မားဆိုးအား စုံစမ်းစစ်ဆေးခြင်း - နေသန်
ဘာသာပြန်သူရဲ့အမှာ
မားဆိုးကို မြန်မာစာဖတ်ပရိသတ်နဲ့ အထူး မိတ်ဆက်ပေးစရာ လိုမယ် မထင်ပါဘူး။ အာရပ်ကို မားဆိုး ဘာကြောင့် သေနတ်နဲ့ ပစ်ခဲ့သလဲ။ နေရောင်စူးစူးကြောင့်လား။ ဒီဝတ္ထုထဲမှာ အာရပ်ရဲ့ညီက အစ်ကိုဖြစ်သူရဲ့ နာမည်တစ်လုံးတောင် ပိုင်ဆိုင်ခွင့် မရတာက အစချီလို့ မားဆိုးကို စုံစမ်းစစ်ဆေးခန်း ဝင်ပါတော့တယ်။
မားဆိုးကို သရော်တော်တော် တန်ပြန် ရေးသားထားတယ် ဆိုပေမင့် ဇာတ်ကြောင်းပြောသူက တစ်ခါတစ်ခါ မားဆိုးလို စည်းအပြင်ကလူ ဖြစ်သွားလေရဲ့။ ဥပမာ၊ အယ်လ်ဂျီးရီးယားကနေ ပြင်သစ်တွေကို တိုက်ထုတ်တဲ့ တော်လှန်ရေးအင်အားစုမှာ ပူးပေါင်းပါဝင်ခြင်း မရှိခဲ့တာမျိုးပေါ့။
တဖန် လူဖြူဖြစ်မှုကို လှောင်ပြောင် စောင်းချိတ်ထားတယ် ဆိုပေမင့် အာရပ်ကမ္ဘာကို လော်ဘီထားတဲ့ ဝတ္ထုလည်း မဟုတ်ပြန်ပါဘူး။ ဒီဝတ္ထုထွက်လာတော့ စာရေးဆရာခမျာ fatwa (The Satanic Verses ကြောင့် Salman Rushdie ခြိမ်းခြောက်ခံရ သလိုမျိုး) ဆိုတဲ့ ဘာသာရေး ခြိမ်းခြောက်မှု ခံခဲ့ရပါတယ်။
မူရင်းစာရေးဆရာက “အမေ ဒီနေ့ထိ သက်ရှိထင်ရှား ရှိနေသေးတယ်” ဆိုတဲ့စကားနဲ့ စဖွင့်ပြီး ကမူးကို ဂုဏ်ပြုခဲ့သလိုမျိုးပဲ ကျွန်တော်လည်း ဝတ္ထုထဲက ဇာတ်ကောင်အမည်တွေကို ဆရာထင်လင်းရဲ့ စည်းအပြင်ကလူ ထဲကအတိုင်း အသံဖလှယ် ယူထားပါတယ် (ဆရာ အောင်မိုး ‘သူစိမ်းဆန်ဆန်’ ဆိုတဲ့ နာမည်နဲ့ ပြင်သစ်ဘာသာကနေ တိုက်ရိုက်ပြန်ထားတဲ့မူ ရှိပေမင့် ဆရာထင်လင်းရဲ့ မူက လူသိပိုများတာကြောင့်ပါ) ဆိုတဲ့အကြောင်းက လွဲလို့ များများစားစား မပြောလိုတော့ပါဘူး။ စာမျက်နှာ ထူထူထဲထဲလည်း မဟုတ်ပါဘူး။ စာဖတ်သူတွေကိုယ်တိုင် ဖတ်ရှုအကဲဖြတ်ကြဖို့ပါပဲ။ ။
❏

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။