ကချေသည် မာတာဟာရီ - တင်ဦးခက်
THE SPY
တင်ဦးခက်
ကချေသည် မာတာဟာရီ
မိုးထက်လျှံပုံနှိပ်တိုက် (ဝဝ၇ဝ၇) ၌ ပုံနှိပ်၍ အိပ်မက်အသစ်စာပေ (၀၁၂၀၈) မှ ၂၀၂၀ ခုနှစ်၊ မတ်လတွင် ပထမအကြိမ်အဖြစ် အုပ်ရေ (၅၀၀) ထုတ်ဝေသည်။
တန်ဖိုး – ၃ဝဝဝ ကျပ်
Cover Design : Ye`WintKyaw@ Ye`lay
About Us
ကျွန်တော်တို့အဖွဲ့သည် မြန်မာနိုင်ငံအတွင်းက e-Books Reader အသုံးပြုသူများနှင့် Digital Devices တွေမှာ စာဖတ်သူများ အတွက် မြန်မာစာအုပ်များကို ဖတ်ရှုနိုင်စေရန် ကူညီပေးဖို့ ရည်ရွယ် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ တိုးတက်လာသော နည်းပညာများအရ e-books Reader အသုံးပြုသူများလည်း များပြားလာပြီ ဖြစ်သော်လည်း နိုင်ငံတွင်းမှတော့ e-books Reader အသုံးပြုသူများ အတွက် မြန်မာစာအုပ် ဖတ်ရှုနိုင်ရန် အလွန် ခက်ခဲလျက်ရှိသည်။ ထို့ပြင်လက်ရှိမှာလည်း မြန်မာစာအုပ်များကို Digital နည်းဖြင့် ဖြန့်ဝေမှု လုံးဝမရှိသလောက် ဖြစ်သည်။ ထိုအခက်ခဲများကို ကျနော်တို့ တတ်နိုင်သည့် ဘက်မှ ကူညီပေးနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ထားခြင်း ဖြစ်ပါသည်။
မူပိုင်ခွင့်ချိုးဖေါက်ပြီး ကိုယ်ကျိုးအတွက် လုံးဝ(လုံးဝ)အသုံးမပြုပါ။
နိဒါန်း
(၁၉၁၇) ခုနှစ် အောက်တိုဘာ (၁၅)၊ ပါရီမြို့၊
အက်တန်ဖစ်ချ်မန်းနှင့် ဟင်နရီဝေး
နိုင်ငံတကာ သတင်းအေဂျင်စီ၊
နံနက် (၅) နာရီ မထိုးမီ၊ ပါရီမြို့ စိန့်လာဇာရီ အမျိုးသမီးထောင်ကြီး၏ ဒုတိယထပ်သို့ လူ (၁၈) ယောက် တက်လာကြသည်။ အများစုမှာ ပြင်သစ်စစ်တပ် အရာရှိများ ဖြစ်သည်။ သူတို့အားလုံးကို ထောင်ဝါဒါတဦးက လက်ထဲတွင် မီးအိမ်တလုံးကိုင်ကာ အခန်းအမှတ် (၁၂) သို့ ဦးဆောင်ခေါ်လာသည်။ အခန်းအမှတ် (၁၂) ရှေ့တွင် သူတို့အားလုံး ရပ်လိုက်ကြသည်။ သူတို့အုပ်စုထဲတွင် အကျဉ်းကျနေသူတွေကို ပြုစုစောင့်ရှောက်ရသော ခရစ်ယာန် သီလရင်တွေ လည်း ပါလာရာ၊ အကျဉ်းခန်းတံခါးကို စစ္စတာလီယိုညှိ ဖွင့်လိုက်ပြီး၊ ကျန်သူအားလုံး အပြင်တွင် ခေတ္တစောင့်နေကြဖို့ ပြောရင်း မီးခြစ်ဆံနှင့် မီးခြစ်ကာ အခန်းတွင်းမှ မီးအိမ်တွင် မီးထွန်းလိုက်သည်။ သူ့ကို ကူညီဖို့ အခြားစစ္စတာတယောက်ကို ခေါ်ရင်း အကျဉ်းခန်းထဲ ဝင်သွားသည်။ အကျဉ်းခန်းတွင် အိပ်ပျော်နေသော ခန္ဓာကိုယ်တခုကို ကရုဏာနှင့် မေတ္တာလက်တို့ဖြင့် စစ္စတာလီယိုညှိ ပွေ့ဖက်လိုက်ရာ အိပ်ပျော်နေသော အမျိုးသမီးကား ပတ်ဝန်းကျင်ကို ဘာမှစိတ်မဝင်စားသလို အိပ်ရာထဖို့ ကြိုးစားနေသည်။ ငုတ်တုတ်ထထိုင်လိုက်ချိန်တွင် ငြိမ်းချမ်းသော အိပ်ပျော်ခြင်းမှ နိုးထလာသလို သူမမျက်နှာမှာ ကြည်လင်နေသည်။ ပြီးခဲ့သော ရက်အနည်းငယ်ခန့်က သမ္မတထံ သူမပေးပို့လိုက်သော သေဒဏ်မှ သက်သာခွင့် အသနားခံလွှာကို ပယ်ချခဲ့သော်လည်း ယခုအချိန်အထိ သူမဣန္ဒြေမှာ တည်ငြိမ်နေသည်။ ဒါပေမဲ့ သူမရင်ထဲမှာ ကြေကွဲဝမ်းနည်းနေသည် လား သို့မဟုတ် အရာအားလုံး အဆုံးသတ်တော့မှာကို သိ၍၊ စိတ်ထဲမှာ ပေါ့ပါးနေသည်လား ဆိုတာကိုတော့ ဘယ်သူမှ အဓိပ္ပာယ် မကောက်နိုင်။ စစ္စတာလီယိုညှိ အချက်ပြလိုက်သဖြင့် ဖာသာအာဘူးနှင့်အတူ ကပ္ပတိန်ဗိုလ်ချာဒွန်နှင့် သူမ၏ရှေ့နေ မီထရာကလန်နက်တို့ အကျဉ်းခန်းထဲ ဝင်လာကြသည်။ သူမက ရှေ့နေကို စာအိတ် (၂) အိတ် ပေးလိုက်သည်။ စာအိတ်တအိတ်တွင် ပြီးခဲ့သည့် သုံးလေးရက်က သူမရေးသားထားသော စာရှည်ကြီးတစောင်နှင့် အခြားစာအိတ်တွင် သတင်းဖြတ်ပိုင်းတွေ ပါလေသည်။
အဲဒီနောက် အနက်ရောင် ခြေအိတ်ရှည်တစုံကို ဝတ်၍ ပိုးဇာပန်းများနှင့် အလှဆင်ထားသော ဒေါက်ဖိနပ်တရံ စီးလိုက်သည်။ အိပ်ရာမှ မတ်တပ်ထကာ အကျဉ်းခန်း ထောင့်တနေရာသို့ လမ်းလျှောက်၍ နံရံတွင်ချိတ်ထားသော သားမွေးကော်လာနှင့် အနက်ရောင် ကုတ်အင်္ကျီရှည်ကြီးကို ယူ၍ဝတ်လိုက်သည်။ ဖရိုဖရဲဖြစ်နေသော သူမဆံပင်တွေကို ဘီးနှင့် သေသေသပ်သပ် ဖြီးသင်ကာ နောက်ဘက်တွင် စည်းကြိုးတခုနှင့် ချည်နှောင်ထားလိုက်သည်။ သက္ကလပ်ဦးထုပ်ကိုလည်း ခေါင်းတွင် ဆောင်းလိုက်ပြီး၊ ဦးထုပ်မှ ကတ္တီပါဖဲကြိုးကို မေးတွင် ကျကျနန ချည်ထားလိုက်သည်။ သူမကို ခေါ်ဆောင်သွားမည့် အပြင်ဘက်တွင် လေတွေတိုက်နေတာကြောင့် ဦးထုပ် လွင့်မသွားအောင် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။ နောက်ဆုံးအနေနှင့် အနက်ရောင်သားရေ လက်အိတ်တစုံကိုလည်း ဝတ်လိုက်ရာ၊ သူမအပြင်အဆင်အားလုံး အခြေအနေနှင့် သဘာဝမကျ ကိုးယို့ကားရား ဖြစ်နေဟန်တူသည်။ ဘယ်လိုပင် ယူဆပါစေ၊ သူမအခန်းထဲ ရောက်လာသူ အားလုံးဘက် မျက်နှာမူကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။
“ကျမ အဆင့်သင့်ဖြစ်ပါပြီ”
သူတို့အားလုံး စိန့်လာဇာရီ အမျိုးသမီးအကျဉ်းထောင်ကြီးမှ ထွက်၍ မော်တော်ကားတစီးစီ လမ်းလျှောက်လာကြသည်။ သူတို့ကို စောင့်နေသော မော်တော်ကားမှာ လူသတ်ကွင်းဆီသို့ သယ်ဆောင်သွားပေလိမ့်မည်။ မြို့ကြီးတမြို့လုံး အိပ်မောကျနေသည်။ မော်တော်ကားသည် မြို့လမ်းမများကိုဖြတ်၍ ကာဆန်ဒီဗင်းဆင့် အဆောက်အအုံပျက်ကြီးသို့ ရောက်လာသည်။ အဲဒီနေရာမှာ ယခင်က ပြင်သစ်ခံတပ်ရှိခဲ့ပြီး၊ (၁၈၇ဝ) ခုနှစ်တွင် ဂျာမန်တွေ ဖျက်ဆီးပစ်ခဲ့သည်။ မော်တော်ကားရပ်၍ ကားပေါ်မှ အားလုံးဆင်းလိုက်ကြသည်။ နောက်ဆုံးမှ ဆင်းလာသူမှာ မာတာဟာရီ ဖြစ်သည်။
စစ်သားတွေအားလုံး ရိုင်ဖယ်ကိုယ်စီနှင့် ခပ်လှမ်းလှမ်းတနေရာတွင် တန်းစီရပ်နေကြသည်။ အားလုံး (၁၂) ယောက် ပါဝင်၍ တဘက်စွန်းတွင် ဓားရှည်ကိုင်ထားသော အရာရှိတယောက် မတ်တပ်ရပ်နေသည်။ သီလရင်နှစ်ယောက် ခြံရံထားသော မာတာဟာရီကို ဖာသာအာဘူးက တစုံတရာကို တတွတ်တွတ် ပြောနေသည်။ အဲဒီနောက် ပြင်သစ် စစ်ဗိုလ်တယောက် ရောက်လာကာ အဖြူရောင် ပိတ်စရှည်တစကို စစ္စတာတယောက်ဆီပေးရင်း မာတာဟာရီမျက်လုံးတွေကို အဝတ်နှင့် စည်းဖို့ ပြောလိုက်ရာ၊ အဝတ်စကိုကြည့်ရင်း မာတာဟာရီ မေးလိုက်သည်။ အဲဒီအဝတ်ကို ကျမ မစည်းရင် မရဘူးလား။ ရှေ့နေမီထရာကလည်း ဘယ်လိုလဲဆိုသောသဘောနှင့် စစ်ဗိုလ်ကို ကြည့်နေချိန်တွင် စစ်ဗိုလ်ထံမှ အဖြေပေးလာသည်။
“မဖြစ်မနေ စည်းရမယ်လို့ မဆိုလိုပါဘူး။ မဒမ်အနေနဲ့ မစည်းချင်ရင်လည်း ရပါတယ်”
ဘုန်းကြီး၊ သီလရင်နှင့် ရှေ့နေတို့ ခပ်လှမ်းလှမ်းတနေရာ ထွက်ခွာသွားချိန်တွင် သူမ အသက်ဇီဝိန်ကို ချွေကြမည့် သူမရှေ့မှ သေနတ်ကိုင်စစ်သားတွေကို မမှိတ်မသုန်စိုက်ကြည့်နေသည်။ သေနတ်ကိုင်တပ်စု ဗိုလ်လုပ်သူက ချိန်ရွယ်ထားသော သေနတ်တွေကို တဦးချင်းစီ စစ်ဆေး၍ ပြီးဆုံးချိန်တွင် အမိန့်ပေးလိုက်သည်။
“အသင့်ပြင်”
စစ်သား (၁၂) ယောက်လုံး ရိုင်ဖယ်သေနတ်တွေကို ပခုံးနှင့်ထမ်း၍ ပြောင်းဝတွေကို မာတာဟာရီထံ တည့်တည့်မတ်မတ် ချိန်ရွယ်ကာ မလှုပ်မယှက် ရပ်နေကြသည်။ မာတာဟာရီသည် လည်း မျက်တောင် တချက်မျှပင် မလှုပ်မခတ်၊ သေနတ်ပြောင်းဝတွေကို တည့်တည့်မတ်မတ် စူးစိုက်ကြည့်နေသည်။ တုန်လှုပ်ခြောက်ခြားခြင်း အရိပ်အမြွတ် တခုမျှပင် သူမထံမှာ မတွေ့ရ။ ကျောက်ရုပ်တရုပ်လို ရပ်၍သာနေသည်။ စစ်ဗိုလ်က ဓားရှည်ကို လေပေါ်မြှောက်၍ အမိန့်သံနှင့် အတူ ဓားကို အောက်ချလိုက်သည်။
“ပစ်”
အာရုံကျင်း မိုးကုပ်စက်ဝိုင်းကြီးပေါ်တွင် လိမ္မော်ရောင် နေလုံးကြီး တရွေ့ရွေ့ မြင့်တက်လာနေသည်။ လတ်ဆတ်နူးညံ့သော နံနက်ခင်း နေရောင်ခြည်အောက်တွင် သေနတ်သံများနှင့်အတူ ယမ်းငွေ့တွေ လွင့်တက်သွားသည်။ သေနတ်သံတွေ ငြိမ်သက်သွားသည်နှင့် စစ်သားတွေအားလုံး ပခုံးတွင် ထမ်းထားသော ရိုင်ဖယ်သေနတ်တွေကို တညီတညာတည်း မြေပေါ်ချ၍ သတိအနေအထားနှင့် ရပ်နေကြသည်။
တစ်စက္ကန့်နီးပါးမျှ မာတာဟာရီ မတ်မတ်ရပ်နေသေးသည်။ ရုပ်ရှင်ထဲတွင် တွေ့ရသော သေနည်းသေပုံလို ရှေ့ သို့မဟုတ် နောက်သို့ လန်လဲသွားခြင်း မရှိ။ ခြေကားယား၊ လက်ကားယားနှင့် ပစ်လဲသွားခြင်း မရှိ။ မြေသို့ပုံလျက်သာ တဖြည်းဖြည်း ထိုင်ကျသွားလေသည်။ သို့တိုင် ဦးခေါင်းကား မညွှတ်။ မျက်လုံးများ ပွင့်လျက်။ တယောက်သော စစ်သားသည်သာ သူမကိုကြည့်ရင်း သတိမေ့သွားလေသည်။
သားမွေးဝတ်ရုံအောက်တွင် ခြေထောက်ကိုခေါက်၍ တခဏမျှ မတ်မတ်ထိုင်နေပြီး ကောင်းကင်ကြီးကို မျက်နှာမူလျက် ညာဘက်သို့ မာတာဟာရီ ပြိုလဲကျသွားသည်။ လဲကျသွားသော မာတာဟာရီအနားသို့ စစ်ဗိုလ်တယောက် ချဉ်းကပ်လာကာ၊ အိတ်တွင် ချိတ်ဆွဲထားသော ဆုံလည် ခြောက်လုံးပြူးကို ဆွဲထုတ်၍ မာတာဟာရီ၏ နားထင်တည့်တည့်သို့ ချိန်ရွယ်လိုက်သည်။ သူမအဝတ်အစား သို့မဟုတ် အရေပြားနှင့် မထိဖို့ အတော်ဂရုစိုက်နေဟန်တူသည်။ အဲဒီနောက် ဆုံလည် ခြောက်လုံးပြူး မောင်းကို ဆွဲလိုက်ရာ သူမဦးခေါင်းအတွင်း ကျည်ဆန်တတောင့် စိုက်ဝင်သွားပြီးနောက် စောင့်ကြည့်နေသူတွေ အားလုံးဘက်လှည့်ကာ အောင်မြင်သောလေသံနှင့် အော်ပြောလိုက်လေသည်။
“မာတာဟာရီသေပြီ”
❑
အပိုင်း တစ်
ယခုတပတ်ကုန်လျှင် ဘာဖြစ်လာမည်ကို ကျမ မသိ။ အမြဲတမ်း အကောင်းမြင်တတ်သော မိန်းမတယောက် ဖြစ်ခဲ့ပေမဲ့၊ ယခုအချိန်မှာ ကျမအတွက် နာကျည်း ခါးသည်းမှုတွေ၊ အထီးကျန်ခြင်းနှင့် ဝမ်းနည်း ကြေကွဲမှုတွေသာ အုံဖွဲ့နေပါတယ်။ ကျမထင်ထားသလို အခြေအနေ ပြောင်းသွားမယ်ဆိုရင်တော့ ယခုစာကို ရှင် လက်ခံရမှာ မဟုတ်တော့ပါဘူး။ ကျမလည်း အပြစ်ဒဏ်က လွတ်မြောက်သွားမှာပါ။ ကျမဘဝမှာလေ သြဇာအာဏာရှိသူ မိတ်ဆွေတွေကို ချဉ်းကပ် စည်းရုံးရင်းနဲ့ပဲ အချိန်ကုန်ခဲ့ပါတယ်။ ယခုစာကို ရေးခဲ့ရတာလည်း ကျမ ဘယ်လို မိခင်ဆိုတာကို တဦးတည်းသော ကျမသမီးလေး သိစေဖို့ပါ။
ကျမမှားသွားပါသလား။ ကမ္ဘာမြေပေါ်မှာ အသက်ရှင်ရမယ့် ကျမရဲ့ နောက်ဆုံး (၇) ရက်ကို ဟောဒီစာရေးရင်း ကုန်ဆုံးခဲ့ရပေမယ့်၊ သမီးလေးဆီ ဟော့ဒီစာ ရောက်မရောက် မျှော်လင့်ချက်ကတော့ နည်းနည်းလေးသာ ရှိပါတယ်။ ကျမက အမြဲ လက်တွေ့ကျတဲ့ မိန်းမတယောက်ပါ။ အမှုတခု ပိတ်သိမ်းသွားပြီ ဆိုတာနဲ့ ရှေ့နေလုပ်သူတွေဟာ နောက်ကို တချက်မှ လှည့်မကြည့်ဘဲ နောက်ထပ် အမှုတခုဆီ အာရုံရောက်သွားမှာကို သဘောပေါက်ပါတယ်။
နောက်ထပ် ဘာဖြစ်မလဲဆိုတာ ကျမ မှန်းဆကြည့်နိုင်ပါတယ်။ စစ်ရာဇဝတ်ကောင် တယောက်ကို မိုက်မိုက်မဲမဲ ကာကွယ်ရင်းနဲ့ ရှင် အလုပ်တွေ ရှုပ်နေမှာပါ။ ရှင့်အိမ်တံခါးကို လူတွေလာခေါက်ပြီး၊ ကျမကိစ္စမှာ ရှုံးနိမ့်သွားသည့်တိုင် ရှင့်ဆီက အကူအညီ တောင်းကြပါလိမ့်မယ်။ လူတွေက ရှင့်ကို အာရုံစိုက်လာကြလိမ့်မယ်။ မီဒီယာသမားတွေ ရောက်လာပြီး၊ ရှင့်အတွေ့အကြုံ၊ ရှင့်ထင်မြင် ယူဆချက်တွေ မေးမြန်းကြလိမ့်မယ်။ မြို့ပေါ်က ဈေးအကြီးဆုံး စားသောက်ဆိုင်ကြီး တွေမှာ ရှင့်ကို ညစာနဲ့ တည်ခင်းဧည့်ခံပြီး ဂုဏ်ပြုကြတဲ့အခါ၊ ရှင့်ကို ရှေ့နေတွေက မနာလိုဝန်တိုကြလိမ့်မယ်။ ကျမအမှုနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့ အထောက်အထား တခုမှ မရှိခဲ့တာကိုလည်း ရှင်သိပါလိမ့်မယ်။ ကျမနဲ့ပတ်သက်ပြီး သူတို့ပြောတဲ့ အထောက်အထားတွေ ဆိုတာ ကလိန်စေ့ ငြမ်းဆင်ထားတဲ့ အထောက်အထားတွေပါ။ ဒါပေမဲ့ အပြစ်မရှိတဲ့ အမျိုးသမီး တယောက် ရှင့်ကြောင့် သေဆုံးသွားတယ် ဆိုတာကိုတော့ အများပြည်သူရှေ့မှာ ဘယ်တော့မှ ရှင် ဝန်ခံမှာ မဟုတ်ပါဘူး။
အပြစ်မရှိတဲ့ မိန်းမတဲ့လား။ အဲဒီစကားဟာ ကျမအတွက် မှန်ချင်မှ မှန်ပါလိမ့်မယ်။ ကျမဟာ အပြစ်ကင်းစင်တဲ့ မိန်းမတယောက်တော့ မဟုတ်ပါဘူး။ နိုင်ငံတော် လျှို့ဝှက်ချက်တွေ လိုချင်သူတွေကို ကျမ ကြိုးကိုင်ခြယ်လှယ်နိုင်မယ်လို့ ထင်ခဲ့တယ်။ ဂျာမန်၊ ပြင်သစ်၊ အင်္ဂလိပ်၊ စပိန် ကျမကို တွေ့ရင် ဘယ်ယောက်ျားမှ ကြာကြာတောင့်မခံနိုင်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အဆုံးမှာတော့ ကြိုးကိုင်ခြယ်လှယ်ခံရသူဟာ ကျမပါပဲ။ ကျမကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေထဲမှာ အကြီးဆုံးပြစ်မှုကတော့ ယောက်ျားတွေ အုပ်ချုပ်နေတဲ့ ဟောဒီကမ္ဘာထဲမှာ လွတ်လပ်တဲ့ မိန်းမတယောက် ဖြစ်နေတာပါ။ မှားမှားယွင်းယွင်း တခုခု လုပ်ခဲ့တယ်ဆိုရင် တခုတည်းသော အဲဒီပြစ်မှုဟာ လူကုံတန်အမျိုးသမီးတွေ ကျက်စားတဲ့ စလွန်းတွေမှာ အတင်းအဖျင်း ပြောခဲ့တာပါပဲ။ ဒါပေမဲ့ ကျမကို သူလျှိုမှုနဲ့ တရားစွဲဆိုခဲ့ကြတယ်။
ဟုတ်ပါတယ်၊ ပိုက်ဆံနဲ့အာဏာ လိုချင်တာကြောင့် အဲဒီအတင်းအဖျင်းတွေကို လျှို့ဝှက်ချက်တွေအဖြစ် ကျမပြောင်းလဲခဲ့တာပါ။ ကျမ ထွက်ဆိုခဲ့တဲ့ အကြောင်းအရာအားလုံး အသစ်တခုမှ မဟုတ်ဘဲ၊ အဟောင်းတွေဆိုတာ အခု ကျမကို စွပ်စွဲသူတွေ သိကြပါတယ်။
အဲဒီအကြောင်း ဘယ်သူမှ မသိတာ ရှက်စရာ ကောင်းပါတယ်။ ကျမပေးခဲ့မယ့် ဟောဒီစာအိတ် နှစ်အိတ်ဟာလည်း အခြားအမှုတွဲ အထောက်အထားတွေ ပြည့်ကျပ်နေတဲ့ စင်ပေါ်မှာ ချောင်ထိုးထားရင်လည်း ထားကြပါလိမ့်မယ်။ နောက်ဆုံး အမှုဟောင်းတွေ စွန့်ပစ်ပြီး အခန်းသန့်ရှင်းရေး လုပ်တဲ့အခါ ကျမစာနှစ်စောင်လည်း ပါချင်ပါသွားပါလိမ့်မယ်။ အဲဒီနည်းနဲ့အတူ ကျမနာမည်ကိုလည်း မေ့လျော့သွားကြပါလိမ့်မယ်။ ဒါပေမဲ့ သတိအရခံဖို့ ကျမစောင့်နေတာ မဟုတ်ပါဘူး။ ကိစ္စ အကြောင်းအရာတွေကို ကျမကိုယ်တိုင် နားလည်သဘောပေါက်ဖို့ ကြိုးစားနေပါတယ်။ ဘာကြောင့်လဲ၊ ဘဝမှာ နှစ်ပေါင်းများစွာ လိုချင်တာ ရခဲ့တဲ့ အမျိုးသမီးတယောက်၊ ဘယ်လိုနည်း ဘယ်လိုပုံနဲ့ သေမိန့်ကျခံခဲ့ရတာလဲ။ အဲဒီအချိန် ဘဝကို နောက်ပြန်လှည့်ကြည့်တဲ့အခါ အမှတ်သညာတွေဟာ မြစ်တစင်းလိုပဲ ကျမ သဘောပေါက်လိုက် ပါတယ်။ အမြဲတမ်း နောက်ပြန်စီးနေတဲ့ မြစ်တစင်းပါပဲ။ အမှတ်သညာတွေမှာ အပြောင်းအလဲတွေ ပြည့်လျှံနေပါတယ်။ ကျမတို့ ထိတွေ့ခံစားခဲ့ရတဲ့ ပုံရိပ်တွေကလည်း မရေရာ၊ မသေချာခြင်းတွေနဲ့ ကျမတို့ကို အသက်ရှု မွန်းကြပ်စေပါတယ်။ ပေါင်မုန့်ဖိုက လေနဲ့အတူ ပျံ့လွင့်လာတဲ့ လတ်လတ်ဆတ်ဆတ် ပေါင်မုန့်နံ့လေးတွေ ကျမအကျဉ်းတိုက်ထဲ လွင့်ပျံလာလို့ အနံ့ရလိုက်ချိန်မှာ လမ်းမပေါ်မှာ လွတ်လွတ်လပ်လပ် လျှောက်ခဲ့တဲ့နေ့တွေကို သတိရစေပါတယ်။ ကဖီးဆိုင်တွေမှာ ရယ်ရယ်မြူးမြူး အချိန်ကုန်ဆုံးခဲ့တဲ့ နေ့ရက် အမှတ်သညာတွေ ခေါင်းထဲတိုးဝင်လာရာက ကြေကွဲဝမ်းနည်းခြင်း မျက်ရည်တွေက သေခြင်းတရားထက် ကျမကို ပိုနှိပ်စက်နေပါတယ်။ အခန်းကျဉ်းလေးထဲမှာ တယောက်တည်း အထီးကျန်နေရတဲ့ဘဝကို သွက်သွက်ခါအောင် ရူးသွပ်စေပါတယ်။
အမှတ်သညာတွေဟာ ဝမ်းနည်းကြေကွဲခြင်းဆိုတဲ့ မကောင်းဆိုးဝါးနဲ့အတူ ကျမဆီ ရောက်လာကြတယ်။ အင်မတန် ကြမ်းကြုတ်ပြီး ဘယ်လိုမှ မလွတ်မြောက်နိုင်တဲ့ မကောင်းဆိုးဝါး ပါပဲ။ အကျဉ်းသားတယောက် သီဆိုနေတဲ့ သီချင်းသံ၊ ချစ်ခင်သူတွေဆီက ပေးပို့လိုက်တဲ့ စာအချို့နဲ့ နှင်းဆီးပန်း၊ စံပယ်ပန်းတွေ။ ကျမသဘောမကျခဲ့တဲ့ မြို့အချို့က မြင်ကွင်းတွေ။ ကျမရောက်ခဲ့တဲ့ နိုင်ငံ။ ဟောဒီနိုင်ငံမှာ အားလုံး ထားရစ်ခဲ့ပါပြီ။
အမှတ်သညာတွေဟာ အမြဲ အနိုင်ယူတတ်ပါတယ်။ ဝမ်းနည်း ကြေကွဲခြင်းဆိုတဲ့ မကောင်းဆိုးဝါးထက်၊ ကြောက်စရာကောင်းတဲ့ နောက်ထပ် မကောင်းဆိုးဝါးကတော့ နောင်တနဲ့ တဖန် ပူပင်သောကပါ။ ဟောဒီအကျဉ်းတိုက်ထဲမှာ ကျမနဲ့အတူ တွဲဖက်နေနိုင်တာလည်း အဲဒီမကောင်းဆိုးဝါးတွေပါပဲ။ တခါတခါ ကျမဆီ စစ္စတာတွေ ရောက်လာပြီး စကားစမြည် ပြောတဲ့အခါမှာတော့ မကောင်းဆိုးဝါးတွေ ခေတ္တခဏ ရှောင်နေတတ်ပါတယ်။ စစ္စတာတွေက ကျမကို ထာဝရ ဘုရားအကြောင်း မပြောကြပါဘူး။ လူ့အဖွဲ့အစည်းက မကောင်းမှု ဒုစရိုက်လို့ခေါ်တဲ့ အပြစ်အတွက်လည်း ကျမကို သူတို့ အပြစ်မဖို့ကြပါဘူး။ သူတို့ စကားတလုံး နှစ်လုံး ပြောတဲ့အခါ နောက်ပြန်စီးနေတဲ့ မြစ်ထဲ ကျမ ခုန်ချလိုက်သလို၊ ကျမစိတ်ထဲ အမှတ်သညာတွေ ရုတ်တရက် ထွက်လာတတ်ပါတယ်။ စစ္စတာတယောက်က ကျမကို အခုလို မေးလာပါတယ်။
“ထာဝရဘုရားက မင်းကို ဒုတိယအကြိမ် အခွင့်အရေး ပေးမယ်ဆိုရင် မင်း ဘာလုပ်မလဲ၊ အခြားတခုခုကို လုပ်မလား”
“ဟုတ်ကဲ့” လို့ပဲ ကျမဖြေလိုက်ပါတယ်။ ဒါပေမဲ့ ဘာရယ် ညာရယ် တကယ်မသိပါဘူး။ လောလောဆယ် ကျမနှလုံးသားဟာ တစ္ဆေ သူရဲ မြို့ကြီးတမြို့ ဖြစ်နေတာကိုပဲ သိနေပါတယ်။ ဆာလောင်နေတဲ့ ရမ္မက်တွေ၊ တက်ကြွတဲ့ စိတ်အားထက်သန်မှုတွေ၊ တကိုယ်တည်း အထီးကျန်ခြင်းတွေ၊ မာန်မာနတွေ၊ သစ္စာဖောက်ခံလိုက်ရတဲ့ အမျက်ဒေါသတွေ၊ ဝမ်းနည်း ကြေကွဲခြင်းတွေ ပြည့်နှက်နေတဲ့ မြို့ကြီးတမြို့ပါပဲ။ ဒါပေမဲ့ ကျမတယောက်တည်း ကြိတ်ငိုနေသည့်တိုင် အဲဒီမြို့ကြီးက လွတ်အောင် ရုန်းထွက်နိုင်မတဲ့လား။
မှားယွင်းတဲ့အချိန်မှာ မွေးဖွားလာသူ ကျမလို အမျိုးသမီးတယောက်အတွက် ဘယ်အရာမှ ပြင်ဆင်လို့ မရနိုင်တော့ပါဘူး။ အနာဂတ်မှာ ကျမကို သတိရကြမလား၊ မရကြဘူးလား မသိပါဘူး။ ဒါပေမဲ့ ကျမကို သားကောင်တယောက်အနေနဲ့ ဘယ်တော့မှ မြင်ကြမှာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ရဲရင့်တဲ့ ခြေလှမ်းတွေနဲ့ ရှေ့ကို လှမ်းနေသူတွေလို ကိုယ်ပေးရမယ့်တန်ဖိုးကို မထိတ်မလန့် ပေးခဲ့သူအဖြစ် နားလည်နိုင်ကြမှာပါ။
❑
ဗီယင်နာမြို့ကို တခေါက် ကျမရောက်တော့ သြစတေးလျမှာ အကြီးအကျယ် အောင်မြင်နေသူ လူကြီးလူကောင်းတယောက်နဲ့ ဆုံခဲ့တယ်။ သူ့နာမည်က ဖရိုက်လို့ခေါ်တယ်။ သူရဲ့ပထမနာမည်ကိုတော့ သတိမရတော့ဘူး။ ကျမတို့တွေအားလုံး အပြစ်ကင်းစင်ပါကြောင်း ဖြစ်တန်ရာခြေကို သူ့ဘက်က ထိန်းသိမ်းထားတာကြောင့်ပဲ သူ့ကို လူတွေ လေးစားကြပါတယ်။ တကယ်တော့ ကျမတို့အပြစ်က ကျမတို့မိဘတွေ အပြစ်ပါပဲ။
ဘယ်နေရာမှာ မှားနေသလဲလို့ ကျမကြိုတင် စဉ်းစားကြည့်ပါတယ်။ ဒါပေမဲ့ ကျမမိသားစုကို အပြစ်မတင်ခဲ့ပါဘူး။ ပိုက်ဆံနဲ့ ဝယ်လို့ရနိုင်တာတွေအားလုံး မိခင်နဲ့ ဖခင်က ကျမအတွက် ဝယ်ပေးကြပါတယ်။ ကျမမိသားစုမှာ ဦးထုပ်ဆိုင်တဆိုင် ရှိပါတယ်။ ရေနံကို အရေးကြီးတဲ့ ကုန်ပစ္စည်းတခုအဖြစ် လူတွေ မသိခင်ကတည်းက ကျမမိဘတွေက ရေနံလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ပုဂ္ဂလိကကျောင်းမှာ ကျမ ပညာသင်ကြားနိုင်သလို၊ အကပညာကိုလည်း လေ့လာနိုင်ခဲ့ပါတယ်။ ကျမကို အညှာလွယ်တဲ့ မိန်းကလေးလို့ လူတွေ စွပ်စွဲတဲ့အခါ ဖခင်က စာအုပ်တအုပ် ရေးပြီး ကျမဘက်က ကာကွယ်ခဲ့ပါတယ်။ ကျမဖခင် ဘယ်တော့မှ မလုပ်သင့်တဲ့အလုပ်တခုပါ။ ကျမအတွက်တော့ နည်းနည်းလေးမှ စိတ်စနိုးစနောင့် မဖြစ်ခဲ့ပါဘူး။ ကျမဖခင်စာအုပ်ကို စွပ်စွဲသူတွေ ပိုပြီးအာရုံစိုက်လာကြပါတယ်။ ကျမကို မိန်းမပျက်လို့ စွပ်စွဲသူတွေ ပိုပြီး အာရုံစိုက်လာကြပါတယ်။
ဟုတ်ပါတယ်။ ကျမဟာ မိန်းမပျက်တယောက်ပါ။ အခွင့်အရေးနဲ့ ဥစ္စာဓနတွေ ရဖို့ အပြန်အလှန်အားဖြင့် အချစ်နဲ့ ရမ္မက်ပေးနေတဲ့ လူတယောက်ယောက်ကို ဆိုလိုတယ် ဆိုရင်တော့ ကျမဟာ တကယ့်မိန်းမပျက်ပါပဲ။ ဟုတ်ပါတယ်၊ ကျမဟာ လူလိမ်လူညာတယောက်ပါ။ ဘယ်လောက်အထိ ညာတတ်သလဲဆိုရင် ကျမပြောခဲ့တာတွေအားလုံး မကြာခဏ မေ့လျော့ပြီး၊ ဆိုးဆိုးရွားရွား အမှားတွေကို ခြေကုန်လက်ပန်းကျလောက်အောင် ဖုံးရဖိရတတ်ပါတယ်။
မှားယွင်းသော မြို့တမြို့မှာ ကျမကို မွေးဖွားခဲ့တာကလွဲပြီး မိဘတွေကို ကျမ အပြစ်မတင်ခဲ့ပါဘူး။ လေဝါဒန်မြို့အကြောင်းကို ကျမသိကျွမ်းခဲ့တဲ့ ဒတ်ချ်အမျိုးသား တော်တော်များများ မကြားဘူးကြပါဘူး။ အဲဒီမြို့ရဲ့ နေ့စဉ်နေ့တိုင်းဟာ ထူးခြားမှု တခုမှမရှိဘဲ ဆင်တူတွေပါပဲ။ အပျိုဖော်ဝင်စအရွယ် ကျမအပြင်အဆင် မူဟန်တွေကို သူငယ်ချင်းတွေ အားကျလာကတည်းက ကျမဟာ မိန်းမလှတဦးဆိုတာ ကိုယ့်ကိုယ်ကိုယ် သိနေပါတယ်။
(၁၈၈၉) ခုနှစ် ကျမမိသားစု ကံကြမ္မာ ပြောင်းလဲသွားပါတယ်။ ဖခင် စီးပွားရေးလုပ်ငန်းတွေ ချွတ်ခြုံကျ အရှုံးပေါ်လာပြီး၊ မိခင်က နာမကျန်းဖြစ် အိပ်ရာထဲလဲ၊ (၂) နှစ် အကြာမှာတော့ ဆုံးပါးသွားပါတယ်။ သူတို့ဘဝ ဖြတ်သန်းခဲ့သလို၊ ကျမကို မဖြတ်သန်းစေချင်တာကြောင့်ပဲ အခြားမြို့တမြို့ကို စေလွှတ်ပြီး ကျောင်းကောင်းကောင်းမှာ ထားခဲ့ကြပါတယ်။ အဲဒီ စာသင်ကျောင်းမှာ မူကြိုဆရာမတယောက်ဖြစ်ဖို့ လေ့ကျင့်သင်ကြားရင်း လင်ကောင်းသားကောင်း တယောက်ကိုလည်း စောင့်မျှော်နေခဲ့ပါတယ်။ အိမ်က ကျမ မထွက်ခွာမီ မိခင်က ကျမကိုခေါ်ပြီး အထုပ်လေးတထုပ် ပေးပါတယ်။
“မာဂါရီသာ ဟောဒီအထုပ်လေးကို သမီးနဲ့အတူ ယူသွားပါ”
မာဂါရီသာဆိုတာ ကျမနာမည်အရင်းပါ။ အဲဒီနာမည်ကို ကျမ အလွန်မုန်းပါတယ်။ မာဂါရီသာဆိုတာ အခြေသတင်းကြီးတဲ့ မင်းသမီးတယောက် ဖြစ်တာကြောင့် မိန်းကလေး တော်တော်များများ အဲဒီနာမည်ကို ယူကြတာပါ။ အမေပေးတဲ့အထုပ်၊ ဘာအထုပ်လဲလို့ ကျမမေးတော့ ရောင်စုံကျူးလစ်ပန်း အစေ့လေးတွေလို့ ပြောပါတယ်။
“ရောင်စုံကျူးလစ်ပန်းတွေဟာ အမေတို့နိုင်ငံရဲ့ သင်္ကေတပဲ သမီး။ ဒါပေမဲ့ အဲဒီထက်လည်း ပိုပါတယ်။ သမီး လေ့လာသင်ယူရမယ့် အမှန်တရားကိုလည်း ကျူးလစ်ပန်းလေးတွေက ကိုယ်စားပြုနေပါတယ်။ ဟောဒီသစ်စေ့လေးတွေနဲ့ အခြားသစ်စေ့လေးတွေ ခွဲခြားမသိနိုင်ရင် တောင်မှ ကျူးလစ်ပန်းစေ့လေးတွေက ကျူးလစ်ပန်းပင်လေးတွေပဲ ဖြစ်လာမှာပါ။ သူတို့တွေ ဘယ်လောက်ပဲ ဆန္ဒရှိသည်ဖြစ်စေ၊ ကျူးလစ်ပန်းပွင့်တွေဟာ နှင်းဆီ ဖြစ်မလာပါဘူး။ သူတို့ဖြစ်တည်မှုကို ငြင်းပယ်ဖို့ ကြိုးစားမယ်ဆိုရင် ဘဝကို နာကျည်းစွာ ရှင်သန်ရင်း ကွယ်ပျောက် သွားကြပါလိမ့်မယ်။
အဲဒါကြောင့် ကံကြမ္မာဟာ ဘယ်လိုပဲဖြစ်နေပါစေ၊ အဲဒီနောက်ကို လိုက်ပါဖို့ သမီး လေ့လာရပါလိမ့်မယ်။ ပန်းပွင့်လေးတွေ ပွင့်လာပြီး သူတို့အလှတရားကို အားလုံး နားလည် ခံစားနိုင်ကြတယ်။ အဲဒီနောက် သူတို့မသေဆုံးမီ ထာဝရဘုရားရဲ့ အလိုတော်ကို အခြားသူတွေ ဆက်ဖြည့်ဆည်းနိုင်ဖို့ သစ်စေ့လေးတွေ ထားရစ်ခဲ့ကြတယ်”
သစ်စေ့ထည့်ထားတဲ့ အိတ်ငယ်လေးဟာ နေမကောင်းတဲ့ကြားက အမေကိုယ်တိုင် ဇာထိုးခဲ့တဲ့ အိတ်လေးတအိတ်ပါ။ အမေဟာ သူမရဲ့ ပန်းအဘိဓမ္မာကို ဆက်ရှင်းပြနေပါတယ်။
“ဘာမှမတည်မြဲဘူးဆိုတဲ့အကြောင်းကို ပန်းလေးတွေက သင်ကြားပေးနေတယ် သမီး။ သူတို့ရဲ့အလှတရားအကြောင်း၊ တဒင်္ဂဖြစ်တည်မှုအကြောင်း၊ မျိုးဆက်သစ်တွေအကြောင်း၊ ပျော်ရွှင်ခြင်းတွေ၊ ဝေဒနာတွေ ဒါမှမဟုတ် ဝမ်းနည်း ကြေကွဲခြင်းတွေကို ခံစားရတဲ့အခါ ကျူးလစ်ပန်းလေးတွေကို သတိရပါ သမီး။ အရာအားလုံး ဖြတ်သန်းသွားတယ်။ အိုမင်းလာကြတယ်၊ သေဆုံးသွားတယ်။ ပြန်လည် မွေးဖွားလာကြတယ်”
ကျူးလစ်ပန်းလေးတွေပြောတဲ့ အမှန်တရားကို ကျမနားလည်နိုင်ဖို့ မုန်တိုင်းတွေ ဘယ်လောက်များများ ကျမ ဖြတ်သန်းရဦးမှာလဲ။ ယခုအချိန်မှာတော့ အမေ့စကားတွေဟာ ကျမအတွက် ဖမ်းဆုပ်မရတဲ့ တိမ်တွေလိုပါပဲ။ နေ့တွေ၊ ညတွေအားလုံး တထပ်တည်းဖြစ်နေတဲ့ ဟောဒီမြို့မှာ ကျမ အသက်ရှူကြပ်နေပါတယ်။ အဲဒါကြောင့် မြို့က ထွက်ခွာချင်တာပဲ သိနေပါတယ်။ ဒါပေမဲ့ ဟောဒီစာရေးနေတဲ့ အခုအချိန်မှာတော့ မိခင်ပြောခဲ့တဲ့ စကားတခွန်းကို ကျမကြားနေပြန်ပါတယ်။
“ဟောဒီအစေ့ ပိစိကွေးလေးကနေ သစ်ပင်မြင့်မြင့်ကြီးတွေ ဖြစ်လာနိုင်တယ်ဆိုတာ သတိရပါ သမီး”
မိခင်က ကျမကို အနမ်းနဲ့ နှုတ်ဆက်လိုက်ပါတယ်။ ဖခင်က ကျမကို ဘူတာရုံအထိ လိုက်ပို့ပါတယ်။ ဒါပေမဲ့ ကျမတို့သားအဖ နှစ်ယောက်လုံး တိတ်ဆိတ်လျက်။ ကျမသိခဲ့တဲ့ ယောက်ျားတွေအားလုံး ပျော်ရွှင်မှုတွေ၊ ရွှေငွေ ရတနာတွေ ဒါမှမဟုတ် ကျမအတွက် လူ့အဖွဲ့အစည်းထဲမှာ နေရာတနေရာ ပေးကြပါတယ်။ သူတို့နဲ့ သိကျွမ်းခဲ့ရတဲ့အတွက် နောင်တ မရခဲ့ပါဘူး။ ချွတ်ယွင်းချက်အနေနဲ့ ကျမ အသက် (၁၆) နှစ်မှာ ကျမကို မုဒိန်းကျင့်ခဲ့တဲ့ ကျောင်းအုပ်ဆရာကြီးကလွဲလို့ပေါ့။
ကျမကို ကျောင်းအုပ်ဆရာကြီးက သူ့အခန်းထဲခေါ်ပြီး တံခါးပိတ်လိုက်ပါတယ်။ အဲဒီနောက် ကျမပေါင်ကြားထဲ လက်နဲ့နှိုက်ရင်း ကလိနေပါတယ်။ ရုန်းထွက်ဖို့ ပထမ ကျမကြိုးစားပါသေးတယ်။ ဆရာကြီးရယ်၊ မလုပ်ပါနဲ့၊ မတော်ပါဘူး။ အဲဒီလို တောင်းပန်နေတဲ့ကြားက ဘာမှမပြောဘဲ ကျမကို စားပွဲခုံပေါ် ဆွဲမှောက်လိုက်ပြီး၊ ရုံးခန်းထဲ တယောက်ယောက် ဝင်လာပြီး ကျမတို့ကို မြင်သွားမှာ စိုးရိမ်စိတ်နဲ့ ဆရာကြီးလုပ်သမျှ ကျမ ခံနေလိုက်ပါတယ်။
ချစ်ခြင်းမေတ္တာရှိမှသာ ယောက်ျားတယောက်နဲ့ ကိုယ်ချင်း နှီးနှောသင့်တယ်ဆိုတဲ့ မေမေ့စကားကို ကျမကြားမိလိုက်ပါတယ်။ စိတ်ထဲမှာ ရှုပ်ထွေးပြီး ထိတ်လန့်စွာနဲ့ပဲ ဆရာကြီး ရုံးခန်းထဲက ကျမပြေးထွက်လာပါတယ်။ ဖြစ်ပျက်သမျှ ကျမ ဘယ်သူမှ မပြောဖို့လည်း စိတ်ထဲမှာ ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ ကျမလိုအဖြစ်မျိုးနဲ့ ကြုံခဲ့ရတဲ့ နောက်ထပ် ကျောင်းသူတယောက်နဲ့ တွေ့ပြီးနောက်မှာတော့ ကျမအကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါတော့တယ်။ အဲဒီ မိန်းကလေးလည်း ကျောင်းအုပ်ဆရာကြီး ရုံးခန်းထဲမှာ ကျမလို အနိုင်ကျင့်ခံလိုက်ရသူပါ။ ဒါပေမဲ့ ကျမလို ရေငုံနှုတ်ပိတ်နေခဲ့သူပါ။ စွန့်စားပြီး ကျမတို့အကြောင်းကို ဖွင့်ပြောလိုက်မယ်ဆိုရင်လည်း ကျမတို့ ကျောင်းထုတ်ခံရမှာ သေချာပါတယ်။ အဲဒါကြောင့် ကိုယ့်အဖြစ်ကိုယ် မြိုသိပ်နေခဲ့ရတာပါ။ ကျောင်းအုပ်ဆရာကြီး မုဒိန်းကျင့်ခဲ့တာ ငါတယောက်တည်း မဟုတ်ဘူး ဆိုတဲ့ အတွေးနဲ့ပဲ ဖြေသိမ့်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ပါရီမှာ ကျမ အကနဲ့ နာမည်ကြီး ကချေသည်တယောက် ဖြစ်လာချိန်မှာတော့ အဲဒီမိန်းကလေးတွေကြောင့် ကျမတို့အကြောင်းကို လိုက်တင်တမြို့လုံး သိလာကြပါတယ်။ ကျောင်းအုပ်ဆရာကြီးလည်း ပင်စင်ယူသွားပြီး၊ သူ့ကို ဘယ်သူမှ ထိပ်တိုက် ရင်မဆိုင်ရဲကြပါဘူး။ ဒါပေမဲ့ ထူးထူးဆန်းဆန်းပါပဲ။ နာမည်ကြီး ပြဇာတ်မင်းသမီးတယောက်နဲ့ ရုံးခန်းထဲမှာ ဖြစ်ခဲ့တယ်ဆိုတဲ့ ဆရာကြီးကို ယောက်ျားအချို့ မနာလိုတောင် ဖြစ်နေကြပါသေးတယ်။
အဲဒီအတွေ့အကြုံကနေ စလို့ လိင်ကိစ္စဟာ ကျမအတွက် စက်ယန္တရားတခုလို ရင်းနှီး ကျွမ်းဝင်လာပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ လုံးဝမသက်ဆိုင်တဲ့ အဖြစ်အပျက်တခုလိုပါပဲ။
လိုက်တန်မြို့ဟာ ကျမတို့ လီဝါဒန်မြို့ထက် ပိုဆိုးပါတယ်။ လိုက်တန်မြို့ မူလတန်း ဆရာဖြစ်သင် လေ့ကျင့်ရေးကျောင်းဟာ နာမည်ကြီးပါတယ်။ ကိုယ့်အလုပ်ကလွဲပြီး အခြား ဘာမှ စိတ်မဝင်စားသူတွေလည်း များပါတယ်။ တနေ့ ပျင်းပျင်းနဲ့ သတင်းစာဖတ်နေရာက ကြော်ငြာတခု ဖတ်လိုက်ရပါတယ်။
“ရုဒေါ့မက်ကလော့၊ စကော့အနွယ်ဖွား ဒတ်ချ်စစ်တပ် အရာရှိတဦး၊ လောလောဆယ် အင်ဒိုနီးရှားတွင် တာဝန်ထမ်းဆောင်နေသည်။ လက်ထပ်ရန် သတို့သမီးတဦး အလိုရှိသည်။ ငယ်ရွယ်နုပျိုရမည်”
အဲဒီကြော်ငြာဟာ ကျမအတွက် ထာဝရဘုရားရဲ့ ကယ်တင်ခြင်းပါပဲ။ စစ်ဗိုလ်တယောက်၊ အင်ဒိုနီးရှားနိုင်ငံ။ ပင်လယ်ပြာကြီးတွေ၊ တိုင်းတပါး ယဉ်ကျေးမှုနဲ့ ထူးဆန်းသောကမ္ဘာကြီး။ ရှေးရိုးစွဲ ခရစ်ယာန် ကယ်ဗင်းနစ်ယုံကြည်မှုတွေ၊ ငြီးငွေ့စရာတွေ၊ အဓိပ္ပာယ်မဲ့ အစွဲအလန်းတွေ ပြည့်နှက်နေသော ဟော်လန်နိုင်ငံက ကျမအတွက် ကျောခိုင်းဖို့ လုံလောက်နေလေပြီ။ ကျမမှာရှိတဲ့ ဓာတ်ပုံတွေထဲက လိင်စွဲဆောင်မှု အရှိဆုံး ဓာတ်ပုံတပုံနဲ့အတူ ကြော်ငြာရှင်ကို အကြောင်းပြန်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီကြော်ငြာဟာ စစ်ဗိုလ်သူငယ်ချင်း တယောက်ယောက် နောက်ပြောင်တာလား၊ အတည်လားဆိုတာတော့ မသိနိုင်သေးပါဘူး။ ကျမအကြောင်း ပြန်စာဟာ (၁၆) စောင်မြောက်အနေနဲ့ သူ့ဆီ ရောက်သွားပါတယ်။ မကြာခင် စစ်ယူနီဖောင်း အပြည့်အစုံနဲ့ လူတယောက် ကျမကို လာတွေ့ပါတယ်။ စစ်ယူနီဖောင်း အပြည့်အစုံနဲ့ ဘယ်ဘက်ခါးမှာ ဓားရှည်တချောင်း ချိတ်ဆွဲထားပါတယ်။ သူ့ကြည့်ရတာ စစ်ထွက်တော့မယ့် အရာရှိ တယောက်လိုပါပဲ။ သူ့နှုတ်ခမ်းမွေးရှည်ကြီးတွေကိုတော့ အလှဆီ သုတ်လိမ်းပြီး ကော့နေအောင် ပြင်ဆင်ထားပါတယ်။ အရုပ်ဆိုးဆိုး သူ့မျက်နှာနဲ့ ကျောက်ရုပ်လိုဟန်ပန်ကို နှုတ်ခမ်းမွေးကြီးနဲ့ ဖုံးကွယ်ထားတာလည်း ဖြစ်နိုင်ပါတယ်။
ပထမတကြိမ် တွေ့ဆုံမှုမှာ အလ္လာပသလ္လာပပြောပြီး သူပြန်သွားပါတယ်။ နောက်တကြိမ် သူပြန်လာဖို့ ကျမ ဆုတောင်းပြည့်ခဲ့ပါတယ်။ ကျမသူငယ်ချင်းတွေ မနာလိုဝန်တိုဖြစ်လောက်အောင် တပတ်အကြာမှာ ကျမထံ သူပြန်ရောက်လာတယ်။ အဲဒီလူတွေကြားမှာ ကျမနဲ့ နောက်တကြိမ် အိပ်မက်မက်နေသေးတဲ့ ကျောင်းအုပ်ဆရာကြီးလည်း ပါနိုင်ပါတယ်။ ရူးဒေါ့ဆီက အရက်နံ့ရပေမဲ့ မသိချင်ဟန် ဆောင်နေလိုက်ပါတယ်။ စာသင်ခန်းထဲမှာ အလှဆုံး၊ ငယ်ရွယ်နုပျိုတဲ့ ကျမလို အမျိုးသမီးတယောက်ရှေ့မှာ ရုဒေါ့ ရှက်ကိုးရှက်ကန်း ဖြစ်နေပါတယ်။ တတိယနဲ့ နောက်ဆုံးအကြိမ် တွေ့ဆုံချိန်မှာတော့ ကျမကို ရုဒေါ့ လက်ထပ်ခွင့် တောင်းပါတယ်။ အင်ဒိုနီးရှားနိုင်ငံနေ စစ်ဗိုလ် တယောက်၊ ပင်လယ်ပြင် ရေကြောင်းခရီး၊ ငယ်ရွယ်သူ အမျိုးသမီးတယောက်အနေနှင့် ဘဝမှာ အဲဒီထက် ဘာတွေများ လိုချင်ပါသေးလဲ။
“မင်းထက် အသက် (၂၁) နှစ် ကြီးတဲ့ ယောက်ျားတယောက်ကို လက်ထပ်တော့မယ်ပေါ့။ မင်းက အပျိုမဟုတ်တော့ဘူးဆိုတာ သူသိသလား”
ကျောင်းအုပ်ဆရာကြီးနဲ့ ကျမလို အညွန့်ချိုးခံလိုက်ရသူ၊ သူငယ်ချင်းတယောက် မေးခွန်းတွေကို ပြန်မဖြေတော့ဘဲ မိဘနှစ်ပါးကို ကျမ ဖွင့်ပြောလိုက်ပါတယ်။ မိဘတွေက ပိုက်ဆံချေးပြီး ကျမအတွက် သတို့သမီးဝတ်စုံ ဝယ်ပေးပါတယ်။ အဲဒီနောက် (၁၈၉၅) ခုနှစ် ဂျူလိုင် (၁၁)၊ သတင်းစာကြော်ငြာ ဖတ်ပြီး (၃) လအကြာ ကျမနဲ့ ရုဒေါ့ လက်ထပ်လိုက်ပါတော့တယ်။
❑
ပြောင်းလဲခြင်းတိုင်းမှာ ရလဒ်တွေ မတူကြပါဘူး။ အကပညာအတွက် မဟုတ်ရင်၊ အရာရှိ အန်ဒရီးယက်စ်အတွက် မဟုတ်ရင် အင်ဒိုနီးရှားမှာ နေရတဲ့ ကျမဘဝဟာ မပြီးဆုံးတဲ့ ညလယ်အိပ်မက်ဆိုးကြီးပါပဲ။ ယခုလိုပဲ အဆိုးဝါးဆုံး ညလယ်အိပ်မက်ကြီးကို နောက်တကြိမ် ဖြတ်သန်းနေရပါပြီ။ အနားမှာ အခြားအမျိုးသမီးတွေ အမြဲဝိုင်းရံနေပြီး၊ ကျမနဲ့ သူစိမ်းသူရံဆန်သူ ယောက်ျားတယောက်၊ အိမ်ပြန်ပြေးဖို့ လုံးဝမဖြစ်နိုင်တဲ့ အခြေအနေ၊ အိမ်ထဲမှာ တယောက်တည်း အထီးကျန်နေရတဲ့ဘဝ။ သူတို့ဘာသာစကား မတတ်တာကြောင့်လည်း အပြင်ထွက်ပြီး သွားသွားလာလာ လုပ်ဖို့ စိတ်မပါတော့ပါဘူး။ အဲဒီလို မိန်းမတယောက်အတွက် ပျော်ရွှင်မှုဟာ ဘာများဖြစ်နိုင်ပါသလဲ။ ကလေးမွေးဖွားဖို့အတွက်လား။ မီးဖွားခြင်းရဲ့ နာကျင်မှုတွေ ပျောက်ကင်းသွားပြီး၊ ကျမကလေး သေးသေးကွေးကွေးလေးကို ပထမဦးဆုံးအကြိမ် တို့ထိလိုက်ချိန် ကျမဘဝ အဓိပ္ပာယ်တွေ ပြည့်သွားပါတယ်။ လအနည်းငယ်ခန့် ရုဒေါ့ အနေအထိုင်တွေ ဆင်ဆင်ခြင်ခြင် ပြောင်းလဲလာခဲ့ပေမဲ့ မကြာပါဘူး၊ ခွေးမြီးကောက် ကျည်တောက်စွပ်ပါပဲ။ သူ့မယားငယ်တွေနဲ့ ပြန်လုံးထွေးသွားပြန်ပါတယ်။
သူ့အဆိုအရတော့ ဥရောပအမျိုးသမီးတွေဟာ အာရှ အမျိုးသမီးတွေနဲ့ လိင်ကိစ္စမှာ ယှဉ်လို့မရနိုင်ဘူး။ အာရှအမျိုးသမီးတွေနဲ့ လိင်ဆက်ဆံရတာ ကကြိုးကကွက်တခုပဲတဲ့။ အဲဒီစကားကို အရှက်မရှိဘဲ ကျမကို မျက်နှာပြောင်တိုက် ပြောခဲ့တာ အရက်မူးနေလို့လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် တမင်သက်သက် ကျမကို ချိုးနှိမ်ချင်တာလည်း ဖြစ်နိုင်ပါတယ်။ တည ကျမယောက်ျားနဲ့ အန်ဒရီးယက်စ်တို့ အရက်သောက်နေချိန်၊ ကျမနဲ့ ပတ်သက်ပြီး သူ့သံသယတွေ အော့ယက်စ်ကို ဖွင့်ပြောခဲ့ပါတယ်။
“မာဂါရီသာကို ကျုပ်မယုံဘူး။ သူမကို အခြားအရာရှိတွေ ဘယ်လိုကြည့်နေကြတယ်ဆိုတာ ခင်ဗျားသတိထားမိလား။ တချိန်ချိန် ကျုပ်ကို သူ ထားသွားနိုင်တယ်”
ရုဒေါ့ရဲ့ ယုတ္တိဗေဒက စိတ်ပျက်စရာပါပဲ။ ကျမကို လက်လွတ်ဆုံးရှုံးမှာ ကြောက်လို့လား၊ မယုံကြည်တာလား။ သူ့အခြေအနေက တဖြည်းဖြည်း ပိုဆိုးရွားလာပါတယ်။ ကျမ အပျိုစင် မဟုတ်တဲ့အတွက် ကျမကို မိန်းမပျက်လို့ ခေါ်တတ်ပါတယ်။ ကျမနဲ့ ဖြစ်ခဲ့တဲ့ လူတွေအကြောင်းကို အသေးစိတ် သူသိချင်နေပါတယ်။ ကျောင်းအုပ်ဆရာကြီးနဲ့ ကျမကိစ္စကို ဖွင့်ပြောပြီး သူ့ကို ငိုကြီးချက်မနဲ့ ကျမ တောင်းပန်ခဲ့ပါတယ်။ တခါတခါ ကျမကို လိမ်ညာနေတယ်ပြောပြီး ရိုက်နှက်တတ်ပါတယ်။ အမှန်တွေ ပြောဖို့လည်း တောင်းဆိုနေပြန်ပါတယ်။ အဲဒါကြောင့်ပဲ ကျမကိုယ်တိုင် နားမလည်ခင် မဟုတ်မဟတ် လုပ်ကြံဇာတ်လမ်းတွေ ထွင်ပြီး ပြောရပြန်ပါတယ်။
ဘယ်လောက်ထိအောင် မကျေမချမ်း ဖြစ်နေသလဲဆိုရင် အိမ်ဖော်တယောက်နဲ့ ကျမကို အပြင်လွှတ်ပြီး ကျောင်းသူဘဝက ကျမဝတ်ခဲ့တဲ့ ကျောင်းဝတ်စုံတစုံ ဝယ်ခိုင်းခဲ့ပါတယ်။ အဲဒီကျောင်းဝတ်စုံကို ကျမက ဝတ်၊ သူက ကျမကို မုဒိန်းကျင့်တဲ့ပုံစံ ဆက်ဆံပါတယ်။ ကျမကို ကျောင်းအုပ်ကြီး မုဒိန်းကျင့်ခဲ့တာကို သူကိုယ်တိုင် ပြန်ပြီး အရသာခံတဲ့သဘောပါ။ ကျမကို ကျောင်းယူနီဖောင်း ဝတ်ခိုင်းပြီး စားပွဲပေါ်မှာ မှောက်ရပါတယ်။ အရိုင်းအစိုင်းတယောက်လို ကျမ မခံနိုင်လောက်အောင် လုပ်နေတာကြောင့် ကျမ အသံထွက် အော်မိတဲ့အခါ အိမ်ဖော်တွေက ကျမကို သိပ်သဘောကျနေတယ်လို့ ထင်ကြပါတယ်။ တခါတခါ မုဒိန်းကျင့်တာကို သဘောကျနေတဲ့ ကောင်မလေးတယောက်လို၊ ဒါမှမဟုတ် မိန်းမပျက်တယောက်လို သူ သဘောကျအောင် အောက်ကနေ အသံတွေ အော်ဟစ်ပြရပါတယ်။ အဲဒီလိုနဲ့ တဖြည်းဖြည်း ကျမ ဘယ်သူလဲ ဆိုတာကိုတောင် မသိတော့ပါဘူး။ ခံစားချက် ကင်းမဲ့နေတဲ့ မျက်နှာနဲ့ အိမ်မှုကိစ္စတွေ လုပ်ရင်း၊ ကလေးထိန်းရင်း အချိန်တွေ ကုန်ဆုံးခဲ့ပါတယ်။ သူရိုက်နှက်လို့ရခဲ့တဲ့ မျက်နှာပေါ်က ဒဏ်ရာဒဏ်ချက်နဲ့ အညိုအမည်းတွေကိုလည်း မိတ်ကပ်နဲ့ ဖုံးရပါသေးတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ ကျမ အရူးလုပ်နေတာ မဟုတ်ပါဘူး။
နောက်တကြိမ် ကိုယ်ဝန်ရပြီး သားလေးတယောက် မွေးဖွားခဲ့ပါတယ်။ ဒါပေမဲ့ ရက်အနည်းငယ်သာ သားလေးနဲ့ ပျော်ရွှင်ခဲ့ရပြီး၊ ကျမသားလေးကို ကလေးထိန်း နာနီတယောက်က အဆိပ်ခပ် သတ်လိုက်ပါတယ်။ ဘာကြောင့် အဲဒီလို လုပ်ခဲ့ရတာလဲဆိုတာကိုလည်း သူမမှာ ပြောခွင့် မရှိတော့ပါဘူး။ ကလေးသေဆုံးတဲ့နေ့မှာပဲ ကလေးထိန်းကိုလည်း အခြား အလုပ်သမားတွေက သတ်လိုက်ပါတယ်။ ကြားရတဲ့စကားတွေအရတော့ ကလေးထိန်းနာနီကို အလုပ်သမားတွေက မုဒိန်းကျင့်ပြီး ရိုက်နှက်သတ်လိုက်ကြတယ်လို့ ဆိုပါတယ်။ အဲဒီလို လက်စားချေတာကိုလည်း သူမ ခံထိုက်တယ်လို့ ဆိုနေကြပြန်ပါတယ်။
❑
အခုတော့ ဘယ်သူမှမရှိတဲ့ အိမ်ကြီးတလုံးမှာ သမီးလေးနဲ့ ကျမ တယောက်တည်း။ အပြင်ဘက် မြို့ကြီးဟာ သိပ်လှပေမဲ့ ကျမကို သစ္စာဖောက်မှာ ကြောက်တာကြောင့် အိမ်ထဲမှာပဲ ပိတ်ထားခဲ့ပါတယ်။ အိမ်ကြီးဟာ ကျမရဲ့ ကိုယ်ပိုင်ငရဲခန်းကြီး တခုပေါ့။
တနေ့ အရာရာ ပြောင်းလဲသွားပါတယ်။ တပ်ရင်းမှူးက အရာရှိနဲ့ သူတို့ ဇနီးတွေကို ဖိတ်ကြားပြီး သူ့အိမ်မှာ အင်ဒိုနီးရှားအကနဲ့ ဧည့်ခံပါတယ်။ အထက်အရာရှိက ဖိတ်ကြားတာ ဆိုတော့လည်း ကျမကိုပါ ရုဒေါ့ ခေါ်သွားရတော့တာပါ။ ဧည့်ခံပွဲသွားရင် ဝတ်ဖို့ လိင်အရ စွဲဆောင်မှုရှိတဲ့ အကောင်းစား အဝတ်တစုံ ဝယ်ဝတ်ဖို့ ကျမကို ရူးဒေါ့ ပြောနေပါတယ်။ အဲဒီမှာ ကျမစဉ်းစားမိတာကတော့ ကျမကို သူ မယုံကြည်ဘူးဆိုရင် ဘာလို့ အဲလိုအဝတ်တွေ ဝတ်စေချင်တာလဲ။
ဧည့်ခံပွဲရောက်တဲ့အခါ အမျိုးသမီးတွေက ကျမကို မနာလိုအကြည့်နဲ့ ကြည့်ပါတယ်။ အမျိုးသားတွေက တပ်မက်မှုနဲ့ ကြည့်ပါတယ်။ ရုဒေါ့ စိတ်လှုပ်ရှားနေတာကိုလည်း သတိထားမိပါတယ်။ ကျမကို ရုဒေါ့ အနိုင်ကျင့် ရိုက်နှက်သလို၊ ကျမတွေ့နေရတဲ့ စစ်ဗိုလ်တွေက လည်း ကျမကို အနိုင်ကျင့်တော့မလို ညနေခင်းဟာ ကျမအတွက် မအီမသာ အဆုံးသတ်တော့မလို ပါပဲ။ ဒါပေမဲ့ ဣန္ဒြေဆည်ပြီး သူတို့ စကားဝိုင်းထဲ ကျမ ဝင်ရောလိုက်ပါတယ်။ အန်ဒရီးယက်စ်နဲ့ကျမ အလ္လာပသလ္လာပ ပြောနေခိုက် သူ့မိန်းမက အံ့သြသလို၊ ထိတ်လန့်သလိုနဲ့ ကျမကို စူးစူးဝါးဝါး ကြည့်နေပါတယ်။ ကျမကလည်း ကျမယောက်ျား မူးလဲသွားအောင် သူ့ဖန်ခွက်ထဲ အရက်တွေ တခွက်ပြီး တခွက် ငှဲ့ပေးနေပါတယ်။
အင်ဒိုနီးရှား ဂျာဗားကျွန်းအကြောင်း ဒီနေရာပဲ အဆုံးသတ်လိုက်ချင်ပါတယ်။ အတိတ်ဟာ ဒဏ်ရာဟောင်းတွေကို ပြောပြနိုင်တဲ့ အမှတ်သညာဟောင်းတွေကို တူးဖော်ပေးတတ်ပါတယ်။ အဲဒီအခါ အခြားဒဏ်ရာတွေ ပေါ်လာပြီး ဒူးထောက်ငိုချလိုက်တဲ့အထိ ရှင့်ဝိညာဉ်ကို နာကျင်ကိုက်ခဲစေပါတယ်။ ဒါပေမဲ့ ကျမဘဝကို ပြောင်းလဲစေခဲ့တဲ့ အကြောင်းအရာ (၃) ခု ရောက်သည်အထိ ကျမ ဆက်ပြောပါဦးမယ်။ ပထမ ကျမဆုံးဖြတ်ချက်၊ ဒုတိယ ကြည့်ခဲ့တဲ့ ကပွဲအကြောင်းနဲ့ တတိယ အန်ဒရီးယက်စ်တို့အကြောင်းပါ။
လူသားတယောက် ခံစားနိုင်တဲ့ ဒုက္ခဝေဒနာတွေထက် ကျော်လွန်ပြီး ကျမ နေနိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြဿနာတခုမှ ကျမမှာ မရှိတော့ပါဘူး။
ဧည့်ခံပွဲမှာ ဖျော်ဖြေကြမယ့် ကချေသည် (၉) ယောက် စင်ပေါ်တက်လာကြပါတယ်။ သူတို့အကက ပြဇာတ်ရုံကြီးတွေမှာ ကျမကြည့်ဖူးတဲ့ အကတွေလို မြူးမြူးကြွကြွ မြိုင်မြိုင်ဆိုင်ဆိုင် မဟုတ်ပါဘူး။ ဖြည်းဖြည်းညင်ညင် လှုပ်ရှားနေပါတယ်။ အစပထမမှာတော့ တော်တော်ပျင်းစရာ ကောင်းပါတယ်။ အဲဒီနောက် သဘာဝလွန် အရာတခုက ညှို့ယူဖမ်းစား ခံလိုက်ရသလို၊ ယုံနိုင်စရာ မရှိတဲ့ ကကြိုးကကွက်တွေနဲ့ ဂီတဆွဲခေါ်ရာကို ကချေသည်တွေအားလုံး လေပြည်ထဲမှာ ယိမ်းနွဲ့စွာ လိုက်ပါသွားပါတော့တယ်။ တခါတခါ ကကွက်ဟာ ပန်းနွယ်ပန်းခက်တွေနဲ့ ရောယှက်နေသလိုပါပဲ။ တခါတခါ ပကတိငြိမ်သက်ခြင်းမှ ကျားရဲတကောင်လို အလျင်အမြန် ပြောင်းလဲသွားပါတယ်။
ကချေသည်တွေအားလုံး အပြာရောင် အင်ဒိုနီးရှား လုံချည်နဲ့ ဝတ်စုံတွေ ဝတ်ဆင်ထားပါတယ်။ ရင်ခေါင်းအထက်မှာ ကတ္တီပါဖဲကြိုး အစတစနဲ့ ချည်တုတ်ထားကြပါတယ်။ အမျိုးသား ကချေသည်တွေလည်း အဲဒီအတိုင်းပါပဲ။ အမျိုးသမီး ကချေသည်တွေက ဦးခေါင်းမှာ ကျောက်စီသရဖူတွေ ဆောင်းထားကြပါတယ်။ ကတ္တီပါဖဲကြိုးတွေဟာ ဓားအသွင်နဲ့ သိမ်မွေ့နူးညံ့မှုနဲ့ စိတ်ကူးထဲက စစ်ပွဲတွေလို တလှည့်စီ ဖြစ်နေသလိုပါပဲ။
ကကြိုးကကွက်တွေနဲ့ တေးဂီတတွေအောက်မှာ ကျမကိုယ်ကျမ လုံးလုံးလျားလျား မေ့ပျောက်သွားပြီး ပထမဦးဆုံးအကြိမ် ရူးဒေါ့၊ ဟော်လန်နိုင်ငံ၊ အသတ်ခံလိုက်ရတဲ့ ကျမသားငယ်လေး အရာအားလုံး သေဆုံးသွားတဲ့ ကမ္ဘာလောကရဲ့ အစိတ်အပိုင်း ဖြစ်လာပြီး ကျမကို မေမေ ပေးခဲ့တဲ့ ကျူးလစ်သစ်စေ့လေးတွေလို ပြန်လည် မွေးဖွားလာနေကြတယ်ဆိုတာ နားလည်လိုက်ပါတယ်။ ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ ၊ အုန်းပင်အုန်းလက်တွေကြားက ကြယ်တာရာတွေကို မြင်နေရပါတယ်။ နောက်ထပ် ဟင်းလင်းပြင်နဲ့ အာကာသထဲကို ကျမကိုယ်တိုင် လွင့်မျောသွားတော့မယ့်အချိန်မှာပဲ အောယက်စ်အသံ ကြားလိုက်ရပါတယ်။
“သူတို့အဓိပ္ပာယ်တွေ အားလုံးကို မင်းနားလည်သလား”
ကျမနားလည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမနှလုံးသားထဲက နာကျင်ကိုက်ခဲမှုတွေ ရပ်တန့်သွားပြီး၊ အသန့်စင်ဆုံးပုံစံနဲ့ အလှတရားကိုမြင်တွေ့နေရလို့ပါပဲ။ ဒါပေမဲ့ ယောက်ျားတွေဟာ တခုခုကို အမြဲ ရှင်းပြချင်နေပါတယ်။ သူတို့တွေ ကနေတဲ့အကဟာ ရှေးဟောင်းအိန္ဒိယ ဘဲလေးအက တမျိုးဖြစ်ပြီး ယောဂကျင့်စဉ်နဲ့ ပေါင်းစပ်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အကဟာ ကဗျာတပုဒ် ဖြစ်တယ်ဆိုတာ၊ ကကွက်တိုင်း ကကွက်တိုင်းမှာ စကားလုံးတွေကို ကိုယ်စားပြုနေတယ်ဆိုတာ အောယက်စ် နားမလည်ပါဘူး။
ဒါပေမဲ့ ကကြိုးကကွက်နဲ့ ဂီတသံစဉ်တွေအောက်မှာ ကျမ နှစ်မြှုပ်လို့ မဖြစ်နိုင်သေးပါဘူး။ ယဉ်ကျေးချင်ယောင်ဆောင်နေတဲ့ လူကြီးလူကောင်းတွေနဲ့ ဟန်ဆောင်ပန်ဆောင်တော့ စကား ပြောရဦးမှာပါ။ အန်ဒရီးယက်စ်ကို သူ့မိန်းမက ကြည့်နေပါတယ်။ ကျမကို အန်ဒရီးယက်စ်က ကြည့်နေပါတယ်။ ရုဒေါ့က ကျမနဲ့ အန်ဒရီးယက်စ်ကို ကြည့်နေပါတယ်။ ကျမတို့တွေ တခဏ စကားပြောနေချိန်မှာပဲ စင်ပေါ်က ဖျော်ဖြေမှု ပြီးဆုံးသွားပါတယ်။ ကချေသည်တွေအားလုံး မှုန်မှုန်သုန်သုန် မျက်နှာနဲ့ စင်ပေါ်မှာ တန်းစီရပ်ရင်း သူတို့အကကို အဆုံးသတ်လိုက်ကြပါတယ်။ ဒေသခံ တိုင်းရင်းသားတွေ တခုတ်တရ တမြတ်တနိုးထားကြတဲ့ ဂီတနဲ့ အကကို စူးစူးစိုက်စိုက် အားထုတ် တင်ဆက်နေကြပေမဲ့ လူဖြူပရိသတ်တွေက စိတ်မဝင်စားသလို၊ လှောင်ပြောင်ချင်သလို၊ အရက်သောက်ရင်း အခြား အကြောင်းအရာတွေ ဆူဆူညံညံ ပြောနေကြတာကြောင့်ပဲ သူတို့တင်ဆက်မှုကို စောစောစီးစီး ရပ်နားလိုက်တာလည်း ဖြစ်နိုင်ပါတယ်။
ရုဒေါ့အရက်ခွက်ထဲကို နောက်ထပ်အရက်တွေ ကျမ ဖြည့်ပေးလိုက်ပြီး၊ အရက်ခွက်ကို ရူးဒေါ့ တကျိုက်တည်း မော့လိုက်ပါတယ်။ အဲဒီနောက် ခပ်လှမ်းလှမ်းက သူ့ကို ပြုံးပြနေတဲ့ ဂျားဗား အမျိုးသမီးတယောက်ဆီ ထွက်သွားပါတယ်။ အမျိုးသမီးက သူ့ကို အကြောက်အလန့်မရှိ ပြုံးကြည့်နေတာပါ။ ကျမတို့ဝိုင်းကို အန်ဒရီးယက်စ်မိန်းမ ကူးလာပြီး ခုံမှာထိုင်ရင်း အန်ဒရီးယက်စ်လက်ကို ဆုပ်ကိုင်လိုက်ပါတယ်။ သဘောကတော့ သူဟာ ငါ့ယောက်ျားဆိုတဲ့ အဓိပ္ပာယ်ပါ။ စင်ပေါ်က အကနဲ့ပတ်သက်ပြီး စောစောက သူ့ယောက်ျား သုံးသပ်ချက်ကို အရမ်းစိတ်ဝင်စားဟန် ဆောင်လိုက်ပါသေးတယ်။ အဲဒီနောက် ဆိုင်းမဆင့် ဘုံမဆင့် အခြားအကြောင်းအရာတခုကို ဖြတ်ပြောလိုက်ပါတယ်။
“ကျမတို့ အတူတူ နေခဲ့တဲ့နှစ်တွေတလျှောက်လုံး ရှင့်အပေါ်မှာ ကျမ သစ္စာရှိခဲ့ပါတယ်။ ရှင်ဟာ ကျမနှလုံးသားနဲ့ ကျမအပြုအမူကို အမိန့်ပေးနေသူတဦးပါ။ ညစဉ်ညတိုင်း ကျမ အိမ်ကိုပြန်ချင်တဲ့အကြောင်း ရှင့်ကို ပြောပြခဲ့တာ ဘုရားသိပါတယ်။ ကျမဘဝတခုလုံး ရှင့်ကို ပေးရမယ်ဆိုရင် ရဲရဲဝံ့ဝံ့ ပေးနိုင်ပါတယ်”
အန်ဒရီးယက်စ်က ကျမဘက် လှည့်လိုက်ရင်း သူသွားတော့မယ့်အကြောင်း ခွင့်ပန်နေပါတယ်။ ဧည့်ခံပွဲ အခမ်းအနားဟာ အားလုံးအတွက် မောပန်းနေပါပြီ။ ဒါပေမဲ့ သူ့မိန်းမကတော့ နေရာက တုတ်တုတ်မျှ မလှုပ်သေးဘဲ စကားဆက်ပြောနေပါတယ်။ ယခု သူမစကားလုံးတွေမှာ သြဇာအာဏာသံတွေ လွှမ်းလာပါတယ်။
“ကျမဘဝမှာ ရှင်ဟာ အရေးအကြီးဆုံး လူတယောက်ဆိုတာ ရှင်သိဖို့ ကျမ စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့တာပါ။ ဟောဒီနေရာအထိ ကျမ လိုက်လာခဲ့တယ်။ မာဂါရီသာ အပါအဝင် လှပပြီး ငယ်ရွယ်နုပျိုတဲ့ အိမ်ရှင်မတွေအတွက် ဟောဒီနေရာဟာ အိပ်မက်ဆိုးကြီးပါပဲ”
ကျမဘက်ကို လှည့်လိုက်ပြီး သူမမျက်လုံးပြာကြီးတွေနဲ့ ကျမ သဘောတူညီချက်ကို တောင်းခံနေပါတယ်။ အစဉ်အလာ အယူအဆဟောင်းတွေကို သဘောတူညီကြောင်း သူမကို ကျမ ခေါင်းညိတ်မပြပေမဲ့၊ ကျမသဘောတူသလို သူမစကားကို ရှေ့ဆက်ပြန်ပါတယ်။
“ကျမတို့အချစ်အတွက် ကျမမှာ စွမ်းအားရှိသလောက် တိုက်ခိုက်ခဲ့ပြီးပြီ။ ဒီနေ့မှာတော့ ကျမ လက်ပန်းကျနေပါပြီ။ ကျမနှလုံးသားအပေါ် ပိနေတဲ့ ကျောက်တုံးလေးဟာ ဒီနေ့ဆိုရင် ရွှေ့လို့ဖယ်လို့ မရတဲ့ ကျောက်စိုင် ကျောက်သားကြီးတခု ဖြစ်နေပါပြီ။ နှလုံးသားဟာ နောက်ဆုံးအသက်ကိုရှူရင်း ဟောဒီကမ္ဘာကြီးရဲ့ အခြားတဘက်မှာ ကမ္ဘာတွေ ရှိနေတယ်လို့ ပြောနေပါတယ်။ အဲဒီကမ္ဘာကြီးမှာ ကျမရဲ့ နေ့တွေ ညတွေကို ဖြည့်ဆည်းပေးမယ့် ယောက်ျားအဖော် တယောက်မှမလိုအပ်တော့ပါဘူး”
အန်ဒရီးယက်စ်မိန်းမကို စိတ်အေးအေးထားဖို့ ကျမပြောလိုက်ပါတယ်။ ကြေကွဲစရာ အဖြစ်အပျက် တခု ရောက်လာတော့မယ်ဆိုတာ ကျမသိနေသလိုပါပဲ။ ယခုဧည့်ခံပွဲမှာ သူမဟာ အားလုံးနဲ့ အကျွမ်းဝင်သလို၊ သူမယောက်ျား အန်ဒရီးယက်စ်ဟာလည်း စံပြအရာရှိတယောက်ပါ။ အကြိမ်ပေါင်းများစွာ ကြားဖူးနေသလို၊ သူမပြုံးရင်း ခေါင်းကို ခါယမ်းပြီး မဆုံးသေးတဲ့စကားကို ဆက်ပြန်ပါတယ်။
“ကျမခန္ဓာကိုယ်က အသက်ရှင်နိုင်ပေမဲ့ ဝိညာဉ်ကတော့ သေဆုံးနေပါပြီ။ ဟောဒီနေရာက ထွက်လည်းမသွားနိုင်ဘူး။ ကိုယ့်ဘေးမှာ မင်း လိုအပ်နေတယ် ဆိုတာကိုလည်း ကိုယ်ရှင်းမပြနိုင်တော့ဘူး”
ဣန္ဒြေအလွန်ကြီးတယ်လို့ ဂုဏ်သတင်းကျော်ကြားသူ စစ်ဘက်အရာရှိကြီး အန်ဒရီးယက်စ် ကြည့်ရတာ စိတ်မသက်မသာ ဖြစ်နေပုံပါပဲ။ စားပွဲဝိုင်းက ကျမ ထထွက်ဖို့ ပြင်လိုက်ချိန်မှာ သူမက အန်ဒရီးယက်စ်လက်ကိုလွှတ်ပြီး ကျမလက်ကို ဆွဲကိုင်ထားပါတယ်။
“ရှင်သန်ခြင်းအတွက် အချစ်သာ အဓိပ္ပာယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအချစ်မရှိတဲ့ ကျမအတွက် ဟောဒီနေရာမှာ အသက်ရှင်နေရတာလည်း သေဆုံးနေသလိုပါပဲ”
ကျမနဲ့ မျက်နှာချင်းဆိုင် ရှေ့တိုးပြီး ပြောနေချိန်မှာပဲ သူမဆီက အရက်နံ့ ရနေပါတယ်။ ဒါပေမဲ့ မျက်လုံးထဲမှာ မျက်ရည် တစက်တပေါက်မှ မတွေ့ရပါဘူး။ အားလုံး ခန်းခြောက်သွားတာ လည်း ဖြစ်နိုင်ပါတယ်။
“မာဂါရီသာ ကျေးဇူးပြုပြီး ဒီနေရာမှာ ကိုယ်နဲ့ နေပေးပါ။ မင်းဟာ သားတယောက်ဆုံးခဲ့တဲ့ မိန်းမကောင်းတယောက်ဆိုတာ ကိုယ်သိပါတယ်။ ကိုယ့်မှာ သားသမီး မရှိပေမဲ့ မိခင်ဘဝကို ကိုယ်နားလည်ပါတယ်။ အဲဒီလိုပြောတာ ကိုယ့်အတွက် မဟုတ်ပါဘူး။ လွတ်လပ်မှုဆိုတဲ့ အကျဉ်းထောင်ထဲမှာ အကျဉ်းကျနေသူ အမျိုးသမီးအားလုံးအတွက်ပါ”
အဲဒီနောက် သူမပိုက်ဆံအိတ်ထဲက ပစ္စတို သေနတ်လေးတလက်ကို ဆွဲထုတ်လိုက်ပါတယ်။ သူမကို ကျမတို့ တားဖို့တောင် အချိန်မရလိုက်ပါဘူး။ သူမနားထင်ကို သေနတ်နဲ့တေ့ပြီး မောင်းဖြုတ်လိုက်ပါတယ်။ သေနတ်သံကို သူမဝတ်ရုံက စုပ်ယူနိုင်စွမ်း မရှိပါဘူး။ ဒိုင်းသံနောက်မှာ ပရိသတ်တွေအားလုံး ကျမတို့စားပွဲဆီ မျက်လုံးတွေ ရောက်လာပါတယ်။ ရာဇဝတ်မှုကို ကျမ ကျူးလွန်လိုက်တယ်လို့ပဲ သူတို့ထင်ပါလိမ့်မယ်။ သေကြောင်းကြံစည်သူ အမျိုးသမီးက ကျမလက်ကို ဆုပ်ထားတာကြောင့် ကျမကို သူတို့ အထိတ်တလန့် ကြည့်နေကြပါတယ်။ အန်ဒရီးယက်စ်က ဒူးထောက်ပြီး သူ့ဇနီးအသက်ကို အဝေးသယ်ဆောင်သွားနေတဲ့ သွေးတွေကို ပိတ်ဆို့ဖို့ ကြိုးစားနေစဉ်မှာပဲ သူ့လက်ထဲမှာ အသက်ပျောက်သွားပါတယ်။ သူမမျက်ဝန်းထဲမှာ ငြိမ်းချမ်းခြင်းမှ တပါး အခြား ဘာမှ မတွေ့နိုင်ပါဘူး။ ရုဒေါ့အပါအဝင် အခြားပရိသတ်တွေအားလုံး ဝိုင်းအုံလာကြ ပါတယ်။ ဂျာဗားအမျိုးသမီးတယောက်သာ ဆန့်ကျင်ဘက် ခပ်လှမ်းလှမ်းမှာ ရပ်ကြည့်နေပါတယ်။ အရက်မူးနေတဲ့ အမျိုးသားတွေ သေနတ်ကိုယ်စီနဲ့ ဝရုန်းသုန်းကားဖြစ်မှာကို ထိတ်လန့်နေသလိုပါပဲ။ လူတွေ အကျိုးအကြောင်း မမေးမီ နေရာက ကျမတို့ ထွက်သွားနိုင်မလားလို့ ကျမယောက်ျားကို မေးတဲ့အခါ သူက ခေါင်းညိတ် သဘောတူလိုက်ပါတယ်။
အိမ်ပြန်ရောက်တဲ့အခါ ကျမအခန်းထဲ တည့်တည့်မတ်မတ် ဝင်သွားပြီး အဝတ်အစားတွေ သိမ်းဆည်းထုပ်ပိုးပါတယ်။ ရုဒေါ့က ဆိုဖာပေါ်မှာ ပိုးလို့ပက်လက် အိပ်ပျော်သွားပါတယ်။ နောက်တနေ့မနက် အိမ်ဖော်တွေ လုပ်ကိုင်ပေးတဲ့ မနက်စာကို အဝအပြဲစားပြီး ကျမအခန်းထဲ ရူးဒေါ့ ဝင်လာပါတယ်။ အဝတ်အထုပ်အပိုးတွေ မြင်တဲ့အခါ ပထမဦးဆုံးအကြိမ် ကျမအနာဂတ်နဲ့ ပတ်သက်တဲ့ သူ့ဆီက မေးခွန်းတခု ကြားလိုက်ရပါတယ်။
“ဘယ်ကိုသွားဖို့ မင်း စဉ်းစားနေတာလဲ”
“ဟော်လန်ကို ပြန်မယ်။ မပြန်ရင် ကျမလည်း အန်ဒရီးယက်စ်မိန်းမလို ကံကြမ္မာမျိုးနဲ့ မကြာခင် ကြုံရလိမ့်မယ်။ ရှင်ဆုံးဖြတ်ပါ”
ရုဒေါ့က အမိန့်ကိုသာ ပေးတတ်သူတဦးပါ။ ဒါပေမဲ့ ကျမရဲ့ပြတ်သားမှုကို ကျမမျက်လုံးထဲမှာ သူမြင်နိုင်ပါတယ်။ တခဏ ချီတုံချတုံ လုပ်နေပြီး အခန်းထဲက ရုဒေါ့ ထွက်သွားပါတယ်။ အဲဒီည သူပြန်လာပြီး ခွင့်ရက်ရှည်နဲ့ ဟော်လန် ပြန်နိုင်တယ်လို့ ပြောပါတယ်။ အဲဒီနောက် (၂) ပတ်အကြာ ပထမဦးဆုံး သင်္ဘောနဲ့ ဟော်လန်နိုင်ငံ ရော့တာဒမ်ကို ကျမတို့ ပြန်လာခဲ့ပါတယ်။ အန်ဒရီးယက်စ် မိန်းမသွေးတွေ ပေကျံနေတဲ့ ကျမသည်လည်း ထာဝရ လွတ်လပ်သွားပါတယ်။ ဒါပေမဲ့ လွတ်လပ်ခြင်းဆီ ရောက်ဖို့ ဘယ်လောက်သွားရမယ်ဆိုတာ နှစ်ယောက်လုံး မသိကြသေးပါဘူး။
❑
အစိုးရအဖွဲ့ ဝန်ကြီးတွေထဲမှာ ကျမမိတ်ဆွေတွေ အများအပြား ရှိနေတာကြောင့် သမ္မတက ကျမကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ မျှော်လင့်ချက်တွေ ရှိနေပေမဲ့ ဒီကနေ့ ကျမရဲ့လက်ကျန် တန်ဖိုးရှိတဲ့အချိန်တချို့ကို စစ္စတာလောရန့်က လာယူနေပါတယ်။ ကျမကို ဖမ်းစဉ်အခါက ခရီးဆောင်အိတ်ထဲမှာရှိတဲ့ ပစ္စည်းပစ္စယာ စာရင်းစာရွက်ကို သူနဲ့အတူ ယူလာတာပါ။ အဲဒီပစ္စည်းပစ္စယာတွေကို ဘာလုပ်ရမလဲ။ တရားစွဲဆိုထားတဲ့အမှုဟာ အဆိုးဝါးဆုံး အခြေအနေကို ရောက်လာပြီလား။ စစ္စတာလောရန့်ဟာ စိုးရိမ်စိတ်ကြီးစွာနဲ့ မေးခွန်းတွေ မေးနေပါတယ်။ ကျမတယောက်တည်း နေပါရစေလို့ သူမကို တောင်းပန်လိုက်ပါတယ်။ ပစ္စည်းစာရင်းစာရွက်ကို ကျမပြန်ပေးမှာပါ။ အခုအချိန်မှာ အချိန်ကို တစ်စက္ကန့်မှ ကျမ မဖြုန်းတီးနိုင်ပါဘူး။ အကယ်၍ အဆိုးဆုံး အခြေအနေ ရောက်လာမယ်ဆိုရင် သူမကြိုက်သလို လုပ်နိုင်ပါတယ်။ ဘာတွေပဲ ဖြစ်လာပါစေ၊ အရာရာတိုင်း အကောင်းဆုံးကို ပြောင်းလဲသွားလိမ့်မယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ပစ္စည်းစာရင်းကို ကူးယူလိုက်ပါတယ်။
သေတ္တာနံပတ် (၁)
ဆွစ်ဇာလန်က ဝယ်လာတဲ့ အပြာရောင် သစ်စေးသုတ် ရွှေလက်ပတ် နာရီတလုံး၊ ဦးထုပ် (၆) လုံး၊ ပုလဲနဲ့ ရွှေရင်ထိုး (၃) ချောင်း၊ မျက်နှာလွှားဇာ (၂) ခု၊ သားမွေးပဝါ (၂) ထည်၊ ပွဲတက်ဂါဝန် (၁) ထည်၊ ပုလဲရင်ထိုး (၁) ခု။
သေတ္တာ (၂)၊
မြင်းစီးဖိနပ် (၁) ရံ၊
မြင်းအတွက်အသုံးပြုသော ဝက်မှင်ဘီး (၁) ခု၊
ရှူးဖိနပ်အရောင်တင်ဆီ တဘူး၊
ခြေပတ်တစုံ၊
မြင်းစီးဖနောင့် သံစူးတစုံ၊
သားရေရှူးဖိနပ်တရံ၊
အဖြူရောင်မြင်းစီး ရှပ်အင်္ကျီ (၃) ထည်၊
လက်သုတ်ပဝါတထည်၊
မြင်းစီးခြေကျင်းဝတ်ဖုံး တစုံ၊
ရင်စည်းတစုံ၊
ပိုးအတွင်းခံ (၈) ထည်၊
မြင်းစီးခါးပတ်တရံ၊
လက်အိတ် (၄) စုံ၊
ထီးတချောင်း၊
မျက်နှာနေကာ (၃) ခု၊
သိုးမွေးခြေအိတ် (၃) စုံ၊
အဝတ်အထည်ထည့်ထားသော အိတ်တလုံး၊
အမျိုးသမီး လစဉ်သုံး တာဝါ (၁၅) ခု၊
သိုးမွေးဆွယ်တာ တထည်၊
မြင်းစီးသားရေဂျက်ကတ်နဲ့ ဘောင်းဘီ (၃) စုံ၊
ဆံညှပ်ဘူးတဘူး၊
မျက်နှာပေါင်ဒါဘူး (၂) ဘူး၊
ဝံပုလွေ သားမွေးအနွေးထည် (၁) ထည်၊
သေတ္တာနံပါတ် (၃)၊
ဘောင်းဘီသိုင်းကြိုး (၆) ခု၊
အလှဆီတဘူး၊
သားရေဒေါက်မြင့်ဖိနပ် (၁) ရံ၊
ကိုယ်လုံးလှ အတွင်းခံဘောင်းဘီ ကော့ဆက် (၂) ထည်၊
ဝတ်စုံ (၃၄) ထည်၊
သစ်စေ့များ ထည့်ထားသည်ထင်ရသော လက်ချုပ်အဝတ်အိတ်တလုံး၊
ဘော်လီအင်္ကျီ (၈) ထည်၊
လျှောစောင် (၁) ထည်၊
အတွင်းခံဘောင်းဘီ (၁၀) ထည်၊
ဝေ့စကုတ် (၃) ထည်၊
ဂျာကင် (၂) ထည်၊
ဘီး (၃) ချောင်း၊
ဘလောက်စ်အင်္ကျီ (၁၆) ထည်၊
တဘက်နှင့် အမွေးဆပ်ပြာ (၁) တုံး၊
ပုလဲလည်ဆွဲတခု၊
အထဲတွင် ကြည့်မှန်ပါသော လက်ဆွဲအိတ်တလုံး၊
ဆင်စွယ်ဘီးတချောင်း၊
လက်ဝတ်လက်စားများထည့်သော ဘူးနှစ်ဘူး၊
လက်ဖက်ရည်ကြွေပန်းကန် တစုံပါသော သစ်သားသေတ္တာ (၁) လုံး၊
ညဝတ်အင်္ကျီ (၂) ထည်၊
ကနုကမာ လက်ကိုင်ပါသော လက်သည်းခြေသည်း သန့်စင်ကိရိယာဘူး (၁) ဘူး၊
စီးကရက်ထည့်သော ငွေဘူးတဘူး၊ ရွှေဘူးတဘူး၊
ဆံထုံးအုပ် (၈) စုံ၊
ယပ်တောင် (၃) ချောင်း၊
နှုတ်ခမ်းနီနဲ့ ပါးနီ ဘူး (၁) ဘူး၊
ပြင်သစ်အဘိဓာန် စာအုပ် (၁) အုပ်၊
ကျမဓာတ်ပုံတွေထည့်ထားသော အိတ် (၁) လုံး၊
အခြားပစ္စည်းတွေကတော့ -
ဖဲကြိုးတွေချည်ထားတဲ့ ရည်းစားစာတွေ၊ အော်ပရာလက်မှတ်တွေပါပဲ။ အဲဒါတွေကို ကျမ ဒီနေရာက လွတ်လျှင်လွတ်ချင်း မီးရှို့ပစ်ဖို့ စီစဉ်ထားပါတယ်။
ကျမပစ္စည်းတွေကို ပါရီမြို့ ဟိုတယ်မူရီ အာဏာပိုင်တွေ ပိုင်ရှင်မဲ့ဆိုပြီး သိမ်းယူလိုက်ကြ တာပါ။ သူတို့က ကျမကို ဟိုတယ်ခ မပေးနိုင်ဘူးလို့ ထင်ခဲ့သလား မသိပါဘူး။ အဲဒါဆိုရင်တော့ သူတို့ မှားသွားပါလိမ့်မယ်။ ပါရီမြို့ဟာ ကျမအတွက် ထာဝရနေရာတခုပါ။ ကျမကို ကလိန်ကကျစ် လူလိမ်တယောက်အဖြစ် သူတို့ ဘယ်တော့မှ မထင်မြင်စေရပါဘူး။
❑
ကျမဘက်က နည်းနည်းလေး သည်းခံစိတ် မွေးခဲ့မယ်ဆိုရင် အခြားပုံစံ တမျိုးမျိုးနဲ့ ပြင်သစ်ကို ရောက်လာမှာပါ။ ဒါပေမဲ့ ကျမဖခင်ရဲ့ နောက်မိန်းမ မိထွေးရဲ့ စွပ်စွဲချက်တွေ၊ အမြဲအော်ငိုနေတတ်တဲ့ ကလေးတယောက်။ ကျမက အိမ်ထောင်ရှင် ဖြစ်နေပေမဲ့ အခုထိ မနာလိုဝန်တိုနေသေးတဲ့ မြို့ခံတွေရှိတဲ့ မြို့ငယ်လေးမှာ ကျမ ဆက်နေဖို့ ဘယ်လိုမှ သည်းမခံနိုင်တော့ဘဲ၊ တနေ့ သည်ဟိတ်မြို့က ပြင်သစ်ကောင်စစ်ဝန်ရုံးကို ကျမတယောက်တည်း ထွက်လာပါတယ်။ အဲဒီမှာ အသိဆိုလို့လည်း တယောက်မှ မရှိပါဘူး။ စစ်ပွဲခေါ်တဲ့ ဘင်ခရာသံတွေ အခုအထိ မကြားရသေးတဲ့အတွက် နိုင်ငံတနိုင်ငံကို ဝင်ထွက်ဖို့ လွယ်ကူနေပါသေးတယ်။ ဥရောပမှာ စစ်ပွဲတွေ ဖြစ်နေပေမယ့် ဟော်လန်နိုင်ငံကတော့ အခုထိ ကြားနေဆဲပါ။ ကျမကိုယ်ကျမ ယုံကြည်မှုအပြည့် ရှိနေပါတယ်။ ကောင်စစ်ဝန်နဲ့ ကျမတွေ့ပြီး ကဖီးဆိုင်မှာ (၂) နာရီကြာ စကားပြောခဲ့ကြတယ်။ အဲဒီအတောအတွင်း သူကကျမကို မြှူဆွယ်ဖို့ ကြိုးစားခဲ့သလို၊ ကျမကလည်း မဆွတ်ခင်က ညွှတ်တော့မယ့်ပုံစံ ဟန်ဆောင်ပြလိုက်ပြီးနောက်၊ ပါရီမြို့သွား လက်မှတ်တစောင် ရလိုက်ပါတယ်။ ပါရီမြို့ကို သူရောက်လာချိန်အထိ သူ့ကို ကျမစောင့်မယ်လို့လည်း ကတိပေး လိုက်ပါသေးတယ်။ ကျမကို ကူညီသူတွေကို ဘယ်လို ရက်ရက်ရောရော ပေးရမယ်ဆိုတာ ကျမသိပါတယ်ဆိုတော့ သူက ကျမကို ဘာအလုပ်လုပ်ကိုင် ပါသလဲတဲ့။
“ကျမက အရှေ့တိုင်းဂီတနဲ့ ဂန္ထဝင်ကချေသည်တဦးပါ”
“ကချေသည် ဟုတ်လား”
စိတ်မဝင်စားတဲ့ဟန် ဒါမှမဟုတ် အံ့ဩတဲ့ မေးခွန်းတခုပါ။ ကျမအတွက် အလုပ်တလုပ် ရှာပေးနိုင်မလားလို့ မေးတဲ့အခါ သြဇာအာဏာ ရှိသူတဦးနဲ့ ကျမကို မိတ်ဆက်ပေးမယ်လို့ ဆိုပြန်ပါတယ်။ ပါရီမြို့က မွန်ဆီယာဂျီးမက်ဆိုသူပါ။ ပန်းချီအနုပညာပစ္စည်းတွေ စုဆောင်းသလို၊ အရှေ့တိုင်းက အနုပညာတွေကိုလည်း ခုံမင်နှစ်သက်သူပါ။
“အဲဒါဆိုရင် ပါရီကို ခင်ဗျားဘယ်တော့ သွားမှာလဲ”
“ပါရီမှာ ကျမအတွက် နေရာတနေရာ ရှင် စီစဉ်ပေးနိုင်မယ်ဆိုရင်တော့ အဲဒီနေ့ပဲ ကျမသွားနိုင်ပါတယ်”
သူ့ကို ကျမ အပိုင်ကိုင်နေတယ်ဆိုတာ သူ သဘောပေါက်မှာပါ။ အခုအချိန်မှာ ကျမဟာ မသိသေးတဲ့ မြို့ကြီးတမြို့က လူချမ်းသာတယောက်ကို အမိဖမ်းဖို့ ကြိုးစားနေတဲ့ မိန်းမတယောက် ပါပဲ။ ဒါပေမဲ့ ပြင်သစ် ကောင်စစ်ဝန် ဝေ့လည်ကြောင်ပတ် လုပ်နေတာ သိပါတယ်။ တချိန်တည်းမှာ ကျမစကားတွေ၊ ကျမအမူအယာတွေ၊ လှုပ်ရှားမှု အားလုံးကို အကဲခတ်နေပါတယ်။ ကျမဟာ ညှို့ဓာတ်အားပြင်းပြီး ယောက်ျားတွေအတွက် အန္တရာယ်ရှိတဲ့ မိန်းမတယောက်လို့ ထင်ချင် ထင်နေပါလိမ့်မယ်။ ဒါပေမဲ့ သူ့အထင်နဲ့ ခြားနားစွာပဲ ဣန္ဒြေသိက္ခာရှိတဲ့ မိန်းမတယောက်လို တုံ့ပြန်လိုက်ပါတယ်။
“ရှင့်မိတ်ဆွေ စိတ်ဝင်စားမယ်ဆိုရင် ဂျားဗားအက တကွက် နှစ်ကွက်နဲ့ ကျမဖျော်ဖြေနိုင် ပါတယ်။ သူ မနှစ်သက်ဘူးဆိုရင်တော့ အဲဒီနေ့မှာပဲ ရထားနဲ့ ကျမ ပြန်လာမှာပါ”
“ဒါပေမဲ့ မဒမ်၊ အဲ... မစ္စ၊ ခင်ဗျားကို ကျနော် ခွင့်ပြုခဲ့တာ အသွား လက်မှတ်တစောင်ပဲ မဟုတ်လား”
ပြန်လာရုံမက သွားဖို့လည်း ကျမမှာ ပိုက်ဆံ အလုံအလောက် ရှိကြောင်း၊ ပိုက်ဆံအိတ်ထဲက ပိုက်ဆံအချို့ထုတ်ပြီး သူ့ကို ပြလိုက်ပါတယ်။ ဒါပေမဲ့ အားနွဲ့သူကို သိပ်ကူညီချင်နေတဲ့ သူ့ကို ကျမ ကူညီခွင့် ပြုလိုက်တာပါ။ ယောက်ျားတွေအားလုံး အဲဒီလိုပဲ မျှော်လင့်နေကြတယ် မဟုတ်လား။
အဲဒီနောက် နေသာထိုင်သာ ရှိသွားသလို၊ ကျမကိုပဲ စိတ်ချသွားသလို မွန်ဆီယာဂျီးမက်ထံ စာရေးဖို့ ကျမနာမည် မေးနေပါတယ်။
ကျမနာမည် ဘယ်တုန်းကမှ ကျမ မစဉ်းစားခဲ့သေးတဲ့နာမည်။ နာမည်ရင်းဆိုရင် ကျမမိသားစုထံ ရောက်သွားပါလိမ့်မယ်။
ဖောင်တိန်ပင်ကို ကိုင်ရင်း၊ ကျမနာမည်ကို ထပ်မေးနေပါတယ်။
“နာမည် ပြောပါ”
“မာတာဟာရီ”
အန်ဒရီးယက်စ်ဇနီးထံက ပေကျံခဲ့တဲ့သွေးတွေနဲ့ နောက်တကြိမ် ကျမ ရဲရင့်ခဲ့ပြန်ပြီလေ။
❑
မြင်နေရတာတွေ မယုံနိုင်စရာပါပဲ။ ထိုးထိုးထောင်ထောင် မိုးမျှော်နေတဲ့ ဧရာမသံထည် မျှော်စင်ကြီးတခု။ သိမ်းမြစ်ကမ်း တဘက်တချက်မှာတော့ တရုတ်၊ အီတလီနဲ့ အခြားအထင်ကရ နိုင်ငံတွေမှာလို ထူးထူးခြားခြား အဆောက်အဦးတွေ။ ဟော်လန်မှာ အဲဒီလို အဆောက်အဦးတွေ ရှာကြည့်ပေမဲ့ မတွေ့နိုင်ပါဘူး။ ကျမတို့နိုင်ငံကို ဘယ်အရာက ကိုယ်စားပြုနေပါသလဲ။ ရှေးပဝေသဏီက လေရဟတ်ဟောင်းကြီးတွေလား၊ သစ်သား ရှူးဖိနပ်ကြီးတွေလား။ ခေတ်သစ် အခြင်းအရာတွေထဲမှာ အဲဒီနှစ်ခုကိုထားဖို့ နေရာမရှိပါဘူး။ ပိုစတာ ဆိုင်းဘုတ်ကြီးတွေပေါ်မှာ ကျမ မယုံနိုင်စရာ အံ့ဖွယ်တွေအပြည့်။ လက်လက်ထနေတဲ့ မြို့ပြရောင်စုံ မြင်ကွင်းကျယ်ကြီး။ ပါရီညဟာ ဘယ်တော့မှ မအိပ်တော့သလို၊ ဧည့်သည်တွေကို သူတို့ တခါမှ အိပ်မက်မမက်ဘူးတဲ့ နေရာတွေဆီ ခေါ်သွားဖို့ အသင့်စောင့်နေပါတယ်။ မြင်ကွင်းတွေ၊ ပုံရိပ်တွေ မျက်စိရှေ့မှာ တခုပြီးတခု ဖြတ်သန်းသွားသည်နှင့်အမျှ ကျမကိုယ်တိုင် ပျောက်ဆုံးသွားသလို ပို၍ ပို၍ ဝမ်းနည်း ကြေကွဲလာသလို။ ကျမလှမ်းနိုင်တာထက် ပိုလှမ်းမိလိုက်တဲ့ ခြေလှမ်းတလှမ်းလည်း ဖြစ်နိုင်ပါတယ်။ မြစ်ကမ်းတဘက်မှ အခြားတဘက်သို့ ဖွေးဖွေးလှုပ်လှုပ် တအိအိနဲ့ ကူးကလန် ဖြတ်သန်းနေကြတယ်။ ကျမဘဝမှာ တခါမှ မမြင်ဘူးတဲ့ အဝတ်အစားတွေနဲ့ အမျိုးသမီးတွေ တောက်တောက်ကြွားကြွား လှလို့ပလို့။ အမျိုးသားတွေ အရေးတကြီးကိစ္စတွေနဲ့ အလုပ်ရှုပ်နေဟန် တူသည်။ ဒါပေမဲ့ ကျမ နောက်ပြန်ကြည့်လိုက်တဲ့အခါတိုင်း ကျမနောက် သူတို့မျက်လုံးတွေ လိုက်လာနေတာကို သတိပြုမိနေတယ်။
စာသင်ကျောင်းမှာ ပြင်သစ်ဘာသာစကား သင်ခဲ့ရပေမဲ့ သွက်သွက်ချာချာ မပြောနိုင်တာကြောင့် ပြင်သစ်ဘာသာစကားပြော စာအုပ်တအုပ် လက်မှာကိုင်ရင်း ကျမနဲ့ သက်တူရွယ်တူလောက်ရှိမယ့် မိန်းမငယ်တဦးဆီ ချဉ်းကပ်ပြီး ကျမအတွက် ကောင်စစ်ဝန် အခန်းတခန်း ကြိုတင်စာရင်းပေးထားတဲ့ ဟိုတယ်ကို ဘယ်လိုသွားရမလဲ မေးလိုက်ပါတယ်။ သူမက ကျမခရီးဆောင်အိတ်နဲ့ အဝတ်အစားတွေကို တချက်ကြည့်ပြီး ဘာမှအဖြေမပေးဘဲ လှည့်ထွက်သွားတယ်။ ကျမဝတ်ထားတဲ့ အဝတ်အစားတွေဟာ ဂျာဗားက ဝယ်လာတဲ့ အကောင်းဆုံးတွေပါပဲ။ ဒါပေမဲ့ ပါရီမြို့သူမြို့သားတွေက နိုင်ငံခြားသားတွေကို ဖော်ဖော်ရွေရွေရှိဟန် မတူပါဘူး။ ဒါမှမဟုတ် သူတို့ဟာ အခြားလူတွေထက် ကြီးကျယ်တယ်လို့များ ထင်နေသလား မသိပါဘူး။ သူ့နောက်ကိုလိုက်ပြီး နောက်ထပ် တကြိမ်၊ နှစ်ကြိမ် အားထုတ်ကြည့်ပေမဲ့ ကျမကို အရေးတောင် မလုပ်တော့ပါဘူး။ ကျမလည်း မောလာတာနဲ့ လမ်းဘေးတနေရာက ခုံတန်းလျားလေးပေါ် ထိုင်ပြီး အမောဖြေလိုက်ပါတယ်။ ကျမထိုင်နေတဲ့နေရာဟာ ဂျာဒန်တေသူလာရီ ပန်းခြံပါ။ ကျမကလေးဘဝကတည်းက ရောက်ချင်ခဲ့တဲ့ အိပ်မက်တနေရာပေါ့။ ယခု အဲဒီနေရာ ရောက်နေရတာ ကျမအတွက် အောင်မြင်မှုကြီးတခုပါပဲ။
ကျမ ပြန်သင့်ပါသလား။ ကျောချစရာ တနေရာရဖို့ ဘယ်လောက် ခက်ခဲတယ်ဆိုတာ သိနေတာကြောင့် ကိုယ်နဲ့ကိုယ်ချင်း တခဏ လွန်ဆွဲနေပါတယ်။ အဲဒီမှာပဲ ကံကြမ္မာက ကြားဝင် ဆုံးဖြတ်ပေးလိုက်ပါတယ်။ လေပြင်းတချက် အရှေ့နဲ့အတူ ယောက်ျားဆောင်း ဦးထုပ်တလုံး ကျမခြေထောက်နားကို တလိမ့်လိမ့်နဲ့ လွင့်လာပါတယ်။ ဦးထုပ်ကို ကောက်ပြီး ဟိုဟိုဒီဒီ လှမ်းကြည့်လိုက်တဲ့အခါ ကျမဆီကို တည့်တည့်မတ်မတ် လူတယောက် ခပ်သွက်သွက် လျှောက်လာနေတယ်။
“အဲဒါကျနော့်ဦးထုပ်ပါခင်ဗျ”
“ဟုတ်ကဲ့၊ ကျမခြေထောက်နား လွင့်လာလို့ ကောက်ထားလိုက်တာပါ”
“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်”
ဟုတ်ကဲ့နောက်က သူ့မျက်လုံးတွေထဲမှာ ကျမကို မြူဆွယ်ဖို့ ကြိုးစားနေတဲ့ ရမ္မက်တွေကို ထင်ထင်ရှားရှား တွေ့လိုက်ပါတယ်။ ပြင်သစ်တွေက ကျမတို့နိုင်ငံက ခရစ်ယာန် ကက်ဗင်နစ်တွေလို ကြောင်သူတော်ယောင် မဆောင်ဘဲ ပွင့်လင်းတဲ့နေရာမှာ နာမည်ကြီးကြပါတယ်။ ကျမဆီက ဦးထုပ်ကို သူလှမ်းယူလိုက်ချိန်၊ ဦးထုပ်ကိုင်ထားတဲ့ ကျမ ဘယ်ဘက်လက်ကို ကျောနောက်ဘက် ပစ်လိုက်ပြီး၊ ညာဘက်လက်နဲ့ ဟိုတယ်လိပ်စာ ရေးထားတဲ့ ကတ်ပြားကို ပေးလိုက်ပါတယ်။ ဖတ်ပြီး နားမလည်ဟန်နဲ့ ကျမကို မေးပါတယ်။
အဲဒီဟိုတယ်မှာ ကျမသူငယ်ချင်းတယောက် နေတယ်။ သူမနဲ့ ကျမ (၂) ရက် အတူနေဖို့ ရောက်လာတာပါ။ ကျမဘေးက ခရီးဆောင်အိတ်ကို သူတွေ့လိုက်တာကြောင့် သူမနဲ့ ကျမ ဒီနေ့ညစာ စားဖြစ်မလား၊ မစားဖြစ်မလား မပြောနိုင်ပါဘူး။ သူ့ဘက်က နှုတ်ဆိတ်နေပါသေးတယ်။ ကျမသွားမယ့်နေရာဟာ တော်တော် အဆင့်အတန်း နိမ့်နေတာကြောင့် သူမပြောချင်တာပဲလို့ တွေးနေခိုက်မှာပဲ သူ့အဖြေကြောင့် ကျမ အံ့အားသင့်သွားပါတယ်။
“ခင်ဗျားသွားချင်တဲ့ ရူတီရီဗော်လီလမ်းဆိုတာ ခင်ဗျားထိုင်နေတဲ့ ခုံတန်းနောက်လေးမှာပဲ။ ခင်ဗျားခရီးဆောင်အိတ်ကို ကျနော် သယ်ပေးရမလား။ အဲဒီလမ်းတလျှောက်မှာ ဘားဆိုင်တွေလည်း ရှိတယ်။ မဒမ် ကျနော်နဲ့အတူ စမုံစပါးအရက်ချို လိုက်သောက်ပါလား၊ မဒမ်...”
“မဒမ်မွန်ဆယ်မာတာဟာရီပါ”
စကားထောက်ပေးလိုက်ရုံမှတပါး ဆုံးရှုံးစရာ ကျမ ဘာမှမရှိပါဘူး။ ဟောဒီပါရီမြို့ကြီးမှာ သူဟာ ကျမရဲ့ ပထမဦးဆုံး မိတ်ဆွေပဲပေါ့။ ဟိုတယ်ကို လမ်းလျှောက်လာရင်း စားသောက်ဆိုင် တဆိုင်ထဲ ကျမတို့ ရောက်သွားပါတယ်။ ပုံမှန် ပျော်ပွဲရွှင်ပွဲကြီးတပွဲ ကျင်းပနေသလို၊ စားသောက်ဆိုင် စားပွဲထိုးတွေကလည်း လှပတဲ့ စားပွဲထိုး ဝတ်ရုံတွေနဲ့ မြူးမြူးကြွကြွပါပဲ။ ကျမအဖော်ကို ပြုံးပြရုံကလွဲပြီး သူတို့ အလုပ်ဆက်လုပ်နေကြပါတယ်။ လူရှင်းရှင်း ထောင့်တနေရာစားပွဲမှာ ကျမတို့ နေရာယူလိုက်ကြပါတယ်။
“မဒမ်မွန်ဆယ် မာတာဟာရီ၊ ဘယ်ကလာပါသလဲ”
“ဒတ်ချ်အင်ပါယာ အစွန်အဖျား အရှေ့အင်ဒီကပါ။ ဒါပေမဲ့ ကျမကတော့ ဟော်လန်မှာမွေးတဲ့ ဟော်လန်သူပါ”
ပါရီမျှော်စင်ကြီးကို ကမ္ဘာမှာ အလှပဆုံး မျှော်စင်ကြီးတခု ဖြစ်ကြောင်း ကျမက မှတ်ချက် ပေးလိုက်တဲ့အခါမှာ၊ မမျှော်လင့်ဘဲ သူ့ဒေါသကို ဆွသလို ဖြစ်သွားပါတယ်။
“အဲဒီမျှော်စင်ကြီးကို နောက် ၄ နှစ်ကြာရင် ဖျက်ရလိမ့်မယ်။ အခုလုပ်နေတဲ့ ကုန်စည်ပြပွဲက ပြီးခဲ့တဲ့စစ်ပွဲတွေမှာ ကုန်ကျတဲ့ငွေထက် ၂ ဆ ပိုကုန်နေပြီ။ အခုအချိန်ကစပြီး ကျနော်တို့ ဥရောပနိုင်ငံတွေ အားလုံး သမဂ္ဂတခုဖွဲ့ဖို့ ပြင်သစ်အစိုးရက လိုလားနေတယ်။ အဲဒီလို ဆိုရင် ငြိမ်းချမ်းလိမ့်မယ်လို့ သူတို့ထင်နေတယ်။ ခင်ဗျားကော ဘယ်လိုထင်သလဲ”
ကျမ ဘယ်လိုမှ မထင်မြင်တာကြောင့် ဆိတ်ဆိတ်ပဲ နေလိုက်ပါတယ်။ ကျမပြောခဲ့သလို ယောက်ျားတွေဟာ တခုခုကို အမြဲတမ်း ရှင်းပြချင်ကြသလို၊ အရာအားလုံး သူတို့သိတယ်လို့လည်း ထင်တတ်ကြပါတယ်။
“ဂျာမန်တွေဆောက်သွားတဲ့ ပြဇာတ်ရုံကြီးကို ခင်ဗျား တွေ့ဖူးသလား။ ဂျာမန်တွေက ကျွန်တော်တို့ကို သက်သက်အရှက်ခွဲဖို့ ကြိုးစားခဲ့တာ။ အဆောက်အဦးကြီးက ကြီးမားပြီး ခန့်ထည်ပါတယ်။ ဒါပေမဲ့ အနုပညာလက်ရာ တစက်မှ ခံစားလို့ မရပါဘူး။ အီဖယ် မျှော်စင်ကြီးကတော့...”
တခုခုပြောဖို့ ပြင်ဆင်လိုက်သလို စကားကို ခေတ္တရပ်လိုက်ပါတယ်။
“ဘီယာ”
သူ့အတွက် စားပွဲထိုးကို မှာလိုက်ပြီး စကားဆက်ပြန်ပါတယ်။
“အဲဒီအဆောက်အဦးကြီးက ကိုင်ဇာဘုရင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဆောက်ခဲ့တယ်လို့ ပြောတာပဲ။ ဒါပေမဲ့ အဆောက်အဦးတခုလုံးရဲ့ ရည်ရွယ်ချက်က ပြင်သစ်တွေကို ခြိမ်းခြောက်နေတယ်လို့ ကျွန်တော် ပြောရဲတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဂျူးအနွယ် သူလျှိုတယောက်ကို သူတို့ ဖမ်းမိလိုက်ကြတယ်။ ပြင်သစ်နိုင်ငံတံခါးကို စစ်ပွဲကြီးက နောက်တကြိမ် လာခေါက်လိမ့်မယ်လို့ အဲဒီဂျူးသူလျှိုက သေသေချာချာ ဟောကိန်းထုတ်ခဲ့တဲ့အတွက်ပဲ။ ဒါပေမဲ့ ဒီနေ့ ဒီအချိန်မှာတော့ အဲဒီဂျူးကို အပြစ်မရှိဘူးလို့ သူတို့တွေ ကျိန်ပြောနေကြတယ်။ အဲဒါတွေအားလုံး စာရေးဆရာကြီး ဇိုလာကြောင့်ပဲ။ သူ့ကြောင့် ပြင်သစ် လူ့အဖွဲ့အစည်းကြီး ထက်ခြမ်းကွဲခဲ့တယ်။ အခု ပြင်သစ်ပြည်တခြမ်းက သူ့ကို မကောင်းဆိုးဝါးကျွန်းက လွတ်မြောက်စေချင်နေတယ်။ ဒါပေမဲ့ တကယ်က အဲဒီကျွန်းမှာ သူ တသက်လုံး နေသင့်တယ်”
နောက်ထပ် စမုံစပါး အရက်ချို ၂ ခွက် မှာလိုက်ပြီး၊ သူ့ခွက်ကို တကျိုက်တည်း မော့သောက်လိုက်ပြီး သူဟာ အလွန်အလုပ်များနေတဲ့အကြောင်း၊ ဒါပေမဲ့ ကျမအနေနဲ့ ပါရီမြို့မှာ ကြာကြာနေသင့်တဲ့အကြောင်း၊ သူ့နိုင်ငံက ပြဇာတ်ရုံကြီးကိုလည်း သွားလည်သင့်တဲ့အကြောင်း ဆက်ပြောနေပါတယ်။
“ကျမနိုင်ငံ... လေရဟတ်ကြီးတွေ၊ ဒါမှမဟုတ် သစ်သားရှူးဖိနပ်တွေ တခုမှလည်း မတွေ့ရပါလား”
“ဟုတ်ပါတယ်၊ တကယ်တော့ သူတို့တွေ နာမည်ပေး မှားနေတာပါ။ ဖြစ်ရမယ့်နာမည်က ဟော်လန်နိုင်ငံ အရှေ့အင်ဒီက ပါဗာလီယန်ဇာတ်ရုံကြီးပါ။ ကျွန်တော်မှာ သွားဖို့ အချိန်မရှိပေမဲ့ ပါဘယ်လီယန်ဇာတ်ရုံကြီးက အင်မတန်စိတ်ဝင် စားစရာကောင်းတယ်လို့ ဆိုပါတယ်”
သူ မတ်တပ်ထရပ်လိုက်ပြီး အိတ်ထဲက လိပ်စာကတ်ပြားတပြား ဆွဲထုတ်လိုက်သည်။ အဲဒီနောက် အပေါ်အင်္ကျီထဲက ရွှေရောင် ဖောင်တိန်တချောင်း ယူလိုက်ပြီး၊ ကတ်ပြားပေါ်က သူ့နာမည်ရဲ့ ဒုတိယအမည်ကို ဖောင်တိန်နဲ့ နှစ်ချက်၊ သုံးချက် ခြစ်ပစ်လိုက်သည်။ သဘောကတော့ တနေ့ ကျမတို့နှစ်ယောက် နီးနီးကပ်ကပ် ရင်းနှီးနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ပေါ့။ အစဉ်အလာအရ ကျမလက်ကို တချက်နမ်းပြီး နှုတ်ဆက်ရင်း သူထွက်သွားပါတယ်။ လိပ်စာကတ်ပြားကို တချက် ကျမကြည့်လိုက်တယ်။ ကတ်ပြားမှာ နေရပ်လိပ်စာ မပါ။ အလုပ်လိပ်စာကိုပဲ ရေးထားတယ်။ အသုံးမဝင်တဲ့ပစ္စည်းတွေကို ကျမက စုဆောင်းတတ်သူမဟုတ်။ သူနောက်လှည့်သွားပြီး တခဏ အကြာမှာပဲ လိပ်စာကတ်ပြားကို ဆုတ်ခြေပြီး လွှင့်ပစ်လိုက်ပါတယ်။
ဒါပေမဲ့ နှစ်မိနစ်၊ သုံးမိနစ်လောက်အကြာမှာတော့ လွှင့်ပစ်လိုက်တဲ့ လိပ်စာကတ်ပြားကို ကျမ ပြန်ကောက်လိုက်ရပါတယ်။ ကောင်စစ်ဝန် လိပ်မူထားတဲ့သူဟာ သူဖြစ်နေလို့ပါပဲ။
❑
အပိုင်း နှစ်
“ကျားသစ်မတကောင်၏ ကျစ်လျစ်သွယ်လျ၍ နွဲ့နှောင်းပျော့ပြောင်းသော ခန္ဓာကိုယ်၊ မို့မောက် နိမ့်မြင့် နက်မှောင်သော ဆံကေသာနှင့် သူယောင်မယ် မာတာဟာရီကား ပုရိဿတို့ကို မှော်ရုံတောသို့ ညှို့ယူ ခေါ်နေလေပြီ”
“မိန်းမတကာတို့အနက် ဣတ္ထိလိင်ဂုဏ်အင်္ဂါ အမြောက်ဆုံးသော မာတာဟာရီ”
“သူမခန္ဓာကိုယ်နှင့် ကြေကွဲစရာ ဇာတ်လမ်းတပုဒ် ထုဆစ်ခဲ့လေသည်”
“အဖို့အရှိုက် အသွယ်သွယ်၊ အလှုပ်အခတ် တထောင်နှင့် စည်းဝါး တထောင်တို့ကို ညီညွတ်စွာ ပေါင်းစပ်ထားသော မာတာဟာရီ”
သတင်းစာဖြတ်ပိုင်းများက ကျကွဲသွားသော လက်ဖက်ရည် ပန်းကန်တလုံးလို ကျမ သတိမရချင်တော့သော ဘဝဇာတ်လမ်းတပုဒ် ပြောပြနေပါတယ်။ ဟောဒီနေရာက ကျမ လွတ်မြောက်သည်နှင့် သတင်းစာ ဖြတ်ပိုင်းတွေကို သားရေအဖုံးနှင့် အကောင်းစား အယ်လ်ဘမ် တခုထဲ ရက်စွဲနဲ့တကွ စီကာစဉ်ကာ သိမ်းဆည်းပြီး ကျမသမီးလေးအတွက် အမွေတခုအနေနဲ့ ထားခဲ့မှာပါ။ ကျမတို့သားအမိ ပြန်ဆုံကြရင် ကချေသည်တိုင်း အိပ်မက်မက်ခဲ့ကြတဲ့ ပါရီမြို့က ဖို့လီဘီယာရှဲလ် ပြဇာတ်ရုံကြီးအကြောင်း၊ မောင်တီကာရိုမြို့ကနန်းတော်ကြီးတွေလို၊ ဘာလင်မြို့က လမ်းမတွေလို၊ အလွန်လှပတဲ့ ပါရီမြို့က မာရတီလု သြစတေးလျ အဆောက်အဦးကြီးအကြောင်း သမီးလေးကို ပြောပြရမယ်။ မက်ဆီယန်ရဲ့ ရန်ပယ်မယာ စားသောက်ဆိုင်နဲ့ အခြား စားသောက်ဆိုင်တွေလည်း သွားကြမယ်။ ကျမတို့သားအမိနှစ်ယောက် အီတလီကို အတူသွားပြီး ဒေဝါလီခံတော့မယ့် ဂျက်ကလက်ဟိုတယ်ကြီးကို ကြည့်ကြမယ်။ အဲဒီနောက် မီလန်မြို့က လာစကာလာ ပြဇာတ်ရုံကြီးကို ခေါ်ပြပြီး၊ ဟောဒီဇာတ်ရုံကြီးမှာ အမေ ကပြခဲ့တာပေါ့လို့ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြောပြရမယ်။
ယခုအချိန်အထိ ကျမဖြတ်သန်းနေတာတွေဟာ အခြေသတင်းကြီးလာမယ့် ကချေသည် ဘဝပါပဲ။ ကျမကို ဘယ်သူကမှ လျှို့ဝှက်ချက်တွေအပြည့်နဲ့ သူလျှိုတယောက်လို့ မစွပ်စွဲခဲ့ပါဘူး။ ယောက်ျားတွေကို အန္တရာယ်ပေးနေတဲ့ မိန်းမတယောက်လို့လည်း မမြင်ခဲ့ကြပါဘူး။ လူတိုင်းလူတိုင်း အန္တရာယ်နဲ့ တကယ် မျက်နှာချင်းဆိုင် မတွေ့မချင်း၊ အန္တရာယ်နဲ့ ပလူးပလဲ ကစားတတ်ကြပါတယ်။
သမီးက ကျမကို မေးချင်မေးပါလိမ့်မယ်။
သမီးအမေ မာဂါရီသာ မက်ခလောက် ဆိုတာကကော ဘယ်မှာလဲ။
အဲဒီမိန်းမကို ကျမမသိဘူး။ ကျမတဘဝလုံး မာတာဟာရီလိုပဲ စဉ်းစားတယ်။ မာတာဟာရီ လိုပဲ ပြုမူနေထိုင်တယ်။ မာတာဟာရီဆိုတာ ယောက်ျားတွေအတွက် ရမ္မက်ဖြစ်ပြီး၊ မိန်းမတွေ အတွက် မနာလို ဝန်တိုမှုဖြစ်တယ်။ ဟော်လန်က ထွက်ခွာလာချိန်ကစပြီး ကျမမှာ ဇာတိမြေဆိုတဲ့ အစွဲအလမ်းလည်း မရှိတော့ဘူး။ အန္တရာယ် ဆိုတာတွေကိုလည်း ကြောက်စိတ် မရှိတော့ဘူး။ တပြားတချပ်မှ မရှိဘဲ ပါရီမြို့ကို ရောက်လာခဲ့တယ်။ ဘယ်လိုဆက်လုပ်ရမလဲပဲ ကျမ စဉ်းစားခဲ့တယ်။ သမီးလည်း အဲဒီလို ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျမ အက အနုပညာ အကြောင်း ပြောပြပါမယ်။ အခုထိ ကျမမှာ ဖျော်ဖြေခဲ့တဲ့ ကျမဓာတ်ပုံတွေ ရှိပါသေးတယ်။ ကျမကို ဘယ်တော့မှ နားမလည်ခဲ့တဲ့ ဝေဖန်သူတွေပြောသလိုမဟုတ်ပါဘူး။ ဇာတ်စင်ပေါ် ရောက်သွားတာနဲ့ ကျမကိုယ် ကျမ မေ့သွားပြီး၊ အရာရာအားလုံးကို ထာဝရဘုရားသခင်ထံ ပူဇော်လိုက်ပါတယ်။ အဲဒါကြောင့်ပဲ ကျမကိုယ်ပေါ်က အဝတ်တွေကို အေးအေးဆေးဆေး ချွတ်ခွာနိုင်ပါတယ်။ အဲဒီအချိန်မှာ ကျမဟာ ဘာမှမဟုတ်တော့ပါဘူး။ ကျမခန္ဓာကိုယ်သည်ပင် စကြဝဠာနဲ့ အတူ နှီးနှောနေတဲ့ လှုပ်ရှားမှုတခုမျှသာပါပဲ။
မွန်ဆီယာဂျီးမတ်စ်ကို ကျမ အမြဲ ကျေးဇူးတင်နေမှာပါ။ သူ့ရဲ့ပြတိုက်မှာ ဖျော်ဖြေဖို့ ပထမဦးဆုံး ကျမကို အခွင့်အရေး ပေးခဲ့သူပါ။ အာရှက ဂျီးမတ်စ်ဝယ်ယူထားတဲ့ အကောင်းစား အဝတ်အထည်တွေ ဝတ်ဆင်ပြီး သူ့ကိုယ်ပိုင်ပြတိုက်မှာ ကပြခွင့်ရဖို့ ကျမဘက်က သူနဲ့ မွေ့ရာပေါ်မှာ နာရီဝက်လောက် နေပေးလိုက်ရုံပါပဲ။ ကျမကပွဲကို လာကြည့်တဲ့ ပရိသတ်တွေထဲမှာ ဂျာနယ်လစ်တွေ၊ တိုင်းသိပြည်သိပုဂ္ဂိုလ်တွေ အပါအဝင် ပရိသတ် ၃ဝဝ ကျော် အားပေးခဲ့ကြပါတယ်။ အဲဒီအထဲမှာ ဂျာမဏီနဲ့ ဂျပန်က သံအမတ် ၂ ယောက်လည်း ပါတယ်။ ကျမ ကပြပြီး နောက်တနေ့ ဒတ်ချ်အင်ပါယာ အစွန်အဖျားမှာ မွေးဖွားခဲ့တဲ့ ကချေသည် အမျိုးသမီးတဦး၊ ဘာသာရေးဆန်ပြီး အရှက်အကြောက်မဲ့ ကနည်းကဟန်တွေနဲ့ ဖျော်ဖြေသွားတယ်လို့ သတင်းစာတွေမှာ ရေးသားကြမှာပါ။
ဇာတ်စင်အလယ် အနောက်ဘက်တနေရာမှာ ဖန်ဆင်းခြင်း ဖျက်ဆီးခြင်းကို ကိုယ်စားပြုတဲ့ ဟိန္ဒူနတ်ဘုရား သျှီဗာရုပ်တုတခု ရှိနေပါတယ်။ ကျမဝတ်ရမယ့် အကဝတ်စုံကို သေသေချာချာ စစ်ဆေးပြီးတဲ့အခါ ကရမယ့် ကကြိုးကကွက်တွေကို ကျမ ကောင်းကောင်း သိနေပါတယ်။ အဲဒီအချိန်က စိတ်ချမ်းသာစရာ တကွက်မှ မရှိဘဲ ကာမနဲ့ အခွင့်အရေးကို အလဲအလှယ် လုပ်ဖို့ အမြဲတောင်းဆိုနေတဲ့ ကျမဘဝရဲ့ တခုတည်းသော အခိုက်အတန့်လေးပါပဲ။ အဲဒီအချိန်ကစလို့ ကာမနဲ့ အခွင့်အရေး ဖလှယ်ခြင်းကို ကျမ အကျွမ်းဝင်လာပါတယ်။
ဖျော်ဖြေမှု စတင်နေပါပြီ။ ကလပ်ကချေသည်တွေလို ပင်ပင်ပန်းပန်း အခြားတခုမှ မစဉ်းစားဘဲ ကျမလုပ်ရမယ့်အလုပ်ကို သိနေပါတယ်။ ဂုဏ်သရေရှိ နေရာတနေရာမှာ ကျမ ရောက်နေပါတယ်။ ကကြိုးကကွက် အသစ်တွေ ကြည့်ဖို့ စိတ်စောနေကြပေမယ့် ပရိသတ်တွေမှာ သူတို့ကို မြင်နိုင်မယ့် နေရာတနေရာဆီ အရောက်သွားဖို့ သတ္တိမရှိကြပါဘူး။
အကဝတ်စုံကို တလွှာချင်း ဝတ်ထားရာက ပထမတလွှာကို ချွတ်ချလိုက်ချိန်မှာ ဘယ်သူမှ ကျမကို စိတ်ဝင်စားပုံ မရပါဘူး။ အဲဒီနောက် ဒုတိယတလွှာ၊ တတိယတလွှာ ချွတ်ခွာလိုက်ချိန်မှာ တော့ ပရိသတ်တွေ တယောက်နဲ့တယောက် အကြည့်တွေ ဖြတ်သန်းသွားကြပါတယ်။ ပဉ္စမအလွှာ ချွတ်လိုက်တဲ့အခါ ကျမအပေါ် ပရိသတ်မျက်လုံးတွေ လုံးလုံးလျားလျား စုပြုံလာပြီး၊ ကျမရဲ့ ကကြိုးကကွက်တွေထက် နောက်ထပ် ဝတ်ရုံအလွှာအကြောင်းကိုပဲ အံ့သြလာပါတယ်။ အမျိုးသမီး ပရိသတ်တွေပင် သူတို့မျက်နှာမှာ အံ့သြတုန်လှုပ်ဟန် မပြဘဲ၊ ယောက်ျားတွေလို စိတ်လှုပ်ရှားနေကြတာ ကရင်း ကျမတွေ့နေရပါတယ်။ ကျမနိုင်ငံမှာသာ အခုလို ကပြမယ်ဆိုရင် ချက်ချင်း အချုပ်ထဲရောက်မှာ သေချာပါတယ်။ ဒါပေမဲ့ ပြင်သစ်ဆိုတာကတော့ လွတ်လပ်ခြင်းနဲ့ တန်းတူညီမျှခြင်းတို့ရဲ့ စံနမူနာ မဟုတ်လား။
ဆဋ္ဌမမြောက်ဝတ်ရုံကို ကျမ ဖယ်ခွာလိုက်ပြီး သျှီဗာနတ်ဘုရားနဲ့ ပွတ်သပ်ရင်း ကိုယ်ချင်းနှီးနှောသလို ကာမရမ္မက်ရဲ့အထွတ်အထိပ် ရောက်သွားပြီး ခုနှစ်လွှာမြောက် နောက်ဆုံး ကိုယ်ရုံအလွှာကို ချွတ်ချ၊ ဇာတ်စင်ပေါ် ပုံလျက်သား ပစ်လှဲရင်း တေးဂီတ အဆုံးသတ်သွားပါတယ်။
တဆက်တည်း ပရိသတ်အားလုံး ငြိမ်ကျသွားပြီး ဘာသံမှ မကြားရတော့ပါဘူး။ သူတို့အားလုံး ကြက်သေ, သေသွားကြသလား၊ ဒါမှမဟုတ် ဆွံ့အသွားသလား။ အဲဒီနောက် ရုတ်တရက် အမျိုးသားတဦးဆီက လက်ခုပ်သံ တဖြောင်းဖြောင်း ကြားလိုက်ရပြီး မကြာခင် ပရိသတ်တွေအားလုံး ထိုင်ရာက မတ်တပ်ရပ်ပြီး သြဘာလက်ခုပ်သံတွေ ဟိန်းထွက်လာတော့ ပါတယ်။ ကျမလည်း မတ်တပ်ရပ်လိုက်ပါတယ်။ ဒါပေမဲ့ လက်တဘက်က ရင်သားတစုံကို ဖုံးအုပ်ရင်း၊ အခြားတဘက်က မိန်းမကိုယ်ကို ဖုံးဖိရင်း ပရိသတ်ကို ဦးညွှတ်ဂါဝရပြုပြီး ကျမအဝတ်တွေ ပုံထားတဲ့ ဇာတ်စင်ထောင့်ဆီ ပြေးသွားလိုက်ပါတယ်။ အဝတ်အစားတွေဝတ်ပြီး နောက်တခါ ပရိသတ်တွေရှေ့ ပြန်ထွက်လာ၊ မစဲသေးတဲ့ လက်ခုပ်သံတွေကို ကျေးဇူးတင်ကြောင်း ပြောပြီး ဇာတ်စင်ပေါ်က အပြင်ထွက်ခွာလာခဲ့ပါတယ်။ အဲဒီနေ့ အဲဒီအချိန်က အဲဒီဇာတ်စင်ဟာ နားလည်ရခက်တဲ့ ဘဝအစိတ်အပိုင်းတခုပါပဲ။ ဒါပေမဲ့ ပရိသတ်တွေထဲမှာ လက်ခုပ်မတီးဘဲ ကျမကို ပြုံးကြည့်နေသူ တယောက်ကိုတော့ သတိထားမိလိုက်ပါတယ်။ သူကတော့ မဒမ်ဂျီးမက်ပါပဲ။
နောက်တနေ့နံနက် ဖိတ်စာ ၂ စောင် ရောက်လာတယ်။ တစောင်က မဒမ်ကီးယက်စ်ထံမှ ဖြစ်ပြီး ဒဏ်ရာရ ရုရှားစစ်သားများအတွက် ရန်ပုံငွေ ရှာဖွေပွဲမှာ တနေ့က ကပြသွားသော အကမျိုးနှင့် ဖျော်ဖြေနိုင်မလား မေးမြန်းထားပါတယ်။ အခြားဖိတ်စာမှာ မဒမ်ဂျီးမက်စ်ထံမှ ဖြစ်သည်။ စိန့်မြစ်ကမ်းပေါ် သူနဲ့အတူ လမ်းလျှောက်ဖို့ ကျမကို ဖိတ်ခေါ်နေတာပါ။
သတင်းစာတွေမှာ ကျမအကြောင်း အခုထိ မဖော်ပြကြသေးသလို၊ ကျမ နာမည်နဲ့ ထုတ်လုပ်တဲ့ စီးကရက်တွေ၊ ရှန်ပူတွေလည်း မရှိသေး။ ယခုအချိန်ထိ ရွက်ပုန်းသီးအနေနှင့်သာ ပရိသတ်က ကျမကို သိနေကြပါတယ်။ ဒါပေမဲ့ ကျမကို ပရိသတ်တွေ စွဲလမ်းသွားစေခြင်းသည်ပဲ ကျမကိုယ်ကျမ အကောင်းဆုံး ကြော်ငြာလိုက်တဲ့ ကြော်ငြာတခုပဲလေ။ ဒါမှမဟုတ် ကျမအတွက် အရေးအကြီးဆုံး ခြေလှမ်းတလှမ်းပါပဲ။
“လူတွေမသိတာ ကောင်းပါတယ်။ မင်း ကပြဖျော်ဖြေခဲ့တဲ့အကက အရှေ့တိုင်းအစဉ်အလာနဲ့ ဘာမှမဆိုင်တာကြောင့် ညမိုးချုပ်လာတာနဲ့အမျှ ခြေလှမ်းတိုင်းကို မင်းကိုယ်တိုင် ကြံစည် အားထုတ်ရမှာပေါ့”
မဒမ်ဂျီးမက်စကားတွေ နားထောင်ရင်း မနေ့ညက သူ့ယောက်ျားနဲ့ ကျမ အိပ်ခဲ့တဲ့အကြောင်း ရောက်လာမလားလို့ စိုးရိမ်စိတ်နဲ့ ကျမ ထိတ်လန့်နေပါသေးတယ်။
“ဒါပေမဲ့ အဲဒီအကြောင်းကို သိတဲ့လူတွေဟာ စာအုပ်တွေထဲက အရာရာကို လေ့လာထားတဲ့ မနုဿဗေဒပညာရှင်တွေပဲ ဖြစ်မှာပါ။ သူတို့ဟာ အင်မတန် ပျင်းစရာကောင်းပြီး မင်းအတွက် အသိပညာသစ်တခုမှလည်း ပေးနိုင်မှာ မဟုတ်ပါဘူး”
“ဒါပေမဲ့ ကျမ…”
“ဟုတ်ပါတယ်၊ ဂျားဗားကို မင်းရောက်ခဲ့တယ်။ ဒေသခံယဉ်ကျေးမှု အနုပညာတွေကို မင်းသိခဲ့တယ်ဆိုတာ ကိုယ်ယုံပါတယ်။ ဟော်လန်စစ်တပ်က အရာရှိတချို့ရဲ့ချစ်သူ၊ ဒါမှမဟုတ် မယားလည်း ဖြစ်ချင်ဖြစ်ခဲ့မှာပါ။ မင်းလိုပဲ ငယ်ရွယ်နိုပျိုတဲ့ မိန်းမပျိုအားလုံး ပါရီမြို့မှာ အကနဲ့ ထင်ပေါ်ကျော်ကြားဖို့ အိပ်မက် မက်ခဲ့ကြတာပါပဲ။ အဲဒါကြောင့်ပဲ အခွင့်အရေး ရတာနဲ့ မင်းထွက်ပြေးပြီး ဒီကိုရောက်လာတာပေါ့။
သူမထံမှ စကားသံ တိတ်ဆိတ်သွားပြီး ကျမတို့နှစ်ယောက် လမ်းဆက်လျှောက်လာကြ တယ်။ အလိမ်အညာတွေ ကျမ ဆက်ပြောနေနိုင်ပါတယ်။ တဘဝလုံးလည်း ဒီလိုပဲ လိမ်ညာခဲ့တာပါ။ ဘယ်အကြောင်းအရာပဲဖြစ်ဖြစ် မဒမ်ဂျီးမက် သိပြီးသား အကြောင်းအရာကလွဲလို့ ကျမ လိမ်ညာနိုင် ပါတယ်။ ကျမတို့စကား ဦးတည်ရာ ဘယ်ရောက်သွားသလဲဆိုတာ စောင့်နေတာ ပိုကောင်းပါတယ်။
“မင်းကို ကိုယ် အကြံပေးချင်တာလေးတွေရှိတယ်”
ပြင်သစ် အီဖယ်မျှော်စင်ကြီးဆီ ဦးတည်သွားသော တံတားကို ဖြတ်ကျော်စဉ်မှာပဲ မဒမ်ဂျီးမက်စ် စကားပြန်ကောက်လိုက်သည်။ လူတွေကြားထဲ လမ်းလျှောက်ရတာ ကျမ အာရုံနောက်လာတာကြောင့် ထိုင်ကြမလားလို့ ကျမမေးလိုက်တော့ မဒမ်ဂျီးမက် ခေါင်းညိမ့်ပြသည်။ ကမ့်ဒီမားမြက်ခင်းပြင်ပေါ်မှာ ခုံတန်းရှည်လေးတခု လှမ်းတွေ့လိုက်သည်။ ခပ်လှမ်းလှမ်း မြက်ခင်းပြင်ပေါ်မှာတော့ အမျိုးသားအချို့ သံဘောလုံးလေးတွေနှင့် ထွေပစ်တမ်း ကစားနေကြ သည်။ သူတို့ကစားနည်းကြည့်ရင်း ကျမရယ်ချင်လာသည်။
“မင်းကပွဲကို လာကြည့်ကြတဲ့ သူငယ်ချင်းအချို့နဲ့ ကိုယ် စကားပြောဖြစ်တယ်။ မနက်ဖြန် ထုတ်မယ့် သတင်းစာတွေမှာ မင်းအကြောင်း ဖော်ပြကြတော့မယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ မင်းရဲ့ အရှေ့တိုင်းအကအကြောင်းကို ဘယ်သူ့ကိုမှ ကိုယ်မပြောပါဘူး”
မဒမ်ဂျီးမက်စ်စကားကို ဆင်ခြေတခုမှ မတက်ဘဲ ကျမ ဆက်နားထောင်နေသည်။
“ပထမဦးဆုံး ကိုယ်ပေးမယ့် အကြံဉာဏ်က အလွန်ခက်ခဲမှာပါ။ မင်းအက အနုပညာနဲ့လည်း ဘာမှမဆိုင်ပါဘူး။ ယောက်ျားတယောက်ကို ဘယ်တော့မှ မင်းမချစ်မိပါစေနဲ့။ အချစ်ဟာ အဆိပ်အတောက်ဖြစ်တယ်။ ချစ်မိပြီဆိုတာနဲ့ မင်းဘဝကို ထိန်းချုပ်လို့ မရတော့ဘူး။ မင်းနှလုံးသားနဲ့ မင်းစိတ်ကို အခြားလူတယောက် ပိုင်ဆိုင်သွားပြီ။ မင်းရဲ့ ဖြစ်တည်မှုကိုလည်း ခြိမ်းခြောက်လာ လိမ့်မယ်။ မင်းချစ်သူအတွက် အရာရာ လုပ်ပေးပြီး အန္တရာယ် ဆိုတာကိုတောင် မင်းသိမှာ မဟုတ်တော့ဘူး။ ချစ်ခြင်းဟာ နားလည်ရခက်ပေမဲ့၊ အန္တရာယ် အလွန်များပါတယ်။ ကမ္ဘာမြေပေါ်မှာ မင်းတည်ဆောက်ခဲ့တဲ့ အရာတွေအားလုံး ဆွဲယူသွားပြီး၊ မင်းအချစ်က ဖြစ်စေချင်တာတွေပဲ မင်းအတွက် ချန်ထားခဲ့လိမ့်မယ်”
အန်ဒရီးယက်စ်မိန်းမ သူ့ကိုယ်သူ သတ်မသေမီ သူမမျက်လုံးတွေကို ကျမ ပြေးမြင်လိုက် သည်။ သူမကို ချစ်ခြင်းက ရုတ်ချည်းသတ်ဖြတ်၍ ခြေရာလက်ရာမဲ့ ချန်ထားရစ်ခဲ့သည်။
မဒမ်ဂျီးမက်စ်က ဒုတိယအဆင့် အကြံဉာဏ်ကို ဆက်ပေးနေသည်။
“ဘဝဟာ ရှင်းရှင်းလေးလို့ လူတွေက ပြောတတ်တယ်။ တကယ်တမ်းတော့ အင်မတန် ရှုပ်ထွေးပါတယ်။ ကလေးငယ်တယောက်အတွက် ရိုးရှင်းခြင်းဟာ ကစားစရာ အရုပ်တရုပ်ရဖို့ တောင်းဆိုနေတယ်။ ရိုးရှင်းခြင်းဟာ ကစားပွဲတပွဲကို အနိုင်လိုချင်နေတယ်။ ရိုးရှင်းခြင်းဟာ မင်းနှလုံးသားနဲ့အတူ ယောက်ျားတယောက်ကို အလိုရှိနေတယ်။ ဒါပေမဲ့ အဲဒီယောက်ျားဟာ အိမ်ထောင်ရှိတဲ့အခါ ရိုးရှင်းခြင်းဟာ ရှုပ်ထွေးလာတယ်”
အချိန်တော်တော်ကြာသည်အထိ စကားသံ တိတ်ဆိတ်နေသည်။ သူမမျက်လုံးတွေထဲမှာ မျက်ရည်တွေ ဝဲလာသည်။ သူမအတွေ့အကြုံအရ စကားပြောနေကြောင်း ကျမ သဘောပေါက် လိုက်သည်။ ယခု ကျမပြောရမယ့်အလှည့်။ ကျမဟာ အရှေ့အင်ဒီမှာ မွေးဖွားကြီးပြင်းလာသူ မဟုတ်ကြောင်း။ အရှေ့အင်ဒီအကြောင်း ကောင်းကောင်းသိခဲ့ပေမဲ့ လွတ်လပ်ခြင်းနဲ့ စိတ်လှုပ်ရှားမှုတွေကို ရှာဖွေရင်း၊ အထီးကျန်ခြင်းနဲ့ ဒုက္ခဝေဒနာတွေကိုသာ ကြုံတွေ့ခံစားခဲ့ ရကြောင်း အားလုံး ဖွင့်ပြောပြလိုက်သည်။ ကျမကို မဒမ်ဂျီးမက်စ် အကြံပေးနေတာတွေဟာ သူမကိုယ်တိုင် ရင်နှင့်အမျှ ခံစားခဲ့ရတဲ့ ဒုက္ခဝေဒနာတွေဆိုတာ ကျမသိပေမဲ့၊ ဖွင့်မပြောဘဲ သူမစိတ်သာသာရာ ရစေဖို့ အန်ဒရီးယက်စ်မိန်းမ နောက်ဆုံးပြောခဲ့တဲ့ စကားအချို့ကို ကျမက တဆင့် ပြန်ပြောပြခဲ့သည်။
“အရာရာတိုင်းမှာ ဘက်နှစ်ဘက်ရှိပါတယ်။ အချစ်လို့ခေါ်တဲ့ နတ်ဆိုးတကောင်ရဲ့ စွန့်ပစ်ခံရတဲ့ လူတွေကိုယ်တိုင်မှာ တာဝန်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အတိတ်ကို စူးစမ်း လေ့လာပြီး၊ အနာဂတ်အတွက် အစီအမံတွေ အများကြီး ဘယ်လိုရေးဆွဲမလဲလို့ သူတို့တွေ သိချင်နေကြတယ်။ ဒါပေမဲ့ သူတို့အမှတ်သညာတွေကို အဲဒီထက် ပိုမို ရှာဖွေစူးစမ်းတဲ့အခါ သူတို့စိုက်ပျိုးခဲ့တဲ့ နေ့တနေ့ကို သူတို့သတိရကြပါလိမ့်မယ်။ သစ်စေ့တစေ့ကို ပေါင်းသင် မြေဆွ ဘယ်လိုပြုစုပျိုးထောင်ခဲ့ကြသလဲ။ ခန့်ခန့်ထည်ထည် ပင်စည်ကြီးနဲ့ အရွက်ဖားဖား သစ်ပင်ကြီး တပင် ဖြစ်လာသည်အထိ ဘယ်လိုကြီးထွားလာခဲ့သလဲ”
မဒမ်ဂျီးမက်စ် စကားမဆုံးမီ လက်တဖက်က ကျမမိခင် မကွယ်လွန်မီ ပေးလိုက်တဲ့ သစ်စေ့အိတ်လေးဆီ စမ်းမိလိုက်သည်။ သစ်စေ့အိတ်လေးကို ကျမနဲ့အတူ အမြဲသယ်ဆောင်လာ သည်။
“ယောက်ျားတယောက်ဖြစ်စေ၊ မိန်းမတယောက်ဖြစ်စေ သူတို့ကို သူတို့ချစ်တဲ့သူတဦးက စွန့်ပစ်သွားတဲ့အခါ သူတို့ဝေဒနာကိုပဲ သူတို့ အာရုံစူးစိုက်လာကြတယ်။ အခြားလူတွေဘဝကို သူတို့စိတ်မဝင်စားကြတော့ဘူး။ အိပ်ရာထဲမှာ ညစဉ် လူးလိမ့်ရင်း သူတို့ဆုံးဖြတ်ချက် မှားသွားသလား ဆိုတာ စဉ်းစားရင်း သူတို့ကိုယ်သူတို့ ပျောက်ဆုံးသွားကြတယ်။ အခြား အချိန်တွေမှာတော့ သူတို့ကလေးတွေ၊ သူတို့မိသားစုတွေကို ကာကွယ်ဖို့ သူတို့မှာ တာဝန်ရှိတယ်လို့ ယုံကြည်နေကြပြန်တယ်။ ဒါပေမဲ့ အချိန်ဟာ သူတို့ဘက်မှာ မရှိပါဘူး။ ခွဲခွာရတဲ့အချိန်တွေ တဖြည်းဖြည်း ရင့်မာလာလေလေ၊ သူတို့အမှတ်သညာတွေထဲမှာ အခြားအခြားသော အဖြစ်အပျက်တွေ ကင်းစင်ပျောက်ကွယ်ပြီး ပျောက်ဆုံးသွားတဲ့ အဲဒီနိဗ္ဗာန်ကိုပဲ တမ်းတမ်းစွဲ နေတော့တာပါပဲ”
“အခြားလူတွေလည်း သူ့ကိုမကူညီနိုင်ပါဘူး။ သူဟာ သူစိမ်းတရံ ဆန်လာပြီး အာရုံတွေ ထွေပြားနေသလိုပါပဲ။ စနေ၊ တနင်္ဂနွေတွေနေ့တွေမှာ ဟောဒီ မြက်ခင်းပြင်ကိုလာပြီး သူ့သူငယ်ချင်းတွေနဲ့ ထွေပစ်တမ်း ကစားကြတယ်။ သူ့သားက ရေခဲမုန့် ဝယ်စားပြီး ပျော်မြူးနေချိန်မှာ၊ ဇနီးကတော့ ရှေ့မှာ ဖြတ်သွားဖြတ်လာနေတဲ့ ဝတ်ကောင်းစားလှနဲ့ အမျိုးသမီးတွေကို ဝမ်းနည်းစွာ ကြည့်နေတတ်တယ်။ သင်္ဘောကို ဦးတည်ရာ ပြောင်းသွားနိုင်တဲ့ အထိ လေဟာ မသန်စွမ်းတာကြောင့် ဆိပ်ကမ်းမှာပဲ ကပ်မြဲကပ်ထားတယ်လေ။ လှုပ်ရှားမှုမရှိတဲ့ ရေသေထဲမှာပဲ စွန့်စားနေရတာမျိုးပါ။ လူတိုင်း လူတိုင်းဟာ ထွက်ခွာသွားသူတွေ၊ နေထိုင်နေသူတွေ၊ သူတို့ မိသားစုနဲ့ ကလေးတွေအတွက် ခံစားနေကြပေမဲ့ ဘာတခုမှ မလုပ်နိုင်ကြပါဘူး”
ပန်းခြံထဲက ခပ်ဝေးဝေးတနေရာ၊ နုပျိုစိမ်းလန်းနေတဲ့ မြက်ပင်လေးတွေကို မဒမ်ဂျီးမက်စ် စူးစူးစိုက်စိုက် ကြည့်နေသည်။ ကျမစကားတွေကိုလည်း သည်းခံနေသယောင် ဟန်ဆောင်ထား သည်။ ဒါပေမဲ့ အနာဟောင်းကို ကျမဆွလိုက်လို့ သွေးထွက်လာတာ ကျမသိနေသည်။ အဲဒီနောက် တခဏအကြာ မတ်တပ်ရပ်ပြီး ပြန်ကြဖို့ စကားသန်းသည်။ သူမအိမ်မှာ အိမ်ဖော်တွေ ညစာ ပြင်ဆင်နေလောက်ပြီထင်သည်။ နာမည်ကြီး ပန်းချီဆရာတဦးကလည်း သူ့သူငယ်ချင်းတွေနှင့် မွန်ဆီယာဂျီးမက်စ် ပြတိုက်ကို လာလည်ကြတော့မည်။ ယနေ့ညနေပိုင်း ပန်းချီဆရာက သူ့ပန်းချီပြခန်းကိုခေါ်ပြီး ပန်းချီကားအချို့ပြဖို့ စီစဉ်ထားသည်။ မဒမ်ဂျီးမက်စ်က စကားဆက်သည်။
“အမှန်တော့ သူ့ရည်ရွယ်ချက်က ကိုယ့်ကို တခုခုရောင်းဖို့ ကြိုးစားနေတာပါ။ ကိုယ့်ရည်ရွယ်ချက်ကလည်း မသိမကျွမ်းတဲ့လူတွေနဲ့ ဆုံဆည်းဖို့ ကိုယ်တိုင် ပျင်းရိငြီးငွေ့နေတဲ့ ကမ္ဘာကြီး အပြင်ဘက် ထွက်ကြည့်ဖို့ပါပဲ”
ကျမတို့နှစ်ဦး အေးအေးဆေးဆေး လမ်းလျှောက်လာကြရာ တံတားကို မဖြတ်မီ သူနဲ့အတူ လိုက်မလားလို့ ကျမကို မေးတဲ့အခါ ကျမ ခေါင်းညိတ် သဘောတူလိုက်ပါတယ်။ ဒါပေမဲ့ ကျမရဲ့ ပွဲတက်ဂါဝန် ဟိုတယ်မှာ ကျန်ခဲ့တာကြောင့် အခုလိုပုံစံနဲ့ လိုက်လာရမှာ အားနာကြောင်း ဆင်ခြေ ပေးလိုက်ပါတယ်။ အမှန်ပြောရရင် ကျမမှာ ပွဲတက်ဂါဝန်မပြောနှင့် ပန်းခြံထဲမှာ လမ်းလျှောက်နေတဲ့ အမျိုးသမီးတွေကိုယ်ပေါ်က လှပတဲ့ အဝတ်အထည်မျိုးတောင် တထည်မှ ရှိတာမဟုတ်ဘူး။ ဟိုတယ်မှာ နေတယ်ဆိုတာကလည်း မဟုတ်ပါဘူး။ ဟိုတယ်မှာ ခဏလေးသာ နေခဲ့ပြီး၊ အခု အဆောင်မှာ နေနေတာ ၂ လပင် ရှိပြီ။ အဆောင်ဆိုတော့လည်း ကျမအိပ်ခန်းထဲကို ဧည့်သည်တွေ ခေါ်နိုင်တယ်လေ။ ဒါပေမဲ့ အမျိုးသမီးတွေဆိုတာ တဦးနှင့် တဦး စကားမပြောဘဲ နားလည်နိုင်ကြတယ် မဟုတ်လား။ မင်းသဘောကျမယ်ဆိုရင် ဒီနေ့ညအတွက် ကိုယ့်ဝတ်စုံတစုံကို ယူဝတ်နိုင်ပါတယ်”
ကမ်းလှမ်းမှုကို အပြုံးနဲ့ လက်ခံပြီး သူမအိမ်ဆီ ပြန်လျှောက်လာခဲ့ကြသည်။ ဒါပေမဲ့ ကျမတို့ကို ဘဝက ဘယ်နေရာအထိ ခေါ်ဆောင်သွားမည် မသိ၊ မှန်းဆ၍သာ လျှောက်လာခဲ့ကြ ပါတယ်။
❑
ရှင့်ကိုကျမပြောမယ့် ပန်းချီဆရာကြီးဆိုတာ ပါဘလိုပီကာဆိုပင် ဖြစ်သည်။ ကျမကို သူနှင့် မိတ်ဆက်ပေးချိန်မှစလို့ အခြား အခြားသော ဧည့်သည်တွေကို သူနှင့် မသိကျွမ်းသလို ဖာသာလဝါ နေပြီး၊ တညနေလုံး ကျမကိုပဲ စကားပြောဖို့ ကြိုးစားနေတော့သည်။ ကျမ ဘယ်လောက်လှတဲ့ အကြောင်း၊ ပန်းချီဆွဲဖို့ သူ့အတွက် ကျမ မော်ဒယ်ထိုင်ပေးရင် အလွန်ကျေးဇူးတင်မယ့်အကြောင်း၊ ပါရီမြို့ကြီး၏ ရူးသွပ်မှုတွေဆီက တပတ်၊ နှစ်ပတ် ထွက်ပြေးလိုလျှင် သူနှင့်အတူ မာလဂါ ပင်လယ်ဆိပ်ကမ်းမြို့လေးဆီ လိုက်လာသင့်တဲ့အကြောင်း ခရားရေလွှတ် တတွတ်တွတ် ပြောနေတော့သည်။ ကျမကို ဖွင့်ပြောဖို့ မလိုအပ်ပေမယ့် တခုတည်းသော သူ၏ရည်ရွယ်ချက်မှာ ကျမနှင့်အတူ အိပ်ဖို့ဖြစ်သည်။
မျက်နှာပေါက်ဆိုးဆိုး၊ အကြည့်ရိုင်းတွေနှင့် သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ထင်နေသူ အဲဒီ ပန်းချီဆရာဆိုသူကို ကျမ တော်တော် အာရုံနောက်လာသည်။ သူ့ထက်စာလျှင် သူ့မိတ်ဆွေတွေက စိတ်ဝင်စားဖို့ ကောင်းသည်။ အဲဒီအထဲမှာ အီတလီလူမျိုး အယ်မီဒယ် အိုမိုဒီ ကလျာနီလည်း ပါသည်။ ပုံပန်းက အထက်တန်းကျ၍ ရည်မွန်သည်။ စကားကို လုပြောခြင်း၊ ဖြတ်ပြောခြင်း မရှိ။ အခြားလူပြောတာကို အေးအေးဆေးဆေး နားထောင်ပြီးကာမှ သူ့သဘောထားကို ပြောပြတတ်သည်။ ပါဘလိုပီကာဆိုကတော့ ဝူးဝူးဝါးဝါးနှင့် ပန်းချီလောကမှာ ဖြစ်ပေါ်နေသော တော်လှန်ရေးကြီးအကြောင်း မပြီးနိုင်၊ မဆုံးနိုင် လေကြောရှည်နေတာကြောင့် မိုဒီကလျာနီဘက် ကျမလှည့်သွားသည့်အခါ ပီကာဆို တော်တော် ဒေါကန်သွားဟန်တူသည်။
“ခင်ဗျား ဘာအလုပ်လုပ်သလဲ”
အင်ဒိုနီးရှားနိုင်ငံ ဂျားဗား ကျွန်းသူကျွန်းသားတွေ အထွတ်အမြတ်ထားသော အကဖြင့် အသက်မွေးဝမ်းကြောင်းဖို့ ကြိုးစားနေသူဖြစ်ကြောင်း မိုဒီကလျာနီအမေးကို အဖြေပေးလိုက်ရာ၊ ဂျာဗားအကဆိုတာကို သူနားမလည်မှန်း ကျမ အကဲခတ်မိသည်။ ဒါပေမဲ့ မည်သည့်အကမဆို ကခုန်ခြင်း အနုပညာတွင် မျက်လုံးများသည် အလွန်အရေးပါကြောင်း ယဉ်ကျေးသိမ်မွေ့စွာနှင့် မိုဒီကလျာနီ စကားအစ ပျိုးလေသည်။ သူ့ကို မျက်လုံးအကြည့်တွေက စွဲဆောင်နေသည်။ ပြဇာတ်ကြည့်သည့်အခါတိုင်း ခေါင်း၊ ခါး၊ ခြေ၊ လက် ခန္ဓာကိုယ်လှုပ်ရှားမှုတွေထက် မျက်လုံးက ပြောသော စကားတွေကို သူ အမြဲကြိုးစား ဖတ်တတ်သည်။
“ဂျားဗားအကတွေအကြောင်း ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ အဲဒီအက အနုပညာတွေမှာ လည်း မျက်လုံးတွေဟာ အရေးကြီးမယ်လို့ ထင်ပါတယ်။ အရှေ့တိုင်း အကတွေနဲ့ ပတ်သက်ပြီး ကျွန်တော်သိတာ တခုရှိပါတယ်။ သူတို့ ကကြိုးကကွက်တွေမှာ ခန္ဓာကိုယ် လှုပ်ရှားမှုထက် အများအားဖြင့် မျက်လုံးနဲ့ စကားပြောဖို့ ကြိုးစားကြပါတယ်”
သူ့စကားကို ကျမ ခေါင်းတညိတ်ညိတ်လုပ်ရင်း နားထောင်နေသည်။ ကျမ ခေါင်းညိတ်နေခြင်းသည် သဘောတူသည်လည်း မဟုတ်၊ ကန့်ကွက်နေသည်လည်း မဟုတ်။ ငြင်းပယ်စရာ မရှိတာကြောင့်ပဲဖြစ်သည်။ ကျမတို့ နှစ်ယောက်ကြားကို ပီကာဆိုက သူ့သီအိုရီနှင့် မကြာခဏ ဖြတ်ဝင်လာပြီး ဟောင်ဖွာ ဟောင်ဖွာ ပြောနေသည်ကို စိတ်ရှည်သည်းခံကာ နားထောင် နေရသည်။ ပြီးကာမှ မိုဒီကလျာနီက သူ့စကားပြန်ကောက်သည်။
“ခင်ဗျားကို ကျွန်တော် တခုအကြံပေးလို့ ရမလား”
ညစာစားပွဲ ပြီးဆုံး၍ ဧည့်သည်တွေအားလုံး ပါဘလိုပီကာဆို၏ ပန်းချီပြခန်း သွားကြဖို့ ပြင်ဆင်နေကြသည်။ မိုဒီကလျာနီကို ကျမ ခေါင်းညိတ် အဖြေပေးလိုက်သည်။
“ခင်ဗျား ဘာဖြစ်ချင်တာလဲ၊ ဘာလိုချင်တာလဲ၊ အဲ့ဒါကို သိအောင်လုပ်ပါ။ ခင်ဗျား မျှော်မှန်းထားတဲ့ အကန့်အသတ်တွေကို ကျော်နိုင်အောင် ကြိုးစားပါ။ ခင်ဗျား ရထားတဲ့ အကအနုပညာကို အဲဒီထက် ပိုဖွံ့ဖြိုးအောင် ကြိုးစားပါ။ အမြဲမပြတ် လေ့ကျင့်နေပါ။ ရည်မှန်းချက် ပန်းတိုင်ကို အမြင့်ဆုံးနဲ့ အဝေးဆုံး ထားပါ။ အဲဒါတွေ အားလုံး ရယူ အောင်မြင်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ အကန့်အသတ်ကို ကျော်လွန်နိုင်မှသာ အနုပညာသစ်တခုကို ဖန်တီးနိုင်ပါလိမ့်မယ်။ အကန့်အသတ်တွေကို မကျော်လွန်နိုင်တဲ့ အနုပညာဟာ ဘယ်တော့မှ အသစ်ဖြစ်မလာပါဘူး”
စပိန်ပန်းချီဆရာကြီး ပါဘလိုပီကာဆို၏ ပန်းချီပြခန်းမှာ မလှမ်းမကမ်းတွင် တည်ရှိတာကြောင့်ပဲ ကျမတို့အားလုံး ခြေလျင်လျှောက်လာကြသည်။ ပါဘလိုပီကာဆို၏ ပန်းချီကားတွေ ကြည့်နေရာက အချို့ပန်းချီကားတွေကိုကြည့်ရင်း ခေါင်းတွေမူးနောက်လာသည်။ အချို့ပန်းချီကားတွေက တော်တော်စိတ်ပျက်စရာ၊ မုန်းစရာ ကောင်းပါသည်။ အဲဒါ လူသားတွေရဲ့ ပုံသဏ္ဍာန်တွေလား၊ အခြေအနေတွေလား။ အလယ်အလတ်တွင် ရပ်တည်မနေဘဲ အစွန်းတဘက်မှ အခြားအစွန်းတဘက်သို့ ပြေးလွှားနေသည်။ ပန်းချီကားတချပ်ရှေ့တွင် ကျမရပ်ရင်း၊ သူ့ကို စချင်နောက်ချင်စိတ် ပေါက်လာပြီး အဲလောက်ရှုပ်ထွေးတဲ့ ပန်းချီကားတွေကို ဘာကြောင့် ရေးဆွဲတာလဲလို့ မေးခွန်းထုတ်လိုက်သည်။
“ရီနေဆန့်ခေတ် ပန်းချီကျော်တယောက်လို ပန်းချီကားတွေ ဘယ်လိုရေးဆွဲရမလဲဆိုတာကို ၄ နှစ်ကျော် ကျုပ်လေ့လာခဲ့ရတယ် မဒမ်။ အခု ကျုပ်ဘဝတခုလုံး ကလေးငယ်တယောက်လို ပုံတွေပဲ ရေးနေမိတယ်။ ဒါပေမဲ့ ကလေးတွေရေးဆွဲတဲ့ ပန်းချီကားတွေထဲမှာ တကယ့်လျှို့ဝှက်ချက် တွေ ရှိနေတယ်။ သူတို့ပန်းချီကားကို ကလေးဆန်တယ်လို့ ခင်ဗျားပြောချင် ပြောနိုင်ပါတယ်။ ဒါပေမဲ့ အနုပညာရဲ့ အရေးကြီးတဲ့အရာတခုကို သူတို့ပုံတွေက ကိုယ်စားပြုနေတယ်လေ”
ပီကာဆို၏အဖြေမှာ ရဲရင့်လေသည်။ သို့သော် အဲဒီထက်ပိုပြီး ကျမ မသိချင်တော့တာကြောင့် စကားလမ်းကြောင်း ပြောင်းလိုက်သည်။ အဲဒီအချိန်မှာပဲ မိုဒီကလျာနီ ပြန်သွားသည်။ မဒမ်ဂျီးမက်ကတော့ တည်ငြိမ်အေးဆေးနေပေမဲ့ စိတ်ပန်း လူပန်း၍ မျက်နှာလေး နွမ်းနေသည်။ ကျမနဲ့ စကားပြောနေတာကို ပီကာဆို၏ ကောင်မလေး ဖာနန်ဒီ မနာလိုဝန်တိုနေတာကြောင့် ပီကာဆို မထနိုင်၊ မထိုင်နိုင် ဖြစ်နေသည်။
သန်းခေါင်ယံညကြီး ချဉ်းကပ်လာလေပြီ။ ဧည့်သည်တွေအားလုံး ကိုယ့်လမ်းကိုယ် ပြန်သွားကြသည်။ ပီကာဆိုနဲ့ရော မိုဒီကလျာနီနဲ့ပါ ကျမ နောက်တကြိမ် ပြန်မတွေ့ကြတော့။ ဖာနန်ဒီနှင့် ပီကာဆိုတို့ လမ်းခွဲလိုက်ကြောင်း ကြားရပေမဲ့ ဘာကြောင့်ရယ်တော့ သေသေချာချာ မသိ။ နှစ်နှစ်၊ သုံးနှစ်အကြာ ဖာနန်ဒီနှင့် ကျမ တကြိမ် အမှတ်တမဲ့ ပြန်ဆုံခဲ့ကြပေမဲ့ ကျမကို သူမမှတ်မိ။ ကျမကလည်း မမှတ်မိယောင် ဆောင်နေလိုက်သည်။ အဲဒီနောက် သူမလည်းပဲ ကျမဘဝထဲက လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့သည်။
❑
ဖြတ်သန်းခဲ့ရသော နှစ်ကာလတွေကို လက်ချိုးရေတွက်လို့ ရနိုင်သော်လည်း ယနေ့မှ နောက်ပြန်ကြည့်သည့်အခါတွင်တော့ အဆုံးအစ မရှိတော့သလို ရှည်လျားလွန်းပါသည်။ ကျမဆိုတဲ့သူက နေခြည်တန်းတွေကိုသာ မော့ကြည့်၍ မုန်တိုင်းကို မေ့နေသူ။ နှင်းဆီး၏ လှပခြင်းကို ယစ်မူး၍ ဆူးကို သတိမမူခဲ့သူ။ ကျမအမှုကို စိတ်လက် မပါ့တပါနှင့် ခုခံကာကွယ်ခဲ့သော တရားရုံးချုပ် ရှေ့နေကြီးဆိုတာကလည်း ကျမချစ်သူတွေထဲက ချစ်သူတယောက် ဖြစ်ခဲ့လေတော့၊ ရှေ့နေကြီး မစ္စတာအက်ဒဝပ် ကလူးနတ်ရေ၊ ရှင်စီစဉ်ထားသလို အရာအားလုံး တိတိကျကျ ဖြစ်မှာတဲ့လား။ နောက်ဆုံး ကျမပဲ ကြိုးစင်တက်ရတော့မှာလား။ မှတ်စုစာအုပ်ထဲက ဟောဒီ စာမျက်နှာကို ဖြဲဆုတ်ပြီး လွှင့်ပစ်လိုက လွှင့်ပစ်နိုင်ပါသည်။ ဘဝက ကံဆိုးပြီ ဆိုချင်တော့ တိုးတိုးဖော် တယောက်မျှတောင် အနားမှာမရှိ။ ကျမကို သူတို့ သတ်လို့မရနိုင်ပါဘူး။ ကျမကို စွပ်စွဲထားတဲ့ သူလျှိုဆိုတဲ့စွဲချက်ဟာ အခြေအမြစ်မရှိတာ အားလုံး အသိပဲ မဟုတ်လား။ ကျမအိပ်မက်တွေ မပြီးမချင်း ရှင်သန်နေဦးမှာပါ။ ဒါပေမဲ့ အိပ်မက်အတွက် တန်ဖိုးကတော့ အလွန်ကြီးလေသည်။
၁၉ ရာစု ကုန်ဆုံးချိန်ကစလို့ ဝတ်လစ်စလစ်အက ဖျော်ဖြေမှုကို ဥပဒေအရ ခွင့်ပြုခဲ့ပေမဲ့ အဲဒီအကကို မိန်းမကိုယ်လုံး ဖော်ပြ၊ ချွတ်ပြတဲ့ အကလို့ပဲ လူတွေ ယူဆခဲ့ကြသည်။ မဖွယ်မရာ အဲဒီမြင်ကွင်းကို အနုပညာမြောက်တဲ့အကအဖြစ် ကျမပြောင်းလဲနိုင်ခဲ့တာကြောင့် ဝတ်လစ်စလစ် အကကို တားမြစ်လိုက်ချိန်မှာ ကျမပွဲတွေကို တရားဝင် ကျင်းပနိုင်သေးသည်။ ပရိသတ်ရှေ့ အဝတ်အစား ချွတ်ပြရုံ သက်သက်မျှ အောက်တန်း နောက်တန်းကျသော ကပွဲတွေနှင့် မတူ။ ကျမအနုပညာ ထူးခြားမှုကို ပရိသတ်တွေ ခံစားနားလည်နိုင်ကြသည်။ ကျမကို အားပေးကြသူ ပရိသတ်တွေထဲတွင် နာမည်ကြီး တေးရေးဆရာ ပိုချီနီနှင့် မာဆေးနေးတို့လို ပုဂ္ဂိုလ်တွေ၊ ဘွန်ကလော့နှင့် အန်တိုနီယို ဂူဘဲယားတို့လို သံအမတ်ကြီးတွေ၊ ရော့ချိုင်းနှင့် ဂတ်စတန်တို့လို ပဒေသရာဇ်အနွယ် မှူးကြီးမတ်ကြီးတွေ အားပေးခဲ့ကြသည်။ ယခု ကျမစာရေးနေချိန် အမှုမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ကျမအတွက် သူတို့လိုလူတွေ ဘာတခုမှ မလုပ်ပေးတာကြောင့် ရင်ထဲနာကျင်နေမိသည်။ ဘယ်လိုပဲဖြစ်ဖြစ် ကျမကို စွပ်စွဲထားသောအမှုမှာ လုံးဝမှားယွင်းသော စွဲချက်သာဖြစ်သည်။ ပြင်သစ် အမြောက်တပ်စစ်ဗိုလ် ဒရိုင်ဖက်စ်ကိုလည်း ကျမလိုပဲ စွပ်စွဲခဲ့ကြတာ ပဲမဟုတ်လား။ ပြီးတော့မှ လူတွေက သူ့ကို အပြစ်မရှိဘူးလို့ ပြောကြပါလိမ့်မယ်။ ဟုတ်ပါတယ်။ ကျမလည်း အဲဒီလိုပါပဲ။ ကျမကို စွဲချက်တင်စရာ ချေချေမြစ်မြစ် အထောက်အထား တခုမှ မရှိပါဘူး။ အကအလုပ်ကို ရပ်နားဖို့ ဆုံးဖြတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် အရေးပါတဲ့ လူတယောက်အဖြစ် ပွဲထုတ်ခဲ့တာတခုပါပဲ။ အဒီလိုမဟုတ်ခဲ့ရင် မစ္စတာအော့ရက်စ်နဲ့ လည်း အလုပ်တွေ ဆက်လုပ်နေဦးမှာပါ။ မစ္စတာ အောရက်စ်ဟာ နာမည်ကြီးပုဂ္ဂိုလ်တွေ၊ အရာရှိကြီးတွေနဲ့ သိကျွမ်းသူပါ။ နာမည်ကြီး ဘဲလေးအကမင်းသား ဂျင်နစ်စကီးနဲ့ ကျမ တွဲကဖို့ သူစီစဉ်ပေးခဲ့ပေမဲ့၊ ဘဲလေးကချေသည် ကိုယ်စားလှယ်ကြောင့် အစီအစဉ် ဖျက်လိုက်ရတယ်။ ကျမကို စိတ်ကျွတ်ဆတ်သူ၊ သည်းခံစိတ် မရှိသူလို့ ထင်မြင်ခဲ့ကြတယ်။ သူက ပြုံးပြီး ကျမအကဟာ ပြဇာတ်ဒါရိုက်တာ သို့မဟုတ် အီတလီ သတင်းစာ ထောက်ခံမှုမရှိဘဲ ကိုယ့်ဘာကိုယ် ထင်တိုင်းကြဲ နေတယ်လို့ မှတ်ချက်ပေးခဲ့တယ်။ ကျမ အသက်အရွယ် ရလာပါပြီ။ ယခင်လို ပျော့ပြောင်း နွဲ့နှောင်းတော့မှာ မဟုတ်တော့ပါဘူး။ တခါက ကျမကို ချီးကျူးခဲ့တဲ့ သတင်းစာတွေကလည်း အခု ကဲ့ရဲ့ဝေဖန်နေကြပါပြီ။ ကျမအရိုက်အရာ ဆက်ခံသူတွေလား။ ပိုစတာတွေမှာ မာတာဟာရီ အရိုက်အရာ ဆက်ခံသူ ကချေသည်တွေ အလျှိုအလျှို ကြော်ငြာလာကြတယ်။ ဒါပေမဲ့ သူတို့ ကကြိုး ကကွက်ဆိုတာ အနုပညာမပါဘဲ ခန္ဓာကိုယ်ကို လှုပ်ယမ်းပြီး အဝတ်အစားတွေ ချွတ်ပြရုံပါပဲ။
မစ္စတာအော့ရက်စ်နဲ့ ပတ်သက်ပြီး ကျမ ရှည်ရှည်ဝေးဝေး မပြောချင်တော့ပါဘူး။ နောက်ဆုံး သူ့ဆန္ဒက ကျမအမည်နဲ့ သူ့အမည် တွဲဖက်နေဖို့ပါပဲ။ ရန်ပုံငွေ ကောက်ခံပွဲအတွက် ဖျော်ဖြေပြီး တရက်၊ နှစ်ရက်အကြာ မစ္စတာအော့ရက်စ် ရောက်လာပါတယ်။ ရုရှား၊ ဂျပန် ရေကြောင်းစစ်ပွဲမှာ ဒဏ်ရာရသူ ရုရှားစစ်သားတွေအတွက် ကောက်ခံခဲ့တဲ့ ရန်ပုံငွေတွေ ဘယ်ရောက်သွားသလဲဆိုတာ ကျမ မသိပေမဲ့ ကျမဖျော်ဖြေမှုကိုတော့ ပရိသတ်တွေ နှစ်သက်ခဲ့ကြတာကိုတော့ ကျမသိပါတယ်။ တဒင်္ဂလေးတောင် စနိုးစနောင့် မဖြစ်ဘဲ လှပတဲ့ ဝတ်လစ်စလစ် အမျိုးသမီးတယောက်ကို ပရိသတ်တွေအားလုံး ကြည့်ခွင့်ရခဲ့ကြတယ်။
အခြေသတင်းကြီးလာတဲ့ ကျမဂုဏ်သိက္ခာနဲ့ လိုက်ဖက်မယ့် အကောင်းစား ဟိုတယ်တခုကို ကျမအတွက် အောရက်စ်ရှာပေးပြီး၊ ပွဲကန်ထရိုက်တွေကိုလည်း ညှိနှိုင်းပေးခဲ့တယ်။ ကျမကိုခေါ်ပြီး အရေးအပါဆုံး ကိုလံဘီယာ တေးဂီတခန်းမကို လိုက်ပြခဲ့တယ်။ ကျမကမ္ဘာဟာ သူ့ကြောင့် ကျယ်ဝန်းလာပါတယ်။ ကျမအပြုအမူ အနေအထိုင်တွေ ပြောင်းလဲလာတယ်။ မယုံနိုင်လောက် အောင် ပိုက်ဆံတွေ ဝင်လာတယ်။ အကောင်းဆုံး ဖက်ရှင်တွေကို သုံးနိုင်လာတယ်။
ပိုက်ဆံတွေ ဘယ်လောက်များများ သုံးခဲ့သလဲဆိုတာတောင် ကျမ မသိနိုင်ပါဘူး။ မစ္စတာ အော့ရက်စ်ရဲ့အဆိုအရ ဈေးမေးရင် သိက္ခာကျတယ်တဲ့။
“မာတာဟာရီ မင်းလိုချင်တဲ့ပစ္စည်းရှိရင် ကောက်ယူပြီး ဟိုတယ်ကို ပို့ခိုင်းလိုက်ပါ။ ကျန်တာ ကျုပ်တာဝန်ယူပါတယ်”
ကျမပိုက်ဆံအချို့ကို သူ သိမ်းထားသလား၊ အခုမှပဲ ကျမသိချင်နေပေမဲ့ မစဉ်းစားနိုင်တော့ ပါဘူး။ ဟော့ဒီနေရာက ထွက်လာခဲ့ရင်တောင် အဲဒီနာကျည်းမှုကို နှလုံးသားထဲမှာ ထည့်မထားနိုင် တော့ပါဘူး။ ကျမ ၄၁ နှစ် ပြည့်တော့မယ်လေ။ ခန္ဓာကိုယ် အလေးချိန်လည်း တိုးလာပြီး သွက်သွက်လက်လက် မကနိုင်တော့ဘူး။ ဒါပေမဲ့ ကမ္ဘာလောကကြီးက အဲဒီထက်ပိုပါတယ်။
အိမ်ကို လွမ်းတဲ့အကြောင်း၊ ပင်လယ်ပြင်ကြီးကို မမြင်ရတာ ကြာပြီဖြစ်တဲ့အကြောင်း ကျမပြောပြပြီး နောက်တရက်မှာပဲ ကျမကို နော်မန်ဒီကမ်းခြေ ခေါ်သွားခဲ့တာ မှတ်မိနေပါတယ်။ သဲသောင်ပြင်မှာ ကျမတို့နှစ်ယောက်ထိုင်ရင်း စကားမပြောမီ ကျမအိတ်ထဲက သတင်းစာ ဖြတ်ပိုင်းလေးကို ထုတ်ပြီး သူ့ကို ပေးလိုက်ပါတယ်။ သတင်းစာဖြတ်ပိုင်းပေါ်မှာ အခုလို ရေးထားသည်။
“အကျင့်စာရိတ္တပျက်နေသော မာတာဟာရီ၊ ပင်ကိုယ် အစွမ်းအစမရှိ၊ ကိုယ်ရည်သွေးဟန် ပြနေခြင်း”
“ဒီနေ့ထုတ် သတင်းစာမှာ ပါလာတာလေ”
ရေစပ်နားလျှောက်သွားရင်း ကျောက်ခဲလေးတလုံး ကောက်ပြီး ကျမ စကားကို ဆက်လိုက်သည်။
“ကျမဟာ ရှင်ထင်သလို မဟုတ်တော့ဘူး။ စိတ်ရော ကိုယ်ပါ အရမ်းပင်ပန်းနေပါပြီ။ ကျမဖြစ်ချင်တဲ့အိပ်မက်တွေနဲ့လည်း ဝေးလာသလိုပါပဲ”
“မာတာဟာရီ မင်းဘာပြောချင်တာလဲ”
“ဘာမှမဟုတ်တဲ့ လူတယောက်ရဲ့ ဝေဖန်မှုကြောင့် ကိုယ့်ကိုယ်ကိုယ် အကျအရှုံးခံမလို့လား။ မင်းဟာ အနုပညာရှင်တဦး မဟုတ်လား”
“ရှင်ထင်သလို မဖြစ်နိုင်ပါဘူး။ ပထမဦးဆုံးအကြိမ် ကျမအကြောင်းကို သတင်းစာထဲမှာ ကိုယ်တိုင် ဖတ်လိုက်ရတာပါ။ ပြဇာတ်ရုံတွေ၊ သတင်းစာတွေကနေ တဖြည်းဖြည်း ကျမ ပျောက်ကွယ်နေပါတယ်။ ပရိသတ်တွေအမြင်မှာ ကျမဟာ အနုပညာမြောက်ဟန်ဆောင်ပြီး ဝတ်လစ်စလစ် ချွတ်ပြနေတဲ့ မိန်းမပျက်တယောက်ထက် မပိုပါဘူး”
မစ္စတာအော့ရက်စ် ကျမဆီ လမ်းလျှောက်လာပြီး ကျောက်ခဲလေးတလုံး ကောက်လိုက်ပါတယ်။ ကျောက်ခဲလေးကို ရေပြင်ပေါ် ရှပ်ပြေးအောင် လွှဲပစ်လိုက်ပြီး စကားဆက်ပြန်ပါတယ်။
"ကျုပ်ကတော့ အဲလိုမထင်ဘူး။ အမှန်ပြောရရင် ကျုပ်ရုံးခန်းထဲမှာ မာတာဟာရီ ပိုစတာ ဘာကြောင့် ချိတ်ထားရသလဲဆိုတာ လုပ်ဖော်ကိုင်ဖက် နှစ်ယောက်၊ သုံးယောက်ကို ရှင်းပြခဲ့ဖူးတယ်။ ကျုပ် ဘာပြောခဲ့သလဲ သိလား မာတာဟာရီ၊ မင်းရဲ့အကဟာ ဆူမာရီယန်ဒဏ္ဍာရီ တပုဒ်ကို ပြောပြနေသလိုပဲ။ တားမြစ်ထားတဲ့ ကမ္ဘာကြီးဆီရောက်ဖို့ အန်နားနား နတ်ဘုရားမဟာ ဂိတ်တံခါး ၇ ခုကို ဖြတ်ရမယ်။ ဂိတ်တိုင်းမှာ အစောင့်တွေ ချထားတယ်။ ဂိတ်တံခါးကို ဖြတ်ကျော်နိုင်ဖို့အတွက် နတ်ဘုရားမဟာ ဝတ်ရုံတွေကို တလွှာပြီးတလွှာ ချွတ်ချခဲ့ရတယ်”
မကြာခင် အရွယ်ရင့်လာမယ်ဆိုတဲ့အတွေး ခေါင်းထဲရောက်လာပြီး ရင်ထဲ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ အသက် ၄၀ ဆိုတာ ငယ်တော့တဲ့အရွယ်မှ မဟုတ်တာ။ ကျောက်တုံးလေးတလုံး ကောက်လိုက်ပြီး အော့ရက်စ်ထက် ကျမ ဝေးဝေးပစ်လိုက်သည်။
“ကျမလုပ်ခဲ့တဲ့အမှားတွေ၊ အပြစ်တွေ၊ အရှက်တွေအားလုံး ကျောက်တုံးလေးနဲ့အတူ ဟိုးအဝေးကို သယ်သွားကြစမ်းပါ”
ကျမအပြုအမူများသည် အမှားမဟုတ်ကြောင်း၊ ရွေးချယ်ခြင်းသာဖြစ်ကြောင်း အော့ရက်စ်က ဆက်ရှင်းပြနေသည်။ သူ့စကားကို နားမထောင်ဘဲ နောက်ထပ် ကျောက်တုံးလေးတတုံး ဟိုးအဝေး လှမ်းပစ်လိုက်ပြန်သည်။
“ပထမဦးဆုံးအကြိမ် ထိတ်လန့်စရာ ကာမစပ်ယှက်မှု အတွေ့အကြုံ ကြုံပြီးကတည်းက ကျမခန္ဓာကိုယ်နဲ့ ဝိညာဉ်ဟာ ညစ်ပတ်နေပါပြီ။ အခု သူဋ္ဌေးတွေနဲ့ ကျမ အတူတူအိပ်ရင်း မျက်ရည်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ရွဲနစ်နေအောင် ဖျော်ဖြေနေရတယ်။ အဒါတွေအားလုံးဟာ အောင်မြင် ကျော်ကြားမှုနဲ့ ငွေကြေး၊ ပြီးတော့ ရုပ်ဝတ္တုတွေအတွက်ပါပဲ။ ဒါပေမဲ့ အဲဒီအရာတွေဟာ အခု တဖြည်းဖြည်း အိုမင်းလာနေပြီ။ ကျမကိုယ်တိုင် ဖန်ဆင်းခဲ့တဲ့ အိပ်မက်ဆိုးတွေက ကျမကို နှိပ်စက်နေကြပြီ”
“အခု မင်းမပျော်ဘူးလား မာတာဟာရီ”
ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ အားလုံးမေ့ထားဆိုသော အဓိပ္ပာယ်နှင့် အော့ရက်စ်မေးခွန်းကို ကျမနားလည်လိုက်သည်။ လှပသော နေ့လယ်ခင်းလေးကို ပင်လယ်ကမ်းခြေမှာ ကုန်ဆုံးဖို့ ကျမတို့ ဆုံးဖြတ်လိုက်သည်။
ရင်ထဲက ဒေါသတွေ၊ နောက်ကျိခြင်းတွေ၊ မပြတ်သားမှုတွေအားလုံး လွင့်စင်သွားအောင် ကျောက်တုံးလေးတွေကို ပင်လယ်ပြင် ဟိုးအဝေးဆီ တလုံးပြီးတလုံး ဝေးသထက်ဝေးအောင် အားစိုက်ပစ်နေမိသည်။ ပစ္စုပ္ပန်သည်လည်း ပစ္စုပ္ပန် မဟုတ်တော့သလို၊ မနက်ဖြန်သည်လည်း မနက်ဖြန်နှင့် တူမှာ မဟုတ်တော့။ သဲသောင်ပြင်တွင် ကျန်ရစ်ခဲ့သော ခြေဖနောင့် တွင်းလေးတတွင်းမျှနှင့်သာ တူတော့သည်။ သဲသောင်ပြင်တွင် ပြေးလွှား ဆော့ကစားနေသော ကလေးများထံမှ ရယ်သံလွင်လွင်တွေ ကြားနေရသည်။ အပန်းဖြေသူတွေ ဖြတ်လျှောက်သွားကြ သည်။ ကောင်းကင် စင်ရော်တွေ မျက်စိနောက်အောင် ပျံဝဲနေကြသည်။ ပင်လယ်လှိုင်း ခေါင်းဖြူတွေ ကျမစိတ်ကူးနိုင်သည်ထက် ပို၍ငြိမ်သက်နေကြသည်။
“အခြားလူတွေအတွက် ကျမမှာ ဘာမှမရှိပေမဲ့ လူတွေဆီက အသိအမှတ်ပြုခြင်းနှင့် လေးစားခြင်းကိုတော့ ကျမ လိုချင်နေသည်။ အဲဒါတွေကို ကျမ ဘာကြောင့် လိုချင်နေရတာလဲ။ သောကဝေဒနာတွေ၊ နောင်တတွေ၊ ပိန်းပိတ်နေတဲ့ အမိုက်အမှောင်တွေထဲမှာ ကျမအချိန်တွေ အချည်းနှီး ကုန်နေသည်။ ကျမကို ကျွန်ပြုထားသော အမိုက်အမှောင်။ ကျမကို ကျောက်တုံးတတုံး ပေါ်မှာ ချည်နှောင်ပြီး ငှက်စာကျွေးထားသော အမိုက်အမှောင်။ ရုန်းထွက်မရနိုင်သော အမိုက်အမှောင်။ ဒါပေမဲ့ ကျမ ငို၍မျှပင် မရနိုင်။ ရေပေါ် ရှပ်ပြေးသွားသော ကျောက်တုံးလေးတွေ တလုံးပြီးတလုံး ရေအောက်နစ်မြုပ်သွားရင်း မာဂါရီသာကို ပြန်လည် တည်ဆောက်ပေးကြတော့ မလို။ ဒါပေမဲ့ နောက်တကြိမ် မာဂါရီသာကို ကျမ မလိုချင်တော့တာ အမှန်။
အန်ဒရီးယက်စ်ဇနီး မျက်ဝန်းတွေထဲကို စူးစိုက်ကြည့်ရင်း တစုံတရာ နားလည် သဘောပေါက်ခဲ့သူ အဖြစ်ကို မလိုချင်တော့ပါဘူး။ အသေးစိတ် စီစဉ်ထားသည်ဆိုသော ဘဝတခုကို ကျမရွံ့မုန်းမှန်းသိခဲ့သည်။ မွေးဖွားလာသည်။ ကျောင်းသွားသည်။ လင်ယောက်ျားတယောက်ရှာရင်း တက္ကသိုလ် ရောက်ခဲ့သည်။ ရှင်လက်ထပ်ရမည့်သူသည် ကမ္ဘာလောကတွင် အဆိုးဆုံး ယောက်ျားတယောက် ဖြစ်နေသည့်တိုင် ကာမပိုင်ရှိသည်ဆိုသော အမှတ်တံဆိပ်အောက်တွင် အဲဒီလူကို ရှင်လက်ထပ်ခဲ့သည်။ သားသမီးတွေ ပွားစည်းလာသည်။ ရှင်ကိုယ်တိုင် ရင့်ရော် အိုမင်းလာသည်။ အဲဒီတော့ လမ်းဘေး ခုံတန်းလျားလေးပေါ်ထိုင်ရင်း ဘဝအကြောင်း အကုန်အစင် နားလည်သယောင်ဆောင်ပြီး ဖြတ်သွားဖြတ်လာလူတွေကို ကြည့်၍ နောက်ဆုံးနေ့ရက်တွေ ကုန်ဆုံးခဲ့ကြသည်။ ဒါပေမဲ့ အခြားတခုခုကို ရှင်ကြိုးစားနိုင်တယ်လို့ ရှင့်နှလုံးသားက ပြောနေသည့် အသံကိုတော့...။
ပင်လယ်စင်ရော်တကောင်၊ ကျမတို့နဲ့ လက်တကမ်းအလိုအထိ စိုက်ဆင်းလာပြီး အနားရောက်ကာမှ ဂီးခနဲ အော်ကာ ပျံတက်သွားသည်။ မစ္စတာအော့ရက်စ် ကိုယ်တိုင်သည်ပင် ပျာပျာသလဲနှင့် မျက်နှာကို လက်နှင့် အုပ်ထားလိုက်သည်။ ဂီးခနဲ စူးစူးဝါးဝါး အော်လိုက်သော စင်ရော်ငှက်၏ အာခေါင်ခြောက်သံကြီးကတော့ အရှိတရားဆီ ကျမကို ပြန်ခေါ်သွားသည်။ အလှအပနှင့် ဂုဏ်သတင်းကြီးသော ကချေသည်ဘဝ ကျမပြန်ရောက်သွားသည်။
ကျမ ရပ်လိုက်ချင်ပါပြီ။ အဲဒီဘဝမှာ ကျမ ဆက်လက် မရှင်သန်ချင်တော့။ ဂုဏ်သတင်း ကြီးတဲ့ မင်းသမီး ကချေသည်ဘဝနှင့် ဘယ်လောက်ကြာအောင် ကျမ ဖြေဖျော်နိုင်မှာတဲ့လဲ။ အော့ရက်စ်က ရိုးရိုးသားသား အဖြေပေးနေသည်။
“နောက်ထပ် ငါးနှစ်၊ ခြောက်နှစ်လောက်တော့ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ပရိသတ်တွေ လက်ခံနိုင်တဲ့အထိပေါ့”
ကျမလက်ကို ဆုပ်ကိုင်ရင်း ဆက်ပြောသည်။
"ကျုပ်တို့တွေမှာ ပွဲကန်ထရိုက်စာချုပ်တွေ ရှိနေသေးတယ်။ အဲဒါတွေ ပြီးသွားရင်တောင် ဝင်ငွေရှိဖို့ လိုသေးတယ်လေ။ မင်းကို ကျုပ်တွေ့ခဲ့တဲ့ ညစ်ပတ်နေတဲ့ ဘော်ဒါဆောင်မှာ မင်းဘဝကို အဆုံးသတ်ချင်လို့လား”
“ရှင်စိတ်မပူပါနဲ့။ ကန်ထရိုက်စာချုပ်တွေကို ပြီးဆုံးအောင် ကျမ ဖျော်ဖြေသွားမှာပါ။ ရှင့်ကို ကျမ မလှည့်စားပါဘူး။ ရှေ့ဆက် အသက် ဘယ်လိုရှင်ရမလဲဆိုတာ ကျမသိပါတယ်”
ထွေလီကာလီ စဉ်းစားမနေဘဲ ကျမဘဝအကြောင်း သူ့ကို ပြောပြနေသည်။ ယခုအချိန်အထိ အလိမ်အညာတွေနှင့် ဖုံးကွယ်ထားသော တစုံတရာ။ ကျမပြောရင်း မျက်ရည်တွေ စီးကျလာတော့ အောရက်စ်က ကျမကို အဆင်ပြေရဲ့လားလို့ မေးသည်။ စကားကို မနားဘဲ ဆက်ပြောနေခိုက်၊ သူကလည်း ဆိတ်ဆိတ်နေရင်း ဆက်နားထောင်နေသည်။
အဖြစ်အပျက်အဆုံးတွင် ကျမထင်သလို လုံးဝ မဟုတ်တော့သည်ကို လက်ခံလိုက်သည်။ တွင်းနက်ကြီးထဲ ကျမ တဖြည်းဖြည်း နစ်မြုပ်နေသလို။ ဒါပေမဲ့ ဒဏ်ရာတွေ၊ အမာရွတ်တွေကို ရုတ်တရက် သတိရလာပြီး စိတ်ခွန်အားတွေ ပြန်လည်သန်စွမ်းလာသည်။ မျက်ဝန်းမှ မျက်ရည်တွေ ရပ်သွားပေမဲ့ မှောင်မိုက်၍ နက်ရှိုင်းသော နှလုံးသားတနေရာမှ ယိုစီးကျလာရင်း ကျမကိုယ်တိုင် လုံးဝနားမလည်နိုင်ပါသော ဇာတ်လမ်းတပုဒ် ပြောပြနေလေသည်။ ပိန်းပိတ်နေသော အမှောင်ထု အတွင်း နာဝါလှေငယ် လေးတစီးနှင့် ကျမလှော်ခတ်နေသည်။ ဟိုးအဝေး မိုးကုပ်စက်ဝိုင်း တနေရာတွင်တော့ မီးပြတိုက်မှ မှိန်ဖျော့ဖျော့ အလင်းပြောက်လေးကို တွေ့နေရသည်။ အကယ်၍ ကြမ်းတမ်းသော ပင်လယ်ပြင်ကြီးက ခွင့်ပြုခဲ့လျှင်၊ အချိန်ရှိနေသေးလျှင် ကျမကို မီးပြတိုက်က ကုန်းမြေတနေရာဆီ ခေါ်ဆောင်သွားပေလိမ့်မည်။
အဲဒီလို ဘယ်တုန်းကမှ ကျမ မလုပ်ခဲ့။ ကိုယ့်ဒဏ်ရာ၊ ကိုယ့်အနာတွေအကြောင်း ပြောပြနေခြင်းသည် ဒဏ်ရာတွေကို ပြန်လည်တူးဆွနေသည့်တိုင် အံ့သြစရာပင် မျက်ရည်တွေက ကျမဒဏ်ရာတွေကို ပြန်လည် ကုစားနေလေသည်။
ပင်လယ်ကမ်းစပ် ကျောက်စရစ်ခဲလေးတွေအပေါ် ကျမ လက်သီးဆုပ်နှင့် တအား ထိုးပစ်လိုက်သည်။ လက်ဆစ်လေးတွေ သွေးစို့လာပေမဲ့ စိတ်မှာ ထုံကျင်နေသည်။ တရားဟော ဓမ္မကထိကတွေကိုယ်တိုင် အပြစ်ရှိနေသည့်တိုင် ကက်သလစ်တွေ ဘာကြောင့် အပြစ်ကို ဝန်ခံနေကြသည်ကို သဘောပေါက်နေသည်။ ကျမပြောတာတွေ ဘယ်သူနားထောင်နေသလဲ။ ဘယ်အကြောင်းအရာတွေက ဒဏ်ရာဟောင်းတွေကို ပြန်ဆွပေးနေသလဲ။ ကျမအတွက် အရေးမကြီးတော့။ နေရောင်ခြည်သည် သန့်စင်၍၊ မိုးရေစက်တို့သည် အညစ်အကြေးတွေကို လျှော်ဖွတ်ပေးဖို့သာ ဖြစ်သည်။ ဤသည်ပင် ကျမနှင့် အတူမအိပ်ခဲ့သော ယောက်ျားတယောက် ရှေ့တွင် ဖွင့်ဟဝန်ခံနေခြင်းဖြစ်သည်။ လွတ်လပ်စွာ ကျမပြောပြနိုင်သော အစစ်အမှန် အကြောင်းတရားလည်းဖြစ်သည်။
လှိုင်းခေါင်းဖြူတို့၏ သားချော့တေးသံကြောင့်လားမသိ။ ရှိုက်၍ ရှိုက်၍ ငိုနေသော ကျမငိုသံတွေ ရပ်တန့်သွားသည်။ အော့ရက်စ်က ကျမလက်ကို ညင်သာစွာကိုင်၍ ပါရီသို့ နောက်ဆုံးရထား မကြာမီ ထွက်တော့မှာကြောင့် ခပ်သုတ်သုတ် သွားကြဖို့ ပြောလာသည်။ အပြန်ခရီးတွင် အနုပညာလောကမှ ဟိုအကြောင်း၊ ဒီအကြောင်း ကျမကို အော့ရက်စ် တတွတ်တွတ် ပြောနေသည်။
ဘယ်သူနဲ့ ဘယ်သူ အတူအိပ်နေတဲ့အကြောင်း၊ ဘယ်သူ့ကိုတော့ဖြင့် ဘယ်နေရာက အလုပ်ဖြုတ်လိုက်သည့်အကြောင်း အော့ရက်စ်ပြောတာတွေကို ကျမ ရယ်ရင်း နားထောင်လာသည်။ အော့ရက်စ်က တကယ့်ကို ရည်မွန်၍ ခင်စရာကောင်းသည်။ ကျမသောက ဝေဒနာတွေအားလုံးကို မျက်ရည်နှင့် ဆေးပစ်ပြီး နောက်ဆုံးအချိန်အထိ ဆက်လက်တည်ရှိနေမည့် သဲသောင်ပြင်ပေါ်က ခြေရာတွေကို ပင်လယ်လှိုင်းတို့က မြှုပ်ပစ်လိုက်ပြီကို သိနေသည်။
❑
ပြင်သစ်သမိုင်း၏ ကြီးကျယ်ခမ်းနားသော ခေတ်တခေတ်ကို ကျမတို့ ဖြတ်သန်းနေသည်။ ရှင်ကော ဘယ်အချိန် ရောက်လာပါသလဲ။
ကမ္ဘာ့ကုန်စည်ပြပွဲကာလ၊ ထိုအချိန်က ပါရီသည် ကမ္ဘာ့ဗဟိုချက်အဖြစ် ယူဆနေသည့်တိုင် နေရာ အများအပြားမှာ ကျေးလက်ဆန်နေလေသည်။
ဟိုတယ် အေလီဇေးပဲလေ့စ်၏ ဈေးအကြီးဆုံးသော အခန်းတခန်း၏ ပြတင်းပေါက်မှ နေ့လယ်ခင်း နေခြည်တွေ ဖြာကျနေသည်။ ကျမတို့ အနီးအနားမှာတော့ ရှန်ပိန်၊ စမုံစပါးအရက်ချို၊ ချောကလက်၊ ဒိန်ခဲနှင့် လတ်ဆတ်သော ပန်းရနံ့များ။ ပါရီမြို့ကြီးက ပေးနိုင်သော အကောင်းဆုံး အရာတွေ စုပုံနေသည်။ ကျမတို့ ဟိုတယ်နှင့် ခပ်လှမ်းလှမ်းမှ အီဖယ်မျှော်စင်ကြီးကို လှမ်းမြင်နေရသည်။ သူလည်း မျှော်စင်ကြီးကို ကြည့်နေရာမှ စကားစလာသည်။
“အဲဒီမျှော်စင်ကြီးကို ကုန်စည်ပြပွဲပြီးတဲ့အထိ ဆောက်ထားဖို့ မရည်ရွယ်ခဲ့ဘူး။ ကိုးယို့ကားရား အဲဒီဟာကြီးကို မြန်မြန်ဖျက်လိုက်ရင်ကောင်းမယ်”
သူ့စကားကို ကျမ သဘောမတူနိုင်ပေမဲ့ ဆင်ခြေတွေပေးပြီး အနိုင်လု ပြောနေသည်။ ပြင်သစ်နိုင်ငံ ရွှေခေတ်အကြောင်း ပြောနေခိုက် ကျမ ငြိမ်သက်စွာ နားထောင်နေသည်။ စက်မှုလုပ်ငန်းတွေ ယခင်ထက် သုံးဆ မြင့်တက်လာနေသည်။ စက်ကိရိယာတွေ အကူအညီနှင့် စိုက်ပျိုးရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာသည်။ အရောင်းအဝယ်တွေ စည်ပင်၍ ဈေးဆိုင်တွေ အလျှိုအလျှို ပေါ်လာသည်။ ဖက်ရှင်ဒီဇိုင်းတွေ လုံးဝပြောင်းလဲနေသည်။ ဖက်ရှင်ဒီဇိုင်းတွေ အများကြီး ဝယ်လို့ ရလာတာကိုတော့ ကျမအကြိုက်တွေ့နေသည်။
“အစားအသောက် အရသာတွေတောင် ပိုကောင်းလာတာ မင်းသတိထားမိသလား”
ကျမခေါင်းညိတ် အဖြေပေးလိုက်ပေမဲ့ ခန္ဓာကိုယ်အလေးချိန် တက်လာတာကို သတိရလာပြီး စိတ်မသက်မသာ ဖြစ်သွားသည်။ မြို့ပေါ်က လမ်းမတွေပေါ်မှာ စက်ဘီးတွေလည်း အရင်ထက် များလာနေတယ်။ အခုဆိုရင် စက်ဘီးအစီးရေ ၃ သန်းကျော်ပြီလို့ စာရင်းထုတ်ပြန်ထားတယ်။ နေအိမ်တွေမှာလည်း သောက်ရေ၊ သုံးရေတွေ၊ ဓာတ်ငွေ့တွေ ရနေပြီလေ။ အားလပ်ရက်တွေမှာ လူတွေ ခရီးသွားနိုင်လာကြပြီး၊ ကော်ဖီသောက်သုံးမှုကလည်း ယခင်ထက် လေးဆမြင့်တက်လာ တယ်။ ယခင်လို မုန့်ဖိုတွေရှေ့မှာ လူတွေ တန်းစီစရာ မလိုတော့ဘဲ ပေါင်မုန့်တွေ ကြိုက်သလောက် ဝယ်ယူနိုင်ပြီလေ”
“ကျမကို ဘာကြောင့် အဲဒီအကြောင်းတွေ ပြောနေပါလိမ့်။ ဒီနေရာကို ကျမတို့ ရောက်နေတဲ့ကိစ္စနဲ့ ဘာဆိုင်လို့လဲ”
ယခင် စစ်ဝန်ကြီးဟောင်း၊ ယခု အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ အဒေါဖီ မက်ဆီမီ မွေ့ရာကြီးပေါ်က ကုန်းကုန်းကွကွနှင့် ထကာ သူ့အဝတ်အစားတွေ ပြန်ဝတ်နေသည်။ ကုတ်အင်္ကျီ အပြင်ဘက် ရင်ဘက်ပေါ်မှာတော့ ဆုတံဆိပ်တွေ တွဲလောင်းကျနေသည်။ ယခုအထိ သူ့ဝတ်စား ဆင်ယင်ပုံမှာ စစ်ပုံပေါက်နေသည်။
“အင်္ဂလိပ်ကို ကျုပ်တို့တွေ မုန်းပေမယ့် ကာကီရောင် ယူနီဖောင်းနဲ့ စစ်ထွက်ကြတာတော့ သူတို့တွေကို ချီးကျူးရမယ်။ ကျုပ်တို့ပြင်သစ်တွေကတော့ ဘောင်းဘီအနီ၊ ဦးထုပ်အနီနဲ့ စစ်မြေပြင်မှာ ပြူးတူးပြဲတဲ အထင်းသား မြင်နေရပြီး၊ လှလှပပ မသာပေါ်ဖို့ များနေတယ်လေ။
သူ့ပြက်လုံးကို သူ့ဟာသူ ရယ်နေတာကြောင့် ကျမလည်း သူကျေနပ်အောင် ရောယောင် ရယ်ပေးလိုက်သည်။ အဲဒီနောက် ချွတ်ထားသော ကျမအဝတ်အစားတွေကိုလည်း ပြန်ဝတ်လိုက် သည်။ အချစ်ဆိုသော ထင်ယောင်ထင်မှားမှု ပျောက်ဆုံးသွားပြီးကတည်းက ကျမဖြစ်တည်မှုကို တောင့်တခဲ့သည်။ ယခု ကျမအတ္တနဲ့ သရုပ်သကန်ကို ပိုက်ဆံတွေ၊ အောင်မြင်မှုတွေ၊ အမြှောက်အပင့်တွေ၊ အကြွားအဝါတွေ ဖုံးလွှမ်းနေသည်။ တနေ့ ချစ်ခြင်းကို လုံးဝ မသိလိုက်ပါဘဲ နောက်ဆုံးနေ့ရက်ဆီ ဖြတ်သန်းရမှာ သေချာပါသည်။ ဒါပေမဲ့ ချစ်ခြင်းကို သိခြင်း၊ မသိခြင်းအတွက် ဘာတွေ ကွဲပြားခြားနားသွားပါသလဲ။ ကျမအတွက်တော့ အချစ်နဲ့ အာဏာ အတူတူ ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ကျမခံယူချက်ကို အခြားလူတွေ သိတဲ့အထိတော့ ကျမ ရူးသွပ်သူမဟုတ်။ မက်ဆီမီနားကို ကျမပူးကပ်လိုက်ပြီး သူ့ကို အသံထွက်အောင် တချက်နမ်းလိုက်သည်။ သူ့ပါးပြင် တဝိုက်မှာ ကျမအရင်ယောက်ျားလို နှုတ်ခမ်းမွေးကြီးနှင့် ပြည့်နေသည်။ ပြင်သစ်ငွေ (၁ဝဝဝ) ထည့်ထားသော စာအိတ်တအိတ် စားပွဲပေါ်ကို မက်ဆီမီ တင်လိုက်သည်။
“ကျုပ်ကို အထင်မလွဲပါနဲ့ မဒမ်မာတာဟာရီ။ တိုင်းပြည်တိုးတက်မှုတွေကို ပြောပြနေတာပါ။ အခုအချိန်ဟာ ဖောက်သည်တွေကို ကူညီရမယ့်အချိန် မဟုတ်လား။ ကျုပ်က ပိုက်ဆံအများကြီး ရှာနိုင်ပြီး နည်းနည်းလေးသုံးတဲ့ အရာရှိကြီးတယောက်လေ။ အဲဒါကြောင့် တခုခုကို ကျုပ်က ဖြည့်ဆည်းပေးပြီး စားသုံးမှုကို မြှင့်တင်ပေးဖို့လိုတယ် မဟုတ်လား”
နောက်တကြိမ် သူ့ဟာသကို သူ့ဘာသာ သဘောကျရင်း ရယ်နေပြန်သည်။ သူ့အင်္ကျီ ရင်ဘတ်ပေါ်က တိုးလို့တွဲလောင်း တံဆိပ်တွေကို ကျမသဘောကျပြီး သမ္မတနှင့်သူ အနီးကပ် ဆက်ဆံရေး ရှိတာကို ကျမ အထင်ကြီးနေတယ်လို့ ရိုးရိုးသားသား သူယုံနေသည်။ ကျမနှင့်တွေ့တိုင်း သမ္မတကြီးနှင့် သူ ဘယ်လောက်အထိ သူရင်းနှီးကျွမ်းဝင်ကြောင်း အမြဲပြောတတ်သည်။
အချစ်သည် မည်သည့်ဥပဒေကိုမှ မနာခံဘဲ အားလုံး အတုအယောင်တွေဖြစ်ကြောင်း သူ သဘောပေါက်ခဲ့လျှင် ကျမကို အမှုန့်ချေပစ်မှာ သေချာပါသည်။ ယခု မက်ဆီမီ ကျမနှင့် ဟိုတယ်ခန်းထဲ ရောက်နေခြင်းသည် လိင်ကိစ္စသက်သက်မျှ မဟုတ်၊ လိုအပ်ချက်ကြောင့်ဖြစ်သည်။ မိန်းမတယောက်၏ ရမ္မက်က သူ့အတွက် အရာရာ စွမ်းဆောင်နိုင်သော ခံစားချက်ကို နှိုးဆွပေးနေတာကြောင့်ပဲဖြစ်သည်။ အဲဒီလိုဆိုရင် အချစ်နဲ့ အာဏာသည် တခုတည်းဆိုသော အယူအဆမှာ ကျမတဦးတည်းအတွက်သာ မဟုတ်၊ အခြားလူအတွက်လည်း မှန်နေလေသည်။
အခန်းထဲက သူထွက်သွားပြီး ကျန်နေသေးသော အဝတ်အစားတွေကို ကျမ အေးအေးဆေးဆေး ဝတ်ရင်း ကျကျနန အလှပြင်လိုက်သည်။ ယနေ့ညပိုင်းတွင် နောက်ထပ် တယောက်နှင့် ကျမ တွေ့စရာရှိသေးသည်။ ပါရီမြို့ပြင် နျူလီတွင် သစ္စာရှိသူ ကျမချစ်သူ တယောက်က ကျမအတွက် အိမ်ကြီးတလုံး ကျမနာမည်နှင့် ဝယ်ပေးထားသည်။ ကျမအတွက် မော်တော်ကားတစီး၊ ဒရိုင်ဘာတယောက် စီစဉ်ပေးဖို့လည်း သူ့ကို တောင်းဆိုဖို့ စဉ်းစားခဲ့သေးသည်။ ဒါပေမဲ့ သင်္ကာမကင်း ဖြစ်လာမှာကို စိုးရိမ်၍ အစီအစဉ် ဖျက်လိုက်သည်။ တကယ်တော့ အဲဒီကတည်းက ကျမဘက်က တောင်းဆိုနိုင်သည်။ သူသည် ဘဏ်လုပ်ငန်းရှင်တဦး၊ အိမ်ထောင်ရှင် တဦး၊ နာမည်ကောင်းနှင့် အောင်မြင်နေသူ။ သူ့အကြောင်း လူသိရှင်ကြားတခုခု ကျမဆွပေးလိုက် လျှင် သတင်းသမားတွေ အပျော်ကြီး ပျော်သွားကြမှာ သေချာသည်။ ပင်ပင်ပန်းပန်း ခဲရာခဲဆစ် ဖန်တီးထားသော ကျမအနုပညာကို သူတို့ နားမလည်။ နာမည်ကြီး ကျမချစ်သူတွေကိုတော့ သတင်းသမားတွေ အလွန် စိတ်ဝင်စားကြသည်။
တရားရင်ဆိုင်နေစဉ် အတောအတွင်း ဟိုတယ်လော်ဘီအခန်းထဲတွင် တစုံတယောက် သတင်းစာ ဖတ်ချင်ယောင်ဆောင်ပြီး ကျမလှုပ်ရှားမှုတွေ စောင့်ကြည့်နေကြောင်း ကြားသိရသည်။ ဟိုတယ်က ကျမထွက်သွားသည်နှင့် ကျမနောက်က ပုန်းလျှိုးကွယ်လျှိုး လိုက်နေခဲ့သည်။
ကမ္ဘာပေါ်က အလှဆုံး မြို့ကြီးတမြို့ လမ်းမကြီးတွေပေါ် စိတ်အေးလက်အေး လမ်းလျှောက်ခဲ့သည်။ ကဖီးဆိုင်ထဲကလူတွေ၊ အကောင်းစား အဝတ်အစားတွေနှင့် လမ်းလျှောက် နေတဲ့လူတွေ တွေ့နေရသည်။ အိမ်တအိမ်မှ တယောသံ ပျံလွင့်လာသည်။ ဘဝကား ငြိမ့်ညောင်း သာယာနေသည်။ ပိုက်ဆံအတွက် အကျပ်ကိုင်စရာ မလို။ ကျမထံရောက်လာသော လက်ဆောင်တွေကို ဘယ်လိုစီစဉ်မလဲ သိဖို့သာ လိုသည်။ အဲဒီနောက် ဘဝတလျှောက်လုံး ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်လေပြီ။ ကျမနှင့် အတူအိပ်ခဲ့သော လူပျိုလူလွတ်တယောက်အကြောင်း ကျမနှုတ်ခမ်းမှ စကားတလုံး ပြောလိုက်လျှင် ငွေညှစ်ခံရမှာ စိုးရိမ်ထိတ်လန့်ပြီး အခြားလူတွေ ကျမဆီက ထွက်ပြေးကြမှာ သေချာသည်။
ဘဏ်လုပ်ငန်းရှင် သူ၏ ရွှေရောင်နှစ်ကာလများအတွက် ဆောက်လုပ်ထားသော အိမ်ကြီးဆီ သွားဖို့ ကျမစီစဉ်ထားသည်။ ဘဏ်လုပ်ငန်းရှင်မှာ အသက်အရွယ် ကြီးနေပေမဲ့ သူက ဝန်မခံ။ အဲဒီအိမ်ကြီးမှာ အဖိုးကြီးနှင့် ၂ ရက်၊ ၃ ရက်နေ၊ မြင်းစီးရင်း အချိန်တွေဖြုန်း။ တနင်္ဂနွေနေ့ဆို ပါရီကိုပြန်။ လောင်းချန့်မြင်းပြိုင်ကွင်းကို တည့်တည့်မတ်မတ်သွား။ အဲဒီမှာ အခြားလူတွေ ငေးမောပြီး မနာလိုဖြစ်လောက်အောင် ကျမ မြင်းစီးပြတတ်သည်။
ညဘက်ဆို ကာမမိုင်းပန်းနံ့လေး သင်းနေတဲ့ လက်ဖက်ရည်တခွက် သောက်ဖို့ ကဖေးဆိုင် အပြင်မှာထိုင်။ တမြို့လုံး ပျံ့နှံ့နေတဲ့ ပို့စကတ်တွေပေါ်က ကျမမျက်နှာနှင့် ခန္ဓာကိုယ်ကို ဖြတ်သွားဖြတ်လာသူတွေ ငေးမောကြည့်ကြတော့ ကျမက အတွေးထဲမှာ အရေးကြီးတဲ့ အလုပ်ကြီး တခု လုပ်နေသယောင်၊ အတွေးထဲမှာ နစ်မျောနေသယောင်ဆောင်။ စားပွဲထိုး တယောက်ယောက်ကို လက်ဖက်ရည်မှာဖို့ အခွင့်အရေး စောင့်နေခိုက်မှာပင် အမျိုးသားတယောက် ကျမနားချဉ်းကပ်လာပြီး ကျမအလှကို ချီးကျူးမြှောက်ပင့်လေတော့သည်။ ကျမက ညည်းငွေ့သလို အမူအရာနှင့်တုံ့ပြန်။ မပြုံးချင်ပြုံးချင်နှင့် ကျေးဇူးတင်ပြ။ အဲဒီနောက် တဘက်ကို မျက်နှာလှည့်လိုက်တော့ အဲဒီလူက နေရာက မတုန်မလှုပ် ကျောက်ရုပ်လို ရပ်မြဲရပ်နေလေသည်။
“သိပ်ကို အရသာရှိတဲ့ လက်ဖက်ရည်တခွက်က ခင်ဗျားဘဝကို ကယ်တင်ပါလိမ့်မယ်”
ကျမ နှုတ်ဆိတ်နေသည်။ စားပွဲထိုးတယောက်ကို သူ လက်ယက်လှမ်းခေါ်လိုက်ပြီး ကျမအတွက် မှာပေးဖို့ ပြောလိုက်သည်။
“ရှာမိုမီလက်ဖက်ရည်တခွက် ပေးပါ”
အမျိုးသား ပြောနေသာ ပြင်သစ်စကားပြောသံမှာ ဝဲနေတာကြောင့် ဟော်လန်ကလား၊ ဂျာမဏီကလား ကျမ ဆဝါးကြည့်နေသည်။ သူက ဦးထုပ်နဘန်ပြားကို လက်နှစ်ဘက်နှင့်ကိုင်ရင်း ကျမကို နှုတ်ဆက်တော့မလို ပြုံးပြနေသည်။
“ကျွန်တော် ခဏလောက် ခင်ဗျားစားပွဲမှာ ထိုင်လို့ရနိုင်မလား”
အင်တင်တင်နဲ့ ကျမ ခွင့်ပြုလိုက်ပါတယ်။ တကယ်တော့ ကျမလည်း တယောက်တည်း ဖြစ်နေတာကြောင့် အဖော်မျှော်နေတာပါ။
“မာတာဟာရီလို အမျိုးသမီးတယောက်အတွက် ဘယ်တော့မှ အထီးမကျန်နိုင်ပါဘူး”
လူသားတဦး၏ အမြင့်ဆုံးသော မာန်မာနကို ပဲ့တင်ထပ်နေသော စကားလုံးများဖြင့် ကျမကို မြှောက်ပင့်နေသည်။ ခုအချိန်ထိ သူ့ကို ကုလားထိုင်မှာ ထိုင်ဖို့ ကျမ မဖိတ်ခေါ်သေးပေမဲ့ စကားဆက်နေသည်။ အခုအထိ ခင်ဗျား မတွေ့သေးတဲ့အရာကို ရှာဖွေနေတာလည်း ဖြစ်နိုင်ပါတယ်။ တမြို့လုံး မှာ ခင်ဗျားဟာ အကောင်းဆုံးအဝတ်တွေ ဝတ်ဆင်ပြီးပြီဆိုတော့ ဝတ်ဆင်စရာ သိပ်ရှိမှာ မဟုတ်တော့ဘူး။ ခင်ဗျားအကြောင်း တလောက မဂ္ဂဇင်းမှာ ဖတ်လိုက်ရတယ်။ ရုတ်တရက် ဘဝဟာ ငြီးငွေ့သွားပြီပေါ့။
လူပုံပန်းကြည့်ရသည်မှာ ကျမပရိသတ် ဖြစ်နိုင်သည်။ အမျိုးသမီးမဂ္ဂဇင်းထဲက နောက်ထပ် ဘယ်အကြောင်းအရာတွေကို သူ သိနေပါသလဲ။ သူ့ကို ကျမ အခွင့်အရေး ပေးသင့်ပါသလား။ နျူလီသွားပြီး ဘဏ်လုပ်ငန်းရှင်နဲ့ ညစာစားဖို့ အချိန်ကလည်း စောနေသေးသည်။ သူကလည်း ဇွတ်တရွတ် ပေကပ်ပြောနေသည်။
“အသစ်တခုခုကို ရှာဖွေတွေ့တဲ့အထိ ခင်ဗျားကံကောင်းပြီလား”
“ကံကောင်းတာပေါ့။ အချိန်တိုင်း ကျမကိုယ်ကျမ ပြန်လည်ရှာဖွေ တွေ့ရှိနေတယ်လေ။ အဲဒါက ဘဝမှာ စိတ်ဝင်စားစရာ အကောင်းဆုံးပဲ မဟုတ်လား။ သူ့ထံမှ စကားသံထွက်မလာတော့ဘဲ ထိုင်ခုံတခုံဆွဲပြီး ထိုင်လိုက်သည်။ ကျမအတွက် လက်ဖက်ရည်တခွက် စားပွဲထိုး ယူလာစဉ်၊ ကျသင့်တဲ့ငွေ သူရှင်းမယ်ဆိုသော အမူအရာနှင့် သူ့အတွက် ကော်ဖီတခွက် မှာလိုက်ပြီး သူစကားဆက်ပြန်သည်။
“ပြင်သစ်နိုင်ငံဟာ အကြပ်အတည်းတခု ဆိုက်တော့မယ်လေ။ အဲဒီအခက်အခဲက လွတ်မြောက်ဖို့ သိပ်မလွယ်လောက်ဘူး”
ဒီကနေ့ နေ့လယ်ကပဲ ကျမကြားခဲ့ရသောသတင်းတွေနှင့် သူ့စကား ပြောင်းပြန်ဖြစ်နေသည်။ တိုင်းပြည် စီးပွားရေးနှင့်ပတ်သက်ပြီး လူတယောက် အတွေးတမျိုးစီ ရှိနေပုံရသည်။ စီးပွားရေး ဆိုတာ ကျမအတွက်တော့ လုံးဝ စိတ်မဝင်စားသော အကြောင်းအရာဖြစ်သည်။
ဒါပေမဲ့ သူ့ဂိမ်းကို နည်းနည်းကစားဖို့ ကျမ ဆုံးဖြတ်လိုက်သည်။ ကျမကို မက်ဆီမီ ပြောခဲ့သော ပြင်သစ်ပြည်၏ ရွှေခေတ်ဆိုသော အကြောင်းတွေကို ပြန်ရွတ်ပြနေပေမဲ့ သူက အံ့သြဟန်မပြ။
ကျွန်တော်ပြောနေတာ စီးပွားရေး အကြပ်အတည်းအကြောင်း မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေး အကြပ်အတည်းပါ။ တနည်းအားဖြင့် တန်ဖိုး အကြပ်အတည်းပါ။ ပြင်သစ် ကုန်စည်ပြပွဲကြီးမှာ အမေရိကန်တွေ ယူလာတဲ့ တီထွင်မှုတွေနဲ့ပတ်သက်ပြီး ခင်ဗျား ဘယ်လိုမြင်သလဲ။ အဲဒီအကြောင်း တွေကို နာရီပေါင်းများစွာ လူတွေပြောနိုင်တယ်လို့ ထင်သလား။ အခု ဥရောပမှာ လူတိုင်း အဲဒီအကြောင်းတွေ ပြောနေကြတယ်။ လူတယောက်ဟာ သူမြင်တာကိုပဲ သူပြောနိုင်မှာပါ။ ဒါပေမဲ့ ဆယ်စုနှစ်တစုအတွင်းမှာ မြင်ခြင်းနဲ့ ပြောခြင်းဟာ သီးခြားစီ ဖြစ်လာနေတယ်။ အဲဒီအခြေအနေနဲ့ ကျုပ်တို့ ရင်းနှီးနေတယ်လို့ ထင်နေကြတယ်။ ဒါပေမဲ့ ကျုပ်တို့ရဲ့တုံ့ပြန်မှုကို အခြေအနေတွေက ဘယ်လောက်အထိ သက်ရောက်သလဲဆိုတာ သဘောမပေါက်ကြသေးပါဘူး။ အဲဒီလိုအခြေအနေ တွေနဲ့ ကျုပ်တို့ခန္ဓာကိုယ်တွေဟာ မရင်းနှီးသေးပါဘူး။
ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ တယ်လီဖုန်းပြောတဲ့အခါ ပဉ္စလက်အတတ်နဲ့ အိပ်မွေ့ချခံလိုက်ရသလို အခြေအနေမျိုး ရောက်သွားကြတယ်။ ကျွန်တော်တို့နဲ့ ပတ်သက်တဲ့ အခြားအကြောင်းအရာတွေကို လည်း ရှာဖွေတွေ့ရှိနိုင်ပါတယ်”
စားပွဲထိုးတယောက် ဘေလ်ယူလာတာကြောင့် သူ့စကားရပ်သွားသည်။
“နေရာတိုင်းမှာ ဟိရိသြတ္တပ္ပမရှိတဲ့ ဝတ်လစ်စလစ်အကတွေ မြင်နေရပြီး ခင်ဗျားငြီးငွေ့နေမှာ ကျွန်တော်သိပါတယ်။ လူတွေက မာတာဟာရီကို ဆက်ခံသူတွေလို့ ပြောနေကြတယ်။ ဘဝက အဲလိုပါပဲ။ ဘယ်သူမှ မလေ့လာမိကြဘူး။ ဥပမာ ဂရိဒဿနဆရာတွေပေါ့...။ ကျွန်တော့်စကားတွေ နားထောင်ရတာ ခင်ဗျားပျင်းနေပြီလား မာတာဟာရီ”
ကျမ ခေါင်းခါပြတော့ သူစကားဆက်သည်။
“ဂရိဒဿနဆရာတွေ အကြောင်းကိုတော့ မေ့လိုက်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်က သူတို့ပြောခဲ့တာတွေ ယနေ့အထိ အသုံးဝင်နေပါသေးတယ်။ အဲဒါကြောင့် အသစ်ဆိုတာ မရှိပါဘူး။ ခင်ဗျားကို ကျွန်တော် နောက်တခု ပြောပါရစေ”
“ထိုက်တန်တဲ့ လေးစားမှုနဲ့ ခင်ဗျားကို သူတို့ ဆက်ဆံမှာ မဟုတ်တော့ဘူး။ အဲဒါကြောင့် ခင်ဗျားကို ရာစုနှစ်တစုရဲ့ အကောင်းဆုံး ကချေသည်အဖြစ် သူတို့သိတဲ့နေရာမှာ ခင်ဗျား ဖြေဖျော်ချင် ဖြေဖျော်နိုင်ပါတယ်။ ကျွန်တော်ပြောချင်တဲ့နေရာက ဘာလင်ပါ။ ကျွန်တော်ကလည်း ဘာလင်က လာတာပါ။
ယခုမှ သူပြောနေသောအကြောင်းအရာက ကျမအတွက် စိတ်ဝင်စားစရာ ကောင်းလာသည်။
“မန်နေဂျာနဲ့ ခင်ဗျားကို မိတ်ဆက်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားနဲ့ ကျွန်တော် တိုက်ရိုက် ဆက်ဆံချင်ပါတယ်။ ခင်ဗျားကိုယ်စားလှယ်က ကျွန်တော်တို့ မကြိုက်တဲ့လူမျိုး ဖြစ်နေလို့ပါ။
ထူးဆန်းသော အယူအဆတခု။ ဘာသာရေး မတူညီမှုကြောင့် လူတွေ အချင်းချင်း မုန်းတီး ရန်လိုနေကြသည်။ အထူးသဖြင့် ဂျူးတွေကို ရန်လုပ်နေကြသည်။ ကျမ ဂျာဗားမှာ နေစဉ်တုန်းက မျက်နှာမဲ့ နတ်ဘုရားတဆူကို ကိုးကွယ်ပူဇော်တာကြောင့် စစ်တပ်ကလူတွေကို အစုလိုက် အပြုံလိုက် သတ်ခဲ့ကြတာကို ကြားဖူးထားသည်။ သူတို့ အထွတ်အမြတ်ထားရာ စာအုပ်ကို နတ်ဘုရားတပါးက တမန်တော်တချို့ကို နှုတ်တိုက်ချပေးခဲတယ်လို့ ပြောကြသည်။ တမန်တော် နာမည်တွေကိုတော့ ကျမ မမှတ်မိတော့။ ကုန်ရာမ်စာအုပ်တအုပ် လူတယောက်ဆီက လက်ဆောင် ရပြီး အာရပ်လက်ရေးတွေကို သဘောကျခဲ့သည်။ ဒါပေမဲ့ အိမ်ကို ကျမယောက်ျား ပြန်ရောက်လာပြီး စာအုပ်ကို မြင်သွားတော့ မီးရှို့ပစ်လိုက်သည်။ ကျမစားပွဲမှာ ထိုင်နေသူက ဖြည့်စွက်ပြောနေသည်။
“ကျွန်တော့်ပါတနာတွေက ခင်ဗျားကို စိတ်ဝင်စားလောက်မယ့် ငွေပမာဏပေးမှာပါ”
ပြင်သစ်ငွေနဲ့ တန်ဖိုး ဘယ်လောက်ရှိနိုင်မလဲ မေးလိုက်တဲ့အခါ သူ့အဖြေကြောင့် ကျမ ပါးစပ်လေး ဟသွားသည်။ သူတို့ကမ်းလှမ်းမှုကို သဘောတူကြောင်း ချက်ချင်းပြောလိုက်ချင်ပေမဲ့ မိန်းမဣန္ဒြေ ဆည်ထားရသည်။
“ခင်ဗျားနဲ့ ထိုက်တန်သလို အသိအမှတ် ပြုခံရမှာပါ။ ပါရီမြို့ကြီးက မြို့ခံတွေအတွက် ဘယ်တော့မှ မတရားဘူး။ အထူးသဖြင့် ပါရီမြို့ကြီး ရိုးအီသွားတဲ့အခါမှာပေါ့”
ကျမ လမ်းလျှောက်နေတုန်း အဲဒီအကြောင်းကိုပဲ စဉ်းစားနေပေမဲ့ ကျမကို သူစော်ကားနေတာ သဘောပေါက်ဟန်မတူ။ အော့ရက်စ်နဲ့ ပင်လယ်ကမ်းခြေ သွားခဲ့တဲ့နေ့ကို သတိရနေသည်။ သူဆိုလျှင် ယခုကိစ္စကို သဘောတူမှာမဟုတ်။ ဘာပဲဖြစ်ဖြစ် သားကောင်ကို ကြောက်လန့်သွားအောင် ကျမ ဘာမှမလုပ်နိုင်။ စဉ်းစားပါ့မယ်လို့သာ ခြောက်ကပ်ကပ် အဖြေပေးလိုက်သည်။
ကျမတို့ နှုတ်ဆက်မခွဲခင် သူ့နေရပ်လိပ်စာ ပြောပြခဲ့သည်။ ပါရီမြို့ကို သူပြန်လာမည့် နောက်တနေ့အထိ အဖြေစောင့်နေမည့်အကြောင်း ပြောသွားသည်။ ကဖေးဆိုင်က ထွက်ပြီး၊ အော့ရက်စ်ရုံးကို တည့်တည့်မတ်မတ် ထွက်လာခဲ့သည်။ သူတို့နာမည်ကြီးဖို့ ကြိုးစားနေသူ ကြော်ငြာထဲကလူတွေ မြင်ရတာ ကျမ အကြီးအကျယ် စိတ်ထိခိုက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ ဒါပေမဲ့ ယခုအချိန်မှာတော့ ကျမ ပြန်သွားလို့ မရနိုင်တော့။ အော့ရက်စ်က ယခင်အတိုင်း အနုပညာရှင်ကြီး တယောက်လို ကြိုဆိုနေသည်။ ဟိုတယောက်နှင့် စကားပြောခဲ့တာတွေ တလုံးမကျန် ပြန်ပြောပြပြီး ဘာပဲဖြစ်ဖြစ် သူ ပွဲခရမယ့်အကြောင်း ပြောလိုက်တော့၊ အခုချက်ချင်းလားလို့ တလုံးတည်း သူပြောသည်။ ဒါပေမဲ့ ကျမ နားမလည်နိုင်။ ကျမကို ရိုင်းပျနေတယ်လို့ ထင်လိုက်မိသည်။
“ဟုတ်တယ်၊ အခုပဲ။ ကျမစင်ပေါ်မှာ ဖျော်ဖြေစရာတွေ အများကြီး ရှိပါသေးတယ်”
သဘောတူကြောင်း ခေါင်းညိတ်ရင်း ကျမ ပျော်ရွှင်ပါစေကြောင်း ဆုတောင်းပေးသည်။ သူ့အတွက် ပွဲခ မလိုကြောင်း၊ ကျမအနေနှင့် ဖက်ရှင်အတွက် ပိုက်ဆံတွေ အမြောက်အမြား မဖြုန်းတော့ဘဲ ငွေစုဖို့ အချိန်ကျပြီဖြစ်ကြောင်း အကြံပေးနေသည်။ သူ့ကို ကျမ နှုတ်ဆက်ထွက်လာ ခဲ့သည်။ သူ့ပြဇာတ်ရုံ ပွဲဦးထွက်တွင် အရှုံးပေါ်ခဲ့တာကို ယခုအထိ စိုးရိမ်နေဟန် တူသည်။ နောက်တနေ့ နိုင်ငံခြားသားနှင့် ဆက်သွယ်ပြီး သူတို့ကမ်းလှမ်းမှုကို လက်ခံကြောင်း အဖြေ ပေးလိုက်သည်။
❑
မိုးသည်းနေသော နေ့တနေ့။ ပါရီမှ ရထားတစီးနှင့် လိုက်ပါလာသူ မာတာဟာရီဆိုတာ ဘယ်သူပါလိမ့်။ နောက်ထပ် လှမ်းရမယ့် ခြေလှမ်း (သို့) ခရီးဆုံးကို သူမ မသိ။ သူမနိုင်ငံနှင့် ဘာသာစကားတူ နိုင်ငံတနိုင်ငံဆီ သွားနေတာကြောင့်ပဲ ဘယ်တော့မှ လမ်းမပျောက်မှာကို ယုံကြည်နေသည်။ သူမအသက် ဘယ်လောက်ရှိပါပြီလဲ၊ နှစ်ဆယ်လား၊ နှစ်ဆယ့်တစ်လား။ သူမကိုင်ဆောင်လာသော နိုင်ငံကူးလက်မှတ်အရ သူမ မွေးသက္ကရာဇ်မှာ သြဂတ် ၇၊ ၁၈၇၆ ခုနှစ် ဖြစ်၍ သူမအသက် နှစ်ဆယ်နှစ်မျှသာ ရှိသေးသည်။ ထိုနေ့သည် (၁၉၁၄) ခုနှစ် ဇူလိုင် (၁၁) ရက်နေ့ ဖြစ်ကြောင်း သတင်းစာက ပြောနေသည်။
ကိန်းကဏန်းတွေ၊ နေ့စွဲတွေထက် ပြီးခဲ့သော နှစ်ပတ်ခန့်က အဖြစ်အပျက်တခုကိုပဲ သူမ စိတ်ဝင်စားနေသည်။ ဆာရာယေဗိုမြို့တွင် ဩစတြီးယား အိမ်ရှေ့မင်းသား ဖာဒီနန်နှင့် သူ့ဇနီးတို့ကို စိတ်ရူးပေါက်နေသော မင်းမဲ့ဝါဒီတဦးက သေနတ်နှင့် လုပ်ကြံခဲ့သည်။
မီးရထားပေါ်တွင် ပါလာသော အခြားအမျိုးသမီးတွေနှင့် သူမ လုံးလုံးလျားလျား ကွဲပြား ခြားနားနေသလို ခံစားရသည်။ ဆင်းရဲမွဲကျန်သော လူသားတို့၏ ဝိညာဉ်များ၊ သောင်းကျန်း ဖျက်ဆီးထားသော ကမ္ဘာမြေပေါ်မှ ဖြတ်သန်းနေသော အသွင်ကွဲ အဆင်ကွဲ ငှက်ကလေးတကောင် ဖြစ်နေဟန်တူသည်။ မသိခြင်းကို ကြောက်ရွံ့၍ ကြီးထွားဖို့ ငြင်းပယ်နေသော ဘဲအုပ်ကြားက ငန်းတကောင် ဖြစ်နေသည်။ ပတ်ဝန်းကျင်ကြားက အတွဲတွေ မျက်လုံးတချက် ဝှေ့ကြည့်လိုက်ပြီး အားငယ်သလို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်မှာ ယောက်ျားတွေ၊ သူမက တယောက်တည်း။ ယောက်ျားတွေဆီက လက်ထပ်ဖို့ ကမ်းလှမ်းမှုတွေကို သူမ ပယ်ချခဲ့သည်။ သူမမှာ အတွေ့အကြုံ ရှိခဲ့ဖူးသည်။ လင်ရှိခဲ့ဖူးသည်။ လင်ရှိ မယားတယောက်၏ ဘဝလုံခြုံမှုဆိုသော အကြောင်းပြချက်နှင့် ခန္ဓာကိုယ်ကို ရောင်းစားခဲ့ရပြီး၊ ယောက်ျားတယောက်အတွက် ဒုက္ခခံခဲ့ရသော အဖြစ်မျိုး နောက်တကြိမ် မဖြစ်လိုတော့။
သူမဘေးတွင် ထိုင်နေသူ ဖရန့်အူလပ်ဖ်က ရထားပြတင်းပေါက် အပြင်လှမ်းကြည့်ရင်း စိတ်ပူနေဟန်တူသည်။ ဘာဖြစ်လို့လဲလို့ သူမ မေးလိုက်ပေမဲ့ စကားမပြန်။ ယခု သူ့ထိန်းချုပ်မှု အောက်မှာ သူမ ရောက်နေပြီဆိုတော့ အသံနှင့်ဟန်ပန် တမျိုးပြောင်းသွားသည်။ ယခင်ကလို ကိုယ်လုံးပျော့ပြောင်း နွဲ့နှောင်းခြင်း မရှိတော့ပေမဲ့ သူမ လုပ်ရမယ့်အလုပ်က ကဖို့ပဲဖြစ်သည်။ မြင်းစီးလေ့ကျင့်ခန်းကို မှန်မှန်လေ့ကျင့်ခဲ့တာကြောင့် ပွဲဦးထွက် ဖျော်ဖြေဖို့ သူမအသင့်ဖြစ်နေသည်။ သူမကို ပြင်သစ်က စိတ်မဝင်စားကြတော့။ သူမထံမှ အကောင်းဆုံးတွေကို စုပ်ယူပြီး လွှင့်ပစ်လိုက်ကြသည်။ ယခု သူမနေရာတွင် ပေါ်တူဂီ၊ နော်ဝေ၊ စပိန်နှင့် ရုရှား ကချေသည်တွေကို နေရာပေးလာကြသည်။ သူတို့တွေလည်း မာတာဟာရီ ပါရီရောက်စဉ်က အသုံးပြုခဲ့သော ကကြိုးကကွက်တွေကိုပဲ ပြန်လည်တင်ဆက်နေကြသည်။ ပါရီသည် အသစ်ကို အမြဲတောင့်တ နေတာကြောင့် ဆန်းသစ်မှုတခုခုကို ပြသဖို့ လိုလေသည်။ သူမအတွက် အချိန်တိုတောင်းခဲ့ပေမဲ့ အဲဒီလို ယုံကြည်ခဲ့သည်။
ဂျာမဏီနိုင်ငံထဲ မီးရထားကြီး ခုတ်မောင်းဝင်လာချိန် အနောက်ဘက် နယ်ခြားဆီ ချီတက်နေသော စစ်သားတွေ တွေ့နေရသည်။ စစ်သားတပ်ရင်း၊ တပ်မကြီးတွေ၊ ဧရာမ စက်သေနတ်ကြီးတွေ၊ အမြောက်ကြီးတွေ မြင်းတွေနှင့် ဆွဲသွားကြသည်။ ဘာတွေဖြစ်နေတာလဲလို့ ဖရန့်ကို ကျမ နောက်တကြိမ် မေးလိုက်သည့်အခါ အဖြေမှာ တခုခု လျှို့ဝှက်နေသည်။
“ဘာတွေပဲဖြစ်နေ ဖြစ်နေပါ။ မင်းကူညီဖို့ပဲ လိုအပ်ပါတယ်။ အခုအချိန်မှာ အနုပညာသမားတွေက အင်မတန် အရေးပါပါတယ်”
ဖရန့်ပါးစပ်က စစ်ကြီးအကြောင်း တလုံးမှ ထွက်မလာသလို၊ ပြင်သစ် သတင်းစာတွေမှာ လည်း နာမည်ကြီးပုဂ္ဂိုလ်တွေ၊ ပိုက်ဆံချမ်းသာသူတွေ၊ အတင်းအဖျင်းတွေ ရေးသားဖော်ပြနေကြ သည်။ နိုင်ငံတနိုင်ငံနှင့် တနိုင်ငံ မုန်းတီးရန်လိုနေတာ ပုံမှန်ဖြစ်နေသည်။ နိုင်ငံတနိုင်ငံသည် ကမ္ဘာတွင် အရေးပါလာသည့်အခါ တန်ဖိုးတခုကို အမြဲပေးရတတ်သည်။ အင်္ဂလန်နိုင်ငံသည် နေမဝင် အင်ပါယာကြီးတခု ပိုင်ဆိုင်ပေမဲ့ ပြင်သစ်နှင့် လန်ဒန် ဘယ်မြို့ကို သဘောကျပါသလဲလို့ တယောက်ယောက်ကို မေးစမ်းကြည့်ရင် ပါရီမြို့ကိုသာ အဖြေပေးကြပေလိမ့်မည်။
ပါရီမြို့မှာ စိန့်မြစ်ကြီး ကန့်လန့်ဖြတ် စီးဆင်းနေသည်။ ဘုရားကျောင်းတွေ၊ ဖက်ရှင် စတိုးဆိုင်ကြီးတွေ၊ ပြဇာတ်ရုံတွေ၊ ပန်းချီဆရာတွေ၊ ဂီတ အနုပညာသမားတွေ ဖွေးဖွေးလှုပ် စည်ကားနေသည်။ စားသောက်နေစဉ် အဆိုအကနှင့် ဖျော်ဖြေနေသော ကလပ်တွေလည်း ရှိသေးသည်။ အရောင်မွဲခြောက်ခြောက် နာရီစင်ကြီးတစင်၊ ပြည်သူတွေရှေ့မှောက် ဘယ်တော့မှ ထွက်မလာတဲ့ ဘုရင်တယောက်။ ဒါမှမဟုတ် ကမ္ဘာတွင် အမြင့်ဆုံးသော အီဖယ်မျှော်စင်ကြီး၊ ပါရီမြို့အဝင် ခရီယွန်မုခ်ဦးကြီးလည်း ရှိသည်။ မုဒ်ဦးနောက်က ရှောင်ဆေလီလမ်းမကြီးပေါ်တွင် ပိုက်ဆံနှင့် ဝယ်လို့ရနိုင်သမျှ အကောင်းတကာ့ အကောင်းဆုံးတွေ ရနိုင်သည်။ အဲဒီကြွယ်ဝမှုတွေ ကြောင့်ပဲ ပြင်သစ်တွေကို အင်္ဂလိပ်တွေ မနာလိုနေ တာလည်း ဖြစ်နိုင်သည်။
ဂျာမဏီနိုင်ငံထဲကို ရထားကြီး တိုးဝင်လာသည်နှင့်အမျှ စစ်သားတွေ အနောက်ဘက်ကို ချီတက်နေကြသည်။ နောက်တကြိမ် ဖရန့်ကို ကျမ မေးတော့လည်း စောစောကအဖြေပဲ ပေးနေသည်။
“ကျမဘက်က ကူညီဖို့ အဆင်သင့်ပါပဲ။ ဒါပေမဲ့ ဘာမှန်းညာမှန်း မသိဘဲ ကျမ ဘယ်လို ကူညီနိုင်မှာလဲ”
အပြင်ဘက်ကို တလျှောက်လုံး ငေးကြည့်နေရာမှ ဖရန့်မျက်လုံးတွေ ကျမဘက် လှည့်လာသည်။
“အဲဒါတော့ ကျုပ်လည်း မသိဘူး။ ဂျာမဏီနိုင်ငံက အစိုးရအရာရှိကြီးတွေ၊ သူဋ္ဌေးတွေကို ဖျော်ဖြေဖို့အတွက် ကျုပ်တာဝန်က မင်းကို ဘာလင်ခေါ်လာဖို့ပဲ သိတယ်။ ဘာလင်ရောက်ရင် နိုင်ငံခြားရေးဌာနကို သွားရမယ်။ မင်းကို သဘောကျတဲ့ လူတယောက်က ကျုပ်ကို ပိုက်ဆံပေးပြီး ခေါ်ခိုင်းတာပဲ။ မင်းဟာ ကျုပ်တွေ့ဖူးတဲ့ ကချေသည်တွေထဲမှာ ဈေးအကြီးဆုံးပဲ။ မင်းစွန့်စားမှုတွေ အောင်မြင်ပါစေလို့ မျှော်လင့်ပါတယ်”
❑
ကျမဘဝစာမျက်နှာများကို အဆုံးမသတ်မီ ခင်မင်ရဆုံးသော သို့မဟုတ် မုန်းတီးရဆုံးသော မစ္စတာကလူးနတ်ကို သူမဘဝအကြောင်း နည်းနည်း ထပ်ပြောချင်သေးသည်။ ယခု ကျမ ရေးသားနေသော ဘဝစာမျက်နှာများသည် နေရာအများအပြားတွင် ကျမကို အသိသညာက သစ္စာဖောက်ခဲ့ကောင်း ဖောက်နိုင်သော မှတ်တမ်းတခုအဖြစ် ပြောင်းလဲသွားနိုင်ပါသည်။
အကယ်၍ ဂျာမဏီ သို့မဟုတ် ပြင်သစ် သို့မဟုတ် ရုရှားနိုင်ငံတနိုင်ငံအတွက် သူလျှိုသူကန် လုပ်ပေးဖို့ တယောက်ယောက်ကို သူတို့ ရွေးချယ်ချယ်ရမည်ဆိုလျှင် ပြည်သူလူထု ပရိသတ်တွေ မျက်စိရှေ့မှောက် အစဉ်ရောက်နေသော လူတယောက်ကို ရွေးချယ်ပါမည်လား။ အဲဒီလို ရွေးချယ်ခဲ့မယ်ဆို သင့်အတွက် လုံးလုံးလျားလျား ရယ်စရာ မကောင်းပေဘူးလား။ ဘာလင်မြို့သို့ ရထားဆိုက်ကပ်ချိန်တွင် ကျမနောက်မှာ အားလုံးနောက်မှာ ကျန်ခဲ့ပါပြီ။ ဇာတ်စင်ပေါ်မှာ အကြိမ်ကြိမ် အခါခါ ဆန်းသစ်တီထွင်မှုတွေနှင့် ကျမ ကပြဖြေဖျော်နိုင်ခဲ့တာတွေ၊ ပါရီတွင် ပျော်ရွှင်စွာ ကုန်ဆုံးခဲ့သော တဒင်္ဂလေးတွေလို သာယာလှပသော အမှတ်သညာများနှင့် အတွေ့အကြုံ အားလုံး ကျမနှင့် တဖြည်းဖြည်း ဝေးကွာသွားပါပြီ။ ယခု ကျမတဘဝလုံး ခြေကုန်လက်ပန်း ကျနေလေပြီ။ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီး အစပျိုးလာချိန် ဟော်လန်ကို မပြန်ဘဲ နာမည်ကို နောက်တကြိမ် ပြောင်းလဲကာ နွမ်းကြေနေသော ကျမဝိညာဉ်ကို စောင့်ရှောက်မည့် တဦးဦးကို ရှာဖွေနေဟန်တူသည်။ ဘဝသစ်တခုကိုစဖို့ ကျမမျက်နှာကို မသိသေးသော ကမ္ဘာလောကထဲက နေရာတနေရာကို ရှာဖွေနေသည်။ အသက်ရှင်သန်နေသေးသော သူမဘဝသည်လည်း နှစ်ပိုင်းကွဲသွားသည်။ အရာရာ ဖြစ်နိုင်သော မိန်းမတယောက်ဘဝနှင့် ဘာတခုမှ မရှိတော့သော မိန်းမတယောက်ဘဝ ဖြစ်သည်။ ကုန်ကုန် ပြောရလျှင် သားသမီး မြေးမြစ်တွေကိုပင် ပြောစရာပုံပြင် တပုဒ်မှမရှိသော မိန်းမတယောက်ဘဝဖြစ်သည်။
လောလောဆယ် အကျဉ်းသားတယောက် ဖြစ်နေပေမဲ့ ကျမဝိညာဉ်ကတော့ လွတ်လပ်နေသေးသည်။ သွေးအိုင်တွေကြား ဆက်လက် အသက်ရှင်မည့်သူကိုတွေ့ဖို့ မဆုံးနိုင် မပြီးနိုင်သောတိုက်ပွဲကို လူတိုင်း တိုက်ခိုက်နေချိန်မှာပဲ ကျမအတွက် တိုက်ပွဲတွေ ရပ်တန့်သွားသည်။ ကျမနှင့် တခါမှ မဆုံခဲ့ဘူးပေမဲ့၊ ကျမ ဘယ်သူဆိုတာကို အဆုံးအဖြတ် ပေးမည့်လူတွေကို စောင့်နေလေသည်။ ကျမမှာ အပြစ်ရှိသည်ဆိုလျှင် တနေ့ အမှန်တရား ပေါ်ထွက်လာပြီး သူတို့နိုင်ငံ၊ သူတို့မျိုးဆက်သစ်တွေအားလုံး အရှက်ဆိုသော ဝတ်ရုံ ခြုံထားကြရပါလိမ့်မည်။
ပြင်သစ်သမ္မတကြီးကို ဂုဏ်သိက္ခာရှိသူတယောက်အဖြစ် ကျမ ရိုးရိုးသားသား ယုံကြည်နေသည်။ ကျမမှာ အရာရာ ရှိနေချိန်၊ ကျမကို လိုလိုလားလား ကူညီခဲ့သည့် မိတ်ဆွေ အပေါင်းအသင်းတွေလည်း ယခုအချိန် ကျမဘက်မှာ ရှိနေလိမ့်မယ်လို့ ယုံကြည်နေသည်။
နေ့သည် အရုဏ်ကျင်း၍ သစ်ပင်ထက် ဆူညံ ဆူညံ ငှက်သံတွေ ကြားနေရသည်။ အခြားအကျဉ်းသားတွေအားလုံး အိပ်နေကြသည်။ အချို့ အကျဉ်းသားတွေ ထိတ်လန့်၍၊ အချို့ကတော့ ကံကြမ္မာကို အရှုံးပေးလိုက်ကြသည်။ နေခြည်နုလေးတွေ ပထမဦးဆုံး ကမ္ဘာမြေပေါ် ရောက်လာသည်အထိ ကျမအိပ်ပျော်နေသည်။ ကျမ အကျဉ်းတိုက်ထဲထိ နေခြည်နုလေးတွေ ရောက်မလာပေမဲ့ ဘော်ငွေရောင် ကောင်းကင်ပြင်ကြီးတွင် သူတို့စွမ်းအားတွေ ထုတ်ပြရင်း၊ ကျမအတွက် တရားမျှတခြင်း မျှော်လင့်ချက်ကိုလည်း ယူဆောင်လာသည်။
ကျမကိုဘဝက ဘာကြောင့် အဲဒီလောက် အချိန်နည်းနည်းလေး ပေးခဲ့ပါသလဲ။ အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်ဖို့၊ အတွေ့အကြုံတွေ ကြွယ်ဝဖို့ ကျမ အချိန်အနည်းငယ် ရခဲ့လေသည်။ ဒါပေမဲ့ အဲဒီအရာတွေရဖို့ အခြားနည်းလမ်းတွေလည်း ရှိသည်။ ကျမဝိညာဉ်၏ အမိုက်တိုက်ထဲကို နှစ်မြှုပ်ပစ်စရာမလို။ လမ်းပြတဦးတယောက်မှ မရှိပါဘဲ ဝံပုလွေနှင့် သားရဲတိရစ္ဆာန်တွေ ပေါသော တောနက်ကြီးကို ဖြတ်သန်းစရာမလို။ ထိတ်လန့်ကောင်း ထိတ်လန့်နိုင်ပေမဲ့ အဲဒီတောနက်ကြီးမှာ အစအဆုံး ရှိတာကိုတော့ ကျမသိသည်။ အခြားတဘက်ကို ရောက်ဖို့လည်း ရည်ရွယ်ထားသည်။ ကျမအကြောင်း လိမ်ပြောသူတွေကို စွပ်စွဲမှာ မဟုတ်သလို စိတ်သဘောထား ကြီးနိုင်ပါသည်။ စင်္ကြမှ ခြေသံတွေကြားပြီး နံနက်စာ ရောက်မလာမီ ကျမ ဘာလုပ်တော့မလဲ၊ ရှင်သိပါသလား။ ဂီတသင်္ကေတလေးတွေကို ပြန်အောက်မေ့ပြီး စည်းချက်နှင့် အတူ ကျမခန္ဓာကိုယ် လှုပ်ရှားနေမှာပါ။ အဲဒီလိုစည်းချက်နဲ့အတူ လှုပ်ရှားနေခြင်းသည်ပင် ကျမကို လွတ်လပ်တဲ့ မိန်းမတယောက်ဖြစ်ကြောင်း ပြသနေသည်။ အဲဒါကြောင့်ပဲ အချစ်ကိုမရှာ၊ လွတ်လပ်မှုကိုသာ ရှာဖွေလာခဲ့သည်။ အချစ်ကြောင့်ပင် ကျမ ချောင်းမြောင်း စောင့်နေသူတွေရှိရာသို့ ရောက်လာခဲ့သည်။ ဘာလင်မြို့ကို ရောက်ခဲ့သော နံနက်မှစ၍ ဘဝအဖြစ်အပျက်တွေ အလွန် မြန်ဆန်လာပြီး အမီလိုက်ဖို့ ကြိုးစားနေရတာကြောင့် ကျမဇာတ်လမ်းကို ဖြည်းဖြည်းနှင့်အေးအေး ပြောပြချင်ပါသည်။
❑
အလေ့အကျင့် ပျက်နေပေမဲ့ အကောင်းဆုံး ကျမ ကပြဖျော်ဖြေနေချိန် ပရိသတ်ကလည်း အာရုံစူးစိုက်နေချိန်။ ဇာတ်စင်ပေါ် ဂျာမန်စစ်သားတွေ တက်လာပြီး နောက်ထပ် ညွှန်ကြားချက်တွေ မထုတ်ပြန်မချင်း၊ အက ဖျော်ဖြေမှုကို ဖျက်သိမ်းလိုက်ကြောင်းနှင့် ကြေညာချက်တခု အော်၍ ဖတ်ပြသည်။
“အခုကြေညာချက်ဟာ ကိုင်ဇာဘုရင်ကိုယ်တိုင် ပေးပို့လိုက်တဲ့ ကြေညာချက် ဖြစ်ပါတယ်။ ကျွန်ုပ်တို့နိုင်ငံမှာ ရန်သူတွေ ဝိုင်းနေပြီး မှောင်မိုက်သော သမိုင်းကာလတခုကို ဖြတ်သန်းနေကြ ပါတယ်။ အဲဒါကြောင့် လက်နက်ကိုယ်စီ အသင့်ပြင်ပြီး၊ ဂုဏ်သက္ခာရှိစွာနဲ့ တိုက်ပွဲဝင်ဖို့ ကျွန်ုပ် တောင်းဆိုလိုက်သည်”
ဘာတွေဖြစ်နေကြတာလဲ၊ ကျမနားမလည်။ အဝတ်အစားလဲခန်းထဲ ခပ်သွက်သွက်သွားပြီး ဝတ်စုံတစုံ လဲလိုက်သည်။ ကျမနောက်က ဖရန့် မောကြီးပန်းကြီးနှင့် ဝင်လာပြီး ကျမ နားမလည်နိုင်သော စကားတွေ ပြောနေသည်။
“ဒီနေရာက ခင်ဗျား မြန်မြန်ထွက်သွားမှဖြစ်မယ်။ နို့မဟုတ်ရင် အဖမ်းခံရလိမ့်မယ်”
“ထွက်သွားရမယ် ဟုတ်လား။ ကျမက ဘယ်ကိုသွားရမှာလဲ။ မနက်ဖြန် ဂျာမဏီ နိုင်ငံခြားရေးဌာနက လူတယောက်နဲ့ သွားတွေ့ရမယ် မဟုတ်လား
“အစီအစဉ်အားလုံး ဖျက်သိမ်းလိုက်ပြီ မာတာဟာရီ။ ခင်ဗျားဟာ ကြားနေ နိုင်ငံတနိုင်ငံက နိုင်ငံသား ဖြစ်နေတာ ကံကောင်းတယ်။ အဲဒီနေရာကို ခင်ဗျား ချက်ချင်း သွားသင့်တယ်”
ကျမနိုင်ငံကို ပြန်သွားဖို့ကလွဲပြီး အခြားကိစ္စတွေအားလုံး ကျမစဉ်းစားနေသည်။ အင်္ကျီအိတ်ထောင်တွေထဲက ဂျာမန်ငွေစက္ကူတထပ်ကို ဖရန့် ဆွဲထုတ်ပြီး ကျမကို လှမ်းပေးသည်။
“မက်ထရိုပို ပြဇာတ်ရုံနဲ့ ၆ လ ကန်ထရိုက်စာချုပ် ချုပ်ထားတဲ့ကိစ္စကို မေ့လိုက်ပါ မာတာဟာရီ။ ဟောဒါ ပြဇာတ်ရုံ မီးခံသေတ္တာထဲက ပိုက်ဆံ အကုန်ပဲ။ ငွေယူပြီး ခင်ဗျားချက်ချင်း ထွက်သွားပေတော့။ ခင်ဗျားအဝတ်အစားတွေကိုတော့ နောက်မှပဲ ကျုပ်ပို့ပေးလိုက်မယ်။ ကျုပ်အသက်ရှင်နေသေးတယ် ဆိုရင်ပေါ့။ ကျုပ်ကိုလည်း စစ်တပ်က စစ်မှုထမ်းဖို့ ခေါ်နေပြီ”
ဘာတွေဖြစ်ကုန်ပြီလဲ၊ ကမ္ဘာကြီး ရူးသွားပြီလား။
“ဘယ်လောက်ပဲ သွေးသားတော်စပ်သည်ဖြစ်စေ၊ ဆွေမျိုးတယောက် သေဆုံးသွားတာ လူတွေကို သေလမ်းပို့ဖို့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ ကမ္ဘာကြီးကို စစ်ဗိုလ်ချုပ်တွေ အုပ်ချုပ်နေကြတယ်လေ။ ပြီးခဲ့တဲ့နှစ် ၄၀ ကျော်က ပြင်သစ်တွေ စစ်ရှုံးသွားတာကို အပြီးမသတ်သေးဘဲ အခုထက်ထိ ဆက်နေကြတယ်။ သူတို့တွေ အရှက်တကွဲ အကျိုးနည်းခဲ့တာကို လက်တုံ့ပြန်ဖို့ ဆုံးဖြတ်ထားကြတယ်။ ပြင်သစ်တွေ အင်အားကြီးလာမှာကို သူတို့တွေ ဟန့်တားနေကြတယ်။ နေ့တိုင်း နေ့တိုင်း အင်အားကြီးထွားလာတဲ့ အရိပ်အယောင်တွေ တွေ့နေရတယ်။ အဲဒါကြောင့် မြွေတကောင်ကို အန္တရာယ်မပေးခင် သတ်ပစ်တာ အကောင်းဆုံးပဲ မဟုတ်လား”
“ရှင်ဆိုလိုတာက ကျမတို့တွေ စစ်ဖြစ်တော့မယ်ဆိုတဲ့ သဘောလား။ အဲဒါကြောင့် ပြီးခဲ့တဲ့ တပတ်က စစ်သားတွေ အနောက်ဘက်ကို ချီတက်နေကြတာ မဟုတ်လား”
“သိပ်မှန်တာပေါ့။ ကျုပ်တို့ကို အုပ်ချုပ်တဲ့သူတွေ တဘက်စီ မဟာမိတ်တွေ ဖွဲ့နေတာကြောင့် စစ်တုရင်ကစားပွဲဟာ ပိုရှုပ်ထွေးလာနေတယ်။ ရှင်းပြရရင်တော့ ဆုံးမှာမဟုတ်ဘူး။ ဒါပေမဲ့ အခုပြောနိုင်တာကတော့ ကျုပ်တို့ရန်သူတွေ ဘယ်လ်ဂျီယံကို ကျူးကျော်နေကြပြီ။ လူဇင်ဘတ် ကိုလည်း ဝိုင်းရံပိတ်ဆို့ထားကြပြီ။ အခုဆို ပြင်သစ်နိုင်ငံ စက်မှုဒေသကို စစ်တပ်တွေ ချီတက်နေကြပြီ။ ပြင်သစ်တွေ အပျော်ကြီး ပျော်နေတုန်း ကျုပ်တို့တွေ ယိုးမယ်ဖွဲ့စရာ အကြောင်းပြချက်တခုကို ကျုပ်တို့တွေ ရှာနေကြတယ်။ ပြင်သစ်တွေ အီဖယ်မျှော်စင်ကြီး ဆောက်နေချိန်မှာပဲ ကျုပ်တို့တွေ အမြောက်တွေ တည်ဆောက်နေကြတယ်။ အရာအားလုံး အရှည် တည်တံ့လိမ့်မယ်လို့ ကျုပ်မယုံပါဘူး။ နှစ်ဘက်စလုံး အတိုင်းအတာတခုအထိ ပျက်စီးဆုံးရှုံးပြီး သွားရင်တော့ ငြိမ်းချမ်းရေးကပဲ အနိုင်ရမှာပါ။ ဒါပေမဲ့ အခုအချိန်အထိ ကိုယ့်နိုင်ငံမှာကိုယ် ခုံလှုံပြီး အခြေအနေတွေအားလုံး အေးချမ်းတဲ့အထိ စောင့်နေပါ မာတာဟာရီ”
ဖရန့်ကို ကျမ အံ့သြသွားသည်။ ကျမကောင်းကျိုးချမ်းသာကို ရိုးရိုးသားသား သူလိုလားနေပုံ ရသည်။ သူ့အနားကို ကျမ တိုးကပ်သွားပြီး မျက်နှာကို လက်နှင့်စမ်းလိုက်သည်။
“မပူပါနဲ့ အားလုံးကောင်းသွားမှာပါ”
ကျမလက်ကို ဘေးဖယ်လိုက်ရင်း၊
“မဖြစ်နိုင်ပါဘူး မာတာဟာရီ။ ကျုပ်အလိုလားဆုံးကတော့ ထာဝရပျောက်ကွယ်ခြင်းပါပဲ။ ကျုပ်ငယ်ငယ်က မိဘတွေက စန္ဒရားတီး သင်ခိုင်းခဲ့တယ်။ စန္ဒရား တီးရတာ ဘယ်တော့မှ ကျုပ်သဘောမကျခဲ့ဘူး။ အိမ်က ထွက်လာပြီ ဆိုတော့လည်း ကျုပ် အားလုံး မေ့သွားတယ်။ တခုပဲ ခေါင်းထဲစွဲကျန်ခဲ့တယ်။ ကမ္ဘာမှာ အလှပဆုံး တေးသွားဟာ ကြိုးတွေ မညှိဘဲ စက်ဆုတ်စရာ၊ မုန်းတီးစရာ ဖြစ်လာပါလိမ့်မယ်”
“စစ်မှုထမ်းဥပဒေအရ ဗီယက်နမ်မှာ ကျုပ် စစ်မှုထမ်းနေတုန်း ကြော်ငြာ ပိုစတာတခုမှာ မိန်းကလေးတယောက် တွေ့ခဲ့တယ်။ သူ့ကို အပြင်မှာ လူချင်း မမြင်ဘူးပေမဲ့ မိန်းကလေးက တစုံတရာ ပြောပြနေတယ်။ အဲဒါ မြင်မြင်ချင်း ချစ်တဲ့အချစ်ပဲ။ လူတွေ ပြွတ်သိပ်နေတဲ့ ဇာတ်ရုံထဲ ဝင်ပြီး ကျုပ်တပတ်လုပ်ခနဲ့ ညီမျှတဲ့ ပိုက်ဆံနဲ့ လက်မှတ်တစောင် ဝယ်လိုက်တယ်။ ကျုပ်ရင်ထဲက အရာအားလုံး သံစဉ်တွေ လွဲသွားပြီဆိုတာ သဘောပေါက်လိုက်ပါတယ်။ အဲဒီမိန်းကလေး အကကို ကြည့်နေရင်း ကမ္ဘာကြီးထဲက ကျုပ်နဲ့ပတ်သက်နေတဲ့ အရာအားလုံး ရုတ်တရက် သဟဇာတ ဖြစ်လာကြတယ်။ အဲဒါ တိုင်းတပါးဂီတ မဟုတ်ဘူး။ ဇာတ်စင်ပေါ်မှာ ကာမရာဂ တောက်လောင်အောင် လုပ်နေတာ မဟုတ်ဘူး။ အဲဒါ ကချေသည်တယောက်ပါပဲ”
သူပြောနေတဲ့အကြောင်းကို ကျမသိနေပေမဲ့ ကြားဖြတ်မမေးပဲ ဆိတ်ဆိတ် နားထောင်နေလိုက်သည်။
“အဲဒီမိန်းကလေးဟာ ခင်ဗျားပါပဲ။ အဲဒီအကြောင်းတွေကို စောစောကတည်းက ခင်ဗျားကို ကျုပ်ပြောပြသင့်ပေမဲ့ အချိန်မကျသေးလို့ အောင့်အည်းခဲ့တာပါ။ ဒီကနေ့ ကျုပ်ဟာ အောင်မြင်တဲ့ ပြဇာတ်မန်နေဂျာတယောက်ပါပဲ။ ဗီယက်နမ်မှာ အဲဒီညက ကျုပ်မြင်ခဲ့တဲ့အရာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မနက်ဖြန် ကျုပ်တို့တပ်စု တာဝန်ခံဗိုလ်ကြီး တယောက်ဆီ အစီရင်ခံရမှာပါ။ ပါရီကို ကျုပ် မကြာခဏသွားပြီး ခင်ဗျားကပွဲတွေကို ကြည့်တတ်ပါတယ်။ မာတာဟာရီ ခင်ဗျားဘာတွေပဲ လုပ်လုပ်၊ ကချေသည် ဒါမှမဟုတ် အနုပညာရှင်လို့ မခေါ်ထိုက်တဲ့ လူတစုကို ခင်ဗျား အရှုံးပေးနေရပြီ။ အဲဒါကြောင့် ခင်ဗျားအနုပညာကို အမြတ်တနိုး တန်ဖိုးထားမယ့် လူတွေရှိရာဆီ ခေါ်လာဖို့ ဆုံးဖြတ်ခဲ့တာပါ။ အဲဒါတွေအားလုံး ချစ်ခြင်းနဲ့ ဆောင်ရွက်ခဲ့တာပါ။ ချစ်ခြင်းပါပဲ...။ တုံ့ပြန်မရသော ချစ်ခြင်းပါ။ ဒါပေမဲ့ ရည်ရွယ်ချက်က ခင်ဗျားချစ်တဲ့သူတွေနဲ့ အတူရှိနေဖို့ပါပဲ”
“တနေ့ ပါရီမြို့မှာ ရဲဆေးတင်ပြီး ခင်ဗျားဆီ ချဉ်းကပ်ဖို့ ပြင်ဆင်နေတုန်း ကျုပ်ကို သံရုံးအရာရှိတဦးက ဆက်သွယ်လာတယ်။ ထောက်လှမ်းရေး သတင်းအရ ခင်ဗျားတွဲနေတဲ့ သူတွေထဲမှာ စစ်ဝန်ကြီး ဖြစ်လာမယ့် လက်ထောက်အရာရှိတယောက်လည်း ပါနေတယ်။ အဲဒီလူဟာ အရင်က စစ်ဝန်ကြီးရာထူး ပြန်ရမယ်ဆိုတာ သတင်းတွေအရ ကျုပ်တို့ သိနေတယ်။ အရင်ကလည်း ကျုပ်နဲ့ သံရုံးအရာရှိ မကြာခဏ တွေ့ဆုံပြီး ပါရီမြို့ရဲ့ညတွေမှာ ပျော်ပါးခဲ့ဖူးပါတယ်။ အဲဒီလိုနဲ့ တည ကျုပ် နည်းနည်းလေးမူးသွားပြီး ခင်ဗျားအကြောင်းတွေ အကြာကြီး ပြောမိလိုက်တယ်။ ခင်ဗျားကို ကျုပ်ချစ်နေတယ်ဆိုတာ သံရုံးအရာရှိ သိနေပြီး၊ ခင်ဗျားကို သူ့ဆီ ခေါ်လာဖို့ တောင်းဆိုခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ မကြာခင် ခင်ဗျားရဲ့ဝန်ဆောင်မှုကို သူတို့တွေ လိုလာလိမ့်မယ်။
“ကျမဝန်ဆောင်မှု ဟုတ်လား”
“အစိုးရအသိုင်းအဝိုင်း အတွင်းစည်းထဲကို ဝင်နိုင်ထွက်နိုင်တဲ့ ဝန်ဆောင်မှုပါ မာတာဟာရီ”
သူပြောရမယ့် စကားလုံးက ဝန်ဆောင်မှု မဟုတ်ပါဘူး။ သူလျှိုလုပ်ပေးရမယ်လို့ ပြောရမှာကို လှည့်ပတ်ပြောနေခြင်းဖြစ်သည်။ သူလျှိုဖြစ်စေ၊ ဝန်ဆောင်မှုဖြစ်စေ ဘဝမှာ တခါမှ မလုပ်ခဲ့ဘူးသော အလုပ်တခု။ ရယ်စရာကောင်းတဲ့ တရားခွင်မှာလည်း အဲဒီစကားကိုပဲ ကျမ အထပ်ထပ် ပြောခဲ့တာ ရှေ့နေကြီး မှတ်မိနိုင်ပါသည်။ ကျမကို မိန်းမပျက်တယောက်လို့ ပြောရင်ရတယ်။ ဒါပေမဲ့ ဘယ်တော့မှ သူလျှိုမလုပ်ခဲ့သူပါ။
“အဲဒါကြောင့်ပဲ ဒီနေရာက အမြန်ဆုံး ထွက်ခွာပြီး ဟော်လန်ကို တည့်တည်မတ်မတ် ပြန်ပါ မာတာဟာရီ။ အခု ခင်ဗျားကို ကျုပ်ပေးလိုက်တဲ့ ပိုက်ဆံက လုံလောက်ပါတယ်။ နောက်ကျသွားရင် ပြန်ဖို့ ခက်ခဲပါလိမ့်မယ်။ ဖြစ်နိုင်တယ် ဆိုရင်တောင် အရမ်းကို ခက်ခဲပါလိမ့်မယ်။ ပါရီမြို့ထဲကို သူလျှိုသူကန်တယောက်အနေနဲ့သာ စိမ့်ဝင်နိုင်ပါလိမ့်မယ်”
ကျမ တကယ်ပဲ ထိတ်လန့်လာသည်။ ကျမအတွက် ဆောင်ရွက်ပေးခဲ့တာတွေအတွက် သူ့ကို တချက်နမ်းဖို့ ဒါမှမဟုတ် ကျေးဇူးတင်စကား ပြောဖို့ပင် ခွန်အားမရှိတော့။ စစ်ကြီးပြီးတဲ့အထိ ရှင့်ကို ကျမ စောင့်နေပါမယ်လို့ ဟန်ဆောင်ပန်ဆောင်မျှပင် မပြောနိုင်။ သူ၏ရိုးသားမှုက ကျမ အလိမ်အညာတွေကို ခြောက်လှန့် မောင်းထုတ်လိုက်သည်။
စန္ဒရားတလုံးသည် ဘယ်တော့မှ သံစဉ်တေးသွား မကျိုးပျက်သင့်။ စစ်မှန်သော အပြစ် ဟူသည် ကျွန်ုပ်တို့ကို သင်ကြားပေးခဲ့သော အရာများနှင့် တခြားစီ ဖြစ်နေသည်။ စစ်မှန်သော အပြစ်ဟူသည် ယခုအထိ သဟဇာတဖြစ်ခြင်းနှင့် ကင်းကွာနေသော အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်။ ထိုအရာသည် ကျမတို့ နေ့စဉ် ပြောနေသော အလိမ်အညာနှင့် အမှန်တရားတွေထက် စွမ်းအားကြီးသည်။ တကယ်တော့ အပြစ်ဆိုတာကို ဘုရားသခင်က ဖန်ဆင်းခဲ့တာ မဟုတ်။ ဖြစ်ရိုးဖြစ်စဉ် ဒါမှမဟုတ် သဘာဝကျကျ တည်ရှိနေသော အရာတခုကို မိမိအတ္တဖြင့် ပြောင်းလဲဖို့ ကြိုးစားသည့်အခါ ကျမတို့ကိုယ်တိုင် ဖန်တီးလိုက်ပြီး တခုလုံးကို မမြင်နိုင်တော့ဘဲ တစိတ်တပိုင်း ကိုသာ မြင်နိုင်လာကြသည်။ အပြစ်တွေ၊ ဥပဒေတွေ၊ အကောင်းအဆိုးတွေ ရောပြွမ်းနေသော အဲဒီတစိတ်တပိုင်းကိုပင် မှန်တယ်လို့ ထင်နေကြသည်။
ကျမအတွေးတွေကို ကျမကိုယ်တိုင် အံ့သြနေသည်။ ကျမစဉ်းစားနိုင်တာထက် အကြောက်တရား၏ ရိုက်ခတ်မှုလည်း ဖြစ်နိုင်ပါသည်။ ဖရန့်က စကားဆက်ပြောနေသည်။
“ခင်ဗျားတို့နိုင်ငံမှာ ကျုပ်နဲ့ သိကျွမ်းတဲ့ ဂျာမန်ကောင်စစ်ဝန်တယောက် ရှိတယ်။ ခင်ဗျားဘဝကို ပြန်လည်တည်ဆောက်ဖို့ သူကူညီနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သတိထားပါ။ သူကလည်း ကျုပ်လိုပဲ ကျုပ်တို့ဂျာမန်တွေ စစ်အောင်နိုင်ဖို့ ခင်ဗျားအကူအညီကို သူလိုအပ်နေမှာပါ”
သူလျှိုဆိုသော စကားလုံးကို နောက်တကြိမ် ဖရန့် လွှဲပြောနေပြန်သည်။ အဲဒီလို ထောင်ချောက်တွေကို ကျော်လွှားဖို့ ကျမမှာ အတွေ့အကြုံ အပြည့်ရှိနေသည်။ ယောက်ျားတွေနှင့် ဆက်ဆံရာမှာ အကြိမ်ပေါင်းများစွာ ကျမ ကြုံတွေ့ခဲ့ဖူးပြီ။ ကျမကို ဖရန့် အပြင်ဘက်သို့ ဦးဆောင်လာပြီး ဘူတာရုံကို ကားနှင့် ထွက်လာခဲ့ကြသည်။ လမ်းတလျှောက် ကိုင်ဇာဘုရင် နန်းတော်ရှေ့တွင် လူရာပေါင်းများစွာ ဆန္ဒပြနေကြသည်။ လေထဲကို လက်သီးလက်မောင်းတွေ တန်းရင်း အော်ဟစ်နေကြသည်။
“ဂျာမန်နိုင်ငံတော်ကြီး အဓွန့်ရှည်ပါစေ”
မော်တော်ကားအရှိန်ကို ဖရန့်မြှင့်လိုက်ရင်း၊
“တယောက်ယောက်က ကျုပ်တို့ကားကို စစ်ဆေးရင် ဘာမှမပြောပါနဲ့ မာတာဟာရီ။ ကျုပ်ပဲ ကြည့်ပြောလိုက်မယ်။ ခင်ဗျားကို တခုခုမေးရင်လည်း ရက်စ် ဒါမှမဟုတ် နိုးလို့ပဲ ပြောလိုက်ပါ။ ဘူတာရုံ ရောက်ရင်လည်း ဘာမှမကြောက်ပါနဲ့။ နေမြဲအတိုင်း ဆက်နေပါ”
ကျမ ဘယ်သူလဲ။ ကိုယ့်ကိုယ်ကိုယ် ဘယ်သူဘယ်ဝါဆိုတာ တိတိကျကျတောင် မသိခဲ့ရင်၊ ကိုယ့်ကိုယ့်ကိုယ်တောင် ဘယ်လိုယုံကြည်နိုင်တော့မှာလဲ။ ဥရောပကို တုန်လှုပ်ချောက်ချားစေခဲ့သော ကချေသည်လား။ ဒတ်ချ်အရှေ့အင်ဒီမှာ အရှက်တကွဲ ကိုယ်ကျိုးနည်းခဲ့ရသူ အိမ်ရှင်မတဦးလား။ အာဏာရှိသူ ယောက်ျားတကာရဲ့ချစ်သူလား။ သတင်းစာတွေက ရေးနေကြတဲ့ အရှက်အကြောက်မဲ့ အနုပညာသည်တဦးလား။ ဘူတာရုံရောက်တော့ ကျမလက်ဖမိုးကို ညင်ညင်သာသာ ဆွဲယူ နမ်းလိုက်ပြီး ပထမဆုံးရထားနဲ့လိုက်ပါဖို့ ဖရန့်က အကြံပေးသည်။
ယခုတကြိမ်သည် ကျမဘဝတွင် ခရီးဆောင် ဝန်စည်စလယ် တခုမှမပါဘဲ ပထမဦးဆုံး နိုင်ငံရပ်ခြား ခရီးသွားခြင်းဖြစ်သည်။ ဒါပေမဲ့ အံ့သြထူးဆန်းစွာပင် အဲဒီအခြေအနေကပဲ ကျမကို လုံးဝလွတ်လပ်မှု ပေးနေသည်။ အမ်စတာဒမ်ကို လက်မှတ်ဝယ်ပြီး ရထားထွက်ချိန် ရောက်ဖို့ နာရီအနည်းငယ် လိုနေသေးသည်။ ကျမအပြောအဆို လှုပ်ရှားမှုအားလုံး ပိရိအောင် ကြိုးစားနေသည့်ကြားက ကျမကို လူတွေ ကြည့်နေတာကို သတိထားမိသည်။ မနာလိုဝန်တိုသော သို့တည်းမဟုတ် သဘောကျသော အကြည့်တွေမဟုတ်။ စပ်စုနေသော အကြည့်တွေဖြစ်သည်။ ပလတ်ဖောင်းပေါ်တွင် လူတွေ ကြိတ်ကြိတ်တိုးနေပြီး သူတို့တွေအားလုံး လက်ဆွဲအိတ်တွေ၊ အထုပ်အပိုးတွေ၊ ကော်ဇောအိတ်တွေ သယ်လာကြသည်။ အဲဒီအခိုက် စောစောက ကျမကို ဖရန့်ပြောခဲ့သလို မိခင်တယောက်က သူ့သမီးကို ပြောနေသော စကားသံ ကြားလိုက်ရသည်။
“အစောင့်စစ်သား တယောက်ယောက်မေးရင် ဂျာမန်လိုပဲ ပြောနော်”
သူတို့တွေအားလုံး ဂျာမန်တွေ မဟုတ်တာ သေချာသည်။ သို့တည်းမဟုတ် ဂျာမန်နိုင်ငံ အတွင်း သွားမည့် ခရီးသည်တွေ မဟုတ်တာ သေချာသည်။ သူတို့အားလုံး သူလျှိုသူကန်တွေလား။ ကိုယ့်နိုင်ငံ အသီးသီး ပြန်ကြမယ့် ဒုက္ခသည်တွေလား။ လူတွေအကြည့်ကို ရှောင်ပြီး နှုတ်ပိတ်နေဖို့ ကြိုးစားပေမဲ့ အမျိုးသားကြီးတယောက် ကျမထံ ချဉ်းကပ်လာပြီး စပ်စုနေပြန်သည်။
“မင်း ငါတို့နဲ့ကမလား။ ငါတို့က ဟောဟိုက ပလက်ဖောင်းအစွန်မှာ နေကြတယ်။ လာပါ... ကကြတာပေါ့”
ကျမ ဘယ်သူဘယ်ဝါဆိုတာကို သူဖော်ထုတ်လိုက်တာလား။ ယခုအချိန် လူစိမ်းတွေနှင့် ရောနှောနေတာ ကျမအတွက် အကောင်းဆုံး ဖြစ်မယ်အထင်နှင့် သူနောက်ကို မမေးမစမ်း မျက်ကန်း တယောက်လို ကျမလိုက်သွားသည်။ သူတို့အားလုံး ဂျစ်ပစီတွေ။ ပိုက်ဆံအိတ်ကို ကျမ တင်းတင်းကျပ်ကျပ် ကိုယ်နှင့်မကွာ ဆုပ်ထားလိုက်သည်။ သူတို့မျက်လုံးတွေထဲမှာ စိုးရိမ် ထိတ်လန့်မှု တချို့ တွေ့နေရပေမဲ့ မျက်နှာရိပ် မျက်နှာထားနှင့် ဖုံးကွယ်ထားကြသည်။ တယောက်နှင့် တယောက် လက်ချင်းချိတ်၍ ဝိုင်းဖွဲ့လိုက်ကြပြီး ဝိုင်းအလယ်တွင် အမျိုးသီး ၃ ယောက် ကခုန်နေကြသည်။
“မင်းရော ကမလား”
ကျမကို ခေါ်လာသူက မေးနေသည်။ ကျမ မကတတ်ကြောင်း ပြောပြတော့ သူက ကဖို့ ဇွတ်ပြောနေပြန်သည်။ အဲဒါကြောင့် ဝတ်ထားသော အဝတ်အစားတွေကို အကြောင်းပြလိုက်ရသည်။ အဝတ်တွေကြောင့် လွတ်လွတ်လပ်လပ် ကနိုင်မှာ မဟုတ်ကြောင်း ဆင်ခြေပေးလိုက်မှ သူ ကျေနပ်သွားသည်။ ဒါပေမဲ့ သူတို့လို လက်ခုပ်တီးဖို့ တိုက်တွန်းနေပြန်သည်။
“ငါတို့တွေအားလုံး ဘော်လ်ကန်ဒေသက ရိုမေးနီးယန်းတွေလေ။ စစ်ကြီး ဖြစ်တော့မယ်လို့ ငါတို့ကြားတယ်။ အဲဒါကြောင့် ဒီနိုင်ငံက အမြန်ဆုံး ထွက်ခွာရမယ်”
သူပြောသလို ဘော်လကန်ဒေသမှာ စစ်ဖြစ်လာဖွယ် မရှိကြောင်း၊ သူကြားရသောသတင်း သည် နှစ်ပေါင်းများစွာ ပေါက်ကွဲဖို့ အသင့်စောင့်နေသော ယမ်းအိုးကြီးကို မီးတို့လိုက်သော အကြောင်းပြချက်သာဖြစ်ကြောင်း ရှင်းပြဖို့ စဉ်းစားလိုက်ပေမဲ့ ဖရန့်အကြံပေးလိုက်သလို ပါးစပ်ပိတ် နေတာပဲ ကောင်းပါသည်။
“အခုဖြစ်မယ့် စစ်ကြီးကလည်း ပြီးသွားမှာပါ။ စစ်ပွဲတွေအားလုံး တချိန်ချိန် အဆုံးသတ် သွားကြတာပါပဲ။ ဒါပေမဲ့ အသက်ပေါင်း မြောက်မြားစွာကို ရင်းနှီးပြီး၊ အချို့လူတွေ အကျိုးအမြတ်တွေ ရလာကြတယ်။ ငါတို့နောက်ကို စစ်ပွဲတွေ မရပ်မနား လိုက်နေချိန်မှာ၊ ငါတို့တွေကလည်း စစ်ပွဲတွေနဲ့ ဝေးတဲ့နေရာဆီ ဆက်သွားကြမယ်”
ဆံပင်အနက်၊ မျက်လုံးအိမ်အနက်နှင့် အမျိုးသမီးတယောက် ပြောနေသော စကားတွေကို ကြားနေရသည်။ အနီးအနားတွင် ကလေးတစု ကစားနေကြသည်။ သူတို့အတွက် ခရီးသွားခြင်းသည် စွန့်စားခန်းတခုလို ထင်မှတ်နေဟန်တူသည်။ သူတို့အတွက် တိုက်ခိုက်မှုတွေ၊ လိုက်တမ်း ပြေးတမ်းတွေ မရှိခဲ့လျှင် ငြီးငွေ့စရာ ကမ္ဘာကြီး ဖြစ်နေပေလိမ့်မည်။ ကျမကို စကားပြောနေသော ဂျစ်ပစီအမျိုးသမီးက ကလေးတွေဆီသွားပြီး ငြိမ်ငြိမ်သက်သက် နေကြဖို့ ငေါက်ငမ်းပြောနေပေမဲ့ ကလေးတွေအားလုံး သူမကို ဂရုမစိုက်၊ ကစားမြဲ ကစားနေကြသည်။
❑
လမ်းမကြီးပေါ်က လမ်းသွားလမ်းလာတွေအားလုံး သူနှင့် သိကျွမ်းနေဟန်တူသော သူတောင်းစားတယောက်ထံမှ သီချင်းသံ ကြားနေရသည်။
လှောင်ချိုင့်စံ ငှက်လေးတကောင် လွတ်လပ်ခြင်းတေးတပုဒ် သီဆိုနိုင်ပေမဲ့ အခုထိ အကျဉ်းစံဘဝနဲ့ အသက်ရှင်နေတယ်။
လှောင်အိမ်ထဲမှာနေဖို့ သီယာ သဘောတူခဲ့ပြီး အခုတော့ လွတ်မြောက်ချင်နေပါတယ်။ ဒါပေမဲ့ သူမကို ဘယ်သူမှ နားမလည်တာကြောင့်၊ ဘယ်သူမှ မကူညီနိုင်ကြပါဘူး။
သူတောင်းစားသီချင်းထဲက သီယာဆိုတာ ဘယ်သူလဲ၊ ကျမ မသိပါဘူး။ ကားလ်ဂရန်မာနှင့် မိတ်ဆက်ပြီး ကောင်စစ်ဝန်ဆီသွားဖို့သာ ကျမသိသည်။ ကားလ်ဂရမ်မာမှာ သည်ဟိတ်မြို့တွင် ကျမသိသော လူတယောက်သာဖြစ်သည်။ ကျမကို တယောက်ယောက် မှတ်မိသွားမှာကို ကာကွယ်သည့်အနေနှင့် တတိယတန်းစား ဟိုတယ်တခုမှာပင် ညအိပ်ခဲ့သည်။ သည်ဟိတ်မြို့ လမ်းမတွေပေါ် လူတွေ ဖွေးဖွေးလှုပ် သွားလာနေကြသည်။ သူတို့တွေအားလုံး အခြားဂြိုဟ်ပေါ်က လူတွေလို စစ်ပွဲသတင်းတွေ သူတို့ဆီ ယခုအထိ မရောက်သေး။ နယ်စပ်တလျှောက်မှာတော့ ထောင်ပေါင်းများစွာသော အခြားဒုက္ခသည်တွေနှင့်အတူ စစ်ပြေးတွေ၊ ဂျာမန်တွေ လက်တုံ့ပြန်မှာကို ကြောက်နေသော ပြင်သစ်နိုင်ငံသားတွေ၊ စစ်ပြေးဒုက္ခသည် ဘယ်လ်ဂျီယံတွေ၊ သူတို့တွေအားလုံး မဖြစ်နိုင်သော တစုံတရာကို စောင့်နေဟန်တူသည်။ ဟော်လန်နိုင်ငံ၊ နယ်သာလန်နိုင်ငံ လူဝါဒန်မြို့တွင် ကျမမွေးဖွားပြီး ဒတ်ချ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားရတာကို ပထမဦးဆုံး ဝမ်းသာပျော်ရွှင်နေသည်။ ဒတ်ချ်နိုင်ငံကူးလက်မှတ်သည် ကျမအတွက် ကယ်တင်ခြင်းဖြစ်သည်။
အစစ်ဆေးခံဖို့ အခြားခရီးသည်တွေနဲ့ ကျမ တန်းစီစောင်နေခိုက် ကျမထံ လူတယောက် ရောက်လာပြီး စာအိတ်တအိတ် ပေးသွားသည်။ သူနှင့် ကျမ တခါမှ မျက်မှန်းပင် မတန်းမိခဲ့။ စာအိတ်ပေါ်တွင် တစုံတယောက်ကို လိပ်မူထားသော်လည်း နယ်ခြားကို ကြီးကြပ်ရသူ အရာရှိက အခြေအနေကို သိနေသည်။ စာကို ဖွင့်ကြည့်ရုံသာ ဖွင့်ကြည့်ပြီး ပြန်ပိတ်ကာ ကျမထံ လွှဲပေးလိုက်သည်။ အဲဒီနောက် ဂျာမန်အရာရှိတယောက်ကို လှမ်းခေါ်ပြီး လူတယောက်ကို ညွှန်ပြလိုက်သည်။
“အဲဒီလူက စစ်ပြေးပဲ”
သူ့နောက်ကို ဂျာမန်အရာရှိ ပြေးလိုက်သွားသည်။ စစ်ကြီး စပင်မစသေး။ လူတွေ ထွက်ပြေးနေကြပြီလား။ ဂျာမန်အရာရှိက ရိုင်ဖယ်သေနတ်ကို ပခုံးပေါ်တင်၍ ပြေးနေသူ စစ်ပြေးကို မျက်လုံးတဖက်မှိတ်ကာ တန်းတန်းမတ်မတ် ချိန်ရွယ်နေသည်။ ဒိုင်းဟူသော အသံကြီးနှင့်အတူတူ၊ ပြေးနေသူ ဆက်ပြေးနိုင်ပါစေလို့ စိတ်ထဲက ဆုတောင်းနေမိသည်။
ကျမလက်ထဲကစာမှာ အမျိုးသမီးတဦးထံ လိပ်မူထားပြီး သည်ဟိတ်မြို့ကို ကျမ ရောက်သည်နှင့် စာကို စာတိုက်မှ ပို့ပေးလိမ့်မည်ဟု မျှော်လင့်ထားဟန်တူသည်။ စာတွင် ယခုလို ရှည်လျားစွာ ရေးသားထားသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာက ကိုယ်ရောက်အောင် ထွက်လာမှာပါ။ သူတို့တွေကိုယ့်ကို စစ်ပြေးအဖြစ် ဖမ်းမိခဲ့ရင်လည်း အသတ်ခံရဖွယ် ရှိပါတယ်။ ဒါပေမဲ့ ရအောင် အရောက်လာမှာပါ။ ကမ္ဘာစစ်ကြီးကတော့ ဖြစ်နေပြီထင်တယ်။ အခြားဘက်မှ ပြင်သစ်တပ်တွေ ပထမဦးဆုံးအကြိမ် ပေါ်လာပြီး သိပ်မကြာပါဘူး။ ဂျာမန်သနတ်သံတွေအောက်မှာ ချေမှုန်းခံလိုက်ရတယ်။ မကြာခင် စစ်ပွဲတွေ ပြီးဆုံးမယ်လို့ ယူဆပေမဲ့၊ ကိုယ့်လက်မှာတော့ သွေးတွေ ပေကျံသွားပါပြီ။ ကိုယ်လုပ်ခဲ့တာတွေကို ဒုတိယအကြိမ် လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။ ကိုယ်တို့တပ်ဖွဲ့နဲ့အတူ ပါရီမြို့ကို စိတ်လှုပ်ရှားစွာနဲ့ ချီတက်မလာနိုင်တော့ပါဘူး။ အားလုံး ရူးသွပ်သွားသလိုပဲ ကိုယ်တို့ကို စောင့်မျှော်နေတဲ့ အောင်ပွဲတွေကိုလည်း မကျင်းပနိုင်တော့ပါဘူး။ အထပ်ထပ် စဉ်းစားကြည့်လေလေ အဖြစ်အပျက်တွေကို နားမလည်နိုင်အောင်ပါပဲ။ အဖြေကို ဘယ်သူမှမသိကြတာကြောင့် ဘာမှလည်း မပြောကြတော့ပါဘူး။
ကိုယ်တို့ဆီမှာ စာပို့လုပ်ငန်း ရှိနေသေးတာတော့ အံ့သြစရာပါပဲ။ စာပို့လုပ်ငန်းကို အသုံးပြုနိုင်ပေမဲ့ ကိုယ်တို့စာတွေကို မပို့မီ အရာရှိတွေက ကြားဖြတ် စစ်ဆေးနေတာကြောင့် မဖြစ်နိုင်တော့ပါဘူး။ ယခုစာဟာ မင်းကို ကိုယ်ချစ်တဲ့အကြောင်းတွေ ပြောဖို့ မဟုတ်ပါဘူး။ မင်းကို ကိုယ်ချစ်တာ တို့နှစ်ယောက် သိပြီးသားပါ။ ကိုယ်တို့စစ်သားတွေ ဘယ်လောက် ရဲစွမ်းသတ္တိ ရှိကြောင်းလည်း မဟုတ်ပါဘူး။ အဲဒီအကြောင်းကို ဂျာမန်တွေ သိပြီးသားပါ။ ယခုစာဟာ ကိုယ့်ရဲ့သေတမ်းစာနဲ့ နောက်ဆုံး အထောက်အထားပဲ ဖြစ်ပါလိမ့်မယ်။ လွန်ခဲ့တဲ့ခြောက်လက မင်းကို ကိုယ်လက်ထပ်ခွင့် တောင်းခဲ့တဲ့ သစ်ပင်ကြီးအောက်မှာပဲ ဟောဒီစာကို ကိုယ်ရေးနေတာပါ။ လက်ထပ်ဖို့ ကိုယ်တို့ အစီအစဉ်တွေ ဆွဲခဲ့ကြတယ်။ သတို့သမီးဝတ်စုံအတွက် မင်းမိဘတွေက တာဝန်ယူခဲ့တယ်။ ပထမဦးဆုံး သားသမီးရတနာနဲ့ ကိုယ်တို့မိသားစု အသိုက်အမြုံကို ထူထောင်ဖို့ အိမ်တလုံးကို ကိုယ်ရှာခဲ့တယ်။ အခု ပြီးခဲ့တဲ့ ၃ ရက်က ကတုတ်ကျင်းတူးခဲ့တဲ့ နေရာမှာပဲ ကိုယ်ရှိနေတယ်။ ခြေဆုံးခေါင်းဖျားထိ ရွှံ့ဗွက်တွေ၊ သူတို့ကို ကိုယ် တခါမှမမြင်ဘူးခဲ့သလို၊ ကိုယ့်ကိုလည်း ဘယ်တုန်းကမှ အန္တရာယ်မပေးခဲ့တဲ့ လူလေးငါးခြောက်ယောက်ရဲ့ သွေးတွေနဲ့ ပေကျံနေတယ်။ သူတို့အပြောကတော့ သူတို့ဂုဏ်သိက္ခာတွေကို ကာကွယ်မယ့် စစ်ပွဲပဲတဲ့။
သေနတ်သံတွေ၊ ယမ်းငွေ့တွေ၊ သွေးညှီနံ့တွေ မွှန်ထူလာတာနဲ့အမျှ စစ်ပွဲတွေနဲ့ လူသား ဂုဏ်သိက္ခာ ဘယ်လိုမှ အတူယှဉ်တွဲနေလို့ မရတာကို ကိုယ် သဘောပေါက်လာတယ်။ ဒီကနေ့တော့ အဲဒီလို ရူးသွပ်နေတဲ့ စစ်ပွဲတွေကို ကိုယ်ကိုယ်တိုင်ရပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ နေဝင်သွားတာနဲ့ ဟောဒီနေရာက ကိုယ်ထွက်ခွာတော့မယ်။ ဒါပေမဲ့ ခရီးဆုံးက ဟော်လန်လား၊ သေခြင်းတရားလား၊ ဘယ်သူမှ မသိပါဘူး။ အဲ့ဒါကြောင့်ပဲ ဟောဒီနေရာက ဒီကနေ့ညပဲ ကိုယ့်ကိုယ်စား စိတ်ကောင်း စေတနာကောင်းနဲ့ ပို့ပေးမယ့်လူကို ရှာပြီး ပို့လိုက်ပါတယ်”
အချစ်များစွာဖြင့်
ဂျွန်
အမ်စတာဒမ်ကို ရောက်သည်နှင့် ပါရီမြို့က ဆံပင်အလှပြင်သူနှင့် မမျှော်လင့်ဘဲ တွေ့လိုက်သည်။ ဒန်းဆိုးဆေးနှင့် ဖော်စပ်ထားသော သူ၏ ဆံပင်ဆိုးဆေးကြောင့် ပါရီမြို့ အထက်တန်းလွှာ အမျိုးသမီးတွေကြားမှာ နာမည်ကြီးသူဖြစ်သည်။ ယခု စစ်ယူနီဖောင်းဝတ်ပြီး အမ်စတာဒမ်မြို့မှာ တွေ့လိုက်ရတော့ ကျမ အူကြောင်ကြောင်ဖြစ်သွားသည်။
“ဟေ့... ဘန်စတိန်း
အသံလာရာဆီ လှည့်ကြည့်လိုက်ပြီး ကျမကို မြင်တော့ စိတ်ရှုပ်ထွေးသွားဟန်တူသည်။ ချက်ချင်းပဲ နေရာက သုတ်ခြေတင် သွားလေတော့သည်။
“ဘန်စတိန်း၊ ကျမ မာတာဟာရီပါ”
နောက်လှည့်မျှပင် မကြည့်တော့ဘဲ သုတ်ခြေတင် ဆက်သွားနေရာ၊ ကျမ ဒေါသထွက်လာ သည်။ ဘယ်လိုဖြစ်တာပါလိမ့်။ ကျမဆီက ပြင်သစ်ပိုက်ဆံ ထောင်ပေါင်းများစွာ ယူခဲ့သူ အမျိုးသားတဦး။ ယခု ကျမဆီက ဘာကြောင့်များ ထွက်ပြေးနေတာပါလိမ့်။ ကျမလည်း ခပ်သွက်သွက် လျှောက်ရင်း အမှီလိုက်လာရာ၊ သူ့ခြေလှမ်း ပိုမြန်လာသည်။ အဲဒီအချိန်မှာပဲ လူတယောက် သူ့ရှေ့ကရပ်ပြီး ကျမကို လက်ညှိုးထိုးကာ “အမျိုးသမီးတယောက်၊ ဟို အမျိုးသမီးက ခင်ဗျားကို ခေါ်နေတယ်” ဆိုတော့မှ သူ့ခြေလှမ်း စုံရပ်သွားသည်။ သူ့အနား ကျမရောက်လာတော့ ဟောဟဲလိုက်ပြီး အသက်ရှူနေသည့်ကြားက ဟိုကြည့်သည်ကြည့်နှင့် သူ့နာမည်ကို နောက်တကြိမ် မခေါ်ဖို့ ကျမကို သတိပေးနေသည်။
“ဟုတ်ပါပြီ။ ရှင်က ဒီမှာ ဘာလုပ်နေတာလဲ”
စစ်ပွဲတွေ စတင်လာချိန် သူလည်း မျိုးချစ်စိတ်ဓာတ်အပြည့်နှင့် ဘယ်လ်ဂျီယံနိုင်ငံကို ကာကွယ်ဖို့ စစ်ထဲ ဝင်ခဲ့ကြောင်း။ ဒါပေမဲ့ စစ်မြေပြင်တွင် ပထမဦးဆုံး အမြောက်သံ၊ စိန်သံတွေ ကြားလိုက်ရချိန်တွင် ဟော်လန်ကို ထွက်ပြေးလာပြီး ပုန်းအောင်းနေကြောင်း ရှင်းပြလိုက်သည်။
“ရှင် ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ကျမစိတ်မဝင်စားဘူး။ အခု ရှင့်အကူအညီ လိုနေတယ်။ အခု ကျမဆံပင်ကို ပြင်ပေးဖို့ပါ”
အဝတ်အစားသေတ္တာတွေ ရောက်မလာခင်အထိ ကျမကိုယ်ကျမ သပ်သပ်ရပ်ရပ် လူကောင်း တယောက်လို ပြင်ဆင်နေဖို့ လိုသည်။ ဖရန့်ပေးလိုက်သော ပိုက်ဆံနှင့် ပါရီကို မပြန်မီအထိ ဟော်လန်မှာ တလ၊ နှစ်လ နေနိုင်သည်။ ကျမကို ကူညီဖို့ သူ့ဆီက ကတိရပြီးနောက် ယာယီနေထိုင်နေသော လိပ်စာကို ပေးလိုက်တော့သည်။
❑
တနှစ်အကြာ ပါရီမြို့မှာ ကျမနှင့် အတူအိပ်ခဲ့သူ ဘဏ်လုပ်ငန်းရှင်တဦး၏ စောင်မ ကြည့်ရှု့မှုနှင့် သည်ဟိတ်မြို့တွင် အိမ်တလုံး ငှားနေခဲ့သည်။ ဒါပေမဲ့ တနေ့ ဘာမပြောညာမပြောနှင့် အိမ်လခကို မပေးဘဲ ဖြတ်တောက်လိုက်သည်။ ကျမကို ငြီးငွေ့သွားတာတော့ မဟုတ်။ ကျမစကား တခွန်းကြောင့် တော်တော်နာကျည်းသွားပုံရသည်။ ကျမကို သူက အနံကြီးကွင်းကျယ် အသုံးအဖြုန်း ကြီးသူတဲ့။ အဲဒီတော့လည်း ကျမက ချက်ချင်း ပြန်ပက်လိုက်သည်။ အနံကြီးကွင်းကျယ် အသုံးအဖြုန်း ကြီးတာ ကျမ မဟုတ်ပါဘူး။ ယောက်ျားတယောက်ပါ။ အဲဒီယောက်ျားဟာ ကျမထက် ၁၀ နှစ်ကြီးပြီး သူ့ရဲ့ပျောက်ဆုံးသွားတဲ့ နုပျိုခြင်းကို မိန်းမတယောက် ပေါင်ကြားထဲမှာ ပြန်ရဖို့ ကြိုးစားနေသူပါ။ ကျမစကားကို ပုဂ္ဂိုလ်ရေး စော်ကားမှုအဖြစ် ယူဆပြီး အိမ်ငှားခကို ဖြတ်တောက်လိုက်တာပဲဖြစ်သည်။
ကျမ ငယ်စဉ်ကတည်းက သည်ဟိတ်မြို့သည် အလွန်ပျင်းစရာကောင်းသော မြို့ဖြစ်သည်။ ယခု စစ်ဖြစ်နေသောနိုင်ငံတွေ ပတ်ချာလည် ဝိုင်းနေတာကြောင့် နိုက်ကလပ်တွေ မရှိ။ လူတွေအားလုံး အခြေခံ အစားအသောက်တွေကို ဝေပုံကျစနစ်နှင့် စားသုံးနေရသည်။ ဒါပေမဲ့ သည်ဟိတ်မြို့မှာ နိုင်ငံတကာက သူလျှိုသူကန်တွေ ခြေချင်းလိမ်နေကြသည်။ မြို့ပေါ်တွင် အရက်ဆိုင် ဘားကြီးတခုသာ ရှိပြီး၊ အဲဒီဘားမှာ ဒဏ်ရာရစစ်သားတွေ၊ စစ်ပြေးတွေ နေဝင်မိုးချုပ် အရက်မူးနေကြသည်။ မကြာခဏ အသေးအကျိုး ရန်ပွဲတွေနှင့် အရက်ဝိုင်း အဆုံးသတ်တတ်ကြ သည်။ ပြင်သစ်ရှေးဟောင်းအက ကကွက်တွေပေါ် အခြေခံသော ဖျော်ဖြေပွဲတခု စီစဉ်ဖို့ ကျမ ကြိုးစားခဲ့သည်။ ရှေးဟောင်း အီဂျစ်အကကို ဘယ်သူမှမသိသဖြင့် ဝေဖန်ရေးဆရာတွေလည်း ရှေးဟောင်း အီဂျစ်အက စစ်စစ်ဆိုတာကို ကြားပင်မကြားဖူးကြတာကြောင့် ကျမအတွက် ပေါ့ပေါ့ပါးပါး ဖြေဖျော်နိုင်သည်။ ဒါပေမဲ့ ပြဇာတ်ရုံ နေရာအခက်အခဲကြောင့် ဖျော်ဖြေတင်ဆက်မှု လက်လျှော့လိုက်ရသည်။
ပါရီမြို့ကြီးကား ကျမအတွက် အလှမ်းဝေးနေသော အိပ်မက်တခုလို ဖြစ်နေသည်။ ဒါပေမဲ့ ကျမဘဝ သံလိုက်အိမ်မြောင်မှ အစစ်အမှန် ညွှန်ပြနေသော ဦးတည်ရာ ဖြစ်သလို၊ လူသားတယောက်ဘဝနှင့် အရာရာအတွက် အဓိပ္ပာယ်ရှိနေသော မြို့ကြီးလည်းဖြစ်သည်။ အဲဒီနေရာမှာ မကောင်းမှုတွေ၊ ကောင်းမှုတွေဦ အမှောင်တွေ၊ အလင်းတွေ၊ သန့်စင်ခြင်းတွေ၊ ညစ်ပတ်ခြင်းတွေ ဆန့်ကျင်ဘက်တွေ အားလုံး ရှိသည်။ တိမ်တွေသည်ပင် ကွဲပြားခြားနားနေသည်။ လူတွေအားလုံး ကျော့ကျော့မော့မော့ သွားလာလှုပ်ရှားနေကြသည်။ အလှပြင်ဆိုင်တွေမှာလို တယောက်ယောက် ကြားသွားမှာ ဒါမှမဟုတ် ရဲကို သတင်းပေးပို့မှာကြောင့် အားလုံး နှုတ်ပိတ် နေကြသည်။ ဘန်းစတိန်းအကြောင်းကို ကျမသိချင်တာနှင့် အမ်စတာဒမ်မြို့ကို ပြောင်းရွှေ့ သွားခဲ့သော ကျောင်းနေဘက် သူငယ်ချင်းအချို့ကို သူ့အကြောင်း မေးမြန်းကြည့်ခဲ့သည်။ ဒါပေမဲ့ ဟန်ဆောင်ထားသော သူ၏ ပြင်သစ်သံဝဲဝဲနှင့်အတူ ကမ္ဘာမြေပေါ်က ပျောက်ကွယ်သွားဟန် တူသည်။ ယခု ကျမအတွက် တခုတည်းသော ထွက်ပေါက်မှာ ဂျာမန်တွေနှင့် ဆက်သွယ်ဖို့သာ ဖြစ်သည်။ ကျမကို ဂျာမန်တွေ ပါရီသို့ ပို့ပေးနိုင်တာကြောင့် ဖရန့်သူငယ်ချင်းနှင့် တွေ့ဖို့ ဆုံးဖြတ်လိုက်သည်။ ဦးဆုံး သူ့ထံ စာတစောင်ပေးပို့ပြီး ပါရီကိုပြန်ဖို့ ကျမအစီအစဉ်ကို လက်တွေ့ အကူအညီပေးဖို့ သူ့ကို ပန်ကြားထားသည်။ ရှည်လျား၍ ပင်ပန်းခက်ခဲသော နေ့ရက်တွေကို ဖြတ်သန်းရင်း ကျမခန္ဓာကိုယ်အလေးချိန်လည်း ကျသွားသည်။ အဝတ်အစားတွေသည်ပင် အဆင်မပြေတော့။ မဂ္ဂဇင်းတွေမှာလည်း ဖက်ရှင်အသစ်တွေ ပြောင်းလဲနေသည်။ အဲဒါကြောင့်ပဲ ကျမကို ကြည့်ရှုစောင်မသူ လူသစ်က ကျမအတွက် လိုအပ်သမျှ အဝတ်အထည်တွေ အားလုံး ဝယ်ပေးခဲ့သည်။ ဒါပေမဲ့ ပါရီအရည်အသွေးတော့ မဟုတ်။ အလွန်ခိုင်မာသော ချုပ်ရိုးများနှင့် ချုပ်လုပ်ထားသော ဝတ်စုံဖြစ်လေသည်။
❑
ရုံးခန်းထဲ ဝင်လိုက်သည်နှင့် ဟော်လန်နိုင်ငံတွင် မရနိုင်သော အကောင်းဆုံး ဇိမ်ခံပစ္စည်းတွေ တွေ့လိုက်ရသည်။ နိုင်ငံခြားဖြစ် စီးကရက်နှင့် ဆေးပြင်းလိပ်တွေ၊ ဥရောပမှ အကောင်းဆုံး အရက်တွေနှင့် ဒိန်ခဲတွေ၊ နယ်သာလန်တွင် ခွဲတမ်းစနစ်နှင့်သာ ရနိုင်သော ရှာကစ်ထရီ ရေခဲရိုက် အသားတွေ၊ မဟော်ဂနီ စားပွဲကြီးနောက်မှာတော့ ဥရောပဝတ်စုံကို ကျကျနန ဝတ်ထားသော လူတယောက် ထိုင်နေသည်။ ကျမတွေ့ဖူးသော ဂျာမန်တွေထဲမှာ အတော်ယဉ်ကျေးသိမ်မွေ့သည်ဟု ယူဆရသည်။ နှုတ်ခွန်းဆက် စကား တခွန်း နှစ်ခွန်းပြောပြီး ဘာ့ကြောင့် အခုလိုကြာမှ သူ့ဆီ ရောက်လာရသည်ကို မေးမြန်းနေသည်။
“ကျွန်တော် ခင်ဗျားကို စောင့်နေတာ တော်တော်ကြာပါပြီ။ ဖရန့်ပြောခဲ့တာတောင် တနှစ်လောက် ရှိသွားပြီပဲ”
မတ်တပ်ရပ်ပြီး ကျမကို ဘာသောက်မလဲ မေးသည်။ စမုံစပါးအရက်ကို ကျမ ရွေးချယ်လိုက်ပြီး ကောင်စစ်ဝန်က သူကိုယ်တိုင် ဘိုဟီးမီးယန်း သလင်းကျောက် ဖန်ခွက်နှင့် ထည့်ကာ ကျမရှေ့ ချပေးသည်။
“ပြောရမှာတော့ စိတ်မကောင်းပါဘူး။ သူရဲဘောကြောင်တဲ့ ပြင်သစ်တွေနဲ့ တိုက်ပွဲတပွဲမှာ ဖရန့် ကျသွားပါတယ်”
ဂျာမန်တပ် ထိုးစစ်သည် ၁၉၁၄ ခုနှစ် သြဂတ်တွင် ဘယ်ဂျီယံ နယ်ခြားအထိ အလျင်အမြန် ရောက်လာခဲ့တာကြောင့် ပါရီကိုသွားဖို့ ကျမရည်ရွယ်ချက်မှာ အခုအခါ အလှမ်းဝေးသော အိပ်မက်တခုလို ဖြစ်နေသည်။
“အားလုံး ကျွန်တော်တို့ စနစ်တကျ ပြင်ဆင်ပြီးပါပြီ။ ခင်ဗျားစိတ်ဝင်စားမယ်ဆိုရင် ကျွန်တော် ပြောပြချင်ပါတယ်။
ကျမ စိတ်ဝင်စားကြောင်း သူ့ကို ခေါင်းညိတ်ပြလိုက်သည်။ တကယ်တော့ ပါရီကို အမြန်ဆုံး ရောက်ဖို့ကလွဲပြီး အခြား ဘာမှစိတ်မဝင်စား။ ကျမ မျှော်လင့်ချက်အတွက် သူ့အကူအညီ လိုအပ်တာပဲ သိနေသည်။ သည်ဟိတ်မြို့ကို ရောက်ပြီးကတည်းက အလွန်ခက်ခဲသော အလေ့အထ တခုကို ကျမ လေ့ကျင့်နေရသည်။ သည်းခံခြင်း အတတ်ပညာ အလေ့အထပဲဖြစ်သည်။
စိတ်ပါလက်ပါမရှိသော ကျမအသွင်အပြင်ကို ကောင်စစ်ဝန်ကလည်း သဘောပေါက်စွာနဲ့ သူပြောမယ့်အစီအစဉ်ကို ဖြစ်နိုင်သမျှ အကျဉ်းချုံး ပြောဖို့ ကြိုးစားနေသည်။ အနောက်ဘက်သို့ ဂျာမန်တပ် (၈) တပ် စေလွှတ်၍ ပြင်သစ်နယ်နိမိတ်သို့ အမြန်ဆုံး ချီတက်လာရာ၊ ယခု ပြင်သစ်နှင့် ကီလိုမီတာ ၅၀ အကွာသို့ ရောက်လာကြသည်။ ဒါပေမဲ့ စစ်ဌာနချုပ်၏ ညွှန်ကြားချက် မရတာကြောင့် ယခု ဘယ်ဂျီယံနယ်စပ်အထိ ပြန်ဆုတ်လာကြသည်။ အဲဒီနေရာမှာပဲ နှစ်ဘက် စစ်တပ်တွေ တပ်စွဲနေတာ ၁ နှစ်မျှပင် ရှိလေပြီ။
“စစ်ကြီးပြီးသွားတဲ့အခါ ပြင်သစ်နိုင်ငံက ရွာကြီးရွာငယ်တွေအားလုံးမှာ ကျဆုံးသွားတဲ့ ပြင်သစ်စစ်သားတွေအတွက် အထိမ်းအမှတ်တွေ စိုက်ထူရမှာ သေချာပါတယ်။ ရှေ့တန်းကို ရောက်လာသမျှ ပြင်သစ်စစ်သားတွေအားလုံး ကျုပ်တို့ အမြောက်ဆန်တွေ လက်ချက်နဲ့ ထက်ပိုင်းပြတ်ကုန်ကြပြီလေ”
ခန္ဓာကိုယ်တွေ ထက်ပိုင်းပြတ်ကုန်ပြီဆိုသော စကားကြောင့် ကျမတုန်လှုပ်၍ ရွံရှာသွားသည် ကို ကောင်စစ်ဝန် သတိပြုမိလိုက်သည်။
“ကဲ အဲဒါတွေ ထားလိုက်ပါတော့။ အဲဒီအိပ်မက်ဆိုးကြီး မြန်မြန်ပြီးရင် ကောင်းမယ့် အကြောင်းပဲ ပြောကြတာပေါ့။ ချီတက်လာတဲ့ ရုရှားတပ်တွေကိုလည်း ကျွန်တော်တို့ မဟာမိတ် ဩစတြီးယားတပ်တွေက ကောင်းကောင်း ဟန့်တားနိုင်တာကြောင့်ပဲ အဆုံးမှာ ကျုပ်တို့ဂျာမန်တွေ နိုင်မှာ သေချာပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ခင်ဗျားအကူအညီကို ကျုပ်တို့ လိုနေပါသေးတယ်”
“ကျမအကူအညီ ဟုတ်လား”
ကျမကြားခဲ့ရသော စကားတွေအရ ယခုအချိန်အထိ စစ်ပွဲတွေထဲမှာ ထောင်ပေါင်းများစွာသော အသက်တွေ သေကြေပျက်စီးခဲ့ပြီးမှ ကျမအကူအညီ လိုနေသေးသတဲ့လား။ ရုတ်တရက် ကျမကို ဖရန့် သတိပေးခဲ့တဲ့စကား ခေါင်းထဲရောက်လာသည်။ ကားလ်ဂရန်မာ ကမ်းလှမ်းတာ တခုမှ လက်မခံပါနဲ့။
ဘယ်လိုပဲဖြစ်ဖြစ် ကျမဘဝကတော့ အဲဒီထက် ပိုဆိုးလာစရာ အကြောင်းမရှိ။ ကျမမှာ ကျောခင်းစရာ နေရာမရှိ။ အကြွေးတွေလည်း လည်ပင်းနစ်နေတာကြောင့် ပိုက်ဆံရဖို့သာ အရေးကြီးနေသည်။ သူ့ဘက်က ကမ်းလှမ်းမှာကို ကျမသိနေပေမဲ့၊ သူတို့ကျော့ကွင်း ညွှတ်ကွင်းက ကျမကိုယ်ကျမ ရုန်းထွက်နိုင်မယ်လို့ပဲ ယုံကြည်နေသည်။ ဘဝမှာ အကြိမ်ကြိမ် အခါခါလည်း ရုန်းထွက်ခဲ့ဖူးပြီ။
ပွင့်ပွင့်လင်းလင်း ပြောဖို့ ကျမဘက်က မီးစိမ်းပြလိုက်သည့်အခါ ကားလ်ဂရမ်မာတကိုယ်လုံး တောင့်တင်းသွားပြီး ရုတ်တရက် လေသံလည်းပြောင်းသွားသည်။ စောစောကလို ဝတ်ကျေတန်းကျေ ဧည့်ထောက်ခံ စကားတွေ ချက်ချင်း ရပ်တန့်သွားပြီး သူ့လက်အောက်ငယ်သားတယောက်ကို ဆက်ဆံပုံမျိုးနှင့် သူတို့ အရေးကြီးသည်ဆိုသော အကြောင်းအရာကို စကားစလေတော့သည်။
“မင်းရဲ့စာအရဆိုရင် ပါရီကို အမြန်ဆုံး သွားချင်နေတာ ကျုပ်နားလည်ပါတယ်။ ကျုပ်ဘက်ကလည်း မင်းကို ပါရီပို့နိုင်ပါတယ်။ ခရီးစရိတ်အနေနဲ့ ပြင်သစ်ငွေ ၂၀၀၀ လည်း ပေးလိုက်ပါဦးမယ်”
“၂၀၀၀ တည်းလား။ အဲလောက်ဆိုရင်တော့ ကျမ မဖြစ်နိုင်ပါဘူး”
“အဲဒီအရေအတွက်က ပမာဏပါ။ မင်းရဲ့လုပ်ရည်ကိုင်ရည်အပေါ် မူတည်ပြီး အတိုးအဆုတ် ရှိလာမှာပါ။ စိတ်မပူပါနဲ့။ မင်းဘက်ကသာ အကောင်းဆုံး ဆောင်ရွက်ပါ။ အဲဒီအတွက် ငါတို့ အိတ်ထောင်ထဲမှာ ပိုက်ဆံ အပြည့်ရှိပါတယ်။ မင်းကျင်လည်နေတဲ့ ပြင်သစ်အစိုးရ အသိုင်းအဝိုင်း ကနေ ရနိုင်သလောက် သတင်းတွေကို ငါတို့ဆီကိုသာ ပို့ပေးနိုင်အောင် ကြိုးစားပါ”
ကျမကျင်လည်နေတဲ့ ပြင်သစ်အစိုးရ အသိုင်းအဝိုင်းတဲ့လား။ ပါရီမြို့က တနှစ်ခွဲနီးပါး ကျမပျောက်သွားပြီးတော့ ကျမကို သူတို့ ဘယ်လိုပုံစံနဲ့ ပြန်လက်ခံကြမည်ကို မသိ။ ကျမနဲ့ ပတ်သက်ပြီး ကပွဲဖျော်ဖြေဖို့ ဂျာမဏီကို သွားခဲ့တယ်လို့ပဲ သူတို့သိထားကြသည်။ အံဆွဲထဲက ပုလင်းငယ်လေး ၃ လုံး ထုတ်ပြီး ကျမကို ဂရမ်မာ လှမ်းပေးနေသည်။
“အဲဒီပုလင်း ၃ လုံးစလုံး မမြင်နိုင်တဲ့ မင်တွေ ထည့်ထားတယ်။ မင်းရတဲ့သတင်းတွေကို အဲဒီမင် အသုံးပြုပြီး စာရွက်မှာ ရေးပါ။ ပြီးရင် ကပ္ပတိန် ဟော့မန်းဆီ ပို့ပေးပါ။ ကပ္ပတိန်ဟော့မန်းက မင်းရဲ့တာဝန်ခံပဲ။ စာတွေရေးတဲ့အခါ အောက်ခြေမှာ ဘယ်တော့မှ မင်းနာမည်ကို ဆိုင်းမထိုးပါနဲ့”
အဲဒီနောက် မှတ်စုစာအုပ်တအုပ်တွင် တစုံတရာကို ရေးမှတ်လိုက်ပြီး နောက်ထပ် ညွှန်ကြားချက်တခု ထုတ်လိုက်ပြန်သည်။
“မင်းရဲ့လျှို့ဝှက်အမည်က H21။ ဆိုင်းထိုးတဲ့အခါတိုင်း H21 လို့ပဲ ထိုးပါ။ ဟုတ်ပြီလား”
သူညွှန်ကြားနေတာတွေအားလုံး ကျမအတွက် ရယ်စရာတွေလား၊ အန္တရာယ်တွေလား၊ ရူးနှမ်းနှမ်း အလုပ်လား မသေချာ။ ကျမအတွက် လျှို့ဝှက်အမည်ကလည်း ရထားခုံနံပတ်နှင့် တူနေတော့သည်။ အဲဒီနောက် အခြားအံဆွဲတခုကို ဆွဲဖွင့်ကာ ကျမရှေ့မှာ ပြင်သစ်ငွေ ၂၀၀၀ ချပေးလိုက်သည်။
“မင်းအတွက် နိုင်ငံကူးလက်မှတ်နဲ့ ခရီးသွားခွင့် စာရွက်စာတမ်းတွေအားလုံး ကျုပ်လူတွေ ဆောင်ရွက်ပေးလိမ့်မယ်။ မင်းသိတဲ့အတိုင်းပဲ၊ အခုအချိန်မှာ နယ်စပ်ကို ဖြတ်ကျော်ပြီး ခရီးသွားဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ အဲဒီတော့ အရင်ဆုံး လန်ဒန်ကိုသွားပါ။ အဲဒီကမှ မကြာမီ ဂျာမန်တွေ လက်ထဲ ရောက်လာတော့မယ့် ကိုးယို့ကားယား အီဖယ်မျှော်စင်ကြီးရှိရာ မြို့ကို သွားပေတော့”
ပြင်သစ်ပိုက်ဆံ ၂၀၀၀၊ နိုင်ငံကူးစာအုပ် ၂ အုပ်။ ခရီးသွားခွင့် စာရွက်စာတမ်းတွေ။ ကျမလိုအပ်သမျှ အရာအားလုံးနှင့်အတူ ဂရန်မာရုံးခန်းက ပြန်ထွက်လာသည်။ ပထမဦးဆုံး တွေ့သော တံတားကို ဖြတ်ကျော်နေခိုက်မှာပင် မမြင်ရတဲ့ မင်ပုလင်း ၃ လုံးကို ရေထဲ လွှင့်ပစ်လိုက်သည်။ အဲဒီအရာတွေအားလုံး စစ်ပွဲနှင့် ကစားချင်သော ကလေးတွေအတွက်သာ ဖြစ်သည်။ အဲဒီနောက် ပြင်သစ်ကောင်စစ်ဝန်ရုံးသွားပြီး သံအမတ်ကြီးကို ကျမနှင့် တန်ပြန် ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲကို ဆက်သွယ်ပေးဖို့ ပြောလိုက်တော့ မယုံမကြည်နှင့် ကျမကို ပြန်မေးနေသည်။
“နေပါဦး၊ ဘာကြောင့် မင်းက သူတို့နဲ့ ဆက်သွယ်ချင်နေတာလဲ”
ကျမ၏ ပုဂ္ဂလိကကိစ္စဖြစ်၍ မပြောနိုင်ကြောင်း၊ ပြင်သစ်ထောက်လှမ်းရေး အကြီးအကဲနှင့် တိုက်ရိုက်တွေ့မှသာ ဖွင့်ပြောဖို့ ရည်ရွယ်ထားကြောင်း အဖြေပေးလိုက်ပြီးနောက် ပြင်သစ်တန်ပြန် ထောက်လှမ်းရေး အကြီးအကဲနှင့် ကျမကို ချက်ချင်း တယ်လီဖုန်းနှင့် ဆက်သွယ်ခွင့် ပြုလိုက်သည်။ ထောက်လှမ်းရေး အကြီးအကဲက သူ့အမည်ကို မပြောဘဲ ကျမကိုသာ မေးခွန်းတွေ မေးနေသည်။ မကြာခင်ကပင် ကျမကို ဂျာမန်ထောက်လှမ်းရေးတွေ ခေါ်ယူစည်းရုံးခဲ့ပုံကို အသေးစိတ် ပြောပြလိုက်ပြီး၊ ပါရီကို ကျမရောက်လျှင်ရောက်ချင်း သူနှင့်တွေ့ဖို့ မေးလိုက်ရာ၊ သူကလည်း ကျမနာမည် မေးနေပြန်သည်။ ကျမနာမည်ကို သူသိသလို၊ ကျမပရိသတ်တယောက်လည်း ဖြစ်နေပြီး၊ ပါရီမြို့ကို ကျမရောက်သည့်အခါ သူတို့ဘက်က ဆက်သွယ်မယ့်အကြောင်း ကတိပေးနေသည်။ ပါရီရောက်လျှင် ကျမ တည်းခိုရမည့် ဟိုတယ်ကိုလည်း သူတို့ဘက်က စီစဉ်ပေးမည့်အကြောင်း အာမပင်ခံနေပြန်သည်။
ဘာတွေဖြစ်လာမယ်ဆိုတာ ကြိုတင်မသိသေးပေမဲ့ ဘဝကတော့ နောက်တကြိမ် စိတ်လှုပ်ရှားစရာ ကောင်းလာပြန်သည်။ ဟိုတယ်ကို ကျမ ပြန်ရောက်သည့်အခါ ရွိုင်ရယ်ပြဇာတ်ရုံ ဒါရိုက်တာကို ဆက်သွယ်ဖို့ ကျမအတွက် စာတစောင် ရောက်နေတာကြောင့် အံ့သြသွားပြန်သည်။ ကျမကမ်းလှမ်းမှုကို သူတို့ လက်ခံလိုက်ပြီဖြစ်၍ ရှေးဟောင်းအီဂျစ်အကနှင့် ဖျော်ဖြေဖို့ ကျမကို မိန့်ကြားလိုက်ခြင်းဖြစ်သည်။
ဒါပေမဲ့ အီဂျစ်အကမှာ ကိုယ်တုံးလုံးချွတ်ပြသော ကကွက်တွေ မပါဖို့ ကန့်သတ်ထားသည်။ အဲဒါတိုက်ဆိုင်မှုတခုလား။ ဂျာမန် သို့မဟုတ် ပြင်သစ်တွေဆီက အကူအညီလား ကျမမသိ။ ဖိတ်ကြားမှုကို ကျမ လက်ခံလိုက်သည်။ သတင်းစာတွေမှာလည်း ကျမအကြောင်းကို အုတ်အုတ်သည်းသည်း ရေးကြချွတ်ကြသည်။ ဒါပေမဲ့ ပွဲချိန် ၈ ကြိမ်မြောက် ဖျော်ဖြေပြီးချိန်မှာတော့ ငြီးငွေ့လာပြီး ပါရီပြန်မယ့်နေ့ကိုပဲ မျှော်နေမိတော့သည်။ ပါရီကို ပြန်ရောက်လာပြီးကတည်းက မွန်ဆီယာ အော့ရက်စ်နှင့် ကျမ တကြိမ်သာ တွေ့ခဲ့ကြသည်။ အဲဒီအချိန်ကပင် ပါရီမှာလည်း ဂျူးဆန့်ကျင်ရေး စိတ်ဓာတ်တွေ ပြန့်နှံ့လာနေကြောင်း ပြောပြခဲ့သည်။ စာရေးဆရာကြီး အော်စကာဝိုင်း ရေးသားသော ဆယ်လမီပြဇာတ်အကြောင်း ပြောခဲ့တာလည်း အဲဒီအချိန်ပဲဖြစ်သည်။ စာပေအရ ဆယ်လမီပြဇာတ်မှာ အထူးထင်ရှားပေမဲ့ စင်ပေါ်မှာ လက်တွေ့ကပြဖို့ ဆိုရင်တော့ အခက်အခဲတွေ ရှိနိုင်သည်။ ကျမထုတ်လုပ်မည့် ပြဇာတ်ဆိုရင် ငွေရှင်တွေ လက်တွန့်တတ်ကြသည်။ ကျမမှာ ပိုက်ဆံ ချို့တဲ့ပေမဲ့ သြဇာအာဏာရှိသူတွေကိုတော့ အဆက်အသွယ် ရှိနေသေးသည်။
အင်္ဂလိပ်စာရေးဆရာတယောက် ဖန်တီးသော ပြဇာတ်ကို ကျမ ဘာကြောင့် စိတ်ဝင်စားခဲ့ရ ပါသလဲ။ အင်္ဂလိပ်စာရေးဆရာကြီး အော်စကာဝိုင်း၏ နောက်ဆုံးနေ့ရက်တွေကို ပါရီမြို့တွင် ကုန်ဆုံးခဲ့ပြီး ကွယ်လွန်သည့်အခါ အသုဘအခမ်းအနားတွင် မိတ်ဆွေအပေါင်းအသင်း တယောက်မှ ရောက်မလာဘဲ သဂြိုဟ်ခဲ့ရသည်။ အော်စကာဝိုင်း၏ တခုတည်းသော ရာဇဝတ်မှုမှာ ယောက်ျား တယောက်နှင့် ချစ်သူဖြစ်ခဲ့တာပဲဖြစ်သည်။ ကျမလည်း အာလျမပြေနိုင်သော ပျော်ရွှင်မှုကိုရှာရင်း နာမည်ကြီးပုဂ္ဂိုလ်တွေ သူတို့မိန်းမတွေ အိပ်ရာပေါ် အိပ်ခဲ့တာကြောင့် အော်စကာဝိုင်းလို ကံကြမ္မာမျိုးနှင့် တိုးချင်တိုးနိုင်ပါသည်။ ဒါပေမဲ့ အဲဒီအချိန်က သူတို့အားလုံး မျက်မြင်သက်သေတွေ ဖြစ်တာကြောင့် ကျမကို အားလုံး ကင်းလွတ်ခွင့် ပေးခဲ့ကြသည်။
အော်စကာဝိုင်း၏ နောက်ဆုံးကာလများမှာ ရင်နာစရာ ကောင်းသည်။ သူ့နိုင်ငံကလည်း သူ့ကို ကျိန်ဆဲခဲ့ကြသလို၊ ပြင်သစ်ကလည်း လျစ်လျူရှုခဲ့သည်။ ခရီးသွားနေရသော အချိန်တွေမှာ အော်စကာဝိုင်းစာအုပ် တော်တော်များများ ကျမ ဖတ်ရှုလေ့လာခဲ့ရာမှ ကလေးတွေအတွက် အော်စကာဝိုင်း ရေးသားထားသော ပုံပြင်တွေကို ရှာဖွေတွေ့ရှိခဲ့သည်။
ကောင်လေးတယောက်က သူ့ချစ်သူ ကောင်မလေးတယောက်ကို ကပြစေချင်ပေမဲ့ ကောင်မလေးက ငြင်းဆန်နေပါတယ်။ ဒါပေမဲ့ သူမအတွက် နှင်းဆီအနီတပွင့် ယူလာမယ် ဆိုရင်တော့ ကပြပါမယ်တဲ့။ ဖြစ်ချင်တော့ ကောင်လေးနေတဲ့နေရာမှာ နှင်းဆီပန်းအဝါတွေ၊ အဖြူတွေသာ အပြိုင်အဆိုင် ပွင့်နေကြတယ်။ ကောင်လေးနဲ့ ကောင်မလေးပြောတဲ့ စကားကို နိုက်တင်ဂေးလ် ညငှက်ကလေး ကြားရတော့ ကောင်လေးအတွက် စိတ်မကောင်း ဖြစ်နေမိတယ်။ အဲဒါကြောင့်ပဲ သနားစရာကောင်းတဲ့ ကောင်လေးကို ကူညီဖို့ ဆုံးဖြတ်လိုက်တယ်။ ဦးဆုံး လှပတဲ့သီချင်းတပုဒ်ကို ဆိုပြဖို့ စဉ်းစားလိုက်ပေမဲ့ တယောက်တည်း ငေးမှိုင်နေတဲ့ ကောင်လေး ပူဆွေးသောက ရောက်မှာကြောင့် အစီအစဉ်ကို ရုတ်သိမ်းလိုက်တယ်။
အဲဒီအချိန် ဖြတ်သွားတဲ့ လိပ်ပြာလေးက “ဘာဖြစ်နေတာလဲ” လို့ မေးလိုက်တော့၊ ကောင်လေးဟာ အချစ်အတွက် ခံစားနေရတယ်။ သူ့ဝေဒနာကို နှင်းဆီနီလေးတပွင့်နဲ့သာ ကုစားနိုင်မယ်လို့ ပြောပြလိုက်တယ်။ ဒီတော့ လိပ်ပြာလေးက “အချစ်အတွက် ပူဆွေးနေတယ် ဆိုတာ တော်တော် ရယ်စရာကောင်းတာပေါ့” တဲ့။ ဒါပေမဲ့ နိုက်တင်ဂေးလ်ငှက်လေးကတော့ ကောင်လေးကို ကူညီဖို့ ဆုံးဖြတ်ပြီးသားပါ။ တပြန့်တပြော ကျယ်ဝန်းတဲ့ ပန်းခြံကြီးအလယ်မှာ နှင်းဆီပွင့်တွေ အဆုပ်လိုက် အဆုပ်လိုက် ပွင့်နေတဲ့ နှင်းဆီချုံကြီးတချုံဆီသွားပြီး၊ “ကျေးဇူးပြုပြီး ကျမကို နှင်းဆီနီလေးတပွင့် ပေးပါရှင်” လို့ နိုက်တင်ဂေးလ်ငှက်လေးက တောင်းပန်လိုက်တယ်။ ဒါပေမဲ့ နှင်းဆီချုံကြီးက ပေးလို့ မဖြစ်နိုင်ပါဘူးတဲ့။ ပေးလိုက်လို့ နှင်းဆီတပွင့် သူ့လက်ထဲ ရောက်သွားမယ်ဆိုရင် အနီရောင်နှင်းဆီပွင့်ဟာ အဖြူရောင် နှင်းဆီပွင့်အဖြစ် ပြောင်းလဲ သွားပါလိမ့်မယ်။
အဲဒါကြောင့် နောက်ထပ် နှင်းဆီချုံတချုံကို ရှာဖို့ အကြံပေးလိုက်တယ်။ နှင်းဆီရုံကြီး အကြံပေးလိုက်တဲ့အတိုင်း နိုက်တင်ဂေးလ်ငှက်လေးဟာ ဟိုးအဝေးကို ဆက်ပျံသန်းသွားပြီး အသက်ကြီးကြီး နှင်းဆီရုံကြီးတရုံကို တွေ့ပြန်တယ်။
“နှင်းဆီနီနီလေးတပွင့် လိုချင်လို့ပါရှင့်”
“ငါ့မှာ နှင်းဆီနီတပွင့် ပွင့်ပေးဖို့ အသက်အရွယ် ကြီးနေပါပြီ။ ဆောင်းရာသီဟာ ငါ့သွေးကြောတွေကို ခိုက်ခိုက်တုန်အောင် ချမ်းစေပြီး၊ နေရောင်ခြည်ကြောင့် ပွင့်ချပ်၊ ပွင့်ဖက်တွေ ဟာလည်း အရောင်အဆင်း ကင်းမဲ့နေကြပြီ”
“ဟုတ်ပါတယ်။ ဒါပေမဲ့ တပွင့်လောက်ပဲ ပွင့်ပေးပါရှင်၊ နှင်းဆီရုံအိုကြီးမှာ နည်းလမ်းရှိမှာပါ”
“ဟုတ်တယ်၊ နည်းလမ်းရှိတယ်”
ဒါပေမဲ့ အင်မတန် ထိတ်လန့်စရာ ကောင်းတာကြောင့် နှင်းဆီရုံကြီးက မပြောဘဲ နှုတ်ပိတ်နေတယ်လေ။
“ကျမမကြောက်ပါဘူး။ နှင်းဆီနီလေးတပွင့်ရဖို့ ကျမ ဘာလုပ်ရမလဲ၊ ပြောသာပြောလိုက်ပါ။ နှင်းဆီနီနီလေးတပွင့်အတွက်ပါ”
“အဲဒါဆို ညရောက်ရင် ငါ့ဆီပြန်လာပါ။ ငါ့ရဲ့ဆူးတွေကို မင်းရင်ဘတ်နဲ့ဖိပြီး နိုက်တင်ဂေးလ် ငှက်တွေရဲ့ အလှပဆုံး သီချင်းတပုဒ်ကို သီဆိုလိုက်ပါ။ အဲဒီလို သီဆိုနေရင်း မင်းရဲ့သွေးတွေဟာ ငါ့သွေးကြောထဲ စိမ့်ဝင်ပြီး နှင်းဆီနီနီတပွင့် ပွင့်အံပေးပါလိမ့်မယ်”
အချစ်ဆိုတဲ့ အမည်နာမအတွက် သူမအသက်ကို စတေးထိုက်တယ်လို့ ယုံကြည်စွာနဲ့ပဲ အဲဒီညမှာ နှင်းဆီအိုရုံကြီး ပြောသလို နိုက်တင်ဂေးလ်ငှက်လေးဟာ နှင်းဆီဆူးချွန်တွေကို ရင်နဲ့အပ်ပြီး အလှပဆုံးသော သီချင်းတပုဒ်ကို သီဆိုခဲ့ပါတယ်။ ကောင်းကင်မှာ လမင်းကြီး ပြူထွက်လာတာနဲ့ နှင်းဆီအုံကို ရင်နဲ့အပ်ပြီး ချစ်မိနေသော မိန်းမသားတယောက်နဲ့ ယောက်ျား တယောက်အကြောင်း သီချင်း စတင် သီဆိုပါတော့တယ်။ အဲဒီနောက် အချစ်အတွက် စတေးခြင်းသည် တရားမျှတတဲ့အကြောင်း သီဆိုပြန်ပါတယ်။ ကောင်းကင်ပြင်မှာ လမင်းကြီး တရွေ့ရွေ့ ဖြတ်သန်းနေသလို၊ နိုက်တင်ဂေးလ်ငှက်ကလေးရဲ့ လှပတဲ့ သံစဉ်တေးသွားအောက်မှာ သူမသွေးတွေနဲ့ အလှပဆုံး နှင်းဆီပွင့်လေး တပွင့်ဟာ ကြက်သွေးရောင် သန်းလာပါတယ်။
အဲဒီအချိန်မှာ နှင်းဆီအိုကြီးက နေထွက်လာတော့မယ်။ သီချင်းကို မြန်မြန်ဆိုဖို့ တိုက်တွန်းလိုက်တဲ့အခါ သူမရင်အုံကို ဆူးချွန်တွေနဲ့ နောက်တကြိမ် ဖိကပ်လိုက်ရာက နှင်းဆီဆူးချွန်ဟာ သူမနှလုံးသားထဲအထိ ထိုးစိုက်သွားပါတယ်။ ဒါပေမဲ့ သီချင်းပြီးတဲ့အထိ ဆက်ဆိုသွားပါတယ်။ နိုက်တင်ဂေးလ်ငှက်မလေး အားအင်ကုန်ခမ်းနေပါပြီ။ မကြာခင် သူသေတော့မှာ သိလျက်နဲ့ သူ့သွေးနဲ့ ပွင့်ပေးခဲ့တဲ့ နှင်းဆီနီလေးကို နှုတ်သီးနဲ့ ကိုက်ချီပြီး ကောင်လေးဆီ အရောက်ပို့ပေးခဲ့ပါတယ်။ အဲဒီနောက် ကောင်လေးနေတဲ့ အခန်းပြတင်းပေါက် ဘောင်မှာပဲ နိုက်တင်ဂေးလ် ငှက်မလေး ဒဏ်ရာနဲ့ သေဆုံးသွားပါတယ်။ ကောင်လေးက အသံကြားပြီး ပြတင်းပေါက်တံခါး ဖွင့်ကြည့်လိုက်တော့ ကမ္ဘာလောကမှာ သူ အလိုချင်ဆုံး အရာတခုကို တွေ့လိုက်ရပါတယ်။ နေမင်းကြီးကလည်း အရှေ့ယွန်းယွန်းက ဖြာထွက်လာပါပြီ။ နှင်းဆီနီလေးကို ကောက်ယူလိုက်ပြီး သူချစ်တဲ့ ကောင်မလေးရှိရာအိမ်ဆီ ခြေကုန်သုတ် ပြေးပါတော့တယ်။
ကောင်မလေးကို မြင်တော့ ချွေးတွေကြားက အမောတောင် မဖြေနိုင်သေးဘဲ၊ “ဟောဒီမှာ နင်ငါ့ဆီကတောင်းထားတဲ့ နှင်းဆီပွင့်လေး ယူလာပြီ၊ ကြည့်စမ်းပါ၊ ဘယ်လောက်လှသလဲ”
ဒါပေမဲ့ အဖြေက ကောင်လေး မျှော်လင့်ထားသလို မဟုတ်ပါဘူး။
“နင့်နှင်းဆီပွင့်က ငါလိုချင်တာနဲ့ မတူဘူး။ နင့်နှင်းဆီပွင့်က အရမ်းကြီးနေတော့ ငါ့အဝတ်တွေကို အရိပ်လွှမ်းသွားလိမ့်မယ်။ အခုအချိန်မှာ နင့်နှင်းဆီပွင့်ကိုလည်း ငါမလိုတော့ပါဘူး။ ဒီနေ့ည ကပွဲအတွက် အခြားလူတယောက်ရဲ့ ကမ်းလှမ်းချက်ကို ငါလက်ခံလိုက်ပြီလေ”
ကောင်လေးဟာ စိတ်ပျက်လက်ပျက်နဲ့ လက်ထဲက နှင်းဆီပွင့်ကို လမ်းပေါ် လွှင့်ပစ်လိုက်တဲ့အခါ၊ နှင်းဆီပွင့်လေးကို မြင်းရထားတစီးက နင်းခြေ ဖျက်ဆီးပစ်လိုက်ပါတယ်။ အဲဒီနောက် ကောင်လေးလည်း သူမပေးနိုင်တာကို ဘယ်တော့မှ မတောင်းဆိုတတ်တဲ့ သူ့စာအုပ်တွေဆီ ပြန်လျှောက်လာတော့တယ်။
အဲဒီပုံပြင်လေးက ကျမဘဝပင်ဖြစ်သည်။ နိုက်တင်ဂေးလ်ငှက်လေးလို အရာရာကို ပေးဆပ်ဖို့ စွန့်လွှတ်ပြီး၊ စွန့်လွှတ်ရင်းနဲ့ပဲ သေဆုံးသွားတော့သည်။
❑
အပိုင်း သုံး
ပါရီမြို့ အောက်တိုဘာ ၁၄ ၁၉၁၇ ခုနှစ်။
ချစ်ခင်ရသော မာတာဟာရီ၊ ယခုအထိ မင်းမသိသေးပေမဲ့ မင်းရဲ့လွတ်ငြိမ်းချမ်းသာခွင့် အသနားခံလွှာကို သမ္မတကြီးက ငြင်းပယ်လိုက်ပါတယ်။ ဒါကြောင့် မနက်ဖြန် မနက်အစောကြီး မင်းကို ကျုပ်လာတွေ့မှာပါ။ တွေ့ဆုံခြင်းဟာ ကျုပ်တို့နှစ်ယောက်ရဲ့ နောက်ဆုံးတွေ့ဆုံခြင်းပါပဲ။
မနက်ခင်း မင်းဆီကို မလာမီ ကျုပ်မှာ ၁၁ နာရီသာ အချိန်ကျန်ပါတော့တယ်။ အဲဒါကြောင့် တစ်စက္ကန့်မှ အိပ်ပျော်မှာ မဟုတ်ပါဘူး။ ယခု ကျုပ်ရေးနေတဲ့စာဟာလည်း သက်ဆိုင်သူအနေနဲ့ ဘယ်တော့မှ ဖတ်ရမယ့်စာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ပြစ်မှုစုံစမ်းစစ်ဆေးရေးမှာ နောက်ဆုံး အထောက်အထားတခုအနေနဲ့ ပြောပြဖို့ ရည်ရွယ်ခြင်းသာ ဖြစ်ပါတယ်။ ယခုစာဟာ ဥပဒေ ရှုထောင့်အရ လုံးဝအသုံးမဝင်နိုင်ပေမဲ့ ကျုပ်အသက်ရှင်ချိန်မှာ အနိမ့်ဆုံး မင်းဂုဏ်သိက္ခာကို ပြန်ဆယ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျုပ်ဆီ မင်းရေးပို့တဲ့စာတွေမှာ မကြာခဏ စွပ်စွဲထား သလို၊ ကျုပ်ဟာ ဆိုးရွားတဲ့ ရှေ့နေတယောက် မဟုတ်တာကြောင့်ပဲ ကျုပ်ရဲ့ညံ့ဖျင်းမှုကို ဟောဒီစာနဲ့ ကာကွယ်ဖို့လည်း မရည်ရွယ်ခဲ့ပါဘူး။ အကယ်၍သာ ကျုပ်မကျူးလွန်ခဲ့တဲ့အပြစ်ကို ကျုပ်ကိုယ်တိုင် ချေဖျက်ရမယ်ဆိုရင် ပြီးခဲ့တဲ့လ အနည်းငယ်ခန့်က ကျုပ်ခံစားရတဲ့ ဒုက္ခသုက္ခတွေက လွတ်ငြိမ်းချင်တာ တခုပါပဲ။ ဝန်မခံခဲ့ပေမဲ့ တခါက ကျုပ်ချစ်ခဲ့ရတဲ့ မိန်းမတယောက် လွတ်မြောက်ရာ လွတ်မြောက်ကြောင်းအတွက် နည်းလမ်းပေါင်းစုံနဲ့ ကျုပ်ကြိုးစားခဲ့ပါတယ်။
အဲဒီဒုက္ခသုက္ခဟာ ကျုပ်တယောက်တည်း ခံစားနေရတဲ့ဒုက္ခ မဟုတ်ပါဘူး။ တတိုင်းတပြည်လုံး ဒုက္ခပါ။ အခုဆိုရင် ကျုပ်တို့တိုင်းပြည်မှာ စစ်ပွဲတွေထဲ သားတယောက် မဆုံးရှုံးဘူးတဲ့ မိသားစုရယ်လို့ မရှိပါဘူး။ အဲဒါကြောင့်ပဲ မတရားမှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ၊ ဘယ်လိုမှ စိတ်ကူးကြံစည်မရနိုင်တဲ့ ဖြစ်ရပ်တွေကို ကျူးလွန်နေကြတာပါ။ ယခု စာရေးနေချိန်မှာပဲ ကီလိုမီတာ ၂၀၀ အကွာလေးမှာ မဆုံးနိုင်တဲ့ စစ်ပွဲတွေ ဖြစ်နေဆဲပါ။ ဒါပေမဲ့ သွေးပျက်မတတ် စစ်ပွဲတွေကို ကျုပ်တို့ရဲ့ရိုးသားမှုနဲ့ စခဲ့ကြတာပါ။ သံချပ်ကာကားတွေ၊ အမြောက်ကြီးတွေနဲ့ ပါရီမြို့ကို ချီတက်လာနေတဲ့ ဂျာမန်စစ်သား (၁၀၀၀၀၀) သိန်းကျော်ကို ပြင်သစ်စစ်သား (၂၀၀၀၀၀) နဲ့ ချေမှုန်းနိုင်မယ်လို့ ကျုပ်တို့တွေ ထင်ခဲ့ကြတယ်။ ရဲစွမ်းသတ္တိအပြည့်နဲ့ ကျားကုပ်ကျားခဲ ခုခံကြပေမဲ့ ပြင်သစ်စစ်သား ထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့တယ်။ ဒဏ်ရာရခဲ့ကြတယ်။ ဒါပေမဲ့ (၁၉၁၄) ခုနှစ် ကမ္ဘာစစ်မီးကို ဂျာမန်တွေ စမွေးချိန်၊ (၁၉၁၄) ခုနှစ်ကလိုပဲ ရှေ့တန်းစစ်မျက်နှာမှာ တိုက်ပွဲတွေ ရှိနေပါသေးတယ်။
“ချစ်ခင်ရသော မာတာဟာရီ၊
မင်းဟာ မှန်ကန်တဲ့အလုပ်တခုလုပ်ဖို့ မှားယွင်းတဲ့လူတယောက်ကို ရွေးချယ်ခဲ့တယ်။ အဲဒါ မင်းရဲ့အကြီးဆုံးအမှားပါပဲ။ ပါရီကို မင်းပြန်ရောက်ရောက်ချင်း မင်းကို ဆက်သွယ်ခဲ့တဲ့ တန်ပြန် ထောက်လှမ်းရေး အကြီးအကဲ ဂျော့ချ်လဒူဆိုတာ ပြင်သစ်အစိုးရအဖွဲ့မှာ နာမည်ဆိုးနဲ့ လူသိများနေသူ အရာရှိတဦးပါ။ ပြင်သစ်စစ်ဗိုလ်လေး ဒရိုင်ဖက်စ်အမှုမှာ တာဝန်ရှိသူတဦးပေါ့။ သူ့ရဲ့မှားယွင်းပြီး တရားစီရင်မှုကြောင့် ဒီကနေ့အထိ ကျုပ်တို့တွေ အရှက်ရနေကြပါသေးတယ်။ အပြစ်မရှိတဲ့ ပြင်သစ်စစ်ဗိုလ်လေး ဒရိုင်ဖက်စ်ကို သိက္ခာချပြီး နယ်နှင်ဒဏ်ပေးခဲ့တယ်လေ။ ဒါပေမဲ့ ဂျော့ချ်လဒူရဲ့ အတွင်းသရုပ်ကို ဖော်ထုတ်လိုက်တဲ့အခါ သူလုပ်ခဲ့တဲ့လုပ်ရပ်ကို ဆင်ခြေပေးပြီး ဖုံးကွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ ရန်သူတွေ ခြေလှမ်းကို မသိနိုင်တာကြောင့် သူ့လူတွေရဲ့စိတ်ဓာတ် မပျက်စီးဖို့ စစ်ဗိုလ်လေး ဒရိုင်ဖက်စ်ကို အရေးယူခဲ့ရတယ်ဆိုပြီး သူ့ဆုံးဖြတ်ချက် မှန်ကန်ကြောင်း သက်သေပြဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူကျူးလွန်ခဲ့တဲ့အပြစ်ကိုတော့ ဘယ်လိုမှ ဖုံးအုပ်လို့ မရတော့ပါဘူး။ အဲဒါကြောင့် သူ့ကို ရာထူးတိုးဖို့လည်း ရပ်ဆိုင်းခံလိုက်ရပါတယ်။
အဲဒီအချိန်ကစပြီး အစိုးရအသိုင်းအဝိုင်းမှာ သူ့ကိုပြန်ပြီး အသိအမှတ်ပြု နေရာပေးလာ အောင် လူအများ အာရုံစိုက်မယ့် အငြင်းပွားစရာ ပြဿနာတခု ဖန်တီးဖို့ ကြိုးစားလာပါတော့တယ်။ ရှေ့တန်းစစ်မျက်နှာမှာ ပြင်သစ်တွေ စစ်ရှုံးနေချိန်၊ ပြည်သူတွေလည်း စိတ်ဓာတ်ကျနေချိန်၊ အဲဒီလို အချိန်အခါမျိုးမှာ အောင်မြင်မှုတခုခုနဲ့ လူတွေ အာရုံပြောင်းဖို့ လိုအပ်လာပါတယ်။ အဲလိုကိစ္စမျိုးကို ကျွမ်းကျင်တဲ့ ဂျော့ချ်လဒူဟာ မင်းကို ပထမဦးဆုံး မြင်ရတဲ့အချိန်မှာပဲ အင်မတန်အောက်တန်းကျတဲ့ အကွက်တခုကို ဖန်တီးပါတော့တယ်။ မင်းနဲ့ ပထမဦးဆုံး တွေ့ဆုံမှုကို သူ့မှတ်စုစာအုပ်မှာ အခုလို ဖော်ပြထားပါတယ်။
“ဇာတ်စင်ပေါ် တက်လာသော လူတယောက်လို ကျွန်ုပ်ရုံးခန်းထဲသို့ သူမဝင်လာသည်။ သမားရိုးကျဝတ်စုံ ဝတ်ထားပြီး သူမကို အထင်ကြီးအောင် ကြိုးစားနေသည်။ ထိုင်ခုံမှာထိုင်ဖို့ မဖိတ်ခေါ်မီ ထိုင်ခုံတလုံးကို ဆွဲယူပြီး ကျွန်ုပ်ရှေ့ စားပွဲတဘက်တွင် ထိုင်လိုက်သည်။ သည်ဟိတ်မြို့တွင် သူမကို ဂျာမန်တွေ ကမ်းလှမ်းခဲ့သော အဖြစ်အပျက်ကို ပြောပြပြီး သူမအနေနှင့် ပြင်သစ်အတွက် အလုပ်လုပ်ဖို့ အသင့်ရှိနေကြောင်း ပြောပြသည်။ သူမနောက်လိုက်နေသော ပြင်သစ်စုံထောက်တွေကိုပင် သူမက အခုလိုပြောပြီး လှောင်ပြောင်လိုက်သေးသည်။
“ရှင့်မိတ်ဆွေ စုံထောက်ကြီးတွေက ကျမကို ဘာဖြစ်လို့ ခဏလေးတောင် အေးအေးဆေးဆေး တယောက်တည်း နေဖို့ ခွင့်မပြုတာလဲ။ ဟိုတယ်ခန်းထဲက ကျမ အပြင်ထွက်ပြီ ဆိုတာနဲ့ အခန်းထဲကို သူတို့ ဝင်ပြီး မွှေနှောက်တော့တာပဲ။ ကော်ဖီဆိုင်မှာဆိုလည်း အေးအေးဆေးဆေး မသောက်ရ၊ မစားရပါဘူး။ ရှင့်လူတွေ တဘက်စားပွဲမှာ နေရာယူပြီး ဆိုးဆိုးဝါးဝါး အကြည့်တွေနဲ့ နှောင့်ယှက်နေတာကြောင့် ကျမ နှစ်ပေါင်းများစွာ ထူထောင်ခဲ့တဲ့ မိတ်ဆွေ ဆက်ဆံရေး ထိခိုက်ကုန်တယ်လေ။ အခုဆိုရင် ကျမမိတ်ဆွေတွေက ကျမနဲ့ အပြင်သွားရမှာ ထိတ်လန့်ကုန်ကြပြီ”
ပြင်သစ်နိုင်ငံအတွက် ဘယ်လိုအလုပ်လုပ်ချင်သလဲလို့ သူမကို မေးလိုက်တော့ သူမ အခုလို ခပ်ဆတ်ဆတ် အဖြေပေးခဲ့သည်။
“ဘယ်လိုအလုပ်လုပ်ပေးရမလဲဆိုတာ ရှင်သိမှာပေါ့။ ဂျာမန်တွေအတွက် ကျမဟာ H21 ပဲ။ တိုင်းပြည်အတွက် လျှို့ဝှက်တာဝန် ထမ်းဆောင်ရာမှာ ပြင်သစ်ဟာ ဂျာမန်တွေထက် ပိုကောင်းအောင် ပေးနိုင်မှာပေါ့”
သူမကို သွေးတိုးစမ်းသည့်အနေနှင့် အဓိပ္ပာယ်နှစ်ခွဆောင်သော မေးခွန်းတခုမေးလိုက်သည်။
“မင်းဟာ သုံးဖြုန်းတဲ့နေရာမှာတော့ တော်တော် နာမည်ကြီးတယ်လို့ ပြောကြတယ်။ အခုလုပ်ငန်းအတွက် ငွေ ဘယ်လောက် ပေးရမလဲ”
“ကျမဘက်ကတော့ တပြားမှ မလျှော့နိုင်ပါဘူး”
ရုံးခန်းထဲက ထွက်သွားသည်နှင့် စင်ပေါ်က မာတာဟာရီအမှုတွဲဖိုင်ကို ယူပြီး စုဆောင်း ရရှိထားသော အချက်အလက်တွေ ကျွန်ုပ် ဖတ်ရှု လေ့လာကြည့်ရာ၊ ပြစ်မှုကျူးလွန်သော အချက်အလက် တခုမှ မတွေ့ရ။ သူမသည် ကျွန်ုပ်တို့ အေးဂျင့်များထက် ပါးနပ်၍ သူမလှုပ်ရှားမှုတွေကို ကောင်းကောင်း လျှို့ဝှက် ဖုံးကွယ်ထားနိုင်သည်။
“တနည်းပြောရရင် မင်းမှာ အပြစ်ရှိတယ်ဆိုရင်တောင် တရားစွဲဆိုနိုင်တဲ့ အချက်အလက် သူတို့မှာ တခုမှ မရှိကြပါဘူး။ ဒါပေမဲ့ မင်းရဲ့ တနေ့တာ လှုပ်ရှားမှုအားလုံး အေးဂျင့်တွေက စောင့်ကြည့်ပြီး အထက်ကို သတင်းပို့ကြရတယ်။ မင်းနဲ့ မင်းရဲ့ မျက်မမြင် ရုရှားကောင်လေးတို့ အကြောင်းလည်း စီကာပတ်ကုံး ရေးပြီး အခုလို သတင်းပို့ခဲ့ကြတယ်လေ
သူမထက် အနှစ် ၂ဝ လောက်ငယ်တဲ့ မျက်မမြင် ကောင်လေးတယောက်နဲ့ သူမကို ဟိုတယ်ကလူတွေ အမြဲကြည့်နေတတ်ကြသည်။ အမြဲလန်းဆန်း တတ်ကြွနေတဲ့သူမ သွားဟန် လာဟန်တို့ကြောင့် သူမသည် မော်ဖင်း သို့မဟုတ် ကိုကင်းသုံးစွဲသူ ဖြစ်နိုင်သည်။
သူမသည် ဒတ်ချ်ရွိုင်ရယ် မိသားစုဝင်တဦးဖြစ်ကြောင်း ဟိုတယ်က ဧည့်သည်တယောက်ကို သူမပြောခဲ့ဖူးသည်။ အခြားတယောက်ကိုတော့ သူမမှာ နျူလီတွင် အိမ်ကြီးတအိမ်ရှိကြောင်း ပြောခဲ့သည်။ ကျွန်ုပ်တို့ အေးဂျင့်တွေ ဟိုတယ်မှ အပြင်ထွက်ပြီး ညစာစားကာ ဟိုတယ်သို့ ပြန်လာသည့်အခါ ဟိုတယ်ခန်းမကြီးထဲတွင် လူငယ်တစုကို သူမ သီချင်းဆိုပြနေရာ၊ သူမ၏ တခုတည်းသော ရည်ရွယ်ချက်မှာ အပြစ်မဲ့ မိန်းကလေးနှင့် ယောက်ျားလေးတွေကို ဖျက်ဆီးဖို့ပင် ဖြစ်သည်။ ဒါပေမဲ့ သူမကို လူငယ်တွေကတော့ ပါရီမြို့စင်မြင့်ပေါ်က နာမည်ကြီး စတားတယောက် အဖြစ် အားကျနေကြသည်။
သူမချစ်သူ ရုရှားကောင်လေး ရှေ့တန်းသို့ ပြန်သွားချိန်တွင် သူမတယောက်တည်း လမ်းလျှောက်ရင်း၊ နေ့လယ်စာစားရင်း၊ ညစာစားရင်း နှစ်ပတ်ကြာ ဘရစ်တယ်တွင် နေထိုင်ခဲ့သည်။ ရန်သူဂျာမန်တွေနှင့် သူမ အဆက်အသွယ် အချိန်းအဆက် တခုမှ ထောက်လှမ်းမတွေ့ခဲ့သော်လည်း အကျိုးစီးပွား မရှိဘဲ ဘာကြောင့် ဟိုတယ်မှာ သူတို့နေနေကြပါသလဲ။ သူမကို ၂၄ နာရီ ကျွန်ုပ်တို့ မျက်စိဒေါက်ထောက် ကြည့်နေပေမဲ့ ကျွန်ုပ်တို့ မျက်စိရှေ့မှောက်မှာ သူမ တနည်းနည်းနှင့် ရှောင်တိမ်း၍ ဂျာမန်သူလျှိုများနှင့် ဆက်သွယ်နိုင်သော နည်းလမ်းရှိနိုင်သည်”
ချစ်လှစွာသော မာတာဟာရီ၊
တဘက်က အဲဒီလို ယုတ်မာကောက်ကျစ်တဲ့နည်းတွေနဲ့ မင်းကို တိုက်ခိုက်နေချိန်မှာပဲ ဂျာမန်သူလျှိုတွေကလည်း မင်းနောက် လိုက်နေကြတယ် မဟုတ်လား။ ဂျာမန်သူလျှိုတွေက ပြင်သစ်တွေထက် ပိုပြီး ပိရိကြတယ်လေ။ ကပ္ပတိန်လက်တိုဆီ မင်းသွားတဲ့နေ့က မင်းဟာ နှစ်ဘက်ချွန် အေးဂျင့်တယောက် ဖြစ်တယ်လို့ ဂျာမန်တွေက အတိအကျ ကောက်ချက်ချခဲ့ကြတယ်။ ဘစ်တယ်မြို့မှာ အေးအေးဆေးဆေး မင်း အချိန်ဖြုန်းနေခိုက် သည်ဟိတ်မြို့မှာ မင်းကို စည်းရုံးခဲ့တဲ့ ကောင်စစ်ဝန် ဂရန်မာဟာလည်း ဘာလင်မြို့မှာ အစစ်အဆေး အမေးအမြန်း ခံနေရတယ်။ အစဉ်အလာ အေးဂျင့်တယောက်ထက် ဘာမှမပိုတဲ့ လူတယောက်အတွက် ပြင်သစ်ပိုက်ဆံ ၂၀၀၀ အသုံးပြုခဲ့တာကိုပဲ သူတို့တွေ သိချင်နေကြတယ်။ မင်းလို နာမည်ကြီးလူတယောက်ကို ဂျာမန် စစ်အောင်နိုင်ရေးအတွက် သူလျှိုလုပ်ပေးဖို့ ဘာကြောင့် တာဝန်ပေးခဲ့ရတာလဲ။ ကောင်စစ်ဝန်လည်း ပြင်သစ်တွေနဲ့ တကြိတ်တည်း တဉာဏ်တည်းလား။ ထားပါတော့။ ဒါပေမဲ့ အချိန်တော်တော်ကြာတဲ့ အထိ အေးဂျင့် H21 ထံက ဘာကြောင့် အစီရင်ခံစာတခုမှ ရောက်မလာသေးတာလဲ။ မင်းဆီကို ဂျာမန်အေးဂျင့်တွေ မကြာခဏ ချဉ်းကပ်ပြီး အထူးသဖြင့်တော့ လူအများ စည်ကားရာ နေရာတွေမှာ မင်းကို ချဉ်းကပ်ပြီး၊ မင်းရထားတဲ့ သတင်းအချက်အလက်တချို့ကို တောင်းတဲ့အခါ မင်းကလည်း သူတို့ကို ကြာပြုံးပြုံးပြီး၊ ရှင်တို့လိုချင်တဲ့ သတင်းအချက်အလက်လည်း ဘာတခုမှ မရသေးပါဘူးလို့ တုံ့ပြန်တတ်တယ် မဟုတ်လား။
မတ်ထရစ်မြို့မှာ တန်ပြန်ထောက်လှမ်းရေးဆီ မင်းပေးပို့တဲ့ စာတစောင်ကို သူတို့တွေ ကြားဖြတ်ယူနိုင်ခဲ့ကြတယ်။ အဲဒီစာမှာ သူတို့ ထောက်လှမ်းရေးတွေကို နည်းလမ်းအမျိုးမျိုးနဲ့ တိမ်းရှောင်ပြီး မင်းဆီ ရောက်လာတဲ့ ဂျာမန်အရာရှိကြီး တယောက်အကြောင်း အသေးစိတ်ကို အခုလို ရေးထားခဲ့တယ်။
“ကျမရခဲ့တဲ့ သတင်းတွေအကြောင်း သူမေးပါတယ်။ ကျမ ဘာသတင်းတွေ ရထားသလဲ။ မမြင်ရတဲ့ မင်နဲ့ရေးပြီး ဘာတွေပေးပို့လိုက်သလဲ။ လမ်းခရီးမှာ တခုခု ပျောက်သွားတာမျိုး ရှိခဲ့သလား။ ဘာမှမရှိဘူးလို့ ကျမ အဖြေပေးလိုက်ပါတယ်။ အယ်လ်ဖက်ကီပါစီက ဘာတွေ ထူးခြားလဲလို့ မေးတော့၊ ဘာမှမထူးခြားဘူး၊ သူနဲ့ ကျမ အိပ်ခဲ့တာပဲ ရှိတယ်လို့ ပြောတော့ သူ အကြီးအကျယ် ဒေါပွပြီး ကျမကို အော်ပါတယ်။ ကျမ ဘယ်သူနဲ့အိပ်အိပ် သူစိတ်မဝင်စားဘူးလို့ ကျမကို ပြောပါတယ်။ ဝုန်းဒိုင်းကြဲနေတဲ့သူ့ကို ကျမလျစ်လျူရှုထားလိုက်တဲ့အခါ သူငြိမ်ကျသွားပြီး အိတ်ကပ်ထဲက စီးကရက်ဘူးထုတ်ပြီး ကျမကို ပေးပါတယ်။ ကျမလည်း ခြေဖဝါးနှစ်ဘက်ကို သူမြင်အောင် ပွတ်သပ်နေလိုက်တယ်။ ပဲစေ့အရွယ်အစားလောက်ရှိတဲ့ မိန်းမတယောက်ရှေ့မှာ သူထိုင်ပြီး သူ့အပြုအမူတွေအတွက် တောင်းပန်နေပါတယ်။ မော်ရိုကိုကမ်းရိုးတန်းကို ဂျာမန်နဲ့ တူရကီတပ်တွေက ပို့လိုက်မယ့် လက်နက်ခဲယမ်းကိစ္စတွေအကြောင်း သူ အာရုံစိုက်နေရတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ကျမကို ဂရမ်မာ ပေးစရာရှိတဲ့ ပြင်သစ်ငွေ (၅၀၀၀) ကို သူ့ဆီက ကျမ တောင်းလိုက်တဲ့အခါကျတော့၊ ပိုက်ဆံပေးဖို့ သူ့မှာ အခွင့်အာဏာ မရှိကြောင်း၊ အဲဒီကိစ္စကို သည်ဟိတ်မြို့က ဂျာမန်ကောင်စစ်ဝန်ကို ဆောင်ရွက်ပေးဖို့ ညွှန်ကြားလိုက်မယ့်အကြောင်း အဖြေပေးပါတယ်။ ဂျာမန်တွေဟာ ပေးစရာရှိရင် ဆက်ဆက်ပေးပါတယ်လို့တော့ ပြောသွားပါတယ်”
ဂျာမန်တွေဘက်က သံသယကို နောက်ဆုံး အတည်ပြုလိုက်သည်။ မာတာဟာရီဆီက သတင်းအချက်အလက် တခုမှ ပို့မပေးပေမဲ့ သူမမှာ နှစ်ဘက်ချွန် အေးဂျင့်တယောက်ဖြစ်ကြောင်း သေချာနေသည်။ အီဖယ်မျှော်စင်ကြီးထိပ်တွင် ကျွန်ုပ်တို့ တပ်ဆင်ထားသော ရေဒီယို ထောက်လှမ်းရေးတိုင်ရှိသော်လည်း အပြန်အလှန်ပို့ခဲ့သော သတင်းအများစုကို လျှို့ဝှက် သင်္ကေတ ရေးသားထားတာကြောင့် အခြားလူတွေ မဖတ်နိုင်။ သူတို့ သတင်းအစီရင်ခံစာတွေကို လဒူဖတ်ပေမဲ့ တခုမှ ယုံကြည်ဟန် မတူပါဘူး။
မော်ရိုကိုကမ်းခြေကို လက်နက်ခဲယမ်းတွေ ရောက်မရောက် လူလွှတ်ပြီး စုံစမ်းခဲ့သည် မသိရပေမဲ့ မဒရပ်မှ ဘာလင်ကို ပေးပို့ခဲ့တဲ့ တယ်လီဂရပ်ကို ပြင်သစ်တွေ အဓိပ္ပာယ်ဖွင့်နိုင်ခဲ့ပါတယ်။ အဲဒီစာမှာ မင်းရဲ့အမည်ဝှက် ပါတာကလွဲလို့ ဘာမှ ထူးထူးခြားခြား မတွေ့ရပေမဲ့ အဲဒီစာဟာ အမှုအတွက် သက်သေဖြစ်လာပါတယ်။
ယခု မင်းကို အပြစ်ရှိကြောင်း စွပ်စွဲဖို့ လိုအပ်တဲ့ အထောက်အထားတွေ ကပ္ပတိန်လက်ထဲ ရနေပါပြီ။ ဒါပေမဲ့ တယ်လီဂရမ်တခုတည်းနဲ့ စစ်ခုံရုံးက မင်းကို အပြစ်ရှိတယ်လို့ ယူဆလောက်အောင် ကျုပ်မရူးသွပ်သေးပါဘူး။ အထူးသဖြင့် အပြစ်မဲ့တဲ့ ကပ္ပတိန်ဒရိုင်ဖက်စ်အမှုမှာ စစ်ခုံရုံးရဲ့ လွဲမှားစီရင်ချက်ကို ယခုအထိ လူတွေ သတိရနေပါသေးတယ်။ အဲဒါကြောင့် သူတို့မှာ မင်းအတွက် အခြားထောင်ချောက်တွေ လိုအပ်နေပါသေးတယ်။
❑
ကျုပ်ဘက်က ခုခံကာကွယ်မှုတွေ ဘာကြောင့် အချည်းနှီး ဖြစ်ခဲ့ရတာလဲ။ တရားသူကြီးတွေ၊ မျက်မြင်သက်သေတွေ၊ တရားလိုတွေဆီက ထွက်ဆိုချက်တွေသာမက၊ မင်းဆီက အကူအညီလည်း လိုအပ်ပါတယ်။ ဒါပေမဲ့ မင်းမပေးနိုင်ခဲ့ပါဘူး။ အဲဒီအတွက် မင်းကို ကျုပ် အပြစ်မတင်ချင်ပါဘူး။ ပါရီကို မင်းရောက်ကတည်းက လိမ်ညာပြောတတ်တဲ့ အမူအကျင့်ဟာ မင်းရဲ့ထွက်ဆိုချက်တွေကို လည်း အယုံအကြည် ကင်းမဲ့စေခဲ့ပါတယ်။ မင်းဟာ ဒတ်ချ်အရှေ့အင်ဒီမှာ မွေးဖွားခဲ့သူ မဟုတ်ဘူး။ အင်ဒိုနီးရှား တရားဟော ဓမ္မကထိကတွေ လေ့ကျင့်ပေးခဲ့သူ မဟုတ်ဘူး။ အပျိုစင်တယောက် မဟုတ်ဘူး။ မင်းရဲ့ နိုင်ငံကူးလက်မှတ်မှာ အသက်ငယ်အောင် မွေးနေ့သက္ကရာဇ်ကို လိမ်ညာထားတယ်။ အဲဒီအချက်တွေအားလုံး ခိုင်လုံနေတယ် မဟုတ်လား။ ငြိမ်းချမ်းနေတဲ့ သာမန်အချိန်မှာ အဲဒီအချက်အလက်တွေဟာ အရေးတကြီး ထည့်သွင်း စဉ်းစားစရာ မဟုတ်ပေမဲ့ စစ်ခုံရုံးမှာတော့ စစ်မြေပြင်က သေနတ်သံ၊ ဗုံးသံတွေကို အတိုင်းသား ကြားနေနိုင်ပါတယ်။
ကျုပ်ဘက်က ဆင်ခြေပေးတဲ့အခါတိုင်း ပါရီကို မင်းရောက်ရောက်ချင်း ကပ္ပတိန်လဒူကို ဆက်သွယ်ဖို့ ကြိုးစားခဲ့တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ သူ့ဘက်ကလည်း မင်းရဲ့ တခုတည်းသော ရည်ရွယ်ချက်ဟာ သူ့ကို မြူဆွယ်ပြီး ပိုက်ဆံရဖို့လို့ ခုခံပြောဆိုတတ်ပါတယ်။ အဲဒါ လုံးဝ ခွင့်မလွှတ်နိုင်တဲ့ မောက်မာမှု မဟုတ်လား။ ဂျာမန်တွေလက်ထဲ သူ့ကို ရုပ်သေးရုပ် တရုပ်လို ဖြစ်အောင် မင်းက ဖန်တီးနေတယ်လို့ ပြောတယ်။
မင်းဟာ ချောမောလှပတယ်။ မင်းကို လူတိုင်း သိကြတယ်။ အမျိုးသမီးတွေက မနာလိုကြဘူး။ လူလိမ်လူညာတွေက အခွင့်အရေးနဲ့ အသိအမှတ်ပြုခြင်းကို ရှာဖွေနေကြတယ်။ အမှန်တရားနဲ့ ရင်ဆိုင်နေရသည့်တိုင် လွတ်မြောက်ရာ လွတ်မြောက်ကြောင်း လမ်းကို အမြဲ ရှာဖွေနေကြတယ်။ ပြီးတော့ ပြောခဲ့တာတွေကို သွေးအေးအေးနဲ့ ပြန်ပြောကြတယ်။ မင်းဟာ အရဲကိုးစွန့်စားမှုတွေ၊ ဒါမှမဟုတ် ထင်သာမြင်သာတဲ့ အချစ်တွေ၊ ရမ္မက်တွေနဲ့ မင်းအကြောင်းကို အုတ်အော်သောင်းတင်းဖြစ်အောင် ဖန်တီးချင်တာ ကျုပ်နားလည်ပါတယ်။ သူတပါးကို လွှမ်းမိုး ခြယ်လှယ်ရာမှာ တဘက်ကမ်းခတ်နေတဲ့ မဟာပုရိသတွေကို လိုသလို ခြယ်လှယ်ဖို့ ထွေရာလေးပါး စိတ်ကူးစိတ်သန်း နည်းနည်းလေးပဲ လိုတယ်ဆိုတာ ကျုပ်သဘောပေါက်ပါတယ်။ အဲဒါကို ခွင့်လွှတ်လို့ မရပေမဲ့ တကယ့်အရှိတရားဆိုတာကတော့ သေချာပါတယ်။ အဲဒီအခြေအနေကပဲ အခု မင်းရောက်နေတဲ့နေရာဆီ ဦးဆောင် ခေါ်ယူသွားတော့တာပါပဲ။
ကိုင်ဇာဘုရင်ရဲ့ သားတော် မင်းသားတပါးနဲ့ မင်း အတူအိပ်ခဲ့တယ်လို့ ပြောနေတာကို ကျုပ်ကြားခဲ့ရတယ်။ ဂျာမဏီမှာ ကျုပ်အဆက်အသွယ်တွေ အများကြီးရှိပါတယ်။ စစ်ကာလအတွင်း ကိုင်ဇာဘုရင်သားတော် နေနေတဲ့ နန်းတော်ကြီးရဲ့ ကီလိုမီတာ ၁၀၀ အတွင်းကိုတောင် မင်း ဘယ်တုန်းကမှ မရောက်ခဲ့ဘူးဆိုတာ ကျုပ်အဆက်အသွယ်တွေ အားလုံး သိကြပါတယ်။ ဂျာမန်အစိုးရ အရာရှိကြီးတွေနဲ့ မင်း ရင်းနှီးသိကျွမ်းတဲ့အကြောင်း မကြာခဏ ကြွားဝါပြတတ်တယ် မဟုတ်လား။
ခင်မင်ရပါသော မာတာဟာရီ၊
အေးဂျင့်တယောက်ဟာ ရူးမနေဘူးဆိုရင် အဲဒီလို မဟုတ်မဟတ် ပေါက်ကရတွေကို ရန်သူရှေ့မှာ ပြောမတဲ့လား။ ကချေသည်တယောက်အဖြစ် မင်းရဲ့ ထင်ပေါ်ကျော်ကြားမှု ကျဆင်းနေချိန်မှာ လူတွေဆီက ဂရုစိုက်မှုကို မင်းလိုချင်နေခဲ့တာကြောင့်ပဲ အခြေအနေတွေအားလုံး ပိုဆိုးဝါးခဲ့တာပဲ မာတာဟာရီ။
တရားခွင်မှာ မင်းက တရားရင်ဆိုင်နေချိန်၊ သူတို့တွေက လိမ်ညာနေကြတယ်။ ကျုပ်ကတော့ လူတွေအမြင်မှာ ဂုဏ်သိက္ခာမရှိ လူတယောက်ကို ကာကွယ်နေရတယ်။ အမှုစပြီ ဆိုကတည်းက သူတို့ဘက်က စွဲချက်တွေအားလုံး မင်းပြောခဲ့တဲ့ အမှန်တရားတွေနဲ့ အလိမ်အညာ တွေ ရောထွေးနေပြီ အဲဒါတွေကို အကွက်ကျကျ သူတို့တွေ ဖန်တီးခဲ့တာကြောင့် တကယ့်ကို ရင်နာစရာ ကောင်းပါတယ်။ မင်းဟာ ကျဉ်းထဲကျပ်ထဲ ရောက်နေပြီး ကျုပ်ကိုငှားဖို့ ဆုံးဖြတ်ပြီးတဲ့နောက် ကျုပ်ဆီ သူတို့တွေ ပေးပို့လိုက်တဲ့ အထောက်အထားတွေ ကြည့်ပြီး ကျုပ် တကယ်ပဲ တုန်လှုပ်ခဲ့ရပါတယ်။ မင်းကို စွပ်စွဲခဲ့တဲ့ သူတို့အချက်အလက်အချို့ကို ဖော်ပြလိုက်ရပါတယ်။
၁။ ဂျာမန်ထောက်လှမ်းရေးအဖွဲ့ဝင် မာတာဟာရီ၊ လျှို့ဝှက်အမည် H21။
၂။ ဂျာမန်တွေအတွက် ထောက်လှမ်းရေးသတင်းများ ရယူရန်အတွက် စစ်ကြီးစတင် ချိန်မှစ၍ ပြင်သစ်သို့ သူမ နှစ်ခေါက် ရောက်လာခဲ့။
၃။ ဒုတိယခရီးစဉ်အတွင်း ပြင်သစ်ထောက်လှမ်းရေးနှင့် ဆက်သွယ်၍ အလုပ်လုပ်ပေးဖို့ ကမ်းလှမ်းခဲ့။ တချိန်တည်းတွင် ဂျာမန်ထောက်လှမ်းရေးအတွက်လည်း အလုပ်လုပ်နေသည်။
၄။ ဂျာမဏီတွင် ကျန်ခဲ့သော ပစ္စည်းများ ပြန်ယူရန်ဆိုသော အကြောင်းပြချက်နှင့် ဂျာမဏီသို့ နောက်တကြိမ် ပြန်သွားခဲ့သော်လည်း ဘာပစ္စည်းမှ မပါဘဲ အင်္ဂလန်သို့ ပြန်ထွက်လာရာ၊ သူမကို သူလျှိုမှုဖြင့် ဗြိတိသျှ ထောက်လှမ်းရေးဌာနက ဖမ်းဆီးခဲ့။ ထိုအချိန်၌ ကပ္ပတိန်လဒူနှင့် သူမ အဆက်အသွယ်ရှိကြောင်း သက်သေပြဖို့ ကြိုးစားနေသည့်တိုင် ကပ္ပတိန် လဒူက သူမနှင့် ဆက်သွယ်မှု ငြင်းဆိုထားသည်။
၅။ လျှို့ဝှက်သတင်းများ ရထားသည်ဆိုသော အကြောင်းပြချက်နှင့် မဒရပ်မြို့ ပြင်သစ် ကောင်စစ်ဝန်နှင့် သူမ တွေ့ဆုံပြီး၊ တူရကီနှင့် ဂျာမန်တပ်များမှ မော်ရိုကိုသို့ ရောက်လာမည့် စစ်လက်နက်ခဲယမ်း စစ်လက်နက်ပစ္စည်းများအကြောင်း ပြောပြခဲ့။ သူမသည် နှစ်ဘက်ချွန် အေးဂျင့်များ ကျွန်ုပ်တို့ သိနေတာကြောင့် စွန့်စားမှု တခုမှ မလုပ်တော့ဘဲ အခြေအနေကိုသာ စောင့်ကြည့်နေခဲ့သည်။
အဲဒီလို ထင်ယောင်ထင်မှားဖြစ်စေတဲ့ အချက်အလက်တွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ ဂရမ်မာရဲ့ ထွက်ဆိုချက်အရ မင်းလို အမျိုးသမီးတယောက်ကို သူလျှိုအဖြစ် ရွေးချယ်လိုက်တဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်ဟာ တကယ့်အမှားကြီးပါပဲတဲ့။ ကပ္ပတိန်လဒူကလည်း H21 ဟာ မင်းကိုယ်တိုင် လုပ်ကြံဖန်တီးထားတဲ့ အမည်သာဖြစ်ပြီး၊ မင်းရဲ့ တကယ့်လျှို့ဝှက်အမည်ကတော့ H44 ဖြစ်ပြီး၊ ဟော်လန်နိုင်ငံက နာမည်ကြီး ထောက်လှမ်းရေး သင်တန်းကျောင်းတကျောင်းမှာ လေ့ကျင့် သင်ကြားခဲ့တယ်လို့ အခိုင်အမာ ဆိုနေပြန်ပါတယ်။
စစ်ပွဲတပွဲမှာ ထိခိုက်ပျက်စီးရတဲ့အရာဟာ လူသားဂုဏ်သိက္ခာပါ မာတာဟာရီ။ စောစောက ကျုပ်ပြောခဲ့သလို ပြင်သစ်ထောက်လှမ်းရေးဟာ မင်းကို ဖမ်းလိုက်ခြင်းအားဖြင့် ပြင်သစ်စစ်တပ်ရဲ့ အံ့မခန်းစွမ်းရည်ကို ပြသပြီး၊ သေပွဲဝင်ဖို့ စစ်မြေပြင်ကို ထွက်ခွာရတော့မယ့် ထောင်ပေါင်း များစွာသော လူငယ်တွေရဲ့အာရုံကို လမ်းကြောင်းပြောင်းလိုက်တာပါ မာတာဟာရီ။ ငြိမ်းချမ်းနေတဲ့ အချိန်အခါမှာ အဲဒီလို ထင်ယောင်ထင်မှား အချက်အလက်တွေကို ဘယ်သူကမှ လက်မခံပေမဲ့ စစ်ကာလအတွင်းမှာတော့ မင်းကို ဖမ်းဆီးဖို့ တရားသူကြီးတွေအတွက် အသည်းအသန် လိုအပ်နေတဲ့ အချက်အလက်တွေ ဖြစ်လာပါတယ်။
မင်းနဲ့ ကျုပ်ကြားမှာ တံတားတစင်းလို ဆောင်ရွက်ပေးနေတဲ့ စစ္စတာပေါလင်းကလည်း အကျဉ်းထောင်မှာ နေ့စဉ်ဖြစ်ပျက်သမျှ အားလုံး ကျုပ်ဆီ သတင်းပေးပို့နေခဲ့ပါတယ်။ တနေ့ သတင်းစာဖြတ်ပိုင်းတွေ စုထားတဲ့ မင်းဆီက အယ်လ်ဘမ်စာအုပ် ခဏယူပြီး ကြည့်ခဲ့တဲ့အကြောင်း ကျုပ်ကို ပြောပြပါတယ်။ အဲဒီစာအုပ်မှာ မင်းအကြောင်း ပုံနှိပ်ဖော်ပြခဲ့တဲ့ သတင်းစာတွေက ဓာတ်ပုံတွေ၊ ဆောင်းပါးတွေ၊ သတင်းတွေအားလုံး ဖြတ်ညှပ်ပြီး စုထားခဲ့တယ် မဟုတ်လား။ အဲဒီအယ်လ်ဘမ်အကြောင်း သိတဲ့နေ့မှာပဲ မင်းအကြောင်းနဲ့ ပတ်သက်တဲ့ အလားတူ သတင်းစာ ဖြတ်ပိုင်း အယ်လ်ဘမ် စုစည်းဖို့ ကျုပ်ဆုံးဖြတ်ခဲ့ပါတယ်။ မင်းအမှုကိစ္စကို ပြင်သစ်တွေအားလုံး စိတ်ဝင်စားနေတာကြောင့် မင်းနဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါး အချက်အလက်တွေလည်း အများကြီး ရှိနေပါတယ်။ ကပ္ပတိန် ဒရိုက်ဖက်စ်အမှုနဲ့ မတူတာကတော့ မင်းအသက်ကို ငဲ့ညှာပေးဖို့ လူထုတောင်းဆိုမှုတွေ မရှိခဲ့သလို၊ အသနားခံတာတွေလည်း မရှိခဲ့ပါဘူး။ ယခုစာရေးနေတဲ့အချိန်မှာ မင်းအကြောင်း စုဆောင်းထားတဲ့ ကျုပ်ရဲ့ အယ်လ်ဘမ်လည်း အနားမှာ ဖွင့်လျက်သား ရှိနေပါတယ်။ စာမျက်နှာတခုမှာ အမှုကို စီရင်ချက်ချပြီး နောက်တနေ့ အဖြစ်အပျက်ကို သတင်းစာတွေမှာ အသေးစိတ် ပုံနှိပ်ဖော်ပြခဲ့ကြပါတယ်။ သတင်းဆောင်းပါးတပုဒ်မှာ မင်းရဲ့နိုင်ငံသားနဲ့ ပတ်သက်လို့ အမှားတခုကို ကျုပ်တွေ့ခဲ့ပါတယ်။
မာတာဟာရီသည် အဆိုးနှင့်အကောင်းတို့မှ လွတ်ကင်းနေသော အမျိုးသမီး တယောက် အဖြစ် သူ့ကိုယ်သူ ယူဆနေပုံရသည်။ သူမအမှုကို တတိယစစ်ကောင်စီက အမိန့် ချမှတ်တော့မည် ဆိုသောအချက်ကိုလည်း ဂရုမစိုက်။ အခြားအကြောင်းအရာ တွေကိုလည်း မပူပင်သလို ဟန်ဆောင်၍ ပြင်သစ်ထောက်လှမ်းရေး ခြေလှမ်းတို့ကို အမြဲ သတိထားနေသည်။
မာတာဟာရီသည် ရုရှားသူလျှိုတယောက်ဖြစ်၍ သူမချစ်သူ စစ်သားလေးနှင့် ရှေ့တန်း တနေရာတွင် တွေ့ဆုံရန် နိုင်ငံခြားရေးဌာနသို့ သွားကာ ရှေ့တန်းသွားခွင့် ပါမစ်ကို တောင်းဆိုခဲ့သည်။ အရှေ့ဖက် စစ်မျက်နှာပြင်တွင် ဖြစ်ပျက်နေသော အခြေအနေအားလုံးကို မသိဟန်ဆောင်၍ ပြင်သစ်ပြည် ဘာတန်မြို့လေးကို သူမ၏ တည်နေရာအဖြစ် ရည်ညွှန်း ဖော်ပြခဲ့သည်။ သူမတောင်းဆိုသော ခွင့်ပြုချက်ကို မပေးဘဲ အဆိုပါကိစ္စကို ဝန်ကြီးကိုယ်တိုင် ကြပ်မတ်စေခဲ့သည်။
နိုင်ငံခြားရေးဌာန ဝန်ကြီး အစည်းအဝေးပွဲ အပြီးတွင် ဖမ်းဝရမ်းကို ချက်ချင်း ထုတ်ပေးခဲ့သော်လည်း သတင်းထောက်တွေကို အသိမပေးဘဲ အထူးလျှို့ဝှက် ထားခဲ့သည်။ တရားစီရင်မှုပြီးလျှင်ပြီးချင်း အမှုပါအသေးစိတ်ကို သတင်းထုတ်ပြန် သွားမည်ဖြစ်သည်။
ပါရီမြို့ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ ထုတ်ပြန်ကြေညာချက် မတိုင်မီ ၃ ရက်အလိုတွင် စစ်ဝန်ကြီးဌာနမှ ဖမ်းဝရမ်း ထုတ်ခဲ့သော်လည်း ဤကဲ့သို့ ဖမ်းဝရမ်းမျိုးကို ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အတည်ပြုသည်အထိ စောင့်ဆိုင်းနေရသည်။ တတိယ စစ်ကောင်စီမှ တရားစွဲသူ ဦးဆောင်သော ၅ ယောက်ပါအဖွဲ့သည် ဟိုတယ်ဂလက်ဆီပဲလေ့စ် အခန်းနံပတ် ၁၃၁ သို့ ချက်ချင်း သွားရောက်ရှာဖွေခဲ့ရာ ကတ္တီပါဝတ်ရုံဝတ်၍ နံနက်စာ စားနေသော မာတာဟာရီကို တွေ့ခဲ့ကြသည်။
သူမအစီအစဉ်အရ နံနက်စာစားပြီး နိုင်ငံခြားရေးဝန်ကြီးရုံးသို့ သွားဖို့ စီစဉ်နေသည်။ သူမကို သူတို့နှင့် လိုက်လာဖို့နှင့် အဝတ်အစား လဲရန် အမိန့်ပေးလိုက်သည်။ သူမ အဝတ်အစား လဲနေချိန်တွင် အခန်းတခန်းလုံး မွှေနှောက်ရှာဖွေရာ၊ အထောက်အထား အများအပြား တွေ့ကြရသည်။ အထောက်အထား အများစုမှာ အမျိုးသမီးအင်္ကျီနှင့် အခြားအသုံးအဆောင် ပစ္စည်းတွေဖြစ်သည်။
ဗစ်တယ်မြို့သို့ ခရီးသွားခွင့် အထောက်အထားတခုကိုလည်း တွေ့ခဲ့ကြသည်။ ထိုနေ့ ညနေတွင် သူမထံမှ သူတို့ယူသွားသော ပစ္စည်းတွေကို အသေးစိတ် စာရင်းလုပ်ပြီး မူလပုံစံမပျက် ပြန်ထားဖို့ တောင်းဆိုခဲ့သည်။ သို့မဟုတ်လျှင် သူတို့ကို ပြန်၍ တရားစွဲမည့် အကြောင်း သူမက တောင်းဆိုခဲ့သည်။
တတိယစစ်ကောင်စီကိုယ်စား သူမကို တရားစွဲသူမှာ ကပ္ပတိန် ပီယာဘူချာဒန် ဖြစ်သည်။ ကျွန်ုပ်တို့သတင်းစာကို သတင်းအချက်အလက်များ ပေးပို့နေသော သတင်းအရင်းအမြစ်တခု၏ အဆိုအရ သူမကို ဟိုတယ်ခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး တတိယစစ်ကောင်စီတွင် သူမကို စွဲဆိုထားသော စွဲဆိုချက်တွေကို ကပ္ပတိန်ဘူချာဒန်က သူမကိုပေး၍ ဖတ်ကြားစေခဲ့သည်။ အဲဒီနောက် သူမအမှုကို ကာကွယ်ဖို့ ရှေ့နေတယောက် ငှားချင်ပါသလားဟု ကပ္ပတိန်ဘူချာဒန်က မေးမြန်းရာ၊ ကျမမှာ အပြစ်မရှိဘူး။ ကျမကို တယောက်ယောက်က နောက်ပြောင်နေတာပဲ ဖြစ်လိမ့်မယ်။ ရှင်တို့ထင်သလို ပြင်သစ်ထောက်လှမ်းရေးအတွက် ကျမ အလုပ်လုပ်ခဲ့တယ်။ အဲဒီလိုသာ ငြင်းပယ်ခဲ့သည်။
ကျွန်ုပ်တို့ သတင်းအရင်းအမြစ်က ရေးသားထားသော အထောက်အထားတွင် သူမကို လက်မှတ်ထိုးဖို့ ပြောသည့်အခါ လိုလိုလားလား လက်မှတ်ထိုးခဲ့သည်။ ထိုအချိန်အထိ သူမဘက်က စစ်ဆေး မေးမြန်းပြီးသည်နှင့် သူမနေထိုင်တည်းခိုရာ ဟိုတယ်သို့ ပြန်ပို့ပေးလိမ့်မယ်လို့ပဲ ယုံကြည်နေသည်။ ဟိုတယ်ပြန်ရောက်ပြီးသည်နှင့် သူမမိတ်ဆွေ အပေါင်းအသင်းတွေနှင့် ဆက်သွယ်ပြီးနောက် သူမကို စွပ်စွဲထားသော အဓိပ္ပာယ်မဲ့ စွပ်စွဲချက်တွေကို မိတ်ဆွေတွေက ရှင်းလင်းပေးလိမ့်မယ်လို့ ယုံကြည်နေသည်။
သို့ရာတွင် အထောက်အထားစာရွက်ကို လက်မှတ်ထိုးပြီးသည်နှင့် သူမကို စိန့်လာဇာရီ အကျဉ်းထောင်သို့ ချက်ချင်း ခေါ်သွားရာ၊ လမ်းခရီးတွင် သွေးရူးသွေးတမ်းနှင့် သူမမှာ အပြစ်မရှိကြောင်းကိုသာ အော်ဟစ်ပြောနေလေသည်။ ထိုအချိန်၌ ကပ္ပတိန် ဘူချာဒွန်နှင့် ကျွန်ုပ်တို့ သတင်းစာ သတင်းထောက်တို့ သီးခြားတွေ့ဆုံ မေးမြန်းခဲ့ရာ၊ ကပ္ပတိန်ဘူချာဒွန်က ယခုလို ပြန်ပြောပြခဲ့သည်။
“လူအများပြောသလို မာတာဟာရီဟာ အခုအချိန်မှာ မိန်းမလှတယောက် မဟုတ်တော့ ပါဘူး။ သူမရဲ့ အကျင့်သိက္ခာ ကင်းမဲ့မှု၊ စာနာစိတ် ကင်းမဲ့မှုတွေကြောင့် ယောက်ျားတချို့ ဘဝပျက်ခဲ့ကြတယ်။ လူတယောက်ဆိုရင် သူ့ကိုယ်သူတောင် သတ်သေခဲ့တယ်။ ကျွန်တော်ရှေ့မှာ ရပ်နေတဲ့ အမျိုးသမီးဟာ နှလုံးသားနဲ့ ဝိညာဉ်တခုလုံး သူလျှိုဖြစ်နေသူ တယောက်ပါ”
ကာမဂုဏ်အာရုံတွေနဲ့ တလျှောက်လုံး ပျော်ပါးခဲ့တဲ့ သူမဟာ အခုဆိုရင် မျက်လုံးနှစ်ဘက်မှာ မျက်ပြင်းတွေ တွဲကျနေပြီး၊ တခါက နက်မှောင်နေတဲ့ ဆံပင်တွေဟာလည်း အရောင်ကျွတ်နေပါပြီ။ သူနဲ့ အကျွမ်းတဝင် ရှိခဲ့သူ ကျွန်ုပ်တို့မိတ်ဆွေတွေဆီကလည်း သူမကို စွပ်စွဲသံတွေ ကြားရတော့ အံ့သြခဲ့ရသည်။ သူမကို ဆေးစစ်ခဲ့သော အကျဉ်းထောင် ဆရာဝန် ဒေါက်တာဂျူလီဆာကွတ်၏ အဆိုအရ ဖျားနာခြင်း လုံးဝမရှိ။ အဆုတ်နှင့် နှလုံးမှာလည်း ကောင်းမွန်နေကြောင်း မှတ်ချက် ပေးပြီးနောက် စိန့်လာဇာရီ အကျဉ်းထောင်ကြီး၏ အကျဉ်းတိုက် အခန်းတခန်းထဲသို့ထည့်၍ အကျဉ်းချလိုက်တော့သည်။
❑
ပါရီမြို့ရဲ့ သားသတ်သမားလို့ခေါ်တဲ့ လူတယောက်ရဲ့လက်ထဲမှာ မင်းကို အကြိမ်ကြိမ် အခါခါ စစ်ဆေးမေးမြန်းပြီးနောက် ကျုပ်ကို မင်းဆက်သွယ်လာလို့ မင်းရှိရာ စိန်လာဇာရီအမျိုးသမီး အကျဉ်းထောင်ကြီးဆီ ကျုပ်ရောက်လာခဲ့ရပါတယ်။ ဒါပေမဲ့ အရမ်းနောက်ကျနေပါပြီ။ ပြီးခဲ့တဲ့ အထောက်အထား အများအပြားရဲ့ အမှုမှာ မင်းကိုယ်တိုင် ပါဝင် ပတ်သက်နေတယ်ဆိုတာ ပြသနေပါတယ်။ ကျုပ်ရောက်မလာမီ မင်းကိုယ်တိုင် သက်သေခံ ထွက်ဆိုချက်တွေကလည်း မင်းကိုယ်မင်း အပြစ်မရှိကြောင်း ခုခံဖို့ ကာကွယ်ဖို့ထက် မင်းကိုယ်မင်း အရေးကြီးကြောင်း၊ ပြောရမယ်ဆိုရင် ပါရီအသိုင်းအဝိုင်းမှာ မင်းကိုယ်မင်း တော်တော် လူရာဝင်တဲ့အကြောင်း ဂုဏ်ခံပြောဖို့သာ မင်းဟာ စိတ်ဝင်စားနေပါတယ်။ တကယ်တော့ မင်းဟာ ကပ္ပတိန်လဒူနဲ့ သူတို့လုပ်ဖော်ကိုင်ဖက်တွေ ဌာနတွင်း အာဏာလုပွဲမှာ ဓားစာခံ ဖြစ်ခဲ့ရတယ် မဟုတ်လား။ အဲဒီအကြောင်းကို သက်သေပြဖို့ထက် မင်းရဲ့နိုင်ငံတကာ အောင်မြင်မှုတွေ၊ သူဋ္ဌေးသူကြွယ် အာဏာရှိသူ ဘယ်သူဘယ်ဝါတွေနဲ့ ရင်းနှီးသိကျွမ်းပုံတွေကိုသာ ရှေ့တန်းတင် ပြောခဲ့တာပဲ။ ခုံရုံးမှာ သက်သေထွက်ဆိုပြီး အခန်းကျဉ်းလေးထဲ မင်းပြန်ရောက်တဲ့အခါ အကျဉ်းထောင်မှာ သောင်းကျန်းနေတဲ့ ကြွက်တွေကို ကြောက်လန့်ပြီး ငိုဟစ်ရင်း တညလုံး မင်း အိပ်ရေးပျက်ခဲ့တဲ့ အကြောင်း စစ္စတာပေါ်လင်းကတဆင့် ကျုပ်သိခဲ့ရပါတယ်။ မင်းလို ကိုယ့်ကိုယ်ကိုယ် အသည်းမာတယ်လို့ ယူဆနေသူတွေရဲ့ စိတ်ဓာတ်ကိုချိုးဖို့ အကျဉ်းထောင်တွေမှာ အဲဒီလို ယုတ်မာတဲ့နည်းတွေ သုံးလာခဲ့ကြတယ်။ တရားခွင်မတိုင်မီ မင်းလည်း အဲဒီလိုချောက်ချားမှုတွေ ကြောင့် တုန်လှုပ် ချောက်ချားမှုတွေနဲ့ ရူးမတတ် ခံစားခဲ့ရတယ် မဟုတ်လား။
မင်းပစ္စည်းတွေထဲမှာ အပြစ်ရှိကြောင်း သက်သေပြနိုင်မယ့် သက်သေခံပစ္စည်း တခုမှ ရှာမတွေ့တာကြောင့် မင်းကို တရားစွဲဆိုသူတွေ မျက်ကလဲဆန်ပြာ ဖြစ်လာကြတယ်။ အဲဒီပစ္စည်းတွေထဲမှာ ပိုက်ဆံအိတ်ထဲကတွေ့ခဲ့တဲ့ လိပ်စာကတ်ပြား အချို့လည်း ပါပါတယ်။ လိပ်စာထဲက စီးပွားရေးသမားတွေကို တယောက်ချင်း တွေ့ဆုံမေးမြန်းတဲ့အခါ မင်းနဲ့ တရင်းတနှီး အဆက်အသွယ် ရှိကြတယ်ဆိုတာကို အားလုံး ငြင်းကွယ်ခဲ့ကြပါတယ်။ မင်းနဲ့ သိကျွမ်းခဲ့တဲ့ ဒေါက်တာမိုးနေးရဲ့ထွက်ဆိုချက်ဟာ တော်တော်လေး အသည်းနာစရာ ကောင်းပါတယ်။ သက်သေ အထောက်အထား မရှိပေမဲ့ မင်းပုံရိပ်ကို အခုလို ပုံဖော်ခဲ့ပါတယ်။
“မာတာဟာရီဟာ အန္တရာယ်များတဲ့ အမျိုးသမီးတယောက်ပါ။ သူမဟာ ဘာသာစကား သုံးလေးမျိုးကို ကျကျနန ပြောတတ်ပါတယ်။ အထူးသဖြင့် ပြင်သစ်ဘာသာစကားမှာ အလွန် ကျွမ်းကျင်ပါတယ်။ လူမှုပတ်ဝန်းကျင် မျိုးစုံမှာလည်း အပေါင်းအသင်းတွေ အင်မတန် များပါတယ်။ သူမအလှအပနဲ့ ခန္ဓာကိုယ်ဟာ တပ်မက်စရာ ကောင်းပါတယ်။ ထူးခြားတဲ့ ဉာဏ်ရည်ဉာဏ်သွေး ရှိတယ်။ ဒါပေမဲ့ အကျင့်စာရိတ္တ ပျက်စီးနေတဲ့ မိန်းမတယောက်ဖြစ်ပြီး၊ အားလုံးပေါင်းစုပြီး သရုပ်ဖော်ကြည့်ရင် မာတာဟာရီဟာ သံသယ ဖြစ်စရာ မိန်းမတယောက်ပါပဲ”
စိတ်ဝင်စားစရာကောင်းတာက မင်းနဲ့ပတ်သက်ပြီး ကပ္ပတိန်လဒူ ရေးသားခဲ့တဲ့ သက်သေ ထွက်ချက်ပါ။ သက်သေ အထောက်အထား လုံးဝမရှိပေမဲ့ သူ့ထင်မြင်ချက် တခုတည်းနဲ့ တရားခံ ဖြစ်ကြောင်း တရားသေ ကောက်ချက်ဆွဲခဲ့ပါတယ်။
မာတာဟာရီသည် ကျွန်ုပ်တို့ရန်သူများအတွက် အလုပ် လုပ်ပေးနေသည်မှာ ထင်ရှားပါသည်။ ဒါပေမဲ့ သူမကို ဂျာမန်သူလျှိုဖြစ်ကြောင်း သက်သေပြရပါလိမ့်မည်။ အဆိုပါကိစ္စအတွက် သင့်အနေနှင့် ခိုင်လုံသော အထောက်အထား လိုချင်လျှင် စစ်ရုံးတွင် ရနိုင်ပါသည်။ ကျွန်ုပ်အနေနှင့်မူ စစ်ကာလအတွင်း သူမတယောက်တည်း တနိုင်ငံပြီးတနိုင်ငံ ခရီးသွား၍ အရာရှိ အများအပြားနှင့် အဆက်အသွယ် ရှိနေခြင်းသည်ပင် လုံလောက်သော သက်သေဖြစ်လေသည်။
❑
ကျုပ်စိတ်တွေ ရှုပ်ထွေးနေတယ် မာတာဟာရီ။ ကျုပ်တို့နှစ်ယောက် အမှတ်သညာတွေက အဲဒီအကြောင်းတွေ မပျောက်ပျက်ခင်၊ ကျုပ်တို့နှစ်ယောက် ဒဏ်ရာတွေနဲ့ အတိတ်ကို နောက်ပြန် မျှော်ကြည့်ရင်း ဟောဒီစာကို ကျုပ်ရေးနေတယ်လို့ ထင်ခဲ့တယ်။ တကယ်တော့ ကျုပ်အတွက် ရေးနေတာပါ မာတာဟာရီ။ မင်းလွတ်မြောက်ရာ လွတ်မြောက်ကြောင်းအတွက် ဉာဏ်စွမ်း စိတ်စွမ်း ရှိသမျှ လုပ်ခဲ့တယ်လို့ပဲ ကျုပ်ကိုယ်ကျုပ် ယုံကြည်နေပါတယ်။ ပထမဦးဆုံး စိန့်လာဇာရီ အကျဉ်းထောင်ထဲက မင်းကို ဆွဲထုတ်ဖို့ ကြိုးစားခဲ့တယ်။ အဲဒီနောက် မင်းဘဝကို ကယ်တင်ဖို့ တိုက်ခိုက်ခဲ့တယ်။ နောက်ဆုံးအနေနဲ့ မင်းကိုယ်တိုင် ရင်စည်းခါးစည်းခံခဲ့ရတဲ့ မတရားမှုတွေ အကြောင်းကို စာအုပ်တအုပ် ရေးဖို့ ရည်ရွယ်ခဲ့ပါတယ်။ မင်းဟာ မိန်းမတယောက် ဖြစ်နေရခြင်း ဆိုတဲ့ အပြစ်ကြောင့် မတရားခြင်းရဲ့ ဓားစာခံ ဖြစ်ခဲ့ရတယ်။ လွတ်လပ်ခြင်းဆိုတဲ့ အပြစ်ကြောင့် သူတို့ရန်သူ ဖြစ်ခဲ့ရတယ်။ ပရိသတ်ရှေ့မှာ ဝတ်လစ်စလစ် ချွတ်ပြတယ်ဆိုတဲ့ အပြစ်ကြောင့် မကောင်းဆိုးဝါး ဖြစ်ခဲ့ရတယ်။ ရာထူးဂုဏ်ပုဒ်ကို အသက်နဲ့လဲပြီး ထိန်းသိမ်းရမယ်လို့ ယူဆနေတဲ့ ယောက်ျားတွေနဲ့ ပတ်သက်ခဲ့တဲ့ အပြစ်အတွက် နင်းပြားဖြစ်ခဲ့ရတယ်။ ဒီနေရာမှာ ကပ္ပတိန် လဒူဆီ ကျုပ်ရေးပို့ခဲ့တဲ့စာတွေ၊ အဆိုပြုချက်တွေအကြောင်း ရေးသား ဖော်ပြနေလည်း အလကားပါပဲ။ နယ်သာလန် ကောင်စစ်ဝန်နဲ့တွေ့ဖို့ ကြိုးစားခဲ့တဲ့အကြောင်းလည်း ပြောမပြချင်တော့ပါဘူး။ အထောက်အထား မရှိတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ အားလုံး ရပ်ဆိုင်းတော့မယ့်အခါ ပါရီက စစ်ဘက်အုပ်ချုပ်ရေးမှူးကို ကပ္ပတိန်လဒူက သူ့မှာ ဂျာမန်တွေ ပို့လိုက်တဲ့ ကြေးနန်းစာ ရှိတဲ့အကြောင်း သတင်းပေးခဲ့ပါတယ်။ ကြေးနန်းစာအားလုံး ၂၁ စောင် ရှိပြီး၊ မင်းရဲ့ ပါဝင် ပတ်သက်မှုကို ဖော်ပြနေပါတယ်။
ပါရီကို မင်းရောက်ရောက်ချင်း ကပ္ပတိန်လဒူနဲ့ တွေ့ဖို့ ကြိုးစားတဲ့အကြောင်း၊ အလုပ် လုပ်ပေးဖို့ မင်းကို ပိုက်ဆံပေးခဲ့တဲ့အကြောင်း၊ မင်းက နောက်ထပ် ပိုတောင်းတဲ့အကြောင်း၊ အဆင့်မြင့် အရာရှိကြီးတွေနဲ့ မင်း အတူတူ အိပ်ခဲ့တဲ့အကြောင်း၊ အဲဒါပါပဲ။ ပြင်သစ်တပ်တွေရဲ့ လှုပ်ရှားမှု ဒါမှမဟုတ် စစ်သတင်းနဲ့ ပတ်သက်တဲ့ အခြား သတင်းအချက်အလက် တခုမှ မပါပါဘူး။ ကံဆိုးစွာပဲ အမျိုးသား လုံခြုံရေးဥပဒေအရ မင်းနဲ့ ကပ္ပတိန်ဘူချာဒွန်တို့ နှစ်ဦးချင်း စကား ပြောနေတဲ့အချိန်မှာ ကျုပ်နားထောင်ခွင့် မရှိခဲ့ပါဘူး။ ဒါပေမဲ့ နှစ်ဘက်ချွန် အေးဂျင့် တယောက်အနေနဲ့ ပြင်သစ်အတွက် အလုပ်လုပ်ပေးဖို့ မင်းကို ကပ္ပတိန်လဒူက ပိုက်ဆံပေး ခိုင်းတဲ့အခါ သူ့ကို မင်း ရိုးရိုးသားသား ယုံကြည်ခဲ့တဲ့အကြောင်း တဆင့်စကားအရ ကျုပ် ပြန်ကြားခဲ့ရပါတယ်။ အဲဒီအချိန်မှာ မင်းဖြစ်နေတာတွေကို ဂျာမန်တွေ ကောင်းကောင်း သိနေပါတယ်။ သူတို့လုပ်ခဲ့တာတွေအားလုံး မင်းအတွက် ဒုက္ခရောက်တော့မှာလည်း သိနေပါတယ်။ အဲဒါကြောင့် အေးဂျင့် H21 ကို လုံးဝ မေ့ပစ်လိုက်ပြီး၊ မဟာမိတ်တွေရဲ့ ထိုးစစ်ကို ရပ်တန့်ဖို့သာ အာရုံစိုက်နေကြတာပါ။
❑
သတိထားနေတဲ့ကြားက ကျုပ် အိပ်ပျော်သွားတယ် မာတာဟာရီ။ နိုးလာပြီး နာရီ ကြည့်လိုက်တော့ အချိန် ၃ နာရီပဲ ကျန်ပါတော့တယ်။ ၃ နာရီအတွင်း မင်းနဲ့ နောက်ဆုံးတွေ့ဖို့ အကျဉ်းထောင်ကြီးဆီ အရောက်သွားရပါလိမ့်မယ်။ မင်းဆန္ဒနဲ့ ဆန့်ကျင်ပြီး ကျုပ်ကိုငှားဖို့ မင်းကို အတင်းအကြပ် ဖိအားပေးတဲ့အချိန်ကစပြီး အဖြစ်အပျက်တွေအားလုံး ပြန်ပြောပြဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ အပြစ်ကင်းမဲ့ခြင်းကို ဥပဒစနစ် ကွန်ရက်ထဲက ထုတ်ယူရမယ်လို့ မင်းထင်ခဲ့တယ် မဟုတ်လား မာတာဟာရီ။ ဥပဒေစနစ်အတွက် ကျုပ်တို့တွေကိုယ်တိုင် အမြဲ ဂုဏ်ယူပြောတတ်ပေမဲ့ စစ်ကာလအတွင်းမှာတော့ ဥပေဒစနစ်ကိုယ်တိုင် ဖောက်ပြန်လာပါတယ် မာတာဟာရီ။
စစ်သီချင်းဆိုနေတဲ့ စစ်သားတစုကလွဲပြီး တမြို့လုံး အိပ်မောကျနေတယ် မာတာဟာရီ။ ရဲရဲတောက် စစ်သီချင်း သီဆိုနေကြပေမဲ့ သူတို့ကို စောင့်ဆိုင်းနေတဲ့ ကံကြမ္မာကိုတော့ အဖြူအမည်းတောင် ကွဲကွဲပြားပြား မသိကြပါဘူး။ လူတိုင်းကို ကောလာဟလတွေက နှိပ်စက်နေပါတယ်။ ဒီကနေ့မနက် ဂျာမန်တွေကို ဘာဒန်မြို့ ဟိုဘက်အထိ ပြင်သစ်တပ်တွေ တိုက်ထုတ်လိုက်တယ်လို့ ကြားရပေမဲ့၊ နေ့လယ်ခင်းမှာတော့ တူရကီတပ်တွေ ဘယ်ဂျီယံအထိ ရောက်လာပြီး နောက်ဆုံးတိုက်ပွဲအတွက် စရက်ဘော့မြို့ကို ချီတက်နေတဲ့အကြောင်း ကြားရပြန်ပါတယ်။ တနေ့တာကာလအတွင်း လူတွေ ပျော်ရွှင်လိုက်၊ စိတ်ဓာတ်ကျလိုက် အကြိမ်ကြိမ် သံသရာ လည်နေကြတယ်လေ။
မင်းကို ဖမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက် ၁၉၁၇ ခုနှစ်ကနေ သေနတ်ပြောင်းဝတွေကို မင်းရင်ဆိုင်ရမယ့် ယနေ့အထိ၊ အဖြစ်အပျက်တွေ အားလုံးကို ပြောပြဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မင်းအတွက် ကျုပ် ဆောင်ရွက်ပေးခဲ့တာတွေကို သမိုင်းကသာ အဆုံးအဖြတ် ပေးပါလိမ့်မယ်။ မင်းရဲ့ မှန်ကန်မှုကို တနေ့ သမိုင်းက သက်သေပြပါလိမ့်မယ်။ မင်းဟာ သူလျှိုမှုနဲ့ မတရား စွပ်စွဲခံရသူ တဦးသာ မဟုတ်ပါဘူး။ အစဉ်အလာ အယူအဆတချို့ကိုလည်း စိန်ခေါ်ခဲ့သူပါ။ အဲဒီအတွက် မင်းကို သမိုင်းက ဖျောက်ဖျက်လို့ မရနိုင်ပါဘူး။
ဒါပေမဲ့ မင်းအမှုကို စာမျက်နှာ တမျက်နှာတည်းနဲ့ အကျဉ်းချုံးရင် လုံလောက်ပါလိမ့်မယ်။ မင်းရလာတဲ့ ပိုက်ဆံတွေရဲ့ အရင်းအမြစ်ကို ခြေရာခံဖို့ သူတို့ကြိုးစားခဲ့ပေမဲ့ အဲဒီကိစ္စမှာ အဆင့်မြင့် အရာရှိကြီးတွေ ပါဝင်ပတ်သက်နေတာကြောင့် လျှို့ဝှက်ချက်အနေနဲ့ အဲဒီစစ်ဆေးမှုကို ရုတ်သိမ်းခဲ့ကြတယ်။ မင်းနဲ့ ချစ်ခဲ့သူတွေအားလုံး မင်းနဲ့ သိကျွမ်းခဲ့တာကို ဘူးကွယ်ခဲ့တယ်။ မင်းချစ်ခဲ့ပြီး သံသယနဲ့ အန္တရာယ်တွေကြားက သူ့အတွက် စွန့်စားခဲ့ရတဲ့ ရုရှားစစ်သားလေးသည်ပင် တဘက်ကမြင်ရတဲ့ မျက်စိတလုံးနဲ့ ရုံးတော်ရှေ့မှာ ဖတ်ပြခဲ့တဲ့ သက်သေထွက်ချက်ဟာ မင်းကို လူပုံအလယ် အရှက်ခွဲဖို့သက်သက်ပါပဲ။ မင်း အမြဲတမ်း ဈေးဝယ်နေတဲ့ စတိုးဆိုင်တွေကိုလည်း သံသယနဲ့ စောင့်ကြည့်နေခဲ့ကြတယ်။ သတင်းထောက်တွေကလည်း မင်းပေးရမယ့် အကြွေးတွေကို ဖော်ထုတ်ပြီး ရေးသားခဲ့ကြတယ်။ အဲဒီအကြွေးတွေကို မင်းချစ်သူတွေ ရှင်းရမယ့် တာဝန်ရှိပေမဲ့ သူတို့စိတ်ပြောင်းပြီး ပျက်ကွက်ခဲ့ကြတာကိုတော့ ဘယ်သူမှ မသိကြပါဘူး။
နောက်ဆုံးတော့ ယောက်ျားတွေဟာ အတတ်ပညာ အမျိုးမျိုးကို တဘက်ကမ်းခတ်နေသည့် တိုင် လိင်စစ်ပွဲမှာ အလွယ်တကူ ကျဆုံးတတ်တယ်ဆိုတဲ့ စကားနဲ့ စစ်ကာလအတွင်း ရန်သူနိုင်ငံက နိုင်ငံသားတယောက်နဲ့ ရိုးရိုးသားသား ဆက်သွယ်ခြင်းသည်ပင် သံသယနဲ့ အပြစ်ပေးထိုက်တယ် ဆိုတဲ့ ကပ္ပတိန် ဘူချာဒွန်ရဲ့ စကားတွေကို တရားသူကြီးတွေက ဥပဒေလုပ်ပြီး မင်းအမှုကို ဆုံးဖြတ်လိုက်ကြတာပါ။
သည်ဟိတ်မြို့မှာ မင်းကျန်ခဲ့တဲ့ အဝတ်အစားတွေကို ပြန်ပို့ပေးဖို့ ဒတ်ချ် ကောင်စစ်ဝန်ကို ကျုပ် စာရေး အကြောင်းကြားခဲ့တာကြောင့်ပဲ တရားခွင်မှာ မင်းကိုယ်မင်း ဂုဏ်သိက္ခာရှိရှိနဲ့ လျှောက်လဲချက် ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အမှုကို စတင်နာကြားတဲ့နေ့မှာပဲ နယ်သာလန်အစိုးရကို အကြောင်းကြားခဲ့တာကတော့ အံ့သြစရာပါပဲ။ မင်းကြောင့် ကြားနေနိုင်ငံတနိုင်ငံကို ထိခိုက်မှာ သိပ်ကြောက်နေကြတယ် မဟုတ်လား။
ဇူလိုင် ၂၄ ရက်၊ တရားခွင်ထဲ မင်းဝင်လာတဲ့အခါ မင်းဆံပင်တွေ ကပိုကရို ဖြစ်နေပြီး အဝတ်အစားတွေလည်း အရောင်တွေ လွင့်နေကြပါတယ်။ ဒါပေမဲ့ လူတွေရဲ့ ကဲ့ရဲ့ရှုံ့ချမှုကို လုံးလုံးလျားလျား လျစ်လျူရှုပြီး မင်းကံကြမ္မာကို လက်ခံလိုက်သလို၊ ဦးခေါင်းကို မော့ထားခဲ့တယ် မဟုတ်လား။ တိုက်ပွဲဟာ အပြီးသတ်ပြီး မင်းလုပ်နိုင်သမျှအားလုံး၊ အားလုံးဆိုတာ အမှန် ဂုဏ်သိက္ခာကို ထားခဲ့ဖို့ပဲ မဟုတ်လား။
မင်းအမှုကို စီရင်ချက် မချမီ၊ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ ဂျာမန်စက်သေနတ်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ ကြောက်လန့်နေတဲ့ ပြင်သစ် စစ်သားတွေကို မာရှယ်ဘတ်တင်က ကွပ်မျက်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ အခုတော့ အဲဒီစစ်သားတွေ ထိတ်လန့်ခဲ့တဲ့ သေခြင်းတရားကို စိန်ခေါ်ပြီး တရားသူကြီးရှေ့ မတ်တပ်ရပ်နေတဲ့ မင်းကို ပြင်သစ်တနိုင်ငံလုံးက မြင်တွေ့နေကြပါပြီ။
❑
အခုလောက်ဆို လုံလောက်ပါပြီ မာတာဟာရီ။ သေသည်အထိ ကျုပ်ဘဝကို ခြောက်လှန့်နေမယ့် အကြောင်းအရာတခုကို တဝဲလည်လည် ရေးပြနေလို့လည်း အပိုပါပဲ။ မင်းအတွက် ကျုပ် တကယ်ပဲ ပူဆွေးရပါတယ်။ ဒါပေမဲ့ စစ်ကာလ တရားစီစဉ်မှုဟာ ငြိမ်းချမ်းရေးကာလ တရားစီရင်မှုနဲ့ အတူတူပဲလို့ စဉ်းစားခဲ့တဲ့အတွက် ကျုပ်အရှက်ကိုတော့ ထိန်ဝှက်ထားမှာပါ။ ဟောဒီလက်ဝါးကပ်တိုင်ကို ကျုပ်နဲ့အတူ သယ်ဆောင်သွားမှာပါ။ ဒါပေမဲ့ အနာကျက်ဖို့ ဆိုရင်တော့ ဒဏ်ရာကို တူးဆွနေတာ ရပ်လိုက်ဖို့ လိုပါလိမ့်မယ်။
ကျုပ်လက်ဝါးကပ်တိုင်ထက် ကြီးမားလေးလံတဲ့ လက်ဝါးကပ်တိုင်ကို သူတို့တွေလည်း သယ်ဆောင်ရပါလိမ့်မယ်။ ဒီကနေ့ မင်းကို စွဲချက်တင် စွပ်စွဲသူတွေ တယောက်နဲ့တယောက် လက်ဆွဲနှုတ်ဆက်ပြီး ရယ်မောနေကြပေမဲ့၊ အဓိပ္ပာယ်မဲ့တဲ့ အဲဒီတရားစီရင်မှုကြီး ဘူးပေါ်သလို ပေါ်တဲ့နေ့ တနေ့ ရောက်လာမှာပါ။ လူတွေကို အာရုံပြောင်းချင်တာနဲ့ပဲ အပြစ်မဲ့သူ လူတယောက်ကို သေဒဏ်ချလိုက်တယ်ဆိုတာ သူတို့ ကောင်းကောင်း သိကြပါတယ်။ ပြင်သစ် တော်လှန်ရေးကြီးက လွတ်လပ်ခြင်း၊ ညီမျှခြင်းနဲ့ သဟာယစိတ်ဓာတ်တွေ ဖြစ်ပေါ်မလာမီ သွေးဆာနေတဲ့ လူတွေ လက်ထဲက ခေါင်းဖြတ်စက်တွေမှာ အပြစ်မဲ့သူတွေ စတေးခဲ့ရတယ်မဟုတ်လား။ ပြဿနာတခုနဲ့တခု တွဲချည်လိုက်ရင် အဖြေရလိမ့်မယ်လို့ သူတို့စဉ်းစားခဲ့ကြတယ်။ ဒါပေမဲ့ ရလဒ်ကတော့ ဘယ်လိုမှ ဖျက်ဆီးလို့မရနိုင်တဲ့ သံမဏိကြိုးကြီးတချောင်းကို ဖန်တီးလိုက်ကြတာပါ။ အဲဒီသံကြိုးကြီးကို သူတို့ဘဝ နောက်ဆုံးအချိန်အထိ ဒရွတ်တိုက် ဆွဲယူသွားရပါလိမ့်မယ်။
မာတာဟာရီ၊ မင်းဘဝဇာတ်လမ်းကို ကျုပ်အလွန်နှစ်သက်ခဲ့တဲ့ ဂရိ ဒဏ္ဍာရီတပုဒ်နဲ့ပဲ ပုံခိုင်းပြလိုက်ချင်ပါတယ်။
တခါက အလွန်ချောမောလှပတဲ့ မင်းသမီလေးတယောက် ရှိတယ်။ သူမဟာ အလွန် လွတ်လပ်တာကြောင့်ပဲ လူတွေက သူမကို အားကျကြသလို၊ ကြောက်လည်း ကြောက်ကြတယ်။ သူမနာမည်က ဆိုက်ခီလို့ ခေါ်ပါတယ်။ အဓိပ္ပာယ်ကတော့ စိတ်ဝိညာဉ်ပါပဲ။ ဖခင်က သူမကို အပျိုကြီးဖြစ်မှာ စိုးရိမ်ပြီး အပိုလို နတ်ဘုရားကို အကူအညီ တောင်းတဲ့အခါ၊ အပိုလိုနတ်ဘုရားက အကူအညီပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အပိုလိုနတ်ဘုရားရဲ့ အစီအစဉ်အရ သူမဟာ မနက်ခင်း ဝတ်ရုံကို ဝတ်ပြီး တောင်ထိပ်ကို သူမတယောက်တည်းသွား၊ အဲဒီနေရာမှာ မြွေကြီးတကောင်နဲ့ သူမ လက်ထပ်ရမှာပါ။ မင်းသမီးဖခင်ကလည်း အပိုလိုနတ်ဘုရား ညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တောင်ထိပ်ကိုရောက်တော့ အရိုးကွဲမတတ် အေးနေပေမဲ့ မြွေကြီးကို စောင့်နေရင်း သူမအိပ်ပျော်သွားပါတယ်။ ဒါပေမဲ့ နောက်တနေ့မှာတော့ လှပတဲ့နန်းတော်ကြီးထဲက တောင်ဆုပ်မွေ့ရာပေါ်မှာ သူမနိုးလာပါတယ်။ သူမဟာလည်း ဘုရင်မတပါးအဖြစ် ပြောင်းလဲသွား ပါတယ်။ ညစဉ်ညတိုင်း သူမယောက်ျားက သူမဆီ လာတွေ့ပါတယ်။ ဒါပေမဲ့ ကန့်သတ်ချက် စည်းကမ်းတခုကိုတော့ သူမလိုက်နာရပါတယ်။ သူ့ကို လုံးဝ ယုံကြည်ပြီး သူ့မျက်နှာကို ဘယ်တော့မှ မကြည့်ရဘူး ဆိုတာပါပဲ။
လအနည်းငယ်ကြာ အတူနေပြီးနောက် အီရိုလို့ခေါ်တဲ့ လင်ယောက်ျားကို သူမ ချစ်ကြိုက်သွားပါတယ်။ ရမ္မက်လို့ အဓိပ္ပာယ်ရတဲ့ အီရိုနဲ့ စကားပြောရတာ၊ သူတို့နှစ်ယောက် ကိုယ်ချင်းနှီးနှောရတာ၊ သူမကို တယုတယ ဆက်ဆံတာတွေ အားလုံး သာယာလာပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာ ကြောက်စရာကောင်းတဲ့ မြွေကြီးနဲ့ လက်ထပ်ရတာကိုတော့ ထိတ်လန့်နေပါတယ်။
တနေ့ သူမသိချင်စိတ်ကို ဘယ်လိုမှ မျိုသိပ်မထားနိုင်တော့တာကြောင့် သူမယောက်ျား အိပ်ပျော်တဲ့အချိန်ထိ စောင့်ရင်း၊ ဖယောင်းတိုင်မီးနဲ့ မျက်နှာကို အုပ်ထားတဲ့ အဝတ်ကို ဖယ်ကြည့်လိုက်တဲ့အခါ အလွန်ချောမောလှပတဲ့ ယောက်ျားတယောက်ကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ ဖယောင်းတိုင်မီးကြောင့် သူမယောက်ျားလည်း အိပ်ရာက နိုးလာပြီး သူ့မိန်းမ ကတိ မတည်တာကို သိလိုက်တာကြောင့်ပဲ အီရိုလည်း ချက်ချင်းနေရာက ပျောက်ကွယ်သွားပါတော့တယ်။
အဲဒီဒဏ္ဍာရီလေးကို အမြဲတမ်း ကျုပ် သတိရနေမိတယ်။ ကျုပ်တို့တွေဟာ ချစ်ခြင်းရဲ့ မှန်ကန်တဲ့မျက်နှာကို ဘယ်တော့မှ မတွေ့ကြတော့ဘူးတဲ့လား။ အဲဒီ ဂရိဒဏ္ဍာရီ ဆိုလိုရင်းကတော့ ချစ်ခြင်းဟာ ယုံကြည်မှုဖြစ်ပြီး၊ သူ့ရဲ့မျက်နှာဟာ အမြဲပဲ လျှို့ဝှက်ဆန်းကြယ်မှုတွေ ဖုံးအုပ်ထားတယ် ဆိုတာပါပဲ။ အချစ်ကို အဓိပ္ပာယ်ဖွင့်ပြီး နားလည်ဖို့ ကြိုးစားတဲ့အခါ သူ့ရဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေ ပျောက်ဆုံးသွားတာကြောင့်ပဲ ချစ်ခြင်းကို စိတ်ခံစားမှုနဲ့သာ ရှင်သန်သင့်ပါတယ်။
ကွေ့ကောက်ပြီး တောက်ပနေတဲ့လမ်းတွေနောက် ကျုပ်တို့တွေ လိုက်ခဲ့ကြတယ်။ မြင့်မားတဲ့ တောင်ထွတ်တွေ၊ နက်ရှိုင်းတဲ့ ပင်လယ်ကြီးတွေဆီ ကျုပ်တို့တွေ စွန့်စားခဲ့ကြတယ်။ ဒါပေမဲ့ ကျုပ်တို့ကို ဦးဆောင်နေတဲ့လက်ကို ကျုပ်တို့ ယုံကြည်ခဲ့တယ်။ ကျုပ်တို့ကိုယ်ကျုပ်တို့ တုန်လှုပ် ချောက်ချားခွင့်၊ ထိတ်လန့်ခွင့် မပြုခဲ့ဘူးဆိုရင် နန်းတော်ကြီးထဲမှာ အမြဲနိုးထနေပါလိမ့်မယ်။ ချစ်ခြင်းက တောင်းဆိုနေတဲ့ ခြေလှမ်းတွေကို ကြောက်ရွံ့နေမယ်ဆိုရင်၊ ကျုပ်တို့ရှေ့မှောက် အရာရာ ထွက်ပေါ်လာစေချင်တယ်ဆိုရင် လက်ဗလာနဲ့သာ ကျုပ်တို့တွေ ကျန်ခဲ့ပါလိမ့်မယ်။
ချစ်လှစွာသော မာတာဟာရီ၊
အဲဒါမင်းအမှားလို့ပဲ ထင်ပါတယ်။ ရေခဲမတတ်အေးနေတဲ့ တောင်ပေါ်မှာ နှစ်ပေါင်းများစွာ နေပြီးနောက် မင်းမယုံကြည်တဲ့အချစ်ကို မင်းရဲ့အစေအပါးအဖြစ် ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တယ် မဟုတ်လား။ ချစ်ခြင်းဟာ ဘယ်သူ့အမိန့်ကိုမှ မနာခံသလို၊ သူ့ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို အဓိပ္ပာယ်ဖွင့်ဖို့ ကြိုးစားသူတွေ အားလုံးကိုလည်း သစ္စာဖောက်ပါလိမ့်မယ်။ ဒီကနေ့ မင်းဟာ ပြင်သစ်နိုင်ငံရဲ့ အကျဉ်းသားတယောက်ဖြစ်ပြီး၊ မနက်ဖြန် နေထွက်တာနဲ့ မင်းလွတ်လပ်သွားမှာပါ။ မင်းရဲ့သေခြင်းကို မှန်ကန်ကြောင်း သက်သေပြဖို့ မင်းရဲ့ခြေထောက်မှာ သံခြေကျင်း ခတ်ပေးလိုက်ကြတယ်။ ဒါပေမဲ့ အဲဒီသံခြေကျင်းကြီးကိုပဲ သူတို့တွေ တဘဝလုံး ဒရွတ်တိုက် ဆွဲယူသွားရပါလိမ့်မယ်။
ဂရိလူမျိုးတွေမှာ ‘မတ်တာနိုရီးယား’ ဆိုတဲ့ စကားလုံးတလုံးရှိတယ် မာတာဟာရီ။ အဲဒီစကားလုံးမှာ အဓိပ္ပာယ်နှစ်ခွ ရှိနေပါတယ်။ တခါတရံမှာ နောင်တဖြင့် ပူပန်ခြင်း၊ အပြစ်တို့ကို ဝန်ခံခြင်း၊ အမှားတခုကို နောင်တခါ မကျူးလွန်ဖို့ ကတိကဝတ်ပြုခြင်း အဲဒီလို အဓိပ္ပာယ်တွေနဲ့ သုံးတတ်သလို၊ အခြား အခြေအနေတွေမှာ မသိခြင်းနဲ့ မျက်နှာချင်းဆိုင်ခြင်း၊ အနာဂတ်ကို လုံးဝမသိခြင်း အဲဒီလို အဓိပ္ပာယ်တွေနဲ့လည်း သုံးတတ်ပါတယ်။ ကျုပ်တို့တွေဟာ ဘဝတွေ၊ အတိတ်တွေ၊ မှားခြင်း မှန်ခြင်းအဖြစ် ယူဆနေကြတဲ့ ဥပဒေသတွေနဲ့ ချည်နှောင်ခံနေရပြီး ရုတ်တရက် အရာရာဟာ ပြောင်းလဲသွားတတ်ပါတယ်။ လမ်းမတွေပေါ်မှာ အကြောက်အလန့်မရှိ လမ်းလျှောက်ရင်း အိမ်နီးနားချင်းတွေကို နှုတ်ဆက်နေကြပေမဲ့ တအောင့်အကြာမှာပဲ အိမ်နီးနားချင်းဟာ ရန်သူအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။ ကိုယ်ပြုခဲ့တဲ့ အမှားတွေကို အသိအမှတ်ပြုဖို့ တာဝန်မဲ့အသိနဲ့ အပြစ်မဲ့ မိန်းမတယောက်ကို လွယ်လွယ်ကူကူ သေဒဏ်စီရင်ချက် ချခဲ့ကြတာ ကျုပ်အပါအဝင် ပြင်သစ်အာဏာပိုင်တွေပဲ ဖြစ်ပါလိမ့်မယ်။ ဒီကနေ့ ရခဲ့တဲ့ အရှက်ဟာ မနက်ဖြန်မှာလည်း ရပါလိမ့်မယ်။ သန်ဘက်ခါမှာလည်း ရပါလိမ့်ဦးမယ်။ အချိန်ကုန်ဆုံးသည့်တိုင် သို့မဟုတ် လူသားဟာ သူစဉ်းစားခဲ့တာတွေကိုသာမက သူခံစားခဲ့ရတာတွေကိုပါ သဘောပေါက် နားလည်သည်အထိ အရှက်တွေ ရနေဦးမှာပါ။ ခန္ဓာကိုယ်ဟာ အလွယ်တကူ ပင်ပန်းနွမ်းနယ်နိုင်ပေမဲ့ ဝိညာဉ်ကတော့ အမြဲလွတ်လပ်ပြီး ကျုပ်တို့ကို ရှင်သန်ဖို့ ကူညီပါလိမ့်မယ်။ မျိုးဆက်တိုင်း ကျုးလွန်ခဲ့တဲ့ အဲဒီအမှား ငရဲသံသရာက လွတ်မြောက်ဖို့ ကူညီပါလိမ့်မယ်။ အတွေးဟာ အမြဲ တူညီနေပေမဲ့ သူ့ထက် ပိုသန်မာတဲ့ အရာတခုရှိပါတယ်။ အဲဒါကတော့ ချစ်ခြင်းပါပဲ။
ကျုပ်တို့ရင်မှာ စစ်မှန်တဲ့ချစ်ခြင်း ကိန်းအောင်းပြီဆိုတဲ့အခါ ကိုယ်တိုင်နဲ့ အခြားသူတွေကို ပိုပြီး နားလည်လာပါတယ်။ စကားလုံးတွေ၊ မှတ်တမ်းမှတ်ရာ အထောက်အထားတွေ၊ အကြောင်းပြချက်တွေ၊ စွပ်စွဲမှုတွေ၊ ကာကွယ်မှုတွေ ဘာမှ မလိုအပ်ပါဘူး မာတာဟာရီ။
တရားမျှတမှုနေရာမှာ ယုတ်မာကောက်ကျစ်မှုတွေ ရှိနေပါတယ်။ မှန်ကန် ဖြောင့်မတ်မှု နေရာမှာ ပို၍ ကြမ်းကြုတ်တဲ့ ရက်စက် ယုတ်မာမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ မှန်ကန်မှုကိုရော၊ ကောက်ကျစ် ယုတ်မာမှုကိုရော နှစ်ခုလုံးကို ထာဝရဘုရားသခင်က စီရင်ချက် ချပါလိမ့်မယ်။ အပြုအမူအားလုံးအတွက်၊ ရည်ရွယ်ချက် အားလုံးအတွက် တရားမျှတခြင်း၊ ကောက်ကျစ်ယုတ်မာမှု နှစ်ခုလုံးကို ထာဝရဘုရားက တရားစီရင်မယ့်နေ့ ရောက်လာပါလိမ့်မယ်။ အခုတော့ မာတာဟာရီ၊ ချစ်ခြင်းဖြင့်သာ လှပနိုင်ပါစေ။
❑

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။