တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့် - အပိုင်း(၁) စစ်တွင်းကာလ အခန်း (၈) မှ အခန်း (၁၀)
တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့် - အပိုင်း(၁) စစ်တွင်းကာလ အခန်း (၈) မှ အခန်း (၁၀)
အခန်း [၈]
(၁)
မီလက်ကော့ ဇနီးမောင်နှံက နာတာလီယာကလေး ကို တော်တော်သဘောတွေ့နေသည်။ သူတို့၏ ယာတောတွင် နာတာလီယာက အရမ်းအသုံးတည့်သည်။ အလုပ်ကိုလည်း အပိုးကျိုးကျိုးလုပ်သည်ကို တွေ့ရသည်။ မီလက်ကော့သည် ချမ်းသာ၏။ သူရင်းငှားများ ငှားထား၏။ သို့သော် သူက သူ့ကလေးများကို အလုပ်လုပ်စေသည်။ အလုပ်ကို ကြိုးစား ပမ်းစား လုပ်တတ်သော နာတာလီယာက သူမယောက္ခမများ၏ စိတ်နှလုံးကို ယူကျုံးသိမ်းပိုက်နိုင်ခဲ့လေသည်။ ချွေးမအကြီး ဖြစ်သူ ဒါရီယာအား စိတ်ထဲမှ ကျိတ်ပြီး မချစ်မနှစ်သက်နိုင်ဘဲ ဖြစ်နေသည်။ သည်တော့ နာတာလီယာကို တွေ့တွေ့ချင်း မြင်မြင်ချင်း ချစ်ခင်နှစ်သက်နေမိ၏။
“ဆက်အိပ်၊ ဆက်အိပ်နေလေ သမီးလေး၊ ဘာလုပ်ဖို့ အိပ်ရာက အစောကြီးထနေရတာလဲဂ
အဘွားကြီးက ကြင်နာယုယစွာ မြည်တွန် တောက်တီးသည်။
“သမီးလေး အိပ်ရာထဲပြန်သွား၊ သမီးလေးမပါဘဲ မေမေတို့ လုပ်နိုင်ပါတယ်”
အိမ်တွင်းစည်းကမ်း ထိန်းသိမ်းရာ၌ တင်းတင်းကျပ်ကျပ် ကိုင်တွယ်လေ့ရှိသည့် ပင်တာလီမွန်ကပင် ဇနီးဖြစ်သူအား ..
“ဒီမယ်မိန်းမ၊ နာတာလီယာကို မနှိုးပါနဲ့ကွာ၊ တို့က မခိုင်းလည်း သူ့ဘာသာသူကို ပင်ပင်ပန်းပန်း ကြိုးကြိုးစားစား လုပ်ရှာပါတယ်။ သူ ဒီနေ့ ဂရီဂိုနဲ့ လိုက်ပြီး ထယ်ထိုးရဦးမှာ။ ဒါပေမဲ့ ဟို ဒါရီယာ ဆိုတဲ့ ကောင်မကိုတော့ ကျာပွတ်နဲ့ ရိုက်ပြီးနှိုး။ အဲဒီ ကောင်မက ငပျင်းမ၊ နောက်ပြီး အကျင့်လည်း မကောင်းဘူး။ တနေ့ တနေ့ သူ့မျက်နှာကို လိမ်းခြယ် ရတာနဲ့၊ မျက်ခုံးမွေးဆွဲရတာနဲ့၊ သောက်ကောင်မ ကလေး”
ဂရီဂို ကတော့ အိမ်ထောင်ကျပြီးစ အသစ်စက်စက် အိမ်ထောင်သည်ဘဝကို ကျင့်သားမရနိုင်သေး။ ယခု အိမ်ထောင်ကျပြီး သီတင်းပတ် နှစ်ပတ်၊ သုံးပတ် ကြာသွားမှ သူ့စိတ်အခြေအနေကို သူ သိမြင် သဘောပေါက်လာသည်။ ထို့ကြောင့် သူ စိတ် ကသိကအောက် ဖြစ်မိသည်။ ကြောက်လည်း ကြောက်မိသည်။ ကတယ်တမ်းကျတော့ သူသည် အက်စီနီယာ အား လုံးလုံးလျားလျား မပြတ်နိုင်သေးပါကလား။ အိမ်ထောင် ပြုလိုက်သည့်အတွက် ခံစားရသော ရင်ဖို လှိုက်မောမှုကြောင့် အက်စီနီယာကို မေ့ပျောက်နိုင်လိမ့်မည် ထင်ခဲ့၏။ သို့သော် တကယ်တမ်းကျတော့ မေ့ပျောက်ဖို့ မလွယ်ပါလား အက်စီနီယာရယ်၊ သူမကို သတိရတမ်းတမိတိုင်း နှလုံးသားက တဆစ်ဆစ်နာကျင် မိပါသည်ကွယ်။ ဒါကြောင့်ပဲ ဖြစ်မည်၊ မင်္ဂလာပွဲ မတိုင်မီ ကတည်းကပင် ပိုင်အိုတျာက သူ့ကို မေးခဲ့သည်လေ။
“ဒါပေမဲ့ အက်စီနီယာကိုတော့ ဘယ်လိုလုပ်မှာလဲ”
“အဲ…သူ့ကို ဘယ်လိုလုပ်ရမှာလဲ”
“သူ့ကို ပစ်လိုက်ရမှာလည်း အဆီနဲ့တဝင်းဝင်းကွ၊ ဟုတ်တယ် မဟုတ်လား”
“ကျွန်တော်က စွန့်ပစ်လိုက်လည်း တယောက်ယောက်က ကောက်ယူသွားမှာပါ”
ဂရီဂိုက ပြုံးပြီးပြောခဲ့သည်။
သို့ပေမဲ့ သူ့ဇာတ်လမ်းက မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်ခဲ့ရလေသည်။ အသက်အရွယ် နုနုငယ်ငယ်၊ ရမ္မက်မီး ပြင်းပြင်းဖြင့် သူ့ဇနီး အသစ်စက်စက်ကလေးကို အတင်းအကျပ် ထွေးပွေ့ယုယ ပါသော်လည်း သူ့ အားထုတ်မှု တွေ အရာမထင်။ သူတွေ့ကြုံ ရင်ဆိုင်ရသည်မှာ အေးတိအေးစက်နှင့် ရှက်ရှက်ရွံ့ရွံ့ လိုက်လျောမှုများသာ ဖြစ်နေ၏။ နာတာလီယာက အသားချင်း ထိရမှာကိုပင် တွန့်ရွံ့နေသည်။ သူမ၏ မေမေက သူမ ကိုယ်တိုင်၏ အေးစက်စက်နှင့် ခြောက်ကပ်ကပ် သွေးကို ပေးခဲ့သလား မသိ။ အက်စီနီယာ၏ ပြင်းပြမွတ်သိပ်သော ရမ္မက်များကို သတိရမိသော ဂရီဂိုက သက်ပြင်းကိုသာ တွင်တွင်ချမိသည်။
“မင့်ဖေဖေက မင့်ကို ရေခဲနဲ့များ ချွန်းထုခဲ့သလား နာတာလီယာရယ်”
တစ်နေ့ အက်စီနီယာနှင့် သူ ဆုံမိသောအခါ အက်စီနီယာက ရယ်ရယ်မောမောဖြင့် နှုတ်ဆက်ခဲ့သည်။
“ဟဲလို…ဂရီဂိုလေး၊ မောင့်မယား ငယ်ငယ်နုနု ကလေးနဲ့ နေရတဲ့ဘဝက ပျော်စရာကောင်းရဲ့လား”
“ကိုယ်တို့ ပေါင်းသင်းနေပါတယ်”
ဂရီဂိုက ဝေ့လည်ကြောင်ပတ် အဖြေဖြင့် သူမကို ခါထုတ်ခဲ့၏။ နောက်ပြီး အက်စီနီယာ၏ အကြင်နာကဲသော အကြည့်စူးစူးမှ လွတ်မြောက်အောင် ကမန်းကတန်း ထွက်ပြေးခဲ့လေသည်။
(၂)
စတီပင်က သူ့မိန်းမအား ရန်လုပ်နေခြင်းကို ရပ်ဆိုင်းလိုက်သည်။ ပေါ်ပေါ်ထင်ထင်ပင် ပြန်လည် သင့်မြတ်ရာ သင့်မြတ်ကြောင်း လုပ်ဆောင်သည်။ သူ အရက်ဆိုင်သို့ သိပ်မသွားတော့။ တညနေ တလင်းမြေတွင် နှစ်ယောက်သား ဂျုံရှေ့နေခိုက် စတီပင်က ထူးထူးခြားခြား အကြံပေးသည်။ သူတို့ လင်မယား အဆင်မပြေ ဖြစ်ပြီးကတည်းက ပထမဦးဆုံး အကြိမ် အဖြစ် ပြေရာပြေကြောင်း စကားပြောလိုက်ခြင်း။
“အက်စီနီယာ၊ ကိုယ်တို့ သီချင်းတပုဒ်လောက် ဆိုရအောင်ကွာ”
သူတို့နှစ်ယောက် ထိုင်လိုက်ကြ၏။ တလင်းနယ် ထားပြီး ဖုန်မှုန့်တွေ ထောင်းထောင်းထနေသည့် ဂျုံစေ့ အပုံကြီးကို ကျောခိုင်းလျက်။ စတီပင် စစ်သီချင်း တပုဒ်ကို စတင်သီကြွေးသည်။ အက်စီနီယာက သူမ၏ အားပါသော အသံသြသြဖြင့် လိုက်ဆိုသည်။ သူတို့ လင်မယား သီကြွေးနေသည့် တေးသံကို ဂရီဂို တလင်း နယ်နေရင်း ကြားရသည်။ (တလင်းမြေနှစ်ကွက် ဆက်နေသည်)။ ထို့ပြင် ဟိုတုန်းကလိုပင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်ရှိပြီး သိသိ သာသာ စိတ်ချမ်းသာနေပုံရသည့် အက်စီနီယာကို လှမ်းမြင်နေရသည်။
စတီပင်က ဂရီဂိုတို့ မိသားစုကို ခပ်တန်းတန်း ဆက်ဆံသည်။ သူက တလင်းမြေပေါ်တွင် အလုပ်လုပ်ရင်း ရံဖန်ရံခါ ဟာသနှောသော မှတ်ချက်များဖြင့် အက်စီနီယာအား ကျီစယ်စကားဆိုသည်။ ထိုအခါ အက်စီနီယာက ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့ တုံ့ပြန်လေ့ ရှိသည်။ သူမ၏ မည်းနက်သော မျက်လုံးများက အရောင်တဖျပ်ဖျပ် လက်လျက်။ သူမ၏ စကတ်အစိမ်း ကလေးသည် လေနှင့်အတူ မိုးစက်များ လှိုင်းထသလို လှိုင်းထနေသည်ဟု ဂရီဂိုမျက်စိထဲတွင် မြင်ရ၏။ ထူးခြားသော စွမ်းအားတရပ်က သူ့လည်တိုင်ကို မပြတ် ဆွဲလှည့်နေသည်။ လည်တိုင်က လည်သွားတော့ သူ့ဦးခေါင်းက စတီပင်၏ ခြံဘက်သို့ လှည့်ပြီးသား ဖြစ်နေတတ်သည်။ ခြံစည်းရိုးများ ဖာထေးနေသည့် ပင်တာလီမွန်အား ဝိုင်းကူနေသည့် နာတာလီယာက ဂရီဂို၏ အကြည့်တိုင်းကို ကြားဖြတ် မြင်တွေ့နေရသည်။ ဒါကို ဂရီဂို ကတော့ သတိမထားမိ။ နောက်ပြီး ညီဖြစ်သူအား မသိမသာလေး မဲ့ပြုံးပြုံးပြီး ကြည့်နေတတ်သည့် ပိုင်အိုတျာကိုလည်း ဂရီဂို မတွေ့ရ။ ပိုင်အိုတျာက တလင်းမြေတွင် မြင်းများကို ပတ်ချာလည် လှည့်ပတ်မောင်းနေသည်လေ။
နီးနီးဝေးဝေး တလင်းမြေများမှ တလင်းနယ်သံများကို ကြားနေရသည်။ မြင်းများကို အော်ဟစ် ငေါက်ငမ်းသံများ၊ တရွှီးရွှီးမြည်သွားသည့် သားရေကျာပွတ်သံများ၊ ဂျုံလေ့သည့် သံပုံးသံများ။ ယာမြေတွင် မြေဆီမြေနှစ်များ ပြည့်ဝ နေအောင် ကျေးရွာက ဝိုင်းဝန်းကြံဆောင်ထားပြီ။ ဒွန်မြစ်ပေါ်မှ ဖြတ်သန်းလာသည့် စက်တင်ဘာ အနွေးဓာတ်ထဲတွင် သူတို့ တလင်းနယ် ကြသည်။ ယာတောတိုင်း အိမ်ရာတိုင်း၏ အမိုးအောက်တွင် လူတစ်ဦးချင်းသည် ခါးသီးခြင်း နှင့် ချိုမြိန်ခြင်း ရောစွက်နေသော ဘဝ၊ ကျန်ကမ္ဘာလောက နှင့် တသီးတခြား ကင်းကွာသော ဘဝကို တက်ကြွစွာ ရုန်းကန် လှုပ်ရှား ရှင်သန်နေထိုင်ကြ၏။
အဘိုးကြီး ဂရစ်ရှကာ တစ်ယောက် သွားနာနေသည်။ အရှက်တရား၏ နင်းခြေမှုကို ခံစားနေရသည့် မိုကော့က သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်သည်။ ငိုကြွေးသည်။ ပြီးတော့ အံကို တင်းတင်းကြိတ်သည်။ စတီပင် က ဂရီဂိုအပေါ် ထားသည့် အမုန်းတရားကို ရင်ထဲမှာမွေးထား၏။ အိပ်ပျော်နေရင်း သံပြုတ်တူလို မာကျောမြဲမြံလှသည့် သူ့လက်ချောင်း များဖြင့် အမွေးပွ ခြုံစောင်ကြီးကို တစစီဖြစ်အောင် ဆုတ်ဖြဲပစ်သည်။ နာတာလီယာက တင်းကုပ်ကလေးထဲသို့ ပြေးသွားပြီး မြေပြင်ပေါ် လှဲချသည်။ ဘောလုံးတလုံးလို ဖြစ်အောင် ပုံ့ပုံ့ကလေးကွေးကာ သူမ၏ ပျောက်ဆုံးသွားသော ပျော်ရွှင်မှုများအတွက် တသိမ့်သိမ့် ငိုကြွေးရှာသည်။ ထိုင်းမှိုင်း လေးလံသည့် စိတ်များနှင့် တရံမလပ် ပြန်လည် ပေါ်ပေါက်နေသည့် နာကျင်မှုဝေဒနာများက ဖိစီးနှိပ်စက် နေသည့်အတွက် ဂရီဂိုတစ်ယောက် သက်ပြင်းတွေသာ တွင်တွင် ချမိသည်။ အက်စီနီယာကတော့ သူမ၏ ယောက်ျားကို ထွေးပွေ့ရင်း မငြိမ်းနိုင်သည့် အမုန်းမီးများ၊ သူမရင်ထဲ လောင်မြိုက်နေသည်။ ဒေးဗစ်ကို ဂျုံစက်ရုံမှ ထုတ်ပစ်လိုက်၏။ သူက ဘွိုင်လာရုံထဲတွင် ဗဲလက်နှင့်အတူ တညပြီး တည ထိုင်ကြသည်။ မကျေနပ်မှုများကို ရင်ဖွင့်ကြသည်။ ဗဲလက်၏ မျက်လုံးများသည် ယုတ်မာမှု၊ အကောက်ကြံမှုတို့ဖြင့် အရောင် တဖိတ်ဖိတ် တောက်နေသည်။ သူက ကြုံးဝါးသည်မှာ... “ဒေးဗစ်... မင်းဟာ အရူးပဲ၊ သိပ်မကြာပါဘူး၊ ဒီကောင်တွေ လည်ဖြတ်ခံရမှာပါ။ သူတို့ အတွက် တော်လှန်ရေး တခုလောက်နဲ့ မလုံလောက်ဘူးကွ၊ သူတို့ကို ၁၉ဝ၅ ခုနှစ် နောက်တခါ ဖြစ်ပေါ်ပေးရဦးမယ်၊ အဲဒီအခါကျမှ ငါတို့ ရာဇဝင်အကြွေးတွေ ဆပ်ကြတာပေါ့။ ငါတို့ ရာဇဝင်ကြွေး ဆပ်ကြမယ်ဟေ့”
သူက အမာရွတ်ထင်နေသည့် လက်ညှိုးကို ဆကာ ဆကာ ခြိမ်းခြောက်သည်။ ပခုံးပေါ် လွှားတင်ထားသည့် ကုတ်အင်္ကျီကိုလည်း ပြုတ်မကျအောင် ထိန်းရသေးသည်။
သည်လိုဖြင့် နေ့တွေမှ ညတွေ ဖြစ်သွားသည်။ သီတင်းပတ်များ စီးမျောပြီး လများတိုးဝင်လာသည်။ လေက တဟူးဟူးတိုက်သည်။ ဆောင်းဦး၏ စိမ်းပြာရောင် မိုးကောင်းကင်ကြီးသည် မှုန်ရီပြီး အသက်ကင်းမဲ့နေသည်။ ဒွန်မြစ်ကြီး ကတော့ ငြိမ်သက်အေးချမ်း စွာဖြင့် ပင်လယ်ဆီသို့ စီးဆင်းနေလေသည်။
(၃)
အောက်တိုဘာလကုန်ပိုင်း တခုသော တနင်္ဂနွေနေ့တွင် ဖီယိုဒေါ့ဘို ဒေါ့စကော့သည် ခရိုင်ကျေးရွာသို့ အလုပ်ကိစ္စ ဖြင့် မြင်းလှည်းမောင်းသွားသည်။ သူနှင့်အတူ ဆူဆူဖြိုးဖြိုး ဘဲကြီးရှစ်ကောင် သယ်သွားပြီး ဈေးတွင် ရောင်းပစ်လိုက်၏။ ဘဲဖိုးရသည့် အသပြာစများဖြင့် သူ့မိန်းမကို ချည်ထည်ပွင့်ရိုက်စများ ဝယ်ပေးသည်။ သူတို့နှစ်ယောက် အိမ်ပြန်မည့် ဆဲဆဲမှာပင် သူစိမ်းတစ်ဦး သူ့အနီးသို့ ချဉ်းကပ်လာသည်။ သည်လူကိုကြည့်ရတာ သည်အနီးအနား ရွာနီးချုပ်စပ်များမှ ဟုတ်ပုံမပေါ်။
“မင်္ဂလာနေ့လယ်ခင်းပါခင်ဗျာ”
သူဆောင်းထားသည့် ဦးထုပ်အနက်၏ အဖျားကို လက်ချောင်းများဖြင့်တို့ကာ နှုတ်ဆက်သည်။
"မင်္ဂလာနေ့လယ်ခင်းပါ"
ဖီယိုဒေါ့ စုံစမ်းမေးမြန်းဟန်ဖြင့် ပြန်ပြောသည်။
“နောင်ကြီးက ဘယ်ကလာတာလဲ ခင်ဗျာ”
“ကျေးရွာတရွာကပါ”
“အဲဒီရွာက ဘယ်ရွာများလဲခင်ဗျာ”
“တတာ့ရက်စ်ရွာပါ”
သူစိမ်းက သူ့အင်္ကျီအိတ် ထဲမှ ငွေစီးကရက်ဘူးကလေး တဘူး ထုတ်ယူသည်။ ဖီယိုဒေါ့အား စီးကရက် တလိပ်ဖြင့် တည်သည်။
“ခင်ဗျားတို့ရွာက ရွာကြီးလားဟင်”
“တော်တော်ကြီးပါတယ်၊ အိမ်ထောင်စု သုံးရာလောက် ရှိတယ်လေ”
“အဲဒီမှာ ပန်းပဲသမား ရှိလားဗျ”
“ရှိတာပေါ့”
ဖီယိုဒေါ့က မြင်းဇက်ကြိုးကို မြင်းစက်သွားတွင် ချည်သည်။ ပြီးတော့ ထိုလူ၏ ဖြူဖြူဖွေးဖွေး မျက်နှာပြဲကြီး ပေါ်မှ အရေးအကြောင်းများနှင့် သူဆောင်းထားသည့် ဦးထုပ်အနက်ကြီးကို ယုံကြည်မှုကင်းစွာ ကြည့်သည်။
“ခင်ဗျားက ဘာလုပ်ဖို့ အဲဒါတွေ သိချင်ရတာလဲ”
“ကျွန်တော် ခင်ဗျားတို့ရွာမှာ နေဖို့လာခဲ့တာဗျ။ ကျွန်တော် ခရိုင် ကော့ဆက်အဖွဲ့ဥက္ကဋ္ဌနဲ့ တွေ့ပြီးပါပြီ။ ခင်ဗျား ရွာပြန်ရင် ကျွန်တော့်ကို ခေါ်သွားမလားဟင်။ ကျွန်တော့်မှာ ကျွန်တော့်မိန်းမနဲ့ သေတ္တာနှစ်လုံးပဲ ပါပါတယ်”
“ခေါ်သွားလို့ ရပါတယ်”
အမျိုးသမီးနှင့် သေတ္တာနှစ်လုံးကို လှည်းပေါ်တင်ပြီး ရွာဘက်သို့ ပြန်ခဲ့ကြ၏။ ဖီယိုဒေါ့၏ ခရီးသည်များသည် သူ့နောက်ဘက်တွင် တိတ်ဆိတ်စွာ ထိုင်လိုက်လာသည်။ ဖီယိုဒေါ့က ဦးစွာ စီးကရက်တလိပ် တောင်းသည်။ ပြီးတော့ စူးစမ်းမေးမြန်းသည်။
“ခင်ဗျားက ဘယ်ရွာကလာတာလဲ”
“ရော့စတော့ကပါ”
“အဲဒီရွာဇာတိလား”
“ဟုတ်ကဲ့”
ဖီယိုဒေါ့ သူ့ခရီးသည်များအား ပိုပြီးစေ့စေ့စပ်စပ် လေ့လာလို့ရအောင် သူကိုယ်တိုင် ချာလည်လှည့်သည်။ ထိုလူ့အရပ်က မပုလွန်း မရှည်လွန်း။ သို့ပေမဲ့ ပိန်သည်။ သူ၏ လိုအပ်သည်ထက် ပိုပြီး နီးကပ်စွာ ရှိနေသည့် မျက်လုံးနှစ်လုံးသည် ဉာဏ်ရည်ထက်မြက်စွာ အရောင်တောက်နေသည်။ သူက စကားပြောရင်း မကြာ မကြာ ပြုံးသည်။ အပေါ်နှုတ်ခမ်းက အောက်နှုတ်ခမ်း အပေါ်တွင် အမိုးမိုးထားသလို ထော်နေ၏။ ဇာထိုး ခြုံထည်ခြုံထားသည့် သူ့မိန်းမ ကတော့ တမှေး အိပ်နေသည်။
“ခင်ဗျားက ကျွန်တော်တို့ရွာမှာ နေမှာဆိုတော့ ဘာအလုပ်လုပ်မှာလဲ”
“ကျွန်တော်က သော့ပြင်ဆရာခင်ဗျ၊ ကျွန်တော်က သော့ပြင်ဆိုင်ကလေး တဆိုင် ဖွင့်ဖို့ စဉ်းစားထားတယ်၊ ကျွန်တော် လက်သမားပညာလည်း တတ်ပါတယ်”
ထိုလူ၏ ဝဝဖိုင့်ဖိုင့် လက်များကို ဖီယိုဒေါ့က မယုံသင်္ကာ စိုက်ကြည့်သည်။ သူ့အကြည့်ကို သတိပြုမိသော ထိုလူက စကားထပ်ဖြည့်သည်။
“ကျွန်တော်က ဆင်းဂါး အပ်ချုပ်စက်ကုမ္ပဏီရဲ့ အရောင်းကိုယ်စားလှယ် အလုပ်လည်း လုပ်တယ်ဗျ”
“ခင်ဗျားနာမည်က ဘယ်သူလဲ”
“စတော့မင်း”
“ဒါဆို ခင်ဗျားက ရုရှားလူမျိုး မဟုတ်ဘူးပေါ့”
“ဟုတ်ပါတယ်၊ ကျွန်တော် ရုရှားလူမျိုးပါ။ ဒါပေမဲ့ ကျွန်တော့်အဘိုးကတော့ ဂျာမန်မျိုးရိုးခင်ဗျ”
ခဏတဖြုတ်အချိန်ကလေးအတွင်း ဖီယိုဒေါ့သည် အိုဆစ်ဒါဗီဒိုဗစ်ချ် စတော့မင်းအကြောင်း တော်တော်ကလေး စုံစုံလင်လင် သိလိုက်ရသည်။ စတော့မင်သည် စက်ရုံတရုံတွင် အလုပ်လုပ်ခဲ့ကြောင်း၊ ထို့နောက် ကူဗန်ရွာတနေရာတွင် အလုပ်လုပ်ခဲ့ကြောင်း၊ ထို့နောက် အရှေ့တောင်ပိုင်း မီးရထားစက်ရုံများတွင် အလုပ်လုပ်ခဲ့ကြောင်း၊ ခဏနေတော့ သူတို့ စကားကြော ပြတ်သွားသည်။ ဖီယိုဒေါ့က လမ်းနံဘေးမှာ တွေ့ရသည့် စမ်းချောင်းတွင် သူ့မြင်းကို ရေတိုက်သည်။ ထို့နောက်မှာတော့ ခရီးကပန်း၊ ထမင်းက စားကောင်းဖြင့် မျက်တောင်တွေ မှေးစင်းလာတော့၏။ သည်တော့ မြင်းဇက်ကြိုး များကို ရထားတွင်ချည်သည်။ နောက်ပြီး သက်သောင့်သက်သာကလေး လှဲအိပ်သည်။ သို့ပေမဲ့ သူ အိပ်ပျော် သွားအောင် အိပ်ခွင့်မရလိုက်။
“ခင်ဗျားတို့ဘက်မှာ လှုပ်ရှားရုန်ကန်ရတာ... အဆင်ပြေရဲ့လား”
ဟု စတော့မင်းက မေးသည်။
“မဆိုးပါဘူး၊ ကျွန်တော်တို့ စားလောက် သောက်လောက်ပါတယ်”
“ကော့ဆက်တွေရော၊ သူတို့ရော သူတို့ဘဝကို ကျေနပ်အားရနေကြရဲ့လား”
“တချို့က အဆင်ပြေပြီး၊ တချို့ကတော့ အဆင် မပြေကြပါဘူး”
“ဒါပေါ့၊ ဒါပေါ့”
ထိုလူ သဘောတူသည်။ ပြီးတော့ မေးမြန်းခြင်း ကို ဆက်ပြန်သည်။
“ခင်ဗျားတို့ကတော့ တော်တော်လေး အဆင်ပြေတယ် မဟုတ်လား”
“တော်တော်လေး အဆင်ပြေပါတယ်”
“တစ်နှစ် တကြိမ်ခေါ်တဲ့ စစ်သင်တန်းကတော့ ဒုက္ခပေးတယ် မဟုတ်လား”
“စစ်သင်တန်း ဟုတ်လား၊ ကျွန်တော်တို့အတွက် ရိုးနေပါပြီဗျာ”
“ဒါပေမဲ့ အရာရှိတွေက ဆိုးတယ်မဟုတ်လား”
“အင်း … အဲဒီကောင်တွေကတော့ မိမစစ် ဖမစစ် စားတွေပါ”
ဖီယိုဒေါ့ ပြောရင်း အားပါလာပြီး ဧည့်သည် အမျိုးသမီးအား ကြောက်ကြောက်လန့်လန့်ကြည့်သည်။
“ကျွန်တော်တို့ရဲ့ အရာရှိအုပ်စုကတော့ ငဆိုးငတေတွေဗျ၊ ကျွန်တော် စစ်သင်တန်း တက်ရမယ် ဆိုတော့ ကျွန်တော့်နွားတွေ ရောင်းပြီး မြင်းတစ်ကောင် ဝယ်လိုက်တယ်၊ အဲဒီမြင်းကို သူတို့က ပယ်လိုက်တယ်လေ”
“ဟင်...အဲဒီမြင်းကို ပယ်လိုက်တယ်”
စတော့မင်း အံ့သြဟန်ဖြင့်မေးသည်။
“တခါတည်း တန်းပယ်တာပဲဗျို့၊ အဲဒီမြင်းရဲ့ ခြေထောက်တွေက မကောင်းဘူးတဲ့ဗျား၊ သူတို့ပြောတာလေ၊ သူတို့နဲ့ အကြောက်အကန် ငြင်းခုံသေးတယ်။ ဒါပေမဲ့ လက်မခံပါဘူးဗျာ၊ အဲဒီမြင်းကို သုံးခွင့်မပြုပါဘူး။ အဲဒီကိစ္စကတော့ စိတ်ပျက်စရာပါပဲ”
နှစ်ယောက်သား စိတ်ပါလက်ပါဖြင့် အားပါးတရ ဆက်ပြောကြသည်။ ဖီယိုဒေါ့ လှည်းပေါ်မှခုန်ဆင်းပြီး မြင်းစားကျက် မြက်ခင်းပြင်များ ခွဲဝေရာ၌ မျှမျှတတ မခွဲဝေခဲ့သည့် ကျေးရွာဥက္ကဋ္ဌကို မေတ္တာပို့ ကျိန်ဆဲသည်။ ကျေးလက် ဘဝအကြောင်း တသွင်သွင်ပြောသည်။ နောက်ပြီး သူအမှုထမ်းခဲ့သည့် တပ်ရင်း ပိုလန်တွင် တပ်စွဲထားစဉ်က ပေါ်ပေါက်လာသည့် ပြဿနာများကို မျှမျှတတ စီမံအုပ်ချုပ်ခဲ့ပုံများကို ချီးကျူးပြောဆိုသည်။ စတော့မင်းကတော့ စီးကရက် သောက်ရင်း အစဉ်တစိုက် ပြုံးနေသည်။ သို့သော် သူ့ရင်တွင်းမှ လျှို့ဝှက်အတွေးများက လှုပ်လှုပ်ခတ်ခတ် နှိုးဆွလိုက်သည့်နှယ် သူ့နဖူး ဖြူဖြူပေါ်မှ အရေးအကြောင်းကြီးတွေ ဖြည်းဖြည်းချင်း လှုပ်ရှားလာသည်။
ညနေခင်း ခပ်စောစောပင် သူတို့ ရွာသို့ရောက်သည်။ ဖီယိုဒေါ့၏ အကြံပေးချက်အတိုင်း စတော့မင်းက မုဆိုးမ လုကိရှ်ကာ အိမ်သို့ သွားသည်။ သူမ၏ အိမ်မှ အခန်းနှစ်ခန်းကို ငှားခဲ့သည်။
“ခင်ဗျား အပြန်မှာ ခေါ်လာခဲ့တာ ဘယ်သူလဲဗျ”
ဖီယိုဒေါ့၏ အိမ်နီးချင်းတစ်ဦးက မေးသည်။
“အရောင်းကိုယ်စားလှယ် တစ်ယောက်ပါ”
“ဘယ်ခယောင်းတောကို ကိုယ်စားပြုတာလဲဗျ”
“ဟာ…ခင်ဗျားကတော့ အရူးပဲ၊ တကယ်ပါပဲ၊ ကျုပ်ပြောတာ အရောင်းကိုယ်စားလှယ်ဗျ၊ ခယောင်း ကိုယ်စားလှယ် မဟုတ်ဘူး။ စက်တွေ ရောင်းတဲ့လူ။ သူက မွန်မွန်ရည်ရည် လူတွေကိုပဲ သူ့စက်တွေ ရောင်းတာဗျို့၊ ခင်ဗျားလို အရူးအပေါတွေကို ရောင်းတာ မဟုတ်ဘူး၊ ကြီးတော် မာရီယာရေ”
နောက်နေ့တွင် ကျေးရွာဥက္ကဋ္ဌထံသို့ သော့ပြင်ဆရာ လော့စမစ် သွားသည်။ ဒီယိုဒိုမနစ် စကော့က ကျေးရွာ ဥက္ကဋ္ဌအဖြစ် သုံးနှစ်ဆက်တိုက် တာဝန်ပေးအပ်ခြင်း ခံရသူ။ သူက မျက်နှာစိမ်း၏ မှတ်ပုံတင်ကို ဖင်လှန် ခေါင်းလှန် ကြည့်သည်။ ပြီးတော့ အတွင်းရေးမှူးထံ လှမ်းပေးသည်။ အတွင်းရေးမှူးကလည်း မှတ်ပုံတင် ကို အပြန်ပြန် အလှန်လှန် ကြည့်သည်။ သူတို့နှစ်ဦး အကြည့်ချင်းဖလှယ်သည်။ နောက်မှ ဥက္ကဋ္ဌက လက်ကို ဝှေ့ယမ်းပြပြီး အာဏာသံဖြင့် ပြောသည်။
“ကောင်းပြီ ခင်ဗျားကို နေခွင့်ပြုလိုက်တယ်”
ရွာသားအသစ်က ဦးညွတ်အလေးပြုပြီး အခန်းထဲမှ ထွက်ခဲ့သည်။ သူသည် သီတင်းတပတ်လုံး လုကိရှ်ကာ၏ အိမ်ထဲမှ အိမ်ပြင်သို့ ခေါင်းကလေးပင် တချက် ပြူမကြည့်တော့။ အိမ်ပြင် မီးဖိုချောင်တွင် အလုပ်ခန်းကလေး ဖွင့်ဖို့ ပုဆိန်တလက်ဖြင့် အလုပ်ရှုပ်နေသံသာ ကြားရသည်။ သူနှင့်ပတ်သက်၍ ရွာသူများ၏ စိတ်ဝင်စားမှုတွေ၊ စပ်စုလိုမှုတွေ နေ့ချင်း ညချင်း ပျောက်ပျက်သွားသည်။ သူ့ကို ဆက်ပြီး စိတ်ဝင်စားနေသည်မှာ ကလေးသူငယ်များသာ၊ သူတို့ ကလေးတွေ ကတော့ မရှက်မကြောက် အားကြိုးမာန်တက် အလုပ်လုပ်နေသည့် ရွာသားသစ်အား ခြံစည်းရိုးကြား မှနေပြီး တနေ့လုံး ချောင်းကြည့်ကြလေသည်။
(၄)
ဂရီဂိုတို့ လင်မယားနှစ်ယောက် မြက်သောက်တော ဆီသို့ သွားဖို့ ပြင်နေသည်။ မြက်သောက်တောတွင် လယ်ထွန်ကြသည်။ ပင်တာလီမွန်က နေလို့ထိုင်လို့ မကောင်း။ သူက သူ့တုတ်ကောက်ပေါ်တွင် အားပြုမှီရင်း နာကျင် ကိုက်ခဲမှုဒဏ်ကို ကျိတ်မှိတ်ခံသည်။ ပြီးတော့ ဂရီဂိုတို့နှစ်ယောက် လုပ်ငန်းခွင်သို့ သွားသည်ကို ပို့ဆောင် နှုတ်ဆက်ပြီး ခြံဝင်းထဲမှာ မတ်တတ်ရပ်နေသည်။ အီလီနစ်ချ်နာက နာတာလီယာအား ဂျာကင်အင်္ကျီဖြင့် ထွေးပွေ့ရင်း တိုးတိုးကလေး ပြောသည်။
“သိပ်အကြာကြီးမနေနဲ့နော်၊ မြန်မြန်ပြန်လာခဲ့ သမီးလေး”
လျှော်ထားသည့် အဝတ်ထုပ်ကြီး၏ အလေးချိန်ကြောင့် ခါးသိမ်သိမ်ကလေး ကိုင်းနေရှာသော ဒူနီယာက သူတို့ အနီးမှ ဖြတ်ကျော်သွားသည်။ သူက လျှော်ပြီးသား အဝတ်များကို ရေကျင်းဖို့ ဒွန်မြစ်ဆီသို့ သွားခြင်း။ ထိုသို့ ဖြတ်လျှောက် သွားရင်း နာတာလီယာအား လှမ်းပြောသည်။
“နာတာလီယာရေ…. တောထဲက လယ်ကွက်မှာ မှော်ချဉ်ပင်တွေ ပေါက်နေတာ အများကြီးပဲတဲ့၊ အဲ့ဒီ အပင်တွေ နည်းနည်းလောက် ဆွဲနုတ်ပြီး အိမ်ကို ယူခဲ့စမ်းပါဟယ်”
အသွား ထောင်ထားသည့် ထယ်တုံးကြီးကို နွားသုံးရှဉ်းက ဆွဲသွားသည်။ ထယ်တုံးကြီး၏ နံဘေးမှ ယှဉ်ပြီး လမ်းလျှောက် လိုက်လာရင်း ချောင်းတဟွပ်ဟွပ် ဆိုးနေသူမှာ ဂရီဂို။ သူက ငါးမျှားရင်း အအေးမိထားသူ။ သူက လမ်းလျှောက်ရင်း လည်ပင်းမှာ ပတ်ထားသည့် လက်ကိုင်ပဝါကို အနေအထား ပြင်နေသည်။ ဂရီဂိုနှင့် ဘေးချင်းယှဉ်ပြီး လျှောက်လာသူ ကတော့ နာတာလီယာ။ သူမ၏ကျောပေါ်တွင် သယ်လာသည့် စားသောက်စရာ အထုပ်ကြီးက တလှုပ်လှုပ် ယမ်းလျက်။
သိသာလွန်းလှသော တိတ်ဆိတ်ခြင်းက မြက်သောက်တော တခွင်တပြင်ကို ခြုံလွှမ်းထားသည်။ ထယ်ထိုးထား သော်လည်း စိုက်ပျိုးခြင်း မပြုသည့် လယ်မြေ၏ ဟိုမှာဘက်တွင် နိမ့်ချည် မြင့်ချည် သွယ်တန်းနေသည့် တောင်ကုန်းများ၊ တောင်ကုန်းများ၏ တဖက်တွင်မူ ထယ်ကြောင်းများ မွမွကြဲနေသည်။ ထယ်ထိုးနေသူများ၏ လေချွန်သံက တရွှီရွှီ မြည်လျက်။ သို့သော် သည်မှာဘက်ရှိ လမ်းမကြီး တလျှောက်တွင် ခပ်နိမ့်နိမ့် ပေါက်နေသည့် ပြာမှိုင်းမှိုင်း သစ်နံကိုင်း ပင်များ၊ လမ်းဘေးမှာပေါက်သည့် သုံးရွက်ဆိုင် ပဲရိုင်းပင်များသာ ရှိသည်။
ထယ်သမားတွေ သူတို့လုပ်ကွက်ဆီသို့ သွားနေကြသည်ကို တွေ့မြင်ရပြီးသောအခါ ပိုင်အိုတျာနှင့် ဒါရီယာက ဂျုံစက်သို့ သွားဖို့ ပြင်ဆင်ကြသည်။ ပိုင်အိုတျာက ကျီထဲမှ ဂျုံစေ့များကို ဆန်ခါချသည်။ ဆန်ခါချပြီးသား ဂျုံစေ့များကို ဒါရီယာက အိတ်ထဲ ထည့်သည်။ ပြီးတော့ မြင်းလှည်းပေါ် တင်သည်။ ပင်တာလီမွန်က မြင်းများကို ကကြိုးဆင်ပေးသည်။
စက်ရုံသို့ ရောက်သောအခါ စက်ရုံဝင်းထဲတွင် မြင်းလှည်းများ ပြည့်ညပ်နေသည်ကို တွေ့ကြရသည်။ ကတ္တားများ ပတ်လည်တွင် လူတွေ အထပ်ထပ်ဝိုင်း နေသည်။ ဇက်ကြိုးများကို ဒါရီယာလက်ထဲ ထည့်ပြီး ပိုင်အိုတျာ လှည်းပေါ်မှ ခုန်ဆင်းသည်။
“ငါ့အလှည့် ဘယ်တော့ရောက်မလဲဟေ့”
ကတ္တားသမား ဗဲလက်အား မေးလိုက်သည်။
“ခင်ဗျားက သုံးဆယ့်ရှစ်ယောက်မြောက်”
ပိုင်အိုတျာ နောက်ပြန်လှည့်ပြီး သူ့ဂျုံအိတ်များကို သယ်သည်။ ထိုသို့ လှုပ်ရှားနေစဉ် သူ့နောက်များဆီမှ ဆဲရေးထိုင်းထွာ သံများ ကြားလိုက်ရ၏။
“မင်း သောက်အိပ်ကြီးနေပြီး အလှည့်ကျော်ပြီး ဝင်ချင်လို့ ရမလားကွ။ ထွက်သွားစမ်းကွာ ဟိုခေါလ်၊ မဟုတ်ရင် မင်းကို ငါ ကန်ထုတ်ရလိမ့်မယ်”
သည်အသံကို ပိုင်အိုတျာ မှတ်မိသည်။ ‘မြင်းခွာ’ ယာကော့၏ အသံ။ သူ ရပ်ပြီးနားစွင့်သည်။ ဂျုံချိန်သည့် အခန်းဘက်မှ အော်သံတချက်ကြားရသည်။ ပြီးတော့ ဝုန်းဝုန်းဒိုင်းဒိုင်း အသံတခု ထွက်လာသည်။ ဝုန်းဒိုင်းသံ အပျောက် မှာပင် အခန်းထဲမှ တလိမ့်ခေါက်ကွေး ပြေးထွက်လာသည်မှာ မုတ်ဆိတ်မွေးဖွားဖွားဖြင့် ယူကရိန်းလူမျိုး အဘိုးကြီးတစ်ဦး၊ သူ့ဦးခေါင်းပေါ်တွင် ပြားကပ်နေအောင် ဆောင်းထားသည်မှာ ကက်ဦးထုပ်တလုံး။
“ဘာကိစ္စ ဒီလိုလုပ်ရတာလဲကွ”
လက်တဖက်ဖြင့် သူ့ပါးကို အုပ်ကိုင်ရင်း အဘိုးကြီး အော်ဟစ်သည်။
“ခင်ဗျားကို ကုပ်ချိုး သတ်ပစ်လိုက်မယ်နော် ဖာသည်မသားကြီး”
“မီကီဖော်ရေ ကယ်ပါဦးကွ”
ယူကရိန်းအဘိုးကြီး အော်ဟစ်သည်။
မြင်းအကန် ခံရသည့်အတွက် ပါးပြင်တွင် အမာရွတ် ထင်နေသောကြောင့် ‘မြင်းခွာ’ ဟူသော နာမည်ပြောင် ရထားသည့် တုတ်တုတ်ခိုင်ခိုင် အမြောက်တပ်သားကြီး ယာကော့သည် ဂျုံချိန်ခန်းထဲမှ ပြေးထွက်လာသည်။ အင်္ကျီ လက်မောင်း ကို ပင့်တင်သည်။ သူ့နောက်မှ အနီရောင် ရှပ်အင်္ကျီ ဝတ်ထားသည့် အရပ်မြင့်မြင့် ယူကရိန်းသားကြီးက ယာကော့အား အားကုန် ရိုက်ပစ်လိုက်၏။ သို့သော် ယာကော့ လဲမသွား။
“ညီအစ်ကိုတို့၊ ဒီကောင်တွေ ကော့ဆက်တွေကို တိုက်ခိုက်နေကြတယ်ဟေ့”
သူ ကျုံးအော်သည်။
စက်ရုံဝင်းထဲသို့ ရောက်နေသည့် ယူကရိန်းတွေရော ကော့ဆက်တွေပါ လေးဘက်လေးတန်မှ ပြေးလာကြ သည်။ စက်ရုံပင်မ ဝင်ပေါက်ကြီးကို ဗဟိုပြုပြီး ရန်ပွဲကြီးတခု စတင်ဖြစ်ပွားပြီ။ တွန်းထိုးရုန်းကန်နေသည့် လူများ ဖိသဖြင့် စက်ရုံတံခါးမကြီး တကျွိကျွိ မြည်နေ၏။ ပိုင်အိုတျာ သူ့လက်ထဲမှ ဂျုံအိတ်ကိုချသည်။ ပြီးတော့ ထွေးလားလုံးလား ဝရုန်းသုန်းကား ဖြစ်နေသည့်ဘက်သို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။ တွန်းထိုးသတ်ပုတ် နေသည့် လူအုပ်ကို တွန်းထိုး ဖယ်ရှားရင်း ပိုင်အိုတျာ တိုးဝင်သွားသည်။ သူ ထိုသို့ တိုးဝင်သွားသည်ကို မြင်းလှည်းပေါ်တွင် မတ်တတ်ရပ် နေသည့် ဒါရီယာက လှမ်းမြင်နေရသည်။ စက်ရုံနံရံဆီသို့ လူကြားထဲ ညပ်ပါသွားသည်။ နောက်တော့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး လူအများ နင်းခြေခြင်းကို ခံလိုက်ရ၏။ သည်မြင်ကွင်းကို တွေ့မြင်နေရသည့် ဒါရီယာ ငိုညည်းသံ ပြုလိုက်၏။
သံတုတ်တစ်ချောင်းကို ဝှေ့ယမ်းရင်း စက်ခန်းထောင့်ဘက်ဆီမှ (မှတ်ချက်-ယူကရိန်းလူမျိုးများ မှည့်လေ့ရှိသည့် နာမည်) မစ်ကာကော်ရှူနော့ဗ် ပြေးလာသည်။ ယာကော့အား နောက်ဘက်မှ ရိုက်ခဲ့သည့် ယူကရိန်းအဘိုးကြီးသည် တွန်းထိုး တိုက်ခိုက်နေသည့် လူအုပ်ကြီးထဲမှ ဝုန်းခနဲထွက်လာသည်။ စုတ်ပြဲနေသည့် အင်္ကျီစ တစက သူ့ကျောပေါ်တွင် တဖျပ်ဖျပ် လွင့်နေသည်။ ငှက်တစ်ကောင်၏ ကျိုးပဲ့တောင်ပံတခုနှယ်။ သူက လေးဘက်ထောက် ကုန်းကုန်းကွကွဖြင့် အနီးဆုံး လှည်းတစ်စီးဆီသို့ ပြေးသည်။ ပြီးတော့ လှည်းဒေါက်ကြီးတစ်ချောင်း ဆွဲယူသည်။
ရှမီးလ် ညီအစ်ကို သုံးယောက်က ရွာဘက်ဆီမှ အပြေးအလွှား လာကြသည်။ စက်ရုံဝင်း ဂိတ်ပေါက် ရောက်တော့ လက်တဖက် မရှိသည့် အလက်ဇီ ဗုန်းခနဲ လဲကျသည်။ မြင်းကကြိုးများနှင့် သူ့ခြေထောက် ငြိပြီး လဲပြိုခြင်း။ သူသည် ကူကယ်ရာမဲ့စွာ မြေပေါ်မှာလဲနေသည်။ နောက်တော့ ကျုံးထသည်။ လှည်းဒေါက်များကို ခုန်ပျံကျော်လွှား သွားသည်။ သူ့ညီမာတင်၏ ဘောင်းဘီအောက်နား နှစ်ဖက်သည် ခြေစွပ်တွေထဲမှ အပြင်သို့ ထွက်ကျနေပြီ။ သူက ခါးကုန်းပြီး ဘောင်းဘီအောက်နား များကို ပြန်ထိုးထည့်ဖို့ ဟန်ပြင်သည်။ သို့သော် စက်ရုံခေါင်မိုးပေါ်ဆီမှ အော်ဟစ်သံ တခုကို ကြားလိုက်ရ၏။ မာတင် ခါးပြန်ဆန့်သည်။ သူ့အစ်ကိုတွေ နောက်သို့ ပြေးလိုက်သွားသည်။
ဒါရီယာသည် လှည်းပေါ်မှ လှမ်းကြည့်ရင်း ပင့်သက်ဖြာနေသည်။ လက်နှစ်ဖက်ကို လိမ်ညှစ်ထားသည်။ ဆာဂျီမိုကော့ အိပဲ့အိပဲ့ ဖြတ်လျှောက်လာသည်။ မျက်နှာက ဖြူဖပ်ဖြူရော်၊ နှုတ်ခမ်းများကို ကိုက်လျက်။ ဓါးတိုအင်္ကျီ အောက်မှ စူထွက်နေသည့် ဗိုက်လုံးလုံးကြီးသည် ဘောလုံးတလုံးလို လှုပ်ယမ်းနေသည်။ စုတ်ပြဲနေသော အင်္ကျီနှင့် ယူကရိန်းကြီးက မစ်ကာအား လှည်းဒေါက်ကြီးဖြင့် ဖြတ်ရိုက်လိုက်သည်။ သို့သော် လက်တဖက်ပြတ် အလက်ဇီ၏ သံမဏိလို မာကျောသည့် လက်သီးကြောင့် သူသာ ရှေ့သို့ ဟပ်ထိုးလဲသွားသည်ကို ဒါရီယာ တွေ့ရ၏။ လေးဘက်ထောက် ကျနေသည့် မစ်ကာ ကော်ရှူနော့ဗ်က မိုကော့၏ ခြေထောက်တွေ မြောက်တက်သွားအောင် သံတုတ်ဖြင့် သိမ်းရိုက်သည်။ မိုကော့ လက်တွေဆန့်ထုတ်ပြီး ကဏန်းတစ်ကောင်လို ဂျုံချိန်ခန်းထဲသို့ လျှိုဝင်သွားသည်။ အခန်းထဲရောက်မှ လူအများ၏ ခြေထောက်အောက် ပြားပြားမှောက် ရောက်ရတော့၏။ ဒါရီယာ စိတ်ကယောင်ချောက်များဖြင့် ခွက်ထိုးခွက်လန် ရယ်သည်။ သို့သော် ပိုင်အိုတျာကို တွေ့လိုက်တော့ ရယ်မောခြင်းကို ချက်ချင်းရပ်လိုက်၏။ ပိုင်အိုတျာသည် အော်ဟစ် ဆဲဆို လုံးထွေးသတ်ပုတ်နေသည့် လူအုပ်ထဲမှ ဒယီးဒယိုင် ရုန်းထွက်လာသည်။ ပြီးတော့ လှည်းတစ်စီးအောက်တွင် လဲနေသည်။ ပါးစပ်ထဲမှ သွေးများကို ထွေးထုတ်နေသည်။ ဒါရီယာ စူးစူးဝါးဝါးအော်ဟစ်ပြီး သူ့ဆီပြေးသွားသည်။ ရွာထဲမှ ကော့ဆက်တွေ ပြေးထွက်လာသည်။ သူတို့လက်ထဲတွင် အဖျားတဖက်ချွန် သစ်သားတုတ်များကို ဆွဲကိုင်လျက်။ သူတို့အထဲမှ တစ်ယောက်ကဆို သံတူရွင်းကြီးတစ်ချောင်း သယ်လာသည်။ ကုန်ချိန်ခန်း တံခါးဝတွင် ယူကရိန်း လူငယ် တစ်ဦး လဲနေသည်။ ဟက်တက်ကွဲနေသည့် သူ့ ဦးခေါင်းသည် သွေးအိုင်ထဲ နစ်နေသည်။ သွေးများ ပေကျံနေသည့် ဆံပင်များသည် သူ့မျက်နှာပေါ် ကြဲဖြန့်နေသည်။ သူ့ကြည့်ရတာ ပျော်ရွှင်ကြည်နူးဖွယ် သည်လောကကြီးကို အပြီးအပိုင် စွန့်ခွာသွားပြီ ထင်ရ၏။
အုပ်လိုက် အမောင်းခံရသည့် သိုးတွေလို ယူကရိန်း လူမျိုးတွေ ဘွိုင်လာရုံဘက်သို့ ရောက်အောင် တဖြည်းဖြည်း ဆုတ်သွားကြသည်။ ရန်ပွဲသည် ဆိုးဆိုးဝါးဝါး ဇာတ်သိမ်းရတော့မည် ဆိုတာ မြေကြီးလက်ခတ်မလွဲတော့။ သို့သော် ယူကရိန်း အဘိုးကြီးတစ်ယောက်က သွေးဆူလွန်းနေသည်။ သူက ဘွိုင်လာရုံထဲသို့ ခုန်ဝင်ပြီး မီးပြင်းဖိုထဲမှ တရှိန်ရှိန် မီးလောင်နေသည့် ထင်းချောင်းတစ်ချောင်းကို ဆွဲထုတ်သည်။ ပြီးတော့ ကြိတ်ခွဲပြီး ဂျုံများ သိုလှောင်ထားသည့် ကျီဘက်သို့ ပြေးသွားသည်။ ကျီထဲတွင် ပု(ဒ်)9 တစ်ထောင်ကျော် အလေးချိန်စီးသည့် ဂျုံမှုန့်တွေ ရှိသည်။
“ဟောဒီ ကျီကို ငါ မီးလောင်တိုက်သွင်း ပစ်မယ်ကွ”
အဘိုးကြီးက မီးတရှိန်ရှိန် တောက်နေသော ထင်းချောင်းကြီးကို သက်ငယ်မိုးဆီသို့ မြှောက်ပြကာ ရိုင်းစိုင်း ကြမ်းကြုတ်စွာ ဟစ်ကြွေးသည်။
ကော့ဆက်တွေ ဖိမ့်ဖိမ့်တုန်ပြီး ရပ်တန့်သွားသည်။ ခြောက်သွေ့ပူလောင်သော လေက အရှေ့ဘက်ဆီမှ တဝီးဝီး တိုက်ခိုက်နေသည်။ ခြောက်သယောင်းနေသည့် သက်ငယ်အမိုးပေါ်သို့ မီးဖွားကလေးတစ ကျသည်နှင့် တရွာလုံး မီးဟုန်းဟုန်း တောက်တော့မည်။
ကော့ဆက်များထံမှ အောင့်အည်း မျိုသိပ်ထားရသည့် ဒေါသသံတွေ ထွက်လာသည်။ တချို့က ကြိတ်ခွဲ စက်ဘက်သို့ ဆုတ်သွားသည်။ ထိုအချိန်တွင် ယူကရိန်း အဘိုးကြီးက မီးစကြီး ခေါင်းပေါ်မှာ ဝှေ့ယမ်းသည်။ မီးဖွားများ အဖွားဖွား လွင့်ပျံစေသည်။
“ဟောဒီစက်ရုံကို မီးရှို့ပစ်မယ်ကွ၊ မီးလောင်တိုက် သွင်းပစ်မယ်။ အားလုံး ဝင်းထဲက ထွက်ကြစမ်း”
ခြံဝင်းကို ပထမဦးဆုံး ကျောခိုင်းထွက်ခွာသူမှာ ရန်ပွဲ စတင်ဖြစ်ပေါ်စေခဲ့သူ “မြင်းခွာ” ယာကော့ပင် ဖြစ်သည်။ အခြားကော့ဆက်တွေ ကမန်းကတန်း သူ့နောက်မှ တန်းစီလိုက်သွားကြသည်။ ယူကရိန်းများသည် သူတို့၏ဂျုံအိတ်များကို သူတို့၏ လှည်းများပေါ်သို့ ကသောကမျော ပစ်တင်သည်။ သူတို့၏ မြင်းများကို ကကြိုးဆင်သည်။ ထို့နောက် လှည်းတွေ ပေါ်တွင် မတ်တတ်ရပ်လျက် မြင်းများကို ထိတ်ထိတ်ပျာပျာ မောင်းသည်။ သူတို့ စက်ရုံဝင်းထဲမှ ထွက်သည်။ ရွာနှင့် ဝေးရာသို့ ပြေးကြသည်။
လက်တစ်ဖက်ပြတ် အလက်ဇီ ခြံဝင်းအလယ်တွင် ရပ်နေသည်။ ဒေါသအမျက်ခြောင်းခြောင်းထွက်လျက်။
“ကော့ဆက်တွေ၊ မြင်းပေါ်တက်ကြ”
“အဲဒီကောင်တွေ နောက်ကို လိုက်ကြဟေ့”
အလက်ဇီ၏ ကြွေးကြော်သံကို ဆက်လက် အကောင်အထည်ဖော်ကြသည်။
ခြံဝင်းထဲမှ ပထမဦးဆုံး မြင်းဒုန်းစိုင်းစီး ထွက်သွားသူမှာ မစ်ကာကော်ရှူနော့ဗ်။ အခြားကော့ဆက်များက အလက်ဇီ၏ အကြံပေးချက်အတိုင်း လှုပ်ရှားဖို့ ပြင်ဆင်ကြသည်။ သို့သော် ထိုအခိုက်တွင် မြင်နေကျ၊ တွေ့နေကျ မဟုတ်သော လူရိပ်တခု သူတို့ဆီသို့ ခပ်သုတ်သုတ် ချဉ်းကပ်လာသည်။ ဦးထုပ်အနက် ဆောင်းထားသည့် ထိုလူက လက်တဖက်မြှောက်ပြီး ဟစ်ကြွေးသည်။
“မလုပ်ကြပါနဲ့”
“မင်းက ဘယ်သူလဲကွ”
ယာကော့ မေးသည်။
“ခင်ဗျားက ဘယ်ကရောက်လာတာလဲ”
နောက်တစ်ယောက်က ဒေါသဖြင့် တောင်းဆိုသည်။
“မလုပ်ကြနဲ့ ရွာသားတို့ရာ”
“မင်းက ဘယ်သူ့ကို ရွာသားတွေလို့ ခေါ်နေရတာလဲ”
“ဒီတောသားတော့ကွာ၊ ဒီကောင်ကို တချက်လောက် တီးလိုက်စမ်း ယာကော့:
“ဟုတ်တယ်၊ ဒီကောင့်မျက်လုံးတွေ မှိတ်သွားအောင် လုပ်ပစ်လိုက်စမ်း”
ထိုလူ စိုးရိမ်တကြီးပြုံးသည်။ သို့သော် ကြောက်ရွံ့ဟန် လုံးဝမပြ။ သူ့ဦးထုပ်ကို ချွတ်သည်။ ပြောမပြ နိုင်လောက် အောင် ရိုးသားသည့် ပုံစံဖြင့် သူ့မျက်ခုံးများကို သူပွတ်သပ်သည်။ နောက်ဆုံးတော့ သူ့အပြုံးဖြင့် သူ့အား ရန်လုပ်နေသူ များအား အမျက်ဖြေလိုက်၏။
“ဘာတွေ ဖြစ်နေကြတာလဲဗျ”
ဂျုံချိန်ခန်း တံခါးဝရှိ သွေးများကို သူ့ဦးထုပ်ဖြင့် ဝှေ့ယမ်းပြရင်း မေးသည်။
“ကျုပ်တို့ ပိုခေါလ်တွေကို ဆော်ပလော်တီးနေတာ” လက်တစ်ဖက်ပြတ် အလက်ဇီက ဖြေသည်။
“နေစမ်းပါဦး၊ ဘာဖြစ်လို့လဲဗျာ”
“သူတို့က အလှည့်ကျော်ချင်ကြတယ်လေ”
ယာကော့ ရှင်းပြသည်။
“သူတို့ မနိုင်တဲ့အဆုံး အကောင်တကောင်က စက်ရုံကို မီးရှို့တော့မလို့လေ။ ပိုခေါလ် ဆိုတဲ့ကောင် တွေဟာ သောက်ကျင့် ကောင်းတဲ့ ကောင်တွေမှ မဟုတ်တာ” ဟု အိုစီရော့ဗ် ခပ်ပြုံးပြုံးပြောသည်။
ထိုလူက အိုစီရော့ဗ်ဘက်သို့ သူ့ဦးထုပ်ကို ဝှေ့လိုက်ရင်း ..
“ခင်ဗျားကရော ဘယ်သူလဲ”ဟု မေးသည်။
“ငါက ကော့ဆက်ကွ။ နေပါဦး၊ မင်းကရော …”
“မင်းက ဂျစ်ပစီတစ်ကောင်တော့ မဟုတ်ပါဘူးနော်၊ ဟုတ်လို့လား”
“ခင်ဗျားရော ကျွန်တော်ပါ ရုရှားတွေချည်းပါပဲဗျာ”
"မင်းလိမ်တာ”
အိုစီရော့ဗ် တလုံးချင်း ပြောလိုက်၏။
“ကော့ဆက်တွေဟာ ရုရှားလူမျိုးတွေကနေ ဆင်းသက်လာတာလေဗျာ။ အဲဒါကို ခင်ဗျားသိရဲ့လား”
သူစိမ်းဖြစ်သူက ကြေညာသည်။
“အေး … ငါကလည်းပြောလိုက်ဦးမယ်၊ ကော့ဆက် တွေဟာ.. ကော့ဆက်တွေရဲ့ သားတွေက”
“ဟိုးပဝေသဏီတုန်းက မြေကျွန်တွေဟာ မြေရှင်တွေဆီက ထွက်ပြေးပြီး ဒွန်မြစ်ရိုး တလျှောက်မှာ အခြေချ ကြတယ်။ သူတို့ကို ကော့ဆက်တွေလို့ လူတွေသိကြတာပေါ့ဗျာ”
“ဟေ့လူ၊ ကိုယ့်အလုပ်ကိုယ်လုပ်စမ်း”
အလက်ဇီ ဒေါသကို ချုပ်ထိန်းလျက် အကြံပေးသည်။
“ဒီ မိမစစ်မသားက ငါတို့ကို တောသားငမွဲတွေ လို့ ပြောချင်နေတာ။ ဒီကောင်က ဘယ်သူလဲကွ”
“ဟို မျက်စိစွေစွေနဲ့ လုကိရှ်ကာရဲ့ အိမ်မှာ ငှားနေတဲ့ လူသစ်ပေါ့”
တစ်ယောက်က ရှင်းပြသည်။
သို့သော် ယူကရိန်းတွေ နောက်သို့ အမီလိုက်ဖို့ အချိန်ကတော့ နှောင်းသွားပြီ။ ရန်ပွဲအကြောင်း အားတက်သရော တစ်ယောက် တပေါက် ပြောရင်း ကော့ဆက်တွေ လူစုကွဲသွားသည်။
ထိုည …
ရွာနှင့် ငါးမိုင်လောက်ဝေးသည့် မြက်သောက်တောထဲတွင် ဂရီဂိုတစ်ယောက် ဆူးကလေးတွေ မွစာကြဲအောင် စူးနေသည့် ကုတ်အင်္ကျီဖြင့် သူ့ကိုယ်သူ ထွေးပတ်သည်။ ပြီးတော့ နာတာလီယာအား မကျေမနပ် ဗျစ်တောက် ဗျစ်တောက် ပြောသည်။
“နာတာလီယာ၊ မင်းဟာ တနည်းတဖုံအားဖြင့် သူစိမ်းတစ်ရံဆံ တစ်ယောက်ပဲ။ မင်းဟာ ဘာနဲ့ တူသလဲဆိုတော့ ဟောဟို လမင်းကြီးလိုပဲ။ မင်းက လူတစ်ယောက်ကို နွေးအောင် မထွေးပွေ့ဘူး။ အဲသလိုပဲ လူတစ်ယောက်ကို အေးစက် သွားအောင်လည်း အအေးနဲ့ မပက်ဖျန်းဘူး။ ငါ မင်းကို မချစ်ဘူး နာတာလီယာ။ အဲဒီအတွက် စိတ်မဆိုးနဲ့။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ငါ ဘာမှ မပြောချင်ဘူး။ ဒါပေမဲ့ အဲဒီအကြောင်းက ရင်ထဲမှာ ရှိကိုရှိနေတယ်။ ငါတို့ ဒီအတိုင်းကြီး ဆက်သွား နေလို့ မဖြစ်ဘူး ဆိုတာတော့ ရှင်းပါတယ်။ မင်း အတွက် စိတ်မကောင်းပါဘူးကွာ။ ငါတို့ လက်ထပ်ခဲ့ကြတာ ရက်ပေါင်း ဒီလောက်ကြာပြီပဲဟာ။ ဒါပေမဲ့ ငါ့ရင်ထဲမှာ ဘာမှ ထူးထူးခြားခြား ခံစား မလာရသေးဘူး။ ရင်ထဲမှာ ဟာလာ ဟင်းလင်းကြီးပဲ။ ခု.. ဒီညနေ တွေ့ရတဲ့ မြက်သောက်တောကြီးလိုပေါ့”
နာတာလီယာ မော့ကြည့်သည်။ အလှမ်းဝေးသော၊ လင်းလက်ကြယ်စင်များနှင့် ထိစပ်နေသည် ထင်ရသော မြက်ခင်းပြင်ကြီး။ နောက်ပြီး မည်းမည်းရိပ်ရိပ် ခြုံလွှာခြုံပြီး လွင့်မျောနေသည့် မိုးတိမ်တိုက်များ။ သူမကတော့ ဘာမျှ မပြော။ နှုတ်ဆိတ်နေသည်။ ဟိုးအရှေ့ နက်ပြာပြာ မြက်တော ချုံတောတွေဆီမှ လွင့်ပျံလာနေသည်မှာ ဆည်းလည်းသံ ကဲ့သို့သော ကြိုးကြာငှက်များ၏ အော်မြည်သံများ။
မိုးမသောက်မီကလေးတွင် ဂရီဂို အိပ်ရာမှ နိုးလာသည်။ သူ့ကုတ်အင်္ကျီပေါ်တွင် နှင်းတွေ သုံးလက်မလောက် ထုတက်နေသည်။ မြက်ခင်းပြင်ကြီးသည် အေးခဲသော၊ သန့်စင်လတ်ဆတ်သော ပြာလဲ့လဲ့နှင်းထု အောက်တွင် နစ်မြုပ်နေ၏။ ညပိုင်း ဂရီဂို အိပ်ပျော်နေစဉ်က သူ့နံဘေးနားမှ ကပ်ပြီး ပြေးလွှားသွားသည့် ယုန်ခြေရာများသည် နှင်းခဲများပေါ်တွင် လတ်လတ်ဆတ်ဆတ် ထင်ကျန်နေဆဲ။
(၅)
လွန်လေပြီးသော အတိတ်ကာလ နှစ်ပေါင်းများစွာ တုန်းကဆိုလျှင် မီလာရိုဗိုကျေးရွာသို့ ခရီးသွားသော ကော့ဆက် တစ်ဦးသည် လမ်းခုလတ်တွင် ဟိုခေါလ် များနှင့် တိုးနေပါက (ယက်ဘလွန်စကာကျေးရွာ အောက်ပိုင်းမှ အစပြုသည့် ယူကရိန်းကျေးရွာများသည် မိုင်ငါးဆယ်လောက် ဆက်တိုက်တည်ရှိနေသည်မှာ မီလာရိုဗိုကျေးရွာသို့ ရောက်သည် အထိဖြစ်၏) ဟိုခေါလ် များထံ လမ်းတောင်းရသည်။ ထိုသို့မှ မတောင်းလျှင် ဟိုခေါလ်များက လမ်းမှာ ကန့်လန့် လုပ်နေတတ်သည်။ သည်တော့ ကော့ဆက်များက ၎င်းရွာများဘက်သို့ ခရီးသွားပြီဆိုလျှင် အုပ်စုဖွဲ့ပြီး သွားတတ် ကြသည်။ ခရီးလမ်းတလျှောက် ဟိုခေါလ်များနှင့် တွေ့ရဆုံရလည်း ကြောက်မနေတော့။ ရွံ့မနေတော့။ လှမ်းအော် ဆဲဆို၍ပင် လမ်းတောင်းသေးသည်။
“ဟေ့ …ဟိုခေါလ် ငါတို့ကို လမ်းဖယ်ပေးစမ်း။ မင်းနေထိုင်တာ ကော့ဆက်မြေပေါ် မှာနော် သိရဲ့လား၊ အပျက်မသားရဲ့၊ ဒါတောင် မင်းက သူတို့ ကျော်တက်လို့ရအောင် လမ်းဖယ် မပေးချင်ဘူးလား....ဟုတ်လား”
သူတို့ သည်လို မိုက်မိုက်ရိုင်းရိုင်း ဆဲရေးတိုင်းထွာ ကြသည်ကို ယူကရိန်းများ တစက်မျှ မခံချင်ကြ။ သို့သော် သူတို့ အနေဖြင့် ဒွန်မြစ်ကမ်းပေါ်ရှိ ပါရာမိုနော့ ကျေးရွာရှိ ဗဟိုကျီစုသို့ သူတို့၏ဂျုံများ သွားရောက် သိုလှောင်ထား ရမှာက ရှိသေးသည်လေ။ တခါ တခါတွင် ဘာအကြောင်းမျှ မည်မည်ရရ မရှိဘဲ ရန်ပွဲတွေ ထဖြစ်သည်။ ဘာ့ကြောင့်ဆို သူတို့သည် ဟိုခေါလ်များ ဖြစ်နေသောကြောင့်။ သူတို့သည် ဟိုခေါလ်များ ဖြစ်နေသောကြောင့် ကော့ဆက်များက ရန်သတ္တရု ပြုကိုပြုရမည်လေ။
လွန်လေပြီးသော နှစ်ရာပေါင်းများစွာတုန်းက လုံ့လဝီရိယ ကြီးမားပြီး ကြိုးစားအားထုတ်သည့် ယာသမား တစ်ဦးသည် ကော့ဆက်မြေပေါ်တွင် မျိုးစေ့များ ကြဲပြီး ယာမြေတခု တည်ထောင်ခဲ့၏။ ၎င်းမျိုးစေ့များသည် အောင်မြင် လွန်းသည့်အတွက် အမျိုးသားရေး မသင့်မြတ်မှုတခုကို ဖန်တီးခဲ့လေသည်။ ထိုသို့ လူမျိုးချင်း မသင့်မြတ်မှုကြောင့် ကော့ဆက်များ၏ မဟာဆီ မဟာသွေးများနှင့် ပြည်ပမှ လာရောက်အခြေချသည့် မတ်စကိုဗိုက်များ၊ ယူကရိန်းလူမျိုး များ၏ သာမာန် အညတရသွေးများ ဒွန်မြစ်တွင်းသို့ ဖောဖောသီသီ သွန်ချသလို ဖြစ်ခဲ့ရလေသည်။
ဂျုံစက်တွင် ရန်ပွဲဖြစ်ပြီး သီတင်းနှစ်ပတ်မျှ အကြာတွင် ခရိုင်ပုလိပ်အရာရှိတစ်ဦး ရွာသို့ရောက်လာသည်။ ပထမဦးဆုံး အစစ်ဆေးခံရသူမှာ စတော့မင်း ဖြစ်၏။ မြင့်မြတ်သော ကော့ဆက်မျိုးနွယ်မှ ပေါက်ဖွားလာသည့် လူငယ် ပုလိပ်အရာရှိက စတော့မင်းအား စတင်စစ်ဆေးသည်။
“ခင်ဗျား ဒီရွာကို ရောက်မလာမီ ဘယ်ရွာမှာ နေခဲ့သလဲ”
“ရော့စတော့ မှာပါ”
“ခင်ဗျား ၁၉ဝ၇ ခုနှစ်တုန်းက ထောင်ကျခဲ့တာ ဘာပြစ်မှုနဲ့လဲ”
“ဆူဆူပူပူ ဖြစ်စေမှုနဲ့ပါ”
“အင်း … အဲဒီတုန်းက ဘယ်မှာအလုပ်လုပ်နေလဲ”
“မီးရထားအလုပ်ရုံတွေမှာပါ”
“ဘာရာထူးနဲ့လဲ”
“သော့ပြင်သမားအနေနဲ့ပါ”
“ခင်ဗျား ဂျူးလူမျိုးတော့ မဟုတ်ပါဘူးနော်၊ ဟုတ်လို့လား၊ ဒါမှမဟုတ်၊ ဂျူးအဖြစ်က ဘာသာပြောင်း လာတာလား”
“မဟုတ်ပါဘူး၊ ကျွန်တော်ထင်တာကတော့ …”
“ခင်ဗျားထင်တာကို ကျုပ် စိတ်မဝင်စားဘူး၊ ခင်ဗျား ပြည်နှင်ဒဏ် ခံရသေးလား”
“ဟုတ်ကဲ့၊ ခံခဲ့ရပါတယ်”
ပုလိပ်အရာရှိ ခေါင်းမော့လာသည်။ နှုတ်ခမ်းကို ကိုက်နေသည်။
“ခင်ဗျား ဒီခရိုင်နဲ့ လွတ်ကင်းတဲ့ နေရာကို ထွက်သွားဖို့ ကျုပ် တိုက်တွန်းတယ်”
ဟု ပြောသည်။ နောက်မှ အသံတိုးတိုးဖြင့် ...
“ကျုပ်ကိုယ်တိုင် ပို့ပစ်မယ်ဗျာ”
“ဘာဖြစ်လို့လဲဗျာ”
“စက်ရုံမှာ ရန်ပွဲဖြစ်တဲ့ညက ခင်ဗျား ကော့ဆက်တွေကို ဘာပြောခဲ့သလဲ”
ပုလိပ်အရာရှိက တုံ့ပြန်မေးခွန်းဖြင့် ပြောလိုက်၏။
“အဲ …”
“ကောင်းပြီ၊ ခင်ဗျား သွားနိုင်ပြီ”
မိုကော့ စံအိမ်၏ ဝရန်တာဆီသို့ စတော့မင်း သွားသည်။ (အာဏာပိုင်များသည် မိုကော့အိမ်ကို သူတို့၏ ဌာနချုပ်အဖြစ် အမြဲအသုံးပြုသည်။) သူ့နဖူးပေါ်တွင် အရေးအကြောင်းတခု ထင်လာအောင် မျက်မှောင်ကြုတ်လိုက် သေးသည်။ သို့သော် တံခါးဘက်သို့ သမင်လည်ပြန် လှည့်ကြည့်ပြီး တချက်ပြုံးလိုက်လေသည်။
အခန်း [၉]
(၁)
ဆောင်းရာသီက နှေးနှေးဖြည်းဖြည်းဝင်လာသည်။ ရက်အတန်ကြာသောအခါ နှင်းတွေ အရည်ပျော်ကုန်သည်။ သည်တော့ နွားအုပ်များကို စားကျက်မြေများဆီသို့ လွှတ်ကြပြန်သည်။ ရက်သတ္တတပတ်လောက် တောင်လေတိုက်လာပြီး ကမ္ဘာမြေကြီးကို နွေးထွေးစေသည်။ ထွက်ပြူဖို့ နောက်ကျနေသည့် မြက်စိမ်းစိမ်းကလေးတွေ စားကျက်မြေထဲမှ တကွဲတပြား တိုးထွက်လာသည်။ နှင်းတွေ အရည်ပျော်ခြင်းမှာ စိန်မိုက်ကယ်နေ့ အထိသာ။ ထို့နောက်မှာတော့ နှင်းတွေ ကျလာပြန်သည်။ ဒွန်မြစ်ကမ်းတလျှောက် စိုက်ပျိုးထားသည့် ဥယျာဉ်များထဲသို့ စည်းရိုးများကို ထိုးဖောက်ဝင်ရောက် လာသည့် ယုန်များ၏ခြေရာတွေ ရှုပ်ယှက်ခတ်နေသည်။ လမ်းတွေပေါ်မှာတော့ လူသူရယ်လို့ မတွေ့မမြင်ရသလောက်။ နှင်းကျပြီးနောက်ပိုင်း သိပ်မကြာမီမှာပင် ရွာအစည်းအဝေးခေါ်သည်။ သည်အစည်းအဝေးတွင် ထင်းအဖြစ်သုံးဖို့၊ သို့မဟုတ် အကာအရံစည်းရိုးများ အဖြစ်သုံးဖို့ သစ်ခက်သစ်လက်များ ခုတ်ခွင့်ကို ခွဲတမ်းချပေးမည်။ အစည်းအဝေး ခေါ်ထားသည့် အချိန်မတိုင်မီ တော်တော်စောစော ကတည်းက ကျေးရွာအုပ်ချုပ်ရေးရုံး လှေကားများပတ်လည်တွင် ကော့ဆက်တွေ ဟိုတစု သည်တစု ရောက်နေကြပြီ။ သူတို့တတွေ ခြုံလွှမ်းထားသည်မှာ ထူထူထဲထဲ ကုတ်အင်္ကျီ အရှည်ကြီးတွေ။ နောက်ပြီး အမွေးထူထူနှင့် သိုးရေအနွေးထည်တွေ။ သို့တိုင် အအေးဒဏ်က သူတို့အား ရုံးတွင်းသို့ မောင်းသွင်းလိုက်၏။
စားပွဲတလုံး၏ နောက်တွင် ထိုင်နေသည်မှာ ကျေးရွာဥက္ကဋ္ဌ၊ သူ့နံဘေးတွင် အတွင်းရေးမှူး။ ထို့ပြင် လူရိုသေ ရှင်ရိုသေ လူကြီးသူမများ၊ စုစုစည်းစည်း ထိုင်နေသည်။ သူတို့ထက်အသက်ငယ်သည့် ကော့ဆက်များက ရုံးထဲတွင် တိုးကာဝှေ့ကာဖြင့် အုပ်စုဖွဲ့နေကြသည်။ နားရွက်နွေးအောင် ထောင်ထားသည့် ကုတ်အင်္ကျီ ကော်လာများကြားမှ လေသံမျှဖြင့် စကားတွတ်ထိုး နေကြသည်။ အတွင်းရေးမှူးဖြစ်သူက စာရွက်တွေ တရွက်ပြီး တရွက် လှန်လှောကြည့် နေသည်။ ဥက္ကဋ္ဌ က သူ့ပခုံးပေါ်မှ ကျော်ပြီး စောင်းငဲ့ကြည့်နေသည်။ အေးစက်နေသည့် အခန်းထဲတွင် တိုးတိုးသက်သာ စကားတွတ်ထိုးသံများက တဝီဝီ။
“ဒီနှစ် မြက်ခြောက်အခြေအနေက…”
“မင်းပြောတာ မှန်တယ်၊ စားကျက်မြေက ရတဲ့ မြက်ခြောက်က ကောင်းတယ်။ ဒါပေမဲ့ မြက်သောက်တောက ရတဲ့ မြက်ခြောက်ကတော့ ပဲရိုင်းပင်တွေချည်း ပါပဲ”
“သစ်ခုတ်ဖို့ ဘယ်လိုလုပ်ကြမလဲ”
“တဆိတ်လောက် တိတ်တိတ်နေကြပါ”
အစည်းအဝေး စပြီ။ ဥက္ကဋ္ဌက မုတ်ဆိတ်မွေး တွေကို ပွတ်ကာ ပွတ်ကာဖြင့် အိမ်ထောင်စုအမည်များ နှင့် သူတို့ သစ်ခုတ်ခွင့် ရမည့်အကွက်များကို ဖတ်ပြသည်။
“ဥက္ကဌ…ခင်ဗျား သစ်ခုတ်ဖို့ ကြာသပေးတေးနေ့ကို သတ်မှတ်ပေးလို့ မဖြစ်ဘူး”
အိုင်ဗန်တိုမီလင်က ဥက္ကဋ္ဌ ဖတ်ပြနေသည်ကို အော်ဟစ်ကန့်ကွက်သည်။
“ဘာဖြစ်လို့ မသတ်မှတ်ရမှာလဲ”
“ကြာသပတေးနေ့ဆို ရွာကလူတွေ တဝက်လောက်က မြက်ခြောက်သွားသယ် နေကြမှာဗျ”
“အဲဒီအလုပ်ကို မင်းတို့ တနင်္ဂနွေနေ့ထိ ဆိုင်းထားလို့ ရတာပဲ”
“စောစောသယ်နိုင်လေ…ပိုကောင်းလေပဲ”
လူအုပ်ထဲမှ သရော်လှောင်ပြောင်သံတွေ ထွက်လာသည်။
သက်ကြီးရွယ်အို ကရူလင်က ခနော်နီခနော်နဲ့ စားပွဲပေါ်သို့ ခါးကိုင်းလိုက်သည်။ ပြီးတော့ သူ၏ သစ်မာသား တုတ်ကောက်ဖြင့် တိုမီလင် ဘက်သို့ ထိုးပြကာ..
“မြက်ခြောက်က စောင့်လို့ရတယ် ဟေ့ကောင်၊ မင်းဟာ သောက်ရူးပဲ၊ ဒီကိစ္စ ဒီမှာတင် ဖြတ်တော့၊ မင်း …”
“ဘာပဲဖြစ်ဖြစ် ခင်ဗျားလည်း အကြွားသန်နေရ လောက်အောင် ဦးနှောက်ရှိတာ မဟုတ်ပါဘူး”
လက်တဖက်ပြတ် အလက်ဇီ ဝင်ပြောသည်။ မြေတစ်ကွက်ကိစ္စနှင့် ပတ်သက်ပြီး အဘိုးကြီး ကရူလင် နှင့် အလက်ဇီ ရန်သတ်နေကြတာ ခြောက်နှစ်ခြောက်မိုး ရှိပြီ။ နွေဦးပေါက်ပြီဆိုတိုင်း ၎င်းမြေကို သူပိုင်ဆိုင်ကြောင်း အလက်ဇီ က အခိုင်အမာပြောနေကျ။ သို့သော် နှစ်စဉ်နှစ်တိုင်း ကရူလင်က ထိုမြေပေါ်တွင် ထွန်ယက် စိုက်ပျိုးမြဲ။
“ဟေ့ကောင်၊ မင့်ပါးစပ် ပိတ်ထားစမ်း”
“ခင်ဗျားကြီး သိပ်လှမ်းနေလို့ပေါ့ဗျာ၊ မဟုတ်ရင် ခင်ဗျားကြီး ကျုပ်ကို အမြဲတမ်း သတိရနေအောင် အမှတ်တရလေး ပေးလိုက်ချင်တယ်"
အလက်ဇီ ဒေါသတကြီး ပြောသည်။
ဥက္ကဋ္ဌက စားပွဲမျက်နှာပြင်ကို လက်သီးဖြင့် ထုလိုက်ကာ…
“မင်းတို့ တိတ်တိတ်ဆိတ်ဆိတ် မနေဘူးဆိုရင် ငါ ခုချက်ချင်း စစ်တပ်ကို ခေါ်လိုက်မယ်”
သူ့အမိန့်အတိုင်း ငြိမ်သက်သွားသောအခါ ဆက်ပြောသည်။
“သစ်ခုတ်တဲ့ အလုပ်ကို ကြာသပေးနေ့ အရုဏ်တက်ချိန်ကတည်းက စ,မယ်ဂ
“ကောင်းလိုက်တဲ့အချိန်ကွာ”
“ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပေါ့ကွာ”
…စသည်ဖြင့် လှောင်ပြောင်သံများထွက်လာသည်။
“နောက်တခု ရှိသေးတယ်၊ ခရိုင်ဥက္ကဋ္ဌဆီက ညွှန်ကြားချက် ရောက်လာတယ်”
ကျေးရွာဥက္ကဋ္ဌ အသံကို မြှင့်လိုက်၏။
“လာမယ့်စနေနေ့ကျရင် လူငယ်တွေ ခရိုင်ဥက္ကဋ္ဌရဲ့ ရုံးခန်းကို သွားပြီး ကျမ်းကျိန်ကြရမယ်၊ အဲဒီကို မွန်းတည့်ချိန် အရောက်သွားကြရမယ်”
တံခါးပေါက်နှင့် အနီးဆုံးပြတင်းပေါက်နားတွင် ပင်တာလီမွန် မတ်တတ်ရပ်နေသည်။ သူ့နံဘေးမှ မီရွန်က ပြတင်းဘောင်ပေါ် တက်ထိုင်နေသည်။ သူတို့နှင့် အနီးကပ်ရှိနေသူများမှာ အသက်အရွယ်ငယ်သော ကော့ဆက်များ။ သူတို့အချင်းချင်း တစ်ဦးကိုတစ်ဦး ပြုံးရယ်ပြကြ၊ မျက်စိမှိတ်ပြကြဖြင့် အလုပ်ရှုပ်နေကြသည်။ သူတို့အလယ်တွင် တပ်ရင်းဥက္ကဋ္ဌ ကက်ဦးထုပ် ဆောင်းထားသူတစ်ဦး ရှိသည်။ ငယ်ထိပ်ပြောင်ပြောင် နှင့် ထာဝစဉ်နီရဲနေသည့် မျက်နှာပိုင်ရှင် အက်ဗ်ဒေ့ချ် ဆင်နီလင် သည် ဥက္ကဋ္ဌ၏ သက်တော်စောင့်တပ်ဖွဲ့တွင် အမှုထမ်းပြီး ပြန်လာသူဖြစ်၏။ ထိုသို့ ပြန်အလာတွင် သူနှင့်အတူ ပါလာသည့် နာမည်ပြောင်မှာ “ကိုလေထွား” ဟူ၏။ ဥက္ကဋ္ဌတပ်ရင်းတွင် ပထမဦးဆုံး အမှုထမ်းခွင့်ရသည့် သူတို့ရွာသားများထဲတွင် သူသည် တစ်ယောက် အပါအဝင်၊ ပီတာစဘတ်မြို့တွင် တာဝန်ထမ်းဆောင် ခဲ့စဉ်က ကြုံခဲ့တွေ့ခဲ့ရသော ထူးဆန်းအံ့ဩဖွယ် ဇာတ်လမ်းများမှာ အံသြကုန်နိုင်ဖွယ် ဖြစ်နေ၏။ ကနဦးပိုင်းတွင် နားထောင်ရသူများက သူ့ဇာတ်လမ်းများကို ယုံကြည်ကြ၏။ နှစ်သက်ကြ၏။ မက်မက် မောမော နားထောင်ခဲ့ကြ၏။
သို့သော် နောက်တော့ သူတို့ သိလာသည်။ အက်ဗ်ဒေ့ချ်သည် လိမ်ညာလှည့်စား မုသားဘုရင် ဖြစ်နေကြောင်း ပင်။ သည်တော့ သည်လူပြောသမျှ သူတို့ ဝိုင်းဟားကြသည်။ သရော်ကြ လှောင်ပြောင်ကြသည်။ သို့ပေမဲ့ အက်ဗ်ဒေ့ချ်က မမှု။ မုသားစကားတွေ အရှိန်တန့်မသွား။
ယခုလည်း လူလယ်ကောင်တွင် မတ်တတ်ရပ်ပြီး ဟိုဟိုသည်သည် လှည့်ကြည့်သည်။ ပြီးတော့... သက်တော်စောင့် တပ်တွင် အမှုထမ်းစဉ်က အတွေ့အကြုံများကို စတင်ဖောက်သည်ချပြန်သည်။
“ဟေ့ကောင်၊ အခါကြီးနေ့ကြီးက သိပ်နီးနေပြီနော်၊ မင်းရဲ့ မုသားစကား တွေ လျှောက်ပြောမနေနဲ့”
ပင်တာလီမွန် နှာခေါင်းရှုံ့သည်။ အက်ဗ်ဒေ့ချ်၏ လေလုံးထွား အကြွားသန်သည့်အကျင့်ကို သူ မနှစ်မြို့။
“မင်း စိန့်ပီတာစဘတ်မှာ ဓားပြတစ်ယောက်ကို အမိဖမ်းတဲ့ အကြောင်း လူငယ်လူရွယ်တွေ သိအောင် ပြောပြ သင့်တာကွ”
ပြတင်းဘောင်ပေါ်မှ ခုန်ချလိုက်သည့် မီရွန်က မီးစမွှေးသည်။
“တကယ်တော့ ပြောစရာ ဟုတ်တိပတ်တိ မရှိပါဘူးဗျာ”
ရုတ်တရက်ဆိုသလို အက်ဗ်ဒေ့ချ် ရိုးရိုးကုပ်ကုပ် ကလေး ဖြစ်သွားပြန်သည်။
“မဟုတ်ဘူး၊ ကျွန်တော်တို့ကို ပြောပြပါ၊ ကျွန်တော်တို့ကို ပြောပြပါ”
လူအုပ်ထဲမှ အော်ဟစ်သံ တချက် ထွက်လာသည်။
“အဲ...ဖြစ်ပျက်ပုံက ဒီလိုပါ”
အက်ဗ်ဒေ့ချ်က လည်ချောင်းရှင်းသည်။ ဘောင်းဘီအိတ်ထဲမှ ဆေးရွက်ကြီးဘူးကို ထုတ်သည်။ သူ့ လက်ဝါး ပေါ်သို့ ဆေးရွက်ကြီး အနည်းငယ် ခြေထည့်သည်။ ပရိသတ်ကို လှည့်ပတ်ကြည့်လိုက်သည့် သူ့ မျက်လုံးတွေ အရောင်တလက်လက် တောက်လျက်။
“သူခိုးတစ်ယောက်ဟာ အကျဉ်းထောင်ကနေ ထွက်ပြေးတာကလား၊ ဒီကောင်ကို သူတို့ နေရာအနှံ့ လိုက်ရှာ ကြတာပဲ။ ဒါပေမဲ့ သူ့ကို မိမယ်လို့ ခင်ဗျားတို့ ထင်သလား။ ဝေးသေးတယ်၊ အာဏာပိုင်တွေအားလုံး အရူးအလုပ်ခံ လိုက်ရတာဗျို့။
“အဲ... တညမှာတော့ အစောင့်တပ်စုမှူးက ကျွန်တော့်ကို အခေါ်ခိုင်းတယ်။ ‘သွား၊ အခန်းထဲ ဝင်သွား’ လို့ သူကပြောတယ်။ ‘ဧကရာဇ်ဘုရင်မင်းမြတ် က မင်းနဲ့ တွေ့ချင်တယ်ဆိုလို့ မင်းကို ခေါ်ခိုင်း လိုက်တာ’ တဲ့လေ။ ကျွန်တော် နည်းနည်းတော့ တွန့်သွားတာပေါ့။ ဒါပေမဲ့ အခန်းထဲဝင်လိုက်တယ်။ ကျွန်တော် သတိဆွဲပြီး ရပ်နေရတာပေါ့။ ဒါပေမဲ့ သူက ကျွန်တော့် ပခုံးကို ပုတ်ပြီး မိန့်တယ်ဗျ။
“ဒီမယ် အိုင်ဗန်အက်ဗ်ဒေ့ချ် ငါတို့အင်ပါယာမှာ အကြီးမားဆုံးဆိုတဲ့ သူခိုးတစ်ယောက် ထွက်ပြေး လွတ်မြောက် သွားတယ်။ အဲဒီကောင်ကို တွေ့အောင်ရှာ၊ မိအောင်ဖမ်း။ အဲဒီလိုမှ မမိရင် မင်း ငါ့ရှေ့ကို ဘယ်တော့မှ မလာနဲ့တော့” တဲ့လေ။
“ဒီတော့ ကျွန်တော်က ပြန်ပြီးလျှောက်တင်ရတာပေါ့။ ‘ကောင်းလှပါပြီ ဘုရင်မင်းမြတ် ခင်ဗျာ’ လို့။ ပြီးတော့ ဇာဘုရင်ရဲ့ မြင်းဇောင်းတွေထဲက အကောင်းဆုံး၊ အသန့်ဆုံး မြင်းသုံးကောင် ရွေးယူပြီး ခရီးထွက်တော့တာပဲ။ ကျွန်တော် တနေ့နဲ့ တညလုံး မနားမနေ ခရီးနှင်ခဲ့တယ်။
“အဲ .. တတိယမြောက် နေ့မှာတော့ မော်စကို မြို့တော်အနားမှာ အဲဒီသူခိုးနဲ့ ပက်ပင်းတိုးတော့တာပဲ။ ကျွန်တော်က သူ့ကို ကျွန်တော့် ရထားလုံးပေါ် တင်တယ်။ ပြီးတော့ ပီတာစဘတ်ကို ပြန်ခေါ်လာတယ်။ ဧကရာဇ် ဘုရင် မင်းမြတ် ဆီကို တန်းခေါ်သွားတယ်။ လမ်းမှာ မှူးတော် မတ်တော် ဆွေတော် မျိုးတော်တွေက ကျွန်တော့်ကို တားဆီး ကြတယ်။ ဒါပေမဲ့ ကျွန်တော် ရှေ့ဆက်တိုးတာပဲ။ ဟုတ်တယ် ကျွန်တော် တံခါးကို ခေါက်ပြီး ...
“ဧကရာဇ်ဘုရင်မင်းမြတ် ခင်ဗျား၊ ကျွန်တော်မျိုး ဝင်ခဲ့ရမလား ခင်ဗျ”
“ဟေ့ ... ဘယ်သူတုံးဟဲ့”
“ဘုရားကျွန်တော်မျိုး အိုင်ဗန်အက်ဗ်ဒေ့ချ်ပါ ဘုရား”
ဆိုတော့ အခန်းထဲမှာ အသံတွေ ကျွန်တော် ကြားလိုက်ရတယ်။ ဘုရင်မင်းမြတ် ကိုယ်တော်တိုင် လှမ်းပြော နေတာ။
“မာရီယာ ဖီယိုဒိုနော့ဗ်နာ... မြန်မြန်ထစမ်း၊ ရေနွေးအိုးတည်ဖို့ မီးမွှေး၊ အိုင်ဗန်အက်ဗ်ဒေ့ချ် ရောက်လာပြီ”တဲ့။
လူအုပ်နောက်ဘက်ရှိ ကော့ဆက်တွေ ဝါးခနဲ ရယ်မောလိုက်ကြ၏။ တိရစ္ဆာန်တစ်ကောင်ပျောက်မှုကို တိုင်တန်း ထားသည့် စာတစောင်ကို ဖတ်နေသည့် အတွင်းရေးမှူး စာအဖတ် ရပ်သွားသည်။ ဥက္ကဋ္ဌ လည်တိုင်ကို ဆန့်ထုတ်ကာ ခွက်ထိုးခွက်လန် ရယ်မောနေသည့် ပရိသတ်အား မာမာတင်းတင်း ကြည့်လိုက်၏။
“ခဏလေးစောင့်လိုက်ပါဦးလား”
ဟု သူပြောသည်။
“ဟား… ဟား… ဟား”
“အိုး … ကျုပ်တို့ အူတက်ပြီး သေရလိမ့်မယ်”
“ရေနွေးအိုးတည်ဖို့ မီးမွှေး၊ အိုင်ဗန်အက်ဗ်ဒေ့ချ် ရောက်လာပြီတဲ့၊ ဟား..ဟား..ဟား”
လူစု စတင်ကွဲသွားသည်။ အုပ်ချုပ်ရေးမှူးရုံး ပြင်ပတွင် စတီပင်နှင့် ဂျုံစက်ပိုင်ရှင် အရပ်ရှည်ရှည် ကော့ဆက် တစ်ဦးသည် အနွေးဓာတ်ရအောင် နှင်းများပေါ်တွင် ခြေဆောင့်နေကြ၏။
(၂)
ပင်တာလီမွန်သည် အစည်းအဝေးမှ ပြန်လာသည်။ အိမ်သို့ ရောက်သည်နှင့် သူတို့လင်မယား နေထိုင်သည့် အခန်းသို့ တန်းသွားသည်။ အီလီနစ်ချ်နာ နေမကောင်း ဖြစ်နေတာ သုံးလေးရက်ရှိနေပြီ။ သူမ၏ ရောင်ကိုင်းနေသည့် မျက်နှာက သူမ၏ ပင်ပန်းနွမ်းမှုနှင့် နာကျင်မှုဝေဒနာကို သိသာမြင်သာ နေစေ၏။ သူမက ထူထဲသော ငှက်မွေး မွေ့ရာကြီး ပေါ်တွင် ကိုယ်တပိုင်း မှီပြီး လဲလျောင်းနေသည်။ ပင်တာလီမွန်၏ ခြေသံများ ကြားရတော့ သူမ လှည့်ကြည့် သည်။ သူမ၏မျက်လုံးများက ခင်ပွန်းသည်၏ စိုထိုင်းထိုင်း မုတ်ဆိတ်မွေးများပေါ်မှာ စတည်းချနေသည်။ နောက်ပြီး သူမက နှာခေါင်းဖြင့် အနံ့ခံကြည့်သည်။ သို့ပေမဲ့.. ပင်တာလီမွန် ဆီမှ နှင်းခါးနံ့နှင့် သိုးသားရေနဲ့ပဲရသည်။ “အင်း … ဒီနေ့ မူးမလာဘဲကိုး” ဟု တွေးသည်။ ပြီးတော့မှ သူမ၏ ဇာထိုးအပ်များကို ကျေနပ်နှစ်သိမ့်စွာ ချလိုက်၏။ “အဲ…သစ်ခုတ်ဖို့ ဘာပြောလဲ”
“ကြာသပတေးနေ့မှာ စခုတ်ဖို့ ဆုံးဖြတ်လိုက် ကြတယ်၊ ကြာသပတေးနေ့ မနက်ပေါ့”
သူက ခုတင်နံဘေးရှိ သေတ္တာကြီးပေါ်တွင် ထိုင်လိုက်ရင်း ...
“ဘယ်လိုလဲ၊ ဒီနေ့ နေသာထိုင်သာရှိရဲ့လား”
ဟု မေးလိုက်သည်။
“ဒီလို… ဒီလိုပါပဲတော်၊ အဆစ်အမြစ်တွေက ကိုက်ခဲနေတာတော့်”
“ရေထဲမဆင်းဖို့ ငါမှာထားသားပဲ၊ လျှော်ပင်တွေ ရေစိမ်တဲ့အလုပ်ကို လုပ်ဖို့ တခြားမိန်းမတွေ ပြည့်လို့ ….။ နောက်ပြီး နာတာလီယာကော ဘယ်လိုနေသေးလဲ”
ပြန်ပြောလိုက်သည့် အီလီနစ်ချ်နာ၏ အသံတွင် စိုးရိမ်သောက စွက်နေသည်။
“ဘာလုပ်ရမှန်းကို မသိတော့ပါဘူးတော်၊ လွန်ခဲ့တဲ့ တစ်ရက်၊ နှစ်ရက်တုန်းက ငိုနေပြန်တယ်တော့။ ကျွန်မ ခြံထဲဆင်းသွားတော့ ကျီတံခါးပွင့်နေတာ တွေ့ရတာနဲ့ ကျွန်မ ကျီထဲဝင်ကြည့်တာပေါ့။ အဲဒီက ဂျုံတုံးကြီးနံဘေး မှာ မတ်တတ်ရပ်နေတဲ့ သူ့ကို တွေ့ရတာပဲ။ ဘာဖြစ်လို့လဲလို့ ကျွန်မကမေးတော့ ခေါင်းကိုက်လို့ပါတဲ့လေ။ သူ့ဆီက အဖြေမှန်ကို မေးလို့ကို မရနိုင်ဘူး ဖြစ်နေတယ်တော်”
“သူ နေမကောင်းတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့”
“ကျွန်မတော့ မထင်ပေါင်၊ တယောက်ယောက်က သူ့ကို ယုတ်ယုတ်မာမာ ကြံစည်ပြောဆိုလို့လား၊ ဒါမှမဟုတ် ကျွန်မတို့ရဲ့ ဂရီဂိုကြောင့်များလား”
"ဒီကောင် ဟိုဟာမနဲ့ တွဲနေတာတော့ မဟုတ်ပါဘူးနော်၊ မင်း ဘာသတင်းမှ မကြားဘူး မဟုတ်လား”
“ဘာတွေလျှောက်ပြောနေပြန်တာလဲ အဖေကြီး”
အီလီနစ်ချ်နာ အလန့်တကြား ပြောသည်။
“နောက်ပြီး စတီပင်က တော့ကော၊ စတီပင်က အရူးမှမဟုတ်တာ၊ ဟင့်အင်း … ကျွန်မက ဘာသတင်း မှ မကြားမိပါဘူး”
ပင်တာလီမွန် သူ့ ဇနီးနှင့် ခဏကြာအောင် ဆက်ထိုင်နေသည်။ နောက်တော့ အပြင်သို့ ထွက်သွားသည်။ ဂရီဂိုက သူ့အခန်းထဲမှာ၊ သံချိတ်များကို တံစည်းဖြင့် တိုက်ပြီး ချွန်နေသည်။ နာတာလီယာက သံချိတ်များကို အမဲဆီဖြင့် သုတ်လိမ်းသည်။ ပြီးတော့ သီးခြားအိတ်တလုံးထဲ သေသေသပ်သပ်ထည့်ပြီး စည်းပတ်ထားသည်။ ပင်တာလီမွန် ထော့ကျိုး ထော့ကျိုးဖြင့် လျှောက်လာပြီး နာတာလီယာအား စူးစူးစမ်းစမ်း ကြည့်သည်။ သူမ၏ ပါးပြင်ကလေးများသည် နွေဦး သစ်ရွက်များလို အနီရောင်သမ်းနေသည်။ သည်ကလေးမ လွန်ခဲ့သည့်လ အတွင်းမှာပင် သိသိသာသာ ချုံးကျ သွားသည်။ နောက်ပြီး သူမ၏ မျက်လုံးများထဲတွင် စိတ်မချမ်းသာမှု အရိပ်သစ်များ ထင်ဟပ်နေသည်။ အဘိုးကြီး တံခါးဝမှာ ရပ်လိုက်၏။ “ဒီကောင် ကလေးမလေးကို သတ်နေတာပဲ” ဟု ခုံတန်းရှည်ပေါ်သို့ ကိုယ်ကို ကိုင်းညွှတ် ထားသည့် နာတာလီယာအား လှည့်ကြည့်ရင်း အဘိုးကြီး တွေး၏။
“အဲဒါကို ချထားလိုက်စမ်း၊ သောက်လုပ်မဟုတ် တာတွေ လုပ်နေတယ်”
အဘိုးကြီး ကျုံးအော်သည်။ ရုတ်တရက် ထွက်ပေါ်လာသော ဒေါသကြောင့် မျက်နှာကြီး ညိုမည်းသွားသည်။ ဂရီဂို သူ့အဖေကို အံအားတသင့် ကြည့်လိုက်၏။
“ကျွန်တော်က အစွန်းနှစ်ဖက်စလုံးကို ချွန်ထက် နေစေချင်လို့ပါ ဖေဖေ”
“ချထားလိုက်လို့ ငါပြောနေတယ်၊ သစ်ခုတ်ဖို့ ပြင်ဆင်ထား၊ စွတ်ဖားတွေ တစီးမှ အဆင်သင့် မဖြစ်သေးဘူး။ ဒါကို မင်းက ထိုင်ပြီး သံချောင်းတွေ ချွန်နေတယ်”
သူက ပို၍ အေးအေးသက်သာ ပြောသည်။ နောက်ပြီး တံခါးဝတွင် ဆုတ်ဆိုင်းဆိုင်းလုပ်နေသည်။ တခုခု ပြောချင်သေးဟန် သိသာပေါ်လွင်နေသည်။ သို့သော် မပြော။ သူ ထွက်သွားသည်။ သူ့ဒေါသ များကို ပိုင်အိုတျာ ဘက်သို့ ပြောင်းရွှေ့ ထွက်ပေါက် ရှာလိုက်ကြောင်း ကြားနေရသည်။
(၃)
ကြာသပတေးနေ့ နံနက် အရုဏ်မတက်မီ နှစ်နာရီ လောက် အလိုကတည်းက အီလီနစ်ချ်နာ အိပ်ရာမှ ထပြီး ဒါရီယာကို လှမ်းနှိုးသည်။
“ထတော့ မီးမွှေးရတော့မယ်”
ဒါရီယာ မီးဖိုဆီသို့ သွားသည်။ မီးခတ်ကျောက်ဖြင့် မီးခြစ်ပြီး မီးမွှေးသည်။
“မြန်မြန်ထက်ထက် လှုပ်ရှားစမ်း”
ပိုင်အိုတျာက စီးကရက်တလိပ် မီးညှိရင်း သူ့မိန်းမအား လောဆော်သည်။
“သူတို့ နာတာလီယာ ကျတော့ သွားမနှိုးကြဘူး၊ ကျွန်မက နှစ်ကိုယ်ခွဲပြီး အလုပ်လုပ်ရမှာလား”
ဒါရီယာ ဒေါသူပုန်ထသည်။
“သွားကွာ မင်းဘာသာမင်း သွားနှိုးချေ”
ပိုင်အိုတျာ အကြံပေးသည်။ သို့သော် သူ့အကြံပေးချက် မလိုအပ်တော့။ အကြောင်းမှာ နာတာလီယာ က အိပ်ရာမှ နိုးနေပြီ ဖြစ်သောကြောင့်ပင်။ အပေါ်အင်္ကျီကို ခြုံလွှမ်းရင်း အပြင်ထွက်သည်။ မီးမွှေးဖို့ လောင်စာဆီ သွားယူသည်။
မီးဖိုချောင်ထဲတွင် မြင်းကကြိုးများမှ သားရေနံ့ နှင့် ဘီယာနံ့ ရောထွေးပျံ့လွင့်နေသည်။ နောက်ပြီး လူ့ခန္ဓာကိုယ် များမှ အနွေးဓာတ်လည်း ပြန့်နေသည်။ ဒါရီယာ အလုပ်ရှုပ်နေသည်။ ဘွတ်ဖိနပ်အပျော့စား စီးပြီး ဟိုသွားဒီလာလုပ်သည်။ နှင်းဆီနီရောင် ရှင်မီး အင်္ကျီအောက်မှ ရင်သားသေးသေး ကလေးများသည် လှုပ်ယမ်းနေ၏။ အိမ်ထောင်သည်ဘဝက သူမကို စိတ်ကုန်ခန်းစရာတွေ မဖြစ်ပေါ်စေသလို ခြောက်ကပ်နွမ်းလျသော စိတ်အခြေအနေမျိုးကိုလည်း ဖန်တီးပေး နိုင်ခြင်း မရှိ။ အရပ်ရှည်ရှည်၊ သွယ်သွယ်လျလျနှင့် မိုးမခပင်တပင်လို နွဲ့နှောင်းပျော့ပျောင်းသော သူမက တော့ နုပျိုသော ကလေးမကလေးတစ်ဦးလို သစ်လွင် ဆန်းနေပေသည်။
အစားအသောက်တွေ အဆင်သင့်မဖြစ်မီမှာပင် အရုဏ်ပျို့လာသည်။ ပင်တာလီမွန်က နံနက်စောစောစာ ကို ကသုတ်ကရုတ် စားသည်။ ဂျုံယာဂုကို တဖူးဖူး မှုတ်သောက်သည်။ ဂရီဂိုကတော့ ဖြည်းဖြည်းလေးလေးပဲ စားသည်။ သူ့မျက်နှာ မှုန်မှိုင်းနေသည်။ ပိုင်အိုတျာ ကတော့ ဒူနီယာကို နောက်ပြောင်ကျီစယ်ခြင်းဖြင့် အပျော်ရှာနေသည်။ ဒူနီယာ ခမျာ သွားကိုက်ဝေဒနာ ခံစားနေရပြီး သူမ၏မျက်နှာကို ပဝါစဖြင့် စည်းထားရသည်။
လမ်းပေါ်မှ စွတ်ဖားဆွဲသူများ၏ အသံဗလံတွေ ကြားရသည်။ နွားဆွဲသည့် စွတ်ဖားများသည် မှိုင်းပြာပြာ အရုဏ်ဦးအောက်တွင် ဒွန်မြစ်ရိုးတလျှောက် ရွေ့လျားနေကြသည်။ ဂရီဂိုနှင့် ပိုင်အိုတျာက သူတို့၏စွတ်ဖားများကို ကကြိုးဆင်ဖို့ အိမ်ပြင်သို့ ထွက်ကြသည်။ အိမ်ပြင်သို့ထွက်ရင်း ဂရီဂိုက သူ့မိန်းမ လက်ဆောင် ပေးထားသည့် လည်စည်းဖြင့် သူ့လည်တိုင်ကို ပတ်သည်။ သူတို့ခေါင်းပေါ်မှ ဖြတ်ကျော်ပျံသန်း သွားသည့် ကျီးတစ်ကောင်က တအားအား အော်မြည်သွားသည်။ ပျံသန်းသွားသည့် ကျီးကန်းကို လိုက်ကြည့်ရင်း ပိုင်အိုတျာ က “နွေးထွေးတဲ့ တောင်အရပ်ဆီကို ပျံသွားတာ” ဟု မှတ်ချက်ချသည်။
ပင်တာလီမွန်က နွားအိုကြီးများဆွဲသည့် စွတ်ဖားဖြင့် ဦးစွာ ထွက်သွားသည်။ သူ့သားနှစ်ယောက် နောက်မှ လိုက်လာလိမ့်မည်။ မြစ်ဖြတ်လမ်း ကုန်းဆင်း အရောက်တွင် ပိုင်အိုတျာနှင့် ဂရီဂိုတို့သည် ရှေ့မှ တရွေ့ရွေ့လှုပ်ရှားနေသည့် အနီကွတ်ရှ်ကာကို မီသွားသည်။ အနီကွတ်ရှ်ကာက သူ့နွားများနှင့် ယှဉ်ပြီး လမ်းလျှောက်လာသည်။ တုတ်တုတ်ခိုင်ခိုင်နှင့် ရောဂါသည် ဇနီးဖြစ်သူက နဖားကြိုးကို ကိုင်ထားသည်။ ပိုင်အိုတျာက အဘိုးကြီးကို လှမ်းနှုတ်ဆက်သည်။
“ဟဲလို..ဆရာကြီး၊ ခင်ဗျားမိန်းမကို ခင်ဗျားနဲ့ အတူခေါ်သွားမှာတော့ မဟုတ်ပါဘူးနော်”
အနီကွတ်ရှ်ကာ ပြုံးလျက် ညီအစ်ကိုနှစ်ယောက် ကို လှည့်ကြည့်သည်။
“ဟုတ်တယ်... ခေါ်သွားမလို့ကွ၊ အနွေးဓာတ် ကလေး ရအောင်ပါကွာ”
“ဦးလေး၊ အဒေါ်ကြီးဆီက ဘယ်အနွေးဓာတ် ရမလဲ၊ အဒေါ်ကြီးက သိပ်ပိန်လွန်းနေတဲ့ဟာကို”
“ဟုတ်ပါ့ကွာ၊ ငါလည်း သူ့ကို မုယောတွေ ကျွေးတာပါပဲကွာ၊ ဒါပေမဲ့ သူက ဖောင်းမလာပါဘူး”
သုံးယောက်သား ဆက်မောင်းသွားသည်။ သစ်တောကို နှင်းခဲများဖြင့် ရက်ယှက်ထားသည်။ ပြီးတော့ လတ်ဆတ်သော အဖြူရောင်သန့်သန့် လွှမ်းခြုံနေသည်။ အနီကွတ်ရှိကာ သူ့ခေါင်းပေါ်မှ သစ်ကိုင်းများကို သူ့ကျာပွတ်ဖြင့် တွန်းဖယ်ပစ်ရင်း ရှေ့ဆုံးမှ ဝင်သည်။ သစ်ခက်သစ်ကိုင်း များပေါ်မှ နှင်းခဲတွေ ဖွေးခနဲ ဖွေးခနဲ ကျလာပြီး သူ့ဇနီးအပေါ် ပက်ဖျန်းပြီးသား ဖြစ်နေသည်။
“လျှောက်ပြီး လက်ဆော့မနေနဲ့ ကိုအဝှာရဲ့”
အဘွားကြီးက သူမကိုယ်ပေါ်မှ နှင်းတွေ ခါချရင်း ယောက်ျားဖြစ်သူကို ငေါက်သည်။
“အဒေါ်ကြီးကို နှင်းတောထဲပစ်ချလိုက်ဗျာ” ဟု ပိုင်အိုတျာက အကြံပြုသည်။
လမ်းကွေ့ရောက်တော့ သူတို့ စတီပင်နှင့် တန်းတိုးသည်။ စတီပင်က ထမ်းပိုးတပ်ထားသည့် နွားတရှဉ်း ကို ရွာဘက်သို့ မောင်းလာသည်။
“ဟေး ... စတီပင်၊ လမ်းမှားလာတာလားကွ”
“လမ်းမှားလိုက်တာကမှ ကောင်းဦးမယ်ဗျာ၊ ကျွန်တော်တို့ လမ်းအကူးမှာ သစ်ငုတ်တိုတခုကို တိုက်မိပြီး စွတ်ဖား နှစ်ပိုင်းကျိုးသွားတယ်လေ၊ ဒီတော့ ရွာဆီ ပြန်ရဦးမှာပေါ့ဗျာ”
စတီပင် ကျိန်ဆဲသည်။ ထို့နောက် ပိုင်အိုတျာကို တွေ့တော့ သူ့မျက်လုံးတွေ ရုတ်ခြည်းမှုန်မှိုင်း သွားသည်။
“မင့်စွတ်ဖား ထားခဲ့ရတာလား”
အနီကွတ်ရှ်ကာ ချာလည်လှည့်ပြီးမေးသည်။
စတီပင် လက်ကိုဝှေ့ပြီး ကျာပွတ်ကို ရွှမ်းခနဲ မြည်အောင် ရိုက်သည်။ ပြီးတော့ ဂရီဂိုအား အေးစက် မာကျောစွာ ကြည့်သည်။ သူတို့အုပ်စု နည်းနည်းရှေ့ဆက် တိုးသွားသောအခါ လမ်းလယ်ကောင်မှာ စွန့်ပစ်ထားသည့် စွတ်ဖားတစ်စီးကို တွေ့ရသည်။ စွတ်ဖားနံဘေးတွင် မတ်တတ်ရပ်နေသူမှာ အက်စီနီယာ။ သိုးသားရေ အင်္ကျီ၏အစွန်းကို လက်ဖြင့်ကိုင်ရင်း သူတို့ လာနေသည့်ဘက်သို့ ငေးကြည့်နေသည်။
“လမ်းဖယ်ပေးမလား၊ နင့်အပေါ်က ကျော်ပြီး မောင်းသွားရမလား၊ နင်က ငါ့မိန်းမ မဟုတ်ဘူးနော်”
အနီကွတ်ရှ်ကာ ရန်လုပ်သည်။ အက်စီနီယာ အပြုံးဖြင့် လမ်းဘေးကပ်ပေးသည်။ ပြီးတော့ စွတ်ဖားပျက်ပေါ်တွင် ထိုင်လိုက်၏။
“မဟုတ်ရင် ငါ နင့်ကိုပါ ခေါ်သွားပါတယ်ဟယ်၊ ငါ့မှာ ငါ့မိန်းမ ပါလာတယ်လေ”
အနီကွတ်ရှ်ကာ သွားရင်းလာရင်း ရှင်းပြသည်။ ပိုင်အိုတျာ သူမအနီးရောက်တော့ ဂရီဂိုကို ဖျတ်ခနဲ လှမ်းကြည့်သည်။ ဂရီဂိုက နောက်ဘက် ခပ်လှမ်းလှမ်းမှာ ကျန်နေသည်။ ဂရီဂို ပြုံးသည်။ သူ့အပြုံးက မရေရာသောအပြုံး၊ ချီတုံချတုံအပြုံး။ သူ့လှုပ်ရှားမှုများတွင် စိုးရိမ်သောကနှင့် မျှော်လင့်ခြင်းများ ရောစွက်ပေါ်လွင်နေသည်။
“ဘာဖြစ်တာလဲ၊ စွတ်ဖား ထက်ပိုင်းကျိုးသွား တာလား”
ပိုင်အိုတျာ မေး၏။
“ဟုတ်ကဲ့”
ဟု အက်စီနီယာ ဖြေသည်။ ထိုင်ရာမှ ထသည်။ ပိုင်အိုတျာထံမှ လှည့်ပြီး ဂရီဂိုဘက်သို့ ကြည့်သည်။
“ဂရီဂိုပင်တာလီဗစ်ချ်၊ ကျွန်မ ရှင်နဲ့ စကား တစ်ခွန်း နှစ်ခွန်းလောက် ပြောချင်ပါတယ်”
ဂရီဂို အနီးသို့ ရောက်လာသောအခါ သူမက ပြောသည်။
နှစ်ယောက်သား တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည်။ တစ်ဦးကို တစ်ဦး အလေးထားစွာ ငေးမော ကြည့်လျက်။ အက်စီနီယာက ပတ်ဝန်းကျင်ကို သတိဖြင့် လှည့်ပတ်ကြည့်သည်။ ပြီးမှ ရီဝေသောမျက်လုံး နက်နက်များက ဂရီဂို၏ မျက်နှာပေါ်တွင် ပြန်လည် စတည်းချသည်။ သူမ၏နှုတ်ခမ်း ခြောက်ကပ်သွားသည်။ ပါးပြင်နှစ်ဖက်ပေါ်တွင် ရှက်ခြင်းနှင့် ပျော်ရွှင်ခြင်း သွေးရောင်များ လွှမ်းနေသည်။ သူမ၏အသက်ရှူသံ မမှန်တော့။
နောက်ထပ် လမ်းတကွေ့ အရောက်တွင် အနီကွတ်ရှ်ကာနှင့် ပိုင်အိုတျာတို့ ဝက်သစ်ချပင်စည်ကြီး များနောက်သို့ ဝင်ရောက် ပျောက်ကွယ်သွားကြသည်။
“ဘယ်လိုလဲ ဂရစ်ရှ်ကာ၊ ကျွန်မကတော့ ရှင် ဖြစ်စေချင်တဲ့အတိုင်း နေတာပဲ။ ဒါပေမဲ့ ရှင်မရှိဘဲ နေနိုင် လောက်တဲ့ အင်အားမျိုး ကျွန်မမှာ မရှိပါဘူးကွယ်”
သူမက ခိုင်ခိုင်မာမာပြောသည်။ ပြီးတော့ နှုတ်ခမ်း နှစ်လွှာကို တင်းတင်းစေ့ပြီး အဖြေကို စောင့်မျှော်နေသည်။
ဂရီဂို ဘာမျှ ပြန်မပြော။ တိတ်ဆိတ်ခြင်းက တောအုပ်ကို စီးမိုးထားသည်။ ချောမွေ့သော လမ်းမျက်နှာပြင်သည် စွတ်ဖားများကြောင့် ပြောင်ချောနေသည်။ မှုန်မှိုင်းသော မိုးကောင်းကင်၊ ရွံ့အပြီး ထာဝစဉ်ငိုက်မျဉ်းနေသည့် တောအုပ်ကြီး။ ဂရီဂို၏ အာရုံတွေ ပျံ့လွင့်နေသည်။ တောကျီးကန်းတစ်ကောင် ၏ မြည်ကြွေးသံက သူ့အား ယာယီ အာရုံပျံ့လွင့်နေခြင်းမှ လှန့်နှိုးလိုက်၏။ သူ့ဦးခေါင်းကို မော့သည်။ ပျံသန်းသွားသည့် ငှက်ကို လိုက်ကြည့်သည်။ သူ့ကိုယ် သူပင် မထင်မှတ်ဘဲ ပါးစပ်မှ လွှတ်ခနဲပြောလိုက်မိ၏။
“ရာသီဥတုက နွေးထွေးလာမယ့်သဘောပဲ၊ အဲဒီ ငှက်က နွေးထွေးရာကို ဦးတည်ပျံသန်းနေတာ”
စတင် ပြောဆိုရင်း အက်ကွဲစွာရယ်မောသည်။
“ကဲ …”
ရီဝေသောမျက်လုံးများကို အက်စီနီယာဘက်သို့ လှည့်သည်။ ပြီးတော့ ရုတ်ခြည်းဆိုသလို မိန်းကလေး ကို သူ့ဆီသို့ ဆွဲယူလိုက်သည်။
(၄)
ဆောင်းကာလ၏ ညခင်းများတွင် ရွာသား အုပ်စုကလေး တစုသည် လုကိရှ်ကာ၏ အိမ်ရှိ စတော့မင်း၏ အခန်းထဲတွင် စုဝေးလေ့ရှိသည်။ သူတို့အုပ်စုထဲတွင် ခရစ်စတိုနီယာ ဂျုံစက်မှ ဗဲလက်၊ အမြဲတမ်း ပြုံးနေသော ဒေးဗစ် (ယခု အလုပ်လက်မဲ့ ဖြစ်နေတာ သုံးလရှိပြီ)၊ စက်ဆရာ အိုင်ဗင် အလက်ဇီ ကော့လီယာရော့ဗ်တို့ ပါဝင်သည်။ တစ်ခါတစ်ရံတွင် ဖိနပ်ချုပ်သမား ဖီလ်ကာနှင့် အမြဲတမ်း မပျက်မကွက် လာရောက်သူများမှာ စစ်မှုမထမ်းရသေးသည့် လူငယ် ကော့ဆက်ကလေး မီရှာ ကော့ရှီဗွိုင်တို့ ဖြစ်၏။
ပထမတော့ သူတို့ ဖဲရိုက်ကြသည်။ ထို့နောက်မှာတော့ စတော့မင်းက နီကရာဆော့ဗ်၏ ကဗျာစာအုပ်ကို ထုတ်လာတတ်သည်။ အထဲမှာပါသည့် ကဗျာများကို အသံထွက်ပြီး ဖတ်ကြသည်။ သူတို့ နှစ်သက်ကြသည်။ သဘောကျ ကြသည်။ ထို့နောက် နီကီတင်၏ ကဗျာများကို ဆက်ဖတ်ကြသည်။ ခရစ္စမတ် ပွဲတော် ကျရောက်ခါနီးလောက်တွင် စတော့မင်းက လက်ကမ်းစာအုပ်ငယ် ကလေးတအုပ် ထုတ်လာသည်။ ထိုစာအုပ်ကလေးကို ဖတ်ကြည့်ဖို့ အကြံပြုသည်။ စာအုပ်ကလေး၏ စာရွက်ထောင့်စွန်းများမှာ လိပ်နေသည်။ ကြိုးဖြင့်ချုပ်ထားခြင်း မရှိ။ ကြည့်ရတာ ဖန်တစ်ရာတေအောင် ဖတ်ထားပုံရသည့် စာအုပ်ကလေး။ သမ္မာကျမ်းစာကျောင်း တက်ဖူးသည့် ကော့ရှိပြိုင်က ပေကျံချွဲကျိနေသော စာမျက်နှာများ ပေါ်မှ စာများကို အထင်သေးစွာ အသံထွက်ဖတ်သည်။
“စာရွက်တွေက ချွဲကျိလွန်းလို့ ဂျုံခေါက်ဆွဲတောင် ထုတ်လို့ရတယ်”
သူက ရွံရှာစက်ဆုပ်စွာပြောသည်။ ခရစ္စတိုနီယာ ဝါးလုံးကွဲရယ်သည်။ ဒေးဗစ်က ဝင်းပစွာပြုံးသည်။ သို့သော် စတော့မင်းက သူတို့၏ ပျော်ရွှင်မြူးထူးသံတွေ တိတ်သွားအောင် စောင့်နေပြီးမှ ပြောသည်။
“မီရှာ ဖတ်ကြည့်ကွ၊ စိတ်ဝင်စားစရာ ကောင်းတယ်၊ ကော့ဆက်တွေအကြောင်း ရေးထားတာ”
စားပွဲပေါ်သို့ သူ့ခေါင်းကို ငိုက်လိုက်ပြီး မီရှာ စက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ဖတ်ရသည်။
“ဒွန်ကော့ဆက်များအကြောင်း သမိုင်းအကျဉ်း”
ထို့နောက် သူ့နံဘေးပတ်လည်ကို မျှော်လင့်တကြီး လှည့်ပတ်ကြည့်သည်။
“ဖတ်ပါကွ”
စက်ဆရာအိုင်ဗင်က အမိန့်ပေးလိုက်၏။
သူတို့ သုံးညဆက်တိုက် ခက်ခဲပင်ပန်းစွာ ဖတ်ကြသည်။ အတိတ်ကာလ၏ လွတ်လပ်သော ဘဝ အကြောင်း၊ ပူဂါချော့ဗ်အကြောင်း၊ စတင်ကာရာဇင်နှင့် ဗာဆလီဆူလိုဗင်တို့အကြောင်း၊ နောက်ဆုံးကျတော့ မကြာသေးသော ခေတ်ကာလများ အကြောင်း၊ အမည်မသိ စာရေးဆရာက ကော့ဆက်များ၏ ဆင်းရဲပင်ပန်းသော ဖြစ်တည်မှု အကြောင်းများကို အထင်သေးစွာ စကားတင်းဆို ထားသည်။ ကော့ဆက်များ၏ ဖြစ်တည်မှု အကြောင်းများကို သူက သရော် လှောင်ပြောင်ထားသည်။ ပြီးတော့ အာဏာပိုင်များနှင့် အုပ်ချုပ်ရေးစနစ် အကြောင်းများကို ပညာသားပါပါနှင့် ထက်ထက် မြက်မြက် ထောက်ပြဝေဖန်သွားသည်။ သူဝေဖန်သည့် အထဲတွင် ဇာဘုရင်၏ အစိုးရအဖွဲ့အကြောင်း ပါသည်။ ကော့ဆက်တွေ အုပ်ချုပ်သူ လူတန်းစားများ၏ သက်တော်စောင့်များအဖြစ် သူတို့ကိုယ်သူတို့ ရောင်းစားခဲ့ပုံ များအကြောင်းလည်း ပါသည်။ မိရှာ ဖတ်ပြသည်ကို နားထောင်သူများ စိတ်တွေ လှုပ်ရှားတက်ကြွလာသည်။ သူတို့ အချင်းချင်း ငြင်းကြခုံကြရင်း ရန်ဖြစ်ကြသည်။ စတော့မင်းကတော့ တံခါးဝမှာ ထိုင်ပြီး ဆေးလိပ်သောက်သည်။ ပြုံးပြုံးကြီး လုပ်နေသည်။
“မှန်တယ်၊ သူပြောတာ အားလုံး အမှန်တွေ ချည်းပဲ”
ရေစတိုနီယာ ရင်ဖွင့်သည်။
စက်ဆရာ ကော့လီယာရောင်ကတော့ ကော့ဆက် ဓလေ့ထုံးစံများကို အရိုးထဲစွဲနေအောင် ယုံကြည်သူ၊ သူက ကော့ဆက်များဘက်မှ အသည်းအသန် ကာကွယ်ပြောဆိုသည်။ ထိုသို့ပြောဆိုသောအခါ သူ့ မျက်လုံး ဝိုင်းဝိုင်းကြီးတွေ အရောင်တလက်လက် တောက်နေသည်။
“မင်းက လယ်သမားရဲ့သား တောသားပါကွာ၊ မင်းရဲ့ ကော့ဆက်သွေးတစက်ကြောင့် ဘာမှထူးခြားလာမှာ မဟုတ်ပါဘူး။ နှမ်းစေ့ တစေ့ကြောင့် ဆီမဖြစ်သလိုပေါ့။ မင့်အမေ ကိုဗိုရိုနက်စ်က တောသား တစ်ယောက်နဲ့ စပ်ဟပ် ပေးစားခဲ့တာပါကွာ”
“ခင်ဗျားက အရူးပဲ၊ ခင်ဗျား အရူးမှ တကယ့် အရူးကြီးပဲ”
ခရစ္စတိုနီယာ ဒေါနှင့်မောနှင့်ပြောသည်။
“တော်စမ်းပါ တောသားရယ်”
“နေစမ်းပါဦး၊ တောသားတွေကရော ခင်ဗျားလို ယောက်ျား မဟုတ်လို့လား”
“သူတို့ဟာ တောသားတွေ လေကွာ၊ လျှော်ပင်တွေ သစ်ခက်သစ်လက် အတိုအစတွေနဲ့ ထုလုပ်ထားတဲ့ တောသားလေး တွေပေါ့”
“ကျွန်တော် စိန့်ပီတာစဘတ်မှာ အမှုထမ်းတုန်းက တွေ့ခဲ့ကြုံခဲ့ရတာတွေ အများကြီးပေါ့ အစ်ကိုရယ်၊ တခါဆို ကျွန်တော်တို့ ဇာဘုရင်ရဲ့ နန်းတော် အတွင်းရော အပြင်ပါ အစောင့် ကျခဲ့တယ်လေ။ ကျွန်တော်တို့ နှစ်ယောက်တတွဲ မြင်းနဲ့လှည့်ပြီး လုံခြုံရေးတာဝန် ယူရတယ်။ ကျွန်တော်နဲ့ နောက်တစ်ယောက်က ဒီဘက်ကိုလာရင် နောက်တတွဲက ဟိုဘက်ကို သွားရတယ်လေ။ ကျွန်တော်တို့ချင်း ပြန်ဆုံမိတဲ့အခါကျ “အားလုံး ငြိမ်ငြိမ်သက်သက် ပဲလား၊ ရုတ်ရုတ် သဲသဲ ဖြစ်တဲ့နေရာ ရှိသေးလား” လို့ တဖွဲ့ကို တဖွဲ့က မေးကြရတယ်။ ပြီးတော့ ကိုယ့်လမ်းကိုယ် ဆက်စီးသွားရတယ်။ ကျွန်တော်တို့ချင်း ရပ်ပြီး စကားပြောနေခွင့် မရှိဘူး။
“နောက်ပြီး သူတို့က ကျွန်တော်တို့ကို လူကြည့်ပြီး ရွေးကြတာဗျ။ ကျွန်တော်တို့ ရုပ်ချင်းဆင်ရတယ်၊ လူလုံး လူဖန်လည်း ခပ်ဆင်ဆင်ဖြစ်ရမယ်။ တခါဆို ကျွန်တော့်အတွဲနဲ့ ကျွန်တော် ရုပ်ချင်းမဆင်လို့ ကျွန်တော် မုတ်ဆိတ်မွေး ကို ဆေးဆိုးလိုက်ရပါပကော။ ဟိုကောင့် မုတ်ဆိတ်က အုန်းခွံရောင်လေ။ သူနဲ့ အတူတွဲဖို့ ဆင်တူသူတစ်ဦး တွေ့လိုတွေ့ငြား တပ်ရင်းတခုလုံး မွှေနှောက်ရှာသေးတယ်။ ဒါပေမဲ့ တစ်ယောက်မှမရှိဘူး။ ဒီတော့ ကျွန်တော့်ကို ဆံပင်ညှပ်သမားဆီ လွှတ်ပြီး ကျွန်တော့်မုတ်ဆိတ်ကို ဆေးဆိုးခိုင်းကြတယ်လေ။ နောက်ပိုင်း မှန်ထဲကြည့်မိတော့မှ ကျွန်တော် အသည်းကွဲ တော့တာပဲဗျို့၊ ကျွန်တော် စိတ်ဆင်းရဲလိုက်တာမှ ပြောမနေပါနဲ့တော့ဗျာ”
“ဟုတ်ပါပြီ ခရစ္စတိုနီယာ၊ မင်းပြောနေတာတွေက တို့မေးနေတဲ့ မေးခွန်းနဲ့ ဘာဆိုင်လို့တုံး၊ မင်းက ငါတို့ကို ဘာပြောပြမှာလဲ”
ကော့လီယာရော့ဗ် ကြားဖြတ်ပြောသည်။
“လူတွေအကြောင်း ပြောပြမလို့ပါ၊ တစ်ခါက ကျွန်တော် နန်းတော်ပြင်ပမှာ လုံခြုံရေးအစောင့်ကျတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ရဲဘော်တို့ မြင်းနဲ့ လှည့်ပတ် ကင်းလှည့်နေတုန်း စာသင်သားတချို့ လမ်းထောင့် တချို့ကနေ ပြေးလာ ကြတယ်။ ကျွန်တော်တို့ကိုလည်း တွေ့ရော ‘အား’ လို့ အော်လိုက်ကြတယ်။ နောက်ပြီး ‘ဟား’ လို့ ထပ်အော် ပြန်တယ်။ သူတို့ကို လမ်းဖယ်ပေးဖို့တောင် မပြောလိုက်ရမီ သူတို့က ကျွန်တော်တို့ကို ဝိုင်းပတ်ထားလိုက်တော့တယ်။
ပြီးတော့ မေးသေးတယ် ‘ကော့ဆက်ရဲဘော်ကြီးတွေ၊ ခင်ဗျားတို့ မြင်းစီးပြီး ဘာလျှောက်လုပ်နေတာလဲ ဟင်’ တဲ့။ ဒီတော့ ကျွန်တော်ကပြောတယ်၊ “ငါတို့ ကင်းလှည့်နေတာကွ၊ မြင်းကကြိုးတွေကို လွှတ်လိုက်စမ်း” လို့။ နောက်ပြီး ဓားရိုးပေါ် လက်တင်လိုက်တယ်။ “ကျွန်တော့်ကို မယုံသင်္ကာ မဖြစ်ပါနဲ့ ကော့ဆက်ရဲဘော်ကြီးရယ်၊ ကျွန်တော် ကိုယ်တိုင်က ကာမင်စကာ ခရိုင်ကပါ။ ခုလောလောဆယ် တက္ကသိုလ်မှာ ပညာ ဆည်းပူးနေပါတယ်” လို့ သူတို့အထဲက တစ်ယောက်က ပြောတယ်၊ ဒါနဲ့ ကျွန်တော်တို့ ဆက်စီးသွားဖို့ ဟန်ပြင်တော့ အဲဒီကောင်လေးက ရူဘယ်တစ်ဆယ်တန် တရွက် ထုတ်ယူပြီး ပြောတယ်။ ‘ကွယ်လွန်သွားတဲ့ ကျွန်တော့်ဖေဖေအတွက် ဆုမွန်ကောင်းတောင်းတဲ့အနေ နဲ့ တခွက် တဖလား သောက်ကြပါခင်ဗျာ’ နောက်ပြီး သူ့အိတ်ထဲက ဓာတ်ပုံတပုံ ထုတ်ယူပြီး ပြောတယ် “ဟောဒီမှာ ဒါ ကျွန်တော့် အဖေပဲ၊ အမှတ်တရအနေနဲ့ ဒီပုံကလေး သိမ်းထားပေးပါဗျာ” တဲ့။ ကျွန်တော်တို့ ယူထားလိုက်တယ်။ သူတို့ ခခယယ ပေးနေတာကို မငြင်းရက်ဘူးလေ။ သူတို့လည်း သူတို့လမ်း သူတို့ ဆက်သွားတာပါပဲ။
“အဲဒီအချိန်မှာပဲ နန်းတော်နောက်ဘက် တံခါးပေါက်ထဲက အရာရှိတစ်ယောက်နဲ့ တပ်သားတစု ပြေးထွက် လာတာ တွေ့လိုက်ရတယ်။ “အဲဒီကောင်က ဘယ်သူလဲ” လို့ စစ်ဗိုလ်က... အော်ပြီးမေးတယ်၊ ကျောင်းသားတွေ၊ ကျွန်တော်တို့နဲ့ ရပ်ပြီးစကားပြော နေကြတာပါ ဆိုတဲ့အကြောင်း ကျွန်တော် ရှင်းပြတယ်။ ညွှန်ကြားချက်အတိုင်း သူတို့ကို ခြိမ်းခြောက်ပြီး နှင်ထုတ်ချင်ကြောင်း၊ ဒါပေမဲ့ သူတို့ဘာသာသူတို့ ထွက်သွားကြတဲ့အကြောင်း ပြောပြရတာပေါ့။ ဒါနဲ့ ကျွန်တော်တို့ တာဝန်ချိန်ပြီးသွားတော့ ကျွန်တော်တို့ရဲ့ တပ်ကြပ်ကို ရူဘယ်တစ်ဆယ် အပ်ပြီး ဒီည အဲဒီ ကျောင်းသား လေးရဲ့ အဖေကြီးအတွက် ဆုမွန်ကောင်း တောင်းပေးတဲ့အနေနဲ့ အရက်နည်းနည်း သောက်ချင်ကြောင်း ပြောရတာပေါ့။ အဘိုးကြီးရဲ့ ဓာတ်ပုံကိုလည်း ထုတ်ပြလိုက်တယ်လေ။ ဒါနဲ့ တပ်ကြပ်က ဗော့ဒကာတွေ ဝယ်လာပေးတယ်။ ကျွန်တော်တို့ နှစ်ရက်လောက် အူစိုသွားတာပေါ့ဗျာ။
“အဲဒီနောက်မှာမှ ကျွန်တော်တို့ သိလာရတာက အဲဒီကျောင်းသား ပေးသွားတဲ့ ဓာတ်ပုံဟာ ဂျာမနီက သူပုန် ခေါင်းဆောင်ကြီး ရဲ့ဓာတ်ပုံဆိုပဲ။ ကျွန်တော်ကဖြင့် အဲဒီဓာတ်ပုံကို ကျွန်တော့်ခုတင် ခေါင်းရင်းမှာတောင် ချိတ်ဆွဲထား လိုက်သေး။ သူ့မုတ်ဆိတ်မွေးတွေက အဖြူရောင်သမ်းလို့။ သူ့ပုံပန်းက ယဉ်ယဉ်ကျေးကျေး ဖော်ဖော်ရွေရွေပုံမျိုးပါ။ ကုန်သည်ကြီး တစ်ယောက်လိုပဲ။ နောက်တော့ တပ်စုမှူးက အဲဒီဓာတ်ပုံကို တွေ့သွားပြီး မေးတော့တာပါပဲ။ ‘အဲဒီဓာတ်ပုံ မင်း ဘယ်ကရသလဲး တဲ့လေ။ ဒီတော့ ကျွန်တော် ဇာတ်ကြောင်း လှန်ပြတာပေါ့။ အဲဒီမှာ တပ်စုမှူးက တဝါးဝါး တဟားဟား ရယ်တော့တာပဲ။ “အဲဒါ ဘယ်သူလဲဆိုတာ မင်း သိရဲ့လား” လို့ မေးတယ်။ ဒီအဘိုးကြီးက သူတို့ရဲ့ဥက္ကဋ္ဌ ကားလ်..။ ဟာ… ဒုက္ခပါပဲ၊ သူ့နာမည် ကျွန်တော် မေ့နေပြီ။ နေပါဦး၊ ဘယ်သူပါလိမ့်”
“ကားလ်မတ်စ်လား”
စတော့မင်း ပြုံးဖြီးဖြီးဖြင့် မေးသည်။
“ဟား ... ဟုတ်တယ်၊ ကားလ်မတ်စ်”
ခရစ္စတိုနီယာ ဝမ်းသာအားရ ကြွေးကြော်သည်။
“ဒါပေမဲ့ ကျွန်တော်တို့ သောက်ပစ်လိုက်တာ ရူဘယ်တစ်ဆယ် ကုန်သွားပြီလေ။ ကျွန်တော်တို့ ဆုတောင်းသမှု ပြုပြီး သောက်တာ မုတ်ဆိတ်မွေးကြီး ဖားဖားနဲ့ ကားလ်မတ်စ် အတွက်လေ။ ဘာပဲဖြစ်ဖြစ် သောက်ပြီးသွားပြီ”
“သူ့ကို အမှတ်တရ တောင်းဆုပြုပြီး သောက်ထိုက်ပါတယ်ကွာ”
စတော့မင်း ပြုံးသည်။ လက်ထဲမှ စီးကရက်စွပ်တံ ကလေးကို လှည့်ပတ်ကစားနေသည်။
“ဘာဖြစ်လို့လဲ၊ သူက ဘာတွေ ကောင်းကျိုးပြု ခဲ့လို့လဲ”
“နောက်ညကျရင် ပြောပြမယ်၊ ခုတော့ ညဉ့်နက်နေပြီ”
စတော့မင်း စီးကရက်စွပ်တံကလေးကို လက်ညှိုးနှင့် လက်ခလယ်ကြားထဲ ညှပ်ထားသည်။ ပြီးတော့ စွပ်တံ ထဲတွင် မီးသေနေပြီဖြစ်သည့် စီးကရက်တိုကို အခြားလက်တဖက်ဖြင့် တောက်ထုတ်လိုက်၏။
အချိန်တော်တော်ကြာကြာပေးပြီး စစ်ဆေးမှုများ၊ ရွေးချယ်မှုများ ပြုလုပ်ပြီးသောအခါ လက်ရွေးစင် လူ ဆယ်ယောက် အုပ်စုကလေး ဖြစ်လာသည်။ လက်ရွေးစင် ကော့ဆက်အုပ်စု ကလေးသည် စတော့မင်း၏ အလုပ်ရုံတွင် ပုံမှန် တွေ့ဆုံကြသည်။ သူတို့အုပ်စု၏ အသက် ဝိညာဉ်မှာ စတော့မင်း ဖြစ်၏။ သူက သူ့ရင်ထဲမှာ ရှိနေတာတွေကို ဖွင့်ထုတ်ဆွေးနွေးသည်။ ထမင်းစား ရေသောက်သလို ရိုးရိုးရှင်းရှင်းကလေး။ သူပြောသွားသည့် အသိအမြင်တွေ၊ အယူအဆတွေ ထဲတွင် လက်ရှိတည်နေဆဲ အုပ်ချုပ်ရေးစနစ်အပေါ် မုန်းတီးစက်ဆုပ်မှုတွေ၊ အော့နှလုံးနာမှုတွေ၊ ဘဝင်မကျမှု တွေကို ထည့်သွင်း မြှုပ်နှံထားသည်။ ကနဦးပိုင်းတွင် အေးစက်မာကျောသော ဆန့်ကျင်မှုများ၊ မယုံကြည်မှု များနှင့် ရင်ဆိုင်ရ၏။ သို့သော် ပစ်ပစ်ခါခါ တူးတူးခါးခါး ဆန့်ကျင်မှုမျိုးကိုတော့ မကြုံရပေ။
(၅)
ဒွန်မြစ်ဘယ်ဘက်ကမ်းရှိ သဲလွှမ်းသော ကုန်းလျှောပေါ်တွင် ဗီရှင်စကာရွာ အုပ်ချုပ်ရေးရုံး ရှိသည်။ ဒွန် မြစ်ညာပိုင်းရှိ ရှေးဟောင်းအကျဆုံး ခရိုင်အုပ်ချုပ်ရေးရုံး များထဲတွင် တခုအပါအဝင်ဖြစ်သည့် ရုံးပါတည်း။ ဟိုးယခင် ကတော့ ၎င်းရွာကလေးကို ချီဂိုနက်ရွာဟု ခေါ်တွင်ခဲ့သည်။ သို့သော် ပထမပီတာဘုရင်လက်ထက် တွင် ၎င်းရွာကလေးကို စိစိညက်ညက်ကြေအောင် ချေမှုန်းဖျက်ဆီးခြင်း ခံခဲ့ရသည်။ ထိုနောက်ပိုင်းတွင်မှ ၎င်းရွာကလေးကို ဗီရှင်စကာရွာဟု ကင်ပွန်းတပ်ပြီး တကျော့ပြန် ထူထောင်ခဲ့ကြသည်။ ဗီရှင်စကာ ရွာကလေးသည် ဗိုရိုနက်စ်မြို့မှ အဇော့ဗ်မြို့သို့ စုန်ဆင်း သွားသည့် ရေလမ်းကြောင်း၌ အရေးပါ အချက်အချာကျသည့် ရွာကလေးလည်း ဖြစ်ပေသည်။
ဗီရှင်စကာ ရွာကလေးသည် အဝါရောင် သဲတောင်ပူစာများပေါ်တွင် တည်နေသည်။ ခြောက်ခြောက် ကပ်ကပ်နှင့် ပျော်ရွှင်ကြည်နူးစရာ မကောင်းသည့် ရွာကလေး။ ထိုရွာတွင် ဥယျာဉ်များ မရှိ၊ သစ်သီးခြံများ မရှိ။ ဗဟို ကွက်လပ်ပေါ်တွင် ပြာမှိုင်းမှိုင်း ဘုရားရှိခိုး ကျောင်းအိုကြီး ရှိသည်။ ဗဟိုကွက်လပ်မှ ဖြာထွက်သွားသည့် လမ်းခြောက်သွယ် သည် ဒွန်မြစ်နှင့် မျဉ်းပြိုင် ပြေးနေသည်။ ဒွန်မြစ်ကွေ့ တနေရာတွင်မူ ဘာစကာ ဆိုသည့်ကန်ကြီး ရှိသည်။ ၎င်းကန်ကြီးသည် ရေကျချိန်တွင် ဒွန်မြစ်ပြင် ကျယ်သလောက်ပင် အကျယ်အဝန်း ရှိသည်။ ဗီရှင်စကာရွာ၏ တဖက်စွန်းသည် ဘာစကာကန်နှင့် ထိစပ်နေသည်။
ရွာမြောက်ဘက်တွင် တမျှော်တခေါ် တပြန့်တပြောကြီး ရှိနေသည်မှာ အဝါရောင်သဲပြင်ကြီး။ ထင်းရှူးပင်တွေ ကျဲတိကျဲတောက် ရှိသည်။ သံချေးရောင် လွှမ်းသည့် ရေတွေထဲတွင် ရပ်တည်နေသည့် တောတန်းကလေး။ သဲတွေအတိ လွှမ်းသော လွင်ပြင်ကြီးထဲမှာမှ ရွာသူ ရွာသားများ ကွန်းခိုအားထားရာ အိုအေစစ် ကဲ့သို့သော အကွက်ကလေးများ ရှိ၏။ ၎င်းအကွက် ကလေးများတွင် ယိမ်းယိမ်းနွဲ့နဲ့ မိုးမခပင်များ ပေါက်နေသည်။ စိမ်းစိမ်းမြမြ မြက်ခင်းများ ရှိသည်။
ဒီဇင်ဘာလ၏ တနင်္ဂနွေတစ်နေ့တွင် ခရိုင်တွင်းရှိကျေးရွာများမှ ကော့ဆက်လူငယ် စုစုပေါင်း တစ်ထောင့် ငါးရာ လောက်သည် ဘုရားကျောင်းအိုကြီး ပြင်ပရှိကွက်လပ်ထဲတွင် စုဝေးနေကြ၏။ သူတို့ စုဝေးလို့ ပြီးသောအခါ သူရသတ္တိ ပြည့်စုံဟန်ရှိသော ဝါရင့် တပ်ကြပ်ကြီးတစ်ဦးက အမိန့်ပေးလိုက်၏။ သူ့ရင်ဘတ်ပေါ်တွင် သူ၏စစ်သက်ကို ဖော်ပြ နေသည့် အဆင်တန်ဆာများ၊ တံဆိပ်များ တပ်ဆင်ထားသည်။ တပ်ကြပ်ကြီး၏ အမိန့်အား ကော့ဆက်လူငယ်တွေ ရှည်ရှည်လျားလျား တန်းနှစ်တန်းအဖြစ် မညီမညာ တန်းစီလိုက်ကြ၏။ ထိုအခိုက် ဘုရားကျောင်း ပရိဝုဏ်ထဲသို့ ကော့ဆက်အဖွဲ့ ဥက္ကဋ္ဌနှင့် သူ့အမှုထမ်းများ တန်းစီ ဝင်လာသည်။ ဥက္ကဋ္ဌက အခမ်းအနားနှင့် လိုက်လျော ညီထွေဖြစ်သော အရာရှိဝတ်စုံ အသစ်ကျပ်ချွတ်ကို ဝတ်လာသည်။ သူ့မြင်းစီးဖိနပ်မှ သံဆူးများက တချွင်ချွင်မြည်လျက်။
ဥက္ကဋ္ဌနောက်မှ ခြေနှစ်လှမ်းစာလောက် ခွာပြီး လိုက်လာသည့် ဝါရင့်တပ်ကြပ်ကြီးက ဖနောင့်ရိုက် အလေးပြုပြီး အော်ဟစ်အမိန့်ပေးလိုက်သည်။
“ညာညှိ..ချီတက်”
ကော့ဆက်လူငယ်တန်း နှစ်တန်းသည် ဂိတ်ပေါက် တံခါးဝကြီးဆီသို့ တန်းစီ ချီတက်သွားသည်။ ဘုရားကျောင်း ခေါင်းလောင်းသံက သူတို့၏ ခြေသံပြင်းပြင်း နှင့် စည်းချက်ညီညီ ထွက်ပေါ်နေသည်။
ရွာဘုန်းတော်ကြီး တိုင်တည်ရွတ်ဆိုနေသည့် သစ္စာအဓိဋ္ဌာန်ပြုချက်များကို ဂရီဂို အရေးစိုက်မနေ။ သူ့နံဘေးတွင် ရပ်နေသူမှာ မစ်ကာကော်ရှူနော့ဗ်။ သူ စီးထားသည့် ဖိနစ်သစ်ကြောင့် သူ့ခြေထောက် နာကျင်ပြီး သူ့မျက်နှာ ရှုံ့မဲ့နေသည်။ သစ္စာအဓိဋ္ဌာန် ဆိုနေချိန်တွင် လက်တဖက်ကို မြှောက်ပြီး ရှေ့သို့ တန်းထားရသည့်အတွက် ဂရီဂိုလက်မှာ ထုံထိုင်း ညောင်းညာနေပြီ။ သူ့စိတ်ထဲတွင်မူ အတွေးပေါင်းစုံက သူ့ထက်ငါ လုယက်နေရာယူနေသည်။ လက်ဝါးကပ်တိုင်အောက်မှ ဖြတ်သွားရင်း နှုတ်ခမ်းပေါင်းစုံဖြင့် နမ်းထားသဖြင့် စိုထိုင်းနေပြီဖြစ်သော ငွေသား လက်ဝါးကပ်တိုင်ကို နမ်းလိုက်၏။ ထိုသို့ နမ်းလိုက်ချိန်တွင် သူ သတိရမိသည်မှာ သူ့မိန်းမ အက်စီနီယာ။
အခမ်းအနား ပြီးဆုံးသွားသောအခါ ကွက်လပ်တွင်းသို့ ချီတက်ကြသည်။ နောက်တကြိမ် တန်းစီ မတ်တတ်ရပ်ရ ပြန်သည်။ တပ်ကြပ်ကြီးက နှပ်ညှစ်သည်။ ပြီးတော့ သူ့လက်ချောင်းများကို ကုတ်အင်္ကျီဖြင့် မသိမသာသုတ်သည်။ သူက တန်းစီရပ်နေသည့် ကော့ဆက်လူငယ်များအား မိန့်ခွန်းပြောသည်။
“ခုဆိုရင် မင်းတို့ဟာ သူငယ်ကလေးတွေ မဟုတ်တော့ဘူး။ မင်းတို့ဟာ ကော့ဆက်တွေ ဖြစ်လာပြီ။ မင်းတို့ သစ္စာအဓိဋ္ဌာန်ပြုထားကြပြီ။ မင်းတို့ ဆိုခဲ့တဲ့ သစ္စာ၊ ပြုခဲ့တဲ့ အဓိဋ္ဌာန်ရဲ့ အဓိပ္ပာယ်ကို မင်းတို့ သိနားလည်ထားရမယ်။ ခုဆိုရင် မင်းတို့ဟာ ကော့ဆက်များအဖြစ် လူလားမြောက်လာပြီ။ ဒါကြောင့် မင်းတို့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်း စောင့်ရှောက် ရမယ်။ မင်းတို့ အဖေ၊ အမေ ...စတဲ့ လူကြီးသူမများရဲ့ စကားကို နာခံကြရမယ်။ တချိန်ကတော့ မင်းတို့ဟာ လူငယ်ကလေးတွေပဲ။ ရွာထဲမှာ မင်းတို့ ပြေးလွှား ဆော့ကစား ခဲ့ကြတယ်။ ရွာလမ်းမပေါ်မှာ သူခိုး ပုလိပ် ကစားနည်း တောင် ကစားကောင်း ကစားခဲ့ကြမယ်။ ဒါပေမဲ့ ခုတော့ မင်းတို့ ကိုယ့်အနာဂတ်အကြောင်း ကိုယ် စဉ်းစားရတော့မယ်။ နောက်တစ်နှစ်အတွင်း စစ်တပ်မှာ အမှုထမ်းဖို့ မင်းတို့ကို ဆင့်ခေါ်လိမ့်မယ်”
သည်နေရာရောက်တော့ တပ်ကြပ်ကြီး နှပ်ညှစ်ပြန်သည်။ သူ့လက်တွေကို သုတ်သည်။ ပြီးတော့ သားမွေး လက်အိတ်တွေ စွပ်လိုက်ခြင်းဖြင့် ပေကျံနေသည့် လက်ကိစ္စကို ရှင်းလိုက်သည်။
“နောက်ပြီး မင်းတို့ အဖေနဲ့ အမေက မင်းတို့ကို လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ တပ်ဆင်ပေးဖို့ စဉ်းစားရမယ်။ မင်းတို့ကို သူတို့ စစ်မြင်းတစ်ကောင်စီ တပ်ဆင်ပေးရမယ်။ နောက်ပြီး အကြမ်းဖျင်းအားဖြင့်... ကဲ... ခုလောလောဆယ် မင်းတို့ အိမ်ပြန်နိုင်ပြီ။ ဘုရားသခင် စောင့်ရှောက်ပါစေ ကလေးတို့”
(၆)
ဂရီဂိုနှင့် မစ်ကာ သူတို့ရွာမှ အခြားလူငယ်များ ကို စုစည်းခေါ်ငင်ပြီး တတာ့ရက်(စ)ခ် ရွာဘက်သို့ ပြန်ခဲ့ကြ၏။
ရွာသို့ သူတို့ရောက်ချိန်တွင် နေဝင်ရီတရော ဖြစ်နေပြီ။ ဂရီဂိုက အိမ်လှေကားထစ်များအတိုင်း တက်သွားပြီး အတွင်းဘက်သို့ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည်။ ချိတ်ဆွဲထားသော မီးအိမ်မှ ဝါကြန့်ကြန့် အလင်းရောင်များ အခန်းထဲ ပြန့်ကျဲနေသည်။ ထို အလင်းရောင်ထဲတွင် ပိုင်အိုတျာ မတ်တတ်ရပ်နေသည်။ ပြတင်းပေါက်ကို ကျောခိုင်း ထားသည့် ဂရီဂို က သူ့ဖိနပ်ပေါ်မှ နှင်းများကို တံခါးဝတွင် ထောင်ထားသည့် သစ်ခက်တံမြက်စည်းရှည်ဖြင့် သပ်ချသည်။ နောက်ပြီး ရေနွေးငွေ့တွေ လှိုင်လှိုင်ထသည့် အခန်းထဲ သို့ ဝင်ခဲ့သည်။
“ကဲ..ကျွန်တော် ပြန်ရောက်ပါပြီ”
သူ ကြေညာလိုက်၏။
“မင်း မြန်သားပဲ၊ မင်းတို့ သွေးခဲနေမှာပဲနော်”
ပိုင်အိုတျာ စိုးရိမ်စိတ်ဖြင့် သုတ်သုတ်ပျာပျာ ပြန်ပြောသည်။
ပင်တာလီမွန် ထိုင်နေသည်။ ဒူးခေါင်းနှစ်ဖက်ပေါ် ထောက်ထားသည့် လက်နှစ်ဖက်ထဲတွင် သူ့ဦးခေါင်းကို နစ်မြှုပ်လျက်။ ဒါရီယာက တဝီဝီအသံထွက်အောင် ချည်ငင်နေသည်။ စားပွဲနားတွင် မတ်တတ်ရပ်နေသူမှာ နာတာလီယာ။ ဂရီဂိုကို ကျောပေးထားသည်။ ဂရီဂို ၏ အသံကို ကြားသော်လည်း လှည့်ကြည့်ဖော်မရ။
မီးဖိုချောင်ထဲတွင် သုတ်သုတ်ပျာပျာ လိုက်ကြည့်မိသော ဂရီဂို၏မျက်လုံးတွေ ပိုင်အိုတျာအပေါ်တွင် ရပ်သွား သည်။ သူ့အစ်ကို၏ စိုးရိမ်သောကလွှမ်းသော မျက်နှာကို ကြည့်ပြီး တခုခုတော့ ဖြစ်နေပြီဟု တွက်လိုက် သည်။
“သစ္စာအဓိဋ္ဌာန်ပြုခဲ့ရဲ့လား”
ပိုင်အိုတျာ မေးသည်။
“အဟား …”
ဂရီဂိုက အပြင်ထွက်လျှင် ဝတ်သည့် အဝတ်အစားများကို ဖြည်းဖြည်းချင်း အချိန်ဆွဲပြီးချွတ်သည်။ ခုလို တိတ်ဆိတ်ပြီး အေးတိအေးစက် ကြိုဆိုမှုမျိုး ဖြစ်ပေါ်စေနိုင်သည့် ဖြစ်နိုင်ချေ အလားအလာများကို စိတ်ထဲမှ တွက်ဆ ကြည့်နေ၏။ အီလီနစ်ချ်နာက ပင်မအိပ်ခန်းကြီးထဲမှ ထွက်လာသည်။ သူမ၏ စိတ်လှုပ်ရှားမှုတွေ သူမမျက်နှာပေါ်တွင် ထင်ဟပ်နေသည်။
“ဒါ…နာတာလီယာကြောင့်ပဲ ဖြစ်ရမယ်”
ဟု ဂရီဂို တွေး၏။ သူ့ဖခင်၏ နံဘေးနားရှိ ခုံတန်းရှည်ပေါ်တွင် ဝင်ထိုင်လိုက်၏။
“သူ့ကို ညနေစာပြင်ပေးလိုက်စမ်း”
သူ့အမေက ဂရီဂိုဘက်သို့ မျက်စိ ဝေ့ပြရင်း ဒါရီယာကို ပြောသည်။ ဒါရီယာက ဗိုင်းငင်ရင်း သီဆိုနေသည့် သီချင်းကို ရပ်ပြီး မီးဖိုဆီသို့ ထသွားသည်။ မီးဖိုချောင်တစ်ခုလုံး၏ တိတ်ဆိတ်ငြိမ်သက်မှုကို ဆိတ်မကြီးနှင့် မွေးကင်းစ ဆိတ်ပေါက်ကလေး၏ အသက်ရှူသံများကသာ ဖောက်ဖျက်နေ၏။
ဂရီဂို စွပ်ပြုတ်ကိုသောက်ရင်း နာတာလီယာအား လှမ်းကြည့်သည်။ သို့သော် နာတာလီယာ၏ မျက်နှာကို သူ မမြင်သာ။ သူမက သူ့ကို ဘေးစောင်းအနေအထားဖြင့် ထိုင်နေသည်။ ဦးခေါင်းကို ဇာထိုးအပ်များ အပေါ်သို့ ငိုက်ထား သည်။ တိတ်ဆိတ်ငြိမ်သက်ခြင်းကို စတင်ချိုးဖောက်သူမှာ ပင်တာလီမွန်။ သူက ဟန်ဆောင် ချောင်းဆိုးလိုက်ပြီး ..
“နာတာလီယာက သူ့မိဘတွေအိမ်ကို ပြန်မယ်လို့ ပြောနေပါကလား” ဟု ပြောလိုက်သည်။
ဂရီဂိုက သူ့ပန်းကန်ပြားကို ပေါင်မုန့်ဖြင့်သုတ်ပြီး အပြောင်ရှင်းနေသည်။ ဘာမျှတော့မပြော။
“ဘယ်လိုဖြစ်ကြတာလဲ”
အဘိုးကြီး မေးသည်။ သူ၏အောက်နှုတ်ခမ်း တဆတ်ဆတ်တုန်နေသည်။ ဒေါသအိုး ပေါက်ကွဲတော့မည့် လက္ခဏာ။
“မသိဘူးလေ”
“မင်း မသိပေမဲ့ ငါသိတယ်ကွ”
ပင်တာလီမွန် အသံမြှင့်ပြီး အော်သည်။
“မအော်နဲ့လေ၊ မအော်ပါနဲ့”
အီလီနစ်ချ်နာ ဝင်ဟန့်သည်။
“ဟုတ်တယ်၊ အော်စရာအကြောင်း မရှိပါဘူး”
ပိုင်အိုတျာ ပြတင်းပေါက်ဆီမှ အခန်းလယ်သို့ ရွှေ့လာသည်။
“အဲဒါက မေတ္တာတရား အပေါ်မှာပဲ မူတည်နေတာပါ၊ မင်းတို့ တစ်ဦးအပေါ်တစ်ဦး မေတ္တာထားချင်တယ် ဆိုရင် အတူတူနေကြ။ အေး …မေတ္တာမရှိကြဘူး ဆိုရင်တော့ သဘောပဲ။ တရားနဲ့ ဖြေကြပေါ့”
“ငါ သမီးလေးကို အပြစ်ပြောနေတာ မဟုတ်ဘူး။ သမီးလေးဟာ ပျံတန်တန် နန့်တန့်တန့်နဲ့ မိန်းမပေါ့၊ မိန်းမပျက် ကလေး ဖြစ်နေတဲ့တိုင်အောင် ငါ သူ့ကို အပြစ်မတင်ဘူး။ ဒါပေမဲ့ ဟောဟို အယုတ်တမာကောင် ကိုတော့”
မီးဖိုနားကပ်ပြီး မီးလှုံနေသည့် ဂရီဂိုအား လက်ညှိုး ငေါက်ငေါက်ထိုးသည်။
“ကျွန်တော်က ဘယ်သူ့ ကို ဘာလုပ်မိလို့လဲ”
"မင်း မသိဘူးပေါ့၊ ဟုတ်လား၊ မင်း မသိဘူးပေါ့လေ မိစ္ဆာကောင်”
“ဟင့်အင်း၊ ကျွန်တော် မသိဘူး”
ပင်တာလီမွန် ထိုင်ရာမှ ဝုန်းခနဲထလိုက်၏။ သူ ထိုင်နေသည့် ခုံတန်းရှည် လဲကျသွားသည်။ သူက ဂရီဂိုဆီသို့ သွားသည်။ နာတာလီယာ သူမလက်ထဲမှ ထိုးလက်စခြေအိတ်ကို ပစ်ချလိုက်၏။ သိုးမွေးထိုးအပ်တွေ ကြမ်းပြင်ပေါ်ကျပြီး ဒိုးဒိုးဒေါက်ဒေါက် အသံမြည်သွားသည်။ ထိုအသံကို ကြားလိုက်သည့် ကြောင်ကလေးတစ်ကောင်က မီးဖိုပေါ်မှ ခုန်ချပြီး သိုးမွေးလုံးကြီးဖြင့် ဆော့ကစားနေတော့၏။
“ဒီမယ်..မင်းကို ငါပြောလိုက်မယ်”
အဘိုးကြီး ဖြည်းဖြည်းလေးလေး တလုံးချင်း ပြောသည်။
“မင်း နာတာလီယာနဲ့ ပေါင်းသင်းမနေဘူးဆိုရင် မင်း ဒီအိမ်ပေါ်က ဆင်းသွားပေတော့။ မင်းသွားချင်ရာ ကို သွားနိုင်တယ်၊ အဲဒါပဲ ငါပြောလိုက်မယ်။ ကလေကချေ မင်းသွားချင်တဲ့ဆီကို သွားပေတော့”
အဘိုးကြီး တည်ငြိမ်ပြတ်သားစွာ ထပ်ပြောသည်။ ပြီးမှ လဲကျနေသည့် ခုံတန်းရှည်ကို ပြန်ထောင်သည်။
“ကျွန်တော်ပြောမယ် ဖေဖေ။ ကျွန်တော်ပြောတာ စိတ်ဆိုးလို့ပြောတာ မဟုတ်ဘူးနော်”
ဂရီဂို၏လေသံမှာ အမြင်ကတ်စရာ ကောင်းလောက်အောင် ခံစားချက် ကင်းမဲ့နေသည်။
“ကျွန်တော် လက်ထပ်ခဲ့တာ ကျွန်တော်ချစ်တဲ့ လူကို ရွေးပြီး ကျွန်တော့် သဘောနဲ့ လက်ထပ်ခဲ့တာ မဟုတ်ဘူး။ ကျွန်တော့်ကို အတင်း လက်ထပ်ခိုင်းတာ ဖေဖေလေ။ ပြောရမယ်ဆိုရင် ကျွန်တော် နာတာလီယာကို မချစ်ဘူး။ ဒီတော့ သူသွားချင်တယ်ဆိုရင် သူ့အဖေအိမ် သူ ပြန်ခွင့်ပေးလိုက်ပါ ဖေဖေ”
“အေး … ဆင်းသွားရမှာကတော့ မင်းကိုယ်တိုင်ပဲ”
“သွားဆိုရင် သွားမှာပါ ဖေဖေ”
“သွား၊ သွား၊ ငရဲကိုသာသွား”
“သွားမှာပါ၊ သွားမှာပါ၊ ဒီလောက်ကြီး တွန်းနေစရာ မလိုပါဘူး”
ဂရီဂို လက်ဆန့်ပြီး အိပ်ရာပေါ်တင်ထားသည့် သားမွေးကုတ်အင်္ကျီအတိုကို ယူသည်။ သူ့နှာဝတွေ ပွစိပွစိ ဖြစ်နေသည်။ နောက်ပြီး သူ့ဖခင်နည်းတူ ဒေါသကြောင့် တဆတ်ဆတ်တုန်နေသည်။ ရောနှောနေသည့် တူရကီသွေးနှင့် ကော့ဆက်သွေးသည် သူတို့သွေးကြောများထဲတွင် စီးဆင်းနေသည်ဖြစ်ရာ ထိုခဏ ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦး၏ အမူအကျင့် ဆင်တူမှုမှာ သိသာထူးခြားလှပေသည်။
“နင် ဘယ်ကိုသွားမှာလဲ”
ဂရီဂို၏လက်မောင်းကို ဆွဲကိုင်ရင်း အီလီနစ်ချ်နာ ညည်းညည်းညူညူ မေးသည်။ သို့သော် ဂရီဂို သူမ လက်ထဲမှ အတင်းရုန်းသည်။ သူ၏ သားမွေး ကက်ဦးထုပ်ကို ဆတ်ခနဲလှမ်းယူသည်။
“သွားစမ်းပါစေ ... အဲဒီအယုတ်တမာကောင် သွားပါစေ၊ သေနာကျကောင်။ သွား … သွား။ ငါ့မျက်စိရှေ့က ထွက်သွား”
အဘိုးကြီး အိမ်တံခါးကို ဆွဲဖွင့်ရင်း မိုးခြိမ်းသလို အော်ငေါက်၏။
ဂရီဂို လှေကားထစ်များဆီသို့ အသော့သွားသည်။ သူ နောက်ဆုံးကြားလိုက်ရသည့်အသံမှာ နာတာလီယာ ၏ ငိုရှိုက်သံ။
နှင်းခဲသောညက သူတို့ရွာကို ဖျစ်ညှစ်ဆုပ်ကိုင် ထား၏။ မည်းမည်းမှောင်မှောင် မိုးကောင်းကင်ဆီမှ စူးစူးချွန်ချွန် နှင်းခဲတွေ တဖွားဖွားကျနေသည်။ ဒွန်မြစ်ပေါ်မှ ရေခဲများသည် ပစ္စတိုသေနတ်သံလို တဖြောင်းဖြောင်း မြည်ပြီး အက်ကွဲလျက် ရှိသည်။ ဂရီဂို ပင်ပန်း မောဟိုက်စွာဖြင့် ခြံဝင်းတံခါးမှ ပြေးထွက်ခဲ့၏။ ရွာတဖက်စွန်းဆီမှ ခွေးများက သံပြိုင်ဟောင်နေသည်။ နှင်းထုကြောင့် ဝေဝေဝါးဝါး ဖြစ်နေသည့် ပတ်ဝန်းကျင်ထဲမှ အဝါရောင် အလင်းတန်းကလေးများ လင်းခနဲ လက်ခနဲ လင်းလက်လာသည်။
လမ်းမတလျှောက် ခြေဦးတည့်ရာ လျှောက်လာသည်။ အက်စ်တာကော့တို့ အိမ်ပြတင်းပေါက်များသည် ပိန်းပိန်းပိတ်ပိတ် အမှောင်ထုထဲတွင် စိန်ပွင့်ကလေးများလို ပြိုးပြက်ဝင်းလက်နေသည်။
“ဂရစ်ရှ်ကာရယ်...”
ဝင်းခြံတံခါးဆီမှ တမ်းတမ်းတတ ငိုညည်းလိုက်သော နာတာလီယာ အသံကို ကြားရသည်။
“သွားသေလိုက်၊ ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောတတ်တဲ့ သောက်ကောင်မ”
ဂရီဂို အံကိုတင်းတင်းကြိတ်လျက် ခြေလှမ်းများကို ပို၍ သွက်သွက်လှမ်းလိုက်၏။
“ဂရစ်ရှ်ကာ၊ ပြန်လာခဲ့ပါ ဂရစ်ရှ်ကာရယ်”
ပထမဆုံးဖြတ်လမ်း ထဲသို့ ချိုးကွေ့ဝင်ခဲ့၏။ ခပ်လှမ်းလှမ်းဆီမှ သူမ၏ သည်းသည်းထန်ထန် ငိုကြွေးသံကို နောက်ဆုံးအကြိမ်အဖြစ် ကြားလိုက်ရလေသည်။
“ဂရစ်ရှ်ကာ..အချစ်ဆုံး...”
ဂရီဂိုက ကွက်လပ်ကို ခပ်သုတ်သုတ်ဖြတ်သည်။ လမ်းခွဆုံတခုတွင် ရပ်သည်။ ဘယ်သွားရပါမည်လဲ။ သည်ည ဘယ်သူ့အိမ်မှာ သွားအိပ်ရမည်လဲ။ စဉ်းစားသည်။ ကြံဆသည်။ နောက်ဆုံး မီရှာကော့ရှီဗွိုင်၏ အိမ်သို့သွားဖို့ ဆုံးဖြတ်သည်။ မီရှာက တောင်ကုန်း ကလေးအနီးတွင် သီးသီးသန့်သန့်ရှိသည့် သက်ငယ်မိုး အိမ်ကလေးတွင် နေသည်။
သူနှင့်အတူ နေသူမှာ သူ့အမေနှင့် သူ့ညီမပဲ ရှိသည်။ သူတို့ခြံထဲသို့ ဂရီဂို ဝင်သည်။ ပြီးတော့ ပြတင်းပေါက် သေးသေးကလေးကို ခေါက်လိုက်၏။
“ဘယ်သူလဲ”
“မီရှာ ရှိလားဟင်”
“ရှိတယ်၊ ခုပြောနေတာ ဘယ်သူလဲ”
“ကျွန်တော် ဂရီဂို မီလက်ကော့ဗ်ပါ”
ခဏနေတော့ ညဉ့်ဦးယံအိပ်စက်ခြင်းမှ နိုးလာသော မီရှာ တံခါးလာဖွင့်ပေးသည်။
“ဂရစ်ရှ်ကာလား”
“ဟုတ်တယ်၊ ငါပါကွ”
“ညကြီးအချိန်မတော်ကွာ၊ မင်း ဘာလိုချင်လို့လဲ ဟေ့ကောင်”
“အိမ်ထဲ ဝင်ပါရစေဦးကွာ၊ အထဲကျတော့ ငါ ပြောပြပါ့မယ်"
အိမ်အဝင်ဝတွင် ဂရီဂိုက မီရှာတံတောင်ဆစ်ကို ဆွဲကိုင်ကာ တိုးတိုးကလေးပြောသည်။
“ငါ ဒီည မင်းတို့အိမ်မှာ အိပ်ချင်တယ်ကွာ။ ငါ အိမ်ကလူတွေနဲ့ ရန်ဖြစ်လာတယ်ကွ။ ငါအိပ်ဖို့ အခန်းတခန်း လောက် ရှိမလား၊ ဘယ်နေရာဖြစ်ဖြစ် ရပါတယ်”
“တနေရာရာမှာ နေရာချပေးမှာပေါ့၊ ဘယ်လို ဖြစ်ပြီး နောင်ဂျိန်ချလာရတာလဲ”
“နောက်တော့ ငါပြောပြပါ့မယ်ကွာ”
သူတို့က ခုံတန်းရှည်တလုံးပေါ်တွင် ဂရီဂို အိပ်လို့ရအောင် စီစဉ်ပေးသည်။ ဂရီဂို လဲလျောင်းရင်း အတွေးထဲ နစ်နေသည်။ မစ်ရှာအမေ၏ တခေါခေါ ဟောက်သံတွေ သဲ့သဲ့လောက်သာ ကြားရအောင် သူ့ဦးခေါင်းကို သိုးရေဖြင့် ပတ်ထားသည်။ ကဲ...ယခု အိမ်မှာ ဘာတွေဖြစ်နေသလဲ။ သူ အတွေးကြွယ်နေသည်။ နာတာလီယာဆိုသည့် ကောင်မက သူမအဖေအိမ်ကို ပြန်မှာလား၊ မပြန်ဘူးလား။ အင်း- ဘဝ အကွေ့အပြောင်း အသစ်တခု ဖြစ်ပေါ်နေပါပြီကော။ သူ ဘယ်သောင် ဘယ်စခန်းသို့ လှမ်းရမည်လဲ။ အဖြေက မြန်မြန်ဆန်ဆန်ကြီး ပေါ်လာသည်။ မနက်ဖြန်ကျ အက်စီနီယာကို လူလွှတ်ခေါ်ခိုင်းရမည်။ ပြီးတော့ သူမနှင့်အတူ ကုဗန်သို့ သွားကြမည်။ ဤရွာနှင့် ဝေးရာသို့။ အလွန့်အလွန် ဝေးရာ...ဝေးရာသို့။
သူ့အနီးသို့ ချဉ်းကပ်လာနေသည့် ဘာမှန်းမသိသော အရာတခုကြောင့် သူ ကောင်းကောင်းအိပ်လို့ မရ။ ထိုအရာက သူ၏အိပ်စက်ခြင်းကို နှောင့်ယှက်နေသည်။ နောက်ဆုံး အိပ်ပျော်မသွားမီအထိ သူ ကြိုးစားပြီး သတိဖော် သည်။ သူကို ဖိစီးနှိပ်စက်နေသည်မှာ ဘယ်အရာလဲ။ အိပ်ချင်မူးတူး အနေအထားမှာပင် သူ့အတွေးတွေ လွယ်လွယ်ကူကူ ချောချောမောမော စီးဆင်းနေသည်။ ရေစီးကြောင်းတွင် စီးမျောသွားနေသည့် လှေကလေးတစင်းပမာ။ ထို့နောက် အတွေးတွေ ရုတ်တရက် တန့်သွားသည်။ စီးမျောနေသည့် လှေကလေးသည် သဲသောင်ပြင်တခုနှင့် တိုက်မိ လိုက်သည့် အလား။ ဘာမှန်း ရေရေရာရာမသိသည့် အတားအဆီးနှင့် သူ ရုန်းရင်းဆန်ခတ် ဖြစ်နေသည်။ လမ်းကြောင်းမှာ ကန့်လန့်ဖြတ် ခံနေသည့် အရာက ဘာများပါလိမ့်။
(၇)
နံနက်မိုးလင်း အိပ်ရာမှနိုးသည်နှင့် သူ သတိရ လိုက်သည်မှာ သူ စစ်မှုထမ်းရေးကိစ္စ။ ဒါပဲပေါ့၊ အက်စီနီယာနှင့် သူ ဘယ်ပုံဘယ်နည်း အဝေးသို့ လွင့်သွားလို့ ရနိုင်မည်လဲ။ ဆောင်းဦးရာသီတွင် စစ်သင်တန်း တက်ရမည်။ နွေဦး ရောက်တော့ စစ်မှု ထမ်းရမည်။
နံနက်စောစောစာ စားသည်။ ပြီးတော့ မီရှာအား အိမ်ရှေ့အဝင်သို့ လက်တို့ခေါ်ခဲ့သည်။
“မီရှာ၊ ငါ့အတွက် အက်စတာကော့တို့ဆီ သွားပေးပါကွာ။ အက်စီနီယာကိုပြော၊ ဒီည မှောင်သွားရင် လေရဟတ်ကြီး ဆီကို သွားပါလို့”
“စတီပင်ကိုကျတော့ ဘာပြောရမလဲ”
မီရှာ အထစ်ထစ် အငေါ့ငေါ့ မေးသည်။
“အလုပ်တခု ရှိလို့ လာတယ် ပြောပါကွာ။ ဒါမှ မဟုတ်လည်း တခြား အကြောင်းတခုခု ရှာကြံ ပြောပေါ့”
“ကောင်းပြီလေ၊ ငါ သွားလိုက်ပါ့မယ်”
ညနေ အမှောင်သန်းသည်နှင့် လေရဟတ်ကြီး အနီးတွင် ဂရီဂို ထိုင်နေ၏။ စီးကရက်တလိပ် မီးညှိသည်။ လေရဟတ်ကို ကျော်လွန်သည့် ဟိုမှာဘက်တွင် လေသည် ခြောက်သယောင်းနေပြီ ဖြစ်သည့် ဖူးစားပြောင်းပင် ရိုးတံများ ကို တိုးဝှေ့တိုက်ခတ်နေ၏။ လှုပ်ရှားမှုမရှိသည့် လေရဟတ်ဒလက်များပေါ်တွင် ပိုးစအစုတ် တစသည် တဖျပ်ဖျပ် လွင့်နေ၏။ သည် မြင်ကွင်းကို ကြည့်ရတာ လေရဟတ်နှင့် ငြိနေသည့် ငှက်ကြီးတစ်ကောင် တောင်ပံ တဖျပ်ဖျပ် ရိုက်ခတ် နေသည့်နှယ်။ သည်ငှက်ကြီးသည် လေရဟတ်နှင့် လွတ်ကင်းရာသို့လည်း ရုန်းထွက်မပြေးနိုင်။ သည် မြင်ကွင်းကို ကြည့်ရတာ အဆင်မပြေ။ စိတ်အနှောင့် အယှက်ပင် ဖြစ်ရသေးသည်။
အက်စီနီယာ ရောက်မလာ။ အနောက်ဂေါယာ ကျွန်းသို့ နေမင်းကြီး ငုပ်လျှိုး ဝင်ရောက်သွားပြီ။ မှေးမှိန်စ ပြုနေပြီ ဖြစ်သော နေခြည်ဝင်းပများက တောပန်း အရိုင်းကလေးများကို ရွှေရောင်အနားကွပ် ပေးနေသည်။ မိုးမခပင်များ အဖျားတွင် မေးတင်နေသော လမင်းကြီးကို အမှောင်ထုက လွှမ်းခြုံလိုက်၏။ လေရဟတ် အပေါ်ဘက်ရှိ မိုးကောင်းကင် ကြီးသည် ကြောက်စရာကောင်း လောက်အောင် မည်းမှောင်နေသည်။ ထိုအမှောင်ထု ထဲမှာမှ အပြာစင်းတွေ ထင်နေသည်။ တနေ့တာ လှုပ်ရှားမှုများ အပြီးသတ်သည့်အသံများ ရွာဘက်ဆီမှ လွင့်ပျံလာသည်။
စီးကရက်သုံးလိပ်ကို တလိပ်ပြီးတလိပ် မီးကူးပြီး သောက်ပစ်လိုက်၏။ နောက်ဆုံး စီးကရက်တိုကို သူ့ခြေထောက် အောက်မှ နှင်းတွေထဲ ထိုးခြေလိုက်၏။ သူ့ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်သည်။ စိတ်စောစွာ၊ စိတ်ကသိ ကအောက် ဖြစ်စွာ၊ မြင်ကွင်းထဲတွင် ဘယ်သူ တစ်ဦးတစ်ယောက်မျှ မရှိ။ သူ ထိုင်ရာမှ ထသည်။ အညောင်းဆန့်သည်။ ပြီးတော့ အရောင်တလက်လက်ဖြင့် ဖိတ်ခေါ် မြူဆွယ်နေသည့် မီရှာ အိမ်ပြင်တင်းပေါက်များ ဆီသို့ လျှောက်ခဲ့သည်။ ခြံဝင်းနားသို့ အရောက်တွင်မှ အက်စီနီယာနှင့် ဖြုန်းခနဲ တွေ့လိုက်ရ၏။ သူမ ပြေးလာသည်မှာ သိသာထင်ရှားလှ၏။ အသက်ပင် မှန်မှန်မရှူနိုင်။ သူမ၏ အေးစက်သော ပါးစပ်ဆီမှ ဆောင်းလေ၏ရနံ့ သို့မဟုတ် မြက်ခင်းမှ လတ်ဆတ်သော မြက်ခြောက်ရနံ့များ ပျံ့လွင့်လာသည်။
“ငါ့မှာ စောင့်လိုက်ရတာကွာ၊ မင်း မလာတော့ဘူးလို့ ထင်ခဲ့တာ”
"စတီပင်ကိုလည်း ခါထုတ်ရ သေးတယ်လေ”
“မင်းကိုစောင့်ရတာ ငါ့မှာ သွေးခဲပြီး သေတော့မယ်၊ သောက်ကောင်မရဲ့”
“ကျွန်မက သွေးပူနေတယ်၊ ကျွန်မ ရှင့်ကို နွေးအောင် ထွေးပေးမယ်လေ”
သိုးမွေးလိုင်နစ်ခဲထားသည့် သူမ၏ ကုတ်အင်္ကျီကို ဆွဲဖွင့်ပြီး ဝက်သစ်ချပင်ကို ဗျစ်ပန်းများ လွှမ်းခြုံသလို လွှမ်းပတ် ပေးလိုက်၏။
“နေပါဦး၊ ကျွန်မကို ဘာဖြစ်လို့ အခေါ်လွှတ်တာလဲဟင်”
“နေဦး၊ ငါ့လက်မောင်းကို ဖက်ထား၊ ဒီအနီးတဝိုက်မှာ လူတွေ ရှိနိုင်လောက်တယ်”
“ရှင့်အိမ်ကလူတွေနဲ့ ရန်ဖြစ်လာတာတော့ မဟုတ်ပါဘူးနော်”
"ငါ အိမ်ပေါ်က ဆင်းခဲ့ပြီ၊ ညက မီရှာတို့ အိမ်မှာ အိပ်တယ်၊ ခုချိန်မှာတော့ ငါဟာ လမ်းပေါ်က ခွေးလေ ခွေးလွင့် တစ်ကောင်ပဲ”
သူတို့ လျှောက်လာသည့်လမ်းမှ ချိုးကွေ့သည်။ ဂရီဂိုက သူ့ကိုယ်ပေါ်မှ နှင်းပွင့်များကို သပ်ချရင်း သစ်ခက်သစ်လက် ခြံစည်းရိုးကို မှီလိုက်၏။
“နာတာလီယာ…သူ အိမ်ပြန်သွားသလားဆိုတာ မင်း သိသလားဟင်”
“ဟင့်အင်း၊ မသိဘူး၊ သူ သွားမယ်လို့ ကျွန်မ ထင်ပါတယ်”
ဂရီဂိုက သူ့ကုတ်အင်္ကျီလက်ထဲသို့ အက်စီနီယာ၏ အေးခဲနေသော လက်ကို ဆွဲသွင်းသည်။ ပြီးတော့ သေးသေး သွယ်သွယ် လက်ချောင်းကလေးများကို ဆုပ်နယ်ပေးသည်။
“ဒီတော့ ငါတို့က ဘယ်လိုလဲ”
“ကျွန်မ မသိဘူး အချစ်ရယ်၊ အကောင်းဆုံး ဖြစ်မယ်ထင်တဲ့ လမ်းကို ရှင်ရွေးလေ၊ ကျွန်မကတော့ ရှင့်သဘော အတိုင်းပဲ”
“မင်း စတီပင်ကို ပစ်ခဲ့မလား”
“မဆိုင်းမတွပေါ့ရှင်၊ ရှင်လိုလားရင် ခုညပဲ လိုက်ခဲ့မယ်လေ”
“ငါတို့ တနေရာရာမှာ အလုပ်ရှာကြတာပေါ့၊ ပြီးတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ အတူတူနေကြတာပေါ့”
“ရှင်နဲ့အတူနေရမယ်ဆိုရင် ကျွန်မ နွားတင်းကုပ် ထဲမှာလည်း အိပ်မယ် ဂရစ်ရှ်ကာ၊ ရှင်နဲ့ပေါင်းရဖို့ ဆိုရင် ဘာမဆို လုပ်ဝံ့တယ်”
နှစ်ဦးသား ပူးပူးကပ်ကပ် ရပ်နေ၏။ တစ်ဦး၏ ကိုယ်ငွေ့ကို တစ်ဦးက လှုံလျက်။ ဂရီဂို ချိုးကာသီကာ မျှပင် မလှုပ်ချင်။ နှာဝတွေ တဆတ်ဆတ်တုန်နေသည်။ မျက်ခွံတွေ မှေးမှိတ်ထားသည်။ သူမ၏မျက်နှာက သူ့ချိုင်းကြားဆီတွင် မှေးအပ်ထားသည်။ မူးယစ်ရီဝေသော သူ့ချွေးနံ့ကို သူမ ရှူရှိုက်မိ၏။ ဂရီဂို၏ မျက်လုံးများနှင့် မထိတွေ့မိအောင် သူမ မျက်နှာကို တဖက်သို့ လှည့်ထားသည်။ သူမ၏ အရှက်တရား ကင်းမဲ့သော နှုတ်ခမ်းများသည် စိတ်အားထက်သန်မှု ဖြင့် တဆတ်ဆတ် တုန်နေသည်။ တဆတ်ဆတ် တုန်နေသော နှုတ်ခမ်းများပေါ်တွင် အပြုံးပန်းကလေး တပွင့်။
“မနက်ဖြန်ကျရင် ငါ မိုကော့ကို သွားတွေ့မယ်၊ သူ ငါ့ကို အလုပ်တခု ပေးကောင်း ပေးနိုင်မှာပါ”
လက်ချောင်းကလေးများ အပေါ်ဘက် နှင်းရည် စိုလူးသော လက်စောင်းကို ဖျစ်ညှစ်ရင်း ပြောသည်။ အက်စီနီယာ ဘာမျှမပြော၊ ဘာမျှမပြောသလို ဦးခေါင်းကိုလည်း မထောင်...။ သူမမျက်နှာပေါ်မှ အပြုံး တဖြည်းဖြည်း လျော့ပါး ပျောက်ကွယ်သွားသည်။ အထိတ်တလန့်ဖြစ်နေသည့် တိရစ္ဆာန်တစ်ကောင်နှင့် မခြား ပြူးကျယ်နေသည့် မျက်လုံးများတွင် စိုးရိမ်သောက နှင့် ကြောက်ရွံ့မှုအရိပ်များ လွှမ်းလျက်။
သူမမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သတိရလိုက်တော့ “ငါ သူ့ကို ပြောပြရ ကောင်းမလား၊ မပြောဘဲနေရ ကောင်းမလား”ဟု တကိုယ်တည်း တွေး၏။ “ငါ ပြောပြမှဖြစ်မယ်”ဟု သူမ ဆုံးဖြတ်လိုက်သည်။ သို့သော် ချက်ချင်းပင် ကြောက်စိတ်တွေ ဝင်လာပြီး အတွေးဆိုးကြီး ကို ခေါင်းထဲမှ မောင်းထုတ်ပစ်လိုက်သည်။ သည်အချိန် သည်အခိုက် သည်အကြောင်း ပြောရမည့် အခိုက်အတန့် မဟုတ်ကြောင်း သူမ၏ မိန်းမသား ဇာတိစိတ်က ဟန့်တားသည်။ ယခု လောလောဆယ် သည်အကြောင်း ပြောလိုက်လျှင် ဂရီဂိုအား ထာဝစဉ် လက်လွှတ်ဆုံးရှုံး ရဖို့ အလားအလာရှိသည်။ နောက်ပြီး သည်ကလေးက ဂရီဂိုကလေးလား၊ စတီပင်ကလေးလား မပြောတတ်။ သူမ ကံသေကံမ တပ်အပ်မပြောနိုင်။ သူမ အချိန်ဆွဲ စဉ်းစားပြီးနောက် ဂရီဂိုအား ပြောမပြတော့။
“မင်း ဘာဖြစ်လို့ တဆတ်ဆတ်တုန်နေရတာလဲ၊ အရမ်းအေးနေလို့လား”
ဂရီဂို မေးသည်။ သူ့ကုတ်အင်္ကျီဖြင့် သူမကို ထွေးပတ်သည်။
"ကျွန်မ နည်းနည်း …ကျွန်မ သွားတော့မှဖြစ်မယ် ဂရစ်ရှ်ကာ၊ စတီပင် ပြန်လာပြီး ကျွန်မ အိမ်မှာ မရှိတာ သိသွားလိမ့်မယ်”
“သူက ဘယ်သွားလို့လဲ”
“အနစ်ကီတို့အိမ်ကို သွားပြီး ဖဲကစားချင်အောင် သူ့ကို အကျင့်လုပ် ပေးထားရတယ်လေ”
သူတို့ လူချင်းခွဲလိုက်၏။ သူမနှုတ်ခမ်းများပေါ်မှ မြူဆွယ်နှိုးဆွသော ရနံ့များသည် ဂရီဂိုနှုတ်ခမ်းများ ပေါ်တွင် စွဲထင်ကျန်ရစ်သည်။ ဆောင်းလေ၏ ရနံ့၊ သို့မဟုတ် မိုးဖျန်းမြက်ခင်းပြင်မှ ဖမ်းဆုပ်လို့မရသည့် မြက်ခြောက်ရနံ့လည်း ဖြစ်ချင် ဖြစ်နေပေမပေါ့။
အက်စီနီယာ လမ်းသွယ်ကလေး တစ်ခုထဲသို့ ချိုးကွေ့သည်။ ဦးခေါင်းကို ငိုက်လျက်။ မပြေးရုံ တမည် အသော့ လှမ်းသည်။ ရေတွင်းတတွင်းအနီးသို့ ရောက်တော့ နွားတွေ လှည့်ပတ်နင်းခြေထားသည့် အတွက် ဗွက်ထနေသည့် ရွှံ့တွေထဲ လှမ်းမိသည်။ မာခဲနေသည့် ရွှံ့တုံးတတုံးကို တိုက်မိပြီး ဒယီးဒယိုင် ဖြစ်သွားသည်။ သူမဗိုက်ထဲမှ စူးစူးထိုးထိုး နာကျင် လာသည်။ ခြံစည်းရိုးကို ဖမ်းကိုင်ပြီး ထိန်းထားလိုက်ရသည်။ နာကျင်မှုဝေဒနာ ပျောက်သွားသည်။ သို့သော် သူမဗိုက်ထဲမှ ရှင်သန်နေသော တစုံတခုက လူးလွန့်သည်။ စိတ်ဆိုး မာန်ဆိုးဖြင့် နံဘေးကို ကန်ကျောက်သည်။ ပြင်းပြင်းထန်ထန် ထပ်ကာတလဲလဲ ကန်ကျောက်သည်။
(၈)
နောက်နေ့နံနက်တွင် မိုကော့ဆီသို့ ဂရီဂို သွားသည်။ မိုကော့သည် ဆိုင်မှ ပြန်ရောက်စပဲ ရှိသေးသည်။ သူက ထမင်းစားခန်းထဲမှာ ထိုင်ပြီး အနီရင့်ရောင် လက်ဖက်ရည်ကျကျကို တစိမ့်စိမ့် သောက်နေသည်။ ဆောင်းလာသည့် ကက်ဦးထုပ်ကို အိမ်ရှေ့ အခန်းကလေးထဲမှာ ထားခဲ့သည်။
“ကျွန်တော် ဦးလေးနဲ့ စကားနည်နည်းပြော ချင်လို့ပါ ဆာဂျီပလာတိုနိုဗစ်ချ်”
“ဟား … ပင်တာလီမွန် မီလက်ကော့ဗ်ရဲ့ သားနော်၊ ဟုတ်တယ်မဟုတ်လား၊ မင်း ဘာလိုချင်လို့လဲကွ”
“ကျွန်တော် ဦးလေးရဲ့ အလုပ်သမား အဖြစ်နဲ့ အလုပ်တစ်နေရာ ပေးနိုင်မလားဆိုတာ သိချင်လို့ပါ ခင်ဗျာ”
ဂရီဂို ပြောနေဆဲမှာပင် ကျွီခနဲမြည်သံနှင့်အတူ အခန်းတံခါး ပွင့်သွားသည်။ အစိမ်းရောင် စစ်အင်္ကျီ ပေါ်တွင် တပ်စုမှူး ပခုံးဒေါက် တပ်ဆင်ထားသည့် စစ်ဗိုလ်ကလေးတစ်ဦး ဝင်လာသည်။ သည်လူကို ဂရီဂို မှတ်မိလိုက်၏။ လွန်ခဲ့သည့် နွေကာလတုန်းက မြင်းပြိုင်စီးကြရာတွင် မစ်ကာ ကော်ရှူနော့ဗ်အား ရှုံးသွားသည့် လစ္စနစ်စကီ ဆိုသည့် စစ်ဗိုလ်ကလေး။ ဆာဂျီပလာ တိုနိုဗစ်ချ်က ဗိုလ်ကလေးကို ကုလားထိုင်တလုံး ပေးသည်။ ပြီးတော့ ဂရီဂိုဘက်သို့ ပြန်လှည့်သည်။
“မင့်အဖေက သူ့သားကို အလုပ်ထွက်ရှာခိုင်းတဲ့ သဘောက ဘာဖြစ်တာလဲကွ၊ မင်းကို အပြစ်ဒဏ်ခတ် လိုက်တာလား”
“ကျွန်တော် သူနဲ့ အတူမနေတော့ဘူး ခင်ဗျ”
“အိမ်ပေါ်က ဆင်းလာတာလား”
“ဟုတ်ကဲ့”
“အဲ...ငါ မင်းကို ဝမ်းမြောက်ဝမ်းသာ အလုပ်ပေးချင်ပါတယ်ကွာ၊ မင်းတို့မိသားစုက လက်ကြောတင်းတင်း အလုပ်လုပ်သူ တွေလို့ ငါသိထားတယ်။ ဒါပေမဲ့ စိတ်မကောင်းပါဘူးကွယ်၊ ငါ့မှာ မင်းကို ပေးဖို့ အလုပ် မရှိပါဘူး”
“ဘာတွေဖြစ်နေကြတာလဲဗျ”
လစ္စနစ်စကီဟာ ကုလားထိုင်ကို စားပွဲနားသို့ ဆွဲယူရင်း မေးသည်။
“ဒီကောင်လေးက အလုပ်ရှာနေလို့”
“ခင်ဗျား မြင်းတွေထိန်းနိုင်မလား၊ မြင်းနှစ်ကောင် က,တဲ့ ရထားရော မောင်းတတ်လား”
ဗိုလ်ကလေးက လက်ဖက်ရည်ကို မွှေရင်း မေးသည်။
“လုပ်နိုင်ပါတယ်၊ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်မြင်း ခြောက်ကောင်ကို ကျွန်တော် ထိန်းခဲ့တာပဲဟာ”
“ကျွန်တော် ရထားမောင်းသမား လိုချင်တယ်၊ ခင်ဗျား လုပ်ခ ဘယ်လောက်လိုချင်တာလဲ”
“ကျွန်တော် အများကြီး မတောင်းပါဘူးဗျာ”
“ဒါဆိုရင် နက်ဖြန်မနက်ပိုင်းမှာ ကျွန်တော့်အိမ်ကို လာပြီး ကျွန်တော့်အဖေနဲ့တွေ့၊ ကျွန်တော့်အိမ်ကို သိတယ် မဟုတ်လား၊ ဒီကနေ ရှစ်မိုင်လောက်ဝေးတဲ့ ယာဂေါဒ်နိုးမှာလေ”
“ဟုတ်ကဲ့၊ ကျွန်တော် သိပါတယ်”
ဂရီဂို တံခါးပေါက်ဆီသို့ သွားသည်။ တံခါး လက်ကိုင်ဘုကို လှည့်နေရာမှ ရပ်ပြီး ပြောလိုက်၏။
“ကျွန်တော် လူကြီးမင်းနဲ့ နှစ်ကိုယ်ကြား စကားလေး တခွန်းလောက် ပြောခွင့်ပြုပါ ခင်ဗျာ”
မှိန်ပျပျစင်္ကြံလမ်းပေါ်သို့ လစ္စနစ်စကီ ထွက်လိုက်သွားသည်။ လသာဆောင်သို့သွားသည့် လမ်းတွင် တံခါး တပေါက် ရှိသည်။ ၎င်းတံခါးတွင် တပ်ဆင်ထားသည့် ဗနီးရှင်းမှန်များကို ထိုးဖောက်ဝင်လာသည့် နီစွေးစွေး အလင်းရောင် က ခပ်မှိန်မှိန်လင်းနေသည်။
“ကဲ..ဘာလဲ ပြောစမ်း”
“ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူး ခင်ဗျ…”
ဂရီဂို ပူထူရှိန်းဖိန်းနေသည်။
“ကျွန်တော်နဲ့အတူ မိန်းမတစ်ယောက် ပါလာမယ်၊ ခင်ဗျား သူ့အတွက်လည်း အလုပ်တနေရာ ရှာပေးနိုင် မလားလို့”
“ခင်ဗျားမိန်းမလား”
လစ္စနစ်စကီ မျက်ခုံးတွေပင့်ပြီး အပြုံးဖြင့်မေးသည်။
“လူတစ်ယောက်ရဲ့မိန်းမ”
“ဪ... ဒါကြောင့်ကိုး၊ ဟုတ်တယ်မဟုတ်လား၊ ကောင်းပြီလေ၊ အိမ်စေတွေအတွက် ထမင်းချက်အဖြစ် ခန့်ပေး လိုက်တာပေါ့။ ဒါနဲ့ သူ့ယောက်ျားက ဘယ်မှာလဲ”
“ဒီရွာထဲမှာပါပဲ”
“ဪ....ခင်ဗျားက တခြားလူတစ်ယောက်ရဲ့ မိန်းမကို ခိုးလာတာပေါ့”
“သူ့သဘောနဲ့သူ လာတာပါဗျာ”
“စိတ်ကူးယဉ် အချစ်ဇာတ်လမ်း ကလေးပေါ့လေ၊ ဟုတ်ပြီ နက်ဖြန်မနက် မပျက်မကွက် လာခဲ့လေ၊ ကဲ...ခင်ဗျား သွားနိုင်ပြီ”
(၉)
နောက်နေ့ နံနက်ရှစ်နာရီလောက်တွင် ယာဂေါ့ဒ်နိုး သို့ ဂရီဂို ရောက်သွားသည်။ ကျယ်ပြန့်သော တောင်ကြား လမ်းထဲတွင် စံအိမ်တော်ကြီး ထီးထီးမားမား တည်ရှိနေသည်။ စံအိမ်တော် ပတ်လည်ကို အုတ်တံတိုင်းခတ်ထားသည်။ အိမ်မကြီးမှ ခွဲထုတ်ထားသည့် အဆောက်အအုံ ကလေးများသည် ခြံဝင်းထဲတွင် ပြန့်ကျဲနေသည်။ အုတ်ကြွပ်မိုး အဆောင် တဆောင်တွင် ၁၉၁ဝ ဟူသော ဂဏန်းကို အရောင်ကွဲ ကြွေပြားစကလေးများ ကပ်ပြီး ပုံဖော်ထားသည်။ အစေခံ တန်းလျား၊ ရေချိုးဆောင်၊ မြင်းဇောင်းများ၊ ကြက် ဘဲ မွေးမြူရေးတဲ၊ နွားတင်းကုပ်၊ ရှည်ရှည်လျားလျား ဂျုံလှောင် ကျီကြီးနှင့် မြင်းရထားရုံ စသည်တို့က ခြံဝင်းကြီးထဲမှာ သူ့နေရာနှင့်သူ တသီးတသန့်စီ။ အိုမင်း ရင့်ရော်နေပြီ ဖြစ်သည့် ပင်မအဆောက်အအုံကြီးသည် သစ်သီးခြံထဲ တိုးဝင်နေသည်။ အိမ်ကြီးနှင့် ခပ်လှမ်းလှမ်း ဆီတွင် ထိုးထွက်နေသည်မှာ ပေါ်ပလာပင်များ၊ မြက်ခင်း ပြင်ထဲမှ မိုးမခပင်များ၊ ညိုညိုမောင်းမောင်း မိုးမခပင် ထိပ်ဖျားများတွင် တွဲလောင်းခို လှုပ်ယမ်းနေသည့် ကျီးကန်းသိုက် အလွတ်များ။
ခြံဝင်းထဲ ဝင်သွားတော့ သူ့ကို ဆီးကြိုနှုတ်ဆက်သည်မှာ ဘိုဇွိုင်း အမဲလိုက် ခွေးတသိုက်ပါတည်း။ ခြေတဖက် ဆာနေသည့် ခွေးမတစ်ကောင်က ဦးစွာ သူ့ကို နှာဝဖြင့် အနံ့ခံသည်။ ပြီးတော့ သူ့နောက်မှ ခေါင်းငိုက်စိုက်ဖြင့် လိုက်လာ သည်။ အစေခံတန်းလျား တွင် ထမင်းချက်တစ်ဦးသည် မျက်နှာမှာ မှဲ့ခြောက်များ ပေါက်နေသည့် အိမ်ဖော်အမျိုးသမီး တစ်ဦးနှင့် ရန်ဖြစ်နေသည်။ ဆေးလိပ်မီးခိုးများ ထောင်းထောင်းထ နေသည့် တံခါးဝ လှေကားခုံပေါ်တွင် ခါးကိုင်းကိုင်းဖြင့် အဘိုးကြီးတစ်ဦး။ အိမ်ဖော်အမျိုးသမီးက ဂရီဂိုအား အိမ်မကြီးဆီသို့ လမ်းပြခေါ်ဆောင်သွားသည်။ ခန်းမ ကျယ်ကြီး အဝင်ဝ နံဘေးရှိ အကြိုအခန်းငယ်မှာ ခွေးများ၏ အနံ့အသက်များဖြင့် ဟောင်စော်နံနေသည်။ ထို့ပြင် အခြောက်မလှန်း ရသေးသည့် သားရေအနံ့များကလည်း လှိုင်လှိုင်ထနေသည်။ စားပွဲတလုံးပေါ်တွင်မူ နှစ်လုံးပြူး သေနတ်တလက်နှင့် အမြိတ်တပ် အမဲလိုက် အိတ်တလုံး တင်ထားသည်။
“သခင်လေးက ရှင့်ကို တွေ့ပါလိမ့်မယ်” ဘေးတံခါးပေါက် မှနေ၍ အိပ်ဖော်ကောင်မကလေး လှမ်းပြောသည်။
ရွှံ့အလူးလူး ဖြစ်နေသည့် သူ့ဘွတ်ဖိနပ်များကို ဂရီဂို စိုးရိမ်တကြီး ငုံ့ကြည့်သည်။ ပြီးမှ အခန်းထဲဝင်သည်။ လစ္စနစ်စကီက ပြတင်းပေါက်အောက် တည့်တည့်မှာ ခင်းထားသည့် ခုတင်ပေါ်တွင် လဲလျောင်းနေရာမှ စီးကရက်တလိပ် လိပ်သည်။ ဝတ်ထားသည့် အဖြူရောင် ရှပ်အင်္ကျီကြယ်သီးကို တပ်သည်။ ပြီးမှ မှတ်ချက်ချသည်။
“မင်းရောက်လာတာ အနေတော်ကလေးပဲ၊ ခဏစောင့်၊ ခဏနေရင် ဖေဖေ ရောက်လာလိမ့်မယ်”
ဂရီဂို တံခါးဝနံဘေးတွင် ရပ်နေသည်။ ခဏနေတော့ အခန်းငယ်ကလေးဆီမှ ခြေသံများ ကြားရသည်။ တံခါးပေါက်ဆီမှ တိုးဝင်လာသည်မှာ အသံသြသြကြီး တခု။
“ယူဂျင်း၊ မင်း အိပ်ပျော်နေတာလား”
“ဝင်ခဲ့ပါ”ဟု လစ္စနစ်စကီ ပြန်ပြောသည်။
ကော့ကေးရှန်း ဝတ်ရုံနက်ကြီး ခြုံထားသည့် အဘိုးကြီးတစ်ဦး အခန်းထဲဝင်လာသည်။ သူ့ရုပ်သွင်က မြင်မြင်ချင်း သတိပြုမိလွယ်သည့် ရုပ်သွင်မျိုး။ ပေါ်လွင်လှသည့် နှာတံကြီးက ကောက်နေသည်။ ဖြူဖွေးပြီး ဆေးချေးတွေ စွန်းပေနေသည့် နှုတ်ခမ်းမွေးတွေက အစွန်းနှစ်ဖက် ကော့တက်နေသည်။ အဘိုးကြီး က အရပ်မြင့်သည်။ ပခုံးကျယ် သည်။ သို့သော် ပိန်သည်။ သူ့မျက်လုံးများက နှာခေါင်းနှင့် တော်တော်နီးနီး တည်ရှိသည်။
“ပါပါ...ဟောဒီမှာ ကျွန်တော်ပြောတဲ့ ရထားသမား”
ဟု ယူဂျင်းက ပြောသည်။
“သူက ဘယ်သူ့သားလဲကွ”
“ပင်တာလီမွန် မီလက်ကော့ဗ်ရဲ့ သားပါ”
“ပရိုကိုဖေကို ငါသိတာပေါ့၊ တပ်ထဲတုန်းက ငါနဲ့ အတူတူလေ၊ အဲ… ပင်တာလီမွန်ကိုလည်း မှတ်မိတယ်၊ ခြေတစ်ဖက် ဆာနေတယ် မဟုတ်လား”
“ဟုတ်ကဲ့ပါ၊ သခင်ကြီး”
ဟု ဂရီဂို ဖြေသည်။ သူ့အဖေ ပြန်ပြောပြသည့် ဗိုလ်ချုပ်ကြီးဟောင်း လစ္စနစ်စကီ၏ ဇာတ်လမ်းများကို သတိရမိသည်။ သည်ဗိုလ်ချုပ်ကြီးက ရုရှား- တူရကီ စစ်ပွဲတွင် ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့သည့် သူရဲကောင်း တစ်ယောက် ပေပဲ။
“မင်းက ဘာအကြောင်းကြောင့် အလုပ်ရှာနေရတာလဲ”
အဘိုးကြီး စူးစမ်းမေးမြန်းသည်။
“ကျွန်တော်က ကျွန်တော့်အဖေနဲ့ အတူမနေတော့ပါဘူး သခင်ကြီး”
“မင်းကိုယ်မင်း လိုက်ပြီး အငှားချနေတဲ့နောက် မင်းဟာ ဘယ်လို ကော့ဆက်မျိုး ဖြစ်လာမလဲ၊ မင့်အဖေနဲ့ လမ်းခွဲ လာတော့ မင့်အဖေက အမွေခွဲမပေးဘူးလား”
“မပေးပါဘူး သခင်ကြီး”
"အင်း … ဒါကတော့ မင်းတို့ကိစ္စပါလေ၊ မင်းက မင့်မိန်းမ အတွက်လည်း အလုပ်လိုချင်တာလား”
လစ္စနစ်စကီ အငယ်က သူ့ခုတင်ကို ကျွီခနဲမြည်အောင် နေရာပြောင်းထိုင်လိုက်၏။ ဂရီဂိုက စစ်ဗိုလ် လူငယ် ဘက်သို့ စွေစောင်းကြည့်သည်။ လစ္စနစ္စကီ အငယ်က မျက်စိတဖက် မှိတ်ပြလိုက်သည်။
“မှန်ပါတယ် သခင်ကြီး ခင်ဗျာ”
“သခင်ကြီးတွေ၊ သခင်လေးတွေ မသုံးစမ်းပါနဲ့ကွာ၊ ငါ မကြိုက်ဘူး၊ မင်းရဲ့ လုပ်ခက တစ်လကို ရှစ်ရူဘယ်၊ မင်းတို့နှစ်ယောက်စလုံး အတွက်နော်၊ မင့် မိန်းမက ခြံထဲက အလုပ်သမားတွေနဲ့ ရာသီလိုက် အလုပ်သမားတွေအတွက် ထမင်းချက်ကျွေးရမယ်၊ ဘယ်လိုလဲ အဲဒါဆို အလုပ်ဖြစ်မလား”
“ဟုတ်ကဲ့ ခင်ဗျာ”
“နက်ဖြန်မနက် လာခဲ့လေ၊ အရင်ရထားသမား နေသွားတဲ့အခန်းမှာ နေကြပေါ့။ ကဲ…ခုတော့ မြန်မြန် ချီတက်၊ ဒီကို ရှစ်နာရီ အရောက်လာခဲ့”
ဂရီဂို အပြင်ထွက်သွားသည်။ ဂျုံကျီ၏ တစ်ဖက်စွန်း၊ နှင်းလွှတ်သည့် ကွက်လပ်ကလေးပေါ်တွင် ဘိုဇွိုင်း ခွေးတွေ နေစာလှုံနေသည်။ စောစောက ခွေးမအိုကြီးသည် ခေါင်းငိုက်စိုက်ဖြင့်ပင် သူ့နောက်မှ လိုက်လာသေးသည်။ နောက်တော့ ပြန်လှည့်သွားသည်။
(၁၀)
ထိုနေ့နံနက်တွင် အက်စီနီယာ စောစောစီးစီး ထမင်းဟင်းချက်ပြီးသွားသည်။ မီးငြိမ်း၊ ပန်းကန်တွေ ဆေးကြော၊ နောက်ပြီး ခြံထဲသို့ ပြတင်းဝမှ လှမ်းကြည့်သည်။ စတီပင်က သူတို့ခြံနှင့် မီလက်ကော့ဗ်တို့ခြံကို ခြားထားသည့် ခြံစည်းရိုးနားရှိ သစ်ပုံအနီးတွင် ရပ်နေသည်။ သူတို့၏ပစ္စည်းများ သိမ်းသည့်ရုံ ဘယ်ဘက်အစွန်း ပြိုကျနေပြီ ဖြစ်သည့် အတွက် ထိုအပျက်အစီးကို ပြင်ဖို့ သစ်သားတိုင်များ ရွေးနေသည်။
အက်စီနီယာ နံနက် မိုးလင်းသည်နှင့် နီထွေးသော ပါးကလေးနှစ်ဖက်ဖြင့် အိပ်ရာမှထလာသည်။ နောက်ပြီး သူမ၏မျက်လုံးများသည် နုပျိုလန်းဆန်းစွာ လင်းလက်တောက်ပနေသည်။ အပြောင်းအလဲကို စတီပင် သတိပြုမိ၏။ နံနက်စောစောစာ စားနေသောအခါ သူ မမေးဘဲ မနေနိုင်တော့။
“မင်း ဘာဖြစ်နေတာလဲဟင်”
“ဘာဖြစ်နေတာလဲ ဟုတ်လား”
စတီပင့်အမေးအတိုင်း အက်စီနီယာ သံယောင်လိုက်သည်။
“မင့်မျက်နှာက ရွှေချထားသလို ဝင်းပနေတာပဲ”
“မီးဖိုက အပူကြောင့်ပါ”
ပြောပြီး တဖက်သို့ လှည့်သည်။ မစ်ရှာ့ညီမ ကလေးများ လာနေပြီလား ဆိုတာ သိချင်စောဖြင့် ပြတင်းမှ ခြံထဲသို့ တိတ်တခိုး မျှော်ကြည့်မိ၏။
သို့သော် ကောင်မကလေးက ညနေ နေတော်တော်စောင်းမှ ရောက်လာသည်။ စိတ်ပင်ပန်းစွာ စောင့်မျှော် နေရသည့် အက်စီနီယာက လှမ်းမေးသည်။
“ညီမလေးက မမနဲ့ တွေ့ချင်လို့လား မာရူကာ”
“ခဏထွက်ခဲ့ပါဦး မမရယ်”
မီးဖိုအပေါ်ဘက်တွင် ကပ်ထားသည့် မှန်ကွဲ ကလေးရှေ့တွင် ရပ်ပြီး စတီပင် ခေါင်းဖြီးနေသည်။
“ရှင် ဒီနေ့ အပြင်မထွက်ဘူး မဟုတ်လား”
စတီပင် ချက်ချင်းမဖြေ။ သို့သော် ဘီးကို ဘောင်းဘီအိတ်ထဲ ထည့်သည်။ မီးဖိုစင်ပေါ်မှာရှိသည့် သူ့ဆေးတံနှင့် ဖဲထုပ် တထုပ်ကို လှမ်းယူသည်။ ပြီးမှပြောသည်။
“ငါ အနီကွတ်ရှ်ကာတို့ အိမ်ကို ခဏသွားမယ်”
“ဒီတော့ ရှင်က အိမ်မှာရော နေဦးမှာလား၊ ဘယ်တော့နေမှာလဲ၊ ညတိုင်း ဖဲသွားရိုက်နေတာပါ ကလား၊ ရှင်တို့ အမှတ်နဲ့ ဖဲမကစားတော့ဘူးနော်၊ ဟုတ်တယ် မဟုတ်လား”
“တော်စမ်းပါ အက်စီနီယာရယ်၊ ဟိုမှာ မင်းကို တွေ့ချင်တဲ့ ကလေးမလေးက စောင့်နေတယ်”
အက်စီနီယာ အပြင်ထွက်သွားသည်။ မာရူကာက မျက်တောင်တဖျပ်ဖျပ်ခတ်ပြီး အပြုံးဖြင့် ဆီးကြိုသည်။
“ဂရစ်ရှ်ကာ ပြန်လာပြီ”
ဟု ကောင်မကလေး ပြောသည်။
“ဒီတော့ ...”
“မမကို ပြောပေးဖို့ ကျွန်မကို မှာတယ်၊ ဒီည မိုးချုပ်ချုပ်ချင်း ကျွန်မတို့အိမ်ကို လာခဲ့ပါတဲ့”
သူငယ်မကလေး၏ လက်ကို ဆွဲကိုင်ပြီး ကောင်မကလေးကို ခြံတံခါးဆီသို့ ထွက်သွားသည်။
“တိုးတိုးဟဲ့၊ တိုးတိုးပြောပါ ညီမလေးရယ်၊ တခြားရော ဘာမှာလိုက်သေးလဲ”
“မမရဲ့ပစ္စည်းတွေ အားလုံး သိမ်းထုပ်ပြီး မမနဲ့ တပါတည်း ယူခဲ့လို့လည်း မှာတယ် မမရဲ့”
အက်စီနီယာသည် တာထွက်ရန် တာစူနေသည့် မြင်းတစ်ကောင်လို တကိုယ်လုံး ပူကျွတ်နေသည်။ တဆတ်ဆတ် တုန်နေသည်။ ပြီးတော့ မီးဖိုချောင် ပြတင်းပေါက်ဆီသို့ လှမ်းကြည့်သည်။
“ဘုရားရေ...ငါ ဘယ်လိုလုပ်ပြီး … ဒီလောက် မြန်မြန်ဆန်ဆန်ကြီး။ အဲ…နေဦး၊ မမ အဆင်ပြေပြေချင်း ပြေးလာ ခဲ့မယ်လို့ ပြောပေးပါ ညီမကလေးရယ်။ ဒါထက် သူနဲ့ မမက ဘယ်နေရာမှာ ဆုံကြမယ်တဲ့လဲ”
“မမက ကျွန်မတို့အိမ်ကို လာရမှာ”
“အို..ဘယ်ဖြစ်ပါ့မလဲ”
“ဟုတ်ပြီလေ၊ ဒါဆို သူထွက်လာပြီး မမကို စောင့်နေဖို့ ပြောလိုက်မယ်”
အက်စီနီယာ အိမ်ထဲဝင်လာတော့ စတီပင် ကုတ်အင်္ကျီဝတ်နေသည်။
“ဟိုကောင်မလေးက ဘာလိုချင်လို့တဲ့လဲ”
စီးကရက်ကို နှစ်ဖွာမျှဖွာရင်း စတီပင် မေးသည်။
“ဪ..သူလာမေးတာက သူ့အတွက် စကတ်ကလေးတထည် ညှပ်ပေးနိုင်မလားတဲ့လေ”
စီးကရက်မှ ပြာများ လွင့်သွားအောင် မှုတ်ထုတ်ရင်း စတီပင် တံခါးပေါက်ဆီသို့ သွားသည်။
“ငါ့ကို ထိုင်စောင့်မနေနဲ့လေ”
တံခါးဝမှ ဆင်းသွားရင်း မှာသည်။
နှင်းပွင့်တွေ ကပ်နေသည့် ပြတင်းပေါက်ဆီသို့ အက်စီနီယာ အပြေးကလေးသွားသည်။ နောက်ပြီး ခုံတန်းရှည် ရှေ့တွင် ဒူးထောက်လိုက်၏။ ခြံတံခါးဝဆီသို့ နှင်းများကို နင်းပြီး လျှောက်သွားသည့် စတီပင့် ခြေသံများကို ကြား နေရသည်။ စီးကရက်မီးကို ဖြတ်ကျော်တိုက်ခိုက် လာသည့်လေသည် ပြတင်းပေါက်အတိုင်း ပြေးဝင်လာသည်။ မှန်ပြတင်းပေါ်မှ နှင်းရည်ပျော်နေသည့် အကွက်ထဲမှ လှမ်းကြည့်လိုက်တော့ စတီပင် သားမွေး ကက်ဦးထုပ်နှင့် သူနဲ့ ဘေးတိုက် မျက်နှာကျကို ခပ်ရိပ်ရိပ် မြင်နေရသည်။
သူမ၏ ဂျာကင်များ၊ စကတ်များနှင့် ပဝါများကို ဧရာမသေတ္တာကြီးထဲမှ သုတ်သုတ်ပျာပျာထုတ်သည်။ နောက်ပြီး ရှောစောင်ကြီး တထည်ပေါ်သို့ ပစ်တင်သည်။ သူမ အသက်ရှူ မမှန်။ ဟောဟဲလိုက်နေသည်။ မျက်စိများက ကျီးကန်း တောင်းမှောက် ပြူးပြူးပြာပြာ လျှောက်ကြည့်သည်။ မီးဖိုချောင်ကို နောက်ဆုံးအကြိမ်အဖြစ် ဖြတ်လျှောက်သည်။ ပြီးတော့ မီးမှိတ်သည်။ လှေကားထစ်များဆီသို့ ပြေးသည်။ မီးဖိုချောင်တံခါးကို သံကြိုးဖြင့် ချည်သည်။ မီလက်ကော့ဗ်တို့ အိမ်ထဲမှ တစုံတစ်ယောက် ထွက်လာသည်။ သူတို့ နွားတွေ အခြေအနေကို ထွက်ကြည့်တာဖြစ်မည်။ ခြေသံများ ဝေးပြီး ပျောက်ကွယ်သွားသည်အထိ စောင့်နေလိုက်၏။ ပြီးမှ ဒွန်မြစ်ဘက်သို့ အသော့ပြေးခဲ့၏။ ခေါင်းစည်းပဝါနှင့် လွတ်သွားသော ဆံနွယ်များ က သူမ ပါးပြင်နှစ်ဖက်ကို ကလိနေသည်။ သူမ၏ အထုပ်ကို ဆွဲပြီး ကော့ရှီဗွိုင်း မိသားစု၏ အိမ်သို့ လမ်းကြိုလမ်းကြား ကလေးများမှ လာခဲ့သည်။ သို့ပေမဲ့ သူမ၏ခွန်အားတွေ ခန်းလာပြီ။ သူမ၏ခြေထောက် များသည် သံတွေခဲဖြင့် ထုဆစ်ထားသလို လေးလံလွန်းမက လေးလံလာပြီ။ တော်သေးသည်။ ဂရီဂိုက ခြံပေါက်ဝမှာ ထွက်ကြို နေပေလို့။ သူက အထုပ်ကို လှမ်းယူသည်။ ပြီးတော့ နှုတ်ဆိတ်စွာပင် သူမကိုခေါ်ပြီး မြက်ခင်းပြင်ထဲသို့ သွားကြသည်။
အိမ်နှင့် ခပ်လှမ်းလှမ်းသို့ ရောက်တော့ အက်စီနီယာ ခြေလှမ်းတွေ နှေးလိုက်လာ၏။ နောက်ပြီး ဂရီဂို အင်္ကျီလက်ကို ဆွဲလိုက်၏။
“ခဏနေပါဦး”
“ဘာအကြောင်းရှိလို့ ခဏနေရမှာလဲကွ၊ ဒီည လထွက်ချိန် နောက်ကျလိမ့်မယ်၊ ဒီတော့ ငါတို့ မြန်မြန်သွားမှ ဖြစ်မယ်”
“နေပါဦး ဂရစ်ရှ်ကာရယ်”
ခြေလှမ်းရပ်လိုက်၏။ နာကျင်မှုဝေဒနာကို နှစ်ဆ တိုးလာပြီ။
“ဘာဖြစ်တာလဲ”
ဂရီဂို နောက်ပြန်လှည့်ကြည့်သည်။
“ကျွန်မဗိုက်ထဲမှာ တခုခု ဖြစ်နေပြီ။ ကျွန်မ သယ်လာတာ လေးလွန်းလို့ဖြစ်မယ်”
ခြောက်ကပ်နေသည့် နှုတ်ခမ်းများကို လျှာဖြင့် လိမ်းသပ်သည်။ နောက်ပြီး သူမ၏ကိုယ်ကို လက်များဖြင့် ဖိညှပ် ထားသည်။ တဒင်္ဂမျှ မတ်တတ်ရပ်နေသည်။ ဆင်းရဲပင်ပန်းစွာ ခါးကိုင်းနေသည်။ ထို့နောက် ခေါင်းစည်းပဝါပေါ်သို့ လျှံထွက်နေသည့် ဆံစများကို လက်ဖြင့်သိမ်းတင်ပြီး ခရီးဆက်ပြန်သည်။
“ငါ မင်းကို ဘယ်ကိုခေါ်သွားမှာလဲဆိုတာ မင်း မမေးပါလား၊ ငါ မင်းကို တွန်းချဖို့ အနီးဆုံး ချောက်ကမ်းပါးဆီ ခေါ်သွားနေတာဆိုရင် ဘယ့်နှယ်လုပ်မလဲ”
ဂရီဂို အမှောင်ထုထဲတွင် ပြုံးလိုက်၏။
“ခုမှတော့ ကျွန်မအတွက် မထူးတော့ပါဘူး၊ ခုမှ အိမ်ပြန်လို့လည်း မရတော့ဘူး”
မဲ့ပြုံးကလေးဖြင့် ပြောလိုက်သည်။ သူမ၏အသံ သည် အဖျားခတ်တုန်ယင်နေလေသည်။
(၁၁)
ထုံးစံအတိုင်း...
ထိုညက ညဉ့်သန်းခေါင်ချိန်ကျမှ စတီပင် အိမ်ပြန်လာသည်။ ဦးစွာ မြင်းဇောင်းသို့ဝင်သည်။ ပြန့်ကျဲနေသည့် မြက်ခြောက်များကို မြင်းစားခွက်ထဲသို့ ကျုံးထည့်သည်။ ပြီးမှ အိမ်ဆီသို့သွားသည်။ “သူလည်း ညဘက် အပျင်းပြေ ထွက်လည်တာ ဖြစ်မယ်”ဟု တွေးရင်း တံခါးသံကြိုးကို ဖြုတ်သည်။ သူ မီးဖိုချောင်ထဲ ဝင်သည်။ တံခါးကို ခပ်သွက်သွက် ပိတ်သည်။ ပြီးတော့ မီးခြစ်သည်။ သည်ည ဖဲဝိုင်းမှာ သူ နိုင်ကြောမိလာသည်။ ထို့ကြောင့် တိတ်တိတ်ဆိတ်ဆိတ်ဖြင့် အိပ်ချင်နေပြီ။ မီးအိမ်ကို မီးညှိလိုက်သည်။ ပြန့်ကျဲရှုပ်ပွနေသည့် မီးဖိုချောင်ကို မြင်ရတော့ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ အကြောင်းရင်းကိုတော့ မတွေးမိသေး။ အံ့ဩစိတ်ကလေး စွက်လျက် သူတို့နှစ်ယောက်၏ အိပ်ခန်းထဲ ဝင်သွားသည်။ အဝတ်အစားသေတ္တာကြီး က သူ့ကို ပါးစပ်ဟောင်းလောင်းဖြင့် ကြိုဆိုနေသည်။ ကြမ်းပြင်ပေါ်တွင် ဂျာကင်အင်္ကျီအဟောင်း တထည်။ အက်စီနီယာ ပျာယီးပျာယာဖြင့် မေ့ကျန်ခဲ့တာဖြစ်မည်။
စတီပင် သူ့ကိုယ်ပေါ်မှ သိုးရေဂျာကင်ကို ဆွဲချွတ်သည်။ ပြီးတော့ မီးထွန်းဖို့ မီးဖိုချောင်ထဲ ပြေးဝင်သည်။ သူတို့နှစ်ယောက်၏ အိပ်ခန်းကို လှည့်ပတ်ကြည့်သည်။ သူ သဘောပေါက်သွားသည်။ မီးအိမ်ကို ပစ်ချသည်။ နံရံတွင် ချိတ်ထားသည့် ဓားရှည်ကို ဆွဲဖြုတ်သည်။ လက်ချောင်းများမှ အကြောတွေ ထောင်ထလာသည့်တိုင် ဓားရိုးကို တင်းတင်းဆုပ်သည်။ အက်စီနီယာ၏ အပြာနှင့်အဝါကျား ဂျာကင်အဟောင်းကို ဓားဦးဖြင့် ထိုးကော်သည်။ ဂျာကင်ကို လေထဲ မြှောက်တင်သည်။ ဂျာကင် ပြန်အကျတွင် ဓားထိပြီး နှစ်ပိုင်းပြတ်သွားသည်။ အင်္ကျီအပိုင်းအပြတ်များကို မြှောက်တင်လိုက်၊ ဓားဖြင့်ပိုင်းလိုက် လုပ်နေသည်မှာ ပိတ်စကလေးများ ဖြစ်ကုန်သည်အထိ။
ထို့နောက် ဓားသိုင်းကြိုးကို ဖြုတ်ပစ်ပြီး ဓားရှည်ကို အခန်းထောင့် တထောင့်သို့ ပစ်ထည့်လိုက်၏။ မီးဖိုချောင်ထဲ သွားသည်။ ထမင်းစား စားပွဲတွင် ဝင်ထိုင်သည်။ ခေါင်းငိုက်စိုက်ကျလျက်။ တုန်ယင်သော လက်ချောင်းများဖြင့် စားပွဲခုံ မျက်နှာပြင်ကို သပ်သည်။ ပြီးတော့ နောက်တကြိမ်… နောက်တကြိမ်.... ထပ်ကာ ထပ်ကာ သပ်နေမိသည်။
(၁၂)
ပြဿနာဟူသည် ဘယ်တော့မှ တခုချင်းမလာ။
ဂရီဂို အိမ်ပေါ်မှ ဆင်းသွားသည့် နံနက်မှာပင် မီရွန်တို့အိမ်တွင် နောက်ထပ် ပြဿနာတခု ပေါ်ပြန်သည်။ ဂက်ကာ၏ ပေါ့ဆမှုကြောင့် မီရွန်၏ အကျင့်ပျက်နွားကြီးက ဒုက္ခပေးပြန်သည်။ သည်နွားကြီးသည် ဒုက္ခအကြိမ်ကြိမ် ပေးခဲ့ပြီ။ ယခုလည်း အလိမ္မာဆုံး မြင်းမကလေးကို ချိုဖြင့် ဝှေ့လိုက်သည့်အတွက် မြင်းမကလေး လည်ပင်းတွင် အပေါက်ကြီး ဖြစ်သွားပြီ။ မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်ပြီး တဆတ်ဆတ်တုန် နေသည့် ဂက်ကာ မီးဖိုချောင်ထဲသို့ ပြေးဝင်လာသည်။
“ပြဿနာ၊ သခင်ကြီးခင်ဗျာ၊ အဲဒီနွားကြီး... အဲဒီ သေနာကျ နွားကြီး”
“အဲ...နွားကြီး ဘာဖြစ်လဲ ပြောစမ်းပါဦး”
မီရွန် အလန့်တကြားမေးသည်။
“မြင်းမလေးကို ချိုနဲ့ ခတ်လိုက်တယ် ခင်ဗျ၊ မြင်းမကလေး လည်ပင်းမှာ အပေါက်ကြီးဖြစ်သွားတယ်”
မီရွန် အဝတ်လဲလျက်တန်းလန်း ခြံထဲ ပြေးဆင်းသည်။ ရေကန်အနီးတွင် မစ်ကာက ငါးနှစ်သား နွားသိုးကြီးကို တုတ်ချောင်းဖြင့် လှိမ့်ရိုက်နေသည်။ ဦးခေါင်းကို အောက်စိုက်ထားသည့် နွားသိုးကြီး၏ လည်ပင်းသည် နှင်းခဲများပေါ်တွင် ဒယဉ်တိုက်ပါနေ၏။ နွားကြီးခွာဖြင့် ခုတ်ခြင်းကြောင့် နှင်းခဲတွေ ကြေမွကုန်သည်။ ကြွေကြေသော နှင်းခဲများသည် ငွေရောင်အမှုန် ကလေးများအဖြစ် လွင့်ပျံနေသည်။ သူက လွယ်လွယ်နှင့် အလျှော့မပေး။ သို့သော် နောက်ခြေထောက် နှစ်ချောင်းပေါ်တွင် မားမားရပ်ပြီး ရုတ်တရက် တဟုန်ထိုး တိုက်ခိုက်ဖို့ အရှိန်ယူနေသယောင်ရှိသည်။ မစ်ကာ က အကောင်ကြီး၏ နှာခေါင်းကို ရိုက်သည်။ ဘေးနှစ်ဖက်ကို ရိုက်သည်။ ရိုက်ရင်း ကျိန်ဆဲသည်။ အလုပ်သမား တစ်ဦးက သူ့အား ဓါးပတ်မှဆွဲပြီး နောက်ဆုတ်ခိုင်းသည်ကိုလည်း မမှု။
မီရွန် ရေတွင်းဆီသို့ ပြေးသည်။ မြင်းမကလေးသည် ခြံစည်းရိုးအနီးတွင် ရပ်နေသည်။ ဦးခေါင်း ငိုက်စိုက် ကျလျက်။ သူမ၏အသားတွေ တဆတ်ဆတ် ခါနေသည်။ လည်ပင်းဒဏ်ရာမှ သွေးတွေစီးကျနေသည်။ နွားဝှေ့ ခံလိုက်ရသည့် ဒဏ်ရာက လက်တစ်ဝါး စာလောက် နက်သည်။ လည်ပင်းမှ လေပြွန်ကိုပင် မြင်ရသည်။ မီရွန်က မြင်းမကလေး၏ နဖူးပေါ်မှ ဦးစွန်းဖုတ်ကို ကိုင်ပြီး ဦးခေါင်းကို ဆွဲမ,သည်။ မြင်းမ ကလေးက သူမသခင်ကို ကြည့်၏။ သူ၏အကြည့်က အသက်မပါ။ “နောက်ထပ် ဘာလုပ်ဦးမလို့လဲ” ဟု အသံတိတ် မေးနေသည့်နှယ်။ မြင်းမကလေး၏ အမေး ကို အဖြေပေးသည့်နှယ် မီရွန် အော်ဟစ်လိုက်၏။
“တယောက်ယောက်ကို ပြေးပြောကြစမ်း ဝက်သစ်ချအခေါက် နည်းနည်းလောက် ခွာခဲ့ပါလို့၊ မြန်မြန်သွား”
ဝက်သစ်ချအခေါက် ခွာဖို့ ဂက်ကာ ပြေးသည်။ မစ်ကာ သူ့ဖခင်ထံ လာသည်။ ခြံထဲမှာ လှည့်ပတ်ပြီး ဝမ်းခေါင်းသံ ကြီးဖြင့် အော်နေသည့် နွားသိုးကြီးကို လည်း မျက်စိတဖက်က ကြည့်ရသေးသည်။
“မြင်းမကို ဦးစွန်းဖုတ်ဆွဲထား၊ တယောက်ယောက် က အပ်ချည် ပြေးယူစမ်း၊ မြန်မြန်နော်”
အဘိုးကြီးမီရွန် အမိန့်ပေးသည်။
မြင်းမကလေး နာကျင်မှုဝေဒနာ မခံစားရအောင် အပေါ်နှုတ်ခမ်းကို ကြိုးတစ်ချောင်းဖြင့် ပတ်ချည်လိုက်သည်။ ထို့နောက် ဒဏ်ရာကို ဆေးကြောသည်။ မီရွန်က အေးခဲနေသော လက်ချောင်းများဖြင့် အပ်နဖားတွင် ကြိုးထိုးသည်။ ပြီးတော့ ဒဏ်ရာအနားသားများကို ဆွဲချုပ်သည်။ ညီညာသေသပ်သောချုပ်ရိုးများ ဖြစ်ပေါ်လာသည်။ မီးဖိုချောင်ဆီမှ သူ့မိန်းမ အပြေးဆင်းလာသည်။ သူမ၏ မျက်နှာပေါ်တွင် ထိတ်လန့်ရိပ်များ ပေါ်လွင်နေ၏။ သို့သော် မီရွန်က တချက် လှည့်ကြည့်ဖော်မရ။ သူ့အလုပ်သူ ဆက်လုပ်နေသည်။ အမျိုးသမီးက ခင်ပွန်းသည်အား ဘေးနားသို့ ဆွဲခေါ်ပြီး
“နာတာ လီယာ ဒီမှာရောက်နေတယ် တော်ရေ့ အမယ်လေး ဒုက္ခပါပဲ”
“ခု ဘာဖြစ်လာတာတဲ့လဲ”
မျက်နှာဖြူရော်သွားရင်း မီရွန် မေးသည်။
“တရားခံက ဂရီဂိုလေ၊ သူ အိမ်ပေါ်က ဆင်း သွားပြီတဲ့”
တောင်ပံရိုက်ခတ်ပျံသန်းဖို့ အရှိန်ယူသည့် ကျီးအ တစ်ကောင်လို လုကီနစ်ချ်နာ လက်နှစ်ဖက်ကို မြှောက်သည်။ ပြီးတော့ သူမ၏စကတ်ကို လက်ဝါးဖြင့် ပုတ်ပြီး ငိုညည်းသည်။
“တရွာလုံးရှေ့မှာ အရှက်တော့ကွဲပါပြီတော်။ ဘယ်လိုဂြိုဟ်ဆိုး၊ ကံကြမ္မာဆိုးတွေ ဝင်လာပါလိမ့်၊ အမယ်လေး …”
မီးဖိုခန်း အလယ်တွင် မတ်တတ်ရပ်နေသည့် နာတာလီယာအား မီရွန် တွေ့သည်။ သူမ၏မျက်လုံး အိမ်များတွင် မျက်ရည်ဥကြီးနှစ်ခု တွဲခိုလျက်။ သူမ၏ ပါးပြင်တွေတွင် အနီရင့်ရင့် စွန်းထင်းလျက်။
“နင် ဒီမှာ ဘာလာလုပ်နေတာလဲ”
အခန်းထဲသို့ အပြေးဝင်ရင်း ဖခင်ဖြစ်သူက လေတလုံး မိုးတလုံး မေးသည်။
“နင့်ယောက်ျားက နင့်ကိုရိုက်သလား၊ နှိပ်စက်သလား။ နင်တို့နှစ်ယောက် အဆင်မပြေကြဘူးလား”
“သူ ထွက်သွားပြီ ဖေဖေ”
နာတာလီယာ ညည်းသည်။ သူမ ဒယီးဒယိုင် ဖြစ်ပြီး သူ့ဖခင်ရှေ့တွင် ဒူးထောက်လိုက်သည်။
“ဖေဖေ၊ ကျွန်မဘဝကတော့ အဖျက်ဆီးခံလိုက် ရပြီ ဖေဖေရဲ့။ ကျွန်မကို ပြန်ခေါ်ပါနော်။ ဂရီဂိုက ထွက်ပြေးပြီ၊ ဟိုကောင်မနဲ့ ပေါ့။ သူ ကျွန်မကို စွန့်ပစ်သွားပြီ ဖေဖေ၊ ကျွန်မက စိစိညက်ညက် အနင်းအခြေ ခံလိုက်ရပြီ ဖေဖေရဲ့။”
ကောင်မကလေး ငိုရှိုက်သည်။ သူ့ဖခင်၏မျက်နှာကို မျှော်လင့်တကြီး မော့ကြည့်သည်။
“နေဦး၊ ခဏလေး”
“သမီး အဲဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး ဖေဖေ။ ကျွန်မကို ပြန်သာခေါ်ပါနော်”
သေတ္တာကြီးဆီသို့ ဒူးထောက်သွားသည်။ ပြီးတော့ သူမ၏လက်မောင်းများပေါ်တွင် ဦးခေါင်းကို မှေးအပ် ထားသည်။ ထိုအချိန်တွင် ကျလာသည့် မျက်ရည်များသည် မေလ မိုးခေါင်ခေါင်တွင် ရွာချသည့် မိုးပေါက် ကြီးများနှယ်။ မိခင်ဖြစ်သူက နာတာလီယာ့ ဦးခေါင်းကို သူမ၏ စကတ်ဖြင့် ဖိကပ်ထားသည်။ နောက်ပြီး မိခင်တစ်ဦး၏ အကြင်နာ စကားများဖြင့် ချော့မော့နှစ်သိမ့်သည်။ သို့သော် ရှူးရှူးရှားရှား ဖြစ်နေသည့် မီရွန်က လှေကားထစ်များဆီသို့ ပြေးသွားသည်။
“စွတ်ဖားမှာ မြင်းနှစ်ကောင် က,စမ်းဂ
ဟု အော်ဟစ်သည်။ အိမ်လှေကားထစ်ပေါ်တွင် ကြက်မတို့ ရစ်သီ ရစ်သီလုပ်နေသည့် ကြက်ဖကြီးသည် မီရွန့် အော်သံကြောင့် အလန့်တကြား ထွက်ပြေးသွားသည်။ နောက်ပြီး တောင်ပံ တဖျပ်ဖျပ် ရိုက်ခတ်လျက် ဂျုံကျီဘက်သို့ သွားသည်။ သူသွားသည့် လမ်းတလျှောက်လုံး စိတ်ဆိုးမာန်ဆိုးဖြင့် တကော်ကော် အော်သွားလေသည်။
“မြင်းတွေ က,ကြိုးဆင်စမ်း”
လှေကားထစ်များတွင် တပ်ဆင်ထားသော လက်ရန်းကို မီရွန် ဆင့်ကာ ဆင့်ကာ ကန်သည်။ နောက်ဆုံး လက်ရန်းတွေ ပျက်စီးကုန်သည် အထိ။ မြင်းဇောင်းထဲမှ မြင်းနှစ်ကောင်ကို ဆွဲထုတ်လာမှ မီရွန် မီးဖိုချောင်ထဲ ပြန်ဝင် သည်။
မစ်ကာက ဂက်ကာနှင့်အတူ နာတာလီယာ့ ပစ္စည်းတွေ သိမ်းဖို့ မီလက်ကော့အိမ်သို့ မြင်းဆွဲစွတ်ဖားဖြင့် သွားသည်။ စိတ်ပျံ့လွင့်စွာ စွတ်ဖားမောင်းလာသည့် ဂက်ကာက လမ်းတွင် ဝက်ပေါက်ကလေး တစ်ကောင်ကို လွင့်စဉ် သွားအောင် တိုက်ပစ်လိုက်သည်။
“ခုလောက်ဆို မြင်းမလေးကိစ္စကို သခင်ကြီး မေ့သွားလောက်ပြီ ထင်ပါရဲ့” ဟု ဂက်ကာ တွေးသည်။
“ဒါပေမဲ့ ဒီအဘိုးကြီးက တစက်မှ မကောင်းတဲ့ နတ်ဆိုးကြီးပဲဟာ၊ သူ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး”
ထို့နောက်မှာတော့ ဂတ်ကာက ကျာပွတ်ကို လွှဲကာ လွှဲကာဖြင့် မြင်းများ၏ ကျောကုန်းကို ရိုက်ပစ် လိုက်လေသည်။
အခန်း [၁ဝ]
(၁)
ယူဂျင်းလစ္စနစ်စကီသည် ကော့ဆက်လူမျိုးစု ခေါင်းဆောင်၏ သက်တော်စောင့်တပ်ဖွဲ့တွင် တပ်စုမှူး အဖြစ် တာဝန်ထမ်းခဲ့သည်။ အရာရှိများ ပြေးပွဲပြိုင်ပွဲ တခုတွင် ယူဂျင်းလည်း ပါဝင် ယှဉ်ပြိုင်ခဲ့သည်။ တန်းကျော်ပြေးပွဲတရပ်တွင် ခုန်ကျော်ရသည့်တန်းနှင့် သူ့ခြေထောက်ငြိပြီး ချော်လဲရာ သူ့ဘယ်ဘက်လက် ကျိုးခဲ့သည်။ ဆေးရုံမှ ဆင်းလာသောအခါ ခွင့်ရက်ရှည် ယူသည်။ သူ့ဖခင်ဆီသို့ သွားပြီး သူ့ဖခင်နှင့် သီတင်းပတ် ခြောက်ပတ်တိတိ အတူနေ အနားယူခဲ့သည်။
ဗိုလ်ချုပ်ကြီးက ယာဂေါ့ဒ်နိုးတွင် တစ်ဦးတည်း နေထိုင်သည်။ ဆယ့်ကိုးရာစုနှစ် ရှစ်ဆယ်ပြည့်လွန် နှစ်များတုန်း က သူ ဝါဆောမြို့တွင် တာဝန်ကျနေသည်။ ထိုစဉ် တရက်က ဝါဆောမြို့ ဆင်ခြေဖုံးတွင် မြင်းရထားဖြင့် ခရီးသွားစဉ် တော်လှန်ရေးသမားများ၏ မြောင်းမြောင်းတိုက်ခိုက်မှု ခံခဲ့ရသည်။ သို့သော် ရန်သူများ၏ ကျည်ဆန်သည် ကော့ဆက် ဗိုလ်ချုပ်ကြီးကို မထိမှန်။ သူ့အစား ဗိုလ်ချုပ်ကြီးကတော်နှင့် မြင်းရထားမောင်းသူသာ သေဆုံးသွားသည်။ ဗိုလ်ချုပ်ကြီး လစ္စနစ်စကီသည် သားငယ် နှစ်နှစ်သားကလေး ယူဂျင်း ကို အုပ်ထိန်းရင်း မုဆိုးဖို ဖြစ်ကျန်ခဲ့သည်။ ထိုဖြစ်ရပ် ဖြစ်ပေါ် ပြီးနောက် သိပ်များမကြာမီ ဗိုလ်ချုပ်ကြီး အငြိမ်းစား ယူခဲ့သည်။ ယာဂေါ့ဒ်နိုးသို့ သွားပြီး အထီးကျန်သော ဘဝကို ခပ်ကြမ်းကြမ်း နေထိုင်ခဲ့၏။
သားကလေး ယူဂျင်း အသက်ပြည့်သည်နှင့် ဗိုလ်လောင်း သင်တန်းသို့ ပို့သည်။ သူကတော့ လယ်ယာလုပ်ငန်း လုပ်ကိုင်သည်။ သူက ဘုရင့်မြင်းဇောင်းများမှ မျိုးသန့်ပြိုင်မြင်းများ ဝယ်ယူသည်။ အင်္ဂလန်မှလာသည့် အကောင်းဆုံး၊ အသန့်ဆုံး မြင်းမကလေးများနှင့် မျိုးစပ်သည်။ သို့ဖြင့် မျိုးသန့် ပြိုင်မြင်း အသစ်များ ပြုစုပျိုးထောင်သည်။ သူ့ကိုယ်ပိုင် မြေပေါ်မှာရော ငှားရမ်းမြေပေါ်မှာပါ မွေးမြူရေးခြံတွေ တည်ထောင်သည်။ လယ်ကူလီများ ငှားပြီး ဂျုံစိုက်သည်။ ဆောင်းဦး နှင့် ဆောင်းကာလများတွင် သူ၏ ဘိုဇွိုင်း အမဲလိုက်ခွေးများ ခေါ်ပြီး အမဲလိုက်သည်။ နောက်ပြီး ရံဖန်ရံခါ ဆိုသလို အခန်းတံခါး ပိတ်ပြီး သီတင်းပတ် တပတ်လောက် ကြာအောင် အရက်သောက်နေတတ်သည်။ သို့သော် သူ့ကို ဒုက္ခပေးနေ သည်မှာ အစာအိမ်ရောဂါ၊ အမြဲတမ်းလိုလို ဗိုက်အောင့်တတ်သည်။ သူ့ဆရာဝန်က ဘယ်လိုအစားအစာမျိုး ကိုမျှ မျိုမချရဟု တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။ သူစားသမျှ အစားအစာများ၏ ကောင်းခြင်းမှန်သမျှကို ဝါးခြင်းဖြင့် ထုတ်ယူရမည်ဆို၏။ အဓိပ္ပာယ်က စားသမျှ အစားအစာများကို ဝါးရုံပဲ ဝါးရမည်။ ပေါ်ထွက်လာသည့် အရသာကိုခံ၊ ကစီရည်ကိုမျိုး ဝါးထားသည့် အဖတ်များကို ထွေးထုတ်ရမည်။ မျိုမချရ ဟူ၏။ သည်တော့ သူဝါးပြီးသား ဝါးဖတ်များကို သူ၏ အစေခံ ဘင်ယာမင် ကိုင်ပေးသည့် ငွေလင်ပန်း ထဲ ထွေးချရုံသာ။
ဘင်ယာမင်က ကျပ်ပြည့်သူမဟုတ်။ အသားညိုသည်။ မည်းနက်ထူထဲ လှိုင်းထနေသော ဆံပင်များ ရှိသည်။ လစ္စနစ်စကီ ထံတွင် အနီးကပ် အလုပ်အကျွေး ပြုနေခဲ့သည်။ ခြောက်နှစ်ခြောက်မိုးပင် ရှိခဲ့ပြီ။ ဗိုလ်ချုပ်ကြီး အစားအစာ ဝါးသည်ကို အနီးကပ် စောင့်ကြည့်သည်။ ကနဦးပိုင်း အချိန်တွေတုန်း ကတော့ ဘင်ယာမင် ကြည့်လို့မရ။ ဗိုလ်ချုပ်ကြီး ထွေးထုတ်လိုက်သည့် အစားအစာများကို မကြည့်ချင်။ ရွံသည်။ သို့သော် သည်မြင်ကွင်းကို မြင်ရဖန် များလာတော့ ရိုးလာသည်။ ကျင့်သားရလာသည်။ လပေါင်း တော်တော်ကြာလာတော့ သူ့သခင်ကြီး ထွေးထုတ်လိုက်သည့် ကြက်ဆင် သား ဖြူဖြူတွေကို ကြည့်ပြီး ဘင်ယာမင် အတွေးတစ်ခု ပေါ်လာသည်။
“ဒီလောက်ကောင်းတဲ့ အစားအစာတွေ အလဟဿ ဖြစ်ကုန်တာ နှမြောစရာ ကောင်းလိုက်တာကွာ၊ ဒါတွေ ကို သူက မစားဘူး၊ ငါ့မှာတော့ ဆာလွန်းလို့ အူ တကြုတ်ကြုတ် မြည်လို့၊ နေဦး သူမျိုမချတဲ့ အစားအစာ တွေကို ငါ စားကြည့်ဦးမယ်”
ဟု တွေးသည်။ သို့ဖြင့် သူ့သခင် ဝါးထုတ်ထားသည့် အသားများ ထည့်ထားသည့် ငွေလင်ပန်းကို ယာယီပစ္စည်းသိမ်း အခန်းငယ်ကလေးထဲသို့ ယူသွားသည့် အကျင့်လုပ်သည်။ နောက်ပြီး ၎င်းအခန်းကလေးထဲ မှာပင် သခင်ကြီး ထွေးထုတ်ထားသည့် အသားဖတ်များကို ကသောကမျော မျိုချလေသည်။ ထိုအလေ့အကျင့်ကြောင့် ဖြစ်ကောင်း ဖြစ်မည်။ ဘင်ယာမင် တစ်ယောက် တနေ့တခြား ဝဖိုင့်လာသည်။ မေးစေ့ နှစ်ထပ် ဖြစ်လာသည်။
သူတို့ခြံထဲတွင် နေထိုင်သည့် အခြားသူများမှာ အိမ်စေအမျိုးသမီး၊ ကျောက်ပေါက်မာများရှိသည့် ထမင်းချက် ယူကရိယာ၊ ရှေးမြင်းဇောင်း အလုပ်သမားကြီး ဆာရှကာ၊ နောက်ပြီး တိခွန် အမည်ရှိ သိုးထိန်းကြီးတို့ ဖြစ်၏။ သူတို့ခြံသို့ အက်စီနီယာ စရောက် လာကတည်းက ယူကရိယာက အက်စီနီယာ ကို ပယ်ထားသည်။ သခင်ကြီးအတွက် ချက်ရေး ပြုတ်ရေးတွေ မလုပ်ရ။ ကူညီခွင့်လည်း မရ။ အက်စီနီယာအား တာဝန်ချပေးထားသည်မှာ အိမ်ကြမ်းပြင်များကို တပတ်လျှင် သုံးကြိမ် ဆေးကြောတိုက်ချွတ်ဖို့။ အကောင်ပေါင်း မြောက်မြားစွာသော ကြက်များ၊ ငှက်များကို အစာ ကျွေးဖို့။ နောက်ပြီး ကြက် ငှက် လှောင်အိမ်များကို သန့်ရှင်းအောင် ဂရုစိုက်ထိန်းသိမ်းထားဖို့။
ဂရီဂိုကတော့ ကျယ်ဝန်းသော မြင်းဇောင်းများထဲတွင် ဆာရှကာနှင့် အချိန်ကုန်နေသည်က များသည်။ မြင်းဇောင်း အလုပ်သမား အဘိုးကြီးသည် ဆံပင်တွေပင် ဖြူနေပြီ။ သို့သော် လူတိုင်းက သူ့ကို ‘ဆာရှကာ” ဆိုသည့် အမည်ကိုပင် ခေါ်ဖို့ နှုတ်ကျိုးနေပြီ။ သူ အနှစ် နှစ်ဆယ်ကျော် အလုပ်အကျွေးပြုခဲ့သည့် လစ္စနစ်စကီကြီး ကပင်လျှင် ဆာရှကာ၏ မျိုးရိုးအမည်ကို မေ့လျော့နေဟန် ရှိသည်။ ငယ်နုစဉ်တုန်းကတော့ ဆာရှကာသည် ရထားသမားဖြစ်၏။ သို့သော် အသက်ကြီး ချည့်နဲ့ပြီး မျက်စိတွေ မှုန်လာသောအခါ သူ့ကို မြင်းဇောင်းတွင် အလုပ်ပေးခဲ့သည်။ ဂင်တိုတို ခေါင်း ဖြူဖြူနှင့် မြင်းဇောင်း အလုပ်သမားကြီး၏ နှာခေါင်းကတော့ ငယ်စဉ်က တစုံတစ်ဦး၏ တုတ်ချက်ကြောင့် ပြားချပ် နေသည်။ အမြဲပြုံးနေသော သူ့အပြုံးက ကလေး ဆန်သည်။ လောကကြီးကို ကြည့်သော သူ့အကြည့် က ပရိယာယ် ကင်းပြီး အရောင်တဖျပ်ဖျပ် လက်နေတတ်သည်။ တည်ကြည်ပြီး ကြည်လင်သန့်စင်သည့် သူ့မျက်နှာသွင်ပြင်သည် ပြားချပ်နေသော နှာခေါင်းကြီးဖြင့် ရုပ်ပျက်နေသည်။ သည်ကြားထဲ အမာရွတ် ထင်နေသည့် သူ၏ အောက်နှုတ်ခမ်းမှာ တွဲကျ နေသေးသည်။ ဆာရှကာက ဗော့ဒကာကြိုက်သည်။ ဗော့ဒကာ သောက်နေပြီဆိုလျှင် ခြံဝိုင်းထဲ ဟိုလျှောက် သည်လျှောက် လမ်းသလားနေလေ့ရှိသည်။ သူ့ကိုယ်သူ ခြံရှင်သခင်ကြီးအလား ခြေထောက်ကို ဆောင့်ကာ ဆောင့်ကာ ဖြင့် အဘိုးကြီး လစ္စနစ်စကီ၏ အိပ်ခန်းအောက် တည့်တည့်တွင် ရပ်သည်။ ပြီးတော့ လေသံမာမာဖြင့် အော်ကြီး ဟစ်ကျယ် အော်ခေါ်သည်။
“မီကိုလိုင်းလက်စီဗစ်ချ်ပော့၊ မီကိုလိုင်းလက်ဗီဗစ်ချ်”
အဘိုးကြီးလစ္စနစ်စကီ အိပ်ခန်းထဲမှာ ရှိနေလျှင် သူက ပြတင်းပေါက်သို့ လာသည်။
“ဟေး … ကလိမ်ကကျစ် အယုတ်တမာကောင်ကြီး၊ မူးနေပြန်ပြီပေါ့”
ဟု ကြိမ်းမောင်းမည်။
ထိုအခါ ဆာရှကာ သူ့ဘောင်းဘီကို ဆွဲတင်မည်။ မျက်စိတဖက် မှိတ်ပြပြီး ပြုံးပြမည်။ သူ့အပြုံးက သူ့မျက်နှာ ပေါ်တွင် ကခုန်နေမည်။
“မီကိုလိုင်းလက်စီဗစ်ချ် သခင်ကြီးရယ်၊ သခင်ကြီး ကို ကျုပ် သိပါတယ်”
ဟုပြောရင်း ညစ်ပေနေသော လက်ညှိုးကို သတိပေး ခြိမ်းခြောက်သံလို လှုပ်ယမ်းပြသည်။
“သွား ... အမူးပြေသွားအောင် အိပ်ပစ်လိုက်”
သူ့သခင်ကြီးက ပြုံးပြသည်။
“သခင်ကြီး ဆာရှကာကို ဖြီးလို့ ဖြန်းလို့ လှိမ့်လို့ မရဘူးနော…”
မြင်းဇောင်းအလုပ်သမားကြီး တဟားဟားရယ်မောမည်။ ခြံစည်းရိုးဆီသို့ သွားမည်။
“မီကိုလိုင်းလက်စီဗစ်ချ်ရယ်၊ ခင်ဗျားဟာ ကျုပ်လိုပါပဲ၊ ခင်ဗျားနဲ့ ကျုပ်ဟာ…ဘဝတူတွေပါဗျာ၊ ခင်ဗျားနဲ့ ကျုပ်..ကျုပ်တို့ဟာ ချမ်းသာကြပါတယ်...ဟား”
သည်နေရာရောက်တော့ သူ ဘယ်လောက်ချမ်းသာ ကြောင်းပြဖို့ လက်နှစ်ဖက်ကို ကားပြသည်။
“ကျုပ်တို့ကို ဒွန်ခရိုင်အတွင်းမှာ ရှိတဲ့ လူတိုင်း က သိကြတယ်။ ကျုပ်တို့ …”
သူ့အသံ ရုတ်ခြည်း စိတ်ဆင်းရဲသံ ပေါက်သွားသည်။ ပုန်းလျှိုးကွယ်လျှိုး လေသံ ပေါက်သွားသည်။
“သခင်ကြီး… ခင်ဗျားနဲ့ ကျုပ်ဟာ လူတိုင်းအပေါ်မှာ ကောင်းခဲ့တယ်။ ဒါပေမဲ့ ကျုပ်တို့ နှစ်ယောက် စလုံးမှာ နှာခေါင်းရိုးတွေ ကျိုးခဲ့ရတယ်လေ”
“ဘာဖြစ်တယ်၊ ဘာဖြစ်တယ်"
သူ့သခင်ကြီး မေးပြီး မျက်နှာကြီး နီးမြန်းလာအောင် တဟားဟားရယ်သည်။
“ဗော့ဒကာကြောင့်လေ”
ဆာရှကာ စကားလုံးတွေကို မျိုချသည်။ မျက်စိမှိတ်ပြပြီး နှုတ်ခမ်းကို လျှာဖြင့် လျက်ပြသည်။
“မသောက်နဲ့နော် မီကိုလိုင်းလက်စီဗစ်ချ် မဟုတ်ရင် ကျွန်တော်တို့ ဘဝပျက်လိမ့်မယ်။ ခင်ဗျားနဲ့ ကျုပ်လေ၊ ကျုပ်တို့ သောက်တာနဲ့ ရှိစုမဲ့စု ပြောင်တလင်းခါ လိမ့်မယ်ဂ
“သွားစမ်းကွာ၊ ရော့…ဒါနဲ့သွားသောက်”
ဆိုပြီး အဘိုးကြီးလစ္စနစ်စကီက ကိုပက် နှစ်ဆယ်တန် ပစ်ချပေးသည်။ ထိုပိုက်ဆံကို ဆာရှကာက မိအောင် ဖမ်းမည်။ ဖမ်းမိလိုက်သည့် ပိုက်ဆံကို ကက်ဦးထုပ်ထဲ ဝှက်ရင်း လှမ်းအော်ပြောမည်။
“ကဲ….ဗိုလ်ချုပ်ကြီး နှုတ်ဆက်ခဲ့တယ်နော်”
“ခင်ဗျား မြင်းတွေကို ရေချပြီးသေးရဲ့လား”
သူ့သခင်ကြီးက ပြုံးပြုံးကြီးမေးမည်။
“ဟာ...ဒီပြိတ္တာကြီးကတော့ကွာ၊ ခင်ဗျားကြီး ကတော့ ပြဿနာကောင်ကြီးပဲ”
ဆာရှကာ၏ မျက်နှာသည် ဒေါသကြောင့် ညိုမည်းနေသည်။ ငှက်ဖျားတက်သလို စကားတွေ အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေသည်။
“ဆာရှကာက မြင်းတွေ ရေချဖို့ မေ့နေရမယ် ဟုတ်လား။ ကျုပ် သေကောင်ပေါင်းလဲ ဖြစ်နေရင်တောင် မြေကြီးပေါ်မှာ တွားသွားပြီး မြင်းတွေ တိုက်ဖို့ ရေပုံးကို သွားဆွဲဦးမှာ သိလား။ ဒါကို သူက ထင်နေသေးတယ်”
သူ့ကို မတော်မတရား စွပ်စွဲရကောင်းလားဆိုပြီး ဒေါသအမျက် ခြောင်းခြောင်းထွက်လျက် ဆောင့်ကြီး အောင့်ကြီး ထွက်သွားသည်။ လက်သီးလက်မောင်း တန်းပြီး ပါးစပ်ကလည်း ကျိန်ဆဲသည်။ အရာရာတိုင်းသည် သူ့အတွက် အလိုအလျောက်သာ ဖြစ်လာသည်။ အရက်သောက်ခြင်း၊ သူ့သခင်ကြီးနှင့် တရင်းတနှီး ရှိခြင်းတို့သည်ပင် အလိုအလျောက် ဖြစ်လာတာတွေ ဖြစ်၏။ သူကား အစားထိုးလို့ မရသည့် မြင်းဇောင်း အလုပ်သမားတစ်ဦး။ ဆောင်းတွင်းနှင့် နွေကာလဆိုလျှင် သူက ကျယ်ပြန့်သည့် မြင်းဇောင်းအကန့်ကြီး တွေတွင် နေရာရွေးပြီး အိပ်သည်။ သူက မြင်းထိန်းသမား တစ်ဦးဖြစ်ပြီး သံခွာများလည်း ရိုက်တတ်သူ။ နွေဦးဆိုလျှင် သူက မြင်းများအတွက် မြက်ရိတ် သည်။ နောက်ပြီး ဆေးဖက်ဝင်သော သစ်မြစ် သစ်ဥများ တူးဖော်သည်။ မြင်းဇောင်းထရံများတွင် အခြောက်ခံ ထားသည့် ဆေးဖက်ဝင် နွယ်မြက်သစ်ပင်များ၊ မြင်း ရောဂါအမျိုးမျိုးအတွက် ပရဆေးများ ချိတ်ဆွဲ သိုလှောင်ထားသည်။
ကျန်းမာသန်စွမ်းသော်လည်း ဉာဏ်နည်းသော ကော့ဆက်တစ်ဦးဖြစ်သည့် တိစွန်က ထမင်းချက် ယူကရိယာနှင့် အတူနေသည်။ သူက ယူကရိယာနှင့် ဆာရှကာတို့ကို မလိုအပ်ဘဲ မလိုတမာ ဖြစ်နေသည်။ အဘိုးကြီး၏ ညစ်ပတ်ပေကျံ သည့် ရှပ်အင်္ကျီကို တစ်လ တစ်ကြိမ် မှန်မှန်ဆွဲပြီး ကြိမ်းမောင်းလေ့ရှိသည်။
“အဘိုးကြီးနော်... ကျုပ်မိန်းမကို မျက်စိကျမယ် မကြံနဲ့”
“အင်း … အဲဒါကတော့ အခြေအနေအရပေါ့ကွာ”
“ခင်ဗျားကြီး ကိုယ့်အသက်အရွယ် ကိုယ် ရှက်ဖို့ ကောင်းတယ်ဗျ”
“နောက်ပြီး ခင်ဗျားဟာ သမားတော် တစ်ယောက် နော်။ ခင်ဗျားဟာ မြင်းတွေကို ဆေးကုပေးနေတဲ့လူ ဗျ။ ခင်ဗျားကြီး သမ္မာကျမ်းဖတ်ဖူးတယ် မဟုတ်လား”
“ဟား … ငါက ကျောက်ပေါက်မှတ် ကလေးတွေ နဲ့ မိန်းမဆို သိပ်သဘောကျတာကွ၊ မင်း ယူကရိယာ ကို တာ့တာသာ လုပ်လိုက်ပါကွာ၊ မင့်ကောင်မကို ငါ မင့်လက်ထဲက ခေါ်ထုတ်သွားတော့မှာ၊ သူက စပျစ်သီး ခြောက်ပူတင်းနဲ့ တူသကွ…”
“ခင်ဗျားကြီး ကျုပ်နဲ့တော့ ပက်ပင်း မတိုးစေနဲ့နော်၊ တိုးလို့ကတော့ ခင်ဗျားကို သတ်ပြီသာမှတ်ဂ
တိခွန် ထိုသို့ပြောမည်။ ပြီးတော့ အင်္ကျီအိတ်ထဲမှ အကြွေစေ့တချို့ကို ထုတ်မည်။
သူတို့ဘဝသည် ခြောက်ခြောက်ကပ်ကပ်နှင့် ထိုင်းထိုင်းမှိုင်းမှိုင်းရှိလှသော ယာဂေါ့ဒ်နိုး ရွာကလေးမှာပင် ယိုယွင်းဆွေးမြည့် နေလေသည်။ စံအိမ်ကြီးက အသွားအလာများသော လမ်းမများနှင့် လှမ်းသည့် တောင်ကြားလမ်း တလမ်းထဲမှာ တည်ရှိသည်။ နောက်ပြီး ဆောင်းဦးကာလမှ အစပြုကာ ရွာနီးချုပ်စပ်များနှင့် အဆက်အသွယ် ပြတ်သွား တော့၏။ ဆောင်းညများတွင် ဝံပုလွေအုပ်များသည် သားရဲတွင်းများမှ ထွက်လာကြသည်။ သူတို့၏ အူသံများနှင့် မြင်းများကို အထိတ်တလန့် ဖြစ်စေသည်။ တိခွန်က သူ့သခင်ကြီး နှစ်လုံးပြူး သေနတ်ကြီး ဆွဲပြီး စားကျက်မြက်ခင်းသို့ သွားသည်။ သေနတ်တစ်ချက်ပ စ်ဖောက်ပြီး ဝံပုလွေများကို ခြောက်လှန့်ထုတ်လေ့ ရှိသည်။ တိခွန်တစ်ယောက် ထိုသို့ သေနတ်ဆွဲပြီး ထွက်သွားပြီဆိုလျှင် ယူကရိယာ သေနတ်သံ ထွက်အလာကို ရင်တထိတ်ထိတ်ဖြင့် စောင့်ပြီး နားထောင် တတ် စမြဲ။ ထိုသို့သော အချိန်များတွင် သူမ၏ အတွေးကမ္ဘာထဲတွင် တိခွန်သည် ဦးပြည်းပြောင်ပြောင်ဖြင့် လူနုံလူအကြီး မဟုတ်တော့။ ခန့်ချောချောပြီး သူရသတ္တိ အလွန်ပြည့်စုံသည့် လူငယ်လူရွယ် တစ်ယောက်အဖြစ် အသွင်ပြောင်းနေလေပြီ။ ထို့နောက် အစေခံတန်းလျားတံခါး ဝုန်းခနဲပွင့်သွားမည်။ တိခွန် ဝင်လာမည်။ ထိုအခါ တိခွန်၏ ရင့်ရော်အေးခဲနေသည့် အရိုးများ နွေးထွေးသွားအောင် သူမက ဆီးကြိုပွေ့ဖက်သည်။
နွေရာသီ ဆိုလျှင်တော့ ယာဂေါ့ဒ်နိုးခြံကြီးသည် ညဉ့်နက်သန်းခေါင်တိုင် အလုပ်သမားများ၏ အသံဗလံ များဖြင့် စည်ဝေနေတတ်၏။ သခင်ကြီးက ဧကရာချီသော လယ်မြေများတွင် နှံစားပင်အမျိုးမျိုးစိုက်သည်။ ရံဖန်ရံခါ ဆိုသလို ယူဂျင်း အိမ်ပြန်လာတတ်သည်။ သူရောက်လာပြီဆိုလျှင် သစ်သီးခြံထဲနှင့် စားကျက်မြက်ခင်းပြင်ထဲ ပျင်းရိငြီးငွေ့စွာ လှည့်ပတ် သွားလာနေတတ်သည်။ သို့မဟုတ်ပါကလည်း ကန်စပ်မှာ ထိုင်ပြီး ငါးမျှားတံ တစ်ချောင်းဖြင့် ငါးမျှား နေတတ်သည်။ ယူဂျင်း၏ အရပ်က အလောတော်ရှိပြီး ရင်အုပ်ကြီးကတော့ ခပ်ကားကားပင်။ သူ့ဆံပင်ကို ကော့ဆက် ဟန်အတိုင်း ညာခွဲ ခွဲသည်။ သူ၏ အရာရှိဝတ်စုံမှာ ထာဝစဉ် သန့်ရှင်း ကော့ပျံနေ၏။
(၂)
စံအိမ်ကြီးသို့ ဂရီဂိုရောက်လာတာ ဆယ်ရက်လောက် ရှိပြီ။ ထိုအတောအတွင်း သူသည် သခင်လေး နှင့် အနေ များသည်။ တနေ့တွင် အစေခံတန်းလျား သို့ ဘင်ယာမင် ပြုံးပြုံးရွှင်ရွှင်ဝင်လာသည်။ ပြီးတော့ အကြောင်းကြားသည်။
“ဂရီဂို…မင်းကို သခင်လေး ခေါ်နေတယ်”
ယူဂျင်းအခန်းသို့ ဂရီဂို သွားသည်။ တံခါးဝတွင် ရပ်သည်။ သခင်လေးက ကုလားထိုင်တစ်လုံးကို ညွှန်ပြပြီး ထိုင်ခိုင်းသည်။ ဂရီဂို ကုလားထိုင်အစွန်းတွင် ဝင်ထိုင်သည်။
“ငါတို့မြင်းတွေကို မင်း သဘောကျရဲ့လား”
ဟု လစ္စနစ်စကီ မေးသည်။
“မြင်းတွေက မြင်းကောင်းတွေပါ၊ မီးခိုးရောင် ကောင်ကြီးကတော့ အရမ်းကောင်းပဲ”
“အဲဒီကောင်ကြီးကို အများကြီးကျင့်ပေး၊ ဒါပေမဲ့ ဒုန်းစိုင်းပြီး မစီးနဲ့”
“အဘိုး ဆာရှကာကလည်း အဲဒီအတိုင်း မှာထားပါတယ်”
“မေလမှာ မင်း လေ့ကျင့်ရေးစခန်း ဝင်ရမှာ မဟုတ်လား”
သခင်လေးက မျက်စိများ မှေးကျဉ်းလျက် မေးသည်။
“ဟုတ်ကဲ့”
“မင်း သွားစရာ မလိုဘူး၊ ကော့ဆက်တပ်ချုပ်ကို ငါ ကြည့်ပြောလိုက်မယ်”
“ကျေးဇူးပါ ခင်ဗျာ”
ခေတ္တခဏ တိတ်ဆိတ်နေသည်။ သူ၏ ယူနီဖောင်း ကော်လာကြယ်သီးကို ဖြုတ်ပြီး မိန်းမဆန်သော သူ၏ နို့အုံ ဖြူဖြူကြီးကို ယူဂျင်း ကုတ်သည်။
“အက်စီနိယာရဲ့ယောက်ျားက သူ့ကို မင့်လက်ထဲ က ပြန်လုသွားမှာ မစိုးရိမ်ဘူးလား”
ဟု မေးသည်။
“ဒီလူက ဒီမိန်းမကို စွန့်ပစ်ထားပါပြီ။ ဒီလူ သူ့မိန်းမကို ပြန်ပြီးလက်ခံမှာ မဟုတ်ပါဘူး”
“မင်းက ဘယ်လိုလုပ်ပြီး သိနေတာလဲ”
“ဟိုတစ်နေ့က ရွာကလူတစ်ယောက်နဲ့ တွေ့တယ်၊ စတီပင်က အဲဒီလိုပဲ သူ့ကို ပြောတဲ့အကြောင်း အဲဒီလူက ကျွန်တော့်ကို ပြန်ပြောပြတယ်”
“အက်စီနီယာက အကြည့်ခံတဲ့မိန်းမကွ”
ဟု တွေးတွေးဆဆ ပြောသည်။ ဂရီဂို ဦးခေါင်းပေါ်မှ ကျော်ကြည့်ရင်း ပြုံးနေသည်။
“မဆိုးလှပါဘူး”
ဂရီဂို သဘောတူသည်။ နောက်တော့ သူ့မျက်နှာ အုံ့မှိုင်းသွားသည်။
(၃)
ခွင့်ရက်ကုန်ခါနီး နောက်ဆုံးနေ့ရက်များတွင် ယူဂျင်းတစ်ယောက် ဂရီဂို့အခန်းဘက်သို့ စက်ကျနေသည်။ အက်စီနီယာ က သူတို့ အခန်းကလေးကို သန့်ရှင်းသပ်ရပ်စွာ လှည်းကျင်းပြင်ဆင်ထားသည်။ မိန်းမဆန်သော ပြုပြင်မွန်းမံမှု ကလေးများဖြင့် အခန်းကို လှပနေစေသည်။ ဗိုလ်ကလေးက အက်စီနီယာတို့ အခန်းသို့ အချိန်ရွေးပြီး သွားလေ့ရှိသည်။ သူ သွားလေ့ ရှိသည့် အချိန်များမှာ ဂရီဂို မြင်းတွေနှင့် အလုပ်ရှုပ်နေသည့် အချိန်များ။ သူက ဦးစွာ မီးဖိုချောင်သို့ သွားမည်။ ယူကရိယာနှင့် တစ်မိနစ်၊ နှစ်မိနစ်လောက် စကားရောဖောရော ပြောမည်။ ထို့နောက် ဟိုဘက် ခပ်လှမ်းလှမ်းမှ အခန်းဆီသို့ ခြေဦးလှည့်မည်။ တနေ့တွင် ယူဂျင်း ခွေးခြေပေါ်မှာ ထိုင်သည်။ ပခုံးနှစ်ဖက် ရှေ့သို့ ကိုင်းထားသည်။ ပြီးတော့ အရှက်မဲ့ အပြုံးဖြင့် အက်စီနီယာကို စိုက်ကြည့်သည်။ သူရှိနေသည့်အတွက် အက်စီနီယာ အနေကျုံ့သည်။ စိတ်ကျဉ်းကျပ်သည်။ သူမ လက်ထဲမှ ဇာထိုးအပ်တွေ တဆတ်ဆတ် တုန်နေသည်။
“ဘယ်လိုလဲ အက်စီနီယာ၊ နေရထိုင်ရ အဆင်ပြေရဲ့လား”
အခန်းထဲတွင် အပြာရောင်မီးခိုးတွေ ပြည့်လျှံသည် အထိ စီးကရက်ကို ဖွာသည်။
“အဆင်ပြေပါတယ်ရှင့်၊ ကျေးဇူးတင်ပါတယ်ဂ
မျက်လုံးတွေလှန်လိုက်တော့ ယူဂျင်း၏အကြည့် နှင့် ပက်ပင်းတိုးသည်။ ပွင့်လင်းသိသာသည့် အကြည့်။ သူ့ဆန္ဒကို အသံမဲ့ ပြောပြနေသည့် အကြည့်။ အက်စီနီယာ မျက်နှာ နီရဲသွားသည်။ သူ့မေးခွန်းများကို အက်စီနီယာ ပြတ်တောင်း ပြတ်တောင်းဖြေသည်။ သူ့မျက်လုံးများ ကို ရှောင်သည်။ လွှဲသည်။ အခန်းထဲမှ ထွက်ခွင့်ကို ချောင်းသည်။
“ဪ...ဘဲတွေ အစာကျွေးရဦးမယ်”
ဟု သူ့ကို ပြောသည်။
“ခဏတဖြုတ်နေစမ်းပါဦး၊ ဘဲတွေက နေနိုင်ပါသေးတယ်”
သခင်လေး ပြုံးသည်။ နောက်ပြီး သူမ၏ အတိတ်ဘဝနှင့် ပတ်သက်သည့် မေးခွန်းများ မေးသည်။ မေးသာ မေးနေသည်၊ ရှင်းလင်းပြတ်သားသော သူ့ မျက်လုံးများက ရုန့်ကြမ်းစွာ တောင်းခံနေသည်။
ဂရီဂို ဝင်လာတော့ ယူဂျင်းက စီးကရက်တလိပ် တိုက်သည်။ နောက်များမကြာမီ အခန်းထဲမှ ထွက်သွားသည်။
“သူက ဘာလိုချင်လို့တဲ့လဲ”
အက်စီနီယာကို မကြည့်ဘဲ ဂရီဂို မေး၏။
“ကျွန်မက ဘယ်လိုလုပ် သိမှာလဲ"
သခင်လေး၏ အကြည့်ကို သတိရမိသည့် အက်စီနီယာ ဖျစ်ညှစ်ပြီး ရယ်သည်။
“သူ အခန်းထဲ ဝင်လာပြီး ထိုင်တော့တာပဲ။ ဒီလိုမျိုး ဂရစ်ရှ်ကာ”
ဆိုပြီး သခင်လေး ခါးကိုင်းပြီး ထိုင်ဟန် ထိုင်ပြသည်။
“နောက်တော့ ထိုင်လိုက်တာ ထိုင်လိုက်တာလေ… ကျွန်မ ငိုတောင် ငိုချင်လာရောပဲ”
“မင်းက သူ့ကို လိုလိုလားလား ဆက်ဆံနေမှာပေါ့။ မင်း ကြည့်နေနော်၊ မဟုတ်ရင် တစ်နေ့နေ့မှာ အဲဒီကောင်ကို လှေကားပေါ်က ကန်ချမိလိမ့်မယ်”
အက်စီနီယာက ဂရီဂိုကို ငေးကြည့်နေသည်။ သူမ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတပွင့်။ သူ့ ယောက်ျား နောက်ပြောင် ပြောနေသလား၊ အတည်ပြောနေသလားဆိုတာ သူမ တိတိပပ မပြောတတ်။

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။