ရန်ကုန်တွင် သေဆုံးနိုင်သော နည်းပေါင်းတထောင် - ကိတ်မုန့်
ရန်ကုန်တွင် သေဆုံးနိုင်သော နည်းပေါင်းတထောင် - ကိတ်မုန့်
"ရန်ကုန်" လို့ပြောလိုက်တာနဲ့ အရင်ဆုံးဘာကို ပြေးမြင်တတ်ကြပါသလဲ။ လူစည်ကားတာလား၊ ကားလမ်းပိတ်တာလား၊ ရွှေတိဂုံဘုရားလား၊ ရုပ်ရှင်၊ ဂီတ၊ မဂ္ဂဇင်း စတဲ့ အနုပညာဖွံ့ဖြိုးတဲ့ နေရာလို့လား၊ ဒါမှမဟုတ် အလုပ်အကိုင်အခွင့်အလမ်း ပေါများရာနေရာ လို့ တွေးမိတာလား။
ရန်ကုန်သူ၊ ရန်ကုန်သားတွေ အတွက်ကတော့ အဆန်းမဟုတ်ပေမဲ့ နယ်သူ၊နယ်သား၊ အညာသူ၊အညာသား၊ တောသူတောသား ကုန်ကုန်ပြောရရင် ရန်ကုန်ကမဟုတ်တဲ့ လူတွေအတွက်ကတော့ ရန်ကုန်ဆိုတာကို ဘယ်လိုတွေးကြသလဲ။ တစ်ယောက်နဲ့တစ်ယောက် တူချင်မှတူကြမှာပါ။ အလုပ်အတွက်၊ကျောင်းအတွက်၊ မိသားစုအတွက်၊ ကျန်းမာရေးအတွက်၊ အပျော်ခရီးအတွက်၊ စသဖြင့် ဦးတည်ချက်ပေါင်းစုံနဲ့ ရန်ကုန်မှာ လာရောက်နေထိုင်သူ အများအပြား ရှိနေကြပါတယ်။ ဒီစာအုပ်ကို ဖတ်လိုက်ရင်တော့ ရန်ကုန်မှာနေထိုင်သူတွေရဲ့ အခက်အခဲကို အနည်းငယ် တီးမိခေါက်မိ နိုင်ပါတယ်။
ပထမဆုံး လူသေဆုံးမှုကို စစ်ဆေးနေတဲ့ အခန်းကနေ စတင်ဖတ်ရမှာဖြစ်ပြီး၊ အဓိက ဇာတ်ဆောင်များဖြစ်တဲ့ အင်ကြင်းမေ၊ အောင်သူရိန်ထွန်းနဲ့ နော်အဲလစ် တို့ရဲ့ အကြောင်း၊ တဖန် သူတို့နဲ့ပတ်သက် ဆက်နွှယ်သူတွေရဲ့ တစ်ဦးချင်းစီ အကြောင်းကို အမျိုးမျိုးအဖုံဖုံ ကိစ္စရပ်ရပ်တွေနဲ့ ဖတ်ရမှာဖြစ်ပါတယ်။
ဆေးကျောင်းတက်နေတဲ့ ဆရာဝန်လောင်းတွေရဲ့အခက်အခဲ၊ ပျော်ရွှင်မှုတွေ၊ ဝါသနာနဲ့ အလုပ်နဲ့ မကိုက်ညီတဲ့အခါ ကျောင်းတဝက်တပျက်နဲ့ ထွက်လိုက်ရတဲ့ ခံစားချက်တွေပါ ခံစားမိစေပါတယ်။ ရန်ကုန်မြို့ကြီးမှာ အလုပ်တစ်နေရာရဖို့ ဘယ်လောက်ခက်ခဲပုံ၊ ရပ်တည်ရမလွယ်ကူပုံအပြင် လူရည်လည်၊ လူ့ဖျံတွေ ပေါများပုံနဲ့ သူများကို လှည့်ပတ်ကာ စီးပွားရေး လုပ်တတ်သူများကိုလည်း သင်ခန်းစာ ယူချင့်စဖွယ် တွေ့မြင်ရပါတယ်။
ယောက်ျားလျာ၊ မိန်းမလျာ ဘဝကို လက်ခံမပေးတဲ့ မိသားစုမှာ လူလာဖြစ်တဲ့သူတွေ အတွက် ဘယ်လောက် မွန်းကြပ်လိမ့်မလဲ။ လက်ခံမပေးတဲ့မိဘကိုလည်း အပြစ်ပြောမရသလို၊ သားသမီး အပြစ်လည်း ဟုတ်မနေပါဘူး။ ဒီလိုလူငယ်တွေရယ်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်စီးနေတဲ့ လူငယ်တွေရယ်၊ အထီးကျန်ဆန်ပြီး ဖြစ်ချင်ရာဖြစ် နေတဲ့ လူငယ်တွေ ပေါင်းမိကြရင်ရော ဘာတွေဖြစ်နိုင်သလဲ ဆိုတာကို အင်ကြင်းမေတို့ သူငယ်ချင်းတစုက ပြောပြပေးသွားမှာပါ။ အိမ်ထောင်အရွေးမှား အကြမ်းဖက်ခံရလို့ သည်းမခံနိုင်တဲ့အဆုံး လုပ်မိလုပ်ရာ လုပ်တတ်ကြောင်း၊ ဒေါသအလျောက် တုံ့ပြန်မှုက ဘဝပါ ပေးလိုက်ရကြောင်းကိုလည်း သိရှိစေပါတယ်။ ဘယ်သူ့ဘယ်သူမှ စိတ်ကူးမယဉ်ကြတဲ့ "ထောင်"ဆိုတဲ့ နေရာ အကြောင်းလည်း ဖတ်ရုံနဲ့ မြင်ယောင်လာစေပြီး၊ ပါတီတွေ ပွဲတွေ နဲ့ အပျော်ရှာကြတဲ့ နေရာကြီးကလည်း ငြီးငွေ့ စိတ်ပျက်ဖွယ်ကောင်းလာအောင် စာဖတ်သူ ခံစားရမှာပါ။
စာအုပ်နာမည်အတိုင်း သေဆုံးနည်းများစွာ ကြုံရနိုင်တဲ့နေရာမှာ သေခြင်းတရားက ခေါ်ဆောင်ချိန် ရောက်တဲ့အခါ၊ သေမင်းခေါ်သံ လို့ တင်စားရတဲ့ နိမိတ်တွေ ထိတ်လန့်တုန်လှုပ်စွာ ထင်ဟပ်ခြင်း ခံရတော့တယ်။
အမျိုးမျိုးသော အခက်အခဲတွေကြား ကိုဗစ်ဒဏ်က အလူးအလဲ ခံရသေးတဲ့အကြောင်းကိုပါ ပြန်လည် သိခွင့်ရရှိစေပါတယ်။

👏🏿👏🏿
ReplyDelete💕
ReplyDeleteThanks
ReplyDeleteDownload မရသေး
ReplyDeleteရပါပြီဗျ။
Delete