ဘုရားသခင်ဖြစ်ချင်ခဲ့သော ဘတ်စ်ကားဒရိုင်ဘာတယောက်အကြောင်း


အမတနှင်းဆီ စာအုပ်အမှတ် (၂၅)

www.facebook.com/amatarosesarpay


 

ဘုရားသခင် ဖြစ်ချင်ခဲ့သော ဘတ်စ်ကား ဒရိုင်ဘာ တယောက်အကြောင်း

(Etgar Keret ၏ ဝတ္ထုတိုနံ့နံ့များ)

 

သုဒ္ဓ၊ လင်းထယ်၊ နေသန် မြန်မာဘာသာသို့ ပြန်ဆိုသည်။

စာအုပ်မှတ်တမ်း

 

အတွင်းအပြင်အဆင်ကို ရဲသွင်ချစ် ပြုလုပ်ပြီး မျက်နှာဖုံးကို ဧကစာချို ရေးဆွဲသည်။

၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် ပထမအကြိမ် E-book အဖြစ် ဖြန့်ချိသည်။

စာမျက်နှာ (၁၂၂) မျက်နှာ ပါဝင်ပြီး ရောင်းဈေး ၂၅၀၀ ကျပ် ဖြစ်သည်။

Etgar Keret အကြောင်း မိတ်ဆက် တိုနံ့နံ့

 

သူ့ကို ၁၉၆၇ မှာမွေးတယ်ဆိုတော့ အသက် ၅၄ နှစ်ထဲ ရောက်ပြီပေါ့။ မိဘနှစ်ပါးက ပိုလန်ကဖြစ်ပြီး သူကတော့ လက်ရှိ အစ္စရေးမှာ နေပါတယ်။ ပိုလန်နဲ့ အစ္စရေး နိုင်ငံသားပူးတွဲခံယူထားသဗျ။ Tel Aviv က တက္ကသိုလ်နှစ်ခုမှာ ဆရာ အဖြစ် သင်ကြားပို့ချနေပါတယ်။ ဒါကတော့ သူ့ပုဂ္ဂိုလ်ရေး တစ်စွန်းတစ်စပေါ့။

စာရေးတဲ့အကြောင်း ပြောမယ်ဆိုရင် သူ့ကို ဝတ္ထုတိုတွေနဲ့ လူသိများတယ်လို့ ဆိုနိုင်ပါတယ်။ သူ့ဝတ္ထုတိုတွေက တိုစိတိုနံ့လေးတွေ။ အလွန်ဆုံး နှစ်မျက်နှာပဲ။ The Bus Driver Who Wanted to Be God, Missing Kissinger, The Girl On The Fridge, Fly Already စသဖြင့် ဝတ္ထုတိုစုတွေ ထွက်ထားပါတယ်။ (Fly Already ထဲမှာတော့ ရှည်မျောမျော ဝတ္ထုတွေ ပါလာတယ်) နောက် graphic novel တွေလည်း ရေးသေးတယ်။ ဒါ့အပြင် ရုပ်ရှင်နယ်တောင် ကူးလိုက်သေးတယ်။ သူ့ဇနီးသည် Shira Geffen နဲ့အတူ ရုပ်ရှင်ကားတိုတွေ ရိုက်ပါတယ်။ သူ့ဝတ္ထုတိုလေးတွေကို မှီးပြီး တော့ပေါ့။ သူတို့အတူတွဲရိုက်တဲ့ Jellyfish ဆိုတဲ့ကားကဆို ၂ဝဝ၇ ခုနှစ် Cannes ရုပ်ရှင်ပွဲတော်မှာ ဆုချိတ်လိုက် သေးတယ်။ ဒါကတော့ အနုပညာဘဝ အစိတ်အပိုင်းပေါ့။

သူ့ကိုယ်ရေးအကျဉ်း ကိုက အင်တာနက်မှာ ခေါက်ရှာလိုက်ရင် အလွယ်တကူ ဖတ်လို့ရပါတယ်။ ဒီတော့ သူကိုယ်တိုင် ပြောတဲ့ သူ့အကြောင်းပဲ နည်းနည်း နားထောင်ကြည့်ရအောင်ပါ။

“ကျနော့် ပုဂ္ဂိုလ်ရေးသမိုင်းကြောင်းကို ပြောမယ်ဆိုရင် စစ်ပွဲ အစဉ်အဆက်တွေရဲ့ သမိုင်းကြောင်းလိုမျိုး ပြောလို့ ရမယ်။ ကျနော့်ကို မွေးတော့ ၆၇-စစ်ပွဲ ဖြစ်နေတဲ့အချိန်။ မူလတန်းစတက်တော့ ၇၃-စစ်ပွဲ ဖြစ်တယ်။ အထက်တန်း တက်တော့ လက်ဘနွန်စစ်ပွဲ။ စစ်ပွဲတွေ အကြောင်းပြောတဲ့အခါ ကျနော် မှတ်မှတ်ထင်ထင် ရှိနေတာတခုက ၇၃-စစ်ပွဲမှာ စစ်သားတွေအားလုံးကို ရှေ့တန်းခေါ်တော့ အဖေလည်း သွားရတော့မယ်။ အဖေက အမေ့ကို မှာတယ်။ စစ်ထဲမှာ ငါ ကျသွားရင် ဒီတိုက်ခန်းကို ရောင်းလိုက်ပါ။ ဘယ်သူ့ကိုတော့ အကြွေး ဘယ်လောက်ပေးရမယ် ဘာညာ။ အဲဒီတော့ အမေ က ကလေးတွေနဲ့ ကျမ ဘယ်လိုသွားနေရမှာလဲလို့ မေးတယ်။ နင် ခပ်တုံးအအ မိန်းမမှ မဟုတ်တာ၊ အားလုံး ဖြေရှင်း သွားနိုင်မှာပါတဲ့။ အဲဒီလိုပြောပြီး ကားပေါ်တက် လက်ပြနှုတ်ဆက်သွားတယ်။ အဲဒီ့အချိန်မှာ ကျနော် ဘဝဟာ သိပ်ကို ပြောင်းလဲဖို့ လွယ်တာပဲဆိုတာ သိနားလည်သွားတာ။ ခုလေးတင် အသက်ရှင်၊ ခဏနေရင်ပဲ ဘယ်တော့မှ ပြန်မလာ တော့မယ့် ကားပေါ် ရောက်နေတာမျိုး။ ထားပါတော့ စစ်ပွဲတွေရဲ့ အတ္ထုပ္ပတ္တိဟာ ကျနော် ကိုယ့်ကိုယ်ကိုယ်အတွက် ရွေးချယ် ထားတဲ့ အတ္ထုပ္ပတ္တိ မဟုတ်ပါဘူး”

“ကျနော့်မိဘနှစ်ပါးက ဟိုလိုကော့စ်မှာ အသက်ရှင် ကျန်ရစ်သူတွေ။ ဆိုတော့ နှစ်ယောက်လုံး ကလေးဘဝကို ပုံမှန်လို ဖြတ်သန်းခဲ့ရတာ မဟုတ်ဘူး။ မိဘတစ်ယောက်ရဲ့ ပြုစုပျိုးထောင်ပုံက သူ့ကလေးဘဝနဲ့ ဆက်စပ်တယ်တဲ့။ ကိုယ့် ကလေးဘဝက ပျော်စရာကောင်းရင် ကိုယ့်မိဘတွေထုံး လိုက်ကျင့်သုံးမယ်၊ ကိုယ့်ကလေးဘဝက ဝမ်းနည်းစရာ အတိ ဆိုရင် ကိုယ်ကလေးတွေကျရင် ဒါနဲ့ ဆန့်ကျင်ဘက် လုပ်မယ်ပေါ့။ ကျနော့်အလှည့်မှာတော့ အမေက ဒီလိုပြောတယ်။ ငါ ငယ်ငယ် ကတည်းက မိဘတွေဆုံးသွားတာ။ ဒီတော့ ကိုးကားစရာမရှိဘူး။ နင့်ကို စမ်းသပ်ပျိုးထောင်ရမှာပဲ။ ဒီတော့ တခုခု မှားနေတာရှိရင် ငါ့ကိုပြော။ ငါ အခြားတခု စမ်းကြည့်မယ်တဲ့လေ။ ဒါပေမဲ့ ကျနော် အမေ့ကို အခြား တခုခု စမ်းဖို့ မပြောခဲ့ပါဘူး။ အမေချတဲ့ စည်းကမ်းတွေက ကျနော့် စိတ်ထဲ ဖြစ်သင့်တယ်လို့ ထင်တာကိုး။ ဥပမာ မိုးရွာရင် ကျောင်း မသွားခိုင်းဘူး။ မိုးမိခံပြီး သွားရတဲ့အထိ အရေးကြီးတာမျိုး သင်ပေးနေတာ မဟုတ်ဘူးတဲ့လေ”

“ကျနော့် အဖေကတော့ ပုံပြောတိုင်း ဆောင်ကြာမြိုင်က ပုံပြင်တွေချည်းပဲ။ ဇာတ်ကောင်တွေက ပြည့်တန်ဆာ တွေ၊ မာဖီးယား ဂိုဏ်းသားတွေ၊ အမူးသမားတွေ ဖြစ်နေတတ်တာပဲ။ ငါးနှစ်သား ကျနော်က ပြည့်တန်ဆာ ဆိုတာ ဘာလဲ မေးရင်တော့ အခြားသူတွေရဲ့ ပြဿနာတွေကို နားထောင်ပြီး ပိုက်ဆံရတဲ့သူတွေလို့ အဖေ ဖြေတတ်တယ်။ မာဖီးယား ဂိုဏ်းသားဆိုတာ အိမ်ငှားခ လိုက်ကောက်တဲ့သူတွေ၊ သူတို့မပိုင်တဲ့ အဆောက်အဦနေ လူတွေဆီကနေပါ ကောက်တဲ့ သူတွေတဲ့။ အမူးသမားဆိုတာကတော့ အရည်များများ ဝင်လေ၊ ပိုပျော်လေလေ ဖြစ်တဲ့သူတွေတဲ့။ ဆိုတော့ ငါးနှစ်သား ကတည်းက ကျနော် ရွေးရခက်နေပြီ။ ကြီးလာရင် ဘာလုပ်ရမလဲ။ အမူးသမား မာဖီးယား ဂိုဏ်းသားလုပ်ရမလား၊ အမူး သမား ယောက်ျားပြည့်တန်ဆာ လုပ်ရမလားပေါ့။ အဖေ့ပုံပြင်တွေထဲမှာ အဲဒါတွေက အသက်မွေးဝမ်းကြောင်း အလုပ် ကောင်းတွေ ဖြစ်နေတာလေ။ ဆယ်နှစ်လောက်ရောက်တော့ အဖေပြောတာတွေက မမှန်ဘူးဆိုတာအပြင် ငါးနှစ်သား ကလေး တယောက်ကို ဒါတွေပြောတာ မဖြစ်သင့်ဘူးဆိုတာပါ သိလာတယ်။ ဒီတော့ ဘာလို့ ဒီလိုပုံပြင်တွေပြောရသလဲ အဖေ့ကို မေးတယ်။ မင့်ကို အိပ်ရာဝင်ပုံပြင် ပြောရမယ်ဆိုတော့ ခေါင်းထဲ ဝင်လာတာ အဖေ့ ကလေးဘဝအကြောင်း ပြောဖို့ပဲ။ ဆိုတော့ ဘယ်အပိုင်းကို ရွေးရမလဲ။ ငါ့အစ်မကို နာဇီတွေ မိသွားပြီး ငါပုန်းနေတဲ့နေရာကို မပြောလို့ဆိုပြီး သေတဲ့အထိ ညှင်းပန်းနှိပ်စက်ကြတဲ့အကြောင်းလား။ ပုန်းခိုကျင်းထဲကနေ အထုတ်ခံရတော့ ကြွက်သားတွေကို တင်းထား လွန်းလို့ လှုပ်မရ ဖြစ်တဲ့ အကြောင်းလား။ ဒီအကြောင်းတွေ ငါးနှစ်သားကလေးကို မပြောပြချင်ဘူး။ မျှော်လင့်ချက်နဲ့ ပျော်ရွှင်မှု ရောပြွမ်းနေတဲ့ ပုံပြင်တွေပဲ ပြောချင်တယ်။ ဒီတော့ ရှေ့နည်းနည်း ဆက်တက်တယ်။ စစ်ကြီးအပြီး အစ္စရေးကို လာဖို့ ကြိုးစားတဲ့အကြောင်း ရောက်တယ်။ အဲဒါလည်း ဝမ်းနည်းစရာဇာတ်ကြောင်း ဖြစ်နေတယ်။ အစ္စရေးကိုရောက်တော့ ငါ့ကို ဗြိတိသျှတွေက ဥရောပဆီ ပြန်ပို့တယ်။ တရားမဝင် ခိုးဝင်တဲ့ သူမို့လေ။ အဲဒီ့နောက် ဗြိတိသျှတပ်ကို တိုက်တဲ့ မြေအောက် လှုပ်ရှားမှုထဲ အဖေဝင်တယ်။ အစ္စရေးထဲ ဝင်လို့မရဘူးဆိုတော့ လက်နက်ခဲယမ်းတွေပဲ ထောက်ပံ့ ပေးရတယ်။ သူတို့ အဖေ့ကို အီတလီမှာ တာဝန်ချတယ်။ ကိုဆာနိုထရာကနေ လက်နက်တွေဝယ်ပြီး အစ္စရေးကို ခိုးဝင် ပေါ့။ အဲဒီမှာ အဖေ အခန်းငှားစရာ ပိုက်ဆံမရှိဘူး။ ဆိုတော့ ပန်းခြံမှာ အိပ်ရမလို ဖြစ်နေတယ်။ ကိုဆာနိုထရာက လူတွေ က ဒီလိုတော့ မတင့်တယ်ပါဘူးဆိုပြီး သူတို့အပိုင် ဆောင်ကြာမြိုင်တစ်ခုမှာ နေခွင့် ပေးတယ်။ အခန်းခ ပေးစရာမလိုဘူး။ ဖောက်သည်လာလို့ အခန်း လိုတဲ့အခါ အခန်းထဲကနေ ခဏထွက်ပြီး ကိစ္စပြီးလောက်တဲ့အချိန် ပြန်လာပေါ့တဲ့။ အဲဒီ့မှာ အဖေ ရှစ်လတိတိနေခဲ့တယ်။ အဲဒါက အဖေ ကိုယ့်ကိုယ်ကိုယ် ဂျူးဆိုတာ ဖုံးကွယ်စရာမလိုဘဲ နေလို့ရတဲ့ ပထမဆုံး အချိန်ပဲ။ ညသန်းခေါင်မှာ အကြောက်တရားနဲ့ လန့်လန့်မနိုးဘဲ တညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခွင့်ရတဲ့ ပထမဆုံး အချိန်ပဲ။ လူသားဆန်မှုကို ထိတွေ့ ကျင့်သုံးခွင့်ရတဲ့ ပထမဆုံးအချိန်ပဲ။ ဟုတ်ပါတယ်၊ သူတို့က အပြစ်အနာအဆာ မရှိတဲ့ သူတွေ မဟုတ်ကြပါဘူး။ ဒါပေမဲ့ နာဇီတွေနဲ့ယှဉ်ရင် သူတို့က လူကောင်းတွေပါ”

အပေါ်က စာပိုဒ်နှစ်ပိုဒ်က သူပြောသမျှ သူ့အကြောင်းထဲက ထုတ်နုတ်ပြန်ဆိုလိုက်တာပါ။ ကဲ...သူ့ဘဝက စိတ်ဝင်စား စရာ မကောင်းဘူးလား။ သူ့ဘဝလိုပဲ သူ့ဝတ္ထုတွေကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူ့ရဲ့ ဝတ္ထုတိုစိတိုနံ့ တွေကို ကျနော်ရယ်၊ ဆရာ သုဒ္ဓရယ်၊ ဆရာမ လင်းထယ်ရယ် ဘာသာပြန်ဆိုထားတာ ဖတ်ကြည့် ကြပါဦး။

နေသန်

ဘုရားသခင်ဖြစ်ချင်ခဲ့သော ဘတ်စ်ကားဒရိုင်ဘာတယောက်အကြောင်း

 

ဒီဝတ္ထုဟာ နောက်ကျတဲ့သူတွေကို ဘတ်စ်ကားတံခါး ဘယ်တော့မှ ဖွင့်မပေးတဲ့ ဘတ်စ်ကား ဒရိုင်ဘာ တယောက် အကြောင်းပါပဲ။ ဘယ်သူ့ကိုမှ ဖွင့်မပေးဘူး။ ဘတ်စ်ကားနဲ့အတူ ပြေးလိုက်ပြီး မျှော်လင့်တကြီးနဲ့ ငေးကြည့် တတ်တဲ့ မပွင့်တပွင့် အထက်တန်းကျောင်းသား ကလေးတွေ ကိုလည်း ဖွင့် မပေးဘူး။ သူတို့က အချိန်မီရောက်ရဲ့ သားနဲ့ ကို ဒရိုင်ဘာကပဲ လွန်တာလိုလို အချိုးချိုးတတ်တဲ့၊ တံခါးကို တဒုန်းဒုန်း ထုတတ်တဲ့၊ လေကာအင်္ကျီနဲ့၊ စိတ်ဆတ်ဆတ် လူတွေကို ဖွင့်မပေးတာတော့ အသေအချာပဲ။ လက်ထဲမှာ ပစ္စည်းတပွေ့တပိုက်နဲ့ အဘွားကြီးအိုတွေ တုန်တုန်ယင်ယင်နဲ့ တားတာတောင် ဖွင့်မပေးဘူး။ တံခါးဖွင့်မပေးတာ အသည်းမာလို့တော့ မဟုတ်ဘူး။ သူ့ အိုင်ဒီရော်လော်ဂျီ ကိစ္စသာ ဖြစ်တယ်။ ဒရိုင်ဘာရဲ့ အိုင်ဒီရော်လော်ဂျီက ဒီလို...။ နောက်ကျတဲ့သူ အတွက် တံခါးဖွင့်ပေးရင် စက္ကန့်သုံးဆယ်တောင် မကြာဘူး ဆိုပါတော့။ အဲဒီ့လူအတွက် သူ့ဘဝရဲ့ ဆယ့်ငါးမိနစ်လောက် ဆုံးရှုံးသွားတာဖြစ်မယ်။ ဒါပေမဲ့ အဲဒါက လူ့အဖွဲ့ အစည်း တစ်ခုလုံးအတွက်တော့ မျှတတယ် ပြောရမယ်။ ဘာလို့လဲဆိုတော့ ဖွင့်ပေးလိုက်ရင် ကားပေါ်က ခရီးသည်တိုင်း အတွက် စက္ကန့်သုံးဆယ်စီ ဆုံးရှုံးသွားမှာလေ။ ကားပေါ်မှာ ခရီးသည် အယောက်ခြောက်ဆယ် ပါတယ်ထား၊ အဲဒါဆိုရင် အားလုံး အတွက် စုစုပေါင်း နာရီဝက် ဖြစ်သွားမှာ။ နာရီဝက်ဆိုတာ ဆယ့်ငါးမိနစ်ရဲ့ နှစ်ဆတောင်။ အဲဒါကြောင့် သူ တံခါး ကို လုံးဝ ဖွင့်မပေးတာပဲ။ ခရီးသည်တွေ ဒီအကြောင်းအရင်းကို မသိကြဘူးဆိုတာ သူ သိတယ်။ ကားနောက်ကို ပြေးလိုက်ပြီး တားဖို့ကြိုးစားကြသူတွေ သူ့ကို နားမလည်ကြတာလည်း သူ သိတယ်။ လူတော်တော်များများ သူ့ကို ခွေးမသားလို့ မြင်ကြတာကိုလည်း သူ သိတယ်။ ကားပေါ်တက်ခွင့်ပေးပြီး သူတို့ဆီက အပြုံးနဲ့ ကျေးဇူးတင်စကား လက်ခံ ရတာက ပိုလွယ်တယ်ဆိုတာလည်း သိတယ်။

ဒါပေမဲ့ အပြုံးနဲ့ ကျေးဇူးတင်စကားရယ်၊ လူ့အဖွဲ့အစည်း အတွက် ကောင်းကျိုးရယ်ကို ယှဉ်ရွေးရမယ်ဆိုရင် ဘာကိုရွေးရမလဲ ဆိုတာ ဒီဒရိုင်ဘာသိတယ်။

ဒရိုင်ဘာရဲ့ ဒီအိုင်ဒီရော်လော်ဂျီကြောင့် ဒုက္ခအကြီးအကျယ် ရောက်သင့်တဲ့သူရဲ့ နာမည်က အက်ဒီတဲ့။ ဒါပေမဲ့ သူက ဒီဝတ္ထုထဲက အခြားသူတွေလိုမဟုတ်ဘဲ၊ ကားနောက်ကို ပြေးလိုက်ဖို့တောင် မကြိုးစားဘူး။ သူက အဲဒီ လောက်တောင် အပျင်းကြီးတာ၊ ချည့်နဲ့တာ။ ခု အက်ဒီက The Steakaway ဆိုတဲ့ စားသောက်ဆိုင် (ပိုင်ရှင် ကလည်း ဒီထက် ကောင်းတဲ့နာမည် မရှာတတ်ဘူး) မှာ လက်ထောက်စားဖိုမှူး။ အဲဒီက အစားအသောက်က စာဖွဲ့လောက်စရာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အက်ဒီက သဘောသိပ်ကောင်းတယ်။ ဘယ်လောက်ထိ လဲဆိုရင် သူ ပြင်ပေးတဲ့ဟင်းပွဲတခုခု အဆင် မပြေဘူးဆိုရင် စားပွဲထိ ရောက်လာပြီး တောင်းပန်တာမျိုး။ အဲဒီလို တောင်းပန်တဲ့ ဖြစ်စဉ်တွေက တခုမှာ သူ ပျော်ရွှင်မှုနဲ့ ဆုံစည်းခဲ့တာ။ သူ စိတ်မကောင်း မဖြစ်ရအောင်၊ သူယူလာတဲ့ အမဲကင်တကင်လုံးကို ကုန်အောင်စားဖို့ ကြိုးစားရှာတဲ့ ချစ်စဖွယ် ကောင်မလေးအသွင်နဲ့ပေါ့။ ဒီကောင်မလေးက သူ့နာမည်လည်း မပြောပြချင်၊ ဖုန်းနံပါတ်လည်း မပေးချင်ဘူး။ ဒါပေမဲ့ နောက်နေ့ငါးနာရီကျ လင်းပိုင်ဥယျာဉ်မှာ တွေ့ဖို့တော့ သဘောတူ ခေါင်းညိတ်ခဲ့ပါတယ်။

အက်ဒီမှာ ပြဿနာတခု ရှိတယ်။ အဲဒါကြောင့်ပဲ သူ့ဘဝမှာ အရာအားလုံးလိုလိုကို လက်လွှတ်ဆုံးရှုံးခဲ့ရတာ။ အက်ဒီနွိုက်1တွေ အားလုံး ရောင်ရမ်းတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ အနှောင့်အယှက်တော့ ဖြစ်တာပဲ။ ဒီရောဂါကြောင့် သူ ဆယ်မိနစ်လောက် အအိပ်လွန်တာ။ နှိုးစက်ပေးလည်း မရဘူး။ အဲဒါကြောင့် သူ အမြဲတမ်း အလုပ် နောက်ကျတာ။ ကျနော်တို့ရဲ့ ဒရိုင်ဘာကြီးက တဦးချင်းစီရဲ့ အကျိုးထက် လူ့အဖွဲ့ အစည်းကောင်းကျိုးကို အလေးပေးတာကြောင့်လည်း ပါတာပေါ့။ ဒါပေမဲ့ ဒီတကြိမ်မှာတော့ ပျော်ရွှင်မှုက ချိန်ခွင်ညှာပေါ် ရောက်နေတော့ ရောဂါကို အနိုင်ယူဖို့ အက်ဒီ ဆုံးဖြတ်လိုက်တယ်။ အဲဒါကြောင့် သူ နေ့ခင်း တရေး မအိပ်တော့ဘဲ တီဗွီကြည့်တယ်။ စိတ်ချရအောင် နှိုးစက် သုံးလုံး တောင် ပေးထားတဲ့အပြင် သူ့ကို ဖုန်းခေါ်နှိုးဖို့ ဖုန်းအော်ပရေတာမှာ စာရင်းသွင်းထားသေးတယ်။ ဒါပေမဲ့ ရောဂါက ကုရာနတ္ထိ ဖြစ်နေတာပဲ။ အက်ဒီ ကလေးချန်နယ် ကြည့်ရင်း အိပ်ပျော်သွားတယ်။ နှိုးစက်ပေါင်း သောင်းခြောက်ထောင် မြည်လာတော့ သူ ချွေးစေးတွေနဲ့ နိုးလာတယ်။ ဆယ်မိနစ်လောက် နောက်ကျနေပြီ။ သူ အင်္ကျီမလဲဘဲ အိမ်ထဲကနေ ဘတ်စ်ကားမှတ်တိုင်ဆီ ပြေးထွက်လာခဲ့တယ်။ သူ ဘယ်လိုပြေးရမလဲတောင် မေ့ချင်ချင် ဖြစ်နေပြီ။ သူ့ခြေထောက် တွေက လူသွားလမ်း ကျော်တာနဲ့ စမ်းတဝါးဝါး ဖြစ်နေတာ။ သူ နောက်ဆုံးအကြိမ် ပြေးခဲ့တာက ခြောက်တန်းတုန်းက Gym အတန်းကို ပျက်လို့ရတယ်ဆိုတာ မသိခင်ကပဲ။ Gym အတန်းနဲ့ မတူတာက ခု သူ အရူးအမူး ပြေးနေတာ။ သူ့မှာ လက်လွှတ်အဆုံးရှုံး မခံနိုင်စရာတခုခု ရှိနေပြီလေ။ သူ့ရင်ဘတ် ဘယ်လောက် နာနေနေ၊ စီးကရက်အဆိပ်သင့် အဆုတ် က ဘယ်လို တရွှီရွှီ မြည်နေနေ၊ သူ ပျော်ရွှင်မှုရှာပုံတော်ကို ရပ်တန့်သွားမှာမဟုတ်ဘူး။ ဘယ်အရာကမှ သူ့ကို မတားဆီး နိုင်ဘူး။ တံခါးကိုပိတ်ပြီး ကားကို စမောင်းနေပြီဖြစ်တဲ့ ကျနော်တို့ရဲ့ ဇာတ်လိုက်ကျော် ဒရိုင်ဘာကြီးက လွဲလို့ပေါ့။ ဒရိုင်ဘာ က အက်ဒီ့ကို နောက်ကြည့်မှန်ထဲကနေ လှမ်းမြင်တယ်။ ဒါပေမဲ့ ခုနက ပြောခဲ့တဲ့အတိုင်းပဲ သူ့မှာ အကျိုးသင့် အကြောင်းသင့် အိုင်ဒီရော်လော် ဂျီရှိတယ်။ တရားမျှတမှုကို ချစ်မြတ်နိုးခြင်းနဲ့ သင်္ချာသဘောကို အခြေခံထားတဲ့ အိုင်ဒီရော်လော်ဂျီ တခု။ ဒရိုင်ဘာရဲ့ သင်္ချာသဘောကို အက်ဒီ ဂရုမစိုက်ပါဘူး။ သူ့ဘဝမှာ ပထမဆုံးအကြိမ်အနေနဲ့ တနေရာရာကို အချိန်မီ ရောက်ချင်နေခဲ့တယ်။ အဲဒါကြောင့် သူ ဖွင့်ပေးမှာမဟုတ်မှန်း သိလျက်နဲ့ ကားနောက်ကို ပြေးလိုက်နေမိတယ်။ ရုတ်ချည်းဆိုသလိုပဲ အက်ဒီရဲ့ ကံဇာတာတွေ တက်လာတယ်။ ဒါပေမဲ့ တဝက်တပျက်ပဲ။ ကားမှတ်တိုင်ရဲ့ ကိုက်တစ်ရာကျော်လောက်မှာ မီးပွိုင့်ရှိတယ်။ မီးပွိုင့်ကို ကားအရောက်မှာပဲ မီးနီသွားတယ်။ အက်ဒီ ရှိသမျှ အားကုန် ထုတ်သုံးပြီး ကားဆီ ပြေးသွားတယ်။ သူ မှန်တံခါးကို မထုဘူး။ ထုနိုင်လောက်တဲ့ အထိလည်း အားမရှိ တော့ဘူး။ သူ ဒရိုင်ဘာကို စိုစွတ်တဲ့ မျက်လုံးတွေနဲ့ပဲ ကြည့်နေတယ်။ ဒူးက အောက်ငိုက်စိုက်နေပြီ။ ဟောဟဲဟောဟဲနဲ့ ရင်ဘတ်ကလည်း တရွှီရွှီ မြည်နေပြီ။ ဒီအဖြစ်ကြောင့် ဒရိုင်ဘာ သူ ကားသမား မဖြစ်ခင်က ဘုရားသခင် ဖြစ်ချင်ခဲ့တဲ့ ကာလကို သတိရသွားတယ်။ ဝမ်းနည်းစရာ အမှတ်တရတခုပါပဲ။ အဆုံးသတ်မှာ ဒရိုင်ဘာ ဘုရားသခင် မဖြစ်ခဲ့လို့လေ။ ပျော်ဖို့ကောင်းတဲ့ အမှတ်တရဆိုလည်း ဟုတ်ပါတယ်။ သူ့ရဲ့ ဒုတိယရွေးချယ်မှုဖြစ်တဲ့ ဒရိုင်ဘာတယောက် ဖြစ်လာလို့လေ။ ပြီးတော့ သူ ဘုရားသခင်ဖြစ်လာခဲ့ရင် သတ္တဝါအားလုံးရဲ့ ဆန္ဒကို နားထောင်ပေးပြီး ကြင်နာသနားတတ်ဖို့ သန္နိဌာန် ချဖူးခဲ့တာကို ရုတ်တရက် သတိရသွားတယ်။ အဲဒါကြောင့် ကတ္တရာလမ်းပေါ် ဒူးထောက်လျက်သားနဲ့ အက်ဒီကို တွေ့တဲ့ အခါ သူ မနေနိုင်တော့ဘူး။ သူ့အိုင်ဒီရော်လော်ဂျီနဲ့ သင်္ချာသဘောတွေကို ဘေးချိတ်ပြီး သူ တံခါး ဖွင့်ပေးလိုက်တယ်။ အက်ဒီ ကားပေါ်တက်တယ်။ သူ မောလွန်းလို့ ကျေးဇူးတင်စကားတောင် မပြောနိုင်ဘူး။

ဒီနေရာပဲ ရပ်ပြီး ဆက်မဖတ်တော့ရင် ကောင်းမယ်။ ဘာလို့လဲ ဆိုတော့ အက်ဒီ လင်းပိုင်ဥယျာဉ်ကို အချိန်မီ ရောက်သွားခဲ့ပေမဲ့ မိပျော်ရွှင် ပေါ်မလာခဲ့ဘူးလေ။ သူ့မှာ ချစ်သူကောင်လေး ရှိနှင့် နေပြီးသားလေ။ အဲဒါကို အက်ဒီ့ကို ဖွင့်မပြောရက်လို့ ချိန်းထားပြီး ရောက်မလာခဲ့တာပေါ့။ အက်ဒီ သူတို့ချိန်းဆိုထားတဲ့ ထိုင်ခုံလေးပေါ်မှာ နှစ်နာရီ နီးပါး လောက် သူ(မ)ကို စောင့်နေခဲ့တယ်။ ထိုင်စောင့်နေတုန်းမှာ သူ့ခေါင်းထဲ စိတ်ဓာတ်ကျစရာအတွေးတွေ ဝင်လာတယ်။ ထိုင်စောင့်ရင်း နေဝင်သွားတာကို ငေးတာ။ မဆိုးလှပါဘူး။ ခဏနေရင် သူ့ခြေသလုံးတွေ ကြွက်တက်တော့မယ်ဆိုတာ တွေးမိတယ်။ အိမ်ပြန်လမ်းမှာ သူ အိမ်ကို မြန်မြန်ရောက်ချင်လှပြီ။ သူ မှတ်တိုင်မှာ ခရီးသည်တွေ ချနေတဲ့ကားကို ခပ်လှမ်းလှမ်းမှာ တွေ့တယ်။ သူ့မှာ ပြေးဖို့ အားရှိသေးရင်တောင်မှ မီမှာမဟုတ်တော့ဘူးဆိုတာ သူ သိတယ်။ အဲဒါကြောင့် သူ ဖြည်းဖြည်းချင်းပဲ ဆက်လျှောက်လာခဲ့တယ်။ ခြေလှမ်းတိုင်းမှာ သူ့ခြေထောက်တွေ ညောင်းကိုက်လှပြီ။ နောက်ဆုံး သူ ကားမှတ်တိုင်ကို ရောက်သွားတဲ့အခါ ကားက သူ့ကို စောင့်နေတုန်း ဆိုတာ တွေ့လိုက်ရတယ်။ ခရီးသည်တွေ က ကားထွက်ဖို့ အော်ဟစ် တောင်းဆိုနေကြပေမယ့် ဒရိုင်ဘာက အက်ဒီ့ကို စောင့်နေခဲ့တယ်။ အက်ဒီ ထိုင်ခုံတနေရာစာ ရတော့မှ သူ ကားကို စနှိုးတယ်။ ကား စထွက်တဲ့အချိန်မှာပဲ သူ နောက်ကြည့်မှန်ထဲကြည့်ပြီး အက်ဒီ့ကို ဝမ်းနည်း ပမ်းနည်း မျက်စိမှိတ်ပြတယ်။ အဲဒီဝမ်းနည်းပမ်းနည်း မျက်စိမှိတ်ပြတာကပဲ ဒီဖြစ်ရပ်တခုလုံးကို တောင့်ခံဖို့ အားတခု ဖြစ်သွားခဲ့တော့တယ်။

 

-The Story about a Bus driver who wanted to be God

-နေသန် ဘာသာပြန်ဆိုသည်။

ပိုက်လုံးများ

 

ကျနော် ခုနစ်တန်းနှစ်က ကျောင်းမှာ စိတ်ပညာရှင်တယောက်ကို ဖိတ်ပြီး၊ ကျနော်တို့ကို စိတ်အခြေအနေ စစ်ဆေးမှု တွေ လုပ်ပေးတာ ကြုံရဖူးတယ်။ သူက အရုပ်ပါတဲ့ ကဒ်ပြားလေး အခု (၂ဝ) လောက်ကို ကျနော့်ကို တခုချင်း ပြပြီး၊ ဒီကဒ်တွေက ပုံတွေမှာ ဘာလွဲနေတာ တွေ့သလဲလို့ မေးတယ်။ ကျနော့်အဖို့တော့ ပုံတွေအကုန်လုံးက တခုခု လွဲမှားနေတာမျိုး မရှိသလောက်ပဲ။ ဒါပေမဲ့ သူက ဇွတ်ပဲ။ ကောင်ကလေး ပုံပါတဲ့ ပထမဆုံးအချပ်ကနေ တခါပြန်ပြပြီး၊ ဒီပုံမှာ ဘာလွဲနေလဲလို့ စိတ်ပျက်တဲ့လေသံနဲ့ ထပ်မေးတယ်။ ကျနော်က “ကဒ်ထဲက အရုပ်ပုံဟာ ပုံမှန်ပါပဲ အဆင်ပြေနေ တာပါပဲ” လို့ ဖြေတော့၊ သူ တကယ့်ကို ရူးချင်သွားပုံရတယ်။ “မင်းနှယ် ရုပ်ပုံထဲက ကောင်လေးမှာ နားရွက်တွေ တဖက် မှ မပါတာ မတွေ့ဘူးလားကွာ” လို့ ပြောတော့တယ်။ တကယ်ပါပဲ။ ကဒ်ပြားထဲက ရုပ်ပုံကို ကြည့်လိုက်တော့ ကောင်လေး မှာ နားရွက်တွေ ရှိမနေဘူး။ ဒါပေမဲ့ ကျနော့်အတွက်တော့ ရုပ်ပုံကဒ်ပြားဟာ (နားရွက်တွေ မပါတဲ့ ကောင်လေးပုံမို့ ဆိုပြီး ထူးထူးခြားခြား လွဲချော်နေတာမျိုး စိတ်ထဲ ဖြစ်မနေပါဘူး။) အဆင်ပြေနေတာပါပဲ။ စိတ်ပညာရှင်ကြီးက ကျနော့်ကို ‘အသိအမြင်လွဲမှားတဲ့ ရောဂါ’ ကြီးကြီးမားမားကို ရှိနေတယ် ဆိုပြီး မှတ်ချက်ပေးတယ်။ ဒါနဲ့ ကျနော့်ကို လက်သမား သင်တန်းကျောင်းကို ပြောင်းပေးလိုက်ကြတယ်။ အဲဒီ ရောက်တော့ ကျနော့်မှာ လွှစာမှုန့်တွေနဲ့ ဓာတ်မတည့်တဲ့ကိစ္စက ပေါ်လာပြန်တယ်။ ဒါနဲ့ ကျနော့်ကို သတ္တုပစ္စည်းတွေလုပ်တဲ့ သင်တန်းကို ပို့လိုက်ကြရော။ အဲဒီအလုပ်က ကျနော့်အတွက် မဆိုးလှဘူးဗျ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျနော် အဲဒီအလုပ်မှာ မပျော်ဘူး။ အမှန်အတိုင်း ပြောရရင်၊ ကျနော်က ဘယ်အလုပ်မှာတော့ဖြင့် ပျော်တယ်ရယ်လို့ သတ်သတ်မှတ်မှတ်ကို မရှိတာပါ။ ကျောင်းပြီးတော့ ကျနော် ပိုက်လုံးတွေ လုပ်တဲ့ စက်ရုံမှာ အလုပ်ဆင်းရတယ်။ ကျနော့်အလုပ်ရှင်က အင်ဂျင်နီယာ တယောက်ပါ။ ထိပ်တန်းနည်းပညာ ကောလိပ် တခုကနေ ဒီပလိုမာ ရထားတာ။ လူတော်ဗျ။ နားရွက်မပါတဲ့ ကောင်ကလေးရုပ်ပုံလိုဟာမျိုး သူ့သွားပြရင် ချက်ချင်း တန်းတွေ့မယ့် လူစား။

အလုပ်ချိန်ပြီးရင် ကျနော်က စက်ရုံထဲမှာ ဆက်နေပြီး၊ လုပ်နေကျမဟုတ်တဲ့ ပိုက်ပုံစံမျိုးတွေ ကျနော့်ဘာသာ လုပ်ကြည့်နေလေ့ရှိတယ်။ မြွေတွေ ခွေနေတဲ့ပုံမျိုး ပိုက်လုံးကို ခွေကြည့်တယ်။ ပြီးတော့ ပိုက်လုံး အလိမ်အခွေထဲကို ဂေါ်လီလုံးတွေ ထည့်ကြည့်တယ်။ အဲဒီလိုလုပ်ရတာ ဘာပညာသားမှမပါ ခပ်ပြိန်းပြိန်းပဲဆိုတာ ကျနော် သိတာပေါ့။ ပျော်လှတယ်ရယ်လို့ မဟုတ်ဘဲ၊ ကျနော် အဲဒီအလုပ်ကို ဆက်လုပ်ဖြစ်နေတုန်းပဲ။

တညသားတော့ အလွန်တရာ ပွေလီပေါက်ရှာနဲ့ ပိုက်လုံးတခုကို ကျနော် လုပ်မိရက်သား ဖြစ်နေပါရော။ အဲဒီ ပိုက်လုံးမှာ အကွေးတွေ အလိမ်တွေ အများကြီးနဲ့။ ကျနော် ဂေါ်လီတလုံး လှိမ့်သွင်းကြည့်လိုက်တော့ ဂေါ်လီလုံးက တဖက်အပေါက်ကနေ ပြန်ကို ထွက်မလာတော့ဘူးဗျာ။ ပထမတော့ ထင်လိုက်သေးတယ်။ ပိုက်ထဲမှာ အလယ်ကနေ တခုခု ဆို့ပြီး ခံနေတာ ဖြစ်မှာပဲလို့။ ဒါပေမဲ့ ဂေါ်လီ အလုံးနှစ်ဆယ်လောက်နဲ့ စမ်းထည့်ကြည့်ပြီးတော့မှ ကျနော် သဘော ပေါက်သွားတယ်။ ဂေါ်လီလုံးတွေဟာ ပိုက်ထဲမှာတင် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားကြတယ် ဆိုတာပါပဲ။ ကျနော် ပြောသလိုဆို ဒီကိစ္စကြီးဟာ ရူးကြောင်ကြောင်နိုင်တဲ့ ကိစ္စဆိုတာ ကျနော် သိပါတယ်။ ဆိုလိုတာက ဂေါ်လီလုံးတွေ ပျောက်ကုန်တာ မဟုတ်ဘူးဆိုတာ လူတိုင်းသိနေတာပဲ။ ဒါပေမဲ့ ကျနော့်အနေနဲ့က ဂေါ်လီလုံးတွေ ပိုက်လုံးတဖက်ပေါက် က ဝင်သွားတာသာ မြင်ပြီး၊ တဖက်ကနေ ပြန်ထွက်လာတာကျ တွေ့မှ မတွေ့တာကိုး။ ဒီလိုဖြစ်တာလည်း ကျနော့်အတွက် တော့ ထူးဆန်း မနေဘူးရယ်။ သူ့ဟာသူ အဆင်ချောနေတဲ့ကိစ္စလို့ပဲ ထင်တာပါပဲ။ အဲဒါနဲ့ပဲ ဒီထက်ပိုကြီးတဲ့ ပိုက်တခု ထပ်လုပ်မယ်လို့ ကျနော် ဆုံးဖြတ်ချက် ချလိုက်တယ်။ ပုံစံကတော့ အခုပုံစံအတိုင်းပဲပေါ့။ ဂေါ်လီလုံးတွေလို ကျနော် ပျောက်သွားတဲ့ အထိ ပိုက်လုံးထဲ ကျနော့်ဘာသာ လျှောဝင်သွားဖို့ပေါ့။ ဒီစိတ်ကူးကို တွေးမိတော့ ကျနော် ဝမ်းသာ သွားတယ်။ ဟက်ဟက်ပက်ပက်လည်း ရယ်မိတယ်။ ဒီလိုရယ်ရတာ ကျနော့်ဘဝမှာ ဒီတခါ ပထမဆုံးလို့ ထင်တာပဲ။

အဲဒီနေ့ကစလို့ ကျနော်ဟာ ကျနော့်ရဲ့ ဧရာမပိုက်လုံးကြီးကို တလုပ်တည်း လုပ်နေတော့တာပါပဲ။ ညနေတိုင်ရင် ကျနော်က ပိုက်လုံးကြီးကို လုပ်တယ်။ မနက်ဆိုရင် လုပ်လက်စ ပိုက်လုံးအစိတ်အပိုင်း တွေကို စတိုခန်းထဲမှာ ဖွက်ထား တယ်။ အဲဒီပိုက်လုံးကြီးလုပ်တာ လက်စသတ်ဖို့က ရက်ပေါင်းနှစ်ဆယ်လောက် ကြာခဲ့တာပါ။ နောက်ဆုံးညက အဲဒီ ပိုက်လုံးကို တပ်ဆင်ဖို့ ငါးနာရီလောက် အချိန်ယူလိုက်ရတယ်။ အဲဒီပိုက်လုံးကြီးက ဆိုင်ခန်းကြမ်းပြင် တဝက်စာလောက် နေရာယူတယ်။

ကျနော် အစိတ်အပိုင်းတွေအားလုံးကို ပိုက်လုံးကြီးတခုတည်းအဖြစ် မြင်လိုက်ရတဲ့အခါ ဘာကိုသွားသတိရလဲ ဆိုတော့၊ နေစမ်းပါ။ တခါတုန်းက ကျနော်တို့ကို လူမှုရေးဘာသာရပ် သင်တဲ့ဆရာ ပြောဖူးတာ သွားသတိရတယ်။ တင်းပုတ်ကို စတင်အသုံးပြုတဲ့ ပထမဆုံး ကမ္ဘာဦးလူသားဟာ သူ့မျိုးနွယ်စုမှာတော့ သန်မာလှပေ့ဆိုတဲ့လူ (ဒါမှမဟုတ်) တော်ပေ့ ဆိုတဲ့လူ မဟုတ်ဘူးတဲ့။ သူ့အနေနဲ့ တင်းပုတ်ကို လိုအပ်နေချိန်မှာ အခြားသူတွေအဖို့ တင်းပုတ်သုံးစရာ မလိုအပ်လို့ပါတဲ့။ အခြားသူတွေထက်စာရင် သူ့မှာက သူ့အားနည်းချက်ကို ဖုံးကွယ်ပြီးဆိုတာ ကမ္ဘာမြေမှာ တကယ် မပျော်ရွှင်နိုင်ရှာတဲ့သူတွေ နေဖို့ နေရာသက်သက်ပါပဲ။ ဒီမှာ သူတို့က ကျနော့်ကို ပြောကြတယ်။ လူတွေဟာ ကိုယ့်ကိုယ် ကိုယ် အဆုံးစီရင်ပြီး ဘဝကို တစ်က ပြန်စကြသတဲ့။ ဆိုလိုတာက အရင်ဘဝကို မကြိုက်နိုင်တာနဲ့ နောက်ဘဝတော့ အဆင်ပြေလို ပြေငြားပေါ့။ ဒါပေမဲ့ လောကကြီးမှာ တကယ်အဆင်မပြေတဲ့သူတွေဟာ နောက်ဆုံးတော့ ဒီကောင်းကင်ဘုံ ကို ဆိုက်ကြတာပဲ။ သူတို့တဦးချင်းစီဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်လမ်းကိုယ်ရှာပြီး ကောင်းကင်ဘုံကို ရောက်လာ ကြတာ။

ဘာမြူဒါ တြိဂံဒေသမှာ လေယာဉ်ကို အမြင့်ကနေ စိုက်ဆင်းပြ တဲ့ပြီး ဒီနေရာကို ရောက်လာတဲ့ လေယာဉ်မှူး တွေ ရှိတယ်။ မီးဖိုချောင် ကြောင်အိမ် အံဆွဲပေါက်ကနေ ဖြတ်တဲ့ပြီး ဒီကိုရောက်လာတဲ့ အိမ်ရှင်မတွေ ရှိတယ်။ စကြဝဠာ အာကာသရဲ့ သွင်ပြင်အနေအထား ပျက်ယွင်းခြင်းတွေကို ရှာဖွေတွေ့ရှိတဲ့ သင်္ချာပညာရှင်တွေလည်း ပျက်တဲ့နေရာကနေ ဖျစ်ညှစ်တိုးတွန်းတဲ့ပြီး ဒီနေရာကို ရောက်လာကြတယ်။

ဒါကြောင့် ခင်ဗျားလည်း ကမ္ဘာမြေမှာ မပျော်ပိုက်တော့ဘူးဆိုရင်၊ တွေ့တဲ့လူတိုင်းက ခင်ဗျားမှာ အသိအမြင် လွဲမှားတဲ့ ရောဂါ ကြီးကြီးမားမား ရှိနေပါတယ်လို့ ပြောလာကြပြီဆိုရင်၊ ကိုယ့်နည်း ကိုယ့်ဟန်နဲ့သာ ကောင်းကင်ဘုံကို ရောက်မယ့်လမ်းကို ရှာဖွေပါ။ လမ်းတွေ့ပြီဆိုရင်တော့၊ ကျေးဇူးပြုပြီး အရုပ်တွေပါတဲ့ ကဒ်ပြားအချို့ ယူလာခဲ့နိုင်မလား။ ကျနော်တို့ ဂေါ်လီလုံးတွေနဲ့ချည်း ဆော့ကြရတာ ငြီးငွေ့လှပါပြီ။

 

-Pipes

-သုဒ္ဓ ဘာသာပြန်ဆိုသည်။

စိတ်ရှည်လက်ရှည်

 

ကမ္ဘာ့စိတ်အရှည်ဆုံးလူသားက “ဒိုင်ဇင်ဂါ့ဖ်” စင်တာနဲ့ ကပ်လျက်က ခုံတန်းလျားပေါ်မှာ ထိုင်နေခဲ့ပါတယ်။ သူ့ဘေးမှာ ဘယ်သူမှ လာမထိုင်ခဲ့ဘူး၊ ယုတ်စွအဆုံး ခိုငှက်တွေတောင် သူ့ဘေးမှာ လာမနားခဲ့ပါဘူး။ အများသုံးအိမ်သာ ထဲမှာ နှာဗူးကောင်တွေက ခင်ဗျားတို့ လျစ်လျူရှုမနေ နိုင်လောက်အောင်ကို အသံမျိုးစုံ မထွက်ထွက်အောင် လုပ်နေတယ်။ ကမ္ဘာ့စိတ်အရှည်ဆုံး လူသားကြီးကတော့ လက်ထဲမှာ သတင်းစာ တစောင် ကိုင်ပြီး ဟန်ဆောင်ပန်ဆောင် ထိုင်နေလေရဲ့။

တကယ်က သူက စာဖတ်နေတာ မဟုတ်ဘူး၊ တခုခုကို မျှော်နေတာ။ ဘာကို မျှော်နေတာလဲ ဆိုတာတော့ ဘယ်သူမှ မသိဘူး။

အဲဒီ အဘိုးကြီး ဘာကိုစောင့်မျှော်နေတာလဲ ဆိုတာကို သိအောင် ဖော်ထုတ်နိုင်တဲ့သူရှိရင် ယူရိုဒေါ်လာ တသောင်းဆုချမယ်လို့ ဂျာမန်သတင်းစာတိုက်တခုက ကြော်ငြာထားတယ်။ CNN သတင်းဌာန ကိုယ်စားလှယ်တယောက် ကို ပေးထားတဲ့ သီးသန့် အင်တာဗျူးမှာတော့ အဘိုးကြီးကဖြေတယ်၊ သူက အရာဝတ္ထုပေါင်းများစွာကို စောင့်မျှော်နေတာ ဖြစ်ကြောင်း၊ ဒါပေမဲ့ ဒီနေရာကတော့ အဲဒီအရာတွေကို စာရင်းပြုစုနေရမယ့် နေရာမဟုတ်ကြောင်း။

“အဲဒါဆို ဘယ်နေရာမှာလဲ” ဇွဲကောင်းတဲ့ သတင်းထောက်က မေးတော့ ကမ္ဘာ့စိတ်အရှည်ဆုံးလူသားက မဖြေ ခဲ့ဘူး။ နောက်ထပ် မေးခွန်းတခု ထပ်မေးတဲ့အထိ တိတ်တိတ်ဆိတ်ဆိတ် စောင့်နေခဲ့တယ်။ နောက်ဆုံး သတင်းလွှင့်တဲ့ နေရာကနေ စတူဒီယိုဘက်ကို ပြန်ပြောင်းလိုက်တဲ့အထိကို ဘာမှပြန်မဖြေဘဲ စောင့်နေခဲ့တယ်။

ကမ္ဘာအနှံ့ကလူတွေက သူ့လျှို့ဝှက်ချက်က ဘာလဲမေးဖို့ သူ့ဆီကို တကူးတက လာကြတယ်။ အသေအလဲ တက်ကြွနေတဲ့ ပွဲစားတွေ၊ ကယောင်ခြောက်ခြား ကျောင်းသားလေးတွေ၊ ၁၅ မိနစ်စာ ကျော်ကြားမှုလေး ကိုပဲ အာသာ ငမ်းငမ်း လိုချင်နေကြတဲ့ အနုပညာရှင်ဆိုသူတွေပေါ့။ ကမ္ဘာ့စိတ်အရှည်ဆုံးလူသားကြီးကတော့ သူတို့ကို ဘာပြောရမယ် မှန်းလည်း အတိအကျ သိလှတာမဟုတ်ဘူး။ “မုတ်ဆိတ်တွေရိတ်ပစ်” သူက ဘာပြောပြော ဒါနဲ့အဆုံးသတ်တယ်။ “ရေနွေးနွေးနဲ့ ရိတ်၊ အင်မတန် ဇိမ်ကျတယ်” လို့ ပြောတတ်တယ်။ အဲဒီအခါကျရင် ယောက်ျားသားတွေက အိမ်ပြန်ပြေး၊ ရေချိုးခန်းထဲဝင်ပြီး မျက်နှာပေါ်က အမွှေးအမျှင်တွေကို ရိတ်ကြ၊ မုတ်ဆိတ်ရိတ်ရင်း ဓားရှကြပေါ့။ အမျိုးသမီးတွေ ကတော့ အဘိုးကြီးက မျက်ကန်းမျိုးချစ်သမားပဲလို့ ပြောကြတယ်။ သူ့ရဲ့ ယောက်ျားတွေဘက် ပါတဲ့ ဒီအဖြေက အမျိုးသမီးတွေရဲ့ စိတ်ကို သွားဆွသွားသလို ဖြစ်သွားတယ်။ အမျိုးသမီးတွေက သူ့ကို အင်မတန် အရုပ်ဆိုးတယ်လို့လည်း ပြောကြတယ်။

“အလွန်တရာ စိတ်ရှည်ပြီး ရုပ်ဆိုးတဲ့ မျက်ကန်းမျိုးချစ် အဘိုးကြီး” ဆိုတဲ့ ခေါင်းစဉ်နဲ့ လော်ရီအန်ဒါဆင်က သီချင်းတပုဒ်တောင် ကောက်စပ်လိုက်သေးတယ်။

“သူ့ရဲ့ ဇီဝနာရီက ဘယ်ကိုမှရွေ့မနေဘူး” ဆိုတာက ထပ်ကျော့ အပိုဒ်ပေါ့။

ကမ္ဘာ့စိတ်အရှည်ဆုံး လူသားကြီးကတော့ ခုံတန်းလျားပေါ်မှာပဲ မျက်စိတဝက်မှိတ်ပြီး အိပ်ပျော်သွားတယ်။ သူ့ အိပ်မက်ထဲမှာ ဘတ်စ်ကားသံသဲ့သဲ့တွေက ဥက္ကာပျံတွေ မြေပြင်ကို ဝင်တိုက်တဲ့ အသံလိုမျိုး၊ နှာဗူးကောင်တွေ အိမ်သာ ရေဆွဲချသံက ကြောက်စရာမီးတောင်ကြီးတွေ ပေါက်ကွဲသံလိုမျိုး၊ ငှက်လေးတွေညည်းတဲ့အသံက နှစ်ပေါင်းများစွာ ချစ်ခဲ့ ရတဲ့ အမျိုးသမီးလေးက သူ့ ခင်ပွန်းကို ချန်ထားပြီး ထွက်သွားတော့မယ်လို့ ပြောနေသံလိုမျိုးလို့ မြင်မက်နေခဲ့တယ်။ သူနဲ့ နှစ်မီတာလောက်အကွာမှာတော့ ခိုနှစ်ကောင်က အကြောင်းအရင်း မည်မည်ရရမရှိဘဲ တကောင်မျက်လုံးကို တကောင် ထိုးဆိတ်ဖို့ ကြိုးစား နေကြတယ်၊ အစာလုနေတာလည်း မဟုတ်။

“မုတ်ဆိတ်တွေရိတ်ပစ်” အဘိုးကြီးက သူတို့ကို အိပ်မက်ထဲမှာ ပြောနေတယ်။ “ရေနွေးနွေးနဲ့ ရိတ်၊ အင်မတန် ဇိမ်ကျတယ်”တဲ့။

 

-Patience

-လင်းထယ် ဘာသာပြန်ဆိုသည်။

လူအခွံတွေ

 

ကျနော် ကလေးအရွယ်တုန်းက ကျနော်တို့ အိမ်ရှေ့တံခါးကို လူတွေ လာခေါက်လေ့ရှိတယ်။ အဖေက ချောင်းကြည့်ပေါက် ကလေးထဲကနေ သူတို့ကို ချောင်းကြည့်တယ်။ တံခါးကိုတော့ ဖွင့်မပေးဘူး။ အဲဒါနဲ့ သူတို့ကလည်း တံခါးကို ခပ်ကြမ်းကြမ်း တဒုန်းဒုန်း တဒိုင်းဒိုင်း ထုကြတော့တယ်။ ကျနော်က ကလေးဆိုတော့ သူတို့ကိုကြောက်တာပေါ့။ ဒါပေမဲ့ အဖေက ကျနော့်နားလာတဲ့ပြီး ကော်ဇောပေါ်မှာ ထိုင်တယ်။ အဖေ့နောက်မှာ စန္ဒရားတလုံးလည်း ရှိတယ်။ အဖေက ကျနော့်ကို ခပ်တင်းတင်း ဖက်ထားလို့။ မကြောက်နဲ့လို့ တိုးတိုးပြောတယ်။

“ဘာမှ ကြောက်စရာမလိုဘူး ငါ့သားရဲ့၊ အဲဒါ လူအခွံတွေ။ သူတို့ဟာ ဟောင်းလောင်းပေါက်ကြီးလို ဘာမှ ပါတာ မဟုတ်ဘူး။ ခဏနေရင် ဟေ့လူ တံခါးဖွင့်စမ်း၊ ခင်ဗျားအိမ်ထဲမှာ ရှိတယ်ဆိုတာ ကျုပ်တို့သိတယ်နော်လို့ ပြောကြဦးမှာ”

ခဏနေတော့ အဖေ ပြောသလိုပါပဲ။ အဲဒီလူတွေက တသဝေ မတိမ်း ထပ်ပြောတယ်။ အသံတော့ သိပ်မကျယ် လှဘူး။ ပြီးတော့ သူတို့က အိမ်ကို လှည့်ပတ်ကြည့်ကြတယ်။ တရုတ်ကပ်ပြတင်းချပ်တွေကို အပြင်ကနေ ဖွင့်ဖို့ ကြိုးစား ကြတယ်။ အဖေက ကျနော့်နားနား ကပ်ပြီး တီးတိုးပြောတော့လည်း၊ အပြင်ကနေ အဖေ ပြောသလို ပဲ့တင်လိုက်ပြီး ပြောကြပြန်ရော။

“တွေ့လား ငါ့သား၊ ဘာမှ ကြောက်စရာမရှိဘူးရယ်။ ရှိတယ် ဆိုရင်တောင် သူတို့ဟာ ဘာမှမရှိတဲ့ အခွံတွေ။ အသံ သာရှိ၊ အဆံ မရှိတဲ့ ဟာတွေ”

ပြီး အဖေက ပြောသေးတယ်။ “ဟေ့လူ ကျုပ်တို့ နောက်တခေါက် ပြန်လာဦးမှာနော်။ ခင်ဗျားတော့ ကျုပ်တို့ကို ဒီလိုဆက်ဆံလိုက်တာ မှားသွားပြီ”။ အပြင်ကဟာတွေကလည်း အဖေပြောတဲ့အတိုင်းပဲ ထပ်ပြောကြပြန်ရောဗျာ။ အဲဒီ လူအခွံတွေဟာ အမြဲတစေ ပြန်ပြန်လာကြတယ်။ ကျနော်တို့ကလည်း အမြဲတမ်းလိုလို ပုန်းနေလိုက်ကြတာပါပဲ။

ဒီလိုနဲ့ ကျနော့်အမေလည်း ဘာသံမှမပြုရဘဲ တိတ်တိတ် ဆိတ်ဆိတ် ဆုံးပါးသွားရတယ်။ ဒါပေမဲ့ အမေ့မှာက အသံမရှိတော့ပေမဲ့၊ ခန္ဓာက ရှိသေးတာမဟုတ်လား။ ခန္ဓာရှိတော့ မြှုပ်နှံသင်္ဂြိုဟ်ဖို့ လုပ်ရတယ်။ ကျနော်တို့ဟာ အမေ့ကို ကြည့်လို့ ငိုနေတဲ့ လူတယောက်ကိုပါ တပါတည်း သယ်သွားရတယ်။ ငိုနေတဲ့ဟာကို အဖေက စာအုပ်ထဲ တိတိကျကျ ပုံနဲ့ဆွဲပြလို့ ကျနော်လည်း မြင်တာ။ ဘာမှမရှိတဲ့ လူအခွံတွေထဲက တယောက်ပေါ့။

ဒီလိုနဲ့ သီတင်းတပတ်လောက်တော့ ကျနော်တို့ နားအေး ပါးအေး နေလိုက်ရသေးတယ်။ ဒီနောက်တော့ သူတို့လည်း ထပ်ရောက်လာကြတာပါပဲ။ ကျနော်တို့ကတော့ ထုံးစံအတိုင်း အိမ်ခန်းထောင့်ကလေးမှာ ငြိမ်ကုပ်လို့။ တခါတခါ အဖေပြောသလို သူတို့က အပြင်ကနေ လိုက်ပြောကြတယ်။ တခါတခါ ကျနော်ပြောကြည့်တော့လည်း၊ ကျနော်ပြောသလို လိုက်ပြောကြတယ်။ စိတ်ထဲကတော့၊ ငါ သူတို့ကို အစက ဘာလို့ကြောက်နေခဲ့ပါလိမ့်ပေါ့။ အခုဆိုရင် ကျနော့်ပါးစပ်က ထွက်တဲ့ စကားလုံးတွေဟာလည်း တင်းနစ်ဘောလုံးတွေ နံရံကို မှန်ပြီး ပြန်လာကြသလို၊ သူတို့ ဆီကနေ ပြန်ခုန်ထွက်လာနေလိုက်ကြတာ။

ဒီလိုနဲ့ အဖေလည်း စန္ဒရားတလုံးရဲ့ဘေး၊ အိမ်ခန်းထောင့် ကလေးမှာ ကွယ်လွန်သွားခဲ့ရရှာပါတယ်။ ဒီတခါတော့ ကျနော် ကြောက်နေတုန်းက အဖေ ဖက်ထားခဲ့သလို၊ အဖေ့ကို ကျနော်က ဖက်ထားလို့။ အဖေ့ကို မြှုပ်နှံတော့၊ အဖေဟာ တိတ်ဆိတ်လို့ပါပဲ။ စာအုပ်ထဲမှာ ပုံဆွဲပြခဲ့တုန်းကလို အဖေ့ကိုကြည့်ပြီး ငိုတဲ့လူဟာ ငိုကြွေးခြင်းအမှုကို ပြုနေတော့လည်း၊ အဖေဟာ တိတ်ဆိတ်လျက်ပါပဲ။ ကျနော်တို့ အဖေ့အပေါ်မှာ မြေတွေနဲ့ ဖုံးလိုက်တော့လည်း အဖေဟာ တိတ်ဆိတ်လျက် ပါပဲ။

အဖေမရှိတော့တဲ့နောက်၊ ကျနော်လည်း တိတ်တိတ်ဆိတ်ဆိတ်ပဲ နေတော့တာပါ။ ဘာကြောင့်လဲဆိုတော့၊ ပြောစရာ ရှိတာတွေလည်း ပြောခဲ့ပြီးပြီ၊ လုပ်စရာရှိတာတွေလည်း အကုန် လုပ်ခဲ့ပြီးပြီလေ။ ကျနော် ထင်ပါတယ်။ ကျနော် လည်း အခုဆို လူအခွံတွေထဲက တခုပဲ ဖြစ်ခဲ့ရပါပြီ။

 

-The Hollow Men

-သုဒ္ဓ ဘာသာပြန်ဆိုသည်။

နံရံပေါ်က အခေါင်းပေါက်

 

ဘန်းနက်ဒေါ့တ် လမ်းပေါ်၊ ဗဟိုဘူတာရုံကြီးရဲ့ဘေးကပ်ရပ်က အုတ်နံရံမှာ အခေါင်းပေါက်တခု ရှိတယ်။ အရင် က ATM စက် ရှိဖူးတယ်။ စက်ပျက်သွားတာလား၊ ဘယ်သူမှ မသုံးကြလို့လား မသိ၊ ဘဏ်က လူတွေ သယ်သွားပြီး နောက်လာမထားတော့ဘူး။

အဲဒီအပေါက်ထဲ ဆုတောင်းတခုခု အော်ရွတ်ရင် ဆုတောင်း ပြည့်တယ်လို့ တယောက်က အူဒီကို ပြောဖူးတယ်။ အူဒီ ယုံတော့ မယုံပါဘူး။ သူ ရုပ်ရှင်ရုံကနေ အိမ်အပြန်လမ်းမှာ အဲဒီအပေါက်ထဲ ဒက်ဖ်ရီမော့တ် သူ့ကို ချစ်လာပါစေလို့ အော်ပြီး ဆုတောင်းဖူးတယ်၊ ဘာမှဖြစ်မလာဘူးလေ။ သူ အရမ်း အထီးကျန်ဆန်နေတုန်းကလည်း အဲဒီနံရံက အပေါက်ထဲ အိန်ဂျယ်တယောက်နဲ့ မိတ်ဆွေဖြစ်ပါရစေလို့ အော်ဆုတောင်းခဲ့တယ်။ အိန်ဂျယ်တော့ ပေါ်လာတယ်၊ မိတ်ဆွေတော့ မဟုတ်ခဲ့ဘူး။ အူဒီ အကူအညီလိုပြီဆို အိန်ဂျယ်က ပျောက်ပျောက်သွားတတ်တာလေ။ အိန်ဂျယ်က ပြားချပ်ချပ်၊ ခါးကုန်းကုန်း။ အတောင်ပံတွေကို လူမမြင်အောင် ကုတ်အင်္ကျီရှည်ကြီး အမြဲဝတ်ထားတတ်တယ်။ လမ်းထဲကလူတွေ ကတော့ သူ့ကို ခါးကုန်းကြီးလို့ ထင်ကြတာ။ တစ်ခါတလေ သူတို့နှစ်ယောက်တည်း ရှိတဲ့အချိန်ဆို သူ ကုတ်အင်္ကျီကို ချွတ်ထားတတ်တယ်။ တခါတုန်းကဆို အူဒီကို သူ့အတောင်ပံတွေပေါ်က ငှက်မွေးတွေကို ကိုင်ခွင့်ပေးဖူးသေးတယ်။ ဒါပေမဲ့ အခန်းထဲမှာ အခြားတယောက်ယောက်ရှိနေရင် သူ ကုတ်အင်္ကျီကို မချွတ်တော့ဘူး။ ကလိန်းရဲ့ ကလေးတွေက ကုတ်အင်္ကျီအောက်မှာ ဘာရှိတာလဲ မေးတော့ စာအုပ်တွေအပြည့်နဲ့ ကျောပိုးအိတ်တလုံးလို့ သူ ဖြေတယ်။ သူ့စာအုပ်တွေ မဟုတ်လို့ ရေစိုမှာစိုးလို့ ဝတ်ထားတာတဲ့။ တကယ်က သူ အမြဲတမ်း လိမ်နေတာ။ သူ အူဒီကို ကောင်းကင်ဘုံက နေရာတွေ အကြောင်း၊ ညအိပ်ရာဝင်တဲ့အခါ သော့ကို စက်မှာပဲ ထားခဲ့တဲ့ လူတွေ အကြောင်း၊ ဘာကိုမှမကြောက်တဲ့၊ စကတ်2အကြောင်း နကန်းတလုံးမှ မသိတဲ့ ကြောင်တွေအကြောင်း ပြောပြတယ်။ သူ လုပ်ကြံပြောတာတွေက ပိုဆိုးတယ်။ ပြီးတော့ ဘုရားစူး၊ မိုးကြိုးပစ်လို့လည်း ကျိန်တတ် သေးတယ်။

အူဒီ သူ့ကို ယုံဖို့ အမြဲကြိုးစားတယ်။ သူ ကျပ်တည်းတဲ့ အခါမျိုးမှာ သုံးလေးကြိမ်လောက် ပိုက်ဆံတောင် ချေးပေးဖူးတယ်။ သူကတော့ အိန်ဂျယ်တယောက်အနေနဲ့ အူဒီ ကို ဘာမှကူမပေးဘူး။ သူ့ရဲ့ ယုံတမ်းစကားပုံပြင်တွေပဲ တချိန်လုံး ပြောနေတာ။ သူနဲ့ သိခဲ့တဲ့ ခြောက်နှစ်အတွင်းမှာ သူ အစွမ်းပြတာ အူဒီ တခါမှ မမြင်ဖူးဘူး။

အူဒီ အခြေခံသင်တန်းတက်ရတဲ့အခါ စကားပြောဖော် လိုချင်လာရော။ အဲဒီမှာပဲ အိန်ဂျယ်က ရုတ်တရက်ကြီး နှစ်လလောက် ပျောက်သွားပြန်တယ်။ သူ ပြန်လာတော့ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး မရိတ်မသင်နဲ့၊ ဘာဖြစ်လာသလဲ မမေးနဲ့ ဆိုတဲ့ မျက်နှာထားနဲ့။ ဒါနဲ့ အူဒီလည်း မေးမနေတော့ဘူး။ စနေနေ့မှာ သူတို့ ခေါင်မိုးထက်မှာ အောက်ခံ ဘောင်းဘီလေးပဲ ဝတ်ပြီး စိတ်ပျက်လက်ပျက်နဲ့ နေပူဆာလှုံကြတယ်။ အူဒီ ကောင်းကင်ကြီးရယ်၊ ကေဘယ်ကြိုးတွေ၊ ဆိုလာပြားတွေနဲ့ ရှုပ်နေတဲ့ အခြားခေါင်မိုးထိပ်တွေရယ်ကို ကြည့်တယ်။ သူတို့အတူ ရှိခဲ့တဲ့ နှစ်တွေမှာ သူ အိန်ဂျယ် ပျံတာကို မတွေ့ဖူးတာ ရုတ်တရက်ကြီး တွေးမိသွားတယ်။

“နည်းနည်းလောက် ပျံကြည့်ပါလား။ ခင်ဗျားလည်း စိတ်ပြေ လက်ပျောက် ဖြစ်တာပေါ့” လို့ သူ အိန်ဂျယ်ကို ပြောလိုက်တယ်။

“မလုပ်ပါနဲ့ကွာ။ တယောက်ယောက်မြင်သွားရင် ဘယ်လိုလုပ်မလဲ” လို့ အိန်ဂျယ်က ပြန်ပြောတယ်။

“အညောင်းပြေအညာပြေပေါ့” လို့ အူဒီက ထပ်တွန်းတယ်။ “ခဏတင်ပါ။ ကျနော့်အတွက်ပေါ့”။ ဒါပေမဲ့ အိန်ဂျယ်ဆီက အာခေါင်ထဲကနေ ရွံစရာအသံကြီးပဲ ထွက်လာတယ်။ အိန်ဂျယ်က ကတ္တရာခင်းထားတဲ့ ခေါင်မိုးထပ်ပေါ် တံတွေး ထွေးတယ်၊ နှပ်ချေး ညှစ်တယ်။

“ထားလိုက်တော့...” လို့ အူဒီက သုန်မှုန်ပြီး ပြောတယ်။ “ခင်ဗျား ပျံတတ်ပုံလည်း မပေါ်ပါဘူး”

“ပျံတတ်တာပေါ့” လို့ အိန်ဂျယ်က ပြန်ပက်တယ်။ “လူတွေကို မမြင်စေချင်တာပဲ ရှိတာ”

ကလေးတွေ ရေပူဖောင်းတွေ ပစ်ပေါက်ဆော့နေကြတာကို အိမ်ခေါင်မိုးထပ်ကနေ လှမ်းမြင်နေရတယ်။“သိလား” အူဒီက ပြုံးရင်း ဆက်ပြောတယ်။ “ကျနော်ငယ်ငယ်တုန်းက..ခင်ဗျားနဲ့ မတွေ့ခင်ကပေါ့...။ ဒီခေါင်မိုးထပ်ကို လာပြီး အောက်က လမ်းသွားနေတဲ့ လူတွေအပေါ် ရေပူဖောင်းတွေ ပစ်ချဖူးတယ်။ ပြတင်းနေကာတွေ ကြားလောက်ကို မှန်းပြီး ပစ်ချတာ” လို့ သူက လက်ရန်းကို မှီရင်း ရှင်းပြတယ်။ ကုန်စုံဆိုင်ရဲ့ ပြတင်းနေကာနဲ့ ဖိနပ်ဆိုင်ရဲ့ နေကာကြား က ခပ်ကျဉ်းကျဉ်း နေရာလေးကို လက်ညှိုးထိုးပြတယ်။ “လူတွေအပေါ် မော့ကြည့်လည်း ပြတင်းနေကာ ကိုပဲ မြင်မှာ။ ဘယ်က ကျလာတယ် ဆိုတာ သူတို့ သိမှာမဟုတ်ဘူး”

အိန်ဂျယ်လည်း မတ်တပ်ထရပ်ပြီး လမ်းထဲကို ငုံ့ကြည့်တယ်။ တခုခုပြောမလို့ သူ့နှုတ်ခမ်းကို ဟတယ်။ ရုတ်တရက် ဆိုသလိုပဲ အူဒီက သူ့ကို နောက်ကနေ အသာလေး တွန်းလိုက်တယ်။ အိန်ဂျယ် ဟန်ချက် ပျက်သွားတယ်။ အူဒီက စရုံ စလိုက်တာ။ သူ အိန်ဂျယ်ကို တခုခု ဖြစ်အောင် လုပ်လိုက်တာ မဟုတ်ဘူး။ နည်းနည်းလောက် ပျံအောင် ဟာသ လုပ်လိုက်တာ။ ဒါပေမဲ့ အိန်ဂျယ် အာလူးအိတ်တအိတ် လိုမျိုး ငါးလွှာကနေ ပြုတ်ကျသွားတယ်။ အောက်က လူသွား လမ်းမှာ အိန်ဂျယ် လဲကျနေတာကို ကြည့်ပြီး အူဒီ ကြက်သေသေသွားတယ်။ သူ့တကိုယ်လုံး တုတ်တုတ်မျှ မလှုပ်ဘူး။ သူ့အတောင်ပံတွေပဲ နည်းနည်းလေး တဖျတ်ဖျတ် ခတ်တယ်။ အဲဒီမှာ အိန်ဂျယ် သူ့ကို ပြောသမျှအားလုံးက အမှန်အကန် တွေ မဟုတ်ဘူးဆိုတာ သူ နားလည်သွားတယ်။ သူက အိန်ဂျယ်တယောက် မဟုတ်ဘဲ အတောင်ပံတွေပါတဲ့ လူညာ တယောက် ဆိုတာရောပဲ။

 

-Hole in the Wall

-နေသန် ဘာသာပြန်ဆိုသည်။

ဝက်ကလေးကို ရိုက်ခွဲခြင်း

 

အဖေ ကျနော့်ကို Bart Simpson အရုပ် ဝယ်ပေးမှာမဟုတ်ဘူး။ အမေက အင်းလို့ ပြောတယ်။ ဒါပေမဲ့ အဖေက ကျနော့်ကို အလိုလိုက်လို့ ပျက်စီးနေတာတဲ့။ “ဘာလို့ဝယ်ပေးရမှာလဲ” လို့ အဖေက အမေ့ကို ပြောတယ်။ “သူ့ကို ဘာလို့ အရုပ်ဝယ်ပေးရမှာလဲ။ သူ့ဆီက အီခနဲ အသံ ထွက်တာနဲ့ နင် မနေနိုင်ဖြစ်လာရော” အဖေက ကျနော့်ကို ပိုက်ဆံနဲ့ ပတ်သက်ရင် ပေါ့ပျက်ပျက်ထားတဲ့သူလို့ ပြောတယ်။ ငယ်တုန်းမှ နားမလည်ရင် ဘယ်အချိန်မှာ သိမှာလဲတဲ့။ Bart Simpson အရုပ်တွေ အလွယ်တကူရတဲ့ ကလေးတွေက သူခိုးကြမ်းပိုးလေးတွေ ဖြစ်လာမှာတဲ့။ ဘာလို့လဲဆိုတော့ သူတို့လိုချင်သမျှကို အလွယ်တကူ ရတာကြီးက အကျင့်ပါသွားလို့လေ။ အဲဒါကြောင့် အဖေ Bart Simpson အရုပ်အစား၊ ရုပ်ဆိုးဆိုး ဝက်ရုပ်ကလေးတခု ဝယ်ပေးတယ်။ တရုတ်ဖြစ် အရုပ်စုဗူးလေး။ နောက်ကျောမှာ ရှည်မျောမျောအပေါက်လေး ပါတယ်။ ကျနော် အသက်ကြီးရင် သူခိုးကြမ်းပိုးဖြစ်မှာ မဟုတ်တော့ဘူး။

ကျနော် ကိုကာကို မကြိုက်ပေမဲ့ ခုတော့ မနက်တိုင်း တခွက် သောက်နေရပြီ။ အခွံပါရင် တရှပ်ကယ်3၊ အခွံ မပါရင် ရှပ်ကယ်ဝက်။ ကျနော် အကြွေစေ့တွေကို ဝက်ကလေးရဲ့ ကျောထဲ ထည့်တယ်။ ဝက်ကလေးကို လှုပ်လိုက်ရင် တချွမ်ချွမ် မြည်တယ်။ ဝက်ကလေးထဲမှာ အကြွေစေ့တွေပြည့်လို့ လှုပ်ရင် အသံမမြည်တော့တဲ့အခါ Bart Simpson ပုံပါတဲ့ စကိတ်ဘုတ်ရမယ် လို့ အဖေက ပြောတယ်။ ပညာပေး သဘောတဲ့။

တကယ်တော့ ဝက်ကလေးက ချစ်စရာလေး။ သူ့နှာခေါင်းကို ကိုင်ကြည့်ရင် အေးစက်နေတာ။ သူ့ကျောထဲ တရှပ်ကယ် ထည့်ရင် ပြုံးနေတတ်တယ်။ ရှပ်ကယ်ဝက် ထည့်ရင်လည်း ပြုံးတာပါပဲ။ ချစ်စရာ အကောင်းဆုံးက ဘာမှ မထည့်ရင်တောင် သူ ပြုံးနေတတ်တာပဲ။ ကျနော် သူ့ကို နာမည်ပေးထားတယ်။ ပီစက်ချ်စန် တဲ့။ ကျနော်တို့ စာတိုက်ပုံး ပေါ်က အဖေ ဖျက်လို့မရတဲ့ နာမည်။ အရင်နေခဲ့ဖူးတဲ့ လူရဲ့ နာမည်။ ပီစက်ချ်စန်က ကျနော့်ရဲ့ အခြားအရုပ်တွေနဲ့ မတူဘူး။ ပိုငြိမ်တယ်။ မီးလည်း မလင်းဘူး။ စပရိန်လည်း မပါ၊ ပေါက်စရာ ဘတ္ထရီလည်း မပါဘူး။ စားပွဲပေါ်ကနေ ခုန်မချအောင်ပဲ ကြည့်နေဖို့လိုတာ။ “ပီစက်ချ်စန် ဖြည်းဖြည်းနော်။ မင်းက တရုတ်ဖြစ်ရယ်” သူ ခါးနည်း နည်းကုန်းပြီး ကြမ်းပြင်ကို ငုံ့ကြည့်တဲ့အခါမျိုးမှာ ကျနော် သူ့ကို အဲဒီလို လှမ်းသတိပေးရတယ်။ ပြီးရင် သူ ကျနော့်လက်နဲ့ အောက်ချ ပေးမှာကို စိတ်ရှည်လက်ရှည်နဲ့ ပြုံးပြီး စောင့်တယ်။ သူ ပြုံးရင် ကျနော် အရူးအမူး ဖြစ်ရတယ်။ မနက်တိုင်း အခွံပါတဲ့ ကိုကာအရည် သောက်တာလည်း သူ့ကြောင့်ပဲ။ အဲဒါမှ ကျနော် သူ့ကျောထဲ တရှပ်ကယ်ထည့်ရင် ပြုံးတဲ့ သူ့အပြုံးကို မြင်ခွင့်ရမှာလေ။ ပြီးရင် ကျနော် “ငါ မင်းကိုချစ်တယ်၊ ပီစက်ချ်စန်” လို့ ဖွင့်ဟတယ်။ “အမှန်တိုင်းပြောတာ။ ငါ မင်းကို အမေနဲ့ အဖေ့ထက် ပိုချစ်တယ်။ ငါ မင်းကို အမြဲချစ်သွားမှာ။ မင်း သူခိုးကြမ်းပိုး ဖြစ်သွားရင်တောင်မှပဲ။ တခုပဲ၊ စားပွဲပေါ်ကနေ ခုန်ချဖို့ မစဉ်းစားလေနဲ့”

မနေ့က အဖေ ရောက်လာပြီး ပီစက်ချ်စန်ကို စားပွဲပေါ်ကနေ လှမ်းယူတယ်။ ပြီးတော့ သူ့ကို ကြမ်းကြမ်း တမ်းတမ်းကြီး အထက်အောက် လှုပ်ရမ်းတော့တယ်။ “ဖြည်းဖြည်းလုပ်ပါ၊ အဖေကြောင့် ပီစက်ချ်စန် ဗိုက်နာကုန်တော့ မှာပဲ”။ ဒါပေမဲ့ အဖေ ဆက်လှုပ်ခါနေတုန်းပဲ။ “ဘာသံမှ မကြားရတော့ဘူး။ ဘာလဲ နားလည်တယ်မို့လား… ယိုဗီ။ မနက်ဖြန် ကျရင် သား Bart Simpson ပုံပါတဲ့ စကိတ်ဘုတ် ရတော့မှာပဲ” “မိုက်တာပေါ့” လို့ ကျနော် ပြောလိုက်တယ်။ “Bart Simpson ပုံပါတဲ့ စကိတ်ဘုတ်ရတော့မယ်၊ မိုက်တာပေါ့။ ပီစက်ချ်စန်ကိုသာ ဆက်မလှုပ်ပါနဲ့တော့။ သူ နေလို့ မကောင်းဖြစ်နေပြီ” အဖေ ပီစက်ချ်စန်ကို စားပွဲပေါ် ပြန်တင်ပြီး အမေ့ကို ခေါ်ဖို့ ထွက်သွားတယ်။ ခဏနေတော့ အဖေ အမေ့ကို ဆွဲခေါ်ပြီး ပြန်ရောက်လာတယ်။ လက်ထဲမှာ တူ တစ်ချောင်းနဲ့။ “တွေ့လား၊ ငါ မပြောဘူးလား” လို့ သူ အမေ့ကို ပြောတယ်။ “ခု သူ ပစ္စည်းတွေကို ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာ သိလာပြီ။ ဟုတ်တယ်ဟုတ်၊ ယိုဗီ” “ဟုတ်တာပေါ့၊ ကျနော် သိလာပြီ” လို့ ဖြေလိုက်တယ်။ “ဒါပေမဲ့ တူကြီးက ဘာလုပ်ဖို့လဲ” “သားအတွက်ပေါ့” လို့ ပြောပြီး အဖေ တူကို ကျနော့်လက်ထဲ ထည့်ပေးတယ်။ “သတိထားနော်” “ဟုတ်ကဲ့ပါ၊ ကျနော် သတိထားပါ့မယ်” ခဏနေတော့ အဖေ စိတ်မရှည်တော့ဘူး။ “လုပ်စမ်းပါ၊ ဝက်ရုပ်လေးကို ခွဲလိုက်တော့” “ဘယ်လို” ကျနော် ပြန်မေးတယ်။ “ပီစက်ချစန်ကို ရိုက်ခွဲရမယ် ဟုတ်လား” “အေးလေ၊ ဟုတ်တယ်” လို့ အဖေ ပြန်ဖြေတယ်။ “လုပ်စမ်းပါ။ ခွဲလိုက်တော့။ သား စုဆောင်း ထားတာလေ။ Bart Simpson စကိတ်ဘုတ် ရသင့်နေပါပြီ”

ပီစက်ချ်စန်က ကျနော့်ကို ပြုံးပြတယ်။ သူ့ဘဝ နိဂုံးချုပ်တော့မှာကိုသိတဲ့ တရုတ်ဖြစ်ဝက်ကလေးရဲ့ ဝမ်းနည်းစရာ အပြုံးမျိုးနဲ့။ Bart Simpson ကို ဘာလုပ်ရမှာလဲ။ ကျနော်ဝက်ကလေးရဲ့ ခေါင်းကို တူနဲ့ ရိုက်ရမယ်ဟုတ်လား။ “ကျနော် Bart Simpson ကို မလိုချင်တော့ဘူး” ကျနော် အဖေ့ကို တူပြန်ပေးတယ်။ “ပီစက်ချ်စန်နဲ့တင် ကျနော့်အတွက် လုံလောက်နေပြီ” “သား နားမလည်ပါဘူး။ ဘာမှမဖြစ်ဘူး။ ပညာပေး ကာလပြီးပြီလေ။ လုပ်စမ်းပါ။ အဖေ ခွဲပေးရ မလား” အဖေက တူကို မြှောက်နေပြီ။ ကျနော် အမေ့ရဲ့ မှိန်ပျပျအကြည့်နဲ့ ပီစက်ချ်စန်ရဲ့ နွမ်းလျလျ အပြုံးကို ကြည့်နေ မိတယ်။ ကျနော်သာ တခုခုမလုပ်ရင် သူ သေတော့မှာပဲဆိုတာ သိလိုက်တယ်။ “အဖေ” ကျနော် ပြောပြော ဆိုဆိုနဲ့ အဖေ့ခြေထောက်ကို ဆွဲတယ်။ “ဘာလဲ၊ ယိုဗီ” လို့ အဖေက မေးတယ်။ တူကိုင်ထားတဲ့လက်က လေထဲမှာ ရှိနေ သေးတယ်။ “ကျနော် နောက်တရှပ်ကယ် လိုချင်တယ်...နော်” ကျနော် တောင်းပန်တိုးလျှိုးတယ်။ “နက်ဖြန် ကိုကာအရည် သောက်ပြီးရင် စုဗူးထဲထည့်ရအောင် တရှပ်ကယ် ပေးနော်။ ပြီးရင် ခွဲမယ်လေ။ ကျနော် ကတိပေးပါတယ်” “နောက် တရှပ်ကယ် ဟုတ်လား” အဖေ ပြုံးပြီး တူကို စားပွဲပေါ် ပြန်ထားတယ်။ ဟုတ်ပါပြီ။ “တွေ့လား၊ ကောင်လေး ပိုက်ဆံ ဘယ်လောက် အဖိုးတန်တယ်ဆိုတာ နားလည်လာပြီ” “နက်ဖြန်နော်” လို့ ကျနော် ပြောလိုက်တယ်။ မျက်ရည်က ပျို့တက် လာပြီ။

သူတို့ အခန်းထဲက ထွက်သွားတော့ ကျနော် ပီစက်ချစန်ကို တင်းကျပ်နေအောင် ဖက်ပြီး မျက်ရည်တွေကို အန်ထုတ်လိုက်တယ်။ ပီစက်ချ်စန် ဘာမှမပြောပေမယ့် ကျနော့်လက်ထဲမှာ တိတ်တဆိတ် တုန်ယင်နေတယ်။ “မစိုးရိမ် ပါနဲ့၊ ငါ မင်းကို ကယ်မှာပါ” လို့ ကျနော် သူ့နားနားကပ်ပြီး တိုးတိုးလေး ပြောလိုက်တယ်။

ညကျတော့ ကျနော် အဖေ ဧည့်ခန်းထဲမှာ တီဗွီကြည့်အပြီး အိပ်ရာထဲ ဝင်တာကို စောင့်တယ်။ ပြီးတော့ ကျနော် တိတ်တိတ်လေး ထ၊ ပီစက်ချ်စန်ကို ပိုက်ပြီး အိမ်ကနေ ခိုးထွက်လာခဲ့တယ်။ ကျနော်တို့ အမှောင်ထဲမှာ အကြာကြီး လျှောက်လာခဲ့တယ်။ လယ်ကွင်းတွေနား ရောက်မှ ရပ်လိုက်ကြတယ်။ “ဝက်တွေက လယ်ကွင်းတွေကို ကြိုက်ကြတယ်” လို့ ကျနော် ပီစက်ချ်စန်ကို အောက်ချရင်း ပြောတယ်။ “အထူးသဖြင့် ရွှံ့ပေါတဲ့လယ်ကွင်းတွေကိုပေါ့။ မင်း ဒီမှာပျော်မှာပါ” ကျနော် စကားပြန်စောင့်ပေမယ့် ပီစက်ချ်စန် ဘာမှပြန်မပြောဘူး။ ကျနော် သူ့ကို နှုတ်ဆက်တဲ့အနေနဲ့ နှာခေါင်းလေးကို ကိုင်တော့ သူ ဝမ်းနည်းပမ်းနည်း ကြည့်ရှာတယ်။ သူ ကျနော့်ကို ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးဆိုတာ သူ သိနေ တယ်။

 

-Breaking the Pig

-နေသန် ဘာသာပြန်ဆိုသည်။

မှော်ကျောင်း

 

မှော်ပညာ အထက်တန်းကျောင်းရဲ့ ဘွဲ့နှင်းသဘင်နေ့ ကိုတော့ ဘယ်တော့မှ မေ့တော့မှာ မဟုတ်ဘူး။ ကျောင်းအုပ်ကြီး က အတော်ဆုံး ၁ဝ ယောက်ကို စင်ပေါ်ခေါ်ပြီး တယောက်စီကို မျက်လှည့်တခုစီ ပြခိုင်းတယ်။ အလီ မော်ဂန်စတိန်းက ပွဲလာတက်တဲ့ ကျောင်းသားမိဘတွေ ပေါ်ကနေ ငှက်တကောင်လို ရှပ်ပြီး ပျံပြတယ်။ လီနတ်က ပြောင်းဖူးပွင့်တွေကို လွှစာမှုန့်တွေအသွင် ပြောင်းပြတယ်။ အဲ့ဒီအချိန်တုန်းက ကျနော့်ကောင်မလေးဖြစ်တဲ့ အဘီဂေး ကတော့ စတိတ်စင်နဲ့ VIPတွေ ထိုင်တဲ့နေရာကြားမှာ မီးခြစ်ဆံတွေနဲ့ တံတားတစင်း ဖန်တီးပြတယ်။ ဟိုးရှေးခေတ်က မှော်ပညာရှင်တွေနဲ့ အနာဂတ်မှော်ပညာရှင်တွေ ကြားထဲ ဆက်သွယ်မှု သင်္ကေတပေါ့ဗျာ။ သူ့အတွက် ကျနော် တော်တော် လေး ဂုဏ်ယူခဲ့သေးတယ်။ ခြုံပြောရရင်တော့ ပျော်စရာ ညနေခင်းလေးပါပဲ။ ပွဲပြီးသွားတော့ ကျနော်တို့ ဒီပလိုမာကိုယ်စီနဲ့ ရင်ထိုး ကိုယ်စီ ရကြတယ်ပေါ့ဗျာ။ ရင်ထိုးပေါ်မှာ အရာအားလုံး ငါ လုပ်နိုင်တယ်” ဆိုတဲ့ စာတန်းရယ်၊ ကျနော်တို့ ဘွဲ့ယူတဲ့ နေ့ရယ် ထွင်းထားတယ်။ ရင်ထိုးရဲ့ နောက်ဘက်မှာ အပြည်ပြည်ဆိုင်ရာ မှော်ပညာ အစည်းအရုံးရဲ့ ဆောင်ပုဒ်ကို ရွှေရောင်စာလုံးနဲ့ ထွင်းထားတယ်။ “ကောင်းကင်ကြီးသည်သာ အနားသတ်” ဘာညာ။ ဒီဆောင်ပုဒ်ကို ကျနော် တကယ် သဘောကျပါတယ်။ ကျောင်းတက်ခဲ့တဲ့ လေးနှစ်လုံးလုံး မှော်ပညာရှင်များတက္ကသိုလ် ရှေ့ဂိတ်မှာ စက်ဘီးကိုရပ်၊ ပြီးတော့ စကျင်ကျောက်ပေါ်မှာ စာလုံးအကြီးကြီးနဲ့ ထွင်းထားတဲ့ အဲဒီစာသားကို ဖတ်လေ့ရှိတယ်။ ဂိတ်ပေါက်ဝမှာ ဖြတ်သွားတဲ့ သူတွေဆီကနေ ပိုက်ဆံတို့ ဘာတို့ တောင်းတတ်တဲ့ သူတောင်းစားတွေလည်း အမြဲလိုလို ရှိတတ်တယ်။ ဒါပေမဲ့ ကျနော် ကတော့ သိပ်ဂရုမစိုက်ပါဘူး။ ပထမဆုံး အတန်းမစခင် ရသမျှအချိန်ကို အသုံးချပြီး အဲဒီ့နားမှာရပ်၊ ဆောင်ပုဒ် ကို စိတ်ထဲ စွဲနေတဲ့အထိ ထပ်ခါထပ်ခါ ရွတ်နေတတ်တယ်။ အဲဒီလို လုပ်ရင်းနဲ့ ကျနော့်မှာ စွမ်းအားတွေအများကြီး ပိုရလာ တယ်လို့ ခံစားရတယ်။

မှော်ပညာရှင်များတက္ကသိုလ်က ကျနော့်ကို တခါတည်း မာစတာတန်း တက်ခွင့်ပေးပါတယ်။ မာစတာတန်း တက်ခွင့်ရဖို့က ကိုယ် တစ်ယောက်တည်း လုပ်ရတဲ့အလုပ်ရဲ့ အရည်အသွေးပေါ် အခြေခံပြီး ရွေးတာပေါ့။ ကျနော်တို့ တတွေ အရာအားလုံး ငါလုပ်နိုင်တယ်” ဆိုတဲ့ စာတန်းတွေကပ်ထားတဲ့ ကွန်ပျူတာရှေ့မှာထိုင်ပြီး ဘယ်ပညာရပ်ကို အထူးပြုလိုက်ရမလဲ ဆိုတာ ရှာကြတာပေါ့။ များသောအားဖြင့်ကတော့ အက္ခရာစဉ်လိုက် စီထားပြီး လူအရမ်းများတဲ့ ပညာရပ်တွေဆိုတော့ တနေရာရဖို့အရေး တွန်းတိုက်တိုးဝင်ရမယ့် မေဂျာမျိုးတွေပေါ့။ “မီးမှုတ်ထုတ်တာ” တို့၊ “ရင်သား ကြီးထွားလာတာမျိုး (အမျိုးသမီးသီးသန့်)” တို့၊ “ကျောက်တုံးကနေ ရေညှစ်ပြတာ” မျိုးတို့၊ အဲဒါမျိုးတွေပေါ့။ လုပ်စရာ ရှိတာက စာရင်းကို ကြည့်ပြီး အဆင်ပြေတာ ရွေးရုံပဲ။

ကျနော် မာစတာဘွဲ့ရတော့ ကျနော်ဘွဲ့ယူတာ ဘယ်သူမှ မလာပါဘူး။ အဘီဂေးနဲ့ ကျနော်ကလည်း လမ်းခွဲပြီး ကာစ၊ ကျနော့်မိဘတွေကလည်း ပြီးခဲ့တဲ့နှစ်လကမှ လေယာဉ်ပျက်ကျပြီး ဆုံးသွားကြတယ်။ ကျနော်ငယ်ငယ်တုန်းက မှော်ပညာကို စိတ်ဝင်စားအောင် အရင်ဆုံး မိတ်ဆက်ပေးခဲ့သူက ကျနော့်အဖေပါ။ ကျနော် စင်ပေါ်တက် ဘွဲ့ယူတာကို သူ မမြင်သွားရတာ ကျနော် အင်မတန် စိတ်မကောင်းဖြစ်ရတယ်။ ဘွဲ့နှင်းသဘင်မှာ ဘွဲ့ရတဲ့သူတွေအားလုံးက ကိုယ်တင် ထားတဲ့ စာတမ်းထဲမှာပါတဲ့ တခုခုကို လုပ်ပြရတယ်။ ဂန္ထဝင်မှော်ပညာနယ်ပယ်မှာ အရမ်းတော်တယ်ဆိုတာ သံသယ တစက်မှ ရှိစရာမလိုတဲ့ အမီခန်က စတေပလာပင် အပ်တွေကို တိရစ္ဆာန်တွေအဖြစ် ပြောင်းလဲပြတယ်။ မာမတ်အယ်မီ အာရီကတော့ သူ့ကိုယ်သူ ဆိုက်သေးလေးအဖြစ် ပြောင်းပြတယ်၊ မရှိတဲ့အရာတွေနဲ့ စကားပြောပြတယ်။ ကျနော် အဲဒီ တိရစ္ဆာန်တွေထဲက နွားတကောင်ကို သတ်ပစ်ခဲ့သေးတယ်။ ဘွဲ့နှင်းသဘင် ပြီးသွားတော့ ကားပါကင်ထဲကနေ ကားထုတ် နေတုန်း အခြားတခုခု အကြောင်း စဉ်းစားနေရင်း… ဘုန်း!!!.. ခုနကနွားက သေပြီးသွားတော့ စတေပလာပင် ပြန်ဖြစ် သွားတာပဲဗျ။

မာစတာဘွဲ့ကြီး ကိုင်ပြီး ကျနော် အမေရိကကို ထွက်လာခဲ့တယ်။ အမေရိကမှာ ကျတော့ အစ္စရေးမှာထက် မှော်ပညာရှင်တွေကို ပိုအလေးထားတယ်ဗျ။ ဘာပဲဖြစ်ဖြစ် အစ္စရေးမှာကလည်း ကျနော် တွယ်တာရမယ့်သူ တယောက်မှ မကျန်တော့ပဲကိုး။ အမေရိကမှာ ကျနော် တနိုင်ငံလုံး နှံ့အောင် လျှောက်သွားတယ်။ အမြဲ အသစ်အသစ်သော နေရာ တွေကို သွားတယ်။ မှော်ပညာရှင်တွေက အလုပ်လုပ်စရာ မလိုဘူးဗျ။ မှော်ပညာကို ပြသတာကလည်း အသက် မွေးဝမ်းကြောင်း တခုလိုမျိုး မဟုတ်ဘူး။ မှော်ပညာရှင်တွေက တနေရာကနေ တနေရာ လျှောက်သွားပြီး သူတို့လုပ်ချင် တာကို လုပ်ကြတာပဲ။ ကျနော်ကတော့ ကောင်မလေးတွေနဲ့ ဇာတ်လမ်းတွေအများကြီး ခင်းခဲ့တာပဲ။ အဲဒီ့အချိန်တုန်းက ကျနော် အတော်လေးလည်း စွံတယ်ပြောရမယ်...၊ ကျနော် သွားသမျှမြို့တိုင်းမှာ ကောင်မလေးတယောက်ယောက်နဲ့တော့ အမြဲ ဇာတ်လမ်းဖြစ်တာပဲ။ အခြားနိုင်ငံတွေမှာ မှော်ပညာရှင်တွေဆိုရင် ထူးထူးခြားခြား အရှိန်အဝါရှိတယ်ဗျ...၊ အစ္စရေးမှာ ဆိုရင် လေတပ် ပိုင်းလော့တွေမှာ ရှိတဲ့အရှိန်မျိုးဗျာ။ အမေရိကန်မိန်းကလေးတွေ ကတော့ ယောက်ျားလေးတယောက်နဲ့ အတူအိပ်ရာဝင်ဖို့ အကြောင်းပြချက်တွေ ဘာတွေလည်း သိပ်လိုလှတာမဟုတ်ဘူး။

သူတို့ထဲမှာ မာစီကလွဲလို့ ဘယ်တယောက်ကိုမှ ကျနော် မချစ်ခဲ့ဘူး။ မာစီကို စတွေ့တာ နယူးယောက်မြို့ပေါ်က မက်ဒေါ်နယ် ဆိုင်တဆိုင်မှာပါ။ အဲဒီဆိုင်မှာ သူက ကောင်တာထိုင် ငွေသိမ်းပေါ့။ တွေ့ပြီး နှစ်ရက်လောက်ကြာတော့ ကျနော်တို့ အတူတူနေကြတယ်။ သူမလည်း အလုပ်ထွက်လိုက်တယ်။ ကျနော်တို့တွေမြို့ထဲမှာ လျှောက်သွားကြ၊ ပိုက်ဆံ ပြတ်သွားရင် အအေးဘူးခွံအလွတ်တွေကို ပိုက်ဆံအဖြစ် ကျနော်က ပြောင်းပေါ့။ ကျနော်တို့နှစ်ယောက် ပျော်နေခဲ့ကြ တာပဲ။ ဒီလိုနေနေရတာ တနေ့နေ့ကျ ပြောင်းလဲသွားနိုင်တယ် ဆိုတာကို ကျနော်ဖြင့် တွေးတောင် မတွေးမိခဲ့ဘူး။ အဲဒီလိုနဲ့ တနေ့ကျ ကျနော်တို့ ဘူတာရုံထဲကို လမ်းလျှောက်ဝင်လာရင်း ခြေထောက် နှစ်ဘက်လုံး ဖြတ်ထားရတဲ့ လူတယောက်ကို လမ်းမှာတွေ့ကြတယ်။ အဲဒီလူက ထောင့်လေးတထောင့်မှာ ခွက်အလွတ်တလုံးနဲ့ ထိုင်နေတယ်။ မာစီက အဲဒီလူကို ကူညီပေးလိုက်ပါလားပြောတာနဲ့ ကျနော်လည်း ကြမ်းပေါ် ကျနေတဲ့ Diet Coke ဘူးခွံတခုကို ကောက်ပြီး ဒေါ်လာ တရာတန် အဖြစ် ပြောင်းပေးလိုက်တယ်။ အဲဒီလူခွက်ထဲ ထည့်ပေးလိုက်တော့ သူလည်း အတော်ပျော်သွားတယ်။ တရာတန်ကို လက်ထဲဝှေ့ယမ်းပြီး သူ့ ဘယ်ဘက် ခြေငုတ်တိုကို အခြားတဘက်နဲ့ ဝမ်းသာအားရ ရိုက်နေသေးတာ။ အဲဒီအချိန်မှာပဲ ကျနော်တို့ စောင့်နေတဲ့ ရထားက ဘူတာရုံထဲကို ဝင်လာတယ်...၊ ဒါပေမဲ့ မာစီက မစီးဘူး ဆိုပြီး ပြောပါ လေရော။ “မလုံလောက်သေးဘူး” ဆိုပြီး သူမက ပြောတယ်။ အဲဒါနဲ့ ကျနော်လည်း ဘူးခွံအလွတ်လေးများ တွေ့ဦး မလားလို့ လှည့်ပတ်ကြည့်ပေမယ့် တဘူးတလေမှ မတွေ့ဘူး။ မာစီက မဟုတ်ဘူး၊ ပိုက်ဆံမဟုတ်ဘူးတဲ့။ သူမက ကျနော့်ကို ဟိုလူရဲ့ ခြေထောက်တွေ ပြန်ကောင်းသွားအောင် လုပ်စေချင်တာ....၊ ကျနော်သူမကို ဘာပြန်ပြောရမလဲ မသိဘူး။ ခြေထောက်ပြတ်နေတဲ့သူကို ခြေထောက် ပြန်ကောင်းအောင် လုပ်ပေးရလောက်အောင်တော့ ကျနော်လည်း မတတ်နိုင်ဘူးလေ။ အကယ်လို့ ရောဂါတခုခု ဒါမှမဟုတ်လည်း မွေးရာပါ ချို့ယွင်းချက်တခုခုဆိုရင် ကျနော် ဖြစ်အောင် ကြံဖန်လိုက်လို့ရရင် ရဦးမယ်။ ဒါပေမဲ့ ခြေငုတ်တိုဖြစ်နေတာကို ပြန်ထွက်လာအောင် ကျတော့ ကျနော်လည်း မလုပ် တတ်ဘူး။ ခြေပြတ်ကြီးနဲ့ ကျနော်လည်း တယောက်ကိုတယောက် ကြည့်မိကြတယ်။ သူက ပြောပါတယ်...၊ “ဟာ… ကိစ္စ မရှိပါဘူး။ ဒေါ်လာတရာတန်ကြီးတောင် ပေးထားတာပဲဗျာ”

ကျနော်လည်း အဲဒီ့လိုပဲ ယူဆတာပဲ...၊ ဒါပေမဲ့ မာစီကတော့ မရဘူးဆရာ။ တော်တော်လေးကို ဆတ်ဆတ်ထိမခံ ဖြစ်နေတယ်။

“ခင်ဗျားအတွက် အခြား ကျနော် ဘာလုပ်ပေးရဦးမလဲ” ကျနော်လည်း ဟိုလူ့ကို မေးရတာပေါ့။ အဓိကက မာစီ စိတ်ပြေအောင် လို့ပါ။

“ကျနော့်အတွက်လား” သူက ရယ်ရင်းနဲ့ “ခင်ဗျား ဂျက်ကတ်ပေါ်က ရင်ထိုးလေးတော့ ကျနော် သဘောကျ သားဗျ” လို့ ပြောတယ်။ အဲဒါနဲ့ ကျနော်လည်း ရင်ထိုးကို အဲ့လူဆီ ပေးလိုက်ပါတယ်။ သိပ်တော့ ပေးချင်လှတာ မဟုတ် ပေမဲ့ မာစီ ထပ်စိတ်ဆိုးသွားမှာမျိုး မဖြစ်စေချင်တာနဲ့ ပေးလိုက်တဲ့သဘောပါ။ အဲဒီလူက ရင်ထိုးကို သူ့ရဲ့ နံစော်နေတဲ့ အင်္ကျီပေါ်မှာ ထိုးပြီး “ဒီမှာကြည့်ဦး ဟေ့လူ...၊ အရာအားလုံးကို ကျုပ်လုပ်နိုင်တယ်...၊ စောက်ကျိုးနည်း အရာအားလုံး လုပ်နိုင်တဲ့ သူကြီးဗျာ” လို့ ပြောရင်း ရယ်နေလေရဲ့။

ကျနော်တို့ အိမ်ပြန်လာတဲ့လမ်းတလျှောက်မှာ မာစီက ငိုပြီး ကျနော့်ကို မုန်းတယ် မုန်းတယ် ပြောတယ်။ သူ့အရင် အလုပ်ကို ပြန်လုပ်မယ်တဲ့၊ ကျနော့်ကိုလည်း ဘယ်တော့မှ မတွေ့ချင်တော့ဘူး ပြောတယ်။ ပထမတော့ ဒီလိုပဲ ကတောက်ကဆတ် ဖြစ်တယ်၊ နောက် တမှတ်တိုင် နှစ်မှတ်တိုင်လောက်နေရင် စိတ်ပြေသွားပြီး ပွေ့ရင်းဖက်ရင်း ပြန် အဆင်ပြေသွားမယ် ထင်တာပေါ့။ နောက်တော့ ကျနော်ထင်တာ မှားနေတယ်...၊ ယူနီယံစကွဲ ရောက်တော့ သူမ ဆင်းသွားတယ်၊ တံခါး ပိတ်သွားတယ်၊ နောက်တော့ သူမကို ကျနော် ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူး။ ကျနော်က နောက်ဆုံးမှတ်တိုင်ထိ ဆက်စီးလာတယ်၊ ဘူးခွံ ပုလင်းခွံတွေ ကောက်ပြီး ပိုက်ဆံအဖြစ် ပြောင်းတယ်။ ဘူတာရုံအထွက် ရောက်တော့ ကျနော့်လက်ထဲ ဒေါ်လာခြောက်ရာကျော်လောက် ရှိနေပြီ။ တော်တော်လည်း ညဉ့်နက်နေပြီ၊ ည ၂ ချက်တီး လောက် ရှိနေပြီ။ ကျနော်လည်း ညလုံးပေါက်ဖွင့်တဲ့ အရက်ဆိုင်ရှာရင်း မန်ဟက်တန်ဘက်ကို ပြန်လျှောက်လာခဲ့ မိတော့တယ်။

 

-Magician School

-လင်းထယ် ဘာသာပြန်ဆိုသည်။

တမ်းတမ်းစွဲ ကော်

 

၁။

ကျနော်၏ ချစ်လှစွာသော ဇနီးဖြစ်သူ ဝယ်ယူထားသည့် ပစ္စည်းကို တွေ့သောအခါ ဒီမိန်းမ စိတ်မှနှံ့သေးရဲ့လားဟု ကျနော် သံသယ ဝင်မိသည်။ တတောင်လောက်ရှိသော အသစ်စက်စက် ကော်ဘူးတဘူး။ ကျနော်က ကော်ဘူးကို မ၍ ကိုင်ကြည့်လိုက်သည်။

“မထိနဲ့”

“ဒါ ဘာလဲ”

“ကော်တွေလေ၊ စူပါဂလူး၊ စပယ်ရှယ်ကော်၊ အကောင်းစား ကော်”

“ငါ စာဖတ်တတ်တယ်၊ တံဆိပ်ပေါ်က စာကိုကြည့်ပြီး ကော်တွေမှန်း ငါ သိတယ်။ ငါသိချင်တာက ဒီလောက် များတဲ့ ကော်တွေကို ဘာအတွက် ဝယ်တာလဲဆိုတာပဲ မယ်မင်းကြီးမ။ ကဲ ဖြေတော်မူ စမ်းပါဦး”

“ကျမ လိုအပ်တယ်ထင်လို့ ဝယ်တာပေါ့။ ဒီအိမ်မှာ ရှိသမျှ အရာအားလုံး ကော်နဲ့ကပ်ထားဖို့ လိုနေပြီ”

ကျနော်အပါအဝင် တအိမ်လုံးကို မျက်စိဖြင့် သိမ်းကျုံးကြည့်ပြီးမှ သူက အဖြေပေးသည်။

“ဒီမှာ ဘာကော်မှ ကပ်စရာမလိုဘူး။ ကော်နဲ့ ပြန်ကပ်ရလောက်အောင် ပျက်နေတဲ့ပစ္စည်းလည်း ဘာတစ်ခုမှ မရှိဘူး။ မင်းနဲ့ အိမ်ထောင်ကျတုန်းက ဝယ်ထားတဲ့ပစ္စည်းတွေလည်း ဘာကြာသေးတာ မှတ်လို့ အကောင်းတွေချည်းပဲ။ ဒီသောက်ရေးမပါတဲ့ ကော်တွေကို ဘာလုပ်ဖို့ စိတ်ကူးနဲ့ ဝယ်လာတာလဲဆိုတာ ငါဖြင့် စဉ်းစားလို့ကို မရဘူး”

“စဉ်းစားလို့မရရင် မစဉ်းစားနဲ့ပေါ့။ ကော်တွေဝယ်တာလည်း ကျမနဲ့ ရှင်နဲ့ မစဉ်းမစား အိမ်ထောင်ကျခဲ့ကြသလို ပေါ့။ အလကား နေရင်း အချိန်ဖြုန်းဖို့ သက်သက်ပဲလေ”

ကျနော် ရန်ဖြစ်ချင်စိတ်မရှိပါ။ ထို့ကြောင့် ဘာမှဆက်မပြောဘဲ အသာငြိမ်နေလိုက်ပါသည်။ ကျနော်မပြောတော့ သူလည်း ဘာမှ မပြောတော့ပါ။ သို့သော် စိတ်ထဲမှာ တနုံ့နုံ့ဖြစ်နေသော ကျနော်က ကြာကြာ ငြိမ်မနေနိုင်ပါ။

“မင်းပြောတဲ့ အကောင်းစားကော်ဆိုတာ ဘယ်လောက်တောင် ကောင်းလို့လဲ”

ကျနော်က မနေနိုင်မထိုင်နိုင် မေးမိသည်။ သူက မဖြေဘဲ၊ ကော်ဘူးထည့်သည့် အခွံထဲက ဓာတ်ပုံတစ်ပုံကို ပြသည်။ ဓာတ်ပုံထဲမှာ လူတယောက်က မျက်နှာကျက်ကနေ ဇောက်ထိုးအနေအထားနှင့် တွဲလောင်းကျနေသည်။

 

၂။

“ဘယ်ကော်မှတော့ လူတယောက်ကို ဒီလိုပုံစံနဲ့ ကပ်နေ လောက်အောင် မကောင်းနိုင်ပါဘူးကွာ။ မင်းကိုတော့ ဆိုင်က လိမ် ရောင်းလိုက်ကြပြီထင်တယ်။ သူတို့ဟာက ဓာတ်ပုံကို ဇောက်ထိုးဖြစ်အောင် ရိုက်ထားတာပါ။ ဘယ့်နှယ် ကပ်ချင်းကပ် ကြမ်းပြင်မှာပဲ ကပ်ထားပြီး ရိုက်ထားတဲ့ ပုံကြီးမှန်း သိသာပါတယ်ကွာ”

ကျနော်က သူ့လက်ထဲက ကော်ဘူးခွံကို ယူကြည့်ပြီး ကျနော့် အမြင်ကို ရှင်းပြလိုက်သည်။

“ပြီးတော့ ဒီမှာလည်း ကြည့်ဦး။ ပုံထဲက ပြတင်းပေါက်မှာ ခန်းဆီးစတွေက ဇောက်ထိုးမိုးမျှော် ဖြစ်နေတာ။ မင်းထင်သလို လူက မျက်နှာကျက်မှာ ကပ်နေတာဆိုရင် ခန်းဆီးစတွေကပါ တွဲလန်းချိတ်ထားသလို ပုံမှန်ဖြစ်နေရမှာ မဟုတ်လား။ သေချာကြည့်ပါဦး”

ကျနော်က ကြည့်ပါဦး ကြည့်ပါဦးနှင့် ပြတင်းပေါက်ကို မြင်အောင် ပြသော်လည်း သူက မကြည့်ရေးချ မကြည့်။

“ကဲ ရှစ်နာရီထိုးနေပြီ။ ငါ ရုံးကိုပြေးလိုက်ဦးမယ်”

ကျနော့် လက်ဆွဲအိတ်ကို ယူပြီး သူ့ပါးကလေးကို နှုတ်ဆက် အနမ်း ပေးလိုက်ပါသည်။

“ငါ ဒီနေ့ အိမ်ပြန်နည်းနည်းနောက်ကျမယ်ဟေ့၊ လုပ်စရာတွေက...”

“အိုဗာတိုင်ဆင်းမှာပဲ မဟုတ်လား၊ ကျမ သိပြီးသားပါ”

 

၃။

ရုံးသို့ရောက်သောအခါ အက်ဘီဆိုသည့် မိန်းကလေးဆီကို ကျနော် ဖုန်းခေါ်လိုက်သည်။

“ဒီနေ့တော့ ကိုယ် လာမတွေ့ နိုင်တော့ဘူး အက်ဘီရေ။ ကိုယ် အိမ်ကို ဒီနေ့ စောစောပြန်ရမယ်”

“ဘာလို့လဲ။ ဘာဖြစ်လို့လဲ”

“ဘာမှမဖြစ်ပါဘူး။ ကိုယ်ပြောမယ်။ ကိုယ်တို့ကိစ္စနဲ့ ပတ်သက် ပြီး သူ တခုခု သိထားပုံရတယ်”

တဘက်မှ အကြာကြီး အသံတိတ်ဆိတ်သွားသည်။ အက်ဘီ၏ ရှိုက်သံကိုသာ ကြားနေရသည်။

“ရှင် ဒီရူးကြောင်ကြောင် မိန်းမနဲ့ ပေါင်းနေတာ ကျမဖြင့် နားမလည်တော့ဘူး။ ရန်လည်းမဖြစ် ပြန်လည်း မချစ်တဲ့ အနေအထားမျိုး မဟုတ်လား။ အဲဒါကို ကျမ နားမလည်တာပဲ။ ကျမတို့ကိစ္စကလည်း ဒီလိုနဲ့ ဟိုမရောက် သည်မရောက်ပဲ ဖြစ်နေရတာ”

ပြောပြီး အသံက တိတ်ဆိတ်သွားပြန်သည်။ ပြီးတော့မှ သူက ငိုလျက် ထပ်ပြောနေသည်။

“ကျမကို နားလည်အောင် ရှင်းပြပါဦးလားရှင်”

“အက်ဘီ။ ကိုယ်တောင်းပန်ပါတယ်။ ကိုယ့်ကို ခွင့်လွှတ်ပါကွာ။ နားထောင် အက်ဘီ။ ရုံးခန်းထဲကို လူဝင်လာလို့ ကိုယ် အခု ဖုန်းချလိုက် တော့မယ်ကွာ။ ကိုယ် ကတိပေးပါတယ်။ မနက်ဖြန်ကျရင် ကိုယ် ဆက်ဆက်လာတွေ့ မယ်နော်။ အဲဒီကျမှ ကိုယ် အကုန်ပြောပြမယ်”

၄။

ကျနော် အိမ်သို့ အစောကြီး ပြန်ရောက်သွားခဲ့သည်။ “ဟေ့ ကိုယ်ပြန်ရောက်ပြီနော်”

ကျနော် အသံပေးရင်း အိမ်ထဲဝင်သွားတော့ ဘာတုန့်ပြန်သံမှ မကြားရ။ အိမ်မှာရှိသမျှ အခန်းတွေကို တခုမကျန် ဝင်ကြည့်သည်။ ကျနော့်မိန်းမကို ဘယ်မှာမှ မတွေ့။ မီးဖိုချောင်စားပွဲပေါ်မှာတော့ ကော်ဘူးကို တင်လျက်သား တွေ့ရ ပါသည်။ ကော်ဘူးထဲမှာ ကော်တွေ တစ်စက်မှ မကျန်တော့ပါ။ အားလုံး ကုန်နေပြီ။

 

၅။

ကျနော် စိတ်အေးအေးထားပြီး စားပွဲက ခုံတလုံးကို ဆွဲ၍ ထိုင်မည်ပြုသည်။ ခုံက ဆွဲမရ။ ထပ်ဆွဲကြည့်သည်။ တလက်မတောင် မရွေ့။ သည်မိန်းမတော့ ထိုင်ခုံကို ပေါက်ပေါက်ရှာရှာ ကြမ်းပြင်မှာ ကော်နှင့် ကပ်ထားလိုက်ပြီ။ ရေခဲ သေတ္တာကို ဖွင့်ကြည့်တော့ မပွင့်။ ရေခဲသေတ္တာကိုလည်း ကော်နဲ့ ပိတ်ကပ်ထားပြီ။ ဘာတွေဖြစ်၍ ဖြစ်နေမှန်း ကျနော် နားမလည်တော့။ သည်မိန်းမ ဘာကြောင့် သည်လိုတွေ လုပ်ရတာလဲ။ ယခု သူဘယ်ရောက်နေမှန်းလည်း ကျနော် မသိ။ သူ့အမေ ကျနော့်ယောက္ခမဆီ ဖုန်းဆက်ပြီး လှမ်းမေးကြည့်ဖို့ ဧည့်ခန်းထဲက တယ်လီဖုန်းဆီ သွားလိုက်သည်။ စကား ပြောခွက်က ဖုန်းကနေ ခွာမရတော့ပါ။ သူက ဖုန်းကိုပါ ကော်နှင့် ကပ်ထားသည်။ ကျနော် စိတ်ပေါက်လာပြီး စားပွဲခုံကို ခြေဖြင့် ဆောင့်ကန်ချလိုက်သည်။ ကိုရွှေစားပွဲခုံ ကလည်း တချက်ကလေးမှတောင် မလှုပ် မရွေ့။

သည်တော့မှ သူ့ရယ်သံကို ကျနော် ကြားရသည်။ ကျနော့် ခေါင်းပေါ်မှ လာသည့်အသံ။ မော့ကြည့်လိုက်တော့ သူက ခြေဗလာနှင့် ဆန့်ဆန့်ကြီး ရပ်လို့။ ကြမ်းပေါ်မှာ ရပ်နေခြင်းတော့ မဟုတ်ပါ။ ဧည့်ခန်း မျက်နှာကြက်မှာ။ သူ့ပုံစံက ဇောက်ထိုးဖြစ်နေသည်ကလွဲလျှင် ခြေစုံရပ် နေသည်နှင့်မခြား ဖြစ်ပါသည်။

ကျနော် ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်လျက် သူ့ကို တခွန်းတည်းသာ မေးနိုင်တော့သည်။

“သောက်ကျိုးနည်း။ မင်း တကယ်ပဲ ရူးများ ရူးသွားပြီလား” သူ ဘာတခွန်းမှ မဖြေပါ။ ပြုံးရုံပဲ ပြုံး၍ နေပါသည်။ လူက မျက်နှာကြက်မှ တွဲလောင်းကျနေသော်လည်း သူ့အပြုံးမှာက မြေဆွဲအား၏ ဆွဲငင်မှု မသက်ရောက်သလို အလှ မပျက်မပြယ်သော သဘာဝ မပျက် အသက်ဝင်နေသည့် အပြုံးမျိုး ဖြစ်ပါသည်။

“ဘာမှမပူနဲ့နော်။ ငါ မင်းကို အောက်ကို ပြန်ဖြုတ်ချပေးမယ်” စာအုပ်စင်ဆီသွား၍ အထူဆုံးဖြစ်သော စာအုပ် တွေကို ကျနော် ရွေးပွေ့ယူလိုက်သည်။ စွယ်စုံကျမ်းတွေကို တအုပ်ပေါ်တအုပ် ဆင့် ထပ်လိုက်ပြီး စာအုပ်အထပ်ပေါ်သို့ ကျနော် တက်လိုက်သည်။

“ပြန်ခွာတဲ့အခါ နည်းနည်းတော့ နာမယ်နော်”

ကျနော်က ပြောပြောဆိုဆိုနှင့် မိမိကိုယ်မိမိလည်း စာအုပ်ပုံ ပေါ်က ပြုတ်မကျအောင် ဟန်ချက်ကို ထိန်းရ သေးသည်။ သူကတော့ အခုထိ ပြုံးလို့ကောင်းတုန်း။ ကျနော် သူ့ကို အားကုန်ဆွဲကြည့်သည်။ ဘယ်လိုမှ ပါမလာ။ သည်တော့ ကျနော် စွယ်စုံကျမ်းအထပ်ပေါ်က ပြန်ဆင်းလိုက်ရသည်။

“ဘာမှ မပူနဲ့နော် မိန်းမ။ ငါ အိမ်နီးချင်းတွေကို ခေါ်လိုက်ဦးမယ်။ ဟိုဘက်အိမ်ကို သွားပြီး အကူအညီ တောင်းကြည့်မယ်”

“ကောင်းပြီလေ။ ကျမ ဒီနေရာကနေ ဘယ်ကိုမှ လျှောက်မသွားပါဘူးတဲ့ရှင်”

သူက ရယ်ရအောင် ပြောတော့မှ “ဟုတ်သားပဲ” ဟု ကျနော် လည်း သူ့ဟာသကို ဟက်ဟက်ပက်ပက် ပြန်၍ ရယ်မောနေမိပါသည်။ ဟုတ်သားပဲ။ မျက်နှာကြက်မှာ ဇောက်ထိုးကပ်နေတဲ့သူက ဘယ်ကိုများ လျှောက်သွားနိုင်မှာမို့လဲ။

ယခုမှ သူ့ကို သေချာကြည့်မိသောအခါ ကျနော့်အမြင်မှာ သူ တော်တော်ကို လှနေပါသည်။ တော်တော်လည်း ပေါက်ပေါက်ရှာရှာ နိုင်လှသည်ဟု တွေးမိသေးသည်။ မျက်နှာကြက်မှာ ဇောက်ထိုးကပ်နေ တာတောင်မှ သူ့အလှက လှနေဆဲကို။ ဆံပင်တွေက အောက်သို့ သွယ်ဆင်းကျလျက်။ သူ့ရင်အစုံကလည်း တီရှပ်အောက်ဆီမှာ ကျလုလု မျက်ရည် ဥနှယ် တွဲလဲခိုလျက်သား။ မြေဆွဲအားက ဘာမှ မသက်ရောက်နိုင်သလို အလှမပျက်သူ ရှိနေပုံ။

 

၆။

ကျနော့်ကိုယ်ကျနော် တဖန်ပြန်ကြည့်သောအခါ စာအုပ်ထပ်ပေါ်သို့ ပြန်တက်ကာ သူ့ကို ချစ်မြတ်နိုးစွာ တမ်းတမ်းစွဲ နမ်းရှိုက်နေမိသည်ကို တွေရပါသည်။ စွယ်စုံကျမ်းစာအုပ်ကြီးတွေကတော့ ကျနော့် ခြေထောက်အောက်မှ ကြမ်းပြင်ထက် သို့ ပြိုကျပြန့်ကျဲသွားခဲ့ပြီ။ သည်တော့ ကျနော်ကလည်း သူ့လိုပဲ လေထဲမှာ။ တယောက်ရဲ့နှုတ်ခမ်းမှာ တယောက်က အနမ်းဖြစ်အောင် ကပ်ငြိကာ။ ယခုတော့ နှစ်ယောက်သား ကပ်ငြိလွင့်မျောနေသည့် ကော်၏ ဆုံချက်က မျက်နှာကြက်က ခြေထောက်တွေမှာ မဟုတ်တော့။ သူ့နှုတ်ခမ်းတွေမှာ။

 

-Crazy Glue

-သုဒ္ဓ ဘာသာပြန်ဆိုသည်။

အဖော်အဖက်

 

သူ(မ)နဲ့ တွဲခဲ့ဖူးတဲ့ယောက်ျားတွေထဲ သုံးယောက်က ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြံစည်ခဲ့ကြတယ်။ အဲဒါကို သူ(မ) ဝမ်းနည်းမှုများများ၊ ဂုဏ်ယူမှုနည်းနည်းနဲ့ ပြောတယ်။ သူတို့ထဲက တယောက်ဆို သေကြောင်းကြံစည်မှု အထ မြောက်သွားတယ်။ တက္ကသိုလ်က အဆောက် အအုံခေါင်မိုးကနေ ခုန်ချလိုက်တာ သူ့ကိုယ်တွင်းကလီစာတွေ တစစီ ကျိုးကြေကုန်ပါလေရော။ အပြင်မှာတော့ ဘာမှမဖြစ်သလိုနဲ့၊ မျက်နှာကလည်း တည်ငြိမ်အေးဆေးလို့။ အဲဒီနေ့က သူ(မ) ကျောင်းမသွားဘူး။ ဒါပေမဲ့ သူငယ်ချင်းတွေက သူ(မ)ကို အဲဒီ့အကြောင်း ပြောပြကြတယ်။ တစ်ခါတလေ သူ(မ) အိမ်မှာ တယောက်တည်းရှိတဲ့အခါ သူ ဧည့်ခန်းထဲမှာ သူ(မ)နဲ့အတူ ရှိနေတယ်လို့ ခံစားမိတယ်။ သူ(မ)ကို ကြည့်နေသလိုမျိုး ခံစားမိတယ်။ အဲဒီလိုဖြစ်ရင် ခဏတော့ သူ(မ) ကြောက်သွားသေးတယ်။ ဒါပေမဲ့ သူ(မ) ပျော်လည်း ပျော်ရတယ်။ ဘာလို့လဲဆိုတော့ သူ(မ)တယောက်တည်းမဟုတ်ဘူးလို့ သိနေရလို့လေ။ ကျနော့်ကိုတော့ သူ(မ) တကယ် သဘောကျ တာပါ။ သဘောတော့ ကျတယ်၊ ကြိုက်တယ်တော့ မဟုတ်ဘူး။ အဲဒါကြောင့် သူ(မ) ဝမ်းနည်းရတယ်။ ကျနော် ဝမ်းနည်း သလောက်ပဲပေါ့။ ကျနော့်ထက်တောင် ပိုချင်ပိုလောက်တယ်။ အကြောင်းကတော့ ကျနော့်လိုလူမျိုးကို သူ(မ) ကြိုက်ချင် လို့လေ။

တော်တဲ့၊ ကြင်နာတတ်တဲ့၊ သူ(မ)ကို တကယ်ချစ်တဲ့သူမျိုး။ သူ(မ) ပန်းချီကားပွဲစား တယောက်နဲ့ ဖြစ်နေတာ တနှစ်လောက် ရှိပြီ။ သူ့မှာ အိမ်ထောင်ရှိတယ်၊ သူ့မိန်းမနဲ့ ကွဲမှာလည်းမဟုတ်ဘူး၊ ကွဲဖို့ စိတ်ကူးလည်း မရှိဘူး။ ဝမ်းနည်း ကြေကွဲစရာပါပဲ။ ကျနော့်အတွက်ရော၊ သူ(မ)အတွက်ရောပေါ့။ သူ(မ)သာ ကျနော့်ကို ကြိုက်ခဲ့မယ်ဆိုရင် ဘဝဟာ ရိုးရိုး ရှင်းရှင်း ဖြစ်ခဲ့မှာပဲ။

သူ(မ) ကျနော့်ကို ဟိုကိုင်ဒီကိုင် လုပ်ခွင့်ပေးထားတယ်။ တစ်ခါ တလေ သူမ ခါးနာတဲ့အခါ နှိပ်ပေးဖို့တောင် ပြောတယ်။ ကျနော် သူ(မ)ကို နှိပ်ပေးရင် မျက်လုံးမှိတ်ပြီး ပြုံးနေတတ်တယ်။ “ကောင်းလိုက်တာ၊ တကယ်ကောင်းတယ်” လို့ ပြောတယ်။ ကျနော်တို့ တခါကြီးများတောင် ချစ်တင်းနှောဖူးတယ်။ ပြန်တွေးကြည့်ရင် မှားခဲ့တာပဲလို့ သူ(မ)က ပြောတယ်။ သူ(မ)ရဲ့ တစိတ်တပိုင်းက ဖြစ်မြောက်စေချင်လွန်းလို့ သူ(မ)ရဲ့ အာရုံခံစားမှုတွေကိုတောင် ဘေးဖယ်ထား ခဲ့တယ်။ ကျနော့်ကိုယ်နံ့၊ ကျနော့်ခန္ဓာကိုယ်၊ ဘာမှန်းမသိတဲ့အရာတခုကြောင့် စိတ်မပါ ဖြစ်နေတာ။ သူ(မ) စိတ်ပညာ မေဂျာ ယူထားတာ လေးနှစ်ရှိပြီ ဖြစ်ပေမဲ့ ဒါကို မရှင်းနိုင်သေးဘူး။ စိတ်သွားတိုင်း ကိုယ်က မပါနိုင်တာ ဖြစ်မယ်။ ကျနော်တို့ အတူတူအိပ်ခဲ့တဲ့ညကို ပြန်တွေးရင် သူ(မ) ဝမ်းနည်းရတယ်။ ဘယ်တော့မဆို သူ(မ) ဝမ်းနည်းနေတတ်တယ်။ သူ(မ)က တဦးတည်းသော သမီး။ ကလေးဘဝကို တယောက်တည်း ဖြတ်သန်းခဲ့ရတာ။ သူ(မ)အဖေ နေမကောင်း ဖြစ်တယ်၊ သေလုမျောပါးဖြစ်တယ်၊ နောက်တော့ ဆုံးပါးသွားတယ်။ သူ(မ)ကို နားလည်နှစ်သိမ့်ပေးမယ့် အစ်ကို မောင်ဘွားလည်း မရှိ။ အစ်ကိုတယောက်လို ရင်းနှီတာဆိုလို့ ကျနော်ပဲ ရှိတာ။ ကျနော်ရယ်၊ ကူတီရယ်ပေါ့။ ကူတီဆိုတာ ကျောင်းခေါင်မိုးကနေ ခုန်ချတဲ့ကောင်လေ။ သူ(မ) ကျနော်နဲ့ဆို နာရီပေါင်းများစွာ ထိုင်စကား ပြောနိုင်တယ်။ တအိပ်ရာ တည်းလည်း အိပ်နိုင်တယ်။ ကျနော် ကိုယ်လုံးတီးနေလည်း ဘာမှမဖြစ်ဘူး၊ သူ(မ)လည်း ကိုယ်လုံးတီး နေနိုင်တယ်။ ကျနော်တို့ကြားမှာ ဘာမှ ရှက်စရာမရှိဘူး။ ကျနော် သူ(မ)ဘေးမှာ တကိုယ်ရေ အာသာဖြေရင်တောင် ဘာမှမဖြစ်ဘူး။ အိပ်ရာခင်းပေါ် ပေကျံလို့ အစွန်းထင်းတဲ့အခါ သူ(မ) ဝမ်းနည်းရပေမဲ့လို့ပေါ့။ ကျနော့်ကို မချစ်နိုင်တဲ့အတွက် သူ(မ) ဝမ်းနည်းရပေမဲ့ ဒီလိုလုပ်လို့ ကျနော့်စိတ် ပြေလျော့မယ်ဆို အစွန်းအထင်းတွေကို လျှော်ရတာကို သူ(မ) မမှုပါဘူးတဲ့။

သူ(မ)နဲ့ သူ(မ)အဖေက ရင်းရင်းနှီးနှီး နီးနီးကပ်ကပ်ရှိခဲ့တာ။ သူ(မ)နဲ့ ကူတီလည်း တရင်းတနှီးပဲ။ သူက သူ(မ)ကို ချစ်တာကိုး။ ကျနော်က သူ(မ)နဲ့ တရင်းတနှီး ရှိတဲ့ထဲကမှ အသက်ရှင်လျက် ရှိနေသေးတဲ့ တယောက်တည်း သော သူပေါ့။ နောက်ဆုံးမှာ ကျနော် အခြား ကောင်မလေးတယောက်နဲ့ တွဲပြီး သူ(မ) တယောက်တည်း ကျန်ခဲ့မှာကို သူ(မ) သိတယ်။ အဲဒီလိုဖြစ်ခဲ့ရင် သူ(မ) ဝမ်းနည်းရမှာ။ သူ(မ)ကိုယ်တိုင် အတွက် ဝမ်းနည်းရပေမဲ့ အချစ်ကို ရှာတွေ့ ခဲ့တဲ့ ကျနော့်အတွက် ပျော်ပေးမှာပါ။ ကျနော် ပြီးသွားတဲ့အခါမျိုးမှာ သူ(မ) ကျနော့်မျက်နှာကို ပွတ်သပ်လေ့ရှိတယ်။ ဝမ်းနည်းဖို့ ကောင်းသလို ဂုဏ်လည်းယူရတယ်လို့ ပြောတယ်။ ကျနော် အာသာဖြေတဲ့အခါ တလောကလုံး က ကောင်မလေးတွေထဲကမှ သူ(မ)တယောက်တည်းကိုပဲ မှန်းတဲ့အတွက် ကျေနပ်ရတယ်တဲ့။ သူ(မ)နဲ့ အိပ်နေတဲ့ ပန်းချီကားပွဲစားက အမွေးထူတယ်၊ ကျနော့်ထက် ပိုပုတယ်၊ ဒါပေမဲ့ ပိုဆက်စီကျတယ်။ သူက စစ်တပ်ထဲမှာ နေတန်ရာဟု လက်အောက် အမှုထမ်းခဲ့တာ။ အဲဒီကတည်းက သူတို့ချင်း အဆက်အသွယ် ရှိခဲ့တာ။ တကယ့် မိတ်ဆွေအရင်းကြီးတွေ။ တစ်ခါတလေ သူ(မ)ကို လာတွေ့တဲ့အခါ သူ သူ့မိန်းမကို အချစ်တုံးကြီးဆီ သွားမယ်လို့ ပြောခဲ့တတ်တယ်။ တခါတုန်းက သူနဲ့ သူ့မိန်းမ ကို ရှောပင်းန်မောလ်တခုမှာ သူ(မ) ထိပ်တိုက် တွေ့မိဖူးတယ်။ သုံးလေးပေ အကွာလောက်မှာ။ သူ(မ) သူ့ကို သိုသိုဝှက်ဝှက် ပြုံးပြပေမဲ့ သူက မမြင်ချင်ယောင်ဆောင်ခဲ့တယ်။ သူ့မျက်လုံးတွေက သူ(မ)ဆီ ရောက်နေပေမဲ့ ခံစားချက် ကင်းမဲ့နေတယ်။ သူ(မ)က ဘာမှမဟုတ်တဲ့ အတိုင်းပဲ။ လေဟာနယ်တခုလို။ သူ့မိန်းမဘေးမှာ ရှိနေတုန်းမှာ သူ သူ(မ)ကို ပြုံးမပြနိုင်သလို နှုတ်မဆက်နိုင်ဘူးဆိုတာ နားလည်ပေမယ့် နာကျင်ရတာပါပဲ။ သူ(မ) လမ်းဘေးဖုန်းနားမှာ ရပ်ပြီး စငို တော့တယ်။

အဲဒီညမှာပဲ သူ(မ) ကျနော်နဲ့ အတူအိပ်ခဲ့တာ။ ပြန်တွေးကြည့်ရင် မှားခဲ့တာပဲ။

သူ(မ)နဲ့ တွဲခဲ့ဖူးတဲ့ ယောက်ျားတွေထဲက လေးယောက် ကိုယ်ကိုယ့်ကိုယ် သတ်သေဖို့ ကြံစည်ခဲ့ကြတယ်။ နှစ်ယောက် သေကြောင်းကြံစည်မှု အထမြောက်သွားကြတယ်။ သူ(မ) အခင်တွယ်ရဆုံး နှစ်ယောက်လည်း ဖြစ်တယ်။ သူတို့က သူ(မ)နဲ့ တော်တော် ရင်းနှီးကြတယ်။ အစ်ကိုအရင်းတွေလိုပဲ။ တစ်ခါတလေ သူ(မ) အိမ်မှာ တယောက်တည်း ရှိတဲ့အခါ ကျနော်တို့ ဧည့်ခန်းထဲမှာ သူ(မ)နဲ့ အတူ ရှိနေတာကို သူ(မ) ခံစားမိတယ်။ ကျနော်နဲ့ ကူတီ သူ(မ)ကို ကြည့်နေတာကို သူ(မ) ခံစားမိတယ်။ အဲဒီလိုဖြစ်ရင် သူ(မ) ကြောက်လည်းကြောက် ရသလို ပျော်လည်းပျော်ရတယ်။ အကြောင်းကတော့ သူ(မ) တယောက်တည်း မဟုတ်ဘူးဆိုတာ သူ(မ) သိနေရလို့ပေါ့။

 

-Not Completely Alone

-နေသန် ဘာသာပြန်ဆိုသည်။

ဗီးနပ်စ်အတု

 

နတ်ဘုရားတွေက တော်တော့်ကို တည်ကြည်တယ်။ သူတို့ ရောက်လာတော့ လူတိုင်းက သူတို့ကို ကူညီချင် ကြတယ်။ ဂျူးအေဂျင်စီရော၊ လူကယ်ပြန်ဝန်ကြီးဌာနရောပဲ။ ဒါပေမဲ့ သူတို့က ဘာကိုမှ မလိုချင်ကြဘူးတဲ့။ လာတုန်း ကလည်း ဘာမှမပါခဲ့သလို ခုလည်း ဘာမှ မတောင်းဆိုဘူး။ အာရပ်တွေလို အလုပ်လုပ်ရလည်း ကျေနပ်နေတာပဲ။ ဒီလိုနဲ့ မာကျူရီက သယ်ယူပို့ဆောင်ရေး ရောက်သွားတယ်၊ အက်တ်လက်စ် ကတော့ ပရိဘောဂ အရွှေ့အပြောင်း ဘက်မှာ၊ ဗယ်လ်ကန် က ကားဝပ်ရှော့ ရောက်တယ်။ ဗီးနပ်စ်ကတော့ ကျနော့်ရုံးကို ရောက်လာတယ်။ မိတ္တူကူးသမ လုပ်ဖို့။

ကျနော် ခက်ခဲကြမ်းတမ်းတဲ့ ကာလကို ဖြတ်သန်းနေရတာ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတဲ့အချိန်။ တယောက်တည်း အထီးကျန်နေတယ်။ အရာရာကို နားလည်ပေးမဲ့ ချစ်သူတယောက် အသည်းအသန် လိုချင်နေခဲ့တာ။ များသောအားဖြင့် အဲဒီလိုဖြစ်လာရင် ကျနော် ပန်းချီဆွဲပြီးတော့ဖြစ်ဖြစ်၊ ဂစ်တာတီးပြီးတော့ဖြစ်ဖြစ် တခုခုနဲ့ ဖြေဖျောက် ပစ်နေကျ။ ဒီလိုနဲ့ ကျနော့်မှာ မှီစရာ၊ ချီစရာ တယောက်မှ မရှိဘူးဆိုတာကို ကြိုးစားမေ့ပစ်နေကျ။ ဒီတခေါက်တော့ ကြိုးအလှချည်တဲ့ သင်တန်းလည်း ကယ်နိုင်မှာမဟုတ်တော့ဘူး။ ကျနော် စွဲစွဲမြဲမြဲ ယုံကြည်လို့ရမယ့် အရာတခု လိုအပ် နေခဲ့ပြီ။ ကျနော့်ကို ဘယ်တော့မှ စွန့်ခွာမသွားမယ့် အချစ်စစ်မျိုး။ ကျနော့်ဆရာဝန်က စိတ်ဝင်တစား နားထောင်ပေးပြီး ကျနော့်ကို ခွေးတကောင် ဝယ်မွေးဖို့ အကြံပေးတယ်။ ဒါနဲ့ ကျနော် သူနဲ့ ဆက်မပြတော့ဘူး။

ဗီးနပ်စ်က မနက် ရှစ်ခွဲကနေ ညနေ ခြောက်နာရီထိ လုပ်တယ်။ တစ်ခါတလေ အဲဒီထက်တောင် နောက်ကျ သေးတယ်။ စာရွက်ပေါင်းများစွာကို မိတ္တူကူးပြီး ကျကျနန ထပ်ထားပေးတယ်။ ဇီးရော့စ်စက်နားမှာ ကုန်းရုန်းပြီး ချွေးသံတရွှဲရွှဲနဲ့၊ မိတ္တူစက်ထဲက ဖျတ်ခနဲလင်းတဲ့ အလင်းရောင်ကြောင့် မျက်စိ ခဏခဏမှိတ်နေရတဲ့ အချိန်မှာတောင်မှ သူ(မ)က ကျနော် မြင်ဖူးသမျှထဲ အလှဆုံးဖြစ်နေတုန်းပဲ။ အဲဒီအကြောင်း ကျနော် သူ(မ)ကို ဖွင့်ပြောပြချင်ပေမဲ့ ပြောရဲတဲ့သတ္တိ မရှိဘူးဖြစ်နေတယ်။ နောက်ဆုံးတော့ ကျနော် စာနဲ့ ချရေးပြီး သူ(မ)ဖတ်ဖို့ စားပွဲပေါ် တင်ထားခဲ့တယ်။ နောက်နေ့ မနက်ရောက်တော့ ကျနော့်စာကို အစောင် ငါးဆယ် ကူးပြီးသား မိတ္တူတွေနဲ့အတူ ပြန်တွေ့ရတယ်။

သူ(မ) ဟီးဘရူးဘာသာစကားကို ကောင်းကောင်း မတတ်ဘူးလေ။ သူ(မ)က နတ်ဘုရားမပဲ၊ ဒါပေမဲ့ အခွန်အခ နုတ်ပြီး လစာ ရှပ်ကယ် ခုနစ်ထောင်ပဲရတယ်။ ငွေစာရင်းဌာနကို ရောက်တုန်း ကြည့်လိုက်လို့ သိတာပါ။ ကျနော် သူ(မ) ကို လက်ထပ်ချင်တယ်၊ သူ(မ)ကို ကယ်တင်ချင်တယ်။ သူ(မ) ကျနော့်ကို ကယ်တင်နိုင်မယ်လို့ တကယ် ယုံကြည်တယ်။ ဘယ်လိုလုပ်လိုက်မှန်းမသိ၊ နောက်ဆုံးတော့ ကျနော် သူ(မ)ကို ကျနော်နဲ့အတူ ရုပ်ရှင်ကြည့်ချင်သလားလို့ မေးခဲ့ပြီ။ ပဲရစ်က အလှဆုံး နတ်ဘုရားမလို့ ရွေးချယ်ခံခဲ့ရတဲ့ မိန်းကလေးက အသိမ်မွေ့ဆုံး၊ ရှက်စနိုးအပြုံးနဲ့ ခေါင်းညိတ်ခဲ့တယ်။ အင်းတဲ့။

ကျနော် အိမ်ကနေ မထွက်ခင် မှန်ထဲကို ကြည့်တယ်။ ကျနော့် နဖူးပေါ်မှာ ဝက်ခြံသေးသေးလေးတလုံး။ ရိုမန် အလှနတ်ဘုရားမနဲ့ ကျနော် ဒီည ရုပ်ရှင်သွားကြည့်တော့မှာ၊ ရိုမန်အလှနတ်ဘုရားမနဲ့ ကျနော် သွားဖိတ်တော့မှာလို့ တကိုယ်တည်း ရေရွတ်တယ်။ ကျနော် ဝက်ခြံကို ညှစ်ပြီး သွေးစတွေကို တစ်ရှူးနဲ့ သုတ်တယ်။ ဟေ့ရောင် သေမျိုး လူသား... သူ(မ)ကို ပြောင်းဖူးပေါက်ပေါက် ဝယ်ကျွေးချင်ရအောင်၊ မှောင်နဲ့မည်းမည်း ရုပ်ရှင်ရုံထဲမှာ သူ(မ)ပခုံးကို ဖက်ချင်ရအောင်... မင်းက ဘာကောင်မို့လဲ။

ရုပ်ရှင်ပြီးတော့ ကျနော်တို့ တနေရာသွားပြီး သောက်ကြသေးတယ်။ သူ(မ) ဇာတ်လမ်းအကြောင်း မပြောပါစေနဲ့ လို့ ဆုတောင်းနေတာ။ ပိတ်ကားပေါ်မှာ ဘာတွေဖြစ်သွားသလဲကို ကျနော် မသိလိုက်တာ။ တကားလုံး ကျနော် သူ(မ) ကိုပဲ တစိမ့်စိမ့် ကြည့်နေခဲ့တာ။ ကျနော်တို့ အလုပ်အကြောင်း နည်းနည်းရယ်၊ သူ(မ)ရဲ့မိသားစု အစ္စရေးမှာ ဘယ်လို အလိုက်သင့် ပြောင်းလဲနေထိုင်နေကြသလဲ ဆိုတာရယ် ပြောဖြစ်ကြတယ်။ သူ(မ) ဒီမှာနေရတာကို သဘောကျတယ်တဲ့။ ဘဝထဲကနေ ဒီ့ထက်မကတော့ လိုချင်တာပေါ့၊ ဒါပေမဲ့ ခုအချိန်ထိတော့ ဒီမှာနေရတာ တကယ်သဘောကျပါတယ်တဲ့။ အို.... ဘုရားသခင် အဲဒီမှာ ကျမတို့ဘဝ ဘယ်လောက်ဆိုးရွားတယ်ဆိုတာ မသိဘူးနော်လို့ သူ(မ)က ကျနော့်လက်မောင်း ကို ကိုင်ပြီး ပြောတယ်။ သူ(မ)ကို ကားနဲ့ အိမ်ပြန်အပို့ လမ်းမှာ သူ(မ) ဘုရားသခင်ကို တကယ် ယုံကြည်သလားလို့ ကျနော် မေးတယ်။ သူ(မ) ရယ်တယ်။ ဘုရားသခင် ရှိတာကို ကျမ သိမသိ မေးတာဆိုရင်တော့ အဖြေက အင်းပဲလို့ သူ(မ)က ဖြေတယ်။ ဘုရားသခင်တင် မဟုတ်ဘူး၊ အခြားနတ်ဘုရားတွေရောပဲ။ ဒါပေမဲ့ ကျမ ဘုရားသခင်ကို ယုံကြည်သလား မေးတာဆိုရင်တော့ အဖြေက ဟင့်အင်းပဲ။ လုံးဝပဲ။

ကျနော်တို့ သူ(မ)အိမ်ကို ရောက်ပြီ။ သူ(မ)က ကားတံခါး ကိုတောင် ဖွင့်ပြီးနေပြီ။ ကျနော် လမ်းတိုတိုကို ရွေးခဲ့မိတဲ့အတွက် ကိုယ့်ကိုယ့်ကိုယ် ကျိန်ဆဲနေမိတယ်။ သူ(မ)ကို ကျနော်နဲ့ ခဏလောက် ထပ်အတူရှိနေစေချင် သေးတယ်။ ဘုရားမလို့ ရဲတားတာဖြစ်ဖြစ်၊ ပြန်ပေးဆွဲတာဖြစ်ဖြစ်၊ ကျနော်တို့ကို အတူဆက်ရှိစေဦးမယ့်အရာ တခုခု ဖြစ်လာပါစေ ဆုတောင်းမိတယ်။ သူ(မ) ကားအပြင်ရောက်တော့ ကျနော့်ကို ကော်ဖီသောက်ဖိတ်တယ်။

ခု သူ(မ) ကျနော့်ဘေးမှာ အိပ်ပျော်နေပြီ။ မှောက်လျက်သားနဲ့၊ ခေါင်းက ခေါင်းအုံးထဲ နစ်မြုပ်တော့မတတ်ပဲ။ သူ(မ) နှုတ်ခမ်းတွေ နည်းနည်းလေး လှုပ်သွားတယ်။ သူ(မ)ကိုယ်သူ(မ) တခုခုကို တိုးတိုး ရေရွတ်နေတဲ့အတိုင်းပဲ။ သူ(မ) ရဲ့ ညာဖက်လက်က ကျနော့်ကို ဖက်ထားတယ်။ နောက်တဖက်က ကျနော့်ရင်ဘတ်ပေါ်မှာ။ သူ(မ) နိုးသွားမှာ စိုးလို့၊ ကျနော် အသက်ကိုတောင် မျှဉ်းမျှဉ်းပဲ ရှူတယ်။ သူ(မ) လှလိုက်တာ။ တကယ့်ကို ပြစ်မျိုးမှဲ့မထင် လှရက်နိုင် လိုက်တာ။ ဒါပေမဲ့... ဒီ့ထက်မပိုဘူး။ မနက်ဖြန်ကျရင် ကျနော် ခွေးတစ်ကောင် သွားဝယ်မယ်။

 

-Venus Lite

-နေသန် ဘာသာပြန်ဆိုသည်။

အပြိုင်စကြဝဠာများ

 

ကျနော်တို့နေထိုင်တဲ့ စကြဝဠာနဲ့ အပြိုင်ဖြစ်တည်နေတဲ့ စကြဝဠာမျိုးတွေ ဘီလီယံနဲ့ချီပြီး ရှိနေပါတယ်လို့ဆိုတဲ့ သီအိုရီတခု ရှိပါတယ်။ စကြဝဠာတခုချင်းဟာ နည်းနည်းတော့ ကွဲပြားတာပေါ့။ ခင်ဗျား မမွေးဖွားဖူးတဲ့ စကြဝဠာ ဆိုတာ မျိုးနဲ့၊ ခင်ဗျား မွေးဖွားလာချင်မှာမဟုတ်တဲ့ စကြဝဠာမျိုးတွေ။ အချို့ အပြိုင်စကြဝဠာမှာ ကျနော်က မြင်းတကောင်နဲ့ သံဝါသ ပြုနေပြီး အခြားစကြဝဠာမှာကျ ကျနော်က ထီပေါက်နေတာမျိုးပေါ့။ ကျနော် ကြမ်းပြင်ပေါ် သွေးစက်လက်နဲ့ လဲနေတဲ့ စကြဝဠာတွေ ရှိသလို၊ ကျနော် မဲအပြတ်အသတ်နိုင်လို့ ရွေးကောက်ခံသမ္မတ ဖြစ်နေတဲ့ စကြဝဠာမျိုးတွေလည်း ရှိတာပေါ့။ ဒါပေမဲ့ အခုတော့ အဲဒီအပြိုင် စကြဝဠာတွေအကြောင်း ကျနော် ထည့်မတွေးဘူး။

ကျနော်စိတ်ဝင်စားတာက သူမဟာ အခြားလူချောလူလှ တယောက်နဲ့ လက်မထပ်ချင်ဘဲ လက်ထပ်လိုက်ရတဲ့ စကြဝဠာတို့၊ သူမ ခမျာ တကိုယ်တည်း လုံးလုံးအထီးကျန် ဖြစ်နေရတဲ့ စကြဝဠာတို့ပေါ့။ အဲသလို စကြဝဠာမျိုးတွေလည်း အများကြီး ရှိနေဦးမယ်ဆိုတာ သေချာတယ်။ ကျနော် အခုဆို အဲလို စကြဝဠာမျိုးတွေအကြောင်းပဲ တွေးတော့တာ။

စကြဝဠာတွေထဲမှာ ကျနော်တို့နှစ်ယောက် ဘယ်တော့မှ မပေါင်းဆုံဖြစ်တဲ့ စကြဝဠာတွေရယ် လို့လည်း ရှိတာ ပေါ့။ ကျနော် ဂရုမစိုက်ပါဘူး။ ကျန်တာတွေကလည်း သူမက ကျနော့်ကို အလိုမရှိတဲ့ စကြဝဠာတွေ။ ရှင့်ကို မလိုအပ်ဘူး လို့ကို ယတိပြတ် ပြောတာ။ အချို့ စကြဝဠာတွေမှာ အသာအယာ နားခံသာအောင် ပြောတယ်။ အချို့မှာကျ နာအောင် ပြောတယ်။ ဘယ်လိုပြောပြော အဲဒီစကြဝဠာတွေကိုလည်း ကျနော် ထည့်မတွက်ပါဘူး။ ကျန်တဲ့ စကြဝဠာတွေထဲကမှ သူမ ကျနော့်ကို ခေါင်းညိတ်လက်ခံတဲ့ စကြဝဠာကို ကျနော် ရွေးတယ်။ ဘာနဲ့တူသလဲဆိုတော့ သစ်သီးဆိုင်ကလေးမှာ ခင်ဗျားတို့ သစ်သီး ဝယ်ဖို့ ရွေးသလိုပေါ့။ လတ်ပေ့ ဝင်းပေ့ ချိုပေ့ဆိုတဲ့ အလုံးကို ကျနော် ရွေးတာ။

အဲဒီစကြဝဠာမှာတော့ ရာသီဥတုက သာယာချက်။ ချမ်းအေး ပူအိုက်တယ်ရယ်လို့မရှိ။ အဲဒီက တောအုပ်ကလေး ထဲမှာရှိတဲ့ အိမ်ကလေးတလုံးမှာ ကျနော်တို့ နေကြတယ်။ သူမက အိမ်ကနေ မိနစ်လေးဆယ်လောက် ကားမောင်းသွား ရတဲ့ မြို့က စာကြည့်တိုက်မှာ အလုပ်လုပ်တယ်။ ကျနော်ကကျ အဲဒါနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဒေသ ကောင်စီရုံးက ပညာရေးဌာနမှာ လုပ်တယ်။ တစ်ခါတရံ သူမ စာအုပ်စင်တွေပေါ် စာအုပ်တွေ စီနေတာကို ကျနော့်ရုံးခန်း ပြတင်းပေါက် ကနေ လှမ်းမြင်ရတယ်။ နေ့လယ်စာကျ ကျနော်တို့ အမြဲ အတူစားဖြစ်တယ်။ ပြီးတော့ ကျနော်က သူမကို မြတ်နိုးသလို၊ သူမကလည်း ကျနော့်ကို ချစ်တယ်။ ပြီး ကျနော်က သူမကို မေတ္တာထားသလို၊ သူမကလည်း ကျနော့်ကို စုံမက်တယ်လေ။ အဲဒီစကြဝဠာကို သွားရမယ်ဆို ကျနော် ဘာမဆို ပေးနိုင်တယ်။ ဒါပေမဲ့ လောလောဆယ်တော့၊ အဲဒီကို သွားဖို့ လမ်းမတွေ့ခင် စပ်ကြား၊ အဲဒီစကြဝဠာအကြောင်း စိတ်ကူးကြည့်နေရုံပဲ တတ်နိုင်တယ်။ ကျနော့်ကိုယ်ကျနော် အဲဒီ တောအုပ်ကလေးရဲ့ အလယ်မှာ သူမနဲ့အတူတကွ ပြီးပြည့်စုံတဲ့ ပျော်ရွှင်မှုမှာ ရောက်ရှိနေထိုင်လျက် လို့ ပုံဖော်ရတာပေါ့။

လောကမှာ အပြိုင်စကြဝဠာတွေဆိုတာ အရေအတွက်အားဖြင့် အနန္တပါ။ အဲဒီထဲက တခုမှာ ကျနော်ဟာ မြင်းတကောင်နဲ့ သံဝါသပြုလို့၊ အခြားစကြဝဠာတခုမှာကျ ကျနော်ဟာ ထီပေါက်လို့။ အဲဒီစကြဝဠာတွေ အကြောင်း ကျနော် အခု မစဉ်းစားချင်ဘူးဗျာ။ စကြဝဠာတခုတည်း အကြောင်းကိုပဲ စဉ်းစားချင်တယ်။ တောအုပ်ထဲက အိမ်ကလေး တလုံး။ အိပ်ခန်းထဲက ကြမ်းပြင်ပေါ်မှာ ကျနော်က လဲလို့။ လက်ကောက်ဝတ်ကို ဓားနဲ့လှီးထားတော့ သွေးတွေက ထွက်လို့။ အဲ - အဲသလို စကြဝဠာတခု လည်း ရှိတယ်။ အဲဒီစကြဝဠာပေါ့၊ ကျနော် သေမိန့်ကျထားပြီး မသေ မချင်း ရှင်နေရတာ။ အဲဒီစကြဝဠာအကြောင်းကို လောလောဆယ် ကျနော် မတွေးချင်ဘူးဗျာ။ အခြားစကြဝဠာတခု အကြောင်း ကိုပဲ တွေးချင်တာ။ တောထဲက အိမ်ကလေး။ နေဝင်ရီတရော။ အိပ်ရာအဝင် ခပ်စောစော။ အိပ်ရာပေါ်မှာ ကျနော့်လက် ကိုလည်း ဓားနဲ့လှီးမထားတော့ ခြောက်သွေ့လို့။ သူမက အဲဒီလက်မောင်းပေါ်မှာ ခေါင်းအုံးလို့။ ကျနော်တို့ တယောက်ကို တယောက် ဖက်ထားကြသေး။ ကျနော့် လက်မောင်းကြီး ရှိလို့ရှိမှန်း မသိလောက်အောင် ထုံကျဉ်လာတဲ့အထိ သူမက အကြာကြီးကို မှီလှဲနေတာ။ ဒါပေမဲ့ ကျနော် မလှုပ်ပါဘူး။ လက်ကို ရွှေ့မပစ်ဘူး။ သူမ အဲသလို လှဲမှီနေတာကို ကျနော် ကြိုက်တယ်။ သူမရဲ့ ကိုယ်လုံးနွေးနွေးအောက်မှာ ကျနော့်လက်မောင်းက ရှိနေတာ။ ကျနော့်လက်မောင်း ရှိလို့ရှိမှန်း မသိတော့ဘူး ဆိုရင်တောင်မှ ကျနော် အဲလိုနေရတာကို သဘောကျနေဦးမှာပါ။ သူမ စည်းချက်ကျကျ ပုံမှန် အဆက်မပြတ် အသက်ရှူနေတာကို အပ်ထားတဲ့ကျနော့်ပါးမှာ ခံစားလို့ရနေတယ်။ ကျနော့်မျက်လုံးတွေ မှိတ်စပြုပါပြီ။ အဲဒီအိပ်ရာ၊ အဲဒီတောအုပ်၊ အဲဒီစကြဝဠာထဲမှာတင် မဟုတ်။ ကျနော် ထည့်မတွေးချင်တဲ့ အခြားစကြဝဠာတွေမှာပါ။

တောအုပ်ကလေးရဲ့အလယ်၊ ကျနော် နှစ်နှစ်ခြိုက်ခြိုက် အိပ်လို့ပျော်တဲ့နေရာဆိုတာ လောကရဲ့ စကြဝဠာအနန္တမှာ၊ ဒီတနေရာ တည်းသာရှိကြောင်း ကျနော် သိနေရတာကိုက ကျနော့်အဖို့ ကျေနပ်စရာရယ်ပါ။

 

-Parallel Universes

-သုဒ္ဓ ဘာသာပြန်ဆိုသည်။

သီးသန့်အင်တာဗျူး

 

ကျနော် နံရံကို ဖြိုချနေခဲ့တယ်။

မိန်းမသတင်းထောက်တွေ အားလုံးက အပျက်မတွေလိုပဲ...၊ ကျနော်ကတော့ နံရံကိုဖြိုချနေခဲ့တယ်။

သူမ ကျနော့်ကို ထားသွားတာ လေးလလောက် ရှိပြီပေါ့။ ပထမတော့ ဒီလိုအိမ်ပြင်တာတွေဘာတွေက ကျနော့် ကို စိတ်သက်သာရာ ရစေမယ်လို့ ထင်ခဲ့မိတာပေါ့။ ဒါပေမဲ့ နောက်ကျ ကျနော့်ကို ပိုပြီး စိတ်တိုဒေါသဖြစ်အောင် လုပ်နေ သလို ဖြစ်လာတယ်။ ကျနော် ဖြိုချနေတဲ့ နံရံက ဧည့်ခန်းနဲ့ အိပ်ခန်းကြားထဲက နံရံဗျာ။ အဲဒီနံရံကို ဖြိုချလိုက်မှ လသာ ဆောင်က ကျနော့်အနောက်မှာ ရှိသလို ဖြစ်နေတော့မှာ...။ ဒါပေမဲ့ ကျနော် မှတ်မိနေသေးတယ်ဗျာ။ တခုခုကို မှတ်မိဖို့ ဆိုတာ အဲဒါ ကြီးကို မျက်စိရှေ့မှာ ပြန်မြင်စရာမလိုပါဘူး။ ဒါပေမဲ့ ကျနော်တို့ နှစ်ယောက် အဲဒီ လသာဆောင်မှာ တညလုံး ထိုင်နေ တတ်ကြဖူးတာကို ကျနော် သတိရမိသွားတယ်။

“ကြည့်ပါဦး...၊ ကြယ်ကြွေသွားတယ်။ ဆုတောင်း...၊ ဆုတောင်း ခု ဆုတောင်းရမှာ” လို့ သူမက ပြောတယ်။ ကျနော့် လည်ပင်းကို အနမ်းပေးရင်း “တခုခု ဆုတောင်းလေ” လို့ ဆိုတာနဲ့ ကျနော်လည်း အလျှော့ပေးရင်း “ပြီးရော...၊ ခု ဆုတောင်းနေပြီ” လို့ ပြောလိုက်တယ်။ “ဘာ ဆုတောင်းလိုက်လဲ...၊ လုပ်ပါ...၊ ပြောပြပါ” လို့ ကျနော့်ကို ပွေ့ဖက်ရင်း ထပ်မေး သေးတယ်။

“အခုလိုပဲ အမြဲဖြစ်ဖို့ပေါ့...၊ ဒီလိုလေးပဲ အမြဲတမ်းရှိနေဖို့” ကျနော် သူမဆံပင်တွေကို သပ်တင်ပေးရင်း ပြောပြ လိုက်တယ်။

“လေညင်းကလေးရယ်၊ လသာဆောင်ရယ်၊ ကိုယ်တို့နှစ် ယောက်ရယ်..၊ ဒါပဲ”

“မဟုတ်သေးဘူး” သူမက ကျနော့်ကို တွန်းဖယ်ပစ်ရင်း ပြောတယ်။ “အဲလိုဆုတောင်းရမှာ မဟုတ်ဘူး...၊ အခြားဟာ ဆုတောင်း၊ ကိုယ့်အတွက် ကိုယ်ဆုတောင်း...၊ ကိုယ့်တယောက်တည်းအတွက်”

“အိုခေ...အိုခေ” လို့ ကျနော်က ရယ်ရင်း ဆိုလိုက်တယ်။ “ကဲ... တွန်းထုတ်မနေပါနဲ့တော့၊ FZR 1000 တစီး လိုချင်တယ်...၊ Yamaha FZR 1000 တစီး”

“မော်တော်ဆိုင်ကယ်လိုချင်တာ?" သူမက အံ့ဩတကြီးနဲ့ ကျနော့်ကို ကြည့်ပြီး မေးတယ်။

“ဆုတခုပဲ တောင်းလို့ရတာကို မော်တော်ဆိုင်ကယ် တောင်းတယ် ဟုတ်လား” လို့ သူမက ထပ်မေးတယ်။

“ဟုတ်တယ်လေ...ချစ်ရော ဘာဆုတောင်းလဲ” လို့ ကျနော် မေးလိုက်တယ်။ “မပြောပြဘူး” တဲ့။

သူမက မျက်နှာကို ဆွယ်တာအင်္ကျီထဲမှာ ကွယ်ဝှက်လိုက်ရင်း “ပြောပြလိုက်ရင် အဲ့ဆုတောင်းက ပြည့်တော့မှာ မဟုတ်ဘူး” လို့ ဆိုတယ်။

ဒါပေမဲ့ မပြောပြဘူးဆိုရင်တော့ ဆုတောင်းက ပြည့်ချင်လည်း ပြည့်လိမ့်မယ်ပေါ့။ နှစ်လလောက်ကြာတော့ သူမလည်း သတင်းစာတိုက်တခုမှာ အလုပ်ဝင်မယ်ဆိုပြီး တဲလ်အဗစ်မြို့ကို ပြောင်းသွားတယ်။ ကျနော့်ကိုလည်း တလုံး တပါဒမှ ဘာမှပြောခြင်းမရှိ၊ ဒီအတိုင်း မပြောမဆိုကြီးကို ပျောက်သွားတာ။ သူ့အဖေအမေတွေကို လိပ်စာ မေးတော့ လည်း မပြောပြဘူးဗျာ လုံးဝ။ သူမက သူတို့ကို မှာခဲ့တယ်တဲ့...၊ ကျနော့်ကို သူ စကားမပြောချင်လို့ဆိုပြီး။ “ဘာလို့ မပြောချင်ရတာလဲ”

ကျနော် သူ့အဖေကို မေးတာပေါ့။

“ကျနော်က သူ့ကို နာကျင်အောင် လုပ်မိလို့လား” “တခုခု အမှားအယွင်း လုပ်မိလို့လား” ကျနော် ဆက်တိုက် မေးတော့ သူ့အဖေက ပုခုံးတွန့်ရင်း သူ မသိဘူး၊ သူ့ကို ဒီအတိုင်း ပြောခိုင်းလို့ ပြောတာပဲ လို့ပဲ ပြောတယ်။

“မစ္စတာ ဘရော့ခ်ျရယ်...၊ ဦးလေးရဲ့ သမီးနဲ့ ကျနော်နဲ့ တွဲနေတာ နှစ်နှစ်လောက် ရှိနေပြီ၊ ခုမှ ရုတ်တရက်ကြီး စကားမပြောချင်တော့ဘူးဆိုတာ ဖြစ်သင့်လားဗျာ၊ အနည်းဆုံးတော့ ကျနော့်ကို နည်း နည်းပါးပါး မရှင်းပြသင့်ဘူးလား” ကျနော်လည်း ဒေါသဖြစ်ဖြစ်နဲ့ အဘိုးကြီးကို ပြောပစ်မိတယ်။

“မင်း ဒီလိုလုပ်တာတော့ မကောင်းဘူးပေါ့ အလီရယ်...” သူ့အဖေက သူတို့အိမ်တံခါးကို မှီရင်းပြောတယ်...၊ ကျနော်တို့ စကားပြောနေတာ သူတို့အိမ်တံခါးရှေ့မှာလေ။ အဘိုးကြီးက သူ့ခေါင်း ပြောင်ပြောင်ကို လက်နဲ့ပွတ်ရင်း ဆက်ပြောတယ်။

“မင်းကို ထားသွားတာ သူလေ...၊ ငါမှ မဟုတ်တာ။ ဘာလို့ ငါ့ကို ဒီလေသံနဲ့ လာပြောနေတာတုံး...၊ ငါမင့်ကို ဘယ်တုန်းကမှ မကောင်းဖြစ်အောင် မလုပ်ဖူးဘူး...၊ ဒီတော့ မင်း ငါ့ကို ဒီလေသံနဲ့တော့ ပြောဖို့မသင့်ဘူး”

အဘိုးကြီးပြောတာက မှန်လည်းမှန်၊ ရှင်းလည်းရှင်းနေတာနဲ့ ကျနော်လည်း တောင်းပန်ပြီး ပြန်လာခဲ့လိုက် ပါတယ်။ အဘိုးကြီး ကြည့်ရတာ ရုတ်တရက်ကြီး သနားစရာ အထီးကျန်နေသူလို ဖြစ်သွားတယ်လေ။ အဲ့ဒီနောက်တော့ ကျနော် သူ အလုပ်လုပ်နေတဲ့ သတင်းစာ တိုက်ကနေတဆင့် ဆက်သွယ်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သူတို့တွေက ကျနော့် ကို သူ့အိမ်ဖုန်းနံပါတ်မပေးဘူး၊ သူကလည်း ဘယ်တော့မှ ရုံးမှာမရှိဘူး။ ဒါနဲ့ပဲ ကျနော်လည်း အကျိုးအကြောင်း Message ချန်ခဲ့ရတာပေါ့။ ကျနော့် Message တွေသာ အစောင် ၁၀၀၀ လောက် ဖြစ်သွားတယ်...၊ သူမကတော့ တစက်လေး မှတောင် ဖုန်းပြန်မခေါ်ခဲ့ဘူး။ နောက်ထပ် လနည်းနည်းကြာတော့ ကျနော်လည်း အိမ်ပြန်ပြင်မယ်ဆိုပြီး ဆုံးဖြတ်ချက် ချလိုက်တော့တယ်။

လူတွေကလည်း အော်ဟစ်လို့...။ နံရံကို ဖြိုချနေတုန်း တချက် နဲ့တချက် အကြားမှာ ကြားမှ လူတွေအော်ဟစ် နေတဲ့အသံက လမ်းပေါ်ကမှန်း သဘောပေါက်တယ်။ ကျနော့်အိမ်နဲ့ သိပ်ဝေးပုံမပေါ်တာနဲ့ ကျနော်လည်း အပြင်ထွက်လာ ခဲ့လိုက်တယ်။ လမ်းဆုံနားမှာ...၊ ကျနော်နဲ့ဆို မီတာသုံးဆယ်လောက် ကွာမှာပေါ့။ လူနှစ်ယောက် လမ်းပေါ်မှာ လဲလို့...၊ မိန်းမတယောက်က ကျနော့်ဆီ အော်ရင်း ပြေးလာတယ်။ သိုးမွေးဦးထုပ်အစိမ်းရောင် ဆောင်းထားတဲ့ ယောက်ျား တယောက်က သူ့နောက်ကလိုက်လို့...။ ကျနော်နဲ့ ဆယ်မီတာလောက်အကွာ ရောက်တော့ အဲ့လူက အမျိုးသမီးကို မိသွားပြီး ဆံပင်ကနေ ဖမ်းခေါ်တယ်။ နောက် အဲဒီအမျိုးသမီးလည်ပင်းရှေ့မှာ ဓားတချောင်းကို ကျနော် မြင်လိုက်ရတယ်။ သွေးတွေ...သွေးတွေမှ အများကြီး။ အမျိုးသမီးလည်း ဒူးထောက်လဲကျသွားတယ်...၊ ဟိုလူက သူ့လက်ကို နောက်ပြန်သိမ်း လိုက်တဲ့အချိန်မှာ ဓားလည်း မရှိတော့ဘူး။ သူမလည်း ခုတော့ လူသွားလမ်းမှာ လဲနေရှာပြီ...။ ဓားနဲ့လူက ကျနော့်ကို ကြည့်နေပြီး ကျနော့် ဘက်ကို နည်းနည်း ရွှေ့လာတယ်။ ကျနော် ထွက်ပြေးချင်ပေမဲ့ ကျနော့် ခြေထောက်တွေက လုံးဝ ရွှေ့မရဘူး။ သူကလည်း ပိုပိုနီးလာတယ်...၊ ခြေလှမ်းစိပ်စိပ်၊ ငယ်ငယ်တုန်းက ကလေးတွေ ထုပ်ဆီးတိုးတော့ အကဲ စမ်းသလိုဗျာ...၊ နောက်တောင် နည်းနည်း တွန့်သေးတော့တယ်။ တခုခုတော့ လွဲနေပြီလို့ ကျနော့်ကိုယ်ကျနော် ပြန်ပြော နေမိတယ်။ သူက ဘာလို့ ခုမှ ဖြည်းဖြည်းလေး လျှောက်နေရတာလဲ...၊ ခုနကကျ ဟိုမိန်းမ နောက်လိုက်လာတာ ဘီလူး သရဲ စီးသလိုပဲ။ ပြီးတော့ သူ့မှာ အသွား စင်တီမီတာ နှစ်ဆယ်လောက်ရှိတဲ့ ဓားလည်း ပါသေးတယ်..၊ ကျနော်ကဖြင့် ခြေညှပ်ဖိနပ်နဲ့ရယ်။ သူက ဘာကြောက်နေတာလဲ။ ကျနော့်ဆီ ပြေးလာပြီး ဓားနဲ့ထိုးလိုက်ရင် ရနေပြီကို။ အဲ့နောက်တော့ သူက လူသွားလမ်းပေါ်ကနေ လမ်းမပေါ်တက်လာတယ်...၊ ကျနော့်ဘေးမှာ တလှမ်းချင်း ပတ်ပြီး လျှောက်နေတယ်။ ကျနော်လည်း သူ့ကို စောင့် ကြည့်နေရတယ်...၊ ကျနော့်လက်ထဲမှာ ငါးကီလိုလေးတဲ့ တူတလက် ပါတယ်ဆိုတာလည်း သတိမရတချက် ရတချက်။ ကျနော် သူ့ဆီ လျှောက်သွားပြီး သူ့ခေါင်းကို တူနဲ့ လွှဲရိုက်ပစ်လိုက်တယ်။

သူမလှုပ်တော့ဘူး...၊ ကျနော်လည်း ပလက်ဖောင်းပေါ် ထိုင်ချလိုက်တယ်။ စတိုးဆိုင်က ကောင်လေးက ကိုလာ တဘူးနဲ့ ကျနော့်ဆီ ပြေးလာတယ်...၊ ကျနော်လည်း သူ့ကို ပိုက်ဆံပေးဖို့ ဘောင်းဘီအိတ်ထဲ လက်နှိုက်တော့ ကောင်လေး က အပေးမခံဘူးဗျ။ “ထားလိုက်ပါဗျာ” တဲ့။ “ကျနော်တိုက်တာပါ”

“လုပ်စမ်းပါ..ဂေဘီရာ၊ ယူစမ်းပါ” လို့ ကျနော်က ပြောပေမဲ့ ကောင်လေးက ကျနော့်လက်ကို ဆွဲထားပြီး အပေး မခံဘူး။ ကျနော်လည်း “ဒါဆိုလည်း ငါ့စာရင်းထဲ ထည့်မှတ်ထားလိုက်ကွာ” လို့ ပြောပြီး လှဲအိပ်ချလိုက်တယ်။ ကျနော် ရေ အရမ်းဆာနေတယ်...၊ သောက်ပစ် မလိုက်ခင်လည်း သူပေး၊ ကိုယ်ပေး လုပ်မနေဘဲ ရှင်းအောင် ပြောလိုက်ချင် သေးတယ်။ ကောင်လေးက “အင်းပါ...အင်းပါ၊ ခင်ဗျားစာရင်းထဲ ထည့်လိုက်ပါ့မယ်” လို့ ပြောတယ်။

ရဲတွေတောင် ရောက်မလာခင် အရင်ရောက်လာတာက ဓာတ်ပုံဆရာတွေ။ မော်တော်ဆိုင်ကယ်တွေ နဲ့ဗျ...၊ တယောက် က 600F နဲ့...၊ တယောက်က Harley နဲ့။ တက်တူးတွေနဲ့ ဆံရှည်တွေဆိုတော့ Hell's Angels တွေနဲ့တောင် တူသေးဗျာ။

“တူကို ဒီလိုလေး ကိုင်ထားပါလားဗျ....၊ ဒီလူ့ကို ခင်ဗျားက ခြိမ်းခြောက်နေတဲ့ ပုံစံမျိုးဗျာ။ တပုံလောက်ပဲ ရိုက်မှာပါ။ Harley ပေါ်က ကောင်က လာပြောတော့ ကျနော် ငြင်းလွှတ်ရတယ်။ သေချာရဲ့လား၊ ဘာညာနဲ့ လုပ်သေး တာ…၊ “ပုံထဲမှာ အဲ့ဒီအတိုင်းဆို တော်တော်လေး မိုက်သွားမှာဗျ” တဲ့။

နောက်တော့ ရဲတွေ ရောက်လာတယ်။ သတင်းထောက်တွေ ရောက်လာတယ်။ သတင်းထောက်တွေအကုန်လုံး အပျက်မတွေချည်းပဲ။

သတင်းစာတိုက်ပေါင်းစုံက လာကြတာ။ ကျနော်ကတော့ တယောက်မှကို စကားကို မပြောဘူး။ TVတွေ၊ ရေဒီယိုတွေကလည်း လာကြတယ်။ ကျနော်ကတော့ လက်ပြပြီး ထွက်လာခဲ့လိုက်တာပဲ။ TV က လူတွေက ဂေဘီ့ ဆီရောက်သွားတော့ အကုန်လုံး နောက်ကလိုက်ကြတာပေါ့။ ဂျေရုဆလင်သတင်းစာတိုက်က သတင်းထောက် တယောက် ပဲ ကျနော့်နောက် လိုက်ပြီး နှောင့်ယှက်နေတယ်။

“ဟေ့... ဟိုလေးလုံးကောင်... ဒီကိုလာစမ်းပါဦး”

အသံဖမ်းစက်ကို ရဲစုံထောက်တယောက်ရဲ့ လည်ဇလုတ်နား ရောက်အောင် အတင်းထိုးပေးနေတဲ့ သတင်းထောက်တွေထဲက တယောက်ကို ကျနော် လှမ်းအော်လိုက်တယ်။ မျက်မှန်နဲ့ လေးလုံးကောင်က ရဲစုံထောက် ပြောနေတာကို တဝက်တပျက်ကြီးနဲ့ ဖြတ်ပြီး ကျနော့်ဆီ လျှောက်လာတယ်။ “မင်းက ဟာအားရတ်စ်ကလား” ကျနော် မေးတော့ သူက စိတ်လှုပ်ရှားနေတဲ့အသံနဲ့ “ဟုတ်တယ်” လို့ ဖြေတယ်။ ဂျေရုဆလင်တိုက်က ကောင်ကလည်း တမျိုး ဗျာ...၊ “ခင်ဗျားက သူ့ကျဖြေတယ်...၊ ကျနော့်ကျ ဘာလို့မဖြေတာလဲဗျ” ဘာညာနဲ့။ “ကျုပ်ဖြေချင်လို့ ဖြေတာဗျာ...၊ ရှင်းလား” ကျနော်လည်း စိတ်မရှည်တော့ဘူး။ “ဘာလို့တုံးဆိုတော့ ခင်ဗျားတို့သတင်းစာက စောက်သုံးမကျလို့ဗျာ။ ဘာလို့လဲ သိတော့ ဘာထူးလဲ။ ကဲ ကျေးဇူးပြုပြီး လမ်းဖယ်ပေးစမ်းပါဦး”

မျက်မှန်နဲ့လူကို ကျနော်နဲ့အတူတူ လိုက်ခဲ့ဖို့ လက်ဟန်ခြေဟန် လှမ်းပြလိုက်တယ်။ တကယ်ဗျာ… ဂျေရုဆလင်တိုက်က ကောင်က တကယ့်ကော်ကျနေတာပဲ...၊ “သူတို့ လည်ပတ်ပုံကြောင့် ပါဗျာ” ဘာညာနဲ့ နာကျင်နေတဲ့ အသံနဲ့ ပြောသေးတယ်။ “သူတို့ လည်ပတ်ပုံကြောင့် အဲဒီလိုဖြစ်နေတာ တကိုယ်ကောင်းသမားရဲ့။ မင်းက ကြီးကြီး ကျယ်ကျယ် ပြောချင်တယ် ဟုတ်လား။ ခု မင်းက မင်းသူငယ်ချင်းတွေ ရှေ့မှာ ဟီးရိုးကြီးပါပေါ့...၊ ယောက်ျားဘသား လူသတ်သမားကြီးရဲ့...၊ ရွံတယ်” တံတွေးထွေးပြီး ထွက်သွားလေရဲ့။

“အိုခေ....” ဟာအားရတ်စ်က လူက စကားစတယ်။

“အရင်ဆုံး ကျနော်မေးချင်တာက..”

“အရင်ဆုံး ကျုပ်ပြောတာနားထောင်” သူ့လက်ထဲက အသံသွင်းစက်ကို ယူပြီး Stop ခလုတ်ကို နှိပ်ပစ် လိုက်တယ်။ “ခင်ဗျား အယ်ဒီတာဆီကို ခုသွား၊ ခင်ဗျားတို့အတွက် သီးသန့်အင်တာဗျူး လုပ်ပေးဖို့ ရယ်ဒီပဲဆိုတာ သွားပြောချေ။ သီးသန့်အင်တာဗျူးနော်...၊ TVတွေ၊ ရေဒီယိုတွေကို ကျုပ် စကားမပြောဘူး...၊ ကျုပ်အဘွားအရင်းတောင် မပြောဘူးဗျာ ရှင်းလား။ ဒါပေမဲ့ အကယ်လို့သာ...”

“ကျနော်တို့ အင်တာဗျူးလုပ်တဲ့သူတွေကို ကျနော်တို့ ပိုက်ဆံ မပေးဘူးဗျ” အဲဒီလူက ဖြတ်ပြောတယ်။

“ငါပြောတာ တချက်လောက် နားထောင်စမ်းပါဦး ငတုံးရဲ့” ကျနော်လည်း ဒေါသထွက်လာတယ်။

“ခင်ဗျားဆီက ကျုပ်ဘာပိုက်ဆံမှ မလိုချင်ဘူး၊ ဒါပေမဲ့ ကျုပ်ကို ဘယ်သူအင်တာဗျူးမလဲ ဆိုတာတော့ ကျုပ် ရွေးမယ်၊ ကြားလား။ ခင်ဗျားအယ်ဒီတာကို သွားပြော။ ကျုပ် အင်တာဗျူးခံဖို့ အသင့်ပဲ၊ ဒါပေမဲ့ ဒါဖနာဘရို့ချ် ဗျူးတာပဲ ကျုပ် လက်ခံမယ်”

“ဘရို့ချ်လား...” အဲဒီလူက ခေါင်းကုတ်ရင်းနဲ့...၊

“အသစ်ဝင်တဲ့ ကောင်မလေးလား...၊ အဲဒီ့ကောင်မလေးက အသွက်ကြီး မဟုတ်ဘူးဗျ”

“သွက်တာတွေ မသွက်တာတွေ ကျုပ် ဂရုမစိုက်ဘူး။ ဒါပေမဲ့ သူ အင်တာဗျူးတာပဲ လက်ခံနိုင်မယ်”

“တဆိတ်ဗျာ...” လေးလုံးကောင်က ပြောတယ်။ “ဒါနဲ့တော့ မဆိုင်ဘူးဆိုတာ ကျနော် သိပါတယ်။ ဒါပေမဲ့ နို့ထွက်ပစ္စည်း လုပ်ငန်းရှင်ကြီးများအသင်းအကြောင်း ကျနော်ရေးထားတဲ့ဆောင်းပါး ဖတ်ဖြစ်သေးလား”

“ဒါဖနာဘရို့ခ်ျကို ခေါ်လာခဲ့” ကျနော် နောက်တကြိမ် ထပ် ပြောလိုက်ပြီး အဲဒီလူဆီကနေ ထွက်လာခဲ့တယ်။

ကျနော့်အခန်းဆီ ပြန်ရောက်ဖို့အရေးကို ခုတော့ ဂေဘီ နားမှာ ဝိုင်းနေတဲ့ လူအုပ်ကြီးကို ဖြတ်ပြီး လမ်းပြန် လျှောက်လာရတယ်။ အားလုံးက အော်ကြ၊ ဟစ်ကြနဲ့၊ ဂေဘီက လူအုပ်ကြီးအလယ်မှာ လက်တပြပြနဲ့။ သူ့ ကြည့်ရတာ အဲဒီလိုဖြစ်တာကို သဘောကျနေတဲ့ ပုံပါပဲ။ စစ်တပ်ရေဒီယိုဌာနက စစ်သားနှစ်ယောက်က လက်ထဲမှာ မိုက်ကရိုဖုန်း ကိုယ်စီနဲ့ နည်းနည်းနောက်ကျပြီး ရောက်လာတယ်။ လူအုပ်ထဲ တိုးဖို့ ကြိုးစားတာ မရဘူး ဖြစ်နေတယ်။ သူတို့ထဲက အရပ်ပိုရှည်တဲ့ တယောက်ကို နိုင်ငံခြားကွန်ယက်တခုရဲ့ ကင်မရာမန်းက မျက်နှာတည့်တည့် တံတောင်စာ ကျွေးလိုက် သေးတယ်။

အဲဒီလူ နှာခေါင်းကနေ သွေးတွေထွက်၊ မျက်လုံးကြီး ယောင်ကိုင်းပြီး မျက်ရည်တွေပါ ထွက်လာပါလေရော။ ကျနော်လည်း အခြားလမ်းကနေသွားပြီး ကျနော့်တိုက်ရှိရာဆီကို အပြိုင်လမ်းကနေ ဝင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ နည်းနည်းတော့ လမ်းပိုရှည်သွားတာပေါ့။

“တကိုယ်ကောင်းသမား”ဆိုပြီး ဂျေရုဆလင်တိုက်က သတင်းထောက်က ကျနော့်ကို အော်ဟစ်ပြီး ကျန်ခဲ့လေရဲ့။

*

 

သူမ ရောက်လာတယ်။ သူ လာမယ်ဆိုတာ ကျနော် သိပါတယ်။ စကပ်အတိုအနက်နဲ့၊ ဆံပင်ကလည်း အတိ ညှပ်ထားတယ်။

“ကော်ဖီသောက်ဦးမလား” ကျနော်က ခပ်အေးအေးလေသံ ဖြစ်အောင် ကြိုးစားပြီး ပြောရတယ်။ “ငါ ရေနွေးအိုး တည်လိုက်မယ်လေ” သူမက ခေါင်းယမ်းတယ်။ စားပွဲမှာထိုင်ပြီး သူ့အိတ်ထဲကနေ အသံဖမ်းစက်အသေးလေးကို ထုတ်လိုက်တယ်။ စားပွဲပေါ်မှာ ပလာစတာတွေ ပေရေပြန့်ကျဲနေတာ အများကြီးပဲ။ အခန်းအလယ် တည့်တည့်မှာလည်း တဝက်တပျက် ဖြိုချထားတဲ့ နံရံကြီးနဲ့...၊ ကျနော့်အခန်း ကြည့်ရတာ ဗုံးကျဲခံထားရသလိုပဲ။

“သေချာလား...၊ ငါ ရေနွေးတည်လိုက်မယ်လေ” လို့ ကျနော်က ထပ်မေးတော့ သူက ခေါင်းကို ပိုသွက်သွက် ခါတယ်...၊ ပိုစိတ်လှုပ် ရှားလာသလို ပုံစံမျိုးနဲ့။

“အင်တာဗျူး...” သူမ စကားစတယ်...၊ စကားလုံးတွေက နင်နေသလိုမျိုး သူမရဲ့ လည်မျိုထဲကနေ ဗလုံးဗထွေး ထွက်လာတယ်။

“ကျမ ဒီကိုလာတာ အင်တာဗျူးလုပ်ဖို့” သူမက အသံ ဖမ်းစက်လေးကို စားပွဲပေါ် တင်လိုက်တယ်။

*

 

အင်တာဗျူး (က)

 

ဘာကြောင့်လဲ။
မင်း ဘာလို့ ငါ့ကိုထားသွားတာလဲဆိုတာ အတိအကျ မေးခွင့်ရှိမလား။
ပုခုံးမတွန့်နဲ့ ဆရာ၊ ငါ့ကိုဖြေစမ်းပါ...၊ အနည်းဆုံးတော့ ငါ့ကို အဖြေတခု ပေးသင့်ပါတယ်။

ရှင့်ကို ကျမ နာကျင်အောင် မလုပ်ချင်ပါဘူး။ အခုဆို ပိုတောင် မလုပ်ချင်သေးတယ်...၊ ဘာအကျိုးမှလည်းမရှိဘူး။

ငါ့ကို နာအောင် လုပ်စမ်းပါ...ဟင်...ငါ့ကို နာအောင်လုပ်စမ်း။ မင်းလုပ်ခဲ့တာနဲ့ ယှဉ်ရင် ပိုဆိုးစရာကို မရှိဘူး။

ဘာလို့လဲဆိုတော့ ရှင်က ဘယ်သူမှမဟုတ်လို့ပဲ...၊ ရှင်းလား...၊ ရှင်က တစုံတယောက် ဖြစ်မနေလို့ပဲ။ ရှင်က ဘာမှမလိုချင်ဘူး။ ဘာမှ မသိချင်ဘူး။ ဘယ်ဟာမှာမှလည်း မအောင်မြင်ချင်ဘူး။ ဘာဆိုဘာမှ ဖြစ်ချင်တယ်မရှိဘူး။ ရှင့်ဟာရှင် မထတမ်းထိုင်နေမယ်...၊ ပြီးရင် အတူရှိရတာ ဘယ်လောက်ကောင်းသလဲ၊ ဘာညာ ပြောမယ်။ ကောင်းတယ် ဆိုတာ တခုခုဖြစ်အောင် လုပ်တာမျိုး၊ ရအောင် ကြိုးစားနေတာမျိုးကို ပြောတာ။ ရှင် ဘာလုပ်သလဲ။ အိပ်မက်တစ်ခုကို ဘယ်လိုမက်ရမလဲ ဆိုတာတောင် ရှင် မသိဘူး။ ရှင်လုပ်တတ်တာ ဘာလဲ...၊ ဒီလေသာဆောင်မှာ ထိုင်မယ်၊ ကျမကို ဖက်ထားမယ် ပြီးရင် ချစ်တယ် ချစ်တယ်နဲ့ ပြောမယ်။ ကျမက အရုပ်တရုပ်လည်း မဟုတ်ဘူး။ ကျမက ရှင့်လိုမဟုတ်ဘူး။ အိပ်ရာဝင်နောက်ကျတာထက် နည်းနည်းလောက်တော့ ပိုကြီးတဲ့ အိပ်မက်တွေ ကျမမှာ ရှိတယ်။

မင်း ငါ့ကိုချစ်သေးလား။
ငါ့ကို နည်းနည်းလောက် ချစ်လား။
မင်း ငါ့ကို ချစ်ကောချစ်ဖူးရဲ့လား။
တော်ပြီ...မငိုနဲ့တော့။ ငါ ဆက်မပြောတော့ဘူး။ မင်းရဲ့မေးခွန်းတွေ မေးလို့ရပြီ။

 

အင်တာဗျူး (ခ)

 

ဒီအဖြစ်အပျက်ဖြစ်တဲ့ အချိန်တုန်းက ရှင်က လမ်းပေါ်မှာ ဘာလုပ်နေခဲ့သလဲ။

ဘာမှ လုပ်မနေဘူး။

တနေရာရာသွားနေတာလား။

မဟုတ်ဘူး...၊ ဘယ်မှသွားတာမဟုတ်ဘူး။ အော်သံဟစ်သံတွေ ကြားတာနဲ့ အပြင်ထွက်ကြည့်တာ။

တူက‌ရော...။

ငါ သူ့ခေါင်းကို တူနဲ့ ထုပစ်လိုက်တယ်။ အမယ်လေး...၊ ပြန် စဉ်းစားကြည့်တော့ တော်တော် ကြာပြီလိုပဲ။ ရုပ်ရှင် ထဲကဟာလိုလို ဘာ လိုလို။

ဟုတ်ပါပြီ...၊ ဒါပေမဲ့ ရှင့်လက်ထဲမှာ ဘာလို့ တူက ရှိနေရတာလဲ။

ငါ အိမ်ပြင်နေတာလေ။ ဧည့်ခန်းနဲ့ အိပ်ခန်းကြားထဲက နံရံကို ဖြိုချနေတာ။

ဒါတွေမဖြစ်ခင်က သူ့မျက်နှာကို သေချာ ကြည့်ဖြစ်သေးလား။ သေချာ မြင်လိုက်ရလား။

အင်း...နည်းနည်းပြည့်တယ်။ မျက်လုံးကြီးတွေက အညိုရောင်၊ ဝိုင်းနေတာပဲ။ မင်းမျက်လုံးတွေလိုပဲ။ ပါးစပ် ကတော့ နည်းနည်း ရွဲနေတယ်...၊ တခုခု လွဲနေသလိုမျိုး။ သိလား...၊ ဝမ်းချုပ်နေလို့ ဖြစ်ပျက်နေသလိုမျိုးကြီးလေ။

သူ့ကို တူနဲ့လွှဲရိုက်လိုက်တုန်းက ရှင့်စိတ်ထဲမှာ ဘာတွေ တွေးနေလဲ။

ဘာမှမတွေးပါဘူး။

ဘာမှမတွေးဘူး မပြောပါနဲ့။ ရှင် တခုခု တွေးနေခဲ့မှာပါ။

တကယ်ကို ဘာမှ မတွေးတာ...၊ တကယ်။

စတိုးဆိုင်က ဂေဘီနဲ့ ကျမ စကားပြောခဲ့တယ်။ အာရပ်လူက ရှင့်နားကို တိုးမလာဘူးဆို၊ ရှင့်လက်ထဲမှာ တူကြီးနဲ့မို့ ကြောက်နေတာလို့ ပြောတယ်။ သူက ထွက်ပြေးမလို့ ရှင့်ဘေးကနေ ပတ်လျှောက်ဖို့ ကြိုးစားတာကို ရှင်က သူ့ခေါင်းကို ရိုက်ထည့်လိုက်တာတဲ့။ ရှင် ခဏလေး စောင့်လိုက်လို့ ရတာကို..၊ ဒီတိုင်းလေး ရပ်စောင့် နေလိုက်ရင် သူ ထွက်သွားမှာပဲ။ အနည်းဆုံးတော့ ကျမ သိခဲ့တဲ့ အလီဆိုရင် ဒီလိုပဲ လုပ်မှာပဲ။

ငါ မင်းအကြောင်း တွေးနေတာ။

*

 

အပြင်ဘက်မှာ မော်တော်ဆိုင်ကယ် ရပ်လိုက်တဲ့အသံကို ကျနော်တို့ ကြားလိုက်ရတယ်။ “ဓာတ်ပုံဆရာလာပြီ” “သူ့နာမည်က လည်း အလီပဲ” လို့ သူမက ပြောတယ်။

“သူ စီးတာ ဘယ်လိုဆိုင်ကယ်မျိုးလဲ”

“ဪ ကျမက ဆိုင်ကယ်အကြောင်းတွေ တော်တော် သိတာ ဆိုတော့ မေးပေါ့” သူမက ရယ်ရင်း ပြောတယ်။

“ဒီတိုင်းပဲ မေးကြည့်တာပါ၊ မင်းများ သိမလားလို့” လို့ ကျနော် ပြန်ပြောလိုက်တယ်။

“FZR 1000၊ သူ့မှာ ရှင် ဆုတောင်းခဲ့ဖူးတဲ့ FZR 1000 ဆိုင်ကယ် ရှိတယ်…”

“မင်းသိလား... ငါသာ ငါ့ဆုတောင်းက ဘာလဲဆိုတာ မင်းကို မပြောပြခဲ့ရင် ငါလည်း တစီးရရင် ရမှာ”

“ကျမ သိတယ်...၊ စိတ်မကောင်းပါဘူးရှင်” သူမက ဇွတ်အားတင်းပြုံးရင်း ပြောလိုက်လေရဲ့။

 

-An Exclusive

-လင်းထယ် ဘာသာပြန်ဆိုသည်။

ငရဲဘုံက အမှတ်တရလက်ဆောင်

 

ဥဘက်ကစ်စတန်မှာ ငရဲတွင်းဝတည့်တည့် တည်ထားတဲ့ ရွာတရွာ ရှိတယ်။ လယ်စိုက်ဖို့ ရေခံမြေခံလည်း မကောင်းတဲ့အပြင် မြေသြဇာလည်း မဖြစ်ထွန်း။ ဒီတော့ ရွာသူရွာသားတွေရဲ့ အသက်မွေးဝမ်းကြောင်းက ခရီးသွား လုပ်ငန်းအပေါ် အဓိက အားထားနေရတာ။ ခရီးသွားလုပ်ငန်းလို့ ကျနော် ပြောတဲ့အခါ ဟာဝေယံရှပ်နဲ့ အမေရိကန် ဘောစိတွေ၊ လှုပ်နေတဲ့အရာ မှန်သမျှကို ဓာတ်ပုံလိုက်ရိုက်တဲ့ ပြုံးတုံ့တုံ့ဂျပန်တွေကို ပြေးမမြင်ပါနဲ့။ အဲဒီလိုလူတွေက ဘာလို့ ဥဘက်ကစ်စတန်လို စိတ်ပျက်ငြီးငွေ့စရာနေရာကို ရောက်လာကြမှာလဲ။ ကျနော်ပြောနေတဲ့ ခရီးသွားလုပ်ငန်း ဆိုတာ ပြည်တွင်းကို ပြောတာ။

ငရဲကထွက်လာတဲ့လူတွေက တယောက်နဲ့တယောက် မတူကြဘူး။ အတိအကျပြောဖို့ ခက်တယ်။ ပြည့်ပြည့် ဖြိုးဖြိုး၊ ပိန်ပိန်လျလျ၊ နှုတ်ခမ်းမွေး ထူလပျစ်၊ နှုတ်ခမ်းမွေး ငုတ်စိနဲ့ စသဖြင့် အစုံပဲ။ သူတို့မှာ ဘုံတူတာဆိုလို့ သူတို့ရဲ့ အပြုအမူပဲ ရှိတယ်။ သူတို့အားလုံး ငြိမ်ဆိမ် အေးဆေးပြီး ယဉ်ကျေးသိမ်မွေ့ကြတယ်။ သူတို့ ဘယ်တော့မှ ဈေး မဆစ် ကြဘူး။ ကိုယ်ဘာလိုချင်တယ်ဆိုတာလဲ သိကြတယ်။ တွေဝေအာချောင်နေတာမျိုး မရှိဘူး။ သူတို့ ဝင်လာတယ်၊ ဈေး ဘယ်လောက်လဲ မေးတယ်၊ ပါကင်ထုတ်တဲ့သူ ထုတ်၊ ဒီအတိုင်းယူတဲ့သူက ယူ၊ ဒါပဲ။

သူတို့အားလုံးဟာ ခဏတာပဲ လာတဲ့ဧည့်သည်တွေပဲရယ်။ တရက်ပဲ နေပြီး ငရဲဆီ ပြန်သွားကြတယ်။ ပြီးတော့ လူတယောက်ကို နှစ်ကြိမ်တွေ့မှာမဟုတ်ဘူး။ နှစ်တရာနေမှ တခေါက် ထွက်တာမို့လေ။ စည်းကမ်းကိုက အဲဒီ့လိုပဲ။ စစ်တပ်ထဲမှာ သုံးပတ်နေမှ စနေ၊ တနင်္ဂနွေ နှစ်ရက် ထွက်ခွင့်ရသလိုပဲ။ ဒါမှမဟုတ် တနာရီမှာ ငါးမိနစ်ပဲ ထိုင်ခွင့်ရတဲ့ အစောင့်ဂျူတီကျသလိုမျိုး။ ငရဲကလူတွေမှာလည်း အတူတူပဲ။ နှစ်တရာမှာ တရက်ပဲ အနားရတယ်။ အဲဒီအတွက် ဖြေရှင်းချက် ရှိခဲ့ရင်လည်း ဘယ်သူမှ မမှတ်မိကြတော့ဘူး။ ခုတော့ ရှိရင်းစွဲအတိုင်း ဆက်သွားနေတာပဲ။

အန်နာ သူ(မ)အဘိုးရဲ့ ကုန်စုံဆိုင်မှာ လုပ်တာ အတော်ကြာခဲ့ပြီ။ ရွာခံတွေကလွဲရင် ဈေးဝယ် သိပ်ရှိလှတာ မဟုတ်ဘူး။ ဒါပေမဲ့ သုံးလေးနာရီမှာ တခေါက်လောက်၊ ဆာဖာလ်နံ့ နံနေတဲ့ တယောက်ယောက် စီးကရက်တဘူး၊ ဒါမှမဟုတ် ချောကလက်ချောင်း၊ ဒါမှမဟုတ် အခြားတခုခု လာဝယ်တတ်တယ်။ အချို့ကတော့ သူတို့ တခါမှ မမြင်ဖူးပေမဲ့ အခြားအပြစ်သားတွေဆီက ကြားဖူးတဲ့ပစ္စည်းတွေ လာမေးကြတယ်။ ဒီတော့ အချို့တွေ ကိုလာဘူးကို မနည်းဖွင့်နေရတာ မျိုးတွေ၊ ချိစ်ကို အပေါ်က ပလတ်စတစ်အခွံမခွာဘဲ စားတာမျိုးတွေ သူ(မ) ရံဖန်ရံခါဆိုသလို မြင်ဖူးနေတယ်။ တခါတလေတော့ သူ(မ) သူတို့နဲ့ စကားစမြည် ပြောကြည့်ဖို့ ကြိုးစားဖြစ်တယ်။ မိတ်ဖြစ်ဆွေဖြစ် သဘောမျိုးပေါ့။ ဒါပေမဲ့ သူတို့ ဒီနိုင်ငံအကြောင်း ဘာမှ မသိကြဘူး။ နောက်ဆုံးတော့ သူ(မ)ကိုယ် သူ(မ) လက်ညှိုးထိုးပြပြီး အန်နာလို့ ပြော၊ သူတို့ကလည်း သူတို့ကိုယ်သူတို့ လက်ညှိုးထိုးပြီး ကလော့စ် ဒါမှမဟုတ် ဆုရင် ဒါမှမဟုတ် စတိဗ် ဒါမှမဟုတ် အေဝီလို့ ပြော၊ ပိုက်ဆံပေးပြီး ပြန်ထွက်သွားဆိုတာနဲ့ ညားရတာပါပဲ။ တစ်ခါတရံမှာ သူ(မ) သူတို့ကို အဲဒီ ညနေမှာ ပြန်တွေ့ တတ်တယ်။ အိမ်နားတဝိုက်မှာ အဖော်ရှာနေတာမျိုး၊ လမ်းထောင့်မှာ ထိုင်ပြီး ညနေခင်းကောင်းကင်ကို ငေးကြည့် နေတာမျိုး စသဖြင့်။ နောက်နေ့ကျရင်တော့ သူတို့ကို ပြန်မတွေ့ရတော့ဘူး။ ညမှာ တနာရီထက်ပိုမအိပ်နိုင်တဲ့ ဝေဒနာ စွဲကပ်နေတဲ့ သူ(မ)အဘိုးက သူတို့တွေ အရုဏ်တက်မှာ ငရဲကို ပြန်ဆင်းသွားတာကို တွေ့ဖူးကြောင်း ပြောတတ်တယ်။ ဝင်ပေါက်က သူတို့အိမ်ရှေ့ ဆင်ဝင်ဘေးမှာ ရှိတာတဲ့လေ။ လူသူမသိအောင် မူးရူးနေတဲ့ သူ(မ)အဖေ ညစ်တီးညစ်ပတ် သီချင်းတွေ ဆိုပြီး သူများတွေလို ဝင်ပေါက်ကနေ ဆင်းသွားတာကို အဲဒီဆင်ဝင်ကနေပဲ လှမ်းမြင်ခဲ့တာတဲ့။ နှစ်ကိုးဆယ် ကြာအပြီးမှာ သူလည်း တနေ့တော့ ပြန်လာသင့်တာပေါ့။

ရယ်စရာကောင်းပေမဲ့ အဲဒီလူတွေက အန်နာ့ဘဝမှာ တွေ့ဖူးသမျှထဲ စိတ်ဝင်စားစရာ အကောင်းဆုံး လူသား တွေပဲ။ သူတို့မျက်နှာတွေ၊ ဝတ်စုံအဆန်းကြီးတွေ၊ ငရဲရောက်ရလောက်အောင် သူတို့ ဘယ်လိုအကုသိုလ်တွေ ကျူးလွန် ခဲ့သလဲလို့ ခန့်မှန်းကြည့်ကြတာမျိုးတွေ။ သူတို့ လုပ်ခဲ့တာဆိုလို့ အဲဒါပဲ ရှိတာမို့လေတဲ့။ တစ်ခါတလေ သူ(မ) ဆိုင်ထိုင် ရတာ ပျင်းလာရင် နောက်ဝင်လာမယ့် အပြစ်သား ဘယ်လိုပုံရှိမလဲ စိတ်ကူးမြင်ယောင်ကြည့်တယ်။ ကြည့်ကောင်းတဲ့ ရုပ်မျိုး၊ရယ် ချင်စရာရုပ်မျိုးကို အမြဲတမ်း မြင်ယောင်ကြည့်တာပဲ။ တလတခါတော့ ခပ်ဖြောင့်ဖြောင့် ယောက်ျား တယောက်ယောက် ဒါမှမဟုတ် သာမန် ယောက်ျားတယောက်ယောက် ဘူးမဖွင့်ဘဲ စည်သွပ်ဘူးထဲက ဟာတွေ စားချင်တယ် ပြောတာမျိုး ကြုံရတယ်။ အဲဒီကျရင် သူ(မ)နဲ့ သူ(မ)အဘိုး အဲဒီအကြောင်းကို ရက်အတော်ကြာ ပြောဖြစ် ကြတယ်။

တခါသားက သူ(မ)ကြွေသွားလောက်တဲ့ အထိ ချောတဲ့ ယောက်ျားတယောက် ဝင်လာခဲ့တယ်။ သူက ဝိုင်အဖြူ ရယ်၊ ဆိုဒါရယ်၊ အပူအစပ်မုန့်တွေရယ် ဝယ်တယ်။ သူ(မ) ပြေစာ ပေးရမယ့်အစား သူ့ကို လက်ကနေဆွဲပြီး အိမ်ထဲ ခေါ်လာခဲ့တယ်။ ဒီလူကလည်း သူ(မ) ပြောသမျှစကားကို နကန်းတလုံးမှ နားမလည်ပေမဲ့ သူ(မ)နောက် လိုက်လာ ခဲ့တယ်။ သူ အစွမ်းကုန် ကြိုးစားရှာပါတယ်။ ဒါပေမဲ့ မရနိုင်ဘူးဆိုတာ သူတို့နှစ်ယောက်လုံး သိလိုက်ကြတဲ့အခါ ဒီဟာ ကိစ္စမရှိပါဘူး ဆိုတာ သူ နားလည်အောင် သူမ သူ့ကို ဖက်ပြီး ပြုံးပြတယ်။ ဒါပေမဲ့ မရပါဘူး၊ သူ တညလုံး ငိုနေခဲ့တယ်။ သူ ပြန်လာဖို့နဲ့ အစစအရာရာ အဆင်ပြေဖို့ သူ(မ) ညတိုင်း ဆုတောင်းတယ်။ သူထွက်သွားတဲ့ အချိန်ကစလို့ပဲ။ သူ(မ) ကိုယ့်ကိုယ်ကိုယ် အတွက်ထက် သူ့အတွက် ပိုဆုတောင်းတယ်။ ဒီအကြောင်းတွေ ပြောပြတော့ သူ(မ)အဘိုးက ပြုံးပြီး စိတ်ထားကောင်းတာပဲလို့ မှတ်ချက်ပေးတယ်။

နှစ်လအကြာမှာ သူ ပြန်လာတယ်။ သူ ဆိုင်ထဲဝင်လာပြီး အမဲသားဆန်းဒွပ်ချ် ဝယ်တယ်။ သူ(မ) ပြုံးပြတော့ သူကလည်း ပြန်ပြုံးပြတယ်။ အဲဒါ သူ မဖြစ်နိုင်ဘူးလို့ အဘိုးက ပြောတယ်။ လူတိုင်းသိတဲ့ အတိုင်း နှစ်တရာနေမှ တခါ ထွက်လာတာလေ။ သူ့အမြွှာပဲ ဖြစ်ရမယ် လို့ ပြောတယ်။ သူ(မ)ကိုယ်တိုင်လည်း သေတော့မသေချာဘူးရယ်။ သူတို့ အိပ်ရာပေါ်ရောက်တော့ အားလုံး ချောချောမွေ့မွေ့ ပြီးသွားကြတယ်။ သူ့ကြည့်ရတာ စိတ်ကျေနပ်မှု ရသွားသလိုပဲ။ သူ(မ) လည်း စိတ်ကျေနပ်မှု ရတယ်။ သူ(မ) ဆုတောင်းနေခဲ့တာ သူ့တယောက်တည်း အတွက်မဟုတ်တာ သူ(မ) ရုတ်တရက် နားလည်သွားတယ်။ သူ မီးဖိုချောင်ထဲဝင်တော့ သူ အရင်ထားခဲ့တဲ့အိတ်ကို တွေ့တယ်။ ဝိုင်အဖြူရယ်၊ ဆိုဒါရယ်၊ အပူ အစပ်မုန့်တွေရယ်။ သူလည်း ကောက်ယူပြီး အန်နာနဲ့ သူ့အတွက် သောက်စရာ ရောစပ်ဖျော်တယ်။ အမြှုပ်တစီစီနဲ့၊ အပူရော၊ အအေးရော၊ ဝိုင်တွေရော။ ငရဲကလာတဲ့ ဝိုင်အဖြူနဲ့ ဆိုဒါ အရောပေါ့။

မနက်မိုးလင်းတော့ သူပြန်ဖို့ အဝတ်အစားတွေ ဝတ်တယ်။ သူ(မ)က မသွားဖို့ပြောတော့ သူက ရွေးချယ်ခွင့် မရှိသူ တယောက်လို ပခုံးပင့်ပြတယ်။ သူ ထွက်သွားပြီးတဲ့နောက် သူ(မ) ဆုတောင်းတယ်။ တကယ်လို့ သူဆိုရင် တတိယ အကြိမ် ပြန်လာဖို့၊ သူမဟုတ်ရင် သူနဲ့ တူတဲ့ တယောက်ယောက်လောက် ရောက်လာဖို့။ သူ(မ) ဒီလိုအမှားမျိုး ထပ်ကျူးလွန်ဖို့ပေါ့။ သုံးလေးပတ်အကြာမှာ သူ(မ) စအန်တော့တယ်။ ကလေးဖြစ်ပါစေလို့ သူ(မ) ဆုတောင်းပေမဲ့ ရိုးရိုး ဖျားနာတာ ဖြစ်နေတယ်။ အဲဒီအချိန်မှာပဲ ရွာထဲကလူတွေ ဝင်ပေါက်ကို အတွင်းကနေ ပိတ်ပစ်ဖို့ အစီအစဉ်တွေ ဆွဲကြ တော့တယ်။ အန်နာ အရမ်းစိုးရိမ်သွားပေမဲ့ အဘိုးကတော့ အလုပ်မရှိ ကြောင်ရေချိုးတဲ့ သူတွေဖြစ်တဲ့ ကောလဟာလ တွေပါလို့ပြောတယ်။ “ဘာမှ စိုးရိမ်စရာမရှိပါဘူး” လို့ အဘိုးက သူ(မ)ကို ပြုံးပြီး ပြောတယ်။ “အဲဒီဝင်ပေါက်ကြီးရှိနေတာ နှစ်အတီတေကြာခဲ့ပေါ့။ ဘယ်သူမှ ပိတ်ဝံ့မှာမဟုတ်ဘူး” သူ(မ)လည်း အဘိုးပြောတာကို ယုံခဲ့တယ်။ ဒါပေမဲ့ တည မှာတော့ ဝင်ပေါက်ကြီး မရှိတော့ဘူးလို့ စိတ်ထင်သွားတယ်။ ဘာအကြောင်းမှမရှိဘဲ ဒီအတိုင်း သတိရသွားတာ။ အိပ်ပျော်နေတာလည်းမဟုတ်ဘူး။ သူ(မ) ညဝတ် အင်္ကျီနဲ့ ပြေးထွက်လာခဲ့တယ်။ ဝင်ပေါက်ကြီး ရှိနေသေးတာတွေ့တော့ ပျော်သွားတယ်။ အဲဒီနောက်တော့ သူ(မ) အောက်ကို ဆင်းသွားချင်စိတ် ဖြစ်ဖူးတာကို သတိရသွားပြန်တယ်။ သူ(မ) စုပ်ယူခံလိုက်ရသလိုမျိုး ခံစားရတယ်။ သူ(မ)ရဲ့ အထူးဧည့်သည်အပေါ်ရှိတဲ့ ခံစားချက်ကြောင့်လား၊ ဒါမှမဟုတ် မူးမူးရူးရူးအဖေကို တွေ့ချင်မြင်ချင် လွန်းလို့လား၊ ဒါမှမဟုတ် ဒီလောက် ငြီးငွေ့စရာကောင်းတဲ့ ရွာမှာ သူ(မ) တယောက်တည်း ဆက်မနေချင်တော့လို့လား။ သူ(မ) ဝင်ပေါက်နား ကပ်နားထောင်တယ်။ ခပ်လှမ်းလှမ်းမှာ လူတွေရဲ့ ဟစ်အော်ညည်းသံလိုလို၊ ရေစီးကျသံလိုလို ကြားရတယ်။ တိတိပပတော့ ပြောရခက်တယ်။ တော်တော်ဝေးတဲ့နေရာကနေ လာတာ။ နောက်ဆုံးမှာ သူ(မ) အိပ်ရာထဲ ပြန်ဝင်ခဲ့တယ်။ သုံးလေးရက်အကြာမှာ ဝင်ပေါက်ကြီး တကယ်ပိတ်သွားတယ်။ အောက်မှာ ငရဲဘုံ ရှိနေတုန်းပဲ။ ဒါပေမဲ့ ဘယ်သူမှ ထွက်မလာကြတော့ဘူး။

ဝင်ပေါက်ကြီးပိတ်သွားကတည်းက စီးပွားရေးကျပ်တည်းလာခဲ့တယ်။ သူ(မ)အဘိုး ဆုံးသွားတယ်။ သူ(မ) ငါးစိမ်းသည်ရဲ့ သားနဲ့ မင်္ဂလာဆောင်ပြီး ဆိုင်နှစ်ဆိုင်ကို ပေါင်းလိုက်တယ်။ သူတို့ ကလေးတွေရတော့ သူ(မ) ပုံပြင်တွေ ပြောပြတယ်။ ဆိုင်ထဲကို ဆာဖာလ်နံ့ တထောင်းထောင်းနဲ့ ဝင်လာတဲ့လူတွေအကြောင်းပေါ့။ ကလေးတွေ ကြောက်လန့်ပြီး ငိုကြရော။ ဒါပေမဲ့ ဘာကြောင့်မှန်း သူ(မ)ကိုယ်တိုင် နားမလည်ပေမဲ့လည်း သူတို့ကို သူ(မ) အဲဒီအကြောင်းတွေ ဆက်ပြောနေတုန်းပဲ။

 

-A Souvenir of Hell

-နေသန် ဘာသာပြန်ဆိုသည်။

ရှူးဖိနပ်များ

 

ဟိုလိုကော့စ် အောက်မေ့ခြင်းနေ့မှာ ကျနော်တို့ကို ဆရာမ ဆာရာက ဘတ်စ်ကားအမှတ် ၅၇ စီးပြီး ဗော်ဟိုင်းနီးယား ပြတိုက်ဆီ လိုက်ပို့ခဲ့တယ်။ ကျနော် အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ်တယောက်လို ခံစားရတာပေါ့။ ကျနော်ရယ်၊ ကျနော့် အစ်ကိုရယ်၊ ဒရက်မန်းဆိုတဲ့ ကောင်လေးရယ်က လွဲလို့ အတန်းထဲက ကျောင်းသားတွေအားလုံး အီရတ်ကပဲ။ ကျနော် တယောက်ပဲ ဟိုလိုကော့စ်မှာ ဆုံးသွားတဲ့ အဘိုးရှိတာ။ စကျင်ကျောက်အနက်နဲ့ ဆောက်ထားတဲ့ ဗော်ဟိုင်းနီးယား ပြတိုက်က လှပခံ့ညားလိုက်တာ။ သန်းကြွယ်သူဌေးအိမ်တွေ ကျနေတာပဲ။ ပြတိုက်ထဲမှာ ဟိုလိုကော့စ်အတွင်း သေဆုံး သွားတဲ့ လူတွေရဲ့စာရင်းရယ်၊ ကြေကွဲစရာ အဖြူအမည်း ဓာတ်ပုံတွေရယ်နဲ့ ပြည့်လို့။ ဓာတ်ပုံတွေ ဘေးကနေ နှစ်ယောက် တတွဲ ဖြတ်ရတယ်။ “ဓာတ်ပုံတွေကို မကိုင်ရဘူးနော်” လို့ ဆရာမက ပြောတယ်။ ဒါပေမဲ့ ကျနော် ပုံတပုံကို ကိုင်ဖြစ် အောင် ကိုင်ခဲ့တယ်။ ခပ်ပိန်ပိန်၊ ဖျော့တော့တော့ အမျိုးသားတယောက် လက်ထဲမှာ ဆန်းဒွပ်ချ်ကိုကိုင်ရင်း ငိုနေတဲ့ပုံ။ သူ့ပါးပြင်မှာ မျက်ရည်တွေ စီးကျနေပုံက လမ်းပေါ်က မျဉ်းကျားတွေလို။ ကျနော့်အဖော် အော်ရစ်ဆလမ်းက ကျနော် ဓာတ်ပုံ သွားကိုင်တဲ့အကြောင်း ဆရာမကို တိုင်မယ်ပြောတယ်။ ကြိုက်တဲ့သူကို သွားတိုင်၊ ကျောင်းအုပ်ကြီးကို သွားတိုင် တောင် ဂရုမစိုက်ဘူးလို့ ပြန်ပြောလိုက်တယ်။ ဒါ ငါ့ အဘိုးပုံပဲ။ ငါ ကိုင်ချင် ကိုင်မယ်။

ဓာတ်ပုံတွေပြပြီးတော့ ဟောခန်းမအကြီးကြီးထဲ ရောက်သွားတယ်။ ကုန်တင်ကားပေါ် တွန်းတင်ခံရပြီးနောက် အဆိပ်ငွေ့လွှတ် အသတ်ခံရတဲ့ ကလေးတွေအကြောင်း ရုပ်ရှင်ပြတယ်။ အဲဒါပြီးတော့ ရှူနာရှိုက်ကုန်း အဘိုးကြီး တယောက် စင်ပေါ်တက်လာပြီး နာဇီတွေဟာ ဘယ်လောက်ရက်စက်တဲ့ လူသတ်သမားတွေဖြစ်ကြောင်း၊ သူ ဘယ်လို လက်စားပြန်ချေခဲ့တဲ့အကြောင်း၊ စစ်သားတယောက်ကို သူ့လက်တွေနဲ့ လည်ပင်းညှစ်သတ်ခဲ့တဲ့အကြောင်း ပြောတယ်။ ကျနော့်ဘေးကပ်လျက်မှာ ထိုင်တဲ့ ဂျာဘီက အဘိုးကြီး လိမ်နေတာလို့ ပြောတယ်။ သူ့ခန္ဓာကိုယ် အချိုးအစားနဲ့ စစ်သား တယောက်ကို အနိုင်ယူခဲ့တယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးတဲ့။ ဒါပေမဲ့ ကျနော် အဘိုးကြီးရဲ့ မျက်လုံးတွေထဲကို တည့်တည့် ကြည့်အပြီးမှာ သူပြောသမျှကို ယုံခဲ့တယ်။ သူ့မျက်လုံးတွေထဲမှာ ဒေါသမီးလျှံတွေ တဟုန်းဟုန်း တောက်လောင်နေတာ။

သူ ဟိုလိုကော့စ်အတွင်း ဘာတွေ လုပ်ခဲ့တယ်ဆိုတာ ပြောအပြီးမှာ ကျနော်တို့ကြားခဲ့သမျှအားလုံးဟာ အတိတ် မှာတင်မက ခုပစ္စုပ္ပန်နဲ့လည်း ဆိုင်တယ်လို့ ဆက်ပြောတယ်။ ဘာလို့လဲဆိုတော့ ဂျာမန်တွေ ဆက်ရှိနေတုန်းဖြစ်ပြီး ဂျာမန် နိုင်ငံတော်ရယ်လို့ ဆက်ရှိနေတုန်းမို့တဲ့။ သူတို့ကို သူ ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူးလို့ ပြောတယ်။ ကျနော်တို့လည်း သူတို့နိုင်ငံကို ဘယ်တော့မှာ သွားမလည်ဘူးလို့ သူ မျှော်လင့်ပါတယ်တဲ့။ အကြောင်းကတော့ လွန်ခဲ့တဲ့ နှစ်ငါးဆယ် လောက်က သူ့မိဘတွေနဲ့အတူ ဂျာမနီကို သူ သွားလည်တော့ အရာအားလုံး အဆင်ပြေသလိုရှိပေမယ့် အဆုံးသတ်မှာ ငရဲခန်းလို ဖြစ်ခဲ့ရလို့တဲ့။ လူတွေမှာ ဖြစ်ရပ်ဆိုးတွေနဲ့ ပတ်သက်ရင် မှတ်ဉာဏ်က တိုတောင်းတယ်လို့ သူက ပြောတယ်။ လူတွေက မေ့လွယ်တယ်၊ ဒါပေမဲ့ မင်းတို့ မေ့မပစ်ရဘူး။ ဂျာမန်တယောက်ကို မြင်တိုင်း ငါပြောခဲ့တာတွေကို သတိရ လာမှာပါ။ ဂျာမနီထုတ်ကုန်ပစ္စည်းတွေ...တီဗွီပဲဖြစ်ဖြစ် (အဲဒီတုန်းက ဒီက တီဗွီအများစုက ဂျာမနီကနေလာတာ) အခြား ဟာပဲ ဖြစ်ဖြစ်...မြင်တိုင်း ပါကင်လှလှလေးအောက်မှာ သေဆုံးသွားတဲ့ ဂျူးတွေရဲ့ အရိုးတွေ၊ အသွေးတွေအသားတွေ ရှိတယ်ဆိုတာ အမြဲတမ်း သတိရနေမှာပါ။

ပြတိုက်ကပြန်အထွက်လမ်းမှာ ဂျာဘီက ဒီအဘိုးကြီး သူ့ဘဝ သက်တမ်းတလျှောက်လုံး ဘယ်သူ့ကိုမှ လည်ပင်း မညှစ်ဖူးတာ လောင်းတောင် လောင်းရဲသေးတယ်လို့ ထပ်ပြောပြန်တယ်။ ကျနော်ကတော့ အိမ်မှာ အမ်ကော တံဆိပ် ရေခဲသေတ္တာ ရှိနေတာ မိုက်တာပဲလို့ တွေးနေမိတယ်။

နှစ်ပတ်အကြာမှာ ကျနော့်မိဘတွေ နိုင်ငံခြားခရီးတခုကနေ ပြန်အလာမှာ ကျနော့်အတွက် အားကစားဖိနပ်တွေ ဝယ်လာတယ်။ ကျနော် လိုချင်နေတယ်ဆိုတာကို ကျနော့်အစ်ကိုက အမေ့ကို တိုးတိုးတိတ်တိတ်လေး သွားပြောထားလို့ အကောင်းဆုံး အားကစားဖိနပ်တွေ ဝယ်လာခဲ့တာ။ အမေ ကျနော့်ကို လက်ဆောင်ထုပ်ပေးတော့ ပြုံးနေတယ်။ အထဲက ဘာလဲဆိုတာ ကျနော် မသိဘူးပေါ့။ ဒါပေမဲ့ ကျနော် အိတ်ပေါ်က Adidas တံဆိပ်ကို တွေ့ကတည်းက သိလိုက်ပြီ။ ကျနော်ရှူးဖိနပ်ဘူးကို ဖွင့်ဖောက်ပြီး ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တယ်။ ဖိနပ်ဘူးဟာ အလောင်းပုံးတခုလို ထောင့်မှန်စတုဂံပုံနဲ့။ အထဲမှာ အပြာစင်း သုံးကြောင်းနဲ့ အဖြူရောင်ရှူးဖိနပ်တရံ။ ဘေးမှာ ‘Adidas’ ဆိုတဲ့ တံဆိပ် ထိုးထားတယ်။ ဘယ်လိုပုံစံလဲဆိုတာ ဘူးမဖွင့်လည်း သိနေပြီ။ “တော်မတော် စီးကြည့်ရအောင်” လို့ အမေက ထုပ်ပိုး စက္ကူကို ဖြေရင်း ပြောတယ်။ ကျနော် မသိဘူးထင်ပြီး အမေ တချိန်လုံး ပြုံးနေတယ်။ “ဒါ ဂျာမနီကလာတာ သိတယ် မို့လား” လို့ အမေ့လက်ကို တင်းတင်းဆုပ်ပြီး ပြောတယ်။ “အေး၊ အမေ သိတာပေါ့” အမေ ပြုံးပြန်တယ်။ “Adidas က တကမ္ဘာလုံးမှာ အကောင်းဆုံးတံဆိပ်ပဲ” အဘိုးကလည်း ဂျာမနီကပဲလေ။ ကျနော် အမေ့ကို အရိပ်အမြွက်ပြောဖို့ ကြိုးစားတယ်။ “မင့်အဘိုးက ပိုလန်ကပါ” လို့ အမေ ကျနော့်ကို ပြင်ပေးတယ်။ ခဏလောက် အမေ ဝမ်းနည်းသွားတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ပုံမှန် ပြန်ဖြစ်သွားတယ်။ အမေ ရှူးဖိနပ်တဖက်ကို ကျနော့်ခြေထောက်မှာ စွပ်ပေးပြီး ကြိုးချည် ပေးတော့တယ်။ ကျနော် ဘာမှမပြောဘဲ ငြိမ်နေတယ်။ အမေ ဘာမှ မသိဘူးပဲ။ အမေ ဗော်ဟိုင်းနီးယားပြတိုက်ကိုမှ မရောက်ဖူးတာ။ ဘယ်သူကမှလည်း အမေ့ကို ရှင်းပြပုံ မပေါ်ဘူး။ အမေ့ အတွက်တော့ ရှူးဖိနပ်တွေဟာ ရှူးဖိနပ်တွေပဲ၊ ဂျာမနီဟာလည်း ပိုလန်ပဲ။ အမေ ကျနော့်ကို ဖိနပ်စီးပေးတာကို ငြိမ်ခံနေလိုက်တယ်။ အမေ့ကို အကြောင်းစုံရှင်းပြပြီး ဝမ်းနည်းအောင် ထပ်လုပ်စရာ အကြောင်းမရှိဘူးလေ။

ကျနော် ကျေးဇူးတင်ပါတယ်လို့ ထပ်ပြောပြီး အမေ့ပါးကို နမ်းတယ်။ ကျနော် ဘောလုံးသွားကန်လိုက်ဦးမယ်လို့ ပြောခဲ့တယ်။ “မခိုက်မိစေနဲ့နော်” အိမ်ရှေ့ခန်းထဲက ကုလားထိုင်ပေါ်ကနေ အဖေကလည်း ရယ်ရယ်မောမောနဲ့ လှမ်းအော် ပြောတယ်။ “ဖိနပ်တွေ ချက်ချင်း ပါးမလာစေနဲ့ဟေ့” ကျနော့်ခြေထောက်အောက်က သားရေ အရောင်ဖျော့ဖျော့ ဖိနပ်ကို ထပ်ငုံ့ကြည့်တယ်။ ကြည့်ရင်းနဲ့ လည်ပင်း ညှစ်သတ်ခဲ့တယ်ဆိုတဲ့ အဘိုးကြီးပြောတာတွေကို သတိရသွားတယ်။ ကျနော် Adidas အပြာစင်းလေးတွေကို ကိုင်ကြည့်ပြီး ကတ်ထူပုံးထဲက အဘိုးကို သတိရသွားတယ်။ “စီးရတာ အဆင်ပြေရဲ့လား” လို့ အမေက မေးတယ်။ “သိပ်ပြေတာပေါ့၊ အမေရာ” လို့ အစ်ကိုက ဝင်ဖြေတယ်။ “အစ္စရေးထုတ် အပေါစားဖိနပ်တွေမှ မဟုတ်တာ။ ခရူးရဖ်ကြီး စီးတဲ့ ဖိနပ်တွေပဲလေ” ရှူးဖိနပ်တွေပေါ် ကျနော့်ဝိတ် တတ်နိုင်သမျှ နည်းနည်းပဲ ကျအောင် ကျနော် တံခါးဝဆီ ခြေဖျားထောက်ပြီး ဖြည်းဖြည်းလေး လျှောက်တယ်။ ဖွဖွလေး သတိထားလျှောက်လာပြီး ပန်းခြံထိ ရောက်လာခဲ့တယ်။ အပြင်ဘက်မှာ ဘိုရိုကော့ဗ်က ကလေးတွေ သုံးသင်း ဖွဲ့ပြီးနေပြီ။ ဟော်လန်ရယ်၊ အာဂျင်တီးနားရယ်၊ ဘရာဇီးရယ်။ ဘိုရိုကော့ဗ်က မဟုတ်တဲ့သူတွေကို သူတို့ ဘယ်တော့မှ ဝင်မပါခိုင်းပေမဲ့ ဟော်လန်မှာ တယောက်လိုနေ တာနဲ့ ကျနော့်ကို ဝင်ခွင့်ပြုလိုက်ကြတယ်။

အဘိုးကို မထိခိုက်မိရအောင် ကျနော့်ရှူးဖိနပ်ထိပ်နဲ့ မကန်မိဖို့ ပွဲအစမှာတော့ သတိထားမိသေးတယ်။ နောက်တော့ ကျနော် မေ့သွားတယ်။ ဗော်ဟိုင်းနီးယားပြတိုက်က အဘိုးကြီးပြောသလိုမျိုး လူတွေ မေ့တတ်ကြတယ် ဆိုတာလိုပေါ့။ ကျနော် ပင်နယ်တီဂိုးတောင် ရှူးနိုင်လိုက်သေးတယ်။ ပွဲပြီးတဲ့အခါ ကျနော် သတိရပြီး ဖိနပ်တွေကို ကြည့်မိတယ်။ ဖိနပ်တွေက ရုတ်တရက်ကြီးဆိုသလို ဘူးထဲမှာထက် ပိုစီးလို့ကောင်း၊ ပိုကန်လို့ကောင်းလာတယ်။ "ရိုးရိုးဂိုး ပဲလား” အိမ် အပြန်လမ်းမှာ အဘိုးကို ကျနော် မေးဖြစ်တယ်။ “ဂိုးသမား ဘောလုံးကိုတောင် မမြင်လိုက်ရဘဲ ဝင်သွား တာ” အဘိုး ဘာမှ ပြန်မပြောဘူး။ အဘိုးလည်း ကျေနပ်နေတယ်ဆိုတာ ခြေလှမ်းတွေအရ ကျနော် ပြောရဲတယ်။

 

-Shoes

-နေသန် ဘာသာပြန်ဆိုသည်။

ထူးဆန်းသော အေလွန်ရှမက်ချ် ပျောက်ဆုံးမှုကြီး

 

တခုသော အင်္ဂါနေ့မှာတော့ အေလွန်ရှမက်ချ်တယောက် ကျောင်းကို ရောက်မလာခဲ့ဘူး။ ဆရာမ နာဗာက ပလတ်စတစ်ပုံ ဆွဲကတ်တွေ ထုတ်ပေးတော့ ရခီ့ကိုပဲ နှစ်ခုပေးလွှတ်လိုက်တယ်။ ရခီနဲ့ ရှမက်ချ်နဲ့က သူငယ်ချင်းအရင်း ကြီးတွေ...သူတို့ အိမ်အချင်းချင်းလည်း သိကြတာကိုး။ ပိတ်ရက်တွေဆို မိသားနှစ်စု ပျော်ပွဲစားတွေဘာတွေ အတူတူ ထွက်ကြတာ။ ဘာလုပ်လုပ် တတွဲတွဲဆိုတော့ ရှမက်ချ်အတွက် ကတ်ကို ရခီ့ကို ပေးလိုက်တာ အဆင်ပြေဆုံးပဲလေ။

“ရခီ...ရှမက်ချ် နေမြန်မြန်ပြန်ကောင်းဖို့ တို့တတန်းလုံးက ဆုတောင်းပေးနေတယ်ဆိုတာလည်း ပြောဖို့ မမေ့နဲ့ နော်” ဆရာမက ထပ်သတိပေးလိုက်သေးတယ်။

ရခီတယောက် “ဒိုးစမ်းပါဗျာ...” လို့ ဟန်ပြုလိုက်ပေမယ့် ဆရာမကတော့ သူ ခေါင်းညိတ်ပြလိုက်တာပဲ ထင်သွားတယ်။

ဗုဒ္ဓဟူးနေ့ရောက်တော့ ရခီ တယောက်လည်း ကျောင်းကို ပေါ်မလာဘူး။ “သူလည်း ကူးပြီထင်တယ်”

အဗီရာခရန်တန်စတိုင်းက ခပ်ညည်းညည်း ပြောတယ်။ မေရာ ဆဘန်းကတော့ ယုံပုံမရဘူး။

“မဖြစ်နိုင်ဘူး။ နှစ်ကောင်သား သူတို့အိမ်ကလူတွေနဲ့အတူတူ ဟော်ကီကစားနေတာပဲဖြစ်မယ်” လို့ ပြောတယ်။

“ကမ်းခြေမှာ ပျော်ပွဲစားထွက်နေတာ နေမှာပေါ့” လို့ ပြောတဲ့ သူကပြော...။ ဆရာမ နာဗာက-

“တိတ်တိတ်နေကြစမ်း ကလေးတွေ” ဆိုပြီး အသံစူးစူးနဲ့ အော်တယ်။

“အိမ်စာတွေကို သူတို့နှစ်ယောက်ဆီ ဘယ်သူယူသွားပေးမလဲ” မေးတော့ အီဗဲလ်က “အေလွန်ဆီ ယူသွား ပေးမယ်...၊ ကျနော် တို့က တတိုက်တည်းနေတာ” တဲ့။

ဒီခလာက “သမီး ရခီ့ဆီ ယူသွားပေးမယ်” ဆိုပြီး ဘယ်သူမှ မပြောခင် အရင်ဦးအောင် ပြောလိုက်တယ်။ သူ ရခီ့ကို သဘောကျနေတာ အားလုံး သိတယ်လေ။

“သမီး ရခီ့ဆီယူသွားပေးမယ်” မေရာဆဘန်းက ဒီခလာ့အသံကို တုပြီးပြောတော့ အားလုံးက ဝိုင်းရယ်ကြရော။

“ဖျားနေတဲ့သူငယ်ချင်းကို ကူညီချင်တာ ဘာမှပြောင်စရာ မရှိဘူး။ နေမကောင်းတဲ့သူတွေ အခြေအနေ သိရအောင် ငါကိုယ်တိုင် သွားကြည့်မှာ ဘာဖြစ်လဲ” ဒီခလာက ကတ်ကတ်လန် ပြန်ပြောတာပေါ့။ “ငါ့ခြေထောက်ကို ကူညီချင်လိုက်တာ...၊ ဒီဟာလေးက ယားလိုက်တာမှ ရွလို့...၊ ဟောဒီခြေချောင်းလေး” ဂက်ဖနီက တိုးတိုးလေး အော်ပြော တာနဲ့ အတန်းထဲကနေ နှင်ထုတ်ခံလိုက်ရရော။

နောက်နေ့ကျတော့ အီဗဲလ်နဲ့ ဒီခလာတို့နှစ်ယောက်လည်း ပေါ်မလာကြဘူး။ “အခြားသူတွေတော့ မပြော တတ်ဘူး” ဆဘန်းက ဇာတ်လမ်းစတယ်။ “အီဗဲလ်ကတော့ ပထဝီစာမေးပွဲရှိလို့ အိမ်မှာ နေနေတာပဲ ဖြစ်မယ်။ ငါလောင်း ရဲတယ်”

“မဟုတ်မှလွဲရော...၊ သူတို့တွေ အူရောင်ငန်းဖျားများ ဖြစ်ကြသလားမသိ...၊ ဖတ်စာထဲမှာ ရှေးခေတ်လူကြီးတွေ လက်ထက်တုန်းက အူရောင်ငန်းဖျားသိပ်ဖြစ်တယ်ဆို”

အဗီဗာခရန်တန်စတိုင်းက ဒါကိုပဲ ထပ်ပြောပြန်ရော...၊ ဒါပေမဲ့ ဂက်ဖနီက သူ့စာအုပ်တွေအကုန် မီးပုံရှို့ပစ်မယ်လို့ ခြိမ်းခြောက်လိုက်တာနဲ့ ငြိမ်သွားတယ်။

ဆရာမ နာဗာကတော့ ပြောရှာတယ်။

“ကျောင်းပျက်တဲ့ကလေးတွေအိမ်ကို ဆရာမ ဖုန်းခေါ်ကြည့်သေးတယ်။ ကိုင်မယ့်သူမရှိဘူး” တဲ့။

“ကဲ သူတို့အိမ် လိုက်သွားကြည့်ရုံကလွဲလို့ တခြား မရှိတော့ဘူး။ ဒါပေမဲ့ သူတို့ဖြစ်နေတာက မကူးစက်နိုင်ဘူး လို့ ဆရာမ မပြောမချင်း မင်းတို့တွေ သူတို့ဆီ မသွားရဘူးနော်” လို့ ပြောတယ်။

ကျောင်းဆင်းတော့ တတန်းလုံး ဒေးဗစ်မင်းကြီး ပန်းခြံထဲက ပိုးစာပင်ကြီးဘေးမှာ ဆုံကြတယ်။

“ငါတို့သူငယ်ချင်းတွေဆီ မသွားရဘူးလို့ ပြောရအောင် ဆရာမက သူ့ကိုယ်သူ ဘာထင်နေလဲမသိဘူး” လို့ မေရာ ဆဘန်းက အော်လေရဲ့။ “သူ့ကိုယ်သူ အရမ်းမိုက်တယ် ထင်နေတယ်” ဂက်ဖနီကလည်း ထောက်ခံပြန်ရော။

“ဆရာမကို ငါတို့ အကြောင်းပြရမယ်...ငါတို့အားလုံး ဒီနေ့ ဂျက်ကီဆီ သွားမယ်။ ဘာအကြောင်းပြချက်မှ မလိုချင်ဘူးနော်... ခရန်တန်စတိုင်း။ နင့်ကို အဲဒီ့မှာမတွေ့ရင် နင့်ရဲ့ မျက်လှည့်ဘောပင်တွေ အကုန် ကိုက်စားပစ်မယ်”

ဒါပေမဲ့ နောက်ဆုံးတော့ ကျနော် မသွားနိုင်ခဲ့ပါဘူး။ “သူ နောက်ကျမယ်၊ ရေခဲသေတ္တာပြင်မယ့်သူ လာလိမ့်မယ်” ဆိုပြီး အမေက စာချန်သွားတော့ အိမ်မှာပဲ နေနေရတယ်။ တကယ် စိတ်ပျက်ပါတယ်ဗျာ...၊ ဂက်ဖနီကတော့ ကျနော့်ကို ယုံမှာပါ။ ကျန်တဲ့သူတွေကတော့ ကျနော်လျှောက်ပြောတယ်ပဲ ထင်မှာ။

သောကြာနေ့ရောက်တော့ ကျနော်နဲ့ မီရှဲဒီကာဆာဘလန်ကာပဲ ကျောင်းကိုရောက်လာတယ်။ ဆရာမတောင် ပေါ်မလာဘူး။ မီရှဲက ပြောတယ်..၊ ဒေးဗစ်မင်းကြီးပန်းခြံမှာ တွေ့ကြမယ့်အကြောင်း သူ့ကို ဘယ်သူကမှ မပြောဘူးတဲ့။ အဲဒါကြောင့် သူ အိမ်ပြန်သွားတာတဲ့။ ကျနော်တို့တွေ စက္ကူမှိုက်တွေထည့်တဲ့ခြင်းကို စားပွဲပေါ်တင်ပြီး တမနက်လုံး ဂျယ်လီ ဘောလုံးပစ်တမ်း ကစားနေတာပဲ။

တပတ်လောက်နေတော့ ကျနော်နဲ့ မီရှဲနဲ့ တော်တော်လေး အေးအေးဆေးဆေး ဖြစ်လာတယ်။ သူကလည်း ကျနော့်ကို ရယ်စရာ ကစားနည်းတွေ သင်ပေးနဲ့ ဟန်တွေကျနေကြတယ်။ အမေကတော့ ကျောင်းမှာဖြစ်ပျက်နေတာက တော်တော်လေး အဆင်မပြေဘူးလို့ ပြောပြီး မိဘတွေအကုန်လုံးကို စုချင်သေးတာ။

ဒါပေမဲ့ ဘယ်အိမ်ကမှ ဘာမှ အကြောင်းပြန်သံ မကြားရဘူး။ မီရှဲရဲ့ အိမ်က လွဲလို့ပေါ့။ ကျောင်းအုပ်ကြီး ဆီကလည်း ဘာသံမှ မကြားရဘူး။ သူ့အတွင်းရေးမှူး အပြောအရဆိုရင်တော့ ကျောင်းအုပ်ကြီးက လွန်ခဲ့တဲ့သုံးရက်တုန်း က ဖုန်းခေါ်ပြီး သူ ဆရာမနာဗာဆီ ဝင်မှာမို့ နည်းနည်းနောက်ကျမယ်လို့ လှမ်းပြောတယ်တဲ့။ အဲဒီကတည်းက ကျောင်းအုပ်ကြီး ဆီက ဘာမှ ထပ်မကြားရတော့တာပဲတဲ့။ အမေကတော့ ဒီကိစ္စကြီးတခုလုံးကို အရမ်းစိတ်ပူနေတယ်။ ဆေးလိပ်တွေ ဆက်တိုက်သောက်၊ ပညာရေးဝန်ကြီးဌာနဆီ စာတွေရေးပို့။

“အရမ်းလည်း စိတ်မပူပါနဲ့ မစ်အဘက်ဒါရယ်” လို့ မီရှဲက နှစ်သိမ့်တယ်။

“သူတို့အားလုံး ကမ်းခြေမှာ ပျော်ပွဲစားထွက်သွားကြတာလည်း ဖြစ်နိုင်တာပဲ”

သူ ပြောတာလည်း ဟုတ်ရင်ဟုတ်မှာပါ...၊ ကျနော်တော့ မပြော တတ်တော့ပါဘူး။ ဒါမှမဟုတ်လည်း အဗီဗာ ခရန်တန်စတိုင်းက သူ ပြောခဲ့တာ သူ သိရင်လည်း သိနေမှာ...၊ သူတို့အားလုံး အူရောင်ငန်းဖျား ဖြစ်ပြီး သေသွား ကြတာလည်း ဖြစ်နိုင်တာပဲမဟုတ်လား။

 

-A Mysterious Disappearance

-လင်းထယ် ဘာသာပြန်ဆိုသည်။

ပုရွက်ဆိတ်အပေါင်းတို့

 

ဓားတလက်နဲ့ ဒင်းတို့ခေါင်းတွေကို တကောင်ပြီးတကောင် လိုက်ဖြတ်နေမိတယ်။ ပြီးတော့ တွင်းပေါက်ဝမှာ စုပုံထားပြီး ကျနော် စောင့်နေလိုက်တယ်။ ပုရွက်ဆိတ်တကောင်ကတော့ ပေါင်မုန့်ဖတ် တစကို ချီလို့ သူ့တွင်းရှိရာ ပြန်လာနေပါတယ်။ သူ့ကို ဘယ်လိုကံကြမ္မာမျိုးက စောင့်နေတယ်ဆိုတာ သူ မသိရှာဘဲ တွင်းဝက ပုရွတ်ဆိတ်ခေါင်းပြတ် အပုံ ပေါ်ကို သူ ဖြတ်တယ်။ ကျနော် မီးခြစ်ဆံတချောင်းကို မီးညှိလိုက်တယ်။ ဒင်း မီးလောင်ပြီး သေသွားရှာတယ်။

အမေက ကျနော့်ကို ပြောတာ “မင်း ကျောင်းမတက်ချင်ရင် ကိုယ့်ဟာကိုယ် စာလုပ်”တဲ့။ အဖေကပြောတော့ “ကျောင်းက သင်တာတွေဟာ အလိမ်အညာနဲ့ အလေနတောချည်းပဲ”တဲ့။ ကျနော်ကတော့ အလိမ်အညာ အလေနတော ဖြစ်ဖြစ်၊ ကိုယ့်ဟာကိုယ် စာလုပ်ရမှာပဲ ဖြစ်ဖြစ် စိတ်ပါတာ မဟုတ်ဘူးရယ်။ ဒီတော့ စာမလုပ်ဘဲ ပုရွက်ဆိတ်တွေကို လုပ်နေတာ။

ကျနော် ကျောင်းမနေကတည်းက အဖေနဲ့အမေလည်း သူတို့ချင်း စကားသိပ်မပြောကြတော့ဘူး။ အမေက အဖေ့ကို အမြဲ အပြစ်တင်စကားတွေ မကြားနိုးနား ပြောနေတော့တာပဲ။

“ကျမမိဘတွေက ရှင့်ကို မယူဖို့ တွင်တွင်ပြောနေတဲ့ကြားက”

“ရှင့်ကိုယ်ရှင်လည်း ပြန်ကြည့်ပါဦး”

“မွန်းတည့်အောင်တော့ အိပ်တယ်၊ အလုပ်နဲ့ကျ မတည့်ဘူး” “အိမ်ကို ဟောင်းလောင်းသာ ပစ်ထား”

“ရှင်နဲ့ပတ်သက်ပြီး ဒီကလေးလည်း ဘာဂုဏ်ယူစရာရှိတုံး။ ခေါင်းမဖော်ဝံ့အောင် ရှက်တာနဲ့”

“ကလေးက အိမ်လည်းမကပ် ကျောင်းလည်းမပျော် လမ်းပေါ် ရောက်နေတာ ရှင်သဘောပေါက်”

ကျနော်ကတော့ အရှက်ရတယ်လည်း မဟုတ်ပါဘူး။ ကိုယ့် အလုပ်နဲ့ကိုယ် ရှုပ်နေတာ။ ပုရွက်ဆိတ်တွေကို သင်ခန်းစာ ပေးနေတာလေ။ အလုပ်ကို ဖြစ်လို့။ ကျနော် ရပ်ဆိုရပ်။ ကျနော်က သွားဆို သွား။ အမယ် သူ့လမ်းကြောင်း နဲ့သူ မရပ်မနား သွားကြရတာ။ စက္ကန့်ဝက်ထက် ပိုတုံ့ဆိုင်းမနေဘူး။

ကျနော်က ပုရွက်ဆိတ်အပေါင်းရဲ့ ဘုရားသခင် ဖြစ်နေတာ။ သေဆိုသေ ရှင်ဆိုရှင် ကျနော့်အကြောင်း သူတို့ သိလာကြတယ်။ အကြောင်းသိလို့ကတော့ ပုရွက်တွင်းအုံလည်း အစာရေစာ ကုံလုံအံ့။ အကြောင်းမသိလို့ကတော့ ကျနော့် ခြေဖဝါးတော်အောက် ဒင်းတို့ ထောင်းလမောင်းကြေ ပြားပြားဝပ်ရလေလတ္တံ့။

ကြာလာတော့ အမေက ကျနော့်ကို သူနဲ့ခေါ်ပြီး အိမ်ကနေ ဆင်းတယ်။ ရော်ဘင် ဆိုတဲ့လူနဲ့ သွားနေတယ်။ ဒါပေမဲ့ ကျနော်က အိမ်ကိုပဲ ပြန်ပြေးလာပါတယ်။ ကျနော့်အစီအစဉ်နဲ့ ကျနော် ရှိပြီးသား။ အဖေ့ဂုဏ်၊ အဖေ့သိက္ခာကို ပြန်လည်ချီးမြှောက်ဖို့အတွက် ကလဲ့စား။ ပုရွက်ဆိတ်တွေကို ပညာပေးတဲ့ အစီအစဉ် ရိုးရိုးလေးပါပဲ။

ပုရွက်ဆိတ် နှစ်ကောင်က ပေါင်မုန့်ဖဲ့။

ဆယ်ကောင်က သံလွင်ရွက်။

အကောင် ဘီလီယံပေါင်းသုံးဆယ်က စာသင်ကျောင်းကို လေထဲ ချီမြှောက်လို့။

“ငါ့ကိုလည်း အောက်ကို ပြန်ချပေး” လို့ ချီမြှောက်ခံရတော်မူသော ဂုဏ်သရေရှိ လူကြီးမင်းက အော်နေပါရော။

“အခုချက်ချင်း အောက်ပြန်ချ”

ဒါပေမဲ့ ပုရွက်ဆိတ်တွေက သူ့စကားနားမထောင်တဲ့အပြင်၊ သူ့အပေါ် သေးနဲ့တောင် ပန်းလိုက်ကြသေး။ ကျနော့် ပုရွက်ဆိတ်တွေက ကျနော် အမိန့်ပေးတာကိုပဲ နာခံတာလေ။ အခုဆိုရင် ကျောင်းသား ကလေးတွေက စာသင်ခန်း ပြတင်းပေါက်ကနေ ခုန်ထွက်နေကြပါပြီ။ တယောက် အပြင်ထွက်သွားလေ၊ ချီရတဲ့ ပုရွက်ဆိတ်တွေအဖို့ တယောက်စာ ပေါ့ပါးသွားလေပါပဲ။ ရွေ့ရွေ့မဟုတ်ဘဲ မြန်မြန်သယ်လို့ ရတယ်လေ။ ငါးမိနစ်တောင် မပြည့်သေးဘူး၊ ချီတဲ့ကောင်တွေက ပြေးနေကြပါရော။

တန်ခိုးရှင်လူစွမ်းကောင်းကြီးကျနော် အိမ်ကို ပြန်ရောက်ပါပြီ။ ပုရွက်ဆိတ်တွေကရော ကျောင်းသားကလေးတွေ ကရော ကျနော့်ကို အထင်တွေကြီးလို့။ စာသင်ကျောင်း မရှိတော့ဘူးလေ။ အဖေနဲ့ ပတ်သက်ပြီး ရယ်မော လှောင်ပြောင်မယ့် သူလည်း မရှိတော့ဘူး။ အရင်တုန်းက အခြေအနေအတိုင်း ပြန်ဖြစ်သွားပါပြီ။ ဒါတွေ အဖေ့ကို ပြောပြ မလို့ဟာ၊ အဖေက အိမ်မှာ မရှိဘူး။ ကျနော် တခန်းဝင် တခန်းထွက် စစ်ဆေးကြည့်တယ်။ အဖေက ဧည့်ခန်းထဲလည်းမရှိ၊ အိပ်ခန်းထဲလည်း မရှိ။ အဖေ သိပြီးသားလည်း ဖြစ်ချင်ဖြစ်မှာ။ ကျနော် ထင်တယ်။ သူ အလုပ်တွေဘာတွေ ပြန်လုပ် နေလောက်ပြီ။

ဒါပေမဲ့ အဲဒီလို မဟုတ်ပါဘူး။ မီးဖိုချောင်တံခါးကနေ အဖေ့ကို လှမ်းမြင်လိုက်ရတယ်။ အိမ်ဝင်းထဲမှာပဲ။ အဝတ်မပါ အစားမပါ ကိုယ်တုံးလုံးနဲ့။ ပုရွက်ဆိတ်အုံဘေးမှာ လေးဘက်ထောက်လျက်သား ကုန်းကုန်းကွကွကြီး။

 

-Ants

-သုဒ္ဓ ဘာသာပြန်ဆိုသည်။

ကျနော့်အခင်ဆုံးသူငယ်ချင်း

 

မနေ့ညက ကျနော့်အခင်ဆုံးသူငယ်ချင်း ကျနော့်တံခါးပေါ် သေးပန်းခဲ့တယ်။ ကျနော်နေတာ လေးလွှာမှာ။ ဓာတ်လှေကား မရှိဘူး။ ခွေးတွေ အဲဒီလိုမျိုး တစ်ခါတလေ လုပ်တတ်တယ်။ အခြားခွေးထီးတွေ မလာအောင် သူ့ပိုင်နက်လို့ ကြေညာတဲ့သဘော။ ဒါပေမဲ့ သူက ခွေးမဟုတ်ဘူး၊ သူက ကျနော့်အခင်ဆုံးသူငယ်ချင်း။ ဒါ့အပြင် အဲဒါ သူ့ပိုင်နက်မှ မဟုတ်တာ၊ အဲဒါ ကျနော့်တိုက်ခန်းတံခါးလေ။

အဲဒါမတိုင်ခင် လေးငါးမိနစ်လောက်မှာ ကျနော့်အခင်ဆုံး သူငယ်ချင်း ဘတ်စ်ကား စောင့်နေခဲ့တာ။ သူ ဘာလုပ် ရမှန်းမသိဘူး။ တဖြည်းဖြည်းနဲ့ သူ့ဆီးအိမ်က တင်းလာတယ်။ ဘတ်စ်ကား မကြာခင် ရောက်လာတော့မှာလို့ သူ့ကိုယ်သူ ပြန်နှစ်သိမ့်ကြည့်တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ မိနစ်နှစ်ဆယ်တုန်းကလည်း သူ့ကိုယ်သူ အဲဒီလိုမျိုး ပြောနေခဲ့တာ။ အဲဒီ နောက်တော့ သူ့အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကျနော် ဒီနားတဝိုက်မှာ နေတယ်ဆိုတာ သတိရသွားတယ်။ ၁၄ ဇမန်ဟော့ဖ် လမ်း၊ လေးလွှာတိုက်ခန်းမှာ။ သူ မှတ်တိုင်ကနေ ကျနော့်တိုက်ခန်းရှိရာဆီ လမ်းလျှောက်လာခဲ့တယ်။ အပြေးကလေး လာခဲ့တယ်ဆိုရင် ပိုမှန်မယ်။ ခြေလှမ်းလှမ်းတိုင်းမှာ ဆီးအိမ်က ပိုပို တင်းလာတာ။ အနီးအနား တွေ့တဲ့အိမ်ထဲ ခိုးဝင်ဖို့၊ နံရံတခုခုပေါ် ဒါမှမဟုတ် သစ်ပင်တပင်နား ဒါမှမဟုတ် ဓာတ်ဆီကန်တခုခုပေါ် ပေါက်ချလိုက်ဖို့တောင် တွေးမိတယ်။ အဲဒီအကြံရတော့ သူ ကျနော့်တိုက်ခန်းနဲ့ မီတာငါးဆယ်လောက်ပဲ လိုတော့တာ။ အဲဒီလိုလုပ်တာက ရိုင်းလည်းရိုင်းပျသလို သူရဲဘောကြောင်ရာလည်းကျတယ်လို့ တွေးမိသွားတယ်။ ကျနော့်အခင်ဆုံး သူငယ်ချင်းမှာ အားနည်းချက်မရှိဘူးလို့ ပြောချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီကောင် သူရဲဘောကြောင်သူတယောက် မဟုတ်တာတော့ သေချာတယ်။ အဲဒါ ကြောင့် သူ မီတာငါးဆယ်လောက် အားတင်းလျှောက်လာပြီး ကျနော့်အခန်းရှိရာ လေးလွှာထိ တက်လာခဲ့တယ်။ လှေကား တထစ် တက်တိုင်း ဆီးအိမ်က ပေါက်အံ့ဆဲဆဲ ပူဖောင်းတလုံး လို ပိုပို တင်းလာတယ်။

သူ လှေကားထစ်တွေလည်း ကုန်အောင်တက်အပြီးမှာ ကျနော့် အခန်းရှေ့ ရောက်တယ်။ တံခါးခေါက်တယ်။ လူခေါ်ဘဲလ် တီးတယ်။ တံခါးထပ်ခေါက်တယ်။ ခပ်ပြင်းပြင်း။ ကျနော် အိမ်မှာ ရှိမနေဘူး။ သူ လိုအပ်နေချိန်မှာ သူ့အခင်ဆုံး သူငယ်ချင်း ကျနော်က သူ့ကို ချန်ထားရစ်ခဲ့ပြီး ဘားထဲမှာ ကံဆိုးသူမယ်ရှင် ကောင်မလေးတယောက်ကို ကြူနေခဲ့တယ်လေ။ ကျနော့်အခင်ဆုံးသူငယ်ချင်းဟာ ကျနော့်တိုက်ခန်းတံခါး ရှေ့မှာ စိတ်ပျက်လက်ပျက်နဲ့ ရပ်နေခဲ့တယ်။ သူ ကျနော့်ကို မျက်စိမှိတ် ပစ်ယုံခဲ့တယ်။ ဒီတော့ အခါနှောင်းခဲ့ပြီ။ လေးလွှာပြန်ဆင်းပြီးတဲ့အထိ အောင့်မထားနိုင် တော့ဘူး။ ဒီတော့ သူ “ဆောရီးပဲ” ဆိုတဲ့ ကြေမွနေတဲ့ စာတိုလေး ချန်ခဲ့ရုံရှိတာပဲ။

အဲဒီညက ကျနော့်အိမ်လိုက်လာဖို့ ခေါင်းညိတ်ခဲ့တဲ့ ကောင်မလေးက သေးကွက်ကို မြင်တော့ လိုက်လာမိတာ မှားပြီလို့ ပြောတယ်။ “နံပါတ်တစ် - ရွံဖို့ကောင်းတယ်။ ကျမ သေးစိုနေတဲ့အခန်းထဲ ဝင်မှာ မဟုတ်ဘူး။ နံပါတ်နှစ် - အဲဒါကို ရှင်သုတ်လိုက်မယ် ဆိုရင်တောင်မှ တခန်းလုံး အနံ့စွဲနေလောက်ပြီ။ နံပါတ်သုံး...” သူ(မ) နှုတ်ခမ်းကို ကွေးပြီး ဆက်ပြောတယ်။ “ရှင့်အခင်ဆုံးသူငယ်ချင်း ရှင့်အခန်းတံခါးပေါ် သေးပန်းသွားတာ တခုခုကို ဖော်ပြနေတာပဲ” ခဏလောက် ငြိမ်သွားပြီး ထပ်ရှင်းတယ်။ “ရှင့်အကြောင်းပေါ့” ပြီးတော့ ထပ်ငြိမ်သွားပြန်တယ်။ “သိပ်မဟန်ဘူး” အဲဒီ့ နောက် သူ(မ) ထွက်သွားခဲ့တယ်။

ခွေးတွေ ကိုယ့်ပိုင်နက် ဘယ်လိုသတ်မှတ်သလဲ ပြောတာ သူ(မ)ပဲ။ အဲဒါပြောတော့ ခွေးဆိုတဲ့ စကားလုံး နောက်မှာ ခဏနားပြီးတော့ ကျနော့်ကို အဓိပ္ပါယ်ပါပါ ကြည့်တယ်။ ကျနော့် အခင်ဆုံးသူငယ်ချင်းနဲ့ ခွေးတကောင် ဘုံတူတာတွေ တော်တော်များများ ရှိတယ်ဆိုတဲ့ အကြည့်မျိုး။ အဲဒီလိုကြည့်ပြီး သူ(မ) ပြန်ထွက်သွားခဲ့တာပဲ။ ကျနော် မီးဖိုချောင် ထဲကနေ အဝတ်တံမြက်စည်းနဲ့ ရေတပုံး သွားယူတယ်။ သန့်ရှင်းရေး လုပ်နေတုန်းမှာ ကျနော် “We Shall Overcome” သီချင်းကို ညည်းတယ်။ သူ(မ)ကို ပါးမရိုက်ခဲ့တဲ့အတွက် ကျနော် ကိုယ့်ကိုယ်ကိုယ် ကျေနပ်ဂုဏ်ယူမိတယ်။

-My Bestfriend

-နေသန် ဘာသာပြန်ဆိုသည်။

ကတ်ဇန်စတိုင်း

 

ငရဲပြည်မှာ သူတို့က ကျနော့်ကို ရေနွေးပွက်ပွက်ဆူနေတဲ့ သံဒယ်ကြီးထဲ ထည့်ပြုတ်ကြတယ်။ ကျနော့် အသားတွေ ဆိုတာ လောင်ပြီး ကြွေကျ မတတ်၊ အရည်ကြည်ဖုတွေ ထပြီး နာကျင်လွန်းကြီးအားလို့ မနားတမ်း အော်နေ ရတယ်။ ပြီးတော့ အဲဒီမှာ ဖန်သားပြင်အကြီးကြီးလည်း ရှိသေးတယ်...။ ကောင်းကင်ဘုံမှာ ဘာတွေဖြစ်နေသလဲ ဆိုတာကို အဲဒီ ဖန်သားပြင်ကြီးကနေတဆင့် အကုန်မြင်နေရတာပေါ့။ အဲဒီဖန်သားမျက်နှာပြင်ပေါ်မှာ မြင်နေရတာတွေကို ကြည့်၊ သည်းအူပြတ်မတတ် ခံစားပြီးရင်း ခံစားရ...။ ကျနော့်အထင် အဲဒီထဲမှာ အဲဒီကောင်ကို ဖျတ်ကနဲ တွေ့လိုက်တယ်လို့ ထင်တယ်။ ဂေါ့ဖ်ရိုက်နေတာလား၊ ခရစ်ကတ် ကစားနေတာလား..၊ တခုခုပဲ။ သူ ပြုံးနေတာကို အနီးကပ်ရိုက်ပြတာကို မြင် လိုက်ရသေးတယ်။ အဲဒါပြီးပြီးချင်းပဲ ဒီစုံတွဲ ချစ်တင်းနှောနေတာကို ပြတယ်။

တခါတုန်းက ကျနော်တို့ ချစ်တင်းနှောပြီးတော့ မိန်းမက ကျနော့်ကိုပြောတယ်...

“ခုနစ်နှစ်လုံးလုံး ရှင် သူတို့ဆီမှာ ကျွန်လို လုပ်ပေးခဲ့တယ်၊ ပိတ်ရက်တောင် အိမ်ကို အလုပ်တွေယူလာပြီး လုပ်ပေးတယ်၊ ခု... ကြည့် တကယ့်တကယ် အချိန်ရောက်တော့ ရှင့်ကို ရာထူးလေးတောင် တိုးမပေးဘူး။ အဲဒါ ဘာဖြစ်လို့လဲ သိလား။ ရှင်က ရှင့်ကိုယ်ရှင် သူများ သဘောကျအောင် မနေတတ်ဘူး၊ ကတ်ဇန်စတိုင်းကို နမူနာယူစမ်းပါ”

ကျနော် ကတ်ဇန်စတိုင်းကို နမူနာယူခဲ့ပါတယ်။ ကျနော့် ဘဝတလျှောက်လုံး သူ့ပဲ နမူနာယူခဲ့တာပဲ။

ကျနော် ရေချိုးလိုက်ချင်ပေမဲ့ ရေပူက မရှိ၊ ရေပူရေအေးစက်က ပျက်နေတယ်လေ။ ဒါနဲ့ပဲ ရေအေးနဲ့ပဲ ချိုးချ လိုက်တယ်။ ကတ်ဇန်စတိုင်း မှာတော့ ဆိုလာရေပူစက်တွေဘာတွေ ရှိမှာပေါ့။

အထက်တန်းကျောင်းတုန်းက ကျနော်က ထူးချွန်ကျောင်းသားတွေ ဘာတွေထဲမှာ ပါလေ့မရှိဘူး။ ကျနော့်အမေ အတွက် ကျတော့ ဒါက တကယ့်ပြဿနာကြီးဗျ။ ကျနော် ထူးချွန်ကျောင်းသား မဖြစ်ရကောင်းလားဆိုပြီး မျက်လုံးတွေ နီရဲမို့မောက်နေအောင် ငိုတယ်။ ပြီးတော့ ကျနော့်ကို ဘယ်နေရာမှာမှ ဖြစ်ထွန်းမှာမဟုတ်ဘူး ဘာညာ ပြောတယ်။ ကျနော်က အမေ့ကို ရှင်းပြဖို့ ကြိုးစားပါတယ်။ ထူးချွန်ကျောင်းသား ဖြစ်ဖို့ ဘယ်လောက်ခက်ခဲကြောင်း၊ ကျောင်းသား အားလုံးရဲ့ ၁ဝ ရာခိုင်နှုန်းလောက်ပဲ ဒီထဲကို ဝင်ကြောင်း။ ပြီးတော့ ဝင်တဲ့သူတွေကလည်း တကယ့်ကို ထူးချွန် ပြောင်မြောက်နေတဲ့ ကျောင်းသားတွေမှ ဝင်တာ ဖြစ်ကြောင်း။

“ငါ ဒီနေ့ ကုန်စုံဆိုင်မှာ မီရီယမ် ကတ်ဇန်စတိုင်းနဲ့ တွေ့တယ်၊ သူ့သားကတော့ ထူးချွန်ကျောင်းသားအတန်းထဲ ဝင်ခွင့်ရသတဲ့။ သူ့သားက ငါ့သားထက် ပိုတော်တယ် ဆိုတဲ့သဘောလား...လုံးဝ မဟုတ်ဘူး။ နင့်တသက်လုံး မှတ်ထား။ ကတ်ဇန်စတိုင်းက နင့်ထက်ပိုကြိုးစားတာပဲ ရှိတယ်။ နင်ဟာလေ...ငါ့ကို မြန်မြန်သေအောင် သတ်နေသလိုပဲ”

ကျနော်ဘယ်သွားသွား အဲဒီနေရာမှာ ကျနော်နဲ့ နှိုင်းဖို့ ကတ်ဇန် စတိုင်း ရှိနေတယ်။ အတန်းထဲ၊ တိုက်အောက်မှာ၊ ခြံဝင်းထဲမှာ၊ အလုပ်မှာ...၊ နေရာတကာမှာကို ရှိနေတာပါပဲဗျာ။ နေရာတကာမှာ...၊ ကတ်ဇန် စတိုင်း...၊ ကတ်ဇန်စတိုင်း ကတ်ဇန်စတိုင်း ကတ်ဇန်စတိုင်းနဲ့...။

သူက အံ့ဖွယ်သရဲဖြစ်နေတာလည်း မဟုတ်ဘူးဗျာ။ ရိုးရိုး သာမန်လူတယောက်ပဲ...၊ ဉာဏ်ကြီးရှင်လည်း မဟုတ်..၊ အားကစား တခုခုမှာ ထူးချွန်ပြောင်မြောက်နေတာမျိုးလည်း မဟုတ်၊ အရမ်းကြီး ဉာဏ်ကောင်းနေတာမျိုးလည်း မဟုတ်။ ကျနော့်လိုပဲ သူလိုကိုယ်လို လူတယောက်ပဲ...ကျနော့်ထက် နည်းနည်းလေး ပိုတော်တာပဲရှိတယ်။ ဟိုနေရာ နည်းနည်း၊ ဒီနေရာ နည်းနည်းပေါ့ဗျာ...၊ သောက်ကျိုးနည်း။ အလုပ်ကထွက်မယ်လို့ ဆုံးဖြတ်လိုက်တာ ကျနော့်ကိုယ်ပိုင် ဆုံးဖြတ်ချက် နဲ့ပါ။ ဒီလိုထွက်လိုက်လို့လည်း ကျနော့်မိန်းမနဲ့ အကြိမ်ပေါင်းများစွာ ရန်ဖြစ်ရတယ်။ နောက်ဆုံးတော့ သူပဲ လက်လျှော့ လိုက်ပါတယ်။ ကျနော်တို့ တော်တော်လေး ဝေးတဲ့ အခြားမြို့တမြို့ကို ပြောင်းတယ်။ ကျနော်က အာမခံကုမ္ပဏီတခုမှာ အရောင်းဝန်ထမ်း စလုပ်တယ်။ တော်တော်လေး အလုပ်ဖြစ်တော့ ခုနစ်နှစ်လောက် ဟိုကောင့်ကို မမြင်ရဘူး။ အရာရာက အတော်လေး အဆင်ချောနေတယ်။ ကျနော့် သားလေး မွေးတယ်။ ဆွစ်ဇာလန်မှာနေတဲ့ ကျနော့်အဘိုး ဆုံးသွားတော့ အမွေ တော်တော်များများလည်း ရလိုက်တယ်။ ဘာဆဲလ်ကနေအပြန် လေယာဉ်ပေါ်မှာ First Classမှာ ထိုင်နေတဲ့ သူ့ကို ကျနော် တွေ့လိုက်ရတယ်။ သူ့ကို မြင်လိုက်တဲ့အချိန်က တော်တော်လေး နောက်ကျသွားပြီ...၊ လေယာဉ်က ပြေးလမ်း ပေါ်တောင် ရောက်နေပြီ။ ကျနော် သိလိုက်တယ်...၊ ငါတော့ နောက်ထပ် ၅ နာရီကြီးများတောင် သွားပြီ ဆိုပြီး။ ကျနော့် ဘေးမှာက တလျှောက်လုံး တတွတ်တွတ် ရွတ်နေတဲ့ ရဟူဒီတရားဟောဆရာတယောက်...၊ ဒါပေမဲ့ သူ ရွတ်နေတာတွေ ကျနော် တလုံးမှ မကြားဘူး။ ငါးနာရီလုံးလုံး ကျနော့်မျက်လုံးက ကတ်ဇန်စတိန်းရဲ့ နောက်စေ့ပေါ်မှာပဲ ရှိနေတယ်။

“မင်းသွားတော့မယ့် ဘာမှမရှိတဲ့ ဘဝကို သေချာကြည့်ထားစမ်း။ မင်းဟာ အခွံသက်သက် လူတယောက်ပဲ။ ဘာတန်ဖိုးမှ မရှိတဲ့ကောင်”

တရားဟောဆရာက မှန်ကို ကျနော့်အပြစ်တွေ ထိအောင် ထောင်လိုက်ပြီး ဘုရားစာတွေ ရွတ်ပြီး မန်းပေးတော့ တာပဲ။ ကျနော်က လိမ္မော်ရည်တခွက် မှာထားတယ်။ ကတ်ဇန်စတိန်းကတော့ ဂျက် တခွက်နဲ့။

“ဥပမာ...” တရားဟောဆရာက ဆက်ပြောတယ်။ မလိုဘူး...ကျေးဇူးပဲ။ ကျနော် ရုတ်တရက် ထပြီး လေယာဉ် နောက်ပိုင်းဆီ ပြေးထွက်လာတယ်။ လေယာဉ်မယ်က ကိုယ့်နေရာကိုယ် ပြန်ထိုင်ဖို့ပြောလည်း ကျနော် မထိုင်ဘူး။

“ကျွန်မတို့ မကြာခင် လေယာဉ်ဆင်းသက်တော့မှာမို့ လူကြီး မင်းအနေနဲ့ ကိုယ့်နေရာကိုယ် ပြန်ထိုင်ပြီး ထိုင်ခုံ ခါးပတ် ပတ်ထားဖို့ မေတ္တာရပ်ခံပါတယ်။ သူ့လိုမျိုး...”

ဟုတ်တယ်...။ သူမ ပြောချင်တာကတော့ “အခြားခရီးသည် တွေလိုမျိုး..” ဒါပေမဲ့ သူမမျက်စိထဲမှာ ကတ်ဇန်စတိုင်းကို ကျနော် တွေ့လိုက်ရတယ်။ ကျနော် လီဗာကို ဆွဲချလိုက်ပြီး တံခါးကို ကျနော့် ပခုံးနဲ့ တွန်းဖွင့် လိုက်တယ်။ ရုတ်တရက်ကြီး ကျနော် အတော်လေး အေးငြိမ်းသွားသလိုခံစားရပြီး အပြင်ကို လွင့်စင်ထွက်သွားတော့တာ ပါပဲ။ အားလုံးကို ချန်ထားခဲ့ပြီးတော့...။

တမလွန်မှာတော့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုဟာ ကြောက်စရာအပြစ်တခုလို့ သတ်မှတ်ကြဆဲပဲ။ ကျနော့်ကို ကြိုးစား နားလည်ပေးဖို့ အတန်တန် တောင်းပန်ပေမဲ့ သူတို့က နားမထောင်ပါဘူး။ ကျနော့်ကို ငရဲပြည်ဆီ ဆွဲခေါ်လာတော့ ကတ်ဇန်စတိုင်းလည်း ရှိနေတယ်။ ကောင်းကင်ဘုံဆီသွားမယ့် ပန်းရထားပြတင်းပေါက်ကနေ ကျနော့်ကို လက်ပြနေလေရဲ့။ ကျနော် လွင့်စင်ထွက်သွားပြီး ၁၅ မိနစ် နေတော့ လေယာဉ်ကလည်း မြေပေါ်ကို ထိုးစိုက်ပြီး ပျက်ကျသွားခဲ့တယ်။ တော်တော်လေးကို ရှားရှားပါးပါး စက်ချို့ယွင်းမှုတဲ့...၊ တသန်းမှာ တခုလောက်ပဲတဲ့။ အကယ်လို့သာ ကျနော်ဟာ ကျနော့်ခုံမှာ နောက် ထပ် စက္ကန့်အနည်းငယ်လောက် ဆက်ပြီးထိုင်နေခဲ့မယ်ဆိုရင်...။

အခြားခရီးသည်တွေလို...ကတ်ဇန်စတိုင်းလို...။

 

-Katzenstein

-လင်းထယ် ဘာသာပြန်ဆိုသည်။

ရင်ကြပ်တဲ့အခါ

 

ခင်ဗျားမှာ ပန်းနာရင်ကြပ်ရောဂါ ထပြီ ဆိုပါစို့ဗျာ။ အသက်မရှူနိုင် လောက်အောင် ဖြစ်လာမယ်။ အဲဒီ့လို မရှူနိုင် မကယ်နိုင်ဖြစ်တဲ့အခါ ခင်ဗျားအနေနဲ့ စကားတောင် ခဲခဲယဉ်းယဉ်း ပြောယူရမယ်။ ဝါကျတကြောင်းစာလောက် နှုတ်က ထွက်လာဖို့အရေး၊ အဆုတ်ထဲ ရှိသလောက် လေကလေးကိုပဲ အားကိုးရမှာ။ လေကလည်း သိပ်များများစားစား ရှိတာ မဟုတ်ဘူး။ ရှိလှ...စကားသုံးခွန်းကနေ ခြောက်ခွန်းစာလောက်ပဲ။ အဲဒီအခါကျမှ ခင်ဗျား စကားလုံးတွေရဲ့ တန်ဖိုးကို သိလာမယ်။ ဘေထုပ်ထဲက အကောင်းရှာရသလိုပဲ၊ စိတ်ထဲက ပြောချင်တာတွေထဲကနေ မပြောမဖြစ် ပြောရမယ့် အရေးကြီး စကားလုံးကို ရွေးထုတ်ပြောရတယ်။ အဲဒီစကားလုံးတွေက ခင်ဗျားအဖို့တော့ တန်ဖိုးကြီးကြီး ရင်းလိုက်ရ တာပဲ။ ဒေါင်ဒေါင်မြည် ကျန်းမာတဲ့သူအဖို့တော့ စိတ်ထဲရှိတာ အမှိုက်သွန်သလို ဒိုးခနဲ ဒေါက်ခနဲ ပြောချလို့ရတာကိုး။ ခင်ဗျားလို ပန်းနာရောဂါသည်ကျတော့ “ချစ်တယ်” လို့ ပြောဖို့နဲ့၊ “သိပ်ချစ်တယ်” လို့ ပြောဖို့ဟာတောင် တခွန်းဆိုတခွန်း အတော်ကွာတာကလား။ တခွန်းဆို ဆိုသလောက် အများကြီး တာသွားတာကလား။ အကြောင်း မသင့်ရင် အဲဒီတခွန်း ကနေ လေသံသဲ့သဲ့မျှလောက်ကို မထွက်နိုင်တော့တာ ဖြစ်သွားနိုင်တယ်။ ဒါမှမဟုတ် “အာခေါင်ပန်း ရှူဆေးဘူး” လို့ ပြောင်းပြောလိုက်ရတာလည်း ဖြစ်သွားနိုင်တယ်။ ယုတ်စွအဆုံး ‘ချစ်တယ်’ ကနေ၊ ‘လူနာတင်ကား' လို့ အော်လိုက်ရတဲ့ အခြေအနေတောင် ဆိုက်သွားနိုင်ရဲ့။

 

-Asthma Attack

-သုဒ္ဓ ဘာသာပြန်ဆိုသည်။

သားအိမ်

 

အမေ့မှာ ကင်ဆာရောဂါ ရှိနေတဲ့အကြောင်း ကျနော့်အသက် ငါးနှစ်ပြည့် မွေးနေ့မှာ သူတို့ သိသွားကြတယ်။ သူ(မ) သားအိမ်ကို ထုတ်ပစ်ဖို့ လိုတယ်လို့ ဆရာဝန်တွေက ပြောတယ်။ ဝမ်းနည်းကြေကွဲဖွယ် နေ့ တနေ့ပါပဲ။ ကျနော်တို့အားလုံး အဖေ့ရဲ့ ကားပေါ်တက်ပြီး ဆေးရုံကို သွားခဲ့ကြတယ်။ ဆရာဝန် ခွဲစိတ်ခန်းက ထွက်လာတော့ သူ့မျက်ဝန်း တဝိုက်မှာ မျက်ရည်စတွေနဲ့။ “ဒီလောက်လှတဲ့ သားအိမ် ကျနော့် တသက်မှာ တခါမှ မမြင်ဖူးဘူးဗျာ” လို့ သူက ခွဲခန်းဝတ်နှာခေါင်းစွပ်ကို ဖြုတ်ရင်း ပြောတယ်။ “ကိုယ့်ကိုယ်ကိုယ် လူသတ်သမားတယောက် လို့တောင် ခံစား ရတယ်” ကျနော့်အမေမှာ တကယ့်ကိုလှတဲ့ သားအိမ် ရှိတာပါ။ ကြည့်ကောင်းလွန်းလို့ ဆေးရုံက ပြတိုက်ကို လှူလိုက်တဲ့ အထိ ပဲ။ စနေနေ့မှာ ကျနော်တို့ ပြတိုက်ကိုသွားပြီး ဦးလေးက ကျနော်တို့ အားလုံးကို အမေ့သားအိမ်ဘေးမှာ အမှတ်တရ ဓာတ်ပုံရိုက်ပေးတယ်။ အဲဒီအချိန်မှာ အဖေ ဒီနိုင်ငံထဲ မရှိတော့ဘူး။ ခွဲစိတ်ပြီး နောက်တရက်မှာပဲ အမေ့ကို အဖေ ကွာရှင်းပြတ်စဲခဲ့တယ်။ “သားအိမ်မရှိတော့တဲ့ မိန်းမဟာ မိန်းမ မမည်ဘူး။ မိန်းမမဟုတ်တော့တဲ့ မိန်းမတယောက်နဲ့ အတူ နေတဲ့ ယောက်ျားတယောက်ဟာလည်း ယောက်ျား မဟုတ်တော့ဘူး” လို့ သူ အလက်စကားကို သွားတဲ့ လေယာဉ်ပေါ် မတက်ခင် ကျနော့်အစ်ကိုကို ပြောခဲ့တာ။ “မင်း ကြီးလာရင် ဒါတွေ နားလည်လာမှာပါ”

ကျနော့်အမေရဲ့သားအိမ်ကို ပြထားတဲ့အခန်းက မှောင်မည်းနေတာ။ အလင်းရောင်ဆိုလို့ သားအိမ်ဆီက ခပ်မှိန်မှိန် ထွက်နေတဲ့ အလင်းရောင်ပဲ ရှိတယ်။ ညကောင်းကင်မှာ လေယာဉ်ထဲ လင်းနေသလိုမျိုး။ ဓာတ်ပုံတွေ ထဲမှာတော့ အဲဒီလို မဟုတ်ဘူး။ ဖလက်ရှ်ဖွင့်ရိုက်လိုက်တာမို့။ ဒါပေမဲ့ အနီးကပ် သေချာကပ်ကြည့်မှ ကျနော် ဘာကြောင့် ဆရာဝန် မျက်ရည်ဝဲရသလဲ ကောင်းကောင်း နားလည်တော့တယ်။ “အဲဒီထဲကနေ မင်းထွက်လာခဲ့တာပဲ” လို့ ဦးလေးက သားအိမ်ကို လက်ညှိုးထိုးပြီး ပြောတယ်။ “မင်း အဲဒီထဲမှာ မင်းသားတွေလို စံနေခဲ့ရတာလို့ ငါ ပြောရင် ယုံလိုက်စမ်းပါ။ မင့်အမေက တကယ့်အာဂ အမေပဲ”

နောက်ဆုံးမှာ ကျနော့်အမေ ဆုံးသွားတယ်။ အဆုံးသတ်မှာ အမေတွေအားလုံး ဆုံးပါးရတာပါပဲ။ အဖေကတော့ နာမည်ကျော် မြောက်ဝင်ရိုးစွန်း စွန့်စားခန်းဖွင့် သူနဲ့ ဝေလငါးဖမ်းသမား ဖြစ်လာတယ်။ ကျနော်နဲ့ ကြိုက်ဖူးတဲ့ ကောင်မလေး တွေက သူတို့သားအိမ်ကို ကျနော် ကြည့်ချင်တယ် ပြောတဲ့အခါ တမျိုးထင်ကြတယ်။ သူတို့တွေ ရှက်သလိုလို ရွံ့သလိုလိုဖြစ်ပြီး စိတ်မပါဖြစ်သွားရော။ ဒါပေမဲ့ သူတို့တွေထဲက ခန္ဓာကိုယ်လှလှနဲ့ တယောက်က ကျနော့်ကို လက်ထပ်ခဲ့တယ်။ ကျနော် ကိုယ့်ကလေးတွေကို မွေးကင်းစကတည်းက တင်ပါးကို ရိုက်လေ့ရှိတယ်။ သူတို့ငိုတာကို သည်းညည်းမခံနိုင်လို့ပဲ။ သူတို့လည်း မှတ်သွားပြီး ကိုးလသားလောက်မှာ အငိုရပ်သွားကြတယ်။ အစပိုင်းတော့ ကျနော် သူတို့မွေးနေ့ကျရင် ပြတိုက်ကို သူတို့အဘွားရဲ့ သားအိမ်ကို ကြည့်ဖို့ ခေါ်သွားသေးတယ်။ ကလေးတွေက စိတ်ဝင်တစား မရှိတဲ့ အပြင် မိန်းမကလည်း စိတ်တိုတော့ နောက်ပိုင်းမှာ ကျနော် သူတို့ကို ဝေါ့တ်ဒစ္စနေး ရုပ်ရှင်တွေပဲ လိုက်ပြ ဖြစ်တော့တယ်။

တနေ့တော့ ကျနော့်ကား ရဲဆွဲခံရတယ်။ ရဲစခန်းက ကျနော်တို့ အိမ်နားမှာပဲဆိုတော့ ရောက်တုန်းရောက်ခိုက် ပြတိုက်ကို ဝင်လိုက်တယ်။ သားအိမ်ကို အရင်နေရာမှာ မတွေ့တော့ဘူး။ ဓာတ်ပုံဟောင်း တွေပြတဲ့ ဘေးအခန်းထဲ သူတို့ ရွှေ့လိုက်ကြတယ်။ ကျနော် သေချာ ကပ်ကြည့်တော့ သားအိမ်ပေါ်မှာ အစိမ်းရောင် အစက်သေးသေးလေးတွေ အပြည့် တွေ့တယ်။ ဘာလို့ ဘယ်သူကမှ သန့်ရှင်းရေးမလုပ်တာလဲလို့ အစောင့်ကို မေးတော့ သူက ပခုံးပဲ တွန့်ပြတယ်။ သူတို့ ဝန်ထမ်း အင်အားမလုံလောက်ရင် ကျနော်ကိုယ်တိုင် သန့်ရှင်းရေး လုပ်ပါရစေလို့ ပြခန်းတာဝန်ခံကို တောင်းတောင်း ပန်ပန် ပြောတယ်။ ဒါပေမဲ့ သူက ယုတ်ယုတ်ကန်းကန်း ကောင်ပဲ။ ကျနော် ဒီကဝန်ထမ်း မဟုတ်တဲ့အတွက် ပြခန်းက ပစ္စည်းတွေကို ကိုင်ခွင့်မရှိဘူးလို့ သူက ပြန်ပြောတယ်။ ဒီကိစ္စမှာ ကျနော့်မိန်းမက ပြတိုက်ဘက်မှာ တရာ ရာခိုင်နှုန်း ထောက်ခံတယ်။ သူ(မ)အမြင်အရ လူမြင်ကွင်းမှာ သားအိမ်တခုကို ပြထားတာဟာ မသတီစရာပဲတဲ့။ အထူးသဖြင့် ကလေးတွေရှိတဲ့ နေရာမျိုးမှာပေါ့။ ဒါပေမဲ့ ကျနော်တော့ အဲဒီလို မထင်ဘူး။ ကျနော် ဘာမှ စဉ်းစားမနေနိုင်တော့ဘူး။ ကျနော်သာ ပြတိုက်ထဲ ခိုးဝင်ပြီး သားအိမ်ကို မခိုးဘူးဆိုရင် ကျနော်ဟာ ကျနော် မဟုတ်နိုင်တော့ဘူးဆိုတာ သိနေတယ်။ လေယာဉ် လှေကားပေါ် အဖေ ခြေလှမ်းတက်ခဲ့သလိုမျိုး ကျနော်လည်း ကိုယ် ဘာလုပ်ရမယ်ဆိုတာ တပ်အပ်သိတယ်။ နှစ်ရက်အကြာမှာ ကျနော် အလုပ်ကနေ ဗန်ကားတစီးကိုယူပြီး ပြတိုက်ကို မပိတ်ခင်လေးမှာ ရောက်တယ်။ အခန်းတွေ ထဲမှာ လူတွေ ရှင်းလင်းလို့။ ဒါပေမဲ့ တယောက်ယောက်နဲ့ ပက်ပင်းတိုးရင်တောင် ကျနော် မကြောက်ဘူး။ ဒီတကြိမ်တော့ ကျနော့်မှာ လက်နက် ပါလာခဲ့ပြီ။ ဒါ့အပြင် ကျနော် အကွက် ကောင်းကောင်း ချလာခဲ့ပြီးသား။ တခုတည်းသော ပြဿနာ က သားအိမ် ပျောက်ဆုံးနေတာပဲ။ ပြခန်းတာဝန်ခံက ကျနော့်ကို တွေ့တော့ အံ့သြသွားတယ်။ ကျနော် သူ့လည်မျိုကို ဂျယ်ရီခိုသေနတ်ဒင်နဲ့ ထောက်တော့ သူ့ဆီက အသံ ချက်ချင်း ထွက်လာတယ်။ သားအိမ်ကို ဂျူး ပရဟိတသမား တယောက်ဆီ မနေ့က ရောင်းခဲ့တာတဲ့။ အဲဒီလူက သားအိမ်ကို အလက်စကားက လူထုနေရာတွေကို ပို့သင့်တယ်တဲ့။ လမ်းမှာပဲ လေယာဉ် အနုကြမ်းစီးခံရပြီး သားအိမ်က ဂေဟဗေဒတပ်ဦးဆိုတဲ့ အဖွဲ့ဆီ ရောက်သွားရော။ သားအိမ်ကို အကျဉ်းချထားဖို့ မသင့်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ထဲ လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်လို့ အဲဒီအဖွဲ့က သတင်း ထုတ်ပြန်တယ်။ ရိုက်တာသတင်းအရ ဒီဂေဟဗေဒတပ်ဦးက ရာဒီကယ်ဖြစ်ပြီး ကြောက်စရာကောင်းတယ်တဲ့။ ဒီ စစ်ဆင်ရေးကို အငြိမ်းစား ဝေလငါးဖမ်းသမားတယောက် ဦးဆောင်တဲ့ ပင်လယ်ဓားပြ သင်္ဘောတစ်စီးက ဦးစီးလုပ်ဆောင် ခဲ့တာ။ ကျနော် ပြခန်းတာဝန်ခံကို ကျေးဇူးတင်စကားပြောပြီး သေနတ်ကို ပြန်သိမ်းလိုက်တယ်။ အိမ်အပြန် တလမ်းလုံး မှာ မီးပွိုင့်တိုင်း မီးနီမိတယ်။ ကျနော် ဘက်မှန်ကို မကြည့်ဘဲ တလမ်းပြီးတလမ်း ကွေ့ရှောင် မောင်းလာခဲ့တယ်။ လည်ချောင်း ထဲမှာ တခုခု တစ်ဆို့နေတာကြီးကို ဖျောက်ဖို့ ကြိုးစားရင်းပေါ့။ တူနာငါးတွေ၊ လင်းပိုင်တွေ အပြည့်ရှိနေတဲ့၊ မြူတွေ ဆိုင်းနေတဲ့ သမုဒ္ဒရာကြီးထဲ ကျနော့်အမေရဲ့ သားအိမ် ပေါလောမျောနေမှာကို မြင်ယောင်ကြည့်ဖို့ ကြိုးစား နေခဲ့တယ်။

 

-Uterus

-နေသန် ဘာသာပြန်ဆိုသည်။

အမဲပစ်အားကစား

 

ကျနော့်မှာ မုဆိုးတပိုင်း သူငယ်ချင်းတယောက် ရှိတယ်။ ကျနော် ပြောချင်တာက သူက အမြဲတမ်း အမဲလိုက် ရိုင်ဖယ်တလက်နဲ့၊ ကျည်ဆံအပြည့်နဲ့။ တိရစ္ဆာန် အကောင်ပလောင်တွေရှိတဲ့ နေရာတွေမှာပဲ အချိန် ကုန်နေတတ်တဲ့ ကောင်မျိုး။ ဒါပေမဲ့ အဲဒီကောင်က အကောင်ပလောင်တွေကို ဘယ်တော့မှတော့ မပစ်ဘူး။

“တစ်ခါတလေကျတော့...” သူက ကျနော့်ကို ပြောဖူးတယ်။

“ငါ သမင်တကောင်၊ မြေခွေးတကောင် နောက်ကို နာရီပေါင်းများစွာ လိုက်နိုင်တယ်၊ ရက်ပေါင်းများစွာ လိုက်ရမယ် ဆိုရင်တောင် လိုက်နိုင်တယ်။ အဲဒီလိုနဲ့ နောက်ဆုံး အဲဒီကောင်ကို ခြေရာခံမိပြီ၊ အနီးကပ် မြင်ရပြီ၊ ငါ့အနံ့ကို သားကောင်က မရနိုင်အောင် လေအောက်ဘက်မှာ ရောက်နေပြီ၊ ငါ ဒူးထောက်ထိုင်ချလိုက်တယ်၊ ငါ့ရိုင်ဖယ်မှာ ပါးကို ပြားနေအောင်ကပ်ပြီး Safety Catch ကို ဖယ်လိုက်တယ်၊ သေချာချိန်တယ်...ပြီးရင် ပြီးသွားပြီ...ဒါပဲ။ သားကောင်ကို ငါပစ်ချင်ရင် ပစ်နိုင်တယ်ဆိုတာ သိရဖို့အတွက်သက်သက်တော့ ငါ သူ့ကို ပစ်သတ် စရာမလိုဘူး” လို့ သူက ပြောတယ်။

“ငါ ဒီလိုပဲ ထထွက်လာလိုက်တာပဲ။ ဒီဟာကမှ ငါ့အမြင်မှာပေါ့ကွာ...၊ တကယ့် အားကစားတရပ်လို့ မြင်တယ်။ အပေါ်ယံ ဖော်ရှိုး မဟုတ်ဘူးပေါ့ကွာ”

ကျနော့်သူငယ်ချင်း သူက အဲဒီလို အူကြောင်ကြောင်ကောင်ပါ။ သူ့ကို နားလည်ဖို့ကြိုးစားရင် ကျနော်ပါ ရူးသွား လိမ့်မယ်။ သူ့ရဲ့ မဟာအိပ်မက်ကြီးက အမေရိကကိုသွားပြီး ကျွဲအုပ်တအုပ်ကို အလစ်ဝင်တိုက်ခိုက်ဖို့တဲ့။ သူ့နေရာလေး မှာသူ အေးအေးဆေးဆေး ဝပ်နေမယ်၊ ပြောင်တွေကို ပစ်တဲ့ သူ့ရဲ့ အထူးစပါယ်ရှယ်ရိုင်ဖယ်နဲ့ ကျွဲအုပ်၊ ပြောင်အုပ်တွေ ထဲက တကောင်ကို ရှယ်ချိန်မယ်၊ ပြီးရင် “မင်းကို ငါ ပိုင်တယ်” လို့ ပြောမယ်၊ နောက်တကောင်ကို ထပ်ချိန်မယ်၊ နောက် တကောင်... နောက်တကောင်။ ဒီကမ္ဘာမြေကြီးပေါ်ကနေ ဒီသတ္တဝါမျိုးစိတ်တွေကို သုတ်သင်ရှင်းလင်းပစ်ဖို့ သူ့ခေါင်းထဲမှာ တွေးနေမယ်။

ဒီအကြောင်းတွေကို ကျနော်ပြောပြနေရတဲ့ အကြောင်းအရင်း က...မနေ့က ကျနော် ဘတ်စကတ်ဘောကွင်းမှာ ပွဲကြည့်ဖို့ ကျနော့် ကောင်မလေးနဲ့ အတူ သွားခဲ့တယ်။ ထိုင်တော့ ဘေးမှာ လာထိုင်တဲ့ ကောင်က အမွေးအမျှင်မရိတ် ဘာမရိတ်နဲ့။

ဥရောပမြောက်ပိုင်းမှာသာ မွေးခဲ့ရင် ပါလက်စတိုင်းအာရပ်နဲ့ အတော်တူမယ့် ကောင်မျိုး။ သူက လူတွေကို လျှောက်ကြည့်ပြီး ပါးစပ်ကလည်း တတွတ်တွတ် ရွတ်နေတယ်။ သူ့ကုတ်အင်္ကျီအိတ်ကပ်ထဲ ကနေ တစွန်းတစ ထွက်နေတဲ့ သေနတ်ပြောင်းကို မြင်လိုက်တော့မှ သူ ဘာရွတ်နေတာလဲဆိုတာ ကျနော် သဘောပေါက် သွားတော့တယ်။ သူက သူ့ရဲ့ ၉ မီလီမီတာသေနတ်နဲ့ လူတွေကို လိုက်ချိန်၊ Safety Catch ကို ချွတ်ပစ်လိုက်ပြီး သူ့ဘာသာ တယောက်တည်း တိုးတိုးရေရွတ်နေတယ်။

“မင်း သေပြီ...မင်းလည်း သေပြီ”

ကျည်ဆံနည်းနည်း ကုန်သွားပြီးတဲ့နောက်မှာ ကျနော့်ကို တိတ်တိတ်လေး ချိန်တဲ့အချိန်မှာတော့ ကျနော်လည်း အေးအေးသက် သာပြုံးပြဖို့ ကြိုးစားရင်း ကျွဲနဲ့ ကျွန်တော့်သူငယ်ချင်းအကြောင်း စဉ်းစား မိသွားတယ်။

“မင်းကို ငါပိုင်တယ်” လို့ သူ့ဘာသာသူ ပြောတယ်။ ကျနော့်မှာ ဟန်လုပ် ထားရတဲ့အပြုံးနဲ့...။ သူကလည်း ကျည်ဆံထပ်ထည့်တာကို ရပ်လိုက်တယ်။ ကျနော်လည်း ဟန်လုပ်ပြုံးနေတာကို ရပ်လိုက်ပါတယ်။ အသက်ကို ဝဝရှူ၊ ကျနော့်လည်မျိုထဲက အသံထူးထူးဆန်းဆန်းတခု ထွက်သွားတယ်။ အားကစားနည်းတခုပါပဲ...။ ကျနော့်ကိုယ်ကျနော် အားပေးသလို ပြန်ပြောရတယ်။ ဘယ်သူမှလည်း ဘာမှမဖြစ်ဘူး မဟုတ်လား။ ဒါပေမဲ့ ကျနော့်စိတ်ထဲ၊ အသည်းနှလုံးထဲ မှာတော့ သူ ကျနော့်ကောင်မလေး ကိုလည်း ချိန်ခဲ့တယ်ဆိုတာ သိရင် ထိုင်ခုံကနေထပြီး အဲဒီကောင်ရဲ့ အရိုးတွေ အကုန် ချိုးပစ်ခဲ့မိမှာပဲဗျာ။

 

-Buffalo

-လင်းထယ် ဘာသာပြန်ဆိုသည်။

‘မျောက်ပြတိုင်းလည်း ဆန်မရ’

 

“ငှက်ပျောသီး စားလိုက်ပါဦး” လို့ အမျိုးသမီးက ပြောတယ်။ (သူ့နာမည်က ဒေါက်တာဂိုနန်။ ကျနော့်ကို သူ လေ့ကျင့်ပေးထားတာ။) ကျနော်မှ ငှက်ပျောသီး စားချင်စိတ်မရှိတာ။

“ကြိတ်လိုက်စမ်းပါ အသည်းလေးရ၊ ဟောဒီက လူကြီးမင်းကို ငှက်ပျောသီး စားပြလိုက်စမ်းပါ”

အဲဒီ လူကြီးလူကောင်းဆိုတဲ့ သူကို သွားစားခိုင်းပါလား။ ဟုတ်တယ်။ ကျနော်က မျောက်သာ ဖြစ်တာ၊ ငှက်ပျောသီး ကျ ရှောင်တယ်။ “ဒီမယ် ဒေါက်တာဂိုနန်၊ ဒါဟာ တော်တော်လက်မခံနိုင်စရာ ဖြစ်သွားပြီ။ လှောင်အိမ်ထဲမှာ သူ မျက်လွှာချပြီး ငူငူကြီး ထိုင်နေတာကို ကြည့်ဖို့ ဆစ်ဒနီကနေ ကျုပ် ဒရောသောပါး ထွက်လာတယ်များ ထင်နေလား။ ကျုပ်အချိန်တွေက တန်ဖိုးရှိတယ်ဗျ။ ခင်ဗျားသိလား၊ ကျုပ် အချိန်တွေ မဖြုန်းချင်ဘူး”

“တောင်းပန်ပါတယ် ပရော်ဖက်ဆာ စထရမ်ရယ်။ သူ ဘာကြောင့် ဒီလိုဖြစ်သွားမှန်း ကျမလည်း မသိတော့ဘူး ရှင်။ သူ့ပုံကြည့်ရတာ ဒီလုပ်နေကျကိစ္စတွေကို လုပ်ပြချင်စိတ် ရှိပုံမရဘူး။ သူက လူစိမ်းတွေရှေ့ဆို အဲလိုပဲ။ ကျေးဇူးပြုပြီး ရှင် အပြင်ကနေ ခဏလောက် ထွက်စောင့်ပေးလို့ရမလားရှင်။ ကျမ သူတုံ့ပြန်လာအောင် လုပ်နိုင်မှာပါရှင်”

အဲလောက် မသေချာစမ်းပါနဲ့ အချစ်ရယ်။ မသေချာလိုက်နဲ့ဦး။ “ငါးမိနစ်တော့ စောင့်ပေးမယ်” လို့ ပြောပြီး ပရော်ဖက်ဆာ အပြင်ထွက်သွားသံ ကြားလိုက်တယ်။

“ငါးမိနစ်ပဲနော်”

တံခါးစေ့ပိတ်သွားတယ်။ သော့ချလိုက်တယ်။

“ပလိစ်! အချစ်ကလေး”

ကျနော့်ကိုယ်က အမွေးတွေကို ပွတ်သပ်ပေးရင်း၊ သူ ပြောလာတယ်။

“လူကြီးကို စကားပြန်ပြောမှပေါ့ကွယ်၊ မင်း ဘယ်လောက် တော်တယ်ဆိုတာ ပြလိုက်စမ်းပါ”

သူ့လက်တွေက အခု ကျနော့်ကို ဟိုထိဒီထိ လာထိနေရော။ မထိရမယ့် နေရာထိတော့၊ ကျနော် မရိုးမရွ ဖြစ်စ ပြုလာတယ်။ ဒါပေမဲ့ ကျနော် မျက်စိကို မှိတ်ထားလိုက်တယ်။

“တကယ်ပါ၊ လုပ်စမ်းပါ အသည်းတုံးလေးရယ်နော်” သူက ပွတ်ပေးနေတာကို မရပ်ဘဲ ဆက်ချော့နေတယ်။ “ဒါကို ငါ့အတွက် လုပ်ပြလိုက်စမ်းပါကွယ်။ နို့မို့ဆို သူတို့က ငါ့ပရောဂျက်ကို ပယ်ချကြလိမ့်မယ်ကွဲ့”

ပြီးတော့ သူက အသံကို တိုးလိုက်တယ်။

“မင်း ဒီလိုသာ တုံဏှိဘာဝေ လုပ်နေရင်၊ ကိုယ်တို့နှစ်ယောက် အတူနေရတော့မှာ မဟုတ်ဘူးကွဲ့"

“ကိုယ်တို့” ဆိုပါလား။ ဘဝင်တောင် မြင့်ချင်ချင်ပဲ။ သူ ပွတ်သပ် နေတာက ပိုမြန်လာတယ်။ ခံလို့တော့ ကောင်းသား။ ဒါပေမဲ့ ကျနော် မျက်စိတွေ မှိတ်ထားတုန်းပဲ။ အလျှော့မပေးဘူး ဆိုတဲ့သဘောနဲ့ စကားလည်း တခွန်းမှ ပြန်မပြောဘဲ နေလိုက်တယ်။

“ငါးမိနစ် ပြည့်သွားပြီ ဒေါက်တာဂိုနန်ရေ”

ပိတ်ထားတဲ့ တံခါးရဲ့ တဖက်ဆီက အသံပြန်ပေါ်လာတယ်။

ကျနော် မျက်စိပေါက်ကို ဖွင့်တယ်ဆိုရုံလေး ဖွင့်ကြည့်လိုက်တယ်။ သူ သတိအနေအထား ဖြစ်သွားတယ်။ ကျနော် သူခိုင်းတာလုပ်တော့မယ် လို့ ထင်သွားလားမသိဘူး။ ပွတ်သပ်ပေးနေတာကို ရပ်လိုက်ပြီး မျက်နှာက ကျနော့်နား အထိ တိုးကပ်လာတယ်။

“မင်းလိုချင်တာ အကုန်ရစေရမယ်ကွာ”

တိုးတိုးလေး ပြောတယ်။ ခေါင်းက ကလစ်ကို ဖြုတ်ပြီး ဆံပင်တွေကို ပခုံးပေါ် ဖြည်ချလိုက်တယ်။ ပြီးတော့ ခေါင်းကို လက်နဲ့ ဖြီးတယ်။ သူက ဆွဲဆောင်မှုရှိတယ်လို့ ပြောလို့ရရုံ အမျိုးသမီး တယောက်ပါပဲ။

“ဒီနားတဝိုက်မှာ မင့်ခေါင်းကို ဖေါက်ပြီး မင့်ဦးနှောက်ကို စစ်ကြည့်ကြမယ့် ပရော်ဖက်ဆာတွေမှ အများကြီးပဲ၊ သိလား။ မင်းနဲ့ငါ ဒီမှာတင် ကိစ္စပြတ်ပြီ။ အခုကစလို့ မင်းကို သူတို့လက်ထဲပဲ အပ်လိုက်တော့မယ်”

“ဒေါက်တာဂိုနန်” အပြင် ဘက်က ခေါ်သံပေါ်လာပြီး တံခါးကို ဆွဲဖွင့်နေတယ်။

“ပရော်ဖက်ဆာ စထရမ်”

သူက တံခါးသော့ကို လှည့်ရင်း တံခါးဆီကနေ တိုးတိုး ပြန်ထူးတယ်။

“ကျမကို ယေအယ်လ်လို့ပဲ ခေါ်လို့ရပါတယ်”

သူက တံခါးကို မဖွင့်ခင် ဘလောက်စ်အင်္ကျီက အပေါ်ဆုံး ကြယ်သီးကို ပြန်တပ်လိုက်တယ်။

“ယေအယ်လ်”

အပြင်က ထပ်ခေါ်တယ်။ သူ့ပါးစပ်ကလည်း လှုပ်တယ်ဆိုရုံ ကလေး လှုပ်ပြီး တတွတ်တွတ်ပြောရင်းနဲ့ အပြင် ထွက်သွားပါတော့တယ်။ ဒါပေမဲ့ ကျနော် သူပြောတာကို ကြားဖြစ်အောင် ကြားလိုက်ပါတယ်။ “မျောက်စုတ် မျောက်မိုက် မျောက်နာ”တဲ့။

 

-Monkey Say, Monkey Do

-သုဒ္ဓ ဘာသာပြန်ဆိုသည်။

‘ရေခဲသေတ္တာပေါ်က မိန်းကလေး’

 

အထီးတည်း/တယောက်တည်း တချိန်တုန်းက သူ့မှာ အမြဲလိုလို တယောက်တည်းနေရတာကို သဘောကျ တတ်တဲ့ ချစ်သူကောင်မလေးတယောက် ရှိခဲ့ဖူးတယ်လို့ သူမကို ပြောပြခဲ့တယ်။ အဲဒီလိုအဖြစ်အပျက်ကြီးက တော်တော် ဝမ်းနည်းဖို့ ကောင်းတယ်...။ ဘာလို့တုန်းဆိုတော့ သူတို့နှစ်ယောက်က သမီးရည်းစားတွေလေ။ သမီးရည်းစားတွေဆိုတာ အတူတူ ရှိနေရမှာ မဟုတ်ဘူးလား။ ဒါပေမဲ့ အချိန်တော်တော်များများမှာ သူမဟာ တယောက်တည်းပဲ နေချင်နေခဲ့တယ်။

“ဘာဖြစ်လို့လဲ...။ ကိုယ်က တခုခုဖြစ်နေလို့လား” လို့ သူ မေးတော့လည်း “မဟုတ်ဘူး...၊ ရှင်နဲ့မဆိုင်ဘူး။ ကျမ ဘာသာ ဖြစ်နေတာပါ။ ကျမ ကလေးဘဝကတည်းကကိစ္စ...” လို့ ပြန်ဖြေတတ်တယ်။ သူ အမှန်တကယ်ကို နားမလည် နိုင်ခဲ့ဘူး။ ဘာလဲ...၊ ကလေးဘဝ တုန်းက ကိစ္စဆိုတဲ့ဟာက ဘာကြီးလဲ။ ဒီတော့ သူလည်း နည်းနည်းလေး ပိုပြီး နားလည် လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သူ့ကလေးဘဝမှာရော အဲလို ဆင်တူတဲ့အဖြစ်မျိုး ရှိမလား ရှာကြည့်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ဘာမှ ရှာမတွေ့ခဲ့ဘူး။

သူ့မှာ အဲဒီအကြောင်း တွေးလေလေ၊ သူ့ကလေးဘဝကြီးက အခြားတယောက်ရဲ့ သွားမှာ ရှိနေတဲ့ သွားပိုးပေါက် လို ဘဝမျိုးနဲ့ တူလာလေလေလို့ ခံစားလာရတယ်။ သိပ်စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းနေတာတော့လည်း မဟုတ် ပါဘူး...။ အနည်းဆုံး သူ့အတွက်တော့ သိပ်စိတ်မကြည်စရာ မရှိပါဘူး။ အဲဒီ တယောက်တည်းပဲ နေချင်နေတဲ့ ကောင်မလေး ကတော့ သူ့ဆီကနေ အမြဲပဲ ရှောင်ပုန်းဖို့ ကြိုးစားနေခဲ့တယ်။ အကြောင်းရင်းက သူမရဲ့ ကလေးဘဝက ကိစ္စတဲ့။ ကြာလာတော့ သူလည်း လုံးဝစိတ်မရှည်တော့ဘူး ဖြစ်လာတာနဲ့

“မင်း ငါ့ကို တခုခု ရှင်းပြရင်ရှင်းပြ၊ မဟုတ်ရင် ငါတို့ပြတ်ကြရအောင်” လို့ ပြောလိုက်တယ်။ ကောင်မလေး ကလည်း အိုခေတဲ့...။ အဲဒါနဲ့ပဲ သူတို့ ပြတ်သွားကြတယ်။

 

အော့ဂတ်က ကိုယ်ချင်းစာတတ်တယ်

“စိတ်မကောင်းစရာပဲ” လို့ အော့ဂတ်က ပြောတယ်။ “စိတ်မကောင်းစရာလည်း ဟုတ်၊ စိတ်ထိခိုက်စရာလည်း ကောင်းတယ်…”

“ကျေးဇူးပဲဗျာ” လို့ နာ့ဟန်က ပြောရင်း ဖျော်ရည်ကို တကျိုက်ကျိုက် သောက်တယ်။ သူ နည်းနည်းတောင် မျက်ရည်ကျမိသေးတာ အော့ဂတ်တယောက် တွေ့ခဲ့ပြီးပြီဆိုတော့ ထပ်ပြီးစိတ်မကောင်း ဖြစ်အောင်တော့ လုပ်ချင်ပုံ မရဘူး။ ဒါပေမဲ့လည်း နောက်ဆုံးတော့ မနေနိုင်တာနဲ့ပဲ...

“ဒါဖြင့် ရှင့်ကိုထားသွားစေခဲ့တဲ့ သူ့ရဲ့ကလေးဘဝကကိစ္စ ဆိုတာ ဘာမှန်း ရှင်ကနေ့ထိ မသိသေးဘူးပေါ့” လို့ မေးလိုက်တော့တယ်။

“သူ ကျနော့်ကို ထားသွားတာမဟုတ်ပါဘူး” လို့ နာ့ဟန်က အမှန်ပြင်ပေးတယ်။

“ကျနော်တို့ လမ်းခွဲခဲ့ကြတာပါ”

“ဘာဖြစ်ဖြစ်လေ...” အော့ဂတ်က ဆက်ပြောတော့... “ဘာဖြစ်ဖြစ်လေလို့ ပြောလို့မရဘူးဗျ။ ဒါ ကျနော့်ဘဝ။ အနည်းဆုံး ဒီလို အသေးစိတ်လေးတွေက ကျနော့်အတွက်တော့ အရေးကြီးတယ်” လို့ နာ့ဟန်က ပြန်ပြောလိုက်တယ်။

“ဒါနဲ့ ဒါတွေအားလုံး အစပျိုးစေတဲ့ သူ့ရဲ့ ကလေးဘဝကဖြစ်ရပ်က ဘာလဲဆိုတာ ကနေ့ထိ ရှင်မသိသေးဘူးပေါ့” အာ့ဂတ်က ဆက်မေးပါတယ်။

“နေဦး...။ ဒါတွေအားလုံး ဖြစ်စေတာ ဖြစ်ရပ်တခု မဟုတ်ဘူး ဗျ” နာ့ဟန်က ထပ်ပြီး ပြင်ပေးပြန်တယ်။

“တကယ်က လက်စသတ်တော့ မင်းပဲ…”

ခဏကလေး တိတ်ဆိတ်နေပြီးတဲ့နောက်မှာမှ နာ့ဟန်က ထပ်ဖြည့်ပြောတယ်။

“ဟုတ်တယ်...ရေခဲသေတ္တာကိစ္စပဲ”

နာ့ဟန်ကြောင့် မဟုတ်ဘူး

နာ့ဟန်ရဲ့ကောင်မလေး ငယ်ငယ်တုန်းက သူမရဲ့မိဘတွေက သူမကို ဘယ်တော့မှ စိတ်မရှည်ခဲ့ဘူး။ သူမလေးက ငယ်ကလည်း ငယ်သေးတော့ အားအင်အပြည့်နဲ့ ရှိနေချိန်..၊ သူမရဲ့ မိဘတွေကတော့ အိုမင်းပြီး ပင်ပန်းနေကြပြီဖြစ်တဲ့ အရွယ်လေ။ နာ့ဟန်ရဲ့ ကောင်မလေးဟာ သူမရဲ့ မိဘတွေနဲ့ ကစားဖို့၊ စကားပြောဖို့ ကြိုးစားခဲ့ပေမဲ့ သူတို့ကို အနှောင့် အယှက် ပေးသလိုပဲ ဖြစ်နေခဲ့တယ်။ သူတို့မှာ သူမနဲ့ ကစားဖို့၊ စကားပြောဖို့ နေနေသာသာ သူမကို ပါးစပ်လေး ပိတ်နေစမ်းပါလို့ ပြောဖို့တောင် အင်အား မရှိကြရှာတော့ဘူး။ အဲဒီတော့ သူတို့ အလုပ်သွားပြီဆိုရင် သူမလေးကို မ ချီပြီး ရေခဲသေတ္တာပေါ် တင်ခဲ့၊ နောက် အလုပ်ကို သွားကြတယ်...။ အလုပ်မှ မဟုတ်ဘူး၊ ဘယ်ပဲသွားစရာရှိရှိ အဲဒီလို လုပ်ပစ်ခဲ့ ကြတာပဲ။ ရေခဲသေတ္တာကြီးက မြင့်လွန်းလို့ နာ့ဟန်ရဲ့ ချစ်သူကောင်မလေးဟာ အောက်ကို မဆင်းနိုင်ခဲ့ဘူး။ ဒါကြောင့် သူမလေးဟာ သူမရဲ့ ငယ်ဘဝတလျှောက်လုံးကို ရေခဲသေတ္တာပေါ်မှာ ကုန်ဆုံးခဲ့ရတယ်...။ တကယ့်ကို ပျော်စရာ ငယ်ဘဝ လေးပါ။ အခြားလူတွေက သူတို့အစ်ကိုတွေ အနိုင်ကျင့်လို့ ကွဲပြဲနေတဲ့အချိန် နာ့ဟန်ရဲ့ ကောင်မလေးကတော့ ရေခဲသေတ္တာအစွန်းလေးမှာ ထိုင်ပြီး သီချင်းလေး တညည်းညည်း၊ ရေခဲသေတ္တာပေါ်မှာ တက်နေတဲ့ဖုန်တွေပေါ် ပုံလေးတွေ ဆွဲနဲ့ တယောက်တည်း ငြိမ့်နေခဲ့တာပေါ့။ အပေါ်စီးကနေ ကြည့်ရတဲ့ မြင်ကွင်းကလည်း တကယ့်ကို လှတာ လေ...။ ထိုင်ရတာလည်း နွေးနွေးထွေးထွေး ရှိတယ်။ ခု အသက်ကြီးလာတော့ အဲဒီလိုလေး တယောက်တည်း နေခဲ့ရတဲ့ အချိန်ကို လွမ်းတယ်...သိပ်ကို လွမ်းတာ။ နာ့ဟန်က သူ့ကောင်မလေး ဘယ်လောက်တောင် ဝမ်းနည်းနေရသလဲ ဆိုတာကို နားလည်ပါတယ်။ အဲဒါကြောင့်ပဲ တခါက ရေခဲသေတ္တာပေါ်မှာပဲ သူမကို ချစ်တင်းနှောဖို့ ကြိုးစားခဲ့ဖူးသေးတယ်...။ မအောင်မြင်ခဲ့ပါဘူး။

“အင်မတန်ကိုလှတဲ့ ဇာတ်လမ်းလေးပါပဲ” အော့ဂတ်က နာ့ဟန်ရဲ့ လက်တွေကို သူမရဲ့လက်တွေနဲ့ ပွတ်တိုက် နေရင်း ခပ်တိုးတိုး ဆိုတယ်။

“ဟုတ်ပါ့” နာ့ဟန်က သူ့လက်မောင်းကို ပြန်ဆွဲယူလိုက်ရင်း ခပ်ဝါးဝါး ပြောလိုက်တယ်။

“အင်မတန်လှတဲ့ဇာတ်လမ်းလေးပါပဲ...။ ဒါပေမဲ့ ကိုယ့်ဇာတ်လမ်းတော့ မဟုတ်ဘူး”

 

-The Girl on the Refrigerator

-လင်းထယ် ဘာသာပြန်ဆိုသည်။

ကျနော့်ညီကလေး စိတ်ဓာတ်ကျနေရှာတယ်

 

ဒါမျိုးဆိုတာ လမ်းမှာ တယောက်ယောက်က ခင်ဗျားဆီ တည့်တည့်ကြီး လျှောက်လာပြီး “ကျနော်တော့ စိတ်ဓာတ်တွေ ကျနေတယ်ဗျာ” လို့ လာပြောတာမျိုးတော့ ဘယ်ဟုတ်ပါ့မလဲဗျာ။ တကယ်တော့ ဖြစ်နေတာ ကျနော့် ညီပါ...။ ကျနော့်ညီက သူ့ဘာသာသူ သတ်သေချင်သလိုလို ဖြစ်နေတယ်။ ပြီးတော့ အဲဒီလို သတ်သေချင်နေတဲ့အ ကြောင်းကိုလည်း ကမ္ဘာပေါ်မှာ ဒီလောက်လူတွေအများကြီး ရှိတဲ့ထဲကမှ ကျနော့်ကို တည့်တည့် လာပြောတယ်။ ဒါကလည်း အကြောင်းရှိပါတယ်။ သူက အားလုံးထဲမှာ ကျနော့်ကို အချစ်ဆုံးကိုး...။ ကျနော်ကလည်း ချစ်ပါတယ်။ ဘယ်လို ပြောမလဲ...။ ချစ်တာတော့ တကယ်ကြီးကို ချစ်တာပါ။

ကျနော်နဲ့ကျနော့်ညီ “ရှဟီ” ကစားကွင်းထဲမှာ အတူရပ်နေကြတယ်ဗျာ။ ကျနော့်ခွေး “ဟန်းဒရစ်”က လည်ပတ် ကနေ အတင်းရုန်းပြီး ကလေးလေးကို မျက်နှာတက်ကိုက်မလို့လုပ်နေတာနဲ့ ကျနော့်မယ် သူ့ကို လက်တဘက်ကလည်း ဇွတ်ချုပ်ထားရ၊ တဘက်ကလည်း အိတ်ကပ်ထဲက မီးခြစ်ကို နှိုက်ဖို့ ကြိုးစားနေရသေးတယ်။

“ဟေ့ရောင်...မလုပ်နဲ့” ကျနော့်ညီကို တားရတယ်။ အရေးထဲ မီးခြစ်ကလည်း အိတ်ကပ်ထဲမှာမရှိ။ ဘာဖြစ်လို့တုံး လို့ ကျနော့်ညီက ပြန်မေးတယ်။ “ကျနော့်စော်က မီးသတ်သမားနောက် ပါသွားတယ်။ တက္ကသိုလ် ဆိုတာလည်း ကြားတောင် မကြားချင်ဘူး။ ရော့...ရော့... မီးခြစ်..။ မိဘတွေကတော့ ကမ္ဘာ့သနားစရာအကောင်းဆုံး လူတွေပဲ” သူက ကျနော့်ဆီ ခရစ်ကတ်ကို ပစ်ပေးလိုက်တော့ အမြန်ဖမ်းလိုက်ရတယ်။ ဒါနဲ့ ကျနော့်လက်က ဟန်းဒရစ် လွတ်ပြီး ပြေးပါ လေရော...။ အဲဒီ့ ကောင်က လွတ်သွားတာနဲ့ ကလေးလေးကို ခုန်အုပ်ပြီး မြက်ခင်းပေါ် တွန်းလှဲပစ်လိုက်တယ်။ နောက် သူ့ရဲ့ ရော့ပိုက်လာ သွားကြီးတွေနဲ့ ကလေးမျက်နှာကို ဆွဲဖြဲဖို့လုပ်တော့တာပဲ။

ကျနော်နဲ့ ကျနော့်ညီက ကလေးကို ဟန်းဒရစ် လွှတ်လိုက်အောင် ဝင်ဖြန်ရတယ်။ ပြောရရင်တော့ ကလေးအမေ က အော်တာ သေမတတ်ပဲ။ ကလေးကတော့ မသင်္ကာချင်စရာ ကောင်းအောင်ကို ငြိမ်သွားတယ်။ ကျနော်လည်း ဟန်းဒရစ်ကို ခပ်ပြင်းပြင်း ကန်ထည့်လိုက်တယ်။ ဒါပေမဲ့ အဲဒီကောင်က သောက်ဂရုတောင် မစိုက်ဘူးဗျာ...။ ကျနော့်ညီက မြက်ခင်းပေါ်မှာတွေ့တဲ့ သံချောင်းကို ကောက်ပြီး ဟိုကောင့် ရဲ့ ခေါင်းကို ဖြတ်ရိုက်ထည့်လိုက်တာ ဟန်းဒရစ်တကောင် ပုံကနဲပဲ။ ကလေးအမေကတော့ အော်ဟစ်နေလေရဲ့။ ဟန်းဒရစ် ကိုက်ပစ်လိုက်တာ ကလေးရဲ့ နှာခေါင်းတခုလုံး ရစရာ မရှိတော့ဘူး..။ ကျနော့်ညီ လက်ချက်နဲ့ ဟန်းဒရစ်လည်း သေရှာပြီ။ အဲဒီကောင်က သူ့ဘာသာသူလည်း သတ်သေချင်နေ သေးတယ်။ သူ့ရည်းစားက သူ့ထားပြီး မီးသတ်သမားနောက် ကောက်ကောက်ပါအောင် လိုက်သွားတာကကိုပဲ သူ့အတွက် လောကမှာ ရှက်စရာအကောင်းဆုံးကိစ္စကြီး ဖြစ်နေပြီ။ တကယ်တော့ ဟိုမီးသတ်သမားကလည်း မဆိုးရှာပါဘူး။ လူတွေ ကယ်တာ ဘာညာ ရှိဖူးတယ်လေ။ ဒါပေမဲ့ ကျနော့်ကောင် ထင်နေတာက ကျတော့ သူ့စော်က အမှိုက်ကားနဲ့တောင် ဖြစ်ချင်ဖြစ်နေမှာ ဆိုတာမျိုး။ ခုတော့ ကလေးအမေက ကျနော့်ကို ရိုက်မောင်းပုတ်မောင်းတွေ လုပ်နေပြီ။ အဖြူရောင် ဆိုးထားတဲ့ သူ့လက်သည်းရှည်တွေနဲ့ ကျနော့်မျက်လုံးကို ဖောက်ပစ်ဖို့ လုပ်နေပြီ။ ကျနော့်ညီက သံချောင်းကို ကောက်ပြီး ဘွားတော်ခေါင်းကို ဆော်ထည့်လိုက်တယ်...။ ဘယ်လို လုပ်မလဲဗျာ။ ဒီကောင်က စိတ်ဓာတ်ကျနေတဲ့ကောင် မဟုတ်လား။

 

-My Brother's Depressed

-လင်းထယ် ဘာသာပြန်ဆိုသည်။

ညကြီးမင်းကြီးမှာ

 

ညကြီးမင်းကြီးမှာ လူတိုင်းဟာ အိပ်မောကျနေတယ်။ အမေဖြစ်သူက အိပ်ရာပေါ်မှာ မျက်စိတွေ စုံမှိတ်ထား လည်းပဲ အိပ်လို့မပျော်နိုင် ဖြစ်နေတယ်။ သူ ချာတိတ်မလေးဘဝတုန်းက သိပ္ပံပညာရှင်တယောက် ဖြစ်ချင်ခဲ့တာ။ သူ ကင်ဆာပျောက်ဆေး၊ ဒါမှမဟုတ် တုပ်ကွေးပျောက်ဆေး၊ ဒါမှမဟုတ် လူသားတွေရဲ့ဝမ်းနည်းမှုအတွက် ကုထုံးတခု ထွင်နိုင်ချင်ခဲ့တာ။ ကျောင်းတုန်းက အမှတ်တွေလည်း ကောင်းတယ်၊ မှတ်စုစာအုပ် ဆိုလည်း သပ်သပ်ရပ်ရပ်နဲ့။ လူသား မျိုးနွယ်ကို ကုစားတဲ့အပြင် သူ အာကာသခရီး ထွက်ချင်သေးတာ၊ ပြီးတော့ မီးတောင်တလုံး ဆူပွက်နေတာကို ထိုင်ကြည့် ချင်သေးတာ။ သူ့ဘဝလမ်းကြောင်း ချော်ထွက်သွားတယ်လို့ ပြောဖို့လည်း ခက်ပြန်တယ်။ သူချစ်တဲ့ ယောက်ျား တယောက်ကို လက်ထပ်တယ်၊ သူစိတ်ဝင်စားတဲ့ နယ်ပယ်မှာ အလုပ်ရတယ်၊ ချစ်စဖွယ်သားလေး တယောက် မွေးထားတယ်။ ဒါပေမင့် သူ အိပ်မပျော်နိုင် ဖြစ်နေတယ်။ သူချစ်တဲ့ခင်ပွန်း လွန်ခဲ့တဲ့ တနာရီ ကတည်းက ဆီးထသွားပြီး ပြန်မလာသေးလို့လည်း ဖြစ်နိုင်တာပါပဲ။

ညကြီးမင်းကြီးမှာ လူတိုင်းဟာ အိပ်မောကျနေတယ်။ အဖေဖြစ်သူကတော့ ဝရန်တာဆီ ခြေဗလာနဲ့ လျှောက်သွားပြီး စီးကရက်ခဲ နေရင်းတန်းလန်းနဲ့ အကြွေးတွေ တွက်နေတယ်။ သူ နွားလို ရုန်းတယ်။

ပိုက်ဆံစုဖို့ အားခဲတယ်။ ဒါပေမင့် အရာအားလုံးက သူတတ်နိုင်တာထက် ပိုကျနေတယ်။ ကဖေးဆိုင်က လည်တိုင်ပုပုနဲ့လူ သူ့ကို ပိုက်ဆံထုတ်ချေးထားတာ သိပ်မကြာခင် သူ ပြန်ဆပ်ရတော့မယ်။ ဘယ်ကနေ ဘယ်လို စ,ဆပ်ရမလဲ တွေးလို့ကိုမရ ဖြစ်နေတယ်။ စီးကရက်တလိပ် ကုန်တဲ့အခါ ဖင်စီခံကို ဝရန်တာပေါ်ကနေ အားနဲ့မာန်နဲ့ ပစ်ချလိုက်တယ်။ ဖင်စီခံဟာ ဒုံးပျံတစင်းလိုလို။ လျှောက်လမ်းပေါ် ပစ်ကျသွားတာကို ငုံ့ကြည့်တယ်။ လမ်းပေါ် အမှိုက် ချတာ မကောင်းပါဘူး။ သူ့သား ချိုချဉ်ခွံ လမ်းပေါ်ပစ်ချတိုင်း သူ ဆုံးမနေကျ စကားပဲလေ။ ဒါပေမင့် ညဉ့်လည်း နက်နေပြီ၊ သူလည်း နွမ်းလျနေပြီ၊ ပြီးတော့ သူ့ခေါင်းထဲမှာ ငွေပဲ ရှိတယ်။

ညကြီးမင်းကြီးမှာ လူတိုင်းဟာ အိပ်မောကျနေတယ်။ ကောင်လေးကတော့ သတင်းစာစက္ကူစ သူ့ရှူးဖိနပ်မှာ လာကပ်ပြီး ဘယ်လို ခွာမရဘူးဆိုတဲ့ အိပ်မက်ဟောင်းတွေချည်း ထပ်ခါတလဲလဲ မက်နေရတယ်။ အိပ်မက်တွေဟာ ဦးနှောက် သူ့ဟာနဲ့သူ တကိုယ်ရေ ပြောနေဆိုနေတာရယ်လို့ အမေက ပြောဖူးတယ်။ ဒါပေမင့် ကောင်လေးရဲ့ ဦးနှောက်က ဝါးတားတားပဲ ပြောတတ်ဆိုတတ်ရှာတယ်။ စီးကရက်နံ့ ဟောင်းဟောင်းထနေတဲ့၊ ရေဆိုးရေညစ်တွေ အိုင်ထွန်းနေတဲ့ အိပ်မက်ဆိုးတွေ ညတိုင်းမက်လည်းပဲ သူ့ဦးနှောက်က ဘာပြောချင် ဆိုချင်နေတာလဲဆိုတာ ကောင်လေး နားမလည် နိုင်ဘူး။ သူ အိပ်ရာပေါ်မှာ လူးလွန့်တယ်။ ခဏနေရင်တော့ သူ့အမေ သို့မဟုတ် သူ့အဖေ ဝင်လာပြီး စောင်ခြုံနွေးထွေး ပေးမယ်ဆိုတာ သူ သိပ်သိနေပါတယ်။ ဒီကြားထဲမှာ သူ့ရှူးဖိနပ်မှာ ကပ်နေတဲ့ သတင်းစာစက္ကူကို ခွာနိုင်မယ့် အချိန်ကို မျှော်လင့်စောင့်စားရုံသာ။ ဒါမှသာ အိပ်မက်အသစ် ဆိုက်ရောက်လာမယ် မဟုတ်လား။

ညကြီးမင်းကြီးမှာ လူတိုင်း အိပ်မောကျနေတုန်း ရွှေငါးဟာ ငါးကန်ထဲက ခုန်ထွက်လာပြီး အဖေဖြစ်သူရဲ့ ဖိနပ်ကို စီးတယ်။ အဲဒီနောက် ဧည့်ခန်းထဲက ဆိုဖာပေါ်ထိုင်ချပြီး တီဗွီခလုတ်ကို ဖွင့်တယ်။ သူ့အသည်းစွဲ အစီအစဉ်တွေကတော့ ကာတွန်းတွေ၊ သဘာဝ(အကြောင်း) ရုပ်ရှင်တွေနဲ့ CNN သတင်းဌာန (အကြမ်းဖက်သတင်းတွေနဲ့ ကြည့်ပျော်ရှုပျော်ရှိတဲ့ သဘာဝ ဘေးကျတဲ့ သတင်းတွေ လာတဲ့အခါမျိုးမှသာ) ပဲ။ ဒင်းက တီဗွီကို အသံပိတ်ပြီး ကြည့်တယ်။ ဘယ်သူမှ မနိုး အောင်လေ။ လေးချက်တီးခါနီးလောက်မှာ သူ ငါးကန်ထဲ ပြန်ဝင်တယ်။ စိုစိစိ ဖိနပ်တွေကိုတော့ ဧည့်ခန်းထဲမှာပဲ ချွတ်ထားခဲ့တယ်။ မနက်လင်းတဲ့အခါ အမေကြီးက အဖေကြီးကို ဘာတွေကြိမ်းမလဲဆိုတာ သူ့အရေးမှ မဟုတ်တာ။ သူဟာ ငါးတကောင်မျှသာ။ ငါးကန်လည်းမဟုတ်၊ တီဗွီဖန်သားပြင်လည်း မဟုတ်ရင်၊ သူ ဘာလို့ အမှုထားနေရမလဲ။

 

-At Night

-နေသန် ဘာသာပြန်ဆိုသည်။

‘မင်းအတွက် ပျော်စရာမွေးနေ့လေး ဖြစ်ပါစေ’

 

မှတ်တိုင်ဆီကို မင်းရောက်တာနဲ့ ဘတ်စ်ကားဟာ စောင့်စရာမလိုဘဲ ဆိုက်လာပါလိမ့်မယ်။ ကားဒရိုင်ဘာက မင်းကို ပြုံးပြလိမ့်မယ်။ ကားရဲ့ မှန်ပြတင်းတွေက လင်းနေမယ်။ မင်းကို ပြန်အမ်းစရာ ငွေအကြွေတွေလည်း ရှိနေမှာ။ ဝဲဘက် တခုံတန်းရဲ့ နောက်ဆုံးနေရာဟာ မင်း နာမည် ဦးထားတဲ့အလား လွတ်နေမယ်။ မင်းကြိုက်တဲ့ နေရာလေးပေါ့။ ဘတ်စ်ကားထွက်ပြီဆိုကတည်းက မီးပွိုင့်တွေဟာ ဘတ်စ်ကားရောက် ခါနီးတိုင်း မီးစိမ်းလာမယ်။ နေကြာစေ့တွေ နွှာနေတဲ့ ငနဲလေးကတော့ အညိုရောင်စက္ကူအိတ်ထဲကို နေကြာစေ့ အခွံတွေ ထည့်နေမယ်။

အသက်ခပ်ကြီးကြီး လက်မှတ်စစ်က မင့်ကားလက်မှတ်ကို ယူမကြည့်ဘူး။ ခေါင်းညိတ် အသိအမှတ်ပြုလို့ ချိုသာတဲ့ အသံနဲ့ နေ့ကောင်းရက်သာ ကြုံပါစေကြောင်း ဆန္ဒပြုပေလိမ့်မယ်။

တကယ်လည်း နေ့ကောင်းရက်သာ တခုပါပဲ။ ဘာကြောင့်ဆို၊ ဒီနေ့ဟာ မင်းရဲ့ မွေးနေ့ ဖြစ်နေလို့ပေါ့။ မင်းက ဉာဏ်ကောင်းတယ်။ မင်းက ချောတယ်။ မင့် ဘဝကို မင်း ဦးဆောင်တယ်။ မှတ်တိုင်လေးခု ကျော်တော့၊ မင်း ကြိုးကွင်းကို ဆွဲထားတုန်းမှာ ဘတ်စ်ကားက တုံ့ခနဲ ရပ်သွားမယ်။ မင်း ဆင်းဖို့အတွက်ပဲ။

ဘတ်စ်ကားပေါ်က တိုးအဆင်းမှာလည်း ဘယ်သူကမှ မင်းကို တံတောင်နဲ့မတွက်ဘူး။ မင်း လမ်းပေါ်ကို ခြေ မကျမချင်း ကားတံခါး ကလည်း ပိတ်မသွားဘူး။ ပြီး ဘတ်စ်ကား ထွက်သွားလိမ့်မယ်။ ခရီးသည်အားလုံးက မင်းအတွက် ကြောင့်ကြမရှိဘဲ လိုက်ပါသွားကြမယ်။ နေကြာစေ့တွေနဲ့ ကောင်လေးကတော့ အကြောင်းပြချက်မရှိဘဲ မြင်ကွင်းထဲက ပျောက်သွားတဲ့အထိ မင်းကို လက်ပြနှုတ်ဆက်သွား လိမ့်မယ်။

အကြောင်းပြချက် ရှိရမယ်ဆိုရင်လည်း၊ ဒါဟာ မွေးနေ့တခု ဖြစ်နေလို့ပဲပေါ့။ မွေးနေ့တွေဆိုတာ ကောင်းခြင်းတွေ ဖြစ်လေ့ရှိတာမျိုး မဟုတ်လား။ ခွေးကလေးပါပီကလည်း အမြီးကလေးနှန့်လို့ မင်းကို ကြိုမယ်။ တကယ့် အမှတ်တရ နေ့စွဲတခု ဆိုတာ ခွေးကတောင် သိတယ်။ မင်းတိုက်ခန်းကို ပြန်ရောက်တော့၊ လူတွေက ခုံတွေနောက် အမှောင်ထဲမှာ ပုန်းနေကြမယ်။ မင်းတံခါးဖွင့်လိုက်တာနဲ့၊ သူတို့က ဘွားခနဲ ခုန်ထွက်လာကြပြီး “ဆဖရိုက်စ်” လို့ အော်ကြလိမ့်မယ်။ တကယ်လည်း မင်းအနေနဲ့ အံ့သြဝမ်းသာ ဖြစ်သွားရတာပါပဲ။ မင်း ချစ်ခင်တဲ့သူ အားလုံး မင်းနဲ့အတူ ရှိနေကြမယ်။ မင်းနဲ့ အနီးဆုံးလူတွေပေါ့။ သူတို့ စိတ်ကူးနဲ့ ဝယ်ယူထားတဲ့ မင်းအတွက် လက်ဆောင်တွေလည်း သူတို့ ဆီမှာ ပါလာကြ လိမ့်မယ်။ လက်ဆောင်တွေကို စိတ်ကူးကြည့်လိုက်ရင် မင်းအတွက် တကယ်အသုံးတည့်တဲ့ လက်ဆောင်တွေချည်းပေါ့။

ပျော်ပျော်နေတတ်သူတွေက ဖျော်ဖြေကြလိမ့်မယ်။ တော်တဲ့ တတ်တဲ့သူတွေက ဘဝအသိ ခွန်အားတွေ ပေးလိမ့်မယ်။ ယုတ်စွအဆုံး စိတ်အားငယ်တတ်သူတွေကတောင် သိသိသာသာ ပြုံးထားကြလိမ့်ဦးမယ်။ စားစရာတွေ ကလည်း အလျှံအပယ်။ စတော်ဘယ်ရီသီးတွေ စားကြမယ်။ အဆုံးသတ် အမှတ်တရ အစာပိတ်အနေနဲ့ မြို့ထဲ အကောင်းဆုံးဆိုင်က မှာထားတဲ့ နို့သစ်ခွဖျော်ရည်လေးနဲ့ လက်စသတ်မယ်။

သူတို့က Keith Jarrett အခွေ ဖွင့်ပြီး အားလုံးအတူ နား ထောင်ကြမယ်။ ဝမ်းနည်းပက်လက် ဖြစ်နေတဲ့သူဆိုလို့ တယောက်မှ မရှိ။ အဖော်မဲ့ အထီးကျန်လှချည်ရဲ့လို့ ခံစားနေရသူ ဘယ်သူမှ မရှိ။

ရေခဲမုန့်တို့ ဖျော်ရည်တို့လည်း ဘယ်သူမှ ထပ်မတောင်း။ အခုဆို တယောက်ကိုတယောက် မသိသူလည်း မရှိ။

ပွဲလည်းပြီးရော သူတို့ ပြန်သွားကြလိမ့်မယ်။ မင်း အနမ်းခြွေ စေချင်တဲ့သူက မင်းကို နမ်းသွားလိမ့်မယ်။ မင်း မနမ်းစေချင်တဲ့ သူကျ လက်ဆွဲနှုတ်ဆက်ရုံကလေးပေါ့။ မင်းအပေါ် အမြဲကြင်နာမယ့်သူ၊ နူးညံ့မှုပေးမယ့် သူတဦးကတော့ မပြန်ဘဲ ကျန်နေခဲ့မှာ။ မင်းသာ ဆန္ဒ ရှိရင်၊ သူနဲ့ နှစ်ကိုယ်တူ တွဲစက်လို့ ရသေး။ မင်းက တောင်းဆိုရင် ညအိပ်မီး အရောင်ကို သူက မှိန်အောင် လုပ်ပေးပါလိမ့်မယ်။ သူ့ရင်ခွင်မှာ မှီထိုင်နေရင်း၊ အရုဏ်တက်တာကို စောင့်ကြည့်လို့ ရသေးရဲ့။

ဒီလိုည ဒီလိုအခါမျိုးမှာ မင်းနဲ့အတူရှိနေမယ့်သူဟာ ကိုယ်သာ ဖြစ်ချင်ပါရဲ့။ နို့သစ်ခွဖျော်ရည်ကို သောက်ရင်း၊ နှစ်နှစ်ကာကာ ပြုံးလို့။ ကိုယ် မပြန်ခင်မှာ မင်းသာ ဆန္ဒရှိတယ်ဆို၊ မင်းကို မွှေးမွှေးပေးချင်သေး။ မင်းက စိတ်မပါဘူး ဆိုရင်တော့လည်း၊ မင်းလက်ကလေးကို ထွေးဆုပ်လို့သာ မပြန်ခင် နှုတ်ဆက်ခဲ့ရုံပေါ့။

 

-Happy Birthday to You

-သုဒ္ဓ ဘာသာပြန်ဆိုသည်။

ကမ္ဘာပျက်လုပျက်ခင်မှာ သံလွင်သီးမြုံ့ခြင်း

 

ကမ္ဘာက ပျက်လုလု ဖြစ်နေပြီ။ ကျနော်ကတော့ သံလွင်သီးတွေ မြုံ့နေတာ။ အစက ရည်ရွယ်ထားတာတော့ ပီဇာ လုပ်စားဖို့ပဲ။ နောက် စတိုးဆိုင်ထဲ ဝင်သွားတော့ စင်တော်တော်များများ ပြောင်တလင်းခါနေတာ မြင်တဲ့အခါ ပီဇာတွေ၊ ခရမ်းချဉ်သီးဆော့စ်တွေ ခေါင်းထဲက ထုတ်ပစ်လိုက်ရ တော့တယ်။ ငွေရှင်းကောင်တာက ဝန်ထမ်းကို မေးမလို့ လုပ်သေးတယ်။ ဝန်ထမ်းက အသက်အရွယ် အတော်ရနေပြီဖြစ်တဲ့ မိန်းမကြီးတယောက်။ ဖုန်းထဲမှာ စပိန်ဘာသာစကားနဲ့ Skype ပြောနေတာ။ ကျနော်မေးတော့ ခေါင်းကလေးတောင် မော်မကြည့်ဘဲ ပြန်ဖြေတယ်။ သူ့ကြည့်ရတာ တစစီ ကျိုးပဲ့နေသလိုပဲ။

“အကုန်ဝယ်သွားကြပြီ” လို့ သူက တိုးတိုးဖွဖွ ပြောတယ်။ “ကျန်တာဆိုလို့ အမျိုးသမီးလစဉ်သုံး ပစ္စည်းနဲ့ ချဉ်ရည်စိမ် အသီးတွေပဲ ရှိတော့တယ်”

ချဉ်ရည်စိမ်အသီးစင်ပေါ်မှာ ပိုင်မန်တို အစာသွပ်ထားတဲ့ သံလွင်သီး တဘူးပဲ ကျန်တော့တာ။ ကျနော့်အကြိုက် ပေါ့။

ကျနော် ငွေရှင်းကောင်းတာရောက်တဲ့အခါ ဝန်ထမ်းက မျက်ရည်စက်လက်နဲ့။ “သင်းကလေးက ပူပူနွေးနွေး ပေါင်မုန့်သားလိုပဲ” လို့ ပြောတယ်။ “ကျုပ်ရဲ့ ချစ်စနိုး မြေးငယ်လေး။ ကျုပ် သူ့ကို ဘယ်တော့မှ ထပ်တွေ့ရတော့မှာ မဟုတ်ဘူး။ ဘယ်တော့မှ နမ်းရှုံ့ရမှာ မဟုတ်တော့ဘူး။ ကျုပ်မြေးလေးကို ဘယ်တော့မှ ထပ်ပွေ့ဖက်ရတော့မှာမဟုတ်ဘူး”

ကျနော် ဘာမှပြန်မဖြေဘဲ သံလွင်သီးဘူးကို ကောင်တာမှာ ချပြီး အိပ်ကပ်ထဲက ငါးဆယ်တန်ကို ထုတ်တယ်။ “ရတယ်။ ကိစ္စမရှိပါဘူး” သူ ပိုက်ဆံမယူဘူးဆိုတာ သိလိုက်ရတော့ “ကျနော့်ကို ပြန်အမ်းစရာမလိုပါဘူး” လို့ ပြောလိုက် ရသေးတယ်။

“ပိုက်ဆံ ဟုတ်လား” လို့ သူက ငေါ့တော့တော့နဲ့ ပြောတယ်။ “ကမ္ဘာပျက်တော့မယ်ဟာကို ပိုက်ဆံ လာပေးနေတယ် ဟုတ်လား။ အဲဒီပိုက်ဆံနဲ့ ကျုပ် ဘာလုပ်ရမှာလဲ”

ကျနော် ပခုံးပင့်ပြလိုက်တယ်။ “ကျနော် အဲဒီသံလွင်သီးတွေ တကယ်လိုချင်နေလို့ပါ။ ငါးဆယ်နဲ့မလောက်ရင် ထပ်ပေး ပါ့မယ်။ ဘယ်လောက်ပဲကျကျ...”

“ပွေ့ဖက်ပေးဖို့ပဲ” မျက်ရည်တွဲလဲနဲ့ ငွေရှင်းကောင်တာဝန်ထမ်း အမျိုးသမီးက စကားဖြတ်ပြောပြီး လက်တွေ ဆန့်တန်းလိုက်တယ်။ “ပွေ့ဖက်ပေးရင် ရပါပြီ”

ခု ကျနော် အိမ်က ဝရန်တာမှာ ထိုင်နေတယ်။ တီဗွီကြည့်ရင်း၊ ချိစ်စားရင်း၊ သံလွင်သီးမြုံ့ရင်းပေါ့။ တီဗွီကို ဝရန်တာဘက်ဆီ ထုတ်ရတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကမ္ဘာပျက်တော့မယ် ဆိုရင် ကြယ်စုံကောင်းကင် အောက်မှာ ဆိုးဆိုးရွားရွား အာဂျင်တီးနား ဇာတ်ထုပ်ထိုင်ကြည့်ရင်း အပျက်ခံရတာထက် ပိုကောင်းတာ ရှိနိုင်ဦး မှာလား။ အပိုင်း ၄၃၆ ကို ရောက်နေပြီ။ ဇာတ်ကောင်တယောက်ကိုမှ ကျနော် မသိဘူး။ သူတို့က လွှတ်လှ၊ လွှတ်ခံစားကြတာ။ ပြီးတော့ စပိန်လို အော်ကြဟစ်ကြရော။ စာတန်းထိုးမပါတော့ သူတို့ဘာပြောနေလဲ နားမလည်ဘူးပေါ့။ ကျနော် မျက်စိစုံ မှိတ်ပြီး စတိုးဆိုင်က ငွေရှင်းအမျိုးသမီးကြီးအကြောင်း ပြန်တွေးတယ်။ ကျနော် သူ့ကို ပွေ့ဖက်တုန်းက ကျနော့်နဂို ရှိရင်းစွဲထက် ပိုပြီးကျုံ့ဝင်သွားအောင်၊ ပိုနွေးထွေးနေအောင် အားထုတ်ခဲ့တယ်။ ကျနော်ဟာ ခုမှ ဖွားမြင်တဲ့ ကလေးငယ် တယောက်လို အငွေ့ အသက်ရအောင် အားထုတ်ခဲ့ပါတယ်။

 

-Eating Olives at the End of the World

-နေသန် ဘာသာပြန်ဆိုသည်။

Whisper Of Words

https://whisper1of.blogspot.com


Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review