကျမ၏ ကြောင်ကလေးတို့ ဒီနေရာမှာတင် သဘောထား စတင်ကွဲလွဲကြသည်။ အိမ်က အာကြီးကတော့ အစားအသောက်ဆိုလျှင် ငါးကြော်လေးနှင့် နယ်ကျွေးတောင် မက်မက်စက်စက်မစားဟု ဆိုသည်။ ကြက်သားကြော်လေး၊ ပုစွန်ကြော်လေး သို့မဟုတ် ပုစွန်ခြောက်ကလေးနှင့် နယ်ကျွေးမှ ကောင်းကောင်းစားသည်ဟု ဆိုသည်။ ဒါက အာကြီးစရောက်ခါစက စားသောက်မှုအခြေအနေကို ပြောပြခြင်းဖြစ်သည်။ ကြွက်ခုတ်ရာတွင် ကြည့်ဦးမလား၊ ကျမတို့အိမ်တွင် ကြွက် အင်မတန်မှ သောင်းကျန်းသည်။ ကြွက်ကြီး၊ ကြွက်လတ်၊ ကြွက်ငယ်၊ ကြွက်ပိစိ၊ ကြွက်မဖြစ်စလောက်၊ ကြွက်ညှောက်တောက်... ကြွက်ပေါင်းစုံ ကျမတို့အိမ်တွင် ရှိသည်။ အာကြီးစရောက်ပါပြီဆိုကတည်းက အဖေက ငါတို့အိမ်မှာ ကြောင်ရှိပြီ၊ ကြိုက်တဲ့ကောင် လာစမ်းဟု ကြိမ်းဝါးသည်ဟု ပြန်ကြားရသည်။ အဖေကြိမ်းဝါးသည့်အတိုင်း အာကြီးက တာဝန်ကျေသည်။ သူ့ရှေ့က ကြွက်ဖြတ်လျှောက်သွားတိုင်း မျက်လုံးကြီးပြူးပြီး ကြွက်ကို လိုက်ကြည့်တတ်သည်။ အစတော့ ကြွက်တွေက ကြောင်ရှိနေသည်ဆိုတော့ ခပ်ကုပ်ကုပ် မှောင်ရိပ်ခိုပြီး ခိုးကြောင်ခိုးဝှက် သွားလာနေထိုင်ကြသည်။
ဒါကို အာကြီးက မြင်သည်။ သို့သော်လည်း သူဘာမှထမလုပ်။ နောက်တော့ ကြွက်များက သူ့အထာကို သိသွားကြသည်။ (ထင်သည်။) သူအိပ်နေလျှင် သူ့ရှေ့က အသံတွေ ပေးပြီး ပျော်ပျော်ကြီး ဖြတ်လျှောက်ကြသည်။ တစ်ခါတစ်ရံ ကြွက်နှစ်ကောင် သုံးကောင်တန်းစီပြီး တကျွိကျွိဖြင့် တပျော်တပါး ဖြတ်လျှောက်တတ်ကြသည်။ ဒါကိုလည်း သကောင့်သား ကိုယ်တော်ချောက (အိပ်နေလျှင်) မျက်လုံးတစ်ဖက်ဖွင့်ပြီး ခေါင်းထောင်ကာ ကြည့်တတ်သည်။ ကြွက်များက သူ့ကို ပြန်ကြည့်ကြသည်။ ပြီးတော့လည်း တကျွိကျွိ အသံထပ်ပေးကာ အာကြီးကို ရှိသည်ဟုတောင် မထင်ဘဲ သူတို့လမ်း သူတို့ ဆက်လျှောက်သွားကြသည်။ အိမ်ကကောင်ကလည်း အိပ်မြဲတိုင်း ပြန်အိပ်သည်။ သူ့ဘဝတွင် ကြွက်ဆိုတာ ဒီလိုကောင်ကြီးပါလားဟု ထင်နေပုံပင်ရသည်။
အိမ်မှာ ဟင်းထမင်းချက်လျှင် အာကြီးရှေ့ဆုံးက ပါသည်။ တညောင်ညောင်အော်ပြီး အမေ့ကို ပွတ်ကာသီကာ အစာတောင်းတတ်သည်။ ကျွေးရင်လည်း မစား။ မစားဘဲလည်း တစ်နေကုန် လျှောက်တောင်းသည်။ ပြီးတော့ အိပ်ရာမှ ယခုမှ နိုးလာသူတွေကို မြင်လျှင် အတင်းပြေးလာပြီး တညောင်ညောင် လိုက်အော်တောင်းတတ်သည်။
အာကြီးကို အိမ်မှာမွေးထားရင်း တစ်နေ့တော့ အဖေက အာကြီးနှင့် ကြောင်စာထုပ်ကို စတင်မိတ်ဆက်သည်။ ထိုအစာထုပ် အာကြီးစားမိပြီးကတည်းက ထိုအစာကို မျက်စိအောက်မှ အပျောက်မခံတော့။ ဘယ်အစာကိုမှ တူသည်တန်သည်မထင်သော အာကြီးက ထိုအစာထုပ်ကိုတော့ မက်မက် မောမော စားသည်။ မကျွေးလျှင် အစာဘူးဘေးနားမှာ တစ်နေကုန် ထိုင်နေတတ်ပြီး ညောင်းလာလျှင် ဘူးဘေးတွင် အိပ်နေတတ်သည်။ နောက်တော့ ဘူးအဖုံးဖွင့်ပေးလျှင် သူ့ဟာသူ နှိုက်စားတတ်လာသည်။ အိမ်တွင်မည်သည့် တာဝန်မျှ မကျေသော်လည်း တောင်းဆိုးပလုံးဆိုးသာ ပစ်မည်ဟုဆိုလာသော ကျမအမေက အာကြီးကို ဘယ်သူ့မှ မပေး။ ထိုအချိန်တွင် အိမ်မှာနေလာသည်မှာလည်း နှစ်နှစ်ကျော်လာပြီဖြစ်သော အာကြီးရုပ်ဆိုကြီးကို ကျမတို့မိသားစုဝင်တိုင်းက ချစ်နေကြပြီဖြစ်သည်။ အာကြီးက အသွေးအမွေးတွင် ရွက်ကြမ်းရေကျိုဖြစ်သော်လည်း မျက်နှာပေါက်က ယာကူဇာနှင့် ခပ်ဆင်ဆင်တူသည်။ အော်တော့လည်း ပါးစပ်ကြီးကို နားရွက်တက်ချိတ်အောင် အော်ပြသည်။ ကိုတေဇာ့ကြောင်ကလေး ငပိန်နှင့် ကျမကြောင်ကလေး အာကြီးတို့သည် အရုပ်ဆိုးခြင်းအမှုတွင် ပါရမီတူတူပါလာကြသည်။
ကျမတို့အိမ် အနီးအနားပတ်ဝန်းကျင်သည် မသန့်။ မသန့်ဟုဆိုရခြင်းမှာ အရက်သမားနှင့် လောင်းကစားသမားများ များပြားလွန်းသောကြောင့် ဖြစ်သည်။ ထိုအရက်သမားများသည် အတော်ဆိုးကြသည်။ သူများအိမ်တွင် မွေးထားသော အိမ်မွေးတိရစ္ဆာန်များကို ခိုးယူကာ အမြည်းလုပ်လေ့ ရှိကြသည်။ ပြာသိုလများတွင် အိမ်ပြင်ထွက် လမ်းသလားတတ်သော ကြောင်များဆိုလျှင် ဝိပြီသာမှတ်ပေရော့။ ထိုအချက်ကို အတိအကျသိထားသော အငယ်ကောင်က အာကြီးကို ကြောင်ညွန့်တုံးမည်ဟု ဆုံးဖြတ်သည်။ ဆုံးဖြတ်ချက်နှင့်အတူ ကြောင်ဆေးခန်းကို စက်ဘီးနှင့် အာကြီးကို ခေါ်သွားပြီး သင်းလိုက်ကြသည်။ အာကြီးအိမ်ပြန်လာတော့ မေ့ဆေးမပြယ်သေးဟန်နှင့် တစ်နေကုန်နီးပါး အိပ်နေသည်။ ပြန်နိုးလာတော့ ဒယီးဒယိုင်နှင့် သူ့ကြောင်စာဘူးဆီ လမ်းလျှောက်သည်။ ကြောင်စာဘူးထားထားသော နေရာက လှေကားထစ်လေး တစ်တစ် ဆင်းရသောကြောင့် ထိုလှေကားထစ်လေးကို ဆင်းလိုက်ရာတွင် အာကြီး ကျွမ်းထိုးပြီး ပြုတ်ကျသည်။ အမေက ငါ့ကြောင်ကလေး သေပါပြီဆိုပြီး အာကြီးကို ပြေးပွေ့ပြီး အိပ်ရာထဲ ပြန်ထည့်ပေးသည်ဆို၏။ ဒါတွေက ကျမ အိမ်မှာ မရှိစဉ်မှာ ဖြစ်ခဲ့ခြင်းတွေဖြစ်သည်။ ယခုတော့လည်း တာဝန်ကျေသည်ဖြစ်စေ၊ မကျေသည်ဖြစ်စေ အိမ်မှာ နေတာလည်း ငါးနှစ်နီးပါး ရှိနေပြီဖြစ်သော ကျမတို့အာကြီးသည် ကျမတို့၏ မိသားစုဝင်စစ်စစ်တစ်ယောက် ဖြစ်နေပါပြီ။
ကျမဘဝတွင် ပိုင်ဆိုင်ခဲ့ဖူးသော ကြောင်ကလေးပေါင်းများစွာရှိသည်။ ကြောင်ထီးလေးတွေ၊ ကြောင်မလေးတွေ၊ အင်း... ကြောင်အခြောက်ကလေးကတော့ အာကြီးတစ်ယောက်လောက်သာ ရှိမည်ထင်ပါသည်။ နာမည်တွေလည်း ပေါင်းစုံပေးခဲ့ဖူးသည်။ ကျမ နှစ်သက်ခဲ့သော တရုတ်မင်းသား ကျန်ကျောင်းမှစကာ ဂျက်ကီချန်း၊ ဂျက်လီတို့အပါအဝင် ဘင်ဂိုစသော အင်္ဂလိပ်နာမည်များပါ ပါဝင်သည်။ တစ်ခုထူးခြားသည်မှာ ကြောင်ကလေးများ အားလုံးလိုလိုသည် ကျမကို အလွန်ချစ်ကြသည်။ သို့မဟုတ် အလွန်ချစ်ကြသည်ဟု ကျမ ထင်သည်။ ကျမ ရှိလျှင် ကျမနားမှ မခွာ။ အာကြီးက ကျမနှင့် အိပ်ရာတူတူ မအိပ်သော်လည်း အခြားသော ကြောင်ကလေးများ အတော်များများကတော့ ကျမနှင့် အတူအိပ်ကြသည်။
ကျမ အိမ်ထောင်ကျတော့ ကျမ၏ ခင်ပွန်းသည်က ခဏခဏအလိုလို စိတ်ဓာတ်ကျတတ်သော ကျမအား ကြောင်မွေးများ ပါးစပ်ထဲဝင်လျှင် စိတ်ကျရောဂါ ဖြစ်နိုင်ခြေရှိသည်ဟူသော အချက်ဖြင့် ကြောင်များနှင့် နီးနီးကပ်ကပ် နေခွင့်မပေးတော့။ ဆိုတော့ သူ့စကားကို နားထောင်သောအားဖြင့် ကျမ သူ့ရှေ့တွင် ကြောင်တွေနှင့် ရင်းရင်းနှီးနှီး သိပ်မနေ။
ကျမ မှတ်မှတ်ရရ ဆယ်တန်းစာမေးပွဲဖြေခါနီး ငါးလလောက် အလိုတွင် အကြီးအကျယ် ဖျားဖူးသည်။ ငှက်ဖျား၊ အူရောင်ငန်းဖျားနှင့် အသည်းရောင် အသားဝါ သုံးခုရောဖြစ်ခြင်း ဖြစ်သည်။ ပထမတော့ နှစ်ခုတည်း။ နောက် အပြင်ဆေးခန်းတစ်ခုမှာ တက်ရောက်ကုသလိုက်ပြီးနောက်ပိုင်း ဆေးထိုးအပ်မှတစ်ဆင့် အသားဝါပိုးကူးသည်။ ကံကောင်းထောက်မစွာဖြင့် ဘီပိုး၊ စီပိုး ဘာပိုးမှ မကူးလိုက်။ ဆေးရုံတွင် အသားဝါပိုးကူးပြီးနောက်ပိုင်း နာ့စ်မတစ်ယောက်ဖြစ်သော ကျမအမေက ကျမကို အိမ်ပြန်ခေါ်လာသည်။ အိမ်မှာပဲ ကုတော့မည် ဆို၏။ ထိုအချိန်တွင် ကျမဘေးမှာ ဘယ်သူမှ မရှိ။ မိတ်ဆွေ သူငယ်ချင်းအပေါင်းအသင်းတွေကလည်း အနေဝေးနေသည်က တစ်ကြောင်း၊ ပိုးကူးမှာ စိုးသောကြောင့်လား မသိသောကြောင့်က တစ်ကြောင်းတို့က ကျမကို ပိုမိုအထီးကျန်စေသည်။ ထိုအချိန်တုန်းက ကျမတို့အိမ်မှာ မွေးထားသော ကြောင်ကလေးနာမည်က ပြည့်စုံဟု ခေါ်သည်။
ပြည့်စုံက အခြားကြောင်တွေထက် နည်းနည်းတော့ ထူးသည့်ကြောင်ဟု ခေါ်နိုင်သည်။ အချို့ကြောင်တွေက အိမ်တွင် လူမမာစသော အပူတစ်ခုခုရှိလျှင် အိမ်ပေါ်မှ ဆင်းသွားတတ်ကြသည်ဟု ကြားဖူးသည်။ ယခုကျမတို့ကြောင် ပြည့်စုံကတော့ အိမ်ပေါ်မှ မဆင်းသည့်အပြင် လမ်းမလျှောက်နိုင်သဖြင့် အိပ်ရာထဲ လှဲနေရသော ကျမဘေးတွင်ပင် တစ်နေကုန်နေသည်။ သူအိမ်ပေါ်မှ မဆင်းသည်မှာ ကျမကို ချစ်သောကြောင့်ပဲလား သို့မဟုတ် အခြားသွားစရာ နေရာမရှိသောကြောင့်ပဲလားတော့ သူပဲ သိမည်ထင်သည်။ တစ်နေကုန် ရောဂါဖြင့် အဖော်မဲ့နေရသော ကျမဘေးတွင် ပြည့်စုံရှိနေခြင်းအားဖြင့် ကျမအား အားတက်စေသည်။ ကျမ ထိုစဉ်တုန်းက သူနှင့် တစ်နေကုန် စကားပြောသည်။ သူကလည်း ကျမစကားကို နားလည်သယောင်ဖြင့် တညောင်ညောင် သံယောင်လိုက်ပေးသည်။ ပြီးလျှင် ကျမ ပေါင်ပေါ် တက်အိပ်သည်။ နာလန်ပြန်ထခါစတွင် လပေါင်းများစွာ အိပ်ရာထဲ လဲခဲ့ရသော အကျိုးကြောင့် ကျမ တော်တော်ဖြင့် လမ်းပြန်မလျှောက်နိုင်။ ဆရာဝန်များက ယာယီအကြောဆိုင်း(ဝါ) ချည့်သွားတာ ဖြစ်သည်ဟု ဆိုသည်။ ယင်းကာလများတွင်လည်း ပြည့်စုံက ကျမ၏ လှုပ်မရသော ခြေထောက်များကို ပွတ်ကာထိုးကာဖြင့် တက်တက် အိပ်တတ်သည်။ သို့မဟုတ် ကျမကို သူ့နည်းသူ့ဟန်ဖြင့် အားပေးနေခဲ့သည်။ ထိုသို့ဖြင့် အသည်းအသန် ဝေဒနာခံစားနေရသော ကျမ လပိုင်းအကြာတွင် နေပြန်ကောင်းလာသည်။ ကျမ နေပြန်ကောင်းပြီး သိပ်မကြာမီ ပြည့်စုံဆုံးသွားသည်။ ပြည့်စုံဆုံးသော အချိန်တွင် ကျမအိမ်မှာ မရှိ။ ဘာကြောင့် မရှိခဲ့သည်ကိုတော့ ကျမ မမှတ်မိ။ ကျမဝမ်းနည်းပြီး ပြည့်စုံအတွက် စာလေးတစ်စောင် ရေးခဲ့သည်ကိုတော့ မှတ်မိသည်။
ကျမဘဝတွင် ကြောင်ပေါင်းများစွာ ပိုင်ဆိုင်ခဲ့ဖူးသည်။ အမျိုးအစားစုံ၊ အသွေးအမွေးစုံ၊ နာမည်စုံဖြင့် ကြောင်ပေါင်းများစွာတို့ ကျမဘဝထဲတွင် ဝင်ထွက်သွားလာခဲ့ကြဖူးသည်။ ကျမအား ပျော်ရွှင်မှုပေါင်းစုံ၊ ဝမ်းနည်းမှုပေါင်းစုံတို့ကိုလည်း ပေးစွမ်းခဲ့ကြသည်။ တကယ်တော့ သူတို့ကို ကျမ ပိုင်ဆိုင်ခဲ့ခြင်း မဟုတ်။ သူတို့ကသာ ကျမကို ပိုင်ဆိုင်ခဲ့ကြခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က ငယ်သူငယ်ချင်းတစ်ယောက်က ကျမ၏ မွေးနေ့တွင် “နောက်ဘဝကျ ဘာဖြစ်ချင်သလဲ”ဟု ကျမကို မေးဖူးသည်။
နောက်ဘဝကို ကျမ မယုံပါ။ ရှိခဲ့သည်ရှိသော် ကျမကြောင်ကလေး တစ်ကောင်မဖြစ်ချင်ပါ။ ကြောင်ကလေးများ ကျမဘဝတွင် ရှိခဲ့ဖူးဖြင့် ကျမ ပျော်ရွှင်ခဲ့ရဖူးသော်ငြား သူတစ်ပါးအား အမြဲပျော်ရွှင်နိုင်စေရန် အသုံးတော် အဖျော်ဖြေခံရသော၊ မလိုလျှင် ရိုက်မောင်းပုတ်မောင်း လုပ်ခြင်းခံရမည်ဖြစ်သော ကြောင်ကလေးများဘဝကို ကျမ မရလိုပါ။ ထို့အတူ ကမ္ဘာပေါ်တွင် ကြောင်ကလေးများလည်း မရှိစေလိုပါ။ ကြောင်ကလေးများ ကမ္ဘာပေါ်တွင် မျိုးတုံးသွားလျှင် ဘာဖြစ်နိုင်မည်နည်းဟု ကျမ မတွေးဖူးပါ။ ကြောင်ကလေးများ မရှိတော့လျှင် ကမ္ဘာပေါ်တွင် အလိုလိုနေရင်း ရန်လိုနေတတ်သော လူ့ငနွားများ နည်းပါးသွားမည်ဟုလည်း ကျမ အာမမခံပါ။ ကျမ၏ ပျော်ရွှင်မှုများလည်း ပျောက်ဆုံးကုန်လိမ့်မည်ဟု ကျမ မထင်ပါ။ ဘာပဲဖြစ်ဖြစ် ကျမ ကြောင်ကလေးများကို သည်လောကတွင် မရှိစေချင်ပါ။ ဘယ်လိုကြည့်ကြည့် ကျက်သရေမယုတ်တတ်သော ကြောင်ကလေးများသည် သည်ညစ်ညမ်းသော ကမ္ဘာကြီးနှင့် မထိုက်တန်ဟု ကျမ ခံစားရပါသည်။ ကြောင်ကလေးများ မရှိတော့လျှင် ကောင်းပါမည်။ ထိုသို့ ကျမ တွေးပါသည်။
September 18,Thursday, 2014
4:28 PM
လနီနီကို မြင်တဲ့ လူ
အလုပ်က ပုံမှန်ဆို ညနေခြောက်နာရီဆိုသိမ်းတယ်။ ဒါပေမယ်လို့ ဒီတစ်ပတ်အတွင်းမှာ အလုပ်က အရမ်းများတဲ့အတွက် ညနေခုနစ်နာရီခွဲလောက်မှ သိမ်းရတယ်။ မနက်ဆို ခုနစ်နာရီခွဲအလုပ်သွား၊ ညနေဆို ခုနစ်နာရီခွဲအလုပ် ဆင်း၊ အိမ်ကို ရှစ်နာရီလေးဆယ်လောက်မှ ပြန်ရောက်။ အမှန်အတိုင်းပြောရရင် ဒီအလုပ်မှာ ကျနော်အတော်ပင်ပန်းတယ်။ ဒီအလုပ်မှာ ပင်ပန်းတယ်ဆိုလို့ ဘယ်အလုပ်က မပင်ပန်းဘူးလဲ ပြန်မေးဖို့ ရှိတာပေါ့။ ဘယ်အလုပ်မဆို ပင်ပန်းပါတယ်။ နိစ္စဓူဝအိပ်ရတဲ့ လုပ်ငန်းစဉ်တောင် အလုပ်လို့တွေးလိုက်ရင် ပင်ပန်းတာပဲ။ ဒီတော့ ပင်ပန်းတယ်။
ပိုပင်ပန်းရတဲ့ ကိစ္စတချို့ ကျနော့်နေ့စဉ်ဘဝမှာ ရှိနေတယ်။ ဘာလဲဆိုတော့ အလုပ်က အပြန်မှာ သူဌေးခိုင်းတဲ့အလုပ်တွေ အပိုဆောင်း လုပ်ပေးရတာမျိုးက အခါခါ။ ဒီကြားထဲ အပိုဆောင်းလုပ်ပေးတာကို ကျေးဇူးမတင်ဘဲ အော်ငေါက်တာကို ခံရတာလည်း အခါခါ။ အလုပ်အားလုံးပြီးရင် အိမ်ပြန်လာ၊ ပြန်လာတဲ့လမ်းမှာ လက်ချည်းသက်သက် ပြန်လာရတာမျိုး မဟုတ်ဘူး။ ကျနော့် ချစ်သူရှိတယ်။ သူ့ဆီ ဖုန်းခေါ်ရတယ်။ ဒါက သူချမှတ်ထားတဲ့ နေ့စဉ်အလုပ်။ ကျနော်အလုပ်ပြီးပြီ ဖြစ်တဲ့အကြောင်း၊ ခုလမ်းမှာ ပြန်နေပြီဖြစ်တဲ့အကြောင်း၊ ညနေစာကို ဘယ်လိုအစီအစဉ်နဲ့ စားဖို့ တွေးထားတာကအစ သူ့ကို အားလုံး ပြောပြရတယ်။ သူ့အပြောကတော့ ဒါဟာ ချစ်သူချင်းချင်းကြားထဲမှာ ပွင့်လင်းရိုးသားမှု။ ကျနော့်အမြင်ကတော့ နေရာတကာ တင်းကျပ်ချုပ်နှောင်နေတဲ့ စိတ်ပျက်စရာ အသားကျဘဝ။ အလုပ်ရောက်ရင် သူဌေးက အော်ငေါက်လိုက်၊ မန်နေဂျာက အော်လိုက်ဟစ်လိုက်။ အိမ်ပြန်လာတော့ ရည်းစားက တင်းလိုက် ကျပ်လိုက်နဲ့ ကျနော့်ဘဝဟာ လုံးချာလည်လိုက်နေခဲ့တာ နှစ်အတော်ကြာခဲ့ပြီ။ ပြီးတော့ ကျနော့်အလုပ်က နေ့စဉ်အိုဗာတိုင်းမ် ဆင်းရပေမယ်လို့ အိုဗာတိုင်းမ်ကြေး ဘယ်တော့မှ မပေးတာဘဲ။ နောက်တစ်ခုက ပိတ်ရက်ပေးပေမယ်လို့ ပိတ်ရက်မှာလည်း သူဌေးက ဖုန်းဆက်လှမ်းခိုင်းရင် လုပ်ပေးရတဲ့ ကိစ္စပဲ။
ဒီနေ့တော့ နည်းနည်းပိုဆိုးတယ် ပြောချင်တာပဲ။ အလုပ်ကအပြန်မှာ သူဌေးက မနက်က မပြီးသေးတဲ့ စာရင်းကွာနေတာကို သူ့အိမ်မှာ သူနဲ့အတူ ရှင်းကြဖို့ ပြောထားတယ်။ ကျနော် တစ်နေကုန် အလုပ်လုပ်ပြီးခဲ့ပြီ။ ပြီးတော့ ကျနော်မနေ့ညကတည်းက ဖျားနေခဲ့တယ်။ နောက်ပြီး ဒီနေ့က ရှားရှားပါးပါး ညနေခြောက်နာရီ အလုပ်ဆင်းတော့ ကျနော့်ချစ်သူက သူနဲ့အတူ ညဘက်အပြင်မှာ ညစာထွက်စားဖို့ ချိန်းထားတယ်။ ညစာစားညပြီးရင် ညဘက် အေးအေးဆေးဆေး လမ်းလျှောက်လို့ ကောင်းတဲ့ နေရာတွေ ကျနော်တို့မြို့မှာရှိတယ်။ သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့၊ ညဉ့်နက်ဘက်သန်းလာတော့ ကားတွေလည်း အသွားအလာကျဲသွားတဲ့ အချိန်မှာ သိပ်လမ်းလျှောက်လို့ကောင်းတဲ့ နေရာကောင်းတွေ အများကြီးရှိတယ်။ ဒါကို ကျနော့်ချစ်သူက မက်တယ်။ နေ့စဉ်နေ့တိုင်း ကိုယ်ရော စိတ်ပါ ပင်ပန်းရတဲ့ ကျနော့်အဖို့မှာတော့ အလုပ်က ပြန်လာရင် ညနေစာတောင် မစားချင်တော့ဘဲ အိပ်ရာထဲ ထိုးခေါက်အိပ်ပစ်လိုက်ချင်တာ တစ်ခုက လွဲလို့ ကျန်တဲ့ မက်စရာ ကိစ္စဘဝမှာ မရှိဘူး။
ချစ်သူနဲ့ ညဘက်အပြင်သွားဖို့ ချိန်းထားတယ်လို့ သူဌေးကို အကြောင်းပြလို့ မရတဲ့အခါမှာ သူဌေးက သူ့အိမ်ကို အချိန်ပိုခေါ်ထားတယ်လို့ပဲ ချစ်သူကို အကြောင်းပြရတော့တယ်။ ကျနော့်ချစ်သူ ဆိုတာကလည်း သူဌေးနဲ့ သိပ်မကွာလှဘူး။ ချက်ချင်းဆိုသလို ငိုတော့တာပဲ။ ဒါဟာ ညာတာ ဖြစ်တဲ့ အကြောင်း၊ ကျနော်က သူ့အပေါ်မှာ စိမ်းနေတာ ဒါနဲ့ဆို အခေါက်ရှစ်ဆယ် ကျော်ပြီဖြစ်တဲ့ အကြောင်း၊ သူနဲ့ ဘယ်တော့မှ အပြင်မထွက်ချင်တဲ့ အကြောင်း စသဖြင့် မိန်းမတွေ ပြောလည်း ပြောတတ်ပါတယ်ဗျာ။ တစ်ခေါက်နဲ့ တစ်ခေါက် မရိုးရအောင် စကားအမျိုးမျိုး လှည့်ပတ်သုံးပြီး ပြောနေတော့တာပဲ။ အကြောင်းအရာကတော့ ဒါပဲ။ ဒါပေမယ်လို့ ကျနော့်သူဌေးနဲ့ ကျနော့် ချစ်သူကွာတာ တစ်ခုက ကျနော့်သူဌေးက အကြောင်းအရာတစ်ခုတည်းကို နေ့စဉ်ရက်ဆက် စကားတစ်မျိုးတည်းသုံးပြီး ကျနော့်ကို အမြဲစိတ်ညစ်အောင် လုပ်တယ်။ ကျနော့်ချစ်သူကတော့ အကြောင်းအရာတစ်ခုတည်းကို နေ့စဉ်ရက်ဆက် စကားအမျိုးမျိုးသုံးပြီး ကျနော့်ကို အမြဲစိတ်ညစ်အောင် လုပ်တယ်။ တစ်နေ့နဲ့ တစ်နေ့ သူပြောမယ့် စကားကို ကျနော်က မခန့်မှန်းတတ်တော့ နေ့တိုင်း ကျနော့်အတွက် ဆပ်ပရိုက်စ်လေးလိုတော့ ဖြစ်တာပေါ့လေ။ ဒီတော့လည်း သူဌေးနဲ့စာရင် ကျနော့်ချစ်သူက နည်းနည်းပိုဖြေသာနေတဲ့ သဘောတော့ ရှိတာပေါ့။
သူ့အတွက် (ကျနော့်အတွက်ပေါ့လေ။) အဆင်ပြေစေနိုင်မယ့် နည်းလမ်းကတော့ သူဌေးအိမ်ကို သူ့ကိုပါ ခေါ်သွားတာပဲ။ ဒါပေမယ်လို့ ကားထဲမှာပဲ နေခဲ့ဖို့ ကျနော်မှာထားရတယ်။
သူဌေးအိမ်က ပြန်လာတော့ ကျနော်အတော်ကြီး ငြီးစီမူးနောက်နေပြီ။ စိတ်ဓာတ်တွေလည်း ကျပြီး အဖျားသွေးလည်း နည်းနည်းထပ်တိုးလာတယ် (လို့ ကျနော်ထင်တယ်)။ ညလည်း အတော်နက်နေပြီ။ ကျနော့်ချစ်သူကို အိမ်သွားပြန်ပို့ပေးရဦးမယ်။ ပြီးတော့ ပြန်ရင် ညစာအတွက်တစ်ခုခု ကျနော်စီစဉ်ရ ဦးမယ်။ ဖြစ်နိုင်ရင် ကျနော် မနက် အလုပ်မသွားချင်ဘူး။ တစ်ရက်လောက်တော့ ခွင့်ယူချင်တယ်။ ပြီးတော့ ဒီခွင့်ယူလိုက်တာကို ကျနော့်ချစ်သူကိုလည်း မပြောပြချင်ဘူး။ အိမ်မှာပဲ တစ်ယောက်တည်း စိတ်အေးနားအေး အိပ်နေချင်တယ်။ ကျနော်မနက် အလုပ်ခွင့်ယူဖို့ ဆုံးဖြတ်လိုက်တယ်။
ညဘက်က ကားမောင်းလို့တော့ ကောင်းတယ်။ နီယွန်မီးအောက်တွေ ကနေ လမ်းမည်းမည်းပြောင်ပြောင်တွေပေါ် ဖြတ်မောင်းရတာ သိပ်အရသာရှိတယ်။ သစ်ပင်တွေက လမ်းဘေးတစ်လျှောက် ဝဲညှို့နေတော့ စိတ်ချမ်းသာမှုလည်း ရသား။ ကျနော်တစ်ယောက်တည်း ဆိုရင် ပြောပါတယ်။ ခုတော့ ကျနော့်လောကဓံက ပါဆင်ဂျာဆီမှာ မုန့်တွေ တစ်ခုပြီး တစ်ခုစားရင်း ပါ လာတယ်။ ကျနော့်ချစ်သူမှာ ထူးခြားချက်တစ်ခု ရှိတယ်။ သူ့မှာ အစားစားဖို့ ပါးစပ်အပြင် စားနေတဲ့ အချိန်နဲ့ တစ်ဆက်တည်း စကားပြောနိုင်တဲ့ ပါးစပ်တစ်ပေါက်ပါ အပိုပါသေးတယ်။ အဲဒါက ဘယ်နေရာမှာလဲတော့ ကျနော် အတိအကျ မပြောတတ်ပေမယ်လို့ ပါတာတော့ပါတယ်ဆိုတာ ကျနော်သိတယ်။ တစ်လမ်းလုံး ကျနော့်ကို ကျန်းမာရေး ဂရုစိုက်ဖို့အကြောင်း၊ ခုတလောလူတွေ ဖျားနာနေကြလို့ အလုပ်ကို တော်ရုံပဲ လုပ်သင့်ကြောင်းနဲ့ အခုလို နောက်ကျတဲ့အထိ အပင်ပန်းခံတာ ဘယ့်ကလောက် ဆိုးကြောင်းကို ပြောပြလာတယ်။ အခု လိုနောက်ကျတဲ့အထိ ကျနော်ပင်ပန်းနေရတာ သူ့ကြောင့်လည်း ပါတယ်ဆိုတာကိုတော့ သူသိပုံမရဘူး။
သူပြောတဲ့စကားတွေကို အလိုက်သင့်ပြန်လိုက်ပေးရင်း ကားကိုလည်း သတိထားမောင်းနေရရင်း ကျနော် စိတ်တွေ ညစ်လာတယ်။ ကားမောင်းရတာဟာ သဲပြင်ပေါ်မှာ အပျော်စီးစက်ဘီးနင်းနေရသလို ခံစားလာရတယ်။ တစ်ခုခုက ဆွဲထားသလို ကားက ရှေ့မရောက်တော့သလို ခံစားရတယ်။ ဒါမှမဟုတ် ကားက သူ့အလိုလိုသွားနေပြီး ကျနော်က ထိုင်ခုံနဲ့အတူ အနောက်မှာ ကျန်ခဲ့သလို ခံစားရတယ်။ သူပြောတဲ့စကားတွေဟာ မကြားတစ်ချက် ကြားတစ်ချက်။ ပေမယ်လို့ အကျင့်ပါနေပြီ ဖြစ်တဲ့အတွက် သူပြောသမျှ ကျနော်အလိုက် သင့်နေပေးနိုင်နေတုန်းပဲ။ ကျနော်ကားမောင်းရင်း အိပ်ပျော်သွားမှာကို စိုးရိမ်လာတယ်။ ဒါကြောင့် ကားမောင်းနေရင်း ဘေးဘီက တိုက်တန်းတွေ သစ်ပင်ကြီးတွေကို ကျနော် တစ်ချက်တစ်ချက် မော့မော့ကြည့်လာတယ်။ မိုးရွာပြီးခါစ ကောင်းကင်ဟာ ကြည်မလို ညိုမလိုနဲ့ သူ့ကြည့်နေရတာ ကျနော့်သူဌေးနဲ့ ကျနော့်ချစ်သူကို မြင်နေရတဲ့အတိုင်းပဲ။ ဝေခွဲမရဘူး။ ကျနော် ကောင်းကင်ကို မကြည့်တော့ဘဲ တချို့တိုက်တန်းတွေပေါ်မှာ တပ်ထားတဲ့ ဆိုင်းဘုတ်တွေကိုပဲ ကြည့်တော့မယ်လို့ စဉ်းစားလိုက်တယ်။ အတွေးနဲ့အတူ ကျနော် ကောင်းကင်ပေါ်ကို နောက်ဆုံးတစ်ချက် မော့ကြည့်လိုက်တယ်။ ကျနော်မော့ ကြည့်လိုက်ချိန်မှာ ကောင်းကင်မှာ မြင်လိုက်ရတာ တစ်ခုကတော့ လလုံးကြီးပဲ။ အရင်နေ့တွေက မြင်နေကျ လနဲ့မတူဘူး။ ကျနော်အလုပ်များနေလို့ လကို မကြည့်မမြင်ဖြစ်ခဲ့တာ ကြာပြီဆိုတော့ ကျနော် မမြင်မတွေ့မိလိုက်တဲ့ အချိန်မှာပဲ လဟာ အရွယ်ရောက်လာတာလား။ ကောင်းကင်ပေါ်က လဟာ နီရဲပြီး ပြည့်လုလု ဖြစ်နေတယ်။ ပြီးတော့ အကြီးကြီး။ ကျနော်နဲ့ အနီးနားမှာတင် ရှိနေသလို ကျနော်ခံစားလိုက်ရတယ်။ ကျနော်စိတ်ဝင်စားသွားတယ်။
“ဟိုးမှာ ကြည့်စမ်း။ လကြီးတွေ့လား”
ကျနော့်ဘေးမှာ ရှိနေတဲ့ ချစ်သူကိုပါ မြင်စေချင်တဲ့ ဆန္ဒနဲ့ (သူပါးစပ် ပိတ်သွားတာမျိုးလည်း ဖြစ်စေချင်တာလည်း ပါတာပေါ့လေ) သူ့ကိုပါ ပြလိုက်တယ်။ သူက ကျနော်လက်ညှိုးထိုးပြတဲ့ နေရာကို လိုက်ကြည့်တယ်။ ပြီးတော့ ခေါင်းခါတယ်။
“ဘာမှလည်း မတွေ့ပါဘူး။ ဘယ်လို လထွက်ဦးမှာလဲ။ ခုနတင် မိုး ရွာပြီးတာ”
သူ့ကို လှမ်းပြလိုက်တဲ့အချိန်မှာ ဘေးက တိုက်တန်းတစ်ခုနဲ့ ကွယ်သွားလို့ လကို သူ မမြင်လိုက်ရဘူး။ ကျနော် သူ့ကို တိုက်တန်းကျော်သွားပြီး နောက်မှာ ထပ်ပြလိုက်တယ်။
“ဟိုမှာ ဟိုမှာ။ မြင်ပြီလား”
ကျနော် လက်ပြတဲ့နေရာကို သူလိုက်ကြည့်တယ်။ ပြီးတော့ “ဟင့်အင်း”လို့ သူပြောတယ်။ ကျနော်ကြည့်လိုက်တော့ ဟုတ်တယ်၊ ကျနော်မြင်လိုက်တဲ့ လ မရှိတော့ဘူး။ ဒီအချိန်နဲ့ ဒီအချိန်မှာ ဒီလောက်ကြီးတဲ့လကြီးက ဘယ်လိုလုပ် ပျောက်သွားနိုင်မှာတဲ့လဲ။ လေဟာ ငြိမ်နေတယ်။ မိုးစက်မိုးပေါက်တွေလည်း လုံးဝကင်းစင်နေပြီ။ အတွေးနဲ့ ကျနော် ကောင်းကင်ပေါ် ပြန်မော့ ကြည့်လိုက်တယ်။ ဒီတော့ ပြန်တွေ့တယ်။ လဟာ ခုနက ကျနော်မြင်တဲ့ တိုင်းပဲ။ ကျနော် မြင်လိုက်တဲ့ နေရာမှာပဲ။ လုံးလုလု အဝိုင်းနီနီ ပြည့်ပြည့်ကြီး။ ကြက်ဥအနှစ်တွေ နီနေတဲ့ အရောင်လိုမျိုး။ အကြီးကြီး။ ကျနော် လက်ညှိုးထပ် ထိုးပြလိုက်ပြန်တယ်။
“တွေ့လား တွေ့လား မြင်ပြီလား”
သူကလည်း ကျနော် အားတက်သရောပြနေတော့ စိတ်ဝင်စားလာပုံရတယ်။ ကျနော်လက်ညှိုးထိုးပြတာကို အသေအချာလိုက်ကြည့်တယ်။ ခဏကြည့်ပြီးတော့ သူ ကျနော့်ကို မေးတယ်။
“လကို မြင်တာ ဆန်းလို့လား”
“မင်းမမြင်ဘူးလား။ ဟိုမှာလေ လကြီးက လုံးပြီးရဲနေတာ။ လထဲက လနတ်သမီးကိုတောင် မြင်ရတော့မယ့်အတိုင်းပဲ။ တွေ့လား အကြီးကြီး။ ကြက်ဥနှစ်နီနီလိုကြီး”
သူ ကျနော်ပြတဲ့ နေရာကို တစ်ချက်မော့ကြည့်လိုက်ရင်း ကျနော့်နဖူးကို လာစမ်းတယ်။ ညင်ညင်သာသာပဲ။ ပြီးတော့ “ရှင်ဖျားနေတယ်”လို့ ပြောတယ်။
ကျနော် ဒါကို မကျေနပ်နိုင်ဘူး။ “မမြင်ရသေးဘူးလား”လို့ ထပ်မေးတော့ သူက ခေါင်းခါပြတယ်။ “မိုးပေါ်ထပ်မကြည့်နဲ့တော့။ ကားပဲ သေချာ မောင်းတော့”လို့ သူပြောတယ်။
မဖြစ်နိုင်တာပဲ။ ကျနော်မြင်ရင် သူလည်း မြင်ရမှာပဲ။ လဟာ ဒီလောက် အကြီးကြီး။ ကားတစ်စီးထဲမှာ အတူသွားနေတဲ့ လူနှစ်ယောက်မှာ တစ်ယောက်ပဲ လကို မြင်ပြီး တစ်ယောက်က မမြင်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ ကျနော် အမြင်မှားနေတာလား။ ဒါမှမဟုတ် ကျနော်ပြတာကို သူတကယ် မမြင်ရသေးတာလား။ ဒါမှမဟုတ် ကျနော့်ကိုရွဲ့ပြီး မမြင်ချင်ယောင်ဆောင်နေတာလား။ အတွေးတွေ ကျနော့်ခေါင်းထဲမှာ လူးလည်လာတယ်။
ကားဆက်မောင်းနေပေမယ်လို့ လမ်းမပေါ်မှာ ကျနော့်အာရုံတစ်စက်မှ မရှိတော့ဘူး။ ကောင်းကင်ပေါ် အခွင့်သင့်တိုင်း မကြာမကြာ မော့မော့ကြည့် နေမိတယ်။ ဘေးက တစ်ယောက်မသိအောင်လည်း ကြည့်ရသေးတယ်။ နို့မို့ ကျနော့်ကို သူ့စကားနားမထောင်လို့ ထပ်အော်ဦးမယ်။ ကျနော်ကြည့်တိုင်းမှာ အဲဒီလကြီးဟာ ကျနော့်နဖူးစောင်းနားမှာ။ ဒီလောက်ကြီးတာကြီးကို သူမမြင်ဘူးတဲ့။ ကျနော်မြင်နေတယ်လေ။ နှစ်ယောက်မှာ တစ်ယောက်တည်းမြင်နေရတာ ဘာသဘောလဲ။ လဟာ အတော်ကြီး ကြီးတယ်။ သာမန်လပြည့်ညတွေမှာတောင် မမြင်ရလောက်တဲ့ ဆိုဒ်မျိုးကြီး။ လမဟုတ်ဘဲ ကမ္ဘာနဲ့ နီးလာတဲ့ ဥက္ကာခဲတစ်ခုများ ဖြစ်နေသလား။ ဒီဥက္ကာခဲကြီးဟာ တီဗွီကြော်ငြာတချို့မှာ မြင်ရတတ်တဲ့ မုန့်နီဝိုင်းကြီးတွေလို၊ ဒါမှမဟုတ် တချို့စားသောက်ဆိုင်တွေက လုပ်သလို ဆန်ပြုတ်ခွက်ပေါ်က ကြက်ဥနှစ်ပျစ်ပျစ်တုံးကြီးလို ကျနော် မြင်နေရတယ်။ ဒါကြီးဟာ ကျနော်နဲ့ နီးနီးလာနေတယ်၊ ပိုပိုကြီးလာတယ်လို့ ခံစားရတယ်။ လထဲမှာ ရှိနေမယ့် ကျနော်တို့ငယ်ငယ်က စိတ်ကူးယဉ်ခဲ့ရတဲ့ လနတ်သမီးဟာ တကယ်ပဲရှိနေတာလား။ လထဲမှာ လူတစ်ယောက်ရှိနေတဲ့ ပုံစံကို ကျနော်လှမ်းမြင်နေရတယ်။ လနတ်သမီးမဟုတ်ဘဲ လမိစ္ဆာများ ဖြစ်နေမလား။ ကျနော်ကြည့်နေတုန်း ဝုန်းခနဲ ထွက်လာပြီး ကျနော့်ကို ကိုက်လိုက်မလား။
အမျိုးအမည်မသိ ခပ်စူးစူးအော်သံတစ်ခုကို ကျနော့်ဘေးကနေ ကပ်ကြားလိုက်ရတဲ့အတွက် ကျနော်ယောင်ပြီး ဘရိတ်အုပ်လိုက်မိတယ်။ ရင်ထဲမှာ တဆတ်ဆတ်နဲ့ ခုန်နေပြီး စီးထားတဲ့ ရှူးဖိနပ်ထဲကနေ ပင့်ကူတစ်ကောင် ထွက်လာသလို ကျနော်ခံစားလိုက်ရတယ်။ ရုတ်တရက် ကျနော်ကြောက်သွားပြီး ရှူးဖိနပ်ကို ချွတ်ပစ်လိုက်မိတယ်။
“ဘာဖြစ်နေတာလဲ၊ ရှင်မီးပွိုင့်အနီကို ဖြတ်နေတယ်လေ”လို့ ကျနော့်ဘေးက အမျိုးသမီးက ထအော်တယ်။ ကျနော်ဘေးကို ကြည့်လိုက်မိတော့ ကျနော့်ကားဟာ လမ်းလယ်ခေါင်မှာ လေးဆယ့်ငါးဒီဂရီလောက် အစောင်းအနေအထားနဲ့ ရပ်နေပြီ။ ဘေးမှာ ကားတချို့ရှိနေတယ်။ ကျနော့်ကားကို ဝိုင်းထားသလို ပုံစံမျိုး။ ဟောလိဝုဒ်အက်ရှင်ကားတွေမှာ မြင်ရတဲ့ ဇာတ်ဝင်ခန်းတွေလိုမျိုး။ ကျနော်ရုတ်တရက် ဘေးကားတွေ ဟွန်းတီးတာတွေရော၊ ကျနော့်ဘေးက မိန်းမ ဟွန်းတီးနေတာတွေရောကြောင့် နှစ်မျိုးရောပြီး ဘာဖြစ်သွားမှန်း ကျနော့်ကိုယ် ကျနော်ဖမ်းမရလိုက်ဘူး။ ဒီအချိန်မှာ ကျနော့်ဘေးကို ခပ်မြန်မြန်ပဲ လမ်းပြ ပုလိပ်သားတစ်ယောက် ရောက်လာတယ်။ ကျနော် မှန်ကို ချလိုက်တယ်။
“ကဲ ထရန်စ်ပေါ်တာမင်းသား။ ဘာဖြစ်သလဲ” လို့ သူမေးတယ်။ သူ့ ကြည့်ရတာ ပျော်ပျော်နေတတ်ဟန်ရှိတဲ့ လူပဲ။ ကျနော်ပြုံးပြလိုက်တယ်။ အလုပ်ပင်ပန်းနေလို့ အတွေးများသွားတာပါလို့ ပြောရင်း ဘေးက ကားတွေကို လက်ထွက်ပြပြီး တောင်းပန်လိုက်တယ်။ ကျနော်ကားကို ဘေးကို ထိုးရပ်ပေးလိုက်တယ်။ လမ်းပြပုလိပ်သားက ကျနော့်ကားနောက်က လိုက်လာပြီး အရက်သောက်သလား၊ လိုင်စင်ပါလားလို့ ကျနော့်ကို မေးတယ်။ ကျနော် မိုးပေါ်ကို မော့ကြည့်လိုက်တယ်။ ဒီအချိန်မှာ တိုက်တန်းလျားတစ်ခုနဲ့ နည်းနည်းကွယ်နေတဲ့ အနေအထားနဲ့ လဟာ ရဲရဲနီနေတာကို ကျနော်လှမ်းတွေ့လိုက်တယ်။
“ဟိုမှာ လမြင်ရလားလို့ ကျနော် လမ်းပြပုလိပ်ကို မေးတယ်။ ကားထဲကနေ ကျနော့်လောကဓံက လုပ်ပြန်ပြီလို့ လှမ်းပြောတယ်။ ကျနော် သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ရင်း ပုလိပ်ကို ထပ်မေးလိုက်တယ်။ ပုလိပ်က မော့တောင် မကြည့်ဘူး။ “ကျနော်တို့နိုင်ငံက နေရောလပါ အချိန်ကိုက်မြင်ရတဲ့ တိုင်းပြည်လေဗျာ”လို့ ပြန်ပြောတယ်။ ကျနော် လက်လျှော့လိုက်တယ်။ ဒီ လူက ကျနော့်ကို စကားလှည့်ပြောနေတယ်ထင်နေပုံပဲ။
“ဒီညထွက်တဲ့ လက ထူးဆန်းတယ်”လို့ ကျနော်ထပ်ပြောတော့ ပုလိပ်က ရွှတ်နောက်နောက်အမူအရာနဲ့ “ကျနော်လည်း Ray Bredbury ဖန်ပဲဗျလို့ ပြန်ပြောတယ်။ ကျနော် ခေါင်းညိတ်ပြလိုက်ပြီး သူလိုတာတွေ ထုတ်ပေးလိုက်တယ်။
အိမ်ပြန်နောက်ကျနေပြီဖြစ်တာကြောင့် ကျနော့်ချစ်သူရဲ့ အိမ်က သူ့ကို ဖုန်းလှမ်းလှမ်းဆက်နေပြီ။ သူ့အိမ်နဲ့ ဖုန်းတစ်ခါပြောပြီးတိုင်း ကျနော့်ဘက် လှည့်လှည့်ပြီး ကားမြန်မြန်မောင်းဖို့ သတိနဲ့ မောင်းဖို့ လှမ်းလှမ်းကြိမ်းတယ်။ ကျနော် မိုးပေါ်ကို မော့ကြည့်မိပြန်တယ်။ သူက လုပ်ပြန်ပြီလားလို့ လှမ်းမေးတယ်။ သူ့ကို ကျနော်ကြည့်လိုက်တယ်။ သူက လမ်းကိုပဲ ကြည့်လို့ ပြန်ပြောတယ်။ ကျနော် လမ်းကို ပြန်ကြည့်နေလိုက်တယ်။ တစ်ချက်တစ်ချက် သူလစ်ရင် ကျနော် မိုးပေါ်ပြန်ပြန်မော့ကြည့်တယ်။ လဟာ အရင်နေရာမှာ ရှိနေတုန်းပဲ။ တိုက်တန်းတွေ သစ်ပင်အုပ်တွေနဲ့ ကွယ်သွားတဲ့ နေရာတွေကလွဲပြီး တခြားအချိန်တွေမှာ ကျနော်မြင်နေရတယ်။ ကျနော် အသေအချာ မြင်နေရတယ်ဆိုတာ သေချာအောင် ကျနော်လုပ်လိုက်တယ်။ လထဲမှာ အရိပ်မည်းမည်း လိုဟာတွေ နည်းနည်းစီ ရွေ့နေတာကအစ ကျနော်မြင်အောင်ကြည့်လိုက်တယ်။ ပြီးတော့မှ နောက်ဆုံးအကြိမ်အဖြစ် ကျနော့်ချစ်သူကို ကျနော်ထပ်ပြလိုက်တယ်။
“နောက်ဆုံးပဲနော်။ ကတိပေးတယ်။ ဟိုမှာ ကြည့် တွေ့ပြီလား” လို့ ထပ်မေးလိုက်တော့ သူက ကျနော့်ကို ပြန်ကြည့်တယ်။ “ဘာမြင်ရလို့လဲ။ ကျမကို ပြောပြ” လို့ သူမေးတယ်။ ကျနော်က ကျနော်မြင်နေရတဲ့ ပုံစံအတိ အကျကို သူ့ကို ပြောပြလိုက်တယ်။ သူက ကျနော့်ကို မသင်္ကာသလို နောက်ပြီး စိုးရွံ့သလို ကြောက်သလိုကြည့်ပြီး ကျနော်လက်ညွှန်ပြရာကို မယုံသလို လှမ်းကြည့်တယ်။ ပြီးတော့ ပြောတယ်။
“မမြင်ပါဘူး။ ရှင်စိတ်ထင်နေတာပါ”
ကျနော်စိတ်ထင်နေတာ မဟုတ်ဘူးဆိုတာကို သူ့ကို ဘယ်လိုမှ သက်သေပြလို့ မရဘူး။ သူညာနေတာလားလို့ ကျနော် တွေးလိုက်မိသေးတယ်။ ကျနော်နဲ့သူ တွဲနေတာ သုံးနှစ်လောက် ရှိပြီ။ တစ်ခါမှ သူကျနော့်ကို အသေး အဖွဲလေးတောင် မညာဖူး(သေး)ဘူး။ ဒါမှမဟုတ် ကျနော်မသိတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကျနော် မသိချင်ယောင်ဆောင်ပေးလိုက်တာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သူညာထားတာကို ကျနော်မေ့နေတာလည်း ဖြစ်နိုင်တယ် အမျိုးမျိုးပေါ့။ သေချာတာကတော့ ခုတစ်ခေါက်ကတော့ သူတကယ် မမြင်ဘူးဆိုတာပဲ။ ကျနော် တဖြည်းဖြည်းလန့်လာတယ်။ ကျနော့် ခေါင်းပေါ်က လကြီးဟာ ကျနော်စိတ်ထင်နေတာတဲ့လား။ ကျနော်တစ်ခါမှ ဒီလိုအနေ အထားမရဖူးဘူး။ ကျနော်စိတ်ထင်နေတာလို့ တွေးမိလိုက်တော့ ကျနော်ပို လန့်သွားတယ်။ မိုးပေါ်ကို ထပ်မော့ကြည့်မိတယ်။ လဟာ အရင်အနေအထားအတိုင်း အဲဒီမှာ။ ကျနော့်ကို သူငုံ့ကြည့်နေတယ် (လို့ ကျနော်ထင်လာတယ်)။ ကျနော်လုပ်သမျှ အလုပ်တိုင်းကို သူလိုက်ကြည့်နေသလို ကျနော်ထင်လာတယ်။ ကျနော် စတီယာရင်ကို ကွေ့လိုက်တယ်။ ကားနောက်မှန်ဝိုက်ဘာကို ဖွင့်လိုက်တယ်။ ဝိုက်ဘာဟာ ကားမှန်ခြောက်သွေ့သွေ့အပေါ်မှာ အလုပ်လုပ်နေပြီ။ ကားမှန်နဲ့ ဝိုက်ဘာပွတ်တိုက်တဲ့ ကျွိကျွိအသံကို ကျနော်အခုထိ ကြားယောင်နေတုန်းပဲ။ နည်းနည်းကြာတော့ ကျနော့်ချစ်သူက ကျနော့်ကို စိတ်တို လာဟန်ရှိတယ်။
“အဲဒီဝိုက်ဘာကို ရှင်ပိတ်မလား။ ကျမကားပေါ်က ဆင်းသွားရမလား” လို့ သူမေးတယ်။ ကျနော့်လက်ရှိ စိတ်အတိုင်းအရသာဆိုရင်တော့ သူပြောတဲ့ ဒုတိယတစ်ခုကို သူ့ကို ရွေးခိုင်းလိုက်ဦးမလို့ပဲ။ ဒါပေမယ်လို့ အချိန်က ညဆယ့်တစ်နာရီ လေးဆယ့်ငါးရှိနေပြီ။ မိန်းကလေးတစ်ယောက်တည်း ကားလမ်းမတွေပေါ်မှာ မတ်တတ်ရပ်နေဖို့ သင့်တော်တဲ့အချိန် မဟုတ်တော့ဘူး။ ပြီးတော့ သူက ကျနော့်ချစ်သူ။ ဆိုတော့ ကျနော်ဝိုက်ဘာပိတ်ပေးလိုက်တယ်။ သူ ကျနော့်ကို မကျေမနပ် ကြည့်တယ်။ ကျနော် သူ့ကို ရွံ့တွန့်တွန့် ပြန်ကြည့်လိုက်တယ်။ သူ့မျက်နှာမှာ အရိပ်တစ်ခုပြောင်းသွားတယ်။
“ဘုရားစာရွတ်ပေးရမလား”လို့ သူမေးတယ်။ သူ့အတွေးကို ခန့်မှန်းမိတာကြောင့် ကျနော့်စိတ်ထဲမှာလည်း အတော်ကြီးတုန်လှုပ်မိတယ်။ ကျနော်တို့ ကားနောက်ခုံမှာ ကျနော်တို့မမြင်ရတဲ့ သူတစ်ယောက်ယောက် ဒါမှမဟုတ် တစ်ယောက်ထက်ပိုတဲ့သူတွေများ ပါလာသလား။ ဒါမှမဟုတ် ကျနော်တို့နှစ်ယောက်ပဲ မမြင်ရတဲ့ သူတွေရှိနေတာလား။ ကားဟာ လေးလံလာသလို ခံစားရတယ်။ ကားနောက်ပိုင်းဟာ ကျနော်ဆွဲတဲ့နောက် မလိုက်တော့သလိုပဲ။ ခေါင်းထဲက ရုတ်တရက် ယားလာတယ်။ အိမ်မြှောင်တစ်ကောင် တရွေ့ရွေ့တက်လာနေသလို ကျောရိုးအလယ်ကနေ စပြီးခံစားလာရတယ်။ အဲဒီခံစားမှုဟာ ခေါင်းနောက်စေ့ထိ ရောက်လာတယ်။ ကျနော်လန့်ပြီး ခေါင်းကို အတင်းကုတ်ပစ် လိုက်တော့ အရေပြား နည်းနည်းလန်သွားပြီး ခေါင်းမှာ စပ်သွားတယ်။ ကျနော် မိုးပေါ်ထပ်ကြည့်လိုက်တယ်။ ဟိုမှာ လ။ အနီရောင် မှည့်ရွဲရွဲကြီး။ ဒါကြီးက ကျနော်တစ်ယောက်တည်း မြင်နေရတဲ့ဥစ္စာကြီးလား။ ကျနော့်ချစ်သူကတော့ ဘာအကြောင်းနဲ့မှ လိမ်ပြောမယ်မထင်ဘူး။ ကျနော်လည်း လိမ်နေတာမဟုတ်ဘူး။ လဟာ ကျနော့်ခေါင်းနဲ့ နီးလာလိုက်၊ ဝေးသွားလိုက်နဲ့။
ကျနော် လမ်းကို ကြည့်လိုက်၊ လကို ကြည့်လိုက်နဲ့ တစ်ယောက်တည်း ဗြောင်းသတ်နေတယ်။ (ကျနော်မြင်နေရတဲ့) မိုးပေါ်က လဟာ ယုံတမ်းဇာတ် လမ်းရုပ်ရှင်တချို့ထဲက အန်နီမေးရှင်းမပီပြင်တဲ့ တစ္ဆေတစ်ဦးရဲ့ မျက်လုံးနဲ့လည်း တူတယ်။ ဒီလိုတွေးမိတော့ ကျနော် ပိုကြောက်သွားတယ်။ ဒါပေမယ်လို့ ဘေးမှာ ကျနော့်ထက်အားနွဲ့တဲ့ မိန်းမသားတစ်ဦးရှိနေတယ်ဆိုတဲ့ အချက်ကို သတိရမိတာကြောင့် တုန်နေတဲ့ ကျနော့်လက်တွေကို သူရိပ်မိသွားမှာ သိပ်စိုးရိမ်နေရတယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းလေ၊ ပိုပိုပြီး စိတ်ထဲတုန်လာလေ ဖြစ်လာတယ်။ မိုးပေါ်ထပ်မော့ကြည့်လိုက်တယ်။ မိုးပေါ်က ကျနော် တစ်ယောက်တည်း မြင်နေရတဲ့ အဲဒီအကောင်ကြီးက ကျနော့်နားကို ရောက်လာတယ်။ ကျနော်ကြောက်လန့်ပြီး လမ်းပေါ်ကို အကြည့်ပြန်လွှဲလိုက်တယ်။ ကားရှေ့မှာ လူတစ်ယောက် ဖျတ်ခနဲ ပြေးထွက်သွားတယ်။ ကျနော် “အား” လို့ အော်မိသေးတယ်ထင်တယ်။ ဘရိတ်ကိုလည်း ဆောင့်အုပ်ပစ်လိုက်တယ်။ ကျနော့်ဘေးက အမျိုးသမီးက “ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ” လို့ အထိတ်တလန့်မေးတယ်။ ကျနော် လူကို တိုက်မိတယ်ထင်တယ်လို့ ပြန်ပြောတော့ ကားရှေ့မှန်ကို တစ်လှည့် ကျနော့်ကို တစ်လှည့် သူကြည့်တယ်။ သူ ကြည့်တာက ခဏလေးပဲ။ ဆတ်ခနဲ သူထိုင်ခုံခါးပတ်ဖြုတ်ပြီး တံခါးဖွင့်ဆင်း သွားတယ်။ ကျနော်လည်း လိုက်ဆင်းသွားချင်ပေမယ်လို့ ရင်ဘတ်နဲ့ ခြေထောက်တွေက တဆတ်ဆတ်တုန်နေတာနဲ့ ကျနော် မဆင်းလိုက်နိုင်ဘူး။ ပေမယ်လို့ ကျနော်ကြောက်နေတာကို ကျနော်ပြန်ကြားနေရတယ်။ သူဆင်းသွားတော့ ကျနော်တိုက်မိတဲ့ လူကို အခြေအနေသွားကြည့်တာ ဖြစ်မယ်လို့ ကျနော်ထင် လိုက်မိသေးသားပဲ။ ဒါပေမယ်လို့ သူက ဘာကိုမှမကြည့်ဘဲ ဆက်လျှောက် သွားတယ်။ ကျနော် ရုတ်တရက်ကြောင်သွားတယ်။ ကားထဲကလည်း မထွက်ရဲဘူး။ ခဏနေတော့ သူ ကျနော်နဲ့ နည်းနည်းဝေးဝေးကို ရောက်နေပြီ။ သူ ဘာလို့ ဒီလိုလုပ်သွားတာလဲဆိုတဲ့ အတွေးလည်း တွေးမိသေးတယ်ထင်တယ်။ ကျနော် ကားအပြင်ကို ရောက်သွားတယ်။ ကားရှေ့မှာ မှောက်လျက်လဲနေ မယ့်လူကို ကျနော်သွားကြည့်မိတယ် မရွံ့မရဲ။ ကျနော်တိုက်မိထားတဲ့ နေရာမှာ ဘယ်သူမှမရှိဘူး။ သွေးကွက်တွေ စွန်းပေနေတာလည်း မရှိဘူး။ ရုတ်တရက် ထပြေးသွားတာမျိုးလည်း မဖြစ်နိုင်ဘူး။ ဒါမှမဟုတ် ကျနော်တိုက်မိတာ လူ မဟုတ်ဘူးလား။ ဒါဆိုရင် ကျနော်တိုက်မိတဲ့နေရာမှာ မရှိတော့ဘဲ ကျနော့် ကားထိုင်ခုံတွေပေါ် ရောက်နေမလား။ ကျနော်ကားရပ်လိုက်တဲ့နေရာမှာ လမ်းမီးက ကျွမ်းနေတယ်။ အတော်ဝေးဝေးမှာမှ လမ်းမီးတိုင်တစ်တိုင် ရှိတယ်။ ကျနော့်ချစ်သူက အဲဒီလမ်းမီးတိုင်အောက်တောင် ရောက်သွားပြီ။ ကျနော် ကားထိုင်ခုံတွေပေါ်ကို အလျင်အမြန် ပြန်ကြည့်လိုက်မိတယ်။ ဘယ်သူမှ မရှိဘူး။ ဒါမှမဟုတ် ဘယ်သူရှိနေတာကိုမှ ကျနော်မတွေ့ဘူး။ ဒါမှမဟုတ် သူ(တို့) ရှိနေတာကို ကျနော် မမြင်ဘူး။ ဒါမှမဟုတ် သူ(တို့) ရှိနေတာကို ကျနော် မမြင်ရဘူး။ ကျနော်ရှိနေတာကို သူ(တို့) မမြင်ရတာမျိုးလည်း ဖြစ်နိုင်တာပဲ။ ကျနော်ပိုပိုကြောက်လာတယ်။ အပြင်ထွက်လိုက်တော့ ကားတွေက လမ်းပေါ်မှာ အတော်ခန်းနေပြီ။ လမ်းမမည်းမည်းကြီးပေါ်မှာ ဘာမှန်းမသိတဲ့ အခြေအနေနဲ့ ကျနော်ရယ်၊ ကားရယ်၊ ဘေးက အမှောင်တွေရယ်။ အဲဒီအမှောင်တွေထဲမှာ ခုနက တိုက်မိတဲ့သူလည်း ရှိချင်ရှိမှာပေါ့လေ။ ဒါပဲရှိတော့တယ်။ နည်းနည်းဝေးဝေးကို မျှော်ကြည့်လိုက်တော့ ကျနော့်ချစ်သူကို ခုနလမ်းမီးတိုင်အောက်မှာပဲ တွေ့ရသေးတယ်။ ကျနော်ကားထဲ အမြန်ဝင်ပြီး သူရှိရာကို အမြန်မောင်း လာခဲ့လိုက်တယ်။ ခုနတိုက်မိတဲ့နေရာကိုတော့ ကျနော် ရှောင်လာခဲ့ပါတယ်။
ကျနော့်ကားရောက်လာတော့ ကျနော့်ချစ်သူက မှုန်ကုပ်ကုပ်နဲ့ ကားထဲပြန် ဝင်ထိုင်တယ်။ “ကျမ စိတ်ကောက်မယ်မှန်းသိရင် ဘာလို့အစောကြီးကတည်းက မဟုတ်ကဟုတ်ကတွေ လျှောက်တွေးလျှောက်လုပ်နေတာလဲ” လို့ မေးတယ်။ နှုတ်ခမ်းကို ထော်ထားတယ်။ သူစိတ်ကောက်လို့ ကျနော်နောက်က လိုက်ချော့ဖို့ လိုက်လာတာ မဟုတ်ဘူးဆိုတာကို ကျနော် သူသိအောင် မပြောပြလိုက်ဘူး။ ဒါမှမဟုတ် ဘာမှန်းမသိတဲ့ အဲဒီလိုနေရာ စိုစိုမှောင်မှောင်ကြီးမှာ ကျနော် မနေချင်/ရဲလို့ သူ့နောက် ပြေးလိုက်လာတာဆိုတာကို ကျနော် သူသိအောင် မပြောပြလိုက်ဘူး။ ခုနက လူကို တိုက်မိသွားတာကို သူ မသိလိုက်ဘူးလား။ ဒါမှမဟုတ် ကျနော့်လိုပဲ ကျနော်တိုက်လိုက်မိတဲ့သူကို သူ မမြင်လိုက်ဘူးလား။ သူ ကျနော်ငိုင်နေတာကိုတွေ့တော့ ရေသောက်မလားလို့ မေးတယ်။ ကျနော် ခေါင်းညိတ်ပြလိုက်တော့ အသင့်ပါလာတဲ့ အရည်ပျော်လက်စ ရေခဲဘူးကိုဖောက်ပြီး ကျနော့်ကို တိုက်တယ်။ ကျနော် ရေသောက်လိုက်တော့ ရေအေးအေးတွေဟာ ကျနော့်လည်ချောင်းခြောက်ခြောက်ထဲကို စူးတူးတူး ရှတတနဲ့ ဖောက်ပြီး ဝင်သွားတယ်။ ဝမ်းထဲ ရောက်သွားတော့ နည်းနည်းတော့ စိတ်ငြိမ်သွားသလို ခံစားရသား။ ကျနော်ရေသောက်နေတာကို သူအသေအချာကြည့်နေပြီး ကျနော့်ရင်ဘတ် နှလုံးသားနေရာကို ဖိထားပေးတယ်။ ကျနော် ဘာမှမဖြစ်သလို နေနေပေမယ်လို့ ခုန်နေတဲ့ ရင်တဆတ်ဆတ်ကို သူစမ်းမိသွားတာကိုတော့ ကျနော် နည်းနည်းရှက်သွားမိတယ်။
ခဏနေတော့ သူမောင်းမယ်လို့ ကျနော့်ကို သူပြောတယ်။ ကျနော် ရပါတယ်လို့ ပြောလိုက်မိပေမယ်လို့ ပါးစပ်က အဲဒီစကားသံ ထွက်သွားသလား၊ မထွက်သွားဘူးလား ကျနော် မသေချာဘူး။ ကျနော်နဲ့ သူနေရာလဲလိုက်တယ်။ သူက ခါးပတ်သေချာပတ်ထားလို့ ပြောတယ်။ သူကားမောင်းတာကို ကျနော် အခုနဲ့မှ နှစ်ခါပဲမြင်ဖူးသေးတယ်။ သူဟာ ကားမောင်းလေ့ မရှိဘူး။ “ကျမ ကားမောင်းရမှာ ကြောက်တယ်ဆိုတာ ရှင်သိတယ်မဟုတ်လား” လို့ ကားမောင်းရင်း ကျနော့်ကို သူလှည့်မေးတယ်။ ကျနော် ခေါင်းညိတ်ပြလိုက်တယ်။ တစ်ဖက်ကလည်း မိုးပေါ်မော့မကြည့်ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် သတိပေးနေရသေးတယ်။ ဒါပေမယ်လို့ အဲဒီလလိုလို အကောင်နီနီပြုတ်ပြုတ်ကြီးက ကျနော့် မျက်လုံးထဲမှာ စွဲနေတုန်းပဲ။ ကျနော့်ချစ်သူဟာ တစ်မျိုးတော့ တစ်မျိုးပဲ။ သူက ကားမောင်းရမှာကို ကြောက်တယ်။ ဒါပေမယ်လို့ စပိဘုတ်မောင်းတဲ့ နေရာမှာတော့ အတော်ကျွမ်းကျင်တယ်။ အမြဲလိုလိုလည်း စပိဘုတ်မောင်းဖို့ကို စိတ်အားထက်သန်နေလေ့ ရှိတတ်တယ်။ ဒါပေမယ်လို့ သူလုံးဝ ရေမကူးတတ်ဘူး။ မတော်လို့ မောင်းလာတဲ့ စပိဘုတ် မတော်တဆတစ်ခုခုဖြစ်ပြီး သူရေထဲ ပြုတ်ကျသွားမယ်ဆိုရင် သူဘယ်လို ရုန်းကန်မလဲဆိုတာကို ကျနော် မသိဘူး။ ရေမကူးတတ်တဲ့ လူတစ်ယောက်အဖို့ ဒါဟာ အသက်အန္တရာယ်ကြီးပဲ။ ကားကမှ မတော်တဆဖြစ်ရင် ခြေထောက်နှစ်ချောင်း ရှိနေသေးတဲ့အတွက် လမ်းပေါ်ဆင်းပြေးမယ်ဆို ဆင်းပြေးလို့ရဦးမယ်။ သူ့စပိဘုတ်ကြီးကမှ…။ သူ ကျနော့်ကို စကားတွေတော့ ပြောတော့ ပြောနေတယ်။ ကျနော် မကြားဘူး။ ကျနော် မကြားဘူးဆိုတာကိုလည်း သူသိနေသားပဲ။ ဒါပေမယ်လို့ ဆက်ပြောနေတုန်းပဲ။ ကျနော် စိတ်သက်သာရာရအောင် သူပြောနေတာ (လို့ထင်ရ)ပေမယ်လို့ ကျနော် စိတ်မသက်သာဘူး။ ခုနက တိုက်မိတဲ့လူ၊ မိုးပေါ်က အနီဝါဝါကောင်ကြီး။
သူ ကျနော့်ကို အိမ်ထိ လိုက်ပို့ပေးမယ်။ ပြီးမှ သူအိမ်ပြန်တော့မယ် ကျနော့်ကားကို ယူသွားမယ်လို့ ပြောတယ်။ ကျနော် ခေါင်းညိတ်ပြလိုက်တယ်။ သူ့ကို ဒီလိုအချိန်မှာ ညကြီးအချိန်မတော် တစ်ယောက်တည်း အိမ်ပြန်လွှတ် လိုက်ရမှာထက် ကျနော် အသက်ရှူလို့ မရတော့မှာကို ပိုကြောက်လာတယ်။ အခြေအနေအရလည်း သူက ကျနော့်ထက်ပိုပြီး အခြေအနေကောင်းနေပုံပဲ။ ကျနော် သူ့ကို ပုံအပ်လိုက်တယ်။ စိတ်ချလိုက်တယ်။ ထိုင်ခုံကို နောက်လှန်လိုက်ပြီး ကျနော်နည်းနည်းမှေးဖို့ ကြိုးစားတယ်။ မမှေးနိုင်ပါဘူး။ ပိတ်ထားတဲ့ မျက်ခွံတွေအောက်က ကျနော့်မျက်လုံးတွေ ပွင့်နေတာကို ကျနော်သတိ ထားမိနေတယ်။ အဲဒီပွင့်နေတဲ့ မျက်လုံးတွေဟာ မိုးပေါ်က လကို ကြည့်နေကြတယ်။ ကြည့်ဖို့ အားထုတ်နေကြတယ်။ ကျနော် ဒါကို ခွင့်မပြုနိုင်ဘူး။ ဒါကြီးကို ကျနော်တစ်ယောက်တည်း မြင်နေရတာကိုလည်း မနှစ်မြို့ဘူး။ ကြောက်တယ်။
ကျနော် ခဏအိပ်ပျော်သွားသလားပဲ။ ကျနော့်အိမ်နားကို ရောက်လာတာ ကျနော်မသိလိုက်ဘူး။ အိမ်က မြို့မစွန့်တစွန်က အိမ်ရာသစ်တစ်ခုပါ။ ကျနော်တို့ဝင်းထဲမှာ ဆောက်လက်စတိုက်တွေလည်း ရှိနေသေးတယ်။ နေတဲ့ လူတွေကလည်း နေနေကြပြီ။ အိမ်ရာဝင်းထဲကို သူလိုက်ပို့တော့ ရုတ်တရက် သူ ဝမ်းသာသွားတဲ့ပုံနဲ့ အသံတစ်သံရေရွတ်တယ်။ ကျနော် ဆတ်ခနဲလန့်သွားပြီး သူ့ကို ကြည့်လိုက်တော့ သူမိုးပေါ်ကို လက်ညှိုးထိုးပြတယ်။
“ဟိုမှာ...” လို့ သူပြောတယ်။ သူလက်ညှိုးပြရာမှာ ကျနော်မြင်ထားတဲ့ လကြီး။ “မင်းမြင်သွားပြီလား”လို့ မေးတော့ “ဟုတ်တယ်။ ကျမ ခုမှမြင်တာ။ ခုမှ မြင်ကွင်းရှင်းတယ်လေ။ ဟုတ်ပ။ ရှင်ပြောတဲ့အတိုင်းပဲ။ အနီနှစ် ရဲရဲပျစ်ပျစ်ကြီး။ ရွံစရာကြီး” လို့သူပြောတယ်။
ကျနော်ကျေနပ်သွားတယ်။ အနည်းဆုံးတော့ ကျနော်စိတ်ထင်နေတာ မဟုတ်ဘူးဆိုတာကို သူသိသွားပြီ။ ကားက ကျနော့်တိုက်ခန်းအောက်မှာ ရပ်လိုက်တယ်။ ကျနော်တို့ နှစ်ယောက်လုံး ကားထဲက ထွက်လိုက်တယ်။ သူ ကျနော့်ကို တွဲထားတယ်။ အခန်းထိ ကျနော့်ကို လိုက်ပို့ပေးမယ်လို့ ပြောတယ်။ ကျနော် ရပါတယ်လို့ ပြန်ပြောလိုက်တယ်။
“ရှင့်ကို အထင်လွဲမိလို့ ရှင်စိတ်ညစ်သွားရတာ တောင်းပန်ပါတယ်” သူပြောတယ်။ ရပါတယ်။ ကျနော်မြင်သလို သူမြင်ရတယ်ဆိုရင် ပြီးပြီပဲ။ ကျနော့်ကိုယ်ကျနော် ကျေနပ်သွားတယ်။ ရပါတယ်လို့ ကျနော် သူ့ကို ပြောလိုက်တယ်။ သူပြန်တော့မယ်လို့ ကျနော့်ကို နှုတ်ဆက်တယ်။ အပေါ်တက် တော့လေလို့လည်း ထပ်ပြောတယ်။ ကျနော် သူ့ကို လက်ပြလိုက်တယ်။ ခေါင်းလည်း ညိတ်ပြလိုက်တယ်။ သူကားကို ဝူးခနဲ မောင်းထွက်သွားတယ်။ “မိုးပေါ် မော့မကြည့်နဲ့တော့နော်” လို့ ကျနော် လှမ်းအော်လိုက်တာကို သူကြားသလိုလို လက်ပြန်ပြသွားတယ်။ ကျနော်တိုက်ခန်းပေါ် ပြန်တက်ဖို့ သံပန်းတံခါးကို ဖွင့်လိုက်တယ်။ ဖွင့်လိုက်ပြီးမှ မဝင်ဖြစ်သေးဘဲ မိုးပေါ်မော့ကြည့်ဖို့ တွေးလိုက်မိသေး။ ကျနော်တစ်ယောက်တည်း ရှိတော့တယ်ဆိုတဲ့ ခံစားချက်က ရုတ်တရက် ခေါင်းထဲဝင်လာတော့ ကျနော်သံပန်းနောက်ထဲ ချက်ချင်းပဲ ခုန်ဝင်ပစ်လိုက်တယ်။ သူကတော့ ထွက်သွားပါပြီ။ သူလည်း တစ်ယောက်တည်း ပြန်သွားရတာပဲဆိုတော့ ကျနော့်လိုပဲ ကြောက်နေဦးမလား။ ခုနက ကျနော် တိုက်မိထားတဲ့သူ သူ့နောက်ထိုင်ခုံမှာ ဝင်ထိုင်နေမှာကိုတော့ စိုးရိမ်မိသား။ ကိစ္စတော့ သိပ်မရှိသလိုပါပဲ။ သူက ရေမကူးတတ်ပေမယ်လို့ လိုအပ်ရင် ပြေးဖို့ လွှားဖို့ ခြေထောက်နှစ်ချောင်းတော့ ရှိနေသေးတယ်လေ။
8.11.16 (Thursday)
(3:05 PM)
ပင်စင်နာ
ဒီဘူတာရုံက အင်္ဂလိပ်တွေ လက်ထက်ကတည်းက ရှိခဲ့တာလို့ ပြောကြတယ်။ ဖြစ်လည်း ဖြစ်နိုင်ပါတယ်။ ဒီနိုင်ငံက ဘူတာရုံနဲ့ မီးရထားလမ်း အများစုက အင်္ဂလိပ်တွေ ဝင်သိမ်းပိုက်ခဲ့ချိန်ကျမှ စပြီးတည်ဆောက်ခဲ့ကြတာလို့ ဆိုကြတယ်။ မီးရထားလမ်းအများစုကတော့ ဘုတွေ ဂလုတွေနဲ့ ပျက်စီးယိုယွင်းနေပါပြီ။ ဒါလေးကိုပဲ ပျက်နေတာလေးတွေ ဖာလိုက်၊ သိပ်မလိုသေးတဲ့ နေရာလေးတွေကို ဒီတိုင်းထားလို့ရရင် ထားလိုက်နဲ့ နိုင်ငံတဝှမ်းက မြို့တွေကို ဒီ မီးရထားလမ်းတွေကပဲ ပို့ဆောင်ပေးနေတယ်။ ဒီဘူတာရုံက ဒီနိုင်ငံက တခြားဘူတာရုံတွေလို သူလိုကိုယ်လိုပါပဲ။ ဘာမှ ထူးထူးခြားခြားမရှိဘူး။ ထူးတာဆိုလို့ ဒီဘူတာကို ပါဠိစကားနဲ့ နာမည်မှည့်ထားတာပဲ ရှိတယ်။ တန်တော့ ဒီဘူတာကို နာမည်ပေးခဲ့တဲ့ အင်္ဂလိပ်ကြီးက ပါဠိတွေဘာတွေ ထူးချွန်သူ ဒါမှမဟုတ် စိတ်ဝင်စားသူထင်ပါရဲ့။ ဘူတာရုံက နည်းနည်းမြင့်တဲ့ တောင်ကုန်းကမူလေးပေါ်မှာ ရှိတယ်။ ရထားလက်မှတ် လိုချင်တဲ့လူတွေက အဲဒီတောင်ကုန်းလေးကို တက်ရတယ်။ တောင်ကုန်းလေးမှာ လှေကားတွေ ဘာတွေမရှိဘူး။ တောင်ကုန်း သေးသေးဆိုပေမယ်လို့ နည်းနည်းလေးမတ်စောက်တော့ စက်ဘီးတွေ ဆိုင်ကယ်တွေ သိပ်မတက်လိုဘူး။ တောင်ကုန်းတစ်လျှောက်လုံးမှာ အပင်ကြီးကြီးတစ်ပင် နှစ်ပင်ပဲရှိတယ်။ အလေ့ကျပေါက်တဲ့ ဆင်ငိုမြက်ဖုတ်တွေ၊ မြက်ရိုင်းပင်ရှည်တွေလို အလေ့ကျပေါက်တဲ့ ပင်ပုတွေ နည်းနည်းရှိတယ်။ လူလျှောက်တာများလို့ အပင်တွေ မပေါက်တော့ဘဲ လူသွားလမ်းလေးလိုဖြစ်နေတဲ့ တစ်ဖက် တစ်ချက်မှာပေါ့။
ငါးမိနစ်ကျော်ကျော်လောက် လမ်းလျှောက်ပြီးရင်တော့ တောင်ကုန်းထိပ် ဘူတာရုံလေးကို ရောက်တယ်။ တောင်ကုန်းထိပ်မှာတော့ သာယာတယ်။ တောင်ကုန်းတစ်လျှောက် နေပူပူ မောမောပန်းပန်းနဲ့ တက်လာသမျှတောင် ကုန်းထိပ်ရောက်ရင် သစ်ရိပ်ပင်ရိပ်တွေကြောင့် အေးချမ်းသွားတာပဲ။ ဘူတာရုံနဲ့တစ်ဝိုက်မှာ ကုက္ကိုရ်ပင်တွေ လေးငါးပင်ရှိတယ်။ ပျဉ်းမပင်အိုကြီးတွေလို၊ ကျွန်းပင်လိုမျိုး နှစ်ရှည်အရိပ်ရ အပင်ကြီးတွေ ရှိတယ်။ အရမ်းများများစားစား ပေါက်နေတာတော့ မဟုတ်ဘူး။ နှစ်တွေ အရမ်းကြာနေပြီဆိုတော့ အပင်ကြီးတွေက စိမ်းညို့မှိုင်းပြီး တစ်ပင်နဲ့တစ်ပင် အကိုင်းအလက်တွေက မိုးအုပ်ချိတ် ဆက်နေကြတယ်။ ဘူတာရုံဆိုင်းဘုတ်လေးကို ကျွန်းပြားခပ်ထူထူနဲ့ ရိုက်ထားပြီး ထုံးသုတ်ထားတယ်။ ဘူတာရုံနံမည်ကို စာလုံးအမည်းနဲ့ ခပ်ကြီးကြီး နှိပ်ခတ်ထားတယ်။ ဆိုင်းဘုတ်ပြားလေးကို ဘူတာရုံစင်္ကြံ အလယ်တည့်တည့်မှာ အခြေချထားတယ်။ ဆိုင်းဘုတ်ပြားထားထားတဲ့စင်္ကြံနဲ့ မျက်နှာချင်းဆိုင်စင်္ကြံမှာ ရထားစောင့်တဲ့လူတွေ ထိုင်ဖို့ ပြုဖို့ ဇရပ်သာသာ အဆောက်အအုံလေးတစ်ခုရှိတယ်။ အုတ်ကြွပ်မိုးပြီး စဉ့်အုတ်တွေနဲ့ စီထားတဲ့ အဲဒီအဆောက်အအုံလေးမှာ ဘေးအကာတွေ မပါဘူး။ မိုးရွာတဲ့ အချိန်ဆိုရင်တော့ မိုးတအား ပက်တယ်။ ဒါပေမယ်လို့ ဒီနိုင်ငံက မိုးသိပ်မရွာတဲ့ နိုင်ငံဆိုတော့ ခုထားထားတဲ့ အဆောက်အအုံလေးနဲ့ ကွက်တိအဆင်ပြေတယ်။ အဆောက်အအုံလေးလို့ ပြောတာက နည်းနည်းကြီးကျယ်တဲ့ အသုံးအနှုန်းဖြစ်နေမယ်ထင်တယ်။ ဒီတော့ အပေါ်ဆုံးက ပြောခဲ့သလို ဇရပ်လေးလို့ပဲ ပြောကြစို့ရဲ့။
ဇရပ်လေးကို ဘယ်တုန်းကတည်းက ဆောက်ခဲ့တာလဲဆိုတာကိုတော့ ဘယ်သူမှမသိကြတော့ဘူး။ ဇရပ်ကိုအောက်ဘက် လေးဖက်လေးတန်ကို ငါးပတ်လည် ကျွန်းတိုင်တွေနဲ့ ထောက်ကန်ထားတယ်။ ကျွန်းတိုင်တွေကို နှစ်ရှည် ပိုခံအောင် ရေနံတွေ ခဏခဏသုတ်ကြတယ်။ ရေနံအသုတ်များလာတော့ ကျွန်းတိုင်တွေဟာ ရေနံဝပြီး ပြောင်ချောနေကြတယ်။ အုတ်ကြွပ်မိုး အညိုရောင်တွေပေါ်မှာ ရေညှိဖတ်ခြောက်ခြောက်တွေ အများကြီးကပ်နေတယ်။ တံစက်မြိတ်တွေမှာ ဖုန်တွေထုတက်လိုက်၊ မိုးရာသီဆို မိုးတွေရွာလိုက်နဲ့ ကြာတော့ ရွှံ့ခြောက်တွေ ကပ်သလိုမျိုး ကပ်နေကြတယ်။ ဇရပ်ထဲမှာ ခြေထောက်နဲ့ မြေကြီးထိအောင် ခြေထောက်ချပြီး ထိုင်လို့ရတဲ့အမြင့်လောက်ရှိတဲ့ သစ်သားနောက်မှီ ထိုင်ခုံတန်းလျားရှည်နှစ်ခု ရိုက်ထားတယ်။ သစ်သားခုံတွေကို ပျဉ်းကတိုးသားတွေနဲ့ ရိုက်ထားပြီး သင်္ဘောဆေးအဖြူသုတ်ထားတယ်။ သဘော်ဆေးတွေဟာ တချို့နေရာတွေမှာ ကွာနေပြီ။ ဆေးရှိသေးတဲ့ နေရာတွေမှာတော့ အဖြူရောင်ဆေးဟာ အရောင်ပြယ်တဲ့နေရာက ပြယ်၊ ဆင်စွယ်ရောင်လို အဝါရောင်လို ဝါညစ်ညစ်သမ်းတဲ့နေရာက သမ်းနဲ့ဖြစ်ကုန်ပြီ။ အဲဒီသစ်သားခုံရှည်တွေပေါ်မှာ ရထားလာစောင့်တဲ့လူတွေ၊ လက်ပွေ့သတင်းစာရောင်းတဲ့ လူတွေနဲ့ မုန့်သည်တစ်ယောက်စ နှစ်ယောက်စ အမြဲရှိတတ်တယ်။ ပိုင်ရှင်မဲ့ ခွေးကလေးတွေလည်း အဲဒီမှာ ရှိတယ်။ ပိုင်ရှင်မဲ့ ဆိုပေမယ်လို့ အဲဒီက ခွေးတွေက လူနဲ့မစိမ်းတော့ မရိုင်းကြဘူး။ တစ်ခါတလေဆို ရထားစောင့်တဲ့ လူတွေနဲ့ ခွေးတွေ အဲဒီသစ်သားခုံတွေပေါ်မှာ အတူထိုင်ကြတယ်။ လူတွေက မုန့်ကျွေးရင်လည်း စားကြတယ်။ မကျွေးရင်လည်း တအီအီမတောင်းကြဘဲ သူတို့ဘာသာ နေတတ်ကြတယ်။
ပြီးတော့ အဲဒီဇရပ်ထဲမှာ အင်္ဂတေ အုတ်ခုံရှည်ရှည်တစ်ခုလည်း ရှိသေးတယ်။ အင်္ဂတေခုံကို အချောကိုင်ထားတော့ ခုံဟာအေးပြီး ချောမွတ်နေတယ်။ အင်္ဂတေခုံရဲ့ အစွန်ဘက်တွေနဲ့ တချို့နေရာတွေမှာ အင်္ဂတေအက်ကွဲနေတာတွေ၊ ပဲ့နေတာတွေ ရှိတယ်။ သစ်သားခုံတွေမှာ လူအထိုင်များပေမယ်လို့ အင်္ဂတေခုံပေါ်မှာတော့ လူသိပ်မထိုင်တာ ဘာကြောင့်လဲ သေချာမသိဘူး။ များသောအားဖြင့်တော့ ပိုင်ရှင်မဲ့ခွေးတွေ အိပ်နေတာပဲ တွေ့ရတတ်တယ်။ ဇရပ်နဲ့ ခြေလှမ်းဆယ်လှမ်း အကွာလောက်မှာဆို ရထားလက်မှတ်ရောင်းတဲ့ လက်မှတ်ရုံရှိတယ်။ လက်မှတ်ရုံမှာ ရထားစာရင်းတွေ ကပ်ထားတယ်။ ပြီးတော့ မြို့ပတ်ရထားသွားတဲ့ လမ်းကြောင်းတွေကို မြေပုံနဲ့ ပြထားတယ်။ ဆယ်လက်မသာသာ စတုရန်းပုံ ဆန်ခါကွက်ခပ်ကျဲကျဲရဲ့ အနောက်ဘက်မှာ ရုံပိုင်ကို အမြဲတွေ့ရတယ်။ အဲဒီရုံပိုင်ကြီးကပဲ လက်မှတ်တွေရောင်းတယ်။ နက်ပြာရောင် ယူနီဖောင်းကို တစ်ပတ်တစ်ခါဝတ်တယ်။ ကျန်တဲ့ နေ့တွေမှာတော့ ရိုးရိုးအိမ်နေရင်း အဝတ်အစားနဲ့ပဲ တွေ့ရတတ်တယ်။
ရထားလက်မှတ် ရောင်းရတော့မယ့် အချိန်တွေဆို ရုံပိုင်ကြီးက မျက်နှာတင်းထားတတ်တယ်။ ဆန်ခါပေါက်ထဲကနေ သူ့ကို ပိုက်ဆံကမ်းပေးလိုက်၊ ဘယ်သွားမယ်ဆိုတာပြောလိုက်၊ သူက အထဲကနေ လက်မှတ်ဆုတ်ပေးတယ်။ ရထားချိန်သိပြီး စီးနေကျ လူဆိုရင်တော့ ပြဿနာမရှိဘူး။ ရထားချိန် မသိတာတို့၊ ဘယ်ဘက်ခြမ်းကနေ စီးရမှန်း မသိတာတို့၊ ဘယ်ဘူတာ ဆင်းရမှန်း မသိတာတို့ဆို သူ့ကိုမေးရင် သူက တော်ရုံနဲ့ ပြန်မဖြေတတ်ဘူး။ လက်မှတ်ဆုတ်တော့မယ့်ဟန်နဲ့ လက်မှတ်စာအုပ်ကို ကိုင်ထားရင်း ဆန်ခါကွက်အပြင်ကနေ မေးတဲ့လူကို သူ့မျက်မှန်အဝိုင်းကြီးကြီး အပေါ်ကနေ မော့ပြီး ပြန်ကြည့်တတ်တယ်။ မလိုအပ်ဘဲ သုံးစက္ကန့်လောက် စိုက်ကြည့်ပြီးမှ အပြင်ကလူ မေးတာကို မျက်နှာတည်တည်နဲ့ ပြန်ဖြေတတ်တယ်။ အပြင်ကလူက ကျေးဇူးတင်ပါတယ် ပြောတယ်ဆိုပါတော့။ သူက ခပ်တည်တည်ပဲ ပြန်စိုက်ကြည့်နေပြီး ခဏနေမှ ခေါင်းပြန်ငုံ့ပြီး အလုပ်ပြန်လုပ်လေ့ ရှိတယ်။ သူ့အမူအရာကို သဘောမကျတဲ့ လူတွေကတော့ သူ့ကို သွားမမေးတော့ဘဲ ခရီးသည်အချင်းချင်းပဲ အမေးအမြန်းလုပ်ပြီး လက်မှတ်ပဲ သွားဝယ်ကြတယ်။ သူ့လည်း မမေးချင်၊ ခရီးသည်ချင်းလည်း မမေးချင်တဲ့ လူတွေအတွက်ကျတော့ ရထားချိန်နဲ့ ဘူတာရုံနာမည်တွေကို အပြည့်အစုံနီးပါး ရေးထားတဲ့ အေဖိုးဆိုက် စာရွက်တစ်ရွက် သူ့ဆီက ဝယ်ရတယ်။ အဲဒီစာရွက်တွေကို သူက တစ်ရွက် တစ်ရာနဲ့ ရောင်းတယ်။
ရထားက ပုံမှန်အားဖြင့် နာရီဝက်ခြား တစ်ခါလာတတ်တယ်။ ပုံမှန်အားဖြင့်လည်း ရထားပျောက်တတ်တယ်။ ဒီတော့ နောက်ထပ်နာရီဝက်ထပ်ခြား။ တစ်ခါတလေကျတော့လည်း ရထားနှစ်စီး ရှေ့ဆင့်နောက်ဆင့် ကပ်လာတတ်တယ်။ နာရီဝက်တစ်ခါ ဆိုပေမယ်လို့ ပုံမှန်အတိအကျကြီး မရှိလှတော့ ရထားချိန်ကို အတိအကျသိပ်မှန်းဆလို့ မရကြဘူး။ နေ့လယ်နေ့ခင်းမျိုးဆိုရင်တော့ ရထားစီးတဲ့လူ သိပ်မရှိလှဘူး။ ရထားတစ်စီးနဲ့တစ်စီး မလာသေးတဲ့အချိန်မှာ ရုံပိုင်ကြီးက ရုံထဲကနေထွက်ပြီး ခြေဆန့်ခါးဆန့် လုပ်တတ်တယ်။ တစ်ခါတလေ သူ့လက်ထဲမှာ စတီးရောင်သုတ်ထားတဲ့ ဒန်ခွက်နဲ့ ရေနွေးကြမ်း တစ်ခွက်ပါ ပါလာတတ်တယ်။ ငါးမိနစ်လောက် ဇရပ်လေးရှေ့မှာ လမ်းလျှောက်ပြီးပြီဆိုရင်တော့ သူ့ရုံထဲသူ ပြန်ဝင်သွားတတ်တယ်။ ညဘက် ခုနစ်နာရီဆို နောက်ဆုံးရထားဖြတ်တယ်။ ရုံပိုင်ကြီးက ဒီမှာ အလုပ်လုပ်နေတာ ကြာပြီ။ ဒါပေမယ်လို့ သူ ဘယ်မှာနေတယ်၊ ဘယ်အချိန် အလုပ်တက်ပြီး ဘယ်အချိန် အလုပ်ဆင်းတယ် ဆိုတာကိုတော့ ဘယ်သူမှမသိကြဘူး။ ဒါမှမဟုတ် ဘယ်သူမှ စိတ်မဝင်စားကြဘူး။
ဒီနိုင်ငံမှာ ဆယ်စုနှစ်တွေ အများကြီးချီပြီး အရိုးစွဲလာတဲ့ ပေါက်ပန်းဆေး အလေ့အထတစ်ခုအရ ယူနီဖောင်းဝတ်ပြီး ရုံးတက်ရတဲ့ အစိုးရဝန်ထမ်းအများစုဟာ အမြဲမျက်နှာထားကို တင်းထားတတ်ကြတယ်။ အပေါက်လည်း ဆိုးကြတယ်။ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတတ်ကြပြီး ဘာမှန်းခန့်မှန်းလို့မရတဲ့ မာနတစ်ခုကို သူတို့မျက်နှာမှာ အမြဲတွေ့ကြရတယ်။ ဒီတော့ ဒီနိုင်ငံက ပြည်သူတွေဟာ ရာထူးရာခံကြီးတဲ့ အရာရှိ အရာခံ အစိုးရဝန်ထမ်းတွေကစလို့ ဘုရားမှာ အပေါက်စောင့်တဲ့ ယူနီဖောင်းဝတ်ဝန်ထမ်းတွေအထိ ကြောက်ရွံ့ပိပြားစွာ ဆက်ဆံကြရတယ်။ ဘတ်စကားမှာ ပိုက်ဆံလိုက်ကောက်တဲ့ ယာဉ်နောက်လိုက်ကိုတောင် ပြန်မပြောရဲကြတဲ့လူတွေ အများစုနေထိုင်ကြတဲ့ နိုင်ငံဆိုတော့လည်း ယူနီဖောင်းဝတ်ထားရင် လန့်တတ်တာ သဘာဝလို့ပဲ ဆိုကြပါစို့။
ရထားဟာ တောင်ကုန်းပေါ်ကို စတက်လာပြီဆိုရင် တောင်ကုန်းပေါ်မှာ တပ်ထားတဲ့ အချက်ပေးခေါင်းလောင်းသံဖြစ်တဲ့ ဂလောင် ဂလောင်ဆိုတဲ့ အသံကို အကျယ်ကြီး ကြားကြရတယ်။ အဲဒီက အချက်ပေးခေါင်းလောင်း သံမြည်တာနဲ့ တစ်ပြိုင်တည်းနီးပါးလောက် တောင်ကုန်းအောက်က ကားလမ်းဖြတ်တဲ့ နေရာနားမှာရှိတဲ့ အချက်ပေးခေါင်းလောင်းသံကလည်း ဂလောင် ဂလောင်နဲ့ မြည်လာပြီး မီးအနီနှစ်လုံးက တစ်လှည့်စီ လင်းလာတတ်တယ်။ ဒီလို အချိန်ဆို ရထားလမ်းရဲ့ ဘေးဘက်မှာရှိတဲ့ ခုနစ်ပေပတ်လည်သာသာ ရုံကလေးထဲကနေ အရပ်ခပ်ပုပုနဲ့ လူတစ်ယောက် ထွက်လာပြီး ရထားလမ်းကို လာလာပိတ်တတ်တယ်။ သူရထားလမ်း ပိတ်လိုက်ပြီဆိုရင် ကားတွေက ရထားလမ်းရဲ့ တစ်ဖက်တစ်ချက်မှာ တန်းစီပြီး ရထားအဖြတ်ကို ရပ်စောင့်ကြရတယ်။ ရထားလမ်းပိတ်ထားပေမယ်လို့ ရထားမဖြတ်သေးဘူးဆိုရင်တော့ ရထားလမ်း ပေါ်ကနေ လူတွေ၊ စက်ဘီး၊ ဆိုင်ကယ်တွေ ဖြတ်တတ်ကြတယ်။ ရထားဖြတ်သွားပြီဆိုရင်တော့ အဲဒီအရပ်ပုပုလူက ရထားလမ်းကို ပြန်ဖွင့်ပေးတယ်။ အဲဒီ အခါကျမှ ကားတွေ ပြန်ထွက်ကြရတယ်။ တစ်ခါတလေဆိုရင် ရထားဖြတ်လို့ မပြီးခင်မှာပဲ ရထားလမ်းကို ပြန်ဖွင့်တတ်တယ်။
အဲဒီရထားလမ်းပိတ်တဲ့ လူဟာလည်း အစိုးရဝန်ထမ်းလို့ ယူဆနိုင်စရာ ရှိတယ်။ သူနဲ့ ဒီဘူတာရုံနားက လူအတော်များများက စကားမပြောဖူးကြဘူး။ သူကလည်း ဘယ်သူ့ကိုမှ စကားသိပ်မပြောဘူး။ အရယ်အပြုံးကင်းတဲ့ သူ့မျက်နှာမှာ မီးသွေးတွေ အိုးမဲတွေ အမြဲပေတူးနေတတ်တယ်။ အရပ်ပုပြတ်ပြတ် ပိန်ပိန်ပါးပါးနဲ့ အဲဒီလူဟာ အမြဲတစေ နက်ပြာရောင်ဝတ်စုံကို ဝတ်တတ်တယ်။ သူ့အသက်ကို ဘယ်သူကမှ အတိအကျမသိကြဘူး။ တော်တော်များများကတော့ ခြောက်ဆယ်ကျော်ပြီလို့ ပြောကြတယ်။ ပြောင်နေတဲ့၊ ဘယ်တော့မှ မဖြီးမသင် ဆီမလိမ်းမကျံဘဲထားတဲ့ နီကြောင်ကြောင် စုတ်ဖွားဖွား ဆံပင်နည်းနည်းရှိတယ်။ သူ့ရဲ့နက်ပြာရောင် ဝတ်စုံအပေါ်ကနေ လမ်းလုပ်သားတွေ ဝတ်လေ့ရှိတဲ့ လိမ္မော်ရောင် လက်ပြတ် ရင်ကွဲအင်္ကျီကို အမြဲဝတ်ထားတတ်တယ်။ အဲဒီအင်္ကျီပေါ်မှာ ညဘက် မြင်ရအောင် ရောင်ပြန်တွေပါတယ်။ နေ့ဘက်ဆို အဲဒီရောင်ပြန်တွေကို နေထိုးရင် သူ့အင်္ကျီဟာ တလက်လက်နဲ့ တစ်မျိုးကြည့်ကောင်းတယ်။
သူ့ရဲ့ ယူနီဖောင်းဟာ တစ်စုံတည်းရှိတယ်လို့ ထင်ရတယ်။ သူချမ်းသာသမျှ အဝတ်အစားကလည်း ဒီတစ်စုံတည်းပဲလို့ ထင်ရတယ်။ ယူနီဖောင်းအင်္ကျီက ကြယ်သီးတွေ ပြုတ်နေတဲ့ နေရာတွေကို ငွေရောင်တွယ်ချိတ် ခပ်ကြီးကြီးနဲ့ နှစ်ခု သုံးခုလောက် တွယ်ထားတယ်။ နက်ပြာရောင်ဝတ်စုံဟာ ဟောင်းနေပြီ ဆိုတာထက် တော်တော်ဆိုးဆိုး ပြဲရနေပြီ။ နက်ပြာရောင်အင်္ကျီရဲ့ ချိုင်းအောက်က ချုပ်ရိုးတွေဟာ ပြဲထွက်နေကြတယ်။ ကော်လံမှာ ရရာအဝတ်စတွေနဲ့ ဖာပြီး စပ်ပြီး ခဏခဏချုပ်ချုပ်ထားတော့ ကော်လံဟာ နက်ပြာရောင် သိပ်မရှိတော့ဘဲ ရောင်စုံမိန်းမစည်း ပုဝါတစ်ထည် စည်းထားသလို ဖြစ်နေတယ်။ အမြဲ အိပ်ရေးမဝသလို လေးလေးကန်ကန် လှုပ်ရှားတတ်တဲ့ အဲဒီလူဟာ ရေတောင်ချိုးရဲ့လားလို့ ထင်ရလောက်အောင် ညစ်နွမ်းနံဟောင်နေတတ်တယ်။ အင်္ကျီကို ဘောင်းဘီထဲ မထည့်ဘဲ အပြင်ကို ကပိုကရို ထုတ်ထားတတ်တဲ့ အဲဒီလူရဲ့ ဘောင်းဘီဟာ တခြားယူနီဖောင်း ဘောင်းဘီတွေလို နှစ်ဖက်တစ်ညီတည်း မဟုတ်ဘူး။ ခြေတစ်ဖက်နိမ့်နေတာကြောင့် သူ့ရဲ့အနားတွေ ဖွာပြီး ခွမှာ အဖာရာတွေနဲ့ ဘောင်းဘီခြေနှစ်ဖက်ဟာ အတိုအရှည်မညီကြဘူး။ ဒီတော့ သူဘောင်းဘီဝတ်တိုင်း သားရေကြိုးဟာ အမြဲခါးမှာ နည်းနည်းစောင်းနေတတ်တယ်။
အဲဒီခုနစ်ပေပတ်လည် ရုံက တကယ်တော့ ရထားလမ်းပိတ်ဖို့ တာဝန်ကျတဲ့ ဝန်ထမ်းစောင့်ဖို့ အစိုးရက ဆောက်ပေးထားတဲ့ရုံ။ ဒါပေမယ်လို့ အဲဒီ ရုံလေးထဲမှာ သူနေတယ်။ သူတင်မဟုတ်ဘူး။ သူ့မိန်းမလည်းနေတယ်။ ခွေးတစ်ကောင် ကြောင်တစ်ကောင်လည်း နေတယ်။ ရုံလေးရဲ့ အနောက်ဘက်ကို ဘာအရောင်မှန်း မသိတော့တဲ့ တာလပတ်စအဟောင်းကြီးတွေနဲ့ ချိတ်ဆက်ပြီး အဖီလေးတစ်ခု ဆွဲထားတယ်။ အဲဒီအဖီရုံလေးထဲမှာတော့ သူ့သမီးရယ်၊ သူ့သမီးရဲ့ ယောက်ျားရယ်၊ မွေးကင်းစ ကလေးလေးတစ်ယောက်ရယ် နေတယ်။ အဲဒီရထားလမ်းစောင့်ရုံဟာ ဘာအရောင်မှန်းတောင် မသိတတ်တော့ဘူး။ အဲဒီရုံရဲ့ ဘေးပတ်ဝန်းကျင်နေရာတွေမှာ ပလတ်စတစ်အိတ်ခွံပုံတွေ၊ ဒန်အိုး ဒန်ခွက် အဟောင်းအမြင်းတွေ၊ သတင်းစာစက္ကူထုပ်တွေ၊ မီးသွေးအိတ်တွေ၊ ပီနံအိတ်အစုတ်တွေနဲ့ ပွပလဲနေတတ်တယ်။ ရထားလမ်းပိတ်တဲ့ သံလက်တန်းမှာ ပလတ်စတစ်ကြိုးတစ်ကြိုးကို အရှင်ချည်ထားတယ်။ ရထားမလာတော့တဲ့ ညအချိန်တွေဆိုရင် အဲဒီကြိုးတန်းမှာ အင်္ကျီတွေ ထုတ်လှန်းတတ်ကြတယ်။ အဲဒီမိသားစုမှာ သူတစ်ယောက်တည်း နံဟောင်ပေတူး ဟောင်းမြင်းနေတာ မဟုတ်ဘူး။ သူ့မိန်းမရော၊ သူ့သမီးမိသားစုရော အဲဒီ အတိုင်းပဲ။ ရေချိုးဖို့အသာထားလို့ မျက်နှာတောင် မသစ်ဘူးလို့တောင် ထင်ရရဲ့။ သူတို့မျက်နှာတွေဟာ အိုးမဲတွေ အမြဲပေတူးနေတတ်တယ်။
တကယ်တော့ သူတို့တစ်အိမ်သားလုံးမှာ အလုပ်ကိုယ်စီရှိတယ်။ သူက ရထားလမ်းစောင့်တယ်။ နာရီဝက်တစ်ခါ ရထားလမ်းထပိတ် ထဖွင့်လုပ်ပေးရတယ်။ ရထားလာရင် အလံအစိမ်းလေး ရှေ့ပြရတယ်။ သူ့အလံအစိမ်းဟာလည်း သူ့ယူနီဖောင်းလိုပဲ အရောင်မွဲပြီး အနားတွေ ဖွာမည်းတူးနေတယ်။ သူ့ဇနီးကတော့ မီးသွေးတုံးတွေကနေကျတဲ့ မီးသွေးအမှုန်အမွှားတွေနဲ့ မီးသွေးအကြေတွေကို ထုထောင်းပြီး ထမင်းရည်နဲ့လုံး၊ နေလှန်းပြီး မီးသွေးအစားထိုး လောင်စာအဖြစ် ပြန်ရောင်းတယ်။ သူ့သမီးကတော့ ရပ်ကွက်ထဲက အိမ်တွေမှာ သန့်ရှင်းရေးတို့ အဝတ်လျှော်တာတို့လုပ်တယ်။ သူ့သမက်က မြို့ထဲက ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုမဟုတ် တစ်ခုမှာ နေ့စားလုပ်တယ်။ သူတို့ မိသားစုဟာ ဘယ်တော့မှ ရယ်တာ ပြုံးတာ မရှိကြဘူး။ မိသားစု စုံစုံလင်လင်လည်း တစ်ခါမှ ပူးတွဲပြီး မတွေ့ရဖူးဘူး။ ဟောင်းမြင်းနေတဲ့ ပစ္စည်းတွေ စုပုံနေတဲ့ သူတို့ရထားလမ်းစောင့်အိမ်ဟာ သူတို့ရဲ့ အရယ်အပြုံးမရှိတဲ့ မျက်နှာတွေကြောင့် ပိုပြီး အိုမင်းစုတ်ချာနေသလိုပဲ။
ဒီရပ်ကွက်က အင်္ဂလိပ်တွေ လက်ထက်ကတည်းက ရှိခဲ့တဲ့နေရာဆိုတော့ နှစ်တွေ ရာနဲ့ချီ တည်ရှိနေတဲ့နေရာလို့ ပြောလို့ရတယ်။ ဒီတော့ ဒီရပ်ကွက်က ဖြတ်သွားတဲ့ မီးရထားလမ်းဟာလည်း နှစ်ပေါင်းရာနဲ့ချီနေလောက်ပြီလို့ ခန့်မှန်းရတယ်။ ဒီမီးရထားလမ်းနဲ့ ပတ်သက်တဲ့ သမိုင်းဖြစ်စဉ် ဘာမှ မကျန်ရစ်ဘူး။ ဇလီဖားတုံးတွေဟာ မညီမညာနဲ့ ထိုးထိုးထောင်ထောင်တွေ ဖြစ်တဲ့နေရာတွေက ဖြစ်နေတယ်။ သံလမ်းနှစ်ဖက်ကြားထဲမှာ လမ်းခင်းကျောက်ဖြူ ဖြူချွန်ချွန်တွေ ထည့်ထားတယ်။ လူနေရပ်ကွက်နဲ့ အလှမ်းဝေးတဲ့ တချို့နေရာတွေမှာ သံလမ်းကြားထဲ မြက်ပင်တွေ ပေါက်နေကြတယ်။ ရထားမလာတော့တဲ့ ညဘက်အချိန်တွေဆိုရင် ရထားလမ်းပေါ် ခွေးတွေတက်အူကြတယ်။ ရထားလမ်းဘေး ခပ်ဝေးဝေးမှာ ညောင်မုတ်ဆိတ်ပင်ကြီးတွေ ရှိတယ်ဆိုရင်တော့ ကွန်းတွေ နတ်စင်တွေနဲ့ စွန့်ပစ်ယကြာပစ္စည်းတွေ၊ စွန့်ပစ်ဘုရားရုပ်ပုံကားချပ်တွေကို တွေ့ရမယ်။ တစ်ခါတလေဆိုရင် ကျွန်းဖက်လိုဖက်မျိုးနဲ့ ထမင်းရယ် ဟင်းရယ် ထည့်ထုပ်ပြီး သေဆုံးသူတစ်ယောက်ယောက်အတွက် ရည်ရွယ်တဲ့ အဝတ်အစားတစ်စုံလောက် ချထားတာကို တွေ့ရမယ်။ လူနေရပ်ကွက်နဲ့ နည်းနည်းလှမ်းတာက တစ်ကြောင်း၊ ညောင်ပင်တွေဆိုရင် အလိုလို ကြောက် ရွံ့တတ်ကြတဲ့ နိုင်ငံမျိုးကလူတွေ နေထိုင်ကြတာ ဖြစ်ရတဲ့ထဲ သေဆုံးသူတွေအတွက် ရည်ရွယ်ပြုလုပ်ထားတဲ့ အဆောင်အယောင်၊ ယတြာ စတဲ့ ပစ္စည်းမျိုးတွေပါ မကြာခဏ တွေ့ရတတ်တော့ အဲဒီနေရာမျိုးတွေဟာ ညဘက်ဆို သရဲခြောက်တယ်လို့ နာမည်ကြီးတတ်ကြတယ်။
ရထားလမ်းစောင့်အိမ်က မိသားစုတွေ ဘယ်အချိန်အိပ်ကြသလဲ ဆိုတာကိုတော့ ဘယ်သူမှ ဂရုမစိုက်မိကြဘူး။ ဒါပေမယ်လို့ အဲဒီမှာ မွေးထားတဲ့ခွေးဟာ ညဘက်ဆိုရင် ဘော်ဒါတွေ စုံနေကျဖြစ်တဲ့ အဲဒီလို လူပြတ်တဲ့နေရာမျိုးတွေကို လျှောက်လည်လေ့ရှိတော့ ရထားလမ်းစောင့်တဲ့လူဟာ ညတိုင်း သူ့ခွေးကို လိုက်ခေါ်ရတတ်တယ်။ သူ့ခွေး ပြန်လိုက်လာပြီဆိုတော့မှ သူလည်း အိမ်ပြန်လာတတ်တယ်။ အဲဒီအဖိုးကြီးမိသားစု အဲဒီနေရာမှာ နေနေတာ အနည်းဆုံး ဆယ်နှစ်ကျော်လောက်တော့ ရှိပြီလို့ ရွာခံတချို့ကပြောကြတယ်။ ရထားလမ်းပိတ်တဲ့အလုပ်ကို လုပ်နေတဲ့အတွက် လကုန်တိုင်း လစာရတယ်ဆိုတာမျိုးလည်း တစ်ခါမှမကြားဖူးဘူး။ လစာရရ မရရ သူဟာအစိုးရဝန်ထမ်း ဖြစ်တာကြောင့်မို့ အစိုးရဝန်ထမ်းတိုင်းမှာ ရှိတတ်တဲ့ မျက်နှာထားမျိုးတော့ သူ့ဆီမှာ ခဏ ခဏ တွေ့ရတတ်တယ်။
တစ်ခါတလေဆို သူ့ရဲ့ မီးသွေးအိတ်တွေကြားမှာ စုတ်ချက်ကြမ်းတဲ့ ပန်းချီကားတွေ တွေ့ရတတ်တယ်။ သူက ရထားစောင့်ရတဲ့လူဆိုတော့ ရထားရုံရဲ့ အရှေ့ပိုင်းလေးမှာ ထရံလေးကာပြီး အခန်းလုပ်ထားတယ်။ အဲဒီအခန်းထဲမှာ ဘုရားစင်ခပ်သေးသေးတစ်စင်ကို နံရံနဲ့ကပ်ရိုက်ထားတယ်။ ဘုရားစင်မှာ ကပ်ထားတဲ့ပန်းတွေဟာ ဘယ်တုန်းက နောက်ဆုံးတင်ထားတာလဲတော့ မသိဘူး။ ကြွပ်ဆတ်ပြီး အမည်းရောင်ရိုးတံတွေပဲ ကျန်တယ်။ အရွက်ခြောက်တွေက ဘုရားစင်အောက်မှာ ကြွေနေတယ်။ အဝါရောင်ကော်ခွက်နဲ့ ထည့်ထားတဲ့ သောက်တော်ရေခွက်ထဲမှာ ရေမရှိဘူး။ ကော်ခွက်နှုတ်ခမ်းအောက် ဘက်လက်တစ်ညှိုးစာလောက်အကွာမှာ ရေခန်းရင်းနဲ့ ကြေးတက်ပြီး ကျန်ခဲ့တဲ့ အညိုရောင် ရေညှိကြေးတွေဟာ အကွင်းလိုက်ဖြစ်ကျန်ခဲ့တယ်။
ဘုရားစင်ရဲ့အောက်မှာ အထပ်သားအထူပြားတွေနဲ့ အဖြစ်ရိုက်ထားတဲ့ တစ်တောင်သာသာ စင်တစ်ခုရှိတယ်။ အဲဒီစင်ပေါ်မှာ စာအုပ်နည်းနည်းရှိတယ်။ မားကွက်ဇ်၊ ချက်ကော့ဖ်နဲ့ ကမူးတို့လို ကမ္ဘာကျော် ဂန္ထဝင်စာရေးဆရာတွေရဲ့ စာအုပ်တွေဟာ ခုနစ်ပေသာသာ ရထားရုံအစုတ်ကလေးထဲမှာ ဖုန်တွေတက်ပြီး ခြတွေအကိုက်ခံထားရတယ်။ (ဟိုဝတ္ထုတိုထဲကလို အကောင်းစားစာအုပ်တွေကို ရောင်းစားဖို့ ထားထားတာမျိုး မဟုတ်လား။)လို့ လူတစ်ယောက်က သူ့ကို မေးဖူးတယ်။ သူက ဘာမှ မဖြေဘူး။
ရထားမဖြတ်သေးတဲ့ အချိန်တွေဆိုရင် အရောင်စုံဖြတ်သန်းသွားနေတဲ့ ကားမျိုးစုံကို လိုက်ကြည့်ပြီး ငြိမ်နေတတ်တယ်။ ကားမောင်းသွားတဲ့ လူတစ်ယောက်ချင်းစီကို သူက ရသလောက် သေသေချာချာ စေ့စေ့စပ်စပ် ကြည့်တတ်တယ်။ ရထားလမ်းစောင့်တဲ့ အဖိုးကြီးတစ်ယောက်က ကိုယ့်ကိုကြည့်နေတယ် ဆိုတော့လည်း လူအများစုကတော့ သိပ်ဂရုမစိုက်ကြဘူး။ ဂရုစိုက်မိတဲ့ လူတွေ ကျတော့လည်း သူ့ကို အဖက်မလုပ်ချင်သလို မျက်နှာမျိုးနဲ့ ထွက်သွားတတ်ကြတယ်။ အဲဒီလိုအချိန်တွေကျရင် သူက မာန်ပါပါနဲ့ မတ်တတ်ထရပ်ပြီး အဖာရာတွေပြည့်နေတဲ့ သူ့ယူနီဖောင်းပေတူးတူးကို ခါးကနေ ဆွဲဆန့်တတ်တယ်။ အဲဒီလိုမတ်တတ်ရပ်လိုက်တိုင်း နိမ့်နေတဲ့ သူ့ခြေထောက်တစ်ဖက်ဟာ မြေကြီးကို ထိမလို မထိမလို ဖြစ်နေတတ်တယ်။ တစ်ခါတစ်ခါ စိတ်လိုလက် ရရှိရင်တော့ ယူနီဖောင်းပခုံးမှာ တင်နေတတ်တဲ့ မီးသွေးမှုန်တွေကို လက်လေးနဲ့ ခါချတတ်တယ်။ သူ့ရုံရှေ့ကနေ ရထားဖြတ်တဲ့အချိန်ဟာ သူ့အတွက်တော့ ဧကရာဇ်အချိန်ပဲ။ သူလုပ်သမျှကို ကားတွေ လူတွေအကုန်လုံးက နာခံကြရတယ်။ တစ်ခါတလေဆို သူက အကျင့်က ယုတ်တတ်သေးတယ်။ ရထားလာတဲ့ အချက်ပေးသံ စကြားပြီဆိုတာနဲ့ ရထားလမ်းနှစ်ဖက်လုံးကို ပိတ်ထားတတ်တယ်။ ပြီးတော့ ဘူတာဆိုက်လာမဲ့ ရထားကို သူ့ရုံရှေ့က ခွေးခြေပုလေးပေါ် ထိုင်ရင်း စောင့်နေတတ်တယ်။ ရထားလမ်းပိတ်လို့ စောင့်နေကြရတဲ့ ကားတွေဟာ တသီတတန်းကြီး ရှည်ရှည်လာတာကို ကြည့်ရင်း သူ့မျက်နှာမှာ ပြုံးသလိုလို ဘာလိုလိုမြင်ရတတ်တယ်။ တစ်ခါတလေ ရထားပျောက်လို့ နောက်ရထားနဲ့ အချိန်ကပ်ပြီးဝင်လာမဲ့ ရထားနှစ်စီး ဆက်တိုက်တို့ ဘာတို့ဆိုရင် သူက ပထမရထား ထွက်သွားပြီးတာတောင် လမ်းမဖွင့်ပေးသေးဘဲ နောက်ဝင်လာမဲ့ တစ်စီးကို ထပ်စောင့်နေတတ်သေးတယ်။ ဒီလိုအချိန်မျိုးကျတော့ ကားသမားတွေက ဟွန်းတွေ တပွန်ပွန် တတီတီ တီးပြီး အော်ကြဟစ်ကြနဲ့။ ရှေ့ဆက်တိုးလို့လည်း မရသလို နောက်ဆုတ်ဖို့ကျတော့လည်း နောက်ကားတွေက တတန်းကြီးပိတ်နေတော့ ရောက်ရာအရပ်မှာပဲ ချွေးတွေပြန်ပြီး စောင့်ကြရတဲ့ ကားသမားတွေကို သူ့ရုံလေးထဲကနေ သူလိုက်ကြည့်နေတတ်တယ်။ တစ်ခါတလေဆို ရထားက ဘယ်နေနေမှန်း မသိသေးဘူး။ သူက လမ်းကို ပိတ်ထားတတ်တယ်။ ကားသမားတွေလည်း စိတ်ညစ်ကြ၊ အော်ဟစ်ကြနဲ့။ ရှေ့တိုးမရလို့ အတင်းဘက်ပြန်ဆုတ်တဲ့ ကားနောက်မြီးနဲ့ အနှေးယာဉ်တွေ လူတွေ တိုက်မိတဲ့အခါ တိုက်မိကြရဲ့။ အဲဒီအခါကျ ပြဿနာတွေ တက်ကြ၊ လျော်ကြေးတွေ တောင်းကြ။ သူက ဒါတွေကိုလည်း သူနဲ့ မဆိုင်သလိုပဲ ကြည့်နေတတ်တာပဲ။ တစ်ခါတစ်ခါကျ ရထားမလာဘဲ လမ်းပိတ်ထားတာမျိုးလည်း လုပ်တတ်သေးတယ်။ ကားတွေ မျက်စိတစ်ဆုံး အများကြီးပိတ်ကုန်ပြီး ဘယ်သူမှ သွားလာမရတော့ဘူးဆိုတော့မှ ခွေးခြေပုလေးပေါ်ကထ၊ ထော့နဲ့ ထော့နဲ့နဲ့ ရထားလမ်းတွေကို တစ်ဖက်ချင်း၊ ဖြည်းဖြည်းချင်းစီ ပြန်ဖွင့်ပေးတတ်တယ်။ အဲဒီအချိန်ကျပြန်တော့ လူတွေက သူ့ကို စိတ်ဆိုးကြတယ်။ ဒါပေမယ်လို့လည်း ဘယ်သူကမှတော့ သူ့ကို ရန်မပြုကြဘူး။
သူ့ကို ကြည့်ရင်း သနားနေတဲ့ လူတချို့ကတော့ သူတို့မိသားစုအတွက် စားစရာလေး ဘာလေး ပေးတတ်ကြတယ်။ သူ့ရဲ့မြေးလေးအတွက် အိမ်မှာ မတော်တော့တဲ့ အဝတ်ဟောင်းတွေ ပေးကြတာတွေလည်း ရှိတယ်။ ကလေးနေမကောင်းရင် အချိန်မရွေး အခမဲ့ကုပေးတတ်တဲ့ ဆေးဆရာလေးတစ်ယောက်လည်း ရပ်ကွက်ထဲမှာရှိတယ်။ ဒါပေမယ်လို့ ကလေးကတစ်ခါမှ နေမကောင်း မဖြစ်ဖူးလား မပြောတတ်ဘူး၊ တစ်ခါမှ ဆေးဆရာဆီ လာပြတာမျိုး မတွေ့ဖူးဘူး။ တစ်ခါတော့ အိမ်ရှင်မတစ်ယောက်က အဖိုးကြီးကို သနားလို့ဆိုပြီး သူတို့အိမ်ရေချိုးခန်းနဲ့ အိမ်သာမှာသုံးတဲ့ ရာဘာဖိနပ်ဟောင်းနှစ်ရန်ကို လာပေးတယ်။ နောက်ရက်တွေ နည်းနည်းကြာတော့ အဲဒီအိမ်ရှင်မနဲ့ အဖိုးကြီးတို့ လမ်းမှာဆုံတယ်။ အဖိုးကြီးဟာ အရင်လိုပဲ ခြေဗလာနဲ့။ သူပေးထားတဲ့ ဖိနပ်မစီးဘူးလားလို့ မေးတော့ ဖိနပ်ရတဲ့နေ့က ရေဆေးပြီး ထောင်ထားတာ ရာဘာတွေ နူးကုန်လို့ ခွေးစားသွားတယ်လို့ ပြန်ဖြေတယ်။ အဲဒီကတည်းက အဲဒီအိမ်ရှင်မက အဖိုးကြီးအတွက် ဘာမှ မပေးတော့ဘူး။
သူ့မြေးလေးက အသက်နှစ်နှစ်အရွယ်မှာ အသားဝါနဲ့ဆုံးတယ်။ သူ့မြေးဆုံးပြီး မကြာခင်မှာ သူလည်းဆုံးတယ်။ သူ့မြေးတုန်းကတော့ ဘယ်မှာမြှုပ်လိုက်တယ် မသိဘူး။ သူဆုံးတော့ ရထားလမ်းက ညောင်ပင်ကြီးရှိပြီး လူပြတ်လို့ သရဲခြောက်တယ်ဆိုတဲ့ နေရာနားမှာပဲ ရပ်ကွက်အကူအညီနဲ့ မြေမြှုပ် လိုက်ကြတယ်။ သရဏဂုံတင်ပေးမဲ့ ကိုယ်တော်က အဲဒီနေ့ကျမှ ရပ်ကွက်ထဲက ကွမ်းတောင်ကိုင်ကောင်မလေး မင်္ဂလာပွဲရှိတော့ တရားသွားပေးနေတာနဲ့ သရဏဂုံ မတင်လိုက်ကြရဘူး။ ရထားဖြတ်သွားလို့ မြေပုံကြီးမြင်ကြရင် ကျောချမ်းစရာ ဖြစ်နေမှာ စိုးလို့တဲ့၊ ညောင်ပင်ကြီးနောက်ကွယ်မှာပဲ မြှုပ်လိုက်ကြတယ်။ အသက်ရှင်သွားတုန်းက အတိုင်းပါပဲ။ သူဝတ်နေကျ ယူနီဖောင်းကိုပဲ ဝတ်ထားလျက်ပဲ။ ဆံပင်ပါးပါးဟာ မပြီးမသင် နီကြောင်ကြောင်နဲ့။ ခြေဗလာနဲ့၊ ရောင်စုံကော်လာနဲ့။
5:41 PM
2,10,17 (Friday)
https://t.me/TheBookR
အရည်ပျော်နေတဲ့ရေခဲစီးစကိတ်တွေ
ကျမ ဒီနေ့အိပ်ရာက ဆယ်မိနစ်နောက်ကျပြီးမှ နိုးတယ်။ ပထမတော့ နှိုးစက်မြည်သားပဲ။ ဒါပေမယ်လို့ ကျမ အပျင်းကြီးပြီး မထလိုက်ဘူး။ ညကလည်း ကျမ အိပ်ရာဝင်တာ နောက်ကျတယ်။ ပြန်လာတာကလည်း နောက်ကျရတဲ့အထဲ မိတ်ဆွေတစ်ယောက်က စာအုပ်တစ်အုပ် လက်ဆောင်ပေးလိုက်တာနဲ့ အဲဒီစာအုပ်ကို အိပ်ခါနီးမှာ ဖတ်လိုက်တာ အိပ်ချိန်ကျော်သွားတယ်။ မနက်ကျတော့ ဆယ်မိနစ်နောက်ကျပြီးမှ နိုးပါရော။ ဒုက္ခတွေ များကုန်တာပေါ့။ ကျမတို့ရုံးက မန်နေဂျာက တအားအပေါက်ဆိုးတယ်။ ပြီးတော့ ရှေးရိုးစွဲ စာအုပ်သမားကြီးဆိုတော့ ဇီဇာကလည်း တအားကြောင်ပဲ။ စည်းကမ်းကလည်း ကြီး။ အလုပ်လုပ်တာကတော့ အတော်ကြီးကို သေသေသပ်သပ်။ ကျမ ဒီနှစ်ထဲ အလုပ်ပျက်တာ သုံးခါရှိနေပြီ။ နှစ်စက တစ်ခါ၊ သုံးလပိုင်းတုန်းက တစ်ခါနဲ့ အရင်လက တစ်ခါ။ ပုံမှန်ဆိုရင်တော့ သုံးခါဆိုရင် ရုံးဝမ်နင်ပြည့်ပြီ။ အလုပ်ထုတ်ခံရတော့မှာ။ ဒါပေမယ်လို့ ပြီးခဲ့တဲ့လကပဲ အဲဒီမန်နေဂျာရဲ့ သမီးလေး သွေးလိုလို့ ကျမ သွားလှူပေးလိုက်တာနဲ့ မန်နေဂျာက ကျမကို တိုးတိုးတိတ်တိတ် ဝမ်နင်တစ်ကြိမ် လျှော့ထားပေးတယ်။ လျှော့ပေးထားပေမယ်လို့ သူက ပြောသွားတယ်။ နောက်တစ်ခါဆို မရတော့ဘူးတဲ့။ ဒီတော့လည်း ကံကောင်းလို့ အလုပ်မပြုတ်သေးဘူးလို့ တိုတိုဆိုကြပါစို့ရဲ့။
ဆယ်မိနစ်ပိုအိပ်လိုက်မယ်လို့ အိပ်ရာထဲမှာ နေလိုက်တာပဲ အဖတ်တင်တယ်။ တကယ်က ငါထရတော့မယ်၊ ငါထရတော့မယ်ဆိုပြီး စိတ်ထဲက ဖြစ်နေတာနဲ့ကို မအိပ်လိုက်ရဘူး။ အလကားနေရင်း ရုံးပဲ နောက်ကျပြန်တာပဲ။ ကျမကိုယ်ကျမ ဆဲရေးလိုက်ပြီး အိပ်ရာက ထလိုက်တယ်။ ခေါင်းက မကြည်ဘူး။ စိတ်လည်း မကြည်ဘူး။ အချိန်မရတာနဲ့ပဲ အိမ်သာတက်ရင်း သွားတိုက်နေလိုက်တယ်။ ရေကတော့ မချိုးသွားတော့ဘူးလို့ တွေးလိုက်သေးသား။ ဒါပေမယ်လို့ မကောင်းပါဘူးလေလို့ ကိုယ့်ကိုယ်ကိုယ် အားနာရင်း ရေချိုးလိုက် ရတယ်။ ရေနဲ့ ထိလိုက်တော့ နည်းနည်းလန်းသွားသလို ရှိပေမယ်လို့ ရေချိုးခန်းထဲကလည်း ပြန်ထွက်လာရော ခေါင်းက ပြန်ကိုက်လာပြန်ရော။ ဒါပေမယ်လို့ ဒါကို ကျမ ဂရုမစိုက်နိုင်အားသေးဘူး။ ခုလောလောဆယ် အရေးကြီးတာက ခေါင်းကိုက်တာထက် အလုပ်။ အလုပ်။
အဝတ်အစားလဲပြီးတော့ နာရီက အချိန်အတော်နီးနေပြီ။ ဒီအချိန်ဆို ကျမ စီးနေကျ ရထားလည်းထွက်သွားပြီ။ နောက်တစ်စီးကလည်း နောက်နာရီ ဝက်လောက်မှ ဝင်မှာ။ မထူးတော့ဘူး။ ဒီနေ့တော့ တက္ကစီနဲ့ပဲ သွားရတော့မှာပဲ။ ပိုက်ဆံအိတ်ကို ဖွင့်ကြည့်လိုက်တယ်။ မဆိုးဘူး။ ပိုက်ဆံနည်းနည်းတော့ ကျန်သေးတယ်။ အပြင်ထွက်ခါနီး မနက်စာတော့ စားသွားမှ ဖြစ်မယ်။ ကျမက မနက်စာမစားရင် ခေါင်းမူးတတ်တယ်။ ပြီးတော့ အန်ရော။ ဒီတော့ ဘယ်လောက်ပဲ နောက်ကျ နောက်ကျ မနက်စာကိုတော့ အမိအရ ရအောင်စားရတယ်။ ကော်ဖီသောက်ဖို့ နို့ပုလင်းကို ယူလိုက်တာ ကမန်းကတန်းနဲ့ဆိုတော့ မှောက်ကျကုန်တယ်။ အင်္ကျီတွေလည်း စိုကုန်ပြန်ရော။ မထူးပါဘူးဆိုပြီး အပေါ်ရုံအင်္ကျီကို ချွတ်၊ ကြမ်းပေါ်ကျနေတဲ့ နို့တွေကို လိုက်သုတ်ပစ်လိုက်တယ်။ အိပ်ခန်းထဲ ပြန်ဝင်၊ အင်္ကျီတစ်စုံ အသစ်ပြန်လဲ။ ပြီးတော့ မီးဖိုချောင်ထဲပြန် ကော်ဖီဖျော်မယ်ပြန်ပြင်၊ ဟာ... နို့တွေမှ မရှိတော့ဘဲ။ ကြံရာမရ ဖြစ်ပြီး မျက်စိတောင်းမှောက်ကြည့်ရင်း ညက ကျမသမီးကြီး စားထားတဲ့ နို့ဆီချောင်းတွေ မကုန်သေးတာကို တွေ့သွားတယ်။
ချဉ်စော်နည်းနည်းနံချင်ပေမယ်လို့ အဆင်တော့ပြေသား။ ကျမ သိပ်တွေးမနေတော့ဘူး။ ကော်ဖီမှုန့်ထည့် ရေနွေးထည့်ပြီး နို့ဆီချောင်းတွေ ပစ်ထည့်လိုက်တယ်။ သောက်လိုက်တော့ ချိုရဲနေတာပဲ။ အတော်ကြီးကို ချိုတာကြောင့် ပါးစပ်ထဲတောင် ချွဲပျစ်ပျစ်ဖြစ်သွားတယ်။ ပြန်ပြီး ထွေးထုတ်လိုက်ဦးမလို့ပဲ။ ဒါပေမယ်လို့ ဘာကို အားနာမှန်းမသိ အားနာသွားတာနဲ့ပဲ အတင်းမျိုချလိုက်တယ်။ မျိုချလိုက်ရင်း ကျမသမီးတွေရဲ့ သွားတွေ ဘာလို့ ဒီလောက်အကျိုး မြန်သလဲဆိုတဲ့ အဖြေကို ကျမ ရသွားတယ်။ ကလေးတွေဟာ ဒီလောက်ပဲ အချိုကြိုက်ကြသလား။ ကျမတို့ငယ်ငယ်တုန်းကရော အတူတူပဲလား။ ကျမ ငယ်ငယ်ကတော့ သူများထက် နည်းနည်းထူးခြားတဲ့ မိန်းကလေးဆိုတော့ တခြား ကလေးတွေလိုတော့ အချိုမကြိုက်လောက်ဘူး ထင်တာပဲ။ တစ်ဆက်တည်း ကျမ သမီးကြီး ကျမကို ပြောဖူးတဲ့ စကားတစ်ခွန်းကို သတိသွားရတယ်။ “မာမီက ကိုယ့်ကိုယ်ကိုယ်သိပ်အထင်ကြီးတတ်တာပဲ။ ဒီလောက်လည်း မဟုတ်ဘဲနဲ့။
အဲ... သမီးတွေဆိုတော့မှ ကျမသမီးအငယ်မ အိပ်ရာက နိုးရဲ့လား။ ဒီနေ့ သူ့ကျောင်းနေ့ပဲ။ ဒီကလေးမလေးက နည်းနည်းလေးပျင်းတယ်။ ထက်တာတော့ ထက်တယ် (လို့ထင်တယ်။ ဒါကလည်း ကျမရဲ့ အထင်ကြီးစိတ် ဖြစ်ချင်ဖြစ်နိုင်တာပဲ)။ သမီးအခန်းကို ကျမတံခါးခေါက်လိုက်တယ်။ သမီးငယ်က ခုမှ သုံးနှစ်ကျော်ခါစဆိုတော့ ခုမှမူကြိုစထားရတုန်းပေါ့။ ဒါပေမယ်လို့ သူက လုံးဝအပျိုမကြီးလိုပဲ။ သူ့အခန်းကို တံခါးမခေါက်ဘဲ စွတ်ရွတ်ဝင် လာတာမျိုး လုံးဝမကြိုက်ဘူး။ တစ်ခါက ကျမ သူ့အခန်းစေ့ရုံ စေ့ထားတာတွေ့လို့ အမှတ်တမဲ့ဝင်သွားမိလိုက်တာ သူက ပြန်ပြောတယ်။ “အပြင်ပြန်ထွက်ပြီး တံခါးပြန်ခေါက်ပါ မာမီ”။
ကျမ သူ့အခန်းရှေ့မှာ ရပ်ပြီး တံခါးခေါက်လိုက်တယ်။ သုံးခါခေါက်ပြီးတဲ့အထိ အသံမကြားရဘူး။ တံခါးကို စေ့ရုံလေး စေ့ထားတာတွေ့လို့ ကျမ အသံပြုပြီး ဝင်သွားလိုက်တယ်။ အတွင်းမှာ အိပ်ရာလေးက သေသေသပ်သပ် ခေါက်ထားတယ်။
ညက ကျမ ခြုံပေးခဲ့တဲ့ စောင်လေးကိုလည်း အိပ်ရာခြေရင်းမှာ သေသေသပ်သပ်လေး ခေါက်ထားတယ်။ သမီးငယ်ဟာ သမီးကြီးနဲ့ လုံးဝမတူဘူး။ သမီးကြီးက နည်းနည်းလေး စည်းကမ်းပျက်တယ်။ သမီးငယ် ရေချိုးခန်းထဲမှာများလားလို့ ကြည့်လိုက်သေးတယ်။ မရှိဘူး။ ကြည့်ရတာ သူ့အဖေနဲ့ အတူ မနက်ကတည်းက ပါသွားပြီထင်ပါရဲ့။ ကျမ စိတ်ချ လက်ချနဲ့ပြန်ထွက်လာခဲ့တယ်။
နာရီကို ပြန်ကြည့်လိုက်တယ်။ ရုံးချိန်က အတော်ကြီးနီးနေပြီ။ ဒီနေ့ ရုံးမသွားတော့ဘူးလို့ တွေးလိုက်သေးတယ်။ ဒါပေမယ်လို့ ကျမတို့ ရုံးက တစ်လလုံးလုံး ပျက်ရက်မရှိရင် အပိုကြေးပေးလေ့ ရှိတာကြောင့် ဒီနေ့ သွားဖြစ်အောင်တော့ သွားလိုက်ဦးမယ်လို့ ကျမ ဆုံးဖြတ်လိုက်တယ်။ အိမ်ပြတင်း ပေါက်တွေကို အကုန်လုံအောင် လိုက်ပိတ်၊ ပြီးတော့ တံခါးမကြီးကို ပိတ်ပြီး လမ်းမကို ထွက်လာခဲ့လိုက်တယ်။ လမ်းမပေါ်ရောက်တော့ အခန့်သင့်ပဲ တက္ကစီ တစ်စီးတွေ့တယ်။ သွားမယ့်နေရာကိုပြောပြပြီး အမြန်လေးမောင်းပေးပါလို့ပါ မေတ္တာရပ်ခံလိုက်တယ်။ ဖြစ်ချင်တော့ ဒီနေ့ဟာ သောကြာနေ့ပဲ။ သောကြာနေ့ ဆိုရင် ကျမတို့မြို့ကလေးမှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်တတ်တယ်။ ဘာကြောင့် လုပ်တယ်ရယ်တော့ မသိပေမယ်လို့ ကျမတို့ ခပ်ငယ်ငယ်ကတည်းက လုပ်လေ့ရှိတဲ့ အလေ့အထကြောင့် ဒါမျိုးတွေကို လမ်းမပေါ်မှာတွေ့ရတာ ကျမတို့အတွက် အသားကျနေပြီ။ တက္ကစီသမားက မိန်းလမ်းမကြီးပိတ်ထားတာကြောင့် တခြားလမ်းက ပတ်သွားရမယ်လို့ ဆိုလာတယ်။ “အိုကေလေ။ ပတ်သွားမှ ဖြစ်မယ်ဆိုလည်း ပတ်သွားပေါ့။”
တခြားနေရာက ပတ်သွားရတဲ့ လမ်းက အဝေးကြီးပဲ။ ဝေးဆို တော်တော်ဝေးဝေးပဲ။ ဘယ်လောက်ဝေးလဲ ကျမသိဘူး။ ဒီလမ်းကိုလည်း ကျမ တစ်ခါမှတောင် မရောက်ဖူးဘူး။ ပတ်လမ်းက ပတ်လာတာဆိုပေမယ်လို့ ကျမတို့လိုပဲ ပတ်လမ်းက ပတ်လာတဲ့ လူတွေကများတော့ ကားတန်းက အရှည်ကြီးပဲ။ ကျမတို့ရှေ့မှာရော၊ ကျမတို့နောက်မှရောက်လာတဲ့ ကားတွေရော။ အနောက်က ရောက်လာတဲ့ ကားတွေကို ကြည့်ပြီး (အ လိုက်ကြတာ။ ဘာလို့များ ဒီလမ်းက လာကြပါလိမ့်နော်။ သနားပါတယ်။) လို့ ကျမ တွေး လိုက်မိသေး။ ခဏနေတော့မှ ကျမတို့ရှေ့က ပိတ်မိနေတဲ့ ကားတွေလည်း ကျမတို့ကို နောက်လှည့်ကြည့်ပြီး ကျမ တွေးသလိုပဲ တွေးနေကြမှာပဲလို့ ကျမ စဉ်းစားမိတယ်။ ကိုယ့်အတွေးနဲ့ကိုယ် ကျမ ရှက်သွားတယ်။ ကျမက တစ်ခါတလေဒီလိုပဲ။ ဘာကိုရယ်လို့ သေသေချာချာ မသိဘဲ ခံစားချက်တစ်ခုခု ဖြစ်တတ်တယ်။ များသောအားဖြင့်တော့ ကျမစိတ်ထဲ... ကျမဘာသာဖြစ်ဖြစ် သွားတတ်တာမျိုးပါ။ ကျမစိတ်ထဲမှာ ဖြစ်တာကို ကျမအမျိုးသားတောင် မသိလိုက်တာက များတယ်။ ကျမကလည်း ပြောရမှာ ရှက်တာနဲ့ တစ်ခါမှ သူ့ကို ပြောမပြဖူးခဲ့ဘူး။
ကားတန်းက အတော်ကြီးကိုရှည်တယ်။ လမ်းမကြီးကို ပြန်ထွက်ဖို့ အတွက် လမ်းမကြီးကိုတောင် လှမ်းမမြင်ရသေးဘူး။ ပြီး... ကားတန်းက ရှည်နေပေမယ်လို့ သွားနေတာဆို တော်သေးတယ်။ အနည်းဆုံးတော့ ရွေ့နေ တယ်လို့ခံစားရရင် ခုလောက်စိတ်ကျဉ်းကျပ်နေရမှာ မဟုတ်ဘူး။ ခုတော့ စိတ် ကလည်း ကျဉ်းကျပ်ရသေး၊ စိတ်ဒုက္ခကလည်း ရောက်ရသေး။ ကျမတို့ နိုင်ငံမှာ အစိုးရအသစ်တက်လာစပြီးကတည်းက ကားဝယ်စီးနိုင်တဲ့ လူတွေ အတော်များလာတယ်။ ဒါကလည်း တစ်မျိုးတော့လည်း ကောင်းတော့ ကောင်းပါတယ်။ လူတိုင်း ကားစီးနိုင်ကြလေသတည်းပေါ့။ ဒါပေမယ်လို့ နောက်တစ်ဖက်က ကြည့်ပြန်တော့လည်း ကလေးရော ခွေးရော ကားစီးလာနိုင်တဲ့ ခေတ်ဖြစ်လာတော့ စည်းကမ်းမဲ့တဲ့ လူတွေ များလာတယ်။ စည်းကမ်းမဲ့ ကားကို မောင်းကြတယ်။ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းတွေကို နားမလည်ကြဘူး။ မျဉ်းသေတွေ မျဉ်းရှင်တွေ၊ လူကူးမျဉ်းကြားတွေ၊ အချက်ပြ မီးပြပုံပြနည်းတွေ၊ တစ်ခုမှ မသိကြဘဲ ကားတက်မောင်းကြ၊ ပြီးရင် တိုက်ကြ သေကြ ဒဏ်ရာတွေ ရကြ။ တိုက်မိပြီး အလျော်မပေးနိုင်လို့ ထောင်ထဲ ရောက်တဲ့ လူတွေက ရှိသေး။ ပြီးရင် တစ်စီးနဲ့ တစ်စီး တန်းမစီဘဲ ရှေ့ ကားလွတ်၊ မလွတ် မသိ အတင်းကျော်တက်ကြ၊ ဒီတော့ ကားပိတ်တာတွေက တစ်နေ့တခြား ပိုပိုဆိုးလာ။ တစ်ခါက ဘယ့်ကလောက်တောင် ဆိုးသလဲဆို လမ်းအလယ်ခေါင်မှာ အချက်ပြနေတဲ့ လမ်းပြပုလိပ်ကို နောက်က အတင်းကျော်တက်တဲ့ ကားတစ်စီးက ဝင်တိုက်ထည့်လိုက်တာ အဲဒီလမ်းပြပုလိပ် သေပါရော။ အဲဒီအမှုက ဘာဖြစ်သွားလဲတော့ မသိဘူး။ နောက်ပိုင်းလမ်းပေါ်မှာ လမ်းပြပုလိပ်တွေ အတော်များများ တွေ့လာရတယ်။ ဒါပေမယ်လို့ ကားတွေ ပိတ်တာကတော့ အရင်ကအတိုင်း ပိတ်မြဲ၊ ပိတ်ဆဲပဲ။ သိပ်ထူးခြားတယ်ကြီး မရှိလှဘူး။ ဒီကြားထဲ ခုမှကားဝယ်စီးပြီး ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်လောက် ထင်နေတဲ့ပုဂ္ဂိုလ်တွေက ရှိသေးတယ်။ ဘာပဲပြောပြော ကျမတို့ တိုင်းပြည်မှာ နေတဲ့လူတွေက ရယ်တော့ ရယ်ရတယ်။
ခုလည်း သွားမရတဲ့ ယာဉ်တန်းကြီးတွေရဲ့ကြားထဲမှာ အလုပ်တွေရှုပ်နေကြတဲ့ လမ်းပြပုလိပ် ခုနစ်ယောက်လောက်ကို တွေ့ရတယ်။ ဘာတွေ လုပ်နေကြတာလဲတော့ မသိဘူး။ ကားတန်းကြီးကတော့ ရပ်နေတုန်းပဲ။ ကျမ နာရီကို ကြည့်လိုက်တယ်။ ရုံးချိန်က အတော်ကြီးကို နီးနေပြီ။ စိတ်မရှည်တော့ဘဲ ကျမတစ်ကိုယ်စာကြားရုံ ဆဲရေးလိုက်တယ်။ တက္ကစီယာဉ်မောင်းက ကျမကို လှည့်ကြည့်တယ်။ မဖြစ်ဘူး။ ကျမ ဒီကားတန်းကြီးကို စောင့်နေဖို့ မဖြစ်နိုင်ဘူး။ ကားတန်းက အဆုံးအစမရှိတဲ့ ပင်လယ်ကြီးထဲ ရောက်နေရသလို ခံစားရစေတယ်။ ကျမ မစောင့်တော့ဘူး။ လမ်းမကြီးထိရောက်အောင် ပြေးသွားရမယ်။ လမ်းမကြီးရောက်ရင် ဘတ်စ်တစ်စီးစီး တွေ့မှာပဲ။ တက္ကစီမီတာက ကျသလောက်ကို ကျမ မြန်မြန်ရှင်းပေးလိုက်တယ်။ တက္ကစီယာဉ်မောင်းက အကြွေပြန်အမ်းစရာ မရှိဘူးလို့ ပြောလာတယ်။ ကိစ္စမရှိပါဘူးလို့ ကျမ ပြောလိုက်တယ်။ ပြောပြီးပြီးချင်း ကျမကားတံခါးဖွင့်ပြီး လမ်းကို မြန်မြန်လျှောက်လိုက်တယ်။ ကျမ အကျင့်က ချက်ချင်းကြီး ငြိမ်နေရာက ခပ်သွက်သွက်လှုပ်ရှားလို့ မရဘူး။ အကြောအခြင်တွေ အုံ့ဆိုင်းသွားသလို ခံစားရတတ်လို့။ ဒီတော့ ဖြစ်နိုင်သလောက် ကျမ မြန်မြန်လျှောက်တယ်။ အရှိန်လေးရလာမှ ကျမ ပြေးသင့် ပြေးမယ်။ ကျမ လျှောက်နေတဲ့ လမ်းမှာ လမ်းပြပုလိပ်တစ်ယောက် ခြေကားယား လက်ကားယားနဲ့ ဘာလုပ်နေတာလဲမသိဘူး။ လမ်းမှာ ပိတ်နေတယ်။ ကျမ သူ့ကို တွန်းဖယ်လာခဲ့တယ်။ ခုနကလိုပဲ ခြေကားယား လက်ကားယားနဲ့ သူကျန်ခဲ့တယ်။
ကျမ လမ်းလျှောက်လာရင်း လမ်းမှာ ကျပ်နေတဲ့ကားတွေထဲက တစ်စီးရဲ့အသံကို ကြားလိုက်ရတယ်။ ကားရဲ့အသံကို ကြားလိုက်ရတာတော့ မဟုတ်ဘူးပေါ့။ ကားလေးက လှတယ်။ ပေါ့ပေါ့ပါးပါး စီးလို့ရမယ့် ကားအမျိုး အစားလေး။ ဒီနှစ်မှ ထုတ်ထားတဲ့ Nissan Micra ကားလေး။ ဒီနှစ်အတွက် ဈေးအပေါဆုံးကားစာရင်းထဲမှာ တစ်စီးပါတဲ့ အမျိုးအစားပဲ။ ဈေးက ကျမ အထင် (၁၀၀၀၀) လောက်ပဲ ရှိမယ်။ စလင်ဒါလေးလုံးတပ် အင်ဂျင်နဲ့။ ဒီကား အမျိုးအစားမျိုးက ဆီစား အတော်ကြီးသက်သာတဲ့ ကားမျိုးလို့ ကြေညာထားတာ ကျမ မြင်ဖူးတယ်။ မြို့တွင်းမှာမောင်းမယ်ဆိုရင် ကီလိုတစ်ရာလောက် မောင်းမှ (၈.၈) လီတာလောက်ပဲ ကုန်မယ်။ ဟိုက်ဝေးမှာမောင်းမယ်ဆိုရင်တော့ ကီလိုတစ်ရာကို (၆.၆) လီတာပဲ စားပါမယ်တဲ့။ ဘာပဲပြောပြောလေ ဒီလိုပေါ့ပေါ့ပါးပါး စီးနင်းနိုင်မယ့် ကားမျိုးကို ဒီလိုဈေးနဲ့ ရောင်းပေးတယ် ဆိုကတည်းက အတော်ကြီးကို တန်နေပြီမဟုတ်လား။
ကားထဲမှာ ရှိနေတဲ့ စုံတွဲရဲ့အသံကို ကြားလိုက်ရတယ်။ ကောင်မကလေးက မျက်လုံးထဲမှာ တက်တူးထိုးထားတာကို ကောင်ကလေးက မကြိုက်လို့ ရန်ဖြစ်နေကြတဲ့အသံ။ ကြားရတဲ့အသံတွေက စုံနေတာပဲ။ ပြီးတော့ အော်ကြီးဟစ်ကျယ်။ ကောင်မကလေးက ကောင်ကလေးကို ဒေါက်ဖိနပ်နဲ့ ရိုက်လိုက်တာ မြင်တယ်။ ကောင်ကလေးက ကောင်မကလေးကို ဆောင့်တွန်းလိုက်ပြီး ဆဲတယ်။ ကောင်မကလေးကလည်း အားကျမခံ ထုရိုက်ပြီး ပြန်ဆဲတယ်။ တချို့ကလေးတွေက (ကျမတို့အသက်အရွယ်နဲ့ကျတော့ သူတို့က ကလေးပေါ့လေ။ ဒါပေမယ်လို့ သူတို့ဟာနဲ့ သူတို့ကတော့ အသက်အရွယ်အတော်အတန် ရနေကြပါပြီ။) လူကြားသူကြားထဲလည်း နားမလည်ကြဘူး။ (ဝါ) ဂရုမစိုက်ကြဘူး။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ပဲလို့ ခံယူထားလို့လား။ ဒါမှမဟုတ် ပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့မလိုပါဘူးလို့ပဲ တွေးလို့များလား။ ဒါကတော့ သူတို့နဲ့ သူတို့သိတဲ့ ဘုရားသခင်ပဲ သိလိမ့်မယ်။ ဒီလိုပဲ အော်ကြဟစ်ကြ ရန်ဖြစ်ကြ။ ပြီးတော့ ချစ်ကြပြီဟေ့ဆိုရင်လည်း သူတို့ကိုယ်သူတို့ ပထမဆုံး ဖန်ဆင်းခံရတဲ့ လူနှစ်ယောက်လိုပဲ။ သူတို့ကမ္ဘာမှာ ဘယ်သူမှမရှိကြတော့ဘူး။ ဒါမှမဟုတ် ဘယ်သူ့ကိုမှ မမြင်ကြတော့ဘူး။ ကျမ သူတို့လေးတွေ အရွယ်တုန်းက သူတို့လိုပဲလားလို့ တွေးကြည့်မိတယ်။ မဟုတ်လောက်ဘူး ထင်တယ်ဆိုတဲ့ အဖြေကို ရတယ်။ ကိုယ့်ကိုယ်ကိုယ်မို့လို့လည်း လျှော့ပေါ့တွေးပေးတာမျိုး ဖြစ်နိုင်တာပေါ့လေ။ ဆက်မတွေးတော့ဘူး။ ကျမကိုယ်နှိုက်က ဘယ်လိုပဲဖြစ်ခဲ့သည် ဖြစ်စေ၊ ကျမ မွေးထားတဲ့ သမီးလေးတွေကိုတော့ အရွယ်ရောက်လို့ ချစ်သူရည်းစား ရခဲ့တဲ့အချိန် ဒီစုံတွဲလိုမျိုးတော့ လူကြားသူကြား အော်ဟစ်ဆဲဆို နေကြတာမျိုး မဖြစ်စေချင်ဘူး။ ကလေးစုံတွဲကားနဲ့ မျက်စောင်းထိုးကားထဲက အဖိုးကြီး အဖွားကြီးစုံတွဲကတော့ ပေါ်ပေါ်ထင်ထင်ပဲ ကလေးစုံတွဲ ရန်ဖြစ်နေတာကို ကြည့်ရင်း မဲ့ရွဲ့နေကြတယ်။ သူတို့ကိုကြည့်ရတာ နားကလောနေပုံပဲ။ ပြီးတော့ ဒီနေရာကနေ ဘယ်ကိုမှ ခွာမရသေးတော့ သူတို့စိတ်ဒုက္ခရောက် နေကြပုံပေါ်တယ်။ ကျမ ဆက်လျှောက်ခဲ့တယ်။
နည်းနည်းလျှောက်လာရင်းနဲ့ ဘေးတန်းက ကားကို ကျမ သတိထားမိတယ်။ အဲဒီကားက မိန်းမသားနှစ်ယောက်က သူတို့နဲ့ ဘေးချင်းယှဉ်ရပ်ထားတဲ့ကားကို မျက်လုံးကြီးပြူးပြီး ကြည့်နေကြတယ်။ အခုပြန်စဉ်းစားကြည့်တော့ သူတို့နှစ်ယောက် စီးလာတဲ့ ကားအမျိုးအစားကို ကျမ မှတ်မိတော့ဘူး။ အဲဒီတုန်းကတော့ သူတို့မျက်လုံးပြူးကြည့်နေတာက တစ်စုံတစ်ခုကို စိတ်အားထက်သန်စွာ ကြည့်နေကြတဲ့ပုံမျိုး။ ပထမတော့ ကားလေးက အတော်လှလို့များ သူတို့ဒီလောက်ထိ ဣန္ဒြေပျက်လောက်အောင် ကြည့်နေကြတာများလားလို့ ထင်မိလိုက်သေးတယ်။ ဒါပေမယ်လို့ ကျမတို့လို သာမန်မိန်းကလေးမျိုးတွေ ဆိုတာမျိုးက ကားအကြောင်း ဘာညာဆိုတာထက် ဘယ်အလှကုန်အသစ်က ဘာ... ဈေးကဘယ်လောက်... ခုဝတ်ထားတဲ့ လက်ဝတ်ရတနာက ဘယ်လောက်တန်... ဘာညာလောက်ကိုသာ ပိုပြီး စိတ်ဝင်စားတတ်ကြတဲ့ အမျိုး မဟုတ်လား။ တကယ်လို့များ ကားအကြောင်းကို ရူးသွပ်မတတ် စိတ်ဝင်စားလှပါတယ်လို့ မိန်းမတစ်ယောက်ကသာ ပြောလာမယ်ဆိုရင်တော့ ဒါညာတာပဲ။ ညာပုံညာရင်းမှာလည်း အကြောင်းအမျိုးမျိုးရှိတယ်။ တချို့က လူအများ အထင်ကြီးခံချင်လို့၊ တချို့အကြောင်းတွေလည်း ရှိမယ်။ အားလုံးတော့ ကျမ မသိဘူး။ ကျမလည်း ကားအကြောင်းကို အားလုံးနီးနီး သိတယ်။ သိအောင် ကျမ လုပ်ထားတယ်။ ဒါကားအကြောင်း ကျမ စိတ်ဝင်စားလို့ မဟုတ်ဘူး။ တကယ်တမ်းပြောရရင် သိလည်း မသိချင်ဘူး။ ဘာကြောင့် ကျမအကုန်သိထား သလဲဆိုတော့ ကျမ အခုယူထားတဲ့ ယောက်ျားက ကားအကြောင်းကို အင်မတန် ရူးသွပ်သူဖြစ်နေလို့။ လုပ်တဲ့အလုပ်ကိုက ကားအရောင်းစင်တာတစ်ခုက မန်နေဂျာ။ သူက ကားအကြောင်း ကျွမ်းကျင်တတ်မြောက်တဲ့လူတွေကို အတော်ကြီးကို အထင်တကြီး ဆက်ဆံတတ်တဲ့လူ။ ဘာပဲပြောပြော ကျမလည်း ကျမယောက်ျား ကျမကို အထင်ကြီးတဲ့စိတ်ကြီးနဲ့ ချစ်တာမျိုး လိုချင်တာပေါ့။ ဒါကြောင့် သူရူးသွပ်ပါတယ်ဆိုတဲ့ ဒီကားတွေအကြောင်းကို လက်လှမ်းမီသလောက် ကျမ Google ကနေရှာပြီး ဖတ်တယ်၊ မှတ်တယ်။ သူ့ကို ပြန်ပြောပြဖို့ (သူ တို့ပြောနေတဲ့ စကားဝိုင်းထဲကို ကျမ ဝင်ပါနိုင်ဖို့) လိုအပ် (တယ်လို့ ကျမ ထင်) တဲ့ အချိန်မျိုးတွေကျရင် သုံးနိုင်ဖို့ တချို့အကြောင်းအရာ အချက်အလက်တွေကို ကျမအလွတ်ကျက်တယ်။
ကျမက စိတ်တစ်ခုရှိတယ်။ ကျမဆိုတာ “ကျမ” ကို ပြောတာ။ တခြား ကျမတွေ ဘယ်လိုစိတ်ရှိတယ် ကျမ မသိဘူး။ ကျမမှာ ဘာစိတ်ရှိလဲဆိုတော့ ကျမ ချစ်တဲ့ ခင်တဲ့သူတစ်ဦးဦးက ကျမအပေါ်မှာ အင်မတိ အင်မတန် အထင်ကြီးတာ၊ လေးစားတာမျိုးကို ကျမ ခံချင်တယ်။ ဥပမာပြောရရင် ကျမ ခင်ပွန်းနဲ့ မတွေ့ခင်က ကျမရဲ့ ချစ်သူ (တွေထဲတစ်ယောက်)က တံဆိပ်ခေါင်းစုတာ အင်မတန်ဝါသနာပါတဲ့လူ။ ဘယ်ခုနှစ်က၊ ဘာကြောင့် ဘယ်လို ဘယ်သူက စထုတ်တဲ့ တံဆိပ်ခေါင်း... စသဖြင့် တံဆိပ်ခေါင်းနဲ့ပတ်သက်သမျှ အားလုံးကို ကျွမ်းကျွမ်းကျင်ကျင် နားလည်တယ်။ သူ့မှာ အတော်ကြီးကို ရှေးကျတဲ့ တံဆိပ်ခေါင်းသုံးလေးခု ကျမ တွေ့ဖူးတယ်။ အဲဒီတုန်းက သူက သူ့လိုပဲ တံဆိပ်ခေါင်း ဝါသနာပါတဲ့လူတွေကို အင်မတန် လေးလေးစားစား ပေါင်းသင်းဆက်ဆံတတ်တာ ကျမ သတိပြုမိတယ်။ ဒါကြောင့် ကျမ အဲဒါကို သိလိုက်တဲ့နေ့ကစပြီး တံဆိပ်ခေါင်းတွေအကြောင်းကို စတင်လေ့လာတော့တာပဲ။ သူ့ထက် ကျမ ပိုသိပါတယ်ဆိုတဲ့ ပုံစံမျိုးကို သူသိအောင် ကျမ ခဏ ခဏ ပြရတယ်။ ဒါမှလည်း သူ ကျမကို သူ့ဘေးက လူတွေကို ဆက်ဆံသလိုမျိုး လေးလေးစားစား အထင်တကြီး ဆက်ဆံမှာမဟုတ်လား။ အနည်းဆုံးတော့ ကျမကို သူအထင်ကြီး လေးစားနေမယ်ဆိုရင် တခြားမိန်းကလေးတစ်ယောက်ဆီကို လွယ်လွယ်ကူကူ စိတ်မရောက်နိုင်တော့ဘူးပေါ့။ ဒီစိတ်နဲ့ပဲ ကျမ သူ့ထက် ပိုသိပိုတတ်အောင် သူဝါသနာပါတဲ့ နယ်ပယ်ကို အပတ်တကုတ် လေ့လာတယ်။ အပေါ်မှာ ကျမ ပြောသလို ကျက်သင့်တာတွေ ကျက်ပစ်တယ်။ သူတို့စကားဝိုင်းမှာ ကျမ ဝင်ပြီး စကားပြောပြီဆိုရင် တခြားမိန်းမတွေက ကျမကို ငေးပြီးတော့ကို ကြည့်နေရတာ။ ဒီအခြေအနေကို ကျမ ကျေနပ်တယ်။ အနည်းဆုံးတော့ သူ့ပတ်ဝန်းကျင်က မိန်းမတိုင်းထက်၊ တချို့ယောက်ျားတွေထက် ပိုပြီး ဗဟုသုတကြွယ်ဝတဲ့ မိန်းမအဖြစ် သူ ကျမကို မြင်သွားနိုင်တယ်။ ဒါက ကျမဘဝရဲ့ ပထမဆုံးချစ်သူ။
ဒုတိယ (လို့ထင်တဲ့) တစ်ယောက်ကတော့ စစ်တုရင်ဝါသနာပါသတဲ့။ အဲဒီတုန်းကလည်း ကျမမှာ ပင်ပန်းလိုက်တာ။ အင်္ဂလိပ်စစ်တုရင်တွေရော၊ တရုတ်စစ်တုရင်တွေရော၊ ဟိုး... မြန်မာပြည်က ရှေးကျတဲ့ စစ်တုရင်တွေရော၊ ရောမခေတ်က စစ်တုရင်တွေအကြောင်းကိုပါ ကျမ လေ့လာရတယ်။ ပင်ပန်းလိုက်တာဆိုတာ။ ဒါတွေကိုတော့ သူ မသိအောင် ကျမ ဖုံးထားရတာပေါ့။ သူနဲ့ စကားပြောတော့မယ်ဆိုရင် သူကျွမ်းကျင်တဲ့ နယ်ပယ်ထဲကို ကျမက ထုံးလိုခြေ ရေလိုနှောက်ပြီး ဝင်ရောက်လေ့လာပြီးတဲ့ လူတစ်ယောက်လို သူ့ကို ဆက်ဆံနိုင်ဖို့ ကျမအင်မတန်ကြိုးစားရတယ်။ ပြဿနာတော့ သိပ်မရှိပါဘူး။ ကျမက သိပ်ဉာဏ်ကောင်းတဲ့လူဆိုတော့ အကြောင်းအရာတစ်ခုကို ခဏလေး ကျက်လိုက်တာနဲ့ကို ကျမအလွတ်ရတယ်။ ပြန်ပြောနိုင်တယ်။ ဒါပေမယ်လို့ ခဏလေးနဲ့တင် ကျမပြန်မေ့သွားရော။ ဒါကလည်း ပြဿနာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ဆွေးနွေးပြီးသား အကြောင်းအရာတစ်ခုကို ကျမ ဘယ်တော့မှ ထပ်မမွှေးလို့ပဲ။ ဆိုတော့ ကျမအလွတ်ကျက်ပြီး သူ့ကို ပြောပြနေတယ်ဆိုတာ သူ မသိတော့ဘူး။ သူကတော့ ကျမရည်းစားတွေထဲမှာ ကျမကို အင်မတန် အထင်အကြီးဆုံးလူပဲ။ ကျမခင်ပွန်းနဲ့ မတွေ့ခင်စပ်ကြားတွေထဲမှာ ရည်းစားတစ်ယောက် နှစ်ယောက် ကျန်သေးတယ်။ သူတို့လည်း အဲဒီလိုပဲ။ တစ်ခုခုကို ဝါသနာပါတတ်ကြတဲ့ လူတွေ။ ယောက်ျားတွေဘာလို့ အမြဲတမ်း တစ်ခုခုကို အမြဲဝါသနာပါတတ်ကြသလဲလို့ ကျမအမြဲတမ်း တွေးတယ်။ ကျမဆို သိပ်အဆင်ပြေတာပဲ။ ဘယ်တုန်းကမှ ဘာကိုမှ စိတ်မဝင်စားဖူးဘူး။ ဒီတော့ ကျမခေါင်းထဲကို ဘာထည့်ထည့် အကုန်ထည့်လို့ ရနေတာပေါ့။ တစ်ခုခုကို ဝါသနာပါနေတတ်တဲ့ ယောက်ျားတွေနဲ့ ရည်းစားဖြစ်ရတာ ကိုယ့်မှာ ဘာဖြစ်သလဲဆိုတော့ လူအတော်များများ တစ်ပြိုင်နက်တည်း မရောက်နိုင် မသိနိုင်တဲ့ နယ်ပယ်အတော်များများကို ထဲထဲဝင်ဝင် ကျက်မှတ်ဖြစ် (လေ့လာ ဖြစ်တာ မဟုတ်) တာပေါ့။ ဒီတော့ ထိတွေ့ဖြစ်တာပေါ့။ နောက်တစ်ခုကတော့ ဟိုတယ်အတော်များများက အိပ်ရာတွေကို ကျမ မြင်ဖူးတာပေါ့။
ကျမရဲ့ ခင်ပွန်းနဲ့ ချစ်သူတွေဖြစ်တုန်းကတော့ ကျမအတော်ကြီးကို ဒုက္ခများသွားဖူးသေးတယ်။ သူက ပထမအဝတ်အထည်တွေအကြောင်း စိတ် ဝင်စားသတဲ့။ ဆိုတော့ ကျမလည်း အထည်တွေအကြောင်းပေါ့လေ။ အဝတ် ဆိုတာ ဘယ်ခေတ်က စဖြစ်လာတာဆိုတာကအစ ကျမသူနဲ့ အတော်ကြီးဆွေး နွေးနိုင်ခဲ့တယ်။ နောက်နည်းနည်းနေတော့ သူက အဝတ်အထည်မဟုတ်တော့ ပြန်ဘူးတဲ့။ တက်တူးတဲ့။ အိုကေ.. ဒီတော့လည်း ကျမကလိုက်တက်တူး တာပေါ့။ တက်တူးလောကမှာ နာမည်အကြီးဆုံးဖြစ်တဲ့ ဂျပန်အိရဲဇုမိတွေဟာ ဘယ်က စတယ် ဘာညာပေါ့လေ။ စသဖြင့်ပေါ့လေ။ ကျမ နောက်ကျောမှာတောင် သူတက်တူးရူးတုန်းက သူနဲ့ပုံစံတူ တက်တူးသေးသေးလေးတစ်ခု ထိုး ဖူးသေးတယ်။ နာလိုက်တဲ့ဖြစ်ခြင်း။ နာပေမယ်လို့ သူ့ရှေ့မှာ ကျမ မနာချင် ယောင်ဆောင်နေခဲ့တယ်။ နာနေလျက်သားနဲ့ မနာချင်ယောင်ဆောင်နေရတယ် ဆိုတာ ကျမလို သာမန်မိန်းကလေးတစ်ယောက်အတွက် အတော်ကြီးကို ခက် ခဲတဲ့ ကိစ္စဖြစ်ခဲ့တာပေါ့။ ဒါပေမယ်လို့ ကျမအတွက် အရေးကြီးတာက နာ တာထက် သူအထင်ကြီးအောင် မဟုတ်လား။ တက်တူးထိုးပြီး သိပ်မကြာ ပြန်ဘူး။ ဘွန်ဇိုင်းပင်တွေကို နှစ်သက်ပြန်သတဲ့။ ကျမမှာ ပင်ပန်းလိုက်တာ ဆိုတာ။ လူလည်း ပင်ပန်း။ သူနဲ့တွေ့ရင် သူ့ကိုပြိုင်ပြီး စကားပြောနိုင်ဖို့၊ သူ့အသိုင်းအဝိုင်းထဲက လူအတော်များများထက် ကျမဟာ ပိုသိပိုတတ်တယ် ဆိုတာကို လူအများသိစေဖို့၊ သူသိစေဖို့ ကျမမှာ ကြိုးစားလိုက်ရတာ။ လူ မသိသူမသိနဲ့ စိတ်တွေလည်း ပင်ပန်းလိုက်တာဆိုတာ။ ခုအိမ်ထောင်ပြုပြီးတော့ ဟော... ကားအကြောင်းတဲ့။ ကားအကြောင်း စိတ်ဝင်စားပါသတဲ့။ သူက မော်တော်ကားဆိုတော့လည်း ကျမလည်း မော်တော်ကားပေါ့လေ။
အဲ... ကျမခုနက မြင်လိုက်တဲ့ အမျိုးသမီးနှစ်ယောက်ကတော့ ခုနက ကျမ ပြောတဲ့ကားကို အသားကုန်ကြီးကို ငေးနေတော့တာပဲ။ ကျမ သူတို့ရှေ့က ကွယ်သွားတာကိုတောင် သူတို့သတိထားမိပုံ မပေါ်ဘူး။ ကျမ သူတို့စိတ်ဝင် စားနေတဲ့ ကားကလေးကို လှမ်းကြည့်လိုက်တယ်။ ကားလေးက Ford Fiesta Titanium အမျိုးအစားလေး။ ခုလောလောဆယ် အင်မတန် ဟော့နေတဲ့ ကားအမျိုးအစားပေါ့။ ကျမ မဲန်မိုရီကို ကျမတံခါးခေါက်လိုက်တယ်။ ခေါင်းထဲမှာ အစီအစီကန့်ထားတဲ့ မှတ်ဉာဏ်တွေ ပေါ်လာတယ်။ ဒီကားမျိုးလေးပေါ့။ အိမ်ကသမီးတွေ လိုချင်တယ်လို့ ပြောနေကြတာ။ ဒီကားလေးက တစ်သောင်းခွဲလောက်တော့ ရှိတယ်။ ဒါပေမယ်လို့ ဝယ်သူအဆင်ပြေအောင် တစ်လ ၆၉၉၊ အင်း ... ၇ဝဝပေါ့။ အရစ်ကျသွင်းလို့ ရတယ်။ နှစ်ဆယ့်သုံးလခွဲပေး နိုင်တယ်။ ခုမြင်ရတဲ့ ကားကလေးက ကြက်သွေးညိုရောင်ကလေး။ သမီးတွေ လိုချင်နေတာလည်း အဲဒါမျိုးပဲ။ အတော်လေးတော့ ခန့်တဲ့ကားကလေးပဲ။
အဲဒီကားကလေးထဲမှာ စုံတွဲတစ်တွဲ ကျမ တွေ့တယ်။ သက်လတ်ပိုင်းလောက်ရှိတဲ့ စုံတွဲတစ်တွဲပဲ။ အမျိုးသမီးကိုတော့ ကျမတို့ဘက်က ကြည့်ရင် နောက်ကျောဘက်ပဲ မြင်ရတယ်။ အမျိုးသားကတော့ ကျမတို့နဲ့ မျက်နှာချင်း ဆိုင်အနေအထား။ အလွယ်ပြောရရင်တော့ မိန်းမတိုင်း စိတ်ယိုင်နိုင်တဲ့ ရုပ်ရည်မျိုးနဲ့လူ။ အမျိုးသမီးကိုတော့ နောက်ကျောလောက်ပဲ မြင်ရတာဆိုတော့ အဲဒီအမျိုးသမီးလှလား မလှလား သေချာမမြင်ရဘူး။ ဒါပေမယ်လို့ ဝတ်ထား စားထားတာ ကြည့်ရခြင်းအားဖြင့်တော့ ကျမခုနက ခန့်မှန်းသလောက် အရွယ်လောက်ပဲ ရှိနိုင်တယ်ဆိုတာ သေချာတယ်။ အမျိုးသားကတော့ မျက်နှာချင်း ဆိုင်မြင်ရသလောက် အတော်ကြီးကို ကြည့်ကောင်းတဲ့လူပဲ။ ပါးမုန်းမွေး စိမ်းဖန့်ဖန်နဲ့ ဆံနွယ်တွေက ရွှေညိုရောင် အခွေလိပ်ပျော့ပျော့တွေ။ အပိုအလိုမရှိ တောင့်တင်းလှပနေတဲ့ ကြွက်သားအပြည့်နဲ့ သူ့ခန္ဓာကိုယ်ပေါ်က ရှပ်အင်္ကျီအဖြူကို အပေါ်ကြယ်သီးနှစ်လုံး ဖြုတ်လိုက်တာကို မြင်လိုက်တယ်။ သူ့ကို မြင်လိုက်တော့ ကျမ Troy ဇာတ်ကားထဲက မင်းသားဘရတ်ပစ်ကိုတောင် မြင်ယောင်မိသေးတယ်။ အမျိုးသမီးက သူ့ရင်ဘတ်ကို ကုတ်ခြစ်လိုက်တယ်။ သူက အမျိုးသမီးရဲ့ ခါးကို လက်တစ်ဖက်နဲ့ပွေ့လိုက်ရင်း မျက်နှာကို ငုံ့ကိုင်းလိုက်တယ်။ ကျမ မျက်နှာလွှဲလိုက်တယ်။ မျက်နှာလွှဲရင်းလည်း တွေးလိုက်သေးတယ်။ (ကားတန်းကြီး မတရားကျပ်နေတာကို တွေ့တော့ သူတို့လည်း တော်ရုံနဲ့ ဒီက ရွေ့နိုင်ဦးမှာ မဟုတ်သေးဘူးလို့ တွေးပြီး ခုလိုစိတ်အပန်းဖြေ နေကြတာနေမှာပေါ့။) အချိန်ကို တန်ဖိုးရှိအောင် အတော်အသုံးချတတ်တဲ့ လူ နှစ်ယောက်လို့လည်း ကျမ အပြောင်အပြက် တွေးလိုက်မိသေးတယ်။ ဘေးဘက်ကားက အမျိုးသမီးနှစ်ယောက်ကို ကျမ မြင်တယ်။ သူတို့နှစ်ယောက်ဟာ အမျိုးသားရဲ့ လှုပ်ရှားမှုတိုင်းမှာ ပင့်သက်တရှိုက်ရှိုက်။ မျက်တောင်လည်း မခတ်ကြဘူး။ တစ်ချက်တစ်ချက်လည်း ဒီအမျိုးသားနဲ့ ချစ်ရည်လူးနေတဲ့ အမျိုးသမီးကို မနာလိုဟန်နဲ့ ကြည့်နေတာကိုလည်း ကျမက တွေ့ဖြစ်အောင် တွေ့လိုက်မိသေး။ ကျမ အနည်းငယ် ရယ်လိုက်မိတယ်။ ကျမ အိမ်ထောင် မကျခင်အချိန်တုန်းက ကျမ တွေးမိဖူးတယ်။ ကျမရဲ့ တစ်ချိန်ချိန်မှာ ဖြစ်လာရမယ့် ခင်ပွန်းသည်ရဲ့ ဟန်ပန်ကိုပေါ့။ ဒါကတော့ အမျိုးသမီးတိုင်းလိုလို တွေးမိဖူးတဲ့ ဆယ်ကျော်သက်အိပ်မက်တွေပေါ့လေ။
ဆယ်ကျော်သက်အရွယ်မှာ ကျမ ယဉ်ခဲ့တဲ့စိတ်ကူးက နည်းနည်းတော့ ရယ်ရတယ်။ ခုနက ကျမ ရယ်တယ်ဆိုတာက အဲဒါကို ပြန်တွေးမိလို့ ရယ်မိတာပါ။ ကျမ ငယ်ငယ်က သိပ်စိတ်ကူးယဉ်တယ်။ ပြီးတော့ အပေါစား အချစ်ဝတ္ထုတွေ ညတိုင်းအိပ်ရာထဲမှာ ဖတ်တယ်။ မိန်းကလေး သူငယ်ချင်းတွေနဲ့ ယောကျာ်းလေးတွေအကြောင်း ဖုန်းဆက်တိုင်း ပြောဖြစ်ကြတယ်။ ငယ်ငယ်က ယဉ်ခဲ့တဲ့ စိတ်ကူးတွေထဲမှာ ကျမရဲ့ ခင်ပွန်းဖြစ်လာမယ့်ယောက်ျားက အရပ်မြင့်မြင့် ခန္ဓာကိုယ်အချိုးအစားက ပြေပြေပြစ်ပြစ် တောင့်တောင့်တင်းတင်း။ ဘာဝတ်ဝတ် လိုက်ဖက်မယ့် လူမျိုး။ အသားအရေလှပရမယ်။ ဆံပင်တွေက တိုသည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ လှပပျော့ပျောင်းရမယ်။ ဘယ်လို လေတိုက်တိုက် ပုံကျလှပနေရမယ်။ ချမ်းသာပြီး အနည်းဆုံး လုပ်ငန်းကြီး တစ်ခုလောက်တော့ ဦးဆောင်လုပ်ကိုင်နေတဲ့သူဖြစ်ရမယ်။ တစ်ဦးတည်းသော သား ဖြစ်ရမယ်ပေါ့။ အတိုဆုံးပြောရရင်တော့ သူ့အကြောင်းတွေးလိုက်တာနဲ့ကို အာသာဖြေဖို့ လုံလောက်တဲ့ လူမျိုးပေါ့လေ။ တကယ်တမ်း ကျမ အိမ်ထောင်ကျတော့ ကျမတို့ မြို့ကလေးနဲ့ အတော်အတန်ဝေးတဲ့ တောမြို့လေး တစ်မြို့က ယောက်ျားတစ်ယောက်နဲ့ အိမ်ထောင်ကျခဲ့တာ။ သဘောကျစရာ ကောင်းတာတစ်ခုက ကျမရဲ့ ငယ်စဉ်အိပ်မက်ထဲက ခင်ပွန်းသည်ပုံရိပ်ဟာ သူ့ဆီမှာ တစ်ခုမှ ရှိမနေတာပဲ။ သူဟာ အရပ်ပုတယ်လို့ ပြောလို့ရတယ်။ ပြီးတော့ သူနဲ့ စတွေ့ခါစက သူက အကောင်နည်းနည်းသေးတယ်။ ပြီးတော့ ဆင်းရဲတယ် (လို့ပြောလို့ရတဲ့ အသိုင်းအဝိုင်းထဲက)။ ပြီးတော့ မောင်နှမ လေးယောက်ထဲမှာ အကြီးဆုံး။ အရယ်ရဆုံးအချက်ကတော့ သူဟာ အတော်ကြီးကို ဆံပင်ပါးတဲ့လူ။ ပါးတယ်ဆိုတာကတော့ အားနာလို့ ပြောလိုက်တာပါ။ တကယ်က ဆံပင်မရှိဘူး။ စတွေ့တုန်းကတော့ သူ့ကို မဟာနဖူးနဲ့လူလို့ အချစ်တွေ မြင်ပြီး ချစ်ခဲ့မိတာပေါ့။ အစကတည်းက ဆံပင်ပြောင်တဲ့လူဟာ အခု ကလေးနှစ်ယောက် မွေးပြီးနောက်မှာ အဖိုးအိုပေါက်စနလေးလို ထိပ်ကြီး ပြောင်နေပြီ။ ကျမ ဘာဖြစ်လို့ သူ့ကို ချစ်မိခဲ့သလဲဆိုတာကို ကျမခုချိန်ထိ မသိဘူး။ သေချာတာ တစ်ခုကတော့ ကျမရဲ့ ငယ်စဉ်အိပ်မက်တွေထဲမှာ၊ ကျမ တွေးမိခဲ့သမျှထဲမှာ ကျမရဲ့ ခင်ပွန်းသည်ဖြစ်လာမယ့် ယောက်ျားဟာ အကျင့်စာရိတ္တကောင်းကောင်းနဲ့ မိသားစုကို ခင်တွယ်ပြီး အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်တတ်တဲ့လူ ဖြစ်စေရမယ်ဆိုတဲ့ အချက်မပါခဲ့တာဘဲ။ တကယ့်ဘဝထဲ ရောက်လာတော့ ကျမရဲ့ ငယ်အိပ်မက်တွေဟာ အတော်ကြီး အသုံးမဝင်တော့တာကို ကျမ တွေ့ခဲ့ပြီးပြီဖြစ်တာကြောင့် အခုနက အမျိုးသားကို တွေ့ရတဲ့အပေါ်မှာ သိပ်ပြီး အထူးအဆန်းတော့ ဖြစ်မသွားမိဘူး။
ကျမခြေလှမ်းတွေကို နည်းနည်းပိုသွက်လိုက်တယ်။ နောက်ထပ်ကား တစ်စီးတန်းစီနေတာကို သွားကြည့်မိပြန်တယ်။ အဲဒီကားထဲမှာ ခပ်လှလှဝတ် စားထားတဲ့ ကောင်မလေးနှစ်ယောက်။ တစ်ယောက်ကို ကျန်တဲ့တစ်ယောက်က သူ့နားရွက်ကိုဖုံးနေတဲ့ ဆံပင်စလေးတွေကိုဖယ်ပြီး နားမှာဝတ်ထားတဲ့ စိန် (လား မသိတဲ့) နားကပ်လေးကို ပြနေတယ်။ အမြင်အရ ပြောရမယ်ဆိုရင်တော့ ပြနေတယ်ဆိုတာထက် ကြွားနေတယ်ဆိုရင် ပိုမှန်မလားပဲ။ ပုံစံလေးတွေ ကြည့်ရတာတော့ အထက်တန်းလွှာ ရေပေါ်ဆီ ပေါ့တော့တော့လေးတွေ လိုမျိုး။ သူတို့မှာ ဒီလိုနားကပ်မျိုး ဝတ်နိုင်တာကပဲ သူတို့အဖေအရင်းကပဲ ဖန်ဆင်းရှင် ဖြစ်နေသလိုလို မျက်နှာမော်မော်လေးတွေနဲ့။ စီးလာတဲ့ ကားက လုံးဝအကောင်းစား။ ၂၀၁၄ ခုနှစ်ထုတ် Ferrari 458 Spider အမျိုးအစား။ တူးဒိုး။ ထိုင်ခုံနှစ်လုံး။ 4.5L စလင်ဒါရှစ်လုံးတပ် Auto transmission. ဈေးက နှစ်သိန်းခွဲကိုမှ တော်တော်ကျော်သေးတယ်။ ဘယ်လောက်လဲ ဆိုတာကိုတော့ ကျမ မကျက်လိုက်မိလို့ မသိလိုက်ဘူး။ တော်တော်တော့ ကျော်တယ်။ ပြီးခဲ့တဲ့နှစ်တုန်းက သမီးအငယ်မ အဲဒီကားပူဆာလို့ အော်ထားရသေးတယ်။ ကလေးတွေ တယ်ခက်တယ်။ လူကြီးတွေ သူတို့အတွက်နဲ့ ဘယ်လိုရုန်းကန်နေရတယ် သူတို့မသိဘူး။
နောက်တစ်စီးကျတော့ မာဆေးဒီးစ်ဘန့်ဇ်ကလေး။ လူငယ်တွေနဲ့ လိုက်ဖက်တဲ့ အမိုးဖွင့်ကားကလေးပေါ့လေ။ အနီရွှင်ရွှင်လေး။ ဒီကားပေါ်မှာ ပျော်ပွဲစားသွားမယ်လို့ ထင်ရတဲ့ ကောင်လေးတစ်အုပ် (ကောင်မလေးတစ်ယောက်လည်း ပါတယ်။)က တီးလုံးကြမ်းကြမ်းတမ်းတမ်းနဲ့ စာသားအကြမ်းစားတွေပါတဲ့ Rap သီချင်းတစ်ပုဒ်ကို ကျယ်ကျယ်လောင်လောင် ဖွင့်ထားပြီး သူတို့ ကိုယ်တိုင်လည်း တစ်ကိုယ်လုံးကို လှုပ်ယိမ်းလို့ ဝူးဝူးဝါးဝါးအော်ဟစ်နေ ကြတယ်။ သူတို့နဲ့ပါလာတဲ့ ကောင်မလေးကလည်း ကနေတယ်။ ကောင်မလေးလက်ထဲမှာ ဘီယာပုလင်းလားမသိတဲ့ ပုလင်းလေးတစ်ပုလင်းကိုင်ထားတာ တွေ့တယ်။ ကောင်မလေးက အဲဒီပုလင်းလေးကို မော့လိုက်၊ ဘေးက ကောင်လေးနဲ့ ကလိုက်၊ အော်လိုက်ဟစ်လိုက်နဲ့ တစ်လောကလုံးကို မေ့နေပုံပဲ။ သူ့လက်ထဲက ဘီယာလို့ ထင်ရတဲ့ ပုလင်းလေးကို မော့လိုက်၊ ဘေးက ကောင်လေးတစ်ယောက်နဲ့ နှုတ်ခမ်းချင်းထိလိုက် လုပ်နေတယ်။ ကျမ ရုတ်တရက်တော့ သူတို့နှစ်ယောက်ကို ချစ်သူတွေလို့ ထင်မိသွားသေး။ ထင်မိနေ တုန်းပဲရှိသေး.. ကောင်မကလေးက သူ့ကိုဝိုင်းထားတဲ့ ကောင်လေးအုပ်ထဲက တခြားကောင်လေးတစ်ယောက်ကို လည်ကုပ်က ဖမ်းဆွဲလိုက်ပြီး နှုတ်ခမ်းချင်း ထပ်ထိလိုက်ပြန်တယ်။ ပြီးတော့ သူ ကျမကို မြင်သွားတယ်။ ပြောရရင်တော့ အံ့သြနေတဲ့ ဟန်ပန်နဲ့ ကြည့်နေတဲ့ ကျမကို သူမြင်သွားတယ်။ သူမြင်သွားတာ တွေ့လိုက်တော့ ချက်ချင်းပဲ ကျမ မမြင်ယောင်ဆောင်လိုက် ပေမယ်လို့ ကျမ သူ့ကို အံ့သြကြည့် ကြည့်မိသွားတယ်ဆိုတာကို သူသိသွားတယ်။ သိသိချင်းပဲ ကျမကို (ဘာကြည့်တာလဲ အဖွားကြီး။)လို့ လှမ်းအော်တယ်။ သူ ဒီလိုအော်လိုက်တော့ သူ့ဘေးက ကောင်လေးတွေကပါ ကျမကို သတိထားမိသွားကြပြီး ရွှတ်ရွှတ်နောက်နောက်နဲ့ ကြမ်းကြမ်းတမ်းတမ်းတွေ လှောင်ရယ်ကြတော့တယ်။ ကျမလည်း ပခုံးတစ်ချက်တွန့်ပြလိုက်ပြီး သူတို့ ဘေးက ခပ်သွက်သွက် လျှောက်လာခဲ့လိုက်တယ်။ သူတို့အကြည့်တွေနဲ့ အပြော ကြမ်းကြမ်းတွေက ကျမ ကျောနောက်ကနေ ကပ်ပါလာတယ်။ ကျမ လှည့်မကြည့်တော့ဘူး။ လှည့်မကြည့်တော့ပေမယ်လို့ အဲဒီကားထဲက ကောင်မကလေးကို ကျမ မြင်ယောင်နေမိတယ်။ သူ့ကို ကြည့်ရတာ မျိုးမတူတဲ့သတ္တဝါ တွေအများကြီးကြားထဲမှာ တစ်ယောက်တည်း ဓာတ်ပုံအရိုက်ခံချင်နေတဲ့ လူတစ်ယောက်နဲ့တောင် တူနေတယ်။ ကိုယ်နဲ့မတူညီတဲ့ အကြောင်းအရာအပေါ် အခြေခံပြီး တစ်ခုခုကို မော်ကြွားချင်နေတဲ့ဟန်ပဲ။ ခုတလော ဘာဖြစ်သလဲ မသိဘူး။ လမ်းသွားရင်းနဲ့ မိန်းကလေး ငယ်ငယ်ကလေးတွေတွေ့ရင် ကျမ သမီးလေးတွေကို သတိရမိတယ်။ သမီးတွေကို ဘယ်လို ကြီးပြင်းစေရမလဲ လို့လည်း လမ်းသွားရင်း တွေ့တဲ့ ကလေးမငယ်လေးတွေကို ကြည့်ရင်း ကျမ ခဏ ခဏ တွေးဖြစ်တယ်။
နောက်တစ်စီးကတော့ အထဲမှာ ကြည့်လိုက်တာနဲ့ မိသားစုလို့ သိသာမယ့် လူစုကလေး။ ဘူဂက်တီကားကလေး။ တကယ်က ကားပုံစံကလေးကို ကြည့်ပြီး ကားကလေးလို့သာ ပြောလိုက်တာ။ ဒီနှစ်ထဲမှာ နာမည်အကြီးဆုံးနဲ့ ဈေးအကြီးဆုံးကားရယ်လို့ နာမည်ထွက်နေတဲ့ ကျမတို့လို သာမန်လူတွေ မကပ်နိုင်တဲ့ ကားကြီးပါ။ သူက ဖိုးဒိုး (Four door) ကားပဲ။ အပြင်အဆင်ကတော့ ပြောရရင် Porche Panameraနဲ့ အတော်ကြီးဆင်တူတယ်။ ဒါပေမယ်လို့ ဒီဘူဂက်တီက ပိုဈေးကြီးတာပေါ့လေ။ ဒီနှစ်ဈေးအရ ပြောရရင် ဒီကားဟာ တစ်သန်းခွဲကျော်တန်တယ်။ အရေအတွက်နဲ့ ထုတ်လုပ်တဲ့ ကားအမျိုး အစားဖြစ်ပြီးတော့ အတွင်းခန်းတွေကို အရည်အသွေးမြင့်သစ်သားတွေ၊ အဖိုး တန်သားရေတွေနဲ့ ပြုလုပ်အလှဆင်ထားတယ်။ လူလေးယောက် ချောင်ချောင်ချိချိ စီးနင်းနိုင်တဲ့ ကားမျိုးပေါ့လေ။ ဒီတော့လည်း အခုကျမ မြင်ရတဲ့ သုံးယောက်စာ မိသားစုကလေး စီးနင်းနိုင်တာပေါ့။ ဒီကားထဲမှာ လူက သုံးယောက်ပဲပါတယ်။ မိသားစု...၊ သုံးယောက်တည်း၊ ဆိုပေမယ်လို့ သူတို့အမူအရာတွေက တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ အထဲမှာ ကျမသမီး အငယ်မထက် နည်းနည်းလေးပိုကြီးမယ့် ကောင်ကလေးတစ်ယောက်ကို တွေ့လိုက်တယ်။ ကလေးလေးကို တွေ့တော့ ကျမ (ဝသီအတိုင်း) ပြုံးပြလိုက်မိဦး မလို့ပဲ။ ဒါပေမယ်လို့ သူ့မျက်လုံးမှာ မျက်ရည်စလေးတွေကို တွေ့မိတာနဲ့ မပြုံးပြမိလိုက်တော့ဘူး။ ကလေးလေးဘေးမှာက သူ့မိဘ (လို့ထင်ရတဲ့) လူနှစ်ယောက်။ ကြိတ်ပြီး ရန်ဖြစ်နေကြတယ်။ ကြိတ်ပြီးဖြစ်နေတယ်လို့ ကျမ ပြောလိုက်တာက ကလေးရဲ့ အမူအရာရယ်၊ ဘာမှမဖြစ်သလို ဟန်လုပ်ထားပေမယ်လို့ မသိမသာ ဟန်ချက်ပျက်နေတဲ့ ယောက်ျားနဲ့ မိန်းမရယ်ကို တွေ့လို့ပါ။ ဒီလူနှစ်ယောက်ထဲက အမျိုးသမီးဖြစ်သူကို ကျမတို့ ပြည်တွင်းနာမည်ကြီး ချန်နယ်တစ်ခုမှာ အစီအစဉ်တင်ဆက်သူအဖြစ် မြင်ဖူးတယ်။ အတော်ကို နာမည်ကြီးကြီးပါပဲ။ ဆယ်လီဗရစ်တီတစ်ယောက်လိုကို နာမည်ကြီးပြီး သူမရဲ့ ထက်မြက်မှု၊ ရင့်ကျက်တည်ငြိမ်တဲ့ အလှနဲ့ သာယာချောမွေ့တဲ့ မိသားစုဘဝကို ပိုင်ဆိုင်သူအဖြစ် မဂ္ဂဇင်းအတော်များများက ဖော်ပြကြဖူးတယ်။ အခု ကျမ မြင်နေရတဲ့ ပုံကတော့ ကြားဖူးထားတဲ့ သတင်းတွေနဲ့ အတော်ကြီးကို ကွာခြားနေတာပဲ။ သူတို့ဟာ ချစ်ဟန်ဆောင်နေကြပြီး တစ်ယောက်ကို တစ်ယောက် အင်မတန် မုန်းပြီး ရန်လိုနေကြတဲ့ ပုံမျိုး။ ကလေးလေးကို ပြန်ကြည့်မိတော့ ကလေးလေးက သူ့ကို ကျမနဲ့အတူ ခေါ်သွားစေလိုတဲ့ မျက်လုံးလေးတွေနဲ့ ကြည့်နေရှာတယ်။ ကျမ သက်ပြင်းချလိုက်တယ်။ ခေါ်သွားလို့ ဘယ်ဖြစ်မလဲလေ။ ကျမမှာ သမီးနှစ်ယောက်နဲ့။ ဒီနှစ်ယောက်တည်းနဲ့တောင် ကျမတို့မှာ အတော်ကြီး ရုန်းကန်နေကြရတာ။ ခေါ်သွားတယ်ပဲ ထားဦး။ အို... ဘယ်ဖြစ်မှာလဲ။ ဘယ်မှာဖြစ်ပါ့မလဲ။ ကျမ ခပ်သုတ်သုတ် လှမ်းလာခဲ့တယ်။
တကယ်တော့လည်း ကျမတို့မှာသာ ကျမ ယောက်ျား ရုံးအသွားအပြန်စီးဖို့ မနှစ်ကမှ ဝယ်ထားတဲ့ တစ်ပတ်ရစ် စလွန်းကားလေးတစ်စီးပဲရှိတာ။ တကယ်ရှိတဲ့ လူကျတော့လည်း ကြည့်စမ်း။ ရှိလိုက်ကြတာ။ ကျမ လူပီပီ သသစိတ်ထဲက အကြီးကြီး အားကျပစ်လိုက်တယ်။ ကျမ နောက်က ကြုံခဲ့ရတဲ့ ကားတွေဟာ ဘယ်အချိန်လောက်မှာ ဘယ်ကို ထွက်ခွာနိုင်ကြမလဲ။ ခု လောလောဆယ်တော့ သူတို့တတွေ ကျပ်လွန်းလှတဲ့ ရှစ်လမ်းကြောင်း လမ်းကြီးအပေါ်မှာ ထည်ထည်ဝါဝါ ပိတ်မိနေကြလေရဲ့။ လမ်းလျှောက်တဲ့ ကျမကတောင် သူတို့ကို ကျော်ပြီး လမ်းသွယ်ဖြတ်လမ်းကလေးထဲ ရောက်ကာနီးနေပြီ။ သူတို့ကတော့ ဟန်ကြီးတွေနဲ့ ထည်ထည်ဝါဝါ ပိတ်မိနေဆဲပဲ။ ကျမ နာရီကို ကြည့်လိုက်တယ်။ အစစ်ပဲ။ ကျမ နောက်ကျနေပြီ။ ရထားတော့ မီတော့မယ် မထင်ဘူး။ မနေ့က အလုပ်ရှာဂျာနယ်ကို ကျမ ဖတ်ကြည့်မိတာ သတိရလိုက်မိတယ်။ နောက်လလောက်တော့ ကျမ အလုပ်နောက်တစ်ခု ထပ်ရှာရတော့မှာပဲ။ ကျမယောက်ျားအလုပ်မှာတော့ အတွင်းရေးမှူးတစ်နေရာ လွတ်နေတာ သိတယ်။ ကျမ ပညာအရည်အချင်းတွေနဲ့လည်း ပြည့်စုံပါရဲ့။ မပြည့်စုံတာကတော့ အသက် ၂၇ နှစ်ထက် မကျော်ရဘူးတဲ့။ ကိုယ်အလေးချိန် ၄၈ လိုထက်မပိုရတဲ့။ အရပ်အမြင့် ၁၆၅ စင်တီမီတာ အနိမ့်ဆုံးရှိရမယ်တဲ့။ ခါးဆိုက်က ၂၄ အများဆုံးတဲ့။ ထင်တာတော့ ကျမ လစ်လပ်နေရာကို အတွင်းရေးမှူးနေရာနဲ့ လေယာဉ်မယ်နေရာ မှားဖတ်မိတယ်လို့ ထင်တယ်။ ကျမတို့ နိုင်ငံမှာ တက္ကစီနှစ်မျိုးရှိတယ်။ မီတာတက္ကစီနဲ့ ပါးစပ်ဈေးတက္ကစီ။ မီတာ တက္ကစီက အစိုးရပိုင်တွေ ဖြစ်ပြီး အင်မတန်နည်းတယ်။ နောက်ကျနေပြီဆိုတာ သိပေမယ်လို့ နာရီကို ထပ်ကြည့်လိုက်ပြီး ပလက်ဖောင်းမှာ ရပ်လိုက်တယ်။ မီတာတက္ကစီကို ကျမ စောင့်တားမလို့။
11:35PM
3,12,2016
Saturday
အကြမ်းခြောက်ရေနွေးကြမ်း
“ကဗျာအပေါ်မှာလေ
ငါက သားဖွားခန်းရောက်မိန်းမ
လင်ကို စိတ်နာသလိုမျိုး နာရဲ့။”
-မောင်ချောနွယ်-
ဒီနေ့ကို ရောက်လာမှာကို ကျမ သိပ်ကြောက်ခဲ့တယ်။ ဒီနေ့မရောက်ခင် ကျမတစ်ခုခုဖြစ်ပြီး ဒီလောကထဲက ထွက်ခွာသွားရရင် ဘယ်လောက်ကောင်း မလဲလို့လည်း အတွေးခဏခဏ ဝင်ခဲ့မိဖူးတယ်။ ဒီနေ့မှာ ခွဲစိတ်ဖို့ကို ကျမပြီးခဲ့တဲ့ ၅ ရက်ကမှ ကပ်ပြီး သိလိုက်ရတယ်။ ကျမရောဂါခံစားနေရတာ ခုနစ်လကျော်လောက်တောင်ရှိပြီ။ မကြာခင် ခွဲစိတ်ရတော့မယ့် ကိစ္စလို့တော့ စဖြစ်ကတည်းကတော့ ရိပ်မိဖူးပါရဲ့။ ဒါပေမယ်လို့ မခွဲမစိတ်ဘဲ ကောင်းချင်လည်း ပြန်ကောင်းသွားမှာပါလို့ အတွေးလေးတော့ ဖြစ်ဖူးတယ်။ ဒါကလည်းပဲ စိတ်ကူးထဲမှာသာ ဖြစ်နိုင်ပြီး တကယ့်လက်တွေ့ဘဝမှာတော့ တစ်ချိန်မဟုတ် တစ်ချိန်မှာ သိပ်မဝေးတော့တဲ့ တစ်ချိန်ချိန်ပေါ့လေ။ အဲဒီကာလမှာ ကြုံတွေ့ရတော့မယ်ဆိုတာကို ကျမစိတ်ထဲက နက်နက်ကြီးကို သိနေတာပဲ။ အဲဒီကာလ ဆိုတာဟာ ဒီနေ့ပဲလို့ သိရချိန်မှာ အဖြစ်မှန်ကို ကျမ လက်မခံနိုင်ခဲ့ဘူး။
ကျမဘဝမှာ တစ်ခါဖူးမျှ မခွဲစိတ်ခဲ့ဖူးဘူး။ ကျမကို ခွဲစိတ်(ကောင်းခွဲစိတ်) ရလိမ့်မယ်လို့ ကျမ ဆရာဝန်က လွန်ခဲ့တဲ့ သုံးလကျော်လောက်က ပြောခဲ့ဖူးတယ်။ အဲဒီကတည်းကကျမရင်ထဲက ခွဲစိတ်ဖြစ်ချင်မှ ဖြစ်မှာပါလို့ တွေးမိတဲ့ သံသယဟာ လုံးလုံးပျောက်သွားခဲ့ပြီး အဲဒီနေရာမှာ စိုးရိမ်ကြောက်ရွံ့မှုနဲ့ အထိတ်အလန့် တုန်လှုပ်မှုတွေ အစားထိုးဝင်လာခဲ့တယ်။ ကျမ သိပ်ကြောက်တာပဲ။ ဘာကြောင့် ကြောက်တယ်ဆိုတာကို ကျမသေချာမသိဘူး။ ပေမယ်လို့ ကျမကြောက်တယ်။ တကယ်တမ်းပြောရရင် ကျမလည်း ဆေးပညာနဲ့ ခွဲစိတ်ကုသမှုဆိုတာတွေကို ဝေးခဲ့စိမ်းခဲ့သူတော့ မဟုတ်ပါဘူး။ ကျမရဲ့ အဖွားဟာ သူနာပြုဆရာမတစ်ယောက်အဖြစ် အစိုးရဆေးရုံတွေမှာ တာဝန်ယူခဲ့ရင်း အတော်အသက်ရလာတော့မှ သက်ပြည့်ပင်စင်နဲ့ အနားယူခဲ့သူပါ။ အနားယူပြီးနောက်ပိုင်းမှာလည်း အိမ်မှာပဲ ဆရာဝန်လေးတစ်ယောက် ငှားပြီး ကိုယ်ပိုင်ဆေးခန်းလေးတစ်ခု ဖွင့်ခဲ့တယ်။ အဲဒီဆေးခန်းကလေးဟာ ကျမအသက် အတော်ငယ်ငယ်ကတည်းက ကျမတို့အိမ်မှာ ရှိနေခဲ့တယ်။ အိမ်ရှေ့က သက်တမ်းရင့် ပိတောက်ပင်ကြီးအောက်မှာ ထိုင်စရာ ခုံတန်းလေးနှစ်တန်းနဲ့ ရပ်ကွက် ဆေးခန်းလေးရှိခဲ့တဲ့ အိမ်ဟာ ကျမတို့အိမ်ပါပဲ။ ဆေးခန်းဟာ အခုခေတ် မြင်ရသလို ဆေးခန်းမျိုးတော့ မဟုတ်ခဲ့ဘူး။ သံခုတင်တစ်လုံးနဲ့ ခေါင်းအုံးအပါး လေးတစ်လုံးရယ်၊ သမံတလင်းခင်းထားတဲ့ ကြမ်းပြင် ကြမ်းကြမ်းရယ်၊ ဆေးထိုးအပ်နဲ့ဖော့ဆက်၊ ကတ်ကြေးစတဲ့ ပစ္စည်းပစ္စယတွေ ထည့်ပြုတ်ဖို့ ဒန်အိုးတစ်လုံးနဲ့ လျှပ်စစ်မီးဖိုလေး တစ်လုံးရယ်၊ ဆေးပုလင်းပေါင်းစုံနဲ့ ဂွမ်းဘူးတွေ၊ ဆေးထုပ်ဖို့ စက္ကူအပိုင်းတွေ တင်ထားတဲ့ နည်းနည်းကြီးကြီး စားပွဲတစ်လုံးရယ်၊ အတော် လင်းလင်းကျင်းကျင်း မြင်ရတဲ့ အားသွင်းရတဲ့ ဓာတ်မီးအိမ် တစ်လုံးရယ်ပဲရှိတယ်။ ဆေးတွေတင်ထားတဲ့ စားပွဲဟာ အဖွားနဲ့ အသက်အတူတူလောက်ပဲလို့ ထင်ရလောက်အောင်ကို အိုစာတယ်။ အဖွား ပြောတာတော့ အဖိုးနဲ့ အိမ်ထောင်စကျတုန်းက လင်မယားအတူ ထမင်းစားဖို့ အဖိုးကိုယ်တိုင် ပရိဘောဂဆိုင်မှာ သွားအပ်ထားပေးတဲ့ စားပွဲတဲ့။ ဒါပေမယ်လို့ နောက်ပိုင်းတော့ စားပွဲက အရမ်းကြီးပြီး စားပွဲပေါ်တင်စရာ ဟင်းပန်းကန် အလုံအလောက် မရှိတာနဲ့ ဆေးစားပွဲ လုပ်လိုက်တယ်တဲ့။ အဖိုးရှိစဉ်ကတော့ အဖိုးက အဲဒီစားပွဲ (ကြီး)ကို အတော်လေး ဂုဏ်ယူပြီး ပြောလေ့ ကြည့်လေ့ ရှိတယ်။ စားပွဲမှာ ပုံဖော်ထားတဲ့ ကနုတ်နည်းနည်းဟာ သူ့ကိုယ်ပိုင်ဒီဇိုင်းလို့လည်း ပြောလေ့ ရှိတယ်။ အဲဒီဒီဇိုင်းကို သူက ပရိဘောဂဆိုင်ကိုပြတော့ ဆိုင်က လူတွေက မလုပ်တတ်ကြဘူးဆိုပဲ။ အင်မတန် လက်ရာမြောက်လွန်းတော့လည်း လက်နဲ့ ထွင်းရတဲ့ လက်မှုပညာက မလိုက်နိုင်ရှာပေဘူးလို့ သူ အမြဲပြောလေ့ ရှိတယ်။ ကျမကတော့ အဲဒီကနုတ်ဆိုတာကို အဖိုးပြောမှသာ သတိထားမိတော့တယ်။
အဲဒီဆေးစားပွဲရှိတဲ့ အဲဒီဆေးခန်းထဲမှာ ငှားထားတဲ့ အကူတစ်ယောက်နဲ့ ကျမရဲ့အဖွားတို့ဟာ မနက်ခုနစ်နာရီကနေ ညခုနစ်နာရီထိ အလုပ်ခန်းထဲက မထွက်တမ်း အလုပ်လုပ်ရလေ့ ရှိတယ်။ ဆရာဝန်ကတော့ နာမည်ခံရုံတင်ခံ ထားတာဆိုတော့ တစ်ပတ် တစ်ရက် နှစ်ရက်လောက်ပဲ လာတာပေါ့လေ။ ဒီဆေးခန်းထဲမှာ ရပ်ကွက်ထဲက လူပေါင်းစုံလာလေ့ ရှိတယ်။ သာမန်ခြင်ကိုက်ဖု ထွက်တာလောက်ကစပြီး အသေးစားခွဲစိတ်မှုတွေအထိ အဖွားဟာ ဒီဆေးခန်းထဲမှာ သူ့အကူကို ဓာတ်မီးအိမ်လေး မြှောက်ပြခိုင်းပြီး ကုသပေးလေ့ ရှိခဲ့တယ်။ ငယ်ငယ်က အဖွားခွဲစိတ်နေတာကို ကြည့်ပြီး စိတ်ထဲမှာ အဖွားကို နိုက်တင်ဂေးလို့တောင် ထင်ခဲ့ဖူးသေးတယ်။ အဖွားခွဲစိတ်ခဲ့တာ ချုပ်လုပ်နေခဲ့တာတွေကို အဲဒီအချိန်က ကလေးအရွယ်ပဲရှိသေးတဲ့ ကျမက မကြာခဏ သွားငေးမောလေ့ရှိတယ်။ ဒီတော့ ခွဲတာ စိတ်တာဆိုတာတွေ၊ ဆေးပေး ဆေးယူကိစ္စတွေဟာ ကျမအတွက် သိပ်မစိမ်းလှပေဘူးပေါ့။
အခုကြောက်တယ်ဆိုတဲ့ ကိစ္စက ဘယ်လို စပြောရမှန်းတောင်မသိဘူး။ ကျမကိုယ်တိုင်လည်း အရင်က ဒီလောက်သွေးနည်းတဲ့လူတော့ မဟုတ်လှဘူး။ ကျမ ဒီရောဂါကို စတင်ခံစားရချိန်မှာ ရောဂါလက္ခဏာတွေကို သတိမထား မိခင်ကာလကတည်းက အိပ်မက်ကြမ်းကြမ်းတွေ မက်ခဲ့တယ်။ ကျမအိပ်နေတုန်း ခုတင်ပေါ်ကို အဖိုးနဲ့တူတဲ့ လူတစ်ယောက် တက်လာတာမျိုး။...။ ကျမက ရုတ်တရက် အဖိုးထင်ပြီး ခြင်ထောင်လှပ်ပေးလိုက်ချိန်မှာ ဝင်လာတဲ့လူက အဖိုးမဟုတ်ဘဲ ကျမတစ်ခါမှ မတွေ့ဖူးတဲ့ လူတစ်ယောက်ဖြစ်နေတာမျိုး။.. ကျမတို့နိုင်ငံက နာမည်ဆိုးနဲ့ နာမည်ကျော်ကြားတဲ့ ပြည့်တန်ဆာမကြီးတစ်ယောက်က ကျမကို လမ်းပိတ်ပြီး အကြွေးတောင်းနေတာမျိုး။...။ အို... ပြောနေရင်တော့ ရှင်တို့ ရယ်ချင်လိမ့်မယ်။ ဒါပေမယ်လို့ တကယ်ကြုံတွေ့ခံ စားခဲ့ရတဲ့အချိန် အိပ်မက်ထဲမှာတော့ ကျမမှာ ပြေးစရာမြေ ပြောစရာစကားတွေ မရှိခဲ့ဘူး။ ဒါတင်မက ကျမကို ခွဲစိတ်ရတော့မယ်လို့ သိလိုက်ရပြီး နောက်ပိုင်း ကျမတစ်ညမှ ကောင်းကောင်းအိပ်မပျော်တော့ဘူး။ ကျမ ညဘက် အိပ်ပျော်နိုင်ဖို့ ကိုယ့်သဘောနဲ့ကိုယ် စိတ်ငြိမ်ဆေးနဲ့ အိပ်ဆေးတွေသောက်အိပ်တယ်။ နောက်တော့ စိတ်ရောဂါကုဆရာဝန်ကို ကျမတိုင်ပင်တယ်။ ကျမရဲ့ရောဂါဟာ စိတ်ငြိမ်ဆေးတွေ အိပ်ဆေးတွေနဲ့ ဓာတ်မတည့်တဲ့ ရောဂါဖြစ်နေတာကြောင့် ဒီဆေးတွေကို ရှောင်ပါလို့ ဆရာဝန်က တိုက်တွန်းတယ်။ ဒီအစား တရားထိုင်ကြည့်ပါ။ ဘာသာရေး လိုက်စားကြည့်ပါတဲ့။ ကျမတစ်ခါမှ တရားမထိုင်ဖူးဘူး။ ဒါပေမယ်လို့ ကျမရဲ့ စိတ်ဆင်းရဲစရာတွေကနေ ခဏပဲဖြစ်ဖြစ် လွတ်ကင်းအောင် တရားထိုင်ကြည့်တယ်။ ဝင်လေထွက်လေ မှတ်ကြည့်တယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ ဘာသာရေးစာအုပ်တွေ ဖတ်ကြည့်ပြန်တော့လည်း ဉာဏ်နည်းလို့ပဲ ဆိုရမလား။ ကျမ မဖတ်နိုင်လောက်အောင်ကို ပျင်းရိစရာ ကောင်းနေတာ နားမလည်စရာ ကောင်းနေတာကို တွေ့ရတယ်။ ကျမ လက်လျှော့လိုက်တယ်။
သိပ်စိတ်ညစ်တဲ့အခါတွေမှာ ကျမအစားတွေ အများကြီးစားပစ်မိတယ်။ ဒီတော့ လတ်တလော ကျမရဲ့ များသောအားဖြင့် တည်နေရာက မီးဖိုချောင် ဖြစ်လာတာ မဆန်းတော့ပေဘူးပေါ့။ မကြာခင်မှာ ကျမကို ခွဲစိတ်ကြတော့မယ်။ ဒီလိုတွေးမိလေ အစားတွေ ဖိစားပစ်လေ။...။ အမြဲဝိတ်ကျဖို့ ကြိုးစားနေတတ်တဲ့ ကျမဟာ ဒီအတွေးကို အချိန်ပြည့် တွေးမိနေတာကြောင့် ၀တာ ပိန်တာတွေကို ဂရုမစိုက်မိတဲ့အထိပဲ။ ဒီတော့ ကျမဝလာတယ်။ တစ်ခုတော့ တွေးမိသား။ ကျမကို ခွဲစိတ်ဖို့ သူတို့တတွေ ခွဲခန်းကို ခေါ်သွားကြတော့မယ် ဆိုပါစို့။ ကျမက ဝနေတဲ့အတွက် တစ်ယောက်တည်း မရွှေ့လို့တော့ ရမယ်မထင်ဘူး။ အနည်းဆုံး လေးယောက်လောက်တော့ ကျမကို ဝိုင်းမကြရလိမ့်မယ်။ ပါးစပ်ကလည်း တအီးအီးအသံတွေ ထွက်ပြီးတော့ပေါ့။ ဒီလိုတွေးမိတော့ ကျမ ရယ်မိသေးတယ်။
နက်ဖန်မနက်လို ခွဲစိတ်ရတော့မယ်ဆိုတော့ ဒီနေ့လိုညမျိုးမှာ ကျမ ဆေးရုံ စတက်ရတယ်။ လိုအပ်တဲ့ ဆေးဝါးတွေ သွင်းတယ်။ လက်တွေ ခြေထောက်တွေကို သွေးဖောက်စစ်ကြတယ်။ ကျမရဲ့ သွေးကြောတွေထဲ ဆေးထိုးပိုက်နဲ့ ဆက်ထားတဲ့ ဘက်တာမှလိုင်းအပ်တွေ ထိုးထည့်ကြတယ်။ ကျမကို ပထမဆုံးတစ်ခေါက် ဆေးထိုးပေးတဲ့ ဆရာဝန်လေးက အတော်ငယ်ပြီး အတွေ့အကြုံ နည်းသေးပုံပဲ။ သူကျမကို သုံးခါဆေးထိုးတယ်။ သွေးကြောမမိဘူး။ သူထိုးတဲ့သုံးခါမှာ နောက်ဆုံးတစ်ခါမှာ ဆွယ်လိုဝင်တယ်။ ဘေးက သူလုပ်သမျှ ရပ်ကြည့်နေတဲ့ သူနာပြုဆရာမအိုကြီးတစ်ယောက်နဲ့ ဆရာဝန်ကြီးတစ်ယောက်က သူတို့လုပ်မယ်ဆိုပြီး ဆရာဝန်လေးကို ဖယ်ခိုင်းကြတယ်။ လေးခါမြောက် အပ်ထိုးပြီးချိန်မှာတော့ ကျမကိုယ်ထဲကို သူတို့သွင်းချင်တဲ့ ဆေးဝါးတွေ ဝင်လာတော့တယ်။ ကျမ မျက်စိမှိတ်လိုက်တယ်။ အကြောဆေးတွေ သွေးကြောထဲ ဖြန်းခနဲ ဝင်ဝင်နေတာကို သတိထားမိတယ်။ တစ်ခါတစ်ခါ ကျမလည်ချောင်းထဲမှာတောင် ချိုသလိုလို ခါးသလိုလိုတွေ လာဖြစ်နေသလိုပဲ။ ကျမရဲ့ လူနာစောင့်ကို နက်ဖန်အတွက် ဘာတွေပြင်ဆင်ထားရမယ်ဆိုတာကို ဆရာဝန်က ပြောပြနေတာများ ကျမကို ရည်ရွယ်ပြောနေတာ မဟုတ်သလိုပဲ။ ကျမဘေးမှာ ကျမအကြောင်းကို ကျမနဲ့ မဆိုင်သလိုပဲ သူပြောနေလိုက်တာ ညွှန်ကြားနေလိုက်တာ။ ကျမတစ်ချက် မဲ့ပြုံးပြုံးပြီး ဆရာဝန်နဲ့ ကျောချင်းဆိုင်လိုက်တယ်။ စိတ်နဲ့ လူနဲ့ မကပ်ချင်သလို လူဟာ နုံးပြီး ရင်ထဲမှာ ဆို့ပိတ်နေတယ်။
အဲဒီညဟာ ကျမအတွက် ငရဲပဲ။ ဒီလိုပြောလိုက်ရတဲ့အတွက် ရှင်တို့ ကျမကို နည်းနည်းတော့ ခွင့်လွှတ်ပါ။ ကျမက အစကတည်းက နည်းနည်း ပိုပြောတတ်တဲ့ အကျင့်ရှိတတ်တယ်။ တကယ်တော့ ငရဲလို ဝဋ်ခံရတာမျိုးတော့ မဟုတ်ဘူးပေါ့။ ကျမအဲဒီညမှာ ဆေးရုံကြမ်းပြင်ပေါ်မှာ ဆင်းအိပ်တယ်။ မတော်တဆ လက်ကိုဖိမိတော့ မနက်ဖန်မနက်အတွက် ဆေးသွင်းဖို့ ပြင်ဆင်ထားပုံရတဲ့ လက်ထဲမှာ ဆရာဝန်တွေ စိုက်ထည့်ပေးသွားတဲ့ အပ်တန်းလန်းဟာ စူးခနဲ နာသွားတယ်။ ကျမ ရုတ်တရက် လန့်မိသွားသေးတယ်။ နောက်နေ့တွေဆို ကျမဒီခုတင်ပေါ်မှာ နေ့ပေါင်းများစွာ မထစတမ်း လှဲနေကောင်း လှဲနေရတော့မယ်။ ကျမအတွက် အဲဒီခုတင်မဟုတ်ဘဲ တခြားနေရာမှာ အိပ်ဖို့ ဒီတစ်ညပဲ အခွင့်အရေးရှိတော့တယ်။ ဒီတော့ ဒီညမှာ ကျမကြမ်းပြင်ပေါ် ဆင်းအိပ်မယ်လို့ အကြံဖြစ်တယ်။ မအိပ်ခင်မှာ ဆေးရုံတစ်ဝိုက်ထွက်ပြီး လမ်းလျှောက်ဖို့ တွေးမိတယ်။ ကျမ လူနာခန်းထဲကနေ ထွက်လာခဲ့တယ်။ ကော်ရစ်တာမှာ လူမရှိဘူး။ ညဟာ ဆယ့်တစ်နာရီခွဲကို ပြနေပြီ။ ဆေးရုံဝင်းထဲမှာ စိုက်ထားတဲ့ သစ်ပင်မြင့်တွေ လှုပ်နေတာကို တွေ့တယ်။ မကြာခင်မှာပဲ မိုးစက်မိုးပေါက် အေးအေးတွေဟာ ကျမမျက်နှာကို ဖြန်းခနဲ ဖြန်းခနဲ လာလာစဉ်တယ်။ ကျမ နှစ်သက်လိုက်တဲ့ ဖြစ်ခြင်း။ နောက်နေ့တွေမှာ ကျမ ဒီလိုထွက်ပြီး ခံစားဖို့ ရက်အတော်ကြာ ဖြစ်နိုင်ဦးမယ် မထင်ဘူး။ ကျမအပီအပြင် ခံစားပစ်လိုက်တယ်။ မျက်နှာတစ်ခုလုံး အေးမြသွားတဲ့အခါမှာ ကျမ မျက်လုံးတွေ ပြန်ဖွင့်လိုက်တယ်။ ကော်ရစ်တာမှာ ဆေးရုံက လာလှန်းထားတဲ့ အဝတ်ဖြူဖြူတွေ (အနှီးဖြူဖြူတွေလည်း ဖြစ်နိုင်တာပဲ)ကို မြင်ရတယ်။ ဒါတွေကို သူတို့မရုပ်ဘူး။ ဒါမှမဟုတ် ရုပ်ဖို့ သတိမရကြဘူး။ ဒါမှမဟုတ် ရုပ်ဖို့ မအားကြဘူး။ ကော်ရစ်တာဘက် ခြေလှမ်းရွှေ့လိုက်တယ်။ မိုးကလည်း အတော်ရလာတယ်။ လေတွေ သဲသဲတိုက်နေတဲ့ အသံတရွှီးရွှီးကို ကြားနေရတယ်။ ကျမနံဘေးတွေကနေ ဖြတ်သွားနေကြတယ်။ လေအေးအေးတွေနဲ့အတူ မိုးပေါက်တွေ လိုက်လာနေတယ်။ ကော်ရစ်တာဟာ ချောနေတယ်ဆိုတာထက် ရှောနေတယ်။
သစ်ပင်မြင့်မြင့်တွေကို ကျမ နာမည်မသိတာ များတယ်။ အခုလည်း ဆေးရုံက အရိပ်ရတဲ့ အပင်မြင့်မြင့်ကြီးတွေကို အတော်များများ ကျမနာမည် မသိဘူး။ ကွမ်းပင်တစ်မျိုးပဲ သိတယ်။ ကွမ်းပင်တွေဟာ ကွမ်းသီးတွေကို ပြွတ်လို့။ လေယူရာမှာ ကျိုးကျပြတ်ကျမသွားဘဲ ဝေ့ဝိုက်နေလိုက်တာ ယိမ်းပျောင်းနေလိုက်တာ... အသီးတွေလည်း တစ်သီးမှ ကြွေကျသွားတာမျိုး မတွေ့ရဘူး။ ဒါမှမဟုတ် ကျမ မတွေ့မိလိုက်ဘူး။ သူ့ရဲ့ ညင်းပျောင်းယိမ်းနွဲ့မှုမှာ အားပါတယ်။ ပျောင်းသွဲ့မှုမှာ မာန်တွေထတယ်။ ကျမ ဒါကို သိပ်ကြိုက်သွားတယ်။ နာဂစ်ဖြစ်တုန်းက ကျမတို့နိုင်ငံ အကြီးအကျယ် ပျက်စီးခဲ့တယ်။ အဲဒီကာလတုန်းက ကျမနေခဲ့တဲ့ အဖွားရဲ့ ခြံဝင်းထဲမှာ ကွမ်းပင်မြင့်မြင့်တွေ အများကြီးရှိခဲ့တယ်။ ကွမ်းပင်တွေဟာ အဲဒီနာဂစ်ဖြစ်တဲ့ ညမှာ ယိမ်းထိုးနေ လိုက်တာ။ ကျိုးကျတော့မယ့်အတိုင်းပဲ။ ကျမအိမ်အပေါ်ထပ် မှန်ပြတင်းပေါက်တွေကနေ ချောင်းကြည့်ရင်း သိပ်ကြောက်ခဲ့ဖူးတာ အမှတ်ရမိတယ်။ အဖွားဟာ သူအားလပ်တဲ့ အချိန်တိုင်းမှာ ဈေးထဲက ကွမ်းရွက်အနုတွေဝယ်၊ ထုံးနဲ့ဆေးရွက်ကြီးဝယ်ပြီး ကွမ်းကိုတော့ အဲဒီခြံဖြစ် ကွမ်းသီးတွေကိုပဲ မက်မက်မောမော လှီးဖြတ်စားသောက်လေ့ ရှိတယ်။ အဖွားဟာ မအားလပ်လိုဘူး။ အားတဲ့ ညဘက်လို အချိန်မျိုးတွေမှာလည်း တခြားအဖွားအဖိုးကြီးတွေလိုမျိုး ဘုရားစာ ရွတ်နေတာမျိုးတွေ ဘာတွေမရှိဘူး။ ကွမ်းပင်အောက်ကို သွားပြီး အသီးတွေကို သူ့ဘာသာသူ တုတ်နဲ့ သွားသွားထိုးတတ်တယ်။ ကျလာတဲ့ အသီးတွေကိုကောက် ကွမ်းညှပ်ကြီးနဲ့ တဂွပ်ဂွပ်ညှပ်တော့တာပဲ။ သူက ကွမ်းညှပ်ကိုင်တာ အသားကျပြီးသားဆိုတော့ သူညှပ်လိုက်ရင် ကွမ်းသီးလေးတွေဟာ ပါးပါးလှပ် လှပ်ကလေးတွေနဲ့ နုနုကလေးတွေ ဖြစ်သွားတယ်။ ဒါတွေ အကုန်လှီးဖြတ် ပြီးပြီဆိုရင်တော့ သူ့ရဲ့ ယွန်းကွမ်းအစ်ကလေးထဲ တစ်ကန့်စီထည့်ပြီး တဖြည်းဖြည်း မကုန်မချင်း မြို့တော့တာပဲ။ သူလှီးဖြတ်ထားတဲ့ ကွမ်းသီးတွေ မကုန်မချင်း အဲဒီကွမ်းပင်ကို သူမော့တောင်မကြည့်တော့ဘူး။ ရေလည်း တစ်ခါမှ မလောင်းဘူး။
အခုလည်း ဆေးရုံက ကွမ်းပင်တွေ ယိမ်းနေလိုက်ကြတာမှာ အဲဒီညက ကျမ ကြုံခဲ့ရတဲ့ ကွမ်းပင်တွေ ယိမ်းနေသလောက်တော့ မလှုပ်ရှားပေမယ်လို့ သိပ်လှတယ်လို့ ခံစားမိတယ်။ သူတို့ယိမ်းလိုက်တိုင်းမှာ ပါသွားတဲ့ မာန်တွေ၊ ပျောင်းသွဲ့ပေမယ်လို့ ထန်တဲ့ သန်စွမ်းမှုတွေ၊ မိုးရေပေါက်တွေဟာ ကျမကို ကြည်နူးစေတယ်။ ကျမ သူတို့ကို ကြည့်ရင်း သူတို့ယိမ်းသလိုတောင် လိုက်ယိမ်းကြည့်လိုက်မိသေးတယ်။ ဒါပေမယ်လို့ သူတို့က အသက်စရှိကတည်းက ဒီလိုပဲယိမ်းနွဲ့လာခဲ့တာ သူတို့တစ်သက်ရှိခဲ့ပြီး မဟုတ်လား။ ကျမ သူတို့ရဲ့ ယိမ်းပျော့မှုကို ဘယ်လိုက်မီမလဲ။ ကျမ သူတို့ကို ပြုံးပြလိုက်ရင်း လမ်းလျှောက်လာခဲ့တယ်။
ကျမရဲ့ လူနာစောင့်က ကျမကို လှမ်းခေါ်တာကို ကြားရတယ်။ နောက်ကနေ သုတ်သုတ်သုတ်သုတ်နဲ့ ပြေးမတတ် လိုက်လာသံကိုလည်း ကြားတယ်။ ကျမ လှည့်မကြည့်ဘူး။ ကျမ လှည့်မကြည့်တော့ သူခြေလှမ်း ပိုတင်လိုက်တယ်။ ကော်ရစ်တာပေါ်မှာ သူ့ခြေသံတွေ ထပ်နေတယ်။ တစ်ချက်တစ်ချက် ခြေချော်သွားတဲ့အသံ နှစ်ခါလောက်လည်း ကြားရတယ်။ ကျမကို လိုက်မီလာတော့ အခန်းထဲကို သူပြန်ခေါ်လာတယ်။ ကျမအခန်းထဲပြန်ရောက်တော့ အဲကွန်းပိတ်လိုက်ပြီး အဝတ်လဲတယ်။ စာအုပ်တစ်အုပ်တွေ့တယ်။ စာရေး ဆရာမအသစ်တစ်ယောက်ရဲ့ စာအုပ်။ ပေမယ်လို့ လူပြောအရမ်းများနေတာကြောင့် ဆေးရုံမတက်ခင် ကျမ ဝယ်လာတာ။ အဲဒီစာအုပ်ကို ကြမ်းပြင်ပေါ်မှာ ခေါင်းအုံးချ လှဲလိုက်ရင်း စမ်းဖတ်ကြည့်လိုက်တယ်။ မဆိုးပါဘူး။ ဒါပေမယ်လို့ သူတို့ပြောနေသလောက်တော့ မဟုတ်ဘူးထင်တာပဲ။ စာအုပ်ထဲလည်း စိတ်က သိပ်မရှိတာနဲ့ စာအုပ်ကို ပြန်ချထားလိုက်တယ်။ နက်ဖန်မနက်မှာ ကျမ ခွဲခန်းထဲဝင်ရတော့မယ်။ ဒါဟာလည်း တစ်ယောက်တည်း။ ကျမဘဝမှာ ဘယ်သူ့ကိုမှ မသိတဲ့ သူစိမ်းတွေ အများကြီးရှိတဲ့ အခန်းကြီးတစ်ခန်းထဲ ကျမ ဝင်ရတော့မယ်။ ကျမ ပြန်ထွက်လာမှာလား။ ပျောက်ကင်းသွားမှာလား။ ရောဂါ ပျောက်ကင်းခဲ့ရင်ရော ခွဲစိတ်ထားတဲ့ ဒဏ်ရာဟာ ပြန်ကောင်းလာမှာလား။ အမာရွတ်တွေ ဖြစ်ကျန်ခဲ့မှာလား။ ဒီဒဏ်ရာကြီးကြောင့် လူကြားထဲ မသွားမလာနိုင် ဖြစ်သွားမှာလား။ အတွေးတွေ များလာတယ်။ ကျမ မျက်စိမှိတ်လိုက်တယ်။ အိပ်ပျော်နိုင်အောင် ကျမ ကြိုးစားလိုက်တယ်။ ဆေးရုံဝင်းဟာ တိတ်ဆိတ်နေတယ်။ ခုနက မိုးသံတွေဟာလည်း လေနဲ့လွင့်သွားပြီ။ အချိန်မနည်းတော့ဘူး။ တစ်ခါတစ်ရံမှာ ငှက်ဆိုးလို့ခေါ်တဲ့ ငှက်အော်သံကြားတယ်။ ကျမအခုတက်နေတဲ့ ဆေးရုံဟာ အစက ဟိုတယ်တစ်ခုလို့ ပြောသံကြားဖူးတယ်။ ဟိုတယ်မှာ လူသတ်မှုတစ်ခုဖြစ်ခဲ့တာနဲ့ ပိတ်ခဲ့ပြီး အနည်းငယ်ကြာတော့မှ နိုင်ငံခြားက သူဌေးတစ်ယောက်က ဒီမြေနေရာကို ဝယ်လိုက်ပြီး ဆေးရုံဆောက်ခဲ့တာလို့ ကြားတယ်။
လူသတ်မှုဆိုမှ ခုကျမ တက်နေတဲ့ အခန်းဟာ လူသေဖူးမလားလို့ မရေမရာ လျှောက်တွေးမိပြန်တယ်။ ဆေးရုံဆိုတော့လည်း သေချင်လည်း သေဖူးမှာပဲ။ ဒါဆို ဒီလူသေရဲ့ ဝိဉာဉ်ဟာ ဒီနေရာမှာ ကပ်ငြိကျန်ခဲ့မလား။ ဒါမှမဟုတ် သူ့ရဲ့ ရုပ်အခွံကြီးထဲကို လွင့်ချင်ရာ လွင့်နေတဲ့ ဝိဉာဉ်အလေအလွင့်တွေက ဝင်ပြီး လျှောက်သွားနေမလား။ ကျမ မျက်လုံးကို ဖြည်းဖြည်းပိတ် လိုက်တယ်။ အသက်ကို ဆောင့်ပြီး ရှူထုတ်လိုက်တယ်။ ကျမရဲ့ လူနာစောင့်က ကျမလက်ကို တင်းတင်းလေးလာဆုပ်ကိုင်တယ်။ ကျမ မျက်လုံးဖွင့်ပြီး သူ့ကို ကြည့်လိုက်တယ်။ ကျမကို သူပြုံးပြတယ်။ ကျမ သူ့ကို ပြန် မပြုံးလိုက်ဘဲ... ဒါမှမဟုတ် ပြုံးပြဖို့ အားမရှိဘဲ... ဒါမှမဟုတ် ဘာခံစားမှုမှ မပါတော့ဘဲ ကြည့်လိုက်ပြီး မျက်လုံးပြန်ပိတ်ထားလိုက်တယ်။ သူသက်ပြင်းချပြီး ခြေသံဖွဖွနင်းလို့ ရေချိုးခန်းဘက် ထွက်သွားသံကို ကြားလိုက်တယ်။
ညဟာ ကုန်လွယ်လိုက်တာ။ မနက်မှာ ကျမခွဲခန်းဝင်ရတော့မယ်။ ဒဏ်ရာဟာ ပိုနာလာသလိုခံစားရတယ်။ ဆေးသောက်မှဖြစ်မယ်ဆိုတဲ့ အတွေးဝင်တယ်။ ကျမလူနာစောင့်က ကျမနားကို ရောက်လာပြီး ဒီညဘာမှမစားဖို့ ဆရာဝန်က မှာထားတယ်လို့ ကျမကို ခပ်တိုးတိုးလျလျပြောတယ်။ ဆရာဝန်မှာခဲ့တဲ့အထဲ ဆေးသောက်လို့ရလား မရဘူးလားဆိုတာကိုတော့ သူမေးလိုက်မိပုံ မရဘူး။ ကျမ ဒေါသဖြစ်သွားတယ်။ သူက ရေသောက်မလားလို့ မေးတယ်။ ရေလည်း မသောက်ရဘူးဆိုတာ နားမလည်ဘူးလားလို့ သူ့ကို ငေါက်လိုက်တော့ မျက်နှာညှိုးသွားတာ တွေ့လိုက်ရတယ်။ ကျမ အားနာသွားပေမယ်လို့ သူ့ကို တောင်းပန်စကား မပြောလိုက်ဘူး။ အိပ်ရာပေါ် ပြန်လှဲပြီး ကျမ မျက်လုံးတွေ ပြန်ပိတ်ထားလိုက်တယ်။ ခဏတော့ အိပ်ပျော်သွားတယ်။ ရုတ်တရက် အော်ငိုလိုက်တဲ့ အသံနက်ကြီးတစ်သံကို ကျမ ကြားလိုက်တယ်။ “အဖေ” လို့များ အော်လိုက်သံလားလို့။ ကျမကြောက်ပြီး လန့်လည်း လန့်သွားပြီး ထထိုင်လိုက်တယ်။ ဒဏ်ရာကို ဖိသလိုဖြစ်သွားပြီး ကျမနာသွားတယ်။ ကျမရဲ့ လူနာစောင့်ဟာ သိပ်စိတ်ချရတယ်။ လူတစ်ယောက်ယောက် တစ်ခုခုဖြစ်တာ နေမှာပါလို့ ကျမကို ဖွဖွလေးပြောတယ်။ ကျမနားမှာ လာတိုး အိပ်ပေးတယ်။ ကျမကိုလည်း ပြန်လှဲဖို့ ပြောပြီး စောင်ပြန်ခြုံပေးတယ်။ ကျမ အားကိုးတစ်ခု ချက်ချင်းလိုလာတယ်။ သူ့လက်ကို ကျမ လှမ်းကိုင်တော့ သူ ကျမလက်ကို ပြန်ဆုပ်ကိုင်ထားပေးတယ်။ ကျမ သူ့ကို ကျေးဇူးတင်ပါတယ်လို့ တိုးတိုးလေးပြောလိုက်တော့ သူက ပြုံးပြီး ကျမကို ခေါင်းညိတ်ပြတယ်။ ကျမမျက်လုံးတွေကို ပြန်ပိတ်လိုက်တယ်။ ကျမ ခဏတော့ အိပ်ပျော်သွား ပြန်တယ်။
အိပ်မောကျနေရာက ရုတ်တရက် ပြန်လန့်နိုးလာတော့ အခန်းတံခါး လာခေါက်သံကို ကြားရတယ်။ ကျမလူနာစောင့်က ထဖွင့်တယ်။ ကျမ စောင်ခြုံထားရင်း သူတို့ကို ချောင်းကြည့်နေလိုက်တယ်။ လာတဲ့လူဟာ ဆရာဝန်မဟုတ်ဘူး။ ဘယ်သူပါလိမ့်လို့ ကျမ တွေးနေတုန်း အဲဒီလူက ကျမလူနာစောင့်ကို သတင်းစာတစ်စောင် လှမ်းပေးလိုက်တာကို မြင်လိုက်ရတယ်။ ဒီဆေးရုံဟာ တစ်မျိုးတော့ တစ်မျိုးပဲ။ အခန်းတံခါးအရောက် သတင်းစာလာပို့တဲ့လူနဲ့ ဘာနဲ့။ လူနာစောင့်ဆီကနေ ကျမ သတင်းစာ လှမ်းတောင်းလိုက်တယ်။ ဖတ်ချင်စိတ်တော့ မရှိလှဘူး။ ဒါပေမယ်လို့ ခုလောလောဆယ် ကျမရဲ့ ကြောက်လန့်တုန်လှုပ်နေမှုကို ဖုံးကွယ်(ဖုံးအုပ်) ထားဖို့ အကာအရံတစ်ခု လိုနေတယ်။ သတင်းစာရဲ့ ရှေ့ဆုံးစာမျက်နှာအပေါ် ဘယ်ဘက်ထောင့်မှာ ကျမ ရှာနေတာကို သွားတွေ့တယ်။ တစ်ကြောင်း နှစ်ကြောင်း ဖတ်ကြည့်လိုက်ပြီး သတင်းစာကို ပြန်ချထားလိုက်တယ်။
မကြာခင်မှာ ခွဲခန်းဝင်ရတော့မယ်လို့ ဆရာဝန်ရှေ့တော်ပြေး လူနာထမ်းစင်ထမ်းတဲ့ အစောင့်တစ်စောင့်က လာပြောတယ်။ ကျမတုန်လှုပ်သွားတာကို ကျမကိုယ်တိုင် သိလိုက်တယ်။ ခွဲခန်းမဝင်ခင် နာ့စ်တစ်ယောက်လာသေးတယ် (ထင်တယ်)။ သူလားပဲ ကျမဆံပင်တွေကို ဖြီးသင်ပေးတယ်။ ကျစ်ဆံမြီးနှစ်ဖက် ကျစ်ပေးတယ်။ ကျမအဒေါ်ဆုံးခါနီး နောက်ဆုံးခွဲခန်း မဝင်ခင်တုန်းက ကျမ သူ့ကို အခုလိုပဲ ဆံပင်ဖြီးပေးပြီး ကျစ်ဆံမြီး ကျစ်ပေးခဲ့ဖူးတယ်။ ရုတ်တရက်ကြည့်ခဲ့ဖူးတဲ့ ဖိုင်နယ်ဒက်စတီနေးရှဲန်း ဇာတ်ကားက ခေါင်းထဲ ဝင်လာသေးတယ်။ ဖိုင်နယ်ဒက်စတီနေးရှဲန်းကို ကျမ တွေးနေတုန်း ကျမ ဝတ်ထားတဲ့ အင်္ကျီတွေအကုန်လုံးကို နာ့စ်က ခွာချလိုက်ပြီး အသင့်ယူလာတဲ့ အစိမ်းရောင် ကျောကွဲဝတ်စုံကို စွပ်ပေးတယ်။
ဆံပင်ကျစ်ပေးပြီး မကြာခင်မှာပဲ ကျမကို ခုနက အစောင့်က လာခေါ်တယ်။ သူ့နောက်မှာ နောက်အကူတစ်ယောက်နဲ့အတူ ကပ်စင်တစ်ခုပါလာတယ်။ ကျမခုတင်ပေါ်မှာ ထိုင်နေရင်း ခုတင်နဲ့ကပ်လျက် နံရံကို ကျောကပ်လိုက်မိတယ်။ ဒီအချိန်မှာ နယ်ဝေးကို ရောက်နေတဲ့ ကျမရဲ့ အစ်မလိုခင်ရတဲ့ မိတ်ဆွေတစ်ယောက်က ကျမကို ဖုန်းလှမ်းခေါ်တယ်။ ဖုန်းကို လက်လှမ်းဖို့ ရွယ်လိုက်ချိန်မှာ အစောင့်နှစ်ယောက်က ကျမကို ပွေ့လိုက်ပြီး ကပ်စင် ပေါ်တင်လိုက်တယ်။ ကျမရဲ့ ပေါင်တစ်ရာ့လေးဆယ်ကိုယ်လုံးဟာ သူတို့ လက်ထဲမှာ ငှက်မွေးလေးလိုပဲ။ ကျမ ထိတ်လန့်နေတဲ့ အကြည့်နဲ့ ကျမရဲ့ လူနာစောင့်ကို လှမ်းကြည့်လိုက်တယ်။ သူကလည်း သူစိပ်နေကျ ပုတီးစိပ်ကြီးကို လက်မှာ ကမန်းကတန်းပတ်လိုက်ပြီး အခန်းထဲကနေ ထွက်တော့မယ့် ကျမနောက်ကို ဖရိုဖရဲလိုက်လာတယ်။ ထမ်းစင်ထမ်းတဲ့လူတွေဟာ လိုက်ကြတာ။ ဆေးရုံကော်ရစ်တာတစ်လျှောက် လျှောက်ပြေးနေသလားတောင် ထင်ရတယ်။ ကျမ ဓာတ်လှေကား နှစ်ခါစီးရတယ်။ အချိန်ဘယ်လောက်မှ မကြာလိုက်ဘူး။ ခွဲခန်းလို့ ရေးထားတဲ့ အခန်းရှေ့ကို ရောက်လာတယ်။ ခွဲခန်းတံခါးဟာ ပွင့်နေမလား။ ဖွင့်ထားလျက်ကြီး ကျမကို ကြိုနေမလား။ ကျမက ပက်လက်အနေအထားလိုက်ရတာမို့ အဲဒါကို မမြင်ဘူး။ ကျမ ကြောက်နေတာကို ကျမရဲ့ လူနာစောင့်က မြင်တယ်။ ဒါပေမယ်လို့ သူမြန် မြန်မပြေးနိုင်ဘူး။ မနှစ်က စကိတ်အလှစီးရင်း သူခြေခေါက်လဲထားတာ ဒီနှစ်အထိ ဒဏ်မကြေဘူး။ သူ့ဘယ်ဘက်ခြေဖမိုးပေါ်မှာ အကြောထုံးကြီးလို အထုံးကြီးတစ်ခု ခုထိဖြစ်နေတုန်းပဲ။ ခွဲခန်းရှေ့မှာ ကပ်ထမ်းတဲ့လူတွေ ခဏ ရပ်လိုက်တော့မှ ကျမလူနာစောင့်က ထော့နဲ့ထော့နဲ့နဲ့ လိုက်မီလာတယ်။ သူ့ ကြည့်ရတာ မောနေပုံပဲ။ သူ ကျမလက်ကို ကမန်းကတန်း လှမ်းဆုပ်တယ်။ ဓားကြီးနဲ့ ဆုပ်တာ။ ကျမလည်း သူ့ကို အားနဲ့ ပြန်ဆုပ်ကိုင်လိုက်တယ်။ သူက အနားကို ကပ်လာပြီး သူစောင့်နေမှာမို့ စိတ်မပူဘဲ ခဏလိုက်သွားဖို့ ကျမကို မှာတယ်။ ကျမ သူ့ကို မလိုအပ်ဘဲ ခေါင်းသုံးခါ ညိတ်ပြလိုက်မိတာကို ထင်ထင်ရှားရှား မှတ်မိတယ်။
ထမ်းစင်ကို ခွဲခန်းထဲက ခုတင်တစ်ခုပေါ် တင်လိုက်တယ်။ ပြီးတော့ ကျမကိုယ်အောက်က သူတို့ရဲ့ထမ်းစင်ကို ပြန်ယူလိုက်ကြတယ်။ ပြီးတော့ ခွဲခန်းတံခါးကို အတော်မြန်မြန်ပဲ ပိတ်လိုက်ကြတယ်။ ခွဲခန်းတံခါးနှစ်ခု မစေ့မချင်း ကျမလူနာစောင့်ကို ကျမ ကြည့်နေလိုက်တယ်။ သူနဲ့ ကျမ အတူနေလာတာ အတော်ကြာပြီ။ သူ့ကို တစ်ခါမှ ဒီလိုမကြည့်ခဲ့ဖူးဘူး ထင်တာပဲ။ သူကလည်း ကျမကို လှမ်းကြည့်နေတာကို တွေ့ရတယ်။ ခွဲခန်းတံခါးဟာ ထပ်ခနဲ အသံမြည်ပြီး ပိတ်သွားတယ်။ သံလိုက်နဲ့ ကပ်ထားတဲ့ ပိုက်ဆံအိတ် ပြန်ပိတ်လိုက်တဲ့ အသံမျိုး။ လူနာစောင့်ကို မတွေ့ရတော့တာ သေချာတော့မှ ကျမမျက်လုံးတွေကို ပိတ်လိုက်တယ်။
ခွဲခန်းထဲမှာ ကျမကို နေရာချတယ်။ ကျမအတွက်လိုအပ်တဲ့ သူနာပြုတွေနဲ့ မေ့ဆေးဆရာဝန်၊ ထုံဆေးဆရာဝန်နဲ့ နှလုံးအထူးကုတစ်ယောက်အပြင် ခွဲခန်းထဲက ကျမ ပြန်ထွက်လာရင် ကျမကို အနီးကပ်ပြုစုပေးမယ့် သူနာပြုတစ်ယောက်ပါ ရှိနေပါတယ်လို့ ကျမနားကို ပုံမှန်အသံနဲ့ လှမ်းပြောလိုက်တဲ့ အသံတစ်ခုကြားလိုက်တယ်။ ကျမမျက်လုံးကို ဖွင့်ကြည့်လိုက်တယ်။ ကျမ ဘေးမှာ လူတွေအများကြီး ဟုတ်တယ်။ လူတွေအားလုံးက ခေါင်းအစ ခြေအဆုံး အစိမ်းရောင်ကျောကွဲဝတ်စုံကြီးတွေ ဝတ်ထားကြတယ်။ ကျမလိုပဲ။ ဒါမှမဟုတ် သူတို့နဲ့ ကျမနဲ့အတူတူပဲ။ ကျမနဲ့ မတူတာ တစ်ခုက သူတို့က မျက်နှာကိုလည်း အစိမ်းရောင် မာ့ကက်စ်တွေ ဖုံးထားကြတယ်။ ကျမကို ခုနက ခုတင်ပေါ်ကနေ သံခုတင်လိုလိုထင်ရတဲ့ ခုတင်တစ်ခုပေါ်ကို ပြောင်း တင်ကြပြန်တယ်။ အဲဒီခုတင်ဟာ ခွဲခုတင်ပဲ။ အတော်ကြီးကို အေးတယ်။ ကျောကွဲဝတ်ထားရတဲ့ ကျမဟာ အဲဒီခုတင်အေးအေးကြီးပေါ်မှာ ဘယ့်ကလောက်အေးပြီး ကြောက်နေမလဲလို့ တွေးသာကြည့်ပါတော့။ ခွဲခန်းတစ်ခုလုံးဟာလည်း ထင်ထားတာထက်ကို အတော်ကြီး ပိုအေးတယ်။ ခွဲခန်းထဲက လူတွေဟာ တစ်ယောက်မှ စကားမပြောကြဘူး။ ကျမရဲ့ ခေါင်းရင်းဘက်မှာ ခွဲခန်းတန်ဆာပလာတွေကို ယူနေတဲ့ အသံတွေကို တချွပ်ချွပ်နဲ့ကြားရတယ်။ ကျမရဲ့ ခေါင်းအပေါ်ဘက်လောက်မှာ ရုပ်ရှင်တွေထဲမှာ မြင်ဖူးနေကျ ခွဲခန်းသုံး မီးစလောင်းကြီးလေးခု (လားပဲ)ကို တွေ့နေရတယ်။ ကျမကိုယ်ကျမ Resident Evil ထဲက ဇာတ်ကောင်လို မြင်ယောင်လာပြန်တယ်။ အစိမ်းရောင် လူသားတွေထဲက တစ်ယောက်က ကျမကို ဒီခုတင်ပေါ် တင်လိုက်ပြီးတာနဲ့ မြန်မြန်ဆန်ဆန်ပဲ ခုနက ကျမဝတ်လာခဲ့ရတဲ့ ကျောကွဲဝတ်စုံကို ချွတ်လိုက်တယ်။ တစ်ကိုယ်လုံး ဘာအဝတ်အစားမှ မရှိတဲ့အနေအထားနဲ့ လူတွေအများကြီးရှေ့မှာ နေနေရတာ ဒါဟာ ကျမရဲ့ ပထမဆုံးအတွေ့အကြုံပဲ။ ကျမ ရှက်နေပေမယ်လို့ ကြောက်နေတဲ့ စိတ်က ဖုံးလွှမ်းနေတော့ ဘာမှကို မသိတော့သလိုပဲ။ တစ်ကိုယ်လုံး ဗလာကျင်းနေတဲ့ ကျမခန္ဓာကိုယ်ကို ပိုးသတ်ဖို့ အရက်ပြန်လို့ထင်ရတဲ့ အရည်တွေနဲ့ သုတ်လိမ်းကြတယ်။ ဒီအခန်းထဲက အအေးပေးစက်ဟာ အေးလွန်းလိုက်တာ။ အဲကွန်းတောင် ဟုတ်ပါရဲ့လားပဲ။ ရေခဲတိုက်ထဲမှာဆို ဒီလိုပဲဖြစ်နေမလားလို့တောင် လျှောက်တွေးနေမိသေးတယ်။ ဘာရယ် မဟုတ်ပါဘူး။ အခုပြန်စဉ်းစားကြည့်တော့လည်း ကြောက်ပြီး လျှောက်တွေးမိနေတာပါလို့ပဲ အဖြေထွက်တာပါပဲ။ အေးတာကတော့ အရိုးပါ ကွဲတော့မတတ်ဘဲ။ အရက်ပြန်အရည်တွေနဲ့ ထပ်သုတ်ပြန်တော့ ကျမမယ် ဘယ်လို နေရမလဲတောင် မသိဘူး။ ဒါပေမယ်လို့ ဘယ်လိုမှလည်း နေလို့ မရတာနဲ့ ကျမ ဒီတိုင်းလေးပဲ ငြိမ်နေလိုက်ရတယ်။
ဆရာဝန်ဝင်လာပြီလို့ ပြောသံသဲ့သဲ့ကြားလိုက်ရချိန်မှာ ကျမစိတ်ဟာ အုံနဲ့ကျင်းနဲ့ လေဟာနယ်ထဲ ရောက်သွားတယ်။ သူတို့ပြောတဲ့ ဆရာဝန်ဆိုတဲ့လူကို ကျမလှမ်းကြည့်တယ်။ ဒါပေမယ်လို့ ဒီအခန်းထဲမှာ ရှိသမျှလူအားလုံးဟာ တစ်ပုံစံတည်းပဲ။ ဆရာဝန်လို့ထင်ရသူ နှစ်ယောက်စ သုံးယောက်စတွေ့တယ်။ မျက်မှန်တွေ တပ်ထားကြတယ်။ တစ်ခန်းလုံးက လူတွေက စကား မပြောတတ်ကြဘူးလား မသိဘူးလို့ စိတ်ပေါက်ပေါက်နဲ့ ကျမတွေးပစ်လိုက်သေးတယ်။ ခွဲခန်းဆိုပေမယ်လို့ ကျမထင်ထားတာလောက် မလင်းဘူး။ ခုနက ဝင်လာတဲ့ ဆရာဝန်ဆိုတဲ့လူကို အခန်းထဲမှာ ရှိနှင့်ပြီးသား လူတစ်ယောက်က အင်္ကျီအစိမ်းကြီးသွားဝတ်ပေးတာ မြင်လိုက်တယ်။ အဲဒီအင်္ကျီအစိမ်းကြီး ဝတ်ပြီးတော့ ဆရာဝန်ဟာ ကျမဆီ တဖြည်းဖြည်း လျှောက်လာတယ်။ ကျမရင်ထဲမှာ အတော်ကြီးကို ကြောက်ရွံ့စိတ်တွေနဲ့ အသက်ရှူတွေ မှားမတတ်ဖြစ်လာတယ်။ ကိုယ့်ကိုယ်ကိုယ် အားတင်းလိုက်ပြီး အသက်ကိုဝအောင် ရှူလိုက်တယ်။ မျက်လုံးတွေကို ပိတ်ထားလိုက်တယ်။ ဆရာဝန်ဟာ ကျမကို ကျော်သွားပြီး ကျမခေါင်းရင်းနားကို ထွက်သွားတယ်။ ခေါင်းရင်းကနေ ဘေစင်တစ်ခုက ရေကျသံကို ကြားရတယ်။ ဆပ်ပြာနံ့နဲ့ ပိုးသတ်ဆေးနံ့လိုလို ဘာလိုလိုလည်း ရတယ်။ ဆရာဝန် လက်ဆေးနေတယ် ထင်ပါရဲ့။ မကြာခင်မှာ ကျမကို ခွဲစိတ်ကြတော့မယ်။
ဒီအချိန်မှာ ကျမဘေးကနေ ကျမကို ထုံဆေးထိုးဖို့ ပြောနေတဲ့အသံ ကြားရတယ်။ တစ်ကိုယ်လုံးဟာလည်း အေးစက်နေပြီ။ ကျမကို အင်္ကျီပြန်ဝတ်ပေးကြပါတော့လို့ ကျမ ပြောချင်လာတယ်။ လက်ဖျားခြေဖျားတွေ ထုံလာပြီး ခြေချောင်းတွေပါ ကပ်ချင်သလိုလို၊ ခြေဖမိုးအလယ်က ခုံးပြီး အကြောကပ်လာသလိုလို ခံစားလာရတယ်။ ထူးဆန်းတာတစ်ခုက ကျမကို သူတို့ထုံဆေးထိုး လိုက်ကြပေမယ်လို့ မထုံတာပဲ။ ကျမ မထုံဘူးလို့ သူတို့သိသွားပုံရတဲ့အခါ နောက်ထပ်တစ်ကြိမ် ထုံဆေးထပ်ထိုးဖို့ ပြောသံကို ကြားလိုက်ရတယ်။ မျက်နှာတွေအုပ်ထားတော့ ဘယ်သူက လှမ်းပြောလိုက်တယ်ဆိုတာကို ကျမမသိလိုက်ဘူး။ နောက်တစ်ကြိမ် ဆေးထပ်ထိုးမယ်ဆိုတဲ့အခါမှာ ကျမစိတ်တွေ အတော် ပြာနှမ်းနေပြီ။ ထုံဆေးဒုတိယအကြိမ်မြောက် အောင်အောင်မြင်မြင် ထိုးပြီးသွားချိန်မှာ ကျမဟာ အတော် မောဟိုက်နေပြီ။ ဒါတောင် မခွဲစိတ်ရသေးပါလားလို့ သိလိုက်ရချိန်မှာ အတော်ကြီးကို ဖိစီးမှုတွေဖြစ်သွားခဲ့တယ်။ ဒုတိယတစ်ကြိမ်ထိုးတဲ့ ထုံဆေးဟာလည်း ကျမကို မထုံစေဘူး။ ဘာကြောင့်လဲဆိုတာကို ကျမအခုအချိန်ထိ မသိဘူး။ ဒါပေမယ်လို့ နောက်ထပ်တစ်ကြိမ် ထုံဆေးထပ်ထိုးဖို့ ဆရာဝန်က မညွှန်တော့ဘူး။ ခွဲစိတ်ရမယ့်နေရာကို ဆော့ပင်နဲ့ အရာပေးနေတာကို တွေ့ရတယ်။ ဘာလို့ တွေ့ရသလဲဆိုတော့ ကျမကို Blind ကာမထားလို့ပေါ့။ ခွဲစိတ်မယ့်နေရာကို အကာမပါဘဲ ခွဲစိတ်ရတော့မယ်လို့ ကျမ သိလိုက်ရတော့ ထပြေးချင်စိတ်တွေ အတော်ကြီးပေါက်လာတယ်။ ထပြေး လိုက်တော့မယ်လို့လည်း ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ်ပြောလိုက်မိတယ်။ ပေမယ်လို့ ကျမ ထမပြေးလိုက်ပါဘူး။ ဒါမှမဟုတ် ထမပြေးလိုက်နိုင်ဘူး။ ဒါမှမဟုတ် ထပြေးဖို့ အားမရှိခဲ့ဘူး။ ဒါမှမဟုတ် အင်အားတစ်စုံတစ်ရာက ကျမကို ထမပြေးဖို့ ဆွဲထားတယ်။ မောပန်းနေတဲ့ စိတ်တွေနဲ့ ရှုပ်ထွေးနေတဲ့ အတွေးတွေကို သက်သာရာရစေဖို့ မျက်လုံးတွေကို ပိတ်လိုက်ပြီး သက်ပြင်းအရှည်ကြီးကို တဆုံးဆွဲပစ်လိုက်တယ်။
ကျမရဲ့ သက်ပြင်းဟာ အဆုံးထိ မရောက်လိုက်ဘူး။ စတီးရောင်လက် နေတဲ့ ဓားသေးသေးတစ်လက်ကို မီးရောင်အောက်မှာ လက်ခနဲတွေ့လိုက်ရတယ်။ ဒါပေမယ်လို့ ခဏပဲ။ ခုနက သူတို့ဆော့ပင်ရာပေးထားတဲ့ နေရာကို ဆတ်ခနဲ ဆွဲခွဲလိုက်တာကို တွေ့လိုက်တယ်။ ထုံတုံတုံနဲ့နည်းနည်းတော့ နာသွားသလိုပဲ။ ကျမ လန့်ပြီး ဘေးမှာ ရှိနေတဲ့လူတစ်ယောက်ကို ဆွဲမိဆွဲရာ ဖမ်းဆွဲလိုက်မိတယ်။ ကျမ ဆွဲမိတဲ့လူက သူနာပြုဆရာမတစ်ယောက်လို့ ထင်တာပဲ။ ဆတ်ခနဲ ရုန်းသွားတဲ့ ကျမလက်ကို လျင်လျင်မြန်မြန်ပဲ ဖမ်းဆွဲလိုက်ပြီး လက်မှာ ဆေးသွင်းထားတာမို့ သိပ်မလှုပ်ဖို့နဲ့ အရမ်းကြောက်နေရင်လည်း နာတတ်တာမို့ စိတ်လျှော့ထားဖို့ အားပေးစကားပြောတယ်။ ကျမ သူ့ကို အားကိုးတကြီး လှမ်းကြည့်လိုက်မိတယ် (ထင်တယ်)။ ဓားနဲ့ ခွဲလိုက်တဲ့ နေရာက သွေးပန်းထွက်လာပုံပဲ။ ဆေးရုံသုံး ဂွမ်းထုပ်အကြီးကြီးတစ်ထုပ်နဲ့ သုတ်နေတာကို ကျမ တွေ့တယ်။ သုတ်လိုက်ပြီးတဲ့ ဂွမ်းစတိုင်းဟာ နီထွေးနေတယ်။ ဒါတွေဟာ...လို့ ကျမအထိတ်တလန့်တော့ မဟုတ်ပေမယ်လို့ တွေးမိတယ်။ ကျမရဲ့ ခန္ဓာကိုယ်ထဲက အရာတွေပေါ့။ အသုံးပြုပြီးသား ဂွမ်းစတွေကို စတီးခွက် ခပ်လတ်လတ်တစ်ခုထဲကို ထည့်နေတာကိုလည်း တွေ့တယ်။
ဂွမ်းစတွေနဲ့ သူတို့အလုပ်လုပ်ပြီးနောက် (ကျီ... ဒီ...) ဆိုတဲ့အသံလေး တစ်သံ ကျမ ကြားရတယ်။ နားထဲမှာ အသံတွေ ကြားနေလို့ စိတ်ရောဂါ ဆရာဝန်နဲ့ ကျမ ဆွေးနွေးနေတာလည်း ကြာလှရှိပြီဆိုတော့ ဒါကြောင့်များလားလို့ ကျမတွေးလိုက်မိသေး။ ဒါပေမယ်လို့ ကျမစိတ်ထဲမှာ ကြားကြားနေရတဲ့ အသံမျိုးမဟုတ်ဘူး။ ဒါဟာ တကယ်ကြားနေရတဲ့ အသံပဲ။ လေဆာနဲ့ တစ်ခုခုကို စားနေတဲ့အသံမျိုး။ အဲဒီပစ္စည်းလေးနဲ့ ကျမရဲ့ဒဏ်ရာနေရာကို စားနေသလိုပဲ။ အသံဟာ အင်မတန်တိုးတိတ်ပေမယ်လို့ အင်မတန်အေးစက်ပြီး တိတ်ဆိတ်အသက်မဲ့နေဟန်ရှိတဲ့ ဒီလိုအခန်းမျိုးထဲမှာ တိုးတိတ်တဲ့အသံငယ်ဟာ စူးရှစွာ ထွက်ပေါ်လာနေတယ်။ ကျမရဲ့ ခေါင်းရင်းမှာ ရှိနေတဲ့ နှလုံးခုန်စက်က အသံကို တတီတီကြားနေရတယ်။ နည်းနည်းပိုမြန်လာသလားလို့ ကျမစိတ်ထဲ။ ဒါပေမယ်လို့လည်း မဟုတ်ပါဘူးလို့ ကျမကိုယ် ကျမ ဖြေသိမ့်လိုက်တယ်။ ဘေးကနေ ဘာမှ မဖြစ်ပါဘူးလို့ပြောပြီး လက်ကို ဖွဖွ ပုတ်ပေးနေတဲ့ လူကို ကျမ မော့ကြည့်လိုက်မိတယ်။ အဲဒီအချိန်မှာပဲ ကျမရဲ့ ခွဲစိတ်နေတဲ့ နေရာက ဘာနဲ့မှ မတူတဲ့ အောင့်မျက်တဲ့ ဝေဒနာတစ်ခုကို ဆိုးဆိုးရွားရွား ခံစားလိုက်ရတယ်။ ကျမ အသံကုန်ခြစ်ပြီး အော်လိုက်တယ်။ လို့ထင်ပေမယ်လို့ တကယ်တမ်းမှာ ကျမ အသံမထွက်သွားဘူး။ ဒါပေမယ်လို့ ကျမ အော်လိုက်တယ်ဆိုတာကို ခွဲခန်းထဲက လူတွေ အကုန်လုံးသိသွားကြတယ်။ ကျမရဲ့ အော်လိုက်ဟန်ပေါ်တဲ့ ပါးစပ်အဟနဲ့ ကျမရဲ့ ကြောက်လန့်နေတဲ့ မျက်လုံးအကြည့်တို့ကို သူတို့နားလည်သွားကြတယ်။ ပရက်ရှာကျသွားပြီလို့ သူတို့ထဲက ဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်က တိုးတိုးပြောလိုက်တာ ကြားတယ်။ ဒါပေမယ်လို့ ကျမနားထဲမှာ အရာရာဟာ အကျယ်ကြီးတွေ မြည်ဟီးနေတယ်။ ကျမ ထိတ်လန့်လာတယ်။ နှလုံးခုန်စက်က အသံတွေဟာ ပိုပိုပြီး မြန်လာတယ်။ ကျမ ကြောက်လာတယ်။ သူတို့ရဲ့ လှုပ်ရှားမှုဟန်ပန်တွေက ပိုပြီးမြန်လာတယ်။ ကျမဘေးမှာ တဖျတ်ဖျတ်နဲ့ သွားလာနေကြတာ ဝိဉာဉ်စိမ်းတွေ တရွေ့ရွေ့ ဖြတ်သွားကြသလိုပဲ။ ကျမမျက်လုံးတွေ ပြာလာတယ်။ ခဏနေရင် ကျမသတိမေ့တော့မယ် ထင်ရဲ့။ ဒါမှမဟုတ် ခွဲစိတ်မှု မအောင်မြင်ဘူးဆိုပြီး သေသွားတာလည်း ဖြစ်နိုင်တာပဲ။ ကျမ သေသွားရင် ဘာတွေ ဖြစ်ကျန်ခဲ့မလဲ။ ကျမကတော့ ဘာမှဖြစ်တော့မှာ မဟုတ်ဘူး။ ကျန်ခဲ့တဲ့ လူတွေ..။ ကျန်ခဲ့တဲ့ လူတွေကို ကျမစိတ်ထဲကနေ ရေတွက်ကြည့်မိတယ်။ အဝေးမှာ ရောက်နေတဲ့ ကျမရဲ့ မိဘတွေ၊ ခွဲခန်းရှေ့က ကျမရဲ့ ခြေထောက်နာနေတဲ့ လူနာစောင့်၊ မကြာခင်ပြန်လာခဲ့မယ်လို့ ပြောသွားတဲ့ ချစ်သူ။ သူတို့ကတော့ ကျမ သေသွားရင် ဝမ်းနည်းကျန်ခဲ့ကြလိမ့်မယ် (ထင်တယ်)။ အနည်းဆုံးတော့ ကျမရဲ့ Wake Party မှာ ကျမ တက်ရောက်ဖြစ်လိမ့်မယ်။ ဘယ်သူမှ မမြင်ရင်တောင်မှပေါ့။ ကျမရဲ့ ဈာပနမှာ အလှပဆုံးအနေအထားနဲ့ သူတို့ကို ကျမ ကြည့်ရလိမ့်မယ်။ ဈာပနပြင်တဲ့ လူကတော့ ကျမကို လှအောင် ပြင်ပေးမှာပဲ။ အနည်းဆုံးတော့ ကြည့်ကောင်းနေမှာပဲ။ သေရမှာကို ကျမ မကြောက်သလိုလိုပဲ။ ဒါပေမယ်လို့ မသေခင်မှာ ခံစားရမယ့် ဝေဒနာတွေကို ကျမမခံစားနိုင်ဘူး။ ကျမ တအားကြောက်တယ်။ အခုတောင် နာမှာကို ကျမ ကြောက်နေပြီမဟုတ်လား။ ကျမ ကြောက်နေတာလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်လိုက်တော့ ခေါင်းထဲက ဘာမှ ထွက်မလာတော့ဘူး။ ပစ္စုပ္ပန်ကာလကို အတွေးတွေ ပြန်ရောက်လာတဲ့အခါမှာ ကျမရဲ့ ဒဏ်ရာက ပြန်ပြီး ဆိုးဆိုးရွားရွား အောင့်မျက်လာပြန်တယ်။ ကျမ ဒီတစ်ခါတော့ အသည်းခိုက်အောင် အော်ထည့်လိုက်နိုင်တယ်။
ကျမရဲ့ အော်သံက အတော်ကျယ်သွားပုံပဲ။ သူတို့ တစ်ချက်လန့်သွားသလိုမျိုး လှုပ်ရှားမှုတွေ တဒင်္ဂရပ်သွားကြတယ်။ ကျမကို မေ့ဆေးဖြစ်ဖြစ် တစ်ခုခုမှ မပေးရင် ကျမ ဒီအခန်းထဲကနေ ထွက်ပြေးမိတော့မယ်။ ကျမ စတင်ရုန်းကန်လိုက်တယ်။ ကျမကို သူတို့ဝိုင်းဖိထားကြတယ်။ သတိထား သတိထားလို့ ဝိုင်းပြောကြတယ်။ ကျမမျက်နှာပေါ်ကို အောက်စီဂျင်မျက်နှာဖုံးတစ်ခု ရောက်လာတယ်။ ကျမကို သူတို့ ဘာလုပ်ကြဦးမှာလဲ။ မပြီးသေးတဲ့ ခွဲစိတ်မှုကို ဆက်လုပ်ကြရဦးမှာပေါ့။ ကျမ ခံနိုင်ပါ့တော့မလား။ ကျမ ရုန်းမှ ဖြစ်တော့မှာလား။ ကျမ ဘာလုပ်ရမလဲ တွေဝေလာတယ်။ အတွေးတွေ ဝေဝါးလာတယ်။ ကြောက်ရွံ့မှုက နားထင်မှာ သွေးစုအဖြစ်လာစုပြီး တဒုတ်ဒုတ် လာပြေးဆောင့်နေတယ်။
ကျမ ခေါင်းရင်းက လူက ကျမခေါင်းကို အသာဖွဖွပွတ်တယ်။ ဘယ်တုန်းကတည်းက ကျမခေါင်းကို သူပွတ်နေတယ် မသိဘူး။ အတွင်းစိတ်နဲ့ အပြင်ရုပ်ကို ရုန်းကန်နေရတော့ သူ့ကို ကျမ သတိမထားမိလိုက်ဘူး။ နောက်တော့ သူ့ဆီက စကားသံထွက်လာတယ်။ (အဆင်ပြေပါတယ်။)လို့ သူ ကျမကို လှမ်းပြောတယ်။ ကျမမော့ကြည့်လိုက်မိတော့ သူ့ရဲ့ နွေးထွေးတဲ့ မျက်လုံးတွေကို တွေ့ရတယ်။ ကျမ (နည်းနည်းတော့) လုံခြုံသွားသလို ခံစားလိုက်ရတယ်။
“သိပ်နာနေတာလား” လို့ သူက မေးတယ်။ အစိမ်းရောင် မျက်နှာဖုံးစွပ်အောက်က သူ့မျက်လုံးတွေဟာ ညိုရောင်သန်းနေကြတယ်။ ကြင်နာသနားတတ်တဲ့ မျက်လုံးမျိုး။ အသံဟာလည်း သိပ်ကို အေးကပ်ခြောက်သွေ့နေတဲ့ ဒီလိုအခန်းထဲမှာ ရုတ်တရက်ရောက်လာတဲ့ အနွေးဓာတ်လေးလိုမျိုး။ ကျမ ခေါင်းညိတ်ပြလိုက်တယ် (ထင်တယ်)။ အဲဒီအချိန်မှာ ကျမ ပြောသမျှ လုပ်သမျှ အရာအားလုံးကို အခုအချိန်မှာ ပြန်ပြောရင်တော့ (...ထင်တယ်...) ဆိုတာနဲ့ပဲ အဆုံးသတ်ရမှာပဲ။ ဘာလို့လဲဆိုတော့ အဲဒီအချိန်တုန်းက ကျမ သိပ်ကို ထိတ်လန့်နေခဲ့တယ်။ တစ်ခါဖူးမျှ မကြုံဖူးတဲ့ ထိတ်လန့်မှုနဲ့ကြောက် ရွံ့မှုမျိုး။
သူ ကျမခေါင်းကို အသာဖွဖွထပ်ပွတ်သပ်ပြန်တယ်။ ညအိပ်ခါနီး အမေတစ်ယောက်က ကလေးတစ်ယောက်ကို ပုတ်သိပ်နေသလိုမျိုး။ ကျမမျက်လုံးတွေ အသာပိတ်လိုက်တယ်။
“လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကျော်လောက်ကပေါ့။ ဆင်ခြေဖုံးမြို့လေးတစ် မြို့ရှိတယ်။ ဆောင်းတွင်းဆို အတော်အေးတယ်တဲ့ အဲဒီမြို့ကလေးဟာ။ အဲဒီ မြို့မှာ ဆေးခန်းဖွင့်ထားတဲ့ အိမ်လေးတစ်အိမ်ရှိတယ်။ အဲဒီအိမ်မှာ အသက် ခုနစ်ဆယ်ကျော်ပြီဖြစ်တဲ့ စကားနည်းနည်း အသားဖြူဖြူ ပိန်ပိန်ပါးပါး အဖွားအိုတစ်ယောက်ရှိတယ်။
ကျမခေါင်းကို ပွတ်သပ်နေရင်း သူ့ဆီက စကားသံတိုးတိုးလေးပေါ်လာတယ်။ ဆေးခန်း။ အဖွားအို။ ဒါတွေဟာ ကျမရဲ့ ငယ်ဘဝတစ်စိတ်တစ်ပိုင်းတွေပဲ။ ဒါဆို သူက ကျမကို သိနေတဲ့လူလား။ ကျမသူ့ကို ပြန်မော့ကြည့်လိုက်မလို့ပဲ။ ဒါပေမယ်လို့ ကျမ မော့မကြည့်လိုက်ပါဘူး။ နဂိုအတိုင်းပဲ မျက်လုံးတွေပိတ်ထားလိုက်ရင်း သူဘာဆက်ပြောမလဲလို့ နားထောင်နေလိုက်တယ်။
“အဲဒီအဖွားအိုဟာ ဆောင်းတွင်းတွေဆို မနက်သုံးနာရီလောက်ကတည်းက အိပ်ရာထလေ့ ရှိသတဲ့။ ခြံထဲက စံပါယ်ဖူးတွေ၊ နှင်းရည်ဝနေတဲ့ စံပါယ်ပန်း အေးအေးမွှေးမွှေးတွေကို တိုက်နံရံမှာ ညဘက်ထွန်းထားတဲ့ မီးရောင်အလင်းနဲ့လိုက်ကြည့်ပြီး ခူးတတ်တယ်။ မီးပျက်နေတဲ့နေ့တွေဆိုလည်း အဖွားအိုဟာ မီးအိမ်ကလေးနဲ့ဖြစ်ဖြစ်၊ ဓာတ်မီးလေးနဲ့ပဲဖြစ်ဖြစ် စံပါယ်ပန်းတွေ လိုက်ခူးတတ်တယ်။ အဲဒီခြံထဲကပန်းတွေဟာ နှင်းရည်တွေ ဝနေပြီး သန့်ရှင်းဖြူစင်နေတာကြောင့် စံပါယ်ပန်းတွေကို ခူးပြီးတိုင်း ရေသန့်နဲ့ပြန်ဆေးစရာ ဘယ်တော့မှ မလိုဘူးတဲ့။”
ကျမ ပြုံးလိုက်မိသလားပဲ။ သူပြောနေတဲ့ အဲဒီပန်းခြုံတွေရှိနေတဲ့ ခြံထဲကိုလည်း ရောက်ဖူးချင်လာတယ်။ အဲဒီပန်းခြုံတွေရှိတဲ့ ခြံထဲ ကျမရောက်နေတယ်လို့ စိတ်ကူးယဉ်လိုက်မိတော့ သူ့ပုံပြင်ထဲက အဖွားအိုဟာ ကျမရှေ့မှာ ပန်းခူးနေတာကို ကျမ တွေ့ရတယ်။ သူ့ကိုကြည့်ရတာ သိပ်ကိုအေးချမ်းတာပဲ။ အဖွားအိုဟာ ပန်းတွေကို လိုက်ကြည့်နေတယ်။ သူ့မျက်နှာဟာ မပြုံးရင်တောင် ကြည်လင်နေမှာပဲ။ ခြံတစ်ခြံလုံးဟာ စံပါယ်ရနံ့တွေ သင်းကြိုင်နေတယ်။ အလင်းရောင်မလာသေးတဲ့ အချိန်မှာမို့လားမသိဘူး။ နှင်းရည်တွေဝေ့နေတဲ့ စံပါယ်ဖြူဖြူတွေဟာ ပိုပြီး ဖြူဖွေးလှပနေသလို ထင်မိတယ်။
“နေ့တိုင်း ဆန်ခါခုံးလေးနဲ့ အမြဲအပြည့်ရလေ့ ရှိတဲ့ စံပါယ်ပန်းတွေကို နှီးလေးနဲ့ ဆယ်ပွင့် ဆယ်ပွင့်သီပြီး ဘုရားကပ်တတ်တယ်။ နေ့တိုင်းပဲ ဘုရားကို ပန်းဆယ်ကုံး ကပ်လေ့ရှိပြီး ပိုတဲ့ပန်းတွေကိုတော့ နှီးအရှည်နဲ့ တစ်ကုံးတည်း သီ၊ သူ့ရဲ့ ဆီဝနေတဲ့ ဆံထုံးသေးသေးဖြူဖြူမှာ ဝိုက်ပြီး ပန်လေ့ ရှိတယ်။ ပြီးရင် ခြံအပြင်ဘက်က ဗာဒံပင်၊ ကုက္ကိုနဲ့ပိတောက်ပင်၊ မန်ကျည်းပင် စတဲ့ ပင်ကြီးမျိုးတွေအောက်က သစ်ရွက်ခြောက်တွေကို အုန်းတံမြက်စည်း အရှည်တစ်လက်နဲ့ တရှဲရှဲ လှည်းတော့တာပဲတဲ့။ လှည်းလို့ ရလာတဲ့ သစ်ရွက်စို အခြောက်တွေအားလုံးကို လေကွယ်တဲ့ ဆေးခန်းလေးအနောက်မှာပုံ၊ ရာဘာ ချေးအတုံးသေးသေးနဲ့ ထင်းရှူးချောင်းတစ်ချောင်းကိုယူ။ မီးညှိပြီး မီးခိုးအူတာတွေ ပျောက်တဲ့အထိ စိတ်ရှည်လက်ရှည်နဲ့ မီးထိုင်မွှေးနေတော့တာပဲတဲ့။ ဒီလိုအချိန်ဆို အဖွားအိုရဲ့ ရင်ဖုံးအင်္ကျီက စိန်ကြယ်သီးသေးသေးလေးတွေဟာ မီးဖိုရဲ့ မီးရောင်အောက်မှာ လက်နေတာ သိပ်ကြည့်ကောင်းသတဲ့။ ကလေးတွေကတော့ ဒါတွေဟာ စိန်တွေဆိုတာ ဘယ်သိဦးမှာလဲ။ အရောင်လေးတွေ လက်နေတော့ အဖွားရဲ့ကြယ်သီးလေးတွေက အရောင်လေးတွေ လက်တယ် ဆိုပြီး ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတတ်ကြတာပဲတဲ့။”
ဒီကလေးတွေဟာ ဘယ်လောက်ထိငယ်ကြဦးမလဲ။ ကျမစိတ်ထင် လေး ငါးနှစ်ပေါ့။ ထင်တာပဲလေ။ ကျမမျက်စိရှေ့မှာတော့ စံပါယ်ပန်းတွေကို ဆံထုံးပျောက်အောင် ပန်ထားတဲ့အဖွားအို ဖြူဖြူပါးပါးလေးဟာ သစ်ရွက်ခြောက်တွေကို တံမြက်စည်းတစ်ချောင်းနဲ့ ဖြည်းဖြည်းချင်း လှည်းကျင်းနေတယ်။ တစ်ချက်ချင်း။ တစ်ချက်ချင်း။ ဖြည်းဖြည်းချင်း။ ဖြည်းဖြည်းချင်း။ နည်းနည်း နည်းနည်းနဲ့ ပုံလာတဲ့ သစ်ရွက်ပုံကြီးကို မီးမွှေးဖို့ အဖွားအိုဟာ သစ်ရွက်ပုံကြီး ရှေ့မှာ ဖြည်းဖြည်းလေး ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။ အဖွားရဲ့ လှုပ်ရှားပုံဟာ ဖြည်းနှေးပြီး တရွေ့ရွေ့ မရပ်မနားသွားနေလိုက်တာ။ အရုဏ်တက်မှာ တွေ့လိုက်ရတဲ့ တစ္ဆေဖြူဖြူလိုပဲ။ တလွင့်လွင့်နဲ့။ မီးစမွှေးချိန်မှာ မီးခိုးတွေ အူပြီးထွက်လာတော့ အဖွားအိုကို မီးခိုးတွေက ဖုံးအုပ်သွားတယ်။ အဖွားရဲ့ နောက်ကျောဟာ အနည်းငယ်လှုပ်သွားတယ်။ ပြီးတော့ အနားမှာ ရှိနေတဲ့ ဗာဒံရွက် အစိုတစ်ရွက်ကို ယူလိုက်ပြီး မီးမွှေးထားတဲ့နေရာကို ယပ်ခတ်နေတယ်။ အဖွားအိုဘေးကနေ မီးခိုးတွေဟာ ဝေ့ဝိုက်ပြီး ပတ်ဝန်းကျင်မှာ လွင့်ပျံနေတယ်။ ခဏနေတော့ မီးဖိုက မီးခိုးတွေ နည်းသွားတယ်။ သစ်ရွက်ပုံက မီးပွင့်တွေကို စမြင်နေရပြီ။ အဖွားအိုက ယပ်ခတ်တာကို ရပ်လိုက်ပြီး ဖြည်းဖြည်းချင်း မတ်တတ်ပြန်ရပ်တယ်။ ခါးကို ဖြည်းဖြည်းချင်းဆန့်တယ်။ အဖွားအိုရဲ့ ရင်ဖုံး အင်္ကျီဝါဖန့်ဖန့်အရောင်ဟာ မီးရောင်အောက်မှာ ပိုပြီးဝါကျင်နေတယ်။ အဖွားအိုရဲ့ ရင်ဖုံးပေါ်က ကြယ်သီးလေးတွေဟာ တလက်လက်နဲ့။ ကြယ်ကလေးတွေလိုပဲ။ ကလေးတွေ ဒါကို မြင်တိုင်း (Twinkle, twinkle, little star...) ဘာညာ ဆိုမြည်မိသေးသလားပဲ။
“နှင်းတွေ တဝဲဝဲဝေ့နေတတ်တဲ့ တကယ့်ဆောင်းတွင်းထဲမှာ အဖွားအိုကို ဘယ်တုန်းကမှ အနွေးထည်ဝတ်ထားတာ မမြင်ဖူးကြဘူးတဲ့။ မီးခိုးအူနေတာတွေရပ်ပြီး သစ်ရွက်တွေ မီးတောက်လို တဖျစ်ဖျစ် မြည်လာချိန်လောက်ဆို ကောက်ညှင်းပေါင်းသည်ကြီးက အိမ်ရှေ့က ဖြတ်တတ်သတဲ့။ အဖွားဟာ အဲဒီ ကောက်ညှင်းပေါင်းသည်ကြီးဆီက သူကြိုက်တတ်တဲ့ ငချိတ်ငါးကျပ်ဖိုး၊ သူ့ မြေးတွေနဲ့ သူ့သမီးကြိုက်တတ်တဲ့ ကောက်ညှင်းဖြူပေါင်း ဆယ့်ငါးကျပ်ဖိုး အမြဲဝယ်လေ့ရှိသတဲ့။ နှမ်းထောင်းကို အရမ်းကြိုက်တတ်ပုံရတဲ့ အဖွားအိုဟာ ကောက်ညှင်းပေါင်းသည်ကြီးဆီက နှမ်းထောင်း အမြဲအဆစ်တောင်းလေ့ရှိတယ်။ တစ်ခါတစ်လေတော့လည်း ကောက်ညှင်းပေါင်းသည် ကြီးက ရှောရှောရှူရှူ၊ အဆစ်ပေးပါရဲ့။ တစ်ခါတလေ ကောက်ညှင်းပေါင်းသည်ကြီး စိတ်မကြည်လင်ပုံရတဲ့ နေ့တွေဆိုရင်တော့ အဆစ်မပေးဘူး။ ဒီလိုအချိန်မျိုးတွေဆို အဖွားအိုက မျက်နှာကဲကြည့်ပြီး “အင့် ငါးကျပ်။ နှမ်းထောင်း ငါးကျပ် ဖိုးပေး။” ဆိုပြီး ဝယ်လေ့ရှိတယ်။”
ကျမပုံပြင်ထဲက အဖွားအိုဟာ ကောက်ညှင်းပေါင်းကြိုက်တဲ့ အဖွားအိုပဲ။ သူ့သမီးနဲ့ မြေးတွေအတွက်လည်း ဝယ်ပေးသေးသတဲ့။ ဒီလိုအဖွားမျိုး ဒါမှမဟုတ် ဒီလိုအမေမျိုး တစ်ယောက်လောက် ကျမ ပိုင်ချင်လိုက်တာ။ ကျမရဲ့ အဖွားအရင်းဟာ ကျမကို ဒီလိုမျိုး မနက်တိုင်း မနက်စာလုပ်ပေးနိုင်ဖို့ နေနေသာသာ မနက်ခုနစ်နာရီ ဆေးခန်းဖွင့်ဖို့ကိုတောင် အမီဖြစ်အောင် မနည်း အိပ်ရာက ထရတာ။ အမေအရင်းဟာလည်း ကျမအသက် ဆယ့်ရှစ်ပြည့်ပြီးကတည်းက အဖေရှိတဲ့ တိုင်းတစ်ပါးကို လိုက်သွားလိုက်တာ။ ဒီလိုအဖွားမျိုးကကျွေးတဲ့ မနက်စာကို ကျမလည်း စားချင်လာတယ်။ ကျမမျက်စိရှေ့က အဖွားအိုဟာ ကောက်ညှင်းပေါင်းသည်ကြီးနဲ့ စကားပြောနေလေရဲ့။ ကောက်ညှင်းပေါင်းသည်ကြီးက ဖလန်နယ်အနွေးထည်နဲ့။ သိုးမွေးဦးထုပ် အဟောင်းလေးကို စွပ်လို့။ အဖွားအိုကတော့ ရင်ဖုံးဝါဖန့်ဖန့် လက်ရှည်လေးနဲ့ အေးမြတဲ့ ဆောင်းတွင်းမှာ သူ့ကြည့်ရတာလည်း အေးအေးဆေးဆေးပဲ။
ကျမရဲ့ ပုံပြောသူဟာ ကျမခေါင်းကို အဆက်မပြတ် ပွတ်သပ်ပေးနေတယ်။ ပုံပြင်ထဲက အဖွားအိုကတော့ ကောက်ညှင်းပေါင်းဝယ်နေတုန်း။ နှမ်းထောင်းကို ဗာဒံရွက်တစ်ရွက်ကို ကန်တော့ပုံလုပ်ပြီး ထည့်ပေးနေတဲ့ ကောက်ညှင်းပေါင်းသည်ကြီးက ကျမကို လှမ်းကြည့်တယ်။ ကျမပြုံးပြလိုက်တော့ သူ အကြည့်ပြန်လွှဲသွားတယ်။
“ဝယ်တာခြမ်းတာ ပြီးသွားတာနဲ့ အဖွားအိုဟာ မီးဖိုချောင်ထဲဝင်၊ ဆီပုလင်းလေးရယ်၊ ကျောက်ငရုတ်ကျည်ပွေ့ ခပ်သေးသေးတစ်ခုနဲ့ ကောက်ညှင်း ပေါင်းထုပ်လေးတွေကို လက်တစ်ဖက်က ကိုင်။ ကျန်တဲ့တစ်ဖက်က ပန်းကန် လွတ်လေးနှစ်ချပ်နဲ့ နယ်က ပို့တတ်တဲ့ ဆတ်သားချောင်းအစစ် လေးငါးမြှောင်းလောက်ကိုကိုင်ပြီး ပြန်ထွက်လာတတ်တယ်။ ပြီးရင် သူဖိုခဲ့တဲ့မီးဖိုက မီးညွှန့်တွေ ဆက်တက်အောင် ဘေးက သစ်ရွက်တွေထပ်ထည့်။ ပြီးရင်တော့ ဆတ်သားမြှောင်းတွေကို သစ်ရွက်မီးပုံထဲ ပစ်ထည့်လေ့ရှိတယ်။ ခဏနေရင် ဆတ်သားမြှောင်းတွေကို တုတ်ချောင်းလေးတစ်ချောင်းနဲ့ ပြန်ကော်ထုတ်၊ ငရုတ်ကျည်ပွေ့နဲ့ မွအောင်ထု၊ ပြီးရင် မီးပုံထဲပြန်ပစ်ထည့်... လုပ်လေ့ရှိတယ်တဲ့။”
မီးဖိုချောင်ထဲက ထွက်လာတဲ့အဖွားအိုရဲ့ လက်ထဲမှာ ပစ္စည်းပစ္စယတွေ အများကြီးပါလာတယ်။ ကျမ သွားကူလိုက်ဦးမလို့ပဲ။ ဒါပေမယ်လို့ ကျမ ကူတာကို အဖွားအိုကြိုက်ပါ့မလားလို့ တွေးမိပြီး မကူမိတော့ဘူး။ အဖွားအိုဟာ ဆတ်သားခြောက်အစိုတွေကို ထုလိုက် မီးပုံထဲ ပြန်ပစ်ထည့်လိုက် လုပ်နေတယ်။ အနည်းငယ်ကြာပြီးတဲ့နောက်မှာ ဆတ်သားအပြင်သားတွေဟာ မီးကျွမ်းရာကြောင့် မည်းတူးကုန်တယ်။ အဖွားအိုက ဆတ်သားခြောက်တွေကို မီးပုံထဲက ပြန်ထုတ်ပြီး လက်နဲ့ ကိုင်လိုက်တယ်။ အလျင်စလို ကိုင်လိုက်မိတာကြောင့် အဖွားအိုရဲ့ လက်ပူသွားပုံပဲ။ သူ့လက်ကို လေနဲ့ မှုတ်နေတာ တွေ့ရတယ်။ အအေးဒဏ်ကို ဘာမှ မဖြစ်သလို နေနိုင်တဲ့ အဖွားအိုဟာ အပူဒဏ်ကိုတော့ နည်းနည်းလေးတောင် ခံနိုင်ပုံမရဘူး။
“မနက်တိုင်း ငါးနာရီဆိုရင်တော့ ပန်းကန်တစ်ချပ်ထဲမှာ ဆတ်သားဆီဆမ်းလေးတွေ ပုံနေတတ်ပြီး ကျန်တဲ့ပန်းကန်တစ်ချပ်မှာတော့ ကောက်ညှင်းနွေးနွေးလေး နှစ်ပုံ ပုံနေတတ်တယ်။ ဆတ်သားခြောက်နဲ့ ကောက်ညှင်းတွေ ပုံနေတဲ့ အချိန်မှာ တစ်ဖက်ကလည်း မီးညွန့်မကျိုးအောင် အဖွားအိုက ဂရုတစိုက် ကြည့်လေ့ ရှိတယ်။ ဆတ်သားနဲ့ ကောက်ညှင်းတွေ အဆင်သင့်ဖြစ်ပြီးချိန်လောက်ဆို ပုံမှန်အားဖြင့် အဖွားအိုရဲ့ သမီးနဲ့ မြေးတွေ နိုးလာတတ်တယ်။ မျက်နှာသစ် သနပ်ခါးလိမ်းပြီးတာနဲ့ အနွေးထည်တစ်ထည်စီ ကောက်ဝတ်ကြပြီး အဖွားဖိုပေးထားတဲ့ မီးပုံဘေးမှာ မီးဝိုင်းလှုံလေ့ ရှိကြသတဲ့။ အဖွားဝယ် ပေးထားတဲ့ ကောက်ညှင်းပေါင်းနဲ့ ဆတ်သားခြောက်ဆီဆမ်းကို စားရင်းနဲ့ပေါ့။
အသက်လေးငါးနှစ်လောက်ရှိတဲ့ ကလေးလေးနှစ်ယောက်ဟာ သူတို့အမေနဲ့အတူ အနွေးထည်လေးတွေ ကိုယ်စီဝတ်လို့ အိမ်ထဲကနေ အိပ်မှုံစုံမွှားနဲ့ ထွက်လာကြတယ်။ ပြီးတော့ အဖွားအိုဖိုထားတဲ့ မီးပုံရှေ့မှာ လက်ကလေးတွေကို မီးကင်နေကြတယ်။ သူတို့ရှေ့က ပန်းကန်တွေမှာပုံထားတဲ့ ကောက်ညှင်းပေါင်းတွေဟာ အငွေ့တထောင်းထောင်းနဲ့ နူးညံ့ပျော့ပျောင်းနေပုံပဲ။ နှမ်းထောင်းက ထွက်တဲ့ အနံ့ငန်ငန်ကိုလည်း ကျမ ရတယ်။ သူတို့လေးယောက်နဲ့အတူ ကျမမီးပုံဘေးမှာ သူတို့လိုပဲ ဆောင့်ကြောင့်ဝင်ထိုင်လိုက်တယ်။ ကလေးနှစ်ယောက်ထဲက အငယ်ကလေးက မီးလှုံဖို့ထက် ကောက်ညှင်းပေါင်းကို ပိုပြီးစိတ်ဝင်စားနေတယ်။ ကောက်ညှင်းတွေကို လက်နဲ့ကိုင်စားနေတယ်။ ကျန်တဲ့ လက်တစ်ဖက်မှာလည်း ဆီရွှဲနေတဲ့ ဆတ်သားခြောက်တစ်ဖတ် ကိုင်ထားသေးတယ်။ ကလေးလေးဟာ ကောက်ညှင်းပေါင်းကို နှမ်းထောင်းနဲ့ တို့နေတယ်။ ကောက်ညှင်းက ထွက်တဲ့ အငွေ့တွေကို ရှင်းရှင်းလင်းလင်း ကျမ မြင်နေရတယ်။ နူးညံ့ပြီး အရသာရှိမယ့် မနက်စာ။ ဒီလိုအစာမျိုး ကျမ မစားခဲ့ရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ သူတို့စားနေတာ ကြည့်ပြီး ကျမစိတ်မှာ ကြည်နူးနေမိတယ်။ သူတို့နေရာမှာသာ ကျမဆိုရင်တော့ ကောက်ညှင်းနဲ့ ဆတ်သားခြောက်အပြင် ကော်ဖီ ဒါမှမဟုတ် နို့တစ်ခွက်တော့ သောက်ဖြစ်မိမှာပဲ။
“အဖွားအိုက ကလေးတွေ မနက်စာစားနေတဲ့ ဒီလိုအချိန်လောက်ဆို ဖျတ်ခနဲထပြီး နောက်ဖေးဝင်သွားတတ်တယ်။ ပြန်ထွက်လာရင်တော့ ရေနွေးကရား ဗန်းကလေးပါလာတတ်တယ်။ အဖွားအိုဟာ အမြဲ လက်ဖက်အကြမ်းခြောက်ကိုပဲ သောက်လေ့ရှိတော့ အဖွားနဲ့ အမြဲအတူတူနေနေရတဲ့ ကလေးတွေဟာလည်း အဖွားကြိုက်တတ်တဲ့ လက်ဖက်အကြမ်းခြောက်ကိုပဲ စွဲလမ်းနေကြတော့သတဲ့။ ရေနွေးဗန်းရောက်လာပြီဆိုတော့မှ အဖွားအိုဟာ သူ့မြေးတွေဘေးမှာ ဝင်ထိုင်ပြီး ကောက်ညှင်းငချိတ်နဲ့ ဆတ်သားခြောက်ကို ဖြည်းဖြည်းချင်းမြို့လို့ မီးပုံလေးကို မီးထိုးထိုး ပေးတတ်တယ်တဲ့။ နှင်းတွေတသည်းသည်းနဲ့ အဖွားအိုစီစဉ်ပေးတတ်တဲ့ နံနက်စာကို မီးပုံဘေးနားမှာ ထိုင်ရင်း၊ မီးကလေးလှုံရင်း စားခဲ့ရတဲ့ ဆောင်းမနက်တွေကိုတော့ ခုချိန်မှာ လူကြီးတွေ ဖြစ်နေကြပြီဖြစ်တဲ့ အဲဒီတုန်းက ကလေးတွေဟာ အခု အနှစ်နှစ်ဆယ်ကျော် ကြာခဲ့တဲ့တိုင်အောင်တောင်ပဲ မမေ့နိုင်ခဲ့ကြဘူးတဲ့။”
ပုံပြင်ထဲက အဖွားအိုဟာ ကောက်ညှင်းငချိတ်တွေ စားနေတယ်။ သူ့ မြေးတွေနဲ့ သမီးဟာလည်း ကောက်ညှင်းနဲ့ ဆတ်သားခြောက်အပြင် အကြမ်းခြောက်ကိုပါသောက်လို့။ သူတို့မိသားစုရဲ့ အရုဏ်တက်ဟာ အင်မတန် ကြည်နူးစရာပဲ။ လူတိုင်း ဒီလိုမိသားစုမျိုး ပိုင်ဆိုင်ဖို့ရာ မလွယ်ကူဘူး။ အထူးသဖြင့် အခုလိုခေတ်ကာလမျိုးဆို ပိုဆိုးတာပေါ့။ ဒါဟာ ဆင်းရဲတာ၊ ချမ်းသာတာ၊ ပညာတတ်ခြင်း၊ မတတ်ခြင်း၊ စာရိတ္တကောင်းမွန်တာ မမွန်တာ ဘာတွေနဲ့မှ လုံးလုံးမဆိုင်ဘူး။ ကျမလည်း ဒီလိုမိသားစုလေး တစ်ခုလောက်တော့ မသေခင်လေး လိုချင်မိသေးတယ်။ ကျမရဲ့ ပုံပြောသူဟာ ကျမခေါင်းကို ဖွဖွယယ ပွတ်သပ်ပေးနေဆဲပဲ။ ပုံပြင်ဆုံးသွားတာတောင် အိပ်မပျော်သေးဘဲ မှေးမှေးပျော်မလို ဖြစ်နေဆဲ ကလေးလေးကို အမေဖြစ်သူက ချော့သိပ်နေသလိုပေါ့။ အိပ်ချင်မူးမူးအကြည့်နဲ့ ကျမရဲ့ ပုံပြောသူကို ကျမမျက် လုံးလှန်ကြည့်လိုက်မိသေးတယ်။ ဒါပေမယ်လို့ ကျမရဲ့ အကြည့်တွေဟာ သူ့မျက်နှာပေါ်ထိ မရောက်လိုက်ဘူး။ ဒါမှမဟုတ် ကျမ မသိလိုက်ဘူး။ ကျမ အိပ်ပျော်သွားတယ်။
ပြန်နိုးလာတော့ ကျမ ညက အိပ်ခဲ့တဲ့ လူနာခုတင်ပေါ်မှာ ပြန်ရောက်နေပြီ။ လက်နှစ်ဖက်လုံးမှာ ဆေးပိုက်တွေတပ်ထားတာ တွေ့ရတယ်။ ခန္ဓာကိုယ်အောက်ပိုင်းဟာ ထုံနေတယ်။ တစ်ခုခုက လေးလေးလံလံ လာဆွဲထားသလိုမျိုး။ ကျမ ခါးနာတုန်းက ခါးကို ခဲဆွဲရသလိုမျိုး လေးလံတယ်။ ရုတ်တရက်ထလိုက်တော့ ဘေးက သူနာပြုဆရာမက ဆီးအိတ်တပ်ထားလို့ တအားမလှုပ်ရှားဖို့ သတိပေးတယ်။ သတိရလာပြီလားလို့မေးပြီး ရှူဆေးဘူးလေးကို နှာခေါင်းနားကပ်ပေးတဲ့ ကျမရဲ့ လူနာစောင့်ဟာ ဝမ်းသာနေပုံပဲ။ ကြည့်ရတာ ကျမ ခွဲစိတ်လို့ ပြီးသွားပြီထင်ပါရဲ့။
ခွဲစိတ်မှု အောင်မြင်သလားလို့မေးတော့ လူနာစောင့်က အပြုံးနဲ့ ခေါင်းညိတ်ပြတယ်။ ကျမကို မေ့ဆေးပါ ပေးခဲ့ကြတယ်လို့ သူနာပြုဆရာမက ကြားဖြတ်ပြောတယ်။ ကျမသတိမလစ်သွားပါဘူးလို့ ပြန်ပြောတော့ သူနာပြုဆရာမက ဘာမှပြန်မပြောဘူး။ ကျမရဲ့လူနာစောင့်ကို ခွဲခန်းထဲက ပုံပြောသူအကြောင်း မေးလိုက်တော့ လူနာစောင့်က ဘာမှ မသိသလိုဟန်နဲ့ သူနာပြုဆရာမကို ကြည့်တယ်။ သူနာပြုဆရာမကတော့ ကျမ ကြုံခဲ့ရတဲ့ အတွေ့အကြုံကို ဘာမှ မထူးဆန်းသလိုပဲ။ ဒါတွေဟာ ဖြစ်လေ့ရှိတဲ့ ကိစ္စတွေပါလို့ မတင်မကျ ပြောတယ်။ သူ့အဖြေကို ကျမ မကျေနပ်ပေမယ်လို့ ထပ်မေးဖို့ အားမရှိတာကြောင့် ထပ်မမေးဖြစ်လိုက်ဘူး။ သူ့ရဲ့ မတင်မကျအပြောကြောင့် မတင်မကျ ဖြစ်နေတဲ့ ကျမရဲ့ စိတ်ကို သူနာပြုဆရာမက သိသွားပုံပဲ။ သူ ကျမကို စိတ်သက်သာရာ ရစေဖို့ ဆေးလုပ်သားတိုင်းက လူနာတွေကို ပြုံးပြလေ့ရှိတဲ့ အပြုံးမျိုး သူပြုံးပြတယ်။ ကျမ သူ့ကို ကြောင်တောင်တောင်နဲ့ ပြန်ကြည့်လိုက်တော့ သူက ဒါဟာ ဒီဆေးရုံကပေးတဲ့ ဝန်ဆောင်မှုလို့ သတ်မှတ်လိုက်ရင် ပြီးပြီမဟုတ်လားလို့ ကျမကို ပြန်မေးတယ်။ ဝန်ဆောင်မှုတဲ့လား။ ဝန်ဆောင်မှု ဆိုတာထက်ပိုတဲ့ ခံစားချက်မျိုး ကျမရခဲ့တာဟာ သူတို့ဆေးရုံကပေးတဲ့ ဝန်ဆောင်မှုတဲ့လား။ ဒါဆိုရင်တော့ ဒီဝန်ဆောင်မှုဟာ အင်မတန်ကောင်းတာပဲ။ နောက်ခြောက်လလောက်မှာ ခွဲစိတ်ရမယ့် ကျမ မိတ်ဆွေရဲ့ မိခင်တစ်ယောက်ရှိတယ်။ သူ့ကိုလည်း ဒီဆေးရုံကို ညွှန်းဦးမှပဲ။ ဒီဆေးရုံက ပေးတဲ့ ဝန်ဆောင်မှုမျိုး ဘယ်ဆေးရုံမှာမှ ကြုံရမှာ မဟုတ်ဘူးလေ။
January 17, 2017

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။