တိုကျိုကို စူပါဖား ကယ်တင်ခဲ့သည် - မင်းမြတ်စံ

 


တိုကျိုကို စူပါဖား ကယ်တင်ခဲ့သည် - မင်းမြတ်စံ

စာမျက်နှာအနည်းငယ်သာရှိတဲ့ ဒီဝတ္ထုတိုလေးကို ဖတ်ပြီးသွားတဲ့အချိန်မှာ ကျွန်တော် ခဏလောက် ငြိမ်သက်သွားမိတယ်။ ဒီဇာတ်လမ်းက တိုကျိုမြို့ကြီး ငလျင်ဘေးကနေ လွတ်မြောက်သွားတာထက် ပိုတဲ့ အနှစ်သာရတွေ ရှိနေလို့ပါ။ Murakami ဟာ သူ့ရဲ့ ထုံးစံအတိုင်း လက်တွေ့လောကနဲ့ စိတ်ကူးယဉ်လောကကို အပ်ချည်တစ်မျှင်စာလောက်ပဲ ခြားပြီး လူသားတစ်ယောက်ရဲ့ အတွင်းစိတ်ဒဏ်ရာတွေကို ပါးပါးလေး ဓားနဲ့မွှန်းပြသွားခဲ့ပါတယ်။

ဇာတ်လမ်းက အရမ်းထူးဆန်းတယ်။ ဘဏ်ဝန်ထမ်း ခါတာဂီရိရဲ့ အိမ်ထဲကို ခြောက်ပေကျော်မြင့်တဲ့ ဧရာမဖားကြီးတစ်ကောင် ရောက်လာတယ် ဒီဖားကြီးက တိုကျိုမြို့ကို ပျက်စီးစေမယ့် ငလျင်ဘေးကနေ ကယ်တင်ဖို့အတွက် ခါတာဂီရိရဲ့ အကူအညီကို လာတောင်းတာပါ။ မြေအောက်ထဲမှာရှိတဲ့ "တီကောင်ကြီး" (Worm) က ဒေါသတွေပေါက်ကွဲပြီး ငလျင်ဖန်တီးတော့မယ်၊ အဲဒါကို တိုက်ဖျက်ဖို့ ခါတာဂီရိရဲ့ "သတ္တိ" ကို အလိုရှိတယ်ဆိုတဲ့ အချက်က စိတ်လှုပ်ရှားစရာပါပဲ

ဒီဝတ္ထုထဲမှာ ကျွန်တော် အနှစ်သက်ဆုံးက ခါတာဂီရိရဲ့ ဇာတ်ကောင်စရိုက်ပါ။ သူက ချောမောလှပသူမဟုတ်ဘူး၊ စကားပြောလည်း မလိမ္မာဘူး သူဟာ အများရှောင်တဲ့ ကြွေးဆိုးကောက်တဲ့အလုပ်ကို ၁၆ နှစ်လုံးလုံး တိတ်တဆိတ် လုပ်ခဲ့သူပါ မိဘတွေဆုံးတော့ မောင်နှမတွေကို အနစ်နာခံ ကျောင်းထားပေးခဲ့ပေမယ့် ဘယ်သူကမှ သူ့ကို ကျေးဇူးမတင်ခဲ့ကြဘူး လောကကြီးက သူ့ကို လျစ်လျူရှုထားပေမယ့် သူကတော့ ဒေါသတောင် မထွက်တတ်တဲ့ သာမန်လူသားလေးတစ်ယောက်ပေါ့။ ဧရာမဖားကြီးက ဘာလို့ သူ့ကို ရွေးတာလဲဆိုတော့ "သူ့လောက် ယုံကြည်စိတ်ချရတဲ့သူ မရှိလို့" တဲ့ ။ ဒါဟာ သိပ်ကို လေးနက်တဲ့ အသိအမှတ်ပြုမှုတစ်ခုပါ။

ဖားကြီးက နစ်ရှာ (Nietzsche) ရဲ့ ဒဿနတွေကို ရွတ်ပြတတ်သလို အနုပညာကိုလည်း မြတ်နိုးသူပါ သူက တီကောင်ကြီးကို တိုက်ခိုက်ရာမှာ ခါတာဂီရိကို တကယ်တမ်း လက်နက်ကိုင်ပြီး တိုက်ခိုင်းတာမဟုတ်ဘဲ သူ့နောက်ကနေ "ခိုင်ခိုင်မာမာ ရပ်တည်ပေးဖို့" ပဲ တောင်းဆိုခဲ့တာပါ ။ ဒါဟာ ကျွန်တော်တို့ရဲ့ ယုံကြည်မှုနဲ့ စိတ်ဓာတ်ခွန်အားက မမြင်ရတဲ့ ဘေးဆိုးတွေကို ဘယ်လောက်အထိ တားဆီးပေးနိုင်သလဲဆိုတာကို ပြဆိုနေပါတယ်။

ဇာတ်လမ်းရဲ့ အဆုံးသတ်မှာ ခါတာဂီရိဟာ ဆေးရုံပေါ်မှာ နိုးလာခဲ့တယ်။ တိုကျိုမြို့မှာ ငလျင်မလှုပ်ခဲ့ပေမယ့် ခါတာဂီရိရဲ့ မျက်လုံးထဲမှာတော့ ဖားကြီးဟာ တီကောင်ကြီးကို တိုက်ထုတ်ရင်း ကြေကွဲစရာကောင်းလောက်အောင် ပျက်စီးသွားခဲ့ပြီ။ "ခင်ဗျား မျက်လုံးနဲ့ မြင်နေရတာဟာ တကယ်ဖြစ်နေစရာ မလိုပါဘူး" ဆိုတဲ့ စကားလေးက ဝတ္ထုတစ်ပုဒ်လုံးရဲ့ အနှစ်သာရကို ခြုံငုံပေးထားသလိုပါပဲ။

ဒီစာအုပ်က ကျွန်တော်တို့ကို မေးခွန်းတစ်ခု ထုတ်နေပါတယ်။ "ကိုယ့်ရဲ့ အနစ်နာခံမှုတွေကို ဘယ်သူမှ မသိတဲ့အခါ၊ ကိုယ်ဟာ လောကကြီးအတွက် ဘာမှမဟုတ်သလို ခံစားရတဲ့အခါ ကိုယ်တိုင်သာ သိတဲ့ တိုက်ပွဲတွေကို ဆက်တိုက်ဖို့ သတ္တိရှိရဲ့လား" ဆိုတာပါပဲ။ ဖားကြီးကတော့ ခါတာဂီရိကို ပြောသွားခဲ့တယ် - "ခင်ဗျားက တိုကျိုကို ကယ်တင်ခဲ့တာပါ" တဲ့။

တစ်ခါတလေမှာ ကျွန်တော်တို့အားလုံးဟာ ကိုယ့်ဘဝရဲ့ မှောင်မိုက်တဲ့ မြေအောက်ခန်းထဲမှာ "တီကောင်ကြီး" တွေကို ကိုယ်တိုင် တိုက်ထုတ်နေကြရတဲ့ ခါတာဂီရိတွေပါပဲ။ စိတ်ကူးယဉ်ဆန်ပေမယ့် လူသားတစ်ယောက်ရဲ့ တန်ဖိုးကို အမြင့်ဆုံးတင်ပေးထားတဲ့ ဒီဝတ္ထုလေးကို စာချစ်သူတွေ လက်မလွတ်သင့်ဘူးလို့ ညွှန်းပါရစေ။

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review