အရိပ်ဖြူ - ကိုစိုးထိုက် (ဖဒို)

 

အရိပ်ဖြူ…

 

ကျွန်တော့်ရဲ့ ပထမဆုံး လုံးချင်းဝတ္ထုကို မြေစာပင်လို့ စာဖတ်ပရိသတ်အများစုက ထင်ကြပါတယ်။

မှန်ပေမယ့် အပြည့်အဝ မမှန်။

မြေစာပင်ဟာ ပထမဆုံး ပုံနှိပ်ထုတ်ဝေခဲ့တဲ့ လုံးချင်းဝတ္ထုရှည်ဖြစ်ပေမယ့် Printed ပေါ် မရောက်ခဲ့ဘဲ (အွန်လိုင်းမှာ ကျွန်တော်ရေးခဲ့တဲ့...) ပထမဆုံး ဝတ္ထုရှည်ဟာ “အရိပ်ဖြူ” ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်က အခန်းဆက်ရေးပြီး Fb မှာတင်ခဲ့တဲ့ အရိပ်ဖြူဟာ သူ့အတိုင်းအတာနဲ့သူ အတော်လေး လူကြိုက်များခဲ့ဖူးပါတယ်။ ဒါပေမဲ့ တကယ်တမ်း ပုံနှိပ်ဖြစ်တဲ့အခါ မြေစာပင်စာအုပ်က ဦးစားပေး ဖြစ်သွားတယ်။

ရသ သုတ ဖြစ်ရပ်မှန် သမိုင်းနောက်ခံ အကြောင်းအရာပေါင်းစုံနဲ့ ရောပြွန်းထားတဲ့ မြေစာပင်ဟာ ကျွန်တော့်ကို စာရေးဆရာအဖြစ် အသိအမှတ်ပြုရလောက်အောင် အောင်မြင်မှု အကြီးအကျယ် ရသွားတဲ့အခါ (ငယ်လက်ရာ ဖြစ်တဲ့) အရိပ်ဖြူကို ကျွန်တော် ပုံမနှိပ်ချင်တော့။

အမှတ်တရဖြစ်အောင် စာအုပ်လေးတအုပ်ပဲ ပုံနှိပ်လိုက်ပြီး အဲဒီစာအုပ်ကိုလည်း ကျွန်တော်နဲ့ မောင်နှမလိုချစ်ရတဲ့ (အရိပ်ဖြူကိုလည်း အရမ်းကိုကြိုက်တဲ့) ရုပ်ရှင်မင်းသမီး ညီမလေး ခေးဆက်သွင်ကို မေတ္တာလက်ဆောင် ပေးလိုက်တယ်။ ဟိုတနေ့ကတော့ ညီမလေး ခေးဆက်သွင်တို့ အိမ်မှာ ကျွန်တော်နဲ့ ကောင်မလေးတို့ ထမင်းသွားစားရင်း မောင်နှမတွေ စကားထိုင်ပြောရာကနေ အရိပ်ဖြူအကြောင်း ရောက်သွားတယ်။

အဲဒီမှာ ကျွန်တော့်ကောင်မလေးက ကိုယ်တွေပြောတာကို နားထောင်နေရင်းနဲ့ “အရိပ်ဖြူ” ဆိုတာ အကိုရေးတာလားလို့ အလန့်တကြား ထမေးရော...

“အေးလေ...မသိဘူးလား...” ဆိုတော့

သူကပြန်ဖြေတယ်.. “မသိဘူးတဲ့…”

“သူအရမ်းကြိုက်တာ တဲ့...”

“ဘယ်သူရေးမှန်း မသိဘူးတဲ့...”

ကျွန်တော် အတွေးတချို့ဝင်မိပါတယ်။

ကျွန်တော့်ကို ဟိုးအရင်ထဲက အားပေးချစ်ခင်လာကြတဲ့ စာဖတ်မိတ်ဆွေတချို့လည်း အရိပ်ဖြူကို ဖတ်ဖူးပေမယ့် မေ့လောက်ပြီ။ မြေစာပင်နောက်ပိုင်းမှ ကျွန်တော့်ကိုသိလာတဲ့ စာဖတ်ပရိသတ် အများစုဆိုရင် အရိပ်ဖြူကို ဖတ်ဖူးကြမယ်မထင်။

အမှတ်တရလေးဖြစ်အောင် အရိပ်ဖြူကို အွန်လိုင်းပေါ်ပြန်တင်ရင် ကောင်းမလား ဆိုပြီး တိုင်ပင်တဲ့အခါ အကုန်လုံးက ပြန်တင်စေချင်ကြတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ အရိပ်ဖြူ Pdf ဖိုင်တွေရော၊ ရေးထားသမျှရော အကုန်ပျက်သွားပြီ။ အဲဒါနဲ့ ညီမလေးခေးဆက်သွင်ဆီမှာ “အရိပ်ဖြူ” စာအုပ်လေးရှိသေးလားဆိုပြီး မေးလိုက်တော့ ညီမလေးကလည်း ရှိသေးတယ် ဆိုတာနဲ့ ခဏပြန်ငှားလာခဲ့လိုက်ပါတယ်။

ဒီကာလမှာ လူတိုင်းဟာ စိတ်သောကရောက်ပြီး မွန်းကြပ်နေကြတာမဟုတ်လား။

စာဖတ်နေချိန်လေးအတွင်းမှာ အချိန်ခဏလေးပဲဖြစ်ဖြစ် စိတ်ထွက်ပေါက်ရပြီး ရေကြည် တပေါက်စာ နွမ်းနယ်မှုပြေလျှော့ရင် ကျေနပ်ပါပြီ။

၂၀၁၈ က လက်ရာမို့ လိုအပ်ချက်လေးတွေ အများအပြားရှိပေမယ့် ဇာတ်လမ်းအဆုံးမှာတော့ မိတ်ဆွေတို့ရင်ထဲ တခုခုနစ်ဝင်သွားမယ်လို့ ယုံကြည်ပါတယ်။

သိပ်မကြာခင် ဘယ်နေ့တွေမှာ ပိုစ့်တင်ပေးမလဲဆိုတာ ပြန်ကြေငြာပေးပါ့မယ်။

အရိပ်ဖြူလို့ သူကိုယ်သူခေါ်တဲ့

အမျိုးသမီးတဦးနဲ့ ဆုံကြစို့..။

ကိုစိုးထိုက် (ဖဒို)

Whisper Of. Words


(၁)

 

ဆူဆူညံညံအသံများကြောင့် ဇာနည်မျိုးအိမ်ရှေ့ဆီသို့ လှမ်းကြည့်လိုက်သည်။ မျက်နှာချင်းဆိုင် ခြံကြီးထဲတွင် ပေါက်တူး၊ တူရွင်းပြား၊ ဓားမများကိုင်ထားသည့် အလုပ်သမား ဆယ်ယောက်ခန့်ကို တွေ့လိုက်ရ၏။

နွယ်ပင်များ အလိပ်လိုက် အခွေလိုက် တွယ်ကပ်နေသော ခြံစည်းရိုးပေါ်မှ “ငှါးရန်... သို့မဟုတ် ရောင်းရန်...” ဆိုသည့် ဆိုင်းဘုတ်ကို အလုပ်သမား နှစ်ယောက်က ခြေကန်၍ ဆွဲဖြုတ်နေကြသည်။ တချို့အလုပ်သမားများက ပေါက်တူးများ၊ ဓားမများဖြင့် မြက်ရှင်းနေကြသည်။

ဆယ်စုနှစ် တစုနီးပါး လူသိပ်မနေသော ခြံဖြစ်၍ ခြုံနွယ်ပိတ်ပေါင်းများမှာ လူတရပ်နီးပါး အုံ့ဆိုင်းပြီး တောထနေပါသည်။ ပေတရာပတ်လည်ခန့်ရှိသော ခြံကျယ်ကြီးမို့ ဒီလူတွေ အနည်းဆုံး တပတ်လောက်တော့ ရှင်းရမယ်ဟု သူ တွေးနေမိသည်။

ခြံဝန်းအလယ်ရှိ နှစ်ထပ်အိမ်ကြီး၏ အဝင်အထွက် တံခါးမကြီးအား လူတယောက်က အသဲအသန် ဖွင့်နေသည်ကိုလည်း တွေ့ရ၏။ အဖွင့်အပိတ်မလုပ်သည်မှာ ကြာပြီဖြစ်၍ သော့မှာ တော်တော်နှင့် ပွင့်မသွား။ သံတူရွင်းဖြင့် ကလော်ထုတ်နေသော်လည်း ရှေးခေတ် အာမခံ သော့ခလောက်ကြီးက အရာပင်မယွင်းဘဲ တောင့်ခံနေပုံရသည်။

“အိမ်ရောင်းထွက်သွားပြီတဲ့ ကိုကို...”

စျေးခြင်းတောင်းလေး လက်ဆွဲပြီး အိမ်ထဲဝင်လာသော ဇနီးသည်က သူ့ကိုလှမ်းပြောသည်။

သူတို့လင်မယား လက်ထပ်ပြီး ဒီရပ်ကွက်ထဲ စပြောင်းလာချိန် လွန်ခဲ့သော ၁၀ နှစ်ခန့် ကတည်းက အဲဒီအိမ်ကြီးမှာ အမြဲတစေ လူ ရှိမနေတတ်ပါ။ သရဲခြောက်သလိုလို ၊ လူခိုက်သလိုလို သတင်းတွေကြောင့် အိမ်ငှားမည့်သူများကလည်း အိမ်ငှားခ စျေးချိုလှသော အဲဒီအိမ်ကြီးကို ရှောင်သွားတတ်ကြသည်။ မြို့သို့ ခဏတဖြုတ်ရောက်လာသော ကုမ္မဏီဝန်ထမ်းတချို့ ဒီအိမ်ကြီးဆီ သုံးလေးလခန့် လာရောက် ခိုနားသည်မှလွဲ၍ အမြဲနေသည့် မိသားစုများ မရှိသလောက် ရှားပါသည်။

ထို့ကြောင့် ခြံစည်းရိုးပေါ်ရှိ “ငှားရန် သို့မဟုတ် ရောင်းရန်...” ဆိုသည့်ဆိုင်းဘုတ်လေးမှာ ဖြုတ်ထားရသည်ဟူ၍မရှိဘဲ အမြဲတမ်း တွေ့နေရပါတော့သည်။

ကြည့်လိုက်တိုင်း တိတ်ဆိတ်မဲမှောင်နေသော အဲဒီအိမ်ကြီးမှာ လူတွေလာနေတော့မည်ဖြစ်၍ ဇာနည်မျိုး အနည်းငယ် စိတ်သက်သာရာရမိပါသည်။ လင်ရယ် မယားရယ် နှစ်ယောက်ထဲတုန်းက ပြဿနာ သိပ်မရှိလှသော်လည်း ယခုအခါ သူတို့သမီးလေးမှာ လမ်းလျှောက်တတ်သည့် အရွယ်ဖြစ်၍ ထိုခြံနား သွားဆော့မှာ စိတ်ပူနေရပြီ။ ထို့ပြင် ခြံထဲမှ တွန့်လိန် တွန့်လိမ်ဖြင့် မကြာခဏ ထွက်လာတတ်သော အရှည်ကောင်များ သူတို့ဘက်ကို ဝင်ဝင်လာမှာလည်း စိုးရိမ်ရသည်။ သရဲ တစ္ဆေ၊ နာနာဘာဝတွေတော့ ဇာနည်မျိုး မကြောက်ပါ။ သူတို့မိသားစု နေခဲ့သော ၁၀ နှစ်တာ ကာလလုံး ခွေးလေ ခွေးလွင့်များ၏ စူးစူးနစ်နစ် အူသံတချို့ ညဘက်မှာ ထွက်ပေါ်လာတတ်သည်က လွဲ၍ ထူးထူးခြားခြား မရှိပါ။

လူမနေသည်မှာ ကြာပြီဖြစ်၍ ခြုံနွယ်များ ပိတ်နေခြင်းကြောင့်လည်းကောင်း၊ ခပ်မှိုင်းမှိုင်း အိမ်ကြီး၏ ဒီဇိုင်းကြောင့်လည်းကောင်း လူအများ စိတ်ထဲ တမျိုးတမည်ထင်နေခြင်းသာ ဖြစ်ပါလိမ့်မည်။

“ပိုက်ဆံရှိရင် ဒီအိမ်ကြီးကိုတောင် ဝယ်ထားချင်တယ်ကွာ..တန်လို့...” ဟု မိတ်ဆွေများကို သူ မကြာခဏ ပြောတတ်သည်။

“အလကားပေးတောင် မနေချင်ပါဘူးကွာ... အိမ်ကြီးက ကျောစိမ့်စရာကြီး.. မင်းတို့မို့ အဲဒီ အိမ်ရှေ့မှာ နေရဲတာ..” ဟု မိတ်ဆွေများက ပြန်ဖြေကြသည်ချည်း။

ဒီနေ့မှာတော့ ထိုနှစ်ချို့အိမ်ကြီး အရောင်းအဝယ်တည့်သွားပြီဖြစ်ကြောင်း သိလိုက်ရပြီ။

စျေးခြင်းတောင်းကိုချပြီး မနက်စာပြင်ဆင်နေသော ဇနီးက သူသိလာသော အကြောင်းအရာ များကို တတွတ်တွတ်ဖြင့် ဖောက်သည်ပြန်ချနေ၏။

“ စျေးထဲမှာ အိမ်ပိုင်ရှင်နဲ့တွေ့လို့ သူကပြောပြတာ ကိုကိုရဲ့.. အန်တီကြီးတယောက်နဲ့ အဖော် ကောင်မလေးတယောက် စုစုပေါင်း ၂ ယောက်ထဲ နေမှာတဲ့... ဒါဆိုရင်တော့ မဆိုးဘူးလို့ ငယ်လေးကတောင် ပြန်ပြောလိုက်သေးတယ်.. ဟုတ်တယ်လေ ကိုကိုရ ... ကိုယ့် မျက်နှာချင်းဆိုင်ကို မကောင်းတဲ့သူတွေ ပြောင်းလာရင် အရင်ဆုံး ကိုယ်ပဲ စိတ်ဆင်းရဲရမှာ..”

“ ငယ်လေးက အင်ဖော်မေးရှင်း တယ်သွက်တာပဲ..”

ချစ်စနိုးဖြင့် ဇနီးသည်၏ ပါးပြင်ကို ခပ်ဖွဖွနမ်းလိုက်ရင်း သူက ပြောလိုက်သည်။

“ခုတော့ ရတယ်နော်.. အိမ်ရှေ့အိမ်ကို လူတွေပြောင်းလာရင်တော့ ဒီလိုမျိုး ပြတင်းတံခါး ဖွင့်ထားရက်နဲ့ မနမ်းရတော့ဘူး.. အနေအထိုင်ဆင်ခြင်မှ...”

“အေးပါကွာ..”

ပြောပြောဆိုဆိုဖြင့် ဇနီးသည် ပြင်ပေးထားသော မနက်စာကိုစားရန် စားပွဲဝိုင်းသို့ ဝင်ထိုင်လိုက်၏။ ထမင်းဆီစမ်းပူပူလေးတပွဲ၊ အကြော်စုံတပန်းကန်၊ သူကြိုက်သော ရွာငံနှပ်ကော်ဖီတခွက်အပြင် ဂျာနယ်တစောင်ကိုပါ အဆင်သင့် တွေ့ရသည်။

သူ ဖတ်လေ့ ဖတ်ထရှိသော ဂျာနယ်များကို ဂျာနယ်ထွက်သည့် မနက်ခင်းတိုင်း စျေးသွားရင်း မပျက်မကွက် ဝယ်လာပေးတတ်သော ချစ်ဇနီး၏ အလိုက်သိပုံသည် အိမ်ထောင်သက် ကြာသွားသော်လည်း လျော့မသွားပါ။

မနက်စာ စားရန် ပြင်နေစဉ်မှာပဲ သမီးလေးသည်လည်း အိပ်ရာမှ နိုးလာကာ ထမင်းဝိုင်းနား ရောက်လာ၏။

“ဖေဖေ...မီးမီးကို မန်မန်းခွံ့ကျွေး..”

သမီးလေးက အိပ်ချင်မူးတူးပုံဖြင့် သူ့ရင်ခွင်ထဲ တိုးဝင်လာသောကြောင့် ဇာနည်မျိုး သဘောကျစွာ ပြုံးလိုက်သည်။

“ကဲ...မိန်းမရေ..မင့်သမီးကို မျက်နှာသစ်ပေးလိုက်ပါအုံးကွာ.. ပြီးရင် တခါထဲ မနက်စာ အတူတူစားကြရအောင်.. ကိုကိုစောင့်နေမယ်..”

“ဟုတ်ကဲ့ ကိုကို..”

သမီးလေးကို ကောက်ချီလိုက်ပြီး ထွက်သွားသော သားအမိနှစ်ဦးအား ဇာနည်မျိုး ချစ်မြတ်နိုးစွာ ကြည့်နေလိုက်သည်။

ဇနီမယားကောင်းတယောက်ရယ်၊ ချစ်စရာ သမီးလေးတယောက်ရယ်၊ တည်ငြိမ်သော ပွဲရုံ အလုပ်အကိုင်တခုရယ်၊ အိမ်ပိုင်လေးတလုံးရယ်၊ ကိုယ်ပိုင်ကားလေးတစီးရယ် ရှိသောကြောင့် သူ့ဘဝသည် မြန်မာမိသားစုတစုအနေဖြင့် အေးချမ်းသာယာသည်ဟု ဆိုနိုင်ပါသည်။

ထိုသို့အေးချမ်းလှသော သူတို့မိသားစုဘဝထဲ မကြာခင် မုန်တိုင်းတခု ဖြတ်သန်းတော့မည် ကိုတော့ သူ့စိတ်ကူးထဲပင် မရှိခဲ့ပါ။

“ဟေး....တော်တော်လေးဖွင့်လိုက်ရတယ်ဟေ့.. ခုမှ ပွင့်သွားတယ်..”

အလုပ်သမားများ၏ ဝမ်းသာစွာ အော်လိုက်သံအဆုံးတွင် တဖက်အိမ်ကြီးအတွင်းမှ အလန့်တကြား ပျံလာပုံရသော ခိုများသည် တောင်ပံခတ်သံ တဖျတ်ဖျတ်ဖြင့် သူတို့ ထမင်းစားခန်းပေါ်သို့ ရုတ်တရက် ဝင်လာလေ၏။

“ရှူး... သွား...သွား...”

စားပွဲခုံပေါ်မှ ဂျာနယ်ကိုလိပ်ပြီး ခိုများကို ပြတင်းပေါက်ဆီသို့ လိုက်လံမောင်းထုတ်ရင်း ဇာနည်မျိုး၏ အကြည့်များမှာ မျက်နှာချင်းဆိုင်အိမ်ကြီး၏ ပွင့်ဟနေသော တံခါးမကြီးဆီသို့ ရောက်သွား၏။

မှောင်မဲနေသော အိမ်ကြီး၏အတွင်းပိုင်းထဲမှ တစုံတခုသော အငွေ့အသက်သည် သူ့ဆီသို့ ဦးတည်ပြီး အရှိန်ပြင်းပြင်းဖြင့် ဝင်လာသလို စိမ့်ခနဲ ခံစားလိုက်ရလေတော့သည်။

* * *

https://t.me/TheBookR


(၂ )

 

တပတ်ခန့်ကြာသောအခါ အိမ်ရှေ့ခြံကြီးမှာ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းသွားပြီဖြစ်ပြီး အတော်လေး ကြည့်ပျော်ရှုပျော်ဖြစ်လာပါသည်။ သို့သော်လည်း အလုပ်သမားများမှာ လုပ်ငန်းခွင် မသိမ်းနိုင်သေး။

“ပုံမှန်မြက်ရှင်းရုံဆို သိပ်မကြာပါဘူးဗျာ... ခုဟာက ခြံဝင်းထဲမှာ အနီရောင် နှင်းဆီပင်တွေ အများကြီး စိုက်ပေးနေရတယ်...” ဟု ကိုဝင်းဆိုသော အလုပ်သမားတယောက်က အိမ်မှာ ဆေးလိပ်မီးလာညှိရင်း ပြောသည်။

“အလှကြိုက်တယ် ထင်ပါရဲ့ဗျာ.. အမျိုးသမီး နှစ်ယောက်ထဲနေမယ်ဆိုတော့ ခြံဝင်းလေးကို လှလှလေးဖြစ်စေချင်ပုံပဲ..” ဟု

သူပြောလိုက်သောအခါ ကိုဝင်းက ခေါင်းခါ၏။

“နှင်းဆီပန်းတွေ စိုက်ပေးရတာ အကြောင်းမဟုတ်ပါဘူး.. ထူးဆန်းတာက ခြံထဲက အပင်ကြီးတွေကိုပါ လက်လှမ်းမီသလောက် ဆေးအနီတွေ သုတ်ပေးရအုံးမယ်တဲ့..”

“ဟုတ်လား...တမျိုးပဲဗျ..”

စကားရှည်ချင်ပုံရသော ကိုဝင်းက ဆေးလိပ်မီးညှိပြီးသွားသော်လည်း မပြန်သေးဘဲ သူထိုင်နေသော ခုံဘေးတွင်ဝင်ထိုင်လိုက်သည်။

“နောက်ထပ်ရှိသေးတယ် ကိုဇာနည်မျိုးရေ... တချို့ပြတင်းပေါက်တွေက ဖွင့်လို့မရတော့ဘူး.. ပိတ်ထားတာ နှစ်တွေကြာတော့ ဂျက်တွေက သံချေးနဲ့ညပ်နေပြီ.. အဲဒါ ပြင်ပေးရမလားလို့ အိမ်ရှင်တွေဆီ ဖုန်းဆက်မေးတော့ မပြင်နဲ့တော့တဲ့.. ပြတင်းတံခါးတွေကို မဖွင့်ဘူးတဲ့..”

“အမျိုးသမီး နှစ်ယောက်ထဲဆိုတော့ သူခိုးတွေ ဘာဘာညာညာ ကြောက်တယ်နဲ့ထင်ပါတယ် ကိုဝင်းရယ်.. ဒီရပ်ကွက်မှာ လူဆိုးသူခိုးတွေ မရှိကြောင်း သူတို့ပြောင်းလာရင် ကျွန်တော့်မိန်းမ သက်ထားကို သွားပြောပြလိုက်ပါအုံးမယ်..”

“သူခိုးရန်ကြောက်တယ်ဆိုလည်း ကြောက်ပေါ့ဗျာ.. ခုဟာက ပြတင်းပေါက်တွေ အသေပိတ်ထားတော့ အိမ်ကြီးက လေဝင်လေထွက်မကောင်းဘဲ အထဲမှာ မှောင်နေမှာပေါ့.. ကဲ.. သွားပြီဗျာ.. ဆေးသွားသုတ်လိုက်အုံးမယ်..”

ဆေးလိပ်တိုကို ခပ်နာနာဖွာရင်း ကိုဝင်းထွက်သွား၏။

သူလည်း ပွဲရုံကိုသွားဖို့ ပြင်ရ ဆင်ရအုံးမည်။

ဇနီးကတော့ ခပ်စောစောထပြီး သမီးလေးကို ကာကွယ်ဆေးသွားထိုးပေးရန် ဆေးရုံသို့သွားပြီ။

မှန်တင်ခုံရှေ့တွင် အဆင်သင့် မီးပူတိုက်ထားပြီးသား အင်္ကျီနှင့်ပုဆိုးကို ယူဝတ်ပြီး ပွဲရုံသွားရန် ကားသော့ကို ယူလိုက်ပါတော့သည်။

“အောင်မြင်တိုး...” ပွဲရုံ ဟု ခန့်ငြားစွာရေးထားသော သူ့ပွဲရုံရှေ့သို့ ရောက်သည်နှင့် စာရေးတယောက်က ထွက်ကြိုနေလေ၏။

လွန်ခဲ့သော ၁၀ နှစ်ဝန်းကျင် ဒီမြို့လေးဆီကို လင်မယားနှစ်ယောက် ပြောင်းလာခါစက လက်ထဲတွင် ငွေကြေးသိပ်မပါ။ သူစုဆောင်းထားသည့် ငွေကြေးများသာမက သက်ထားတွင် ပါလာသော လက်ဝတ်လက်စားလေးများအား ရောင်းချလိုက်ပြီး ဒေသထွက် သစ်သီးဝလံများကို လမ်းဘေးဆိုင်ဖွင့်၍ ရောင်းချခဲ့ရသည်။ ထိုမှတဆင့် လက်ကားပေးသော ပွဲရုံဖြစ်အောင် သူတို့လင်မယား အခက်အခက်များစွာဖြင့် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသည်။

တနေ့စာ ငွေဝင် ငွေထွက်စာရင်းများ၊ ကုန်အဝင်အထွက်များ၊ အနာအဆာပါသဖြင့် စျေးလျော့ရောင်းရသော သစ်သီးများ စသည်ဖြင့် သူ့ကို အသင့်စောင့်ကြိုနေသော အလုပ်များကို ဇယ်ဆက်သလို တခုပြီး တခုလုပ်နေရင်း နေ့လယ်ရောက်သော အခါ သက်ထားက သူ့ကို ထမင်းချိုင့်လာပို့ပြီ။

နေ့လယ်စာနှင့် ညစာကို ဘယ်လောက်အလုပ်များများ အတူတူစားတတ်သည်မှာ အိမ်ထောင်ကျခါစမှ ယနေ့ထိ ကိစ္စအထွေအထူးမရှိဘဲ မပျက်ကွက်။ ဟင်းချက်ကောင်းသော ဇနီးဖြစ်သူ၏ လက်ရာကြောင့်လည်း တော်ရုံ ထမင်းဆိုင်များကို သူ့ခံတွင်းက လက်မခံချင်.. အချိုမှုန့်မစားသော သူ့အတွက် အိမ်ထမင်း အိမ်ဟင်းသာ အဆင်အပြေဆုံး ဖြစ်ပါသည်။

“ဒီနေ့ ကိုကိုကြိုက်တဲ့ ကြက်ကာလသားဟင်းကို စပါးလင်နိုင်နိုင်နဲ့ စပ်စပ်လေး ချက်ထားတယ်.. ပိန္နဲသီးပြုတ် တို့စရာနဲ့ ငပိရည်ထဲကို ကြက်သွန်ဖြူလေး မီးဖုတ်ထည့်ထားတယ်..”

“သွားရည်ကျတယ် ဟေ့..”

သစ်သီးခြင်းများကို ကတ္တားပေါ်တင်နေသော အလုပ်သမားတယောက်က လှမ်းအော်သည်။

“ဒီနေ့ ပွဲရုံက အလုပ်သမားတွေ အတွက်ပါ ပိုချက်လာတယ်ဆိုရင် စိတ်ဆိုးကြမှာလား..”

“ဝေး... တို့ညီမလေး သက်ထားက ရုပ်ချော စိတ်ထားကောင်း... သာဓု သာဓု သာဓု..”

“အေးပေါ့ဗျာ... ခင်ဗျားတို့က ကျွန်တော့်ကျ ရုပ်ဆိုး စိတ်ပုပ်တယ်ပေါ့ ဟုတ်လား..”

ရယ်မော ပျော်ရွှင်စွာဖြင့် နေ့လယ်စာစားရန် စားပွဲဝိုင်းတွင် ထိုင်လိုက်သည်။

သက်ထားက သူ့ ထမင်းပန်းကန်ထဲသို့ ထမင်းခူးခပ်ထည့်ပေးနေရင်း စကားစလေ၏။

“ကိုကိုရေ.. မျက်နှာချင်းဆိုင် ခြံမှာလေ သစ်ပင်ကြီးတွေအောက်ခြေကို ဆေးအနီရောင်တွေ သုတ်နေတယ်နော်..”

“အေး.... မနက်က ကိုဝင်းပြောတယ်..”

“နှင်းဆီပင်တွေကတော့ အများကြီးပဲ.. ဒါပေမဲ့ သစ်ပင်တွေကို ဆေးသုတ်တာတော့ မြင်ရတာ မလှပါဘူး ကိုကိုရယ်.. အလုပ်သမားတွေ လုပ်ထားတာကလည်း မညီမညာနဲ့ မသိရင် သွေးတွေ စီးကျနေသလိုပဲ...”

“အသစ်ပြောင်းလာမယ့် မိသားစုထဲက လာမကြည့်ကြဘူးလားမသိဘူး.. အလုပ်သမားတွေ ပြင်ဆင်နေတာ အတော်ကြာပြီ.. ခုချိန်ထိတောင် တယောက်မှ လာမကြည့်ကြဘူးနော်.. အိုကွာ.. သူများအကြောင်း စိတ်ဝင်စားမနေနဲ့.. စားမှာသာ စား ငယ်လေးရေ.. ဗိုက်ဆာလှပြီ..”

...............

ညနေဘက် ပွဲရုံမှ အိမ်သို့ပြန်ရောက်သောအခါ သက်ထား ပြောစကားများ မလွန်ကြောင်း သူ လက်တွေ့ တွေ့လိုက်ရပါသည်။

မျက်နှာချင်းဆိုင်ခြံကြီးဆီမှ ဆေးအနီများ မညီမညာ ချယ်ထားသည့် သစ်ပင်ကြီးများသည် ညနေစောင်း နေဝင်ချိန် တိမ်တောက်သောအခါ သွေးများစီးကျနေပုံ ဖြစ်နေလေတော့သည်။

နှင်းဆီနီ အပင်များနှင့် ဆေးအနီချယ်ထားသော သစ်ပင်များကြောင့် ခြံဝင်းကြီးမှာ အဝေးမှ ကြည့်လျှင် ရဲရဲတောက်နေလေ၏။

“လေတိုက်လို့ သစ်ကိုင်းတွေ သစ်ရွက်တွေ ယိမ်းထိုးလှုပ်ရှားသွားရင်လေ ဂါဝန်နီ ဝတ်ထားတဲ့ သရဲမတွေ က နေတဲ့အတိုင်းပဲ ကိုကို..” ဟု တက္ကသိုလ်တုန်းက ကဗျာ ၊ စာ ဝါသနာပါခဲ့သော သက်ထားက တင်စားပြီးပြော၏။

ခြုံနွယ်များ ရှင်းလင်းသွားသော်လည်း ထိုခြံကြီးကို ကြည့်ရသည်မှာ တခုခု လွှမ်းမိုးနေပုံဖြင့် စိတ်မသက်မသာ ဖြစ်မိသည်က အမှန်။ ယခင်လို ခြုံနွယ်များ ရှုပ်ထွေးနေသည်ကမှ သဘာဝအတိုင်း ကြည့်၍အဆင်ပြေပါသေးသည်။ ပြင်ဆင်လိုက်ခါမှ တမျိုးကြီး ခံစားရ၏။ ပြတင်းတံခါးများ အသေပိတ်ထားသဖြင့် ပိတ်မှောင်နေသည့် နှစ်ထပ်အိမ်မှိုင်းမှိုင်းကြီးဆီသို့ ဘယ်လိုလူမျိုးများ ပြောင်းလာကြမှာလဲ ဆိုသည်ကိုတော့ သူ အနည်းငယ် စိတ်ဝင်စားမိပါသည်။

စတင်ပြင်ဆင်ချိန်မှစ၍ ယနေ့ချိန်ထိ အိမ်ပိုင်ရှင်များ တယောက်မှ ရောက်မလာသေးသည် ကလည်း ပုံမှန်မဟုတ်။

ဟိုတနေ့ကတော့ လျှပ်စစ်ရုံးမှ ဝန်ထမ်းများ ရောက်လာပြီး ဓာတ်တိုင်မှ အိမ်ဆီသို့ မီးကြိုးသွယ်ကာ တအိမ်လုံးကို မီးဆင်သွားကြောင်း တွေ့လိုက်ရ၍ သိပ်မကြာခင် အိမ်ရှင်များ ပြောင်းလာမည်ဟု ခန့်မှန်းရပါသည်။

သို့သော် နောက်ထပ် ဆယ်ရက်ခန့်ကြာသည်အထိ ဘယ်သူမှ ရောက်မလာကြသေး။

အိမ်ကြီးမှာလည်း တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ပိုင်ရှင်အသစ်ကို စောင့်ကြိုနေဆဲ။

ပုံမှန် အလုပ်သွား အိမ်ပြန် နိစ္စဓူဝ အလုပ်များဖြင့် သူတို့လင်မယားလည်း အိမ်ရှေ့ခြံကြီးကို စိတ်ဝင်စားမှု နည်းသွားပြီ။

အားလုံး မေ့မေ့ပျောက်ပျောက်ဖြစ်နေချိန် တနေ့မှာတော့ အိမ်ကြီး၏ အိမ်ရှင်အသစ်သည် မထင်ထားသည့်ပုံစံဖြင့် ရောက်ရှိလာပါတော့သည်။

* * *

Https://whisper1of.blogspot.com/


(၃)

 

“ဖြည်းဖြည်းချနော်... အဲဒါ အဲဒါ ... ဟုတ်တယ်... သေတ္တာလေးကို အရင်ချ.. ရေခဲသေတ္တာကိုက အိမ်ပေါ်ထပ် တခါထဲတင်ပေးနော်..”

ဆူဆူညံညံ အသံများကြောင့် TV ကို အသံတိုးလိုက်ပြီး သူ နားစွင့်လိုက်၏။ နာရီကို ကြည့်လိုက်တော့ ည ဆယ်နာရီထိုးပြီ။ ဒီအချိန်ကြီး အိမ်ရှေ့မှာ ဘယ်သူတွေများ လာပြီး ဆူညံနေပါလိမ့်။

“ ဘာသံတွေလဲ ကိုကို..”

ကလေးသိပ်ရင်း ခပ်စောစောအိပ်ရာဝင်သွားခဲ့သော သက်ထားက အိပ်ချင်မူးတူးလေသံဖြင့် မေးသည်။

“မသိပါဘူးကွာ... အိမ်ရှေ့မှာ ဆူညံနေတာပဲ.. ထွက်ကြည့်အုံးမှ...”

ပြတင်းပေါက်ကိုဖွင့်ပြီး အပြင်သို့ လှမ်းကြည့်လိုက်သောအခါ အိမ်ရှေ့အိမ်သို့ အိမ်ရှင်များ ပြောင်းလာသည်ကို တွေ့လိုက်ရ၏။

“ဟေ... အိမ်ရှေ့အိမ်ကို လူတွေ ပြောင်းလာတာဟ.. လာကြည့်စမ်း ငယ်လေး..” ဟု ခေါ်လိုက်သောအခါ

သက်ထားက သူ့ပခုံးကိုလာမှီကာ ကြည့်သည်။

“ဟုတ်ပါရဲ့.. ကိုကိုရယ်.. အိမ်ပြောင်းတာများ ညကြီး ပြောင်းရတယ်လို့.. သူများတွေ အိပ်ချိန်ကြီး ..”

လမ်းမီးများလင်းနေသောကြောင့် အိမ်ရှေ့ခြံဝင်းထဲတွင် ဒိုင်နာကားတစီးနှင့် စတစ်ကာ အမဲများ ပိတ်နေအောင်ကပ်ထားသည့် Crown ကား အနက်တစီးတို့ ရှေ့ဆင့် နောက်ဆင့် ရပ်ထားသည်ကို ထင်ရှားစွာ လှမ်းတွေ့နေရသည်။

ဗီရိုတလုံး၊ ဆက်တီတစုံ၊ ရေခဲသေတ္တာတလုံး၊ တီဗွီတလုံးနှင့် မီးဖိုသုံးပစ္စည်းများကို အလုပ်သမားများက ဒိုင်နာကားပေါ်မှ ချပြီး အိမ်ထဲသို့ သွင်းနေကြသည်။

“အကိုရေ... အဲဒီသေတ္တာလေးကို အပေါ်ထပ်အခန်းထဲ တခါထဲ ထည့်ပေးပါနော်.. ဒီအိတ်တွေကတော့ အောက်ထပ်မှာပဲ စီထားပေး...”

အသက်နှစ်ဆယ်ဝန်းကျင် ကောင်မလေးတယောက်က အလုပ်သမားများကို အသံလေးစာစာ စာစာနှင့် ညွှန်ကြားနေလေသည်။

သက်ထား ပြောခဲ့ဖူးသော အိမ်ရှင်အန်တီကြီးနှင့် အတူနေမည့် ကောင်မလေး ဖြစ်ပုံရပါသည်။ ဒါဆို အိမ်ရှင်အမျိုးသမီးကြီးကတော့ အိမ်စီးကား အနက်ရောင်ထဲတွင် ရှိနေပေလိမ့်မည်။

ထူးထူးဆန်းဆန်းတွေ လုပ်ထားသော ခြံကြီးဆီသို့ ညအချိန်မှ အိမ်ပြောင်းလာကြသော အိမ်ရှင်များကို ဇာနည်မျိုး စိတ်ဝင်စားမိပါသည်။ ထို့ကြောင့် သက်ထားကို ကော်ဖီဖျော်ခိုင်းလိုက်ပြီး သူက ပြတင်းပေါက်မှတဆင့် အလုပ်သမားများ ပစ္စည်းသယ်နေပုံကို စပ်စုနေလိုက်၏။

ကြည့်နေရင်း ခံတွင်းချဉ်လာသဖြင့် ဆေးလိပ်ဗူးထဲမှ ဆေးလိပ်တလိပ်ယူ၍ ထောက်ခနဲ မီးခြစ်လိုက်ချိန်မှာပဲ Crown ကားဆီမှ လှုပ်ရှားမှုတခုကို ရိပ်ခနဲ သူတွေ့လိုက်ရသည်။ ထိုအရာမှာ ကားနောက်ခန်းဆီမှ ကားမှန်တဖက်သည် အနည်းငယ် လျှောကျသွားပြီး ပိန်လှီဖြူဖျော့နေသော လက်ကြီးတဖက်မှာ အပြင်သို့ ဖြည်းညှင်းစွာ ထွက်လာပါတော့သည်။ အဆိပ်ပြင်းသော မြွေတကောင် တွင်းထဲမှ တွန့်လိမ်ပြီးထွက်လာသလိုမျိုး လက်ဖြူဖြူကြီးသည် ကားထဲမှနေ၍ သူတို့အိမ်သို့ ဦးတည်ကာ ဆန့်တန်းထား၏။ ထိုလက်ကြီးမှာ ပြတင်းပေါက်တွင်ရပ်နေသည့် သူ့ဆီမှ တစုံတခု တောင်းနေဟန် သို့မဟုတ် လှမ်းခေါ်နေဟန် လှုပ်ရှားမှုပြုလိုက်သည်ကို ဓာတ်မီးတိုင် အလင်းဖြင့် ဇာနည်မျိုး ထင်ရှားစွာ တွေ့လိုက်ရပါသည်။

“ ဟာ... ဘာလဲဟ..”

နှုတ်ခမ်းဆီမှ ဆေးလိပ်ကိုပြန်ဖြုတ်ပြီး အံ့သြ နားမလည်စွာဖြင့် စိုက်ကြည့်လိုက်သောအခါ ထိုလက်ကြီးသည် ကားအတွင်းသို့ ရုတ်ခနဲ ပြန်ဝင်သွားပါတော့သည်။ ကားမှန်အနက်လည်း အပေါ်သို့ လျှင်မြန်စွာ ပြန်ပိတ်သွား၏။ မကြာမီ အလုပ်သမားများ ပစ္စည်းချ၍ ပြီးသွားသဖြင့် ဒိုင်နာကားပေါ်တက်ကာ ပြန်ထွက်သွားလေတော့သည်။ ကားထဲမှ ထွက်လာသော လက်ပိုင်ရှင်ကို သိချင်သောကြောင့် ပြတင်းတံခါးကိုမပိတ်သေးဘဲ ဇာနည်မျိုး ဆက်ကြည့်နေလိုက်သည်။ ဇနီးသည်ကတော့ ကော်ဖီလာချပေးပြီးနောက် အိပ်ချင်သည်ဟုဆိုကာ အိပ်ရာထဲ ဝင်သွားပြီ။

အသံစာစာ စာစာဖြင့် ညွှန်ကြားနေသော ကောင်မလေးသည် အိမ်ထဲမှ ထွက်လာကာ ကားအနက်ထဲ ဝင်သွားသည်ကို တွေ့ရ၏။ သို့သော်လည်း ၁၅ မိနစ်ခန့်ကြာသည်အထိ ကားထဲမှ တဦးမှ ထွက်မလာပါ။

ဇာနည်မျိုးကလည်း ဇွဲကောင်းကောင်းဖြင့် ဆက်ကြည့်နေ၏။

နာရီဝက်ခန့် ကြာသွားပြီ။

ကားထဲမှ တယောက်မှ ပြန်ထွက်မလာသေး..

“ရတယ်...”

သူ ဆက်စောင့်မည်။

ခုနက လက်ချောင်းများမှာ သူ့ဆီကို အဓိပ္ပါယ်တခုခုကြောင့် ဖြန့်တန်းထားသည်လား၊ မတော်တဆ ဖြစ်သည်လား မသဲကွဲ..။

ပြီးတော့ ဘာကိစ္စရှိလို့ ခုလိုမျိုး ကားထဲမှာ အကြာကြီး ထိုင်နေကြတာလဲ။ သူကြည့်နေမှန်း သိလို့ တမင်ထွက်မလာကြတာလား။ တခုခုတော့ တခုခုပင်။

ဇာနည်မျိုးစိတ်ထဲ သိပ်မသင်္ကာ။

ထို့ပြင် ခုနကမြင်လိုက်ရသော အရိုးပေါ်အရည်တင် လက်ဖြူဖြူ ပိုင်ရှင်မှာ ဘယ်လိုပုံစံလဲဟု သိချင်စိတ်ဖြစ်နေ၏။ အေးစက်နေသော ကော်ဖီခွက်ကို သောက်ရင်း စိတ်ရှည်လက်ရှည် စောင့်ကြည့်နေလိုက်သည်။ တနာရီခန့်ကြာသောအခါ သူစောင့်ရကျိုး နပ်သွားပါတော့သည်။

ကားတံခါးတချပ် ပွင့်လာပြီး ကောင်မလေးက အရင်ဆင်းလာ၏။ သူရှိရာသို့ တချက် လှမ်းကြည့်လိုက်သည်ကို ဇာနည်မျိုး မြင်ဖြစ်အောင် မြင်လိုက်သေးသည်။ ကောင်မလေးသည် ကားနောက်ဖုံးကိုဖွင့်ကာ ဝှီးချဲတခုကို ခပ်သွက်သွက် ချလိုက်လေသည်။

အနီရောင် သဘက်ကြီးတထည် သို့မဟုတ် ရှည်လျားသော အနီရောင် ခေါင်းစွပ်ကြီး တထည်ကို မျက်နှာတခုလုံးအုပ်နေအောင် ခပ်ငိုက်ငိုက် ခြုံထားသောအမျိုးသမီးသမီးတဦးသည် ကားတံခါးကိုဖွင့်ကာ အပြင်သို့ တုန်ရီ ယိုင်နဲ့စွာ ထွက်လာ၏။ ထို့နောက် ကောင်မလေး၏ လက်ကိုတွဲ၍ ဝှီးချဲပေါ်သို့ အားယူပြီးတက်ထိုင်လိုက်ပါသည်။

အမျိုးသမီးသည် ဝှီးချဲပေါ်သို့ရောက်သောအခါ လုံးဝ မလှုပ်မယှက်တော့ဘဲ ငြိမ်သက်စွာဖြင့် ထိုင်နေသောကြောင့် အဝတ်ပုံကြီးတခုနှင့်ပင် တူနေသေးသည်။ ကောင်မလေးသည် ဝှီးချဲကို ဂရုစိုက်စွာဖြင့် အသာအယာ တွန်းပြီး အိမ်ထဲသို့ဝင်သွားလေသည်။

သူတို့နှစ်ဦး အိမ်ထဲဝင်သွားသောအခါ လိုက်ပို့သော Crown ကားအနက်သည် အရှိန်ပြင်းစွာဖြင့် မောင်းထွက်သွားပါတော့သည်။

အဖြေရှာမရသော ပဟေဋိတပုဒ်ကို အချိန်ကုန်ခံပြီး တွက်ခဲ့လိုက်ရသလိုမျိုး မတင်မကျစိတ်ဖြင့် ဇာနည်မျိုး စိတ်ရှုပ်ထွေးစွာ ပြတင်းတံခါးကို ပိတ်လိုက်သည်။

ညသည် ပြန်လည်၍ တိတ်ဆိတ်ငြိမ်သက်သွားပြန်ပါတော့သည်။

* * *

epubkfx..com


(၄)

 

ကော်ဖီသောက်လိုက်၍ တညလုံးနီးပါး မျက်စိကြောင်နေပြီး မိုးလင်းခါနီးမှသာ အိပ်ပျော်သဖြင့် အတော်လေးနေမြင့်မှ သူနိုးလာသည်။

အိပ်ရာ နိုးနိုးခြင်း သူ့ခေါင်းထဲ ချက်ခြင်းရောက်လာသည်က ကားထဲမှ ဝှီးချဲဖြင့်ထွက်လာသည့် အမျိုးသမီးအကြောင်း။

သူ ဘာဖြစ်လို့ ငါတို့အိမ်ဆီကို ဦးတည်ပြီး လက်ကြီး ဆန့်တန်းထားတာလဲ... သာမန် မတော်တဆဖြစ်သွားတာလား.. ငါကြည့်နေမှန်းသိတော့ ဘာဖြစ်လို့ ကားထဲက မထွက်လာတော့ဘဲ ကြာနေရတာလဲ.. ထွက်လာတော့လည်း ကဝေတယောက်လို ခေါင်းမြီးခြုံထားတယ်...

ညဉ့်နက်သန်းခေါင်ကြီးမှ အိမ်ပြောင်းလာကြတာ လူသိမခံချင်တဲ့ပုံပဲ... ရိုးမှ ရိုးရဲ့လား...

ဇာနည်မျိုးတယောက် အိပ်ရေးပျက်ထားသဖြင့် ခေါင်းမှာ မူးနောက်ရီဝေနေသည့်ကြား စိတ်ထဲသို့ အတွေးများကလည်း ဝင်ရောက်နေသည်။

မျက်နှာမကြည်မသာဖြစ်နေသော သူ့ကို သက်ထားက သွားတိုက်ဆေးနှင့် သွားပွတ်တံ လာပေး၏။

“နိုးပြီလား ကိုကို.. ညက ကိုကို အိပ်ရေးပျက်တာသိလို့ မနှိုးဘဲထားတာ.. ပုံစံက မအီမသာနဲ့... တလက်စထဲ ရေချိုးလိုက်ပါလား.. ငယ်လေး ထမင်းကြော်ထားတယ်နော်..”

“အေး... အေး...”

ရေမိုးချိုး အဝတ်အစားလဲပြီးနောက် Breakfast စားသောက်ပြီးသည်နှင့် အလုပ်သွားရန် ကားသော့ကို ယူပြီး ခြံထဲဆင်းလိုက်သည်။

ထိုအခါ မျက်လုံးက မျက်နှာချင်းဆိုင် ခြံကြီးဆီသို့ ရောက်သွားပြန်၏။

နှင်းဆီပန်းနီနီများ နှင့် ဆေးချယ်ထားသော သစ်ပင်နီနီများကြားတွင် အိမ်ကြီးမှာ ခန့်ငြားစွာ ရှိနေလေတော့သည်။

ညက ဆူညံနေခဲ့သည်မှာ သူ မဟုတ်သည့်အတိုင်းပင်။ အဝင်အထွက် တံခါးမကြီး ပိတ်ထားသဖြင့် အိမ်ရှင်များ အိပ်ရာ မနိုးသေးဘူးထင်ပါရဲ့။ ဘာပဲပြောပြော တသက်လုံး မြင်တွေ့ ဆက်ဆံ သွားရမည့် အိမ်နီးနားချင်းတွေ ဖြစ်လာပြီမို့ ဘယ်လိုလူမျိုးတွေလည်းဆိုတာ သေသေချာချာ သိဖို့တော့ လိုအပ်ပါသည်။

ကားပေါ်တက်ပြီး ပွဲရုံရှိရာသို့ မောင်းထွက်လာခဲ့၏။

..............

ဒီနေ့ပွဲရုံတွင် အလုပ်ပါးသောကြောင့် ဇာနည်မျိုး အိမ်သို့ ခပ်စောစော ပြန်ခဲ့လိုက်သည်။

ဒီရက်ထဲ ဘယ်လိုဖြစ်တယ် မသိ။ နေရင်းထိုင်ရင်း စိတ်တွေမှာ သိသိသာသာ လေးလံလှပါသည်။ အရာရာ အဆင်မပြေသလို စိုးရိမ်စိတ်များ ဝင်နေလေတော့သည်။ ဘာမှန်းမသိသော အရာတခုမှာ ဟိုး... အဝေးဆီကနေ သူ့ဆီကို တဖြည်းဖြည်းချင်း ရွေ့လာသလို ခံစားနေရ၏။

ရေမိုးချိုးပြီးနောက် ဇနီးနှင့် သမီးကိုခေါ်ကာ စိတ်ပြေလက်ပျောက်သဘောမျိုး လမ်းလျှောက်ရင်း မြို့ဦးစေတီသို့ လေညှင်းခံ ထွက်လာခဲ့၏။

“စိတ်ထင်တာ ဖြစ်မှာပါ ကိုကိုရယ်.. ငယ်လေးတို့ အားလုံးအဆင်ပြေနေတဲ့ဟာကို.. ဘာမှ စိတ်ထဲမထားနဲ့နော်..”

“ဒီရက်ထဲ စိတ်လေးသလိုမျိုးဖြစ်နေတယ်ကွာ..”

“ဥပါဒ္ဒန်ကြောင့် ဥပါဒ်ရောက်နေအုံးမယ်.. ငယ်လေးတို့ မိသားစုဆီကို မကောင်းတာ ဘာတခုမှ ဖြစ်မလာဘူးလို့သာ ယုံကြည်ထား.. ကိုကို့စိတ်ထဲ လေးနေရင် ဘုရားတရား များများသာလုပ်..”

“အေးအေး...ကိုကို ပဌာန်းရွတ်လိုက်အုံးမယ်.. ငယ်လေးနဲ့ သမီး ခဏစောင့်အုံးနော်..”

“ရတယ်...အေးဆေးသာ ဘုရားရှိခိုး..”

သူ့လက်ကို ခပ်ဖွဖွလေး ကိုင်ရင်း သက်ထားက ပြောသည်။

အရာရာ ဖေးမနားလည်ပေးတတ်သော ဘဝအဖော်မွန် ဇနီးကောင်းလေးသည် သူ့ကို အမြဲတမ်း ပျော်ရွှင်အောင်၊ စိတ်ချမ်းသာအောင် ကြိုးစားပေးလေ့ရှိပါသည်။

တနာရီနီးပါးခန့် ပဌာန်းရွတ်၊ ဘုရားရှိခိုး၊ မေတ္တာပို့ အမျှဝေပြီးသည့်နောက် လမ်းလျှောက်တတ်ခါစ သမီးငယ်လေး ဘုရားရင်ပြင်တော်ပေါ်တွင် ပြေးလွှားဆော့ကစား နေသည်ကို လင်မယားနှစ်ယောက် အတူတူ ထိန်းရင်း သူ့စိတ်တွေ ပြန်လည် ကြည်နူးလာခဲ့သည်။

ငယ်လေးပြောသလို စိတ်ထင်တာပဲ ဖြစ်မှာပါလေဟု ဇာနည်မျိုး မှတ်ချက်ချမိ၏။

ဘုရားရိပ် တရားရိပ်မှ စိတ်ကြည်လင်လန်းဆန်းစွာဖြင့် သူတို့မိသားစု အိမ်ပြန်လာခဲ့ကြသည်။

ညစာစားပြီးသောအခါ မနေ့ညက အိပ်ရေးပျက်ထားသောကြောင့် သားအမိ သားအဖတွေ စောစောအိပ်ရာဝင်ခဲ့လိုက်ကြပါသည်။

........

“အား.....”

စူးနစ်စွာ အာခေါင်ခြစ်၍ အော်လိုက်သော အသံကြီးကြောင့် ဇာနည်မျိုး လန့်နိုးလာခဲ့သည်။

“ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ...”

သူ့ဘေးတွင်အိပ်ပျော်နေသော သက်ထားမှာလည်း ထိတ်လန့်တုန်လှုပ်စွာဖြင့် လန့်နိုးလာလေ ၏။

“မသိဘူး..အိမ်ရှေ့အိမ်က ထွက်လာတဲ့ အသံ..”

“သေချာအောင် နားစွင့်ကြည့်ပါအုံး ကိုကိုရယ်..”

ညနက်သန်းခေါင် သူခိုးများကပ်လို့လား ..။

နှစ်ယောက်သား ခုတင်ပေါ်မှ ထ ထိုင်လိုက်ပြီး သေချာအောင် နားစွင့်နေလိုက်သည်။

ပုရစ်တို့ အော်မြည်သံမှအပ ညသည် တိတ်ဆိတ် ငြိမ်သက်နေပြန်၏။

သို့သော်လည်း နှစ်မိနစ်ခန့်အကြာမှာတော့ တိုးညှင်းသော ညည်းတွားသံတခုမှာ ည၏ တိတ်ဆိတ်မှုကို ခွင်း၍ ပျံ့လွင့်လာလေသည်။

“အင်း...ဟင်း..ဟင်း.. အင့်....အင့်...”

တဖြည်းဖြည်းနှင့် ထိုညည်းသံကြီးသည် ဆွဲဆွဲငင်ငင် မြည်တမ်းနေရာမှ ရှိုက်သံအဖြစ် ပြောင်းလဲသွားပြီးနောက် ခဏအကြာမှာပဲ တိုးဝင်ပျောက်ကွယ်သွား၏။ မျက်နှာချင်းဆိုင်ခြံထဲမှ ထွက်လာသည့်အသံဖြစ်ကြောင်း ကျိန်းသေလှပါသည်။

“သွားကြည့်ရအောင် ကိုကိုရယ်..”

“အေး...အေး...”

နှစ်ခြိုက်စွာ အိပ်မောကျနေသော သမီးငယ်လေးအနားမှ အသာအယာ ထကာ အိမ်ရှေ့မီးကို ဖွင့်ပြီး သူတို့နှစ်ဦးသား ခြံထဲသို့ ဆင်းလာခဲ့သည်။ မီးပျက်နေသဖြင့် လမ်းမီးများမလင်းသော်လည်း ဖြာနေသော လရောင်ကြောင့် မျက်နှာချင်းဆိုင်ခြံကြီးကို ကောင်းစွာမြင်နေရပါသည်။ လေတိုက်သဖြင့် သစ်ရွက်တို့ လှုပ်ခါသံမှအပ ခြံကြီးသည် ပကတိ တိတ်ဆိတ်လျက် ရှိနေ၏။ မီးပျက်နေသဖြင့် အိမ်ကြီးသည် ပိုမို မှောင်နေပါသည်။

ဇာနည်မျိုးသည် လက်ထဲတွင်ပါလာသော ဓာတ်မီးဖြင့် ခြံကြီး၏ မှောင်ရိပ်ကျနေသော အပိုင်းများကို လှမ်းထိုးကြည့်လိုက်ပါသည်။ ထိုအချိန်တွင် နှစ်ဆောင်ပြိုင်အိမ်ကြီး၏ တံခါးမကြီး တချပ် ဖြည်းညှင်းစွာ ပွင့်လာပြီး လူတယောက် ဓာတ်မီးကိုင်လျှက် ဆင်းလာ၏။

ခြံတံခါးဝဆီသို့ ခပ်သွက်သွက် လှမ်းလာကာ

“ဘာလဲဟင်..” ဟု သူတို့ကို လှမ်းမေးလိုက်သည်။

မနေ့က အလုပ်သမားများအား ညွှန်ကြားနေသည့် ကောင်မလေးဖြစ်ပါသည်။

“ငိုသံကြီးလိုလို ရှိုက်သံလိုလို ကြားလိုက်လို့ ညီမလေး..” ဟု သက်ထားက စိုးရိမ်သံဖြင့် ပြောလိုက်သည်။

ကောင်မလေးက မျက်စိမျက်နှာ ပျက်စွာဖြင့်

“ဘာမှ မဖြစ်ပါဘူးရှင်.. စိတ်ချ လက်ချ ပြန်အိပ်ပါတော့နော်..” ဟု သူတို့ကို ခပ်မြန်မြန် ပြန်ပြောသည်။

ဇာနည်မျိုးက ဒေါသကို အတတ်နိုင်ဆုံး ချုပ်တည်းထားသော လေသံဖြင့်

“ညီမတို့ကသာ ဘာမှ မဖြစ်ဘူးပြောနေတာ.. မနေ့ညကလည်း ညီမတို့ ခြံပြောင်းလာတဲ့ အလုပ်သမားတွေရဲ့ ဆူဆူညံညံအသံတွေကြောင့် အိပ်မရဘူး.. အခုလည်း ညသန်းခေါင်ကြီး ထအော်လို့ အိပ်ရေးပျက်ရတယ်..” ဟု ပြောပြီး သက်ထား၏လက်ကိုဆွဲ၍ အိမ်ထဲသို့ ပြန်လာခဲ့သည်။

သူတို့နောက်မှ ကောင်မလေးက လှမ်းအော်ပြော၏။

“နောက်ထပ် ဒါမျိုး မဖြစ်စေရဘူးလို့ အစ်မက မှာလိုက်ပါတယ်ရှင့်..”

ဇာနည်မျိုးက ဘာမှ ပြန်မပြောတော့။

အိမ်ထဲဝင်ပြီး အိမ်တံခါးကို ပိတ်ရန်ပြင်လိုက်စဉ်မှာပဲ

“ကိုကို... ကိုကို ဟိုးမှာ လှမ်းကြည့်ပါအုံး...” ဟူသော သက်ထား၏ ခပ်တိုးတိုး အသံကြောင့် သူညွှန်ပြရာ မျက်နှာချင်းဆိုင် အိမ်ကြီး၏ အပေါ်ထပ်ဆီသို့ လှမ်းကြည့်လိုက်သည်။

အိမ်ကြီး၏ အပေါ်ထပ်တွင် ပြတင်းပေါက်တချပ် ပွင့်နေသည်မှ အပ ထူးထူးခြားခြား မတွေ့ရ။

အနီရောင် လိုက်ကာစတခုမှာ လေတိုက်သဖြင့် အပြင်ဘက်သို့ တလူလူလွင့်နေသည်။

“ဘာဖြစ်လို့လဲ ငယ်လေး..”

“ပြတင်းပေါက်တချပ် ပွင့်နေတယ်လေ..”

“အွန်း... အဲဒါ ဘာဖြစ်လို့လဲ... ဘာမြင်လိုက်လို့လဲ..”

“ဘာမှတော့ မမြင်ပါဘူး... လက်သမားတွေ ပြောတယ်လေ.. အဲဒီအိမ်ကြီးက ပြတင်းပေါက်တွေ အကုန်လုံးက ဖွင့်မရဘူးဆို...ဒါဆို အဲဒီတပေါက် ဘာလို့ပွင့်နေတာလဲ..”

ဟုတ်ပါရဲ့... အိမ်တံခါးပေါက်များ အကုန်ပိတ်ထားမည်ဖြစ်ကြောင်း လက်သမားဆရာ ကိုဝင်းက သူ့ကို ပြောဖူးသည်ကို ပြန်အမှတ်ရမိလိုက်၏။ ဒါဆိုရင် ဒီတပေါက်က ဘာဖြစ်လို့ ပွင့်နေတာပါလိမ့်..။ ထိုအချိန်မှာပဲ ထိုပြတင်းပေါက်သည် ဖြည်းညှင်းစွာ ပြန်ပိတ်သွားပါတော့သည်။

* * *

whisperofwords.com


(၅)

 

သူ့စိတ်တွေ နောက်ကျိမှိုင်းဝေနေပါသည်။ အစမှာတော့ လူမနေသော အဲဒီ ခြံဝင်းကြီးထဲ လူတွေပြောင်းလာမည်ဆို၍ ဝမ်းသာမိသော်လည်း ယခုတော့ အမျိုးအမည်မသိသော ခံစားမှုများ ကြောင့် စိတ်ရှုပ်ထွေးလှပါသည်။

ရေရေရာရာ မည်မည်ရရ ဆုတ်ကိုင်မပြနိုင်သော်လည်း ဒီခြံကြီးထဲ ပြောင်းလာကြသော အမျိုးသမီးနှစ်ယောက်ကို သူ သိပ်ပြီး မသင်္ကာလှပါ။

ခင်မင်ရင်းနှီးသော မိတ်ဆွေဖြစ်သူ ရှေ့နေ ကိုညီညီလွင်နှင့် ဘီယာဆိုင်ထိုင်ရင်း ဒီအကြောင်းများကို ပြောပြဖြစ်၏။

“တနေကုန် ဘာတံခါးမှလည်း မဖွင့်၊ ပြတင်းပေါက်တွေ ပိတ်ထားတယ် ထားဦး၊ တံခါးမကြီးတော့ ဖွင့်ရမှာပေါ့... ခုဟာက စျေးတောင်ထွက်မဝယ်ဘူးလို့ ကျွန်တော့်မိန်းမက ပြောတယ်.. ထမင်း ဘယ်လိုချက်စားကြလည်း မသိဘူး.. ကိုယ့်ဟာကိုယ် အေးဆေးနေနေတာ အကောင်း.. အိမ်ရှေ့လာပြီး ပဟေဠိ လာဖွက်နေသလိုပဲ.. တော်တော်လေး အသဲယားတယ်.. အိမ်ပြောင်းလာတုန်းကလည်း သူ့မျက်နှာကို ကဝေတကောင်လို သဘက်နီကြီး အုပ်ထားသေးတယ် ကိုညီညီလွင်ရာ..”

ဘီယာတကြိုက်ကို မော့လိုက်ပြီး ရှေ့မှ အမြည်းကိုယူစားနေသော ကိုညီညီလွင်က သူပြောသည်ကို နားထောင်ရင်း တချက်ရယ်သည်။

“စိတ်ကြောင့်ပါ ဗျာ.. ခင်ဗျား အတွေးလွန်တာ နေမှာပါ.. ဆေးအနီသုတ်တာတို့၊ ခင်ဗျား ရှိနေတဲ့နေရာကို လက်ဆန့်တန်းတယ်ဆိုတာတို့ ဆိုတာ ဘာမှ အရမ်းကြီး ထူးဆန်းတာမှ မဟုတ်တာ.. ညသန်းခေါင် အော်သံထွက်လာတာကလည်း အိပ်ရင်း ယောင်တာဖြစ်မှာပေါ့.. ခေါင်းထဲက ထုတ်ပစ်စမ်းပါဗျာ.. ခု ရက်ထဲ အေးဆေးဖြစ်သွားပြီ မဟုတ်လား.. ပြီးရောပေါ့ဗျာ.. ကဲလာ... Cheers လိုက်..”

“ခွပ်...”

ဖန်ခွက်ချင်း တိုက်ရင်း အမြှုပ်ထနေသော ဘီယာခွက်အား တရှိန်ထိုးမော့ချလိုက်၏။

“ခင်ဗျားပြောသလို အတွေးလွန်နေတာပါလို့ ငယ်လေးကလည်း ကျွန်တော့်ကို ပြောပါတယ်.. အပေါ်ယံကြည့်ရင် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ပါပဲ.. ဒါပေမဲ့ ကျွန်တော့် မသိစိတ်ကနေ တခုခု မှားယွင်းနေတယ်ဆိုတာ သိနေသလိုပဲဗျာ..”

“အင်း.... ခင်ဗျား စိတ်ထဲ မသင်္ကာဘူးဆိုလည်း သတိထားစောင့်ကြည့်ပေါ့ဗျာ.. အရမ်းကြီးတော့ အစိုးရိမ်မလွန်ပါနဲ့.. မမြင်ရတဲ့ နာမ်ကိစ္စတွေဆိုတာ ကိုယ်က ယုံကြည်တယ်ဆိုမှ ဘေးဥပါဒ် ပိုပြီး ဖြစ်သွားတတ်တာမျိုးဗျ..”

“ဟူး...”

သက်ပြင်းမောကိုသာ တွင်တွင်ချပြီး ဇာနည်မျိုး ဘီယာကို တခွက်ပြီးတခွက် ဆင့်သောက်နေလိုက်ပါတော့သည်။

သူ့စိတ်ထဲဖြစ်နေသည့် ခံစားမှုကို တခြားသူများ နားလည်အောင် ဇာနည်မျိုး ပြောမပြတတ်ပါ။

ပုံမှန်တော့မဟုတ်ဘူး ဆိုတာလောက်ပဲ သူ သိပါသည်။

ကောင်းသော အခြေအနေတခု မဟုတ်ဘူးဆိုသည်ထက် ပို၍ ရှင်းမပြတတ်။

မူးယစ်ရီဝေစွာဖြင့် အိမ်သို့ပြန်ရောက်သောအခါ အိပ်ရာပေါ် ပစ်လှဲပြီး ဘာမှ မစဉ်းစားဘဲ အိပ်ချလိုက်၏။ ထိုညက ဘာထူးခြားချက်မှမပေါ်လာဘဲ နှစ်ခြိုက်စွာ အိပ်မောကျသွားပါတော့သည်။

အားလုံးပြောနေကြသလို သူ့စိတ်ထင်နေတာပဲ ဖြစ်မှာပါလေ..။

သုံးရက်ခန့်အထိ အိမ်ကြီးမှာ ငြိမ်သက် တိတ်ဆိတ်နေဆဲ။

အကူကောင်မလေးက တနေ့တကြိမ် နှင်းဆီပင်များကို ရေလောင်းသည်မှလွဲ၍ လူရိပ်အယောင် မမြင်ရ..။ အိမ်ကိုလာလည်သော ဧည့်သည်လည်းမရှိပေ။

“ကိုကိုရေ... ဒီနေ့လေ ဟိုခြံထဲက ကောင်မလေးနဲ့ စျေးမှာသွားတိုးတယ်.. စျေးလာဝယ်တာ တဲ့.. တပတ်စာလောက် ဝယ်သွားတဲ့ပုံပဲ...”

“အော်... အဲဒါကြောင့် သူတို့ ဒီလောက်ငြိမ်နေတာကိုး...”

“ငယ်လေးက နှုတ်ဆက်တော့ ရည်ရည်မွန်မွန်ပါပဲ.. ပြန်နှုတ်ဆက်တယ်.. အဲဒါနဲ့ အိမ်ရှင်အကြောင်းတောင် မေးလိုက်သေးတယ်..”

“ကွာ... ဘာလို့ လျောက်မေးတာလဲ.. အိမ်နီးချင်းဆိုပေမယ့် သူတို့ပုံစံတွေက မူမမှန်ဘူးကွ.. ကိုယ့်ဟာကိုယ် အေးဆေးနေတာမဟုတ်ဘူး..”

“စပ်စုချင်လို့ပေါ့ ကိုကိုရဲ့..အဟိ.. ဒါနဲ့ ဟိုညက ငယ်လေးပြောတဲ့ ပွင့်နေတယ်ဆိုတဲ့ ပြတင်းပေါက်လေ.. အဲဒါ အိမ်ရှင် အစ်မကြီးနေတဲ့ အခန်းတဲ့... လမ်းသိပ်မလျှောက်နိုင်လို့ အဲဒီ ပြတင်းပေါက်လေးကနေပဲ အပြင်ကို ကြည့်ခွင့်ရတာတဲ့..”

“အင်း...အဲဒီ ပြတင်းပေါက်ကဆို တို့အိမ်ကို တည့်တည့်ကြီး အပေါ်စီးကနေ မြင်ရမှာ..”

“ဟော လုပ်ပြီ.. အရာရာကို မယုံသင်္ကာဖြစ်နေပါလား ငါ့ယောကျ်ား..”

ပြောပြောဆိုဆိုဖြင့် ဇနီးသည် သူ့ပါးကို လာလိမ်ဆွဲကာ သမီးငယ်လေးကို မူကြိုပို့ရန် ထွက်သွားပါတော့သည်။

“မြန်မြန်ပြန်လာနော်... ဒီနေ့ မြို့နယ် ဆရာဝန်ကြီးသား မင်္ဂလာဆောင်ရှိတယ်.. အတူတူ သွားမလို့... စောင့်နေမယ်...”

“ဟုတ်ကဲ့ ကိုကို...”

သမီးငယ်ကို လက်ဆွဲ၍ ထွက်သွားသော ဇနီးသည်ကို လှမ်းမှာရင်း အိမ်ရှေ့အိမ်ဆီသို့ ကြည့်မိသည်။

ဟုတ်ပါရဲ့.. အခုလည်း အပေါ်ဆုံး ပြတင်းပေါက်က ဖွင့်ထားပါလား..

ပြတင်းတံခါးပေါက်ဆီမှ လိုက်ကာစ အနီရောင် ရှည်ရှည်တစသည် လေတိုက်သဖြင့် တဖျတ်ဖျတ် လူးလွန့်နေ၏။

အနီရောင် တော်တော်ကြိုက်တဲ့ပုံပဲဟု သူတွေးလိုက်သည်။

ထိုအချိန်တွင် လေကြမ်းကြမ်း တချက်ဝှေ့သွားသောကြောင့် ပြတင်းပေါက်ဆီမှ လိုက်ကာသည် အပြင်သို့ ပိုမို၍ ခပ်ဟဟလေး လွင့်သွားပါသည်။ ပြတင်းတံခါး၏ အတွင်းဘက်တွင် ထိုင်နေဟန် လူတယောက်၏ ပုံသဏ္ဍန်တခုကို ရိပ်ခနဲ လှမ်းမြင်လိုက်ရသည်။ ဒါ ဟိုကောင်မလေး ပြောတဲ့ အိမ်ရှင် အမျိုးသမီး ဖြစ်ပါလိမ့်မည်။ ဝှီးချဲပေါ်မှာပဲထိုင်ပြီး တနေ့ပြီးတနေ့ ဘဝကို ကုန်ဆုံးနေပုံရပါသည်။ ဘယ်သူမှ အဝင်အထွက်မရှိဘဲ တံခါး အမြဲပိတ်ထားသော ထိုအိမ်ကြီးထဲ ဒီတိုင်း အချိန်ကုန်နေသည်မှာ ပျင်းရိငြီးငွေ့စရာပင်။

ဒါကြောင့် ပြတင်းတံခါးကိုဖွင့်ပြီး လမ်းမဆီကို အပျင်းပြေ ကြည့်တာနေမှာပေါ့လေ..

သနားတော့ သနားစရာပါဟု သူတွေးလိုက်မိ၏။

တခုရှိသည်က လမ်းမကိုကြည့်တာဆို တော်သေးသည်။

တထပ်တိုက် ရှေ့မျက်နှာစာ အပွင့်ဆောက်ထားသော မိမိအိမ်ကိုလည်း ထိုပြတင်းပေါက်မှ ကြည့်လျှင် အပေါ်စီးသဖွယ် အကုန်မြင်နေရသည်ကိုတော့ ဇာနည်မျိုး သိပ်မကြိုက်လှပါ။

မကြာမီ သမီးကို မူကြိုပို့ရာမှ သက်ထားလည်း ပြန်ရောက်လာသဖြင့် ရေမိုးချိုး အဝတ်အစားလဲပြီး လင်မယားနှစ်ယောက် မင်္ဂလာပွဲတက်ရန် ပြင်ဆင်လိုက်ကြပါသည်။ ဆရာဝန်ကြီးသား မင်္ဂလာဆောင်မို့ မြို့ပေါ်မှ မြို့မျက်နှာဖုံးများ စုံညီစွာလာမည်ဖြစ်သောကြောင့် သူတို့လင်မယားနှစ်ယောက်မှာ နံ့သာရောင် တူညီဝတ်စုံဖြင့် သပ်သပ်ရပ်ရပ် ဝတ်စားကာ ခြံထဲတွင် ရပ်ထားသော ကားဆီသို့ ဆင်းလာခဲ့သည်။

ကားပေါ်တက်ခါနီးတွင် မျက်နှာချင်းဆိုင်ခြံကြီးရှိ ဖွင့်ထားသော ပြတင်းတံခါးဆီမှ တစုံတခုကို ရိပ်ခနဲ မြင်လိုက်ရသဖြင့် သူလှမ်းကြည့်လိုက်သောအခါ...

“ခွမ်း...”

ပြတင်းတံခါးဆီမှ အရာဝတ္ထုတခုသည် အောက်သို့ ပြုတ်ကျလာပြီး အစိပ်စိပ် အမွာမွာ ကွဲသွားပါသည်။

“ဘာကျကွဲတာလဲ မသိဘူး..”

ကားထဲတွင် ဝင်ထိုင်နေသော သက်ထားက ကားမှန်ကို ချကာ သူ့ကိုမေး၏။

မေးခွန်းကို သူ မဖြေအား။

“ဟင်း... ကွာ..”

သက်ပြင်းမောကို ခပ်ပြင်းပြင်းချလိုက်ပြီး ကားတံခါးကို ခပ်ကြမ်းကြမ်း ဆွဲဖွင့်လိုက်သည်။

“ဘာဖြစ်တာလဲ ကိုကို..”

“အဲဒီပြတင်းပေါက်ဆီကနေ ရေအိုးတလုံး ကျလာတာ ငယ်လေး.. ကျက်သရေတုံးလိုက်တဲ့ အသံကြီးကွာ... မသိရင် အသုဘ ချခါနီး အိုးခွဲတာ ကျနေတာပဲ..”

“လာပါ ကိုကိုရယ်.. သူ့ဟာသူ ကျကွဲတာဖြစ်ပါလိမ့်မယ်.. သွားရအောင်.. မင်္ဂလာပွဲက နီးနေပြီ..”

စိတ်မသက်မသာဖြင့် ကားကိုမောင်းကာ မင်္ဂလာပွဲကျင်းပရာ ခန်းမဆီသို့ ထွက်လာခဲ့သည်။

“ပြတင်းပေါက်နားက ရေအိုးကို တမင် တွန်းချလိုက်တာ ကိုကို ရိပ်ခနဲ မြင်တယ် ငယ်လေး.. နိမိတ်မကောင်းတာကွာ.. တောက်.. ဒါမျိုးက အသုဘ ချခါနီးမှ လုပ်ကြတာမျိုးကွ..”

“မတော်တဆ ကျကွဲတာနေပါလိမ့်မယ် ကိုကိုရယ်.. ကားသာ ဂရုစိုက်မောင်းစမ်းပါ..”

“မဟုတ်ဘူး ငယ်လေး.. လိုက်ကာနောက်ဖက်ကနေ ရေအိုးကို တွန်းချလိုက်တဲ့ လက်နှစ်ဖက်ကို ကိုကို ရိပ်ခနဲ လှမ်းမြင်တယ်..”

“စိတ်ထဲမထားပါနဲ့ ကိုကိုရယ်... ကိုကိုကားမောင်းနေတာ အရှိန်များနေတယ်.. လျှော့ဦး..”

ကားကို အရှိန်အနည်းငယ်လျှော့လိုက်ပြီး မင်္ဂလာ ခန်းမရှိရာသို့ ရောက်လာသဖြင့် လမ်းတဖက်သို့ ကားကို ကွေ့လိုက်သည်တွင်

“ကိုကို ကိုကို အနောက်မှာ ဆိုင်ကယ်..”

ဟူသော သက်ထား၏ အလန့်တကြား အော်လိုက်သော အသံအဆုံး “.. ဒုန်း ..” ဆိုသော အသံကြီးနှင့်အတူ ဆိုင်ကယ်တစီးက သူ့ကားကို အနောက်ဘက်မှ ဝင်တိုက်သွားပါတော့သည်။

ဆိုင်ကယ်စီးလာသောလူသည် သူ့ကားရှေ့ဆီက ကတ္တရာလမ်းပေါ်သို့ အရှိန်ဖြင့် လွင့်လာကာ နှစ်ပတ် သုံးပတ် လိမ့်သွားပြီး ပြန်မထနိုင်တော့ပေ။

“ဟာ... သွားပြီ... သေပြီလားမသိဘူး..”

ထိတ်လန့်တုန်လှုပ်စွာဖြင့် ကားတံခါးကိုဖွင့်၍ ဆင်းကြည့်လိုက်သောအခါ.....

* * *

https://t.me/TheBookR


(၆)

 

‌ကားတံခါးကို တွန်းဖွင့်၍ ဆိုင်ကယ်သမားဆီသို့ အပြေးသွားကာ ကြည့်လိုက်မိသောအခါ

“ဟာ... ကိုထွန်းမြ...”

‌သူ့ပွဲရုံမှာ အင်မတန်အားကိုးရသော အလုပ်သမားခေါင်း ကိုထွန်းမြ ဖြစ်နေလေသည်။ တုတ်တုတ်မျှမလှုပ်တော့သော ကိုထွန်းမြ၏ အနားသို့ ‌လူအများ အုံလာကြသည်။

‌“သွားမထူနဲ့နော်.. သွားမထူနဲ့နော်.. ကျွန်တော် လူမှုကူညီရေးကို ဖုန်းဆက်လိုက်မယ်..”

‌Accident လူနာကို အတင်းပွေ့ထူလိုက်လျှင် အခန့်မသင့်ပါက ကိုယ်ထူလိုက်ခါမှ ပိုဆိုးသွားတတ်ကြောင်း ဇာနည်မျိုး ကြားဖူးနားဝရှိထားသည်။

‌လူမှုကူညီရေးအသင်းကို ဖုန်းဆက်လိုက်သောအခါ Ambulance ကားတစီးနှင့်အတူ Rescue အဖွဲ့သားများ ချက်ခြင်း ရောက်လာကာ လူနာကို လိုအပ်သည်များ ပြုစု၍ ဆေးရုံသို့ ခေါ်သွား၏။

‌ရဲများလည်း ရောက်လာကာ သူ့ကို ရဲစခန်းသို့ ခေါ်သွားပါတော့သည်။

.............

ဆိုင်ကယ်ဦးထုပ်ဆောင်းထားသည့်အပြင် ဆေးရုံသို့ အချိန်မီပို့ဆောင်ခဲ့သောကြောင့် ကိုထွန်းမြ အသက်မဆုံးရှုံးခဲ့သော်လည်း အမှုကိစ္စကို ‌ဇာနည်မျိုး အတော်လေး ရှင်းလိုက်ရပါသည်။

မိတ်ဆွေရင်းဖြစ်သူ ရှေ့နေကိုညီညီလွင်က ကြိုးစားပေးသဖြင့် အမှုကိစ္စကို ပြီးပြတ်အောင် ဖြေရှင်းနိုင်ခဲ့ပါသည်။ ဆေးဖိုးအပြင် တခြားသော ကိစ္စများအတွက် ငွေကြေးများစွာ သုံးလိုက်ရသည်က ပြဿနာမရှိ။ အားကိုးရသော ကိုထွန်းမြ ရက်ရှည်အနားယူရမည်က သူ့အတွက် ပိုမိုပြီး အကြပ်ရိုက်စေသည်။ ကြံကြံဖန်ဖန် ကိုယ့်လူကိုယ်ပြန်ပြီး ကားနဲ့တိုက်မိရသည့် ကံဆိုးမှုကိုတွေးရင်း တအံ့တသြ စိတ်ပျက်ရပါသည်။

“ဒါတွေ အားလုံးရဲ့ တရားခံက အိမ်ရှေ့အိမ်က မိန်းမရဲ့ နိမိတ် မရှိ လုပ်ရပ်ပဲ ငယ်လေး.. သူ ကိုကိုတို့ကို တစုံတရာ ပြုစားနေတာ ကျိန်းသေတယ်..‌ အပြင်ထွက်ခါနီး ရေအိုးခွဲပြတာ ဒါ ကျိန်စာတိုက်တာပဲ.. သူတို့တွေ အိမ်ရှေ့ကိုပြောင်းလာထဲက စိတ်သောက ‌တမျိုးပြီး တမျိုး ရောက်ရတယ်..”

‌သူ့ကို အမြဲနှစ်သိမ့်သော ဇနီးမှာ ဒီတခါတော့ သူပြောတာကို ထောက်ခံသလို ငြိမ်နေပြီး

‌”ညနေကျရင် ဗေဒင်ဆရာ ဦးနေထူးဆီမှာ ယတြာချေအုံးမှပါ...” ဟု အကြံပေး၏။

.................

အထက်လမ်းဆရာ တပိုင်း၊ ဗေဒင်ဆရာတပိုင်း ဖြစ်သော ဆရာနေထူး စီမံပေးလိုက်သည့် ပန်းများ၊ သစ်သီးများ၊ ဖယောင်းတိုင်များနှင့် တယောက်ထဲ အလုပ်ရှုပ်နေသော သက်ထားသည် ‌သူ့အိတ်ကပ်ထဲသို့လည်း အင်းကွက်များ လာထည့်ပေး၏။

‌ကိုယ်တိုင်က ယုံသည်လည်းမဟုတ်၊ မယုံဘူးလည်း မဟုတ်သော်လည်း ယခုလို အချိန်မျိုးမှာ အားကိုးတမျှင်မို့ ‌အတော်အသင့်တော့ စိတ်သက်သာရာရပါသည်။

အဆောင် ‌ယတြာစွမ်းသောကြောင့်လား မသိ။

‌ဒီရက်ထဲ မျက်နှာချင်းဆိုင် အိမ်ကြီးဆီမှ ဘာထူးခြားချက်မှ ထပ်မံမတွေ့ရ။

‌အပေါ်ထပ် ပြတင်းပေါက် ဖွင့်သည်ကိုပင် မတွေ့ရသဖြင့် ပို၍ နေသာထိုင်သာ ရှိလှသည်။

‌ကောင်မလေးက တပတ်တခါ၊ ငါးရက်တခါ ဆိုသလို စျေးဝယ်ထွက်သည်မှအပ အခြေအနေက တလကျော်ခန့် ‌အေးအေးဆေးဆေး ဖြစ်နေပြန်ပါသည်။

‌“ရှေ့အပတ်ထဲ ကိုကို့မွေးနေ့ရောက်ပြီနော်.. မွေးရက်လွန်ရင် အညံ့တွေပျောက်ပြီလို့ ဗေဒင်ဆရာကလည်း ဟောထားတယ် ကိုကိုရဲ့.. စိတ်လေးလည်း ကြည်သွားအောင် ဒီနှစ်တော့ ခြံထဲမှာ မိတ်ရင်း ဆွေရင်းတွေ ဖိတ်ပြီး မီးပုံပွဲလေး လုပ်၊ အကင်လေး ဘာလေးစားကြမယ်...”

တနေ့စာ ရောင်းရငွေ ရေတွက်နေသော သူ့အနားသို့ သက်ထားရောက်လာပြီး မွေးနေ့လုပ်ရန် ပြောလေသည်။

ဇာနည်မျိုး စိတ်ကြည်နူးစွာဖြင့် လက်မထောင်ပြလိုက်၏။

“ဂွတ် အိုင်ဒီယာပဲ ငယ်လေး.. ပုလင်းရော မပါဘူးလား..”

“စိတ်ချပါရှင့်..”

..............

‌မီးကြိုးလေးများ မှိတ်တုတ် မှိတ်တုတ်ဖြင့် အလှဆင်ထားသော ခြံဝင်းလေးထဲတွင် မီးပုံလေးတပုံ ဖိုထားပြီး မိတ်ဆွေများ၏ ရယ်မောသံ၊ ‌စားသောက် ပြောဆိုနေသံများ ဖုံးလွှမ်းနေပါသည်။

‌“Happy Birthday...”

“နေပါအုံးဗျ ခင်ဗျား အသက်က ဘယ်လောက်ရှိပြီတုန်း..” ဟု ကိုညီညီလွင်က သူ့ကို မေး၏။

“မညာတမ်း ဝန်ခံရရင်တော့ ၃၈ ရှိပြီဗျ..”

“သက်ထားကရော..”

“ငယ်လေးက၂၉ ဗျိုး... သူ ၁၉ နှစ်သမီးထဲက ကျွန်တော်နဲ့ လက်ထပ်ခဲ့ကြတာ..”

“ကလေးကို မုန့်ပေး ကြိုက်ခဲ့တာပဲဗျ...ဟားဟား..”

“အဲဒီကလေးက ကိုကိုမှ ကိုကိုဖြစ်နေတာကိုး..”

‌အရက်လေး အတော်အသင့် ဝင်ထားသောကြောင့် အတော်အတန် နှုတ်ရွှင်နေသဖြင့် ဇာနည်မျိုးသည် သက်ထားကို ဂစ်တာသွားယူခိုင်းလိုက်၏။ မတီးခတ်သည်မှာကြာပြီဖြစ်သော ဂစ်တာကြိုးများကို ‌ညှိရင်း ကောဒ့်စမ်းလိုက်သည်။

‌“ဟိုသီချင်း ဆိုရမလား..”

‌သက်ထားကပြုံးပြီး ခေါင်းညိမ့်ပြ၏။

‌အလွတ်ရနေသော ကော့ဒ်များကို ဖိနှိပ်လိုက်ပြီး သီချင်းတပုဒ်ကို စတင် တီးခတ် သီဆိုလိုက်ပါသည်။

‌“ည လေးများ...ကိုယ် အိပ်ပျော်ဖို့ ခက်နေ... အာရုံမှာ..ကိုယ်ထင်ပြနိုင်တဲ့ မင်းပေါ့ကွာ...

‌... နောက်ဆုတ်ဖို့ကြိုးစားရင်း ရှေ့တိုးမိပြီ.. မေ့ပျောက်ဖို့ အားထုတ်မှ ပိုမိုကာ သတိရမိ...”

‌သီချင်းအဆုံးမှာတော့ သက်ထားနှင့်အတူ မိတ်ဆွေများက ‌လက်ခုပ်တီးကြလေသည်။

“အောင်မယ်..ခင်ဗျားက ထက်နေကြည်သီချင်းလည်း ‌ရတာပဲလား..” ဟု ကိုညီညီလွင်က သူ့ကို လှမ်းစသည်။

“ဒါက ထက်နေကြည် သီချင်းမဟုတ်ဘူးဗျ.. ၂၀၀၀ ခုနှစ်လောက်ထဲက ရခိုင်အဆိုတော် ကိုနိုင်ဟယ်လင်ဆိုထားတဲ့ လေနီသွေးစီးရီးထဲမှာပါတယ်.. ကိုနိုင်ဟယ်လင်ရဲ့အဖေက အဆိုသင်တန်းတွေ ဖွင့်ထားတဲ့ ‌အဆိုပညာရှင် ဆရာဦးစောနုလေ.. ဒီသီချင်းကို ကျွန်တော်ရနေတာ ၂၀၀၀ ခုနှစ်ထဲကပါ.. ငယ်လေးကို ပိုးတာ ဒီသီချင်းဆိုပြီး ပိုးခဲ့တာဗျ..”

“ဟားဟားဟား.. အေးပါဗျာ.. ထားပါတော့ ထားပါတော့..‌လုပ်အုံးဗျာ.. ခင်ဗျားရဲ့ ရင်တွင်းဖြစ် ‌နောက်တပုဒ်လောက်..”

‌“မတီးတာကြာတော့ သီချင်းတွေက မရတော့ဘူးဗျ.. ဒါပေမဲ့ ပရိတ်သတ်ကြီးက တောင်းဆိုနေတော့လည်း..”

‌အရက်သောက်ထားသည့်အပြင် ဒီနေ့ စိတ်ကြည်နူးနေသဖြင့် ‌သူသည် သီချင်း နောက်တပုဒ် ဆိုရန် ကော့ဒ်ကို စမ်းလိုက်သည်။

‌“ဒီ ကွင်းပြင်ကြီးကို တို့ဖြတ်ဖူးတယ်.. ဒီမြက်ပင်များအပေါ် တို့နှစ်ယောက်အတူ လျှောက်ဖူးတယ်.......... ‌မျှော်မဆုံးသော ကွင်းပြင် အရင်အတိုင်း... လျှောက်ရအောင်...”

‌မုဒ်အပြည့်ဖြင့် မျက်လုံးမှိတ်ကာ ‌သီချင်းဆိုရင်း သီချင်း ဆုံးသွားသောအခါ မျက်လုံးကို ပြန်ဖွင့်လိုက်သည်။

‌အားလုံးက မျက်နှာတည်တည်ကြီးလုပ်နေကြသဖြင့်

သူ အံ့ဩသှား၏။

‌မိတ်ဆွေများ၏ အာရုံသည် သူ့သီချင်းဆီမှာ မရှိကြပါ။

‌ဇနီးအပါအဝင် သူ့မိတ်ဆွေအားလုံးမှာ မျက်နှာချင်းဆိုင် ခြံကြီးဆီသို့ လှမ်းကြည့်နေကြသည်။

‌ထိုခြံကြီးတွင် မီးပုံကြီးတပုံ ဖိုထားပါသည်။ အလျှံလျှံ ငြီးငြီး တောက်လောင်နေသော မီးညွှန့်များသည် ‌အနီရောင်သစ်ပင်ကြီးများ အလယ်တွင် ‌လူးလွန့်ကာ ယိမ်းထိုးနေကြ၏။

ရှည်လျားသော ‌အနီရောင်ဂါဝန် ဝတ်ထားပြီး အနီရောင် သဘက်တထည်ကို ခေါင်းမြီးခြုံထားသော အမျိုးသမီးတယောက်သည် သူတို့ကိုကျောပေး၍ မီးပုံကြီးကို မျက်နှာမူကာ ဝှီးချဲပေါ်တွင် ထိုင်နေသည်။ ‌ဝှီးချဲအနားမှာတော့ အဖော် ကောင်မလေးက မတ်တပ်ရပ်နေပါသည်။

‌“ဘာသဘောလဲကွာ.. ဒီမှာ သူများတွေ ပျော်နေကြတာကို စောက်ရူးလိုလို စောက်ပေါလိုလို လာလုပ်နေတယ်..”

‌ဟုန်းခနဲ ထွက်လာသော ဒေါသစိတ်ကြောင့် ဂစ်တာကို ဘေးမှာ ချလိုက်ပြီး အိမ်ရှေ့အိမ်ဆီသို့ သွားရန် ခြေလှမ်းပြင်လိုက်၏။

“ကိုကို ကိုကို မသွားပါနဲ့.. သူ့ခြံထဲ သူ့ဟာသူ နေနေတာကို..”

“မဟုတ်ဘူး ငယ်လေး.. ဒီကိစ္စက ဘာဆိုတာလည်း သူ့ကိုတွေ့တုန်း မေးရမယ်... ကိုကို အတိအကျတော့ ပြောမပြတတ်ဘူး.. ဒါပေမဲ့ သူ့အမူအရာတွေက ကို့အပေါ်မှာ တော်တော် စိတ်ကသိကအောက်နိုင်စေတယ်.. ခုလို သူ ခြံထဲဆင်းလာတုန်း ဒဲ့ရှင်းတာပိုကောင်းတယ်.. ‌ငယ်လေးနေခဲ့..ကို ဘာမှ ကိုယ်ထိလက်ရောက်မလုပ်ဘူး..”

‌အရက်မူးနေသဖြင့် ယိုင်ထိုးနေသောခြေလှမ်းတို့ဖြင့် ခြံကြီးဆီသို့ ဇာနည်မျိုး ထလာခဲ့လိုက် သည်။

‌သော့ခတ်ထားသော ခြံစည်းရိုးတံခါးနားတွင် ရပ်လိုက်ပြီးနောက် ‌အထဲသို့ သူလှမ်းခေါ်လိုက် သည်။

‌“အိမ်ရှင်တို့ အိမ်ရှင်တို့..‌တံခါးဖွင့်ပါအုံးဗျ..”

‌သူအော်ခေါ်နေသည်ကို မကြားယောင်ပြုပြီး ကောင်မလေးက ဝှီးချဲကို တွန်းကာ အိမ်ထဲသို့ ခပ်သွက်သွက် ပြန်ဝင်နေသည်။

‌“ဟေ့..ကောင်မလေး တံခါးလာဖွင့်ပေးအုံး.. ငါအဲဒီအမျိုးသမီးနဲ့ စကားပြောစရာရှိတယ်..”

‌သူ့စကားကို ဂရုမစိုက်သည့်ပုံဖြင့် ကောင်မလေးသည် ဝှီးချဲကိုတွန်းကာ အိမ်ထဲသို့ ဝင်သွားပြီး ရေပုံးလေးတပုံးဆွဲလာကာ ချက်ခြင်း ပြန်ထွက်လာသည်။ ထိုရေပုံးလေးဖြင့် မီးပုံအား လာရောက် ငြိမ်းသက်နေလေ၏။ ထိုမီးပုံကြီး၏ အနားတွင် ခုံတလုံးချထားသည်ကို သူ အမှတ်မထင် တွေ့လိုက်ရသည်။ ထိုခုံပေါ်သို့ သေသေချာချာ ကြည့်လိုက်သောအခါ

‌“ဟာ..”

‌သူ့နှုတ်ဖျားဆီမှ အာမေဍိတ်သံ လွှတ်ခနဲ ထွက်သွားပါတော့သည်။

‌ထိုခုံပေါ်တွင် စတီးလ်းဓားတချောင်း စိုက်လျက်ရှိနေပြီး ထိုဓားအနားတွင် မွေးနေ့ကိတ် တလုံးကို ငြိမ်းလုငြိမ်းခင် မီးရောင်အောက်တွင် ထင်ရှားစွာ မြင်လိုက်ရပါတော့သည်။

* * *


(၇)

 

မနေ့ညက ပျောက်ဆုံးသွားသော ပျော်ရွှင်မှုများအတွက် ဇာနည်မျိုး လုံးဝကို ကြိတ်မနိုင် ခဲမရ ဖြစ်နေပါသည်။ ဝှီးချဲပေါ်မှ အမျိုးသမီးသည် တခါတရံမှသာ ပေါ်လာသော်လည်း ပေါ်လာသည့် အချိန်တိုင်း သူ့ကို စိတ်ဒုက္ခပေးလှသည်။

ပြတင်းပေါက်ကိုဖွင့်ပြီး အိမ်ရှေ့အိမ်ဆီသို့ စိတ်ပျက်စွာ လှမ်းကြည့်မိသည်။ ငြိမ်သက် တိတ်ဆိတ်နေသော အိမ်မဲမဲကြီး၌ ရှိနေသော ပဟေဠိဆန်လှသည့် အမျိုးသမီးသည် မည်သူ ဖြစ်ပါသနည်း။

စိတ်တွေ ရှုပ်လွန်းလှပြီ။

အေးချမ်းသော သူတို့မိသားစုအတွက် ပြဿနာ မဟုတ်သော ပြဿနာများ ကြုံတွေ့နေရ၏။

မည်မည်ရရ သေသေချာချာ လက်ဆုပ်လက်ကိုင် ပြစရာမရှိသည်ကလည်း သူ အတော်လေး အသဲယားပါသည်။

ထုံးစံအတိုင်း အိမ်ကြီးသည် တပတ် ဆယ်ရက်ကျော်ကြာသည်အထိ ပြန်လည်ငြိမ်သက်နေပြန် သည်။

တနေ့ တနေ့ ထိုအိမ်ကြီးဆီမှ ဘာများ ကြုံရမလဲဟု လှမ်းလှမ်းကြည့်ရသည်ကလည်း ရင်မောလှပါသည်။

............................................

“ဒီနေ့တော့ စျေးထဲမှာ ဒညင်းသီးတွေ တွေ့လို့ဝယ်လာတယ်.. ပေါ်ဦးပေါ်ဖျားမို့ ယောကျ်ားကို စားစေချင်လို့သာ ဝယ်လာရတာ.. သေးသေးလေး တလုံးကို တရာတဲ့.. တော်ရေ.. ဝက်သားဆီပြန်လေး ချက်ပြီး ဒညင်းသီးကို အနံ့မွှေးရုံ မီးလေး အုံပေးမယ်..”

“ဒီနေ့တော့ ထမင်းမြိန်ပြီပေါ့ကွာ.. ပွဲရုံကို ထမင်းချိုင့် လာမပို့နဲ့ ငယ်လေး.. ကိုကို အိမ်ပြန်လာမယ်.. လချုပ်ရှင်းတမ်း အိမ်မှာပြန်လုပ်ချင်လို့..”

ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာတခု ဖြစ်သော်လည်း ဒညင်းသီးကိုတော့ သူအလွန်ကြိုက်လှသည်။

ပေါ်ဦးပေါ်ဖျား ဒညင်းသီး နုနုလေးများကို အနံ့သင်းရုံ မီးဖုတ်ပြီး ငပိရည်နှင့်တို့စားရသော ရှတတ အရသာသည် သူ့အတွက်တော့ နတ်သုဒ္ဓါအလား အရသာရှိပါသည်။

နေ့လယ်စာ စားချိန်ရောက်သောအခါ အိမ်သို့ပြန်လာပြီး စားကောင်းကောင်းနှင့် ဘယ်နှစ်ပန်းကန် မသိအောင် စားပစ်လိုက်သည်။

“မနက်ဖြန်လည်း ဒညင်းသီး ဝယ်ခဲ့အုံးကွာ.. စားလို့ မဝဘူး..”

“အင်းပါ..ဝယ်ခဲ့ပေးမယ်..ဒါပေမဲ့ အများကြီး မစားရဘူးနော်.. မနက်ဖြန် တရက်ပဲ စားတော့..”

“အိုကေ..”

ဗိုက်လေးလေးနှင့် မျက်လုံးပင် စင်းလာသည်။

အိပ်၍တော့ မရသေး။

လချုပ်စာရင်းတွေ လုပ်ရအုံးမည်။

အပျင်းကြီးနေ၍ မဖြစ်။

စာရင်းစာအုပ် တထပ်ကြီးကို စားပွဲပေါ် တင်ကာ လချုပ်စာရင်းများ စတင် လုပ်ဆောင်ပါတော့သည်။

ညနေရောက်သည်အထိ လချုပ်စာရင်းများ လုပ်လို့ မပြီးသေး။

ရေမိုးချိုး ၊ ညစာစားပြီး ညဉ့်နက်သည်အထိ အလုပ်စားပွဲပေါ်မှာ စာရင်းတွေ လုပ်နေရသည်။

ဇနီးသည်လည်း သူ့ကို ဇက်ကျောတချက် နှစ်ချက် လာဆွဲပေးပြီး အိပ်ရာဝင်သွားပြီ။

နာရီကို ကြည့်လိုက်တော့ ၁၁ နာရီထိုးပြီ။

နောက်ဆုံး ဘောင်ချာကို စာရင်းသွင်းပြီးရင်တော့ ပြီးပါပြီ။

သို့သော် ဘောင်ချာစာအုပ်က ရှာမတွေ့။ ပြန်စဉ်းစားလိုက်သောအခါ ဘောင်ချာစာအုပ်က ပွဲရုံမှာ ကျန်နေခဲ့ခြင်းဖြစ်သည်။

အလုပ်ဇွဲကြီးသော ဇာနည်မျိုးသည် ကားကိုထုတ်ကာ ပွဲရုံဆီသို့ ချက်ချင်းသွားပြီး ကျန်ခဲ့သော ဘောင်ချာစာအုပ် သွားယူပါတော့သည်။

ပွဲရုံရှေ့နားသို့ရောက်သောအခါ ပွဲရုံနှင့် မလှမ်းမကမ်းတွင် ကားအနက်တစီး ရပ်ထားသည်ကို တွေ့လိုက်ရ၏။ ထိုကားသည် အိမ်ရှေ့ခြံကြီးဆီသို့ လူများပြောင်းလာခါစက လိုက်ပို့သော Crown ကားဖြစ်ကြောင်း သူမှတ်မိပါသည်။

“ဟာ... ညနက်သန်းခေါင် ငါ့ပွဲရုံရှေ့မှာ ကားကို ဘာရပ်လုပ်နေပါလိမ့်..”

အတွေးများစွာဖြင့် ထိုကားအနက်ဘေးတွင် သူ့ကားကို ယှဉ်ရပ်ပြီး ကားမှန်ကိုချလိုက်သည်။ ထိုအခါ ကားအနက်ရောင်သည် အရှိန်ပြင်းပြင်းဖြင့် မောင်းထွက်သွားလေ၏။

မရိုးပါ...

လုံးဝ မရိုးပါ...

သူ့အပေါ် တခုခု မကောင်း ကြံစည်နေသည်မှာ လုံးဝ ကျိန်းသေ ထင်ရှားနေပါပြီ။

ပွဲရုံတွင် ကျန်နေခဲ့သော ဘောင်ချာစာအုပ်ကို ယူပြီး အိမ်သို့ပြန်လာခဲ့သော်လည်း ဇာနည်မျိုး စိတ်သည် စာရင်းထဲတွင် အာရုံမရှိတော့ပါ။

ဘာလဲ...

ဘာတွေလဲ...

သူ လုံးဝ နားမလည်နိုင်။

အိမ်ရှေ့အိမ်မှ ကားသည် သူ့ပွဲရုံကို ညကြီးသန်းခေါင် ဘာတွေ လာစုံစမ်းနေရတာလဲ။

သူ့မှာ ရန်ငြိုးရန်စလည်း မရှိပါ..

တိုက်ဆိုင်တာတော့ လုံးဝမဖြစ်နိုင်။

ရိုးရိုးသားသားဆို သူ့ကားလာမှ ဘာလို့ ထွက်ပြေးရတာလဲ။

စာရင်းတွက်ရတာ တမျိုး၊ ရှင်းမရသော အိမ်ရှေ့အိမ်မှ ပုစ္ဆာများကို စဉ်းစားရတာကတမျိုးဖြင့် သူ့ခေါင်းတွေ မူးလှသည်။

ပြတင်းတံခါးကိုဖွင့်ပြီး အိမ်ရှေ့အိမ်ဆီသို့ လှမ်းကြည့်မိသည်။

အပေါ်ထပ်တွင်ရှိသော ပြတင်းတံခါးသည် ပွင့်နေပါသည်။ လိုက်ကာ အနီစသည် တဖျတ်ဖျတ် ခါယမ်းနေ၏။

သူ ကြည့်နေချိန်မှာပဲ လိုက်ကာစကို အတွင်းဘက်မှ တဖြည်းဖြည်း ဆွဲယူနေပုံဖြင့် လှစ်ဟသွားပါသည်။ ထို့နောက် လူတယောက် ပုံသဏ္ဍာန်သည် ပြတင်းတံခါးဘောင်တွင် ပေါ်လာပါတော့သည်။

ဒီတခါတော့ မီးရောင်သည် ထိုလူ၏ အနောက်ဘက်မှ ထင်ရှားစွာ ဖြာထွက်နေပါသည်။ အနီရောင် ခေါင်းစွပ်ကို စွပ်ထားသောကြောင့် ထိုသူသည် ဝှီးချဲပေါ်မှ အမျိုးသမီးပင်ဖြစ်မှန်း ဇာနည်မျိုး ခန့်မှန်းမိသည်။

သူနဲ့ ဘယ်တော့မှ မျက်နှာချင်းမဆိုင်ဘဲ ရှောင်ထွက်သွားတတ်သော ထိုအမျိုးသမီးက ဒီညမှာ ထူးခြားစွာ ကိုယ်ထင်ပြနေပါလား...။

ခဏကြာသောအခါ ထိုအမျိုးသမီးသည် ပြတင်းတံခါးကို အားပြုပြီး ဝှီးချဲပေါ်မှ မတ်တပ်ရပ်ရန် တုန်ရင်ယိုင်ထိုးစွာ ကြိုးစားနေသည်ကို တွေ့လိုက်ရ၏။

သို့သော် ချက်ချင်းပဲ ပြန်လဲကျသွားပါသည်။ အမျိုးသမီးသည် ချက်ချင်းပဲ ပြတင်းတံခါးကို ကိုင်ကာ ပြန်လည် မတ်တပ်ရပ်ဖို့ ကြိုးစားနေပြန်သည်။

ဇာနည်မျိုး စိတ်ဝင်စားစွာ ကြည့်နေလိုက်သည်။

နှစ်ကြိမ် သုံးကြိမ်ခန့် ယိုင်ထိုးကာ ပြန်ကျသွားပြီးနောက်ဆုံးမှာတော့ ခက်ခက်ခဲခဲ မတ်တပ်ရပ်လို့ ရသွားပါတော့သည်။ ပြတင်းတံခါးကို အားပြု၍ ခေါင်းကိုငုံ့ကာ ရပ်နေသော ထို အမျိုးသမီးသည် ခေါင်းကို တဖြည်းဖြည်းမော့လာလေ၏။

ဘာလဲ.. သူ ငါ့ကို လှမ်းကြည့်မလို့လား.. ဟု ဇာနည်မျိုး တွေးလိုက်ပြီး အံ့သြသွားပါသည်။

ထို့နောက် ထိုအမျိုးသမီးသည် တကိုယ်လုံး တုန်ရင်လာပုံဖြင့် ပြတင်းတံခါးကို လက်တဖက်ဖြင့်သာ အားပြုပြီး ကျန်လက်တဖက်ဖြင့် သူ၏ ခေါင်းစွပ်ကို ရုတ်တရက် ခပ်ကြမ်းကြမ်း ဆွဲချွတ်လိုက်လေ၏။ နောက်ကျောမှ ဖြာထွက်နေသော မီးရောင်အောက်တွင် ထိုအမျိုးသမီး၏ မျက်နှာအား ဇာနည်မျိုး ထင်ရှားစွာ တွေ့လိုက်ရပါတော့သည်။

“အို...”


(၈)

 

သော့ခတ်ထားသော ကျောင်းတံခါးရှေ့တွင် ရာနှင့်ချီသော ကျောင်းသားကျောင်းသူများ၏ အသံများ ဆူညံနေပါသည်။ အချို့ နောက်ပြောင်တတ်သော ကျောင်းသားများက အချင်းချင်း စနောက်ရင်း ရယ်မောနေကြ၏။

“ဟေ့ကောင်... မင်းက အောင်စာရင်းလာကြည့်တာလား.. မင်းသာ အောင်ရင်လေ တလောကလုံး အကျ မရှိတော့ဘူးကွ.. အဟီးဟီး...”

“အံမာ... ငါ့ကိုများပြောရတယ်ရှိသေး.. မင်းကရော ဘာထူးလို့လဲ.. ပုံနှိပ်စာအုပ် ယူသွားပြီး ဖြေရင်တောင် အောင်မယ့်ကောင် မဟုတ်ဘူး..”

အတန်းဖော် သူငယ်ချင်းနှစ်ယောက် စနောက်နေသည့်အသံကို နားထောင်ရင်း ကျောင်းရှေ့နားရှိ အန်တီကြီး အသုပ်ဆိုင်တွင် အဆာပြေစားနေသော ဧကရီ ပြုံးလိုက်၏။

ထို့နောက် သူ့နားတွင်ထိုင်ပြီး တတွတ်တွတ် ရွတ်နေသော ဇာနည်မျိုး၏ ပခုံးအား ပုတ်လိုက်သည်။

“ဟဲ့... နင် တိုးတိုး တိုးတိုးနဲ့ ဘာတွေ ရွတ်နေတာလဲ...”

ဇာနည်မျိုးက သူ့ကို လက်ကာပြပြီး “ဘုရားစာ ရွတ်နေတာလေ..” ဟုပြန်ဖြေကာ ပွစိပွစိဖြင့် ဆက်ရွတ်နေလေ၏။

“ဘုရားစာရွတ်နေတာ ဟုတ်လား..”

ဟု သူက မျက်မှောင်လေးကျုံ့လိုက်ပြီး ဆက်မေးလိုက်သည်။

ဇာနည်မျိုးက စကားများရန်ကော ဟူသည့်ပုံဖြင့် သူ့ကို ကြည့်လိုက်ကာ

“အေး.. ဟုတ်တယ်.. ဧကရီ... နေပါဦး.. နင်စကားများနေတာနဲ့ ငါရွတ်နေတဲ့ ဂါထာ ဘယ်အပိုဒ် ရောက်သွားပါလိမ့်..”

“ဟဲ့ ကောင် ..ဒီအချိန်မှတော့ ရွတ်နေလည်းအပိုပဲ.. ငါတို့ နာမည်တွေက အောင်စာရင်းမှာ ပါ မပါ ညထဲက ဆရာမတွေ ကပ်ထားပြီးသား နင်ရွတ်နေလို့လည်း ထူးမလာဘူး..”

ပိန်းရန်ကော ဟူသော လေသံမျိုးဖြင့် သူငယ်ချင်းဖြစ်သူအား ဧကရီ ဆရာမကြီး လုပ်လိုက်သည်။ ထို့နောက် အသုပ် တဇွန်းစားလိုက်ရင်း ကျောင်းပေါက်ဝဆီသို့ မျှော်ကြည့်လိုက်၏။

ပြောမယ့်သာ ပြောတာပါ။ သူလည်း ရင်တွေခုန်လှပြီ။

ညထဲက အိပ်မရသဖြင့် သန်းခေါင်ကျော်ထဲက ဇာနည်မျိုးကို အဖော်ခေါ်ပြီး ကျောင်းရှေ့မှာ အောင်စာရင်း လာစောင့်နေကြခြင်းဖြစ်ပါသည်။ သူတို့လို ညထဲက လာစောင့်သော ဆယ်တန်း သူငယ်ချင်းများကိုလည်း အများအပြား တွေ့ရ၏။

ကျောင်းတံခါးကြီး ဖွင့်သည့်အချိန်သည် တကမ္ဘာလောက်တောင် ကြာလှပြီဟု ဧကရီ ထင်မိပါသည်။

“ငါက ငါ့အတွက်ရွတ်နေတာမဟုတ်ပါဘူးဟဲ့.. နင့်အတွက်ပါ.. ငါက အောင် အောင် ကျ ကျ .. ဘာမှ မဖြစ်ဘူး.. နင်ကမှ ဂုဏ်ထူးတွေမှန်းထားတဲ့သူလေ.. နင်မှန်းထားသလို ဖြစ်ပါစေလို့ ဆုတောင်းပေးနေတာ..”

ဇာနည်မျိုးကို သူတခုခု ပြန်ပြောရန် ပြင်လိုက်စဉ်မှာပဲ “ဝေး...” ဆိုသော ပြိုင်တူ အော်လိုက်သည့် အသံများကို ကြားလိုက်ရပြီး ကျောင်းတံခါးကြီး ဖွင့်သွားပါတော့သည်။

ဘေးနားကနေ လှစ်ခနဲ ထပြေးသွားသော ဇာနည်မျိုးသည် ပုဆိုးကို ခါးတောင်းကျိုက်ကာ သူ့ကို နောက်လှည့်မကြည့်ဘဲ အော်ပြောသွား၏။

“ဧကရီ နေခဲ့ နေခဲ့... နင်မတိုးနိုင်ဘူး.. မူးလဲသွားမယ်.. ငါကြည့်ခဲ့ပေးမယ်..”

ပြေးလွှားသွားသော ဇာနည်မျိုး၏ နောက်ကျောကိုကြည့်ရင်း

“ဘုရား... ဘုရား... တပည့်တော်နာမည်နောက်မှာ D တွေ ပါလာပါစေ..” ဟု သူ ရေရွတ်မိပါတော့သည်။

ဆူညံစွာဖြင့် ကြိတ်ကြိတ်တိုးနေသော ကျောင်းသား ကျောင်းသူ လူအုပ်ကြီးထဲမှ ငိုယိုပြီး ထွက်လာကြသူများ၊ ပျော်ရွှင်စွာ ပြန်ထွက်လာကြသူများကို ကြည့်ရင်း ဧကရီမှာ ထိုင်ရမလို ထရမလို ရင်တွေ မောလှပါပြီ။

ဟိုကောင် ဇာနည်မျိုးကလည်း ကြာလိုက်တာ။

ထိုအချိန်တွင် လူအုပ်ကြီးဆီမှ ခုန်ပေါက် ပြေးလွှားကာ လက်သီးလက်မောင်းတန်း၍ ဗလုံးဗထွေး အော်ဟစ်ပြီး သူဆီသို့ပြေးလာသော ဇာနည်မျိုးကို တွေ့လိုက်ရသောအခါ ထိတ်ခနဲ သူ ဝမ်းသာသွားမိသွား၏။

“နင်အောင်တယ် ဧကရီရေ.. ဟားဟားဟား..ပျော်လိုက်တာ.. ဂုဏ်ထူး လေးခုတောင် ပါတယ်ဟဲ့.. အင်္ဂလိပ်၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံ လေးဘာသာ.. မြန်မာစာပဲ ကျန်ခဲ့တာ အမလေး... ပျော်လွန်းလို့ ငါသေတော့မယ်..”

ဧကရီမှာ ထခုန်မတတ် ဝမ်းသာသွားပါသည်။

“ဟယ်... တကယ်... ဒါဆို ငါဆေးလိုင်း မှန်းလို့ရပြီ.. ငါ့ရည်မှန်းချက်တွေ ပြည့်ပြီပေါ့.. ပျော်လိုက်တာဟယ်... နင်ရောဟင်.. နင်ရော..”

“အဟီး... နင်ဂုဏ်ထူးတွေပါတယ်ဆိုတာနဲ့ နင့်ဆီ အရင်လာပြောတာ.. ငါ့ခုံနံပါတ်က မကြည့်ရသေးဘူး.. သွားကြည့်လိုက်အုံးမယ်..”

ပြောပြောဆိုဆိုဖြင့် ဇာနည်မျိုး ကျောင်းဝင်းထဲသို့ ပြန်ပြေးဝင်သွားပြန်ပါသည်။

ခဏအကြာ ပြုံးစိစိဖြင့် ဇာနည်မျိုး ပြန်ထွက်လာသည်။

သူ့ကို ဘာမှ မပြောဘဲ အနားတွင်ရပ်ထားသော စက်ဘီးကို ဒေါက်ဖြုတ်လိုက်ပြီး..

“လာ ဧကရီ... စက်ဘီးပေါ်တက်.. အိမ်ပြန်မယ် ငါကျတယ်ဟ.. အဟီး.. ထင်သား..”

“ဟယ်.. စိတ်မကောင်းလိုက်တာဟယ်..”

သူ တော်တော်လေး စိတ်မကောင်းဖြစ်သွားသော်လည်း ဘာမှ ထူးထူးခြားခြား ဝမ်းနည်းပုံ မရသော ဇာနည်မျိုးက သူ့လက်ကိုလှမ်းဆွဲပြီး

“လာ... တက်မှာသာ တက်စမ်းပါဟယ်.. ငါကျတာ ဝမ်းမနည်းဘူး.. နင် ဂုဏ်ထူးတွေ ပါလာတာ ငါအရမ်းပျော်နေတယ်.. ဟေ ဟေး... ထတောင် က ချင်တယ် ဧကရီရယ်.. လာဟာ.. ဗိုက်ဆာလာပြီ... နင်က ခုနက အသုပ်စားထားတာ.. ငါက ဘာမှမစားရသေးဘူး.. မဟာကြယ် ကဖီး သွားမယ်.. လက်ဖက်ရည် သွားသောက်ကြမယ်..”

ချွေးများရွှဲနစ်နေသော ဇာနည်မျိုးသည် စက်ဘီးနောက်ခုံတွင် သူ့ကိုတင်နင်းပြီး ပျော်ရွှင်နေပုံဖြင့် သီချင်းလေးတပုဒ် ဆိုလိုက်ပါသည်...

“ဒီကွင်းပြင်ကြီးကို တို့ ဖြတ်ဖူးတယ်...

ဒီမြက်ပင်များအပေါ်.. တို့နှစ်ယောက်အတူ လျှောက်ဖူးတယ်..”

အရှိန်တင်၍ နင်းနေသော ဇာနည်မျိုး၏ ခါးကိုဖက်ရင်း သီချင်းသံအဆုံးထိ သူ နားထောင်မိသည်။

“ဟဲ့.. အဲ့ဒါ ဘာသီချင်းလဲ..”

“အငဲအသစ်ထွက်တဲ့ Unplugged အခွေထဲက ငါအကြိုက်ဆုံးသီချင်းဟ.. မျှော်လင့်ခြင်း ကွင်းပြင်တဲ့..”

“အေး.. ကောင်းတယ်နော်.. ဒါနဲ့ ငါမေးပါရစေဦး.. နင်ကျောင်းပြန်တက်မှာလား..”

“ငါက အောင်အောင် ကျကျ မထူးပါဘူးဟာ.. အဖေက ဒီနှစ် အလုပ် မလုပ်နိုင်လောက်တော့ဘူး.. လမ်းထိပ်က ပွဲရုံမှာ ငါ တာလီစာရေး လျှောက်ထားပြီ.. ငါမှ အလုပ် မလုပ်ရင် အဖေရော ငါပါ ငတ်ပြီ... နင်ကတော့ ဆရာဝန်အမှတ်မီမှာပါ.. ဆေးကျောင်းတက်.. ဆရာဝန်ကြီးလုပ်.. ပြီးရင် ငါ့အဖေကို ဆေးလာထိုးပေး..”

“အေး.. ငါ ဆရာဝန်ကြီးလုပ်မယ်.. ဒါ ငါ့အိမ်မက်ပဲ.. နိုင်ငံခြားမှာ ဘွဲ့လွန်တွေ သွားတက်မှာ.. အောင်မြင်တဲ့ သမားတော်ကြီး ဖြစ်ရမယ်..”

“နင်အောင်မြင်မှာပါ... ငါယုံပါတယ် ဧကရီရယ်..”

ဇာနည်မျိုးက စကားလည်းပြောရင်း စက်ဘီးကို အားစိုက်ကာ နင်းနေ၏။ ထို့ပြင် လမ်းမှာတွေ့သမျှ လူတိုင်းကိုလည်း လှမ်းနှုတ်ဆက်နေလေတော့သည်။

“ဟေး... ဘယ်သွားမလို့လဲ... ဒီမယ် ဧကရီရယ်လေ ဂုဏ်ထူး လေးခုတောင်ပါတယ်..”

“ဟယ်.. တိတ်တိတ်နေပါ ဇာနည်မျိုးရယ်... ငါရှက်လို့..”

“အို...ဘာရှက်စရာလဲကွ...ဒီလောက်ဂုဏ်ယူစရာကိစ္စကို....”

မဟာကြယ် လက်ဖက်ရည်ဆိုင်မှာလည်း ဇာနည်မျိုး၏ အသံသာ တဆိုင်လုံး ဆူညံနေပါတော့သည်။

“ဆရာဝန်ပေါ့ဗျာ... ဘယ်လွဲလိမ့်မလဲ ဧကရီက ဒီလောက်ကြိုးစားတဲ့ဟာ.. အမှန်ဆို All D ဖြစ်ရမှာကိုယ့်ဆရာ.. မြန်မာစာနေ့က နေမကောင်းဖြစ်သွားလို့.. ခုထဲက ဖားထားကြနော်.. ဆေးထိုးရင် စျေးလျှော့ပေးမယ်..”

ဆိုင်အတွင်းမှ လူများသည် အကြွားပိုနေသော ဇာနည်မျိုးကို ပြုံးစိစိဖြင့် ကြည့်နေကြ၏။

ဧကရီမှာ သူငယ်ချင်းကိုကြည့်ရင်း ရယ်လည်းရယ်ချင်၊ ရှက်လည်းရှက် ဖြစ်နေရပါတော့သည်။

သူ့ခမျာ စာမေးပွဲကျသော်လည်း ကိုယ့်အတွက် ပျော်မြူးမဆုံးဖြစ်နေသော ဇာနည်မျိုးကို ကြည့်ရင်း သနားစိတ်လည်း ဝင်နေမိပါသည်။

လက်ဖက်ရည်သောက်ပြီးသောအခါ သူ့အိမ်သို့ ဇာနည်မျိုး ပြန်လိုက်ပို့ပေးသည်။

အိမ်ပေါက်ဝတွင် ပြုံးရွှင်စွာ စောင့်ကြိုနေသော အဖေနှင့် အမေ့ပုံစံကြောင့် သူ စာမေးပွဲ အောင်ကြောင်း သိထားပုံရပါသည်။

သူတို့ မြို့ကျဉ်းကျဉ်းလေးထဲမှာ သတင်းစကားတခု ပျံ့နှံ့ရန်မှာ မြန်လှ၏။

အဖေက သူ့ကို ပြေးဖက်ရင်း

“သမီး ပြန်မရောက်ခင်ထဲက သတင်းက အိမ်ကို ရောက်နှင့်ပြီးသား.. သားက ကျတယ်ဆို.. နောက်နှစ် ပြန်တက်ကွာ.. ပြန်ကြိုးစား..”

“မတက်တော့ဘူး ဦးလေး.. အဖေက ဒီနှစ် အိပ်ရာထဲ လဲပြီ.. ကျွန်တော် အလုပ်လုပ်မှ ရတော့မယ်..”

“အေးကွာ.. ကိုအောင်တင့်ဆီလည်း ဦးလေး လာကြည့်ပါအုံးမယ်..”

“သွားတော့မယ်နော် ဦးလေး.. ကြီးမေ သား ပြန်ပြီ.. ဧကရီ.. ငါပြန်ပြီနော်.. ခိုင်းစရာရှိရင် ခေါ်လိုက်..”

“အေး...အေး...”

စက်ဘီးလေးကို နင်းရင်း ဇာနည်မျိုးပြန်ထွက်သွားသည်။

သူ့ဘဝမှာ အဖေရယ် အမေရယ် ပြီးရင် ဇာနည်မျိုးသည် ကမ္ဘာပေါ်မှာ သံယောဇဉ်အရှိဆုံး လူတယောက်ဖြစ်ပါသည်။ ငယ်စဉ်တုန်းကတော့ ဇာနည်မျိုးမိဘများနှင့် သူတို့သည် အိမ်နီးနားချင်း မိတ်ဆွေများ ဖြစ်၏။ နှစ်အိမ့်တအိမ် ဝင်ထွက်သွားလာနေသော သူတို့မိသားစုနှစ်စုသည် မိဘများတင်မက သားသမီးများအထိပါ သံယောဇဉ်ကြီးခဲ့ကြသည်။ သူတို့ စတုတ္ထတန်းနှစ်မှာ ဇာနည်မျိုးအဖေ အကြီးအကျယ် အလိမ်ခံလိုက်ရပြီး စီးပွားကျသွား၏။ အဲဒီစိတ်ဖြင့် ဇာနည်မျိုး အမေ ဆုံးသွားရုံသာမက အိမ်ပါရောင်းလိုက်ရပြီး သားအဖနှစ်ဦး မြို့စွန်ကွက်သစ်သို့ ပြောင်းသွားကြလေသည်။

အိမ်ချင်း ဝေးသွားသော်လည်း သူတို့နှစ်ယောက်ကတော့ ဝေးမသွားပါ။ အရင်ကလိုပဲ သွားအတူ လာအတူ စားအတူဖြင့် ခင်မင်နေဆဲ..

သူ့အပေါ် အနစ်နာခံလွန်းသော ဂရုစိုက်လွန်းသောဇာနည်မျိုးကြောင့် မိဘများကလည်း သူအပြင်ထွက်လျှင် ဇာနည်မျိုးနှင့်ဆို စိတ်ချလက်ချ ရှိ၏။

သူကလည်း ဇာနည်မျိုးအပေါ်တွင် အမြဲတမ်း အနိုင်ယူကာ ဆိုးပါသည်။

အေးချမ်းသာယာလှသော သူတို့ သူငယ်ချင်းနှစ်ယောက်၏ အခြေအနေသည် ပျော်ရွှင် ကြည်နူးခြင်းဖြင့်သာ အဆုံးသတ်မည်ဟု သူထင်ခဲ့သော်လည်း...

* * *


(၉)

 

အမှတ်စာရင်းများထွက်လာသောအခါ ထင်ထားသည့်အတိုင်း သူ ဆေးတက္ကသိုလ် ဝင်ခွင့်ရခဲ့သည်။

ကျောင်းသွားတက်ခါနီး ညက ခပ်ဖျော့ဖျော့ မျက်ဝန်းတစုံဖြင့် စိုးရိမ်ပူပန်စွာ တတွတ်တွတ် မှာလို့မဆုံးဖြစ်နေသော ဇာနည်မျိုးကိုကြည့်ပြီး

“ငါ ကျောင်းသွားတက်မှာပါဟယ်.. စစ်သွားတိုက်မှာ ကျနေတာပဲ.. မှာနေလိုက်တာ.. ပြီးတော့ ငါ့ကိုယ်ငါ ထိန်းနိုင်ပါတယ်.. စိတ်ချ စိတ်ချ.. အဖေနဲ့ အမေတောင် ငါ့ကို နင့်လောက် မပူဘူး..”

“စာတော့ ပုံမှန်ရေးပါ ဧကရီရယ်.. ငါလည်း ရေးမယ်.. တလတခါ နင့်စာကို ငါမျှော်နေမယ်နော်..”

“အေ့ပါ..”

တလ တခါ စာရေးမည်ဆိုပေမယ့် တပတ်ကို တခါလောက် သူ့ဆီကို ဇာနည်မျိုး စာရေး၏။

နေကောင်းလား...

စာလိုက်နိုင်ရဲ့လား..

ထမင်းစားလို့ကောင်းရဲ့လား...

စသည်ဖြင့် အပ်ကြောင်းထပ်စာများ ဖြစ်သော်လည်း ဇာနည်မျိုးဆီမှ စာရောက်လာတိုင်း သူ အမြဲတမ်း ကြည်နူးရပါသည်။

အဆောင်နေ သူငယ်ချင်းများက နယ်မှာကျန်ခဲ့တဲ့ နင့်ရည်းစားဆီက စာတွေလားဟု မေးသောအခါ သူပြုံးပဲ ပြုံးနေမိသည်။

(ငါဘာလို့ မငြင်းတာပါလိမ့်..)

ပထမနှစ်၊ ဒုတိယနှစ်တိုင်အောင် ဧကရီမှာ ကျောင်းတက်လိုက်၊ နယ်ပြန်လိုက်ဖြင့် ပုံမှန်အတိုင်း အချိန်တွေ ကုန်ဆုံးခဲ့ပါသည်။

ကျောင်းမှာ သူ့ကို လိုက်သော ကောင်လေးများ ရှိသော်လည်း သူ စိတ်မဝင်စားခဲ့ပါ။

သူ့ရင်ထဲမှာ အချစ်ဆိုသောနေရာအတွက် တစုံတခုက ပြည့်ဝနေသလို ခံစားနေရ၏။

ဘာလဲတော့ သူ့ဟာသူ မသိ။

တတိယနှစ် အရောက်မှာတော့ ထိုအရာကို ဧကရီကောင်းစွာသိသွားခဲ့ရပါသည်။

ထိုနေ့က... နယ်မှာရှိသော သူ့အစ်မဝမ်းကွဲ မင်္ဂလာဆောင်၍ ခွင့်ယူပြီး နယ်သို့ ပြန်လာခဲ့သည်။

သူ အိမ်ပြန်ရောက်သည့်သတင်းကြားရင် နောက်တနေ့ ဇာနည်မျိုးက ဟင်းချိုင့်လေးဆွဲပြီး အိမ်ကိုရောက်လာတတ်သည်က ထုံးစံလိုဖြစ်နေပြီ။ အဆောင် ထမင်းဟင်း အမြဲစားနေရသော သူ့အတွက် ဇာနည်မျိုးလက်ရာက ထမင်းမြိန်လှ၏။

ဒီနေ့လည်း ဟင်းချိုင့်လေး လက်ကကိုင်ရင်း ဇာနည်မျိုးတယောက် အိမ်ပေါ်သို့ တက်လာသည်။

“ဇာနည်မျိုးရေ.. အတော်ပဲဟာ ငါ့ကို မနက်ဖြန် ညောင်သပြေရွာက မင်္ဂလာဆောင်တခုကို လိုက်ပို့စမ်းပါဟယ်.. နင်အလုပ်အားရဲ့လား.. အဖေနဲ့ အမေက ညထဲကသွားကြမှာ.. ငါက ရွာမှာ ညလိုက်မအိပ်ချင်လို့ မနက်မှ ထသွားမလို့..”

“အေး...အလုပ်က မနက်ဖြန် မအားဘူးဟ.. ဒါပေမဲ့ ရပါတယ်.. နင့်ကို ခဏလိုက်ပို့ပြီး ငါပြန်လာခဲ့မယ်လေ.. ဘယ်စက်ဘီးနဲ့ သွားမှာလဲ.. ငါ့ဘီး ယူခဲ့ရမလား..”

“မယူခဲ့နဲ့ဟ.. နင့်ဘီးက ဆိတ်နှစ်ကောင်ဘီးဆိုတော့ နောက်က အုန်းက ဖင်နာတယ်.. ငါ့ ဖီးစင့်ဘီးယူခဲ့မယ်..”

“အေး...အေး..”

သူ့ဆန္ဒမှန်သမျှ သူဖြစ်ချင်ရာမှန်သမျှ မငြင်းတတ်သော ဇာနည်မျိုးရှိနေခြင်းဟာ သူ့အတွက်တော့ ဆုလာဘ်လေးတခုပါပဲ။

အမျိုးမင်္ဂလာဆောင်သွားမှာမို့ ဧကရီ အလှဆုံးပြင်ဆင်လာခဲ့သည်။ တနေ့ကမှ ချုပ်လာခဲ့သော အနီဝမ်းဆက် ရဲရဲလေးသည် အသားဖြူသော သူ့ခန္ဓာကိုယ်ပေါ်မှာ တင်းတင်းရင်းရင်းဖြင့် ခပ်ထင်းထင်း လှပနေပါသည်။ နှုတ်ခမ်းဖူးဖူးလေးပေါ်သို့ နှုတ်ခမ်းနီ ရဲရဲလေး ဆိုးလိုက်သောအခါ ဒီမင်္ဂလာဆောင်မှာတော့ သူအလှဆုံးဖြစ်မှာဟု တွေးရင်း ကျေနပ်စွာ ပြုံးလိုက်ပါသည်။

“ဟဲ့.. နင်သွားမှာ ရွာနော်.. အနီရဲရဲနဲ့ ကျွဲလိုက်ခတ်မယ်..သတိထား..”

နေရာတကာ စိုးရိမ်တတ်သော ဇာနည်မျိုးက သူ့ကို တချက်လှမ်းကြည့်ရင်း ပြောသည်။

“ဟဲ့..ငါ့ကို ကြည့်စမ်းပါအုံး..လှရဲ့လား..”

“လှတာတော့လှပါတယ်ဟာ..ဒါပေမဲ့ အင်္ကျီက ကျပ်နေတယ်.. တစ်ရစ်နေတာပဲ... နင့်ကို သူများတွေ ငမ်းတော့မှာ..”

ဟု ဇာနည်မျိုးက မနာလိုသံဖြင့် ပြော၏။

“ဟ ဟ... ငမ်းပါစေပေါ့ဟ..”

ဟု ပြုံးစိစိဖြင့် သူက စသောအခါ ဇာနည်မျိုးဆီက ဘာအသံမှထွက်မလာတော့ဘဲ မှုန်ကုပ်ကုပ် မျက်နှာပေးဖြင့်သာ မကျေနပ်ကြောင်း ပြလေသည်။

မရောက်တာကြာပြီဖြစ်သော ညောင်သပြေရွာလေးသည် မိခင်၏ဇာတိရွာလေးဖြစ်ပါသည်။

သာယာလှပသော မြေနီလမ်းလေးအတိုင်း ဇာနည်မျိုးနင်းနေသော စက်ဘီးနောက်က လိုက်စီးရင်း ပတ်ဝန်းကျင်ရှိ လယ်ကွင်းများ၊ စမ်းချောင်းများကို လျှောက်ကြည့်နေမိသည်။

“ဒီကွင်းပြင်ကြီးကို တို့ဖြတ်ဖူးတယ်..

ဒီမြက်ပင်များအပေါ် တို့နှစ်ယောက်အတူ လျှောက်ဖူးတယ်...”

ဇာနည်မျိုးက စက်ဘီးနင်းနေရင်း သူဆိုနေကျ အငဲသီချင်းကို ခပ်တိုးတိုးဆိုလာခဲ့သည်။

“ဟိုးထား ဟိုးထား.. ဇာနည်မျိုး.. ဟိုမှာကြည့်စမ်းဟယ်..နှင်းဆီခြံ တခြံပါလား.. နှင်းဆီနီတွေ ပွင့်နေတာ လှလိုက်တာဟယ်.. ငါ့ကို နည်းနည်းလောက် သွားဝယ်ပေးပါလား..”

“အေး..”

စက်ဘီးရပ်ရင်း ဇာနည်မျိုးက နှင်းဆီပန်း သွားဝယ်သည်။

မကြာခင် နှင်းဆီပန်းများကိုင်ပြီး ဇာနည်မျိုး ပြန်ရောက်လာပါသည်။

“နင်က အနီ အရမ်းကြိုက်တာပဲနော်..”

သူက နှင်းဆီပန်း တပွင့်ကိုပန်ရင်း တပွင့်ကို မက်မောစွာ နမ်းလိုက်ကာ

“အေး.. အနီဆိုတာ ရဲရင့်ခြင်း အရောင်လေ.. ငါက အရမ်းရဲရင့်ချင်တာ.. ငါ့နာမည်ကိုက ဧကရီလေ.. ဖြစ်နိုင်ရင် ငါ့ပတ်ဝန်းကျင်မှာ အနီရောင်တွေပဲ ထားချင်တယ်..ပန်းတွေတင် မကဘူးဟ.. သစ်ပင်တွေကိုပါ နီပစ်လိုက်ချင်တာ.. ကဲ.. သွားရအောင်..နောက်ကျတော့မယ်..”

သီချင်းလေးဆိုရင်း ဇာနည်မျိုးက စက်ဘီးကိုဆက်နင်းလိုက်သည်။ အတန်ကြာ နင်းနေရင်းက

“ဟာ..ပြဿနာပဲ..” ဟုဆိုပြီး စက်ဘီးကို ရုတ်တရက် ရပ်လိုက်သောကြောင့် သူလည်း ဆင်းလိုက်သည်။

“ဘာဖြစ်လို့လဲဟင်.. ဇာနည်မျိုး..”

“ရှေ့မှာ တံတားကျိူးနေတယ်ဟ.. အောက်က ဆင်းလျှောက်ရမယ်.. အောက်မှာ ရေတော့ မရှိတော့ပါဘူး.. ဒါပေမဲ့ ဗွက်တွေ..”

“သွားပါပြီဟယ်...မတတ်နိုင်ဘူး.. ထမီ တိုတိုပြင်ဝတ်ပြီး.. ဗွက်ထဲဆင်းလျှောက်ရမှာပဲ..”

“နင့်ခြေထောက်တွေ ဗွက်ပေကုန်မှာပေါ့ ခြေသည်းနီအလှတွေ ပျက်ကုန်ပါ့မယ်ဟာ.. လာ.. နင့်ကို ငါချီသွားမယ်..”

“ဟယ်.. ရှက်စရာကြီးဟယ်.. သူများတွေ မြင်ကုန်မှဖြင့်..”

“လာ လာ ရှက်မနေနဲ့.. ငါစက်ဘီးကို အရင်ထမ်းပြီး ဟိုဘက်သွားပို့လိုက်အုံးမယ်..”

စက်ဘီးကို ထမ်းပြီး ပုဆိုးခါးတောင်းကျိုက်ကာ တံတားအောက်ရှိ ဗွက်အိုင်ထဲမှ ဇာနည်မျိုး ဖြတ်သွားသည်။ ခဏအကြာသူ့အနားသို့ ပြန်ရောက်လာပြီး...

“ကဲ.. ဒေါ်ဧကရီ ပဲသိပ်များမနေနဲ့... လူရှင်းတုန်း နင့်ကိုငါ ချီသွားမယ်..”

သူ့ကို ဇာနည်မျိုးက ကလေးတယောက်လို ပွေ့ချီလိုက်သောအခါ သူ့လက်တဖက်က ဇာနည်မျိုး၏ ပခုံးပေါ်သို့ တင်လိုက်သည်။

“ဟဲ့ ဖြည်းဖြည်းနော်..”

သူ့မျက်နှာသည် ဇာနည်မျိုး ရင်ခွင်ထဲမှာ ရောက်ရှိနေ၏။

ရုတ်တရက် သူ့ရင်တွေ ဖိုသွားပါသည်။

ဒီကောင့်ရင်ခွင်ထဲမှာ ငါဘာလို့ ဒီလောက်တောင် ငြိမ်းချမ်းအေးမြနေရတာလဲ။

ပိုင်စိုးပိုင်နင်းဖြင့် သူ့ကိုပွေ့ချီထားသော ဒီကောင်လေးရော ငါ့လို ရင်မဖိုဘူးလား..

“...................”

မပီမသဖြင့် ဇာနည်မျိုးက စကားတခွန်းကို ပြောလိုက်သည်။

သူက ပြန်မေးလိုက်၏။

“ဘာလဲဟင်.. ငါမကြားလိုက်လို့..”

“နင့်ကို ငါချစ်တယ်လို့ ပြောနေတာ..”

“အိုး....”

ခပ်တိုးတိုးပြောလိုက်သော ဇာနည်မျိုး၏ အသံသည် သူ့ရင်တွေကို ဗြောင်းဆန်အောင် တုန်ခါနိုင်စွမ်းရှိသည်။

တနေ့နေ့မှာတော့ ဇာနည်မျိုးဆီကနေ ဒီစကားမျိုး ထွက်လာမယ်ဟု ထင်ထားသော်လည်း တကယ်ကြားရသောအခါ သူထင်ထားတာထက် ပိုမို ရင်ခုန်ရပါသည်။

“ငါ့ကိုစိတ်ဆိုးသွားလား..”

ခေါင်းညိတ်မိလား ခေါင်းခါမိလား ဧကရီကိုယ်တိုင် မသဲကွဲ...

မရည်ရွယ်ပါပဲနဲ့ ဧကရီ သိလိုက်သည်က သူလည်း ဇာနည်မျိုးအပေါ် သူငယ်ချင်းထက် ပိုနေပါသည်။ ဒါပေမဲ့ ဗွက်အိုက်ကြီးအလယ်မှာ ရည်းစားစကား အပြောခံရသည်ကတော့ ရယ်ရအခက် ငိုရအခက်ပင်။

ဗွက်အိုင်၏ ဟိုးဘက်သို့ရောက်သောအခါ ဇာနည်မျိုးက သူ့ကို အသာအယာဖြင့် အောက်သို့ ချပေးရင်းက

“ငါ့ကိုအဖြေပြန်ပေးမှာလားဟင်.. နင် စိတ်ဆိုးသွားလား.. ဘယ်တော့မှ မပြောဘူးလို့ ဆုံးဖြတ်ထားတာပါဟာ.. သူငယ်ချင်းကို အခွင့်အရေးယူတယ်လို့ အထင်မခံချင်ဘူး.. ဒါပေမဲ့ ခုနက မထိန်းနိုင်ဘူးဖြစ်သွားလို့..”

လေသံလေးခပ်တိုးတိုးဖြင့် ခေါင်းငိုက်ကာမေး၏။

“ငါ စိတ်မဆိုးပါဘူး..” ဟု ဧကရီ နှုတ်ခမ်းလေးကို ကိုက်ကာပြန်ဖြေလိုက်သည်။

လက်ခနဲ ပျော်သွားပုံရသော ဇာနည်မျိုးသည်

“ဒါဖြင့် ငါ့ကို အဖြေပြန်ပေးမှာလားဟင်..”

ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

ခြေမကိုင်မိ လက်မကိုင်မိပုံစံဖြစ်နေသော ဇာနည်မျိုးကိုကြည့်ရင်း သူရယ်လိုက်သည်။

“လောလောဆယ်တော့ ငါ့ကို မင်္ဂလာဆောင်သာ ပို့ပေးပါ ဇာနည်မျိုးရယ်.. ငါနည်းနည်း စဉ်းစားအုံးမယ်လေ.. နင်ကလဲ.. ချက်ချင်းကြီး အဖြေပြန်ပေးလို့ရမလား..”

ထိုအခါမှ ဇာနည်မျိုးသည် သူ့ခေါင်းသူ လက်ဖြင့် ဖွလိုက်ပြီး

“အဟီး... အေးဟာ... ငါနည်းနည်းစိတ်လောသွားတယ်”

ဟု ပြောလိုက်ကာ စက်ဘီးကိုနင်းရန် ပြင်လိုက်ပါတော့သည်။

သူက ဇာနည်မျိုး၏ ခါးကိုကိုင်ပြီး စက်ဘီးပေါ်တက်လိုက်၏။

ယခင်လို မဟုတ်တော့ဘဲ ရှက်သလိုဖြစ်သွားသော မိမိစိတ်ကို ဧကရီ သတိထားမိလိုက်ပါတော့ သည်။

သူ့ကိုယ်သူလည်း မညာချင်ပါ။

ဇာနည်မျိုးကို သူငယ်ချင်းလိုရော၊ ချစ်သူလိုပါ ချစ်နေပြီဖြစ်ကြောင်း ကျိန်းသေနေပြီမို့ လအနည်းငယ်အကြာမှာပဲ အဖြေပြန်ပေးလိုက်သည်။ ထို့ပြင် မိဘနှစ်ပါးကိုလည်း သူနဲ့ ဇာနည်မျိုး ချစ်သူဖြစ်သွားကြောင်း အသိပေး ပြောပြလိုက်ပါသည်။ ဘယ်ကိစ္စမဆို မိဘနှစ်ပါးကို မဖုံးကွယ်ခဲ့သည်က သူ့ရဲ့ ငယ်စဉ်ထဲက အကျင့်တခုပင်။

“ကျောင်းမပြီးခင် ဘာမှ မလွန်ကျူးပါနဲ့ သမီးရေ.. သမီး ဘွဲ့ရ ဆရာဝန်ဖြစ်မှ လက်ထပ်ဖို့ စီစဉ်ကြပါ.. တခုပါပဲ.. အဖေတို့ကတော့ ကိုယ့်သားလိုဖြစ်နေတဲ့ ဇာနည်မျိုးကို သမက်လို မေတ္တာထားဖို့ ဝန်မလေးပါဘူး.. ဆရာဝန်ဖြစ်မယ့် သမီးကသာ ၁၀ တန်းမအောင်ဘဲ သူများပွဲရုံမှာ တာလီစာရေးလုပ်နေရတဲ့ ဒီကလေးကို လင်တော်ဖို့ ရေရှည်မှာ အဆင်ပြေပါ့မလားဆိုတာ ကိုယ့်ဟာကိုယ် ထပ်စဉ်းစားပါသမီး.. သမီး ဘယ်လိုစဉ်းစား ဆုံးဖြတ် ဆုံးဖြတ် အဖေတို့က သမီးဆုံးဖြတ်တာ မမှားဘူးလို့ ယုံကြည်ပါတယ်..”

အဖေ့စကားကြောင့် ဧကရီ ပြုံးလိုက်၏။

“သမီးအတွက် ငွေမလိုဘူး အဖေ.. အဖေနဲ့ အမေက ပိုက်ဆံရှိတာပဲ.. သမီးက တဦးတည်းသောသမီးမို့ ဘဝမှာ ငွေရေးကြေးရေး မပူပင်ရပါဘူး.. ဆရာဝန်ဖြစ်တော့မှာမို့ သမီးမှာ ဂုဏ်လည်း ရှိပါတယ်.. ဇာနည်မျိုးက သမီးထားရာမှာနေ စေရာကိုသွားမယ့်သူပါ.. သမီးကို စိတ်ချမ်းသာအောင် သူထားမယ်လို့လည်း ယုံတယ်.. ပြီးတော့ သမီးနဲ့ သူရဲ့ မေတ္တာတရားက ခိုင်မာပါတယ်..”

ဟု လေးနက်ယုံကြည်စွာဖြင့် မိဘနှစ်ပါးကို ဧကရီ ပြောလိုက်ပါတော့သည်။

* * *


(၁၀)

 

အိမ်ရှေ့ ဧည့်ခန်းတွင် သူနှင့် ဇာနည်မျိုးတို့ နေကြာစေ့ကိုက်ရင်း စကားတွေပြောနေကြ၏။ နေကြာစေ့များကို ဇာနည်မျိုးက တဖျောက်ဖျောက်နှင့် ခွာပေးပြီး သူ့လက်ထဲ ထည့်ပေးနေသည်။ သူက အဆင်သင့်လေး ယူစားရင်း

“ဇာနည်မျိုး မနက်ဖြန် ငါ ကျောင်းပြန်သွားရမယ်..”

“အင်း... ငါ ညနေကျ ဘာလချောင် ကြော်ပေးလိုက်မယ်.. ဒါနဲ့ နင်ကလည်းဟာ ရည်းစားတွေတောင် ဖြစ်နေပြီ.. အခေါ်အဝေါ်လေး ပြောင်းကြရအောင်..”

“နင်က ဘယ်လိုပြောင်းစေချင်တာလဲ..”

ဧကရီ ပြုံးစိစိဖြင့် ပြန်မေးသောအခါ ဇာနည်မျိုးက

“နင်က ငါ့ကို မောင် လို့ခေါ်.. ငါက နင့်ကို အချစ်လို့ ခေါ်မယ်..”

ဟု မရဲတရဲ ပြန်ပြောလေသည်။

ရယ်ချင်သွားသော်လည်း ဧကရီက အားတင်းကာ

“အေး...မောင်...ဟီးဟီး..”

ဟု ခေါ်လိုက်၏။

ဇာနည်မျိုးက အတင်းတည်ထားရသော မျက်နှာပေးဖြင့်

“ဟေ... အချစ်.. ဟိဟိ..”

ဟု ပြန်ထူးလိုက်ကာ နှစ်ဦးသား ပြိုင်တူ ရယ်မောလိုက်၏။

“ဟား.. ဟား... တမျိုးကြီးပဲနော် ဧကရီ ရယ်ချင်စရာကြီးဟ..”

“ဟုတ်ပဟယ်..”

ရယ်မောနေသော သူ့ကို ဇာနည်မျိုးက ပြုံးပြီး ကြည့်နေရာမှ လက်ကလေးကို လာကိုင်သည်။

ငယ်ငယ်ကတည်းက ကျောပိုးလိုက်၊ လုံးထွေးလိုက်ဖြင့် ကစားနေကျဖြစ်သော်လည်း ဒီကောင် အခု သူ့လက်ကို လာကိုင်သောအခါ ဧကရီ့ ရင်ထဲ နွေးခနဲ ဖြစ်သွားသည်။

ဇာနည်မျိုးက သူ့နားသို့ကပ်ခါ အသံခပ်တိုးတိုးဖြင့် “ငါနင့်ကို နမ်းလို့ရမလား” ဟု လာမေးသည်။

(ခွေးကောင်လေး... မေးနေသေးတယ်.. တခါထဲ နမ်းလိုက် ပြီးရောဟယ်..)

“အေး... ပါးကိုပဲ နမ်းနော်...”

ဟု သူက ခွင့်ပြုလိုက်ပြီး မျက်လုံးကို မှိတ်ထားလိုက်၏။

သူ့မျက်နှာအနားသို့ ဇာနည်မျိုးကပ်လာသည်ကို ခံစားမိပါသည်။ ဝင်လေ ထွက်လေ ခပ်မြှင်းမြှင်းက သူ့ပါးကို လာတိုး၏။

ဧကရီ့ရင်တွေ ဝုန်းဒိုင်းကျဲနေပါတော့သည်။ အောက်နှုတ်ခမ်းအတွင်းသားကို သွားဖြင့် ယောင်ယမ်းကာ ကိုက်ထားမိနေ၏။

(အချစ်ဦးရဲ့ အနမ်းဟာ ဒီလောက်တောင် ရင်ခုန်ရသလားကွယ်..)

အတန်ကြာသော်လည်း ဇာနည်မျိုး၏ အနမ်းမှာ သူ့ပါးဆီသို့ ရောက်မလာ။ လေကလေးပဲ တိုးပြီး သူ့အနားမှ ပြန်ခွာသွားပါသည်။ မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ ဇာနည်မျိုးက သူ့ကို ချစ်ခင်နှစ်လိုစွာ စိုက်ကြည့်နေလေ၏။

“နင့်အိမ်ပေါ်မှာ အခွင့်အရေးယူသလို ဖြစ်မှာစိုးလို့ဟာ...တခြားမှာတွေ့မှ နမ်းတော့မယ်.. အကြွေးမှတ်ထားမယ်..”

ကိုယ်ကျင့်စိတ်ထား ကောင်းမွန်သော ချစ်သူလေးကို ကြည့်ပြီး ဧကရီ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပါသည်။

ထိုအချိန်မှာပဲ ခြံထဲသို့ ဆိုင်ကယ်နှစ်စီးဝင်လာ၏။ တစီးမှာ သူ့အဖေနှင့် အမေတို့ စီးလာခြင်းဖြစ်ပြီး နောက်တစီးကတော့ ဘယ်သူမှန်းသူမသိပါ။

ဒီမြို့က မဟုတ်ချေ။

“လာဗျာ... ကိုတင်မောင်... ဒါ ကျွန်တော့်အိမ်ပဲ သမီးရေ... ဧည့်သည်ပါတယ်ဟေ့..”

သူနှင့် ဇာနည်မျိုး အိမ်ရှေ့သို့ထွက်လာသောအခါ အဖေနှင့်အတူ ဧည့်သည်နှစ်ဦးကိုတွေ့ရ၏။

အမျိုးသားကြီးတဦးနှင့် သူတို့အရွယ် ကောင်လေးတယောက်ဖြစ်ပါသည်။

“ဒါကျွန်တော့်သမီး ဧကရီတဲ့ဗျ... ဆေးကျောင်းတက်နေတာလေ.. ဟော..ဟိုကလေးကတော့ ကျွန်တော့်သားလိုပါပဲ... ဇာနည်မျိုးတဲ့.. သမီးရေ... ဒါအဖေတို့မြို့ကို ပြောင်းလာတဲ့ လျှပ်စစ်မှူး ကိုတင်မောင်... အဖေတို့မြို့မှာ ငယ်ငယ်က အလယ်တန်းတက်ခဲ့ဖူးတယ်.. ဆိုးဖော်ဆိုးဖက်တွေပေါ့.. သူတို့ပြောင်းသွားကတည်းက မဆုံဖြစ်တော့တာ”

ဧည့်သည်များရောက်လာသဖြင့် ဇာနည်မျိုး နှုတ်ဆက်ကာ ပြန်သွား၏။ ထိုနေ့ကသူတို့အိမ်မှာ ထမင်းစားပြီး ညနေမှ ဧည့်သည်များ ပြန်သွားကြပါသည်။ လျှပ်စစ်မှူးနှင့် အတူပါလာသူမှာ သူ့သား ဖြစ်ကြောင်း၊ AGTI ပြီးထားကြောင်း၊ နိုင်ငံခြားမှာကျောင်းဆက်တက်ဖို့ စီစဉ်နေကြောင်း၊ ရဲခေါင်ဟု ခေါ်ကြောင်း သိရ၏။

လျှပ်စစ်မှူး ဇနီးက ရန်ကုန်တွင်ဖွင့်ထားသော ရွှေဆိုင်တွင် ကျန်နေရစ်ခဲ့ကြောင်းပါ ကြွားသွားသည်။

“ငယ်ငယ်တုန်းက ခင်ဗျားနဲ့ကျွန်တော် အမျိုးတော်မယ်ဆိုပြီး ပြောသွားခဲ့တာလေး သတိရမိနေသေး.. အခုက ကျုပ် တဂိုးသွင်းထားပြီနော်.. ဟဲဟဲ..”

ဧည့်ခန်းထဲတွင် စကားပြောဆိုနေရင်း ထိုဦးလေးကြီးက အဖေ့ကိုစနောက်သောအခါ အဖေက ရယ်မောပြီး

“နောက်ကျသွားပြီဗျ… ခုနကပြန်သွားတဲ့ ကောင်လေးနဲ့ သမီးက မေတ္တာမျှနေကြတယ်.. ကျောင်းပြီးလို့ အလုပ်အကိုင်တွေ အခြေကျတာနဲ့ လက်ထပ်ပေးမှာ..”

ဟု ပြန်ပြောလိုက်သည်။

သူ့ကိုရှေ့မှာထားပြီး စနောက်ကြသောကြောင့် ဧကရီ့မျက်နှာ မထားတတ်အောင် ဖြစ်သွားသော်လည်း ရဲခေါင်ဆိုသော ကောင်လေးက လုံးဝကိုမပြုံး၊ အိုးတို့အမ်းတန်း အမူအယာ လည်း မရှိပါ။ စရောက်လာကတည်းကနေ သူတို့ပြန်သွားသည်အထိ ရဲခေါင်သည် တချက်မှ မရယ်မပြုံးသည့်အပြင် သူ့ကိုလည်း မကြည့်သွား။ ခပ်တင်းတင်းမျက်နှာပေါ်မှာ မာနကြီးဟန် အထင်းသား ပေါ်လွင်နေပါသည်။ သူဌေးသားမို့ မာန်တက်နေတာထင်ပါရဲ့..။

အဲဒီလို ဆောင့်ကြွားကြွား သူဌေးသားများကို တွေ့တိုင်း အဖေနှင့်အမေကို သူ ကျေးဇူးတင်မိသည်။

အောက်ခြေမှတက်လာသော အဖေသည် မာန်မာနလုံးဝမရှိသည့်အပြင် အမေကလည်း ဘုရားတရားကိုသာ အချိန်ပြည့် နှလုံးသွင်းသည့် နူးညံ့သော အိမ်ထောင်ရှင်မတဦးဖြစ်ပါသည်။

ဟိုးငယ်စဉ် ဧကရီ မူလတန်းလောက်အထိ သူတို့မိသားစု စီးပွားရေးအဆင်မပြေကြသေး။ အစိုးရသစ်စက်များမှ သစ်လေလံများလိုက်ဆွဲပြီး ဒီအလုပ်နှင့် အဖေအကျိုးပေးကာ စီးပွားရေး ပြေလည်လာခဲ့သည်။ ငွေကြေး အဆင်ပြေလာသော်လည်း အဖေရော အမေပါ ရိုးရိုးအေးအေးနှင့် ဘဝကို အေးချမ်းစွာ နေထိုင်ခဲ့သလို သူ့ကိုလည်း ကောင်းမွန်စွာ ဆုံးမသွန်သင်နိုင်ခဲ့သည်။

ရန်ကုန်မှာ ဆေး ကျောင်းတက်လိုက်၊ အိမ်ပြန်လာလိုက်၊ ဇာနည်မျိုးနှင့်တွေ့လိုက်ဖြင့် တနှစ်ဆိုသောအချိန်မှာ ပုံမှန်အတိုင်း ပျော်ရွှင်စွာ ကုန်ဆုံးသွားခဲ့ပြန်သည်။

တနှစ်ထက် တနှစ် ပိုမိုများပြားလာသော စာများကို နပန်းလုံးရင်း တရက်တော့ သူ့အဆောင်ကို အိမ်မှ ဖုန်းလှမ်းဆက်သည်။

“ဧကရီ... ဖုန်းလာနေတယ်... အိမ်ကတဲ့..”

“ဟုတ်... လာပြီ..”

သူ့အဆောင်ကို ဖုန်းလှမ်းဆက်သည်ကလည်း ဇာနည်မျိုးနှင့် အိမ်ကအဖေအမေ ဒါပဲရှိပါသည်။

“ဟလို..”

“သမီးလား... အမေပါ..”

“ဟုတ်ကဲ.. အမေ..ပြော...”

“သမီးရေ... သမီး အဖေကို ရဲတွေဖမ်းသွားကြပြီ.. တရားမဝင် ကျွန်းသစ်အမှုတဲ့..”

“ဟင်... အဖေက လေလံနဲ့ တရားဝင် လုပ်တာမဟုတ်ဘူးလား..”

“ဟုတ်တယ်... ဒါပေမဲ့ ဒီတခေါက် လေလံသစ်တင်သွားတဲ့ ကားပေါ်မှာ သူ့တပည့်တယောက်က တရားမဝင် ကျွန်းသစ်တွေတင်သွားတာတဲ့.. အဖေက မသိဘူး.. အမည်ပေါက်က အဖေဆိုတော့ အဖေ့ကို လာဖမ်းသွားကြတာ..”

“သမီး အခု မီရာကားနဲ့ လိုက်ခဲ့မယ်အမေ..”

ထူပူနေသောစိတ်ကို အတတ်နိုင်ဆုံးထိန်းရင်း နယ်သို့ အမြန်ပြန်လာခဲ့လိုက်သည်။ အိမ်သို့ ရောက်သောအခါ လျှပ်စစ်မှူးသားအဖနှင့်အတူ ဇာနည်မျိုးကိုပါ တွေ့ရ၏။

သူက အမေ့လက်ကို ပြေးကိုင်လှုပ်ယမ်းပြီး

“အကျိုးအကြောင်းပြောပါဦး အမေရယ်.. အဖေက အခုဘယ်မှာလဲ..” ဟု

အလောတကြီး မေးလိုက်သည်။

“အချုပ်ထဲမှာတဲ့ သမီးရယ်..”

ဟု အမေက မျက်ရည်လေးတို့ကာ ပြန်ဖြေ၏။

“စိတ်မပူပါနဲ့သမီး... ဦးတို့လည်း အတတ်နိုင်ဆုံးကူညီပါ့မယ်..”

ဟု ဦးတင်မောင်က သူ့ကို နှစ်သိမ့်သည်။

အမေ့ကိုကြည့်ရင်း ဧကရီပါ မျက်ရည်ကျရသည်။

ရိုးသားအေးချမ်းသော သူတို့မိသားစုထဲ ဂြိုဟ်ဆိုးက မထင်မှတ်ပဲ ဝင်လာပါလား..

အခုဆို အဖေ အချုပ်ထဲ ဘယ်လိုများနေရှာပါလိမ့်..

ဝမ်းနည်းစွာဖြင့် မျက်နှာကိုအုပ်ကာ သူငိုမိ၏။

ထိုအချိန်တွင် သူ့လက်ကို တစုံတရာက လာထိ၍ ကြည့်လိုက်သောအခါ လက်ကိုင်ပုဝါလေး တထည်ဖြစ်နေသည်။ လက်ကိုင်ပုဝါကိုယူပြီး မျက်ရည်များကို သုတ်လိုက်၏။

“အဖေ့ဆီသွားကြရအောင် အမေ..”

ရဲစခန်းသို့ရောက်သောအခါ အချုပ်ထဲတွင် ညှိုးငယ်စွာဖြင့် ထိုင်နေသော အဖေ့ကို တွေ့လိုက်ရပါသည်။

သူ့ရင်တွေ နာလှပါတော့သည်။

“ဘာလို့ သမီးကို ခေါ်လာရတာလဲကွာ..”

ဟု အဖေက အမေ့ကို အပြစ်တင်ဟန်ဖြင့်ပြော၏။

“အဖေလွတ်အောင် သမီးတို့ အစွမ်းကုန်ကြိုးစားပေးမယ် အဖေ...”

ဟု သူက ပြောလိုက်သောအခါ ဦးတင်မောင်ကလည်း

“ကျုပ်တို့လည်း ကြိုးစားပေးပါ့မယ်..”

ဟု ဝင်ပြောရှာသည်။

အချုပ်ခန်းသံတိုင်များကို ကိုင်ထားသော အဖေက ဦးတင်မောင်ကို အားကိုးတကြီးလေသံဖြင့်

“ကျေးဇူးပါ ကိုတင်မောင်ရေ.. ကျွန်တော့်မိသားစုကိုလည်း ကြည့်ပါနော်..”

ဟု တုန်ယင်စွာ ပြောရှာသည်။

ရဲစခန်းမှပြန်လာသောအခါ ဧကရီ ပင်ပန်းနွမ်းနယ်စွာဖြင့် အိပ်ရာပေါ် ပစ်လှဲချလိုက်သည်။

ဒါအိပ်မက်ပဲ ဖြစ်ပါစေဟု မျက်လုံးမှိတ်ကာ ဆုတောင်းနေမိ၏။

အချုပ်ထဲမှ ညှိုးငယ်နေသော အဖေ့ပုံကို မြင်ယောင်မိသည်။ တော်ရုံဖြင့် မျက်နှာ မပျက်တတ်သော အဖေသည် ယခု အတော်လေး မျက်နှာပျက်နေသဖြင့် ဒီပြဿနာမှာ အလွယ်မပြီးနိုင်ကြောင်း သူခန့်မှန်းမိပါသည်။

အဖေ့အကြောင်းတွေးနေရင်း မျက်ရည်များ ကျဆင်းလာသဖြင့် လက်ထဲတွင်ကျစ်နေအောင် ဆုပ်ကိုင်ထားသော လက်ကိုင်ပုဝါလေးဖြင့် မျက်ရည်များကို သုတ်လိုက်သည်။

ယခုမှပဲ သတိထားမိ၏။

ဘယ်သူ့လက်ကိုင်ပုဝါလေးပါလိမ့်..။

အိမ်ရောက်ရောက်ချင်း သူငိုနေတုန်းက တယောက်ယောက် လာပေးသွားသော လက်ကိုင်ပုဝါလေး..။

ဇာနည်မျိုးလား၊ အမေလားမသိ။

လက်ကိုင်ပုဝါလေးကို ဖြန့်ကြည့်လိုက်သောအခါ ထောင့်စွန်းတွင် စာလုံးလေးနှစ်လုံး တွေ့ရသည်။

YK တဲ့...။

YK... YK

YK ဆိုတော့ ဘာပါလိမ့်..

သြော်... ရဲခေါင်ပေးသွားတာပဲ။

* * *


(၁၁)

 

ကျောင်းက အကြာကြီး ပျက်လို့မရ.. အဖေကလည်း အမှုရင်ဆိုင်နေရပြီ။ သစ်မှုဖြစ်၍ ငွေအတော်လေးကုန်လှပါသည်။ ရှေ့နေကို ဦးတင်မောင်တို့သားအဖကပဲ ရှာပေး၏။

အဲဒီနေ့က မှတ်မိသေးသည်။

ဧည့်ခန်းထဲတွင် ဦးတင်မောင်တို့သားအဖနှင့် အမေ စကားပြောနေကြ၏။

“ကျွန်တော့်မိတ်ဆွေ ရှေ့နေတယောက်ရှိတယ်.. အရမ်းတော်တယ်...သူ့ကိုပြောပေးမယ်..”

ဟု ဦးတင်မောင်က အမေ့ကို ပြောသောအခါ ရဲခေါင်က ခေါင်းကိုခါယမ်းလိုက်ပြီး

“ရှေ့နေ ကိုလတ်ကိုပြောတာလား.. မရဘူး အဖေရ.. သူ့လိုင်းက တမျိုး.. အခုဟာက သစ်မှု... ကျွန်တော့်သူငယ်ချင်းရဲ့ အဖေတယောက်က ဒီလိုင်းမှာ စပါယ်ရှယ်လစ်ပဲ.. သူ့ကိုခေါ်ရမှာ..”

ဟု ဝင်ပြောလိုက်သည်။

ထို့နောက် ရဲခေါင်က အမေ့ကိုဆက်ပြော၏။

“လုံးဝလွတ်အောင်တော့ မဖြစ်နိုင်ဘူး အန်တီ.. နှစ်နည်းအောင်ပဲ ကြိုးစားရမှာ.. ထောင်ကျသွားရင်လည်း အနေအစား အဆင်ပြေအောင် ကျွန်တော်လိုက်ပေးပါ့မယ်.. ကျွန်တော့် သူငယ်ချင်းတွေက နယ်ပယ်အစုံမှာ လက်တံရှည်ပါတယ်..”

ထိုအချိန်တွင် ဇာနည်မျိုး အိမ်ပေါ်သို့တက်လာ၏။

“လာ... သား.. ထိုင်...”

ဟု အမေက ဇာနည်မျိုးကို လှမ်းခေါ်လိုက်သည်။

“ရွာဦးစေတီမှာ ဆွမ်းသွားကပ်တာ အန်တီ.. ပဌာန်းလည်းရွတ်ပြီး ပုတီးစိတ်ခဲ့တယ်.. ငါးကန်မှာ ငါးတွေလွှတ်ပြီးလည်း ဦးအတွက် ဆုတောင်းခဲ့တယ်..”

ဇာနည်မျိုးက ခုံမှာဝင်ထိုင်ပြီး စကားပြောလိုက်သောအခါ ရဲခေါင်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်ကို ဧကရီ မြင်ဖြစ်အောင် မြင်လိုက်မိသည်။

(ဘာမှ အဖြစ်ရှိတဲ့ကောင်မဟုတ်ပါဘူးဟူသော အဓိပ္ပါယ်မျိုးမှန်း သူရိပ်မိပါသည်..)

............................

ဒီရက်တွေထဲ အဖေ့ကိစ္စအပေါ် ရဲခေါင်တို့သားအဖ ကူညီဆောင်ရွက်မှုများ အလွန် ထိရောက်လှပါသည်။ သွားသင့်သည့် ဌာနများကိုသွား၊ တွေ့သင့်သူများကိုတွေ့ စသည်ဖြင့် အစစအရာရာ ရဲခေါင်ကပဲ ဦးဆောင်ပေးလေ၏။ စတွေ့ခါစက ဧကရီ့ကို စကားလည်းမပြော၊ ကြည့်လည်းမကြည့်သော်လည်း ဒီနောက်ပိုင်းမှာ တစစ ရင်းနှီးလာခဲ့သည်။

ဇာနည်မျိုးကတော့ အိမ်ရောက်လာသည်နှင့် သူ့ကို ဘာခိုင်းမလဲဆိုသော ပုံစံဖြင့်သာ အသင့်အနေအထားဖြင့် ရှိနေတတ်သည်။

“ဘာလုပ်ပေးရမလဲ အန်တီ.. ဘာလုပ်ပေးရမလဲ ဧကရီ..” ဆိုသော စကားနှစ်ခွန်းသာ ဇာနည်မျိုးဆီက ကြားရသော်လည်း ရဲခေါင်ကတော့ သူ့ကို ဘာလုပ်လိုက် ဧကရီ၊ ဘယ်ကိုသွား ဧကရီ စသည်ဖြင့် ညွှန်ကြားသည်ကို သတိထားမိသည်။

(အိုး... ငါဘာတွေ လျှောက်တွေးနေပါလိမ့်.. ဟိုက ဘယ်လောက်တော်တော် သူစိမ်းလေ.. ဇာနည်မျိုးက ငါ့ချစ်သူလေ.. ဘာတွေ လျှောက်ပြီး ယှဉ်နေမိပါလိမ့်.. ဒါ ငါ့ရွေးချယ်မှုပဲလေ.. သူဒီလိုပုံစံဆိုတာသိရက်နဲ့ ငါပဲ ဦးဆောင်မယ်ဆိုပြီး ဇာနည်မျိုးကို အဖြေပေးခဲ့တာလေ..)

စာမေးပွဲလည်း နီးနေပြီမို့ ဧကရီ ကျောင်းပြန်သွားရပါအုံးမည်။

ရဲခေါင်က

“အစစ အရာရာစိတ်ချ ဧကရီ.. ဦးကိစ္စကို ကျွန်တော် ဆက်ပြီးကြိုးစားပေးပါ့မယ်”

ဟု သူ့ကို လာပြောပြီး ဇာနည်မျိုးကတော့

“ကြီးမေကို ငါဂရုစိုက်ပါ့မယ်.. စိတ်ချလက်ချသွား..”

ဟု သူ့လက်လေးကိုကိုင်ပြီး ပြောရှာလေသည်။

.............................

ကျောင်းပြန်သွားပြီး အတန်းတက်နေသော်လည်း သူ စာကျက်လို့မရ။

အဖေ့အကြောင်းများသာ ခေါင်းထဲ ရောက်နေပါသည်။

အမေ့ကိုလည်း သူ စိတ်မချပါ။

ဟိုတနေ့က အမေ့မျက်နှာ သိပ်မကောင်းဘဲ အတွင်းပစ္စည်းလေးတွေ ထုတ်ရောင်းနေသည်ကို တွေ့ရ၏။

“ပိုက်ဆံတွေရော အမေ..”

ဟု သူက မေးသောအခါ အဖေ့အလုပ်တွေထဲ ငွေရင်းများဝင်နေကြောင်း၊ အဖေ အမှုဖြစ်သည်ကို အကြောင်းပြု၍ ပေးစရာရှိသောလူများက လာမပေးကြကြောင်း အမေက ပြောပြသည်။

“သမီး အဖေ ထောင်ကျသွားရင် ရစရာရှိတဲ့ငွေတွေ တော်တော်ဆုံးမယ်ထင်တယ် သမီးရယ်..”

ဟု အမေက စိုးရိမ်စွာပြောရှာသည်။

စာမေးပွဲဖြေဖို့ ရက်နီးစဉ်မှာပဲ အဖေ ထောင်သုံးနှစ်ကျသွားကြောင်း သတင်းဝင်လာ၏။

နှစ်ရှည်မကျသည်ပဲ ကံကောင်းလှပြီ ဖြစ်သော်လည်း အမှုကိစ္စအတွက် လိုက်ရသည်မှာ ငွေအရမ်းကုန်သွားသည့်အပြင် အဖေရစရာရှိသော သစ်တန်များစွာ ဆုံးရှုံးအလိမ်ခံလိုက်ရသည်။

ဒီစိတ်ဖြင့် ဧကရီ စာမေးပွဲကောင်းကောင်းမဖြေနိုင်ရှာ။

ကျောင်းပိတ်ရက် အိမ်ပြန်လာသောအခါ အမေ အတော်လေး ရုပ်ကျသွားသည်ကို တွေ့ရ၏။

ဘာအလုပ်မှ မလုပ်တတ်သော အိမ်ထောင်ရှင်မ အမေသည် အဖေ့အလုပ်များကို ချက်ချင်း ဦးမဆောင်နိုင်ပါ။ တတ်သလောက် မှတ်သလောက်ဖြင့် သစ်လုပ်ငန်းထဲ အမေ ကြိုးစား လုပ်ကိုင်နေပုံကို ကြည့်ပြီး သူ မျက်ရည်ကျရသည်။

ဒါတောင် တရက် ရဲခေါင် အိမ်သို့ရောက်လာပြီး အကြွေးစာရင်းများ တောင်းယူကာ ရစရာရှိသည့်လူများနောက် လိုက်တောင်းပေးကြောင်း အမေကပြော၏။

“တော်တော် အားကိုးရတယ် သမီးရယ်.. သမီးအကြောင်းလည်း အမြဲမေးတယ်..”

စကားကို ဆက်မပြောတော့သော်လည်း ဘာကိုရည်ရွယ်ကြောင်း အမေ့မျက်လုံးများကို ဧကရီ ကောင်းစွာ ဖတ်တတ်ပါသည်။

“သမီး ဇာနည်မျိုးဆီ သွားလိုက်အုံးမယ်.. ဒီကောင် သမီးပြန်ရောက်နေတာ မသိဘူး..”

ဟု အမေ့ကို စကားဖြတ်ပြီး ဇာနည်မျိုးအလုပ်လုပ်နေသော ပွဲရုံဘက်သို့ ဆိုင်ကယ်လေးစီးပြီး ထွက်လာခဲ့လိုက်သည်။

ပွဲရုံကောင်တာမှာထိုင်ပြီး အလုပ်သမားများနှင့် ရယ်မောကာအဖွဲ့ကျနေသော ဇာနည်မျိုးသည် သူ့ကို တွေ့သောအခါ ပြေးထွက်လာ၏။

“ဘယ်တုန်းက ပြန်ရောက်တာလဲ ဧကရီ.. စာမေးပွဲ ဖြေနိုင်လား..”

“မဖြေနိုင်ဘူးဟာ.. စာလုံးဝကျက်လို့မရဘူး.. လာဟာ...တံတားဖြူဘက်ကို လေညှင်းခံရင်း ဆိုင်ကယ်လျှောက်စီးရအောင်..”

မြို့စွန် တောအုပ်လေးအစပ်ရှိ စမ်းချောင်းလေးတခုပေါ် ဆောက်လုပ်ထားသည့် တံတားဖြူပေါ်တွင် သူ နှင့်ဇာနည်မျိုးတို့ အတူတူ ရပ်ပြီး လယ်ကွင်းများဆီ ငေးနေမိသည်။

“စီးပွားရေးလည်း တအားကျသွားတယ်ဟာ.. အကြွေးတွေ တော်တော်ဆုံးကုန်တယ်..”

လေတိုက်သဖြင့် တလူလူလွင့်နေသော သူ့ဆံပင်များကို ဇာနည်မျိုးက လက်ဖြင့်သပ်ပေးရင်း

“စိတ်မပူပါနဲ့ဟာ...ငါရှာကျွေးနိုင်ပါတယ်.. အခု ငါလုပ်နေတဲ့ ပွဲရုံပိုင်ရှင်က ငါ့ကို အစစအရာရာ လက်လွှဲထားတယ်.. ငါ့လစာတွေကိုလည်း ပွဲရုံထဲ ပဲစပါးလှောင်ဖို့ စုပေးတယ်..”

ဧကရီ ခပ်ယဲ့ယဲ့ ပြုံးပြီး ဇာနည်မျိုးကို ကြည့်လိုက်၏။

“နင် ငါ့ကို မပူမပင် ထားနိုင်မယ်ဆိုတာ ငါယုံပါတယ်ဟာ.. ဒါပေမဲ့ ငါက လင့်လုပ်စာ ထိုင်မျှော်နေမယ့် ငါ့အမေလို အိမ်ရှင်မမျိုး အဖြစ်မခံနိုင်ဘူး.. ပြီးတော့ ငါအခုရင်ဆိုင်နေရတဲ့ ပြဿနာတွေကိုပဲကြည့်.. အဖေထောင်ကျသွားတော့ အမေက ဘာမှမလုပ်တတ် မကိုင်တတ်ဘဲ အရမ်းဒုက္ခရောက်ကြရတယ်..”

ဇာနည်မျိုးက သူ့ကို ငေးကြည့်ပြီး

“ငါ ဘာလုပ်ပေးရမလဲ...”

ဟု ထုံးစံအတိုင်း သူ့ကိုမေး၏။

“ငါအရမ်းစိတ်ညစ်နေတာပဲသိတယ်ဟာ..”

ဟုပြောလိုက်ပြီး ဇာနည်မျိုး၏ ရင်ခွင်ထဲ ခေါင်းကိုအပ်ကာ ငြိမ်နေလိုက်သည်။

ဇာနည်မျိုးက သူ့ပခုံးလေးကို ခပ်ဖွဖွလေးကိုင်ကာ ပါးပြင်ကို ငုံ့နမ်းလိုက်သည်။

ဟိုး.... အဝေးမှ နေလုံးကြီးသည် ပဲခူးရိုးမတောင်စွယ်ကို ကွယ်လုလုဖြစ်နေပြီ။

လယ်ကွင်းဆီမှ ဖြတ်သန်းလာသော လေအေးများသည် သူနှင့်ဇာနည်မျိုးတို့၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွား၏။

“နင့်ကို ငါချစ်ပါတယ် ဇာနည်မျိုးရယ်.. ဒါပေမဲ့ ငါဘာကိုကြောက်မှန်းမသိ ကြောက်နေမိတယ်..”

ဟု နွမ်းနယ်သော လေသံဖြင့် ပြောလိုက်သည်။

နေဝင်ပြီဖြစ်၍ သူနှင့် ဇာနည်မျိုးတို့ တံတားဖြူဆီမှ ပြန်ခဲ့လိုက်သည်။

တောအုပ်လေးထဲမှ ပြန်အထွက်တွင် ရဲခေါင်ဆိုင်ကယ်နှင့် သူတို့ဆိုင်ကယ် ဆုံသေး၏။

ဇာနည်မျိုးက ရဲခေါင်ကို လှမ်းနှုတ်ဆက်သောအခါ ခပ်တည်တည်မျက်နှာပေးဖြင့် ခေါင်းညိတ်ပြသည်။

ရဲခေါင်က သူ့ကို တချက်ကြည့်ပြီး ဆိုင်ကယ်ကို အရှိန်ဖြင့် မောင်းထွက်သွားလေ၏။

...................

အောင်စာရင်းထွက်သောအခါ ဧကရီ စာမေးပွဲ ကျပါသည်။

ကျမည်ဟုလည်း ထင်ထားသောကြောင့် သူရော အမေပါ အထူးတလည် မခံစားရသော်လည်း နောက်တနှစ် ကျောင်းပြန်တက်ခါနီးတွင် အိမ်ရှိ စူပါကပ်ဆိုင်ကယ်လေးကို အမေ ရောင်းလိုက်ရချိန်မှာတော့ ဧကရီ အရမ်းကို တုန်လှုပ်ဝမ်းနည်းရပါသည်။

တနှစ်ကျသွားသဖြင့် ကျောင်းပြီးဖို့ရာ ၂ နှစ်လောက် လိုသေးသည်။

ကျောင်းပြီးရင်လည်း ဟောက်ဆာဂျင် ဆင်းရအုံးမည်။

ငယ်စဉ်ကရည်မှန်းချက်ဖြစ်သော နိုင်ငံခြားမှာ ပါရဂူဘွဲ့အထိ ဆက်တက်ဖို့နေနေသာသာ ဒီပုံဆို ကျောင်းစရိတ်၊ အဆောင်ခ၊ ထမင်းဖိုးတွေကို အမေ ဘယ်လိုရှာမှာပါလိမ့်။

အဖေ့ကိုလည်း ထောင်ဝင်စာ သွားတွေ့ရသေးသည်။

ထောင်ထဲမှာ အဆင်ပြေစွာ နေနိုင်ဖို့ လစဉ်လည်း ငွေကုန်လှပါသည်။

ဆိုင်ကယ်ရောင်းရငွေလေး အမေ သူ့ကို လာပေးသောအခါ ဧကရီ အားငယ် ဝမ်းနည်းစွာ ငိုမိလေသည်။

“သမီးကျောင်းစရိတ်ကို ဦးတင်မောင်က ကူညီပေးမယ်လို့ပြောသေးတယ် သမီး.. အခု စိတ်သန့်သန့်နဲ့ ကူညီတယ်ပဲထား.. တချိန်ချိန်ကျရင် သမီးကို လာကမ်းလှမ်းတဲ့အခါ ငြင်းရခက်နေမှာစိုးလို့ အမေ အဲဒီအကူအညီကို မယူခဲ့ဘူး.. ဇာနည်မျိုးနဲ့ သမီးအကြောင်းတွေကို သိနေလို့သာ ဖွင့်မပြောတာ.. စကားအသွားအလာကတော့ သမီးကို သူ့သားက သဘောကျနေပုံပဲ.. ဦးတင်မောင်ကပါ သဘောတူနေတာ.. အမေကတော့ သမီးသဘောပါပဲ.. ဒီဆိုင်ကယ်ကိုလည်း သူတို့ပဲ ဝယ်သွားတာ.. ငွေချေပြီးတော့ ဆိုင်ကယ်ကို ယူမသွားဘူး လုပ်နေလို့ အမေ အတင်းပေးလိုက်တယ်..”

“ကျေးဇူးတင်ပါတယ် အမေရယ်..”

“တချိန်ချိန်မှာ ဘယ်လိုပဲ ဆုံးဖြတ်ပါစေ.. သမီးဆုံးဖြတ်ချက်အတိုင်းပါပဲ..”

အမေ့ကို ဧကရီ တင်းကြပ်စွာ ဖက်လိုက်ပါတော့သည်။

* * *


(၁၂)

 

မနက်ဖြန် အဖေ့ကို တောင်ငူမှာ ထောင်ဝင်စာ သွားတွေ့ရမည်။

အမေနေမကောင်းဖြစ်နေသည့်အပြင် သူကလည်း အဖေ့ကိုလွမ်းနေသည်ဖြစ်၍ ကိုယ်တိုင်ပဲ ထောင်ဝင်စာ တွေ့ဖို့ စီစဉ်လိုက်ပါတော့သည်။

“ကျွန်တော်လိုက်ပို့ပေးမယ်လေ.. တောင်ငူကို အလုပ်ကိစ္စလေးအတွက် သွားစရာရှိနေတာနဲ့ အတော်ပဲ..”

ရဲခေါင်က ခေါ်သဖြင့် ဧကရီ မငြင်းဘဲ လက်ခံလိုက်သည်။

ယခင်လတွေတုန်းကလည်း အမေ တောင်ငူကိုသွားတိုင်း ရဲခေါင်က တနည်းနည်းဖြင့် လမ်းကြုံသည်ဟုပြောကာ လိုက်ပို့တတ်ကြောင်း ဧကရီသိထားပါသည်။

တကယ်ပဲ လမ်းကြုံသည်လား၊ တမင်လိုက်ပို့ပေးသည်လား ဧကရီ မစဉ်းစားချင်တော့ပါ။

အဝေးပြေးကားလမ်းပေါ်၌ ကားလေးက တရိပ်ရိပ် ပြေးနေ၏။

ရဲခေါင်က ကားကို မောင်းနေရင်း Westlife ၏ My Love သီချင်းကို ဖွင့်ပြီးလိုက်ဆိုနေသည်။

သီချင်းဆုံးသွားသောအခါ

“စကားလေးနည်းနည်း ပြောချင်လို့ ဧကရီ..”

ဟု ခွင့်တောင်းသံလား၊ အသိပေးသံလား မသဲကွဲသော လေသံဖြင့် စကားစလိုက်သည်။

“ပြောလေ ကိုရဲခေါင်..”

“ကျွန်တော် ဧကရီ့ကို လက်ထပ်ချင်လို့..”

“ဘာ...”

“ကျွန်တော် ဧကရီ့ကို လက်ထပ်ချင်လို့..”

“ရှင်က ကျွန်မကို လက်ထပ်ချင်တယ်.. ဟုတ်လား..”

ဒေါသဖြစ်လွန်း၍ တုန်ယင်နေသော လေသံဖြင့် ရဲခေါင်ကို သူမေးလိုက်၏။

“ဟုတ်တယ်..”

“ခဏ... ခဏ...ကားကို လမ်းဘေး ခဏရပ်ပါအုံး”

ရဲခေါင်က ကားကို လမ်းဘေးချပြီးရပ်လိုက်၏။

ဧကရီ စိတ်ကို အတတ်နိုင်ဆုံးထိန်းလိုက်ပြီး ရဲခေါင်ဘက်သို့လှည့်လိုက်ကာ..

“ရှင်က ကျွန်မကို ရည်းစားစကားတောင် မပြောရသေးဘဲ လက်ထပ်ချင်တယ်လို့ပြောရအောင် ကျွန်မတို့မိသားစု ဒုက္ခရောက်နေမှန်းသိလို့ အထင်သေးတဲ့သဘောလား ကိုရဲခေါင်..”

ရဲခေါင်က ဒေါသထွက်နေသော ဧကရီ့မျက်နှာကို ကြည့်ရင်း ခေါင်းကိုခါလိုက်သည်။

“မဟုတ်ဘူး.. ဧကရီ... အထင်သေးတာမဟုတ်ဘူး.. အထင်ကြီးလို့ကို လက်ထပ်ချင်တာ.. ရည်းစားစကားက ပြောလို့မှမရတာ.. ဧကရီ့မှာ ချစ်သူရှိနေတာ ကျွန်တော်သိတာပဲ.. ချစ်သူရှိတဲ့ အမျိုးသမီးတယောက်ကို ရည်းစားစကားသွားပြောတာကမှ သူ့ကို စော်ကားတာ.. ပြီးတော့ ဧကရီ့လိုမိန်းကလေးမျိုးက ဇာနည်မျိုးကို သစ္စာဖောက်ပြီး ကျွန်တော့်ကို ဘယ်တော့မှ အဖြေပေးမှာ မဟုတ်ဘူး.. အဖြေပေးရင်လည်း မချစ်နိုင်ဘူးဆိုတဲ့ အဖြေကလွဲပြီး မရှိဘူးလေ..”

သက်ပြင်းရှည်တချက်ကိုချရင်း ရဲခေါင်က စကားကိုဆက်၏။

“ကျွန်တော်ပြောချင်တာက Sorry.. ပြောချင်တယ်ဆိုတာထက် ဧကရီ့ကို သိစေချင်တာပါ.. ကျွန်တော် ဧကရီ့ကို လက်ထပ်ချင်တယ်.. တော်ပြီ.. ဒီလောက်လေးပဲ.. ဧကရီ့ဆီက ဘာအဖြေမှလည်း မလိုချင်ဘူး.. တနေ့နေ့ တချိန်ချိန် ဧကရီ အိမ်ထောင်ပြုဖို့ စဉ်းစားတဲ့အခါ ကျွန်တော့်ကို စဉ်းစားမိရင် ကျေနပ်ပြီ..”

ရဲခေါင်ပြောသောစကားများကို နားထောင်ရင်း ဘယ်လိုဖြစ်တယ်မသိ.. ဧကရီ့မျက်ဝန်းထဲ မျက်ရည်စတို့ ဝေ့တက်လာသည်။

“ရှင်က ကျွန်မ နဲ့ ဇာနည်မျိုး လက်ထပ်ဖြစ်မယ် မထင်လို့ ဒီစကားပြောတာလား..”

ရဲခေါင်က တချက်ပြုံးလိုက်ပြီး လမ်းဘေးတွင် ရပ်ထားသော ကားကို စက်နှိုးလိုက်ကာ လမ်းမပေါ်သို့ ပြန်မောင်းတင်လိုက်၏။

“ဧကရီတို့ လက်ထပ်ဖြစ်မယ်လို့ ကျွန်တော် ယုံပါတယ်.. ကျွန်တော်မယုံတာက ကံတရားကို မယုံတာ..”

.........................................

အဖေ့ကို တွေ့ရသော အချိန်ခဏလေးအတွင်းမှာ သူတို့သားအဖ စကားတွေ အများကြီး ပြောဖြစ်ကြသည်။

အမေ့အကြောင်း၊ ဇာနည်မျိုးအကြောင်း၊ ဦးတင်မောင်တို့အကြောင်း၊ အလုပ်တွေအကြောင်း စသည်ဖြင့် ရနိုင်သမျှ အချိန်အတွင်း အကြောင်းအရာမျိုးစုံအောင် ပြောနေမိသည်။

ပြန်ခါနီးတွင် အဖေက စကားတခွန်းပြော၏။

“သမီးရေ... အရာရာဟာ ကိုယ်ထင်သလို ဖြစ်မလာတတ်ဘူး.. ကံတရားက သိပ်ကြောက်ဖို့ ကောင်းတယ်..”

သူ့နားထဲ၌ ကံတရားဆိုသော စကားလုံးသည် ပဲ့တင်ထပ်သွားလေသည်။

ရဲခေါင်လည်း သူ့ကို ဒီစကားပြောခဲ့သေးသည်။

ကံတရားဆိုပါလား..

ဧကရီ အားငယ်လှပါသည်။

အိမ်ပြန်ရောက်သောအခါ နေဝင်လုပြီ။

ခြံထဲတွင် ဇာနည်မျိုး ထိုင်စောင့်နေသည်ကို တွေ့ရ၏။

ရဲခေါင်ကားပေါ်မှ ဆင်းလာသော သူ့ကို တွေ့သောအခါ ဟန်မဆောင်တတ်သူပီပီ မျက်နှာ အနည်းငယ်ပျက်သွားရှာသည်။

ရဲခေါင်က သူတို့ကို နှုတ်ဆက်ပြီး ပြန်သွား၏။

ဇာနည်မျိုးက အသင့်ယူလာသော ရေဘူးလေးကို သူ့ဆီကမ်းပေးလိုက်ရင်း

“ညနေထဲက စောင့်နေတာ.. နေ့ချင်းပြန် သွားတယ်လို့ ကြီးမေကပြောလို့”

ဟု ပြောသည်။

“အေး..”

စကားမဆက်နိုင်သေးဘဲ ရေဘူးတဝက်လုံး ကုန်အောင် ရေများကို ဧကရီ အငမ်းမရ သောက်ချလိုက်သည်။

“အဆင်ပြေရဲ့လား... ဦးရော ကျန်းမာရဲ့လား..”

“အဆင်ပြေပါတယ်ဟာ... အဖေက နေကောင်းပါတယ်.. နေမကောင်းတာက အမေ.. ငါတို့အိမ်လည်း တမျိုးပြီး တမျိုး ဖြစ်နေတော့တာပဲ..”

ဘာစကားမှ ဆက်ပြောစရာ မရှိတော့ပုံဖြင့် သူတို့နှစ်ဦး အတန်ကြာ တိတ်ဆိတ်သွား၏။

“ပြန်တော့မယ်ဟာ... အိမ်ပေါ်မှာ ကြီးမေစောင့်နေတယ်.. အကျိုးအကြောင်းလေး သွားပြောလိုက်ဦး..”

စက်ဘီးလေးနင်းပြီး ဇာနည်မျိုး ပြန်ထွက်သွား၏။

ဧည့်ခန်းထဲတွင် ထိုင်စောင့်နေသော အမေ့ကို အဖေ့အကြောင်းတွေပြောပြလိုက်ပြီးနောက် ရေချိုး ထမင်းစားကာ အိပ်ရာဆီသို့ ဝင်လာခဲ့လိုက်သည်။

တနေကုန် ပင်ပန်းခဲ့သဖြင့် နွမ်းနယ်လှပြီ။

“တောက်...တောက်..”

ပြတင်းတံခါးဆီသို့ တခုခုလာမှန်သော အသံကြောင့် ဧကရီ ထကြည့်လိုက်သည်။

ခြံဝတွင် လက်လှမ်းပြကာ သူ့ကို လှမ်းခေါ်နေသော ဇာနည်မျိုးကို တွေ့ရ၏။

အိပ်ရာထဲမှ ထလာလိုက်ပြီး ခြံတံခါးကို သွားဖွင့်ပေးလိုက်သည်။

“ဘာလဲဟ.. ငါအိပ်တော့မလို့..”

“ပြောစရာရှိလို့...ပြီးတော့ ပေးစရာလည်းရှိလို့..”

ဟု ဇာနည်မျိုးက အသံခပ်တိုးတိုးဖြင့် ပြန်ပြောကာ ခြံထဲရှိ ခုံပေါ်တွင် နှစ်ယောက်သား ထိုင်လိုက်ကြသည်။

“ပြော... ဘာကိစ္စလဲ..”

ဇာနည်မျိုးက သူ့လက်ဖျားလေးကို အသာအယာ ကိုင်လိုက်ပြီး လက်ခုံလေးကို ခပ်ဖွဖွ နမ်းလိုက်ကာ

“တဖြည်းဖြည်းနဲ့ စိုးရိမ်လာပြီဟာ... ငါ...”

ဇာနည်မျိုး၏ အသံ တိမ်ဝင်သွားသည်။

“ငါ့ကို နင်မထားခဲ့ဘူးမဟုတ်လား..”

ဧကရီ နွမ်းနယ်စွာ ပြုံးလိုက်၏။

“မထားခဲ့ပါဘူးဟဲ့.. ဘာဖြစ်နေတာလဲ နင်ကလဲ..”

“ကိုယ့်ချစ်သူ အဆင်မပြေချိန်မှာ အကူအညီမပေးနိုင်တာကို ငါအရမ်းဝမ်းနည်းတယ်.. အဲဒါကြောင့် နင်တမျိုးမထင်နဲ့ဟာ.. ငါဒါလေး ယူလာတယ်.. နင်လက်ခံပေး..”

ဇာနည်မျိုးက လက်ထဲတွင် ကိုင်ထားသော အထုတ်လေးကို ဧကရီ့ လက်ထဲ ထည့်လိုက်သည်။

“ဘာကြီးလဲ..”

ဧကရီ နားမလည်စွာမေးသောအခါ ဇာနည်မျိုးက ချက်ချင်းပြန်မဖြေဘဲ စက်ဘီးကို ယူပြီး ပြန်ရန်ပြင်လိုက်သည်။

“ငြင်းမယ်တော့ မလုပ်ပါနဲ့ ဧကရီရယ်.. နင်နဲ့ငါ လက်ထပ်ရအောင် အလုပ်လုပ်ပြီး ငါစုထားတဲ့ ပိုက်ဆံတွေ... နင် အခု အသုံးလိုနေတယ်မဟုတ်လား.. ယူလိုက်တော့ဟာ...”

သူတခုခု ပြန်ပြောရန် ပြင်လိုက်စဉ်မှာပဲ ဇာနည်မျိုးသည် စက်ဘီးကို အားကုန်နင်းပြီး အမှောင်ထဲသို့ လှစ်ခနဲ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

လက်ထဲတွင် ကိုင်ထားသော အထုတ်လေးကို ဖြည်ကြည့်လိုက်သည်။

တထောင်တန်အုပ် ငါးအုပ်ခန့်ကို တွေ့လိုက်ရ၏။

ငွေငါးသိန်းခန့် ဖြစ်ပါသည်။ များပြားသော ပမာဏ တခု မဟုတ်သော်လည်း ထိုငွေရအောင် သူများပွဲရုံမှာ ဘယ်လောက်အလုပ်ကြိုးစားခဲ့ရကြောင်း ဧကရီ ကောင်းစွာ သိပါသည်။

အဖေထောင်ကျနေပြီး အမေကလည်း ကျန်းမာရေး ချူချာနေကာ ဆေးကျောင်းတက်နေရသူ တဦးရှိနေသည့် မိသားစုအတွက် ငွေငါးသိန်းသည် နှစ်လ သုံးလ အပြင် ပိုသုံးလို့မရပါ။

သို့သော်လည်း ဇာနည်မျိုး၏ မေတ္တာတရားကို နင့်နေအောင် ဧကရီ ခံစားလိုက်ရပါသည်။

မျက်ဝန်းထဲမှ မျက်ရည်တပေါက်သည် ပါးပြင်ပေါ်မှတဆင့် ငွေစက္ကူထုတ်ပေါ်သို့ ကျသွားလေ၏။

* * *


(၁၃)

 

“အမေ့ကိုပြောစရာရှိတယ်..”

“ပြောလေ သမီး...”

ထိုင်ခုံပေါ်တွင် ထိုင်နေသော အမေ့ခြေရင်းသို့ ဧကရီ တိုးဝင်ပြီး အမေ့ခြေထောက်ကို ဖက်ထားလိုက်သည်။ မျက်ရည်များမှာ ပါးပြင်ပေါ်သို့ စီးကျလာ၏။ သူ့ဆံပင်တွေကို အမေက သပ်ပေးနေပါသည်။

“ပြောစရာရှိတာသာ ပြောပါ သမီးလေးရယ်..”

“အရမ်းခက်ခဲနေရင် အိမ်ရောင်းလိုက်ချင်တယ် အမေ..”

ရင်ထဲစို့နင့်လာသဖြင့် စကားကို ဆက်မပြောနိုင်ဘဲ ခဏနားလိုက်၏။

“ဒီအိမ်ကိုရောင်းပြီး ရန်ကုန်မှာ တိုက်ခန်းပြန်ဝယ်ကြမယ်လေ အမေ.. ရန်ကုန်မှာ ၁၅ သိန်း သိန်း ၂၀ ဆို တိုက်ခန်းကောင်းကောင်းရပြီ.. ပိုတဲ့ပိုက်ဆံနဲ့ သမီးကျောင်းဆက်တက်မယ်..”

အိမ်ထောင်ကျထဲကနေလာခဲ့သော ဒီအိမ်လေးကို အမေ သံယောဇဉ် ဘယ်လောက်ကြီးလဲ သူသိပါသည်။ အတ္တကြီးစွာဖြင့် အမေ့ကို အရဲစွန့်ကာ ပူဆာခြင်းဖြစ်၏။

အမေ မျက်နှာ မကောင်းလှစွာဖြင့် တခုခုကို စဉ်းစားနေရှာသည်။

“ရောင်းရင်ရော ချက်ချင်း ဝယ်မယ်သူရှိပါ့မလား..”

“ရှိမှာပါ အမေရယ်.. သမီးကို ခွင့်လွှတ်ပါနော်..”

“ဘာမခွင့်လွှတ်နိုင်စရာ ရှိလဲ သမီးရယ်.. မိသားစုရှိနေရင် ဘယ်နေရာနေနေ အိမ်ပဲပေါ့.. သမီး ဆရာဝန်ဖြစ်ပြီး ပိုက်ဆံရှာနိုင်တဲ့အခါ ဒီထက်ကောင်းတဲ့အိမ် ပြန်ဆောက်ကြတာပေါ့..”

“အမေရယ်..”

ထိုနေ့က သူတို့ သားအမိနှစ်ယောက်စလုံး ငိုကြွေးရသောနေ့ဖြစ်ပါသည်။ သူတို့ အိမ်ရောင်းတော့မယ်ဟု သတင်းလွှင့်လိုက်သောအခါ ဦးတင်မောင်တို့ သားအဖ ချက်ချင်း ရောက်လာ၏။

ဧကရီ ဘာမှဝင်မပြောချင်သောကြောင့် ခြံထဲသို့သာ ဆင်းထိုင်နေလိုက်သည်။ အချိန် အတော်ကြာသောအခါ သူတို့သားအဖ အမေ့ကို နှုတ်ဆက်ကာ အိမ်ထဲမှ ပြန်ထွက်သွားကြသည်။

“စိတ်ကူး ပြောင်းသွားရင် အချိန်မရွေးဆက်သွယ်ပါဗျာ..”

ဟု ဦးတင်မောင်က အမေ့ကို တတွတ်တွတ် မှာနေသည်။

ခြံထဲတွင်ထိုင်နေသော ဧကရီ့ကိုမြင်တော့ ရဲခေါင်က သူ့ဆီ လျှောက်လာကာ အနားမှာ ဝင်ထိုင်လိုက်၏။

“ဒီလောက်အထိ ခေါင်းမာဖို့ လိုလား ဧကရီ.. ပိုက်ဆံလိုရင် ချေးထားဗျာ.. အချိန်တန်ရင် ပြန်ဆပ်.. ဒီလိုကူညီထားလို့ ကျွန်တော့်ကိုလည်း အားနာပြီး စဉ်းစားပေးစရာမလိုဘူး..”

“ကျေးဇူးတင်ပါတယ် ကိုရဲခေါင်.. ကျွန်မ ကံတရားကို နိုင်အောင် တိုက်ချင်လို့ပါ..”

“တခုခုဆို ကျွန်တော့်ကို အမြဲသတိရပါနော်..”

“အဖေကိစ္စ ကူညီပေးခဲ့တာတွေကို တကယ်ကျေးဇူးတင်ပါတယ် ကိုရဲခေါင်..”

မလိုဘူးဆိုသော အမူအရာဖြင့် ခေါင်းကိုခါယမ်းပြီး ရဲခေါင် ထွက်သွားသည်။

စျေးလျော့ရောင်းသောကြောင့် သူတို့အိမ် မကြာခင် ရောင်းထွက်ပါသည်။

ရန်ကုန်မှာ ကန်ထရိုက်တိုက်ခန်းတခန်းကို သိန်း ၂၀ ဖြင့်ဝယ်ပြီး ပိုသောပိုက်ဆံအား ဘဏ်ထဲ ထည့်ထားလိုက်၏။

၂ နှစ်လောက် စီစီစစ်စစ် သုံးမယ်ဆို သူတို့သားအမိနှစ်ယောက် လောက်မယ်ထင်ပါရဲ့..

အဖေလည်း နောက် ၂ နှစ်လောက်ဆို လျှော့ရက်နဲ့ လွတ်လောက်ပြီ။

..........................

ရန်ကုန်သို့ သူတို့သားအမိ ပြောင်းသောအခါ ဇာနည်မျိုး လိုက်ပို့ပေးပါသည်။ အလုပ်သမားများနှင့်အတူ ၄ လွှာသို့ သူကိုယ်တိုင် ထမ်းပိုးပြီး ပစ္စည်းများကို နေရာချပေး၏။

“ဒီတခါတော့ ရန်ကုန်ကို ငါလာရမယ့်အလှည့်ဟေ့..”

သူ့ပုံစံကြည့်ရသည်မှာ အားနာ၍သာ မျက်နှာ တည်ထားရသော်လည်း ရဲခေါင်တို့ သားအဖဆီက အကူအညီကို မယူသဖြင့် အနည်းငယ် စိတ်သက်သာရာ ရနေပုံ။

ရန်ကုန်တွင် တညအိပ်ပြီး ဇာနည်မျိုး ပြန်သွားသည်။

တလ တခါ ငါလာမှာနော်... ဟု အကြိမ်ကြိမ် ပြောသွားသေးသည်။

ဇာနည်မျိုးက တလတခါလာမည်ဟု ပြောသွားသော်လည်း ရဲခေါင်ကတော့ မကြာခင် ရက်ပိုင်းအတွင်းမှာပင် သူ့ကျောင်းဆီသို့ အေးအေးလူလူပုံစံဖြင့် ရောက်လာပါသည်။

“အမေ့ရွှေဆိုင်မှာ လူလိုနေလို့ ဝင်ကူပါအုံးဆိုလို့ ရန်ကုန်ရောက်လာတာ ဧကရီ..” ဟု မျက်နှာသေဖြင့် ခပ်တည်တည်ပြောသော်လည်း သူမယုံပါ။

“နိုင်ငံခြားမှာ ဘွဲ့လွန်ဆက်တက်ဖို့ ကိစ္စကိုပါ ရပ်ထားလိုက်တယ်..”

ဟု ရဲခေါင်က ဆက်ပြောသောအခါ ဧကရီ အံ့သြသွားပါသည်။

“ကျွန်မကြောင့်တော့မဟုတ်ပါဘူးနော်.. ကိုရဲခေါင်..”

“ကိုယ့်အပြစ်နဲ့ကိုယ်ပါပဲ.. မိန်းမယူပြီးမှ အဲဒီမိန်းမနဲ့အတူ နိုင်ငံခြားမှာ ကျောင်းအတူတူ ဆက်တက်ချင်လို့လေ..”

သက်ပြင်းရှည်တခုကိုသာ အကြိမ်ကြိမ် ချမိပါရဲ့..

တပတ် တခါ (သို့မဟုတ်) တပတ် နှစ်ခါခန့် သူ့ကျောင်းသို့ ရဲခေါင် ရောက်ရောက်လာတတ်သည်။

တလ တခါ လာမည်ဟု ပြောသွားသော ဇာနည်မျိုးမှာ မတ်ပဲပေါ်သောရာသီဖြစ်၍ ရန်ကုန်ကို တခေါက်ထဲသာ လာနိုင်ရှာသည်။

ပုံမှန်အတိုင်း ကျောင်းတက်လိုက် အိမ်ပြန်လာလိုက်ဖြင့် အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

ရဲခေါင်နှင့် သူပင် အတော်လေး ရင်းနှီးနေပြီ။

“စောင့်နေတယ်နော် ဧကရီ..” ဟု ရဲခေါင်က မကြာခဏပြောတတ်ပြီး

သူက “ငှက်ပျောတုန်းသာရှာထား..” ဟု ပြန်နောက်သောအခါ ရဲခေါင်ရယ်ပါသည်။

နှစ်ကုန် စာမေးပွဲမှာလည်း ကောင်းစွာဖြေနိုင်ပြီး စာမေးပွဲအောင်စာရင်း ထွက်လာသောအခါ သူ အောင်သည်။

အရာရာ တည်ငြိမ်စပြုပြီ။

ပဲ စပါး ရာသီကုန်ချိန် ပွဲရုံအလုပ်ပါးချိန်ဆို ဇာနည်မျိုးရောက်ရောက်လာပြီး ရုပ်ရှင်ကြည့်လိုက် မုန့်စားလိုက်နှင့် ကြည်နူးရပါသည်။ ထိုအချိန်မျိုးမှာတော့ ရဲခေါင်တယောက် ပေါ်မလာတတ်ပါ။

“ရဲခေါင်က ရန်ကုန်ပြောင်းသွားတယ်ဆို.. နင်နဲ့တွေ့သေးလား..”

ဟု ဇာနည်မျိုးက မေးသည်။

“ဟအေး..”

ရုတ်တရက် ဘာဖြစ်လို့ သူလိမ်မိပါလိမ့်..

အို.. ဇာနည်မျိုး စိတ်မချနိုင်ဖြစ်မှာစိုးလို့ လိမ်တာနေမှာပါဟု ကိုယ့်ကိုယ်ကို ရသေ့စိတ်ဖြေ ဖြေလိုက်သည်။

................................................

ဒီတနှစ်တက်ပြီးရင် ကျောင်းပြီးပြီ။

ဟောက်ဆင်းပြီးရင် အလုပ်ဝင်မည်။

မကြာခင် အဖေလည်း လွတ်တော့မည်။

ခက်ခဲကြမ်းတမ်းမှုများ လွတ်ပြီထင်ပါရဲ့..

(ငါနိုင်ပြီ ကံတရားရေဟု စိတ်ထဲမှ ရေရွတ်မိသည်...)

သို့သော်....

...............................................

တရက် ဝရံတာမှာ စာဖတ်နေတုန်း ရေချိုးခန်းဆီမှ ဝုန်းခနဲ အသံတသံ ကြားလိုက်ရပြီး အမေရဲ့ စူးစူးဝါးဝါး အော်သံပါ ထွက်ပေါ်လာခဲ့သည်။

ထိတ်ခနဲ စိုးရိမ်စွာဖြင့် အမေ့ဟု အော်ခေါ်ပြီး ရေချိုးခန်းဆီသို့ ပြေးကြည့်လိုက်သောအခါ ရေချိုးခန်းကြမ်းပြင်တွင် အမေ ငုတ်တုတ်ကြီး အော်နေပါသည်။

“ချော်လဲတာ သမီးရေ...”

ဟု ပြောပြီး နာကျင်လွန်းစွာ ညည်းနေရှာ၏။

အမေ့ကို ပြေးထူသောအခါ အမေ အော်ပါသည်။

“ခါးထဲက အရမ်းနာတာပဲ သမီးရယ်.. မရဘူး..မရဘူး..မထူနဲ့..” ဟု ပြောပြီး အမေ သတိလစ်သွားပါသည်။

အိမ်နီးနားခြင်းများကို ခေါ်ပြီး အမေ့ကို ဆေးရုံပို့လိုက်သည်။

ရဲခေါင်ကိုလည်း ဖုန်းဆက်ပြီး ခေါ်လိုက်၏။

(ဘာဖြစ်လို့ ရဲခေါင်ကို ခေါ်လိုက်မိမှန်း သူမသိပါ..)

ဆေးရုံတွင် ရက်ရှည်တင်ပြီး အမေ့ကို ကုသနေသော်လည်း မသက်သာပါ။

အမေ ခါးရိုးကို ခွဲစိတ်ရမှာဖြစ်ကြောင်း ဆရာဝန်ကြီးက သူ့ကိုပြောလေသည်။

ဧကရီ လုံးဝကို တွေဝေသွားပါသည်။

ယခု ဆေးကုသစရိတ်သည်ပင် စုထားသော ပိုက်ဆံလေးများကို တတိတိ ထုတ်သုံးနေရပြီ။

ခါးရိုးခွဲစိပ်မယ်ဆို ဘယ်လိုမှ မလောက်နိုင်။

နောက်ဆုံးတော့ ရဲခေါင်ဆီသို့ ဖုန်းဆက်လိုက်ရသည်။

“ပိုက်ဆံချေးပါလား ကိုရဲခေါင်ရယ်.. အမေ့ကိုက ခွဲစိတ်ရမယ်တဲ့.. ကျွန်မ တိုက်ခန်းရောင်းပြီး ပြန်ဆပ်ပါ့မယ်ရှင်..”

“ဘယ်အချိန်မှ ဆပ်ဆပ်ပါ... လိုသလောက်ယူပါ ဧကရီ..”

သူ ခေါင်းမမာနိုင်တော့ပါ..

ရဲခေါင်ကို ငွေကြေးအကူအညီတောင်းပြီး အမေ့ခါးကို ခွဲစိပ်ကုသလိုက်ရပါတော့သည်။

ငွေကြေးများစွာ ကုန်ကျသော်လည်း ရဲခေါင်က အကုန်စိုက်ထုတ်ပေးပါသည်။

ဆေးရုံတွင် ရည်ရှည်ကုသခဲ့ရသလို အိမ်သို့ပြန်ခေါ်လာသောအခါလည်း အမေ မထနိုင်သေးပါ။

အမေ့အတွက် Special Nurse တယောက် အချိန်ပြည့် ငှါးပေးထားရ၏။

အဖေ့ကို ထောင်ဝင်စာသွားတွေ့ရင်း အမေ့အကြောင်း ပြောပြသောအခါ အဖေ စိတ်ထိခိုက်စွာဖြင့် မျက်ရည်များပင် ကျလာသည်။

“သမီးကိုရော မင်းအမေကိုရော စိတ်မချဘူးကွယ်”

အဖေညည်းရှာသည်။

“မောင်ရဲခေါင်တို့ကို ဘယ်လိုကျေးဇူးဆပ်ရမလဲတောင် မသိတော့ဘူး..”

အဖေ့စကားကြောင့် သူ မလုံလှပါ။

သူ့အတွက်ဆို ဘယ်သူ့အကူအညီမှ မယူလိုသော်လည်း အမေ့အတွက်မို့ ရဲခေါင်တို့ အကူအညီကို မယူချင်ဘဲ ယူခဲ့ရသည်။ ပြီးတော့ ဒီအချိန်မှာ သူအားငယ်ပါသည်။

အချစ်တခုထဲနဲ့ ဘဝကို တည်ဆောက်ဖို့ မလွယ်ကူမှန်း သူနားလည်လာသည်။

ကိုယ့်ခြေထောက်အပေါ် မရပ်တည်နိုင်သေးတဲ့အပြင် အဖေကလည်း ထောင်ထဲမှာ၊ အမေက အိပ်ရာပေါ်မှာ အဖြစ်မျိုးကြုံနေသော မိန်းကလေးတယောက်အနေဖြင့် ဧကရီ အရမ်းကို နွမ်းနယ် အားလျော့လှပါသည်။

အိပ်ရာပေါ်မှာ ၃ လခန့် လဲလျောင်းနေရပြီးနောက် တခုသော မနက်ခင်းတွင် အမေသည် ငြိမ်သက်စွာ ကွယ်လွန်သွားပါတော့သည်။

အမေမရှိတော့တဲ့နောက် ခပ်ယဲ့ယဲ့လေး အားတင်းထားသော သူ့စိတ်များကိုလည်း လုံးဝကို လွှတ်ချလိုက်ပါတော့သည်။

..................................................

“...........ခွမ်း..........”

“အဲ့ဒါ ဘာလုပ်ကြတာလဲဟင်... ဇာနည်မျိုး...”

“အိုးခွဲတာလေ... လူသေရင် အသုဘ ချခါနီး အဲဒီလို အိုးခွဲရတယ်..”

“အိုးကွဲသွားတဲ့ အသံကြီးကလည်း ငါ့ရင်တွေပါ ကြေကွဲသွားသလိုကြီးဟာ.. ဘဝတခုလုံး မွစာကြဲသွားသလိုပဲ.. မုန်းလိုက်တာ အဲဒီအသံကြီးကို..”

မကြာခင် အမေ့ရုပ်အလောင်းကို မီးသင်္ဂြိုဟ်စက်ထဲ ထည့်လိုက်ပါတော့သည်။

မီးသင်္ဂြိုဟ်စက် ခေါင်းတိုင်ထဲမှ ထွက်လာသော မီးခိုးငွေ့များကိုကြည့်နေရင်း အမေ့အပေါ်မှာ တာဝန်ကျေရဲ့လားဟု တွေးနေမိသည်။

လောကဓံ၏ ဆိုးရွားလွန်းသော အဖြစ်အပျက်များတွင် အမေ့နေရာက ဘာမှမစဉ်းစားပေးခဲ့ဘဲ အမေကသာ သူ စိတ်ချမ်းသာအောင် နည်းမျိုးစုံ ဖြည့်ဆည်းပေးသွားရှာခဲ့သည်။

လူအနည်းငယ်မျှဖြင့် အမေ့အသုဘ အခမ်းအနားလေး ပြီးသွားပါသည်။

သားအမိ နှစ်ယောက်ထဲနေခဲ့သော တိုက်ခန်းလေးတွင် သူ တယောက်ထဲကျန်ခဲ့ပြီ။

ဝရံတာကိုထွက်ပြီး ဟိုးကောင်းကင်ကြီးဆီ ငေးကြည့်နေရင်း အရာရာကို သေချာစွာ တွေးတောနေမိသည်။

နောက်ဆုံးတော့ တစုံတရာကို ဧကရီ ဆုံးဖြတ်လိုက်ပါတော့သည်။

...........................................................

အသုဘလာသော ဇာနည်မျိုး နယ်ကိုပြန်သောအခါ စိတ်ပြေလက်ပျောက် သဘောမျိုးဖြင့် အမျိုးတွေရှိရာ ညောင်သပြေရွာသို့ သူလိုက်လာခဲ့သည်။

ဇာနည်မျိုးက ဆိုင်ကယ်ဖြင့် သူ့ကို လိုက်ပို့၏။

ဟိုး...လွန်ခဲ့တဲ့ ၄ နှစ်ကျော်ခန့်က ကျိုးနေခဲ့သော သစ်သား တံတားလေးသည် ယခုအခါ အုတ်ခံတံတားလေး ဖြစ်နေပြီ။

“ခဏ နားရအောင်ဟာ.. ငါနင့်ကို ပြောစရာရှိတယ် ဇာနည်မျိုး..”

တံတားဘောင်ပေါ်တွင် နှစ်ယောက်သား ထိုင်လိုက်ကြ၏။

“ပြောလေ..”

သူက ဘာမှ မပြောသေးဘဲ တံတားဘောင်ပေါ်မှ အောက်ခြေဆီသို့ ငုံကြည့်သည်။

“ဗွက်တွေက ရှိတုန်းပဲနော်..”

သူတို့ နှစ်ယောက် ပြိုင်တူ ရယ်မောလိုက်သည်။

ကြည်စင်စွာပြုံးရယ်နေသောဇာနည်မျိုးကိုကြည့်ပြီး သူဝမ်းနည်းပါသည်။

ဝဲလာသော မျက်ရည်များကို ဇာနည်မျိုး မမြင်အောင် ခပ်မြန်မြန် သုတ်ပစ်လိုက်ပြီး..

“ငါ ပြောချင်တဲ့စကားကဟာ..”

ဆို့နင့်နေသဖြင့် ဧကရီ စကားကို မဆက်နိုင်ပါ။

မထိန်းနိုင်စွာ ကျလာသော မျက်ရည်များကြောင့် မျက်နှာကို လက်ဖြင့်အုပ်ကာ ငိုမိသည်။

“ဟာ.. ဘာဖြစ်လို့ ငိုတာလဲ ဧကရီရယ်.. ပြောပါအုံးဟာ.. ကြီးမေကို သတိရလို့လား..”

သူ့မျက်ရည်များကို ကြင်နာစွာ လာသုတ်ပေးနေသော ဇာနည်မျိုး၏လက်များကို လှမ်းကိုင်လိုက်ပြီး

“ငါတို့လမ်းခွဲကြရအောင်ဟာ..” ဟု နာကျင်စွာဖြင့် ခပ်တိုးတိုး ပြောလိုက်ပါတော့သည်။

မထင်မှတ်ထားသောကြောင့် အံ့သြသွားပုံဖြင့် ထိုင်နေရာမှ ဇာနည်မျိုး ရုတ်တရက် ထရပ်လိုက်သည်။

“မဟုတ်တာ ဧကရီရယ် နင် ဒီရက်တွေထဲ အရမ်းစိတ်ထိခိုက်နေလို့ ဒီလိုပြောတာမဟုတ်လား.. နင့်စိတ်တွေ ဂယောက်ကရက် ဖြစ်နေတာနေမှာ..”

“မဟုတ်ဘူး.. ဇာနည်မျိုး ငါ့စိတ်တွေ အခုမှ တည်ငြိမ်သွားတာ.. ငါ လောကဓံကို ခံနိုင်သမျှ အားတင်းခံခဲ့တာ နင်အသိဆုံးပါ.. နင့်ကိုချစ်တဲ့ စိတ်တခုထဲပဲ ငါ့အာရုံမှာရှိခဲ့တယ်.. အခုတော့ ငါ အားမရှိတော့ဘူးဟာ.. တောင့်မခံနိုင်တော့ဘူး.. မကြာခင် အဖေလွတ်လာတဲ့အခါ အသက်ကြီးနေပြီ ဖြစ်တဲ့ အဖေ့ကိုလည်း ဘာမှ အဆင်သင့်မဖြစ်သေးတဲ့ ဘဝသစ်တခုထဲ ဆွဲမခေါ်ရက်ဘူး..”

ထိုင်ရာကနေ ဖြည်းညှင်းစွာ ထလိုက်သည်။ ကိုယ့်ပါးစပ်ကထွက်သော စကားလုံးတိုင်းမှာ ကိုယ့်ရင်ကိုယ် ပြန်လည် ထိုးနှက်လှပါသည်။

“ငါ ရဲခေါင်နဲ့ နိုင်ငံခြားကို လိုက်သွားတော့မယ်..”

ချစ်သူရှေ့တွင် ဒီစကားမျိုး ပြောရသည်မှာ ပြောရသည်မှာ နာကျင်လွန်းလှပါသည်။

“မလုပ်ပါနဲ့ ဧကရီရယ်.. ထပ်စဉ်းစားပါအုံးဟာ.. ငါ အခု တော်တော်လေး အဆင်ပြေနေပါပြီ.. ပွဲရုံထဲမှာ ငါ့လစာလေးတွေကို စုစုထားပါတယ်.. နင်နဲ့လက်ထပ်ပြီးရင် အချမ်းသာကြီးမဟုတ်တောင် အဆင်ပြေပြေ နေနိုင်အောင် ငါ အလုပ်ကို အရမ်းကြိုးစားနေခဲ့တာ.. နင် ငါ့အနားကနေ ဟိုးအဝေးကို ထွက်သွားမယ်လို့ အိပ်မက်တောင် မမက်ဖူးဘူး.. ဟိုး ငယ်ငယ်လေးထဲက ငါ့ရင်ထဲမှာ နင်ပဲရှိတာ.. နင်မရှိဘဲ ငါဘယ်လို ရှင်သန်ရမှာလဲ ဧကရီရယ်..”

မတ်တပ်ရပ်နေသော သူ့ခြေထောက်အနားတွင် ဇာနည်မျိုးက ထိုင်ချပြီး တတွတ်တွတ် ပြောနေလေတော့၏။ ထို့နောက် ဒူးထောက်လိုက်ပြီး သူ့ခြေဖျားလေးကိုကိုင်ကာ

“ငါတောင်းပန်ပါတယ်ဟာ.. နင့်ကို စိတ်ချမ်းသာအောင်ထားပါ့မယ်.. ငါ့ကို မထားခဲ့ပါနဲ့နော်..” ဟု ကလေးတယောက်လို မျက်ရည်ကျရင်း ပြောနေလေသည်။

ဇာနည်မျိုးကို ကြည့်ရင်း သူလည်း ပြိုလဲမကျသွားအောင် အားတင်းထားနေရ၏။

ပေါက်ခနဲ ကျလာသော မျက်ရည်များကို ခပ်ဖွဖွသုတ်လိုက်ကာ ဟိုး... အဝေးကို သူငေးကြည့်ပြီး

“ငါ သေသေချာချာ ဆုံးဖြတ်ပြီးပြီ.. အခု နယ်ကို ပြန်လိုက်လာတာကလည်း နင့်ကို ဒီအကြောင်းတွေပြောချင်လို့လိုက်လာတာ.. အဖေ့ကိုလည်း ထောင်ကထွက်လာပြီး ဒုက္ခတွေနဲ့ ရင်မဆိုင်စေချင်တော့ဘူး.. အမေရော အဖေပါ ငါ့သဘောအတိုင်းပဲ အလိုလိုက်ခဲ့ကြတာ.. အခု အမေမရှိတော့ဘူး.. အဖေ့ကိုလည်း ကျန်တဲ့ဘဝတလျှောက် အပူတွေနဲ့ မထားချင်တော့ဘူးဟာ... ငါ့ကို ခွင့်မလွှတ်ပါနဲ့..”

ဇာနည်မျိုးက သူ့ရှေ့တွင် ဒူးထောက်နေရာမှ ထလိုက်သည်။

“ဒါဆို ငါ့ကို တခုပဲပြော.. အမှန်အတိုင်းပြောနော်..”

ဧကရီ ခေါင်းညိတ်လိုက်၏။

ဇာနည်မျိုးက သူ့မျက်နှာကို သေသေချာချာ ကြည့်ပြီး စကားတခွန်းကို ပြောလိုက်သည်။

“နင်ပျော်မှာလား... ဟင်...”

အိုး... သေတော့မှာပဲ ချစ်သူရယ်...

ဘာလို့ ဒီလိုမေးရတာလဲဟင်..

ငါ့ရင်တွေ ကွဲကြေကုန်ပါပြီ ဟာ..။

“အေး...ငါပျော်မယ်ထင်ပါတယ်..”

(ဒါဟာ လိမ်တဲ့ စကားပါဟာ.. ငါ့ဘဝမှာ ပျော်တယ်ဆိုတာ ရှိမှာ မဟုတ်တော့ပါဘူး..)

“အင်း...ငါနာကျင်ရပေမယ့် နင်ပျော်မယ်ဆို ငါတို့ လမ်းခွဲကြတာပေါ့.. ဟိုး ငယ်ငယ်လေးထဲက နင့်ကို အမြဲတမ်း ပျော်နေစေချင်သူပါဟာ..”

မျက်ရည်များကြားမှ ဇာနည်မျိုး ပြုံးကာပြောသည်။

ဧကရီက အသင့်ယူလာသော အထုတ်လေးကို ဇာနည်မျိူးအား ပေးလိုက်၏။

“ဘာလဲ...” ဟု ဇာနည်မျိုးကမေးသောအခါ

“ပိုက်ဆံတွေ...နင်ဟိုးအရင်တုန်းက ငါ့ကို ပေးတဲ့ ပိုက်ဆံတွေလေ.. ငါပြန်ဆပ်ပါရစေနော်..”

ဇာနည်မျိုးက ပြုံးပြီး ခေါင်းခါလိုက်၏။

“ငါတို့ မင်္ဂလာဆောင်ဖို့ စုထားတာပဲ... အခုတော့ နင့်အတွက် မင်္ဂလာလက်ဖွဲ့လို့ပဲ သဘောထားလိုက်ဟာ..”

ဇာနည်မျိုးက ချာခနဲ လှည့်ထွက်လိုက်၏။

“ငါသွားတော့မယ်ဟာ.. ဆိုင်ကယ်ကို နင်ပဲစီးခဲ့တော့.. ငါ လမ်းလျှောက်ချင်လို့.. တာ့တာနော် ... သူငယ်ချင်း..”

သူငယ်ချင်းဟူသော နာမ်စားသည် သူ့နားတွင် ဗုံးတလုံးလို ပေါက်ကွဲပါသည်။

သူငယ်ချင်းတဲ့လား...

သူငယ်ချင်းလို့ ခေါ်လိုက်တယ်တဲ့လား ဇာနည်မျိုးရယ်...

အနားမှ ဇာနည်မျိုး တရွေ့ရွေ့ ထွက်ခွာသွား၏။

ခြေလှမ်းများ ယိုင်ထိုးနေပုံကိုကြည့်ရုံနှင့် ဘယ်လောက် ခံစားနေရကြောင်း ဧကရီ ခန့်မှန်းမိပါသည်။

ပြန်လှည့်ကြည့်မလား သူ မျှော်လင့်မိသေးသည်။

လုံးဝကို ပြန်လှည့်မကြည့်ဘဲ မြင်ကွင်းမှ ပျောက်သွားသည်အထိ ဇာနည်မျိုး လမ်းလျှောက်ကာ ထွက်သွားပါတော့သည်။

အရာရာသည် ငြိမ်သက်သွားပါသည်..

သို့မဟုတ် အရာရာ ပြီးဆုံးသွားပါသည်။

နာကျင်ခြင်းမှ လွန်ပီးသောရင်အစုံမှာ ဗလာဟင်းလင်း ကျန်ခဲ့သည်။

....................................

ရန်ကုန်သို့ သူပြန်ခဲ့သည်။

ကျောင်းပြန် ဆက်တက်သည်။

ဟောက်ဆင်းပြီး ဘွဲ့ရသောအခါ နိုင်ငံခြား၌ ကျောင်းဆက်တက်ရန် ရဲခေါင်နှင့်အတူ သူ ထွက်သွားလိုက်၏။

အဖေ ထောင်က လွတ်လာသောအခါ သူတို့ နယ်မြို့လေးမှာပဲ အိမ်တလုံးကို ရဲခေါင်တို့ဘက်မှ ဝယ်ပေးခဲ့ပါသည်။

သိပ်မကြာခင်မှာပဲ ဇာနည်မျိုးတို့ သားအဖ သူတိုမြို့ကနေ တိတ်တိတ်လေး ပြောင်းသွားကြကြောင်း သတင်းသဲ့သဲ့ ကြားလိုက်ရပါသည်။

* * *


(၁၄)

 

“ဟာ...”

အိမ်ရှေ့အိမ်မှ အမျိုးသမီးသည် ခေါင်းစွပ်ကို ချွတ်ပြီးနောက် ပုံခနဲ ပြန်လဲကျသွားသည်။

ပြတင်းတံခါးတွင် လိုက်ကာ အနီစလေးသာ လူးလွန့်ရင်း ကျန်ခဲ့လေ၏။

ရိပ်ခနဲ မြင်လိုက်ရသော အဲဒီအမျိုးသမီး၏ မျက်နှာသည် သူ့ကို ထိတ်လန့် အံ့သြသွားစေပါသည်။

ဆံပင်က မရှိသလောက် ပါးလှသည့်အထဲ ဖြူဖတ်ဖြူရော် မျက်နှာကြီးမှာ ပေါက်ကွဲတော့မည့် ဘောလုံးတလုံးလို ဝိုင်းဝန်းပြည့်ဖောင်းနေလေ၏။

ရိပ်ခနဲ မြင်လိုက်ရသော်လည်း ကြောက်စရာသွင်ပြင်က အထင်အရှား။

“ရုပ်ကြီးက တော်တော်ဆိုးတာပဲ  ငယ်လေးရယ်..” ဟု မနက်ရောက်သောအခါ ဇနီးဖြစ်သူကို သူ ပြောမိသည်။

“သူ့မျက်နှာကို မြင်စေချင်လို့ ခေါင်းစွပ်ကို ချွတ်ပြတာ ဆိုတော့ ကိုကို့အသိတွေ ဘာတွေ များလား..”

“ကို့အသိတွေထဲ အဲလိုပုံမျိုးကြီး မရှိပါဘူး.. ကော်ဖီဖျော်ပေးအုံးကွာ... ညက အိပ်မရတော့ လူက မလန်းဘူး..”

“လဲကျသွားတယ်ဆိုတော့ သနားပါတယ် ကိုကိုရယ်.. ပြန်မထလာဘူးလား.. မူးမေ့သွားတာလား မသိ.. အကူကောင်မလေး ဒီအကြောင်း သိပါ့မလား..”

ကော်ဖီဖျော်နေရင်း သက်ထားက စိုးရိမ်စွာမေးလိုက်သည်။

“အေး... တော်တော်ကြာတဲ့အထိ ပြန်မထလာတော့ဘူးကွာ.. ကိုလည်း အိပ်ချင်တာနဲ့ ဆက်မစောင့်တော့ဘူး..”

ထိုအချိန်တွင် အိမ်ရှေ့ဆီမှ Ambulance အသံ ကြားလိုက်ရသည်။

ထိုအသံသည် သူ့အိမ်ရှေ့မှာရပ်သွားသောကြောင့် ထွက်ကြည့်လိုက်သောအခါ မျက်နှာချင်းဆိုင် ခြံကြီးဆီသို့ Ambulance ပေါ်မှ ပရဟိတသမား ကောင်လေးနှစ်ယောက် ဝင်သွားသည်ကို တွေ့လိုက်ရ၏။

ညက မူးလဲကျသွားတဲ့ အမျိုးသမီး အတော်လေး နေမကောင်းဖြစ်နေပုံပင်။

Ambulance ယာဥ်မောင်းက သူ့ကိုတွေ့သောအခါ အိမ်ထဲဝင်လာ၍ နှုတ်ဆက်သည်။

“ဦးဇာနည်မျိုး... ဒီလအတွက် အလှူငွေ ထည့်အုံးနော်...”

“စိတ်ချ ညီ...”

မြို့တွင်ရှိသော ပရဟိတအဖွဲ့များကို သူ အမြဲလှူနေကျမို့ အဖွဲ့သူအဖွဲ့သားများနှင့် ရင်းနှီးနေပါသည်။

“ဒါနဲ့ ဒီအိမ်က ဘာဖြစ်တာလဲ..”

“ညက မူးလဲလို့တဲ့... ရန်ကုန်သွားပြမယ်ပြောတယ်... လူနာက လမ်းမလျှောက်နိုင်ဘူးလေ.. ဟော...ဟိုမှာ ထွက်လာကြပြီ..”

ကောင်လေးနှစ်ယောက်က လူနာတင်သည့်ခုတင်ရှည်ကို တွန်းလာပြီး ကားထဲ ထည့်လိုက်သည် ကို အဝေးမှ လှမ်းတွေ့ရ၏။ အိမ်အကူကောင်မလေးက အိမ်တံခါးနှင့် ခြံတံခါးကို ပိတ်ပြီး အထုတ်အပိုးများဆွဲကာ ထွက်လာလေသည်။

သူကလည်း Ambulance ယာဉ်မောင်းနှင့်အတူ စကားပြောရင်း ထိုခြံဝတွင် ရပ်ထားသော လူနာတင်ကားဆီ လျှောက်လာလိုက်သည်။

ကားနားသို့အရောက်တွင် အိမ်ထဲမှ သက်ထားက သူ့အား လှမ်းခေါ်လိုက်၏။

“ကိုကိုရေ... ဒီနေ့ သမီးကို မူကြိုပို့ပြီးရင် အဖေ့ဆီသွားမယ်ဆို.. နောက်ကျနေပြီ..”

“အေးအေး..”

လူနာတင်ယာဉ်နား ရောက်ခါနီးမှ သူပြန်လှည့်လာလိုက်သည်။

“အကို.. အကို..”

အနောက်မှ ခေါ်သံကြား၍ ပြန်လှည့်ကြည့်လိုက်သောအခါ အိမ်ရှေ့အိမ်မှ ကောင်မလေးက အသံလေးခပ်အုပ်အုပ်ဖြင့် သူ့ကို လှမ်းခေါ်နေ၏။

“ဘာလဲ...” ဟု ဇာနည်မျိုး ရပ်ပြီး မေးလိုက်သည်။

ထိုကောင်မလေးက သူ့ကို ဘာစကားမှ ဆက်မပြောတော့ဘဲ အကြည့်တမျိုးဖြင့် ကြည့်နေလေ၏။

“ဘာလဲ ကောင်မလေး...”

“ဟို.....ဟို...လေ...”

ကောင်မလေးက မျက်နှာငယ်လေးဖြင့် သူ့ကိုကြည့်လိုက်ပြီး Ambulance ထဲသို့ မသိမသာ လက်ညှိုးထိုးပြနေသည်။

“အူကြောင်ကြောင်နဲ့ကွာ..”

ဇာနည်မျိုးလည်း ဆက်မမေးတော့ဘဲ အိမ်ထဲသို့ပြန်လာပြီး အဖေ့ဆီသွားရန် ကားကို ထုတ်လိုက်သည်။

အချက်ပေးသံ ဆူညံစွာဖြင့် Ambulance ကားလေး ထွက်ခွာသွား၏။

သူနှင့် သက်ထားတို့သည်လည်း အဖေရှိရာ ရိပ်သာသို့ ထွက်လာခဲ့လိုက်ကြသည်။

အဖေသည် မိုးကုတ်ဝိပဿနာ တရားစခန်းတခုတွင် ကိုယ်ပိုင် အဆောင်လေးတဆောင် ဆောက်လုပ်ထားပြီး တရားဖြင့်သာ မွေ့လျော်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီ။

သူတို့မိသားစုက တလ တကြိမ်ခန့် အဖေလိုအပ်သည့်အရာများကို ဝယ်ယူကာ သွားပေးနေကျ ဖြစ်၏။

“အဖေ နေကောင်းတယ်နော်..”

“ခန္ဓာရှိနေသရွေ့တော့ ဘယ်နေကောင်းပါ့မလဲကွာ.. ဝိပဿနာတရားနဲ့ ရောဂါတွေကို ရှုရတာပေါ့.. ဒါပေမဲ့ ဒီအချိန် သေမင်းကလာခေါ်လည်း အဆင်သင့်ဖြစ်နေပါပြီ.. သားနဲ့ သမီးလည်း အရွယ်တွေက မငယ်တော့ဘူး.. ရိပ်သာလေး ဘာလေးဝင်ကွာ.. အသိ ယောဂီတွေက ပြောကြတယ်.. သား အရမ်း စိတ်တို စိတ်ကြီးနေတယ်တဲ့.. မင်း ငယ်ငယ်က နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ပါကွာ.. စီးပွားတက်လာတာနဲ့အမျှ အတ္တ မာန်မာနတွေ လောဘ ဒေါသ မောဟတွေပါ တက်မလာစေနဲ့..”

“ဟုတ်ကဲ့... အဖေ...”

အဖေ့ကို ပစ္စည်းလေးတွေ ကန်တော့ပြီး သူတို့ လင်မယား ပြန်လာခဲ့ကြသည်။

အပြန်လမ်းတလျှောက်တွင် အဖေဆုံးမခဲ့သော “မင်းငယ်ငယ်က နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ပါကွာ..” ဆိုသည့်စကားကို ကြားယောင်မိပြီး ပြုံးမိသည်။

အဲဒီ နူးညံ့သိမ်မွေ့သောစိတ်ကြောင့်ပင် သူ့ဘဝရဲ့ တန်ဖိုးအထားရဆုံးအရာတခုကို ဆုံးရှုံးခဲ့ရပြီးပြီ။

“ဧကရီ...”

ရင်ဘတ်ထဲမှာ နွေးခနဲ..

ထို့အတူ ခုထိ နာကျင်နေဆဲ အမည်တခု။

သူ့ကို မာကျောအောင်၊ သန်မာအောင်၊ လိုချင်တာကို ရအောင်ယူရမည်ဖြစ်ကြောင်း သင်ကြားသွားခဲ့သော သူ...။

အခုဆို ဧကရီ ဘယ်ရောက်နေပါလိမ့်..

အိုး...ချမ်းသာကြွယ်ဝတဲ့ မိသားစုနဲ့အတူ နိုင်ငံခြားမှာ စည်းစိမ်ခံပြီး သားတွေ သမီးတွေနဲ့ အတူ ပျော်နေရောပေါ့။

“ကိုကို ဧကရီ့အကြောင်းတွေးနေတာမဟုတ်လား..”

ဇနီးသည်၏ အသံကြောင့် ဇာနည်မျိုး အတွေးလွန်နေရာမှ လန့်သွား၏။

“အမလေး... လန့်လိုက်တာကွာ... ဟားဟားဟား.. ဟုတ်ပ... ဧကရီ့အကြောင်း အတွေး ဝင်လာတာ.. ငါ့မိန်းမ ဘယ်လိုသိတာလဲ..”

သူ့ကိုပြုံးစိစိဖြင့်ကြည့်နေရာမှ သက်ထားသည် နှုတ်ခမ်းလေးကို ဆူလိုက်ပြီး

“ကိုကို အသံတိတ်သွားတယ်.. မျက်လုံးတွေက ရီဝေသွားမယ်... ပြီးရင် မျက်နှာက တင်းသွားမယ်.. ဒါဆို ကျိန်းသေတယ်.. ဧကရီအကြောင်းတွေးနေတာ..” ဟု ပြန်ပြော၏။

“ကိုယ့်ယောကျ်ားမျက်နှာမှာ ဘာအရိပ်အယောင် ပေါ်လာရင် ဘာကိုတွေးနေလဲ သိနေတတ်ကြတာ မိန်းမတွေရဲ့ မွေးရာပါ ပါရမီရှင့်..”

လက်တဖက်က ကားမောင်းနေရင်း ကျန်လက်တဖက်ဖြင့် သက်ထား၏ လက်လေးကို လှမ်းဆုပ်ကိုင်လိုက်သည်။

“တခါတလေတော့လည်း ဧကရီ့ကို ကျေးဇူးတင်တယ်..”

“ဘာဖြစ်လို့..”

“သူ ကို့ကိုထားခဲ့လို့သာ ဒီလောက် ချစ်စရာကောင်း၊ နားလည်မှုလည်းရှိတဲ့ ငယ်လေးနဲ့ ဆုံရတာလေ..”

“ဟွန့်..” ဆိုသောအသံလေးပြုကာ ကျေနပ်သွားပုံဖြင့် သက်ထားသည် သူ့ကို ပြုံးပြီး ကြည့်နေလေ၏။

အိမ်ဆီသို့ ပြန်ရောက်သောအခါ အိမ်ရှေ့အိမ်ဆီသို့ လှမ်းကြည့်မိသည်။ တံခါးများ ပိတ်ထားသောကြောင့် ဟိုနှစ်ယောက် အိမ်ပြန်မရောက်ကြသေးဘူး ထင်ပါရဲ့။

အလုပ်သွားလိုက်၊ အိမ်ပြန်လာလိုက်နှင့် ပုံမှန်အတိုင်း လည်ပတ်နေရာမှ တနေ့သော မနက်ခင်းတွင် ခြံဝဆီမှ “အိမ်ရှင်တို့ အိမ်ရှင်တို့...” ဟူသော အသံကို ကြား၍ ကြည့်လိုက်သောအခါ အိမ်ရှေ့အိမ်က အကူကောင်မလေးကိုတွေ့ရ၏။ လက်ထဲတွင် ချိုင့်လေးတလုံးကိုင်ပြီး ခြံဝ၌ ရပ်နေသည်။

“ဘာကိစ္စလဲ ညီမ... မင်းတို့ အစ်မ ဆေးရုံက ဆင်းလာပြီလား..”

“မနက်ကပဲ ဆင်းလာပြီရှင့်..”

“သက်သာလားကွ..”

“မသက်သာပါဘူး အကို ဒီလိုပဲ တရှောင်ရှောင်ပါပဲ.. လမ်းမှာ ဒါလေးတွေ့တာနဲ့ ဝယ်လာတာ.. ဒီအိမ်ကိုသွားပို့ပါဆိုလို့.. “

“ဘာတွေလဲ... မလိုပါဘူးကွ..”

“ပေး... ပေး...”

ဘယ်အချိန်က ရောက်လာမှန်းမသိသော သက်ထားက ကောင်မလေးလက်ထဲမှ ချိုင့်ကို လာယူသွားသည်။

“အိမ်ပေါ်လာခဲ့... ခဏစောင့်အုံးနော်.. အစ်မ ချိုင့်ဆေးပေးမယ်..”

ကောင်မလေးက အိမ်ပေါ်တက်လာကာ သူ့ရှေ့တွင်လာထိုင်သည်။

အခွင့်အရေးရတုန်းလေး သူသိလိုသမျှ ကောင်မလေးကို အနည်းငယ် စူးစမ်းကြည့်သည်။

“အဲဒီအိမ်က အမျိုးသမီးက ညည ထ အော်တယ်နော်...”

ကောင်မလေး မျက်နှာ ပျက်သွား၏။

“ဟုတ်တယ် အကို.. အစ်မက အရမ်း သနားစရာကောင်းတယ်.. ညတွေမှာ အိပ်မပျော်ဘူး.. အရမ်း နာကျင်ရတဲ့ အတိတ်တွေ ရှိတယ်တဲ့..”

“သစ်ပင်တွေကို ဘာလို့ ဆေးအနီသုတ်ထားတာလဲဟင်..”

“ဟို.. ဟို..”

သူ့မေးခွန်းကို ကောင်မလေးက ချက်ချင်း မဖြေပါ။ လက်ကလေးကို ပွတ်ပြီး မျက်နှာလေးငယ်ဖြင့် ဟိုကြည့် ဒီကြည့် လုပ်နေပြီးမှ

“အစ်မကလေ တကယ်တော့...”

စကားမဆုံးခင် သက်ထားက ဟင်းချိုင့်ကို ဆေးပြီး ရောက်လာသည်။

“ရပြီ.. ကျေးဇူးပါနော် ညီမရေ.. အစ်မကတော့ သိပ်မကြိုက်ပေမယ့် ဒီကအစ်ကိုက အရမ်းကြိုက်တယ်..”

ကောင်မလေးက ချိုင့်ကိုယူပြီး ထိုင်ရာမှ ထလိုက်သည်။

“သူက အစ်ကိုတို့ ထင်နေသလို စိတ်မနှံ့တဲ့သူမျိုး၊ စုန်းမလိုလူမျိုး မဟုတ်ပါဘူး.. အစ်မက သိပ်သနားစရာကောင်းတယ်.. ငါ လူမဖြစ်လာခဲ့ရင် ကောင်းမှာလို့ အမြဲပြောတယ်.. ဆေးခန်းလည်း အမြဲပြနေရတယ်.. ပြီးတော့ ဒီတခါ တော်တော် အခြေအနေဆိုးတယ်.. ဆရာဝန်က ဆေးရုံတက်ခိုင်းတာကို မတက်ဘဲ အတင်း ပြန်လာတာ.. အိမ်ပြန်နေရင်တော့ အလွန်ဆုံး တလလောက်ပဲ ခံမယ်လို့ ဆရာဝန်က သမီးကို ပြောတယ်.. ဒါပေမဲ့ အစ်မက ခေါင်းမာတယ်.. ဒီအိမ်မှာပဲ သေချင်တယ်တဲ့..”

ပြောချင်ရာပြောပြီး ကောင်မလေးသည် ချာခနဲ ပြန်ထွက်သွားသည်။

“ဘာတွေ လာပေးသွားတာလဲ..”

“ဒညင်းသီး အုန်းနိုးဆမ်းတွေ..”

“ဟာ... မိုင် ဖေးဘရိတ်ဖု ပဲ.. ထူးထူးဆန်းဆန်းကွာ.. ဒညင်းသီး အုန်းနို့ဆမ်းကို လက်ဆောင် လာပေးရတယ်လို့..”

တခုခုကိုစဉ်းစားနေပုံဖြင့် သက်ထားက

“အရမ်းနေမကောင်း ဖြစ်နေတယ်ဆိုရင်တော့ လူမမာ သွားမေးမှ သင့်တော်မယ်ထင်တယ်..” ဟု သက်ထားက သူ့ကိုပြော၏။

သူ ခေါင်းညိတ်လိုက်၏။

“အင်း.. ကောင်မလေးပြောပုံအရ နေ့လား ညလား အသဲအသန်ဖြစ်နေပုံပဲ.. တရက် သွားကြည့်ကြတာပေါ့..”

နေ့လယ်စာကို ဒညင်းသီးအုန်းနို့စမ်းဖြင့်စားပြီး ဆေးလိပ်လေးတလိပ် မီးညှိကာ ခြံထဲ ဆင်းလာခဲ့သည်။ ပွဲရုံရာသီကုန်ပြီမို့ သူလည်း အားပြီ။ ဒရင်းဘက်လေးယူပြီး ခြံထဲမှာ အေးအေးလူလူ စာလေး ဖတ်နေလိုက်သည်။

နာရီဝက်ခန့် စာဖတ်ပြီးသည့်နောက် မျက်စိညောင်း၍ စာအုပ်ကို ခဏပြန်ချလိုက်သောအခါ အိမ်ရှေ့အိမ်၏ အပေါ်ထပ် ပြတင်းတံခါးပွင့်နေပြီး လိုက်ကာ အနီစလေးကို လှမ်းမြင်နေရသည်။ ငြိမ်သက်နေသော လိုက်ကာစလေး၏နောက်တွင် နေမကောင်းသော အမျိုးသမီး ရှိနေပါလိမ့်မည်။ အနည်းငယ်ဟနေသော လိုက်ကာထောင့်စွန်းလေးမှ အပြင်လောကကို (သို့မဟုတ်) ငါ့ဘက်ကို ကြည့်နေမည်ထင်၏။

ကျန်းမာရေး မကောင်းရှာသော ထိုအမျိုးသမီးမှာ အိမ်ကြီးထဲရှိ ဝှီးချဲပေါ်တွင် ထိုင်၍ သေမည့်အချိန်ကို စောင့်နေသလိုမျိုး ဆိုတော့ သနားစရာပါပဲ။

ဘာပဲဖြစ်ဖြစ် သူပေးလိုက်တဲ့ ဒညင်းသီး အုန်းနို့ဆမ်းက တော်တော်စားလို့ကောင်းသည်။

လူမမာသွားမေးမှ ကျေးဇူးတင်စကား ပြောရပါအုံးမည်။

ပြတင်းတံခါးကိုကြည့်နေရင်း မရည်ရွယ်ပါဘဲ လက်ပြပြီး နှုတ်ဆက်သည့်ဟန်မျိုး ဇာနည်မျိုး လုပ်လိုက်မိသည်။ ထိုအခါ လိုက်ကာထောင့်စွန်းလေးသည် ဖျတ်ခနဲ အနည်းငယ် ဟသွားပြီး လက်ဖြူဖြူလေးတချောင်း ထွက်လာလေ၏။ ထိုလက်ဖဝါးလေးသည် တဖြည်းဖြည်းဖြန့်လာပြီး သူ့ဆီသို့ ဆန့်တန်းထားလေသည်။ ထိုလက်လေးသည် သူ့ကို ခေါ်နေဟန်ဖြစ်သည်။ သို့မဟုတ် သူ့ဆီမှ တခုခုကို ခွင့်တောင်းနေဟန်ဖြစ်ပါသည်။

ဇာနည်မျိုး ဒရင်းဘက်ပေါ်မှ ထလိုက်သည်။ ထိုလက်လေးမှာ မြွေတကောင်လို သူ့ကို ညှို့နေသလို ခံစားရပါသည်။ ဒီတခါတော့ အရင်လို သိပ်မကြောက်တော့ပါ။ ထူးထူးဆန်းဆန်း အဲဒီလက်လေးကို ရင်းနှီးနေသလို ခံစားနေရသည်။

သူကြည့်နေစဥ်မှာပဲ ဆန့်ထားသော ထိုလက်ဖြူဖြူလေးသည် အခန်းအတွင်းသို့ ဖြည်းညှင်းစွာ ပြန်ဝင်သွားပါတော့သည်။

* * *


( ၁၅ )

 

“ငယ်လေးရေ... ဒီနေ့ အားတုန်းလေး ရွာဘက်ဆင်းပြီး ကြွေးတောင်းထွက်လိုက်အုံးမယ်..”

“နေ့လယ်စာ စားချိန် ပြန်ရောက်မလား ကိုကို..”

“မရောက်နိုင်ဘူး... နှစ်ရွာ ဆက်တိုက် သွားရမှာမို့ ကြုံတဲ့ရွာမှာပဲ စားလိုက်တော့မယ်..”

ဆိုင်ကယ်ကို မောင်းပြီး တပည့်တယောက်ကို ဝင်ခေါ်ကာ အကြွေးသမားများရှိသော ရွာတွေဘက်သို့ ခြေဦးလှည့်လိုက်သည်။ ဒီအချိန်ဆို ပွဲရုံရာသီနားပြီမို့ စာရင်းမရှင်းနိုင်သော တောင်သူများဆီ ကြွေးတောင်းထွက်ရစမြဲ။ တအိမ်ပြီးတအိမ် စာရင်းရှင်းလိုက် အကြွေးမှတ်လိုက်ဖြင့် ညနေစောင်းသောအခါ ဆရာတပည့်နှစ်ယောက် အတော်လေး ပြိုင်းပြီ။ နောက်ဆုံးကျန်နေသော တောင်သူကြီးနှင့် စာရင်းတွက်ပြီးလျှင်တော့ ပြီးပြီ။ အိမ်ပြန်နားတော့မည်။

ထိုတောင်သူကြီး၏ ခြံထဲသို့ ဝင်လိုက်သောအခါ ခြံဝင်းတဝင်းလုံး နှင်းဆီပန်းများ စိုက်ပျိုးထားသည်ကိုတွေ့ရ၏။

“တူရီးရေ.. လာဟေ့.. ကြွေးတောင်းထွက်ပြီထင်ပါ့..”

သူ့ကိုတွေ့သောအခါ အိမ်ရှင်က နှုတ်ဆက်သည်။

“ဟုတ်တယ်ဗျိုး.. ဦးကြီးနဲ့တော့ အကြွေးသိပ်မရှိပါဘူး.. လက်ကြီးသမားတွေဆီလာရင် ဦးဆီကို လမ်းကြုံလို့ လှည့်လာလိုက်တာ..”

“ဒီနှစ်က ငွေနည်းနည်းမြုပ်သွားတယ်.. နှင်းဆီတွေ စမ်း စိုက်ကြည့်တာဟေ့.. အောင်မြင်ပါတယ်.. ပထမဆုံးနှစ်ဆိုတော့ စျေးကွက် သိပ်မရသေးတာ..”

စာရင်းများတွက်ချက်ပြီးသောအခါ ညနေစောင်းလုပြီ။

“မပြန်ခင်လေး.. ဘုရားပန်းတင်ရအောင် နှင်းဆီတွေ ခူးပေးလိုက်မယ်..”

ပြောပြောဆိုဆိုနှင့် ကပ်ကြေးတလက်ကိုင်ကာ နှင်းဆီခြံတွေဆီ သွားနေသော ထိုဦးလေး၏ နောက်သို့ စိုက်ခင်း အခြေအနေများကို လေ့လာရန် လိုက်သွားသည်။

“လှလိုက်တာဗျာ.. ရောင်စုံပဲနော်..”

“ဟုတ်တယ် တူရီး.. တချို့က အဖြူကြိုက်၊ တချို့က ပန်းရောင်၊ တချို့က အနီ၊ တချို့က အဝါ.. အကြိုက်တွေကတော့ အစုံပေါ့တူရီးရေ..”

ကပ်ကြေးဖြင့် တချပ်ချပ်ညှပ်ပြီး နှင်းဆီပွင့်များကို တပွင့်စီ ခူးခြွေနေသော တောင်သူကြီးက သူ့ကို ပြန်ဖြေသည်။

“နှင်းဆီနက် ဆိုတာလည်း ရှိတယ်ဆို..” ဟု ဇာနည်မျိုးက စပ်စုသောအခါ တောင်သူကြီးက ရယ်မောပြီး..

“အိမ်မှာ ခိုင်းဖို့ ခေါ်ထားတဲ့ တူတော်မောင်တယောက်ရှိတယ်ကွ.. သူလိုက်နေတဲ့ ကောင်မလေးက နှင်းဆီနက်လိုချင်တယ်ဆိုလို့ နှင်းဆီအဖြူတပွင့်ခူး၊ မှင်အနက်ကို ရေဖျော်ပြီးတော့ နှင်းဆီပန်းကို မှင်အနက် စိမ်ပြီး သွားပေးဖူးတယ်.. ဟားဟားဟား... နှင်းဆီနက် ရှိချင် ရှိမှာပေါ့.. ဦးကတော့ မတွေ့ဖူးသေးပါဘူး..”

“ကြံကြံဖန်ဖန် ဗျာ..”

“အံမယ်... ဆေးဆိုးထားတော့ နှင်းဆီ ပန်းတင်မက အရိုးတံကော အရွက်ပါ နက်မှောင်နေတာ လှတောင် လှသေးတယ်ကွာ.. ပြီးတော့ ဒီကောင်က ပေါက်ကရကောင်.. အဲဒီ ကိစ္စပြီးတော့ အိုးတအိုးထဲ မြေကြီးတွေထည့်.. မှင် အနက်လောင်းချပြီး နှင်းဆီ ပျိုးကိုင်းကိုပါ မှင် အနက်တွေ သုတ်ပြီး နှင်းဆီနက် ထွက်လာမလား စိုက်ကြည့်သေးတယ်..”

“နှင်းဆီနက် ထွက်လာသလား ဦးကြီး..”

“ဘာပန်းမှ ထွက်မလာဘူး.. အပင်တွေ သေကုန်ရော.. ဟားဟားဟား.. အပင်ကိုဆေးသုတ်ရင် အဲဒီအပင်ရဲ့ပန်းက ဆေးသုတ်ထားတဲ့အရောင် ပွင့်လာမယ် ထင်နေတဲ့ကောင်..”

ရယ်ရယ်မောမောဖြင့် ပြောဆိုလိုက်သော ထိုတောင်သူ၏ စကားကို တနေရာရာတွင် သေသေချာချာကို ကြားဖူးသလို ဇာနည်မျိုး ရင်းနှီးနေပါသည်။

“ဟင်... အပင်တွေကို ဆေးဆိုးရင် ပွင့်တဲ့ပန်းက ဆေးသုတ်ထားတဲ့ အရောင်အတိုင်း ပွင့်လာစေချင်တယ်တဲ့လား..”

အိမ်အပြန် တလမ်းလုံး ထိုစကားသံသည် သူ့နားတွင် ကြားယောင်နေ၏။

ဒီလို အဓိပ္ပာယ် သက်ရောက်တဲ့ စကားမျိုးကို တနေရာရာမှာ ရင်းရင်းနှီးနှီးကို ကြားဖူးသလိုပဲ။

ည မှောင်မှ အိမ်သို့ပြန်ရောက်သည်။

ရေမိုးချိုး အဝတ်အစားလဲပြီးသောအခါ ဇနီးသည်က သူ့နားသို့ မျက်နှာငယ်လေးဖြင့် ရောက်လာပြီး

“ကိုကို ငယ်လေးကို မဆူရဘူးနော်..” ဟု လာပြောသည်။

အပြစ်တခုခု လုပ်ထားတိုင်း အဲလိုမျက်နှာပေးမျိူးဖြင့် သူ့နားကို လာချွဲနေကျ။

ဇာနည်မျိုးကလည်း ရယ်မောပြီး ခွင့်လွှတ်ပေးနေကျ။

“ဟော.. ဘာအပြစ်လုပ်ထားတုန်း.. ပြောစမ်း..”

ထိုင်ခုံပေါ်တွင် ထိုင်နေသော သူ့ခြေရင်းတွင် သက်ထားက လာထိုင်လိုက်ပြီး

“မနက်က ကိုကိုထွက်သွားပြီးတာနဲ့ အိမ်ရှေ့အိမ်က အစ်မကြီး နေမကောင်းထပ်ဖြစ်လို့ လူနာတင်ကား ခေါ်တယ်.. အဲဒါ သူ့ကို လူနာတင်ကားပေါ် တင်နေတုန်း ငယ်လေး သွားနှုတ်ဆက်လိုက်တယ်..”

“ဟုတ်လား... အရင်အပတ်ကတောင် နေမကောင်းဖြစ်သေးတယ်နော်.. သိပ်မကြာသေးဘူး.. ၅ ရက်လောက်ပဲ..”

“ဟုတ်တယ်.. ကျောက်ကပ်မကောင်းဘူးတဲ့.. ပြီးတော့ SLE ဆိုလား... အဲဒီရောဂါလည်း အရမ်းဖြစ်နေတာတဲ့.. ငယ်လေးကိုတွေ့တော့ ယဲ့ယဲ့လေး ပြုံးပြတယ်.. ငယ်လေး လက်ကိုလည်း လာကိုင်တယ်.. ဆံပင်ပါးကျဲကျဲနဲ့ မျက်နှာကလည်း ဖောယောင်နေလို့သာပေါ့.. မျက်လုံးလေး နှာတံလေးကြည့်ရတာ ငယ်ငယ်ကဆို တော်တော်ချောမယ့် အစ်မကြီး.. အသားကလည်း ဖြူနေတာပဲ.. အသံလေးတိုးတိုး တိုးတိုးနဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောရှာတယ်.. ပြီးတော့လေ သမီးလေးကိုပါ တွေ့ချင်တယ်ဆိုပြီး ခေါ်ခိုင်းတယ်..”

“ဟုတ်လား.. ပြတင်းပေါက်က လှမ်းကြည့်ရင်း သမီးကို တွေ့ပြီး ချစ်လို့နေမှာပေါ့..”

“ဟုတ်တယ်.. သနားစရာပါ ကိုကိုရယ်... မိသားစုလည်း ရှိပုံမရဘူး.. သမီးလေးကို တွေ့တော့ မျက်ရည်တွေကျလာပြီး ငိုရှာတယ်.. ဖအေတူလေးနော်ဆိုပြီး လေသံလေးနဲ့ ပြောတယ်.. ကြည့်ရတာ မိသားစုမေတ္တာ ငတ်နေပုံမျိုး...”

ဒီလိုဆိုတော့လည်း သနားစရာပါလားဟု တွေးရင်း အိမ်ရှေ့အိမ်က အမျိုးသမီးအတွက် စိတ်မကောင်းဖြစ်မိသည်။

“ဒီလောက် ရောဂါသည်းနေတာကွာ.. ဆေးရုံ သေသေချာချာ တက်လိုက်တာတော့ မဟုတ်ဘူး..”

“အကူကောင်မလေးကို ငယ်လေးက အဲလိုပြောသေးတယ်.. ဒါပေမဲ့ သူကိုယ်တိုင်က ဆေးရုံမှာ မသေချင်ဘဲ.. ဒီအိမ်မှာပဲ သေချင်တယ်တဲ့လေ.. ပြီးတော့ ဒီပုံအတိုင်းဆို သိပ်မကြာတော့ဘူးတဲ့.. ဟုတ်မှာပါ... ငယ်လေးကို စကားပြောတာတောင် တခွန်း နှစ်ခွန်းလေးကို အမောဖောက်နေတာ..”

“အေးကွာ.. ဒီလိုဆိုတော့ စိတ်မကောင်းဘူး.. သူ ဆေးရုံက ပြန်ဆင်းလာရင် ဟင်းလေးဘာလေး သွားပို့ပေးလိုက်ပါကွာ..”

ထိုညက စာရင်းများကို ပြန်လည်ပြုလုပ်နေရင်း ဇာနည်မျိုး၏ အတွေးထဲတွင် ဘဝနေဝင်ချိန်အား အထီးကျန်စွာ စောင့်နေရသော အိမ်ရှေ့အိမ်က အမျိုးသမီးအကြောင်းမှာ စိုးမိုးနေပါသည်။

“မိသားစုဘဝဆိုတာ တကယ်လိုအပ်တဲ့အရာပါလား..”

အနားတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ဇနီးနှင့် သမီးကို ဖွဖွလေး နမ်းလိုက်သည်။

နောက်ထပ် ၂ ရက်ခန့်အကြာတွင် ညဦးပိုင်းတွင် Ambulance အသံ ကြားလိုက်ရ၍ အိမ်ရှေ့အိမ်မှလူများ ပြန်ရောက်လာပြီ ဖြစ်ကြောင်း အိပ်ရာထဲမှ သူ သိလိုက်သည်။ တကူးတကတော့ ထမကြည့်ဖြစ်တော့ပါ။

မနက်ခင်းရောက်လျှင်တော့ ထိုအိမ်ရှိ သနားစရာ အမျိုးသမီးအား ဇနီးနှင့်အတူ ကြက်စွပ်ပြုပ်လေး သွားပေးရင်း သူကိုယ်တိုင် အားပေးစကားများ သွားပြောရန် ဆုံးဖြတ်လိုက်၏။ ယခင်က အထင်လွဲခဲ့မှုများအတွက်ပါ တောင်းပန်အုံးမည်ဟု တွေးကာ ပြန်လည် အိပ်ပျော်သွားခဲ့သည်။

* * *


(၁၆)

 

“ဒီလလည်း အဆင်မပြေပြန်ဘူး..”

ယခင်အကြိမ်တွေတုန်းကလိုပဲ ရဲခေါင်မျက်နှာတွင် စိတ်ပျက်သွားသည့်ပုံမှာ အထင်းသား ပေါ်လွင်နေ၏။

“အလုပ်သွားလိုက်အုံးမယ်..” ဟု သူ့ကို ပြောပြီး ချာခနဲ ထွက်သွားတော့သည်။

အမျိုးသမီး လစဉ်သုံး ပစ္စည်းတခုကို ဘီရိုထဲမှ ထုတ်လိုက်ပြီး ဧကရီ ရေချိုးခန်းထဲ ဝင်လိုက်သည်။

နိုင်ငံခြားမှာ နှစ်ယောက်သား အလုပ်ကိုယ်စီဖြင့် တည်ငြိမ်သောဘဝမှာ အခြေကျနေပြီး

အစစ အရာရာ အဆင်ပြေနေသော်လည်း သူတို့ လိုချင်သည့် (အထူးသဖြင့် ရဲခေါင် အရမ်းလိုချင်သည့်) ရင်သွေးငယ်မှာ အလှမ်းဝေးနေဆဲ။

ဖန်ပြွန်သန္ဓေအထိ ငွေကုန်ကြေးကျခံပြီး ကြိုးစားကြသော်လည်း အရာမထင်။

တလ တလ အမျိုးသမီးတို့သဘာဝ ရာသီသွေးပေါ်တိုင်း ဧကရီ့မှာ အပြစ်တခုလို ခံစားနေရလေသည်။

တဖက်သားကို မငဲ့ကွက်တတ်ဘဲ သူဖြစ်ချင်တာမှန်သမျှ ရအောင်ယူတတ်သော ခင်ပွန်းဖြစ်သူ၏ စိတ်နေစိတ်ထားကြောင့်လည်း သူတို့အိမ်ထောင်ရေးမှာ အဆင်မပြေမှုများ ပိုမိုလာခဲ့သည်။

ဖြစ်ချင်တော့လည်း ကလေးမရသည့် ချို့ယွင်းချက်မှာ ဧကရီ့ဆီကဟု သိရပြီးသည့်နောက် ပြဿနာမှာ ပိုမိုကြီးမားလာလေ၏။

“ကလေးလိုချင်လိုက်တာကွာ.. ကိုယ်တို့မျိုးဆက်အတွက် ဒါက အရေးကြီးတယ်..” ဆိုသော စကားသံမှသည် “အပျိုဖြစ်မယ်မကြံသေးဘူး.. တားဆေးတွေ ဘယ်လောက်သောက်ထားလို့ ကလေးမရတာလဲမှ မသိတာ..” ဟု အဓိပ္ပါယ် အမျိုးမျိုး ကောက်လို့ရသည့် စကားအဖြစ် ပြောင်းသွားသောအခါ ဧကရီလည်း သည်းမခံနိုင်။

“ရှင် ဘာစကားပြောလိုက်တာလဲ ကိုရဲခေါင်.. ဒါကျွန်မ သိက္ခာကို စော်ကားတာပဲ..”

“ဟုတ်တယ်လေ.. ဒီလောက် ညအိပ်ညနေ အိမ်ပေါ်အထိ လာတွေ့လို့ရတဲ့ အကောင်နဲ့ ငယ်ငယ်ထဲက ဘယ်လောက်တောင်လွန်ထားကြလဲ ကာယကံရှင်တွေပဲ သိမှာပေါ့..”

ဧကရီမှာ လက်တွေ ခြေတွေ တုန်လာတဲ့အထိကို ဒေါသထွက်လှပါသည်။

“ဇာနည်မျိုးနဲ့ ကျွန်မက ချစ်သူတွေဖြစ်ခဲ့ပေမယ့် မောင်နှမလို သူငယ်ချင်းလို ဆက်ဆံခဲ့ကြတာ ရှင့်.. သူသာ ဒီလောက် လက်သွက်ခဲ့ရင် ရှင်နဲ့ကျွန်မတောင် မရဘူး ရှင်းလား..”

“အေးလေ.. နင်က ငါ့ကို ချစ်လို့ ယူတာမှမဟုတ်တာ.. ဒုက္ခရောက်လွန်းလို့ အားကိုးရှာတာလေ.. သိတာပေါ့..”

“ဟာ.. ဒါတွေကို သိရက်နဲ့လည်း ရှင်ကျွန်မကို ယူခဲ့တာပဲလေ.. ပေါင်းလာတာပဲ နှစ်တွေကြာပြီ.. ခုမှ ဘာလို့ ထ နောက်ကြောင်းပြန်နေရတာလဲကွာ.. စိတ်ညစ်လိုက်တာ..”

“အေး ခုမှ သိလို့ဟေ့.. ကလေး မရနိုင်လောက်အောင် တားဆေးတွေ သောက်ခဲ့တဲ့ မိန်းမမှန်း မသိလို့ ငါက ယူခဲ့တာ..”

“ဟာကွာ...”

ခင်ပွန်းဖြစ်သူ၏ စော်ကားလွန်းသော စကားလုံးတွေကို သူ ပြန်လှန်ချေပဖို့တောင် အင်အား မရှိတော့ပါ။

ခေတ်ပညာတတ်ဖြစ်သူမို့ ကလေးမရနိုင်ခြင်းသည် တားဆေးတမျိုးထဲနှင့် မဆိုင်မှန်း ရဲခေါင် သိသော်လည်း သူ့ကို တမင်စကားနိုင်လုပြီး စိတ်ဆင်းရဲစေဖို့ ရည်ရွယ်ကာပြောနေခြင်းဖြစ်ကြောင်း ဧကရီ ရိပ်မိပါသည်။

ဒီပြဿနာသည် သူတို့ အိမ်ထောင်ရေးအား ဖွဲမီးလို တမြေ့မြေ့လောင်ကျွမ်းစေ၏။ တအိမ်ထဲနေပြီး သူစိမ်းတွေလို ဖြစ်နေသည်မှာ တဖြည်းဖြည်း ရက်မှ လသို့ပင် ကူးလာပြီ။ ကလေးမရမချင်း ဘယ်လိုမှ အဆင်မပြေနိုင်တော့သော သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို အဆုံးသတ်သွားစေမည့်အကြောင်းကလည်း ပေါ်လာပြန်ပါသည်။

ဒီရက်ထဲ ဧကရီ့ကျန်းမာရေး လုံးဝမကောင်း.. အဆစ်အမြစ်တွေ ကိုက်ခဲလှသည်။ လေးဘက်နာပိုး သွားစစ်တော့လည်းမဟုတ်။

သူ့ဆရာတဦးဖြစ်သူ Dr. John က တရက် သူ့ဆီဖုန်းဆက်သည်။

“မင်း ပုံစံကြည့်ရတာ ရောဂါကို ကျွန်တော် SLE သံသယ ရှိတယ်.. Medical Check up လုပ်ကြည့်ပါလား...”

SLE... Systemic Lupus Erythematosus

ကိုယ်ခံအားစနစ်က ကိုယ့်ကိုပြန်တိုက်ခိုက်သော ရောဂါ..

ဒီရောဂါကို ပျောက်ကင်းအောင်ကုနိုင်သောဆေး မရှိသေး..

အစားအသောက် ၊ အနေအထိုင် ၊ ဆေးဝါး အကုန်လုံး ဂရုစိုက်မှသာ သက်သာအောင် ထိန်းထားနိုင်သည်။

ဆေးစစ်ချက် အဖြေ ထွက်လာသောအခါ သူ့မှာ SLE ဖြစ်နေပြီ။

အိမ်ထောင်ရေး မကောင်းရတဲ့ကြားထဲ ဆေးကုသမှုတွေ လုပ်ရအုံးမည်။

ရဲခေါင်ကို ဒီအကြောင်းပြောပြသောအခါ စိတ်မပါ လက်မပါဖြင့် နားထောင်ပြီး

“ငါ့အလုပ်နဲ့ငါတောင် ရှုပ်နေတာ.. မင်းကို မပြုစုအားဘူးနော်..” ဟု ပြန်ပြော၏။

ဒီအချိန်မျိုးမှာ ဇာနည်မျိုးကို သူ ဝမ်းနည်စွာ သတိရမိပါသည်။

လင်ယောကျ်ားကို ဖောက်ပြန်လိုသောစိတ်မျိုးနှင့် သတိရမိတာမျိုး လုံးဝမဟုတ်ဘဲ သူ့အပေါ် အရာရာအနစ်နာခံ စောင့်ရှောက်ပေးတတ်သော သူငယ်ချင်းတယောက်ရဲ့ မေတ္တာကို တမ်းတသလိုမျိုး ဇာနည်မျိုးကို သတိရလှပါသည်။

မေတ္တာစူးပြီ ဇာနည်မျိုးရေ... ဟု မကြာခဏ ဧကရီ ရေရွတ်မိ၏။

SLE ဝေဒနာရှင်တို့၏ လက္ခဏာတခုအဖြစ် အားငယ်လာတတ်သည့်အပြင် အိမ်ထောင်ရေး ကလည်း အဆင်မပြေသောကြောင့် ဧကရီမှာ စိတ်ဖိစီးရပါသည်။

လပေါင်းများစွာ စကားမပြောဘဲ တအိမ်ထဲနေလာခဲ့သည့် နေ့ရက်များကို ကြိတ်မှိတ် သည်းခံရင်း နောက်ဆုံးမှာတော့ သူ့ကို ရဲခေါင်က ကွာရှင်းခွင့် တောင်းခဲ့သည်။

မျိုးဆက်ပြတ်မည်စိုးသောကြောင့် နောက်အိမ်ထောင်ပြုဖို့အတွက် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း လွယ်ကူပေါ့ပါးစွာ ပြောနေသော ခင်ပွန်းဖြစ်သူကို သူကလည်း လျှင်မြန်စွာ ကွာရှင်းပေးခဲ့၏။

“အစစ အရာရာအတွက် တကယ့်ကိုပဲ ကျေးဇူးတင်ခဲ့ပါတယ်..”

ဟု ရဲခေါင်ကို နောက်ဆုံးနှုတ်ဆက်ကာ မြန်မာပြည်သို့ အပြီးပြန်လာခဲ့ပါတော့သည်။

.........................................

“ဇာနည်မျိုးတို့ သတင်း ဘာကြားသေးလည်း အဖေ...”

“အဖေလည်း ထောင်ကလွတ်ပြီး ဒီကိုပြန်ရောက်တော့ သူတို့ သားအဖဆီ သွားနှုတ်ဆက်သေးတယ်.. အဖေ့ကို တွေ့တော့ သမီးကို သတိရတယ်ထင်ပါရဲ့.. ဇာနည်မျိုး မျက်နှာမကောင်းဘူး.. စကားတခွန်းဘဲ ပြောတယ်.. သမီးနဲ့ ပတ်သက်တာဆို အရိပ်တောင် မမြင်ချင်လို့ ဒီမြို့ကနေ ပြောင်းဖို့ ဆုံးဖြတ်ထားတယ်တဲ့.. သိပ်မကြာဘူး.. မြို့ကနေ ပျောက်သွားကြတာပဲ.. ဘယ်ကိုပြောင်းသွားကြလဲဆိုတာ ဘယ်သူမှကို မသိကြဘူး.. သားအဖ နှစ်ယောက်လုံးရဲ့သတင်းတွေလည်း အစအနကို မကြားရတော့ဘူး..”

ဧကရီ့ရင်ထဲ နင့်ခနဲ ခံစားလိုက်ရပါတော့သည်။

သူနဲ့ပတ်သက်ရင် အရိပ်တောင် မမြင်ချင်ဘူးတဲ့လား..

အဖေပြန်ရောက်လာသဖြင့်လည်း ဒီမြို့ကနေ အလျှင်အမြန် ပြောင်းသွားတာဖြစ်နိုင်ပါသည်။

လူတကာက ဝိုင်းပြာကြမှာပေါ့လေ။

သူတို့ ဘယ်လောက်တောင် ရှက်ကြမလဲ။

ထားပါတော့ ..။

ဇာနည်မျိုးကိုတော့ သူ အရမ်းတွေ့ချင်သည်။

အရာရာအတွက် တောင်းပန်ချင်ပါသည်။

ဒါပေမဲ့ ဘယ်ပြောင်းသွားကြလည်းဆိုတာ ဘယ်သူမှ မသိ။

အခါအခွင့်သင့်တိုင်း ရောက်လေရာအရပ်မှာ ဇာနည်မျိုးအကြောင်း သူစုံစမ်းပေမယ့် လုံးဝကို စုံစမ်းလို့မရ။

ဇာတိမြို့လေးမှာ အဖေနှင့်အတူ နေထိုင်ရင်း တဖက်ကလည်း ဆေးခန်းလေးတခုကို ဧကရီ ဖွင့်လှစ်လိုက်သည်။

ရန်ကုန်ရှိ အထူးကုဆေးရုံကြီးများ၌ အလုပ်ရနိုင်သော်လည်း ကြည်နူးစရာများစွာရှိသော ကိုယ့်မြို့လေးမှာပဲ အခြေချဖို့ ဆုံးဖြတ်ခဲ့ပါသည်။

အတိတ်ကို တတ်နိုင်သမျှ မေ့ထားလိုက်ကာ နေ့ရက်များကို ဧကရီ တရက်ချင်း ဖြတ်သန်းနေလိုက်ပါတော့သည်။

(ခရီးထွက်တိုင်းတော့ ရောက်သည့်မြို့မှာ ဇာနည်မျိုးကို ရှာမိနေဆဲ...)

...................................................

ကြာခဲ့ပြီ။

ဟိုး.... နှစ်ပေါင်းများစွာ ကြာပြီ..။

အတိတ်တွေကို ဖြတ်သန်းခဲ့သည်မှာ မျက်လှည့်ပြသလို မြန်လှပါသည်။

ဘာလိုလိုနှင့် အဖေသည်လည်း အမေ့နောက်သို့ လိုက်သွားသည်မှာ တနှစ်နီးပါးပင် ပြည့်တော့မည်။

အဖေ့နောက်ဆုံးအချိန်များမှာ အစစ အရာရာ ပြည့်စုံစွာ ကုသစောင့်ရှောက်မှု ပေးခဲ့ရ၍ ဧကရီ ကျေနပ်ပါသည်။

နှစ်ပေါင်းများစွာကြာအောင် ဆေးဖြင့် ထိန်းထားခဲ့သော သူ့ရောဂါကလည်း တဖြည်းဖြည်းနှင့် ပိုမို ဆိုးလာသည်။

အထီးကျန်ခြင်း၊ စိတ်ဖိစီးခြင်း၊ နောင်တရနေခြင်း၊ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ခြင်း စသော အခြေအနေများသည် SLE ဝေဒနာကို ပိုမိုဆိုးရွားစေသော အဓိကအကြောင်းများဖြစ်ပါသည်။

ဆံပင်တွေ သိသိသာသာ ကျွတ်လာ၏။ ကျောက်ကပ်နှင့် အသဲပါ ထိလာသဖြင့် သူ့မျက်နှာမှာ ဖောယောင်နေတော့သည်။

အဆစ်အမြစ်တွေ အရမ်းကိုက်လာသောအခါ ထသွားထလာအတွက် ရံဖန်ရံခါ ဝှီးချဲလေးကို သုံးလာရပြီ။

ဖျတ်ခနဲ လက်သွားသော အတိတ်တို့သည် ရထားတစင်းဖြတ်ကျော်သွားသလို ဧကရီ့ အတွေးဝယ် တရိပ်ရိပ်ကျန်ခဲ့ပြီ။

ဘဝဆိုတာ တကယ့်ကို ခဏလေးပါလား။

ဒီခဏလေးအတွင်းမှာ သူ့အတွက် ပျော်စရာအချိန် ရှားပါးလွန်းခဲ့ပါသည်။

လပေးနှင့် ငှါးထားသော သူနာပြုအကူ ကရင်မလေး နော်ဂျူးလီကို အဖော်ပြုရင်း ဘဝနေဝင်ချိန်ကို ပျင်းရိစွာ စောင့်မျှော်နေရသည်။

တရက်မှာတော့ ကရင်နှစ်သစ်ကူး နယ်ခဏပြန်သွားပြီး ပြန်လာခဲ့သော နော်ဂျူးလီဆီမှ သတင်းတခု ကြားလိုက်ရသည်။

“အစ်မ... အစ်မ အကြောင်း သမီးကောင်လေးကို ပြောပြတယ်... သူက တွဲကား မောင်းတာလေ.. သူ ဒီတခေါက် နယ်ဘက်မှာ သစ်သီးတွေ သွားတင်လာတဲ့ ပွဲရုံပိုင်ရှင် နာမည်ကလည်း ဇာနည်မျိုးဆိုပြီး သူက ရယ်နေတယ်..”

“အင်း.. ဂျူးလီရယ်.. အစ်မလည်း အရင် ကျန်းမာရေးကောင်းတဲ့ အချိန်တုန်းက ဇာနည်မျိုးဆိုတဲ့ နာမည်ကြားရင် ပြေးပြေးကြည့်ရတာအမော.. ဒါပေမဲ့ တယောက်မှ မဟုတ်ဘူး.. ဒီကောင် သိပ်အပုန်းကောင်းတာပဲ..”

“တခုထူးခြားတာက အဲဒီပွဲရုံပိုင်ရှင်ရဲ့အသက်ကို မေးကြည့်တော့ အစ်မ အရွယ်ပဲ ၄၀ ဝန်းကျင်တဲ့.. ပြီးတော့ အဲဒီပွဲရုံပိုင်ရှင်က အဲဒီမြို့ကိုလွန်ခဲ့တဲ့ ၁၅ နှစ်ကျော်လောက်က ပြောင်းလာတာတဲ့... ဘယ်က ပြောင်းလာတာလဲဆိုတာ ဘယ်သူမှ မသိဘူးတဲ့..”

“ဒိန်းခနဲ..” ဆောင့်တတ်သွားသော ရင်အစုံကို သူ့လက်လေးဖြင့် ဖိထားလိုက်ရ၏။ ဘုရား ဘုရား...။

“ညီမလေးရေ... အဲဒီလူရဲ့ မြို့၊ ပွဲရုံလိပ်စာ၊ အိမ်လိပ်စာလေး မေးပေးပါလားဟယ်.. ခုချက်ချင်းနော်..”

.............................................

မျက်ဝန်းမှ စီးကျလာသော မျက်ရည်များကို သုတ်ဖို့ပင် သတိမရ...

ဝမ်းသာလွန်းသဖြင့် မအော်မိစေရန် မိမိပါးစပ်ကို လက်ဖြင့်ပြန်ပိတ်ထားရသည်။

အနှစ်နှစ် အလလ ပျောက်ဆုံးနေခဲ့သော ဇာနည်မျိုးသည် ခြံလေးထဲတွင် ထိုင်ပြီး ကြည်လွင်စွာ ရယ်မောနေသည်။

(နည်းနည်းပိုဝလာတာကလွဲလို့ နင့်ရုပ်က အရင်အတိုင်းပါလားဟယ်..)

သူ့ဘေးတွင် အမျိုးသမီးတယောက်က ကလေးတယောက်ကို ပြုံးရွှင်စွာ မြှူရင်း ထမင်း ခွံ့ကျွေးနေသည်။ ထမင်းတလုပ်စားပြီးတိုင်း ထိုကလေးက ထွက်ပြေးသောအခါ ဇာနည်မျိုးက လိုက်ဖမ်း၏။

ဇာနည်မျိုးလက်ထဲတွင် တွန့်လိမ်ကွေ့ကောက်ပြီး ပါလာသော ကလေးလေးကို အမျိုးသမီးမှ ထမင်းလိုက်ခွံ့ရင်း သဘောကျစွာ ရယ်နေကြသည်။

“မဧကရီ... ကားကို စက်သတ်ရမလား..”

ဒရိုင်ဘာ ဦးမျိုးက မေးသောအခါ သူခေါင်းခါပြလိုက်သည်။

မျက်ရည်များကို သုတ်လိုက်ကာ “မဆင်းတော့ဘူး ဦးမျိုး... ကားကိုပြန်လှည့်တော့” ဟု ပြန်ပြောလိုက်သည်။

သူ့အရိပ်ကိုတောင်မှ မမြင်ချင်ဘူးလို့ အဖေ့ကို ဇာနည်မျိုးပြောဖူးကြောင်း ဧကရီ ပြန်သတိရမိပါသည်။

သာယာပျော်ရွှင်နေပုံရသည့် သူတို့မိသားစုဘဝလေးကိုလည်း ကိုယ့်ကြောင့် အနှောင့်မယှက် မဖြစ်စေချင်ပါ။

ကမ္ဘာပေါ်မှာ အတွေ့ချင်ဆုံး လူသားတယောက်ကို ပြန်လည်တွေ့ရသဖြင့် ဧကရီ့ဆန္ဒများ ပြည့်ဝသွားပါပြီ။

ဘက်ဂီယာထိုးပြီး ကားကိုကွေ့သောအခါ ဇာနည်မျိုးတို့အိမ် မျက်နှာခြင်းဆိုင်ခြံမှ ငှားမည်.. သို့မဟုတ် ရောင်းမည်ဆိုသော ဆိုင်းဘုတ်ကို ဧကရီ တွေ့လိုက်၏။

ဆက်သွယ်ရန်ဆိုသော ဖုန်းနံပါတ်ကို မရည်ရွယ်ပါဘဲ သူမှတ်ထားလိုက်မိပါသည်။

..................................................................

မှန်ထဲတွင် ထိုင်နေသော အမျိုးသမီးသည် သူမှဟုတ်ရဲ့လားဟု ဧကရီကြည့်နေမိ၏။

ထသွားထလာကို နော်ဂျူးလီ မပါဘဲ မလုပ်နိုင်တော့သဖြင့် ဝှီးချဲပေါ်မှာ အချိန်အများစုကို ကုန်လွန်နေရပြီ။ နုပျိုခဲ့၊ လှပခဲ့ဖူးကြောင်းကိုတော့ ဖောယောင်နေသည့် သူ့မျက်နှာမှာ အစရှာမရတော့။

“သမီးလည်း ဆရာဝန်တယောက်ပဲ... ဆေးရုံတက်ပြီး သေသေချာချာ ကုစေချင်တယ်.. ဆရာ လုံးဝ အားမရဘူး..”

အသဲအထူးကု ဆရာဝန်ကြီးဆီမှ အပြန်တွင် တစုံတရာကို သူ သေချာစွာ ဆုံးဖြတ်လိုက်ပါတော့သည်။

“ဇာနည်မျိုးတို့ အိမ်ရှေ့ကခြံကို ဝယ်ဖို့ လုပ်ပေးပါလား ညီမလေး... မနေ့က အစ်မ ဖုန်းဆက်တော့ မရောင်းရသေးဘူးတဲ့... ပြီးတော့ အဲဒီမှာ အစ်မပြောင်းနေရင် အစ်မနဲ့အတူတူ လိုက်နေနိုင်မလားဟင်... လစာ ကောင်းကောင်း ပေးပါ့မယ်..”

နော်ဂျူးလီက ဧကရီ့ကိုကြည့်ကာ သက်ပြင်းချ၏။

“လိုက်နေပါ့မယ် အစ်မ.. အစ်မ တကယ်ဆုံးဖြတ်ပြီးပြီလား..”

“အင်း... ဆုံးဖြတ်ပြီးပြီ.. အစ်မဘဝတလျှောက် စိတ်ချမ်းသာတယ်ဆိုတဲ့နေ့ရက်တွေက လက်ချိုးရေလို့ရပါတယ်.. နောက်ဆုံး မသေခင်လေးတော့ ကိုယ်သံယောဇဉ်ရှိတဲ့လူကို ကြည့်ပြီး တရက်ချင်းစီကို စိတ်ချမ်းချမ်းသာသာလေး ဖြတ်သန်းချင်တယ်.. အော်... ဒါပေမဲ့ အဲဒီခြံကို ပြောင်းလာတာ အစ်မဖြစ်တဲ့အကြောင်း ဇာနည်မျိုးတို့ မိသားစု မသိပါစေနဲ့နော်..”

“ဟုတ်ကဲ့ အစ်မ.. စိတ်ချနော်.. အစ်မနဲ့လိုက်နေပေးပါ့မယ်.. အစ်မလုပ်ချင်တာတွေ အကုန်လုပ်ပေးမယ်နော်..”

ဧကရီ ကြည်နူးစွာ ပြုံးလိုက်၏။

နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သော ပျော်ရွှင်မှုဆိုသည့် ခံစားချက်မှာ သူ့ရင်ထဲ လှိုက်ခနဲ ပြန်လည် ထွက်ပေါ်လာပါတော့သည်။

* * *


(၁၇)

 

“သစ်ပင်တွေကို ဘာလို့ ဆေးအနီတွေ သုတ်တာလဲဟင် အစ်မ..”

“အနီရောင်က အစ်မ အကြိုက်ဆုံး... ပန်းအနီတွေကို သိပ်သဘောကျတာ.. ပြီးတော့လေ ဖြစ်နိုင်ရင် ပန်းတွေတင်မက သစ်ပင်တွေပါ နီနေစေချင်တာ..”

“တံခါးတွေကို အလုံပိတ်ထားတော့ အစ်မ မမွန်းကြပ်ဘူးလား..”

“အပေါ်က ပြတင်းတချပ်ကိုတော့ မပိတ်ပါဘူး.. ငါအဲဒီကနေ လမ်းမကို ငေးကြည့်ချင်လို့ပါ..”

လမ်းမဆီသို့ ငေးကြည့်ချင်တာ မဟုတ်မှန်း နော်ဂျူးလီ ကောင်းစွာ သိပါသည်။

ဘယ်သူမှ မသိအောင် ညအချိန် တိတ်တိတ်လေး ပြောင်းလာခဲ့သော်လည်း ပစ္စည်းချနေသော အလုပ်သမားများက အရက်မူးကာ ဆူညံနေကြသည်။

နော်ဂျူးလီက ကားပေါ်မှဆင်းကာ အလုပ်သမားများကို ဟိုလိုသယ်၊ ဒီလိုသယ် စသည်ဖြင့် ညွှန်ကြားနေ၏။

ထိုအချိန်တွင် ဇာနည်မျိုး၏ အိမ်ဘက်ဆီမှ မီးရောင် လက်ခနဲ ထသွားသဖြင့် ကြည့်လိုက်သောအခါ ပြတင်းပေါက်တွင် ရပ်ပြီး ဆေးလိပ်မီးညှိနေသောဇာနည်မျိုးကို ဧကရီ တွေ့လိုက်ရသည်။

(အံမယ်.. ဆေးလိပ်တွေ ဘာတွေတောင် သောက်နေလိုက်တာ... အရင်တုန်းက နင် ဆေးလိပ်မသောက်တတ်ပါဘူး.. ငါ ဒီကားထဲမှာ ရှိနေတယ်လေ.. နင့်အိမ်ရှေ့ကို ငါပြောင်းလာတာ ဇာနည်မျိုးရဲ့..)

စိတ်လေးမြူးသွားသောကြောင့် ကားမှန်လေးကို အသာအယာ ချလိုက်ပြီး ဇာနည်မျိုးရှိရာသို့ လက်လေး လှမ်းလိုက်မိသည်။

(အို.. ငါတို့ အနီးလေးပါလား..)

ဆေးလိပ်သောက်နေရာမှ ဇာနည်မျိုးသည် သူ့ကားဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက် သဖြင့် ဧကရီ လက်လေးကို ကားထဲပြန်သွင်းပြီး ကားမှန်ကို ပြန်တင်လိုက်သည်။

မကြာခင် အလုပ်သမားများ ဆူညံစွာဖြင့် ကားပေါ်က ပစ္စည်းတွေကို ချလို့ပြီးသွားပြီ။

နော်ဂျူးလီသည်လည်း ကားဆီပြန်လာပြီး သူ့ကို ပွေ့ချီကာ အောက်သို့ချရန်ပြင်လိုက်သည်။

“နေအုံး.. နေအုံး.. ကားထဲက မထွက်သေးနဲ့ဦး.. ဟိုမှာ ဇာနည်မျိုး တို့ကားကိုကြည့်နေတယ်..”

၁၅ မိနစ်ခန့်ကြာသည်အထိ ဇာနည်မျိုးက အိမ်ထဲမဝင်သေးဘဲ သူတို့ကားဆီ လှမ်းကြည့်ကာ စပ်စုနေ၏။

အချိန်များ တရွေ့ရွေ့ကုန်သွားသည်။

ဇာနည်မျိုးကလည်း အိမ်ထဲပြန်မဝင်သေး။

သူတို့ကလည်း မထွက်ရဲသေး။

ငှားလာသော ကားမှာ သူတို့အမြဲစီးနေကျဖြစ်၍သာ တော်သေးသည်။

ကားဒရိုင်ဘာဖြစ်သူ ဦးမျိုးမှာ ပထမတခါ ဇာနည်မျိုးအိမ်ကို လာစုံစမ်းထဲက ပါလာသူမို့ အခြေအနေကို သဘောပေါက်ပါသည်။

“ရတယ် မဧကရီ... ကျွန်တော့်ကို အားမနာနဲ့.. စောင့်ပေးမယ်..” ဟု ပြောရှာသော်လည်း ကြာရင် ပိုပြီး မယုံသင်္ကာ ဖြစ်သွားနိုင်သဖြင့် ဧကရီ ဆုံးဖြတ်ချက် ချလိုက်သည်။

“မထူးပါဘူး.. ကဲကဲ.. သဘက်အနီလေးပေး... ဒါလေး အုပ်သွားမယ်..”

နော်ဂျူးလီက သဘက်အနီလေးယူကာ သူ့မျက်နှာပေါ်ခြုံပေးပြီး ကားပေါ်ကဆင်းလိုက်သည်။

ကားနောက်ဖုံးထဲမှ ဝှီးချဲလ်ကို ယူလိုက်၍ သူ့ကိုတွဲကာ ဝှီးချဲပေါ်သို့ တင်လိုက်၏။ ထို့နောက် ဝှီးချဲလ်ကို အသာအယာ တွန်းပြီး အိမ်ထဲသို့ ဝင်လိုက်ပါတော့သည်။

ဦးမျိုးက သူတို့နှစ်ယောက်ကို နှုတ်ဆက်ပြီး ကားကို မောင်းထွက်သွား၏။

..........................................................

ညက ပင်ပန်းထားသောကြောင့် တနေကုန် ကိုယ်တွေ လက်တွေ ကိုက်ခဲနေ၏။

နော်ဂျူးလီက ပစ္စည်းတွေကို နေရာချနေသည်။ အိမ်အပေါ်ထပ်ရှိ လမ်းမဆီသို မျက်နှာမူထားသော ပြတင်းတံခါး အနီးသို့ရောက်အောင် နော်ဂျူးလီကို အားပြု၍ လှေကားထစ် များကို တထစ်ချင်း ပင်ပန်းစွာ တက်ခဲ့ရသည်။

ဒီနေရာလေးကနေ သူချစ်ရသော သူ့ကိုလည်း ချစ်ခဲ့သော လူသားတယောက်ကို မသေခင်လေး မြင်နေရမည့်အခွင့်အရေးမှာ ဘုရားရှင်၏ လက်ဆောင်လို အဖိုးတန်လှပါသည်။

ဇာနည်မျိုးနှင့် အနီးဆုံးမှာ ရောက်နေပြီဆိုသောအသိသည် သူ့ရင်ကို အေးမြစေ၏။ ဒီလို ငြိမ်းအေးကြည်လင်မှုကို သူ မရသည်မှာ နှစ်ပေါင်း ဆယ်ချီနေပြီ။

..........................

ဒီနေ့တော့ အလုပ်ကို ကားလေးတစီးဖြင့် ပွဲရုံကို အသွားအပြန် လုပ်နေသော ဇာနည်မျိုးကို ခဏသာ တွေ့လိုက်ရသည်။ ခဏလေးပေမယ့် ဧကရီ ကျေနပ်ပါသည်။

အဲဒီညက သူနှစ်ခြိုက်စွာ အိပ်ပျော်ခဲ့၏။

“နင် သိပ်ပျော်နေလား ၊ ကျေနပ်နေလား.. အရူးမ၊ အရှုံးသမား၊ သေခါနီး လူမမာ၊ ဟိုက နင်ရှိနေမှန်းတောင် မသိဘူး... နင်က ဒီအိမ်ကြီးပေါ်မှာ တယောက်ထဲ အထီးကျန် အိပ်နေချိန်မှာ ဇာနည်မျိုးက သူ့မိန်းမနဲ့အတူ အိပ်ရာပေါ်မှာ နွေးထွေးမှုအပြည့်နဲ့ အိပ်နေပြီ..”

“ဟာ.. ရဲခေါင်.. နင်ဘာလာလုပ်တာလဲ..”

“ဘာမှ လာမလုပ်ဘူး... ဆင်းရဲမှာကြောက်လို့ ကိုယ့်ချစ်သူကိုပစ်ပြီး ငါ့ကိုယူခဲ့တဲ့ မိန်းမတယောက်ရဲ့နေဝင်ချိန်ကို လာကြည့်တာ..”

“နင် ထွက်သွား ရဲခေါင်.. ထွက်သွား..”

“နင့်ကို ငါလာပြန်ခေါ်တာ..ငါနဲ့လိုက်ခဲ့..”

“မလိုက်ဘူး...မလိုက်ဘူး......”

ချွေးများ ရွှဲနစ်စွာဖြင့် အိပ်ရာမှ သူနိုးလာခဲ့သည်။

အိပ်မက်မက်နေတာပါလား။

တိတ်ဆိတ်မှောင်မဲနေသော အိမ်ကြီးပေါ်မှာ နာကျင်မောပန်းစွာ ဧကရီ နိုးလာခဲ့သည်။

အိပ်မက်ထဲမှာ ရဲခေါင်လာပြောသလို သူဟာ တကယ့်ကို အရှုံးသမားတဦး.. သေခါနီး.. လူမမမာ.. ဘဝမှာ ပျော်ရွှင်မှု မည်မည်ရရ မရခဲ့သူ..

ဝမ်းနည်းလိုက်တာ.. ဇာနည်မျိုးရယ် ငါ ဒီမှာ ရှိနေတယ်ဟာ..

ငါ့ဆီ ခဏလာခဲ့ပါနော်..

ငါ့လက်လေးကို ကိုင်ပြီး အရင်လို အားပေးပါဟာ..

ငါမှားပါတယ်..

နင့်ကို ထားခဲ့မိတဲ့ နောင်တတရားတွေက အခုတော့ ငါ့ကို ထိုးနှက်နေပြီဟယ်..

ငါကြောက်တယ်..

ဒီလိုမျိုး အထီးကျန်ဆန်ဆန် တယောက်ထဲသေသွားရမှာကို ငါတကယ် ကြောက်ပါတယ်..

အတွေးပေါင်းစုံ တွေးမိရင်း ရှိုက်ကြီးတငင် ငိုမိသည်။

မှောင်မိုက်နေသော ညသန်းခေါင်တွင် သူ့ငိုသံသည် ပျံ့လွင့်နေ၏။

“အစ်မ ဘာဖြစ်တာလဲ..”

နိုးလာသော နော်ဂျူးလီက သူ့ကိုလာကြည့်ပြီး မေးရှာသည်။

“အိမ်မက်ဆိုးတွေမက်တယ် ညီမရယ်..”

လက်ခနဲ လင်းသွားသော ဓာတ်မီးရောင်တခုသည် သူတို့ ခြံအနှံ့ကို ဟိုဟိုဒီဒီ ထိုးကြည့်နေ၏။

ပြတင်းတံခါးဆီမှ နော်ဂျူးလီက လှမ်းကြည့်ပြီး

“ဦးဇာနည်မျိုးတို့ လာနေတယ် အစ်မ၊ အစ်မအသံကြားလို့နဲ့တူတယ်..”

“ဆင်းပြီး သွားပြောလိုက်ပါ ညီမရယ်.. ဘာမှ မဖြစ်ပါဘူးလို့.. နောက်လည်း မဖြစ်စေရပါဘူးလို့ ပြောလိုက်နော်..”

နော်ဂျူးလီ အောက်ကိုဆင်းသွားသည်။

“ဘာမှ မဖြစ်ပါဘူးရှင့်..”

“ညီမတို့ကသာ ဘာမှ မဖြစ်ဘူးပြောနေတာ.. မနေ့ညကလည်း ညီမတို့ခြံပြောင်းလာတဲ့ အလုပ်သမားတွေရဲ့ ဆူဆူညံညံအသံတွေကြောင့် အိပ်မရဘူး.. အခုလည်း ညသန်းခေါင်ကြီး ထအော်လို့ အိပ်မရဘူး..”

ဟူသော ဇာနည်မျိုး၏ စိတ်တိုနေသော ပြန်ပြောသံကို ကြားနေရသည်။

ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က အရာရာကို စိတ်ရှည်သည်းခံတတ်ပြီး ခွင့်လွှတ်တတ်တဲ့ ကောင်လေးတယောက် မဟုတ်တော့ပါလားကွယ်..။

အေးလေ... သူသည်ပင် ထက်မြက်သော မိန်းမငယ်တဦးဖြစ်သူ ဒေါက်တာ ဧကရီမှ ဘဝကြီးကို အရှုံးပေးထားသော လူမမာကြီးလုံးလုံးဖြစ်နေပြီကိုး။

တနေ့ တနေ့ ပြတင်းတံခါး၏ လိုက်ကာနောက်ကွယ်မှ ဇာနည်မျိုးတို့အိမ်ဘက်ကို ငေးမောနေရင်း အချိန်တွေကို ကုန်လွန်စေခဲ့၏။

တခါတရံ သူတို့မိသားစု ပျော်ရွှင်နေကြသည်ကို တွေ့ရလျှင်တော့ မနာလိုဖြစ်မိသေးသည်။

တခါတရံတော့ ကြည်နူး အားကျမိသည်။

တခါတရံတော့ သူငိုပြီး

တခါတရံ ကိုယ်ချစ်ရသူနှင့် အနီးမှာ ရှိနေတဲ့အတွက် သူပျော်ပါသည်။

တခါတရံ သူဒီမှာရှိနေတာကို ဇာနည်မျိုးကို သိစေချင်မိသည်။

တရက် ဇာနည်မျိုးတို့ ဝတ်ကောင်းစားလှကိုယ်စီနှင့် အပြင်ထွက်ရန် ပြင်နေသည်ကို ဧကရီ လှမ်းတွေ့ရသည်။

နင်က အသက်ကြီးမှ ပိုခန့်လာလိုက်တာ...။

ထိုအချိန်မှာပဲ လေကြမ်းကြမ်းတိုက်လိုက်သောကြောင့် လိုက်ကာစမှာ ခပ်ဟဟလေး လွင့်သွာ၏။

တိုက်တိုက်ဆိုင်ဆိုင် ဇာနည်မျိုးကလည်း သူရှိရာသို့ လှမ်းကြည့်လိုက်သည်ကို တွေ့လိုက်ရသည်။

ပြတင်း တံခါးကို အလျှင်အမြန် ဆွဲပိတ်ဖို့ ကြိုးစားလိုက်သောအခါ အနားတွင် ရှိနေသော ရေအိုးစင်ကို တိုက်မိပြီး ရေအိုးမှာ အောက်သို့ ပြုတ်ကျသွားလေ၏။

“ခွမ်း...”

သူရှိရာကို ဒေါသမျက်လုံးများနှင့် စူးစူးဝါးဝါးကြည့်ပြီး ဇာနည်မျိုး ကားကို ဝေါခနဲ မောင်းထွက်သွားတော့သည်။

....................................

“အစ်မရေ.. မနေ့က ဦးဇာနည်မျိုး ကားနဲ့ သူများကို တိုက်မိလို့တဲ့..”

“ဟယ်.. ဟုတ်လား.. လူသေသွားလား..”

“မသေပေမယ့် အခြေအနေ တော်တော်ဆိုးတယ်တဲ့..”

စျေးသွားရင်း စပ်စုစိန်လုပ်လာခဲ့သော နော်ဂျူးလီက သူ့ကို ပြောပြသည်။

“သူက ငါ့ကိုကြည့်ပြီး စိတ်ဆိုးသွားသလား မသိဘူး.. ကားကို အကြမ်းမောင်းသွားတယ်..”

“အစ်မ တိုက်မိလို့ ရေအိုးကျကွဲသွားတာကိုး... အဲ့ဒါက နိမိတ်မရှိဘူး အစ်မရ.. ပြီးတော့လေ အစ်မကိုလေ ဒီလိုမျိုး ပုန်းမနေစေချင်ဘူး... ခုလိုမျိုး တိုက်ဆိုင်မှုတွေ ဖြစ်လာရင် သူ့ဘက်က ပိုပြီး မယုံသင်္ကာတွေဖြစ်ပြီး ကြာရင် ပိုဆိုးသွားမယ်..”

တိတ်ဆိတ်စွာဖြင့် သူဝန်ခံမိပါသည်။

“တကယ်တော့ လွယ်လွယ်လေးပါ အစ်မရယ်.. ငါ ဧကရီဟေ့လို့ ပြောလိုက်ရင် ပြီးပြီပေါ့..”

မဖြစ်နိုင်ပါဘူးကွယ်.. ဟု သူ့စိတ်ထဲကနေ ပြောမိသည်။

ကိုယ့်ကြောင့် သူများမိသားစု အေးချမ်းနေတာလေး မထိခိုက်စေချင်ပါ။

ပြီးတော့ ကိုယ့်အရိပ်တောင် မမြင်ချင်ဘူးလို့ အဖေ့ကို ပြောခဲ့ဖူးသည် မဟုတ်လား။

ဒီအတိုင်းလေး ရှိနေရသည်က ပိုကောင်းမည်ထင်ပါရဲ့။

ဒါပေမဲ့ ကိုယ့်ဘက်က တိုက်ရိုက်ကြီး ဖွင့်မပြောဘဲ ဇာနည်မျိုးကို သိသွားစေချင်စိတ်ကတော့ ဧကရီ့ရင်ထဲ ခပ်တိုးတိုးလေး ရှိနေပါသည်။

ဘာလိုလိုနှင့် ရှေ့အပတ်ထဲ ဇာနည်မျိုး မွေးနေ့ရောက်ပါတော့မည်။

နှစ်စဉ်နှစ်တိုင်း သတိရသော်လည်း အဝေးမှာမို့ စိတ်ထဲကနေသာ ဆုတောင်းပေးခဲ့ရသည်။

ဒီနှစ်တော့ မွေးနေ့ကိတ်လေး လက်ဆောင်ပေးရင် ကောင်းမလား စဥ်းစားမိ၏။

“ညီမရေ.. ရှေ့အပတ် အင်္ဂါနေ့လောက် မွေးနေ့ကိတ်လေး တခုလောက် လုပ်ပေးထားပါလား ...”

.........................................................

မီးရောင်စုံဖြင့် လင်းလက်နေသော ဇာနည်မျိုးတို့ခြံထဲတွင် မီးပုံလေးဖိုပြီး မွေးနေ့ပွဲကို ကျင်းပနေကြသည်။

ဧကရီလည်း အောက်ထပ်သို့ ဆင်းလာခဲ့သည်။

နော်ဂျူးလီကို မွေးနေ့ကိတ် သွားပေးခိုင်းပြီး သူက ခြံထဲမှပဲ ကြည့်နေလိုက်တော့မည်။

အရက်နည်းနည်းမူးနေပုံရသော ဇာနည်မျိုးသည် သူငယ်ချင်းများနှင့်အတူ ဂစ်တာတီးပြီး သီချင်းတပုဒ်ကို ဆိုနေ၏။

သီချင်းဆုံးသွားသောအခါ ကိတ်မုန့်သွားပေးရန် ပြောလုဆဲဆဲတွင် ဇာနည်မျိုးက နောက်ထပ် သီချင်းတပုဒ်ကို ဆိုလိုက်ပါတော့သည်...

“ဒီ ကွင်းပြင်ကြီးကို တို့ဖြတ်ဖူးတယ်..

ဒီမြက်ပင်များအပေါ် တို့နှစ်ယောက်အတူ လျှောက်ဖူးတယ်..”

အိုး.... သူ့ရင်တွေ တစစီ တစစီ လွင့်စင်သွားသလို ခံစားလိုက်ရသည်။

စက်ဘီးနင်းနေသော ကောင်လေးတယောက်ရဲ့ခါးကိုဖက်ပြီး အကြိမ်ကြိမ် နားထောင်ခဲ့ရသော သီချင်းတပုဒ်..

လယ်ကွင်းပြင်ကြီးတွေ၊ တောတန်းတွေ၊ ဖြူဖြူစင်စင် ရယ်မောသံတွေ၊

“ငါ့ကို မထားခဲ့ပါနဲ့ ဧကရီရယ်...”

စကားသံတွေ.. တောင်းပန်သံတွေ...

ဟာ........

ရင်ထဲမှာနွေးခနဲ...

ရင်ထဲမှာ နင့်ခနဲ.

မျက်ရည်များက ပိုးပိုးပေါက်ပေါက်ကျလာသည်။

“ညီမရေ.. အဲဒီကိတ်မုန့်ကို သွားမပေးပါတော့နဲ့ဟာ.. ပြန်လာခဲ့... မီးပုံလေးကိုသာ မီးဖိုပေး. ဒီဘက်ကနေပဲ သူ့ကို မွေးနေ့ဆုလေး တောင်းပေးလိုက်တော့မယ်..”

တောက်လောင်နေသော မီးတောက်များကို ကြည့်ရင်း သူ့ရင်သို့ပါ အပူမီးများ လောင်ကျွမ်းသည်။

ဒီကိတ်မုန့်က ငါပေးဖို့ မထိုက်တန်ပါဘူးဟာ။

“အိမ်ရှင်တို့ အိမ်ရှင်တို့.. တံခါးဖွင့်ပါအုံးဗျ..”

အိမ်ရှေ့ခြံတံခါးဆီမှ ဇာနည်မျိုး၏အသံကို ကြားလိုက်ရသည်။

မမျှော်လင့်ဘဲ ဇာနည်မျိုး ရောက်လာပါလား..။

“ညီမရေ.... ဝှီးချဲကို မြန်မြန်တွန်းစမ်းဟယ်.. ပြန်ဝင်ရအောင်..”

“ဟေ့.. ကောင်မလေး တံခါးလာဖွင့်ပေးအုံး.. ငါအဲဒီ အမျိုးသမီးနဲ့ စကားပြောစရာရှိတယ်..”

အရက်မူးနေပုံရသော ဇာနည်မျိုးက အတင်းလှမ်းခေါ်နေသည်။

အရင်တုန်းက နင်ဒီပုံမဟုတ်ပါဘူးဟယ်.. အရမ်း ရန်လိုနေလိုက်တာ..

ပြီးတော့ နင်ရန်ရှာချင်နေတာ.. ငါပါဟ.. ငါလေ..

နင်အရမ်းချစ်တယ်ဆိုတဲ့ ဧကရီပါ ဇာနည်မျိုးရယ်..

ခေါင်းကိုငုံ့ပြီး မကြားယောင်ဆောင်ကာ နော်ဂျူးလီ တွန်းပေးနေသော ဝှီးချဲပေါ်တွင် ထိုင်လျက် အိမ်ထဲသို့ အမြန်ပြန်သွားလိုက်သည်။

“ဒီပုံဆို ရေရှည်မလွယ်ဘူး.. အစ်မ တဖြည်းဖြည်းအထင်တွေ လွဲကုန်မယ်.. ဒီထက်ဆိုးလာရင် အစ်မပဲ စိတ်ဆင်းရဲရမှာ.. ဖွင့်ပြောသင့်ပြီ” ဟု ဝှီးချဲကို တွန်းနေရာမှ နော်ဂျူးလီက ဧကရီ့ကို ပြောလိုက်၏။

“အေးပါ.. မကြာခင် ငါဖွင့်ပြောတော့မယ်..”

ဆုံးဖြတ်ချက်ကို မရဲတရဲချလိုက်ပါတော့သည်။

........................................................

ဒီရက်ထဲ သူ နေလို့ သိပ်မကောင်း။

တစတစ ကျန်းမာရေး ချို့ယွင်းလာသဖြင့် စိတ်ကူးထဲမှ လုပ်စရာရှိသည်များကို အမြန်ပဲ စီစဉ်ခဲ့ချင်ပါသည်။

တိုက်တိုက်ဆိုင်ဆိုင် နောက်နေ့ ညနေမှာပဲ သူတို့ အိမ်ပြောင်းတုန်းက လိုက်ပို့ပေးသော ဒရိုင်ဘာ ဦးမျိုး ရောက်လာသဖြင့် ဧကရီ အကူအညီတောင်းပြီး မြို့ထဲသို့ လိုက်ပို့ခိုင်းလိုက်သည်။

“အတော်ပဲ ဦးမျိုးရယ်... ကျွန်မ အပြင်ထွက်ချင်နေတာ... စာချုပ်တစောင်လောက် ဝယ်ပြီး ကိုယ်တိုင်စာစီချင်လို့.. ပြီးတော့ ဖုန်းအသစ်တလုံးလည်း ဝယ်ချင်တယ်.. အရမ်းမကောင်းရင် နေပါစေ.. အသံသွင်းလို့ရရင် အဆင်ပြေတယ်..”

သူလုပ်ချင်သည်များကို လိုက်လံ စီစဉ်ပြီးသောအခါ ညနက်ပြီ။

အိမ်မပြန်သေးဘဲ သာယာလှသော မြို့လေးအနှံ့ ကားလျှောက်မောင်းနေလိုက်သည်။

အိမ်ပြန်လာသောလမ်းတွင် နော်ဂျူးလီက တနေရာကို လက်ညှိုးထိုးပြ၏။

“ဒါ ဦးဇာနည်မျိုးတို့ ပွဲရုံလေ...”

သူက ကားကိုခဏရပ်ခိုင်းပြီး ပွဲရုံဆီသို့ ကြည့်လိုက်၏။

ဇာနည်မျိုးပြောခဲ့သော စကားများကို သူပြန်ကြားယောင်နေမိသည်။

“ငါအရမ်းကြိုးစားနေပါတယ်ဟာ.. ငါနင့်ကို တသက်လုံး စိတ်ချမ်းသာအောင် ထားပါ့မယ်..”

အဲဒီတုန်းက သူ မယုံကြည်ခဲ့။

ဘာဖြစ်လို့များ အဲဒီအချိန်တွေတုန်းက နင့်ကို ငါမယုံကြည်ပေးခဲ့တာလဲ။

ငယ်ငယ်က အလုပ်ကြိုးစားခဲ့ပြီး ဖြူစင်ရိုးသားလှသော ကောင်လေးတယောက်သည် ပွဲရုံပိုင်ရှင် ဖြစ်နေပြီ။

(ဝမ်းသာပါတယ် ဇာနည်မျိုးရယ်..)

တိုက်တိုက်ဆိုင်ဆိုင် သူတို့ကားအနီးသို့ ဇာနည်မျိုးကားလည်း ရောက်လာသောကြောင့် အိမ်သို့သာ ပြန်လာခဲ့သည်။

အိမ်သို့ရောက်သောအခါ သူနုန်းချိနေ၏။

ဒီနောက်ပိုင်း လှုပ်လှုပ်ရှားရှားလုပ်တိုင်း မောပန်းပြီး အရိုးအဆစ်တွေ နာလှသည်။

သူ့ကိုကုနေသော ဆရာဝန်ကြီးက ရန်ကုန်မှာသာ နေခိုင်းပြီး ဆေးရုံတက်ခိုင်းနေသော်လည်း ဧကရီ မနေချင်။

ဘဝ၏ နောက်ဆုံးချိန်များကို စက္ကန့်တိုင်း တန်ဖိုးထားနေမိသည်။

ဒီအချိန်တွေမှာ ချစ်သောသူရဲ့အနားမှာသာ နေချင်ပါသည်။

မကျန်လှတော့သော အချိန်များကိုတွေးရင်း ဆုံးဖြတ်ချက်တခုကို ခိုင်ခိုင်မာမာချလိုက်သည်။

ငါရင်ဆိုင်မယ်..

နောက်ဆုံးအနေနဲ့ ငါ့ကိုခွင့်လွှတ်ဖို့ ဇာနည်မျိုးကိုတော့ ဖွင့်ပြောသွားမယ်..

ဟုတ်တယ်.. ငါ ဖွင့်ပြောမယ်..။

စိတ်ဒုံးဒုံးချပြီးသည့်နောက် ပေါ့ပါးစွာဖြင့် ဧကရီ ပြတင်းတံခါးကို ဖွင့်လိုက်၏။

တိုက်တိုက်ဆိုင်ဆိုင် ဇာနည်မျိုးကလည်း အိမ်ထဲမှနေ၍ သူ့ဘက်သို့ ကြည့်နေသည်။

အဆင်သင့်လှသည်။

စိတ်ကူး မပြောင်းခင်မှာပဲ ဇာနည်မျိုးကို သူ့မျက်နှာ ပြလိုက်ချင်ပါသည်။

လိုက်ကာ အနီလေးကို ဧကရီ တုန်ရီစွာ လှပ်လိုက်သည်။

ထို့နောက် ဝှီးချဲပေါ်မှ အားယူကာ ထလိုက်သည်။

ပြန်လဲကျသွား၏။

နော်ဂျူးလီကို ခေါ်ရင်ကောင်းမလား..

ဟင့်အင်း..

ငါကိုယ်တိုင် အားတင်းပြီး ထမယ်..

တကိုယ်လုံးမှာရှိသမျှ အကြောများ ပြတ်ထွက်ကုန်မတတ် အားယူပြီး သူထလိုက်သည်။

ထပ်မံ၍ လဲကျသွားပြန်၏။

ဇာနည်မျိုးကလည်း သူ့ကို သေသေချာချာ လှမ်းကြည့်နေလေသည်။

ဟုတ်ပြီ.. ဇာနည်မျိုးရေ..

အခုတော့ ငါတို့ ပြန်ဆုံကြမယ်နော်..

နာကျင်လွန်းသည့်ဒဏ်ကို အားတင်းကာ နောက်ဆုံးမှာတော့ ပြတင်းပေါက်ကို အားယူ၍ မတ်တပ်ရပ်လို့ ရသွားပါသည်။

လက်တဖက်ဖြင့် ပြတင်းတံခါးကို အားယူပြီး ကျန်လက်တဖက်ဖြင့် သူ့ခေါင်းစွပ်လေးကို ချွတ်ပြလိုက်၏။

ထို့နောက် အားများကုန်ဆုံးသွားပြီး ပုံခနဲ ပစ်လဲကျသွားပါတော့သည်။

..........................................................

သူ သတိရလာသောအခါ ဆေးရုံပေါ်မှာ ရောက်နေသည်။

ဘေးနားတွင် နော်ဂျူးလီက စိုးရိမ်စွာဖြင့် သူ့ကိုကြည့်နေ၏။

“ဇာနည်မျိုး လာသေးလားဟင်..”

“အစ်မကို Ambulance ပေါ်တင်လိုက်တော့ လာကြည့်မလို လုပ်သေးတယ်.. ဒါပေမဲ့ အလုပ်ပေါ်လာလို့ထင်တယ်.. ပြန်လှည့်သွားတယ်..”

“ငါ သူ့ကို ငါ့မျက်နှာပြလိုက်တယ်.. သူ ဘာဖြစ်လို့ မလာတာလဲဟင်..”

စိတ်မကောင်းဟန်ဖြင့် နော်ဂျူးလီက ဧကရီ့လက်လေးကို လာကိုင်၏။

“မမှတ်မိလို့နေမှာပေါ့ အစ်မရယ်..”

ကျောက်ကပ်မကောင်းသဖြင့် ဖောင်းကားနေသော မျက်နှာ၊ ကျွတ်ထွက်ပါးကျဲနေသော ဆံပင်တွေ၊ နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်တုန်းက သူဟာ ချောမောလှပသော ဆယ်ကျော်သက် မိန်းကလေးတဦး..

သူတို့ခွဲခွာခဲ့တာလည်း နှစ်ပေါင်းများစွာကြာပြီ။

အေးလေ.... ကိုယ့်ရုပ်ကို ကိုယ်တိုင်ပင် မှန်ထဲမကြည့်ချင်လောက်အောင် ဖြစ်နေခဲ့ပြီ မဟုတ်လား။

ရန်ကုန်တွင် ဆေးရုံတတ်ပြီး တပတ်လောက်ပဲနေကာ အိမ်သို့ ဧကရီ ပြန်လာခဲ့သည်။

ဆေးရုံမှ အိမ်အပြန်တွင် ရွှေဘုံသာလမ်းဘက်သို့ ရောက်သောကြောင့် ဒညင်းသီး အုန်းနို့ဆမ်းဝယ်ခိုင်းပြီး နော်ဂျူးလီကို ဇာနည်မျိုးတို့ အိမ်ဆီ ပို့ခိုင်းလိုက်သည်။

“ယူသွားတယ် အစ်မ..” ဆိုသော နော်ဂျူးလီ စကားကြောင့် သူကျေနပ်မိသည်။

ဒညင်းသီး အုန်းနို့ဆမ်းသည် ဇာနည်မျိုး အကြိုက်ဆုံး အစားအစာဖြစ်ပါသည်။

ဒီနေ့လည်း ဇာနည်မျိုးကို ပြတင်းတံခါးကနေ လှမ်းတွေ့နေရသည်။

ဇာနည်မျိုးသည် ဆေးလိပ်လေးသောက်ပြီး သူ့အခန်းဆီ လှမ်းကြည့်နေ၏။

လိုက်ကာကို ချထားသောကြောင့် လိုက်ကာအနောက်မှ ချောင်းကြည့်နေသော သူ့ကို ဇာနည်မျိုး မြင်ဟန်မတူ။

သို့သော် ရုတ်တရက် ဇာနည်မျိုးသည် သူရှိရာသို့လှမ်း၍ တာ့တာလုပ်ပြသလို လက်မြှောက်ပြသည်။

ဧကရီလည်း လိုက်ကာလေးကို အသာမကာ လက်လေးကို ဇာနည်မျိုးဆီ လှမ်းပြလိုက်သည်။

ဧကရီ့ လက်လေးကို ဇာနည်မျိုး ကြည့်နေ၏။

မေတ္တာတရားများသည့် သူ့လက်ဖျားမှတဆင့် ဇာနည်မျိုးဆီ ရောက်ပါစေဟု ဆုတောင်းမိသည်။

ဒီတခါတော့ ဇာနည်မျိုးမျက်နှာမှာ အရင်လို စိတ်တိုသော ဒေါသထွက်သော အရိပ်အယောင် ကို မမြင်ရပါ။

ကျေနပ်လိုက်တာကွယ်..

ဝမ်းသာလိုက်တာ..။

သူ့လက်လေးကို အသာလေးပြန်ရုပ်လိုက်သည်။

ထိုနေ့က သူ အရမ်းပျော်ပါသည်။

........................................................

နောက်တနေ့မှာတော့ ရုတ်တရက်ဆိုသလို အသက်ရှူရသည်မှာ အရမ်းကို ခက်ခဲလာခဲ့သည်။

နော်ဂျူးလီကို ခေါ်လိုက်ပြီး သောက်နေကျဆေးများ ယူခိုင်းလိုက်၏။

မောပန်းနေသော သူ့ကိုကြည့်ပြီး နော်ဂျူးလီက Ambulance လှမ်းခေါ်လိုက်သည်။

“အစ်မရယ်.. ဒီတခါတော့ ဆေးရုံမှာ ကြာကြာလေးနေပါနော်..”

မကြာခင် Ambulance ရောက်လာပြီး လူငယ်နှစ်ယောက်က သူ့ကိုချီကာ Ambulance ပေါ် တင်လိုက်သည်။

Ambulance လူနာတင် ခုတင်ပေါ်တွင် မောပန်းစွာ အသက်ရှုနေရသော သူ့အနီးသို့ လူတယောက်ရောက်လာပြီး လက်ကိုလာကိုင်၏။ မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ ဇာနည်မျိုး၏ ဇနီး ဖြစ်နေသည်။

“ကျေးဇူးတင်ပါတယ်..” ဟု အားယူ၍ လေသံလေးဖြင့် ပြောသောအခါ ထိုကောင်မလေးက သူ့ကို ပြုံးပြသည်။

“သက်သာသွားမှာပါ အစ်မ.. အားတင်းထားနော်..”

ဧကရီ ခေါင်းညိတ်လိုက်၏။

အခွင့်အရေးရတုန်း ဇာနည်မျိုး၏ သမီးလေးကို အနီးကပ်ကြည့်ချင်စိတ် ဖြစ်လာခဲ့သည်။

“သမီးလေး.. သမီးလေးကိုကြည့်ချင်တယ်”

“ဟုတ်ကဲ့.. သွားခေါ်လိုက်မယ်နော်..”

မကြာခင် ချစ်စရာကောင်းသော ကလေးမလေးတယောက် သူ့အနားရောက်လာသည်။

“ဖအေတူလေးနော်..” ဟု သူကပြောသောအခါ ဇာနည်မျိုး၏ ဇနီးသည်လေးက

“အစ်မ ဆေးရုံကပြန်ဆင်းရင် ကျွန်မတို့ တမိသားစုလုံး လာလည်မယ်လေ... နော်.. ဆေးရုံက အမြန်ဆုံးပြန်ဆင်းပြီး ကျန်းမာဖို့ ကျွန်မ ဆုတောင်းပေးနေမယ်နော်..”

ဟု ပြန်ပြောသည်။

မျက်ရည်များ ကျဆင်းလာရင်း ဧကရီ ခေါင်းလေးကိုသာ အသာအယာ ညိတ်ပြလိုက်သည်။

Ambulance ကားလေး ထွက်သွားသောအခါ အားတင်းထားသော သူ့စိတ်များကို လျော့ချလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်ပါတော့သည်။ ပါးပြင်ပေါ်သို့ တလိမ့်ပြီး တလိမ့် ကျဆင်းလာသော မျက်ရည်များကို သုတ်ရန်ပင် ဧကရီ့မှာ အားအင်မရှိတော့ပါ။

သို့သော်...

သူအားတင်းထားရပါမည်။

အရင်တခါကလိုပဲ ဆေးရုံမှာ တပတ်လောက် နေမည်။

အိမ်ကို အမြန်ဆုံးပြန်မည်။

အိမ်ပြန်ရောက်ရင် သူ့ဆီကို ဇာနည်မျိုးတို့မိသားစု လာတွေ့လိမ့်မည်။

သူဖွင့်ပြောမည်။

ခွင့်လွှတ်ဖို့ ပြောမည်။

အချစ်ဆုံး သူငယ်ချင်းတွေအဖြစ် ဇာနည်မျိုးအနီးမှာ ငြိမ်းချမ်းစွာ နေသွားမည်။

သို့မဟုတ် ငြိမ်းချမ်းစွာ သေသွားမည်။

ဘဝတလျောက်လုံး ရခဲ့သော နောင်တ တရားများကို အဆုံးသတ်ပါတော့မည်။

အေးငြိမ်းသော စိတ်ဖြင့် မျက်လုံးလေးကို မှိတ်လိုက်သောအခါ အရာအားလုံး တိတ်ဆိတ် ငြိမ်သက်သွားပါတော့သည်။

* * *

https://t.me/TheBookR


(၁၈)

 

“ငယ်လေး စျေးသွားရင် ကြက်သားဝယ်ခဲ့ကွာ.. စွပ်ပြုတ်လုပ်ပြီး အိမ်ရှေ့အိမ်ကို သွားပို့မလို့.. ညက ပြန်ရောက်လာကြသံတွေ ကြားတယ်..”

“ဟုတ် ကိုကို..”

စျေးခြင်းတောင်းလေးဆွဲပြီး သက်ထားက ထွက်သွားသည်။

ဇာနည်မျိုးလည်း မျက်နှာသစ် သွားတိုက်ပြီး သက်ထား ကြော်သွားပေးသော ထမင်းကြော်ကို စားရန် စားပွဲတွင် ထိုင်လိုက်သည်။

မကြာခင် စျေးခြင်းတောင်းလေးကိုင်ပြီး သက်ထား အိမ်ပေါ်တက်လာသည်။

“ကိုကို..”

“ဟေ..”

ထမင်းစားနေသော သူ့အနီးသို့ သက်ထား လာထိုင်ပြီး စျေးခြင်းတောင်းကို ပစ်ချလိုက်သည်။

သူ့ပခုံးပေါ်ကိုလက်တင်ပြီး

“အိမ်ရှေ့ကို ခဏထွက်ကြည့်ပါအုံး ကိုကိုရယ်..” ဟုပြောကာ သူ့လက်ကိုဆွဲပြီး အိမ်ရှေ့ဆီသို့ ထွက်လာသည်။

အိမ်ရှေ့ခြံထဲတွင် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော လူမှုကူညီရေး အသင်းသားများက ရွက်ဖျင်တဲတလုံး ထိုးနေကြသည်။

ရွက်ဖျင်တဲ၏ အလယ်တွင် အခေါင်းတခုကို တွေ့ရ၏။

အော်... ဟိုအမျိုးသမီး ဆုံးသွားပြီထင်ပါရဲ့..။

စိတ်မကောင်းဖြစ်စွာဖြင့် ထိုအခေါင်းတွင် ရေးထားသည့် နာမည်ကို ဖတ်ကြည့်မိလိုက်သော အခါ

“ဒေါက်တာ ဧကရီ... အသက် ၄၀...”

“ဟာ...”

ယိုင်ခနဲဖြစ်သွားသော သူ့ကို သက်ထားက ထိန်းသည်။

အံ့သြခြင်း၊ မယုံနိုင်ခြင်း၊ ဝမ်းနည်းခြင်း၊ စသော ခံစားချက်များသည် သူ့နှလုံးသားဆီ တပြိုင်ထဲ ဝင်ရောက်၏။

သက်ထား၏ လက်ကို အသာအယာ ဖယ်ချကာ တုန်ယင်နှေးကွေးသော ခြေလှမ်းတို့ဖြင့် အိမ်ရှေ့အိမ်ဆီသို့ တလှမ်းချင်း တလှမ်းချင်း သွားလိုက်သည်။

ပြည့်လျှံလာသော မျက်ရည်များကို မကျစေရန် အားတင်းကာ လက်သီးကို ဆုပ်ထားမိသည်။

“ဘယ်ကလာ.. ဧကရီဖြစ်ရမှာတုန်း.. မဖြစ်နိုင်တာ.. သူက နိုင်ငံခြားမှာ ရဲခေါင်နဲ့ ပျော်နေတာ.. အခု ဧကရီဆိုတာက တခြားတယောက် နေမှာပါ.. လောကမှာ လူတူမရှား နာမည်တူမရှား..”

လှမ်းနေသော ခြေလှမ်းများကို ရပ်ပစ်လိုက်ပြီး အိမ်ဆီသို့ သူပြန်လာ၏။

ခြံထဲရှိ ဒရင်းဘက်ပေါ်တွင် ထိုင်ချလိုက်၍ လက်နှစ်ဖက်ကို ဒူးပေါ်ယှက်တင်ကာ မျက်နှာကို ငုံ့ထားလိုက်သည်။

ဟုတ်တယ်... ငါသိတဲ့ ဧကရီဆိုတာ နိုင်ငံခြားမှာ..

ချမ်းချမ်းသာသာနဲ့ ပျော်ရွှင်တဲ့ဘဝတခုကို ပိုင်ဆိုင်နေသူ..

ငါကိုယ်တိုင် အနစ်နာခံပြီး ပို့ပေးခဲ့တာကို..။

“ငါကလေ ပန်းတွေတင်မက သစ်ပင်တွေပါ နီစေချင်တာ..”

ကြားယောင်လာသော ဧကရီ့အသံနှင့်အတူ မျက်နှာချင်းဆိုင်ခြံကြီးဆီမှ အနီရောင် ဆေးဆိုးထားသော သစ်ပင်နီနီတွေဆီ သူ့အကြည့်ရောက်သွား၏။

မဟုတ်ဘူး... မဟုတ်ဘူး...

ဒါဟာ တိုက်ဆိုင်တာပဲ နေမှာ..

အဲဒီအခေါင်းထဲက မိန်းမဟာ တခြား ဧကရီဖြစ်မှာပါ..။

သက်ထားက သူ့အနားရောက်လာသည်။

“ကိုကို.. သွားကြရအောင်လေ.. အရမ်း စိတ်မကောင်းဖြစ်ရတယ်.. သူ တော်တော်လေး နာကျင် ပင်ပန်းခဲ့ရရှာမှာပဲ..”

“ဧကရီ မဖြစ်နိုင်ဘူး..”

ခပ်တိုးတိုး ထွက်လာသော သူ့အသံသည် အဆုံးတွင် တိမ်ဝင်သွားသည်။

မျက်နှာချင်းဆိုင် အိမ်မှ ကောင်မလေးသည် သူ့ဆီသို့ ငိုယိုရင်း လာနေ၏။

မလာနဲ့ ကောင်မလေး ၊ မလာနဲ့.....

နင်တို့နဲ့ ငါနဲ့ ပတ်သက်စရာ ဘာမှ မရှိဘူး။

“အစ်မက တချိန်လုံး အဲဒီပြတင်းပေါက်ရဲ့ လိုက်ကာအနောက်ကနေ အစ်ကို့ကို ကြည့်နေခဲ့တာ.. ဆေးရုံမှာလည်း ပြန်မယ်ချည်းပဲ ပြောနေခဲ့တယ်.. ဒီတခါ အိမ်ပြန်ရောက်ရင် အစ်ကိုနဲ့ ဆုံပြီတဲ့.. ဒါပေမဲ့ သူ့ဆန္ဒတွေ မပြည့်သွားခဲ့ပါဘူး.. သူမဆုံးခင် ဒီဖုန်းလေးကို သမီးလက်ထဲ ထည့်သွားတယ်.. ဒီဖုန်းထဲက Voice Recorder ထဲမှာ အစ်ကို့ကို သူပြောချင်ခဲ့တဲ့ စကားတွေ အသံသွင်းထားတယ်..”

အိပ်မက်ထဲမှာ လမ်းလျှောက်နေသူလို စိတ်နဲ့ကိုယ်နဲ့မကပ်ဘဲ ဖုန်းကိုလှမ်းယူလိုက်သည်။

တဆတ်ဆတ် တုန်နေသော လက်များဖြင့် ခလုပ်များကိုနှိပ်ပြီး Voice Recorder ကို ဖွင့်လိုက်သည်။

“ဇာနည်မျိုးရေ...”

အားနည်းနေသော လေသံလေးတခွန်းကို သူ စတင်ကြားလိုက်သည်။

ထိုအသံလေးကို သူမမေ့ပါ..

ထိုအသံလေး၏ ပိုင်ရှင်မှာ ငယ်စဉ်ကနေ အရွယ်အရောက်သည်အထိ သူ့ဘဝတခုလုံးကို လွှမ်းမိုးထားနိုင်သောလူသားတဦး ဖြစ်ပါသည်။

ဧကရီ...

တကယ်ပဲ နင်လားဟာ...

ဖုန်းကိုပြန်ပိတ်လိုက်သည်။

စိတ်ကိုတင်းထားသမျှ လျော့ချလိုက်သောအခါ သူ့ပါးပြင်ဆီသို့ မျက်ရည်များ ကျလာခဲ့သည်။

သို့သော် သူ ချက်ချင်းပင် မျက်ရည်များကို သုတ်ပစ်လိုက်၏။

ဘာလို့ငိုနေရမှာလည်း၊

ငါ့ကို ထားခဲ့တဲ့ မိန်းမတယောက်၊

ဒီထက်ပိုသေးတယ်။

နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ခဲ့တဲ့ ငါ့မျှော်လင့်ချက်တွေ၊ အနာဂတ်တွေ အားလုံးကို ဥပက္ခာပြုပြီး အမြင့်ကို တက်သွားခဲ့တဲ့မိန်းမတယောက်...

သူ့အတွက်များ ဘာဖြစ်လို့ မျက်ရည်ကျရမှာလဲ။

ပြီးတော့ အစစ အရာရာ ပြည့်ဝသော ဇနီးဖြစ်သူကို အနားမှာထားပြီး သူ့ကို ပစ်ခဲ့သော မိန်းမတယောက်အတွက် မျက်ရည်ကျဖို့ မထိုက်တန်ဘူး။

ဒရင်းဘက်ပေါ် နွမ်းနယ်စွာ ပစ်လှဲချလိုက်သည်။

မသွားဘူး..

မျက်နှာချင်းဆိုင်အိမ်ကို မသွားဘူး..။

“ကိုကို.. ငယ်လေး ဒီကောင်မလေးနဲ့ အိမ်ရှေ့အိမ်ကို လိုက်သွားတော့မယ်.. ဖုန်းကိုဖွင့်ပါ ကိုကို.. ဆက်နားထောင်ပါ.. ပြီးတော့ ဟန်မဆောင်ပါနဲ့.. ဟန်ဆောင်နေရင် ပိုနာကျင်ရမယ်.. အဲဒီနာကျင်မှုဟာ တသက်လုံး ခံစားနေရမယ်.. ငိုချင် ငိုချလိုက်...အားရ ပါးရ ငိုချလိုက်.. ဒါဟာ ငယ်လေးကို သစ္စာဖောက်တာမှ မဟုတ်တာ.. ချစ်သူဟောင်းအတွက် ငိုတာမျိုး မဟုတ်ဘဲ သူငယ်ချင်းတယောက်အတွက် ငိုပစ်လိုက်ပါ.. ပြီးရင် အိမ်ရှေ့ကို လိုက်လာနော်..”

ကောင်မလေးနှင့်အတူ ထွက်သွားသော ဇနီးသည်၏ နောက်ကျောကိုကြည့်ရင်း

“ကျေးဇူးတင်ပါတယ်..” ဟု စိတ်ထဲမှ ပြောလိုက်၏။

အားတင်းကာ ဖုန်းကိုပြန်ဖွင့်လိုက်သည်။

ခပ်တိုးတိုးထွက်လာသော ဧကရီ၏ စကားသံများကို နားထောင်လိုက်သောအခါ သူ့စိတ်သည်လည်း ဟိုး အတိတ်ဆီသို့ ပျံ့လွင့်သွားပါတော့သည်။

ကျိုးနေသော တံတားလေး..

ဗွက်ပေမှာစိုး၍ သူ့ရင်ခွင်ထဲ လိုက်လာသော ကောင်မလေးတယောက်...

“ချစ်တယ်..”

နွေးထွေးသော တွဲလက်များ..

အတူတူ စက်ဘီးလျှောက်စီးကြတာတွေ ..

လောကဓံကို ရင်ဆိုင်နေချိန်မှာ

“ငါအရမ်းကြောက်တယ်ဟာ..ငါ့ကိုဖက်ထားပေးပါလား..” ဟုပြောသံတွေ

“ဟဲ့.. အဲဒီသီချင်း ငါကြိုက်တယ်.. ဆိုပြအုံး..”

သူ အငဲ သီချင်းဆိုရင် သူ့နောက်က ခါးကိုဖက်ပြီး သီချင်းကို လိုက်ညည်းသော သူငယ်ချင်း ချစ်သူလေး..

“ငါ ရဲခေါင်ကို လက်ထပ်တော့မယ်..

ငါ့ကိုခွင့်မလွှတ်ပါနဲ့..”

မယုံကြည်နိုင်ခဲ့သော စကားသံတွေ၊ ကမ္ဘာပေါ်မှာရှိသမျှ ပန်းအနီတွေ ကြွေသွားသလိုမျိုး..

ဟား................

ဒါတွေ အားလုံး အိမ်မက်သာ ဖြစ်ပါတော့ကွာ...

...............................................

“ဇာနည်မျိုးရေ...

ဒီဖုန်းလေးကို နင်ဖွင့်နားထောင်ရတဲ့ အခြေအနေမျိုး မဖြစ်ပါစေနဲ့လို့ ငါဆုတောင်းနေမိတယ်..

ဘာဖြစ်လို့လဲဆိုတော့ ဒီစကားတွေကို ငါကိုယ်တိုင် ပြောချင်လို့ပါ..

နေ့လား ညလား ဖြစ်နေတဲ့ အခြေအနေမို့ ငါပြောချင်ခဲ့တဲ့ စကားတွေ နင်မသိလိုက်မှာစိုးလို့ ဖုန်းလေးထဲမှာ အသံသွင်းထားတယ်..

ပထမဆုံးပြောချင်တာကတော့..

ငါနင့်ကို ချစ်တယ် ဇာနည်မျိုးရယ်..

ဘဝမှာ နောက်တကြိမ်ဆိုတာ ရှိခဲ့ရင် ငါလေ နင့်မျက်နှာကိုကြည့်ပြီး ချစ်တယ်လို့ ပြောလိုက်ချင်တယ်...

ဒါပေမဲ့ ဒီစကားကို ဒီဘဝမှာတော့ နင့်ရှေ့မှာ ပြောခွင့်ရှိတော့မှာ မဟုတ်ပါဘူး..

အခုတောင် ဖုန်းထဲမှာမို့ ပြောရဲတာ..

မေတ္တာစူးတယ်ဆိုတာ ငါယုံသွားပြီ ဇာနည်မျိုးရယ်..

ငါအဆင်ပြေမယ်ထင်တဲ့လမ်းကို ရွေးချယ်ခဲ့တာမှန်ပေမယ့် ငါမပျော်ခဲ့ပါဘူး.

ရဲခေါင်က ငါ့ကိုချစ်လို့ ယူခဲ့တာမျိုးမဟုတ်ဘဲ သူလိုချင်တဲ့ အရာတခုကို ရအောင်ယူလိုက်တဲ့ အတ္တနဲ့ လက်ထပ်ခဲ့တာကိုး..

သူ လိုချင်တဲ့ ကလေးလည်း မရနိုင်မှန်းသိရော ငါဆိုတာ သူ့အတွက် အသုံးမဝင်တော့ဘူး..

အဆိုးဆုံးက နင်နဲ့ ငါ့ကို သမုတ်တယ်ဟာ..

ဒီပြဿနာနဲ့ပဲ ငါတို့ ကွဲခဲ့တာ ကြာပြီ..

မြို့ကို ပြန်ရောက်ရောက်ချင်း ငါ နင့်ကိုလိုက်ရှာပါတယ်..

အဓိကကတော့ နင့်ကို တောင်းပန်ချင်တာပါ..

ဒါပေမဲ့ နှစ်တွေအကြာကြီး ရှာလို့မရခဲ့ဘူးဟယ်..

ဇာနည်မျိုးရေ..

နင့်ကိုပြန်တွေ့ချိန်မှာ ငါတကယ် ပျော်ရွှင်ပါတယ်..

နင့်မိသားစုဘဝလေးကိုကြည့်ပြီး ငါသိပ်ကြည်နူးတာပဲ..

ကိုယ်ရနိုင်တဲ့ အခွင့်အရေးကို လက်လွတ်ခံခဲ့တာဆိုပြီး တခါတလေတော့ နင့်ဇနီးကို မနာလိုဖြစ်မိသားဟယ်..

ငါက မကောင်းဘူးနော်...

ငါပြန်ရောက်လာတဲ့အတွက် တည်ငြိမ်အေးချမ်းနေတဲ့ နင့်ဘဝထဲ ဂယက်တခုလို လှိုင်းထသွားမှာလည်း ငါမလိုချင်ပါဘူး သူငယ်ချင်းရယ်..

ဇာနည်မျိုးရေ...

ငါတောင်းပန်ပါတယ်..

နောက်ဆုံးတွေ့တုန်က နင့်ကိုငါပြောခဲ့တယ်လေ..

“ငါ့ကို ခွင့်မလွှတ်ပါနဲ့..” လို့... နင်မှတ်မိသေးလား..

အခုတော့ ငါပြန်ပြင်ချင်တယ်ဟာ..

“ငါ့ကို ခွင့်လွှတ်ပါ..”

ဒီအချိန်မှာ နင့်အတွက် ငါ့အပေါ် ခွင့်လွှတ်ခြင်း ခွင့်မလွှတ်ခြင်းဆိုတာ အရေးပါတဲ့ အရာတခု မဟုတ်တော့ပေမဲ့ ငါ့အတွက်တော့ ဒါဟာ သိပ်အရေးကြီးတယ်ကွယ်..

ငါ့အပေါ် အရမ်းအနစ်နာခံပေးခဲ့၊ ချစ်ပေးခဲ့သူတယောက်ရဲ့ခွင့်လွှတ်ခြင်းကို မရဘဲ သေသွားမှာ တွေးမိရုံနဲ့တင် သိပ်ကြောက်တာပဲ..

သူငယ်ချင်းရေ..

ဒီအိမ်ကြီးကို ငါ့ရဲ့ ဘဏ်အပ်ငွေတွေရော၊ နယ်ကအိမ်ကို ရောင်းလိုက်တဲ့ ငွေတွေရော အကုန်ထုတ်ပြီး ဝယ်လိုက်တယ်.. နင့်ကို စာချုပ်စာတမ်းနဲ့ ပေးခဲ့တယ်..

နင်တို့ မင်္ဂလာဆောင်မှာ ငါမရှိခဲ့တဲ့အတွက် အခုမှ လက်ဖွဲ့တယ် သဘာထား..

ငြင်းလို့မရဘူးနော်..

ငါ့အလှည့်တုန်းက နင်လက်ဖွဲ့သေးတယ်..

နင့်အလှည့်မှာလည်း ငါပြန်လက်ဖွဲ့မှာပေါ့..

ဒီအိမ်ကြီးကလေ ငါ့အတွက်တော့ သိပ်အဓိပ္ပါယ်ရှိပါတယ်..

နင့်အနားဝန်းကျင်မှာ ဒီလိုလေးနေရတာကို ငါသိပ်ပျော်တာပဲ..

ဆုတောင်းခွင့်ရမယ်ဆို နောက်ဘဝကျရင် နင့်အနားမှာ အရိပ်လို မခွဲဘဲ အမြဲနေချင်တယ်..

အရိပ်တဲ့...

အရိပ်ဆိုတာ အနက်ရောင်နော်...

နင်က ငါ့ကို အရိပ်တောင် မမြင်ချင်ဘူးဆို..

ခုဘဝမှာတော့ ငါ့အဖြစ်ဟာ နင်မသိအောင် ပုန်းကွယ်နေရတဲ့ အရိပ်ဖြူလေးပေါ့ဟာ..

ငါ့ကိုယ်ငါ အရိပ်ဖြူလို့ မကြာခဏခေါ်မိတယ်..

ငါက ရယ်ရတယ်နော်..

စကားတွေ အများကြီးပြောလို့လားမသိဘူး...

မောတယ်ဟာ...

ငါ အားတင်းထားတယ် ဇာနည်မျိုးရေ..

နင့်မျက်နှာလေးကို အနီးကပ်ကြည့်ပြီး စကားတွေပြောချင်တယ်ဟာ..

ပြီးတော့ ကျန်နေတဲ့ နေ့ရက်တွေမှာလည်း နင့်အနားမှာနေချင်တယ်...

သူငယ်ချင်းတွေအနေနဲ့ပေါ့ဟာ...

ငါတို့ ပြန်ဆုံကြမယ်..

Good Bye နော်......... မောင်...”

သူ အရမ်းကိုခေါ်စေချင်ခဲ့သော မောင်ဆိုသည့် နာမ်စားလေးကို တိုးတိတ်စွာ ခေါ်ပြီးနောက် ဖုန်းထဲမှ စကားသံလေးသည် တိတ်သွားသည်။

အရာအားလုံးသည်လည်း တိတ်ဆိတ်ငြိမ်သက်လို့နေ၏။

ဖုန်းလေးကို အနားတွင်ချပြီး မျက်နှာကို လက်ဖြင့်အုပ်ကာ သည်းထန် လှိုက်လဲစွာ ငိုကြွေးလိုက်ပါတော့သည်။

..................................................

နှင်းဆီနီများကို ဧကရီ၏ အခေါင်းထဲ အပြည့် ထည့်ပေးလိုက်သည်။

(နင်သိပ်ကြိုက်တဲ့ နှင်းဆီနီတွေနဲ့အတူ ငြိမ်းချမ်းစွာ အနားယူပါတော့ ဧကရီရေ...)

......................................

အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ..။

မျက်နှာချင်းဆိုင်က အိမ်ကြီးသည်လည်း ပြန်လည် ဆိတ်ငြိမ်သွား၏။

ဘာမှ ပြုပြင်ခြင်းမလုပ်ဘဲ ထိုအိမ်ကြီးကို ဇာနည်မျိုး ဒီတိုင်းပဲ ထားလိုက်သည်။

ရံဖန်ရံခါတွင် ထိုအိမ်ကြီးဆီမှ အနီရောင်ဝတ်ထားသော အမျိုးသမီးတယောက် လျှောက်သွားနေသည်ဟု ရပ်ကွက်ထဲတွင် သတင်းများ ထွက်လာသည်။

လသာသော ညများ သို့မဟုတ် အိပ်မရသော တချို့ညများတွင် ဇာနည်မျိုး ပြတင်းတံခါးလေးကိုဖွင့်ကာ မျက်နှာချင်းဆိုင်ခြံကြီးဆီသို့ လှမ်းကြည့်မိသည်။

တနေ့တော့....

တနေ့မှာတော့...

အိမ်ကြီး၏ အပေါ်ထပ် ပြတင်းပေါက်လေးသည် ပွင့်လာလိမ့်မည်ဟု သူယုံကြည်နေမိသည်။

ထိုအခါ ပြတင်းတံခါး၏ နောက်ကွယ်ရှိ လိုက်ကာအနီစလေးကို ပင့်တင်ပြီး လက်ဖြူဖြူလေး တဖက်ထွက်လာပါလိမ့်မည်..

ထို လက်ဖြူဖြုလေး၏ ပိုင်ရှင်ကို သူ စကားတခွန်း လှမ်းပြောချင်ပါသည်။

ထိုစကားတခွန်းသည်

“..................................”

ထိုအဖြစ်အပျက်များအပြီး ၁၀ နှစ်ခန့်ကြာသောအခါ တခုသောမနက်ခင်းတွင် ဦးဇာနည်မျိုး၏ အိမ်ရှေ့သို့ ကားလေးတစီး ရောက်လာ၏။

“ဦးဇာနည်မျိုး ရှိပါသလားခင်ဗျာ...”

ခေါ်သံများကြောင့် ဦးဇာနည်မျိုး အိမ်အပြင်သို့ ထွက်လာသည်။

“ဟုတ်ကဲ့ ရှိပါတယ်ခင်ဗျာ.. အိမ်ပေါ်လာခဲ့ကြနော်..”

အမျိုးသားတဦး အမျိုးသမီးတဦးနှင့် ၇ နှစ်အရွယ် ကောင်မလေးတယောက်တို့ အိမ်ပေါ်သို့ တက်လာသည်။

“ထိုင်ကြပါခင်ဗျာ.. ဦးဇာနည်မျိုးဆိုတာ ကျွန်တော်ပါပဲ.. ဘာကိစ္စပါလဲခင်ဗျာ.. မိန်းမရေ ဧည့်သည်တွေလာတယ်ဟေ့.. လက်ဖက်ရည်ယူခဲ့ပါကွာ..”

ဇနီးဖြစ်သူက လက်ဖက်ရည်အိုးကိုယူလာပြီး ဧည့်သည်များကို ဧည့်ခံသည်။

“ဒီလိုပါ ဦးဇာနည်မျိုး.. ကျွန်တော့်နာမည်က ဦးဇော်ဦးပါ.. ဒါကျွန်တော့် ဇနီးနဲ့ ကျွန်တော့် သမီးပါ.. ကျွန်တော်တို့က ညောင်လေးပင်မြို့ကပါ.. လွန်ခဲ့တဲ့ တပတ်လောက်က ဒီမြို့မှာရှိတဲ့ ကျွန်တော့်မိတ်ဆွေတယောက်ဆီ လာလည်ရင်း ဒီအိမ်ရှေ့ကနေ ဖြတ်သွားတော့ ဟောဒီက ကျွန်တော့်သမီးက ဒီမျက်နှာချင်းဆိုင် အိမ်ကြီးကို အရမ်းသဘောကျသွားပြီး နေချင်တယ်လို့ ပူဆာနေလို့ပါ.. ကျွန်တော်တို့ကလည်း ပြီးပြီးရောပေါ့.. ဒီအတိုင်းပဲ ဝယ်ပေးမယ်လို့ ပြန်ပြောပြီး ညောင်လေးပင်ကို ပြန်သွားပါတယ်.. ဒါပေမဲ့ သမီးလေးက အဲဒီရက်ထဲက ထမင်းလည်း မစားတော့ဘူး.. အိပ်ရင်လည်း ထထယောင်တယ်.. အချိန်တိုင်းလည်း ဂျီကျနေလို့ပါ.. တပတ်ကြာတဲ့အထိ ဒီအတိုင်းပဲဆိုတော့ ကျွန်တော်တို့လည်း စိုးရိမ်လာတယ် ခင်ဗျာ.. ဒီအိမ်ကြီးက ဦးဇာနည်မျိုး ပိုင်တယ်ဆိုလို့ သမီးလေး စိတ်ချမ်းသာအောင် ခဏလောက် ငှားပါလားလို့ လာပြောတာပါ..”

ဦးဇာနည်မျိုးက သဘောကျစွာပြုံးရင်း ကောင်မလေးကို ကြည့်ပြီး

“သမီးနာမည်က ဘယ်လိုခေါ်လဲ..” ဟု မေးလိုက်၏။

“ဖြူလို့ ခေါ်ပါတယ် ဦးလေး၊ နာမည်အပြည့်အစုံက ဖြူဖြူစင်ပါ..” ဟု ကောင်မလေးက သွက်လက်စွာ ပြန်ဖြေ၏။

“ဒီအိမ်က ငှါးဖို့ ရောင်းဖို့ မဟုတ်ဘူး သမီးရဲ့.. ဒါနဲ့ သမီးလေးက ဒီအိမ်ကို ဘာလို့ သဘောကျတာလဲ... ဦးလေးကို ပြောပါဦး..”

ထိုအခါ ကောင်မလေးက မတ်တပ်ရပ်လိုက်ပြီး

“သမီးကလေ... အနီကိုအရမ်းကြိုက်တာ.. ပန်းဆိုလည်း နှင်းဆီအနီကို အကြိုက်ဆုံး.. ဖြစ်နိုင်ရင် ပန်းတွေတင်မက သစ်ပင်တွေပါ နီစေချင်တာ၊ အဲဒီအိမ်ကြီးမှာက သစ်ပင်နီတွေ ရှိတယ်..”

“အို....”

အနားတွင်ထိုင်နေသော ဇနီးဖြစ်သူက ဦးဇာနည်မျိုးကို အံ့သြဟန်ဖြင့် ကြည့်လိုက်သည်။

ဦးဇာနည်မျိုးသည်လည်း ကတုန်ကရင်ဖြင့် သူ့ရင်ဘတ်ကို လက်ဖြင့် ပြန်ဖိလိုက်မိသည်။

ထို့နောက် ဖြည်းညှင်းစွာဖြင့် ထလိုက်ပြီး အိမ်ရှေ့မျက်နှာစာသို့ လှမ်းသွားလိုက်ကာ ခြုံနွယ်တို့ အုံ့ဆိုင်းနေသော အိမ်ကြီးဆီသို့ မျက်ရည်စများဖြင့် လှမ်းကြည့်လိုက်ပါသည်။

နှစ်ပေါင်းများစွာ ပိတ်ထားသော အပေါ်ထပ်မှ ပြတင်းတံခါးသည် ဒီနေ့မှ ထူးဆန်းစွာ ပွင့်ဟနေပြီး ဟောင်းနွမ်းဆွေးမြေ့နေသော အရောင်လွင့်နေပြီဖြစ်သည့် အနီရောင် လိုက်ကာစလေး မှာ အပြင်ဖက်သို့ တဖျတ်ဖျတ် ခါယမ်းနေလေတော့သည်။

....................

ကိုစိုးထိုက် (ဖဒို)

4.5.2018

Https://whisper1of.blogspot.com


Download Epub Kfx 

https://whisper1of.blogspot.com/2026/02/book-review.html

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review