နေညိုညို - ပီ မိုးနင်း

 


About Us


ကျွန်တော်တို့အဖွဲ့သည် မြန်မာနိုင်ငံအတွင်းက e-Books Reader အသုံးပြုသူများနှင့် Digital Devices ‌တွေမှာ စာဖတ်သူများ အတွက် မြန်မာစာအုပ်များကို ဖတ်ရှုနိုင်စေရန် ကူညီပေးဖို့ ရည်ရွယ် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ တိုးတက်လာသော နည်းပညာများအရ e-books Reader အသုံးပြုသူများလည်း များပြားလာပြီ ဖြစ်သော်လည်း နိုင်ငံတွင်းမှတော့ e-books Reader အသုံးပြုသူများ အတွက် မြန်မာစာအုပ် ဖတ်ရှုနိုင်ရန် အလွန် ခက်ခဲလျက်ရှိသည်။ ထို့ပြင်လက်ရှိမှာလည်း မြန်မာစာအုပ်များကို Digital နည်းဖြင့် ဖြန့်ဝေမှု လုံးဝမရှိသလောက် ဖြစ်သည်။ ထိုအခက်ခဲများကို ကျနော်တို့ တတ်နိုင်သည့် ဘက်မှ ကူညီပေးနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ထားခြင်း ဖြစ်ပါသည်။

မူပိုင်ခွင့်ချိုးဖေါက်ပြီး ကိုယ်ကျိုးအတွက် လုံးဝ(လုံးဝ)အသုံးမပြုပါ။

အကယ်၍ ဤစာအုပ်အတွက် အဖိုးအခ တစ်စုံတစ်ရာ ပေးခဲ့ပြီး ရခဲ့သည် ရှိသော် ဂျင်းထည့်ခံရပြီ မှတ်ပါ။

🅦🅗🅘🅢🅟🅔🅡 of 🅦🅞🅡🅓🅢

Subscribe Telegram Channel

https://t.me/TheBookR


ဒုတိယအကြိမ်ရိုက် ထုတ်ဝေသူ၏ မှတ်ချက်

(၁)

လွန်ခဲ့သော ၁၉၂ဝ ခုနှစ်က ဤ “နေညိုညို” ဝတ္ထုကို ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ယခုဆိုလျှင်... နှစ်ပေါင်း ၄ဝ ကြာခဲ့ပေပြီ။ နှစ်ပေါင်း ၄ဝ တည်းဟူသော အတိတ်က စာပေတစ်ခုကို ဤကဲ့သို့ ပြန်လည်တူးဖော် ထုတ်ဝေရာ၌ ထိုစာပေကို ပြုစုရေးသားခဲ့သော ဆရာကြီး ပီ-မိုးနင်း၏ လွန်ခဲ့သော အနှစ် ၄ဝ ပတ်ဝန်းကျင်က လှုပ်ရှားခဲ့သည့် သူ့ “ဘဝ” ကိုလည်း ပြန်လည် တူးဖော်ကြည့်ဖို့ လိုပေလိမ့်မည်။ သို့မှလည်း... ထိုခေတ်... ထိုအချိန်၏ လူနေမှု... လူ့ဆက်ဆံရေး... အနုပညာ... စာပေ... ယဉ်ကျေးမှု... စသည်တို့ကိုပါ ငုံမိလျက်... ထိုအခြေအနေ ထိုအဆင့်မှ... ပစ္စက္ခ စာပေသမိုင်း၏ ယခုကဲ့သို့သော “ကဏ္ဍသစ်” တစ်ခုသို့ ရောက်လာအောင် ဆရာကြီး ပီ-မိုးနင်းသည် စာပေရေးရာအားဖြင့် ဘယ်လို ခေါင်းဆောင်မှုပေးခဲ့သည်၊ ဘယ်လို ပို့ဆောင်ခဲ့သည်၊ ကဏ္ဍသစ်တစ်ခုကို ဘယ်လို ဖွင့်ပေးခဲ့သည်တို့ကို သဘောပေါက်နိုင်ကြမည် ဖြစ်ပေသည်။

***

(၂)

၁၉၂ဝ ခုနှစ်သည် ပထမကမ္ဘာစစ်ကြီး ပြီးစအချိန်ဖြစ်သည်။ စစ်တစ်ခုသည် လူ့လောက၏ အသက် အိုးအိမ်ဥစ္စာစည်းစိမ်များကို ဖျက်ဆီးခြင်းဖြင့် အကျိုးမဲ့ န်တီးခဲ့သလို နိုင်ငံတကာရေးရာများဖြင့်လည်း အတွေ့အကြုံ ဗဟုသုတကို ကြွယ်ဝစေခဲ့ပေသေးသည်။

ထိုအချိန်၌ ဖောက်လုပ်ထားပြီးဖြစ်သော စူးအက်တူးမြောင်းကလည်း အရှေ့အာရှနှင့် အနောက် ဥရောပ ၂ ခုအား မြေကြောရေကြောကို ရှုံ့ပစ်လိုက်ကာ အရှေ့နှင့် အနောက်ကို ပိုမို နီးကပ်စေခဲ့ပြန်သည်ကိုလည်း မမေ့သင့်ပေ။

စူးအက် တူးမြောင်းကြောင့်... အရှေ့နှင့် အနောက်တို့၏ ဆက်သွယ်ရေးသည် ယခင်ကလို ဂွဒ်ဟုတ်အငူမှ ကွေ့မသွားရတော့ဘဲ ပင်လယ်နီမှ မြေထဲပင်လယ်သို့ ဖြတ်သန်းသွားလာနေနိုင်ပြီဖြစ်ရာ... စူးအက်တူးမြောင်းသည် အနောက် ဥရောပ၏အနုပညာ စာပေ အပါအဝင် ယဉ်ကျေးမှုတို့ကိုသာ အရှေ့အာရှသို့ ယခင်ကထက် လျင်မြန်အောင် ပို့ဆောင်ခဲ့သည် မဟုတ်သေးဘဲ... မြန်မာနိုင်ငံ၏ ဆန်စပါးဈေးကိုလည်း တစ်ဟုန်တည်း တိုးမြင့်စေခဲ့ပေသေးသည်။

မြန်မာနိုင်ငံသည် ရုပ်အခြေခံအားဖြင့် မြေယာနိုင်ငံ ဖြစ်သည့်အတိုင်း... ဆန်စပါးဈေး တိုးမြင့်သည်နှင့်အမျှ... မြန်မာနိုင်ငံ၏ စီးပွားရေးသည်လည်း တိုးတက်လာခဲ့ရပြန်သည်။

အထူးခြားဆုံးကား မြန်မာနိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေး စိတ်ဓာတ်နှင့် လွတ်မြောက်ရေး ကြိုးပမ်းမှုအတွက် လုပ်နည်းလုပ်ဟန်များ ပြောင်းလဲ တိုးတက်လာခြင်းပင် ဖြစ်သည်။

ပစ္စက္ခ လူ့ဆက်ဆံရေး၏ အရိပ်သည် စာပေ၌ မလွဲမသွေ ထင်ဟပ်လာရမြဲ ဖြစ်ပေသည်။ ထို့ကြောင့်လည်း.... မြန်မာနိုင်ငံ၏ စီးပွားရေး၊ ယဉ်ကျေးမှု စသည်တို့ ပြောင်းလဲလာသည်နှင့်အမျှ... မြန်မာနိုင်ငံ၏ စာပေလောကသည်လည်း ပြောင်းလဲလာခဲ့ရပေသည်။

အထူးအားဖြင့် သတင်းစာများသည် ရှေးက ထုတ်ဝေသော သတင်းစာ အဆင့်အတန်းမှ တစ်ဆင့် တက်ကာ သိသိသာသာ ပြောင်းလဲ လာခဲ့ပေသည်။

မြန်မာ သတင်းစာများတွင် စစ်သတင်းများ၊ နိုင်ငံခြား ကြေးနန်းသတင်းများကို အသားပေးကာ ထည့်သွင်းလာသလောက် သတင်းစာဖတ် ပရိသတ်ကလည်း ထိုနိုင်ငံတကာသတင်းများကို ဖတ်ရှုလာသည်ကို တွေ့လာရသည်။

စီးပွားရေးအတွက် ငွေယားကလေး ရှိသူများသည်လည်းကောင်း၊ အမျိုးသား လွတ်မြောက်ရေးအတွက် စိတ်အား ထက်သန်သူများသည်လည်းကောင်း... သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများကို ထုတ်ဝေရန် ကြိုးပမ်းလာကြသည်။ ထုတ်ဝေသည်၊ ထုတ်ဝေလာကြသည်။

မကြာမီ ပြုတ်သူများလည်း ပြုတ်၍ တည်တံ့သူများလည်း တည်တံ့ကျန်ရစ်ခဲ့ကြသည်။

အမျိုးသားလွတ်မြောက်ရေးတွင် ရှေ့တန်းမှ ပါဝင်ခဲ့ကြသော မြန်မာ့အလင်းသတင်းစာနှင့် သူရိယသတင်းစာများသည် ထိုအချိန်က ပေါက်ဖွားလာခဲ့ကြသော သတင်းစာကြီးများ ဖြစ်သည်။

မြန်မာ့အလင်း သတင်းစာ၏ ရာဇဝင်ကို ပြန်ကြည့်လျှင်... ဆရာကြီး ပီ-မိုးနင်းနှင့် ဦးရွှေကြူးတို့၏ အမည်များကို သတင်းစာ ရာဇဝင်၏ အစဦး၌ပင် တွေ့ကြရမည် ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော်... မြန်မာ့အလင်း သတင်းစာကို စတင် ထုတ်ဝေခဲ့သူမှာ ဦးရွှေကြူးဖြစ်၍... ထိုကဲ့သို့ နေ့စဉ်သတင်းစာ ထုတ်ဝေရန် တိုက်တွန်းနှိုးဆော် အကြံဉာဏ်ပေးခဲ့သူမှာ ဆရာကြီး ပီ-မိုးနင်း ဖြစ်သောကြောင့် ဖြစ်သည်။

သတင်းစာများ ရှေးကနှင့်မတူဘဲ သိသိသာသာ ခေတ်မီ ပြောင်း လဲ လာခဲ့ခြင်းမှာလည်း ဆရာကြီး ပီ-မိုးနင်း၏ကြိုးပမ်းမှု အများဆုံး ပါဝင်ခဲ့သည်ကို တွေ့ရှိနိုင်ပေသည်။

ထိုအချိန်က ဆရာကြီး ပီ-မိုးနင်းသည် သူရိယ သတင်းစာတိုက် ၌ အလုပ် လုပ်လျက်ရှိသည်။ သူ၏ အလုပ်မှာ စစ်သတင်းများနှင့် နိုင်ငံခြား ကြေးနန်းသတင်းများကို ဘာသာပြန်ဆိုပေးရသော အလုပ် ဖြစ်သည်။

သို့သော်.. သူရိယသတင်းစာမှာ ထိုစဉ်က ရက်ခြားသတင်းစာသာဖြစ်၍ ကမ္ဘာ့ကြေးနန်း သတင်းများကို အာရုံစိုက်ကာ စောင့်မျှော် ဖတ်ရှုနေကြသော သတင်းစာဖတ် ပရိသတ်၏ လိုလားချက်ဆန္ဒကို အကဲခတ် ရိပ်စားမိသော ဆရာကြီး ပီ-မိုးနင်းသည် သူ၏ လက်ရှိအလုပ်ကို အားမလို အားမရ ဖြစ်နေခဲ့မိသည်။

ထို့ကြောင့်လည်း... ဆရာကြီး ပီ-မိုးနင်းသည် ကမ္ဘာ့ကြေးနန်း သတင်းများ၊ စစ်သတင်းများကို ဦးစားပေးကာ နေ့စဉ်သတင်းစာအဖြစ် ထုတ်ဝေရလျှင်ကား... ထုတ်ဝေသူအတွက်ရော ပြည်သူအတွက်ပါ အကျိုးရှိမည်ဖြစ်ကြောင်းဖြင့် မြန်မာ့အလင်းကို နေ့စဉ်သတင်းစာအဖြစ် ထုတ်ဝေရန် တိုက်ရှင်ဦးရွှေကြူးအား ဆရာကြီး ပီ-မိုးနင်းက တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ပီ-မိုးနင်း၏ တိုက်တွန်းအကြံပေးသည့်အတိုင်း ဦးရွှေကြူးကလည်း နေ့စဉ်သတင်းစာအဖြစ် ထုတ်ဝေလိုက်ရာ... ဆရာကြီးပီ-မိုးနင်းသည် မြန်မာ့အလင်းတိုက်၌ အလုပ်ဝင်ကာ စစ်သတင်း၊ နိုင်ငံခြား ကြေးနန်းသတင်းများကို အထူး ကြိုးစား ဘာသာပြန် ထည့်သွင်းပေးခဲ့သည်။

ထို့ကြောင့်လည်း မြန်မာ့အလင်းသတင်းစာ၏ အမည်သည် တစ်ခါတည်း ကျော်ကြားသွားခဲ့ပေသည်။

ထိုအချိန်က မြန်မာ့အလင်းသတင်းစာတွင် ဗိုလ်တထောင်ငမိုး၏ ဓားချက်ဖြင့် အသက်ဆုံးပါးခဲ့ရသော ဆရာသင်သည် ဆရာကြီးပီ-မိုးနင်း၏ အကူအညီ အဖြစ်ဖြင့် “စာပြင်” အလုပ်ကို လုပ်ခဲ့ရသူ ဖြစ်သည်။

(၃)

ဆရာကြီး ပီ-မိုးနင်းသည် ပညာ့အလင်းသတင်းစာ၊ မြန်မာ့အလင်းသတင်းစာနှင့် သူရိယသတင်းစာကြီးများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ဖူးသည်။ အမျိုးသားလွတ်မြောက်ရေးအတွက် ဆရာကြီး ပီ-မိုးနင်းသည် နိုင်ငံရေးဆောင်းပါးများ၊ နိုင်ငံရေးစာအုပ်များကို အများအပြား ရေးသားခဲ့ဖူးပေသည်။

“နိုင်ငံရေးအခြေပြုကျမ်း” “လွတ်လပ်မှု”၊ “တိုင်းရေး ပြည်ရေးပေါက်နှင့်ကျေး” “ပေါ်လစ်တစ်ယပ်လှဲ”၊ “လွတ်မြောက်ရေး စကားပုံ”၊ “Dominion = ဒိုမီနီယန် = ဓနသဟာယစနစ် ဒိုမီနီယန် ဟုမ္မရူး”၊ “အစိုးရနှင့် မဆက်ဆံရေး နည်းပေးလမ်းပြ” စသော စာအုပ်များသည် ဆရာကြီး ပီ-မိုးနင်း ပြုစုခဲ့သော နိုင်ငံရေး ကျမ်းစာအုပ်များ ဖြစ်သည်။

မြန်မာနိုင်ငံ ခွဲရေး တွဲရေး ပြဿနာ ပေါ်ပေါက်လာသောအခါ၌ ဆရာကြီး ပီ-မိုးနင်းသည် တွဲရေးဘက်မှ နေကာ စိတ်အား ထက်သန်စွာ ရေးသားခဲ့သည်။

၁၉၃၇-၃၈ ခုနှစ် တရုတ်နှင့် ဂျပန်စစ်ဖြစ်စကလည်း ဆရာသည် ဂျပန်၏ အနာဂတ်ကို အောက်ပါအတိုင်း ကြိုတင်၍ ဟောကိန်းထုတ်ခဲ့ဖူးရာ သူ၏ ဟောကိန်းသည် သူကွယ်လွန်သွားပြီးနောက် ဒုတိယကမ္ဘာစစ်အပြီးတွင် သွေးထွက်အောင်မှန်၍နေသည်ကို တွေ့ရှိရပေသည်။

“ဂျပန်၏ ပြုမူပုံများသည် အာရှတိုင်းကို စစ်မီးလောင်အောင်ပြုသည်နှင့် တူလေသည်၊ အကြောင်းမူကား… ရုရှားသည် ယခုအခါ ရှေးအခါနှင့် မတူတော့ပေ၊ များစွာအင်အား ပို၍ နေရာအထိခံမည် မဟုတ်ပေ။ ဂျပန်သည် အဘိဆီးနီးယာ ကျားမြီးကို ဆွဲမိသော မူဆိုလီနီ၏ဖြစ်ပုံကို သတိမူသင့်ပေသည်။ မူဆိုလီနီ၊ ဟစ်တလာ တို့ကိုပင် အားကျ၍ လာချေက မကြာမီ တအားကျ၍ သွားရမည်ကား... ဘုရားပြသည့် လမ်းစဉ်အတိုင်းပေတည်း”

ဆရာကြီး ပီ-မိုးနင်းသည် ထိုအချိန်ကပင် ဆိုဗီယက်ယူနီယံအား အထင်မသေးခဲ့ကြောင်းကို သူ၏နိုင်ငံရေး စာပေများတွင် အများအပြား ဖတ်ရှုရပေသည်။

***

(၄)

ဆရာကြီးသည် လောဂျစ်ကျမ်းတစ်ကျမ်းကိုရေးကာ ဟံသာဝတီတိုက်သို့ သွားလျက် စာမူကို ရောင်းခဲ့သည့်အချိန်မှ စ၍ စာပေလောကနှင့် ဆရာကြီးသည် စတင်ဆက်သွယ်လာခဲ့သည်ဟု ဆိုရမည်။

သို့သော် ထိုစာမူကိုကား ရောင်း၍မစွံခဲ့ပေ။ ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်သည် ဟူသော အကြောင်းပြချက်ဖြင့် သူ၏စာမူကို မဝယ်ခဲ့ပေ။

စာမူသာ မစွံသည်မဟုတ်၊ ၎င်းစာမူကိုပင် ပြန်၍မရသဖြင့် ထိုစာမူမှာ ယနေ့အထိ ပုံနှိပ်စာအုပ်အဖြစ်သို့မရောက်ဟု သိရပေသည်။

နောက်များမကြာမီ ဆရာကြီး ပီ-မိုးနင်းသည် ၎င်းဟံသာဝတီတိုက်၌ပင် တိုက်ရှင် သူဌေးကြီးမစ္စတာ ရစ်ပလေက အလုပ်ခန့်သဖြင့် လခ ၃ဝိ နှင့် ဝင်ရောက် အလုပ် လုပ်ကိုင်ရပြန်သည်။

အလုပ်ကား ဘာသာပြန်ဆိုပေးရသော အလုပ်ဖြစ်သည်။ သို့သော်... ၆ လမျှသာ လုပ်ကိုင်ခဲ့ကြောင်း သိရပေသည်။

***

(၅)

ပညာ့အလင်း သတင်းစာတိုက်သို့ မရောက်မီကပင် ဆရာကြီး ပီ-မိုးနင်းသည် “ခင်ထား” “ပင်လယ်ကူး ဓာတ်ပုံ”၊ “ဘီ-အေ မောင်တင့်နှင့် ကချေသည် မယ်မြင့်” စသော ဝတ္ထုများနှင့် အခြား ကြီးပွားရေး နည်းပြကျမ်းများစွာတို့ကို မောင်ကျော်ဟူသော မထင်မရှားအမည်ဖြင့် ရေးသားခဲ့သည်။

နောက် ပညာ့အလင်း သတင်းစာတိုက်သို့ ရောက်ကာ “ပိုက်ဆံကြီး” အမည်ဖြင့် “ဘားမားဒေး” “ပွဲစားကြီး သားအဘနှင့် မြမြ” “နေရီရီ” စသော ဝတ္ထုများကို ရေးသားခဲ့ပြန်သည်။

ပညာ့အလင်းမှ အလုပ်ထွက်လာသောအခါ၌ “ပိုက်ဆံကြီး” ဟူသော အမည်ကို တိုက်ရှင်က အတင်းယူထားလိုက်သဖြင့် “ပီ-မိုးနင်း”ဟူသော အမည်ကို စတင် အသုံးပြုခဲ့သည်ဟု သိရပေသည်။

ပီ-မိုးနင်း အမည်ကို ယူပြီးသည့် နောက်ပိုင်း၌ကား.... ဝတ္ထုများနှင့် ကျမ်းစာများကို အမြောက်အမြား မွေးထုတ်ခဲ့ပေသည်။

“နေညိုညို”၊ “ဟေမဝန်ဘွေ”၊ “တကိုယ်တော်”၊ “ချစ်ပန်းနွယ်”“တစ်နိုင်ငံမြိုင်ယံခြား”၊ “ကျွန်းငွေသောင်”၊ “တဖြစ်လဲ”၊ “ကျားကြီးရာဇာ”၊ “တစ်ခုလပ်နှင့် တစ်လင်ကွာ”၊ “လူမိုက်ကြီး”၊ “မယ်ယက္ခ”“ဝင်္ကပါကံ”၊ “တို့တောင်ပေါ်”၊ “သဲမြညှာ”၊ “တက်လူကွ”၊ ယောက်ျားကောင်း သုံးယောက်” စသော ဝတ္ထုရှည်ကြီးများ…

“ပွဲစားကြီး ဂရာရွတ်ကို မြာချွတ်သော ချစ်ချစ်”၊ “ကြုံလေဘုံပွေ”၊“နဖူးစာ”၊ “အံ့သြဘွယ်”၊ “ရေနတ်သူ”၊ “မျိုးချစ်”၊ “မျိုးချစ်လက်ျာ”၊“စိုးပါနဲ့မေ”၊ “ကျုပ်အသက်ကလေး”၊ “ဝါသနာ”၊ “သွေးဆောင်ခြင်း”၊“မိတ်ဆွေနှင့် ရည်းစား”၊ “စိတ်ပြောင်းလဲခြင်း”၊ “ဝရမ်းပြေး”၊ “လူလား၊နတ်လား- ဂုမ္ဘဏ်လား”၊ “ချစ်တဲ့ မယား”၊ “ရွှေဖူးစာ ကံ ဆော်စီမံသွင်း” “ငယ်က ကျွမ်းကို လွမ်းလို့ ခွေကာယိုင်” “ငါ့သမီး”၊ “တို့ဘာသာ”၊ “မှော်ဘုရင်”၊ “စာရေး ဆရာ” စသော ဝတ္ထုတို ကလေးများ…

“သူရဲကောင်း သုံးယောက်” စသော ဘာသာပြန် ဝတ္ထုများ…

“ကမ္ဘာ့မင်တံ”၊ “သခင်စိတ်”၊ “လက်တွေ့ ကြီးပွားရေး”၊ “အချစ်ဖြတ်လမ်း”၊ “အောင်စိတ်”၊ “သမီးဂုဏ်ရည်”၊ “သားဂုဏ်ရည်”၊ “မိန်းမစိတ်”၊ “ကမ္ဘာ့အလင်း”၊ “အပျို လမ်းညွှန်”၊ “လူပျို ကြေးမုံ”၊ “အချစ်လမ်းညွှန်”၊ “လောကီ လမ်းညွှန်”၊ “ကာမသိဒ္ဓိ” စသော ကြီးပွားရေးအချစ်ရေး ကျမ်းများ…

“အင်္ဂလိပ် စကား ပြောနည်း”၊ “အင်္ဂလိပ်သဒ္ဒါ ဖြတ်လမ်း”၊“အင်္ဂလိပ်ဘာသာ ငါဆရာ”၊ “ဝတ္ထု သတင်းစာ ရေးနည်း” “အင်္ဂလိပ် ပြောသောအင်္ဂလိပ်စကား” စသော ကျမ်းများတို့သည်ကား…. ပီ-မိုးနင်း အမည်ဖြင့် ရေးခဲ့သော စာအုပ်များဖြစ်ရာ မရေမတွက်နိုင်လောက် အောင် များပြားလှပေသည်။

***

(၆)

ဆရာကြီး ပီ-မိုးနင်းသည် ဟံသာဝတီ၊ ပညာ့အလင်း၊ မြန်မာ့ အလင်း၊ သူရိယ၊ သစ္စာဝါဒီနှင့် ဗန္ဓုလ သတင်းစာတိုက်... စသည် တို့တွင် ဝင်ရောက်လုပ်ကိုင်ခဲ့၍ သူ၏ ဝတ္ထုဆောင်းပါးများကိုကား…. ထိုအချိန်က ထုတ်ဝေသမျှ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် သူ၏ လက်ရာနှင့် မကင်းသလောက်ပင် မြောက်မြားစွာ တွေ့ရှိနိုင်သည်။

ပညာ့အလင်း မဂ္ဂဇင်း၊ သူရိယမဂ္ဂဇင်း၊ သူရိယရုပ်စုံ၊ ဒဂုန် မဂ္ဂဇင်း၊ ကဝိမျက်မှန်မဂ္ဂဇင်း၊ ကဝိတန်ခွန်မဂ္ဂဇင်း၊ ဗြိတိသျှဘားမား မဂ္ဂဇင်း၊ တက္ကသိုလ်သိပ္ပံ မဂ္ဂဇင်း၊ လမ်းညွှန်ဂျာနယ်၊ လန်ဒန်အတ် မဂ္ဂဇင်း၊ တိုးတက်ရေး မဂ္ဂဇင်း၊ ဘားမားဂျာနယ်၊ ဗန္ဓုလ မဂ္ဂဇင်း၊ ဗန္ဓုလ ဂျာနယ်စသည်တို့တွင် ဆရာကြီး၏ ဝတ္ထုဆောင်းပါးများကို အများအပြား တွေ့ခဲ့ရပေသည်။

ဆရာကြီးသည် ကိုယ်ပိုင်အနေဖြင့်လည်း စာအုပ် ထုတ်ဝေခဲ့ ဖူးသေးသည်။

သုံးဆယ်မြို့မှနေ၍ မိတ်ဆွေများ အကူအညီဖြင့် စာပုံနှိပ်စက် တည်ထောင်ကာ... “မြန်မာ့မိတ်ဆွေ မဂ္ဂဇင်း” အမည်ဖြင့် ထုတ်ဝေခဲ့ဖူး ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့အလင်းမှ အလုပ်ထွက်ပြီး နောက်ပိုင်း၌... “အောင်တော်မူ” အမည်ဖြင့် ရက်သတ္တပတ် တစ်ကြိမ်ထုတ် ဝတ္ထုကလေးများကိုလည်း ၁၄ အုပ်ခန့် ထုတ်ဝေခဲ့ဖူးသေးသည်။

ဤသို့ ထုတ်ဝေမှုနှင့် ပတ်သက်၍ သူ၏တွေ့ကြုံခံစားရချက်များကို ဆရာကြီးကိုယ်တိုင် အောက်ပါအတိုင်း ကြေကွဲဖွယ်ရာ ရေးသားခဲ့ဖူးပေသည်။

“မြန်မာ့အလင်းမှ ထွက်ပြီးနောက် အောင်တော်မူ ခေါ်သော ခေါင်းစဉ်ဖြင့် တနင်္ဂနွေ တစ်ပတ် တစ်ကြိမ် ဝတ္ထုကလေးများကို ထုတ်ဝေလျက် ရှိနေလေသည်။ ကျွန်ုပ်မှာ ထိုကဲ့သို့သော ကိုယ်ပိုင်အလုပ်ဖြင့် ဝတ္ထုများ ထုတ်ဝေခြင်းအားဖြင့် ဒိစတြိတ် နယ်ပယ်များမှ ကိုယ်စားလှယ်များအကျိုးရှိအောင် လုပ်ကျွေးခဲ့ရခြင်းသာလျှင် အဖတ်တင်လေသည်။ ၎င်းဝတ္ထု စာအုပ်ကလေး ၁၄ စောင်မျှ ထုတ်ဝေပြီးနောက် ဆက်လက် မထုတ်နိုင်တော့ပေ..."

***

(၇)

“ပီ-မိုးနင်း” ဆိုလျှင် စာရေးဆရာအဖြစ်ဖြင့်သာ သိသူများနေကြသော်လည်း... စင်စစ် စာရေးဆရာအဖြစ်သာ မဟုတ်သေးဘဲ….. ဆရာကြီးသည် ရုပ်ရှင်နယ်ဘက်သို့လည်း အစောဆုံး ဝင်ရောက်ခဲ့ဖူးသေးကြောင်း သိရပေသည်။

ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီ၌ပင် ဝင်ရောက်လုပ်ကိုင်ခဲ့ဖူးသည်။

မြန်မာပြည်တွင် ပထမဆုံး ရိုက်ကူးသည့် ရုပ်ရှင်ကားဖြစ်သော “မေတ္တာ နှင့် သူဇာ” ဇာတ်ကား၏ ဇာတ်ညွှန်းမှာ ဆရာကြီး ပီ-မိုးနင်း၏ ဇာတ်ညွှန်းပင်ဖြစ်သည်။

“ချစ်တဲ့သူရယ်” ဇာတ်ကား ရိုက်ကူးရာတွင် ဇာတ်တိုက်ဖြစ်သော သူ၏သား မောင်ကျော်စိုးအား ဆရာကြီး ပီ-မိုးနင်းကို သင်ကြားပြသကာ ဒါရိုက်တာ လုပ်ကိုင်ခဲ့ရသည်။

“တသက်လုံးဖုံးသမျှ ကုန်းတော့မှပေါ်” ဟူသော ဇာတ်တွင်ကား... ဆရာကြီးသည် ပန်းချီဆရာကြီးအဖြစ် ပါဝင်သရုပ်ဆောင်ကာ ဇာတ်ကောင်အဖြစ် ရိုက်ကူးခဲ့ပြန်သည်။

သူ၏သား မောင်ကျော်စိုး ဗြိတိသျှဘားမားရုပ်ရှင်ကုမ္ပရောက်ပြီး “တကိုယ်တော်” ဇာတ်ကား ရိုက်ကူးခဲ့စဉ်ကလည်း ဆရာကြီးသည် များစွာ အကူအညီပေးခဲ့ရသည်ဟု ဆိုပေသည်။

ဆရာကြီးသည် ရုပ်ရှင်ဖက်၌ သူ၏သား မောင်ကျော်စိုး၏ စွမ်းရည် သတ္တိနှင့် ဇွဲကောင်းခြင်းကို တွေ့ရသောအခါ၌ သားကိုအားကိုးကာ... ရုပ်ရှင် ဇာတ်ညွှန်းများ ရေး၍ သူ၏သား ပါဝင်သော ဇာတ်ကားများတွင် ဒါရိုက်တာလုပ်လျက် အေးအေးနေတော့မည်ဟုပင် စိတ်ပိုင်းဖြတ်မိကြောင်းဖြင့် ဆရာကြီးကိုယ်တိုင် ဖွင့်ဟ ရေးသားခဲ့ပေသည်။

သို့သော်... ဆရာကြီး ပိုင်းဖြတ်ခဲ့သော စိတ်အကြံအစည်သည် အကောင်အထည်အဖြစ် ပေါ်မလာခဲ့တော့ပေ။ အဘယ့်ကြောင့်ဆိုသော်… “၁ဝ နာရီ” ဟူသော ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် ရိုက်ကူးနေစဉ်၌ပင် သူ၏သား မောင်ကျော်စိုးမှာ ရန်သူ၏ဓားချက်ဖြင့် သေဆုံးကွယ်လွန် သွားသောကြောင့်ပေတည်း။

ထိုအခါ၌ ဆရာကြီးမှာ ခဲလေသမျှ သဲရေကျဖြစ်ကာ စိတ်အပျက်ကြီးပျက်လျက် ရုပ်ရှင်နယ်မှ တစ်ခါတည်း ထွက်လာခဲ့ပေသည်။

***

(၈)

၁၉၃၅ ခုနှစ်၊ ဇူလိုင် ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် “လေပွေ” အခန်းကို စတင် ဖတ်ရှုကြရပေသည်။

ပထမ စရေးစဉ်က “ဦးလေပွေ” ဟု ခေါင်းစဉ်မတတ်ဘဲ..“ထွေရာလေးပါး” ဟု ခေါင်းစဉ်တပ်ကာ… အောက်ဆုံးကျမှ “လေပွေ”ဟု လက်မှတ် ရေးထိုးထားသည်။

နောက် အတော်ကြာမှ “ထွေရာလေးပါး” ဟူသော ခေါင်းစဉ်အစား ဦးလေပွေ”ဟု ခေါင်းစဉ် ပြင်တပ်လာလေသည်။ အစ ပထမ၌ကား ၎င်း “လေပွေခန်း” ကို ဆရာကြီးရေးမှန်း မသိခဲ့ကြပေ။

ထိုစဉ်အချိန်က လေပွေခန်းသည် မြန်မာ့အလင်း သတင်းစာဖတ် ပရိသတ်အဖို့၌ အတော်စွဲလမ်းခြင်းခံရအောင် လူကြိုက်များသော အခန်း ဖြစ်လာခဲ့ရပေသည်။

စွဲလမ်းလောက်အောင်လည်း ဆရာကြီး၏ ရေးသားချက်များမှာ အကြောင်းအရာ၊ အရေးအသား၊ စကားလုံး သုံးစွဲပုံမှစ၍ ပိုင်ပိုင်နိုင်နိုင် ရှိလှပေသည်။

ထိုသို့ ပိုင်ပိုင်နိုင်နိုင် ရှိလှသည်မှာလည်း စင်စစ်တော့ မဆန်းပေ။ ဆရာကြီး ပီ-မိုးနင်းသည် ထိုအချိန်၌ အသက်ကလည်း အတော် ထောက်လာပြီ။ အထွေထွေ အတွေ့အကြုံများကလည်း ကြွယ်ဝလာခဲ့ပြီ။ ထို့ကြောင့် သူ၏ စိတ်ဓာတ်သည်လည်း ရင့်ကျက်လာခဲ့ပြီဖြစ်ရာ… ရင့်ကျက်သော အတွေးအခေါ်တို့ဖြင့် ချုပ်ကိုင်ထားသော သူ၏ ရေးသားချက်များမှာ အဘယ်လျှင် ပိုင်ပိုင်နိုင်နိုင် မရှိဘဲ နေနိုင်ပါမည်နည်း။

ဘဝ၏ ကွေ့ပေါင်းများစွာတွင်... အထွေထွေ အတွေ့အကြုံ အရာ၌ကား…. ဆရာကြီးအား မီသူ ရှားပေလိမ့်မည်။

ဆရာကြီးသည် စာရေးဆရာ၊ သတင်းစာဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ ဘာသာပြန်ဆရာ၊ ကျောင်းဆရာ စသည်ဖြင့် အလုပ်မျိုးစုံခဲ့သည်။

ကြမ်းပိုးတေလေလည်း ဖြစ်ခဲ့ဖူးသည်၊ ဇာတ်ပျက်လည်း ဖြစ်ခဲ့ဖူးသည်။ အစိုးရ ဘိန်းဆိုင်တွင်လည်း အလုပ်လုပ်ခဲ့ဖူးသည်၊ လယ်သမား၏အိမ်တွင်လည်း လယ်ထွန်ခဲ့ဖူးသည်၊ ကယ်ပါ အိမ်ရောက်ကာ ကယ်ပါ သူဌေး၏သမီးနှင့် ရတော့မတတ်လည်း ဖြစ်ခဲ့ရသည်။ နောက်ဆုံး ကုန်ကုန်ရေးရလျှင် သူတောင်းစား ယောင်ပင်ဆောင်ကာ ရန်ကုန်မြို့လယ်ကောင်တွင် တောင်းရမ်းခဲ့ဖူးသေးသည်။

ထိုမျှသာလော.... မဟုတ်သေး။

ခရစ်ယာန်ဘာသာသို့လည်း ဝင်ခဲ့ဖူးသည်၊ ဗုဒ္ဓဘာသာလည်း ဖြစ်ခဲ့ဖူးသည်၊ ဘုရင်ဂျီဘုန်းကြီးလုပ်ရန် Brothers ခေါ် “မောင်ရင်လည်း ဝတ်ခဲ့ဖူးသည်၊ လယ်တီဆရာတော်ထံ၌ ဗုဒ္ဓဘာသာ ဘုန်းကြီးအဖြစ် ရဟန်းဘောင်သို့လည်း ရောက်ခဲ့ဖူးသည်။

သူ၏ဘဝ အတွေ့အကြုံများကား ရင်သပ်ရှုမော အံ့သြလောက်စရာကောင်းအောင် ကြွယ်ဝခဲ့လျက် သူ၏ ဘဝသည်လည်း ခေါက်ရှာငှက်ပျံသကဲ့သို့ နိမ့်တုံ‘မြင့်တုံနှင့် ကြေကွဲစရာတို့က ပို၍များခဲ့သည်ဟု ဆိုရမည်သာ ဖြစ်သည်။

ဆရာကြီးရေးခဲ့သော ကြီးပွားရေး လမ်းညွှန်စာအုပ်များကို ဖတ်၍ မြန်မာနိုင်ငံတွင် လူပေါင်းများစွာသည် ကြီးပွားတိုးတက်ခဲ့ကြသည်။

“အရက်၏အပြစ်” ကို ရေးသော ဆရာကြီး၏ စာများကို ဖတ်ကာ... အရက်ပြတ်ခဲ့ကြသူများလည်း မနည်းလှ...။

သို့သော်... ထိုစာတို့ကိုရေးသော ဆရာကြီး ကိုယ်တိုင်မှာကား အရက်လည်း မပြတ်... ကြီးပွားမှုလည်း မရှိဘဲ ဆင်းရဲ ငြိုငြင်စွာ ဘဝခရီးအား လျှောက်နေပုံကို မြင်ရသောအခါ၌ အံ့အားသင့်စရာပင် ကောင်းလှပေသည်။

ဤသို့ ဖြစ်ရခြင်းမှာလည်း ဆရာကြီးသည် အခြားသူများကိုသာ နည်းပေးလမ်းပြပေးလျက် ရှိသော်လည်း သူကိုယ်တိုင်မူကား သူ့ဘဝ ကိုသူ “ကွန်ထရိုး”မလုပ်နိုင်မှုကြောင့်ဟုပင် သေတ္တုချရပေလိမ့်မည်။

***

(၉)

ခေါက်ရှာ ငှက် ပျံသကဲ့သို့ နိမ့်တုံ မြင့်တုံဖြင့် ဘဝ၏ ကွေ့ပေါင်း များစွာကို ဖြတ်သန်းလာခဲ့ရာမှ ၁၉၃၉ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့တွင် သူ့ဘဝနိဂုံး၏တံခါးဝသို့ သူ၏ဘဝကံကြမ္မာသည် သူ့အား တွန်းထိုး ပို့ဆောင်လိုက်ပေပြီ။

ထိုနေ့ နံနက် ၁၁ နာရီအချိန်တွင် ဆူးလေ ဘုရားလမ်းရှိ မြန်မာ့ အလင်း သတင်းစာတိုက် အမျိုးသားနေ့ အလှူပွဲသို့ လာပြီး အိမ်အပြန် ဗန္ဓုလပန်းခြံ (ထိုစဉ်က ဘုရင်မ ပန်းခြံ) ဘေးတွင် စက်ဘီးတိုက်ခံရ သောကြောင့် ခြေကျိုး၍ သွားခဲ့ရပေသည်။

ဤသည်ပင်လျှင် သူ့ဘဝ နိဂုံး၏ တံခါးဝသို့ အတင်းတွန်းထိုး အပို့ခံလိုက်ရခြင်းဖြစ်သည်။

ထိုအချိန်က ဆရာကြီးသည် ၁၂၆ လမ်း၊ အိမ်အမှတ် ၄၅ တွင် ငှားရမ်းနေထိုင်နေသော အချိန်ဖြစ်သည်။

စက်ဘီးတိုက်ခံရပြီး ဆေးရုံကြီးသို့ ရောက်ကာ ၁၉၄၀ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် ဆရာကြီး ပီ-မိုးနင်းသည် ကွယ်လွန်အနိစ္စ ရောက်ကာ သူ့ဘဝအား နိဂုံးချုပ်လိုက်ပေသည်။

တိုက်ဆိုင်လွန်းလှသည်ဟု ဆိုရမည်လား မပြောတတ်။ ဆရာကြီး ပီ-မိုးနင်းကို မွေးဖွားခဲ့သော ၁၂၄၅ ခုနှစ် တန်ဆောင်မုန်း လဆန်း ၆ ရက် တနင်္လာနေ့၌ ၉ နာရီ ၁ဝ နာရီတိုင်အောင် မိုးနှင်းများ ထူထပ်စွာ ကျရောက်နေ၍ သူ ကွယ်လွန်သော ဇန်နဝါရီလ (နတ်တော်လ) ရာသီမှာလည်း ဆီးနှင်းများ ထူထပ်စွာ ကျရောက်နေသော ရာသီဖြစ်နေခြင်းပင် ဖြစ်သည်။

မိုးနှင်းများကျနေချိန် မွေးသဖြင့် သူ့အရပ်က သူ့အား ငယ်စဉ်က “မိုးနှင်း” ဟု ခေါ်ခဲ့ကြသည်။

“ပီ-မိုးနင်း” ဟု ဖြစ်လာရသည်မှာလည်း အလုံရပ်ရှိ ဘက်ပတစ်ကျောင်းတွင် လက်တင် ဘာသာပြ ဆရာအလုပ်လျှောက်လွှာတင်သောအခါ၌ မြန်မာအမည်ဖြင့် လျှောက်သည်ကို လက်မခံသောကြောင့် ကျောင်းနေစဉ်က သူ၏ ဘုရင်ဂျီဘာသာအမည် Phillip ဟူ၍ ရှိခဲ့ရာ ၎င်းမှ (ပီ) ကို ယူကာ “မိုးနှင်း” ရှေ့မှတပ်ပြီး... “ပီ-မိုးနင်း” ဟု လျှောက်လွှာတင်မှ ထိုအလုပ်ကို ရခဲ့သောကြောင့် “ပီ-မိုးနင်း” ဖြစ်လာရခြင်း ဖြစ်သည်။

သို့သော် ဆရာကြီး၏ ဇာတာ၌ ပါရှိသောအမည်မှာကား… မောင်ကျော်ညွန့်ဖြစ်သည်။ ရန်ကုန်မြို့၌မူကား... ဆရာကြီးအား ဆရာကျော်ဟုသာ ခေါ်ဝေါ်သူ များပေသည်။

***

(၁၀)

ဤ “နေညိုညို” ဝတ္ထုသည် ပစ္စက္ခ မြန်မာ့ ဝတ္ထု သမိုင်းတွင် ကဏ္ဍသစ်တစ်ခုကို ဖွင့်ပေးခဲ့သော ဝတ္ထုဟု ဆိုလျှင် မမှားနိုင်ပေ၊ ဤ “နေညိုညို” ဝတ္ထု၏ ခံယူချက်များကို ကြည့်ကာ ဆရာကြီး ပီ-မိုးနင်းကိုလည်း ပစ္စက္ခ မြန်မာစာပေသမိုင်းတွင် ကဏ္ဍသစ်တစ်ခုသို့ ရောက်အောင် လွန်ခဲ့သော နှစ်ပေါင်း ၄ဝ ကပင် ခေါင်းဆောင်မှု ပေးခဲ့သော “စာပေ ခေါင်းဆောင်ကြီး” အဖြစ်ဖြင့် မြင်ကြရပေလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော်... လွန်ခဲ့သော နှစ်ပေါင်း ၄၀ ပတ်ဝန်းကျင်အချိန်က မြန်မာဝတ္ထုများကို ကြည့်လျှင် "တိမ်နီ တိမ်ပြာ တိမ်ဝါ မကရ်း၊ တိမ်မရမ်းတွေနှင့်...” ဟုအစချီကာ ပုံပြင်ဆန်ဆန် ဝတ္ထုများကို အများဆုံး တွေ့နေခဲ့ရပေသည်။

ထိုကဲ့သို့သော ဝတ္ထုများကြားမှ ထိုခေတ်ကို တော်လှန်ကာ ဆရာကြီး ပီ-မိုးနင်းသည် ဝတ္ထုပုံသဏ္ဌာန်ပီသသော ဝတ္ထုများကို ရေးသား မွေးထုတ်ခဲ့သည်။

စာပေ ရေးသားမှုနှင့် ပတ်သက်၍ သူ၏ခံယူချက်ကိုလည်း ယခုနေညိုညိုဝတ္ထုတွင် ဆရာကြီး ပီ-မိုးနင်းသည် ဤသို့ ဖော်ထုတ်ခဲ့ပေသည်။

“… တကယ်လို့ ရှေးဆရာများနဲ့ ထပ်တူ ရေးနေမယ်ဆိုရင် ဉာဏ်သစ်မတိုးဘဲ ဉာဏ်ဟောင်းချည်း ရှိနေမှာပဲ၊ ဉာဏ်သစ် မတိုးရင်လည်း - မြန်မာစာပေ ပညာဟာ အသေလိုဖြစ်ပြီး တိုးတက်ကြီးပွားဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး၊...... အချို့ဟာ ဦးပုညလေကို အတုခိုးပြီး ရေးနေကြပါတယ်။ သည်လိုသာ အတုခိုးကြမယ်ဆိုရင် ဦးပုညကိုလည်း မမီကာလလည်း မဆန်-ဉာဏ်သစ်လည်း မတိုးဘဲ အကျိုးမရှိတဲ့ စာကို ရေးတာလို ဖြစ်နေမှာပါပဲ...။

“အတိုခိုးပြီး ရေးရင် အတုအပဖြစ်မှာပေါ့၊ သည်တော့ စာဖတ်တဲ့ သူများက အတုအပကို မဖတ်ချင်ကြဘဲ ဦးပုည အစစ်ကို ဖတ်ချင်ကြပေလိမ့်မယ်။ တကယ်လို့ ကိုယ်ပိုင်ဉာဏ်ကို သုံးပြီး နည်းသစ် နည်းဆန်း ထွင်နိုင်တယ်ဆိုရင် စာဖတ်သူများမှာ အကျိုးကျေးဇူးရှိမှာပဲ၊ စာဆိုတာ အဘိဓမ္မာလို တရားသေ မဟုတ်လေတော့- ခေတ်ကာလအလျောက် ပြောင်းလဲမှလည်း ကောင်းတာကလား...”

“ရှေးပညာရှိများ ရေးတဲ့ စာများကတော့ တစ်ခါတစ်ခါ အကိုးအကားပြုဖို့ ကောင်းပါရဲ့၊ အဘိဓမ္မာမှာ မူလရှိရင်း ကျမ်းထက် ပိုမို ချဲ့ထွင်ပြောင်းလဲရင် အပြစ်မကင်း၊“လျော့လျှင် မိစ္ဆာ - သာလျှင် ဒိဋ္ဌိ” ဆိုတာလို ဖြစ်တတ်ပါတယ်၊ စာရေးစာစီမှာတော့ကာ ဉာဏ်ရှိသလောက် အသစ်ထွင်ခွင့် ရှိပါတယ်၊ အသစ်ထွင်လို့ မိစ္ဆာလည်း မဖြစ်၊ ဒိဋ္ဌိလည်း မဖြစ်နိုင်ပါဘူး...။

“ဥပမာ- ပန်းချီအတတ် ဆိုပါတော့၊ ရှေးရှေးက ရေးကြတဲ့ဆရာခြုံ ဆရာပုံတို့ နည်းကိုသာ လိုက်ပြီး။ နန်းဟန်ကလေးကိုသာရေးချယ်ကြမယ်ဆိုရင် ယခုလို တိုးတက်ကြီးပွားကြမှာ မဟုတ်ဘူး၊စာရေးတဲ့နေရာမှာလည်း နန်းသုံး မန်းသုံးကိုသာ သုံးနေမယ်ဆိုရင်ထီးနန်းမပြောင်းမလွှဲရင် ရေးစရာ ရှိတော့မှာ မဟုတ်ဘူး၊ နေရာတိုင်းမှာနန်းဆန်လျှင် ရယ်ရွှင်စရာလည်း ဖြစ်တတ်ပါတယ်၊ ထီးနန်းအကြောင်းကို ရေးတဲ့အခါ ထီးသံနန်းသံပါမှ ကောင်းတာပါပဲ။ အရပ်သူ အရပ်သား အလေ့အကျင့်ကိုရေးရင် အရပ်ဟန်ပါမှ စာရေးကောင်းလို့ ဆိုရပါတယ်...”

“သည့်ပြင်လည်း... စာရေးတဲ့နေရာမှာ လင်္ကာပြောင်ဖို့ကိုသာအားထုတ်ပြီး မှတ်သားဖို့ ကောင်းတဲ့ အတွေးအခေါ် အကြံအစည်ဉာဏ်ရည်ဉာဏ်သွား မပါမရှိပြန်မှဖြင့် စာဖတ်တဲ့ လူမှာ ဉာဏ်သစ်မတိုးဘဲ အကျိုးမဲ့ ဖြစ်တာပါပဲ...”

“သည့်ပြင်လည်း ရှေးပညာရှိများ သုံးစွဲပြီးတဲ့ စကားကိုသာ တစ်ဆင့်သုံးပြီး ကိုယ်ပိုင်ဉာဏ်ကို မထုတ်ကြရင် စာရေးကောင်းလို့ မဆိုနိုင်ဘူး၊ ရှေးပညာရှိတို့ရေးတဲ့ စာညွန့်ပေါင်း ဆယ်အုပ်လောက် ဖတ်ရင် ရှေးစကားတွေကို သုံးလို့ မကုန်နိုင်အောင် ရှိတာပါပဲ...”

လွန်ခဲ့သော နှစ်ပေါင်း ၄ဝ က ဆရာကြီး ပီမိုးနင်း၏ စာပေရေးရာ ခံယူချက်များကို ယနေ့ခေတ် စာရေးဆရာများသည် လိုက်နာရေးသားလျက် ရှိကြပေပြီ။

ထို့ကြောင့်... ဆရာကြီး ပီမိုးနင်းသည် ပစ္စက္ခ မြန်မာစာပေသမိုင်း၏ ကဏ္ဍသစ်တစ်ခုကို ခေါင်းဆောင်မှု ပေးခဲ့သော “စာပေခေါင်းဆောင်ကြီး”ဖြစ်သကဲ့သို့ သူ ပြုစုရေးသားခဲ့သော ဤ “နေညိုညို”ဝတ္ထုသည်လည်း ပစ္စက္ခမြန်မာဝတ္ထုသမိုင်း၏ ကဏ္ဍသစ်တစ်ခုကို ဖွင့်ပေးခဲ့သော ဝတ္ထုဟူ၍ပင်... သေတ္တုချရမည် ဖြစ်ပေသတည်း။

မြင့်ဆွေ

၂၄-၁၀-၆၀

Download Epub Kfx 

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review