ပါဠိတော်ရဲ့ စကြဝဠာ vs အဋ္ဌကထာရဲ့ စကြဝဠာ

 

အလယ်ဗဟိုအဖြစ် မြင့်မိုရ်တောင် တစ်ခု ရှိထသော စကြဝဠာတစ်ခု၊ ဘူတန်နိုင်ငံထုံးဓလေ့ဖြင့် ၁၉ ရာစုအတွင်းက သရုပ်ဖော် ရေးဆွဲထားပုံ။


❝ ပါဠိတော်ရဲ့ စကြဝဠာ vs အဋ္ဌကထာရဲ့ စကြဝဠာ❞

စကြဝဠာလို့ ပြောလိုက်တာနဲ့ လူတိုင်းလူတိုင်းက အင်္ဂလိပ်လို Universe ကို တန်းမြင်မိကြမှာပဲ။ Universe ဆိုတဲ့ အင်္ဂလိပ်စကားလုံးက မြန်မာလိုဆိုရင် ‘စကြဝဠာ’ ဆိုတဲ့ စကားလုံးနဲ့ အနက်ဖွင့်တယ်။ အတိအကျပြောရရင် စကားလုံး ဖလှယ်တယ်လို့ သုံးရမယ် ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရှေးမြန်မာတွေ လက်ခံထားတဲ့ (အတိအကျ ပြောရရင် ဗုဒ္ဓစာပေရဲ့ ဩဇာလွှမ်းမိုးမှုကို ခံထားရတဲ့ လူတွေ လက်ခံထားတဲ့) ‘စကြဝဠာ’ ဆိုတာက သိပ္ပံက ပြောတဲ့ Universe နဲ့ အတော်ကြီးကို ကွဲပြားနေလို့ပါပဲ။ ကျနော်တို့ မြန်မာတွေ လက်ခံထားတဲ့ စကြဝဠာက အဋ္ဌကထာက ပြောတဲ့ စကြဝဠာပါ။

ဒီနေရာမှာ ကျနော် “အဋ္ဌကထာ” ဆိုတဲ့ စကားလုံးကို အထူးပြု သုံးထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ … ရှင်းပါတယ်၊ ပါဠိတော်က ပြောတဲ့ စကြဝဠာ မဟုတ်လို့ပေါ့။ တစ်မျိုးပြောင်းပြောရရင် ပါဠိတော်ထဲမှာ ပါတဲ့ စကြဝဠာရဲ့ အနက်အဓိပ္ပာယ်က အဋ္ဌကထာထဲကနဲ့ အတော်ကြီး ကွာခြားနေတယ်။ ပါဠိတော်ထဲမှာ ပါတဲ့ စကြဝဠာရဲ့ အနက်အဓိပ္ပာယ်ကို မပြောခင်မှာ စာနွှေးတဲ့ အနေနဲ့ အဋ္ဌကထာက ပြောတဲ့ စကြဝဠာအကြောင်းကိုပဲ အရင် ပြောကြရအောင်။ နောက်မှ ပါဠိတော်ရဲ့ စကြဝဠာအကြောင်း ရှင်းပြပါ့မယ်။ ပြီးရင်း ဗုဒ္ဓခေတ်တုန်းက (သက်ရှိထင်ရှား ရှိနေတုန်းက) ရှိနေခဲ့တဲ့ ခေတ်ပြိုင် ဘာသာတရားတွေရဲ့ စကြဝဠာ အယူအဆကိုလည်း အကျဉ်းချုပ် ပြောပါဦးမယ်။ သိပ္ပံပညာက ပြောတဲ့ စကြဝဠာအကြောင်းတော့ ဆွေးနွေးမနေတော့ပါဘူး။ အဲဒါက နေရာတကာမှာ ရှာဖတ်လို့ ရပါတယ်။


🔹 အဋ္ဌကထာရဲ့ စကြဝဠာ

စကြဝဠာရဲ့ အလယ်ဗဟို တည့်တည့်မှာ မြင်းမိုရ် (မေရု) တောင် ရှိတယ်။ အဲဒီမြင်းမိုရ်တောင်က ရေပေါ်မှာ ယူဇနာ ၈၄၀၀၀ မြင့်ပြီး ရေအောက်မှာ ယူဇနာ ၈၄၀၀၀ မြုပ်နေတယ်။ အဲဒီမြင်းမိုရ်တောင်ရဲ့ လေးဖက်လေးတန်က ရွှေ၊ ငွေ၊ ပတ္တမြား၊ ဖန် စတဲ့ ရတနာ ၄ ပါးနဲ့ ဖွဲ့စည်းထားတယ်။ အဲဒီရတနာတွေရဲ့ အရောင်ဟပ်မှုကြောင့် ကောင်းကင်က အပြာရောင် ဖြစ်နေသတဲ့။ အဲဒီမြင်းမိုရ်တောင်ကို တောင်စဉ် ၇ ထပ်က စက်ဝိုင်းပုံသဏ္ဌာန် ဝန်းရံထားတယ်။ အဲဒီတောင်တွေက ယုဂန္ဓိုရ်၊ ဤသဓရ၊ ကရဝိက၊ သုဒဿန၊ နေမိန္ဓရ၊ ဝိနတကနဲ့ အဿကဏ္ဏတို့ ဖြစ်တယ်။ အဲဒီ တောင်တန်းကြီး ၇ သွယ်ရဲ့ အကြားအကြားတွေမှာ သမုဒ္ဒရာ ၇ စင်းရှိတယ်။ အဲဒီ တောင်စဉ် ၇ ထပ်၊ သမုဒ္ဒရာ ၇ စင်းရဲ့ အရှေ့ဘက်မှာ ရှိတဲ့ ကျွန်းကြီးကို ‘ပုဗ္ဗဝိဒေဟ’ လို့ ခေါ်တယ်။ လခြမ်းသဏ္ဌာန် ရှိတယ်။ အနောက်ဘက်မှာ ရှိတဲ့ ကျွန်းကြီးကို ‘အပရဂေါယာန’ လို့ ခေါ်တယ်။ အဝိုင်းသဏ္ဌာန် ရှိတယ်။ မြောက်ဘက်မှာ ရှိတဲ့ ကျွန်းကြီးကို ‘ဥတ္တရကုရု’ လို့ ခေါ်တယ်။ လေးထောင့်သဏ္ဌာန် ရှိတယ်။ တောင်ဘက်မှာ ရှိတဲ့ ကျွန်းကြီးကို ‘ဇမ္ဗူဒီပ’ လို့ ခေါ်တယ်။ တြိဂံသဏ္ဌာန် ရှိတယ်။ အဲဒီ ဇမ္ဗူဒီပ – တောင်ကျွန်းက အခု ကျနော်တို့ နေတဲ့ ကျွန်းပဲ။ အခု ပြောခဲ့သမျှ … အလယ်က မြင်းမိုရ်တောင်၊ သူ့ပတ်ပတ်လည်က တောင်စဉ် ၇ ထပ်နဲ့ သမုဒ္ဒရာ ၇ စင်း၊ ပြီးတော့ ရှေ့နောက်တောင်မြောက်က ကျွန်းကြီးလေးကျွန်း၊ အဲဒီအရာတွေ အားလုံးကို စကြဝဠာတံတိုင်းလို့ ခေါ်တဲ့ ‘စက္ကဝါဠပဗ္ဗတ’ က၊ စကြဝဠာတောင်တန်းကြီးက ဝိုင်းပတ်ထားတယ်။ အထဲမှာ ရှိတဲ့ ရေတွေ၊ လေတွေကို တခြားစကြဝဠာဆီ ယိုဖိတ်စီးမျောမသွားအောင် ကာဆီးပေးထားတဲ့ သဘောပဲ။ ဒါက အပြားလိုက်ကို ပြောတာ။

ဒေါင်လိုက်အနေနဲ့ ပြောရင် ဟိုးအောက်ဆုံးမှာ လေထု ရှိတယ်။ အဲဒီလေထုက ယူဇနာ ၉၆၀၀၀၀ နက်တယ်။ သူ့ရဲ့ အထက်မှာကတော့ ရေထု ရှိတယ်။ ယူဇနာ ၄၈၀၀၀၀ နက်တယ်။ အဲဒီ ရေထုရဲ့ အထက်မှာ မြေထု ရှိတယ်။ ယူဇနာ ၂၄၀၀၀၀ နက်တယ်။ အဲဒီထက် အထက်ကို ဆက်တက်ရင် မြင်းမိုရ်တောင်ရဲ့ တောင်ခါးပန်းမှာ စတုမဟာရာဇ်နတ်ဘုံ ရှိတယ်။ တောင်ထိပ်ဖျားမှာ တာဝတိံသာနတ်ဘုံ ရှိတယ်။ သူ့အထက်အပေါ် ဟင်းလင်းပြင်ထဲမှာတော့ ယာမာ၊ တုတိသာ၊ ပြီးတော့ ဗြဟ္မာဘုံတွေ အထပ်ထပ် ရှိကြတယ်။ ဒါဆို ငရဲဘုံက ဘယ်နေရာမှာတဲ့လဲ။ အဋ္ဌကထာရဲ့ အဆိုအရ ငရဲဘုံက ယူဇန ၂၄၀၀၀၀ ထုရှိတဲ့ မြေထုကြီးရဲ့ ဟိုးအောက်ခြေမှာ အဝိစိငရဲ ရှိပါသတဲ့။ အဝိစိငရဲကတော့ ဟိုးအောက်ဆုံးပေါ့။ ကျန်တဲ့ ငရဲကြီး ၇ ထပ်က အဝိစိရဲ့ အပေါ်မှာ တစ်ထပ်ပြီးတစ်ထပ် တည်ရှိနေတယ်။

အခုဆို အဋ္ဌကထာရဲ့ စကြဝဠာကို မျက်လုံးထဲ မြင်လောက်ရောပေါ့။ သူက စက်ဝိုင်းပုံအပြားချပ် Circular Disc ကြီးပဲ။ ခေတ်သစ်သိပ္ပံလိုပဲ သူက အနန္တစကြဝဠာ အဆိုကို လက်ခံတယ်။ ဒီတော့ စကြဝဠာတွေ တစ်ခုနဲ့တစ်ခု ဘယ်လို ထိစပ်နေသလဲ ဆိုတာကို သိဖို့ လိုလာတာပေါ့။ အဲဒါကို အဋ္ဌကထာဆရာက လှည်းဘီးသုံးဘီးဥပမာနဲ့ ရှင်းပြတယ်။ မြေကြီးပေါ်မှာ လှည်းဘီးသုံးဘီးကို တစ်ဘီးနဲ့တစ်ဘီး ထိကပ်နေအောင် အပြားလိုက် ချကြည့်လိုက်ပါ။ ဒါဆို စက်ဝန်းတစ်ခုနဲ့တစ်ခုက ထိကပ်သွားလိမ့်မယ်။ အဲဒီစက်ဝန်းအနားပတ်တွေက စကြဝဠာမှာတော့ စောစောက ပြောခဲ့တဲ့ စက္ကဝါဠပဗ္ဗတတွေပဲ။ စကြဝဠာတောင်တန်းတွေကို ပြောတာ။ ဒါကြောင့် စကြဝဠာတောင်တန်းတွေက တစ်ခုနဲ့တစ်ခု ထိကပ်နေကြလိမ့်မယ်။ ဒါပေမယ့် လှည်းဘီးသုံးဘီးကို မြေပြင်ပေါ် ချကြည့်သလိုပဲ ထိကပ်တဲ့ နေရာက၊ ပွိုင့်က တစ်ပွိုင့်စီပဲ ရှိနေလိမ့်မယ်။ ထိကပ်ထားတဲ့ အဲဒီစက်ဝိုင်းသုံးဝိုင်း အလယ်မှာ လစ်ဟာနေတဲ့ တြိဂံတစ်ခု ရှိတယ်။ အဲဒါကို အဋ္ဌကထာဆရာက ‘လောကန္တရိက’ လို့ ခေါ်တယ်။ မြန်မာက လောကန္တရိက်လို့ သုံးတာပေါ့။ အဲဒီနေရာက နေရောင်၊ လရောင် လုံးဝ လုံးဝ မရောက်လို့ အစဉ်အမြဲ မှောင်မဲနေပါသတဲ့။ အဲဒီမှာ အင်မတိ အင်မတန်မှ အေးစက်တဲ့ ရေတွေ ရှိတယ်။ အဋ္ဌကထာရဲ့ အဆိုအရ ကမ္ဘာတစ်ခုပျက်ရင် လူ့ဘုံ၊ နတ်ဘုံ၊ ငရဲဘုံမှာ ရှိတဲ့ သတ္တဝါတွေအားလုံး သေကြရတယ်။ ဘာဖြစ်လို့ဆို ငရဲဘုံပါမကျန် ပျက်ရမှာကိုး။ ဒီတော့ ငရဲဘုံမှာ ရှိတဲ့ ငရဲသားတွေထဲက ကုသိုလ်အကြွင်းအကျန် ရှိတဲ့ ငရဲသားတွေကို ကမ္ဘာမပျက်ခင် ကြိုတင်ပြီး လူ့ပြည်ကို ပို့တယ်။ အထက်ဘုံကို ဘယ်လိုမှ ပို့လို့ မရလောက်အောင် အကုသိုလ်ကြီးတဲ့ ငရဲသားတွေကို ကျတော့ စောစောက ပြောတဲ့ လောကန္တရိကအရပ်ကို ပို့သတဲ့။ ဒါကြောင့် အဲဒီနေရာကို လောကန္တရိကငရဲ လို့လည်း ခေါ်တယ်။

ကဲ … ဒီလောက်ဆို အဋ္ဌကထာရဲ့ စကြဝဠာက အတော်လေး ပုံပေါ်သွားပြီ။ ပထဝီဝင်မြေပုံတစ်ခု ရပြီ။ ဒီထဲက အချက်အလက် အတော်များများကို စာဖတ်သူအနေနဲ့ အလွတ်မရတောင် ကြားဖူးပြီးသား ဖြစ်နေလောက်ပါတယ်။ ဆိုတော့ … အင်မတန်မှ အရေးကြီးတဲ့ မေးခွန်းတစ်ခု မေးဖို့ လိုလာတယ်။ အခု ပြောခဲ့တဲ့ အချက်တွေက ပါဠိတော်ထဲမှာ ပါရဲ့လား။ အဖြေကတော့ ‘နိုး’ ပဲ။ စာဖတ်သူလည်း သိထားပြီးပါပြီ။ စောစောက ပြောတဲ့အထဲမှာ ကိန်းဂဏန်းတွေနဲ့ အတိအကျ နီးပါး ဖော်ပြထားတာ။ အရပ်မျက်နှာ Direction တွေရော၊ တည်နေရာ Position တွေရော၊ အမယ် … ဖွဲ့စည်းပုံ Composition တောင် ပါလိုက်သေးတယ်။ အဲဒီလောက် တိကျတဲ့ အချက်အလက်တွေကို မဆိုထားနဲ့ အဲဒါနဲ့ ဆင်ဆင်တူတဲ့ ယောင်ဝါးဝါးလေးတောင် ပါဠိတော်ထဲမှာ မပါဘူး။ အံ့ဩစရာ မကောင်းဘူးလား။ ကဲ … ထားတော့။ ပါဠိတော်ထဲမှာ ဘာပါသလဲ ကြည့်ကြရအောင်။


🔹 ပါဠိတော်ရဲ့ စကြဝဠာ

ပါဠိတော်ထဲမှာ စက္ကဝါဠ ဆိုတဲ့ အသုံးကို အင်မတန်မှ တွေ့ရခဲပါတယ်။ စက္ကဝါဠရဲ့ မူရင်း အဓိပ္ပာယ်က စက္က – စက်ဝိုင်း/အဝိုင်း၊ ဝါဠ – ခြံရံခြင်း/နယ်ပယ် တဲ့။ သဘောက ‘အဝိုင်းပုံသဏ္ဌာန်နယ်ပယ်’ ပေါ့။ ‘နယ်ပယ်အဝန်းအဝိုင်း’ လို့လည်း ပြောလို့ ရတယ်။ ဆိုတော့ … ဒီခေတ်မှာ နားလည်ထားတဲ့ Universe နဲ့ ဆင်တူတဲ့ အနက်မျိုး ထွက်မနေဘူး။ ပါဠိတော်ထဲမှာ စက္ကဝါဠ ဆိုတဲ့ အသုံးမျိုး လုံးဝ မရှိပါဘူးလို့ ပြောရင်လည်း တချို့က ငြင်းချက်ထုတ်ချင် ထုတ်နေဦးမှာ။ ဟုတ်ပါတယ်။ စက္ကဝါဠ ဆိုတဲ့ အသုံးကို ပါဠိတော်ဖြစ်တဲ့ အပဒါန်နဲ့ ဗုဒ္ဓဝံသကျမ်းတွေမှာ သုံးထားတာ တွေ့ရတယ်။ အတိအကျ ပြောရရင်တော့ စက္ကဝါဠပဗ္ဗတ ဆိုတဲ့ ပုဒ်ကို သုံးထားပါတယ်။ ဒါပေမယ့် အခု ပြောခဲ့တဲ့ အပဒါန်နဲ့ ဗုဒ္ဓဝံသကျမ်း နှစ်ကျမ်းစလုံးက ဘီစီ ၂ ရာစုနောက်ပိုင်းမှ ရေးထားတဲ့ ကျမ်းတွေ ဖြစ်နေတယ်။ ဒီတော့ အဋ္ဌကထာကျမ်းတွေထဲကနေ ကူးယူသုံးနှုန်းထားတာပဲ ဖြစ်ဖို့ များပါတယ်။

ပါဠိတော်တွေထဲမှာ ဒီခေတ်အခေါ် Universe (စကြဝဠာ) နဲ့ အဓိပ္ပာယ် ဆင်တူတဲ့ စကားလုံးက စက္ကဝါဠ မဟုတ်ပါဘူး။ လောကဓာတု ဆိုတဲ့ အသုံးပါ။ မြန်မာလို စကြဝဠာတိုက်တစ်သောင်းလုံး ဆိုတဲ့ စကားလုံးကို ပါဠိလို ရေးရင် ‘ဒသသဟသီ လောကဓာတု’ လို့ သုံးပါတယ်။ စကြဝဠာအကြောင်းကို ဘုရားရှင်ကိုယ်တိုင် အများဆုံး မိန့်ဆိုထားတဲ့ သုတ်က အင်္ဂုတ္တရနိကာယ်၊ တိကနိပါတ်၊ အာနန္ဒဝဂ်ထဲက စူဠနိကာသုတ်ပါ။ အဲဒီအထဲမှာ စကြဝဠာအကြောင်းကို ‘လောကဓာတု’ ဆိုတဲ့ ပုဒ်ကို သုံးပြီး ရှင်းပြထားတယ်။ အဲဒီသုတ်ထဲမှာ စကြဝဠာဆိုတာ အဋ္ဌကထာဆရာ ပြောသလို ဘယ်လိုဘယ်လို ဖွဲ့စည်းထားတာပါလို့ ပြောမယ့်အစား အလင်းနဲ့ အသံရဲ့ ပြန့်နှံ့ရာ နယ်ပယ်အကျယ်အဝန်းကိုပဲ လောကဓာတ်ပေါင်း ဘယ်လောက်၊ ဘယ်လောက် ဆိုပြီး ရှင်းပြထားတယ်။ ပြီးတော့ အဲဒီသုတ်ထဲမှာပဲ နေနှင့်လရဲ့ အလင်းရောင် ထွန်းလင်းရာ အတိုင်းအတာ နယ်ပယ်ကို လောက(ဓာတ်)တစ်ခုလို့ ခေါ်ကြောင်း မိန့်ဆိုထားတယ်။ ဒီတော့ အဋ္ဌကထာလို မြင်းမိုရ်တောင်ကို ဗဟိုပြုတာ မဟုတ်တော့ဘဲ နေကို ဗဟိုပြုတယ်လို့ အဓိပ္ပာယ် သက်ရောက်နေတယ်။ ဒါကြောင့် အဲဒီအဓိပ္ပာယ်ကို ကြည့်ရင် လောကဓာတ် (စကြဝဠာ) ဆိုတာက အင်္ဂလိပ်လို Universe နဲ့ မတူဘဲ Solar System နေအဖွဲ့အစည်းတစ်ခုလို သဘောမျိုး သက်ရောက်နေတယ်။

ပြီးတော့ ‘လောကန္တရိက’ ဆိုတဲ့ အသုံးက ပါဠိတော်တွေထဲမှာ အတော်များများ တွေ့ရတယ်။ လောကန္တရိကကို အဋ္ဌကထာက ဘယ်လို ဖွင့်ဆိုကြောင်း ကျနော် အထက်မှာ ပြောခဲ့ပြီးပြီ။ လောကန္တရိက ပုဒ်ကို ခွဲကြည့်ရင် လောက + အန္တ + ဣက ဆိုပြီး ရတယ်။ လောကန္တ – လောက + အန္တ ဆိုတာ လောကရဲ့ အဆုံး။ ဒီတော့ ပါဠိတော်အရ လောကရဲ့ အနက်က နေရောင်ပျံ့နှံ့ရာ နယ်ပယ် ဆိုတော့ လောကန္တ ဆိုတာ နေရောင်ပျံ့နှံ့ရာ နယ်ပယ်အဆုံးလို့ အဓိပ္ပာယ် ရပါတယ်။ အဓိပ္ပာယ်ကတော့ နေရောင်၊ လရောင် မရှိတဲ့ နေရာတဲ့။ ဒါကိုပဲ စကြဝဠာရဲ့ အဆုံးလို့ သတ်မှတ်လိုက်တယ်ပေါ့။


🔹 အဋ္ဌကထာရဲ့ စကြဝဠာအယူအဆက ဘယ်ကနေ ရတာလဲ။

ဟုတ်တယ်။ ဒီမေးခွန်းက မေးသင့်တဲ့ မေးခွန်းပဲ။ ဖြစ်နိုင်ခြေကို စဉ်းစားကြည့်ရင် ပထမဆုံး စဉ်းစားစရာက ဗုဒ္ဓနဲ့ခေတ်ပြိုင် အယူဝါဒတွေရဲ့ ကျမ်းစာတွေထဲကနေ ကူးချထားတာများလား လို့။ ဒီတော့ ကျနော်တို့အနေနဲ့ ဗုဒ္ဓသက်တော်ထင်ရှား ရှိနေတုန်းမှာ ဘာသာခြားတွေရဲ့ စကြဝဠာအယူအဆကို သိဖို့ လိုလာတယ်။ ဗုဒ္ဓနဲ့ ခေတ်ပြိုင်ဖြစ်တဲ့ ဝါဒကြီး နှစ်ခုရှိတယ်။ မှတ်တမ်းမှတ်ရာ ကျန်ခဲ့တဲ့ ဝါဒကြီးနှစ်ခုပေါ့။ တစ်ခုက ဗြဟ္မဏအယူပေါ့။ နောက်တစ်ခုက ဂျိန်းဘာသာ။


🔹 ဝေဒရဲ့ စကြဝဠာ

ဗုဒ္ဓမပွင့်ပေါ်ခင်ကတည်းက ရှိနေခဲ့တဲ့ Rig Veda ကျမ်းတွေထဲမှာ စကြဝဠာအယူအဆတွေ ပါတယ်။ သူတို့ရဲ့ အယူအဆကို ဒီမှာ အကျဉ်းလောက် ပြောကြည့်ရအောင်။ သူတို့ရဲ့ စကြဝဠာက အလွှာသုံးထပ်နဲ့ ဖွဲ့စည်းထားတယ်။ အောက်ဆုံးက မြေပြင် (ပထဝီ)၊ သူ့ရဲ့အထက်မှာက လေထု (အန္တရိက္ခ)၊ ပြီးတော့ အပေါ်ဆုံးက ကောင်းကင်ဘုံ (ဒယော့)။ သူတို့ရဲ့ စကြဝဠာ ဖြစ်တည်ပုံကို အခုလို ရှင်းပြထားတယ်။ ပုရုသ (Purusha) ခေါ်တဲ့ အနှိုင်းမဲ့ပုဂ္ဂိုလ်ကြီးကို နတ်ဘုရားတွေက ယာဇ်ပူဇော်ပြီး အပိုင်းပိုင်း ဖြတ်တောက်လိုက်တဲ့အခါမှာ စကြဝဠာကြီး ဖြစ်ပေါ်လာသတဲ့။ သူ့ရဲ့ ဦးခေါင်းကနေ ကောင်းကင်ဘုံ ဖြစ်လာတယ်။ ချက်ကနေ လေထု ဖြစ်လာတယ်။ ခြေထောက်ကနေ ကမ္ဘာမြေကြီး ဖြစ်လာတယ်။ စိတ်ကနေ လမင်း၊ မျက်လုံးကနေ နေမင်း ဖြစ်လာတယ်။ ဒီတော့ သူတို့ရဲ့ စကြဝဠာက သက်မဲ့မဟုတ်ဘဲ နတ်ဘုရားတစ်ပါးရဲ့ ခန္ဓာအစိတ်အပိုင်းတွေလို့ ယုံကြည်ကြတယ်။ ဒါက ဝေဒကျမ်းရဲ့ စကြဝဠာအယူအဆ အကျဉ်းပဲ။


🔹 ဂျိန်းရဲ့ စကြဝဠာ

ဗုဒ္ဓနဲ့ ခေတ်ပြိုင်ဖြစ်တဲ့ ဂျိန်းဘာသာကလည်း ပါဠိတော်လိုပဲ စက္ကဝါဠလို့ မသုံးဘဲ လောကလို့ပဲ သုံးတယ်။ (စက္ကဝါဠ ဆိုတဲ့ အသုံးက BC600 မှာ မရှိသေးဘူးလားလို့ တွေးချင်စရာပါပဲ။) ဂျိန်းတွေက စကြဝဠာကို ခါးထောက်ရပ်နေတဲ့ လူတစ်ယောက် (ဒါမှမဟုတ်) ခါးကျဉ်းတဲ့ ထောင်ထားတဲ့ စည်ပိုင်း ပုံသဏ္ဌာန်ရှိတယ်လို့ ယူဆကြတယ်။ အဲဒါကို သူတို့က လောကပုရုသ (Loka-Purusha) လို့ ခေါ်တယ်။ အဲဒီလူရဲ့ ဦးခေါင်းပိုင်းနဲ့ ရင်ဘတ်ပိုင်းမှာ နတ်ဘုရားတွေ နေထိုင်ကြတယ်။ နတ်ဘုံပေါ့။ ခါးပိုင်းမှာတော့ လူတွေ၊ တိရစ္ဆာန်တွေ နေတဲ့ ကျွန်းတွေ၊ ပင်လယ်တွေ ရှိတယ်။ ခြေထောက်ပိုင်းမှာတော့ ငရဲကြီး (၇) ထပ် ရှိတယ်။ နတ်ဗိမာန်တွေ ရှိတဲ့ အပေါ်ဆုံး အထပ်ကို ဥဒ္ဓလောက (Urdhva Loka) လို့ ခေါ်တယ်။ အဲဒီအထပ်မှာ နတ်ဘုရားတွေ အတွက်တင်မကဘဲ ကိလေသာကုန်ခမ်းတဲ့ ရဟန္တာတွေ သွားရောက်စံမြန်းဖို့အတွက် သိဒ္ဓသီလာ (Siddhashila) လို့ ခေါ်တဲ့ လွတ်မြောက်နယ်မြေတွေ ရှိတယ်။ ကျနော်တို့ နေထိုင်တဲ့ အထပ်ကို မဇ္ဈိမလောက (Madhya Loka) လို့ ခေါ်တယ်။ အဲဒီမှာ အလွန်လှပတဲ့ ကျွန်းတွေ၊ သမုဒ္ဒရာတွေ အများကြီး ရှိပြီး အဲဒါတွေရဲ့ အလယ်ဗဟိုမှာ ဇမ္ဗူဒီပကျွန်း ရှိတယ်။ ငရဲသားတွေ နေတဲ့ အောက်ဆုံးထပ်ကိုတော့ အဓောလောက (Adho Loka) လို့ ခေါ်တယ်။ ငရဲဘုံက အောက်ကို ရောက်လေလေ ဆင်းရဲကြီးလေလေပဲ။

ဂျိန်းဝါဒအရ စကြဝဠာကို ဒြပ်စင် (၆) မျိုးနဲ့ ဖွဲ့စည်းထားတယ်။ အဲဒါကို ရှဒ်ဒြပ် (Shad-dravya) လို့ ခေါ်တယ်။ အဲဒီ ဒြပ်စင် (၆) မျိုးက

(၁) ဇီဝ – ဝိညာဉ် (သို့) အသက်ဓာတ်

(၂) ပုဂ္ဂလာ - ရုပ်ဝတ္ထု

(၃) ဓမ္မ – ရွေ့လျားမှုကို အထောက်အကူ ပြုတဲ့ဓာတ်

(၄) အဓမ္မ – ရပ်တန့်မှုကို အထောက်အကူ ပြုတဲ့ဓာတ်

(၅) အာကာသ – ဟင်းလင်းပြင်

(၆) ကာလ – အချိန်

ပြောရင် အများကြီး ကျန်သေးတာမို့ ဂျိန်းရဲ့ စကြဝဠာကို ဒီမှာပဲ နိဂုံးချုပ်ရအောင်။ ဗုဒ္ဓဘာသာမှာ ကမ္ဘာပျက်ကပ်တွေ ရှိသလိုပဲ ဂျိန်းဘာသာမှာလည်း အဲဒီအယူတွေ ရှိတယ်။ ဒါကြောင့် သူတို့ကလည်း တက်ကပ်၊ ဆုတ်ကပ် စသဖြင့် အတိအကျ ရေတွက်ပြတယ်။ ပြီးတော့ ဂျိန်းတွေရဲ့ စကြဝဠာက အဆုံးရှိတယ်၊ ဒါမှမဟုတ် အနားသတ် ရှိတယ်လို့ ယူဆတယ်။ နောက်ပြီး စကြဝဠာရဲ့ အပြင်ဘက်မှာ ဘာမှ မရှိတဲ့ အလောကာကာသ (Aloka-akasha) ရှိတယ်လို့ ဆိုတယ်။

ဆိုတော့ …

အဋ္ဌကထာရဲ့ စကြဝဠာက ဘယ်ကနေ ဆင့်ပွားလာခဲ့တာလဲ။ သေချာတာကတော့ ဗုဒ္ဓနဲ့ ခေတ်ပြိုင် 600BC လောက်မှာ အဋ္ဌကထာဆရာ ရှင်းပြခဲ့သလို အဲဒီလောက် တိကျသေချာတဲ့ စကြဝဠာ ဖွဲ့စည်းပုံ အယူအဆမျိုး ရှိမနေသေးဘူး။ ဒါပေမယ့် မြေရေလေ အယူအဆ (မြေအောက်မှာ ရေ၊ ရေအောက်မှာ လေ) ကတော့ 1000BC လောက်ကတည်းက ရှိနှင့်နေတဲ့ Rig Veda နဲ့ Upanishads ကျမ်းတွေမှာ ပါနေပြီးသားပါ။ နောက်ပြီး မြင်းမိုရ်တောင် အကြောင်းကိုလည်း ရှေးဟောင်းဝေဒကျမ်းတွေမှာ အနည်းအကျဉ်း တွေ့ရတယ်။ ဒါပေမယ့် တောင်စဉ် ၇ ထပ်၊ သမုဒ္ဒရာ ၇ စင်း ဆိုတဲ့ အယူအဆတွေကိုတော့ ဘီစီ ၃ ရာစုနဲ့ အေဒီ ၄ ရာစုအကြားမှာ ရေးသားခဲ့တဲ့ ဟိန္ဒူပုရာဏ်ကျမ်းတွေမှာ ပိုပြီး ခပ်စိပ်စိပ် တွေ့လာရတယ်။ ဒီတော့ အဋ္ဌကထာဆရာတွေက ဗုဒ္ဓဘာသာရဲ့ စကြဝဠာအယူအဆကို ပိုပြီး ပြည့်စုံသထက် ပြည့်စုံသွားအောင် ပုရာဏ်ကျမ်းလာ အယူအဆတွေနဲ့ အဲဒီခေတ်အခါမှာ နားလည်လက်ခံထားကြတဲ့ နက္ခတ္တ‌ဗေဒ အယူအဆတွေကို ညှိနှိုင်းထည့်သွင်းခဲ့တယ်လို့ ယူဆလို့ ရတယ်။ ဒါပေမယ့် ပုံတူကူးချတာမျိုးတော့ မဟုတ်ဘူး။ ဗုဒ္ဓဘာသာရဲ့ မူလအယူအဆနဲ့ (ဥပမာ ကံ-ကံ၏အကျိုး) ချိန်ထိုးပြီး လေထု၊ ရေထုက ဖန်ဆင်းတာမဟုတ်ဘဲ အကြောင်း (ကံ) ကြောင့် အကျိုးဖြစ်ထွန်းလာတယ် ဆိုတာမျိုး ဖြည့်စွက် ရေးသားခဲ့တယ်လို့ အကြမ်းဖျင်း ယူဆလိုပါကြောင်း။


#ဖြိုးကျော်

#ပါဠိဝေါဟာရရှင်းတမ်း

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review